Skip to main content

ဝိနည်းပဒေသာသင်တန်း

ဝိနည်းပဒေသာသင်တန်း

အခြေခံနိဒါန်း

“ဝိနယော နာမ ဗုဒ္ဓသာသနဿ အာယု၊
ဝိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ။”

သာသနာတော်နှင့် ဝိနည်း

ဝိနည်း အဆုံးအမတော်ကြီးသည် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး၏ အသက်သွေးကြောကြီး ဖြစ်ပါသည်။ ဝိနည်း အဆုံးအမ တည်ရှိခဲ့သော် သာသနာတော် တည်တံ့နေမည် ဖြစ်သည်။

ဝိနည်း အဆုံးမတော်ကြီးသည် ဘယ်မှာ တည်ရှိအောင် ကြိုးစားအားထုတ်ရမည်နည်းဟုဆိုသော် မိမိ၏ ရင်ထဲ, အသည်းထဲ, နှလုံးသားထဲမှာ တည်ရှိအောင် အားထုတ်ကျင့်ဆောင်ရမည် ဖြစ်သည်။ မိမိကိုယ်တိုင် ဝိနည်း တရားတော် မလိုက်နာက မကျင့်ဆောင်ပါက မိမိသန္တာန်မှာ သာသနာတော် မတည်ရှိတော့ပါချေ။ သာသနာတော်မြတ်ကြီး နေလို လလို ထွန်းလင်း တောက်ပနေသည်ဟု ပြောဆိုနေကြသော်လည်း မိမိကိုယ်တိုင် ဝိနည်းတရားတော်အတိုင်း မကျင့်ပါက မိမိသန္တာန်မှာ သာသနာတော် ထွန်းလင်းတောက်ပ နေသည်ဟု မဆိုနိုင်သည်ကို သတိပြုသင့်ပါသည်။

ဝိနည်းအမျိုးမျိုး

သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားရှင်သည် လူဖြစ်က လူ့ဝိနည်း, ရှင်သာမဏေဖြစ်က ရှင်ဝိနည်း, ရဟန်းဖြစ်က ရဟန်းဝိနည်းဟု လိုက်နာ ကျင့်သုံးရန် ဝိနည်းတော်သိက္ခာပုဒ် အမျိုးမျိုးကို ပညတ်ထားတော်မူ ခဲ့ပါသည်။ မိမိကိုယ်တိုင်က လူဝတ်ကြောင် ဖြစ်ပါက လူ့ဝိနည်းကျင့်ဝတ် သိက္ခာပုဒ်များ၊ ရှင်သာမဏေအဆင့်ထိ ရောက်နေပါက ရှင်သာမဏေတို့ ကျင့်ရမည့် ဝိနည်းသိက္ခာပုဒ်များ၊ ရဟန်းတော်မြတ်အဆင့်ထိ ရောက်နေပါက ရဟန်းတော်များ ကျင့်ရမည့် ဝိနည်းသိက္ခာပုဒ်များကို ကျင့်ဆောင်သင့် ကျင့်ဆောင်ထိုက်ကြပေသည်။

အာပတ်အသေးစား အရေးထား

“အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ သမာဒါယ သိက္ခတိ ”
အဏုမြူပမာ သေးငယ်လှစွာသော အပြစ်အာပတ်တို့ကို အလွန်တရာ ကြောက်မက်ဖွယ်ရာ ဘေးကြီးပါတကားဟု ဆောက်တည်၍ ကျင့်သုံးရမည်။

“သမ္ပဇာနမုသာဝါဒေါ ခေါပနာယသ္မန္တော အန္တရာယိကော ဓမ္မော ဝုတ္တော ဘဂဝတာ ”
သေးငယ်လှစွာသော သမ္ပဇာနမုသာဝါဒ ဒုက္ကဋ်အာပတ်ကလေးသည် နတ်ရွာသုဂတိ စျာန်မဂ်ဖိုလ်၏ အန္တရာယ်ဖြစ်သည်ဟု ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်၏ မိန့်ကြားတော်မူချက်များကို ဦးထိပ်ရွက်ပန်ဆင်၍ လိုက်နာကျင့်ဆောင်သင့်ကြပါသည်။ အာပတ် အသေးစားလေးများကို အရေးထား ကျင့်သင့်ကြသည်။

“ပါတိမောက္ခသံဝရစသော သီလကြီးလေးပါး ကျင့်ရန် ”

(ဆောင်) ရဟန်းကျင့်ဝတ်၊ တစ်ပါးချွတ်က၊ ဘုရားမကြိုက်၊ ကဲ့ရဲ့ထိုက်၏၊
ရဟန်းကျင့်ဝတ်၊ တစ်ပါးတတ်က၊ လူနတ်ဦးခိုက်၊ ပူဇော်ထိုက်၏၊
သီလကြီးလေးပါး တစ်ပါးပါး ချွတ်ယွင်းက ဘုရားရှင် မကြိုက်ပါ၊ ကဲ့ရဲ့တော်မူပါသည်။ သီလကြီးလေးပါး တစ်ပါးပါး ကျင့်ဆောင်နိုင်ပါက လူတွေ နတ်တွေက ဦးခိုက်၍ ရှိခိုးပူဇော်ထိုက်သည်ဟု ဆိုလိုပါသည်။

သီလကြီးလေးပါး ကြိုတင်ကျင့်ဖို့ မလိုဟု ယူဆကြ

တချို့ဆရာများက တရားကို အားထုတ်ရာ၌ ရှေ့အဖို့မှာ သီလကြီး လေးပါး မရရှိသော်လည်း အရေးမကြီး၊ အားထုတ်ပြီးသောအခါ၌ သီလကြီး လေးပါး မရရှိသော်လည်း အရေးမကြီးလှ၊ အားထုတ်တုန်း အားထုတ်ဆဲ အခိုက်အတန့်၌သာ သီလကြီးလေးပါး ရရှိဖို့ အရေးကြီးလှသည်ဟု ဆိုကြပါသည်။

ဝတ္ထုသာဓကများ

ဓမ္မစကြာတရား ဟောကြားစဉ်က ပဉ္စဝဂ္ဂီမထေရ် ငါးဦး, သာတာဂိရိ, ဟေမဝတနတ်ဘီးလူး, သူဌေးသမီး မယ်ကာလီ, အာဠာဝကဘီလူး, သူစိလောမ, ခရလောမဘီလူး, တံငါသည်အရိယာ, တမ္ဗာဒါဌိကခိုးသား, အင်္ဂုလိမာလ, အရှင်ယသ, ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်၊ ရသေ့ညီနောင်ရှင်တစ်ထောင်, ရာဇဂြိုဟ်ပြည်သား လူအများ, သာဝတ္ထိပြည်သား လူအများတို့သည် ရှေ့အဖို့က သီလကြီးလေးပါး စိတ္တဝိသုဒ္ဓိတို့ ကြိုတင်၍ ကျင့်မထားကြကုန်၊ တရားနာ နေစဉ် အခိုက်၌ သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိ အလိုလို ပြည့်စုံလာသဖြင့် အရိယာများ ဖြစ်သွားကြကြောင်း ဝတ္ထုသာဓကပြ၍ ဆိုကြသည်။

မကျင့်ဖူးသေးက အစမှ စကျင့်သင့်

ပဉ္စဝဂ္ဂီမထေရ် ငါးဦး, သာတာဂိရိ, ဟေမဝတနတ်ဘီးလူးစသည်တို့ မြတ်စွာဘုရားရှင်၏ တရားတော်ကို နာကြားရရုံဖြင့် အရိယာ ဖြစ်သွားကြရခြင်းမှာ ရှေးရှေးသော ဘုရားရှင်တို့၏ သာသနာတော်မြတ်အတွင်းတို့၌ သီလကြီးလေးပါး ဓုတင်အကျင့်များကို နှစ်ပေါင်းများစွာ ကမ္ဘာပေါင်းများစွာ ကျင့်ထားပြီးသူများ ဖြစ်ကြသည်။ မိမိကိုယ်တိုင်လည်း ရှေးရှေးသော ဘုရားရှင် တို့၏ သာသနာတော်တွေအတွင်းမှာ သီလ သမာဓိ ပညာ ကျင့်စဉ်များ, ဓုတင်များ ကျင့်ဖူးပြီးသား ဖြစ်ခဲ့လျှင် လွယ်လွယ်ကူကူပင် အရိယာ ဖြစ်နိုင်ကြမည် ဖြစ်သည်။ ကျင့်ဖူးပြီး မဟုတ်လျှင်ကား လွယ်လွယ်ကူကူ မရနိုင်ကြောင်း သဘောပေါက်သင့်သည်။

ဘုရားရှင်လက်ထက်တော်အခါက တရားနာကြားရုံမျှဖြင့် တရားမရသူတွေ, ခုနစ်ရက်ကျင့်မှ တစ်လ တစ်နှစ် သုံးနှစ်စသည် ကျင့်မှ တရားရ သူတွေ, တချို့တရားမရဘဲ ပုထုဇဉ်ဘဝနှင့်ပင် နိဂုံးချုပ်သွားရသူတွေ များစွာ ရှိသည်။ ယခုအခါတွင်လည်း မိမိက ဘယ်အမျိုးစားတွင် ပါဝင်လေသနည်း? မသိနိုင်လျှင် အစကနေ၍ သီလဝိသုဒ္ဓိကစ၍ အစဉ်အတိုင်း ကျင့်သွားရမည်ဟု ယူဆသင့်ပါသည်။

စာမေးပွဲ ခေတ်စားလာ

ယခုခေတ်ကာလ၌ စာမေးပွဲ ဦးစားပေးသင်ကြသော ခေတ်အခါ ဖြစ်နေ၍ စာချသူများနှင့် စာသင်ကြားနေကြသူများမှာ ဝိနည်းဘာသာရပ်သည် လွယ်ကူသော ဘာသာရပ်ဖြစ်သည်ဟု ယူဆပြီး ကြိုးစားသင်ကြား ပို့ချမှု မပြုကြချေ။ တစ်စတစ်စနှင့် ဝိနည်းကျင့်ဆောင်မှုများလည်း အားနည်းလာကြသည်။ ဝိနည်းတရားတော်သည် ကျင့်ဆောင်ရမည် မဟုတ်ဘဲ စာမေးပွဲ ဖြေရုံ ဗဟုသုတဖြစ်ရုံ သင်ယူရသော ဘာသာဟုပင် ယူဆလာခဲ့ကြသည်။

ဝိနည်းတော်ကျင့်ရန် အားနည်း

စာမေးပွဲ ဖြေဆိုဖို့ မဟုတ်ဘဲ ဝိနည်းတော်ကို တကယ်လက်တွေ့ ကျင့်ရန် သိရန် လိုအပ်နေသည်ဟု ထင်မြင် ယူဆမိပါသည်။ အဘယ့်ကြောင့် ဆိုသော် ပဋိပတ်ကျင့်သူများကလည်း ပါတိမောက္ခသံဝရသီလစသော သီလကြီးလေးပါး ရှေးအဖို့က ကျင့်ရန်မလိုဟု ယူဆနေကြသောကြောင့်လည်းကောင်း, ပရိယတ် သင်ကြားသူများကလည်း စာမေးပွဲကို ဦစားပေး သင်နေကြသောကြောင့်လည်းကောင်း ဝိနည်းတော်ကျင့်ဝတ်များ, သီလကျင့်စဉ်များ မျက်နှာငယ်နေရပါသည်။ ဝိနည်းတော်လာ ကျင့်စဉ်များ, ဒုက္ကဋ် ဒုဗ္ဘာသီ စသော အာပတ်အငယ်စား သိက္ခာပုဒ်များ သိရှိသူ နည်းပါးလာရသည်။ ကျင့်ဖို့ရန် မလိုဟု ထင်မြင် ယူဆလာကြသည်။ ဝိနည်း တကယ်ကျင့်သူတွေ အားနည်းလာရသည်။

ဝိနည်းတော်ကို အရေးထားသော ဌာန

မော်လမြိုင်မြို့ဖားအောက်တောရ စိတ္တလတောင်ကျောင်း, ပျဉ်းကတိုးကျောင်း, ကျွဲတညင်းကျောင်း, စင်္ကြံကျောင်း, နိဂြောဓာရုံကျောင်း, ရွှေခြသေ့င်္ကျောင်း ရဟန်း ရှင်သာမဏေ သီလရှင် အမျိုးသားယောဂီ အမျိုးသမီးယောဂီ (၇၀၀)ကျော်မျှ အုပ်ချုပ်ထိန်းသိမ်းတော်မူရသော ဖားအောက်တောရဆရာတော် အရှင်မြတ်သည် ဒုက္ကဋ် ဒုဗ္ဘာသီစသော အာပတ်အသေးစားလေးများမှ စ၍ ကြောင့်ကြပြု ထိန်းသိမ်းကျင့်ကြရန် အမြဲတမ်း ညွှန်ကြား ဆုံးမတော်မူ ပါသည်။

ဝိနည်းပဒေသာသင်တန်း

ကျေးဇူးတော်ရှင် ဖားအောက်တောရဆရာတော်ဘုရားကြီးနှင့် နာယက အဖွဲ့ သံဃာ့ဝန်ဆောင်အဖွဲ့ ဆရာတော်များမှ အစည်းအဝေး ဆုံးဖြတ်၍ ဥပုသ်နေ့တိုင်း ဝိနည်းကျင့်ဝတ်သင်တန်း, ပရိဝါသ်သင်တန်း, ဓုတင် (၁၃)ပါး ကျင့်စဉ်သင်တန်းများ သင်ကြားပေးရန် တာဝန်ပေးအပ်သောကြောင့် ဥပုသ်နေ့တိုင်း ဝိနည်းတော်သင်တန်း ပို့ချပေးခဲ့ရပါသည်။ ဝိနည်းတော်သင်တန်း ပို့ချသောအခါ ကွန်ပျူတာပညာရှင်များအဖွဲ့မှ စာရွက်စာတန်းကလေးများ ကြိုတင် ရိုက်ပေးမည်ဆိုသဖြင့် စာရွက်ကလေးများ၌ သင်တန်းစာများ ရေးပေးခဲ့ရသည်။ ထိုသင်တန်းစာရွက်ကလေးများဖြင့် ဥပုသ်နေ့တိုင်း သင်တန်းများ ပို့ချပေးခဲ့ရသည်။

သင်တန်းစာအုပ်များ ဖြစ်ပေါ်လာ

ဘုတလင်ဆရာတော်မှ ဝိနည်းသင်တန်း, တန့်ဆည်ဆရာတော်မှ ဓုတင် သင်တန်း, ပဲခူးလင်းရောင်ကြည်ဆရာတော်မှ အာနာပါန ဓာတ်ကမ္မဋ္ဌာန်း ကျင့်စဉ်သင်တန်း ပို့ချပေးခဲ့ရပါသည်။ ပရိဝါသ်သင်တန်းကိုလည်း ဖားအောက်တောရဆရာတော်မှ ပဲခူးလင်းရောင်ကြည်ဆရာတော်အား တာဝန်ပေး ရေးသားစေခဲ့ပါသည်။ ထို့ကြောင့် ---

၁။ ဝိနည်းပဒေသာသင်တန်း၊
၂။ ဓုတင် ၁၃-ပါး ကျင့်စဉ်သင်တန်း၊
၃။ ပရိဝါသ်သင်တန်း၊
၄။ အာနာပါန ဓာတ်ကမ္မဋ္ဌာန်းကျင့်စဉ်သင်တန်း ဟု --

သင်တန်းစာအုပ်ကလေးများ ဖြစ်ပေါ်လာရပါသည်။ သင်တန်းစာအုပ် (၄)အုပ်လုံးပင် ပဲခူးသာသနာ့လင်းရောင်ကြည်ဆရာတော်မှ တာဝန်ယူ ရေးသား၍ ကွန်ပျူတာပညာရှင်များတို့က စာအုပ်ကလေးတွေ သန့်ရှင်း သပ်ရပ် ကောင်းမွန်လာအောင် ပြင်ဆင် တည်းဖြတ် သုတ်သင် ဆောင်ရွက်ပေးကြသောကြောင့် သင်တန်းစာအုပ်များ ဖြစ်ပေါ်လာရပါသည်။

ကျမ်းကိုး ကျမ်းကား စာအုပ်များ

အဆိုပါ သင်တန်းစာမူများ (၄)မူကို သင်တန်းအနေဖြင့် ရေးသား ပြုစုထားသော စာအုပ်များ ဖြစ်ပါသည်။ ထိုသင်တန်းစာမူများ ဖြစ်ပေါ်လာရန် ---

၁။ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်၏ ပါတိမောက်ဘာသာဋီကာ, သင်္ဂြိုဟ်ဘာသာဋီကာ, ကိုယ်ကျင့်အဘိဓမ္မာ စာအုပ်များ၊ ညောင်လေးပင် တောရဆရာတော်၏ ဝိသုဒ္ဓိမဂ်အရသာ, မဟာဝါအရသာ, စူဠဝါအရသာ, ပရိဝါအရသာ စာအုပ်များ၊ မုံရွာမြို့ လယ်တီဆရာတော်ဘုရား၏ ဒီပနီပေါင်းချုပ် စာအုပ်များ၊ မော်လမြိုင်မြို့ ဖားအောက်တောရဆရာတော်၏ နိဗ္ဗာနဂါမိနိပဋိပဒါ (၅)တွဲ စာအုပ်များ၊ ပါတိမောက္ခမေဒိနီ၊ မိလိန္ဒပဥှာစာအုပ်များ၊ ပါဠိတော် အဋ္ဌကထာ ဋီကာဆိုင်ရာ စာအုပ်များမှ ကောင်းနိုးရာရာ မှတ်လွယ် သိလွယ်စေခြင်းငှာ စီစဉ် တင်ပြထားပါသည်။ ထိုပြင် မြန်မာစွယ်စုံကျမ်းမှလည်း ထုတ်နုတ် တင်ပြထားပါကြောင်း သိစေအပ်ပါသည်။ ဆောင်ပုဒ် လင်္ကာများမှာလည်း အထက်ဖော်ပြပါ ဆရာတော်များ၏ ဆောင်ပုဒ်လင်္ကာများကို ရေးသားဖော်ပြထားသည်ကို တွေ့မြင် ဖတ်ရှုနိုင်ပါသည်။

ဝိနည်းပဒေသာသင်တန်း အစီအစဉ်

ဝိနည်းပါဠိမှာ လာသည့်အတိုင်း ဥဒ္ဒေသအစဉ်, သိက္ခာပုဒ်အစဉ်အတိုင်း မတင်ပြတော့ဘဲ ပါတိမောက္ခသံဝရသီလ, ဣန္ဒြိယသံဝရသီလစသော သီလကြီးလေးပါး အတော်စုံလင်အောင် ရှာဖွေ တင်ပြသွားပြီး ပါရာဇိကအာပတ်, သံဃာဒိသေသ်အာပတ်စသော အာပတ် (၇)ပုံ ပြည့်စုံစွာ ရှာဖွေ ဆက်စပ် တင်ပြထားပါသည်။ ထုလ္လစ္စဉ်းအာပတ်, ဒုက္ကဋ်အာပတ်, ဒုဗ္ဘာသီအာပတ် သင့်ရောက်ပုံများကိုလည်း ရနိုင်သမျှ စုဆောင်းရှာဖွေကာ ဆက်စပ်တင်ပြ ထားပါသည်။ အာပတ် (၇)ပုံ သင့်ရောက်ပုံများကို သိရလေသောကြောင့် ထိုအာပတ်တို့မှ မသင့်ရောက်ရလေအောင် ရှောင်ကြဉ်နေနိုင်စေရန် ရည်သန်၍ ဤဝိနည်းပဒေသာသင်တန်းကို ရေးသားတင်ပြ၍ သင်တန်းစာအုပ် အနေဖြင့် ရေးသားထားခြင်း ဖြစ်ပါသတည်း။

ဘဒ္ဒန္တကောဝိဒါဘိဝံသ
သာသနာ့လင်းရောင်ကြည် (ပဲခူး)
ဖားအောက်တောရ စိတ္တလတောင်ကျောင်း
မော်လမြိုင်မြို့
၁၃၆၇-ခုနှစ်၊ ဝါဆိုလဆန်း (၁)ရက်။

ရတနတ္တယပဏာမ

ဝိနယံ ဒေသကံ ဗုဒ္ဓံ၊ ဝိနယံ ဓမ္မမုတ္တမံ။
သံဃဉ္စ ဝိနယာစာရံ၊ ဝန္ဒာမိ ရတနတ္တယံ။ (ပထျာဝတ္တဂါထာ)

ဝိနယံ = အဆုံးအမ နည်းလမ်းကျအောင် ညွှန်ပြထုတ်ဆို ဝိနည်းဒေသနာတော်ကို။ ဒေသကံ = မကောင်းမြစ်တာ ကောင်းရာကိုပြ အချိုးကျအောင် ဟောကြားတော်မူသော။ ဗုဒ္ဓဉ္စ = သိစရာမှန်သမျှ မကျန်ရအောင် မုချ ထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။ ဥတ္တမံ = လူ့ပြည်နတ်ရပ် လောကဓာတ်တွင် ဆတ်ဆတ်မသွေ မြတ်လှပေသော။ ဝိနယံ = လူရှင်ရဟန်း အဆင့်အတန်းအလျောက် သဘောပေါက်အောင် မျှော်ထောက်ရှုမြင် ပညတ်တင်၍ ဆုံးမတော်မူအပ်သော။ ဓမ္မဉ္စ = ဝိနယ ဓမ္မက္ခန် သုတ္တန် အဘိဓမ္မာ အမှန်ညွှန်ပြ တရားဓမ္မကိုလည်းကောင်း။ ဝိနယာစာရံ = နှစ်ရာနှစ်ဆယ်ခွန်နစ်သွယ်နှင့် ပညတ်တော်မူပေ ကုဋေ ကိုးထောင်ကျော် သိက္ခာပုဒ်တော် ကျင့်ဝတ်ဝိနည်းတို့ကို ကျင့်ဆောင်တော် မူသော။ သံဃဉ္စ = သမုတိ အရိယာ နှစ်ဖြာသော သံဃာတော်မြတ်အပေါင်းကိုလည်းကောင်း။ ရတနတ္တယံ = ဘုရား တရား သံဃာအားဖြင့် မြင့်မြတ် ပေတောင်း ရတနာသုံးပါးအပေါင်းကို။ အဟံ = ကောဝိဒဟု နာမမှည့်ခေါ် ဘုရားတပည့်တော်သည်။ အဟံ = ဝိနည်းပဒေသာ သေချာတင့်ဆန်း ဤ သင်တန်းစာကို ဖြစ်လာဖို့ အရေး ကြံစည်တွေး၍ စစ်ဆေးသမှု အလေးဂရု ပြုကာ များလှစွာသော ကျမ်းစာအဖြာဖြာတို့မှ အာပတ်ခုနစ်ခု စုံအောင်ပြု၍ စုဆောင်းတင်ပြ ကောဝိဒဟု နာမမှည့်ခေါ် ဘုရားတပည့်တော်သည်။ ဝန္ဒာမိ = အန္တရာယ်ကင်းပျောက် ကျမ်းပြီးမြောက်ဖို့ ချီးမြှောက်ထောပနာ လွန်စွာ ကြည်နူး သဒ္ဓါထူးဖြင့် ရှေ့ဦးတင်ပေ ရိုသေမြတ်နိုး မာန်ညွတ်ကျိုးကာ ရှိခိုးပါ၏ ဘုရား။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

နိဗ္ဗာန်

စရဏကျင့်စဉ် ၁၅-ပါး + ဝိဇ္ဇာအသိဉာဏ် ၈-ပါး

ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ ဟောကြားလမ်းညွှန်တော်မူချက်အရ နိဗ္ဗာန်ချမ်းသာသည် အမြတ်ဆုံး အကောင်းဆုံးချမ်းသာ ဖြစ်ပါသည်။ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ ချုပ်ငြိမ်းအေးချမ်းမှု ဓာတ်သဘော ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ဆုံး နောက်ဆုံးပန်းတိုင်သည် နိဗ္ဗာန်ချမ်းသာသို့ ဆိုက်ရောက် မျက်မှောက်ပြုနိုင်ရေးပင် ဖြစ်သည်။

နိဗ္ဗာန်ချမ်းသာကို အလိုရှိသောသူသည် စရဏကျင့်စဉ်နှင့် ဝိဇ္ဇာအသိဉာဏ် နှစ်မျိုးလုံး လိုအပ်ကြောင်း သိသင့်ပါသည်။ စရဏကျင့်စဉ်မှာ ခြေထောက်နှင့် တူပြီး ဝိဇ္ဇာအသိဉာဏ်မှာ မျက်စိနှင့် တူပါသည်။

မြတ်စွာဘုရားရှင်၏ ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်အဖွင့်တွင် စရဏအပြား တစ်ဆယ့်ငါးတည်း သုံးပါးရှစ်ဖြာ ဉာဏ်ဝိဇ္ဇာတို့နှင့် ပြည့်စုံတော်မူပါပေ၏ဟု ဟောကြားထားတော်မူပါသည်။ စရဏကျင့်စဉ် တစ်ဆယ့်ငါးပါးနှင့် ဝိဇ္ဇာအသိဉာဏ် ရှစ်ပါးတို့ကို သိရှိနိုင်ရန် တင်ပြအပ်ပါသည်။

စရဏကျင့်စဉ် ၁၅-ပါး

သီလသံဝရ, ဣန္ဒြိယသံဝရ, ဘောဇနေမတ္တညုတာ, ဇာဂရိယာနုယောဂတာ, သဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပ, ဗဟုဿုတ, ဝီရိယ, ပညာ, ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန် (စတုက္ကနည်း စျာန်လေးပါး) ပေါင်း တစ်ဆယ့်ငါးပါး ဖြစ်သည်။

(ဆောင်) သီ, ဣံ, ဘော, ဇာ၊ သတ်, စျာန် ဖြာ၊ မှတ်ပါ စရဏ တစ်ဆယ့်ငါးဝ။

ဝိဇ္ဇာ (၈) ပါး

၁။ ဝိပဿနာဉာဏ်
၂။ မနောမယိဒ္ဓိဉာဏ်
၃။ ဣဒ္ဓိဝိဓဉာဏ်
၄။ ပရစိတ္တဝိဇာနနဉာဏ်
၅။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်
၆။ ဒိဗ္ဗစက္ခုဉာဏ်
၇။ ဒိဗ္ဗသောတဉာဏ်
၈။ အာသဝက္ခယဉာဏ်ဟု ဝိဇ္ဇာရှစ်ပါး ဖြစ်သည်။

(ဆောင်) ဝိ, မနော, ဣ၊ ပရစိ၊ ပု, ဒိ, သော, အာ ရှစ်ဝိဇ္ဇာ။

စရဏနှင့် ဝိဇ္ဇာ အကျဉ်း

သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်ဟု အကျဉ်းအားဖြင့် သုံးမျိုးသုံးပါး ရပါသည်။ သီလမှာ စာရိတ္တသီလ, ဝါရိတ္တသီလဟု နှစ်ပါး၊ သမာဓိမှာ ခဏိကသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူ၍ သုံးပါး၊ ပညာမှာ လောကီပညာ လောကုတ္တရာပညာ နှစ်ပါး (တစ်နည်း) ဝိပဿနာပညာ မဂ်ပညာ ဖိုလ်ပညာဟု သုံးမျိုး ရှိ၏၊ အကျယ်အားဖြင့် သီလသည် ပါတိမောက္ခသံဝရသီလ, ဣန္ဒြိယသံဝရသီလ, အာဇီဝပါရိသုဒ္ဓိသီလ, ပစ္စယသန္နိဿိတသီလ ဟူ၍ လေးမျိုးပြား၏၊ သမာဓိမှာ ဥပစာရစျာန်, ရူပါဝစရစျာန်, အရူပါဝစရစျာန်, လောကုတ္တရာစျာန်ဟု လေးမျိုး ခွဲနိုင်၏၊ ပညာ၌ နာမရူပပရိစ္ဆေဒဉာဏ် စသော ဉာဏ်စဉ်တစ်ဆယ့်ခြောက်ပါး ခွဲခြားမှတ်သား နိုင်၏၊

ပိဋကတ်နှင့် ကျင့်စဉ်

ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို အကျဉ်းချုံးလျှင် ဗောဓိပက္ခိယတရား (၃၇)ပါး ရ၏၊ ၎င်းကို ထပ်မံ ချုံးလျှင် သီလ သမာဓိ ပညာ သိက္ခာသုံးပါးကိုပင် ရသည်။

ပိဋကတ် (၃) ပါးနှင့် ကျင့်စဉ် (၃) ပါး

သီလကျင့်စဉ် ဝိနည်းပိဋကတ်, သမာဓိကျင့်စဉ် သုတ္တန္တပိဋကတ်, ပညာကျင့်စဉ် အဘိဓမ္မာပိဋကတ်ဟူ၍ ဖြစ်သည်။

နိကာယ် (၅) ပါးနှင့် ပိဋကတ် (၃) ပါး တွဲပုံ

ခုဒ္ဒကနိကာယ်၌ ဝိနည်းပိဋကတ်နှင့် အဘိဓမ္မာပိဋကတ်ဟု ယူပြီး ဒီဃနိကာယ် မဇ္ဈိမနိကာယ် သံယုတ္တနိကာယ် အင်္ဂုတ္တရနိကာယ်တို့ကို သုတ္တန္တပိဋကတ်ဟု ယူရသည်။ အားလုံးပေါင်းသော် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ဖြစ်သည်။

ဝိနယပိဋက
(ဝိနည်း ၅-ကျမ်း)

ပါရာဇိကဏ်ပါဠိတော်, ပါစိတ်ပါဠိတော်, မဟာဝါပါဠိတော်, စူဠဝါ ပါဠိတော်, ပရိဝါပါဠိတော်ဟု ဝိနည်း (၅)ကျမ်း ရှိသည်။ အဋ္ဌကထာဖွင့်, ဋီကာဖွင့်, အနုဋီကာဖွင့်, ဂဏ္ဌိ, ယောဇနာတို့ ဖွင့်ဆိုထားသော ကျမ်းတို့ကိုပါ သင်ယူ မှတ်သား ကြည့်ရှုကြရသည်။

သုတ္တန္တပိဋက
သုတ် ၃-ကျမ်း (= နိကာယ် ၄-ရပ်)

သုတ်သီလက္ခန်, သုတ်မဟာဝါ, သုတ်ပါထေယျဟု သင်ရိုးကျမ်း၌ (၃)ကျမ်းဟု ဆိုသော်လည်း ဒီဃနိကာယ်, မဇ္ဈိမနိကာယ်, သံယုတ္တနိကာယ်, အင်္ဂုတ္တရနိကာယ်လာ သုတ္တန္တတရားတော်တို့သည်လည်း သုတ္တန်ဒေသနာတော်များပင် ဖြစ်ကြသည်။ ခုဒ္ဒကပါဌ, ဓမ္မပဒ, ဥဒါန စသော (၁၉)ကျမ်းသည်လည်း ခုဒ္ဒကနိကာယ် သုတ္တန္တတရားတို့ပင် ဖြစ်၏၊

အဘိဓမ္မာပိဋကတ်
(အဘိဓမ္မာ ၇-ကျမ်း)

ဓမ္မသင်္ဂဏီကျမ်း, ဝိဘင်းကျမ်း, ဓာတုကထာကျမ်း, ပုဂ္ဂလပညတ်ကျမ်း, ကထာဝတ္ထုကျမ်း, ယမိုက်ကျမ်း, ပဋ္ဌာန်းကျမ်းဟူ၍ အဘိဓမ္မာ (၇)ကျမ်း ရှိသည်။ ဤသို့လျှင် ဝိနည်း (၅)ကျမ်း, အဘိဓမ္မာ (၇)ကျမ်း, သုတ္တန် (၄၁)ကျမ်း ဟူ၍ ကျမ်းပေါင်း (၅၃)ကျမ်း၊ စာအုပ်ပေါင်း (၄၀) ရှိသည်။ ဤကား ပါဠိတော်မျှ ဖြစ်သည်။

ဝိနည်းဒေသနာတော်

ဝိနေတီတိ ဝိနယော၊ ဝိသေသေန ယာ ဧတ္ထာတိ ဝိနယော၊ ဝိဝိဓေန ယာ ဧတ္ထာတိ ဝိနယော-ဟု အဋ္ဌကထာဆရာတို့ ဖွင့်ဆိုကြသည့် အားလျော် စွာ ဆုံးမတတ်သောကြောင့် ဝိနည်း၊ ထူးသောနည်း ရှိသောကြောင့် ဝိနည်း၊ အထူးထူး အပြားပြားသော နည်းတို့ ရှိသောကြောင့် ဝိနည်းဟု ဆိုသည်။

ဝိနည်းသင်ရိုး

ဝိနည်း (၅)ကျမ်းကို ဉာဏ်အားနည်းသူတို့ မှတ်လွယ်စေရန် ဒွေမာတိကာ, ခုဒ္ဒသိက္ခာ, မူလသိက္ခာ, ကင်္ခါအဋ္ဌကထာဟု ရှေးဆရာတို့ သင်ရိုးပြု၍ သင်ပေးတော်မူကြသည်။ ဘုရားရှင် ဟောကြားဆုံးမထားတော်မူသော ဝိနည်း သိက္ခာပုဒ်တို့ကို သဘောတူရာ စုပေါင်း၍ ပထမသင်္ဂါယနာ တင်စဉ်အခါက ရဟန္တာအရှင်မြတ်တို့သည် ဝိနည်း (၅)ကျမ်း သင်္ဂါယနာ တင်တော်မူကြသည်။ အဋ္ဌကထာ, ဋီကာ, ယောဇနာ, ဂဏ္ဌိ, မြန်မာအဖွင့် ဒီပနီ, ဘာသာဋီကာဆရာတော်တို့၏ ကျေးဇူးကြောင့် ဝိနည်းတရားတို့ကို နားလည်အောင် သင်ယူခွင့် ရခဲ့ကြသည်။

ယခုအခါ စာမေးပွဲအားပေးကြသော ခေတ်အခါဖြစ်သောကြောင့် ဝိနည်းအမေးအဖြေ စာအုပ်များလည်း ပေါ်လာသည်။ ဤသို့လျှင် အဖွင့်ကျမ်းဂန်စာအုပ်တွေ များပြားလာ၍ စာသင်သားလောက၌ အားလုံးစုံအောင် မလေ့လာနိုင် မသင်ယူနိုင်ကြဘဲ ဖြစ်လာကြသည်။

သင်လွယ်, မှတ်လွယ်, ဆောင်လွယ်စေခြင်းငှာ ဤသင်တန်းစာအုပ်၌ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ် (၃)ပါးတွင် သီလကျင့်စဉ်များကို သင်ပြသွားမည် ဖြစ်ပါသည်။

သီလကျင့်စဉ် အကျဉ်း (၂) မျိုး

စာရိတ္တသီလ, ဝါရိတ္တသီလဟု အကျဉ်းအားဖြင့် (၂)မျိုး ရှိသည်။ မဟာဝါ ခန္ဓက, စူဠဝါခန္ဓကမှ လာသော ဖြည့်ကျင့်ရမည့် ဆရာဝတ်, တပည့်ဝတ်, သေနာသနဝတ်စသော ကျင့်ဝတ်သီလများကို “စာရိတ္တသီလ ”ဟု ခေါ်သည်။ စေတနာကို အရကောက်ရသည်။ စိတ်ကောင်း, စေတနာကောင်းရှိသူတို့ ဖြည့်ကျင့်နိုင်ကြသည်။ ၎င်းတို့ကို စာရိတ္တသီလဟု ခေါ်သည်။

ဝါရိတ္တသီလမှာကား တားမြစ်ထားသော ရှောင်ကြဉ်ရမည့် ပါရာဇိက, သံဃာဒိသေသ်စသော သိက္ခာပုဒ်သီလများကို ခေါ်သည်။ ဝိရတီကို အရကောက်ရသည်။ ကိုယ်, နှုတ်, နှလုံး သုံးပါးလုံးတို့ဖြင့် ရှောင်ကြဉ်ထိန်းသိမ်း စောင့်ရှောက်ကြရသည်။ မနောဒွါရသက်သက်၌ အာပတ်မသင့်နိုင်ဟု ဆိုသော်လည်း မနောဒွါရစိတ်ကို ပဓာနထား ရှောင်ကြည်ရမည် ဖြစ်သည်။

သီလ (၄) မျိုး

၁။ ပါတိမောက္ခသံဝရသီလ,
၂။ ဣန္ဒြိယသံဝရသီလ,
၃။ အာဇီဝပါရိသုဒ္ဓိသီလ,
၄။ ပစ္စယသန္နိဿိတသီလဟု သီလ (၄)မျိုး ရှိသည်။

၁။ ပါတိမောက္ခသံဝရသီလ

စောင့်ထိန်းသူ ကျင့်ကြံလိုက်နာသူကို အပါယ်ဆင်းရဲစသည်တို့မှ လွတ်စေတတ်သောကြောင့် ပါတိမောက္ခ ကိုယ်နှုတ်တို့ကို မလွန်ကျူးခြင်း တည်းဟူသော စောင့်ထိန်းခြင်းကြောင့် သံဝရ မည်၏၊ ရဟန်းတော်တို့အတွက် မြတ်စွာဘုရားရှင်သည် ပညတ်တော်မူအပ်သော အကျဉ်း (၂၂၇)သွယ်, ရဟန်းမများအတွက် (၃၀၄)သွယ် သိက္ခာပုဒ်တော်တို့သည် ပါတိမောက္ခသံဝရသီလဟူသော ပေယျာလမုခအားဖြင့် ပြတော်မူအပ်သော ကုဋေပေါင်း ကိုးထောင်ကျော် (၉၁၈၀၅၀၃၆၀၀၀)သိက္ခာပုဒ်တို့၏ မူလ အခြေခံ ဖြစ်ကြ၍ အရေးအကြီးဆုံး မှတ်သားသင့် မှတ်သားထိုက် ကျက်မှတ်သင့် ကျက်မှတ်ထိုက်လှပါသည်။ နောက်၌ အကျယ်ဝေဖန်ပြပါဦးမည်။

(ဆောင်) ကိုးထောင်တစ်ရာ၊ ရှစ်ဆယ်သာ၊ သင်္ချာကုဋေ ထုတ်။
ငါးသန်း သုံးသောင်း၊ ခြောက်ထောင်ပေါင်း၊ များတောင်း သိက္ခာပုဒ်။

၂။ ဣန္ဒြိယသံဝရသီလ

စက္ခုန္ဒြေ, သောတိန္ဒြေ, ဃာနိန္ဒြေ, ဇိဝှိန္ဒြေ, ကာယိန္ဒြေ, မနိန္ဒြေ ဣန္ဒြေ ခြောက်ပါး မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ် တံခါးခြောက်ပေါက်တို့ကို လုံခြုံအောင် စောင့်စည်းခြင်း ဖြစ်သည်။ မျက်စိဖြင့် ရှုကြည့်ခြင်း စသည် တို့တွင် ရူပါရုံစသော အာရုံတို့အပေါ်၌ နိမိတ္တဂ္ဂါဟီ (= ယောက်ျား မိန်းမ လှ, မလှ စသည် အမှတ်ပြုခြင်း) အနုဗျဉ္ဇနဂ္ဂါဟီ (= လက်ခြေသဏ္ဌာန် ပြုံးဟန် ရယ်ဟန် စသော အစိတ်အပိုင်းတို့ကို အာရုံပြုခြင်း) မရှိမူ၍ ဣတ္ထိ ပုရိသ (= မိန်းမဟု ယောက်ျားဟု သိကြောင်း) နိမိတ်အမှတ်အသားတို့ကို မယူအပ်။ အဆင်း အသံ အနံ့ အရသာ အတွေ့အထိ အာရုံတို့ကို ခင်မင်စရာ နှစ်သက်စရာ တွယ်တာစရာ စသည် အလိုကြီးခြင်း အဘိဇ္ဈာ, မုန်းစရာ အမျက်ထွက်စရာ စိတ်ဆိုးစရာ နှလုံးမသာယာစရာ ဒေါမနဿ စသည်တို့ကို မတိုးပွားအောင် သတိထား၍ စောင့်စည်းရ၏၊ ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ သတိပဋ္ဌာန်လေးပါး ပွားများနေသင့်သည်။ သတိပဋ္ဌာန်တရား တစ်ခုခု ပွားများနေလျှင် ဣန္ဒြိယသံဝရသီလ လုံခြုံမည် ဖြစ်သည်။

၃။ အာဇီဝပါရိသုဒ္ဓိသီလ

အသက်မွေးခြင်းတည်းဟူသော အကြောင်းကြောင့် ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရ ကာယဒုစရိုက် (၃)ပါး၊ မုသာဝါဒ, ပိသုဏဝါစာ, ဖရုသဝါစာ, သမ္ဖပ္ပလာပဝါစာ, ဝစီဒုစရိုက်လေးပါး ပေါင်း (၇)ပါးတို့မှ ရှောင်ကြဉ်လျှင် သမ္မာအာဇီဝ ဖြစ်၏၊

အသက်မွေးခြင်းဟူသော အကြောင်းမရှိဘဲ သက်သက် ဝစီဒုစရိုက် (၄)ပါးမှ ရှောင်ကြဉ်လျှင် သမ္မာဝါစာဖြစ်၏၊ အသက်မွေးခြင်းဟူသော အကြောင်းမရှိဘဲ သက်သက် ကာယဒုစရိုက် (၃)ပါးမှ ရှောင်ကြဉ်လျှင် သမ္မာကမ္မန္တဟု ဝိရတီ (၃)ပါးကို အကျဉ်းအားဖြင့် မှတ်သားထားပါ။

ထို (၃)ပါးတို့တွင် သမ္မာအာဇီဝ၏ ဆန့်ကျင်ဘက် အပြန်အားဖြင့် မိစ္ဆာအာဇီဝဖြစ်ပုံ များများသဘောပေါက်အောင် လေ့လာမှတ်သားပါ။ ထို့ကြောင့် မိစ္ဆာအာဇီဝဟူသည် မကောင်းသောအားဖြင့် မမှန်ကန်သောအားဖြင့် အသက်မွေးရသော ခိုးဆိုးတိုက်ခိုက် လုယက်သတ်ဖြတ် လိမ်ညာ, အနိုင်အထက်ပြု၍ စီးပွားရှာခြင်း၊ မုဆိုး တံငါ သားငါးမွေးမြူရေးလုပ်၍ အသက် မွေးခြင်း၊ မတရား ရှေ့နေလိုက်ခြင်း၊ လာဘ်ပေး လာဘ်ယူခြင်း၊ တံစိုးလက်ဆောင် ယူခြင်း၊ သတ်မှတ်ထားသော လခ, လုပ်အားခထက် အပိုရအောင် ကြံဆောင် စီးပွားရှာ အသက်မွေးခြင်းမှန်သမျှတို့သည် မိစ္ဆာအာဇီဝ (မကောင်း သော အသက်မွေးခြင်း) ဖြစ်သည်။ အလေး တင်း တောင်း ချိန်ခွင် လိမ်၍ ရောင်းဝယ်ခြင်းတို့သည်လည်း မိစ္ဆာအာဇီဝဟုပင် ဆိုရသည်။ လူကုန်သွယ် ခြင်း, လက်နက်ကုန်သွယ်ခြင်း, အဆိပ်ကုန်သွယ်ခြင်း, မူးယစ်ဆေးဝါး ကုန် သွယ်ခြင်း, သားစား မွေးမြူရေးလုပ်ခြင်းဖြင့် စီးပွားရှာခြင်းသည်လည်း မိစ္ဆာဇီဝပင် ဖြစ်သည်။

ရဟန်းတော်များမှာ အသက်မွေးခြင်းဟူသော အကြောင်းကြောင့် ပညတ်တော်မူအပ်သော သိက္ခာပုဒ် (၆)ပါး၊ လွန်ကျူးခြင်းဖြင့် ယုတ်မာသော အသက်မွေးခြင်း၊ ဒါယကာ ဒါယိကာမတို့အား ချီးမြှောက်ထောက်ပံ့ခြင်းငှာ ပန်းပေးခြင်း, သစ်သီးပေးခြင်း စသော ကုလဒူသန (၈)ပါး၊ ပစ္စည်းရှာဖွေရာ၌ ကုဟန (၃)ပါး၊ လပန (၁၃)ပါး၊ နေမိတ္တိကတာ (၆)ပါး၊ နိပ္ပေသိကတာ (၁၁)ပါး၊ အနေသန (၂၁)ပါး၊ လာဘ, သက္ကာရ, သိလောက, ပါပိစ္ဆာ အကြောင်းတို့ဖြင့်လည်းကောင်း, လာဘေန လာဘနိဇီဂီသနတာတို့ဖြင့်လည်းကောင်း, အပဝါရိတ အညာတကဝိညတ္တိတို့ကြောင့်လည်းကောင်း ရသော ပစ္စည်းဖြင့် အသက်မွေးခြင်း၊ ဗြဟ္မဇာလသုတ်လာ တိရစ္ဆာနဝိဇ္ဇာတို့ဖြင့်လည်းကောင်း ဓာတ်ရိုက်ဓာတ်ဆင် ဗေဒင်ဟောခြင်း၊ ဆေးကုခြင်း၊ ချဲအတိတ် ထီအတိတ် ပေးခြင်းတို့ဖြင့်လည်းကောင်း ရသော ပစ္စည်းတို့ဖြင့် ယုတ်မာသော အသက်မွေးခြင်းသည် မိစ္ဆာဇီဝ မည်၏၊

အာဇီဝသိက္ခာပုဒ် (၆) ပါးစသည်တို့၏ အကျယ်

အနညာညာပဒေသေန၊ ဒုဝေ အဘူတကိတ္တနာ။
သဉ္စရိတ္တာ ဒွေ ပဏီတာ၊ သူပေါဒနန္တိ ဆ ဇီဝါ။

အသက်မွေးခြင်းဟူသော အကြောင်းကြောင့် (ဝါ) အသက်မွေးမှု ချောင်ချိသက်သာအောင် ယုတ်မာသော အလိုဆိုးဖြင့် မိမိ၌ ထင်ရှားမရှိသော ဥတ္တရိမနုဿဓမ္မ စျာန်မဂ်ဖိုလ်တရားတို့ကို လိမ်ညာဝါကြွား၍ ပြောဆိုအံ့ -စတုတ္ထပါရာဇိက။ ထို့အတူ အသက်မွေးမှုကြောင့် မိန်းမ ယောက်ျား နှစ်ဦးသားတို့၏ အောင်သွယ် အောင်တမန်လုပ်အံ့ - သဉ္စရိတ္တသံဃာဒိသေသ်၊ မိမိကျောင်းဒကာအား သင်၏ ကျောင်း၌နေသော ဆရာတော်သည် ရဟန္တာ ဖြစ်သည် စသည်ဖြင့် သူတစ်ပါးကို ပြောသလိုလို ညွှန်၍ သွယ်ဝိုက်၍ ပြောဆိုအံ့ - သိလျှင် ထုလ္လစ္စဉ်း၊ မသိလျှင် ဒုက္ကဋ်။ ပဏီတဘောဇဉ်ကို မနာမဖျားဘဲ မိမိအလို့ငှာ တောင်းစားအံ့ - သုဒ္ဓပါစိတ်၊ ဘိက္ခုနီမသည် ပဏီတကိုးမျိုးကို တောင်းစားအံ့ - ပါဋိဒေသနီ။ ဟင်းကိုလည်းကောင်း, ထမင်းကိုလည်းကောင်း မိမိအလို့ငှာ ဆွမ်းခံရပ်ခြင်းမျိုး မဟုတ်ဘဲ တောင်းစားအံ့ - သူပေါဒနဝိညတ္တိ ဒုက္ကဋ်၊ ဤသို့ သိက္ခာပုဒ်ခြောက်ခု ရှိသည်။

ကုလဒူသန (၈) ပါး

ဒါယကာ ဒါယိကာမတို့၏ ပင်ကို သာသနာတော်ကို ကြည်ညိုနေသည့် သဒ္ဓါတရား ပျက်ပြားအောင် ပန်းပေးခြင်း, သစ်သီးပေးခြင်း, ရေချိုးကသယ်မှုန့်ပေးခြင်း, မြေညက်ပေးခြင်း, ဝါးပေးခြင်း, ဒန်ပူပေးခြင်း, ခြေဖြင့် သွား၍ ပစ္စည်း စကား သယ်ဆောင်ပေးခြင်း, ဆေးကုပေးခြင်းဟု ရှစ်မျိုး ရှိသည်။ သံဃာ၏ ဥစ္စာဖြစ်သော မြေညက်, ပန်းစသော ဂရုဘဏ်ပစ္စည်းတို့ကို အစိုးရသဖြင့် (ဝါ) ကိုယ်ပိုင် ထင်၍ ပေးသော ရဟန်းအား ကုလဒူသနဒုက္ကဋ်နှင့် တကွ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ခိုးလိုသော စိတ်ဖြင့် ပေးသောရဟန်းအား ပစ္စည်းတန်ဖိုးအလိုက် ဒုက္ကဋ်, ထုလ္လစ္စဉ်း, ပါရာဇိကအာပတ် သင့်၏၊ အကျယ်ကို ကုလဒူသကသိက္ခာပုဒ်တွင် ထပ်မံ ပြဆိုပါမည်။

(ဆောင်) ပွင့်, သီး, မှုန့်, မြေ၊ ဝါး, ပူ, ခြေ၊ ဝဇ္ဇေ ဒူရှစ်ဖြာ။

ကုဟန (= အံ့ဩဖွယ်ပြုခြင်း) သုံးပါး။

၁။ ပစ္စယပဋိသေဝနကုဟနာ၊
၂။ သာမန္တဇပ္ပနကုဟနာ၊
၃။ ဣရိယာပထသန္နိဿိတကုဟနာဟု အံ့ဩဖွယ်ပြုခြင်း သုံးပါး ရှိ၏၊

၁။ ပစ္စယပဋိသေဝနကုဟနာ

ဒါယကာ ဒါယိကာမတို့က ပစ္စည်းလာဘ်ဖြင့် လာလှူသောအခါ အလိုနည်းပါးလေဟန် ပယ်လှန်၍ အတင်းလှူလျှင်ဖြစ်စေ, များများလှူလျှင်ဖြစ်စေ အသင်တို့အား ချီးမြှောက်သောအားဖြင့် အလှူခံရတော့မည်ဟု ဆို၍ ထပ်ခါ ထပ်ခါ လှူချင်အောင် လာဘ်များများရအောင် အံ့ဩဖွယ်ပြုခြင်း စသည်တို့တည်း။

၂။ သာမန္တဇပ္ပနကုဟနာ

ယုတ်မာသော အလိုဆိုးဖြင့် စျာန်ရပုဂ္ဂိုလ် အရိယာပုဂ္ဂိုလ်ဟု မှတ်ထင်စရာစကားဖြင့် အံ့ဩဖွယ်ပြုခြင်း သူတစ်ပါးကို ပြောသကဲ့သို့ မိမိနှင့် နီးစပ်အောင်ပြောခြင်း, အလိုဆိုးဖြင့် ကိုယ်နှုတ်ကို လူရှေ့သူရှေ့၌ လွန်စွာ စောင့်စည်းဟန်ဆောင်၍ အလွန် မျက်မှောင်ကြုတ်ခြင်း, အံ့ဩစေခြင်း စသည်တည်း။

၃။ ဣရိယာပထသန္နိဿိတကုဟနာ

ယုတ်မာသော အလိုဆိုးဖြင့် သူတစ်ပါးတို့ ချီးမွမ်းအောင် အထင်ကြီးအောင် ပြုအပ်သော သွား, ရပ်, ထိုင်, လျောင်း, ဣရိယာပုထ်တို့ဖြင့် ပြုရိုးပြုစဉ် မဟုတ်ဘဲ ဖြည်းဖြည်းသက်သာ ဟန်ဆောင်ကာ လူအများ မြင်ရာ၌သာ အံ့ဩဖွယ်ပြုခြင်း စသည်တည်း။ ထိုသို့ အထင်ကြီးအောင် ဟိတ်ဟန်ဆောင် အားထုတ်မှုဖြင့် ရလေသမျှ ပစ္စည်းတို့ကို သုံးဆောင်ခြင်းသည် မိစ္ဆာဇီဝပင် ဖြစ်၏၊

လပနာ (၁၃) ပါး (= မြှောက်ပင့်၍ပြောခြင်း)

လပနာ, အာလပနာ, သလ္လပနာ, ဥလ္လပနာ, သမုလ္လပနာ, ဥန္နဟနာ, သမုန္နဟနာ, ဥက္ကာစနာ, သမုက္ကာစနာ, အနုပိယဘာဏိတာ, စာတုကမျတာ, မုဂ္ဂသူပျတာ, ပါရိဘဋျတာဟု (၁၃)ပါးသော လပနာများ ရှိသည်။

၁။ လပနာ = ပစ္စည်းရလို၍ မြှောက်ပင့်၍ပြောခြင်း၊
၂။ အာလပနာ = ဒကာက မပင့်ဖိတ်ဘဲ “ငါလာခဲ့မည် ”ဟု တင်ကြို၍ ဆိုခြင်း၊ တစ်နည်း - မည်သည့်မင်း, အမတ်, သူဌေး, ဗိုလ်မှူးသည် ငါ့ကို အလွန် ကြည်ညို၏၊ ငါသည် မည်သည့် ရာထူးရှိ ပုဂ္ဂိုလ် ဖြစ်၏၊ စသည်ဖြင့် မိမိကိုယ်ကို မြှောက်၍ ဆိုခြင်း။
၃။ သလ္လပနာ = ဒကာတို့နှင့် ဆန့်ကျင်မည်ကို ကြောက်၍ အလိုက်သင့် အခွင့်ပေးကာ ကောင်းစွာ ဆိုခြင်း။
၄။ ဥလ္လပနာ = ကျောင်းဒကာကြီး, ရဟန်းဒကာကြီး, ဗိုလ်မှူးကြီး, မင်းကတော်ကြီး စသည်ဖြင့် ကြီးတစ်လုံးကို သုံး၍ မြှောက်ကာ ပင့်ကာ ဆိုခြင်း။
၅။ သမုလ္လပနာ = ခပ်သိမ်းသော အဖို့အားဖြင့် လွန်စွာ မြှောက်ပင့်၍ ဆိုခြင်း။
၆။ ဥန္နဟနာ = ဆင့်ကာဆင့်ကာ ရစ်၍ ဆိုခြင်း၊ ရှေ့နှစ်အခါတွေက ဤ အချိန်၌ ကောက်ဦး ပဲဦး လှူကြသည်၊ ယခု မလှူပြီလော? လှူဒါန်းပါမည်ဟု ဝန်မခံမချင်း ဆင့်ကာဆင့်ကာ ရစ်၍ ဆိုခြင်း။
၇။ သမုန္နဟနာ = ခပ်သိမ်းသော အဖို့အားဖြင့် လွန်စွာ ရစ်ပတ်၍ ဆိုခြင်း။
၈။ ဥက္ကာစနာ = ချီးကျူး၍ပြခြင်း ဤဒါယကာသည် ငါ့ကို ဘယ်အခါမှ မမေ့၊ လှူစရာရှိလျှင် ငါ့အားသာ လှူသည် စသည် ပြောဆိုခြင်း။
၉။ သမုက္ကာစနာ = ခပ်သိမ်းသော အဖို့အားဖြင့် အဖန်ဖန် ချီးကျူး၍ ပြောဆိုခြင်း။
၁၀။ အနုပိယဘာဏိတာ = အမှန်ကို မငဲ့၊ ချစ်ခင်အောင် အဖန်ဖန် များစွာ ဆိုခြင်း။
၁၁။ စာတုကမျတာ = မိမိကိုယ်ကို နှိမ်ချ၍ ခင်ဗျား, ကျွန်တော်, ဟုတ်ကဲ့ စသည်ဖြင့် အောက်ကျစွာ ဆိုခြင်း။
၁၂။ မုဂ္ဂသူပျတာ = ပဲနောက်ဟင်းအလား မဖောက်ပြန်သော (ဝါ) ကျက်သော ပကတိပဲနောက်က နည်း၏၊ ဖောက်ပြန်၍ မကျက်သော ဝိကတိ ပဲနောက်က များ၏၊ ထို့အတူ ဒါယကာ ဒါယိကာမတို့ ကျေနပ်အောင် ပကတိအမှန် နည်း၍ ဝိကတိအမှား များများ ဆိုခြင်း။
၁၃။ ပါရိဘဋျတာ = ကလေးငယ်တို့ကို အထိန်းသည်ကဲ့သို့ ရင်ခွင်ဖြင့် ပုခုံးဖြင့် ချီပိုးခြင်း။

နိမိတ္တကတာ (၆) ပါး

နိမိတ္တက, နိမိတ္တကမ္မ, ဩဘာသ, ဩဘာသကမ္မ, သာမန္တဇပ္ပန, ပရိကတာဟု (၆)ပါး ရှိ၏၊

၁။ နိမိတ္တက = ( နိမိတ္တ+နိမိတ္တက+နိမိတ္တကတာ) ဟု သုံးမျိုး ခွဲခြားမှတ်ပါ။ အမှတ်သညာကို ဖြစ်စေသော ကာယကံ ဝစီကံ ပစ္စည်းလှူရန် အမှတ်ရနေအောင် ပြုမှု ပြောမှုသည် နိမိတ္တ မည်၏၊ နိမိတ်ပြု၍ အသက်မွေးသူသည် နိမိတ္တကမည်၏၊ ထိုသူ၏ ဖြစ်ကြောင်းအမူအရာသည် နိမိတ္တကတာ မည်၏၊ ပစ္စည်းလာဘ်ရလို၍ နိမိတ်ပြုခြင်း အလိုပြခြင်း စသည်ဖြင့် များသောအပြား ရှိ၏၊
၂။ နိမိတ္တကမ္မ = စားသောက်ဖွယ် ယူဆောင်သွားသည်ကို မြင်လိုက်၍ “စားသောက်ဖွယ်တွေ ရခဲ့ကြသလား?မလှူကြတော့ပြီလော? ” စသည်ဖြင့် နိမိတ်ပြုခြင်း။
၃။ ဩဘာသ = မိမိ၏ အလိုကို ပြခြင်း, ရဟန်းတို့အား ဤပစ္စည်းမျိုး ရှားပါးလှသည် ရခဲလှသည် စသည်ဖြင့် ပြောခြင်း။
၄။ ဩဘာသကမ္မ = အလိုပြခြင်းကို ပြုခြင်း, လာလှူအောင် ပြုခြင်းတည်း။ “နွားငယ်ကလေးတို့သည် နို့စို့သလော? နို့ပြတ်ပြီလော? ရက်တက် သောက်သလော? ”ဟု မေး၏၊ နို့စို့သေး၏ဟု ဆိုလတ်သော်မဟုတ် တန်ရာ၊ အကယ်၍ နို့စို့လျှင် ရဟန်းတို့အား နွားနို့ ရကုန်ရာ၏ ” ဤသို့ စသည်ဖြင့် လာလှူအောင် ပြုခြင်း။
၅။ သာမန္တဇပ္ပန = လိုအပ်သော ပစ္စည်းသို့ နီးကပ်အောင် ဆိုခြင်း၊ ကြံချောင်း, ထန်းလျက်ခဲ, ငါးခြောက်ပြား, ဆန်အိုး, ထောပတ်အိုးတို့ကို တွေ့၍ တွေ့မြင်ခဲ့ပုံ နိမိတ်ဥပမာ ပြဆိုသော ကုလူပကရဟန်းကြီးတစ်ပါး ဝတ္ထုဖြင့် သိအပ်၏၊
၆။ ပရိကထာ = လိုအပ်သော လာဘ်ရအောင် သွယ်ဝိုက်၍ သိုင်းဝိုင်း၍ လှည့်ပတ်၍ ပြောခြင်း။

နိပ္ပေသိကတာ (၁၁) ပါး

ကိုယ်နယ်ဆီကို ဝါးခြမ်းစိတ်ဖြင့် ခြစ်ပစ်သကဲ့သို့ သူတစ်ပါးတို့၏ ဂုဏ်သတင်းကျော်စောမှုကို ခြစ်ပစ်သော သူသည် တစ်နည်း - နံ့သာခဲကို ကြိတ်ခြေ၍ အနံ့ရှာသကဲ့သို့ သူတစ်ပါးတို့၏ ဂုဏ်ကို ကြိတ်ခြေ၍ လာဘ်ကို ရှာသောသူသည် (နိပ္ပေသေတီတိ နိပ္ပေသိကော) နိပ္ပေသိက မည်၏၊ ထိုသူ၏ ဖြစ်ကြောင်းအမူအရာသည် နိပ္ပေသိကတာ မည်၏၊ ၎င်းနိပ္ပေသိကတာသည် အက္ကောသနာ, ဝမ္ဘနာ, ဂရဟနာ, ဥက္ခေပနာ, သမုက္ခေပနာ, ခိပနာ, သံခိပနာ, ပါပနာ, သမ္ပာပနာ, အဝဏ္ဏဟာရိတာ, ပရပိဋ္ဌိကမံသကတာဟု (၁၁)ပါး ရှိသည်။

၁။ အက္ကောသနာ = ကြောက်၍ လှူလာအောင် ဆဲရေးခြင်း (၁၀)ပါးဖြင့် ဆဲရေးခြင်း၊

ဇာတိ နာမ ဂေါတ္တ ကမ္မံ၊ သိပ္ပံ အာဗာဓ လိင်္ဂိတံ။
ကိလေသာပတ္တိ အက္ကောသာ ဒသဝိဓာ တထာ ဣမေ။

၂။ ဝမ္ဘနာ = နှိပ်စက်၍ ရှုတ်ချ၍ ဆိုခြင်း၊
၃။ ဂရဟနာ = သဒ္ဓါတရားနည်းသူ စသည်ဖြင့် အပြစ်တင် ကဲ့ရဲ့ခြင်း၊
၄။ ဥက္ခေပနာ = ဤအလှူ၌ ဤသူကို မပြောကြနှင့်ဟု ပယ်ထုတ်သော စကားကို ဆိုခြင်း၊ တစ်နည်း မလှူသောသူကို “အလှူရှင်ကြီးပါတကား ”ဟု မြှောက်၍ ဆောင့်ချစကား ဆိုခြင်း၊
၅။ သမုက္ခေပနာ = ကျိုးကြောင်းပြ၍ ပယ်ထုတ်သော စကားကို ဆိုခြင်း (ဝါ) အလှူရှင်သဒ္ဓါတုံးကြီး စသည်ဖြင့် လွန်စွာ ချီးမြှောက် ဆောင့်ချစကား ဆိုခြင်း၊
၆။ ခိပနာ = ဤသူသည် လူဖြစ်ကျိုးမနပ်၊ အဟောင်းသာ စားသည်ဟု ပြက်ရယ်လှောင်ပြောင် ပြောဆိုခြင်း၊
၇။ သံခိပနာ = အလှူခံ လာတိုင်း လစ်လပ်သည် မရှိ နတ္ထိကို လှူ၏ဟု လွန်စွာ ပြက်ရယ်ဆိုခြင်း၊
၈။ ပါပနာ = မလှူသောသူ၏ အဖြစ်သို့ ရောက်အောင် စေးနဲသည် လူဖြစ်ကျိုးမနပ် စသည် ဆိုခြင်း၊
၉။ သမ္ပာပနာ = ခပ်သိမ်းသော အဖို့အားဖြင့် မလှူသောသူ၏ အဖြစ်သို့ ရောက်အောင် ဆိုခြင်း၊
၁၀။ အဝဏ္ဏဟာရိတာ = ကြောက်၍ ရှက်၍ ငါ့အား လှူသတဲ့ဟု တစ်အိမ်မှ တစ်အိမ်, တစ်ရွာမှတစ်ရွာ ကျေးဇူးမဲ့ကို ဆောင်၍ ပြောဆိုခြင်း၊
၁၁။ ပရပိဋ္ဌိကမံသကတာ = မျက်မှောက်ချိုသာ ကွယ်ရာမှာ အပြစ်ပြောခြင်း (မျက်နှာချင်း မဆိုင်ဝံ့၍ နောက်ကွယ်မှ ကျောက်ကုန်းသားကို ဖဲ့စားသည်နှင့် တူသော စကားဟူလို) (ဝိသုဒ္ဓိမဂ်အရသာ၊၃၀။)

လာဘနိဇိဂီသနတာ

လာဘေန လာဘနိဇိဂီသနတာ = ပစ္စည်းလာဘ်ကို ရလို၍ တစ်အိမ်မှ ရသော အာမိသအနည်းငယ်ကို နောက်တစ်အိမ်သို့ ဆောင်ပို့လျက် ပို၍ အမြတ်ရအောင် လာဘ်ရှာခြင်း၊ 
အပဝါရိတဝိညတ္တိ = လိုအပ်သောပစ္စည်း အလှူခံပါဟု ဖိတ်မန်ထားခြင်း မရှိသူအား ပစ္စည်းတို့ကို တောင်းခံခြင်း၊ 
အညာတကဝိညတ္တိ = အထက် ဆွေ (၇)ဆက်, အောက် မျိုး (၇)ဆက် မတော်စပ်သူတို့ထံ အာမိသပစ္စည်း တောင်းခံခြင်း၊ 
တိရစ္ဆာနဝိဇ္ဇာ = မဂ်ဖိုလ်နှင့် ဖီလာကန့်လန့် ဆန့်ကျင်ဘက်ဖြစ်၍ ဖြစ်သော တိရစ္ဆာန်အတတ်။
(မှတ်ချက်) အင်္ဂဝိဇ္ဇာအတတ်, လက္ခဏာဟောအတတ်, နိမိတ်ကျမ်း အတတ် စသည်ဖြင့် သီလက္ခန် ဗြဟ္မဇာလသုတ်၌ များစွာလာသည်။

အနေသန (၂၁) ပါး

(ဆောင်) ၁။ မျက်သစ်ရေထက်၊ ဆွမ်းတုံ့စွက်၊ သစ်ရွက် ချိုးမှုန့်ပါ။
၂။ ကလေးချီသယ်၊ ပဲဟင်းနှယ်၊ ချစ်ဖွယ် နှုတ်ဝါစာ။
၃။ ခိုင်းစေရာခံ၊ စေတမန်၊ မြေကျန် အတတ်ပါ။
၄။ ခေတ္တအင်္ဂ၊ နက္ခတ္တ၊ သုံးဝ ထိုဝိဇ္ဇာ။
၅။ ပေါင်းပါ ဒူရှစ်၊ နှစ်ဆယ့်တစ်၊ စင်စစ် နေသနာ။
(ခုဒ္ဒကပါဌအဋ္ဌကထာ - မေတ္တသုတ်အဖွင့်)

တစ်နည်း- ၁။ မျက်သစ်ရေထက်၊ ခိုင်းစေစွက်၊ သစ်ရွက်ချိုးမှုန့်ပါ။
၂။ ကလေးချီသယ်၊ ပဲဟင်းနှယ်၊ ချစ်ဖွယ် နှုတ်ဝါစာ။
၃။ နာခွဲလိမ်းဆေး၊ ဝမ်းအန်ဆေး၊ ချက်ပေးဆီ နှစ်ဖြာ။
၄။ ပေါင်းပါဒူရှစ်၊ နှစ်ဆယ့်တစ်၊ စင်စစ်နေသနာ။
(ဓမ္မသင်္ဂဏီမူလဋီကာ စိတ္တုပ္ပါဒကဏ္ဍကုလကထာအဖွင့် ပါတိမောက္ခမေဒိနီ၊ ၁၅၂၊သို့ရှု)

လာဘ သက္ကာရ သိလောက ပါပိစ္ဆာများ

လာဘ = ပစ္စည်းလေးပါး လာဘ်လာဘတို့ကို ရလိုခြင်း။
သက္ကာရ = လူ ရှင်ရဟန်းများတို့၏ အပူဇော်ကို ခံလိုခြင်း။
သိလောက = မြို့ရွာနိုင်ငံကမ္ဘာ့အလယ်တွင် ထင်ရှားကျော်စောမှု ဂုဏ်ရှိန် သတင်းကြီးမှုတို့ကို လိုလားခြင်း။
ပါပိစ္ဆာ = ပလီပစာ ယုတ်မာကောက်ကျစ် ဆိုးညစ်မည်းညို အလိုသော့သွမ်း ရဟန်းဆန်း ဖြစ်ခြင်း။

နိမိတ္တ စသည် (၄) မျိုး

အသက်မွေးမှု စင်ကြယ်ရန် အာဇီဝကို သုတ်သင်သော ရဟန်းအား ပစ္စည်းလေးပါးတို့တွင် သင်္ကန်း, ဆွမ်း ပစ္စည်းနှစ်ပါးတို့၌ နိမိတ်, ဩဘာ, ပရိကထာ, ဝိညတ် (၄)မျိုး မအပ်၊ ကျောင်း၌ ဝိညတ်တစ်မျိုး မအပ်၊ နိမိတ်, ဩဘာ, ပရိကထာ (၃)မျိုးကား ဓုတင်မဆောင်သော ရဟန်းအား အပ်စပ်၏၊ ဆေးပစ္စည်း၌ကား မကျန်းမမာ အနာရောဂါဖြစ်လျှင် လေးမျိုးလုံး အပ်၏၊

အဓိပ္ပာယ်

နိမိတ် = ပစ္စည်းကို ရည်ရွယ်၍ အလိုကို သိအောင် ရိပ်ကာ ဝဲကာ သွယ်ကာ ဝိုက်ကာ ဆိုခြင်း ပြုခြင်းတည်း။ (ဥပမာ) ကျောင်းအလို့ငှာ မြေကို သုတ်သင်ခြင်း၊ ပန္နက်ရိုက်ထားခြင်း သာသနာအလံ ကြိုတင်ထောင်ထားခြင်း စသည် သင်္ကန်း, ဆွမ်း, ဆေး နည်းတူသိ။
ဩဘာ = အဖြောင့်ကိုမဆို အလိုကိုသိအောင် အရိပ်အယောင်ပြ၍ ဆိုခြင်း၊ (ဥပမာ) တိုက်ပြသာဒ်၌ နေနိုင်သူ ဒကာတို့အား အဘယ်၌ နေကြသနည်း။ ရဟန်းတို့အားလည်း တိုက်ပြသာဒ်အပ်သည် စသည်ပြောဆိုခြင်း၊ သင်္ကန်း, ဆွမ်း, ဆေး နည်းတူသိပါ။
ပရိကထာ = ပရိယာယ်အားဖြင့် စောင်းချိတ်၍ ဆိုခြင်းတည်း၊ ရဟန်း သံဃာအား ကျောင်းက ကျဉ်းမြောင်း၏၊ ဆွမ်း ရှားပါး၏၊ သင်္ကန်း ဆင်းရဲ၏၊ စသည် ဆိုခြင်းမျိုး ဖြစ်သည်။
ဝိညတ် = ဖိတ်မန်မထားသူကို တိုက်ရိုက်ပင် ကျောင်းလှူလော့၊ ဆွမ်းလှူလော့၊ သင်္ကန်းလှူလော့ဟု ဆိုခြင်းမျိုးတည်း။
မိစ္ဆာဇီဝ (ဝိသုဒ္ဓိမဂ်အရသာ-၄၇။)

မိစ္ဆာဇီဝနှင့် စပ်၍ အရှင်ဩဘာသ (မုဒုံ) စီရင်ရေးသားတော်မူသော ဝိနည်းဥပဒေတော်ကြီး စာမျက်နှာ (၁၈၀)၌ ဆိုထားသော အချက်များကို ဤနေရာ၌ ထပ်မံ၍ တင်ပြလိုပါသည်။

ယုတ်မာသော မကောင်းသော အသက်မွေးခြင်းဟူသည် ---

သုတ် ဝိနည်း အဘိဓမ္မာ ပိဋကတ်တော်လာအတိုင်း ရိုသေ၍ ရိုးသားသော စိတ်ထားဖြင့် ပြုခြင်းမျိုး မဟုတ်ဘဲ ဤသို့ ရပ်သော်, သွားသော်, ထိုင်သော်, လျောင်းသော် မြင်မြင်သမျှကို ကြည်ညိုလိမ့်မည်မှတ်၍ ဣရိယာပုထ်ကို ရိုသေစွာထားခြင်း၊ ဤသို့ပြုသော် တောရဆောက်တည်သော်, သုသာန်ဓုတင်နေသော် လူတို့ ချီးမွမ်းကြည်ညိုလတ္တံ့ဟု နှလုံးပိုက်၍ ပြုခြင်း, ဆောက်တည်ခြင်း, နေခြင်း, ဓုတင်အမျိုးမျိုး ဆောက်တည်ခြင်း၊ ပစ္စည်း လှူစိမ့်သောငှာ ဒါယကာတို့အား နိမိတ်ပြုခြင်း, အရိပ်အယောင်ပြခြင်း, ဒါယကာတို့အား ရှုတ်ချခြင်း, ကဲ့ရဲ့ခြင်း, ချီးမြှောက်ပြောဆိုခြင်း, ပြက်ရယ်ပြုခြင်း မိမိကို စျာန်မဂ်ဖိုလ်ရသူဟု ထင်အောင် စျာန်မဂ်ဖိုလ်နှင့် နီးစပ်သော စကားကို ပြောဆိုခြင်း၊ အထင်ကြီးအောင် ငါကား ဤအမည်ရှိသော ဆရာ၏ တပည့်အရင်းတည်း၊ ငါ၏ ဆရာကား ဤမည်သော ကျော်ကြားသော ဆရာ၏ တပည့်တည်း စသည်ဖြင့် မိမိလာသော ဆရာစဉ်ဆက်အနွယ်၏ကောင်းသော အဖြစ်ကို ဒါယကာတို့အား သိစေခြင်း၊ ငါ့ကို မည်သည့်သူဌေးကြီး, အမတ်ကြီး, စစ်ဗိုလ်ကြီး, ဝန်ကြီးက ကိုးကွယ်သည် ကြည်ညိုသည် စသည်ဖြင့် ဒကာ ဒကာမတို့၏ အရှိန်အဝါကို သုံး၍ အထင်ကြီးစေခြင်း၊ မိမိကို ခင်တွယ်အောင် ၎င်းတို့အား ရှေ့ဦးစွာ ကိုယ်က စတင်၍ ပြုံးရယ်ခြင်း၊စတင်၍ နှုတ်ဆက်ခြင်း လောကွတ်ပျူငှာလုပ်ခြင်း၊ နည်းလမ်းမကျသော်လည်း ၎င်းတို့ ပြုသမျှကို လိုက်လျောခြင်း အောက်ကျနောက်ကျခံ၍ ဆက်ဆံခြင်း၊ ရွာသူရွာသား ကလေးသူငယ်တို့ကို ထိန်းယချီပိုးခြင်းဟူသမျှတို့ကြောင့် ရလာသော ပစ္စည်းတို့ဖြင့် အသက်မွေးခြင်းသည် မိစ္ဆာဇီဝ ဖြစ်၏၊ ဒါယကာ ဒါယိကာမတို့နှင့် ဆန့်ကျင်မည်ကို ကြောက်၍ အလိုက်သင့် အခွင့်ပေးကာ ကောင်းစွာ ဆိုခြင်းသည် သလ္လပနာ မည်၏၊ (လပန = မြှောက် ပင့်ခြင်း ၁၃-ပါး၊ ပြန်ကြည့်) ထိုကဲ့သို့ ပြုသော ရဟန်းကို လာဘ်ကို တောင့်တသော ရဟန်း, ပူဇော်သက္ကာရကို တောင့်တသော ရဟန်း, အကျော်အစောကို တောင့်တသော ရဟန်း, ယုတ်မာသော ရဟန်း, အလိုရမ္မက်ရှိသော ရဟန်း, ယုတ်မာသော အလိုရမ္မက်ဖြင့် နှိပ်စက်သော ရဟန်းဟု ခေါ်သည်။

အချို့သော ရဟန်းတို့က မိမိတို့၏အပေါ်၌ မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှာလည်းကောင်း, ကြည်ညိုပြီးသော သူတို့အား တိုး၍ ကြည်ညိုစေခြင်းငှာလည်းကောင်း ဒါယကာ ဒါယိကာမတို့နှင့် ဆန့်ကျင်မည်စိုး၍ နည်းလမ်းကျ မကျသည်ကို ပဓာနမထားဘဲ ၎င်းတို့၏ အလိုသို့ လိုက်လျော၍ နေထိုင်ပြောဆိုခြင်းဖြင့် ကြည်ညိုခြင်းကို ခံယူကုန်၏၊ ဤသို့ ပြုခြင်းသည် ရဟန်းတော်များ၏ အဆင့်အတန်းကိုလည်း နိမ့်ကျအောင် ပြုရာရောက်သည်။ ဘုရားရှင်၏ အလိုတော်နှင့်လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လေသည်။

ဘုရားရှင်၏ အလိုတော်မှာ ရဟန်းတော်များ၏အပေါ်၌ မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေချင်သည်။ ကြည်ညိုပြီးသော သူတို့အား တိုး၍ ကြည်ညိုစေချင်သည်။ မှန်၏၊ သို့သော် နိမ့်ကျသော နည်းလမ်းများကို သုံး၍ ကြည်ညိုခြင်းကို ခံယူကုန်သော လပန, သလ္လပန စသော ရဟန်းတို့ကိုကား ဘုရားရှင် စက်ဆုပ်တော်မူ၏၊ ဘုရားသားတော်ပီပီ အထက်တန်းကျကျ ဝိနည်းတော်နှင့်အညီ တည့်တည့်မတ်မတ် ပြောဆိုနေထိုင်၍ လူတို့က ဝိနည်းတော်နှင့် အညီနေထိုင်သော ရဟန်းတို့အား ကိုးကွယ်ဆည်းကပ်ရခြင်းသည် မြတ်၏ဟု အမြင်မှန်ရကြသဖြင့် မကြည်ညိုသေးသော သူတို့ကလည်း ကြည်ညိုလေအောင် ကြည်ညိုပြီးသော သူတို့ကလည်း တိုး၍ ကြည်ညိုလေအောင် ဝိနည်းတော်နှင့်အညီ ပြုသော ရဟန်းတို့ကိုသာလျှင် ဘုရားရှင် ချီးမွမ်းတော်မူ၏၊

ဒါယကာနှင့် ဝိနည်းစည်းကမ်း

အစစအရာရာ၌ ဒါယကာ ဒါယိကာမတို့ကို မှီခို၍ နေရသောကြောင့် ရဟန်းတိုင်း ၎င်းတို့နှင့် သင့်သင့်မျှမျှ နေအပ်၏၊ နေသင့်၏၊ သို့သော် ဝိနည်းတော်၏ စည်းဝိုင်းအတွင်း၌ နေထိုင်နေရကား ဝိနည်းတော်နှင့် မညီသော အရာများ၌ ၎င်းတို့၏ အလိုသို့ မလိုက်လျောသင့်ပေ။ ဒါယကာ ဒါယိကာမတို့ကလည်း ရဟန်းတော်များ၏ အလိုသို့ လိုက်လျောရခြင်းကို ဂုဏ်ငယ်သည်ဟု မယူသင့်။ အမှန်မှာ မိမိတို့ ပြုစုလှူဒါန်းသော ကုသိုလ်ကောင်းမှု အလှူဒါနသည် အလှူခံတို့နှင့် သင့်လျော်လျောက်ပတ်လေလေ မိမိတို့ ဒကာများအနေဖြင့် အကျိုးများလေလေ ဖြစ်သည်။ ထို့ကြောင့် ငွေကုန် လူပန်းသလောက် အကျိုးရရှိလေအောင် တတ်နိုင်သရွေ့ အလှူခံရဟန်းတို့၏ အလိုသို့ လိုက်လျော၍ ဝိနည်းနှင့်အညီ ကုသိုလ်ကောင်းမှု ပြုသင့် ပြုအပ်ပေသည်။

နှစ်ဦးနှစ်ဘက် အလိုက်သိဖို့လို

အလှူရှင်ဒါယကာ ဒါယိကာမတို့သည် အလှူခံရဟန်းတော်တို့၏ အလိုသို့ လိုက်လျောသကဲ့သို့ အလှူခံရဟန်းတို့ကလည်း နှစ်ဦးနှစ်ဘက် အကျိုးရှိစေခြင်းငှာ အလှူရှင်တို့ ရည်မှန်းထားသည်ထက်လည်း ပိုမကုန်စေဘဲ မိမိ အလိုရှိနေသော အပ်စပ်သော အရာဝတ္ထုတို့ကိုလည်း ဝိနည်းနှင့်အညီ ရရှိလေအောင် ပြောဆိုညွှန်ကြားတတ်ဖို့ လိုသည်။

ရဟန်းတော်များသည် ဒါယကာ ဒါယိကာမတို့က လှူဒါန်း ထောက်ပံ့ နေကြ၍ မငြိုမငြင် မဆင်းရဲဘဲ ဝတ်ရ စားရ အိပ်ရသည် မှန်၏၊ သို့ပါလျက် နည်းလမ်း ကျ, မကျကို ပဓာနမထားဘဲ ခြွင်းချက်မရှိဘဲ အလှူရှင်တို့၏ အလိုသို့ မလိုက်လျောလေသနည်းဟူမူ မလိုက်လျောသင့်ဘဲလျက် လိုက်လျောခြင်းသည် ဒါယကာ ဒါယိကာမတို့ကို မြှူစားရာ ချော့စားရာ ရောက်၍ မိစ္ဆာဇီဝအဖြစ်သို့ ရောက်မှန်းမသိ ရောက်ရှိလေသည်။ ဤကား နှစ်ဦးနှစ်ဘက်လုံး သိထားဖို့ လိုအပ်သော အချက်များ ဖြစ်သည်။

ဟန်မလုပ်စကောင်း

သာသနာဝန်ထမ်း ရဟန်းကောင်းများသည် မိမိကိုယ်ကို စျာန်ရပုဂ္ဂိုလ်, သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာပုဂ္ဂိုလ်ဟု မှတ်ထင်လေအောင် ဟန်မလုပ်စကောင်း အယုတ်ဆုံးအားဖြင့် လူအများ၏ အထင်ကြီးစိမ့်သောငှာ, ချီးမွမ်းပူဇော်သက္ကာရကို ခံယူရစိမ့်သောငှာ တောရဆောက်တည်ခြင်း, ဓုတင်ကျင့်ခြင်း, ဆွမ်းခံကြွခြင်း စသည်တို့ကိုသော်မှ မပြုအပ် မပြုသင့်ပေ။ မိမိက တစ်စုံတစ်ရာ ထုတ်ဆောင်၍ ပြောဆိုခြင်း မပြုဘဲ လူအများ၏ ချီးမွမ်းပူဇော် သက္ကာရကို မျှော်လင့်တောင့်တ၍ မိမိကိုယ်ကို စျာနလာဘီ စျာန်ရပုဂ္ဂိုလ်, အရိယာပုဂ္ဂိုလ်ဟု မှတ်ထင်လေအောင် ဟန်ပန်လုပ်ခဲ့သော် ဒုက္ကဋ်အာပတ် သင့်၏၊

လူအများအထင်ကြီးခံရခြင်း

မိမိသည် ဝိနည်းအကျင့်တို့၌ ကျစ်လျစ်၍ ကမ္မဋ္ဌာန်းဘာဝနာအလုပ်ကို ပင်ကိုရိုးသားသော စိတ်ဓာတ်ဖြင့် အားကြိုးမာန်တက် ပွားများ၏၊ တရားကျင့်ကြံအားထုတ်၏၊ တစ်စတစ်စဖြင့် လူတို့က မိမိအား စျာန်ရပုဂ္ဂိုလ် အရိယာပုဂ္ဂိုလ်ဟု ထင်မှတ်ကြ၏၊ ထင်မှတ်ကြသည့်အတိုင်းလည်း မိမိအား ခမ်းနားကြီးကျယ်စွာ ကြိုဆိုကြ၏၊ လှူဖွယ်ဝတ္ထု အမျိုးမျိုးတို့ဖြင့်လည်း လှူဒါန်းပူဇော်ကြ၏၊ မိမိအားလည်း လူအများတို့က စျာန်ရအရိယာ ရဟန္တာဟု ထင်မှတ်နေကြသည်ကို သိ၏၊ သို့သော် မိမိသည် စျာန်ရအရိယာ ရဟန္တာ မဟုတ် သူလိုငါလို ပုထုဇဉ်ရဟန်းပဲဟု ထုတ်ဖော်ကြေညာခြင်း မပြုဘဲ မြုံလျက် နေ၏၊ မြုံ၍ ဆိတ်ဆိတ်နေခြင်းအားဖြင့် ဟန်ဆောင်ရာရောက်၍ ဒုက္ကဋ်အာပတ်လည်း အဆက်မပြတ် သင့်သည်။ ရသော ပစ္စည်းတို့မှာလည်း မစင်ကြယ်၍ ၎င်းတို့ဖြင့် အသက်မွေးခြင်းသည်လည်း မိစ္ဆာဇီဝပင် ဖြစ်တော့သည်။

မဟုတ်လျှင် မဟုတ်ကြောင်း ဝန်ခံပါ

မိမိသည် အထင်ကြီးခံရ၍ လာဘ်လာဘပေါများသောကြောင့် တခြား ရဟန်းများအား တစ်ဆင့် လှူပြန်၏၊ ထိုရဟန်းခမျာမှာ နေရင်းထိုင်ရင်း ဘာမျှ မပြုဘဲ အထင်ကြီးအောင် ဟိတ်ဟန်ဆောင်မှုဖြင့် ရသောပစ္စည်းကို လက်ခံ သုံးစွဲမိခြင်းကြောင့် ဒုက္ကဋ်အာပတ် သင့်ကြကုန်၏၊ သို့ဖြစ်၍ သူများ စုံစမ်းမေးမြန်းခြင်းကို မစောင့်လေလင့်။ မိမိကို ရဟန္တာဟု, အောက်အရိယာဟု, စျာန်ရဟု ထင်မှတ်နေကြပြီဟု သိလျှင်သိချင်း မဟုတ်လျှင် မဟုတ်ကြောင်းကို ထုတ်ဖော်ဝန်ခံ ကြေညာပါလေ။ ထုတ်ဖော်ကြေညာပြီး၍ ရသော ပစ္စည်းသည် နတ်ဘုံနတ်နန်း နတ်ဩဇာနှင့် တူ၏၊ ဂုဏ်သတင်း ကျော်စောလို၍ ကျင့်သော ဟီနသီလကို သုတ်သင်ပါလေ သူတော်ကောင်းအပေါင်းတို့။

သူခိုးကြီး မဟာစောရ

ဗုဒ္ဓမြတ်စွာက ကိုယ့်မှာ ဥတ္တရိမနုဿဓမ္မလို့ခေါ်တဲ့ စျာန်မဂ်ဖိုလ်တရား မရှိဘဲနဲ့ ဟန်လုပ်ပြီးတော့များ ညာနေလို့ရှိရင် (လူတွေကို လှည့်စားလိမ်ညာနေလို့ရှိရင်) ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာက သူခိုးကြီးလို့ကို အမိန့်တော် ရှိပါတယ်။ မဟာစောရတဲ့-ဟု ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ အခြေပြု ပဋ္ဌာန်းတရားတော်၌ ဖော်ပြထားပါသည်။

စာသင်သားနှင့် စာသင်တိုက်

ပင်ကို ရိုးသားသော စိတ်ဓာတ်ဖြင့် မဟုတ်ဘဲ လူအများ၏ ချီးမွမ်း ပူဇော်သက္ကာရလာဘ်လာဘ တောင့်တ၍ ကျော်စောလို၍ ဝိနည်းလေးစားဟန်ဖြင့် စာပေကိုလည်း မသင်ယူလေလင့်၊ စာသင်တိုက်တို့ကိုလည်း မဖွင့်လေလင့်။ သူတစ်ပါးကို နှိမ်ချလို ချုပ်ချယ်လို၍ စာသင်လျှင် ပို၍ပင် ဆိုးသေး၏၊ ကဿပဘုရားရှင်သာသနာတော်၌ ကပိလရဟန်းသည် စာတတ်ပုဂ္ဂိုလ်ကြီး ဖြစ်၏၊ တပည့်ငါးရာကျော်အား စာပေပို့ချပေးနေသော ဆရာကြီးတစ်ဆူ ဖြစ်၏၊ အစ်ကိုရဟန္တာကြီးက ဆိုဆုံးမသည်ကို မနာခံ မာန်မာန တက်နေသူ အထင်ကြီးနေသူတည်း။ လဇ္ဇီသူတော်ကောင်းတို့ကို စာဖြင့် ချုပ်ချယ်၏၊ အမေ နှမ အစ်မတို့ကို သံဃိကပစ္စည်းများ ပေးကမ်း၏၊ ထို့ကြောင့် သေသောအခါ အဝီစိသို့ ရောက်ရ၏၊ယခု ဂေါတမမြတ်စွာဘုရားရှင်လက်ထက်၌ ပုပ်ဟောင်သော ပါးစပ်ဖြင့် ရွှေငါးကြီး ဖြစ်၏၊ ဘုရားရှင် မျက်မှောက်တွင် မိမိ၏ ဖြစ်အင်ကို ပြောပြ၍ သေဆုံးပြီး အဝီစိငရဲသို့ ပြန်သွားရ၏၊ (ဓမ္မပဒ၊ တဏှာဝဂ်၊၂၄)

အလဇ္ဇီ စာတတ်လျှင် အပါယ်ရိက္ခာ အပါယ်စရိတ် ပြည့်စုံ၏၊ ဤနည်းမျိုးကား စာသင်ခြင်းထက် စာသင်တိုက်ဖွင့်ခြင်းထက် စာမသင်ဘဲ, စာသင်တိုက်မတည်ဘဲ အိပ်နေခြင်းက ပိုမြတ်သေး၏၊

တရားအားထုတ်ခြင်းနှင့် ရိပ်သာထောင်ခြင်း

ကျော်စောထင်ရှားလို၍, လာဘ်လာဘပေါများလို၍, ကိုယ့်ကျောင်းတိုက် စည်ကားကြီးပွားလို၍ ကိုယ်တိုင်လည်း တရားအားထုတ်သည်, သူများကိုလည်း တရားပြသည်, ရိပ်သာဖွင့်သည်ဟု ရိပ်သာမထောင်လေလင့်၊ (သည်ယုန်မြင်၍ သည်ချုံထွင်သည်နှင့် တူ၏၊) အမြင်အားဖြင့် ကောင်းသလောက် အတွင်းစိတ်ထား ကောက်ကျစ်လှ၍ နိဗ္ဗာန်သို့ မရောက်ဘဲ အပါယ်သို့ ရောက်ချိမ့်မည်။

လာဘ်လာဘ ရရန်နှင့် နိဗ္ဗာန်ရောက်ရန်

“ချစ်သားရဟန်းတို့ ...လာဘ်လာဘကို မှီ၍ ကျင့်သော အကျင့်မည်သည်ကား တစ်မျိုးတခြားတစ်ပါး ဖြစ်၏၊ နိဗ္ဗာန်သို့ ရောက်ရန် အကျင့်သည်ကား တစ်မျိုးတခြား တစ်ပါး ဖြစ်၏၊ ဤသို့ ကျင့်သည်ရှိသော် လာဘ်ပူဇော်သက္ကာရကို ရပေလတ္တံ့ဟူ၍ အရညကင်ဓုတင်, သုသာန်ဓုတင် စသော အကျင့်ကို ပြုကျင့်သော ရဟန်းအား အပါယ်လေးဘုံတို့သည် တံခါး ဟင်းလင်းပွင့်ကုန်၍သာလျှင် တည်ကုန်၏၊ နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်ဖြင့် ဖြစ်ပေါ်လာသော ကျောင်း သင်္ကန်း ဆွမ်း ဆေး စသော လာဘ်ပူဇော်သက္ကာရကို ပယ်ခွာစွန့်ပစ်လျက် သစ်ပင်ရင်း, တော, ဆိတ်ငြိမ်ရာ အရပ်သို့ ဝင်ပြီး ကောင်းမွန်စွာ စေ့ဆော်ကြိုးကုတ် လုံ့လဥဿာဟဝီရိယ ရှိသည့် သီလ သမာဓိ ပညာ ပြည့်စုံစွာ ကျင့်သော ရဟန်းသည် အရဟတ္တဖိုလ်ထိအောင် ရယူနိုင်လေ၏”ဟု မိန့်တော်မူ၏၊

ဓုတင်ကျင့်သူနှင့် မကျင့်သူ

လာဘ်လာဘ ပူဇော်သက္ကာရ ကျော်စောထင်ရှားလို၍ တောရဓုတင် သုသာန်ဓုတင် စသည်တို့ကို မဆောက်တည် လေလင့်၊ မကျင့်လေလင့်။ ငရဲသို့ လားချိမ့်မည်၊ ပြိတ္တာမူလည်း ဖြစ်ချိမ့်မည်။မိမိစိတ်က မရိုးသားလျှင် မဆောက်တည်လေနှင့်၊ မဆောက်တည်ဘဲ နေခြင်းကား ပို၍ မြတ်သေးသည်။ အဘယ်ကြောင့်ဆိုသော် မဆောက်တည်ခြင်းကြောင့် အာပတ်မသင့်ပါ၊ ဆောက်တည်ခြင်းကြောင့် မိစ္ဆာဇီဝဖြစ်၍ ဒုက္ကဋ်အာပတ်တွေ အဆက်မပြတ် သင့်သည်။ ပကတိရိုးသားသော စိတ်ဖြင့် ဆောက်တည်နိုင်လျှင် ဓုတင် (၁၃)ပါးလုံး တစ်ပြိုင်တည်း ဆောက်တည်ပါလေ။ ကိလေသာကို ခေါင်းပါးစေသော ဘုရားရှင် ချီးမွမ်းတော်မူသော အကျင့်ဖြစ်သည်။

သက်သတ်လွတ်စားခြင်

သူတစ်ပါးတွေ အထင်ကြီးစေခြင်းငှာ, ဂုဏ်ရှိန်သတင်း ကြီးမားစေခြင်းငှာ ရည်ရွယ်၍ လာဘ်လာဘကို ရည်ရွယ်၍ သက်လွတ်ဘေးမဲ့ ဟင်းသီး ဟင်းရွက်တို့ကိုသာ မစားလေလင့်၊ (သားငါးအရိုး စူးလျှင် နုတ်ရ လွယ်သည်၊ အာလူး သစ်သီးအရိုး စူးလျှင် နုတ်ရခက်သည်။) မစားတတ်ဘဲ သက်သတ်လွတ် မစားလေလင့်၊ မစားတတ်ဘဲ သက်သတ်လွတ် စားခြင်းသည် မိစ္ဆာဇီဝ (= မကောင်းသော အသက်မွေးခြင်း) ဖြစ်၍ အာလူး, သစ်သီးတို့အတွက် သာမက ကြွင်းသော ဆွမ်း, သင်္ကန်း, ကျောင်း, ဆေးစသော ပစ္စည်းများ အတွက်လည်း ဒုက္ကဋ်အာပတ် အဆက်မပြတ် သင့်သည်။ မိမိကိုယ်ကို အထင်ကြီးအောင် ပြုခြင်းသည် အပါယ်သို့ မရောက်ရောက်အောင် ကြိုးစားသည်နှင့် တူ၏၊

လာဘ်လာဘအမျိုးမျိုးနှင့် ဘုန်းတန်ခိုးကြီးခြင်း

“ချစ်သားရဟန်းတို့ ..လာဘ်ပူဇော်သက္ကာရဆိုသည်မှာ မိုးကြိုးစက်ကဲ့သို့ လွန်စွာ ထက်မြက် စူးရှလှပေသည်။ လာဘ်လာဘဆိုသော မိုးကြိုးကြီး အပစ်ခံရပြီဆိုမှဖြင့် သူတော်ကောင်းသဘောတွေ ညက်ညက်ကြေကုန် လေ၏၊ သို့အတွက်ကြောင့် လာဘ်လာဘအမျိုးမျိုးနှင့် ဘုန်းတန်ခိုးကြီးမား မည်ကို ကြောက်လန့်ကြရမည်”ဟု ရှင်တော်မြတ်ဘုရား မိန့်တော်မူ၏၊
(နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။)

ဤသို့လျှင် ဆိုခဲ့ပြီးသော လူတို့၏ မိစ္ဆာဇီဝ, ရဟန်းတို့၏ မိစ္ဆာဇီဝဟု နှစ်မျိုး ရှိသည်။ ထိုမိစ္ဆာဇီဝတို့မှ ရှောင်ကြဉ် စောင့်စည်းခြင်းသည် သမ္မာအာဇီဝ ဖြစ်၍ အာဇီဝပါရိသုဒ္ဓိသီလ မည်၏၊ အာဇီဝပါရိသုဒ္ဓိသီလသည် အရေးကြီးသောကြောင့် အတော်စုံလင်အောင် စုဆောင်းတင်ပြပါမည်။

(၄) ပစ္စယသန္နိဿိတသီလ

ပစ္စည်းတို့ကို သုံးဆောင်ရာ၌ သာယာမက်မောခြင်း တွေဝေခြင်းများကို ပယ်၍ တရားသဖြင့် ရှာဖွေ၍ ရအပ်သော ဓမ္မိယလဒ္ဓပစ္စည်းကို “ပဋိသင်္ခါယောနိသော”စသော ပါဠိဖြင့်ဖြစ်စေ, “ချမ်းပူကို ဖျက် ခြင်မှက်လေနေ” စသော မြန်မာ လင်္ကာများဖြင့်ဖြစ်စေ နှလုံးသွင်း၍ ပညာဖြင့် ပစ္စဝေက္ခဏာ ဆင်ခြင်ကာ မေတ္တာပို့၍ သုံးဆောင်သောအားဖြင့် ပြည့်စုံစေအပ်၏၊ ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ပစ္စည်းလေးပါး စသည်တို့ကို သုံးစွဲတိုင်း ဆင်ခြင်အပ်၏၊ သုံးစွဲတိုင်း မဆင်ခြင်နိုင်လျှင် နံနက်, နေ့ခင်း, ညချမ်း, မိုးသောက် လေးကြိမ် ဆင်ခြင်အပ်၏၊ မဆင်ခြင်မိဘဲ အရုဏ်တက်လျှင် ထိုနေ့ သုံးဆောင်သမျှ ပစ္စည်းများ ဣဏပရိဘောဂ (= ကြွေးတင်သော သုံးဆောင်ခြင်း) ဖြစ်၏၊

သုံးဆောင်ခြင်း (ပရိဘောဂ) ၄-မျိုး

ထေယျပရိဘောဂ, ဣဏပရိဘောဂ, ဒါယဇ္ဇပရိဘောဂ, သာမိပရိဘောဂ ဟူ၍ သုံးဆောင်ခြင်း (ပရိဘောဂ) လေးမျိုး လာရှိ၏၊

၁။ ထေယျပရိဘောဂ - ဒုဿီလ (= သီလမရှိသူ)တို့၏ သုံးဆောင်ခြင်းသည် ထေယျပရိဘောဂ မည်၏၊ ဘုရားရှင်သည် သီလဝန္တ (= သီလရှိသူ)အား ပစ္စည်းလေးပါးကို ခွင့်ပြုသည်။ ဒုဿီလအား ခွင့်မပြု။ လှူဒါန်းသူ ဒါယကာတို့သည်လည်း အကျိုးကြီးမားဖွံ့ဖြိုးလို၍ သီလဝန္တအား လှူသည်၊ ဒုဿီလအား လှူသည် မဟုတ်။ ဒုဿီလသည် သီလဝန္တ၏ ပစ္စည်းတို့ကို ခိုးယူသူနှင့် တူ၏၊ ထို့ကြောင့် ထေယျပရိဘောဂ (= ခိုး၍ သုံးဆောင်ခြင်း) မည်၏၊

၂။ ဣဏပရိဘောဂ - သီလဝန္တဖြစ်လျက် ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်ခြင်းသည် ဣဏပရိဘောဂ မည်၏၊ အလှူခံပုဂ္ဂိုလ်က မစင်ကြယ်လျှင် ဒက္ခိဏဝိသုဒ္ဓိ မဖြစ်၊ အလှူ၏ အကျိုး ဖွံ့ဖြိုးခြင်း မရှိ၊ ကြွေးမြီ ယူစားသူနှင့် တူ၏၊ ဣဏပရိဘောဂ ဖြစ်၏၊ ဣဏပရိဘောဂအပြစ်မှ လွတ်လိုလျှင် ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးဆောင်ရသည်။

၃။ ဒါယဇ္ဇပရိဘောဂ - သေက္ခပုဂ္ဂိုလ် ခုနစ်ယောက်တို့၏ သုံးဆောင်ခြင်းသည် ဒါယဇ္ဇပရိဘောဂ မည်၏၊ သေက္ခပုဂ္ဂိုလ်တို့သည် ဘုရားရှင်၏ သားတော် အစစ်များ ဖြစ်ကြ၍ ဘဘုရားရှင်၏ ပစ္စည်းတို့ကို အမွေခံယူ၍ သုံးဆောင်ကြသည်။ လူဒါယကာတို့က လှူဒါန်းသော်လည်း ဘုရားရှင် ခွင့်ပြုမှ သုံးဆောင်အပ်သောကြောင့် ဘုရားပစ္စည်းသာ ဖြစ်ချေ၏၊ လူတို့သည် ဘုရားဟော နိဗ္ဗာန်စသော အကျိုးနှင့် လဲလှယ်ကြသဖြင့် ဘုရားရှင် မျက်နှာတော်ကြောင့်ရသော ပစ္စည်းဟူ၍သာ သိအပ်ပေ၏၊ ဘုရားရှင်သည် ဓမ္မဒါယာဒသုတ်၌ “ချစ်သားတို့ ...ငါဘုရား၏ ဓမ္မအမွေကို ခံယူကြ၊ ငါဘုရား၏ အာမိသအမွေကို မခံယူချင်ကြနှင့်”ဟု ဟောတော်မူသည်။

၄။ သာမိပရိဘောဂ - ရဟန္တာတို့၏ သုံးဆောင်ခြင်းသည် သာမိပရိဘောဂ မည်၏၊ ရဟန္တာတို့သည် တဏှာကျေးကျွန်အဖြစ်မှ လွတ်လာကြသဖြင့် သခင်ဖြစ်ကြကုန်ပြီး ပစ္စည်းသုံးဆောင်ရာ၌ တဏှာ၏ အမိန့်ကို နားမထောင်၊ ပဋိကူလ (= ရွံစရာအာရုံ)ကို အပဋိကူလ (= ရွံစရာအာရုံ) မဟုတ်သောအားဖြင့်လည်းကောင်း, အပဋိကူလကို ပဋိကူလအားဖြင့် လည်းကောင်း, ထို နှစ်ပါးကို လျစ်လျူရှုခြင်းအားဖြင့်လည်းကောင်း မိမိအလိုအတိုင်း သုံးဆောင်နိုင်ကုန်၏၊ ဒါယကာတို့၏ နှလုံးအလိုကိုလည်း ပြည့်စေနိုင်ကုန်၏၊ ထို့ကြောင့် သခင်သုံး သုံးဆောင်နိုင်ကြ၍ သာမိပရိဘောဂ မည်၏၊

(ဆောင်) ထေယျ ဣဏ၊ ဒါယဇ္ဇနှင့် ပိုင်လှ သာမိ၊ လေးခုရှိ၊ ပရိဘောဂသာ။

ပုထုဇဉ် ဒါယဇ္ဇ, သာမိ ဖြစ်ပုံ

ပုထုဇဉ်သီလဝန္တ၏ ဆင်ခြင်၍ သုံးဆောင်ခြင်းကား ဒါယဇ္ဇ ဖြစ်၏၊ ဒါယကာတို့၏ နှလုံးအလိုကို မချွတ်ယွင်းသောကြောင့်တည်း။ ထို့ကြောင့် ဒါယဇ္ဇ၌ ရေတွက်ဟု ဆိုအပ်ပြီ။ ကလျာဏပုထုဇဉ် ဆင်ခြင်၍ သုံးဆောင်ခြင်းလည်း ဒါယဇ္ဇသာဖြစ်၏၊ သေက္ခပုဂ္ဂိုလ်၌ ရေတွက်သောကြောင့်တည်း။

ပုထုဇဉ်ဖြစ်သော်လည်း ခေါင်းပါးသော အကျင့်၌ တည်၍ မက်မောခြင်း မရှိ, ကပ်ငြိခြင်း မရှိဘဲ သုံးဆောင်အံ့၊ သာမိနှင့် တူ၏၊ ဤလေးပါးသော ပရိဘောဂတို့တွင် သာမိပရိဘောဂသည် အမြတ်ဆုံး ဖြစ်၏၊ အမြတ်ဆုံးကို အလိုရှိသော ရဟန်းသည် ဤဆိုခဲ့ပြီးသော နည်းအတိုင်း မက်မောခြင်း မရှိ၊ ကပ်ငြိခြင်း မရှိဘဲ ပစ္စဝေက္ခဏာဆင်ခြင်ကာ သုံးဆောင်ခြင်းဖြင့် ပစ္စယသန္နိဿိတသီလကို ဖြည့်ကျင့်အပ်၏၊

ဘုရားစကား နား၌ရှိသော ရဟန်းသည် ရေနှင့်တကွ ပစ္စည်းလေးပါး တို့ကို ဆင်ခြင်၍ သုံးစွဲ စားမျိုသင့်၏၊ ပစ္စည်းလေးပါးတို့၌ ရေသည် ကြာရွက် ကြာချပ်၌ မငြိကပ်သကဲ့သို့ ပစ္စည်းလေးပါး လာဘ်လာဘများပြားသော်လည်း အနာဆေးလိမ်းသကဲ့သို့ သင့်ရုံ သတိပြု စားသုံးသင့်၏၊ သားငယ်၏ အသားမျိုး, ဝင်ရိုးနယ်ဆီသဘော မက်မောမရှိ ခန္ဓာကိုယ်မျှတရုံ စားသုံး၏၊ ရေသည် နာခြင်း, ဆာခြင်း, မွတ်သိပ်ခြင်း ငြိမ်းကြောင်း ဆေးမည်၏၊ သောက်, ချိုး, ဆေးကြော, ဖွပ်လျှော်တိုင်း ဆင်ခြင်ရာ၏၊

အင်္ဂုတ္တိုရ်ပါဠိတော် မိန့်ဆိုချက်

မြတ်စွာဘုရားရှင်သည် အစ္ဆရာသင်္ဃာတဝဂ်၌ လက်ဖျစ်တစ်ချက် တီးရုံခန့်လောက်ကြာအောင် မေတ္တာပွားသော မေတ္တာပို့သော ရဟန်းသည် သာမိကအနဏဒါယာဒပုဂ္ဂိုလ် ဖြစ်၏၊ အမွေခံ ကြွေးမတင် သခင် ဖြစ်၏၊ တိုင်းသူပြည်သားတို့၏ ဆွမ်းကို သုံးဆောင်ထိုက်၏ဟု ပါဠိတော်အဋ္ဌကထာ ဖွင့်ဆိုထားသည်။

သီလ (၄) ပါးနှင့် တရားကိုယ်

ဖော်ပြပါ သီလလေးပါးတို့တွင် ပါတိမောက္ခသံဝရသီလကို သဒ္ဓါတရားဖြင့် ပြည့်စုံစေအပ်၏၊ ဘုရားရှင် ပညတ်တော်မူသမျှ ပါတိမောက္ခကို ကုဋေကိုးထောင်ကျော်သိက္ခာပုဒ်တို့ကို ယုံကြည်သော သဒ္ဓါတရားဖြင့် အကုန်ယူ၍ အသက်၌ပင် မငဲ့ကွက်ဘဲ ကောင်းစွာ ဖြည့်ကျင့်ရသည်။ သာဝကတို့အရာကား ဘုရား မပညတ်သည်ကို ငါတို့ မပညတ်အံ့။ ဘုရားရှင် ပညတ်သည်ကို ငါတို့ မဖျက်ပါအံ့။ ပညတ်တော်မူသောအတိုင်း အကုန်ယူ၍ ကျင့်ပါအံ့ဟု ဆုံးဖြတ်ချက် ချထားရမည် ဖြစ်၏၊

ပါတိမောက်လာ သိက္ခာပုဒ်တို့ကို မလွန်ကျူးခြင်း, စောင့်ထိန်းခြင်း, လိုက်နာခြင်း, ကုစားခြင်းတို့ဖြင့် စင်ကြယ်သန့်ရှင်းအောင် သုတ်သင်ရမည် ဖြစ်သည်။

ဣန္ဒြိယသံဝရသီလကို သတိဖြင့် ပြည့်စုံစေအပ်၏၊ သတိဖြင့် စောင့်ရှောက်လျှင် အဘိဇ္ဈာဒေါမနဿ စသော အကုသိုလ်တရားတို့ မနှိပ်စက်နိုင်ကုန်။ ဣန္ဒြိယသံဝရသီလ မပြည့်စုံလျှင် ပါတိမောက္ခသံဝရသီလသည်လည်း စောင့်စည်းရန် အကာမရှိသော ကောက်ခင်းကဲ့သို့ အရှည်မခံ၊ တံခါးမပိတ်သော ရွာကဲ့သို့ ကိလေသာခိုးသူတို့ ဝင်၍ ညှဉ်းဆဲကုန်၏၊ အမိုးမလုံသော အိမ်ကဲ့သို့ ရာဂမိုးဝင်၍ စွတ်စိုနိုင်၏၊

အာဇီဝပါရိသုဒ္ဓိသီလကို ဝီရီယဖြင့် ပြည့်စုံစေအပ်၏၊ ကောင်းသော လုံ့လဝီရိယ ရှိသော သူသည်သာလျှင် မိစ္ဆာဇီဝကို ပယ်နိုင်၏၊ မအပ်မရာသော ပစ္စည်း, အစားအသောက်တို့ကို မရှာဖွေဘဲ ဆွမ်းခံသွားခြင်းစသော ဝီရိယဖြင့်သာ ရှာ၍ ရသော စင်ကြယ်သော ပစ္စည်းတို့ကို သုံးဆောင်ခြင်းဖြင့် လည်းကောင်း, မစင်မကြယ် မအပ်မရာ ရှာဖွေရသော ပစ္စည်းတို့ကို မြွေဆိုးအသွင် ရှောင်ကြဉ်ခြင်းဖြင့်လည်းကောင်း အာဇီဝကို ပြည့်စုံစေအပ်၏၊

ပစ္စယသန္နိဿိတသီလကို ပညာဖြင့် ပြည့်စုံစေအပ်၏ ပညာရှိသော သူသည် ပစ္စည်းလေးပါးတို့၌ အပြစ်အကျိုးတို့ကို မြင်၏၊ ပစ္စဝေက္ခဏာ မဆင်ခြင်မူ၍ သုံးဆောင်စားသောက်ရာ၌ ဣဏပရိဘောဂအပြစ် ဖြစ်၏၊ သန္နိဓိဒုက္ကဋ်, ဝိကာလဒုက္ကဋ် အာပတ်သင့်၏၊ သုံးဆောင်စဉ် ဆင်ခြင်လျှင် အာပတ်မသင့်။ ပစ္စည်း၌ မက်မောခြင်း တွေဝေခြင်းကို ပယ်၍ ဓမ္မိယလဒ္ဓ (= တရားသဖြင့် ရသောပစ္စည်း)ကို ပညာဖြင့် ဆင်ခြင်၍ သုံးဆောင် စားသောက်သောအားဖြင့် ပြည့်စုံစေအပ်၏၊ (ဝိသုဒ္ဓိမဂ်အရသာ၊၅၀။)

သီလဝန္တ = သီလရှိသူ

ဆိုခဲ့ပြီးသော သီလ (၄)မျိုးတို့ကို ပြည့်စုံအောင်ကျင့်သူ ကျူးလွန်မိခဲ့သော် ဒေသနာသုဒ္ဓိ ပါတိမောက္ခသံဝရသီလကို ဘုရားရှင်ပညတ်တော်မူသော ဒေသနာလာရှိသည့်အတိုင်း ဒေသနာဖြင့် စင်ကြယ်အောင် ကုစားခြင်း၊ သံဝရသုဒ္ဓိ ဣန္ဒြိယသံဝရသီလကို သတိဖြင့် စောင့်စည်း၍ စင်ကြယ်အောင် ပြုခြင်း၊ ပရိယေဋ္ဌိသုဒ္ဓိ, အာဇီဝပါရိသုဒ္ဓိကို ဝီရိယဖြင့် အပ်စပ်အောင် ရှာမှီး၍ ပြည့်စုံစေခြင်း ပစ္စဝေက္ခဏာသုဒ္ဓိ ပစ္စယသန္နိဿိတသီလကို ပညာဖြင့် ဆင်ခြင် ၍ ပြည့်စုံစေခြင်းများ ပြုပြီးသူသည် သီလဝန္တ (= သီလရှိသူ, သီလစင်ကြယ် သူ) ဟု ဆိုရ၏၊

(ဆောင်) ရဟန်းကျင့်ဝတ် တစ်ပါးချွတ်က ဘုရားမကြိုက် ကဲ့ရဲ့ထိုက်၏၊
ရဟန်းကျင့်ဝတ် တစ်ပါးတတ်က လူ, နတ်ဦးခိုက် ပူဇော်ထိုက်၏၊

ယခု ပြဆိုခဲ့သော သီလ (၄)ပါးတို့တွင် တစ်ပါးပါး ချွတ်ယွင်းလေက မြတ်စွာဘုရားရှင် မကြိုက်မနှစ်သက်၊ ဘုရားရှင် ကဲ့ရဲ့ထိုက်သော အကဲ့ရဲ့ခံရမည့် ပုဂ္ဂိုလ် ဖြစ်လေသည်။ သီလတစ်ပါးပါး ကျင့်နိုင်လျှင်လည်း လူတွေ, နတ်တွေ ဦးခိုက်ပူဇော်ထိုက်သည်ဟု ရှေးဆရာတော်ကြီးတို့ ဆုံးမတော်မူကြသည်။ ထို့ကြောင့် ဤသီလလေးပါးတို့ကို ပြည့်စုံအောင်, သီလဝန္တဖြစ်အောင်, သီလစင်ကြယ်အောင် ကြိုးစားသင့်သည်။

ဒုဿီလနှစ်မျိုး

၁။ နိဿီလဖြစ်သော ဒုဿီလ၊
၂။ ဒူသီတသီလဖြစ်သော ဒုဿီလဟု နှစ်မျိုး ရှိသည်။

ပါရာဇိကသိက္ခာပုဒ် တစ်ပါးပါးပျက်၍ သီလအလျဉ်းမရှိသော ပုဂ္ဂိုလ်သည် နိဿီလဖြစ်သော ဒုဿီလမည်၏၊ ပါရာဇိကမှ ကြွင်းသော သံဃာဒိသေသ်စသော သိက္ခာပုဒ်တစ်ခုခု ပျက်သောသူသည် ဒူသီတဖြစ်သော ဒုဿီလပုဂ္ဂိုလ် မည်၏၊ ပါရာဇိက, သံဃာဒိသေသ်, ထုလ္လစ္စဉ်း, ပါစိတ်, ပါဋိဒေသနီ, ဒုက္ကဋ်, ဒုဗ္ဗာသီဟု အာပတ်(၇)ပုံ ရှိရာတွင် ပါရာဇိကအာပတ် ကျူးလွန်လျှင် နိဿီလဖြစ်သော ဒုဿီလ၊ကြွင်းသော အာပတ် (၆)ပုံ ကျူးလွန်လျှင် ဒူသီတဖြစ်သော ဒုဿီလပုဂ္ဂိုလ်ဟု ခွဲခြားမှတ်ပါ။

အလဇ္ဇီ နှင့် လဇ္ဇီ

အလဇ္ဇီလက္ခဏာ (၃) ပါး

သဉ္စိစ္စ အာပတ္တိံ အာပဇ္ဇတိ၊ အာပတ္တိံ ပရိဂူဟတိ၊
အဂတိဂမနဉ္စ ဂစ္ဆတိ၊ ဧဒိသော ဝုစ္စတိ အလဇ္ဇီပုဂ္ဂလော၊

သဉ္စိစ္စ = သိလျက် စေတနာနှင့်တကွ။ အာပတ္တိံ = အာပတ်သို့။ အာပဇ္ဇတိ = ရောက်၏၊ (ဝါ) လွန်ကျူး၍ ကျင့်၏၊ အာပတ္တိံ = သင့်သော အာပတ်ကို။ ပရိဂူဟတိ = ဒေသနာမကြား မကုစားဘဲ လျှို့ဝှက်ထား၏၊ အဂတိဂမနဉ္စ = မလားသင့် မလားထိုက်သော အဂတိတရားလေးပါးသို့။ ဂစ္ဆတိ = လိုက်၍ ကျင့်၏၊ ဧဒိသော = ဤသို့ သဘောရှိသော အင်္ဂါသုံးပါးနှင့် ပြည့်စုံသောသူကို။ အလဇ္ဇီပုဂ္ဂလော = အလဇ္ဇီပုဂ္ဂိုလ်ဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

၁။ သိလျက် စေတနာနှင့်တကွ အာပတ်သင့်ရောက်ခြင်း။
၂။ သင့်ရောက်နေသော အာပတ်တို့ကို ဒေသနာမကြား မကုစားဘဲ လျှို့ဝှက်ထားခြင်း။
၃။ ဆန္ဒ, ဒေါသ, မောဟ, ဘယ အဂတိတရား လေးပါးသို့ လိုက်၍ ကျင့်ခြင်း။

ဤအင်္ဂါ (၃)ပါးနှင့် ပြည့်စုံသူသည် အလဇ္ဇီပုဂ္ဂိုလ် ဖြစ်၍ ဤအင်္ဂါ (၃)ပါး အပြန်အားဖြင့် လှည့်၍ ယူလျှင် လဇ္ဇီပုဂ္ဂိုလ် အရှက်ရှိသော ပုဂ္ဂိုလ် ဖြစ်သည်။ အဂ္ဂိယမှု, ကုလဒူသနမှု, သဘင်ခံမှု, ငွေတိုးပေးမှု, ရောင်းမှုဝယ်မှု, ရွှေ ငွေ အလှူခံမှု, ဗေဒင်ဟော, ဆေးကု, လက္ခဏာဖတ်မှု, ဓာတ်စီး နတ်စီး အတိတ်ဟော အနာဂတ်ဟောမှု စသည်တို့ကို ပြုနေသော ရဟန်းတို့ကို အလဇ္ဇီဟု သိရာ၏၊

ပေါရာဏကမ္မ သင်္ကန်းချုပ်ဆိုး ဆံရိတ် လက်သည်း ခြေသည်းလှီးခြင်း, သေနာသနဝတ် ကျောင်းပြုပြင်ခြင်း စသည်နှင့် အာစရိယဝတ် ပိဏ္ဍာစာရိကဝတ် ဝတ္တခန္ဓကလာ ဝတ်အမျိုးမျိုးတို့မှတစ်ပါး အခြားသော ဂီဟိကမ္မ (= လူတို့၏ အမှုကိစ္စ) ဖြစ်သော ပန်းချီ, ပန်းပု, စူး, ဆောက်, လက်သမားမှု စသော နဝကမ္မအမှုတို့၌သာ အလေ့အလာများသော လူမှုကိစ္စတို့၌သာ အချိန်ကုန်နေသော ရဟန်းကိုလည်း ဆရာတို့က အလဇ္ဇီဟုပင် ဆိုကြသည်။ အလဇ္ဇီ ပုဂ္ဂိုလ်ဟူသည် အရှက်မရှိသော ဘုရားစကား မနာယူ ပြုချင်ရာပြုနေသော သူတည်း။

အလဇ္ဇီဒုဿီလရဟန်းတို့ကား အလှူခံတစ်ကျိပ်လေးယောက်တို့၌ မပါဝင်ဟု “အလဇ္ဇီဘာဝါဒိ ပကာသက”ကျမ်း၌ အတိအလင်း ဆိုထား၏၊ အလဇ္ဇီဒုဿီလရဟန်းတို့ကို ထောက်ပံ့လှူဒါန်းအားပေးနေသော ဒါယကာ ဒါယိကာမတို့ကား သာသနာဖျက်နေသောသူများ ဖြစ်၏၊ ဤအချက်ကို သာသနာပြုနေပါသည်ဟု ဆိုသောသူတို့ သတိထားသင့်သော အချက် ဖြစ်သည်။

အဂတိတရား (၄) ပါး

၁။ ဆန္ဒာဂတိ = ချစ်သဖြင့် မလားအပ်သည်သို့ လားခြင်း။
၂။ ဒေါသာဂတိ = မုန်းသဖြင့် မလားအပ်သည်သို့ လားခြင်း။
၃။ မောဟာဂတိ = မသိနားမလည်သဖြင့် မလားအပ်သည်သို့ လားခြင်း။
၄။ ဘယာဂတိ = ကြောက်ရွံ့သဖြင့် မလားအပ်သည်သို့ လားခြင်း။

ကျောင်းတိုက်တစ်ခု, ဌာနတစ်ခု, အဖွဲ့အစည်းတစ်ခုခုမှာ အကြီးအကဲပြုလုပ်နေသောသူသည် အဂတိတရားလေးပါး မလိုက်မှားဖို့ အရေးကြီး လှသည်။

အလှူခံ တစ်ကျိပ်လေးယောက်

၁။ တိရစ္ဆာန် = ခွေး ဝက် ကြက် ငှက် သားသမင် စသည်များ၊
၂။ ဒုဿီလ = မုဆိုး တံငါ လူလိမ် လူညာ သီလမရှိသူများ၊
၃။ သီလဝန္တ = သီလနှင့် ပြည့်စုံသော ရှင်, လူ, ရဟန်းများ၊
၄။ တာပသ = ကိလေသာကို ပူပန်စေသော စျာန်ရ, စျာန်မရ ရသေ့များ၊
၅။ မဂ္ဂဋ္ဌ = မဂ်ဋ္ဌာန်ပုဂ္ဂိုလ် လေးယောက်၊
၆။ ဖလဋ္ဌ = ဖလဋ္ဌာန်ပုဂ္ဂိုလ် လေးယောက်၊
၇။ ပစ္စေက = ပစ္စေကဗုဒ္ဓါအရှင်မြတ်များ၊
၈။ သမ္ဗုဒ္ဓ = မြတ်စွာဘုရားရှင်၊

တိရစ္ဆာနေ ဒုဿီလေ စ၊ သီလဝန္တေ စ တာပသေ။
မဂ္ဂဋ္ဌေတေ ဖလဋ္ဌေ စ၊ ပစ္စေကေ စေဝ သမ္ဗုဒ္ဓေ။

လဇ္ဇီပုဂ္ဂိုလ် ဝိနည်းတတ်သော် သာသနာတော် တည်၏၊ အလဇ္ဇီပုဂ္ဂိုလ် ဝိနည်းတတ်သော်လည်း မကျင့်သောကြောင့် ထိုသူသန္တာန်၌ သာသနာတော် မတည်။ သူတစ်ပါးကိုလည်း သာသနာတော်တည်အောင် မတတ်နိုင်။ ထို့ကြောင့် လဇ္ဇီဝိနည်းတတ်သော သူတို့သည်သာ သာသနာတော်ကို စောင့်လတ္တံ့။ “အနာဂတေ သာသနံ လဇ္ဇီ ရက္ခိဿန္တိ = နောင်အခါ သာသနာတော်ကို လဇ္ဇီပုဂ္ဂိုလ်တို့သည်သာ စောင့်ရှောက်ကုန်လတ္တံ့”ဟု သင်္ဂါယနာထေရ်အရှင်တို့ မိန့်ဆိုတော်မူကြသည်။

လဇ္ဇီပုဂ္ဂိုလ်ဟူသည်

လဇ္ဇီပုဂ္ဂိုလ် အရှက်ရှိသော သူတို့၏ သဘောသည် အနည်းငယ်မျှသော အပြစ်ကလေးကိုပင် အပြစ်ကြီးဟု နှလုံးပိုက်၏၊ မိမိ၏ အသက်ကို မငဲ့, ဒါယကာတို့ ဒါယိကာမတို့ မျက်နှာကို မငဲ့, ပစ္စည်းလေးပါး လာဘ်လာဘကို မငဲ့, မိမိ၏ ပတ်ဝန်းကျင် သီတင်းသုံးဖော်တို့၏ မျက်နှာကို မငဲ့, ဘုရားရှင်၏ ရွှေမျက်နှာတော်ကိုသာ ငဲ့၍ ဝိနည်းဒေသနာတော်နှင့်အညီ မချွတ်မယွင်း အမှားမရှိအောင် သတိဆောင်၍ ကျင့်ရာသည်။(ဝိနည်းဥပဒေတော်ကြီး၊ ၁၉၁၊၊)

ပုဂ္ဂိုလ် (၄) မျိုး

ဤသာသနာတော်၌ ---
၁။ လဇ္ဇီသူတော်ကောင်း၊
၂။ လဇ္ဇီသူယုတ်မာ၊
၃။ အလဇ္ဇီသူတော်ကောင်း၊
၄။ အလဇ္ဇီသူယုတ်မာဟု ပုဂ္ဂိုလ်လေးမျိုး ခွဲခြား မှတ်သားသင့်၏၊

ထိုလေးယောက်တို့တွင် ---

၁။ ဝိနည်းအရာ၌ ရိုသေလေးစားမှု ရှိ၍ ဣဿာ = သူတစ်ပါး စည်းစိမ်ကို ငြူစူမှု၊ မစ္ဆရိယ = မိမိစည်းစိမ်ကို လျှို့ဝှက်မှု၊ မာယာ = မိမိ၌ ရှိသော အပြစ်ကို ဖုံးကွယ်လှည့်ပတ်မှု၊ သာဌေယျ = မိမိ၌ မရှိသော ဂုဏ်တို့ကို ဖော်ပြ၍ ကောက်ကျစ်စဉ်းလဲမှု စသည် မရှိသူ ရိုးသားဖြောင့်မတ်သူသည် လဇ္ဇီသူတော်ကောင်း မည်၏၊

၂။ ဝိနည်းအရာ၌ ရိုသေလေးစားမှုရှိ၍ ဣဿာ မစ္ဆရိယ မာယာ သာဌေယျစသည် များပြားသောသူသည် လဇ္ဇီသူယုတ်မာမည်၏၊

၃။ ဝိနည်းအရာ၌ ရိုသေလေးစားမှု မရှိမူ၍ (ဝါ) မရှိသော်လည်း ဣဿာ မစ္ဆရိယ မာယာ သာဌေယျ စသည် နည်းပါး, ရိုးသားဖြောင့်မတ်၍ မိမိ မကျင့်နိုင်စေကာမူ ကျင့်သူကို အားပေး အမှန်ကို ရေးသားပြောဆိုခြင်း စသည်ဖြင့် စိတ်ကောင်းရှိသူသည် အလဇ္ဇီသူတော်ကောင်း မည်၏၊

၄။ နောက်ဆုံး လေးနံပါတ်ပုဂ္ဂိုလ်သည်ကား ဝိနည်းကိုလည်း ရိုသေလေးစားမှု မရှိ၊ သိက္ခာပုဒ်တော်တို့ကို လွန်ကျူးကျော်နင်းရန်လည်း ဝန်မလေး၊ ဣဿာ မစ္ဆရိယ မာယာ သာဌေယျ စသည် ပေါများ၍ ရိုးသားဖြောင့်မတ်ခြင်း မရှိ၊ မိမိလည်း မကျင့် သူတစ်ပါးကိုလည်း အပြစ်ဆို ကိုယ်လိုရာသို့ဆွဲ သူတော်ကောင်းတွေကို ရှုတ်ချ၍ မဟုတ်မတရား ရေးသား ပြောဆိုတတ်သော သူသည် အလဇ္ဇီသူယုတ်မာ မည်၏၊

ထို ပုဂ္ဂိုလ်လေးမျိုးလေးစားတို့တွင် မိမိသည် လဇ္ဇီသူတော်ကောင်း ဟုတ်သည် မဟုတ်သည်ကို မိမိသာလျှင် အသိဆုံးဖြစ်၍ ကိုယ်တိုင်ဆုံးဖြတ်ချက်ချကာ လဇ္ဇီမဖြစ်သေးလျှင် လဇ္ဇီလက္ခဏာသုံးပါးနှင့်အညီ လဇ္ဇီဖြစ်အောင် သူတော်ကောင်း မဟုတ်သေးလျှင် သူတော်ကောင်းလက္ခဏာနှင့်အညီ သူတော်ကောင်း ဟုတ်အောင် ပြုပြင်ပါလေ။

အလဇ္ဇီသူယုတ်မာ မဖြစ်အောင် ကြိုးစား

အလဇ္ဇီလက္ခဏာသုံးပါးတို့ကို အမြဲ သတိထား၍ ရှောင်ကြဉ်ပါ။ ဝိနည်းကို ရိုသေလေးစားပါ။ ကိုယ့်အတွက်နှင့် သူတစ်ပါး အပြစ် မဖြစ်ပါစေနှင့်၊ မနာလိုဝန်တိုသော စိတ်ကိုလည်း မမွေးလေလင့်၊ ကိုယ့်ထက်သာသူတွေ တွေ့လာလျှင်လည်း မနာလိုဝန်တို မဖြစ်လင့်၊ သူများထက် သာအောင်, နာမည်ကြီးအောင်, ဘုန်းကြီးအောင်, လာဘ်လာဘ ပေါများအောင် တရားမကျင့်လင့်။ သီတင်းသုံးဖော် အချင်းချင်း, စာသင်တိုက် အချင်းချင်း, ရိပ်သာ အချင်းချင်း ယှဉ်ပြိုင်အနိုင်ယူလိုသော စိတ် မပြုလင့်။ ဤသို့ပြုလျှင် အပြစ် တိုးပွား၍ ငရဲလားချိမ့်မည်။ အတွင်းစိတ်ထား မရိုးသားပါက မိစ္ဆာဇီဝ ဖြစ်၍ ဒုက္ကဋ်အာပတ်တွေ စုသည်နှင့် တူ၏၊ ရသောပစ္စည်းများ တခြားရဟန်းတို့အား လှူပြန်လျှင် ဒုက္ကဋ်အာပတ်တွေ ပေးဝေနေသည်နှင့် တူ၏၊ မိစ္ဆာဇီဝဖြင့် ရသောပစ္စည်းများကို သုံးစွဲသော သူတိုင်း ဒုက္ကဋ်အာပတ်သင့်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အလဇ္ဇီလူယုတ်မာ မဖြစ်အောင် အရေးကြီးလှပါသည်။

သူခိုးဓားပြကြီး (၅) မျိုး

ရဟန်းတစ်ပါးသည် ရာထောင်များစွာ တပည့်ပရိသတ်တွေ ခြံရံလျက် မြို့ရွာများကို လှည့်လည်ကာ “ဒါယကာ ဒါယိကာမတို့၏ အပူဇော်ကို ဘယ်တော့များ ခံရပါ့မလဲ”ဟု ကြံစည်၍ ထိုကဲ့သို့ အပူဇော်ခံရအောင် ကြံစည် ကြိုးစား အားထုတ်သဖြင့် လူအများတို့၏ အပူဇော်ကို ခံရ၏၊ ထိုသူသည် သာသနာတော်ကြီးပွားရေး သတ္တဝါတွေ အကျိုးများရေး မရည်ရွယ်ဘဲ သာသနာတော်ကို မှီပြီး မိမိ ကြီးကျယ်ခမ်းနားရေးကိုသာ ရည်ရွယ်အားထုတ်သော ပထမသူခိုးဓားပြပင်တည်း။

ရဟန်းတစ်ပါးကား ဘုရားဟောတော်မူအပ်သော မဂ်ဖိုလ်နိဗ္ဗာန် ပရိယတ်တရားတော်ကို သူကိုယ်တိုင် ကြံစည်သိသကဲ့သို့ ဘုရားဟောသော ပါဠိတော်အတိုင်း မကျင့်ဘဲ နည်းသစ်တွေ ထွင်ကာ ကျင့်သဖြင့် ကိုယ့်ဖာသာ ကိုယ်တိုင်တွေ့ ကိုယ်ကိုယ်တိုင် ဉာဏ်ဖြင့် မြင်ရ၍ ကိုယ်တွေ့ဉာဏ်မြင်တရားဟု ဘုရားရှင်၏ တရားတော်ကို ခိုးယူ၏၊ ထိုသူသည်လည်း ဒုတိယသူခိုးဓားပြ တစ်မျိုးပင်တည်း။

ရဟန်းတစ်ပါးကမူ သီလဖြူစင် သန့်ရှင်းစင်ကြယ်သော ရဟန်းတော်ကို မြင်မှု ကြားမှု ယုံမှားမှု မရှိဘဲ သီလမစင်ကြယ်သောသူဟု စွပ်စွဲ၏၊ထိုသူလည်း တတိယသူခိုးဓားပြ တစ်မျိုးပင် ဖြစ်သည်။

ရဟန်းတစ်ပါးကား သံဃိကပစ္စည်းဖြစ်သော ကျောင်းမှ စ၍ မြက် ဝါးတို့တိုင်အောင် ဂရုဘဏ်ပစ္စည်း (၂၅)ပါးတို့ကို လူတို့အား ပေး၏၊ သံဃိကပစ္စည်းဖြစ်၍ ပေးစွန့်၍ မရပေ၊ ထိုသူသည်လည်း စတုတ္ထသူခိုးတစ်မျိုး ဖြစ်၏၊

ရဟန်းတစ်ပါးကမူ မိမိမှာ ထင်ရှားမရှိသော စျာန်မဂ်ဖိုလ်တရားကို ရှိဟန်ဆောင်၍ ယုတ်မာသော အလိုဆိုးဖြင့် လူတို့အား ပြောဆို၏၊ ထိုသူကား တစ်ယောက်နှစ်ယောက်ကိုသာမက တစ်လောကလုံး လူရော နတ်ပါ လိမ်ညာရာ ကျသောကြောင့် အကြီးဆုံး သူခိုးဓားပြတည်း။ ဤသို့ သူခိုး ဓားပြကြီး (၅)မျိုးကို ပါရာဇိကဏ်ပါဠိတော်၌ ဘုရားရှင် ဟောတော်မူသည်။

(ဝိနည်းဥပဒေတော်၊ ၁၉၇။)

သီလပျက်ခြင်းအပြစ် (၅) ပါး

၁။ သီလပျက်သူသည် မေ့လျော့ခြင်းကြောင့် စည်းစိမ်ပျက်၏၊
၂။ မကောင်းသော သတင်းဆိုး အမျိုးမျိုး ထွက်၏၊
၃။ ချဉ်းကပ်ရာ ပရိသတ်၌ ရဲတင်းမှု မရှိ၊ မျက်နှာငယ်ရ၏၊
၄။ သေသောအခါ အကုသိုလ်ကံစသော အပြစ်, မကောင်းသော နိမိတ်တွေ ထင်လာသောကြောင့် တွေဝေ၍ သေရ၏၊
၅။ သေပြီးနောက် မကောင်းသူတို့သွားရာ အပါယ်လေးရွာသို့ လားရ၏၊

(ဆောင်) စောင့်ထိန်းသီလ ပျက်ကြသူတွေ၊ စည်းစိမ်ပျက်ခြင်း သတင်းမဝေ၊
ပရိသတ်လယ် မျက်နှာငယ်ပေ၊ တွေဝေခြင်း သေလျှင်း ပါယ်ဘုံလေ။

သီလပျက်ခြင်း အပြစ် (၁၆) ပါး

၁။ သီလပျက်သူကို သီလမရှိခြင်းကြောင့် နတ်လူတို့ မမြတ်နိုး။
၂။ စက်ဆုပ်ဖွယ်ဖြစ်သောကြောင့် သီတင်းသုံးဖော်တို့ မဆုံးမလို (ဝါ) မဆက်ဆံလို ရှောင်ဖယ်ကြသည်။
၃။ ဒုဿီလအပြစ်ကို ကဲ့ရဲ့သံကြားလျှင် သီလပျက်သူ မိမိပါ စိတ်ဆင်းရဲ၏၊
၄။ သီလအကျင့်ကောင်းကြောင်း ချီးမွမ်းသံကြားလျှင် ကောင်းမှု မပြုမိလေဟု စိတ်ပူပန်၏၊ (အချို့ မနာလိုအပြစ်ရှာ၍ ပြောချင်ဆိုချင်၏၊)
၅။ သီလမရှိသောကြောင့် ပိုက်ဆံလျှော်ပုဆိုးကဲ့သို့ အရုပ်ဆိုး၏၊ ဂုဏ်သတင်း မထွက်၊ ကိုယ်အဆင်း မလှ။
၆။ အတုလိုက်၍ ချဉ်းကပ်သူ ဆည်းကပ်သူကို အပါယ်ဒုက္ခ ကြာရှည်စွာ ရစေခြင်းကြောင့် အတွေ့ဆိုး ရှိ၏၊
၇။ ပစ္စည်းလှူဒါန်းသူတို့ အကျိုးရ နည်းစေရကား အဖိုးမတန်။
၈။ နှစ်ရှည်လှောင်သွင်း မစင်တွင်းသဏ္ဌာန် သန့်ရှင်းသုတ်သင်ရန် မလွယ်ကူ။
၉။ မသာထင်းတုံး တောနှင့်ရွာ နှစ်ဌာနလုံး မသုံး၊ သီလပျက်သူသည် လူစည်းစိမ် ရဟန်းစည်းစိမ် နှစ်ပါးလုံးမှ ဆုံးရှုံး၏၊
၁၀။ နွားအုပ်နောက် လိုက်နေသော်လည်း မြည်းသည် နွားမဟုတ်၊ ရဟန်းဟု ဝန်ခံနေသော်လည်း သီလပျက်သူသည် ရဟန်းမဟုတ်။
၁၁။ လူမြင်တိုင်းကို ပြောမည်ဆိုမည်၊ ကဲ့ရဲ့မည်၊ ရန်သူထင်၍ အမြဲတမ်း ထိတ်လန့်၏၊
၁၂။ အဖော်ပြု အတူမနေထိုက်သော လူသေကောင်နှင့် တူ၏၊
၁၃။ သုသာန်မီးခဲ ရဲနေသော်လည်း ပုဏ္ဏား မပူဇော်၊ သီလပျက်သူ စာတတ်နေသော်လည်း သီတင်းသုံးဖော်တို့ မပူဇော်။
၁၄။ ဝမ်းတွင်းကန်းသူ အဆင်း မမြင်နိုင် မသိနိုင်၊ သီလပျက်လျှင် တရားထူး တရားမြတ် မရနိုင်။
၁၅။ ဒွန်းစဏ္ဍား၏သား မင်းစည်းစိမ် စိတ်ကူးလျှင် ကူးမည်သာ၊ သီလပျက်သူ သူတော်ကောင်းတရား စိတ်မကူး။
၁၆။ ငါ ချမ်းသာနေသူဟု ထင်သော်လည်း အဂ္ဂိခန္ဓောပမဒုက္ခဖြင့် ဒုက္ခရောက်လျက်သာ ရှိချေ၏၊ (ငါးမျှားချိတ် မျိုသော ငါးအနေ ဒုက္ခကိန်း သေ၏၊) (ဝိသုဒ္ဓိမဂ်အရသာ၊၆၅။)

အဂ္ဂိက္ခန္ဓောပမသုတ်

မြတ်စွာဘုရားရှင်သည် မီးတောက်ပြင်းထန် မီးလျှံထိန်ညီး စွဲလောင်နေသော မီးတောက်မီးပုံကြီးကို ညွှန်ပြ၍ မီးပုံကြီးနှင့် မိန်းမပျိုကညာ ပွေ့ဖက်၍ ထိုင်ခြင်း အိပ်ခြင်း ဤနှစ်ခုတို့တွင် အဘယ်ကို တောင့်တအပ်သနည်းဟု မေးတော်မူရာ ရဟန်းတို့က မြတ်စွာဘုရား ... ပျိုကညာကို ပွေ့ဖက်၍ နေခြင်းကိုသာ တောင့်တအပ်ပါသည်။ မီးပုံကြီးကို ပွေ့ဖက်၍ နေခြင်းကား ဆင်းရဲကြောင်းသာ ဖြစ်ပါသည်ဘုရားဟု လျှောက်ထားကြလေရာ အောက်ပါဒေသနာတော်ကို ဟောတော်မူသည်။

ချစ်သားတို့ ...ထင်ရှားစွာ သိစေဦးအံ့၊ ဒုဿီလပုဂ္ဂိုလ်သည် ယုတ်သော သဘောရှိ၏၊ မစင်ကြယ်သူဖြစ်၍ တွေးတောစရာ အကျင့်ရှိ၏၊ (လူစုတွေ့လျှင် ငါ့အကြောင်းကို တိုင်ပင်ပြောဆိုကြသလားဟု တွေးပူစရာ အကျင့် ရှိ၏၊ ဖုံးလွှမ်းသော ရှက်ဖွယ် ပြစ်မှု ရှိ၏၊ ရဟန်း မဟုတ်ဘဲ ရဟန်းဟု ဝန်ခံ၏၊ မြတ်သော အကျင့် မရှိဘဲ ရှိ၏ဟု ဝန်ခံ၏၊ အတွင်းပုပ်၏၊ ကိလေသာ မပြတ် ယိုစီး၏၊ ယောက်သွားပုပ်နှင့် တူ၏ (ဝါ) သာသနာတော်၌ အမှိုက်ဖြစ်၏၊ ထို့ကြောင့် ဒုဿီလအား မီးပုံကြီးပွေ့ဖက်၍ နေရခြင်းကို မြတ်၏ဟု တောင့်တအပ်၏၊ မီးပုံကြီး ပွေ့ဖက်ရခြင်းကြောင့် သေခြင်းသည်လည်းကောင်း, သေလုနီးပါး ဒုက္ခသည်လည်းကောင်း ဖြစ်ရာ၏၊ သေသည်၏ အခြားမဲ့၌ အပါယ်ငရဲ၌ မဖြစ်။ ဒုဿီလဖြစ်ကြောင်း ပျိုကညာပွေ့ဖက်ရခြင်းကြောင့်ကား သေသည်၏ အခြားမဲ့၌ အပါယ်ငရဲ၌ စင်စစ် ဖြစ်၏၊ ဤသို့လျှင် မီးပုံကြီး ဥပမာအားဖြင့် မိန်းမနှင့် စပ်သော ကာမဂုဏ်ညစ် ခံစားပြစ်ကို ပြတော်မူ၏၊ ဤ၌ လျော့လျော့ပေါ့ပေါ့ ဥပမာပြသည်၊ ငရဲ၌ တူသော ညီမျှသော ဥပမာ လောက၌ မရှိသောကြောင့်တည်း။

မေထုန်ကြီး (၁) ပါး၊ မေထုန်ငယ် (၇) ပါး

၁။ ဤသာသနာတော်၌ အချို့သော ရဟန်းသည် မြတ်သော အကျင့်ရှိ၏ဟု ဝန်ခံ၏၊ မာတုဂါမနှင့်အတူ ရှဉ်းစုံမကပ် မေထုန်မှီဝဲခြင်းအမှုကို မပြု၊ အဗြဟ္မစရိယသိက္ခာပုဒ်ကို ရှောင်ကြဉ်၏၊

၂။ ယင်းသို့ ရှဉ်းစုံမကပ်သော်လည်း မာတုဂါမ၏ ဆေးလိမ်းကျံခြင်း, အယား ဖျောက် ပွတ်သပ်ပေးခြင်း, နှိပ်နယ် ဆုပ်ကိုင်ပေးခြင်း, ရေချိုးပေးခြင်း စသည်ကို သာယာ၏၊ သဘောကျ၏၊ လိုလားနှစ်သက်၏၊ ဤအမူအရာသည် မြတ်သော သီလ၏ ကျိုးခြင်း ပေါက်ခြင်း ကျားခြင်း ပြောက်ခြင်း ဖြစ်၏၊ မစင်ကြယ်သော အကျင့် ဖြစ်၏၊ မေထုန်ငယ်နှင့် ယှဉ်၍ ကျင့်သည် မည်၏၊ ထိုရဟန်းသည် ဇာတိ ဇရာ မရဏမှ မလွတ်၊ သံသရာဝဋ်ဆင်းရဲမှ မထွက်မြောက်နိုင်။

၃။ ရှဉ်းစုံမကပ် ပွတ်သပ်မကျူးသော်လည်း မာတုဂါမနှင့် တခိခိ ရယ်မော၏၊ ကိုယ်လက်ထိပါး ကစား၏၊ ပြုံးရယ် ရွှင်မြူး၏၊ ထိုသို့ ရယ်မှု ပြောမှု ဆိုမှုကို သာယာနှစ်သက်၏၊ သဘောကျ လက်ခံ၏၊ ဤအမူအရာ သည်လည်း ကျိုးပေါက်ကျားပြောက်၍ သံသရာဝဋ်မှ မလွတ်။

၄။ ရှဉ်းစုံမကပ် ပွတ်သပ်မကျူး ရယ်မြူးမရှိသော်လည်း မာတုဂါမနှင့် မျက်စိချင်း ဆုံ၍ ကြည့်၏၊ တစိမ့်စိမ့် စူးစိုက်၍ ကြည့်၏၊ တစောင်း ကြည့်၏၊ မျက်စိထောင့်ကပ်၍ ကြည့်၏၊ ထိုကြည့်ခြင်းမျိုးကို နှစ်သက်သဘောကျ၏၊ သာယာ၏၊ ဤ အမူအရာသည်လည်း ကျိုးပေါက် ကျားပြောက်၍ သံသရာဝဋ်မှ မလွတ်။

၅။ ရှဉ်းစုံမကပ် ပွတ်သပ်မကျူး ရယ်မြူးမရှိ မျက်စိမဆုံသော်လည်း မာတုဂါမ၏ အသံကို နားထောင်၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက်၌ မာတုဂါမ၏ ရယ်ပြော တေးဆို ငိုယိုခြင်းစသော မိန်းမအသံမျိုးစုံကို နားထောင်၏၊ သာယာ၏၊ နှစ်သက်၏၊ ဤအမူအရာသည်လည်း ကျိုးပေါက်ကျားပြောက်၍ သံသရာဝဋ်မှ မလွတ်။

၆။ ရှဉ်းစုံမကပ် ပွတ်သပ်မကျူး ရယ်မြူးမရှိ မျက်စိမဆုံ သံမျိုးစုံနားမထောင် စွန့်ပစ်သော်လည်း ရှေးရှေးအခါ၌ မာတုဂါမနှင့် ရယ်ဖူး ပြောဖူး သွားလာဖူး ကစားဖူးသည်တို့ကို စိတ်ကူး၍ ပြန်ပြောင်းအောက်မေ့၍ သာယာ၏၊ ဤ အမူအရာသည်လည်း ကျိုးပေါက် ကျားပြောက်၍ သံသရာဝဋ်မှ မလွတ်။

၇။ ရှဉ်းစုံမကပ် ပွတ်သပ်မကျူး ရယ်မြူးမရှိ မျက်စိမဆုံ သံမျိုးစုံပစ် ရှေးဖြစ် မကြံသော်လည်း ကာမဂုဏ်ငါးပါးနှင့် ပြည့်စုံနေသောသတို့သား သတို့သမီး ဇနီးမောင်နှံအစုံကို ကြည့်၍ သာယာ၏၊ အားကျ၏၊ ဤအမူအရာသည်လည်း ကျိုးပေါက်ကျားပြောက်၍ သံသရာဝဋ်မှ မလွတ်။

၈။ ရှဉ်းစုံမကပ် ပွတ်သပ်မကျူး ရယ်မြူးမရှိ မျက်စိမဆုံ သံမျိုးစုံပစ် ရှေးဖြစ်မကြံ မောင်နှံအစုံကို မကြည့်ဘဲ ငုံ့ရှောင်နေသော်လည်း ဤရဟန်းသီလအကျင့်ဖြင့် နတ်ပြည် ဗြဟ္မာ့ပြည်၌ ဖြစ်ရလို၏ဟု တောင့်တ၏၊ သာယာ၏၊ နှစ်သက်၏၊ ဤအမူအရာသည်လည်း ကျိုးပေါက် ကျားပြောက်၍ သံသရာဝဋ်မှ မလွတ်။

ဤသို့ မာတုဂါမ၏ ပွတ်သပ်သာယာခြင်း စသော မေထုန်ငယ် (၇)ပါးနှင့် ယှဉ်ခြင်းကြောင့် ကျိုးပေါက်ကျားပြောက်လျှင်လည်း သီလညစ်နွမ်း၏၊ သီလသိက္ခာပုဒ်ကြီးများ ပျက်စီးခြင်း မရှိ၊ ညစ်နွမ်းရုံသာဖြစ်သော်လည်း သံသရာဝဋ်က ထွက်မြောက်ကြောင်း နိယျာနိကအန္တရာယ်ကို ပြုနိုင်ကြပေသည်။

(ဆောင်) ရှဉ်းစုံမကပ်၊ ပွတ်သပ်မကျူး၊ ရယ်မြူးမရှိ၊ မျက်စိမဆုံ၊ သံမျိုးစုံပစ်၊ ရှေးဖြစ်မကြံ၊ မောင်နှံငုံ့ရှောင်၊ နတ်ဘောင်မရွယ်၊ ဤရှစ်သွယ်၊ မှတ်ဖွယ်အပြန် မေထုန်တည်း။

သီလကျိုးပေါက် ကျားပြောက်ခြင်း

သီလကျိုးပေါက် ကျားပြောက်ခြင်းတို့သည် ညစ်နွမ်းကြောင်း ဖြစ်၏၊ လာဘ, ယသ စသော အကြောင်းဖြင့်လည်းကောင်း, မေထုန်ငယ် (၇)ပါးနှင့် ယှဉ်ခြင်းဖြင့်လည်းကောင်း ကျိုးပေါက်ခြင်း စသည်ကို သိအပ်၏၊

၁။ ပစ္စည်းလေးပါး လာဘ်စသည်ကို ငဲ့၍ သီလပျက်သောအခါ အာပတ်အစု ခုနစ်ခု၌ ထိုထိုအစု၏ ဥဒ္ဒေသအစွမ်းဖြင့် အစသိက္ခာပုဒ် အဆုံးသိက္ခာပုဒ် ပျက်လျှင် အနံစွန်း အမြိတ်စွန်း စုတ်ပြတ်သော အဝတ်နှင့် တူ၏၊ (ခဏ္ဍ)ကျိုးပြတ်သော သီလမည်၏၊
၂။ အလယ်သိက္ခာပုဒ် ပျက်လျှင် အလယ်ပေါက်သော အဝတ်နှင့် တူ၏၊ (ဆိဒ္ဒ)ပေါက်ထွင်းသော သီလမည်၏၊
၃။ အစဉ်အတိုင်း နှစ်ခု သုံးခု ပျက်လျှင် အမည်း အနီ စသည်ဖြင့် ကျောက်ကုန်း ဝမ်းဗိုက် ကြောင်ကျားသော နွားနှင့် တူ၏၊
(သဗလ) ကြောင်ကျားသော သီလမည်၏၊
၄။ အကြားအကြားပျက်လျှင် အပြောက်အကွက် အကြိုအကြား ဆန်းကြယ်သော နွားနှင့် တူ၏၊ (ကမ္မာသ) ပြောက်ကွက်သော သီလ မည်၏၊ ဤသို့ ခဏ္ဍ, ဆိဒ္ဒ, သဗလ, ကမ္မာသတို့ကို မှတ်သား၍ သိအပ်၏၊

(ဆောင်) စ, ဆုံးနှစ်ရပ်၊ ပျက်စီးလတ်၊ ကျိုးပြတ်ခေါ်ခဏ္ဍ။
အလယ်အတွင်း၊ ပျက်စီးခြင်း၊ ပေါက်တွင်း မည်ဆိဒ္ဒ။
စဉ်တိုင်းအများ၊ ပျက်စီးငြား၊ ကြောင်ကျား သဗလ။
အကြားအကြားကွက်၊ ပျက်စီးလျက်၊ ပြောက်ကွက် ကမ္မာသ။
(ဝိသုဒ္ဓိမဂ်အရသာ၊၆၁။)

ကောဓ စသော ပါပဓမ္မများ

၁။ ကောဓ = အမျက်ထွက်ခြင်း၊
၂။ ဥပနာဟ = ရန်ငြိုးဖွဲ့ခြင်း၊
၃။ မက္ခ = သူတစ်ပါး၏ ကျေးဇူးကို ချေဖျက်ခြင်း၊
၄။ ပဠာသ = အင်တူအမှု အပြိုင်ပြုခြင်း၊
၅။ ဣဿာ = သူ့စည်းစိမ်ကို ငြူစူခြင်း၊
၆။ မစ္ဆရိယ = မိမိ စည်းစိမ်ကို လျှို့ဝှက်ခြင်း၊
၇။ မာယာ = ရှိသော အပြစ်ကို ဖုံးလွမ်းခြင်း၊
၈။ သာဌေယျ = မရှိသော ဂုဏ်ဖြင့် ပလွှားဝါကြွားခြင်း၊
၉။ ထမ္ဘ = စိတ်ခက်ထန်ခြင်း၊
၁၀။ သာရမ္ဘ = သူ့ထက် လွန်ကဲအောင် ပြုခြင်း
၁၁။ မာန = ထောင်လွှားခြင်း၊
၁၂။ အတိမာန = လွန်စွာ ထောင်လွှားခြင်း၊
၁၃။ မဒ = မာန်ယစ်ခြင်း၊
၁၄။ ပမာဒ = တောမျောက်အလား စိတ်လွှတ်ထား မေ့လျော့ခြင်း၊
ဤသို့ယုတ်မာသော တရားဆိုးတို့ မဖြစ်လျှင် သီလကျိုးပေါက် ပြောက်ကျားခြင်း မဖြစ်နိုင်။

သီလဖြူစင်ကြောင်း ဝေါဒါန

လာဘ်, ပူဇော်သက္ကာရ, သိလောက စသည်ကြောင့် သိက္ခာပုဒ်တစ်ခုမျှ မပျက်သော သီလ၊ ပျက်လျှင်လည်း ပါရာဇိက ဝန်ခံခြင်း, သံဃာဒိသေသ် ဝတ်ဆောက်တည်ခြင်း, ကြွင်းသော အာပတ် နိဿဂ္ဂိစွန့်ပြီး ဒေသနာကြားခြင်း စသည်ဖြင့် ကုစားပြီးသော သီလ၊ မေထုန်ငယ် ခုနစ်ပါး, ကောဓစသော ယုတ်မာသော တရားတို့ မနှိပ်စက်အပ်သော သီလတို့သည် မကျိုးမပေါက် မကျားမပြောက်သော သီလတို့ မည်ကုန်၏၊ တဏှာကျွန်၏ အဖြစ်မှ လွတ်စေ၍ တော်လှန်ကောင်းမြတ်သူ၏ အဖြစ်ကို ပြုတတ်သောကြောင့် ဘုဇိဿတို့လည်း မည်ကုန်၏၊ ပညာရှိတို့ ချီးမွမ်းအပ်သောကြောင့် ဝိညူပသတ္ထတို့လည်း မည်ကုန်၏၊ တဏှာဒိဋ္ဌိတို့ မဖျက်ဆီးနိုင်သောကြောင့် အပရာမဋ္ဌတို့လည်း မည်ကုန်၏၊ ဥပစာရသမာဓိ အပ္ပနာသမာဓိတို့ကို ဖြစ်စေတတ်သောကြောင့် သမာဓိသံဝတ္တနိကတို့လည်း မည်ကုန်၏၊ ထို့ကြောင့် မကျိုးခြင်း စသည်သည် ဖြူစင်ကြောင်း ဖြစ်၏၊

သီလမရှိသော ရဟန်းတို့ အပြစ်ခံရပုံ ဥပမာ (၆) ခု

၁။ သီလ မရှိဘဲ ရှိခိုးခံရခြင်းသည် သားမြီးဆွဲကြိုးဖြင့် သလုံးမြင်းခေါင်းကို ပွတ်ဆွဲခံရသည်ထက် နာကြည်းသော ငရဲပွတ်ဆွဲကြိုး ရှိ၏၊
၂။ သီလ မရှိဘဲ လက်အုပ်ချီခံရခြင်းသည် ရင်ဝ လှံထိုးခံရသည်ထက် စူးဝင်သော ငရဲလှံမ ရှိ၏၊
၃။ သီလ မရှိဘဲ ဆွမ်းဘောဇဉ် စားသောက်ခြင်းသည် လောလောပူသော သံတွေခဲ မျိုရသည်ထက် ဝမ်းလောင် အူကျွမ်း ငရဲဆွမ်း ရှိ၏၊
၄။ သီလ မရှိဘဲ သင်္ကန်းဝတ်ရုံခြင်းသည် မီးလျှံတောက်ပသော သံပူပြား ပတ်ရသည်ထက် အလျှံကောင်းသော ငရဲသင်္ကန်း ရှိ၏၊
၅။ သီလ မရှိဘဲ ညောင်စောင်း အင်းပျဉ် သုံးဆောင်ခြင်းသည် သံပူညောင်စောင်း အင်းပျဉ် ထိုင်ရ အိပ်ရသည်ထက် ပူပြင်းသော ငရဲညောင်စောင်း အင်းပျဉ် ရှိ၏၊
၆။ သီလ မရှိဘဲ ကျောင်းကြီးကျောင်းငယ်၌ ဆင်းတက် လျောင်းစက်ခြင်းသည် သံဒယ်အိုးကြီး သံဒယ်အိုးငယ်၌ နစ်ချည် ပေါ်ချည် ကန့်လန့်ဖြစ်ချည်ထက် ကိုယ်မချိအောင် တက်ရဆင်းရသော ငရဲဒယ်အိုး ကျောင်းကြီး ရှိ၏၊

ဤသို့လျှင် သားမြီးကြိုး, လှံမ, သံတွေခဲ, သံပြား, သံညောင်စောင်း အင်းပျဉ်, သံဒယ်အိုးကြီးဥပမာ (၆)ခုတို့ဖြင့် ရှိခိုးခံ, လက်အုပ်ချီခံ, ဆွမ်းမျို, သင်္ကန်းဝတ်, ညောင်စောင်း အင်းပျဉ်ထိုင်, ကျောင်း၌ ဆင်းတက် လျောင်းစက်သော သုံးဆောင်ခြင်းတို့ကြောင့်ဖြစ်သော သီလပျက်သူတို့၏ ခံစားပြစ်တို့ကို ပြတော်မူ၏၊ (ဝိသုဒ္ဓိမဂ်အရသာ၊၆၈)

(ဆောင်) သီလမရှိ ဒုဿီလမှန်၊ သားမြီးဆွဲကြိုး ရှိခိုးလက်ခံ။ ရင်ဝလှံစူး လက်အုပ်ဖူးပြန်၊ သံတွေခဲ ဆွမ်းပွဲအလှူခံ။ သံပူအပြား ပတ်ငြားစီဝရံ၊ ကုဋင်ညောင်စောင်း သံချောင်းပူဟန်။ ငရဲအိုးကြီး ကျောင်းကြီး တူ-ပြန်၊ အိုးငယ်က တူကြ ကျောင်းငယ်မှန်။

သီလပျက်စီးခြင်း၌ နှလုံးသွင်းဖွယ် (၁၁) ချက်

၁။ မာတုဂါမ၏ အဆင်း အသံ အနံ့ အတွေ့စသော ကာမဂုဏ်ချမ်းသာသည် မီးပုံကြီးပွေ့ရသည်ထက် ပူပြင်းသော ငရဲမီးပုံကြီး ရှိ၏၊ ထိုကာမဂုဏ်ချမ်းသာတို့ကို လက်မလွှတ်သော ရဟန်းအား ရှူနာမွှေးဆိမ့် အိမ့်သော ချမ်းသာကား အဘယ်မှာနည်း။
၂။ သီလ မရှိဘဲ ရှိခိုးခံခြင်းသည် သားလုံးမြင်းခေါင်းကို သားမြီးဆွဲကြိုး အရိုးခိုက်အောင် ပွတ်ဆွဲခံရသည်ထက် နာကြည်းသော ငရဲပွတ်ဆွဲကြိုး ရှိ၏၊
(၃), (၄), (၅), (၆), (၇)နံပါတ်တို့အတွက် “သီလ မရှိဘဲ ..” အစရှိသော အထက်၌ ပြခဲ့ပြီးသည့် ဥပမာ (၆)ခုအတိုင်း ဆင်ခြင်ပါ။
၈။ သီလမရှိသော ရဟန်းသည် တွေးတောဖွယ် အကျင့်ရှိ၏၊ ယောက်သွားပုပ်နှင့် တူ၏၊ ကိလေသာ စွတ်စို၏၊ ယုတ်မာ၏၊ အတွင်းပုပ်၏ဟု ဘုရားရှင် ကဲ့ရဲ့တော်မူ၏၊
၉။ ရဟန်း မဟုတ်တော့ဘဲ ရဟန်းအသွင်ယူနေသူသည် မိမိကိုယ်ကို တူးဖြို၏၊ ထိုသူအား အသက်ရှင်ခြင်းသည် ထွီထွီတကယ် စက်ဆုပ်ဖွယ် သာတည်း။
၁၀။ မစင်နှင့် ခွေးကောင်ပုပ်ကို တန်ဆာဆင်လိုသူ ဝေးစွာ ရှောင်သည်၊ ဒုဿီလနှင့် မိစ္ဆာဇီဝကို သီလဝန်အရှင် ဝေးစွာရှောင်သည်၊ ဒုဿီလနှင့် မိစ္ဆာဇီဝသည် စိန်ရွှေဖိတ်လျှံ ခြယ်စီမံလည်း အဘယ်မှာ အဖိုးတန်တော့အံ့နည်း။
၁၁။ ဒုဿီလသည် ဘေးအပေါင်းမှ မလွတ်မူ၍ ချမ်းသာအပေါင်းမှ လွတ်၏၊ နတ်ပြည်နတ်ရွာ တံခါးပိတ်၏၊ အပါယ်လေးရွာ တံခါးပွင့်၏၊ သနားစရာ ဧကန် ဖြစ်၏၊ ဒုဿီလနှင့်တူသော သနားစရာကောင်းသောသူ လောကမှာ မရှိပြီ။

သီလအကျိုး ရှုဆင်ခြင်ဖွယ်

သီလပျက်ခြင်း၌ အပြစ်များစွာ ဆင်ခြင်ကာ ရှုလျှင် ဖြူစင်ကြောင်း ဝေါဒါန ပြည့်စုံ၏၊ သီလပြည့်စုံခြင်း၌ အကျိုးကိုလည်း ဆင်ခြင်ကာ ရှုအပ်၏၊

၁။ သီလစင်ကြယ်သော ရဟန်း၏ သပိတ်ဆောင်ခြင်း သင်္ကန်းဆောင်ခြင်းသည်ပင် ကြည်ညိုဖွယ် ရှိ၍ အတုခိုးဖွယ် များလေစွ။
၂။ အမိုက်မှောင်သည် နေရောင်အတွင်း၌ မဝင်နိုင်သကဲ့သို့ စွပ်စွဲခြင်းစသော ဘေးသည် သီလဝန်၏ စိတ်အတွင်းသို့ မဝင်နိုင်။
၃။ လမင်းသည် အရောင်ပြည့်မှ ကောင်းကင်၌ တင့်တယ်သည်။ ရဟန်းသည် သီလပြည့်မှ ဖြူစင်မှ ခြိုးခြံစွာကျင့်ရာ သာသနာတောအုပ်၌ တင့်တယ်သည်။
၄။ သီလရှိသူရဟန်း၏ ကိုယ်နံ့, အညစ်အကြေးနံ့သည်ပင် နတ်ဗြဟ္မာတို့ကို ဝမ်းမြောက်စွာ မွှေးကြိုင်စေသည်။ သီလနံ့ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။
၅။ သီလအနံ့သည် နံ့သာအားလုံးတို့ကို လွှမ်းမိုး၏၊ ပိတ်ပင် တားဆီး၍ မရ၊ အရပ်ဆယ်မျက်နှာလုံး အညီအမျှ လှိုင်၏၊
၆။ သီလရှိသူအား လှူသောပစ္စည်းမှာ နည်းသော်လည်း ကြီးကျယ်သော အကျိုး ရှိ၏၊ ထို့ကြောင့် သီလရှိသူသည် ပူဇော်ခြင်း၏တည်ရာ အရိုအသေပြုခြင်း၏တည်ရာ ဖြစ်၏၊
၇။ သီလရှိသူသည် မျက်မှောက်ဘဝ ဘေးရန် မနှိပ်စက်။ နောက်ဘဝ၏ အမြစ်ကို (ဒုဿီလသဘောကို) တူးပစ်၏၊
၈။ သီလရှိသူအား (ဣဇ္ဈတိ စေတော ပဏီဓိ သီလဝိသုဒ္ဓတ္တာ) အလိုရှိလျှင် လူစည်းစိမ် နတ်စည်းစိမ် မခဲယဉ်းပြီ၊ ပြည့်စုံနိုင်၏၊ သီလရှိသူ၏ စိတ်သည် အေးမြချမ်းသာသော နိဗ္ဗာန်သို့ ပြေးဝင်နေ၏၊ (ဝိသုဒ္ဓိမဂ်အရသာ၊၇၁။)

စေခိုင်းတိုက်တွန်းခြင်း အာဏတ္တိ

စည်းစိမ်အားလုံးတို့၏ အကြောင်းရင်းဖြစ်သော သီလ၌ အခြင်းအရာများစွာ ပြွမ်းသော အကျိုးအာနိသင်ကို ထင်မြင်အောင် ပြရာ၏၊ ထင်မြင်အောင် ရှုရာ၏၊ သီလပြည့်စုံခြင်း၌ အကျိုးများစွာကို ရှုလျှင် ဖြူစင်ကြောင်း ဝေါဒါနနှင့် ပြည့်စုံ၏၊ ဤသို့ သီလအာနိသင် ထင်မြင်အောင် ပြနိုင်ရှုနိုင်သော ရဟန်းသည် သီလပျက်အံ့သည်မှ ထိတ်လန့်၏၊ ဩတ္တပ္ပနှင့် ယှဉ်သော ဉာဏ်သံဝေဂ ရ၏၊ သီလပြည့်စုံခြင်းသို့ ညွတ်ကိုင်းရှိုင်းကာ သက်ဝင်လာ၏၊

ထို့ကြောင့် သီလပျက်စီးခြင်း အပြစ်ကိုလည်းကောင်း, သီလပြည့်စုံခြင်း အကျိုးကိုလည်းကောင်း ထေရ, နဝ, မဇ္ဈိမ အရွယ်သုံးပါး အခါသုံးပါးလုံးတို့၌ ရိုသေစွာ အဖန်ဖန်ရှုလျက် ပါတိမောက္ခသံဝရသီလစသော သီလလေးဆူကို အရေးယူကာ ဖွေးဖြူစေရာ၏၊(ဝိသုဒ္ဓိမဂ်အရသာ၊၇၁။)

ရဟန်းကောင်းရဟန်းမြတ် ဖြစ်ရန် အချက်ကြီး (၁၅) ချက်

၁။ သက္ကော စ = ဝိနည်းအရာ၌ လိမ္မာကျွမ်းကျင် ကျစ်ကျစ်လျစ်လျစ် ရှိ၍ ပဓာနိယင်္ဂတရားငါးပါးနှင့် ပြည့်စုံကာ ကမ္မဋ္ဌာန်းဘာဝနာ ကျင့်စွမ်းနိုင်ရမည်။
၂။ ဥဇု စ = ကိုယ်နှုတ်ကောက်ကျစ်မှုကို ပယ်ခြင်းဖြင့် ဖြောင့်မတ်ရမည်။
၃။ သုဟုဇူ စ = စိတ်ထားကောက်ကျစ်မှုကို ပယ်ခြင်းဖြင့် အလွန်ဖြောင့်မတ်သူ ဖြစ်ရမည်။
၄။ သုဝစော စ = ပြောဆိုဆုံးမ၍ လွယ်ကူသူ ဖြစ်ရမည်။
၅။ မုဒု စ = ကိုယ်နှုတ်နှလုံး သုံးပါးလုံး နူးညံ့သိမ်မွေ့သူ ဖြစ်ရမည်။
၆။ အနတိမာနီ စ = မာန်မာနတွေ ထောင်လွှားခြင်း မရှိရ။
၇။ သန္တုဿကော စ = ပစ္စည်းလေးပါး လာဘ်လာဘတို့၌ ရောင့်ရဲလွယ်ရမည်။
၈။ သုဘရော စ = အစားအသောက်အနေအထိုင် ဂျီးမများ၊ မိမိရော သူတစ်ပါးပါ အမွေးအမြူ လွယ်ကူရမည်။
၉။ အပ္ပကိစ္စော စ = တာဝန်ကြောင့်ကြ အလုပ်ကိစ္စ နည်းပါးရမည်။
၁၀။ သလ္လဟုကဝုတ္တိ = ပေါ့ပါးလျင်မြန်စွာ သွားလာနိုင်အောင် ပစ္စည်းနည်း နိုင်သလောက် နည်းရမည်။
၁၁။ သန္တိန္ဒြိယော စ = အစဉ်သဖြင့် ငြိမ်သက်တည်ကြည်သော စက္ခုစသော ဣန္ဒြေ ရှိရမည်။
၁၂။ နိပကော စ = ရင့်ကျက်သော အသိအလိမ္မာဉာဏ်ပညာ ရှိရမည်။
၁၃။ အပ္ပဂဗ္ဘော = ရိုင်းစိုင်းယုတ်မာ ကြမ်းတမ်းသော ကိုယ်နှုတ်စိတ်အမူအရာများ မရှိရ။
၁၄။ ကုလေသွနနုဂိဒ္ဓေါ = အိမ်သားအိမ်သူ လူဒါယကာ ဒါယိကာမတို့အပေါ်၌ ကပ်ငြိတွယ်တာ မက်မောခြင်း မရှိရ။
၁၅။ န စ ခုဒ္ဒမာစရေ ကိဉ္စိ ယေန ဝိညူ ပရေ ဥပဝဒေယျုံ = ပညာရှိသူတော်ကောင်းတို့ ကဲ့ရဲ့ ပြစ်တင်စရာဆိုလျှင် အနည်းငယ် အသေးအဖွဲအပြစ်အာပတ်ကလေးတို့ကိုပင် မပြုမကျင့်ရဟူ၍ ခုဒ္ဒကနိကာယ် မေတ္တသုတ်၌ ရဟန်းကောင်းရဟန်းမြတ် ဖြစ်ရန် အချက် (၁၅)ချက် ဟောထားသည်ကို ရိုသေစွာ အလေးဂရုပြု၍ လိုက်နာကျင့်ဆောင်သင့်သည်။

ပဓာနိယင်္ဂတရား (၅) ပါး

၁။ ရတနာသုံးပါး မိဘဆရာသမား မိမိ သင်ယူရမည့် အတတ်ပညာ အသိပညာတို့ကို ယုံကြည်မှု သဒ္ဓါတရားရှိခြင်း။
၂။ ပါစကဝမ်းမီး ကောင်း၍ အနာရောဂါကင်း ကျန်းမာရေးကောင်းမွန်ခြင်း။
၃။ လှည့်ပတ်ခြင်း မာယာ, ကောက်ကျစ်စဉ်းလဲမှု သာဌေယျ မရှိခြင်း။
၄။ လုံ့လဝီရိယ ကြိုးစားအားထုတ်မှု ရှိခြင်း။
၅။ အတတ်ပညာ ရုပ်, နာမ် ကြောင်းကျိုးတို့၌ ထိုးထွင်း၍ သိနိုင်သော ပညာရှိခြင်း၊ ပေါင်း ငါးပါး ရှိပါသည်။

(ဆောင်) ယုံကြည်သဒ္ဓါ၊ ကျန်းမာခြင်း တွဲ၊ စဉ်းလဲ မပြု၊ အားထုတ်မှု ပါ၊ ပညဝါ၊ ငါးဖြာ ပဓာနိယင်္ဂတရားတည်း။

သုဒ္ဓိလေးပါး

၁။ ပါတိမောက္ခသံဝရသီလသည် ဒေသနာကြားခြင်းဖြင့် စင်ကြယ်သော သီလဖြစ်သောကြောင့် ဒေသနာသုဒ္ဓိ မည်၏၊ ဒေသနာကြားခြင်း ဝတ်ဆောက်တည်ခြင်း ပါရာဇိကကို ဝန်ခံခြင်းတို့သည်ပင် ဒေသနာလည်း မည်၏၊ စင်ကြယ်ကြောင်းဖြစ်သောကြောင့် သုဒ္ဓိလည်း မည်၏၊ ပုဂ္ဂိုလ်သည်ကား ထိုဒေသနာသုဒ္ဓိရှိသောကြောင့် ဒေသနာသုဒ္ဓိပင် မည်၏၊
၂။ ဣန္ဒြိယသံဝရသီလသည် နောင် ဤသို့ မပြုပါအံ့ “န ပုန ဧဝံ ကရိဿာမိဟူ၍ စိတ်ဆောက်တည်၍ စောင့်စည်းခြင်းဖြင့် စင်ကြယ်သောကြောင့် သံဝရသုဒ္ဓိ မည်၏၊
၃။ အာဇီဝပါရိသုဒ္ဓိသီလသည် မအပ်မရာ ပယ်စွန့်၍ တရားနှင့်အညီ ပစ္စည်းရှာမှီးခြင်းဖြင့် စင်ကြယ်သောကြောင့် ပရိယေဋ္ဌိသုဒ္ဓိ မည်၏၊
၄။ ပစ္စယသန္နိဿိတသီလသည် ပစ္စဝေက္ခဏာ ဆင်ခြင်ခြင်းဖြင့် စင်ကြယ်သောကြောင့် ပစ္စဝေက္ခဏာသုဒ္ဓိ မည်၏၊

သီလပျက်ခြင်း၏ အပြစ်, သုဒ္ဓိ နှင့် တရားကိုယ်

၁။ ပါတိမောက္ခသံဝရသီလပျက်စီးလျှင် အပြစ်ကား အာပတ်(၇)ပုံ သင့်ရောက်ရ၏၊ ဒေသနာသုဒ္ဓိဖြင့် စင်ကြယ်နိုင်၏၊ တရားကိုယ်ကား သဒ္ဓါတရား ပြဓာန်း၏၊
၂။ ဣန္ဒြိယသံဝရသီလ ပျက်စီးလျှင် အပြစ်ကား အဘိဇ္ဈာဒေါမနဿ စသော ကိလေသာတရားကိုယ်တွေ တိုးပွား၏၊ သံဝရသုဒ္ဓိဖြင့် စင်ကြယ်နိုင်၏၊ တရားကိုယ်ကား သတိပြဓာန်း၏၊
၃။ အာဇီဝပါရိသုဒ္ဓိ ပျက်စီးလျှင် အပြစ်ကား အသက်မွေးမှု မစင်ကြယ်ဖြစ်ရ၏၊ ယင်းကြောင့် ရသောပစ္စည်းကို သုံးစွဲတိုင်း ဒုက္ကဋ်အာပတ် သင့်ရ၏၊ ပရိယေဋ္ဌိသုဒ္ဓိဖြင့် စင်ကြယ်နိုင်၏၊ တရားကိုယ်ကား ဝီရိယ ပြဓာန်း၏၊
၄။ ပစ္စယသန္နိဿိတသီလ ပျက်စီးလျှင် အပြစ်ကား သံသရာကြွေး တင်တတ်၏၊ သံသရာဝဋ်က ရုန်းမထွက်နိုင်ဘဲ ကြွေးတို့ကို ပေးဆပ်ရ၏၊ ပစ္စဝေက္ခဏာသုဒ္ဓိဖြင့် စင်ကြယ်နိုင်၏၊ တရားကိုယ်ကား ပညာ ပြဓာန်း၏၊

(ဆောင်) သီလ လေးဖြာ၊ ပါ-ဣံ-အာ၊ ပစ္စယာ သန္နိဿိ။
အပြစ်ကား လေး၊ ပတ်, ကိလေး၊ သက်မွေး ကြွေးတင်ဘိ။
သုဒ္ဓိလေးဝ၊ ဒေး, သံ, ပ၊ ပစ္စဝေက္ခဏာ။
ပြဓာန်းလေရှိ၊ သဒ္ဓါ သတိ၊ ဝီရိ ပညာသာ။ (ဝိသုဒ္ဓိမဂ်အရသာ၊၅၅။)

ပုဂ္ဂိုလ် (၄) မျိုး

(၁) စာမတတ် သီလမရှိသူ၊ (၂) စာမတတ် သီလရှိသူ၊ (၃) စာတတ် သီလ မရှိသူ၊ (၄) စာတတ် သီလရှိသူဟု - ပုဂ္ဂိုလ်လေးမျိုး ခွဲခြား မှတ်သားသင့်၏၊

(၁) စာမတတ် သီလ မရှိသူ
စာမတတ် သီလမရှိသူသည် လူများ နတ်များ၏ အကဲ့ရဲ့ခံရသည်။ ပညာရှိသူတော်ကောင်းတို့ကလည်း ကဲ့ရဲ့နိုင်သည်။ ဘုရားရှင်ကလည်း ကဲ့ရဲ့တော်မူသည်။
(၂) စာမတတ် သီလ ရှိသူ
စာမတတ် သီလရှိသူကို စာမတတ်သော်လည်း သီလရှိ၍ လောက၌ ချီးမွမ်းအပ်၏၊
(၃) စာတတ် သီလ မရှိသူ
စာတတ် သီလမရှိသူကို ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက် ကဲ့ရဲ့အပ်၏၊ ဗဟုသုတရှိ ဒုဿီလပုဂ္ဂိုလ်ထံ သိက္ခာလိုလားသူတို့ မချဉ်းကပ်ကြကုန်။
(၄) စာတတ် သီလ ရှိသူ
စာတတ် သီလရှိသူကိုမူကား ချီးမွမ်းအပ်၏၊ ဤစတုတ္ထပုဂ္ဂိုလ်ကို ဇမ္ဗူရစ် ရွှေစင်တုံးအတူ ကဲ့ရဲ့သူ မရှိ၊ လူ့ပြည် နတ်ပြည် ချီးမွမ်းထိုက်၏၊ ဗြဟ္မာကြီးတို့ကပင် ချီးမွမ်းကြကုန်၏၊ ထို့ကြောင့် စာတတ် သီလရှိသူ ဖြစ်အောင် ကြိုးစား အားထုတ်ကြပါလေ။

ပထမပဉ္စကသီလ

ပုဂ္ဂိုလ်အမျိုးအစားအလိုက် - (၁) ပရိယန္တပါရိသုဒ္ဓိသီလ၊ (၂) အပရိယန္တပါရိသုဒ္ဓိသီလ၊ (၃) ပရိပုဏ္ဏပါရိသုဒ္ဓိသီလ၊ (၄) အပရာမဋ္ဌပါရိသုဒ္ဓိသီလ၊(၅) ပဋိပဿဒ္ဓိပါရိသုဒ္ဓိသီလဟု (၅)မျိုး ခွဲခြားမှတ်သားသင့်သည်။

(၁) ပရိယန္တပါရိသုဒ္ဓိသီလ

သာမဏေတို့၏ သီလသည် ပရိယန္တပါရိသုဒ္ဓိသီလ မည်၏၊ လိင်ဆယ်ပါး ဒဏ်ဆယ်ပါး စုဒ္ဒသခန္ဓကဝတ် စသည်ဖြင့် အရေအတွက်အားဖြင့် အပိုင်းအခြားရှိသောကြောင့် ဖြစ်သည်။

(၂) အပရိယန္တပါရိသုဒ္ဓိသီလ

သာမန်ရဟန်းတော်တို့၏ သီလသည် အပရိယန္တပါရိသုဒ္ဓိသီလ မည်၏၊ ထိုသာမန်ရဟန်းတော်တို့၏ သီလသည် ကုဋေကိုးထောင်ကျော် (၉၁၈၀၅၀၃၆၀၀၀) ဖြစ်သည်ဟု ပိုင်းခြားအပ်သော်လည်း တစ်ခုခုကိုပင် အကြွင်းမထင်အောင် ဆောက်တည်ရခြင်းကို ရည်ရွယ်၍ အပရိယန္တဟု ဆိုသည်။ ဉာတိ အင်္ဂ ဇီဝိတ လာဘ ယသတို့၏ အစွမ်းဖြင့် မပျက်စီးခြင်းကိုလည်း ရည်ရွယ်၍ ဆိုသည်။

(၃) ပရိပုဏ္ဏပါရိသုဒ္ဓိသီလ

ကလျာဏပုထုဇဉ်တို့၏ သီလသည် ပရိပုဏ္ဏပါရိသုဒ္ဓိသီလ မည်၏၊ ကလျာဏပုထုဇဉ်သည် ဝိပဿနာတရား လွန်စွာ အားထုတ်၏၊ သေက္ခပရိယန္တ၌ ဖြည့်ကျင့်၏၊ ကိုယ်အသက်မငဲ့ အသက်စွန့်၍ သီလကို စောင့်၏၊ ထိုပုဂ္ဂိုလ်၏ သီလသည် ပတ္တမြားစစ်ကဲ့သို့, ရွှေစင်ကဲ့သို့ အလွန် စင်ကြယ်၏၊ စိတ္တုပ္ပါဒ်အပြစ်မျှ မရှိ။ အရဟတ္တဖိုလ်၏ နီးကပ်သော အကြောင်း ဖြစ်၏၊ ထို့ကြောင့် ပရိပုဏ္ဏပါရိသုဒ္ဓိသီလ မည်၏၊

(၄) အပရာမဋ္ဌပါရိသုဒ္ဓိသီလ

သေက္ခပုဂ္ဂိုလ်တို့၏ သီလသည် အပရာမဋ္ဌပါရိသုဒ္ဓိ မည်၏၊ ဒိဋ္ဌိ ရာဂ စသည်တို့၏ အစွမ်းဖြင့် မသုံးသပ်အပ်သောကြောင့်တည်း။ ရာဂ၏ အစွမ်းဖြင့် မသုံးသပ်အပ်သော ပုထုဇဉ်သီလသည်လည်း အပရာမဋ္ဌပါရိသုဒ္ဓိသီလ မည်၏၊ ပေါင်ကို ကျောက်ခဲဖြင့် ရိုက်ချိုး၍ ကျင့်သော တိဿမထေရ်၏ သီလကဲ့သို့တည်း။

ပေါင်ရိုက်ချိုးသော မထေရ်ဝတ္ထု

သူကြွယ်သား အစ်ကိုမဟာတိဿသည် ညီဖြစ်သူ စူဠတိဿအား ပစ္စည်းဥစ္စာအားလုံး လွှဲအပ်၍ တောထွက်ကာ တရားအားထုတ်နေသည်။ ညီ၏မယား မရီးသည်က ပစ္စည်းအမွေလောဘဖြင့် ခဲအိုဖြစ်သူ အစ်ကို မဟာတိဿမထေရ်ကို သတ်ရန် လူဆိုးတို့ကို ပစ္စည်းပေး၍ စေလွှတ်၏၊ မထေရ်ကြီးသည် မိမိ၏ အပရာမဋ္ဌသီလ ရာဂမစွန်းငြိသည်ကို မှီ၍ ရဟန္တာ ဖြစ်လိုသောကြောင့် ခေတ္တ ဆိုင်းကြပါဦး။ ရာဂနှင့် သေရခြင်းသည် ရှက်ဖွယ် ဖြစ်သည်ဟု သတ်လိုသူ လူဆိုးတို့ကို ဆိုပြီးလျှင် ဆိုင်းငံ့ခွင့် ပေးစိမ့်သောငှာ ပေါင်တို့ကို ကျောက်ခဲဖြင့် ရိုက်ချိုး၏၊ တစ်ညလုံး ဝေဒနာကို ခွာ၍(= ဒုက္ခဝေဒနာကို နှလုံးမသွင်းမူ၍) ဝိပဿနာ ပွား၏၊ အရုဏ်တက်သောအခါ ရဟန္တာအဖြစ်သို့ ရောက်လေ၏၊

၅။ ပဋိပဿဒ္ဓိပါရိသုဒ္ဓိသီလ

ရဟန္တာစသည်တို့၏ သီလသည် ပဋိပဿဒ္ဓိပါရိသုဒ္ဓိသီလ မည်၏၊ ကိလေသာပူပန်ခြင်းအားလုံးမှ ငြိမ်းသောကြောင့် ပဋိပဿဒ္ဓိ ထက်ဝန်းကျင် စင်ကြယ်သောကြောင့် ပါရိသုဒ္ဓိမည်၏၊ (ဝိသုဒ္ဓိမဂ်အရသာ၊ ၅၅။)

အမ္ဗခါဒကမဟာတိဿမထေရ်ဝတ္ထု

အမ္ဗခါဒကမဟာတိဿမထေရ်သည် သပ္ပုရိသာနုဿတိကို မစွန့်၊ ဉာတိ အင်္ဂ ဇီဝိတ လာဘ ယသတို့၏ အစွမ်းဖြင့် အပရိယန္တပါရိသုဒ္ဓိသီလ မပျက်စီး၊ အစာငတ်၍ သေလုနီးပါးဖြစ်သော်လည်း သရက်ပင်အောက် ကြွေကျနေသော အကပ်မခံရသေးသော သရက်သီးမှည့်ကို ကောက်မစား၊ သိက္ခာပုဒ်တော်ကို မလွန်ကျူးဘဲ ကျင့်၏၊ ဒုဗ္ဘိက္ခအခါ အာဟာရ ပြတ်၍ သရက်ပင် အောက်၌ လဲနေခြင်း ဖြစ်၏၊

ဥစ္စာနှင့် အင်္ဂါ အန္တရာယ်ရောက်လျှင် ဥစ္စာကုန်ပါစေ အင်္ဂါအထိမခံနှင့်၊ အင်္ဂါနှင့် အသက် အန္တရာယ်ရောက်လျှင် အင်္ဂါကြီးငယ် ပျက်လျှင် ပျက်ပါစေ အသက် မထိခံနှင့်၊ အသက်နှင့် သီလ အန္တရာယ်ရောက်လျှင် အသက်သေပါစေ၊ သီလ အထိမခံနှင့်၊ ဤသုံးချက်သော သပ္ပုရိသာနုဿတိကို မစွန့်မူ၍ နှလုံးသွင်း ဆင်ခြင်ခြင်းဖြင့် အသေခံ ကျင့်တော်မူ၏၊ ဥပါသကာတစ်ယောက် မြင်လတ်သော် သရက်သီးဖျော်ပြု၍ ကပ်ပြီးလျှင် နေရာကျောင်းသို့အရောက် ကျောပိုး၍ ပို့၏၊

န ပိတာ နာပိ တေ မာတာ၊ န ဉာတိ နာပိ ဗန္ဓဝါ၊
ကရောတေ တာဒိသံ ကိစ္စံ၊ သီလဝန္တဿ ကာရဏာ။

အယံ = ဤဥပါသကာသည်။ တေ = သင်၏၊ န ပိတာ = ဖခင်လည်း မဟုတ်။ နာပိ မာတာ = မိခင်လည်း မဟုတ်။ န ဉာတိ = ဦးကြီး ဦးလေး ဘကြီး ဘထွေး အစ်ကိုတော်စပ်သော ဆွေမျိုးလည်း မဟုတ်။ နာပိ ဗန္ဓဝါ = အကျွမ်းတဝင် ချစ်ခင်သော မိတ်ဆွေလည်း မဟုတ်။ သီလဝန္တဿ = သီလရှိသော သင်၏၊ ကာရဏာ = သီလရှိခြင်းဟူသော အကြောင်းကြောင့်။ တာဒိသံ ကိစ္စံ = ထိုသို့ အဖျော်ရည်ကပ်၍ ကျောပိုးချီ သယ်ဆောင်ခြင်း ကိစ္စကို။ ကရောတေ = ပြုပေ၏၊

ဤသို့ မထေရ်သည် ဆင်ခြင်၍ ဝိပဿနာပွားများအပ်သော် ကျောက်ကုန်းထက်၌ပင် ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူလေသည်။
(ဝိသုဒ္ဓိမဂ်အရသာ၊၄၉၊၅၅၊၁၉၁။)

ဘဝသစ်ယူသူ သီလပျက်

မထေရ်တစ်ပါးသည် ပြင်းထန်သော ရောဂါ နှိပ်စက်၍ မိမိလက်ဖြင့် အစာကို မယူနိုင်။ မိမိ၏ ကျင်ကြီး ကျင်ငယ် အတွင်း၌ ကျွံနစ်လူးပေကာ လိမ့်ကာ နေရသည်။ ထိုဘေးနားက ရဟန်းငယ်တစ်ပါးမြင်၍ “အဟော ဒုက္ခာ ဇီဝိတသင်္ခါရာ - အသက်နှင့် စပ်သော သင်္ခါရတို့သည် (ဝါ) အသက်ရှိသော ခန္ဓာငါးပါးတို့သည် ဩော် ..လွန်စွာ ဆင်းရဲကုန်စွတကား”ဟု ဆို၏၊ “ငါ့ရှင် ငါ ယခု သေသွားလျှင် နတ်ပြည်အတွက် စိတ်ချရ၏၊ သီလပျက်မှ ရသော နတ်စည်းစိမ်သည် သိက္ခာချ၍ လူဖြစ်ရသည်နှင့် တူ၏”ဟု ဆို၍ သီလအပျက် မခံဘဲ သီလနှင့်တကွ သေမည်။ သီလကို မစွန့်လိုဟု လျောင်းစက်လျက် ထို ရောဂါကို ဝေဒနာမှစ၍ နာမ်တရား ရုပ်တရားတို့ကို ဝိပဿနာ ရှုပွားသုံးသပ်လတ်သော် ရဟန္တာအဖြစ်သို့ ရောက်လေ၏၊ (ဘဝအသစ် ယူလျှင် သီလခါးဝတ် ကင်းလွတ်သည်။ သီလ မကင်းလွတ်စေတော့ဘဲ နိဗ္ဗာန် ယူမည် ဟူလို။)

ဒုတိယ ပဉ္စကသီလ

ပရိယန္တ, အပရိယန္တ, ပရိပုဏ္ဏ, အပရာမဋ္ဌ, ပဋိပဿဒ္ဓိဟု ပထမ ပါရိသုဒ္ဓိသီလငါးပါး, ပဉ္စကကို သိပြီးနောက် ဒုတိယဖြစ်သော ---

(၁) ပဟာနသီလ၊ (၂) ဝေရမဏိသီလ၊ (၃) စေတနာသီလ၊ (၄) သံဝရသီလ၊ (၅) အဝီတိက္ကမသီလဟု သီလငါးပါးအပေါင်းကိုလည်း မှတ်သားသင့်သည်။ ပါဏာတိပါတကိလေသာ အစ အရဟတ္တမဂ်ပယ်သတ်သော ကိလေသာ အဆုံးရှိသော ဤကိလေသာတို့ကိုပယ်ခြင်း, ရှောင်ကြဉ်ခြင်း, ဆန့်ကျင်ခြင်း, ပိတ်ဆို့ခြင်း, မကျူးလွန်ခြင်း ဤသို့ ပယ်, ကြဉ်, ဆန့်, ပိတ်, မလွန်ကျူး အားဖြင့် ငါးပါးစီ ရှိ၏၊

၁။ ပါဏာတိပါတကို ပယ်ကြောင်း စိတ္တုပ္ပါဒ်သည် ပဟာနသီလ မည်၏၊ (ဟိရီ, ဩတ္တပ္ပ, ကရုဏာ, အလောဘစသည် အမှူးရှိသော စိတ္တုပ္ပါဒ် ရ၏၊)
၂။ ပါဏာတိပါတမှ ရှောင်ကြဉ်ကြောင်း ဝိရတီသည် ဝေရမဏိသီလ မည်၏၊
၃။ ပါဏာတိပါတ၏ ဆန့်ကျင်ဘက်စေတနာသည် စေတနာသီလ မည်၏၊
၄။ ပါဏာတိပါတ၏ ဝင်ပေါက်ကို ပိတ်ဆို့သော တရားသည် သံဝရသီလ မည်၏၊
၅။ ပါဏာတိပါတကို မလွန်ကျူးကြောင်းတရားသည် အဝီတိက္ကမသီလ မည်၏၊ ဤသို့လျှင် ပဟာနသီလ, ဝေရမဏိသီလ, စေတနာသီလ, သံဝရသီလ, အဝီတိက္ကမသီလဟု ငါးပါးစီ ဖြစ်ကုန်၏၊ အဒိန္နာဒါန စသည်တို့၌လည်း ဤအတူ ငါးပါးစီတည်း။

ပဉ္စကသီလ (၄၇) ပါး

ကမ္မပထသီလ (၁၀)ပါး၊ ပုဗ္ဗဘာဂသီလ (၅)ပါး၊ သဥပါယအဋ္ဌသမာပတ္တိသီလ (၁၀)ပါး၊ မဟာဝိပဿနာသီလ (၁၈)ပါး၊ မဂ်သီလ (၄)ပါးအားဖြင့် (၄၇)ပါး ဖြစ်၏၊ ပဉ္စကသီလ (၄၇)ပါးတည်း။

ကမ္မပထသီလ (၁၀) ပါး

ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပဝါစာ၊ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိတို့ကို ပယ်, ကြဉ်, ဆန့်, ပိတ်, မလွန်ကျူးအားဖြင့် ငါးပါးစီတည်း။ ဤကား ကမ္မပထဆယ်ပါးဖြင့် သီလပြုခြင်းတည်း။

စျာန်ရကြောင်း ပုဗ္ဗဘာဂပဋိပဒါ (၅) ပါး

၁။ အလောဘပြဓာန်းသော ကုသိုလ်စိတ္တုပ္ပါဒ်ဖြင့် ကာမစ္ဆန္ဒကို၊
၂။ မေတ္တာပွားများခြင်းဖြင့် ဗျာပါဒကို၊
၃။ အာလောကသညာဖြင့် (ဝါ) နှလုံးသွင်း၍ ထင်လာသော အလင်းကို သိခြင်းဖြင့် ထိနမိဒ္ဓကို၊
၄။ သမာဓိဖြင့် ဥဒ္ဓစ္စကို၊
၅။ အကုသိုလ်စသည်ကို ပယ်, ကြဉ်, ဆန့်, ပိတ်, မလွန်ကျူး ငါးပါးစီ ဖြစ်သည်။
ဤကား စျာန်ရကြောင်း ပုဗ္ဗဘာဂပဋိပဒါ ငါးပါးဖြင့် ပြခြင်းတည်း။

သဥပါယအဋ္ဌသမာပတ္တိသီလ (၁၀) ပါး

၁။ မဂ်ရကြောင်းဉာဏ်ဖြင့် အဝိဇ္ဇာကို၊
၂။ စျာန်ရကြောင်း ပါမောဇ္ဇဖြင့် အရတိကို၊
၃။ ပထမစျာန်ဖြင့် နီဝရဏတို့ကို၊
၄။ ဒုတိယစျာန်ဖြင့် ဝိတက် ဝိစာရတို့ကို၊
၅။ တတိယစျာန်ဖြင့် ပီတိကို၊
၆။ စတုတ္ထစျာန်ဖြင့် သုခ ဒုက္ခတို့ကို၊
၇။ အာကာသာနဉ္စာယတနသမာပတ်ဖြင့် ရူပသညာ (၁၅)ပါး၊ ပဋိသညာ (၁၀)ပါး၊ နာနတ္တသညာ (၄၄)ပါးကို (ဝါ) ရူပစိတ် (၁၅)ပါး၊ ဒွေပဉ္စဝိညာဉ် (၁၀)ပါးမှ ကြွင်းကာမစိတ် (၄၄)ပါးကို၊
၈။ ဝိညာဏဉ္စာယတနသမာပတ်ဖြင့် အာကာသသညာကို၊
၉။ အာကိဉ္စညာယတနသမာပတ်ဖြင့် ဝိညာဏသညာကို၊
၁၀။ နေဝသညာနာသညာယတနသမာပတ်ဖြင့် အာကိဉ္စညာယတနသညာကို ပယ်, ကြဉ်, ဆန့်, ပိတ်, မလွန်ကျူးအားဖြင့် ငါးပါးစီပင် ဖြစ်၏၊ မဟဂ္ဂုတ်တရားတို့၌ မုချအားဖြင့် သီလအနက် မရှိ၊ ဝိရတီ မရှိ၊ ဆန့်ကျင်ဘက်တို့ကို ပယ်ခြင်း ရှိ၏၊ ထို့ကြောင့် ပရိယာယ်အားဖြင့် ဆိုရ၏၊

မဟာဝိပဿနာသီလ (၁၈) ပါး

၁။ အနိစ္စာနုပဿနာဖြင့် နိစ္စဟု ဖြစ်သော မိစ္ဆာသညာကို၊
၂။ ဒုက္ခာနုပဿနာဖြင့် သုခသညာကို၊
၃။ အနတ္တာနုပဿနာဖြင့် အတ္တသညာကို၊
၄။ သင်္ခါရတို့၌ ငြီးငွေ့ဖွယ်ဟု ရှုခြင်းဖြင့် ပီတိရှိသော တဏှာကို၊
၅။ တပ်ခြင်းကင်းသော ရှုခြင်းဖြင့် ရာဂကို၊
၆။ သင်္ခါရ ပြန်မဖြစ်အောင် ရှုခြင်းဖြင့် သမုဒယကို၊
၇။ သင်္ခါရစွန့်သော ရှုခြင်းဖြင့် နိစ္စစသည် စွဲလမ်းခြင်းကို၊
၈။ ကုန်ခန်းခြင်းကို ရှုခြင်းဖြင့် တစ်ခဲနက်သညာကို (သန္တတိ, သမူဟ, ကိစ္စ, အာရမ္မဏ, တစ်ခုတည်း တစ်လုံးတစ်ခဲတည်းဟု မှတ်ယူသော ဃနသညာကို)၊
၉။ ပျက်ခြင်းကို ရှုခြင်းဖြင့် ပြုပြင်စုရုံးခြင်းကို၊
၁၀။ ဖောက်ပြန်ခြင်းကို ရှုခြင်းဖြင့် ခိုင်ခံ့၏ဟု မှတ်သားခြင်းကို၊
၁၁။ အကောင်အထည်ဟူသော နိမိတ်မရှိဟု ရှုခြင်းဖြင့် နိမိတ်ကို၊
၁၂။ တောင့်တစရာသင်္ခါရမရှိဟု ရှုခြင်းဖြင့် ရာဂ (= တောင့်တခြင်း)ကို၊
၁၃။ အတ္တမှဆိတ်၏ဟု ရှုခြင်းဖြင့် အတ္တဟု နှလုံးသွင်းမှားကို၊
၁၄။ တေဘူမကကို လွန်သော အဓိပညာဓမ္မဝိပဿနာဖြင့် အနှစ်သာရဟု ယူခြင်း နှလုံးသွင်းခြင်းကို၊
၁၅။ ယထာဘူတဉာဏ်ဖြင့် လောကကို ဗြဟ္မာဖန်ဆင်းသည် စသည်ဖြင့် တွေဝေစွာ နှလုံးသွင်းခြင်းကို၊
၁၆။ အပြစ်ကို ရှုခြင်းဖြင့် တွယ်တာဖွယ်ဟု နှလုံးသွင်းခြင်းကို၊
၁၇။ ပညာဖြင့် ဆင်ခြင်၍ အဖန်ဖန် ရှုခြင်းဖြင့် မောဟဦးစီးသော အကုသိုလ် ကို၊
၁၈။ နိဗ္ဗာန်သို့ ညွတ်သော ရှုခြင်းဖြင့် (ဝါ) သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ်ဖြင့် ယှဉ်တွဲဖွယ်ရာ သင်္ခါရတို့၌ နှလုံးသွင်းခြင်းကို ပယ်, ကြဉ်, ဆန့်, ပိတ်, မလွန်ကျူးအားဖြင့် ငါးပါးစီပင် ဖြစ်၏၊ ဤကား မဟာဝိပဿနာသီလ (၁၈)ပါးဖြင့် ပြခြင်းတည်း။

မဂ်လေးပါးသီလ

၁။ သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌိ ဝိစိကိစ္ဆာ ကိလေသာတစ်သင်းကို၊
၂။ သကဒါဂါမိမဂ်ဖြင့် ရုန့်ရင်းသော ကိလေသာကို၊
၃။ အနာဂါမိမဂ်ဖြင့် သိမ်မွေ့သော ကိလေသာကို (ဝါ) ကာမရာဂသမ္ပယုတ်တရားကို၊
၄။ အရဟတ္တမဂ်ဖြင့် အလုံးစုံသော ကိလေသာကြွင်းကို ပယ်, ကြဉ်, ဆန့်, ပိတ်, မလွန်ကျူးအားဖြင့် ငါးပါးစီပင် ဖြစ်၏၊ ဤကား မဂ်လေးပါးဖြင့် သီလဖြစ်ခြင်းတည်း။ ဤသို့လျှင် ပဉ္စကသီလ (၄၇)ပါး ဖြစ်သတည်း။

သီလအနက်

ဤနေရာ၌ ပယ်ခြင်းဟူသည် ဘာဝသာဓနဖြစ်၍ ဓမ္မသဘာဝ တစ်စုံတစ်ခု မဟုတ် ပါဏာတိပါတစသည်တို့ကို မဖြစ်စေခြင်းမျှသာတည်း။ သီလဟု ခေါ်ဝေါ်ခြင်း ဝေါဟာရမျှသာတည်း။ ထိုမဖြစ်စေခြင်းမျှသည်ပင် ထိုထို မေတ္တာစသော ကုသိုလ်ဓမ္မ စာဂစသော ကုသိုလ်ဓမ္မတို့၏တည်ရာ ဥပဓာရဏသီလအနက်, ဖရိုဖရဲ မဖြစ်အောင် စောင့်စည်းခြင်းထားခြင်း သမာဓာနသီလအနက် ဖြစ်၍ သီလမည်၏၊ ဝေရမဏိသီလ, စေတနာသီလ, သံဝရသီလ, အဝီတိက္ကမသီလလေးပါးကား ထိုပါဏာတိပါတစသည်တို့မှ ရှောင်ကြဉ်စွမ်း ဆို့ပိတ်စွမ်း တံသမ္ပယုတ္တစေတနာစွမ်း မလွန်ကျူးစွမ်းဖြင့် စိတ်ဖြစ်ခြင်း ဖြစ်၏၊ တစ်ပြိုင်တည်းလည်း ဖြစ်ကုန်၏၊ ဥပဓာရဏသီလအနက် သမာဓာနသီလအနက် နှစ်ပါးသော သီလအနက်ဖြစ်၍ သီလမည်ကုန်၏၊

နိဗ္ဗာန်တိုင်အောင် အဆင့်ဆင့် သီလအကျိုးများ

ဆိုခဲ့ပြီးသော အမျိုးမျိုးသော သီလတို့သည် --
၁။ စိတ်သာယာခြင်းငှာ၊ 
၂။ နုသော ပီတိဖြစ်ခြင်းငှာ၊ 
၃။ ရင့်သော ပီတိ ဖြစ်ခြင်းငှာ၊ 
၄။ ကိုယ်စိတ် ငြိမ်းအေးခြင်းငှာ၊ 
၅။ သုခဖြစ်ခြင်းငှာ၊ 
၆။ သမာဓိကို မှီဝဲခြင်းငှာ၊ 
၇။ သမာဓိပွားများခြင်းငှာ၊ 
၈။ ကြိမ်ဖန်များစွာ ပြုခြင်းငှာ၊ 
၉။ သမာဓိတန်ဆာဆင်ခြင်းငှာ၊ 
၁၀။ သမာဓိအဆောက်အဦ ဖြစ်ခြင်းငှာ၊ 
၁၁။ သမာဓိအခြံအရံ ဖြစ်ခြင်းငှာ၊ 
၁၂။ သမာဓိပြည့်ခြင်းငှာ၊ 
၁၃။ စင်စစ် ငြီးငွေ့ခြင်းငှာ၊ 
၁၄။ ရာဂ ကင်းခြင်းငှာ၊ 
၁၅။ ချုပ်ခြင်းငှာ၊ 
၁၆။ ငြိမ်းခြင်းငှာ၊ 
၁၇။ ထူးသောဉာဏ်ဖြင့် သိခြင်းငှာ၊ 
၁၈။ သစ္စာလေးပါးကို သိမြင်ခြင်းငှာ၊ 
၁၉။ မသေရာမှန် အမတမဟာနိဗ္ဗာန် အကျိုးငှာ၊ တစ်ဆယ့်ကိုးမျိုးသော သီလ၏ အကျိုးအဆင့်ဆင့်ကို မှတ်သားလေ့လာ ကျင့်ကြံအားထုတ်ကုန်ရာသတည်း။ (ဝိသုဒ္ဓိမဂ်အရသာ၊၆၀။)

ပါတိမောက္ခသံဝရသီလ အကျယ်

သီလ (၄)မျိုးတို့ကို ရှေ့တွင် တင်ပြခဲ့သည်။ ပါတိမောက္ခသံဝရသီလကို နောက်မှ အကျယ် ထပ်မံဝေဖန်ပြဦးမည်ဟု ရေးခဲ့သည့်အတိုင်း ယခု ပြန်လည်၍ ရှင်းပြပါမည်။ အခြားသီလ (၃)မျိုးတို့ကို သိသာအောင် ရှင်းပြခဲ့သော်လည်း ပါတိမောက္ခသံဝရသီလကို အနည်းငယ်မျှသာ ပြဆိုခဲ့သည်။

စောင့်ထိန်းကျင့်ကြံအားထုတ်သူကို အပါယ်လေးပါးဆင်းရဲ သံသရာဝဋ်ဆင်းရဲ, အတ္တာနုဝါဒဘေး, ပရာနုဝါဒဘေး, ဒဏ္ဍဘေး, ဒုဂ္ဂတိဘေးတို့မှ လွတ်စေတတ်သောကြောင့် ပါတိမောက္ခ မည်၏၊ ကိုယ်နှုတ်တို့ကို မလွန်ကျူးခြင်းဟူသော စောင့်ထိန်းခြင်းသည် သံဝရ မည်၏၊ ကုဋေကိုးထောင်ကျော်သိက္ခာပုဒ်တို့သည် သီလမည်၏၊

အပါယ်လေးပါးဆင်းရဲ

အပါယ်၌ (အပ+အယ) လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာဖြစ်ကြောင်း ကုသိုလ်ကောင်းမှုတို့ကို အယဟု ခေါ်သည်။ အပ-သဒ္ဒါကား အပဂတ ကင်းခြင်းအနက် ဟော၏၊ (အယတော အပဂတောတိ အပါယော) အယတော = ချမ်းသာဖြစ်ကြောင်း ကုသိုလ်ကောင်းမှုမှ။ အပဂတော = ကင်းသော (ဝါ) ကုသိုလ်ကောင်းမှုပြုခွင့် များစွာ မရ၊ အကုသိုလ် မကောင်းမှုတွေ များပြားလှသော ဘုံဌာနကို အပါယ (= အပါယ်)ဟု ခေါ်သည်။

အပါယ် (၄) ဘုံ

အပါယ်ဘုံသည် ၁။ ငရဲဘုံ၊ ၂။ တိရစ္ဆာန်ဘုံ၊ ၃။ ပြိတ္တာဘုံ၊ ၄။ အသူရကာယ်ဘုံဟု လေးဘုံ ရှိသည်။

၁။ ငရဲဘုံ = နိရယ = (နိ+အယ) ဤ၌ အယ-သဒ္ဒါသည် ချမ်းသာသုခဟူသော အနက်ကို ဟောသည်။ နိကား မရှိခြင်း နတ္ထိအနက်ကို ဟော၏၊ နတ္ထိ အယော ဧတ္ထာတိ နိရယော၊ ဤငရဲဘုံ၌ ချမ်းသာသုခ လုံးဝ ခံစားခွင့် မရှိ၊ အမြဲတမ်း ဆင်းရဲဒုက္ခတွေ ခံစားနေရသောကြောင့် နိရယ (= ငရဲဘုံ)ဟု ခေါ်ဆိုရသည်။ အပါယ်၌ ရှိသော အယသဒ္ဒါ, နိရယ၌ ရှိသော အယသဒ္ဒါ ဤ အယသဒ္ဒါ နှစ်ခုတို့ကို ကွဲပြားအောင် မှတ်ပါ။

၂။ တိရစ္ဆာန် = တိရော အဉ္စန္တီတိ တိရစ္ဆာနာ၊ တိရစ္ဆာနာနံ ယောနိ တိရစ္ဆာနယောနိ။ တိရော = ဖီလာကန့်လန့် (ဝါ) အလျားလိုက်။ အဉ္စန္တိ = သွားတတ်ကုန်၏၊ ဣတိ = ထို့ကြောင့်။ တိရစ္ဆာနာ = တိရစ္ဆာန် မည်၏၊ လူနတ်တို့ကဲ့သို့ မတ်မတ်ရပ် မသွားတတ်ဘဲ ဖီလာ (= အလျားလိုက်) သွားတတ်သော (ဝါ) နတ်ရွာနိဗ္ဗာန်အထက်သို့ သွားကြောင်း ကုသိုလ်တရားတွေ မပြုတတ်၊ ဖီလာကန့်လန့်ဖြစ်သော အပါယ်လေးပါး သွားကြောင်းဖြစ်သော အကုသိုလ်တရားတွေသာ ပြုတတ်သော သတ္တဝါများကို တိရစ္ဆာန်ဟု ခေါ်သည်။ ခွေး, ဝက်, ကြက်, ငှက်, မြွေ, ငါး, လိပ်စသော သတ္တဝါများတည်း။

တိရစ္ဆာနာနံ ယောနိ တိရစ္ဆာနယောနိ = တိရစ္ဆာန်တို့၏ အမျိုးဇာတ် ဖြစ်၏၊ ဘုံဟု သီးခြားမရှိ၊ အမျိုးဇာတ်ကိုပင် တိရစ္ဆာန်ဘုံဟု ဆိုရသည်။

၃။ ပြိတ္တာ = သုခသမုဿယတော ပကဋ္ဌံ ဧန္တီတိ ပေတာ၊ ပေတာနံ သမူဟော ပေတ္တိ၊ ပေတ္တိယာ ဝိသယော ပေတ္တိဝိသယော။ သုခသမုဿယတော = သုခအပေါင်းမှ။ ပကဋ္ဌံ = ဝေးသောအရပ်သို့။ ဧန္တိ = ရောက်ကုန်၏၊ ဣတိ = ထို့ကြောင့်။ ပေတာ = ပေတတို့မည်၏၊ (ပ + ဣ+ တ) ပေတ-သဒ္ဒါသည် တမလွန်ဘဝသို့ သွားသောသူ (သေသူ) ဟူသမျှကို ဟောသော်လည်း ဤနေရာ၌ ချမ်းသာသုခမှ ဝေးသော ပြိတ္တာကို ဟောသည်။ ပေတာနံ = ပြိတ္တာတို့၏၊ သမူဟော = အပေါင်းသည်။ ပေတ္တိ = ပေတ္တိ မည်၏၊ ပေတ္တိယာ = ပြိတ္တာအပေါင်း၏၊ ဝိသယော = နေရာသည်။ ပေတ္တိဝိသယော = ပေတ္တိဝိသယ မည်၏၊ ဘုံသီးခြား မရှိ။ ပြိတ္တာတို့၏ နေရာအရပ်ဖြစ်သော တော တောင် မြစ် ချောင်း သုသာန်စသော အရပ်များကိုပင် ပြိတ္တာဘုံဟု ခေါ်ရလေသည်။

ပြိတ္တာများကား --- တဇ္ဇေ တစ္ဆေ မှင်စာ သူရဲ ဘီလူးစသည်ဖြင့် အမျိုးမျိုး ခေါ်ကြ၏၊ နှစ်ပေါင်းများစွာ လပေါင်းများစွာ မစားရ မသောက်ရ အချို့မှာ လူအများ၏ သလိပ် ချွဲ တံတွေး မစင်များနှင့် ဖိတ်စင်ကျရောက်နေသော ထမင်းလုံး ဟင်းစက် ဟင်းပေါက်စသည်တို့ကိုသာ လုယက်တိုးဝှေ့ စားသောက်ရလေသည်။ လက္ခဏသံယုတ်ပါဠိတော်၌ ပြထားသော ဂိဇ္ဈကုဋ်တောင်က ပြိတ္တာတို့ကား မစားရ မသောက်ရရုံမျှမက ငရဲသူ ငရဲသားများ ကဲ့သို့ပင် လွန်စွာ ဆင်းရဲကြောင်း ဟောကြားထားတော်မူလေသည်။

၄။ အသူရကာယ် = န သုရန္တိ န ဒိဗ္ဗန္တီတိ အသုရာ၊ အသုရာနံ ကာယော အသုရကာယော။ န သုရန္တီ န ဒိဗ္ဗန္တိ = အစိုးရမှု မြူးထူးပျော်ပါးမှု စသည်တို့ဖြင့် နတ်များကဲ့သို့ မတောက်ပနိုင်ကုန်။ ဣတိ = ထို့ကြောင့် အသုရာ = အသူရာတို့ မည်၏၊ အသုရာနံ = အသူရာတို့၏၊ ကာယော = အပေါင်းသည်။ အသုရကာယော = အသူရကာယ် မည်၏၊

အသူရကာယ်ဘုံဟု သီးခြား မရှိ၊ အသူရာတို့၏ နေရာအရပ်ကိုပင် အသုရကာယ်ဘုံဟု ခေါ်သည်။ ဤအသူရာဟူသည် ပြိတ္တာအကြီးစားမျိုးနှင့် နတ်အို နတ်ဗလချာတို့တည်း။ နှစ်ရှည်လများ ဆင်းရဲခံကြရ၏၊ တချို့ အသူရာတို့မှာ ဘုရားနှစ်ဆူသုံးဆူ ပွင့်အောင် ကြာသော်လည်း တစ်ကြိမ်မျှ မစားသောက်ကြရလေကုန်၊ ထို အသူရာတို့သည် သမုဒြာ၊ ဂင်္ဂါမြစ်ကမ်း စသည်တို့၌ နေတတ်ကြ၏၊ အလွန် ဆာလောင်မွတ်သိပ်ကြလေသည်။ ပြိတ္တာ အသူရာအပြင် နတ်အသူရာတွေလည်း ရှိသေး၏၊

(သင်္ဂြိုဟ်ဘာသာဋီကာ၊ ၂၅၈။)

ငရဲကြီး (၈) ထပ်နှင့် ငရဲငယ် (၁၆၀)

ဥပရိပဏ္ဏာသပါဠိတော် ဒေဝဒူတသုတ်လာ ငရဲကြီး (၈)ထပ်နှင့် ငရဲငယ် (၁၆၀)တို့ကို သင်္ဂြိုဟ်ဘာသာဋီကာ (၂၅၆)မှာ ပါသည့်အတိုင်း ရေးသားဖော်ပြ အပ်ပါသည်။

၁။ သဉ္ဇိုဝ်းငရဲ = သံ (ပုနပ္ပုနံ) ဇီဝန္တိ ဧတ္ထာတိ သဉ္ဇီဝေါ။ ငရဲထိန်း နတ်ဘီလူးကြီးတွေက သေလောက်အောင် ခုတ်ထစ်သတ်ဖြတ် ညှဉ်းဆဲအပ်ပါကုန်သော်လည်း ငရဲသူ ငရဲသားတို့သည် အဖန်ဖန်အထပ်ထပ် အသက်ရှည်ကြ အသက်ရှင်ကြကုန်သောကြောင့် သဉ္ဇိုဝ်းငရဲဟု ခေါ်သည်။

၂။ ကာဠသုတ်ငရဲ = ကာဠသုတ္တံ ထပေတွာ တစ္ဆေန္တိ ဧတ္ထာတိ ကာဠသုတ္တော။ ငရဲထိန်းနတ်မင်းကြီးတို့က အတင်းလိုက်ကြ၍ ပြေးရင်းလွှားရင်း မောဟိုက်မူးမိုက် လဲကျသွားကုန်သော ငရဲသူငရဲသားတို့ကို သစ်ရွေ လက်သမားတို့သည် တံမျဉ်းချည် မဲကြိုးတို့ဖြင့် တိုင်းကာ ထွာကာ ခုတ်ကြ, ရွေကြသကဲ့သို့ အခုတ်အရွေခံရသောကြာင့် ကာဠသုတ်ငရဲဟု ခေါ်သည်။

၃။ သံဃာတငရဲ = သံဃာဋေန္တိ ဧတ္ထာတိ သံဃာတော။ အလျှ့ပြောင်ပြောင် တောက်လောင်နေသော သံတောင်သံတုံးကြီးတို့သည် ငရဲသူ ငရဲသားတို့ကို ကြိတ်ခြေ ထိခိုက်နေကြကုန်သောကြောင့် သံဃာတငရဲဟု ခေါ်သည်။

၄။ ဇာလရောရုဝငရဲ = ဇာလာဟိ ဍယှမာနာ မဟာရဝံ ရဝန္တိ ဧတ္ထာတိ ဇာလရောရုဝေါ။ အရှိန်ပြင်းစွာ တဟုန်းဟုန်း တောက်လောင်နေကြကုန်သော မီးတောက်မီးလျှံတို့သည် လောင်ကျွမ်းအပ်ကုန်သည်ဖြစ်၍ ငရဲသူ ငရဲသားတို့သည် ကယ်ပါယူပါ တစာစာဖြင့် ကြီးမားထန်သီး အသံကြီးတို့ကို ဟစ်အော်ကာ ခံစားရကုန်သောကြောင့် ဇာလရောရုဝငရဲဟု ခေါ်သည်။ ရောရုဝငရဲဟုလည်း ခေါ်ကြသည်။

၅။ ဓူမရောရုဝငရဲ = ဓူမေဟိ သေဒမာနာ မဟာရဝံ ရဝန္တိ ဧတ္ထာတိ ဓူမရောရုဝေါ။ မီးအခိုးအငွေ့တို့သည် နူးနပ်မွန်းကြပ်အပ်ကုန်သည် ဖြစ်၍ ငရဲသူငရဲသားတို့သည် ကယ်ပါယူပါ တစာစာဖြင့် ကြီးမားထန်သီး အသံကြီးတို့ကို ဟစ်အော်ကြကုန်သောကြောင့် ဓူမရောရုဝငရဲဟု ခေါ်သည်။ မဟာရောရုဝငရဲဟုလည်း ခေါ်ကြသည်။

၆။ တာပနငရဲ = တာပေတိ ဧတ္ထာတိ တာပနော။ ငရဲသူ ငရဲသားတို့ကို ကိုယ်လုံးရဲရဲ မီးလျှံစွဲ၍ ပူလောင်စေတတ်သောကြောင့် တာပနငရဲဟု ခေါ်သည်။

၇။ ပတာပနငရဲ = အတိဝိယ တာပေတိ ဧတ္ထာတိ ပတာပနော၊ တာပနထက် နှစ်ဆတက်အောင် အလွန်အကဲသာလျှင် ပူလောင်စေတတ်သောကြောင့် ပတာပနငရဲဟု ခေါ်သည်။ မဟာတာပနငရဲဟုလည်း ခေါ်ကြ သည်။

၈။ အဝီစိငရဲ = နတ္ထိ ဝီစိ ဧတ္ထာတိ အဝီစိ၊ ကျည်တောက်အတွင်း၌ နှမ်းမုန့်ညက်တို့ကို ပြည့်တင်းကြပ်သိပ်နေအောင် ထည့်သိပ်ထားသကဲ့သို့ ပြည့်တင်းကြပ်လှောင် ငရဲသူငရဲသားအပေါင်းတို့သည် ဆင်းရဲဒုက္ခ တစ်မိနစ်မျှ အကြားမကျန်ရအောင် ခံကြရသောကြောင့် အဝီစိငရဲဟု ခေါ်သည်။

ဤသဉ္ဇိုဝ်းငရဲ စသော ငရဲကြီးရှစ်ထပ်တို့သည် တစ်ထပ်နှင့် တစ်ထပ် ယူဇာနာတစ်သောင်းငါးထောင်စီ ကွာခြားသည်။ အကုသိုလ်အကြွင်းအကျန်တို့ကို ခံရသော ဥဿဒငရဲငယ် (၅)ခုတို့သည် ငရဲကြီး ရှစ်ထပ်ကိုအရပ်လေးမျက်နှာတို့မှ ထပ်ကာထပ်ကာ ရံနေကြသောကြောင့် သဉ္ဇိုဝ်းငရဲမှာ အရပ်လေးမျက်နှာ နှစ်ဆယ်ဖြစ်၍ ငရဲကြီး (၈)ထပ်၊ ငရဲငယ် (၁၆၀)ရှိသည်ဟု မှတ်ပါ။

ဥဿာဒငရဲငယ် (၅) ခု

၁။ ဘင်ပုပ်ငရဲ = အလွန်ကြီးမားသော ပိုးကောင် လောက်ကောင်တို့ ရောပြွမ်း၍ မစင်ဘင်ပုပ်နံ့ လွှမ်းလျက် ဆိုးသွမ်းသော ဘင်ပုပ်ငရဲ။
၂။ ပြာပူငရဲ = လွန်မင်းစွာ ပြင်းပြပူလောင်လှသည့် အောက်က မီးခဲနှင့် အလွန်တရာ နီရဲနေသော ပြာပူငရဲ။
၃။ လက်ပံတောငရဲ = (၁၆)လက်မခန့် ရှည်သော လက်ပံဆူးတို့သည် ငရဲသူ ငရဲသားတို့ အထက်တက်လျှင် အောက်ဖက်သို့ အဖျားလှည့်၏၊ အောက်သို့ ဆင်းပြန်လျှင် အထက်ဖက်သို့ လှည့်နေကြသော လက်ပံတောငရဲ။
၄။ သန်လျက်ရွက်တောငရဲ = ဓား သံလျက်ပမာ ထက်သည့် အရွက်တွေပေါ တော၏သဖွယ် ငရဲသူငရဲသားတို့၏ ခန္ဓာကိုယ်ပေါ်သို့ သံလျက် ဓားသွားပမာ သစ်ရွက်များက ကြွေကျသဖြင့် ထိရှပြတ်ကြေခံရသော သန်လျက်ရွက်တောငရဲ။
၅။ ကြိမ်ပိုက်ချောင်းငရဲ = ကြိမ်ဆူးတွေရံ စပ်ခါးငန်သည့် သံရေပူလှောင် မြစ်ချောင်းအတွင်း ထက်အောက်စုန်ဆန် မျောသွားလျက် စပ်ခါးစူးရှ ခံစားရသော ကြိမ်ပိုက်ချောင်းငရဲဟု ဥဿဒငရဲငယ် (၅)ခုတို့သည် ငရဲအထပ်တိုင်း၏ အရှေ့အနောက် တောင်မြောက် အရပ်လေးမျက်နှာတို့၌ (၅)ခု (၅)ခုစီ ခြံရံနေကြသည်။ ထို့ကြောင့်[(၅_၄ =၂၀)_၈ =၁၆၀] ဥဿဒငရဲငယ်သည် (၁၆၀)ရှိလေသည်။

(ဆောင်) သဉ္ဇိုဝ်းကာလ၊ သံဃာတနှင့် ရောရုဝနှစ်၊ တာပန်နှစ်၊ တွက်စစ်အဝီစိ။
အထပ်တိုင်းမှာ၊ ဘင်ပြာလက် သန်ကြိမ်ပိုက်ရံ၊ ငါးတန်ဥဿဒရှိ။
သောင်းငါးထောင်စီ၊ သင်္ချာညီ ရှစ်လီငရဲရွာ၊ ဝေးရင် ယူဇနာ။

ဤသို့လျှင် အပါယ်လေးပါး၌ ဆင်းရဲဒုက္ခကြီးမားပုံ လူချမ်းသာ နတ်ချမ်းသာစသည်တို့၏ဖြစ်ကြောင်း ကုသိုလ်ကောင်းမှု ပြုခွင့် မရကြပုံ၊ အကုသိုလ် မကောင်းမှု များပြားလှပုံ၊ အပါယ်ဆင်းရဲသို့ ရောက်ရှိလျှင် လွတ်ဖို့ရာ ခဲယဉ်းပုံများကို သိရှိကာ အပါယ်ဆင်းရဲသို့ မကျမရောက်ရအောင် သတိဆောင်၍ ကြိုးစားအားထုတ်သင့်သည်ဟု သိရှိပါလေ။

သံသရာဝဋ်ဆင်းရဲ

ခန္ဓာအာယတနဓာတူနံ ပုနပ္ပုနံ သံသရန္တီတိ သံသာရော။ အပါယ်ဘုံ လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံတို့၌ အပါယ်ခန္ဓာ လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာခန္ဓာ အာယတနဓာတ်တို့၏ အဖန်ဖန်အထပ်ထပ် ကျင်လည်ပြေးသွားကြရသောကြောင့် သံသရာဟု ခေါ်သည်။ အဖန်ဖန် အခါခါ အထပ်ထပ် ပဋိသန္ဓေနေရခြင်း အိုရခြင်း နာရခြင်း သေရခြင်း ချစ်သူခင်သူတွေနှင့် ကွဲကွာရခြင်း မချစ်မခင်သူတွေနှင့် ရောနှောနေရ, ပေါင်းသင်းနေရခြင်း စားဝတ်နေရေးအတွက် လုပ်ရကိုင်ရ ရှာဖွေရ စားရ သောက်ရ စသည်တို့သည်လည်း မဆုံးနိုင်သော သံသရာဒုက္ခကြီးများပင် ဖြစ်သည်။

လူ့ဘုံလောက

ယခုခေတ် မျက်မြင်အားဖြင့် တွေ့ကြုံနေကြရသည်ကား လူအမျိုးမျိုးတို့၏ နေထိုင်ရာ တောင်ကျွန်းသာတည်း။ အနောက်ကျွန်း အရှေ့ကျွန်း မြောက်ကျွန်းများလည်း ရှိသေး၏၊ ထို့အတူ သမုဒြာလေးစင်း ရှိ၏၊ ထိုကျွန်းကြီးလေးကျွန်းတို့၏ သမုဒြာလေးစင်းအလယ်၌ မြင်းမိုရ်တောင်ကြီးနှင့် တောင်ရံ (၇)လုံး (၇)ထပ် ရှိ၏၊ ကျွန်းလေးကျွန်းတို့၏ တည်ရာ ကမ္ဘာကြီးကို ပတ်လျက် စကြဝဠာတောင်ကြီး ကာဆီးလျက် ရှိပြန်သည်။

(သပြေကန်ပရိတ်ကြီးနိဿယသစ်၊၄၈၃။)

တိုက်ကြီး (၆) တိုက်နှင့် သမုဒ္ဒရာကြီး (၅) စင်း

ယခုခေတ်အခေါ်အဝေါ်များမှာ အာရှတိုက်, ဥရောပတိုက်, တောင်အမေရိကတိုက်, မြောက်အမေရိကတိုက်, အာဖရိကတိုက်, ဩစတေးလျတိုက်ဟု တိုက်ကြီး (၆)တိုက် ရှိသည်။ သမုဒ္ဒရာမှာလည်း အာတိတ်သမုဒ္ဒရာ, အန္တာတိတ်သမုဒ္ဒရာ, အတ္တလန္တိတ်သမုဒ္ဒရာ, ပစိဖိတ်သမုဒ္ဒရာ, အိန္ဒိယသမုဒ္ဒရာဟု (၅)စင်းရှိသည်။ ကမ္ဘာ့မြောက်ခြမ်း အန္တာတိတ်သမုဒ္ဒရာအတွင်း၌ နေနှင့် အလွန် ဝေးကွာနေ၍ ရေခဲတောင်များ ရေခဲတုံးများ ရှိနေသည်။ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်လည်း ရှိနေသည်။ ဧဝရက်တောင်သည် မြင်းမိုရ်တောင် မဟုတ်သည်ကို သတိပြုပါ။

မြင်းမိုရ်တောင်ကြီးကို တောင်စဉ်(၇)ထပ် ရံပတ်လျက် ရှိသည်။ ၎င်းတို့မှာ - ယုဂန္ဓိုရ်တောင်, ဤသံသရတောင်, ကရဝိကတောင်, သုဒဿနတောင်, နေမိန္ဓရတောင်, ဝိနာသကတောင်, အဿကဏ္ဏတောင်တို့ ဖြစ်သည်။ မြေပြင်မှ ယုဂန္ဓိုရ်တောင်ထိပ်အထိ စာတုမဟာရာဇ်နတ်ဘုံ တည်ရှိ၏၊ ယုဂန္ဓိုရ်တောင်ထိပ်မှ မြင်းမိုရ်တောင်ထိပ်အထိ တာဝတိံသာနတ်ဘုံ တည်ရှိ၏၊ တာဝတိံသာ ဘုံမှ အထက်ကောင်းကင်၌ ယာမာဘုံ၊ တုသိတာဘုံ၊ နိမ္မာနရတိဘုံ၊ ပရနိမ္မိတဝသဝတီနတ်ဘုံဟု နတ်ပြည် (၆)ထပ်တည်ရှိလေသည်။ ထိုနတ်ဘုံ (၆)ဘုံ နတ်ပြည် (၆)ထပ်တို့သည် ယူဇနာပေါင်း (၄၂၀၀၀)ယူဇနာစီ ဝေးကွာကြလေသည်။ လူ့ပြည်မှ စာတုမဟာရာဇ်နတ်ဘုံသို့လည်း ယူဇနာ (၄၂၀၀၀)ပင် ကွာဝေးသည်ဟု ဆိုပါသည်။ သို့ရာတွင် လူ့ပြည် လူ့လောကတွင် တည်ရှိသော တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံကုန်သော ဘုမ္မစိုးနတ် ရုက္ခစိုးနတ် အာကာသစိုးနတ်တို့ကိုလည်း စာတုမဟာရာဇ်နတ်မင်းကြီးများ အုပ်ချုပ်ခံရသော စာတုမဟာရာဇ်နတ်ဘုံတို့တွင် ပါဝင်ကြလေသည်။ မိမိတို့ အနီးရှိ နတ်များကို မမြင်ရသကဲ့သို့ မြင်းမိုရ်တောင်ကို မမြင်နိုင်ကြောင်း သိပါလေ။

(ဆောင်) လေးသောင်းနှစ်ထောင် သင်္ချာဆောင်၊
လူ့ဘောင် နတ်ခြောက်ရွာ။

စာတုမဟာရာဇ်ဘုံ

နတ်မင်းကြီးလေးပါးက အုပ်ချုပ်ခံရသော နယ်မြေ ဖြစ်၍ စာတုမဟာရာဇ်ဘုံဟု ခေါ်သည်။ မြင်းမိုရ်တောင်၏ အရှေ့ဘက်မျက်နှာ ယုဂန္ဓိုရ်တောင်ထိပ်မှ အောက်ဘက်ပိုင်းနယ်မြေများတွင် ဂန္ဓဗ္ဗနတ်တို့ ရှိကြလေသည်။ ထိုဂန္ဓဗ္ဗနတ်တို့ကို ဓတရဋ္ဌနတ်မင်းကြီး အုပ်ချုပ်လေသည်။

တောင်ဘက်မျက်နှာ၌ ကုမ္ဘဏ်နတ်တို့ ရှိကြသည်။ ဝိရူဠှကနတ်မင်းကြီးက အုပ်ချုပ်လေသည်။ အနောက်ဘက် အရပ်တွင် နတ်နဂါးတို့ ရှိကြလေသည်။ ဝိရူပက္ခနတ်မင်းကြီးက အုပ်ချုပ်လေသည်။ မြောက်ဘက်အရပ်၌ နတ်ဘီလူးတို့ ရှိကြလေသည်။ ကုဝေရနတ်မင်းကြီးခေါ် ဝေဿဝဏ်နတ်မင်းကြီးက အုပ်ချုပ်လေသည်။

တာဝတိံသာနတ်ဘုံ

တာဝတိံသာနတ်ပြည်၌ ရှေးဟောင်းနတ်များ ရှိခဲ့၏၊ မဂဓတိုင်း မစလရွာက မာဃလုလင်သည် အပေါင်းအဖော် သုံးကျိပ်သုံးယောက်နှင့်အတူ ကောင်းမှုပြုခဲ့ရာ ထိုနတ်ဘုံသို့ ရောက်လာကြ၏၊ ဧည့်သည်တွေ ရောက်လာကြသည်ဟု ရှိရင်းစွဲနတ်များက ဂန္ဓပါနခေါ် မွှေးကြိုင်သည့်အနံ့ရှိသော နတ်အဖျော်ကို စီမံကြ၏၊ ခေါင်းဆောင်နတ်မင်းက မိမိအဖော်များအား ထို အဖျော်များကို များများမသောက်ကြဘဲ သောက်ဟန်ဆောင်ရုံမျှသာ ပြုကြဖို့ ကြိုတင်သတိပေးထားသောကြောင့် ထိုနတ် (၃၃)ယောက်တို့သည် များများ မသောက်ကြ ရှိရင်းစွဲနတ်များသည် အလွန်အကျွံသောက်ကြ၍ မူးလဲမေ့လျော့နေစဉ် ခြေထောက်များကို စွဲကိုင်ကာ မြင်းမိုရ်တောင်ခြေသို့ ပစ်ချကြကုန်၏၊ မြင်းမိုရ်တောင်ခြေမှာလည်း သူတို့ကံအရ နတ်ဘုံနတ်နန်းများ ပေါ်လာလေသည်။ ထို မြင်းမိုရ်တောင်ခြေ နတ်ဘုံများကို အသူရာနတ်ပြည်ဟု ခေါ်လေသည်။

ခေါင်းဆောင်နတ်မင်းမာဃသည် ရှိရင်းစွဲ တာဝတိံသာနတ်ပြည်၌ သိကြားမင်းဖြစ်လာပြီး အပေါင်းအဖော် (၃၃)ယောက်တို့သည် သိကြားမင်း၏ နတ်ပရိသတ် ဖြစ်လာလေသည်။ ထိုနတ်ဘုံကို တာဝတိံသ တေတ္တိံသအရ တာဝတိံသာနတ်ဘုံဟု ခေါ်ဆိုကြလေသည်။

သိကြားမင်းကြီးသည် ထိုတာဝတိံသာနတ်ပြည်၌ ပဇာပတိနတ်မင်း ဝရုဏနတ်မင်း ဤသာနနတ်မင်းဟု အဆင့်ဆင့်ထား၍ အုပ်ချုပ်လေသည်။ သိကြားမင်းသည် စာတုမဟာနတ်မင်းကြီး လေးပါးတို့ကိုလည်း အုပ်ချုပ်သည်ဟု ဆိုပါသည်။

အထက်ကောင်းကင်၌ တည်ရှိကြသော ယာမာနတ်ဘုံ, တုသိတာနတ်ဘုံ, နိမ္မာနရတီနတ်ဘုံ, ပရနိမ္မိတဝသဝတ္တီနတ်ဘုံတို့ကို မာရ်နတ်မင်းကြီးက အုပ်ချုပ်သည်ဟု ဆိုပါသည်။

ဗြဟ္မာပြည် (၂၀)

ရူပ (၁၆)ဘုံ အရူပ (၄)ဘုံ ရှိ၏၊ ရူပ (၁၆)ဘုံတို့မှာ ဗြဟ္မပါရိသဇ္ဇာ, ဗြဟ္မပုရောဟိကာ, မဟာဗြဟ္မာ-ဟု ပထမစျာန် (၃)ဘုံ၊ ပရိတ္တဘာ, အပ္ပမာဏဘာ, အာဘဿရာဘုံ-ဟု ဒုတိယစျာန် (၃)ဘုံ၊ ပရိတ္တသုဘာ, အပ္ပမာဏသုဘာ, သုဘကိဏှာ-ဟု တတိယစျာန် (၃)ဘုံ၊ ဝေဟပ္ဖိုလ်ဘုံ အသညသတ်ဘုံ သုဒ္ဓဝါသ (၅)ဘုံ-ဟု စတုတ္ထစျာန်ဘုံ (၇)ဘုံ ပေါင်း (၁၆)ဘုံတို့သည် ရူပဗြဟ္မာဘုံ (၁၆)ဘုံ ဖြစ်သည်။

သုဒ္ဓဝါသ (၅) ဘုံ

အဝိဟာဘုံ, အတပ္ပါဘုံ, သုဒဿာဘုံ, သုဒဿီဘုံ, အကနိဋ္ဌဘုံဟု သုဒ္ဓဝါသ (၅)ဘုံ ဖြစ်သည်။ ထိုသုဒ္ဓဝါသ (၅)ဘုံ၌ အနာဂါမ်ရဟန္တာ စင်ကြယ်သော ဗြဟ္မာကြီးများ ရှိသည်။

အရူပဗြဟ္မာဘုံ (၄) ဘုံ

အာကာသာနဉ္စာယတနဘုံ, ဝိညာဏဉ္စာယတနဘုံ, အာကိဉ္စညာယတနဘုံ, နေဝသညာနာသညာယတနဘုံဟု အရူပဗြဟ္မာ, နာမ်မျှသာ ရှိသော ဗြဟ္မာကြီးတို့ နေရာ အရူပ (၄)ဘုံ ဖြစ်သည်။

ဗြဟ္မပြည်တို့၏ အကွာအဝေး

ပထမစျာန် (၃)ဘုံ၊ ဒုတိယစျာန် (၃)ဘုံ၊ တတိယစျာန် (၃)ဘုံ၊ စတုတ္ထစျာန် (၇)ဘုံတို့သည် တပြင်တည်းတည်း ရှိကြသည့်အပြင် တစ်ခုနှင့်တစ်ခု ယူဇနာပေါင်း ငါးသန်းငါးသိန်းရှစ်ထောင် (၅၅၀၈၀၀၀)ယူဇနာ ဝေးကွာကြသည်။

(ဆောင်) ငါးသန်းငါးသိန်း, ရှစ်ထောင်ချိန်း, တွက်ကိန်း ဗြဟ္မာ့ရွာ။

အရူပဘုံသည်ကား နာမ်သာရှိသော ဘုံများ ဖြစ်၍ အကွာအဝေး မည်မျှ ရှိသည်ဟု မပြဆိုသင့်ပေ။

ဤသို့လျှင် အပါယ် (၄)ဘုံ, လူ့ဘုံ, နတ်ပြည် (၆)ထပ်, ဗြဟ္မာ (၂၀) ပေါင်းလိုက်သော် (၃၁)ဘုံ ဖြစ်သည်။

စကြဝဠာ

ဤ (၃၁)ဘုံ တည်ရှိရာ ကမ္ဘာလောကကြီးတစ်ခုကို စကြဝဠာဟု ဆိုရသည်။ ဤကဲ့သို့ ဆက်ကာဆက်ကာ တည်ရှိသော ထိုစကြဝဠာအပေါင်းမှာ မရေမတွက်နိုင်အောင် များပြားလှသည်။ စကြဝဠာပေါင်း အဆုံးမရှိတော့ပေ။

စကြဝဠာနှင့် ခေတ် (၃) ပါး

ဇာတိခေတ်၊ အာဏာခေတ်၊ ဝိသယခေတ်ဟု ကျမ်းဂန်တို့၌ ခေတ် (၃)ပါး ပြဆိုကြသည်။

ဇာတိခေတ် = မြတ်စွာဘုရား အလောင်းတော် မွေးဖွားရာ ကာလ စသည်တို့၌ ဖွားမြင်တော်မူသည့်အချိန်၌ စကြဝဠာပေါင်း တိုက်တစ်သောင်း တိုင်အောင် တုန်လှုပ်ကျော်ကြား၏၊ ၎င်းကို ဇာတိခေတ်ဟု ခေါ်သည်။

အာဏာခေတ် = ကုဋေတစ်သိန်းကုန်သော စကြဝဠာတို့၌ နတ်ဗြဟ္မာတို့သည် ရတနသုတ်ပရိတ်တော်၏ တန်ခိုးအာဏာ အရှိန်အဝါကို ခံယူကြကုန်သည်ဟု ဆိုထားသည့်အတိုင်း မြတ်စွာဘုရားရှင်၏ တန်ခိုးအာဏာတော် ပျံ့နှံ့ရာ စကြဝဠာ ကုဋေတစ်သိန်းကို အာဏာခေတ်ဟု ခေါ်သည်။

ဝိသယခေတ် = မြတ်စွာဘုရားရှင် အာရုံပြုတော်မူနိုင်သော မရေမတွက်နိုင်သော စကြဝဠာအနန္တကို ဝိသယခေတ်ဟု ခေါ်သည်။ ဤသို့သောခေတ် (၃)ပါးကို မှတ်သားသင့်သည်။ ဤသို့လျှင် မြတ်စွာဘုရားရှင်သည် စကြဝဠာအနန္တ မရေမတွက်နိုင်အောင် စကြဝဠာတွေ ရှိနေကြောင်း နှစ်ပေါင်း (၂၅၀၀)ကျော်ကာလကပင် ထုတ်ဖော် ဟောကြားထားသည်ကို သိရှိနိုင်သည်။

နက်နဲလှစွာ စကြဝဠာ [မြန်မာစွယ်စုံကျမ်း၊အတွဲ-၃၊ ၃၁၇။]

ရှေးလူအများသည် စကြဝဠာအကြောင်းကို သူတို့သိသမျှ အမျိုးမျိုးရှင်းလင်းဖော်ပြခဲ့ကြသည်။ ရှေး သိုးဆောင်းနိုင်ငံများတွင် အချို့က စကြဝဠာသည် ကုန်းလိပ်ကြီးကျောပေါ်၌ တည်ရှိနေသည်။ ဂရိလူမျိုးတို့သည် ကမ္ဘာကို အက်တလတ်ဆိုသည့် နတ်က ပုခုံးပေါ်၌ တင်ထားသည်ဟု ယုံကြည်ကြ သည်။ ရှေးလူတို့သည် များသောအားဖြင့် စကြဝဠာဗဟို၌ ကမ္ဘာမြေ တည်ရှိ သည်ဟု ထင်မှတ်ကြသည်။ နေ, လ, ကြယ်တို့သည် ကမ္ဘာကို လှည့်ပတ်ကာ သွားကြသည်ဟု ယုံကြည်ကြ၍ အရှေ့, အနောက်, တောင်, မြောက်ဘက်သို့ ခရီးဝေးဝေးသွားလျှင် လိမ့်ကျလိမ့်မည်ဟု ယုံကြည်ကြသည်။

ခရစ် (၁၄၀၀)နှင့် (၁၅၀၀)ပြည့်နှစ်များအတွင်း၌ အနောက်နိုင်ငံသားတို့သည် နယ်မြေသစ်များကို ရှာဖွေတွေ့ရှိ ခဲ့ကြခြင်းကြောင့် ကမ္ဘာမြေကြီး၏ ပုံသဏ္ဌာန်အမှန်ကို လူတို့ သိရှိလာကြသည်။ နတ်က္ခတ္တဗေဒပါရဂူများ ဖြစ်ကြသော ကော့ပါးနိကပ်, ပိုက်သာဂိုရပ်(စ်), ဂယ်လီလီယို, ကက်ပလာ, နျူတန် တို့၏ လေ့လာတွေ့ရှိမှုများကြောင့် ကမ္ဘာမြေကြီးသည် စကြဝဠာ၏ ဗဟို၌ မရှိကြောင်းကို နားလည်လာကြသည်။ ကမ္ဘာမြေကြီးသည် မြောက်မြားစွာသော ဂြိုဟ်များအနက် တစ်ခုမျှသာ ဖြစ်၍ ထိုဂြိုဟ်များအားလုံးက နေကို လှည့်ပတ်လျက် သွားနေကြောင်းကိုပါ သိလာကြသည်။ စကြဝဠာတွင် ကြယ်တို့သည် အခရာဖြစ်ကြောင်း သူတို့ သိရှိလာကြသည်။ ကိုယ်ပိုင် အလင်း မရှိသော, နေမှ အရောင်အလင်းရသော, နေကို ပတ်နေရသော အရာဝတ္ထုများကို ဂြိုဟ်ဟု ခေါ်၍ ကိုယ်ပိုင်အလင်းရှိသော ကြယ်များကို နေများ ဖြစ်သည်ဟု ယူဆကြသည်။

နေကို ဗဟိုပြု၍ ဂြိုဟ်များ လှည့်ပတ်နေပုံ

အလယ်ဗဟိုတွင် တည်ရှိသော နေကို ဂြိုဟ်တို့သည် လျင်မြန်သော အဟုန်ဖြင့် လှည့်ပတ်နေကြသည်။ နေနှင့် အနီးကပ်ဆုံး ပတ်နေသော ဂြိုဟ်ငယ်ကလေးမှာ မာကျူရီခေါ် ဗုဒ္ဓဟူးဂြိုဟ် ဖြစ်၏၊ ယင်းဂြိုဟ်သည် နေကို (၈၈)ရက်တွင် တစ်ပတ် ပတ်မိသည်။ ဒုတိယ ပတ်နေသော ဂြိုဟ်မှာ ဗီးနပ် (စ်)ဂြိုဟ် (ခေါ်) သောကြာဂြိုဟ် ဖြစ်၏၊ ယင်းဂြိုဟ်သည် နေကို (၇)လနှင့် ရက်အနည်းငယ် ကျော်လွန်မှသာ တစ်ပတ် ပတ်မိသည်။ တတိယ ပတ်နေသော ဂြိုဟ်မှာ ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်ခေါ် ရာဟုဂြိုဟ် ဖြစ်၍ ယင်းဂြိုဟ်၌ လတစ်လုံးက ပတ်နေပြန်သည်။ ကမ္ဘာဂြိုဟ်၏ အပြင်ဘက် စတုတ္ထမြောက် ပတ်နေသော ဂြိုဟ်သည် မား(စ်) (ခေါ်) အင်္ဂါဂြိုဟ် ဖြစ်၏၊ ယင်းဂြိုဟ်၌ လနှစ်ခု ရံပတ်လျက် ရှိသည်။ နက္ခတ္တဗေဒပညာရှင်များ၏ အဆိုအရ ယင်း အင်္ဂါဂြိုဟ် မျက်နှာပြင်တွင် တူးမြောင်းများ ယှက်သန်းလျက် ရှိသည်။ မား(စ်) ဂြိုဟ်၏ အပြင်ဘက် ပဉ္စမမြောက်တွင် ဂြိုဟ်သိမ်ဂြိုဟ်မွှား၏ လမ်းကြောင်းရှိသည်။ ယင်းတို့ကား အကြောင်းတစ်စုံတစ်ရာကြောင့် ကြေကွဲ ပျက်စီးသွားသော ဂြိုဟ်တစ်ခုမှ ကြွင်းကျန်ရစ်သည့် အစိတ်အပိုင်းများ ဖြစ်မည်ဟု ယူဆကြသည်။

ထိုဂြိုဟ်နောက် ဆဋ္ဌမြောက် ပတ်နေသော ဂြိုဟ်မှာ အကြီးဆုံးဖြစ်သော ဂျူပီတာ (ခေါ်) ကြာသပတေးဂြိုဟ် ဖြစ်သည်။ လ (၉)လုံး ခြံရံလျက်ရှိကြောင်း တွေ့မြင်နိုင်သည်။ ဂျူပီတာဂြိုဟ်နောက် သတ္တမမြောက် ပတ်နေသော ဂျူပီတာအောက် ဒုတိယအကြီးဆုံးဖြစ်သော ဆက်တန် (ခေါ်) စနေဂြိုဟ်က ပတ်နေသည်။ ယင်းဂြိုဟ်၏ ပတ်လည်တွင် ခါးပတ်ကဲ့သို့ ကွင်းများ ဝန်းရံ၍ ပတ်ထားသည်။ လ (၉)လုံးပင် ခြံရံလျက် ရှိကြသည်။ ထိုလများနှင့် ကွင်းများကို အဝေးကြည့် မှန်ပြောင်းဖြင့် ကြည့်မှသာ မြင်နိုင်သည်။ ဆက်တန် ဂြိုဟ်၏နောက် အဋ္ဌမမြောက် ပတ်နေသော ဂြိုဟ်မှာ ယူရေးနတ်ဂြိုဟ် ဖြစ်သည်။ လ (၄)ခု ခြံရံလျက် ရှိ၏၊ ယင်းနောက် နဝမမြောက် ပတ်နေသော ဂြိုဟ်မှာ လတစ်ခုသာရှိသော နက်ပကျွန်းဂြိုဟ်ကို တွေ့ရသည်။ နေမှ အဝေးဆုံး ဒသမမြောက် ပတ်နေသော ဂြိုဟ်မှာ ပလူတိုဂြိုဟ် ဖြစ်သည်။

(မြန်မာစွယ်စုံကျမ်း၊ အတွဲ-၃၊ ၃၁၈။)

ဤသို့လျှင် နေကို ဗဟိုထား၍ အစဉ်အတိုင်း 
၁။ မာကျူရီ 
၂။ ဗီးနပ်စ် 
၃။ ကမ္ဘာဂြိုဟ် 
၄။ မား (စ်) 
၅။ ဂြိုဟ်သိမ် ဂြိုဟ်မွှား 
၆။ ဂျူပီတာ၊ 
၇။ ဆက် တန် 
၈။ ယူရေးနတ်၊ 
၉။ နက်ပကျွန်း၊ 
၁၀။ ပလူတိုဟု ဂြိုဟ် (၁၀)လုံး လမ်းကြောင်းအတိုင်း လှည့်ပတ်နေကြသည်ဟု ဆိုသည်။

ဗေဒင်ကျမ်းအလို နေ့ ၇-နေ့နှင့် ဂြိုဟ်များ

၁။ တနင်္ဂနွေဂြိုဟ် နေ
၂။ တနင်္လာဂြိုဟ် လ
၃။ အင်္ဂါဂြိုဟ် မား(စ်)
၄။ ဗုဒ္ဓဟူးဂြိုဟ် မာကျူရီ
၅။ ကြာသပတေး ဂျူပီတာ
၆။ သောကြာ ဗီးနပ်စ်
၇။ စနေ ဆက်တန်
၈။ ရာဟု ကမ္ဘာ
၉။ ကိတ်
၁၀။ မိတ္တု

ပိဋကတ်စာပေ မြန်မာစာပေလာ စကြဝဠာနှင့် နက္ခတ္တဗေဒပါရဂူ သိပ္ပံပညာရှင်တို့ ယူဆကြသော စကြဝဠာတို့၏ အကြောင်း သိကောင်းစရာများ နှိုင်းယှဉ်ယူဆ သဘောပေါက်နိုင်ကြကုန်စေရန် ရေးသားတင်ပြအပ်ပါသည်။ ဤသို့ စကြဝဠာ ကမ္ဘာလောကဓာတ်ကြီးအတွင်း၌ တည်ရှိကြသော ရေနေသတ္တဝါ ကုန်းနေသတ္တဝါ ကောင်းကင်နေ သတ္တဝါတို့၏ ခန္ဓအာယတနဓာတ်တို့ အဖန်ဖန်အခါခါ အထပ်ထပ်ဖြစ်ကြ၍ ပဋိသန္ဓေနေ, အို, နာ, သေ စသော မဆုံးနိုင် မပြီးနိုင်သော သံသရာဝဋ် ဒုက္ခကြီးများကို အဇ္ဈတ္တ, ဗဟိဒ္ဓ ရှိရှိသမျှသော ဒုက္ခအပေါင်းတို့ကို သိရှိရအောင် ကြိုးစားသင့်သည်။

ဘေးကြီး (၄) မျိုး

၁။ အတ္တာနုဝါဒဘေး = မိမိကိုယ်ကို မိမိပြန်၍ (ငါဟာ သီလပျက်စီးနေသူပါလား စသည်ဖြင့်) စွပ်စွဲခြင်း၊
၂။ ပရာနုဝါဒဘေး = သူတစ်ပါး (ပညာရှိ)တို့၏ ကဲ့ရဲ့ ပြစ်တင် စွပ်စွဲ ခံရခြင်း၊
၃။ ဒဏ္ဍဘေး = အစိုးရမင်းတို့၏ ငွေဒဏ် ကြိမ်ဒဏ် ထောင်ဒဏ် သေဒဏ် စသော ဘေးဒဏ် ပေးခံရခြင်း၊
၄။ ဒုဂ္ဂတိဘေး = အပါယ်(၄)ပါး ဒုဂ္ဂတိဘဝဘုံဌာနများ, မကောင်းသော အရပ်ဒေသများသို့ လားရရောက်ရခြင်း ဖြစ်ရခြင်း၊

ဤဆိုခဲ့ပြီးသော အပါယ် (၄)ပါးဆင်းရဲ သံသရာဝဋ်ဒုက္ခဆင်းရဲ အတ္တာနုဝါဒဘေး စသည်တို့မှ လွတ်စေတတ်သောကြောင့် ပါတိမောက္ခ မည်၏၊

ပါတိမောက် (၂) မျိုး

ပါတိမောက္ခအရ သီလပါတိမောက်, ဂန္ထပါတိမောက်ဟု နှစ်မျိုး ယူရ၏၊ အပါယ်ဒုက္ခ သံသရာဝဋ်ဒုက္ခ စသည်တို့မှ လွတ်စေတတ်သော ဝိရတီစေတနာ စသော သီလပါတိမောက်ကို မုချအားဖြင့် ရ၏၊ ဂန္ထကျမ်းဂန်သည် ထို သီလပါတိမောက်ကို ထွန်းပြတတ်သောကြောင့် ဂန္ထပါတိမောက်ကိုလည်း ဖလူပစာအားဖြင့် ရ၏၊

သီလပါတိမောက်ဟူသည် အဓိသီလသိက္ခာပင် ဖြစ်၏၊ ဝိရတီစေတနာ စသော တရားကိုယ်တို့တည်း။ ဂန္ထပါတိမောက်ဟူသည် “သုဏာတု မေ ဘန္တေ” စသော စိတ်ကြောင့်ဖြစ်သော အက္ခရပဘေဒ အက္ခရာအစဉ်အတန်း တည်း။ ထိုနှစ်ပါးတို့တွင် ဂန္ထပါတိမောက်သည်သာ ဥဒ္ဒိသနကြိယာ၏ ကံ ဖြစ်ကောင်းသောကြောင့် ပါတိမောက္ခံအရ ဂန္ထပါတိမောက်ကို ယူရ၏၊

ဂန္ထပါတိမောက် (၂) မျိုး

ထိုဂန္ထပါတိမောက်သည် အာဏာပါတိမောက်, ဩဝါဒပါတိမောက်ဟု နှစ်မျိုး ပြား၏၊ အာဏာပါတိမောက်သည် သာဝကတို့၏ အရာဖြစ်၍ ကျင့်ကြံလိုက်နာကြရသည်။ ဩဝါဒပါတိမောက်သည် မြတ်စွာဘုရားရှင်တို့၏အရာ၊ ပထမဗောဓိ (= ဝါ-၂၀)တိုင်အောင် ဘုရားရှင်တို့ ပြဆိုဩဝါဒ ပေးတော်မူသည်။ ဤနေရာ၌ သာဝကတို့အတွက်ဖြစ်၍ အာဏာပါတိမောက်ကို ယူပါ။

အာဏာပါတိမောက် (၂) မျိုး

ထိုအာဏာပါတိမောက်သည် ဘိက္ခုပါတိမောက်, ဘိက္ခုနီပါတိမောက်ဟု နှစ်မျိုး ပြား၏၊ ဒွေမာတိကာဟုလည်း ခေါ်၏၊ သိက္ခာပုဒ် မာတိကာ ခေါင်းစဉ်မျှသာ ပြဆိုထားသည်။ ဆောင်လွယ် မှတ်လွယ်စေရန် ပါဠိတော်မှ ထုတ်၍ ဥပုသ်ပြုသောအခါ ရွတ်ဆိုပြရသည်။ ဘိက္ခုပါတိမောက်၌ နိဒါနုဒ္ဒေသ စသော ဥဒ္ဒေသ (၅)မျိုး ပြဆိုထားပါသည်။ ဘိက္ခုနီပါတိမောက်၌ အနိယတုဒ္ဒေသ မပါ၊ ဥဒ္ဒေသ (၄)ပါး ဖြစ်၏၊

သင်တန်းပို့ချမည့် အစီအစဉ်

ဤ ဝိနည်းသင်တန်း၌ နိဒါနုဒ္ဒေသစသော ဥဒ္ဒေသအစဉ်ဖြင့် မသင်ပြဘဲ အာပတ် (၇)ပုံအစဉ်ဖြင့်သာ ခြုံ၍ သင်ပြသွားမည် ဖြစ်ပါသည်။ ထို့နောက် ရဟန်း သာမဏေတို့ လုပ်ကိုင်ဆောင်ရွက် လိုက်နာသင့်သော ဆရာဝတ် တပည့်ဝတ် စသော စုဒ္ဒသခန္ဓကဝတ်အကျယ် သင်္ကန်း, ကျောင်း, ဆွမ်း, ဆေးတို့၌ ကျင့်ဆောင်ဖွယ်များ၊ ကျောင်းထိုင်ဘုန်းကြီးများ သိထားသင့်သော ကံကြီး ကံငယ် အသွယ်သွယ်များ၊ ကံလေးပါး, ပရိက္ခရာ (၈)ပါးနှင့် စပ်၍ သိမှတ်ဖွယ်များကို သိသာရုံ အကျဉ်းချုပ်၍ သင်ကြားသွားမည်ဖြစ်ကြောင်း ကြိုတင် သိစေအပ်ပါသည်။

အာပတ် (၇) ပုံ

မြတ်စွာဘုရားရှင်သည် ပညတ်တော်မူအပ်သော ဝိနည်းဒေသနာတော်လာ သိက္ခာပုဒ် ကုဋေကိုးထောင်ကျော်တို့ကို ကျူးလွန်၍ ခြောက်ပါးသော အကြောင်းကြောင့် သင့်ရောက်သော အာပတ်တို့မှာ --

၁။ ပါရာဇိကအာပတ်
၂။ သံဃာဒိသေသ်အာပတ်
၃။ ထုလ္လစ္စဉ်းအာပတ်
၄။ ပါစိတ်အာပတ်
၅။ ပါဋိဒေသနီအာပတ်
၆။ ဒုက္ကဋ်အာပတ်
၇။ ဒုဗ္ဘာသီအာပတ်ဟု (၇)မျိုး ဖြစ်သည်။

အာပတ်သင့်ခြင်းအကြောင်း (၆) ပါး

၁။ အလဇ္ဇိတာ = အရှက်မရှိခြင်း၊
၂။ အညာဏတာ = မသိတတ်ခြင်း၊
၃။ ကုက္ကုစ္စပကတတ္တာ = အပ်သလော မအပ်သလောဟု ကုက္ကုစ္စ နှိပ်စက်ခြင်း၊
၄။ အကပ္ပိယေ ကပ္ပိယသညိတာ = မအပ်သော အရာ၌ အပ်၏ဟု ထင်မှတ်ခြင်း၊
၅။ ကပ္ပိယေ အကပ္ပိယသညိတာ = အပ်သော အရာဌာ၌ မအပ်ဟု ထင်မှတ်ခြင်း၊
၆။ သတိသမ္မောသာ = သတိကင်းလွတ် မေ့လျော့ခြင်းဟု - အာပတ် (၇)ပုံ သင့်ရခြင်း၏ အကြောင်း (၆)ပါးကို အထူးသတိထား မှတ်သားသင့်၏၊

(ဆောင်) အလဇ်-အညာ, ကုက္ကုစ္စာနှင့်, အကပ္ပာထည့်, နောက်ကပ္ပိတည်း, သတိမောသတ်, ဤခြောက်ရပ်, အာပတ်သင့်ကြောင်းတည်း။

(ပါတိမောက်ဘာသာဋီကာ)

ပါရာဇိကအဓိပ္ပာယ် (၃) မျိုး

၁။ ပရာဇိယတီတိ ပါရာဇိကော (ပုဂ္ဂလော) - သာသနာတော်ထမ်း ရဟန်းအဖြစ်မှ ဆုံးရှုံးစေတတ်သူကို ရစေ။
၂။ ပရာဇေတီတိ ပါရာဇိကံ (သိက္ခာပဒံ) - ဝီတိက္ကမရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သော သိက္ခာပုဒ်ကို ရစေ။
၃။ အဇ္ဈာစာရဘိက္ခုံ ပရာဇေတီတိ ပါရာဇိကာ (အာပတ္တိ) - လွန်ကျူးသော ရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သော အာပတ်ကို ရစေ။

ထို (၃)မျိုးတို့တွင် ပုဂ္ဂိုလ်သည် ပါရာဇိကသိက္ခာပုဒ်ကို လွန်ကျူးစေခြင်းဟူသော အကြောင်းကြောင့် ရဟန်းအဖြစ်ဟု ဆိုအပ်သော သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်ရကား ပုဂ္ဂိုလ်ကို ပါရာဇိကဟု ခေါ်သည်။ သိက္ခာပုဒ်ကို လွန်ကျူးသော ရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သောကြောင့် သိက္ခာပုဒ်ကို ပါရာဇိကဟု ခေါ်သည်။ ပါရာဇိကအာပတ်သို့ ရောက်သော ရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သောကြောင့် အာပတ်ကိုလည်း ပါရာဇိက ခေါ်သည်။

ရဟန်းတော်တို့၏ အသက် ပါရာဇိက (၂၄) ပါး

ဝိနီတဝတ္ထုစသော ထိုထို ဝိဘင်းပါဠိတော်တို့၌လာသော အလုံးစုံသော ပါရာဇိကတို့ကို ပေါင်းသော် ပါရာဇိက ၂၄-ပါး ဖြစ်၏၊

(က) ဘိက္ခုပါရာဇိက၌လာသော ပါရာဇိက ၄-ပါး၊
( ခ ) ဘိက္ခုနီ အသာဓာရဏပါရာဇိက ၄-ပါး၊
( ဂ ) ပဏ္ဍုက်စသော အဘဗ္ဗပုဂ္ဂိုလ် ၁၁-ယောက်၊ ပါရာဇိက ၁၁-ပါး၊
(ဃ) လူထွက်သော လူဝတ်လဲသော ဘိက္ခုနီမ ပါရာဇိက ၁-ပါး၊
( င ) လိင်ရှည်၍ မိမိအင်္ဂါဇာတ်ကို ခံတွင်းသို့ဖြစ်စေ, ဝစ္စမဂ်သို့ဖြစ်စေ သွင်းသော ပါရာဇိက ၁-ပါး၊
( စ ) ကျောက်ကုန်းနူးညံ့၍ မိမိအင်္ဂါဇာတ်ကို ခံတွင်းဖြင့် စုပ်သော ပါရာဇိက ၁-ပါး၊
(ဆ) သူတစ်ပါးအင်္ဂါဇာတ်ကို ခံတွင်းဖြင့် စုပ်သော ပါရာဇိက ၁-ပါး၊
( ဇ ) သူတစ်ပါးအင်္ဂါဇာတ်ပေါ်မှာ မိမိဝစ္စမဂ်ဖြင့် ဖိထိုင်သော ပါရာဇိက ၁-ပါး၊
စုစုပေါင်း ပါရာဇိက (၂၄)ပါးဖြစ်သည်။
နောက်ဆုံး (၄)ပါးကို အနုလောမပါရာဇိကဟု ခေါ်သည်။

(ဆောင်) ရှစ်ပါး ပါရာ၊ ဘဗ္ဗာ ဆယ့်တစ်၊ လူဝတ်သည့် နီ၊ လိင်ရှည် ကျောက်နူ၊ (လမ္ဗီ မုဒု)၊ စုပ်မှု ထိုင်ကာ၊ ပြုတုံပါ၊ ပါရာ နှစ်ဆယ့်လေး။ နောက်ဆုံး လေးမှာ၊ နုလောမာ၊ ပါရာ မှတ်ကုန်သေး။

အဘဗ္ဗပုဂ္ဂိုလ် (၁၁) ယောက်

၁။ ပဏ္ဍုက် = ရဟန်းမပြုကောင်းသော ပဏ္ဍုက်။
၂။ ထေယျသံဝါသက = အသွင်အပေါင်းအဖော် ခိုးသူ။
၃။ တိတ္ထိယပက္ကန္တက = အယူမတူသော တိတ္ထိတို့ဘောင် ကူးပြောင်းသွားသူ၊ တခြားဘာသာပြောင်းသူ။
၄။ တိရစ္ဆာန် = ရဟန်းမခံဖို့ရန် ပယ်ရှားထားသော တိရစ္ဆာန်။
၅။ မာတုဃာတက = အမိကို သတ်သောသူ။
၆။ ပိတုဃာတက = အဖကို သတ်သောသူ။
၇။ အရဟန္တဃာတက = ကိလေသာကင်းကွာ လူဇာတ်ရဟန္တာကို သတ်သောသူ။
၈။ လောဟိတုပ္ပါဒက = ဘုရားရှင်ကို သွေးစိမ်းတည်အောင် သွေးထွက်သံယိုဖြစ်အောင် လုပ်သူ။ (ဘုရားရုပ်တု ရိုက်ချိုးသူများ၊ ဗောဓိပင် ခုတ်လှဲသူများ အလားတူ၏၊)
၉။ သံဃဘေဒက = သံဃာအချင်းချင်း အသင်းကွဲအောင် သိမ်တစ်ခုတည်း၌ ကံခွဲဆောင်ရန် အားထုတ်သူ။
၁၀။ ဘိက္ခုနီဒူသက = ဘိက္ခုနီမကို မေထုန်ကျူးလွန်၍ ဖျက်ဆီးသူ။
၁၁။ ဥဘတောဗျည်း = မိန်းမ ယောက်ျား နိမိတ်နှစ်ခု ပါရှိသူ။

(ဆောင်) ပဏ်, ထေ, ပက်, ဆန်၊ ပဉ္စန္နံ၊ ဒူသံ, ဥဘောပါ၊
ဆယ့်တစ်ယောက်ပင်၊ ရဟန်း ရှင်၊ ပြုလျှင် မအပ်ပါ။
ထို့ကြောင့်သာပ၊ အဘဗ္ဗ၊ ခေါ်ရလေသည်သာ။

ပဏ္ဍုက် (၅) မျိုး

၁။ အာသိတ္တကပဏ္ဍုက် - အာသဉ္စီယတေတိ အာသိတ္တံ၊ အာသိတ္တံ ယဿ အတ္ထီတိ အာသိတ္တကော။ ပန်းစုပ်ကုလားများကဲ့သို့ သူတစ်ပါးတို့၏ သုက်သွေးကို ပါးစပ်၌ သွန်းလောင်းအပ်သည့်အခါ (ဝါ) စုပ်သည့်အခါ (မေထုနသံဝါသ ပြုရသလို) ကိလေသာအပူငြိမ်းသော ပဏ္ဍုက်ကို အာသိတ္တကပဏ္ဍုက်ဟု ခေါ်သည်။
၂။ ဥဿူယပဏ္ဍုက် - ဥဿူယတီတိ ဥဿူယော။ သူတစ်ပါးတို့ မေထုနသံဝါသပြုနေသည်ကို ချောင်းမြောင်းကြည့်ရှုရလျှင် ကိလေသာအပူ ငြိမ်းသော ပဏ္ဍုက်ကို ဥဿူယပဏ္ဍုက်ဟု ခေါ်သည်။
၃။ ဩပက္ကမိကပဏ္ဍုက် - ဥပက္ကမေန နိဗ္ဗတ္တံ ဩပက္ကမိကံ။ လုံ့လဖြင့်ထုတ်အပ်သော ဝှေးစေ့ရှိသောသူတည်း။ နန်းတော်တွင်း၌ မိန်းမဆောင်ကို အုပ်ထိန်းရသော အမတ်များကဲ့သို့ တမင်ထုတ်ပစ်အပ်သော ဝှေးစေ့ရှိသူကို (ဝါ) ဝှေးစေ့အထုတ်ခံရသူကို ဩပက္ကမိကပဏ္ဍုက်ဟု ခေါ်သည်။
၄။ ပက္ခပဏ္ဍုက် - လဆန်းပက္ခ၌ဖြစ်စေ, လဆုတ်ပက္ခ၌ဖြစ်စေ တစ်ပက္ခ တစ်ပက္ခ၌ ကာမစိတ်ဓာတ် အထူးထကြွလျက် သံဝါသပြုရမှ ကျေနပ်သူကို ပက္ခပဏ္ဍုက်ဟု ခေါ်သည်။
၅။ နပုံသကပဏ္ဍုက် - မိန်းမအင်္ဂါဇာတ်, ယောက်ျားအင်္ဂါဇာတ် နှစ်မျိုးစလုံးပင် အထင်အရှားမပါရှိသူကို နပုံသကပဏ္ဍုက်ဟု ခေါ်သည်။

(ဆောင်) အာ-ဥ-ဩ-ပက်၊ နပုံးစွက်၊ မှတ်ချက် ပဏ္ဍုက် ငါး။
ရဟန်းပြုကောင်း မပြုကောင်း ပဏ္ဍုက်အခွဲ

အာသိတ္တကပဏ္ဍုက်နှင့် ဥဿူယပဏ္ဍုက်တို့သည် ရဟန်းပြုကောင်းကြ၍ ဩပက္ကမိကပဏ္ဍုက်နှင့် နပုံသကပဏ္ဍုက်တို့ကား ရဟန်းမပြုကောင်းကြကုန်၊ ပက္ခပဏ္ဍုက်သည်ကား ပဏ္ဍုက်ဖြစ်သော ပက္ခ၌သာ ရဟန်းမပြုရ၊ ပဏ္ဍုက်မဖြစ်သော ပက္ခ၌ကား ရဟန်းပြုနိုင်ကြသည်။ ရဟန်းပြုကောင်းသည်ဟု သိပါ။

(ဆောင်) အာ-ဥ-ဘဗ္ဗ၊ ဩနှင့် န၊ မှတ်ကြ အဘဗ္ဗာ။
ပဏ်ဖြစ် ပက္ခ၊ အဘဗ္ဗ၊ ကြွင်းထ ဘဗ္ဗသာ။

ထေယျသံဝါသကနှင့် စပ်၍ ထေနက (၃) မျိုး

အသွင်ကို ခိုးသော လိင်္ဂထေနက, ပေါင်းဖော်ခြင်းကို ခိုးသော သံဝါသထေနက, အသွင်နှင့် အပေါင်းအဖော် နှစ်ပါးစလုံးကို ခိုးသော ဥဘယထေနကဟု ထေနက (၃)မျိုးတို့ကို ပိုင်းခြား မှတ်သားသင့်သည်။

၁။ လိင်္ဂထေနက = ဆရာဥပဇ္ဈယ် မရှိဘဲ မိမိအလိုလို ကိုယ့်ဘာသာ သင်္ကန်းဝတ်၍ ရဟန်းဝါ ရှင်ဝါကိုလည်း မရေတွက်၊ ရဟန်း သာမဏေတို့၏ ရှိခိုးခြင်းကိုလည်း မသာယာ၊ ကံကြီး ကံငယ်ပြုရာ၌လည်း မပါဝင်သော သူသည် မစင်ကြယ်သော စိတ်ရှိသဖြင့် ရဟန်းအသွင် ရှင်အသွင်မျှလောက်ကိုသာ ခိုးခြင်းကြောင့် လိင်္ဂထေနက မည်၏၊

(မှတ်ချက်) မင်းဘေး ခိုးသူဘေး သူပုန်ဘေးစသည်တို့ကြောင့် မိမိကိုယ်တိုင် ကိုယ့်ဘာသာ သင်္ကန်းဝတ်၍ ရဟန်းယောင်ဆောင်သော်လည်း ရဟန်းဝါ ရေတွက်ခြင်း စသည်မပြုသော် လိင်္ဂထေနက မဖြစ်။

၂။ သံဝါသထေနက = ရှင်သာမဏေဖြစ်ပြီးသူသည် မိမိကို မသိကြသော တခြားအရပ်တစ်ပါးသို့ ရောက်သောအခါ ရဟန်း မဟုတ်ဘဲ ရဟန်းဝါ ရေတွက်ခြင်း, ဝါငယ်သော သာမဏေတို့၏ ရှိခိုးခြင်းကိုသာယာခြင်း, ဥပသမ္ပဒကံ ဥပုသ်ကံ စသည်တို့၌ ပါဝင်ခြင်းစသော အမှုကိုပြုအံ့၊ ထို သာမဏေသည် အပေါင်းအဖော်မျှသာ ခိုးသောကြောင့် သံဝါသထေနက မည်၏၊

၃။ ဥဘယထေနက = အကြင်သူသည် ဆရာဥပဇ္ဈာယ် မပါဘဲ မိမိဘာသာ သင်္ကန်းဝတ်၏၊ ရဟန်းဝါ ရေတွက်ခြင်း ကံကြီး ကံငယ်တို့၌ ပါဝင်ခြင်း စသည်ကိုလည်း ပြု၏၊ ထိုသူသည် အသွင်နှင့် ပေါင်းဖော်ခြင်း နှစ်ပါးစုံကို ခိုးခြင်းကြောင့် ဥဘယထေနက မည်၏၊

(ဆောင်) လိင်္ဂ, သံဝါသ၊ ဥဘယ၊ သုံးဝ ထေနကာ။ ကိုယ်တိုင်သင်္ကန်း၊ ဝတ်ဆင်မြန်း၍၊ ရဟန်းအသွင်၊ ခိုးတုံလျှင်၊ သူပင် လိင်္ဂသာ။ သာမဏေပင်၊ ရဟန်းဝန်ခံ၊ ပေါင်းဖော်ပြန်၊ ဆိုရန် သံဝါသာ။ နှစ်ပါးစုံ ခိုး၊ ထိုသူမျိုး၊ ခေါ်ရိုး ဥဘယာ။

ရှင်သာမဏေများ သတိထားဖွယ်

သာမဏေစစ်စစ် ဖြစ်ပြီးသော သူသည် လူထွက်လို၍(ဓာတ်ပုံ စသည် ရိုက်လို၍) အတွင်း၌ သင်္ကန်းခံထားသည်ဖြစ်စေ, ခံမထားသည်ဖြစ်စေ လူတို့၏ အဝတ်အထည်ကို လူတို့ဝတ်သောနည်းဖြင့် ဝတ်၍ ငါ၏ လူ့အသွင်သည် တင့်တယ်လေသလော, မတင့်တယ်လေသလောဟု စုံစမ်းရုံ စုံစမ်းအံ့၊ လိင်္ဂထေနက မဖြစ်သေး၊ ငါ၏ လူ့အသွင်သည် တင့်တယ်၏ဟု လူအဖြစ်ကို သဘောကျကျေနပ်ပြီးမှ တစ်ဖန် သာမဏေဝတ်နည်းအတိုင်း သင်္ကန်းကို ပြန်ဝတ်အံ့၊ လိင်္ဂထေနက ဖြစ်၏၊ ယခုခေတ် လူဝတ်ဖြင့် ဓာတ်ပုံရိုက်ကြသော သာမဏေတို့ အထူးသတိထားသင့်သည်။

လိင်္ဂထေနက နောက်တစ်နည်း

သာမဏေဖြစ်ပြီးသူသည် သင်္ကန်းကို ပြန်ဝတ်ဦးမည်ဟု သင်္ကန်း၌ ငဲ့ကွက်ခြင်းရှိသည် ဖြစ်၍ သင်္ကန်းကို ချွတ်ပယ်ကာ တခြားအဝတ်ကို ဝတ်၍ ဖြစ်စေ မဝတ်ဘဲဖြစ်စေ မေထုန်မှီဝဲပြီးနောက် မိမိဘာသာ သင်္ကန်းပြန်ဝတ်အံ့၊ သင်္ကန်း၌ ငဲ့ကွက်ခြင်း ရှိသည်ဖြစ်၍ ဆရာဥပဇ္ဈာယ်ရဟန်းသည် ပေးအပ်သောအသွင်ကို မစွန့်သောကြောင့် လိင်္ဂထေနက မဖြစ်၊ လိင်ကျသည်။ သီလပြန်ယူ ဥပဇ္ဈယ်ပြန်ယူ ရှင်သာမဏေဖြစ်နိုင်၏၊ သင်္ကန်း၌ ငဲ့ကွက်ခြင်း မရှိဘဲ မေထုန်မှီဝဲပြီးနောက် ယခင်အတိုင်း မိမိဘာသာ သင်္ကန်းပြန်ဝတ်က လိင်္ဂထေနက ဖြစ်၏၊ ရှင်အဖြစ် နေခွင့်မရ၊ ရဟန်းခံခွင့် မရတော့။

ရဟန်းကျိုးထက် ရှင်ကျိုးခက်

လိင်္ဂထေနက (= လိင်ခိုးသူ)အား နောင်သာမဏေဖြစ်ခွင့် မရတော့ပေ။ ရှင်ပါရာဇိကဟု ခေါ်သည်။ ရဟန်းများ ပါရာဇိကကျလျှင် ကိုရင်ကြီးဘဝ ရှင်သာမဏေ အဖြစ်နေလျှင် နေခွင့်ရသေး၏၊ ရှင်သာမဏေလိင်္ဂထေနက ဖြစ်က ရှင်သာမဏေအဖြစ်ပင် နေခွင့်မရတော့ချေ။ ထို့ကြောင့် ရှေးဆရာတို့ သည် “ရဟန်းကျိုးထက် ရှင်ကျိုးခက်သည်”ဟု မိန့်ဆိုတော်မူကြသည်။ ရှင်သာမဏေတို့ အထူးသတိထားသင့်သော အချက်ဖြစ်၏၊

ထေယျသံဝါသကနှင့် တိတ္ထိယပက္ကန္တက အထူး

သာသနာဝန်ထမ်း ရဟန်းဖြစ်ပါလျက် တိတ္ထိတို့၏ အယူဝါဒကို နှစ်သက်၍ တိတ္ထိဘောင် (တိတ္ထိအဖြစ်)သို့ ပြောင်းရွှေ့ကာ တိတ္ထိတို့၏ အဝတ်ကို ဝတ်နေသူ, တိတ္ထိတို့၏ အဝတ်ကို မဝတ်ဘဲနေသူကို တိတ္ထိယပက္ကန္တကဟု ခေါ်သည်။

ထေယျသံဝါသကသည် လူနှင့် သာမဏေများ၌သာ ဖြစ်ခွင့်ရှိ၏၊ တိတ္ထိယပက္ကန္တကား ရဟန်းများ၌သာ ဖြစ်ခွင့်ရှိသည်။ ဤသို့ အထူးကို သိပါ။

တိရစ္ဆာန်နှင့် စပ်၍ ရှေ့၌ ရေးခဲ့ပြီး၊ အပါယ်လေးပါး၌ ပြန်ကြည့်ပါ။ ဤ၌ ရဟန်းမခံဖို့ရန် ပယ်ရှားထားသော လူယောင်ဆောင်တတ်သော နဂါး, ဂဠုန်, နတ်, သိကြားတို့ကိုပါ တိရစ္ဆာန်အရ ယူပါ။

သံဃဘေဒက ဗဟုသုတ

သံဃာသင်းကွဲအောင်ပြုသည်ဆိုရာတွင် သိမ်တစ်ခုတည်း၌ (ဂါမသိမ် သတ္တဗ္ဘန္တရသိမ် ဥဒကုက္ခေပသိမ်)တစ်ခုခု အတွင်း၌ ရဟန်းသံဃာတော်များ အချင်းချင်း အတူတကွ ကံမပြုဘဲ ဥပုသ်ပဝါရဏာ စသည် မပြုဘဲ သူ့ဘက် ငါ့ဘက် နှစ်ဘက်ခွဲ၍ တစ်ပြိုင်နက် ကံပြုအောင် အားထုတ်စီမံ၍ အထမြောက်လျှင် ထိုကဲ့သို့ ကွဲပြားအောင် စီမံသော ပုဂ္ဂိုလ်မှာ သံဃဘေဒကကံ ထိုက်၏၊

ဘိက္ခုပါရာဇိက (၄) ပါးသာ ဟောခြင်း

ဘိက္ခုနီပါရာဇိက (၅)ပါးသည် ရဟန်းမိန်းမများနှင့်သာ ဆက်ဆံ၍ ဘိက္ခနီပါတိမောက်၌ ဖွင့်ဆိုလတ္တံ့ ဖြစ်သည်။ အဘဗ္ဗပုဂ္ဂိုလ် (၁၁)ယောက်တို့သည် ရဟန်းပြုခွင့် မရ၍ သာသနာတော်မှ ဆုံးရှုံးရသောကြောင့် ပါရာဇိက ဟု ဆိုရသည်။ ဘိက္ခုနီဒူသကနှင့် နောက်ဆုံးပါရာဇိက (၄)ပါး (= အနုလောမ ပါရာဇိက ၄-ပါး)တို့ကို ပထမပါရာဇိက၌ သွင်းယူသင့်ကုန်၏၊ မာတုဃာတက စသော သုံးယောက်တို့ကို တတိယပါရာဇိက၌ သွင်းယူသင့်ကုန်၏၊ ထိုသို့ ယူသင့်သော်လည်း ကံကြိယာထူးသည်၏ အဖြစ်ကြောင့် အသီးအခြား ယူရသည်။

ပါရာဇိက (၄) ပါး အကျယ်

ပါရာဇိက (၄) ပါး

၁။ မေထုန = မေထုန်မှီဝဲခြင်း၊ 
၂။ အဒိန္နာဒါန = တစ်မတ်, တစ်မတ်အထက် တန်ဖိုးရှိသော ပစ္စည်းကို ခိုးယူခြင်း၊ 
၃။ မနုဿဝိဂ္ဂဟ = လူဇာတ် ဖြစ်သောသတ္တဝါကို သတ်ခြင်း၊ 
၄။ ဥတ္တရိမနုဿဓမ္မ = အလွန်မြင့်မြတ်သော စျာန်မဂ်ဖိုလ် နိဗ္ဗာန်တရားတို့ကို မသိမမြင်ဘဲ လိမ်ညာ၍ သိမြင်၏ဟု ပြောခြင်းဟူ၍ အကျဉ်းအားဖြင့် မှတ်သားသင့်သည်။

ပထမပါရာဇိက

မေထုနဓမ္မသိက္ခာပုဒ် - ဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်ပြီးသော ပုဂ္ဂိုလ်သည် သိက္ခာမချဘဲလျက် ဝစ္စမဂ် = ကျင်ကြီးလမ်းကြောင်း၊ ပဿာဝမဂ် = ကျင်ငယ်လမ်းကြောင်း၊ မုခမဂ် = ခံတွင်းလမ်းကြောင်းဟူ၍ မဂ်ပေါက်သုံးပါး အကျယ်အားဖြင့် မဂ်ပေါက် (၃၀)တို့တွင် တစ်ခုခုသော မဂ်ပေါက်၌ အဝတ်, သစ်ရွက်, သားရေ, ရာဘာ, ခဲပုတ် စသဖြင့် ပါးလှပ်သော အပြားတို့ဖြင့် ဖုံးလွှမ်းရစ်ပတ် သွင်းခံထားသည်မူလည်းဖြစ်စေ, မထားသည်မူလည်းဖြစ်စေ, ပကတိလေ မထိအပ် စိုစိုဖတ်ဖတ် လတ်ဆတ်သော အရပ်၌ မိမိအင်္ဂါဇာတ်ကို နှမ်းတစ်စေ့ခန့်မျှ အတွင်းသို့ ရောက်အောင် သွင်းခြင်း သူတစ်ပါးတို့က အတင်းချုပ်ကိုင်သွင်းစေရာ၌လည်းကောင်း၊ သွင်းခြင်း, သွင်းပြီးခြင်း, တန့်ရပ်ခြင်း, နုတ်ခြင်းတို့တွင် တစ်ခုခု၌ သာယာအံ့၊ ပါရာဇိကအာပတ်သင့်၏၊ သာသနာတော်မှ ဆုံးရှုံး၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ကံကြီးကံငယ်ပြု၍ ပေါင်းသင်းခွင့် မရတော့ပေ။ နောက်တစ်ကြိမ် (သို့) အကြိမ်တစ်ရာ ကမ္မဝါဖတ်သော်လည်း ရဟန်းမဖြစ်နိုင်တော့ချေ။

အင်္ဂါ (၂) ပါး - 
၁။ ပဋိသေဝေယျ = မှီဝဲလိုသော စိတ်ရှိခြင်း၊ 
၂။ မေထုနဓမ္မ = သူ၏ မဂ်အတွင်းသို့ ကိုယ့်မဂ်ကို သွင်းခြင်းဟူ၍ အင်္ဂါ (၂)ပါး ဖြစ်၏၊

(ဆောင်) မှီဝဲလိုဘိ စိတ်ကူးရှိလျက်၁ သူ၏မဂ်တွင်း ကိုယ့်မဂ်သွင်းဟု၂ ကြောင်း ရင်း နှစ်လီ, အင်္ဂါညီ, ကျပြီ ပါရာဇိက်။

မူလပညတ်

ယော ပန ဘိက္ခု မေထုနံ ဓမ္မံ ပဋိသေဝေယျ၊ ပါရာဇိကော ဟောတိ အသံဝါသော။ ဤကား မူလပညတ်တော် ဖြစ်သည်။ ဝေသာလီပြည်သား ကာလန္ဒပုတ္တ အရှင်သုဒိန္နမထေရ်ကို အကြောင်းပြု၍ ပညတ်တော်မူသည်။

ပထမအနုပညတ်

အန္တမသော တိရစ္ဆာနဂတာယပိ၊ ဤကား ပထမအကြိမ် ထပ်မံ၍ တိုးကာ ပညတ်တော်မူသော အနုပညတ် ဖြစ်သည်။ ဝေသာလီပြည် မဟာဝုန်တော၌ နေသော တောနေရဟန်းကြီးတစ်ပါးကို အကြောင်းပြု၍ ပညတ်တော်မူသည်။

ဒုတိယထပ်ဆင့် အနုပညတ်

ဘိက္ခူနံ သိက္ခာသာဇီဝသမာပန္နော သိက္ခံ အပစ္စက္ခာယ ဒုဗ္ဗလျံ အနာဝိကတွာ။ ဤသို့ ဒုတိယထပ်ဆင့်၍ အနုပညတ် ထည့်သွင်းပညတ် တော်မူသည်။ ဝဇ္ဇီတိုင်းသား ရဟန်းတော်များအား အကြောင်းပြု၍ ပညတ်တော်မူသည်။ ဤသို့လျှင် သုံးကြိမ်သုံးခါ ပညတ်ပြီးသောအခါ ယခု ပါတိမောက် သိက္ခာပုဒ် အပြည့်အစုံဖြစ်လာသည်။

သိက္ခာပုဒ် အပြည့်အစုံ

ယော ပန ဘိက္ခု ဘိက္ခူနံ သိက္ခာသာဇီဝသမာပန္နော သိက္ခံ အပစ္စက္ခာယ ဒုဗ္ဗလျံ အနာဝိကတွာ မေထုနံ ဓမ္မံ ပဋိသေဝေယျ။ အန္တမသော တိရစ္ဆာနဂတာယပိ၊ ပါရာဇိကော ဟောတိ အသံဝါသော။

မြတ်စွာဘုရားရှင်သည် ဝိနည်းစည်းကမ်း ဥပဒေပုဒ်တို့ကို ကြိုတင်ရေးဆွဲ ဥပဒေပညတ်ထားသည် မဟုတ်ဘဲ အကြောင်းပေါ်လာသောအခါမှသာလျှင် သိက္ခာပုဒ်ပညတ်တော်မူကြောင်း သိသာစေရန် အထက်ပါအတိုင်း ခွဲခြား၍ အကျဉ်းချုပ်မျှ တင်ပြအပ်ပါသည်။ အကျယ်သိလိုသော် ပါရာဇိကဏ်ပါဠိတော်သို့ ကြည့်ရှုကြရန် သိစေအပ်ပါသည်။ အဓိပ္ပာယ်များကို နောက်အခန်းမှာ ထပ်မံဖွင့်ဆိုရေးသားမည် ဖြစ်ပါသည်။

ဒုတိယပါရာဇိက

အဒိန္နာဒါနသိက္ခာပုဒ်- ဥစ္စာရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေးဘဲလျက် လူဇာတ်ရှိသောသူ ပိုင်ဆိုင်သော သူတစ်ပါး၏ နီလကဟာပဏခေါ် ငွေ တစ်ကျပ်၏ လေးဖို့တစ်ဖို့ တစ်မတ်ကိုဖြစ်စေ, ၎င်းတစ်မတ်နှင့် ညီတူညီမျှ ထိုက်တန်သော ဝတ္ထုကိုဖြစ်စေ ခိုးလိုသော စိတ်ဖြင့် မခိုးယူရ၊ ခိုးခြင်း (၂၅)ပါးတို့တွင် တစ်ပါးပါးသော ခိုးနည်းဖြင့် ခိုးယူလျှင် အဒိန္နာဒါန ပါရာဇိကအာပတ် သင့်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းခြင်းငှာ မရတော့ချေ။

အင်္ဂါ (၅) ပါး - 
၁။ အဒိန္နံ = လူဇာတ်ရှိသောသူ၏ သူတစ်ပါးပိုင်သည့် ဥစ္စာဖြစ်ခြင်း၊ 
၂။ သူ့ဥစ္စာမှန်း သိခြင်း၊ 
၃။ ထေယျသင်္ခါတံ = ခိုးလိုသောစိတ် ရှိခြင်း၊ 
၄။ အာဒိယေယျ = ခိုးယူခြင်း၊ 
၅။ ယထာရူပေ တထာရူပံ = ဂရုပရိက္ခရာခေါ် နီလကဟာပဏ၏ ရွှေစင် တစ်မတ်တန်မှ စ၍ အထက် ပစ္စည်းဖြစ်ခြင်း ပေါင်း (၅)ပါး ဖြစ်၏၊

(ဆောင်) လူဇာတ်ရှိငြား သူတစ်ပါး၏ ပိုင်ထားဥစ္စာ၁, သူ့ဥစ္စာဟု, သိမှတ်မှုနှင့်၂ ဂရုပရိက်၃ ထေယျစိတ်သွင်း၄ ခိုးယူခြင်းဟု၅ ကြောင်းရင်းငါးလီ, အင်္ဂါညီ, ကျပြီ ပါရာဇိက်။

ဒုတိယပါရာဇိကသိက္ခာပုဒ်၌ အနုပညတ်မှာ ဂါမာ ဝါ အရညာ ဝါ ဖြစ်ပါသည်။ အနုပညတ် (၃)မျိုးတို့တွင် အာပတ္တိဥပထမ္ဘက အနုပညတ် ဖြစ်သည်။ ခိုးရာအရပ် မလစ်လပ်စေခြင်းငှာ မူလပညတ်ကို ပိုပြီးထောက်ပံ့ ခိုင်မြဲစေသော အနုပညတ် ဖြစ်၏၊

အနုပညတ် (၃) မျိုး

၁။ အာပတ္တိကရ အနုပညတ် = တိရစ္ဆာနဂတာယပိ ပညတ်ကဲ့သို့ အာပတ်ထပ်မံသင့်နိုင်သော အနုပညတ်ဖြစ်သည်။
၂။ အနာပတ္တိကရ အနုပညတ် = အညတြ အဓိမာနာ ပညတ်ကဲ့သို့ လွန်ကဲသော အဓိမာနရှိသူ အာပတ်မသင့်ဟု အာပတ်မသင့်ခြင်းကို ပြုတတ်သော အနုပညတ်ဖြစ်သည်။
၃။ အာပတ္တိဥပထမ္ဘက အနုပညတ် = ဂါမာ ဝါ အရညာ ဝါ ကဲ့သို့ မူလ ပညတ်ထားပြီး အာပတ်ကို ပိုပြီး ခိုင်မြဲစေသော အနုပညတ် ဖြစ်သည်။

တတိယပါရာဇိက

မနုဿဝိဂ္ဂဟသိက္ခာပုဒ် - ပဋိသန္ဓေတည်နေခြင်းကို အရင်းအစပြု၍ လူဇာတ်ရှိသောသူကို သေစေလိုသော စိတ်ဖြင့် ကိုယ်တိုင်သတ်၍ ဖြစ်စေ၊ သူတစ်ပါးကို စေခိုင်း၍ ဖြစ်စေ၊ ထိုသူ သေသော်လည်းကောင်း, သေခြင်းကို ဆောက်တည်စေခြင်းငှာ ဓားလက်နက်ကို ထိုသူ၏ အနီး၌ ထား၍ ထိုဓား လက်နက်ဖြင့် ထိုသူ သေသော်လည်ကောင်း, ထိုသူအား သေချင်စိတ် ဖြစ်လာအောင် “အို...အသင်၊ သင်၌ ယုတ်မာသော မကောင်းသော အသက်ရှင်နေခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ သင်၌ အသက်ရှင်နေခြင်းထက် သေခြင်းက မြတ်၏” စသည်ဖြင့် သေခြင်၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆို၍ ထိုပြောဆိုမှုကြောင့် ထိုသူ သေသော်လည်ကောင်း မနုဿဝိဂ္ဂဟပါရာဇိက အာပတ်သင့်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းခြင်းငှာ မရတော့ချေ။

၁။ သဉ္စိစ္စ မနုဿဝိဂ္ဂဟံ ဇီဝိတာ ဝေါရောပေယျ = လူဇာတ်ရှိသောသူကို သေစေလိုသောစိတ်ဖြင့် ကိုယ်တိုင်ဖြစ်စေ, ခိုင်း၍ဖြစ်စေ သတ်ခြင်း၊
၂။ သတ္ထဟာရကံ ဝါဿ ပရိသေယျ = သေချင်နေသူ အလွယ်တကူ သေရအောင် ဓားလက်နက်ရှာ၍ အနီး၌ ပို့ထားခြင်း၊
၃။ မရဏဝဏ္ဏံ ဝါ သံဝဏ္ဏေယျ = သေရခြင်း၏ အကျိုးရှိပုံကို ထင်ရှားပြ၍ ချီးမွမ်းခြင်း၊
၄။ မရဏာယ ဝါ သမာဒပေယျ = သေဖို့ရာ နည်းလမ်းပြ ပြုလုပ်သင်ပြ ပေးခြင်း၊ ဤလေးနည်းတို့တွင် တစ်နည်းနည်းဖြင့် သေသွားအောင် ပြုလုပ်ခဲ့သော် မနုဿဝိဂ္ဂဟပါရာဇိကအာပတ် သင့်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းခြင်းငှာ မရတော့ချေ။

အင်္ဂါ (၅) ပါး
၁။ မနုဿဝိဂ္ဂဟံ = လူသားဇာတ် ရှိခြင်း၊ 
၂။ သဉ္စိစ္စ၌ သံသဒ္ဒါဖြင့် သတ္တဝါဟု အမှတ်ရှိခြင်း၊ 
၃။ စိစ္စသဒ္ဒါဖြင့် သတ်လိုသော စိတ်ရှိခြင်း၊ 
၄။ ဇီဝိတာ ဝေါရောပေယျဖြင့် လုံ့လပြုခြင်း၊ 
၅။ သေဆုံးခြင်းဟူ၍ ဤသို့အင်္ဂါ (၅)ပါးကို ပြသည်။

(ဆောင်)လူဇာတ်လည်းရှိ၁ သတ္တဝါဟု သိ၍၂ သတ်မည်လိုလား စိတ်စက်ထားဖြင့်၃ အားပါးစိုက်လျှင်း၄ စုတေခြင်းဟု၅ ကြောင်းရင်း ငါးလီ အင်္ဂါညီ၊ ကျပြီ ပါရာဇိက်။

စတုတ္ထပါရာဇိက

ဥတ္တရိမနုဿဓမ္မသိက္ခာပုဒ် - အကြင်ရဟန်းသည် မသိမမြင်ဘဲ ကိလေသာကို ဖျက်ဆီးခြင်းငှာ စွမ်းနိုင်သော မြတ်သော ဉာဏ်အမြင်ဟု ဆိုအပ်သော လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော စျာန် မဂ် ဖိုလ် နိဗ္ဗာန်တရားကို မိမိထံသို့ ဆောင်ကပ်၍ လူဇာတ်ရှိသော သူအား ဤသို့ ငါသိ၏၊ ဤသို့ ငါမြင်၏ဟု ပြောကြားငြားအံ့၊ ထိုသို့ပြောကြားပြီးသောအခါ၌ (သူတစ်ပါးတို့က) မေးစိစစ်သည်ဖြစ်စေ, မမေးအပ်သည်ဖြစ်စေ အာပတ်သင့်ရောက်ပြီး၍ စင်ကြယ်ခြင်းကို အလိုရှိရကား “ငါ့ရှင်တို့ ဤသို့ ငါမသိဘဲ သိ၏ဟု ဆိုမိပြီ၊ မမြင်ဘဲ မြင်၏ဟု ဆိုမိပြီ၊ အချည်းနှီး မှားယွင်းသော စကားကို ပြောမိပြီ”ဟု ပြောဆိုငြားအံ့၊ တရားရပြီဟု အထင်ကြီးမှုကို ကြဉ်၍ ပြောကြားသော စကားကို ထိုခဏအတွင်း အပြောခံရသူ ထိုသူ သိနားလည်လျှင် ဥတ္တရိမနုဿဓမ္မပါရာဇိကအာပတ်သင့်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းခြင်းငှာ မရတော့ချေ။

အင်္ဂါ (၅) ပါး - ၁။ အနဘိဇာနံ ဥတ္တရိမနုဿဓမ္မံဖြင့် ဥတ္တရိမနုဿဓမ္မ၏ မိမိ၌ မရရှိခြင်း၊ ၂။ အညတြ အဓိမာနာဖြင့် ယုတ်မာသော (ဝါ) ကြွားဝါလိုသောစိတ်ဖြင့် ပြောခြင်း၊ ၃။ အတ္တုပနာယိကံဖြင့် သူတစ်ပါးကိုကဲ့သို့ ညွှန်ပြသောအရာ မဟုတ်ခြင်း၊ ၄။ သမုဒါစရေယျဖြင့် နားထောင်သူက လူသားစင်စစ် ဖြစ်ခြင်း၊ ၅။ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ဤကိုယ်တော်သည် စျာန်ရ သို့မဟုတ် အရိယာပုဂ္ဂိုလ်ဟု နားထောင်သူက သိခြင်း၊ ဤအင်္ဂါ (၅)ပါးနှင့် ညီညွတ်လျှင် ပါရာဇိက ကျ၏၊

(ဆောင်) စျာန်မဂ်ဖိုလ် ဥတ္တရိရယ်က၊ မိမိ၌ မရှိမှန်၁၊ ပါပိစ္ဆာ စိတ်ဝါကြွားနှင့် ပြောမှားမိဟန်၂၊ သူတစ်ပါး မညွှန်ပြန်၃၊ နာခံသူ လူသား၄၊ ပြောချင်းပင် အမြန်သိလျှင်လ၅ အင်ငါးတန် အမှန်ရှိတာကြောင့် စတုတ္ထာ ပါရာဇိငယ် ကျ၏မမှား။

ပထမပါရာဇိက မေထုနဓမ္မသိက္ခာပုဒ်

သီလ, အဓိသီလ, သိက္ခာ, သာဇီဝတို့ သိရန် --
၁။ သီလ = လူတို့ စောင့်ထိန်းရသော ငါးပါး ရှစ်ပါး ဆယ်ပါး အာဇီဝဋ္ဌမက စသော သီလကို သီလဟု ခေါ်သည်။
၂။ အဓိသီလ = ရဟန်းတော်တို့ စောင့်ထိန်းကျင့်သုံးရသော ပါတိမောက္ခသံဝရသီလခေါ် ကုဋေကိုးထောင်ကျော် သိက္ခာပုဒ်သီလကို ပိုလွန်၍ ကျင့်ရသောကြောင့် အဓိသီလဟု ခေါ်သည်။
၃။ သိက္ခာ = ထိုအဓိသီလကိုပင် သိက္ခာဟုလည်း ခေါ်၏၊
၄။ သာဇီဝ = မြတ်စွာဘုရားရှင် ပညတ်တော်မူအပ်သော သိက္ခာပုဒ်အပေါင်းကို သာဇီဝဟု ခေါ်သည်။

သိက္ခာတင်အင်္ဂါ (၅) ပါးနှင့် သိက္ခာချအင်္ဂါ (၆) ပါး

သိက္ခာတင် ပဉ္စင်္ဂ၊ သိက္ခာချ ဆဠင်္ဂါဟု ဆိုသည့်အတိုင်း ရဟန်းတော်များ သိက္ခာတင်သောအခါ ရဟန်းအဖြစ် ခံယူသောအခါ အင်္ဂါ (၅)ပါးနှင့် ပြည့်စုံမှသာလျှင် ရဟန်းအဖြစ်ကို ရရှိနိုင်ခွင့်ရှိသည်။ ရဟန်းဘောင်၌ မပျော်ပိုက်တော့၍ လူထွက်သောအခါ၌လည်း လူဝတ်လဲရုံမျှဖြင့် သိက္ခာမကျ၊ လူမဖြစ်နိုင်သေးပါ။ သိက္ခာချသော အင်္ဂါ (၆)ပါးနှင့် ပြည့်စုံအောင် သိက္ခာ ချပြီးမှ လူဖြစ်လေသည်။

သိက္ခာတင် အင်္ဂါ (၅) ပါး

၁။ ဝတ္ထုသမ္ပတ္တိ = ရဟန်းလောင်းဝတ္ထု၏ ပြည့်စုံခြင်း၊
၂။ ဉတ္တိသမ္ပတ္တိ = ဒေါသအပြစ်လွတ်သော ဉတ်၏ ပြည့်စုံခြင်း၊
၃။ သီမာသမ္ပတ္တိ = ရဟန်းခံသော သိမ်၏ ပြည့်စုံခြင်း၊
၄။ ကမ္မဝါစာသမ္ပတ္တိ = အပြစ်လွတ်သော ကမ္မဝါစာ၏ ပြည့်စုံခြင်း၊
၅။ ပရိသာသမ္ပတ္တိ = သိမ်ဝင်ရဟန်းပရိသတ်၏ ပြည့်စုံခြင်းဟု အင်္ဂါ (၅)ပါးပြည့်စုံမှ ရဟန်း ဖြစ်သည်။

(ဆောင်) ဝတ်, ဉတ်, သိမ်, ကမ်, ပရိသံ၊ ငါးတန် သမ္ပတ္တိ။

၁။ ဝတ္ထုသမ္ပတ္တိ

ရဟန်းမဖြစ်ထိုက်သူ ရဟန်းမခံကောင်းသူ (၁၃)ယောက်တို့ကို ဖယ်ထား၍ ပဋိသန္ဓေမှ စကာ အသက်နှစ်ဆယ် တင်းတင်းပြည့်ပြီးသော ရှေးက ပါရာဇိက မကျဖူးသေးသော ရဟန်းလောင်းဟူသော ဝတ္ထု ပြည့်စုံရမည်။

(ဆောင်) အသက်မပြည့်၊ ပါရာဇိက၊ အဘဗ္ဗ၊ တေရ ပုဂ္ဂလာ။

၂။ ဉတ္တိသမ္ပတ္တိ

ဉတ်ဒေါသအပြစ် (၅)ပါး လွတ်အောင် ဉတ်ထား၍ ကမ္မဝါဖတ်လျှင် ဉတ်နှင့် ပြည့်စုံ၏၊ ဉတ်ဒေါသ (၅)ပါးမှာ - (၁) ဝတ္ထုကို မသုံးသပ်ခြင်း၊ (၂) သံဃာကို မသုံးသပ်ခြင်း၊ (၃) ပုဂ္ဂိုလ်ကို မသုံးသပ်ခြင်း၊ (၄) ဉတ်ကို မထည့်သွင်းခြင်း၊ (၅)ကမ္မဝါစာကို ရှေ့ထား ဉတ်ကို နောက်ထား၍ ဖတ်ခြင်းဟု ဤ (၅)ပါး မမှန်ကန် လွဲချော်နေလျှင် ဉတ္တိသမ္ပတ္တိ မဖြစ်။ ပြည့်စုံမှန်ကန်မှ ဉတ္တိသမ္ပတ္တိ ဖြစ်လေသည်။

(ဆောင်) ဝတ္ထု, သံဃ, ပုဂ္ဂလ, ဉတ်၊ မသုံးသပ်ဘဲ၊ တရပ် နောက်ဖျား၊ ဉတ်ကို ထား၊ ငါးပါး ဉတ်ဒေါသ။

၃။ သီမာသမ္ပတ္တိ

သိမ်ပျက် (၁၁)လုံး၏ လက္ခဏာတို့မှ လွတ်သော သိမ်, ဝိနည်းစည်းကမ်းဥပဒေနှင့်အညီ မှန်ကန်တိကျစွာ သမုတ်သတ်မှတ်ထားသော သိမ်ဟူ၍ သိမ် (၂)မျိုး ရှိ၏၊ ထိုသိမ် (၂)မျိုး ဖြစ်ခြင်းသည်သာလျှင် သိမ်၏ ပြည့်စုံခြင်း အင်္ဂါ ဖြစ်သည်။

သိမ်ပျက် (၁၁) လုံး

၁။ သုံးယူဇနာထက် ကျယ်သော အလွန်ကြီးသော သိမ်၊
၂။ နှစ်ကျိပ်တစ်ပါး ကံမပြုနိုင် အလွန်ငယ်သော သိမ်၊
၃။ နိမိတ်ကျိုးပျက်သော သိမ်၊
၄။ အရိပ်ကို နိမိတ်လုပ်၍ သမုတ်အပ်သော သိမ်၊
၅။ နိမိတ်ရှစ်မျိုး တစ်မျိုးမျိုး မရှိသော သိမ်၊
၆။ သိမ်၏ ပြင်ပမှနေ၍ သမုတ်အပ်သော သိမ်၊
၇။ ဇာတဿရအိုင်၌ သမုတ်အပ်သော သိမ်၊ (အလိုလျောက် ဖြစ်နေသော အိုင်ကို ဇာတဿရအိုင်ဟု ခေါ်သည်။)
၈။ သမုဒ္ဒရာ၌ သမုတ်အပ်သော သိမ်၊
၉။ မိုးလေးလ ရေစီးသော မြစ်ချောင်း၌ သမုတ်အပ်သော သိမ်၊ ရေသိမ်၊ (မသမုတ်ရဘဲ သိမ်ဖြစ်နေ၍ သမုတ်သောအခါ သိမ်ပျက်ဖြစ်ရသည်)
၁၀။ နိမိတ်ချင်း ထိစပ်ဆက်စပ် သမုတ်အပ်သော သိမ်၊
၁၁။ ကံပြုလောက်အောင် ပထမသိမ်ဟောင်းပေါ်က ထပ်လွှမ်း၍ သမုတ်အပ်သောသိမ်ဟု သိမ်ပျက် (၁၁)လုံး ဖြစ်၏၊

(ဆောင်) ကြီး, ငယ်, ကျိုး, ရိပ်, အနိမိတ်၊ ဗဟိဒ်တည်သမုတ်။
အိုင်, သမုဒ်, မြစ်၊ စပ်, လွှမ်းလစ်၊ ဆယ့်တစ် သိမ်ပျက်ထုတ်။

သိမ် (၂) မျိုး

သိမ်သည် ကမ္မဝါစာဖြင့် သမုတ်အပ်သော ဗဒ္ဓသိမ်၊ ကမ္မဝါစာဖြင့် မသမုတ်ဘဲ အလိုလို သိမ်ဖြစ်နေသော အဗဒ္ဓသိမ်ဟု (၂)မျိုး ရှိသည်။

ဗဒ္ဓသိမ် (၃) မျိုး

၁။ ခဏ္ဍသိမ် - ဂါမနယ်မြေတစ်ခု အတွင်း၌ မြေတစ်ကွက် တစ်နေရာကို ပိုင်းခြားသတ်မှတ် ခွဲခြား၍ ဝိသုံဂါမ သိမ်မိန့်ခံကာ သမုတ်အပ်သော သိမ်ကို ခဏ္ဍသိမ်ဟု ခေါ်သည်။ သိမ်မိန့် မခံဘဲ နယ်သိမ်း၍ သမုတ်သည်လည်း ရှိသည်။
၂။ သမာနသံဝါသသိမ် - သမာနသံဝါသကမ္မဝါစာ ရွတ်ဖတ်၍ သမုတ်အပ်သောသိမ်ကို ခေါ်သည်။
၃။ အဝိပ္ပဝါသသိမ် - အဝိပ္ပဝါသကမ္မဝါစာ ရွတ်ဖတ်၍ သမုတ်အပ်သော သိမ်ကို ခေါ်သည်။ ထိုကမ္မဝါစာ (၂)မျိုးလုံး ရွတ်ဖတ်၍ သမုတ်ထားသည်ကို တွေ့ရသည်။

အဗဒ္ဓသိမ် (၃) မျိုး

၁။ ဂါမသိမ် - ကျေးရွာသူကြီးတစ်ပိုင် အခွန်ကောက်ရသော နယ်မြေတစ်ခုကို ဂါမသိမ်ဟု ခေါ်သည်။ အခွန်ကောက်ရန် အစိုးရမင်းတို့သည် နယ်နိမိတ် သတ်မှတ်ထားကြသည်။ မြို့ကြီးပြကြီးတို့၌ ရပ်ကွက်အလိုက် ပိုင်းခြား သတ်မှတ်ထားသည်ကိုလည်း ဂါမသိမ်ဟု ယူကြသည်။ နဂရသိမ်ဟု ယူသင့်သည်ထင်သည်။

၂။ သတ္တဗ္ဘန္တရသိမ် - နေ့ချင်းပြန် မသွားရောက်နိုင်သော ဝဉ္ဈာတောအုပ်, ရေလယ်ကျွန်းစသည်တို့၌ ထက်ဝန်းကျင် အဗ္ဘန္တရ (၇)ခု (= ၁၉၆ တောင်) မြေအရပ်သည် သတ္တဗ္ဘန္တရသိမ် မည်၏၊

၃။ ဥဒကုက္ခေပသိမ် - မိုးလေးလ ရေမပြတ်အောင် စီးဆင်းသော မြစ်, ချောင်းအတွင်း၌ အားအလယ်အလတ်ရှိသူ ယောက်ျားတစ်ယောက်သည် လွှဲ၍ပစ်အပ်သော ရေတစ်ကျ သဲတစ်ကျ ပတ်လည်အတွင်း အရပ်သည် ဥဒကုက္ခေပသိမ် (ရေသိမ်) မည်၏၊ ထိုသိမ် (၃)လုံးတို့သည် ကမ္မဝါစာ ရွတ်ဖတ်၍ သိမ်သမုတ်ရန် မလိုဘဲ အလိုအလျောက်ပင် သိမ်ဖြစ်သည်။

၄။ ကမ္မဝါစာသမ္ပတ္တိ

ကမ္မဝါစာအပြစ် (၅)ပါး လွတ်အောင် ကမ္မဝါစာဖတ်နိုင်လျှင် ကမ္မဝါစာနှင့် ပြည့်စုံ၏၊ အပြစ် (၅)ပါးမှာ ဝတ္ထု, သံဃာ, ပုဂ္ဂိုလ်ကို မသုံးသပ်ခြင်း၊ (ဝါ) ကမ္မဝါစာ၌ ထည့်သွင်း၍ မဖတ်ခြင်း၊ ကမ္မဝါစာအက္ခရာစာလုံးများ ချွတ်ယွင်း မှားကျန်ကာ ကမ္မဝါစာ ယုတ်လျော့နေခြင်း၊ အခါမဟုတ်သည်၌ ကမ္မဝါဖတ်ခြင်းဟု ငါးပါး ဖြစ်၏၊

(ဆောင်) ဝတ္ထု သံဃ ပုဂ္ဂလ သုံးဝ မသုံးသပ်၊ ကမ္မဝါယုတ်၊ ခါမဟုတ် ရွတ်ထုတ် ပြစ်ငါးရပ်။

၅။ ပရိသာသမ္ပတ္တိ

ကံအောင်ဖို့ရာ သတ်မှတ်ထားသော ရဟန်းအရေအတွက် ပြည့်စုံလာအောင် သိမ်အတွင်းသို့ စည်းဝေးညီညာ ရောက်လာရခြင်း၊ ဥပမာ - ဥပသမ္ပဒ ကံဆောင်ရာတွင် မဇ္ဈိမဒေသ၌ အနည်းဆုံး ရဟန်း (၁၀)ပါး၊ ပစ္စန္တရာဇ် အရပ်၌ အနည်းဆုံး ရဟန်း (၅)ပါး၊ အဗ္ဘာနကံစသည်၌ အနည်းဆုံး ရဟန်း (၂၀) စည်းဝေးရောက်လာရ၏၊ ဆန္ဒပေးထိုက်သူ ဆန္ဒပေးသည်ကို ဆောင်ယူ လျှောက်ထားခြင်း၊ မျက်မှောက်ထင်ရှားရှိသော ရဟန်းတို့က မကန့်ကွက် မတားမြစ်ခြင်း၊ ဤသုံးပါး မပြည့်စုံလျှင် ပရိသတ်ဒေါသ ဖြစ်၏၊ ပြည့်စုံလျှင် ပရိသတ်သမ္ပတ္တိ ဖြစ်၏၊

(ဆောင်) ကံအားလျော်၊ ရဟန်းတော်၊ လာသော် မရှိခြင်း။
မျက်မှောက်ကိုတား၊ ဆန္ဒကား၊ ဆောင်ငြား မရှိခြင်း။
သုံးပါး ပရိ၊ ပြစ်ကင်းဘိ၊ ပရိ ပြည့်စုံခြင်း။

ဤသို့လျှင် သိက္ခာတင် ရဟန်းခံသောအခါ အင်္ဂါ (၅)ပါးနှင့် ပြည့်စုံအောင် အားထုတ်ဆောင်ရွက်ရလေသည်။

သိက္ခာချရာ၌ အင်္ဂါ (၆) ပါး

စိတ်, ခေတ်, ကာလ, ပယောဂ, ပုဂ္ဂလ, ဝိဇာနနဟု အင်္ဂါ (၆)ပါး ရှိသည်။ ရဟန်းအဖြစ်မှ လူထွက်လိုသောသူသည် ဤအင်္ဂါ (၆)ပါး ပြည့်စုံဖို့ အထူး လိုအပ်သည်။ သိက္ခာမချဘဲ လူဝတ်လဲထားသောသူသည် ပါရာဇိက သိက္ခာပုဒ်တွေ လွန်ကျူးပါက ပါရာဇိကကျနိုင်သောကြောင့် သိက္ခာချနည်း (၇၈)နည်း ခေတ်ပုဒ်တွေရှိရာ သုံးနည်း သုံးခါမျှ သိက္ခာချပေးနိုင်လျှင် ပိုကောင်းသည်။

၁။ စိတ် = တကယ်ကို လူထွက်လိုသော စိတ်ရှိပါမှ သိက္ခာကျသည်။ လူထွက်လိုသော စိတ် မရှိဘဲ, သိက္ခာချလိုသောစိတ် မရှိဘဲ ရွတ်ဆိုသိက္ခာချပါက သိက္ခာမကျဟု သိပါ။
၂။ ခေတ် = သိက္ခာချနည်း ပြဆိုထားသော ဗုဒ္ဓံ ပစ္စက္ခာမိ စသော ပစ္စုပ္ပုန်ကာလ ဂိဟီတိ မံ ဓာရေဟိ စသော(ပစ္စုပ္ပုန်ကာလ) “အလံ မေ ဗုဒ္ဓေန” စသော (အနာမဋ္ဌကာလ) တစ်ခုခုသော ခေတ်ပုဒ်ကို ရွတ်ဆိုပြီး သိက္ခာချရသည်။ (၇၈)ပုဒ် ရှိသည်။
၃။ ကာလ = ပစ္စုပ္ပုန်ကာလဟော ခေတ်ပုဒ် (၂၂)ပုဒ်၊ အနာမဋ္ဌကာလ (၅၆)ပုဒ်၊ ပုဒ်ပေါင်း (၇၈)ပုဒ်ဖြင့် ကာလမှန်အောင်ဆို၍ သိက္ခာချ ရသည်။
၄။ ပယောဂ = နှုတ်မြွက်ရွတ်ဆိုခြင်းဟူသော ဝစီပယောဂ - ဗုဒ္ဓံ ပစ္စက္ခာမိ စသည်ဖြင့် ဆိုမှ သိက္ခာကျသည်။ စာရေး၍ ဖြစ်စေ၊ လက်ဟန်ခြေဟန် ပြ၍ဖြစ်စေ သိက္ခာချလျှင် မကျ။
၅။ ပုဂ္ဂလ = သိက္ခာချသူ နားထောင်သူ နှစ်ဦးစလုံး စိတ်မနှံ့ ရူးနေသူ ဘီလူးဖမ်းစား၍ စိတ်ပြန့်လွင့်နေသူ ရောဂါပြင်းစွာ ခံစားနေရသူ မဟုတ်မှ သိက္ခာကျသည်။
၆။ ဝိဇာနန = ဗုဒ္ဓံ ပစ္စက္ခာမိ စသော သိက္ခာပုဒ် ခေတ်ပုဒ်ကို ဆိုပြီးသည်နှင့် တစ်ပြိုင်နက် နားထောင်သူက ဤသူဟာ လူထွက်ပြီးပေါ့ဟု သိနားလည်မှ သိက္ခာကျသည်။

(သတိ) သိက္ခာမကျဘဲ လူဝတ်လဲနေသော ရဟန်းလူထွက်သည် အာပတ်တွေ သင့်၏၊ ကုစား၍ မရကောင်းသော ဂရုကအာပတ်ကြီးများ သင့်လျှင် ထပ်မံ ရဟန်းခံ၍ မရတော့ပြီ။ သတိရှိသင့်ကြသည်။ သံဃာဒိသေသ် အာပတ်သင့်လျှင်လည်း နောင် ရဟန်း ပြန်ဝတ်လျှင် ဝါသ်ဆောက်တည်ကြရမည် ဖြစ်သည်။

(ဆောင်) စိတ်, ခေတ်, ကာလ၊ ပယောဂနှင့်၊ ပုဂ္ဂလ, ဝိဇာ၊ ဤခြောက်ဖြာ၊ သိက္ခာကျကြောင်းတည်း။

သိက္ခာချရာတွင် အင်္ဂါတစ်ပါးဖြစ်သော ခေတ်ပုဒ်များ နားလည်ထားရန် အရေးကြီးသည်။ သိက္ခာချနိုင်သော ခေတ်ပုဒ် (၇၈)ပုဒ် ရှိသည်။

ခေတ်ပုဒ် (၇၈) ပုဒ်

ဗုဒ္ဓံ ပစ္စက္ခာမိ စသော (၁၄) ပုဒ်

ဗုဒ္ဓံ = မြတ်စွာဘုရားရှင်ကို။ ပစ္စက္ခာမိ = စွန့်ပါ၏၊ ထို့အတူ - ဓမ္မံ၊ သံဃံ၊ ဝိနယံ၊ ပါတိမောက္ခံ၊ ဥဒ္ဒေသံ၊ ဥပဇ္ဈာယံ၊ အာစရိယံ၊ သဒ္ဓိဝိဟာရိကံ၊ အန္တေဝါသိကံ၊ သမာနုပဇ္ဈာယကံ၊ သမာနာစရိယကံ (= တူသော ဆရာရှိသူ)ကို။ ပစ္စက္ခာမိ = စွန့်ပါ၏ဟု ပစ္စက္ခာမိနှင့် တွဲ၍ ရွတ်ဆိုရသော ပုဒ်ပေါင်း (၁၄)ပုဒ် ရှိသည်။

မံ ဓာရေဟိ (၈) ပုဒ်

ဂိဟီတိ = လူဟူ၍။ မံ = ဘုရားတပည့်တော်ကို။ ဓာရေဟိ = မှတ်တော်မူပါဘုရားဟု မံ ဓာရေဟိနှင့် တွဲ၍ ဆိုရသော ပုဒ် (၈)ပုဒ် ရှိသည်။ ဥပါသကောတိ၊ အာရာမိကောတိ၊ သာမဏေရောတိ၊ တိတ္ထိယောတိ၊ တိတ္ထိယသာဝကောတိ၊ အသမဏောတိ၊ အသကျပုတ္တိယောတိ မံ ဓာရေဟိ။

မံ = ဘုရား တပည့်တော်ကို။ အသကျပုတ္တိယောတိ = သာကီဝင်မင်းသား ဘုရားသားတော် မဟုတ်ဟူ၍။ ဓာရေဟိ = မှတ်တော်မူပါဘုရား။ စသည်ဖြင့် အနက်ပေး အာရုံပြု ဆိုရသည်။

မြှောက်ပွားပုံ

(က) ဗုဒ္ဓံ ပစ္စက္ခာမိ စသော ၁၄-ပုဒ် (ပစ္စုပ္ပန်ကာလ)
( ခ ) ဂိဟီတိ မံ ဓာရေဟိ စသော ၈-ပုဒ် (ပစ္စုပ္ပန်ကာလ)
( ဂ ) အလံ မေ ဗုဒ္ဓေန၊ ကိံ နု မေ ဗုဒ္ဓေန၊ န မမတ္ထော ဗုဒ္ဓေန၊ သုမုတ္တောဟံ ဗုဒ္ဓေန၊ (အနာမဋ္ဌကာလ) (၄)ဝါကျရှိသည်တွင် -

(က)အမှတ်ပြ ၁၄-ပုဒ်နှင့် (ခ)အမှတ်ပြ ၈-ပုဒ် (၁၄+၈ =၂၂) ပစ္စုပ္ပုန် ကာလဖြင့် သိက္ခာချနိုင်သော ခေတ်ပုဒ် ၂၂-ပုဒ် ရှိသည်။ နောက်တစ်ဖန် (က)အမှတ်ပြ ၁၄-ပုဒ်၌ (ဂ)အမှတ်ပြ ၄-ပုဒ် တွဲစပ်ပြောင်းလဲ၍ ဆိုသွားလျှင် (၁၄_၄ = ၅၆) ခေတ်ပုဒ်ပေါင်း (၅၆)ပုဒ်ရသည်။ စုစုပေါင်း (၂၂+၅၆ = ၇၈) ခေတ်ပုဒ်ပေါင်း (၇၈)ပုဒ် ရှိလေသည်။ အနက်ပေးပုံမှာ -

မေ = တပည့်တော်အား။ ဗုဒ္ဓေန = ဘုရားဖြင့်။ အလံ = မထိုက်တန်ပြီ။ မေ = တပည့်တော်အား။ ဗုဒ္ဓေန = ဘုရားဖြင့်။ ကိံနု = အဘယ်အကျိုးရှိအံ့နည်း။ မမ = တပည့်တော်အား။ ဗုဒ္ဓေန = ဘုရားဖြင့်။ န အတ္ထော = အကျိုး မရှိပြီ။ အဟံ = တပည့်တော်သည်။ ဗုဒ္ဓေန = ဘုရားမှ။ သုမုတ္တော = ကောင်းစွာ လွတ်ပြီ။ ဤသို့ စသည်ဖြင့် (က)အမှတ်ပြ (၁၄)ပုဒ်လုံး အနက် ပေးတတ်ပါစေ။

ဤသို့လျှင် (၇၈)ပုဒ် ရှိသည်တွင် မိမိသဘောကျသော ခေတ်ပုဒ်တစ်ပုဒ်ဖြင့် သိက္ခာချနိုင်သည်။

သိက္ခာချရာ၌ စဉ်းစားဖွယ်

“ဗုဒ္ဓံ ပစ္စက္ခာမိ = ဘုရားကို စွန့်ပါ၏”ဟု ရွတ်ဆိုရာ၌ ဗုဒ္ဓဘာသာစစ်စစ် ဖြစ်သူသည် များသောအားဖြင့် တကယ်စွန့်သူ့များ မဟုတ်ကြသောကြောင့် သိက္ခာကျမည် မထင်ပါ။ ဓမ္မံ သံဃံ စသည်တို့၌လည်း နည်းတူပင် ယူဆသင့်သည်။ သိက္ခာကျနိုင်ကြောင်းသာ တင်ပြထားခြင်း ဖြစ်သည်။

သေချာသော သိက္ခာချနည်း

ခဏခေတ္တ သင်္ကန်းဝတ်ကြ ရဟန်းခံကြသော ဒုလ္လဘရဟန်းတို့ကို ဖြစ်စေ, အမြဲဝတ်မည်ဟု ကြံစည်ထားသော်လည်း ရဟန်းဘောင်၌ နေလိုသောစိတ် မရှိသော ရဟန်းကိုဖြစ်စေ သိက္ခာချလိုပါသည်ဟု လျှောက်ထားလာပါလျှင် လူထွက်လိုသော စိတ် တကယ်ရှိ, မရှိ စစ်ဆေးပြီးလျှင် “သာမဏေ”ရောတိ မံ ဓာရေဟိ = ဘုရားတပည့်တော်ကို ရှင်သာမဏေ ကိုရင်ကြီး ဟူ၍ မှတ်တော်မူပါ”ဟု (၃)ကြိမ် ဆိုပြီး၍ ကိုရင်ကြီးဟု မှတ်ထင်ပြီလားဟု မေးစိစစ်ပြီးမှ လူဝတ်လဲစေကာ ဒုတိယအကြိမ် “ဂိဟီတိ မံ ဓာရေဟိ = ဘုရားတပည့် တော်ကို လူဒါယကာဟူ၍ မှတ်တော်မူပါဘုရား”ဟု ဆိုစေရမည်။ လူဒါယကာဟု မှတ်ထင်ပြီလားဟု မေးစိစစ်ပြီးမှ တတိယအကြိမ် “ဥပါသကောတိ မံ ဓာရေဟိ = ဘုရားတပည့်တော်ကို ရတနာသုံးပါးအား ဆည်းကပ်တတ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟုဘုရား”ဟု ဆိုစေရမည်။ ထို့နောက် ဥပါသကာသီလ (ငါးပါးသီလ)ကို အကျဉ်း ပေးလိုက ပေးပါ။ မပေးလျှင်လည်း သိက္ခာကျပြီဟု ယူဆနိုင်ပါသည်။ (၃)ကြိမ် (၃)ဆင့် သိက္ခာချခြင်း ဖြစ်သည်။ သိက္ခာမကျလျှင် အာပတ်တွေ သင့်နိုင်၍ အထူးသတိထားစေလိုသောကြောင့် ယခုကဲ့သို့ သိက္ခာချနည်းကို တင်ပြခြင်း ဖြစ်ပါသည်။

ယော ပန ဘိက္ခု

ရဟန်းဟူသော မြန်မာစကားသည် အရဟန္တသဒ္ဒါမှ ရဟန်းဟု ခေါ်လာသည်။ ပါဠိနယ်တွင် ဘိက္ခု ပဗ္ဗဇ္ဇိတ သမဏဟု သုံးနှုန်းထားသည်။ “ဘိက္ခု = ရဟန်း”ဟု ဆိုရာတွင် ---

ဘိက္ခူတိ ဘိက္ခကောတိ ဘိက္ခု၊ ဘိက္ခာစရိယံ အဇ္ဈုပဂတောတိ ဘိက္ခု၊ ဘိန္နပဋဓရောတိ ဘိက္ခု၊ သမညာယ ဘိက္ခု၊ ပဋိညာယ ဘိက္ခု၊ ဧဟိ ဘိက္ခူတိ ဘိက္ခု၊ တီဟိ သရဏဂမနေဟိ ဥပသမ္ပန္နောတိ ဘိက္ခု၊ ဘဒြော ဘိက္ခု၊ သာရော ဘိက္ခု၊ သေခေါ ဘိက္ခု၊ အသေခေါ ဘိက္ခု၊ သမဂ္ဂေန သံဃေန ဉတ္တိစတုတ္ထေန ကမ္မေန အကုပ္ပေန ဌာနာရဟေန ဥပသမ္ပန္နောတိ ဘိက္ခု၊ တတြ ယွာယံ ဘိက္ခု သမဂ္ဂေန သံဃေန ဉတ္တိစတုတ္ထေန ကမ္မေန အကုပ္ပေန ဌာနာရဟေန ဥပသမ္ပန္နော၊ အယံ ဣမသ္မံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။ ပါရာဇိကဏ်ပါဠိတော်(၂၈။)

ရဟန်းဟု ခေါ်ဆိုရခြင်း (၁၂) ပါး

ရဟန်းဟူသည် ---
၁။ (အရိယာသူတော်ကောင်းတို့၏ တောင်းခြင်းဖြင့်) တောင်းတတ်သောကြောင့် ရဟန်း၊
၂။ ဆွမ်းခံခြင်းအကျင့်သို့ ကပ်ရောက်တတ်သောကြောင့် ရဟန်း၊
၃။ ဆုတ်ဖြတ်ကွဲပြတ်ပြီးသော အဝတ်ကို ဝတ်ရုံတတ်သောကြောင့် ရဟန်း၊
၄။ ရဟန်းဟု သမုတ်ခြင်းကြောင့် ရဟန်း၊
၅။ ရဟန်းဟု ဝန်ခံခြင်းကြောင့် ရဟန်း၊
၆။ “ဧဟိ ဘိက္ခု” (= ရဟန်းလာလော့)ဟူသော ဘုရားရှင်၏စကားတော်ဖြင့် ဖြစ်သောကြောင့် ရဟန်း၊
၇။ သရဏဂုံသုံးပါးတို့ဖြင့် ပဉ္စင်းဖြစ်သောကြောင့် ရဟန်း၊
၈။ ကောင်းသော (သီလစသည်နှင့် ပြည့်စုံသော)ကြောင့် ရဟန်း၊
၉။ (သီလစသော) အနှစ်သာရ ရှိသောကြောင့် ရဟန်း၊
၁၀။ (သိက္ခာ)ကို ကျင့်ဆဲ ဖြစ်သောကြောင့် ရဟန်း၊
၁၁။ (သိက္ခာ)ကို ကျင့်ပြီးဖြစ်သောကြောင့် ရဟန်း၊
၁၂။ ညီညွတ်သော သံဃာသည် (သိမ်ထဲ၌) သိစေခြင်း ဉတ်လျှင် လေးကြိမ်မြောက်သော ကံဖြင့် မပျက်မကွက် မြတ်စွာဘုရား အဆုံးအမအား ထိုက်တန်စွာ ပဉ္စင်းဖြစ်အပ်သောကြောင့် ရဟန်းမည်၏၊ ထို (၁၂)မျိုးသော ရဟန်းတို့တွင် နောက်ဆုံး (၁၂)နံပါတ်ကို ဤ (ပါရာဇိက)အရာ၌ ရဟန်းဟူ၍ အလိုရှိအပ်၏၊

ရဟန်းဟု ခေါ်တွင်လာပုံ

မြန်မာပြည်၌ ပုဂံပြည် အနော်ရထာမင်းလက်ထက်တွင် သုဝဏ္ဏဘူမိ သထုံပြည်မှ ကြွလာသော အရှင်အရဟံကို အစပြု၍ နောက်နောင် သာသနာဘောင်သို့ ဝင်ရောက်လာသော ပုဂ္ဂိုလ်များကို “အရဟံ = ရဟံ = ရဟန်း”ဟု အဆင့်ဆင့် အသံပြောင်းကာ ခေါ်လာခဲ့ကြသည်။ အရှင်အရဟံကိုလည်း အရဟန္တပုဒ်ကို စွဲ၍ အရဟံဟု ခေါ်တွင်လာဟန် တူသည်။
(ပါတိမောက်ဘာသာဋီကာ၊၃၂၅။)

ဥုးပဉ္စင်း ခေါ်တွင်ပုံ

ဤရဟန်းတော်များကို ဥပသမ္ပန္နပုဒ်သို့ လိုက်၍ သီဟိုဠ်၌ ဥပသမ် (သီဟိုဠ်သံဖြင့် ဥပစမ်း)ဟု ခေါ်၏၊ ထိုဥပစမ်းကို လိုက်၍ မြန်မာတို့က ဥပစင်းဟု ခေါ်ခဲ့ရာ ကာလကြာသဖြင့် ဦးပစင်း = ဦးပဉ္စင်းဟု ခေါ်ဝေါ်ရေးသားကြသည်။ (ပါတိမောက်ဘာသာဋီကာ၊၃၂၅။)

ကိုရင်, ဦးဇင်း, ဘုန်းကြီး, ဆရာတော်ဟူသော မြန်မာအသုံးအနှုန်းများကိုလည်း စဉ်းစားကြံစည်ကြပါလေ။

မေထုန၌ မေထုန် ခေါ်ပုံနှင့် မေထုနဝတ္ထု (၅) မျိုး

မိထုနာနံ အယံ မေထုနော။ မိထုနာနံ = အချင်းချင်းတို့၏၊ အယံ = ဥစ္စာတည်း, ကိစ္စတည်း။ မေထုနော = အချင်းချင်းတို့၏ ဥစ္စာ။

ထိုကိစ္စကို ပြုရာ၌ များသောအားဖြင့် မိန်းမ ယောက်ျားနှစ်ဦးလုံးပင် ရာဂထကြွမှုခြင်း တူကြ၏၊ အတူတူနှင့် အနူနူ ဖြစ်ကြသူ နှစ်ဦးတို့၏ ကိစ္စကို မေထုန်ဟု ခေါ်သည်။

လူမျိုး, နတ်မျိုး, ဘီလူးမျိုး, ပြိတ္တာမျိုး, တိရစ္ဆာန်မျိုးဟု မေထုန်မှုမြောက်ထိုက်သော မေထုနဝတ္ထု (၅)မျိုး ဖြစ်၏၊

ပုဂ္ဂိုလ်အပြား (၁၂) ပါးနှင့် မဂ်လမ်းကြောင်း (၃) ပါး

အမ, အထီး, ဥဘတောဗျည်း, ပဏ္ဍုက်ဟု ပုဂ္ဂိုလ် (၄)မျိုးတွင် လူ, နတ်, တိရစ္ဆာန်ဟု (၃)မျိုးစီပြားရကား ပုဂ္ဂိုလ် (၁၂)ယောက် ဖြစ်၏၊ ဘီလူးနှင့် ပြိတ္တာတို့ကို နတ်၌ သွင်းယူပါ။

၁။ ကျင်ကြီးလမ်းကြောင်းပေါက်၊ 
၂။ ကျင်ငယ်လမ်းကြောင်းပေါက်၊ 
၃။ ခံတွင်းလမ်းကြောင်းပေါက်ဟူ၍ မဂ်လမ်းကြောင်း (၃)ပါး ရှိ၏၊

ပါရာဇိကကျကြောင်း မဂ် (၃၀)

လူမ, နတ်မ, တိရစ္ဆာန်မ သုံးယောက်၌ ဝစ္စမဂ်, ပဿာဝမဂ်, မုခမဂ် (၃)ခုစီရှိ၍ (၉)မဂ် ဖြစ်၏၊ ဥဘတောဗျည်း (၃) ယောက်၌လည်း ထို့အတူ (၉)မဂ် ဖြစ်၏၊ လူထီး, နတ်ထီး, တိရစ္ဆာန်ထီးတို့၌ ဝစ္စမဂ်နှင့် မုခမဂ် (၂)ခုစီ ရ၍ (၆)မဂ် ရ၏၊ ပဏ္ဍုက် (၃)ယောက်တို့၌လည်း ထို့အတူ (၆)မဂ် ရ၏၊ (၉+၉+၆+၆)ဖြစ်၍ ပေါင်းသော် မဂ် (၃၀) ဖြစ်၏၊

(ဆောင်) လူ နတ် စ္ဆာန်မ၊ သုံးမဂ်ရ၊ ပေါင်းက (၉)မဂ်ဖြစ်။ ဥဘတောဗျည်း၊ သုံးယောက်လည်း၊ ထိုနည်း ကိုးမဂ်ဖြစ်။ ထီး၊ ပဏ် သုံးစီ၊ မဂ်နှစ်လီ၊ မြှောက်သည် ဆယ့်နှစ်ဖြစ်။ ကိုး ကိုး ဆယ့်နှစ်၊ ပေါင်းတုံလစ်၊ မဂ်ပေါင်း သုံးဆယ်ဖြစ်။

အာပတ်ပိုင်းခြားပုံ

ဖော်ပြပါ မဂ်သုံးဆယ်၌ - သေ၍ အင်္ဂါဇာတ်ထက်ဝက်ထိ ခွေး မစားရသေးသော အသေကောင်၌ မှီဝဲလျှင်ပင် ပါရာဇိက ကျ၏၊ အသက်ရှင်စဉ်၌ကား ပါရာဇိက ကျနိုင်တော့သည်သာ။ ထက်ဝက်, ထက်ဝက်ကျော်ကျော် ခွေးစားထားသော အသေကောင်၌ မှီဝဲလျှင် ထုလ္လစ္စဉ်းအာပတ်သင့်၏၊ အလုံးစုံ ပုပ်၍ ပျက်စီးနေသော အင်္ဂါဇာတ်နေရာ၌ ဖြစ်စေ, အရိုးစု၌ ဖြစ်စေ မှီဝဲလျှင် ဒုက္ကဋ်အာပတ် သင့်၏၊

(ဆောင်) ထက်ဝက်မပျက်၊ စပ်ယှက်ပါရာ၊ ထက်ဝက်ပျက်က၊ ထုလ္လစ္စယာ။
လုံးစုံပုပ်ပွ၊ ဖြစ်ထကောင်မှာ၊ မှီဝဲလတ်၊ ဒုက္ကဋ်အာပတ်သာ။

မိန်းမ၏ ပေါင်ကြား လက်ကတီးကြား လက်ချောင်းကြား ချက် ဝမ်းပြင် နားပေါက် ဆံထုံးတို့၌ မှီဝဲလျှင် သံဃာဒိသေသ် အာပတ်သင့်၏၊ လူယောက်ျားတို့၏ အသက်ရှင်ဆဲ ကိုယ်၌ မျက်လုံးပေါက် နားပေါက် နှာခေါင်းပေါက်တို့၌ မှီဝဲလျှင် ထုလ္လစ္စဉ်းအာပတ်၊ ပေါင်ကြား လက်ကတီးကြား စသည် တို့၌ မှီဝဲလျှင် ဒုက္ကဋ်အာပတ် သင့်၏၊ (ဘာသာဋီကာ၊ ၄၃၃။)

မိမိမဂ်အတွင်းသို့ သူတစ်ပါးက အတင်းအကြပ် မှီဝဲလာလျှင် သာယာမိက ပါရာဇိကအာပတ်သင့်၏၊ အိပ်ပျော်နေ၍ မသိလိုက်သူ, ရူးနေသူ, စိတ်ပျံ့လွင့်နေသူ, ဝေဒနာအနှိပ်စက်ခံနေရသူ၌ အနာပတ္တိ အာပတ်မသင့်။

ဒုတိယပါရာဇိက အဓိပ္ပာယ်များ

နီလကဟာပဏ မိဿကကဟာပဏ = ငွေစင်တစ်ကျပ်၏ လေးဖို့ တစ်ဖို့ကို တစ်မတ်ဟု ဆိုရသည်။ ထိုရှေးဟောင်း ငွေစင်တစ်မတ်ကား ရွှေငါးပဲ၊ ငွေငါးပဲ၊ ကြေးနီဆယ်ပဲတို့ ပေါင်းစပ်၍ထားသော ပဲနှစ်ဆယ်ရှိ နီလကဟာပဏ၏ လေးပုံတစ်ပုံဖြစ်သော တစ်မတ်ခေါ် ငါးပဲသားတည်း။ ခေတ်အလိုက် ရွှေ ငွေ ပေါက်စျေးနှင့် တွက်၍ရသော ငွေ၏ တန်ဖိုးကို သိပါ။ ရွှေတစ်ပဲ တစ်ရွေး, ငွေတစ်ပဲ တစ်ရွေး, ကြေးနီနှစ်ပဲ နှစ်ရွေးပေါင်းသော် (လေးရွေးကြီး တစ်ပဲ ဖြစ်သောကြောင့်) ငါးပဲတစ်မတ်၏ တန်ဖိုးကို ခန့်မှန်း၍ သိပါလေ။

အာပတ်အဆင့်အဆင့် ခွဲခြားပုံ

ဆိုခဲ့သော တစ်မတ်တန်နှင့် အထက်ပစ္စည်းများ ခိုးလျှင် ပါရာဇိက၊ တစ်မတ်တန်အောက် တစ်ပဲတန်အထက် ခိုးလျှင် ထုလ္လစ္စဉ်း၊ တစ်ပဲတန်အောက် ခိုးယူလျှင် ဒုက္ကဋ်အာပတ် သင့်၏၊

နေရာပြောင်းရွှေ့ခြင်းကြောင့် အာပတ်သင့်နိုင်ပုံ

တစ်မတ်တန်အထက် သူတစ်ပါးပိုင်ဝတ္ထုပစ္စည်းကို ခိုးလိုသော စိတ်ဖြင့် သုံးသပ် ထိရုံထိလျှင် ဒုက္ကဋ်၊ လှုပ်သွားလျှင် ထုလ္လစ္စဉ်း၊ နေရာက ရွေ့သွားလျှင် ပါရာဇိကအာပတ် သင့်၏၊ ဤနေရာ၌ သူတစ်ပါးက ခရီးကြုံ၍ ပေးလိုက်သော ရွှေ, ငွေပစ္စည်းများ သယ်ဆောင်သွားရာတွင် ခိုးလိုသောစိတ် မဖြစ်အောင် ထိန်းသိမ်းရန် ခဲယဉ်းလှ၏၊ ဆောင်ယူသွားစဉ် ခိုးလိုသော စိတ် ဖြစ်ပါက အထက်ပါအတိုင်း အာပတ်အဆင့်ဆင့်သင့်ကာ ပါရာဇိက ကျနိုင်သည်ကို အထူး သတိပြုပါ။

မိဘပစ္စည်းပင်ဖြစ်စေ သတိပြုရန်

ဒုတိယပါရာဇိကသည် အလွန် သိမ်မွေ့လှ၏၊ မိဘပစ္စည်းပင် ဖြစ်စေကာမူ ခိုးလိုသော စိတ်ဖြင့် ကိုင်တွယ်သုံးသပ်ခြင်း မပြုရာ။ မြွေဆိုးတနဲ မီးခဲပမာ သတိပြု၍ ရှောင်ကြဉ်ရာ၏၊ ကျော့ကွင်း၌ မိနေသော သမင်နှင့် မြှုံး၌ မိနေသော ငါးတို့ကို ခိုးလိုသော စိတ်ဖြင့် ဖြုတ်လွှတ်လိုက်အံ့၊ ပါရာဇိကအထိ အဆင့်ဆင့် အာပတ်သင့်နိုင်သည်။ သနားသော စိတ်ဖြင့် ဖြုတ်လွှတ်အံ့၊ အာပတ်မသင့်။ စိတ်ထားသည် အရေးကြီးလှသည်။

မိမိကိုယ်တိုင် သွားရင်း လာရင်း ကျော့ကွင်း၌ မိနေသော် ဖြုတ်မသွားကောင်း၊ ဥစ္စာရှင် ဖြုတ်ပေးမှ သွားကောင်းကြောင်း ဘုန်းတော်ကြီးဦးသီလ သာဓကဖြင့် သိပါ။ တခြားသူက လာရောက် ဖြုတ်ပေးသည်ကို လက်မခံခဲ့ပါ။ ဥစ္စာရှင် လာဖြုတ်ပေးမှ လက်ခံတော်မူ၏၊ ဘဏ္ဍာစားထိုက်မည် စိုးရွံ့သောကြောင့် ကိုယ်တိုင် မဖြုတ်ခြင်း ဖြစ်သည်။

ထေယျသင်္ခါတ = ခိုးလိုသော စိတ်

စိတ်ရိုးစိတ်ကောင်းဖြင့် ယူခြင်းမျိုး မဟုတ်ဘဲ ခိုး၍ တိုက်ခိုက်လုယက်၍ ညာဖြန်းလှည့်ပတ်၍ တရားတွေ့၍ ခိုးလိုသော စိတ်ဖြင့် ရထား, သင်္ဘော, ကား စသည်တို့၌ ကျနှုန်းအတိုင်း မပေးရအောင် တိမ်းရှောင်ပုန်းဝှက်လိုသော စိတ်ဟူသမျှကို ထေယျသင်္ခါတဟု မှတ်ပါ။ အကျွမ်းဝင် ခင်မင်၍ ရင်းနှီး၍ ယူခြင်း ခေတ္တခဏ ငှားရမ်းလို၍ ယူခြင်းများတို့ကို အာပတ် မသင့်ကြောင်း ပြလို၍ ထေယျသင်္ခါတံဟု ပြဆိုထားသည်။

(ဆောင်) တာဝကာလိ, ဝိဿာသိက, ယူခြင်းမျှကို, တားမြစ်လို, မိန့်ဆို ထေယျသင်္ခါတ။

ခိုးခြင်း (၂၅) ပါး

နာနာဘဏ္ဍပဉ္စက၊ ဧကဘဏ္ဍပဉ္စက၊ သာဟတ္ထိကပဉ္စက၊ ပုဗ္ဗပယောဂပဉ္စက၊ ထေယျာဝဟာရပဉ္စက၊ ဤပဉ္စက ငါးခုပေါင်းသော် (၅-၅ =၂၅) ခိုးခြင်း (၂၅)ပါး ရှိသည်ဟု အကျဉ်းအားဖြင့် သိပါ။

(ဆောင်) နာ, ဧ, သာ, ပု၊ ထေယျစု၊ ငါးခု ပဉ္စကလာ။

(က) နာနာဘဏ္ဍပဉ္စက

၁။ အာဒိယေယျ = အာရာမ်ကို တရားတွေ့၍ ခိုးခြင်း။
၂။ ဟရေယျ = ဆောင်ယူ ထမ်းယူသွားသော သူတစ်ပါးဥစ္စာကို ခိုးခြင်း။
၃။ အဝဟရေယျ = အပ်နှံထားသော ဘဏ္ဍာကို ခိုးခြင်း။
၄။ ဣရိယာပထဝိကောပေယျ = ဘဏ္ဍာဆောင်လာသူ သယ်ယူလာသူကို ဘဏ္ဍာနှင့်တကွ ခိုးခြင်း။
၅။ ဌာနာစာဝေယျ = ကုန်း၌ တည်နေသော ဘဏ္ဍာကို နေရာရွှေ့ပြောင်းထား၍ ခိုးခြင်း။
ဤငါးပါးကို နာနာဘဏ္ဍပဉ္စကဟု ခေါ်သည်။

(ခ) ဧကဘဏ္ဍပဉ္စက

၁။ အာဒိယေယျ = ပိုင်ရှင်၏ သက်ရှိ ကျွန်ကိုဖြစ်စေ, တိရစ္ဆာန်ကိုဖြစ်စေ တရားတွေ့၍ တရားဆင်၍ ခိုးခြင်း၊
၂။ ဟရေယျ = ဆောင်ယူသွားသော သက်ရှိသတ္တဝါကို ခိုးခြင်း၊
၃။ အဝဟရေယျ = အပ်နှံထားသော သက်ရှိသတ္တဝါကို ခိုးခြင်း၊
၄။ ဣရိယာပထဝိကောပေယျ = သက်ရှိသတ္တဝါ ဆောင်ယူလာသည်ကို သတ္တဝါနှင့်တကွ ခိုးခြင်း၊
၅။ ဌာနာစာဝေယျ = ကုန်း၌ တည်နေသော သတ္တဝါကို နေရာရွှေ့ထား၍ ခိုးခြင်း၊
ဤငါးပါးကို ဧကဘဏ္ဍပဉ္စကဟု ခေါ်သည်။

(မှတ်ချက်) နာနာဘဏ္ဍပဉ္စကကား သက်မဲ့, ဧကဘဏ္ဍပဉ္စကကား သက်ရှိ ဤသို့ ထူး၏၊ ခိုးပုံခြင်းကား တူသည်။

(ဆောင်) အာ, ဟရ, အဝ, ဣရိ, ဌာနာရှိ မှတ်သိ နာဧပါ။

(ဂ) သာဟတ္ထိကပဉ္စက

၁။ သာဟတ္ထိက = သူတစ်ပါး၏ ဘဏ္ဍာကို ကိုယ်တိုင် ခိုးခြင်း၊
၂။ အာဏတ္တိက = သူတစ်ပါးကို စေခိုင်းတိုက်တွန်း၍ ခိုးခြင်း၊
၃။ နိဿဂ္ဂိယ = ကင်းထားရာအရပ် ကြံစည်ရာအရပ်တို့၏ အတွင်း၌နေ၍ အပြင်သို့ ပစ်လွှင့်ခိုးခြင်း၊
၄။ အတ္ထသာဓက = စွမ်းနိုင်သောအခါ ခိုးပါဟု စေခိုင်းခြင်း၊ မခိုးမီကပင် ပါရာဇိကအကျိုးကို ပြီးစေတတ်သော ခိုးခြင်းဟူ၏၊
၅။ ဓုရနိက္ခေပ = အာရာမ်ကို တရားတွေ့ခြင်း, အပ်ထားသော ဘဏ္ဍာကို မပေးခြင်း, တာဝကာလိက ခဏယူထားသည်ကို မပေးခြင်း, ဘဏ္ဍာစား ထိုက်သည်ကို မပေးခြင်း၊ ထို့ကြောင့် ဥစ္စာရှင်က ငါတော့ ရမှာမဟုတ်ပါဘူးဟု လုံ့လလျှော့ချခြင်းဖြင့် ပြန်မပေးသူ၏ ခိုးခြင်း။

(ဆောင်) သဟ, အာဏ, နိဿဂ္ဂိယ, အတ္ထ, ဓုရပါ။

(ဃ) ပုဗ္ဗပယောဂပဉ္စက

၁။ ပုဗ္ဗပယောဂ = စေခိုင်းအပ်သူက ဧကန် ခိုးမည်ဖြစ်လျှင် စေခိုင်းသူမှာ ခိုင်းစဉ်ကပင် မခိုးမီ ရှေးအဖို့ကပင် ခိုးခြင်း၊
၂။ သဟပယောဂ = မြှုပ်ထားသော ငွေအိုးစသည်ကို နေရာမှ ရွေ့စေ၍လည်းကောင်း ကန်သင်းစသည်ကို ပြောင်း၍သော်လည်းကောင်း၊ ကိုယ့်လယ်ယာဘက် ချဲ့ယူလို၍ ငုတ်တိုင် ပေကြိုး ခြံဝင်းတိုးချဲ့ခြင်း- စသော ပယောဂနှင့်တကွ ခိုးခြင်း၊
၃။ သံဝိဓာဝဟာရ = ဤမည်သော ဘဏ္ဍာကို ခိုးအံ့ဟု သုံးပါးလေးပါး သဘောတူ တိုင်ပင်၍ တစ်ပါးက ခိုးသော် သဘောတူ ရဟန်းအားလုံး ခိုးခြင်း၊
၄။ သင်္ကေတကမ္မ = နံနက်စသော အချိန် (၁၀)နာရီစသော အချိန် အချိန်းအချက် အမှတ်ပြုှ၍ ခိုးခြင်း၊
၅။ နိမိတ္တကမ္မ = မျက်စိမှိတ်ပြခြင်း လက်ပြ ခြေပြပြုလုပ်၍ ခိုးခြင်း၊

(ဆောင်) ပုဗ္ဗ, သဟ, ပယောဂပါ၊ သံဝိဓာ, သင်္ကနိမိတ္တာ။

(င) ထေယျာဝဟာရပဉ္စက

၁။ ထေယျာဝဟာရ = ပုံးလျှိုးကွယ်လျှိုး လိမ်လည်လှည့်ပတ်၍ ခိုးခြင်း၊ လျှို့ဝှက်၍ ခိုးခြင်း၊ တောင်းတင်း ချိန်ခွင် အသပြာ စဉ်းလဲပြု၍ ခိုးခြင်း၊ ငွေတုထုတ်လုပ်ခြင်း စသည် ပါဝင်၏၊
၂။ ပသာယှာဝဟာရ = အနိုင်အထက် လုယက်၍ ဓားပြတိုက်၍ ခိုးခြင်း၊ ရသင့်သော အခွန်ထက် ပိုတောင်း၍ ခိုးခြင်း၊
၃။ ပရိကပ္ပါဝဟာရ = ဘဏ္ဍာကိုဖြစ်စေ အရပ်ကိုဖြစ်စေ ကြံဆ၍ခိုးခြင်း၊
၄။ ပဋိစ္ဆန္နာဝဟာရ = မြူမှုန် သစ်ရွက်တို့ဖြင့် ဖုံးလွှမ်းထား၍ ရွှံ့နွံအတွင်း သဲအတွင်း နင်းသွင်း၍ ခိုးခြင်း၊
၅။ ကုသာဝဟာရ = ကမ္ဗည်းလိပ်စာ ပြောင်း၍ ခိုးခြင်း၊
ဤငါးပါးကို ထေယျာဝဟာရပဉ္စကဟု ခေါ်၏၊

(ဆောင်) ထေ, ပ, ပရိ၊ ပဋိစ်ကုသာ၊ ဤငါးပါးမှာ၊ ယှဉ်ကာ ဝဟာရ၊ ခိုးမှုပြ၊ နှစ်ဆယ့်ငါး ထေယျာ။

ဝိဿာသဂ္ဂါဟ (= အကျွမ်းဝင်၍ယူခြင်း) အင်္ဂါ ၅-ပါး

ကင်းသော ညှဉ်းဆဲခြင်းရှိသော ယူခြင်း၊ မညှဉ်းဆဲမူ၍ ယူခြင်း၊ အကျွမ်းတဝင် ယူခြင်းဟု ဆိုလိုသည်။ ဝိဿာသဂ္ဂါဟအင်္ဂါ (၅) ပါး ရှိ၏၊

၁။ သံဒိဋ္ဌ = မြင်ဖူးကာမျှ အဆွေခင်ပွန်းဖြစ်ခြင်း၊
၂။ သမ္ဘတ္တ = မြဲမြံသော အဆွေခင်ပွန်းဖြစ်ခြင်း၊
၃။ အလပိတ = “ငါ့ဥစ္စာကို အလိုရှိသောအခါ ယူလော့”ဟု ပန်ကြားဖွယ်မရှိ ပြောထားခြင်း၊
၄။ ဇီဝိတ = အသက်ရှင်ခြင်း၊
၅။ ဂဟိတေ အတ္တမန = ယူသော် ဝမ်းမြောက်ကျေနပ်ခြင်း၊ ပေါင်း (၅)ပါးတည်း။ ထို ငါးပါးထဲက ရှေ့သုံးပါးတို့တွင် တစ်ပါးပါးကို ယူကာ နောက်နှစ်ပါးနှင့် ပေါင်းသော် အင်္ဂါသုံးပါး ဖြစ်၏၊ ယင်းအင်္ဂါသုံးပါး ရှိက ယူကောင်းပြီ ဟူ၏၊

(မှတ်ချက်) ငါသေသော်, ငါသေသောအခါ, မင်းယူတော့ဟု ပေးမူ ပေးရာမရောက်၊ မယူကောင်းသည်ကို သတိရှိစေ။

ဒုတိယပါရာဇိကအာပတ် အဆုံးအဖြတ်များ

မြေ၌ တည်သော ဥစ္စာ, ကြည်းကုန်း၌ တည်သော ဥစ္စာ, ကောင်းကင်၌ တည်သော ဥစ္စာ, ဟင်းလင်းပြင်၌ တည်သော ဥစ္စာ ရေ၌ တည်သော ဥစ္စာ, လှေ၌ တည်သော ဥစ္စာတို့ကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ အဖော်ကိုသော်လည်း ပေါက်တူး ခြင်းတောင်း စသည်ကိုလည်းကောင်း ရှာအံ့၊ မြေကို တူးအံ့၊ နွယ်ကို ဖြတ်အံ့၊ မြေကို ယက်အံ့၊ ပစ္စည်းသို့ မရောက်မီ သွားလာလှုပ်ရှားမှု မှန်သမျှ ဒုက္ကဋ်အာပတ် သင့်၏၊ ပစ္စည်းကို သုံးသပ်အံ့ ဒုက္ကဋ်၊ ပစ္စည်းကို လှုပ်စေအံ့ ထုလ္လစ္စဉ်း၊ ပစ္စည်းကို နေရာမှ ရွေ့စေအံ့ ပါရာဇိက အာပတ်သင့်၏၊ (ဤ၌ မြေတူး, နွယ်ဖြတ် ပြုရာ၌ ပါစိတ် မဟုတ်၊ ဒုက္ကဋ်သာ သင့်၏)

သူတစ်ပါးပိုင်ပစ္စည်း ငါးပဲတန်နှင့်အထက် တန်ဘိုးရှိသော ပစ္စည်းကို ဦးခေါင်း ပခုံး ခါးစသည်၌ တင်ဆောင် သယ်ယူလာခြင်းတို့၌ ခိုးလိုသော စိတ်ဖြင့် သုံးသပ်အံ့ ဒုက္ကဋ်၊ လှုပ်စေအံ့ ထုလ္လစ္စဉ်း၊ တခြား ပခုံး ခါးစသည်သို့ ချလိုက်အံ့ ပါရာဇိကအာပတ် သင့်၏၊

အာရာမ်, ကျောင်း, လယ်, ရွာ, တောတို့တွင် မြေ, ကြည်းကုန်း, ကောင်းကင်, ဟင်းလင်းပြင် လေးဌာနတို့၌ တည်ရှိသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့်, ရလိုမှုဖြင့် တရားစွဲအံ့၊ အဖော်ရှာခြင်း သွားလာလှုပ်ရှားမှု မှန်သမျှ၌ ဒုက္ကဋ်၊ ဥစ္စာရှင်အား ယုံမှားစေအံ့ ထုလ္လစ္စဉ်း၊ ဥစ္စာရှင်က ငါမရတော့ပြီဟု ဝန်ချအံ့ ပါရာဇိကအာပတ် သင့်၏၊

ရေ ဒန်ပူ မြက် သစ်ရွက် စသည်တို့တွင် ငါးပဲ ငါးပဲထက်အလွန် ထိုက်တန်သော ရေစသည်ကို ခိုးလိုသော စိတ်ဖြင့် သုံးသပ်အံ့ ဒုက္ကဋ်၊ လှုပ်စေအံ့ ထုလ္လစ္စဉ်း၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏၊

အပ်နှံထားသောဥစ္စာ အနီး၌ထားသော ဥစ္စာကို ဥစ္စာရှင်က “ငါ၏ ဥစ္စာကို ပေးပါ”ဟု ဆိုလာသော် ငါမယူဟု ငြင်းဆိုအံ့ ဒုက္ကဋ်၊ ဥစ္စာရှင်အား ယုံမှားစေအံ့ ထုလ္လစ္စဉ်း၊ ဥစ္စာရှင်သည် “ငါ့အား ပြန်ပေးတော့မည် မဟုတ်”ဟု ဝန်ချအံ့ ပါရာဇိကအာပတ် သင့်၏၊

ကင်းထားရာအရပ် အကောက်ဌာနသို့ ဝင်၍ အခွန်ပေးရမည့်ဥစ္စာကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ သုံးသပ်အံ့ ဒုက္ကဋ်၊ လှုပ်စေအံ့ ထုလ္လစ္စဉ်း၊ ကင်းကို ခြေလှမ်း လွန်စေအံ့ ထုလ္လစ္စဉ်း၊ ဒုတိယခြေလှမ်းကို ကျော်လွန်အံ့၊ ပါရာဇိက အာပတ်သင့်၏၊

ခြေနှစ်ချောင်းရှိသော သတ္တဝါ လူ ကြက် ငှက်စသည် ခြေလေးချောင်း ဆင် မြင်း နွားစသည်တို့ကို ခိုးလိုသော စိတ်ဖြင့် သုံးသပ်အံ့ ဒုက္ကဋ်၊ လှုပ်စေအံ့ ထုလ္လစ္စဉ်း၊ နေရာမှ ရွေ့စေအံ့ ပါရာဇိက၊ ခြေလျင်ခေါ်ဆောင်အံ့ ခြေတစ်လှမ်းကို ရွေ့စေအံ့ ထုလ္လစ္စဉ်း၊ ဒုတိယခြေလှမ်းကို ရွေ့စေအံ့ ပါရာဇိကအာပတ် သင့်၏၊ များသော အခြေရှိသော ကင်းမြီးကောက် ကင်းခြေများ (ခူ, တီ, သံကောင် ဥစ္စာလိင်္ဂပိုး)တို့ကို ငါးပဲ ငါးပဲထက်အလွန် ထိုက်တန်သော ကင်းမြီးကောက် စသည်ကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ သုံးသပ်အံ့ ဒုက္ကဋ်၊ လှုပ်စေအံ့ ထုလ္လစ္စဉ်း၊ နေရာမှ ရွေ့စေအံ့ ပါရာဇိက၊ ခြေလှမ်းရွေ့စေအံ့ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ထုလ္လစ္စဉ်း၊ နောက်ဆုံးခြေလှမ်းကို ရွေ့စေအံ့ ပါရာဇိကအာပတ် သင့်၏၊

တိုင်ပင်၍ ခိုးခြင်း၌ အများတိုင်ပင်၍ တစ်ဦးက ခိုးအံ့ အားလုံးပါရာဇိက အာပတ် သင့်၏၊ ရဟန်းလေးပါး အဆင့်ဆင့် ခိုးခိုင်းရာတွင် ခိုးသောရဟန်း ဝန်မခံမီ အဆင့်ဆင့်ခိုးခိုင်းသော ရဟန်းတို့၌ ဒုက္ကဋ်၊ ခိုးသောရဟန်း ဝန်ခံအံ့ မူလစေခိုင်းသော ရဟန်းတို့အား ထုလ္လစ္စဉ်း၊ ခိုးသူသည် ထိုဥစ္စာကို ခိုးအံ့ ရဟန်းလေးပါးလုံး ပါရာဇိကအာပတ် သင့်၏၊ ပိုင်ရှင် မရှိသော, ပိုင်ရှင်က အာလျပြတ် စွန့်ပစ်ထားအပ်သော ပိုင်ရှင်မဲ့ ပစ္စည်းကို ခိုးလိုသော စိတ်ဖြင့် သုံးသပ်အံ့ ဒုက္ကဋ်၊ လှုပ်စေအံ့ ဒုက္ကဋ်၊ နေရာမှ ရွေ့စေအံ့ ဒုက္ကဋ်၊ ငါးပဲအောက် ပစ္စည်း၌လည်း ထို့အတူပင် ဖြစ်၏၊

အနာပတ္တိ အာပတ်မသင့်သူများ

မိမိဥစ္စာဟု ထင်မှတ်၍ ယူသောရဟန်းအား အာပတ်မသင့်၊ အကျွမ်းဝင်၍ယူခြင်း၊ အခိုက်အတန့်ယူခြင်း၊ ပြိတ္တာ သိမ်းဆည်းသော ဥစ္စာ၊ တိရစ္ဆာန် သိမ်းဆည်းသော ဥစ္စာတို့ကို ယူခြင်း၌လည်း အာပတ်မသင့်။ ပံ့သုကူဟု ထင်မှတ်၍ ယူသောရဟန်း၊ စိတ်ပျံ့လွင့်သော ရဟန်း၊ ရူးသောရဟန်း၊ ဝေဒနာ ဖိစီးသော ရဟန်း၊ လက်ဦးအစ လွန်ကျူးသောရဟန်းတို့ အာပတ်မသင့်။

(ပါရာဇိကဏ်ပါဠိတော် မြန်မာပြန်၊၇၃)

တတိယပါရာဇိက အဓိပ္ပာယ်များ

မနုဿဝိဂ္ဂဟ - လူဇာတ်ဖြစ်သော သူ၏ ကိုယ်ဟူသည် အမိဝမ်းတွင်း၌ ရှေးဦးစွာ (ပဋိသန္ဓေ)စိတ် (ဝိညာဉ်) ဖြစ်ပေါ်သည်မှစ၍ သေသည့်ကာလ တိုင်အောင်သော အတွင်း၌ဖြစ်သော ဤသတ္တဝါသည် လူဇာတ်ဖြစ်သော သူ၏ကိုယ် မည်၏၊

အသက်ဇီဝိတိန္ဒြေမှ ချပုံ - အသက်ဇီဝိတိန္ဒြေကို ဖြတ်၏၊ ချုပ်စေ၏၊ ခန္ဓာအစဉ်ကို ပျက်စေ၏၊ အသက်ကို ဆောင်တတ်သော ဓားလက်နက်ရှာ၍ အနီး၌ ထားခြင်း၌ သံလျက် ခက်ရင်း လှံ ဆောက်ပုတ် ကျောက်ခဲနှင့် ကြွင်းသော လက်နက်များ အဆိပ်ကိုသော်လည်းကောင်း တစ်ခုခုရှာ၍ အနီး၌ ချထားပေးခြင်းကို ယူရပါသည်။

သေခြင်း၏ ဂုဏ်ကျေးဇူး - သေခြင်း၏ ဂုဏ်ကျေးဇူးဟူသည် အသက်ရှင်နေခြင်း၌ အပြစ်ကို ပြ၏၊ သေခြင်း၏ ဂုဏ်ကျေးဇူးကို ချီးကျူး ပြောဆိုခြင်းကို ဆိုသည်။

သေခြင်းငှာ ဆောက်တည်စေခြင်း - လက်နက်ကိုသော်လည်းကောင်း ဆောင်ယူပါ၊ ဓားနှင့်ထိုးသေပါ၊ အဆိပ်စားသေပါ၊ ကြိုးဆွဲချသေပါဟူ၍ ဤသို့ ခိုင်းခြင်းတည်း။

သေစေလိုသော စိတ်အကြံ - သေခြင်း၌အမှတ်၊ သေခြင်း၌စေတနာ၊ သေခြင်း၌ အလိုအကြံတို့တည်း။ ဤတွင် ပါဏ = သတ္တဝါ, 
ပါဏာတိပါတ = သတ္တဝါကို သတ်ခြင်း, 
ပါဏာတိပါတီ = သတ္တဝါကို သတ်လေ့ရှိသူ, 
ပါဏာတိပါတပယောဂ = သတ္တဝါကို သတ်ဖြတ်ကြောင်း လုံ့လပယောဂဟူ၍ လေးချက်ကို ခွဲခြား မှတ်သားသင့်၏၊

ပါဏာတိပါတပယောဂ (၆) ပါး

၁။ သာဟတ္ထိကပယောဂ = မိမိလက်ဖြင့် သတ်ပုတ်ညှဉ်းဆဲခြင်း၊
၂။ နိဿဂ္ဂိယပယောဂ = မြား လှံ ယန္တရား ကျောက်ခဲစသည်တို့ဖြင့် ပစ်လွှင့်ခြင်း ပယောဂ၊
၃။ အာဏတ္တိကပယောဂ = ဤသူကို သတ်လိုက်ဟု စေခိုင်းသူ၏ သတ်ခိုင်းခြင်း ပယောဂ၊ (၎င်း၌လည်း ၆-မျိုး လာရှိ၏၊)
၄။ ထာဝရပယောဂ = ရွှေ့ပြောင်း၍ မရကောင်းသော တွင်းတူးခြင်း, မှီရာ တံကဲပျဉ် အနီး၌ ဓားကို ချထားခြင်း, ဟုန်းခတ်ခြင်း စသည်တို့ဖြင့် သတ်ကြောင်း ပယောဂ၊
၅။ ဝိဇ္ဇာမယပယောဂ = အာတဗ္ဗနဟု ဆိုအပ်သော မန္တာန်ကို စီရင်သဖြင့် သတ်ကြောင်း ပယောဂ၊
၆။ ဣဒ္ဓိမယပယောဂ = ကမ္မဝိပါကဇိဒ္ဓိဖြင့် သတ်ကြောင်းပယောဂဟူ၍ ဖြစ်၏၊

(ဆောင်) သာ, နိ, အာ, ထာ, ဝိဇ္ဇာ, ဣဒ္ဓိ ပါဏာတိ၊ ခြောက်ရှိ ပယောဂါ။

အာဏတ္တိကပယောဂ (၆) ပါး

ဝတ္ထု, ကာလ, ဩကာသ, အာဝုဓ, ဣရိယာပထ, ကြိယာဝိသေသဟု စေခိုင်းခြင်း သတ်ခိုင်းခြင်း ပယောဂ (၆)ပါး ရှိသည်။

၁။ ဝတ္ထု = သတ်အပ်သော သတ္တဝါဟူသော ဝတ္ထု၊ 
၂။ ကာလ = နံနက်စသော အချိန်ကာလ၊ 
၃။ ဩကာသ = မြို့ ရွာ တော စသော အရပ်၊ 
၄။ အာဝုဓ = ဓား လှံ စသော လက်နက်၊ 
၅။ ဣရိယာပထ = သတ်အပ်သူ (အသတ်ခံရသူ)၏ သွားခြင်း ထိုင်ခြင်း စသော ဣရိယာပုထ်၊ 
၆။ ကြိယာဝိသေသ = ထိုးခြင်း ခုတ်ခြင်းစသော ကြိယာအထူး။

(ဆောင်) ဝတ္ထု ကာလ ဩကာသ ဝုဓ ဣရိယာ ကြိယာဝိသေ ဤခြောက်ထွေ ပြားလေ အာဏတ္တာ။

တတိယပါရာဇိကအာပတ် အဆုံးအဖြတ်များ

တတိယသိက္ခာပုဒ်ပါဠိလာ သေအောင်လုပ်နည်း (၄)မျိုးမှ တစ်မျိုးမျိုးဖြင့် စတင်အားထုတ်အံ့ ဒုက္ကဋ်၊ ဆင်းရဲ ဒုက္ခဝေဒနာဖြစ်အံ့ ထုလ္လစ္စဉ်း၊ လူသေအံ့ ပါရာဇိကဟု အဆင့်ဆင့် ခွဲပြီး မှတ်သားပါ။

လူကို သတ်အံ့ဟု မည်သည့်နည်းနှင့်မဆို အားထုတ်အံ့ ဒုက္ကဋ်၊ ဝေဒနာကို ဖြစ်စေအံ့ ထုလ္လစ္စဉ်း၊ သေအံ့ ပါရာဇိက၊ မည်သူဟု မရည်ရွယ်ဘဲ တစ်ဦး တစ်ယောက် ကျ၍ သေလိမ့်မည်ဟု တွင်းတူးအံ့ ဒုက္ကဋ်၊ ထိုတွင်းထဲသို့ လူကျအံ့ ဒုက္ကဋ်၊ ကျ၍ ဒုက္ခဝေဒနာ ဖြစ်စေအံ့ ထုလ္လစ္စဉ်း၊ သေအံ့ ပါရာဇိကအာပတ် သင့်၏၊ လူယောင်ဆောင်ထားသော ဘီလူး ပြိတ္တာများနှင့် တိရစ္ဆာန်ကျအံ့ ဒုက္ကဋ်၊ သေအံ့ ထုလ္လစ္စဉ်း။

အဆင့်ဆင့် စေခိုင်းရာ၌ အာပတ်သင့်ပုံ

ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို “ဤမည်သော ရဟန်းအား ပြောပါလေ၊ ဤမည်သော ရဟန်းကလည်း ဤမည်သောရဟန်းအား ဤမည်သော ရဟန်းသည် ဤမည်သော သူကို သတ်ပါစေ”ဟု ပြောပါစေ၊ ဤသို့ စေခိုင်းအံ့ ဒုက္ကဋ်၊ ထိုရဟန်းသည် တစ်ပါးသောရဟန်းအား ပြောအံ့ ဒုက္ကဋ်၊ သတ်သူရဟန်းသည် ဝန်ခံအံ့ မူလစေခိုင်းသော ထိုရဟန်းအား ထုလ္လစ္စဉ်း၊ ထိုရဟန်းသည် ထိုသူကို သတ်အံ့ ရဟန်းလေးပါးလုံး ပါရာဇိက အာပတ် သင့်၏၊

ရဟန်းတစ်ပါးသည် “ဤမည်သောသူကို သတ်လော့”ဟု စေခိုင်းအံ့ ဒုက္ကဋ်၊ စေခိုင်းပြီးမှ စိတ်မကောင်းသဖြင့် မသတ်နှင့်တော့ဟု ပြန်ပိတ်၏ အခိုင်းခံရသော ရဟန်းသည် “ငါ့ကို စေခိုင်းအပ်ပြီးဖြစ်သည်”ဟု ဆို၍ ထိုသူကို သတ်အံ့၊ မူလစေခိုင်းသော ရဟန်းအား အာပတ်မသင့်၊ သတ်သော ရဟန်းအားသာ ပါရာဇိကအာပတ် သင့်၏၊ ကိုယ်ဖြင့် နှုတ်ဖြင့် ကိုယ်, နှုတ်ဖြင့် တမန် လွှတ်၍ စာရေး၍ ချီးကျူးပြောဆိုခြင်းမည်သည်တို့ကို ဖော်ပြပါအတိုင်း သိပါ။

ဤကဲ့သို့ သေရသော သူသည် ပစ္စည်းဥစ္စာကိုသော်လည်းကောင်း ရတတ်၏၊ အခြံအရံအကျော်အစောသော်လည်းကောင်း ရတတ်၏၊ နတ်ပြည်သို့သော်လည်း ရောက်တတ်၏၊ ဤသို့ ကိုယ်အမူအရာဖြင့် ပြခြင်း၊ နှုတ်ဖြင့် ပြောခြင်း၊ တမန်ဖြင့် သတင်းပေးခြင်း၊ စာရေးခြင်းတို့၌ စာလုံးတိုင်း စာလုံးတိုင်း ရှေ့ရှေ့ပယောဂတို့၌ ဒုက္ကဋ်၊ စာကြည့်၍ သေတော့အံ့ဟု ဒုက္ခဝေဒနာကို ဖြစ်စေအံ့ ထုလ္လစ္စဉ်း၊ သေအံ့ ပါရာဇိကကျ၏၊

ဆေးပေးခြင်း၌ အာပတ်သင့်ပုံ

ထောပတ်ကိုသော်လည်းကောင်း, ဆီ, ပျားရည်, တင်လဲတို့ကိုသော် လည်းကောင်း “ဤဆေးကို လျက်၍ သေလိမ့်မည်”ဟု ပေးအံ့ ဒုက္ကဋ်၊ ထိုဆေးကို လျက်၍ ဒုက္ခဝေဒနာ ဖြစ်အံ့ ထုလ္လစ္စဉ်း၊ သေအံ့ ပါရာဇိကကျ၏၊

ဓမ္မာရုံအနီးသို့ ဆောင်ခြင်း

ဤမည်သော စကားကို, တရားကို ကြားသော် လန့်၍ သေလိမ့်မည်ဟု ငရဲ၌ ဖြစ်ထိုက်သူအား ငရဲနှင့် စပ်သောစကားကို ပြောအံ့ ဒုက္ကဋ်၊ ထိုစကားကို ကြား၍ လန့်အံ့ ထုလ္လစ္စဉ်း၊ သေအံ့ ပါရာဇိကအာပတ် သင့်၏၊ (နတ်ပြည်အကြောင်းလည်း နည်းတူပင်။)

အာရုံငါးပါး - အဆင်း အသံ အနံ့ အရသာ အတွေ့အထိ မနှစ်မြို့ဖွယ် အာရုံတစ်ခုခုကို သေလိမ့်မည်ဟု အနီးသို့ ဆောင်အံ့ ဒုက္ကဋ်၊ ခံရသူ ဒုက္ခဝေဒနာဖြစ်အံ့ ထုလ္လစ္စဉ်း၊ သေအံ့ ပါရာဇိကအာပတ်သင့်၏၊

ဆိုဆုံးမခြင်း

ဤသို့သေပါ၊ ဤသို့ သေရသောသူသည် ပစ္စည်းဥစ္စာကိုသော်လည်း ရတတ်၏၊ အခြံအရံ အကျော်အစောကိုသော်လည်း ရတတ်၏၊ နတ်ပြည်သို့သော်လည်း ရောက်တတ်၏ဟု မမေးဘဲ ပြောအံ့ ဒုက္ကဋ်၊ ထိုအဆုံးအမစကားဖြင့် သေတော့အံ့ဟု ဒုက္ခဝေဒနာဖြစ်အံ့ ထုလ္လစ္စဉ်း၊ သေအံ့ ပါရာဇိက အာပတ်သင့်၏၊

အချိန်းအချက်နှင့် နိမိတ်အမှတ်

နံနက် ညနေ ညချမ်းစသဖြင့် အချိန်ကာလ အချိန်းအချက်ဖြင့် မျက်စိမှိတ် မျက်ခုံးပင့် ခေါင်းညိတ် အမှတ်အသားဖြင့် ထိုသူကိုသတ်လော့ဟု ပြောအံ့ ဒုက္ကဋ်၊ ထိုအချိန် ထိုအမှတ်နိမိတ်အတိုင်း သတ်အံ့ နှစ်ဦးလုံး ပါရာဇိက၊ ထိုအချိန် ထိုနိမိတ်အမှတ်၏ ရှေ့ဖြစ်စေ နောက်ဖြစ်စေ ထိုသူကိုသတ်အံ့ဟု ပြောသော ရဟန်းအား အာပတ်မသင့်။ သတ်သော ရဟန်းအားသာ ပါရာဇိကအာပတ် သင့်၏၊

အာပတ်မသင့်သူများ

သတ်လိုသောစိတ် မရှိသော ရဟန်း, မသိသော ရဟန်း, မသေစေလိုသော ရဟန်း, သည်းခြေပျက်၍ ရူးသော ရဟန်း, အစလက်ဦး လွန်ကျူးသော ရဟန်းတို့အား လူကို သေအောင် ပြုမိ၍ သေသွားသော်လည်း အာပတ် မသင့်ပေ။ (ပါရာဇိကဏ် မြန်မာပြန်-၁၀၃။)

စတုတ္ထပါရာဇိကအဓိပ္ပာယ်များ

ဥတ္တရိမနုဿဓမ္မ - ဟူသည် စျာန် ဝိမောက္ခ သမာဓိ သမာပတ် ဉာဏ်အမြင်၊ မဂ်ကို ပွားများခြင်း၊ ဖိုလ်ကို မျက်မှောက်ပြုခြင်း၊ ကိလေသာကို ပယ်ခြင်း၊ နီဝရဏမှ ကင်းခြင်း၊ ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ မွေ့လျော်ခြင်း တို့တည်း။

စျာန် - ဟူသည် ပ, ဒု, တ, စ အားဖြင့် စျာန်လေးပါး။ ဝိမောက္ခဟူသည် ကိလေသာ ဆိတ်သုဉ်း၍ လွတ်မြောက်ခြင်း သုညတဝိမောက္ခ။ ကိလေသာ အကြောင်းနိမိတ် မရှိ၍ လွတ်မြောက်ခြင်း အနိမိတ္တဝိမောက္ခ။ ကိလေသာ တောင့်တမှု မရှိ၍ လွတ်မြောက်ခြင်း အပ္ပဏီဟိတဝိမောက္ခတည်း။

သမာဓိ - ဟူသည် ကိလေသာဆိတ်သုဉ်း၍ တည်ကြည်ခြင်း၊ သုညတသမာဓိ, အနိမိတ္တသမာဓိ, အပ္ပဏီဟိတသမာဓိတည်း။ သမာပတ်ဟူသည် ကိလေသာ ဆိတ်သုဉ်း၍ ဝင်စားခြင်း၊ သုညတသမာပတ်, အနိမိတ္တသမာပတ်, အပ္ပဏီဟိတသမာပတ်တည်း။ ဉာဏ်အမြင်ဟူသည် ဝိဇ္ဇာသုံးပါးတည်း။ ပုဗ္ဗေနိဝါသဉာဏ်, ဒိဗ္ဗစက္ခုဉာဏ်, အာသဝက္ခယဉာဏ် (ပု-ဒိ-အာ)သုံးပါးကို ဆိုလို၏၊

မဂ်ကိုပွားများခြင်း - ဟူသည် သတိပဋ္ဌာန်လေးပါး, သမ္မပ္ပဓာန်လေးပါး, ဣဒ္ဓိပါဒ်လေးပါး, ဣန္ဒြေငါးပါး, ဗိုလ်ငါးပါး, ဗောဇ္ဈင်ခုနစ်ပါး မြတ်သောမဂ္ဂင်ရှစ်ပါး ပွားများခြင်းတည်း။

ကိလေသာကိုပယ်ခြင်း - ဟူသည် ရာဂ ဒေါသ မောဟကို ပယ်ခြင်းတည်း။ နီဝရဏမှ ကင်းခြင်းဟူသည် ရာဂမှ ဒေါသမှ မောဟမှ စိတ်၏ အပိတ်အပင် နီဝရဏကင်းခြင်းတည်း။

ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ မွေ့လျော်ခြင်း - ဟူသည် ပထမစျာန်ဖြင့် ဆိတ်ငြိမ်ရာကျောင်းသင်္ခမ်း၌ မွေ့လျော်ခြင်း၊။ပ။ စတုတ္ထစျာန်ဖြင့် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ မွေ့လျော်ခြင်းတည်း။

သမုဒါစရေယျ = ပြောကြားငြားအံ့ - ဟူသည် မိန်းမအားသော်လည်းကောင်း, ယောက်ျားအားသော်လည်းကောင်း, လူအားသော်လည်းကောင်း, ရဟန်းအားသော်လည်းကောင်း ပြောကြားခြင်းကို ယူရမည်။

အကြောင်း (၃) ပါး

မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် “မဟုတ်မမှန် ပြောမည်”ဟု သိ၏၊ ပြောဆဲရဟန်းသည် “မဟုတ်မမှန် ပြောသည်”ဟု သိ၏၊ ပြောပြီးရဟန်းသည် “ငါမဟုတ်မမှန် ပြောမိပြီ”ဟု သိ၏၊ ဤအကြောင်းသုံးပါးတို့ဖြင့် ပထမစျာန်ကို ဝင်စားခဲ့ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏၊

အကြောင်း (၇) ပါး

မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် “မဟုတ်မမှန် ပြောသည်”ဟု သိ၏၊ ပြောဆဲ ရဟန်းသည် “မဟုတ်မမှန် ပြောသည်”ဟု သိသည်။ ပြောပြီး ရဟန်းသည် “ငါမဟုတ်မမှန် ပြောမိပြီ”ဟု သိ၏၊ (ငါ့အား ပထမစျာန်မရှိဟူသော မိမိ၏) အယူအဆကို ဖုံးထားလျက်, နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက်, နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက်, ရည်မှန်းချက်ကို ဖုံးထားလျက်, အကြောင်းခုနစ်မျိုးတို့ဖြင့် ပထမစျာန်ကို ဝင်စားခဲ့ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏၊

ပါဠိတော်၌ သုံးပါး, လေးပါး, ငါးပါး, ခြောက်ပါး, ခုနစ်ပါးတို့ဖြင့် ခွဲ၍ ဟောကြားထားသည်။

အကျယ်ချဲ့ သိရန်

အထက်ပါအတိုင်း “ပထမစျာန်ကို ဝင်စားခဲ့ပြီဟု”ဟူသော နေရာ၌ “ပထမစျာန်ကို ဝင်စားသည်ဟုပထမစျာန်ကို ဝင်စားနေ၏ဟုပထမ စျာန်ကို ရသည်ဟုပထမစျာန်ကို လေ့လာခြင်းရှိသည်ဟုငါသည် ပထမစျာန်ကို မျက်မှောက်ပြုအပ်ပြီဟု” သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်ပြီဟု သုံးပါး, လေးပါး, ငါးပါး, ခြောက်ပါး, ခုနစ်ပါးတို့ဖြင့်ဟူ၍ တွဲစပ်ချဲ့ယူလေ။

ပထမစျာန်ကို အကျယ်ချဲ့သကဲ့သို့ပင် စျာန်လေးပါး၊ ဝိမောက္ခသုံးပါး၊ သမာဓိသုံးပါး၊ သမာပတ်သုံးပါး၊ ဝိဇ္ဇာသုံးပါး သတိပဋ္ဌာန်လေးပါး၊ သမ္မပ္ပဓာန် လေးပါး၊ ဣဒ္ဓိပါဒ်လေးပါး၊ ဣန္ဒြေငါးပါး၊ ဗိုလ်ငါးပါး၊ ဗောဇ္ဈင်ခုနစ်ပါး၊ မဂ္ဂင်ရှစ်ပါး၊ ဖိုလ်လေးပါး၊ ကိလေသာသုံးပါး၊ နီဝရဏသုံးပါးတို့ကို ချဲ့၍သိလေ။

နီဝရဏသုံးမျိုးကို ပြခြင်း

အကြောင်းသုံးမျိုးတို့ဖြင့် ရာဂမှ ငါ၏စိတ်သည် အပိတ်အပင် “နီဝရဏ” ကင်းပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိက အာပတ်သင့်၏၊ အကြောင်းသုံးမျိုးတို့ဖြင့် ဒေါသမှ ငါ၏စိတ်သည် အပိတ်အပင် နီဝရဏ ကင်းပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိက၊ အကြောင်းသုံးမျိုးတို့ဖြင့်။ပ။ အကြောင်းခုနစ်မျိုးတို့ဖြင့် မောဟမှ ငါ၏ စိတ်သည် အပိတ်အပင် နီဝရဏကင်းပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏၊

မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် “မဟုတ်မမှန် ပြောမည်”ဟု သိ၏၊ ပြောဆဲရဟန်းသည် “မဟုတ်မမှန် ပြောသည်”ဟု သိ၏၊ ပြောပြီးရဟန်းသည် “ငါ မဟုတ်မမှန် ပြောမိပြီ”ဟု သိ၏၊ (မောဟမှ ငါ၏စိတ်သည် အပိတ်အပင် နီဝရဏ မကင်းသေးဟူသော မိမိ၏) အယူအဆကို ဖုံးထားလျက်, (မောဟမှ ငါ၏စိတ်သည် အပိတ်အပင် နီဝရဏ မကင်းသေးဟူသော မိမိ၏) နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက်, (မောဟမှ ငါ၏ စိတ်သည် အပိတ်အပင် “နီဝရဏ” မကင်းသေးဟူသော မိမိ၏) နှစ်သက် ကျေနပ်မှုကို ဖုံးထားလျက်, (မောဟမှ ငါ၏စိတ်သည် အပိတ်အပင် နီဝရဏ မကင်းသေးဟူသော မိမိ၏) ရည်မှန်းချက်ကို ဖုံးထားလျက်, (မောဟမှ ငါ၏ စိတ်သည် အပိတ်အပင် နီဝရဏ ကင်းပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏၊

ယခုပြဆိုခဲ့သော အကြောင်းသုံးပါး စသည်ကား နီဝရဏကင်းပြီဟု သိလျက် အဆုံးသတ်ထားခြင်းများသည် သုဒ္ဓိကဝါရတည်း။ စက်ပြတ် ခဏ္ဍစက် စက်ဝိုင်း ဗဒ္ဓစက် စက်လှည့်ဟောတော်မူသည်များနှင့် ဧကမူ ဒုမူ သဗ္ဗမူတို့ကိုလည်း ပါရာဇိကဏ်ပါဠိတော်၌ ကြည့်ရှုတော်မူကြပါကုန်။

အာပတ်သင့်ပုံ

အကြောင်းသုံးမျိုးတို့ဖြင့် ပထမစျာန်ကို ဝင်စားပြီဟု ဒုတိယစျာန်ကို ဝင်စားပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါရာဇိက၊ (နားထောင်သူ) မသိနားမလည်သော် ထုလ္လစ္စဉ်း အာပတ်သင့်၏၊

သွယ်ဝိုက်၍ ပြောဆိုခြင်း

မပြောမီ ရှေးမဆွကပင်။ပ။ ဤအကြောင်းသုံးမျိုးတို့ဖြင့် အကြင်ရဟန်းသည် သင်၏ ကျောင်း၌ နေ၏၊ ထိုရဟန်းသည် ပထမစျာန်ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ထိုရဟန်းသည် ပထမစျာန်ကို ရ၏၊ လေ့လာခြင်း ရှိ၏၊ ထိုရဟန်းသည် ပထမစျာန်ကို မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသောရဟန်းအား (နားထောင်သူ) သိနားလည်သော် ထုလ္လစ္စဉ်း၊ (နားထောင်သူ) မသိနားမလည်သော် ဒုက္ကဋ်အာပတ် သင့်၏၊

အထက်ပါအတိုင်းပင် အကြင်ရဟန်းကို အစွဲပြု၍ သင်သည် ကျောင်းကို လှူ၏၊ သင်္ကန်းကို လှူ၏၊ ဆွမ်းကို လှူ၏၊ အိပ်ရာ နေရာကို လှူ၏၊ သူနာအထောက်အပံ့ဖြစ်သော ဆေးကို လှူ၏၊ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ စတုတ္ထစျာန်ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ထိုရဟန်းသည် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ စတုတ္ထစျာန်ကို လေ့လာခြင်း ရှိ၏၊ စတုတ္ထစျာန်ကို မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား နားထောင်သူ သိနားလည်သော် ထုလ္လစ္စဉ်း၊ နားထောင်သူ မသိနားမလည်သော် ဒုက္ကဋ်အာပတ် သင့်၏၊

တုစ္ဆံနှင့် မုသာ အထူး

အနက်မရှိခြင်းကို တုစ္ဆံ၊ စကားလုံး မှားယွင်းခြင်းကို မုသာဟု ခွဲပါ။ ဆိုလိုရင်းကား ပထမစျာန်ကို ငါရ၏ဟု ဆိုရာ၌ ပထမစျာန်ဟူသော စကား၏ အနက်မှန်ဖြစ်သော ပထမစျာန်တရား၏ သူ့သန္တာန်၌ မရှိခြင်းသည် တုစ္ဆံတည်း။ ပထမစျာန်ကို ငါရ၏ဟူသော စကားဝါကျတစ်ခုလုံး မမှန်ခြင်းသည် မုသာတည်း။

အညတြ အဓိမာနာ

အဓိမာန = ရအပ်ပြီဟု မှတ်ထင်ခြင်းကို (ဝါ) လွန်ကဲသော မှတ်ထင်ခြင်းကို၊ အညတြ = ကြဉ်ထား၍။ အဓိမာနရှိသော ပုဂ္ဂိုလ်ဟူသည် စျာနလာဘီ အစစ် အရိယာအစစ်လည်း မဟုတ်၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေသော ပုထုဇဉ်လည်း မဟုတ်၊ တရားအားထုတ် ကြိုးစားနေသော ရဟန်းတော်တို့ကိုသာ အဓိမာန ဖြစ်နိုင်သည်ဟု မှတ်ပါ။

အကျဉ်းချုပ်မှတ်ရန်

ဥတ္တရိမနုဿဓမ္မကို ဝါကြွားပြောကြားရာ၌ (နားထောင်သူ) သိနားလည်လျှင် ပါရာဇိက၊ မသိနားမလည်လျှင် ထုလ္လစ္စဉ်း၊ သွယ်ဝိုက်၍ ပြောဆိုသဖြင့် သိလျှင် ထုလ္လစ္စဉ်း၊ မသိလျှင် ဒုက္ကဋ်အာပတ် သင့်၏၊ တစ်စုံတစ်ရာကို ထုတ်ဆောင်၍ မပြောဘဲ ဥတ္တရိမနုဿဓမ္မ ရသကဲ့သို့ ထင်မှတ်အောင် ဟန်ဆောင်လျှင် ဒုက္ကဋ်၊ လူအများက ချီးမွမ်းမြောက်စား အားထားကြလိမ့်မည်ဟု မျှော်လင့်တောင့်တ၍ တော၌ နေအံ့၊ တောရကျင့်အံ့၊ ဓုတင်ဆောက်တည်အံ့၊ ဆွမ်းခံအံ့၊ သွား, ရပ်, ထိုင်, လျောင်းခြင်းပြုအံ့ ဒုက္ကဋ်အာပတ်သင့်၏၊

အနာပတ္တိ၊ အာပတ်မသင့်သူများ

အထင်ကြီးခြင်း ရနိုးခြင်းဖြင့် မဝါကြွားလိုသော ရဟန်း၊ (သည်းခြေပျက်၍) ရူးသော ရဟန်း၊ (ဘီလူးဖမ်း၍) စိတ်ပျံ့လွင့်သော ရဟန်း၊ ဝေဒနာ ဖိစီးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အား အာပတ်မသင့်။

ဘိက္ခုနီပါရာဇိက (၉) ပါး

ပါရာဇိက (၂၄)ပါး ပြည့်အောင် ရေးရန်အတွက် ဘိက္ခုနီများသာ သက်ဆိုင်သော ပါရာဇိက (၅)ပါး အကျဉ်းချုံး၍ သိသာရုံ ရေးသားတင်ပြမည် ဖြစ်ပါသည်။

ဘိက္ခုနီမတို့သည် ရဟန်းယောက်ျားတို့ကဲ့သို့ ဗုဒ္ဓံ ပစ္စက္ခာမိ စသည်ဖြင့် ဆို၍ သိက္ခာချရခြင်းမည်သည် မရှိ၊ လူဝတ်လဲရုံမျှနှင့်ပင် ပါရာဇိက ကျသောကြောင့် ပထမပါရာဇိကသိက္ခာပုဒ်၌ “သိက္ခာသာဇီဝသမာပန္နော သိက္ခံ အပစ္စက္ခာယ ဒုဗ္ဗလျံ အနဝိကတွာ”ဟု မဟောကြားတော့ပါ။

(၁) ဥဗ္ဗဇာဏုမဏ္ဍလိကာ သိက္ခာပုဒ်

ကိုယ်လက်နှီးနှောလိုသော ရာဂစိတ်ရှိသော ဘိက္ခုနီမသည် ညှပ်ရိုးနှစ်ဖက်အောက် ပုဆစ်ဒူးဝန်း နှစ်ဘက်အထက် တစ်တောင်ဆစ်မှ အထက် လက်မောင်းအဆုံးထိ ခန္ဓာကိုယ်တစ်နေရာရာ၌ ကိုယ်လက်နှီးနှောလိုသော ရာဂစိတ်ရှိသော ယောက်ျား၏ သုံးသပ်ခြင်း, ကိုင်ခြင်း, တို့ထိခြင်း, ပွေ့ယူဖျစ်ညှစ်ခြင်းတို့ကို သာယာငြားအံ့၊ ထိုဘိက္ခုနီမသည် ဥဗ္ဗဇာဏုမဏ္ဍလိကာ မည်သော ပါရာဇိကအာပတ်သင့်၏၊ ရဟန်းမိန်းမကောင်းတို့နှင့် အတူတကွ ပေါင်းသင်းခြင်း မရတော့ချေ။

(မှတ်ချက်) နှစ်ဦးလုံး ရာဂစိတ်ရှိမှသာလျှင် ပါရာဇိကအာပတ် သင့်၏၊ တစ်ဦးတည်း၌ ရာဂစိတ်ရှိလျှင် ထုလ္လစ္စဉ်းအာပတ် သင့်၏၊

(၂) ဝဇ္ဇပဋိစ္ဆာဒိကာ သိက္ခာပုဒ်

ဘိက္ခုနီမသည် ပါရာဇိကကျနေသော တခြားဘိက္ခုနီမ တစ်ယောက်ကို ကိုယ်တိုင်လည်း မစောဒနာ ဘိက္ခုနီဂိုဏ်းအားလည်း မတိုင်ကြားဘဲ အပြစ်ကို ဖုံးလွှမ်းထားအံ့၊ အပြစ်ကို ဖုံးလွှမ်းသောကြောင့် ဝဇ္ဇပဋိစ္ဆာဒိကာမည်သော ပါရာဇိကအာပတ် သင့်၏၊ ရဟန်းမိန်းမကောင်းတို့နှင့် အတူတကွ ပေါင်းသင်းခြင်း မရတော့ချေ။

(မှတ်ချက်) အပြစ်ကို ဖုံးထားမိသည်ဟု ဝန်ခံသည့်အခါမှ ပါရာဇိကကျသည် မဟုတ်၊ ဖုံးထားတော့မည်ဟု ဆုံးဖြတ်တုန်းကပင် ပါရာဇိက ကျခဲ့သည်ဟု သိပါ။

(၃) ဥက္ခိတ္တာနုဝတ္တိကာ သိက္ခာပုဒ်

ဘိက္ခုနီမသည် ညီညွတ်သော ဘိက္ခုသံဃာက ဟုတ်မှန်သော အကြောင်း ဝတ္ထုဖြင့် ဝိနည်းတော်အတိုင်း စစ်ဆေးသတိပေး၍ ဉတ်ကမ္မဝါစာဖြင့် နှင်ထုတ်ထားသော, ရိုသေလေးစားခြင်း မရှိသော, သံဃာ့ဘောင်သို့ ဩသာရဏကံဖြင့် ပြန်၍ မသွင်းရသေးသော, အပေါင်းအဖော် မပြုရသေးသော ဥက္ခိတ္တကရဟန်း၏ အယူကို အတုလိုက်၍ကျင့်ငြားအံ့၊ ထိုဘိက္ခုနီမကို မြင်ကြ ကြားကြကုန်သော အခြားဘိက္ခုနီမတို့က အထက်ပါအတိုင်း အစုံပြောဆို၍ “အရှင်မ ဤရဟန်း၏ အယူကို အတုလိုက်၍ မကျင့်လေလင့်”ဟု နှစ်ကြိမ် သုံးကြိမ် ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့ ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့ ဒုက္ကဋ်အာပတ်သင့်၏၊ (ကြားလျက် မပြောဆိုကြကုန်သော ရဟန်းမတို့အားလည်း ဒုက္ကဋ်အာပတ်သင့်၏၊)

ဤကဲ့သို့ သုံးကြိမ် ဆုံးမပြီးနောက် ထိုဘိက္ခုနီမကို ဘိက္ခုနီသံဃာ၏ အလယ်သို့ ခေါ်ဆောင်၍ အထက်၌ ဆိုခဲ့သည့်အတိုင်း သုံးကြိမ်မြောက်အောင် ထပ်မံ၍ ပြောဆိုဆုံးမရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့ ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုနောက် ဘိက္ခုနီသံဃာက ထိုရဟန်းမအား အယူကိုစွန့်စေခြင်းငှာ သမနုဘာသနကံ ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမအပ်၏၊ ဤသို့ ဆုံးမအပ်သည်ရှိသော် ထိုအယူကို စွန့်လျှင် ကောင်း၏၊ မစွန့်လျှင်ကား သုံးကြိမ်မြောက်သော ကမ္မဝါစာအဆုံး၌ ထိုရဟန်းမသည် နှင်ထုတ်ထားသော ဥက္ခိတ္တကရဟန်း၏ အယူကို အတု လိုက်၍ ကျင့်သောကြောင့် ဥက္ခိတ္တာနုဝတ္တိကာမည်သော ပါရာဇိကအာပတ် သင့်၏၊ ဘိက္ခုနီမကောင်းတို့နှင့် အတူတကွ ပေါင်းသင်းခြင်းငှာ မရတော့ချေ။

(မှတ်ချက်) ကိုးကြိမ်ကိုးခါ ဆုံးမရသည်ကို သတိပြုပါ။

အဋ္ဌဝတ္ထုကာ သိက္ခာပုဒ်

ကိုယ်လက်နှီးနှောလိုသော ရာဂစိတ်ရှိသော ဘိက္ခုနီမသည် ထိုကဲ့သို့သော ရာဂရှိသောယောက်ျား၏ (၁) လက်ဆွဲမှုကိုလည်း သာယာငြားအံ့၊ (၂) သင်္ကန်းကိုင်ဆွဲမှုကိုလည်း သာယာငြားအံ့၊ (၃) နှစ်တောင့်ထွာဟတ္ထပါသ် အတွင်း၌မူလည်း ရပ်နေငြားအံ့၊ (၄) နှစ်တောင့်ထွာအတွင်း စကားပြောအံ့၊ (၅) ချိန်းချက်ထားသော အရပ်သို့ သွားငြားအံ့၊ (၆) မိမိထံသို့ ထိုယောက်ျား၏ လာမှုကိုလည်း သာယာငြားအံ့၊ (၇) ဖုံးကွယ်သောနေရာသို့လည်း လိုက်၍ ဝင်ငြားအံ့၊ (၈) မိမိကိုယ်ကိုလည်း ထိုယောက်ျား၏ အနီးသို့ ကပ်ဆောင်ငြားအံ့ ထိုဘိက္ခုနီမသည် ဝတ္ထု (၈)ပါးကို ကျူးလွန်သောကြောင့် အဋ္ဌဝတ္ထုကာ မည်သော ပါရာဇိကအာပတ်သင့်၏၊ ဘိက္ခုနီမကောင်းတို့နှင့် အတူတကွ ပေါင်းသင်းခြင်းငှာ မရတော့ချေ။

(မှတ်ချက်) တစ်မျိုးတစ်မျိုးအတွက် တစ်ခါကျူးလွန်လျှင် ထုလ္လစ္စဉ်းအာပတ် တစ်ချက်သင့်၏၊ (၈)မျိုးလုံး ပြည့်သောအခါ ပါရာဇိကကျ၏ ဟု မှတ်။

(အမှာ) ဘိက္ခုနီတို့အတွက် သီးခြား ပညတ်တော်မူအပ်သော ဤ၌ တိုက်ရိုက်ပြထားသော သာဓာရဏပါရာဇိက (၄)ပါးအပြင် ဘိက္ခုတို့အား ပညတ်အပ်သော မေထုန, အဒိန္နာဒါန, မနုဿဝိဂ္ဂဟ, ဥတ္တရိမနုဿဓမ္မဟူသော သိက္ခာပုဒ် (၄)ပါးကိုလည်း ဘိက္ခုနီမတို့ လိုက်နာရသည်။ ဘိက္ခုနီမတို့အား ဤသို့ ပါရာဇိက (၈)ပါးနှင့် လူဝတ်လဲသော ဘိက္ခုနီပါရာဇိက (၁)ပါးနှင့် ပေါင်းလျှင် ဘိက္ခုနီပါရာဇိက (၉)ပါးဟု ဆိုသင့်၏၊ ဘိက္ခုနီမတို့နှင့်သာ ဆိုင်သော ပါရာဇိက (၅)ပါး၊ ရဟန်းယောက်ျားတို့၌ (၁၉)ပါး ဖြစ်၍ ပေါင်းသော် ပါရာဇိက (၂၄)ပါး ဖြစ်သည်ဟု မှတ်လေ။

ပါရာဇိကအာပတ် ပြီး၏၊

သံဃာဒိသေသ်ဟူသည် ..

“သံဃော အာဒိမှိ စေဝ သေသေ စ ဣစ္ဆိတဗ္ဗော အဿာတိ သံဃာဒိသေသော”ဟူသည်နှင့် အညီ အစဖြစ်သော ပရိဝါသ်ယူခြင်း၌လည်းကောင်း၊ အလယ်ဖြစ်သော မာနတ်ယူခြင်း၌လည်းကောင်း၊ အဆုံးဖြစ်သော အဗ္ဘာန် သွင်းခြင်း၌လည်းကောင်း ကံသုံးပါးလုံး၌ သံဃာကို အလိုရှိအပ်သည်ချည်း ဖြစ်သောကြောင့် သံဃာဒိသေသ်အာပတ်ဟု ခေါ်သည်။

သံဃာဒိသေသ်အာပတ် (၁၃) ပါး

ပထမာပတ္တိကာ နဝ = ရှေးဦးစွာ ဝတ္ထုကို လွန်ကျူးဆဲခဏ၌ (ဝါ) လွန်ကျူးလျှင် လွန်ကျူးခြင်း သင့်ရောက်ခြင်းရှိသော အာပတ် (၉)ပါး၊ စတ္တာရော ယာဝတတိယကာ = လွန်ကျူးဆဲခဏ၌ သံဃာဒိသေသ်အာပတ် မသင့်သေး သုံးကြိမ်တိုင်အောင် သမနုဘာသနကံ ဉတ်ကမ္မဝါစာအဆုံး၌ သင့်ရသော ယာဝတတိယကအာပတ် (၄)ပါး၊ ပေါင်း (၁၃)ပါး ဖြစ်သည်။

ပထမာပတ္တိကာအာပတ် (၉) ပါး အကျဉ်း

၁။ သုက္ကဝိဿဋ္ဌိ သိက္ခာပုဒ်

အိပ်မက်၌ သုက်လွတ်ခြင်းကို ကြဉ်ထား၍ စေတနာဖြင့် စေ့ဆော် ကြိုးကုတ်အားထုတ်ကာ နိမိတ်ကို (အင်္ဂါဇာတ်ကို) လုံ့လပြု၍ သုက် (၁၀)မျိုးမှ တစ်မျိုးမျိုးကို လွတ်လျှင် သုက္ကဝိဿဋ္ဌိသံဃာဒိသေသ်အာပတ် သင့်၏၊ (သုက်မလွတ်လျှင် ထုလ္လစ္စဉ်းအာပတ် သင့်၏၊)

(ဆောင်) လွှတ်စေလို့ငှာ, စေတနာတည့်, ဗျာပါလုံ့လ, ပြုမိကလျင်း, သုက်လွတ် ခြင်းဟု, ကြောင်းရင်းသုံးလီ, အင်္ဂါညီ, သင့်ပြီ ဝိဿဋ္ဌိ။

၂။ ကာယသံသဂ္ဂသိက္ခာပုဒ်

မွေးဖွားကာစ အရွယ်မှစ၍ လူဇာတ်ရှိသော မိန်းမကို ကိုင်လိုသုံးသပ်လိုသော ကာယသံသဂ္ဂရာဂစိတ်ဖြင့် ဆံပင်၊ မွေးညင်း၊ အမွေးနု၊ အမွေးငယ်၊ အင်္ဂါကြီးငယ် ကိုယ်ခန္ဓာအစိတ်အပိုင်းတို့ကို လုံ့လပယောဂဖြင့် ထိကိုင် သုံးသပ် ပွေ့ဖက် ဖျစ်ညှစ် သာယာလျှင် ကာယသံသဂ္ဂသံဃာဒိသေသ် အာပတ် သင့်၏၊

(ဆောင်) လူမိန်းမပင်၁, မိန်းမထင်လျက်၂, သံသဂ်ရာဂ၃, လုံ့လပြုလျင်း၄, ကိုင်မိခြင်းဟု၅, ကြောင်းရင်းငါးလီ, အင်္ဂါညီ, သင့်ပြီ သံသဂ္ဂ။

၃။ ဒုဋ္ဌုလ္လဝါစာ သိက္ခာပုဒ်

အပျို လူပျိုတို့ မေထုန်နှင့်စပ်သော စကား ပြောဆိုသကဲ့သို့ သိ, ကြား နားလည်နိုင်သော မိန်းမအား မေထုန်နှင့် စပ်သော ရုန့်ရင်းကြမ်းတမ်းသောစကား ပြောကြားလျှင် ထိုခဏ၌ အပြောခံရသော ထိုမိန်းမ နားလည်ပါက ဒုဋ္ဌုလ္လဝါစာသံဃာဒိသေသ် အာပတ်သင့်၏၊ (မသိနားမလည်လျှင် ထုလ္လစ္စဉ်း အာပတ်သင့်၏၊)

(ဆောင်) လူမိန်းမပင်၁, မိန်းမထင်လတ်၂, ဝစာဿာဒ၃, ထိုရာဂဖြင့် ပြောပြ လေဘိ၄, ချက်ချင်းသိဟု၅ ကြောင်းရင်းငါးလီ, အင်္ဂါညီ, သင့်ပြီ ဒုဋ္ဌုလ္လ။

၄။ အတ္တကာမပါရိစရိယ သိက္ခာပုဒ်

မိမိအား မေထုန်ဖြင့် လုပ်ကျွေးခြင်းငှာ သိ, ကြားနားလည်သော မိန်းမ၏ ထံ၌ သီလရှိသော ကိုယ်ကျင့်တရားရှိသော မြတ်သော အထက်တန်းလုပ်ငန်းတွေကို လုပ်ဆောင်နေသော ငါကဲ့သို့သော သူအား မေထုန်အကျင့်ဖြင့် လုပ်ကျွေးပြုစုခြင်းသည် အလှူတကာတို့တွင် အမြတ်ဆုံးသော အလှူဖြစ်၏၊ စသည်ဖြင့် မေထုန်လှူခြင်း၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆို၍ မေထုန် အလှူခံသောစကားကို ထိုခဏ၌ အပြောခံရသော ထိုမိန်းမ သိနားလည်လျှင် အတ္တကာမပါရိစရိယ သံဃာဒိသေသ်အာပတ်သင့်၏၊ (မသိနားမလည်လျှင် ထုလ္လစ္စဉ်းအာပတ်သင့်၏၊)

(ဆောင်) လူမိန်းမပင်, ၁ မိန်းမထင်လျက်၂, ကိုယ်တွက်တာဟု ကာမမှုဖြင်, ပြုစေ လိုတုံ၃, ရာဂကြုံ၍, ဂုဏ်ကိုပြောဘိ၄, ချက်ချင်းသိဟု၅, ကြောင်းရင်း ငါးလီ, အင်္ဂါညီ, သင့်ပြီ ကာမပါရိစယိ။

၅။ သဉ္စရိတ္တ သိက္ခာပုဒ်

လင်မယားဖြစ်စေလိုသောကြောင့် ယောက်ျား မိန်းမတို့၏အကြား၌ အောင်သွယ်မှုပြုလျှင် အယုတ်ဆုံးအားဖြင့် တစ်ခဏမျှပေါင်းဖော်ခြင်းအတွက် ပြည့်တန်ဆာမကိုသော်လည်း ပြောဆိုဆက်သွယ်ပေးလျှင် သဉ္စရိတ္တ သံဃာဒိသေသ်အာပတ် သင့်၏၊ (ပဏ္ဍုက်၌ အောင်သွယ်မှုပြုလျှင် ထုလ္လစ္စဉ်း အာပတ် သင့်၏၊)

(ဆောင်) ကျားမနှစ်ရပ် လူသားဇာတ်တို့၁, ကင်းပြတ်ကွဲခိုက် အောင်သွယ်ထိုက်၍၂, ခိုင်းခိုက်ဝန်ခံ၃, စုံစမ်းဟန်နှင်၄့, တစ်ဖန်မယွင်း, ပြန်ပြောခြင်းဟု၅, ကြောင်းရင်း ငါးလီ, အင်္ဂါညီ, သင့်ပြီ သဉ္စရိတ်။

(မှတ်ချက်) ဝန်ခံအံ့ ဒုက္ကဋ်, ဝန်ခံ၍ စုံစမ်းအံ့ ထုလ္လစ္စဉ်း, ဝန်ခံစုံစမ်းပြီး၍ တစ်ဖန် ပြန်ဆောင်လာအံ့ သံဃာဒိသေသ်အာပတ် သင့်၏၊

၆။ ကုဋိကာရ သိက္ခာပုဒ်

ဆောက်လုပ်သူ ဒါယကာ မရှိ၍ မိမိကိုယ်တိုင် ပဲခွပ် ပုဆိန် စသော လက်သမားကိရိယာတို့ကို ငှားရမ်း၍ ဆောက်လုပ်အပ်သော အတွင်းဘက်၌ ဖြစ်စေ, အပြင်ဘက်၌ဖြစ်စေ, အတွင်းအပြင် နှစ်ဘက်လုံး၌ဖြစ်စေ အင်္ဂတေ (သို့) မြေညက်ဖြင့် လိမ်းကျံအပ်သော ကုဋီကျောင်းငယ်ကို မိမိနေထိုင်ဖို့ ဆောက်လိုလျှင် ပိုးရွ ခြပုန်း ခြင်္သေ့ ကျား စသည်တို့လည်း မရှိ၊ ကောက်ပဲသီးနှံ စသည်တို့လည်း မစိုက်ပျိုး၍ ဘေးအန္တရာယ် မရှိသော ကျောင်းပတ်လည်၌ နွားနှစ်ကောင် ကသောလှည်းဖြင့် လှည့်လည်သွားလာနိုင်လောက်အောင် ဥပစာလည်းရှိသော ကျောင်းရာကို ရွေးချယ်ညွှန်ကြားရန် အလို့ငှာ အခြားရဟန်းတို့ကို မိမိရည်ရွယ်ထားသည့် ကျောင်းဆောက်လုပ်ရန် ကျောင်းရာသို့ ပင့်ဆောင်ရမည်။

ဘေးအန္တရာယ်ရှိသော အရပ်၌ဖြစ်စေ ဥပစာမရှိသော အရပ်၌ဖြစ်စေ ကိုယ်တိုင်ဆောက်လုပ်လျှင် ဒုက္ကဋ်အာပတ် သင့်၏၊ (ဒုက္ကဋ်နှစ်ချက်)

အခြားရဟန်းတို့ကိုလည်း မပင့်ဆောင်ဘဲလျက် ဆောက်လုပ်၍ မြတ်စွာဘုရား၏ (လက်သန်းတော်) အထွာအားဖြင့် အလျား (၁၂)ထွာ၊ အနံ အတွင်းကျ (၇)ထွာရှိသော ထိုကျောင်း၏ အကြီးဆုံးပမာဏထက်လည်း လွန်ပြီး ဆောက်လုပ်၍ နံရံအမိုးတို့ကိုလည်း အင်္ဂတေချင်း မြေညက်ချင်း ဆက်စပ်မိအောင် လိမ်းကျံသော်လည်းကောင်း ကုဋိကာရသံဃာဒိသေသ်အာပတ် သင့်၏၊

(ဆောင်) ဥလ္လိတ္တာဒိ အစရှိသား ကုဋိသုံးလုံး၁ အောက်ဆုံးပမာဏ၂ ကျောင်း ဌာနလည်း မပြမညွှန်၃ ပမာဏလွန်လျက်၄ မိမိတွက်တာ၅ နေထိုင်ရာ နှင့်၆ လျော်စွာသုတ်လေ အင်္ဂတေမြေကို, စပ်စေမကြွင်းရ အကြောင်းရင်းဟု ခြောက်ခင်းခုနစ်လီ လျော်အောင်ညီ သင့်ပြီ ကုဋိက။

(မှတ်ချက်) အင်္ဂါခုနစ်ပါး ရှိသည့်အနက် ကျောင်းရာကို မကြားခြင်း၊ ပမာဏ လွန်ခြင်း (၃+၄)အင်္ဂါနှစ်ပါးကို နုတ်၍ ကျန်ငါးပါးတို့ကို ကျောင်းဌာန မပြမညွှန်ခြင်းနှင့်တွဲမူ အင်္ဂါ (၆)ပါး ဖြစ်၏၊ သံဃာဒိသေသ်တစ်ချက် သင့်၏၊ ပမာဏလွန်ခြင်းနှင့် တွဲမူ အင်္ဂါ (၆)ပါး သံဃာဒိသေသ်တစ်ချက် သင့်၏၊ နှစ်ပါးလုံးနှင့် တွဲမူ အင်္ဂါ(၇)ပါး ဖြစ်၍ သံဃာဒိသေသ်နှစ်ချက် ယူသည်။ (ဒုက္ကဋ်နှစ်ချက် သံဃာဒိသေသ်နှစ်ချက်သင့်သော သိက္ခာပုဒ် တည်း။)

၇။ ဝိဟာရသိက္ခာပုဒ်

ဆောက်လုပ်သူ ဒါယကာရှိ၍ အတွင်းဘက်၌ဖြစ်စေ, အပြင်ဘက်၌ ဖြစ်စေ, အတွင်း အပြင်နှစ်ဘက်လုံး၌ဖြစ်စေ အင်္ဂတေ (သို့) မြေညက်ဖြင့် လိမ်းကျံအပ်သော ဆောက်လုပ်သူ ဒါယကာရှိသော ကြီးသောကျောင်းကို မိမိနေထိုင်ဖို့ ဆောက်လုပ်စေလိုလျှင် ပိုးရွ ခြပုန်း ခြင်္သေ့ ကျားစသည်တို့လည်း မရှိ၊ ကောက်ပဲသီးနှံစသည်တို့လည်း မစိုက်ပျိုး၍ ဘေးအန္တရာယ် မရှိသော ကျောင်းပတ်လည်၌ နွားနှစ်ကောင် က, သောလှည်းဖြင့် လှည့်လည်သွားလာနိုင်လောက်အောင် ဥပစာလည်းရှိသော ကျောင်းရာကို ရွေးချယ်ညွှန်ကြားရန် အလို့ငှာ အခြားရဟန်းတို့ကို မိမိရည်ရွယ်ထားသည့် ကျောင်းဆောက်ရန် ကျောင်းရာသို့ ပင့်ဆောင်ရမည်။

ဘေးအန္တရာယ်ရှိသော အရပ်၌ဖြစ်စေ, ဥပစာမရှိသော အရပ်၌ဖြစ်စေ ဆောက်လုပ်စေလျှင် ဒုက္ကဋ်အာပတ်သင့်၏၊ အခြားရဟန်းတို့ကိုလည်း မပင့်ဘဲလျက် ဆောက်လုပ်စေ၍ နံရံအမိုးတို့ကိုလည်း အင်္ဂတေချင်း မြေညက်ချင်း ဆက်စပ်မိအောင် လိမ်းကျံစေလျှင် ဝိဟာရကာရသံဃာဒိသေသ်အာပတ် သင့်၏၊

(မှတ်ချက်) အင်္ဂါထုတ်ရာတွင် ပမာဏလွန်ခြင်းမှ တစ်ပါး ကြွင်းသော အင်္ဂါတို့မှာ ကုဋိကာရသိက္ခာပုဒ်အတိုင်း အင်္ဂါ (၆)ပါး ဖြစ်သည်။

(ဆောင်) ကုဋိကာရ, အင်ခုနစ်ဝတွင်, ပမာဏလွန်ပယ်, ကျန်ခြောက်သွယ်, သင့်ဖွယ် ဝိဟာရ။

၈။ ပထမဒုဋ္ဌဒေါသ သိက္ခာပုဒ်

စိတ်ဆိုးသည်ဖြစ်၍ မြင်ခြင်း ကြားခြင်း ယုံမှားခြင်းဟူသော အခြေအမြစ် အရင်းမူလ မရှိဘဲလျက် တစ်ပါးသော ရဟန်းကို သာသနာတော်မှ ရွေ့လျောစေခြင်းငှာ ပါရာဇိက (၁၉) ပါးတို့တွင် တစ်ပါးပါးဖြင့် စွပ်စွဲသော စကားကို အပြောခံရသော ထိုရဟန်း ထိုခဏ၌ သိနားလည်လျှင် ပထမ ဒုဋ္ဌဒေါသသံဃာဒိသေသ်အာပတ် သင့်၏၊

(ဆောင်) ရဟန်းများတွင် ရေတွက်ဝင်၍၁ သန့်စင်သသူ ထင်မှတ်ယူလျက်၂ အမူလက၃ သမ္မုခလျှင်း စွပ်စွဲခြင်းတည့်၄ ချက်ချင်းသိဟု၅ ကြောင်းရင်း ငါးလီ, အင်္ဂါညီ, သင့်ပြီ ဒုဋ္ဌောသ။

၉။ ဒုတိယဒုဋ္ဌဒေါသ (ခေါ်) အညဘာဂိယ သိက္ခာပုဒ်

စိတ်ဆိုးသည်ဖြစ်၍ မိမိစိတ်ဆိုး အမြင်ကပ်၍နေသော ရဟန်း၏ အမည်ကို အခြားနာမည်တစ်ခု၌ ပြောင်းလွှဲမှည့်ခေါ်ပြီး အမည်တူခြင်း စသည်အကြောင်းကို အမြွက်ထောင်၍ အခြားသူ ပြုကျင့်သော မေထုန်အမှုတို့ကို ထိုရဟန်းပြုကျင့်သည်ဟု ဆင်တူရိုးမှား ပြုလုပ်ကာ ထိုအမြင်ကပ်သော ရဟန်းကို သာသနာတော်မှ ရွေ့လျောစေခြင်းငှာ ပါရာဇိက(၁၉)ပါးတွင် တစ်ပါးပါးဖြင့် စွပ်စွဲလျှင် ထိုခဏ၌ ထိုအပြောခံရသောရဟန်း သိနားလည်လျှင် ဒုတိယဒုဋ္ဌဒေါသခေါ် အညဘာဂိယ သံဃာဒိသေသ်အာပတ် သင့်၏၊

အင်္ဂါ (၆)ပါး - ရှေ့သိက္ခာပုဒ်အင်္ဂါ (၅)ပါး၌ အညဘာဂိယ အဓိကရဏ ကိဉ္စိဒေသ လေသမတ္တ တစ်ပါးသော အဖို့ရှိသော တစ်စုံတစ်ခုသော အမြွက်မျှယူ၍ စွပ်စွဲခြင်းဟု အင်္ဂါတစ်ပါးထည့်ပါက အင်္ဂါ (၆)ပါး ဖြစ်၏၊

(ဆောင်) ရှေ့ဒုဌ်ဒေါသ, အင်ငါးဝတွင်, အညဘာဂိ, တည်ရာ၏လျှင်, ကိဉ္စိဒေသ, အမြွက်မျှကို, စွဲယူပို, မှတ်လို ဒုတိယ, ဒုဌ်ဒေါသ။

သုက္ကဝိဿဋ္ဌိ သိက္ခာပုဒ်အဓိပ္ပာယ်

သုက်လွတ်ခြင်းဟူသည် သုက်သွေး၏ မူလနေရာမှ ရွေ့လျောခြင်းတည်း။ ယုတ်စွအဆုံး သုက်လွတ်စေလို၍ ခါးကော့လျှင်, လွတ်စေလိုသော ဆန္ဒဖြင့် အင်္ဂါဇာတ်ကို ပေါင်နှင့် ညှပ်ဖိ၍ အိပ်လျှင် ရှေ့အဖို့၌ လွတ်စေလိုသော ဆန္ဒပါသောကြောင့် အိပ်ပျော်စဉ် သုက်လွှတ်သော် သံဃာဒိသေသ်အာပတ်မှ မလွတ်ဟူ၍ သိပါ။

အင်္ဂါဇာတ်တောင့်ခိုင်ခြင်း အကြောင်း (၅) ပါး

(၁) ရာဂကြောင့် တောင့်ခိုင်ခြင်း, (၂) ကျင်ကြီး စွန့်လို၍ တောင့်ခိုင်ခြင်း, (၃) ကျင်ငယ်စွန့်လို၍ တောင့်ခိုင်ခြင်း, (၄) ဥစ္စာလိင်္ဂ ပိုးကောင်ကိုက်၍ တောင့်ခိုင်ခြင်း, (၅) လေတိုက်ခတ်သည်ကို ထိမိ၍ တောင့်ခိုင်ခြင်းဟု (၅)မျိုး ရှိ၏၊

(ဆောင်) ရာ, ကျင်နှစ်ထွေ, ဥစ္စာလေ, ခိုင်လေ ထောက်ပံ့ငါး။ (ပါဠိတော်၊၁၅၄။)

သုက်ရောင် (၁၀) မျိုး

(၁) နီလ = အညိုရောင်၊ (၂) ပီတ = အရွှေရောင်၊ (၃) လောဟိတ = အနီရောင်၊ (၄) ဩဒါတ = အဖြူရောင်၊ (၅) တက္က = ရက်တက်ရောင်၊ (၆) တေလ = ဆီရောင်၊ (၇) ခီရ = နို့ရောင်၊ (၈) ဒဓိ = နို့ဓမ်းရောင်၊ (၉) သပ္ပိ = ထောပတ်ရောင်၊ (၁၀) ဥဒက = ရေအဆင်းရောင်ဟု သုက်အရောင် (၁၀)မျိုး ရှိကြောင်း ဟောတော်မူသည်။ ပါရာဇိကဏ်ပါဠိတော်(၁၅၃။)

(ဆောင်) နီ, ပီ, လော, ဩ၊ တက်, တေ, နှော၊ ခီရော ဒဓိပါ။
သပ္ပိ, ဒကံ၊ ထည့်တုံပြန်၊ သုက္ကံ ဒသဓာ။
ခန္ဓာကိုယ်တစ်ခုလုံး၌ ပျံ့နှံ့တည်သော အရာများ

(၁) ဘာဝရုပ် = ယောက်ျားအဖြစ် မိန်းမအဖြစ်ကို သိစေသော ရုပ်၊ 
(၂) ကာယပသာဒ = ကိုယ်အကြည်ဓာတ်၊ 
(၃) ဇီဝိတရုပ် = ရုပ်ကို အသက်ရှည်စေသော ကိုယ်စောင့်ဓာတ်၊ 
(၄) သုက္က = ဥတုသုက်သွေး၊ 
(၅) လောဟိတ = သွေး၊ 
(၆) ပိတ္တ = သည်းခြေ၊ အဗဒ္ဓသည်းခြေ၊ ဤ (၆)ပါးတို့သည် အစိုဓာတ်ရှိသော ခန္ဓာကိုယ်၏ နာကျင်ရာဌာနမှန်သမျှတို့၌ အနှံ့အပြား တည်ရှိကြသည်။

(ဆောင်) ဘော, ပသာဒ ဇီဝိတ၊ သုက္က သွေး သည်းခြေ။
အစိုကာယ၊ ရှိသမျှ၊ မုချ အနှံ့နေ။

သုက်လွှတ်နှင့် သုက်လွတ်

မိမိက စေတနာလုံ့လ ကြောင့်ကြပြု၍ စေ့ဆော်တိုက်တွန်း အားစိုက်ပေးခြင်းဖြင့် သုက်ရွေ့ရှားစေခြင်းသည် သုက်လွှတ်ခြင်းဟု ဆိုသည်။ မိမိ၏ စေတနာ ကြောင့်ကြဗျာပါရ မပါဘဲ မသိလိုက်ဘဲ သုက်ရွေ့သွားခြင်းကို သုက်လွတ်သည်ဟု ဆိုရမည် ဖြစ်သည်။

အာပတ်အဆင့်ဆင့် သင့်ပုံ

သုက်လွှတ်ခြင်းငှာ အားထုတ်ခြင်း ပယောဂ၌ ဒုက္ကဋ်၊ စေ့ဆော်၍ လုံ့လပြုအံ့ ထုလ္လစ္စဉ်း၊ လုံ့လပြု၍ သုက်လွှတ်အံ့ သုက်၏ မူလနေရာမှ ရွေ့စေအံ့၊ သံဃာဒိသေသ်အာပတ်သင့်၏၊

ရာဂ (၁၁) မျိုးဖြင့် သုက်လွတ်ခြင်းများ

၁။ မောစနဿာဒရာဂ = ရှေးအဖို့၌ သုက်ကို လွတ်စေလိုသောစေတနာ ထင်ရှားရှိသော သုက်လွှတ်ခြင်း၌ သာယာခြင်း၊ [ဤနံပါတ် (၁)ရာဂသည်သာ သံဃာဒိသေသ်အာပတ် သင့်၏၊]
၂။ မုတ္တဿာဒရာဂ = သုက်လွတ်ပြီးသောအခါ သာယာခြင်း၊
၃။ မေထုနဿာဒရာဂ = မေထုန်အမှု၌ သာယာခြင်း၊
၄။ မုစ္စနဿာဒရာဂ = လွတ်ဆဲခဏ၌ သာယာခြင်း၊
၅။ ဖဿသာဒရာဂ = အတွေ့အထိ၌ သာယာခြင်း၊
၆။ ကဏ္ဍုဝဏဿာဒရာဂ = ယားနာ ပွေးနာ ဖျောက်ခြင်း၌ သာယာခြင်း၊
၇။ ဒဿနဿာဒရာဂ = ရူပါရုံအဆင်းမြင်ခြင်း၌ သာယာခြင်း၊
၈။ နိဿဇ္ဇဿာဒရာဂ = မာတုဂါမနှင့် အတူထိုင်နေခြင်း၌ သာယာခြင်း၊
၉။ ဝါစဿာဒရာဂ = ရုန့်ရင်းသောစကားကို ပြောဆိုခြင်း၌ သာယာခြင်း၊
၁၀။ ဂေဟဿိတပေမရာဂ = မိဘ အစ်မ နှမ ဆွေမျိုးကို မှီသော ချစ်ခြင်း၌ သာယာခြင်း၊
၁၁။ ဝနဘင်္ဂိယရာဂ = တောထဲမှ ဆွတ်ခူး၍ ဆောင်ယူလာသော ပန်း သစ်သီး စသည်ကို မှီ၍ဖြစ်သော သာယာသော ရာဂဖြင့် သာယာခြင်းတို့ ဖြစ်ကြသည်။

ဤဆိုခဲ့သော နောက်ရာဂ (၁၀)မျိုးဖြင့် နိမိတ်၌ လုံ့လပြု၍ သုက်လွတ်သော်လည်း သုက်လွတ်လိုသော စေတနာ ရှေ့က မရှိမူ သံဃာဒိသေသ်အာပတ် မသင့်ဟု သိပါ။ ဤအချက်တို့ကို ထောက်ရှုက သံဃာဒိသေသ် အာပတ်သည် အလွန်သင့်နိုင်ခဲသည်ကို သိပါ။

အာပတ်အဆုံးအဖြတ် သတိပြုဖွယ်

သံဃာဒိသေသ်အာပတ် မသင့်ဘဲ ပရိဝါသ် မာနတ်ဆောက်တည်လျှင် ဒုက္ကဋ်အာပတ် ထပ်သင့်၏၊ အင်္ဂါ (၃)ပါး, ရာဂ (၁၁)ပါးတို့နှင့် သေသေချာချာ စိစစ်ပါလေ။ အာပတ် တကယ်သင့်ပြီဟု ယုံကြည်စိတ်ချရမှ သာလျှင် ပရိဝါသ် ဆောက်တည် ကုစားပါ။ မိမိကိုယ်တိုင် မဆုံးဖြတ်နိုင်လျှင် ကျမ်းတတ် လဇ္ဇီပုဂ္ဂိုလ်၏ အကြံဉာဏ်အဆုံးဖြတ်ကို အဖြစ်မှန်ပြောပြ၍ ခံယူပါလေ။ နောက် သိက္ခာပုဒ်များ ဆုံးဖြတ်လျှင်လည်း ဤအတိုင်း မှတ်ပါ။

ကာယသံသဂ္ဂ သိက္ခာပုဒ်အဓိပ္ပာယ်

(၁) ရာဂစိတ်ဖြင့် မိန်းမကို ကာယပဋိဗဒ္ဓဖြစ်သော သပိတ်စသည်ဖြင့် တွန်းအံ့၊ (၂) မိန်းမကိုင်နေသော ကြိုး လက်ကိုင်ပုဝါစသည်ကို ဆွဲအံ့၊ (၃) မိန်းမကိုယ်၌ ဝတ်ထားသောအဝတ် လက်ကောက် ဆွဲကြိုးစသည်ကိုင်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ (၄) ဘီလူးမ နတ်သမီး ပဏ္ဍုက် မိန်းမလျှာတို့၌ ရာဂစိတ်ဖြင့် ကိုင်သော် ထုလ္လစ္စဉ်းအာပတ် သင့်၏၊ (၅) သေ၍ ကိုယ်ကောင်မပျက်သေးသော မိန်းမအလောင်းကို ရာဂစိတ်ဖြင့် ကိုင်လျှင်လည်း ထုလ္လစ္စဉ်း အာပတ် သင့်၏၊

(၁) ကိုယ်ပျက်နေသော မိန်းမအလောင်းကို ကိုင်အံ့၊ (၂) ရာဂစိတ်ဖြင့် မိန်းမကူးနေသော တံတားကို လှုပ်အံ့၊ (၃) ရာဂစိတ်ဖြင့် မိန်းမတက်နေသော သစ်ပင်ကို လှုပ်အံ့၊ (၄) မိန်းမကို ကိုင်အံ့ဟု လုံ့လပြုသော်လည်း မကိုင်မိ မထိမိဘဲ ရှိအံ့၊ (၅) အမျိုးသား, တိရစ္ဆာန်တို့ကိုသော်လည်း ရာဂစိတ်ဖြင့် ကိုင်အံ့၊ (၆) အမိနှင့် အစ်မ နှမ သမီးတို့ကို ချစ်ခြင်းဖြင့် သုံးသပ်ခြင်းပြုအံ့ ဒုက္ကဋ်အာပတ် သင့်၏၊ (၇) မာတုဂါမကို သာယာစိတ် မရှိဘဲ တမင်သက်သက် ကိုင်လျှင်, ထိလျှင်, ပုတ်လျှင် ဒုက္ကဋ်အာပတ် သင့်လေ၏၊

အနာပတ္တိ အာပတ်မသင့်ပုံများ

ခြေတို့ကို ဆုပ်နယ်၍ ကိုင်၍ ရှိခိုးလိုသော မိန်းမကိုကား တားမြစ်အပ်၏၊ ခြေကိုသော်လည်း ဖုံးလွှမ်းအပ်၏၊ မတုန်မလှုပ်သော်လည်း နေအပ်၏၊ ဆရာဝန်မက ဆေးထိုးသောအခါ ဆေးလိမ်း ဆေးစည်းပေးသောအခါ မတုန်မလှုပ် နေအပ်၏၊ မတုန်မလှုပ်နေသော ရဟန်းအား စိတ်က သာယာသော်လည်း အာပတ်မသင့်။

ဆွမ်းလောင်း ဆွမ်းကပ် ရေကပ်ရာ၌ မတော်တဆ မာတုဂါမလက် စသည်တို့ဖြင့် ထိမိ ကိုင်မိ၍ မိမိပယောဂ မပါဘဲ စိတ်ထဲက သာယာရုံမျှဖြင့် သံဃာဒိသေသ်အာပတ် မသင့်။ ရေနစ်နေသော မိခင်, ရေတွင်းထဲကျနေသော မိခင်, အစ်မ, နှမကိုပင် လက်ဖြင့် မဆွဲမကိုင်ရ။ ဝါးလုံး ကြိုးစသည်ကို လှမ်းပေး၍ ဆွဲတင် ကယ်ဆယ်ရမည်။ လက်ကို လှမ်းဆွဲပါဟု လက်လှမ်းပေး၍ မပြောရ။ ကြောက်အားလန့်အားဖြင့် လက်ကို သူ့ဖာသာ လာရောက် ဆွဲကိုင် ဖက်တွယ်ထားပါမူ ကမ်းစပ်သို့ ရောက်အောင် ကူးခပ်လာရမည်။ အာပတ်မသင့်ပေ။ မိမိ၏ ကာယပယောဂ ဝစီပယောဂ မပါစေရဟု သိပါ။

မိန်းမရုပ်ပုံ ဓာတ်ပုံ ပန်းချီကား သုံးသပ်ကိုင်လျှင် ဒုက္ကဋ်၊ ရတနာ (၁၀)ပါး၊ စပါးမျိုး (၇)ပါး စသည်သုံးသပ်လျှင် ဒုက္ကဋ်သင့်ပုံများ အနာမာသဒုက္ကဋ် အခန်း၌ ကြည့်ရှုပါလေ။

ဒုဋ္ဌုလ္လဝါစာ သိက္ခာပုဒ်အဓိပ္ပာယ်

ဒုဋ္ဌုံ နိဿိတာ ဒုဋ္ဌုလ္လာ၊ ဒုဋ္ဌုံ ကုစ္ဆိတဘာဝံ နိန္ဒနံ ဝါ ဥလတိ ဂစ္ဆတီတိ ဒုဋ္ဌုလ္လာ၊ ဒုဋ္ဌုလ္လာ ဝါစာ ဒုဋ္ဌုလ္လဝါစာ။

ရုန့်ရင်းသည်ကို မှီသော စကား၊ စက်ဆုပ်အပ်သည်၏အဖြစ်သို့ ရောက်သော စကား၊ ကဲ့ရဲ့အပ်သည်၏အဖြစ်သို့ရောက်သော စကားတို့တည်း။ အကျဉ်းချုပ်အားဖြင့် ဝစ္စမဂ် ပဿာဝမဂ် မေထုန်နှင့်စပ်သော စကားမျိုးတို့ကို ဆိုသည်။

ဝစ္စမဂ် ပဿာဝမဂ်နှင့် စပ်သော ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းဟူသည် -သိခရဏီသိ = နင့်ဟာ အသားစွန်း ထွက်နေသည်။ သမ္ဘိန္နာသိ = ဝစ္စမဂ်နှင့် ပဿာဝမဂ် စပ်နေသည်။ ဥဘတောဗျဉ္ဇနာသိ = သင့်မှာ မဂ်နှစ်ခု ရှိသည်။ ဤသုံးပုဒ်တို့သည် မေထုနဓမ္မနှင့်မဖက် သက်သက် သံဃာဒိသေသ်အာပတ် သင့်နိုင်ကုန်၏၊

ပါဠိတော်လာ ဒုဋ္ဌုလ္လဝါစာ (၉) ချက်

၁။ ဝဏ္ဏ - ဝစ္စမဂ် ပဿာဝမဂ်ကို ရည်ရွယ်၍ ဣတ္ထိလက္ခဏာ (မိန်းမအမှတ်သား) ဖြစ်သော “တင့်တယ်သော လက္ခဏာနှင့် ပြည့်စုံပါပေတယ်ဟု ချီးမွမ်းခြင်း၊
၂။ အဝဏ္ဏ - “ဣတ္ထိလက္ခဏာ (= တင့်တယ်သော လက္ခဏာ)နှင့် မပြည့်စုံ၊ ပုံမကျ ပန်းမကျ”ဟု ကဲ့ရဲ့ခြင်း၊
၃။ ယာစန - “ငါ့အား မေထုန် ပေးစမ်းပါ၊ မေထုန် လှူစမ်းပါ၊ မေထုန် လှူထိုက်ပေးထိုက်သည်”ဟု တောင်းခြင်း၊
၄။ အာယာစန - “ဘယ်တော့များ သင်၏ မိဘက ကြည်ညိုပြီး သင်၏ မေထုန်ကို ဘယ်တော့များ ရပါ့မလဲ”ဟု မေးခြင်း၊ “ဘယ်နည်းဖြင့် မေထုန်များ ရမလဲ”ဟု တောင့်တခြင်း၊
၅။ ပုစ္ဆန - “သင်၏ ယောက်ျားကို ဘယ်လို မေထုန်ပေးသလဲ”ဟု မေးခြင်း၊
၆။ ပဋိပုစ္ဆန - “သင်၏ယောက်ျားအား မေထုန်ကို ဒီလိုဒီပုံ ပေးတယ်မဟုတ်လား”ဟု ရှေးရှုပြု၍ မေးခြင်း၊
၇။ အာစိက္ခဏ - “မေထုန်ကို ဘယ်လိုပေးလျှင် လင်က ချစ်သလဲ”ဟုလည်းကောင်း၊ မာတုဂါမက မေးအပ်သည်ဖြစ်၍ “မေထုန်ကို ဒီပုံ ဒီနည်းပေးလျှင် လင်က ချစ်တယ်”ဟု နည်းလမ်းပြ ပြောဆိုခြင်း၊
၈။ အက္ကောသန - အနိမိတ္တာသိ = “နိမိတ်မပါတဲ့ ကောင်မ”ဟု ဆဲရေးခြင်း၊
၉။ နိမိတ္တမတ္တာသိ - “ပြည့်ပြည့်စုံစုံ မပါဘဲ နိမိတ်ရာလေးမျှသာ ပါတဲ့ ကောင်မ စသည်ဖြင့် ဆဲရေးခြင်း၊ မာတုဂါမအင်္ဂါဇာတ်ကို ယူ၍ ဆဲရေးတိုင်းထွာတတ်သော ရဟန်းတို့ သတိထားသင့်၏၊ စောင်ခြုံလာသော မိန်းမအား “သင်၏ စောင်မွေးတွေဟာ တိုသလား ရှည်သလား?”ဟု ဝစ္စမဂ် ပဿာဝမဂ်တို့ကို ရည်ညွှန်း၍ သွယ်ဝိုက်သော နည်းဖြင့် မေးလျှင် ထိုခဏ၌ မာတုဂါမက သဘောပေါက်နားလည်လျှင် သံဃာဒိသေသ် အာပတ် သင့်၏၊ သတိရှိစေ။

(ဆောင်) အသားစွန်းထွက်၊ စပ်လျက် မဂ်နေ၊ ဗျည်း နှစ်ထွေ၊ ဆဲလေ သံဃာဒိ။ ဝစ္စ ပဿာဝ၊ မေထုန၊ ဆိုက သံဃာဒိ။ ဤခြောက်ပုဒ်မှာ၊ သက်သက်သာ၊ မှတ်ပါ သံဃာဒိ။ အကြွင်း ပုဒ်စု၊ မေထုနနှင်၊့ စပ်ဆိုသင့်၊ မှတ်လင့် သံဃာဒိ။

ခေတ်သုံးမျိုးနှင့် အာပတ်သုံးမျိုး ပိုင်းခြားပုံ

၁။ မာတုဂါမ၏ ဝစ္စမဂ် ပဿာဝမဂ်တို့ကို ရည်ရွယ်၍ ချီးမွမ်းအံ့၊ ကဲ့ရဲ့အံ့၊ ထိုမိန်းမက သိနားလည်လျှင် သံဃာဒိသေသ်၊ မသိနားမလည်လျှင် ထုလ္လစ္စဉ်းအာပတ် သင့်၏၊
၂။ ဝစ္စမဂ် ပဿာဝမဂ်တို့ကို ကြဉ်ထား၍ ညှပ်ရိုးနှစ်ဘက်အောက် ပုဆစ် ဒူးဝန်းနှစ်ဘက်အထက် တင် ရင် ခါး ပေါင် စသော ခန္ဓာကိုယ်ကို ရည်ရွယ်၍ ချီးမွမ်းအံ့, ကဲ့ရဲ့အံ့၊ ထိုမိန်းမက သိနားလည်လျှင် ထုလ္လစ္စဉ်း၊ မသိနားမလည်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊
၃။ ညှပ်ရိုးနှစ်ဘက်အထက် ပုဆစ်ဒူးဝန်းနှစ်ဘက်အောက် မျက်နှာ ပါးနား ခြေသလုံးသား စသည်နှင့် အဝတ်တန်ဆာ ဆွဲကြိုး လက်ပတ်နာရီ စသည်ကို ရည်ရွယ်၍ ချီးမွမ်းကဲ့ရဲ့အံ့ ဒုက္ကဋ်အာပတ်သင့်၏၊

အတ္တကာမပါရိစရိယ သိက္ခာပုဒ်အဓိပ္ပာယ်

အတ္တနော အတ္ထာယ ကာမပါရိစရိယာ အတ္တကာမပါရိစရိယာ (အတ္ထာယပုဒ် ကျေသော မဇ္ဈေလောပီတပ္ပုရိသ်၊ မိမိအကျိုးငှာ မေထုန်ကာမဖြင့် လုပ်ကျွေးခြင်းကြိယာ ရစေ။)

မိန်းမမြုံမတစ်ယောက်သည် သားသမီးကို ရလိုသဖြင့် ရဟန်းတစ်ပါးထံ နည်းလမ်းမေးမြန်းရာ မေထုန်လှူရမည်ဟု ဆို၏၊ ထိုရဟန်း သံဃာဒိသေသ် အာပတ်သင့်၏၊

အမျိုးသမီးတစ်ယောက်သည် လင်ချစ်ဆေး တောင်းသောအခါ ထို ရဟန်းက မေထုန်ပေးလှူရမည်ဟု ဆို၏၊ သံဃာဒိသေသ် သင့်၏၊ အလားတူပင် လှချင်သော အမျိုးသမီး, ချမ်းသာကြွယ်ဝချင်သော အမျိုးသမီး, နတ်ပြည်ရောက်လိုသော အမျိုးသမီးတို့အား မေထုန်လှူရန် ပြောကြားသော ရဟန်းအား သံဃာဒိသေသ်အာပတ် သင့်၏၊ (ရဟန်းကျင့်ဖွယ်၊ ၉၂။)

သီလဝန္တ, ကလျာဏဓမ္မ, ဗြဟ္မစာရီ ခွဲခြားချက်

ပါဏာတိပါတ အဒိန္နာဒါန မုသာဝါဒတို့မှ ရှောင်ကြဉ်သောကြောင့် သီလဝန္တဂုဏ်, မေထုနဓမ္မမှ ရှောင်ကြဉ်သောကြောင့် ဗြဟ္မစာရီဂုဏ် နှစ်ပါးစုံ ပါဏာတိပါတစသည်နှင့် မေထုနဓမ္မအားလုံးတို့မှ ရှောင်ကြဉ်သောကြောင့် ကလျာဏဓမ္မဂုဏ် ဤသို့သော ဂုဏ်တို့နှင့် ပြည့်စုံသော ငါကဲ့သို့သော ရဟန်းကို မေထုန်အမှုဖြင့် လုပ်ကျွေးခြင်း မေထုန်ကို လှူခြင်းသည် ပစ္စည်း လေးပါးတို့ကို လှူတာထက် အကျိုးကြီးမားခြင်းကြောင်း အမြတ်ဆုံးအလှူ ဖြစ်သည်ဟု ဆိုလို၏၊

သဉ္စရိတ္တ သိက္ခာပုဒ်အဓိပ္ပာယ်

သဉ္စရိတ္တဿ ဘာဝေါ သဉ္စရိတ္တံ၊ မိန်းမ ယောက်ျားနှစ်ဦးသားတို့၏ အကြား၌ သွားလိုက် ပြန်လိုက်နှင့် မိန်းမ၏ စကားကို ယောက်ျားထံ၊ ယောက်ျား၏ စကားကို မိန်းမထံ ပြောကြားပေးခြင်းကို သဉ္စရိတ္တ (= အောင်သွယ်သည်)ဟု ဆိုသည်။

အာပဇ္ဇေယျကား စကားကို ကောင်းစွာ တာဝန်ခံယူလာခြင်း, စုံစမ်းခြင်း, တစ်ဖန် ဆောင်ယူလာခြင်းဟူသော အင်္ဂါသုံးပါး ပြုလုပ်ခြင်းကို ဆိုသည်။ မိန်းမ ယောက်ျားနှစ်ဦးသားတို့၏ အကြား၌ ဤအင်္ဂါသုံးပါးလုံးနှင့်ညီမူ သံဃာဒိသေသ်၊ အင်္ဂါနှစ်ပါးဖြစ်မူ ထုလ္လစ္စဉ်း၊ တစ်ပါးသာဖြစ်မူ ဒုက္ကဋ်ဟု သိပါ။

(ဆောင်) ခံယူစုံစမ်း၊ ဆောင်တန်းခြင်းပြု၊ သုံးခုအင်္ဂါ၊ ပြည့်စုံပါ၊ သံဃာဒိသေသာ။ နှစ်ပါးအင်္ဂါ, ထုလ္လစ်သာ၊ တစ်မှာ ဒုက္ကဋာ။

တင်္ခဏိကာယဣတ္ထိလိင်ဖြင့် မိန်းမဟု ပြခြင်းသည် နိဒဿနနည်းတည်း။ ဝစ္စလိင် ဖြစ်သည်။ တစ်ခဏမျှ ပေါင်းဖော်ရန် မိန်းမအားသာ ပြောကြားလျှင် အာပတ်သင့်သည် မဟုတ်၊ ယောက်ျားအား ပြောသော်လည်း အာပတ်သင့်သည်ဟု သိပါ။

အာပတ်အဆုံးအဖြတ်

လင်ယောက်ျားနှင့် စိတ်ဆိုး၍ အိမ်မှ ဆင်းသွားသော (တရားဝင် မကွာရှင်းရသေးသော) မိန်းမအား ဝမ်းမြောက်ဖွယ်စကားကို ပြော၍ လင်ယောက်ျားအိမ်သို့ ပြန်စေသော ရဟန်းအား အာပတ်မသင့်ဟု မိန့်တော်မူ၏၊ ဤ မိန်းမမှာ အောင်သွယ်စကား ပြောကြားထိုက်သောမိန်းမ မဟုတ်သောကြောင့် အာပတ်မသင့်ခြင်း ဖြစ်သည်။ လူသိရှင်ကြား လဘက်စား၍ ကွဲကွာ ပြတ်စဲပြီးသော လင်နှင့် မယားတို့အား အောင်သွယ်မပေးသင့်၊ တရားဝင် ကွဲကွာပြီးသော မိဘနှစ်ပါးတို့ကိုပင် ပြန်လည်အောင်သွယ်ပေးသော သားရဟန်း ဤသံဃာဒိသေသ်အာပတ်မှ မလွတ်ဟု သိလေ။

ကုဋိကာရသိက္ခာပုဒ် အဓိပ္ပာယ်

ကုဋိ (၃) မျိုး - ၁။ ဥလ္လိတ္တာကုဋိ၊ ၂။ အဝလိတ္တာကုဋိ၊ ၃။ ဥလ္လိတ္တာဝလိတ္တာကုဋိဟု (၃)မျိုး ပြထားသည်။

၁။ ဥလ္လိတ္တာကုဋိ - ဥဒ္ဓံ မုခံ = အထက်သို့ ရှေးရှု မျက်နှာမူ၍။ လိတ္တာ = အင်္ဂတေ မြေညက်တို့ဖြင့် သုတ်လိမ်းအပ်သော။ ကုဋိ = ကုဋိတည်း။ အတွင်းဘက်၌ လိမ်းကျံသောအခါ အောက်ကစပြီး အထက်သို့ တက်၍ လိမ်းကျံအပ်သော ကုဋိကို ဥလ္လိတ္တာကုဋိဟု ခေါ်သည်။
၂။ အဝလိတ္တာကုဋိ - အဓော မုခံ = အောက်ဘက်သို့ ရှေးရှုမျက်နှာမူ၍၊ လိတ္တာ = အင်္ဂတေ မြေညက်တို့ဖြင့် သုတ်လိမ်းအပ်သော၊ ကုဋိ = ကုဋိ တည်း။ အပြင်ဘက် လိမ်းကျံသောအခါ အထက်ကစပြီး အောက်သို့ သက်၍ လိမ်းကျံအပ်သော ကုဋိကို အဝလိတ္တာကုဋိဟုခေါ်သည်။
၃။ ဥလ္လိတ္တာဝလိတ္တာကုဋိ - ဥလ္လိတ္တာဝလိတ္တာကုဋိဟူသည် အတွင်းအပြင် လိမ်းကျံအပ်သော ကုဋိမျိုးတည်း။

ကုဋိနေအိမ် ပြုလုပ်ပုံ

အိန္ဒိယနိုင်ငံတွင် ရွှံ့စေးဖြင့် လိမ်းကျံသော ကုဋိ (နေအိမ်)များ ဆောက်လုပ်လေ့ ရှိကြသည်။ ဆောက်လုပ်ပုံမှာ ရှေးဦးစွာ သစ်ဝါးတို့ဖြင့် တဲပုံစံ ဆောက်၍ မြက်အမိုး မြက်အကာ ပြုလုပ်ရသည်။ ရွှံ့ကို အစေးပေါက်အောင် အကြိမ်ကြိမ် နယ်ပြီးနောက် မြက်အမိုးနှင့် မြက်အကာကို ရွှံ့စေးဖြင့် မွမ်းမံ သုတ်လိမ်းရသည်။ မိုးနည်းသော အရပ်ဖြစ်မူ နှစ်နှစ်, သုံးနှစ် ခံသည်။

အမိုးရော အကာပါ အင်္ဂတေမြေညက် လိမ်းကျံကောင်းသော အုဋ္ဌ်တိုက်, ကျောက်တိုက်, ဝါးထရံ အမိုးအကာ မြက်အမိုးအကာပြုပြီး အင်္ဂတေ တစ်ဖက်ချော နှစ်ဖက်ချောဖြင့် ဆောက်လုပ်သော ကျောင်းငယ်များမှာ ဤ သိက္ခာပုဒ်၌ အကျုံးဝင်သည်။

လေပ အရ လိမ်းကျံရန် ပစ္စည်းများ

သုဓာနှင့် မတ္တိကာ အင်္ဂတေ မြေညက် (၂)မျိုး လိမ်းကျံကြောင်း ပစ္စည်းအဖြစ် ပြထားသောကြောင့် ပြာနှင့် နွားချေးစသည်ကို သုတ်လိမ်းမှုမှာ ဤကုဋိ ပြုလုပ်ရာ၌ လေပအမည် မရဟု ဆိုလိုသည်။

အာပတ်သင့်, မသင့်

အင်္ဂတေ မြေညက်တို့ မဆက်စပ်မိလျှင် အာပတ် မသင့်။ မဆက်စပ်မိအောင် တမင် ချန်ထားသည်ဖြစ်စေ၊ မေ့လျော့၍ဖြစ်စေ အနည်းငယ်ချန်ထားသော် အာပတ်မသင့်ဟု မှတ်ပါ။ ပြတင်းပေါက် တံခါးပေါက် အခိုးပေါက် တို့သည် လိမ်းကျံထိုက်သော နေရာများ မဟုတ်ကြ၍ ထိုအပေါက်တို့ကို အင်္ဂတေမြေညက် မဆက်စပ်ဟု မယူရ။

ကုဋိပမာဏ

အကြီးပမာဏ - မြတ်စွာဘုရားရှင်၏ လက်သန်းတော်အထွာဖြင့် အလျား (၁၂)ထွာ၊ အနံ အတွင်းကျ (၇)ထွာတည်း။ အတောင်တော်ဖြင့် အလျား (၆)တောင်၊ အနံ (၃)တောင် တစ်ထွာ ဖြစ်သည်။ ဤကား ပါဠိတော်၌ ပြဆိုချက်တည်း။

ကုဋိပမာဏ အယူဝါဒအမျိုးမျိုး

ကုဋိပမာဏကို မဇ္ဈိမပုရိသ (ပကတိပုရိသ) အတိုင်းအတာဖြင့် ပြဆိုထားကြသည်။

(ဆောင်) ရှင်စောတစ်ထွာ မဇ်သုံးထွာ၊ ဒို့မှာ ထက်ဝက်နှော။
တစ်နည်း - ရှင်စောတစ်ထွာ မဇ်သုံးထွာ၊ ဒို့မှာ လေးထွာခွဲ။

ဤအဆိုလင်္ကာအရ တွက်ချက်သော် - အလျား- မြတ်စွာဘုရား (၁၂) ထွာ = မဇ္ဈိမပုရိသ (၃၆) ထွာ = ပကတိပုရိသ (၅၄) ထွာ = (၂၇)တောင်၊ အနံ - မြတ်စွာဘုရား (၇) ထွာ = မဇ္ဈိမပုရိသ (၂၁) ထွာ = ပကတိကပုရိသ (၃၁)ထွာ (၆)လက်သစ် = (၁၅)တောင် (၁)ထွာ (၆)လက်သစ် ဖြစ်၏၊ပေ လက်မအားဖြင့် - အလျားပေ (၄၀) (၆)လက်မ၊ အနံ (၂၂)ပေ (၆) လက်မ ရှိသည်။ ဤမျှလောက် ကျယ်ဝန်းသော ကျောင်းသည် သညာစိကာယကုဋိ အတွက် ကြီးလွန်းသည်ဟု ယူဆသင့်သည်။ မြတ်စွာဘုရားရှင်သည် တစ်ပါးနေကျောင်းလေးအတွက် ဤမျှကြီးမားကျယ်ဝန်းသော ကျောင်းကို မိန့်တော်မူမည် မဟုတ်ပါ။

အဋ္ဌကထာ ဋီကာတို့ ယူဆပုံ

ဗုဒ္ဓဝင်အဋ္ဌကထာလာ အဋ္ဌာရဿ ဟတ္ထုဗ္ဗေဓောအရ (၁၈)တောင်ဖြစ်အောင် တွက်ချက်ထားကြပုံ ရသည်။ ဘုရားရှင်၏ အရပ်တော်သည် ဘုရားရှင်၏ အတောင်နှင့် (၄)တောင်သာ ရှိရမည်။ မဇ္ဈိမပုရိသအားဖြင့် (၃)ဆ တက်လျှင် (၄_၃ = ၁၂) ၁၂-တောင် ရှိရမည်။ ဤ (၁၂)တောင်ကို ထပ်၍ ခေါက်ချိုး (၆)တောင် ထည့်ပြန်လျှင် ငါတို့ လူအရေအတွက်အားဖြင့် (၁၈)တောင် ဖြစ်သင့်သည်ဟု ကြံဆကြခြင်း ဖြစ်သည်။

ရတနာ့ဂုဏ်ရည် အဆို

တောင်မြို့မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ရေးသားတော်မူသော ရတနာ့ဂုဏ်ရည် စာအုပ်၌ ဘုရားရှင်၏ အရပ်တော်သည် ပကတိ လူတို့နှင့် အလွန်ကြီး မကွာခြားကြောင်း ဝတ္ထုသာဓက ဇာတ်လမ်းအကြောင်းအရာ သက်သေ (၁၅)ခုမျှ ပြဆိုထားပါသည်။ အဋ္ဌာရဿ ဟတ္ထုဗ္ဗေဓောကိုလည်း (၁၈)တောင် မဟုတ်၊ (၁၈)မိုက် ယူဆသင့်သည် ထင်ကြောင်း မိန့်ဆို တော်မူထားပါသည်။

အခြားနိုင်ငံများ ယူဆချက်

သီဟိုဠ် (သီရိလင်္ကာ)၊ ယိုးဒယား (ထိုင်း)၊ ကမ္ဘောဒီးယား၊ တရုတ်၊ ထိုင်ဝမ်စသည်တို့၌ ဘုရားရှင်၏အရပ်တော် (၁၈)မိုက် = (၆) တောင် = (၉)ပေ ရှိသည်ဟု ယူဆကြကြောင်း လေ့လာသိရှိရသည်။ ထို (၉)ပေကို လက်မဖွဲ့သော် (၉_၁၂ = ၁၀၈)၊ (၁၀၈) လက်မကို (၄)တောင်နှင့် စားသော် (၁)တောင် (၂၇)လက်မ, (၂)ထွာနှင့်စားသော် (၁)ထွာမှာ (၁၃)လက်မခွဲ ရှိသည်။ သုံးမိုက် = တစ်တောင် ဖြစ်၍ (၂၇)ကို (၃)နှင့်စားသော် (၉)ရ၍ တစ်မိုက်မှာ (၉)လက်မ ဖြစ်သည်။ ယင်းသို့ဆိုသော် မြတ်စွာဘုရားရှင်၏ တစ်ထွာသည် (၁၃)လက်မခွဲ၊ တစ်မိုက်သည် (၉)လက်မ ရှိသည်ဟု သိနိုင်ပါသည်။ အရပ်တော်ကား (၉)ပေ ဖြစ်သည်။

ပြဆိုခဲ့သော နည်းအရ ကုဋိပမာဏ

ကုဋိအလျား (၁၃)ပေ (၆)လက်မ၊ အနံ (၇)ပေ (၁၀)လက်မခွဲရှိမည် ဖြစ်သည်။ ယင်းသို့ဆိုသော် ညောင်စောင်းကုတင် ထားလောက်ရုံသာသာမျှ ဖြစ်၍ သညာစိကာယကုဋိငယ်ဟူသော စကားနှင့် သင့်လျော်မည်ဟု ထင်မြင် ယူဆပါကြောင်း တင်ပြအပ်ပါသည်။ သင်္ကန်းတော်ပမာဏ ညောင်စောင်းခြေ အရှည်ပမာဏတို့ကိုလည်း ဤနည်းဖြင့် ယူဆသော် သင့်လျော်မည်ဟု ထင်မြင်၍ ထိုသိက္ခာပုဒ်များ ပြဆိုရာ အဓိပ္ပာယ်ခန်း၌ ကြည့်ရှုပါရန် သိစေအပ် ပါသည်။

သာရမ္ဘ - ပိုးရွခြပုံးစသော ဘေးရန် (၁၃)ပါး, ကောက်ခင်း ပဲခင်းစသော အန္တရာယ် (၁၆)ပါးတို့ကို ပါရာဇိကဏ်ပါဠိတော် (၂၂၆)၌ ကြည့်ရှုပါ။

အကျဉ်းမှတ်ရန် ဘေးရန် (၁၃) ပါး

(ဆောင်) ပိုး ချ ကြွက် မြွေ ကင်းနှစ်ထွေ၊ သီဟေ ဆင် မြင်း ကျား။
သစ် ဝံ အောင်းထွေ အမြဲနေ၊ ရှောင်လေ ဆယ့်သုံးပါး။
သတ္တဝါသနား ရှေ့ခြောက်ပါးပေ၊ ကြွင်းဘယေ၊ ကင်းစေ ပယ်၍ထား။ (၆ + ၇ = ၁၃)
(မှတ်ချက်) ကင်းနှစ်ထွေ = ကင်းခြေများနှင့် ကင်းမြီးကောက်တည်း။

ကျောင်းမဆောက်အပ်သော အရပ် (၁၆) ပါး

၁။ ကောက်ခင်း၊ 
၂။ ပဲခင်း၊ 
၃။ သုံးဆယ့်နှစ်ပါးသော ကမ္မကရဏပြုရာ အရပ်၊ 
၄။ လက်ခြေစသည်ကို ဖြတ်ရာအရပ်၊ 
၅။ ကြီးစွာသော သုသာန်၊ 
၆။ ဥယျာဉ်၊ 
၇။ မင်းအိမ်၊ 
၈။ ဆင်တင်းကုပ်၊ 
၉။ မြင်းတင်းကုပ်၊ 
၁၀။ နှောင်အိမ်၊ 
၁၁။ သေတင်းကုပ်၊ 
၁၂။ အိမ်စျေး၊ 
၁၃။ ခရီးသုံးခုတို့၏ အဆုံ၊ 
၁၄။ ခရီးလေးခုတို့၏ အဆုံ၊ 
၁၅။ သဘင်ကို မှီခြင်း၊ 
၁၆။ ထုတ်ချင်း ထွင်းသော အသွားအပြန် သွားကောင်းသော ခရီးလမ်းမကို မှီခြင်း။ 
ဤကား ကျောင်းမဆောက်ကောင်းသော အရပ် (၁၆)ပါးတည်းဟူ၍ ပါတိမောက္ခဝိနိစ္ဆယက မိန့်ဆို၏၊ (ဝိနည်းဥပဒေတော်ကြီး၊၁၆။)

(ဆောင်) ကောက်ပဲခိုးသူ၊ သတ်ရာလူ၊ မှတ်ယူ သုသာန်ငါး၊ အမဲ ဆင် မြင်း သေတင်း လေးခု၊ လမ်းသုံးခု၊ သ, ဥ-ကိုးခုထား၊ မင်းနှောင်အိမ်ဒွိ မှီရာဘိ ပေါင်းသိ ဆယ့်ခြောက်ပါး။

သ ကား သဘင်၊ ဥကား ဥယျာဉ်တို့တည်း။

သုသာန် (၅) ခု - (၁) သုံးဆယ့်နှစ်ပါးသော ကမ္မကရဏပြုရာအရပ်၊ (၂) လက်ခြေစသည် ဖြတ်ရာအရပ်၊ (၃) ဥက္ကဋ္ဌ (၄) မဇ္ဈုံ (၅) မုဒု - ဟူ၍ သုသာန် ၅-ပါးတို့တည်း။

လမ်း (၃) ခု - ၁။ ထုတ်ချင်း မထွင်းသော လမ်း၊ ၂။ ထုတ်ချင်းထွင်းသော လမ်း၊ ၃။ လမ်းဆုံလမ်းမ - တို့တည်း။

သာရမ္ဘနှင့် အပရိက္ကမနဒုက္ကဋ် (၂) ချက်

ဘေးရန်အန္တရာယ်ရှိခြင်း, ကျောင်း၏ ပတ်ဝန်းကျင်၌ နွားနှစ်ကောင် ကသော လှည်းဖြင့် သွားလာစရာ ဥပစာမရှိသော နေရာဖြစ်ခြင်း ဤနှစ်ချက် ကြောင့် ဒုက္ကဋ်အာပတ် (၂)ချက် သင့်၏၊ အလျား (၁၂)ထွာ၊ အနံ (၇)ထွာ ဘုရားရှင် အထွာတော်ဖြင့် ပမာဏကျော်လွန်ခြင်း, ကျောင်းဌာနညွှန်ပြရန် ရဟန်းတို့ကို မပင့်ဆောင်ခြင်းကြောင့် သံဃာဒိသေသ် (၂)ချက် သင့်၏၊

(ဆောင်) အပရိက္ကမန၊ သာရမ္ဘ၊ နှစ်ဝ ဒုက္ကဋ်သိ။
ပမာဏာတိ၊ အဒေသိ၊ ယင်းဒွိ သံဃာဒိ။

ဝိဟာရကာရ သိက္ခာပုဒ်အဓိပ္ပာယ်

မဟန္တ, မဟလ္လ, မဟလ္လကဟု ဝိဟာရအဓိပ္ပာယ် (၃)မျိုး ရှိ၏၊

၁။ မဟန္တ = ကြီးသော ကျောင်းတည်း။
၂။ မဟလ္လ = ဒြပ်အထူးကို ပြတတ်သော ကြီးသော ဂုဏ်ထူးတည်း။
၃။ မဟလ္လက = သံယာစိတကုဋိထက်ကြီးသော ဆောက်လုပ်သူ ဒါယကာ ရှိသော ဂုဏ်ထူးရှိသော ကျောင်းတည်း။

ဤ၌ ဆောက်လုပ်သူဒါယကာရှိခြင်း, သံယာစိတကုဋိထက် ပမာဏ ကြီးနိုင်ခြင်း, ဂုဏ်နှစ်မျိုးရှိခြင်းကြောင့် မဟလ္လကဟု ခေါ်သည်။

ဝိဟရန္တိ ဧတ္ထာတိ ဝိဟာရော၊ ဣရိယာပုထ်လေးပါးတို့ဖြင့် ရဟန်းတို့၏ နေရာ ဥလ္လိတ္တစသော ကျောင်း (၃)မျိုးကို ရစေ။

ကုဋိနှင့် ဝိဟာရ အထူး

ဆောက်လုပ်သူဒါယကာ ပိုင်ရှင် မရှိမူ ကုဋိဟု ခေါ်သည်။ ပိုင်ရှင် ရှိမူ ဝိဟာရဟု ခေါ်သည်ဟု အထူးသိပါ။

(ဆောင်) ပိုင်ရှင်မရှိ ကုဋိခေါ်ရ၊ ရှင်ရှိက ခေါ်ကြ ဝိဟာရာ။

ပထမဒုဋ္ဌဒေါသ သိက္ခာပုဒ်အဓိပ္ပာယ်

ဒုဋ္ဌော ဒေါသော အပ္ပတီတော (၃) ပုဒ် အရ ---

၁။ ဒူသီယတီတိ ဒုဋ္ဌော = မိမိ၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဒေါသသည် ဖျက်ဆီးအပ်သော ဒေါသဖြစ်နေသော ပုဂ္ဂိုလ်ကို ရစေ။ ထိုဒေါသ အဖျက်ဆီးခံရ၍ စိတ်ဆိုးခြင်း တစ်မျိုးတည်းသာ ဖြစ်နေသော ပုဂ္ဂိုလ်ကို ဒုဋ္ဌဟု ခေါ်သည်။

၂။ ဒူသေတိ ပရံ ဝိနာသေတီတိ ဒေါသော = သူတစ်ပါးကို ဖျက်ဆီးတတ်သော ဒေါသကို ရစေ။

ဒေါသော အဿ အတ္ထီတိ ဒေါသော (အဿတ္ထိ တဒ္ဓိတ်ဆင့်) = ဒေါသ ရှိသူကို ရစေ။ မိမိသန္တာန်၌ ဒေါသဖြစ်ပေါ်လာသည်ရှိသော် ထိုဒေါသသည် မိမိကိုသာ ဖျက်ဆီးသည် မဟုတ်၊ ဒေါသရှိသူသည် သူတစ်ပါးကိုလည်း နှိပ်စက်ဖျက်ဆီးတတ်၏၊ ထို့ကြောင့် ဒေါသရှိသူကိုလည်း ဒေါသဟု ခေါ်သည်။

ဤသိက္ခာပုဒ်၌ ပုဂ္ဂိုလ်တစ်ယောက်တည်းကိုပင် ဖျက်ဆီးခြင်းခံရသော အခြင်းအရာကို စွဲ၍ ဒုဋ္ဌ၊ သူတစ်ပါးကို ဖျက်ဆီးတတ်သော အခြင်းအရာကို စွဲ၍ ဒေါသဟု အခြင်းအရာထူးသောအားဖြင့် ဒုဋ္ဌ-ဒေါသဟူသော အမည်နှစ်မျိုး တပ်၍ ဟောတော်မူသည်ဟု သိပါ။

၃။ ပတိမုခံ ဣတော ဂတောတိ ပတီတော = ပီတိသုခတို့ ရှေးရှု ကပ်ရောက်အပ်သော ရဟန်းကို ရစေ။ န ပတီတော အပ္ပတီတော = ပီတိသုခတို့ ရှေးရှု မကပ်ရောက်အပ်သော ရဟန်းကို ရစေ။ ဒေါသစိတ် ဖြစ်နေခိုက် ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သော ပီတိသုခတို့သည် ထိုရဟန်း၏ စိတ်အစဉ်သို့ ရှေးရှု မကပ်ရောက်ဘဲနေသည်ကိုပင် အပ္ပတီတဟု ဆိုသည်။ မေတ္တာစိတ် ကင်းသောရဟန်း ဟူ၏၊

သုံးပုဒ်လုံး ဆိုထားတော်မူခြင်း

ဒုဋ္ဌောစသော တစ်ခုတစ်ခုသော ပုဒ်ဖြင့်ပင် သုဒ္ဓဟု မှတ်ထင်ခြင်းအင်္ဂါ ပြနိုင်ပါလျက် “ဒုဋ္ဌော ဒေါသော အပ္ပတီတော”ဟု သုံးပုဒ်လုံးကို ဆိုခြင်းသည် (၁) ဒေသနာဝိလာသ၊ (၂) ဝေနေယျဇ္ဈာသယ ပဒတ္ထုတိတို့၏ အစွမ်းဖြင့် ဆိုတော်မူသည်။

မူလ, မူလက, အမူလ, အမူလက (၄) မျိုး ခွဲပုံ

၁။ မူလ = မြင်ခြင်း ကြားခြင်း ယုံမှားခြင်း၊
၂။ မူလက = မြင်ခြင်း ကြားခြင်း ယုံမှားခြင်းရှိသော ပါရာဇိကအာပတ်၊
၃။ အမူလ = မမြင်ခြင်း မကြားခြင်း မယုံမှားခြင်း၊
၄။ အမူလက = မမြင်ခြင်း မကြားခြင်း မယုံမှားခြင်းရှိသော ပါရာဇိကအာပတ်ဟု ခွဲပါ။

မူလနှင့် အမူလက

မူလန္တိ ပတိဌဟန္တိ ဧတ္ထာတိ မူလံ = ပါရာဇိကဖြင့် စွပ်စွဲရန် တည်ရာအခြေအမြစ်ဖြစ်သော ဒိဋ္ဌ = မြင်ခြင်း၊ သုတ = ကြားခြင်း၊ ပရိသင်္ကိတ = ယုံမှားသံသယရှိခြင်းတို့ကို ရစေ၊ အမူလက = နတ္ထိ မူလံ ဧတဿာတိ အမူလကံ = ဒိဋ္ဌ သုတ ပရိသင်္ကိတဟု ဆိုအပ်သော အခြေအမြစ် မရှိသော ပါရာဇိက အာပတ်ကို ရစေ။

မူလက (၃) မျိုး

၁။ ဒိဋ္ဌမူလက = ပါရာဇိကကျသော ရဟန်းကို မိမိ၏ ပသာဒစက္ခုဖြင့်ဖြစ်စေ၊ ဒိဗ္ဗစက္ခုဖြင့်ဖြစ်စေ ကိုယ်တိုင် မြင်ခြင်းတည်း။
၂။ သုတမူလက = တစ်စုံတစ်ယောက်က ပြောဆိုသောစကားကို မိမိ၏ ပသာဒသောတဖြင့်ဖြစ်စေ၊ ဒိဗ္ဗသောတဖြင့်ဖြစ်စေ ကိုယ်တိုင်ကြားခြင်းတည်း။
၃။ ပရိသင်္ကိတမူလက = မာတုဂါမနှင့် မှောင်မိုက်ထဲမှာ နေသည်ကိုတွေ့၍ ပါရာဇိကအမှု ပြုလေသလောဟု စိတ်ဖြင့် ယုံမှားတွေးတောခြင်းတည်း။

အမူလက (၃) မျိုး

ဒိဋ္ဌအမူလက, သုတအမူလက, ပရိသင်္ကိတအမူလကဟု သုံးမျိုး ပြား၏၊ အဓိပ္ပာယ်ကို မူလကမှ အပြန်အားဖြင့် ကိုယ်တိုင်မမြင်ခြင်း, မကြားခြင်း, မယုံမှားခြင်းဟူ၍ အပြန်အားဖြင့် သိပါ။

(ဆောင်) ဒိဋ္ဌ, သုတ၊ သင်္ကိတ၊ သုံးဝ မူလကာ။ ထိုမှ ပြန်ထ၊ အမူလ၊ သုံးဝ သိလေပါ။ ဒိဋ္ဌ် သု, မုတ ဤသုံးဝ၊ တိက ပြားသည်သာ။

ပါရာဇိက (၁၉) ပါး

ရှေ့၌ ပြဆိုခဲ့သော ပါရာဇိက (၂၄)ပါးတို့တွင် ဘိက္ခုနီမတို့နှင့်သာ သက်ဆိုင်သော ပါရာဇိက (၅)ပါးကို နုတ်၍ ကျန်ပါရာဇိက (၁၉)ပါးတို့သာ ဤသိက္ခာပုဒ်၌ ပါရာဇိက (၁၉)ပါးဟု ဆိုသည်။ ပဒဘာဇနီ၌ လေးပါးသာ ပြဆိုသည်။

စောဒနာ (၄) ပါး

၁။ ဝတ္ထုသန္ဒဿနစောဒနာ = သင်သည် မေထုနဓမ္မမှုကို မှီဝဲသည်။ ဤသို့ ဝတ္ထုကို ပြ၍ စောဒနာခြင်း။
၂။ အာပတ္တိသန္ဒဿနစောဒနာ = သင်သည် မေထုနဓမ္မပါရာဇိကအာပတ်သို့ ရောက်သည်။ ဤသို့ အာပတ်ကို ပြ၍ စောဒနာခြင်း။
၃။ သံဝါသပဋိက္ခေပစောဒနာ = သင်နှင့်တကွ ဥပုသ်ပဝါရဏာစသော သံဃကံတို့ကို မပြုနိုင်ဟု ပေါင်းဖော်ခြင်းကို ပယ်၍ စောဒနာခြင်း။ ဤမျှလောက် ဆိုရုံဖြင့် စောဒနာရာ ရောက်၏၊ သံဃာဒိသေသ်အာပတ်ကား မသင့်သေးပေ။ သင်သည် မေထုနဓမ္မကို မှီဝဲသည်ဟူ၍လည်းကောင်း, ရဟန်း မဟုတ်တော့၍ သင်နှင့် မပေါင်းဖော်နိုင်ဟူ၍လည်းကောင်း ဤသို့ ဝတ္ထုနှင့်အာပတ် စပ်၍ ပြောမှသာ သံဃာဒိသေသ် အာပတ် သင့်သည်။
၄။ သာမိစိပဋိက္ခေပစောဒနာ = ရှိခိုးခြင်းစသော အရိုသေပြုမှုကျင့်ဝတ်ကို ပယ်၍ စောဒနာခြင်း ဤရှိခိုးခြင်းစသည် မပြုရုံမျှဖြင့် စောဒနာရာသာ ရောက်၏၊ အာပတ် မသင့်သေး၊ “သင်သည် တစ်ပါးသော ရဟန်းတို့ကို ရှိခိုးပါလျက် ငါ့ကို အဘယ့်ကြောင့် ရှိမခိုးပါသနည်း”ဟု မေးသော် “သင်သည် မေထုန်မှီဝဲ၍ ရဟန်း မဟုတ်သောကြောင့် ရှိမခိုး” ဤသို့ စသည် ပြောမှ သံဃာဒိသေသ်အာပတ် သင့်သည်။

ဗြဟ္မစရိယံ စာဝေယျန္တိ

ဗြဟ္မံ သေဋ္ဌံ စရိယံ ဗြဟ္မစရိယံ = မြတ်သော အကျင့်ဖြစ်သော သာသနာတော်ကို ရစေ၊ တစ်နည်း - ဗြဟ္မာနံ စရိယံ ဗြဟ္မစရိယံ = မြတ်သော ဘုရား, ပစ္စေကဗုဒ္ဓါ, သာဝကစသည်တို့၏ အကျင့်ဖြစ်သော သာသနာတော်ကိုပင် ရစေ။ ဤဝါကျဖြင့် စဝနာဓိပ္ပာယကို ယူ၍ ကြွင်းအဓိပ္ပာယ (၇)ပါးကို ပယ်သည်။ (ပါတိမောက္ခမေဒိနီ၊၁၃၀။)

အဓိပ္ပာယ (၈) ပါး

၁။ စဝနာဓိပ္ပာယ = မြတ်သော သာသနာတော်တည်းဟူသော အကျင့်မှ (ဝါ) မြတ်သောဘုရား, ပစ္စေကဗုဒ္ဓါ, သာဝကတို့၏ အကျင့်မှ ရွေ့လျော စေလိုခြင်း၊
၂။ အက္ကောသာဓိပ္ပာယ = ဆဲရေးလိုသော ရဟန်း၏ အလို၊
၃။ ကမ္မာဓိပ္ပာယ = တဇ္ဇနီယစသော ကံ (၇)ပါးတို့တွင် တစ်ပါးပါးပြုအံ့ဟု အာပတ်ဖြင့် စောဒနာသော ရဟန်း၏ အလို၊
၄။ ဝုဋ္ဌာနာဓိပ္ပာယ = အာပတ်မှ ထစေခြင်းငှာ အာပတ်ဖြင့် စောဒနာသော ရဟန်း၏ အလို၊
၅။ ဥပေါသထဌပနာဓိပ္ပာယ = ဥပုသ်ကို သံဃာပြုခြင်းငှာ မပေးလိုသဖြင့် အာပတ်ဖြင့် စောဒနာသော ရဟန်း၏ အလို၊
၆။ ပဝါရဏာဌပနာဓိပ္ပာယ = ပဝါရဏာကို သံဃာပြုခြင်းငှာ မပေးလိုသဖြင့် အာပတ်ဖြင့် စောဒနာသော ရဟန်း၏ အလို၊
၇။ အနုဝဇ္ဇနာဓိပ္ပာယ = ဝိနည်းဓိုရ်၏ စုံစမ်းမေးမြန်းသော အလို၊
၈။ ဓမ္မကထာဓိပ္ပာယ = ဓမ္မကထိက တရားဟောပြလိုသော အလို၊ (ဝါ) တရားဟောလိုခြင်း၊

ကြွင်း (၇)ပါး ဒုက္ကဋ်အာပတ် သင့်၏၊

(ဆောင်) ရွေ့စေ ဆဲလို၊ ကံပြုလို၊ ထလို အာပတ်မှ။ ဥပုသ်ကိုတား၊ ပဝါတား၊ မေးငြား တရားပြ။ ရွေ့စေယူငြား၊ ကြွင်းပယ်ရှား၊ ရှစ်ပါး ဓိပ္ပာယ။

ဒုတိယဒုဋ္ဌဒေါသ (ခေါ်) အညဘာဂိယ သိက္ခာပုဒ်အဓိပ္ပာယ်

(၁) အညအပါဒါန်၊ (၂) အညဘာဂ၊ (၃) အညဘာဂိယ၊ (၄) အညဘာဂိယအဓိကရဏဟု လေးမျိုး လာရှိ၏၊

၁။ အညအပါဒါန် = လူဇာတ်ရဟန်းအဖြစ်တည်း၊
၂။ အညဘာဂ = တိရစ္ဆာန်ဇာတ် ဆိတ်ဖိုအဖြစ်တည်း၊
၃။ အညဘာဂိယ = အညဘာဂ၏ဥစ္စာ (အညဘာဂနှင့် စပ်သောအရာ)၊ ၎င်းမှာ ဆိတ်သတ္တဝါ ဖြစ်သည်။
၄။ အညဘာဂိယအဓိကရဏ = ဒဗ္ဗမလ္လပုတ္တဟူသော အမည်ပညတ်၏တည်ရာ ဆိတ်ဖိုသတ္တဝါဖြစ်သည်ဟူ၍ (၄)မျိုး ခွဲထားသည်။

အတ္ထုပ္ပတ်ဇာတ်လမ်းအကျဉ်း

မေတ္တိယ ဘူမဇကရဟန်းလေးပါးတို့သည် ပထမအကြိမ် ရဟန္တာအရှင်ဒဗ္ဗကို ပါရာဇိကအာပတ်ဖြင့် စွပ်စွဲရာ၌ သံဃာ့အလယ်ခေါ်၍ ဘုရားရှင် စစ်ဆေးတော်မူရာ အရှုံးကြီး ရှုံးခဲ့သည်။ တစ်နေ့ကျလျှင် အနိုင်ရအောင် ထပ်မံ စွပ်စွဲမည်”ဟု အားခဲထားကြ၏၊

အခါတစ်ပါး မေတ္ထိယနှင့် ဘူမဇကရဟန်းတို့သည် ဂိဇ္ဈကုဋ်တောင်ပေါ်မှ ဆင်းသက်လာစဉ် ဆိတ်ဖိုဖြူ တစ်ကောင်က ဆိတ်မတစ်ကောင်အား မေထုန်မှီဝဲနေသည်ကို တွေ့ရ၍ ဆိတ်ဖိုကို ဒဗ္ဗမလ္လပုတ္တဟု အမည်ပေး၍ ဆိတ်မကို မေတ္တိယာဘိက္ခုနီမဟု အမည်ပေးထားကြလေသည်။ ရဟန်းခံသောအခါ ရဟန်းလောင်းကို နာဂ၊ ဥပဇ္ဈာယ် ဆရာကို တိဿဟု အမည် ပေး၍ ကမ္မဝါဖတ်သကဲ့သို့ နည်းယူကြဟန်တူသည်။ ယခုတစ်ကြိမ်တွင် သူတို့ ကိုယ်တိုင် ဒဗ္ဗမလ္လပုတ္တနှင့် မေတ္တိယာဘိက္ခုနီမတို့ မေထုန်မှီဝဲနေသည်ကို မြင်တွေ့ရကြောင်းဖြင့် စွပ်စွဲကြခြင်းဖြစ်သည်။ ထို့ကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရပြန်လေသည်။

ဤ၌ ဆိတ်ဖိုနှင့် ဆိတ်မတို့သည် ဒဗ္ဗမလ္လပုတ္တ မေတ္တိယာဘိက္ခုနီမဟူသော နာမည်များ၏တည်ရာ အဓိကရဏဖြစ်ကြောင်း, နာမည်ဟူရာ၌ ဇာတိ နာမည် (ခတ္တိယ)၊ ဂေါတ္တနာမည် (ဂေါတမ)၊ နာမနာမည် (ဒဗ္ဗ+ မေတ္တိယာ) စသည်ဖြင့် အမျိုးမျိုး ရှိသည်။

ကိဉ္စိဒေသံ လေသမတ္တံ၌ ဒေသနှင့် လေသ

၁။ ဒိဿတီ = ညွှန်ပြအပ်၏၊ ဣတိ = ထို့ကြောင့်။ ဒေသော = ဒေသမည်၏၊ ဤဒေသသည် ဇာတိနာမ, ဂေါတ္တနာမ စသောအားဖြင့် (၁၀)ပါး ရှိ၏၊
၂။ လိဿတိ = အခြားဝတ္ထုကိုလည်း ငြိကပ်တတ်၏၊ ဣတိ = ထို့ကြောင့်။ လေသော = လေသမည်၏၊ ဇာတိနာမ ဂေါတ္တနာမ စသောအားဖြင့် (၁၀)ပါးပင်တည်း။ ဒေသနှင့် လေသကား သဒ္ဒါသာ ထူးသည်၊ အနက် တရားကိုယ် တူညီ၏၊ လေသကား ဒေသ၏ ပရိယာယ်မျှသာ ဖြစ်သည်။

(ဆောင်) ဇာတိ-နာမ၊ ဂေါတ္တ-လိင်္ဂ၊ အာပတ္တ၊ ပတ္တ-စီဝရာ။
ဥပဇ္ဈာယာ စရိယာနှင့် သေနာသန ပေါင်းဒသ၊ လေသ မှတ်ကုန်ရာ။
ဒေသ ရလည်း၊ ယင်းဆယ်တည်း၊ ထူးပြီး မရှိရာ။

၁၀။ သံဃဘေဒသိက္ခာပုဒ်

တစ်သိမ်ထဲ၌ ညီညွတ်နေသော သံဃာကို ဘေဒကရဝတ္ထု (၁၈)ပါးဖြင့် သံဃာကွဲပြားအောင် အားထုတ်လျှင် ထိုရဟန်းကို မြင်ကုန် ကြားကုန်သော ရဟန်းတို့သည် “သံဃာကွဲပြားအောင် အားမထုတ်ပါနှင့်”ဟု တားမြစ်ရမည်။ (မြင်ကြားပါလျက် မတားမြစ် မပြောဆိုကုန်ငြားအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊) ထိုသို့ တားမြစ်ပြောဆိုအပ်ပါလျက် ရှေးအတိုင်းပင် မိမိ၏ အယူဝါဒကို ချီးမြှောက်နေသေးအံ့၊ ထိုဝါဒကို စွန့်လွှတ်အောင် ထိုရဟန်းကို အခြားရဟန်းများက ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် သမနုဘာသနကံ ပြုရမည်။ ထိုသမနုဘာသနကံ ပြု၍ မပြီးခင် ထိုဝါဒကို စွန့်လွှတ်လိုက်လျှင် သံဃာဒိသေသ်အာပတ် မသင့်ဖို့ အကြောင်းဖြစ်၍ ကောင်းပေ၏၊ မစွန့်လျှင်ကား သုံးကြိမ်မြောက် ကမ္မဝါစာ အဆုံး၌ ထိုရဟန်းအား သံဃာဒိသေသ်အာပတ်သင့်၏၊

အာပတ်အဆင့်ဆင့် သင့်ပုံများ

သံဃာသင်းခွဲရုံ သင်းခွဲအံ့ ဒုက္ကဋ်၊ ဉတ်အဆုံး၌လည်း ဒုက္ကဋ်၊ ကမ္မဝါစာ (၂)ကြိမ်အဆုံး၌ ထုလ္လစ္စဉ်း နှစ်ချက်၊ သုံးကြိမ်မြောက် ကမ္မဝါစာဖတ်သည်၏ အဆုံး၌ ထိုအယူကို မစွန့်လျှင် သံဃာဒိသေသ်အာပတ် သင့်၏၊

ဒေသနာမကြား မကုစားဘဲ ငြိမ်းပျောက်သော အာပတ်

သုံးကြိမ်မြောက်ကမ္မဝါစာအဆုံး၌ သံဃာဒိသေသ်သို့ ရောက်သော ရဟန်းအား ဉတ်အဆုံး၌ သင့်သော ဒုက္ကဋ်၊ ကမ္မဝါစာနှစ်ကြိမ်အဆုံး၌ သင့်သော ထုလ္လစ္စဉ်းအာပတ်နှစ်ချက်တို့သည် ဒေသနာမကြား မကုစားဘဲ ငြိမ်းပျောက်ကုန်၏ဟု မှတ်သားရာ၏၊

(ဆောင်) သံဃာကွဲမှု လုံ့လပြု၍၁ သမနုဘာသနံ ဓမ္မကံတည်း၂ ကမ္မဝါစာ ပြီးဆုံးရာဝယ်၃ မြဲစွာယူလျဉ်း၊ မစွန့်ခြင်းဟု၄ ကြောင်းရင်းလေးလီ အင်္ဂါညီ၊ သင့်ပြီ ဘေဒက။

၁၁။ ဘေဒါနုဝတ္တက သိက္ခာပုဒ်

သံဃာကွဲပြားအောင် လုံ့လပြုသော ရဟန်း၏ အယူဝါဒကို တစ်ပါး နှစ်ပါးကုန်သော ရဟန်းတို့သည် အတုလိုက်၍ ကျင့်ကြကုန်၏၊ ထိုရဟန်းတို့က အခြားရဟန်းတို့အား “အရှင်တို့ ..ထိုရဟန်းအား တစ်စုံတစ်ခုမျှ မဆိုကုန်လင့်၊ ထိုရဟန်းသည် ဓမ္မကိုလည်း ဆိုလေ့ရှိ၏၊ ဝိနည်းကိုလည်း ဆိုလေ့ရှိ၏၊ ငါတို့၏ ထောက်ခံချက်အတိုင်း သူသည် ဆို၏၊ ငါတို့သည်လည်း ထိုအယူကို နှစ်သက်ကြကုန်၏”ဟု ဆိုကုန်ကြ၏၊

ထိုရဟန်းတို့ကို အခြားရဟန်းတို့က “အရှင်တို့ ... ဤသို့ မဆိုကုန်လင့်၊ ထိုရဟန်းသည် ဓမ္မကိုလည်း ဆိုလေ့မရှိ၊ ဝိနည်းကိုလည်း ဆိုလေ့မရှိ၊ အရှင်တို့သည်လည်း သံဃာတော်၏ ကွဲပြားခြင်းကို မနှစ်သက်အပ်ကုန်၊ အရှင်တို့သည် သံဃာတော်နှင့် သဘောချင်း ညီညွတ်ကုန်လော့၊ ညီညွတ်ခြင်း၏ အကျိုးကား ညီညွတ်သော သံဃာတော်သည် ငြင်းခုံခြင်း မရှိ၍ အညီအညွတ် ဝမ်းမြောက်ဝမ်းသာစွာဖြင့် တူသော ပါတိမောက်ပြလျက် ချမ်းသာစွာ နေရာ၏”ဟု ပြောဆိုရမည်။

နှစ်ကြိမ်မြောက် သုံးကြိမ်မြောက် ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ကုန်ငြားအံ့၊ ထိုသို့စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ကုန်ငြားအံ့ ဒုက္ကဋ်အာပတ်သင့်၏၊ (ကြားလျက် မပြောဆိုကုန်ငြားအံ့ ဒုက္ကဋ်) ထိုရဟန်းတို့ကို သံဃာအလယ်သို့ ခေါ်ဆောင်၍ ထပ်မံပြောဆိုရမည်။ ထိုအယူကို စွန့်ငြားအံ့ ကောင်း၏၊ မစွန့်လျှင် ဒုက္ကဋ်အာပတ် သင့်ပြန်၏၊

ထို့နောက် သံဃာတော်တို့က ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် သမနုဘာသနကံ ပြုရမည်။ ဆုံးမ၍ အယူကို စွန့်ကြလျှင် ကောင်း၏၊ အယူကို မစွန့်ကြလျှင် သုံးကြိမ်မြောက် ကမ္မဝါစာအဆုံး၌ ထိုနောက်လိုက်ရဟန်းတို့အား ဘေဒါနုဝတ္တက သံဃာဒိသေသ်အာပတ် သင့်၏၊

(မှတ်ချက်) နှစ်ပါး သုံးပါးထက်အလွန် နောက်လိုက်ရဟန်းများ ဖြစ်နေလျှင် တစ်ပေါင်းတည်း မဆုံးမအပ်၊ နှစ်ပါးစီ သုံးပါးစီ ခွဲ၍ ဆိုဆုံးမ ရမည်။

(ဆောင်) သံဃာခွဲသူ့ နောက်လိုက်မှုနှင့်၁၊ သမနုဘာသနံ ဓမ္မကံတည်း၂၊ ကမ္မဝါစာ ပြီးဆုံးရာဝယ်၃၊ မြဲစွာယူလျှင်း မစွန့်ခြင်းဟု၄၊ ကြောင်းရင်းလေးတန် အင်ညီပြန်၊ သင့်ရန် အနုဝတ္တက။

သံဃဘေဒကကံ - သံဃာကို အသင်းအစု ကွဲသွားအောင် ခွဲခြားမှုပြုသော ကံတည်း။ ပဉ္စာနန္တရိယကံကြီးငါးပါးတွင် ပါဝင်သည်။ မိဘတို့ကို အသေသတ်သော ကံကဲ့သို့ပင် သေလွန်ပြီးနောက်ဘဝ၌ ဧကန်မုချ ငရဲသို့ ကျရောက်ရသော ကံကြီး ဖြစ်သည်။

သံဃာကွဲပြားကြောင်း ဘေဒကရဝတ္ထု (၁၈) ပါး

၁။ ကုသလကမ္မပထဓမ္မ (၁၀)ပါးကို အဓမ္မဟု ပြခြင်း၊
၂။ အကုသလကမ္မပထဓမ္မ (၁၀)ပါးကို ဓမ္မဟု ပြခြင်း၊
၃။ ဝိနယကို အဝိနယဟု ပြခြင်း၊
၄။ အဝိနယကို ဝိနယဟု ပြခြင်း၊
၅။ မြတ်စွာဘုရားဟောကြားအပ်သော ဘာသိတကို အဘာသိတဟု ပြခြင်း၊
၆။ မြတ်စွာဘုရား မဟောကြားအပ်သော အဘာသိတကို ဘာသိတဟု ပြခြင်း၊
၇။ ဘုရားရှင်၏ အလေ့အကျင့် အာစိဏ္ဏကို အနာစိဏ္ဏဟု ပြခြင်း၊
၈။ ဘုရားရှင်၏ အလေ့အကျင့် မဟုတ်သော အနာစိဏ္ဏကို အာစိဏ္ဏဟု ပြခြင်း၊
၉။ ဘုရားရှင်ပညတ်တော်မူအပ်သော ပညတ္တကို အပညတ္တဟု ပြခြင်း၊
၁၀။ ဘုရားရှင် မပညတ်တော်မူအပ်သော အပညတ္တကို ပညတ္တဟု ပြခြင်း၊
၁၁။ အာပတ်သင့်ရောက်သော အာပတ္တိကို အနာပတ္တိဟု ပြခြင်း၊
၁၂။ အာပတ်မသင့်ရောက်ကြောင်း အနာပတ္တိကို အာပတ္တိဟု ပြခြင်း၊
၁၃။ ပေါ့ပါးသော လဟုအာပတ်ကို လေးသော ဂရုကအာပတ်ဟု ပြခြင်း၊
၁၄။ လေးသော ဂရုကအာပတ်ကို ပေါ့သော လဟုကအာပတ်ဟု ပြခြင်း၊
၁၅။ ကုစား၍ အကြွင်းရှိသော သာဝသေသအာပတ်ကို အနဝသေသအာပတ်”ဟု ပြခြင်း၊
၁၆။ ကုစား၍အကြွင်းမရှိသော အနဝသေသအာပတ်ကို သာဝသေသအာပတ်ဟု ပြခြင်း၊
၁၇။ ရုန့်ရင်းသော ဒုဋ္ဌုလ္လအာပတ်ကို အဒုဋ္ဌုလ္လအာပတ်ဟု ပြခြင်း၊
၁၈။ မရုန့်ရင်းသော အဒုဋ္ဌုလ္လအာပတ်ကို ဒုဋ္ဌုလ္လအာပတ်ဟု ပြခြင်းဟူ၍ ဘေဒကရဝတ္ထု (၁၈)ပါး ဖြစ်သည်။

(ဆောင်) ဓမ္မ-ဝိနယ၊ ဘာသိတ၊ စိဏ္ဏ-ပညတ္တံ။
အာပတ်-လဟုက ဒုဋ္ဌုလ္လ၊ သာဝသေသမှန်။
တစ်ဆယ့်ရှစ်ခု၊ ကွဲပြားမှု၊ ဝတ္ထုကိုးဒုက်ရန်။

သိက္ခာပုဒ် (၃) ပါးလာ အဓိကရဏ သဒ္ဒါ (၃) ပါး အထူး

ပထမဒုဋ္ဌဒေါသသိက္ခာပုဒ်၌ အဓိကရဏကား ပါရာဇိကအာပတ်ဟူသော အာပတ္တာဓိကရုဏ်းကို ဟောသည်။ ဒုတိယဒုဋ္ဌဒေါသသိက္ခာပုဒ်၌ အဓိကရဏကား ဒဗ္ဗမလ္လပုတ္တဟူသော အမည်ပညတ်၏တည်ရာ ဆိတ်ဖို သတ္တဝါဒြပ်ကို ဟောသည်။ ဤသံဃဘေဒကသိက္ခာပုဒ်၌ အဓိကရဏကား သံဃာကွဲပြားခြင်း၏ ဘေဒကရဝတ္ထု (၁၈)ပါးသော အကြောင်းကို ဟောသည်။ ဤသို့ အာပတ်, တည်ရာ, အကြောင်းကို ဟောကြောင်း ခွဲခြားသိပါ။

(ဆောင်) အာပတ်, တည်ရာ၊ ကြောင်းဟောပါ၊ သုံးဖြာ အဓိကရဏ။

မြင်ကုန်ကြားကုန်သောရဟန်းတို့၏ တာဝန်

မြင်ကုန်ကြားကုန်သော ရဟန်းတို့သည် သံဃာသင်းခွဲနေသော ရဟန်းရှိရာ အယုတ်ဆုံး ယူဇနာဝက် (ဝါ) နှစ်ဂါဝုတ်မျှလည်းဖြစ်သော ဝေးကွာသော ခရီးသို့ ကိုယ်တိုင်သွား၍ မာယသ္မာ စသော စကားအစဉ်ဖြင့် ဆို၍ တားမြစ် ဆုံးမရမည်။ မြင်လျက်ကြားလျက် ကိုယ်တိုင်သွား၍ မဆိုဆုံးမက ဒုက္ကဋ်၊ တမန်စေ၍ဖြစ်စေ, စာပေး၍ဖြစ်စေ ပြောဆိုဆုံးမသော ရဟန်းအားလည်း ကိုယ်တိုင်သွားသည် မဟုတ်သောကြောင့် အာပတ်မှ မလွတ်။

သံဃာသင်းခွဲမှု နိဒါန်း

မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်း သုံးတော်မူစဉ်က ဖြစ်ရပ် ဖြစ်သည်။ ဒေဝဒတ်ရဟန်းသည် သူ၏ မိတ်ဆွေများ ဖြစ်ကြသော ကောကာလိက, ကဋမောဒကတိဿ, သမုဒ္ဒဒတ္တတို့နှင့် တိုင်ပင် ညှိနှိုင်း၍ မြတ်စွာဘုရားရှင်၏ အာဏာစက်ကို ပျက်ပြားစေရန် သံဃာဂိုဏ်းအုပ်စု ကွဲပြားစေရန် ကြံစည်အားထုတ်ကြလေသည်။

မြတ်စွာဘုရားရှင် ခွင့်ပြုတော်မမူနိုင်သည့် အချက်ကြီး (၅)ချက်က်ို လျှောက်ထားတောင်းခံလေသည်။ ထိုအချက်ကြီး (၅)ချက်သည် လာဘ်လာဘ အခြံအရံ အကျော်အစော ဂုဏ်သတင်းကြီးမားလိုသူတို့အတွက် အလွန်ကောင်းသော အချက်များပင် ဖြစ်ကြသည်။ အရှိန်အဝါ ဂုဏ်သတင်း အကျော်အစောတို့ကို လိုလားသော စိတ်ထားဖြင့် ထိုအကျင့်များကို ကျင့်ပါက မိစ္ဆာဇီဝဖြစ်သောကြောင့် မြတ်စွာဘုရားရှင်သည် ဤကဲ့သို့ လိုလား၍ ကျင့်သည်များကို စက်ဆုပ်တော်မူသည်။

အရှင်ဒေဝဒတ် တောင်းဆိုသော အချက်ကြီး (၅) ချက်

၁။ ရဟန်းများသည် အသက်ထက်ဆုံး တောရကျောင်း၌ နေကြရမည်။ ရွာနီးကျောင်း၌နေသော ရဟန်းအား အပြစ်ဒဏ် သတ်မှတ်တော်မူပါ။ (အာရညကင်္ဂဓုတင်)
၂။ ရဟန်းများသည် အသက်ထက်ဆုံး ဆွမ်းခံလှည့်လည်၍ ရသောဆွမ်းကိုသာ စားရမည်။ ပင့်ဖိတ်လှူသောဆွမ်း, ပို့သောဆွမ်းကို စားသုံးသော ရဟန်းအား အပြစ်ဒဏ် သတ်မှတ်တော်မူပါ။ (ပိဏ္ဍပါတ်ဓုတင်)
၃။ ရဟန်းများသည် လူတို့ စွန့်ပစ်ထားသော အဝတ်သင်္ကန်း (ပံသုကူသင်္ကန်း) ကို အသက်ထက်ဆုံး ဝတ်ရုံကြရမည်။ ဒါယကာတို့ လှူသော သင်္ကန်းကို ဝတ်ရုံသော ရဟန်းအား အပြစ်ဒဏ် သတ်မှတ်ပညတ်တော်မူပါ။ (ပံသုကူဓုတင်)
၄။ ရဟန်းများသည် အသက်ထက်ဆုံး သစ်ပင်ရင်းမှာနေ၍ ရုက္ခမူဓုတင် ကျင့်သုံးနေထိုင်ရမည်။ ကျောင်းအဆောက်အဦး အတွင်း၌ နေသော ရဟန်းအား အပြစ်ဒဏ်သတ်မှတ် ပညတ်တော်မူပါ။ (ရုက္ခမူဓုတင်)
၅။ ရဟန်းများသည် အသက်ထက်ဆုံး အသား, ငါး စားခြင်းကို ရှောင်ကြဉ်ရမည်။ အသားငါး စားသုံးသော ရဟန်းအား အပြစ်ဒဏ်သတ်မှတ် ပညတ်တော်မူပါ။ (သက်သတ်လွတ်၊ ဘေးမဲ့)

ဤအချက်ကြီး (၅)ချက်တို့သည် ကိလေသာ နည်းပါးခြင်း၏အကြောင်း၊ ရောင့်ရဲလွယ်ခြင်း အလိုဆန္ဒ နည်းပါးခြင်း၏အကြောင်း ဖြစ်ပါသည်ဟု လျှောက်ထားလေသည်။ မြတ်စွာဘုရားရှင်က “ချစ်သားဒေဝဒတ် ဤ အချက်တို့ကို ကျင့်လိုသောသူများ ကျင့်သုံးကြရန် ငါဘုရား ခွင့်ပြုတော်မူပြီး ဖြစ်သည်။ ဤသို့ အပြစ်ဒဏ်သတ်မှတ် ပညတ်ရန်ကား မသင့်လျော်ချေ”ဟု ဒေဝဒတ်ရဟန်း၏ လျှောက်ထားချက်ကို ပယ်မြစ်တော်မူသည်။

ဒေဝဒတ်ရဟန်းသည် မျှော်လင့်ထားသည့်အတိုင်း ဘုရားရှင်ထံမှ ငြင်းပယ်မှုကို ရရှိသောအခါ ဘုရားရှင်အနီးမှ ထွက်ခွာလာ၍ “ရဟန်း ဂေါတမသည် ရဟန်းများ ကျင့်သုံးရန် အလွန်ကောင်းမွန်သည့် အကျင့် (၅)မျိုးကို ခွင့်မပြု၊ ငါတို့သည် ကောင်းမြတ်သော အကျင့် (၅)မျိုးတို့ကို ကျင့်ကြကုန်အံ့”ဟု ဆို၍ ရဟန်းများနှင့် လူများ သိအောင် ကြေညာလေသည်။

နောက်လိုက်ပရိသတ် များလာခြင်း

အရှင်ဒေဝဒတ်က ဤသို့ ကြေညာပြီးသည့်နောက် သဒ္ဓါတရားနည်းပါးသူ ဉာဏ်နည်းသူတို့က ဒေဝဒတ်နှင့် အပေါင်းပါတို့အား ခြိုးခြံစွာကျင့်သူများအဖြစ် ချီးမွမ်းကြသည်။ တချို့ရဟန်းငယ်များလည်း အရှင် ဒေဝဒတ်တို့နောက် လိုက်ပါ၍ ကျင့်ကြံ လိုက်နာကြသည်။ လူဒကာဒကာမများလည်း အားပေးထောက်ခံလာကြသည်။

သဒ္ဓါ-ပညာ ညီမျှသူတို့ လက်မခံ

သဒ္ဓါတရားရှိသူ ဉာဏ်အမြော်အမြင် ကြီးမားသူတို့ကမူ “ဒေဝဒတ်သည် သံဃာအချင်းချင်းကွဲပြားအောင်, ဘုရားရှင်၏ အာဏာစက် ပျက်ပြားအောင် အားထုတ်ဘိတကား”ဟု ပြစ်တင်ရှုတ်ချကြလေသည်။ ထိုအကြောင်းကို ရဟန်းတော်များ ကြားသိ၍ ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်သည် ဒေဝဒတ်အား ခေါ်ယူစစ်ဆေး မေးမြန်းတော်မူ၍ ပြစ်တင် ရှုတ်ချတော်မူကာ သံဃဘေဒသိက္ခာပုဒ်ကို ပညတ်တော်မူသည်။

သမဂ္ဂ နှင့် ဝဂ္ဂ

သမဂ္ဂ (= ညီညွတ်သောသံဃာ) ဟူရာ၌ တူသော ပေါင်းသင်းခြင်းရှိသော, တူသော သိမ်၌တည်သော သံဃာတော်ကို ဆိုသည်။ ဤသာသနာတော်၌ ရဟန်းတို့သည် အဓမ္မကို ဓမ္မဟု ဓမ္မကို အဓမ္မဟု အဝိနယကို ဝိနယဟု ဝိနယကို အဝိနယဟု ဤသို့ အစရှိသည်ဖြင့် (၁၈)ပါးသော ဘေဒကရဝတ္ထုတို့ဖြင့် ပြောကြားကြ, ပြကြပါသည်။ မိမိတို့၏ အယူဝါဒသို့ လိုက်ပါကြရန် ဆွဲဆောင်ကြပါသည်။ ထိုသို့ ဆွဲဆောင်ပြီးလျှင် အသီးအခြား ခွဲခြား၍ ဥပုသ်ကံ ပဝါရဏာကံ, ထိုမှ တစ်ပါးသော သံဃာ့ကံကြီး ကံငယ်တို့ကို ပြုကြပါကုန်သည်။ ဤနည်းဖြင့် သံဃာကွဲပြားသည် (= ဝဂ္ဂ) မည်ပါသည်။

သံဃရာဇိ (သံဃာ့အရေးအကြောင်း)

တစ်ဘက်သော သံဃာအစု၌ ရဟန်းတစ်ပါးရှိ၍ ကျန်တစ်ဘက်သော အစု၌ နှစ်ပါး ရှိပြီးလျှင် လေးပါးမြောက် ရဟန်းက “ဤကား ဓမ္မ၊ ဤကား ဝိနယ၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတည်း၊ ဤမဲဆန္ဒကို ယူလော့၊ ဤ မဲဆန္ဒကို နှစ်သက်လော့”ဟု ပြောကြားခြင်း၊ ဤနည်းအတူ တစ်ဘက်မှ နှစ်ပါး ကျန်တစ်ဘက်မှ နှစ်ပါး၊ တစ်ဘက်မှ သုံးပါး ကျန်တစ်ဘက်မှ သုံးပါး၊ တစ်ဘက်မှ သုံးပါး၊ ကျန်တစ်ဘက်မှ လေးပါး ရှိ၍ ရှစ်ယောက်မြောက် ရဟန်း သည် “ဤကား ဓမ္မတည်း၊ ဤကား ဝိနယတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမ ဩဝါဒတည်း၊ ဤအယူကို ယူလော့၊ ဤအယူကို နှစ်သက်လော့ဟု ပြောကြားခြင်း၊ ဤသို့လျှင် နှစ်ဘက်ပေါင်းမှ သံဃာလေးပါး၊ ငါးပါး၊ ခြောက်ပါး၊ ခုနစ်ပါး၊ ရှစ်ပါးရှိ၍ အယူကွဲပြားသော်လည်း သံဃာကွဲပြားဖို့ အရေးအကြောင်းမျှသာ ဖြစ်၍ သံဃာကွဲပြားခြင်း မဖြစ်သေးပါ။

သံဃဘေဒ (သံဃာ ကွဲပြားခြင်း)

တစ်ဘက်သော သံဃာအစု၌ ရဟန်းလေးပါး ရှိ၍ အခြားတစ်ဘက်သောအစု၌လည်း လေးပါး ရှိပြီးလျှင် ကိုးပါးမြောက်သော ရဟန်းတစ်ပါးက “ဤကား တရားတည်း၊ ဤကား ဝိနယတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမ ဩဝါဒတည်း၊ ဤအယူကို ယူကြကုန်လော့၊ ဤအယူကို နှစ်သက်ကြကုန်လော့”ဟု ပြောကြားအံ့၊ ဤနည်းဖြင့် တစ်ဘက်မှ လေးပါး တစ်ဘက်မှ ငါးပါး နှစ်ဘက်ငါးပါးစီ ဤသို့စသည်ဖြင့် ကိုးပါးကိုးပါးထက် အလွန်ရှိလျှင် သံဃာကွဲပြားရာ အရေးအကြောင်းလည်းဖြစ်၍ သံဃာလည်း စင်စစ် ကွဲပြားပါတော့သည်။ ဤကား သံဃာအက်ကြောင်းထင်ခြင်း (=သံဃရာဇိ) သံဃာကွဲပြားခြင်း (= သံဃဘေဒ) နှစ်မျိုးတို့တည်း။

ဘေဒါနုဝတ္တကသိက္ခာပုဒ် နိဒါန်း

ရာဇဂြိုဟ်မြို့၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် အရှင်ဒေဝဒတ်သည် သံဃာသင်းခွဲမှုကို ပြုလုပ်ရာ ရဟန်းတော်များက အရှင်ဒေဝဒတ်အား ဝိုင်းဝန်း ပြစ်တင်ပြောဆိုကြသည်ကို အရှင်ဒေဝဒတ်ဘက်မှ လိုက်၍ ခုခံပြောဆိုကြသော အရှင်ကောကာလိက စသော နောက်လိုက် ရဟန်းများအကြောင်းကို ဘုရားရှင်အား ရဟန်းတို့က လျှောက်ထားရာ ဘုရားရှင်သည် ထိုအရှင်ဒေဝဒတ်နောက်လိုက်ရဟန်းတို့အား ကဲ့ရဲ့ပြစ်တင်တော်မူကာ ဤ ဘေဒါနုဝတ္တကသိက္ခာပုဒ်ကို ပညတ်တော်မူသည်။

အနုဝတ္တက အရ နောက်လိုက်ပုံ

နောက်လိုက် ဟူရာ၌ သံဃာကွဲပြားအောင်ပြုသော ရဟန်း၏ နောက်မှ တကောက်ကောက် လိုက်နေခြင်းကို ဆိုသည် မဟုတ်၊ ထိုရဟန်းက အဓမ္မကို ဓမ္မဟု ယူ၏၊ အဓမ္မကို ဓမ္မဟု နှစ်သက်၏၊ အဓမ္မကို ဓမ္မဟု ကြိုက်၏၊ ထိုရဟန်း ယူသည့်အတိုင်း, နှစ်သက်သည့်အတိုင်း, ကြိုက်သည့်အတိုင်း လိုက်၍ ယူခြင်း, နှစ်သက်ခြင်း, ကြိုက်ခြင်းကို နောက်လိုက်ဟု ဆိုလိုသည်။

ဧကော ဝါ ဒွေ ဝါ တယော ဝါ

သံဃာသည် သံဃာအား ကံပြုခြင်းငှာ မတတ်ကောင်းသောကြောင့် သုံးပါးထက် အလွန်ဖြစ်သော ရဟန်းတို့ကို ကံမပြုကောင်းရကား ဤ “ဧကော ဝါ ဒွေ ဝါ တယော ဝါ”ဟု ဟောတော်မူသည်။

သံဃာသင်းခွဲသူ၏ နောက်လိုက်ရဟန်းတို့သည် လေးပါး, ငါးပါးစသည် ဖြစ်အံ့၊ သုံးပါးထက် မပိုစေမူ၍ သီးခြားခွဲ၍ အကြိမ်ကြိမ် ကံပြုရမည်ဟု သိပါ။ အဋ္ဌကထာများ၌ “န သံဃော သံဃဿ ကမ္မံ ကရောတိ” သံဃာသည် သံဃာအား ကံမပြုကောင်းဟု ဆိုသော စကားအရ နှိပ်သော နိဂ္ဂဟကံ၏ အစွမ်းဖြင့်ဖြစ်သော ကံမျိုးကို ယူရမည်။ ချီးမြှောက်သော ဥဗ္ဘာဟိကကံ စသည်တို့ကိုကား အများပင်အပ်သည်ဟု ဋီကာများ ဆိုကြ၏၊

(ဆောင်) သံဃာသည်ကား၊ သံဃာအား၊ ကံကား မပြုရ။
ထိုစကားအရ၊ နိဂ္ဂဟ၊ ကံမျှ ယူရန်ပြ။
ဥဗ္ဘာဟိက၊ ဒိကမ္မ၊ များစွာ အပ်ဟုပြ။

၁၂။ ဒုဗ္ဗစ သိက္ခာပုဒ်

ဘုရားရှင် ပညတ်တော်မူသော သိက္ခာပုဒ်တော်ဖြင့် အခြားရဟန်းတို့၏ ဆိုဆုံးမလာခြင်းကို နားမထောင်လို၍ ထိုရဟန်းတို့အား “သင်တို့ ငါ့ကို လာမပြောလင့်၊ ငါကလည်း သင်တို့အား ကောင်းကောင်းဆိုးဆိုး ဘယ်စကားမျိုးကိုမျှ မပြောဘူး” စသည်ဖြင့် ပြန်လှန် ပြောဆိုငြားအံ့၊ ထိုရဟန်းကို အခြား ရဟန်းတို့က “အရှင်သည် မိမိကိုယ်ကို မဆိုအပ်သည်ကို မပြုလင့်၊ အရှင်သည် မိမိကိုယ်ကို ဆိုအပ်သည်ကိုသာလျှင် ပြုလော့၊ အရှင်သည်လည်း တပည့်တော်တို့ကို သိက္ခာပုဒ်တော်ဖြင့် ဆိုလော့၊ ဘုရားတပည့်တော်တို့ကလည်း အရှင့်ကို သိက္ခာပုဒ်တော်ဖြင့် ဆိုကုန်လတ္တံ့၊ ဤသို့ အချင်းချင်း ဆိုဆုံးမခြင်း၊ အချင်းချင်းအာပတ်မှ ထစေခြင်းဖြင့်သာလျှင် ထိုမြတ်စွာဘုရား၏ ပရိသတ်သည် ကြီးပွားခြင်းသို့ ရောက်နိုင်၏”ဟု ပြောဆိုရမည်။ နှစ်ကြိမ်မြောက်လည်း ပြောဆိုရမည်၊ သုံးကြိမ်မြောက်လည်း ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ထိုရဟန်း အား ဒုက္ကဋ်အာပတ် သင့်၏၊ (ကြားလျက် မပြောဆိုကုန်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊) ထိုရဟန်းကို သံဃာ့အလယ်သို့ ခေါ်ဆောင်၍ အထက်၌ ဆိုခဲ့သည့်အတိုင်း သုံးကြိမ်မြောက်အောင် ထပ်မံ၍ ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ် သင့်ပြန်၏၊ ထို့နောက် သံဃာတော်က ထိုရဟန်းအား ထိုအယူကို စွန့်စေခြင်းငှာ သမနုဘာသနကံဖြင့် ဆိုဆုံးမအပ်၏၊ ဤသို့ ဆိုဆုံးမအပ်သည်ရှိသော် ထိုအယူကို စွန့်လျှင် ကောင်း၏၊ မစွန့်လျှင်ကား သုံးကြိမ်မြောက်သော ကမ္မဝါစာအဆုံး၌ ထို ရဟန်းအား ဒုဗ္ဗစ သံဃာဒိသေသ်အာပတ် သင့်၏၊ (ကိုးကြိမ်ကိုးခါ ဆုံးမရသည်ကို သတိပြုပါ၊၊)

(ဆောင်) မပြောထိုက်သူ့ ကိုယ့်ကိုပြု၍၁ သမနုဘာသနံ ဓမ္မကံတည်း၂ ကမ္မဝါစာ ပြီးဆုံးရာဝယ်၃ မြဲစွာယူလျှင်း မစွန့်ခြင်းဟု၄ ကြောင်းရင်းလေးတန် အင်ညီပြန်၊ သင့်ရန် ဒုဗ္ဗစ။

၁၃။ ကုလဒူသက သိက္ခာပုဒ်

အမျိုးလေးပါးတို့၏ သဒ္ဓါတရားကို ဖျက်ဆီးတတ်သော ယုတ်မာသော အကျင့်ရှိသော အကြင်ရဟန်းသည် တစ်ခုသော မြို့ရွာနိဂုံးကို အမှီပြု၍ နေ၏၊ ထိုရဟန်း၏ ယုတ်မာသော အကျင့်တို့ကို မြင်လည်းမြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ ထိုရဟန်းသည် ဖျက်ဆီးအပ်သော အမျိုးတို့ကိုလည်း မြင်လည်းမြင်အပ်ကုန်၏၊ ကြားလည်းကြားအပ်ကုန်၏၊ ထိုကြောင့် ထိုရဟန်းကို အခြားရဟန်းတို့က “အရှင်သည် အမျိုးတို့ကို ဖျက်ဆီးတတ်၏၊ ပန်းပင်ငယ်စိုက်ပျိုးခြင်း စသော ယုတ်မာသောအကျင့် ရှိ၏၊ အရှင်၏ ယုတ်မာသောအကျင့်တို့ကို မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်းကြားအပ်ကုန် ၏၊ အရှင်သည် ဖျက်ဆီးအပ်သော အမျိုးတို့ကိုလည်း မြင်လည်းမြင်အပ်ကုန်၏၊ ကြားလည်းကြားအပ်ကုန်၏၊ အရှင်သည် ဤကျောင်းမှ ဖဲသွားလေလော့၊ အရှင်သည် ဤကျောင်း၌ နေခြင်းဖြင့် အကျိုးမရှိ”ဟု ဆိုရာ၏၊ ဤသို့ ဆိုအပ်သည်ရှိသော် အခြားရဟန်းတို့ကို ထိုရဟန်းက “သင်တို့သည် ချစ်သောအားဖြင့် မလားအပ်သည်သို့လည်း လားကုန်၏၊ မုန်းသောအားဖြင့် မလားအပ်သည်သို့လည်း လားကုန်၏၊ တွေဝေသောအားဖြင့် မလားအပ်သည်သို့လည်း လားကုန်၏၊ ကြောက်သောအားဖြင့် မလားအပ်သည်သို့လည်း လားကုန်၏၊ ထိုသို့သဘောရှိသော အာပတ်ဖြင့် အချို့သော ရဟန်းကို နှင်ထုတ်ကုန်၏၊ အချို့သော ရဟန်းကို မနှင်ထုတ်ကုန်”ဟု ဆိုငြားအံ့။

ထိုရဟန်းကို အခြားရဟန်းတို့က “အရှင်သည် ဤသို့ မဆိုလင့်၊ ဘုရားတပည့်တော်တို့သည် ချစ်သောအားဖြင့် မလားအပ်သည်ကိုလည်း မလားကုန်၊ မုန်းသောအားဖြင့် မလားအပ်သည်ကိုလည်း မလားကုန်၊ တွေဝေသောအားဖြင့် မလားအပ်သည်ကိုလည်း မလားကုန်၊ ကြောက်သောအားဖြင့် မလားအပ်သည်ကိုလည်း မလားကုန်။ အရှင်သည်သာလျှင် အမျိုးလေးပါးတို့ကို ဖျက်ဆီးတတ်၏၊ ယုတ်မာသော အကျင့်ရှိ၏၊ အရှင်၏ ပန်းပင်ငယ် စိုက်ပျိုးခြင်း စသော ယုတ်မာသော အကျင့်တို့ကို မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ အရှင်သည် ဖျက်ဆီးအပ်ကုန်သော အမျိုးတို့ကို မြင်လည်းမြင်အပ်ကုန်၏၊ ကြားလည်းကြားအပ်ကုန်၏၊ အရှင်သည် ဤကျောင်းမှ ဖဲသွားလေလော့၊ အရှင်သည် ဤကျောင်း၌နေခြင်းဖြင့် အကျိုး မရှိ”ဟု ပြောဆိုရမည်။ နှစ်ကြိမ်မြောက်လည်း ပြောဆိုရမည်။ သုံးကြိမ်မြောက်လည်း ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏၊ (ကြားလျက် မပြောဆိုကုန်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊၊) ထိုရဟန်းကို သံဃာ့အလယ်သို့ ခေါ်ဆောင်၍ အထက်၌ ဆိုခဲ့သည့်အတိုင်း သုံးကြိမ်မြောက်အောင် ထပ်မံ၍ ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ် သင့်ပြန်၏၊

ထိုနောက် သံဃာတော်က ထိုရဟန်းအား ထိုအယူကို စွန့်စေခြင်းငှာ သမနုဘာသနကံဖြင့် ဆိုဆုံးမအပ်၏၊ ဤသို့ ဆိုဆုံးမအပ်သည်ရှိသော် ထို အယူကို စွန့်လျှင် ကောင်း၏၊ မစွန့်လျှင်ကား သုံးကြိမ်မြောက်သော ကမ္မဝါစာ ၏ အဆုံး၌ ထိုရဟန်းအား ကုလဒူသက သံဃာဒိသေသ်အာပတ် သင့်၏၊ (ကိုးကြိမ် ကိုးခါ ဆုံးမရ၏)။

(ဆောင်) ဆန္ဒာဂတိ လိုက်ကြ၏ဟု စသည်ပြောမှု၁သမနုဘာသနံ ဓမ္မကံတည်း၂ ကမ္မဝါစာ ပြီးဆုံးရာဝယ်၃ မြဲစွာယူလျှင်း မစွန့်ခြင်းဟု၄ ကြောင်းရင်း လေးတန် အင်ညီပြန်၊ သင့်ရန် ဒူသန။

စတ္တာရော ယာဝတတိယကာ

သံဃာဒိသေသ် နောက်ဆုံးသိက္ခာပုဒ်လေးပုဒ်တို့သည် လွန်ကျူးမိပြီးစ ချက်ချင်း သံဃာဒိသေသ်အာပတ် မသင့်သေး၊ ဉတ်တစ်ကြိမ် ကမ္မဝါစာ သုံးကြိမ် ဆုံးမပြီးသောအခါ မိမိအယူကို မစွန့်ဘဲ ဆက်လက်စွဲကိုင်ထားမှသာ သံဃာဒိသေသ်အာပတ် သင့်သည်။ ထို့ကြောင့် သံဃာသင်းခွဲသော ရဟန်းဟု သာမညမေးလျှင် ဒုက္ကဋ်အာပတ်သာ ဖြေဆိုသင့်သည်ကို သတိပြုပါ။ ယာဝတတိယကသိက္ခာပုဒ် လေးခု ရှိသည်။ ကြွင်းသော သိက္ခာပုဒ် (၃)ပုဒ်တို့၌လည်း အလားတူပင် ဖြစ်၏၊ အင်္ဂါ (၄)ပါးကိုလျှင်လည်း သိရှိနိုင်သည်။

ဒုဗ္ဗစသိက္ခာပုဒ် အကြောင်းရင်းနိဒါန်း

ကောသမ္ဗီပြည်၌ ဘုရားရှင်သီတင်းသုံးတော်မူစဉ် ရဟန်းတော်များ၏ ဆုံးမစကားကို အရှင်ဆန္နမထေရ်သည် နာခံမှု မရှိဘဲ ပြန်လှန်ပြောဆိုလေ့ရှိ၏၊ အရှင်ဆန္နမထေရ်ကား ဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သည့်အပြင် တောထွက်စဉ်ကလည်း မြင်းမြီးဆွဲမောင်ဆန်အဖြစ် အတူလိုက်ပါခဲ့ရသူ ဖြစ်၍ အခြားရဟန်းများသည် သူ့နောက်မှ ပေါ်လာသူများ ဖြစ်ကြ၏၊ နောက်မှ ပေါက်သည့် ရွှေကြာပင်များက သူ့ကို ဆရာလာလုပ်ရန် မလို”ဟု အပြောမခံ အဆိုမခံ လုပ်နေသည်။ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ အရှင်ဆန္နအား ကဲ့ရဲ့ပြစ်တင်တော်မူကာ ဤ ဒုဗ္ဗစသိက္ခာပုဒ်ကို ပညတ်တော်မူသည်။

အရှင်ဆန္နမထေရ်သည် ငါ့ဆရာ ငါ့ဘုရား ငါနှင့် အရင်းနှီးဆုံး ဤသို့ စွဲယူထားသော ယင်းမာနကြောင့်ပင်လျှင် ဘုရားရှင်သက်တော်ထင်ရှားရှိစဉ် တရားထူး တရားမြတ်ကို မရရှိခဲ့ပါ။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခါနီး မှာကြား ထားခဲ့သည့် ဗြဟ္မဒဏ် (သံဃာများက ဝိုင်းပယ်ထားသော) ကံဆောင်သောအခါ အားကိုးစရာ ဘုရားရှင်လည်း မရှိတော့၍ မာန်မာနတွေ ကျကာ ဆိတ်ငြိမ်ရာသို့ ကပ်၍ တရားအားထုတ်သဖြင့် အရှင်အာနန္ဒာ၏ အကူအညီဖြင့် ရဟန္တာဖြစ်တော်မူရသည်။ ဤကဲ့သို့ ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်များနှင့် အကျွမ်းဝင်ခြင်းကို အကြောင်းပြု၍လည်း မာန်မာနများ ဖြစ်တတ်သည်ကို သတိပြုသင့်ပေသည်။

ဒုဗ္ဗစဇာတိကရဟန်း

ဒုက္ခေန ဝစော ဒုဗ္ဗစော = ဆင်းရဲသဖြင့် ဆိုအပ်သော စကား၊ ဒုဗ္ဗစောဇာတိ အဿာတိ ဒုဗ္ဗစဇာတိကော = ဆင်းရဲသဖြင့် ဆိုအပ်သော စကားရှိသောရဟန်း၊ ရဟန်းများက တစ်စုံတစ်ရာ ပြောဆိုဆုံးမသော် အဆုံးမမခံ ပြန်လှန်ပြောတတ်သော သဘောရှိသော ရဟန်းဟူ၏၊ ပြောရဆိုရ ခက်သော ရဟန်းတည်း။

သဟဓမ္မိက = သီတင်းသုံးဖော်

သဟ = အတူ၊ ဓမ္မ = တရား၊ ဣက = ကျင့်သူ၊ သဟဓမ္မိက = အတူတကွ တရားကျင့်ဘက် ဖြစ်သူ (ဝါ) သီတင်းသုံးဖော်တည်း။ ဘိက္ခု, ဘိက္ခုနီ, သိက္ခမာန်, သာမဏေရ, သာမဏေရီဟူ၍ သီတင်းသုံးဖော် (၅)ဦး ရှိ၏၊ ရသေ့, ဖိုးသူတော်, သီလရှင်တို့ သီတင်းသုံးဖော် (၅)ဦး၌ မပါဝင်ပေ။

သဟဓမ္မများ

သီတင်းသုံးဖော်တို့၏ ဥစ္စာဖြစ်သော သိက္ခာပုဒ်များအကြောင်းနှင့် စပ်သော စကား၊ အကျိုးအကြောင်းပြ၍ ပြောဆိုအပ်သော စကား၊ ကြည်ညိုဖွယ်ဖြစ်အောင် နေနည်း ပြောနည်းကိုပြသော စကားများနှင့် သိက္ခာပုဒ်ဆိုင်ရာ စကားများ အားလုံးကို သဟဓမ္မဟု မှတ်ပါ။

သာသနာကြီးပွားကြောင်း

“ဧဝံ သံဝဒ္ဓါ ဟိ တဿ ဘဂဝတော ပရိသာ ယဒိဒံ အညမည ဝစနေန အညမည ဝုဋ္ဌာပနေနာတိ အပြစ်တွေ့လျှင် အချင်းချင်း ပြောဆိုဆုံးမ သတိပေးကြ၊ အာပတ်တွေ သင့်ရောက်နေလျှင် ထိုအာပတ်တို့မှ ထမြောက်စင်ကြယ်အောင် ကူညီကြသောကြောင့်သာ ယခုမျက်မြင်အခြေအနေအထိ မြတ်စွာဘုရားရှင်၏ ပရိသတ်သာသနာတော်ကြီး၊ သီလ သမာဓိ ပညာ သိက္ခာအကျင့်များ ကြီးပွားနေသည် တိုးတက်နေသည်ဟု ပြဆိုသည်။

သာသနာကြီးပွားတိုးတက်မှုဟူသည်

ဤစကားကို ထောက်၍ ဘုရားတည် ကျောင်းဆောက်, သံဃာအရေအတွက် များပြားနေရုံမျှဖြင့် သာသနာကြီးပွားသည်ဟု မဆိုနိုင်။ အပြစ်အာပတ် စင်ကြယ်သော ပရိသတ်၊ သီလ သမာဓိ ပညာ သိက္ခာ (၃)ရပ်ကို ကျင့်သော ရှင်လူပရိသတ် တိုးပွားမှသာ သာသနာ ကြီးပွားတိုးတက်သည်ဟု ဆိုနိုင်သည်။

သာသနာပြုခြင်းဟူသည်

တချို့သော ပုဂ္ဂိုလ်တို့သည် ဘုရားအဆူပေါင်းများစွာ တည်နေကြသည်၊ ကျောင်းတွေများစွာ ဆောက်လုပ်နေကြသည်၊ ကြီးစွာသော ဒုလ္လဘရှင်ပြု ရဟန်းခံပွဲများကို ပြုနေကြသည်၊ ထိုသို့ ပြုနေကြသည်ကိုပင် သာသနာပြုနေသည်ဟု ထင်တတ်ကြသည်။ အပြစ်အာပတ်တွေ မစင်ကြယ်၊ သီလ သမာဓိ ပညာကျင့်စဉ်တွေ မကျင့်ပါဘဲ ဆောင်ရွက်နေကြလျှင်ကား ဘုရားရှင် အလိုတော်ကျ သာသနာပြုခြင်းမျိုး မဖြစ်နိုင်ပေ၊ သာသနာတော် တိုးတက် ကြီးပွားအောင်ပြုသည်ဟူသော စကားအဆိုများ မဟုတ်နိုင်ကြောင်း သတိပြုသင့်သည်။

ကုလဒူသကသိက္ခာပုဒ် အဓိပ္ပာယ်

ဤသိက္ခာပုဒ်သည် ရှည်လျားလှ၏၊ အကျဉ်းချုပ် မှတ်ရန်ကား -ရဟန်း တစ်ပါးသည် ဒါယကာ ဒါယိကာမတို့၏ သဒ္ဓါတရားအစစ်အမှန်ကို ဖျက်ဆီးနေ၏၊ မြင်ကုန်ကြားကုန်သော ရဟန်းကောင်းတို့က ကုလဒူသက ရဟန်းကို သူနေသော ကျောင်းတိုက်, မြို့ရွာမှ နှင်ထုတ်ရမည်။ ထိုအခါ အနှင်ထုတ်ခံရသော ရဟန်းက နှင်ထုတ်ထားသော ရဟန်းတို့ကို ဆန္ဒာဂတိ စသော အဂတိလေးပါး လိုက်ကြသည်ဟု ပြောလျှင် ရဟန်းတို့က ဤသို့ မပြောဖို့ရန် တားမြစ်ရမည်၊ တားမြစ်ပါလျက် ထိုအပြော ထိုအလုပ်တွေကို မစွန့်လျှင် သမနုဘာသနကံ ပြုရမည်၊ ကံပြု၍ မပြီးခင် ထိုအယူကို စွန့်လျှင် ကောင်း၏၊ ကံပြီးသည့်တိုင်အောင် ထိုအယူကို မစွန့်လျှင် ကုလဒူသက သံဃာဒိသေသ် အာပတ်သင့်သည်ဟု ပြသော သိက္ခာပုဒ်တည်း။

ဂါမ နိဂမ နဂရ = ရွာ နိဂုံး မြို့ အထူး

မြို့ရိုး တံတိုင်း အရံ မရှိ၊ စျေးလည်း မရှိသည်ကား ရွာ။ မြို့ရိုး တံတိုင်း အရံမရှိ စျေးသာ ရှိသည်ကား နိဂုံး။ နှစ်ပါးစုံ ရှိသည်ကား မြို့တည်း။ ယခုခေတ်၌ စစ်တပ်နှင့် ရဲစခန်းတို့ကို အကာအရံတံတိုင်းဟု ယူက သင့်မည် ထင်ပါသည်။

(ဆောင်) တံတိုင်းရံ မရှိ၊ စျေးသာ ရှိ၊ မှတ်ဘိ နိဂုံးတည်း။ နှစ်ပါးစုံ ရှိ၊ မြို့ဟု သိ၊ မရှိ ဂါမတည်း။

ကုလဒူသက = အမျိုးလေးပါးကို ဖျက်ဆီးပုံ

မင်း, သူဌေး, ကုန်သည်, သူဆင်းရဲဟူသော အမျိုးလေးပါးတို့ကို ဖျက်ဆီးတတ်သောကြောင့် “ကုလေ ဒူသေတီတိ ကုလဒူသကောအရ အမျိုးလေးပါးတို့ကို ဖျက်ဆီးသူတည်း။

ဤ၌ မစင်, ညွန်, ရွှံ့ပုပ်တို့ဖြင့် ပက်၍ ဖျက်ဆီးခြင်း၊ တုတ်, ဓား လက်နက်တို့ဖြင့် ရိုက်ပုတ်ခြင်းတို့ဖြင့် ဖျက်ဆီးသည် မဟုတ်၊ ချီးမြှောက်ထောက်ပံ့ခြင်း၊ ချစ်ခင် လေးစားကြည်ညို ခင်မင်ရင်းနှီးလာစေခြင်း အကျိုးငှာ ပန်းပေးခြင်း၊ သစ်သီးပေးခြင်း စသော ကုလဒူသနဝတ္ထုရှစ်ပါးတို့ကို ဆောင်ရွက်ပေးခြင်းဟူသော ယုတ်မာသော အကျင့်ဖြင့် မိမိအပေါ်၌သာ ခင်မင် ကြည်ညို သဒ္ဓါတရားဖြစ်စေ၍ ပန်းပေးခြင်း သစ်သီးပေးခြင်းစသည်ကို မပြုကုန်သော ထိုကုလဒူသနအမှုမျိုးတို့ကို မပြုကုန်သော သီလကို ချစ်မြတ်နိုးကြသည့် ရဟန်းကောင်း ရဟန်းမြတ်တို့အပေါ်၌ ကြည်ညိုသဒ္ဓါတရား ပျက်ပြား၍ မလှူချင် မတန်းချင် ဖြစ်စေသည်ကို အမျိုးလေးပါးဖျက်ဆီးသူဟု ဆိုသည်။

သဒ္ဓါတရားပျက်စီးပုံ

ဥပမာ - မိန်းကလေးတစ်ယောက်သည် ပင်ကိုအားဖြင့် နဂိုက သဒ္ဓါတရား ကောင်းသူကလေးတည်း။ သို့သော် “ဒါနံ သဗ္ဗတ္ထသာဓကံ”အရ ပေးကမ်းခြင်းသည် အကျိုးအားလုံးကို ပြီးစေ၏ဟူသော စကားကို သဘောပေါက်၍ ရဟန်းတစ်ပါးက သူ့ကို ကြည်ညိုလာအောင် ခင်မင်လာအောင် ထိုမိန်းကလေးအား ပန်း သစ်သီး စသည်ကို ပေးကမ်းလိုက်ရာ ထိုရဟန်း အားသာ ပို၍ လှူချင်တန်းချင်စိတ် ဖြစ်ကာ ချစ်ခင်လာပေမည်။ သို့သော် ထိုကဲ့သို့ ပေးဖော်မရသော လဇ္ဇီသူမွန် သီလရှိသူ အရှင်မြတ်တို့အား မလှူချင်, မတန်းချင်, မဆည်းကပ်ချင်, မကိုးကွယ်ချင် ဖြစ်လာတော့သဖြင့် ထိုမိန်းကလေး၏ နဂိုက ရှိနေသော အစစ်အမှန်သဒ္ဓါတရားကား ပျက်ပြားလေပြီ၊ ဤကဲ့သို့ပင် အခြားသူများအား ပန်း, သစ်သီးစသည်ပေးရာ၌ နည်းတူ သိပါ။

ကုလဒူသကသိက္ခာပုဒ် အကြောင်းရင်းနိဒါန်း

သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ဘုရားရှင်သီတင်းသုံးတော်မူစဉ် အဿဇိပုနဗ္ဗသုက အမည်ရှိသော အလဇ္ဇီရဟန်းယုတ်တို့သည် ကီဋာဂိရိဇန ပုဒ်(နိဂုံး)ရွာကြီး၌ နေထိုင်ကြပြီးလျှင် ဒါယကာ ဒါယိကာမတို့အား ပန်းပေး ခြင်း၊ သစ်သီးပေးခြင်း၊ အခိုင်းအစေခံခြင်း၊ ဆေးကုဗေဒင်ဟောခြင်းစသော လူမှုကိစ္စ အဝဝတို့ကို လိုက်လံဆောင်ရွက်ပေးခြင်း၊ မာတုဂါမများ လူငယ်လေး များနှင့်အတူ ပျော်ပွဲစားထွက်ခြင်း၊ မာတုဂါမတို့နှင့်အတူ အိပ်ခြင်း၊ ညစာ စားခြင်း၊ အရက်သောက်ခြင်း၊ ကစားနည်းအမျိုးမျိုးတို့ကို ကစားခြင်း၊ ကခြင်း၊ သီဆိုခြင်း၊ အမွှေးနံ့သာ လိမ်းကျံခြင်း၊ လက်ခုပ်လက်ဝါး တီး၍ ပူးတွဲ၍ ကခုန်ခြင်း၊ သင်္ကန်းကြီးတို့ကို ဖြန့်ခင်းပေးလျက် ကချေသည်မတို့ကို သင်္ကန်းပေါ်တက်စေ၍ အကခိုင်းခြင်းစသော အမျိုးလေးပါးတို့အား ပျက်စီးစေခြင်း၏ အကြောင်းဖြစ်သော မကောင်းသော အကျင့်ဆိုးမှန်သမျှကို ပြုကျင့်ကြလျက် နေထိုင်သွားလာကြကုန်၏၊ ဒါယကာ ဒါယိကာမများသည် ခင်မင်ရင်းနှီးမှုအရ ပေးကမ်းထောက်ပံ့ လှူဒါန်းမှုများ ပြုနေကြသော်လည်း ယင်းအလှူဒါနကြောင့် ကောင်းကျိုးချမ်းသာ ခံစားရမည်ဟူသော ယုံကြည်မှု သဒ္ဓါအစစ်အမှန် မရှိကြတော့ချေ။

ရဟန်းအစစ်အမှန်အတွက် အခက်တွေ့ရ

ကြည်ညိုဖွယ်ရာ ဣန္ဒြေသိက္ခာနှင့် ပြည့်စုံသော ရဟန်းတစ်ပါးသည် ကာသိတိုင်း၌ ဝါကပ်၍ ဝါကျွတ်သောအခါ သာဝတ္ထိမြို့သို့ ဘုရားရှင်အား ဖူးမြော်ရန် ထွက်ခွာလာရာ လမ်းခရီးတွင် ကီဋာဂိရိဇနပုဒ်သို့ ရောက်၍ ဆွမ်းခံချိန် ဖြစ်သောကြောင့် ဣန္ဒြေရရ စက္ခုန္ဒြေချလျက် သေခိယသိက္ခာပုဒ်တော်တို့နှင့် ညီစွာ ဆွမ်းခံဝင်လေရာ လောင်းလှူမည့်သူ မရှိချေ။ ကီဋာဂိရိဇနပုဒ်သူ ဇနပုဒ်သားတို့သည် သဒ္ဓါတရားအစစ်အမှန် ပျက်စီးလျက် ရှိလေသည်။ အဿဇိပုနဗ္ဗသုကရဟန်းတို့ကဲ့သို့ ဖော်ရွေပျူငှာခြင်း, ပြုံးရယ်ခြင်း နှုတ်ဆက်ခြင်း မရှိ၊ စက္ခုန္ဒြေချ၍ သွားသည်ကိုပင် အပြစ်မြင်ကာ ကဲ့ရဲ့ကြ ရှုတ်ချကြလေသည်။ ဆွမ်း ခဲဖွယ် ဘောဇဉ်များ မရရှိပါချေ။

ဥပါသကာကောင်းနှင့် တွေ့ဆုံခြင်း

ထိုအခါ သဒ္ဓါတရား အစစ်အမှန်ရှိသော ဥပါသကာကောင်း တစ်ယောက်သည် ထိုကြည်ညိုဖွယ်ရာ ဣန္ဒြေသိက္ခာနှင့် ပြည့်စုံသော အာဂန္တုက ရဟန်းအား တွေ့ရှိသဖြင့် အိမ်သို့ ပင့်ဆောင်ပြီးလျှင် ဆွမ်းမရရှိသေးကြောင်း သိ၍ ဆွမ်းဆက်ကပ်၏၊ ဆွမ်းကပ်ပြီးနောက် ကီဋာဂိရိဇနပုဒ်ကြီး၌ အဿဇိပုနဗ္ဗသုကရဟန်းတို့၏ ကုလဒူသနမှု (သဒ္ဓါတရား ဖျက်ဆီးမှု) ဒကာဒကာမတို့၏ သဒ္ဓါတရားပျက်စီးနေမှု ဖြစ်ပျက်ပုံ အလုံးစုံကို တင်ပြ၍ မြတ်စွာဘုရားရှင်အား လျှောက်ထားပေးပါရန် ဥပါသကာကြီးက ပန်ကြားလိုက်၏၊ အာဂန္တုကရဟန်းလည်း မြတ်စွာဘုရားရှင်ထံသို့ ရောက်သောအခါ ဥပါသကာ ပြောပြသည့်အတိုင်း အကြောင်းစုံကို ဘုရားရှင်အား လျှောက်ထား တင်ပြလေသည်။

အဂ္ဂသာဝကနှစ်ပါး လွှတ်၍ နှင်ထုတ်စေခြင်း

မြတ်စွာဘုရားရှင်က အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန်တို့ကို စေလွှတ်၍ ပဗ္ဗာဇနီယ (နှင်ထုတ်ခြင်း)ကံပြုရန် မိန့်ကြားတော်မူ၏၊ အဂ္ဂသာဝကနှစ်ပါးတို့က အဿဇိပုနဗ္ဗသုကရဟန်းတို့သည် ကြမ်းကြုတ်သောကြောင့် မည်သို့မည်ပုံ နှင်ထုတ်ရမည်ကို ဘုရားရှင်အား မေးမြန်း လျှောက်ထားကြရာ ဘုရားရှင်က သံဃာများများ ခေါ်ဆောင်သွားရန် မိန့်ကြားတော်မူ၏၊ အဂ္ဂသာဝကနှစ်ပါးတို့လည်း သံဃာအင်အားဖြင့် ကြွရောက်၍ ကီဋာဂိရိဇနပုဒ်မှ ထွက်သွားကြစေရန် ပဗ္ဗာဇနီယကံပြု၍ နှင်ထုတ်ရာ အဿဇိပုနဗ္ဗသုက ရဟန်းနှင့် အပေါင်းပါသံဃာတို့သည် အချို့ လူထွက်ကြကုန်၏၊ အချို့လည်း အရပ်တစ်ပါးသို့ ထွက်သွားကြကုန်၏၊

သိက္ခာပုဒ်ပညတ်တော်မူခြင်း

အချို့ရဟန်းတို့ကား ပြန်လှန်ကဲ့ရဲ့ကာ အဂတိတရား လိုက်စားသည် ဟု အဂ္ဂသာဝကနှစ်ပါးနှင့် သံဃာတော်များကို ပြန်လည် စွပ်စွဲကြကုန်၏၊ ဤ အကြောင်းအရာတို့ကို ဘုရားရှင် သိတော်မူ၍ ဤကဲ့သို့ ဒါယကာ ဒါယိကာမတို့ သဒ္ဓါတရားအစစ်အမှန်ကို ပျက်စီးအောင် ကျင့်သုံးကြသော ယင်း ကုလဒူသနအမှုများ ပြုလုပ်ခြင်းမှ တားမြစ်ရန် ဤကုလဒူသကသိက္ခာပုဒ်ကို ပညတ်တော်မူသည်။

ဤသိက္ခာပုဒ်လာ ယုတ်မာသော အကျင့်များ

ယုတ်မာသောအကျင့်ဟူသည် ဒါယကာ ဒါယိကာမတို့အား ပေးကမ်းဖို့ရန် ရည်မှန်း၍ ပန်းပင်စိုက်ခြင်း, ရေလောင်းခြင်း စသော ရဟန်းတို့နှင့် မလျော်သော အကျင့်များတည်း။ ထိုကဲ့သို့ ပန်းပင်စိုက်ခြင်း စသည်ပြုရာ၌လည်း ဒုက္ကဋ်အာပတ်သင့်၏၊ ရဟန်းကိုယ်တိုင် မြေတူး၍ စိုက်ပျိုးခြင်း စသည်၌ မြေတူးမှုကြောင့် ပါစိတ်အာပတ် သင့်၏၊ အကပ္ပိယဝေါဟာရ (မအပ်သော အသုံးအနှုန်း)ဖြင့် သုံးနှုန်း၍ စေခိုင်းရာ၌လည်း ဒုက္ကဋ်အာပတ် သင့်၏၊ ထို အသီးအပွင့်တို့ကိုလည်း ရဟန်းတို့ မစားသုံးသင့်တော့ချေ။

စိုက်ပျိုးကောင်းသော နည်းလမ်းများ

ကျောင်းတိုက်သာယာအောင် (အာရာမတ္ထာယ)၊ သစ်ပင် ပန်းပင်တို့ စိမ်းလန်းစိုပြေအောင် (ဝနတ္ထာယ) စိုက်လိုလျှင် “ဤမြေကို သိစမ်းဤ ပန်းပင်ကို သိစမ်း” စသည်ဖြင့် ကပ္ပိယဝေါဟာရ အပ်စပ်သော အသုံးအနှုန်းများဖြင့် ပြောဆို၍ လူ သာမဏေစသည်တို့ကို စေခိုင်းရမည်။ မူလက ရဟန်းတို့ စားသုံးရန်ဟု မရည်ရွယ်ဘဲ စိုက်ပျိုးခဲ့ခြင်းဖြစ်က သီးပွင့်လာသော အခါ၌ ရဟန်းတို့ သုံးဆောင်နိုင်ခွင့် ရှိသည်။

ကပ္ပိယဝေါဟာရ = အပ်စပ်သော အသုံးအနှုန်း

ဤမြက်ပင်ကို သိလော့။ ဤသစ်ပင်ကို သိလော့။ ဤပန်းပင်ကို ဘုရားတင်ရန် သိလော့။ ရေတွင်း သိပါ။ မြေ သိပါ။ ကန်သင်း သိပါ။ ရေမြောင်း သိပါ။ ဤသစ်ပင်အတွက် ရေသိပါ။ ဤကဲ့သို့ ကပ္ပိယဝေါဟာရဖြင့် စေခိုင်းခြင်းတို့မှာ ဘုရားတင်လှူရန် ပန်းပင်စိုက်မှု ကျောင်းဝင်းခြံစည်းရိုး သစ်ပင်စိုက်မှု အရိပ်အာဝါသအတွက် သစ်ပင်စိုက်မှုပြုရာ၌သာ အပ်စပ်၏၊ အသီး အပွင့် အရွက် စားရန် စိုက်ပျိုးခြင်းကိုကား ကပ္ပိယဝေါဟာရဖြင့်လည်း မြွက်ဆို၍ မခိုင်းကောင်းချေ၊ မအပ်သော နည်းဖြင့် စိုက်ပျိုးထားသော သစ်ပင် မှ အသီး အပွင့် အရွက်တို့ကို သုံးဆောင်လျှင် သုံးဆောင်တိုင်း သုံးဆောင်တိုင်း ဒုက္ကဋ်အာပတ် သင့်၏၊

အကပ္ပိယဝေါဟာရ = မအပ်စပ်သော အသုံးအနှုန်း

ပေါင်းပင် မြက်ပင်များကို နုတ်ပါ၊ စိုက်ပါ၊ ရိတ်ဖြတ်ပါ။ ပန်းပင် သစ်ပင် စိုက်ပါ၊ ပန်းခူးပါ၊ ရေတွင်းတူးပါ၊ မြေတူးပါ၊ ရေလောင်းပါ။ ဤသို့ စသည်ဖြင့် လူတို့ သုံးနှုန်းသည့်အတိုင်း ပြောဆိုသုံးနှုန်း၍ စေခိုင်းလျှင် ပါစိတ်အာပတ်နှင့်တကွ ဒုက္ကဋ်အာပတ်ပါ သင့်၏၊

စေခိုင်းခွင့် သုံးဆောင်ခွင့် ရပုံများ

ပရိယာယ်ဖြင့် သွယ်ဝိုက်၍ ပြောကြားခြင်း၊ အရိပ်နိမိတ်ပြု၍ စေခိုင်းခြင်း၊ ကျောင်းခြံစည်းရိုး အာရာမ်အတွက် စိုက်ထားခြင်း၊ အရိပ်ရရန်အတွက် စိုက်ထားခြင်း ဤသို့သော သစ်ပင်များမှ ဖြစ်ထွန်းလာသော အသီးအပွင့်များကို ကပ္ပိခိုင်း၍ သုံးဆောင်လျှင် အာပတ်မသင့်ချေ။ စေခိုင်းနိုင်ခွင့် ရှိသည်။ ထို့ကြောင့် အထက်၌ ဆိုခဲ့သော ပရိယာယ်, နိမိတ်, အာရာမတ္ထာယ, ဝနတ္ထာယ အချက်များကိုလည်း သိထားရန် အရေးကြီးပါသည်။

ပရိယာယ်ဖြင့် စိုက်ပျိုးစေခြင်း

ရှေးလူကြီးများသည် နောင်လာနောင်သားများအတွက် သီးပင်စားပင်များ စိုက်ပျိုးခဲ့ကြသဖြင့် ယခုခေတ်လူတို့ စားသုံးနေကြရသည်။ မိမိအကျိုးအတွက်လည်းကောင်း, နောင်လာနောင်သားများ စားသုံးရန်အတွက်လည်းကောင်း သစ်ပင် ပန်းပင်များ စိုက်ပျိုးသင့်ကြောင်း၊ ရေတွင်းရေကန် တူးခြင်းသည် အကျိုးများကြောင်း၊ ထိုအမှုများကို လုပ်ချင်ကိုင်ချင်လာအောင် ကြောင်းကျိုးပြ၍ ပရိယာယ်ဖြင့် ပြောကြား ပြုစေရာ၌ကား အာပတ်မသင့် ချေ။

အရိပ်အရောင်ပြ၍ စိုက်ပျိုးစေခြင်း

နှုတ်မှ တစ်စုံတစ်ရာ မပြောဆိုဘဲ ရဟန်းတစ်ပါးသည် ပေါင်းမြက် ထူထပ်ရာ၌ ပေါက်တူးကို ကိုင်လျက် ရပ်နေ၏၊ တပည့် သာမဏေများက မြင်၍ မြက်ရှင်းစေလိုကြောင်း သဘောပေါက်နားလည်၍ ပေါက်တူးပေါက်ကာ မြက်ရှင်းပေးကြ၏၊ အလားတူ စိုက်ပျိုးစေလိုသော သစ်ပင်ပျိုးပင် အနီး၌ တူရွင်းကို ကိုင်လျက် ရပ်နေခြင်း စသည်ဖြင့် ဒါယကာများနှင့် သာမဏေတို့က နားလည်အောင် အရောင်ပြ၍ စိုက်ပျိုးစေရာ၌ အာပတ်မသင့်ချေ။ ထို့ပြင် သစ်ပင်ကို ရေလောင်းစေလိုသောအခါ နှုတ်မှ ပြောဆိုခြင်း မပြုဘဲ ရေပုံးကို သစ်ပင်နား၌ ချထား၏၊ နားလည်သဘောပေါက်သော ဒါယကာနှင့် သာမဏေတို့က ရေလောင်းခြင်း, သစ်ပင်ခုတ်လှဲခြင်းစသည် ပြုပေးသည်။ ဤသို့ အရိပ်နိမိတ်ပြု၍ စေခိုင်းရာ၌ အာပတ်မသင့်။

ရေလောင်း ရေချိုး စသည် မပြုကောင်း

ကုလသင်္ဂဟတ္ထာယ = အမျိုးလေးပါးတို့ကို ပေးကမ်းချီးမြှောက်ရန်၊ ပရိဘောဂတ္ထာယ = သုံးဆောင်စားသောက်ရန် ရည်ရွယ်၍ ပန်းပင်နှင့်သီးပင်, စားပင်, သုံးပင်များကို ရဟန်းကိုယ်တိုင် ရေမလောင်းကောင်းရုံမျှမက ရေလောင်းပြီး ဖြစ်စေရန် ရည်ရွယ်၍ ထိုသစ်ပင် ပန်းပင်တို့၏ ခြေရင်း၌ မျက်နှာသစ်ခြင်း၊ ရေချိုးခြင်းပင် ပြုလုပ်ခွင့် မရှိချေ။ ရဟန်းတော်များ အထူးသတိထားသင့်သော အချက်များ ဖြစ်သည်။ သို့ရာတွင် ခြံစည်းရိုးနှင့် အရိပ်အာဝါသအတွက် ရည်ရွယ်၍ စိုက်ပျိုးထားသော သစ်ပင်များကို ရေလောင်းကောင်း၏၊ သစ်ပင်ရင်း၌လည်း ရေချိုးကောင်း၏၊

ကုလဒူသန (၈) ပါး

(၁) ပန်းပွင့်ပေးခြင်း၊ (၂) သစ်သီးပေးခြင်း၊ (၃) ဆပ်ပြာမှုန့်ပေးခြင်း၊ (၄) အင်္ဂတေ (ဘိလပ်မြေ၊ ထုံး၊ သဲ၊ အုတ်မှုန့်) မြေညက်ပေးခြင်း၊ (၅) သစ် ဝါး စသည်(ဆောက်လုပ်ရေးပစ္စည်း)ပေးခြင်း၊ (၆) ဒန်ပူပေးခြင်း၊ (၇) သတင်းစကား ပို့ပေးခြင်း (လူတို့၏ အစေအပါးခံခြင်း)၊ (၈) ဆေးကုခြင်း (ဗေဒင်ဟော ဓာတ်ရိုက်ဓာတ်ဆင် အင်းအိုင် ခါးလှဲ့ လက်ဖွဲ့ပေးခြင်း) တို့တည်း။

(ဆောင်)ပွင့်, သီး, မှုန့်, မြေ, ဝါး, ပူ, ခြေ, ဝဇ္ဇေ ဒူရှစ်ဖြာ။

ပန်းပွင့်ပေးခြင်း

ရဟန်းသည် မိမိပိုင်သော ပန်းကို ပန်ဆင်ရန်နှင့် နတ်တင်ရန်အတွက် မိဘတို့အားလည်း မပေးအပ်၊ မပေးကောင်း။ ရတနာသုံးပါးကို ပူဇော်ခြင်းငှာ မူကား ပေးကောင်း၏၊ ခေါ်, မခေါ်ဘဲ ရောက်လာကြကုန်သော မိဘတို့မှ ကြွင်းသော အဆွေအမျိုးတို့အားလည်း ရတနာသုံးပါးကို ပူဇော်ခြင်းငှာ ပေးကောင်း၏၊ သို့ရာတွင် တန်ဆာဆင်ခြင်းငှာလည်းကောင်း, ဗိဿနိုးနတ် စသည်တို့ကို ပူဇော်ခြင်းငှာလည်းကောင်း မိဘတို့အားလည်း မပေးကောင်း။ဒါယကာတို့ကို သိမ်းသွင်းစည်းရုံးရန် ရည်ရွယ်ချက်ဖြင့် ပေးကမ်းလျှင် ကုလဒူသနဖြစ်၍ ဒုက္ကဋ်အာပတ် သင့်၏၊ ကျောင်းတိုက်အတွက် သံဃာအတွက် ရည်ရွယ်သတ်မှတ်ထားသော ပန်းများကို ကျောင်းထိုင်ဘုန်းကြီးအနေဖြင့် အစိုးတရ ပိုင်စိုးပိုင်နင်း ပြုလုပ်၍ လူဒါယကာတို့အား ပေးလျှင် ကုလဒူသနထုလ္လစ္စဉ်းအာပတ် သင့်၏၊

သူတစ်ပါးပိုင်သော ပန်းနှင့် သံဃာပိုင်သော ပန်းကို မရိုးသားသောစိတ် (ခိုးလိုသော စိတ်ဖြင့်)ပေးလျှင် တန်ဖိုးအလျောက် ပါရာဇိကအာပတ်အထိ သင့်ရောက်နိုင်၏၊ သစ်သီးစသည် ပေးရာ၌လည်း ဤနည်းတူပင် ဖြစ်သည်။ ဤသို့ ကုလဒူသနဒုက္ကဋ်၊ ကုလဒူသနထုလ္လစ္စဉ်း၊ ကုလဒူသန ပါရာဇိကအာပတ်များ ရှိသည်ဟု ခွဲခြားမှတ်သားထားသင့်သည်။

သစ်သီးပေးခြင်း

မိမိဥစ္စာဖြစ်သော သစ်သီးကိုလည်းကောင်း, အကျွမ်းဝင်သည့် သူတစ်ပါး၏ ဥစ္စာဖြစ်သော သစ်သီးကိုလည်းကောင်း ပန်းကဲ့သို့ပင် ရတနာသုံးပါးကို ပူဇော်ခြင်းငှာ မိဘတို့နှင့် ရောက်လာကုန်သော အဆွေအမျိုးတို့အား ပေးကောင်း၏၊

သူတစ်ပါးပိုင် သံဃာပိုင် ကျောင်းပိုင်သစ်သီးကို ပေးရာ၌ တန်ဖိုးအလျောက် ပါရာဇိက ထုလ္လစ္စဉ်း ဒုက္ကဋ်အာပတ်သင့်၏၊ မိမိပိုင် သစ်သီးများကိုမူ (၁) လူမမာ မကျန်းမာသူအားလည်းကောင်း၊ (၂) စားရမဲ့ သောက်ရမဲ့ တောင်းစားနေသူအားလည်းကောင်း ပေးရာ၌ ကုလဒူသန အာပတ်မသင့်။ ထို့ပြင် သံဃာတော်များအား သံဃိက သစ်သီးဝေနေစဉ် ဒါယကာ ဒါယိကာများ ရောက်လာပါက ၎င်းတို့အား ထက်ဝက်သော ဝေစုကို သမ္မုတိရသော ရဟန်းအနေဖြင့် ပေးနိုင်ခွင့် ရှိ၏၊ သမ္မုတိမရသော ရဟန်းအနေဖြင့် သံဃာကို ပန်ကြားပြီးမှသာ ပေးရမည်။ သံဃိကအာရာမ် ကျောင်းတိုက်ကြီး၌ အစောင့်အရှောက် (ရက္ခက)ရဟန်းသည် မိမိစောင့်ရှောက်ခအတွက်ဟု ရည်မှတ်၍ အပင်အရေအတွက်မည်မျှ (သို့မဟုတ်) အသီးအရေအတွက် မည်မျှဟု ခွဲခြား၍ သတ်မှတ်ထားရမည်။ မိမိအတွက် သတ်မှတ်ထားသော ဝေစုမှ သစ်သီးများကို ကျောင်းသို့ လာရောက်တောင်းသူအား လေးငါးလုံး ပေးရမည်။ (သို့မဟုတ်) ဤအပင်မှ ယူနိုင်ကြောင်း ညွှန်ပြနိုင်သည်။ သံဃိကပိုင်မှ သစ်သီးများကိုမူ သံဃာအား ပန်ကြားပြီးမှသာ ပေးခွင့်ရှိ၏၊

ဝိနည်းပြစ်လွတ်အောင် ပေးကျွေးနည်း

ဝိနည်းသိက္ခာပုဒ်တော်ကို လေးစားသော ရဟန်းတော်များအနေဖြင့် သစ်သီး မုန့်ပဲ သွားရည်စာ ကျွေးမွေးလိုပါက လူဒါယကာတို့ကို တံမြက် လှည်းခြင်း၊ မြက်ရှင်းခြင်း၊ ပန်းကန်ဆေးခြင်း စသော ဝေယျာဝစ္စအမှု တစ်ခုခုကို ပြုလုပ်ရန် စေခိုင်းရ၏၊ ထိုသို့ စေခိုင်းရာ၌လည်း ဤ သစ်သီးခဲဖွယ်ကို စား၍ ဤဝေယျာဝစ္စ အမှုကို ပြုလော့ဟု တစ်ဆက်တည်း ကျွေး၍မခိုင်းရ။ ဤသို့ တစ်ဆက်တည်း ကျွေး, ခိုင်းလျှင် နိဿဂ္ဂိပါစိတ်အာပတ်မှ မလွတ်ပေ။ ဤအလုပ်ကို လုပ်ပါဟု ခိုင်းထားပြီးမှ ဤသစ်သီးကို စားပါဟု ဝေယျာဝစ္စ ပြုလုပ်သူအား ကျွေးမွေးရာ၌ ကုလဒူသန မဖြစ်၊ အာပတ် မသင့်ချေ။

ဆပ်ပြာစသည် ပေးခြင်း

ရဟန်းသည် မိမိပိုင်ဆပ်ပြာမှုန့် ဆပ်ပြာခဲ သွားတိုက်ဆေး စသည်ကို ဝေယျာဝစ္စပြုလုပ်သူအား ပေးကမ်းစွန့်ကြဲနိုင်၏၊ သူတစ်ပါးပိုင်ပစ္စည်း သံဃာပိုင်ပစ္စည်း ကျောင်းပိုင်ပစ္စည်းများကို ပေးရာ၌ ရှေးနည်းအတူ ကုလဒူသန အာပတ်များ သင့်နိုင်၏၊ ရဟန်းသည် မိမိ မဘုဉ်းပေးမီ ဆွမ်း ခဲဖွယ် ဘောဇဉ်များကို အမိနှင့် အဖအား ကျွေးမွေးကောင်း၏၊ ထို့ပြင် မိဘတို့အား လုပ်ကျွေး ပြုစုနေသူ၊ ကျောင်းကိစ္စ သံဃာ့ကိစ္စ ဝေယျာဝစ္စဆောင်ရွက်သူနှင့် ရှင်လောင်းတို့အားလည်း ပေးနိုင်၏၊ အာပတ်မသင့်ချေ။

လောကွတ်ပျူငှာ ပြုစုသင့်သူများ

ရဟန်းတော်များသည် မိမိကျောင်းသို့ ရပ်ဝေးမှ ရောက်ရှိလာသော ဧည့်သည်အားလည်းကောင်း, လှူဒါန်းရန် ပစ္စည်းမရှိ အထီးကျန် ဆင်းရဲသားအားလည်းကောင်း, အန္တရာယ်ပြုနိုင်သော ဥပဒေမဲ့ လက်နက်ကိုင်များအားလည်းကောင်း, အစိုးရအမှုထမ်း မင်းစိုးရာဇာတို့အားလည်းကောင်း, လာဘ်လာဘကို မမျှော်လင့်ဘဲ အန္တရာယ်ပြုမည့် ဘေးမှ လွတ်စေရန် ရည်ရွယ်၍ လောကွတ်ပျူငှာ ပြုကောင်းသည်။ ပြုစုသင့်သည်။ သောက်ရေသုံးရေ ပေးရမည်။ နံနက်ပိုင်းတွင် ဆွမ်း ခဲဖွယ် ဘောဇဉ်များ ကျွေးမွေးရမည်။ ညနေပိုင်းဖြစ်မူ ချက်စားလိုပါက သာမဏေနှင့် ကပ္ပိယတို့ထံ အပ်နှံထားသော ဆန် ဆီ ရှိလျှင် ထုတ်ပေးရမည်။ အိပ်ရာ နေရာပေးရမည်။ ရဟန်းတို့၏ အသက်အန္တရာယ်ကိုလည်းကောင်း, ကျောင်းကန်ဘုရား အဆောက်အဦးကိုလည်းကောင်း အန္တရာယ်ပြုနိုင်သူတို့အား သံဃိကပစ္စည်းကိုပင် ပေးကျွေးကောင်း၏၊ မိမိ မဘုဉ်းပေးမီ သီးခြား ခွဲထား၍ ပြင်ဆင်ကျွေးကောင်း၏၊ ဤသို့ ပြုစုခြင်းဖြင့် မိမိအပေါ် ကြည်ညို၍ ပစ္စည်းလေးပါး လှူဒါန်းလိမ့်မည်ဟု မျှော်လင့်ချက် မထားရ။ အန္တရာယ်မှ အသက်ဘေးမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ပေးကမ်းကျွေးမွေးခြင်း ပြုစုခြင်း ဖြစ်သည်ဟု စိတ်က အောက်မေ့ဆင်ခြင်၍ ပြုစုကျွေးမွေးရမည်။

အင်္ဂတေ, သစ်, ဝါး စသည် ပေးခြင်း

ဖျော်စပ်ပြီးသော အင်္ဂတေ မြေညက် (သို့မဟုတ်) ထုံး, သဲ, ဘိလပ်မြေ, အုတ်မှုန့်ပေးခြင်း, ဒန်ပူပေးခြင်း, ကြိမ်, နွယ်, လျှော်, ဝါး, သစ်သား, သစ်ငယ်, မြက်, ဖြူဆံမြက်, ပြိန်းမြက်စသော ဆောက်လုပ်ရေးပစ္စည်းများမှ ကိုယ်ပိုင် ပစ္စည်းများကို လူဒါယကာတို့အား (၁) ဖြားယောင်းသိမ်းသွင်းရန်၊ ကြည်ညိုစေရန်၊ လှူဒါန်းစေရန် ရည်ရွယ်ချက်ဖြင့် ပေးလျှင် ဒုက္ကဋ်၊ (၂) မထေရ်ကြီး ကျောင်းထိုင် ဘုန်းကြီးအဖြစ် အပေါ်စီး ရ၍ ပိုင်စိုးပိုင်နင်းပြုလုပ်၍ ပေးလျှင် ထုလ္လစ္စဉ်း၊ (၃) ခိုးကြောင်ခိုးဝှက်ပြု၍ သံဃာ မသိအောင် ပုန်းကွယ်ဖုံးဝှက်၍ (ခိုးလိုသောစိတ်ဖြင့်) ပေးလျှင် တန်ဖိုးအလျောက် ပါရာဇိကအာပတ်အထိ သင့်စေနိုင်၏၊

ဆေးကုသပေးခြင်း

ရဟန်းတော်များသည် လူဒါယကာ ဒါယိကာမတို့အား ဆေးမကုအပ်၊ ဆေးမပေးအပ်၊ ဆေးနည်းလည်း မပေးအပ်၊ ဆေးပေး ဆေးကုလျှင် ဒုက္ကဋ်အာပတ်သင့်၏၊ သဒ္ဓါတရားပြည့်စုံ၍ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာသော ဘုရားဒါယကာ ကျောင်းဒါယကာ အလှူဒါယကာတို့ကို ဆေးပေးခြင်း ဆေး ကုခြင်း မပြုရ။

ဝိနည်းပြစ်လွတ်အောင် ဆေးနည်းပေးခြင်း

ဒါယကာတစ်ဦးက “တပည့်တော်၏ မိခင် ဖျားနာနေသဖြင့်, မည်သည့်ရောဂါ ဖြစ်နေ၍ ဆေးနည်း ပြောပြပါဘုရား၊ ဆေးနည်းကောင်း ညွှန်ပြပါဘုရား”ဟု လျှောက်ထားလာလျှင် ဆေးပညာ ဗဟုသုတရှိသော ရဟန်းသည် ဆေးနည်းကို တိုက်ရိုက် မပြောပြရ။ အနီး၌ရှိသော ဆေးကုကောင်းသူ ရဟန်း သာမဏေ တစ်ဦးဦးအား ပြောသည့်အနေဖြင့် “မည်သည့်ရဟန်း မည်သည့် ရောဂါဖြစ်စဉ်က မည်သည့်ဆေးဖြင့် ကုသ၍ ပျောက်ကင်းဖူးကြောင်း” ပြောကြားနိုင်သည်။ ဒါယကာဖြစ်သူက နံဘေးမှ ကြားနာမှတ်သား၍ သူ၏ မိခင်အား ထိုဆေးနည်းအတိုင်း ကုသပါလျှင် ထိုဆေးနည်းပြောကြားသော ရဟန်းမှာ ကုလဒူသနအမှု ပြုရာမရောက်၊ အာပတ် မသင့်ချေ။

သို့မဟုတ် ဒါယကာဖြစ်သူက ဝိနည်းနားလည်သဖြင့် မည်သူဖျားနာသည် မည်သူအတွက်ဟု နာမည်ကို မဖော်ညွှန်းဘဲ “ဤရောဂါမျိုး ဖြစ်နေသူကို မည်သည့်ဆေးဖြင့် ကုသရသနည်း”ဟု ဆေးပညာသဘောသက်သက်ကို မေးရာ၌ ထိုရောဂါ ပျောက်ကင်းစေနိုင်သည့် ဆေးနည်းများကို ပြောပြခွင့် ရှိ၏၊

ဆေးကုကောင်းသော ပုဂ္ဂိုလ်များ

ရဟန်းနှင့် သာမဏေများသည် မိမိ၏ ခမည်းတော် မယ်တော်နှင့် ၎င်းတို့ အား ပြုစုလုပ်ကျွေးသူ မိမိအား ဝေယျာဝစ္စ ပြုလုပ်ပေးသူနှင့် ရှင်လောင်းတို့အား ဆေးကုပေးအပ်၏၊ လူနာအား ဆေးနည်းပြောပြခြင်း ထိုလူနာ၏ ပစ္စည်းဖြင့် ဆေးဖော်စပ်ပေးခြင်း သို့မဟုတ် မိမိပစ္စည်းဖြင့် ဆေးဖော်စပ် တိုက်ကျွေး ကုသပေးခြင်း ပြုနိုင်၏၊ အကယ်၍ မိမိ၌ ဆေးပစ္စည်းများ မရှိပါက ဆွေမျိုးများထံ တောင်း၍လည်းကောင်း, ဖိတ်ကြားထားသော ဒါယကာများထံမှ အလှူခံ၍လည်းကောင်း, မရပါက နေမွန်းလွဲအချိန်တွင် အိမ်စဉ်လှည့်လည်ရပ်၍ ဆွမ်းခံသကဲ့သို့ ဆေးပစ္စည်း အလှူခံ၍လည်းကောင်း ဆေးပစ္စည်းတို့ကို ရှာဖွေ ဖော်စပ် ကုသပေးကောင်းသည်။

မိဘမှ တစ်ပါးသော ဆွေမျိုးများအား ဆေးကုသပုံ

ထို့ပြင် ရဟန်းနှင့် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်တော်စပ်သူ ညီအစ်ကို မောင်နှမနှင့် ဦးကြီး ဦးလေး အဒေါ်စသည်တို့အား ၎င်းတို့၏ ဆေးပစ္စည်းဖြင့် ဖော်စပ်၍ ကုသပေးခွင့် ရှိ၏၊ အကယ်၍ မိမိပိုင် ဆေးပစ္စည်းဖြင့် ကုသပေးရပါက နောင်တစ်ချိန်တွင် အစားပြန်ပေးကြရန် ပြောဆို၍ ဆေးကုသပေး နိုင်သည်။ အလိုက်သိ၍ အစားပြန်ပေးပါက ယူရမည်။ ပြန်မပေးပါက ၎င်းဆေးတို့ကို အစားပြန်မတောင်းရ။

သီတင်းသုံးဖော်ရဟန်း၏ မိဘများအား ဆေးကုသပုံ

ဆေးပညာတတ်ကျွမ်းသော ရဟန်းသည် မိမိနှင့် အတူနေရဟန်း, ဆရာရဟန်း, တပည့်ရဟန်းတို့၏ မိခင်ဖခင်တို့အား မလွှဲမရှောင်သာ၍ ဆေးကုသပေးရပါက ထိုသားရဟန်း၏ ဆေးဝါးဖြင့် ကုသပေးရမည်။ ထိုရဟန်း၌ အရန်အသင့် ဆေးမရှိပါက မိမိ၏ ဆေးဝါးများကို သားရဟန်းပိုင်အဖြစ် ပေးအပ်ပြီးမှသာ ထိုသားရဟန်း၏ ဆေးဖြင့် ကုသပေးရမည်။

တခြားဆေးကုကောင်းသူများ

ထို့ပြင် အန္တရာယ်ပြုနိုင်သော ဥပဒေမဲ့ လက်နက်ကိုင်များ, စစ်ရှုံးလာသော ဘုရင်နှင့် မင်းမှုထမ်းများ, ခရီးသည်များ, ရပ်ဝေးမှ ရောက်လာသော ခရီးသွားဧည့်သည်များ, ဆွေမျိုးမရှိ အထီးကျန်သူတို့သည် မကျန်းမာသဖြင့် ဘုန်းကြီးကျောင်းသို့ ဝင်ရောက်ခိုလာပါက ဆေးကုသပေးနိုင်သည်။ ကုလဒူသနအာပတ် မသင့်ချေ။

ပရိတ်ရွတ်ခြင်း ကမ္မဝါစာဖတ်ခြင်း

“ဘုရားတပည့်တော်တို့၏ နေအိမ်နှင့် ရပ်ကွက်ကို ပရိတ်, ကမ္မဝါဖြင့် အရံအတားပြုလုပ်ပေးတော်မူပါဘုရား၊ ပရိတ်, ကမ္မဝါစာ ဖတ်၍ စောင့်ရှောက် ပေးတော်မူပါဘုရား”ဟု တောင်းပန်လျှောက်ထားရာ၌ ပရိတ် မရွတ်အပ်၊ မရွတ်ကောင်း၊ ကမ္မဝါစာလည်း မဖတ်ကောင်း၊ မလိမ္မာသော ဒါယကာအား နားလည်သဘောပေါက်စေရန် ရှင်းပြ၍ ဝိနည်းနှင့် ညီအောင် ပြန်လည် လျှောက်ထားစေရမည်။ “ပရိတ်တရားတော် ချီးမြှင့်ပေးတော်မူပါဘုရား၊ (သို့မဟုတ်) ပရိတ်ရွတ် ကြွတော်မူပါဘုရား၊ ကမ္မဝါဖတ် ကြွတော်မူပါဘုရား”ဟု လျှောက်ထားပါက ပရိတ်နှင့် ကမ္မဝါစာ ရွတ်ဖတ်ခွင့် ရှိ၏၊ ဒါယကာတို့ လျှောက်ထားတတ်ဖို့ အရေးကြီး၏၊

ပရိတ်ရေနှင့် ပရိတ်ချည် ပြုလုပ်ပေးခြင်း

ပရိတ်ရေနှင့် ပရိတ်ချည်တို့ကို ရဟန်း၏ ပစ္စည်းဖြင့် ပြုလုပ်မပေးရ၊ ဒါယကာ ဒါယိကာမတို့ ပိုင်သော ရေနှင့် ချည်ခင်တို့ဖြင့်သာ ပရိတ်ရေနှင့် ပရိတ်ချည် ပြုလုပ်ပေးရမည်။ ရဟန်းသည် ပရိတ်ရွတ်နေစဉ် ရေကို လက်ဖြင့် မွှေနှောက်ပေးခြင်း၊ ချည်ကို လက်ဖြင့် ကိုင်တွယ်သုံးသပ်ပေးခြင်း ပရိတ်ရေနှင့် ပရိတ်ချည်တို့ကို ပြုလုပ်ပေးနိုင်၏၊ အာပတ်မသင့်ချေ။ ပရိတ်သဲ ပရိတ်ခဲ ပရိတ်ပန်းတို့ ပြုရာ၌လည်း နည်းတူပင် သဘောပေါက် သိမြင်ပါလေ။

ဂါထာမန္တန်စသည် မန်းမှုတ်ခြင်း

ဆေးကုသခြင်းဟု ဆိုရာ၌ စားဆေး ထိုးဆေး လိမ်းဆေးတို့ဖြင့် ကုသခြင်းသာမဟုတ် ဂါထာမန္တန်ဖြင့် မန်းမှုတ်ပေးခြင်း၊ အထက်လမ်း အောက်လမ်း ပယောဂနည်းများဖြင့် ဆေးကုသခြင်း၊ ပျောက်စေခြင်း၊ ဆေးကုသခြင်းတို့ကိုလည်း ရဟန်းတော်များ ပြုလုပ်ခွင့် မရှိချေ။ အင်းအိုင် ခါးလှဲ့ လက်ဖွဲ့ ဂဝံရုပ် ဆေးဖယောင်းတိုင် ဆေးနွားရုပ်စသော အဆောင်များ, အဂ္ဂိရတ်ဓာတ်လုံးများ, စိန်ဆေးကန့် ဝက်ဒုဋ္ဌ်ဟင်လက် စသောအစီအရင်များကို ပေးခြင်းသည်လည်း ဒါယကာဒါယိကာမတို့၏ ပိုမိုကြည်ညို အားကိုးအားထားမှုများကို ခံရသဖြင့် သဒ္ဓါတရားအစစ်အမှန်ကို ပျက်စီးစေသောကြောင့် ကုလဒူသနအမှု၌ အကျုံး ဝင်လေ၏၊ ဓာတ်ရိုက် ဓာတ်ဆင် ယတြာချေ ကျောက်တုံးမ နတ်စီး ဓာတ်စီး လက္ခဏာဟော ဗေဒင်ဟော နိမိတ်ကောက်ခြင်း ချဲအတိတ် ထီအတိတ် ပေးခြင်းတို့ကိုလည်း အလားတူ ကုလဒူသနအမှုတို့ဟု ဆိုအပ်၏၊ ရဟန်းတော်များ အထူးသတိထား ရှောင်ကြဉ်ရမည့် အချက်များ ဖြစ်သည်။

တမန်သည် ပြုခြင်း

တစ်ရပ်တစ်ကျေးရောက်ရှိနေသူထံသို့ သွားရောက်၍ သတင်းစကား ပြောကြားပေးခြင်း၊ အကျိုးအကြောင်းစုံစမ်း၍ မူလစေလွှတ်သူထံ တစ်ဖန် ပြန်၍ သတင်းပို့ခြင်း (= တမန်သည်) မပြုလုပ်အပ်၊ ပြုလုပ်လျှင် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏၊ ထိုသို့ သတင်းစကား သွားရောက်ပြောကြားခြင်းကြောင့် ရရှိသောဆွမ်းကို ဘုဉ်းပေးလျှင် မျိုတိုင်းမျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏၊ လူတို့၏ လောကီစီပွားရေးကိစ္စ အိမ်မှုကိစ္စ ကျန်းမာရေး လူမှုရေးကိစ္စတို့နှင့် စပ်သော သတင်းစကားတို့ကို သွားရောက် မပြောကြားရန် တားမြစ်တော်မူခြင်း ဖြစ်သည်။

သတင်းစကား ပို့ဆောင်ကောင်းသော အရာများ

ရဟန်း သာမဏေ ရှင်လောင်းတို့၏သတင်းစကား မယ်တော် ခမည်းတော်နှင့် မိမိရဟန်း၏ ဝေယျာဝစ္စပြုလုပ်ပေးသူတို့၏ သတင်းစကားကိုမူ သွားရောက် ပြောကြားပေးကောင်း၏၊ လူဒါယကာတို့၏ ဘုရားတည် ကျောင်းဆောက် ရှင်ပြု အလှူဒါနပွဲ စသော သာသနာရေး ကုသိုလ်ရေးနှင့် စပ်လျဉ်းသည့် သတင်းစကားတို့ကိုမူ ပြောကြားပေးကောင်း၏၊ အာပတ် မသင့်ချေ။

လမ်းခရီးကြုံ၍ မေးမြန်းသဖြင့် ပြောကြားခြင်း

ခရီးသွား ခရီးပြန်ရင်း လမ်းကြုံ၍ ဒကာတို့က အကျိုးအကြောင်း မေးမြန်းသဖြင့် ဖြေကြားပြောဆိုရာ၌မူ အာပတ်မသင့်ချေ။ ဥပမာအားဖြင့် မန္တလေးမြို့မှ ဖခင်ဖြစ်သူ ဦးဘက ရန်ကုန်မြို့ရှိ သားဖြစ်သူ ကိုဝထံသို့ ခရီးသွားကြုံမည့် ဥုးသောဘိတကို မိမိမကျန်းမာကြောင်း၊ ဆေးရုံတက်၍ ဗိုက်ခွဲရကြောင်း စသည်ပြောကြားပေးပါရန် မှာကြားလျှောက်ထားလိုက်၏၊ ဥုးသောဘိတသည် “ကောင်းပြီ၊ ကောင်းပါရဲ့၊ ဟုတ်ကဲ့၊ ပြောပေးမည်၊” စသည်ဖြင့် ဝန်ခံခြင်း မပြုလုပ်ခဲ့ဘဲ ရန်ကုန်မြို့သို့ ရောက်သောအခါ ကိုဝ၏ အိမ်သို့ သွား၏၊ ကိုဝက စတင်၍ မိမိဖခင်ကြီး၏ ကျန်းမာရေးအကြောင်း အခြေအနေကို မေးပါက ပြောပြခွင့်ရှိ ၏၊ အကြောင်းစုံ ပြောပြနိုင်၏၊ အာပတ် မသင့်ချေ။ သို့သော် ကိုဝက မမေးမြန်းဘဲ မိမိက စတင်၍ သင်၏ ဖခင်ကြီး မကျန်းမာကြောင်း၊ ဆေးရုံတက် ကုသရကြောင်း၊ ဗိုက်ခွဲရကြောင်း စသည် သတင်းစကား ပြောကြားလျှင် ဥုးသောဘိတသည် ကုလဒူသနဒုက္ကဋ်အာပတ် သင့်၏၊ လမ်းခရီးကြုံ၍ ရဟန်းတော်တို့ မှာကြားမှု အပြုခံရပါက အာပတ် မသင့်အောင် ပြောကြားပေးနည်းများကို မှတ်သားသင့်ပါသည်။

အနေသန (၂၁) ပါး

ဝိနည်းတော်အရ မအပ်သောနည်းဖြင့် ပစ္စည်းလာဘ်လာဘရအောင် ရှာမှီးခြင်းကို အနေသနဟု ခေါ်၏၊ ၎င်းတို့မှာ ကုလဒူသန (၈)ပါး အပါအဝင် (၂၁)ပါး ရှိသည်။ ၎င်းတို့မှာ --

၁။ ပန်းပေး၍ လာဘ်လာဘရှာမှီးခြင်း (ပုပ္ဖဒါန)၊
၂။ သစ်သီးပေး၍ လာဘ်လာဘရှာမှီးခြင်း (ဖလဒါန)၊
၃။ ဒန်ပူ (သွားတိုက်တံ) ပေး၍ လာဘ်လာဘရှာမှီးခြင်း (ဒန္တကဋ္ဌဒါန)
၄။ ချိုးရေ မျက်နှာသစ်ရေ ပေး၍ လာဘ်လာဘရှာမှီးခြင်း (နှာနမုခေါဒကဒါန)၊
၅။ ဆပ်ပြာခဲ ဆပ်ပြာမှုန့် ပေး၍ လာဘ်လာဘရှာမှီးခြင်း (စုဏ္ဏဒါန)၊
၆။ မြေဖြူ မြေနီမှုန့် ဘိလပ်မြေ ထုံးမှုန့်ပေး၍ လာဘ်လာဘရှာမှီးခြင်း (မတ္တိကာဒါန)၊
၇။ ဝါး ဓနိ သက်ကယ် စသည်ပေး၍ လာဘ်လာဘရှာမှီးခြင်း (ဝေဠုဒါန)၊
၈။ သစ်သားစသော ဆောက်လုပ်ရေးပစ္စည်းများပေး၍ လာဘ်လာဘ ရှာမှီးခြင်း (ဒါရုဒါန)၊
၉။ မိမိကိုယ်ကို နှိမ့်ချ၍ ခင်ဗျား ကျွန်တော် ဟုတ်ကဲ့ စသည်ဖြင့် ဒါယကာတို့အား ပြောကြား၍ လာဘ်လာဘရှာမှီးခြင်း (စာတုကမျတာ)၊
၁၀။ မမှန်တစ်ချက် မှန်တစ်ချက်ပြော၍ လာဘ်လာဘရှာမှီးခြင်း (မုဂ္ဂသူပျတာ)၊
၁၁။ ကလေးထိန်းပေး၍ လာဘ်လာဘရှာမှီးခြင်း (ပါရိဘနျတာ)၊
၁၂။ လူတို့၏ အမှုကိစ္စတို့ကို ကူညီလုပ်ကိုင်ပေး၍ လာဘ်လာဘရှာမှီးခြင်း (ဇင်္ဃပေသနိကတာ)၊
၁၃။ ဆေးကုပေး၍ လာဘ်လာဘရှာမှီးခြင်း (ဝဇ္ဇကမ္မ)၊
၁၄။ တမန်အမှုပြုလုပ်ပေး၍ လာဘ်လာဘရှာမှီးခြင်း (ဒူတကမ္မ)၊
၁၅။ လက်ဆောင် တုန့်ပြန်ပေး၍ လာဘ်လာဘရှာမှီးခြင်း (လာဘေနလာဘံ နိဇီဝီသန)၊
၁၆။ ယာမြေခင်းအင်္ဂါလက္ခဏာကို နိမိတ်ဖတ်ဟော၍ လာဘ်လာဘရှာမှီးခြင်း (ဝတ္ထုဝိဇ္ဇာ)၊
၁၇။ လယ်မြေ၏ အင်္ဂါလက္ခဏာကို နိမိတ်ဖတ်ဟော၍ လာဘ်လာဘ ရှာမှီးခြင်း (ခေတ္တဝိဇ္ဇာ)၊
၁၈။ ယောက်ျား မိန်းမတို့၏ ကြန်အင်လက္ခဏာကို နိမိတ်ဖတ်ဟောကြား၍ လာဘ်လာဘရှာမှီးခြင်း (ဓာတ်ရိုက် ဓာတ်ဆင် ဗေဒင်ဟော ချဲအတိတ် ထီအတိတ်ဟောတို့ကိုပါ ယူ၊) (ဣတ္ထိပုရိသလက္ခဏာ)
၁၉။ အမြဲ ဆွမ်းခံမကြွရန် တားမြစ်ထားသော (၆)ဌာနတို့၌ ရင်းနှီးစွာ အမြဲ ဆွမ်းခံခြင်း (အဂေါစရဌာန)၊
၂၀။ မင်းစိုးရာဇာ အစိုးရအမှုထမ်းတို့နှင့် အကျွမ်းတဝင် မိတ်ဖွဲ့၍ ပစ္စည်းလာဘ်လာဘရှားမှီးခြင်း (ရာဇဝလ္လဘ)၊
၂၁။ သာသနာတော်၌ မကြည်ညိုသူ (ဘာသာခြား)သာသနာတော်၏ ဆန့်ကျင်ဘက်ပုဂ္ဂိုလ်တို့နှင့် မိတ်ဖွဲ့၍ လာဘ်လာဘရှာမှီးခြင်း (သာသနပစ္စတ္ထိက)၊

ဤဖော်ပြပါ မအပ်သော ရှာမှီးခြင်း အနေသန (၂၁)ပါးဖြင့် ရရှိလာသော ပစ္စည်းကို မှီဝဲသုံးဆောင်လျှင် သုံးဆောင်တိုင်း ဒုက္ကဋ်အာပတ် သင့်၏၊ ဤနည်းတို့ဖြင့် ရရှိသော ပစ္စည်းတို့ကို အခြားရဟန်းများလည်း မသုံးဆောင်အပ် သုံးဆောင်လျှင် ဒုက္ကဋ်အာပတ် သင့်၏၊

အမြဲ ဆွမ်းမခံအပ်သော (၆) ဌာန

ရဟန်းသံဃာတော်များသည် အောက်ဖော်ပြပါ (၆)ဌာနသို့ အကျွမ်းတဝင်ပြု၍ အမြဲတမ်း ဆွမ်းမခံအပ်ပေ။

၁။ ပြည့်တန်ဆာမအိမ်၊ 
၂။ မုဆိုးမအိမ်၊ 
၃။ အပျိုကြီးအိမ်၊ 
၄။ ပဏ္ဍုက် (မိန်းမလျာ)အိမ်၊ 
၅။ ဘိက္ခုနီမကျောင်း၊ 
၆။ သေတင်းကုပ် (အရက်ဆိုင်) ဟု (၆)ဌာနတို့တည်း။

(ဆောင်) ပဏ္ဍုက်, ပြည့်တန်ဆာ, အပျိုကြီးဂေဟာ, လင်ကွာ မုဆိုးမ။ ဘိက္ခုနီကျောင်း, အရက်ဆိုင်ပေါင်း၊ ၎င်း ခြောက်ဌာန။ အကျွမ်းတဝင်ပ၊ ဆွမ်းခံကြွ၊ မှတ်ကြ အနေသန။

မိစ္ဆာဇီဝများ အကျဉ်းမှတ်ရန်

မိစ္ဆာ = မှားယွင်းသော၊ အာဇီဝ = အသက်မွေးမှု။ အာဇီဝပါရိသုဒ္ဓိသီလခန်းတွင် အကျယ်ရေးသားခဲ့ပြီး ဖြစ်သည်။ အကျဉ်းချုပ် မှတ်သားရန် ပြန်လည်ရေးသားပါဦးမည်။ မစင်ကြယ်သော ပစ္စည်းကို သုံးဆောင်ခြင်း မှီဝဲခြင်းသည် မိစ္ဆာဇီဝ မည်၏၊ ယခုပြဆိုခဲ့ပြီးသည့်အတိုင်း 

၁။ အမျိုးလေးပါးတို့၏ သဒ္ဓါတရားဖျက်ဆီးခြင်း (ကုလဒူသန)၊ 
၂။ မအပ်သော ရှာမှီးခြင်း (၂၁-ပါးသော အနေသန)၊ 
၃။ ကြည်ညိုသူ ပေါများ၍ ပစ္စည်းလာဘ်လာဘ ရရှိစေရန် ဟိတ်ဟန်ထုတ်၍ အရောင်ဆောင်ခြင်း (ကုဟန)၊ 
၄။ ဒါယကာ ဒါယိကာမတို့အား မြှောက်ပင့်ပြောကြားခြင်း (လပန)၊ 
၅။ စျာန် မဂ် ဖိုလ် တရားထူး ရသယောင် ဝါကြွားခြင်း (အဘူတဥလ္လာပန)၊ 
၆။ မိမိအား ပစ္စည်း လှူဒါန်းစေရန် စောင်းပါးရိပ်ခြည်ပြုခြင်း (နေမိတ္တိက)၊ 
၇။ မလှူ လှူအောင် အကြပ်ကိုင်ခြင်း (နိပ္ပေသိက)၊ ၎င်း အမှုတို့ကို ပြုလုပ်၍ရသော ပစ္စည်းများကို သုံးဆောင် မှီဝဲလျှင်လည်း မိစ္ဆာဇီဝ ဖြစ်၏၊

ကုဟန = အယောင်ဆောင် ဟိတ်ဟန်ထုတ်ခြင်း

ရဟန်းတော်များသည် မိမိကိုယ်တိုင် စီစဉ်၍ ရှေ့တော်ပြေးလမ်းပြများ, အခမ်းအနားအဆောင်အယောင်များဖြင့် သွားလာခြင်း, ခင်းကျင်းပြသခြင်း ပြုလုပ်ပါက ဟိတ်ဟန်ထုတ်ခြင်း ကုဟနမည်၏၊ ဒါယကာတို့က ပူဇော်လိုသဖြင့် သူတို့ဘာသာ ပြုလုပ်သော အခမ်းအနားမှာမူ ဟိတ်ဟန်ထုတ်ရာ မရောက်ပါ။ ကတ္တီပါသင်္ကန်း, ပိုးဖဲသင်္ကန်း, ဖော့ရှန်သင်္ကန်း အရောင်တလက်လက် ထွက်သောသင်္ကန်း စသည် ဝတ်ဆင်ခြင်းသည်လည်း ကုဟနမှု ပြုရာရောက်၏၊

လူအကြည်ညိုခံလိုသဖြင့် တောရကျောင်း၌ နေခြင်း၊ မအိပ်မနေ အားထုတ်သည်ဟု ဟုတ်သည့်အတိုင်း လူတို့အား ပြောကြားလျှင်သော်လည်းကောင်း, မဟုတ်ဘဲ ပြောကြားလျှင်သော်လည်းကောင်း၊ ဟိတ်ဟန်ထုတ်၍ သူတစ်ပါး အထင်ကြီးအောင် ဝါကြွားပြောကြားခြင်းသည်လည်း ကုဟန မည်၏၊ ငါ၏ ကျောင်းသို့ ကျားကြီးတစ်ကောင်လာသည်။ တစ္ဆေ သရဲများ ငါ့ထံလာ၍ တရားနာကြသည်။ မမြင်ရသော နတ်တို့ ငါ့ထံ လာကြသည်၊ စသည်ဖြင့် လူအထင်ကြီးအောင် ပြောကြားခြင်း၊ ပရိသတ်အလယ်၌ စိပ်ပုတီး ကိုင်၍ နှုတ်သီးတလှုပ်လှုပ် ပြုလုပ်ခြင်း၊ လူမြင်ကွင်း လူလာသောအခါကျမှ ကမ္မဋ္ဌာန်းထိုင်ပြခြင်း၊ လူရှေ့ သူရှေ့အများမြင်သာ ထင်သာသော နေရာတို့၌ သတိပဋ္ဌာန်အမှတ်ဖြင့် လမ်းလျှောက်ခြင်း လောဘအလိုဆန္ဒ နည်းပါးသူဟု လူအများ အထင်ကြီးစေရန် ပတ္တပိုဏ်ဘုဉ်းပေးခြင်း၊ လူအများ အထင်ကြီး အောင် သက်သတ်လွတ်စားခြင်း၊ သင်္ကန်းအဟောင်းအညံ့ကို ဝတ်ခြင်း၊ သုသာန်၌ တရားကျင့်ခြင်း၊ အကြားအမြင်ပေါက်သူဟု လူအများထင်အောင် သိအောင်ပြုခြင်း၊ လူထုပရိသတ် အုတ်အော်သောင်းတင်း ဝိုင်းဝန်းကြည့်ရှု အောင် ပြုလုပ်ခြင်း စသည်တို့သည် ဟန်ဆောင်မှုပြုလုပ်ခြင်း (ကုဟန) မည်၏၊ ဤသို့ ကုဟနအမှုကို ပြု၍ရသော ပစ္စည်းလာဘ်လာဘဖြင့် အသက်မွေးမှုသည်လည်း မိစ္ဆာဇီဝပင် ဖြစ်၏၊ ကုဟနသုံးမျိုးကို ရှေ့၌ ရေးခဲ့ပြီး ဖြစ်သည်။

လပန = မြှောက်ပင့်ပြောဆို၍ ပစ္စည်းရှာခြင်း

ရဟန်းသည် ဒါယကာတို့ကို သာသနာ့ဒါယကာကြီး၊ ဘုရားဒကာကြီး၊ ကျောင်းဒကာကြီး၊ ကျောင်းအစ်မကြီး၊ ဘုရားဒကာကြီး၊ မင်းကတော်ကြီး၊ ဝန်မင်း၊ အမတ်မင်း၊ ဥက္ကဋ္ဌကြီး၊ တိုင်းမှူးကြီးစသည်ဖြင့် ကြီးတစ်လုံးကို မချတမ်းသုံး၍ မိမိအား သဒ္ဓါကြည်ညို ပိုမိုလှူဒါန်းချင်အောင် မြှောက်ပင့် ပြောဆို၏၊ ထိုသို့ ပြောဆိုခြင်းကြောင့် ရရှိသောပစ္စည်းတို့ကို သုံးဆောင်လျှင် မိစ္ဆာဇီဝ ဖြစ်၏၊ ဤသို့ မြှောက်ပင့်ပြောဆိုခြင်း (လပန)ကိုလည်း ရဟန်းတို့ မပြုသင့်ချေ။

အဘူတဥလ္လပန = စျာန်မဂ်ဖိုလ် ရသယောင် ဝါကြွားခြင်း

မိမိကို လူတို့ အထင်ကြီး၍ ကြည်ညိုစေရန် ငါသည် စျာန်ရသည်၊ စျာန်ကို ဝင်စားနိုင်သည်၊ သောတာပန် ဖြစ်သည်၊ သကဒါဂါမ်, အနာဂါမ်, ရဟန္တာ ဖြစ်သည်၊ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရသည်၊ ငါသည် ထိနမိဒ္ဓကို ပယ်အပ်ပြီ၊ ငါသည် ဆိတ်ငြိမ်ရာ အရပ်၌သာ မွေ့လျော်သည် စသည်ဖြင့် ဝါကြွားပြောဆိုခြင်း၊ မိမိကိုယ်တိုင်က တောကျောင်းနေသူဖြစ်၍ တောကျောင်းဘုန်းကြီးသည် ရဟန္တာပုဂ္ဂိုလ် ဖြစ်သည်၊ မိမိက သင်္ကန်းအညို ဝတ်ထားလျက် အရိယာပုဂ္ဂိုလ်တို့သည် သင်္ကန်းအညိုကို ဝတ်၏ဟူ၍လည်းကောင်း၊ မိမိက ဥုးကောသလ္လ၏ တပည့်ဖြစ်၍ ဥုးကောသလ္လ၏ တပည့်ရဟန်းများသည် တန်ခိုးကြီးသော စျာန်ရပုဂ္ဂိုလ်များ ဖြစ်ကြ၏ဟူ၍လည်းကောင်း သွယ်ဝိုက်၍ ပြောကြားလျှင်လည်း မဟုတ်မမှန် ဝါကြွားပြောဆိုခြင်း (အဘူတဥလ္လာပန) မည်၏၊

နိမိတ္တကမ္မ = အရိပ်အရောင်ပြ ပြောဆိုခြင်း

ကြံချောင်းများ ထမ်းလာသော ဒါယကာကို တွေ့၍ “ဒါယကာတို့၏ ကြံခင်းမှ ကြံသည် ချို၏လော”ဟု မေးခြင်း၊ စားဖွယ်သောက်ဖွယ် တစ်စုံတစ်ခု ယူဆောင် သယ်ပိုးလာသူကို “ဘာတွေ သယ်ဆောင်လာသလဲ, စားစရာတွေ ပါကြသလားစသည်ဖြင့် မေးခြင်းသည် မလွှဲမရှောင်သာ အားနာ၍ လှူစေရန် အရိပ်အရောင် ပြောဆိုခြင်းမှန်သမျှသည် နိမိတ္တကမ္မမည်၏၊ ဤသို့ ပြောဆို၍ ရသော ပစ္စည်းဝတ္ထုကို သုံးဆောင်မှီဝဲလျှင် မိစ္ဆာဇီဝ ဖြစ်၏၊

နိပ္ပေသိက = မလှူ, လှူအောင် အကြပ်ကိုင်ပြောဆိုခြင်း

မိမိအား တစ်စုံတစ်ရာ မလှူဒါန်းဖူးသူ ရွာသူရွာသား ရပ်သူရပ်သားတို့ကို “ဤသူတွေဟာ သဒ္ဓါတရားက ခွေးလျက်တာထက် ပြောင်သေးတယ်၊ ဒီလူ တွေကို တရားဟောလျှင် လျှာသာထွက်၍ ဖတ်ဖတ်မောမယ်၊ ဆန်ဖြူတစ် ခွက်မျှ ထွက်မည့်ပုံမပေါ်” စသည် ပြောခြင်း၊ “ဒီဒကာကြီးကို သဒ္ဓါတရား မရှိဘူးလို့ ဘယ်သူပြောသလဲ? အမြဲတမ်း ကန်တော့ဆွမ်းလောင်းတဲ့ ဒကာကြီးပဲ၊ ဒီဒကာကြီးက နတ္ထိကို လှူတယ်” စသည်ဖြင့် အပြစ်ပြော၍ ပရိသတ်အလယ်၌ ကဲ့ရဲ့ရှုတ်ချခြင်း၊ ပြက်ရယ်ပြုခြင်း၊ နောက်ကွယ်၌ သဒ္ဓါတရားနည်းပါးသူ ကပ်စေးနည်းသူ နှမြောတွန့်တိုသူဟု ကဲ့ရဲ့ခြင်း၊ မကောင်းသတင်းဖြန့်ခြင်းသည် ထိုသူအား မလှူ, လှူအောင် အကြပ်ကိုင်ရာ ရောက်သဖြင့် ဂုဏ်ကို ကြိတ်ခြေ၍ အပြစ်ရှာခြင်း (နိပ္ပေသိက) မည်၏၊ ဤနည်းဖြင့် ရရှိသော ပစ္စည်းကို သုံးဆောင်မှီဝဲလျှင် မိစ္ဆာဇီဝ ဖြစ်၏၊

သတိထားရန်

အထက်၌ ဖော်ပြခဲ့သော ကုလဒူသနမှု, အနေသနမှု, မိစ္ဆာဇီဝအမှုတို့အနက် ကုလဒူသနအမှုပြုသော ရဟန်းကိုသာထိုမြို့ ထိုရွာ ထိုကျောင်းတိုက်မှ နှင်ထုတ်ခြင်း (ပဗ္ဗာဇနီယကံ) ပြုရမည်။ အခြားသော အနေသနအမှု မိစ္ဆာဇီဝမှုပြုလုပ်သော ရဟန်းများကိုမူ နှင်ထုတ်ခြင်းအမှု ပြုရန် မလိုချေ။ နောက်ထပ်တစ်ဖန် အလားတူ အမှုများ မကျူးလွန်တော့ပါဟု စိတ်ဆုံးဖြတ်လျက် ရရှိထားသော ပစ္စည်းများကို စွန့်ပစ်၍ သင့်ရောက်သော အာပတ်ကို ဒေသနာကြား ကုစားရန်သာ လိုသည်ကို သိရှိမှတ်သားသင့်သည်။

(ရဟန်းကျင့်ဖွယ်၊၁၄၂။)

သမ္မာအာဇီဝဖြစ်ရန် လိုရင်းအချက်များ

ကုလဒူသနရှစ်ပါး၊ အနေသနနှစ်ဆယ့်တစ်ပါး၊ ကုဟန, လပန, ဥလ္လပန, နိမိတ္တကမ္မ, နိပ္ပေသိက ဟူသော မိစ္ဆာဇီဝငါးပါး၊ ကုဟနသုံးပါး၊ လပန တစ်ဆယ့်သုံးပါး၊ နေမိတ္တိကတာ ခြောက်ပါး၊ နိပ္ပေသိကတာ တစ်ဆယ့်တစ်ပါး၊ အနာမာသ ရွှေ, ငွေနှင့် စပ်၍ မအပ်သော အလှူခံနည်းဖြင့် ရသောပစ္စည်း၊ ဆွေမျိုးမတော် မဖိတ်ကြားထားသော သူတို့ထံမှ တောင်းခြင်းကြောင့် ရသော ပစ္စည်း၊ မိမိ၌ ရဟန်းကျေးဇူး မရှိဘဲ ရှိယောင်မူ၍ ပြောဆိုခြင်းကြောင့် ရသော ပစ္စည်း၊ လာဘ်ကို တောင့်တ၍ ပြုသောအမှုကြောင့် ရသောပစ္စည်း၊ ပင်ကို ရိုးသား သာသနာကြီးပွားလိုသော စိတ်ဖြင့် မဟုတ်ဘဲ လူအများ၏ ချီးမွမ်း ပူဇော်သက္ကာရကို တောင့်တ၍ ဝိနည်းကို လေးစားဟန်ဖြင့် စာပေသင်ယူကာ စာသင်တိုက်ဖွင့်ခြင်း၊ ကျော်ဇောထင်ရှားလို၍ (ဝါ) ကိုယ့်ကျောင်းတိုက် စည်ကားတိုးတက်လို၍ ကိုယ်တိုင်လည်း တရားအားထုတ်ခြင်း၊ သူတစ်ပါးကိုလည်း ပြသသည်ဆိုကာ ရိပ်သာထောင်ခြင်း၊ မိမိကိုယ်ကို စျာန်ရသူ မဂ်ဖိုလ်ရသူထင်အောင် စျာန်မဂ်ဖိုလ်နှင့် နီးစပ်သော စျာန်စကား မဂ်စကား ပြောဆိုမှု, သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, လျောင်းခြင်းဟူသော ဣရိယာပုထ် လေးပါးတို့၌ လူသူအများ အထင်ကြီးအောင် ဟိတ်ဟန်ဆောင်ခြင်းအမှုတို့ဖြင့် ရရှိလေသမျှသော ပစ္စည်းတို့ကို သုံးဆောင်ခြင်းသည် မိစ္ဆာဇီဝ ဖြစ်၏၊

သုတ်သီလက္ခန် ဗြဟ္မဇာလသုတ်တော်၌ ဟောကြားထားသော မိစ္ဆာဇီဝ အမှုမျိုး (၁၅၂)ပါး ရှိသေး၏၊ ထိုပါဠိတော် မြန်မာပြန်၌ ကြည့်ရှုကြပါရန် သိစေအပ်ပါသည်။

ထိုမိစ္ဆာဇီဝပစ္စည်းတို့ကို အပြစ်ကျူးလွန်သူ ထိုရဟန်းနှင့်တကွ သီတင်းသုံးဖော် ငါးဦးလုံးပင် မသုံးစွဲကောင်း သုံးစွဲတိုင်း ရဟန်းမှာ ဒုက္ကဋ်အာပတ်၊ သာမဏေတို့မှာ ဒဏ်ထိုက်၏၊ ထိုမိစ္ဆာဇီဝတို့မှ ရှောင်ကြဉ်၍ တရားသဖြင့် ရသော ပစ္စည်းတို့ဖြင့်သာ နေထိုင်စားသောက် အသက်မွေးသော ရဟန်းသည် သမ္မာအာဇီဝ ဖြစ်သည်၊ အသက်မွေးမှု စင်ကြယ်မှသာ သမ္မာအာဇီဝမဂ္ဂင်နှင့် ပြည့်စုံမည်ဖြစ်၍ တရားအားထုတ်မည့် ရဟန်း သာမဏေတို့ အထူးသတိထား သင့်ပေသည်။ လိုက်နာကျင့်ကြံ အားထုတ်ရမည့်တရား၏ အခြေခံသီလဖြစ် ကြောင်း သဘောပေါက်နားလည်ကြသည်ဖြစ်၍ အထူး လေးစားလိုက်နာကြရန် တိုက်တွန်းအပ်ပါသည်။

သံဃာဒိသေသ်အာပတ် (၁၃) ပါး အကျဉ်း

၁။ သုက္ကဝိဿဋ္ဌိ = လွတ်စေလိုသော စေတနာရှေးရှိသော မောစနဿာဒ ရာဂဖြင့် နိမိတ်ကိုလုံ့လပြု၍ သုက်လွှတ်ခြင်း။
၂။ ကာယသံသဂ္ဂ = မာတုဂါမနှင့် ကိုယ်လက်နှီးနှောခြင်း။
၃။ ဒုဋ္ဌုလ္လဝါစာ = မေထုန်နှင့်စပ်သော ဝစ္စမဂ်, ပဿာဝမဂ်နှင့်စပ်သော ရုန့်ရင်းသောစကားကို မာတုဂါမအား ပြောခြင်း။
၄။ အတ္တကာမပါရိစရိယ = မိမိအတွက် မေထုန်အလှူခံခြင်း။
၅။ သဉ္စရိတ္တ = မိန်းမနှင့်ယောက်ျားကို အောင်သွယ်ပေးခြင်း။
၆။ ကုဋိကာရ = မိမိနေထိုင်ဘို့ရာ ဆောက်လုပ်သူဒါယကာမရှိသော ဥလ္လိတ္တ စသော ပမာဏလွန် ကျောင်းငယ် ဆောက်ခြင်း။
၇။ ဝိဟာရကာရ = မိမိနေထိုင်ဘို့ရာ ဆောက်လုပ်သူဒါယကာရှိ ဥလ္လိတ္တ စသော ကျောင်းကြီး ဆောက်ခြင်း။
၈။ ပထမဒုဋ္ဌဒေါသ = မြင်ခြင်း, ကြားခြင်း, ယုံမှားခြင်း အလျှင်းမရှိဘဲ ရဟန်းကို ပါရာဇိကဖြင့် စွပ်စွဲခြင်း။
၉။ ဒုတိယဒုဋ္ဌဒေါသ = တစ်ပါးသော အဘို့အမည် တည်ရာပြု၍ ရဟန်းကို ပါရာဇိကဖြင့် စွပ်စွဲခြင်း။ (ဥပမာ - ဆိတ်ဖိုကို ဒဗ္ဗဟု, ဆိတ်မကို မေတ္တိယာ ဟု နာမည်ပေး၍ ဒဗ္ဗနှင့် မေတ္တိယာတို့သည် မေထုန်မှီဝဲကြသည်ဟု စွပ်စွဲခြင်းမျိုးတည်း။)
၁၀။ သံဃဘေဒ = သံဃာကွဲပြားမှု လုံ့လပြု၍ ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ဆုံးမရာ အယူကို မစွန့်ခြင်း။
၁၁။ ဘေဒါနုဝတ္တက = သံဃာသင်းခွဲသော သူ၏နောက်သို့ အတုလိုက်သော ရဟန်းကို ကမ္မဝါစာဖြင့် ဆုံးမရာ ထိုနောက်လိုက်ရဟန်းက အယူကို မစွန့်ခြင်း။
၁၂။ ဒုဗ္ဗစ = သိက္ခာပုဒ်ဖြင့် အဆုံးအမ မခံ၊ ပြန်လှန်ပြော၍ ကမ္မဝါစာဖြင့် ဆုံးမရာ အယူကို မစွန့်ခြင်း။
၁၃။ ကုလဒူသက = ပန်းပေးခြင်း သစ်သီးပေးခြင်း စသည်ဖြင့် ဒါယကာတို့၏ သဒ္ဓါတရားကို ဖျက်ဆီး၍ ကမ္မဝါစာဖြင့် ဆုံးမရာ အယူကို မစွန့်ခြင်း။(အကျယ်ကို ဆိုင်ရာသိက္ခာပုဒ်သို့ ရှုပါ။)

သံဃာဒိသေသ်အာပတ်ကုစားနည်း

ရှေးဦးစွာသံဃာဒိသေသ်အာပတ် တစ်ကယ်သင့် မသင့် ဆုံးဖြတ်ရမည်။ သံဃာဒိသေသ်အာပတ်မသင့်ဘဲ ဝတ်ဆောက်တည်လျှင် ဒုက္ကဋ်အာပတ်သင့် သည်။ သံဃာကို ညှဉ်းဆဲရာလည်း ရောက်သည်။ သင့်ရောက်ခဲ့သော် ညဉ့်ဖုံး လွှမ်းမှု ရှိ မရှိ ဆုံးဖြတ်ရမည်။

သံဃာဒိသေသ်အာပတ် သင့်ရောက်သောရဟန်းသည် အာပတ်သင့် ရောက်သောရက် အရုဏ်မတက်မီ အာပတ်ကို ဒေသနာမကြားလျှင် ညဉ့်ဖုံး လွှမ်းသည် မည်၏၊ ညဉ့်ဖုံးလွှမ်းရာရောက်၏၊ အာပတ်သင့်ရောက်သောရက် အရုဏ်မတက်မီ ဒေသနာကြားလျှင် ညဉ့်ဖုံးလွှမ်းသည် မမည်။ ညဉ့်ဖုံးလွှမ်းရာ မရောက်။ ထို့ကြောင့် ရှေးဆရာတော်ကြီးအချို့သည် အရုဏ်မတက်မီ ဘုရား ဝတ်ပြုခါနီး၌ နေ့စဉ် ဒေသနာကြားတော်မူလေ့ ရှိကြသည်။ ညဉ့်ဖုံးလွှမ်း, မဖုံးလွှမ်းကို ဖုံးလွှမ်းခြင်း အင်္ဂါ (၁၀)ပါးဖြင့် စိစစ်ရာ၏၊

ဖုံးလွှမ်းခြင်းအင်္ဂါ (၁၀) ပါး

(၁) အာပတ်သင့်ခြင်း၊ (၂) အာပတ်သင့်၏ဟု အမှတ်ရှိခြင်း၊ (၃) ပကတတ်ဖြစ်ခြင်း၊ (၄) ပကတတ်ဟု အမှတ်ရှိခြင်း၊ (၅) အန္တရာယ် (၁၀)ပါး တစ်ပါးပါး မရှိခြင်း၊ (၆) အန္တရာယ်မရှိဟု အမှတ်ရှိခြင်း၊ (၇) ရဟန်းတစ်ပါးပါး ထံ သွား၍ ဒေသနာပြောခြင်းငှာ စွမ်းနိုင်ခြင်း၊ (၈) သွား၍ ဒေသနာပြောခြင်းငှာ စွမ်းနိုင်၏ဟု အမှတ်ရှိခြင်း၊ (၉) ဖုံးလွှမ်းခြင်းငှာ အလိုရှိခြင်း၊ (၁၀) ဖုံးလွှမ်းခြင်းဟု (၁၀)ပါး ဖြစ်သည်။

ဖုံးလွှမ်းခြင်းအင်္ဂါ (၁၀) ပါး ရှင်းလင်းချက်

(၁) အာပတ်သင့်ခြင်း၊ 
(၂) အာပတ်သင့်၏ဟု အမှတ်ရှိခြင်းဟူသည် သင့်ရောက်သော အမှုသည် အာပတ်သင့်သော အမှု ဟုတ်ခြင်းတည်း။ “အာပတ်သင့်၏၊ သင့်ပြီ”ဟု သိခြင်းတည်း။ ဤသို့ သိလျက် ဖုံးအံ့၊ ဖုံးသည် မည်၏၊ အာပတ်ဟုမသိလျှင် ဖုံးသည် မမည်။အာပတ်မဟုတ်သည်ကို အာပတ်ဟုလည်းကောင်း, အာပတ်မဟုတ်ဟု လည်းကောင်း အမှတ်ရှိ၍ ဖုံးသော်လည်း ဖုံးသည်မမည်။ (လဟုက)ထုလ္လစ္စဉ်း စသော အောက်အာပတ် (၅)ပုံကို (ဂရုက)သံဃာဒိသေသ်ဟူ၍လည်းကောင်း (ဂရုက)သံဃာဒိသေသ်ကို (လဟုက)ထုလ္လစ္စဉ်းစသော အောက်အာပတ် (၅)ပုံ ဟူ၍လည်းကောင်း ဖုံးအံ့။ ဖုံးသည်မမည်။ အလဇ္ဇီကား ဖြစ်၏၊ ဂရုကကို လဟုကထင်၍ ဒေသနာကြားအံ့။ ကြားသည်မမည်။ ဖုံးသည်လည်း မမည်။ ဂရုကကို ဂရုကဟုသိ၍ ဖုံးအံ့။ ဖုံးသည်မည်၏၊ ဂရုက လဟုကဟု မသိဘဲသော်ကား အာပတ်ကို ဖုံးမည်ဟု ဖုံးအံ့ ဖုံးသည်သာ မည်၏၊
(၃) ပကတတ်ဖြစ်ခြင်း၊ 
(၄) ပကတတ်ဟုအမှတ်ရှိခြင်းဟူသည် သုံးပါး သော ဥက္ခေပနီယကံ အပြုမခံရသော ရဟန်းသည် ပကတတ်မည်၏၊ ပကတတ်ရဟန်း ဖြစ်၏၊ မိမိကိုယ်ကို ပကတတ်ရဟန်းဟု သိလျက် ဖုံးအံ့၊ ဖုံးသည် မည်၏၊ ပကတတ်မဟုတ်ဘဲ အပကတတ်ဖြစ်ခဲ့သော် အပကတတ် ဟု သိသော်လည်းကောင်း, မသိသော်လည်းကောင်း, ဖုံးလို၍ ဖုံးသော်လည်းကောင်း ဖုံးသည်မမည်။
(၅) အန္တရာယ် (၁၀)ပါး တစ်ပါးပါး မရှိခြင်း၊ 
(၆) အန္တရာယ်မရှိဟု အမှတ်ရှိခြင်းဟူသည် အန္တရာယ် (၁၀)ပါး တစ်ပါးမျှ မရှိလျှင် အန္တရာယ် ကင်းသည် မည်၏၊ အန္တရာယ်ကင်းလျက်, အန္တရာယ်ကင်းကြောင်းသိလျက် ဖုံးအံ့ - ဖုံးသည် မည်၏၊ ကြောက်တတ်သောကြောင့် ညဉ့်မိုက်သောအခါ ဘီလူးစသော အန္တရာယ်ရှိသည် ထင်၍ ဖုံးအံ့။ ဖုံးသည် မမည်။ တောကြို တောင်ကြား နေသူ ဖြစ်၍ မြစ်စသည် ကူး၍ ဒေသနာကြားအပ်သည် ဖြစ်အံ့။ ဘီလူးဘေး, မြွေဘေး, ရေဘေးစသည်လည်း ရှိအံ့။ အန္တရာယ်တစ်ခုရှိ၍ သာလျှင် အန္တရာယ်ရှိသည်ထင်၍ ဖုံးအံ့၊ ဖုံးသည်မမည်။ အန္တရာယ်ရှိသူအား အန္တရာယ်ရှိသည်ထင်၍ လည်းကောင်း, မရှိဟုထင်၍လည်းကောင်း ဖုံးလျှင် မဖုံးသည်သာ မည်၏၊
(၇) ရဟန်းတစ်ပါးထံသွား၍ ဒေသနာပြောခြင်းငှာ စွမ်းနိုင်ခြင်း၊ 
(၈) သွား၍ ဒေသနာပြောခြင်းငှာ စွမ်းနိုင်၏ဟု အမှတ်ရှိခြင်းဟူသည် ရဟန်း တစ်ပါးပါးထံ သွား၍ ဒေသနာကြားရန် စွမ်းနိုင်သူကား၊ စွမ်းနိုင်မှန်းသိလျက် ဖုံးအံ့ - ဖုံးသည် မည်၏၊ ခံတွင်းအနည်းငယ်နာရုံ, သွားနာရုံ, ဆွမ်းစား မကောင်းရုံမျှဖြင့် စွမ်းနိုင်သော်လည်း မစွမ်းနိုင်ဟု ထင်၍ ဖုံးအံ့ - ဖုံးသည် မမည်။ မစွမ်းနိုင်သူကား စွမ်းနိုင်သည်ထင်၍လည်းကောင်း၊ မစွမ်းနိုင်ဟု ထင်၍လည်းကောင်း ဖုံးအံ့ - မဖုံးသည်သာမည်၏၊
(၉) ဖုံးလွှမ်းခြင်းငှာ အလိုရှိခြင်း၊ 
(၁၀) ဖုံးလွှမ်းခြင်းတို့မှာ ပေါ်လွင် ထင်ရှား၏၊
ဖုံးလွှမ်းခြင်းကြောင့် အရုဏ်တက်သည်နှင့် ပဋိစ္ဆာဒနဒုက္ကဋ်လည်း သင့်၏၊

(ပါတိမောက်ဘာသာဋီကာ+ပါတိမောက္ခမေဒိနီ+ဝိနည်းစူဠဝါအရသာ-ပ-တွဲ)

ဖုံးလွှမ်းမှု လိုရင်းသုံးပါး

၁။ ဖုံးလွှမ်းခြင်းငှာ အလိုရှိခြင်း၊
၂။ ဒေသနာမကြားတော့ဟု ဝန်ချခြင်း၊
၃။ အရုဏ်တက်ခြင်းတည်း။

(ဆောင်) သင့်တုံအာပတ်, ပကတတ်, ကင်းလတ်အန္တရာယ်, ကြားငှာ စွမ်းငြား, သညီပွား, ရှစ်ပါးသရုပ်ချယ်, ဖုံးလွှမ်းလိုငြား, ဖုံးလွှမ်းထား, ဆယ်ပါး ဖုံးလွှမ်းဖွယ်။
ဖုံးလိုဝန်ချ, အရုဏ, တက်ကလိုရင်းတည်း။

(ပါတိမောက်ဘာသာဋီကာ + ပါတိမောက္ခမေဒိနီ)

သံဃာဒိသေသ် (၁၃) ပါးမှ ထူးခြားချက်များ

သံဃာဒိသေသ် (၁၃)ပါးရှိသော်လည်း ရှေးဆုံးသိက္ခာပုဒ် (၅)ပုဒ်သာ အာပတ်အသင့်များလေသည်။ ထို (၅)ပုဒ်တို့တွင်လည်း ရှေးဆုံး (၃)ပုဒ်သာ အာပတ်သင့်လွယ်၏၊ သံသယဖြစ်တတ်ကြ၏၊ အတ္တကာမပါရိစရိယသိက္ခာ ပုဒ်၊ သဉ္စရိတ္တသိက္ခာပုဒ်တို့ကား သိသာထင်ရှား၏၊ သုက္ကဝိဿဋ္ဌိသိက္ခာပုဒ်, ကာယသံသဂ္ဂသိက္ခာပုဒ်နှင့် ဒုဋ္ဌုလ္လဝါစာသိက္ခာပုဒ်တို့ကို အနည်းငယ် တင်ပြ လိုသည်။

သုက္ကဝိဿဋ္ဌိသိက္ခာပုဒ်

အင်္ဂါ (၃) ပါး

သုက္ကဝိဿဋ္ဌိသိက္ခာပုဒ်၌ (၁) လွတ်စေလိုသော စေတနာထင်ရှားရှိခြင်း၊ (၂) လုံ့လပယောဂပြုခြင်း၊ (၃) သုက်လွတ်ခြင်းဟု အင်္ဂါ (၃)ပါးရှိ၏၊ ထိုအင်္ဂါ များ မပြည့်စုံလျှင် သံဃာဒိသေသ်အာပတ် မသင့်ချေ။

(ဆောင်) လွတ်စေလို့ငှာ စေတနာတည့်, ဗျာပါလုံ့လ ပြုမိကလျှင်း, သုက်လွတ်ခြင်းဟု, ကြောင်းရင်းသုံးလီ, အင်္ဂါညီ, သင့်ပြီ ဝိဿဋ္ဌိ။

သုက်လွတ်ခြင်း၌ ရာဂ (၁၁) မျိုး

၁။ မောစနဿာဒရာဂ = ရှေးအဘို့၌ သုက်ကို လွတ်စေလိုသော စေတနာ ထင်ရှားရှိသောရာဂဖြင့် သုက်လွှတ်ခြင်း။ ဤနံပါတ်တစ် ရာဂသည်သာ သံဃာဒိသေသ်အာပတ်သင့်၏၊
၂။ မုစ္စနဿာဒရာဂ = သုက်လွတ်ဆဲခဏ၌ သာယာခြင်း။
၃။ မုတ္တဿာဒရာဂ = သုက်လွတ်ပြီးသောအခါ သာယာခြင်း။
၄။ မေထုနဿာဒရာဂ = မေထုန်အမှု၌ သာယာခြင်း။
၅။ ဖဿဿာဒရာဂ = အတွေ့အထိ၌ သာယာခြင်း။
၆။ ကဏ္ဍုဝဏဿာဒရာဂ = ယားနာဖျောက်ခြင်း၌ သာယာခြင်း။
၇။ ဒဿနဿာဒရာဂ = မြင်ခြင်း၌ သာယာခြင်း။
၈။ နိဿဇ္ဇဿာဒရာဂ = မာတုဂါမနှင့် အတူထိုင်နေခြင်း၌ သာယာခြင်း
၉။ ဝါစဿာဒရာဂ = ရုန့်ရင်းသော စကားမျိုးကို ပြောဆိုခြင်း၌ သာယာခြင်း။
၁၀။ ဂေဟဿိတပေမရာဂ = အမိ, အမ, နှမ, ဆွေမျိုးကိုမှီသော ချစ်ခြင်း၌ သာယာခြင်း။
၁၁။ ဝနဘင်္ဂိယရာဂ = တောထဲမှ ဆွတ်ခူး၍ဆောင်ယူလာသော ပန်း, သစ်သီး စသည်ကို မှီ၍ဖြစ်သော သာယာခြင်း။

ဤနောက်ရာဂ (၁၀)မျိုးဖြင့် နိမိတ်၌ လုံ့လပြု၍ သုက်လွတ်သော်လည်း လွတ်လိုသောစေတနာ မရှိမူ သံဃာဒိသေသ်အာပတ်မသင့်ဟု သိ။

(ပါတိမောက္ခမေဒိနီ -၁၀၂။)

ထိုကြောင့် အင်္ဂါ (၃)ပါး၊ ရာဂ (၁၁)ပါးတို့နှင့် သေသေချာချာ စိစစ်ပါ လေ။ အာပတ်တကယ်သင့်ပြီဟု ယုံကြည်စိတ်ချရမှသာလျှင် ပရိဝါသ်ဆောက် တည် ကုစားပါ။ မိမိကိုယ်တိုင် မဆုံးဖြတ်နိုင်လျှင် ကျမ်းတတ်လဇ္ဇီပုဂ္ဂိုလ်၏ အကြံဉာဏ် အဆုံးအဖြတ်ကို အဖြစ်မှန်ပြောပြ၍ ခံယူလေ။

အိမ်မက်မက်၍ သုက်လွတ်ဆဲ အချိန်၌ နိုးလာသော် မလှုပ်ရှားဘဲ ငြိမ်နေက သာယာသော်လည်း အာပတ်မသင့်သေး။ သို့သော် ထိုသို့ နိုးလာ၍ သိသောအခါ ပို၍လွတ်စေလိုသော စေတနာဖြင့် တစ်ဆံချီမျှသော်လည်း ကိုယ်ကိုလှုပ်ရှားမိပါက သံဃာဒိသေသ်အာပတ်သင့်နိုင်သည်။ သင်္ကန်း, အိပ်ရာခင်းစသည်ကို မပေကျံစေလိုသော စေတနာဖြင့် လှုပ်ရှားမိပါမူ အပြစ် မဖြစ်ပါ။

ကာယသံသဂ္ဂသိက္ခာပုဒ်

မွေးဖွားခါစ သူငယ်မကိုပင်ဖြစ်စေ လူဇာတ်ရှိသော မိန်းမကို ထိလို, ကိုင်လို သုံးသပ်လိုသော ကာယသံသဂ္ဂရာဂစိတ်ဖြင့် ဆံပင်, မွေးညင်း, အင်္ဂါ ကြီးငယ်တို့ကို ထိကိုင်သုံးသပ် ပွေ့ဖက်လျှင် ကာယသံသဂ္ဂသံဃာဒိသေသ် အာပတ်သင့်၏၊

အင်္ဂါ (၅) ပါး

(၁) လူမိန်းမဖြစ်ခြင်း, (၂) လူမိန်းမဟုသိခြင်း, (၃) ကာယသံသဂ္ဂရာဂ ရှိခြင်း, (၄) လုံ့လပယောဂ အားထုတ်ခြင်း, (၅) ထိကိုင်မိခြင်း ပေါင်း (၅)ပါး။

(ဆောင်) လူမိန်းမပင်, မိန်းမထင်လျက်, သံသဂ်ရာဂ, လုံ့လပြုလျဉ်း, ကိုင်မိခြင်းဟု, ကြောင်းရင်းငါးလီ, အင်္ဂါညီ, သင့်ပြီ သံသဂ္ဂ။

ခြေကို ဆုပ်နယ်၍ ရှိခိုးလိုသော မိန်းမကို တားမြစ်အပ်၏၊ ခြေကို သော်လည်း သင်္ကန်းဖြင့် ဖုံးလွှမ်းအပ်၏၊ မတုန်မလှုပ်သော်လည်း နေအပ်၏၊ မတုန်မလှုပ်နေသော ရဟန်းအား စိတ်ကသာယာသော်လည်း အာပတ် မသင့်။ ဆွမ်းလောင်း, ဆွမ်းကပ်ရာ၌ မတော်တဆ လက်စသည်တို့ဖြင့် ထိမိရုံမျှဖြင့် သံဃာဒိသေသ်အာပတ်မသင့်။ ရာဂစိတ်ဖြင့် မိမိ၏ ကာယပယောဂ, ဝစီပယောဂပါမှ သင့်သည်။ ဆရာဝန် ဆရာမတို့ စမ်းသပ်ရာ, ဆေးထိုးရာ၌လည်း ငြိမ်၍ သာယာရုံမျှဖြင့် သံဃာဒိသေသ်အာပတ် မသင့်ဟု မှတ်ပါ။ သို့သော် စမ်းသပ်စဉ် ဆေးထိုးစဉ် သာယာမှုဖြင့် မိမိကိုယ်ကို လှုပ်ရှားမိပါက သံဃာဒိသေသ်အာပတ်သင့်နိုင်သည်။

ဘုရားပွဲ ကျောင်းပွဲ မော်တော်ယာဉ်ပေါ်စသည်တို့၌ မာတုဂါမများ ကြား တိုးဝှေ့ကြရာတွင် သံဃာဒိသေသ်အာပတ်သင့်တတ်သည်။ ၎င်း မာတုဂါမတို့၏ လက်, ခြေ, ဆံပင်စသည်နှင့် ယုတ်စွအဆုံး အဝတ်ပါးကြားမှ တိုးထွက် နေသော အမွေးတို့ကို ထိလိုသော စိတ်ဖြင့် ထိအောင်ကြိုးစား၍ ထိမိခဲ့သော် သံဃာဒိသေသ်အာပတ်သင့်သည်။ ရဟန်းတော်များ သတိထားသင့်သည်။

ဒုဋ္ဌုလ္လဝါစာ သိက္ခာပုဒ်

အပျို လူပျိုတို့ မေထုန်နှင့်စပ်သောစကား ပြောဆိုသကဲ့သို့ သိ, ကြား နားလည်နိုင်သော မိန်းမအား ဝစ္စမဂ်, ပဿာဝမဂ်, မေထုန်နှင့် စပ်သော ရုန့်ရင်းသော စကားပြောကြားလျှင် ထိုခဏ၌ ထိုမိန်းမနားလည်ပါက ဒုဋ္ဌုလ္လဝါစာ သံဃာဒိသေသ်အာပတ်သင့်၏၊

အင်္ဂါ (၅) ပါး

(၁) လူမိန်းမဖြစ်ခြင်း, (၂) မိန်းမဟုမှတ်ထင်ခြင်း, (၃) ရုန့်ရင်းသော စကား၌ သာယာခြင်း, (၄) ထိုရာဂဖြင့်ပြောခြင်း, (၅) ပြောဆဲခဏ၌ ချက်ချင်း သိခြင်း ပေါင်း ၅ ပါးဖြစ်သည်။

(ဆောင်) လူမိန်းမပင်, မိန်းမထင်လတ်, ဝါစဿာဒ, ထိုရာဂဖြင့်, ပြောပြလေဘိ, ချက်ချင်းသိဟု, ကြောင်းရင်းငါးလီ, အင်္ဂါညီ, သင့်ပြီ ဒုဋ္ဌုလ္လ။

သိခရဏီသိ = နင်ဟာ အသားစွန်းထွက်နေသည်။ သမ္ဘိန္နာသိ = ဝစ္စမဂ်, ပဿာဝမဂ်စပ်နေသည်။ ဥဘတောဗျဉ္ဇနကာသိ = သင့်မှာ မဂ်နှစ်ခုရှိသည်။ အနိမိတ္တာသိ = နိမိတ်မပါတဲ့ ကောင်မ, နိမိတ္တမတ္တာသိ = ပြည့်ပြည့်စုံစုံ မပါဘဲ နိမိတ်ရာလေးမျှပါတဲ့ကောင်မ စသည့်ဆဲရေးခြင်း, ဝစ္စမဂ်, ပဿာဝမဂ်နှင့် စပ်သော ဆဲရေးခြင်း, ကဲ့ရဲ့ခြင်း, ချီးမွမ်းခြင်း, စောင်ခြုံ လာသော မိန်းမအား ဝစ္စမဂ် ပဿာဝမဂ်တို့ကို ရည်ညွှန်း၍ သွယ်ဝိုက်သောနည်းဖြင့် သင်၏ စောင်မွှေး တိုသလား? ရှည်သလား? ဟု မေးလျှင် သံဃာဒိသေသ်အာပတ် သင့်တတ်သည်။ သတိရှိစေ။

မေထုန်ကို တောင်းခြင်း၊ မေထုန်ပြုနည်းမေးခြင်း စသည်တို့သည် သံဃာဒိသေသ်အာပတ်သင့်၏၊ မာတုဂါမအင်္ဂါဇာတ်ကို ယူ၍ ဆဲရေးတိုင်း ထွာတတ်သောသူတို့ သတိထားသင့်၏၊

(ဆောင်) အသားစွန်းထွက်, စပ်လျက်မဂ်နေ, ဗျည်းနှစ်ထွေ, ဆဲလေ သံဃာဒိ၊ ဝစ္စ ပဿာဝ မေထုန, ဆိုက သံဃာဒိ၊
ဤခြောက်ပုဒ်မှာ သက်သက်သာ, မှတ်ပါ သံဃာဒိ၊
အကြွင်းပုဒ်စု, မေထုနနှင့်, စပ်ဆိုသင့် မှတ်လင့် သံဃာဒိ။

ကြွင်းသော သံဃာဒိသေသ် (၁၀)ပါးတို့မှာ သိသာထင်ရှားပါသည်။

ဝတ်ဆောက်တည်ခြင်း ဝတ်ပေးခြင်း

သံဃာဒိသေသ်အာပတ်သင့်၍ ညဉ့်ဖုံးလွှမ်းမှု မရှိလျှင် ပရိဝါသ်ဆောက် တည်ရန်မလို၊ အပ္ပဋိစ္ဆန္နမာနတ်သာ ပေးရမည်။ ခြောက်ရက် မာနတ်ကျင့်၍ အဗ္ဘာန်သွင်းရုံဖြင့် သံဃာဒိသေသ်အာပတ် စင်ကြယ်၏၊

သံဃာဒိသေသ်အာပတ်ဟူ၍ မသိသော်လည်း ယခုငါပြုသော အမှု သည် အာပတ်သင့်သောအမှုဖြစ်သည်ဟု ဝတ္ထုကို သိလျက်နှင့် ဖုံးလွှမ်းလျှင် ပင် ပဋိစ္ဆန္နဖြစ်သည်။ တစ်ပါးသော အာပတ်ဟု ထင်မှတ်ခဲ့သော်လည်းကောင်း သံဃာဒိသေသ်ဟုတ်မည်လော မဟုတ်မည်လောဟု ယုံမှားမိခဲ့သော်လည်း ကောင်း ဖုံးလွှမ်းသော် ပဋိစ္ဆန္နမဖြစ်။ ဖုံးလွှမ်းသည် မမည်။

ဖုံးလွှမ်းခြင်း (၁၀)ပါး, လိုရင်း (၃)ပါးတို့ဖြင့် ညဉ့်ဖုံးလွှမ်းခဲ့လျှင် (၁) ပဋိစ္ဆန္နပရိဝါသ်, (၂) သုဒ္ဓန္တပရိဝါသ်, (၃) သမောဓာနပရိဝါသ် တစ်မျိုးမျိုးကို စစ်ဆေး၍ ရှေးဦးစွာပေးရမည်။ ယင်းပရိဝါသ်ကျင့်ပြီးမှ မာနတ်ပေးခြင်း အဗ္ဘာန်သွင်းခြင်း ပြုရမည်။

ပဋိစ္ဆန္နပရိဝါသ်

ပဋိစ္ဆန္နပရိဝါသ်မှာ (၁)ရက်ဖုံး, (၂)ရက်ဖုံး, (၃)ရက်ဖုံး, (၄)ရက်ဖုံး ဧကန် သိသောရဟန်းအား ထိုဖုံးလွှမ်းသောရက်အတိုင်း ဝတ်တောင်းဝတ်ကြား ကမ္မဝါစာ ဖတ်ရသည်။

သုဒ္ဓန္တပရိဝါသ်

သုဒ္ဓန္တပရိဝါသ်သည် (၁) စူဠသုဒ္ဓန္တပရိဝါသ်, (၂) မဟာသုဒ္ဓန္တပရိဝါသ် ဟု နှစ်ပါးပြားသည်။

သမောဓာနပရိဝါသ်

သမောဓာနပရိဝါသ်သည်လည်း (၁) အဂ္ဃသမောဓာနပရိဝါသ်, (၂) မိဿကသမောဓာနပရိဝါသ်, (၃) ဩဓာနသမောဓာနပရိဝါသ်ဟု (၃)မျိုး ပြားပြန်သည်။

သုဒ္ဓန္တပရိဝါသ်နှစ်မျိုး

ဖုံးလွှမ်းသော ညဉ့်အပိုင်းအခြားအားလုံးကိုလည်းကောင်း၊ အချို့ကို လည်းကောင်း၊ အတိအကျမသိသူ, သတိမရသူ, ယုံမှားသူအား ခွင့်ပြုသော ပရိဝါသ်ဖြစ်၏၊ သုဒ္ဓန္တပရိဝါသ်သည် စူဠဝါပါဠိတော် သမုစ္စယက္ခန္ဓက၌ သာမညအားဖြင့် တစ်မျိုးတည်းလာသည်။ စူဠဝါအဋ္ဌကထာ၌ ဖုံးလွှမ်းသော ညဉ့်အပိုင်းအခြားကို မသိမှု အနည်းအများကို ထောက်ထား၍ စူဠသုဒ္ဓန္တ, မဟာသုဒ္ဓန္တဟု နှစ်မျိုးခွဲခြားပြဆိုလေသည်။

စူဠသုဒ္ဓန္တ

စူဠသုဒ္ဓန္တဟူသည် မစင်ကြယ်သော နေ့ရက်တို့ကို မမှတ်မိဘဲ စင်ကြယ် သော နေ့ရက်၊ လ၊ နှစ်အချို့ကိုသာ မှတ်မိသော ရဟန်းအားပေးသော ပရိဝါသ် ဖြစ်၏၊ ရဟန်းခံပြီးသည့် အချိန်မှစ၍ အထက်သို့ ရေတွက်သည့် အနုလုံအစဉ်အားဖြင့် ဖြစ်စေ၊ သံဃာဒိသေသ်အာပတ်ကို ဒေသနာကြားရာ နေ့မှစပြီး နောက်ပြန်ရေတွက်ရသည့် ပဋိလုံအစဉ်အားဖြင့်ဖြစ်စေ ဤမျှ လောက်သော နေ့ရက်၊ ပက္ခ၊ လ၊ နှစ်တို့ပတ်လုံး သံဃာဒိသေသ်အာပတ် မသင့်သေး စင်ကြယ်သည်ဟု သိသောရဟန်းအား ပေးအပ်သော ပရိဝါသ် ဖြစ်သည်။

စူဠသုဒ္ဓန္တပရိဝါသ်ကို ဆောက်တည်ကျင့်သုံးလိုသော ရဟန်းသည် စင်ကြယ်သည်ဟု ဧကန်သိသော နေ့ရက်၊ ပက္ခ၊ လ၊ နှစ်တို့ကို ဖယ်ရှား၍ ကြွင်းကျန်သော နေ့ရက်၊ ပက္ခ၊ လ၊ နှစ်တို့ပတ်လုံး ပရိဝါသ်ကျင့်သုံးရမည်။ (၅)ဝါ ရပြီးသော ရဟန်းသည် (၂)နှစ်မျှ စင်ကြယ်၏ဟု သိပါက ကျန် (၃)နှစ် ပရိဝါသ်ကျင့်သုံးရမည်။ (၃)နှစ် ပရိဝါသ်ယူ၍ ကျင့်နေစဉ် အကယ်၍ နောက် ထပ် (၁)နှစ်လည်း မစင်ကြယ်ဟု အမှတ်ရပါက နောက်ထပ်သတိရသော (၁)နှစ်ကိုလည်း တဆက်တည်း ပရိဝါသ်ကျင့်ရမည်။ ကမ္မဝါစာဖြင့် ပရိဝါသ် ထပ်ပေးဖွယ်မရှိ။

ထိုသို့မဟုတ်ပဲ (၃)နှစ်ပရိဝါသ်ယူ၍ ကျင့်နေစဉ် မိမိမစင်ကြယ်သည်မှာ (၃)နှစ်မဟုတ် (၂)နှစ်သာလျှင်ဖြစ်သည်ဟု ဆုံးဖြတ်နိုင်လျှင် (၃)နှစ်ပြည့်အောင် ကျင့်ဖွယ်မလို။ (၂)နှစ်သာ ပရိဝါသ် နေရန်လို၏၊ ဤပရိဝါသ်သည် အထက်သို့လည်း တိုးနိုင်၏၊ အောက်သို့လည်း လျော့နိုင်၏၊

မဟာသုဒ္ဓန္တ

ရဟန်းခံသည့်နေ့မှစ၍ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်ပက္ခ၊ ဘယ်လ၊ ဘယ်နှစ်တွေမှာ သံဃာဒိသေသ်အာပတ် မသင့်ဘဲ စင်ကြယ်ခဲ့ပါသလဲဟုမေး သော် ဆိုခဲ့ပြီးသော အနုလုံအားဖြင့်၎င်း, ပဋိလုံအားဖြင့်၎င်း နေ့ရက်၊ ပက္ခ၊ လ၊ နှစ်တို့ကို ပိုင်းခြားမသိ မမှတ်မိ ယုံမှားမှုမျိုး ရှိနေသော ရဟန်းအား ပေးအပ်သော ပရိဝါသ်သည် မဟာသုဒ္ဓန္တပရိဝါသ် ဖြစ်သည်။ တစ်နေ့မှ မစင်ကြယ်သူအား မဟာသုဒ္ဓန္တပရိဝါသ်ကို ပရိဝါသ်ယူရာနေ့မှ စ၍ ရဟန်းခံရာ နေ့တိုင်အောင် ညဉ့်တို့ကို ရေတွက်၍ ပရိဝါသ် ကျင့်သုံးရသည်။ ရဟန်း (၅)ဝါရသော ရဟန်း (၅)နှစ်၊ (၁၀)ဝါရပြီးသောရဟန်း (၁၀)နှစ် ပရိဝါသ် ကျင့်သုံးရမည် စသည်ဖြင့် သိပါလေ။ ထိုသို့ပရိဝါသ်နေစဉ် ဖုံးလွှမ်းရက်ကို သတိရ၍ (၁)လမျှသာဟု၎င်း, (၁)နှစ်မျှသာဟု၎င်း ဆုံးဖြတ်နိုင်အံ့။ (၁)လ၎င်း, (၁)နှစ်၎င်းသာ ပရိဝါသ်နေရန်လို၏၊ ဤမဟာသုဒ္ဓန္တပရိဝါသ်သည် အထက်သို့ မတိုးနိုင်။ အောက်သို့လျော့နိုင်၏၊

အဂ္ဃသမောဓာနပရိဝါသ်

များစွာသော သမ္ဗဟုလအာပတ်တို့တွင် အကြာမြင့်ဆုံး ဖုံးလွှမ်းအပ် သော အာပတ်တို့၏ အဖို့အစုအားဖြင့် ပေါင်းစု၍ ယင်းအာပတ်တို့၏ ညဉ့် အပိုင်းအခြား၏ အစွမ်းအားဖြင့် ကြွင်းသော ရက်အနည်းငယ် ဖုံးလွှမ်း အပ်သောအာပတ်တို့အတွက် ထည့်ပေါင်း၍ ပေးအပ်သော ပရိဝါသ်သည် အဂ္ဃသမောဓာနပရိဝါသ်မည်၏၊

ညဉ့်ပေါင်းတစ်ရာဖုံးစေ ဆယ်ညဉ့်ပရိဝါသ်နေ

ပထမ အာပတ်တစ်ရာသင့်၍ ဆယ်ညဉ့်ဖုံးလွှမ်းထား၏၊ ဒုတိယ အာပတ်တစ်ရာ သင့်ပြန်၍ ဆယ်ညဉ့်ပင် ဖုံးလွှမ်းပြန်၏၊ ဤသို့ဆယ်ကြိမ် သင့်၍ အာပတ်ပေါင်းတစ်ထောင်ဖြစ်၍ ညဉ့်ပေါင်းတစ်ရာဖုံးလွှမ်းထား၏၊

ယင်းသို့ ညဉ့်ပေါင်း တစ်ရာဖုံး၍ အာပတ်တစ်ထောင် သင့်နေသော ရဟန်းသည် ညဉ့်ပေါင်းတစ်ရာပတ်လုံး ပရိဝါသ်ကျင့်သုံးစရာ မလိုပါချေ။ အတူဖြစ်သော ဆယ်ညဉ့် ဆယ်ခါကို တစ်ပေါင်းတည်းပေါင်း၍ ဆယ်ညဉ့်သာ အဂ္ဃသမောဓာနပရိဝါသ်ဆောက်တည်လျှင် ပြီးစီး၏၊ ညဉ့်တစ်ရာ အာပတ် တစ်ထောင်သည် ကင်းစင်တော့၏၊ အကယ်၍ (၁၀)ရက်ဖုံးချည်း မဟုတ်ဘဲ။ (၉)ရက်ဖုံး, (၈)ရက်ဖုံး စသည်ရှိခဲ့လျှင်လည်း (၁၀)ရက် အဂ္ဃသမောဓာန ပရိဝါသ်ယူလျှင် ထို (၉) ရက်ဖုံး, (၈)ရက်ဖုံးများပါ ကင်းစင်တော့၏၊ အကယ်၍ (၁၁)ရက်ဖုံးရှိခဲ့လျှင်မူ (၁၀)ရက်ဆောက်တည်ခြင်းကြောင့် (၁၀)ရက်ဖုံး အာပတ်များသာ စင်ကြယ်၍ (၁၁)ရက်ဖုံးသော အာပတ်မှာ မစင်ကြယ်။ (၁၁)ရက်ဖုံး အဂ္ဃသမောဓာနပရိဝါသ်ယူမှသာ (၁၁)ရက်ဖုံး အာပတ်ပါ စင်ကြယ်သွားမည်ဖြစ်၏၊

မိဿကသမောဓာနပရိဝါသ်

စူဠဝါပါဠိတော်၌ မိဿကသမောဓာနပရိဝါသ်ဟူ၍ မလာချေ။ ဩဓာနသမောဓာနပရိဝါသ်နှင့် အဂ္ဃသမောဓာနပရိဝါသ်နှစ်မျိုးသာ ဟောတော်မူသည်။ မိဿကသမောဓာနပရိဝါသ်ကို ဟောတော်မမူသည်ကို ထောက်ဆလျှင် မိဿကသမောဓာနပရိဝါသ်သည်အဂ္ဃသမောဓာနပရိဝါသ်၌ ပါဝင်ပြီးဖြစ်သည်ဟု သိနိုင်သည်။

ဝဇီရဗုဒ္ဓိဋီကာ၌ မိဿကသမောဓာနပရိဝါသ်ဟူသည် သုက္ကဝိဿဋ္ဌိ, ကာယသံသဂ္ဂစသော နာနာဝတ္ထု များစွာပါဝင်သော သမ္ဗဟုလာအာပတ် သင့်သောရဟန်းအား ရောပေါင်း၍ ပေးအပ်သော ပရိဝါသ်ဖြစ်သည်ဟု ဆိုထားပါသည်။ အဂ္ဃသမောဓာနပရိဝါသ်ဆောက်တည်လျှင် မိဿကသမော ဓာနပရိဝါသ် ပြီးစီးနိုင်သည်ဟု ပါဠိတော် အဋ္ဌကထာ သာဓကတို့ဖြင့် သိရ သည်။

အဂ္ဃသမောဓာနနှင့် မိဿကသမောဓာနအထူး

အဂ္ဃသမောဓာနပရိဝါသ်သည် သဘောတူဝတ္ထုရှိသော အာပတ်များ သင့်သောရဟန်းအား ညဉ့်အနည်းငယ် ဖုံးလွှမ်းသော အာပတ်တို့ကို ညဉ့် အများဆုံး ဖုံးလွှမ်းသော အာပတ်၌ ပေါင်းထည့်၍ ပေးအပ်သော ပရိဝါသ် ဖြစ်သည်။

မိဿကသမောဓာနပရိဝါသ်ဟူသည် သုက္ကဝိဿဋ္ဌိ ကာယသံသဂ္ဂ စသော ဝတ္ထုများစွာ ပါဝင်သော သမ္ဗဟုလာအာပတ်သင့်သော ရဟန်းအား ရောပေါင်း၍ ပေးအပ်သော ပရိဝါသ်ဖြစ်သည်။ ဝဇီရဗုဒ္ဓိဋီကာ၌ ဤသို့ အထူးကို ဖော်ပြထားသည်။

အဂ္ဃသမောဓာနပရိဝါသ်ဆောက်တည်လျှင် အာပတ္တိသမ္ဗဟုလ ဝတ္ထုသမ္ဗဟုလနှစ်ပါးလုံး ပါဝင်နိုင်သဖြင့် မိဿကသမောဓာနပရိဝါသ် သီးခြား ဆောက်တည်ရန် မလိုချေ။ ထိုကြောင့် အဋ္ဌကထာတို့၌ (၃)မျိုးပြထားသော် လည်း ဝတ်ကမ္မဝါစာ အစောင်စောင်တို့၌ မိဿကသမောဓာန်ကို မပြဆို ကြခြင်း ဖြစ်သည်။

ဩဓာနသမောဓာနပရိဝါသ်

ဩဓာနသမောဓာနပရိဝါသ်ဟူသည် ပရိဝါသ်နေစဉ်အကြားကာလ (ဒဏ်သားအခိုက်၌) အန္တရာပတ်သင့်၍ ဝတ်တန်းလန်းနှင့်ရှိစဉ် သံဃာဒိ သေသ်အာပတ် ထပ်သင့်၍ ညဉ့်ဖုံးလွှမ်းသောရဟန်းက ကျင့်သုံးပြီးသော နေ့တို့ကို မရေတွက် ချေဖျက်၍ ရှေ့အာပတ်၏ မူလဖုံးလွှမ်းသောနေ့၌ နောက်သင့်သော အာပတ်ကို ထည့်၍ ပေးရသော ပရိဝါသ်ဖြစ်သည်။ ထပ်သင့်သော အာပတ်ကို မူလအာပတ်နှင့် ရက်တူဖြစ်စေ, ရက်နည်းဖြစ်စေ ဖုံးလွှမ်းလျှင် ထိုနောက်အာပတ်ကို မူလအာပတ်၌ ထည့်သွင်း၍ မူလအာပတ် ဖုံးလွှမ်းရက်အတိုင်း တစ်ဖန် ပရိဝါသ်ပေးအပ်၏၊ အကယ်၍ နောက်ထပ် သင့်သော အာပတ်ကို မူလအာပတ်ထက် ရက်လွန်ဖုံးလွှမ်းလျှင် နောက် အာပတ်ကို မူလအာပတ်ပြု၍ ပထမရက်နည်းဖုံးသောအာပတ်ကို ထည့်သွင်း ၍ တစ်ဖန် ပရိဝါသ်ပေးအပ်၏၊

မူလာယပဋိကဿန နှင့် ဩဓာနအထူး

အန္တရာပတ်သင့်၍ မဖုံးလွှမ်းလျှင် အရင်းသို့ငင်ခြင်း မူလာယပဋိကဿနကိုသာ ပြုရသည်။

ညဉ့်ဖုံးလွှမ်းခဲ့လျှင်မူကား အရင်းသို့ ငင်ရုံသာမက ဩဓာနသမောဓာန ပရိဝါသ်ပါ ပေးရသည်။ (ကမ္မဝါအစီအရင်ကို ကမ္မဝါအပိုင်း၌ ကြည့်ပါ။)

မာနတ် (၄) မျိုး

မာနတ်ဟူသည် ရဟန်းများတို့ ကျေနပ်မြတ်နိုးစေရန် ရက်အပိုကျင့် ရသော ကျင့်ဝတ်ဖြစ်သည်။ ယင်းမာနတ်သည် (၁) အပ္ပဋိစ္ဆန္နမာနတ်, (၂) ပဋိစ္ဆန္နမာနတ်, (၃) ပက္ခမာနတ်, (၄) သမောဓာနမာနတ်ဟု စူဠဝါအဋ္ဌကထာ (၁၆)၌ မာနတ် (၄)မျိုးပြထားသည်။ သုဒ္ဓန္တမာနတ်ပါထည့်လျှင် မာနတ် (၅)မျိုး ဖြစ်သင့်၏၊

၁။ ထိုတွင် သံဃာဒိသေသ်အာပတ်သင့်ပြီး ညဉ့်မဖုံးလွှမ်းသော ရဟန်းအား ပေးအပ်သောမာနတ်သည် အပ္ပဋိစ္ဆန္နမာနတ်မည်၏၊
၂။ သံဃာဒိသေသ်အာပတ်သင့်ပြီး ညဉ့်ဖုံးလွှမ်းသဖြင့် ဖုံးလွှမ်းသော ညဉ့်အားလျော်စွာ ပရိဝါသ်ကျင့်သုံးပြီးသော ရဟန်းအား ပေးအပ်သော မာနတ်သည် ပဋိစ္ဆန္နမာနတ်မည်၏၊
၃။ ဘိက္ခုနီမတို့အား သံဃာဒိသေသ်အာပတ်သင့်ရာ၌ အာပတ်ကို ဖုံးလွှမ်း သည်ဖြစ်စေ မဖုံးလွှမ်းသည်ဖြစ်စေ တစ်ပက္ခလုံးကျင့်သုံးဖို့ရန် ပေးအပ် သော မာနတ်သည် ပက္ခမာနတ်မည်၏၊ (ဤ၌ မလိုချေ။)
၄။ တစ်ပေါင်းတည်းပေါင်းထည့်ပြီး ပေးအပ်သောမာနတ်သည် သမောဓာန မာနတ်မည်၏၊ အဂ္ဃသမောဓာနမာနတ်, မိဿကသမောဓာနမာနတ်, ဩဓာနသမောဓာနမာနတ်ဟု ယင်း၌ (၃)မျိုးရှိ၏၊
၅။ သုဒ္ဓန္တပရိဝါသ်အဆုံး၌ ပေးအပ်သော မာနတ်ကို သုဒ္ဓန္တမာနတ်ဟု ခေါ်သင့် သည်။

အဗ္ဘာန် (၄) မျိုး

အဗ္ဘာန်၌လည်း (၁)အပ္ပဋိစ္ဆန္နအဗ္ဘာန်, (၂)ပဋိစ္ဆန္နအဗ္ဘာန်, (၃) သမောဓာနအဗ္ဘာန်, (၄) သုဒ္ဓန္တအဗ္ဘာန်ဟု (၄)မျိုး ရှိသင့်သည်။

ဒဏ်သားရဟန်း

သံဃာဒိသေသ်အာပတ်သင့်၍ ပရိဝါသ်ဆောက်တည် မာနတ်ကျင့် နေသော ရဟန်းတို့ကို အပြစ်အားလျော်စွာ ဒဏ်ထမ်းဆောင်သည် မည်သော ကြောင့် ဒဏ်သားရဟန်းဟု မြန်မာနိုင်ငံသာသနာ၌ ခေါ်ကြလေသည်။

ဒဏ်သားအပြား

ယင်းဒဏ်သားရဟန်းသည် -
၁။ ပရိဝါသ်ဆောက်တည်ဆဲ “ပါရိဝါသိက”ရဟန်း၊
၂။ မာနတ်ကျင့်ဆဲ “မာနတ္တစာရိက”ရဟန်း၊
၃။ အန္တရာပတ်သင့်၍ အရင်းသို့ ငင်ထိုက်သော “မူလာယပဋိကဿနာရဟ” ရဟန်း၊
၄။ ပရိဝါသ်ကျင့်ပြီး၍ မာနတ်ပေးထိုက်သော “မာနတ္တာရဟ”ရဟန်း၊
၅။ မာနတ်ကျင့်ပြီး၍ အဗ္ဘာန်သွင်းထိုက်သော “အဗ္ဘာနာရဟ” ရဟန်းအားဖြင့် (၅)ပါး အပြားရှိပါသည်။

(၃)နံပါတ် “မူလာယပဋိကဿနာရဟ” ရဟန်းသည် (၁) ပရိဝါသ်ကျင့်စဉ်, (၂) မာနတ်ထိုက်စဉ်, (၃) မာနတ်ကျင့်စဉ်, (၄) အဗ္ဘာန်ထိုက်စဉ်ဟူ၍ အန္တရာပတ်သင့်ရာကာလ (သံဃာဒိသေသ်အာပတ် ထပ်သင့်ရာကာလ) (၄)မျိုးခွဲ၍ (၁) “ပါရိဝါသိကမူလာယပဋိကဿနာရဟ”ရဟန်း, (၂) “မာနတ္တာရဟမူလာယပဋိကဿနာရဟ”ရဟန်း, (၃) “မာနတ္တစာရိကမူလာယပဋိကဿနာရဟ”ရဟန်း, (၄) “အဗ္ဘနာရဟမူလာယပဋိကဿနာရဟ”ရဟန်းဟု (၄)မျိုး ခွဲခြားနိုင်သည်။ ယခင် (၅)ပါးတွင် “မူလာယပဋိကဿနာရဟ” ရဟန်း နှုတ်၍ ဤ (၄)ပါးနှင့် ပေါင်းသော် ဒဏ်သားရဟန်း အပြား (၈)ပါး ဖြစ်နိုင်သည်။

ပရိဝါသ်ကျင့်ရာ၌ အဓိကကျသည့် ညဉ့်ပြတ်ခြင်း ရတ္တိစ္ဆေဒ (၃) ပါး

တယော ခေါ ဥပါလိ ပါရိဝါသိကဿ ဘိက္ခုနော ရတ္တိစ္ဆေဒါ၊ သဟဝါသော ဝိပ္ပဝါသော အနာရောစနာ၊ ဣမေ ခေါ ဥပါလိ တယော ပါရိဝါသိကဿ ဘိက္ခုနော ရတ္တိစ္ဆေဒါတိ၊ (စူဠဝါပါဠိ-၈၇။)

၁။ သဟဝါသော = ပကတတ်ရဟန်းနှင့်ဖြစ်စေ၊ ဒဏ်သားရဟန်းအချင်းချင်း ဖြစ်စေ တစ်မိုးတည်းဖြစ်သော ကျောင်း စေတီအိမ်စသည်တို့၌ နေ့မှာ ဖြစ်စေ၊ ညမှာဖြစ်စေ အတူတကွ ခေါင်းချအိပ်ခြင်း။
၂။ ဝိပ္ပဝါသော = ပကတတ်ရဟန်းနှင့် အတူမနေဘဲ အရုဏ်တက်သည်တိုင် အောင် ကင်းကွာ၍ တစ်ပါးတည်းနေခြင်း၊ (အာရာမ်တွင်းမှာဆိုလျှင် အသီးသီး ကိုယ့်နေရာနှင့်ကိုယ် (၁၂)တောင်ထက် ကျော်လွန်၍လည်း နေနိုင်သည်။ အာရာမ်အပြင်ဘက်မှာဆိုလျှင် ပကတတ်ရဟန်းနှင့် (၁၂)တောင်ထက် ကျော်လွန်ကင်းကွာ၍ အရုဏ်တက်သည်တိုင်အောင် မနေရ။)
၃။ အနာရောစနာ = မိမိတည်းဟူသော ပါရိဝါသိကရဟန်းက သူတစ်ပါး ကျောင်းအာရာမ်သို့ အာဂန္တုကအဖြစ် ရောက်သွားလျှင် ထိုကျောင်း အာရာမ်တွင်းရှိ သံဃာအားလုံးအား ဝတ်ကြားရခြင်း၊ မိမိနေရာ ကျောင်း အာရာမ်တွင်းသို့ အခြားကျောင်းမှ ရောက်လာသော အာဂန္တုရဟန်းအား ဝတ်ကြားရခြင်း (တစ်ခါကြားထားပြီး ရဟန်းအား နောက်ထပ်ကြားစရာ မလိုပါ၊ မူလာယပဋိကဿနာရဟ, မာနတ္တာရဟ, အဗ္ဘာနာရဟရဟန်း တို့သည် ဝတ်ကြားစရာမလိုပါ။)

(ဆောင်) တကွ, ကင်းနေ, မကြားပေ၊ သုံးထွေ ညဉ့်ပြတ်ခြင်း။

မာနတ်ကျင့်ရာ၌ အဓိကကျသည့် ရတ္တိစ္ဆေဒ (၄) ပါး

စတ္တာရော ခေါ ဥပါလိ မာနတ္တစာရိကဿ ဘိက္ခုနော ရတ္တိစ္ဆေဒါ၊ သဟဝါသော ဝိပ္ပဝါသော အနာရောစနာ ဦနေဂဏေ စရဏံ၊ ဣမေ ခေါ ဥပါလိ စတ္တာရော မာနတ္တစာရိကဿ ဘိက္ခုနော ရတ္တိစ္ဆေဒါတိ။

(စူဠဝါပါဠိ-၉၉။)

ပါရိဝါသိကရဟန်း၏ ရတ္တိစ္ဆေဒ (၃)ပါးတွင် ဦနေဂဏေစရဏ တစ်ပါး ပို၍ (၄)ပါးဖြစ်သည်။

“ဦနေဂဏေစရဏ” ဟူသည် (၄)ပါး, (၅)ပါးသော ပကတတ်ရဟန်း တို့နှင့်အတူ အာရာမ်တစ်ခုတည်း၌ နေရခြင်း, အာရာမ်ပြင်ဘက် ထွက်သည် ဖြစ်မူ (၄)ပါး, (၅)ပါးသော ပကတတ်ရဟန်းတို့ (၁၂)တောင် ဥပစာအတွင်း ရှိနေရခြင်းပင်တည်း။ (၂)ပါး, (၃)ပါးသော ရဟန်းတို့နှင့်သာ အရုဏ်တက်သည်တိုင်အောင် နေခဲ့သော် ရတ္တိစ္ဆေဒဖြစ်သည်။ ညဉ့်ပြတ်သွား၏၊ အပိုကျင့်ရမည်။

(ဆောင်) တကွ, ကင်းနေ, မကြားပေ၍, ဦနေဂဏ, ကျင့်မိကမူ, မာနတ္တမှာ ညဉ့်ပြတ်ရာ၏၊

နိက္ခိတ္တဝတ် + အနိက္ခိတ္တဝတ်

နိက္ခိတ္တဝတ်ကို ခွင့်ပြုတော်မူသည်မှာ မိမိနေရာ ကျောင်းတိုက်၌ သံဃာ များ၍ (တစ်နည်း) သံဃာအဝင်အထွက်တွေ များနေ၍ သံဃာအားလုံးအား ဝတ်ကြားခြင်းငှာ မစွမ်းနိုင်သည့်အတွက်ကြောင့်သာ ခေတ္တခဏ ဝတ်ချထား ရန် ခွင့်ပြုတော်မူသည်။

နိက္ခိတ္တဝတ် - ချထားသောနည်း (၅) နည်း

၁။ အဋ္ဌကထာ၌ မိမိနေရာကျောင်းတွင် သံဃာများနေ၍ စင်ကြယ်အောင် သံဃာသုတ်သင်ဖို့ မတတ်နိုင်လျှင် ကျောင်းဝိုင်းအပြင်ဘက် ခဲနှစ်ကျ ကျော်လွန်အောင် ထွက်၍ ကျင့်ရသောနည်းကို ပြသည်။ အပြင်မှာပင် ပကတတ်ရဟန်းနှင့်သွား၍ ဝတ်ဆောက်တည် ဝတ်ကြား အရုဏ်တက် လျှင် ဝတ်ချ၍ ကျောင်းတွင်းသို့ ပြန်လာရသည်။

၂။ ယခုအခါ အချို့သောရဟန်းတို့က မိမိနေထိုင်ရာကျောင်းတိုက်၌ သံဃာ များနေ၍ သံဃာအားလုံးအား ဝတ်ကြားခြင်းငှာ မတတ်နိုင်သည့် အတွက် သံဃာနည်းသော ကျောင်းတစ်ကျောင်းသို့ ညမအိပ်မီသွားပြီး ဝတ် ဆောက်တည်ကာ နံနက်အရုဏ်တက်လျှင် ဝတ်ချ၍ မိမိကျောင်းသို့ ပြန်လာပြီး ပကတတ်အဖြစ်ဖြင့် အခြားပြုဘွယ်တို့ကို ပြုလုပ်ကြပေသည်။

၃။ အချို့သောရဟန်းတို့က မိမိနေထိုင်ရာကျောင်းတိုက်၌ သံဃာအရေ အတွက် နည်းပါးပါလျက် အာဂန္တုအား ဝတ်ကြားမှု, ပကတတ်အဖြစ်ဖြင့် အခြားကိစ္စတို့ကို လွယ်လင့်တကူပြုနိုင်မှုအတွက် ညဝတ်ဆောက်တည် ကာ နေ့မှာ ဝတ်ချထားသောနည်းတို့ကို ကျင့်တတ်ကြပေသည်။

ဤ (၃)နံပါတ်နည်းမှာ သဒ္ဓါယွင်းကွက် အပျင်းထွက်သောနည်းဖြစ်၍ မသင့်လျော်ချေဟု ပခုက္ကူအရှင်ဝိစာရရေး ပရိဝါသ်အဆုံးအဖြတ်ကျမ်း၌ ဆိုထားသည်။

၄။ ယခုခေတ်၌ တစ်ကျောင်းတိုက်တည်းတွင် စုပေါင်း၍ ဝတ်ပွဲအနေဖြင့် ဆောက်တည်ကြသည်။ အချို့မှာ တစ်ကျောင်းဆောင်တည်းတွင် ပကတတ်ရဟန်းရော, ဒဏ်သားရဟန်းများပါ စုနေကြပြီး ည (၃)နာရီခန့် ဝတ်ဆောက်တည် ဝတ်ကြား၍ အရုဏ်တက်သောအခါ ဝတ်ချ၍ နေ့အခါတွင် ပကတတ်ရဟန်းအဖြစ် နေကြသည်။

၅။ တစ်ချို့သော ဝတ်ပွဲတို့မှာ ဒဏ်သားရဟန်းတို့အား တစ်ပါးနေကျောင်း ကလေးတွေမှာ တစ်ပါးစီသာ နေထိုင်ကြစေပြီး ဝတ်ယူသောအခါ ဓမ္မာရုံ တစ်ခုတည်းမှာ ဝတ်ယူဝတ်ကြားပြီး မိမိကျောင်းကလေးအတွင်း၌ နေထိုင် စေကြသည်။ အရုဏ်တက်သောအခါ စုပေါင်း ဝတ်ကြားဝတ်ချ သော နည်းဖြင့် ဝတ်ဆောက်တည်ကြသည်။

နောက်ဆုံး နံပါတ် (၅)နည်းသည် အိပ်ရေးပျက် နည်းပါးကာ သက်တောင့်သက်သာနေ၍ ဝတ်ဆောက်တည်ရသောနည်း ဖြစ်ပါသည်။ ဒဏ်သား ကျင့်ဝတ် အချို့များလည်း သက်သာသည်။

အနိက္ခိတ္တဝတ်

အနိက္ခိတ္တဝတ်ဆောက်တည်လိုသောသူသည် နေ့ရောညဉ့်ပါ ဝတ်ကို မချဘဲ အမြဲတန်း ဆယ်ရက်ဆောက်တည်က ဆယ်ရက်, တစ်လဆောက်တည်က တစ်လလုံး ဆောက်တည် ကျင့်ရသည်။ နေ့အခါမှာလည်း ဝတ်ကို မချထားဘဲ ကျင့်ရသည်။ အနိက္ခိတ္တဝတ်၌ ပရိဝါသ်နေသောအခါ တစ်ခါ ဝတ်ကြားထားလျှင် ပြီးသည်။ အာဂန္တုအသစ် ရောက်လာလျှင်မူ ၎င်း အာဂန္တုအား ဝတ်ကြားရသည်။ မာနတ်ကျင့်သောအခါ၌ကား နေ့တိုင်းပင် ဝတ်ကြားရသည်။ နိက္ခတ္တဝတ်၌ကား နေ့အခါ ဝတ်ချထားပြီးချိန်မှ စ၍ ပကတတ်ရဟန်းဖြစ်သွားသောကြောင့် အာဂန္တုရဟန်းတော်များ နေ့အခါ ရောက်လာသော်လည်း ဝတ်ကြားရန် မလိုတော့ပါ။ ဒဏ်သားကျင့်ဝတ်များလည်း ကျင့်ဖွယ်မလိုပါ။ ညအခါ ဝတ်ယူပြီးသောအခါ၌သာ အနိက္ခိတ္တဝတ် ယူထားသော ရဟန်းကဲ့သို့ ဒဏ်သားကျင့်ဝတ် (၉၄)ပါး ဖြည့်ကျင့်ရသည်။

အနိက္ခိတ္တဝတ်ကျင့်သော ရဟန်းသည် ပရိဝါသ်ကျင့်ပြီး၍ မာနတ်တက် သောအခါ အနိက္ခိတ္တဝတ်ဖြစ်၍ ဝတ်ဆောက်တည်စရာမလို။ မာနတ္တာရဟ ပုဂ္ဂိုလ်ဖြစ်၍ ပရိဝါသ်ကြားစရာမလို။ မာနတ်ကျင့်ပြီးသောအခါ အဗ္ဘာနာရဟပုဂ္ဂိုလ်ဖြစ်၍ မာနတ်ကြားစရာမလိုပေ။

မာနတ်ကျင့်ပြီးလျှင် အယုတ်ဆုံး အပါးရေနှစ်ဆယ်၊ နှစ်ဆယ်ထက် ပိုသော သံဃာတော်တို့ကို သိမ်သို့ပင့်၍ အဗ္ဘာန်ကံဆောင်ရမည်။ အနိက္ခိတ္တဝတ်ဖြစ်ခြင်းကြောင့် တစ်ဖန် ဆောက်တည်ခြင်း, ကြားခြင်း ပြုဖွယ်မလို၊ အဗ္ဘာန်တောင်းရုံသာ ဖြစ်၏၊ အာဂန္တုရဟန်းအား ကြားစရာမလိုတော့ပါ။ သံဃာက အဗ္ဘာနကမ္မဝါစာဖတ်၍ ချီးမြှင့်သည်၏အဆုံး၌ အားလုံးသော သံဃာဒိသေသ်အာပတ်များ အပြစ်မတွယ် စင်ကြယ်လေတော့၏၊

သာသနာ၌ ကျင့်သူနည်းပါး၍ ကွယ်ပျောက်လုဖြစ်နေသော အနိက္ခိတ္တ ဝတ်ကို သဒ္ဓါတရားရှေ့ထားကာ ကျင့်နိုင်ပါစေရန် ရေးသားခဲ့ပေသည်ဟု ပရိဝါသ်မာနတ်အဆုံးအဖြတ်ကျမ်း၌ ပခုက္ကူအရှင်ဝိစာရ မိန့်မှာရေးသားတော် မူပါသည်။

ဝတ်တောင်းခြင်း ဝတ်ကြားခြင်းများ မှတ်သားရန်

ဝတ်တောင်းရာ၌ အဋ္ဌကထာတွင် “ယာယကာယစိဘာသာယ”ဟု ခွင့်ပြုချက်မရှိခြင်းကြောင့် ပါဠိဘာသာဖြင့် ဝတ်တောင်းသင့်သည်။ တောင်းပုံ ပါဠိစာသွား နားထောင်၍ ကမ္မဝါဖတ်ရမည်ဟု အဋ္ဌကထာဖွင့်သောကြာင့် (၃)ကြိမ်တောင်းမှ အပ်သည်။

ဝတ်ကြားရာ၌ကား “ယာယကာယစိဘာသာယ အာရာစေတုံ ဝဋ္ဋတိ ယေဝ”ဟု အဋ္ဌကထာဆိုသောကြောင့် ပါဠိဘာသာမဟုတ်ဘဲ အခြားဘာသာ တစ်မျိုးမျိုးဖြင့်လည်း ဝတ်ကြားနိုင်သည်။ “တိက္ခတ္တုံ အာရောစာပေတွာ”ဟု အဋ္ဌကထာ မဖွင့်ဆိုသောကြောင့် အရေးကြီးသော အကြောင်းကိစ္စရှိလျှင် တစ်ကြိမ်တည်းလည်း ကြားနိုင်သည်။ အရေးကြီးသော ကိစ္စမရှိလျှင် သုံးကြိမ် ကြားရသည်။

သိမ်ထဲ၌ ဝတ်ဆောက်တည်ဝတ်ကြားစဉ်က မပါသဖြင့် ဝတ်မကြား ရသေးသော ကျောင်းတိုက်တွင်းရှိ အခြားရဟန်းများရှိပါက ဝတ်ကြားရမည်။ ဝတ်မကြားလျှင် ရတ္တိစ္ဆေဒလည်း ဖြစ်သည်၊ ဝတ္တဘေဒဒုက္ကဋ်အာပတ်လည်း သင့်သည်။

ဒဏ်သားချင်းဝတ်ကြား

ဝတ်ကြားရာ၌ ဒဏ်သားအချင်းချင်းလည်း တစ်ပါးသည် တစ်ပါး၏ ပကတတ်ရဟန်းအရာ၌ တည်သည်။ ထို့ကြောင့် ဒဏ်သားအချင်းချင်းလည်း ဝတ်ကြားရမည်။ ယခုအခါ ဝတ်ကြားရာ၌ ဒဏ်သားအားလုံး တစ်ပြိုင်တည်း ဆို၍လည်းကောင်း နှစ်ပါးတစ်တွဲ သုံးပါးတစ်တွဲ ပြိုင်၍လည်းကောင်း ဝတ်ကြားတတ်ကြ၏၊ မိမိတို့အချင်းချင်း ဝတ်ကြားနေသည်ဟု အာရုံမရောက် နိုင်ကြပေ။ သို့အတွက် ဒဏ်သားတစ်ပါးစီသာ ဝတ်ကြားသင့်သည်။ ဝဇီရဗုဒ္ဓိ ဋီကာ, သာရတ္ထဒီပနီဋီကာ, ဝိမတိဋီကာတို့၌လည်း ဒဏ်သားအချင်းချင်း ဝတ်ကြားရမည်ဟု ဖွင့်ဆိုထားကြသည်။

ထို့ကြောင့် ယခုကာလ စုပေါင်းဝတ်ဆောက်တည်ပွဲ၌ အရှေ့၌ထိုင်နေ သော ပကတတ်ရဟန်းများကိုသာမက မိမိ၏ဘေး၌ ထိုင်နေသော ဒဏ်သားလောင်းများ, ဆောက်တည်ပြီးသွားသော ဒဏ်သားများ အားလုံးကိုပါ အာရုံပြု၍ ဝတ်ကြားရမည်ဖြစ်၏၊ အချို့က သေချာအောင် နှုတ်မှထုတ်ဖော်၍ပင် “ဒဏ်သားများနှင့် ဒဏ်သားလောင်းများအားလည်း ဝတ်ကြားပါ၏”ဟု ဆိုကြ၏၊ သေချာသော နည်းဖြစ်၏၊

ဒဏ်သားကျင့်ရန်များ

ဆိုခဲ့ပြီးသော နည်းများအတိုင်း ဝတ်ယူဝတ်ကြားပြီးသော ဒဏ်သား ရဟန်းသည် ယင်းကျောင်းတိုက်အတွင်း အစွန်အဖျားကျသော ကျောင်းငယ် တစ်ကျောင်းကို သံဃာကဖြစ်စေ, သံဃာ့ထေရ်ကဖြစ်စေ နေရာချထားပေး လိမ့်မည်။ သာယာကျေနပ်စွာ လက်ခံနေထိုင်ရမည်။

မိမိကျောင်းသို့ ပကတတ်ရဟန်းလာလျှင် ဝါငယ်သူလာသော်လည်း နေရာမှ ထခြင်း, နေရာဖြင့် ပင့်ဖိတ်ခြင်း, (၂)ဝါကြီး, (၂)ဝါငယ် နှစ်ပါးသာ အတူထိုင်ခွင့်ရှိသော ညောင်စောင်း, ကုတင်, အင်ပျဉ်, ဖျာစသော တစ်နေရာတည်း တစ်ပြင်တည်း အခင်းတစ်ခုတည်း၌ အတူမထိုင်ခြင်း, ပကတတ် ရဟန်းက နိမ့်သောနေရာ၌ ထိုင်လျှင် မိမိက မြင့်သောနေရာ၌ မထိုင်ခြင်း, စင်္ကြံတစ်ခုတည်း၌ အတူ စင်္ကြံမလျှောက်ခြင်း, မြင့်သောစင်္ကြံ၌ မလျှောက်ခြင်း, ပကတတ်ရဟန်းက မြေ၌ စင်္ကြံလျှောက်နေလျှင် မိမိက စင်္ကြံ၌ မလျှောက်ခြင်းတို့ကို လိုက်နာရမည်။

မိမိဝါစဉ်အတိုင်းရောက်သော ကျောင်း၌ မနေသင့်။ ရဟန်းအားလုံး ရွေးချယ်ယူပြီး၍ ကြွင်းကျန်သည့် မြူထသော, မြွေ, လင်းနို့, ကြွက်ပေါသော သစ်ရွက်မိုး ကျောင်းအညံ့ကို ပေးရမည်။ ပကတတ်ရဟန်းအားလုံးက ရုက္ခမူ, အဗ္ဘောကာသိက ဓုတင်ဆောင်ချည်းဖြစ်၍ ကျောင်းထဲ၌ မနေကြလျှင် ပကတတ်ရဟန်းတို့ စွန့်လွှတ်ထားရာ ရောက်သောကြောင့် ထိုကျောင်းတို့တွင် နှစ်သက်ရာကျောင်း ၌ နေနိုင်သည်။ ဝါဆိုရာနေ့၌ ဝေဖန်သော (ကျောင်းမှ တစ်ပါးသော) သင်္ကန်းစသော ပစ္စည်းကိုမူ သံဃာဝါစဉ်အတွင်း မနေဘဲ သံဃာတန်းဘေးမှ ရပ်၍ မိမိဝါစဉ် ရောက်သောအခါ ယူနိုင်သည်။

အိပ်ရာနေရာ

အိပ်စရာ ညောင်စောင်း, အင်းပျဉ်, ကုလားထိုင်စသည်တို့ကိုလည်း အညံ့ဆုံး ညောင်စောင်း, အင်းပျဉ်ကို ဒဏ်သားရဟန်းအား ပေးရမည်။ မိမိ ဝါစဉ်ဖြင့်ရောက်သော အိပ်ရာကိုမယူရ။ ရဟန်းအားလုံး ရွေးချယ်၍ ကျန်နေ သော ကြမ်းပိုးချေးပြည့်နှက်လျက် ကြိမ်နွယ်စသည်တို့ဖြင့် ခတ်ထားသည့် ညံ့သောအိပ်ရာကို ပေးရမည်။ ဆွမ်းစားကျောင်းစသည်တို့၌ သံဃာတွင် ဝါ အငယ်ဆုံးရဟန်း နေရာ၌ နေရမည်။ ရဟန်းအငယ်ဆုံး သာမဏေအကြီးဆုံး နေရာ၌ နေရမည်။

ရှိခိုးခြင်းစသည် မသာယာကောင်း

ဒဏ်သားရဟန်းသည် ပကတတ်ရဟန်းတို့၏ ရှိခိုးခြင်း, ခရီးဦးကြိုဆိုခြင်း, နေရာမှရှေးရှုထခြင်း , လက်အုပ်ချီခြင်း, ယပ်လေခပ်ခြင်းစသော အရို အသေပြုမှု၊ နေရာကို ရှေးရှုဆောင်ယူသွားခြင်း, ခင်းပေးခြင်း, အိပ်ယာကို ရှေးရှုဆောင်ယူသွားခြင်း, ခင်းပေးခြင်း, ခြေဆေးရေပေးခြင်း, မဆေးကြောရသေးသောခြေထောက် ထားစရာ အင်းပျဉ်ချပေးခြင်း, ခြေပွတ်အိုး ချပေးခြင်း, ဆေးကြောပြီးသော ခြေထောက်ထားစရာ အင်းပျဉ် ချပေးခြင်း, သပိတ် သင်္ကန်းကို လှမ်းယူခြင်း, ရေချိုးသောအခါ ချေးတွန်းပေးခြင်း အမှုများကို မသာယာကောင်း။ သာယာလျှင် ဒုက္ကဋ်အာပတ်သင့်သည်။

ပကတတ်ရဟန်းဟူရာ၌ ဝတ်တူရာ သီတင်းငယ် ဒဏ်သားရဟန်းမှ တစ်ပါး ရဟန်းအားလုံးကို ဆိုလိုသည်။ ဥပမာ - ပါရိဝါသိကရဟန်းအား ပါရိဝါသိက သီတင်းငယ်ရဟန်းမှလွဲ၍ ကျန်ရဟန်းအားလုံးသည် ပကတတ် အရာ၌ တည်၏၊ ယုတ်စွအဆုံး မူလာယပဋိကဿနာရဟရဟန်း, မာနတ္တာ ရဟရဟန်း, မာနတ္တစာရိကရဟန်း, အဗ္ဘာနာရဟရဟန်းတို့ ပါဝင်သည်။

ပကတတ်ရဟန်းဆိုလျှင် သဒ္ဓိဝိဟာရိကတပည့် အန္တေဝါသိကတပည့် တို့၏ ရှိခိုးခြင်းစသည်ကိုပင် မသာယာကောင်း၊ ပယ်မြစ်ရမည်။ မပယ်မြစ်ဘဲ သာယာလျှင် ဒုက္ကဋ်အာပတ်သင့်သည်။ ပယ်မြစ်ပါလျက် ဝတ်ပြုမြဲပြုနေကြ လျှင် တားမြစ်ထားချိန်မှစ၍ အာပတ်မသင့်။ သဒ္ဓိဝိဟာရိကတပည့် စသည်တို့ သည်လည်း ဝတ်ဆောက်တည်နေသော ဆရာရဟန်းအား ရှိခိုးခြင်းစသည် မပြုသင့်။ သီတင်းငယ်ပကတတ်ရဟန်းအား ဝတ်ကြားရာ၌ဖြစ်စေ အခြား အခါ၌ ဖြစ်စေ ဒဏ်သားသီတင်းကြီး ရဟန်းက ရှိခိုးဝပ်ချစရာ မလိုချေ။

ဝတ်ကြားသောအခါ၌ကား “ဧကသံ ဥတ္တရာသင်္ဂံ ကရိတွာ ဥက္ကုဋိံ နိသီဒိတွာ အဉ္ဇလိံ ပဂ္ဂယှ”ဟု လာသည့်အတိုင်း ဧကသီသင်္ကန်း လက်ကန် တော့ရန်းခြင်း, ဆောင့်ကြောင့်ထိုင်ခြင်း, လက်အုပ်ချီခြင်းတို့ကို ပြု၍ ဝတ်ကြားရမည်။ ဒဏ်သားရဟန်းတို့သည် အချင်းချင်းဝတ်တူရာ သီတင်းကြီးစဉ် အလိုက် သီတင်းကြီးရဟန်းက သီတင်းငယ်ရဟန်း၏ ရှိခိုးခြင်း လက်အုပ်ချီခြင်း စသော ပြပြီးခဲ့သော ဝတ်များကို သာယာကောင်းသည်။

ဒဏ်သားရဟန်းအား အထူးအခွင့်အရေး (၅) ပါး

အနုဇာနာမိ ဘိက္ခဝေ ပါရိဝါသိကာနံ ဘိက္ခူနံ ပဉ္စယထာ ဝုဍ္ဎဥပေါသထံ ပဝါရဏံ ဝဿိကသာဋိကံ ဩဏောဇနံ ဘတ္တံ။

၁။ သီတင်းကြီးစဉ်အလိုက် ဥပုသ်ပြုခွင့်ရခြင်း။
၂။ ပဝါရဏာပြုသောအခါ၌ သံဃနဝကနေရာ၌ နေလျက် မိမိဝါစဉ် ရောက် သောအခါ ပဝါရဏာပြုရခြင်း။
၃။ ဝါဆိုသင်္ကန်း ဝေဖန်သောအခါ သံဃာတန်း ဘေးမှရပ်၍ မိမိဝါစဉ် ရောက် သောအခါ သင်္ကန်းယူနိုင်ခြင်း။
၄။ ဥဒ္ဒေသဘတ်, ပုဂ္ဂလိကဆွမ်း ရစရာရှိက ဥဒ္ဒေသဘတ်ကို စွန့်ထား၍ နောက်နေ့မှ ရှေးဦးစွာ ခံယူနိုင်ခွင့်ရှိခြင်း။
၅။ ဝါစဉ်အလိုက် လောင်းလှူသော စတုသာလဘတ်ကို ကြီးစဉ်အလိုက် ခံယူ နိုင်ခြင်း။
မြတ်စွာဘုရားရှင်သည် ဒဏ်သားရဟန်းတို့အား ငါးပါးသော အခွင့်အရေးတို့ကို ခွင့်ပေးတော်မူသည်။

ဒဏ်သားကျင့်ဝတ် (၉၄)ပါး

ဒဏ်သားရဟန်းသည် ဥပဇ္ဈာယ်ပြု၍ ရဟန်းခံမပေးရ, ကမ္မဝါစာဆရာ လုပ်၍ ကမ္မဝါစာမဖတ်ရ, နိဿယည်းမပေးရ, ရှင်ပြုမပေးရ, သာမဏေတို့၏ အလုပ်အကျွေးမခံရ, တရားမဟောရ, ဩဝါဒမပေးရ, ပကတတ်ရဟန်း၏ ရှေ့မှမသွားရ, ရှေ့မှာမနေထိုင်ရ, နေရာအညံ့ဆုံး အိပ်ရာအညံ့ဆုံး ကျောင်း အညံ့ဆုံးကို ပေးသည်ကို သာယာစွာ ခံယူရမည်။ ပကတတ်ရဟန်းနှင့် ရှေ့သွားနောက်လိုက်ပြု၍ အမျိုးအိမ်သို့ မချဉ်းကပ်ရ, အရညကင်ဓုတင် မဆောက်တည်အပ်, ပိဏ္ဍပါတ်ဓုတင် မဆောက်တည်အပ်, ပရိဝါသ်ဆောက် တည်ခြင်းဟူသော အကြောင်းကြောင့် ငါ့ကို သူတစ်ပါး မသိပါစေနှင့်ဟု ဆွမ်းကို မဆောင်ယူစေအပ် စသည်ဖြင့် စူဠဝါပါဠိ (၈၃)သို့ ကြည့်ပါ။

သံဃာဒိသေသ်အာပတ် ကုစားရန် အစီအစဉ်

သံဃာဒိသေသ်အာပတ် စင်ကြယ်လိုသော ရဟန်းသည် ဝိနည်း တတ်ကျွမ်းနားလည်သူထံ မိမိ၏ လွန်ကျူးသောဝတ္ထု, အာပတ်, ဖုံးလွှမ်းသော နေ့ရက်၊ လ၊ နှစ်တို့ကို အဖြစ်မှန် သိရှိမှတ်မိသမျှ ပြောပြ၍ အစစ်ခံရမည်။ ဝိနည်းတတ်ကျွမ်းနားလည်ပါက မိမိဘာသာ ဆုံးဖြတ်နိုင်သည်။

ဝိနည်းတတ်ကျွမ်းသူ ဆရာဝိနည်းဓိုရ်က (၁)အပ္ပဋိစ္ဆန္နဝတ် ထိုက်သည် (၂)ပဋိစ္ဆန္နဝတ် ထိုက်သည် (၃)သုဒ္ဓန္တပရိဝါသ် ယူသင့်သည် (၄) သမောဓာန ပရိဝါသ်ယူသင့်သည်ဟု တစ်ခုခု (အကျယ်ရေးခဲ့ပြီး) ပြောဆိုသည့်အတိုင်း ကျင့်အပ်၏၊ အနိက္ခိတ္တဝတ်ကျင့်လိုက နေ့စဉ် ဝတ်ဆောက်တည်ခြင်း၊ ဝတ်ကြားခြင်း ပြုရန်မလို။ နိက္ခိတ္တဝတ်ကျင့်က အရုဏ်ယူပြီး ဝတ်ချထား ရသည်။

ရှေးဦးစွာ သိမ်အတွင်း၌ အနည်းဆုံးလေးပါး သို့မဟုတ် ထို့ထက်ပိုသော သံဃာထံ၌ ဝတ်တောင်းအပ်၏၊ သံဃာက ကမ္မဝါဖတ်၍ ဝတ်ပေးပြီး ဝတ်ဆောက်တည်ပြီးသောအခါမှစ၍ ပဋိညာဝန်ခံချက်အတိုင်း ကမ္မာရဟ ပုဂ္ဂိုလ်ဖြစ်၏၊ ဒဏ်သားအရာ၌ တည်၏၊

ကမ္မဝါစာဖတ်သောအခါ သံဃာအစွန် ဟတ္ထပါသ်၌ နေအပ်၏၊ အချို့ သံဃာ့အလယ်သို့ဝင်၍ ကမ္မဝါအဖတ်ခံကြ၏၊ ဘုရားရှင်၏ အမိန့်ကို လွန်ကျူးရာကျသည်။ သတိပြုကြလော့။ ကမ္မဝါအဆုံး၌ (၁၂)တောင်တွင်း နေ၍ ဝတ်ဆောက်တည် ဝတ်ကြားအပ်၏၊ ဝတ်ဆောက်တည်ပြီးသော အခါမှစ၍ ဒဏ်သားအစစ်ဖြစ်၏၊

နိက္ခိတ္တဝတ်ကျင့်လိုလျှင် ထိုဝတ်ကိုချအပ်၏၊ ထိုအခါ ပကတတ်အရာ၌ တည်၏၊ ထို့နောက် ရက်ယူရန် အရုဏ်မတက်မီ ဝတ်ဆောက်တည်၍ ကြား အပ်၏၊ အဆင်းမြင်ရ အသံကြားရသော အဝေးရဟန်းအားလည်းကောင်း, မမြင်ရ မကြားရသော်လည်း မိမိကကျောင်းဝိုင်းအတွင်းဖြစ်လျှင် ကျောင်းဝိုင်း အတွင်း ဖြတ်သွားသော, ကျောင်းဝိုင်းအတွင်း ရောက်လာသော, ကျောင်း ဥပစာအတွင်း (ကျောင်းခြံစည်းရိုးပြုသင့်ရာမှ ၁၂-တောင်ကွာအတွင်း) ရောက်လာသော အာဂန္တုကရဟန်းအားလည်းကောင်း၊ ကျောင်းဝိုင်းပြင်ပ ဖြစ်လျှင် (၁၂)တောင်တွင်းသို့ ရောက်လာသော ရဟန်းအားလည်းကောင်း ဝတ်ကို ကြားအပ်၏၊ သိလျက်နှင့် မကြားလျှင် ဝတ္တဘေဒဒုက္ကဋ် သင့်၍ ရတ္တိစ္ဆေဒ ညဉ့်ပြတ်၏၊ မသိလျှင်ကား အာပတ်မသင့်သော်လည်း ညဉ့်ပြတ် ၏၊ ထို့ကြောင့် ရက်ပိုဆောက်တည်သင့်ကြ၏၊

(ဝတ်တောင်းပုံ, ကမ္မဝါနှင့် ဝတ်ဆောက်တည်ပုံ, ဝတ်ကြားပုံ, ဝတ်ချပုံ များ သီးခြား ရေးထားပါသည်။)

ဝတ်ချပြီးသောအခါ ပကတတ်အရာ၌ တည်သောကြောင့် ပကတတ် ရဟန်းများရှိရာ ရှေ့နားသို့ကြွ၍ နောက်မှဆက်ကာ တန်းစီ နေရာယူရမည် ဖြစ်သည်။

ဒဏ်သားချင်းအားလည်း ဝတ်မကြားမိခဲ့လျှင် ရတ္တိစ္ဆေဒဖြစ်၏၊ ဝတ်ကြားသောအခါ ရဟန်းတစ်ပါးအထံ၌ “မံ အာယသ္မာ ဓာရေတု”၊ နှစ်ပါးထံ ၌ “မံ အာယသ္မန္တာ ဓာရေန္တု၊” သုံးပါးထံ၌ “မံ အာယသ္မန္တော ဓာရေန္တု”၊ သုံးပါးအထက်သံဃာအထံ၌ “မံ သံဃော ဓာရေတု”ဟု အဖျားသတ် ပါဠိ ပြင်၍ ဝတ်ကြားအပ်၏၊

(ဆောင်) တစ်ပါးမှာ မာ၊ နှစ်ပါး န္တာ၊ သုံးပါးမှာ န္တော၊ လေးပါး ဃော၊ သဘောမိပါစေ။

အရုဏ်တက်သောအခါ ဝတ်ချအပ်၏၊ ပရိဝါသ်ယူထားသောရက် စေ့သောအခါ သိမ်တွင်း၌ လေးပါး လေးပါးအထက် သံဃာထံ မာနတ် တောင်းရန် ပရိဝါသ်ဆောက်တည်အပ်၏၊ (ရတ္တိစ္ဆေဒညဉ့်ပြတ်ခဲ့လျှင် ရက်ပို ထား၍ ဝတ်ဆောက်တည်သင့်၏၊) ထိုပရိဝါသ်ဆောက်တည်ပြီးသောအခါမှ စ၍ မာနတ်ထိုက်သူဖြစ်၏၊ ဝတ်ကိုကြားပြီး မာနတ်တောင်းအပ်၏၊ မာနတ် တောင်းပြီးသောအခါ သံဃာအစွန် ဟတ္ထပါသ်သို့ ရွှေ့လာပြီး နေအပ်၏၊ ကမ္မဝါအဆုံး၌ (၁၂)တောင်တွင်း ထွက်ခွာနေ၍ မာနတ်ဆောက်တည် မာနတ်ကြား၍ ချအပ်၏၊

ရက်ယူရန် အရုဏ်မတက်မီ မာနတ်ဆောက်တည်၍ အနည်းဆုံး ပကတတ်ရဟန်းလေးပါးထံ ဝတ်ကြား၍, မြင်, ကြား, ကျောင်းဝိုင်းတွင်း, ပြင်ပ ၁၂-တောင်တွင်း ဝတ်မကြားရသေးသော ရဟန်းအားလည်းကောင်း, ဒဏ်သားချင်းအားလည်းကောင်း ကြားအပ်၏၊ အရုဏ်တက်သည်တိုင်အောင် အနည်းဆုံး ပကတတ်လေးပါးနှင့် အတူနေ၍ အရုဏ်တက်သောအခါ မာနတ်ကြား၍ မာနတ်ချအပ်၏၊

မာနတ်ခြောက်ညဉ့် စေ့သောအခါ သိမ်တွင်း၌ နှစ်ကျိပ်အနည်းဆုံးရှိ သံဃာထံ အဗ္ဘာန်တောင်းရန် မာနတ်ဆောက်တည်အပ်၏၊ အဗ္ဘာန်ထိုက်သူ ဖြစ်၍ မာနတ်ကြား အဗ္ဘာန်တောင်းအပ်၏၊ မာနတ်မကြားလျှင်လည်း အပြစ် မရှိ။ သံဃာစွန် ဟတ္ထပါသ်၌ နေအပ်၏၊ အဗ္ဘာနကမ္မဝါစာအဆုံး၌ စင်ကြယ် လေတော့၏၊

ပရိဝါသ်, မာနတ် ရက်အပိုထား ကျင့်သင့်သည်။ အဗ္ဘာန်သွင်းပြီးသော အခါ၌ မာနတ်ချသင့်သည်။ တစ်ချို့က အပိုထင်၍ မပြုကြချေ။ နောင် တစ်ချိန်တွင် သိမ်၌လည်းကောင်း, ကမ္မဝါစာ၌လည်းကောင်း, ရတ္တိစ္ဆေဒ (ရက်မစေ့)ဖြစ်ခဲ့သည်ဟူ၍လည်းကောင်း သံသယဖြစ်ခဲ့သော် သုတ်သင်ရ လွယ်ကူ၏၊ ထိုအတွင်း သံဃာဒိသေသ်အာပတ်ထပ်သင့်ခဲ့သော် ကံမအောင် ခဲ့သေးက မူလာယပဋိကဿန ထိုက်နေပေမည်။ ထို့ကြောင့် သံသယ ကင်းရှင်းစေရန် ပရိဝါသ်မာနတ် ရက်ပိုထားကျင့်ခြင်း, မာနတ်ယူပြီး အဆုံး၌ မာနတ်ချပြီးနောက် ပရိဝါသ်ထပ်ချခြင်း၊ အဗ္ဘာန်အဆုံး၌ မာနတ် ချခြင်းတို့ကို ပြုသင့်သည်။

နောင်တစ်ချိန် သံသယဖြစ်ခဲ့သော် ဒဏ်သားအဖြစ်၌ မတည်သူဖြစ်၍ သုတ်သင်ရလွယ်ကူခြင်း အကျိုးရှိ၏၊ ကံအောင်လျှင်ကား အပိုသာတည်းဟု ဝေဖန်အပ်၏၊ ယခုသံသယ, နောင်သံသယအတွက် ဤနည်း ထိုနည်း ဉာဏ် သက်ရာ တစ်နည်းနည်းဖြင့် အပိုအားထုတ်ခြင်းသည် ဝိနယကုက္ကုစ္စငြိမ်း ကြောင်း, သမာဓိခိုင်မြဲကြောင်းတည်းဟု ညောင်လေးပင်တောရဆရာတော် ရေး ဝိနည်းစူဠဝါအရသာ၌ ဖော်ပြထားပေသည်။

ပရိဝါသ်ဆောက်တည်ရာ၌ အကျဉ်းမှတ်ရန်

ပရိဝါသ်ဆောက်တည်ရာ၌ အရုဏ်တက်ပြီး နေ့အခါ ဝတ်ကိုချထား သော နိက္ခိတ္တဝတ်နှင့် ဝတ်ကိုမချဘဲ အမြဲတမ်း နေ့ရောညပါ ဆောက်တည် ကျင့်သုံးရသော အနိက္ခိတ္တဝတ်ဟု (၂)မျိုး အကျဉ်းအားဖြင့် မှတ်ပါ။

နိက္ခိတ္တဝတ်ဆောက်တည်ရာ၌လည်း (၁) အပ္ပဋိစ္ဆန္နမာနတ်, (၂) ပဋိစ္ဆန္န ပရိဝါသ်, (၃) အဂ္ဃသမောဓာနပရိဝါသ်, (၄) မိဿကသမောဓာနပရိဝါသ်, (၅) ဩဓာနသမောဓာနပရိဝါသ်, (၆) သုဒ္ဓန္တပရိဝါသ်ဟု (၆)မျိုးပင် ပြားသွား နိုင်သည်။

စူဠသုဒ္ဓန္တ, မဟာသုဒ္ဓန္တပရိဝါသ်နှစ်မျိုးတို့သည် ကမ္မဝါစာ, ဝတ်ကြားပုံ, ဝတ်ဆောက်တည်ပုံတူကြ၍ သုဒ္ဓန္တပရိဝါသ်တစ်မျိုးသာမှတ်ပါ။ အန္တရာ ပတ်သင့်ခဲ့သော် ညဉ့်မဖုံးလွှမ်းလျှင် မူလာယပဋိကဿနကံကို ပြုရမည်။ ညဉ့်ဖုံးလွှမ်းခဲ့လျှင်မူကား အရင်းသို့ငင်ခြင်း မူလာယပဋိကဿနကိုသာမက ဩဓာနသမောဓာနပရိဝါသ်ပါ ပေးရမည်ဖြစ်သည်။

ဆောက်တည်ရမည့်ဝတ် ရွေးချယ်ခြင်း

၁။ နိက္ခိတ္တဝတ်+အနိက္ခတ္တဝတ် (၂)မျိုးတို့တွင် ကျင့်မည့်သူ၏ ဆန္ဒအတိုင်း ရွေးချယ်ရန်ဖြစ်သည်။
၂။ အပ္ပဋိစ္ဆန္နဝတ် = အာပတ်သင့်သည့်နေ့ အရုဏ်မတက်မီ ဒေသနာကြား သော ရဟန်းသည် ဖုံးလွှမ်းခြင်း မရှိသောကြောင့် အပ္ပဋိစ္ဆန္နမာနတ်ဝတ် ကို ပေးရမည်။ ပရိဝါသ်ဆောက်တည်ရန်မလို မာနတ်ကျင့်ပြီး အဗ္ဘာန် သွင်းရုံသာ ဖြစ်သည်။
၃။ ပဋိစ္ဆန္နပရိဝါသ် = မိမိသင့်ရောက်သော သံဃာဒိသေသ်အာပတ်ကို ၁-ရက်ဖုံး, (သို့) ၂-ရက်ဖုံး, (သို့) ၃-ရက်ဖုံး, (သို့) ၄-ရက်ဖုံးစသည် ဧကန် အတိအကျသိသောသူ ပြောပြနိုင်သောသူကို ပေးသင့်ပါသည်။ ဖုံးလွှမ်း သောရက်အတိုင်း ပေးရမည်။
၄။ အဂ္ဃသမောဓာနပရိဝါသ် = ၁-ရက်ဖုံး, ၂-ရက်ဖုံး, ၃-ရက်ဖုံး, ၄-ရက်ဖုံး, တစ်လဖုံး, နှစ်လဖုံး, သုံးလဖုံး စသည် အာပတ်များရှိနေရာ ရက်အကြာဆုံး ဖုံးထားသောအာပတ်သို့ ရက်အနည်းငယ် ဖုံးလွှမ်းအပ်သော အာပတ် တို့ကို ထည့်ပေါင်းပေးရမည် ဖြစ်သောကြောင့် အာပတ်များ၍ ဒေသနာ ကြားရက် မမှန်သူ, အချို့ကို ရက်ပေါင်းများစွာကြာမှ အချို့ကို လပေါင်း များစွာကြာမှ ဒေသနာကြားမိသူအား ပေးသင့်သည်။
၅။ မိဿကသမောဓာနပရိဝါသ် = သုက္ကဝိဿဋ္ဌိ, ကာယသံသဂ္ဂစသော နာနာဝတ္ထုများစွာပါဝင်သော သမ္ဗဟုလာသင့်သောရဟန်းအား ရောပေါင်း၍ ပေးသောပရိဝါသ်ဖြစ်သည်။ အဂ္ဃသမောဓာနပရိဝါသ် ဆောက် တည်လျှင် မိဿကသမောဓာနပရိဝါသ် ပြီးစီးနိုင်သည်။
၆။ ဩဓာနသမောဓာနပရိဝါသ် = ပရိဝါသ်ဆောက်တည်၍ ကျင့်နေစဉ် အကြားကာလ အန္တရာပတ်သံဃာဒိသေသ် ထပ်မံသင့်၍ ညဉ့်ဖုံးလွှမ်း သော ရဟန်းအား ကျင့်သုံးပြီး နေ့ညဉ့်တို့ကို ချေဖျက်၍ ရှေ့အာပတ်၏ မူလ ဖုံးလွှမ်းသော နေ့၌ နောက်သင့်သော အာပတ်ကိုထည့်၍ ပေါင်းပေး ရသော ပရိဝါသ်ဖြစ်သည်။
၇။ သုဒ္ဓန္တပရိဝါသ် = မဟာသုဒ္ဓန္တ, စူဠသုန္ဓန္တဟု နှစ်မျိုးရှိသော်လည်း ဆောက် တည် ကျင့်သောအခါ အတူတူပင်ဖြစ်သည်။ စင်ကြယ်သည့်ကာလ မတူ သောကြောင့် ခွဲထားခြင်းဖြစ်သည်။ အာပတ်အပိုင်းအခြား ညဉ့်အပိုင်းအခြား မသိ မမှတ်မိ၊ စင်ကြယ်သမျှ ကာလကိုသာ သိသော ရဟန်းအား ပေးရသည်။ စင်ကြယ်ရာကာလ မရှိလျှင် ရဟန်းဝါ ရရှိသမျှ မဟာသုဒ္ဓန္တ ကျင့်ရသည်။
၈။ မူလာယပဋိကဿန = အန္တရာပတ်သင့်၍ ညဉ့်မဖုံးလွှမ်းခဲ့လျှင် အရင်းသို့ ငင်ခြင်း မူလာယပဋိကဿနကိုသာ ပြုရသည်။

ဤ (၈)ချက်ကို ရွေးချယ် စိစစ်ရမည် ဖြစ်သည်။

ရဟန်းဘဝမှ လူထွက်ပြီး တစ်ဖန်ပြန်ရဟန်းခံသူများသည် အကယ်၍ ယခင်အကြိမ် ရဟန်းဝတ်ခဲ့စဉ်က သံဃာဒိသေသ်အာပတ်များ သင့်ခဲ့၍ (မကုစားရသေးဘဲ လူထွက်ခဲ့လျှင်) ယခု ရဟန်းပြန်ခံပြီးသောအခါ၌ ဆိုင်ရာ ပရိဝါသ်ကို ဆောက်တည်ကုစားရဦးမည်သာ ဖြစ်သည်။

ဖားအောက်တောရဆရာတော်၏ ဩဝါဒ

ဝတ်ဆောက်တည်တာကတော့ - အဆုံးအဖြတ်တွေကို ဆောက်တည် မယ့် ပုဂ္ဂိုလ်တွေ ကိုယ့်ဘာသာကိုယ်တော့ နည်းနည်းလေး လေ့လာကြပါ။ ပဋိစ္ဆန္န - ဖုံးလွှမ်းပါလျက် အပ္ပဋိစ္ဆန္နလို့ ဝါသ်ဆောက်တည်ခဲ့ရင်လည်း ဒီအာပတ်က မထပါဘူး။ သို့သော် အပ္ပဋိစ္ဆန္နဖြစ်နေတယ်၊ မဖုံးလွှမ်းဘူး၊ ပဋိစ္ဆန္နလို့ သဘောထားပြီး ဝတ်ဆောက်တည်ခဲ့ရင်တော့ မာနတ်တောင်းတဲ့ အခါမှာ ပဋိစ္ဆန္နာနဉ္စ အပ္ပဋိစ္ဆန္နာနဉ္စဆိုပြီး နှစ်ခု ပေါင်းတောင်းတဲ့အတွက် ဝါသ်မှ ထနိုင်တယ်လို့ ဒီလို အဆုံးအဖြတ်တွေတော့ ရှိပါတယ်။ ဖုံးလွှမ်းတာက ဖုံးလွှမ်းတဲ့ အင်္ဂါရပ်တွေ သီးသန့်ရှိပါတယ်။ အဲဒီအင်္ဂါရပ်တွေကို နည်းနည်း မှတ်သားပြီးတော့ ကိုယ့်မှာ ဒီအငြိအစွန်းရှိ မရှိ ကိုယ့်ဟာကိုယ် နည်းနည်း လေ့လာပါ။ ဖုံးလွှမ်းတဲ့ အပိုင်းမှာလည်း အာပတ်က တစ်ခုတွင် မကဘူး။ နှစ်ခု, သုံးခု, လေးခု, ငါးခု ဖြစ်မယ်၊ အာပတ်အမျိုးအစားကလည်း များမယ် ဆိုရင်တော့ - တစ်ခုထက် ပိုတယ်ဆိုရင်တော့ ဒါလည်း အဂ္ဃသမောဓာန်ပဲ ဆောက်တည်ကြပါတယ်။ ဒီတော့ - ရက်က ဖုံးလွှမ်းထားတာကလည်း (၁၅)ရက်ထက် မပိုဘူး၊ တစ်လထက် မပိုဘူးဆိုပြီး ဒီလိုသတ်မှတ်ချက် အတိအကျရှိပြီး အာပတ်က များနေခဲ့ရင်လည်း အမျိုးအစားလည်း များနေခဲ့ ရင်လည်း အဂ္ဃသမောဓာန်ပဲ ဆောက်တည်ကြပါတယ်။

မိဿကသမောဓာန်ဆိုတာကတော့ အာပတ်ကအမျိုးတူနေတယ်။ အာပတ်တစ်ခုထည်းကို အကြိမ်များစွာ ထပ်ကာထပ်ကာ လွန်ကျူးတာမျိုးကို တော့ မိဿကသမောဓာန် ဆောက်တည်ကြတယ်။ အာပတ်လည်းများတယ်။ လွန်ကျူးတဲ့ ရက်တွေကလည်း များနေတယ်။ အမျိုးမျိုးရှိတယ်ဆိုရင်တော့ အဂ္ဃသမောဓာန် ဆောက်တည်ကြပါတယ်။

သုဒ္ဓန်ကတော့ ကောင်းတာက ဘယ်လိုကောင်းလဲလို့ မေးရင်တော့ အာပတ်ကတော့ မသေချာဘူး။ တစ်ခုလား? နှစ်ခုလား? သုံးခုလား? ဒီလောက်ပဲရှိတယ်။ ဖုံးလွှမ်းတဲ့ ရက်ကလည်း မသေချာဘူး။ သို့သော် (၁၅)ရက် အရက် (၂၀)ထက်၊ (၁၅)ရက်ထက်တော့ မပိုနိုင်ဘူးလို့ ကိုယ်က သဘောပေါက်လို့ရှိရင်တော့ အဲဒီလို မသေချာဘူးတွေ များနေရင်တော့ သုဒ္ဓန်ဆောက်တည်ကြတာပဲ။ သုဒ္ဓန်ရဲ့ သဘောကျတော့ - ဆောက်တည် နေရင်းနဲ့ အာပတ်တစ်ခုအတွက် ရည်ရွယ်ပြီးတော့ ဝတ်တောင်းပြီး ဆောက်တည်လိုက်တယ်၊ ဒီအာပတ်ကလည်း ဖုံးလွှမ်းတဲ့ရက် မသေချာဘူး။ သို့သော် ဆယ်ရက်ထက်တော့မပိုဘူးလို့ ဒီလိုတော့ ဆုံးဖြတ်ချက်ချနိုင်လို့ရှိရင် ဒီဖုံးလွှမ်းတဲ့ အာပတ်တစ်ခုကို ရည်ရွယ်ပြီးတော့ မသေချာတဲ့ စာရင်းထဲ ပေါင်းပြီး အဲဒါ ဆယ်ရက်ဝါသ်ဆောက်တည်ရင်တော့ ကျွတ်တယ်။ သို့သော် ဆောက်တည်နေရင်းနဲ့ နောက်ထပ်အာပတ်တစ်ခုကို ထပ်ပြီး သတိရပြန် တယ်။ သတိရတဲ့ အချိန်အခါမှာ ဆက်ဆောက်တည်လို့ ရတယ်။ ထပ်ပြီး ကမ္မဝါဖတ်နေဖို့ မလိုဘူး။

ပထမဖုံးလွှမ်းတဲ့ အာပတ်က (၁၀)ရက်ဆို ပြီးသွားပြီ။ နောက်တစ်ခါ အာပတ်တစ်ခုသတိရတော့ ဒီအာပတ်ကလည်း (၁၀)ရက်လောက်ဖြစ်မယ် ဆိုရင် သူက ရက်နှစ်ဆယ်ဆောက်တည်ရမယ်။ ဆောက်တည်နေရင်းနဲ့ သူက နောက် တစ်ခါ အာပတ်တစ်ခု သတိရပြန်တယ်။ သတိရလိုက်လို့ရှိရင်တော့ ကမ္မဝါ ထပ်ဖတ်ဖို့ မလိုဘူး။ ဆက်ဆောက်တည်၊ ဆောက်တည်လို့ရတယ်။ နောက်အာပတ်ကလည်း အလားတူ ဆယ်ရက်ပဲ ဆိုလို့ရှိရင်တော့ ရက်ပေါင်း သုံးဆယ် ဖြစ်သွားတယ်။ အဲဒီလောက်ထိ ဆောက်တည်ရတဲ့ သဘော ရှိပါတယ်။ အာပတ်များ များသလိုပဲ။

အဂ္ဃသမောဓာန်ရဲ့ သဘောကျတော့ အာပတ်တွေများပေမဲ့လို့ ဒီ အာပတ်အားလုံးကို ခြုံလိုက်ရင် တစ်ခုချင်း ဆယ်ရက်ထက် မပိုဘူးဆိုရင် အဲဒီဆယ်ရက်ထက် မပိုတဲ့ အာပတ်အားလုံးကို စုပေါင်းပြီးတော့ ဆယ်ရက်ပဲ ပရိဝါသ်ယူလို့ ရတယ်။ ဆောက်တည်ရင်လည်း ဆယ်ရက်နဲ့ ပြီးသွားတယ်။ အာပတ်တစ်ထောင်ပဲ ရှိချင်ရှိပါစေ၊ သူက အာပတ်အားလုံး ကျွတ်တဲ့သဘော ရှိပါတယ်။ အဲဒါကြောင့် ဖုံးလွှမ်းတဲ့ရက်ကလည်း များတယ်။ သင့်တဲ့ အာပတ် တွေကလည်း များတယ်ဆိုရင်တော့ အများဆုံးရက်ထဲမှာ = နောက်ဆုံးပိတ် အများဆုံးရက် အာပတ်ထဲမှာ တခြားအာပတ်တွေကိုပါ စုပေါင်းပြီး ပေါင်း တောင်းတဲ့ဝါသ်ကိုတော့ အဂ္ဃသမောဓာန်လို့ ခေါ်ပါတယ်။

အဲဒါကတော့ ဆောက်တည်မဲ့ပုဂ္ဂိုလ်ကလည်း ဗဟုသုတ ရှိရမယ်။ ကိုယ်ဆောက်တည်မယ့် အာပတ်တွေ အနေအထားကို ကိုယ့်ကိုယ်ကို အသိဆုံးဖြစ်တော့ ကိုယ့်ဘာသာကိုယ် လေ့လာပါ။ မိဿကသမောဓာန် ကောင်းလား? အဂ္ဃသမောဓာန် ကောင်းလား? သို့မဟုတ် ပဋိစ္ဆန္န-ဖုံးလွှမ်းတဲ့ အာပတ်ပဲလား? သို့မဟုတ် အပ္ပဋိစ္ဆန္န-မဖုံးလွှမ်းတဲ့ အာပတ်တွေလား? စသည်ဖြင့် - ဒါကတော့ ကိုယ့်ဘာသာကိုယ် ဆန်းစစ်ရမဲ့ သဘောရှိတယ်။

၁၃၆၃-ခုနှစ် ပထမဝါဆိုလဆန်း (၁၅)ရက်နေ့

နေ့လည် (၁၂း၃၀)နာရီ အချိန် ကျေးဇူးတော်ရှင် ဖားအောက်တောရဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ သင်ကြားပို့ချပေးသော-

ကမ္မဝါရွတ်ဖတ်နည်း သင်တန်းမှ သိရှိမှတ်သားဖွယ်များ

ဗျဉ္ဇနဗုဒ္ဓိ (၁၀) ပါး

သိထိလံ ဓနိတဉ္စေဝ၊ ဒီဃံ ရဿံ ဂရုံလဟုံ။
နိဂ္ဂဟိတံ ဝိမုတ္တဉ္စ၊ သမ္ဗန္ဓဉ္စ ဝဝတ္ထိတံ။

သိထိလ = ဌာန်, ကရိုဏ်း, ပယတ်တို့ကို လျော့လျော့ရွတ်ခြင်း။ ဓနိတ = ဌာန်, ကရိုဏ်း, ပယတ်တို့ကို ပြင်းပြင်းရွတ်ခြင်း။ ဒီဃ = နှစ်မတြာပြည့်အောင် ရှည်ရှည်ရွတ်ခြင်း။ ရဿ = တစ်မတြာကြာ တိုတိုရွတ်ခြင်း။ ဂရု = လေးလေး ရွတ်ခြင်း။ လဟု = ပေါ့ပေါ့ရွတ်ခြင်း။ နိဂ္ဂဟိတ = နှုတ်ခမ်းတို့ကို ပိတ်ရွတ်ခြင်း။ ဝိမုတ္တ = နှုတ်ခမ်းတို့ကို ဖွင့်ရွတ်ခြင်း။ သမ္ဗန္ဓ = ပုဒ်နှစ်ခုတို့ကို စပ်ရွတ်ခြင်း။ ဝဝတ္ထိတ = ပုဒ်နှစ်ခုတို့ကို ခွဲရွတ်ခြင်းဟု ဗျဉ္ဇနဗုဒ္ဓိ (၁၀)ပါး ရှိသည်။

ကမ္မဝါဖတ်ရာ၌ ကံပျက်စေတတ်သော ဗျဉ္ဇနဗုဒ္ဓိ (၄) ပါး

သိထိလဉ္စ ဓနိတဉ္စ၊ နိဂ္ဂဟိတဉ္စ ဝိမုတ္တကံ။
ဣစ္စေတေဟေဝ ကမ္မာနိ၊ ဝိပဇ္ဇန္တိ န စေတရာ။

အထက်ကဆိုခဲ့သော (၁၀)ပါးတို့တွင် သိထိလ, ဓနိတ, နိဂ္ဂဟိတ, ဝိမုတ္တ ဤလေးပါးလွဲမှားလျှင် ကံပျက်တတ်တယ်။

နာဂေါ၌ ဂေါသည် သိထိလ-လျော့လျော့ ရွတ်ရမယ်။ သံဃော၌ ဃောသည် ဓနိတ-ပြင်းပြင်းရွတ်ရမယ်။ သံဃော၌ သံ၊ ဥပသမ္ပဒံ၌ ဒံ စသည့်အပေါ်က အပြောက်အစက်လေးပါသော ပုဒ်သည် နိဂ္ဂဟိတသံဟု မှတ်၊ ပိတ်ရွတ်ရမယ်။ နိဂ္ဂဟိတသံကို ဖွင့်ရွတ်ရမလား? ပိတ်ရွတ်ရမလားဟု ဝါဒနှစ်မျိုးဖြစ်နေတယ်။ ပိတ်ရွတ်ရမယ်ဟု အများဆုံးဖြတ်ကြတယ်။ အစဉ်အလာဝါဒပါပဲ။ နောက်ဝါဒတစ်ခုက စဉ်းငယ် ပါးစပ်ဖွင့်ဖတ်ရမယ်၊ မပိတ်တပိတ် ရွတ်ရမယ်။ အဲဒီဝါဒကို လူကြိုက်နည်းတယ်။ ဥပသမ္ပဒါ ၌ ဒါ, ပရိသုဒ္ဓေါ ၌ ဒ္ဓေါ စသည်ဟာ ဝိမုတ္တတွေပဲ ဖွင့်ရွတ်ရမယ်။ အဲဒီ (၄)မျိုး ကွဲအောင်မှတ်ကြပါ။

(ဆောင်) သိ-ဓ-နိဂ်-ဝိ၊ ပြန်လှန်ဘိ, ပျက်၏ ဉတ်ကမ္မဝါ။ ဗိန္ဓုနိဂ္ဂဟိတ်, ခံတွင်းပိတ်, မပိတ်ဝိမုတ်ပါ။

သိထိလ ဓနိတအက္ခရာခွဲပုံ

ဗျည်း (၃၃)လုံးမှာ ငါးလုံးတစ်စု, ငါးလုံးတစ်စု က, ခ, ဂ, ဃ, င စသည် တို့သည် ဝဂ်အက္ခရာတွေပဲ။ ယ, ရ, လ, ဝ, သ, ဟ, ဠ, အံ-တို့ဟာ အဝဂ် အက္ခရာတွေပဲ။ အဲဒီငါးလုံးတစ်စု အက္ခရာတွေထည်းမှာ ဒုတိယနှင့် စတုတ္ထ အက္ခရာတွေဟာ ဓနိတတွေပဲ။ ဥပမာ - ကဝဂ်မှာ ခ, ဃ၊ စဝဂ်မှာ ဆ, စျ၊ ဋဝဂ်မှာ ဌ, ဎ၊ တဝဂ်မှာ ထ, ဓ၊ ပဝဂ်မှာ ဖ, ဘ-တို့ဖြစ်တယ်။ ကျန်အက္ခရာ တွေက သိထိလအက္ခရာတွေပဲ၊ လျော့လျော့ ရွတ်ဖတ်ရတယ်။

နိဂ္ဂဟိတကတော့ သံ, ဃံ, ဒံ - စသည် အပေါ်က သေးသေးတင် အပြောက်အစက်ပါတဲ့ အက္ခရာတွေပဲ၊ ပိတ်ရွတ်ဖတ်ရတယ်။ ကျန်ပိတ်မရွတ် ရတဲ့ အက္ခရာတွေက ဝိမုတ္တပဲ။ ဖွင့် ရွတ်ဖတ်ရတယ်။ အဲဒီတော့ ဓနိတနှင့် နိဂ္ဂဟိတအက္ခရာတွေကို ဂရုစိုက် မှတ်သားထားပါ။ အဲဒါတွေ မှတ်မိလျှင် သိထိလ, ဝိမုတ္တတွေ သိသွားပါလိမ့်မယ်။

နောက်သရတွေ ဗျည်းတွေ ဖတ်ပုံအမျိုးမျိုးရှိကြတယ်။ စ, ဆ, ဇ, စျ, ည, သ-တို့ကို ကျ, ချ, ဂျ, ဃျ, ည, စ- ဟုဖတ်ကြတယ်။ ကမ္ဘာသုံးပဲ။ မွန်တွေ, သီဟိုဠ်, ယိုးဒယားတွေ အဲဒီလိုဖတ်ကြတယ်။ ဗမာတွေ ဖတ်တာ အများနှင့် မတူဘူး။ ဘယ်လိုကြောင့် ကွဲလွဲခဲ့ကြတယ်ဆိုတာ မသိဘူး။

ဌာန် နှင့် အက္ခရာတွဲစပ်ပုံ

နောက်တစ်ခု - အက္ခရာဖြစ်ရာအရပ် ဌာန်တွေ ကိုက်အောင် ဖတ်ကြရမယ်။ ဌာန်မကိုက်ညီလျှင် သိထိလ, ဓနိတလွဲတာပဲ။

၁။ ကဏ္ဌဌာန် = က, ခ, ဂ, ဃ, င, အ, အာ, ဟ, ဧ, ဩ (၁၀)လုံးဟာ လည်ချောင်းအရပ်မှာဖြစ်တဲ့ ကဏ္ဌဇအက္ခရာတွေပဲ။ ဆိုကြည့်ပါ။ လည်ချောင်းအရပ်မှာ ဖြစ်တယ်။
၂။ တာလုဌာန် = စ, ဆ, ဇ, စျ, ည, ဣ, ဤ, ယ (၈)လုံးဟာ အာစောက် အရပ်မှာ ဖြစ်တဲ့ တာလုဇအက္ခရာတွေပဲ။
၃။ မုဒ္ဓဋ္ဌာန် = ဋ, ဌ, ဍ, ဎ, ဏ, ရ, ဠ (၇)လုံးဟာ အာခေါင်မာ လျှာထိပ် အရပ်မှာ ဖြစ်တဲ့ မုဒ္ဓဇအက္ခရာတွေဟု မှတ်ပါ။
၄။ ဒန္တဌာန် = တ, ထ, ဒ, ဓ, န, လ, သ (၇)လုံးဟာ သွားအရပ်မှာ ဖြစ်တဲ့ ဒန္တဇအက္ခရာတွေပဲ။
၅။ ဩဋ္ဌဌာန် = ပ, ဖ, ဗ, ဘ, မ, ဥ, ဦ (၇)လုံးဟာ နှုတ်ခမ်းအရပ်မှာ ဖြစ်တဲ့ ဩဋ္ဌဇအက္ခရာတွေပဲ။
၆။ နာသိကဌာန် = ဝဂ္ဂန္တငါးလုံး င, ဉ, ဏ, န, မနှင့် နိဂ္ဂဟိတ် ဤ (၆)လုံးတို့သည် နှာခေါင်းမှာဖြစ်တဲ့ နာသိကဇအက္ခရာတွေပဲ၊ နှာခေါင်းသံ ပါအောင် ရွတ်ဖတ်ရတယ်။
၇။ ဥရဌာန် = ငှ, ညှ, ဏှ, မှ, ယှ, ရှ, လှ, ဝှ- ဆိုတဲ့ ဟထိုးပါတဲ့ အက္ခရာတွေဟာ ရင်ခေါင်းအရပ်မှာ ဖြစ်တဲ့ အက္ခရာတွေပဲ။
၈။ ဧ အက္ခရာသည် လည်ချောင်းအရပ်၌လည်းကောင်း၊ အာစောက် အရပ်၌ လည်းကောင်း ဖြစ်တတ်သောကြောင့် ကဏ္ဌတာလုဇ အက္ခရာ မည်၏၊ ဩအက္ခရာသည် လည်ချောင်းအရပ်၌လည်းကောင်း၊ နှုတ်ခမ်းအရပ်၌ လည်းကောင်း ဖြစ်တတ်သောကြောင့် ကဏ္ဌဩဋ္ဌဇ အက္ခရာ မည်၏၊ ဝ အက္ခရာသည် သွားအရပ်၌လည်းကောင်း နှုတ်ခမ်းအရပ်၌လည်းကောင်း ဖြစ်တတ်သောကြောင့် ဒန္တဩဋ္ဌဇ အက္ခရာမည်၏၊ ဤသို့ ဒွိဇအက္ခရာ သုံးလုံးကိုလည်း မှတ်သားထားပါ။

မှားယွင်းတတ်ပုံများ

အဲဒီမှာ မုဒ္ဓဇနှင့် ဒန္တဇအက္ခရာတွေ ရွတ်ဖတ်တဲ့အခါမှာ မှားတတ် ကြတယ်။ မုဒ္ဓဇ ဋ, ဌ, ဍ, ဎ, ဏ, ရ, ဠ-တို့ကို ဖတ်လျှင် အထက်အာခေါင်ကို လျှာထောက်ဖတ်ရတယ်။ အာခေါင်ကို လျှာထောက်မဖတ်ဘဲ လျှာတန်း လန်းထားဖတ်လျှင် ဒန္တဇအက္ခရာ တ, ထ, ဒ, ဓ, န, လ, သ-တွေ ဖြစ်ကုန်တယ်။ တစ်ဖန် ဒန္တဇအက္ခရာတွေကို ဖတ်လျှင် သွားနှင့် မလှမ်းမကမ်း လျှာထိဖတ် ရတယ်။ သွားနှင့် လျှာ မထိဘဲ အာခေါင်ထိ ဖတ်ပြန်လျှင် မုဒ္ဓဇအက္ခရာတွေ ဖြစ်တတ်ကြတယ်။

ဥပမာ- သုဏာတု မေ၌ ဏာကို ဖတ်ရာတွင် အထက်အာခေါင် လျှာထောက် ဖတ်ရတယ်။ အဲဒီလို မဖတ်လျှင် သုနာတု မေ ဟု ဒန္တဇအက္ခရာ ဖြစ်၍ မှားတတ်၏၊ ထို့ပြင် ပဋိစ္ဆန္နာနဉ္စ၌ ဋိစ်, ပရိပုဏ္ဏံ-၌ ဏ္ဏံ စသည်တို့၌ လျှာကို အာခေါင်ထောက်ဖတ်ရမည် စသည်ဖြင့် လေ့လာသိပါ။

တိဿဿ မှာ ဒန္တဇအက္ခရာကို မုဒ္ဓဇဖြင့် ဋိဋဿဟု မှားတတ်သေး၏၊ သွားနှင့် လျှာထိရမည်ကို မထိဘဲ ဖတ်သောကြောင့် မှားရသည်။

မတြာရွတ်ဖတ် မှားတတ်ခြင်း

နောက်တစ်ခု သတိထားစရာရှိသေးတယ်။ မတြာပြည့်အောင် မဖတ် ကြဘူး။ ရဿသရတွေ အ, ဣ, ဥ တို့က တစ်မတြာရှိတယ်။ အာ, ဤ, ဦ, ဧ, ဩ ဒီဃသရတို့က နှစ်မတြာရှိတယ်။ ဗျည်းတွေက မတြာဝက် ရှိတယ်။ သရနှင့် ဗျည်းပေါင်းလျှင် က, ကိ, ကု တစ်မတြာခွဲ၊ ကာ, ကီ, ကူ, ကေ, ကော စသည်မှာ နှစ်မတြာခွဲရှိတယ်။ အဲဒီအခြေခံ သိထားပါ။

ဥပမာ - ပရိသုဒ္ဓေါကို ပ+ရိသုဒ္ဓေါ၊ ပဋိစ္ဆန္နံကို ပ+ဋိစ္ဆန္နံဟု ပ-အက္ခရာ တစ်မတြာခွဲပြည့်အောင် အသံဖြတ်ဖတ်ပါ။ ထို့အတူ ပရိပုဏ္ဏံကို ပ+ရိပုဏ္ဏံ၊ အန္တရာယိကေဟိကို အန္တ+ရာယိကေဟိဟု, ဥပသမ္ပဒါကို ဥပ+သမ္ပ+ဒါဟု, စီဝရံကို စီဝ+ရံဟု, ယာစတိကို ယာစ+တိဟု, ယဒိ သံဃဿကို ယ+ဒိ သံဃဿဟု, ခမတိကို ခမ+တိဟု အသံဖြတ်ဖတ်မှ မတြာပြည့်သည်၊ အဲဒါဟာ မော်လမြိုင်မြို့ တောင်လေးလုံးဆရာတော်ကြီး ဝါဒပဲ။ အဲဒါလည်း သတိထား ဖတ်ဘို့ကောင်းတယ်။

ဝတ်ဆောက်တည် ကမ္မဝါတွေမှာ သတိထားရန်

သမ္ဗဟုလာကို သမ္ဗ+ဟုလာဟု ခွဲခြားဖတ်ပါ။ ထို့အတူ ဧကာဟပ္ပဋိစ္ဆန္နာ ယောကို ဧကာဟပ်ပ+ဋိစ္ဆန္နာယောဟု, သမောဓာနပရိဝါသံကို သ+မောဓာန ပ+ရိဝါသံဟု, စတူဟပ္ပဋိစ္ဆန္နာယောကို စ+တူဟပ်ပ+ဋိစ္ဆန္နာယောဟု ဖြတ်ဖတ် ရမယ်။ ဟကို ဟပ်ဟု သတိထား ဖတ်ပါ။ နောက်က ပ္ပသံယုတ်အဆင့် ရှိနေသည့်အတွက် သံယုတ်သံထွက်အောင် ဖတ်ပါ။

ထို့နောက် သင်တန်းတက် သံဃာတော်များကို ကမ္မဝါစာ လက်တွေ့ ဖတ်စေကာ သင်ကြားပို့ချလေသည်။

ပရိဝါသ်ဆောက်တည်မည့် ပုဂ္ဂိုလ်များ လိုက်နာရမည့် စည်းကမ်းများ

၁။ စိတ္တလတောင်ကျောင်း၌ စာရင်းဝင်(၁၅)ရက် တရားထိုင်ပြီးမှ သာလျှင် ကျွဲတညင်းကျောင်း အုပ်ချုပ်ရေးမှူးထံ အာပတ်, ဝတ္ထု, ဖုံးလွှမ်းသော ရက်, နေရပ်အပြည့်အစုံ ရေးသား၍ လျှောက်လွှာတင်သွင်းရမည်။

၂။ ကျွဲတညင်းကျောင်း တာဝန်ခံအုပ်ချုပ်ရေးမှူးဆရာတော်သည် နေထိုင် ရမည့် ကျောင်းဆောင်အနေအထားအားလျော်စွာ လျှောက်လွှာ လက်ခံခြင်း, ဆိုင်းထားခြင်းပြုပြီး၊ လက်ခံလျှင် ကျွဲတညင်းကျောင်း၌ ရှေးဦးစွာ ပကတတ်ရဟန်းအဖြစ် နေထိုင်စေရမည်။

၃။ တာဝန်ကျ နာယကအဖွဲ့ဆရာတော်များထံသို့ ကျွဲတညင်းကျောင်း အုပ်ချုပ်ရေးမှူးဆရာတော်က လျှောက်လွှာတင်ပြ ညှိနှိုင်း မှတ်ချက် ပြုပြီး လျှောက်လွှာရှင်အား ဝါသ်မယူမီ (၃)ရက်ခန့် ကြိုတင်၍ မည်သည့်ဝတ်ဆောက်တည်သင့်ကြောင်း နာယကအဖွဲ့မှ လူတွေ့စစ်ဆေး ပြောပြ အတည်ပြုပြီး ဝါသ်တောင်း ဝါသ်ကြားစာများ အလွတ်ရအောင် ကျက်မှတ်စေရမည်။

၄။ ကမ္မဝါဖတ်ရာတွင် လွယ်ကူသက်သာစေရန် ရက်တူ, အရုဏ်တူသော ပုဂ္ဂိုလ်များတတ်နိုင်သမျှ စုပေါင်းစေပြီး လဆန်း (၇)ရက်၊ လဆုတ် (၇)ရက် နေ့များတွင် ဝတ်ယူစေရမည်။

၅။ မာနတ်ယူမည့် ပုဂ္ဂိုလ်များသည် (၇)ရက် သို့မဟုတ် (၁၄)ရက် အဖိတ်နေ့ များတွင် စုပေါင်း၍ မာနတ်ယူကြရန် အုပ်ချုပ်ရေးမှူးထံ ကြိုတင် အသိ ပေးရမည်။

၆။ အဗ္ဘာန်ဝင်ကြရမည့် ပုဂ္ဂိုလ်များသည် လဆန်း (၁၄)ရက်, လဆုတ် (၁၄) ရက် အဖိတ်နေ့တို့၌သာလျှင် အဗ္ဘာန်သွင်းခံကြရမည်ဖြစ်၍ အုပ်ချုပ်ရေးမှူးထံ ကြိုတင် အသိပေး လျှောက်ထားရမည်။

၇။ အဗ္ဘာန်မထွက်မီ (၂)ရက်ခန့် ကြိုတင်၍ ဆိုင်ရာဆရာတော်ထံ ကျောင်း ပစ္စည်းများ အပ်နှံ၍ ကျောင်းအသုံးအဆောင်များ သန့်ရှင်းထားခဲ့ကြပြီး အုပ်ချုပ်ရေးမှူးထံ သော့အပ်နှံကာ ပြန်ကြွရမည်။

၈။ ဝါသ်ဆောက်တည်ကြသော ရဟန်းတော်များသည် ကျောင်းစောင့်နှင့် ဂိလာနမှအပ ကျန်ပုဂ္ဂိုလ်များသည် စိတ္တလတောင်ကျောင်း၌ ဆွမ်းခံခြင်း၊ ဓမ္မဝိဟာရီသိမ်တော်ကြီး၌ တရားအားထုတ်, တရားလျှောက် ထားခြင်း ပြုကြရမည်။ စင်္ကြံကျောင်း၊ စိတ္တလတောင်ကျောင်း ဆွမ်းခံကြွ စာရင်း ပုံသေထားရမည်။ ဟိုတစ်လှည့် ဒီတစ်လှည့် ဆွမ်းခံခြင်း မပြုရ။

၉။ ကျောင်းတိုက်ပြင်ပ မြို့ရွာအတွင်းသို့ ခရီးသွားစရာရှိလျှင် အုပ်ချုပ်ရေးမှူး ဆရာတော်ထံမှ အခွင့်ရမှသွားပြီး ပြန်လာသည့်အခါ၌လည်း ရောက်ရှိပါကြောင်း အသိပေးလျှောက်ထားရမည်။

၁၀။ ကျွဲတညင်းကျောင်းရှိ ရဟန်းတော်အားလုံးတို့သည် ည (၆းဝဝ)နာရီ အချိန်တွင် ဘုရားဝတ်တက်, တရားနာ, ဝတ်ယူကြ၍ အုပ်ချုပ်ရေးမှူး ဆရာတော်က မကြာမကြာ ဩဝါဒပေး ဆုံးမညွှန်ကြားသည်များကို လိုက်နာဆောင်ရွက်ကြရမည်။ လပြည့် လကွယ် ဥပုသ်နေ့တိုင်း ဓမ္မဝိဟာရီသိမ်တော်ကြီးသို့ ကြွကာဥပုသ်ပြု၍ ဖားအောက်တောရ ဆရာတော်ဘုရားကြီးထံမှ အဆုံးအမဩဝါဒ၊ လမ်းညွှန်ချက်၊ စည်းကမ်း ချမှတ်ချက်များကို ခံယူလိုက်နာကြရမည်။

မှတ်ချက်။။ ဝါ (၂၀) အထက် မထေရ်ကြီးများကို ပကတတ်ရဟန်းအဖြစ် မနေစေဘဲ ဦးစားပေး၍ ဝတ်ဆောက်တည်ခွင့် ပြုမည်ဖြစ်သည်။

နာယကဆရာတော်များ
ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ
မော်လမြိုင်မြို့နယ်၊
မွန်ပြည်နယ်။

ပရိဝါသ် ဆောက်တည်ရာတွင် အရုဏ်တက်သောအချိန် သိထားရန် အထူးလိုအပ်ပါသည်။ အရုဏ်တက်ပြီးသောအခါမှသာ ဝတ်ချသင့်သော ကြောင့် ဖြစ်ပါသည်။

မှတ်ချက်။။ အရုဏ်တက်ချိန်ဇယား ရှေ့အကွက် ဥုးဩဘာသဟူသည်မှာ မွန်ပြည်နယ် မုဒုံမြို့နယ် တံခွန်တိုင်ရွာ သုသာန်ဗောဓိကျောင်းအရှင်ဩဘာသရေး ဝိနည်းဥပဒေတော်ကြီးစာအုပ်မှ ဖော်ပြပါသည်။ နောက်အကွက် ဥုးဓမ္မိန္ဒ ဟူသည်မှာ ဩစတေးလျနိုင်ငံမှ ရဟန်းတော် ဥုးဓမ္မိန္ဒ၏ DOWN and NOON စာအုပ်ငယ်မှ ကူးယူတင်ပြသော အချိန်ဇယား ဖြစ်ပါသည်။

ဝိနည်းပဒေသာသင်တန်း (ပထမတွဲ) ပြီး၏၊

ထုလ္လစ္စဉ်းအာပတ်

သံဃာဒိသေသ်အာပတ်များအပြီး ဤနေရာ၌ ထုလ္လစ္စဉ်း, ဒုက္ကဋ်, ဒုဗ္ဘာသီ အာပတ် (၃)မျိုးတို့ကို ဆက်လက်ပြဆိုမည် ဖြစ်သည်။ ဤအာပတ် (၃)မျိုးတို့သည် ဘိက္ခုပါတိမောက်, ဘိက္ခုနီပါတိမောက်တို့၌ တိုက်ရိုက် မပါရှိသော် လည်း ပါရာဇိကရှေ့ပြေး သံဃာဒိသေသ်အာပတ် ရှေ့ပြေးတို့၌ ပုဗ္ဗပယောဂ စသည်အားဖြင့် ပါဝင်သည်။ ထို့ကြောင့် ဤနေရာ၌ ထိုအာပတ် (၃)မျိုးတို့၏ အဓိပ္ပာယ်ကို သရုပ်ဖော်ထုတ်ပြလိုပါသည်။

(ထူလ+အစ္စယ) ထူလ = ရုန့်ရင်းသော၊ အစ္စယ = အပြစ်၊ ရုန့်ရင်းသော အပြစ်ရှိသော အာပတ်ကို ထုလ္လစ္စဉ်းအာပတ်ဟု ခေါ်သည်။ ထုလ္လစ္စဉ်းအာပတ် သင့်ခြင်းအကြောင်းများ သိရှိနိုင်ရန် ရရှိသမျှ စုဆောင်းတင်ပြမည် ဖြစ်သည်။

ကျဉ်းသော မဂ်ဝရှိသော သတ္တဝါတို့၏ မဂ်၌ မေထုန်မှု ပြုခြင်းကြောင့် ထုလ္လစ္စဉ်းအာပတ်သင့်၏၊ သတ္တဝါတို့၏ အင်္ဂါဇာတ်ကို မိမိအင်္ဂါဇာတ်ဖြင့် မသွင်းဘဲ တို့ရုံ တို့ခြင်း၊ မေထုနရာဂဖြင့် မိန်းမနိမိတ်ကို မိမိမုခဖြင့် တို့ခြင်း၊ သံဃိကဂရုဘဏ်ပစ္စည်းများကို အစိုးတရ ပိုင်စိုးပိုင်နင်း သူတစ်ပါးအား ပေးခြင်း၊ ကုန်သွယ်ခြင်း၊ စျေးရောင်းခြင်း၊ ကြွေးမြီချခြင်း၊ အတိုးပေးခြင်း၊ ငွေတိုးချေးငှားခြင်း၊ လူသားကို စားခြင်း၊ မိမိ၏ အင်္ဂါဇာတ်ကို ဖြတ်ခြင်း၊ ပါရာဇိကလေးပါး၏ သာမန္တအမှုပြုခြင်း၊ (ပါရာဇိကလေးပါးတွင် ပြန်ကြည့်ပါ) မြင်းသရိုက်နာ (ဘရင်ဂျီနာ+ဘဂန္ဒိုလ်နာ)ဖြစ်၍ ကျဉ်းမြောင်းရာ စအိုဝအနီး လက်နှစ်သစ်သော အရပ်၌ ဓားခွဲမှုပြုခြင်း ပြုစေခြင်းတို့ကြောင့် ထုလ္လစ္စဉ်းအာပတ် သင့်၏၊

“ရဟန်းတို့ ...ကျဉ်းမြောင်းရာအရပ်၌ အရေသည် သိမ်မွေ့၏၊ နူးညံ့၏၊ အမာသည် အသားနု တက်ခဲ၏၊ ဓားခွဲရန် ခဲယဉ်း၏၊ ရဟန်းတို့ ... ကျဉ်းမြောင်းရာ အရပ်၏ အနီးဖြစ်သော လက်နှစ်သစ်သော အရပ်အတွင်း၌ ဓားခွဲမှုကိုလည်းကောင်း, ကျပ်စည်းမှုကိုလည်းကောင်း မပြုအပ်၊ ပြုစေသော ရဟန်းအား ထုလ္လစ္စဉ်းအာပတ် သင့်၏”ဟု မဟာဝါ ဘေသဇ္ဇခန္ဓက၌ ဘုရားရှင် ပညတ်တော်မူသည်။

သံဃာဒိသေသ် နောက်ဆုံးလေးပုဒ် ကမ္မဝါစာ (၃)ကြိမ်၊ ဉတ်တစ်ကြိမ် ဖတ်ပြီး ဆုံးမရ၏၊ ဉတ်အဆုံးမှာ ဒုက္ကဋ်၊ ကမ္မဝါစာ (၂)ကြိမ်အဆုံးမှာ ထုလ္လစ္စဉ်းအာပတ် (၂)ချက် သင့်၏၊ တတိယအကြိမ် ကမ္မဝါစာ၏အဆုံး သော ဘာသေယျ-၌ ယျ-အက္ခရာသို့ ရောက်သည်အထိ အယူကို မစွန့်လျှင် သင့်ထားသော ဒုက္ကဋ်နှင့် ထုလ္လစ္စဉ်းနှစ်ချက် ငြိမ်း ပျောက်သွား၏၊ သံဃာဒိသေသ်အာပတ် သင့်၏၊ ဒေသနာမကြား မကုစားဘဲ ငြိမ်းပျောက်သွားသော အာပတ်သုံးချက် ဖြစ်၏ဟု မှတ်သားသင့်၏၊

ဂရုဘဏ် (၂၅) ပါး

ပထမအုပ်စု - (၁) အာရာမော = အာရာမ်၊ (၂) အာရာမဝတ္ထု = အာ ရာမ်ရာ၊
ဒုတိယအုပ်စု - (၃) ဝိဟာရော = ကျောင်း၊ (၄) ဝိဟာရဝတ္ထု =ကျောင်းရာ၊
တတိယအုပ်စု - (၅) မေဉ္စာ = ညောင်စောင်း၊ (၆) ပီဋ္ဌံ = အင်းပျဉ်, ထိုင်ခုံ၊ (၇) ဘိသိ = ဘုံလျှို၊ (၈) ဗိမ္ဗောဟနံ = မှီအုံး, ခေါင်းအုံး၊
စတုတ္ထအုပ်စု - (၉) လောဟကုမ္ဘီ = ကြေးအိုး၊ (၁၀) လောဟဘာဏကံ = ကြေးဖျဉ်း၊ (၁၁) လောဟဝါရကော = ကြေးစရည်းအိုး၊ (၁၂) လောဟကဋာဟံ = ကြေးအင်တွဲ၊ (၁၃) ဝါသိ = ပဲခွပ် (ဝါ) ဓားမတို၊ (၁၄) ပရသု = ပုဆိန်၊ (၁၅) ကုဌာရီ = ဓားမ၊ (၁၆) ကုဒါလော = ပေါက်တူး၊ (၁၇) နိခါဒနံ = ဆောက်။

ပဉ္စမအုပ်စု - (၁၈) ဝလ္လိ = နွယ်၊ (၁၉) ဝေဠု = ဝါး၊ (၂၀) မုဉ္စံ = သက်ကယ်မြက်၊ (၂၁) ပဗ္ဗဇံ = ပြိန်းမြက်၊ (၂၂) တိဏ = ဖြူဆံမြက် (ဝါ) မြက်သစ်ရွက်၊ (၂၃) မတ္တိကာ = မြေညက် မြေဖြူ မြေနီ ဘိလပ်မြေ ထုံး သဲ၊ (၂၄) ဒါရုဘဏ္ဍာ = သစ်ဘဏ္ဍာ စားပွဲ ကုလားထိုင် စသည်၊ (၂၅) မတ္တိကာဘဏ္ဍာ = မြေဘဏ္ဍာ အိုး အင်တုံစသည်ဟူ၍ ပေါင်း (၂၅)ပါး ဖြစ်သည်။ လေးလှစွာသော ဘဏ္ဍာ (= ဂရုဘဏ်) တို့ဟူ၍ ဆိုအပ်ကုန်၏၊ ဤဂရုဘဏ်ပစ္စည်းတို့ကို အသေအချာ မှတ်သင့်သည်။

ဤဂရုဘဏ်တို့သည် အစုအားဖြင့် (၅)ပါး၊ သရုပ်အားဖြင့် (၂၅)ပါး၊ အစိတ်အစိတ်အားဖြင့် များစွာကုန်သော ဘဏ္ဍာတို့ကို သံဃိကအဖြစ် ဒါယကာတို့က လှူဒါန်းထားပါက သံဃာအားလည်းကောင်း၊ ဂိုဏ်းအား လည်းကောင်း၊ ပုဂ္ဂိုလ်အားဖြင့်လည်းကောင်း မခွဲခြား မဝေဖန် မပေးကမ်းအပ်ကုန်၊ ခွဲခြားဝေဖန် မဲဖောက်ခွဲဝေသော ရဟန်းအား ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ထိုဂရုဘဏ် (၂၅)ပါးတို့ကို သံဃာစသည် ခွဲဝေအပ်ကုန်သော်လည်း ခွဲဝေအပ်သည် မမည်ကုန်၊ မခွဲဝေရာ၊ သံဃာသဘောတူ ခွဲဝေပေးလိုက်သော်လည်း ပုဂ္ဂလိကအဖြစ် ယူဆောင်၍ မသွားကောင်း၊ ဝေဖန်ပေးအပ်သော်လည်း သံဃိကသာ ဖြစ်သောကြောင့် မိမိပုဂ္ဂလိကပိုင်အဖြစ် သွားလေရာရာ ကိုယ်ပိုင်အဖြစ် မယူဆောင်ကောင်းဟူ၍ သိပါ။

သံဃာတော်များအား ပန်ကြား၍ သဘောတူပင်ဖြစ်သော်လည်း ဒုက္ကဋ် အာပတ်သင့်၏၊ ကိုယ်ပိုင်ထင်၍ ခွဲဝေမူ (ဝါ) အစိုးတရ ခွဲဝေမူ ထုလ္လစ္စဉ်း၊ ထေယျစိတ်ဖြင့် ခွဲဝေမူ ရွှေစင်တစ်မတ်တန်ဖိုးရှိသော ပစ္စည်းကို ချီကြွမိသော် ပါရာဇိကအာပတ် သင့်၏၊

လဲလှယ်ဖလှယ်မှု ပြုနိုင်ပုံ

ပထမအုပ်စုနှင့် ဒုတိယအုပ်စုတွင် ပါဝင်သော အာရာမ်စသော ထာဝရ ဘဏ္ဍာကို အာရာမ်စသော ထာဝရဘဏ္ဍာချင်း သံဃာကို ပန်ကြား၍ ဖလှယ် ကောင်း၏၊ ဖလှယ်ခြင်းကိုပြု၍ သုံးဆောင်နိုင်၏၊

တတိယအုပ်စုတွင် ပါဝင်သော ညောင်စောင်း အင်းပျဉ် (မဉ္စ ပီဌ) စသော ဂရုဘဏ်ပစ္စည်းကို မဉ္စ စသော တတိယအုပ်စု ဂရုဘဏ်ပစ္စည်းချင်းဖြင့်သာ ဖလှယ်ရာ၏၊ လဲလှယ် ဖလှယ်ကောင်း၏၊ အပ်သော သားရေကို ခွဲဝေအပ် ခွဲဝေကောင်း၏၊ သို့သော် (ဘိသိ) ဘုံလျှိုအခင်းနှင့် အလားတူသော သိုးရေစသည်တို့ကို မခွဲဝေအပ် မခွဲဝေကောင်း၊ နွယ်စသော ဂရုဘဏ်များကို တိုးပွားသော (ဝါ) မယုတ်သော တန်ဖိုးရှိသော ပစ္စည်းဖြင့် လဲလှယ်ယူ ကောင်း၏၊

ဤအချက်တို့ကို ထောက်ရှု၍ သံဃိကကျောင်း အာရာမ်၊ ညောင်စောင်း အင်းပျဉ်စသော ဂရုဘဏ် သံဃိကပစ္စည်းများကို အခြားပစ္စည်းများနှင့် မလဲလှယ်ကောင်း၊ ရောင်းချ၍ မစားကောင်းကြောင်း သတိပြုသင့်သည်။

ဒုက္ကဋ်အာပတ်

(ဒုက္ကဋ = ဒု + ကတ) ဒု = မကောင်းသဖြင့်၊ ကတ = ပြုအပ်သောအမှု၊

မကောင်းသဖြင့် ပြုအပ်သော ကိုယ်မှု, နှုတ်မှုတို့ကို ဒုက္ကဋဟု ဆိုရသော်လည်း ဤနေရာ၌ မကောင်းသဖြင့် ပြုမှု ပြောမှုကြောင့် သင့်ရောက်အပ်သော အာပတ်ကိုလည်း ကာရဏူပစာရအားဖြင့် ဒုက္ကဋ်အာပတ်ဟု ခေါ်အပ်သည်။ ဤဒုက္ကဋ်အာပတ်သည် အရာကျယ်၍ များပြား၏၊ အထူး လေ့လာမှတ်သားထားသင့်သောကြောင့် ရနိုင်သမျှ စုဆောင်း၍ တင်ပြမည် ဖြစ်သည်။

အဋ္ဌကထာ၌လာသော ဒုက္ကဋ် (၈) မျိုး

၁။ ပုဗ္ဗပယောဂဒုက္ကဋ်၊ 
၂။ သဟပယောဂဒုက္ကဋ်၊ 
၃။ အနာမာသဒုက္ကဋ်၊ 
၄။ ဒုရူပစိဏ္ဏဒုက္ကဋ်၊ 
၅။ ဝိနယဒုက္ကဋ်၊ 
၆။ ဉာတဒုက္ကဋ်၊ 
၇။ ဉတ္တိဒုက္ကဋ်၊ 
၈။ ပဋိဿဝဒုက္ကဋ်အားဖြင့် (၈)ပါး ပြဆို၏၊

၁။ မေထုန်မှု မဖြစ်မီ ရှေးအဖို့၌ဖြစ်သော ဒုက္ကဋ်၊ ခိုးသည်မှ ရှေးအဖို့၌ သင့်သော ဒုက္ကဋ်တို့သည် ပုဗ္ဗပယောဂဒုက္ကဋ် မည်၏၊ ပါရာဇိကလေးပါး၊ သံဃာဒိသေသ်တို့၏ ရှေးအဖို့၌ သင့်ရသော ဒုက္ကဋ်များလည်း ဤ၌ ဝင်သင့်သည်။

၂။ ခိုးသည်နှင့် တကွဖြစ်သော ဒုက္ကဋ်၊ မြှုပ်ထားသော ရွှေအိုး ငွေအိုး စသည်ကို ခိုးရာ၌ ရွှေအိုး ငွေအိုးတို့၏အပေါ်၌ ပေါက်ရောက်နေသော သစ်ပင်ကို ဖြတ်ခြင်း မြေကို တူးခြင်းစသော ပယောဂနှင့်တကွဖြစ်သော ဒုက္ကဋ်ကို သဟပယောဂဒုက္ကဋ်ဟု ခေါ်သည်။

၃။ ရတနာ (၁၀)ပါး၊ စပါးမျိုး (၇)ပါး၊ လက်နက်ဟူသမျှ၊ တူရိယာမျိုးဟူသမျှ၊ မိန်းမရုပ်ပုံ၊ ဓာတ်ပုံစသည်များကို သုံးသပ်မိခြင်းကြောင့် သင့်သော ဒုက္ကဋ်တည်း။ အနာမာသဒုက္ကဋ် မည်၏၊

၄။ သစ်ပင်၌ တည်ရှိသော စားဖွယ်အသီးအရွက်တို့ကို ကိုင်မိ ထိမိခြင်း၊ အကပ်မခံရသေးသော ခဲဖွယ် ဘောဇဉ်နှင့် ကာလိကလေးပါး၊ စားသောက်ဖွယ်ရာများကို (လူ, သာမဏေ မိဘစသည်တို့အား ပေးရန် မဟုတ်ဘဲ) သက်သက် လက်ဆော့ ခြေဆော့သဘောဖြင့် ထိလျှင် (နေရာ မရွေ့စေဘဲ ကိုင်လျှင်) ဒုရူပစိဏ္ဏဒုက္ကဋ်၊ (ဥပမာ - သာမဏေများ ဆွမ်းချက်ရာသို့သွား၍ ဆွမ်းဟင်းအိုးကို ဖွင့်ခြင်း၊ အကပ်မခံရသေးသော သပိတ်၏ အဖုံးကို ဖွင့်ကြည့်ခြင်း စသည်တို့တည်း။)

၅။ ဆွမ်းခံကြွနေစဉ် မြူမှုန်ကျသော ဆွမ်းရှိသော သပိတ်ကို တစ်ဖန် အကပ်မခံ ဆွမ်းဆက်ခံခြင်းကြောင့် သင့်သော ဝိနယဒုက္ကဋ်။

၆။ သံဃာသင်းခွဲခြင်းငှာ အားထုတ်လုံ့လပြုနေသော ရဟန်းအား မဆိုဆုံးမ ခြင်းကြောင့် သင့်သော ဉာတဒုက္ကဋ်။

၇။ သံဃာသည် ဉတ်ကမ္မဝါစာဖြင့် ဆုံးမသောအခါ ဉတ်အဆုံး၌ သင့်သော ဉတ္တိဒုက္ကဋ်။

၈။ ဤကျောင်းတိုက်၌ ဝါဆိုပါအံ့ဟု ဝန်ခံပြီးမှ ဝါမဆိုခြင်းကြောင့် သင့်သော ပဋိဿဝဒုက္ကဋ်ဟု - အဋ္ဌကထာ၌ ဒုက္ကဋ် (၈)မျိုး ပြဆို၏၊

ထို့ပြင် - ၉။ ဝတ္တဘေဒဒုက္ကဋ်၊ ၁၀။ သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ်၊ ၁၁။ ဥဂ္ဂဟိတဒုက္ကဋ်၊ ၁၂။ အန္တောဝုတ္ထဒုက္ကဋ်၊ ၁၃။ အန္တောပက္ကဒုက္ကဋ်၊ ၁၄။ သာမံပက္ကဒုက္ကဋ်၊ ၁၅။ ပုနပက္ကဒုက္ကဋ်၊ ၁၆။ ဗီဇဂါမပါတဗျဒုက္ကဋ်၊ ၁၇။ သေခိယဒုက္ကဋ် စသည်ဖြင့် ဒုက္ကဋ်အာပတ်များလည်း ရှိသေး၏၊

၉။ ဝတ္တဘေဒဒုက္ကဋ်

မဟာဝါ စူဠဝါ ဝတ္တခန္ဓက၌ ပညတ်တော်မူအပ်သော ဝတ်ကြီး (၁၄)ပါး၊ ဝတ်ငယ် (၂၂)ပါးအတိုင်း မကျင့်လျှင် ဝတ္တဘေဒဒုက္ကဋ်အာပတ် သင့်၏၊

၁၀။ သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ်

အလှူရှင်တို့သည် သဒ္ဓါတရား ရှေ့ထား၍ လှူထားသော ပစ္စည်းများကို လှူသော ဒါယကာ, ဒါယိကာမများ၏ သဒ္ဓါတရားပျက်စီးအောင် မကောင်းသဖြင့် သုံးစွဲလျှင် သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ်အာပတ် သင့်၏၊

၁၁။ ဥဂ္ဂဟိတဒုက္ကဋ်

ဒုရူပစိဏ္ဏဒုက္ကဋ်၌ ပြဆိုထားသော ခဲဖွယ် ဘောဇဉ်နှင့် ကာလိကလေးပါး၊ စားသောက်ဖွယ်ရာများကို ကိုင်ရုံ ထိရုံမကဘဲ နေရာမှ ရွေ့လောက်အောင် မြှောက်ချီဆွဲမလျှင် ဥဂ္ဂဟိတဒုက္ကဋ်အာပတ် သင့်၏၊ ဒုရူပစိဏ္ဏဖြစ်သော အစားအစာကို ကိုင်သော ထိသော ရဟန်းတစ်ပါးသာ မစားကောင်း မသောက်ကောင်း၊ အခြားရဟန်းများကား စားကောင်းသေး၏၊ အကပ်မခံရသေးသော အစားအစာကို မြှောက်ချီမ, မိလျှင် ထိုဥဂ္ဂဟိတဖြစ်သော အစားအစာကိုကား ရဟန်းအားလုံးပင် မစားသောက်ကောင်းတော့ပြီ။ ထို့ကြောင့် ရဟန်းတော်များသည် အကပ်မခံရသေးသော အစားအစာများကို ထိခြင်း, ရွေ့ခြင်း, မခြင်း, ကိုင်မြှောက်ခြင်း မပြုမိစေရန် အရေးကြီးလှသည်။

၁၂။ အန္တောဝုတ္ထဒုက္ကဋ်

အကပ္ပိယကုဋိ (= မအပ်သောကျောင်း)တို့၌ သဟသေယျလောက်သော အမိုးအကာအရံအတွင်း၌ ယာဝကာလိက၊ ယာမကာလိက နှစ်မျိုးတို့ကို အရုဏ်တက်သည့်တိုင်အောင် သိုမှီးသိမ်းဆည်း၍ ညသိပ်ထားခြင်းကို အလျင်း မပြုရ။ ညဉ့်သိပ်ထားခြင်းကို ပြုခဲ့သော် ထိုဝတ္ထုသည် အန္တောဝုတ္ထ ဖြစ်၏၊ ထိုဝတ္ထုကို အကပ်ခံစားသောက်သော ရဟန်းအား အန္တောဝုတ္ထဒုက္ကဋ်အာပတ် သင့်၏၊

၁၃။ အန္တောပက္ကဒုက္ကဋ်

ထို အကပ္ပိယကုဋီကျောင်းအတွင်း၌ ထိုကာလိကနှစ်မျိုးတို့ကို လူ, သာမဏေတို့ ချက်ပြုတ်ကြော်လှော်ခဲ့သည်ရှိသော် ထိုဝတ္ထုတို့သည် အန္တောပက္က ဖြစ်ကုန်၏၊ ထိုဝတ္ထုတို့ကို စားသောက်သော ရဟန်းအား အန္တောပက္ကဒုက္ကဋ် အာပတ် သင့်၏၊ အကပ္ပိယကုဋီကျောင်းနှင့် စပ်၍ သေနာသနကျောင်းအခန်း၌ ပြဆိုမည် ဖြစ်ပါသည်။

၁၄။ သာမံပက္ကဒုက္ကဋ်

ရဟန်းကိုယ်တိုင် ရှေးကာလိကနှစ်မျိုးတို့ကို ကပ္ပိယကျောင်း၊ အကပ္ပိယကျောင်း အခြားနေရာတို့၌ ကြော်လှော် ချက်ပြုတ် ဖုတ်ကင် ပေါင်းခြင်းတို့ကို မပြုရာ၊ မပြုကောင်းပေ။ ထိုသို့ ပြုခဲ့သော် ထိုဝတ္ထုအားလုံးသည် သာမံပက္က ဖြစ်တော့၏၊ ထိုသာမံပက္ကဝတ္ထုကို စားသောက်သော ရဟန်းအားလုံး သာမံပက္ကဒုက္ကဋ်အာပတ် သင့်၏၊

၁၅။ ပုနပက္ကဒုက္ကဋ်

လူ, သာမဏေတို့ ချက်၍ ကျက်ပြီးသော ကာလိကနှစ်မျိုးတို့ကို တစ်ဖန် ပြန်ချက်မှု, ပြန်နွှေးမှုသည် ပုနပက္ကမည်၏၊ ရဟန်းကိုယ်တိုင် ပြုလုပ်နိုင်၏၊ အပြစ် မရှိ၊ ကျက်ပြီးသော ထမင်းအေး ဟင်းအေးတို့ကို ရဟန်းကိုယ်တိုင် မီး၌ နွှေးအပ်၏၊ ကျက်ပြီးသော ထမင်းကို ယမန်း (ဆန်ပြုတ်)ဖြစ်အောင် ကျိုနိုင်၏၊ ကျိုကောင်း၏၊ ရဟန်းကိုယ်တိုင် ကျိုသော, နွှေးသော ဝတ္ထုကိုမူကား ရှေ့ကာလိကဝတ္ထုနှစ်မျိုးတို့နှင့် မရောမယှက်စေဘဲ သက်သက်သီးခြား စားသောက် ဘုဉ်းပေးအပ်၏၊ ရောနှော၍ စားသောက်ခဲ့သော် ပုနပက္ကဒုက္ကဋ် အာပတ်သင့်၏၊ အန္တောဝုတ္ထ၊ အန္တောပက္က၊ သာမံပက္က၊ ပုနပက္က ဤလေးချက်တို့ကို ကွဲကွဲပြားပြားသိအောင် လေ့လာ မှတ်သားသင့်၏၊

(ဆောင်) အန္တောဝုတ္ထ, အန္တောပက္က, သာမံပက္က, ဤသုံးဝ၊ ယာဝ ယာမမှာ။
ကျက်ပြီးကိုလျက်၊ တစ်ဖန်ချက်၊ သက်သက်အပ်သည်သာ။
ရှေ့ကာလိနှစ်၊ ရောပြန်လစ်၊ အပြစ် ရှိပြန်လာ။

ဒုက္ကဋ် (၃) မျိုး သင့်နိုင်

နောက်ကာလိကနှစ်မျိုး သတ္တာဟကာလိက၊ ယာဝဇီဝိကနှစ်မျိုးတို့ကား ရဟန်းကိုယ်တိုင် ကြော်လှော် ချက်ပြုတ်သော်လည်း အန္တောဝုတ္ထ၊ အန္တောပက္က၊ သာမံပက္က ဖြစ်စေကာမူ ဒုက္ကဋ် (၃)မျိုးမှ လွတ်ကင်းနိုင်သည်။ သို့သော် ရှေး ကာလိကဖြစ်သော ယာဝကာလိက (= ခဲဖွယ် ဘောဇဉ်)၊ ယာမကာလိက (= အဖျော်ယမကာ)တို့နှင့် မရောမယှက် သက်သက်စားသောက်မှသာ အာပတ်သုံးမျိုးမှ လွတ်ကင်းနိုင်၏၊ ထိုရှေ့ကာလိကနှစ်ပါးနှင့် ရောနှော၍ မစားကောင်း၊ စားသောက်ခဲ့သော် အန္တောဝုတ္ထ၊ အန္တောပက္က၊ သာမံပက္ကဒုက္ကဋ် အာပတ်သုံးမျိုးတို့ သင့်ရောက်နိုင်သည်။

၁၆။ ဗီဇဂါမပါတဗျဒုက္ကဋ်

မျိုးစေ့အပေါင်းကို ဗီဇဂါမ်ဟု ခေါ်သည်။ မူလ = အမြစ်၊ ခန္ဓ = ပင်စည်၊ ဖလု = အဆစ်၊ အဂ္ဂ = အညွန့်၊ ဗီဇ = အစေ့၊ ဤ ဗီဇဂါမ်ငါးမျိုးကို ဖျက်ဆီးလျှင် ဗီဇဂါမပါတဗျဒုက္ကဋ်အာပတ် သင့်၏၊ ထို့ကြောင့် ရဟန်းတော်များသည် ထို မျိုးစေ့ဖြစ်သော ငါးမျိုးတို့ကို စားသောက်လိုလျှင် လူ, သာမဏေတို့ကို ကပ္ပိစေခြင်း ပြုပြီးမှသာလျှင် စားကောင်း ဘုဉ်းပေးကောင်းသည်။

၁၇။ သေခိယဒုက္ကဋ်

သေခိယသိက္ခာပုဒ်များ လွန်ကျူးလျှင် ဒုက္ကဋ်အာပတ်သင့်၏၊ ထိုသေခိယသိက္ခာပုဒ်များကို စာရိတ္တဝိနည်းဖြစ်ခြင်းကို ပြဆိုတော်မူလိုသောကြောင့် အာပတ်အမည်တပ်၍ ပညတ်တော်မမူချေ။ ထိုသေခိယကျင့်ဝတ်တို့ကို မသိ၍ဖြစ်စေ, သတိမေ့လျော့၍ဖြစ်စေ, လွန်ကျူးလိုသော စေတနာမရှိ၍ ဖြစ်စေ မကျင့်မိ မလိုက်နာမိလျှင် အပြစ်မရှိ, အာပတ်မသင့်သော်လည်း သိလျက်နှင့် မရိုမသေပြုပြီး သိလျက်နှင့် မကျင့်သော်ကား သေခိယဒုက္ကဋ် အာပတ် သင့်၏၊ သိ၍ ကျင့်လျှင်ကား အကျိုးရသည်။ ဂါရဝကုသိုလ် ဖြစ်သည်။

ဒုဗ္ဘာသိတအာပတ်

(ဒုဗ္ဘာသိတ = ဒု + ဘာသိတ) ဒု = မကောင်းသဖြင့်၊ ဘာသိတ = ပြောဆိုအပ်သော စကား၊ ထိုသို့ မကောင်းသဖြင့် ပြောမှုကြောင့် သင့်ရောက်သော အာပတ်ကို ကာရဏူပစာရအားဖြင့် ဒုဗ္ဘာသိတအာပတ်ဟု ခေါ်ရသည်။ ပြက်ရယ်ပြောင်လှောင် ကျီစားလိုသော ရယ်ရွှင်ဖွယ်ဖြစ်စေလိုသော သဘောဖြင့် သာမဏေကိုဖြစ်စေ, လူကို ဖြစ်စေ ပုနေသူကို “လူထွားကြီး လာပြီကွဲ့၊” အရပ်ရှည်သူကို “လူပုလေး လာပြီကွဲ့၊ခတ္တိယကြီး လာပြီကွဲ့၊ပိဋကတ်အိုးကြီး လာပြီကွဲ့၊ရဟန္တာကြီး ကြွလာပြီကွဲ့စသည်ဖြင့် ပြောဆိုခြင်းမျိုးဟူသမျှတို့ကို ဒုဗ္ဘာသိတအာပတ်ဟု မှတ်အပ်၏၊ ကျီစားနောက်ပြောင်တတ်သော ရဟန်းများသည် ဤဒုဗ္ဘာသိတအာပတ် သင့်တတ်ကြောင်း သတိပြု၍ ရှောင်ကြဉ်သင့်သည်။

တရားအားထုတ်နေသော အသင်သူတော်ကောင်းသည် (အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ ဝိဟရတိ) အနုမြူပမာ သေးငယ်စွာသော အပြစ် အာပတ်တို့၌ ဘေးကြီးဟူ၍ ရှုမြင်လျက် နေရမည်ဟုလည်းကောင်း, (အန္တရာယိကော ဓမ္မော ဝုတ္တော ဘဂဝတာ) စျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်၏ဟုလည်းကောင်း, မြတ်စွာဘုရား သတိပေး ဟောကြားထားတော်မူချက် ရှိပေသည်။

ဒုက္ကဋ်နှင့် ဒုဗ္ဘာသိတအာပတ်များ

ဒုက္ကဋ်နှင့် ဒုဗ္ဘာသိတအာပတ်များကို ဝိနည်းပါဠိတော်လာအတိုင်း ထပ်မံ ရှာဖွေတင်ပြပါဦးမည်။

ရေအိမ် (ဝစ္စကုဋီ)သို့ ရှေးဦးစွာ ဝင်မည့်ရဟန်းကို တားမြစ်၍ မိမိအလျင် ဝင်ခြင်းကြောင့် ဒုက္ကဋ်အာပတ်သင့်၏၊ ရေဆိပ်သို့ ရှေးဦးစွာ သက်မည့် ရဟန်းကို မြင်၍ မိမိ အလျင်သက်ခြင်း၊ ဆွမ်းခံရွာသို့ ရှေးဦးစွာ ဝင်မည့် ရဟန်းကို တားမြစ်၍ မိမိ အလျင်ဝင်ခြင်း၊ (ဤအချက်ကို ထောက်၍ ဝစ္စကုဋီ ရေချိုးဆိပ် ဆွမ်းခံရွာ ဝင်ရာတို့၌ ထေရ်စဉ်ဝါလိုက် စောင့်ရန် မလိုပေ၊၊) သီတင်းကြီးက မတိုက်တွန်းပါဘဲလျက် ခွင့်မပန်ကြားဘဲလျက် တရားဟောခြင်း၊ ပါတိမောက်ပြခြင်း၊ ပြဿနာ မေးခြင်း၊ သီတင်းကြီး လာရာတွင် နေရာမှ မထခြင်း၊ သီတင်းကြီးနှင့် တစ်ခန်းတည်း အတူနေလျှင် မထေရ်ကြီးကို မပန်ကြားဘဲ စာအံသရဇ္ဈာယ်ခြင်း၊ ဆီမီးညှိထွန်းခြင်း (လျှပ်စစ်မီး ဖွင့်ခြင်း, ပိတ်ခြင်း) လေသွန်တံခါး စသည်ကို ဖွင့်ခြင်း, ပိတ်ခြင်း၊ မိစ္ဆာအယူရှိသော ရဟန်းကို ရှိခိုးခြင်း၊ ဥက္ခိတ္တကရဟန်းကို ရှိခိုးခြင်း၊ ပရိဝါသ်ဆောက်တည်ဆဲ ရဟန်း, အရင်းသို့ ငင်ထိုက်သော ရဟန်း, မာနတ်ကျင့်ဆဲရဟန်း, မာနတ်ပေးထိုက်သော ရဟန်း, အဗ္ဘာန်သွင်းထိုက်သော ရဟန်း, ဤ ကမ္မာရဟရဟန်း (၅)မျိုးတို့ကို ရှိခိုးခြင်း၊ အဝတ်မကပ်သော ရဟန်းကို ရှိခိုးခြင်း၊ အဝတ် မကပ်ဘဲ သီတင်းကြီးကို ရှိခိုးခြင်း၊ ဝိနည်း၌ မလိမ္မာဘဲလျက် ဥပဇ္ဈာယ်ဆရာ နိဿယည်းဆရာ ပြုခြင်း၊ အလဇ္ဇီရဟန်းတို့အား နိဿယည်းပေးခြင်း၊ အလဇ္ဇီရဟန်းတို့ကို အမှီနိဿယည်းဆရာပြု၍ နေခြင်း၊ နိဿယမုစ္စကအင်္ဂါများနှင့် မပြည့်စုံသေးဘဲ နိဿယည်းပေးတတ်သော ဆရာကို မမှီဘဲ နေခြင်း၊ အာပတ် မသင့်ဘဲလျက် ဒေသနာပြောကြားခြင်း၊ ဝတ္ထုသဘောတူသင့်သော အာပတ်ကို ဒေသနာပြောကြားခြင်း၊ သံဃာဒိသေသ်အာပတ် မသင့်ဘဲလျက် ပရိဝါသ်, မာနတ် ဆောက်တည်ခြင်း၊ ကံမဟုတ်သည်ကို ကံပြုခြင်း၊ ဝုဋ္ဌာနကံ သံဃာဒိသေသ်အာပတ်ကို ဒေသနာကံပြုခြင်း၊ ဒေသနာကံအာပတ်ကို ဝုဋ္ဌာနကံ ပြုခြင်း၊ လက်ကတော့ကိုယ်ဝတ် မတင်ဘဲ ဆောင့်ကြောင့်မထိုင်ဘဲ လက်အုပ်မချီဘဲ ဒေသနာပြောကြားခြင်း၊ ဥပုသ်ပြုခြင်း၊ ပဝါရဏာပြုခြင်း၊ ဆရာဥပဇ္ဈာယ်တို့အား ရှိခိုးခြင်းစသော ဝတ်ကို မပြုခြင်း၊ ပရိဝါသ်နေခြင်း၊ စသော ကမ္မာရဟအရာ၌ တည်နေစဉ် ရဟန်း သာမဏေတို့၏ ဝတ်ကို သာယာခြင်း၊ ကမ္မာရဟပုဂ္ဂိုလ်တို့ ကျင့်ရသောဝတ်ကို မဖြည့်ကျင့်ခြင်း၊ ဝါလတိုင်လျက် ဝါမကပ်ခြင်း၊ သတ္တာဟကရဏီယ မပြုရာသည်၌ သတ္တာဟကရဏီယ (ဝါပန်) ပြု၍ သွားခြင်း၊ ခွင့်ပြုအပ်သောအကြောင်း မရှိဘဲလျက် ဝဿစ္ဆေဒ (ဝါပြတ်ခြင်း)ကို ဖြစ်စေခြင်း၊ အလွှမ်းသုံးပါးတွင် တစ်ပါးပါး မရှိဘဲလျက် မိမွေးတိုင်း (ကိုယ်တုံးလုံး) ရေချိုးခြင်း၊ (အလွှမ်းသုံးပါးကား အဝတ်အလွှမ်း၊ ရေအလွှမ်း၊ အဆောက်အအုံအလွှမ်းတည်း။) ရေချိုးသောအခါ ကိုယ်ကို နံရံ တိုင် သစ်ပင်တို့၌ ပွတ်ခြင်း၊ မှတ်ကျောက်မှုန့်ဖြင့် ပွတ်ခြင်း၊ တစ်ယောက်ကျောနှင့် တစ်ယောက် ပွတ်ခြင်း၊ ကိုယ်နံ့နံသူ မဟုတ်ဘဲလျက် ဆပ်ပြာမွှေးဖြင့် ရေချိုးခြင်း၊ ပကတိပုရိသ လက်တစ်ဆယ့်နှစ်သစ်ထက်အလွန် ရှည်သော တံပူ (ဒန်ပူ)ကို စားခြင်း၊ ခြောက်လက်သစ်အောက် ယုတ်သော (ဝါ) တိုသော တံပူကို စားခြင်း၊ နေလွဲသောအခါ၌ ပိပါသပစ္စယ (ဆာလောင်မွတ်သိပ်ခြင်းအကြောင်း) မရှိဘဲလျက် ဖျော်ရည်ကို သောက်ခြင်း၊ နေလွဲသောအခါ (ဂေလညပစ္စယ) အနာဟူသောအကြောင်း မရှိဘဲလျက် သတ္တာဟကာလိက, ယာဝဇီဝိက, ထောပတ်, ဆေးစသည်ကို စားမျိုခြင်း၊ ကွမ်း, ဆေးရွက်, လက်ဖက်စားခြင်း၊ ကြေးနီ စသည်ဖြင့် ပြုသော ပအုပ်၌ ဆွမ်းစားခြင်း၊ ရဟန်းနှစ်ပါး တစ်ခွက်တည်း၌ အတူစားခြင်း၊ ကုတင်တစ်ခုတည်း၌ အတူအိပ်ခြင်း၊ တစ်ခင်းတည်း ခင်း၍ အတူအိပ်ခြင်း၊ တစ်ထည်ကို အတူခြုံ၍ အိပ်ခြင်း၊ တစ်ခင်း တစ်ရုံတည်း ခင်းခြုံ၍ အိပ်ခြင်း၊ သုံးပါးထိုင်လောက်အောင် မရှည်သော နေရာဌာန၌ သုံးဝါ သုံးဝါထက် အလွန်ကြီးသော ရဟန်းနှင့် နေရာတန်းတူ ထိုင်ခြင်း၊ [မိမိနှင့် အထက်အောက် သုံးဝါအတွင်းရှိ (နှစ်ဝါကြီး နှစ်ဝါငယ်) ရဟန်းနှင့် နေရာတန်းတူ၌ အတူထိုင်ခြင်းငှာ ခွင့်ပြု၏] သုံးပါးထိုင်လောက်အောင် ရှည်သော နေရာဌာန၌ကား မိမိထက် သုံးဝါ, သုံးဝါအထက် ကြီးသောရဟန်းနှင့်လည်း နေရာတူ ထိုင်နိုင်၏၊ သို့သော် ညောင်စောင်း အင်းပျဉ် ကုတင် ထိုင်ခုံတို့၌ကား အထက်အောက် နှစ်ဝါကြီး နှစ်ဝါငယ် ရဟန်းနှစ်ပါးသာလျှင် အတူထိုင်နိုင်သည်ဟု ဝိမတိဝိနောဒနီဋီကာဆရာ ဆို၏၊

ဆိတ်, သိုး, သမင်, ချေ, စိုင်, ဧဏီမည်သော သားကောင် ဆတ်တို့၏ အရေမှတစ်ပါးသော သားရေတို့ဖြင့် ပြုလုပ်သော သားရေနယ် အခင်းကို ကိုယ်ပိုင်ပစ္စည်းအဖြစ်ဖြင့် သုံးဆောင်ခြင်း၊ ဘုရားရှင် တားမြစ်တော်မူအပ်သော ကယဝိက္ကယ စသည်ကြောင့်ရသော ပစ္စည်းကို သုံးဆောင်ခြင်း၊ အင်္ဂတေ စသည်ဖြင့် အပြေအပြစ် ပြုအပ်သော အရပ်၌ ဖိနပ်စီးခြင်း၊ ကျောင်း အိပ်ရာ နေရာ၌ ဖိနပ်စီးခြင်း၊ သံဃာ၏ ဥစ္စာဖြစ်သော ညောင်စောင်း အင်းပျဉ် ကုတင်ထိုင်ခုံတို့ကို မဆေး မပွတ် မသုတ်သော ခြေ, စိုစွတ်သော ခြေ တို့ဖြင့် နင်းခြင်း၊ အင်္ဂတေ စသည်ဖြင့် အပြေအပြစ် ပြုအပ်သော နံရံကို သုံးသပ်ခြင်း၊ တံတိုင်း နံရံတို့၌ ကျင်ကြီး ကျင်ငယ် အမှိုက် စားကြွင်းတို့ကို စွန့်ပစ်ခြင်း၊ အနာဟူသောအကြောင်း မရှိဘဲလျက် ဒုကုဋ် သင်းပိုင် ဧကသီသင်္ကန်းဖြင့် မြင်းခေါင်းကျောက်ဆစ် လှည့်ရစ်ပတ်သိုင်း၍ အာယောဂပတ်ဖွဲ့လျက် နေခြင်း၊ သင်္ကန်းကို မကောင်းသဖြင့် ဝတ်ရုံခြင်း၊ ခါးပန်းကို မဖွဲ့ဘဲလျက် ရွာတွင်းသို့ ဝင်ခြင်း၊ တပ်နှစ်သက်သော စိတ်ဖြင့် ဆွမ်းလှူသော ယောက်ျား မိန်းမတို့၏ မျက်နှာ, ကိုယ်အင်္ဂါ, အင်္ဂါဇာတ်တို့ကို ကြည့်ခြင်း၊ ငြူစူသော စိတ်ဖြင့် အခြားရဟန်းတစ်ပါး၏ သပိတ်ကို ကြည့်ခြင်း၊ အနာဟူသော အကြောင်းမရှိဘဲလျက် မိမိမျက်နှာကို ကြေးမုံ (မှန်) ရေခွက် စသည်တို့၌ ကြည့်ခြင်း၊ တစ်ပါးသောသူက ဟတ်ချိုးဟု ချေဆတ်ရာ၌ အသက် ရှည်ပါစေသောဝ်ဟု ဆိုခြင်း၊ ကခြင်း, ကစေခြင်း, သီဆိုခြင်း, သီဆိုစေခြင်း၊ တရားတော်ကို ရှည်သော အသံဖြင့် သီချင်းကဲ့သို့ သီဆိုခြင်း၊ (အသံထင်ရှားအောင် ရွတ်ဆိုခြင်းကို ခွင့်ပြု၏၊) သီဆိုခြင်း, တီးမှုတ်ခြင်း, ကခြင်းတို့ကို ကြည့်ရှုနားထောင်ခြင်း၊ (သီချင်းဂီတသံများ ဖွင့်ထားသော ရေဒီယို ကက်ဆက် တယ်လီဗေးရှင်းတို့ကို နားထောင်ကြည့်ရှုခြင်းများ ပါဝင်နိုင်သည်၊၊)

ပွဲလမ်းသဘင်ခံခြင်း, မင်းနန်းတော်ကိုဖြစ်စေ၊ ဆန်းကြယ်သော အိမ်, အာရာမ်, ခြံ, ဥယျာဉ်, ရေကန်တို့ကိုဖြစ်စေ တမင်သက်သက် သွားကြည့်ခြင်း၊ ဘုရား တရား သံဃာကို အကြောင်းပြု၍ “ကျောက်ဘုရားလော” နွားတရားလော သားအပေါင်းလော နွားနီအုပ်ကြီးလောစသည်ဖြင့် ပြက်ရယ်ပြုခြင်း၊ လူဝတ်ကြောင်တို့ကဲ့သို့ ဝတ်ခြင်း၊ ရုံခြင်း၊ ခါးတောင်းကျိုက်ခြင်း (ဤအချက်ကြောင့် အံသကိုဋ် ကိုယ်ကြပ်၊ တစ်ဖက်ပြတ်အကျႌများကို မဝတ်ရုံသင့်ပေ။) တစ်စုံတစ်ခုသော ကစားမျိုးကို ကစားခြင်း၊ တောကို မီးတိုက်ခြင်း၊ (အနီးအပါး တောမီးလောင်နေ၍ ကျောင်းမီးလောင်ခြင်းမှ ကာကွယ်ရန်အလို့ငှာ မီးကြိုပေးရန် အရံအတား လုပ်ရန် ခွင့်ပြုတော်မူ၏၊၊) နှစ်ဘက် ဝန်ထုပ်ဝန်ပိုးရှိသော ထမ်းပိုးကို ထမ်းခြင်း၊ ဆိုင်း, ခြင်းဖြင့် သပိတ်ကို ဆောင်ခြင်း (ဤအချက်ကြောင့် အပေါက် ဇကာကွက်ပါသော သပိတ်အိတ်ကို အချို့ဆရာတော်များ မနှစ်သက်ကြခြင်း ဖြစ်သည်။) ရှည်သော တုတ်ဖြင့် သပိတ်ရှိသော ဆိုင်းကို ဆောင်ခြင်း၊ ဒါယကာတို့အား လောကွတ်ပျူငှာ လောကဝတ် ပြုခြင်း၊ သစ်သီးပေးခြင်း၊ ပန်းပေးခြင်း၊ သီတင်းသုံးဖော် မိဘစသော သူတို့မှ တစ်ပါး အခြားသူတို့ကို ဆေးပေးခြင်း၊ ဗေဒင်သင်ခြင်း၊ သင်စေခြင်း။

ကာလအားဖြင့် နှစ်လ၊ ပမာဏအားဖြင့် လက်နှစ်သစ်ထက်အလွန် ရှည်သော ဆံပင်ကို မသုတ်သင်ဘဲ ထားခြင်း၊ မုတ်ဆိတ်ကို ရှည်အောင် ထားခြင်း၊ (ကြင်စွယ်) နှုတ်ခမ်းမွေးထားခြင်း၊ နှာခေါင်းမှ အပသို့ ထွက်အောင် ရှည်သော နှာခေါင်းမွေးကို မသုတ်သင်ဘဲ ထားခြင်း၊ လက်သည်း ခြေသည်းတို့ကို အသားထက် ရှည်စေခြင်း၊ ၎င်းတို့ကို အပြေအပြစ် အလှအပပြုခြင်း၊ ပဿာဝမဂ်နှင့် လက်ကတီးကြား ချိုင်းကြား၌ ပေါက်သော အမွေးတို့ကို ရိတ်နုတ်ခြင်း၊ ရင်မွေးတို့ကို ရိတ်နုတ်ခြင်း၊ ဆံဖြူကို နုတ်ခြင်း၊ နုတ်စေခြင်း၊ အနာဟူသော အကြောင်းမရှိဘဲလျက် ဆံပင်ကို ကတ်ကြေးဖြင့် ဖြတ်ခြင်း၊ တစ်သူခန့်မျှ (လက်ခုတ်တစ်ဖောင်ခန့်မျှ) တက်၍ ထင်းခြောက်ကို ယူခြင်းမှ တစ်ပါး ဘေးမရှိဘဲလျက် သစ်ပင်တက်ခြင်း၊ အနာဟူသော အကြောင်းမရှိဘဲလျက် အင်္ဂါဇာတ်ကိုကြဉ်၍ ကြွင်းသော ကိုယ်အင်္ဂါကို ဖြတ်ခြင်း၊ (အင်္ဂါဇာတ် ဖြတ်လျှင် ထုလ္လစ္စဉ်း) အာဟာရကို ဖြတ်ခြင်း စသည်ဖြင့် မိမိကိုယ်ကို သတ်ခြင်း၊ ရေစစ် မပါဘဲ အဓွန့်ရှည်သော (ယူဇနာခွဲ = လေးမိုင်) ခရီးသို့ သွားခြင်း၊ ရေစစ်ငှားသော ရဟန်းအား ရေစစ် မပေးခြင်း၊ ပန်းချီရေးသော အရုပ်ဟူသမျှကို ရေးခြင်း၊ ရေးစေခြင်း၊ ထုခြင်း၊ ထုစေခြင်း၊ သူတစ်ပါး၏ ပရိသတ်ကို ဖြားယောင်းခြင်း၊ ရဟန်း သာမဏေတို့အား မအပ်မရာသော အကျင့်ကို ဆောက်တည်စေခြင်း၊ ဂိလာန (သို့မဟုတ်) ရဟန်းအို မဟုတ်ဘဲလျက် နွားလှည်း မြင်းလှည်း ဆိုက်ကားများကိုလည်းကောင်း, ထမ်းစင် (ဝေါ) ကိုလည်းကောင်း, အဝတ်ထမ်းကိုလည်းကောင်း, လူနှစ်ယောက် လက်ချင်းယှက်၍ ဆောင်ယူသော လက်ပွေ့အထမ်းစသော ထမ်းစင်အမျိုးမျိုးကိုလည်းကောင်း စီးခြင်းဟူသမျှတို့သည် ဒုက္ကဋ်ချည်းတည်း။ (ဂိလာန သို့မဟုတ် ရဟန်းအို ဖြစ်၍ စီးလျှင် အထီးကသော ယာဉ်၌သာလျှင် စီးအပ်သည်။)

တိတ္ထိတို့ ဆောက်တည်အပ်သော အအ, ကဲ့သို့ စကားမပြောသော အကျင့်ကို ဆောက်တည်ခြင်း၊ မနာမဖျားဘဲလျက် ရွာတွင်း၌ ဖိနပ်စီးခြင်း၊ အလုံးစုံ ညို ရွှေ နီ ဖြူ မည်းသော အဆင်းရှိကုန်သော ဖိနပ်များကို စီးခြင်း (ခုဒ္ဒသိက္ခာနိဿယ ဥပါဟနနိဒ္ဒေသ) [အလုံးစုံ ကင်းခြေများကျောက်ကုန်းအဆင်း, လိမ္မော်ရောင်ရှိသော ဖိနပ်, အလုံးစုံ ဖက်ရွက်ရော်အဆင်းရှိသော ဖိနပ်လည်း မအပ်ဟု မဟာဝါပါဠိတော် မြန်မာပြန် စမ္မက္ခန္ဓက (၂၇၂) စာပိုဒ် (၂၄၆)၌ လာရှိ၏၊] အသည်းတပ်သော ဖိနပ်များ၊ ဖနောင့်ဖုံး တပ်သော ဖိနပ်များ၊ ဖမိုးဖုံးတပ်သော ဖိနပ်များ၊ ခြင်္သေ့, ကျား, ကျားသစ်, သစ်နက်, ဖျံ, ကြောင်, ရှဉ့်နက်, ရှူးရေတို့ဖြင့် ချုပ်သော ဖိနပ် စသည်ကို စီးခြင်း၊ မိမိ၏ နိဿယည်းဆရာ, မိမိထက် ခြောက်ဝါကြီးသော အာစရိယမတ္တပုဂ္ဂိုလ်, မိမိ၏ ဥပဇ္ဈာယ်ဆရာ, မိမိထက် ဆယ်ဝါကြီးသော ဥပဇ္ဈာယမတ္တပုဂ္ဂိုလ်, ထိုပုဂ္ဂိုလ်တို့ ဖိနပ်မစီးလျှင် ၎င်းပုဂ္ဂိုလ်တို့၏ အနီးအနား (ဆယ့်နှစ်တောင် အတွင်း)၌ ဖိနပ်မစီးရခြင်း။

အနာဟူသော အကြောင်းလည်း မရှိ၊ နေပူမိုးရွာခြင်းလည်း မရှိ၊ ပကတိအခါ၌ မြို့တွင်းရွာတွင်း မဆိုထားဘိ ကျောင်းအာရာမ် ပြင်ပနှင့် တော တောင်များ၌လည်း ထီးမဆောင်းအပ်ခြင်း၊ (ထီးအလှဆောင်းခြင်းကို ဆိုလို သည်) ထီးရွက်အတွင်း၌လည်းကောင်း, အမိုး၌လည်းကောင်း ငါးပါးသော အဆင်း ရှိကုန်သော ချည်တို့ဖြင့် ချုပ်ခြင်းငှာ မအပ်၊ ထီးရွက်အမိုး၌ မကရ်းသွားသဏ္ဌာန်, လခြမ်းသဏ္ဌာန် စသည်တို့ကို ထုခြင်းငှာ မအပ်၊ ထီးရိုး၌ ရေးချယ်ထားသော ကြာပွင့်သည်လည်းကောင်း၊ သားရဲရုပ်သည်လည်းကောင်း၊ ကြံဆစ်အရေးသည်လည်းကောင်း မအပ်၊ (ထို ဆိုခဲ့ပြီးသော ထီးများ ဖြစ်လျှင် အရုပ်များ ဖျက်၍ဖြစ်စေ အုပ်ထား၍ဖြစ်စေ သုံးသင့်သည်၊၊)

“လူ သာမဏေ တိရစ္ဆာန်တို့ကို ရိုက်နှက်လျှင် ဒုက္ကဋ်အာပတ် သင့်၏၊ ကိုရင် ကျောင်းသားများကို ရိုက်နှက်၍ ဆုံးမရာ၌လည်း ဒုက္ကဋ်အာပတ်မှ မလွတ်ဟု သတိရှိကြပါကုန်”ဟု အရှင်ဩဘာသရေးသားသော “ဝိနည်းဥပဒေတော်ကြီးစာအုပ်”၌ လာရှိ၏၊ ဤသည်တို့ကား ဒုက္ကဋ်အာပတ်များကို ပြဆိုခြင်းတည်း။

ပါစိတ္တိယအာပတ်

စိတ္တံ ပါတေတီတိ ပါစိတ္တိယံ၊ ကုသိုလ်စိတ်ကို ကျစေတတ်သောကြောင့် ပါစိတ်အာပတ်ဟု ခေါ်ရသည်။ စေတနာနှင့်တကွ လွန်ကျူး၍ သင့်အပ်သော ပါစိတ်အာပတ်ဖြစ်သည့်အခါ ကုသိုလ်စိတ်များ ကွယ်ပျောက်သောကြောင့် “ကုသိုလ်စိတ်ကို ကျစေသော အာပတ်”ဟု ဆိုသည်။

ပါစိတ္တိယ ရုပ်ပြီးထားပုံ - ပါစိတ္တိယ-၌ (စိတ္တ + ပါတိယ)ဟု ပုဒ်ရင်း ဖြစ်၏၊ ပါတ နှင့် စိတ္တကို ရှေ့နောက်ပြန် တ-ကို ချေ၍ ဝဏ္ဏဝိပရိယာယ, ဝဏ္ဏလောပနိရုတ္တိနည်းဖြင့် ပါစိတ္တိယဟု ရုပ်ပြီးသည်။

၁။ နိဿဂ္ဂိယပါစိတ်၊
၂။ သုဒ္ဓပါစိတ်၊
၃။ ဘေဒနကပါစိတ်၊
၄။ ဥဒ္ဓါလနကပါစိတ်၊
၅။ ဆေဒနကပါစိတ် စသည်ဖြင့် ပါစိတ်အာပတ်များကို ခွဲခြားမှတ်သား သင့်သည်။

နိဿဂ္ဂိယပါစိတ်

နိဿဇ္ဇီယတေ နိဿဂ္ဂိယံ၊ နိဿဇ္ဇနံ နိဿဂ္ဂိယံ၊ နိဿဇ္ဇိတဗ္ဗန္တိ နိဿဂ္ဂိယံ၊ နိဿဂ္ဂိယံ အဿာတိ နိဿဂ္ဂိယံ။ နိဿဇ္ဇီတဗ္ဗံ = စွန့်ထိုက်၏၊ ဣတိ = ထို့ကြောင့်၊ နိဿဂ္ဂိယံ = နိဿဂ္ဂိမည်၏၊ နိဿဇ္ဇီယတေ = စွန့်ခြင်း၊ နိဿဂ္ဂိယံ စွန့်ခြင်း၊ အဿ = ထိုပါစိတ်အာပတ်၏၊ နိဿဂ္ဂိယံ = စွန့်ခြင်း ဝိနည်းကံသည်။ အတ္ထိ = ရှိ၏၊ ဣတိ = ထို့ကြောင့်။ တံ = ထိုပါစိတ်အာပတ်သည်။ နိဿဂ္ဂိယံ = နိဿဂ္ဂိယမည်၏၊

စွန့်ထိုက်, စွန့်အပ်သော ပစ္စည်း (ကမ္မသာဓန)

ဒေသနာမကြားမီ ရှေ့အဖို့၌ စွန့်ခြင်းဝိနည်းကံ (ဘာဝသာဓန)၊ သင်္ကန်း စသော နိဿဂ္ဂိယဝတ္ထုကို စွန့်ပြီးနောက်၌ ဒေသနာကြားအပ်သောကြောင့် စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ် (အဿတ္ထိတဒ္ဓိတ်)၊ နိဿဂ္ဂိပါစိတ် အာပတ်နှင့် စပ်၍ စွန့်ထိုက်သော သင်္ကန်း, စွန့်ထိုက်သော ဆွမ်း, စွန့်ထိုက်သော ကျောင်း, စွန့်ထိုက်သော ဆေး, စွန့်ထိုက်သော အခင်း စသော အသုံးအဆောင်, စွန့်ထိုက်သော ရွှေငွေ စသည်ဖြင့် သိက္ခာပုဒ်(၃၀) ရှိသည့်အားလျော်စွာ နိဿဂ္ဂိ ပါစိတ်အာပတ်များ များစွာသင့်ရောက်နိုင်သဖြင့် သတိရှိသင့်ပေသည်။

အာပတ်ကုစားခြင်း

နိဿဂ္ဂိပါစိတ်အာပတ်သည် ဒေသနာပြောကြား၍ ငြိမ်းပျောက်ကောင်း သော အာပတ်ဖြစ်သော်လည်း စွန့်သင့် စွန့်ထိုက်သော နိဿဂ္ဂိဝတ္ထုပစ္စည်းများကို ဝိနည်းကံနှင့်အညီ စွန့်ပြီးမှသာလျှင် ဒေသနာကြားရမည် ဖြစ်သည်။နိဿဂ္ဂိယဝတ္ထုပစ္စည်းများကို မစွန့်လွှတ်ဘဲ ဒေသနာပြောကြားခြင်း အကြိမ် ရာထောင် ပြုသော်လည်း ယင်းနိဿဂ္ဂိအာပတ်မှ မထမြောက်နိုင် မလွတ်နိုင်ကြောင်း သတိရှိသင့်လှသည်။ ပစ္စည်းဥစ္စာ ခင်တွယ်စွဲလမ်းသူတို့ စွန့်လွှတ်နိုင်ရန် ခဲယဉ်းလှသည်။ သံဃာဒိသေသ်အာပတ်ထက်ပင် ကုစားရန် ခဲယဉ်းနိုင်ကြောင်း ဂရုပြုသင့်သည်။

အာလျပြတ် စွန့်ရမည့်ပစ္စည်းများ

မိမိကိုယ်တိုင် သာယာ၍ အလှုခံထားသော ရွှေငွေနှင့် ထိုရွှေငွေတို့ဖြင့် ဝယ်ယူထားသော အသုံးအဆောင်ပစ္စည်းများ, ကုလဒူသနမှု အနေသနမှု မိစ္ဆာဇီဝမှုတို့ဖြင့် ရရှိထားသော ပစ္စည်းများကို ငဲ့ကွက်တွယ်တာမှု မရှိဘဲ အပြီးအပိုင် အာလျပြတ် စွန့်ပြီးမှသာ ဒေသနာကံပြု၍ အာပတ်မှ ထမြောက် ငြိမ်းပျောက်နိုင်၏၊ ထို့ကြောင့် အဆိုပါပစ္စည်းတို့ကို အပြီးအပိုင် အာလျပြတ် စွန့်သင့်ကြသည်။ ထိုမှ ကြွင်းသော နိဿဂ္ဂိယပစ္စည်းတို့ကိုမူ ဆိုင်ရာဝိနည်းကံ ပြုပြီး၍ တချို့ နိဿဂ္ဂိယဝတ္ထုတို့၌ တခြားအသုံးအဆောင်ပစ္စည်း ပြင်ဆင်၍ ဝိနည်းဓိုရ်က စီရင်ပြီး ပြန်ပေးလျှင် သုံးစွဲကောင်းသော နိဿဂ္ဂိပစ္စည်းများ ရှိသေးသည်ကိုလည်း သိရှိမှတ်သား လေ့လာထားသင့်သည်။

နိဿဂ္ဂိပစ္စည်း စွန့်နည်းများ

နိဿဂ္ဂိပစ္စည်းများကို စွန့်ရာ၌ (၁) သံဃာထံ စွန့်နည်း၊ (၂) နှစ်ပါး သုံးပါး ဂိုဏ်းထံ စွန့်နည်း၊ (၃) တစ်ပါးတည်း ပုဂ္ဂိုလ်ထံ စွန့်နည်းဟု ပါဠိတော်၌ (၃)နည်း ဟောကြားထားတော်မူသည်။ အနာမာသရွှေငွေကို စွန့်ခြင်း, ရွှေငွေနှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော ပစ္စည်းတို့ နိဿဂ္ဂိထိုက်၍ စွန့်ရာ၌ သံဃာ အလယ်၌ စွန့်ရသည်။ ဂိုဏ်းပုဂ္ဂိုလ်ထံ စွန့်၍ မရသောကြောင့် ဂိုဏ်း, ပုဂ္ဂိုလ်ထံ စွန့်နည်းတို့ကို မဟောကြားပါ။

ရွှေငွေနှင့်စပ်၍ နိဿဂ္ဂိထိုက်ပုံ

ရွှေငွေနှင့်စပ်၍ နိဿဂ္ဂိထိုက်ပုံ အရာကျယ်ဝန်းသောကြောင့်လည်းကောင်း, ဗုဒ္ဓဘာသာအများစုတို့ကလည်း ရွှေငွေကိုသာ လှူနေကြသောကြောင့်လည်းကောင်း, ရဟန်းတော်အများစုကလည်း ရွှေငွေလှူမှသာ ပေါ့ပါး လွယ်ကူ၍ လက်ခံသဘောကျနေကြ၍လည်းကောင်း, ယူဆပုံအမျိုးမျိုး ရှိသောကြောင့်လည်းကောင်း, စွန့်ရာ၌လည်း ခက်ခဲသောကြောင့်လည်းကောင်း နိဿဂ္ဂိ (၃၀)တို့တွင် ရွှေငွေနှင့်စပ်သော နိဿဂ္ဂိများကို ရှေးဦးစွာ တင်ပြလိုပါသည်။ သာသနာတော်အတွက် အလွန် အရေးကြီးလှပါသည်။

ရူပိယသိက္ခာပုဒ်

ရွှေငွေနှင့် စပ်၍ နိဿဂ္ဂိထိုက်ပုံ မထိုက်ပုံများ သိရှိရန် ရူပိယသိက္ခာပုဒ်, ရူပိယသံဝေါဟာရသိက္ခာပုဒ်, ရာဇသိက္ခာပုဒ်, မေဏ္ဍကသိက္ခာပုဒ် (မဟာဝါ ဘေသဇ္ဇခန္ဓက), ရတနသိက္ခာပုဒ်တို့ကို ဆက်စပ်ကာ လေ့လာထားသင့်သည်။

ရွှေငွေဒင်္ဂါးပိုက်ဆံတို့ကို ကိုယ်တိုင်လည်း အလှူ မခံရ၊ သူတစ်ပါးကိုလည်း မခံယူစေရ၊ အလှူခံ မခိုင်းရ၊ အနီးအဝေး၌ အပ်နှံလှူဒါန်းသည်ကိုလည်း ကိုယ်နှုတ်တို့ဖြင့် မပယ်ဘဲ စိတ်ဖြင့် မသာယာရ၊ ဤသို့သော ခံယူခြင်း (၃)ပါးတို့တွင် တစ်ပါးပါးဖြင့် ခံယူသာယာလျှင် နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊

အလှူခံရာ၌ ဒုက္ကဋ်ဝတ္ထုများ

ရွှေငွေကို ကြဉ်၍ ကြွင်းသော ရတနာရှစ်ပါးကို ခံယူခြင်း၊ စေတီ, သံဃာ, တစ်ခြားပုဂ္ဂိုလ်တို့အတွက် ရတနာ (၁၀)ပါးကို ခံယူခြင်း၊ စပါးမျိုး (၇)ပါး, ကျွန်ယောက်ျား, ကျွန်မိန်းမ, သစ်သီးဥယျာဉ်, ပန်းဥယျာဉ်, သစ်သီးခြံ, ပန်းခြံ အလှူခံလျှင် ဒုက္ကဋ်အာပတ် သင့်၏၊

(ဆောင်) ရွှေငွေဒင်္ဂါး၊ ပိုက်ဆံများ၊ ခံငြား နိဿဂ္ဂိ။ မြရတနာ ပုလဲ၊ ကြောင်မျက်ရွဲ သွင်း၊ ခရုသင်းနှင့်၊ (ကျောက်) စလင်းသန္တာ၊ မှတ်ရာ တစ်ခြား၊ ပတ္တမြားနီပြောက်၊ သွင်းလှောက် ဓည၊ သတ္တမျိုးမည်၊ ဒါသီ ဒါသ၊ ခေတ္တဝတ္ထု၊ နှစ်ခု အာရာမ် အလှူခံ၊ အမှန် ဒုက္ကဋ်ချည်း။

ရွှေငွေကို လက်ခံသာယာစုထားခြင်းသည် အပါယ်လေးပါးသို့ သွားဖို့ စရိတ်စုထားသည်နှင့် တူ၏၊ အစွဲသန်လေ အပြစ်ကြီးလေ ဖြစ်သည်။ ထို့ကြောင့် စုထားမိပြီးဖြစ်လျှင် ဝိနည်းနှင့်အညီ စွန့်၍ စင်ကြယ်အောင် ကုစားတော်မူကြပါကုန်။

အင်္ဂါ (၃) ပါး - (၁) ရွှေငွေဖြစ်ခြင်း၊ (၂) မိမိဖို့ မိမိအတွက်ဖြစ်ခြင်း၊ (၃) ကိုယ်တိုင်ဖြစ်စေ, သူတစ်ပါးကိုဖြစ်စေ ခံယူသာယာခြင်း၊ ပေါင်း (၃)ပါး တည်း။

(ဆောင်) ရွှေငွေ ဖြစ်ချက်၁၊ မိမိတွက်ဟူ၂၊ ခံယူ, ခံစေ သာယာပေ၃၊ သင့်လေ ရူပိယ။

ရူပိယသံဝေါဟာရ သိက္ခာပုဒ်

အမျိုးမျိုးအစားစား ရှိကုန်သော ရွှေ ငွေ ဒင်္ဂါး ပိုက်ဆံတို့ဖြင့် လဲလှယ် ရောင်းဝယ်ခြင်း မပြုရ၊ ထိုသို့ ပြု၍ ရသောပစ္စည်းများသည် နိဿဂ္ဂိထိုက်၍ ရူပိယသံဝေါဟာရ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ အမျိုးမျိုး အစားစားဟူသည် ပုတီး နားကပ် ဆွဲကြိုးစသည်ဖြင့် လက်ဝတ်တန်ဆာ ပြုပြီးသော ရွှေငွေ, လက်ဝတ်တန်ဆာ မပြုရသေးသော ရွှေတုံးရွှေခဲ, ငွေတုံးငွေခဲ, ရွှေဒင်္ဂါး ငွေဒင်္ဂါး, ပိုက်ဆံငွေစက္ကူ စသည်တို့တည်း။ လဲလှယ် ရောင်းဝယ်ဟူသည် ယခုကာလ ရွှေငွေပိုက်ဆံ ငွေစက္ကူပေး၍ ပစ္စည်းယူ ရောင်းဝယ်ခြင်းမျိုးတို့တည်း။

နိဿဂ္ဂိအဆင့်ဆင့် အာပတ်အဆင့်ဆင့်

ဒါယကာတို့ထံမှ ရွှေငွေကို အလှူခံယူလျှင် ရူပိယသိက္ခာပုဒ်အရ နိဿဂ္ဂိ ပါစိတ်သင့်၍ ထိုရွှေငွေဖြင့် သင်္ကန်း, စာအုပ်, ဆေး စသည် ဝယ်ပြန်လျှင် ဤသိက္ခာပုဒ်အရ သင်္ကန်းစသည် နိဿဂ္ဂိထိုက်၍ ပါစိတ်သင့်၏၊ ထိုနိဿဂ္ဂိ ထိုက်သော ပစ္စည်းဖြင့် အခြားအပ်စပ်သော ပစ္စည်းနှင့် လဲလှယ်ပြန်လျှင် ထိုပစ္စည်းများလည်း နိဿဂ္ဂိထိုက်ပြန်လေသည်။

နိဿဂ္ဂိထိုက်နေသော ထိုပစ္စည်းတို့ကို မစွန့်ဘဲ သုံးစွဲပြန်လျှင် သုံးစွဲတိုင်း သုံးစွဲတိုင်း ဒုက္ကဋ်အာပတ် သင့်ပြန်ကာ အခြားရဟန်းတော်များအား လှူလျှင် တခြားရဟန်းတော်များလည်း ထို့အတူ ဒုက္ကဋ်အာပတ် သင့်ပြန်၏၊ ဒုက္ကဋ်အာပတ်တွေ ပေးဝေနေသည်နှင့် တူတော့၏၊ နက်နက်နဲနဲ ဆင်ခြင်စဉ်စားသင့်သောအရာ ဖြစ်သည်။ နိဿဂ္ဂိပစ္စည်းတို့ကို မစွန့်ပါဘဲ ဝိနည်းကံနှင့်အညီ မစွန့်ဘဲ အကြိမ်ပေါင်းရာထောင် ဒေသနာကြားသော်လည်း ထိုနိဿဂ္ဂိ အာပတ်မှ မစင်ကြယ်နိုင်သည်ကိုလည်း အထူးသတိပြုသင့်လှ၏၊

အင်္ဂါ (၂) ပါး - (၁) လဲလှယ်အပ်သောဝတ္ထု, လဲလှယ်ကြောင်းဝတ္ထုတို့ တွင် တစ်ခုခုဘက်၌ ရွှေငွေဖြစ်ခြင်း၊ (၂) လဲလှယ်ဖလှယ်ခြင်းဟူ၍ အင်္ဂါ နှစ်ပါးတည်း။

(ဆောင်) လဲလှယ်အပ်တောင်း၊ လဲလှယ်ကြောင်းဖြင့်၊ အပေါင်း နှစ်ထွေ၊ တစ်ထွေထွေ၌၊ ရွှေငွေဖြစ်ခြင်း၁၊ လဲလှယ်ခြင်းဟု၂၊ ကြောင်းရင်း နှစ်လီ၊ အင်္ဂါညီ၊ သင့်ပြီ သံဝေါဟ။

ရွှေငွေနှင့်စပ်သော နိဿဂ္ဂိပစ္စည်းများ စွန့်ပုံ

ဤသိက္ခာပုဒ် (၂)ခုလာ ရွှေငွေနှင့် ရွှေငွေဖြင့် ဆက်စပ်ဖြစ်ပေါ်လာသော နိဿဂိပစ္စည်းတို့ကို စွန့်ရာ၌ သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ်အားလုံးပင် မအပ်သောကြောင့် အဓိဋ္ဌာန် ဝိကပ္ပနာ မပြုဘဲ ဆယ်ရက် ဆယ်အရုဏ်လွန်၍ သင့်ရ သော သင်္ကန်းစသော အခြားနိဿဂ္ဂိပစ္စည်းများ စွန့်သကဲ့သို့ သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ်, ရဟန်းတို့ထံ၌ စွန့်ခွင့် မရ၊ သံဃာအလယ်တွင်သာ စွန့်ရသည်။

(ပါဠိလို စွန့်ပုံ) “အဟံ ဘန္တေ ရူပိယံ ပဋိဂ္ဂဟေသိံ၊ ဣဒံ မေ နိဿဂ္ဂိယံ၊ ဣမာဟံ သံဃဿ နိဿဇ္ဇာမိ”ဟု ပါဠိလိုဖြစ်စေ၊

(မြန်မာလို စွန့်ပုံ) “အရှင်ဘုရား တပည့်တော်သည် ရွှေငွေကို ခံယူ သာယာမိပါပြီ၊ ဤရွှေငွေသည် တပည့်တော်အား စွန့်ထိုက်နေပါသည်။ ဤရွှေ (ငွေ)ကို သံဃာအား တပည့်တော် စွန့်ပါ၏”ဟု မြန်မာလိုဖြစ်စေ ဆို၍ စွန့်ရ၏၊

စွန့်ပုံ အစီအစဉ်

ရွှေငွေကို အလှူခံမိသော ရဟန်းသည် သံဃာလေးပါး, ငါးပါးစသည် ပင့်ဆောင်၍ သံဃာတော်အထံသို့ ဆယ့်နှစ်တောင်အတွင်းသို့ ရောက်အောင် ချဉ်းကပ်၍ ပခုံးတစ်ဘက် လက်ကတော့တင်သည်ကို ပြု၍ သီတင်းကြီး ရဟန်းတို့၏ ခြေကို ရှိခိုး၍ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီ၍ အထက်က ပြဆိုထားသည့်အတိုင်း ပါဠိလိုဖြစ်စေ, မြန်မာလိုဖြစ်စေ ဆို၍ စွန့်ရမည်။

စွန့်ပြီးသော ပစ္စည်းကို အသုံးပြုပုံ

ထိုကဲ့သို့ ရွှေငွေကို စွန့်ပြီးသောအခါ လူ, ဥပါသကာ, အာရာမ်စောင့် တစ်ယောက်ယောက်လာလျှင် “ဤဟာကို သိလော့”ဟု ပြောရမည်။ “ဤငွေ ဖြင့် ဘာကို ယူခဲ့ရမည်နည်း”ဟု ဒကာက လျှောက်ထားလျှင် “မည်သည့်ပစ္စည်းကို ယူစေလိုသည်၊ မည်သည့်ပစ္စည်းကို ကပ္ပိခဲ့, ယူခဲ့”ဟု မပြောကောင်း၊ မပြောရ၊ သံဃာတော်မှာ အလိုရှိသော အပ်စပ်သော ပစ္စည်းကို ပြောဆိုညွှန်ပြ၍ “မည်သည့်ပစ္စည်းတော့ သံဃာမှာ အပ်တာပဲ”ဟု ပြောနိုင်၏၊ ထိုသို့ပြော၍ ဒကာက သွား၍ ဝယ်ယူလာလျှင် ထိုပစ္စည်းကို ရွှေငွေအလှူခံသော ရဟန်းမှတစ်ပါး [ရူပိယပဋိဂ္ဂါဟကံ ဌပေတွာ သဗ္ဗေဟေဝ ပရိဘုဉ္ဇိတဗ္ဗံ၊ (ပါဠိတော်)] အခြားသံဃာအားလုံး သံဃိကပစ္စည်းကို ခွဲဝေသုံးဆောင်သကဲ့သို့ သုံးဆောင် ကောင်း၏၊

ရွှေငွေစွန့်ရခြင်းအကျိုး

ဤသို့ ရွှေငွေကို မစွန့်ဘဲထားက ထိုရွှေငွေသည် မည့်သည့်ရဟန်း သံဃာအားမျှ မအပ်တော့ဘဲသုံးစွဲတိုင်း ဒုက္ကဋ်အာပတ်သင့်နိုင်၏၊ သံဃာ့အလယ်၌ စွန့်လိုက်ပါက ရွှေငွေခံယူသော ရဟန်းမှတစ်ပါး အခြားသော သံဃာများ၌ အပ်စပ်သော ပစ္စည်းအဖြစ် စီစဉ်၍ သုံးစွဲနိုင်ခြင်း သုံးစွဲခွင့် ရခြင်းသည် ရွှေငွေကို စွန့်ရခြင်း၏ အကျိုးပင်တည်း။

ရွှေငွေခံယူသူရဟန်း၏ စွန့်ရခြင်းအကျိုး

ရွှေငွေကို အလှူခံမိသော ရဟန်းမှာကား ရွှေငွေကို စွန့်လိုက်သည့်အတွက် မိမိမှာ အဆက်ဆက် အပြစ်ကင်း၍ သီလသန့်ရှင်း စင်ကြယ်သွားနိုင်ခြင်း၊ ဒေသနာကြားပြီးသောအခါ ထိုနိဿဂ္ဂိပါစိတ်အာပတ်မှ စင်ကြယ်သွားခြင်း သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိ စသော အဆင့်ဆင့်သော အကျိုးတို့ကို ရရှိနိုင်၏၊

ရွှေငွေစွန့်ရဟန်း အင်္ဂါငါးပါး

အကယ်၍ အထက်ပါအတိုင်း လဲလှယ်စီစဉ်ပေးမည့် ကျွမ်းကျင်လိမ္မာသော ဒါယကာ မရအံ့, အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းကို ရွှေငွေစွန့်မည့် ရဟန်းဟု ဉတ်ကမ္မဝါဖြင့် သမုတ်ရမည်။ ထိုရွှေငွေစွန့်ရဟန်း၏ ပြည့်စုံရမည့် အင်္ဂါငါးပါးတို့မှာ -

၁။ ဆန္ဒာဂတိသို့ မလိုက်ရာ၊ 
၂။ဒေါသာဂတိသို့ မလိုက်ရာ၊ 
၃။ မောဟာဂတိသို့ မလိုက်ရာ၊ 
၄။ ဘယာဂတိသို့ မလိုက်ရာ၊ 
၅။ စွန့်အပ် မစွန့်အပ်သည်ကိုလည်း သိရာ၏ - ဟု အင်္ဂါငါးပါးတို့တည်း။

ဉတ်ကမ္မဝါစာဖြင့် သမုတ်ပုံ

သုဏာတု မေ ဘန္တေ သံဃော ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော (ဣတ္ထန္နာမံ) ဘိက္ခုံ ရူပိယဆဍ္ဍကံ သမ္မန္နေယျ ဧသာ ဉတ္တိ။

သုဏာတု မေ ဘန္တေ သံဃော၊ သံဃော (ဣတ္ထန္နာမံ) ဘိက္ခုံ ရူပိယဆဍ္ဍကံ သမ္မန္နတိ၊ ယဿာယသ္မတော ခမတိ (ဣတ္ထန္နာမဿ) ဘိက္ခုနော ရူပိယဆဍ္ဍကဿ သမ္မုတိ၊ သော တုဏှဿ ယဿ နက္ခမတိ သော ဘာသေယျ။

သမ္မတော သံဃေန (ဣတ္ထန္နာမော) ဘိက္ခု ရူပိယဆဍ္ဍကော ခမတိ သံဃဿ တသ္မာ တုဏှီ ဧဝမေတံ ဓာရယာမိ။ ပါရာဇိကဏ်ပါဠိတော်(၃၄၆)

သမ္မုတိရပြီးသော (ဝါ) သမုတ်ပြီးသော ရဟန်းသည် စွန့်ထားသော ရွှေငွေကို တောချုံကြားသို့ဖြစ်စေ, ရေအိုင်သို့ဖြစ်စေ သွား၍ ကျမည့်နေရာ နိမိတ်အမှတ်အသားကို မပြုဘဲ ကျလိုရာ ကျစေဟု စွန့်ပစ်ရမည်။ အကယ်၍ ထိုရဟန်းသည် ရွှေငွေကို အမှတ်အသားပြု၍ ကျစေအံ့ (စွန့်ပစ်အံ့) ဒုက္ကဋ်အာပတ် သင့်၏၊

ရွှေငွေ အလှူခံမိသော ရဟန်း သတိထားရန်

ထိုစွန့်ပြီးသော ရွှေငွေမှ ကပ္ပိယတို့က ကပ္ပိဝယ်ယူပေးသော ပစ္စည်းများကား မသုံးစွဲကောင်း မအပ်တော့ချေ။ သံဃာမှ ဝေစုရသော ပစ္စည်းကို ရဟန်း, သာမဏေ, ကပ္ပိယတို့က တစ်ဆင့်ပေးသော်လည်း ထိုပစ္စည်းတို့ကို မသုံးစွဲကောင်း၊ ထိုစွန့်ပြီး ရွှေငွေဖြင့် သစ်ပင်မျိုးစေ့ကို ဒါယကာတို့ဝယ်၍ စိုက်ထားသော သစ်ပင်၌သော်မျှ ထိုရွှေငွေကို အလှူခံမိသော ရဟန်းမှာ အရိပ် မခိုကောင်း၊ ထိုငွေဖြင့် ဝယ်ယူထားအပ်သော ဆီမီးရောင်, လျှပ်စစ်မီးရောင်၌ စာသော်မျှ မကြည့်ရှု မပို့ချကောင်းတော့ချေ။

(ပါတိမောက်ဘာသာဋီကာ)

ရူပိယသံဝေါဟာရသိက္ခာပုဒ်လာ စွန့်နည်း

ရွှေငွေဖြင့် ဝယ်ယူ လဲလှယ်မိသော သင်္ကန်းစသော နိဿဂ္ဂိယပစ္စည်းများကို အလှူခံယူမိသော ရွှေငွေကဲ့သို့ ဂိုဏ်း, ပုဂ္ဂိုလ်တို့ထံ မစွန့်ရ၊ မစွန့်ကောင်း၊ သံဃာ့ အလယ်၌သာ စွန့်ရသည်ဟု သတိပြုပါလေ။

ပါဠိလို စွန့်ပုံ - “အဟံ ဘန္တေ နာနပ္ပကာရကံ ရူပိယသံဝေါဟာရံ သမာပဇ္ဇိံ၊ ဣဒံ နိဿဂ္ဂိယံ၊ ဣမာဟံ သံဃဿ နိဿဇ္ဇာမိ”။

မြန်မာလို စွန့်ပုံ - “အရှင်ဘုရား တပည့်တော်သည် ရွှေငွေဖြင့် ဝယ်ယူ လဲလှယ်မိသော (သင်္ကန်း) နိဿဂ္ဂိထိုက်နေပါသည်။ ဤ (သင်္ကန်း)ကို သံဃာအား တပည့်တော် စွန့်ပါ၏”ဟု ဆို၍ စွန့်ရမည်။ ဤသို့ စွန့်၍ ရူပိယသိက္ခာပုဒ်၌ စီစဉ်သည့်အတိုင်း စီစဉ်ရမည်။

ရွှေငွေဖြင့် ဝယ်ယူထားသော သင်္ကန်း, စာအုပ် စသည်တို့ကို စွန့်ရာ၌လည်း အပြီးအပြတ် စွန့်ရမည်ဖြစ်သည်မှာ ထင်ရှားပါသည်။ နိဿဂိထိုက်နိုင်သော ပစ္စည်းတို့တွင် ကျောင်းနှင့် ကျောင်းရာမြေ၊ မိမိခန္ဓာကိုယ်၌ အသေ တပ်ဆင်ထားသော ရွှေသွား, ငွေသွား, မျက်ကြည်မှန်, ငွေရိုး, စသည်များ ပြုပြင်တပ်ဆင်လိုသောအခါ အပ်စပ်အောင် တစ်ဖန် ပြုပြင်ခြင်းငှာ ခဲယဉ်းလှ၏၊ ထို့ကြောင့် အစွန့်ရ အပြင်ရ ခက်ခဲသော ဝတ္ထုပစ္စည်းများကို နိဿဂ္ဂိ မထိုက်စေရန် အထူး စောင့်ရှောက်တော်မူကြပါကုန်။

ပတ္တစတုက္က ပါရာဇိကဏ်အဋ္ဌကထာ(၂၇၇-၂၂၈။)

ဤနေရာဝယ် ရွှေငွေဖြင့် လဲလှယ်မိသော နိဿဂ္ဂိယပစ္စည်း၏ အပြစ် ကြီးလေးပုံကို နားလည်ဖို့ရန် ဝိနည်းဓိုရ်များ၏ နယ်၌ အလွန်ထင်ရှားသော “ပတ္တစတုက္က”ခေါ် သပိတ်လေးလုံး ပုံစံအကြောင်းကို နည်းယူကြရန် ပြဆိုဦးအံ့။

၁။ ရဟန်းတစ်ပါးသည် ရွှေငွေကို အလှူခံယူ၍ ယင်းရွှေငွေဖြင့် သံမျိုးစေ့ကို ဝယ်ယူကာ သပိတ်ကို ထုလုပ်စေ၏၊ ဤသပိတ်ကား မဟာအကပ္ပိယသပိတ် = အကြီးအကျယ် မအပ်သော သပိတ်မည်၏၊

န သက္ကာ ကေနစိ ဥပါယေန ကပ္ပိယောကာတုံ။ (ဝိ၊ဋ္ဌ၊၂၊၂၇၇)

= မည်သည့် အကြောင်းဥပါယ်တစ်မျဉ်ဖြင့် ရဟန်းတော်တို့အား အပ်စပ်အောင် ပြုလုပ်၍ကား မရနိုင်။ (ဝိ၊ဋ္ဌ၊၂၊၂၇၇။)

အကယ်၍ ထိုသပိတ်ကို ဖျက်ကာ ခွက်ပြုလုပ်လျှင်လည်း ထိုခွက်သည် ရဟန်းတော်တို့အား မအပ်သည်သာတည်း။ ထိုသပိတ် ပဲခွပ်ပြုလုပ်ကာ ထို ပဲခွပ်ဖြင့် ဖြတ်အပ်သော တံပူသည်လည်း ရဟန်းတော်တို့အား မအပ်သည် သာတည်း။ ငါးမြှားချိပ်ပြုလုပ်ကာ ထိုငါးမြှားချိပ်ဖြင့် ငါးမြှားခဲ့သော် ထိုငါးသည်လည်း မအပ်သည်သာတည်း။ ယင်းပဲခွပ်ကို မီးပူအောင် ဖုတ်၍ ရေထဲသို့ ပစ်ချကာ ရေကို ပူအောင် နွေးအောင်, နွားနို့ထဲသို့ ပစ်ချကာ နွားနို့ကို ပူအောင် နွေးအောင် ပြုလုပ်စေခဲ့သော် ယင်းနွားနို့သည်လည်း မအပ်သည်သာတည်း။ (ဝိ၊ဋ္ဌ၊၂၊၂၇၇။)

[ကျောင်းစသည်၌ သစ်, ဝါး, ထုံး, သဲ, ကျောက်စသည်တို့သည် ကျောင်းမျိုးစေ့၊ သင်္ကန်း၌ ပိတ်တို, ဖျင်စ, ချည်စသည်တို့သည် သင်္ကန်းမျိုးစေ့၊ ဆွမ်း၌ ဆန်, ဆီ, ဆား, ကြက်သွန် စသည်တို့သည် ဆွမ်းမျိုးစေ့၊ ဆေး၌ သိန္ဓော, ငရုတ်ကောင်း စသည်တို့သည် ဆေးမျိုးစေ့ စသည်ဖြင့် သိပါလေ။]

၂။ ရဟန်းတစ်ပါးသည် ရွှေငွေကို အလှူခံယူကာ ယင်းရွှေငွေဖြင့် သပိတ်ကို ဝယ်ယူ၏၊ အသင့်ပြုလုပ်ပြီး သပိတ်ကို ကိုယ်တိုင် ဝယ်ယူ၏၊ ဤ သပိတ်သည်လည်း ရဟန်းတော်တို့အား မအပ်သော အကပ္ပိယသပိတ်ပင်တည်း။

“သီတင်းသုံးဖော်ငါးဦးလုံးတို့အားပင် မအပ်ပေ”ဟု မဟာပစ္စရိအဋ္ဌကထာ၌ မိန့်ဆိုထား၏၊ သို့သော် ယင်းသပိတ်ကို ရဟန်းတော်တို့အား အပ်စပ်သော သပိတ်ဖြစ်အောင် ပြုလုပ်နိုင်သေး၏၊ ပြုလုပ်ပုံမှာ သပိတ်ကို သပိတ်ရှင်အား ပြန်ပေး၍ သပိတ်၏ တန်ဖိုး ရွှေငွေကို မူလပိုင်ရှင် (အလှူရှင်) တို့အား ပြန်ပေးခဲ့သော် ယင်းသပိတ်ကို အပ်အောင် ပြုလုပ်နိုင်၏၊ ကပ္ပိယတစ်ဦးအား အပ်စပ်သော ဘဏ္ဍာတစ်ခုခုကို ပေးကာ ယင်းသပိတ်ကို ယူဆောင်ကာ အသုံးပြုခြင်းငှာကား အပ်ပါပေ၏၊

၃။ ရဟန်းတစ်ပါးသည် ရွှေငွေကို ကပ္ပိယကာရကတစ်ဦးဦးအား အလှူခံယူစေကာ ယင်းကပ္ပိယကာရကနှင့်အတူ သပိတ်ထုလုပ်ရာ ပန်းပဲဖိုသို့ သွားကာ သပိတ်ကို မြင်သည့်အခါ “ဤသပိတ်ကို ငါနှစ်သက်၏”ဟု ကပ္ပိယအား ရွှေငွေကိုပေးကာ ယင်းသပိတ်ကို အလိုရှိကြောင်း အသိပေးလိုက်၏၊ ဤသပိတ်သည် ရဟန်းတို့ အပ်သော ကပ္ပိယဝေါဟာရ အသုံးအနှုံးဖြင့် ဝယ်ယူစေကာမူ ဒုတိယသပိတ်နှင့်တူသည်သာ ဖြစ်ပေသည်။ အကြောင်းကား သပိတ်၏ မူလတန်ဖိုး ရွှေငွေကို အလှူခံယူထားသောကြောင့် ဖြစ်၏၊

အဘယ့်ကြောင့် မိမိမှ ကြွင်းသော သီတင်းသုံးဖော်တို့အား မအပ်ပါ သနည်းဟူမူ ---

မူလက မအပ်သောနည်းဖြင့် အလှူခံယူထားသော သပိတ်၏တန်ဖိုး ရွှေငွေကို မစွန့်လွှတ်သေးသောကြောင့် ဖြစ်၏၊ (ဝိ၊ဋ္ဌ၊၂၊၂၇၇။)

[မှတ်ချက် --- ဤ၌ မူလက ကပ္ပိယလုပ်သူအား မိမိအတွက် ရွှေငွေကို မအပ်သောနည်းဖြင့် အလှူခံယူထားစေသောကြောင့် - မိမိကိုယ်စား ကပ္ပိယကလည်း မအပ်သောနည်းဖြင့် လက်ခံထားသောကြောင့် ယင်းရွှေငွေမှာ - ဇာတရူပသိက္ခာပုဒ်၌ ပါရှိသော - “ဥဂ္ဂဏှာပေယျ ဝါ” - အရ မအပ်ခြင်းဖြစ်၏၊

၄။ ရဟန်းတော်တစ်ပါးကား ရွှေငွေကိုကား အလှူမခံယူပေ။ သို့သော် အလှူရှင်တစ်ဦးဦးက “မထေရ်မြတ်အား သပိတ်ကို ဝယ်ယူကာ လှူဒါန်းပူဇော်လိုက်ပါ”ဟု ခိုင်းစေလိုက်သော ကပ္ပိယကာရကနှင့်အတူ သပိတ်ထုသည့် ပန်းပဲသမားအိမ်သို့ သွားကာ သပိတ်ကို တွေ့သည်အခါ “ဤ အသပြာငွေတို့ကို ယူ၍ ဤသပိတ်ကို ပေးပါ”ဟု အသပြာငွေတို့ကို ပေးစေ၍ သပိတ်ကို ယူလိုက်၏၊ ဤသပိတ်ကား ထိုရဟန်းအားသာလျှင် မအပ်ပေ၊ အစီအမံ မတတ်သောကြောင့် (ငွေကို ဝင်ရောက်စီမံသောကြောင့်) ဖြစ်၏၊ အခြား သီတင်းသုံးဖော်တို့အားကား အပ်ပါသေး၏၊ မူလတန်ဖိုးဖြစ်သည့် ရွှေငွေကို မခံယူထားသောကြောင့် ဖြစ်၏၊ (ဝိ၊ဋ္ဌ၊၂၊၂၇၈။)

ဤသပိတ် (၄)လုံးတို့တွင် ပထမသပိတ်အမျိုးအစား စာရင်းဝင် နိဿဂ္ဂိထိုက်သော ပစ္စည်းတို့ကား ---

န သက္ကာ ကေနစိ ဥပါယေန ကပ္ပိယော ကာတုံ။ (ဝိ၊ဋ္ဌ၊၂၊၂၇၇။)

မည်သည့် အကြောင်းဥပါယ်တံမျဉ်ဖြင့် ရဟန်းတော်တို့အား အပ်စပ်အောင် ပြုလုပ်၍ကား မရနိုင် - ဟု ဖွင့်ဆိုထားသောကြောင့် သံဃာ့အလယ်၌ စွန့်ခြင်းစသော အကြောင်းပရိယာယ်တို့ဖြင့်လည်း အပ်စပ်အောင်ကား ပြုလုပ်၍ မရနိုင် - ဟု မှတ်သားပါလေ။ သံဃာ့အလယ်၌ စွန့်ခြင်းစသော အကြောင်းဥပါယ်ဖြင့်လည်း ဖြေရှင်း၍ မရနိုင်သော သပိတ်တည်း။ ကြွင်းပစ္စည်းတို့၌လည်း နည်းတူသဘောပေါက်ပါ။

အကယ်၍ ရဟန်းတော်က ရွှေငွေကို အလှူမခံယူဘဲ “မထေရ်မြတ်အား သပိတ်ဝယ်ယူ လှူဒါန်းလိုက်ပါ”ဟု အလှူရှင်က ခိုင်းစေသော ကပ္ပိယကာရက နှင့်အတူ သပိတ်ထုရာ ပန်းပဲသမားအိမ်သို့ သွားကာ သပိတ်ကို တွေ့မြင်သည့်အခါ “ဤသပိတ်ကို ငါနှစ်သက်၏ဟုလည်းကောင်း, ဤသပိတ်ကို ငါ ယူပေအံ့”ဟုလည်းကောင်း ကပ္ပိယကာရကအား ပြောပြ၏၊ ကပ္ပိယကာရကကလည်း ပန်းပဲသမားအား ရွှေငွေကို ပေးကာ ထိုသပိတ်ကို ယူမည့်အကြောင်း အသိပေးလိုက်၏၊ ဤသပိတ်ကို အလုံးစုံအပ်သော ဘုရားရှင်တို့အားသော်လည်း သုံးဆောင်ထိုက်သော သပိတ်တည်း။ (ဝိ၊ဋ္ဌ၊၂၊၂၇၈။)

ဤ၌ သပိတ်ကို ပုံစံပြု၍ ဆိုထားသော်လည်း တခြားသင်္ကန်း, ဆွမ်း, ကျောင်းသုံးပစ္စည်းများ၌လည်း နည်းတူသဘောပေါက်ပါ။

ကပ္ပိယနှင့်အတူ စျေးသွားရာ၌ သတိထားဖွယ်

ကပ္ပိယနှင့်အတူ စျေးဝယ်သွားသော ရဟန်းသည် ဝိနည်းတော်နှင့် ကိုက် ညီစေခြင်းငှာ ထိုရဟန်းသည် စျေးသည်အား ကိုင်ကြည့်ပါရစေဟု ခွင့်ပန်၍ မိမိ နှစ်သက်ရာသပိတ်ကို ရွေးချယ်အပ်၏၊ ရွေးချယ်နိုင်၏၊ “ဤ သပိတ်ကို နှစ်သက်၏”ဟူ၍လည်းကောင်း၊ “ဤသပိတ်ကို ယူလို၏”ဟူ၍လည်းကောင်း ကပ္ပိယအား ပြောရာ၏၊ ကပ္ပိယက သူ့ဘာသာ စျေးဆစ်ဝယ် ၍ ရဟန်းအား သပိတ်ကို လှူအံ့၊ ထိုသပိတ် အပ်စပ်၏၊

အထက်ပါအတိုင်း ရဟန်းက ပြောသော်လည်း ကပ္ပိယက နားမလည်၍ သပိတ်၏ တန်ဖိုးကို မပေးဘဲနေသော် သပိတ်တန်ဖိုးကို မေး၍ သိလိုက်ပါ ဟု ပြောဆိုရာ၏၊ စျေးဆိုင်သို့ မရောက်မီသော်လည်း စျေးဆစ်ဖို့ ကြိုတင် သင်ကြား ပြောထားရာ၏၊ သပိတ်၏ တန်ဖိုးကို သိလိုက်ဟု ဤမျှသာ ပြောဆိုနိုင်၏၊ ဤသို့ ပြောဆို၍ သပိတ်ကိုယူလျှင် ဒုဗ္ဗိစာရဏ (= မကောင်းသော စီမံခြင်း)မှ ကင်းလွတ်၏၊ ရဟန်းကိုယ်တိုင် စျေးဆစ်ခြင်း ဝယ်ခြင်းများကို ကျမ်းဂန်တို့၌ “ဒုဗ္ဗိစာရဏ”ဟု ဆို၏၊

ထိုသို့ပစ္စည်းများကို ကပ္ပိရာ၌ ဒုဗ္ဗိစာရဏဖြစ်လျှင် မိမိမှာ ငွေမကိုင် မခံသော်လည်း ထိုပစ္စည်းကို ကိုင်တိုင်း သုံးစွဲတိုင်း ဒုက္ကဋ်အာပတ် သင့်တော့၏၊ ရွှေငွေနှင့် စပ်၍ နိဿဂ္ဂိပစ္စည်း စွန့်ပုံဝါဒအမျိုးမျိုး ပါဠိတော်, အဋ္ဌကထာ, ဋီကာ, အာစရိယဝါဒ ရှိသည်များကို နှိုင်းချိန် ယူဆနိုင်ရန် တစ်ခုစီ တင်ပြမည် ဖြစ်ပါသည်။ အားလုံးရော၍ ဘုရားဟောချည်းဟု မယူဆသင့်ပါကြောင်း သိစေရန် ဖြစ်သည်။

ပါဠိတော်လာ စကားရပ်များ

ပါရာဇိကဏ်ပါဠိတော် ရူပိယသိက္ခာပုဒ် ရူပိယသံဝေါဟာရ သိက္ခာပုဒ်တို့၌ ဘုရားရှင်သည် ရွှေငွေစွန့်ပုံ ရွှေငွေနှင့်လဲလှယ်ထားသော ပစ္စည်းများ စွန့်ပုံတို့ကို ပြဆိုရာတွင် အခြားသော နိဿဂ္ဂိယပစ္စည်း စွန့်သကဲ့သို့ သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ် (၃)မျိုးတို့ထံ စွန့်ပုံတို့ကို ပြတော်မမူဘဲ သံဃာ့အလယ်၌ စွန့်ပုံနှင့် သမုတိရသော ရဟန်းက မည်သည့်နေရာကျစေဟု အမှတ်အသား မထားဘဲ အပြီးအပြတ် စွန့်ပစ်ဖို့ ပြထားသည်။ ကပ္ပိယရောက်လာလျှင် အပ်စပ်အောင် ပြုလုပ်၍ လှူပါက ရွှေငွေကို အလှူခံသော ရဟန်းမှတစ်ပါး အခြားရဟန်း သံဃာ သီတင်းသုံးဖော်များ အပ်စပ်သည်ဟု ပြဆိုပါသည်။ ရွှေငွေကို အလှူခံသော ရဟန်းမှာကား သုံးစွဲခွင့် ပြုတော်မမူခဲ့ပါ။

ပါရာဇိကဏ်အဋ္ဌကထာ စကားရပ်

ရူပိယပဋိဂ္ဂါဟကဿ ပန ကေနစိ ပရိယာယေန တတော ဥပ္ပန္နပစ္စယပရိဘောဂေါ န ဝဋ္ဋတိ - ရွှေငွေကို အလှူခံသော ရဟန်းမှာ တစ်စုံတစ်ခုသော ပရိယာယ်ဖြင့် ထိုရွှေငွေမှ ဖြစ်ပေါ်လာသော ပစ္စည်းများကို သုံးဆောင်ခြင်းသည် မအပ်စပ်တော့ဟု ဖွင့်ဆိုထားသည်။

သာရတ္ထဋီကာဆရာဝါဒ

“န သက္ကာ ကေနစိ ဥပါယေန ကပ္ပိယော ကာတုန္တိ ဣဒံ ပဉ္စန္နံယေဝ သဟဓမ္မိကာနံ အန္တရေ ပရိဝတ္တနံ သန္ဓာယ ဝုတ္တံ၊ ဂိဟီဟိ ပန ဂဟေတွာ အတ္တနော သန္တကံ ကတွာ ဒိန္နံ သဗ္ဗေသံ ကပ္ပတီ”တိ ဝဒန္တိ။ (သာရတ္ထ၊၂၊၄၂၃)

ပတ္တစတုက္က၌ ပြခဲ့သော ပထမ မဟာအကပ္ပိယသပိတ်၌ မည်သည့်နည်းနှင့်မျှ အပ်အောင်လုပ်၍ မရတော့ ဟူရာဝယ် ရဟန်းသံဃာများ၏ ပစ္စည်းအနေဖြင့် သပိတ် ခွက် စသည် ပြောင်းလွဲနေသမျှကို ရည်ရွယ်၍ ဆိုခြင်းတည်း။ ငါးမျှားချိတ်ဟူရာ၌လည်း အလဇ္ဇီရဟန်း ဖြစ်လျှင် လုပ်ချင်ရာ လုပ်မည် ဖြစ်သောကြောင့် အစွမ်းကုန် မအပ်သောအရာကို ညွှန်ပြခြင်း ဖြစ်သည်ဟု မှတ်။ ထို တစ်နံပါတ်လာ သပိတ်, ခွက်, သံ, နိဿဂ္ဂိယပစ္စည်းများကို လူက ဝယ်၍ဖြစ်စေ လုယူ၍ဖြစ်စေ လူကို အပြီးအပိုင် ပေးလိုက်၍ ဖြစ်စေ လူပိုင်ပစ္စည်း ဖြစ်သွားပြီးနောက် လူတို့က ပြန်လှူလျှင် ထိုသပိတ်ခွက် စသည်တို့ အပ်ကြောင်းကို သာရတ္ထဋီကာဆရာ ဆို၏၊

အာစရိယဝါဒများ

တောင်မြို့ မဟာဂန္ဓာရုံဆရာတော်၏ ပါတိမောက်ဘာသာဋီကာ (၁၂၈) ၌ ဤသာရတ္ထဋီကာဝါဒကို လက်ခံနိုင်ပါလျှင် မိမိ အလှူခံမိသော ရွှေငွေ စသည်ကို မိဘစသော လူတို့အား မငဲ့မကွက် မယူတော့ဟု အာလျပြတ် စွန့်လွှတ်ပြီးနောက် မိဘစသည်တို့က အပ်စပ်သော ပစ္စည်းများကိုမိမိ သားရဟန်း သို့မဟုတ် အခြားသီတင်းသုံးဖော်တို့အား လှူရာ၌ အပ်သည်ဟုပင် ဝန်ခံကြရပေလိမ့်မည်။ ငွေဖြင့် ဝယ်အပ်သော ပစ္စည်းနှင့် ငွေတို့မှာ ရဟန်းများအတွက် သဘောတူ ဖြစ်သောကြောင့်တည်းဟု မိန့်ဆိုထားပါသည်။

ဝိနည်းဓိုရ်ဆရာတော်များ ဖြစ်ကြသည့် အရညဝါသီဂိုဏ်းကို စတင် တည်ထောင်သွားတော်မူသော ပဲခူးမြို့ ဘုန်းတော်ကြီးဦးသီလ၊ မော်လမြိုင်မြို့ နယ် ဖားအောက်ရွာ ခေမိကသိပ္ပံကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာ အရှင်မြတ် တို့သည်ကား ရွှေငွေကို ကိုယ်တိုင်အလှူခံ၍ ထိုရွှေငွေမှ ဖြစ် ပေါ်လာသော နိဿဂ္ဂိယ (မိမိပိုင်)ပစ္စည်းများ၊ ကုလဒူသက, အနေသန, မိစ္ဆာဇီဝပစ္စည်းများကို အပြီးအပြတ် မီးပုံရှို့သင့်သည်ဟု ယူဆတော်မူကြကြောင်း ဖားအောက်တောရ ဆရာတော် (စိတ္တလတောင်ကျောင်း) မိန့်တော်မူသည်။ သာသနာတော်၌ အားလုံးသော ရဟန်းတို့အား မအပ်စပ်သောကြောင့် ဖြစ်သည်ဟု မိန့်ဆိုတော်မူကြကြောင်း သိရှိရပါသည်။

ဘုရားရှင်လက်ထက် ဝတ္ထုသာဓက

ဘုရားရှင်လက်ထက်တော်၌ ရာဇဂြိုဟ်မြို့ နန်းတော်တွင်း အစည်းအဝေးတစ်ခု၌ စပ်မိစပ်ရာ စကားပြောကြရင်းက ရဟန်းတော်များသည် ရွှေငွေကို လာလှူလျှင် အလှူခံယူကောင်း၏ဟု လူအများ ပြောဆိုကြသည်ကို မဏိစူဠကမည်သော ဂါမဏိ (လူကြီးလူကောင်း) တစ်ယောက်က ရွှေငွေကို မခံယူကောင်းဟု ကန့်ကွက်ပြောဆိုလေသည်။ ထို့နောက် ထိုလူကြီးလူကောင်းသည် ဘုရားရှင်ထံသို့ သွား၍ သူကန့်ကွက် ပြောဆိုခဲ့သည်မှာ မှန်ပါ ၏လားဘုရားဟု လျှောက်ထားလေသော် မြတ်စွာဘုရားရှင်က “ဂါမဏိ သင်ပြောသော စကားသည် မှန်၏၊ ရဟန်းများသည် ရွှေငွေကို မခံယူကောင်း၊ ရွှေငွေသည် အပ်လျှင် ကာမဂုဏ်ငါးပါးလုံး (သားမယားပါ) သုံးစွဲကောင်း လိမ့်မည်။ ထို ရွှေငွေခံယူသူကို (သမဏဓမ္မ) ရဟန်းတရားရှိသူ မဟုတ်၊ (သကျပုတ္တိယဓမ္မ) သာကီဝင်မင်းသား ငါဘုရား၏ တရားရှိသူ မဟုတ်ဟု စင်စစ်မှတ်လေလော့”ဟု ဧကန်မှတ်သားဖို့ မိန့်တော်မူသည်။ သို့သော် ကျောင်းမှာ မိုးမလုံခြင်းစသော ပစ္စည်းအလှူခံဖွယ်ရာရှိလျှင် မြက်, သက်ကယ် စသည်တို့ကို ဆွမ်းခံရပ်သကဲ့သို့ သွား၍ ရပ်ရမည်။ ဘာကို အလိုရှိပါသလဲဟု ဒါယကာက လျှောက်ထားသောအခါ (ဖိတ်ကြားသူ ဖြစ်သွား၍) မြက်သက်ကယ် အလိုရှိသည် သစ်သား အလိုရှိသည် လှည်းတိုက်စရာရှိ၍ လှည်း နွား ခေတ္တအလိုရှိသည် စသည်ဖြင့် ပြော၍ အလှူခံကောင်း၏ဟု ငါဘုရား ခွင့်ပြုတော်မူသည်။

ရွှေငွေကိုကား မည်သည့်ပရိယာယ်နှင့်မျှ သာယာကောင်း (ခံယူကောင်း) ၏ဟု ခွင့်မပြုနိုင်ကြောင်း မိန့်တော်မူလေသည်။

သဠာယနဝဂ္ဂပါဠိတော်(၅၀၉-၅၁၀။) ဂါမဏိသံယုတ်

လျှောက်ထားရာ၌ သတိပြုရန်

ရွှေငွေကို လှူလာလျှင် အလှူမခံ ပယ်လှန်ရမည်သာ၊ လုံခြုံရာ အရပ်ကိုလည်း ညွှန်ပြခွင့် မရှိ၊ ကပ္ပိယလည်း မညွှန်းကောင်း၊ အလှူလည်း မခံယူစေကောင်း၊ အလှူရှင်၏ လျှောက်ထားပုံ အရေးကြီးလှ၏၊ “ဤရွှေငွေမှ ဖြစ်ပေါ်လာသော ရဟန်းတို့နှင့် အပ်စပ်သောပစ္စည်းတို့ကို လှူလိုပါ၏ ကပ္ပိယကို ညွှန်ပြတော်မူပါ”ဟု လျှောက်ထားလာမှသာလျှင် ရာဇသိက္ခာပုဒ်မှာ ညွှန်ပြသည့်အတိုင်း ကပ္ပိယကို ညွှန်ပြနိုင်သည်။ အကယ်၍ အလှူရှင်က သူ့ဘာသာ ကပ္ပိယခေါ်လာ၍ သူ့ကပ္ပိယဖြင့် လှူဒါန်းလိုပါက “တပည့်တော်၏ ကပ္ပိယမည်သူထံ၌ မည်မျှတန် အပ်စပ်သော ပစ္စည်းကို အပ်နှံထားပါသည်၊ အရှင်ဘုရား အလိုရှိသောအခါ ရဟန်းတော်တို့နှင့် အပ်စပ်သော ပစ္စည်းကို အလှူခံတော်မူပါ”ဟု လျှောက်ထားရမည်၊ ဤသို့လျှောက်ထားလျှင် မေဏ္ဍကသိက္ခာပုဒ်အတိုင်း အလိုရှိသော ပစ္စည်းကို အလှူခံနိုင်ပြီ။

ရာဇသိက္ခာပုဒ် အဓိပ္ပာယ်

မင်း, သူဌေး အစရှိသော ဒါယကာတို့က ရဟန်းအား သင်္ကန်းဖိုး လှူဒါန်းရန် မအပ်စပ်သော ရွှေငွေကို တမန်(လူ)လွှတ်၍ လှူဒါန်းစေရာ၌ လည်းကောင်း၊ အလှူရှင်ကိုယ်တိုင် လာရောက်၍ လှူဒါန်းရာ၌လည်းကောင်း၊ ပြုကျင့်ရမည့် အစီအစဉ်ကိုပြသော သိက္ခာပုဒ် ဖြစ်သည်။

ဒါယကာက “သင်္ကန်းဖိုးကို အလှူခံပါ”ဟု ဆိုလျှင် “အကပ္ပိယဝတ္ထု ရွှေ ငွေကို ငါတို့ လက်မခံ၊ သင့်လျော်သောအခါ (အလိုရှိသောအခါ) သင်္ကန်းကိုသာ လက်ခံသည်”ဟု ပြန်ပြောရမည်။ “အရှင်ဘုရား၏ ဝေယျာဝစ္စကို ဆောင်ရွက်မည့်သူ (ကပ္ပိယကာရက) ရှိပါသလား?”ဟု မေးလျှင် အာရာမ်စောင့် ဥပါသကာ စသည်တို့ကို ကပ္ပိယကာရကအဖြစ် ညွှန်ပြနိုင်သည်။

သီတင်းသုံးဖော်ငါးဦးမှ လွဲလျှင် မည်သူ့ကိုမဆို ကပ္ပိယကာရကအဖြစ် ညွှန်ပြနိုင်သည်။ ထိုသို့ ညွှန်ပြရာ၌လည်း လာရောက်လှူသူက “အရှင်ဘုရားမှာ ကပ္ပိယရှိပါသလား၊ ညွှန်ပြပါ”ဟု လျှောက်ထားမှ ညွှန်ပြခွင့် ရှိသည်။ “ဤ သင်္ကန်းဖိုး ယူပါ၊ ဘယ်သူ့ကို ပေးခဲ့ရမလဲ”ဟု လျှောက်ထားလျှင် ကပ္ပိယ မညွှန်ပြကောင်းချေ။ “ငွေကို လှူပါ၏၊ ငွေ လှူချင်ပါတယ်၊ ကပ္ပိယညွှန်းပါ”ဟု ဆိုလျှင်လည်း ကပ္ပိယ မညွှန်းကောင်း။ “ဤငွေမှ ဖြစ်ပေါ်လာသော အပ်စပ်သော ပစ္စည်းကို လှူလိုပါသည်၊ ကပ္ပိယညွှန်းပါ”ဟု လျှောက်ထားမှ ကပ္ပိယ ညွှန်းကောင်း၏၊

လာရောက်လှူသူက သင်္ကန်းဖိုးကို ကပ္ပိယထံအပ်နှံပြီး “ဤရဟန်း အလိုရှိသောအခါ သင်္ကန်းဝယ်၍ လှူပါ”ဟု မှာကြား၍ ရဟန်းထံသို့ တစ်ဖန် သွားပြီး “အရှင်ဘုရား အလိုရှိသောအခါ ချဉ်းကပ်တော်မူပါ၊ သင်္ကန်း လှူပါလိမ့်မည်”ဟု လျှောက်ထားရ၏၊ သင်္ကန်းကို အလိုရှိသောအခါ ရဟန်းသည် ကပ္ပိယထံသို့ ချဉ်းကပ်၍ သင်္ကန်းကို အလိုရှိကြောင်း နှုတ်ဖြင့် သုံးကြိမ်အထိ တောင်းကောင်း၏၊ “သင်္ကန်းပေးပါ၊ ဝယ်ပေးပါ”ဟု မပြောကောင်း။

သုံးကြိမ်တောင်း၍မှ မရလျှင် ဘာစကားမှ မပြောဘဲ၊ မထိုင်ဘဲ (ဆွမ်းခံရပ်သကဲ့သို့) တိတ်ဆိတ်စွာ (၆)ကြိမ်အထိ ရပ်ခွင့်ရှိသည်။ (၆)ကြိမ်အတွင်း ရပ်၍ သင်္ကန်းကို ရလျှင် အာပတ်မသင့်ပေ။ ရဟန်းတော်များနှင့် အပ်စပ်သော အခြားသော ခဲတံဖိုး, ဗလာစာအုပ်ဖိုး, ဆွမ်းဖိုး, ကျောင်းဖိုး, ဆေးဖိုး စသည်ကို လှူဒါန်းရာ၌လည်း ဤသိက္ခာပုဒ်၌ လာသည့်နည်းအတိုင်း ကျင့်ရ ၏၊ ထိုသို့ (၃)ကြိမ်တောင်း (၆)ကြိမ်ရပ်ခြင်းထက် ပိုလွန်၍ ပြုသဖြင့် ရလျှင် ရာဇသိက္ခာပုဒ် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏၊

(မှတ်ချက်) သင်္ကန်းသာလျှင်မဟုတ် အခြားသော သပိတ်, ဖိနပ်စသော ရဟန်းအသုံးအဆောင် ပစ္စည်းများအတွက် ရွှေငွေဖြင့် အပ်စပ်ပစ္စည်း လှူပါ၏ဟု ဆိုသမျှ ဤသိက္ခာပုဒ်အတိုင်း ကျင့်ရမည် ဖြစ်သည်။ အကယ်၍ အလှူရှင်က ကပ္ပိယထံ ငွေကို အပ်နှံ၍ “အရှင်ဘုရား အလိုရှိသောအခါ ကပ္ပိယ မည်သူ့ထံ အပ်စပ်သော ပစ္စည်းကို တောင်းခံတော်မူပါဘုရား”ဟု လျှောက်ထားလျှင် (သို့မဟုတ်) ကပ္ပိယကိုယ်တိုင်ကပင် “တပည့်တော်ထံ၌ မည်မျှတန် အပ်စပ်သော ပစ္စည်းကို တောင်းခံတော်မူပါ”ဟု လျှောက်ထားလျှင် မိမိ အလိုရှိသော အပ်စပ်သောပစ္စည်းကို မရမချင်း အကြိမ်ပေါင်းများစွာ တောင်းခံကောင်း၏၊ ကပ္ပိယဒကာများကို လျှောက်ထားတတ်အောင် ကြိုတင်သင်ပြ ထားကောင်း၏၊ လာလှူမှ မသင်ကောင်းပေ။

ဆိုဦးအံ့၊ တစ်နေ့က မည်သည့်ဒကာ လှူသွားသော ငွေဖြင့် ဝယ်ပေးပါ ဟုဆို၍ကား မခိုင်းကောင်း၊ မတောင်းကောင်း၊ လိုအပ်သော ပစ္စည်းကိုသာ ပြော၍ တောင်းကောင်း၏၊ ကပ္ပိယထံ ငွေကို အပ်နှံထားသည်ဟု သိသော်လည်းကပ္ပိယက ဖြစ်စေ, တမန်က ဖြစ်စေ, အလှူရှင်က ဖြစ်စေ - အပ်စပ်သော ပစ္စည်းကို တောင်းခံတော်မူပါဘုရားဟု မဖိတ်ကြား မလျှောက်ထားလျှင်လည်း မတောင်းကောင်းဟု မှတ်ပါ။

ကပ္ပိယတစ်ကျိပ်

ရွှေ, ငွေ, ဒင်္ဂါး, ပိုက်ဆံ, ငွေစက္ကူ စသော နိဿဂ္ဂိယဝတ္ထုများ၊ မြရတနာ, ပုလဲ, စပါးစသော ဒုက္ကဋဝတ္ထုတို့ကို မိမိ, ဂိုဏ်း, သံဃာ, ပုဂ္ဂိုလ်, စေတီတို့အတွက် မိမိထံ အပ်နှံလှူဒါန်းလာလျှင် “အလှူမခံပါ”ဟု ပယ်ရမည်သာ၊ “ကပ္ပိယ ဒကာထံ လှူခဲ့ပါ”ဟုလည်း မပြောကောင်း၊ အလှူရှင်ဒါယကာက “အပ်စပ်သော ပစ္စည်း လှူလိုပါသည်၊ ကပ္ပိယ ညွှန်ပြပါ”ဟု လျှောက်ထားမှသာ ကပ္ပိယညွှန်ရမည် ဖြစ်သည်။

ကပ္ပိယံ = အပ်စပ်သည်ကို။ ကရောတိ = ပြုတတ်၏၊ ဣတိ = ထို့ကြောင့်။ ကပ္ပိယကာရကော = ကပ္ပိယကာရကမည်၏၊ ကာရကကို ဖြုတ်၍ ကပ္ပိယဟု ခေါ်ကြ၏၊ ရွှေ, ငွေကို အပ်စပ်ပစ္စည်းဖြစ်အောင် ဖလှယ်ခြင်း, ကပ္ပိသင့်သော သစ်သီးသစ်ရွက်တို့ကို ကပ္ပိခြင်း, စားဖွယ်များကို နှစ်တောင့်ထွာအတွင်း ရောက်အောင်ပြု၍ ကပ်ခြင်းစသည်ဖြင့် ကပ္ပိယကောင်း ဖြစ်အောင် လေ့ကျင့် သင်ထားသင့်သည်။

ထိုကပ္ပိယသည် ရဟန်းညွှန်ကပ္ပိယ လေးယောက်၊ တမန်ညွှန်ကပ္ပိယလေးယောက်၊ မည်သူမျှ မညွှန်အပ် ကပ္ပိယဘာသာ ကပ္ပိယလုပ်သော အနိဒ္ဒိဋ္ဌ ကပ္ပိယနှစ်ယောက်အားဖြင့် ကပ္ပိယ တစ်ကျိပ်ရှိသည်ကို မှတ်သားသင့်သည်။

ရဟန်းညွှန် ကပ္ပိယလေးယောက်

၁။ မျက်မှောက် အနီးအပါး၌ ရဟန်းက ညွှန်ပြသော ကပ္ပိယတစ်ယောက်၊
၂။ လှူလာသူက ရဟန်းညွှန်ပြသော ကပ္ပိယထံ အပ်နှံပြောပြပြီးနောက် ရဟန်းထံ ပြန်၍ ကပ္ပိယနာမည်ကို ဖော်ပြလျက် မည်သူ့ထံ အလှူငွေ မည်မျှ အပ်ခဲ့ပါသည်၊ အရှင်ဘုရား အလိုရှိသောအခါ အပ်စပ်သောပစ္စည်း အလှူခံတော်မူပါဟု လျှောက်ထားအပ်သော ကပ္ပိယတစ်ယောက်၊
၃။ ရဟန်းညွှန် ကပ္ပိယထံ အပ်နှံပြောဆိုပြီးနောက် လှူလာသူကိုယ်တိုင် ပြန်၍ မလျှောက်ထားနိုင်သဖြင့် အခြားတစ်ယောက်ယောက်ကို စေလွှတ်၍ ထိုနည်းအတိုင်း လျှောက်ထားခိုင်းသော ကပ္ပိယတစ်ယောက်၊
၄။ လာလှူသူသည် ရဟန်းညွှန်ပြသော ကပ္ပိယရှိရာသို့ သွားခါနီး (မသွားခင်)ကပင် အရှင်ဘုရား ညွှန်ပြအပ်သော ကပ္ပိယထံ သင်္ကန်းဖိုး အပ်နှံခဲ့ပါမည်၊ အလိုရှိသောအခါ တောင်းတော်မူပါဟု မှာထား၍ သွားခြင်းဖြင့် ညွှန်ပြအပ်သော ကပ္ပိယတစ်ယောက်၊ ပေါင်း-ရဟန်းညွှန်ကပ္ပိယ လေးယောက်တည်း။

ထိုလေးယောက်တို့တွင် မျက်မှောက်ညွှန်ပြသူထံ အလှူရှင်က (သို့မဟုတ်) တမန်က ငွေကို ရဟန်း၏ ရှေ့မှာပင် အပ်နှံ၍ “သင်္ကန်း ဝယ်လှူရစ်ပါ”ဟု ပြောဆို မှာထားသွားလျှင် ရဟန်းအား အထူး ထပ်မံမလျှောက် ထားသော်လည်း မိမိရှေ့မှာပင် မိမိညွှန်ပြသူ ကပ္ပိယထံ အပ်နှံ၍ သင်္ကန်း လှူရစ်ပါဟု မှာသွားသောကြောင့် ရာဇသိက္ခာပုဒ်လာသည့်အတိုင်း ကပ္ပိယထံ တောင်းမှု, ရပ်မှု ပြုနိုင်ပြီ။

မျက်ကွယ် ညွှန်ပြအပ်သူ သုံးယောက် ဟူရာဝယ် ရဟန်းက အဝေးသို့ လှမ်း၍ ညွှန်ပြမှုကြောင့် သုံးယောက်ပြားသည် မဟုတ်၊ လျှောက်ထားပုံ သုံးမျိုး ကွဲပြားသောကြောင့် အဝေးညွှန်း ကပ္ပိယသုံးယောက် ပြားရသည်။

တမန်ညွှန် ကပ္ပိယလေးယောက်

ရဟန်းက ကပ္ပိယမညွှန်ကြားလျှင် တမန်ကိုယ်တိုင် (အလှူရှင်ကိုယ်တိုင်) ကပ္ပိယလုပ်မည့်သူကို ရှာဖွေခေါ်ယူလာ၍ -

၁။ ရဟန်းရှေ့မှာ အလှူငွေအပ်နှံ ပြောဆိုခြင်း၊
၂။ အဝေးရှိနေသော ကပ္ပိယထံ အလှူငွေအပ်နှံ၍ မည်သည့်ကပ္ပိယထံ ရဟန်းတို့နှင့် အပ်စပ်သောပစ္စည်း အလှူခံတော်မူပါဟု လျှောက်ထားခြင်း၊
၃။ ကိုယ်တိုင်မလာနိုင်၍ တခြားသူ စေလွှတ်၍ လျှောက်ထားစေခြင်း၊
၄။ သွားခါနီးကပင် မည်သည့်ကပ္ပိယထံ ငွေ မည်မျှ အပ်ခဲ့ပါမည်၊ အရှင်ဘုရားအလိုရှိသော သင်္ကန်းစသော အပ်စပ်ပစ္စည်း အလှူခံပါဟု လျှောက်ထားသွားခြင်းဟု လေးမျိုး ပြား၏၊
လျှောက်ထားပုံ စကားများမှာ ရဟန်းညွှန်ကပ္ပိယထံ အပ်နှံရာ၌ လျှောက်ထားသည့်အတိုင်းပင်တည်း။

ရဟန်းရော တမန်ပါ မညွှန်အပ်သူ အနိဒ္ဒိဋ္ဌနှစ်ယောက်

တမန်ဖြစ်စေ, အလှူရှင်ကဖြစ်စေ “ကပ္ပိယရှိပါသလား”ဟု လျှောက်ထားသောအခါ ရဟန်းက ကပ္ပိယမညွှန်ပြဘဲနေလျှင် သို့မဟုတ် ရဟန်းက မညွှန်ပြရသေးမီ -

၁။ အနီးအပါး မျက်မှောက်ရှိသူ လူတစ်ယောက်က ကျွန်တော့်ထံ အပ်ခဲ့ပါ၊ “ကျွန်တော်ဝယ်ပြီး အပ်စပ်ပစ္စည်း (သင်္ကန်းစသည်) လှူလိုက်ပါမည်”ဟု ပြောလေသော် ထိုသူအထံ၌ပင် အပ်နှံ၍ ပြန်သွား၏၊ (တမန်က ကပ္ပိယကို လှူရစ်ပါဟု မမှာ၊ ရဟန်းကိုလည်း ထိုကပ္ပိယထံ “တောင်းရစ်ပါ၊ အလှူခံပါ”ဟု မလျှောက်ထား။)

၂။ တမန်က (အလှူရှင်က) ရဟန်း၏ ကွယ်ရာမှာပင် သင့်တော်သူ လူတစ်ယောက်ထံ အပ်နှံ၍ “သင်္ကန်း လှူရစ်ပါဟု မှာထားသွား၏၊ သို့သော် ရဟန်းကိုကား ဘာမျှ အသိမပေး မလျှောက်ထားခဲ့ချေ။ ဤသို့လျှင် မညွှန်ပြအပ်သူ ကပ္ပိယနှစ်ယောက် ရှိပြန်သည်။

(မှတ်ချက်) ထို ကပ္ပိယနှစ်ယောက်တို့တွင် ပထမလူကို မုခဝေဝဋိက (= သူ့နှုတ်ဖြင့် ထုတ်ဖော်ပြောဆို၍ ကပ္ပိယလုပ်သူ)ဟု ခေါ်၏၊ ဒုတိယလူကို ပရမ္မုခအနိဋ္ဌ (= မျက်ကွယ်၌ မညွှန်အပ်သော ကပ္ပိယ)ဟု ခေါ်သည်။

ကပ္ပိယသုံးမျိုးနှင့် သိက္ခာပုဒ်အလိုက် ကျင့်ရပုံ

ထိုကပ္ပိယ တစ်ကျိပ်တို့တွင် ရဟန်းညွှန်ပြသော ကပ္ပိယလေးယောက်တို့၏ အထံ၌ ရာဇသိက္ခာပုဒ်မှာ လာသည့်အတိုင်း သုံးကြိမ်တောင်း ခြောက်ကြိမ်ရပ်မှု ပြုရမည်။ တမန်ညွှန်ကပ္ပိယ လေးယောက်တို့၏အထံ၌ ဘေသဇ္ဇခန္ဓကလာ ခွင့်ပြုတော်မူသော မေဏ္ဍကသိက္ခာပုဒ်အတိုင်း အကြိမ်ရာထောင်မက မရမချင်း တောင်းနိုင်သည်။ မည်သူမျှ မညွှန်ပြအပ်သော အနိဒ္ဒိဋ္ဌကပ္ပိယနှစ်ယောက်တို့၏ အထံ၌ အညာတက ဆွေမျိုးမတော်သူ အပဝါရိတ မဖိတ်ထားသူအတိုင်း ကျင့်ရမည်။ တောင်းခြင်း, ရပ်ခြင်း, အလှူခံခြင်း တစ်ကြိမ်သော်မျှ မပြုကောင်းသည်ကို သတိရှိကြရန် ဖြစ်သည်။ ထို အနိဒ္ဒိဋ္ဌကပ္ပိယအား ဆွေမျိုးတော်သူ ဖိတ်ထားသူ သို့မဟုတ် ယခုမှ ဖိတ်သူ ဖြစ်လျှင်ကား ထိုငွေနှင့်တန်သလောက် အပ်စပ်ပစ္စည်း တောင်းကောင်း၏၊

(ဆောင်) ရဟန်းညွှန်ပြ၊ လေးယောက်မျှ၊ ဒူတညွှန်း လေးဖြာ။
အနိဒ္ဒိဋ္ဌ၊ ဒုဝိဓ၊ ပေါင်းထ တစ်ကျိပ်သာ။
တစ်ဦးမျက်မှောက်၊ ကွယ်သုံးယောက်၊ ညွှန်းမြောက် ရဟန်းမှာ။
ရှေ့အပ်ပြန်ကြား၊ စေ၍ကြား၊ မှာထားသွားသည်သာ။
တမန်ညွှန်လည်း၊ လေးပါးတည်း၊ ဤနည်း ယူလေပါ။
ရှေ့အပ်မကြား၊ ကွယ်အပ်သွား၊ နှစ်ပါး မညွှန်ရာ။
ရာဇ, မေဏ္ဍ၊ အညာတ၊ ကျင့်ရ စဉ်တိုင်းသာ။

မေဏ္ဍက သိက္ခာပုဒ်

မေဏ္ဍကသူဌေးကို အကြောင်းပြု၍ မဟာဝါ ဘေသဇ္ဇခန္ဓက၌ ခွင့်ပြုတော်မူအပ်သော သိက္ခာပုဒ်ကို မေဏ္ဍကသိက္ခာပုဒ်ဟု ခေါ်သည်။ ထို၌ နောက်ဆုံး ခွင့်ပြုချက်မှာ သဒ္ဓါတရားရှိသူတို့က “ဤငွေဖြင့် အပ်စပ်သော ပစ္စည်းကို ဘုန်းကြီးအား လှူပါ၏”ဟု မှာထား၍ ကပ္ပိယထံ ငွေကို အပ်နှံထားတတ်ကြသည်။ ထိုသို့ အပ်နှံထားကြရာ၌ ထိုငွေမှ အပ်စပ်သော ပစ္စည်းကို သာယာကောင်း (တောင်းယူကောင်း၏၊) “ရွှေငွေကိုကား မည်သည့် နည်းပရိယာယ်နှင့်မျှ မသာယာကောင်း၊ မခံယူကောင်း”ဟု မိန့်တော်မူသည်။

ဤမေဏ္ဍကသိက္ခာပုဒ်လာ ရွှေငွေအပ်နှံထားရာ ကပ္ပိယတို့မှာ ရဟန်းက ညွှန်ပြအပ်သူများ မဟုတ်ကြ။ တမန်ကိုယ်တိုင် အလှူရှင်ကိုယ်တိုင် ညွှန်ပြအပ်သော ကပ္ပိယတို့တည်း။ သို့ဖြစ်၍ စေခိုင်းအပ်သူ ကပ္ပိယက ရဟန်း၏ မျက်ကွယ်မှာဖြစ်လျှင် အလှူရှင်က ရဟန်းကို တစ်နည်းနည်းဖြင့် ကပ္ပိယ မည်သူ့ထံ၌ အပ်စပ်သော ပစ္စည်းကို တောင်းပါဟု လျှောက်ထားရဦးမည်။ ဤသို့ လျှောက်ထားလျှင် အကြိမ် ရာ, ထောင်မက မရမချင်း တောင်းနိုင်သည်။ (ပါတိမောက်ဘာသာဋီကာ၊၁၆၄။)

ကျောင်းသား, ကပ္ပိယများကို ကြိုတင် သင်ကြားထားသင့်ပုံ

ဝိနည်းလမ်းကြောင်းကို ကြိုတင်၍ သင်ပြထားကောင်းသည် အားလျော်စွာ ယခုခေတ်၌ ဝိနည်းဂရုပြုသော ကျောင်းများဝယ် လျှောက်တတ် ပြောဆိုတတ်အောင် သင်ပြထားသော ကျောင်းသားကပ္ပိယများ ရှိတတ်ကြသည်။ ထိုကျောင်းသား ကပ္ပိယများကား ရွှေငွေလာလှူ၍ ဆရာသမားက ရွှေငွေကို အလှူမခံ ပယ်လှန်သော်လည်းကောင်း၊ အလှူရှင်ဒကာက ရွှေငွေ အလှူမခံမှန်း နားလည်ပြီးဖြစ်၍ ကပ္ပိယထံ အပ်နှံပြီးသော်လည်းကောင်း လှူဒါန်းတတ်ကြ၏၊

ထိုအခါ ကပ္ပိယက ဘုရားတပည့်တော်ထံ မည်မျှတန်သော အပ်စပ်သော ပစ္စည်းကို တောင်းတော်မူပါ၊ လုံခြုံရာ အရပ်ကိုလည်း ညွှန်ပြတော်မူပါဟု လျှောက်ထားကြသည်။ ထိုသို့ လျှောက်ထားလျှင် အလှူရှင်ဒကာက အထူးလျှောက်သည်ဖြစ်စေ၊ မလျှောက်သည်ဖြစ်စေ ပဝါရိတ (ဖိတ်မန်သူ) ကပ္ပိယ ဖြစ်တော့ရကား ထိုငွေနှင့် တန်သလောက် အလိုရှိရာ အပ်စပ်သော ပစ္စည်းကို ကပ္ပိယထံ တောင်းကောင်း၏၊ ငွေကိုလည်း “မည်သည့်နေရာ၌ လုံခြုံ၏”ဟု ပြောပြကောင်း၏၊ “မည်သည့်နေရာ၌ သိမ်းထားလိုက်”ဟုကား မပြောကောင်းသည်ကို သတိပြုပါ။

ရွှေ, ငွေစသော နိဿဂ္ဂိယဝတ္ထု, မြ, ရတနာ, ယာမြေ, စပါးစသော ဒုက္ကဋ ဝတ္ထုများ အပ်စပ်အောင် လှူကြရာ၌ ရဟန်းတို့က အလှူမခံကောင်းသောကြောင့် ရဟန်းတော်များ, အလှူရှင်, ဒကာ, ကျောင်းသား, ကပ္ပိယတို့သည် မိမိတို့၏ တာဝန်အသီးအသီး သိရှိ၍ သာသနာပြုကြရန် လို၏၊

ရဟန်းတော်တို့၏ တာဝန်

ရဟန်းတော်များသည် ရွှေ, ငွေ, ဒင်္ဂါး, ပိုက်ဆံ, ငွေစက္ကူ, မြ, ရတနာ, ပုလဲ, ခြံမြေ, စပါးစသည် လှူဒါန်းလာပါက အလှူမခံဟု ပယ်လှန်ရမည်။ ကိုယ်တိုင်လည်း အလှူမခံယူကောင်း ကပ္ပိယတို့ကိုလည်း တစ်ဆင့်အလှူခံယူ ရန် မခိုင်းစကောင်းချေ။ “ထိုရွှေငွေ စသည်မှ ဖြစ်ပေါ်လာသော အပ်စပ်သော ပစ္စည်း လှူဒါန်းလိုပါသည်”ဟု ဆိုမှ ကပ္ပိယကာရက ညွှန်ကြားနိုင်ခွင့် ရှိ၏၊ ကပ္ပိယတို့ကလည်း လက်ခံယူထားပြီး အပ်စပ်သော ပစ္စည်းဖြစ်အောင် ဖလှယ် ပြီးမှသာ ရဟန်းတော်များသည် အပ်စပ်သောပစ္စည်းကို အလှူခံနိုင်လေသည်။

အလှူရှင်တာဝန်

အလှူရှင်သည် (သို့မဟုတ်) အလှူရှင်က စေခိုင်းလိုက်သူ တမန်သည် ရွှေငွေစသည့် အမည်ကို ဖော်၍ “အရှင်ဘုရားအား လှူပါ၏၊ ကပ္ပိယကို ညွှန်ပြပါ”ဟု မလျှောက်ထားကောင်းပါ။ “ရွှေငွေ စသည်မှ (ငွေတစ်ထောင် ကျပ်မှ) ဖြစ်ပေါ်လာသော ရဟန်းတို့နှင့် အပ်စပ်သော ပစ္စည်းကို လှူဒါန်းလိုပါ၏၊ ကပ္ပိယညွှန်ကြားတော်မူပါ”ဟုလည်းကောင်း, ကပ္ပိယကို ကိုယ်တိုင် ရှာဖွေ ခေါ်ဆောင်လာပြီး ကပ္ပိယထံ အပ်နှံ၍ “အပ်စပ်ပစ္စည်းကို လှူပါ၏”ဟု ဆို၍လည်းကောင်း လျှောက်ထားသင့်သည်။ သံဃာအား, ကျောင်းအား, စေတီအား, နဝကမ္မ (အမှုသစ်)အား လှူဒါန်းရာ၌လည်း “အပ်စပ်သော ပစ္စည်း လှူလိုပါ၏၊ ကပ္ပိယ ညွှန်ကြားတော်မူပါ”ဟု လျှောက်မှ ကပ္ပိယ ညွှန်ကြားပေးရမည် ဖြစ်သည်။ ကပ္ပိယကို ခေါ်လာပြီး လှူဒါန်းခြင်းက ပို၍ ကောင်းမွန်သည်။

ကျောင်းသား, ကပ္ပိယတို့၏ တာဝန်

ကပ္ပိယကျောင်းသားသည် ရွှေငွေစသည်ကို လက်ခံယူထားပြီး ဘာမျှ မလျှောက်ထားဘဲ နေပါက, အလှူရှင်ကလည်း ရဟန်းကို “အလိုရှိသောအခါ အပ်စပ်ပစ္စည်း အလှူခံပါ”ဟု မလျှောက်ထားက ကပ္ပိယထံ ရဟန်းက မတောင်းကောင်းချေ။ ထို့ကြောင့် ရဟန်းတို့အား ကပ္ပိယက “မည်သည့် မြို့ရွာမှ အလှူရှင်တို့သည် လှူဒါန်းသော ငွေ (၁၀၀၀)ကျပ်မှ ဖြစ်ပေါ်လာသော အပ်စပ်သော ပစ္စည်းကို အလိုရှိသောအခါ ဘုရားတပည့်တော်ထံ အလှူခံတော်မူပါ”ဟု လျှောက်ထားမှ တောင်းကောင်းသည်။ “လုံခြုံရာ အရပ်ကို ညွှန်ပြပါ”ဟု လျှောက်ထားမှ လုံခြုံရာ အရပ်ကို ရဟန်းက ညွှန်ပြနိုင်ခွင့် ရှိသည်။

ဂိုဏ်း, သံဃာ, ပုဂ္ဂိုလ်ကို မသုံးသပ်ဘဲ လှူ

“စေတိယဿ ဒေမ၊ နဝကမ္မဿ ဒေမ၊ ဝိဟာရဿ ဒေမ၊” စေတီတော်အား လှူပါ၏၊ နဝကမ္မအား လှူပါ၏၊ ကျောင်းအား လှူပါ၏၊ ဤသို့ဆို၍ ရွှေငွေကို လှူလာလျှင်လည်းကောင်း၊ ကပ္ပိယကို အလှူရှင်ကိုယ်တိုင် ခေါ်လာ၍ “ဤရွှေငွေမှ ဖြစ်ပေါ်လာသော အပ်စပ်သော ပစ္စည်းကို အလှူခံပါ”ဟု ဆို၍ လှူလျှင်လည်းကောင်း ကပ္ပိယညွှန်ကြားနိုင်သည်။ အပ်စပ်အောင် လှူပါလျှင် ရွှေကျောင်းကြီးကို ဆောက်၍ လှူခွင့်ပြုသည်ဟု ခုဒ္ဒသိက္ခာ (၂၇၁)ဂါထာတွင် ဆိုပါသည်။

“ဂိုဏ်း, သံဃာ, ပုဂ္ဂိုလ် မသုံးသပ်ဘဲ”ဟူသော စကားကို အထူးသတိပြုပါ။မည်သည့်ဂိုဏ်း, မည်သည့်ကျောင်းတိုက် သံဃာအား, ဥုးတိဿအား, အရှင်ဘုရားအား ရွှေငွေကို လှူပါ၏”ဟု ဆို၍ လှူလျှင် အလှူမခံကောင်း၊ ကပ္ပိယလည်း မညွှန်ကြားကောင်း လုံခြုံရာ၌ ထားလိုက်ပါဟုလည်း မပြော ကောင်းပေ။

ရေစက်ချရာ၌ သတိထားရန်

“ဣမာနိ အကပ္ပိယအနာမာသဝတ္ထူနိ ကပ္ပိယကာရကာနံ ဟတ္ထေ နိယျာတေတွာ နဝကမ္မဿ ဒေမ = ဤ အကပ္ပိယ အနာမာသဝတ္ထုတို့ကို ကပ္ပိယကာရကတို့၏ လက်၌ အပ်နှင်း၍ အမှုသစ်အား လှူပါ၏”ဟု ဆို၍ ရေစက်ချမှ အားလုံးသော ဆရာများ သဘောကျသည်။ ဤသို့ အလှူရှင်များက လျှောက်ထားတတ်လျှင်လည်း အလွန်ကောင်းပါသည်။

ကယဝိက္ကယသိက္ခာပုဒ်

သီတင်းသုံးဖော် ငါးယောက်တို့ကို ကြဉ်ထား၍ အခြားသူတို့နှင့် အပ်စပ်သော ပစ္စည်းအချင်းချင်းကို မအပ်သော နည်းဖြင့် လဲလှယ်ရောင်းဝယ်ခြင်းကို ပြုရာ၌ ရလျှင် ကယဝိက္ကယနိဿဂ္ဂိပါစိတ် အာပတ်သင့်၏၊ ဤသိက္ခာပုဒ်အရ နိဿဂ္ဂိပစ္စည်းများကို ဂိုဏ်း, သံဃာ, ပုဂ္ဂိုလ်တို့အား စွန့်ပြီးလျှင် ပြန်ပေးက သုံးစွဲကောင်း၏ဟု သိ။

အင်္ဂါ (၃) ပါး - 
၁။ ကပ္ပိယဝတ္ထုဖြစ်ခြင်း၊ 
၂။ သီတင်းသုံးဖော် မဟုတ်ခြင်း၊ 
၃။ ရောင်းမှု, ဝယ်မှုသို့ ရောက်ခြင်း၊ (အရောင်းအဝယ်စကားပြော၍ လဲလှယ်မှု အထမြောက်ခြင်းဟူလို။)

(ဆောင်) ကပ္ပိယဟု, ဝတ္ထုဖြစ်ခြင်း၁, သီတင်းသုံးသူ, မဟုတ် လူနှင့်၂, ရောင်းမှု ဝယ်လျှင်း, ထမြောက်ခြင်းဟု၃, ကြောင်းရင်းသုံးလီ, အင်္ဂါညီ, သင့်ပြီ ကယဝိက္ကယ။

(မှတ်ချက်) ယခုကာလ ဘုန်းကြီးက သင်္ကန်းစသော ပရိက္ခရာကို ငွေဖြင့် ရောင်းရာ၌ကား ကပ္ပိယဝတ္ထုချင်း မဟုတ်သောကြောင့် ဤ ကယဝိက္ကယသိက္ခာပုဒ်နှင့် မဆိုင်၊ ရူပိယသံဝေါဟာရသိက္ခာပုဒ်အရ အာပတ်သင့်သည်။ ရဟန်း သာမဏေစသော သီတင်းသုံးဖော် အချင်းချင်း လဲလှယ်ခြင်း၌ အာပတ်မသင့်ဟု သိ။

မအပ်သော လဲနည်း

စျေးသည်စသော လူတို့၏ အထံ၌ရှိသော ပစ္စည်းကို မိမိ၌ရှိသော သင်္ကန်း, ဖိနပ်စသည်ဖြင့် လဲလှယ်ယူလိုလျှင် မိမိကိုယ်တိုင် “ဤသင်္ကန်းဖြင့် ထိုဖိနပ်ကို ပေးပါ”ဟု လည်းကောင်း၊ “ဤသင်္ကန်းကို ယူလော့၊ ထိုသပိတ်ကို ပေးလော့ဟုလည်း ပြောဆို၍ မလဲလှယ်ကောင်း၊ ဤသို့ လဲလှယ်သော စကားမျိုးကို ပြောဆို၍ကား လူ့ပစ္စည်းမှန်လျှင် မိဘပစ္စည်း တို့ကိုပင် မလဲလှယ်ကောင်း၊ လဲလှယ်၍ယူလျှင် ထိုပစ္စည်း နိဿဂ္ဂိထိုက်၏၊ မိဘထံမှ ဤ ပစ္စည်းကို ပေးပါဟု တောင်းအံ့၊ ဝိညတ် မဖြစ်၊ တောင်းကောင်းသည်။ မိဘကို ဤပစ္စည်းယူတော့ဟု ပေးအံ့၊ သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ် မသင့်၊ ပေးကောင်းသည်။ ဉာတိမတော်သူထံမှ ဤပစ္စည်းပေးပါဟု တောင်းသော် ဝိညတ်ဖြစ်သည်၊ နိဿဂ္ဂိထိုက်သည်။ မိမိက ပစ္စည်းပေးသော် သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ် သင့်သည်။ မိဘ, ဉာတိတော် မတော် ခပ်သိမ်းသော သူတို့နှင့် လုံးရောင်းဝယ်ခြင်း လဲလှယ်ခြင်းပြုက ဤသိက္ခာပုဒ်အရ နိဿဂ္ဂိပါစိတ်အာပတ်သင့်၏ဟု မှတ်ပါ။ မိဘတို့နှင့် ပစ္စည်းချင်း လဲလှယ်ဖို့ ကြုံလာလျှင် ပစ္စည်းသက်သက်ကို အရင်အလှူခံပြီးမှ နောက်မှ မိမိပစ္စည်း ပေးသင့်သည်ကို သတိပြုပါ။

အပ်သော လဲလှယ်နည်း

ရဟန်းအထံ၌ ရိက္ခာဆန်, ဆပ်ပြာ, ဖယောင်းတိုင်ထုပ် စသည် ရှိအံ့၊ ထိုရဟန်းသည် ခရီးအကြား၌ ထမင်းပါလာသူကို မြင်၍ “ငါ့မှာ ဆန်ရှိသည် ထိုဆန်စသည်ကို အလိုမရှိ၊ ဆွမ်းသာ အလိုရှိသည်”ဟု ဆိုအံ့၊ ထမင်းပါလာသူက ဆန်စသည်ကိုယူပြီး ထမင်းလှူအံ့၊ အပ်၏၊ ဝိညတ်မဖြစ်၊ နိဿဂ္ဂိ မဖြစ်၊သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ်လည်း မသင့်၊ အဖိုးအစား ပေးသောအရာ ရောက်ခြင်းကြောင့် နိမိတ္တကမ္မသော်မှလည်း မဖြစ်၊ “ငါတို့မှာ ဤပစ္စည်း ဤပစ္စည်း တော့ရှိသည် အသုံးမလို ငါတို့အား ဤပစ္စည်း ဤပစ္စည်းဖြင့် အလိုရှိသည်” ဤသို့ ဆိုရာ၌ လဲမှုလှယ်မှု, ရောင်းမှုဝယ်မှု မပါ၍ အနာပတ္တိ၊ အာပတ်မသင့်။

ကပ္ပိယကျောင်းသား ရှိအံ့၊ “ကပ္ပိယ ငါ့မှာ သင်္ကန်းရှိသည် ဤသင်္ကန်းဖြင့် သပိတ်လုပ်ပေးပါ၊ ဖိနပ်လုပ်ပေးပါ”ဟု ကပ္ပိယကို ပြောကောင်းသည်။ ကပ္ပိယ မရှိသော် ဆိုင်သို့ ကိုယ်တိုင်သွား၍ ဆိုင်ရှင်၏ သား, သမီးများကို ရှေးနည်းအတိုင်း လုပ်ပေးရန် ပြောကောင်းသည်။ ဆိုင်ရှင်ကိုယ်တိုင်ကိုကား မပြောကောင်း။

အကယ်၍ ကပ္ပိယ မရှိ၊ မရှာလိုလျှင် ဆိုင်ရှင်စျေးသည်ထံ သွား၍ “ငါ့မှာ ဤသင်္ကန်း ရှိသည်၊ သင်္ကန်းတော့ အသုံးမကျ၊ သပိတ်သာ လိုနေသည်”ဟု ပရိယာယ်ဖြင့် ပြောရာ စျေးသည်က သင်္ကန်းကိုယူ၍ သပိတ်ကို ပေးလိုက်လျှင် ထိုသပိတ် အပ်၏၊ ဤပြခဲ့သောနည်းအရ ယခုကာလ ခဝါသည် စသည်တို့ထံမှ အပ်သောပစ္စည်းဖြင့် လဲယူနည်းကို သတိပြုသင့်ကြပေသည်။

ခိုင်းစေရာ၌ အပ်, မအပ်

စားကြွင်းစားယောက်ျားကို မြင်သော် “ဤထမင်းကို စားပြီး ဆိုးရည်ခေါက် ထင်းတို့ကို ဆောင်ယူခဲ့”ဟု ဆိုအံ့၊ လဲလှယ်ရာ ရောက်သောကြောင့် ဆိုးရည်ခေါက်, ထင်း, ရေတို့အတွက် နိဿဂ္ဂိထိုက်၏၊ လက်သမားကို မြင်၍ ဤထမင်းကို စားပြီး ဤအမှုကို ပြုခဲ့ဟု ထိုထို လက်သမားအမှုကို ပြုခိုင်းအံ့၊ နိဿဂ္ဂိ၊ ကုလဒူသနအခန်း၌ အစားအစာ ကျွေးလိုသော် တစ်စုံတစ်ခု ခိုင်းပြီးမှ ဝေယျာဝစ္စလုပ်သူအား ကျွေးမွေးရာ၌ ကုလဒူသနအပြစ် မဖြစ်ဟု ဆိုထားသော်လည်း၊ တစ်ဆက်တည်းခိုင်းလျှင် နိဿဂ္ဂိထိုက်ပြန်သည်ကို သတိပြုပါ။ ဤထမင်းကို စား၍ အဝတ်ကို ဖွပ်လိုက်၊ ကျောင်းပြင်ခြင်း, ခေါင်းရိတ်ခြင်း စသည်၌ ပစ္စည်းတစ်စုံတစ်ခု မရလျှင် အာပတ်ကိုသာ ဒေသနာပြောကြား ရသည်။ ဤထမင်းကို စားပြီးလျှင် အလုပ်လုပ်ပါဟု တစ်ဆက်တည်း မပြောဘဲ ဤထမင်းကို စားလော့၊ ဤအလုပ်ကို လုပ်လော့၊ ဤအစာကို စားရလိမ့်မည်၊ စသည်ဖြင့် စကားနှစ်ရပ် ခွဲ၍ ပြောဆိုစေခိုင်းလျှင် လဲလှယ်ရာ မရောက်သောကြောင့် အာပတ်မသင့် အပ်စပ်သည်။ လူတို့အား မိမိဝေယျာဝစ္စ အမှုကြီးငယ် လုပ်ခိုင်းသူတို့ အထူးသတိပြုခိုင်းရန် ကောင်းသော အချက်ဖြစ်၍ သတိပြုသင့်သည်။

ရတနသိက္ခာပုဒ်

ရွှေ, ငွေ, ပုလဲစသော ရတနာ (၁၀)ပါးကို ရတနာ၌ သွင်းယူ၍ ရတနာ အတုများနှင့် ဝတ်စားတန်ဆာစသော လူတို့အသုံးအဆောင် (စောင်, အိပ်ရာ လိပ်) စသည်ကို ရတနသမ္မတ၌ သွင်းယူရမည်။ ထိုရတနာ, ရတနသမ္မတ အသုံးအဆောင်များကို ကျောင်းတိုက်အတွင်း မိမိ တည်းခိုနေထိုင်ရာဌာန အတွင်းမှတစ်ပါး အခြားအရပ်၌ လူတို့ မေ့နေရစ် ကျနေရစ်ခဲ့သော် ကောက်ယူ၍ မသိမ်းထားရ၊ ကောက်ယူသိမ်းထားလျှင် သုဒ္ဓပါစိတ်အာပတ်၊ အာရာမ် အတွင်း မိမိနေထိုင်ရာ, တည်းခိုရာဌာနအတွင်း ဖြစ်မူကား ကိုယ်တိုင်ဖြစ်စေ၊ သူတစ်ပါးကို ခိုင်း၍ဖြစ်စေ ကောက်ယူသိမ်းထားရန် ဝတ္တရားရှိ၏၊ ထိုဝတ္တရား ပျက်ပြန်လျှင်ကား ဝတ္တဘေဒ (ဝတ္တရား ပျက်ကွက်မှုကြောင့်) ဒုက္ကဋ်အာပတ် သင့်သေးသည်။

လူတို့ ကျကျန်နေရစ်ခဲ့ မေ့နေရစ်ခဲ့ရာ၌ “ဥစ္စာရှင်တို့ လာယူလိမ့်မည်ဟူသော ရည်ရွယ်ချက်ဖြင့် သိမ်းထားခွင့် ရှိသည်။ လူတို့က ဤရွှေငွေကို သိမ်းထားပေးပါဟု ခိုင်း၍ဖြစ်စေ၊ ကိုယ်ကိုယ်တိုင် ဘဏ္ဍာစိုးလုပ်၍ ဖြစ်စေ၊ သိမ်းထားလျှင် သုဒ္ဓပါစိတ်အာပတ် သင့်၏၊

အင်္ဂါလေးပါး - 
၁။ ခွင့်မပြုအပ်သော အမှုကိုပြုခြင်း၊ 
၂။ သူတစ်ပါး ဥစ္စာဖြစ်ခြင်း၊ 
၃။ ဝိဿာသဂ္ဂါဟ, ပံသုကူလသညာ မရှိခြင်း၊ 
၄။ ကိုယ်တိုင် ဖြစ်စေ, ခိုင်း၍ ဖြစ်စေ သိမ်းထားခြင်း - အင်္ဂါလေးပါးတည်း။

(ဆောင်) ခွင့်မပြုအပ် ပြုလတ်တစ်တန်၁ ၂။ လူသန္တက၂ ဝိဿာသမှု၊ ပံသုကူလာ သညာမရှိ၃ ယူသိမ်းမိလျှင်း၊ သိမ်းစေခြင်းဟု၄ ကြောင်းရင်း လေးဝ၊ အင်ညီမျှ၊ ရတန ပါစိတ်သင့်။

နိဿဂ္ဂိသိက္ခာပုဒ်များနှင့် စပ်၍ အကျဉ်းမှတ်ရန်

ရူပိယသိက္ခာပုဒ်ကား ရွှေငွေကို မိမိအတွက် ခံယူခြင်း၊ ခံယူစေခြင်း၊ သာယာခြင်းကြောင့် နိဿဂ္ဂိ၊ ရူပိယသံဝေါဟာရ သိက္ခာပုဒ်ကား ရွှေငွေဖြင့် အခြားပစ္စည်းကို ဝယ်ခြင်း၊ ခုတ်လုပ်ထားသော ပုတီး, နားဋောင်းစသော ရွှေငွေကို ဖြစ်စေ၊ ရွှေငွေဖြင့် သီတင်းသုံးဖော်တို့ ဝယ်ထားအပ်သော နိဿဂ္ဂိယ ပစ္စည်းကိုဖြစ်စေ၊ လဲလှယ်ယူခြင်းကြောင့် နိဿဂ္ဂိအာပတ် သင့်သည်။ ကယဝိက္ကယသိက္ခာပုဒ်ကား အပ်စပ်သော ကပ္ပိယဝတ္ထုများကို လူဝတ်ကြောင် စသည်တို့နှင့် လဲလှယ်ခြင်းကြောင့် နိဿဂ္ဂိပါစိတ်အာပတ် သင့်သည်။ ရာဇသိက္ခာပုဒ်သည် မအပ်သော ရွှေငွေကို သင်္ကန်းဖိုးအဖြစ် လှူဒါန်းရာတွင် ကပ္ပိယညွှန်၍ အလှူခံနည်းကို ပြသည်။ မေဏ္ဍကသိက္ခာပုဒ်ကား အလှူရှင်တို့ကိုယ်တိုင် ကပ္ပိယကို ခေါ်လာ၍ ရွှေငွေမှဖြစ်သော အပ်စပ်သောပစ္စည်း လှူရာ၌ အလှူခံနည်းကို ပြသည်။ ရတနသိက္ခာပုဒ်ကား ရွှေ, ငွေ, ပုလဲစသော ရတနာများ ကိုင်ကောင်းရာဌာန မကိုင်ကောင်းရာဌာန ခွဲခြားပြသည်။ ဤသို့ အကျဉ်းအားဖြင့် မှတ်သားထားသင့်သည်။

တိုက်တွန်းမှာထားချက်

ဤသို့လျှင် ရွှေငွေပစ္စည်းများ၊ ရွှေငွေနှင့် ဝယ်ယူ၍ရသော ပစ္စည်းများ၊ ပုတီး, နားဋောင်းများ၊ သပိတ်, သင်္ကန်း စသော ပစ္စည်းများ၊ ရတနာများ၊ နိဿဂ္ဂိထိုက်လျှင် စွန့်ရမည့် အကြောင်းအရာများ၊ အပ်စပ်သော ပစ္စည်းအဖြစ် အလှူခံပုံများ၊ ကပ္ပိယညွှန်ကြားပုံများ၊ နိဿဂ္ဂိမထိုက်အောင် စေခိုင်းနည်းများ စသည်ဖြင့် သိသင့်သိထိုက်သော အချက်များကို အကျဉ်းအားဖြင့် လက်လှမ်းမှီသမျှ ရှာဖွေတင်ပြအပ်ပါသည်။ အကျယ်ကို သိလိုမူ ဆိုင်ရာသိက္ခာပုဒ် ပါဠိတော်, မြန်မာပြန်, အဋ္ဌကထာ, ဋီကာတို့၌ လေ့လာမှတ်သား ကြပါရန် တိုက်တွန်းအပ်ပါသည်။

နိဿဂ္ဂိပစ္စည်းတို့နှင့် စပ်၍ မှတ်ရန်

နိဿဂ္ဂိပါစိတ်နှင့် စပ်၍ ဝိနည်းကံဖြင့် စွန့်ပြီးသောအခါ နိဿဂ္ဂိဖြစ်သော ထိုပစ္စည်းများကို ကာယကံရှင်အာပတ်ကျုးလွန်သူတို့ သုံးစွဲခွင့် ရ, မရ နှင့် စပ်၍ သိက္ခာပုဒ်အလိုက် ခွဲခြားမှတ်သားသင့်သည်။

ရွှေ, ငွေ, ဒင်္ဂါး, ပိုက်ဆံ, ငွေစက္ကူ, ရွှေငွေဖြင့် ဝယ်ယူထားသော ပစ္စည်းများ နိဿဂ္ဂိထိုက်၍ ဝိနည်းကံဖြင့် စွန့်ပြီးသော်လည်း အာပတ်ကျူးလွန်သူ (ဝါ) အလှူခံသူ ပိုင်ရှင်ရဟန်းသည် လုံးဝသုံးစွဲခွင့် မရ၊ အပြီးအပိုင် စွန့်ရသည်။

အခြားနည်း သုံးစွဲခွင့်ရသော ပစ္စည်းများ

ဧဠကလောမဝဂ်လာ - (၁) ပိုးချည်ဖြင့် ရောနှောပြုသော အခင်း၊ (၂) အမဲရောင်သက်သက် သိုးမွေးအခင်း၊ (၃) အဖြူ, အညို အရွှေအရောင်ရှိ သိုးမွေးနှင့် အမဲရောင် နှစ်ဆပိုပြုသော အခင်း၊ ထိုအခင်း (၃) မျိုးတို့ ဝိနည်းကံဖြင့် စွန့်ပြီး ပြန်ရသောအခါ ခင်း၍ထိုင်ခြင်း အိပ်ခြင်း မပြုရ၊ တခြားသော ဗိတာန်, မျက်နှာကြက်, ကန့်လန့်ကာ, ဘုံလျှို, ခေါင်းအုံးစသည် အသုံးပြုကောင်းသည်။ ဦနပဉ္စဗန္ဓနသပိတ်၌လည်း ပတ္တပရိယန္တ စွန့်ပြီးလျှင် အယုတ်-ဆုံးသပိတ် (အညံ့ဆုံးသပိတ်) ကိုသာ သုံးစွဲခွင့်ရသည်။ (သပိတ်ခန်း၌ ကြည့်ပါ၊)

ငဲ့ကွက်မှုမရှိ အပြီးအပိုင်စွန့်ပြီးက သုံးခွင့်ရပစ္စည်းများ

ထောပတ်, ဆီ, တင်းလဲ, ပျားရည်စသော ဆေးပစ္စည်းများသည် (၇)ရက် လွန်၍ ဝိနည်းကံဖြင့် စွန့်ပြီး ပြန်ရသောအခါ စားသောက်ခြင်း မပြုရ၊ (၇)ရက် မလွန်မီ ငဲ့ကွက်ခြင်း မရှိ၊ အပြီးအပိုင် လူ, သာမဏေတို့အား စွန့်ပြီး၍ လူ, သာမဏေတို့က နောင်တစ်ချိန် ပြန်ကပ်ပြန်လျှင် စားသောက်ခြင်း၊ သုံးဆောင်ခြင်းငှာလည်း အပ်သည်ဟူ၏၊ (ပါတိမောက္ခမေဒိနီ၊၂၁၅။)

တခြားခဲဖွယ်, ဘောဇဉ်များ

ယာဝကာလိကဖြစ်သော တခြားစားသောက်ဖွယ်ရာ ခဲဖွယ်ဘောဇဉ်များသည် အကပ်ခံပြီးလျှင် မွန်းမတည့်မီသာ စားသောက် ဘုဉ်းပေးကောင်းသည်။ မွန်းလွဲသောအခါ ဘုဉ်းပေးလျှင် ဝိကာလဘောဇန သုဒ္ဓပါစိတ်၊ ကိုယ်တိုင် သိုမှီး သိမ်းဆည်းထားပြန်လျှင် သန္နိဓိသုဒ္ဓပါစိတ်၊ ယာမကာလိက အဖျော်ရည်ဖြစ်လျှင် အရုဏ်မတက်မီ နောက်တစ်နေ့သို့ မရောက်မီ လူ, သာမဏေတို့အား အပြီးအပိုင် အာလယပြတ် စွန့်ပေးလိုက်ရသည်။ နောက်ကာလကျမှ သာမဏေတို့က ပြင်ဆင်၍ ကပ်သဖြင့် ဘုဉ်းပေးလျှင် အာပတ် မသင့်၊ ထို့ကြောင့် တခြားကာလိကတို့ကိုလည်း သတ်မှတ်ထားသော အချိန် မလွန်မီ လူသာမဏေတို့အား အပြီးအပိုင် စွန့်လိုက်ရသည်။ လူသာမဏေတို့က အလိုက်သိ၍ ပြန်ကပ်လျှင် စားသောက် ဘုဉ်းပေးကောင်းသည်ဟု သိပါ။ (အာလယပြတ်စွန့်ဟူသည် ငါ့အား ပြန်၍ ကပ်ပါက ကောင်းလေစွဟု ငဲ့ကွက်တွယ်တာနေသော စိတ်ထားမျိုး လုံးလုံး မရှိခြင်းတည်း၊ ငဲ့ကွက်တွယ်တာမှု ရှိနေသေးသော စိတ်ထားဖြင့် စွန့်ပါက လူ သာမဏေတို့ ပြန်၍ ကပ်သော်လည်း မသုံးဆောင်အပ်ပေ။)

ဘေသဇ္ဇသိက္ခာပုဒ်နှင့် စပ်၍ မှတ်ဖွယ်များ

ထောပတ်, ဆီဦး, ဆီ, ပျားရည်, တင်လဲ ဤဆေးငါးမျိုးတို့ကို အကပ်ခံပြီးနောက် (၇)ရက်အထိသာ သိမ်းဆည်း၍ ဆေးအဖြစ်ဖြင့် စားသောက်နိုင်၏၊ (၇)ရက်လွန်လျှင်ကား ထိုထောပတ်စသည်တို့ နိဿဂ္ဂိထိုက်၏၊ ရဟန်းမှာ ပါစိတ်အာပတ် သင့်၏၊ ထိုသင့်သော အာပတ်ကို ဒေသနာကြား ကုစားလိုလျှင် ထိုထောပတ်စသည်ကို ရှေးဦးစွာ စွန့်ပြီးမှ ဒေသနာကြား ရသည်။ မစွန့်ဘဲ ဒေသနာကြားလျှင် ထိုအာပတ်မှ မလွတ်နိုင်။

ထိုထောပတ်စသည်ကို အကပ်ခံသည့်အခါ (၇)ရက်စာလောက် မှန်း၍ အကပ်ခံထားသင့်သည်။ (၇)ရက်အတွင်း ကုန်ပုံမရလျှင် (၇-ရက် မလွန်ခင်) ဤထောပတ်စသော ဆေးတို့ကို ငါ မစားတော့ပြီ၊ ခြေနယ်ဆီ, ကိုယ်လိမ်းဆီ စသည်ပြုလုပ်၍ ခန္ဓာကိုယ်၏ အပြင်အပ၌သာ သုံးစွဲတော့မည်ဟု အဓိဋ္ဌာန် (စိတ်ကူး)လိုက်ရမည်။ ထိုအပြင်အပ၌ သုံးဖို့ဖြစ်လျှင်ကား (၇)ရက် လွန်သော်လည်း အပြစ်မရှိ။

(၇) ရက်အတွင်း သတ်မှတ်ချက်

ထောပတ်စသော ဆေးငါးပါးတို့ကို အကပ်ခံပြီး ခုနစ်ရက်အတွင်းသာ စားကောင်းသည်ဟု ဆိုသော်လည်း (ဂိလာန)အနာရောဂါ ရှိသူအား ခွင့်ပြုခြင်းကြောင့် ဆာလောင်မွတ်သိပ်ခြင်း (ပိပါသ) အကြောင်းရှိရုံမျှဖြင့် မစားကောင်းသည်ကို သတိပြုပါ။ အားနည်းသော ရောဂါ, အသွေးအသား ပိန်ခြောက်သော ရောဂါ, လေနာရောဂါ စသည် ရှိသူတို့သာ ထိုရောဂါအတွက် စားကောင်းသည်။ ဆာလောင်မွတ်သိပ်ရုံ အကြောင်းဖြစ်မူကား ယာမကာလိကခေါ် အဖျော်ရည် စသည်ကိုသာ သောက်ကောင်းသည်။

ရောဂါရှိပါက ဆေးငါးပါးနှင့် စတုမဓူကို နံနက်ခင်း အကပ်ခံပြီးလျှင် ဤနေ့အဖို့ နေလွဲ, မလွဲ စားကောင်းသည်။ သို့သော် မနက်ဖြန် စသော နောက်နေ့ (၆-နေ့) တို့၌ကား နံနက်ခင်း စားလိုလျှင် ယနေ့ကပ်ထားသော ဆွမ်း, ခဲဖွယ်, ဘောဇဉ်များနှင့် ရောနှော၍ မစားရ၊ ထို့အပြင် ပါးစပ်၌ အာမိသများ ကပ်ငြိနေလျှင် ထိုအာမိသတို့ကို ပြောင်စင်အောင် ဆေးပြီးမှ စားရသည်။ ဆေးစားပြီးလျှင်လည်း ပါးစပ်ကို ပြောင်စင်အောင် ဆေးပြီးမှ တခြားအာမိသတို့ကို စားကောင်းသည်။ ရှေးရှေးနေ့တို့က အကပ်ခံထားသော ယာဝဇီဝိကဆေးတို့ကို စားရာ၌လည်း ပါးစပ်စင်ကြယ်အောင် ဆေးပြီးမှသာ စားကောင်းသည်။ ကာလိကချင်းလည်း မတူ, ကပ်သောနေ့လည်း မတူလျှင် ရောနှော၍ မစားကောင်းသည်ကို သတိပြုသင့်သည်။ ကာလိက လေးပါး ခွဲခြားပုံ နောက်တွင် ပြဆိုပါမည်။

နိဿဂ္ဂိထိုက်၍ စွန့်ခြင်း

“ခုနစ်ရက် လွန်စေသော ရဟန်းအား နိဿဂ္ဂိပါစိတ် သင့်၏”ဟူသည် ရှစ်ရက်မြောက် အရုဏ်တက်လေသော် စွန့်ခြင်းဝိနည်းကံ ရှိ၏၊ သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ် တစ်မျိုးမျိုးထံ စွန့်ရမည်။

သံဃာအား စွန့်ပုံ, ဂိုဏ်းအား စွန့်ပုံတို့ကို သင်္ကန်းစွန့်နည်းပြသောအခါ ဖော်ပြပါမည်။ ယခုပုဂ္ဂိုလ်ထံ စွန့်ပုံကို ပြဆိုမည် ဖြစ်ပါသည်။ နိဿဂ္ဂိထိုက်နေသော ထောပတ်စသော ဆေးပစ္စည်းကို စွန့်လိုလျှင် ရဟန်း, ပုဂ္ဂိုလ် တစ်ပါးပါးထံ၌ စွန့်ရမည်။

ပုဂ္ဂိုလ်ထံ စွန့်ပုံ

“အရှင်ဘုရား တပည့်တော်၏ ဤဆေးသည် ခုနစ်ရက် လွန်သည်ဖြစ်၍ စွန့်ထိုက်နေပါသည်ဘုရား၊ တပည့်တော်သည် ဤဆေးကို အရှင်ဘုရားအား စွန့်ပါ၏”ဟု ဆို၍ စွန့်ရမည်။ စွန့်ပြီးနောက် အာပတ်ကို ရည်ရွယ်၍ ဒေသနာ ကြားရမည်။ ထို့နောက် ထိုရဟန်းသည် စွန့်ပြီးသော ဆေးကို “အရှင်ဘုရားအား ပြန်ပေးပါ၏”ဟု ဆို၍ ပြန်ပေးရမည်။

(သတိ)ခုနစ်ရက်လွန်၍ ဝိနည်းကံဖြင့် စွန့်ပြီး ပြန်ရသော ထောပတ်, ဆီ, ပျားရည် စသည်ကို အနာလိမ်းခြင်း, စားသောက်သုံးဆောင်ခြင်း မပြုအပ်၊ မပြုကောင်း သို့ရာတွင် ငဲ့ကွက်ခြင်း မရှိ အာလယပြတ် လူ, သာမဏေတို့အား စွန့်ပြီး၍ ပြန်ရသော ထောပတ်, ဆီ, ပျားရည် စသည်ကိုကား သုံးဆောင်ခြင်း, စားသောက်ခြင်းငှာလည်း အပ်သည်ဟု ဆိုပါသည်။

အနုပသမ္ပန္နဿ စတ္တေန ဝန္တေန မုတ္တေန အနပေက္ခော ဒတွာ ပဋိလဘိတွာ ပရိဘုဉ္ဇတိ။ (အနာပတ္တိ) (ပါရာဇိကဏ်ပါဠိတော်၊၃၆၄။)

ကြံရည်, ထန်းလျက်ရည်, သံပုရာရည်, စသည်များ

ဗဟုသုတအတွက် မှတ်ရန်

ဖာဏိတံ နာမ ဥစ္ဆုမှာ နိဗ္ဗတ္တံ ပါဠိတော်နှင့်အညီ ကြံမှ ဖြစ်သော ဝတ္ထုတည်းဟု ဆိုသည် အားလျော်စွာ အဖတ် မပါအောင် စစ်ပြီးသော ကြံရည်မှ စ၍ ကြံနှင့်ဆိုင်သမျှ ကျိုချက်ပြီး အရည်, အပြစ်, အခဲအားလုံးကို ဖာဏိတဟု ဆိုသည်။ ယခုအခါ ကြံမှတစ်ပါးသော အခြားသော ဝတ္ထုများမှ ထွက်သော သကြားများနှင့် ထန်းရည်, သကာရည်, ထန်းလျက်, ကြံသကာ, စသည်များကိုလည်း ဖာဏိတ၌ သွင်းယူကြ၏၊ (ရှေးခေတ်က ထန်းရည် အသုံးမရှိ၍ ကျမ်းဂန်တို့၌ မပါခြင်း ဖြစ်မည်ဟု ယူဆရသည်။)

ဤပြဆိုခဲ့ပြီးသော စကားစဉ်အရ ကြံမဟုတ်သော ထန်းရည်, ထန်းလျက်ရည်များသည်လည်းကောင်း၊ သကြားအမျိုးမျိုးသည်လည်းကောင်း သတ္တာဟကာလိကတို့တည်း။ ထိုသတ္တာဟကာလိကတို့ကို ဆာလောင်မွတ်သိပ်ရုံ ပိပါသ အကြောင်းမျှဖြင့် နေလွဲသောအခါ မသောက်ကောင်း မစား ကောင်းပါ။ အနာရောဂါရှိမှ စားကောင်း သောက်ကောင်း၏၊

ဘေသဇ္ဇခန္ဓက၌ ခွင့်ပြုချက်

သို့သော် ဘေသဇ္ဇခန္ဓက၌အနုဇာနာမိ ဘိက္ခဝေ ဂိလာနဿ ဂုဠံ အဂိလာနဿ ဂုဠောဒကံ”ဟု ဂိလာနအတွက် ကြံသကာ, ထန်းလျက်, သကြားခဲကိုလည်းကောင်း၊ ဂိလာန မဟုတ်သူ လူကောင်းများအတွက် ကြံရည်, ထန်းလျက်ရည်, သကြားရည်, သကာခဲ အရည်ကိုလည်းကောင်း ခွင့်ပြုတော်မူ၏ဟု မိန့်ဆိုတော်မူသောကြောင့် ဂိလာန မဟုတ်သူ ကျန်းမာသူတို့အားလည်း ရေအေးနှင့် ဖျော်စပ်ထားသော အရည်များကို ဆာလောင်မွတ်သိပ်ခြင်း ပိပါသအကြောင်းရှိလျှင် သောက်ကောင်း၏ဟု သိပါ။ မွန်းလွဲသောအခါဖြစ်လျှင် မဆာဘဲ မသောက်ကောင်းဟူ၍ မှတ်ပါ။

ယခုကာလ အခဲပါ စားနေကြပုံ

ဤဘေသဇ္ဇခန္ဓကလာ ပညတ်ချက်အရ ထန်းလျက်ခဲ, သကာခဲ, တင်လဲခဲ, ကြံသကာ, နုနယ်ပွဲရက်, သကြားအမှုန့်, အခဲများ စသည်တို့သည် ယနေ့ အကပ်ခံ၍ နေလွဲသောအခါ ခုနစ်ရက်အတွင်း နောက်နောက် ရက်များ၏ နေလွဲ မွန်းလွဲအခါ လေနာခြင်း, အားနည်းခြင်း စသော ရောဂါ ရှိသူနှင့် ဆေးဖက်ဝင်ဖြစ်မှ စားကောင်း၏၊ ယခုကာလ၌ကား ရဟန်း, သာမဏေများနှင့် ဥပုသ်သည်များ အဆိုပါ ထန်းလျက်ခဲ, ကြံသကာခဲ, သကြားလုံးတို့ကို မွန်းလွဲချိန်၌ စားကောင်းသည်ထင်၍ စားလေ့ရှိကြ၏၊ ဒကာ ဒကာမတို့ကလည်း ကပ်လေ့ရှိကြ၏၊ အမှန်အားဖြင့်မူ ထိုအခဲများ နေမွန်းလွဲပြီးပါက မစားကောင်းဟူ၍ မှတ်ပါ။

တေလ (= ဆီ)နှင့် စပ်၍ မှတ်ရန်

တေလ = ဆီ ဟူရာ၌ နှမ်းဆီ, ပဲဆီ, မုန်ညင်းဆီများနှင့် ဝက်ဆီ, ဝံဆီ, လင်းပိုင်ဆီ, မြည်းဆီ, ငါးကြီးဆီစသော သားငါးဆီ အမျိုးမျိုးတို့ ပါဝင်၏၊ သစ်မည်စည်ဆီ, ကြက်ဆူဆီတို့ ပါဝင်၏၊

တေလံ နာမ တိလတေလံ သာသပတေလံ မဓုကတေလံ ဧရဏ္ဍတေလံ ဝသာတေလံ။ ပါရာဇိကဏ်ပါဠိတော်(၃၆၃။)

သားငါးဆီများ၌ အရိုး, အသား, အဖတ် မပါအောင် စစ်ပြီးသား ဖြစ်ရမည်။ ယာဝကာလိက အသီးအစားအစာ, မုယောစပါးမှုန့်, ဆန်မှုန့် စသည် ရောထားလျှင် ၇-ရက် မအပ်၊ ခဲဖွယ်ကဲ့သို့ နံနက်ပိုင်း တစ်ရက်သာ အပ်သည်။ အားနည်းသော ရောဂါရှိသော ရဟန်း, သာမဏေတို့သည် ထောပတ်, ငါးကြီးဆီ စသည်များကို ညအခါ ရေနွေးနှင့်စပ်၍ ခုနစ်ရက်သာ ထားကာ သုံးဆောင်ရမည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြားအားဆေးတောင့်များ သားငါးဆီပါလျှင် ယာဝဇီဝိကမဟုတ် သတ္တာဟကာလိကဖြစ်၍ ခုနစ်ရက်သာ ထား၍ သုံးဆောင်ကောင်းသည်။ ယာဝကာလိကအသီး စပါးမျိုး, ပဲမျိုးပါသော ဖျော်ရည်တို့သည်လည်း မွန်းမတည့်မီသာ သောက်ကောင်းသည်ဟု မှတ်ပါ။

သင်္ကန်းနှင့်စပ်သော နိဿဂ္ဂိများ

၁။ ဒသာဟာတိက္ကန္တ = အဓိဋ္ဌာန်၊ ဝိကပ္ပနာမပြုဘဲ ဆယ်ရက်လွန်ခြင်း။
၂။ တိစီဝရေန ဝိပ္ပဝသေယျ = သင်္ကန်းသုံးထည်နှင့် အရုဏ်ညဉ့်ကင်းခြင်း။
၃။ အညာတကဝိညတ္တိ = ဆွေမျိုးမတော် မဖိတ်ထားသူထံ သင်္ကန်းတောင်း ၍ ရခြင်း။
၄။ တတုတ္တရိ = ခိုးသူ လုယက်ခြင်း၊ ရေ, မီး, မင်း စသည်များ ဖျက်ဆီးခံရမှု သိ၍ ဖိတ်ခံရကာ လှူဒါန်းလျှင် သင်းပိုင် ကိုယ်ရုံထက် ပို၍ မခံယူရခြင်း။
၅။ ဥပက္ခဋ = မူလရည်ရွယ်သည်ထက် ပိုကုန်အောင် သင်္ကန်းစီမံ၍ ရခြင်း။ ဤသိက္ခာပုဒ် ၅-ပုဒ်သာ စီဝရဝဂ်၌ သင်္ကန်းနှင့်စပ်၍ နိဿဂ္ဂိဖြစ်ပုံ ရှင်းပြရေးသားမည် ဖြစ်ပါသည်။ ထို့ပြင်လည်း ပတ္တဝဂ်လာ ---
၆။ ဝဿိကသာဋိက သိက္ခာပုဒ်၊
၇။ စီဝရအစ္ဆိန္ဒန သိက္ခာပုဒ်၊
၈။ သုတ္တဝိညတ္တိ သိက္ခာပုဒ်၊
၉။ မဟာပေသကာရ သိက္ခာပုဒ်၊
၁၀။ အစ္စေကစီဝရ သိက္ခာပုဒ်၊
၁၁။ သာသင်္ကသိက္ခာပုဒ် - ဤသိက္ခာပုဒ်များလာ သင်္ကန်းနိဿဂ္ဂိ ဖြစ်ပုံများကိုလည်း အကျဉ်းချုပ်မျှ သိသာရုံ ရေးသားဖော်ပြပါဦးမည်။

၁။ ပထမကထိနသိက္ခာပုဒ်

သင်္ကန်း၌ ပလိဗောဓပြီးပြတ်ပြီး, ကထိန်နုတ်ပြီးနောက် အဓိဋ္ဌာန် ဝိကပ္ပနာလောက်သော ကိုယ်ပိုင်သင်္ကန်းကို အဓိဋ္ဌာန်မတင် ဝိကပ္ပနာ မပြုဘဲလျက် ဆယ်ရက်ထက် ပိုလွန်၍ထားလျှင် သင်္ကန်းကိုလည်း ဝိနည်းကံဖြင့် စွန့်အပ်၏၊ ပထမကထိန နိဿဂ္ဂိပါစိတ်အာပတ်လည်း သင့်၏၊

အင်္ဂါ (၅) ပါး - (၁) ဇာတ်ပမာဏလောက်သော သင်္ကန်း၏ မိမိဥစ္စာ ဖြစ်ခြင်း၊ 
(၂) နေ့ရက်အရေအတွက်သို့ ရောက်ခြင်း၊ 
(၃) စီဝရ, အာဝါသ ပလိဗောဓနှစ်ပါး ပြီးပြတ်ပြီး ဖြစ်ခြင်း၊ 
(၄) အဓိဋ္ဌာန် ဝိကပ္ပနာပြုထားသော သင်္ကန်းမှ အပိုသင်္ကန်း ဖြစ်ခြင်း၊ 
(၅) ဆယ်ရက် (၁၁-အရုဏ်)လွန်ခြင်း -ပေါင်း အင်္ဂါငါးပါး ရှိ၏၊

(ဆောင်) ဇာတ်ပမာဏ လောက်ငလေရာ ကိုယ့်ဟာဖြစ်ခြင်း၁ ရေတွက်တွင်းသို့ ရောက်လျဉ်းတုံဘိ၂ ပလိဗောဓ ပြတ်ကြပေလစ်၃ အပို ဖြစ်လျက်၄ ဆယ်ရက်လွန်ပြီ၅ အင်ငါးလီ, သင့်ပြီ ပထမကထိန။

၂။ ဒုတိယကထိန (ခေါ်) ဥဒေါသိတသိက္ခာပုဒ်

ဂိလာနရဟန်းအား ပေးအပ်သော အဝိပ္ပဝါသသမ္မုတိကို မရထားလျှင် သင်္ကန်း၌ ပလိဗောဓပြီးပြတ်ပြီး ကထိန်နုတ်ပြီးနောက် တိစီဝရိက် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည်တို့နှင့် တစ်ညဉ့် (တစ်အရုဏ်)မျှသော်လည်း ကင်း၍နေလျှင် ဒုတိယကထိနခေါ် ဥဒေါသိတနိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊ (သင်းပိုင်, ကိုယ်ရုံ, ဒုကုဋ် ဤသုံးထည်ကို တိစီဝရိက်ဟု ခေါ်၏၊ တစ်ထည်ထည်နှင့် ညဉ့်ကင်းလျှင် နိဿဂ္ဂိ။)

အင်္ဂါ (၄) ပါး - 
(၁) တိစီဝရိက် အဓိဋ္ဌာန်တင်ထားအပ်ပြီးသောသင်္ကန်း ဖြစ်ခြင်း။ 
(၂) ကထိန်မခင်းခြင်း (ခင်းသော်လည်း နုတ်ပြီးခြင်း။) 
၃။ အဝိပ္ပဝါသ သမ္မုတိ မရခြင်း။ 
(၄) ညဉ့်ကင်းခြင်းတို့တည်း။

(ဆောင်) ဓိဋ္ဌာန်တင်လစ်, သင်္ကန်းဖြစ်သား၁ စင်စစ်ကထိန်, ခင်းမကြိမ်တည်း၂ နာချိန်သမ္မုတိ, မရရှိဘဲ၃ ရတ္တိအရုဏ်, ကင်းနေတုံဟု၄ ကြောင်းစုံ လေးလီ, အင်္ဂါညီ, သင့်ပြီ ဒုတိယကထိန။

၆။ အညာတကဝိညတ္တိသိက္ခာပုဒ်

ဆွေမျိုးမတော် မဖိတ်ကြားထားသော သူတို့ထံမှ တောင်းသင့်သော အခါကို ကြဉ်၍ အခြားအခါ၌ သင်္ကန်းကို တောင်းယူအလှူခံရရှိလျှင် အညာတကဝိညတ္တိ နိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊

(မှတ်ချက်) သင်္ကန်းကို ပြထားသော်လည်း အခြားပစ္စည်းများကိုလည်း မတောင်းကောင်းပါ။ ပဏီတဘောဇဉ် တောင်းစားလျှင် သုဒ္ဓပါစိတ်၊ မဟာနာမသိက္ခာပုဒ်၌ ဆေးပစ္စည်းတောင်းလျှင် သုဒ္ဓပါစိတ်၊ ဆေးမဟုတ်ဘဲ ပဏီတဘောဇဉ်မှ လွတ်သော စားဖွယ် အားလုံးကို တောင်းစားလျှင် သူပေါဒနဝိညတ္တိဒုက္ကဋ်၊ ဂိလာန ဖြစ်လျှင်ကား ဉာတိပဝါရိတ မဟုတ်သူထံမှာပင် တောင်းစား ကောင်း၏၊

အင်္ဂါ (၄) ပါး - 
(၁) အဓိဋ္ဌာန် ဝိကပ္ပနာလောက်သော သင်္ကန်းဖြစ်ခြင်း၊ 
(၂) သမယ မဟုတ်ခြင်း၊ 
(၃) ဆွေမျိုးမတော်သူကို တောင်းခြင်း၊ 
(၄) တောင်း ၍ရခြင်း၊ ပေါင်း လေးပါးတည်း။

(ဆောင်) ဓိဋ္ဌာန်ဝိကပ်, လောက်အပ်လေရာ၁ အခါမလျော်၂ ဆွေမတော်တောင်း၃ ရခြင်းပေါင်း၍၄ အကြောင်းလေးလီ အင်္ဂါညီ သင့်ပြီ ဝိညတ္တိ။

၇။ တတုတ္တရိ သိက္ခာပုဒ်

ခိုးသူလုယက်ခြင်းကြောင့်ဖြစ်စေ, ရေ, မီး, မင်း စသည်တို့ ဖျက်ဆီးခြင်းကြောင့်ဖြစ်စေ ဝတ်ဖို့သင်္ကန်း လုံးလုံးမရှိသောအခါ၌ ဆွေမျိုးမတော် မဖိတ်ကြားသော သူတို့က သိ၍ လှူဒါန်းသော သင်္ကန်းတို့မှ သင်းပိုင်နှင့် ကိုယ်ရုံကိုသာ ခံယူကောင်း၏၊ ထို့ထက်ပို၍ ခံယူလျှင် တတုတ္တရိနိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊

(မှတ်ချက်) ဒွိစုံတစ်စုံလုံး မပျက်စီး၍ တစ်ထည်တည်းကျန်သေးမူ လိုနေသော သင်းပိုင်ကိုဖြစ်စေ၊ ကိုယ်ရုံကိုသာဖြစ်စေ၊ ခံယူရ၏၊ နှစ်ထည်ရှိလျှင် ဝတ်လို့ဖြစ်၍ မတောင်းသင့်ပြီ။

အင်္ဂါ (၄) ပါး - 
(၁) သင်းပိုင် ကိုယ်ရုံထက် ပိုလွန်ခြင်း၊ 
(၂)အစ္ဆိန္န, နဋ္ဌစီဝရ ဖြစ်ခြင်း၊ 
(၃) ဉာတိပဝါရိတ မဟုတ်သူထံ တောင်းခြင်း၊ 
(၄) တောင်း ၍ရခြင်း - ဟူ၍ အင်္ဂါလေးပါး ဖြစ်၏၊

(ဆောင်) သင်းပိုင် ကိုယ်ရုံ, ဒွိတစ်စုံထက်, ပိုလွန်တက်သား၁ ပျောက်ပျက်လုခံ၂ ဆွေမဆံတောင်း၃ ရခြင်းပေါင်း၄ အကြောင်းလေးလီ အင်္ဂါညီ သင့်ပြီ တတုတ္တရိ။

၈။ ပထမဥပက္ခဋ သိက္ခာပုဒ်

ဆွေမျိုးမတော်သော ဒါယကာဖြစ်စေ ဒါယိကာမဖြစ်စေ ဤမည်သော ရဟန်းကို ရည်မှန်း၍ သင်္ကန်းလှူအံ့ဟု သင်္ကန်းဖိုး (ငွေ)ကို စီရင်ထား၏၊ ထိုအကြောင်းကို ထိုရဟန်း ကြားသိ၏၊ ထိုဒကာရည်စူးထားသော သင်္ကန်းထက် ပို၍ကောင်းသော သင်္ကန်းကို လိုချင်သောကြောင့် ရှေး၌ မဖိတ်ကြားဘဲလျက် ထိုရဟန်းသည် ထိုသူထံသို့ သွား၍ မူလရည်ရွယ်သည်ထက် အလျားရှည်အောင်, အနံပြန့်အောင်, အသားကျစ်အောင်, ချောအောင် ပြုစေ၏၊ ထိုရဟန်း စီမံသည့်အတိုင်း ထိုသူ ပြုလုပ်လှူ၍ ရလျှင် ထိုသူအား မူလ ရည်စူးထားသော တန်ဖိုး (ငွေ)ထက် ပို၍ ကုန်ငြားအံ့၊ ထိုရဟန်းအား ဥပက္ခဋနိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊

(မှတ်ချက်) ကျောင်းစသော အခြားပစ္စည်းများကို ရည်စူးထားရာဝယ် သွားရောက်စီမံရာ၌လည်း မူလရည်စူးထားသည်ထက် တန်ဖိုး ပိုသွားလျှင် ထိုပစ္စည်းများလည်း မအပ်သည်သာ၊ ဉာတိပဝါရိတ တို့ထံ၌ကား တန်ဖိုးပိုသော်လည်း အပ်၏၊

အင်္ဂါ (၃) ပါး - (၁) အပိုအလွန်ကို အလိုရှိခြင်း၊ (၂) ဆွေမျိုးမတော်သူ ထံ တောင်းခြင်း၊ ၃။ တောင်း၍ရခြင်းအားဖြင့် သုံးပါးတည်း။

(ဆောင်) အပိုကိုမျှော်၁ ဆွေမတော်တောင်း၂ ရခြင်းပေါင်း၍၃ အကြောင်း သုံးလီ အင်္ဂါညီ၊ သင့်ပြီ ဥပက္ခဋ။

ဒုတိယဥပက္ခဋ အထူးမရှိ၊ ဒါယကာအလှူရှင် နှစ်ဦးထံ စီမံပုံ ဖြစ်၏၊

ပထမကထိနသိက္ခာပုဒ် အဓိပ္ပာယ်များ

ဤသိက္ခာပုဒ်၌ ၁။ စီဝရပလိဗောဓပြတ်ခြင်း၊ ၂။ အာဝါသပလိဗောဓ ပြတ်ခြင်း၊ ၃။ အဓိဋ္ဌာန်တင်ခြင်း၊ ၄။ ဝိကပ္ပနာပြုခြင်း၊ ၅။ ဒသာဟာတိက္ကန္တာ ဖြစ်ခြင်းတို့ကို သိထားသင့်ပါသည်။

၁။ စီဝရပလိဗောဓပြတ်ခြင်း

သင်္ကန်း၌ ချုပ်ဆိုးဦးအံ့ဟု စိတ်စိုက်နေမှုသည် အခြားကိစ္စကိုနှောင့်ယှက် တားမြစ်တတ်သောကြောင့် ပလိဗောဓ မည်၏၊ သင်္ကန်းတို သင်္ကန်းစ ပိတ်တို ဖျင်စတို့ကို ချုပ်၍ ပြီးသော်လည်းကောင်း တစ်နည်းနည်းဖြင့် ပျောက်ဆုံး ပျက်စီးသော်လည်း ရဖို့ရန် မျှော်လင့်နေရာမှ မရတော့ပါဟု အာသာပြယ်သော်လည်းကောင်း ထိုသင်္ကန်းနှင့်စပ်၍ ကိစ္စပြီးပြတ်လေရကား နိဋ္ဌိတစီဝရ ဖြစ်ရလေတော့၏၊ (ဝါ) စီဝရပလိဗောဓ ပြတ်တော့၏၊ ယ္ခုကာလ၌ နဂိုကပင် ချုပ်ပြီး ဆိုးပြီးသော သင်္ကန်းများကို အလှူခံရလေ့ရှိသောကြောင့် အများအားဖြင့် စီဝရပလိဗောဓပြတ်ပြီး ဖြစ်လေပြီ။ အာဝါသပလိဗောဓ ရှိသေးသော ကြောင့်သာ သင်္ကန်းထားခွင့် ရကြသည်။

၂။ အာဝါသပလိဗောဓပြတ်ခြင်း

ကျောင်းတိုက်အာဝါသ၌ တွယ်တာမှုသည် အခြား၌ နေခြင်းကို နှောင့်ယှက် တားမြစ်တတ်သောကြောင့် ပလိဗောဓ မည်၏၊ ကထိန်နုတ်နည်း တစ်မျိုးမျိုးဖြင့် ကထိန်နုတ်ရာ၌ အာဝါသပလိဗောဓ ပြတ်စဲလေတော့သည်။

ကထိန်နုတ်ခြင်း

ကထိန်ခင်းထားသဖြင့် ရရှိနေသော အရှိန်အဝါအကျိုးအာနိသင်များကို ရုပ်သိမ်းလိုက်ခြင်းတည်း။ ထိုနုတ်ခြင်းတို့သည် ---
၁။ တပေါင်းလပြည့်မတိုင်မီ အတွင်း၌ ကမ္မဝါစာဖြင့် နုတ်ခြင်း၊
၂။ တပေါင်းလပြည့်သဖြင့် အလိုလို နုတ်ခြင်း၊
၃။ ကထိန်ခင်းရာ ကျောင်းတိုက်၌ ဆက်လက်မနေတော့ဘဲ အခြားကျောင်းတိုက်သို့ ရွှေ့ပြောင်းနေထိုင်သောအားဖြင့် နုတ်ခြင်း။
၄။ အခြားကျောင်းတိုက်သို့ ခေတ္တသွားရာမှ သဘောကျ၍ မပြန်တော့အံ့ဟု ဆုံးဖြတ်သောအားဖြင့်နုတ်ခြင်းဟု အမျိုးမျိုး ရှိသည်။
(ဘာသာဋီကာ၊၁၂၉။)

ကထိန်နုတ်ခြင်း (၉) ပါး

၁။ ပက္ကမနန္တိကနုတ်ခြင်း၊
၂။ နိဋ္ဌာနန္တိကနုတ်ခြင်း၊
၃။ သန္နိဋ္ဌာနန္တိကနုတ်ခြင်း၊
၄။ နာသနန္တိကနုတ်ခြင်း၊
၅။ သဝနန္တိကနုတ်ခြင်း၊
၆။ အာသာဝစ္ဆေဒိကနုတ်ခြင်း၊
၇။ သီမာတိက္ကမန္တိကနုတ်ခြင်း၊
၈။ သဟုဗ္ဘာရနုတ်ခြင်း၊
၉။ အန္တရုဗ္ဘာရနုတ်ခြင်း၊ (ဘိက္ခုနီဝိဘင်း၊)

(ဆောင်) ပက်, နိဌ်, သန်, နာ၊ သ, အာသာ၊ သီမာ, သဟုဗ်ရှစ်၊ အန္တရုဗ္ဘာရ ထည့်သွင်းက၊ ကိုးဝ သရုပ်ဖြစ်။ (ပါတိမောက္ခမေဒိနီ၊၁၇၃။)

(ဆောင်) ပြုပြီး ခိုးသွား၊ ခြစား မီးစာ၊ အာသာ ကင်းပြတ်၊ ပေါင်းငါးရပ်၊ ပြီးပြတ် သင်္ကန်းမှာ။
စီဝရာ, ဝါသ၊ ပလိဗောဓ၊ နှစ်ဝပြားသည်သာ။
သင်္ကန်းပြီးက၊ စီဝရ၊ ဗောဓပြတ်သည်သာ။
ကထိန်နုတ်၊ အာဝါသ၊ ဗောဓပြတ်သည်သာ။
ပလိဗောဓ၊ ယင်းနှစ်ဝတွင်၊ တစ်ပါးပါးလျှင်ရှိ၊ ငါးအင်နိ၊ ရ၏ မှတ်လေပါ။

ကထိန်ခင်းပြီးသော ရဟန်းအား ခင်းပြီးသည်မှ တပေါင်းလပြည့်နေ့ အထိ ပလိဗောဓနှစ်မျိုးလုံးဖြစ်စေ, တစ်မျိုးမျိုးဖြစ်စေ မပြတ်အံ့၊ အတိရေက သင်္ကန်းကို ဆောင်ထားကောင်းသည်။ ဆယ်ရက်လွန်သော်လည်း အပြစ်မရှိ အနာမန္တစာရ စသော အာနိသင်ငါးပါးကိုလည်း ရသည်ဟု မှတ်။

ကထိန်အာနိသင် ငါးပါး

၁။ အနာမန္တစာရ = ငါးပါးသော ဘောဇဉ်တို့တွင် တစ်ပါးပါးသော ဘောဇဉ်ဖြင့် ဖိတ်အပ်သော ဘတ်ရှိသော ရဟန်းအား ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ဒါယကာတို့၏အိမ်သို့ သွားလာနိုင်ခြင်း။(စာရိတ္တသိက္ခာပုဒ်)
၂။ အသမာဒါနစာရ = အမည်အားဖြင့် အဓိဋ္ဌာန်တင်အပ်သော တိစီဝရိက် သင်္ကန်းကို မယူမူ၍ ဟတ္ထပါသ်ကင်း၍ သွားလာနိုင်ခြင်း။
(ဥဒေါသိတသိက္ခာပုဒ်)
၃။ ယာဝဒတ္ထစီဝရ = အဓိဋ္ဌာန်မတင် ဝိကပ္ပနာမပြုဘဲ အလိုရှိတိုင်း သင်္ကန်းကို ထားနိုင်ခြင်း။ (ပထမကထိန)
၄။ ဂဏဘောဇန = လေးပါးလေးပါးထက် အလွန်ဖြစ်သော ရဟန်းတို့၏ ဝိညတ်ကြောင့်လည်းကောင်း အကပ္ပိယဝေါဟာရဖြင့် ပင့်ဖိတ်ခြင်း ကြောင့်လည်းကောင်း ရအပ်သော ဘောဇဉ်ငါးပါးတို့တွင် တစ်ပါးပါးကို ခံယူခြင်း။ (ဂဏဘောဇနသိက္ခာပုဒ်)
၅။ ယော စ တတ္ထ စီဝရုပ္ပါဒ = ကထိန်ခင်းသော ကျောင်းတိုက်၌ အမှတ်မရှိ တစ်စုံတစ်ခုသော အခြင်းအရာအားဖြင့် သံဃိကသင်္ကန်း ဖြစ်ပေါ်လာသော် ကထိန်အာနိသင်ရသော ရဟန်းအားသာ ဖြစ်ခြင်း, ဆိုင်ခြင်း, ရထိုက်ခြင်း။

(ဆောင်) အနာမန္တ၊ အသမဒါ၊ ယာဝါ၊ ဂဏ၊ ယောတတ္ထ၊ ပဉ္စအာနိသင်။

သိက္ခာပုဒ်နှင့် အာနိသင် တွဲမှတ်ရန်

(ဆောင်) အနာမန္တ စာရိတ္တမှန်၊ ယာဝဒတ္ထ ဒသတိက္ကန်၊ ဂဏဘောဇ ဂဏဘောဇံ၊ အသမာ ထားပါ အဝိပ္ပံ။

(မှတ်ချက်) ကထိန်မခင်း ကထိန်အာနိသင် မရသော ရဟန်းတို့သည် ငါးပါးသော အာနိသင်တို့တွင် အသမာဒါနစာရကို ဖယ်ထား၍ ကျန်လေးပါးသော အာနိသင်တို့ကို စီဝရကာလ (တစ်လ)၌ ရအပ် ရထိုက်၏ဟု သိ။ (ပါတိမောက္ခမေဒိနီ၊၁၇၂။)

အဓိဋ္ဌာန်တင်ခြင်း

အဓိဋ္ဌာနသဒ္ဒါသည် “စွဲမြဲစွာတည်ခြင်း, ဆောက်တည်ခြင်း”ဟု အနက်ထွက်၏၊ ထိုအဓိဋ္ဌာန်တင်ခြင်းသည် တိစီဝရိက် အဓိဋ္ဌာန်တင်ခြင်း ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်ခြင်းဟု နှစ်မျိုး ရှိ၏၊

တိစီဝရိက်အဓိဋ္ဌာန် နှစ်မျိုး

သင်္ကန်းကို လက်ဖြင့်ကိုင်၍ သင်္ကန်းအားလျော်စွာ “ဣမံ သံဃာဋိံ အဓိဋ္ဌာမိစသည်ဖြင့် စိတ်ဖြင့် အာဘောဂထား၍ တင်သော ကာယအဓိဋ္ဌာန်, နှုတ်ဖြင့် မြွက်၍တင်သော ဝါစာအဓိဋ္ဌာန်အားဖြင့် နှစ်မျိုးရှိပြန်၏၊ ထိုတွင် ဝါစာအဓိဋ္ဌာန်သည် အနီး, အဝေး နှစ်မျိုးပြား၏၊ အနီးဖြစ်အံ့ ဣမံဟု ဆို၊ အဝေးဖြစ်အံ့ ဧတံဟု ဆို၊ နှစ်တောင့်ထွာဟတ္ထပါသ်အတွင်းသည် အနီး၊ ဟတ္ထပါသ်၏ အပြင်သည် အဝေးဟု ခွဲခြားသိပါ။

(ဆောင်) ကာယ ဝါစာ အဓိဋ္ဌာ၊ နှစ်ဖြာပြားသတည်း။
ဝါစာ၌မှာ၊ နီး, ဝေးသာ၊ နှစ်ဖြာ ပြားသတည်း။

သင်္ကန်း (၃) ထည် တိစီဝရိက် အဓိဋ္ဌာန်တင်ပုံ

၁။ ဣမံ အန္တရဝါသကံ အဓိဋ္ဌာမိ၊ (သင်းပိုင်)
၂။ ဣမံ ဥတ္တရာသင်္ဂံ အဓိဋ္ဌာမိ၊ (ဧကသီ)
၃။ ဣမံ သံဃာဋိံ အဓိဋ္ဌာမိ၊ (ဒုကုဋ်)

ဣမံ = ဤသင်္ကန်းကို။ အန္တရဝါသကံ = သင်းပိုင်ဟူ၍။ အဓိဋ္ဌာမိ = စိတ်၌ မြဲစွာ ဆောက်တည်ပါ၏ (ဝါ) အဓိဋ္ဌာန်ပါ၏၊ “ဥတ္တရာသင်္ဂံ = ဧကသီ ဟူ၍။ သံဃာဋိံ = နှစ်ထပ်သင်္ကန်းကြီးဟူ၍”ဟု အနက်ပေးပါ။

နှုတ်ဖြင့် မရွတ်ဆိုနိုင်လျှင် ကိုယ်ဖြင့်သင်္ကန်းကို ကိုင်၍ ဤအဆိုအတိုင်း စိတ်မှန်းလျက်လည်း အဓိဋ္ဌာန်တင်ကောင်း၏၊

သင်္ကန်းကို စောင့်ရှောက်ပုံ

ဆိုင်ရာနာမည်တပ်၍ အဓိဋ္ဌာန် တင်ထားအပ်သော တိစီဝရိက်ကို (ဆရာမှတ်မှတ် တပည့်မှတ်မှတ် ဆိုသကဲ့သို့) သင်းပိုင်မှတ်မှတ် ဧကသီ မှတ်မှတ် ဂရုစိုက်ရလိမ့်မည်။ ဂရုစိုက်ပုံကား - ဝတ်၍သော်လည်း ထားရမည်၊ မဝတ်လျှင် အရုဏ်တက်ချိန်မှာ မိမိ၏ နှစ်တောင့်ထွာအတွင်း၌ ရှိစေရမည်၊ ထိုသို့ မစောင့်ရှောက်လျှင် နောက် သိက္ခာပုဒ်အရ နိဿဂ္ဂိဖြစ်၍ ပါစိတ်အာပတ် သင့်သည်။ ဤသို့ အဓိဋ္ဌာန်တင်ထားသူကို “ဝိနည်းတိစီဝရိက် ဆောင်သူ”ဟု ခေါ်၏၊

ဝိနည်းတိစီဝရိက်ဆောင်ရာ၌ အန္တရဝါသက, ဥတ္တရာသင်္ဂ, သံဃာဋိ ဟူသော နာမည်ဖြင့် တစ်ထည်စီသာ တင်နိုင်သည်။ ကျန်သော သင်္ကန်းများ ရှိနေပါက ဝိကပ္ပနာပြုထားရမည်။ သို့မဟုတ် အဋ္ဌကထာနည်းအရ ပရိက္ခာရ စောဠအဓိဋ္ဌာန်သော်လည်း တင်ထားနိုင်၏၊

သုတ္တန်တိစီဝရိက်ဓုတင်ကား သင်္ကန်းအပို ထားခွင့်မရ၊ ထပ်မံ၍ ဆောက်တည်မှု ပြုရသေး၏၊ ဆောက်တည်ပုံမှာ -

စတုတ္ထကစီဝရံ ပဋိက္ခိပါမိ၊ တေစီဝရိကင်္ဂံ သမာဒိယာမိ။

စတုတ္ထကစီဝရံ = ဝတ်လောက်ရုံလောက် လေးထည်မြောက် သင်္ကန်းကို။ ပဋိက္ခိပါမိ = ပယ်ပါ၏၊ တေစီဝရိကင်္ဂံ = သင်္ကန်းသုံးထည် ဆောင်လေ့ရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ကုသိုလ် စေတနာကို။ သမာဒိယာမိ = စိတ်၌ မြဲစွာ ဆောက်တည်ပါ၏ဟု ဆို၍ ဆောက်တည်ရ၏၊ အနံ တစ်ထွာ၊ အလျား သုံးတောင်၊ ပကတိအားဖြင့် အနံ တစ်ထွာခွဲ အလျားလေးတောင်ထွာရှိ ပခုံးတင်ချွေးခံစရာ အံသကိုဋ်ကို အပို ထားနိုင်၏၊ အိပ်ရာခင်း အံသကိုဋ် ဤနှစ်ထည်သည် တိစီဝရိက်ဓုတင်ကို မပျက်စေနိုင်။ ဘိက္ခုနီမတို့အား ရေသနုပ် ရင်လွှမ်းသဘက်နှင့် ငါးထည်သည် တိစီဝရိက် မည်၏၊

(ဝိသုဒ္ဓိမဂ်အရသာ၊၈၈။)

ပစ္စုဒ္ဓိုရ်ပြုခြင်း

မြန်မာလို ရုပ်သိမ်းခြင်းဟု အနက်ထွက်၏၊ သင်္ကန်းအသစ် ရသဖြင့် သူ့နာမည်နှင့်သူ အဓိဋ္ဌာန်တင်လိုလျှင် အဓိဋ္ဌာန်တင်ပြီးသော ယခင် သင်္ကန်း အဟောင်းကို ပစ္စုဒ္ဓိုရ်ဟူသော ဝိနည်းကံတစ်ခုကို ပြုပြီးမှသာ အသစ်ကို အဓိဋ္ဌာန်တင်ရသည်။

ဣမံ အန္တရဝါသကံ ပစ္စုဒ္ဓရာမိ၊ ဣမံ = ဤသင်္ကန်းကို။ အန္တရဝါသကံ = သင်းပိုင်ကို (ဝါ)သင်းပိုင်အဖြစ်မှ၊ ပစ္စုဒ္ဓရာမိ = ရုပ်သိမ်းပါ၏၊ ဥတ္တရာသံဂ, သံဃာဋိတို့ကိုလည်း ဤနည်းအတိုင်း ပြုပါ။ အဝေးဖြစ်လျှင် ဧတံဟု ဆိုရသည်။ ဤသို့ အဟောင်းကို ရုပ်သိမ်းပြီးမှ အသစ်သင်းပိုင် စသည်ကို ရှေးက ဆိုခဲ့သည့်အတိုင်း အဓိဋ္ဌာန်တင်ရမည်။ ပစ္စုဒ္ဓိုရ် ပြုထားသော သင်းပိုင်ကို သူတစ်ပါးအား လှူလိုလျှင်လှူ မလှူလိုလျှင် ဝိကပ္ပနာသော်လည်းပြု၊ ပရိက္ခာရစောဠအဓိဋ္ဌာန်သော်လည်း တင်ထားရမည်။

ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်ပုံ

“ဣမံ စီဝရံ ပရိက္ခာရစောဠံ အဓိဋ္ဌာမိ။”

ဣမံ စီဝရံ = ဤသင်္ကန်းကို။ ပရိက္ခာရစောဠံ = ပရိက္ခရာအဝတ်ဟူ၍။ အဓိဋ္ဌာမိ = စိတ်၌ မြဲစွာ ဆောက်တည်ပါ၏၊ အများဖြစ်လျှင် “ဣမာနိ စီဝရာနိ ပရိက္ခာရစောဠာနိ အဓိဋ္ဌာမိ”ဟု ဆို၊ အဝေးဖြစ်က ဧကဝုစ်ဖြစ်လျှင်- ဧတံ, ဗဟုဝုစ်ဖြစ်လျှင် - ဧတာနိ ဟု ပြင်ဆိုရမည်။

ဤပရိက္ခာရစောဠ အဓိဋ္ဌာန်တင်ကောင်းသော သင်္ကန်း (၉)ထည်လုံး၌ မိမိနှင့် ညဉ့်မကင်းအောင် စောင့်ရှောက်ဖွယ် မလို။ အဓိဋ္ဌာန်တင်လောက်သော ပိတ်တိုဖျင်စမှ စ၍ အခြားအထည်များကိုလည်း ပရိက္ခာရစောဠဖြင့် အဓိဋ္ဌာန်တင်ကောင်း၏၊ (ဘုံလျှို = ဖုံ, စောင်, ခေါင်းအုံး, ကော်ဇောများကိုကား အဓိဋ္ဌာန်တင်ဖွယ် မလို။) (ဘာသာဋီကာ-၁၃၃။)

သပိတ်အိပ်, ဖိနပ်အိပ် အလျား - တစ်တောင်ထွာ, အနံ - တစ်ထွာ လက်ခြောက်သစ်မှ စ၍ သင်္ကန်း (၉)ထည်, အဝတ်အထည်များ ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်ရမည်၊ ဝိကပ္ပနာသော်လည်း ပြုရမည်။မြတ်စွာဘုရား လက်သစ်တော်အားဖြင့် အလျား လက်ရှစ်သစ်, အနံ လက်လေးသစ် (ပါဠိတော်)၊ အလျားနှစ်ထွာ, အနံ တစ်ထွာဟု အဋ္ဌကထာ၌ ပြ၏၊

အနုဇာနာမိ ဘိက္ခဝေ အာယာမေန အဋ္ဌင်္ဂုလံ သုဂတင်္ဂုလေန စတုရင်္ဂုလဝိတ္ထတံ ပစ္ဆိမံ စီဝရံ ဝိကပ္ပေတုန္တိ။ (ပါရာဇိကဏ် အဋ္ဌကထာ၊၂၂၂။)

သင်္ကန်းပမာဏထက် ပိုလွန်သော်လည်းကောင်း, ယုတ်လျော့နေသော်လည်းကောင်း ထိုအဝတ်အထည်တို့ကို ပရိက္ခာရစောဠအဓိဋ္ဌာန်တင်ရမည်ဟု အဋ္ဌကထာ ဆိုပါသည်။ (ပါရာဇိကဏ် အဋ္ဌကထာ၊၂၂၆။)၌ ဆို၏၊

ဝုတ္တပမာဏတော ပန အတိရေကံ, ဦနကဉ္စ “ပရိက္ခာရစောဠန္တိ အဓိဋ္ဌာတဗ္ဗံ။

သင်္ကန်း (၉) ထည်

သင်းပိုင်, ဧကသီ, ဒုကုဋ်, အိပ်ရာခင်း, မျက်နှာသုတ်ပုဝါ, ပရိက္ခာရစောဠ (ပိတ်တို ဖျင်စ စသော သင်္ကန်းမချုပ်ရသေးသော အထည်များ) နိသီဒိုန်, မိုးရေခံသင်္ကန်း, အမာလွှမ်းသင်္ကန်းတို့တည်း။

(ဆောင်) သင်း, ကိုယ်, ဒု, အိပ်၊ မျက်, ပရိက်, နိသိဒ်, မိုး, အမာ။

ထိုသင်္ကန်း (၉)ထည်တွင် တိစီဝရိက် (၃)ထည်, မိုးရေခံ, နိသီဒိုန်, အမာလွှမ်း ဤ (၆)ထည်သော သင်္ကန်းတို့ကို (၁)ထည်စီသာ အဓိဋ္ဌာန်တင်ကောင်းသည်။

(ဆောင်) တိစီဝရာ၊ မိုး နိ မာ၊ ဓိဋ္ဌာ တစ်ထည်စီ။

အိပ်ရာခင်း, မျက်နှာသုတ်ပုဝါ, ပရိက္ခာရစောဠအဓိဋ္ဌာန် တင်ထားသော သင်္ကန်း ဤ (၃)မျိုးသော သင်္ကန်းတို့ကို (၁)ထည်ထက် ပိုလွန်၍ အဓိဋ္ဌာန်တင်ထားခွင့် ရှိ၏၊

(ဆောင်) ပ မျက် အိပ်ရာ၊ သုံးမျိုးသာ၊ များစွာ တင်နိုင်သည်။

အဓိဋ္ဌာန်မတင်ရသော ပရိက္ခရာများ

ညောင်စောင်း, ဘုံလျှို, အင်ပျဉ်ဘုံလျှို, ခေါင်းအုံး, စုလျား, ကော်ဇော ဤ (၅)မျိုးသော ပရိက္ခရာတို့ကိုကား အဓိဋ္ဌာန် မတင်ရဟု ဆို၏၊ သေနာသန အသုံးအဆောင်ဖြစ်က အဓိဋ္ဌာန်မတင်ရဟု ဋီကာဆို၏၊ သေနာသနအကျိုးငှာ လှူသော အခင်းဖြစ်မူ အဓိဋ္ဌာန်မတင်ရဟု သိပါ။

(ဆောင်) ဘုံလျှို စဖြာ၊ ငါးမျိုးမှာ၊ ဓိဋ္ဌာ မတင်ရ၊ သေနာသန၊ သုံးဆောင်မျှ၊ ယူရ ဋီကာပြ၊ ကျောင်း အကျိုးငှာ၊ လှူ အိပ်ရာ၊ ဓိဋ္ဌာ မတင်ရ။

(ပါတိမောက္ခမေဒိနီ၊၁၇၈။)

အဓိဋ္ဌာန်ကျကြောင်း (၈) ရှစ်ပါး

(၁) သူတစ်ပါးအား ပေးစွန့်ခြင်း၊ (၂) ခိုးယူသွားခြင်း၊ (၃) အကျွမ်းဝင်၍ ဝိဿာသဂ္ဂါဟယူနည်းဖြင့် ယူသွားခြင်း၊ (၄) (သင်္ကန်းရှင်က ဘိက္ခုနီဖြစ်လျှင်) သိက္ခာမချဘဲ လူဝတ်လဲခြင်း၊ (၅) ဘိက္ခုဖြစ်လျှင် သိက္ခာချခြင်း၊ (၆) သေဆုံးခြင်း၊ (၇) လိင်ဖောက်ပြန်ခြင်း၊ (၈) ပစ္စုဒ္ဓိုရ်ပြုခြင်း၊ ဤ အကြောင်းရှစ်ပါးကား (ပရိက္ခာရစောဠဖြစ်စေ အဓိဋ္ဌာန်တင်ထားသော အဝတ်များအတွက်) အဓိဋ္ဌာန်ကျကြောင်း ပျက်ကြောင်းတည်း။

တိစီဝရိက်သင်္ကန်းများမှာမူ လက်သန်း၏ လက်သည်းခွံလောက် အပေါက် ပေါက်လျှင်ပင် အဓိဋ္ဌာန်ကျသဖြင့် အဓိဋ္ဌာန်ကျကြောင်း (၉)ပါး ရှိသည်ဟု မှတ်ပါ။ အပေါက်ဟူရာ၌ အနားပတ်လည် ပေါက်ရုံမျှဖြင့် မကျ၊ သုံးထည်လုံးအတွက် အလျားစွန်း တစ်ထွာ (၁၂-လက်သစ်)၊ အနံစွန်း ဧကသီနှင့် သင်္ကန်းကြီးအတွက် လက်ရှစ်သစ်၊ သင်းပိုင်အတွက် လက်လေးသစ် ထုတ်ချင်းပေါက်မှ အဓိဋ္ဌာန်ကျသည်။ အပေါက်ကို ဖာပြီးက ထပ်၍ အဓိဋ္ဌာန် တင်နိုင်၏၊

(ဆောင်) ပေး စွန့် ခိုးဝှက်၊ ဝိဿသစ်, လူထွက် ချသိက္ခာ။ သေဆုံးလိင်ပြန်, ပစ္စုဒ္ဓံ, ရှစ်တန် ကျဓိဋ္ဌာ။ လက်သန်းသည်းမျှ, ပေါက်လတ်က, သုံးဝ စီဝရိက်မှာ။ (ဘာသာဋီကာ၊၁၃၄။)

မိုဃ်းရေခံသင်္ကန်းဖြစ်မူ မိုဃ်းလေးလ လွန်က အဓိဋ္ဌာန်စွန့်၏၊ အမာလွှမ်းသင်္ကန်း ဖြစ်မူ ရောဂါပျောက်ကင်းက အဓိဋ္ဌာန်စွန့်၏၊ သပိတ်ဖြစ်မူ မျက်နှာရစ်မှ လက်နှစ်သစ်အောက် ဆတ်ထမင်းလုံးလောက် ပေါက်က အဓိဋ္ဌာန်စွန့်၏ဟု သိပါ။

(ဆောင်) မိုဃ်းလ လွန်ပြန်၊ မိုဃ်းရေခံ၊ ထည့်ပြန် ကိုးပါးတည်း၊ ရောဂါ ခန့်ကျန်း အမာလွှမ်း၊ ထည့်စွမ်း ကိုးပါးတည်း။ ဆတ်ထမင်းလောက်၊ သပိတ် ပေါက်၊ ထည့်လှောက် ကိုးပါးတည်း။ (ပါတိမောက္ခမေဒိနီ၊၁၇၉။)

နိဿဂ္ဂိသင်္ကန်းစွန့်ပုံ

သင်္ကန်းရပြီးနောက် (၁၀)ရက်အတွင်း အဓိဋ္ဌာန်ဝိကပ္ပနာ မပြုမိလျှင် ထိုသင်္ကန်းသည် နိဿဂ္ဂိထိုက်၍ ပါစိတ်အာပတ် သင့်ရုံမက ထိုသင်္ကန်းကို ကိုင်တိုင်းကိုင်တိုင်း ဒုက္ကဋ်အာပတ်လည်း ထပ်၍ထပ်၍ သင့်သေးသည်။ ထို့ကြောင့် နိဿဂ္ဂိထိုက်နေသော သင်္ကန်းကို သံဃာအထံ၌ ဖြစ်စေ, နှစ်ပါး သုံးပါး ဂိုဏ်းအထံ၌ ဖြစ်စေ, တစ်ပါးအထံ၌ ဖြစ်စေ စွန့်ရမည်။ လက်ဝဲတစ်ဖက် ပခုံးထက်၌ အပေါ်ရုံဧကသီကို စမ္ပယ်တင်ပြီးလျှင် ကြီးကုန်သော ရဟန်းတို့၏ ခြေကို ရှိခိုး၍ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီလျက် -

ဣဒံ မေ ဘန္တေ စီဝရံ ဒသာဟာတိက္ကန္တံ နိဿဂ္ဂိယံ။ ဣမာဟံ (သံဃဿ) (အာယသ္မန္တာနံ) (အာယသ္မာတော) နိဿဇ္ဇာမိ။

ဘန္တေ = အရှင်ဘုရား။ မေ = တပည့်တော်၏၊ ဣဒံ စီဝရံ = ဤသင်္ကန်း ကို။ ဒသာဟာတိက္ကန္တံ = ဆယ်ရက်လွန်သည် (ဖြစ်၍)။ နိဿဂ္ဂိယံ = စွန့်အပ် စွန့်ထိုက်ပါ၏၊ အဟံ = တပည့်တော်သည်။ ဣမံ = ဤသင်္ကန်းကို။ အာယသ္မတော = အရှင်ဘုရားအား။ (သံဃဿ = သံဃာအား) (အာယသ္မန္တာနံ = အရှင်ဘုရားတို့အား။) နိဿဇ္ဇာမိ = စွန့်ပါ၏၊

(မှတ်ချက် - မိမိ စွန့်မည့် သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ် တစ်ခုကိုသာ ဆိုရမည်။)

နှစ်ထည်မှ စ၍ အများဖြစ်လျှင် ဣဒံ, နိဿဂ္ဂိယံ, ဣမာဟံ ပုဒ်များအစား ဣမာနိ, နိဿဂ္ဂိယာနိ, ဣမာနာဟံဟု ပြင်ပါ။ နိဿဂ္ဂိသင်္ကန်းကို လက်ခံသူက အငယ်ဖြစ်လျှင် ဘန္တေ နေရာ၌ အာဝုသော၊ အာယသ္မတော နေရာ၌ တုယှံ၊ အာယသ္မန္တာနံ နေရာ၌ တုမှာကံဟု ပြင်၍ ဆိုရမည်။

(မြန်မာလို) - “အရှင်ဘုရား ...ဘုရားတပည့်တော်၏ ဤ သင်္ကန်းသည် (၁၀)ရက် လွန်သဖြင့် နိဿဂ္ဂိထိုက်နေပါသည်။ ဤသင်္ကန်းကို (သံဃာအား) (အရှင်ဘုရားတို့အား) အရှင်ဘုရားအား တပည့်တော် စွန့်ပါ၏ဘုရား”ဟု မြန်မာလို ဆို၍ စွန့်နိုင်၏၊ သင်္ကန်းခံသူက သီတင်းငယ်ဖြစ်လျှင် ငါ့ရှင်ဟုလည်းကောင်း, သင့်အားဟုလည်းကောင်း ဆိုရုံသာ ထူး၏၊

ဤသို့ စွန့်ပြီးသောအခါ ယခုကာလ ထုံးစံအတိုင်း ပါစိတ်အာပတ်ကို စိတ်ထဲက ရည်မှန်း၍ ဒေသနာပြောကြားရမည်။ ဤသို့ စွန့်ပြီးနောက်မှ ဒေသနာပြောကြားရသော ပါစိတ်အာပတ်ဖြစ်၍ စွန့်ခြင်းဝိနည်းကံရှေးရှိသော ပါစိတ်အာပတ်ဟု ဆိုရသည်။

ထိုနောက် နိဿဂ္ဂိသင်္ကန်းကို ခံရသော ရဟန်းက -

“ဣမံ စီဝရံ အာယသ္မတော ဒမ္မိ။”

“ဤသင်္ကန်းကို အရှင်ဘုရားအား ပြန်ပေးပါ၏”ဟု ပါဠိလို ဖြစ်စေ၊ မြန်မာလို ဖြစ်စေ ဆို၍ ပြန်ပေးရမည်။ (အများဖြစ်လျှင် - ဣမာနိ စီဝရာနိ၊ ဤသင်္ကန်းတို့ကို၊) ထိုကဲ့သို့ ပြန်ပေး၍ ရပြီးနောက် အလိုရှိရာ အဓိဋ္ဌာန်သော်လည်း တင်၊ သို့မဟုတ် ဝိကပ္ပနာသော်လည်း ပြုထားရမည်။ အဝေးသို့ လှမ်း၍ စွန့်ရပါက ဧတံ၊ ဧတာနိဟု ပြင်ဆိုရမည်။

သင်္ကန်းခံသော ရဟန်းက သကသညာဖြင့် ပြန်မပေးဘဲနေက ဒုက္ကဋ်၊ အမြွက်ထောင်၍ မပေးဘဲနေက ဘဏ္ဍာစားထိုက်တတ်သည်။

အဝေး၌ ရှိနေသော သင်္ကန်းကို စွန့်ပုံ

“ဧတံ မေ ဘန္တေ စီဝရံ ဒသာဟာတိက္ကန္တံ နိဿဂ္ဂိယံ၊ ဧတာဟံ အာယသ္မတော နိဿဇ္ဇာမိ။”

ဧတံ စီဝရံ = ထိုသင်္ကန်းကိုဟု အနက်ပေးပါ။ အများဖြစ်က ဧတာနိ၊ ဧတာနာဟံ-ဟု ပြောင်းဆိုပါ။

(မြန်မာလို) - “အရှင်ဘုရား ..ဘုရားတပည့်တော်၏ထိုသင်္ကန်းသည် ဆယ်ရက် လွန်သဖြင့် နိဿဂ္ဂိထိုက်နေပါသည်။ ထိုသင်္ကန်းကို အရှင်ဘုရားအား တပည့်တော် စွန့်ပါ၏ဘုရား။”

ဒေသနာကြားပြီး နိဿဂ္ဂိသင်္ကန်းကို ခံသော ရဟန်းက “ဧတံ စီဝရံ အာယသ္မတော ဒမ္မိ”ဟု ဆို၍ ပြန်ပေးပါ။ အများဖြစ်လျှင် ဧတာနိဟု ပြင်ဆိုရမည်။ မြန်မာလို - “ထိုသင်္ကန်းကို (ထိုသင်္ကန်းတို့ကို) အရှင်ဘုရားအား ပြန်ပေးပါ၏”ဟု ဆို၍ ပြန်ပေးပါလေ။

သံဃာထံ စွန့်ရာ၌ ပြန်ပေးပုံ

သံဃာထံ စွန့်လျှင် သံဃာထဲမှ ဗျတ္တပဋိဗလ ကျွမ်းကျင်လိမ္မာ စွမ်းရည်ရှိသောရဟန်းက အာပတ်ကို ဒေသနာကြားစေ၍ စွန့်သော သင်္ကန်းကို အောက်ပါအတိုင်း ဆို၍ ပြန်ပေးရမည်။

သုဏာတု မေ ဘန္တေ သံဃော၊ ဣဒံ စီဝရံ (ဣတ္ထန္နာမဿ) ဘိက္ခုနော နိဿဂ္ဂိယံ သံဃဿ နိဿဋ္ဌံ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ဣမံ စီဝရံ (ဣတ္ထန္နာမဿ) ဘိက္ခုနော ဒဒေယျ။ (ကွင်းအတွင်း ဘွဲ့အမည် ထည့်ဖတ်ရန်)

“အရှင်ဘုရားတို့ ... သံဃာသည် ဘုရားတပည့်တော်၏ (စကားကို) နာတော်မူလော့၊ (ဤမည်သော) ရဟန်း၏ စွန့်ခြင်း (ဝိနည်းကံ)ရှိသော ဤသင်္ကန်းကို သံဃာအား စွန့်အပ်ပြီ၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ဤသင်္ကန်းကို (ဤမည်သော) ရဟန်းအား ပေးရာ၏”ဟု (သိစေ၍ ပြန်ပေးရမည်)။

ဂိုဏ်းထံစွန့်လျှင် ကျွမ်းကျင်လိမ္မာ စွမ်းရည်ရှိသော ဗျတ္တပဋိဗလရဟန်းသည် အာပတ်ကို ဒေသနာပြောခံယူ၍ စွန့်ပြီးသင်္ကန်းကို အောက်ပါအတိုင်း ဆို၍ ပြန်ပေးရမည်။

ဂိုဏ်းထံ စွန့်ရာ၌ ပြန်ပေးပုံ

သုဏန္တု မေ အာယသ္မန္တာ၊ ဣဒံ စီဝရံ (ဣတ္ထန္နာမဿ) ဘိက္ခုနော နိဿဂ္ဂိယံ၊ အာယသ္မန္တာနံ နိဿဋ္ဌံ၊ ယဒါယသ္မန္တာနံ ပတ္တကလ္လံ၊ အာယသ္မန္တာ ဣမံ စီဝရံ (ဣတ္ထန္နာမဿ) ဘိက္ခုနော ဒဒေယျုန္တိ။

“အရှင်ဘုရားတို့ ... ဘုရားတပည့်တော်၏ (စကားကို) နာကုန်လော့။ (ဤမည်သော) ရဟန်း၏ စွန့်ခြင်းဝိနည်းကံရှိသော ဤသင်္ကန်းကို အရှင်ဘုရားတို့အား စွန့်အပ်ပြီ၊ အရှင်တို့အား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ အရှင်တို့သည် ဤသင်္ကန်းကို (ဤမည်သော) ရဟန်းအား ပေးကုန်ရာ၏”ဟု (သိစေ၍ ပြန်ပေးရမည်၊၊)

ဝိကပ္ပနာသိက္ခာပုဒ်

သီတင်းသုံးဖော် ငါးယောက်တို့တွင် တစ်ယောက်ယောက်၏ အထံ၌ သင်္ကန်းကို ကိုယ်တိုင် ဝိကပ္ပနာပြု၍ ထိုသူက ပစ္စုဒ္ဓိုရ်မပြုပေးဘဲလျက် (ဝါ) ဝိကပ္ပနာမပြန်ဘဲလျက် ထိုသင်္ကန်းကို ဝတ်ရုံသုံးစွဲလျှင် ဝိကပ္ပနာသုဒ္ဓပါစိတ် အာပတ် သင့်၏၊

ဝိကပ္ပနာပြုပုံများ

ဤနေရာ၌ သုရာပါနဝဂ် နဝမသိက္ခာပုဒ်လာ ဝိကပ္ပနာအစီအရင်များ သိထားသင့်ပါသည်။ ဝိနည်းတိစီဝရိက်ဆောင်သူသည် ကျန်ရှိနေသော သင်္ကန်းများကို ဝိကပ္ပနာသော်လည်းပြု ပရိက္ခာရစောဠအဓိဋ္ဌာန်သော်လည်း တင်ထားရမည် ဖြစ်သောကြောင့်တည်း။

ဝိ = မိမိဥစ္စာအဖြစ်မှ ကင်းအောင်၊ ကပ္ပန = ပြုခြင်း၊ မိမိသင်္ကန်း မိမိ သပိတ်ဟု အမှတ်မထားတော့ဘဲ သီတင်းသုံးဖော်တစ်ပါးပါးအား ပေးလိုက်သောအခါ ကိုယ့်ဥစ္စာအမှတ်မှ ကင်းသွားတော့သဖြင့် သီတင်းသုံးဖော်အား ပေးခြင်းကိုပင် ဝိကပ္ပနာပြုခြင်းဟု ခေါ်၏၊ ထိုသို့ ဝိကပ္ပနာပြုပြီးသောအခါ မိမိဥစ္စာ မဟုတ်တော့ရကား (၁၀)ရက် လွန်သော်လည်း နိဿဂ္ဂိမထိုက်တော့ပေ။

ဤသိက္ခာပုဒ်၌ လာသည့် ဝိကပ္ပနာပြုပုံ ပစ္စုဒ္ဓိုရ်ပြုပုံများကို ကွဲကွဲပြားပြား နားလည်သင့်ပါသည်။

ဝိကပ္ပနာနှစ်မျိုး

၁။ သမ္မုခဝိကပ္ပနာ၊ ၂။ ပရံမုခဝိကပ္ပနာ-ဟု ဝိကပ္ပနာ နှစ်မျိုး ရှိ၏၊

ထိုတွင် “သံမုခေန = မိမိနှုတ်ဖြင့်၊ ဝိကပ္ပနာ = ဝိကပ္ပနာပြုခြင်းသည် သမ္မုခဝိကပ္ပနာမည်၏ဟူသော ဋီကာနှင့်အညီ သင်္ကန်းရှင်ကိုယ်တိုင် မိမိနှုတ်ဖြင့် ဝိကပ္ပနာပြုခြင်းသည် သမ္မုခဝိကပ္ပနာ မည်၏၊ ဝိနည်းဓိုရ် တစ်ပါးပါးထံ အပ်နှံ၍ သူတစ်ပါးဟု ဆိုအပ်သော ထိုဝိနည်းဓိုရ်၏ နှုတ်ဖြင့် ဝိကပ္ပနာပြုခြင်းသည် ပရံမုခဝိကပ္ပနာ မည်၏၊

သမ္မုခဝိကပ္ပနာ (၂) မျိုး

ဤသမ္မုခဝိကပ္ပနာ၌လည်း မိမိပေးလိုရာ သီတင်းသုံးဖော်က အနီးအပါး ၌ ရှိစဉ် တိုက်ရိုက်ဝိကပ္ပနာပြုပုံ တစ်မျိုး၊ မိမိပေးလိုရာ သီတင်းသုံးဖော်က အဝေးမှာရှိစဉ် ဝိကပ္ပနာ ပြုပုံတစ်မျိုးအားဖြင့် နှစ်မျိုးရှိ၏၊ (ပရံမုခဝိကပ္ပနာမှာ တစ်မျိုးတည်းသာ ရှိသည်။)

အနီးရှိသူအား သမ္မုခဝိကပ္ပနာပြုပုံ

သင်္ကန်းရှင်က ဥုးတိဿအား ပေးလိုလျှင် ဥုးတိဿထံ ချဉ်းကပ်၍ သင်္ကန်းတစ်ထည်ကို ကိုင်၍ ဖြစ်စေ, အနီး၌ ချ၍ဖြစ်စေ “ဣမံ စီဝရံ တုယှံ ဝိကပ္ပေမိ”ဟု ဆိုပါ။ အများ၌ “ဣမာနိ စီဝရာနိ တုယှံ ဝိကပ္ပေမိ”ဟုဆို။ သင်္ကန်းက အနီးမှာ မရှိလျှင် အဝေးရှိရာကို ပြောပြ၍ (ဥပမာ-မန္တလေး နေခိုက် သင်္ကန်းက စစ်ကိုင်းမှာ ရှိလျှင် စစ်ကိုင်းမြို့ မည်သည့်နေရာမှာ မည်သည့် သင်္ကန်းရှိပါသည်ဟု ပြောပြ၍) “ဧတံ စီဝရံ တုယှံ ဝိကပ္ပေမိ”ဟု ဆိုပါ။ အများဖြစ်က - “ဧတာနိ စီဝရာနိ တုယှံ ဝိကပ္ပေမိ”ဟု ပြောင်း၍ ဆိုပါ။

ဣမံ စီဝရံ = ဤ သင်္ကန်းကို။ ဧတံ စီဝရံ = (စစ်ကိုင်း၌ ရှိသော) ထို “သင်္ကန်းကို။ တုယှံ = သင့်အား (ဝိနည်းဓိုရ်က အကြီးဖြစ်အံ့၊ တုယှံ = အရှင်ဘုရားအား) ဝိကပ္ပေမိ = ဝိကပ္ပနာပြုပါ၏၊ (ဝါ) မိမိဥစ္စာအဖြစ်မှ ကင်းအောင် ပြုပါ၏၊

ဤနည်းဖြင့် ဝိကပ္ပနာပြုပြီးသောအခါ ထိုသင်္ကန်းကို မိမိနေရာ၌ ပြန်ယူ သိမ်းထားရုံကား သိမ်းထားခွင့်ရ၏၊ နိဿဂ္ဂိ မထိုက်တော့ပေ။ သို့သော် မိမိက ဥုးတိဿအား ပေးထား၍ ဥုးတိဿ၏ ပစ္စည်းဖြစ်သွားသောကြောင့် မိမိကိုယ်တိုင် ဝတ်ရုံခြင်း, တစ်ဆင့်ပေးလှူခြင်း စသည်ကိုကား ပြုပိုင်ခွင့် မရှိသေးချေ။ အကယ်၍ သုံးစွဲလျှင် ဤသိက္ခာပုဒ်အရ ပါစိတ်အာပတ် သင့်သည်။ ထို့ကြောင့် ဥုးတိဿက ပစ္စုဒ္ဓိုရ် ပြုရဦးမည်။ (ဝါ) ဝိကပ္ပနာ ပြန်ရဦးမည်။

ပစ္စုဒ္ဓုရ်ပြုပုံ (ဝါ) ဝိကပ္ပနာပြန်ပုံ

“မယှံ သန္တကံ ပရိဘုဉ္ဇ ဝါ ဝိဿဇ္ဇေဟိ ဝါ ယထာပစ္စယံ ကရောဟိ” အများ၌ မယှံ သန္တကာနိဟု ဆို။ (အနီး အဝေး အထူးမရှိ။) ဝိကပ္ပနာပြုသော ရဟန်းက မိမိထက် ဝါကြီးအံ့။မယှံ သန္တကံ ပရိဘုဉ္ဇထ ဝါ ဝိဿဇ္ဇထ ဝါ ယထာပစ္စယံ ကရောထ”ဟု လေးစားသောအားဖြင့် ဗဟုဝုစ်ဖြင့် ဆိုရ၏၊

မယှံ = ငါ၏၊ (ဝါ) (တပည့်တော်၏၊) သန္တကံ = ဥစ္စာဖြစ်သော သင်္ကန်း ကို။ (သန္တကာနိ = သင်္ကန်းတို့ကို။) ပရိဘုဉ္ဇ ဝါ = သုံးဆောင်မူလည်း သုံးဆောင်ပါလော့။ ဝိဿဇ္ဇေဟိ ဝါ = စွန့်မူလည်း စွန့်ပါလော့။ ယထာပစ္စယံ = အကြောင်းအားလျော်စွာ။ (ဝါ) အလိုရှိသလို။ ကရောဟိ = ပြုပါလော့။ ဤသို့ ပစ္စုဒ္ဓိုရ် ပြုပြီးသောအခါ ထိုသင်္ကန်းကို မူလသင်္ကန်းရှင်က အလိုရှိသလို ပြုနိုင်ပြီ။

အဝေးရှိသူအား သမ္မုခဝိကပ္ပနာပြုပုံ

မိမိ ပေးလိုရာပုဂ္ဂိုလ်က အနီး၌မရှိ အဝေး (အခြားကျောင်းတိုက်)၌ ဖြစ်နေလျှင် ဝိနည်းဓိုရ် တစ်ပါးပါးထံ သွား၍ မိမိ ပေးလိုသော ပုဂ္ဂိုလ်၏ နာမည်ကို လျှောက်ထားပြီးနောက် (ဥပမာ-မည်သည့်အရပ်၌ နေသူ ဦးတိဿ အား) ဝိကပ္ပနာ ပြုပေးလိုပါသည်ဟု လျှောက်ထားပြီးနောက် -

“ဣမံ စီဝရံ တိဿဿ ဘိက္ခုနော ဝိကပ္ပေမိ”ဟု ဆို၍ ဝိကပ္ပနာပြုရ မည်။

ထိုနောက် ဝိနည်းဓိုရ်က “တိဿဿ သန္တကံ ပရိဘုဉ္ဇ ဝါ ဝိဿဇ္ဇေဟိ ဝါ ယထာပစ္စယံ ကရောဟိ”ဟု ပစ္စုဒ္ဓိုရ် ပြုပေးရမည်။

ပရံမုခဝိကပ္ပနာပြုပုံ

မိမိကိုယ်တိုင် ဝိကပ္ပနာပြုနည်းကို နားမလည်၊ နားလည်သော်လည်း ပါးစပ်နာခြင်းစသော အကြောင်းတစ်ခုခုကြောင့် ဝိနည်းဓိုရ် တစ်ပါးပါးထံ “ဣမံ စီဝရံ တုယှံ ဝိကပ္ပနတ္ထာယ ဒမ္မိ”ဟု ပါဠိလိုဖြစ်စေ, ဤသင်္ကန်းကို ဝိကပ္ပနာပြုရန် အရှင်ဘုရားအား ပေးပါ၏”ဟု မြန်မာလိုဖြစ်စေ ဆို၍ ပေးရမည်။ ထိုအခါ ဝိနည်းဓိုရ်က “အရှင်ဘုရားပေးလိုသော သီတင်းသုံးဖော် ကို ညွှန်ပြပါ”ဟု ဆိုလျှင် “မည်သည့်ကျောင်းနေ ဥုးတိဿအား ပေးလိုသည် စသည်ဖြင့် ညွှန်ပြရမည်။ ထိုအခါ ဝိနည်းဓိုရ်က -

“အဟံ ဣမံ စီဝရံ တိဿဿ ဘိက္ခုနော ဝိကပ္ပေမိ”ဟု ဆို၍ ဝိကပ္ပနာ ပြုရမည်။ ထို့နောက် ဝိနည်းဓိုရ်ကပင် “တိဿဿ သန္တကံ ပရိဘုဉ္ဇ ဝါ ဝိဿဇ္ဇေဟိ ဝါ ယထာပစ္စယံ ကရောဟိ”ဟု ဆို၍ ပစ္စုဒ္ဓိုရ်ပြုပေးရမည်။ ဘိက္ဓုနီ သာမဏေစသည်အား ပေးလိုလျှင် “တိဿာယ ဘိက္ခုနိယာ, တိဿဿ သာမဏေရဿစသည်ဖြင့် အလိုရှိရာ သီတင်းသုံးဖော်၏ နာမည်” ကို ထည့်၍ ဆိုပါ။

သမ္မုခဝိကပ္ပနာနှင့် ပရမ္မုခဝိကပ္ပနာ အထူး

ကိုယ်တိုင် ဝိကပ္ပနာပြု၍ ဝိနည်းဓိုရ်က ပစ္စုဒ္ဓိုရ်ပြန်သည်ကား သမ္မုခဝိကပ္ပနာ မည်၏၊ ဝိနည်းဓိုရ်က ဝိကပ္ပနာ ပြုပေး၍ ဝိနည်းဓိုရ်ကပင် ပစ္စုဒ္ဓိုရ် ပြန်သည်ကား ပရမ္မုခဝိကပ္ပနာ မည်၏၊ ဤကား အထူးတည်း။

ဒုတိယကထိန (ခေါ်) ဥဒေါသိတသိက္ခာပုဒ် အဓိပ္ပာယ်

တိစီဝရိက်သင်္ကန်း ထားရာဌာနများတွင် ဥဒေါသိတ (ဘဏ္ဍာတိုက်)လည်း ပါဝင်သောကြောင့် ဤသိက္ခာပုဒ်ကို အဋ္ဌကထာ၌ ဥဒေါသိတ သိက္ခာပုဒ်ဟုလည်း နာမည်တပ်၏၊

တိစီဝရိက်သင်္ကန်းနှင့် ညဉ့်ကင်းခြင်း

ညဉ့်ဟု ဆိုရာ၌ ဝိနည်းအရာဝယ် အရုဏ်သာ လိုရင်းတည်း။ ထို့ကြောင့် အရုဏ်တက်ချိန်၌ တိစီဝရိက်သင်္ကန်းနှင့် ကင်းနေလျှင် တစ်ညဉ့် (တစ်အရုဏ်) ကင်းစေကာမူ နိဿဂ္ဂိထိုက်သည်။

တိစီဝရိက်သင်္ကန်းထားရာ အရပ်များ

ရွာ, အိမ်, တိုက် (ဘဏ္ဍာတိုက်), ထီးတပ်အပ်သော ပြသာဒ်, ထီးမတပ်အပ်သော ပြသာဒ်ဦးပြည်း, လှေ, လှည်း, ပြအိုး, လယ်(ယာ), ကောက်နယ်တလင်း, သစ်ပင်, လွင်တီးခေါင်, အာရာမ်, ကျောင်းတိုက်, တန်ဆောင်း, ဤ (၁၅)ပါးတို့သည် တိစီဝရိက်သင်္ကန်းထားရာ အရပ်များတည်း။

(ဆောင်) ရွာ, အိမ်နှင့် တိုက်၊ ထီးစိုက် ဦးပြည်း၊ လှေ, လှည်း ပြ လယ်၊ ကောက်နယ်, သစ်ပင်၊ လွင်, အာရာမ်, ကျောင်း၊ တန်ဆောင်း ဆယ့်ငါး၊ သင်္ကန်းထား၊ မှတ်သား အရပ်တည်း။

တိစီဝရိက်နှင့် ကင်း၍ မနေရသည့် ဌာနများ

၁။ ဥပစာတူရှိသော ရွာ၊ ၂။ ဥပစာထူးရှိသော ရွာစသည်ဖြင့် (၂)မျိုးစီ ရှိ၏၊

၁။ ဥပစာတူရှိသော ရွာမည်သည် အမျိုးတစ်မျိုး၏ ရွာဖြစ်၍ ကာရံအပ်သည် ဖြစ်မူ ရွာတွင်း၌ သင်္ကန်းကို ထား၍ ရွာတွင်း၌ နေရမည်။ မကာရံအပ်သော ရွာဖြစ်မူ သင်္ကန်းကို ထားသောအိမ်၌ နေရမည်။ နှစ်တောင့်ထွာ ဟတ္ထပါသ်ကိုသော်လည်း မစွန့်ရ။

၂။ ဥပစာထူးရှိသော ရွာမည်သည် အထူးထူးသော အမျိုးတို့၏ ရွာဖြစ်၍ ကာရံအပ်သည်လည်းဖြစ်မူ သင်္ကန်းကို ထားရာအိမ်၌သော်လည်းကောင်း၊ ဧည့်ခန်း၌သော်လည်းကောင်း၊ တံခါးရင်း၌သော်လည်းကောင်း နေရမည်။ နှစ်တောင့်ထွာ ဟတ္ထပါသ်ကိုသော်လည်း မစွန့်ရ။။ ပ။ မကာရံအပ် သော ရွာဖြစ်မူ သင်္ကန်းကို ထားရာအိမ်၌ နေရမည်။ ဟတ္ထပါသ်ကို သော်လည်း မစွန့်ရ။ (ပါဠိတော်မြန်မာပြန်၊၃၁၆။ ကြည့်၊) တခြားသော အိမ် ဘဏ္ဍာတိုက် စသည်တို့၌လည်း နည်းတူ သိပါ။

ကျောင်းတိုက်၌ ထားခြင်း

၁။ ဥပစာတူ ရှိသောကျောင်း, ၂။ ဥပစာထူး ရှိသောကျောင်းဟု (၂)မျိုး ပြား၏၊

၁။ ဥပစာတူ ရှိသော ကျောင်းမည်သည် အမျိုးတစ်မျိုး၏ ကျောင်းဖြစ်၍ ကာရံအပ်သည်လည်းဖြစ်မူ ကျောင်းတွင်း၌ သင်္ကန်းကိုထားလျှင် ကျောင်းတွင်း၌ နေရမည်။ မကာရံအပ်သည်ဖြစ်မူ သင်္ကန်းထားရာ ကျောင်း၌ နေရမည်။ ဟတ္ထပါသ်ကိုသော်လည်း မစွန့်ရ။

၂။ ဥပစာထူးရှိသော ကျောင်းမည်သည် အထူးထူးသော အမျိုး၏ကျောင်း ဖြစ်၍ ကာရံအပ်သည်လည်းဖြစ်မူ သင်္ကန်းထားရာ ကျောင်း၌ နေရမည်။ တံခါးရင်း၌သော်လည်း နေရမည်။ ဟတ္ထပါသ်ကိုသော်လည်း မစွန့်ရ။ မကာရံအပ်သည်ဖြစ်မူ သင်္ကန်းထားရာ ကျောင်း၌ နေရမည်။ ဟတ္ထပါသ်ကိုသော်လည်း မစွန့်ရ။ (ပါဠိတော်မြန်မာပြန်၊၃၁၈။ ကြည့်)

နိဿဂ္ဂိမထိုက်စေနည်း

တိစီဝရိက် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည်လုံးကို ဝတ်ရုံ၍သော်လည်းထား၊ သို့မဟုတ် အရုဏ်တက်ချိန်၌ မိမိနှင့် သင်္ကန်းထားရာ အရပ် နှင့် နှစ်တောင့်ထွာဟတ္ထပါသ် အတွင်း၌သော်လည်း ရှိစေရမည်။ ဤကား အလွယ်ကူဆုံးနှင့် အကောင်းဆုံးသော နိဿဂ္ဂိမထိုက်စေနည်း ဖြစ်သည်။

သင်္ကန်းထားရာ ရွာ၏ ဟတ္ထပါသ်, အိမ်၏ ဟတ္ထပါသ်, ကျောင်း၏ ဟတ္ထပါသ်, မိမိ၏ ဟတ္ထပါသ် နှစ်တောင့်ထွာ အတွင်း၌ မရှိလျှင် စီဝရဝဂ် ဒုတိယကထိနသိက္ခာပုဒ်တော်အရ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ ၎င်းတို့နှင့် ညဉ့်ကင်းလိမ့်မည်ဟု ထင်လျှင် အရုဏ်မတက်မီ အဝေးရှိရာ ထိုသင်္ကန်းကို မှန်းလျက် (အကယ်၍)ဒုကုဋ်ဖြစ်လျှင် ဧတံ သံဃာဋိံ ပစ္စုဒ္ဓရာမိ၊ “ထို ဒုကုဋ်သင်္ကန်းကို ပစ္စုဒ္ဓိုရ်ပြုပါ၏၊” (သို့မဟုတ်) မြန်မာလို - “ထို သင်္ကန်းကို ဒုကုဋ်သင်္ကန်းအဖြစ်မှ ရုပ်သိမ်းပါ၏၊”ဟု ဆို၍ ပစ္စုဒ္ဓိုရ်ပြုပါ။ ဤသို့ပြုထားလျှင် အရုဏ်တက်ချိန်၌ တိစီဝရိက်သင်္ကန်းသည် မိမိ၏ နှစ်တောင့်ထွာဟတ္ထပါသ် အတွင်း မရှိသော်လည်း နိဿဂ္ဂိမထိုက်တော့ပေ။ အရုဏ်တက်ပြီးနောက် အဝေးသင်္ကန်းရှိရာသို့ မှန်းပြီး ပြန်၍ အဓိဋ္ဌာန်တင်ပါ။ ဤသို့ ပြုခြင်းအားဖြင့် နိဿဂ္ဂိပါစိတ် အာပတ်လည်း မသင့်၊ အဓိဋ္ဌာန်လည်း တင်ပြီးသား ဖြစ်တော့သည်။

အကယ်၍ စပ်ကူးမတ်ကူး အရုဏ်အချိန်နှင့်ကပ်၍ ကုဋီသို့ သွားလိုသော်လည်းကောင်း အခြားကိစ္စ တစ်ခုခုကြောင့် သင်္ကန်းသုံးထည်လုံးကိုဖြစ် စေ, တစ်ထည်ထည်ကိုဖြစ်စေ ချန်ထား၍ သွားရမည့် အခါမျိုးနှင့် ကြုံကြိုက်သော်လည်းကောင်း ထိုသင်္ကန်းတို့ကို ပစ္စုဒ္ဓိုရ်ပြု၍ ကိစ္စပြီးသောအခါ အဓိဋ္ဌာန်ပြန်တင်၍ စောင့်ရှောက်ရမည်။ ထိုသို့ မပြုမိ၍ ထိုသင်္ကန်းတို့နှင့် အရုဏ်တက်ချိန်၌ ကင်းသွားပါမူ နိဿဂ္ဂိထိုက်၍ ဝိနည်းဓိုရ်အထံ၌ စွန့်၍ အာပတ်ကိုလည်း ဒေသနာကြားရမည်။

ညဉ့်ကင်းသင်္ကန်း အနီးစွန့်ပုံ

ညဉ့်ကင်းမိ၍ နိဿဂ္ဂိထိုက်သော သင်္ကန်းကို သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ်တို့တွင် အလိုရှိရာ စွန့်နိုင်သည်။ ပုဂ္ဂိုလ်ထံ စွန့်ပုံကား -

ဣဒံ မေ ဘန္တေ စီဝရံ ရတ္တိဝိပ္ပဝုတ္ထံ အညတြ ဘိက္ခုသမ္မုတိယာ နိဿဂ္ဂိယံ, ဣမာဟံ အာယသ္မတော နိဿဇ္ဇာမိ။

ပါဠိလို မဆိုတတ်လျှင် မြန်မာလို ဆို၍လည်း စွန့်နိုင်သည်။ စွန့်ပုံကား

“အရှင်ဘုရား တပည့်တော်၏ ဤ သင်္ကန်းသည် (ဘိက္ခုသမ္မုတိကို ကြဉ်ထား၍) ညဉ့်ကင်းနေအပ်သည်ဖြစ်၍ စွန့်ထိုက်နေပါသည်။ ဤသင်္ကန်းကို အရှင်ဘုရားအား တပည့်တော် စွန့်ပါသည်”ဟု ဆို၍ စွန့်ပါ။ သင်္ကန်းက နှစ်ထည်သုံးထည် ဖြစ်နေလျှင် “ဣမာနိ စီဝရာနိ ရတ္တိဝိပ္ပဝုတ္ထာနိ ..” စသည် ပြင်ဆိုရမည်။ အဝေး၌ ဖြစ်နေလျှင် ဣဒံ၊ ဣမာနိ အစား ဧတံ၊ ဧတာနိဟု ပြောင်းဆိုပါ။

သံဃာထံ စွန့်လျှင် အာယသ္မတော နေရာ၌ သံဃဿဟုလည်းကောင်း၊ ဂိုဏ်းထံစွန့်လျှင် အာယသ္မန္တာနံဟုလည်းကောင်း ပြင်ဆိုရမည်။ ထိုသို့ စွန့်ပြီးနောက် ဒေသနာပြောကြားခြင်း, ပြန်ပေးခြင်း စသည်တို့မှာ ရှေ့သိက္ခာပုဒ်အတိုင်းပင် သိပါလေ။ ပြန်ပေး၍ ရပြီးနောက် အလိုရှိရာ အဓိဋ္ဌာန်သော်လည်းတင်, ဝိကပ္ပနာသော်လည်း ပြုထားရမည်။

အညာတကဝိညတ္တိ သိက္ခာပုဒ်

သင်္ကန်းတောင်းကောင်းသည့် အခါများ

အစ္ဆိန္နစီဝရ, နဋ္ဌစီဝရ - ခိုးသူ ဓားပြ မင်းစသည်တို့ မည်သူပင် လုလု အလုခံရသူကို အစ္ဆိန္နစီဝရဟုလည်းကောင်း၊ မီးလောင်ခြင်း, ရေမျောခြင်း, ကြွက်ကိုက်ခြင်း, သုံးဆောင်၍ ဟောင်းနွမ်းခြင်း စသည်ကြောင့် ပျောက်ပျက်သော သင်္ကန်းရှိသူကို နဋ္ဌစီဝရဟုလည်းကောင်း ခေါ်၏၊ ထိုအခါများသည် သင်္ကန်းတောင်းကောင်းရာ အခါတို့တည်း။ တောင်းဖို့ရာ အလှူခံဖို့ရာ လူမရှိသော အရပ်ဖြစ်လျှင် သစ်ပင်မှ သစ်ခက်သစ်ရွက်တို့ကို ကိုယ်တိုင် ခုတ်ဖြတ်ချိုးယူကောင်း၏၊ ထိုသစ်ရွက်များကို လျှော်ဖြင့် တွဲစပ်၍ ဝတ်သွားရမည်။ အချီးနှီး တုံးလုံးကျွတ် အဝတ် မဝတ်ဘဲကား မသွားကောင်း။

ဆွေမျိုးမတော်စပ်သူ

အမိဘက်မှသော်လည်းကောင်း, အဖဘက်မှသော်လည်းကောင်း ခုနစ် ဆက်မြောက် ဘိုးဘေးအစုံတိုင်အောင် မဆက်စပ်သူကို ဆွေမျိုးမတော်စပ်သူဟု ဆိုသည်။ ခွင့်ပြုအပ်သောအခါမှ တစ်ပါး ဉာတိပဝါရိတ မဟုတ်သူထံ သင်္ကန်းတောင်းအံ့၊ ပယောဂကြောင့် ဒုက္ကဋ်၊ သင်္ကန်းရခြင်းကြောင့် စွန့်ခြင်းဝိနည်းကံရှိသော နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ သံဃာအားသော်လည်းကောင်း, ဂိုဏ်းအားသော်လည်းကောင်း, ပုဂ္ဂိုလ်အားသော်လည်းကောင်း စွန့်ရမည်။ ဝိနည်းအလေးဂရုပြုတော်မူသော ဆရာတော်အချို့သည် ခမည်းတော်ကို ဆွေမျိုး ဟုတ်မှဟုတ်ပါ့မည်လားဟု သံသယဖြစ်တော်မူကြသဖြင့် ခမည်းတော်အထံ၌ မတောင်းကြပေ။

ပဝါရိတ နှင့် အပဝါရိတ

မိမိနှင့် ဆွေမျိုးမတော်စပ်သော်လည်း “အလိုရှိသော ပစ္စည်း အလှူခံတော်မူပါဘုရား”ဟု ဖြစ်စေ, “ဘာအလိုရှိပါသလဲ”ဟု ဖြစ်စေ လျှောက်ထားသူကို ပဝါရိတ (= ဖိတ်မန်သူ)ဟု ဆိုရသည်။ ယခုခေတ် သိမ်ထပ်ရုံမျှဖြင့်လည်းကောင်း, တပည့်တော်ကို ပစ္စည်းလေးပါးဒကာ မှတ်ပါဟူ၍လည်းကောင်း လျှောက်ထားရုံမျှဖြင့် ပစ္စည်းလေးပါး မတောင်းကောင်း။ ရဟန်းဒကာအဖြစ် မှတ်ရုံ, ပစ္စည်းလေးပါး ဒကာအဖြစ် မှတ်ရုံသာ မှတ်ထားရမည်။ ဧည့်သည်အာဂန္တုရဟန်း ရောက်လာလျှင် အာဂန္တုကဆွမ်းကို ဉာတိပဝါရိတ မဟုတ်သူတို့ထံမှ ဖိတ်ကြားကြသည်ကား ဖိတ်သူလည်း မအပ်၊ စားသူလည်း မအပ်ချေ။ သင်္ကန်းကိုသာ မတောင်းအပ်၊ သင်္ကန်းမှတစ်ပါး တောင်းကောင်း၏ဟု မယူလေလင့်။ ဆွမ်းဖိတ်ပေးခြင်း ပစ္စည်းလေးပါး အဖိတ်ခိုင်းခြင်း ရဟန်းဒါယကာ, ရှင်ဒါယကာ အလုပ်ခိုင်းခြင်း, ရှင်ဒါယကာ ရဟန်းဒါယကာ ရှာပေးခြင်းများလည်း မအပ်။ ခိုင်းသူလည်း အပြစ်မလွတ်၊ ထိုသို့ ခိုင်း၍ တောင်း၍ ရသောပစ္စည်းသည်လည်း အဆက်ဆက် မအပ်ဟု မှတ်။

ဆွေမျိုးမတော်စပ်သော ရဟန်းဒါယကာကို ပစ္စည်းလေးပါးဒါယကာဟူ၍ မယူလင့်၊ သူက ပစ္စည်းလေးပါးဖြင့် ဖိတ်ထားမှသာလျှင် ပစ္စည်းလေးပါး ဒါယကာ မြောက်သည်၊ တောင်းကောင်းသည်။ မဖိတ်ထားလျှင်ကား မည်သည့် ပစ္စည်းကိုမျှ မတောင်းကောင်း၊ အယုတ်ဆုံးအားဖြင့် ရေကိုမျှသော်လည်း မတောင်းလေလင့်၊ အညာတကောဟု လာသမျှ အပဝါရိတ မဖိတ်သူကို ယူ။ အစ္ဆိန္နစီဝရရဟန်း, နဋ္ဌစီဝရရဟန်း ဤနှစ်မျိုးကား ဆွေမျိုးမတော် မဖိတ်ထားသော ဒကာဒကာမများထံ တောင်းကောင်းသည်။ အမျိုးတော်သူ ဖိတ်ထားသူတို့၏ အထံ၌ကား ဆိုဖွယ်ရာမရှိ၊ တောင်းကောင်းတော့သည်သာ။

ဖိတ်ထားပုံအမျိုးမျိုး

သံဃာ၏ အစွမ်းဖြင့် ဖိတ်ထားရာ၌ ပမာဏကို ကြည့်၍ တောင်းရသည်။ အိမ်သို့ ကြွရောက်ပါရန် ဖိတ်ရာ၌ အိမ်သို့ ကြွရောက်၍ ချမ်းသာသလို အိပ်ကောင်း ထိုင်ကောင်းသည်။ တစ်စုံတစ်ခုကို မတောင်းကောင်း၊ အိမ်၌ရှိသော ပစ္စည်းကို တောင်းရန် ဖိတ်ရာ၌ အပ်သော ပစ္စည်းကိုသာ တောင်းကောင်းသည်။ အိမ်၌ ထိုင်ခြင်း အိပ်ခြင်းငှာ မအပ်၊ ယခင်က ဖိတ်ကြားထားသူ ဖြစ်သော်လည်း အကြည်ညိုပျက်၍ မပေးလိုသော် အပ္ပဝါရိတအရာ၌ တည်ရကား မတောင်းကောင်းဟု သိပါ။

ပဝါရေတွာပိ အဒါတုကာမော အပဝါရိတဋ္ဌာနေ တိဋ္ဌတိ။ (သာရတ္ထဋီကာ)

အာဠဝီတိုင်းသားရဟန်းများ အတောင်းအရမ်းများမှု

ကုဋိကာရသိက္ခာပုဒ်လာ အကြောင်းအနည်းငယ် တင်ပြလိုပါသည်။ ရဟန်းတို့သည် ကျောင်းဒကာ မရှိဘဲ အတိုင်းအတာပမာဏ မရှိသော ကျောင်းများကို ဆောက်လုပ်ကြရာ မပြီးနိုင်ဘဲ ရှိလေသည်။ လုပ်အားပေးယောင်္ကျား ပေးကြပါ၊ ပေါက်တူး, ဓားမ, ဆောက် ငှားကြပါ၊ နွယ်, ဝါး, မြက်, မြေညက် ပေးကြပါ၊ စသည်ဖြင့် ခဏခဏ အတောင်းအရမ်းများ လာကြလေသည်။

ရဟန်းများ၏ အတောင်းအရမ်းဖြင့် နှိပ်စက်ခံရသူတို့သည် ရဟန်းတွေကို မြင်လျှင် တောင်းလိမ့်ဦးမည်၊ အလှူခံလိမ့်ဦးမည် ထင်၍ ထိတ်ခနဲ ဖြစ်ကြကုန်၏၊ (မြွေကို မြင်လျှင် လန့်ပြီး နောက်ဆုတ်သကဲ့သို့) ရဟန်းများကို မြင်လျှင် လန့်ပြီး နောက်ဆုတ်ကြကုန်၏၊ တချို့လည်း ခပ်ဝေးဝေးမှပင် ထွက်ပြေးကြကုန်၏၊ တချို့လည်း ရဟန်းများသွားရာလမ်းမှ ရှောင်လွှဲ၍ အခြားလမ်းဖြင့် သွားကြကုန်၏၊ ထိုသို့ မရှောင်သာလျှင် မျက်နှာချင်း မဆိုင်မိအောင် မျက်နှာလွှဲ၍ နေကြကုန်၏၊ ရဟန်းများ လာနေသည်ကို မြင်လျှင် အိမ်ရှင်တို့က အိမ်တံခါးကို ပိတ်ထားကြကုန်၏၊ ခပ်ဝေးဝေးမှ နွားအနီမကြီးကို မြင်ရုံမျှဖြင့် ရဟန်းထင်၍ ပြေးကြသူတွေလည်း ပြေးကြကုန်၏၊ ထိုကဲ့သို့ ဖြစ်နေချိန်တွင် အရှင်မဟာကဿပသည် အာဠဝီပြည်၌ သီတင်းသုံးနေခိုက် နှင့် ကြုံ၍ ဆွမ်းခံဝင်တော်မူရာ အရှင်မဟာကဿပကိုလည်း အခြားရဟန်းများနည်းတူ ပြုမူခံရလေသည်။

ထိုအချိန်မှာပင် ဗုဒ္ဓရှင်တော်မြတ်လည်း ရာဇဂြိုဟ်မှ အာဠဝီမြို့သို့ ကြွလာတော်မူလေရာ အရှင်မဟာကဿပသည် အာဠဝီရဟန်းတို့ အတောင်း အရမ်းများသဖြင့် လူတို့အကြည်ညို ပျက်ပြားနေပုံကိုဘုရားရှင်အား လျှောက်ထားလေသည်။ ထိုအခါ ဘုရားရှင်သည် ထိုရဟန်းတို့ကို များစွာ ပြစ်တင်တော်မူ၍ အတောင်းအရမ်းများလျှင် လူကို မဆိုထားဘိ၊ တိရစ္ဆာန်များပင် မုန်းတတ်ကြောင်း မိန့်တော်မူ၍ မဏိကဏ္ဌဇာတ်ကို ဟောတော်မူသည်။

နိဿဂ္ဂိထိုက်သော သင်္ကန်းစွန့်ပုံ

သင်္ကန်းတောင်းကောင်းသော အခါမဟုတ်ဘဲ သင်္ကန်းကို တောင်းခံရာ၌ တောင်းခြင်းပယောဂကြောင့် ဒုက္ကဋ်၊ သင်္ကန်းကို ရရှိလျှင် နိဿဂ္ဂိထိုက်၍ ပါစိတ်အာပတ် သင့်၏၊ စောင်, ခြင်ထောင်, အိပ်ယာခင်းစသည် တောင်းရာ၌လည်း နည်းတူမှတ်။ နိဿဂ္ဂိထိုက်သော သင်္ကန်းကို သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ် တစ်ပါးပါးထံ စွန့်ရမည်။

ဣဒံ မေ ဘန္တေ စီဝရံ အညာတကံ ဂဟပတိကံ အညတြ သမယာ ဝိညာပိတံ နိဿဂ္ဂိယံ၊ ဣမာဟံ သံဃဿ (ဣမာဟံ အာယသ္မန္တာနံ၊ ဣမာဟံ အာယသ္မတော) နိဿဇ္ဇာမိဟု ဆို၍ စွန့်ရမည်။

အကယ်၍ မြန်မာလို စွန့်လိုပါက -

“အရှင်ဘုရား တောင်းသင့်သောအခါ မဟုတ်ပါဘဲ၊ ဆွေမျိုးမတော်သော ဒါယကာထံမှ တောင်းယူအပ်သော တပည့်တော်၏ ဤသင်္ကန်းသည် စွန့်ထိုက်နေပါ၏၊ ဤသင်္ကန်းကို သံဃာအား (အရှင်ဘုရားတို့အား, အရှင်ဘုရားအား) စွန့်ပါ၏”ဟု ဆို၍ စွန့်ရသည်။

စွန့်ပြီးမှသာ အာပတ်ဖြေ ဒေသနာကြားပြီး အစွန့်ခံရသော သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ်က ထိုသင်္ကန်းကို ပြန်ပေးရသည်။ စောင်, ခြင်ထောင်, အိပ်ယာခင်း စသည် စွန့်ရာ၌လည်း ဤနည်းအတိုင်း စွန့်၍ ပြန်ပေးရသည်။

တတုတ္တရိသိက္ခာပုဒ်

ရှေ့သိက္ခာပုဒ်၌ ပြအပ်ခဲ့သော အစ္ဆိန္နစီဝရရဟန်း, နဋ္ဌစီဝရရဟန်းတို့ကို ဆွေမျိုးမတော်သော (ဖိတ်မန်ထားသူလည်း မဟုတ်သော ဒကာဒကာမတို့က သင်္ကန်းမရှိမှန်း သိ၍ များစွာသော သင်္ကန်း (အဝတ်)တို့ဖြင့် အလှူခံရန် ဖိတ်မန်လျှင် ထိုသင်္ကန်းများထဲမှ သင်းပိုင်နှင့်ကိုယ်ရုံ (တစ်စုံ)မျှကိုသာ သာယာကောင်းသည်။ ထိုထက်ပို၍ သာယာလျှင် (ခံယူလျှင်) တတုတ္တရိ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊

မူလက သင်္ကန်းသုံးထည်ဖြင့် လှည့်လည်နေသူမှာ တစ်ထည်ပျောက်လျှင် (ဘာပျောက်ပျောက်) နှစ်ထည် ကျန်ရှိနေသေး၍ မခံယူကောင်း၊ နှစ်ထည်ပျောက်လျှင် တစ်ထည်သာ ယူ၊ သုံးထည်ပျောက်လျှင် နှစ်ထည်သာ ယူ၊ မူလက နှစ်ထည်ဖြင့် လှည့်လည်သူမှာလည်း တစ်ထည်ပျောက်လျှင် တစ်ထည်ယူ၊ နှစ်ထည်ပျောက်လျှင် နှစ်ထည် ခံယူကောင်း၏၊ သုံးထည် စလုံးကိုကား မခံယူကောင်းချေ။

ဤကဲ့သို့ နှစ်ထည်သာ ခံယူကောင်း၏ဟု မိန့်တော်မူခြင်းသည်လည်း သင်္ကန်းပျောက်၍ သင်္ကန်းမရှိကြောင်း သိသည့်အတွက် လာရောက်ဖိတ်မန်သူတို့ အထံမှ ခံယူနည်းကို ပြခြင်း ဖြစ်သည်။ ဖိတ်မန်စဉ်ကပင် သင်္ကန်းမရှိမှန်း သိ၍ ဖိတ်သောကြောင့် ခံယူသူကလည်း အလိုက်သိစွာ လုံလောက်ရုံ နှစ်ထည်သာ အလွန်ဆုံး ခံယူရမည် ဟူလို။ နဂိုက ဖိတ်မန်ပြီးသူ အခြားဂုဏ်အတွက် ကြည်ညို၍ ယခုမှဖိတ်မန်သူနှင့် ဉာတိပဝါရိတတို့ထံမှကား ဒွိစုံထက် ပို၍လည်း ခံယူကောင်းပါသည်။

ပထမဥပက္ခဋ သိက္ခာပုဒ်

ဉာတိပဝါရိတ မဟုတ်သော ဒါယကာ သို့မဟုတ် ဒါယကာမက “ဤ သင်္ကန်းဖိုးဖြင့် သင်္ကန်းဝယ်၍ မည်သည့် ရဟန်းအား လှူဒါန်းမည်”ဟု ရဟန်းတစ်ပါးပါးကို ရည်စူးညွှန်ပြ၍ သင်္ကန်းဖိုး စုဆောင်းထားရာ ရည်ညွှန်းခံရသော ရဟန်းက သတင်းကြားကာ ထိုအလှူရှင်ထံ သွား၍ နဂိုသင်္ကန်းဖိုး-ထက် ပိုကုန်အောင် ထူးထူးထွေထွေ စီမံလျှင် ထိုသင်္ကန်း နိဿဂ္ဂိထိုက်၍ ပါစိတ်အာပတ် သင့်လေတော့သည်။

စီဝရစေတာပန္န (= သင်္ကန်းဖိုး)ဟူသည် - သင်္ကန်းကို လဲလှယ်၍ ရနိုင်သော ရွှေ ငွေစသော အကပ္ပိယဝတ္ထု, ချည် စသော ကပ္ပိယဝတ္ထုများကို သင်္ကန်းဖိုးဟု ဆိုသည်။

ပုဗ္ဗေ အပ္ပဝါရိတော

အရှင်ဘုရား သင်္ကန်းအလိုရှိက မိန့်တော်မူပါ။ အရှင်ဘုရားအား သင်္ကန်း လှူပါအံ့။ အရှင်ဘုရားသည် အဘယ်သင်္ကန်းကို အလိုရှိပါသနည်း။ အဘယ်သို့သော သင်္ကန်းမျိုးကို ဝယ်လှူရပါအံ့နည်းဟု ရှေးအဖို့၌ မေးမြန်းခြင်း လျှောက်ထားခြင်းကို ဆိုသည်။ ထိုသင်္ကန်းကို လှူမည့် အလှူရှင်၏ အဖိတ်ကို ရှေးက မခံရဖူးသော ရဟန်းတည်း။

(မှတ်ချက်) ရှေးအဖို့၌ မဖိတ်ကြားခြင်းဟု ဆိုသောကြောင့် ထိုခဏ၌ ဖိတ်ကြားသော်လည်း ဖိတ်ရာမရောက်ဟု ဆို၏၊

ဧဝရူပံ ဝါ ဧဝရူပံ ဝါ

ရဟန်းက လက်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ သင်္ကန်းပုံစံကို ညွှန်ပြသော စကားဖြစ်သည်။ ဤမျှလောက် အလျားရှည်ရှည်, သည်လို အနံပြန့်ပြန့်, သည်ပုံ ကျစ်ကျစ်, သည်နည်း ချောချော စသည်ဖြင့် ပြောဆိုခြင်းကို ဆိုသည်။

စီဝရေ ဝိကပ္ပံ အာပဇ္ဇေယျ

ဝိ = ထူးသော။ ကပ္ပ = ပြုစီမံခြင်း။ မူလရည်ရွယ်ထားသော သင်္ကန်းထက် အလျားရှည်အောင် အနံပြန့်အောင် အသားကျစ်အောင် ချောမောအောင် စီမံခြင်းတည်း။ ထိုသို့ ထူးထွေ ကောင်းမွန်လာအောင် စီမံရာ၌ စီမံလိုက်သည့်အတွက် မူလရည်စူးထားသော တန်ဖိုးထက် ပိုသွားမှသာ နိဿဂ္ဂိထိုက်သည်။ တန်ဖိုး မပိုလျှင်ကား မိမိကို ရည်စူးပြီးသားဖြစ်၍ နိဿဂ္ဂိ မထိုက်၊ ဉာတိပဝါရိတတို့အထံ၌ တန်ဖိုးပိုသော်လည်း အပ်၏၊ နိဿဂ္ဂိ မထိုက်သည်ဟု သိပါ။

ဝဿိကသာဋိက သိက္ခာပုဒ်

(ဝဿိက = မိုးအခါ ဝတ်အပ်သော။ သာဋိက = အဝတ်သင်္ကန်း။)

ဤသိက္ခာပုဒ်ကား မိုးရေခံသင်္ကန်းကို ရှာမှီးရာခေတ် (ကာလ), ချုပ်ဆိုး၍ ဝတ်ရုံရာခေတ်ကို ပြ၍ ထိုကာလ၌မဟုတ်ဘဲ ရှာလျှင်လည်းကောင်း, ချုပ်ဆိုး၍ ဝတ်လျှင်လည်းကောင်း နိဿဂ္ဂိပါစိတ်ဟု ပညတ်တော်မူသော သိက္ခာပုဒ် တည်း။

ရတနဝဂ်၌လည်း ဝဿိကသာဋိက သိက္ခာပုဒ် ရှိသေး၏၊ ဝေဿ = မိုးအခါ၌။ အဓိဋ္ဌာတဗ္ဗာ = အဓိဋ္ဌာန်တင်အပ်သော သင်္ကန်းသည်။ ဝဿိကာ မည်၏၊ မိုးအခါဝယ် ဝဿိကသာဋိကဟူသော နာမည်ဖြင့် အဓိဋ္ဌာန်တင်၍ ဖြစ်စေ, အခြားအခါဝယ် ဝိကပ္ပနာပြု၍ဖြစ်စေ, ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်၍ဖြစ်စေ ဆောင်အပ်သော သင်္ကန်းကို ဝဿိကသာဋိကဟု ခေါ်သည်။ သာဋိက သဒ္ဒါကား ဝတ္ထသဒ္ဒါ၏ ပရိယာယ်တည်း။

မိုးရေခံသင်္ကန်း ပမာဏ

ဘုရားရှင်၏ အထွာတော်ဖြင့် အလျား - (၆)ထွာ၊ အနံ - (၂)ထွာခွဲမျှ ရှိသော နဂိုက မရှိလျှင် ဆက်စပ်ထားသော ပိတ်, ဖျင်စသည်ကို မိုးရွာသောအခါ ဝတ်၍ (ရေသနုပ်ကဲ့သို့ အသုံးချ၍) မိုးရေကို ခံကြရ ချိုးကြရသောကြောင့် မိုးရေခံသင်္ကန်းဟု ခေါ်သည်။

သင်္ကန်းဟုဆိုသော်လည်း ဆိုးရည်ဖြင့် ပကတိသင်္ကန်းရောင်ထွက်အောင် ဆိုးမှ မဟုတ်၊ ဆင်စွယ်ရောင်ကဲ့သို့ ခပ်ဝါဝါ အရောင်ထွက်ရုံမျှ တစ်ကြိမ်လောက် ဆိုးလျှင်ပင် ဝတ်ကောင်းပြီးဟု မှတ်ပါ။ ဤသင်္ကန်းပမာဏထက် လွန်လျှင်ကား သုဒ္ဓပါစိတ်တည်း။

မိုးရေခံသင်္ကန်းနှင့် စပ်၍ - 
၁။ ပရိယေသန = သင်္ကန်းရှာမှီးရာ ကာလ၊ 
၂။ ကရဏ = ချုပ်ဆိုးခွင့် ကာလ၊ 
၃။ နိဝါသန = ဝတ်ခွင့်ကာလ၊ 
၄။ အဓိဋ္ဌာန = အဓိဋ္ဌာန်တင်ခွင့်ကာလဟု ကာလလေးမျိုး ပိုင်းခြားထားပါသည်။

၁။ နယုန်လပြည့်မှစ၍ ထိုလကွယ်အထိ (၁၄)ရက်သည် မိုးရေခံသင်္ကန်းကို ရှာရုံသာ အခွင့်ရသော ပရိယေသနကာလတည်း။

၂။ ဝါဆိုလဆန်း တစ်ရက်နေ့မှ စ၍ ဝါဆိုလပြည့်နေ့အထိ (၁၅)ရက်သည် မရသေးလျှင် ဆက်လက်ရှာခွင့်ရပြီး ချုပ်ဆိုးခွင့်, ဝတ်ခွင့်ရသော ခေတ် တည်း။ ဆိုခဲ့သော တစ်လအတွင်း အဓိဋ္ဌာန်တင်ခွင့် မရသေး။

၃။ ဝါဆိုလပြည့်ကျော် တစ်ရက်မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ (၄)လသည် မရသေးလျှင် ဆက်လက်ရှာခွင့်, ချုပ်ဆိုးခွင့်, ဝတ်ခွင့်, အဓိဋ္ဌာန်တင်ခွင့် (၄)မျိုးလုံးရသော (ပရိယေသန၊ ကရဏ၊ နိဝါသန၊ အဓိဋ္ဌာန) ခေတ်တည်း။

ကျန်သော တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်မှစ၍ လာမည့်နှစ် နယုန်လပြည့်အထိ (၇)လကား မိုးရေခံသင်္ကန်းနှင့် လုံးဝ မဆက်စပ်သော ပိဋ္ဌိသမယဟု မှတ်၊ ကျောဘက်နှင့်တူသော အပြင်ဘက်ကာလတည်း။ ရှေး၌ ဆိုခဲ့သော (၅)လကား ကုစ္ဆိသမယ ဝမ်းဘက်နှင့်တူသော အတွင်းဘက် ကာလတည်း။

ထပ်မံ၍ အကျဉ်းချုပ် မှတ်ရန်

ရှာရာခေတ် ရှာနိုင်သောခေတ်သည် နယုန်လပြည့်ကျော်တစ်ရက်မှ တန်ဆောင်မုန်းလပြည့်အထိ (၅)လဟုလည်းကောင်း၊ ချုပ်ဆိုး ကပ္ပဗိန္ဒုထိုး၍ ဝတ်ရာခေတ်သည် ဝါဆိုလဆန်းတစ်ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ (၄)လခွဲတည်း။ အဓိဋ္ဌာန်တင်ရာခေတ်သည် ဝါဆိုလပြည့်ကျော်တစ်ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ (၄)လတည်းဟုလည်းကောင်း မှတ်ပါလေဦး။

ပိတ်တိုဖျင်စ (၁၁) လ အဓိဋ္ဌာန် ဝိကပ္ပနာမပြုဘဲ ထားခွင့်ရ

နယုန်လပြည့်ကျော်တစ်ရက်နေ့မှ စ၍ သင်္ကန်းမချုပ်လောက်သော ပိတ်စ ဖျင်စ စသည်ကို မချုပ်ရသေးသမျှ တန်ဆောင်မုန်းလပြည့်နေ့အထိ အဓိဋ္ဌာန် ဝိကပ္ပနာမပြုဘဲ ထားနိုင်၏၊ ကထိန်အာနိသင် ရပြန်လျှင် ပထမကထိန သိက္ခာပုဒ်အရ တပေါင်းလပြည့်နေ့အထိ ထားနိုင်၏၊ ဆက်စပ်၍ ချုပ်ဖို့ရန် မျှော်လင့်ချက် ပစ္စာသာသင်္ကန်း ရှိနေသေးလျှင် တတိယကထိနသိက္ခာပုဒ်အရ နောက်ထပ်တစ်လ (တန်ခူးလပြည့်)အထိ ထားနိုင်၏၊ ဤသို့ ဝါထပ်လျှင် (၁၁)လ၊ ဝါမထပ်လျှင်(၁၀)လ အဓိဋ္ဌာန်, ဝိကပ္ပနာမပြုဘဲ ထားခွင့် ရသည်ဟု မှတ်။ ချုပ်ဆိုးပြီးလျှင်ကား ဝဿိကသာဋိက အမည်ဖြင့် “ဣမံ ဝဿိကသာဋိကံ အဓိဋ္ဌာမိ”ဟု ဆို၍ မိုးလအတွင်း အဓိဋ္ဌာန်တင်ရမည်။ မိုးလလွန်လျှင်ကား ပစ္စုဒ္ဓိုရ်ပြု၍ ပရိက္ခာရစောဠ သို့မဟုတ် ဝိကပ္ပနာ တစ်ခုခု သင့်ရာ ပြုထားရမည်။

စီဝရအစ္ဆိန္ဒန သိက္ခာပုဒ်

“မိမိ၏ ဝေယျာဝစ္စကို ပြုလိမ့်မည်စသော မျှော်လင့်ချက်ဖြင့် ရဟန်းတစ်ပါးအား သင်္ကန်းပေးပြီးနောက် မျှော်လင့်ချက် မကိုက်၍ စိတ်ဆိုးဆိုးနှင့် ပေးပြီးသင်္ကန်းကို ပြန်၍ ကိုယ်တိုင်လုယူသည်ဖြစ်စေ၊ တစ်ယောက်ယောက်ကို လုယူရန် စေခိုင်းသည်ဖြစ်စေ နိဿဂ္ဂိပါစိတ်။

ကိုယ်တိုင်ပေးပြီး ပြန်လုယူမှ အပြစ်ရှိသည်။ ကိုယ်တိုင်မပေးဘဲ သူများက ပေးလိုက်သည်ကို ပြန်လုယူက ဤသိက္ခာပုဒ်အရ အပြစ်မရှိ။ မိမိနှင့် ဆိုင်သေးသည်ဟူ၍ သကသညာဖြင့် လုယူမှသာ နိဿဂ္ဂိယ၊ သူပိုင်မှန်း သိလျက် လုယူရာ၌ကား တန်ဖိုးလိုက်၍ ပါရာဇိကအထိ ဆုံးဖြတ်ခွင့် ရှိသည်။

ရဟန်း၏ သင်္ကန်းကို လုယူမှ နိဿဂ္ဂိထိုက်သည်။ ရဟန်း၏ သင်္ကန်းမှတစ်ပါး အခြားဥစ္စာကိုလည်းကောင်း၊ လူ, သာမဏေ၏ ဥစ္စာကိုလည်းကောင်း ပေးပြီးနောက် ပြန်၍လုရာ၌ ဒုက္ကဋ်ဟု မှတ်။

(အမှာ) သုတ္တဝိညတ္တိသိက္ခာပုဒ်နှင့် မဟာပေသကာရသိက္ခာပုဒ်တို့ သိသာထင်ရှား၍ မရေးတော့ပြီ၊ ဆိုင်ရာ သိက္ခာပုဒ်သာ ကြည့်ပါလေ။

အစ္စေကစီဝရ သိက္ခာပုဒ်

ဤသိက္ခာပုဒ်ကား “သီတင်းကျွတ်လမပြည့်မီ (၁၀)ရက် အတွင်း၌ အစ္စေကသင်္ကန်းရလျှင် ထိုသင်္ကန်းကို အစ္စေကသင်္ကန်းဟု သိသော ရဟန်းသည် ခံယူနိုင်ကြောင်း ခံယူပြီးနောက် သင်္ကန်းကာလကုန်အောင် အဓိဋ္ဌာန် ဝိကပ္ပနာ မပြုဘဲ ထားနိုင်ကြောင်းကိုလည်းကောင်း၊ ထို့ထက်အလွန် အဓိဋ္ဌာန် ဝိကပ္ပနာမပြုဘဲ ထားလျှင် နိဿဂ္ဂိပါစိတ်ဟုလည်းကောင်း ပညတ်တော်မူအပ်သော သိက္ခာပုဒ်တည်း။ သင်္ကန်းလှူရိုးလှူစဉ်ဖြစ်သော ဝါကျွတ်သော အခါ သီတင်းကျွတ်လပြည့်နေ့သို့ မရောက်သေးခင် အရေးတကြီး ကြိုတင် လှူအပ်သောကြောင့် အစ္စေကသင်္ကန်းဟု ခေါ်သည်။

အစ္စေကသင်္ကန်း အဆောတလျင် လှူပုံ

၁။ ခရီးသွားမည့်သူ၊ ၂။ ကိုယ်ဝန်ရှိသူ၊ ၃။ မကျန်းမာသူ၊ ၄။ တရားနာရခြင်း စသည်ကြောင့် ရုတ်တရက် သဒ္ဓါတရားဖြစ်သူ၊ ဤတစ်ဦးဦးသည် “ဝဿာဝါသိကံ ဒဿာမိ” - ဝါဆိုသင်္ကန်း ကပ်လှူလိုပါသည်ဟု အရေးတကြီး ပင့်၍ဖြစ်စေ၊ ကိုယ်တိုင်လာပြီးလျှင် “ဝဿာဝါသိကံ ဒမ္မိ” - “ဝါဆိုသင်္ကန်း ကပ်လှူပါ၏”ဟု လျှောက်၍ဖြစ်စေ လှူအပ်သော သင်္ကန်းကို အစ္စေကသင်္ကန်းဟု ခေါ်သည်။

ဤအလှူရှင်များတွင် အထက် (၃)မျိုးကား အသက်အတွက် စိုးရိမ်ခြင်း စသည်ကြောင့် လှူခြင်းဖြစ်ပြီး နောက်ဆုံးတစ်မျိုးမှာ ထူးခြားစွာ ဖြစ်ပေါ်လာသော သဒ္ဓါတရားကြောင့် လှူခြင်း ဖြစ်သည်။

(ဆောင်) သွား, နာ, ဝန်, သစ်၊ ဝါဆို ဖြစ်၊ စင်စစ် အစ္စေက။

ခရီးသွားမည်, ဂဗ္ဘိနီနှင့်, မအီမကျန်း, သဒ္ဓါစွမ်းကြောင့်, ရဟန်းထံရင်း, ရုတ်ချင်းပင့်ကာ, လာတန်လာ၍, ဝဿာဝါသိ, ဒဿာမိဟု, ဆိုဘိ လှူဒါန်း, ထိုသင်္ကန်း, ခေါ်မှန်း အစ္စေက။

ဝါဆိုသင်္ကန်း

ဝဿာဝါသိကပုဒ်၏ အနက်ကို ဝါဆိုသင်္ကန်းဟု မြန်မာပြန်ကြ၏၊ ယခုကာလ၌လည်း ဝါမဆိုခင် ဝါဆိုသင်္ကန်း ဟု ခေါ်လျက် သင်္ကန်းကပ်ကြ၏၊ ကျမ်းဂန်လာ ဝဿာဝါသိကသင်္ကန်းကား ဝါတွင်း၌ ဝါကပ်နေသော ရဟန်းသံဃာအား လှူအပ်သော သင်္ကန်း ဖြစ်သည်။ ထိုဝဿာဝါသိကစီဝရသည် အစ္စေကစီဝရ, အစ္စေက မဟုတ်သော စီဝရဟု (၂)မျိုး လာရှိရာ ဝဿာဝါသိက အစ္စေကစီဝရသာ ဤသိက္ခာပုဒ်နှင့် ဆိုင်သည်။ ဝဿာဝါသိက ဖြစ်သော်လည်း အစ္စေက မဟုတ်လျှင်, အစ္စေက ဟုတ်သော်လည်း ဝဿာဝါသိက မဟုတ်လျှင် ထို(၂)မျိုးလုံး ဟုတ်စေကာမူ သီတင်းကျွတ်လဆန်း (၅)ရက်မှ လပြည့်အတွင်း မဟုတ်လျှင် ဤသိက္ခာပုဒ်နှင့် မဆိုင်ဟု မှတ်ပါ။

ဝဿာဝါသိကံ ဒဿာမိဟု လျှောက်၍ လှူရာ၌ ဝဿာဝါသိကဟူသည် ဝါတွင်း၌ ဝါကပ်နေသော သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ်အား လှူဒါန်းအပ်သော သင်္ကန်းတည်း။ ထို့ကြောင့် သံဃာ, ဂိုဏ်းအား ထိုအစ္စေက လှူရာ၌ သံဃာမှ (သို့မဟုတ်) ဂိုဏ်းမှ ဝေစုရ၍ဖြစ်စေ, မိမိအား ပုဂ္ဂလိက တိုက်ရိုက် လှူသည်ဖြစ်စေ တစ်နည်နည်းဖြင့် ရခြင်းကို ဥပ္ပဇ္ဇေယျ-ဟု ဆိုသည်။

ထိုသို့ ရရာ၌ သီတင်းကျွတ်လဆန်း (၅)ရက်မတိုင်မီ ရသော အစ္စေက သင်္ကန်းအတွက် ဤသိက္ခာပုဒ်က အထူး လွတ်လပ်ခွင့် မပေးနိုင်၊ အများသင်္ကန်းထုံးစံအတိုင်း ပထမကထိနသိက္ခာပုဒ်အရ ဆယ်ရက်မလွန်ခင် အဓိဋ္ဌာန် ဝိကပ္ပနာ သင့်ရာ ပြုထားရမည်။

လွတ်လပ်ခွင့် တစ်ရက် ပိုရပုံ

သီတင်းကျွတ်လဆန်း (၅)ရက်နေ့၌ ရအပ်သော အစ္စေကသင်္ကန်း အတွက်သာ ဤသိက္ခာပုဒ်အရ လွတ်လပ်ခွင့် တစ်ရက် ပိုရသည်။ တစ်ရက် ပို၍ ထားခွင့်ရခြင်းသည် ဤအစ္စေက ဝဿာဝါသိကသင်္ကန်းအဖို့ ထူးခြားပုံ တည်း။ ထိုသီတင်းကျွတ်လဆန်း (၅)ရက်နေ့၌ ဝဿာဝါသိက သင်္ကန်းကိုပင် ရစေကာမူ အစ္စေက မဟုတ်လျှင် (ဖြည်းဖြည်းသက်သာ ရိုးရာ လှူနေကျ လှူဒါန်းသော သင်္ကန်းဖြစ်လျှင်) ဤအစောင့်အရှောက် မရ၊ လပြည့်နေ့ည အရုဏ်တက်လျှင် နိဿဂ္ဂိဖြစ်မည်။ လဆန်း (၆)ရက်မှ စ၍ ရသော သင်္ကန်းများကား အစ္စေကသင်္ကန်း ဟုတ်ဟုတ်, မဟုတ်ဟုတ် (၁၁)ရက်မြောက် အရုဏ် မှာ သင်္ကန်းထားခွင့်ရသော သင်္ကန်းကာလဖြစ်၍ အရုဏ်တက်သောကြောင့် အားလုံးသင်္ကန်းများ နိဿဂ္ဂိ မဖြစ်နိုင်။

ထို့ကြောင့် ဤသိက္ခာပုဒ်သည် ပထမကထိနသိက္ခာပုဒ် ခွင့်ပြုချက် (၁၀)အရုဏ်ထက် လဆန်း (၅)ရက်နေ့၌ ရသောသင်္ကန်းအတွက် လဆန်း (၅)ရက်ဟူသော တစ်ရက် ပို၍ထားခွင့်ရသောကြောင့် ပထမကထိန သိက္ခာပုဒ်၏ အနုပညတ်သဖွယ် ဖြစ်သည်ဟု ဆိုကြသည်။

သာသင်္ကသိက္ခာပုဒ်

တောကျောင်း၌ဖြစ်စေ, ရွာကျောင်း၌ဖြစ်စေ ပုရိမဝါကပ်၍ မကျိုးမပြတ် နေပြီးနောက် သီတင်းကျွတ်လပြည့်နေ့၌ ပဝါရဏာပြုပြီးလျှင် သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လလုံးလုံး သာသင်္က, သပ္ပဋိဘယဖြစ်သော တောကျောင်း၌နေသော ရဟန်းသည် သင်္ကန်းသုံးထည်တွင် တစ်ထည်ထည်ကို အနီးအပါး ဆွမ်းခံရွာ၌ ထားလိုလျှင် ထားနိုင်၏၊ (ထိုသင်္ကန်းနှင့် တစ်လလုံး ညဉ့်ကင်းနေသော်လည်း အနီးအနား ဆွမ်းခံရွာမှာပင် သင်္ကန်းရှိနေသောကြောင့် ညဉ့်ကင်းရာ မရောက်၊ နိဿဂ္ဂိ မထိုက်ဟူလို) ထို့ပြင် ထိုနေမြဲသော ကျောင်း၌ အခြားကျောင်းသို့ ကိစ္စရှိ၍ သွားရသည့်အတွက် ထိုသင်္ကန်းနှင့် လုံးလုံး ကင်းနေခွင့် ကြုံပြန်လျှင် (၆)ညဉ့်အထိ ကင်းနေခွင့် ရှိ၏၊ သမ္မုတိရသူ မဟုတ်ဘဲ ထို (၆)ညဉ့်ထက် ပို၍ ညဉ့်ကင်း မနေရ၊ ညဉ့်ကင်းနေလျှင် နိဿဂ္ဂိထိုက်သည်။

သင်္ကန်းထားခွင့် အင်္ဂါ (၄) ပါး

၁။ ဥပဝဿံ-အရ ပုရိမဝါကျွတ်သူ ဖြစ်ခြင်း၊ ၂။ ကတ္တိကပုဏ္ဏမံ-အရ တန်ဆောင်မုန်းလဖြစ်ခြင်း၊ ၃။ အရညကာနိ-အရ လေးအပြန်ငါးရာ ဝေးသော တောကျောင်းဖြစ်ခြင်း၊ ၄။ သာသင်္ကသမ္မတာနိ သပ္ပဋိဘယာနိ-အရ ခိုးသူတို့ သွားလာနေထိုင်ရာများတွေ့၍ ထိုခိုးသူတို့ သင်္ကန်းကို ခိုးယူခြင်း၊ ခိုးယူလိမ့်မည်ဟု ယုံမှားသံသယ ဖြစ်ဖွယ် ရှိခြင်း၊ ခိုးသူတို့ လုယက်ရိုက်နှက် ပုတ်ခတ်သတ်ဖြတ်ထားသည်ကို တွေ့ရသဖြင့် ဘေးအန္တရာယ်ရှိနေသော ကျောင်း ဖြစ်ခြင်း၊ ဤအင်္ဂါလေးပါးစုံမှ ဆွမ်းခံရွာတွင်း၌ သင်္ကန်းထား၍ ထိုသင်္ကန်းနှင့် ညဉ့်ကင်းနေခွင့် ရသည်။

(ဆောင်) ဝါပုရိမ ကျွတ်ပြီးမှလျှင်၁ လတန်ဆောင်မုန်း၂ နည်းထုံးကျန တောရ ကျောင်းတွင်၃ သာသင် သပ္ပဋိ၄ လေးအင် ပြည့်မူ၊ မိမိဆွမ်းခံ ရပ်ရွာထံ၊ ထားရန်ခွင့်ပြုသည်။

(မှတ်ချက်) တန်ဆောင်မုန်းဟူသည် မြန်မာပြက္ခဒိန်လနှင့် မတူပါ။ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိတည်း။ မဇ္ဈိမဒေသထုံးစံမှာ ကောင်းကင်က လဝန်းကြီး ပြည့်လျှင် ခေါ်ဝေါ်နေကျ ဝေါဟာရ မာသလည်း ပြည့်တော့သည်။ တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်မှစ၍ သင်္ကန်းထားခွင့် မရတော့ပြီ။

မြန်မာနိုင်ငံ အချို့အရပ်ဒေသ၌ ပန်းထိုးကာလခေါ်သော တန်ဆောင်မုန်းလပြည့်ဝယ် အပျော်တမ်း ကစားကြသကဲ့သို့ ထို့အတူ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်မှ တန်ဆောင်မုန်းလပြည့်အတွင်းဝယ် ကတ္တိကစောရ ခေါ်သော အပျော်တမ်းသူခိုးတွေ အလွန် ပေါများတတ်၏၊ ထို့ကြောင့် ထိုတစ်လအတွင်း၌ သင်္ကန်းကို ဆွမ်းခံရွာတွင်း၌ ထား၍ ညဉ့်ကင်းခွင့် ပေးတော်မူသည်။ ထိုသို့ ညဉ့်ကင်းနေသော်လည်း မိမိသင်္ကန်း ပျောက်ပျက် မပျောက်ပျက်ကိုကား နေ့စဉ်သိဖို့ အရေးကြီးသောကြောင့် မိမိဆွမ်းခံနေကျ ရွာ၌သာ ထားခွင့်ပြုတော်မှုသည်။ ထို့ကြောင့် ထိုသင်္ကန်းထားခွင့်ရသော ရွာသည် တောကျောင်းပီပီ လေးအပြန် ငါးရာအောက်လည်း မနီးစေရ၊ ဆွမ်းခံ သွားနိုင် ပြန်နိုင်လောက်အောင် တစ်ဂါဝုတ်ထက်လည်း မဝေးစေရဟု ဆိုကြသည်။

လေးဆရာတို့လေးကား ညှို့မတင်ဘဲထားလျှင် လေးတောင်ထွာ ရှိ၏၊ ညှို့တင်ထားလျှင်ကား လေးတောင် ရှိ၏၊ ညှို့တင်ထားပြီးသော လေးဖြင့် အပြန်ငါးရာ၊ အတောင်အားဖြင့် (၂၀၀၀) ဝေးသည်ဟု မှတ်၊ အရံရှိသော ရွာဖြစ်အံ့ ခြံစည်းရိုမှ စ၍၊ အရံမရှိသော ရွာဖြစ်အံ ဃရူပစာရက ခဲတစ်ကျမှ စ၍ တိုင်းတာရမည် ဖြစ်သည်။

(ဆောင်) ကုလလေးတာ၊ ပြန်ငါးရာ၊ ဝေးကွာ ရညကာ။

(မှတ်ချက်) သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလ ပြည့်နေ့အထိသည် သင်္ကန်းကာလ ဖြစ်၏၊ ထို သင်္ကန်းကာလ၌ပင် သင်္ကန်းနှင့် ညဉ့်ကင်းနေခွင့်ကို တောကျောင်းဘုန်းကြီးများအတွက် သီးခြား ခွင့်ပြုတော်မူချက်ကို ထောက်၍ အခြား ပုဂ္ဂိုလ်များမှာ ကထိန်အာနိသင် မရလျှင် သင်္ကန်းကာလ ဖြစ်စေ ကာမူ တိစီဝရိက်အဓိဋ္ဌာန်တင်အပ်သော သင်္ကန်းနှင့် ညဉ့် မကင်းကောင်းဟု သိသာထင်ရှားသည်။

နိဿဂ္ဂိထိုက်ပုံ

ဆိုခဲ့ပြီးသည့်အတိုင်း (၆)ညဉ့်ထက်ကား အခြားမှာ နေသောအားဖြင့် ညဉ့်မကင်းရတော့ချေ။ မိမိ အမြဲနေရာ တောကျောင်းသို့ ပြန်နိုင်လျှင် ပြန်လာခဲ့ရမည်။ တောကျောင်းသည် သင်္ကန်းထားရာရွာ၏ အရှေ့ဘက်၌ ရှိ၏၊ ကိစ္စရှိ၍ သွားသောအရပ်ကား ရွာအနောက်ဘက်၌ရှိရာ ကိစ္စလည်း မပြီးသေးသဖြင့် မူလကျောင်းရောက်အောင် မပြန်နိုင်သေးသော် သင်္ကန်းထားရာရွာသို့ ရောက်ရှိလာ၍ သင့်လျော်သော နေရာ၌ နေလျက် (၇)ရက်မြောက်အရုဏ်ကို တက်စေကာ မိမိသင်္ကန်း၏ သတင်းကို နားထောင်ပြီးမှ သင်္ကန်း၏ အခြေအနေကို သိပြီးမှ မိမိကိစ္စ မပြီးသေးရာအရပ်သို့ ပြန်သွားရမည်။ ထိုကဲ့သို့ မတတ်နိုင်လျှင် သင်္ကန်းကို ပစ္စုဒ္ဓိုရ်ပြု၍ အဓိဋ္ဌာန်ချ၍လည်း အာပတ်မသင့်အောင် စီမံနိုင်သေး၏၊ ထိုသို့ မပြုဘဲ သမ္မုတိရသူလည်း မဟုတ်ဘဲ (၇)ရက်မြောက်အရုဏ်ကို တခြားအရပ်မှာ တက်စေလျှင် ထို သင်္ကန်း နိဿဂ္ဂိထိုက်၏၊

အင်္ဂါ (၄) ပါး - ၁။ တိစီဝရိက် အဓိဋ္ဌာန်တင်ထားအပ်ပြီးသောသင်္ကန်း ဖြစ်ခြင်း၊ ၂။ ကထိန်မခင်းခြင်း (ခင်းသော်လည်း နုတ်ပြီးခြင်း)၊ ၃။ အဝိပ္ပဝါသသမ္မုတိ မရခြင်း၊ ၄။ ခြောက်ညဉ့်ထက်ပို၍ ညဉ့်ကင်းခြင်း၊ ဤအင်္ဂါ (၄)ပါး ညီလျှင် နိဿဂ္ဂိထိုက်၏၊

(ဆောင်) ဓိဋ္ဌာန်တင်လစ်၊ သင်္ကန်းဖြစ်သား၁၊ စင်စစ်ကထိန် ခင်းမကြိမ်တည်း၂၊ နာချိန်သမ္မုတိ မရရှိဘဲ၁၊ ခြောက်ညဉ့်အရုဏ် ကင်းနေတုံဟု၄၊ ကြောင်း စုံ လေးလီ၊ အင်္ဂါညီ၊ သင့်ပြီ သာသင်္က။

ပရိဏတသိက္ခာပုဒ်

သံဃာ၌ ညွှတ်စေအပ်ပြီးဟု သိသော သံဃိကလာဘ်ကို မိမိသို့ ညွှတ်စေလျှင် နိဿဂ္ဂိပါစိတ်သင့်၏၊ သံဃဿ သန္တကော သံဃိကော =သံဃာ၏ ဥစ္စာဖြစ်သော သင်္ကန်းစသော ပစ္စည်းလေးပါးတည်း။အယုတ်ဆုံးအားဖြင့် ဒန်ပူ မိစ္ဆာ ချည်မျှင်စသော ပစ္စည်းများတည်း။ လဘိတဗ္ဗောတိ လာဘော =ရအပ်ရထိုက်သော သင်္ကန်းစသော လာဘ်တည်း။ထိုပစ္စည်းမျိုးကို မည်သည့် ကျောင်းတိုက် သံဃာအား လှူမည်, သံဃာအတွက် ဆောက်လုပ်မည် စသည်ဖြင့် အလှူရှင်က နှုတ်မြွက်ပြောဖူးလျှင် သို့မဟုတ် လက်ရိပ်ဖြင့် ပြဖူးလျှင် ပရိဏတမည်၏၊ ထိုသို့ နှုတ်မြွက် ပြောဆိုဖူးသည်မှစ၍ သံဃာလက်သို့ မရောက်သေးသော်လည်း သံဃိကဟု ဆိုရတော့သည်။

အတ္တနော ပရိဏာမေယျ - “ဤသင်္ကန်းစသော ဝတ္ထုကို ငါ့အား လှူကြကုန်လော့” စသည်ဖြင့် ပြောဆိုခြင်းကို ဆိုသည်။ အထူးကား သံဃာအား လှူထားပြီးသော ဝတ္ထုကိုကား ယူခြင်းငှာ မအပ်၊ သံဃာအားသာ ပြန်ပေးအပ်၏၊ ပြန်မပေးက ဘဏ္ဍာစားထိုက်၏ဟု သိ။

သံဃာအား မလှူရသေး ညွှတ်ရုံညွှတ်ပြီးသော လာဘ်ကို သီတင်းသုံးဖော်ငါးယောက်တို့၏ ဥစ္စာဖြစ်စေ, လူတို့၏ ဥစ္စာပင်ဖြစ်စေ, အယုတ်ဆုံး မိခင်၏ ဥစ္စာပင်ဖြစ်စေ မိမိသို့ ညွှတ်စေအံ့, ပယောဂတိုင်း ဒုက္ကဋ်၊ ရသော် နိဿဂ္ဂိထိုက်၏၊

ညွှတ်ခြင်း (၉) မျိုး

ဤမည်သော သံဃာအား ညွှတ်ထားသော ဝတ္ထုကို အခြားတစ်ပါးသော သံဃာအား, စေတီအား, ပုဂ္ဂိုလ်အား ညွှတ်စေခြင်းဟု (၃)မျိုး၊ ဤမည်သော စေတီအား ညွှတ်ထားသော ဝတ္ထုကို တခြားတစ်ပါးသော စေတီ, သံဃာ, ပုဂ္ဂိုလ်အား ညွှတ်စေခြင်းဟု (၃)မျိုး၊ ဤမည်သော ပုဂ္ဂိုလ်အား ညွှတ်ထား သော ဝတ္ထုကို တခြားတစ်ပါးသော ပုဂ္ဂိုလ်, သံဃာ, စေတီအား ညွှတ်စေခြင်း (၃)မျိုးဟု ပေါင်း (၉)မျိုး ပြား၏၊ ထိုတွင် သံဃာအား ရည်၍ ညွှတ်ထားသည်ကို မိမိအား ညွှတ်စေအံ့ နိဿဂ္ဂိပါစိတ်၊ ပုဂ္ဂိုလ်အား ညွှတ်စေအံ့ သုဒ္ဓပါစိတ် (သိက္ခာပုဒ် သီးခြားရှိသည်)၊ ကြွင်းရှစ်ပါး ညွှတ်စေရာ၌ ဒုက္ကဋ်၊ လှူသူနှင့် ခံယူသူ အပြစ်မရှိ၊ ခိုင်းသူသာ အပြစ်ရှိသည်။ မည်သည့်နေရာ၌ လှူသင့်ပါသနည်းဟု တိုင်ပင်လာလျှင်ကား မိမိသဘောအတိုင်း ညွှန်ပြကောင်း၏၊

(ဆောင်) စေတီ, သံဃာ, ပုဂ္ဂလာ၊ ဤမှာ လှူမည်ညွှတ်။
ညွှတ်ရာမှာ ခြား၊ လှူခိုင်းငြား၊ ကိုးပါး ပြားဟုမှတ်။
သံဃာညွှတ်ထား မိမိအား၊ ညွှတ်ငြား နိဿဂ္ဂတ်။
တစ်ပါးပုဂ္ဂလ ညွှတ်စေက၊ သုဒ္ဓပါစိတ်မှတ်။
အကြွင်း ရှစ်ပါး၊ ဒုက္ကဋ်ကြား၊ ခွဲခြား သိစေအပ်။
လှူသူခံသူ၊ ပြစ်မမူ၊ ခိုင်းသူ အပြစ်ကပ်။

ပတ္တသိက္ခာပုဒ်

အဓိဋ္ဌာန် ဝိကပ္ပနာလောက်သော ကိုယ်ပိုင်မြေသပိတ် သံသပိတ်ကို အဓိဋ္ဌာန်မတင် ဝိကပ္ပနာမပြုဘဲ ဆယ်ရက်ထက် ပိုလွန်၍ မထားရ၊ ထားလျှင် ပတ္တနိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊

ဦနပဉ္စဗန္ဓနသိက္ခာပုဒ်

မိမိ၌ ငါးဖွဲ့ပြည့်အောင် မအက်ကွဲ မပေါက်သေးသော သပိတ်ရှိနေလျက် ဆွေမျိုးမတော် မဖိတ်ကြားထားသော သူတို့ထံမှ သပိတ်သစ်ကို မတောင်းရ၊ တောင်း၍ရလျှင် ဦနပဉ္စဗန္ဓန နိဿဂ္ဂိပါစိတ်အာပတ်သင့်၏၊

အဓိဋ္ဌာန်, ဝိကပ္ပနာလောက်သော သပိတ်

အရွယ်ပမာဏနှင့် အဆင်းအရောင်မည်းမှောင်၍ လုံလောက်သော မြေသပိတ် သံသပိတ် နှစ်မျိုးသာ သပိတ်အစစ်ဖြစ်၍ အဓိဋ္ဌာန် ဝိကပ္ပနာ လောက်သည်။ ထိုနှစ်မျိုးတွင် မြေသပိတ်ဖြစ်လျှင် (၂)ကြိမ်, သံသပိတ် ဖြစ်လျှင် (၅)ကြိမ် မီးဖုတ်ရမည်ဟု အဋ္ဌကထာ၌ ဆို၏၊ သပိတ် (၉)လုံးတွင် ဥက္ကဋ္ဌုက္ကဋ္ဌ အကြီးဆုံးသပိတ်နှင့် ဩမကောမက အငယ်ဆုံးသပိတ် (၂)လုံးတို့ကို ပယ်၍ ကျန်(၇)လုံးတို့သည် အဓိဋ္ဌာန် ဝိကပ္ပနာပြုရန် သပိတ်အရာဝင်များဟု မှတ်ပါ။

သပိတ် (၉) လုံး

ဥက္ကဋ္ဌသပိတ်, မဇ္ဈိမသပိတ်, ဩမကသပိတ်ဟု မူလသပိတ် (၃)မျိုး ပြား၏၊ ထိုတွင် ဥက္ကဋ္ဌ၌လည်း ဥက္ကဋ္ဌုက္ကဋ္ဌ (ဥက္ကဋ္ဌထက် ကြီးသော)သပိတ်၊ ဥက္ကဋ္ဌသပိတ်၊ ဥက္ကဋ္ဌောမက (ဥက္ကဋ္ဌအောက် ငယ်သော) သပိတ် - အားဖြင့် (၃)လုံး ပြားပြန်၏၊ ဩမကသပိတ်၌လည်း ဩမကဥက္ကဋ္ဌ, ဩမက, ဩမကောမကဟု (၃)လုံး ပြား၏၊ ဤသို့ သပိတ် (၉)လုံး ပြားသည်။

ဩမကသပိတ်

ဩမကော နာမ ပတ္တော ပတ္ထောဒနံ စတုဘာဂံ ခါဒနံ တဒုပိယံ ဗျဉ္ဇနံ ဂဏှာတိ။

ဩမကော နာမ ပတ္တော = ဩမက သပိတ်မည်သည်။ ပတ္ထောဒနံ = ဆန်တစ်စလယ်ချက် ထက်ဝက်တက်သော ထမင်းကိုလည်းကောင်း။ စတုဘာဂံ = လေးဖို့တစ်ဖို့ ဖြစ်သော။ ခါဒနံ = မကျဲမပြစ် လက်ကော်၍ဖြစ်သော ပဲဟင်းကိုလည်းကောင်း။ တဒုပိယံ = ထိုထမင်းနှင့် အလုတ်တိုင်း ပါလောက်အောင် သင့်တော်သော။ ဗျဉ္ဇနံ = အမဲသား, ငါး တစ်ပါးပါးသော ဟင်းလျာကိုလည်းကောင်း။ ဂဏှာတိ = ယူနိုင်၏၊ (ဝါ) ဆံ့၏၊

ဆန်တစ်စလယ်ကို ချက်လျှင် ဆန်ထက် ထမင်းက နှစ်ဆပွားသောကြောင့် ထမင်းနှစ်စလယ် (တစ်ခွက်) ဖြစ်၏၊ ထို၏ လေးဖို့တစ်ဖို့ ပဲဟင်းက တစ်လမယ်၊ ဟင်းလျာ လက်သုတ် အမဲ သားငါးက တစ်လမယ် ထည့်ရမည်ဖြစ်သောကြောင့် ချက်ပြီးထမင်းဟင်းအစုံ သုံးစလယ်ဆံ့သော သပိတ်သည် ဩမကသပိတ်မည်၏၊

ထိုသုံးစလယ်ကို သပိတ်ထဲသို့ ထည့်သောအခါ ဟောက်နေလျှင် ဩမကသပိတ်ထက် အနည်းငယ်ကြီးသော ဩမကုက္ကဋ္ဌသပိတ်တည်း။ သုံးစလယ် ထည့်သောအခါ သပိတ်အပေါ် မောက်တက်လာလျှင် ဩမကအောက် ငယ်သော ဩမကောမကသပိတ်မည်၏၊ မြတ်စွာဘုရားရှင်သည် တစ်ယောက်စာ ကောင်းကောင်းဆံ့သည့် ဩမကသပိတ်ကို ခွင့်ပြုတော်မူသော ကြောင့် ဤအငယ်ဆုံး နောက်ဆုံး ဩမကောမကသပိတ်သည် သပိတ်အရာ မဝင်၊ အဓိဋ္ဌာန် ဝိကပ္ပနာ ပြုစရာ မဟုတ်၊ သာမန်စားခွက်အဖြစ်ဖြင့်သာ အသုံးပြုရမည်။

မဇ္ဈိမသပိတ်

ဩမကသပိတ်ထက် နှစ်ဆဝင်သော မဇ္ဈိမသပိတ်သည် ဆန်တစ်ခွက် (လေးဗူး)ကို ချက်ရသော ထမင်းတစ်ပြည် ပဲဟင်းတစ်စလယ် ဟင်းလျာ တစ်စလယ် ပေါင်း တစ်ပြည်တစ်ခွက် (သုံးခွက်) ဝင်၏၊ ထို တစ်ပြည်တစ်ခွက် (သုံးခွက်)သပိတ်ထဲ ထည့်သောအခါ ဟောက်နေလျှင် မဇ္ဈိမုက္ကဋ္ဌ, မောက်နေလျှင် မဇ္ဈိမောမကသပိတ်ဖြစ်သည်

ဥက္ကဋ္ဌသပိတ်

မဇ္ဈိမသပိတ်ထက် နှစ်ဆဝင်သော ဥက္ကဋ္ဌသပိတ်သည် ဆန်တစ်ပြည်ကို ချက်ရသော ထမင်းနှစ်ပြည် ပဲဟင်းတစ်ခွက်သား (လေးဗူး)၊ ဟင်းလျာတစ်ခွက်သား (လေးဗူး)၊ ပေါင်း သုံးပြည်ဆန့်သော သပိတ်တည်း။ ထိုသုံးပြည် ထည့်သောအခါ ဟောက်နေလျှင် ဥက္ကဋ္ဌုက္ကဋ္ဌသပိတ်၊ မောက်နေလျှင် ဥက္ကဋ္ဌောမကသပိတ် ဖြစ်သည်။ မြတ်စွာဘုရားရှင်က ဥက္ကဋ္ဌသပိတ်ထိသာ ခွင့်ပြုသောကြောင့် ဥက္ကဋ္ဌသပိတ်ထက်ကြီးသော ဥက္ကဋ္ဌုက္ကဋ္ဌသပိတ်သည်လည်း သပိတ်အရာ မဝင်၊ အဓိဋ္ဌာန် ဝိကပ္ပနာ မပြုရ။ စားခွက်သာမန် အဖြစ်ဖြင့်သာ သုံးစွဲအပ်သည်။

(ဆောင်) သုံးပြည် သုံးခွက်၊ သုံးစလယ်တွက်၊ ဆွမ်းကျက်ဟင်းစုံခတ်၊ ဥက္ကဋ္ဌ, မဇ္ဈိမ, ဩမက, ဝင်ကြ စဉ်တိုင်းမှတ်။

သပိတ်အဓိဋ္ဌာန်တင်ပုံ

“ဣမံ ပတ္တံ အဓိဋ္ဌာမိ”ဟု ဆို၍ သပိတ်ကို အဓိဋ္ဌာန်တင်။ ဣမံ = ဤ ခွက်ကို။ ပတ္တံ = သပိတ်ဟူ၍။ အဓိဋ္ဌာမိ = စိတ်၌မြဲစွာ ဆောက်တည်ပါ၏၊ အဝေးမှာရှိလျှင်“ဧတံ ပတ္တံ အဓိဋ္ဌာမိ”ဟု ဆို။ တစ်လုံးသာ အဓိဋ္ဌာန်တင်ထား ကောင်း၏၊ အခြားသပိတ်များရှိသေးလျှင် ဝိကပ္ပနာချည်း ပြုထားရမည်။ အဓိဋ္ဌာန်မတင်ဘဲ သပိတ်အားလုံးကိုပင် (သင်္ကန်းကဲ့သို့) ဝိကပ္ပနာချည်းလည်း ပြုထားနိုင်၏၊

ပစ္စုဒ္ဓိုရ်ပြုပုံ

သပိတ်ဟောင်းကို အဓိဋ္ဌာန်တင်၍ ဆောင်ထားသော ရဟန်းသည် သပိတ်သစ်ရသဖြင့် ထိုအသစ်ကို အဓိဋ္ဌာန်တင်လိုလျှင် အဓိဋ္ဌာန်တင်၍ တစ်လုံးသာ ထားကောင်းသောကြောင့် သပိတ်အဟောင်းကို ပစ္စုဒ္ဓိုရ် ပြုရမည်။ “ဣမံ ပတ္တံ ပစ္စုဒ္ဓရာမိ”ဟု ဆို။ ဣမံ = ဤခွက်ကို။ ပတ္တံ = သပိတ်ကို။ (ဝါ) သပိတ်အဖြစ်မှ။ ပစ္စုဒ္ဓရာမိ = ရုပ်သိမ်းပါ၏၊ ဤသို့ ပစ္စုဒ္ဓိုရ်ပြုပြီးသော သပိတ်ကိုလည်း ဆယ်ရက်အတွင်းမှာပင် ဝိကပ္ပနာပြုထားရမည်။

နိဿဂ္ဂိသပိတ် စွန့်ပုံ

အဓိဋ္ဌာန်မတင် ဝိကပ္ပနာလည်းမပြုဘဲ ဆယ်ရက်လွန်သွားလျှင် နိဿဂ္ဂိသင်္ကန်းကို စွန့်သည့်အတိုင်း စွန့်ရမည်။ ပုလ္လိင်ဖြစ်၍ -- အယံ မေ ဘန္တေ ပတ္တော ဒသဟာတိက္ကန္တော နိဿဂ္ဂိယော၊ ဣမာဟံ အာယသ္မတော နိဿဇ္ဇာမိ ဟု ဆိုရုံသာ။ ဒေသနာပြောပြီးနောက် ထိုသပိတ်ကို လက်ခံသူက (သင်္ကန်းကဲ့သို့) ပြန်ပေး၍ ရသောအခါ အဓိဋ္ဌာန်သော်လည်းတင် သို့မဟုတ် ဝိကပ္ပနာသော်လည်း ပြုရမည်။

ဦနပဉ္စဗန္ဓနသပိတ်စွန့်ပုံ အစီအစဉ်

သပိတ်အဟောင်းက ငါးဖွဲ့မပြည့်သေးဘဲ သပိတ်အသစ်ကို တောင်းလျှင် ထိုသပိတ်ကို ရဟန်းပရိသတ်အလယ်မှာ စွန့်ရမည်။ (ရဟန်းများကလည်း ကိုယ်စီကိုယ်င မိမိသုံးနေကျ သပိတ်ကိုယူ၍ လာကြရန် စည်းဝေးကြရမည်။)

သံဃာအစည်းအဝေးမှာ ပြောပုံ

ထိုစွန့်အပ်သော သပိတ်ကို ပတ္တဂ္ဂါဟသမ္မုတိရသော ရဟန်းက ၎င်းသပိတ်ကို ယူ၍ သပိတ်၏ ကောင်းကြောင်းဂုဏ်ကျေးဇူးကို ပြောပြီး “အရှင်ဘုရား ...ဤသပိတ်ကို ယူတော်မူပါ”ဟု အကြီးဆုံး မထေရ်ကြီးကို လျှောက်ရမည်။ မထေရ်ကြီးက ထိုသပိတ်ကို မနှစ်သက်၍ဖြစ်စေ, အပိစ္ဆဂုဏ်ရှိ၍ဖြစ်စေ မယူမူ အပ်၏၊ ထိုသပိတ်စွန့်ရဟန်းအား သနား၍ မယူမူ ဒုက္ကဋ်၊ အကယ်၍ မထေရ်ကြီးက ယူအံ့၊ မထေရ်ကြီး၏ သပိတ်ကို သမ္မုတိ ရသော ရဟန်းက ယူ၍ သပိတ်၏ ဂုဏ်ကျေးဇူးကို ပြော၍ ဒုတိယမထေရ်အား ယူရန် လျှောက်ထားရမည်။ ဤနည်းအတိုင်း နောက်ဆုံးသပိတ်ကို ရဟန်းငယ်ကလေးတိုင်အောင် ယူရန် ပြောကြားရမည်။

အငယ်ဆုံး ရဟန်းကလေးက ယူ၍ ကြွင်းကျန်သော သပိတ်ကား ပတ္တပရိယန္တ =အဆုံးစွန်သောသပိတ် မည်၏၊ ထိုအဆုံးစွန်သော သပိတ်ကို ပတ္တဂ္ဂါဟသမ္မုတိရသော ရဟန်းကပင် ထိုသပိတ်သစ်ကို အလှူခံသော ရဟန်း အား “ငါ့ရှင်ရဟန်း ..ဤသပိတ်ကို ကွဲသည့်တိုင်အောင် ကိုင်ဆောင်ရမည်”ဟု ဆို၍ ပေးရမည်။

သပိတ်တောင်းမိသော ရဟန်းသည် ထိုရသော အယုတ်ဆုံးသပိတ်ကို တောင်း၍ရသော သပိတ်ကဲ့သို့ ရိုရိုသေသေ ကိုင်ရမည်။ အကယ်၍ ထို သပိတ်ကို စက်ဆုပ်၍ အရပ်တစ်ပါးသို့ ပစ်လိုက်အံ့, မရိုမသေ ကိုင်အံ့, သူတစ်ပါးအား စွန့်အံ့ ဒုက္ကဋ်အာပတ်သင့်၏၊

ကျင့်ဝတ်

ဤသံဃာ့အလယ်၌ စွန့်ခြင်း, မထေရ်ကြီးမှစ၍ ယူစေခြင်း, အယုတ်ဆုံး သပိတ်ကို ထိုရဟန်းအား ပေးခြင်း, ကွဲသည့်တိုင်အောင် ကိုင်စေခြင်းတို့ကား ငါးဖွဲ့မပြည့်မီ သပိတ်ကို တောင်းမိရာ၌ ကျင့်ဝတ်ဖြစ်သည်ဟု သိပါ။

ဗန္ဓန အရ ဖွဲ့တုပ်ခြင်းဟူသည် ..

ဖွဲ့တုပ်ခြင်းဟူသည် ကွဲအက်နေသော သပိတ်အရေး၏ ဝဲဘက်ယာဘက်ကို စူးဖြင့် ဖောက်၍ ကြိုးဖြင့် ဖွဲ့တုပ်ရခြင်းတည်း။ နှုတ်ခမ်းမှ အောက် လက်လေးသစ်လောက် အက်ကြောင်းရှိလျှင် (လက်နှစ်သစ် တစ်ဖွဲ့ကိန်းဖြင့်) နှစ်ဖွဲ့တုပ်၊ လက်ခြောက်သစ် ရှည်လျှင် သုံးဖွဲ့တုပ်၊ လက်ရှစ်သစ်ရှည်လျှင် လေးဖွဲ့တုပ်၊ အက်ကြောင်းက တစ်နေရာတည်း မဟုတ်ဘဲ (၃)နေရာ ရှိလျှင်လည်း နေရာအလိုက် နှစ်ဖွဲ့, သုံးဖွဲ့, လေးဖွဲ့ ဖွဲ့တုပ်နိုင်သည်။ ထိုသို့ လေးဖွဲ့ ဖွဲ့တုပ်ပြီးနောက် နှစ်လက်မလောက် အရေးအကြောင်း ရှိနေလျှင်ငါးခုမြောက် အဖွဲ့ကို ဖွဲ့တုပ်သည်ဖြစ်စေ, မတုပ်သည်ဖြစ်စေ အဓိဋ္ဌာန် ဝိကပ္ပနာလောက်သော သပိတ် မဟုတ်တော့ပြီ။ ပထမ အက်ကွဲကတည်းက ငါးဖွဲ့ ဖွဲ့လောက်အောင် ရှည်ရှည် (သို့မဟုတ်) ငါးနေရာ အက်ကြောင်း ထင်နေလျှင် လုံးလုံး မဖွဲ့တုပ်စေကာမူ သပိတ်အရာ မဝင်တော့ပြီ။ ဤကား မြေသပိတ်အတွက် တည်း။

အကယ်၍ သံသပိတ်၌ အက်ကြောင်းမရှိ, အပေါက်သာရှိလျှင် ထို အပေါက်ကို သံမှိုဖြင့်ဖြစ်စေ, စို့ရိုက်၍ဖြစ်စေ, သံပြားအဝိုင်းကလေးဖြင့် ဖြစ်စေ ဖာထေးရမည်။ ထိုသို့ဖာထေး၍ ညက်ညောသဖြင့် အာမိသ မကပ်ငြိနိုင်လျှင် သပိတ်အရာ ဝင်ပါသေးသည်။ အပေါက်က ကြီးနေသောကြောင့် ဖြစ်စေ, များသောကြောင့်ဖြစ်စေ ဖာထေး၍ မညက်ညောလျှင် သပိတ်အရာ မဝင်တော့ပြီ။

မြေသပိတ်၌ ငါးဖွဲ့၊ သံသပိတ်၌ ဖာထေး၍ မပြေပြစ်တော့အံ့၊ အာမိသ ကပ်ငြိအံ့၊ မအပ်သော သပိတ် ဖြစ်၏၊ အဓိဋ္ဌာန် မလောက်တော့ပြီ၊ တစ်ပါး သော သပိတ်ကို တောင်းကောင်းပြီ၊ သပိတ်ဟူသော ရေတွက်ခြင်းသို့ရောက် သော သံသပိတ်၊ ငါးဖွဲ့အောက် ယုတ်သော (ငါးဖွဲ့မပြည့်သော) မြေသပိတ် ရှိနေပါလျက် သပိတ်သစ်ကို အညာတက, အပဝါရိတထံ တောင်းအံ့ ဒုက္ကဋ်၊ ရသော် နိဿဂ္ဂိထိုက်၏၊

အာပတ်တစ်ရာ သင့်ပုံ

အဖွဲ့အတုပ် မရှိဘဲလျက် အပဗန္ဓနသပိတ်, ဧကဗန္ဓနသပိတ်, ဒွိဗန္ဓန, တိဗန္ဓန, စတုဗန္ဓန, အဗန္ဓနောကာသ, ဧကဗန္ဓနောကာသ, ဒွိဗန္ဓနောကာသ, တိဗန္ဓနောကာသ, စတုဗန္ဓနောကာသ ဤသို့ အဗန္ဓန အဖွဲ့အတုပ်မရှိသေးဘဲလျက် သပိတ် (၁၀)မျိုး၊ တစ်မျိုးကို တောင်းလျှင် အာပတ် (၁၀)ချက်စီ သင့်နိုင်၍ (၁၀x၁၀ = ၁၀၀) အာပတ် (၁၀၀) သင့်နိုင်သည်ဟု သိပါလေ။

နိဿဂ္ဂိသပိတ် စွန့်ပုံ

“အယံ မေ ဘန္တေ ပတ္တော ဦနပဉ္စဗန္ဓနေန ပတ္တေန စေတာပိတော နိဿဂ္ဂိယော၊ ဣမာဟံ သံဃဿ နိဿဇ္ဇာမိ။”

“အရှင်ဘုရားတို့ ... တပည့်တော်သည် ယုတ်သော ငါးဖွဲ့ရှိသော သပိတ်ဖြင့် ဤသပိတ်ကို တောင်းအပ်မိသည်ဖြစ်၍ နိဿဂ္ဂိထိုက်နေပါ၏၊ (စွန့်ထိုက်နေပါ၏၊) တပည့်တော်သည် ဤသပိတ်ကို သံဃာအား စွန့်ပါ၏”ဟု ဆို၍ သံဃာအစည်းအဝေး၌ စွန့်ပြီး စီစဉ်ပါလေ။

အင်္ဂါလေးပါး - 
၁။ အဓိဋ္ဌာန်လောက်သော သပိတ်ဖြစ်ခြင်း၊ 
၂။ မိမိဖို့ ဖြစ်ခြင်း၊ 
၃။ မဖိတ်ဖူးသူထံ တောင်းခြင်း၊ 
၄။ တောင်း၍ရခြင်း - ဟူ၍ အင်္ဂါလေးပါးတို့တည်း။

(ဆောင်) ဓိဋ္ဌာန်လောက်ငဲ့၊ သပိတ်ကဲ့လျှင်၊ ငါးဖွဲ့မပြည့်၁ မိမိဖို့ဟု ရည်ရွယ်ပြုသား၂ မဖိတ်သူ့ထံ၊ တောင်းခံမိလျှင်း၃ ရရှိခြင်းဟု၄ ကြောင်းရင်း လေးလီ၊ အင်္ဂါညီ၊ သင့်ပြီ ဥုနဗန္ဓန။

ခုဒ္ဒသိက္ခာလာ သပိတ်နှင့်စပ်၍ မှတ်ဖွယ်များ

၆၅။ ပတ္တံ နပ္ပဋိသာမေယျ၊ သောဒကံ န စ ဩတပေ၊
ဥဏှေ န နိဒဟေ ဘူမျံ၊ န ဌပေ နော စ လဂ္ဂယေ။

(ခုဒ္ဒသိက္ခာဘာသာဋီကာ၊၁၀၈။)

သောဒကံ =ရေနှင့်တကွဖြစ်သော (ဝါ)ရေမစင်သော။ ပတ္တံ = သပိတ်ကို။ နပ္ပဋိသာမေယျ = မသိုမှီး မသိမ်းဆည်းရာ။ (သောဒကံ = ရေနှင့်တကွ ဖြစ်သော (ဝါ) ရေမစင်သော။ ပတ္တံ = သပိတ်ကို။ န စ ဩတပေ = နေလည်း မလှန်းရာ။ ဥဏှေ = နေပူ၌။ န နိဒဟေ = ကြာမြင့်စွာ မထားရာ။ ဘူမျံ = မြေပေါ်၌။ န ဌပေ = အခင်းမပါ သပိတ်ခြေ မပါဘဲ မထားရာ။ နော စ လဂ္ဂယေ = ဆင်စွယ်ကောက် စသည်၌ ချိတ်လည်း မချိတ်ရာ။

၆၆။ မိဍ္ဎန္တေ ပရိဘဏ္ဍန္တေ၊ အင်္ကေ ဝါ အာတပတ္တကေ၊
ပါဒေသု မဉ္စပီဌေ ဝါ၊ ထပေတုံ န စ ကပ္ပတိ။

(ခုဒ္ဒသိက္ခာဘာသာဋီကာ၊၁၀၉။)

မိဍ္ဎန္တေ = အတွင်းဘက် အကျည်စွန်း၌လည်းကောင်း။ ပရိဘဏ္ဍေန္တေ = အပြင်ဘက် အကြည်စွန်း၌လည်းကောင်း။ အင်္ကေ ဝါ = ရင်ခွင်, တင်ပလ္လင်ခွေပေါ်၌လည်းကောင်း။ အာတပတ္တကေ = ထီးပေါ်၌လည်းကောင်း။ ပါဒေသု = ခြေတို့၌လည်းကောင်း။ မဉ္စပီဌေ ဝါ =ညောင်စောင်း, အင်းပျဉ်၌လည်းကောင်း၊ (ဝါ) ကုတင်, ထိုင်ခုံ၌လည်းကောင်း။ ထပေတုံ =ထားခြင်းငှာ။ န စ ကပ္ပတိ = မအပ်သည်သာ။

၆၇။ န နိဟရေယျ ဥစ္ဆိဋ္ဌော-ဒကဉ္စ စလကဋ္ဌိကံ၊
ပတ္တေန ပတ္တဟတ္ထော ဝါ၊ ကဝါဋံ နပ္ပဏာမယေ။

(ခုဒ္ဒသိက္ခာဘာသာဋီကာ၊၁၁၀။)

ဥစ္ဆိဋ္ဌောဒကဉ္စ = လုတ်ဆေးရေကိုလည်းကောင်း။ စလကဋ္ဌိကံ = ခဲစားပြီး၍ စွန့်ပစ်အပ်သော အာမိသ, ငါးရိုး, အသားရိုးကိုလည်းကောင်း။ ပတ္တေန = သပိတ်ဖြင့် (ဝါ) သပိတ်၌ ထည့်၍။ န နီဟရေယျ = မထုတ်ဆောင်ရာ။ ပတ္တဟတ္ထော =လက်၌ သပိတ်ရှိသည်။ (ဟုတွာ ဝါ) ဖြစ်၍လည်းကောင်း။ ကဝါဋံ = တံခါးရွက်ကို။ နပ္ပဏာမယေ = မတွန်းမဖွင့်ရာ။

၆၈။ ဘူမိအာဓာရကေ ဒါရု-ဒဏ္ဍာဓာရေ သုသဇ္ဇိတေ၊
ဒုဝေ ပတ္တေ ထပေယျေကံ၊ နိက္ကုဇ္ဇိတွာဝ ဘူမိယံ။

(ခုဒ္ဒသိက္ခာဘာသာဋီကာ၊၁၁၁။)

ဘူမိအာဓာရကေ = မြေ၌ ကပ်၍ ဆက်စပ်နေသော ကရွတ်ခွေ၌လည်းကောင်း။ သုသဇ္ဇိတေ = ကောင်းစွာ ပြင်ဆင်အပ်သော။ ဒါရုဒဏ္ဍာဓာရေ = တုတ်ချောင်းဖြင့် ပြုလုပ်အပ်သော လှံတံ, သပိတ်ခြေ၊ ဝါးခြမ်းများ စုပေါင်း၍ ပြုလုပ်အပ်သော သပိတ်ခြေ၌လည်းကောင်း။ ဒုဝေ = နှစ်လုံးကုန်သော။ ပတ္တေ =သပိတ်တို့ကို။ ထပေယျ = ဆင့်၍ ထားနိုင်၏၊ ဘူမိယံ = အခင်းရှိသောမြေပေါ်၌။ ဧကံ = သပိတ်တစ်လုံးကို။ နိက္ကုဇ္ဇိတွာဝ = မှောက်၍သာလျှင်။ ထပေယျ = ထားနိုင်၏၊

သပိတ်ဆိုင်ရာ ကျင့်ဝတ်များ

၁။ ရေမစင်သော သပိတ်ကို သိမ်း၍ မထားရ၊ ထားလျှင် ရေမစင်သောကြောင့် သပိတ်ပျက်စီးလိမ့်မည်။
၂။ သပိတ်သုတ်ပုဝါဖြင့် ရေစင်ကြယ်အောင် မသုတ်အပ်သော သပိတ်ကို နေပူမလှန်းရ၊ လှန်းလျှင် ဆွမ်းဟင်းအနံ့ နံသောကြောင့် အနံ့မကောင်း ဖြစ်တတ်၏၊
၃။ သပိတ်ကို နေပူ၌ ကြာရှည်စွာ မထားရ၊ ထားလျှင် အဆင်းပျက်တတ်သည်။ တခဏလောက်သာ နေလှန်းရသည်။
၄။ ဖျာ, သားရေစသော အခင်းမပါဘဲ ဖုံ, ကျောက်စရစ်ရှိသော မြေပေါ်၌ သပိတ်ကို မထားရ။ ထားလျှင် ဖုံပေလိမ့်မည်၊ သပိတ်နာလိမ့်မည်၊ ထို့ကြောင့် သပိတ်ခြေဖြစ်စေ, အခင်းဖြစ်စေ ရှိသောမြေ၌ သပိတ်ထားရသည်။
၅။ နံရံ၌ စိုက်နှက်ထားအပ်သော ငုတ်၌လည်းကောင်း, ဆင်စွယ်ကောက် စသည်၌လည်းကောင်း, (အိတ်မပါဘဲ) သပိတ်မျက်နှာဝကို ချိတ်၍ မထားရ၊ ထားလျှင် အောက်သို့ ကျတတ်သည်။
၆။ ရှေးက နံရံအခြေခိုင်အောင် (သို့) ထိုင်ရအောင် နံရံ၏အတွင်းအပြင်၌ မြေခုံ, အုတ်ခုံ အပိုရှိတတ်၏၊ ထိုမြေခုံ အုတ်ခုံကို အကျည်ဟုခေါ်သည်။ ထိုအကျည်စွန်း၌ ထားလျှင် သပိတ်သည် လိမ့်ကျ၍ ကွဲနိုင်, နာနိုင်သောကြောင့် ထိုအကျည်စွန်း၌ မထားရ၊ အကျည်က တစ်တောင် လောက် ကျယ်ဝန်းလျှင် ထားကောင်း၏၊ သပိတ်ခြေပါလျှင်လည်း ထိုအကျည်မှာ ထားကောင်း၏ဟု တေရသကဏ်ဋီကာ ဆိုသည်။
၇။ ရင်ခွင်တင်ပလ္လင်ခွေပေါ်၌ သပိတ်မထားရ၊ အမှတ်မဲ့ ထလိုက်သောအခါ သပိတ်ကွဲတတ်သည်၊ သပိတ်ကို လွယ်ထားလျှင်ကား ထလိုက်သော်လည်း သပိတ်မကျနိုင်သောကြောင့် ထားကောင်းပါ၏၊
၈။ ဖွင့်ထားသော ထီးပေါ်၌ သပိတ်မထားရ၊ ဆွမ်းဖြင့်ပြည့်နေသောသပိတ်, ပခုံး၌လွယ်ထားသော သပိတ်ကိုလည်း မထားရ၊ လေဝှေ့သောအခါ အပေါ်သို့ ထီးမြောက်သွားရာ သပိတ်လည်း ကွဲသောကြောင့် ထီးပေါ်၌ မထားရဟု ပညတ်တော်မူသည်။
၉။ ခြေထောက်ပေါ်၌ အမြင်မတော်သောကြောင့်လည်းကောင်း, အမှတ်တမဲ့ လိမ့်ကျဖွယ်ရှိသောကြောင့်လည်းကောင်း သပိတ်မထားရ။
၁၀။ ညောင်စောင်း, အင်းပျဉ် (ကုတင်, ထိုင်ခုံ)တို့၌ အမှတ်တမဲ့ ထိုင်မှု, အိပ်မှုကြောင့် သပိတ်ကွဲတတ်သည့်အတွက် မထားဖို့ရန် ပညတ်တော်မူသည်။
၁၁။ ပါးစပ်ဆေးရေ လုတ်ဆေးရေကို သပိတ်ထဲ ထည့်၍ မထုတ်ဆောင်ရ။ သား, ငါး, သစ်သီးတို့မှ အသားတို့ကို နုတ်ယူစားပြီး၍ ကျန်သော စားဖတ် (စားပြီး၍ မကောင်းသော အဖတ်) သစ်သီး၏ အစေ့, အခွံစသည် ကိုလည်းကောင်း၊ ငါး၏အရိုး, အသား၏ အရိုးတို့ကိုလည်းကောင်း သပိတ်၌ ထည့်၍ မထုတ်ဆောင်ကောင်း၊ သပိတ်ဖြင့် ယူ၍ မစွန့်ပစ်ကောင်းဟု မှတ်ပါ။
၁၂။ လက်၌ဖြစ်စေ, ခြေဖမိုး၌ဖြစ်စေ ကိုယ်၏အစိတ်အပိုင်း တစ်နေရာ၌ သပိတ်ရှိနေလျှင် တံခါးရွက်ကို လက်ဖြင့်ဖြစ်စေ, ကိုယ်အင်္ဂါ တစ်ခုခုဖြင့် ဖြစ်စေ မတွန်းမဖွင့်ကောင်း၊ မင်းတုတ်ကိုလည်း မမြှောက်မဖွင့်ကောင်း၊ ထိုသို့ ဖွင့်လျှင် တံခါးပွင့်သောအခါ သပိတ်ကို ရိုက်မိတတ်သောကြောင့်တည်း။ သပိတ်ကို ပခုံး၌ လွယ်ထားလျှင်ကား တံခါးရွက်ကို လက်တစ်ဖက်ဖြင့် တွန်းထားနိုင်သောကြောင့် ဖွင့်ကောင်း၏၊
၁၃။ သပိတ်တည်ရာ ကရွတ်ခွေပေါ်၌ သပိတ်လိမ့်မကျနိုင်အောင် ကောင်းစွာ ပြုလုပ်အပ်ပြီးဖြစ်လျှင် ထို ကရွတ်ခွေ၌ ရှေးဦးစွာ သပိတ်ကို ထား၍ ထိုသပိတ်ပေါ်၌ နောက်ထပ် သပိတ်တစ်လုံး ဆင့်သောအားဖြင့် သပိတ် နှစ်လုံး ထားကောင်း၏၊
၁၄။ မြေကြီးပေါ်၌ ဖျာ, သင်ဖြူး စသောအခင်းရှိလျှင် ထိုအခင်းပေါ်၌ မှောက်၍သာလျှင် သပိတ်တစ်လုံး ထားကောင်း၏၊ သပိတ်တစ်လုံး ထပ်၍ မှောက်ထားလိုမူကား မြေကြီးအခင်းပေါ်၌ အနားတစ်ဖက်ကို ထား၍ အခြား အနားတစ်ဖက်ကို ထိုပထမသပိတ်ပေါ်၌ မေးတင်သလို မှီ၍ မှောက်ထားကောင်း၏ဟု ဆိုကြသည်။

အကပ္ပိယသပိတ် (၁၄) လုံး

၆၉။ ဒါရုရူပိယသောဝဏ္ဏ-မဏိဝေဠုရိယာမယာ၊
ကံသ ကာစတိပုသီသဖလိကာတမ္ဗလောဟဇာ။
၇၀။ ဆဝသီသမယော စာပိ၊ ဃဋိတုမ္ဗကဋာဟဇာ၊
ပတ္တာ အကပ္ပိယာ သဗ္ဗေ၊ ဝုတ္တာ ဒုက္ကဋဝတ္ထုကာတိ။

(ခုဒ္ဒသိက္ခာဘာသာဋီကာ၊၁၁၃။)

ဒါရု ရူပိယ သောဝဏ္ဏ မဏိ ဝေဠုရိယာမယာ = သစ်သားဖြင့် ပြုလုပ်အပ်ကုန်, ငွေဖြင့် ပြုလုပ်အပ်ကုန်, ရွှေဖြင့် ပြုလုပ်အပ်ကုန်, ပတ္တမြားဖြင့် ပြုလုပ်အပ်ကုန်, ကြောင်မျက်ရွဲဖြင့် ပြုလုပ်အပ်ကုန်သော။ (ပတ္တာ = သပိတ်တို့သည်လည်းကောင်း။) ကံသ ကာစ တိပု သီသ ဖလိကာ တမ္ဗလောဟဇာ =ကြေးဖြူမှ ဖြစ်ကုန်, စဉ့်မှ ဖြစ်ကုန်, သလွဲဖြူမှ ဖြစ်ကုန်, သလွဲမည်းမှ ဖြစ်ကုန်, ဖလ်မှ ဖြစ်ကုန်, ကြေးနီမှ ဖြစ်ကုန်သော။ (ပတ္တာ = သပိတ်တို့သည် လည်းကောင်း။) ဆဝသီသမယော = လူ၏ ဦးခေါင်းခွံဖြင့် ပြုလုပ်အပ်သော၊ (ဝါ) လူဦးခေါင်းခွံဖြစ်သော။ ပတ္တော စာပိ = သပိတ်သည်လည်းကောင်း၊ ဃဋီတုမ္ဗကဋာဟဇာ = အိုးတည်းဟူသော ခွက်မှ ဖြစ်ကုန်, ဗူးတည်းဟူသော (အလာဗု = ဗူသီး) ခွက်မှ ဖြစ်ကုန်သော။ (ပတ္တာ =သပိတ်တို့သည်လည်းကောင်း။) အကပ္ပိယာ = မအပ်ကုန်။ သဗ္ဗေ = အလုံးစုံ (၁၄)လုံးသော သပိတ်တို့ကို။ ဒုက္ကဋဝတ္ထုကာ = ဒုက္ကဋ်အာပတ်၏ တည်ရာအကြောင်းတို့ဟူ၍။ ဝုတ္တာ = ဟောတော်မူအပ်ကုန်ပြီ။ ဣတိ = သပိတ်နှင့်စပ်၍ မှတ်ဖွယ်အပြီးတည်း။

ရှင်းလင်းချက်

သစ်သားခွက်သည် ထည့်၍သာ မစားကောင်း, မသောက်ကောင်း, ကိုင်ရုံကား ကိုင်ကောင်း၏၊ ရွှေခွက်, ငွေခွက်, ပတ္တမြားခွက်, ကြောင်မျက်ရွဲ ခွက်တို့သည် ထိရုံ ကိုင်ရုံမျှပင် မအပ်။ ယခုကာလ ကွမ်းအစ်စသည်၌ ငွေထုံးဗူး, ငွေဖလား စသည်တို့မှာ လူ့ဥစ္စာပင် ဖြစ်စေကာမူ ကိုင်ရုံမျှ မကိုင်ကောင်းရကား အဘယ်မှာ ထည့်၍ စားကောင်းပါတော့အံ့နည်း။ နှီးခွက်, နှီးကွမ်းအစ်တို့ကိုပင် သစ်သားခွက်နှင့် အလားတူဟု သဘောထား၍ လက်ဖက်, ကွမ်းစသည် ထည့်စားမှုကို ရှောင်ကြဉ်ကြသည်။ အကယ်၍ နှီးကွမ်းအစ်ဖြင့် ကပ်လာလျှင် လက်ပေါ်သို့ တစ်ဆင့် ပြောင်းထည့်၍ ကွမ်းစားကြ၏၊ နှီးခွက်ဖြင့်လည်း အဖျော်ရည်စသည်ကို မသောက်ကြကုန်။

၇၂။ အကပ္ပာ ဖလိကာ ကာစကံသဇာ ဂိဟိသန္တကာ။
သံဃိကာ ကပ္ပိယာ တုမ္ဗဃဋိဇာ တာဝကာလိကာ။

(ခုဒ္ဒသိက္ခာဘာသာဋီကာ၊၁၁၅။)

ဖလိကာ စ = ဖန်ခွက်သည်လည်းကောင်း။ ကာစကံသဇာ = ချက်ကျောက်ခွက်နှင့် စဉ့်ခွက်, ကြေးဖြူ, ကြေးဝါခွက်တို့သည်လည်းကောင်း။ ဂိဟိသန္တကာ =လူ့ဥစ္စာ ဖြစ်ကုန်သော်လည်းကောင်း။ သံဃိကာ =သံဃိက ဖြစ်ကုန်သော်လည်းကောင်း။ ကပ္ပိယာ = အပ်ကုန်၏၊

ဖလိက-အရ ဖန်စစ်ခွက် မဟုတ်ရာ၊ သဲကို ချက်၍ ပြုလုပ်အပ်သော ယခုကာလ ဖန်ခွက်သာ ဖြစ်တန်ရာ၏၊ (ဖန်စစ် = တွင်းထွက်ဖန်ကား ပတ္တမြားနှင့်အလားတူ မသုံးသပ်ကောင်း၊ မကိုင်ကောင်း။)

ဤစကားအရ ချက်ဖန်ခွက်, ချက်ကျောက်ခွက်, စဉ့်ခွက်, ကြေးဖြူ, ကြေးဝါခွက်တို့မှာ ပုဂ္ဂလိကအဖြစ်ဖြင့် မသုံးစွဲအပ်၊ သံဃိက သို့မဟုတ် လူ့ဥစ္စာ ဖြစ်မူ ထည့်စားကောင်း၏၊ ယခုကာလ ကြေးဝါဇွန်းနှင့် ဖန်ခွက် ဖန်ချိုင့် စသည်တို့ ပုဂ္ဂလိက မအပ်ကြောင်းကို သတိပြုပါ။

တုမ္ဗဃဋိဇာ = ဗူးသီးခွက် အိုးခွက်တို့သည်။ တာဝကာလိကာ = တစ်ခဏမျှ ထည့်၍ စားသောက်ကောင်းကုန်၏၊ (သွားလေရာယူ၍ သပိတ်ကဲ့သို့ကား အမြဲမသုံးစွဲကောင်း၊ ခဏလောက် ထည့်စား၍ စွန့်ပစ်ထားခဲ့ရမည်ဟူလို။) ဖက်ရွက်, သစ်ရွက်ဖြင့် လုပ်အပ်သော ဖက်ခွက်များလည်း ထို့အတူ တခဏမျှသာ ထည့်စားကောင်း၏ဟု ဋီကာတို့ ဆို၏၊

အပ်စပ်သော ခွက် (၃) မျိုး

ကပ္ပိယာ ထာလကာ တိဿော၊ တမ္ဗာယော မတ္တိကာမယာ၊

(ခုဒ္ဒသိက္ခာဘာသာဋီကာ၊၁၁၅။)

တမ္ဗာယော မတ္တိကာမယာ =ကြေးနီ, သံ, မြေဖြင့် ပြုအပ်ကုန်သော။ တိဿော = သုံးမျိုးကုန်သော။ ထာလကာ = စားခွက်သောက်ခွက်တို့သည်။ ကပ္ပိယာ = အပ်ကုန်၏၊

ကြေးနီခွက်, မြေခွက်, သံခွက် (၃)မျိုးတို့သည် ရဟန်းသာမဏေတို့ ကိုယ်တိုင် (ပုဂ္ဂလိက)အဖြစ် သုံးစွဲကောင်း၏၊ ၎င်းတို့၌ ကာလိကလေးပါး ထည့်၍ စားကောင်း သောက်ကောင်း၏ဟု မှတ်။

(ပါတိမောက်ဘာသာဋီကာ၊၁၉၅။)

နိဿဂ္ဂိအာပတ် (၃၀) အထူးမှတ်ချက်

ဧဠကလောမဝဂ် အစသိက္ခာပုဒ် အခင်းသုံးခု, ပတ္တဝဂ် ဘေသဇ္ဇသိက္ခာပုဒ်တစ်ခု, ဤလေးခုဖြင့် အာပတ်သင့်၍ စွန့်ပြီးသောဝတ္ထုကို ပြန်ပေးသော်လည်း မသုံးစွဲရ။ (အခင်းအဖြစ်သာ မသုံးရ၊ ဗိတာန် မျက်နှာကြက် သုံးနိုင်၏ဟု ဆို၏၊ ဆေး၌လည်း ရက်မလွန်မီ ခုနစ်ရက်အတွင်း၌ နယ်ဆီ, လိမ်းဆီ စသည်တို့၏ အကျိုးငှာ စိတ်ဖြင့် ပိုင်းဖြတ်၍ အဓိဋ္ဌာန်၍ ထားအပ်သော ထောပတ်စသည်တို့ ခုနစ်ရက်လွန်သော်လည်း အာပတ်မသင့်။ ထိ့ုပြင် ငဲ့ကွက်ခြင်းမရှိ အာလယပြတ် စွန့်ပြီး၍ ပြန်ရသော ထောပတ်, ဆီစသည်တို့ကား သုံးဆောင် စားသောက်ခြင်းငှာလည်း အပ်သည်ဟူ၏၊

(ပါတိမောက္ခမေဒိနီ၊၂၅၃။)

ရွှေငွေကို ခံယူသော ရူပိယပဋိဂ္ဂဟဏသိက္ခာပုဒ်, ရူပိယသံဝေါဟာရ သိက္ခာပုဒ် ၎င်းနှစ်ခုဖြင့် အာပတ်သင့်၍ စွန့်ပြီးသော ဝတ္ထုတို့ကို ပြန်မပေးရ။ အကြွင်း (၂၄)ပါးသော သိက္ခာပုဒ်တို့ဖြင့် အာပတ်သင့်၍ စွန့်ပြီးသော ဝတ္ထုတို့ကို ပြန်ပေးက သုံးစွဲကောင်း၏၊ သံဃာ့အလယ်၌သာ စွန့်ကောင်းသော သိက္ခာပုဒ်တို့ကား ဦနပဉ္စဗန္ဓနသိက္ခာပုဒ်, ရူပိယပဋိဂ္ဂဟဏသိက္ခာပုဒ်, ရူပိယသံဝေါဟာရသိက္ခာပုဒ် သုံးခုတို့တည်း။ (ပါတိမောက္ခမေဒိနီ၊၂၅၆။)

(ဆောင်) သန္ထတ တေး၊ ရက်ကုန်ဆေး၊ ပြန်ပေး မသုံးရ။
ရွှေငွေခံ, လဲ၊ နှစ်ခုတွဲ၊ ပြန်ဘဲ မပေးရ။
အကြွင်းစစ်ဆေး၊ နှစ်ဆယ့်လေး၊ ပြန်ပေး သုံးစွဲရ။
သံဃာ့လယ်သာ၊ စွန့်ရပါ၊ သုံးဖြာ တွေ့ပါစ။
ဦနပဉ္စ, ရူပိယ၊ လဲထ သုံးမျိုးပ။ (ပါတိမောက္ခမေဒိနီ၊၂၅၆။)

ဘေဒနကပါစိတ်

သူစိဃရသိက္ခာပုဒ်၌ နွားရိုး ကျွဲရိုးစသော အရိုးတစ်မျိုးမျိုးဖြင့်ဖြစ်စေ, ဆင်စွယ်ဖြင့်ဖြစ်စေ, နွား, သမင် စသည်တို့၏ ဦးချိုဖြင့်ဖြစ်စေ အပ်ကျည် (အပ်ဗူး) ပြုလုပ်ရာဝယ် ကိုယ်တိုင်စ၍ပြုခြင်း သို့မဟုတ် အပြုခိုင်းခြင်းကြောင့် ဒုက္ကဋ်အာပတ်သင့်၍ ကိုယ်တိုင်ပြုပြီးသည့်အခါ (သို့မဟုတ်) သူတစ်ပါးအား ခိုင်းပြီး၍ ရသည့်အခါ ဘေဒနကပါစိတ်အာပတ် သင့်၏၊

ပါစိတ်အာပတ်ကို ဒေသနာမကြားမီ အပ်ဗူးကို ခွဲပစ်ရမည်ဖြစ်သောကြောင့် ခွဲခြင်းရှေးရှိသောပါစိတ် (ဝါ) ဘေဒနကပါစိတ်ဟု ခေါ်သည်။

အပ်ဗူးမှတစ်ပါး မျက်စဉ်းကျည်, မျက်စဉ်းတံ, ပဲခွပ်ရိုး, အနားပတ်သီး, ခါးပန်းသီးတို့ကို အရိုးစသည်ဖြင့် ပြုကောင်း၏၊ အပ်ဗူးကိုကား ဝါး, သစ်သား စသည်ဖြင့်သာ ပြုကောင်းသည်။

စတုက္ကပါစိတ်ဖြစ်ပုံ

၁။ မိမိပြု၍ မပြီးသေးသော အပ်ကျည်ကို ကိုယ်တိုင်ပြီးစေ၍ ရသောရဟန်း ပါစိတ်၊
၂။ မိမိပြု၍ မပြီးသော အပ်ကျည်ကို သူတစ်ပါးကို ပြီးစေ၍ ရသောရဟန်းလည်း ပါစိတ်၊
၃။ သူတစ်ပါးပြု၍ မပြီးသေးသော အပ်ကျည်ကို ကိုယ်တိုင်ပြီးစေ၍ ရသော ရဟန်းလည်း ပါစိတ်၊
၄။ သူတစ်ပါးပြု၍ မပြီးသေးသော အပ်ကျည်ကို သူတစ်ပါးကို ပြီးစေ၍ ရသော ရဟန်းလည်း ပါစိတ်ဟု စတုက္ကပါစိတ် ဖြစ်သည်။ နည်းယူ မှတ်ပါ၊ အခင်းများ ပြုလုပ်ရာ၌လည်း စတုက္ကပါစိတ် ဖြစ်ပုံကို သိပါလေ။

တူလောနဒ္ဓသိက္ခာပုဒ်

ညောင်စောင်း ကုတင်ကိုဖြစ်စေ အင်းပျဉ် ထိုင်ခုံကိုဖြစ်စေ အပေါ်၌ လဲအဆာသွတ်သော အခင်းရှိအောင် ကိုယ်တိုင်ပြုပြု သူတစ်ပါးကို ခိုင်း၍ ရရ, လဲအဆာကို ထုတ်ပြီး နောက်မှ ဒေသနာကြားရသော ဥဒ္ဓါလနကပါစိတ် အာပတ်သင့်၏၊

လဲအဆာ သွတ်ထားသော မွေ့ရာများကို ညောင်စောင်း အင်းပျဉ်ပေါ်၌ မခင်းရ၊ ထို့ပြင် သားမွေး ကော်ဇောများလည်း မခင်းရဟု သိပါ။

လဲသုံးမျိုး

လက်ပံပင်စသော သစ်ပင်မှဖြစ်သော ရုက္ခတူလလဲတစ်မျိုး, နွယ်ပင်မှ ဖြစ်သော လတာတူလလဲတစ်မျိုး, ရှင်မွေးလွန်းစသော မြက်မျိုးမှ ဖြစ်သော ပေါဋကီတူလလဲတစ်မျိုး ဤသို့အားဖြင့် သစ်ပင်လဲ, နွယ်လဲ, မြက်လဲဟု လဲ (၃)မျိုး ရှိ၏၊ ဝါဂွမ်းကိုလည်း ရုက္ခတူလ (= သစ်ပင်လဲ)၌ သွင်း၍ ယူလေ။

(ဆောင်) ရုက္ခ လတာ ပေါဋကာ၊ တူလာ သုံးမျိုးသိ။
သစ်ပင်, မြက်, နွယ်၊ လဲသုံးသွယ်၊ မှတ်ဖွယ် ကျမ်းဂန်ရှိ။

ယခုအခါ ဝါဂွမ်းများလည်း လဲအမျိုးအစားပင်ဖြစ်၍ လဲမှို့သွတ်ထားသော အခင်းများကို ဂိလာနမဟုတ်လျှင် မအိပ်ကောင်း, မထိုင်ကောင်း၊ အနာပေါက်ခြင်းစသော မကျန်းမာမှုကြောင့် ရိုးရိုးအခင်းပေါ်၌ မထိုင်နိုင် မအိပ်နိုင်သော ဂိလာနတို့ကား ထိုလဲမှို့အခင်း မွေ့ရာများနှင့် ခေါင်းအုံးများကို ခင်း၍ အိပ်ကောင်း၏၊

ကျမ်းဂန်၌ ဂိလာန မဟုတ်လျှင် ခေါင်းအုံးနှင့် ခြေအုံး နှစ်မျိုးသာ အပ်ကြောင်း လာ၏၊ ထို့ကြောင့် ဝိနည်းဓိုရ် ပုဂ္ဂိုလ်များကား ခေါင်းအုံးကို တံတောင်ဖြင့် ထောက်ခြင်း, ရင်ဘတ်အောက်၌ ထားခြင်းများကို မပြုကြဘဲ ရှောင်ကြဉ်ကြ၏၊ အချို့ကား တံတောင်ဖြင့် ထောက်ခြင်း, လက်ဖြင့် ထောက်ခြင်းများကို သံသယ မရှိကြ။ အဘယ့်ကြောင့်ဆိုသော် အိပ်သော အခါများ၌ ခေါင်းအုံးပေါ်လက်တင်ကာ လက်ပေါ်ခေါင်းချ၍ အိပ်ခြင်းကို ဝိနည်းအရာ သံသယကုက္ကုစ္စကြီးတော်မူသော မထေရ်ကြီးတို့သော်မှလည်း ပြုကြသည်ကို မြင်ရသောကြောင့်ဟု အကြောင်းပြကြ၏၊ အချို့ကား မှီအုံးကြီးကိုပင် အသုံးပြုလျက် ရှိကြ၏၊ မှီအုံးကား မအပ်သည်သာဟု မှတ်။

ခေါင်းအုံးပမာဏ

ခေါင်းအုံးကား ဦးခေါင်းပမာဏ ရှိသော်သာ အပ်၏၊ ဦးခေါင်းပမာဏ ခေါင်းအုံးဟူသည် ထောင့်သုံးထောင့်တို့တွင် နှစ်ထောင့်၏အကြား အနံအားဖြင့် တစ်ထွာလေးသစ်၊ အလယ် တောင်ဆုပ်၊ အလျား တစ်ထောင့်ထွာ၊ နှစ်တောင်သာ အပ်သည်။ အနံ တောင်ဆုပ်၊ အလျား နှစ်တောင်ဟူ၏၊ ထို့ထက်ကြီးမူ မအပ်၊ အငယ်ပမာဏကို ကျမ်းဂန်မပြ။

အာယောဂပတ်ခါးပန်း, အံသကိုဋ်, သပိတ်အိတ်, ရေစစ်, ခေါင်းအုံးတို့၌ ထည့်ကောင်း၏ဟု ဆိုသောကြောင့် ဝါဂွမ်းများကို အတွင်း၌သွင်း၍ ချုပ်လုပ်ထားသော စောင်များကို ကိုယ်အောက်မှာထား၍ မအိပ်သင့်ဟု မှတ်ပါ။

မဉ္စပီဋ္ဌသိက္ခာပုဒ်

ညောင်စောင်း, အင်းပျဉ်, ကုတင်, ကုလားထိုင်တို့ကို ကိုယ်တိုင်ဖြစ်စေ ခို်င်း၍ဖြစ်စေ အသစ်ပြုလုပ်စေလိုလျှင် ဘုရားရှင်၏ လက်သစ်တော်ဖြင့် (အလွန်ဆုံး) ရှစ်လက်သစ် အခြေ ရှိစေရမည်။ ထိုထက် ရှည်လျှင်ကား ဖြတ်ခြင်း ရှေးရှိသော ဆေဒနကပါစိတ်အာပတ် သင့်၏၊

အခြေကို တိုင်းရာ၌ကား ဘောင်ဟု ခေါ်သော အပေါင်ကို ထည့်၍ တိုင်းဖွယ် မလို။ သူတစ်ပါးထံမှ အခြေရှည်သော ညောင်စောင်းကိုရလျှင် ဖြတ်၍ သို့မဟုတ် အပိုကို မြေတွင် မြှုပ်၍ သုံးစွဲရမည်။

ညောင်စောင်း (၄) မျိုး

၁။ အခြေ၌ အပေါင်စွပ်သော မသာရက ညောင်စောင်း၊
၂။ အခြေနှင့် တစပ်တည်း အပေါင်ရှိသော ဗုန္ဒိကာဗဒ္ဓ ညောင်စောင်း၊
၃။ ပုဇွန်ခြေသဏ္ဌာန် ကောက်သော အခြေရှိသော ကုဠိရပါဒက ညောင်စောင်း၊
၄။ အပေါင်၌ အခြေစွပ်သော အာဟစ္စပါဒက ညောင်စောင်းအားဖြင့် လေးမျိုး ပြား၏၊

အင်းပျဉ်လည်း ညောင်းစောင်းနည်းတူ လေးမျိုးပင် ရှိ၏၊ အထူးကား- လေးတောင် အလျားရှိသည်ကား ညောင်စောင်း၊ လေးတောင်အောက် တိုသော အလျားရှိသည်ကား အင်းပျဉ်မည်သည်ဟု ဆိုကြ၏၊

(ဆောင်) မသာရက ဗုန္ဒိကနှင့်၊ ကုဠီရပါဒ အာဟစ္စ၊ လေးဝ ညောင်စောင်း ပြား။ အင်းပျဉ်၌လည်း ထိုလေးတည်း၊ ပြားနည်း သိစေသား။ လေးတောင်ရှိသည်, ညောင်စောင်းမည်, တိုသည် အင်းပျဉ်ကြား။

အဿန္ဒီပလ္လင်ကား လေးထောင့်အခြေရှည်သော်လည်း အပ်၏၊

ဘိသိ (= ဘုံလျှို ဖုံ)

ဘိသိဟူသည် အပြင်က အဝတ်ဖြင့်ဖြစ်စေ, သမင်ရေစသော အပ်သော သားရေဖြင့်ဖြစ်စေ အခွံပြု၍ လူမွေးနှင့် ပန်းညိုရွက်ကို ဖယ်ထား၍ အမွေး, သစ်ရွက်, မြက်, လျှော်အဝတ်တို့ကို အဆာသွတ်၍ ပြုအပ်သော မွေ့ရာ ဘုံလျှိုကို ဆိုသည်။

ထိုဘုံလျှိုသည် သားမွှေးဘုံလျှို, သစ်ရွက်ဘုံလျှို, အဝတ်ဘုံလျှို, မြက်ဘုံလျှို, လျှော်ဘုံလျှိုဟု ငါးမျိုး ပြား၏၊ ပမာဏအတိုင်းအထွာ မရှိ။ ထိုင်ခြင်း အိပ်ခြင်း အလုံးစုံအပ်သည်။

(ဆောင်) သားမွေး, သစ်ရွက်၊ အဝတ်, မြက်၊ လျှော်စွက် ဘုံလျှိုငါး။

ညောင်စောင်း အင်းပျဉ်တို့သည် မြတ်စွာဘုရားရှင်၏ လက်သစ်တော်ဖြင့် (၈)လက်သစ် (= တစ်မိုက်) ဖြစ်သည်။ (တစ်ထွာမှာ ဆယ့်နှစ်လက်သစ် ရှိ၏၊) ဘုရားရှင် တစ်ထွာ

= (၁၃)လက်မခွဲ၊ တစ်တောင် = (၂၇)လက်မ၊ ရှစ်လက်သစ် = တစ်မိုက်၊ သုံးမိုက် = တစ်တောင်ဖြစ်၍ (၂၇)ကို (၃)ဖြင့် စားသော် (၉)လက်မရှိ၍ တစ်မိုက်မှာ (၉)လက်မ ဖြစ်သင့်သည်။ မဇ္ဈိမပုရိသ တစ်တောင် (= ပကတိပုရိသ တစ်ထောင့်ထွာ)အခြေရှိ၏ဟု ဆိုကြသည်မှာ မြင့်လွန်းမည် ထင်၏၊

ထိုအရာဝယ် စဉ်းစားဖွယ်ရှိသည်ဟု ဘာသာဋီကာ ကုဋိကာရသိက္ခာပုဒ်၌ ဆိုထား၏၊ သီဟိုဠ်, ယိုးဒယား, ကမ္ဘောဒီးယားစသော ထေရဝါဒ နိုင်ငံတို့၌ ဘုရားရှင်တစ်ထွာကို (၁၃)လက်မခွဲရှိသည်ဟု ယူကြသည်။ ဘုရား ရှင်၏ (၈)လက်သစ်သည် (၉)လက်မ ဖြစ်သင့်၍ ညောင်စောင်း အင်းပျဉ် အခြေ (၉)လက်မ ထားသင့်သည်ဟု ယူဆသင့်ပါသည်။ ဝိနည်းဥပဒေတော်ကြီး စာမျက်နှာ (၂၃၄)၌ ဘုရားရှင် (၈)လက်သစ်သည် (၂၄) လက်မ (=၂- ပေ) ရှိသည်ဟု တွက်ပြထားသည်။

အပေါင် (ဘောင်)ကို မတိုင်းရ၊ အောက်အခြေကိုသာ တိုင်းရမည် ဖြစ်သည်။ ကျေးဇူးတော်ရှင် ဖားအောက်တောရဆရာတော်သည် ကုဋင်ပြုလုပ်ရာတွင် (၉)လက်မ အခြေထားသည်ကို နှစ်သက်တော်မူသည်။ နိမ့်လွန်း၍ အာပတ်မသင့်၊ မြင့်လျှင်သာ ဆေဒနကပါစိတ်အာပတ် သင့်သည်။ဖြတ်ခြင်းရှေးရှိသော ပါစိတ်အာပတ်ဖြစ်သည်။ ဖြတ်ပြီးမှ ဒေသနာကြားရသော အာပတ်တည်း။ မဖြတ်မချင်း ဒေသနာ မည်မျှပင်ကြားကြား အာပတ်က မထမြောက်နိုင်ဟု မှတ်ပါ။

နိသီဒနသိက္ခာပုဒ်

နိသီဒိုန်ကို ကိုယ်တိုင်ဖြစ်စေ, ခိုင်း၍ဖြစ်စေ ချုပ်လိုသော ရဟန်းသည် ဘုရားရှင်၏ အထွာတော်ဖြင့် အလျား (၂)ထွာ၊ အနံ (၁)ထွာခွဲ၊ အမြိတ်ခေါ်သော အဆာ (၁)ထွာ၊ ဤအတိုင်းအရှည်ရှိသော (ငယ်သာလျှင် ငယ်စေ သည့်ထက် မပိုရသော) နိသီဒိုန်ကိုသာ ချုပ်နိုင်သည်။ ထိုအတိုင်းအရှည်ထက် ပိုလွန်လျှင်ကား လွန်သမျှကို ဖြတ်ပစ်ရခြင်းရှိသောဆေဒနကပါစိတ်အာပတ်သင့်၏၊

သန္ထတအခင်းနှင့်တူစွာ ခင်း၍ မိမိ အလိုရှိရာဘက် အစွန်းတစ်ခု၌ မြတ်စွာဘုရားရှင်၏ တစ်ထွာပမာဏ ရှိသော အဆာကိုတပ်၍ နှစ်နေရာ၌ကား ခွဲထားရသည်။ ဤကဲ့သို့ ပြုလုပ်ထားသော် အမြိတ်အဆာ (၃)ခု ကွဲလျက် ရှိ၏၊ ပမာဏနှင့်ယှဉ်သော, အမြိတ်အဆာသုံးခုရှိသော ပရိက္ခရာမျိုးကို နိသီဒိုန်ခေါ်သည်ဟု သိပါ။

နိသီဒိုန် ပညတ်တော်မူခြင်း

စီဝရက္ခန္ဓက ပဏီတဘောဇနဝတ္ထု၌ ရဟန်းများ မွန်မြတ်သော အစာအာဟာရတို့ကို စားကြပြီးနောက် တရားလက်လွတ်လျက် အိပ်ပျော်ကြသောအခါ အိပ်မက်မက်၍ သုတ်လွတ်ကြသဖြင့် သင်္ကန်း, ကျောင်း, အိပ်ရာ, နေရာ, ခန္ဓာကိုယ်များ ပေရေနေခြင်းကြောင့် သင်္ကန်းကို စောင့်ရှောက်ခြင်း (= စီဝရဂုတ္တိ) ကျောင်း, အိပ်ရာ, နေရာကို စောင့်ရှောက်ခြင်း (= သေနာသနဂုတ္တိ) ခန္ဓာကိုယ်ကို စောင့်ရှောက်ခြင်း (= ကာယဂုတ္တိ)အကျိုးငှာ ပညတ်တော်မူသည်။ ထို့ကြောင့် နိသီဒိုန်ကို သုက်နှီးသင်္ကန်းဟု ခေါ်ကြသည်။

အသုံးပြုပုံ

ဤနိသီဒိုန်ကို ယခုကာလ နေရာထိုင်ခင်းများကဲ့သို့ ခင်း၍လည်း အသုံးပြုကြသည်။ ဆွမ်းစားသည့်အခါ တစ်ပိုင်းကို အောက်ကခင်း၍ အမြိတ်အဆာကို တင်ပလ္လင်ပေါ်၌ တင်ကာ ဆွမ်း, ဟင်းစက်များကို ကာကွယ်ခြင်း အကျိုးငှာလည်း အသုံးပြုကြသည်။

အထူးအားဖြင့်ကား သင်းပိုင်၏အတွင်း၌ ခံ၍ ဝတ်ဖို့ရန် ဖြစ်သည်။ ရှေ့ဘက်က အဆာထားခံဝတ်လျှင် အလယ်က အစကို နောက်သို့ ပေါင်ကြားမှ ခါးတောင်းကျိုက်ပုံစံကဲ့သို့ဖြစ်ပြီး, နောက်ဘက်က အဆာထား၍ ခံဝတ်လျှင် ၎င်းအလယ်က အစကို ပေါင်ကြားမှ ရှေ့သို့ယူ၍ ကြိုးငယ်ဖြင့် သို့မဟုတ် တွယ်အပ်တို့ဖြင့် ချိတ်ဆွဲထားရမည်။

ဤအခင်း၌ အဆာသည် ဘုရားရှင်တစ်ထွာ ဖြစ်၍ မဇ္ဈိမသုံးဆတက်သော် သုံးထွာ, ပကတိပုရိသ တစ်ထွာခွဲ ရောသော် လေးထွာခွဲ (သို့မဟုတ်) နှစ်တောင့်ထွာ ရှိရမည် ဖြစ်သည်။ စိတ်ကူးဖြင့် ဝတ်ဆင်ကြည့်ပါ၊ ရှည်လွန်းနေမည် ထင်ပါသည်။ ဘုရားရှင်တစ်ထွာ၌ (၁၃)လက်မခွဲ ယူဆသော ဝါဒနှင့် ဆိုလျှင် တစ်ပေသာသာရှိ၍ အနေတော်ဖြစ်မည်ဟု ထင်ပါသည်။ ဤနေရာ၌လည်း စဉ်းစားဝေဖန်ကြရန် ဖြစ်သည်။

ကဏ္ဍုပ္ပဋိစ္ဆာဒိ သိက္ခာပုဒ်

အမာလွှမ်း (သို့) အနာလွှမ်းသင်္ကန်းကို ပြုလုပ်လိုသော ရဟန်းသည် အတိုင်းအရှည် ပမာဏနှင့် ယှဉ်သော အမာလွှမ်းသင်္ကန်းကို ပြုလုပ်ရမည်။ ထိုအမာလွှမ်းသင်္ကန်း၌ ဤဆိုလတ္တံ့သည်ကား ပမာဏတည်း။ မြတ်စွာဘုရား အထွာတော်ဖြင့် အလျား (၄)ထွာ၊ အနံ (၂)ထွာတို့တည်း။ ထိုပမာဏကို လွန်စေသော ရဟန်းအား ဖြတ်ခြင်းရှေးရှိသော ဆေဒနကပါစိတ်အာပတ် သင့်၏၊

ဥပလက္ခဏနည်း = အစိတ်ကို မှတ်၍ ဆိုသောနည်း

ကဏ္ဍုသဒ္ဒါသည် ယားနာကိုသာ ဟောသော်လည်း ဤသိက္ခာပုဒ်၌ ယားနာကို ဥပလက္ခဏနည်းအားဖြင့် သတ်မှတ်၍ ဆိုထားသည်။ ထို့ကြောင့် ကဏ္ဍုသဒ္ဒါဖြင့် ယားနာ, ဝဲနာ, သွေးစုနာ, အရည်ထွက်သော ဘဂန္ဒိုလ်နာ, ပြည်ထွက်သော အနာ, အိုင်းအနာ, ဒူလာ, လိပ်ခေါင်း, မြင်းသရိုက်နာ, ဆီးချိုရောဂါစသော ကြီးကျယ်သော အရည်ထွက်သော အနာဟူသမျှကို ယူရမည်။

ထိုအနာများသည် ချက်မှအောက်ပိုင်း, ဒူးပဆစ်မှအထက် ပေါက်လျှင် သင်းပိုင်ကို ပေမည်စိုးသောကြောင့် ထိုအနာများကို ဖုံးလွှမ်းကာကွယ်ဖို့ရာ အနာလွှမ်းသင်္ကန်းတစ်မျိုးကို ဘုရားရှင် ခွင့်ပြုတော်မူသည်။

[ဝဿိကသာဋိက (မိုးရေခံသင်္ကန်း)အကြောင်း ရှေး၌ ရေးခဲ့ပြီး ဖြစ်သည်၊ ပြန်ကြည့်ပါ။]

နန္ဒတ္ထေရသိက္ခာပုဒ် (ခေါ်) သုဂတစီဝရသိက္ခာပုဒ်

မြတ်စွာဘုရားရှင်၏ သင်္ကန်းတော်ပမာဏနှင့် အညီဖြစ်စေ ပိုလွန်၍ ဖြစ်စေ မိမိဖို့ သင်္ကန်းမလုပ်ရ၊ မလုပ်စေရ၊ ပြုလုပ်ခဲ့လျှင် နန္ဒတ္ထေရ (ခေါ်) သုဂတစီဝရဘေဒနကပါစိတ်အာပတ် သင့်၏၊

မြတ်စွာဘုရားရှင်၏ သင်္ကန်းတော်ပမာဏကား မြတ်စွာဘုရား၏ အထွာတော်အားဖြင့် အလျား (၉)ထွာ၊ အနံ (၆)ထွာတည်း။ အတောင်အားဖြင့် အလျား (၄)တောင်ထွာ၊ အနံ (၃)တောင်တည်း။ ပကတိပုရိသအလျား(၂၀)တောင် (၆)လက်သစ်၊ အနံ (၁၃)တောင် (၁)ထွာ ဖြစ်၏၊ ဝိနည်းဥပဒေတော်ကြီး၌ မဇ္ဈိမဝဍ္ဎကီတွက်နည်းအရ ပေအားဖြင့် အလျား (၂၇)ပေ၊ အနံ (၁၈)ပေ ဖြစ်သည်ဟု ပြထားသည်။

ပြုလုပ်, ပြုလုပ်စေအံ့ ပယောဂတိုင်းပယောဂတိုင်း ဒုက္ကဋ်၊ ရခြင်းကြောင့် ပါစိတ်၊ သူတစ်ပါးအတွက် ပြုလုပ်, ပြုလုပ်စေအံ့ ဒုက္ကဋ်၊ သူတစ်ပါး ပြုလုပ်ပြီးသည်ကို သုံးဆောင်အံ့ ဒုက္ကဋ်အာပတ် သင့်၏၊

ဘာသာဋီကာမှတ်ချက်

ဘုရားရှင်၏ ဝတ်ရုံတော်မြဲသင်္ကန်းသည် ဘုရားရှင်၏အထွာတော်ဖြင့် အလျား (၉)ထွာ (= ၄ တောင်ထွာ)၊ အနံ (၆)ထွာ (= ၃ တောင်)ရှိရကား ယခုကာလပုဂ္ဂိုလ်များသည်လည်း မိမိအထွာဖြင့် အလျား (၄)တောင်ထွာ၊အနံ (၃)တောင်ရှိသော ဧကသီသင်္ကန်းကြီးကိုသာ ဝတ်ရုံထိုက်သည်။ ထိုမျှလောက် သင်္ကန်းဖြင့် သုပ္ပဋိစ္ဆန္န ပရိမဏ္ဍလဖြစ်အောင် ဝတ်နိုင်သည်သာ။

ပထမကထိနသိက္ခာပုဒ်၌ ကင်္ခါအဋ္ဌကထာအဆို တိစီဝရိက်၏ ပမာဏသည် ဧကသီနှင့်သင်္ကန်းကြီးအတွက် အလျား (၅)တောင် တောင်ဆုပ်၊ အနံ (၃)တောင် တောင်ဆုပ်ဟုလည်းကောင်း၊ သင်းပိုင်အတွက် အလျား (၅) တောင် တောင်ဆုပ်၊ အနံ(၂)တောင်ဟုလည်းကောင်း အဓိဋ္ဌာန်လောက်သော သင်္ကန်း၏ အတိုဆုံးပမာဏကို ပြထား၏၊ အကြီးဆုံးပမာဏမှာ ဘုရားရှင်၏ သင်္ကန်းတော်အောက် နည်းနည်း ပါးပါး လျော့စေရမည်ဟု ဆို၏၊

တောင်ဆုပ်ဟူသောစကား စဉ်းစားရန်

တောင်ဆုပ်ဟူရာ၌ အတောင်အားလုံးကို လက်သီးဆုပ်၍ တောင်လျှင် အလျား (၄)တောင်ထွာ၊ အနံ (၃)တောင် ရှိရကား အတိုဆုံးပမာဏဟူသော ကင်္ခါအဋ္ဌကထာစကားနှင့် သင့်တင့်ညီညွတ်ပေသည်။ (၄)တောင်အပြည့် တောင်၍ နောက်ဆုံး တစ်တောင်ကိုသာ တောင်ဆုပ်ထား တောင်လျှင်ကား (၄)တောင်ထွာမကသဖြင့်လည်းကောင်း၊ မုဋ္ဌိပဉ္စမက (ငါးခုမြောက် တောင်ဆုပ်ရှိသည်)ဟု မဆိုဘဲ မုဋ္ဌိပဉ္စက (တောင်ဆုပ် ငါးခုအပေါင်း)ဟု ဆိုသော စကားဖြင့်လည်းကောင်း စဉ်းစားသင့်လေသည်။

ပါတိမောက်ဘာသာဋီကာ မှတ်ချက်

ယခုအခါ၌ကား သုဂတဝိဒတ္ထိ လာသမျှ၌ “ရှင်စောတစ်ထွာ မဇ်သုံးထွာ တို့မှာ ခေါက်ချိုးတက်”ဟူသော စကားကို လက်ကိုင်ထားကြလျက် ဘုရားရှင်၏ တစ်ထွာသည် ယခု လူတို့အထွာဖြင့် (သုံးဆတက် ထက်ဝက်တိုး) (၄)ထွာခွဲ ရှိသည်ဟု ကြံဆကာ တိစီဝရိက်စသော သင်္ကန်းတို့နှင့်ညောင်စောင်း အင်းပျဉ်များကို အတော်ကြီးမားရှည်လျားစွာ သုံးစွဲနေကြလေပြီ။

ဘုရားရှင်၏ သင်္ကန်းတော်

ထိုသို့ သုံးစွဲကြရာ၌ ဘုရားရှင်၏သင်္ကန်းတော်ကို (သုံးဆတက် ထက်ဝက် တိုးအထိ) တွက်ကြည့်က ယခုလူတို့အထွာဖြင့် အလျား-အတောင် (၂၀) နှင့် လက် (၈)သစ် ရှိ၍ အနံလည်း (၁၃)တောင်နှင့် တစ်ထွာ ရှိသောကြောင့် ထိုသင်္ကန်းအောက် နည်းနည်းလျော့သော သင်္ကန်းသည် ယခုခေတ် ပုဂ္ဂိုလ်များ ဝတ်ရုံဖို့ရန် မဖြစ်နိုင်လောက်အောင် အလွန်ကြီးမားသော သင်္ကန်း ဖြစ်လေရာ၏၊

ထို့ကြောင့် ရှင်စောတစ်ထွာ..ဟူသော စကားကို ထပ်မံ၍ စဉ်းစားသင့်ကြပေသည်။ သို့ရာတွင် ဆရာမြတ်အစဉ်အဆက်တို့ အယူအတိုင်း ကောင်းသော စိတ်ထားဖြင့် သုံးစွဲနေကြသောကြောင့် အပြစ်ရှိသည်ဟုကား မမှတ်သင့်ပါ။

ရှင်စောတစ်ထွာ မဇ်သုံးထွာ ရှင်းချက်

ဘုရားရှင်တစ်ထွာနှင့် မဇ္ဈိမပုရိသ (၃)ထွာသည် ညီမျှ၏ဟု ဆိုသော စကားမှာ အဋ္ဌကထာစကားပင်တည်း။ ထိုမဇ္ဈိမပုရိသပမာဏကို ခေါက်ချိုးတက်မှ ငါတို့တစ်ထွာနှင့် ညီမျှသည်ဟူသော စကားကား အဋ္ဌကထာစကား မဟုတ်။ မြန်မာနိုင်ငံကျမှ ဝိနယာလင်္ကာရဋီကာစသည်တို့ မှန်းဆအပ်သော စကား ဖြစ်လေသည်။

ထိုဆရာတို့ မှန်းဆချက်ကား ဘုရားရှင်အရပ်တော်ကို (၁၈)တောင် မှန်းထား၍ ဘုရားရှင်အရပ်တော်သည် ဘုရားရှင်အတောင်တော်ဖြင့် (၄) တောင် သာ ရှိရမည်။ မဇ္ဈိမပုရိသအတောင်နှင့် (၃)ဆတက်လျှင် (၄_၃ =၁၂) ဖြစ်၍ (၁၂)တောင် ရှိသင့်၏၊ ဤ (၁၂)တောင်ကို ထပ်၍ ခေါက်ချိုး (= ၆ တောင်) ထည့်ပြန်လျှင် ငါတို့လူများ၏ အရေအတွက်ဖြင့် (၁၈)တောင် ဖြစ်သင့်သည်ဟု ကြံဆခြင်း ဖြစ်သည်။

သုဒ္ဓပါစိတ်

ဘေဒနကပါစိတ်အာပတ်အခန်း ပြီးခဲ့လေပြီ။ သုဒ္ဓပါစိတ်မှတ်ဖွယ်နှင့် သိစရာများ ဆိုင်ရာသိက္ခာပုဒ်များ၌ ကြည့်ရှုကြပါလေ။ သိက္ခာပုဒ်မြန်မာပြန်များကို ဝိနည်းဥပဒေတော်ကြီး စာမျက်နှာ (၅၈)၌ ဆက်လက်၍ လေ့လာနိုင်ကြပါသည်။

ဒုက္ကဋ်အာပတ်များကို ဤကျမ်းစာ စာမျက်နှာ (")၌ ရေးသားခဲ့ပြီ။ အကျယ် မှတ်ဖွယ်မှတ်ရာများကို ဆိုင်ရာဝိနည်း ကျမ်းစာအုပ်တို့၌ ကြည့်ရှု မှတ်သားကြပါကုန်။

ဤနေရာမှစ၍ ရဟန်းတော်များနှင့် အများဆုံး ထိတွေ့နေရသော အရာ များဖြစ်သည့် နိဿယည်း, ဥပဇ္ဈာယ်, ဝတ္တခန္ဓက, ဆွမ်း သင်္ကန်းကျောင်း ဆေး ပစ္စည်းလေးပါး၊ ယာဝကာလိကစသော ကာလိကလေးပါး၊ အပလော ကနကံ စသော ကံလေးပါး၊ ပရိက္ခရာ ရှစ်ပါး၊ ထီး ဖိနပ် ယပ် တောင်ဝှေး စသော အသုံးအဆောင်ပစ္စည်းများ၊နေ့စဉ် အတွေ့အထိများသော အရာများ ကို အကျဉ်းချုံး၍ သိသာရုံ မှတ်လွယ်ရုံ သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။

သင်္ကန်း

စီယတိ သဉ္စီယတီတိ စီဝရံ = ရက်လုပ်အပ် စီရင်အပ်သောကြောင့် သင်္ကန်းမည်ပါသည်။ ကာသာဝေန ရတ္တံ ဝတ္ထံ ကာသာဝံ = ဖန်ရည်ဖြင့် ဆိုးအပ်သောကြောင့် သင်္ကန်းမည်ပါသည်။

ဇာတိသင်္ကန်းအဝတ်အထည် (၆) မျိုး

၁။ ခေါမ = ခုမ်ချည်ဖြင့် ရက်အပ်သော အဝတ်၊ (တစ်နည်း) ခေါမတိုင်း၌ဖြစ်သော အဝတ်၊
၂။ ကပ္ပါသိက = ဝါချည်ဖြင့် ရက်အပ်သော ပိတ် ဖျင် ဇင်အဝတ်၊
၃။ ကောသေယျ = ပိုးချည်ဖြင့် ရက်အပ်သော ပိုးအဝတ်၊
၄။ ကမ္ဗလ = သားမွေးဖြင့် ရက်အပ်သော ကမ္ဗလာ(သက္ကလပ်)၊
၅။ သာဏ = ပိုက်ဆံလျှော်ချည်ဖြင့် ရက်အပ်သော အဝတ်၊
၆။ ဘင်္ဂ = ဘန်ချည်ဖြင့် ရက်အပ်သော (တစ်နည်း) ရှေ့၌ ပြခဲ့သော ချည်ငါးမျိုးဖြင့် ရော၍ ရက်အပ်သော အဝတ်။
ဤသို့ သင်္ကန်းချုပ်ဖို့ရာ အဝတ် (၆)မျိုးကို မှတ်ပါ။

(ဆောင်) ခေါမ ကောသေယျ ကပ္ပါသ၊ သာဏ ဘင်္ဂါနိ ကမ္ဗလံ။

ဤသင်္ကန်း (၆)ထည်ကို ဇာတိသင်္ကန်း (၆)ထည်ဟုလည်း ခေါ်ဆိုပါသည်။ ထို့ပြင် အနုလောမသင်္ကန်း (၆)ထည်၊ ပမာဏသင်္ကန်း (၉)ထည်တို့ကိုလည်း မှတ်သားပါ။

အနုလောမသင်္ကန်း (၆) ထည်

၁။ ဒုကူလ = ပိုက်ဆံလျှော်ဖြင့် ပြုအပ်သော ဘွဲ့ဖြူသင်္ကန်း၊
၂။ ပဋ္ဋုဏ္ဏ = ပဋ္ဋုဏ္ဏအရပ်၌ဖြစ်သော ပိုးသင်္ကန်း၊
၃။ သောမာရပဋ္ဋ = သောမာရအရပ်၌ဖြစ်သော ပိုးသင်္ကန်း၊
၄။ စိနပဋ္ဋ = စိနအရပ်၌ဖြစ်သော ပိုးသင်္ကန်း၊
၅။ ဣဒ္ဓိဇ = တန်ခိုးဖြင့်ဖြစ်သော သင်္ကန်း၊
၆။ ဒေဝဒိန္န = နတ်က ပေးလှူသော သင်္ကန်း။

ထို (၆)ထည်တို့တွင် ဒုကူလသင်္ကန်းသည် သာဏသင်္ကန်း၌ လျော်၏၊ ပဋ္ဋုဏ္ဏ သောမာရပဋ္ဋ စိနပဋ္ဋ ဤသုံးထည်သည် ကောသေယျသင်္ကန်းအား လျော်၏၊ ဣဒ္ဓိဇ ဒေဝဒိန္နသင်္ကန်းတို့သည် ခေါမသင်္ကန်းစသည် ခြောက်ထည်တို့တွင် တစ်ပါးပါးဖြစ်သောကြောင့် ခေါမသင်္ကန်း စသည်တို့အား လျော်၏၊

(ဆောင်) ဘွဲ့ဖြူ ပဋ္ဋုဏ္ဏ သောမရ၊ စိန တန်ခိုးနတ်၊
ဇာတ်အားလျော်မှု ဤခြောက်ခု၊ အနုလောမမှတ်။

ပမာဏသင်္ကန်း (၉) ထည်

သင်း ကိုယ် ဒု အိပ်၊ မျက် ပရိက်၊ နိသိဒ် မိုး အမာ၊ (ဝိနယသံခိပ်)

၁။ သင်း = သင်းပိုင် (ခါးဝတ်)၊
၂။ ကိုယ် = ကိုယ်ရုံ (ဧကသီ)၊
၃။ ဒု = ဒုကုဋ် (နှစ်ထပ်သင်္ကန်း)၊
၄။ အိပ် = အိပ်ရာခင်း အပေါ်လွှမ်း၊
၅။ မျက် = မျက်နှာသုတ်ပုဝါ၊
၆။ ပရိက် = ပရိက္ခာရစောဠ (လက်သုတ်ပုဝါ ရေစစ်ပုဝါ သပိတ်အိတ်စသော အတိုအထွာများ)၊
၇။ နိသိဒ် = နိသိဒိုန် (နေကထိုင်၊ အခင်း)၊
၈။ မိုး = မိုးရေခံသင်္ကန်း (မိုးရာသီတွင် မိုးရေချိုးသောအခါ ဝတ်ရုံ၍ချိုးရသော သင်္ကန်း)၊
၉။ အမာ = အမာလွှမ်းသင်္ကန်း (အနာပေါက်သည့်အခါ သင်းပိုင်ကို သွေး ပြည် မပေစေရန် အတွင်းခံ အဖြစ် ဝတ်ရသည်။)

ပါဋိဒေသနီအာပတ်

အာပတ် (၆)မျိုး အကျဉ်းချုံးပြီး သင်ကြားပြီးခဲ့လေပြီ။ ယခု ပါဋိဒေသနီ အာပတ် (၄)မျိုးကို ဆက်လက်ပြဆိုပါမည်။ ပါဋိဒေသနီအာပတ်များကို အခြားအာပတ်များ ဒေသနာပြောကြားသကဲ့သို့ မပြောကြားရဘဲ သိက္ခာပုဒ် ပါဠိ၌ ပါရှိသည့်အတိုင်း သီးခြား ဒေသနာကြားရ၏၊

“ဂါရယှံ အာဝုသော (ဘန္တေ) ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမိ”ဟု ဆို၍ ဒေသနာပြောကြားရ၏၊ ထို့ကြောင့် ပါဋိဒေသနီယဟု ခေါ်သည်။

အာဝုသော =ငါ့ရှင် (ဘန္တေ =အရှင်ဘုရား)။ အဟံ = ငါသည် (တပည့်တော်သည်)။ ဂါရယှံ = ကဲ့ရဲ့ထိုက်သော။ အသပ္ပါယံ = နတ်ပြည်နိဗ္ဗာန်အား မလျောက်ပတ်သော။ ပါဋိဒေသနီယံ = ပါဋိဒေသနီမည်သော။ ဓမ္မံ = အာပတ်သို့၊ အာပဇ္ဇိံ = ရောက်ပါပြီ။ တံ = ထိုပါဋိဒေသနီအာပတ်ကို။ ပဋိဒေသေမိ = သီးခြား ပြောပါ၏၊ (ဝါ) သီးခြား ဒေသနာကြားပါ၏၊

(မှတ်ချက်) ဤ ပါဋိဒေသနီအာပတ်ကို အခြားအာပတ်များ ဒေသနာကြားသကဲ့သို့ ရိုးရာအတိုင်း ဒေသနာကြားလျှင်လည်း အာပတ်မှမထဟု မဆိုသာချေ။ ထို့ကြောင့် ဤဒေသနာကြားနည်းဖြင့် ကြားသူ နည်းပါးနေသည်။

၁။ ပထမ ပါဋိဒေသနီ

ရွာတွင်းသို့ ဆွမ်းခံဝင်သော ဆွေမျိုးမတော်စပ်သော ရဟန်းမိန်းမ၏ လက်မှ ခဲဖွယ်ကိုဖြစ်စေ ဘောဇဉ်ကိုဖြစ်စေ မိမိလက်ဖြင့် (ကိုယ်တိုင်)ခံယူ၍ မစားရ။ စားလျှင် မျိုတိုင်းမျိုတိုင်း ပထမပါဋိဒေသနီအာပတ် သင့်၏၊

၂။ ဒုတိယပါဋိဒေသနီ

ဒါယကာတို့ ဆွမ်းစားပင့်ဖိတ်၍ အိမ်၌ ရဟန်းတို့ ဆွမ်းဘုဉ်းပေးနေစဉ် ရဟန်းမိန်းမကဤအရှင်၏ သပိတ်၌ ဟင်းထည့်ပေးလော့ ထမင်းထည့်ပေးလော့”ဟု စီရင် ပြောဆိုငြားအံ့၊ ထိုရဟန်းမိန်းမကို တစ်ဦးတစ်ယောက်သော ရဟန်းကမျှ “နှမ ..ရဟန်းတော်တို့ ဆွမ်းဘုဉ်းပေးနေတုန်း သင် တခြားသို့ သွားနေလော့”ဟု မမောင်းမဲဘဲလျက် ဆက်လက်ခံယူ၍ မစားရ။ စားလျှင် မျိုတိုင်းမျိုတိုင်း ဒုတိယပါဋိဒေသနီအာပတ် သင့်၏၊

(မှတ်ချက်) ဤပထမနှင့်ဒုတိယ ပါဋိဒေသနီသိက္ခာပုဒ်နှစ်ပုဒ်တို့သည် ယခု အခါ၌ ဘိက္ခုနီမများ မရှိတော့၍ အာပတ်သင့်ဖို့ရာအကြောင်း မရှိတော့ပါ။

၃။ တတိယပါဋိဒေသနီ

သေက္ခဟု သမုတ်အပ်ကုန်သော အကြင်အမျိုးတို့သည် ရှိကုန်၏၊ ထိုသို့ သဘောရှိကုန်သော သေက္ခဟုသမုတ်အပ်ကုန်သော အမျိုးတို့၌ အိမ်၏ ဥပစာသို့ မရောက်မီ ရှေ့အဖို့က ပင့်လည်း မပင့်အပ်၊ ဂိလာနလည်း မဟုတ်ဘဲ ခဲဖွယ်ကိုဖြစ်စေ ဘောဇဉ်ကိုဖြစ်စေ မိမိကိုယ်တိုင် ခံယူ၍ ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ထိုရဟန်းသည် “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမိ”ဟု ဆို၍ သီးခြား ဒေသနာ ပြောရမည်။

(မှတ်ချက် သေက္ခဟု သမုတ်ရလောက်အောင် သဒ္ဓါတရားကောင်းသော်လည်း ပစ္စည်းဥစ္စာ ဆုတ်ယုတ်နေသောကြောင့် အလှူခံလာသမျှ ဆွမ်းခံလာသမျှကို လှူနေလျှင် ထိုသူတို့ ပို၍ ပင်ပန်းသွားမည် စိုးသောကြောင့် ရှေးဦးစွာ သိမ်ထဲ၌ သံဃာစည်းဝေး၍ ဉတ်ကမ္မဝါစာဖြင့် သေက္ခဟု သမုတ်ထားရသည်။ ထိုအိမ်၌ သံဃာတော်တို့ ဆွမ်းခံခြင်းစသော အလှူခံမှု မပြုရဟု ပညတ်တော်မူ၍ သူတို့ တတ်နိုင်သမျှ ပင့်ဖိတ်သောအခါ၌သာလျှင် သူတို့ သဒ္ဓါတရားမပျက်အောင် အလှူခံရန် ခွင့်ပြုတော်မူခြင်း ဖြစ်သည်။

ဤသိက္ခာပုဒ်တော်၌ ဘုရားရှင်၏ ကရုဏာတော် မေတ္တာတော်နှင့် မြော်မြင်တော်မူပုံများကို စဉ်းစားဆင်ခြင် ကြည်ညိုပြီးလျှင် မိမိတို့နှင့် စပ်ဆိုင်ရာ ဒါယကာဒါယိကာမတို့အားလည်း သူတို့ လှူလိုတိုင်း လက်မခံဘဲ အရာရာ ထောက်ထား၍ အလှူခံသင့်မှ ခံစေလိုသော ဘုရားရှင်၏ အလိုတော်ကို နားလည်ကြပါလေ။

သေက္ခပုဂ္ဂိုလ်နှင့် သေက္ခဟုသမုတ်ပုံ

သောတာပန် သကဒါဂါမ် အနာဂါမ် (အရိယာ)ဖြစ်ပြီးသူများကို သေက္ခ ဟု ခေါ်၏၊ ထိုသူတို့ကား သေက္ခအစစ်အမှန်များတည်း။ (သေက္ခ = ကျင့်ဆဲ ပုဂ္ဂိုလ်) ထိုသို့ အရိယာဖြစ်ပြီးသူများသည် အလှူဒါန၌ လွန်စွာ မွေ့လျော်ကြ ၏၊ အစစ်အမှန် အလှူခံပုဂ္ဂိုလ်က သူတို့နှင့်ထိုက်တန်သော ပစ္စည်းကို အလှူခံလာလျှင် မိမိမှာ ရှိနေသောပစ္စည်းကို မပေးမလှူဘဲ မနေနိုင်ကြ၊ ဤကား သေက္ခပုဂ္ဂိုလ်တို့၏ ထုံးစံတည်း။

အိမ်တစ်အိမ်၌ကား သမီးခင်ပွန်း ဇနီးမောင်နှံနှစ်ယောက်လုံးပင် သေက္ခ (အရိယာ) မဖြစ်သေးသော်လည်း သဒ္ဓါတရားမှာ သေက္ခ (အရိယာ)တို့ကဲ့သို့ပင် ထက်သန်ကြ၏၊ ပစ္စည်းဥစ္စာမှာ ဆုတ်ယုတ်နေအံ့၊ (လှူရလွန်း၍ဖြစ်စေ အရောင်းအဝယ် မကောင်း၍ဖြစ်စေ တစ်နည်းနည်းဖြင့် ဆုတ်ယုတ်နေအံ့၊) သံဃာအများအား သိမ်အတွင်း၌ စုဝေးကာဉတ္တိဒုတိယကမ္မဝါစာဖြင့် ထိုအိမ်သူအိမ်သားများကို သေက္ခဟု သမုတ်ထားရလေသည်။

သမုတ်ပုံ

ရှေးဦးစွာ ကျောင်းတိုက်တွင်း၌ ရဟန်းတော်များကို သိမ်အတွင်း၌ အချင်းချင်း နှစ်တောင့်ထွာအတွင်း ရှိအောင် စုဝေးစေရ၏၊ သံဃာစုံညီသောအခါ သွက်သွက်လက်လက် ထက်ထက်မြက်မြက်ရှိသော ရဟန်းတော် တစ်ပါးသည် ကမ္မဝါစာ ကံပြုသောစကားဟုခေါ်သော ပါဠိစကားဖြင့် အောက်ပါအကြောင်းအရာကို သံဃာတော်အား ပြောပြရသည်။ ထိုသို့ ပြောပြခြင်းကိုပင် ကမ္မဝါဖတ်ခြင်းဟု ခေါ်သည်။ အမှန်မှာ စာမကြည့်ဘဲ ရွတ်ဆိုရမည်သာ ဖြစ်သည်။ စာကြည့်ဖတ်ခြင်းကား အရကျက်မထားနိုင်၍, ရသော်လည်း မတော်တဆ ကမ္မဝါစာ တစ်လုံးတစ်လေ မှားမည်စိုး၍ ကြည့် ဖတ်ခြင်း ဖြစ်သည်။

ကမ္မဝါစာဖတ်ပုံ

ဉတ်စကား ---- သုဏာတု မေ ဘန္တေ သံဃော (ဣတ္ထန္နာမံ) ကုလံ သဒ္ဓါယ ဝဍ္ဎတိ၊ ဘောဂေန ဟာယတိ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော (ဣတ္ထန္နာမဿ) ကုလဿ သေက္ခသမ္မုတိံ ဒဒေယျ၊ ဧသာ ဉတ္တိ။

ကမ္မဝါစာ --- သုဏာတု မေ ဘန္တေ သံဃော (ဣတ္ထန္နာမံ) ကုလံ သဒ္ဓါယ ဝဍ္ဎတိ၊ ဘောဂေန ဟာယတိ၊ သံဃော (ဣတ္ထန္နာမဿ) ကုလဿ သေက္ခသမ္မုတိံ ဒေတိ၊ ယဿာယသ္မတော ခမတိ (ဣတ္ထန္နာမဿ) ကုလဿ သေက္ခသမ္မုတိယာ ဒါနံ၊ သော တုဏှဿ။ ယဿ နက္ခမတိ၊ သော ဘာသေယျ။

ထို အရှင်သည် ငါသဘောမတူဟု ပြောနိုင် ကန့်ကွက်နိုင်သည်။ (ဤသို့ မေးသောအခါ မည်သူမျှ မကန့်ကွက်ဘဲ ဆိတ်ဆိတ်နေကြလျှင် ထိုသေက္ခသမုတ်မှု အထမြောက်တော့၏၊)

နိဂုံးစကား --- ဒိန္နာ သံဃေန (ဣတ္ထန္နာမဿ) ကုလဿ သေက္ခသမ္မုတိ၊ ခမတိ သံဃဿ၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမိ။

ဤအချိန်ကျမှ သမုတ်မှုကိစ္စ ပြီးစီး၏၊ ဤသို့ သမုတ်ထားသော အိမ်မှ ခဲဖွယ် ဘောဇဉ်များကို ဆွမ်းခံသလို ကိုယ်တိုင် မခံယူရတော့ချေ။

မှတ်သားဖွယ် ဗဟုသုတ

ဤနေရာဝယ် ဘောဇဉ် မတ္တညုတာ (အလိုက်သိမှု)ဟု ဟောတော်မူသည်နှင့်စပ်၍ ကျမ်းစာတို့၌ ဖွင့်လေ့ရှိသော အလိုက်သိပုံများကို သိထားသင့်သည်။ ရဟန်း သာမဏေများသည် ဆွေမျိုးမတော်သော အလှူရှင် (သို့မဟုတ်) “အလိုရှိရာ တောင်းခံပါ”ဟု ဖိတ်မန်လျှောက်ထားခြင်း မရှိဖူးသော အလှူရှင်တို့ထံမှ မည်သည့်ပစ္စည်းကိုမျှ, အယုတ်ဆုံး ရေကိုမျှ မတောင်းကောင်းကြောင်း သေခိယ သူပေါဒနဝိဉတ္တိသိက္ခာပုဒ်, သင်္ကန်း စသည်မှာ အညာတကဝိညတ္တိသိက္ခာပုဒ်တို့ဖြင့် သိပါ။

အလှူရှင် (၃) မျိုး

ဤနေရာ၌ အလှူခံကောင်းသော (၁) ဉာတိ = ဆွေမျိုးအလှူရှင်၊ (၂) ပဝါရိတ = ဖိတ်မန်ထားသော အလှူရှင်၊ (၃) ဆွမ်းခံသလိုရပ်၍ ဘာမျှ မပြောဘဲ အလှူခံရသော အလှူရှင်ဟု (၃)မျိုး ရှိ၏၊ ဤ (၃)မျိုးတို့အပေါ်၌ အလှူခံပုဂ္ဂိုလ်က အလိုက်သိရသော အချက် (၃) ချက် ရှိ၏၊

အချက် (၃) ချက်

ထိုသုံးချက်ကား - ၁။ အလှူရှင်၏ အလိုဆန္ဒ ၂။ လှူဖွယ်ဝတ္ထု၏ပမာဏ (အနည်းအများ) ၃။ အလှူခံပုဂ္ဂိုလ်၏ အတိုင်းအရှည်သိမှု - ဤသုံးပါးတို့တည်း။ ထိုတွင် ---

၁။ အလှူရှင်မှာ ပစ္စည်းဥစ္စာ ပေါများပါသော်လည်း သူ့ဆန္ဒက နည်းနည်းသာ လှူလိုလျှင် (သူ့မှာ ပစ္စည်းဥစ္စာ မည်မျှပင်ပေါပေါ မိမိမှာ မည်မျှပင် အသုံးလိုလို) သူ၏ဆန္ဒ, သူ၏သဒ္ဓါတရားကိုလိုက်၍ နည်းနည်းသာ အလှူခံပါ။ များများအလှူခံနေလျှင် သူ၏ သဒ္ဓါ, ဆန္ဒနှင့် မကိုက်ညီ၍ အလိုက်မသိရာ ရောက်လိမ့်မည်။

၂။ အလှူရှင်သည် သဒ္ဓါတရား ကောင်းလှ၏၊ မိမိအတွက်ဆိုလျှင် ကုန်ကုန် ခမ်းခမ်း လှူဒါန်းမည်သာ။ သို့သော် သူ့မှာ ပစ္စည်းဥစ္စာကား ပေါများလှသည် မဟုတ်၊ (လှူဖွယ်ဝတ္ထုကား နည်းနည်းသာ ရှိနေ၏၊) ထိုကဲ့သို့သော အလှူရှင်မျိုးထံ (သူ့သဒ္ဓါတရား ဘယ်လောက်ပင် ကောင်းကောင်း, မိမိမှာ မည်မျှပင် အသုံးလိုလို) သူ၏ လှူဖွယ်ဝတ္ထုအခြေအနေကို ထောက် ထား၍ နည်းနည်းပါးပါးသာ အလှူခံပါ။

များများအလှူခံနေလျှင် သူ့မှာရှိသော ပစ္စည်းနှင့် မကိုက်ညီ၍ အလိုက်မသိရာ ရောက်လိမ့်မည် ဟူလို၊ ဤသိက္ခာပုဒ်အရ သေက္ခမျိုးဟု ကမ္မဝါစာဖြင့် သမုတ်ရခြင်းမှာလည်း ဤအလှူရှင်မျိုးကို ညှာတာခြင်းပင်တည်း။

၃။ အလှူရှင်တစ်ဦးကား ပစ္စည်းဥစ္စာတွေလည်း ပေါများ၏၊ သဒ္ဓါတရားလည်း ကောင်းလှ၏၊ သို့သော် (သူက တစ်ရာတန် လှူနိုင်သော်လည်း မိမိမှာ တစ်ဆယ်တန်သာ အသုံးလိုလျှင်) မိမိ အသုံးလိုသလောက်သာ အလှူခံပါ။ အလှူရှင်က ပစ္စည်းပေါသလောက် သဒ္ဓါတရား ကောင်းသလောက် အလှူခံနေလျှင် မိမိသုံး၍ ပိုနေသမျှ အချည်းနှီးဖြစ်စရာရှိသောကြောင့် (ဘုန်းကြီးတွေ အလိုက်မသိတတ်ဘူးဟု) ဘေးလူများ၏ အကဲ့အရဲ့ဒဏ်ကို တစ်သာသနာလုံး ခံရမည်ဟူလို။ ထိုကြောင့် အလှူခံပုဂ္ဂိုလ်တို့မှာ အဘက်ဘက်က အလိုက်သိတတ်မှသာ လူအများနှင့် ဆက်ဆံရာဝယ် ပြေပြေပြစ်ပြစ် ဖြစ်နိုင်ဖွယ်ရာ ရှိပါသည်။ (ဧကနိပါတ အင်္ဂုတ္တရအဋ္ဌကထာ ဝီရိယာရမ္ဘာဒိဝဂ်၊ ဘုရားဥပဒေတော်ကြီး၊၂၇၅၊၊)

သတ္တာဟကာလိက ယာမကာလိက ယာဝဇီဝိကတို့ကို အာဟာရအလို့ငှာ အလှူခံလျှင် ဒုက္ကဋ်အာပတ် သင့်၏၊

၄။ စတုတ္ထပါဋိဒေသနီ

ခိုးသူ, သူပုန်တို့ဖြင့် ရွံရှာဖွယ် ယုံမှားဖွယ်ရှိ၏ဟု သမုတ်အပ်သော ဘေးဘျမ်းနှင့်တကွဖြစ်သော တောရကျောင်း၌နေသော ရဟန်းသည် မိမိအား ခဲဖွယ်, ဘောဇဉ်တို့ကို လာလှူပါမည်ဟု ရှေးဦးစွာ ကြိုတင်၍မလျှောက် ထားဘဲ ပို့လှူလာသော ခဲဖွယ်ကိုဖြစ်စေ, ဘောဇဉ်ကိုဖြစ်စေ အာရာမ် အတွင်း၌ မနာမဖျားဘဲလျက် မိမိလက်ဖြင့် (ကိုယ်တိုင်) ခံယူ၍ မစားရ။ စားလျှင် မျိုတိုင်းမျိုတိုင်း စတုတ္ထပါဋိဒေသနီအာပတ် သင့်၍ “ဂါရယှံ အာဝုသော (ဘန္တေ) ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမိ”ဟုဆို၍ ဒေသနာကြားရမည်။ (ခံယူအံ့ ဒုက္ကဋ်၊ မျိုတိုင်းမျိုတိုင်း ပါဋိဒေသနီအာပတ်သင့်၏၊)

ပုဗ္ဗေ အပ္ပဋိသံဝိဒိတံ - ပုဗ္ဗအရ ရှေးဦးစွာဟူသည် အာရာမ်၏ ဥပစာသို့ မရောက်မီ ရှေးရှေးအချိန်အခါများတည်း၊ နက်ဖြန် ဘောဇဉ်ကို တောကျောင်းသို့ သွား၍ ပို့လိုလျှင် ယနေ့လိုကဖြစ်စေ, အာရာမ်ဥပစာသို့ မရောက်မီ အချိန်ကပ်၍ဖြစ်စေ မည်သူက ခဲဖွယ်ကို (သို့) ဘောဇဉ်ကို (သို့) နှစ်မျိုးလုံးကို ပို့လှူလာပါလိမ့်မည်ဘုရား”ဟု ရှေးဦးစွာ ကြိုတင်၍ မလျှောက်အပ်သော အာမိသကို အပ္ပဋိသံဝိဒိတဟု ခေါ်သည်။ နက်ဖြန် မည်သူက ဆွမ်းကပ်လာပါလိမ့်မည်ဟု မလျှောက်အပ် ဟူလို။

ကြိုတင်၍သိစေခြင်း အကျိုး

တင်ကြို၍ လျှောက်ထားလာသောအခါ “အနီးအပါးမှာ ခိုးသူဘေးရန်တွေရှိကြောင်း”ကို ပြောပြရသဖြင့် အလှူရှင်တို့မှာ ဘေးအန္တရာယ်တွေ လွတ်ကင်းအောင် အစောင့်အရှောက်များစွာနှင့် လာနိုင်ခွင့်ရခြင်း အကျိုးရှိ၏၊ ထို့ပြင် ခိုးသူ သူပုန်များကိုလည်း “နက်ဖြန် ဆွမ်းပို့လာသူ လူတွေလာကြလိမ့်မည် သင်တို့ကို မဖမ်းမိအောင် မသိအောင် လွတ်ရာသို့ ရှောင်နေကြ”ဟု သတိပေးရခြင်း အကျိုးရှိသည်။

ထိုသို့ ပြောမထားလျှင် “ရဟန်းများသည် ငါတို့ကိုမျှ သတိမပေးကြ”ဟု အလှူရှင်ဘက်, ခိုးသူဘက် နှစ်ဘက်လုံးကပင် အပြစ်တင်စရာ ရှိသည်။

(မှတ်ချက်) နောက်ဆုံးကွက်ဇယားသည် ဘိက္ခုနီမနှင့် သီလရှင်များအတွက် ရည်ရွယ်သည်။

မဟာဝါပါဠိတော်၌ ဆရာလေးပါး တပည့်လေးပါးတို့ကို အဖအမှတ်၊ သားအမှတ်အနေဖြင့် စိတ်ထားရန် ဟောတော်မူသည်။ ခုဒ္ဒသိက္ခာဘာသာဋီကာ (စာမျက်နှာ-၂၀၈ ၌ အာစရိယသည် ဦးကြီး ဦးလေး၊ ဘကြီး ဘထွေးနှင့် တူ၏၊ အန္တေဝါသိကတပည့်ကား တူနှင့် တူသည်ဟု ဆိုထားပါ သည်။)

ဥပဇ္ဈာယ်, နိဿယည်းဆရာအင်္ဂါ

(ဆောင်) ဆယ်ဝါရလျှင်း, ဝိဘင်းနှစ်ဖြာ, နှုတ်တက်စွာ, ကမ္မာကမ္မသိ။
ဝတ်ခန္ဓက၊ ကျေပွန်လှ၊ မြောက်ထ ဥပဇ္ဇိ။
ဥပဇ္ဈာယ်ဆရာ၊ နိဿယည်းဆရာ၊ အင်္ဂါ ထူးမရှိ။

နိဿယမုစ္စက = နိဿယည်းလွတ် နေနိုင်သူ

(ဆောင်) ငါးဝါပြည့်မြောက်, ပါတိမောက်နှုတ်, ဥပုသ်ပဝါရဏာ, ကမ္မာကမ္မ ကျေလည်က, လွတ်ထ နိဿယည်း။

တစ်နည်း နိဿယမုစ္စက အင်္ဂါ (၇) ပါး

(ဆောင်) ဒွေမာတိကာ, ကမ္မာကမ္မ ငါးဝါရဟု, လိုရင်းစုနှင့် အမ္ဗဋ္ဌတု, ဝတ္ထု စသား တရားသုံးပုဒ်, သုတ်နှစ်အင်္ဂါ, ဘာဝနာ, မှီရာလွတ်ကြောင်း ခုနစ်တည်း။

အမ္ဗဋ္ဌနှင့်တူသော တစ်ခုသော ဝတ္ထုစကား အန္ဓကဝိန္ဒသုတ်, မဟာရာဟုလောဝါဒသုတ် စသည် ---

၁။ ဒါနအကျိုး စသောတရား၊ ၂။ မင်္ဂလာတရား၊ ၃။ အမင်္ဂလာ အသု ဘတရား သုံးပုဒ်, ဘာဝနာဟူသည် သမထ ဝိပဿနာ အရဟတ္တဖိုလ်ပေါက် ကမ္မဋ္ဌာန်းတရား အားထုတ်ဖို့ရန် သင်ထားခြင်း။

ကျောင်းထိုင်, ပရိသတ်အလုပ်အကျွေးခံ အင်္ဂါ (၅) ပါး

၁။ ဆယ်ဝါရပြီးခြင်း၊ ၂။ ဘိက္ခုဝိဘင်း ဘိက္ခုနီဝိဘင်းကို ရခြင်း၊ ၃။ကံ ကြီး ကံငယ်တို့ကို သိခြင်း၊ ၄။ မဟာဝါခန္ဓက စူဠဝါခန္ဓကလာ စုဒ္ဒသခန္ဓကဝတ်ကို သင်ရခြင်း၊ ၅။ နာမ် ရုပ်အပိုင်းအခြားကို သိစေခြင်းငှာ မူလပဏ္ဏာသ ဖြစ်စေ, သုတ်မဟာဝါဖြစ်စေ, သဂါထာဝဂ္ဂ နိဒါနဝဂ္ဂသံယုတ်ဖြစ်စေ, အင်္ဂုတ္တိုရ် ထက်ဝက် (ငါးဝဂ်)မျှဖြစ်စေ, အဋ္ဌကထာနှင့်တကွသော ဇာတ်, ဝတ္ထုနှင့်တကွသော ဓမ္မပဒတို့ကို သင်ရခြင်း၊ ဤအင်္ဂါတို့နှင့် ပြည့်စုံလျှင် ဒိသာပါမောက္ခဆရာ၊ ကျောင်းထိုင်၍ ရှင်ငယ် ရဟန်းငယ် ပရိသတ်မွေးနိုင်ပြီး ဆရာတစ်ဆူလုပ်၍ ပရိသတ်အလုပ်အကျွေး ခံထိုက်ပြီဟု သိ။ (မဟာဝါ၊၉၀။)

သဒ္ဓေါ ဟိရိမာ ဩတ္တပ္ပိ အာရဒ္ဓဝီရိယော ဥပဋ္ဌိတဿတိ ဟောတိ။ပါဠိတော်၌ အသေက္ခ သီလခန္ခ, အသေက္ခ သမာဓိက္ခန္ဓ, ပညာက္ခန္ဓ, ဝိမုတ္တိခန္ဓ, ဝိမုတ္တိဉာဏဒဿနခန္ဓ စသည့် အင်္ဂါများ ဟောကြားထားပါသည်။

(ဆောင်) ဆယ်ဝါပြည့်တင်း, ဝိဘင်းနှစ်ဖြာ, ကမ္မာကမ္မ, ခန္ဓကပုဒ်, နာမ်ရုပ် ပိုင်ပိုင်, ဟောပြနိုင်မှု, သုတ္တန်စု, သင်ပြု ကျောင်းထိုင် ငါး။

(ဆောင်) ဆယ်ဝါ ပြည့်တင်း, ဝိဘင်း နှစ်ဖြာ, ကမ္မာကမ္မ, ခန္ဓကပုဒ်, နာမ်ရုပ် ပိုင်ပိုင်, ဟောပြနိုင်၍, ပန်းရန် လက်သမား, ခိုင်းတတ်ငြား, မှတ်သား ကျောင်းထိုင် ခုနစ်တည်း။ (ပဲခူးကြခတ်ဝိုင်းဆရာတော်)

နိဿယည်းငြိမ်းပျက်ကြောင်းအင်္ဂါ (၆) ပါး

၁။ နိဿယည်းဆရာကဖြစ်စေ၊ မိမိကဖြစ်စေ အရပ်တစ်ပါးပါးသို့ ဖဲခွာသွားခြင်း၊
၂။ တိတ္ထိတို့ဘောင် ကူးပြောင်းသွားခြင်း၊ 
၃။ လူထွက်ခြင်း၊ 
၄။ သေဆုံးပျံလွန်ခြင်း၊ 
၅။ နှင်ထုတ်ခံရခြင်း၊ 
၆။ ဥပဇ္ဈာယ်ဆရာနှင့် တွေ့ဆုံခြင်း - ဤအင်္ဂါခြောက်ပါး တစ်ပါးပါး ဖြစ်လျှင် နိဿယည်း ငြိမ်းပျက် ၏၊ ထပ်မံ၍ နိဿယည်းယူရမည်။

(ဆောင်) ဖဲ, ပြောင်း, လူ, သေ၊ နှင်, တွေ့ပေ၊ ပျက်လေ နိဿယည်း ခြောက်ပါး တည်း။

ဝတ် မကျေပွန်သော တပည့်ကို နှင်ထုတ်ပုံ

၁။ သင့်ကို နှင်ပါ၏၊
၂။ သင်သည် ဤနေရာသို့ မဝင်ပါလင့်။
၃။ သင်၏ သပိတ် သင်္ကန်းကို ထုတ်ဆောင်ပါလော့။
၄။ သင်သည် ငါ့ကို မလုပ်ကျွေးသင့် မလုပ်ကျွေးထိုက်ဟု ဆို၍ နှင်ရမည်။

မနှင်ထုတ်ထိုက်သော အင်္ဂါငါးပါး

၁။ အာစရိယမှိ အဓိမတ္တာ ပေမံ ဟောတိ = ဆရာဥပဇ္ဈာယ်၌ အလွန် ချစ်ခြင်း။
၂။ အဓိမတ္တော ပသာဒေါ ဟောတိ = အလွန် ကြည်ညို၏၊
၃။ အဓိမတ္တာ ဟိရီ ဟောတိ = အလွန် ရှက်၏၊
၄။ အဓိမတ္တော ဂါရဝေါ ဟောတိ = အလွန် ရိုသေ၏၊
၅။ အဓိမတ္တာ ဘာဝနာ ဟောတိ = အလွန် မေတ္တာပွားအပ်၏၊

ဤအင်္ဂါငါးပါးနှင့် ပြည့်စုံသော တပည့်တို့ကို မနှင်ထုတ်ရ၊ ဤအင်္ဂါ ငါးပါးနှင့် မပြည့်စုံလျှင် နှင်ထုတ်ရမည်။

(ဆောင်) အလွန်တရာ၊ ချစ်ကာကြည်ပေ၊ ရိုသေ ရှက်ကာ၊ မေတ္တာမျှ၊ တပည့်ကျ မနှင်ရာ၊ ထိုမှပြန်က ပြောင်းပြန်ပ၊ တပည့်ကျ နှင်ပစ်ရာ။

ကျန်သော အဓိပ္ပာယ်များ မဟာဝါပါဠိတော်၌ များစွာရှိပါသေးသည်၊ ကြည့်ရှုကြပါလေ၊ စုဒ္ဒသခန္ဓကဝတ်ကို အကျဉ်းအားဖြင့် မှတ်သားနိုင်ရန် တင်ပြပါမည်။ ပါဠိတော်ကို အကုန်မရေးဘဲ အနက်ဆွဲပြီးပေးကာ အရကျက်မှတ်ရန် ဖြစ်သည်။

စုဒ္ဒသခန္ဓကဝတ် ပါဠိတော်အကျဉ်း

စုဒ္ဒသ ခန္ဓကဝတ္တာနိ နာမ ခန္ဓကေ ဝုတ္တာနိ၊ ကထံ?

၁။ အာဂန္တုကဝတ္တံ၊ ၂။ အာဝါသိကဝတ္တံ၊ ၃။ ဂမိကဝတ္တံ၊ ၄။ အနုမောဒနာဝတ္တံ၊ ၅။ ဘတ္တဂ္ဂဝတ္တံ၊ ၆။ ပိဏ္ဍစာရိကဝတ္တံ၊ ၇။ အာရညကဝတ္တံ၊ ၈။ သေနာသနဝတ္တံ၊ ၉။ ဇန္တာဃရဝတ္တံ၊ ၁၀။ ဝစ္စကုဋိဝတ္တံ၊ ၁၁။ ဥပဇ္ဈာယဝတ္တံ၊ ၁၂။ သဒ္ဓိဝိဟာရိကဝတ္တံ၊ ၁၃။ အာစရိယဝတ္တံ၊ ၁၄။ အန္တေဝါသိကဝတ္တဉ္စာတိ ဣမာနိ စုဒ္ဒသ ခန္ဓကဝတ္တာနိ၊ ဧတာနိ စ သဗ္ဗေသံ သဗ္ဗဒါ စ ယထာရဟံ စရိတဗ္ဗာနိ။

ခန္ဓကဝတ်အနက် ပြန်ဆိုပုံ

စုဒ္ဒသ = တစ်ဆယ့်လေးပါးကုန်သော။ ခန္ဓကဝတ္တာနိ နာမ =ခန္ဓကဝတ် မည်သည်တို့ကို။ ခန္ဓကေ =မဟာဝါခန္ဓက စူဠဝါခန္ဓက၌။ ဘဂဝတာ = မြတ်စွာဘုရားရှင်သည်။ ဝုတ္တာနိ =ဟောကြားတော်မူအပ်ကုန်၏၊ ကထံ ဝုတ္တာနိ = အဘယ်သို့ ဟောကြားတော်မူအပ်ကုန်သနည်း ဟူမူကား ---

၁။ အာဂန္တုကဝတ္တဉ္စ = ကျောင်းတိုက်အာရာမ်တွင်းသို့ မဝင်မီ ဖိနပ်ချွတ်ခြင်း (ယာဉ်ပေါ်မှဆင်းခြင်း) ထီးရုပ်ခြင်း၊ ဦးခေါင်းခြုံကို ဖွင့်ခြင်း၊ ဦးခေါင်း၌ တင်ထားသော သင်္ကန်းကို ပခုံးသို့ ချခြင်း၊ ခြေဆေးရေကို လက်တစ်ဖက်ဖြင့် လောင်း၍ လက်တစ်ဖက်ဖြင့် ပွတ်ခြင်း၊ ရေကို စင်ကြယ်အောင် သုတ်ခြင်း၊ ဖိနပ်ကို စင်ကြယ်အောင် သုတ်ခြင်း၊ သီတင်းကြီးကို ရှိခိုးခြင်း၊ သီတင်းငယ်ကို ရှိခိုးခံခြင်း၊ နေထိုင်ရမည့် ကျောင်းအိပ်ရာနေရာကို မေးခြင်း၊ ဆွမ်းခံရွာကို မေးခြင်း၊ သေက္ခဟု သမုတ်အပ်ကုန်သော ဒါယကာကို မေးခြင်း၊ ကျင်ကြီးစွန့်ရာ ကျင်ငယ်စွန့်ရာ ဌာနကို မေးခြင်း၊ သောက်ရေ သုံးရေကို မေးခြင်း၊ သံဃာ၏ ကတိကဝတ်ကို မေးခြင်း၊ နေထိုင်ရမည့် ကျောင်းသည် အမှိုက်အစု ပြွမ်းသော် စွမ်းနိုင်မူ သုတ်သင်ရခြင်း၊ ပိုးအိမ်ပင့်ကူမျှင် ရှိအံ့၊ ဗိတာန်မျက်နှာကျက်မှစ၍ ပယ်ရှားရခြင်း၊ ကုဋင် ညောင်စောင်း အင်းပျဉ် ဘုံလျှို ထွေးခံ စသည်ကို နေလှန်းပွတ်တိုက်၍ ထားမြဲနေရာ၌ ထားရခြင်း၊ ညောင်စောင်းအောက် အခင်းရှိသော နေရာ၌ သပိတ်ကို ထားရခြင်း၊ အေးသော အခါဖြစ်မူ နေ့အခါ၌ လေသွန်တံခါးတို့ကို ဖွင့်ရခြင်း၊ ညဉ့်အခါ၌ ပိတ်ရခြင်း၊ ပူအိုက်သောအခါဖြစ်မူ နေ့အခါ၌ ပိတ်ရခြင်း၊ ညဉ့်အခါ၌ ဖွင့်ရခြင်း၊ မြူနှင့်တကွသော လေလာလျှင် တံခါးကို ပိတ်ရခြင်း၊ ကျောင်းတိုက်ပရိဝုဏ် တံခါးမုခ် မီးတင်းကုပ် ကျင်ကြီးအိမ် ကျင်ငယ်အိမ်စသည်တို့၌ အမှိုက်ရှိအံ့ တံမြက်လှည်းရခြင်း၊ သောက်ရေသုံးရေ သန့်သက်ရေ မရှိက တည်ထား လောင်းထည့်ထားရခြင်းစသော အာဂန္တုကရဟန်း သာမဏေတို့ ပြုရာသော ဝတ် လည်းကောင်း။

၂။ အာဝါသိကဝတ္တဉ္စ = အာဂန္တုက သီတင်းကြီးရဟန်းကို မြင်လျှင် နေရာခင်းရခြင်း၊ ခရီးဦးကြိုဆိုရခြင်း၊ သပိတ်သင်္ကန်းကို လှမ်းယူရခြင်း၊ ခြေဆေးရေ ခြေဆေးအင်းပျဉ် စသည်တို့ကို အနီး၌ ထားရခြင်း၊ သောက်ရေဖြင့် မေးရခြင်း၊ စွမ်းနိုင်မူ ဖိနပ်ကို သုတ်ရခြင်း၊ အာဂန္တုကရဟန်းကြီးကို ရှိခိုးရခြင်း၊ သီတင်းငယ်ကို ရှိခိုးစေရခြင်း၊ ကျောင်းအိပ်ရာနေရာကို ခင်းပေးရခြင်း၊ နေဖူးသည် မနေဖူးသည်ကို ပြောရခြင်း၊ ဆွမ်းခံရွာကို ပြောရခြင်း၊ သေက္ခဟု သမုတ်အပ်ကုန်သော ဒါယကာတို့ကို ပြောကြားရခြင်း၊ သောက်ရေ သုံးဆောင်ရေကို ပြောကြားရခြင်း၊ ကျင်ကြီးစွန့်ရာ ကျင်ငယ်စွန့်ရာ အရပ်ကို ပြောကြားရခြင်း၊ ဤအချိန်၌ ဝင်ရမည် ဤအချိန်၌ ထွက်ရမည်ဟု သံဃာ၏ ကတိကဝတ်ကို ပြောရခြင်း စသော အာဝါသိကရဟန်း သာမဏေတို့ ပြုရာသောဝတ်လည်းကောင်း။

၃။ ဂမိကဝတ္တဉ္စ = သစ်ဘဏ္ဍာ မြေဘဏ္ဍာစသည်တို့ကို သိုမှီးခြင်း၊ တံခါး မ လေသာတံခါးတို့ကို ပိတ်ခြင်း၊ ရဟန်းဖြစ်စေ, သာမဏေဖြစ်စေ, အာရာမ်စောင့်ဖြစ်စေ, ဥပါသကာကိုဖြစ်စေ ပန်ပြော၍ သွားရခြင်း၊ ထိုသူတို့ မရှိမူ မိုးမစိုသော နေရာထောင့်၌ ကျောက်ခဲလေးလုံးတို့၌ ညောင်စောင်းကို ခင်း၍ ညောင်းစောင်းအဆင့်ဆင့် အင်းပျဉ်အဆင့်ဆင့် ပြင်၍ အိပ်ရာနေရာတို့ကို အပေါ်၌ ပုံ၍ သစ်ဘဏ္ဍာ မြေဘဏ္ဍာတို့ကို သိမ်းဆည်း၍ တံခါးမ လေသာတံခါးတို့ကို ပိတ်လျက် ဖဲသွားရခြင်း၊ ကျောင်းအလုံးစုံ မိုးယိုခဲ့သော် စွမ်းနိုင်မူ မိုးခဲ့ရမည်၊ ကြောင့်ကြစိုက်ရမည်၊ မရကုန်မူ လွင်တီးခေါင်၌ ယခင်အတိုင်း ညောင်စောင်းအဆင့်ဆင့် အင်းပျဉ်အဆင့်ဆင့် တင်၍ သစ်ဘဏ္ဍာ မြေဘဏ္ဍာ ပစ္စည်းအားလုံးတင်၍ မြက်သစ်ရွက် ထန်းရွက်စသည်ဖြင့် ဖုံးအုပ်၍ ဖြစ်စေ နီးရာရွာသို့ ပို့ဆောင်၍ဖြစ်စေ ဖဲသွားရခြင်း၊ ဤသို့စသော ခရီးသွားအပ်သော ရဟန်းသာမဏေတို့ ပြုရာသော ဝတ်လည်းကောင်း။

၄။ အနုမောဒနာဝတ္တဉ္စ = မထေရ်ကြီးတရားဟောခြင်း၊ မထေရ်ကြီးက တိုက်တွန်းမှ ဟောခြင်း၊ မထေရ်ကြီးအား ပန်လျှောက်၍ဟောခြင်း၊ ဆွမ်းစားဇရပ်၌ မထေရ်ကြီး မထေရ်ငယ်ငါးပါး မထေရ်အပါးမှာ ဆိုင်းငံ့ နေရစ်ခဲ့ရခြင်း၊ (အကုန်ပြန်မကြွရဟု ဆိုလိုသည်) စသော တရားဟောရာ၌ ပြုရာသောဝတ်လည်းကောင်း။

(မှတ်ချက်) ဆွမ်းတရားဟောရာ၌ ပထမ မထေရ်ကြီး၏ ခွင့်ပြုချက်အရ တရားဟောနေစဉ် နောက်ထပ် ဝါပိုကြီးသော မထေရ်ကြီး ရောက်လာလျှင် ခွင့်ပန်ကြားဖွယ် မလို။

ခွင့်မပန်ဘဲ ဟောကြားနိုင်ခြင်း

တရားစကားဟောပြောရာ၌ ---
၁။ ဥပနိသိန္နကထာ အနီး၌ ထိုင်နေသူတို့အား ဟောရသော တရားစကား၊
၂။ အနုမောဒနကထာဆွမ်းအလှူရှင်တို့အား ဟောရသော တရားစကား စသည်ဖြင့် နှစ်မျိုး ရှိ၏၊

ဥပနိသိန္နကထာ၌သာ မထေရ်ကြီး ပိုင်၏၊ အနုမောဒနာကထာ၌ကား မထေရ်ကြီး မပိုင်၊ ထို့ကြောင့် အလှူရှင်တို့က မိမိတို့ ကြည်ညိုသော ရဟန်းကို တရားဟော (ရေစက်ချ) တောင်းပန်လျှင် မထေရ်ကြီးထံ ခွင့်မပန်ဘဲ ဟောမှုကြောင့် အာပတ်မသင့်ပါ။ (ခုဒ္ဒသိက္ခာ၊၂၂၇။)

မနုဿာ အတ္တနော ဇာနနကဘိက္ခုံ အာပုစ္ဆန္တိ၊ တေန ထေရံ အာပုစ္ဆိတွာ ကထေတဗ္ဗံ-ဟု အဋ္ဌကထာ မိန့်ဆိုသောကြောင့် မထေရ်ကြီးထံ ခွင့်ပန်၍သာ ထိုရဟန်းက တရားစကား ဟောပြောခွင့်ရသည်။

(ခုဒ္ဒသိက္ခာ ဘာသာဋီကာ၊၂၂၆။)

၅။ ဘတ္တဂ္ဂဝတ္တဉ္စ = အချက်ပေးသော တုံး, အုံးမောင်း, ကြေးစည်, သံချောင်းခေါက်သံကြားမူ ထက်ဝန်းကျင်မှ အဝန်းညီစွာ သင်းပိုင်ကို ဝတ်၍ ခါးပန်းကို ဖွဲ့၍ ဧကသီသင်္ကန်းကြီးတို့ကို နှစ်ထပ်ပြုကာ ရုံ၍ (ကျောင်းက လုံခြုံမူ နှစ်ထပ်သင်္ကန်း ထားခဲ့နိုင်၏၊ အရုဏ်တက်ချိန်ဖြစ်မူ သင်္ကန်းကြီး မထားခဲ့ရ၊) ကမ္ပတ်သီးကို တပ်၍ သပိတ်ကို ရေကျင်း ဆေးကြောပြီးလျှင် သပိတ်ကို ရိုသေစွာ ပွေ့လွယ်၍ မနှေးမလျင် ရွာတွင်းသို့ ကောင်းစွာ ဝင်ရခြင်း၊ မထေရ်ကြီး ရဟန်းကြီးတို့ကို ကျော်တက်၍ မထေရ်ကြီးရဟန်းတို့၏ ရှေ့မှ မသွားရခြင်း၊ ဆွမ်းစားဇရပ်သည် ရွာတွင်း၌ဖြစ်မူ ကောင်းစွာ ဖုံးလွှမ်းလျက် သွားရခြင်း၊ မျက်လွှာချလျက် သွားရခြင်း၊ ကောင်းစွာ ဣန္ဒြေကို စောင့်စည်းလျက် သွားရခြင်း၊ သင်္ကန်းကို ပင့်လျက် မသွားရခြင်း၊ ပြင်းစွာ ရယ်မောလျက် မသွားရခြင်း၊ ရွာတွင်း၌ ငယ်သောအသံ ရှိသည်ဖြစ်၍ သွားရခြင်း၊ သေခိယလာ သာရုပ္ပသိက္ခာပုဒ်များအတိုင်း ကျင့်ခြင်း၊ မထေရ်ကြီးရဟန်းတို့ကို တိုးဝှေ့လျက် မနေထိုင်ခြင်း၊ ရဟန်းငယ်တို့ကို နေရာဖြင့်လည်း မတားမြစ်ရခြင်း၊ ရွာတွင်း၌ သင်္ကန်းကြီးကို ဖိလျက်လည်း မနေထိုင်ရခြင်း၊ ဆွမ်းလောင်းလှူလတ်သော် လက်နှစ်ဖက်တို့ဖြင့် သပိတ်ကို ကိုင်၍ ခံရခြင်း၊ ထောပတ် ဆီ လက်သုတ် စသည် လောင်းမူ ရဟန်းအားလုံးတို့အား အညီအမျှပြည့်စုံပါစေဟု မထေရ်ကြီးက ပြောရခြင်း၊ သပိတ်၌ အမှတ်ရှိသည်ဖြစ်၍ သပိတ်အတွင်း အနားရေးနှင့်ညီသော ဆွမ်းကို ခံရခြင်း၊ ရဟန်းအားလုံးတို့ အတွက် ဆွမ်းမရောက်မီ မထေရ်ကြီးသည် ဆွမ်းမစားရခြင်း၊ သေခိယလာ ဘောဇနသံယုတ္တသိက္ခာပုဒ်များနှင့်အညီ ဆွမ်းစားရခြင်း၊ သပိတ်ကို ရေဆေးသောအခါ တခြားသို့ မဖိတ်စေရန် နှိမ့်ချ၍ ထွေးခံစသည်၌ လောင်းထည့်ရခြင်း၊ အာမိသ ပေကျံသော လက်ဖြင့် သောက်ရေခွက်ကို မကိုင်ရခြင်း၊ လုတ်ဆေးရေ လက်ဆေးရေစသည်ကို အခြားနေရာများသို့ မစင်ပါစေလင့်ဟု အာရုံပြု၍ နှိမ့်ချကာ ထွေးခံစသည်၌ ထွေးစွန့် လောင်းထည့်ရခြင်း၊ ပြန်ကြွသောအခါ မထေရ်ငယ်များက ရှေးဦးစွာ ပြန်ကြွရခြင်း၊ မထေရ်ကြီးက နောက်မှ ပြန်ကြွရခြင်း၊ (တချို့သော ကျောင်းတိုက်များ၌ မထေရ်ငယ်တို့သည် ဆွမ်းစားအိမ်မှ ရှေးဦးစွာ ဆင်းကြ၍ လမ်းပေါ်၌ တန်းစီစောင့်နေပြီး မထေရ်ကြီးက နောက်မှ ဆင်းလာကာ မထေရ်ကြီးက ဦးဆောင်၍ပင် တန်းစီကာ ညီညီညာညာ ပြန်ကြွသည်ကို တွေ့ရပါသည်။) ပြန်ကြွသောအခါ၌လည်း သေခိယသာရုပ္ပသိက္ခာပုဒ်များအတိုင်းပင် ပြန်ကြွရခြင်း၊ ဤသို့ စသော ဆွမ်းစားဇရပ်၌ ပြုရသောဝတ်လည်းကောင်း။

(မှတ်ချက်) ဆွမ်းစားဇရပ်သည် မြို့ရွာတွင်း၌ရှိသော ဇရပ်၊ ကျောင်းတိုက်အတွင်း၌ရှိသော ဆွမ်းစားဇရပ်ဟူ၍ နှစ်မျိုး ရှိသည်။ ဒကာ ဒကာမတို့ လာရောက်လောင်းလှူကြသော ကျောင်းတွင်းဆွမ်းစားဇရပ်၌လည်း ရွာတွင်း ဇရပ်ကဲ့သို့ပင် ကျင့်ဆောင်ရမည်ဟု ဖားအောက်တောရ ဆရာတော်ဘုရား မိန့်ကြားတော်မူသည်။

၆။ ပိဏ္ဍစာရိကဝတ္တဉ္စ = သစ်ဘဏ္ဍာ မြေဘဏ္ဍာစသည်တို့ကို သိုမှီးခြင်း၊ သပိတ်ကို ရေကျင်းခြင်း၊ ခါးပန်းကို ဖွဲ့ခြင်း၊ သင်းပိုင်သင်္ကန်းတို့ကို အဝန်းညီစွာ ဝတ်ရုံခြင်း၊ ဧကသီသင်္ကန်းကြီးတို့ကို နှစ်ထပ်ပြုလျက် ရုံရခြင်း၊ ကမ္ပတ်သီးကို တပ်လျက်, သပိတ်ကို ယူလျက် မနှေးမလျင် ရွာတွင်းသို့ ဝင်ရခြင်း၊ သေခိယသိက္ခာပုဒ်များနှင့်အညီ သွားလာရခြင်း၊ မရှည်မကြာ ရပ်ရခြင်း၊ အလွန် လျင်မြန်စွာ မပြန်ရခြင်း၊ ဆွမ်းကို လှူလိုသလော, ဟင်းကို လှူလို သလောဟူသည်ကို ရပ်လျက် မှတ်သားရခြင်း၊ (မျက်စိထက်ဝက်ဖြင့် လှမ်းကြည့်ရမည်ဟု အဋ္ဌကထာ ဆို၏၊၊) အလုပ်ကို ချခြင်း, နေရာမှ ထခြင်း, ယောက်မ အိုးခွက် ပန်းကန် သုံးသပ်ခြင်းသော်လည်းကောင်း, ရပ်စေသော်လည်းကောင်း လှူလိုရာ၏ဟု နှလုံးပြု၍ ရပ်ရခြင်း၊ သပိတ်ကို နှိမ့်၍ လက်နှစ်ဘက်တို့ဖြင့် သပိတ်ကို ပွေ့ကိုင်ကာ ဆွမ်းကို ခံရခြင်း၊ ဆွမ်းလှူသော မိန်းမ၏ မျက်နှာ စသည်ကို မကြည့်ရခြင်း၊ ဆွမ်းလှူပြီးသော် သင်္ကန်းကြီးဖြင့် သပိတ်ကိုဖုံး၍ ကောင်းစွာ မနှေးမလျင် ပြန်ရခြင်း၊ (ရှေးက သပိတ်အဖုံး မပါ၍ သင်္ကန်းကြီးနှင့် ဖုံးကြရသည်။) သေခိယလာသာရုပ္ပသိက္ခာပုဒ် နှင့်အညီ ပြန်ကြွရခြင်း၊ ဆွမ်းခံရွာမှ ရှေးဦးစွာ ဖဲခဲ့သော ပြန်ခဲ့သော ရဟန်းသည် နေရာခင်းရခြင်း၊ ခြေဆေးရေ ခြေဆေး အင်းပျဉ် ခြေပွတ်အိုးခြမ်းတို့ကို အနီး၌ ထားရခြင်း၊ ဆွမ်းဦးထည့်ရန် ခွက်ကို (ဇလုံကြီးစသည်ကို) ဆေး၍ အနီး၌ ထားရခြင်း၊ မိမိ မစားလိုသော ဆွမ်း ဆွမ်းဟင်း စသည်တို့ကို ထိုခွက်၌ ထည့်ရခြင်း၊ သောက်ရေသုံးရေ အနီး၌ ထားရခြင်း၊ နောက်မှ ဖဲခဲ့သော ရဟန်း သည် စားကြွင်းရှိ၍ စားလိုမူ စားရခြင်း၊ နောက်ဆုံးဖြစ်သော ရဟန်းသည် ကြွင်းကျန်သော ဆွမ်း, ဆွမ်းဟင်းတို့ကို မစားလိုမူ မြက်, သစ်ပင် မရှိရာ အရပ်၌သော်လည်း စွန့်ရခြင်း၊ ပိုးမွှားမရှိသော ရေ၌သော်လည်း သွန်ရခြင်း၊ နေရာတို့ကို ရုပ်သိမ်းရခြင်း၊ ခြေဆေးရေ, ခြေဆေးအင်းပျဉ် စသည်တို့ကို သိမ်းရခြင်း၊ ဆွမ်းဦးထည့်ရာခွက် (ဇလုံကြီး)ကို ဆေး၍ သိမ်းရခြင်း၊ သောက်ရေသုံးရေခွက် သိမ်းရခြင်း၊ ဆွမ်းစားကျောင်းကို တံမြက်လှည်းရခြင်း၊ သောက်ရေအိုး သုံးရေအိုး သန့်သက်ရေအိုးတို့၌ ရေအချည်းနှီး, ရေမရှိသည်ကို မြင်သော် ထည့်ထားရခြင်း ရေအိုးစသည်ကို မချီမကြွနိုင်သော ရဟန်းသည် အဖော်ကို လက်ယပ်ခေါ်၍ (အော်ဟစ်မခေါ်ရဟု ဆိုလိုသည်၊၊) လက်ချင်းယှက်ကာ တည်ထားရခြင်း၊ မချီမကြွနိုင်ခြင်း အကြောင်းကြောင့်သော်မျှလည်း စကားမပြောရခြင်း၊ (သတိပြုမှတ်သားခဲ့ပါ) ဤသို့စသော ဆွမ်းခံလှည့်လည်သော ရဟန်းသာမဏေတို့ ပြုရာသော ဝတ်လည်းကောင်း။

၇။ အရညကဝတ္တဉ္စ =တောနေရဟန်းသည် စောစောထ၍ သပိတ်ကို အိတ်၌ ထည့်ပြီးလျှင် ပခုံး၌လွယ်လျက် သင်္ကန်းကို ပခုံး၌တင်၍ ဖိနပ်စီးကာ သစ်ဘဏ္ဍာ မြေဘဏ္ဍာ စသည်တို့ကို သိမ်းဆည်း၍ တံခါးမ လေသာပြူတင်းတို့ကို ပိတ်ဆို့ပြီးလျှင် ကျောင်းမှ ဆင်းခဲ့ရခြင်း၊ ရွာအဝင်ဝသို့ရောက်လျှင် ဖိနပ်ကို ချွတ်၍ အောက်သို့နှိမ့်ကာ ခါပြီးလျှင် အိတ်၌ထည့်လျက် ပခုံး၌ ချိတ်၍ အဝန်းသုံးပါးကို ဖုံးလွှမ်းသဖြင့် အဝန်းညီစွာ ဝတ်လျက် ခါးပန်းကို ဖွဲ့လျက် အထပ်ရှိသည်ကိုပြု၍ သင်္ကန်းကြီးကို ရုံလျက် ကမ္ပတ်သီးကို တပ်လျက် ရေဆေး၍ သပိတ်ကို ယူလျက် မနှေးမလျင် ကောင်းစွာ ရွာတွင်းသို့ ဝင်ရခြင်း၊

မှတ်ချက် - ထားစရာ တည်စရာ သပိတ်အိတ်ကို ခွင့်ပြုသည်။ ဆွမ်းခံ အိတ် ခွင့်ပြုခြင်းလည်း မရှိ၊ ပယ်ခြင်းလည်း မရှိ၊ အချို့က ပယ်ကြသည်။(ရှေးက အငြင်းအခုံ ဖြစ်ဖူး၏၊) သပိတ်အိတ်ဖြင့် လွယ်လျက် ဆွမ်းမခံကောင်း ဟု အယူရှိသော မထေရ်တို့ကား တောနေရဟန်းတို့အား ရွာပ၌သာ ခွင့်ပြု သည်။ ရွာဝင်ခါနီး ချွတ်ရသည်ဟု အရညဝတ်ကို ကိုးကား၍ သပိတ်အိတ် မအပ်”ဟု ဆိုကုန်၏၊ သာသနာပိုင် ဂုဏ်ထူးဆောင် မထေရ်ကြီးများကပင် ဆိုကြသဖြင့် အဆက်ဆက်လိုက်၍ ဆိုကုန်၏၊ ယခု သပိတ်အိတ်သည် ကွန်ချာ ဖြစ်၏၊ ဆိုင်းနှင့် တူ၏၊ ထို့ကြောင့် မအပ်ဟု ဆိုကုန်၏၊ ခန္ဓက၌ မအပ်ဟု ဆိုလျှင် ဒုက္ကဋ်ပင်တည်းဟု အဆိုရှိ၏၊ ဗန်းမော်ဆရာတော်ကြီးကား အရညကဝတ်လာ သပိတ်အိတ်ကား သပိတ်မပွန်းရုံ ထည့်ရသော သူတောင်းစား လွယ်အိတ်ကြီးမျိုး ဖြစ်၍ အိတ်နှင့်တကွ ဆွမ်းခံ၍ မဖြစ်သောကြောင့် ချွတ်ရသည်။ မအပ်၍ အာပတ်သင့်၍ ချွတ်ရသည် မဟုတ်၊ ယခုကာလ သပိတ်အိတ်များကား ဆွမ်းခံ၍လည်း ဖြစ်သည်။ ဣန္ဒြေရ၍ သမဏသာရုပ္ပလည်း ဖြစ်လှသည်။ လက်ညောင်း သက်သာ ကိုယ်ချမ်းသာ၍ လွန်စွာ ကျေးဇူးများသည်ဟု မိန့်ဆိုတော်မူသတတ်။

သင်္ဂဇာဆရာတော်ကြီးကလည်း ငါ့တပည့်များ အရဟတ္တဖိုလ်သို့ ရောက်သည့်တိုင်အောင် သပိတ်အိတ်လွယ်၍ ဆွမ်းခံကြလေ၊ ပိဋကတ်ထိုးထွင်း ဉာဏ်ခေါင်ချဉ်းသော ငါတို့ကျေးဇူးရှင် သီးလုံးဆရာတော်ဘုရားကြီး၏ နည်းလမ်းတော် ဖြစ်ပေသည်ဟု မိန့်ဆိုတော်မူသတတ်။ (စူဠဝါအရသာ၊ ၁၂၉။)ကွန်ချာဆိုင်းကို သမ္မုတိမရဘဲ ထမ်းပိုး၌ မဆွဲအပ်ဟု ဆိုလျှင် သင့်တော်ရာ၏၊ ပခုံး၌ ဆိုင်းလွယ်လျက် ဆွမ်းမခံကောင်းဟု ဆိုလျှင် သဘင်စကားပမာ ရယ်ဖွယ်ရာသာ ဖြစ်ရာ၏၊ အချို့လည်း ဂရုကလဟုကေသုဖြင့် အရာမဟုတ်ဘဲလျက် မိမိစကား ခိုင်လိုခိုင်ငြား အဆိုမှားကုန်၏၊

(စူဠဝါအရသာ၊၁၃၀။)

မင်္ဂလာစံကျောင်းဆရာတော်၏ အဆုံးအဖြတ်

အရညဝါသီ ဂါမဝါသီရဟန်းနှစ်ယောက်တို့အားပင် ရွာတွင်းရွာပ နှစ်ဌာနတို့၌ သပိတ်အိတ်လွယ်၍ ဆွမ်းခံခြင်းငှာ မအပ်၊ သပိတ်အိတ်မှ သပိတ်ကို ထုတ်လျက် လက်ဖြင့် ကိုင်လျက်သာ အရညဝါသီ ဂါမဝါသီ ရဟန်းနှစ်ယောက်တို့ ဆွမ်းခံအပ်သည်။ (စူဠဝါပါဠိတော်နိဿယသစ်၊ ၉၁။)

အဓိဋ္ဌာန်မလောက်သော သပိတ်အိတ်များသည် အဓိဋ္ဌာန် ဝိကပ္ပနာ မလောက်သောကြောင့် ပတ္တတ္ထဝိက သပိတ်အိတ်ဝေါဟာရကိုကား မရ၊ အုပ်ဆိုင်း, ရေတကောင်းဆိုင်း စသည်တို့ကဲ့သို့ ဆိုင်းဟူသော ဝေါဟာရကိုသာ ရခဲ့သည်ရှိသော် ရှေးဦးအစ ပထမ၌ -

“န ဘိက္ခဝေ ဒဏ္ဍသိက္ကာ ဓာရေတဗ္ဗာ၊ ယော ဓာရေယျ၊ အာပတ္တိဒုက္ကဋဿ။” - ဟု ပယ်တော်မူပြီးမှ ဆိုင်းနှင့် ကင်း၍ သပိတ်ကိုဆောင်ခြင်းငှာ မစွမ်းနိုင်သော ဂိလာနပုဂ္ဂိုလ်အား -

“အနုဇာနာမိ ဘိက္ခဝေ ဂိလာနဿ သိက္ကာသမုတိံ ဒါတုံ” - ဟု အနုပညတ် ထပ်ဆင့် ခွင့်ပြုတော်မူသောကြောင့် ထိုအဓိဋ္ဌာန် မလောက်သော သပိတ်အိတ် ဆိုင်းသည် သမ္မုတိရသော ဂိလာနပုဂ္ဂိုလ်အား အပ်ရာ၏၊ သမ္မုတိ မရသော ဂိလာန (မကျန်းမာသူ) အဂိလာန (ကျန်းမာသူ) ပုဂ္ဂိုလ် နှစ်ယောက်တို့အား ထိုသပိတ်အိတ်ဆိုင်းသည် မအပ်ရာ။

(စူဠဝါပါဠိတော်နိဿယသစ်၊ ၉၃။)

သပိတ်ကို ပခုံး၌ လွယ်ထားလျှင်ကား တံခါးရွက်ကို လက်တစ်ဖက်ဖြင့် တွန်းထားနိုင်သောကြောင့် ဖွင့်ကောင်း၏၊ ရင်ခွင်၌ သပိတ်မထားကောင်း, တင်ပလ္လင်ခွေ၌ မထားကောင်းဟု ဆိုရာ၌လည်း သပိတ်ကို လွယ်ထားလျှင် ထလိုက်သော်လည်း သပိတ်မကျနိုင်သောကြောင့် ထားကောင်းပါ၏၊ (ခုဒ္ဒသိက္ခာဘာသာဋီကာ)တချို့ကား ကွန်ချာသပိတ်အိတ်၌ အပေါက်ပါသောကြောင့် ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်၍ မရ၊ ထို့ကြောင့် မအပ်ဟု ဆိုကြ၏၊

ရွာတွင်း၌ ကောင်းစွာ ဖုံးလွှမ်းလျက် သွားရခြင်း

ရွာမှထွက်သော် သပိတ်ကို အိတ်၌ ထည့်ပြီးလျှင် ပခုံး၌လွယ်လျက် သင်္ကန်းကိုခေါက်၍ ဦးခေါင်း၌တင်ကာ ဖိနပ်စီး၍ သွားရခြင်း၊ (ဤ၌လည်း ဖိနပ်မစီးသူ, သင်္ကန်းရုံမကြွသူတို့ စာနှင့် မညီ၍ အာပတ်သင့်သည်ဟု မဆိုရ၊) တောနေရဟန်းသည် သောက်ရေ သုံးရေ တည်ထားရခြင်း၊ မီးပွတ်ခုံ မီးပွတ်ကျည် (ယခုခေတ်မီးခြစ်)တောင်ဝှေးကို အနီး၌ ထားရခြင်း၊ နက္ခတ်တာရာအကြောင်း အားလုံးတို့ကိုလည်းကောင်း အချို့တို့ကိုလည်းကောင်း သင်ယူရ ခြင်း၊ အရပ်လေးမျက်နှာတို့၌ လိမ္မာရခြင်း စသော တောနေရဟန်းတို့ ကျင့်ရာသော ဝတ်လည်းကောင်း။ (ကြွင်းပိဏ္ဍစာရိကဝတ်အတိုင်း သိပါ)

၈။ သေနာသနဝတ္တဉ္စ =ညောင်စောင်း အင်းပျဉ် ကုလားထိုင် အိပ်ရာ နေရာတို့ကို သုတ်သင်ခြင်း၊ နေလှန်းခြင်း၊ ကျောင်း၌ ပိုးအိမ် ပင့်ကူမျှင်ရှိအံ့၊ ဗိတာန်မျက်နှာကြက်မှစ၍ ပယ်ရှားရခြင်း၊ လေသွန်တံခါး တိုက်လေးထောင့် နံရံတို့ကို သုံးသပ်ပွတ်တိုက်ရခြင်း၊ အပြေအပြစ်မပြုအပ်သော မြေဖြစ်အံ့၊ ရေဖြန်း၍ ကျောင်းကို မြူမှုန်မတက်စေလင့်ဟု (နှလုံးထား၍) တံမြက်လှည်းရခြင်း၊ အမှိုက်တံမြက်ချေးကို ကျုံး၍ သင့်ရာအရပ်၌ စွန့်ပစ်ရခြင်း၊

ရဟန်း၏အနီး ကျောင်း၏အနီး သောက်ရေသုံးရေတို့၏ အနီး၌ အိပ်ရာ “နေရာတို့ကို မခါရခြင်း၊ လေညာအရပ်၌ အိပ်ရာနေရာတို့ကို မခါအပ်၊ လေအောက်အရပ်၌သာ ခါရခြင်း၊ ညောင်းစောင်း, အင်းပျဉ်, ဘုံလျှို, ခေါင်းအုံး, နိသီဒိုန်, အိပ်ရာခင်း, မြေအခင်း, ထွေးခံ, မှီရာတံကဲပျဉ်တို့ကို နေလှန်းသုတ်သင်ပြီးလျှင် ခါ၍ ပွတ်တိုက်၍ ခင်းထားမြဲအတိုင်း တစ်ဖန် ပြန်ခင်းထားရခြင်း၊ သပိတ်ကို ညောင်းစောင်းအောက် အင်းပျဉ်အောက် အခင်းရှိသော နေရာ၌ ထားရခြင်း၊ သင်္ကန်းကို ကိုင်၍ လက်တစ်ဖက်ဖြင့် သင်္ကန်းတန်း (ဝါ) သင်္ကန်းကြိုးကို ပွတ်တိုက်၍ ထိုမှာဘက်က အစွန်းကို ဤမှာဘက်မှ အခွေပြုလျက် သင်္ကန်းကို ထားရခြင်း၊ မြူနှင့်တကွသော လေတို့သည် လာကုန်အံ့၊ တံခါးတို့ကို ပိတ်ရခြင်း၊ အေးသောအခါဖြစ်မူ နေ့အခါ၌ လေသွန်တံခါးတို့ကို ဖွင့်ထားရ၍ ညဉ့်အခါ၌ ပိတ်ထားရခြင်း၊ ပူအိုက်သောအခါဖြစ်မူ နေ့အခါ၌ လေသွန်တံခါးတို့ကို ပိတ်ထား၍ ညဉ့်အခါ ၌ ဖွင့်ထားရခြင်း၊ ကျောင်းပရိဝုဏ်, တံခါးမုခ်, စည်းဝေးရာ ဇရပ်, မီးတင်းကုပ်, ကျင်ကြီးအိမ်, ကျင်ငယ်အိမ် စသည်၌ အမှိုက်ရှိသည်ဖြစ်အံ့၊ တံမြက်လှည်းရခြင်း၊ သောက်ရေသုံးရေ သန့်သက်ရေ မရှိသည်ဖြစ်အံ့၊ သွန်းလောင်း ခပ်ထည့် တည်ထားရခြင်း၊ သီတင်းကြီးရဟန်းနှင့်အတူ တစ်ကျောင်းတည်း၌နေမူ သီတင်းကြီးရဟန်းကို မပန်ကြားဘဲ သင်ယူခြင်း၊ မေးမြန်းခြင်း၊ သရဇ္ဈာယ်ခြင်းတို့ကို မပြုရခြင်း၊ တရားမဟောရခြင်း၊ ဆီမီး မထွန်းညှိရခြင်း၊ ဆီမီးကို မငြိမ်းစေအပ်ခြင်း၊ (လျှပ်စစ်မီး ဖွင့်ခြင်းပိတ်ခြင်း ပါဝင်သည်။) လေသာတံခါးတို့ကို မဖွင့်အပ် မပိတ်အပ်ခြင်း၊ သီတင်းကြီးရဟန်းနှင့်အတူ စင်္ကြံတစ်ခုတည်း၌ စင်္ကြံလျှောက်မူ သီတင်းကြီးရဟန်းရှိရာသို့ မျက်နှာမူလျက် သွားရခြင်း၊ သီတင်းကြီးရဟန်းကို သင်္ကန်းကြီးစွန်းဖြင့် မတိုက်ခိုက်မိစေရခြင်း စသော ကျောင်းအိပ်ရာနေရာ၌ ပြုရာသောဝတ်လည်းကောင်း။

၉။ ဇန္တာဃရဝတ္တဉ္စ = ဇရုံးအိမ်သို့ ရှေးဦးစွာ သွားသောရဟန်းသည် ပြာများမူ ပြာကို စွန့်ရခြင်း၊ အမှိုက်ရှိမူ တံမြက်လှည်းရခြင်း၊ ကသယ်မှုန့်ကို စုရုံးထားရခြင်း၊ မြေညက်ကို ရေဆွတ်ရခြင်း၊ ရေချိုးကျင်း ရေချိုးကန်၌ ရေကို လောင်းထည့်ရခြင်း၊ မြေညက်ဖြင့် မျက်နှာကို လိမ်းကျံ၍ ရှေ့မှလည်းကောင်း, နောက်မှလည်းကောင်း ဖုံးလွှမ်း၍ ဇရုံးအိမ်သို့ ဝင်ရခြင်း၊ မထေရ်ကြီးရဟန်းတို့ကို တိုးဝှေ့၍ မနေထိုင်ရခြင်း၊ ရဟန်းငယ်တို့ကို နေရာဖြင့် မတားမြစ်ရခြင်း၊ စွမ်းနိုင်မူ မထေရ်ကြီးရဟန်းတို့အား ချေးပွတ်ရခြင်း၊ မထေရ်ကြီးရဟန်းတို့၏ ရှေ့၌ ရေမချိုးအပ်၊ အထက်မှ ရေမချိုးအပ်ခြင်း၊ ရေချိုးပြီး၍ တက်သော ရဟန်းသည် ဆင်းသောရဟန်းတို့အား လမ်းပေးရခြင်း၊ ဇရုံးအိမ်မှ နောက်ဆုံး ထွက်သော ရဟန်းသည် ဇရုံးအိမ်၌ ညွန်ဗွက်ထမူ ဆေးကြောရခြင်း၊ ဇရုံးအင်းပျဉ်ကို ယူ၍ ရှေ့မှလည်းကောင်း, နောက်မှလည်းကောင်း ဖုံးလွှမ်း၍ ထွက်ရခြင်း၊ မြေညက်ခွက်ကို ဆေး၍ ဇရုံးအင်းပျဉ်ကို သိမ်း၍ မီးကိုငြိမ်း၍ တံခါးကိုပိတ်၍ ဖဲသွားရခြင်း စသော ချွေးဇရုံးအိမ်၌ ပြုရာသောဝတ်လည်းကောင်း။

(မှတ်ချက်) ချွေးဇရုံးအိမ်ဟူသည် ချွေးထွက်နည်းသူ ချွေးငုတ်သူတို့ ချွေးရစေရန် ချွေးအောင်းရသော အဆောက်အအုံ ဖြစ်သည်။ ရေချိုးခန်းနှင့် မတူသည်ကို သတိပြုပါ။ မထေရ်ကြီးရဟန်းတို့ကို မရိုသေခြင်းကို စွဲ၍ ဇရုံးအိမ်၌ များစွာသော ထင်းတို့ကို တင်၍ မီးရှို့သော ရဟန်းအား ဒုက္ကဋ်၊ မီးရှို့၍ တံခါးကို ပိတ်လျက် တံခါးအနီး၌ ပိတ်ထိုင်သော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏၊

၁၀။ ဝစ္စကုဋိဝတ္တဉ္စ = ကျင်ကြီးအိမ်၏ အပြင်၌ ရှိသောရဟန်း အတွင်း၌ ရှိနေသော ရဟန်းတို့သည် အပြန်အလှန် ချောင်းဟန့်ခြင်း၊ သင်္ကန်းတန်း၌ သင်္ကန်းကို တင်၍ မနှေးမလျင် ဝင်ခြင်း၊ သင်းပိုင်ကိုပင့်၍ မဝင်ခြင်း၊ နင်းခုံ၌ နင်းမိမှ သင်းပိုင်ကိုပင့်ခြင်း၊ ညီးတွားလျက် ကျင်ကြီးကို မစွန့်ရခြင်း၊ ဒန်ပူခဲလျက် ကျင်ကြီးကို မစွန့်ရခြင်း၊ ကျင်ကြီးတွင်းပြင်ပ ကျင်ငယ်ခွက်ပြင်ပ၌ မစွန့်ရခြင်း၊ ကျင်ငယ်ခွက်၌ တံတွေးမထွေးရခြင်း၊ ကြမ်းသော ကနုတံ စသည်ဖြင့် မသုတ်ခြင်း၊ သန့်သက်ရေဆေးခြင်း၊ ကနုတံကို ကျင်ကြီးခွက်၌ မချခြင်း၊ ခြေနင်းခုံ၌ နင်းလျက် သင်းပိုင်ကို ဖုံးလွှမ်းခြင်း၊ သင်းပိုင်ကို ပင့်မ၍ မထွက်ခြင်း၊ သန့်သက်ရေဆေးရာ ခြေနင်းခုံ၌ ရပ်လျက် သင်းပိုင်ကို မ, ရခြင်း၊ စပ်စပ် အသံပြုလျက် မဆေးခြင်း၊ သန့်သက်ရေ ဆေးရန်ခွက်၌ ရေကို ချန်မထားခြင်း၊ သန့်သက်ရေဆေးရာ ခြေနင်းခုံ၌ ရပ်လျက် ဖုံးလွှမ်းရခြင်း၊ ကျင်ကြီးအိမ်၌ ကျင်ကြီးလိမ်းကျံမူ ဆေးကြောရခြင်း၊ ကျင်ကြီးအိမ် ပရိဝုဏ် တံခါးမုခ်တို့၌ အမှိုက်ရှိမူ တံမြက်လှည်းရခြင်း၊ သန့်သက်ရေအိုး၌ ရေမရှိမူ ရေလောင်း ထည့်ရခြင်း စသောကျင်ကြီးအိမ်၌ ပြုရာသောဝတ်လည်းကောင်း။

၁၁။ ဥပဇ္ဈာယဝတ္တဉ္စ = နံနက်စောစောထ၍ ဖိနပ်ကို ချွတ်ပြီးလျှင် ကိုယ်ဝတ်ကို လက်ကတော့စမ္ပယ်တင်၍ မျက်နှာသစ်ရေ ဒန်ပူကပ်ခြင်း၊ ယာဂုဆွမ်းကပ်ခြင်း၊ သပိတ်, ခွက်ဆေးခြင်း၊ ဥပဇ္ဈာယ်ဆရာသည် နေရာမှ ထခဲ့သော် နေရာခေါက်သိမ်းခြင်း၊ အမှိုက်ရှိမူ တံမြက်လှည်းခြင်း၊ ကျောင်း အိပ်ရာနေရာတို့ကို သုတ်သင်ခြင်း, နေလှန်းခြင်း၊ ဥပဇ္ဈာယ်ဆရာသည် ရွာသို့ ဝင်လိုငြားအံ့၊ သင်းပိုင် ခါးပန်းကြိုး ပေးရခြင်း၊ ကိုယ်ဝတ်နှင့်ဒုကုဋ် ထပ်၍ ပေးရခြင်း၊ ဆေးကြော၍ ရေနှင့်တကွသော သပိတ်ကို ပေးရခြင်း၊ ဆရာသည် နောက်လိုက်ကို အလိုရှိအံ့၊ အဝန်းသုံးပါးညီစွာ သင်းပိုင်သင်္ကန်းတို့ကို ဝတ်ရုံ၍ ခါးပန်းကိုဖွဲ့၍ ကမ္ပတ်သီးကိုတပ်လျက် သပိတ်ကို ဆေးကြော ယူငင်ကာ ဆရာရဟန်း၏ နောက်မှ မနီးမဝေးလိုက်ရခြင်း၊ သပိတ်လဲလှယ်ခြင်းကို လှမ်းယူရခြင်း၊ ဆရာစကားပြောဆိုနေစဉ် အကြားအကြား၌ ဝင်၍ စကားမပြော ရခြင်း၊ ဆရာသည် အာပတ်နှင့် နီးစပ်သောစကားကို ပြောဆိုခဲ့မူ တားမြစ်ရခြင်း၊ ဆွမ်းခံရာမှ ပြန်လာသော် ရှေးဦးစွာ လာနှင့်၍ နေရာခင်းရခြင်း၊ ခြေဆေးရေ, ခြေဆေးအင်းပျဉ်, ခြေပွတ်အိုးခြမ်းတို့ကို အနီး၌ ထားရခြင်း၊ ခရီးဦးကြိုဆို၍ သပိတ်သင်္ကန်းကို လှမ်းယူရခြင်း၊ ကျောင်းဝတ်သင်္ကန်းကို ပေးရခြင်း၊ ဆွမ်းခံဝတ် သင်္ကန်းသည် ချွေးစွတ်အံ့၊ တစ်ခဏမျှ နေပူလှန်းထားရခြင်း၊ နေပူ၌သင်္ကန်းကို ကြာမြင့်စွာ မထားရခြင်း၊ သင်္ကန်းကို အလယ်၌ ခေါက်ရိုးမကျိုးပါစေလင့်ဟု နှလုံးသွင်းလျက် လက်လေးသစ် အနားကို လျှော့၍ ရွေ့ရှား၍ သင်္ကန်းကို ခေါက်ရခြင်း၊ သင်္ကန်းခေါက်အတွင်း၌ ခါးပန်းကြိုးကို ထားရခြင်း။

ဥပဇ္ဈာယ်ဆရာသည် ဆွမ်းစားလိုသည်ဖြစ်အံ့၊ ရေကိုပေး၍ ဆွမ်းကို ဆက်ကပ်ရခြင်း၊ သောက်ရေဖြင့် ပန်ကြားရခြင်း၊ ရေကိုပေး၍ သပိတ်ကို လှမ်းယူပြီးလျှင် ရိုသေကောင်းမွန်စွာ မထိခိုက်မိစေဘဲ ဆေးကြောသုတ်သင်လျက် ရေမရှိအောင်ပြုပြီး တစ်ခဏမျှ နေပူလှန်းထားရခြင်း၊ နေပူ၌ သပိတ်ကို ကြာမြင့်စွာ မထားရခြင်း၊ သပိတ်ကို ညောင်စောင်း, အင်းပျဉ်အောက်တို့၌ အခင်းရှိသောနေရာ၌ သိမ်းထားရခြင်း၊ သင်္ကန်းကို သင်္ကန်းတန်း (ဝါ) သင်္ကန်းတန်းကြိုးတို့ကို ပွတ်တိုက်၍ ဟိုမှာဘက်ကအစွန်းကို ဤမှာဘက်က အခွေပြုလျက် ထားရခြင်း၊ ဥပဇ္ဈာယ်ဆရာသည် ထသည်ရှိသော် နေရာခေါက်ထားရခြင်း ရေချိုးလိုသည်ဖြစ်အံ့၊ ရေပူရေအေး အလိုရှိသော် ချိုးရေကို စီရင် ရခြင်း၊ ဆရာသည် ဇရုံးအိမ်သို့ ဝင်လိုသည်ဖြစ်အံ့၊ ကသယ်မှုန့်ကို ရေဖြင့် လုံးရခြင်း မြေညက်ကို ရေဖြင့်ဆွတ်ရခြင်း၊ ဇရုံးအိမ်အင်းပျဉ်ကို ပေးပြီးလျှင် သင်္ကန်းကိုလှမ်းယူ၍ သင့်ရာအရပ်၌ ထားရခြင်း၊ ကသယ်မှုန့် မြေညက်မှုန့်တို့ကို ပေးရခြင်း၊ အကယ်၍ စွမ်းနိုင်လျှင် ဇရုံးအိမ်သို့ ဝင်ရခြင်း၊ ဇရုံးအိမ်သို့ ဝင်သောရဟန်းသည် ရှေ့မှလည်းကောင်း နောက်မှလည်းကောင်း ရေသနုပ်ဖြင့် ဖုံးလွှမ်း၍ ဇရုံးအိမ်သို့ဝင်ရခြင်း၊ သီတင်းကြီးကို တိုးဝှေ့၍ မနေ မထိုင်ရခြင်း၊ သီတင်းငယ်ရဟန်းကို နေရာဖြင့် မတားမြစ်ရခြင်း၊ မီးညှိခြင်း စသောအမှုတို့ကို ပြုရခြင်း၊ ဇရုံးအိမ်မှ ထွက်သော ရဟန်းသည် ဇရုံးအိမ် အင်းပျဉ်ကိုယူ၍ ရှေ့မှလည်းကောင်း, နောက်မှလည်းကောင်း၊ ရေသနုပ်ဖြင့် ဖုံးလွှမ်း၍ ဇရုံးအိမ်မှ ထွက်ရခြင်း။

ရေချိုးသောအခါ၌လည်း ဆရာအား ချေးတွန်းခြင်းစသော အမှုခပ်သိမ်း ကို ပြုရခြင်း၊ ရေချိုးပြီးသော ရဟန်းသည် ဆရာ၏ရှေးဦးစွာတက်၍ မိမိ ကိုယ်ကို ရေမရှိအောင်ပြု၍ သင်းပိုင်ကိုဝတ်လျက် ဆရာ၏ကိုယ်မှ ရေကို သုတ်ရခြင်း၊ သင်းပိုင်သင်္ကန်းတို့ကို ပေးရခြင်း၊ နေရာခင်းရခြင်း၊ ခြေဆေးရေ, ခြေဆေးအင်းပျဉ်, ခြေပွတ်အိုးခြမ်းတို့ကို အနီး၌ထားရခြင်း၊ ဆရာအား သောက်ရေဖြင့် မေးမြန်းရခြင်း၊ အကယ်၍ ပါဠိကို ရွတ်ပြသင်ယူစေလိုသည် ဖြစ်အံ့၊ သင်ယူရခြင်း၊ အဋ္ဌကထာကို အဖန်ဖန် မေးမြန်းစေလိုသည်ဖြစ်အံ့၊ အဖန်ဖန် မေးမြန်းရခြင်း။

ဥပဇ္ဈာယ်ဆရာနေသော ကျောင်းသည် အမှိုက်ရှိသည်ဖြစ်အံ့၊ စွမ်းနိုင်မူ သုတ်သင်ရှင်းလင်း နေလှန်းရခြင်း၊ (သေနာသနဝတ်ကအတိုင်း ပြုရခြင်း) ပရိဝုဏ်တံခါးမုခ်, စည်းဝေးရာဇရပ်, မီးတင်းကုပ်ကို တံမြက်လှည်းရခြင်း၊ သောက်ရေ သုံးရေ တည်ထားရခြင်း၊ ကျင်ကြီးအိမ် ကျင်ငယ်အိမ်ကို တံမြက်လှည်းရခြင်း၊ သန့်သက်ရေ မရှိက သွန်းလောင်းထည့်ရခြင်း၊ ဥပဇ္ဈာယ်ဆရာ မမွေ့လျော်ငြားအံ့၊ အတူနေတပည့်သည် ပျောက်ငြိမ်းစေရခြင်း၊ သူတစ်ပါးကိုသော်လည်း ပျောက်ငြိမ်းစေရခြင်း၊ ဆရာအား တွေးတောမှု သံသယကုက္ကုစ္စ ဖြစ်ငြားအံ့၊ အတူနေတပည့်သည် ပယ်ဖျောက်ပေးရခြင်း၊ သူတစ်ပါးကို သော်လည်း ပယ်ဖျောက်စေရခြင်း၊ တရားစကားကိုမူလည်း ဟောပြောပေးရခြင်း၊ ဆရာသည် မှားသောအယူသည် ဖြစ်ငြားအံ့၊ ဖြေရှင်းပေးရခြင်း၊ ဖြေရှင်းပေးစေရခြင်း၊ ဆရာသည် ဂရုကအာပတ်သို့ ရောက်သည်ဖြစ်၍ ပရိဝါသ်, မာနတ်, အဗ္ဘာန်ထိုက်သည်ဖြစ်အံ့၊ သံဃာတော်သည် ဆောင်ရွက်ပေးဖို့ လုံ့လပြုရခြင်း၊ ဆရာသည် အရင်းသို့ ပြန်၍ငင်ခြင်းငှာ ထိုက်သည် ဖြစ်အံ့၊ သံဃာတော်သည် အရင်းသို့ ငင်ပေးဖို့ လုံ့လပြုရခြင်း။

သံဃာတော်သည် ဆရာအား တဇ္ဇနိယကံ, နိယဿကံ, ပဗ္ဗာဇနီယကံ, ပဋိသာရဏီယကံ, ဥက္ခေပနီယကံ ပြုလိုသည်ဖြစ်အံ့၊ အတူနေတပည့်သည် ကံမပြုဖြစ်အောင်, ပေါ့သောကံဖြစ်အောင် လုံ့လပြုရခြင်း၊ ဆရာအား ထိုကံများ ပြုပြီးသည်ဖြစ်အံ့၊ အဘယ်သို့လျှင် ဆရာသည်ကောင်းစွာ ကျင့်ပါအံ့နည်း၊ မာန်တည်းဟူသော အမွေးကို, အမျက်ဒေါသကို ချပါအံ့နည်း၊ ဒဏ်မှ ထွက်မြောက်အပ်သော အကျင့်ကို ကျင့်ပါအံ့နည်း၊ သံဃာတော်သည် ထိုကံတို့ကို ငြိမ်းစေပါအံ့နည်းဟု လုံ့လပြုရခြင်း။

ဥပဇ္ဈာယ်ဆရာ၏သင်္ကန်းကို ဖွပ်လျှော်သင့်, ချုပ်သင့်, ဆိုးသင့်, ဆိုးရည်ကို ကျိုသင့်သည်ဖြစ်အံ့၊ အတူနေ တပည့်သည် လုံ့လပြုရခြင်း၊ သင်္ကန်းဆိုးလိုသောရဟန်းသည် ကောင်းစွာ အပြန်ပြန် အလှန်လှန် ဆိုးရခြင်း၊ ဆိုးရည်ပေါက် မပြတ်စဲမီ ဖဲမသွားရခြင်း၊ (ဆိုးရည်ပေါက် ကျနေသေးလျှင် သုတ်၍ ပေးဖို့ရန် သို့မဟုတ် ထပ်၍ ညှစ်ဖို့ရန် မဖဲသွားသေးဘဲ စောင့်နေပါ ဟူလို။)

ဆရာကို မပန်ကြားဘဲ အချို့သော (ဝိသဘာဂ) သဘောမတိုက်ဆိုင်သော ရဟန်းအား သပိတ်သင်္ကန်းပရိက္ခရာ အသုံးအဆောင် မပေးအပ်, မယူအပ်ခြင်း၊ ဆံပင်ရိတ်ဖြတ်, ချေးတွန်းခြင်းစသော အမှုခပ်သိမ်းကို မပြုအပ်, မပြုစေအပ်ခြင်း၊ နောက်လိုက်ရဟန်း မဖြစ်အပ်, မခေါ်အပ်ခြင်း၊ ဆွမ်းကို မဆောင်အပ်, မဆောင်စေအပ်ခြင်း၊ ဆရာကို မပန်ကြားဘဲ ရွာတွင်းသို့ မဝင် ရခြင်း၊ သုသာန်သို့ မသွားရခြင်း၊ အရပ်တစ်ပါးသို့ ဖဲမသွားရခြင်း၊ ဆရာသည် အကယ်၍ နာဖျားသည်ဖြစ်အံ၊့ အသက်ရှည်သမျှကာလပတ်လုံး လုပ်ကျွေးရခြင်း၊ ဆရာ၏အနားမှ ထခြင်း, ပျောက်ခြင်းကို ငံ့လင့်ရခြင်း၊ စောင့်ဆိုင်းရခြင်း စသည်ဖြင့် ဥပဇ္ဈာယ်ဆရာ၌ သဒ္ဓိဝိဟာရိက တပည့်တို့က ပြုရာသော ဝတ်လည်းကောင်း။

၁၂။ သဒ္ဓိဝိဟာရိကဝတ္တဉ္စ = ဥပဇ္ဈာယ်ဆရာသည် အတူနေတပည့်ကို ပါဠိတော်သင်ယူခြင်း၊ အဋ္ဌကထာမေးမြန်းခြင်း၊ သွန်သင်ဆုံးမခြင်းတို့ဖြင့် သင်္ဂြိုဟ်ချီးမြှင့်ခြင်း၊ ဆရာအား သပိတ်, သင်္ကန်းပရိက္ခရာ အသုံးဆောင်ရှိအံ့၊ မရှိသော အတူနေတပည့်အား ပေးကမ်းခြင်းရရှိအောင် လုံ့လကိုမူလည်း ပြုရခြင်း။

အကယ်၍ အတူနေတပည့်သည် နာဖျားအံ့၊ နံနက်စောစော ထ၍ မျက်နှာသစ်ရေ, ဒန်ပူပေးရခြင်း၊ နေရာခင်း၍ ပေးရခြင်း၊ ယာဂုဆွမ်း ပေးရ ခြင်း၊ ယာဂုသောက်ပြီးသော အတူနေတပည့်အား ရေပေး၍ ခွက်ကို လှမ်းယူပြီးနောက် ရိုသေကောင်းမွန်စွာ မထိခိုက်စေဘဲ ဆေးကြောပြီးလျှင် သိုမှီးသိမ်းဆည်းထားရခြင်း၊ အတူနေတပည့်သည် နေရာမှ ထခဲ့သော် နေရာကို ခေါက်ထားရခြင်း၊ အမှိုက်ရှိအံ့၊ တံမြက်လှည်းရခြင်း။

အတူနေတပည့်သည် အကယ်၍ ရွာသို့ ဝင်လိုငြားအံ့၊ သင်းပိုင်, ခါးပန်းကြိုးတို့ကို ပေးရခြင်း၊ ကိုယ်ဝတ်ဒုကုဋ်တို့ကို ထပ်၍ ပေးရခြင်း၊ ဆေးကြော၍ ရေနှင့်တကွသော သပိတ်ကို ပေးရခြင်း၊ ဤမျှ အတိုင်းအရှည်ရှိသောအခါ ပြန်လာအံ့ဟု (ပြန်လာချိန်တန်ပြီးဟု) နှလုံးသွင်း၍ နေရာကိုခင်းထားရခြင်း၊ ခြေဆေးရေ, ခြေဆေးအင်းပျဉ်, ခြေပွတ် အိုးခြမ်းတို့ကို အနီး၌ထားရခြင်း၊ ခရီးဦးကြိုဆို၍ သပိတ်သင်္ကန်းကို လှမ်းယူရခြင်း၊ ကျောင်းဝတ်သင်းပိုင်ကို ပေး၍ ရွာဝတ်သင်္ကန်းကို လှမ်းယူကာ ချွေးစွတ်အံ့၊ တစ်ခဏမျှ နေပူလှမ်းထားရခြင်း၊ ကြာမြင့်စွာ နေပူ၌ မထားအပ်၊ သင်္ကန်းကို ခေါက်ရခြင်း၊ အလယ် ၌ ခေါက်ရိုးကျိုးသည် မဖြစ်စေလင့်ဟု နှလုံးသွင်းလျက် လက်လေးသစ် အနားကို လျှော့၍ ရွေ့လျား၍ သင်္ကန်းကို ခေါက်ရခြင်း၊ သင်္ကန်းခေါက် အတွင်း၌ ခါးပန်းကြိုးကို ထားရခြင်း။

အတူနေတပည့်သည် ဆွမ်းစားလိုသည်ဖြစ်အံ့၊ ရေကိုပေး၍ ဆွမ်းကို ပေးရခြင်း၊ သောက်ရေဖြင့် မေးမြန်းရခြင်း၊ သောက်ရေကိုပေး၍ သပိတ်ကို လှမ်းယူပြီးလျှင် ရိုသေကောင်းမွန်စွာ မထိခိုက်မိစေဘဲ ဆေးကြောသုတ်သင်လျက် ရေမရှိအောင်ပြု၍ တစ်ခဏမျှ နေပူလှန်းထားရခြင်း၊ ကြာမြင့်စွာ နေပူ၌ မထားရခြင်း၊ သပိတ်ကို သိမ်းထားလိုသော် ညောင်စောင်း, အင်းပျဉ်အောက်တို့၌ အခင်းရှိသော နေရာ၌ သပိတ်ထားရခြင်း၊ သင်္ကန်းကို သင်္ကန်းတန်း (ဝါ) သင်္ကန်းတန်းကြိုးတို့ကို ပွတ်တိုက်၍ ထိုမှာဘက်က အစွန်းကို ဤမှာဘက်မှ အခွေပြုလျက် ထားရခြင်း၊ အတူနေတပည့်သည် ထသည် ရှိသော် နေရာကို ခေါက်ထားရခြင်း။

အတူနေတပည့်သည် ရေချိုးလိုသည်ဖြစ်အံ့, ရေပူရေအေး အလိုရှိသော် ချိုးရေကို စီရင်ရခြင်း၊ အတူနေတပည့်သည် ဇရုံးအိမ်သို့ ဝင်လိုသည်ဖြစ်အံ့၊ ကသယ်မှုန့်ကို ရေဖြင့် လုံးရခြင်း၊ မြေညက်ကို ရေဖြင့် ဆွတ်ရခြင်း၊ ဇရုံးအိမ် အင်းပျဉ်ကို ပေးပြီးလျှင် သင်္ကန်းကို လှမ်းယူ၍ သင့်ရာအရပ်၌ ထားရခြင်း၊ ကသယ်မှုန့်, မြေညက်မှုန့်တို့ကို ပေးရခြင်း၊ အကယ်၍ စွမ်းနိုင်လျှင် ဇရုံးအိမ်သို့ ဝင်ရခြင်း၊ ဇရုံးအိမ်သို့ ဝင်သောရဟန်းသည် ရှေ့မှလည်းကောင်း, နောက်မှလည်းကောင်း ရေသနုပ်ဖြင့် ဖုံးလွှမ်း၍ ဇရုံးအိမ်သို့ ဝင်ရခြင်း၊ သီတင်းကြီးကို တိုးဝှေ့၍ မနေမထိုင်ရခြင်း၊ သီတင်းငယ်ရဟန်းကို နေရာဖြင့် မတားမြစ်ရခြင်း၊ မီးညှိခြင်းစသော အမှုတို့ကို ပြုရခြင်း၊ ဇရုံးအိမ်မှ ထွက်သောရဟန်းသည် ဇရုံးအိမ် အင်းပျဉ်ကို ယူ၍ ရှေ့မှလည်းကောင်း, နောက်မှလည်းကောင်း ရေသနုပ်ဖြင့် ဖုံးလွှမ်း၍ ဇရုံးအိမ်မှ ထွက်ရခြင်း။

ရေချိုးသောအခါ၌လည်း အတူနေတပည့်အား ချေးတွန်းခြင်း စသော အမှုခပ်သိမ်းကို ပြုရခြင်း၊ ရေချိုးပြီးသော ဆရာသည် ရှေးဦးစွာ တက်၍ မိမိကိုယ်ကို ရေမရှိအောင်ပြု၍ သင်းပိုင်ကိုဝတ်လျက် အတူနေတပည့်၏ ကိုယ်မှရေကို သုတ်ရခြင်း၊ သင်းပိုင်, သင်္ကန်းတို့ကို ပေးရခြင်း၊ နေရာခင်းရခြင်း၊ ခြေဆေးရေ, ခြေဆေးအင်းပျဉ် ခြေပွတ်အိုးကြမ်းတို့ကို အနီး၌ထားရခြင်း၊ အတူနေတပည့်အား သောက်ရေဖြင့် ပေးရခြင်း။

အတူနေတပည့် နေသောကျောင်းသည် အမှိုက်ရှိသည်ဖြစ်အံ့၊ စွမ်းနိုင်မူ သုတ်သင်ရှင်းလင်းရခြင်း၊ (သေနာသနဝတ်ကအတိုင်း ပြုရခြင်း) ပရိဝုဏ် တံခါးမုခ်, စည်းဝေးရာဇရပ်, မီးတင်းကုပ်တို့ကို တံမြက်လှည်းရခြင်း၊ သောက် ရေ, သုံးရေ တည်ထားရခြင်း၊ ကျင်ကြီးအိမ်, ကျင်ငယ်အိမ် တံမြက်လှည်းရခြင်း၊ သန့်သက်ရေ မရှိက သွန်းလောင်းတည်ထားရခြင်း၊ အတူနေ တပည့်သည် မမွေ့လျော်သည်ဖြစ်အံ့၊ ဆရာသည် ပျောက်ငြိမ်းစေရခြင်း၊ သူတစ်ပါး ကိုသော်လည်း ပျောက်ငြိမ်းစေရခြင်း၊ တပည့်အား တွေးတောမှု သံသယကုက္ကုစ္စ ဖြစ်ငြားအံ့၊ ဆရာသည် ပယ်ဖျောက်ပေးရခြင်း၊ သူတစ်ပါးကိုသော်လည်း ပယ်ဖျောက်စေရခြင်း၊ တပည့်အား တရားစကားကိုမူလည်း ဟောပြော ရခြင်း၊ တပည့်သည် မှားသောအယူသည် ဖြစ်အံ့၊ ဖြေရှင်းပေးရခြင်း၊ တပည့်သည် ဂရုကအာပတ်သို့ ရောက်သည်ဖြစ်၍ ပရိဝါသ်, မာနတ်, အဗ္ဘာန် ထိုက်သည်ဖြစ်အံ့၊ သံဃာတော်သည် ဆောင်ရွက်ပေးဖို့ လုံ့လပြုခြင်း၊ တပည့်သည် အရင်းသို့ ပြန်၍ငင်ခြင်းငှာ ထိုက်သည်ဖြစ်အံ့၊ သံဃာတော်သည် အရင်းသို့ ငင်ပေးဖို့ လုံ့လပြုရခြင်း။

သံဃာတော်သည် အတူနေတပည့်အားတဇ္ဇနီယကံ, နိယဿကံ, ပဗ္ဗာဇနီယကံ, ပဋိသာရဏီယကံ, ဥက္ခေပနိယကံ ပြုလိုသည်ဖြစ်အံ၊့ ဆရာသည် ကံမပြုဖြစ်အောင်, ပေါ့သော ကံဖြစ်အောင် လုံ့လပြုရခြင်း၊ တပည့်အား ထိုကံများ ပြုပြီးသည်ဖြစ်အံ့၊ အဘယ်သို့လျှင် တပည့်သည် ကောင်းစွာ ကျင့်ပါအံ့နည်း၊ မာန်တည်းဟူသော အမွေးကို, အမျက်ဒေါသကို ချပါအံ့နည်း၊ ဒဏ်မှ ထွက်မြောက်အပ်သော အကျင့်ကို ကျင့်ပါအံ့နည်း၊ သံဃာသည် ထိုကံတို့ကို ငြိမ်းစေပါအံ့နည်းဟု လုံ့လပြုရခြင်း။

တပည့်၏ သင်္ကန်းကို ဖွပ်လျှော်သင့်သည် ဖြစ်အံ့၊ ဆရာသည် ဤသို့ ဖွပ်လောဟု ပြောကြားရခြင်း၊ အဘယ်သို့လျှင် အတူနေတပည့်၏ သင်္ကန်းကို ဖွပ်လျှော်စေရပါအံ့နည်းဟု လုံ့လပြုရခြင်း၊ သင်္ကန်းဆိုးရာ၌လည်း လုံ့လပြုရခြင်း၊ သင်္ကန်းဆိုးလိုသော ရဟန်းသည် ကောင်းစွာ အပြန်ပြန် အလှန်လှန် ဆိုးရခြင်း၊ ဆိုးရည်ပေါက် မပြတ်စဲမီ ဖဲမသွားရခြင်း၊ အတူနေ တပည့်သည် နာဖျားသည်ဖြစ်အံ့၊ အသက်ရှည်သမျှကာလပတ်လုံး လုပ်ကျွေးရခြင်း၊ အတူနေ တပည့်၏ အနာမှ ထခြင်း ပျောက်ခြင်းကို ငံ့လင့်ရခြင်း၊ စောင့်ဆိုင်းရခြင်း စသည်ဖြင့် သဒ္ဓိဝိဟာရိက တပည့်၌ ဥပဇ္ဈာယ်ဆရာတို့က ပြုရသော ဝတ်လည်းကောင်း။

၁၃။ အာစရိယဝတ္တဉ္စ = နံနက်စောစောထ၍။ပ။ ဆရာ၏ အနာမှ ထခြင်း၊ ပျောက်ခြင်းကို ငံ့လင့်ရခြင်း၊ စောင့်ဆိုင်းရခြင်း စသည်ဖြင့် ဆရာ လေးပါးတို့၌ တပည့်လေးပါးတို့က ပြုရာသောဝတ်လည်းကောင်း။

၁၄။ အန္တေဝါသိကဝတ္တဉ္စ = ဆရာသည် အနီးနေတပည့်ကို ပါဠိတော် သင်ယူခြင်း၊။ပ။ စောင့်ဆိုင်းရခြင်း၊ စသည်ဖြင့် တပည့်လေးပါးတို့၌ ဆရာလေးပါးတို့က ပြုရာသောဝတ်လည်းကောင်း။

(မှတ်ချက်) ဆရာလေးပါး, တပည့်လေးပါး နောက်က ပြခဲ့သော ဇယားသို့ ပြန်၍ ကြည့်ပါ၊ ပေယျာလကိုလည်း ဥပဇ္ဈာယ်ဝတ်, သဒ္ဓိဝိဟာရိကဝတ်တွင် ပြဆိုထားသည့်များကို ပြန်၍ ဖော်ဆောင်ကြည့်ကြပါကုန်။

ဝတ္တခန္ဓကနှင့်တကွ မဟာဝဂ္ဂ, စူဠဝဂ္ဂခန္ဓက၌ မပြုမကျင့်ရဟု န အက္ခရာဖြင့် တားမြစ်အပ်သော ဝါရိတ္တအမှုတို့ကိုပြုလျှင် ဒုက္ကဋ်အာပတ်သင့်သည်ချည်းသာ ဖြစ်သည်။

နအက္ခရာဖြင့် မတားမြစ်အပ်သော ပြုကျင့်ဖို့ရန် တိုက်တွန်းအပ်သော စာရိတ္တကျင့်ဝတ်တို့အတွက်ကား ထိုကျင့်ဝတ်ကို မလေးစားသော အနာဒရိယ စိတ်ဖြင့် ပြုလျှင် ဝတ္တဘေဒဒုက္ကဋ် အာပတ်သင့်သည်သာ ဖြစ်၏၊

အဂိလာနေန ဟိ သဒ္ဓိဝိဟာရိကေန သဋ္ဌိဝေဿနပိ သဗ္ဗံ ဥပဇ္ဈာယဝတ္တံ ကာတဗ္ဗံ။ (အဋ္ဌကထာ)

မနာဖျားသော အတူနေတပည့်သည် ဝါခြောက်ဆယ်ရှိနေပြီ ဖြစ်သော်လည်း ဥပဇ္ဈာယ်ဝတ်အားလုံး ပြုသင့် ပြုထိုက်သည်ဟု ဆိုပါသည်။

ဆရာကလည်း ပြုရမည်

တပည့်သည် မကျန်းမမာသောအခါ ဥပဇ္ဈာယအာစရိယဖြစ်သော ပုဂ္ဂိုလ်သည် အစမှစ၍ သင်္ကန်းဆိုးခြင်းတိုင်အောင်သော ဝတ်များကို ပြုရမည်သာ ဖြစ်သည်။ ဂိလာန မဟုတ်သော အခါ၌ကား စာသင်ပေးခြင်း၊ ဩဝါဒကထာ အနုသာသနီပေးခြင်းအားဖြင့်လည်းကောင်း၊ မိမိမှာ ရှိနေလျှင် သပိတ် သင်္ကန်းစသည်ကို ပေးခြင်းအားဖြင့်လည်းကောင်း ချီးမြှောက်ရသည်။ ထိုသို့ မပြုလျှင် ဥပဇ္ဈာယအာစရိယတို့မှာလည်း ဝတ္တဘေဒကြောင့် ဒုက္ကဋ်အာပတ် သင့်သည်သာ ဖြစ်၏၊

ဆရာ မကျန်းမာလျှင်

ဥပဇ္ဈာယ, အာစရိယတို့သည် မကျန်းမမာဖြစ်နေလျှင် ပြုစုလုပ်ကျွေး ရမည်။ ထိုရောဂါမှ ထမြောက်သည်တိုင်အောင် ရောဂါပျောက်သည်တိုင်အောင် တစ်ခြားအရပ်သို့ မသွားဘဲ ဆိုင်းငံ့၍ ပြုစုရမည်။ အခြားပြုစုမည့် ပုဂ္ဂိုလ် ရှိလျှင် မိမိက လိုအပ်သော ဆေးကို ရှာပေးပြီးမှ ထိုပုဂ္ဂိုလ်ထံအပ်၍ ဖဲသွားကောင်း၏၊

နိဂုံးပါဠိ အနက်

ဣတိ = ဤသို့။ ဣမာနိ စုဒ္ဒသခန္ဓကဝတ္တာနိ = ဤတစ်ဆယ့်လေးပါးသော ခန္ဓကဝတ်တို့ကို။ ဝုတ္တာနိ = ဟောတော်မူအပ်ကုန်၏၊ ဧတာနိ စ = ထိုဝတ်တို့ကိုလည်း။ သဗ္ဗေသံ = ခပ်သိမ်းကုန်သော ရဟန်းသာမဏေတို့သည်။ သဗ္ဗဒါ စ = အခါခပ်သိမ်းလျှင်။ ယထာရဟံ = ကျင့်ထိုက်သည့်အားလျော်စွာ။ စရိတဗ္ဗာနိ = ကျင့်အပ်ကုန်၏၊

၁။ ဝတ္တံ အပရိပူရေန္တော၊ န သီလံ ပရိပူရတိ။
အသုဒ္ဓသီလော ဒုပ္ပညော၊ စိတ္တေကဂ္ဂံ န ဝိန္ဒတိ။
၂။ ဝိက္ခိတ္တစိတ္တော နေကဂ္ဂေါ၊ သမ္မာ ဓမ္မံ န ပဿတိ။
အပဿမာနော သဒ္ဓမ္မံ၊ ဒုက္ခာ န ပရိမုစ္စတိ။
၃။ ယံ ဝတ္တံ ပရိပူရေန္တော၊ သီလံပိ ပရိပူရတိ။
ဝိသုဒ္ဓသီလော သပညော၊ စိတ္တေကဂ္ဂံပိ ဝိန္ဒတိ။
၄။ အဝိက္ခိတ္တစိတ္တော ဧကဂ္ဂေါ၊ သမ္မာ ဓမ္မံ ဝိပဿတိ။
သမ္ပဿမာနော သဒ္ဓမ္မံ၊ ဒုက္ခာ သော ပရိမုစ္စတိ။
၅။ “တသ္မာ ဟိ ဝတ္တံ ပူရေယျ၊ ဇိနပုတ္တော ဝိစက္ခဏော။
ဩဝါဒံ ဗုဒ္ဓသေဋ္ဌဿ၊ ကတွာ နိဗ္ဗာနမေဟီတိ။

မြန်မာပြန်

၁။ ဝတ်ကို မဖြည့်ကျင့်သော ရဟန်းသာမဏေသည် သီလကို မပြည့်စေနိုင်၊ သီလမစင်ကြယ်သော ရဟန်းသည် ပညာမရှိသည်ဖြစ်၍ စိတ်တည်ကြည်ခြင်းကို မရနိုင်။

၂။ ပျံ့လွင့်သောစိတ်ရှိသော ရဟန်းသည် များသောအာရုံရှိ၍ တရားကို ကောင်းစွာ မမြင်နိုင်၊ သူတော်ကောင်းတရားကို ကောင်းစွာ မမြင်သော ရဟန်းသာမဏေသည် ဆင်းရဲမှ မလွတ်မြောက်နိုင်။

၃။ ဝတ်ကို ဖြည့်ကျင့်သော ရဟန်းသာမဏေသည် သီလကိုလည်း ပြည့်စေနိုင်၏၊ သီလစင်ကြယ်သော ရဟန်း သာမဏေသည် ပညာရှိသည်ဖြစ်၍ စိတ်တည်ကြည်မှုကိုလည်း ရနိုင်၏၊

၄။ စိတ်မပျံ့လွင့်သော ရဟန်း သာမဏေသည် တစ်ခုတည်းသော အာရုံရှိ၍ တရားကို ကောင်းစွာ မြင်နိုင်၏၊ သူတော်ကောင်းတရားကို ကောင်းစွာ မြင်သော ထိုရဟန်းသာမဏေသည် ဆင်းရဲမှ လွတ်မြောက်နိုင်၏၊

၅။ ထို့ကြောင့် ပညာရှိသော ဘုရားသားတော် ရဟန်း သာမဏေသည် မြတ်စွာဘုရား၏ အဆုံးအမဖြစ်သော ကျင့်ဝတ်ကို ဖြည့်ကျင့်ရာ၏၊ ထိုသို့ ဖြည့်ကျင့်ခြင်းကြောင့် နိဗ္ဗာန်သို့ ရောက်ရလတ္တံ့။

ကံ (၅) မျိုး၊ တစ်နည်း (၇) မျိုး

၁။ တဇ္ဇနီယကံ = ခြိမ်းခြောက်မှုပြုသော ကံ။ (ပဏ္ဍုကရဟန်း၊ လောဟိတကရဟန်း)
၂။ နိယဿကံ = ကိုယ်စိုးကိုယ်ပိုင် နေခွင့်မရအောင်ပြုသော ကံ၊ (သင်သည် မှီခိုနေရမည်) (အသျှင်သေယျက ရဟန်း)
၃။ ပဗ္ဗာဇနီယကံ = ကီဋာဂိရိဇနပုဒ်မှ နှင်ထုတ်သောကံ၊ (၁) အဿဇိရဟန်း၊ (၂) ပုနဗ္ဗသုကရဟန်း၊
၄။ ပဋိသာရဏီယကံ = စိတ္တသူကြွယ်ကို သည်းခံစေရသော ကံ (တောင်းပန်ဝန်ချရသော ကံ)၊ (သုဓမ္မရဟန်း - နှမ်းပျစ် မုန့်တစ်ခု မပါဟု ပြောမှု၊)
၅။ ဥက္ခေပနီယကံ = သီလပျက်စီးခြင်း၊
၆။ ဥက္ခေပနီယကံ = အကျင့်ပျက်စီးခြင်း၊
၇။ ဥက္ခေပနီယကံ = အယူဝါဒ ပျက်စီးခြင်း၊ (၁) ဆန္နရဟန်း အာပတ်ကို မရှု၊ (၂) ဆန္နရဟန်း အာပတ်ကို မကုစား၊ (၃) အရိဋ္ဌရဟန်း ယုတ်မာသော မိစ္ဆာအယူကို မစွန့်မှု၊

သောတာပန်ဖြစ်ကြောင်းအင်္ဂါ (၄) ပါး

(ဆောင်) သူတော်သူမြတ်၊ မြဲဆည်းကပ်လျက်၊ မှတ်မှတ်သားသား၊ တရားကိုနာ၊ သူတော်နှလုံး၊ တဖြောင့်သုံးလျက်၊ အားတက်ကျင့်ကြံ၊ သောတာပန်၊ ဖြစ်ရန် အကြောင်းလေး။

သောတာပတ္တိယင်္ဂံ သောတာပန်၏ ဂုဏ်အင်္ဂါ (၄) ပါး

(ဆောင်) ဗုဒ္ဓ, ဓမ္မ, သံဃာ့ကိုယုံ၊ မတုံလှုပ်ဘိ၊ အရိယာကန္တ၊ သီလငါးဖြာ၊ စုံညီညာ၊ သောတာပတ္တိအင်။

သောတာပန်အရည်အသွေး (၇) ပါး

(ဆောင်) ဖြစ်ကြောတို၊ ငြိမ်းလိုစိတ်၊ တွက်ရိတ်ကင်း၊ ချက်ချင်းကု၊ ပျက်မှုစိုး၊ တိုး၍စိုက်၊ လှိုက်လှိုက်ဖို၊ ကြည်ညိုခုနစ်တန်၊ သောတာပန်။

မအပ်သော သင်္ကန်းအရောင်များ

၁။ အောက်မဲညိုပွင့်လောက် ညိုသောသင်္ကန်း။ (နှမ်းကြပ်ပွင့်)
၂။ မဟာလှေကားပွင့်လောက် ဝါရွှေသောသင်္ကန်း။
၃။ လယ်ခေါင်ရမ်းပွင့်လောက် နီသောသင်္ကန်း။
၄။ ပုတီးနက်စေ့လောက် နက်တွေးမှောင်သောသင်္ကန်း။
၅။ ရေစွတ်သော ကျီးအတောင်လောက် မည်းနက်သောသင်္ကန်း။
၆။ ကင်းခြေများကျောက်ကုန်းလောက် အနီရင့်အဆင်း။
၇။ ပဒုမ္မာကြာပွင့်အဆင်းရှိ၍ နီဖြော့သောသင်္ကန်း၊ ထို သင်္ကန်းရောင်မျိုး မဝတ်အပ်၊ ဆိုးထားပြီးဖြစ်လျှင်လည်း ဖွပ်လျှော်၍ အပ်သောဆိုးရည်ကို ထပ်ဆိုး၍ဝတ်အပ်၏၊ ဖွပ်၍ အဆင်းမပျက်ခဲ့လျှင် အိပ်ရာခင်း စသည် ပြု၍ သုံးသင့်သုံးအပ်၏၊

သင်္ကန်းရောင်အဆုံးအဖြတ် ပါဠိတော်

ခုဒ္ဒကနိကာယ် ဘိသဒါယကထေရာပါဒါန်ပါဠိတော် ဘဒ္ဒဇိထေရာပါဒါန် ပါဠိတော်တို့၌ မိန့်ဆိုထားသည်မှာ-

ဘဂဝါတမှိ သမယေ၊ ပဒုမုတ္တရသဝှယော။
ရတ္တမ္ဗရဓရော ဗုဒ္ဓေါ၊ ဂစ္ဆတေ အနိလဉ္ဇသေ။

ရတ္တမ္ဗရဓရော = နီသောသင်္ကန်းကို တင်လွှမ်းဝတ်ရုံတော်မူသော။ ဗုဒ္ဓေါ = မြတ်စွာဘုရားသည်။ အနိလဉ္ဇသေ = ကောင်းကင်ခရီး၌။ ဂစ္ဆတေ = ကြွသွားတော်မူ၏၊

အဋ္ဌကထာတို့၌ အနီရောင်ပြ အလွန်များ၏၊

ဘဂဝန္တံ အဒ္ဒသ ဗုဒ္ဓသိရိယာ သောဘမာနံ ရတ္တကမ္ဗလပရိက္ခိတ္တမိဝ ဇင်္ဂမကနကဂိရိသိခရံ။ (ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ အဋ္ဌကထာ၊ ၄၀။)

တတ္ထ ဟိ ဧကဘိက္ခုဿပိ ဟတ္ထကုက္ကုစ္စံ ဝါ ပါဒကုက္ကုစ္စံ ဝါ နတ္ထိ၊ သဗ္ဗေ (ပ) ရတ္တဝလာဟကာ ဝိယ သိနေရုကူဋံ ဘဂဝန္တံ ပရိဝါရေတွာ နိသီဒိံသု။ (မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ၊၂။)

ရတ္တဝလာဟကာ = နီသော မိုဃ်းတိမ်တို့သည်။ သိနေရုကူဋံ = မြင်းမိုရ် တောင်ကို။ ပရိပါရေတွာ = ဝိုင်းရံ၍။ တိဋ္ဌန္တိ ဝိယ = တည်နေကုန်သကဲ့သို့။ နိသီဒိံသု = ထိုင်နေကြလေကုန်ပြီ၊

မဇ္ဈိမနိကာယ် မဟာရာဟုလောဝါဒသုတ်အဖွင့်

နီသော ပံသုကူသင်္ကန်းဖြင့် ဖုံးလွှမ်းဝတ်ရုံတော်မူသော မြတ်စွာဘုရားသည် နီသော ကမ္ဗလာဖြင့် ဝိုင်းရစ်ကာရံအပ်သော ရွှေတောင်ကြီးကဲ့သို့လည်းကောင်း၊ သန္တာနီနွယ်ဖြင့် တန်ဆာဆင်အပ်သော ရွှေစည်းခုံစေတီတော်ကြီးကဲ့သို့လည်းကောင်း၊ ဆုန်းမှုန့်ဖြင့် ပူဇော်အပ်သော ရွှေစေတီကဲ့သို့ လည်းကောင်း၊ ချိပ်ရည်ဖြင့် လိမ်းကျံအပ်သော ရွှေပြာသာဒ်ကြီးကဲ့သို့ လည်းကောင်း၊ နီသော မိုဃ်းတိမ်အတွင်းမှ ထိုခဏ၌ ထွက်ပေါ်လာသော လပြည့်ဝန်းကြီးကဲ့သို့လည်းကောင်း၊ (ပ) ကိုယ်တော်၏ ကျက်သရေနှင့် ပြည့်စုံပုံကား အံ့ဩလောက်ပေစွဟု ရှင်ရာဟုလာ ကြံစည်လေပြီဟူ၍ မိန့်ဆို၏၊

ထို့ပြင် သံယုတ္တနိကာယ် အင်္ဂုတ္တရနိကာယ်တို့၌လည်း မြတ်စွာဘုရားရှင်သည် ချိပ်ရည်ဖြင့် စိုစွတ်သော နီသော ကသစ်ပွင့်ရောင်ရှိသော နီသော နှစ်ထပ်သင်းပိုင်ကို., စသည်ဖြင့်လည်းကောင်း၊ ရဟန်းတို့သည် ခြံရံအပ်သော မြတ်စွာဘုရားသည် နီသော ကမ္ဗလာဖြင့် ကာရံအပ်သော ရွှေပုံကြီးကဲ့သို့ လည်းကောင်း၊ နီသော ပဒုမ္မာကြာတောသို့ ရောက်နေသော ရွှေလှေကြီးကဲ့သို့ လည်းကောင်း၊ သန္တာနီပွတ်လုံးတို့ဖြင့် ကာရံထားအပ်သော ရွှေပြာသာဒ်ကြီးကဲ့သို့လည်းကောင်း တင့်တယ်တော်မူပြီ၊ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန်စသော မထေရ်ကြီးတို့သည်လည်း မိုဃ်းတိမ်နီရောင်ရှိသော ပံသုကူသင်္ကန်းကို တင်လွှမ်းရုံတော်မူကြ၍ ပတ္တမြားနီ စီခြယ်သော ချပ်တန်ဆာဖြင့် ဝတ်ဆင်သော ဆင်ပြောင်ကြီးတို့ကဲ့သို့ ဝန်းဝိုင်း ခြံရံနေကြလေကုန် ပြီဟူ၍ မိန့်ဆို၏၊

ဤသို့စသည်ဖြင့် မိုဃ်းတိမ်နီရောင်ချိပ်ရည်ဖြင့် စွတ်သော နီသော ကသစ်ပွင့်ရောင်, ကမ္ဗလာနီရောင်, သန္တာနီရောင်, နီသော ပဒုမ္မာကြာတော စသည်ဖြင့် အနီရောင် ဥပမာတို့များစွာ ဆိုထားကြောင်း ရန်ကင်းတောရ (နဘူးကျင်း) ဆရာတော် ဘဒ္ဒန္တတိဿရမဟာထေရ် ရေးသားစီရင်အပ်သော စီဝရဝဏ္ဏဝိနိစ္ဆယ သင်္ကန်းရောင်အဆုံးအဖြတ်ကျမ်း၌ များစွာ ပြဆိုထားပါသည်။

ထို့ပြင်လည်း ခုဒ္ဒသိက္ခာဋီကာဟောင်း, ဋီကာသစ်တို့လည်း နီသော သင်္ကန်းသည် လယ်ခေါင်ရမ်းပွင့်ရောင် ရှိ၏ဟူ၍ မိန့်ဆို၏၊

ပါဠိတော်လာ အညိုရောင်

ထေရဂါထာပါဠိတော် ဖုဿထေရဂါထာ (ဂါထာနံပါတ်-၉၅၉) ၌ ---

ဥဒ္ဓတာ စ ဘဝိဿန္တိ၊ နီလစီဝရပါရုတာ။
ကုဟာ ထဒ္ဓါ လပါ သိင်္ဂီ၊ စရိဿန္တျရိယာ ဝိယ။

ရဟန်းတို့သည် စိတ်တည်ကြည်မှု ကင်း၍ ပျံ့လွင့်ခြင်းရှိကြကုန်လျက် အညိုရောင်သင်္ကန်းကို တင်လွှမ်းရုံကြသည် ဖြစ်ကြကုန်လိမ့်လတ္တံ့။ အံ့ဖွယ်ကို ပြုကြလျက် အမျက်မာန်မာနဖြင့် ခက်ထန်ကြမ်းတမ်းသော စိတ်ရှိကြပြီးလျှင် ပစ္စည်းရကြောင်းစကားကို ဆိုကြ၍ ဦးချိုကဲ့သို့ ထင်ရှားသော ကိလေသာ ရှိနေကြပါကုန်လျက် အရိယာတို့ကဲ့သို့ သွားလာကုန်လိမ့်လတ္တံ့ဟု ဆို၏၊

ဤဂါထာလာ အညိုရောင်စကားသည် အနာဂတ်ကာလ၌ အရှက်မရှိသော ယုတ်မာကုန်သော ရဟန်းတို့၏ မအပ်သော သင်္ကန်းရောင်ကိုသာ ဆိုအပ်၏၊ ထို့ကြောင့် အညိုရောင်သင်္ကန်းကို မယူသင့်၊ (ဝါ) မဝတ်ရုံသင့်ဟု မှတ်သားအပ်၏၊

ဝတ်ရုံသင့်သော အရောင် (၃) မျိုး

၁။ အနီရောင်ဆိုးရည် ဆိုးကြိမ်များ၍ အညိုရောင်ဖြစ်သွားခြင်း၊
၂။ အနီရောင်ဆိုးရည် ယုတ်လျော့သွား၍ ဝါသွားခြင်း၊
၃။ ပင်ကိုအနီရောင်, မူလအနီရောင်ဖြစ်ခြင်း၊ ဤအရောင်သုံးမျိုး လွန်ခြင်း, ယုတ်ခြင်း, ညီမျှခြင်းဟူသော အကြောင်းတို့ကြောင့် ဖြစ်သွားသော အရောင်များ၊ ဆေးမှုန့်နှင့် ဆိုးရည် အထူးမရှိသော အရောင်များ အပ်ဖွယ် ရှိသည်ဟု ဆိုပါသည်။

အကျဉ်းချုပ် မှတ်သားရန်

ဝိနည်းတရားတော်၌လာသော အလွန်ညို, အလွန်နီ စသော အရောင် (၇)မျိုးတို့ကို မြတ်စွာဘုရားရှင်က ပယ်ထားပြီးဖြစ်သည်။ သုတ္တန်ပါဠိ, အဋ္ဌကထာ, ဋီကာတို့၌ လာရှိသော အနီ, အဝါ, အညို, အဖြူပျက်အားဖြင့် အရောင်လေးမျိုးတို့တွင်လည်း အဝါရောင်ကို အနီရောင်အမျိုးနွယ်၌ ထည့်သွင်း၍ ယူသဖြင့် သီးခြားမယူ၊ အညိုနှင့် အဖြူပျက်ရောင်တို့ကား ရဟန်းတို့အား မလျော်သဖြင့် မယူဘဲ ပယ်သည်။

ထို့ကြောင့် ဝိနည်းကျမ်းလာ မအပ်သောအရောင် (၇)မျိုးမှ လွတ်လျှင် အပ်သောအရောင်လည်း (၇)မျိုးပင် ဖြစ်နိုင်သည်ဟု မယူမူ၍ အနီရောင် တစ်မျိုးတည်းကိုသာ ယူအပ်, ယူသင့်တော့သည်ဟု မှတ်ရာ၏၊

ဤ၌ အနီရောင်ဟု ဆိုခဲ့ပါသော်လည်း အလွန် ရဲရဲနီသော အနီရောင်ကား မဖြစ်သင့်၊ အလုံးစုံညိုခေါ် အလွန်ညို စသော မအပ်သော အရောင် (၇)မျိုးလည်း မဖြစ်သင့်ပါ။

ဆုံးဖြတ်ချက်

၁။ မအပ်သော အရောင်တို့မှ လွတ်ခြင်းလည်းကောင်း၊
၂။ မြတ်စွာဘုရား ခွင့်ပြုထားသော ဆိုးရည်တို့ဖြင့် ဆိုးခြင်းလည်းကောင်း၊
၃။ ရဟန်းတို့၏ သင်္ကန်းရောင်အဖြစ်ဖြင့် သင့်လျော်လျောက်ပတ်ခြင်းလည်းကောင်း -

ဤအင်္ဂါ (၃) ချက်တို့နှင့်တကွ ညီညွတ်ပြည့်စုံသော အနီရောင်, ချိပ်ရည်အရောင်, ပဒုမ္မာကြာနီရောင်, မိုဃ်းတိမ်နီရောင်, လယ်ခေါင်ရမ်းပွင့်ရောင်တို့ကဲ့သို့ နီသောအရောင်ကိုသာ စင်စစ် အပ်သော အရောင်ဟူ၍, ဧကန် အပ်သော အရောင်ဟူ၍ ယုံမှားကင်းသောအားဖြင့် ယူအပ်၏၊

ဤအဆုံးအဖြတ်ကို ဝတ်ရုံဖုံးလွှမ်းသော သင်္ကန်း၏ အပ်သောအရောင်ကို နှလုံးသွင်းထား စိတ်ဝင်စားကြကုန်သော သူတို့သည် အထူးသိအပ်၏၊ အလိုလည်းရှိအပ်၏၊ အကျဉ်းအားဖြင့်လည်း ကောင်းစွာ မှတ်သားထားအပ်၏၊ (စီဝရဝဏ္ဏဝိနိစ္ဆယကျမ်း၊ နဘူးကျင်းတောရဆရာတော် ဘဒ္ဒန္တတိဿရ)

မအပ်သော အဝတ်သင်္ကန်းများ

၁။ သမန်းမြက်တို့ဖြင့် ရက်အပ်သော အဝတ်၊
၂။ လျှော်တေတို့ဖြင့် ရက်အပ်သော အဝတ်၊
၃။ ပျဉ်ချပ်သဏ္ဌာန်ရှိသော အပြားတို့ဖြင့် စီအပ်သော အဝတ်၊
၄။ ဆံပင်မှဖြစ်သော ကမ္ဗလာ, သားမြီးမှဖြစ်သော ကမ္ဗလာ၊
၅။ ခင်ပုတ်တောင်ဖြင့် ရက်အပ်သော အဝတ်၊
၆။ အမွေးနှင့်တကွ, ခွာနှင့်တကွသော သမင်ရေ၊

အဇိန-ကို သစ်နက်ဟု ပေးကြ၏၊ အဘိဓာန်နိဿယသစ်၌ကား သမင်ဟု ပေးသည်၊ ခွာနှင့်တကွဟု ဆိုသောကြောင့် သစ်နက်မဖြစ်နိုင်၊ (ခုဒ္ဒသိက္ခာဘာသာဋီကာ၊၉၆။) ဆိုခဲ့ပြီးသော အဝတ်ကို ဝတ်ရုံသုံးဆောင်သော ရဟန်းအား ထုလ္လစ္စဉ်းအာပတ် သင့်၏၊

ဒုက္ကဋ်အာပတ်သင့်သော အဝတ်များ

၁။ ငှက်ပျောလျှော်မျှင်ဖြင့် ရက်အပ်သော အဝတ်၊
၂။ ပြိတ်လျှော်မျှင်ဖြင့် ရက်အပ်သော အဝတ်၊
၃။ မရိုးလျှော်မျှင်ဖြင့် ရက်အပ်သော အဝတ်၊
၄။ သင်ပန်းလျှော်ဖြင့် ရက်အပ်သော အဝတ်၊
၅။ အလုံးစုံညိုသော အဝတ်၊
၆။ အလုံးစုံမောင်းသော အဝတ်၊
၇။ အလုံးစုံ ရွှေသော အဝတ်၊
၈။ အလုံးစုံနီသော အဝတ်၊
၉။ အလုံးစုံမည်းနက်သော အဝတ်၊
၁၀။ ကင်းခြေများ ကျောက်ကုန်းအဆင်း များသော နာမည်ရှိသော ဆိုးရည်တို့ဖြင့် ဆိုးအပ်သောအဝတ်၊
၁၁။ သစ်ခွံသင်္ကန်း၊
၁၂။ မဖြတ်အပ်သော အမြိတ်အဆာရှိသောသင်္ကန်း၊
၁၃။ ရှည်သော အမြိတ်အဆာရှိသောသင်္ကန်း၊
၁၄။ ပန်းပွင့်ပမာ အမြိတ်အဆာရှိသောသင်္ကန်း၊
၁၅။ အကျသင်တိုင်း (သင်တိုင်းဟူသည် မိန်းမတို့၏ ဂါဝန် စစ်သားတို့၏ အပေါ်က စစ်ဝတ်အိတ်မျိုး လူ၏ ကိုယ်လုံးကိုယ်ရပ်နှင့် တော်အောင် တိုင်း၍ ချုပ်ရသောကြောင့် သင်တိုင်းဟု ရှေးက ပေးကြသည်။) ယခုခေတ်၌ အံသကိုဋ်ဟု နာမည်တပ်၍ မိန်းမဘော်လီနှင့် ခပ်ဆင်ဆင် တူသော အတွင်းက ချွေးမစိုအောင် ခံဝတ်သောအဝတ်လည်း ကဉ္စုက ပင်ဖြစ်၍ မအပ်ဟု ဆုံးဖြတ်တော်မူသည်။ (ခုဒ္ဒသိက္ခာဘာသာဋီကာ၊၉၉။)

(မှတ်ချက်)သင်္ကန်းအလုခံရ, အခိုးခံရ၍ သင်္ကန်းမရှိသော အစ္ဆိန္နစီဝရ ရဟန်းအတွက် ဆိုခဲ့ပြီးသော ကုသဝါက သမန်းမြက်, လျှော်တေသင်္ကန်းစသော အဝတ်များ ဝတ်ကောင်း၏၊

သင်္ကန်းအတိုင်းအတာ ပမာဏများ ရတနဝဂ် နန္ဒတ္ထေရသိက္ခာပုဒ် ခေါ် သုဂတစီဝရသိက္ခာပုဒ်၌ ပြဆိုထားသည်များ ပြန်ကြည့်ရှုပါ။

ဖြတ်အပ်သော သင်္ကန်းကို ခွင့်ပြုတော်မူပုံ

သဗ္ဗညုဘုရားသခင်သည် ရာဇဂြိုဟ်ပြည်မှ ဒက္ခိဏာပထသို့ ဒေသစာရီ အကြွတွင် မာဂဓရာဇ်တိုင်းသားတို့၏ လယ်ခင်းလယ်တာပုံကို နည်းညွှန်ပြ၍ သင်္ကန်းစီရင်လိုကြောင်းနှင့် အမိန့်တော်မြတ်ရှိ၍ အရှင်အာနန္ဒာသည် စီရင်နိုင်ပါကြောင်း တာဝန်ယူကာ ကောင်းစွာ သင်္ကန်းချုပ်လုပ်စီရင်၍ ပြလာသည့် ကာလ မြတ်စွာဘုရားရှင်သည် ဖော်ပြပါ စကားရပ်တို့ မိန့်ဆို၍ အရှင်အာနန္ဒာ မထေရ်အား ချီးကျူးမိန့်ကြားတော်မူသည်။

ပဏ္ဍိတော ဘိက္ခဝေ အာနန္ဒော၊ မဟာပညော ဘိက္ခဝေ အာနန္ဒော၊ ယတြ ဟိ နာမ မယာ သံခိတ္တေန ဘာသိတဿ အတ္ထံ ဝိတ္ထာရေန အာဇာနိဿတိ ကုသိမ္ပိ နာမ ကရိဿတိ၊ အဍ္ဎကုသိမ္ပိ နာမ ကရိဿတိ၊ မဏ္ဍလမ္ပိ နာမ ကရိဿတိ၊ အဍ္ဎမဏ္ဍလမ္ပိ နာမ ကရိဿတိ၊ ဝိဝဋ္ဋမ္ပိ နာမ ကရိဿတိ၊ အနုဝိဝဋ္ဋမ္ပိ နာမ ကရိဿတိ၊ ဂီဝေယျကမ္ပိ နာမ ကရိဿတိ၊ ဇင်္ဃေယျကမ္ပိ နာမ ကရိဿတိ၊ ဗာဟန္တမ္ပိ နာမ ကရိဿတိ၊ ဆိန္နကံ ဘဝိဿတိ၊ သတ္ထလူခံ၊ သမဏသာရုပ္ပံ၊ ပစ္စတ္ထိကာနဉ္စ အနုဘိစ္ဆိတံ၊ အနုဇာနာမိ ဘိက္ခဝေ ဆိန္နကံ သံဃာဋိံ ဆိန္နကံ ဥတ္တရာသင်္ဂံ ဆိန္နကံ အန္တရဝါသကံ။

အနက်ပေးပုံ

ဘိက္ခဝေ = ရဟန်းတို့။ အာနန္ဒော =အာနန္ဒာသည်။ ပဏ္ဍိတော = အကြောင်းအကျိုးကို ထိုးထွင်း၍ သိတတ်သော ဉာဏ်ရှိ၏၊ ဘိက္ခဝေ =ရဟန်းတို့။ အာနန္ဒော =အာနန္ဒာသည်။ မဟာပညော = ကြီးကျယ်သော ပညာရှိ၏၊ မယာ = ငါဘုရားသည်။ သံခိတ္တေန = အကျဉ်းအားဖြင့်။ ဘာသိတဿ =ဟောအပ်သော စကား၏၊ အတ္ထံ =အနက်ကို။ ယတြ ဟိ နာမ = ယော နာမ အာနန္ဒော = အကြင် အာနန္ဒာသည်။ ဝိတ္ထာရေန = အကျယ်အားဖြင့်။ အာဇာနိဿတိ = သိနိုင်ဘိ၏၊ သော အာနန္ဒော =ထို အာနန္ဒာသည်။ ကုသိမ္ပိ နာမ =အနားပတ်လွှာမည်သည်ကို (= မြောင်းရှည်လွှာမည်သည်ကို)လည်း၊ ကရိဿတိ = ပြုဘိ၏၊ အဍ္ဎကုသိမ္ပိ နာမ = တရုတ်မြောင်းတိုလွှာသည်ကိုလည်း၊ ကရိဿတိ = ပြုဘိ၏၊ မဏ္ဍလမ္ပိ နာမ = အိမ်ဝန်းကြီး မဟာမဏ္ဍလမည်သည်ကိုလည်း၊ ကရိဿတိ = ပြုဘိ၏၊ အဍ္ဎမဏ္ဍလမ္ပိ နာမ = အိမ်ဝန်းငယ် အဍ္ဎမဏ္ဍလမည်သည်ကိုလည်း။ ကရိဿတိ = ပြုဘိ၏၊ ဝိဝဋ္ဋမ္ပိ = ကွဲအိမ်နှစ်ခု တစ်ပေါင်းတည်းပြု၍ ချုပ်အပ်သော အလယ်ခေါင်စပ် မည်သည်ကိုလည်း။ ကရိဿတိ = ပြုဘိ၏၊ အနုဝိဝဋ္ဋမ္ပိ နာမ = လက်ဝဲ လက်ယာ ဘေးနှစ်ဘက်တို့၌ ရံစပ်၍ ချုပ်အပ်သော အစပ်အပိုင်းအလွှာမည်သည်ကိုလည်း။ ကရိဿတိ = ပြုဘိ၏၊ ဂီဝေယျကမ္ပိ နာမ = လည်ထိရာ အရပ်၌ ထပ်၍ချုပ်အပ်သော အာဂန္တုကလွှာမည်သည်ကိုလည်း၊ ကရိဿတိ = ပြုဘိ၏၊ ဇင်္ဃေယျကမ္ပိ နာမ = သလုံးမြင်းခေါင်း ထိရာအရပ်၌ ထပ်၍ ချုပ်အပ်သော အာဂန္တုကလွှာမည်သည်ကိုလည်း။ ကရိဿတိ = ပြုဘိ၏၊ ဗာဟန္တမ္ပိ နာမ = လက်လိပ်စပ်မည်သည်ကိုလည်း။ ကရိဿတိ = ပြုဘိ၏၊ သတ္ထလူခံ = ဓားလှီး၍။ ဆိန္နကံ = ဖြတ်အပ်သည်။ ဘဝိဿတိ = ဖြစ်ဘိ၏၊ သမဏသာရုပ္ပံ = ရဟန်းအား လျောက်ပတ်ပေစွ။ ပစ္စတ္ထိကာနဉ္စ = ရန်သူတို့သည်မူလည်း။ အနဘိစ္ဆိတံ = လိုချင်ဖွယ် မရှိဘိစွ။ ဘိက္ခဝေ = ရဟန်းတို့။ ဆိန္နကံ = ဖြတ်အပ်သော။ သံဃာဋိံ = ဒုကုဋ်ကို။ ဆိန္နကံ = ဖြတ်အပ်သော။ ဥတ္တရာသင်္ဂံ = ကိုယ်ဝတ်ကို။ ဆိန္နကံ = ဖြတ်အပ်သော။ အန္တရဝါသကံ = သင်းပိုင်ကို။ အနုဇာနာမိ = ငါဘုရား ခွင့်ပြုတော်မူ၏၊

(ဝိနည်းမဟာဝါပါဠိတော်၊၄၀၀။ ဝိနည်းဥပဒေတော်ကြီး၊၃၃၀။)

သင်္ကန်းနှင့်စပ်သော အခေါ်အဝေါ်များ

၁။ ကုသိ = မြောင်းရှည်လွှာ၊ ၂။ အဍ္ဎကုသိ = တရုတ်မြောင်းတိုလွှာ၊ ၃။ မဟာမဏ္ဍလ = အိမ်ဝန်းကြီး၊ ၄။ အဍ္ဎမဏ္ဍလ = အိမ်ဝန်းငယ်၊ ၅။ ဝိဝဋ္ဋ = အလယ်ခေါင်စပ်ကြီး၊ ၆။ အနုဝိဝဋ္ဋ = လက်ဝဲလက်ယာ ဘေးနှစ်ဘက်အစပ် အပိုင်းလွှာ၊ ၇။ ဂီဝေယျက = လည်ပင်းထိရာအရပ် ထပ်၍ ချုပ်အပ်သော အနားပတ်လွှာ၊ ၈။ ဇင်္ဃေယျက = သားလုံးမြင်းခေါင်းထိရာအရပ် ထပ်၍ ချုပ်အပ်သော အနားပတ်လွှာ, အာဂန္တုကအလွှာ၊ ၉။ ဗာဟန္တ = လက်လိပ် လိပ်သောအခါ ထပ်၍ ချုပ်အပ်သော အနားပတ်လွှာ၊ ၁၀။ သတ္ထက = သင်္ကန်းဖြတ်စရာ ဓားငယ်၊ ၁၁။ သူစိ = အပ်၊ ၁၂။ သူစိနာဠိက = အပ်ကျည်၊ ၁၃။ ကထိန = ကား၊ ၁၄။ ကထိနရဇ္ဇု = ကား၌ ချည်စရာကြိုး၊ ၁၅။ အနုဝါတ = အလျားအနားပတ်၊ ၁၆။ ပရိဘဏ္ဍ = အနံ အနားပတ်၊ ၁၇။ ဒဏ္ဍကထိန = လှံတံဖွဲ့သော ကားငယ်၊ ၁၈။ ဝိနန္ဒကရဇ္ဈု = ကားဖွဲ့စရာကြိုး၊ ၁၉။ ကဠိမ္ဘတ = ပမာဏမှတ်ကြောင်း ထန်းရွက်၊ ၂၀။ မောဃသုတ္တ = နနွင်းကြိုးဖြင့် တမျဉ်းပစ်ခြင်း၊ ၂၁။ ဂဏ္ဌိကံ = ကမ္ပတ်သီး၊ ၂၂။ ပါသကံ = ကမ္ပတ်ကွင်း။ ၂၃။ ဂဏ္ဌိကဖလကံ = ကမ္ပတ်သီးအိမ်၊ ၂၄။ ပါသကဖလကံ = ကမ္ပတ်ကွင်းအိမ်။

(မှတ်ချက်) နနွင်းကြိုးဖြင့် အမှတ်ပြုခြင်းဟု ဆိုသောကြောင့် နနွင်းဆိုးသော ချည်ဖြင့် သင်္ကန်းချုပ်ခြင်းငှာလည်း အပ်သည်ဟု ထင်ရှား၏၊ အချို့က မအပ်ဟု မှတ်ထင်တတ်ကုန်၏၊ ဆိုးရည်၌ နနွင်းမြစ်ကို အဋ္ဌကထာ ပယ်ခြင်းကြောင့်တည်း။(စူဠဝါအရသာ၊၁၃၈။)

အပ်, မအပ်သော ကမ္ပတ်သီးများ

ရွှေကမ္ပတ်သီး, ငွေကမ္ပတ်သီးတို့ မအပ်ကုန်။ (၁) အရိုးကမ္ပတ်သီး၊ (၂) ဆင်စွယ်ကမ္ပတ်သီး၊ (၃) ဦးချိုကမ္ပတ်သီး၊ (၄) ကျူကမ္ပတ်သီး၊ (၅) ဝါးကမ္ပတ်သီး၊ (၆) သစ်သားကမ္ပတ်သီး၊ (၇) ချိတ်ကမ္ပတ်သီး၊ (၈) သစ်သီးကမ္ပတ်သီး၊ (၉) ကြေးကမ္ပတ်သီး၊ (၁၀) ခရုသင်းကမ္ပတ်သီး၊ (၁၁) ချည်ကမ္ပတ်သီးတို့ကို ခွင့်ပြုတော်မူသည်။

(မှတ်ချက်) ကမ္ပတ်သီးအိမ်ကို သင်္ကန်းအစွန်း၌ တပ်ရန် ခွင့်ပြုတော်မူ၏၊ ကမ္ပတ်ကွင်းအိမ်ကို အနားပတ်အစွန်းမှ လက်ခုနစ်သစ်ရှစ်သစ်မျှ လျှော့၍ တပ်ရန် ခွင့်ပြုတော်မူသည်။

မအပ်သော ဆိုးရည် (၉) မျိုး

အမြစ်တို့တွင် - ၁။ နနွင်းမြစ်။ ပင်စည်ဆိုးရည်တို့တွင် - ၂။ ထန်းကျင့်၊ ၃။ ပိန္နဲနွယ်ပင်။ အရွက်ဆိုးရည်တို့တွင် - ၄။ မဲရွက်၊ ၅။ ဒန်းရွက်။ အခေါက် ဆိုးရည်တို့တွင် - ၆။ ကြပိုင်ခေါက်၊ ၇။ ဒေါက်ရပ်ခေါက်။ အပွင့်ဆိုးရည်တို့တွင် - ၈။ ဝတ်ပန်းပွင့်၊ ၉။ ပေါက်ပွင့် - ဟူ၍ မအပ်သော ဆိုးရည် (၉)မျိုး လာ၏၊

(ဆောင်) နနွင်းမြစ်နှင့်, ပင်စည်ဆင့်, ထန်းကျင့် ပိန္နဲနွယ်။

မဲ, ဒန်းရွက် လှောက်, ကြပိုင်ခေါက်, အခေါက် ဒေါက်ရပ်ဘွယ်။ ဝတ်ပန်းပေါက်ပွင့်, ဆိုးရည်နှင့်, မသင့်ကိုးပါး ပယ်။ (ရှေးဆရာ)

မြက်-ပင်-ခေါက်-ရွက်-ပွင့်-သီး-ဖက် ခြောက်ချက် ဆိုးရည်အပ်။

သင်္ကန်းစီရင်ပုံ အဆင့် (၇) ဆင့်

၁။ ဓောဝန = သင်္ကန်းလျာ ပိတ်တို ဖျင်စအဝတ်တို့ကို ဖွပ်လျှော်ခြင်း၊
၂။ ဝိစာရဏ = ငါးခဏ်း, ခုနစ်ခဏ်း, ကိုးခဏ်း, ဆယ့်တစ်ခဏ်း စီရင်ခြင်း၊
၃။ ဆေဒန = ဖြတ်ခြင်း၊
၄။ ဗန္ဓန = တွဲစပ်ဖွဲ့ခြင်း၊
၅။ သိပ္ပန = ချုပ်ခြင်း၊
၆။ ရဇန = ဆိုးရည်ဆိုးခြင်း၊
၇။ ကပ္ပကရဏ = ကပ္ပဗိန္ဒုထိုးခြင်းဟူ၍ အဆင့်(၇)ဆင့် ပြဆိုထားသည်။
ထိုခုနစ်မျိုးကို ကထိန်မခင်းမီ ရှေးအဖို့၌ ပြုအပ်သောကြောင့် ပုဗ္ဗကရဏ ဟု ခေါ်သည်။

(ဆောင်) ဖွပ်- စီရင်- ဖြတ်, တွဲစပ်- ချုပ်- ဆိုး, ဗိန္ဒုထိုး, ခေါ်ရိုး ပုဗ္ဗသိ။

အခန်းဖွဲ့မှုနှင့် စပ်၍ မှတ်ရန်

မဟာဝါ အဋ္ဌကထာဆရာသည် သင်းပိုင်နှင့် ဧကသီတို့၌ ငါးခန်း, ဒုကုဋ်သင်္ကန်းကြီး၌ ငါးခန်းမှ တစ်ဆယ့်တစ်ခန်းအထိသာ ယူသည်။ ဗန်းမော်ဆရာတော်ဘုရားကြီးကလည်း ဆယ့်တစ်ခန်းအထက် လွန်၍ ကျမ်းဂန်မလာ၊ တစ်ဆယ့်တစ်ခန်းအထက် မပိုစေရဟု အထောက်အထား ခိုင်လုံစွာဖြင့် ဆိုသည်။ ညောင်လေးပင် ဆရာတော်ဘုရားကြီးသည်လည်း ငါးခန်းမှ ဆယ့်တစ်ခန်းအထိသာ ယူသည်။ အရှင်ဩဘာသ(မုဒုံ) ကလည်း အကြောင်းသုံးရပ်တို့ဖြင့် ထိုခေတ်၌ ကထိန်ခင်းသော သင်္ကန်းမှာ (၅)ခန်း, (၇)ခန်း, (၉)ခန်း, (၁၁)ခန်းသာ ဖြစ်သည်ဟူ၍ သူ၏ ဝိနည်းဥပဒေတော်ကြီး စာအုပ် (နှာ-၃၇၃)၌ ဆိုခဲ့ပြီ၊ ထို့ကြောင့် ထိုခေတ်၌ ခင်းသော ကထိန်မှာ (၅)ခန်း, (၇)ခန်း, (၉)ခန်း, (၁၁)ခန်းသာ ဖြစ်သည်ဟူ၍ဆိုအပ်ပါသည်။ ယခုအခါ၌ (၁၅)ခန်း, (၂၅)ခန်း, (၃၅)ခန်း, (၇၅)ခန်း, အခန်း (၁၂၀) စသည်ဖြင့် များလေကောင်းလေ ထင်၍ လှူသူများက လှူသဖြင့် ဝတ်သူများကလည်း ဝိနည်းကျမ်းဂန် မလေ့လာတော့ဘဲ ဝတ်ဆင်သုံးစွဲနေကြလေပြီ။

ဓားခွဲဓားဖြတ်သင်္ကန်းနှင့် စပ်၍ မှတ်ရန်

မြတ်စွာဘုရားရှင် ရွှေလက်ထက်တော်အခါ၌ ဤသိက္ခာပုဒ်တော်ဖြစ်လာသော ကာလမှစ၍ ဤနည်းအတိုင်းသာလျှင် ဓားဖြင့် လှီးဖြတ် စီရင်ဝတ်ရုံကြသည် ဖြစ်ကုန်၏၊ ထို့ကြောင့် ---

တေန ခေါ ပန သမယေန အညတရဿ ဘိက္ခုနော တိစီဝရေ ကရိယမာနေ သဗ္ဗံ ဆိန္နကံ နပ္ပဟောတိ။ (ဝိ၊၃၊၄၁၂။)

အခါတစ်ပါး၌ ရဟန်းတစ်ပါးအား တိစီဝရိက်သင်္ကန်း (၃)ထည်ကို ပြုလုပ်သည်, ချုပ်စီရင်သည်ရှိသော် အလုံးစုံသင်္ကန်း (၃)ထည်စလုံး ဖြတ်အပ်သော် မလောက်။ သို့ဖြစ်၍ ဆွဲဆွဲဖြန့်နေသည်၏အဖြစ်သည် ဖြစ်ပေါ်လာ၏၊ ထိုဝတ္ထုကို အကြောင်းပြု၍-

အနုဇာနာမိ ဘိက္ခဝေ ဒွေ ဆိန္နကာနိ။ ပ။ ဧကံ ဆိန္နကန္တိ။ (ဝိ၊၃၊၄၁၂) ဟူသော ပါဠိတော်ပါဌ်ဖြင့် နှစ်ထည်တို့ကိုဖြတ် တစ်ထည်ကို မဖြတ်လင့်ဟု အနုညာတ ခွင့်ပြုတော်မူ၏၊ ယင်းသို့ နှစ်ထည် ဖြတ်သော် မလောက် ဖြစ်ပြန်ရာ “အနုဇာနာမိ ဘိက္ခဝေ ဒွေ အစ္ဆိန္နကာနိ ဧကံ ဆိန္နကံ”ဟူသော ပါဠိတော် (ဝိ၊၃၊၄၁၂။) ပါဌ်ဖြင့် နှစ်ထည်ကို မဖြတ်လင့်၊ တစ်ထည်ကိုသာ ဖြတ်ဟု အနုညာတ ခွင့်ပြုတော်မူပြန်၏၊ ယင်းသို့ တစ်ထည်ပင်ဖြတ်၍ မလောက်ပြန်ရာ “အနုဇာနာမိ ဘိက္ခဝေ အနွာဓိကမ္ပိ အာရောပေတုံ န စ ဘိက္ခဝေ သဗ္ဗံ အစ္ဆိန္နကံ ဓာရေတဗ္ဗံ၊ ယော ဓာရေယျ အာပတ္တိ ဒုက္ကဋဿ-ဟု ပါဠိတော် (ဝိ-၃-၄၁၂။) ပါဌ်ဖြင့် သလင်းထောင်တင်ဟု ခွင့်ပြုတော်မူ၏၊ ပိတ်တိုဖျင်စ ပေါပေါများများ ရှိ၍ ဖြတ်လောက်မူ အလုံးစုံ မဖြတ်ဘဲ တိစီဝရိက်သင်္ကန်းကို မဆောင်အပ်၊ ဆောင်သောရဟန်းအား ဒုက္ကဋ်အာပတ် သင့်စေဟု ပညတ်တော်မူ၏၊ (ဝိနည်းဥပဒေတော်ကြီး၊၃၆၀။)

ပကတိ အမြဲဝတ်ရုံသော တိစီဝရိက်သင်္ကန်းသာလျှင် မလောက်သော် အလုံးစုံ မဖြတ်အပ်၊ ကထိန်သင်္ကန်းမူကား မဖြတ်မူ မအပ်၊ ဖြတ်မှသာ အပ်၏၊

သလင်းထောင်ဟူသော စကား မှတ်ရန်

အနွာဓိကမ္ပိ အာရောပေတုံ - အနွာဓိကမ္ပိ = သလင်းထောင်ကိုမူလည်း။ (ဝါ) လျားရှည်နံကြီး ရပြီးလောက်ကာ သင်္ကန်းလျာကို လိုရာဖြတ်လျက် ၎င်းထက်ဝယ် ဖြည့်စွက် ထပ်ချုပ် မြောင်းတရုတ်ဟု ဒုကုဋ်အတွင်း အလွှာတင်ခြင်းကို (ဝါ) ဒုကုဋ်အဟန် သဏ္ဌာန်တူမျှ အာဂန္တုကဟု ထပ်ပြုချုပ်မြှောင် သလင်းထောင်ကို။ အာရောပေတုံ = တင်စိမ့်သောငှာ။ အနုဇာနာမိ = ခွင့်ပြုတော်မူ၏၊

ဤဖော်ပြပါ အနက်အရ သင်္ကန်းချုပ်သောအခါ ပိတ်စက နည်းနေ၍ မဖြတ်မတောက်တော့ဘဲ အပေါ်ကနေပြီး မြောင်းတရုတ်လွှာတို့ကို စီတင်ပြီး ထပ်ချုပ်သွားရသော အာဂန္တုက အပေါ်လွှာတင်သည်ကို သလင်းထောင်တင်သည်ဟု ဆိုပါသည်။

ဆိုလိုရင်းအဓိပ္ပာယ်မှာ သင်္ကန်းသုံးထည်လုံးကိုဖြတ်၍ ချုပ်ရမည်။ ဖြတ်၍ အဝတ်မလောက်မင ဖြစ်နေလျှင် သလင်းထောင်ကို တင်ရမည်။ ဖြတ်ခြင်းသာလျှင် အဓိကအချက် ဖြစ်သည်။

ထို့ကြောင့် ငါးပိုင်းငါးစပ်စသော အခန်းတို့ကိုသာ ဖြတ်၍ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်းတရုတ်တို့ကို ဓား စသည်ဖြင့် ပိုင်းပိုင်းမဖြတ်ဘဲ ခေါက်၍ ချုပ်သောသင်္ကန်းသည် အလုံးစုံ မဖြတ်သောသင်္ကန်း၌ အကျုံးဝင်သည်ဟူ၍ ယူအပ်၏၊ အလုံးစုံ မဖြတ်သောသင်္ကန်းကို ဝတ်ရုံသုံးဆောင်လျှင် ဒုက္ကဋ်အာပတ်သင့်၏ဟု ဆိုထားခြင်းကြောင့် အခန်းတို့ကိုသာမဟုတ် အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်းတရုတ်တို့ကိုလည်း ဓားစသည်ဖြင့် ပိုင်းပိုင်းဖြတ်၍ ချုပ်သော သင်္ကန်းကိုသာလျှင် ဝတ်ရုံသုံးဆောင်အပ်၏ဟု ယူသော ဝါဒဘက်သို့ လိုက်သင့်ပေသည်။ (ဝိနည်းဥပဒေတော်ကြီး၊၃၄၅၊၊)

ဧကသီအပေါ်ရုံသင်္ကန်းပုံစံ

(ဒုကုဋ်) နှစ်ထပ်သင်္ကန်းပုံစံ

ဘာသာဋီကာဆရာတော် ပြဆိုသော သင်္ကန်းတော်ပမာဏ

ဘုရားရှင် ဝတ်ရုံတော်မြဲသင်္ကန်းသည် ဘုရားအထွာတော်ဖြင့် အလျား ၉-ထွာ (၄-တောင်ထွာ) အနံ-၆ ထွာ (၃-တောင်)ရှိရကား ယခုကာလ ပုဂ္ဂိုလ်များသည်လည်း မိမိ အတောင်အထွာဖြင့် အလျားလေးတောင်ထွာ၊ အနံသုံးတောင်ရှိသော ဧကသီသင်္ကန်းကြီးတို့ကိုသာ ဝတ်ရုံထိုက်သည်။ ထိုမျှလောက် သင်္ကန်းဖြင့် သုပ္ပဋိစ္ဆန္န ပရိမဏ္ဍလဖြစ်အောင် ဝတ်ရုံနိုင်သည်သာ။ ရှင်စောတစ်ထွာ၊ မဇ်သုံးထွာ၊ တို့မှာထက်ဝက်နှော ဟူသောစကားရပ်ကို သုဂတစီဝရ သိက္ခာပုဒ်၌ ရှင်းပြခဲ့ပြီ၊ ပြန်၍ ကြည့်ပါ။

ဘုရားရှင်အရပ်တော် ဗဟုသုတမှတ်ရန်

မြတ်စွာဘုရားရှင် အရပ်တော်ကို တစ်ဆယ့်ရှစ်တောင်ဟုလည်းကောင်း, တစ်ဆယ့်ရှစ်မိုက်ဟုလည်းကောင်း ယူဆပြောဆိုကြသည်။ ဆရာတော် အရှင်ဇနကာဘိဝံသက ဘုရားရှင်၏ အရပ်တော်သည် တစ်ဆယ့်ရှစ်တောင် မမြင့်နိုင်ကြောင်း၊ ထိုခေတ်လူများနှင့် များစွာ မကွာခြားကြောင်း အထောက်အထား (၁၅)ခုမျှ တင်ပြထားတော်မူသည်။ ပကတိကိုယ်တော်မှာ အဋ္ဌာရသ ဟတ္ထုဗ္ဗေဓ တစ်ဆယ့်ရှစ်မိုက် အမြင့်တော်ရှိ၍ အတောင်အားဖြင့် ခြောက်တောင်ခန့်ရှိ၏ဟု ရတနာ့ဂုဏ်ရည်စာအုပ် (ပထမရိုက်)၌ ဆိုထားပါသည်။ သီဟိုဠ်ကျွန်းရှိ အချို့မထေရ်တို့သည် ဟတ္ထ-သဒ္ဒါကို မိုက်-ဟူသော အနက်ကို ယူ၍ တစ်ဆယ့်ရှစ်မိုက် (ခြောက်တောင်) ယူကြ၏ဟု ရတနာ့ဂုဏ်ရည် (ဒုတိယရိုက် စာမျက်နှာ-၇၃)၌ ဆိုထားပါသည်။ ပါတိမောက္ခမေဒိနီဆရာတော်ကမူ (၁၈)တောင်တိတိ ရှိကြောင်း ထင်ရှား၏ဟု ဆိုထားပါသည်။ (ပါတိမောက္ခမေဒိနီ၊၁၂၁။) မဟာယာနဘုန်းကြီးများနှင့် တရုတ်, ကမ္ဘောဒီးယား, ယိုးဒယားစသော နိုင်ငံက ရဟန်းတော်များသည် သုံးကိုက် (ကိုးပေ)ရှိ၏ဟု ယူဆကြသည်။ မြတ်စွာဘုရားရှင်အရပ်တော်သည် ကိုးပေဟု ဆိုလျှင် ခြောက်တောင် ဖြစ်၍ တစ်ဆယ့်ရှစ်မိုက်နှင့် လျော်ညီသည်။ ဘုရားရှင်၏ တစ်ထွာသည် ၁၃-လက်မခွဲ၊ တစ်မိုက်လျှင် ၉-လက်မ၊ တစ်တောင်မှာ ၂၇-လက်မ၊ လေးတောင်တွင် ၁၀၈-လက်မ၊ ၎င်းကို ပေဖွဲ့လျှင် ၉-ပေ ဖြစ်၏၊ ခြောက်တောင်ပင် ဖြစ်သည်။ သို့ဖြစ်၍ မြတ်စွာဘုရားရှင်၏ အရပ်တော်မှာ ၁၈-မိုက် (သို့) ခြောက်တောင် (၉-ပေ)ဟု ယူဆလျှင် အလံတော်နှင့် အရပ်တော် ညီမျှမည် ဖြစ်ပါသည်။

သင်္ကန်းပမာဏ အဆုံးအဖြတ်များ

ဤနည်းဖြင့် တွက်လျှင် မြတ်စွာဘုရားရှင်၏ အထွာတော်တစ်ထွာတွင် ၁၃-လက်မခွဲ ဖြစ်သည်။ မြတ်စွာဘုရားရှင်၏ သင်္ကန်းတော်ပမာဏသည် သုဂတစီဝရသိက္ခာပုဒ်အရ အလျား - ဘုရားရှင်အထွာတော် ၉-ထွာ၊ (၁၀-ပေ၊ ၁-လက်မခွဲ၊ အတောင်အားဖြင့် ၆-တောင် ၁၃-လက်မခွဲ) ဖြစ်သည်။ အနံ - ၆-ပေ၊ ၉-လက်မ၊ (၄-တောင် ၉-လက်မ) ဖြစ်သည်။ ၉-လက်မသည် (တစ်ထွာ။) ယခုခေတ် ချုပ်လုပ်ကြသော သင်္ကန်းများကို တိုင်းတာကြည့်ရာ အလျား ၅-တောင်ထွာ၊ အနံ ၄-တောင်ထွာရှိကြသည်ကို တွေ့ရသည်။ အနံမှာ ဘုရားရှင်သင်္ကန်းပမာဏ ရှိနေသည်။ ပထမကထိနသိက္ခာပုဒ် ကင်္ခါအဋ္ဌကထာ၌-

တတ္ထ တိစီဝရံ အဓိဋ္ဌဟန္တေန ရဇိတွာ ကပ္ပဗိန္ဒုံ ဒတွာ ပမာဏယုတ္တမေဝ အဓိဋ္ဌာတဗ္ဗံ။ တဿ ပမာဏံ ဥက္ကဋ္ဌပရိစ္ဆေဒေန သုဂတစီဝရတော ဦနကံ ဝဋ္ဋတိ၊ လာမကပရိစ္ဆေဒေန သံဃာဋိယာ တာဝ ဥတ္တရာသင်္ဂဿ စ ဒီဃတော မုဋ္ဌိပဉ္စကံ တိရိယံ မုဋ္ဌိတ္တိကံ၊ အန္တရဝါသကော ဒီဃတော မုဋ္ဌိ ပဉ္စကော၊ တိရိယံ ဒွိဟတ္ထောပိ ဝဋ္ဋတိ။ ဝုတ္တပ္ပမာဏတော ပန အတိရေကဉ္စ ဦနကဉ္စ ပရိက္ခာရစောဠန္တိ အဓိဋ္ဌာတဗ္ဗံ။ (ကင်္ခါ၊၁၅၃။)

တိစီဝရိက်သင်္ကန်း အဓိဋ္ဌာန်တင်လိုသော ရဟန်းသည် ဆိုး၍ ကပ္ပဗိန္ဒု ထိုး၍ ပမာဏနှင့်ယှဉ်သော သင်္ကန်းကို အဓိဋ္ဌာန်တင်ရမည်။ အကြီးဆုံး ပမာဏမှာ မြတ်စွာဘုရားရှင်၏ သင်္ကန်းတော်ပမာဏအောက် ယုတ်လျော့မှ အပ်သည်။ အယုတ်ဆုံး ပမာဏမှာ ဒုကုဋ်သင်္ကန်းကြီးနှင့် ဧကသီတို့၏ အလျားမှာ မုဋ္ဌိပဉ္စကံ တောင်ဆုပ်ငါးခုအပေါင်း၊ အနံမှာ မုဋ္ဌိတိကံ တောင်ဆုပ် သုံးခုအပေါင်းဟု ဆိုသည်၊ သင်းပိုင်မှာ အလျား -မုဋ္ဌိပဉ္စကော တောင်ဆုပ် ငါးခုအပေါင်း၊ အနံမှာ -ဒွိဟတ္ထော နှစ်တောင် ဖြစ်၏၊ ဆိုအပ်သော ပမာဏထက် ပိုလွန်လျှင်သော်လည်းကောင်း ယုတ်လျော့လျှင်သော်လည်းကောင်း ပရိက္ခာရ စောဠအဓိဋ္ဌာန်တင်အပ်၏၊ (ကင်္ခါ၊ ၁၅၃။)

(မှတ်ချက်) မုဋ္ဌိပဉ္စကံ, မုဋ္ဌိတိကံ - ဟူရာ၌ တောင်ဆုပ်များကို ပေမီကိုက်မီ သူတို့၏ အတောင်ဆုပ်ဖြင့် တောင်လျှင် အလျား - လေးတောင်ထွာ၊ အနံ - သုံးတောင် ရှိရကား အတိုဆုံးပမာဏဟူသော ကင်္ခါစကားသည် အလျားကိုးထွာ အနံခြောက်ထွာဟူသော သုဂတစီဝရသိက္ခာပုဒ်လာစကားနှင့် ညီညွတ်သည်။

(ဆောင်) ငါးတောင် တောင်ဆုပ်၊ သုံးတောင်ဆုပ်၊ ဒုကုဋ် ကိုယ်ရုံမှာ။
အလျား ထိုဟန်၊ နှစ်တောင်နံ၊ မှတ်ရန် သင်းပိုင်မှာ။

ဤ၌ အယူအဆတစ်မျိုး ရှိသေး၏၊ ငါးတောင်တောင်ဆုပ်၌ လေးတောင် အပြည့်တောင်၍ နောက်ဆုံး တစ်တောင်ကိုသာ တောင်ဆုပ်တောင်လျှင် လေးတောင်ထွာ မကပေ၊ သုံးတောင်ဆုပ်၌လည်း နှစ်တောင်အပြည့် တောင်၍ နောက်ဆုံးတစ်တောင်ကိုသာ တောင်ဆုပ်တောင်လျှင် သုံးတောင် မပြည့်တော့ပေ။ မုဋ္ဌိပဉ္စမက ငါးခုမြောက် တောင်ဆုပ်ရှိ၏ဟု မဆိုဘဲ မုဋ္ဌိပဉ္စက တောင်ဆုပ်ငါးခုအပေါင်းဟု ဆိုထားသည်ကို ဆင်ခြင်ကြည့်ကြပါလေ။

ဝုတ္တေဥှတံ “အနုဇာနာမိ ဘိက္ခဝေ အာယာမတော အဋ္ဌင်္ဂုလံ သုဂတင်္ဂုလေန စတုရင်္ဂုလဝိတ္ထတံ ပစ္ဆိမံ စီဝရံ ဝိကပ္ပေတုန္တိ။

အလျား-မြတ်စွာဘုရားရှင် လက်သစ်တော်ဖြင့် လက်ရှစ်သစ် အနံ- လက်လေးသစ်တို့ရှိပါက ဝိကပ္ပနာပြုရန် အငယ်ဆုံးပမာဏကို ဘုရားရှင် ခွင့်ပြုတော်မူသည်။ မြတ်စွာဘုရားရှင် လက်ရှစ်သစ် တစ်မိုက်သည် လက်မအားဖြင့် ကိုးလက်မ ဖြစ်သည်။ အနံမှာ လေးလက်မခွဲ ဖြစ်သည်။

ညောင်စောင်း ကုဋင်များ၏ အခြေမှာလည်း ဘုရားရှင်လက်သစ်တော်ဖြင့် ရှစ်လက်သစ်ထားရန် သိက္ခာပုဒ်တော် ရှိသည်။ ရှစ်လက်သစ် တစ်မိုက်တွင် ကိုးလက်မဖြစ်၍ ယိုးဒယား, ကမ္ဘောဒီးယားနိုင်ငံတို့တွင် ညောင်စောင်း ကုဋင်အခြေ ကိုးလက်မသာ ထားရှိအသုံးပြုကြကြောင်း သိရှိရပါသည်။ ဖားအောက်တောရတွင်လည်း ကုဋင် ညောင်စောင်းများ၏ အခြေကို ကိုးလက်မသာ အသုံးပြုသည်ကို တွေ့ရပါသည်။

မြန်မာနိုင်ငံတွင် ညောင်စောင်းအခြေကို တစ်တောင်ထွာ ယူကြသည်။ သုံးဆတိုး ခေါက်ချိုးတက်ဝါဒအရ တစ်တောင့်ထွာ ဖြစ်လာသည်။

န ဘိက္ခဝေ ဒီဃံ ဒန္တကဋ္ဌံ ခါဒိတဗ္ဗံ ယော ခါဒေယျ အာပတ္တိ ဒုက္ကဋဿ။ အနုဇာနာမိ ဘိက္ခဝေ အဋ္ဌင်္ဂုလပရမံ ဒန္တကဋ္ဌံ။ (စူဠဝါပါဠိတော်၊၂၇၉။)

ဤ၌ ဒန်ပူကို လက်ရှစ်သစ် ခွင့်ပြုတော်မူသည်။ ထိုဒန်ပူကို သုံးဆတိုး ခေါက်ချိုးတက်ဝါဒဖြင့် တွက်လျှင် တစ်တောင့်ထွာ ဖြစ်ရာ၏၊ ဒန်ပူ တစ်တောင့်ထွာ မဖြစ်နိုင်ပေ။ ဘုရားရှင်၏ ဒန်ပူတော်သည် တစ်တောင့်ထွာရှိရမလို ဖြစ်နေပါသည်။

ထို့ကြောင့် ဘုရားရှင်၏ လက်သစ်တော်တစ်မိုက်သည် ကိုးလက်မ ရှိသည်ဟူသော တွက်ချက်မှုအရ အဓိဋ္ဌာန် ဝိကပ္ပနာပြုရမည့် အငယ်ဆုံး ပိတ်တိုဖျင်စသင်္ကန်းလျာသည်လည်းကောင်း, ညောင်စောင်း, ကုဋင်အခြေသည်လည်းကောင်း, ဒန်ပူသည်လည်းကောင်း ကိုးလက်မ ရှိရမည်ဟု ယူဆလျှင် အဆင်ပြေ မှန်ကန်လိမ့်မည်ဟု ထင်မြင်ယူဆပါသည်။

သင်္ကန်းမှာလည်း အလျား - လေးတောင်ထွာ အနံ - သုံးတောင် အငယ်ဆုံး ပမာဏထား၍ အကြီးဆုံးပမာဏမှာ ဘုရားရှင်၏သင်္ကန်းတော် အလျား - ခြောက်တောင် တစ်ပေ တစ်လက်မ၊ အနံ လေးတောင် ကိုးလက်မ ပမာဏအောက် အနည်းငယ် လျှော့၍ ဝတ်ရုံသင့်ကြောင်း ထင်မြင်ယူဆပါသည်။

မြတ်စွာဘုရားရှင်၏ လက်သန်းအထွာတော်ကို ၉-လက်မဖြင့် ယူပါက သညာစိကာယကုဋိပမာဏ, နိသီဒိုန်အခင်းပမာဏများ အလွန်မကြီးမားတော့ဘဲ သုံးဆောင်လောက်ရုံဖြစ်၍ သဘာဝကျပေလိမ့်သည်။

“ရှင်စောတစ်ထွာ၊ မဇ်သုံးထွာ၊ ဒို့မှာ ထက်ဝက်နှောလင်္ကာအတိုင်း တွက်ချက်လျှင်ကား သညာစိကာယကုဋိမှာလည်း ကြီးမားနေသည်၊ နိသီဒိုန် အခင်းမှာလည်း ကြီးမားနေကြောင်း တွေ့ကြရမည်ဖြစ်ပါသည်။ စဉ်းစား ဝေဖန်၍ လက်ခံ ဆုံးဖြတ် အတည်ပြုနိုင်ကြစေရန် ပြည့်စုံအောင် ရေးသား တင်ပြလိုက်ပါသည်။

ကျောင်းနှင့်စပ်၍ မှတ်သားဖွယ်များ

ကျောင်းဟူသော အဓိပ္ပာယ်ကို ပါဠိ၌ သေနာသနဟုလည်းကောင်း, ဝိဟာရဟုလည်းကောင်း, ကုဋိဟုလည်းကောင်း ခေါ်ဝေါ်သုံးစွဲကြသည်ကို တွေ့ရပါသည်။

၁။ သေနာသန = (သေန+အာသန) ရဟန်းတို့၏ အိပ်ရာနေရာဟူသော အဓိပ္ပာယ်ကို ဆိုလိုပါသည်။
၂။ ဝိဟာရ = လျောင်းထိုင်ရပ်သွား ဣရိယာပုထ်လေးပါးတို့တွင် တစ်ပါး ၏ နာကျင်ခြင်းကို တစ်ပါးဖြင့် ပယ်ဖျောက်ရာ ဌာန”ဟူ သော အဓိပ္ပာယ်ကို ဆိုလိုပါသည်။
၃။ ကုဋိ = အပူအအေးဒဏ်ကို ဖြတ်တောက်ရာ ဌာနဟူသော အဓိပ္ပာယ်ကို ဆိုပါသည်။

ကုဋိနှင့် ဝိဟာရအထူး

ဆောက်လုပ်သူဒါယကာ မရှိ မိမိဘာသာ ကိုယ်တိုင်ဆောက်လုပ်ရသော ကျောင်းကို ကုဋိဟု ခေါ်ပါသည်။ ဆောက်လုပ်သူ ဒါယကာက ဆောက်လုပ် ပြီးမှ လှူဒါန်းသော ကျောင်းကို ဝိဟာရဟု ခေါ်ပါသည်။

(ဆောင်) ပိုင်ရှင် မရှိ၊ ကုဋိခေါ်ရ၊ ရှင်ရှိက၊ ခေါ်ကြ ဝိဟာရာ။

ကျောင်းကို ခွင့်ပြုတော်မူခြင်း

ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ဝါးတော၌ သီတင်းသုံးနေတော်မူသောအခါ ရဟန်းတို့အား ကျောင်းကို ခွင့်မပြုသေးပါ။

ရဟန်းတို့သည် တောသစ်ပင်ရင်း, တောင်ချောက်, တောင်ခေါင်း, သင်္ချိုင်း, တောအုပ်, လွင်ပြင်, ကောက်ရိုးပုံ ထိုထိုအရပ်၌ ဖြစ်သလိုနေကြရသည်။

တစ်နေ့သောအခါ ရာဇဂြိုဟ်ပြည်မှ သူဌေးတစ်ဦးသည် ရဟန်းတော်တို့၏ ကြည်ညိုဖွယ်ရှိသော ရှေ့သို့တက်ခြင်း, နောက်သို့ဆုတ်ခြင်း, ကြည့်ရှုခြင်း, ကွေးခြင်း, ဆန့်ခြင်း, မျက်လွှာချလျက် ဣရိယာပုထ်တို့ဖြင့် သွားလာ နေထိုင်ကြသည်ကို တွေ့ရှိကြည်ညို၍ ကျောင်းဆောင်လေးတွေ ဆောက်လုပ်လှူလိုကြောင်း ရဟန်းတို့အား ပြောကြားလျှောက်ထားရာ ရဟန်းတို့က ဘုရားရှင် ခွင့်မပြုသေးကြောင်း မိန့်ကြားကြရာ မြတ်စွာဘုရားရှင်အား ရဟန်းတို့က လျှောက်ထား၍ မြတ်စွာဘုရားရှင်သည် ရှေးဦးစွာ ကျောင်း (၅)မျိုး ခွင့်ပြုတော်မူသည်။

ကျောင်း (၅) မျိုး

ရဟန်းတို့ နှစ်ဖက်မိုးကျောင်းကိုလည်းကောင်း, တစ်ဖက်မိုးကျောင်းကို လည်းကောင်း, ပြာသာဒ်ရှည်ကိုလည်းကောင်း, ပြာသာဒ်ဦးပြည်းကိုလည်း ကောင်း, လိုဏ်ဂူကိုလည်းကောင်း ဤငါးပါးသော နေရာကျောင်းတို့ကို ငါဘုရား ခွင့်ပြုတော်မူ၏ဟု မိန့်တော်မူ၏၊

ရာဇဂြိုဟ်သူဌေး သိရှိ၍ တစ်ရက်တည်း၌ပင် ခြောက်ဆယ်သော ကျောင်းတို့ကို တည်ဆောက်၍ ဘုရားရှင်ကို လျှောက်ထားရာ မြတ်စွာဘုရားရှင်က လာပြီး, လာလတ္တံ့သော အရပ်လေးမျက်နှာ၌ရှိသော သံဃာအား လှူလော့ဟု မိန့်တော်မူသည်။

ရာဇဂြိုဟ်သူဌေးကြီးသည် ထိုကျောင်းပေါင်းခြောက်ဆယ်တို့ကို အာဂတာနာဂတ စတုဒ္ဒိသာသံဃိက အရပ်လေးမျက်နှာရှိ သံဃာအား လှူလေ၏၊ ထိုအခါမှစ၍ ကျောင်းများ ဖြစ်ပေါ်လာသည်။ (စူဠဝါပါဠိမြန်မာပြန်၊၂၉၅။)

ဝိဟာရ (၃) မျိုး

၁။ သံဃိကဝိဟာရ = အာဂတာနာဂတ စတုဒ္ဒိသာသံဃိကကျောင်း၊
၂။ ဂဏသန္တကဝိဟာရ = ဣမံ ဝိဟာရံ အာယသ္မန္တာနံ ဒမ္မိ၊ ဤကျောင်းကို အရှင်မြတ်တို့အား လှူပါ၏ဟု ဆို၍ လှူအပ်သောကျောင်းသည် ဂိုဏ်းပိုင်ကျောင်း၊
၃။ ပုဂ္ဂလိကဝိဟာရ = ဣမံ ဝိဟာရံ အာယသ္မတော ဒမ္မိဟု ဆို၍ အရှင်ဘုရားအား လှူပါ၏ဟု ပုဂ္ဂိုလ်အား လှူလျှင် ပုဂ္ဂလိကကျောင်း တစ်ပါးတည်းပိုင် ပုဂ္ဂလိက ကျောင်း ဖြစ်သည်။ (ဝိနယာလင်္ကာရဋီကာ၊၅၂။)

(မှတ်ချက်) ဂိုဏ်းအားလုံးဖြစ်စေ, ပုဂ္ဂိုလ်ကဖြစ်စေ မပေးအပ်ဘဲ မလွှဲဘဲ ပျံတော်မူလျှင် မတသန္တကသံဃိကကျောင်းပင် ဖြစ်သွားပါသည်။ (ဝိနယာလင်္ကာရဋီကာ၊၇၅။)

ကုဋိ (၃) မျိုး

၁။ ဥလ္လိတ္တကုဋိ = အင်္ဂတေ မြေညက် နှစ်မျိုးတို့ဖြင့် နံရံနှင့် စပ်၍ အမိုးအတွင်းက လိမ်းကျံအပ်သော ကုဋိ၊
၂။ အဝလိတ္တကုဋိ = အင်္ဂတေ မြေညက်တို့ဖြင့် နံရံနှင့် အမိုးအပြင်ဘက်က လိမ်းကျံအပ်သော ကုဋိ၊
၃။ ဥလ္လိတ္တာဝလိတ္တကုဋိ = ထို့အတူ အတွင်းအပြင် လိမ်းကျံအပ်သော ကုဋိ၊

ဝိဟာရ (၃) မျိုး

၁။ ဥလ္လိတ္တဝိဟာရ၊ 
၂။ အဝလိတ္တဝိဟာရ၊ 
၃။ ဥလ္လိတ္တာဝလိတ္တဝိဟာရဟု ကုဋိအတိုင်းပင် အတွင်းလိမ်းကျံ, အပြင်လိမ်းကျံ, အတွင်းအပြင်လိမ်းကျံဟု ဝိဟာရ(၃)မျိုးပင် ဖြစ်သည်။

(မှတ်ချက်) အတွင်းဘက်၌ အင်္ဂတေမြေညက် လိမ်းကျံသောအခါ အောက်ကစပြီး အထက်သို့ တက်၍ လိမ်းကျံအပ်၏၊ အပြင် ဘက်က လိမ်းကျံသောအခါ အထက်က စပြီး အောက်သို့ သက်၍ လိမ်းကျံအပ်၏၊ ( = အထက်၊ အဝ = အောက်) ကုဋိနှင့် စပ်၍ သန္နိဓိသိက္ခာပုဒ်လာ ကပ္ပိယကုဋိ အကပ္ပိယကုဋိတို့ကို မှတ်သားသင့်ပါသည်။

ကပ္ပိယကုဋိ (၄) မျိုး

၁။ ဥဿာဝနန္တိကကုဋိ၊ 
၂။ ဂေါနိသာဒိကကုဋိ၊ 
၃။ ဂဟပတိကုဋိ၊ 
၄။ သမ္မုတိကုဋိဟု လေးမျိုး ရှိသည်။

၁။ ဥဿာဝနန္တိကကုဋိ

သံဃာ၏လည်းကောင်း, ပုဂ္ဂိုလ်၏လည်းကောင်း နေစရာအကျိုးငှာ ရဟန်းတို့ချည်းသက်သက် ဖြစ်စေ၊ လူသာမဏေတို့နှင့် ရော၍ဖြစ်စေ၊ ပထမ ထူသောတိုင် သို့မဟုတ် ပထမနံရံခြေဖြစ်သော အုတ်ကျောက်ကို ချီမြှောက်၍ “ကပ္ပိယကုဋိံ ကရောမ”ဟု ဆို၍ဖြစ်စေ၊ ကပ္ပိယကုဋိံဟု ဆို၍ဖြစ်စေ မြေနှင့် တိုင်၊ မြေနှင့် အုတ်ကျောက် ထိသည်နှင့် ပါဠိပြောကြား ရွတ်ဆိုခြင်းအဆုံး တစ်ပြိုင်နက်ဖြစ်အောင်ဆို၍ ပြုလုပ်သော ကျောင်းကို ဥဿာဝနန္တိကကုဋိဟု ခေါ်သည်။ ကျောင်းဟောင်းကို ဖျက်၍ဖြစ်စေ၊ အသစ်ဖြစ်စေ ကျောင်းဆောက်ရာ၌ ဤဥဿာဝနန္တိကာကုဋိဖြစ်အောင် ရှေးဆရာတို့ စီမံလေ့ ရှိကြသည်။

၂။ ဂေါနိသာဒိကကုဋိ

အာရာမ (= အရံအကာ) မရှိသောကျောင်းကို ဂေါနိသာဒိကကုဋိဟု ခေါ်သည်။ ထို ဂေါနိသာဒိကကုဋိသည် အာရာမလည်း အရံ မရှိ၊ ကျောင်းလည်း အရံ မရှိအံ့၊ အာရာမဂေါနိသာဒိကကုဋိဟု ခေါ်၏၊ ကျောင်းသည် အလုံးစုံဖြစ်စေ, တချို့ဖြစ်စေ အရံ ရှိ၍ အာရာမသည် အရံ မရှိအံ့၊ ဝိဟာရဂေါနိသာဒိကကုဋိ ခေါ်သည်။ အရံ မရှိသည်သာ လိုရင်း ဖြစ်သည်၊ နွားတို့သည် ဝင်ရောက်နိုင်ရကား ထိုကျောင်းတိုက်ကို ဂေါနိသာဒိကကုဋိဟု ခေါ်သည်။

၃။ ဂဟပတိကုဋိ

လူဒါယကာတို့ ကျောင်းဆောက်၍ ကပ္ပိယကုဋိံ ဒေမ ပရိဘုဉ္ဇထ ဟူ၍လည်းကောင်း, “ကပ္ပိယကုဋိံ ကာတုံ ဒေမ”ဟူ၍လည်းကောင်း ဆို၍ လှူအပ်သော ကျောင်းမျိုးကို ဂဟပတိကုဋိ ဟုခေါ်သည်။

(မှတ်ချက်) သီတင်းသုံးဖော် ငါးယောက်တို့တွင် ရဟန်းကို ဖယ်ထား၍ ကြွင်းသော သီတင်းသုံးဖော်လေးယောက်နှင့် လူနတ်တို့ လှူသော ကျောင်းကိုလည်း ဂဟပတိကုဋိ ခေါ်သေးသည်။ တစ်ဖန် ရဟန်းသံဃာ၏ ကျောင်းကို ဖယ်ထား၍ ဘိက္ခုနီမကျောင်း အာရာမ်စောင့် တိတ္ထိ နတ် နဂါး ဗြဟ္မာတို့၏ ဗိမာန်ကိုလည်း ဂဟပတိကုဋိ ခေါ်သေးသည်ဟု အန္ဓကအဋ္ဌကထာ ဆို၏၊ ယာဝကာလိက ယာမကာလိက ဝတ္ထုကို သိမ်းထားကောင်း၏၊ အန္တောဝုတ္ထအပြစ် မရှိဟူလို။

၄။ သမ္မုတိကုဋိ

သိမ်အတွင်း၌ ဉတ္တိဒုတိယကမ္မဝါစာဖြင့်ဖြစ်စေ၊ အပလောကနကံဖြင့် ဖြစ်စေ သမုတ်အပ်သော ကျောင်းမျိုးကို သမ္မုတိကုဋိဟု ခေါ်သည်။

အကပ္ပိယကုဋိ ဖြစ်ပုံ

၁။ ဥဿာဝနန္တိကကုဋိ ပျက်ပုံ = အလုံးစုံသော တိုင်နံရံခြေတို့ကို ပယ်ဖျက်အပ်ကုန်သော် ဥဿာဝနန္တိကကုဋိ ပျက်၍ အကပ္ပိယကုဋိ ဖြစ်သည်။ တိုင်တစ်လုံးဖြစ်စေ, နံရံခြေမျှဖြစ်စေ မပျက်သေးလျှင် ကပ္ပိယကုဋိ မပျက်သေး။

၂။ ဂေါနိသာဒိကကုဋိ ပျက်ပုံ = တံတိုင်းစသည်တို့ဖြင့် ထက်ဝက် ထက်ဝက်ထက်အလွန် ကာရံမိသော် ဂေါနိသာဒိကကုဋိ ပျက်၍ အကပ္ပိယကုဋိ ဖြစ်သည်။ တစ်ဖန် တံတိုင်းအကာရံစသည် ပျက်စီးပြန်သော် ကပ္ပိယကုဋိ ဖြစ်ပြန်သေး၏၊

၃။ ဂဟပတိကုဋိ ပျက်ပုံ = အမိုးအားလုံး ပျက်သော် ကပ္ပိယကုဋိပျက်၍ အကပ္ပိယကုဋိ ဖြစ်သည်။

၄။ သမ္မုတိကုဋိ ပျက်ပုံ = အမိုးအားလုံးပျက်သော် ကပ္ပိယကုဋိပျက်၍ အကပ္ပိယကုဋိ ဖြစ်သည်။ ပြန်၍မိုးလျှင် ကပ္ပိယကုဋိ ပြန်၍ဖြစ်သည်ဟု ယူသင့်သော်လည်း ထိုသို့ကား အဆိုမရှိပါ၊ ထို့ကြောင့် ဝိနည်းဓိုရ် ဆရာတော်ကြီးများသည် ကျောင်းပြင်မိုးသောအခါ အမိုးအားလုံး ဖျက်မချ စေဘဲ အမိုးအနည်းငယ် ချန်ထားခဲ့ပြီး နောက်မှ ပြန်မိုးစေကြသည်။

(မှတ်ချက်) ဂေါနိသာဒိကကုဋိ စသည်တို့ပျက်၍ သမ္မုတိကုဋိ ပြုလုပ်ပြန်သော် အပ်သည်၊ ပြုကောင်းသည်။ ဝါသာဂါရ နေစရာကျောင်း မဟုတ်သော ဆွမ်းစားကျောင်း ဥပုသ်အိမ် စသည်တို့ကား ဘယ်အခါမှ မပျက်ကောင်းသော ကပ္ပိယကုဋိ မည်၏၊ အဋ္ဌကထာကြီး ဘေသဇ္ဇခန္ဓက၌ အကျယ်လာပြီ။ (ပါတိမောက္ခမေဒိနီ၊ ၃၃၆။) အာပတ်သင့်ပုံများ ကာလိကလေးပါး၌ ပြဆိုအံ့။

(ဆောင်) ဂဟပတိ၊ သမ္မုတိ၊ ဂေါနိဥဿဝနန်။ ဥဿာဝနန်၊ တိုင်ခြေရံ၊ မကျန်အားလုံးပျက်။ ဂေါနိသာဒိ၊ ကာရံမိ၊ ပျက်၏ရာမ်ထက်ဝက်။ ဂဟပတိ၊ သမ္မုတိ၊ မရှိအမိုးပျက်။ ဝါသာဂါရ၊ မဟုတ်က၊ ပဉ္စမီ မပျက်။

သံဃိကဖြစ်စေ, ပုဂ္ဂလိကဖြစ်စေ နေဖို့ရန်ဆောက်လုပ်အပ်သော သဟသေယျအာပတ်လည်း သင့်လောက်အောင် အမိုးအကာရှိသော ကျောင်းဝယ် ကပ္ပိယကုဋိကို ရှိထိုက် ရထိုက်၏၊ ကပ္ပိယကုဋိ မရှိလျှင် ယာဝကာလိက, ယာမကာလိကဝတ္ထု နှစ်မျိုးတို့ကို ညဉ့်အခါ၌ အရုဏ်တက်အောင် မထားကောင်း၊ မသိုမှီးကောင်း၊ ထားမိလျှင်လည်း မစားကောင်း၊ စားလျှင် ဒုက္ကဋ် အာပတ်သင့်၏၊ ထိုသို့ အာပတ်မသင့်အောင် ကပ္ပိယကုဋိ ရှိထိုက် ဖြစ်ထိုက်သည် ဟူလို။ ဤအချက်ကို သတိပြုလိုက်နာသူများ အတော်ရှားနေပြီ ဖြစ်သည်။

ဆွမ်းနှင့်စပ်၍ မှတ်သားဖွယ်များ

ပိဏ္ဍပါတ =သပိတ်၌ကျတတ်သောကြောင့် ပိဏ္ဍပါတ = ဆွမ်းဟု ခေါ်သည်။

(ဆောင်)သပိတ်၌ကျ၊ ဖြစ်လေထ၊ ပိဏ္ဍပါတ ခေါ်။ (သစ်)

ပိဏ္ဍပါတအရ - ဆွမ်းသည်သာ ပိဏ္ဍပါတမည်သည် မဟုတ်၊ အာဟာရအကျိုးငှာ ခဲအပ်, လျက်အပ်, သောက်အပ်သမျှသော အမှတ်မရှိသော ခဲဖွယ် ဘောဇဉ်ဟူသမျှသည် ပိဏ္ဍပါတ မည်ပါသည်။ ဆွမ်းအစရှိသော ယာဝကာလိက ဝတ္ထုမှန်သမျှ ပိဏ္ဍပါတအရ ယူရပါသည်။

(ဆောင်) ခဲဖွယ်ဘောဇဉ်များဖြင့် အာဟာရဟူသမျှ ပိဏ္ဍပါတပါ၊ ပိဏ္ဍပါတ ထိုအရ၊ ယာဝကာလိကာ။ (သစ်)

ဘိက္ခသဒ္ဒါသည်လည်း ဆွမ်းဟူသော အနက်ကို ဟော၏၊ ဩဒန, ဘတ္တ သဒ္ဒါတို့သည် ထမင်းဟူသော အနက်ကို ယူရသည်။

ဆွမ်း, ခဲဖွယ်, ဘောဇဉ် - စပါး (၇)မျိုးမှဖြစ်သော ဆန်ကို ချက်လျှင် ထမင်းဟုခေါ်သကဲ့သို့ ထိုထမင်းကို ရဟန်းတော်တို့ အသုံးတွင် ဆွမ်းဟု ခေါ်ဆိုရသည်။

စပါး (၇) မျိုး -

၁။ သာလိ = သလေး (ကောက်ကြီး)စပါးမျိုး၊
၂။ ဝီဟိ = ကောက်လျင်, ကောက်လတ်စပါးမျိုး၊
၃။ ယဝ = မုယောစပါးမျိုး (ဝါ) အခွံကြမ်းသောဂျုံ (ဘာလီစေ့လည်း ဟူ၏၊)
၄။ ဂေါဓုမ = နတ်ကောက်စပါးမျိုး၊ (အခွံကြမ်းသော ဂျုံစပါးအကြီးမျိုး)၊
၅။ ဝရက = ပြောင်းမျိုး၊
၆။ ကုဒြုသက = လူးစပါးမျိုး၊
၇။ ကင်္ဂု = ဆပ်စပါးမျိုး စုစုပေါင်း = စပါး (၇)မျိုး ရှိ၏၊

(ဆောင်) သလေး, ကောက်လူး, နတ်, ပြောင်းဖူး, အထူး မုယော, ဆပ်။

ခဲဖွယ် (၁၂) မျိုး

၁။ မူလခါဒနီယ = အမြစ်ခဲဖွယ် (ကန်ဇွန်းဥ, စိမ်းစားဥ စသည်)
၂။ ကန္ဒခါဒနီယ = အဥခဲဖွယ် (ကြာဥ, ဝက်မြေဥ စသည်)
၃။ မုဠာလခါဒနီယ = အစွယ်ခဲဖွယ် (ကြာစွယ် စသည်)
၄။ မတ္ထကခါဒနီယ = အညှောက်ခဲဖွယ် (ကြိမ်ညှောက်, ထန်းညှောက်, မျှစ် စသည်)
၅။ ခန္ဓခါဒနီယ = ပင်စည်ခဲဖွယ် (ကြံ, ကြာရိုး စသည်)
၆။ တစခါဒနီယ = အခွံခဲဖွယ် (ကြံခွံ, ကွမ်းသီးခွံ စသည်)
၇။ ပတ္တခါဒနီယ = အရွက်ခဲဖွယ် (ဂေါ်ဖီ, ဆလတ်, မုန်လာရွက်)
၈။ ပုပ္ဖခါဒနီယ = အပွင့်ခဲဖွယ် (ဂေါ်ဖီပွင့်, မုန်လာပွင့်, သခွတ်ပွင့် စသည်)
၉။ ဖလခါဒနီယ = အသီးခဲဖွယ် (အုန်းသီး, ထန်း, တညင်း, ပိန္နဲသီး)
၁၀။ အဋ္ဌိခါဒနီယ = အစေ့ခဲဖွယ် (ကြာစေ့ ပိန္နဲစေ့ စသည်)
၁၁။ ပိဋ္ဌခါဒနီယ = အမှုန့်ခဲဖွယ် (ဆန်မှုန့် ဂျုံမှုန့် စသည်)
၁၂။ နိယျာသခါဒနီယ = အစေးခဲဖွယ် (ကြံရည် ဆေးကုလားမ စသည်)

(ဆောင်) မြစ်, ဥ, စွယ်, ညှောက်၊ ပင်, ခေါက်, ရွက်, ပွင့်၊ သီး, စေ့ဆင့်၊ မှုန့်နှင့်စေးဆယ့်နှစ်။ (ဆရာတော် ဦးဗုဓ်၊၊)

(မှတ်ချက်) ခေါက်-မှာ တစခါဒနီယ အခွံခဲဖွယ်ပင် ဖြစ်၏၊

ကြံခွံနှင့် ကြံရည် ကာလိကခွဲခြားပုံ

ကြံခွံမှာ အရည်ရှိက ယာဝကာလိက, အရည်လုံးဝမရှိက ယာဝဇီဝိက ဖြစ်သည်။ ကြံရည်၌ အဖတ်ပါက ယာဝကာလိက, အဖတ်မပါလျှင် သတ္တာဟ ကာလိက၊ ကြံရည်ကို ရေနှင့်ရောလျှင် (ဆာလောင်မွတ်သိပ်ခြင်း ပိပါသအကြောင်းရှိလျှင် သောက်ကောင်း၏ဟု ဆိုသောကြောင့်) ယာမကာလိကဟု ယူသင့်သည်။

ကြံရည်သည် ရေနှင့်ရောသည်ဖြစ်စေ, မရောသည်ဖြစ်စေ သတ္တာဟ ကာလိကဖြစ်၏ဟု ပါတိမောက္ခမေဒိနီ စာမျက်နှာ (၂၃၄)၌ ဆို၏၊

ဘောဇဉ် (၅) ပါး

၁။ ဩဒန = ထမင်း၊ 
၂။ မစ္ဆ = ငါး၊ 
၃။ မံသ = အမဲ (အသား)၊ 
၄။ ကုမ္မာသ =မုယောမုန့်၊ 
၅။ သတ္တု =မုန့်လုံး၊ ပေါင်းက ဘောဇဉ်ငါးပါး တည်း။

(ဆောင်) ထမင်း, သား, ငါး၊ မုန့်နှစ်ပါး၊ ငါးပါးဘောဇဉ်တည်း။

ပါတိမောက်လာ ဘောဇဉ်များ

၁။ အာဝသထပိဏ္ဍဘောဇဉ်၊ 
၂။ ဂဏဘောဇဉ်၊ 
၃။ ပရမ္ပရ ဘောဇဉ်၊ 
၄။ ပဏီတဘောဇဉ်ဟု ခွဲခြားမှတ်သားသင့်သေး၏၊

၁။ အာဝသထပိဏ္ဍဘောဇဉ်

ဤမည်သော ဤမျှသော ပုဂ္ဂိုလ်ဟူ၍လည်းကောင်း, ဤမျှသော ဘောဇဉ်ဟူ၍လည်းကောင်း ပုဂ္ဂိုလ်ဘောဇဉ် နှစ်ပါးကို မရည်စူး မပိုင်းခြားဘဲ ဇရပ်, မဏ္ဍပ်, သစ်ပင်ရင်း စသည်တို့တွင် အမှတ်မရှိ တစ်ခုခုသော အရပ်၌ ကောင်းမှုကို အလိုရှိကုန်သော သူတို့သည် ခရီးသွား, ဂိလာန, ကိုယ်ဝန်ဆောင်မိန်းမ, ရဟန်းတို့၏ အကျိုးငှာ ဝတ်တည်ထားအပ်သော ဘောဇဉ်ကို အာဝသထပိဏ္ဍဘောဇဉ်ဟု ခေါ်သည်။

၂။ ဂဏဘောဇဉ်

ဂိုဏ်းဟူသည် ဂဏဥပုသ်ဟူရာ၌ကဲ့သို့ နှစ်ပါး, သုံးပါးမဟုတ် လေးပါးမှ စ၍ အထက်ရာထောင်စသော ရဟန်းများကို ဂိုဏ်းဟုခေါ်၏၊ ထိုဂိုဏ်း၏ ဥစ္စာဖြစ်သော ဂဏဘောဇဉ်ဟူသည် ဒါယကာတို့က မအပ်သောနည်းဖြင့် ဖိတ်မန်ပင့်လျှောက်ခြင်းကြောင့်ဖြစ်စေ, ရဟန်းများကိုယ်တိုင် ဒကာ ဒကာမတို့ထံ တောင်းခြင်းကြောင့်ဖြစ်စေ ရအပ်သော ဘောဇဉ်ဖြစ်သည်။

(ဆောင်) ဂဏ အရ၊ လေးပါးမှ၊ အစ ထက်ကိုယူ။

မအပ်သော ပင့်ဖိတ်နည်း

အပင့်အဖိတ် မကျွမ်းကျင်သော ဒကာမိုက်တစ်ယောက်သည် ရဟန်းအများ တကွစုဝေး၍ဖြစ်စေ, တစ်ပါးစီဖြစ်စေ နေသော ရဟန်းလေးပါး, ငါးပါးထံ ချဉ်းကပ်၍ ဘောဇဉ်ငါးပါးတို့၏ အမည်ကိုယူကာ “ဩဒနေန နိမန္တေမိ၊ ဘတ္တေန နိမန္တေမိ” ဤသို့ စသည်ဖြင့်ဖြစ်စေ၊ ဩဒနသဒ္ဒါ ဘတ္တသဒ္ဒါတို့၏ အနက်ဖြစ်သော ထမင်းကို အလှူခံပါကုန်ဟု ထမင်းအမည်ဖြင့်ဖြစ်စေ ဖိတ်ခြင်းမျိုးကို မအပ်သော ဖိတ်ခြင်းဟု ဆိုသည်။ ဤနည်းအတိုင်း သတ္တု, ကုမ္မာသ, မစ္ဆ, မံသဟု ဆိုအပ်သော ပါဠိဘာသာဖြင့် ဖြစ်စေ၊ မုန့်လုံး, မုယော, ငါးဟင်း, အမဲသားဟင်း ဘုဉ်းပေးကြွပါဟု မြန်မာဘာသာဖြင့် ဖြစ်စေ ပင့်ဖိတ်ခြင်းမျိုးကို မအပ်သော ပင့်ဖိတ်ခြင်းဟု ဆိုသည်။

မအပ်သော တောင်းနည်း

ရဟန်းလေးပါး, ငါးပါးစသည်တို့သည် အတူတကွဖြစ်စေ, အသီးသီး ဖြစ်စေ နေ၍ ဒကာ ဒကာမကို မြင်သော် “အမှာကံ ဘတ္တံ ဒေဟိ - ငါတို့အား ထမင်းလှူကြပါ။” ဤသို့ စသည်ဖြင့် တောင်းခြင်းကို မအပ်သော တောင်းခြင်း”ဟု ဆိုသည်။ ဤနည်းအတိုင်း သတ္တု, ကုမ္မာသ, မစ္ဆ, မံသဟု ဆိုကာ ပါဠိဘာသာဖြင့်ဖြစ်စေ၊ မုန့်လုံးလှူပါ, မုယောမုန့်လှူပါ, အမဲသားဟင်းလှူပါဟု မြန်မာဘာသာဖြင့် ဖြစ်စေ တောင်းခြင်းမျိုးကို မအပ်သော တောင်းခြင်းမျိုးဟုဆိုသည်။

အာပတ်သင့်, မသင့် အဆုံးအဖြတ်

ဂဏဘောဇဉ်ဖြင့် ပင့်ဖိတ်ရာ, တောင်းရာသို့ ရဟန်းလေးပါး, ငါးပါး စသည် တစ်ပေါင်းတည်းဖြစ်စေ၊ တစ်ပါးစီ, နှစ်ပါးစီ, သုံးပါးစီဖြစ်စေ သွား၍ စားသောအခါလည်း တစ်ပေါင်းတည်းဖြစ်စေ၊ အသီးအသီး တစ်ခြားစီဖြစ်စေ၊ စားခြင်းသည် ပမာဏမဟုတ် အာပတ်မသင့်သေး၊ တစ်ဆယ့်နှစ်တောင် ဥပစာအတွင်း၌တည်၍ အတူတကွ ခံယူခြင်းသည်သာ ပမာဏလိုရင်းဖြစ်သည်။ ဂဏဘောဇဉ်ဖြစ်၍ အာပတ်သင့်သည်။

(ဆောင်) သွားစားမလို၊ ခံသည်ကို၊ ဆိုလို ပမာဏ၊

အပ်သော ပင့်ဖိတ်နည်း

အပင့်အဖိတ်ကျွမ်းကျင်သော ဒကာသည် ဘိက္ခံ ဘုဉ္ဇထ၊ ပိဏ္ဍပါတံ ဘုဉ္ဇထ-ဟု ပါဠိဘာသာဖြင့်ဖြစ်စေ, ဆွမ်းဘုဉ်းပေးကြွပါဟု မြန်မာသုံးဖြင့် ဖြစ်စေ ပင့်ဖိတ်ခြင်းမျိုးကား အပ်သော ပင့်ဖိတ်ခြင်းမျိုး ဖြစ်သည်။ ဂဏဘောဇဉ် မဖြစ်၊ မုန့်ဟင်းခါးဆွမ်း, မုန့်တီဆွမ်း, ကြာဇံကြီးဆွမ်း, ခေါက်ဆွဲဆွမ်း စသည်ဖြင့် ဆွမ်းဟူသောအမည် နောက်က တပ်၍ ဖိတ်လျှင်လည်း အပ်သော ဖိတ်ခြင်းမျိုးပင် ဖြစ်သည်။ ငါးဆွမ်း, အမဲဆွမ်း စသည်၌လည်း နည်းတူ အပ်သည်ဟုသိ၊ ဆွမ်းဟူသော စကားလုံး ထည့်သွင်းပင့်ဖိတ်ရမည် ဖြစ်သည်။

အရှင်ဘုရားများ ငါးကြော်ဘုဉ်းပေးကြွပါ၊ ငါတို့အား ငါးကြော်လှူပါ၊ ငါးခြောက်လှူပါ၊ မုန့်ဟင်းခါးစားကြွပါ။ မုန့်တီစားကြွပါ၊ မုန့်ဘုဉ်းပေးကြွပါ၊ ခေါက်ဆွဲစားကြွပါ စသည်ဖြင့် ဆွမ်းဟူသော စကားလုံး မပါဘဲ ဖိတ်ခြင်းမျိုးကို မအပ်ဟု ယူကြသည်။

၃။ ပရမ္ပရဘောဇဉ်

ဂဏဘောဇဉ်၌ ပြခဲ့သည့်အတိုင်း မအပ်သော ဖိတ်နည်းဖြင့် ဖိတ်မန်ထားသော ဘောဇဉ်ရှိလျှင် (ဖိတ်သူတစ်ဦးတည်းဖြစ်က အခြားနည်းအားဖြင့် ရသော ဆွမ်းကို မစားသေးဘဲ) ထိုသူ၏ ဘောဇဉ်ကိုသာ ပထမဆုံး စားရမည်။ စားဟူရာ၌လည်း တစ်လုတ်လောက် စားမိလျှင် စားခြင်းဖြစ်တော့၏၊

မအပ်သော နည်းဖြင့် နှစ်ဦးသုံးဦးစသည် ဖိတ်ထားလျှင်လည်း အစဉ်အတိုင်း စားရမည်။ ဂိလာနသမယ စသောအခါ ရသူလည်း မဟုတ်၊ ဝိကပ္ပနာလည်း မပြုဘဲ ရှေ့ဖိတ်ထားသူ၏ ဘောဇဉ်ကို နောက်မှ စား၊ နောက်ဖိတ် သူ၏ ဘောဇဉ်ကို အလျင်စားလျှင် အာပတ်သင့်၏၊ ပရမ္ပရဘောဇဉ် ဖြစ်သည်။

ဝိကပ္ပနာပြုပုံ

ဒုတိယဒကာ၏ ဘောဇဉ်ကို စားလိုသော် ပထမပင့်ဖိတ်သော ဒကာ၏ ဘောဇဉ်ကို မစားခင် ပထမဘောဇဉ်ကို အနီးအပါးရှိ မိမိနှစ်သက်ရာ သီတင်း သုံးဖော်ငါးဦးတို့တွင် တစ်ဦးဦးအား “မယှံ ဘတ္တပစ္စာသံ တုယှံ ဒမ္မိ”ဟု ဆို၍ ပေးရမည်။ မိမိပေးလိုသူက အဝေးမှာရှိလျှင် “မယှံ ဘတ္တပစ္စာသံ ဣတ္ထန္နာမဿ (ဤမည်သောသူအား) ဒမ္မိ”ဟု မိမိဘာသာဆို၍ ပေးပါ၊ မြန်မာလို ဆို၍လည်း ပေးနိုင်၏၊ ဤသို့ ဝိကပ္ပနာပြုလိုက်လျှင် ဒုတိယဘောဇဉ်ကို စားကောင်း၏၊ တတိယဘောဇဉ်ကို အလျင်စားလိုရာ၌လည်း ဤနည်း အတိုင်း ပထမ, ဒုတိယဘောဇဉ်များကို ဝိကပ္ပနာပြု၍ စားနိုင်၏၊

၄။ ပဏီတဘောဇဉ်

ထောပတ်စသည်နှင့် ရောအပ်သော ထောပတ်ထမင်း, ဆီဦးထမင်း, နွားနို့ထမင်း စသည်များကို ပဏီတဘောဇဉ်ဟု ခေါ်သည်။

ထောပတ်, ဆီဦး, ဆီ, ပျားရည်, တင်လဲ, ငါး, အသား, နို့ရည်, နို့ဓမ်း မွန်မြတ်သော ဤကိုးပါးတို့နှင့် ရောနှောသော စပါးမျိုး (၇)ပါးမှ ဖြစ်ကုန်သော ဘောဇဉ်သည် ပဏီတဘောဇဉ် မည်၏၊ ထောပတ်စသော ကိုးပါးကို ပဏီတဟုလည်းကောင်း၊ ထောပတ်စသည်တို့နှင့် ရောအပ်သော ထမင်းကို ပဏီတဘောဇဉ်ဟုလည်းကောင်း ခွဲခြားမှတ်သားပါ။

(ဆောင်) ထောပတ် စ ရော၊ ငါးပါး ဘော၊ မှတ်လော ပဏီတဘောဇဉ်တည်း။

ဂိလာန မကျန်းမာသူဖြစ်လျှင် ထိုပဏီတဘောဇဉ်များကို ရောဂါနှင့် သင့်တော်၍ ဓာတ်စာကျလတ်သော် ဉာတိပဝါရိတ မဟုတ်သူထံပင် တောင်းစားကောင်းသည် အာပတ်မသင့်ဟု သိပါ။

အာပတ်နှင့် သိက္ခာပုဒ်

သက်သက်သော ထောပတ်စသော ရှေ့ငါးပါးတို့ကို ဆေးအကျိုးငှာ အလိုရှိ၍ ဒါယကာက သတ်မှတ်ထားသော ရက်, လ, နှစ်အပိုင်းအခြား သတ်မှတ်ထားသော ဆေးထက် ပို၍ တောင်းစားအံ့၊ အစေလကဝဂ် မဟာနာမသိက္ခာပုဒ်ဖြင့် ပါစိတ်၊ ငါး စသော နောက်လေးပါးတို့ကို မနာမဖျားဘဲ တောင်းစားအံ့၊ သေခိယ သူပေါဒနဝိညတ္တိ သိက္ခာပုဒ်ဖြင့် ဒုက္ကဋ်၊ ထောပတ် စသည်နှင့်ရောသော ပဏီတဘောဇဉ်ကို မနာမဖျားဘဲ တောင်းစားအံ့၊ ဤပဏီတဘောဇနသိက္ခာပုဒ်ဖြင့် ပါစိတ်အာပတ်သင့်၏၊

(ဆောင်) ထောပတ်စသား၊ ဆေးကျိုးအား၊ တောင်းစား မဟာနာမ်။
မစ္ဆာဒီနိ၊ စတ္တာရိ၊ တောင်းဘိ သူပေါဒါန်။
ပဏီတ ဘောဇန်၊ တောင်းစားပြန်၊ သင့်ရန် ဤသိက္ခံ။

ကာလိက လေးပါး

ကာလေ =သတ်မှတ်အပ်သော အခါ၌။ ဘုဉ္ဇိတဗ္ဗာနိ = စားထိုက်ကုန်၏-အရ ပိုင်းခြားအပ်သော သူ့ကာလအတွင်း၌ စားထိုက်သော အစာများကို ကာလိကဟု ခေါ်၏၊ ထိုကာလိကကား ယာဝကာလိက, ယာမကာလိက, သတ္တာဟကာလိက, ယာဝဇီဝိကအားဖြင့် လေးမျိုးရှိ၏၊

ယာဝကာလိက

ယာဝကာလံ = မွန်းတည့်ကာလတိုင်အောင်။ ဘုဉ္ဇိတဗ္ဗံ = စားကောင်း၏ အရ အရုဏ်တက်ပြီးသည်မှ စ၍ မွန်းတည့်တိုင်အောင် စားသောက်ကောင်းသော ဘောဇဉ်ငါးပါးနှင့် ခဲဖွယ်ဆယ့်နှစ်ပါး နွားနို့စသော သောက်ဖွယ်များသည် ယာဝကာလကများ ဖြစ်ကြသည်။

ပိဋ္ဌံ မူလံ ဖလံ ခဇ္ဇံ၊ ဂေါရသော ဓညဘောဇနံ။
ယာဂုသူပပ္ပဘူတယော၊ ဟောန္တေတေ ယာဝကာလိကာ။

ပိဋ္ဌံ =အမှုန့်ခဲဖွယ်လည်းကောင်း။ မူလံ =အမြစ်ခဲဖွယ်လည်းကောင်း။ ဖလံ = အသီးခဲဖွယ်လည်းကောင်း။ ခဇ္ဇံ = မုန့်ခဲဖွယ်လည်းကောင်း။ ဂေါရသော = နို့ရည်, နို့ဓမ်း, ရက်တက်ဟူသော နွားမမှဖြစ်သော အရသာ သုံးပါးလည်းကောင်း။ ဓညဘောဇနံ = စပါးမျိုးမှဖြစ်သော ဘောဇဉ်သုံးပါး လည်းကောင်း။ ယာဂုသူပပ္ပဘူတယော = ယာဂု, ဟင်းရည်စသော သောက်ဖွယ်ကိုလည်းကောင်း။ ဣတိ = ဤသို့။ ဧတေ = ဤအာဟာရတို့သည်။ ယာဝကာလိကာ = ယာဝကာလိကတို့တည်း။

ယာဝကာလိက အသီးကြီးကိုးလုံး

၁။ ထန်းသီး၊ 
၂။ အုန်းသီး၊ 
၃။ အိမ်ပိန္နဲသီး၊ 
၄။ တောင်ပိန္နဲသီး၊ 
၅။ သခွားငဆစ်သီး၊ 
၆။ သခွားငပြုပ်သီး၊ 
၇။ သခွားငကြောင်သီး၊ 
၈။ ဗူးသီး၊ 
၉။ ဖရုံသီး၊

(ဆောင်) ထန်းအုန်း နှစ်ကွဲ၊ ပိန္နဲ နှစ်စုံ၊ ဗူး ဖရုံ၊ မှတ်တုံ သုံးသခွား။

ထို့ပြင် အသီးခဲဖွယ်၌ သရက်သီး, သပြေသီး, ဝှေးသီး, မန်ကျည်းသီး, ရှောက်သီး (ရှောက်ကြီး သံပရိုသီး), သီးသီး, တည်သီး စသည်ဖြင့် ဖော်ပြထားသည်။

ရှောက်နှင့် သံပုရာ

ရှောက်သီးကို ဟင်းလျာအဖြစ်, ဓာတ်စာအဖြစ် လက်သုတ်လုပ်စား ကြ၏၊ သံပုရာသီးကို ဟင်းလျာ, လက်သုတ် မလုပ်ကြ၊ ထို့ကြောင့် ရှောက်သီးသည် ယာဝကာလိက၊ သံပုရာသီးကား ယာဝဇီဝိကဟု သတ်မှတ်ကြသည်။

ယာဝကာလိကမှာ ဘောဇဉ်ငါးပါး, ခဲဖွယ် တစ်ဆယ့်နှစ်ပါး, စပါးမျိုးခုနစ်ပါး, ပဲအမျိုးမျိုး, ဂေါရသသုံးပါးတို့ ဖြစ်သည်။ အချုပ်မှတ်ဖွယ် လက္ခဏာမှာ ထမင်းအဖြစ် ဟင်း, ဟင်းလျာ, လက်သုတ်အဖြစ်ဖြင့် စားလေ့ရှိသော အစားအစာ၊ ခဲဖွယ်, လျက်ဖွယ်, သောက်ဖွယ်များကို ယာဝကာလိကဟု မှတ်ပါ။

(ဆောင်)ဘောဇဉ် ခဲဖွယ်၊ အသွယ်သွယ်၊ အကျယ် များလှစွာ။
အရပ်တိုင်းမှာ၊ အာဟာရကိစ္စ၊ စားရိုးကျ၊ ယာဝကာလိကာ။

ယာမကာလိက

ယာမကာလံ = နောက်ဆုံး ညဉ့်ယံတိုင်အောင်။ ပရိဘုဉ္ဇိတဗ္ဗံ =စားကောင်း၏-အရ မွန်းတည့်ပြီးနောက် အရုဏ်မတက်မီ မိုးသောက်ယံတိုင်အောင် သောက်ထိုက်သော အဖျော်ရည်များသည် ယာမကာလိကတို့တည်း။

အဖျော်ရည်လုပ်ရန် အသီးရှစ်မျိုး

၁။ သပြေသီး၊ 
၂။ သရက်သီး၊ 
၃။ မုဒရက်သီး၊ 
၄။ ဖက်သက်သီး၊ 
၅။ သစ်မည်စည်သီး၊ 
၆။ တောငှက်ပျောသီး၊ 
၇။ အိမ်ငှက်ပျောသီး၊ 
၈။ ကြာစွယ်ဟု ရှစ်မျိုး ကျမ်းဂန်၌ လာ၏၊

မုဒရက်သီးဟူသည် သပျစ်သီးတည်း၊ အောက်မြန်မာပြည် အချို့အရပ်၌ ရှိသော မြရာသီးကိုပင် ရခိုင်နယ်၌ ဖက်သက်သီးခေါ်သတဲ့၊ ပုံသဏ္ဌာန်မှာ အထက်မြန်မာပြည်တောထဲ၌ ပေါက်နေသော ပေါင်ပဲ့သီးနှင့် တူသတတ်။

(ဆောင်) သပြေ သရက်၊ မုဒရက်၊ ဖက်သက် သစ်မည်စည်။
တော, အိမ်ငှက်ပျော၊ ကြာစွယ်နှော၊ မှတ်လော ရှစ်ဖျော်ရည်။

အနုလောမဖျော်ရည်များ

(ဆောင်) သီးသီး ခံသီး၊ ကြိုးကြိမ်သီး၊ မန်ကျည်း ရှောက်တလီ။
အနုလောမ၊ ကျမ်း၌ပြ၊ မှတ်ကြ မျိုးဖျော်ရည်။

၈၇။ သာနုလောမာနိ ဓညာနိ၊ ဌပေတွာ ဖလဇော ရသော၊
မဓုကပုပ္ဖမညတြ၊ သဗ္ဗော ပုပ္ဖရသောပိ စ။
၈၈။ သဗ္ဗပတ္တရသော စေဝ၊ ဌပေတွာ ပက္ကဍာကဇံ။
သီတောဒမဒ္ဒိတောဒိစ္စပါကော ဝါ ယာမကာလိကော။

သာနုလောမာနိ = စပါးအားလျော်သော သီးကြီးကိုးလုံး, ပဲတို့နှင့်တကွ ဖြစ်ကုန်သော။ ဓညာနိ =စပါးသီးတို့ကို။ ဌပေတွာ = ချန်ထား၍။ ဖလဇော = အသီးမှဖြစ်သော။ ရသော = အရည်သည်လည်းကောင်း။ (ယာမကာလိကော၌ စပ်) မဓုကပုပ္ဖံ = သစ်မည်စည်ပွင့်ကို။ အညတြ = ကြဉ်၍။ သဗ္ဗော =အလုံးစုံသော။ ပုပ္ဖရသောပိ = အပွင့်ရည်သည်လည်းကောင်း။ ပက္ကဍာကဇံ = ကျက်သော ဟင်းရွက်မှဖြစ်သော ဟင်းရည်ကို။ (ဝါ) ဟင်းရွက်ပြုတ်ရည်ကို။ ဌပေတွာ = ချန်ထား၍။ သဗ္ဗပတ္တရသော စေဝ = အလုံးစုံအရွက်ရည်သည်လည်းကောင်း။ သီတောဒမဒ္ဒိတော = ရေအေး၌ နယ်အပ်, ဖျော်အပ်သည်။ သမာနော ဝါ =ဖြစ်သော်လည်းကောင်း။ အာဒိစ္စပါကော = နေပူ၌ ကျက်ခြင်းရှိသည်။ သမာနော ဝါ = ဖြစ်သော်လည်းကောင်း။ ယာမကာလိကော = ယာမကာလိကတည်း၊ (ဝါ) နောက်ဆုံးညဉ့်ယံကာလဟူသော သုံးဆောင်ရာ ကာလရှိသော သောက်ဖွယ်တည်း။ (ဝိ၊၃၊၃၄၄။ ဝိ၊ဋ္ဌ၊၃၊၃၈၃။)

ပြဆိုခဲ့ပြီးသော အသီးကြီးကိုးလုံး၊ အလုံးစုံသော ပဲမျိုး, စပါးမျိုးခုနစ်ပါး၊ ကြိတ်စပါးအစရှိသော အနုလောမစပါးမျိုး၊ ဤလေးမျိုးနှင့် သစ်မည်စည်ပွင့် အရည်, ဟင်းရွက်ကျက်ရည်မှန်သမျှကို နေလွဲသောအခါ သောက်မျိုရန် ဖျော်ရည်ပြုလုပ်မှု၌ ရှောင်ကြဉ်အပ်ကုန်၏၊ ကြွင်းသော အသီး, အပွင့်, အရွက်မှန်သမျှသည် အဖျော်ရည် ပြုလုပ်ကောင်း၏၊ ယင်းတို့နှင့် ပြုလုပ်ထားသော အဖျော်ရည်များသည် အပ်သောအဖျော်ရည်များ ဖြစ်၏၊

(ဆောင်) သီးကြီး ကိုးပါး၊ ပဲမျိုးများ၊ စပါး ခုနစ်မည်။
အလျော် စပါး၊ လေးမျိုးအား၊ ရှောင်ရှား အဖျော်ရည်။

(ဝိနည်းဥပဒေ၊၂၆၁။)

အဖျော်ရည် ပြုလုပ်ရာ၌ သတိရှိရန်

အဖျော်ရည်လုပ်ရာ၌ ရေစိမ်းဖြင့် ပြုလုပ်ရမည်၊ နေပူလှန်း၍သော်လည်း ပြုလုပ်နိုင်၏၊ မန်ကျည်း, ရှောက်, လိမ္မော်စသည်များကို မီးဖြင့်ချက်၍ လုပ်ထားလျှင် အမှုန်မပါသော်လည်း ယာမကာလိက မဟုတ်၊ ယာဝကာလိကသာ ဖြစ်၏၊ သို့ဖြစ်၍ ယခုအခါ မီးဖြင့်ချက်၍ ကြာရှည်ခံအောင် ပြုလုပ်ထားသော နိုင်ငံခြားဖြစ် မန်ကျည်း, ဇီး, လိမ္မော်ဖျော်ရည်, ဘိလပ်ရည် စသည်များသည် ယာမကာလိက မဟုတ်၍ အပ်သောဖျော်ရည် မဟုတ်ဟု မှတ်ပါ။

ဖျော်ရည်အကပ်ခံ သတိပြုရန်

မန်းကျည်းဖျော်ရည်စသည်၌ အသီးများကို မွန်းလွဲလျှင် အကပ်မခံကောင်းတော့ပြီ၊ သို့ဖြစ်၍ ရဟန်းတော်တို့ ဖျော်ရည်သောက်လိုသည့်အခါ မန်ကျည်းသီးစသည်ကို ကိုယ်တိုင် အကပ်ခံ၍ မစိမ်ကောင်း, စစ်လည်း မစစ်ကောင်း၊ သူတို့ဘာသာ အဖတ်အမှုန် မပါအောင် စစ်ပြီးသော ဖျော်ရည်သာ မွန်းလွဲအခါ၌ အကပ်ခံ၍ သုံးဆောင်ကောင်းသော ယာမကာလိက ဖြစ်သည်။ ထို့ကြောင့် အဖျော်ရည်များ ကပ်လာသောအခါ အဖတ်အမှုန် ပါ, မပါ အကပ်မခံမီ ကြည့်ရှု၍ အကပ်ခံသင့်သည်။

အဖျော်ရည်သောက်ခွင့်ရသော အကြောင်း

ထိုသို့စစ်ပြီးသော အဖျော်ရည်ကိုသာ နံနက်မွန်းမလွဲမီကတည်းက အကပ်ခံထားစေကာမူ ထိုနေ့အဖို့၌ နောက်ဆုံးညဉ့်၏ အရုဏ်မတက်မီတိုင်အောင် သောက်ကောင်း၏၊ သို့သော် နေလွဲအခါဖြစ်မူ အကြောင်းမဲ့သက်သက် မဆာဘဲ မသောက်ကောင်း ပိပါသ ခေါ် မွတ်သိပ်ဆာလောင်နေမှသာ အဆာပြေအောင် သောက်ကောင်းသည်။ “အဖျော်ရည်ကို သောက်ရာ၌ မွတ်သိပ်ဆာလောင်ခြင်းဟူသော ပိပါသသည်ပင် သောက်ကောင်းခြင်း၏ အကြောင်းဖြစ်သည်”ဟု ဆိုလိုသည်။

လက်ဖက်ရည်ကြမ်း

လက်ဖက်ရွက်ဟူသော ပတ္တ (= အရွက်)သည် လက်ဖက်သုပ် ခါဒနီယအဖြစ်ဖြင့် စားလေ့ရှိသော ယာဝကာလိကအရွက်တည်း။ အခြောက် လှန်းသော်လည်း ရေနွေးနှင့် ဖျော်လိုက်သောအခါ လက်ဖက်စိုနှင့် မထူးပြီ၊ ထို့ကြောင့် သီတောဒမဒ္ဒိတ = ရေဖြင့် နယ်သည်လည်း မဟုတ်။ အာဒိစ္စပါက =နေဖြင့် ချက်သည်လည်း မဟုတ်။ မီးဖြင့် ကျိုချက်အပ်သော လက်ဖက်ရည်ကို ပါနကအဖြစ်ဖြင့် မအပ်ဟူ၍ မှတ်ပါ။ (ခုဒ္ဒသိက္ခာဘာသာဋီကာ၊၁၃၉။)

သတ္တာဟကာလိကဝတ္ထု

အကပ်ခံရာနေ့ အရုဏ်တက်မှ ခုနစ်ရက်တိုင်အောင် သိုမှီးထား၍ ဘုဉ်းပေးကောင်းသော ထောပတ်, ဆီဦး, ဆီ, ပျားရည်, တင်လဲ, (သကြား, ထန်းလျက်) နှင့် (ထောပတ်, ဆီ, တင်လဲ, ပျားရည် ဤလေးမျိုး ရောထားသော) စတုမဓူစသော ဆေးမျိုးသည် သတ္တာဟကာလိက ဝတ္ထုမျိုးတည်း။

၁၀၀။ သတ္တာဟကာလိကေ သတ္တ၊ အဟာနိ အတိနာမိတေ။
ပါစိတ္တိ ပါဠိနာရုဠှေ၊ သပ္ပိအာဒိမှိ ဒုက္ကဋံ။

သတ္တာဟကာလိကေ = ထောပတ်အစရှိသော သတ္တာဟကာလိကတို့ကို။ သတ္တအဟာနိ = (၇)ရက်တို့ကို။ အတိနာမိတေ =လွန်စေအပ်ပြီးသော်။ ပါစိတ္တိ =ပါစိတ်အာပတ်သည်။ (ဟောတိ = ဖြစ်၏၊)ပါဠိနာရုဠှေ = ပါဠိတော်၌ မသက်ရောက်သော။ (ဝါ) ပါဠိတော်၌ မပါသော။ သပ္ပိအာဒိမှိ = လူ မြင်း စသည်တို့၏ နို့ရည်မှဖြစ်သော ထောပတ် အစရှိသည်ကို။ သတ္တ အဟာနိ = ခုနစ်ရက်တို့ကို။ အတိနာမိတေ =လွန်စေအပ်ပြီးသော်။ ဒုက္ကဋံ = ဒုက္ကဋ် အာပတ်သည်။ ဟောတိ = ဖြစ်၏၊ (ဝိ၊၁၊၁၆၃။ ဝိ၊ဋ္ဌ၊၂၊၂၉၀။ ကင်္ခါ၊၁၈၂၊၊)

(မှတ်ချက်) ဘေသဇ္ဇသိက္ခာပုဒ်၌ “ယေသံ မံသံ ကပ္ပတိ၊ တေသံ သပ္ပိ”ဟု အပ်သော အသားရှိသော သတ္တဝါတို့၏ ထောပတ်စသည်ကိုသာ ပါဠိတော်၌ တင်တော်မူသောကြောင့် မအပ်သော အသားရှိသော လူ မြင်း စသော သတ္တဝါတို့၏ သပ္ပိ, နဝနီတ, နာဠိကေရတေလ (အုန်းဆီ) မဓုကဖာနိတ = (သစ်မည်စည်ကို ရေအေးဖြင့် နယ်၍ ပြုအပ်သော သစ်မည်စည် တင်လဲ)တို့သည် ပါဠိအနာရုဠှဆေးတို့တည်း။ ပါဠိတော်၌ မတင်အပ်သော်လည်း စားကောင်းသော သတ္တာဟကာလိကဆေးများ ဖြစ်ရကား အကပ်ခံ၍ (၇)ရက် လွန်လျှင် ဒုက္ကဋ်အာပတ် သင့်၏၊

စွန့်ပြီး၍ ပြန်ရသောအခါ အသုံးပြုပုံနှင့် အာပတ်မသင့်စေပုံ

၁၀၁။ နိဿဋ္ဌလဒ္ဓံ မက္ခေယျ၊ နာင်္ဂံ နာဇ္ဈောဟရေ စ။
ဝိကပ္ပေန္တေဿ သတ္တာဟေ၊ သာမဏေရဿဓိဋ္ဌတော။
မက္ခနာဒိဉ္စနာပတ္တိ၊ အညဿ ဒဒတောပိ စ။

(ခုဒ္ဒသိက္ခာဘာသာဋီကာ၊၁၅၄။)

နိဿဋ္ဌလဒ္ဓံ = စွန့်အပ်ပြီးဖြစ်၍ ပြန်ရအပ်သော ထောပတ်စသည်ကို။ (ဂဟေတွာ = ယူ၍၊) အင်္ဂံ = ကိုယ်အင်္ဂါကို။ န မက္ခေယျ = မသုတ်လိမ်းရာ။ န စ အဇ္ဈောဟရေယျ =စားမျိုလည်း မစားမျိုရာ။ သတ္တာဟေ = (၇)ရက် အတွင်း၌။ (ဝါ) ခုနစ်ရက် မလွန်မီ။ သာမဏေရဿ =သာမဏေအား။ ဝိကပ္ပေန္တဿ =ဝိကပ္ပနာပြုသော ရဟန်း၏လည်းကောင်း။ မက္ခနာဒိံ = ကိုယ်အင်္ဂါကို သုတ်လိမ်းကြောင်း ဆီအစရှိသည်ကို။ အဓိဋ္ဌတော စ = အဓိဋ္ဌာန်သော ရဟန်း၏လည်းကောင်း။ အညဿ =အခြားသော ရဟန်း သာမဏေ လူဝတ်ကြောင်အား။ ဒဒတောပိ စ = ပေးသော ရဟန်းအားလည်းကောင်း။ အနာပတ္တိ =အနာပတ်သည်၊ (ဝါ) အာပတ်မသင့်သည်။ ဟောတိ = ဖြစ်၏၊

ဝိကပ္ပနာပြုပုံ

“ဣမံ သပ္ပိံ တုယှံ ဝိကပ္ပေမိ = ဤထောပတ်ကို သင့်အား ဝိကပ္ပနာ ပြုပါ၏”ဟု ဆို၍ သာမဏေအား ဝိကပ္ပနာပြုရမည်။

ထိုသို့ ဝိကပ္ပနာပြုရာ၌ အခြားရဟန်းအား ဝိကပ္ပနာပြုလျှင် ရဟန်းအချင်းချင်းဖြစ်၍ အကပ်မပျက်ရာသောကြောင့် သာမဏေအား ဝိကပ္ပနာပြု မှ ပေးရာရောက်သည့်အတွက် အကပ်ပျက်ရာသောကြောင့် သာမဏေအား ဝိကပ္ပနာပြုသော ရဟန်းမှာ ထောပတ် စသည်တို့သည် ခုနစ်ရက် လွန်သော်လည်း နိဿဂ္ဂိမထိုက် အာပတ်မသင့်ဟု ဆိုသည်။ (၇) ရက်မလွန်မီ အဓိဋ္ဌာန် ရ၏၊

ထောပတ်ကို နယ်ဆီ, ပျားရည်ကို အနာသုတ်လိမ်းစရာ, တင်လဲကို ကျောင်း၌ အခိုးထုံဖို့ရန် အဓိဋ္ဌာန်သော ရဟန်းအား အာပတ်မသင့်။

အဓိဋ္ဌာန်ပုံ

ဤထောပတ်စသော ဆေးသည် ကိုယ်တွင်းသို့ စားမျိုရန် မဟုတ်တော့။ ကိုယ်၏ အပြင်ဘက်စသည်၌ သုံးဖို့ရာ ဖြစ်သည်ဟု စိတ်ဖြင့် အဓိဋ္ဌာန်ရမည်။ နှုတ်ဖြင့်လည်း ရွတ်ဆို၍ အဓိဋ္ဌာန်နိုင်သည်။

(ဆောင်) ထော, ဆီ, ဆီပျား၊ တင်လဲအား၊ ငါးပါး သတ္တဟာ။
ကြံရည် တင်လဲရည် သကာခဲ သကြားခဲ စသည်

အနုဇာနာမိ ဘိက္ခဝေ ဥစ္ဆုရသံ။ အနုဇာနာမိ ဘိက္ခဝေ ဂိလာနဿ ဂုဠံ အဂိလာနဿ ဂုဠောဒကံ။

“ရဟန်းတို့ ..ကြံ၏အရသာကို ခွင့်ပြုတော်မူ၏၊ ရဟန်းတို့ မကျန်းမာသူအား တင်လဲခဲကို, ကျန်းမာသူအား တင်လဲအရည်ကို ခွင့်ပြုတော်မူ၏” ဆိုသည်နှင့်အညီ အကပ်ခံ၍ ထိုနေ့မွန်းလွဲသောအခါမှ စ၍ ကြံရည်, တင်လဲရည်, သကြားခဲ, သကာခဲ, ထန်းလျက်ရည်, ထန်းလျက်ခဲ, ထန်းလျက်, တင်လဲ, ထန်းလျက်, သကာ, စသည်တို့သည် ဂိလာနပုဂ္ဂိုလ်အား ရေမရောဘဲပင် အပ်ကုန်၏၊ ကျန်းမာသူတို့အား ရေနှင့်ရော၍ အဖျော်ကိစ္စ၌ သုံးဆောင်အပ်၏၊ ထောပတ်, ပျားရည်, ဆီတို့၌လည်း ထို့အတူ ရေရော၍ ဖျော်ရည်လုပ်မှ အပ်သည်ဟု သိ။

(ဆောင်) ကြံရည်၌မူ၊ ရေစင် ကူ၊ မာသူ အပ်သည်သာ။

ယင်းသို့ဆိုသော် မီးနှင့်ချက်ထားသော အချိုရည်, ဘိလပ်ရည် စသည်တို့၌ ရေအနည်းငယ်ရောသောက်လျှင် အပ်ဖွယ်ရှိသည်။

ရေခဲထည့်သော ကြံရည်

ကြံရည်ကို ရေမရောဘဲ ရေခဲရော၍ သောက်ခြင်းသည် ကြံရည်၏ အရသာကို မပျက်ပြယ်စေဘဲ ပို၍ အရသာရှိအောင် ပြုသည်မည်ရကား ကြံရည်၌ ရေခဲကိုလည်း ထည့်၍ ပကတိရေကိုလည်း အနည်းငယ်ရော၍ သောက်အပ်ပေသည်။ (ဝိနည်းဥပဒေ၊၂၆၃။)

နိဿဂ္ဂိပါစိတ်, သုဒ္ဓပါစိတ်

ထောပတ်စသည်ကို အကပ်ခံပြီး၍ အကပ်နှင့်တကွ မိမိဥစ္စာအဖြစ်ဖြင့် ထားရာ (၇)ရက်လွန်ခဲ့လျှင် ထိုဝတ္ထုလည်း နိဿဂ္ဂိဖြစ်၏၊ မစားသည်ဖြစ်စေ လွန်လျှင်ပင် အာပတ်သင့်၏၊ သန္နိဓိကာရက သုဒ္ဓပါစိတ်အာပတ်လည်း သင့်၏၊ (၇)ရက် မလွန်မီ လူ, သာမဏေတို့အား စွန့်၊ သာမဏေအား ဝိကပ္ပနာသော်လည်းပြု အဓိဋ္ဌာန်မှုသော်လည်း ပြုရာ၏၊

(ဆောင်)အကပ်နှင့်တကွ၊ သူ့ကာလ၊ လွန်က သန္နိဓာ။

ပြန်၍သုံးစွဲခွင့် မရသော နိဿဂ္ဂိပစ္စည်းများ

နိဿဂ္ဂိပါစိတ်နှင့်စပ်၍ ဝိနည်းကံဖြင့် စွန့်ပြီးသောအခါ နိဿဂ္ဂိဖြစ်သော ထိုပစ္စည်းကို ကာယကံရှင် အာပတ်ကျူးလွန်သူတို့ သုံးစွဲခွင့် ရ, မရနှင့် စပ်၍ သိက္ခာပုဒ်အလိုက် ခွဲခြားမှတ်သားသင့်သည်။

ရွှေ, ငွေ, ဒင်္ဂါး, ပိုက်ဆံ, ငွေစက္ကူ နိဿဂ္ဂိထိုက်၍ ဝိနည်းကံဖြင့် စွန့်ပြီးသော်လည်း အာပတ်ကျူးလွန်သူ (ဝါ)အလှူခံသူ ပိုင်ရှင်ရဟန်းသည် လုံးဝ သုံးစွဲခွင့်မရ အပြီးအပိုင်စွန့်ရသည်။

အခြားနည်း သုံးစွဲခွင့်ရသော ပစ္စည်းများ

ဧဠကလောမဝဂ်လာ--- 
၁။ ပိုးချည်ရောနှော ပြုသောအခင်း၊ 
၂။ အမည်း သက်သက် သိုးမွေးအခင်း၊ 
၃။ အဖြူ, အညို, အရွှေအရောင်ရှိ သိုးမွေးနှင့် အမည်းရောင်နှစ်ဆ ပိုပြုသောအခင်း ထိုအခင်းသုံးမျိုးတို့ ဝိနည်းကံဖြင့် စွန့်ပြီး ပြန်ရသောအခါ ခင်းထိုင်, ခင်းအိပ် မပြုရ၊ တခြားသော ဗိတာန်, မျက်နှာကြက်, ကန့်လန့်ကာ, ဘုံလျှို, ခေါင်းအုံးစသည် အသုံးပြုကောင်းသည်။ ဦနပဉ္စဗန္ဓန သပိတ်၌လည်း ပတ္တပရိယန္တ စွန့်ပြီးလျှင် အယုတ်ဆုံးသပိတ်သာ သုံးစွဲခွင့်ရသည်။ (သပိတ်ခန်း၌ ကြည့်ပါ။)

အာလျပြတ်စွန့်ပြီးက ပြန်၍သုံးခွင့်ရသော ပစ္စည်းများ

ထောပတ်, ဆီ, တင်လဲ, ပျားရည်စသော ဆေးပစ္စည်းများ (၇)ရက်လွန်၍ ဝိနည်းကံဖြင့် စွန့်ပြီး ပြန်ရသောအခါ စားသောက်ခြင်း၊ အနာလိမ်းခြင်း၊ သုံးဆောင်ခြင်း မပြုရ၊ ငဲ့ကွက်ခြင်းမရှိ အပြီးအပိုင် လူ, သာမဏေတို့အား စွန့်ပြီး၍ သာမဏေတို့က နောင်တစ်ချိန် ပြန်ကပ်ပြန်လျှင် စားသောက်ခြင်း၊ သုံးဆောင်ခြင်းငှာလည်း အပ်သည်ဟူ၏၊ (ပါတိမောက္ခမေဒိနီ၊၂၁၅။)

တခြားခဲဖွယ် ဘောဇဉ်များ

တခြားစားသောက်ဖွယ်ရာ ခဲဖွယ်, ဘောဇဉ် ယာဝကာလိက အစားအစာများသည် အကပ်ခံပြီးလျှင် မွန်းမတည့်မီသာ စားသောက်ဘုဉ်းပေး ကောင်းသည်။ မွန်းလွဲသောအခါ ဘုဉ်းပေးလျှင် ဝိကာလဘောဇနသုဒ္ဓပါစိတ်၊ ကိုယ်တိုင် သိုမှီးသိမ်းဆည်းထားပြန်လျှင် သန္နိဓိသုဒ္ဓပါစိတ်၊ ယာမကာလိက အဖျော်ရည်ဖြစ်လျှင် နောက်တစ်နေ့ မရောက်မီ အရုဏ်မတက်မီ လူ, သာမဏေတို့အား အပြီးအပိုင် အာလျပြတ် စွန့်ပေးလိုက်ရသည်။ နောက်ကာလကျမှ သာမဏေတို့က ပြင်ဆင်၍ ကပ်သဖြင့် ဘုဉ်းပေးလျှင် အာပတ် မသင့်။ ထို့ကြောင့် တခြားကာလိကတို့ကိုလည်း သတ်မှတ်ထားသော အချိန် မလွန်မီ လူ, သာမဏေတို့အား အပြီးအပိုင် စွန့်လိုက်ရသည်။ လူ, သာမဏေတို့က အလိုက်သိ၍ ပြန်ကပ်လျှင် စားသောက် ဘုဉ်းပေးကောင်းသည်ဟု သိပါ။

ဘေသဇ္ဇသိက္ခာပုဒ်နှင့် စပ်၍ သိမှတ်ဖွယ်များ

ထောပတ် ဆီဦး ဆီ ပျားရည် တင်လဲ ဤဆေးငါးမျိုးတို့ကို အကပ်ခံပြီးနောက် (၇)ရက်အထိသာ သိမ်းဆည်း၍ ဆေးအဖြစ်ဖြင့် စားသောက်နိုင်၏၊ (၇)ရက် လွန်လျှင်ကား ထိုထောပတ် စသည်တို့ နိဿဂ္ဂိထိုက်၏၊ ရဟန်းမှာ ပါစိတ်အာပတ်သင့်၏၊

ထို သင့်သော အာပတ်ကို ဒေသနာကြား ကုစားလိုလျှင် ထိုထောပတ် စသည်ကို ရှေးဦးစွာ စွန့်ပြီးမှ ဒေသနာကြားရသည်။ မစွန့်ဘဲ ဒေသနာကြားလျှင်ကား ထိုအာပတ်မှ မထနိုင်။

ထိုထောပတ် စသည်ကို အကပ်ခံသည့်အခါ (၇)ရက်စာလောက် မှန်း၍ အကပ်ခံထားသင့်သည်။ (၇)ရက်တိုင်အောင် ကုန်ပုံမရလျှင် (၇)ရက် မလွန်ခင် ဤထောပတ်စသည် ဆေးတို့ကို ငါ မစားတော့ပြီ၊ ခြေနယ်ဆီ, ကိုယ်လိမ်းဆီ စသည် ပြုလုပ်၍ ခန္ဓာကိုယ်၏ အပြင်အပ၌သာ သုံးစွဲတော့မည်ဟု အဓိဋ္ဌာန် (စိတ်ကူး)လိုက်ရမည်။ ထိုအပြင်အပ၌ သုံးဖို့ဖြစ်လျှင်ကား (၇)ရက်လွန်သော်လည်း အပြစ်မရှိ။

(၇) ရက်အတွင်း သတ်မှတ်ချက်

ထောပတ် စသော ဆေးငါးပါးတို့ကို အကပ်ခံပြီး (၇)ရက်အတွင်းသာ စားကောင်းသည်ဟု ဆိုသော်လည်း ဂိလာန (= အနာရောဂါရှိသူ)အားသာ ခွင့်ပြုခြင်းကြောင့် ဆာလောင်ခြင်း မွတ်သိပ်ခြင်း အကြောင်းရှိရုံမျှဖြင့် မစားကောင်းသည်ကို သတိပြုပါ။ အားနည်းသောရောဂါ, အသွေးအသား ပိန်ခြောက်သောရောဂါ, လေနာရောဂါစသည် ရှိသူတို့သာ ထိုရောဂါအတွက် စားကောင်းသည်။ ဆာလောင်မွတ်သိပ်ရုံ အကြောင်းဖြင့်ကား ယာမကာလိက အဖျော်ရည် စသည်ကိုသာ သောက်ကောင်းသည်။

ရောဂါ ရှိပါက ဆေးငါးပါးနှင့် စတုမဓူကို နံနက်ခင်း အကပ်ခံပြီးလျှင် ဤနေ့အဖို့ နေလွဲ, မလွဲ စားကောင်းသည်။ သို့သော် မနက်ဖြန်စသော နောက်နေ့ (၆-ရက်)တို့၌ကား နံနက်ခင်း စားလိုလျှင် ယနေ့ အကပ်ခံထားသော ဆွမ်း, ခဲဖွယ်, ဘောဇဉ်များနှင့် ရောနှော၍ မစားရ၊ ထို့ပြင် ပါးစပ်၌ အာမိသများ ကပ်ငြိနေလျှင် ထိုအာမိသတို့ကို ပြောင်စင်အောင် ဆေးပြီးမှ စားရသည်။ ဆေးစားပြီးလျှင်လည်း ပါးစပ်ကို ပြောင်စင်အောင် ဆေးပြီးမှ တခြား အာမိသတို့ကို စားကောင်းသည်။ ရှေးရှေးနေ့တို့က အကပ်ခံထားသော ယာဝဇီဝိကဆေးတို့ကို စားရာ၌လည်း ပါးစပ်ကို စင်ကြယ်အောင် ဆေးပြီးမှသာ စားကောင်းသည်။ ကာလိက မတူလျှင်, ကပ်သောနေ့လည်း မတူလျှင် ရောနှော၍ မစားကောင်းသည်ကိုလည်း သတိပြုသင့်သည်။ ကာလိကလေးပါးခွဲပုံ နောက်တွင် ပြဆိုပါမည်။

နိဿဂ္ဂိထိုက်၍ စွန့်ခြင်း

ခုနစ်ရက် လွန်စေသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်သင့်၏ ဟူသည် (၈)ရက်မြောက် အရုဏ်တက်လတ်သော် စွန့်ခြင်းဝိနည်းကံရှိ၏၊ သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ် တစ်မျိုးမျိုးထံ စွန့်ရမည်။

သံဃာအား စွန့်ပုံ, ဂိုဏ်းအား စွန့်ပုံတို့ကို သင်္ကန်းစွန့်နည်း ပြသောအခါ ဖော်ပြပါမည်။ ယခု ပုဂ္ဂိုလ်ထံစွန့်ပုံကို ပြဆိုမည် ဖြစ်ပါသည်။ နိဿဂ္ဂိထိုက်နေသော ထောပတ်စသော ဆေးပစ္စည်းကို စွန့်လိုလျှင် ရဟန်းပုဂ္ဂိုလ် တစ်ပါးပါး ရှေ့၌ စွန့်ရမည်။

ပုဂ္ဂိုလ်ထံ စွန့်ပုံ

“အရှင်ဘုရား တပည့်တော်၏ ဤဆေးသည် ခုနစ်ရက် လွန်သည် ဖြစ်၍ စွန့်ထိုက်နေပါသည်ဘုရား၊ တပည့်တော်သည် ဤဆေးကို အရှင်ဘုရားအား စွန့်ပါ၏”ဟု ဆို၍ သီတင်းသုံးဖော် တစ်ပါးပါးထံ စွန့်ရမည်။ စွန့်ပြီးနောက် အာပတ်ကို ရည်ရွယ်၍ ဒေသနာကြားရမည်။ ထိုစွန့်ပြီးသော ဆေးကို သီတင်းသုံးဖော်ရဟန်းက “အရှင်ဘုရားအား ပြန်ပေးပါ၏”ဟု ဆို၍ ပြန်ပေးရမည်။

(သတိ) ခုနစ်ရက် လွန်၍ ဝိနည်းကံဖြင့် စွန့်ပြီး ပြန်ရသော ထောပတ်, ဆီ, ပျားရည် စသည်ကို အနာလိမ်းခြင်း စားသောက်သုံးဆောင်ခြင်း မပြုအပ်၊ မပြုကောင်း၊ သို့ရာတွင် ငဲ့ကွက်ခြင်းမရှိ အာလျပြတ် လူ, သာမဏေတို့အား စွန့်ပြီး၍ ပြန်ရသော ထောပတ်, ဆီ, ပျားရည် စသည်ကို သုံးဆောင်ခြင်း စားသောက်ခြင်းငှာလည်း အပ်သည်ဟု ဆိုပါသည်။

အနုပသမ္ပန္နဿ စတ္တေန ဝန္တေန မုတ္တေန အနပေက္ခော ဒတွာ ပဋိလဘိတွာ ပရိဘုဉ္ဇတိ။ (အနာပတ္တိ) ပါရာဇိကဏ်ပါဠိတော်(၃၆၄။)

ဗဟုသုတအဖြစ် မှတ်ရန်

ဖာဏိတံ နာမ ဥစ္ဆုမှာ နိဗ္ဗတ္တံ - ပါဠိတော်နှင့်အညီ “ကြံမှဖြစ်သောဝတ္ထုတည်း”ဟု ဆိုသည့်အားလျော်စွာ အဖတ်မပါအောင် စစ်ပြီးသောကြံရည်မှ စ၍ ကြံထွက်ပစ္စည်းမှန်သမျှ ကြိုချက်ပြီးသော အရည်, အပြစ်, အခဲ အားလုံးကို “ဖာဏိတ”ဟု ဆိုသည်။ ယခုအခါ ကြံမှ တစ်ပါးသော အခြားသော ဝတ္ထုများမှ ထွက်သော သကြားများ, ထန်းရည်, သကာရည်, ထန်းလျက်, ကြံသကာ စသည်များကိုလည်း ဖာဏိတ၌ သွင်းယူကြ၏၊ (ရှေးခေတ်က ထန်းရည် အသုံးမရှိ၍ ကျမ်းဂန်တို့၌ မပါခြင်း ဖြစ်မည်။)

ဤပြဆိုခဲ့ပြီးသော စကားစဉ်အရ ကြံမဟုတ်သော ထန်းရည်, ထန်းလျက်ရည်များသည်လည်းကောင်း, သကြားအမျိုးမျိုးသည်လည်းကောင်း (ယာဝကာလိကအသီးများနှင့် စပါးခုနစ်မျိုး, ပဲအမျိုးမျိုးတို့၏ အရည်ကို မယူရ၊) သံပုရာ, ရှောက်စသော အသီးအရည်တို့နှင့် ရောစပ်ထားသော ဖျော်ရည်, လမနစ်ရည် (ဘိလပ်ရည်) စသည်တို့သည်လည်းကောင်း သတ္တာဟကာလိကတို့တည်း။

ထိုသတ္တာဟကာလိက အရည်, အခဲတို့ကို ဆာလောင်မွတ်သိပ်ရုံ ပိပါသ အကြောင်းမျှဖြင့် နေလွဲသောအခါ မသောက်ကောင်းပါ၊ အနာရောဂါရှိမှ စားကောင်း သောက်ကောင်း၏၊

ဘေသဇ္ဇခန္ဓက၌ ခွင့်ပြုချက်

သို့သော် ဘေသဇ္ဇခန္ဓက၌ “အနုဇာနာမိ ဘိက္ခဝေ ဂိလာနဿ ဂုဠံ, အဂိလာနဿ ဂုဠောဒကံ”ဟု ဂိလာနအတွက် ကြံသကာ, ထန်းလျက်, သကြားအခဲကိုလည်းကောင်း၊ ဂိလာနမဟုတ်သူ လူကောင်းများအတွက် ရေအေးနှင့် ဖျော်စပ်ထားသော ကြံရည်, ထန်းလျက်ရည်, သကြားရည်, သကာခဲအရည်ကိုလည်းကောင်း ခွင့်ပြုတော်မူ၏ဟု မိန့်ဆိုတော်မူသောကြောင့် ဂိလာနမဟုတ်သူ ကျန်းမာသူတို့အားလည်း ထိုအဖျော်ရည်များကို ဆာလောင်မွတ်သိပ်ခြင်း ပိပါသအကြောင်းရှိလျှင် သောက်ကောင်း၏ဟု သိပါ၊ မွန်းလွဲသောအခါဖြစ်လျှင် မဆာဘဲ မသောက်ကောင်းဟု မှတ်ပါ။

မိမိ၏ ထင်မြင်ချက်

မီးဖြင့် ကျိုချက်ထားသော သကာခဲ, တင်လဲအခဲကို ရေနှင့် ဖျော်စပ်၍ အရည်ဖျော်ရည်အဖြစ် သောက်ကောင်းလျှင် ယခုကာလ မီးဖြင့် ချက်ထားသော လမနစ်ရည်, ဘိလပ်ရည်စသည့် သတ္တာဟကာလိက အရည်တို့ကိုလည်း ရေအေးနှင့် ဖျော်စပ်၍ သောက်လျှင် သောက်ကောင်းဖွယ်ရှိသည်ဟု ထင်မြင်ယူဆပါသည်။ ယာမကာလိကအဖြစ် ညနေပိုင်း သောက်နိုင်မည်ဟု ထင်ပါသည်။

ယခုကာလ အခဲပါ စားနေကြပုံ

ဤဘေသဇ္ဇခန္ဓကလာ ပညတ်ချက်အရ ထန်းလျက်ခဲ, သကာခဲ, တင်လဲခဲ, ကြံသကာ, နုနယ်ပွဲရက်, သကြားအမှုန့် စသည်တို့သည် ယနေ့ အကပ်ခံ၍ နေလွဲသောအခါ ခုနစ်ရက်အတွင်း နောက်နောက်ရက်များ၏ နေလွဲ မွန်းလွဲအခါ လေနာခြင်း အားနည်းခြင်းစသော ရောဂါရှိ၍ သူနှင့် ဆေးဖက်ဖြစ်မှ စားကောင်း၏၊ ယခုကာလ၌ကား ရဟန်း, သာမဏေများနှင့် ဥပုသ်သည်များ အဆိုပါ ထန်းလျက်ခဲ, ကြံသကာခဲ, သကြားလုံးတို့ကို မွန်းလွဲပြီး စားကောင်းသည် ထင်၍ စားလေ့ရှိကြ၏၊ ဒကာ ဒကာမတို့ကလည်း ကပ်လေ့ ရှိကြ၏၊ အမှန်အားဖြင့်မူ ထိုအခဲများကို နေလွဲပြီးအခါ မစားကောင်း ဟု မှတ်ပါ။ မီးနှင့်ကျိုချက်ထားသော သတ္တာဟကာလိက အရည်များလည်း ဆာလောင်ရုံမျှဖြင့် မသောက်ကောင်းဟု မှတ်ပါ။

တေလ (= ဆီ)နှင့် စပ်၍ မှတ်ရန်

တေလ (= ဆီ)ဟူရာ၌ နှမ်းဆီ, ပဲဆီ, မုန်ညင်းဆီများနှင့် ဝက်ဆီ, ဝံဆီ, လပိုင်ဆီ, မြည်းဆီ, ငါးကြီးဆီစသော သားငါးဆီ အမျိုးမျိုးတို့ ပါဝင်၏၊ သစ်မည်စည်ဆီ, ကြက်ဆူဆီတို့လည်း ပါဝင်၏၊

တေလံ နာမ တိလတေလံ သာသပတေလံ မဓုကတေလံ ဧရဏ္ဍတေလံ ဝသာတေလံ။ ပါရာဇိကဏ်ပါဠိတော်(၃၆၃။)

သား, ငါးဆီများ၌ အရိုး, အသား, အဖတ် မပါအောင် စစ်ပြီးသား ဖြစ်ရမည်။ ယာဝကာလိကအသီး, အစားအစာ, မုယောစပါးမှုန့်, ဆန်မှုန့် စသည် ရောထားလျှင် ခုနစ်ရက် မအပ်။ အားနည်းသော ရောဂါရှိသော ရဟန်း, သာမဏေတို့သည် ထောပတ်, ငါးကြီးဆီ စသည်များကို ညအခါ ရေနွေးနှင့် စပ်၍ သုံးစွဲကောင်း၏၊ သတ္တာဟကာလိကဖြစ်၍ ခုနစ်ရက်သာ ထားကာ သုံးဆောင်ရမည် ဖြစ်သည်။ ထိုကြောင့် နိုင်ငံခြား အားဆေးတောင့်များ သား, ငါးဆီပါလျှင် ယာဝဇီဝိက မဟုတ်၊ သတ္တာဟကာလိက ဖြစ်၍ ခုနစ်ရက်သာ ထား၍ စားကောင်းသည်။ ယာဝကာလိကအသီး စပါးမျိုး, ပဲမျိုး ပါသော အဖျော်ရည်တို့သည်လည်း မွန်းမတည့်မီသာ သောက်ကောင်းသည် ဟု သိပါ။

ယာဝဇီဝိက

ယတ္တကော = အကြင်မျှလောက်သော။ ဇီဝေါ = အသက်တည်း။ ယာဝဇီဝံ = အသက်ရှည်သမျှ (အသက်ထက်ဆုံး)။

“ယာဝဇီဝံ ပရိဘုဉ္ဇိတဗ္ဗံ --- အသက်ရှည်သမျှကာလပတ်လုံး သုံးဆောင်အပ်၏အရ - အကပ်ခံပြီး၍ တစ်သက်ပတ်လုံး သုံးဆောင်ကောင်းသော အမြစ်, အဥ, အဖု, ဆား, ဂျင်း စသည်တို့ကို ယာဝဇီဝိကဟု ခေါ်သည်။

ပြပြီးသော ကာလိကသုံးမျိုးနှင့် ရေဒန်ပူတို့မှ ကြွင်းသော အကပ်ခံသော နေ့မှ အသက်ထက်ဆုံး အနာရောဂါဟူသော အကြောင်းရှိလျှင် ထပ်မံ အကပ်မခံရဘဲ ဘုဉ်းပေးကောင်းသည်။ လူတို့ ခဲဖွယ်, စားဖွယ်အဖြစ် အသုံးမပြုသော အမြစ်, အဥ, အဖု, ပင်စည်, အပွေး, အခေါက်, အကာ, အနှစ်, အသီး, အပွင့်, အရွက်, အညွန့်, (ငရုတ်ကောင်း, ပိတ်ချင်း, ချင်း, နွယ်ချို, ဆီးဖြူ, ဖန်းခါး, သျှိသျှား)စသော ဆေးပစ္စည်းအမျိုးမျိုးသည် ယာဝဇီဝိကဝတ္ထု မည်၏၊

(ဆောင်) အရပ်တိုင်းမှာ၊ အာဟာရကိစ္စ၊ မစားကြ၊ ယာဝဇီဝိကာ။
ဇီးဖြူ, သျှိသျှား၊ သဖန်းခါး၊ များ၏ အနန္တာ။ (ဝိနည်းဥပဒေ၊၂၆၃။)

ယာဝဇီဝိက အမြစ်များ

၉၂။ ဟလိဒ္ဒိ သိင်္ဂီဝေရဉ္စ၊ ဝစတ္တံ လသုဏံ ဝစာ။
ဥသီရံ ဘဒ္ဒမုတ္တဉ္စာတိဝိသာ ကဋုရောဟီဏိ။
ပဉ္စမူလာဒိကဉ္စာပိ၊ မူလံ တံ ယာဝဇီဝိကံ။

ဟလိဒ္ဒိ = နနွင်းသည်လည်းကောင်း။ သိင်္ဂီဝေရဉ္စ = ချင်းသည်လည်းကောင်း။ ဝစတ္တံ = ဆိတ်ဖူးသည်လည်းကောင်း။ လသုဏံ = ကြက်သွန်ဖြူသည်လည်းကောင်း။ ဝစာ =လင်းလေသည်လည်းကောင်း။ ဥသီရံ = ပန်းရင်းသည်လည်းကောင်း။ ဘဒ္ဒမုတ္တဉ္စ =နွားမြေရင်းသည်လည်းကောင်း။ အတိဝိသာ = တိဝုသ်သည်လည်းကောင်း။ ကဋုရောဟိဏီ =ကုလားဆောင်းမေးခါးသည်လည်းကောင်း။ ပဉ္စမူလာဒိကံ =ပဉ္စမူလအစရှိသော။ မူလဉ္စာပိ = အမြစ်သည်လည်းကောင်း။ တံ =ထိုအလုံးစုံသည်။ ယာဝဇီဝိကံ = ယာဝဇီဝိကတည်း၊ (ဝါ)အသက်အပိုင်းခြားတိုင်အောင် သုံးဆောင်ရာ ကာလရှိသော အမြစ်တည်း။

ယာဝဇီဝိကအသီးများ

၉၃။ ဗိဠင်္ဂံ မရိစံ ဂေါဋ္ဌ-ဖလံ ပိပ္ဖလိ ရာဇိကာ။
တိဖလေ-ရဏ္ဍကာဒီနံ၊ ဖလံ တံ ယာဝဇီဝိကံ။

ဗိဠင်္ဂံ =အိပ်မွေ့သီးသည်လည်းကောင်း။ မရိစံ = ငရုတ်သီးသည်လည်းကောင်း။ ဂေါဋ္ဌဖလံ = သမင်စာသီးသည်လည်းကောင်း။ ပိပ္ဖလိ = ပိတ်ချင်း သီးသည်လည်းကောင်း။ ရာဇိကာ = မုန်ညင်းသီးသည်လည်းကောင်း။ တိဖလေရဏ္ဍကာဒီနံ =ကနခို, ကြက်ဆူအစရှိသည်တို့၏၊ ဖလံ = အသီးသည် လည်းကောင်း။ ယာဝဇီဝိကံ = ယာဝဇီဝိကတည်း။ (ဝါ) အသက်အပိုင်းအခြားတိုင်အောင် သုံးဆောင်ရာကာလရှိသော အသီးတည်း။ (ဝိ၊၃၊၂၉၃။ ဝိ၊ဋ္ဌ၊၃၊၁၀၂၊)

ယာဝဇီဝိက အရွက်များ

၉၄။ ကပ္ပါသနိမ္ဗကုဋဇ-ပဋောလသုလသာဒိနံ။
သူပေယျပဏ္ဏံ ဝဇ္ဇေတွာ၊ ပဏ္ဏံ တံ ယာဝဇီဝိကံ။

သူပေယျပဏ္ဏံ =ဟင်း၏ အစီးအပွားဖြစ်သော ဟင်းရွက်ကို။ (ဝါ) ဟင်းချက်၍ စားကောင်းသော အရွက်ကို။ ဝဇ္ဇေတွာ = ကြဉ်၍။ ကပ္ပါသနိမ္ဗကုဋဇ-ပဋောလသုလသာဒိနံ =ဝါ, တမာ, လက်ထုတ်, ဗြူးတား, ရုံး အစရှိသည် တို့၏၊ ယံ ပဏ္ဏံ =အကြင်အရွက်သည်။ အတ္ထိ =ရှိ၏၊ တံ =ထိုအရွက်သည်။ ယာဝဇီဝိကံ =ယာဝဇီဝိကတည်း။ (ဝါ) အသက်အပိုင်းအခြားတိုင်အောင် သုံးဆောင်ရာကာလရှိသော အရွက်တည်း။

(ဝိ၊၃၊၂၉၂။ ဝိ၊ဋ္ဌ၊၃၊၁၀၀၊၃၇၂-၃၇၃။)

အစေး, အခွံနှင့် ဆား စသည်

၉၅။ ဌပေတွာ ဥစ္ဆုနိယျာသံ၊ သရသံ ဥစ္ဆုဇံ တစံ။
နိယျာသော စ တစော သဗ္ဗော၊ လောဏံ လောဟံ သိလာ တထာ။
၉၆။ သုဒ္ဓသိတ္ထဉ္စ သေဝါလော၊ ယဉ္စ ကိဉ္စိ သုစျာပိတံ။
ဝိကဋာဒိပ္ပဘေဒဉ္စ၊ ဉာတဗ္ဗံ ယာဝဇီဝိကံ။

ဥစ္ဆုနိယျာသံ =ကြံအစေးကိုလည်းကောင်း။ သရသံ =အရည်နှင့်တကွ ဖြစ်သော။ ဥစ္ဆုဇံ = ကြံမှ ဖြစ်သော။ တစံ =အခွံကိုလည်းကောင်း။ ဌပေတွာ =ထား၍။ သဗ္ဗော =အလုံးစုံသော။ နိယျာသော စ = အစေးကိုလည်းကောင်း။ တစော = အခွံအခေါက်ကိုလည်းကောင်း။ လောဏံ = ဆားကိုလည်းကောင်း။ လောဟံ =သံကိုလည်းကောင်း။ (ဝါ) ကြေးကိုလည်းကောင်း။ သိလာ =ကျောက်ကိုလည်းကောင်း။ တထာ = ထိုမှတစ်ပါး။ သုဒ္ဓသိတ္ထဉ္စ =ပျားရည်မဖက် သက်သက်သော ပျားဖယောင်းကိုလည်းကောင်း။ သေဝါလော =မှော်ကိုလည်းကောင်း။ သုစျာပိတံ = ကောင်းစွာ မီးလောင်စေအပ်ပြီးသော။ ယဉ္စ ကိဉ္စိ = အမှတ်မထား တစ်ပါးပါးသော ပြာ, မီးသွေးကိုလည်းကောင်း။ ဝိကဋာဒိပ္ပဘေဒဉ္စ =မဟာဝိကဋဆေး အစရှိသော အပြားရှိသော။ ယဉ္စ ကိဉ္စိ =အမှတ်မထား တစ်ပါးပါးသော သစ်ဥ စသည်ကိုလည်းကောင်း။ ယာဝဇီဝိကံ = ယာဝဇီဝိကဟူ၍။ ဉာတဗ္ဗံ = သိ ထိုက်၏၊ (ဝိ၊၃၊၂၉၂-၂၉၃၊၂၉၅၊၂၉၈။ ဝိ၊ဋ္ဌ၊၂၊၂၉၅။ ဝိ၊ဋ္ဌ၊၃-၁၀၁။)

ချင်းသုပ် ဆုံးဖြတ်ချက်

ချင်း (ဂျင်း)ကို ယာဝဇီဝိကဟု ဆိုရာ၌ လက်သုပ်လုပ်ဖို့ရန် အချဉ်စိမ်ထားသော ချင်း မဟုတ်၊ နဂိုသဘောအတိုင်း ငရုတ်သီးကဲ့သို့ ပူစပ်သော အရသာရှိသော ချင်းကို ဆိုလိုသည်။ ထိုယာဝဇီဝိက အာဟာရတို့သည် မကျန်းမမာ၍ ထိုအာဟာရနှင့် သင့်တော်သော ရောဂါရှိမှသာ ဆေးအဖြစ်ဖြင့် သုံးကောင်းသော အာဟာရများ ဖြစ်ကြသည်။

ယခုခေတ်၌ သံဃာတော်တို့အား အချို့အရပ်၌ ညဘက် ကပ်လေ့ရှိသော ချင်းသုပ်ကား ကြက်သွန်, ဆီ, ဆား, ချင်းများကို တစ်ခုစီ ကြည့်လျှင် သတ္တာဟကာလိကနှင့် ယာဝဇီဝိကချည်း ဖြစ်၍ “အပ်၏”ဟု ထင်ဖွယ် ရှိ၏၊ သို့သော် ချင်းကို (ပင်ကို အကြမ်းအတိုင်း မဟုတ်ဘဲ) စားကောင်းအောင် ပြုပြင်ကာ လက်သုပ်တစ်မျိုးဖြစ်အောင် စီမံထားသဖြင့် ယာဝကာလိက ခဲဖွယ်တွင် ပါဝင်နေပြီဟု ဆရာတို့ ယူကြ၏၊

ယာဝကာလိကမဟုတ်ဟု ငြင်းစေကာမူ ထိုချင်းသုပ်ကြောင့် ကင်းပျောက်မည့် ရောဂါရှိမှ စားကောင်းမည်။ အကြောင်းမဲ့ဖြစ်စေ၊ မွတ်သိပ် ဆာလောင်၍ဖြစ်စေ စားလျှင်ကား မည်သည့်နည်းနှင့်မျှ လွတ်လပ်ခွင့် မရချေ။ အကပ်ခံလျှင် ဒုက္ကဋ်၊ မျိုးတိုင်းမျိုတိုင်း ဒုက္ကဋ်များစွာ မုချ သင့်ရတော့မည်။

မန်ကျည်းရွက်ကြမ်း ပြည်ပန်းချိုရွက်

ဟင်းချက်စားကောင်းသော အရွက်ကို ကြဉ်၍ ကြွင်းသော အရွက်များကို ယာဝဇီဝိကဟု ဆိုသောကြောင့် မန်ကျည်းရွက်, ကင်ပွန်းရွက်, ပြည်ပန်းချိုရွက် အစရှိသော အရွက်တို့၌ နုသော (တချို့ မနုမရင့်) အရွက်များကို ဟင်းချက်၍ စားလေ့ရှိသောကြောင့် ရင့်သောအရွက်ကို ယာဝဇီဝိကဟု ယူရသည်။ ထို့ကြောင့် ညနေအခါ သင့်မြတ်သော ရောဂါရှိလျှင် (ချောင်းဆိုး အသံဝင်စသည်) ထန်းလျက်ရည် စသည်နှင့် ထိုအရွက်ကြမ်းတို့ ကျိုကာ သောက်နိုင်သည်။ (ခုဒ္ဒသိက္ခာဘာသာဋီကာ၊၁၄၇။)

ကောက်ပဲနှင့် အသား, အရိုးများ

ယဉ္စ ကိဉ္စိ သုစျာပိတံ (ခုဒ္ဒသိက္ခာဂါထာ၊၉၆။)၌ ဆိုထားသည်အရ - ကောက်ပဲတို့မှ ဖြစ်သောအစာနှင့် အသား, အရိုးပင် ဖြစ်စေကာမူ ကောင်းကောင်း မီးလောင်စေအပ်ပြီးဖြစ်၍ ကျွမ်းနေလျှင် (မီးသွေးခဲ ဖြစ်နေလျှင်, ပြာဖြစ်နေလျှင်) ယာဝဇီဝိကတည်း။

မဟာဝိကဋဆေး

ရဟန်းတစ်ပါး မြွေကိုက်သဖြင့် ဘုရားရှင် ခွင့်ပြုတော်မူအပ်သော မဟာဝိကဋဆေးဟု ခေါ်ဝေါ်အပ်သော ကျင်ကြီး, ကျင်ငယ်, မြေညက်, ပြာ အစရှိသော အလုံးစုံသည်လည်း ယာဝဇီဝိကတည်း။ အာဒိသဒ္ဒါဖြင့် ကန္ဒ ခါဒနီယ (အဥ ခဲဖွယ်) စသည်၌ ပြအပ်ခဲ့သော ဟင်းချက်၍ မရကောင်းသော သစ်ဥ, သစ်မြစ်, သစ်ပွင့်, အမှုန့်တို့ကိုပါ ယာဝဇီဝိကဟု ယူပါ။

အာပတ်သင့်ပုံ အချုပ်မှတ်ရန်

ယာဝကာလိက ခဲဖွယ်ဘောဇဉ်ကို နေလွဲအခါ စားသောက်လျှင် သုဒ္ဓပါစိတ်၊ ယာမကာလိကအဖျော်နှင့် သတ္တာဟကာလိကတွင် ပါဝင်သော ရေရောထားသော ကြံရည်, ထန်းရည်ချို, အချိုရည်စသည်ကို မွတ်သိပ်ခြင်း အကြောင်းရှိ၍ ဆာ၍ သောက်လျှင် အနာပတ္တိ၊ အကြောင်းမဲ့သက်သက် သောက်လျှင်ကား အာဟာရအကျိုးငှာ သောက်ရာရောက်၍ ဒုက္ကဋ်၊ သတ္တာဟကာလိကဆေးများနှင့် ယာဝဇီဝိက လျက်ဆားစသည်ကို ထိုအစာစားလျှင် ပျောက်ကင်းလောက်သော လေထခြင်း, လေနာခြင်း, အားနည်းခြင်းစသော ရောဂါကြောင့် စားလျှင် အနာပတ္တိ၊ အာပတ်မသင့်၊ အကြောင်းမဲ့ဖြစ်စေ, ဆာလောင်မွတ်သိပ်၍ဖြစ်စေ စားလျှင် ဒုက္ကဋ်တည်း။

ကာလိကတို့ ရောနှောရာ၌ မှတ်ရန်

ထိုနေ့အကပ်ခံအပ်သော ယာဝကာလိကဝတ္ထုနှင့် ထိုနေ့ အကပ်ခံအပ်သော (ဝါ) ထိုနေ့မှ ရရှိသော ယာမ, သတ္တာဟ, ယာဝဇီဝိကဝတ္ထုတို့ ရောလျှင် ထိုရောရာ နံနက်၌သာ အပ်၏၊ ထိုညနေမှ စ၍ မအပ်၊ ရှေးနေ့တို့က အကပ်ခံထားသော သတ္တာဟ, ယာဝဇီဝိကတို့နှင့် ရောရာ၌ကား ယာဝကာလိက, ယာမကာလိကတို့ မအပ်ကြတော့၊ မသုံးဆောင်ကောင်းတော့ပြီ၊ ဥပမာ-- ရှေးနေ့က အကပ်ခံထားအပ်သော ထောပတ်, ဆီ, ဆားတို့နှင့် ထိုနေ့ (ယနေ့) အကပ်ခံအပ်သော ဆွမ်း, ဖျော်ရည်တို့ရော၍ မစားကောင်း၊ ရှေးနေ့က အကပ်ခံထားသော ဆွမ်း, အဖျော်ရည်တွေ ဖြစ်သွားတော့သည်ဟု သဘောပေါက်ပါ။

သတ္တာဟကာလိက ထောပတ်စသည်နှင့် ယာဝဇီဝိက ဆားစသည်တို့ ရောရာ၌ကား သတ္တာဟကာလိက၏ သက်တမ်းရှိသမျှ ဆားက လိုက်နိုင် သည်။ ဥပမာ-- သတ္တာဟကာလိကဝတ္တု ထောပတ်ကို အကပ်ခံ၍ နှစ်ရက်လွန်မှ ဆားနှင့် သို့မဟုတ် ယာဝဇီဝိကဆေး တစ်ခုခုနှင့် ရောလျှင် နောက်ထပ် ငါးရက်သာ အပ်၏၊ စသည်ဖြင့် သိလေ။ ကာလိကချင်း ရောရာ၌ ရက်တို ကာလိက၏ သဘောကို ရက်ရှည်ကာလိကက အမြဲလိုက်ရသည်။ ဆွမ်းစားပြီးစ အားဆေးပြားများ စားလိုလျှင် ပါးစပ်ကို စင်ကြယ်အောင် ဆေးကြောပြီးမှ စားသင့်သည်။ ပေကျံနေသော အာမိသနှင့် ရောနှောမိလျှင် အာပတ် သင့်နိုင်သည်။

(ဆောင်) ကာလိက လေးဖြာ၊ ရောနှောရာဝယ်၊ သတ္တာဟနှင့်၊ ယာဝဇီဝီ၊ ရှေ့နေ့ ဆီက၊ ကပ်ပြီးမှကို၊ ယာဝ, ယာမံ၊ ယနေ့ခံနှင့်၊ ရောပြန်သော်လည်း၊ မအပ်ချည်းသာ၊ တစ်နည်းမှာမူ၊ ယာဝဇီဝံ၊ ရှေးနေ့ခံနှင့်၊ ခုခံသတ္တာဟ၊ ရောတုံကလျှင်၊ သတ္တာဟ သက်၊ ခုနစ်ရက်ည၊ အခွင့်ပြုသည်၊ မှတ်ရှု နောင်လာ အချုပ်တည်း။

အန္တောဝုတ္ထ, အန္တောပက္က, သာမံပက္က ဒုက္ကဋ်များ

ပြဆိုခဲ့ပြီးသော အကပ္ပိယကုဋိလေးမျိုး တစ်မျိုးမျိုး၌ သဟသေယျလောက်သော အရပ်၌ မိမိ၏ ကာလလွန်အောင် သိုမှီးသိမ်းဆည်းထားအပ်သော သံဃိက, ပုဂ္ဂလိကဖြစ်သော ယာဝကာလိကနှင့် ယာမကာလိက နှစ်ပါးကို အန္တောဝုတ္ထ ခေါ်သည်။ ထိုဝတ္ထုကို စားသောက်သော ရဟန်းအား အန္တောဝုတ္ထဒုက္ကဋ်အာပတ် သင့်၏၊

အကပ္ပိယကုဋိ၌ သိုမှီးအပ်သော သတ္တာဟကာလိက ယာဝဇီဝိကနှစ်ပါးနှင့် ယနေ့ အကပ်ခံအပ်သော ကြွင်းကာလိကနှစ်ပါး ရောစားသော် မအပ်၊ မုခသန္နိဓိ ဖြစ်သည်။ ၎င်းမုခသန္နိဓိကိုပင် မဟာပစ္စရီ၌ အန္တောဝုတ္ထဟု ဆို၏၊ မုခနှင့် အန္တောကား ပရိယာယ်ဖြစ်၍ အမည်မျှသာ ထူးသည်။ ဒုက္ကဋ်အာပတ် ချင်းကား တူ၏၊ ကြွင်းကာလိက နှစ်ပါးကား အကပ္ပိယကုဋိ၌ သိုမှီးထားသော် လည်း အပြစ်မရှိ၊ သန္နိဓိမဖြစ်ကောင်းဟု သိပါ။

(ဆောင်) အကပ္ပိကု၊ သိုမှီးပြု၊ ထားမှု အန္တောဝုတ္ထတည်း။
ယာဝ, ယာမ၊ ကာလိက၊ နှစ်ဝ ယူလေတည်း။
ကြွင်း ကာလိက၊ ရောစားက၊ မုခသန္နိတည်း။
ကြွင်း ကာလိက၊ သိုမှီးကြ၊ ထားက အပ်သတည်း။

အန္တောပက္က

အကပ္ပိယကုဋိ၌ သဟသေယျလောက်သော အရပ်၌ ချက်အပ်သော ယာဝကာလိက, ယာမကာလိကနှစ်ပါးကို အန္တောပက္ကဟု ခေါ်သည်။ ထိုဝတ္ထုကို စားသောက်သော ရဟန်းအား အန္တောပက္ကဒုက္ကဋ်အာပတ် သင့်၏၊ ထိုအန္တောပက္ကဖြစ်နေသော ကာလိကနှစ်ပါးနှင့် ယနေ့ အကပ်ခံအပ်သော ကြွင်းကာလိကနှစ်ပါး (သတ္တာဟ, ယာဝဇီဝိက)တို့ ရောစားသော် မအပ်၊ မုခသန္နိဓိဖြစ်သည်။ ကြွင်းကာလိက နှစ်ပါးကို ချက်သော်လည်း အန္တောပက္က မဖြစ်၊ ချက်ကောင်း, စားကောင်းသည်ဟု သိပါ။

(ဆောင်) အကပ္ပိယာ၊ ကုဋီမှာ၊ ချက်ပါ အန္တောပက္ကတည်း။
ယာဝ-ယာမ၊ ကာလိက၊ နှစ်ဝ ယူလေတည်း။
ကြွင်း ကာလိက၊ ချက်တုံက၊ အန္တောပက္က မဖြစ်တည်း။

သာမံပက္က

အမှတ်မရှိ တစ်စုံတစ်ခုသော အရပ်၌ ကိုယ်တိုင်ချက်အပ်သော ကာလိက လေးပါးစလုံးကို သာမံပက္ကဟု ခေါ်သည်။ ထိုသာမံပက္ကဖြစ်နေသော ကာလိကများနှင့် သာမံပက္က မဟုတ်သော ကာလိကများ ရော၍မစားကောင်း၊ မုခသန္နိဓိ ဖြစ်သည်။ ဒုက္ကဋ်အာပတ်မှ မလွတ်၊ ယာဂု (ဆန်ပြုတ်)ပူပူ၌ ကြက်သွန်မိတ်, ကြက်သွန်စိမ်း, ဆားစိမ်း, နို့စိမ်းများကို ကိုယ်တိုင် ထည့်၍ မသောက်ကောင်း၊ လက်ဖက်ရည်ပူပူ၌လည်း နို့စိမ်း, ဆားစိမ်း ထည့်မွှေ၍ မသောက်ကောင်း၊ လူ, သာမဏေများကို အထည့်ခိုင်းပြီးမှ အကပ်ခံပြီး မွှေသောက်မူကား သာမံပက္က မဖြစ်။ (ပါတိမောက္ခမေဒိနီ၊၃၃၆။)

(ဆောင်) မည်သည့်နေရာ၊ မဆိုသာပေ၊ ကိုယ်တိုင်လေ၊ ချက်ပေ သာမံပက္က တည်း။ လေးကာလိက၊ ကောက်ယူရ၊ မှတ်ကြလေကုန်တည်း။

ပုနပက္က

လူ, သာမဏေတို့ ချက်၍ ကျက်ပြီးသော ယာဝကာလိကနှစ်မျိုးတို့ကို တစ်ဖန်ချက်မှုသည် ပုနပက္ကမည်၏၊ ထိုတစ်ဖန်ချက်မှုကိုကား ရဟန်းကိုယ်တိုင် ပြုကောင်း၏၊ အပြစ် မရှိ၊ ကျက်ပြီးသော ထမင်းအေး, ဟင်းအေးကို ရဟန်းကိုယ်တိုင်ပင် မီး၌ နွှေးအပ်၏၊ ထို့ပြင် ကျက်ပြီးသော ထမင်းကို ယက်မန်း (ဆန်ပြုတ် )ဖြစ်အောင် ရဟန်းကိုယ်တိုင် ကျိုအပ်သော ဝတ္ထုကိုမူကား ရှေ့ကာလိကဝတ္ထုတို့နှင့် မရောယှက်စေ၍ သက်သက် စားသောက်အပ်၏၊ ရှေးကာလိက နှစ်မျိုးတို့နှင့် ရောနှော၍ စားသောက်ခဲ့သော် အပြစ်ရှိပြန်၏၊ ဒုက္ကဋ်အာပတ် သင့်ပြန်၏၊

ရှေ့ကာလိက နှစ်မျိုးတို့၌ အန္တောဝုတ္ထ၊ အန္တောပက္က၊ သာမံပက္က၊ ပုနပက္ကဟု လေးမျိုးရှိသည်ကို မှတ်ပါ။

အကျဉ်းမှတ်ရန်

၁။ အန္တောဝုတ္ထ = အကပ္ပိယကုဋိအတွင်း၌ အရုဏ်တက်သည့်တိုင်အောင် ထားအပ်သော ဝတ္ထု (ယာဝ, ယာမ)ကို အန္တောဝုတ္ထ ခေါ်သည်။
၂။ အန္တောပက္က = အကပ္ပိယကုဋိအတွင်း၌ ချက်ပြုတ်ကြော်လှော် အပ်သော ဝတ္ထုကို အန္တောပက္ကခေါ်သည်။
၃။ သာမံပက္က = ရဟန်းကိုယ်တိုင် ချက်အပ်သော ဝတ္ထုကို သာမံပက္က ခေါ် သည်။ ယင်းသုံးမျိုး စားသောက်လျှင် ဒုက္ကဋ်အာပတ် သင့်၏၊
၄။ ပုနပက္က = ရဟန်းကိုယ်တိုင် တစ်ဖန်ချက်မှု နွှေးမှုကို ပုနပက္ကဟု ခေါ်သည်၊ အပြစ်မရှိ၊ အာပတ်မသင့်။

(ဆောင်) ၁။ အင်္ဂါမညီ၊ ကျောင်းကုဋီ၊ အကပ္ပီယသာ။
၂။ အန္တောဝုတ္ထ၊အန္တောပက္က၊ သာမံပက္က၊ဤသုံးဝ၊ ယာဝ, ယာမမှာ။
၃။ သိုမှီးသည်ကို၊ ဝုတ္ထဆို၊ ကျိုချက် ပက္ကမှာ။
၄။ ကုဋီပျက်တွင်း၊ သိုမှီးခြင်း၊ အလျင်း မပြုရာ။
၅။ ထို၌ ချက်အပ်၊ ယင်းနှစ်ရပ်၊ မအပ်လေသည်သာ။
၆။ ဘယ်၌ မဆို၊ ယင်းနှစ်ကို၊ ကိုယ်တိုင် မချက်ရာ။
၇။ ကျက်ပြီးကိုလျက်၊ တစ်ဖန်ချက်၊ သက်သက်အပ်သည်သာ။
၈။ ရှေးကာလိ နှစ်၊ ရောပြန်လစ်၊ အပြစ်ရှိပြန်လာ။
၉။ သတ္တာ, ဇီဝိ၊ ကိုယ်ချက်မိ၊ သုဒ္ဓိအပ်သည်သာ။
၁၀။ အကပ္ပိယ၊ ကျောင်းဖြစ်က၊ များလှ ပြစ်နာဆာ။
၁၁။ ဝိနည်းမတတ်၊ ကျောင်းထိုင်လတ်၊ အာပတ်မဆုံးရာ။

ကံကြီးကံငယ် အသွယ်သွယ်

ကျောင်းထိုင်ဘုန်းကြီးအင်္ဂါငါးပါးတွင် ကံကြီးကံငယ်တို့ကို တတ်သိနားလည်ထားရမည်ဟု ပါရှိသည်။ ထိုကံကြီး ကံငယ်တို့ကို အကျဉ်းချုပ်အားဖြင့် သိသာရုံ ရေးပါမည်။

ကံလေးမျိုး

ကရီယတိ =ပြုအပ်၏၊ ဣတိ =ထို့ကြောင့်။ ကမ္မံ =ကံ မည်၏၊ထိုကံသည် သံဃာ အညီအညွတ် ပြုအပ်သော --

၁။ အပလောကနကံ၊ ၂။ ဉတ္တိကံ၊ ၃။ ဉတ္တိဒုတိယကံ၊ ၄။ ဉတ္တိစတုတ္ထကံ - ဟု လေးမျိုး ရှိ၏၊

ထိုလေးပါးတို့တွင် သံဃာစည်းဝေးပြီးနောက် ညီညွတ်သော သံဃာတော်၏ အလိုအားဖြင့် ကဲ့ရဲ့ခြင်းစသော ဆိုင်ရာဝတ္ထုအကြောင်းကို ပြောပြ၍ သံဃာအား “နှစ်သက် သဘောတူပါ၏လော”ဟု မြန်မာလိုဖြစ်စေ၊ “ရုစ္စတိ သံဃဿ”ဟု ပါဠိလိုဖြစ်စေ၊ သုံးကြိမ်တိုင်တိုင် ပန်ကြားပြောကြား၍ ပြုအပ်သော ကံမျိုးကို အပလောကနကံဟု ခေါ်သည်။

ထိုညီညွတ်သော သံဃာ၏ အလိုဆန္ဒအတိုင်း ဉတ်တစ်ကြိမ် ရွတ်ဆို၍ ပြုအပ်သော ကံမျိုးကို ဉတ္တိကံဟု ခေါ်သည်။ ထိုညီညွတ်သော သံဃာ၏ အလိုဆန္ဒအတိုင်း ဉတ်တစ်ကြိမ် ကမ္မဝါစာတစ်ကြိမ် ရွတ်ဖတ်၍ ဤဉတ်လျှင် နှစ်ကြိမ်မြောက်ရှိသော ကမ္မဝါစာဖြင့် ပြုအပ်သော ကံမျိုးကို ဉတ္တိဒုတိယကံဟု ခေါ်သည်။

ထိုညီညွတ်သော သံဃာ၏ အလိုဆန္ဒအတိုင်း ဉတ်တစ်ကြိမ် ကမ္မဝါစာ သုံးကြိမ် ပေါင်းလေးကြိမ် ကမ္မဝါစာ ဖတ်ရ၏၊ ဤသို့ ဉတ်လျှင် လေးကြိမ်မြောက်ရှိသော ကမ္မဝါစာဖြင့် ရွတ်ဖတ်၍ ပြုအပ်သော ကံမျိုးကို ဉတ္တိစတုတ္တကံဟု ခေါ်သည်။

(ဆောင်) အပလောပန၊ ကမ္မဉတ္တိ၊ ဒုတိ, စတုတ်၊ ကံသမုတ်၊ မယုတ် မျိုးလေး တန်။ (ပါတိမောက္ခမေဒိနီ၊၄၁၂။)

အပလောကနကံ ငါးမျိုး

ထိုလေးမျိုးသော ကံတို့တွင် အပလောကနကံသည် ----
၁။ ကဏ္ဋကသာမဏေကို ကောင်းစွာ ကျင့်သည်ကို မြင်၍ ပြန်သွင်းသောဩသာရဏကံ၊
၂။ ကဏ္ဋကသာမဏေကို ဖျက်ဆီးသကဲ့သို့သော နှင်ထုတ်သော နိဿာရဏကံ၊
၃။ ရှင်လောင်းရဟန်းလောင်း၏ ဆံချခေါင်းရိပ်ဦးပြည်းခြင်းကို ပန်ကြားသောဘဏ္ဍုကံ၊
၄။ နှုတ်ကြမ်းသော ရဟန်းအား ဆိုချင်ရာ ဆိုပါစေ တစ်စုံတစ်ယောက်သော ရဟန်းမျှ ဆိုဆုံးမခြင်းကို မပြုရဟု ပန်ကြားပြောကြား၍ မြစ်ထားသော, ဒဏ်ပေးထားသော ဗြဟ္မဒဏ္ဍကံ၊
၅။ ဘိက္ခုနီမတို့၏ မကြည်ညိုဖွယ်ကို ပြုသော ရဟန်းကို ဘိက္ခုနီမတို့က ရှိမခိုးရဟု ပြောသော ကမ္မလက္ခဏကံ - ဤသို့ဖြင့် အပလောကနကံ (၅)မျိုး ပြား၏၊

(ဆောင်) သွင်း ထုတ် ဗြဟ္မဒဏ်၊ ဦးပြည်းကံ၊ ကမ္မံလက္ခဏံ၊
အပလောကန၊ ငါးဌာန၊ ရောက်ထ မြဲဧကန်။

(ပါတိမောက္ခမေဒိနီ၊၄၁၂။)

ဉတ္တိကံ (၉) မျိုး

၁။ ရဟန်းလောင်းကို ခေါ်သွင်းသော ဩသာရဏဉတ္တိကံ၊
၂။ ဥဗ္ဘာဟိကအဆုံးအဖြတ်၌ ဓမ္မကထိကပုဂ္ဂိုလ်ကို နှင်ထုတ်သော နိဿာရဏဉတ္တိကံ၊
၃။ ဥပုသ်ဉတ်၏ အစွမ်းဖြင့် ထားအပ်သောဥပေါသထဉတ္တိကံ၊
၄။ ပဝါရဏာကံ၏ အစွမ်းဖြင့် ထားအပ်သော ပဝါရဏာဉတ္တိကံ၊
၅။ မိမိကိုလည်းကောင်း, သူတစ်ပါးကိုလည်းကောင်း သမုတ်ခြင်းငှာ ထားအပ်သော သမုတိဉတ္တိကံ၊
၆။ စွန့်အပ်သော သင်္ကန်း, သပိတ်စသည်တို့ကို ပြန်ပေးသော ဒါနဉတ္တိကံ၊
၇။ အာပတ်ကို ခံသော ပဋိဂ္ဂါဟကဉတ္တိကံ၊
၈။ ပြုအပ်သော ပဝါရဏာကိုငင်သော ပစ္စုက္ကဍ္ဎနဉတ္တိကံ၊
၉။ တိဏဝတ္ထာရကသမထ၌ သဗ္ဗသင်္ဂါဟိကဉတ် တစ်ခုခုသော အဖို့၌ တစ်ခုခုသောဉတ် ဤသုံးပါးသော ဉတ်ဟု ဆိုအပ်သော ကမ္မလက္ခဏကံအားဖြင့် ဉတ္တိကံ (၉)မျိုး ပြား၏၊

(ဆောင်) ဩ, နိ, ဥ, ပ၊ သမ္မုတ၊ ဒါန, ပဋိဂ္ဂံ။
ပစ္စုက္ကဍ္ဎန၊ ကံလက္ခ၊ နဝ ဉတ္တိကံ။ (ပါတိမောက္ခမေဒိနီ၊၄၁၃။)

ဉတ္တိဒုတိယကံ (၇) မျိုး

၁။ သပိတ်လှန်သော ဩသာရဏကံ၊
၂။ သပိတ်မှောက်သော နိဿာရဏကံ၊
၃။ သိမ်သမုတ်ခြင်း စသော တစ်ဆယ့်ငါးပါးသော သမုတ်ခြင်းတို့၏ အစွမ်းဖြင့် ဖြစ်သောသမ္မုတိကံ၊
၄။ ကထိန်သင်္ကန်းပေးခြင်း၊ မတကသင်္ကန်းပေးခြင်းတို့၏ အစွမ်းဖြင့် ဖြစ်သော ဒါနကံ၊
၅။ ကထိန်နုတ်သည်၏ အစွမ်းဖြင့်ဖြစ်သော ဥဒ္ဓါရကံ၊
၆။ ကုဋိရာကျောင်းရာ ကြားသည်၏ အစွမ်းဖြင့် ဖြစ်သော ဒေသနာကံ၊
၇။ တိဏဝတ္ထာရကသမထ၌ တစ်ခုခုသောအဖို့၌ ဉတ္တိဒုတိယကမ္မဝါစာ တစ်ခု၊ တစ်ခုသောအဖို့၌ ဉတ္တိဒုတိယကမ္မဝါစာတစ်ခု၊ မောဟာရောပန စသည်တို့၌ ဟောအပ်သော ဉတ္တိဒုတိယကမ္မဝါစာတို့၏ အစွမ်းဖြင့် ဖြစ်သော ကမ္မလက္ခဏကံ - ဤသို့အားဖြင့် (၇)မျိုး ပြား၏၊

(ဆောင်) ဩ, နိ, သံ, ဒါ၊ ဥဒ္ဓါ ဒေသ၊ ကံလက္ခ၊ သတ္တ ဉတ်ဒုကံ။

ဉတ္တိစတုတ္ထကံ (၇) မျိုး

၁။ တဇ္ဇနီယ စသော ခုနစ်ပါးသော ကံတို့၏ အစွမ်းဖြင့် ဖြစ်သော ဩသာရဏကံ၊
၂။ ထိုကံတို့၏ ငြိမ်းသည်၏ အစွမ်းဖြင့် ဖြစ်သော နိဿာရဏကံ၊
၃။ ဘိက္ခုနောဝါဒက သမုတ်သည်၏ အစွမ်းဖြင့် ဖြစ်သော သမ္မုတိကံ၊
၄။ ပရိဝါသ်, မာနတ် ပေးသည်၏ အစွမ်းဖြင့် ဖြစ်သော ဒါနကံ၊
၅။ မူလာယပဋိကဿန၏ အစွမ်းဖြင့် ဖြစ်သော နိဂ္ဂဟကံ၊
၆။ ဥက္ခိတ္တာနုဝတ္တကရဟန်း စသော ယာဝတတိယက တစ်ဆယ့်တစ်ယောက်သော သမနုဘာသနရဟန်းတို့၏ အစွမ်းဖြင့် ဖြစ်သော သမနုဘာသနကံ၊
၇။ ဥပသမ္ပဒ, အဗ္ဘာနကံတို့၏ အစွမ်းဖြင့် ဖြစ်သော ကမ္မလက္ခဏကံ -ဤသို့အားဖြင့် (၇)မျိုး ပြား၏၊

(ဆောင်) ဩ, နိ, သမ်, ဒါ၊ နိဂ်, နု, ဘာ၊ ကမ္မာလက္ခဏံ။
ဉတ္တိစတုတ္ထ၊ ခွန် ဌာန၊ ရောက်ထ မြဲဧကန်။

ကံပြုပုံ သတ်မှတ်ချက်များ

ဤလေးပါးသော ကံတို့တွင် အပလောကနကံကို ပန်ကြား၍သာ ပြုရသည်။ ဉတ်ထားသည့် ဉတ္တိကံစသည် အစွမ်းဖြင့် မပြုရ။

ဉတ္တိကံကို ဉတ်တစ်ကြိမ် ထား၍သာ ပြုရသည်။ အပလောကနကံ စသည်ဖြင့် မပြုရ။

ဉတ္တိဒုတိယကံကိုကား ပန်ကြား၍လည်း ပြုကောင်းသည်။ ဉတ္တိဒုတိယကံဖြင့်လည်း ပြုကောင်းသည်။ သီမာသမုတိကံ, သီမာသမူဟနကံ, ကထိနစီဝရဒါနကံ, ကထိနုဒ္ဓါရကံ, ကုဋိဝတ္ထုဒေသနာကံ, ဝိဟာရဝတ္ထုဒေသနာကံ ဤ (၆)ပါးကား ဂရုကံများဖြစ်၍ ပန်ကြား၍ မပြုကောင်း၊ ဉတ္တိဒုတိယ ကံဖြင့်သာ ကံပြုရသည်။

ကြွင်းသော သမုတိကံ (၁၃)ပါးနှင့် သေနာသနဂ္ဂါဟကံ, မတကစီဝရဒါနသမ္မုတိကံတို့ကား လဟုကံဖြစ်၍ ပန်ကြား၍သာ ပြုကောင်းသည်။ ဉတ္တိကံစသည်ဖြင့် မပြုရ။

ဉတ္တိစတုတ္ထကံကိုကား မိမိလက္ခဏာဖြင့်သာ ကံပြုရသည်။ ကြွင်းသော ကံတို့ဖြင့် ကံမပြုရဟု သိပါ။

(ဆောင်) အပလောကန၊ ပန်ကြားရ၊ ပြုထဧကန်သာ။
ဉတ္တိကမ္မာ၊ ဉတ်ဖြင့်သာ၊ ပြုပါ ဧကန်သာ။
ဉတ္တိဒုတိယ၊ ပန်းကြားထ၊ ပြုက အပ်သည်သာ။
ပန်၍ မရ၊ ဆ, ကမ္မ၊ ဖော်ထ သိလေပါ။
ဉတ္တိစတုတ္ထ၊ ယင်းကမ္မ၊ ပြုကြ ယင်းဖြင့်သာ။

(ပါတိမောက္ခမေဒိနီ၊၄၁၄။)

(တစ်နည်း) သမ္မုခကရဏီယကံ, အသမ္မုခကရဏီယကံဟု နှစ်မျိုး ပြားသင့်သေး၏၊

ထိုတွင် တမန်ဖြင့် ရဟန်းခံသော ကံ, သပိတ်မှောက်ကံ, သပိတ်လှန်ကံ, ဥမ္မတ္တကသမ္မုတိကံ, သေက္ခသမ္မုတိကံ, ဗြဟ္မဒဏ္ဍကံ, ပကာသနီယကကံ, အဝန္ဒိယကံ ဤ (၈)ပါးကား မျက်ကွယ်၌ ပြုရသော အသမ္မုခကရဏီယကံ မည်၏၊ ကြွင်းသော ကံများကား မျက်မှောက်၌သာ ပြုရသော သမ္မုခကရဏီယကံတို့ မည်၏၊

(ဆောင်) အသမ္မုခ၊ သမ္မုခ၊ နှစ်ဝ တစ်နည်းလှစ်။

တမန်-မှောက်-လှန်၊ ဥမ်, သောက်, ဗြမ်၊ ကာဝန်-မျက်ကွယ်ရှစ်။ အကြွင်းကံမှာ၊ မျက်မှောက်သာ၊ ပြုပါ သိဖို့ဖြစ်။

(ပါတိမောက္ခမေဒိနီ၊၄၁၀။)

ဓမ္မိကကံ

ဓမ္မော ဧတေသု အတ္ထီတိ ဓမ္မိကာနိ ဟူသည်နှင့်အညီ ---

ဓမ္မ, ဝိနယ, သတ္ထုသာသန အားလျော်စွာ ပြုအပ်သောကြောင့် ဟုတ်မှန်တိုင်းသော သဘောရှိသော ကံတို့ကို ဓမ္မိကကံတို့ဟု ဆိုရသည်။

ဤ၌ ဓမ္မဟူသည် ဟုတ်မှန်တိုင်းသော ဝတ္ထုကို ဆိုသည်၊ ဝတ္ထု ဟုတ်မှန်ရမည်ဟူ၏၊ ဝိနယဟူသည် ဝတ္ထုကိုလည်းကောင်း, အာပတ်ကိုလည်းကောင်း ပြ၍ စောဒနာခြင်း၊ အပြစ်ကို အောက်မေ့စေခြင်း နှစ်ပါးကို ဆိုသည်။ သတ္ထုသာသနဟူသည် မြတ်စွာဘုရား၏ အဆုံးအမဖြစ်သော ဉတ်၏ ပြည့်စုံခြင်း ကမ္မဝါစာ၏ ပြည့်စုံခြင်း နှစ်ပါးကို ဆိုသည်။

အဓမ္မိကကံ

ဓမ္မဝိနယ သတ္ထုသာသနအားလျော်စွာ မပြုအပ်သောကြောင့် ဟုတ်မှန်တိုင်းသော သဘောမရှိသော ကံကို အဓမ္မိကကံဟု အပြန်အားဖြင့် သိသင့်သည်။

ဥပသမ္ပဒကံ၏ သမ္ပတ္တိငါးပါး

ဉတ္တိစတုတ္ထကံ၏ မပျက်ခြင်းသမ္ပတ္တိသည်---
၁။ ဝတ္ထုသမ္ပတ္တိ၊
၂။ ဉတ္တိသမ္ပတ္တိ၊
၃။ ကမ္မဝါစာသမ္ပတ္တိ၊
၄။ သီမာသမ္ပတ္တိ၊
၅။ ပရိသာသမ္ပတ္တိဟု ငါးမျိုး ရှိ၏၊

(ဆောင်) ဝတ်, ဉတ်, ကမ္မဝါ၊ သိမ်, ပရိသာ၊ ငါးဖြာ သမ္ပတ္တိ။
ပဉ္စင်းမြောက်ရန်၊ အင်ငါးတန်၊ ပြန်လေ ဝိပတ္တိ။

(ဝိနည်းဥပဒေတော်ကြီး၊၄၅၁။)

ဥပုသ်ပဝါရဏာကံဆောင်ပုံများ, ဥပသမ္ပဒကံဆောင်ပုံများ အကျယ်ကို ဆိုင်ရာအခန်းတို့၌ ဆက်လက်ကြည့်ရှုကြပါကုန်၊ ဤကား ကံလေးမျိုး သိသာရုံကိုသာ အကျဉ်းချုံး၍ တင်ပြထားခြင်း ဖြစ်ပါသည်။

ပရိက္ခရာရှစ်ပါး

ပတ္တော တိစီဝရံ ကာယ-ဗန္ဓနံ ဝါသိ သူစိ စ၊
ပရိဿဝနမိစ္စေတေ၊ ပရိက္ခာရဋ္ဌ ဘာသိတာ။

(၁) သပိတ်၊ (၂) သင်းပိုင်၊ (၃) ဧကသီ၊ (၄) ဒုကုဋ်၊ (၅) ခါးပန်းကြိုး၊ (၆) ပဲခွပ် (ဝါ) ဓားမတို၊ (၇) အပ်နှင့် အပ်ချည်၊ (၈) ရေစစ်ဟူ၍ ပရိက္ခရာ (၈)ပါး ရှိ၏၊

ဤပရိက္ခရာရှစ်ပါးတို့တွင် အပ်စပ်သော သပိတ်သင်္ကန်းတို့ကို ရှေး၌ ရေးခဲ့ပြီ။

ခါးပန်းကြိုး

ကြိုးအများ ပေါင်း၍ ပြုအပ်သော ခါးပန်းကြိုး၊ ရေမြွေဦးခေါင်းသဏ္ဌာန် ပြုအပ်သော ခါးပန်းကြိုး၊ မုရိုးစည်သဏ္ဌာန်, ဆောက်လုံးသဏ္ဌာန် ခါးပန်းကြိုးတို့ကို ဆောင်လျှင် ဒုက္ကဋ်၊ အပြားရက်သော ခါးပန်းကြိုး၊ ဝက်အူသဏ္ဌာန် ပြုအပ်သော ခါးပန်းကြိုးတို့ကို ခွင့်ပြုတော်မူ၏၊ မုရိုးစည်သဏ္ဌာန် ပြုအပ်သော အမြိတ်အဆာ, ဆောက်လုံးသဏ္ဌာန် ပြုအပ်သော အမြိတ်အဆာတို့ကို ခွင့်ပြုတော်မူသည်။ ခါးပန်းသီးကိုလည်း ခွင့်ပြုတော်မူ၏၊

(စူဠဝါပါဠိတော်မြန်မာပြန်၊၂၇၉။)

ဝါသိ (= ပဲခွပ်^ဓားမတို)

ပဲခွပ်အရ သင်ဓုန်းဓားဟု ယူဆနေကြ၍ ပရိက္ခရာရှစ်ပါးတွင် သင်ဓုန်းဓားအစစ် မထည့်နိုင်သူတို့ သံဖြူဓား ပလတ်စတစ်ဓားကို ထည့်နေကြပါသည်။ သာမညဖလသုတ်အဋ္ဌကထာ၌ ဒန်ပူသတ်သောအခါ, ညောင်စောင်းအင်းပျဉ် အပေါင်(ဘောင်)ပြုလုပ်သောအခါ, သင်္ကန်းဖြင့် တဲထိုးရန် သစ်ရွေသောအခါ, ကြံခွံ ခွာသောအခါ, အုန်းသီးစသည် ခွဲသောအခါ ပဲခွပ်ကို ရဟန်းတို့ အသုံးပြုကြောင်း ဆိုသည်။ (ဝိ၊ဋ္ဌ၊၁၊၁၈၅။)

ထို့ကြောင့် ဝါသိ-အရ ပဲခွပ်ဟူသည် သင်ဓုန်းဓား မဟုတ်ကြောင်း ဓားမတိုသာဖြစ်ကြောင်း တိပိဋကဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ၏ ဟောစဉ်စာအုပ် သတ္တမတွဲ နိဒါန်းစာမျက်နှာ (ဃ)၌ ဖော်ပြထားသည်။

ရေစစ်

“ရဟန်းတို့ ..ခရီးရှည်သွားသော ရဟန်းသည် ရေစစ်ကို တောင်းလျှင် ပေးရမည်၊ မပေးသော ရဟန်းအား ဒုက္ကဋ်၊ ရဟန်းတို့ ..ရေစစ်မပါသော ရဟန်းသည် ခရီးရှည် မသွားအပ်၊ သွားသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်စေ”ဟု ပညတ်တော်မူ၏၊ ရေစစ်ပုဝါ, ဓမ္မကရိုဏ်, လေစုပ်, ရေစစ် စသည် မရှိမူ နှစ်ထပ်သင်္ကန်းစွန်းကိုလည်း “ဤနှစ်ထပ်သင်္ကန်းဖြင့် စစ်၍ ရေသောက်အံ့”ဟု ဆောက်တည်ရမည်။

“ရဟန်းတို့ လေးတိုင်စင် စိုက်၍ အဝတ်ကြက်သော ရေစစ်, နှစ်၍ စစ်သော ရေစစ်တို့ကို ခွင့်ပြုတော်မူ၏၊” (စူဠဝါပါဠိတော်မြန်မာပြန်၊၂၅၅။)

အခြားပရိက္ခရာများ

ထီး, ဖိနပ်, ယပ်, တောင်ဝှေး, ခြင်ထောင်, ခေါင်းအုံး, နိသီဒိုန်အခင်းတို့ကိုလည်း ခွင့်ပြုတော်မူ၏၊

ထီး, - အဝတ်ထီး, ဖျာထီး, သစ်ရွက်ထီးတို့ကို ခွင့်ပြုတော်မူသည်။ ပိုးချည်တို့ဖြင့် လှပအောင် ရွှေချည်, ငွေချည် အလှဆင်ထားသော ထီးများ မအပ်၊ မနာမဖျားသော ရဟန်းသည် အာရာမ်အတွင်း၌လည်းကောင်း, အာရာမ်ဥပစာ၌လည်းကောင်း ထီးကိုဆောင်းခြင်းငှာ ခွင့်ပြုတော်မူ၏၊ ကိုယ်ပူနာ, သည်းခြေပျက်နာ, မျက်စိအားနည်းခြင်း, ထီးနှင့်ကင်းလျှင် ဝေဒနာ တစ်ခုခုဖြစ်တတ်သော ရဟန်းလေးဦးတို့အား ရွာ၌လည်းကောင်း, တော၌လည်းကောင်း ထီးဆောင်းခြင်းငှာ အပ်၏၊ မိုးရွာလျှင်လည်း အပ်၏၊ သစ်ရွက်ထီး, ထန်းလက်စလူ နေရာအားလုံး အပ်၏၊

ဖိနပ် - ဤဖိနပ်အရာ၌ သားရေမှတစ်ပါး ရဟန်းတို့အား မအပ်၊ သားရေဖိနပ်သာ အပ်သည်ဟု သိ။ (ခြင်္သေ့သားရေ, ကျားသားရေ, ကျားသစ်ရေ, ကြောင်သားရေ စသည်တို့ကို ပယ်သည်။ မဟာဝါ စမ္မခဏ္ဍက စာမျက်နှာ (၂၇၄)တွင် ရှုပါ။ (ပါတိမောက္ခမေဒိနီ၊၄၆၉။)

(မှတ်ချက်) ရာဘာဖြင့် ပြုလုပ်ထားသော ဖနောင့်ဖုံး ဖမိုးဖုံး မပါသော ဖိနပ် များလည်း အပ်၏ဟု မဟာပဒေသလေးပါးနှင့် ညှိ၍ ရှေးဆရာတော်ကြီးများ ယူကြသည်။

ယပ် - (၁) လေးထောင့်ယပ်၊ (၂) ထန်းရွက်ယပ်၊ (၃) လျှော်ဖြင့် ပြီးသော ယပ်၊ (၄) ပန်းရင်းဖြင့်ပြီးသော ယပ်၊ (၅) ဥဒေါင်းမြီးဖြင့်ပြီးသော ယပ်တို့ကို ခွင့်ပြုတော်မူ၏၊ စာမရီသားမြီးယပ်ကို မဆောင်အပ်၊ ဆောင်သော ရဟန်း ဒုက္ကဋ်။ (စူဠဝါပါဠိတော်မြန်မာပြန်၊၂၇၁။)

တောင်ဝှေး - ဂိလာန (= နာသောရဟန်း)က ဒဏ္ဍသမ္မုတိကို (၃)ကြိမ် တောင်းပန်ရ၏၊ သံဃာမှ ဉတ္တိဒုတိယကံဖြင့် ဒဏ္ဍသမ္မုတိ ပေးရ၏၊

(စူဠဝါအရသာ၊ ၁၉၅။)

(မှတ်ချက်) မဇ္ဈိမလေးတောင် ပကတိခြောက်တောင်ရှိသော တောင်ဝှေးကိုသာ သမုတ်၍ ပေးရသည်။ ထိုထက် ရှည်သော, တိုသော တောင်ဝှေးသည်ကား သမ္မုတိကင်းသော်လည်း ရဟန်းအားလုံး အပ်၏၊ (စူဠဝါအရသာ၊၁၆၀။)

ခြင်ထောင် = မကသကုဋိ, ကာတိစီဝရကုဋိ, ကာဝုစ္စတိဟု အဋ္ဌကထာဆိုသည် အဝတ်ကျောင်းငယ် ဖြစ်၏၊

ခေါင်းအုံး = ခေါင်းအုံးကား ဦးခေါင်းပမာဏရှိသော်သာ အပ်၏၊ ဦးခေါင်းပမာဏ ခေါင်းအုံးဟူသည် ထောင့်သုံးထောင့်တို့တွင် နှစ်ထောင့်တို့၏ အကြား အနံအားဖြင့် တစ်ထွာလေးသစ် အလယ်တောင်ဆုပ် အလျား တစ်တောင့်ထွာ နှစ်တောင်သာ အပ်သည်။ အနံ - တောင်ဆုပ်၊ အလျား - နှစ်တောင် ဟူ၏၊ ထိုထက်ကြီးမူ မအပ်၊ အငယ်ပမာဏ ကျမ်းဂန်၌ မပြ။

ကျမ်းဂန်၌ ဂိလာနမဟုတ်လျှင် ခေါင်းအုံးနှင့် ခြေအုံးနှစ်မျိုးသာ အပ်ကြောင်း လာ၏၊ ထိုကြောင့် ဝိနည်းဓိုရ်ပုဂ္ဂိုလ်များကား ခေါင်းအုံးကို တံတောင်ဖြင့် ထောက်ခြင်း၊ ရင်ဘတ်အောက် ထားခြင်းများကို မပြုဘဲ ရှောင်ကြဉ်ကြ၏၊ အချို့ကား တံတောင်ဖြင့် ထောက်ခြင်း, လက်ဖြင့်ထောက်ခြင်းများကို သံသယမရှိကြ။ (ပါတိမောက္ခမေဒိနီ၊၄၃၀။)

သုဒ္ဓပါစိတ်

စိတ္တံ ပါတေတီတိ ပါစိတ္တိယံ၊ ကုသိုလ်စိတ်ကို ကျစေတတ်သောကြောင့် ပါစိတ္တိယခေါ်သည်။ စိတ္တနှင့် ပါတကို ရှေ့နောက်ပြန် တ-ကို ချေ၍ ဏျ ပစ္စည်းသက် ဣအာဂုံလာရကား ပါစိတ္တိယ ဖြစ်သည်။ မြန်မာပြန်သောအခါ ပါစိတ်ဟု ပြန်၏၊ နိဿဂ္ဂိသဘော မပါသောကြောင့် သုဒ္ဓပါစိတ် - ပါစိတ်သက်သက်ဟု ဆိုသည်။ စေတနာနှင့်တကွ သင့်အပ်သော ပါစိတ်အာပတ်ဖြစ်သည့်အခါ ကုသိုလ်စိတ်များ ကွယ်ပျောက်သောကြောင့် “ကုသိုလ်စိတ်ကို ကျစေတတ်သော အာပတ်”ဟု ဆိုသည်။

သုဒ္ဓပါစိတ် (၉၂) ပါး

၁။ မုသာဝါဒဝဂ် သိက္ခာပုဒ် (၁၀)ပါး၊
၂။ ဘူတဂါမဝဂ် သိက္ခာပုဒ် (၁၀)ပါး၊
၃။ ဩဝါဒဝဂ် (၁၀)ပါး၊
၄။ ဘောဇနဝဂ် (၁၀)ပါး၊
၅။ အစေလကဝဂ် (၁၀)ပါး၊
၆။ သူရာပါနဝဂ် (၁၀)ပါး၊
၇။ သပ္ပါဏကဝဂ် (၁၀)ပါး၊
၈။ သဟဓမ္မိကဝဂ် (၁၂)ပါး၊
၉။ ရတနဝဂ် (၁၀)ပါး၊
ဤသို့လျှင် ဝဂ်အားဖြင့် (၉)ဝဂ်၊ သိက္ခာပုဒ်အားဖြင့် (၉၂)ပါး ဖြစ်သည်။

မုသာဝါဒဝဂ် သိက္ခာပုဒ် (၁၀) ပါး

၁။ ရဟန်း၏ သိလျက်ချွတ်ယွင်းသောစကားကို ပြောဆိုခြင်းကြောင့် မုသာဝါဒပါစိတ်အာပတ်သင့်၏၊
၂။ ရဟန်းကို နှုတ်လှံထိုးခြင်း, ဆဲရေးခြင်းကြောင့် ဩမသဝါဒပါစိတ်အာပတ်သင့်၏၊
၃။ ရဟန်းတို့ကို ချောပစ်ကုန်းတိုက်ခြင်းကြောင့် ပေသုညပါစိတ်အာပတ် သင့်၏၊
၄။ လူ သာမဏေအား ပါဠိအဋ္ဌကထာကို ပုဒ်ပြိုင်သံပြိုင် စာချပေးအံ့ ပဒသောဓမ္မပါစိတ်အာပတ်သင့်၏၊
၅။ လူ, သာမဏေ, တိရစ္ဆာန်နှင့် နှစ်ညဉ့် သုံးညဉ့်ထက်အလွန် တစ်မိုးတစ်ရံတည်းကျောင်း, အိမ်, ဇရပ်၌ အတူ အိပ်အံ့၊ ပထမ သဟသေယျပါစိတ်အာပတ်သင့်၏၊
၆။ မာတုဂါမ (အမျိုးသ္မီး)နှင့် တစ်မိုးတစ်ရံတည်းသော ကျောင်း, အိမ်, ဇရပ်တို့၌ အတူအိပ်အံ့၊ ဒုတိယ သဟသေယျပါစိတ်အာပတ် သင့်၏၊
၇။ သိကြားလိမ္မာသော ယောက်ျားကို ကြဉ်ထား၍ မာတုဂါမအမျိုးသ္မီးအား ငါးပုဒ်ခြောက်ပုဒ်ထက် ပိုလွန်သော ပါဠိတော်အဋ္ဌကထာဓမ္မကို ဟောကြားအံ့၊ ဓမ္မဒေသနာပါစိတ်အာပတ်သင့်၏၊
၈။ လူ, သာမဏေအား စျာန်မဂ်ဖိုလ်တရားကို ပြောကြားအံ့၊ ဟုတ်မှန်သည်ရှိသော် ဘူတာရောစနပါစိတ်အာပတ်သင့်၏၊
၉။ ပြောကြားခွင့် သမ္မုတိရသူ မဟုတ်ဘဲ သံဃာဒိသေသ် ဒုဋ္ဌုလ္လအာပတ်ကို လူ, သာမဏေအား ပြောကြားအံ့ ဒုဋ္ဌုလ္လာရောစနပါစိတ်အာပတ် သင့်၏၊
၁၀။ မြေအစစ်ဖြစ်သော ဇာတပထဝီကို ကိုယ်တိုင်တူးခြင်း, သူတစ်ပါးကို တူးခိုင်းခြင်း, ရေးခြစ်ခြင်း, မီးတိုက်ခြင်း, ဖျက်ဆီးခြင်းကြောင့် ပထဝီခဏနပါစိတ်အာပတ်သင့်၏၊

၁။ မုသာဝါဒသိက္ခာပုဒ် အဓိပ္ပာယ်

သမ္ပဇာန

မပြောမီ ပြောခါနီးခဏနှင့် ပြောဆဲခဏ၌ အလွဲအမှားကို မိမိက လိမ်ပြောနေကြောင်း သိခြင်း (အမှားကို အမှားမှန်းသိခြင်း)ကို သမ္ပဇာန ဟုဆိုသည်။ တချို့သောအရာ၌ အလွဲအမှားကို ပြောဆိုပြုလုပ်နေသော်လည်း ကိုယ်တိုင်ကမူ အမှန် ထင်နေတတ်၏၊ ထိုနေရာမျိုး၌ စေတနာ မပါ၍ မုသာဝါဒအပြစ် မရှိ။

မုသာဝါဒ

မဟုတ်မှန်သော ဝတ္ထုကို မုသာဟု ခေါ်၏၊ ရွှေအစစ်ကို ရွှေမဟုတ် ဟု ပြောဆိုရာ၌ ပြောတိုင်း မဟုတ်သောကြောင့် ထိုရွှေအစစ်သည်ပင် မုသာ ဖြစ်ရလေသည်။ ဝါဒ သဒ္ဒါသည် ပြောခြင်း အနက်ရှိ၏၊ ယေဘုယျနည်းတည်း။ မုသားပြောသည်ဟု ဆိုထားသော်လည်း လက်လှုပ်, ခြေလှုပ်, ဦးခေါင်း ညိတ်, ဦးခေါင်းရမ်း, စာရေးသား၍ လိမ်ခြင်းစသော ကိုယ်အင်္ဂါဆိုင်ရာဖြင့် လိမ်ခြင်းကိုပါ ဝါဒအရ သွင်းယူရမည်။ ထို့ကြောင့် ကိုယ်နှုတ်တစ်ပါးပါးဖြင့် လိမ်လည်လှည့်စားကြောင်း စေတနာကို မုသာဝါဒဟု မှတ်ပါ။

မုသားဆိုသောရဟန်းအပြစ် (၇) ပါးနှင့် အာပတ် (၅) ချက်

၁။ ဥတ္တရိမနုဿဓမ္မကို ပြောကြားခြင်းအကျိုးငှာ မုသားဆိုသောရဟန်း ပါရာဇိက။
၂။ အမူလကပါရာဇိကဖြင့် စွပ်စွဲခြင်းအကျိုးငှာ မုသားဆိုသောရဟန်း သံဃာဒိသေသ်။
၃။ သံဃာဒိသေသ်ဖြင့် စွပ်စွဲခြင်း မုသားဆိုသောရဟန်း ပါစိတ်။
၄။ အမူလကထုလ္လစ္စဉ်းစသော အောက်အာပတ်ငါးပုံဖြင့် စွပ်စွဲခြင်းကြောင့် ဒုက္ကဋ်။
၅။ သင်၏ကျောင်း၌ နေသောရဟန်းကား ရဟန္တာဖြစ်သည် စသော ပရိယာယ်ဖြင့် သူတစ်ပါးကဲ့သို့ သွယ်ဝိုက်၍ ဥတ္တရိမနုဿဓမ္မကို ပြောကြား ခြင်းအကျိုးငှာ မုသားဆိုသော ရဟန်း၊ နားထောင်သူ သိအံ့ ထုလ္လစ္စဉ်း။
၆။ ထိုသို့ပြောရာ၌ တစ်ဖက်သား နားမလည်လျှင် ဒုက္ကဋ်။
၇။ သက်သက် မုသားဆိုသောရဟန်း ဤသိက္ခာပုဒ်ဖြင့် ပါစိတ်သင့်၏၊

(ဆောင်) စတုတ္ထပါရာ, သံဃာဒိသေသ်, ပါစိတ်ဖြစ်လတ်၊
ဒုက္ကဋ် ထုလ္လစ္စဉ်း, တစ်ခင်းဒုက္ကဋ်, ပါစိတ် ထပ်ပြား၊
ခုနစ်ပါး မုသားအပြစ်တည်း။ (ဘာသာဋီ၊၂၂၂။)
မုသားဆိုက, အာပဉ္စ, တွေးဆ စီစစ်ယူ။ (မေဒိနီ၊၁၅၈။)

၂။ ဩမသဝါဒသိက္ခာပုဒ်အဓိပ္ပာယ်

ရဟန်းကို ဆဲရေးခြင်းကြောင့်ဩမသဝါဒ ပါစိတ်အာပတ်သင့်၏၊ ဘိက္ခု နီမများနှင့် လူ, သာမဏေများကို ဆဲရေးခြင်းကြောင့်ကား ဒုက္ကဋ်အာပတ် သင့်၏၊

ဆဲရေးကြောင်းစကား (ဆဲဆိုသော စကားလုံး)များကို နှုတ်လှံ (လှံနှင့်တူသော နှုတ်)ဟု ခေါ်၏၊ ထိုစကားလုံးများကို ပြောဆိုဆဲရေးခြင်းသည် နားလည်းမခံသာ စိတ်နှလုံးလည်း မခံသာအောင်ရှိ၍ လှံဖြင့် ထိုးသကဲ့သို့ ဖြစ်၏၊ ထို့ကြောင့်ဩမသဝါဒ (= နှုတ်လှံထိုးခြင်း)ဟု အနက်ပေးကြသည်။

အက္ကောသဝတ္ထု

အမျိုးအမည် စသည်ကို ထိပါးပုတ်ခတ်၍ ဆဲခြင်းစသည်ဖြင့် ကိုင်တွယ် ထိပါးဖွယ် အရာဝတ္ထုများကို အက္ကောသဝတ္ထု (= ဆဲရေးကြောင်းဝတ္ထု)ဟု ခေါ်၏၊ ထိုအက္ကောသဝတ္ထုတို့ကား (၁၀)မျိုး ရှိ၏၊

၁။ ဇာတိ = အမျိုးဇာတ်၊
၂။ နာမ = နာမည်၊
၃။ ဂေါတ္တ = အနွယ်၊
၄။ ကမ္မ = သူ၏အလုပ်အကိုင်၊
၅။ သိပ္ပ = အတတ်ပညာ၊
၆။ အာဗာဓ = သူ့မှာရှိနေသော အနာရောဂါ၊
၇။ လိင်္ဂ = သူ၏ အချိုးကျ, မကျ ပုံသဏ္ဌာန်၊
၈။ ကိလေသ = သူ့မှာဖြစ်တတ်သော လောဘ, ဒေါသ, မာန, ဣဿာ, မစ္ဆရိယ စသည်...
၉။ အာပတ္တိ = သူတစ်ပါး၌ သင့်ရောက်နေသော အာပတ်အပြစ်၊
၁၀။ အက္ကောသ = မေထုန်နှင့် စပ်၍လည်းကောင်း, ယောက်ျားအင်္ဂါဇာတ်, မိန်းမအင်္ဂါဇာတ်နှင့် စပ်၍လည်းကောင်း, ဟဲ့ခွေး ဟဲ့နွား စသည်ဖြင့်လည်းကောင်း, ဆဲရေးခြင်း၊
ဤသို့လျှင် ဩမသဝါဒပါစိတ် အာပတ်သင့်ဖို့ရာ အက္ကောသဝတ္ထု (၁၀)ပါး ရှိ၏၊

ဇာတိ နာမ ဂေါတ္တ ကမ္မံ၊ သိပ္ပံ အာဗာဓ လိင်္ဂိကံ၊
ကိလေသာပတ္တိ အက္ကောသော၊ ဒသ ဝိဓောတိ ဝုစ္စရေ။

အာပတ်အမျိုးမျိုးသင့်ပုံ

ထိုအက္ကောသဝတ္ထု တစ်မျိုးမျိုးဖြင့် ရဟန်းကို တိုက်ရိုက်ဆဲမူ ပါစိတ်၊ တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်ရည်ညွှန်း၍ ဆဲမူ ဒုက္ကဋ်၊ လူ, သာမဏေ, ဘိက္ခုနီမတို့အား ဆဲမူ ဒုက္ကဋ်ပင်။ ပါဠိတော်မှ အလွတ်ဖြစ်သော ဟဲ့သူခိုး စသည်ဖြင့် ဆဲမူလည်း ဒုက္ကဋ်၊ ဆဲရေးလို၍ မဟုတ်ဘဲ ရယ်မြူးပျော်ရွှင်လို၍ (အောင်မယ် မင်းသားကြီး လာသကိုး) စသည်ဖြင့် ပြောခြင်း၊ လူထွားကြီး လာပြီဟေ့, ပညာရှိကြီးလာပြီဟေ့ စသည်ဖြင့် ပြောခြင်းဟူသမျှတို့၌ ဒုဗ္ဘာသီအာပတ်ဟု မှတ်။

(ဆောင်) မည်, နွယ်, မှု, ဇာတ်၊ နာ, သွင်, တတ်၊ ကိပတ်ဆဲ ဆယ်ပါး။
တိုက်ရိုက်ဆဲမူ၊ ပါစိတ်ဟူ၊ ရည်မူ ဒုက္ကဋ်ကြား။
လူ နီ သာမဏေ၊ ဆဲတုံပေ၊ ထွေထွေ ဒုက္ကဋ်ငြား။
ပါဠိလွတ်မှု၊ ဆဲခြင်းပြု၊ မှတ်ရှု ဒုက္ကဋ်ထား။

၃။ ပေသုညသိက္ခာပုဒ် အဓိပ္ပာယ်

ရဟန်းတစ်ပါးက ရဟန်းတစ်ပါးအား ဇာတိစသော အက္ကောသဝတ္ထုဖြင့် ဆဲရာ၌ ဆဲသံကို ကြားသော ရဟန်းက ကုန်းချောသောအားဖြင့် ဆောင်ပို့ခြင်းကို ဘိက္ခုပေသုညဟု ခေါ်၏၊ ပေသုညပါစိတ်သင့်၏၊ အက္ကောသ ဝတ္ထုမှတစ်ပါး အခြားဆဲနည်းဖြင့် ဆဲသည်ကို ပို့လျှင် ဒုက္ကဋ်၊ လူ, သာ, မဏေ, ဘိက္ခုနီမတို့ကို ကုန်းတိုက်ရာ၌လည်း ဒုက္ကဋ်။

ပိသတိ = မိတ်ဆွေ နှစ်ဦးကို ကွဲပြားအောင် ကြိတ်ခြေတတ်၏၊ ဣတိ = ထို့ကြောင့်။ ပိသုနော = ပိသုနပုဂ္ဂိုလ် မည်၏၊ ပိသုနဿ = မိတ်ဆွေနှစ်ပါး ကွဲပြားအောင် ကြိတ်ခြေတတ်သူ၏၊ ကမ္မံ = အမှုလုပ်ငန်းသည် (ကုန်းချောစကား ပြောမှုသည်) ပေသုညမည်၏၊ ပိသုနနောင် ကမ္မအနက်၌ ဏျပစ္စည်း နျကိုညပြု ပိ၏ ဣကို ဧပြု၍ ပေသုညဟု ပြီးသည်။

(တစ်နည်း) ပိသတိ ဘိန္နံ ကရောတီတိ ပိသုနာ၊ (ဝါစာ) ကွဲပြားအောင် ပြုတတ်သော စကား။ ပိသုနမေဝ ပေသုညံ ဏျပစ္စည်း ညပြု၊ ၎င်းစကားကိုပင် ရစေ။

(တစ်နည်း) ပိသတိ ဘိန္နံ ကရောတီတိ ပိသုနော၊ (ဘိက္ခု) ပိသုနဿကမ္မံ ပေသုညံ၊ ရဟန်း၏ ကုန်းချောမှု စကားကို ရစေ။

(တစ်နည်း)ပိယဿ ဘာဝေါ ပိယော(ဘာဝ နောက်ပုဒ်ကျေ)၊ ပိယတော သုညော ပိယသုညော၊ ချစ်သည်အဖြစ်မှ ဆိတ်ခြင်းကို ရစေ။ပိယသုညဿ ကရဏံ ပေသုညံ၊ ပိယသုညကရ ဟုဆိုအပ်လျှက် နိရုတ္တိနည်းအားဖြင့် ပိယကို ပေ၊ ကရကို ချေ၍ ပေသုညဟု ရုပ်ပြီးသည်၊ ချစ်သည်အဖြစ်မှ ဆိတ်ခြင်းကို ပြုတတ်သော စကားကို ရစေ။ မုန်းအောင် ပြုတတ်သော စကားဟူ၏၊ ကုန်းချောစကား, ကတုန်းကတိုက် ပြုလုပ်သော စကား ဟူလို။

၄။ ပဒသောဓမ္မသိက္ခာပုဒ်

လူ, သာမဏေ, သီလရှင်တို့အား သံပြိုင်စာချပေးလျှင် ပါစိတ်အာပတ် သင့်၏၊ ရဟန်းချင်းဖြစ်စေ, ဘိက္ခုနီမအားဖြစ်စေ သံပြိုင်စာချရာ၌ကား အာပတ်မသင့်၊ ဓမ္မအရ သင်္ဂါယနာသုံးတန်တင်သော ပါဠိတော် အဋ္ဌကထာဓမ္မ, သင်္ဂါယနာ မတင်သော ရာဇောဝါဒ စသော ဓမ္မမျိုးကို ယူပါ။ တစ်စုံတစ်ယောက်က စီကုံးရေးသားအပ်သော ပါဠိများနှင့် မေဏ္ဍကပဥှာ, မိလိန္ဒပဥှာတို့ကဲ့သို့ မိမိဉာဏ်အား ထင်သည်ကို ဟောသောစကားမျိုးကို မယူရ။ တခြား ဘာသာ မြန်မာနိဿယအနက်များကို သံပြိုင်ချသော်လည်း အာပတ် မသင့်။

ပဒသော၌ မှတ်သားဖွယ်

ပဒသဒ္ဒါသည် အစုဟူသော အနက်ကို ဟော၏၊ သော-ပစ္စည်းကား ဝိစ္ဆာအနက်၊ ထို့ကြောင့် “ပဒံ ပဒံ = ကောဋ္ဌာသံ ကောဋ္ဌာသံ = အစုအစု”ဟု ဖွင့်ကြသည်။ ပဒသော = ပုဒ်တိုင်း ပုဒ်တိုင်း၊ (ဝါ ) အဖို့တိုင်း အဖို့တိုင်း၊ (ဝါ) အစုအစုအားဖြင့် အနက်ပေး။ ရှေးက ပဒသော = ပုဒ်ပြိုင်ဟု အနက်ပေးကို ဆင်ခြင် စဉ်းစားသင့်၏၊

ပဒလေးမျိုး

ပဒ, အနုပဒ, အနွက္ခရ, အနုဗျဉ္ဇန-ဟု လေးမျိုး ပြား၏၊ ထိုတွင် ဂါထာ၌ ရှေ့ပါဒကို ပဒ, နောက်ပါဒကို အနုပဒ, တစ်လုံးသော အက္ခရာကို အနွက္ခရ, ရှေ့ပုဒ်နှင့်တူသော နောက်ပုဒ်ကို အနုဗျဉ္ဇန။

(တစ်နည်း) ဝိဘတ်အဆုံး ရှိသော ရှေ့ပုဒ်ကို ပဒ, ဝိဘတ်အဆုံးရှိသော နောက်ပုဒ်ကို အနုပဒ, တစ်လုံးသော အက္ခရာကို အနွက္ခရ, ဝိဘတ်မရှိသော အက္ခရာအပေါင်းကို အနုဗျဉ္ဇနဟု ဆိုသည်။ (မေဒိနီ၊၂၆၃။)

(ဆောင်) ဂါထာ၌မှာ၊ ပထမာ၊ ပါဒါ ပဒဆို။
ဒုတိယဟု၊ နောက်ပုဒ်စု၊ အနုပဒဆို။
တစ်လုံးသော အက်၊ ယင်းကိုလျှက်၊ အနွက္ခရဆို။
ရှေ့ပုဒ်တူပြု၊ နောက်ပုဒ်စု၊ အနုဗျဉ္ဇနဆို။
(စုဏ္ဏိယ) ဝိဘတ်ဆုံးနေ၊ ရှေ့ပုဒ်ပေ၊ မှတ်လေ ပဒဆို။
ဝိဘတ်ဆုံးပြု၊ နောက်ပုဒ်စု၊ မှတ်လေ ပဒဆို။
တစ်နည်းမှာစွက်၊ တစ်လုံးအက်၊ အနွက္ခရဆို။
ဓိကင်းအက်စု၊ အပေါင်းပြု၊ အနုဗျဉ္ဇနဆို။

လူ, သာမဏေတို့ကို သံပြိုင်စာပေပို့ချရာ၌ ပါဠိတော် အဋ္ဌကထာများ ဖြစ်လျှင် အာပတ်မှ လွတ်ရန် ခဲယဉ်းသောကြောင့် သံပြိုင်မဖြစ်မိအောင် သတိပြုသင့်၏၊

(ဆောင်) အချီအချ၊ ပြိုင်တူကျ၊ မှတ်ကြ ပဒပြိုင်။
အချီ မမျှ၊ ပြိုင်တူချ၊ အနုပဒပြိုင်။
အစတစ်ခု၊ ပြိုင်တူပြု၊ အနုနွက္ခရပြိုင်။
အနိစ္စနှစ်ခု၊ ပြိုင်တူပြု၊ အနုဗျဉ္ဇနပြိုင်။

အာပတ်မသင့်ပုံများ

ဝါစေယျ - ပို့ချအံ့ဟု ဆိုသောကြောင့် သံပြိုင်စာချမှ အာပတ်သင့်သည်။ စာချသော အရာမဟုတ်လျှင် အာပတ်မသင့်၊ ထို့ကြောင့် သာမဏေနှင့် ရဟန်း တွဲ၍ ပြိုင်တူဆို စာတက်ကြရာ၌လည်းကောင်း, တွဲ၍ စာပြန်ရာ၌ “လည်းကောင်း, သာမဏေအထံ ရဟန်းက စာတက်ရာ၌လည်းကောင်း, ပရိတ်ရွတ်ရာ၌လည်းကောင်း သံပြိုင်ဆိုမိသော်လည်း အာပတ်မသင့်ဟု မှတ်။

၅။ ပထမသဟသေယျ သိက္ခာပုဒ်

တစ်မိုးတစ်ရံတည်းသော ကျောင်း၌ လူ, သာမဏေ, တိရစ္ဆာန်တို့နှင့် အတူ (၃)ညဉ့်ထက်ပို၍ အိပ်လျှင် ပါစိတ်အာပတ်သင့်၏၊

အုတ်, ကျောက်, အင်္ဂတေ, မြက်, သစ်ရွက်အမိုး ငါးပါးတို့တွင် တစ်မျိုး မျိုးနှင့် မိုး၍ အလုံးစုံအမိုး ရှိသော, များသော အမိုးရှိ၍ အယုတ်ဆုံး အဝတ်ဖြင့် မိုးသော၊ အလုံးစုံအကာရှိ, များသောအားဖြင့် အကာရှိသော ကျောင်း ဖြစ်လျှင် အာပတ်သင့်သည်။ (အယုတ်ဆုံးအားဖြင့် လက်သမား အတောင်အားဖြင့် တစ်တောင့်ထွာ မြင့်လျှင် အရံအကာ ဖြစ်သည်။)

(ဆောင်) အုတ်, ကျောက်, အင်္ဂတေ, မြက်, ပဏ္ဏေ၊ ငါးထွေ အမိုးတည်း။

အာပတ်သင့်ပုံများ

ဆိုခဲ့ပြီးသော ကျောင်းတို့၌ အနုပသမ္ပန္နနှင့်အတူ သုံးညဉ့်ပတ်လုံး အိပ်ပြီး ၍ လေးခုမြောက်သော ညဉ့်၌ နေဝင်သည်မှစ၍ အနုပသမ္ပန္နအရေအတွက်အားဖြင့်လည်းကောင်း, ထပြီး ပြန်အိပ်ခြင်း၌ အိပ်ခြင်းအရေအတွက်အားဖြင့် လည်းကောင်း ညီမျှသော ပါစိတ်အာပတ် သင့်၏၊ လူ, သာမဏေ, တိရစ္ဆာန် အရေအတွက်များသလောက် အိပ်သောအကြိမ် များသလောက် အာပတ်တွေ တိုးပွားသည်။ (တိရစ္ဆာန်ဟူရာ၌ကား ပါရာဇိကလောက်သော တိရစ္ဆာန် အကြီးစားများတည်း၊ အိမ်မြှောင် ပိုးဟပ် စသည်တို့ကား သဟသေယျ မလောက်ကြ၍ အာပတ်မသင့်။)

သဟသေယျ ဟင်းလေးအိုး

အရုဏ်တက်အောင် သုံးညဉ့်အပြည့် အိပ်ပြီးလျှင်ကား လေးရက်မြောက် နေ့ နေဝင်လျှင် လူ, သာမဏေ, တိရစ္ဆာန်ရှိရာ (သဟသေယျလောက်သော) ကျောင်း အိမ်စသည်၌ ဦးခေါင်း မချရ၊ ဦးခေါင်းချမိသည်နှင့် တစ်ပြိုင်နက် အာပတ်သင့်၏၊ ထိုဦးခေါင်းချပြီးနောက် အရုဏ်မတက်စေကာမူ အာပတ်မှ မလွတ်တော့ပြီ၊ ငါးရက်မြောက်နေ့ နေဝင်လျှင် လူ စသည်ရှိရာကျောင်း၌ ဦးခေါင်းချအိပ်က သဟသေယျအာပတ် ဆက်ပြန်၏၊ ဤနည်းအတိုင်း လူ, သာမဏေရှိရာကျောင်း၌ ဆက်ကာဆက်ကာ အိပ်သွားလျှင် (အရုဏ် မတက်ခင် ထသော်လည်း) အာပတ် အဆက်မပြတ်ချေ။ ဤသို့ အဆက် မပြတ်သင့်နေသော အာပတ်တို့ကို သဟသေယျ ဟင်းလေးအိုးဟု ခေါ်ရိုး ပြုကြသည်။

သဟသေယျဖြတ်နည်း

အဆက်မပြတ်နိုင်သော သဟသေယျအာပတ်ကို ဖြတ်လိုလျှင် နေဝင်ပြီးနောက် လူစသည်တို့ ရှိရာကျောင်း၌ ဦးခေါင်း မချမိစေဘဲ လူစသည် မရှိရာ (ရဟန်းတို့ချည်း ရှိရာ) ကျောင်း၌ဖြစ်စေ, လွင်ပြင်၌ဖြစ်စေ အိပ်ရမည်။ ဤသို့ အိပ်လျှင် သဟသေယျ အဆက်ပြတ်၏၊ နောက်ထပ် သုံးညဉ့် လူ စသည်တို့နှင့်အတူ သုံးညဉ့် အရုဏ်တက်အောင် အိပ်ခွင့်တစ်ဖန် ရပြန်၏၊

အိမ်, ကား, ရထား စသည်တို့၌ သတိထားဖွယ်

နှစ်ထပ်သုံးထပ်စသည် အထပ်များစွာရှိသော အိမ်ကျောင်းတို့၌ အတွင်းက လှေကား တပ်ထားလျှင် အထပ်အားလုံးပင် သဟသေယျ ဖြစ်နိုင်၏၊ အပြင်လှေကား တပ်ထားသဖြင့် အပေါ်ထပ်နှင့် အောက်ထပ် အဆက်အသွယ် မရှိလျှင်ကား သဟသေယျ မဖြစ်နိုင်။

အိမ်အတွင်းခန်းတို့၌ အသီးအခြား ကာထားပြီး တံခါးပိတ်ပင် ရှိစေကာမူ သဟသေယျ ဖြစ်ကောင်းသည်။ မီးသင်္ဘော၌ ရွက်ထည်အဝတ် အကာ ချထားလျှင်လည်း သဟသေယျ ဖြစ်ကောင်းသည်။ မီးရထား, မော်တော်ကား စသည်တို့၌ တစ်တွဲတည်း တစ်ဆက်တည်းတို့၌ သဟသေယျပင် ဖြစ်၏၊ သဟသေယျ လွတ်လိုက ပက်လက်ကုလားထိုင်ပေါ်၌ ခြေနှစ်ဘက် မတင်ဘဲ အောက်ကြမ်းပြင်ပေါ်မှာ ခြေကို ထိလျက် အိပ်လျှင်ကား သဟသေယျ လွတ်၏၊ ဦးခေါင်းမချဘဲ ထိုင်၍ အိပ်လျှင် နံရံစသည် မှီ၍ အိပ်လျှင် သဟသေယျပါစိတ်အာပတ် မသင့် ဟူ၏၊ ထက်ဝက်အမိုး ထက်ဝက်အကာရှိသော ကျောင်းမျိုး၌ကား ဒုက္ကဋ်။

၆။ ဒုတိယ သဟသေယျ

မာတုဂါမနှင့်အတူ တစ်မိုးတစ်ရံတည်းသော ကျောင်း, အိမ်, ဇရပ် စသည်၌ အိပ်လျှင် ပါစိတ်အာပတ် သင့်၏၊ ရှေ့သိက္ခာပုဒ်အရ လူယောက်ျား, တိရစ္ဆာန် (အထီး)များနှင့် သုံးညဉ့် အိပ်ခွင့် ရသေး၏၊ ဤသိက္ခာပုဒ်၌ မာတုဂါမနှင့် အတူတကွ တစ်ညဉ့်မျှ (နေဝင်သည်နှင့် တစ်ပြိုင်နက်) အိပ်ခွင့် (ဦးခေါင်းချခွင့်) မရတော့ချေ။ ပါရာဇိကလောက်သော အခြားတိရစ္ဆာန်မများနှင့် အတူအိပ်ရာ၌ကား ဒုက္ကဋ် အာပတ်သင့်၏၊

အစိတ္တကအာပတ်

လွန်ကျူးလိုသော စေတနာ မရှိဘဲ, မသိဘဲ သင့်ရောက်သော အာပတ်မျိုးကို အစိတ္တအာပတ်ဟု ခေါ်၏၊ ဤသဟသေယျ နှစ်ပုဒ်လည်း အစိတ္တကပင်တည်း။ ထို့ကြောင့် မာတုဂါမ, လူ, သာမဏေ စသည်တို့ ရှိမှန်းမသိ၍ ဝင်ရောက်အိပ်လျှင် လည်းကောင်း, မိမိ အိပ်နေရာအရပ်သို့ မာတုဂါမစသူတို့ မိမိ မသိဘဲ ဝင်ရောက်အိပ်လျှင်လည်းကောင်း အာပတ်မှ မလွတ်၊ သဟသေယျပါစိတ်အာပတ်များ သင့်၏၊

ဒိဝါသေယျ သိက္ခာပုဒ်

ပထမပါရာဇိက ဝိနီတဝတ္ထု ပါဠိတော်၌ နေ့အခါ အိပ်သော ရဟန်း သည် မိမိနှင့် သက်ဆိုင်သော တံခါးကို ပိတ်ရမည်။ အခန်းတွင်း အိပ်လျှင် အခန်းတံခါးကိုပိတ် ကျောင်းဆောင်တွင်း အိပ်လျှင် ကျောင်းတံခါးပိတ်၍ အိပ်ရမည်။ မပိတ်ဘဲ အိပ်လျှင် ဒိဝါသေယျ သိက္ခာပုဒ်အရ ဒုက္ကဋ်အာပတ် သင့်၏၊

အများနှင့်ဆိုင်သော ကျောင်းအခန်းများ၌ကား နောက်ဝင်မည့်ပုဂ္ဂိုလ် ပိတ်လိမ့်မည်ဟု နှလုံးသွင်း၍ အိပ်ရမည်။ တံခါးစောင့်ရှိလျှင် မှာထား၍ ဖြစ်စေ, သူစောင့်လိမ့်မည်ဟု နှလုံးသွင်း၍ဖြစ်စေ အိပ်ကောင်း၏၊ ထိုသို့ နှလုံးမသွင်းမိဘဲ အိပ်လျှင် ဒုက္ကဋ်ပင် ဖြစ်သည်။

ပတ္တာတပ်ထားသော, ဆုံငယ်တပ်ထားသော တံခါးများသာ ပိတ်ရမည်၊ ဆွဲတံခါး ကဲလားပြတင်းပေါက်များ ပိတ်ဖွယ်လိုမည် မထင်။

(ဘာသာဋီကာ၊၂၃၁။)

အာပတ်သင့်ပုံများ

မာတုဂါမအရ အယုတ်ဆုံး ထိုနေ့မွေးဖွားသော အသက်ရှင်ဆဲသော လူမိန်းမကို ယူ။ ကိုယ်ထင်ရှားရှိသော ဘီလူးမ, ပြိတ္တာမ, မေထုန်လောက်သော ဝတ္ထုဖြစ်သော တိရစ္ဆာန်မ, ပဏ္ဍုက်ယောက်ျား, ဥဘတောဗျည်းတို့ကား ဒုက္ကဋ်၊ ကိုယ်ထင်ရှား မရှိသော ဘီလူးမ, ပြိတ္တာမ, မေထုန်မလောက်သော တိရစ္ဆာန်မ တို့၌ အနာပတ္တိ။

မိန်းမအလောင်းကောင်

သေပြီးသော မိန်းမသည် ပါရာဇိကဝတ္ထုပင် ဖြစ်သော်လည်း အနုပါဒိန္နကအဖို့၌ တည်သောကြောင့် သဟသေယျအာပတ် မသင့်ဟု ဆိုကြ၏၊ ကာယသံသဂ္ဂရာဂဖြင့် ကိုင်လျှင် အလောင်းကောင် မပျက်သေးလျှင် ထုလ္လစ္စဉ်း, အလောင်းကောင် ပျက်လျှင် ဒုက္ကဋ်၊ မာတုဂါမ၏ သုံးစွဲရန်ဖြစ်သော (လှူပြီးမဟုတ်သော) အဝတ်များကို ကိုင်လျှင်လည်း ဒုက္ကဋ်။

(ဆောင်) ထက်ဝက် မပျက်, စပ်ယှက် ပါရာ၊
ထက်ဝက် ပျက်က, ထုလ္လစ္စယာ၊
ညိုမည်းပုပ်ပွ, ဖြစ်ထ ကောင်မှာ၊
မှီဝဲလတ်, ဒုက္ကဋ် အာပတ်သာ။ (ပါရာဇိက ပြန်ကြည့်၊)

၇။ ဓမ္မဒေသနာသိက္ခာပုဒ် အဓိပ္ပာယ်

အနီးအနား၌ နားလည်သူယောက်ျား မရှိဘဲ မာတုဂါမအား တစ်ယောက်လျှင် ခြောက်ခွန်းကျထက် ပို၍ ပါဠိ အဋ္ဌကထာဓမ္မကို ဟောလျှင် ပါစိတ်၊ နားလည်သော ယောက်ျားဟူသည် ရိုးရိုးသားသား ပြောသော စကား ဆန်းဆန်းပြားပြားပြောသော စကားဟု ခွဲခြားနိုင်လောက်သူတည်း။ ဝိဂ္ဂဟ သဒ္ဒါနှင့် လာသမျှ အယောင်ဆောင်ထားသူကို မယူရ၊ လူစင်စစ်ယောက်ျား၏ ကိုယ်ကိုသာ ယူရမည်။ မာတုဂါမဟူသည်လည်း ထိုကဲ့သို့သော စကားမျိုးကို နားလည်လောက်သော မိန်းမတည်း။

မြန်မာဘာသာစကားဖြင့် တရားစကားပြောရာ၌ အနား၌ ယောက်ျား မရှိဘဲ ခြောက်ခွန်းထက်ပို၍ ပြောသော်လည်း အာပတ်မသင့်၊ ယခုကာလ သီလပေးများ၌ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည်ဖြင့် ပါဠိတွေ ပါနေသော်လည်း ဓမ္မဒေသနာသဘောတရားဟော မဟုတ်သောကြောင့် အာပတ်သင့်ဖွယ် မရှိဟု ဆိုကြ၏၊ (ဘာသာဋီကာ၊၂၃၂။)

မြန်မာလို သရဏဂုံပေးခြင်း သီလပေးခြင်းသာ ပို၍ကောင်းမည် ထင်ပါသည်။ ဝိနည်းဓိုရ် ဆရာတော်ကြီးများ ပါဠိလို သီလပေးမှုကို ရှောင်ကြဉ်တော်မူကြသည်။ ယောက်ျားတစ်ဦး အနီးအနားမှာ ထား၍ သီလပေးတော်မူကြသည်ကိုလည်း တွေ့ဖူးပါသည်။

အာပတ်သင့်ပုံများ

လူယောက်ျား, ယောင်ဆောင်ထားသောဘီလူး, တိရစ္ဆာန်, ပြိတ္တာတို့နှင့် အတူတကွတည်ရှိသော မိန်းမအား တရားဟောသော်လည်း ပါစိတ်အာပတ်၊ ဘီလူးမ, ပြိတ္တာမ, တိရစ္ဆာန်မ, ပဏ္ဍုက်တို့အား တရားဟောသော ရဟန်းအား ဒုက္ကဋ်။

(ဆောင်) ဘီလူး, ပြိတ္တံ, တိရစ္ဆာန်မ, ပဏ္ဍက, ဟောပြ ဒုက္ကဋာ။

အာပတ်မသင့်ပုံများ

ထိုင်ထဣရိယာပုထ်ကို ပြောင်း၍ တရားဟောလျှင် ခြောက်ခွန်းပေါင်း များစွာ ဟောနိုင်၏၊ မာတုဂါမများ ထိုင်နေရာ၌လည်း တစ်ယောက်လျှင် ခြောက်ခွန်းစီကျ မှန်း၍ဖြစ်စေ, ခြောက်ခွန်းစီဟောမည်ဟု ပြော၍ဖြစ်စေ ဟောနိုင်သည်။

ပုစ္ဆာမေးက ဖြေခွင့်ရ

မာတုဂါမက “ဒီဃနိကာယ်ဆိုတာ ဘယ်လိုအကြောင်းအရာကို ပြသော နိကာယ်ပါလဲဘုရား” စသည်ဖြင့် မေးလာလျှင် ဒီဃနိကာယ်ပါဠိတော် အဋ္ဌကထာအားလုံးပင် ဟောကောင်းသည်။ မမေးဘဲ တရားဟောလျှင်သာ ခြောက်ခွန်းထက် ပိုရာ၌ အာပတ်သင့်သည်။

အင်္ဂါ (၅) ပါး သတိပြုသင့်

၁။ ပါဠိအဋ္ဌကထာဓမ္မကို ခြောက်ခွန်းထက် ပို၍ ဟောခြင်း၊
၂။ တတ်သိနားလည်လောက်သော မာတုဂါမဖြစ်ခြင်း၊
၃။ ဣရိယာပုထ် အပြောင်းအလွဲ မရှိခြင်း၊
၄။ တတ်သိနားလည်သူ ယောက်ျား မရှိခြင်း၊
၅။ ပြဿနာ ဖြေသောအရာ မဟုတ်ခြင်း - ပေါင်း ၅-ပါးတည်း။

(ဆောင်) ဓမ္မခြောက်ခု၊ ပိုအောင်ပြုသား၊ မာတုဂါမ၊ နားလည်စွနှင့်၊
ယာပထဣရိ၊ မပြောင်းမိဘဲ၊ တတ်သိယောက်ျား၊ နီးနား မပါ၊
ပြဿနာ ဖြေခင်း၊ မဟုတ်ခြင်းဟု၊ ကြောင်းရင်း ငါးလီ၊ အင်္ဂါညီ၊ သင့်ပြီ ဓမ္မဒေသန။
အာပတ်ဆုံးဖြတ်ရာ၌ လွယ်ကူစေရန် အင်္ဂါများပါ ရေးလိုက်သည်။

၈။ ဘူတာရောစန သိက္ခာပုဒ်အဓိပ္ပာယ်

ဘူတ = ဟုတ်မှန်သည်ကို။ အာရောစန = ပြောကြားခြင်း။

စျာန်, မဂ်, ဖိုလ်ကို ရပြီးသော ရဟန်းသည် မိမိ စျာန်မဂ်ဖိုလ်ရကြောင်းကို လူ, သာမဏေအား အမှန်အတိုင်းပြောလျှင် ပါစိတ်၊ (မိမိ မရဘဲ စျာန်မဂ်ဖိုလ် ရသည်ဟု လိမ်ပြောလျှင်ကား ပါရာဇိက၊ ဥတ္တရိမနုဿဓမ္မသိက္ခာပုဒ် ပြန် ကြည့်၊၊) သာသနာတော်၏ မွန်မြတ်ပုံကို သူတို့အားလည်း အားကျစေလို, အားတက်စေလို၍ ဘိက္ခု, ဘိက္ခုနီတို့အား အမှန်အတိုင်း ပြောကောင်း၏၊ အာပတ် မသင့်၊ နားထောင်သူ လူ, သာမဏေက နားထောင်ဆဲခဏ ချက်ချင်း သိမှ ဤဘူတာရောစနပါစိတ်အာပတ်သင့်၏၊ ချက်ချင်းမသိမူ ဒုက္ကဋ်၊ ပရိယာယ်အားဖြင့် သွယ်ဝိုက် ပြောကြားရာ၌ သိသိ, မသိသိ ဒုက္ကဋ်သာ၊ ပြောသင့်သော အကြောင်းရှိ၍ ဘိက္ခု, ဘိက္ခုနီတို့အား ပြောသော ရဟန်း, အာဒိကမ္မိကရဟန်း အာပတ်မသင့်။

အနာပတ္တိ၌ ဥမ္မတ္တက မယူရ

အရိယာပုဂ္ဂိုလ်တို့အား ဥမ္မတ္တကစသည် မရှိကောင်း။ စျာနလာဘီပုဂ္ဂိုလ်တို့၌ ရူးခြင်းစသည် ဖြစ်လတ်သော် စျာန်မှ လျှောကျကုန်၏၊ ထို့ကြောင့် စျာနလာဘီနှင့် အရိယာပုဂ္ဂိုလ်တို့ကို ဥမ္မတ္တက၌ မယူရ။

(ဆောင်) စျာန်မဂ်ဖိုလ်၊ ဥတ္တိရိရယ်က၊ မိမိ၌ ရှိသည်မှန်၊
သမဏေလူပါနှော၊ ပြောပြမိပြန်၊
ချက်ချင်းလည်းသိဟန်၊ မညွှန်းပြန် သူများ၊
အင်လေးဖြာ၊ အစုံကပ်လျှင်လ၊
ပါစိတ္တိ ဘူတာပတ်ရယ်က၊ ဆုံးဖြတ် မမှား။

(အထူး) ဤသိက္ခာပုဒ်သည် ပညတ်တော်ကို မသိသော်လည်း အာပတ် သင့်ရကား အစိတ္တကအာပတ်တည်း။ ဤအရာ၌ အရိယာအရှင်မြတ်တို့သည် ပညတ်တော်ကိုသိလျက် မလွန်ကျူးကုန်။ ပုထုဇန်တို့ကား ဘုရား အာဏာတော်ကို လွန်ကျူးသော ဗလဝအကုသိုလ်စေတနာကြောင့် စျာန်မှ လျှောကျ ကုန်၏၊ ပညတ်တော်ကို မသိကုန်သော စျာနလာဘီ ပုထုဇန်တို့သည် ဝတ္ထု၌ လောဘ၏အစွမ်းဖြင့် အကုသိုလ်စိတ်ဖြင့်လည်း ပြောကြားခြင်း ရှိနိုင်ကုန်သေး၏၊ (မေဒိနီ၊၂၇၂။)

၉။ ဒုဋ္ဌုလ္လာရောစန သိက္ခာပုဒ်

ရဟန်းတစ်ပါး သံဃာဒိသေသ် အာပတ်သင့်သည်ကို မိမိက သမ္မုတိ ရသူမဟုတ်ဘဲ လူ, သာမဏေအား ပြောလျှင် ပါစိတ်အာပတ်သင့်၏၊

ဒုဋ္ဌုလ္လအရ ပါရာဇိကအာပတ်ကိုပါ ရသင့်သော်လည်း နောင် ရှောင်ကြဉ်ရန် ပြောဆိုခွင့်ရသော သမ္မုတိပေးခြင်းကို ထောက်၍ ဤ၌ သံဃာဒိသေသ်ကိုသာ ယူရမည်။

သမ္မုတိပေးပုံ

သံဃာစည်းဝေးပြီးနောက် သံဃာ့အလယ်မှာ “ဥုးတိဿ၏ ဒုဋ္ဌုလ္လ အာပတ်ကို လူ, သာမဏေအား ပြောနိုင်ဖို့ရန် ဥုးဓမ္မကို သမုတ်ပါသည်။” သဘောတူလျှင် ဆိတ်ဆိတ်နေပါ။ ဤသို့ (၃)ကြိမ် ပြော၍ သမ္မုတိပေးရသည်။

ပါရာဇိကအာပတ် သင့်ပြီးဖြစ်လျှင် နောင်ရှောင်ကြဉ်ဖို့ မလိုတော့သောကြောင့် သမ္မုတိရသော ရဟန်းက ပြောသော်လည်း ထိုရဟန်းအတွက် အကျိုးမရှိတော့ပြီ။

ဝတ္ထုနှင့် အာပတ် တွဲပြောမှ

“ဥုးတိဿသည် သံဃာဒိသေသ်အာပတ်သင့်၏”ဟု အာပတ်ကိုသာ ပြောသည် ဖြစ်စေ၊ “ဥုးတိဿသည် သုက္ကဝိဿဋ္ဌိအမှုကို ပြု၏”ဟု ဝတ္ထုကိုသာ ပြောသည်ဖြစ်စေ အာပတ်မသင့်သေး၊ “ဥုးတိဿသည် သုကဝိဿဋ္ဌိအမှုကို ပြုသောကြောင့် သံဃာဒိသေသ်အာပတ်သင့်၏”ဟု ဝတ္ထုနှင့်အာပတ် တွဲ၍ ပြောမှသာ ပါစိတ်အာပတ်သင့်သည်။

အောက်အာပတ်ငါးပုံကို ပြောကြားလျှင် ဒုက္ကဋ်၊ သာမဏေတို့၏ လွန်ကျူးမှုကို ပြောလျှင်ဒုက္ကဋ်၊ သာမဏေများ၏ ပါဏာတိပါတစသော ရှေ့ငါးပါးသည် ဒုဋ္ဌုလ္လ၊ ဝိကာလဘောဇန စသည်နှင့် သံဃာဒိသေသ်လာ သုက္ကဝိဿဋ္ဌိ စသော အမှုများကို လွန်ကျူးခြင်းသည် အဒုဋ္ဌုလ္လ မကြမ်းသော အပြစ်များ တည်း။ သာမဏေတို့၏ ဒုဋ္ဌုလ္လ, အဒုဋ္ဌုလ္လ အဇ္ဈာစာရတို့ကို ပြောကြားသော ရဟန်းအားလည်း ဒုက္ကဋ်အာပတ်ပင် သင့်သည်။

၁၀။ ပထဝီခဏန သိက္ခာပုဒ်အဓိပ္ပာယ်

မြေအစစ် ဇာတပထဝီကို ကိုယ်တိုင်တူးလျှင်လည်းကောင်း, သူတစ်ပါးကို တူးခိုင်းလျှင်လည်းကောင်း ပါစိတ်၊ တူးခြင်းတစ်မျိုးသာမက ဖောက်ခွဲခြင်း, ခြစ်ခြင်း, မီးတိုက်ခြင်း စသော ဖျက်ဆီးခြင်း အားလုံးကို ယူပါ။

ပထဝီအမျိုးမျိုး

ဇာတပထဝီ, အဇာတပထဝီဟု နှစ်မျိုး ရှိသည်။ ထိုတွင် ဇာတပထဝီ ဟူသည် မြေဖြစ်ပြီးသော ပထဝီ (မြေအမျိုးတွင် ပါဝင်သော ပထဝီ)တည်း။ အဇာတပထဝီဟူသည်ကား မြေအမျိုးတွင် မပါဝင်သော ပထဝီတည်း။

ဇာတပထဝီ (၃) မျိုး

ဇာတပထဝီလည်း-၁။ သုဒ္ဓပထဝီ ၂။ မိဿကပထဝီ ၃။ ပုဉ္ဇပထဝီအားဖြင့် သုံးမျိုး ပြား၏၊

၁။ သုဒ္ဓပထဝီဟူသည် ကျောက်စသည်နှင့် မရောသော မြူမှုန် (ဖုံ) သက်သက် (သို့မဟုတ်) မြေညက် သက်သက် ပံသုမတ္တိကာတို့တည်း။(မြေမှုန့်, မြူမှုန့်, ဖုံဟုခေါ်သော အပေါ်ယံမြေကို ပံသုဟု ခေါ်၏၊ မြူမှုန်တို့၏ အောက်၌ရှိသော မြေသားကို မတ္တိကာဟု ခေါ်သည်။)

၂။ မိဿကပထဝီဟူသည် ကျောက်, ကျောက်စရစ်, အိုးခြမ်းကွဲ, ကျောက်ပြုတ်သဲတို့တွင် တစ်ခုခုနှင့်မြေ (ပံသုမတ္တိကာ)ကား နှစ်ဖို့ ကျောက် စသည် တို့ကား တစ်ဖို့ ဤသို့ သုံးဖို့တစ်ဖို့ ရောနေသော မြေတည်း။

၃။ ပုဉ္ဇပထဝီဟူသည် မိုဃ်းလေးလထက် အလွန် မိုဃ်းစွတ်ပြီးသော မြေမှုန့်, မြူမှုံ, မြေစိုင်တို့တည်း။

ဤ၌ လက်ဆုပ်ပမာဏထက် လွန်သော ဆင်ပမာဏအောက် ယုတ် သော ကျောက်သည် ပါသာဏ (= ကျောက်) မည်၏၊ ပဲနောက်စေ့ပမာဏမှ စ၍ လက်ဆုပ်ပမာဏရှိသော ကျောက်သည် သက္ခရ (= ကျောက်စရစ်) မည်၏၊ ကျောက်စရစ်, သဲတို့စု၍ ကျောက်ဖြစ်နေသော ကျောက်သည် မရုမ္ဗ (= ကျောက်ပြုတ်)မည်၏၊ ကျောက်အမှုန်လေးများကား မရု (=သဲတို့)တည်း။ ဆင်ပမာဏထက်ကြီးလျှင် ပဗ္ဗတ (= ကျောက်တောင်)ဟု ခေါ်၏၊ ဤသို့ ပဗ္ဗတ, ပါသာဏ, သက္ခရ, မရုမ္ဗ, မရုတို့ကို မှတ်လေ။

ပုဉ္ဇပထဝီနှင့် စပ်၍ လွင်ပြင်ရှိ ခြတောင်ပို့ ခြအိမ်များနှင့် ပန်အိုး၌ ထည့်ထားအပ်သော မြေများလည်း ပထမတစ်ကြိမ် မိုဃ်းစွတ်ပြီးနောက် လေးလကြာလျှင် ဇာတပထဝီတွင် ပါဝင်ကြသည်။ မတူးကောင်း, မဖျက် ကောင်းဟု မှတ်ပါ။

ဆိုအပ်ပြီးသော ကျောက်စသည်တို့နှင့် တစ်ဝက် တစ်ဝက်ထက် များလျှင် မြေညက်ကများလျှင် မိဿကပထဝီသည်လည်းကောင်း၊ ကျောက်ဖျာပေါ်၌နေသော သိမ်မွေ့သော မြူမှုန်သည်လည်းကောင်း, တစ်ကြိမ် မိုးစွတ်ပြီး၍ လေးလလွန်သော ပုဉ္ဇပထဝီသည်လည်းကောင်း, မီးမလောင်သေးသော မြေသည်လည်းကောင်း ဇာတပထဝီ ခေါ်သည်။ မအပ်သော အကပ္ပိယမြေ ဟူ၏၊

အဇာတပထဝီ (၃) မျိုး

၁။ သုဒ္ဓပထဝီ = ကျောက်ခဲသက်သက် စသော ပထဝီတည်း။
၂။ မိဿကပထဝီ = မြေမှုန့်, မြေညက်အနည်းငယ် ကျောက်ခဲစသည် များများရောနေသော မြေ။
၃။ ပုဉ္ဇပထဝီ = လေးလအောက် ယုတ်လျော့၍ မိုဃ်းစွတ်စိုသော မြူမှုန့်, မြေညက် အစုအပုံတို့တည်း။
မီးလောင်ထားသောမြေ သုံးဖို့တစ်ဖို့ထက် အလွန် ကျောက်စသည် ရောသောမြေ, လေးလအောက် လျော့သော မိုဃ်းစွတ်သော မြေသုံးမျိုးကို အဇာတပထဝီဟု ခေါ်သည်။ အပ်သော ကပ္ပိယမြေတို့တည်း။

အာပတ်သင့်, မသင့်

ထိုဇာတပထဝီတွင် ပါဝင်သော သုဒ္ဓပံသု, သုဒ္ဓမတ္တိကာ, မိဿပံသု, မိဿမတ္တိကာများ တူးဖောက်ခွဲဖျက် မီးတိုက်ခြင်း, ခြေ, လက်, တုတ်တို့ဖြင့် ခြစ်ခြင်း, ရေးသားခြင်း, အယုတ်သဖြင့် မြေပျက်အောင် ကျင်ငယ်ကို ပြင်းပြင်း စွန့်ခြင်းတို့တွင် တစ်ခုခုပြုလျှင် ပါစိတ်၊ ထိုဇာတပထဝီပေါ်၌ သပိတ်ဖုတ်ရန်, ဆိုးရည်ကျိုရန် မီးမွှေးလျှင် မီးတိုက်ရာရောက်၍ ပါစိတ်ပင်။

ထိုဇာတပထဝီကိုပင် သစ်တုံးလှိမ့်ရင်း, တောင်ဝှေးထောက်ရင်း, တံမြက် လှည်းရင်း ပျက်စေသော်လည်း ဖျက်လိုသော စိတ်မရှိလျှင် အာပတ်မသင့်၊ ဇာတပထဝီတွင် မပါဝင်သော အုတ်, ကျောက်စသည်တို့ များစွာပါသော မြေ, မီးလောင်ပြီးသော မြေ, မိုးမစွတ်သေးသော မြေ, မိုဃ်းစွတ်သော်လည်း လေးလမပြည့်သေးသော မြေပုံ တောင်ပို့ ခြအိမ်များကို ဖျက်ဆီးသော်လည်း အာပတ်မသင့်။

အပ်သော ခိုင်းနည်း

ဤတွင်းကို, ဤမြေကို ကပ္ပိစမ်း သိစမ်း၊ ဤမြေဖြင့် အလိုရှိသည် ဤမြေကို ယူခဲ့စမ်း စသော ခိုင်းခြင်းများသည် အပ်သော ခိုင်းခြင်းတည်း။ နေရာကို မသတ်မှတ်ဘဲ မြေပေါက်လိုက် တွင်းတူးလိုက် စသည်ဖြင့် ခိုင်းသော်လည်း အာပတ်မသင့်၊ သို့ရာတွင် “ကပ္ပိစမ်း၊ သိစမ်း” စသော အသုံးများကို သုံးမိအောင် အလေ့အကျင့်ဖြစ်အောင် သုံးစွဲသင့်ပေသည်။

မအပ်သော ခိုင်းနည်း

ဤမြေကို တူးစမ်း, ဤတွင်းကို တူးစမ်း, ဤမြေကို ခွဲစမ်း, ဖောက်စမ်း, ဖြိုဖျက်စမ်း, မီးတိုက်စမ်း စသည်ဖြင့် မြေကို တိုက်ရိုက်ညွှန်ပြ၍ ခိုင်းခြင်းသည် မအပ်သော ခိုင်းခြင်းတည်း၊ အာပတ်သင့်၏၊

(ဆောင်) ၁။ဇာတ, အဇာတ၊ နှစ်ခုမျှ၊ ပြားထ ပထဝီ။ 
၂။ သုဒ္ဓ, မိဿ၊ပဉ္စသုံးဝ၊ ပြားကုန်ကြ၊ ဇာတ ပထဝီ။ 
၃။ သက်သက်မြေကို၊ သုဒ္ဓ ဆိုရ၊ သံ ကျောက် စရော၊ မိဿကော၊ မှတ်လော သုံးဖို့တစ်ဖို့တည်း။ 
၄။ ကျောက်နည်း မြေများ၊ ရောမူကား၊ ဟောကြားဇာတတည်း။ 
၅။ မိုဃ်းလေးလခံ၊ မြေပုံမှန်၊ ခေါ်ရန် ပုဉ္ဇတည်း။ 
ဆိုပြီး ပမာဏ၊ လွန်ရောထမြေ၊ မီးလောင်မြေပ၊ အဇာတ၊ ခေါ်ရလေသတည်း။ 
၇။ ဇာတပထဝီ၊ 
၈။ အကပ္ပီ၊ ကပ္ပီဇာတတည်း။ (မေဒိနီ၊၂၇၅။)

အင်္ဂါ (၃) ပါး

၁။ ဇာတပထဝီဖြစ်ခြင်း 
၂။ ဇာတပထဝီမှန်း သိခြင်း၊ (အမှတ်တမဲ့ မသိဘဲ ခြစ်မိ, တူးမိရာ၌ အနာပတ္တိ။) 
၃။ တူးခြင်း, တူးစေခြင်းတို့တည်း။

၂။ ဘူတဂါမဝဂ်

၁။ ကြီးပွားဆဲ ကြီးပွားပြီးသော သစ်ပင်အပေါင်းကို ဖျက်ဆီးခြင်းကြောင့် ဘူတဂါမပါတဗျ ပါစိတ်အာပတ်သင့်၏၊

၂။ အညဝါဒက ကံပြုပြီးနောက် အမေးတခြား အဖြေတလွဲ ပြောဆိုမှုကြောင့် အညဝါဒက ပါစိတ်တစ်ချက် သင့်၏၊

၃။ သမ္မုတိရထားသော ရဟန်းကို ကဲ့ရဲ့ခြင်းကြောင့် ဥဇ္ဈာပနကပါစိတ်။ ရှုတ်ချခြင်းကြောင့် ခိယျနကပါစိတ်။

၄။ သံဃိကဖြစ်သော ညောင်စောင်း, ကုတင်, ထိုင်ခုံ, ဘုံလျှို, ခတ်အခင်း တို့ကို ကိုယ်တိုင်ခင်း သူတစ်ပါးတို့ကို ခင်းစေပြီး၍ ထိုသံဃိက ညောင်စောင်း စသော အခင်းတို့ကို ကိုယ်တိုင်လည်း မသိမ်းဆည်း၊ သူတစ်ပါးကိုလည်း မသိမ်းဆည်းခိုင်း မပန်ကြားဘဲ အရပ်တစ်ပါးသို့ ဖဲသွားခြင်းကြောင့် ပထမသေနာသနပါစိတ်။

၅။ သံဃိကကျောင်း၌ အိပ်ရာနေရာ (၁၀)မျိုးတို့ကို ကိုယ်တိုင်ခင်း၍ သူတစ်ပါးကို ခင်းခိုင်း၍ အခြားအရပ်သို့ ညဉ့်အိပ်သွားလျှင် ကိုယ်တိုင် ဖြစ်စေ ခိုင်း၍ဖြစ်စေ သိမ်းထားခဲ့ရမည်။ ထိုကဲ့သို့ မပြုသောရဟန်း ဒုတိယသေနာသနပါစိတ်။

၆။ သံဃိကကျောင်း၌ နေရာကျဉ်းကြပ်လျှင် မထေရ်ကြီးထွက်သွားမှာပဲ ဟူသော စိတ်ယုတ်မာဖြင့် မထေရ်ကြီး အနီးအပါး တိုးဝှေ့နေခြင်းကြောင့် အနုပခဇ္ဇပါစိတ်။

၇။ ရဟန်းတစ်ပါးကို အခြားရဟန်းတစ်ပါးက သံဃိကကျောင်းမှ ကိုယ်တိုင် ဖြစ်စေ, သူတစ်ပါးကိုဖြစ်စေ နှင်ထုတ်လျှင် နိက္ကဍ္ဎနပါစိတ်။

၈။ သံဃိကဖြစ်သော အထက်ဆင့်တွင် ပျဉ်မခင်း၍ ဟင်းလင်းအပြင် ရှိသော ကုဋီတွင် အပေါင်၌ အခြေတပ်သော ညောင်စောင်း အင်းပျဉ်ကို ဖိ၍ထိုင် ဖိ၍အိပ်အံ့၊ ဝေဟာသကုဋီပါစိတ်။

၉။ ကြီးသောကျောင်းကို ဆောက်စေလိုသော ရဟန်းသည် တံခါးပေါင်၏ ထက်ဝန်းကျင် နှစ်တောင့်ထွာအရပ်တိုင်အောင် တံခါးရွက်တံခါးပေါင်တို့ကို မလှုပ်ရှားအောင် ထားခြင်းငှာ, အထက် လေသာပြူတင်းကို အပြေအပြစ် ပြုခြင်းငှာ အင်္ဂတေမြေညက်တို့ဖြင့် အထပ်ထပ်လိမ်းကျံအပ် လိမ်းကျံစေခိုင်းအပ်၏၊ အမိုးကိုလည်း နှစ်ထပ်သုံးထပ်အထိ စိမ်းစိုသော ကောက်ပဲသီးနှံ မရှိရာအရပ်၌ ရပ်လျက် ကိုယ်တိုင် စီမံနိုင်သည်။ ထိုနှစ်ထပ်သုံးထပ်ထက် တိုး၍ စီမံလျှင်ကား စိမ်းစိုသော ကောက်ပဲသီးနှံ မရှိရာ အရပ်၌ရပ်လျက် စီမံစေကာမူ မဟလ္လကဝိဟာရပါစိတ်။

၁၀။ ပိုးရှိသောရေဟု သိလျက် ရေကို မြက်သို့, မြေညက်သို့ လောင်းထည့်အံ့၊ လောင်းထည့်စေအံ့၊ (တစ်နည်း) ပိုးရှိသော ရေထဲသို့ မြက်ကို မြေညက်ကို လောင်းထည့်အံ့၊ လောင်းထည့်စေအံ့၊ သပ္ပါဏကပါစိတ်အာပတ် သင့်၏၊

၁။ ဘူတဂါမပါတဗျ သိက္ခာပုဒ်အဓိပ္ပာယ်

ဘူတဂါမာ ဘဝန္တီတိ ဘူတာ၊ အဘဝုန္တိ ဘူတာ၊ ဖြစ်ကုန်ဆဲ ကြီးပွားကုန်ဆဲကို ဘူတာ၊ ဖြစ်ကုန်ပြီး ကြီးပွားကုန်ပြီးကို ဘူတာ၊ ဘူတာနံ ဂါမော ဘူတဂါမော = ဖြစ်ကုန်ဆဲ ကြီးပွားကုန်ဆဲ၊ ဖြစ်ကုန်ပြီး, ကြီးပွားကုန်ပြီးသော မြက်သစ်ပင်တို့၏ ဂါမောအပေါင်းသည် ဘူတဂါမော = ဘူတဂါမ် မည်၏၊ ပါတဗျာနံ ဘာဝေါ ပါတဗျတာ။ ပါတဗျာနံ = ဖြတ်ခြင်း, ခွဲခြင်း, မီးတိုက်ခြင်း စသည်ဖြင့် အလိုရှိတိုင်း သုံးစွဲအပ်သော သစ်ပင်အပေါင်း၏၊ ဘာဝေါ = ဖြစ်ကြောင်းဖြစ်ရာ ဖျက်ဆီးခြင်း ကြိယာသည်၊ ပါတဗျတာ = ပါတဗျတာ မည်၏၊ ဆိုလိုရင်းမှာ သစ်ပင်အပေါင်းကို ဖျက်ဆီးခြင်းဟု ဆိုလိုသည်။

ဗီဇဂါမ, ဘူတဂါမ

မျိုးစေ့အပေါင်းကို ဗီဇဂါမ်, သစ်ပင်အပေါင်းကို ဘူတဂါမ်ဟု ခေါ်ကြသည်။ ထိုတွင် ဗီဇဂါမ်သည် မူလ = အမြစ်, ခန္ဓ = ပင်စည်၊ ဖလု = အဆစ်, အဂ္ဂ = အညွန့်, ဗီဇ = အစေ့အားဖြင့် ငါးပါး ပြား၏၊ ထိုမျိုးစေ့အဖြစ်၌ တည်ရှိသော ဗီဇဂါမ်ကို ဖျက်ဆီးလျှင် ဒုက္ကဋ်အာပတ် သင့်၏၊

(ဆောင်) မြစ်, ဆစ်, ပင်စည်၊ ညွန့်, စေ့မှီ၊ ငါးလီ ဗီဇဂါမ်၊
ဖျက်လေသမျှ ဒုက္ကဋ၊ မုချ သင့်ရမှန်။

ထိုမျိုးစေ့ကို စိုက်ပျိုးသည့်အခါ အမြစ်သာ ထွက်၍ အညွန့်မထွက်သေးလျှင်လည်းကောင်း, အညွန့်သာ ထွက်၍ အမြစ်မထွက်သေးလျှင်လည်းကောင်း, ဗီဇဂါမ်ပင်တည်း။ အမြစ်, အညွန့် (၂)မျိုးလုံး ထွက်လျှင်ကား ဘူတဂါမ်တွင် ပါဝင်၏၊ ဖျက်ဆီးလျှင် ပါစိတ်အာပတ်တည်း။

သတိထားရန်

သောက်ရေအိုး, သောက်ရေကန်များ၏ အပြင်ဘက်၌ ရေညှိဟု ခေါ်အပ်သော မှော်သေးကလေးများကို တွေ့ရတတ်၏၊ ထိုမှော်သေးကလေးများ၌ အရွက်အညွန့်လည်း မပါရကား ဗီဇဂါမ်တွင် ပါဝင်လေသည်။ သို့ဖြစ်၍ ထိုရေညှိများကို ရဟန်းကိုယ်တိုင် ပွတ်တိုက်ဆေးက ဒုက္ကဋ်အာပတ် သင့်၏၊ သတိပြုပါလေ။

မအပ်သော ခိုင်းနည်း

ဤသစ်ပင်ကို ဖြတ်စမ်း, ချိုင်စမ်း, လှဲစမ်း၊ ဤအသီးကို ဆွတ်စမ်း, ငရုတ်သီးထောင်းစမ်း, ကြက်သွန်လှီးစမ်း, ခရမ်းချဉ်သီး ချက်စမ်း, အပင်ပေါက်မည့် ကြံ, ဝါးစသည်ကို ဖြတ်စမ်းစသော ခိုင်းခြင်းသည် မအပ်သော ခိုင်းနည်းဖြစ်၍ အာပတ်သင့်၏၊ ထိုတွင် သစ်ပင် ဘူတဂါမ်၊ ငရုတ်သီး, ခရမ်းချဉ်သီးစသည် အပင်မှ လွတ်ပြီး မျိုးစေ့ကား ဗီဇဂါမ်တည်း။

အပ်သော ခိုင်းနည်း

ဤသစ်ပင်ကို သိစမ်း, ကပ္ပိစမ်း ဤငရုတ်သီးကို ကပ္ပိစမ်းစသော ပထဝီခဏနသိက္ခာပုဒ်၌ ပြခဲ့သော ခိုင်းနည်းကား အပ်သော ခိုင်းနည်းတည်း။ မည်သည့်သစ်ပင် မည်သည့်ငရုတ်သီးဟု မညွှန်ဘဲ သစ်ပင်ခုတ်လိုက်, ငရုတ်သီး ထောင်းလိုက်စသော ခိုင်းခြင်း၌ အပြစ်မရှိပါ။ သို့ရာတွင် သိစမ်း, ကပ္ပိစမ်းဟု ပြောဆိုသော အလေ့အထ ရှိသင့်ပေသည်။

ဖျက်ဆီးလိုသော စိတ်မရှိဘဲ သစ်တုံးလှိမ့်ရာ တောင်ဝှေးထောက်၍ စင်္ကြံသွားရာအခါ စသည်တို့၌ မြက်, သစ်ပင်တို့ ပျက်စီးသော်လည်း အာပတ် မသင့်။

ကပ္ပိခြင်း

ဗီဇဂါမ် အပင်ပေါက်ဦးမည့် သစ်ပင်, သစ်စေ့, သစ်သီး, ကြံစသည်တို့ကို ရဟန်းများ သုံးဆောင်ကောင်းလောက်အောင် ဗီဇဂါမ်ကို ဖျက်ဆီးရာမရောက် အောင် လူ, သာမဏေတို့အား ကပ္ပိခိုင်းရသည်။ ကပ္ပိပုံမှာ - အပင်ပေါက်နိုင်သော သစ်သီး, ကြံ စသည်တို့ကို ရဟန်းက ကပ္ပိယံ ကရောဟိ ဆိုပြီးနောက် လူ, သာမဏေက ကပ္ပိယံ ဘန္တေဟု ဆိုလျက် (ဆိုတုန်းဖြစ်စေ, ဆိုပြီး ချက်ချင်းဖြစ်စေ, မီးဖြင့်သော်လည်းတို့, ဓားဖြင့်သော်လည်းခုတ်, လက်သည်းဖြင့် သော်လည်း ဆိတ်ရမည်၊ ဓားရာ, လက်သည်းရာ အပေါက်အဖြစ် ထင်ရှား လျှင် အပ်ပြီ၊ ထက်ပိုင်းပြတ်လျှင်ကား ဆိုဖွယ်ရာ မရှိပြီ။)

ကပ္ပိခြင်း (၅) မျိုး

၁။ မီးဖြင့် ကပ္ပိခြင်း၊ ၂။ ဓားဖြင့် ကပ္ပိခြင်း၊ ၃။ ထက်သော မပုပ်သော လက်သည်းဖြင့် ကပ္ပိခြင်း၊ ၄။ အစေ့နုဖြစ်ခြင်း၊ ၅။ အစေ့ထုတ်ပယ်၍ စားခြင်းသည်ပင် ကပ္ပိခြင်းဟု - (၅)မျိုး လာ၏၊

(ဆောင်) မီး, ဓား, လက်သည်း၊ ကပ္ပိနဲ၊ နုဆဲ, ပယ်နုတ်ခွာ။
ဗီဇမျိုးမှာ၊ ကပ္ပိကာ၊ မှန်စွာ စားရမှာ။

(မှတ်ချက်) အစေ့နုခြင်းနှင့် ထုတ်ပယ်၍ရသော အစေ့တို့ကား ကပ္ပိဖွယ် မရှိ၊ ပင်ကိုကပင် အပ်ခြင်း ကပ္ပိပြီးဖြစ်နေပြီဟု သိ။

ဘူတဂါမ်ကို ကပ္ပိခြင်း (၅)မျိုးဖြင့် ကပ္ပိရမည် မဟုတ်၊ ဘူတဂါမ်မှ လွတ်သော, ကြွေကျပြီးသော, နောင်အခါ အပင်ပေါက်ဦးမည်ဖြစ်သော ဗီဇဂါမ်ကိုသာ ရဟန်းတော်များ သုံးဆောင်ကောင်းအောင် ကပ္ပိရသည်။

သတိပြုဖွယ်

မြေ၌ပေါက်နေသော အပင်များ, အပင်၌ရှိနေသော အသီးများကို ကပ္ပိသော်လည်း ထိုအပင် ထိုအသီးတို့ကို မဖြတ်ကောင်း မခုတ်ကောင်း မခူးဆွတ် ကောင်းဟု သိပါ။ ကြံချောင်းတို့ကို စည်းထားသော ကြိုးနွယ်ကို ကပ္ပိလျှင် ခွက်အရာ၌ တည်သောကြောင့် ကပ္ပိရာမရောက်၊ ကြံစည်း၌ပါသော ထင်း ချောင်းကို ကပ္ပိလျှင် အားလုံးကပ္ပိပြီးသား ဖြစ်၏၊ အပ်၏၊ ကွမ်းရွက်၌ တည် သော စမုံစပါး၊ အဆံချောင်နေသော သစ်သီး၊ တစပ်တည်း မတည်အံ့၊ ခွက် အရာ၌ တည်၍ မအပ်။ အစေ့များ တစပ်တည်း တည်အောင်ပြု၍ တစ်စေ့ကို ကပ္ပိလျှင် အပ်သည်။ ဆန်ပြုတ်, ယာဂု၌တည်သော ငရုတ်သီးမှည့် အစေ့များ တစပ်တည်း မတည်အံ့၊ တစ်စေ့စီ ကပ္ပိရမည်၊ ငရုတ်သီးအစေ့များနှင့် ရောနေသော ဆွမ်းတို့ကို ကပ္ပိရာ၌ ဆွမ်းကိုဖြစ်စေ, ငရုတ်စေ့ကိုဖြစ်စေ ကပ္ပိအံ့၊ အပ်သည်။ ခရမ်းချဉ်သီးမှည့် အစိမ်းအတိုင်း သုတ်ထားရာ၌ ထိစပ်နေက အဖတ်ကို ဖြစ်စေ, အစေ့ကိုဖြစ်စေ ကပ္ပိရမည်။ မီးဖုတ်ထား ပြုတ်ထားလျှင်ကား ကပ္ပိရန် မလိုချေ။ ရောချေထားသော ခရမ်းချဉ်သီးမှည့်, ဆီးသီးမှည့်များ, ထန်းလျက်နှင့် ရောချေထားသော သီးသီးမှည့်များ လက်ဖြင့် ဆိတ်၍ မရသဖြင့် သစ်ရွက်ဖြင့် ထိကပ်၍ ထိုသစ်ရွက်ကို ကပ္ပိသည်ကို တွေ့မြင်ရဖူးသည်။

ဆက်လက်မှတ်သားဖွယ်

ဓားဖြင့်ခုတ်-ဟူရာ၌ အပ်ဖြင့်, စူးဖြင့် ထိုးခြင်းများလည်း ပါဝင်၏၊ ထိုသို့ ကပ္ပိရာ၌ သစ်သီးစသော ဝတ္ထုက ရဟန်း၏ လက်ထဲ၌ ရှိနေမှ ကိုင်ထားမှ မဟုတ်၊ ထောင်ပုံရာပုံ ပုံထားသော အကပ်မခံရသေးသော သစ်သီးပုံ ကြံပုံ ကိုလည်း ရဟန်းက မထိမကိုင်ဘဲ “ကပ္ပိယံ ကရောဟိ”ဟု ဆိုလျှင် လူ, သာမဏေက တစပ်တည်း တဆက်တည်း စုပုံနေသော သစ်သီးတစ်လုံး ကြံတစ်ချောင်းကို “ကပ္ပိယံ ဘန္တေ”ဟု ဆို၍ ခုတ်လိုက်ထိုးလိုက်လျှင် အားလုံးပင် ကပ္ပိပြီး ဖြစ်တော့၏၊ တစ်ကြိမ်ကပ္ပိပြီးသော သစ်သီးများကို (အကပ်မခံရသေးလျှင်) နောက်နောက်ရက်များ၌ပင် ထပ်၍ မကပ္ပိရတော့ဘဲ အကပ်ခံ၍ စားသောက်နိုင်၏၊ ပါဠိလို မဆိုတတ်လျှင် မြန်မာလို ရဟန်းက “ကပ္ပိစမ်း”ဟု ဆိုသောအခါ လူ သာမဏေက “ကပ္ပိပါ၏ ဘုရား”ဟု ပြန်ဆို၍ ဓားစသည် ဖြင့်ခုတ်လျှင်လည်း ကပ္ပိခြင်းကိစ္စ ပြီးမြောက်တော့သည်သာ။ သုံးဆောင် ကောင်းပြီ။

ကပ္ပိယံ ကရောဟိ အဓိပ္ပာယ်

ကပ္ပဿ = သမဏဝေါဟာရအား။ အနုရူပံ = လျော်သော အမှုတည်း။ ကပ္ပိယံ = ရဟန်းတို့အား အပ်စပ်ကြောင်းဖြစ်သော အသုံးအနှုန်းအား လျော် သော အမှုကို (သဒ္ဒါနက်)၊ (ဝါ) အပ်သည်ကို (အဓိပ္ပာယ်နက်)၊ (ဝါ) ကပ္ပိခြင်းကို(ဝေါဟာရ သုံးစွဲရိုးအနက်)။ ကရောဟိ = ပြုလောဟု အနက်ဆို၊ ကပ္ပိယံ ဘန္တေ-၌ ဘန္တေ = အရှင်ဘုရား။ ကပ္ပိယံ = အပ်သည်ကို။ ကရောမိ = ပြုပါ၏ဟု အနက်ပေးလေ။

၂။ အညဝါဒက သိက္ခာပုဒ်အဓိပ္ပာယ်

အညဝါဒကေ = မေးအပ်သောအကြောင်းမှ တစ်ပါးသောအကြောင်းကို ပြောဆိုတတ်သူ၏ အဖြစ်ကြောင့်လည်းကောင်း။ ဝိဟေသကေ = သံဃာကို ညှဉ်းဆဲတတ်သူ၏ အဖြစ်ကြောင့်လည်းကောင်း။ ပါစိတ္တိယံ = ပါစိတ် အာပါတ်သည်။ ဟောတိ = ဖြစ်၏၊ အညဝါဒကပုဒ် ဝိဟေသကပုဒ်တို့သည် ဘာဝပဓာနပုဒ်တို့ ဖြစ်သည်။ အညံ = မေးအပ်သောအကြောင်းမှ တစ်ပါးသောအကြောင်းကို။ ဝဒတိ = ပြောဆိုတတ်၏ - ဝိဂြိုဟ်အရ အညဝါဒက သဒ္ဒါသည် မေးအပ်သောအနက်မှ တစ်ပါးသော အနက်ကို ပြောဆိုဖုံးလွှမ်းသူ ရဟန်းကို ရသော်လည်း, ဘာဝသဒ္ဒါ မပါသော်လည်း ဘာဝအနက်ကို ပဓာန ကောက်၍ မေးအပ်သောအနက်မှ တစ်ပါးသော အနက်ကို ပြောဆိုဖုံးလွှမ်း တတ်သူ၏ ဖြစ်ကြောင်းဖြစ်ရာ (တစ်ပါးသော အနက်ကို တစ်ပါးသော အနက်ဖြင့် ဖုံးလွှမ်းပစ်ခြင်း) ကြိယာကို ရသည်။

(ဆောင်) အညဝါဒက, ပုဒ်အရ၌, မုချ ပြောသူ, ရ၏ဟူလည်း၊
ဤမူဘာဝ, ပဓာနဖြင့်, အည အနက်, မေးသည့် ချက်ကို၊
အနက် တစ်လမ်း, ဖျက်ဖို့ မှန်း၍, ဖုံးလွှမ်း ပြောခါ၊
ကြိယာ, မှန်စွာ အရကောက်။

ဝိဟေသက-အရလည်း ညှဉ်းဆဲတတ်သူရဟန်းကို ရသော်လည်း ဘာဝပုဒ် အရကို ပဓာနကောက်၍ ညှဉ်းဆဲတတ်သူ၏ ဖြစ်ကြောင်းဖြစ်ရာ ဆိတ်ဆိတ်နေသောအားဖြင့် ညှဉ်းဆဲခြင်း ကြိယာကို ရသည်။

(ဆောင်) ဝိဟေသက, ပုဒ်အရ၌, မုချ ညှဉ်းသူ, ရ၏ဟူလည်း၊
ဤမူဘာဝ, ပဓာနဖြင့်, သံဃာ့ ညှဉ်းရန်, အတွင်းကြံ၍၊
နှုတ်သံ မကြွေ, ဆိတ်ဆိတ်နေ, ကောက်လေ သတိပြု။

ပါစိတ် ဒုက္ကဋ် ခွဲခြားချက်

အညဝါဒကအမှု ဝိဟေသကအမှု ပြုသောရဟန်းကို သံဃာက ကမ္မဝါစာဖြင့် အညဝါဒကကံ ဝိဟေသကကံသို့ တင်ပေးရသည်။ ကံပြုရသည် ဟူလို။ ထိုကံပြုပြီးနောက် အညဝါဒကအမှု သို့မဟုတ် ဝိဟေသကအမှုကို ထပ်မံ၍ ပြုမှ ပါစိတ်အာပတ်သင့်သည်။ ကံမပြုသေးခင် အညဝါဒကအမှု ဝိဟေသကအမှုကို ပြုခိုက်၌ကား ဒုက္ကဋ်အာပတ်သာ သင့်၏၊ အညဝါဒကကံ ဝိဟေသကကံသို့ ကံပြုပုံကို ပါဠိတော်မှ ထုတ်ဆောင်ပြအံ့။

မြတ်စွာဘုရားရှင် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးစဉ်အခါ အရှင်ဆန္နမထေရ်သည် မလွန်ကျူးသင့်သည်ကို လွန်ကျူး၍ သံဃာအလယ်၌ မေးစိစစ်သောအခါ မေးမြန်းအပ်သော အကြောင်းကို မဖြေလိုသဖြင့် ထိုစကားကို အခြားစကားဖြင့် ဖုံးလွှမ်းပစ်၏၊ မေးစိစစ်ပုံ ပြန်ဖြေပုံ ပါဠိတော်သို့ ကြည့်ပါ။

ဆန္နရဟန်းအား အညဝါဒကကံ ပြုပုံ

သုဏာတု မေ ဘန္တေ သံဃော၊ အယံ ဆန္နော ဘိက္ခု သံဃမဇ္ဈေ အာပတ္တိယာ အနုယုဉ္ဇီယမာနော အညေနညံ ပဋိစရတိ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ဆန္နဿ ဘိက္ခုနော အညဝါဒကံ ရောပေယျ၊ ဧသာ ဉတ္တိ။

သုဏာတု မေ ဘန္တေ သံဃော၊ အယံ ဆန္နော ဘိက္ခု သံဃမဇ္ဈေ အာပတ္တိယာ အနုယုဉ္ဇီယမာနော အညေနညံ ပဋိစရတိ၊ သံဃော ဆန္နဿ ဘိက္ခုနော အညဝါဒကံ ရောပေတိ၊ ယဿာယသ္မတော ခမတိ ဆန္နဿ ဘိက္ခုနော အညဝါဒကဿ ရောပနာ၊ သော တုဏှဿ၊ ယဿ နက္ခမတိ၊ သော ဘာသေယျ။

ရောပိတံ သံဃေန ဆန္နဿ ဘိက္ခုနော အညဝါဒကံ၊ ခမတိ သံဃဿ၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမီတိ။

ဝိဟေသကကံ တင်ပုံ

ထိုအခါ အရှင်ဆန္နသည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်းစိစစ်သောအခါ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆိုသော် အာပတ်သင့်၏ဟု နှလုံးသွင်း၍ ဆိတ်ဆိတ်နေလျက် သံဃာကို ညဉ်းဆဲ၏၊ ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ထား၍ ဝိဟေသကကံသို့ တင်ရန် ဘုရားရှင်ခွင့်ပြုတော်မူသည်။ ဉတ်တစ်ကြိမ် ကမ္မဝါတစ်ကြိမ် ပေါင်း နှစ်ကြိမ်ပြုရ၍ ဉတ္တိဒုတိယကံဟု ခေါ်၏၊

သုဏာတု မေ ဘန္တေ သံဃော၊ အယံ ဆန္နော ဘိက္ခု သံဃမဇ္ဈေ အာပတ္တိယာ အနုယုဉ္ဇီယမာနော တုဏှီဘူတော သံဃဿ ဝိဟေသေတိ၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ဆန္နဿ ဘိက္ခုနော ဝိဟေသကံ ရောပေယျ၊ ဧသာ ဉတ္တိ။

သုဏာတု မေ ဘန္တေ သံဃော၊ အယံ ဆန္နော ဘိက္ခု သံဃမဇ္ဈေ အာပတ္တိယာ အနုယုဉ္ဇီယမာနော တုဏှီဘူတော သံဃံ ဝိဟေသေတိ၊ သံဃော ဆန္နဿ ဘိက္ခုနော ဝိဟေသကံ ရောပေတိ၊ ယဿာယသ္မတော ခမတိ ဆန္နဿ ဘိက္ခုနော ဝိဟေသကဿ ရောပနာ၊ သော တုဏှဿ ယဿ နက္ခတိ၊ သော ဘာသေယျ။

ရောပိတံ သံဃေန ဆန္နဿ ဘိက္ခုနော ဝိဟေသကံ ခမတိ သံဃဿ၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမီတိ။

အင်္ဂါ (၃) ပါး

၁။ အညဝါဒက ဝိဟေသက ကံသို့ ဓမ္မကံအဖြစ်ဖြင့် တင်အပ်ပြီးဖြစ်ခြင်း။
၂။ အာပတ်ဖြင့်ဖြစ်စေ, ဝတ္ထုဖြင့်ဖြစ်စေ အမေးမြန်း အစိစစ်ခံရခြင်း၊
၃။ မိမိအပြစ်ကို ဖုံးလွှမ်းလိုသည့်အတွက် တစ်ပါးသောအနက်ဖြင့် တစ်ပါးသောအနက်ကို ဖုံးလွှမ်းပစ်ခြင်း သို့မဟုတ် ဆိတ်ဆိတ်နေခြင်း ပေါင်း အင်္ဂါ ၃-ပါးတည်း။

၃။ ဥဇ္ဈာပနက သိက္ခာပုဒ်အဓိပ္ပာယ်

ဥဇ္ဈာပနက = ကဲ့ရဲ့ခြင်း

မိမိမုန်းသူ၏ အကြောင်းကို အခြားရဟန်းတို့အထံသွား၍ အထင်သေး အမြင်သေးဖြစ်အောင် တိုက်ရိုက်ပြော၏၊ ထိုသို့ အခြားရဟန်းတို့က မိမိ မုန်းသူအပေါ်၌ အထင်သေးအမြင်သေးစေကြောင်း စကားကို ဥဇ္ဈာပနက (= ကဲ့ရဲ့ခြင်း)ဟု ဆိုသည်။

ခိယျနက = ရှုတ်ချခြင်း

ရှင်ဒဗ္ဗသည် ဆန္ဒာဂတိလိုက်၏ စသော စကားကို တစ်စုံတစ်ယောက်ထံသို့ တိုက်ရိုက်ကား သွား၍မပြော၊ သို့သော် ထိုထိုရဟန်းများ ကြားလောက်အောင် (ကြားလောက်သည့် နေရာတို့၌) မိမိတို့ အပေါင်းအဖော်ချင်း မုန်းသူ ၏ အပြစ်ကို အတင်းပြောခြင်း မကောင်းသတင်းလွှင့်ခြင်းသည် ခိယျနက (= ရှုတ်ချခြင်း) မည်၏၊

ထိုကဲ့သို့ တိုက်ရိုက်သွားပြောလျှင်လည်းကောင်း, မိမိတို့အချင်းချင်း အတင်းပြောလျှင်လည်းကောင်း အသီးအသီး ပါစိတ်အာပတ်သင့်၏၊

အာပတ်ခွဲခြားချက်များ

အပြစ်ပြော အတင်းပြောခံရသော ရဟန်းက ကမ္မဝါစာဖြင့် သမုတ်အပ်သူ (အိပ်ရာနေရာကို အာဂန္တုများအတွက် ခင်းပေးသော သေနာသနပညာပက, သံဃာများကို ဆွမ်းစားလှည့်ညွှန်ပြသော ဘတ္တုဒ္ဒေသက, ယာဂု စသည် ဝေဖန်သော ယာဂုဘာဇက, ဖလဘာဇက, ခဇ္ဇဘာဇက ဤသို့ စသည်ဖြင့် သံဃာက သမုတ်ထားသော သံဃာ့ဝန်ဆောင်) ရဟန်းဖြစ်မှ ပါစိတ်အာပတ် သင့်သည်။ ထိုကဲ့သို့ သမ္မုတိရသူ မဟုတ်လျှင်လည်းကောင်း၊ ပြောရာပုဂ္ဂိုလ် က ရဟန်း မဟုတ်၊ လူ, သာမဏေ ဖြစ်လျှင်လည်းကောင်း၊ လူ, သာမဏေ၏ မဟုတ်မမှန်သော အပြစ်ကို ပြောလျှင်လည်းကောင်း ဒုက္ကဋ် အာပတ်သာ၊ အမှန် ဆန္ဒာဂတိ စသော အဂတိလိုက် ဝေဖန်သူကို ပြောလျှင်ကား အာပတ် မသင့်။

(ဆောင်) ရဟန်းထံမူ, ပါစိတ်ဟူ, သာ လူ ဒုက္ကဋ်သိ၊
သမ္မုတိ မရ, ရဟန်းမျှ, ပြောက ဒုက္ကဋ်သိ၊
လူ သာမဏေ, ပြစ်ပြောလေ, တထွေ ဒုက္ကဋ်သိ။

၄။ ပထမသေနာသန သိက္ခာပုဒ်

သံဃိကဖြစ်သော ညောင်စောင်း, အင်းပျဉ်, ဘုံလျှို (ဖုံ) ခတ်အခင်းတို့ကို လွင်တီးခေါင်၌ ကိုယ်တိုင်ခင်းပြီး၍ဖြစ်စေ, လူ သာမဏေကို အခင်းခိုင်း၍ ဖြစ်စေ, ထိုနေရာမှ တခြားတစ်နေရာသို့ ညအိပ်ညနေ သွားလိုလျှင်, ကိစ္စရှိ၍ ရွာတွင်း မြို့တွင်း စသည်သို့ဖြစ်စေ သွားလိုလျှင်, ထိုညောင်စောင်း စသည်ကို ကိုယ်တိုင်သော်လည်း မသိမ်းဆည်း, တစ်ယောက်ယောက်ကိုသော်လည်း မသိမ်းဆည်းခိုင်း, မိမိပစ္စည်းကဲ့သို့ သဘောထား၍ စောင့်ရှောက်မည့် ရဟန်း သာမဏေ အာရာမ်စောင့်ကိုသော်လည်း ကြည့်ရှုရန် အပ်နှံပန်ပြောခြင်း မပြုဘဲ သွားလျှင် ပထမသေနာသနပါစိတ်အာပတ် သင့်၏၊

ညောင်စောင်း လေးမျိုး

မဉ္စတိ ပုဂ္ဂလံ ဓာရေတီတိ မေဉ္စာ၊ ပုဂ္ဂိုလ်ကို ဆောင်တတ်သော ညောင် စောင်း၊ မဉ္စတိ သယနာဒိကြိယံ ကရောတိ ဧတ္ထာတိ မေဉ္စာ၊ အိပ်ခြင်းစသော ကြိယာကိုပြုရာ ညောင်စောင်းကို ရ၏၊

၁။ အခြေ၌ အပေါင်စွပ်သော မသာရကညောင်စောင်း၊
၂။ အပေါင်၌ အခြေစွပ်သော အာဟစ္စပါဒကညောင်စောင်း၊
၃။ အခြေနှင့်တစပ်တည်း အပေါင်ရှိသော ဗုန္ဒိကာဗဒ္ဓညောင်စောင်း၊
၄။ ပုဇွန်ခြေသဏ္ဌာန် ကောက်သော အခြေရှိသော ကုဠီရပါဒညောင်စောင်းဟု လေးမျိုး ပြား၏၊ မြန်မာက ကုတင်ဟု ခေါ်၏၊

အင်းပျဉ်လေးမျိုး

ပီဌတိ ဒုက္ခံ ဟိံသတီတိ ပီဌံ၊ ဒုက္ခကို ညှဉ်းဆဲတတ်သော၊ အင်းပျဉ်ကို ရ၏၊ ယခုကာလ စားပွဲ, ကုလားထိုင်, ထိုင်ခုံအမျိုးမျိုးတည်း။ ညောင်စောင်းနည်းတူ လေးမျိုး ပြား၏၊

အထူးကား - လေးတောင်အလျားရှိသည်ကား ညောင်စောင်း၊ လေးတောင်အောက် တိုသောအလျားရှိသည်ကား အင်းပျဉ်ဟုဆိုကြ၏၊

(ဆောင်) မသာရက၊ ဗုန္ဒိကနှင့်၊ ကုဠီရပါဒ၊ အာဟစ္စ၊ လေးဝ ညောင်စောင်းပြား။အင်းပျဉ်၌လည်း၊ ထိုလေးတည်း၊ ပြားနည်း သိစေသား။

လေးတောင်ရှိသည်၊ ညောင်စောင်းမည်၊ တိုသည် အင်းပျဉ်ထား။

ဘိသိံ - ဘိသိဟူသည် အပြင်က အဝတ်ဖြစ်စေ, သမင်ရေစသော အပ်သော သားရေဖြင့်ဖြစ်စေ အခွံပြု၍ လူမွေးနှင့် ပန်းညိုရွက်ကို ဖယ်ထားပြီး အမွေး, သစ်ရွက်, မြက်, လျှော်, အဝတ်တို့ကို အဆာသွတ်၍ ပြုအပ်သော မွေ့ရာ ဘုံလျှိုကို ဆိုသည်။

(ဆောင်) သားမွေး, သစ်ရွက်၊ အဝတ်, မြက်၊ လျှော်စွက် ဘုံလျှို ငါး။

ကောစ္ဆံ - ကုစီယတိ သင်္ကောစီယတီတိ ကောစ္ဆော၊ အလယ်၌ တွန့်ထားသော (ကျုံ့ထားသော) ခတ်ခင်းတည်း။ ထိုအခင်းကား လျှော်, ပန်းရင်းမြက်, ဖြူဆံမြက်, ပြိတ်မြက် တစ်ပါးပါးဖြင့် ပြုထားသည်။ အတွင်း၌ ရစ်၍ ဖွဲ့ထားသည်။အထက်အောက်ကျယ်၍ အလယ်ကျဉ်းပြီး ထက်စည်သဏ္ဌာန် ရှိသည်။ အလယ်၌ ခြင်္သေ့ရေ စသည်တို့ဖြင့် ဝန်းရံထားသည်။ ဤ အခင်း၌ မအပ်သော သားရေမည်သည် မရှိ။

အဇ္ဈောကာသေ - လွင်တီးခေါင်ဟူသည် မိုဃ်းလေးလသာ မိုဃ်းရွာသောအရပ်၌ မိုဃ်းလေးလအတွင်း၊ မိုဃ်းလ, ဆောင်းလ နှစ်မျိုးလုံး မိုဃ်းရွာသော အရပ်၌ ရှစ်လအတွင်း ပကတိသော လွင်တီးခေါင်အရပ်၊ မိုဃ်းစွတ်သော မဏ္ဍပ်, သစ်ပင်ရင်း, ကျီးစသည်တို့ အသိုက်ပြု၍ အမြဲနေသော သစ်ပင်အောက် အရပ်တို့ကို ဆိုသည်။ မဉ္စ စသော သံဃိကပစ္စည်းများ မထားကောင်းသော အရပ်တို့တည်း။

ပန်ကြားအပ်သော သူများ

ပရိက္ခရာ ပျက်စီးမှာကြောက်သော လဇ္ဇီသူတော်ကောင်းဖြစ်သော သာမဏေ, အာရာမ်စောင့်မျိုးကို ဆိုသည်။ အလဇ္ဇီဖြစ်မူ မပန်ကြားကောင်း၊ ပန်ကြားသော်လည်း အာပတ်မှ မလွတ်၊ မပန်ကြားဘဲ သိမ်းထားလိမ့်မည် ဟူသော စိတ်မျိုးမရှိမူ၍ သွားအံ့၊ ခဲတစ်ကျ လွန်သော် ပထမခြေလှမ်း ဒုက္ကဋ်၊ ဒုတိယခြေလှမ်း ပါစိတ်၊ ပုဂ္ဂလိကပစ္စည်းဖြစ်မူ ဒုက္ကဋ်၊ အယုတ်ဆုံး သပိတ်ခြေကိုသော်လည်း ထိုအရပ်မျိုး၌ ထားသော် ဒုက္ကဋ်အာပတ်ဟု သိ။

(ဆောင်) သံဃာ့ဥစ္စာ၊ ပါစိတ်လာငြား၊ တစ်ပါးပုဂ္ဂလ၊ ဥစ္စာမျှ၊ မှတ်ကြ ဒုက္ကဋာ။ အယုတ်ဆုံးပေ၊ သပိတ်ခြေ၊ ထားလေ ဒုက္ကဋာ။

၅။ ဒုတိယသေနာသန သိက္ခာပုဒ်

သေနာသနဟူသော သဒ္ဒါသည် ကျောင်းကိုလည်းကောင်း, အိပ်ရာ နေရာအခင်းများကိုလည်းကောင်း ဟောနိုင်၏၊ ဤ ပထမ ဒုတိယသေနာသန သိက္ခာပုဒ်နှစ်ခုတို့၌ သေနာသနသဒ္ဒါကား အိပ်ရာနေရာများကို ဟော၏၊ သေန္တိ ဧတ္ထာတိ သေနံ = အိပ်ရာ (အိပ်စရာ) အခင်း၊ အာသန္တိ ဥပဝိသန္တိ ဧတ္ထာတိ အာသနံ = ကပ်ဝင်နေထိုင်ရာ ထိုင်စရာအခင်း၊ သေနံ စ = အိပ်စရာအခင်းလည်း၊ အာသနံ စ = ထိုင်စရာအခင်းလည်း၊ သေနာသနာနိ = အိပ်စရာနှင့် ထိုင်စရာ အခင်းတို့တည်း။

ဤဒုတိယသေနာသနသိက္ခာပုဒ် ဆိုလိုရင်းမှာ သံဃိကကျောင်းပေါ်ဝယ် အိပ်စရာ နေစရာအခင်းများကို ခင်း၍ နေထိုင်ပြီးနောက် ထိုနေရာမှ ဖဲသွားလိုသည့်အခါ ကိုယ်တိုင် ရုပ်သိမ်းခြင်း သို့မဟုတ် သူတစ်ပါးကို အသိမ်းခိုင်းခြင်း (သို့မဟုတ်) တစ်ယောက်ယောက်ထံ အပ်နှံ ပန်ကြားခြင်း မရှိဘဲ ဖဲသွားသော ရဟန်းသည် အရံရှိသော် အရံကို အရံမရှိသော် ဥပစာကို ခြေလှမ်း လွန်အံ့ ဒုက္ကဋ်၊ ဒုတိယခြေလှမ်းလွန်အံ့ ပါစိတ်အာပတ်သင့်၏၊

ပန်ကြားပုံများ

သံဃိကကျောင်း သံဃိကအခင်း နှစ်ပါးစုံဖြစ်မှသာ ပါစိတ်, တစ်ပါးပါးဖြစ်မူ ဒုက္ကဋ်၊ ပန်ကြားဟူရာ၌ ရဟန်း, သာမဏေ, အာရာမ်စောင့် တစ်ဦးဦးထံ ပန်ကြားရမည်၊ မရှိလျှင် ကျောင်းဒကာကို ပန်ကြားရမည်၊ ကျောင်းဒကာထံ အပ်နှံသွားရမည်၊ လက်မခံအံ့၊ ကိုယ်တိုင် သိမ်းဆည်းသွားရမည်၊ ခြမစားနိုင်ဟု ဆုံးဖြတ်နိုင်အံ့၊ မပန်ကြားဘဲလည်း သွားကောင်း၏၊ အာပတ် မသင့်၊ သို့သော် ဂမိကရဟန်းကျင့်ဝတ်၌ ပန်ကြားအပ်နှံ သိမ်းဆည်းသွားရမည်ဟု ဟောကြားထားတော်မူသည်။

သေယျ (၁၀) မျိုး

သေန္တိ ဧတ္ထာတိ သေယျာ။ ဧတ္ထ = ဤနေရာ၌၊ သေန္တိ = အိပ်ကြ ထိုင်ကြကုန်၏၊ ဣတိ = ဤသို့ အိပ်ကြထိုင်ကြရာ နေရာအခင်းသည်၊ သေယျော = သေယျ မည်၏၊ အိပ်စရာ ထိုင်စရာ အခင်းများကို သေယျဟု ခေါ်သည်။ သေယျ (၁၀)မျိုး ရှိ၏၊ 
၁။ ဘိသိ = ဘုံလျှို၊ 
၂။ စိမိလိက = အဝတ်ကြမ်း၊ 
၃။ ဥတ္တရတ္ထရဏ = အပေါ်လွှမ်းအခင်း၊ 
၄။ ဘူမတ္ထရဏ = မြေအခင်း၊ 
၅။ တဋ္ဋိက = ဖျာကြမ်း၊ 
၆။ စမ္မခဏ္ဍ = သားရေပိုင်း၊ 
၇။ နိသီဒန = နိသီဒိုန်အခင်း၊ 
၈။ ပစ္စတ္ထရဏ = သီးခြားအခင်း (အမွေးရှိသော ကော်ဇော အခင်း)၊ 
၉။ တိဏသန္ထရ = မြက်အခင်း၊ 
၁၀။ ပဏ္ဏသန္ထာရ = သစ်ရွက်အခင်း စသဖြင့် သေယျ (၁၀)မျိုး ဟောတော်မူသည်။

(ဆောင်) ဘိသိ, စိမိ၊ ဥတ်, ဘူမိ၊ တဋ္ဋိ စမ္မခဏ်။
နိသိ, ပစ္စ၊ မြက်, ပဏ္ဏ၊ သေယျ ဆယ်ခုမှန်။

ထိုသေယျတို့ကို မသိမ်းဆည်းဘဲသွားလျှင် ခြတက်၍ ကျောင်းရော အခင်းပါ ပျက်စီးတတ်သောကြောင့် ပါစိတ်အာပတ်သင့်သည်။

၆။ အနုပခဇ္ဇသိက္ခာပုဒ် အဓိပ္ပာယ်

သံဃိကကျောင်းဝယ် တစ်ခုသော နေရာ၌ မိမိအလျင် နေနှင့်သော ရဟန်းကို ထသွားစေထိုက်သူ မဟုတ်မှန်းသိလျက် ထိုရဟန်း၏ အနီးသို့ “ကျဉ်းကြပ်၍ သူထွက်သွားလိမ့်မည်”ဟု ကြံရွယ်ချက် စိတ်ယုတ်မာဖြင့် ကပ်ရောက်ထိုင်အံ့ ပါစိတ်အာပတ် သင့်သည်။

ထသွားစေထိုက်သူ မဟုတ်သော ပုဂ္ဂိုလ် (၃) ယောက်

၁။ မိမိထက် သိက္ခာဝါကြီးသော သီတင်းကြီးရဟန်းကို မိမိထက် သိက္ခာဝါ ကြီးသောကြောင့် ထသွားအောင် မပြုလုပ်ကောင်း၊
၂။ ဂိလာနရဟန်းကို ရောဂါသည်ဖြစ်ခြင်းကြောင့် ထသွားအောင် မပြုကောင်း၊
၃။ သံဃာအား ကျေးဇူးများသောကြောင့် ဗဟုပကာရဂုဏ်, ဂုဏ်ထူးဖြစ်သော ဂုဏဝိသိဋ္ဌဂုဏ်နှစ်ပါးရှိ၍ သံဃာသည် သီးခြားကျောင်းပေးထားအပ်သော ဘဏ္ဍာဂါရိက, ဓမ္မကထိက, ဝိနည်းဓိုရ်, ဂဏဝါစက စာချဆရာဖြစ်သော ရဟန်းတို့ကို ထိုဂုဏ်တွေရှိခြင်းကြောင့် ထသွားအောင် မပြုကောင်း၊ ထိုပုဂ္ဂိုလ်များကို သံဃာပေးသောသူဟု ဆို၏၊ ဂုဏ်ထူးရှိသူများ ဖြစ်၍ သံဃာက သီးခြားနေရာကို သံဃာထံ ပန်ပြောလျက် ပေးထားလေ့ရှိ၏၊

ဤသို့ သီတင်းကြီး, သူနာ, သံဃာပေးသောသူ ပုဂ္ဂိုလ် (၃)မျိုးကို ထသွားအောင် မပြုကောင်းမှန်း သိခြင်းကို ဇာနံဟု ဆိုသည်။

(ဆောင်) သီတင်းကြီး, သူနာ, သံဃာပေးသောသူ၊ သုံးယောက်ဟူ ထမူ မထစေ အပ်။

အနုပခဇ္ဇ၊ အနု-ရှေး, ဥပ-ရှေးရှိသော ခိ-ဓာတ် တွာ-ပစ္စည်း၊ ခိ-ဓာတ် = ဟိံသန - ညှဉ်းဆဲခြင်းအနက်ဟော၊ အနီးသို့ ကပ်ရောက်ခြင်းဖြင့် ညှဉ်းဆဲ ခြင်း, ဥပစာအတွင်းသို့ ဝင်နေခြင်း ဟူ၏၊ ဆိုအပ်ပြီးသော ရဟန်းသုံးမျိုးတို့၏ ညောင်စောင်း အင်းပျဉ်တို့၏ ဥပစာ ထိုရဟန်းတို့၏ ထွက်ရာဝင်ရာ ဥပစာသို့ ဝင်ခြင်း, နေထိုင်ခြင်း, ဝင်အိပ်ခြင်းကို အနုပခဇ္ဇဟု ခေါ်သည်။ ရှေးနိဿယ၌ အနုပခဇ္ဇ - တိုးဝှေ့၍ဟု အနက်ပေးသည့်အတွက် “ပွတ်ကပ်ကြပ်နေအောင် ဝင်ထိုင်နေသည်”ဟု ထင်မှားတတ်ကြသည်။

ဥပစာအရ ယူပုံ

ဥပစာ-အရ ကြီးသောကျောင်းဖြစ်အံ့ ညောင်စောင်း, အင်းပျဉ်၏ အရပ်လေးမျက်နှာမှ တစ်တောင့်ထွာ ယူ၊ နံရံဘက်က ဥပစာ မရလျှင်လည်း ကောင်း, ငယ်သောကျောင်း ဖြစ်လျှင်လည်းကောင်း တစ်ခုတစ်ခုသော အရပ် မှ တစ်တောင့်ထွာကို ယူရသည်။

ဝင်ရာအရပ်ဥပစာ ထွက်ရာအရပ်ဥပစာ

ဝင်ရာအရပ်ဥပစာကား ခြေဆေးရာနေရာမှစ၍ ညောင်စောင်း, အင်းပျဉ်တိုင်အောင် တစ်တောင့်ထွာ လမ်းခရီးကိုယူ၊ ထွက်ရာအရပ် ဥပစာကား ညောင်စောင်း, အင်းပျဉ်မှ ကျင်ငယ်စွန့်ရာ အရပ်တိုင်အောင် တစ်တောင့်ထွာ လမ်းခရီးကို ယူရသည်။

အာပတ်သင့်ပုံများ

ထိုရဟန်း၏ ကျဉ်းမြောင်းခြင်းကို အလိုရှိ၍ ဥပစာ၌ ဆယ်ပါးသော အိပ်ရာတို့တွင် တစ်ခုခုသော အိပ်ရာကို ခင်းအံ့ ခင်းစေအံ့ ဒုက္ကဋ်၊ ခင်းပြီးနောက် ထိုင်ရုံသာထိုင်အံ့ ပါစိတ်တစ်ချက်၊ အိပ်ရုံသာ အိပ်အံ့ ပါစိတ်တစ်ချက်၊ ထိုင်ခြင်း အိပ်ခြင်းနှစ်ပါးစုံ ပြုအံ့ ပါစိတ်နှစ်ချက်၊ ထ၍ထ၍ ထိုင်ခြင်း အိပ်ခြင်း အကြိမ်ကြိမ်ပြုအံ့ အကြိမ်တိုင်း အကြိမ်တိုင်း ပါစိတ်အာပတ်သင့်၏၊

ဖဲသွားစေလိုခြင်း စိတ်ယုတ်မာဖြင့် ကပ်ဝင်နေထိုင်မှ ပါစိတ်အာပတ် သင့်သည်။ မကျန်းမာခြင်း စသည်ကြောင့်လည်းကောင်း နေရာအခက်အခဲ မတတ်သာ၍ ကပ်ဝင်နေထိုင်သူမှာ အာပတ်မသင့်။

၇။ နိက္ကဍ္ဎန သိက္ခာပုဒ်အဓိပ္ပာယ်

ခိုက်ရန်ဒေါသစသည် မပြုတတ်သော ရဟန်းတစ်ပါးကို သံဃိကကျောင်းမှ စိတ်ဆိုး၍ နှင်ထုတ်လျှင်လည်းကောင်း နှင်ထုတ်ခိုင်းလျှင်လည်းကောင်း ပါစိတ်အာပတ်သင့်၏၊

နှင်ထုတ်ဟူရာ၌ တရားသဖြင့် နေသူကို နှင်ထုတ်မှသာ အာပတ်သင့်သည်။ ခိုက်ရန်ပြုတတ်သော ရဟန်း၊ အလဇ္ဇီရဟန်း၊ ရန်ဖြစ်တတ်, ငြင်းခုံတတ်, ဆန့်ကျင်ဘက်စကားကို ပြောတတ်, စကားများတတ်, သံဃာ၌ အဓိကရုဏ်း ပြုစေတတ်သော ရဟန်း၊ ဆရာဥပဇ္ဈာယ်၏ ဝတ်ကို ကောင်းစွာ မပြုကျင့်သော အနီးနေ အန္တေဝါသိကတပည့်, အတူနေ သဒ္ဓိဝိဟာရိက တပည့်ရဟန်းတို့ကို နှင်ထုတ်နိုင်သည်။

အာပတ်သင့်ပုံများ

ခိုက်ရန်ပြုတတ်သော ရဟန်းများနှင့် ထိုသူတို့၏ ပရိက္ခရာကိုကား သံဃိကတစ်တိုက်လုံးမှ နှင်ထုတ်သော်လည်း အာပတ်မသင့်၊ အလဇ္ဇီရဟန်း သာမဏေနှင့် ကောင်းမွန်စွာ ဆုံးမသည်ကို မလိုက်နာသော ရဟန်း သာမဏေများကိုမူ မိမိနေရာ သံဃိကကျောင်း ကျောင်းတစ်ဆောင်မှသာ နှင်ထုတ်ခွင့်ရှိ၏၊ တစ်တိုက်လုံးမှကား နှင်ထုတ်ခွင့်မရှိ၊ မိမိနှင့် အကျွမ်းမဝင်သူ သူများပိုင် ပုဂ္ဂလိကကျောင်းမှ နှင်ထုတ်ရာ၌လည်းကောင်း, လူ သာမဏေကို လည်းကောင်း, ပရိက္ခရာပစ္စည်းများကိုလည်းကောင်း, ဆွဲထုတ်ရာ၌ ဒုက္ကဋ်၊ မိမိနှင့် အကျွမ်းဝင်သူ ပုဂ္ဂလိကကျောင်းမှ စိတ်ဆိုး၍ နှင်ထုတ်လျှင်လည်းကောင်း, မိမိပုဂ္ဂလိကပိုင်ကျောင်းမှ သဘောမကျသူဟူသမျှကို နှင်ထုတ်ရာ၌လည်းကောင်း အာပတ်မသင့်ပေ။

အင်္ဂါသုံးပါး

(၁) သံဃိကကျောင်းဖြစ်ခြင်း၊ (၂) ခိုက်ရန်ငြင်းခုန်စသည် မပြုတတ်သော ရဟန်းဖြစ်ခြင်း၊ (၃) စိတ်ဆိုး၍ နှင်ထုတ်ခြင်း, အနှင်ခိုင်းခြင်း၊ ပေါင်း (၃) ပါးတည်း။

(ဆောင်) သံဃာ့ကျောင်းမှန်, ခိုက်ရန်မသန်း, ရဟန်းဖြစ်လျက်, အမျက်ထွက် လျှင်း, ငင်ခြင်းစေလတ်, အင်သုံးရပ်, နိက္ကဍ္ဎနတည်း။

၈။ ဝေဟာသကုဋိ သိက္ခာပုဒ်အဓိပ္ပာယ်

အထက်၌ ကြမ်း, ပျဉ်ချပ်တို့ဖြင့် မစီမခင်းအပ်သေးသော မဇ္ဈိမပုရိသ ဦးခေါင်းလွတ်အောင် မြင့်သော သံဃိကကျောင်း၏ ဆင့်ပေါ်တွင် တင်ထား အပ်သော, အပေါင်တွင် ခြေစွပ်သော စို့ ပရစ် မထိုးအပ်သေးသော ညောင်စောင်း အင်ပျဉ်ဟု ခေါ်သော ခုတင် ထိုင်ခုံတို့ကို ဖိ၍ မထိုင်ရ၊ မအိပ်ရ၊ ထိုသို့ ပြုလုပ်လျှင် ဝေဟာသကုဋိသုဒ္ဓပါစိတ်အာပတ် သင့်၏၊

ဤသိက္ခာပုဒ်သည် ညောင်စောင်း, အင်းပျဉ်ခြေထောက်များ ပြုတ်ထွက်၍ အောက်ထပ်၌ သွားလာနေထိုင်သူ၏ အပေါ်သို့ ကုတင်ခြေထောက် ပြုတ်ကျဖူးသောကြောင့် ပညတ်တော်မူအပ်သော သိက္ခာပုဒ်တည်း။ ခြေထောက်ကို ထွင်း၍ အပေါင်တပ်ထားလျှင်ကား ပြုတ်ထွက်သွားဖွယ် မရှိ၍ ဤသိက္ခာပုဒ်နှင့် မဆိုင်။ ထိုညောင်စောင်းခြေများလည်း အပေါင်၌ စွဲနေအောင် (မကျွတ်နိုင်အောင်) စို့ (သံ)ရိုက်ထားလျှင် ကျွတ်ထွက်ဖွယ် မရှိတော့ရကား ဤသိက္ခာပုဒ်၌ ထိုကဲ့သို့ စို့ (သံ) မရိုက်ဘဲ တပ်ရုံတပ်ထားသော ညောင်စောင်းခြေများ ဖြစ်သည်ဟု မှတ်။

အင်္ဂါလေးပါး

(၁) သံဃိကကျောင်းဖြစ်ခြင်း၊ (၂) ဦးခေါင်းကို မတိုက်မိလောက်အောင် မြင့်သော ဝေဟာသကုဋိဖြစ်ခြင်း၊ (ဦးခေါင်းကို တိုက်မိလောက်အောင် နိမ့်နေလျှင် ဖိထိုင်သူမှာ အာပတ်မသင့်၊ အောက်က သွားလာသူ၏ တာဝန်သာ)၊ (၃) အောက်ထပ်၌ သွားလာသုံးစွဲလေ့ရှိခြင်း၊ (အောက်ထပ်၌ သစ်သားစသည် ပုံထား၍ နေထိုင်သုံးစွဲခြင်း မရှိလျှင် အပေါ်ထပ်ကုတင်ပေါ်၌ ထိုင်နေသော်လည်း အာပတ်မသင့်၊ နေထိုင်ရာ မဟုတ်သော အောက်ထပ်၌ လာရောက် နေထိုင်သူ၏ အပြစ်သာ၊ (၄) စို့, သံ မရိုက်အပ်သော အာဟစ္စပါဒက ညောင်စောင်း အင်းပျဉ်၌ ထိုင်ခြင်း, အိပ်ခြင်း၊ ပေါင်း လေးပါးတည်း။

(မှတ်ချက်) မဇ္ဈိမ, ပုရိ၊ ခေါင်းမထိ၊ ကုဋိကိုသာ ယူ။

(ဆောင်) သံဃိကကျောင်း၊ ဦးခေါင်း မထိ၊ ကုဋိဝေဟာ၊ အောက်မှာ သုံးဆောင်၊ စို့ပေါင် မနှက်၊ ခြေရှိလျက်လျှင်၊ ညောင်အင်၌သာ၊ ထိုင်အိပ်ပါ၊ ဝေဟာ အင်္ဂါလေး။

၉။ မဟလ္လကဝိဟာရ သိက္ခာပုဒ်အဓိပ္ပာယ်

ကျောင်းဒကာရှိသော ကြီးသော ဥလ္လိတ္တာ, ဝလိတ္တကျောင်းကို ဆောက်လုပ်စေလိုသော ရဟန်းသည် တံခါးရွက် တံခါးဘောင်များကို ခိုင်မြဲစေဖို့ရာ တံခါးဘောင် (ကျည်းခွေ)၏ ပတ်ပတ်လည် နှစ်တောင့်ထွာအရပ်ကို အင်္ဂတေ (သို့မဟုတ်) မြေညက်တို့ဖြင့် (တံခါးရွက်ဖြင့် ရိုက်မိတတ်၍ ကွာမကျအောင်) အထပ်ထပ် လိမ်းကျံနိုင်သည်။ လေသာပြူတင်း တံခါးရွက်များကို ခိုင်မြဲအောင် ပြုဖို့ရန်လည်း ထိုလေသာပြူတင်း၏ ပတ်ပတ်လည်၌ အထပ်ထပ် လိမ်းကျံနိုင်သည်။ အပေါ်အမိုးကိုလည်း နှစ်ထပ် သုံးထပ်အထိ ကောက်ပင်, ပဲပင်, ဗူး, ဖရုံပင် မရှိရာအရပ်၌ ရပ်လျက် ကိုယ်တိုင် ကြပ်မတ် စီမံနိုင်သည်။ ထိုနှစ်ထပ် သုံးထပ်ထက် တိုး၍ စီမံလျှင်ကား ကောက်ပဲသီးနှံ မရှိရာအရပ်၌ ရပ်လျက် စီမံစေကာမူ ပါစိတ်အာပတ်သင့်၏၊

(ဆောင်) ဥလ္လိတ္တာ ဝလ္လိတာ ကျောင်းမျိုးသာ, ဤမှာ ဝိဟာယူ။ (မေဒိနီ၊၂၉၄။)

ဒွိတ္တိစ္ဆဒနဿပရိယာယံပုဒ် အဓိပ္ပာယ်

ဒွိတ္တိနှင့် ပရိယာယသည် ဆဒနဿပုဒ်ခြားလျက် သမာသ်စပ်ထားသည် ဖြစ်၍ အယုတ္တသမာသ်ပုဒ်တည်း။ နဝံ ပန ဘိက္ခုနာ စီဝရလာဘေနကဲ့သို့, နဝံ ပန ဘိက္ခုနာ သန္ထတံကဲ့သို့ နဝံနှင့် စီဝရ၊ နဝံနှင့် သန္ထတံ ကျော်စပ်အနက် ပေးရသည်။ ဒွိတ္တိနှင့် ပရိယာယံကို တွဲ၍ အနက်ပေးရသည်ဟု မှတ်။

နတ္ထိ ဟရိတံ ဧတ္ထာတိ အပ္ပဟရိတံ = စိမ်းစိုသော ကောက်ပဲသီးနှံ မရှိသော အရပ်တည်း။ အပ္ပသဒ္ဒါသည် အပ္ပိစ္ဆောကဲ့သို့ မရှိခြင်း အဘာဝ အနက်ကို ဟောသည်။ ဟရိတသဒ္ဒါသည် စိမ်းစိုသော အဖျား၌ သီးသော ကောက်မျိုး, အဆစ်၌သီးသော ဗူး ဖရုံစသော ပဲမျိုးတို့ကိုယူ။ အကြင်မျိုးစေ့ သည် လယ်ယာတို့၌ ကြဲထားကာမျှဖြစ်၍ အပင်မပေါက်သေးသော်လည်း မိုဃ်းရွာသော် အပင်ပေါက်လတ္တံ့၊ ထိုမျိုးစေ့ ကြဲထားရာ အရပ်မျိုးကိုလည်း စိမ်းစိုသော ကောက်ပဲ ဟရိတပင် ဆိုရမည်။

တတော စေ ဥတ္တရိ အပ္ပဟရိတေပိ ဌိတော အဓိဋ္ဌဟေယျ။

စိမ်းစိုသော ကောက်ပဲရှိရာ အရပ်မျိုး၌ ရပ်၍ စီရင်သော ရဟန်းအား ဒုက္ကဋ်၊ ကောက်ပဲပင် မရှိသော်လည်း စုလစ်မွန်းချွန် မတင်သော ကျောင်းဖြစ်အံ့၊ ခေါင် လျောက် နံပါး စုလစ်မွန်းချွန်တင်သော ကျောင်းဖြစ်အံ့၊ ထုပိကာ၏ နံပါး၌ ရပ်သော, အမိုးပေါ်၌ နေသော ယောက်ျားသည် အမိုးစွန်း ခြင်မြိတ်စွန်းဖြင့် အောက်သို့ ငုံ့ကြည့်သော် မြေ၌ရပ်၍ စီရင်သောရဟန်းကို မြင်အံ့၊ ရဟန်းကလည်း အပေါ်သို့ မော်၍ကြည့်သော် ထိုအမိုး၌နေသော ယောက်ျားကို မြင်အံ့၊ ထိုမြင်ရာအရပ်၌သာ ရပ်ရမည်။ မြင်ရာအရပ်အတွင်း၌ ကောက်ပဲပင် မရှိသော်လည်း ပြိုကျသည်ရှိသော် ထိုရဟန်းကို ပိမည်စိုး၍ မရပ်အပ်ဟု သိ။

နှစ်ထပ်သုံးထပ် မိုးပုံ

အဖြောင့်အားဖြင့်မိုးသော် သုံးထပ်, အဖြောင့်မိုးခြင်းထက်အလွန် လည်၍မိုးသော် သုံးထပ်လည်၍ မိုးခြင်းထက်အလွန် မစီရင်ရ၊ ထိုသို့မိုးရာ၌ နှစ်ထပ်မိုးပုံကို သဘောမကျသေးလျှင် ဖျက်ကာဖျက်ကာ သဘောကျသည့်တိုင်အောင် စီမံ၍ သုံးခုမြောက်အထပ်ကိုကား ဤနည်းအတိုင်း မိုးရစ်တော့ဟု မှာထား၍ သွားရမည်။ မသွားဘဲ ကြည့်နေလျှင်လည်း ထပ်၍ မပြောရ၊ ထပ်၍ ပြောဆိုစီမံလျှင် ပါစိတ်အာပတ်သင့်၏၊

သုံးထပ်ထက်အလွန် မြက်သစ်ရွက်တို့ဖြင့် မိုးအံ့၊ မြက်ဆုပ် သစ်ရွက်ဆုပ် အရေအတွက်အတိုင်းပါစိတ်၊ အုတ်ကျောက် အင်္ဂတေတို့ဖြင့်မိုးအံ့၊ အုတ်စသည် အရေအတွက်အတိုင်း ပါစိတ်အာပတ် သင့်၏၊

၁၀။ သပ္ပါဏကသိက္ခာပုဒ် အဓိပ္ပာယ်

သပ္ပါဏကံ ဥဒကံ တိဏံ ဝါ မတ္တိကံ ဝါ ပုဒ်တို့ကို နှစ်နည်းအနက်ပေးရာ၌ ပထမနည်းအလို “ပိုးရှိသော ရေကို ယူ၍ မြက်ထဲသို့သော်လည်းကောင်း, မြေညက်ပေါ်သို့လည်းကောင်း, ကိုယ်တိုင်ဖြစ်စေ ခိုင်း၍ဖြစ်စေ သွန်ပစ်လောင်းထည့်သည်ဟု ဆိုသည်။ ဤနည်းအရ ရေအိုး ရေကန် ရေတွင်းများမှ ပိုးရှိသော ရေကို ပိုးရှိမှန်းသိလျက် မသွန်မလောင်းကောင်းဟု မှတ်။ ဒုတိယနည်း - ပိုးရှိသော ရေထဲသို့ မြက် (သစ်ရွက်, သစ်ခက်)တို့ကိုသော်လည်းကောင်း, မြေညက်ကိုသော်လည်းကောင်း, ကိုယ်တိုင်ဖြစ်စေ ခိုင်း၍ဖြစ်စေ လောင်းထည့်သည်ဟု ဆိုလိုသည်။ ဤနည်းဝယ် ပိုးရှိသော ရေဟူရာ၌ သစ်ရွက်, သစ်ခက်, အမှိုက်, မြေညက်တို့ကို ထည့်လိုက်လျှင် ရေ နောက်သွားသဖြင့် ပိုးကလေးများ သေဖွယ်ရှိသော နည်းနည်းပါးပါး ကျင်းအိုင်ကလေးများရှိ ရေကိုသာ ဆိုလိုသည်။ မြစ်ချောင်း ကန်ကြီးများဝယ် များစွာသော ရေ၌ကား ထိုမြက်စသည် ထည့်၍ ပိုးမသေနိုင်၊ ဤသိက္ခာပုဒ်ကို သိဉ္စနသိက္ခာပုဒ်ဟုလည်း အချို့နေရာ၌ နာမည်ပေးသည်။

အထူးသိရန်

သောက်ခြင်း ချိုးခြင်းဟု ဆိုအပ်သော အတွင်းသုံးဆောင်ခြင်းကို အထက် သပ္ပါဏကသိက္ခာပုဒ် ရှိပြီးဖြစ်သောကြောင့် ဤသိက္ခာပုဒ်ကို အပ သုံးဆောင်ခြင်းကို ရည်၍ ဝတ္ထုအလျောက် ဟောတော်မူသည်။ ဤ သိက္ခာပုဒ် နှစ်ခုအပေါင်းကို အထူးပြု၍ (ဝါ) သပ္ပါဏကချည်းပြု၍ သေစေလိုသော စေတနာမရှိဘဲ သွန်းလောင်းခြင်း၌ ပညတ်တော်မူခြင်းကြောင့် ပဏ္ဏတ္တိဝဇ္ဇ ဖြစ်သည်။ သေစေလိုသော စေတနာရှိလတ်သော် သဉ္စိစ္စပါဏ သိက္ခာပုဒ်ဖြင့် ပါစိတ်အာပတ် သင့်၏၊ ဤသိက္ခာပုဒ်ဖြင့် ပါစိတ်မသင့်ဟု ဝိမတိဆို၏၊

ဆီမီး၌ ကျ၍ ပိုးဖလံစသည်တို့ သေကုန်အံ့ဟု သိလျက် ဆီမီးထွန်းသော ရဟန်းအား ဝဓကစေတနာနှင့် ကင်း၍ ပါစိတ်အာပတ် သင့်သကဲ့သို့ ဤရေကို သုံးဆောင်ခြင်းဖြင့် ပိုးတို့ သေကုန်အံ့ဟု ရှေးအဖို့၌ သိသော ရဟန်း ၏ သွန်လောင်းခြင်း၊ သွန်လောင်းစေခြင်းသည် ဝဓကစေတနာ (သေစေလိုသော စေတနာ)နှင့် ကင်း၍လည်း ပါစိတ်အာပတ် သင့်ကောင်းသောကြောင့် ပဏ္ဏတ္တိဝဇ္ဇဟု သာရတ္ထဆို၏၊ (မေဒိနီ၊၂၉၈။)

အင်္ဂါ (၄) ပါး - 
၁။ ပိုးရှိသော ရေဖြစ်ခြင်း၊ 
၂။ သွန်လောင်းသဖြင့် ပိုး သေအံ့ဟု သိခြင်း၊ 
၃။ ပိုးသေလောက်အောင် ရေကုန်ခန်းခြင်း စသည်သို့ ရောက်ခြင်း၊ 
၄။ သေစေလိုသော စေတနာ မရှိဘဲ မြက်စသည်သို့ သွန်လောင်းခြင်း၊ ပေါင်း (၄)ပါး တည်း။

(ဆောင်) ပိုးရှိသောရေ၁၊ သွန်လောင်းလေသော်၊ ပိုးသေမည်သိ၂ ရေ၏ ဖြစ်ချက်၊ သေလောက်လျက်ပင်၃၊ မြက် မြေ ခပင်း၊ သွန်းထည့်ခြင်းဟု၄ ကြောင်းရင်းလေးဖြာ၊ အင်ညီညာ သပါဏကသင့်။

၃။ ဘိက္ခုနောဝါဒဝဂ် သိက္ခာပုဒ် (၁၀) ပါး အကျဉ်းချုပ်

၁။ သမုတိမရဘဲ ဘိက္ခုနီရဟန်းမတို့ကို ဂရုဓံရှစ်ပါးရွတ်ပြခြင်းကြောင့် ဘိက္ခုနောဝါဒကပါစိတ်။
၂။ သမုတိရပြီးဖြစ်သော ရဟန်းသည် နေဝင်သည့်တိုင်အောင် တရားမှန်သမျှဖြင့် ဆုံးမခြင်းကြောင့် အတ္ထင်္ဂတသူရိယပါစိတ်။
၃။ မကျန်းမမာနာဖျားသော ရဟန်းမကို ကြဉ်ထား၍ ဘိက္ခုနီမကျောင်းသို့ ချဉ်းကပ်၍ ရဟန်းမိန်းမတို့ကို ဆုံးမခြင်းကြောင့် ဘိက္ခုနုပဿယ ပါစိတ်။
၄။ အာမိသဟူသော အကြောင်းကြောင့် မထေရ်ကြီးရဟန်းတို့သည် ရဟန်း မိန်းမတို့ကို ဆုံးမကြကုန်၏ဟု ကဲ့ရဲ့ခြင်းကြောင့် အာမိသဟေတုပါစိတ်။
၅။ လဲလှယ်, ဖလှယ်သည်ကို ကြဉ်ထား၍ ဆွေမျိုးမတော်သော ရဟန်းမိန်းမအား သင်္ကန်းပေးခြင်းကြောင့် စီဝရဒါနပါစိတ်။
၆။ ဆွေမျိုးမတော်သော ရဟန်းမ၏ သင်္ကန်းကို ချုပ်ငြားအံ့၊ ချုပ်စေငြားအ၊ံ့ စီဝရသိဗ္ဗနပါစိတ်။
၇။ ကုန်သည်အဖော်တို့နှင့်အတူ သွားထိုက်သော ခရီး, ယုံမှားဖွယ်ရှိ၏ဟု သမုတ်အပ်သော ခရီး, ဘေးရန်တို့နှင့်တကွဖြစ်သော ခရီးသုံးမျိုးတို့ကို ကြဉ်ထား၍ ရဟန်းမတို့နှင့်အတူ တိုင်ပင်ညီညွတ်၍ ရွာမရှိလျှင် ယူဇနာဝက်, ရွာရှိလျှင် တစ်ရွာခြား ဥပစာသို့ရောက်အောင် အဓွန့်ရှည်သော ခရီးသို့ သွားခြင်းကြောင့် သံဝိဓာနပါစိတ်။
၈။ ရဟန်းမနှင့် တိုင်ပင်ညီညွတ်၍ ဟိုဘက်ကမ်း, သည်ဘက်ကမ်း, ဖီလာ ဖြတ်ကူးခြင်းကို ကြဉ်ထား၍ ဆန်လှေ စုန်လှေ အတူစီးငြားအံ့၊ နာဝါဘိရုဟနပါစိတ်။
၉။ ရဟန်းမတို့ စီစဉ်သည်မှ ရှေး၌ လူတို့ ပထမ စီစဉ်အားထုတ်အပ်သော ဆွမ်းမျိုးကို ကြဉ်ထား၍ ဘိက္ခုနီမ စီမံအပ်သော ဆွမ်းဟု သိလျက် ဘောဇဉ်ငါးပါး ဘုဉ်းပေးခြင်းကြောင့် ပရိပါစိတပါစိတ်။
၁၀။ ရဟန်းမိန်းမနှင့် တစ်ယောက်ချင်းချင်း နား၏ကွယ်ရာအရပ်၌ ထိုင်ခြင်းကြောင့် ရ ဟောနိသဇ္ဇပါစိတ်အာပတ် သင့်၏၊

အဓိပ္ပာယ်များ

ယခုအခါ ဘိက္ခုနီရဟန်းမများ မရှိတော့၍ ဘိက္ခုနောဝါဒဝဂ် အဓိပ္ပာယ် များ မရေးတော့ပါ။ သီလရှင်များနှင့်အတူ နေထိုင်ကြသော ရဟန်းတော်များ နည်းယူဆုံးမနိုင်ကြရန် ဂရုဓမ်ရှစ်ပါးနှင့် ဘိက္ခုနောဝါဒ အင်္ဂါရှစ်ပါးတို့ကို သိသာရုံ ရေးပြပါမည်။

ဂရုဓမ္မ (၈) ပါး

၁။ ဝါကြီးဝါငယ်မရွေး ရဟန်းဖြစ်လျှင် ရှိခိုးရခြင်း၊
၂။ ရဟန်းယောက်ျားရှိသော ကျောင်းအနီး၌သာ ဝါကပ်ရခြင်း၊
၃။ ဩဝါဒအလို့ငှာ လခွဲတိုင်း ရဟန်းယောက်ျားထံ ချဉ်းကပ်ရခြင်း၊
၄။ ဘိက္ခု, ဘိက္ခုနီနှစ်ဦးထံ ပဝါရဏာပြုရခြင်း၊
၅။ သိက္ခမာန် (၂)နှစ် ကျင့်ရခြင်း၊
၆။ သံဃာဒိသေသ်အာပတ် (၁၇)ပါး တစ်ပါးပါးသို့ ရောက်သော် ပက္ခမာနတ်သာ ကျင့်ရခြင်း၊
၇။ ရဟန်းယောက်ျားများကို မဆဲရခြင်း၊
၈။ ရဟန်းယောက်ျားများ ပြောဆိုသမျှ ငုံ့ခံရခြင်း၊
ဤရှစ်ပါးတို့ကို ရဟန်းမများ အလေးဂရုပြုလိုက်နာရသော ဂရုဓမ် ရှစ်ပါးတို့ ဖြစ်သည်။

(ဆောင်) ရှိခိုး, ဝါကပ်၊ လခွဲ ကပ်၊ နှစ်ရပ် ပဝါရဏံ။
နှစ်နှစ် သိက္ခ၊ ပက် မာန၊ ပြန်ဟ မဆဲရန်။
ရဟန်း ဆိုသမျှ၊ ငုံ့ခံရ၊ အဋ္ဌ ဂရုဓမ်။

ဘိက္ခုနောဝါဒက အင်္ဂါ (၈) ပါး

၁။ သီလဝန္တပုဂ္ဂိုလ်ဖြစ်ခြင်း၊
၂။ ဗဟုသုတပုဂ္ဂိုလ်ဖြစ်ခြင်း၊
၃။ ပါတိမောက်နှစ်စောင်အကျယ်ရ၍ ခန္ဓကပရိဝါတို့မှ ဆောင်၍ ပါဠိဖြင့် ကောင်းစွာ ဆုံးဖြတ်နိုင်ခြင်း၊
၄။ စကားကောင်း အသံကောင်းခြင်း၊
၅။ များသောအားဖြင့် ဘိက္ခုနီမတို့ ချစ်ခင်မှုရှိခြင်း၊
၆။ ပါဠိကို အကြောင်းပြ၍ ဝဋ်ဆင်းရဲဘေးမှ ခြိမ်းခြောက်၍ ဘိက္ခုနီမတို့ကို သွန်သင်ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း၊
၇။ မိမိ လူဖြစ်စဉ်က ဘိက္ခုနီမ၌ ကာယသံသဂ္ဂ၊ သိက္ခမာန်, သာမဏေမတို့၌ မေထုန်မှု မပြုဖူးခြင်း၊
၈။ သိက္ခာဝါနှစ်ဆယ်, နှစ်ဆယ်ထက်လွန်ခြင်း ဤသို့ အင်္ဂါရှစ်ပါးတည်း။

သီလဝါ ဗဟုဿုတော စ၊ သွာဂတော စ သုဝါစကော။
ပိယော ပဋိဗလော စာပိ၊ နဇ္ဈာပန္နော စ ဝီသတိ။

(ဆောင်) သီလ သုတ၊ ဒွေးကို ရ၍၊ ကောင်းလှ စကားသံ၊ တတန် ချစ်များ၊
စွမ်းငြား ဆုံးမ၊ နီမ သဂ္ဂါ၊ သိက်သာ မေထုန်၊ ပြုကြုံ မရှိ၊
ဝါပြည့်နှစ်ဆယ်၊ ဤရှစ်သွယ်၊ မှတ်ဖွယ် ဩဝါဒါ။

ကြွင်းကျန်သော မှတ်သားဖွယ်ရာ အဓိပ္ပာယ်များကို ဆိုင်ရာဝိနည်းစာအုပ်များမှ ဘိက္ခုနောဝါဒဝဂ် လာသည့်အတိုင်း ဗဟုသုတအဖြစ် ကြည့်ရှုကြပါ။ ဤသင်တန်း၌ လက်တွေ့ကျင့်ဖွယ်များသာ ရေးသားသင်ကြားမည် ဖြစ်၍ မတင်ပြတော့ခြင်း ဖြစ်သည်။

(၄) ဘောဇနဝဂ် သိက္ခာပုဒ်ဆယ်ပါး အကျဉ်းချုပ်

၁။ မနာမဖျား ကျန်းမာသောရဟန်းသည် (တစ်နေ့စာဖြစ်သော) ဧည့်သည်တို့ တည်းခိုရာဇရပ်စသည်၌ ဝတ်တည်ထားအပ်သောဆွမ်းကို စားအပ် စားနိုင်သည်။ ထိုတစ်နေ့စာထက် အလွန် စားလျှင်အာဝသထပိဏ္ဍ ပါစိတ်။

၂။ မကျန်းမာရာအခါ သင်္ကန်းလှူရာအခါ သင်္ကန်းချုပ်ဆိုးရာအခါ, အဓွန့်ရှည်သော ခရီးကို သွားရာအခါ, လှေ သင်္ဘော စီးရာအခါ ရဟန်းများစွာ စုမိရာအခါ, သမဏအမည်ရသူတို့၏ ထမင်းကျွေးရာအခါ, ဤအခါ ခုနစ်မျိုးကို ကြဉ်ထား၍ ဒကာတို့က မအပ်စပ်သော နည်းဖြင့် ဖိတ်မန်ခြင်း ရဟန်းများကိုယ်တိုင် တောင်းရမ်းအလှူခံခြင်းတို့ကြောင့် ရရှိသော ဂဏဘောဇဉ်ကို စားငြားအံ့၊ ဂဏဘောဇနပါစိတ်။

၃။ မကျန်းမာရာအခါ, သင်္ကန်းလှူရာအခါ, သင်္ကန်းချုပ်ဆိုးရာအခါ, ဤအခါသုံးမျိုးကို ကြဉ်ထား၍ ဒကာတို့က မအပ်စပ်သောနည်းဖြင့် ဖိတ်မန်ခြင်း ရဟန်းများကိုယ်တိုင် တောင်းရမ်းအလှူခံခြင်းတို့ကြောင့် ရအပ်သောဘောဇဉ်များရှိနေလျှင် နောက်မှ ပင့်ဖိတ်သူ၏ ဘောဇဉ်ကို စားခြင်းကြောင့် ပရမ္ပရဘောဇနပါစိတ်။

၄။ အိမ်သို့ ချဉ်းကပ်လာသော ရဟန်းကို လက်ဆောင်ပေးရန် စီမံအပ်သော မုန့်၊ ရိက္ခာပြုရန် စီမံအပ်သော မုန့်နှမ်းဆန် စသည်တို့ဖြင့် ရှေးရှုဆောင်၍ ဖိတ်မန်လျှင် နှစ်သပိတ် သုံးသပိတ်ပြည့်ရုံ ရဟန်းအားလုံးအတွက် ခံယူရမည်။ ထိုထက် အလွန်ပို၍ခံယူလျှင် ကာဏမာတာပါစိတ်၊

၅။ ဆွမ်းစားနေစဉ် တန်ပြီဟု ပယ်မြစ်မိသော ရဟန်းသည် အတိရိတ်ဝိနည်းကံလည်း မပြုအပ်၊ ဂိလာန၏ အကြွင်းအကျန်လည်းမဟုတ်သော ယာဝကာလိကခဲဖွယ် ဆယ့်နှစ်မျိုး, ဘောဇဉ်ငါးမျိုးတို့ကို ခဲစားခြင်းကြောင့် ပထမပဝါရဏာပါစိတ်။

၆။ ဆွမ်းစားနေစဉ် တန်ပြီဟု ပယ်မြစ်မိသော ပဝါရိတ်သင့်နေပြီးသော ရဟန်းတစ်ပါးကို အတိရိတ်ဝိနည်းကံလည်း မပြု၊ ဂိလာနအကျန်လည်း မဟုတ်သော ယာဝကာလိက ခဲဖွယ်ဆယ့်နှစ်မျိုး ဘောဇဉ်ငါးမျိုးတို့ဖြင့် ရှေးရှုဆောင်၍ ရဟန်း..ရော့ ခဲစားပါလော့ဟု ပဝါရိတ်သင့်ပြီးသော ရဟန်းမှန်း သိလျက် အပြစ်တင်ခြင်းကို ငဲ့၍ ဖိတ်ငြားအံ့၊ အဖိတ်ခံ ရသော ရဟန်း စားခြင်းကိစ္စပြီးလျှင် ဖိတ်သောရဟန်း ဒုတိယပဝါရဏာပါစိတ်။

၇။ နေလွဲသောအခါ၌ ယာဝကာလိကခဲဖွယ်ဆယ့်နှစ်မျိုး ဘောဇဉ်ငါးမျိုးတို့ကို ခဲစားခြင်းကြောင့် ဝိကာလဘောဇနပါစိတ်။

၈။ အကပ်ခံထားသော ခဲဖွယ်ဆယ့်နှစ်မျိုး ဘောဇဉ်ငါးမျိုးတို့ကို သိုမှီးသိမ်းဆည်းထား၍ နက်ဖြန်စသော နေ့တို့၌ ခဲစားခြင်းကြောင့် သန္နိဓိကာရက ပါစိတ်။

၉။ ထောပတ်, ဆီဦး, ဆီ, ပျားရည်, တင်လဲ, ငါး, အပ်သော ကုန်းသတ္တဝါတို့၏အသား, နို့ရည်, နို့ဓမ်း ဤ (၉)မျိုး တစ်မျိုးမျိုးဖြင့် ရောအပ်သော ဘောဇဉ်ကို မနာဖျားဘဲ မိမိ၏အကျိုးငှာ တောင်းစားခြင်းကြောင့် ပဏီတဘောဇနပါစိတ်။

၁၀။ ရထရေဏုမြူ ပမာဏရှိသော မြူမှုန်မပါ စစ်ပြီးသန့်ရှင်းသောရေ, ဒန်ပူဝါးခြင်း (လည်ချောင်းအတွင်း အရည်မဝင်အောင် ဝါးခြင်းမျိုး)ကို ကြဉ်ထား၍ နှစ်ထောင့်ထွာဟတ္ထပါသ်အတွင်းသို့ လာရောက်၍ လူ, သာမဏေတို့က မကပ်လှူအပ်သော ရထရေဏုမြူပမာဏမှ စ၍ အာဟာရအမျိုးမျိုးကို စားမျိုခြင်းကြောင့် ဒန္တပေါဏပါစိတ်အာပတ် သင့်၏၊

အာဝသထပိဏ္ဍသိက္ခာပုဒ် အဓိပ္ပာယ်

အာဂန္တွာ ဝသန္တိ ဧတ္ထာတိ အာဝသထော၊ အာဝသထေ ပညတ္တော ပိဏ္ဍော အာဝသထပိဏ္ဍော။ ခရီးသွား စသူတို့ လာရောက်တည်းခိုနေရာ ဇရပ် စသော အာဝသထ၌ တည်ထားအပ်သောဆွမ်းကို အာဝသထပိဏ္ဍဟု ဆိုသည်။

ခရီးသွားသူ, မကျန်းမာသူ, ကိုယ်ဝန်ရှိသူ, ရသေ့, ရဟန်း စသူတို့ တည်းခိုနေထိုင်ကြဖို့ရာ ညောင်စောင်း အင်းပျဉ် (ကုတင် ကုလားထိုင်) များကို ထိုက်တန်သလို ခင်းထား၍ အခန်းများစွာ သူမျက်နှာသာနှင့်သူ ပိုင်းခြား ကန့်ထားအပ်သော မိုးလုံလေလုံ တန်းလျားဇရပ် စသည်တို့ကို ကောင်းမှု ကုသိုလ် လိုလားသူတို့က လမ်းဆုံ, လမ်းမ စသော အများနှင့် ဆက်ဆံမည့် နေရာဝယ် တတ်နိုင်သူများက ဆောက်လုပ်ထားတတ်ကြ၏၊ ထိုသို့ ဆောက်လုပ်ပြီးလျှင် ထိုဇရပ်စသည်၌ ယာဂုထမင်းနှင့် ဆေးအမျိုးမျိုးကိုပါ တည်ထားလေ့ရှိကြ၏၊

ထိုဆွမ်းစသည်ကို အာဝသထပိဏ္ဍဟု ခေါ်သည်။ ယခုအခါ ကြီးကျယ်သော ဘုရားပွဲ ကျောင်းပွဲ သွားလမ်းများ၌လည်း ထိုမျှလောက် မကျနစေကာမူ စားဖွယ်သောက်ဖွယ်များနှင့်တကွ တည်းခိုဖို့ရာ စာတုဒ္ဒိသာမဏ္ဍပ်များ နိဗ္ဗာန်စျေးများ ရှိတတ်ကြသည်။ ထိုမဏ္ဍပ်များလည်း အာဝသထတွင် ပါဝင်နိုင်သည်။

ဧကော အာဝသထပိဏ္ဍော၌ မှတ်ရန်

ဧကောတိ ဧကဒိဝသိကော = တစ်နေ့၌ စားအပ်သောဟု ကင်္ခါအဋ္ဌကထာ ဖွင့်ဆိုသည်နှင့်အညီ ယခုခေတ် မွန်းလတ်ကိုးနာရီခန့် ဆွမ်းစား၊ တစ်ဆယ့်တစ်နာရီလောက် မွန်းမတည့်မီ (ဘောဇဉ် အပါအဝင် မုန့်များ ခဲဖွယ်များဖြင့်) လက်ဖက်ရည်ပွဲ စားသောက်သော်လည်း ဧကဒိဝသိကော (တစ်နေ့စာ)ဟူသော ကင်္ခါအဋ္ဌကထာစကားနှင့် သင့်တင့် ညီညွတ်မည်သာ ဖြစ်သည်။

အာပတ်သင့်ပုံများ

ဘောဇဉ်ငါးပါးတို့တွင် တစ်ပါးပါးသော ဘောဇဉ်ကို ဇရပ် မဏ္ဍပ် သစ်ပင်ရင်း လွင်ပြင်တို့၌ ရဟန်းတို့အားသာဟု မရည်ညွှန်းမူ၍ အလိုရှိတိုင်း လာလာသမျှ အားလုံးအတွက် ဝတ်တည်ထားအပ်သော အာဝသထပိဏ္ဍကို မနာမဖျားသော ရဟန်းသည် တစ်ကြိမ်တစ်နေ့စာသာ သုံးဆောင်အပ်၏၊ ထိုထက်အလွန် သုံးဆောင်အံ့ဟု ခံယူလျှင် ဒုက္ကဋ်၊ မျိုတိုင်းမျိုတိုင်း ပါစိတ်၊ မနာမဖျားဘဲ မနာဖျားဟု အမှတ်ရှိသည်ဖြစ်၍, ယုံမှားရှိသည်ဖြစ်၍ နာဖျား၏ဟု အမှတ်ရှိသည်ဖြစ်၍ သုံးဆောင်အံ့ ပါစိတ်သုံးချက်၊ နာဖျားလျက် မနာဖျားဟု အမှတ်ရှိအံ့ ဒုက္ကဋ်၊ ယုံမှားရှိအံ့ ဒုက္ကဋ်နှစ်ချက် သင့်၏၊

အာပတ်မသင့်ပုံများ

ဂိလာနဖြစ်မူ နောက်ရက်များ၌လည်း ဆက်စားကောင်းသည်။ ဤ နေရာ၌ ယူဇနာဝက်ခရီးကိုမျှ ဆက်မသွားနိုင်သူကို ဂိလာနဟု ခေါ်၏၊ ခရီးတစ်ယူဇနာသွားသော ရဟန်း၊ ခရီးအကြား တစ်ကြိမ်စား, ရောက်ရာအရပ်၌ တစ်ကြိမ်စား, ပြန်လာပြီး ခရီးအကြား၌ တစ်ကြိမ်စားသော ရဟန်း၊ သွားအံ့ဟု စားပြီး၍ ထွက်သွားသော် ဘေးရန်ကြောင့် ပြန်လာ၍ ဘေးမရှိဟု သိ၍ သွားအံ့ဟု စားပြန်သော ရဟန်း၊ ဥစ္စာရှင် အလှူရှင်တို့က ပင့်လျှောက်ထား၍ အကြိမ်ကြိမ် စားသော ရဟန်း၊ ရဟန်းတို့အားသာ ရည်စူး၍ ဝတ်တည်လှူသော ဆွမ်းကို အကြိမ်ကြိမ် စားသောရဟန်း၊ ဆွမ်းမဝ၍ အကြိမ်ကြိမ် စားသောရဟန်း၊ ဘောဇဉ်ငါးပါးတို့မှတစ်ပါး အလုံးစုံသော ခဲဖွယ်တို့ကို စားသောရဟန်း၊ ဥမ္မတ္တကရဟန်း အာဒိကမ္မိကရဟန်းတို့အား အာပတ်မသင့်ဟု သိပါ။

ဂဏဘောဇနသိက္ခာပုဒ်အဓိပ္ပာယ်

ဂဏဘောဇဉ်ဟူသည် ဂဏဿ သန္တကံ ဘောဇနံ - ဂဏဘောဇနံ၊ ဂိုဏ်း၏ဥစ္စာဖြစ်သော ဘောဇဉ်၊ ဂိုဏ်းဟူသည် ဂဏဥပုသ်ဟူရာ၌ကဲ့သို့ နှစ်ပါးသုံးပါး ဂိုဏ်းမဟုတ်၊ လေးပါးမှစ၍ အထက်ရာထောင်စသော ရဟန်းများကို ဤ၌ ဂိုဏ်းဟု ခေါ်သည်။ ထိုဂိုဏ်း၏ ဥစ္စာဖြစ်သော ဂဏဘောဇဉ်ကား ဒကာဒကာမတို့က ထမင်းစားကြွပါ စသည်ဖြင့် မအပ်သောနည်းဖြင့် ဖိတ်မန်ခြင်းကြောင့်ဖြစ်စေ, ရဟန်းများကိုယ်တိုင် ထမင်းပေးပါ, ငါးပေးပါ စသည်ဖြင့် မအပ်သော တောင်းခြင်းကြောင့်ဖြစ်စေ, ရအပ်သော ဘောဇဉ်တည်း။ ဤ၌ကား ထိုဂဏဘောဇဉ်ကို စားခြင်းတိုင်အောင် ယူပါ။

ရဟန်းလေးပါးတို့ ခံယူခြင်းသည်သာ ပဓာန

မအပ်သော ဖိတ်မန်ခြင်း မအပ်သော တောင်းခြင်း နှစ်မျိုးတို့တွင် တစ်မျိုးမျိုးနှင့် ဆိုင်သော ဘောဇဉ်ငါးပါး တစ်ပါးပါးကို ရဟန်းလေးပါး, ငါးပါး စသော ရဟန်းတို့ အတူတကွ ခံယူကြလျှင် ထိုဘောဇဉ်သည် ဂဏဘောဇဉ်အစစ် ဖြစ်လေပြီ။

ထိုဂဏဘောဇဉ်ကို စားလျှင် ဆွမ်းလုတ်တိုင်း ပါစိတ်အာပတ် သင့်၏၊ ခံယူရန်လာစဉ်က ထိုရဟန်းများ တကွဲတပြားစီ လာသည်ဖြစ်စေ, ခံယူပြီး တခြားစီပြန်၍ တခြားစီ စားကြသည်ဖြစ်စေ လိုရင်းမဟုတ်၊ အတူတကွ ခံယူခြင်းသာ လိုရင်းဖြစ်သည်။ ထို့ကြောင့် မပင့်တတ်သူက သံဃာလေးပါး စသည်ကို “မနက်ဖြန် ထမင်းသုံးဆောင် ကြွပါ၊ မုန့်ဟင်းခါးစား ကြွပါ” စသည်ဖြင့် ပင့်ဖိတ်လျှင် လေးပါးလုံး တစ်ပြိုင်နက် မခံဘဲ တစ်ပါးက နောက်မှ ခံယူလျှင် အားလုံးပင် အာပတ်မသင့် အပြစ်လွတ်သည်ဟု မှတ်။

(ဆောင်) ရဟန်းလေးပါး, စသည်များကို၊
ငါးပါးဘောဇဉ်, နာမံ တင်၍၊
ဖိတ်လျှင်လည်းကောင်း, တောင်းလျှင်တခြား၊
ရတုံငြားက, လေးပါးစသူ တူခံမူ,
မှတ်ယူ ဂဏဘောဇဉ်တည်း။

ဘောဇဉ်ငါးပါး

၁။ ဩဒန = စပါးခုနစ်မျိုးမှဖြစ်သော ဆန်တစ်မျိုးမျိုးကို ချက်ထားသည့် ထမင်း (ဝါ) ဆွမ်း။
၂။ သတ္တု = စပါးခုနစ်မျိုး ဆန်ကို အမှုန့်ထောင်းထားသည့် မှုန့်၊ မုံ့လုံး။
၃။ ကုမ္မာသ = မုယောစပါး (ဂျုံဖြူ) ဖြင့် ပြုလုပ်သော မုန့်အမျိုးမျိုး။
၄။ မစ္ဆ = ငါး (ရေသတ္တဝါအမျိုးမျိုး၏ အသား။)
၅။ မံသ = အမဲ (ကုန်းသတ္တဝါ အမျိုးမျိုး၏အသား။)

(ဆောင်) ထမင်း အမဲ ငါး၊ မုန့် နှစ်ပါး၊ ငါးပါး ဘောဇဉ်တည်း။

မအပ်သော ပင့်ဖိတ်နည်း

ဂဏဘောဇဉ်သည်မအပ်သော ပင့်ဖိတ်ခြင်း, မအပ်သော တောင်းခြင်းဟု အခြင်းအရာအားဖြင့် ဂဏဘောဇဉ် နှစ်မျိုး ပြား၏၊

ဒကာမိုက်တစ်ယောက်သည် တကွစုဝေး၍ဖြစ်စေ, တစ်ပါးစီဖြစ်စေ နေကြသော ရဟန်းလေးပါးငါးပါးထံ ချဉ်းကပ်၍ ဘောဇဉ်ငါးပါး၏ အမည်ကို ယူ၍ “ဩဒနေန နိမန္တေမိ၊ ဘတ္တေန နိမန္တေမိ” ဤသို့ စသည်ဖြင့် ပါဠိလိုဖြစ်စေ ထမင်းကို အလှူခံပါကုန်၊ မုန့်လုံးကို အလှူခံပါကုန် စသည်ဖြင့် ထမင်းအမည် မုန့်အမည် စသည်ဆို၍ ဖိတ်ခြင်းမျိုးကို မအပ်သော ဖိတ်ခြင်းဟု ဆိုသည်။ သတ္တု ကုမ္မာသ မစ္ဆ မံသဟု ပါဠိဘာသာဖြင့် ဆို၍ ဖြစ်စေ၊ “မုန့်လုံး မုယောမုန့် ငါးဟင်း အမဲသားဟင်း ဘုဉ်းပေးကြွပါ”ဟု မြန်မာဘာသာဖြင့် ဖြစ်စေ ပင့်ဖိတ်ခြင်းမျိုးသည် မအပ်သော ပင့်ဖိတ်ခြင်း ဖြစ်သည်။

မအပ်သော တောင်းနည်း

ရဟန်းလေးပါး ငါးပါး စသည်တို့သည် အတူတကွဖြစ်စေ, အသီးအသီး ဖြစ်စေ နေ၍ ဒကာ ဒကာမကို မြင်သော် “အမှာကံ ဘတ္တံ ဒေဟိ - ငါတို့အား ထမင်းလှူကြပါ” စသည်ဖြင့် ဘောဇဉ်ငါးပါးတို့၏ အမည်ကို နှုတ်မြွက်၍ ပါဠိလိုဖြစ်စေ, မြန်မာလိုဖြစ်စေ တောင်းခြင်းမျိုးကို မအပ်သော တောင်းခြင်း ဟု သိပါ။

အပ်သော ပင့်ဖိတ်နည်း

ဘိက္ခံ ဘုဉ္ဇထ၊ ပိဏ္ဍပါတံ ဘုဉ္ဇထ၊ မစ္ဆဘိက္ခံ ဘုဉ္ဇထ၊ မံသဘိက္ခံ ဘုဉ္ဇထ၊ စသည်ဖြင့် ပါဠိဘာသာဖြင့်ဖြစ်စေ “ဆွမ်းဘုဉ်းပေးကြွပါ၊ ငါးဆွမ်းဘုဉ်းပေး ကြွပါ၊ အသားဆွမ်း ဘုဉ်းပေးကြွပါ” စသည်ဖြင့် မြန်မာအသုံးဖြင့်ဖြစ်စေ ပင့်ဖိတ်ခြင်းမျိုးကား အပ်သော ပင့်ဖိတ်ခြင်းမျိုး ဖြစ်သည်။

ယခုကာလ သတိပြုဖွယ်

ဆွမ်းစားကြွပါ, ဆွမ်းဘုဉ်းပေးကြွပါ စသည်ဖြင့် ဆွမ်းဟူသော အသုံးအနှုန်းများ နှုတ်တက်နေကြ နားလည်နေကြပြီးဖြစ်၍ ထမင်းဟု ဆို၍ပင့်ဖိတ်ခြင်းအတွက် ဂဏဘောဇဉ်ဖြစ်ဖွယ် မရှိပြီ၊ သို့သော် နှုတ်မလိုက် သေးသော “ငါးကြော် ဘုဉ်းပေးကြွပါ, ငါးဟင်း ဘုဉ်းပေးကြွပါ, မုန့်ဟင်းခါးစား ကြွပါ, မုန့်တီ, ခေါက်ဆွဲ ဘုဉ်းပေးကြွပါ” စသော အသုံးအနှုန်းများသည် မအပ်သော အသုံးအနှုန်းများတည်း။ ထိုကဲ့သို့ အသုံးအနှုန်းဖြင့် လေးပါး စသည်အား ပင့်ဖိတ်လာသော် ပယ်သာလျှင်ပယ်၊ မပယ်သာလျှင် သုံးပါးစီ နှစ်ပါးစီ စသည် ခံယူ၍ အခြားတစ်နေရာသို့ သွားရောက် စားသောက်နိုင်၏၊ မုန့်ဟင်းခါးဆွမ်း, မုန့်တီဆွမ်း, ကြာဆံကြီးဆွမ်း, ခေါက်ဆွဲဆွမ်း စသည်ဖြင့် ဆွမ်းဟူသော ဝေါဟာရကို နောက်က ထည့်၍ ပင့်ဖိတ်မှသာလျှင် အပ်သော ပင့်ဖိတ်ခြင်းမျိုးဖြစ်၍ ဒကာဒကာမများ လျှောက်တတ် ပင့်ဖိတ်တတ်အောင် လေ့ကျင့် သင်ကြားပေးထားသင့်သည်။

ဘောဇဉ်အမည်ဖြင့် ဖိတ်လျှင်လည်း ဂဏဘောဇဉ်

ပဉ္စန္နံ ဘောဇနာနံ နာမံ ဂဟေတွာ - ငါးပါးသော ဘောဇဉ်တို့၏ အမည်ကိုယူ၍ ဆိုခြင်းကြောင့်-ဟု လာရှိသောကြောင့် - “ဘောဇနံ ဂဏှထ” ဘောဇဉ်ကို အလှူခံပါ။ ဘောဇဉ်စား ကြွပါဟု ဆိုသော်လည်း ဂဏဘောဇဉ် ဖြစ်သည်ဟု ဆိုကြ၏၊

သမယခုနစ်ပါး အနုပညတ်ခုနစ်ပါး

၁။ ခြေကွဲခြင်းတည်းဟူသော အကြောင်းကြောင့် ဆွမ်းမခံနိုင်လောက်အောင် မကျန်းမမာဖြစ်ရာအခါသည် ဂိလာနသမယ မည်၏၊

၂။ ကထိန်မခင်းသော် ဝါကျွတ်သင်္ကန်းကာလ တစ်လ၊ ကထိန်ခင်းသော် တပေါင်းလပြည့်နေ့အထိ ငါးလသည် စီဝရဒါနသမယ မည်၏၊

၃။ အသစ်ဖြစ်သော သင်္ကန်း၌ ဖြတ်, ချုပ်, ဆိုးခြင်းစသော အမှုကိစ္စပြုရာ ကာလသည် စီဝရကာရသမယ မည်၏၊

၄။ ကုန်းကြောင်းခရီးဖြင့် ယူဇနာခွဲစသော အဓွန့်ရှည်သော ခရီးကို သွားဆဲ သွားပြီးကာလသည် အဒ္ဓါနဂမနသမယ မည်၏၊

၅။ လှေစီး, သင်္ဘောစီးသဖြင့် ယူဇနာခွဲစသော ခရီးသို့သွားသော ကာလသည် နာဝါဘိရုဟနသမယ မည်၏၊

၆။ ရွာတစ်ရွာဝယ် ရဟန်းသုံးပါးသာ ဆွမ်းခံစားလောက်၏ လေးပါးမြောက် တစ်ပါးထပ်တိုးလာလျှင် ဆွမ်းခံ၍ မမျှတ၊ ထိုရွာအတွက် ထိုရဟန်း လေးပါးတို့ စုမိရာအခါသည် မဟာသမယ မည်၏၊ ထိုထက်ကြီးသော ရွာမြို့များ၌ ထိုထက်များသော ရဟန်းများ စုမိကြသဖြင့် ဆွမ်းခံ၍ မမျှတလျှင်လည်း မဟာသမယပင်တည်း။

၇။ သီတင်းသုံးဖော် ငါးယောက်နှင့်တကွ ရသေ့ ပရိဗိုဇ် တိတ္ထိ သမဏ အမည်ရသူတို့သည် ထမင်းဖြင့် ပင့်ဖိတ် လှူဒါန်းခြင်းရှိသော ကာလသည် သမဏဘတ္တသမယ မည်၏၊

(မှတ်ချက်) ဤသမယခုနစ်ပါးတို့၌ ထမင်းအမည်ဖြင့် ပင့်ဖိတ်လှူဒါန်းကြသော်လည်း ရဟန်းလေးပါး ငါးပါး လိုက်စားကောင်းသည် အာပတ်မသင့်ဟု မှတ်။

အာပတ်သင့်ပုံ မသင့်ပုံများ

ဂဏဘောဇဉ်၌ တိကပါစိတ်၊ ဂဏဘောဇဉ် မဟုတ်ရာ၌ ဒုကဒုက္ကဋ်၊ ဂဏဘောဇဉ် မဟုတ်သည်၌ ဂဏဘောဇဉ် မဟုတ်ဟု အမှတ်ရှိသော (ရဟန်းလေးပါး စသည် မဟုတ်ဘဲ) ရဟန်း နှစ်ပါးသုံးပါး အတူတကွ ခံယူသောရဟန်း အာပတ်မသင့်၊ ဆွမ်းခံသွား၍ အတူတကွ စားသောရဟန်း၊ နိစ္စဘတ် စသည်တို့၌လည်းကောင်း ဘောဇဉ်ငါးပါးကို ပယ်ထား၍ အခြားခဲဖွယ်, သောက်ဖွယ်, လျက်ဖွယ် စသည် စားသောရဟန်း၊ စာရေးတံဆွမ်း, လဆန်းလဆုတ်၌ လှူသောဆွမ်း, ဥပုသ်နေ့၌ လှူသောဆွမ်း, အထွက်တစ်ရက်နေ့လှူသော ဆွမ်းတို့၌ သုံးဆောင်အံ့ အာပတ်မသင့်။

(၃) ပရမ္ပရဘောဇနသိက္ခာပုဒ် အဓိပ္ပာယ်

ဂဏဘောဇနသိက္ခာပုဒ်၌ ပြဆိုခဲ့သည့်အတိုင်း မအပ်သော ပင့်ဖိတ်နည်းဖြင့် ဖိတ်မန်ထားသော ဘောဇဉ်ရှိလျှင် (ဖိတ်သူ တစ်ဦးတည်းဖြစ်က) အခြားနည်း ဆွမ်းခံ၍ ရခြင်းစသည်ဖြင့် ရသော ဆွမ်းကို မစားသေးဘဲ ထိုမအပ်သော ဖိတ်သူ၏ ဘောဇဉ်ကိုသာ ပထမစားရမည်။ စားဟူရာ၌ တစ်လုတ်လောက် စားမိလျှင် “စားခြင်း” ဖြစ်တော့၏၊ အထက်က ဆိုခဲ့သည့်အတိုင်း မအပ်သောနည်းဖြင့် နှစ်ဦးသုံးဦးစသည် ဖိတ်ထားလျှင်လည်း အစဉ်အတိုင်း စားရမည်။ ဂိလာနသမယ စသောအခါ သုံးပါးရသူလည်း မဟုတ်၊ ဝိကပ္ပနာလည်း မပြုဘဲ ရှေ့ဖိတ်သောသူ၏ ဘောဇဉ်ကို နောက်မှစား နောက်ဖိတ်သော သူ၏ ဘောဇဉ်ကို အရင်စားလျှင် ဆွမ်းလုတ်တိုင်း ပါစိတ် အာပတ် သင့်၏၊ မအပ်သော ဝေါဟာရဖြင့် ဖိတ်သူ၏ ဘောဇဉ်ကို ပထမ စားရမည်ဟု ဆိုထားရာ သာသနာနှင့် မရင်းနှီး အကျွမ်းမဝင်သော ဒကာများအား ဦးစားပေးထားပုံရသည်။

ဝိကပ္ပနာပြုပုံ

ဒကာနှစ်ဦးသုံးဦးတို့က မအပ်သော နည်းဖြင့် ပင့်ဖိတ်ရာ၌ ရှေးဖိတ် သော ဒကာ၏ ဘောဇဉ်ကို မစားလို နောက်ဖိတ်သော ဒကာ၏ဘောဇဉ်ကို စားလိုလတ်သော် သီတင်းသုံးဖော် ငါးဦးတို့တွင် တစ်ယောက်ယောက်အား “မယှံ ဘတ္တပစ္စာသံ တုယှံ ဒမ္မိ - ဤမည်သော ဒကာထံ ငါမျှော်လင့်တောင့် တ ရအံ့သော ဘောဇဉ်ကို သင့်အား ပေးပါ၏” ဟူ၍လည်းကောင်း၊ “မယှံ ဘတ္တပစ္စာသံ တုယှံ ဝိကပ္ပေမိ - ဤမည်သော ဒကာထံ ငါမျှော်လင့်တောင့်တ ရအံ့သော ဘောဇဉ်ကို သင့်အား ဝိကပ္ပနာပြုပါ(ဝါ) စွန့်ပါ၏-ဟူ၍လည်းကောင်း မျက်မှောက်ဝိကပ္ပနာပြုပုံ တစ်မျိုး။

“မယှံ ဘတ္တပစ္စာသံ ဣတ္တန္နာမဿ (တိဿဿ) ဒမ္မိ - ဤမည်သော ဒကာထံ၌ ငါမျှော်လင့် တောင့်တအပ်သော ဘောဇဉ်ကို ဤမည်သောသူအား (တိဿအား) ပေးပါ၏”ဟူ၍ မျက်ကွယ်ဝိကပ္ပနာပြုပုံ တစ်မျိုး။

ဤသို့အားဖြင့် ဝိကပ္ပနာပြုပုံ နှစ်မျိုးပြား၏၊ ထိုနှစ်မျိုးတို့တွင် တစ်မျိုးမျိုးဖြင့် ရှေးဦးစွာ ပင့်ဖိတ်သောဒကာ၏ ဘောဇဉ်ကို ဝိကပ္ပနာမပြုဘဲ နောက် ပင့်သော ဒကာ၏ ဘောဇဉ်ကို စားမိအံ့ ပါစိတ်အာပတ်သင့်၏၊ ဝိကပ္ပနာပြု၍ နောက်ဒကာ၏ ဆွမ်းကိုစားသော် အာပတ်မသင့်။

(ဆောင်) ဝိကပ္ပနာ၊ ပြုစားပါ၊ ကျမ်းလာ အပ်သတည်း။

အာပတ်သင့်ပုံ မသင့်ပုံများ

ပရမ္ပရဘောဇဉ်၌ တိကပါစိတ်၊ ပရမ္ပရဘောဇဉ် မဟုတ်ရာ၌ ဒုကဒုက္ကဋ်၊ ပရမ္ပရဘောဇဉ် မဟုတ်သည်၌ မဟုတ်ဟု အမှတ်ရှိသောရဟန်း အာပတ် မသင့်၊ ထို့ပြင် သမယသုံးပါး၌လည်းကောင်း, ဝိကပ္ပနာပြု၍လည်းကောင်း, တစ်ပေါင်းတည်းပြု၍လည်းကောင်း စားသောရဟန်း, ပင့်ဖိတ်သော အစဉ်အတိုင်း စားသောရဟန်း, ထမင်းကို အလှူခံပါဟု ပင့်ဖိတ်သော် သင့် ထမင်းကို ငါ အလိုမရှိ၊ ဆွမ်းကိုသာ ခံယူမည်ဟု ခံယူသော ရဟန်း, နိစ္စဘတ် သံဃဘတ် ဥပေါသထဘတ် သလာကဘတ် စသည်တို့၌လည်းကောင်း, ဘောဇဉ်ငါးပါးကို ဖယ်ထား၍ ခဲဖွယ် သောက်ဖွယ်တို့၌လည်းကောင်း, ဥမ္မတ္တကတို့၌ လည်းကောင်း အာပတ်မသင့်။

(၄) ကာဏမာတာသိက္ခာပုဒ် အဓိပ္ပာယ်

ကာဏသတို့သမီး၏ မိခင်ကို အကြောင်းပြု၍ သိက္ခာပုဒ်ဖြစ်ပေါ်လာသောကြောင့် ကာဏမာတာသိက္ခာပုဒ်ဟု နာမည်တပ်သည်။ အိမ်သို့ ချဉ်းကပ်လာသော ရဟန်းကို ပူပ, မန္ထ (မုန့်, မုန့်လုံး)တို့ဖြင့် ရဟန်းအထံ ရှေးရှု ဆောင်ယူ၍ (အလိုရှိသလို ခံယူဖို့ရန်) ဖိတ်မန်လာလျှင် နှစ်သပိတ် သုံးသပိတ် ပြည့် သပိတ်အတွင်း နှုတ်ခမ်းရေးနှင့်အညီလောက်သာ (နှစ်ပါးစာ သုံးပါးစာ) ခံယူနိုင်၏၊ ထိုထက် တိုး၍ ခံယူလျှင်ကား ပါစိတ်အာပတ် သင့်၏၊ နှစ်သပိတ် သုံးသပိတ် ခံယူပြီးနောက်လည်း ထို ပူပ, မန္ထတို့ကို အတူဝေဖန်၍ သုံးဆောင် ဖို့ရန် ဝတ္တရားရှိသည်။ သုံးခုမြောက်သပိတ် စုန့်စုန့်မောက်တက်အောင် ခံယူအံ့၊ သပိတ်အတွင်းနှုတ်ခမ်းရေးမှ လွန်သော မုန့်အရေအတွက်အတိုင်း ပါစိတ် အာပတ်သင့်၏၊

ပူပနှင့် မန္ထ မှတ်ဖွယ်

ပူရ-ဓာတ် တစ်နည်း ပူ-ဓာတ် ပ-ပစ္စည်း၊ မာဂဓအဘိဓာန်တို့၌ ပူပ ဟုရှိ၏၊ ယခု စာအချို့ဝယ် ပူဝဟု ရှိသည်ကား ပါဌ်ပျက်သာတည်း။ ဤ ပူပသဒ္ဒါသည် စပါးမျိုး ခုနစ်ပါး၏ ဆန်အမျိုးမျိုးကို အမှုန့်ထောင်း၍ ပြုလုပ် အပ်သော မုန့်ဟူသမျှကို ဟောသော်လည်း ဤသိက္ခာပုဒ်၌ ဝတ္ထုကြောင်း အားလျော်စွာ လက်ဆောင်ပေးဖို့ လုပ်အပ်သော ပူပကိုသာ ယူ။

(ဆောင်) ကျမ်း ဘိဓာန၊ ဟူသမျှက၊ ပူပ ဆိုလျှင်၊ ထိုထို မုန့်စု၊ ဟောရိုး ပြုလည်း၊ ဝတ္ထုကြောင်းတွက်၊ လျော်အောင် ဆက်၍၊ လက်ဆောင် ပေးစရာ့၊ မုန့်ကိုမျှ၊ ပူပ ဟောသတည်း။ (ဘာသာဋီ၊၂၇၃။)

မန္ထ သဒ္ဒါသည် အဘိဓာန်အလို အဗဒ္ဓသတ္တု (ဆန်အမျိုးမျိုး၏ အမှုန့် သက်သက်ကို ထောပတ်စသည် ရောလျက် ရေအေးနှောပြီးလျှင် သောက်ဖို့ရာ ဖြစ်သော အမှုန့်သာမန်)ကို ဟော၏၊ သို့သော် ဤသိက္ခာပုဒ်၌ကား ဆိုအပ်ပြီးသော အလုံးအခဲဖြစ်စေ, မဆုပ်ရသေးသော အမှုန့်ဖြစ်စေ, နှမ်းလုံး ဆန်လုံးသက်သက်ဖြစ်စေ လမ်းခရီး၌ စားဖို့ရာ ရိက္ခာအလို့ငှာ စီမံအပ်သမျှကို မန္ထ ဟု ဆိုသည်။ (အဗဒ္ဓ = မဖွဲ့ဆုပ်အပ်သော။ သတ္တု = အမှုန့်)

(ဆောင်) မန္ထသဒ္ဒါ, ဘိဓာန်လာကား, များစွာ မုန့်မှုန့်, ဟောရိုးကျုံ့လည်း, မချို့ပေါင်းရုံး, ဤအသုံးမူ, မုန့်လုံးမုန့်ခဲ, မုန့်ညက်ကျဲနှင့်, နှမ်းလည်း ဆန်ပါ, လမ်းရိက္ခာရ, မှန်သမျှ, မန္ထဟောလေသည်။ (ဘာသာဋီကာ၊၂၇၃။)

မေဒိနီ၌ကား ပဝတိ ပဝတ္တတီတိ ပူဝံ၊ လက်ဆောင်အလို့ငှာ စီရင်အပ်သော အလွန်အရသာရှိသည်၏ အဖြစ်ဖြင့်ဖြစ်သော ကတွတ်မုန့် ကြွက်ကျစ်မုန့်စသော ခဲဖွယ်ရစေ။

သက္ကဋအဘိဓာန် မာဂဓအဘိဓာန်တို့၌ ပူပဟု ပါဌ် ရှိ၏၊ ပိဋကတ်တော်၌ ပူဝဟု ပါဌ် ရှိသည်။ ခရီးအကြား၌ သုံးဆောင်ခြင်း ရိက္ခာအလို့ငှာ စီရင်အပ်သော မုန့်ဆုပ်, နှမ်းဆန် စသည်တို့ကို မန္ထဟု ဆိုသည်။ ပါစိတ် ပါဠိတော်၌ ပူဝဟု ရှိ၏၊ ဏွှာဒိမောဂ္ဂလာန်၌ ပူပ ရှိ၏ဟု ဆိုထား၏၊

သုံးသပိတ် အောက်အနားရေးနှင့်အညီ ပြည့်ရုံခံရမည်

ပင်ကိုက လက်ဆောင်ပေးရန် (သို့) ရိက္ခာပြုရန်စီမံအပ်သော မုန့်နှမ်းဆန်ဖြစ်၍ သုံးသပိတ်ထက်ပိုအောင် ခံယူလျှင် အလှူရှင်မှာ မူလရည်ရွယ်ထားသော လက်ဆောင် လမ်းရိက္ခာ လုံလောက်ဖွယ် မရှိရကား အလိုက်မသိရာ ရောက်၏၊ ထို့ကြောင့် ရဟန်းအားလုံးအတွက် သုံးသပိတ်ပြည့်ထက် မပိုလွန်စေဘဲ ခံယူဖို့ ပညတ်တော်မူသည်။

ဆွမ်းခံရဟန်းတို့၏ တာဝန်များ

ထိုကဲ့သို့ ပူပ, မန္ထတို့ဖြင့် လောင်းလှူနေရာဝယ် တစ်သပိတ်အပြည့်သာ ခံယူခဲ့သူသည် အိမ်မှထွက်၍ အခြားရဟန်း တစ်ပါးတွေ့လျှင် “တပည့်တော် တစ်သပိတ် ခံယူခဲ့ပြီ”ဟု ပြောရမည်။ ဒုတိယရဟန်းကလည်း တစ်သပိတ်ပြည့်သာ ခံယူလျှင် နောက်ထပ် အခြားရဟန်းအား ပထမရဟန်းက တစ်သပိတ် ယခုတပည့်တော်က တစ်သပိတ် ခံယူပြီးပြီဟု ပြောရမည်။ တတိယ ရဟန်းက တစ်သပိတ် ခံယူပြီးနောက် အခြားတွေ့သော ရဟန်းအား သုံးသပိတ် ပြည့်သွားပြီဖြစ်၍ နောက်ထပ် မခံယူနှင့်တော့ဟု ပြောရမည်။ ပထမ ရဟန်းက နှစ်သပိတ် သို့မဟုတ် သုံးသပိတ်ခံယူပြီးရာ၌လည်း ထိုနည်းအတိုင်း နောက်ထပ် မခံယူဖို့ ပြောရမည်။ မည်သည့်နည်းနှင့်မဆို ထိုတစ်အိမ်တည်းမှ ရဟန်းအားလုံးအတွက် သုံးသပိတ်ပြည့်ထက် မပိုလွန်စေရပါ။

ရဟန်းသံဃာများအား မုန့်ဝေဖန်ပုံ

ပူပ, မန္ထတို့ကို ခံယူကြရာ၌ သုံးသပိတ်ခံယူခဲ့ပြီးသော ရဟန်းသည် မိမိအတွက် တစ်သပိတ် ဖယ်ထားပြီး ကျန်နှစ်သပိတ်ကို ရဟန်းသံဃာများ သုံးဆောင်ရန် ဝေဖန်လှူဒါန်းရမည်။ နှစ်သပိတ် ခံယူခဲ့သော ရဟန်းကလည်း မိမိအတွက် တစ်သပိတ်ထား၍ ကျန်တစ်သပိတ်ကို ထို့အတူ သုံးဆောင် ဝေဖန်ရမည်။ တစ်သပိတ်ခံယူခဲ့သော ရဟန်းကား မိမိ အလိုရှိသလို သုံးဆောင်နိုင်သည်။ ဝေဖန်ရာ၌လည်း မုန့်ရရာအိမ်မှ အနီးဆုံးဖြစ်သော ဆွမ်းစားဇရပ် ကျောင်း အမြဲတမ်း ဖဲရာအရပ်သို့ သွား၍ ဝေဖန်ရမည်။ မိမိ အဆွေခင်ပွန်း ချစ်ခင်ကျွမ်းဝင်ရာ အရပ်သို့ သွား၍ကား မလှူရဟု သိပါ။

အာပတ်များသင့်ပုံ, မသင့်ပုံ

ဒွိတ္တိပတ္တပူရ၌ တိကပါစိတ်၊ ဒုကဒုက္ကဋ်၊ သုံးသပိတ်အောက် ယုတ်သည်၌ ယုတ်သည်၏ အမှတ်ရှိ၍ ခံယူစေသော ရဟန်းအား အာပတ်မသင့်၊ ထို့အတူ လက်ဆောင်, ရိက္ခာအလို့ငှာ မဟုတ်သော မုန့်ကို ခံယူသောရဟန်း, လက်ဆောင်, ရိက္ခာမှ ကြွင်းသောမုန့်ကို ခံယူသောရဟန်း, ခရီးသွားခြင်းကိစ္စပြီးသော မုန့်ကို ခံယူသောရဟန်း, ဆွေမျိုးတော်သူ ဖိတ်မန်ထားသူတို့၏ မုန့်ကို ခံယူသောရဟန်း, မိမိဥစ္စာဖြင့် ရယူသောရဟန်း, ဥမ္မတ္တကရဟန်းတို့အား အာပတ်မသင့်။

(၅) ပထမပဝါရဏာသိက္ခာပုဒ် အဓိပ္ပာယ်

ဘောဇဉ်ငါးပါး တစ်ပါးပါးကို တချို့တစ်ဝက်ကို စားပြီးနောက် ကျန်တချို့ကို ဆက်လက်စားနေစဉ် ကပ္ပိယ (အပ်စပ်သော) ဘောဇဉ်ငါးပါးကို ကိုယ်နှုတ်ဖြင့် တားမြစ်မိ၍ ပဝါရိတ်သင့်အံ့၊ ထိုသို့ ပဝါရိတ်သင့်ပြီးနောက် ဣရိယာပုထ် တစ်မျိုးပြောင်း၍ ဂိလာန၏ အကျန်ဖြစ်သော ခဲဖွယ် ဘောဇဉ်ကို ကြဉ်၍ အတိရိတ်ဝိနည်းကံ မပြုဘဲ စားလျှင် ပါစိတ်အာပတ် သင့်၏၊

ဘောဇဉ်ငါးပါး

စားဆဲဘောဇဉ်ငါးပါးကို ပယ်မြစ်မိမှသာ ပဝါရိတ်သင့်၍ ဘောဇဉ်ငါးပါး သိဖို့ လိုသည်။ ဩဒန = ထမင်း၊ သတ္တု = ဆန်မှုန့်၊ (ရှေးက မုန့်လုံးဟု ပေးကြသည်မှာ အခြေအမြစ် မရှိ၊) ကုမ္မာသ = မုယောစပါးဖြင့် ပြုအပ်သော တစ်ဝက်ကျက် အစာတစ်မျိုး၊ မစ္ဆ = ငါး၊ မံသ = အမဲ (ကုန်းသတ္တဝါ, ကြက်, ဝက်, နွား စသည်တို့၏ အသား)တို့ကို ဘောဇဉ်ငါးပါးဟု ခေါ်၏၊

ဩဒနဟူသည် စပါးမျိုးခုနစ်ပါး၏ ဆန်တို့ကို ချက်အပ်သော ထမင်းတည်း။ လက်ဖြင့်ကော်၍ ရကောင်းသော ယာဂုအပျစ်လည်း ပါဝင်၏၊ ယာဂုအကျဲကား မပါဝင် ပဝါရိတ်မသင့်။

သတ္တုဟူသည် စပါးမျိုး ခုနစ်ပါး၏ဆန်ကို လှော်၍ အမှုန့်ပြုထားအပ်သော ဆန်မှုန့်ညက်ကို သတ္တုဟု ခေါ်၏၊ ထိုဆန်မှုန့်ညက်ကို ထောပတ,် ပျားရည်, တင်လဲ စသည်ဖြင့် ရော၍ ရေအေးဖြင့် မွှေနှောက်လျက် စားသောက်လေ့ ရှိကြ၏၊ ထို အမှုန့်ကို ထောပတ်စသည်နှင့် တွဲ၍ အခဲအလုံး ပြုလျက်လည်း စားကြဟန် ရှိကြ၏၊ မုန့်မှုန့်နှင့် မုန့်လုံးကိုယူ။

ကုမ္မာသဟူသည် ဆန်ကို တစ်ဝက်ကျက်ရုံမျှ ပြုတ်အပ်သော အစာတစ်မျိုးတည်း။ မုဂ္ဂမာသ (ပဲမှုန့်)စသည်ကိုလည်း ထိုကဲ့သို့ ချက်ပြုတ်ကြ၏၊ ပဝါရိတ်အရာ၌ ဆန်ကိုလုပ်သော ကုမ္မာသကို ယူရမည်။ ရှေးက မုယောမုန့်ဟု ပေးကြ၏၊ မုယောကို အဘိဓာန်နိသျသစ်၌ ဂျုံဖြူဟု ပေး၏၊

မစ္ဆ, မံသတို့ကား ထင်ရှားပြီ၊ ယာဂုနှင့် ဟင်းချိုများ၌ ပုဇွန်ခြောက်, ငါး, အမဲအနည်းငယ် ပါဝင်နေလျှင် ထိုယာဂု, ဟင်းချိုများပင် ပဝါရိတ် သင့်စေနိုင်၏၊

(ဆောင်) ထမင်း ငါးသား၊ မုန့် နှစ်ပါး၊ ငါးပါး ဘောဇဉ်တည်း။

ပဝါရိတ်အင်္ဂါ ငါးပါး

၁။ စားဆဲ (စား၍ မပြီးသေး) ဖြစ်ခြင်း၊
၂။ ဘောဇဉ်ငါးပါး တစ်ပါးပါးဖြစ်ခြင်း၊ (ဘောဇဉ်ငါပါးတွင် မပါဝင်သော ဆီ, ဆား, ဟင်းများနှင့် သစ်သီး, ပဲဖြင့် လုပ်သော မုန့် စသည်တို့ကို ပယ်မြစ်သော်လည်း ပဝါရိတ်မသင့်။)
၃။ ပေးသူက ရဟန်း၏ နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်းသို့ ဝင်ရောင်ခြင်း (ဟတ္ထပါသ် အပြင်ဘက်ကပေးသည် ကပ်သည်ကို ပယ်သော်လည်း ပဝါရိတ်မသင့်။)
၄။ ဆောင်ယူခိုက်ဖြစ်ခြင်း (လက်ဖြင့်မြှောက်၍ မ၍ ဆောင်ထားခိုက် ပယ်မှ ပဝါရိတ်သင့်သည်။(အောက်၌ ချထားသော ဆွမ်းစသည်ကို ယူမလား ဟု နှုတ်ဖြင့် မေးသည်ကို ပယ်ရာ၌ ပဝါရိတ်မသင့်။)
၅။ ကိုယ်နှုတ်ဖြင့် ပယ်ခြင်း၊ (လက်ကာပြခြင်း ခေါင်းရမ်းခြင်း တော်ပြီ မထည့်နှင့် စသော ကိုယ်နှုတ်ဖြင့် မြစ်မှ ပဝါရိတ်သင့်သည်။

(ဆောင်) စားဆဲ ဘောဇဉ်၊ ဟတ်တွင်းဝင်၊ ဆောင်စဉ် ကိုယ်နှုတ်မြစ်၊

အင်္ဂါငါးလီ၊ စုပြည့်ညီ၊ သင့်ပြီ ပဝါရေတ်။ (ဘာသာဋီကာ၊၂၇၇။)

ပဝါရိတ်သင့်ပြီး ဘောဇဉ်ကို သုံးဆောင်ခွင့်

ဘောဇဉ်ငါးပါး စားနေစဉ် ရဟန်းဖြစ်စေ, လူဖြစ်စေ တစ်ဦးဦးက ဘောဇဉ်ငါးပါး လာဆက်ကပ်ရာ ဟတ္ထပါသ်အတွင်း အရောက်တွင် ပယ်မြစ်မိလျှင် ပဝါရိတ်သင့်၏၊ ထိုပဝါရိတ်သင့်သော ရဟန်းသည် ဣရိယာပုထ် ပြောင်းပြီးနောက် မိမိသပိတ်အတွင်း ရှိပြီးသော ခဲဖွယ် ဘောဇဉ်နှင့် နောက် လာလာသမျှသော ခဲဖွယ်ဘောဇဉ်တို့ကို မစားသင့်တော့ပြီ။ ဆက်ကပ်လာ သော ဘောဇဉ်များသာ မစားကောင်းဟု ထင်တတ်ကြ၏၊ သတိပြုပါ။

ပဝါရိတ်သင့်ပြီး ဖြစ်သော်လည်း -
၁။ စားဆဲဣရိယာပုထ်ကို မဖျက်ဘဲ ဆက်စားခြင်း။
၂။ ဂိလာနအကြွင်းအကျန် ဖြစ်ခြင်း။
၃။ အတိရိတ် ဝိနည်းကံပြုခြင်း။

ဤသုံးမျိုး တစ်မျိုးမျိုးကို ဖြစ်က ပဝါရိတ်သင့်ပြီး ဘောဇဉ်ကို သုံးဆောင်ခွင့်ရှိ၏၊ အာပတ်မသင့်ပေ။

၁။ စားဆဲဣရိယာပုထ် မဖျက်ဘဲ ဆက်စားခြင်း

အင်္ဂါငါးပါးနှင့် ညီညွတ်၍ ပဝါရိတ်သင့်ပြီးသော ရဟန်းသည် ပဝါရိတ် သင့်ရုံမျှဖြင့် မည်သည့်အာပတ်မျှ မသင့်သေး၊ ထိုင်လျက် ပဝါရိတ်သင့်လျှင် ထိုထိုင်ခြင်း ဣရိယာပုထ်ကို မဖျက်သေးဘဲ ဆက်၍ စားသောက်နိုင်သေး၏၊ လမ်းသွားရင်း စားနေခိုက် ပဝါရိတ်သင့်ပြန်လျှင်လည်း သွားခြင်း ဣရိယာပုထ်ကို မဖျက်ဘဲ မဝမချင်း စားနိုင်သေး၏၊ ပဝါရိတ်သင့်ပြီး၍ ဣရိယာပုထ် ပြောင်းလွဲပြီးနောက်ကား ဂိလာနအကျန် မဟုတ်သော, အတိရိတ် ဝိနည်းကံသော်လည်း မပြုအပ်သော ခဲဖွယ်ဘောဇဉ် (ယာဝကာလိကအစာ) အမျိုးမျိုးတို့ကို မစားကောင်းတော့ပြီ၊ စားလျှင် ပါစိတ်အာပတ်သင့်၏၊

၂။ ဂိလာနအကြွင်းအကျန်ဖြစ်ခြင်း

ဂိလာနအကျန် ဟူရာ၌ ဂိလာနစားပြီး၍ ကျန်မှသာ မဟုတ်၊ ဂိလာနဖို့ မှန်သမျှ ဂိလာနများအတွက် ရည်မှန်းထားသမျှ ခဲဖွယ်ဘောဇဉ်များကို ဂိလာနာတိရိတ္တ (= ဂိလာနအကျန်) ဟုပင် ဆိုရသည်။ ဘောဇဉ်ငါးပါးတွင် မပါဝင်သော ယာဝကာလိက မုန့်, သစ်သီးများကို ခဲဖွယ်ဟု ခေါ်သည်။

၃။ အတိရိတ်ဝိနည်းကံ အင်္ဂါ (၇) ပါး

၁။ ကပ္ပိခြင်းငါးမျိုးဖြင့် ကပ္ပိပြီးသော ခဲဖွယ် အပ်သောအသား ကုလဒူသနမှု, ဝေဇ္ဇကမ္မမှုစသည်မှ လွတ်သော အပ်သောဘောဇဉ်ဟု ဆိုအပ်သော ခဲဖွယ် ဘောဇဉ် ဖြစ်ခြင်း။
၂။ ဤအပ်သော ခဲဖွယ် ဘောဇဉ်သည် အကပ်ခံပြီးသား ဖြစ်ခြင်း။
၃။ ဤအပ်သော ခဲဖွယ် ဘောဇဉ်ကို ဝိနည်းဓိုရ်အနီး မြှောက်ချီ ညွှတ်ကိုင်းခြင်းကို ပြုခြင်း။
၄။ ဝိနည်းဓိုရ်အနီး ဟတ္ထပါသ်၌နေ၍ “အတိရိတ္တံ ကရောထ ဘန္တေ = အရှင်ဘုရား အပိုအလွန် အကြွင်းအကျန်ကို ပြုပါကုန်”ဟု နှုတ်မြွက်ဟ၍ ဆိုခြင်း၊ ဤအင်္ဂါလေးပါးကား ပဝါရိတ်သင့်သော ရဟန်းက ပြုရမည့် အခါတည်း။
၅။ အတိရိတ်ဝိနည်းကံ ပြုပေးသော ဝိနည်းဓိုရ်သည် ပဝါရိတ်သင့်သော ရဟန်း၏ ဘောဇဉ်ကို အနည်းငယ်မျှ (အယုတ်ဆုံး ဆွမ်းတစ်လုံးမျှ) ယူ၍ စားလိုက်ခြင်း။

၆။ ဆွမ်းစားစဉ် ပဝါရိတ်သင့်ထားသော ဝိနည်းဓိုရ်သည် ဝိနည်း ကံပြုပေးလိုသော် ထိုနေရာမှ မထရသေးခြင်း (ဣရိယာပုထ် မပြောင်းလွှဲရခြင်း) ပဝါရိတ်သင့်နေသူ မဟုတ်လျှင်ကား မိမိ စားနေရာမှ ထပြီး ဆောင်ရွက်သော်လည်း အင်္ဂါမပျက်။

၇။ ဝိနည်းဓိုရ်သည် “အလမေတံ သဗ္ဗံ = ဤအလုံးစုံသည် ငါတော်ပြီ ငါမစားတော့ပြီ”ဟု မြွက်ဆိုရခြင်း ဤအင်္ဂါသုံးပါးကား ဝိနည်းဓိုရ် ပြုရမည့် အင်္ဂါတည်း။ ပေါင်းသော် အတိရိတ်အင်္ဂါ (၇)ပါးတည်း။

(ဆောင်) အပ်ပြီး ကပ်ခံ၊ မြှောက်ပြန် နီးဟ၊ ဤလေးဝ၊ သင့်ထ ဘိက္ခု အင်္ဂါတည်း။ စားပြီးမှသာ၊ သင့်ကာ မထ၊ အလမေတံ၊ ဤသုံးတန်၊ မှတ်ရန် ဝိနယဓရအင်္ဂါတည်း။

(ဆောင်) အပ်ပြီး ကပ်ခံ၊ မြှောက်ပြန် နီးဟ၊ စားပြီးမှသာ၊
သင့်ကာ မထ၊ အလမေတံ၊ ခုနစ်တန်၊
ပေါင်းပြန် အတိရိတ်အင်္ဂါတည်း။

ပဝါရိတ်မသင့်သော အစားအစာများ

မအပ်သော အသားကြီး (၁၀)ပါး၊ ကုလဒူသနမှု, ဝေဇ္ဇကမ္မမှု, ဥတ္တရိမနုဿဓမ္မရောစနမှု ရွှေငွေခံမှုကြောင့် ရရှိသည်ဖြစ်သော အကပ္ပိယဘောဇဉ်များကို ပယ်မြစ်သော် ပယ်အပ်သော ဝတ္ထုကို ပယ်ရာရောက်သောကြောင့် ပဝါရိတ် မသင့်၊ စားလျှင် ဒုက္ကဋ်သင့်၏၊

ဘောဇဉ်ငါးပါးမှ အလွတ်ဖြစ်သော ယာဝကာလိကခဲဖွယ်များ, ယာမကာလိက, သတ္တာဟကာလိက, ယာဝဇီဝိကပစ္စည်းများ ပယ်မြစ်ရာ၌ ပဝါရိတ် မသင့်၊ သို့ရာတွင် ယာမကာလိက, သတ္တာဟကာလိက, ယာဝဇီဝိကတို့ကို အာဟာရအလို့ငှာ ခံယူအံ့ ဒုက္ကဋ်၊ မျိုတိုင်းမျိုတိုင်း ဒုက္ကဋ်၊ အာမိသနှင့်တကွ ရောစားမူ ပါစိတ်အာပတ် သင့်၏၊

ခဲဖွယ် (၁၂) မျိုး

အမြစ်ခဲဖွယ်, အဥ, အစွယ်, အညှောက်, ပင်စည်, အခေါက်, အရွက်, အပွင့်, အသီး, အစေ့, အမှုန့်, အစေးခဲဖွယ်အားဖြင့် ခဲဖွယ် (၁၂)ပါးတို့တည်း။

(ဆောင်) မြစ်, ဥ, စွယ်, ညှောက်၊ ပင်, ခေါက်, ရွက်, ပွင့်၊ သီး, စေ့ဆင့်၊ မှုန့်နှင့် စေးဆယ့်နှစ်။ အာဟာရကိစ္စ၊ ပြီးစေက၊ ယာဝကာလိကာ။ မပြီးစေက၊ အမြစ်စ၊ ယာဝဇီဝိကာ။

အာပတ်သင့်ပုံများ

အနတိရိတ္တ၌ တိကပါစိတ်၊ ဒုကဒုက္ကဋ်၊ အတိရိတ္တ၌ အတိရိတ္တပြုပြီးဟု မှတ်သောရဟန်း အာပတ်မသင့်၊ အတိရိတ်ဝိနည်းကံ ပြုစေ၍စားအံ့ဟု ယူသောရဟန်း, သူတစ်ပါးအကျိုးငှာ ခံယူသောရဟန်း, ယာမကာလိက, သတ္တာဟကာလိက, ယာဝဇီဝိကတို့၌ ပိပါသအကြောင်း ဂိလာနအကြောင်း စသည်ဖြင့် ခွင့်ပြုအပ်သော သုံးဆောင်ခြင်း၏ အစွမ်းဖြင့် အာမိသကင်းသည်ကိုပြု၍ စားသောရဟန်း, ဥမ္မတ္တကရဟန်းတို့၌ အာပတ်မသင့်။

(၆) ဒုတိယပဝါရဏာသိက္ခာပုဒ် အဓိပ္ပာယ်

ဆွမ်းစားစဉ် ပဝါရိတ်သင့်သော ရဟန်းကို ပဝါရိတ်သင့်နေသော ရဟန်းမှန်းသိလျက် အပြစ်တင်လို၍ (အာပတ်ဖြင့် စောဒနာလို၍) အတိရိတ် ဝိနည်းကံ မပြုရသေးသော (သို့မဟုတ်) ဂိလာနအကျန် မဟုတ်သော ခဲဖွယ် ဘောဇဉ်ကို ထိုရဟန်းထံသို့ ဆောင်ယူပြီးလျှင် “ရော့ ခဲစမ်းပါ၊ စားစမ်းပါ”ဟု ဖိတ်လျှင် ရှေးရှုဆောင်ယူသည့်အတွက် ဒုက္ကဋ်၊ ဖိတ်သည့်အတွက် ဒုက္ကဋ်၊ ထိုအဖိတ်ခံရသောရဟန်းကား စားလျှင် မျိုတိုင်းမျိုတိုင်း ဖိတ်သော ရဟန်းမှာ ပါစိတ်အာပတ် သင့်သည်။ ယာမကာလိကစသည် သုံးပါးကို အာဟာရအကျိုးငှာ ဆောင်ယူအံ့ ဒုက္ကဋ်၊ ထိုကာလိကတို့ကို ခံယူခြင်း စားခြင်းတို့၌လည်း ဒုက္ကဋ်ဟု သိပါ။

(၇) ဝိကာလဘောဇနသိက္ခာပုဒ် အဓိပ္ပာယ်

ကာလ, ဝိကာလ, ကာလိကဟု (၃)မျိုး ခွဲခြား မှတ်သားထားပါ၊ ကာလ-အရ ရဟန်းတို့၏ ဆွမ်းဘုဉ်းပေးချိန်အခါ (အရုဏ်တက်ပြီးမှ စ၍ မွန်းတည့် တိုင်အောင်သော အခါ)ကို ယူ။ ဝိကာလအရ ကာလတော = ရဟန်းတော်တို့ ဆွမ်းဘုဉ်းပေးချိန်ခါမှ။ ဝိကတော = ကင်းသော အခါသည်။ ဝိကာလော = ဝိကာလမည်၏၊ ဝိကာလဟူသည် မွန်းတည့်ပြီးနောက် အရုဏ်တက်သည့်တိုင်အောင် အခါတည်း။ ဝိကာလေ = ဆွမ်းဘုဉ်းပေးချိန်မှ ကင်းသောအခါ၌ (သဒ္ဒတ္ထတည်း၊) (ဝါ) နေလွဲသောအခါ၌၊ (အများမှတ်သား အပ်သော သင်္ကေတအနက်၊) ထိုနေလွဲသောအခါ၌ အာမိသဟူသော ခဲဖွယ် ဘောဇဉ်ကို စားခြင်းအကျိုးငှာ အကပ်ခံအံ့ ဒုက္ကဋ်၊ မျိုတိုင်းမျိုတိုင်း ပါစိတ်။

ကာလိကဟူသည် - ကာလေ = သတ်မှတ်သော အခါ၌။ ဘုဉ္ဇိတဗ္ဗာနိ = စားထိုက်ကုန်၏အရ ပိုင်းခြားအပ်သော သူ့ကာလအတွင်း၌ စားထိုက်သော အစာများကို ကာလိကဟု ခေါ်၏၊ ထိုကာလိကကား ယာဝကာလိက, ယာမကာလိက, သတ္တာဟကာလိက, ယာဝဇီဝိကအားဖြင့် လေးမျိုး ရှိ၏၊

ဤသိက္ခာပုဒ်၌ ယာဝကာလိက ခဲဖွယ် ဘောဇဉ်တို့ကို ယူပါ။ ယာမကာလိက စသော ကြွင်းကာလိကသုံးမျိုးကို အာဟာရအကျိုးငှာ ခံအံ့ ဒုက္ကဋ်၊ စားမျိုခြင်းတို့၌လည်း ဒုက္ကဋ်၊ ထိုကာလိကသုံးပါးကို ပိပါသအကြောင်း ဂိလာနအကြောင်း ရှိ၍ သုံးဆောင်သော် အနာပတ္တိ။

(ဆောင်) ယာဝကာလိကာ၊ ခံ-မျိုပါ၊ ဒုက်ပါ စဉ်တိုင်းမှတ်။
ဟာရကျိုးငှာ၊ ကြွင်းကာလိက၊ ခံမျိုက၊ ဧက ဒုက္ကဋတ်။
အကြောင်းရှိမူ၊ သုံးဆောင်သူ၊ မှတ်ယူ အနာပါတ်။

ကာလိက (၄)မျိုး ခွဲခြားပုံများ ကာလိကအခန်းသို့ ကြည့်ပါ။

အကျဉ်းမျှ မှတ်ရန်

ယာဝကာလိက - အရုဏ်တက်ပြီးသည်မှ စ၍ မွန်းတည့်သည်တိုင်အောင် စားမျိုရသော အသီးကြီးကိုးလုံး ဘောဇဉ်ငါးပါး ခဲဖွယ်တစ်ဆယ့်နှစ်ပါး စပါးမျိုးခုနစ်ပါး ပဲအမျိုးမျိုး ဂေါရသသုံးပါးဖြစ်သည်။ ယာမကာလိက - ကျမ်းဂန်လာ ဖျော်ရည် (၈)မျိုးနှင့် အနုလောမအဖျော်ရည်ရှစ်မျိုး ဖြစ်သည်။ မွန်းတည့်ပြီး အရုဏ်မတက်မီ သောက်ကောင်း၏၊ သတ္တာဟကာလိက -ဘေသဇ္ဇသိက္ခာပုဒ်လာ သပ္ပိ စသော ဆေးငါးမျိုးတည်း။ ယာဝဇီဝိက - အာဟာရကိစ္စကို မပြီးစေနိုင်သော ထိုထိုဒေသ၌ စားဖွယ်သောက်ဖွယ်အဖြစ်ဖြင့် သုံးစွဲလေ့မရှိသော အဖျော်ရည်မျိုး, သတ္တာဟကာလိက ဆေးမျိုးတွင် မပါဝင်သော မန်ကျည်းရွက်ကြမ်း, ကင်ပွန်းရွက်ကြမ်းစသော အရွက်, အမြစ်, အခေါက်, အဥများတည်း။

ပကတိအာဟာရကိစ္စ ခွဲခြားပုံ

ခါဒနီယ-အရ အမြစ်ခဲဖွယ် စသော (၁၂)ပါး ဆိုခဲ့သည်။ ဤ၌ ပကတိ အာဟာရ၏ အစွမ်းဖြင့် လူတို့၏ ခဲဖွယ် ဘောဇဉ်ကိစ္စကို ပြီးစေသော အမြစ် စသည် ယာဝကာလိက၊ ပကတိအာဟာရကိစ္စကို မပြီးစေနိုင်သော အမြစ် စသည် ယာဝဇီဝိကဟု ခွဲခြားမှတ်သားနိုင်သည်။

မြေဩဇာရှိသော အရပ်၌ ကောက်ပဲစသော ယာဝကာလိကတို့နှင့် မရောဘဲ ထိုအမြစ် စသည်ကို ထမင်းကဲ့သို့ သုံးဆောင်နိုင်ခြင်းသည် ပကတိ အာဟာရကိစ္စကို ပြီးစေနိုင်သည် မည်၏၊ ဥပမာ - ထန်းမြစ်, ပဲမြစ်, ပဲ, စိမ်းစားဥ စသည်တည်း။ ထိုအာဟာရကိစ္စ ပြီးစေနိုင်သော အမြစ်စသည်သည် ယာဝကာလိကတည်း။

မြေဩဇာ မရှိသော အရပ်၌ ကောက်ပဲစသော ဝတ္ထုနှင့် မရောဘဲ ထိုအမြစ် အဥစသည်ကို ထမင်းကဲ့သို့ မသုံးဆောင်နိုင်ခြင်းသည် ပကတိကိစ္စ မပြီးစေနိုင်သည် မည်၏၊ ဥပမာ-ချင်း, ငြုတ်ကောင်း, ပိတ်ချင်း, ပန်းဥ, မန်ကျည်းရွက်ကြမ်း စသည်တည်း။ ထို အာဟာရကိစ္စကို မပြီးစေနိုင်သော အမြစ်စသည်ကို ယာဝဇီဝိကဟု မှတ်။

အချို့သော အမြစ်သည် နုစဉ်ကသာ အာဟာရကိစ္စကို ပြီးစေ၍ ရင့်သောကာလ မပြီးစေသည်လည်း ရှိ၏၊ အချို့ ပြုတ်ခြင်း ဖျောခြင်းပြုပါမှ အာဟာရကိစ္စ ပြီးစေ၍ မပြုတ် မဖျောလျှင် မပြီးစေသည်လည်း ရှိ၏၊ ယာဝကာလိကနှင့် ယာဝဇီဝိကခွဲရာ၌ အာဟာရကိစ္စပြီးစေ မပြီးစေသာ လိုရင်းထား၍ ခွဲရသည်ဟု မှတ်ပါ။

ဝိကာလ၌ အာပတ်သင့်ပုံများ

ဝိကာလ၌ တိကပါစိတ်၊ ကာလ၌ ဒုကဒုက္ကဋ်၊ ကာလ၌ ကာလဟု မှတ်သော ရဟန်းအား အာပတ်မသင့်၊ ယာမကာလိကစသော သုံးပါးကို အကြောင်းရှိ၍ သုံးဆောင်သောရဟန်း၊ စမြုံ့ပြန်သောရဟန်း၊ ဥမ္မတ္တက ရဟန်းတို့အား အာပတ်မသင့်။

၈။ သန္နိဓိကာရကသိက္ခာပုဒ် အဓိပ္ပာယ်

အကပ်ခံထားသော ခဲဖွယ် ဘောဇဉ်တို့ကို သိုမှီးသိမ်းဆည်းထား၍ နောက်တစ်နေ့ တစ်ညဉ့်မျှလွန်အောင် လူ, သာမဏေတို့အား အာလျပြတ် အနပေက္ခဝိသဇ္ဇန ထိုအာမိသကို ငါမစားတော့ပြီဟု မငဲ့မကွက် မစွန့်ဘဲ သိုမှီးသိမ်းဆည်းခြင်း၊ ခဲဖွယ် ဘောဇဉ်တို့ကိုသာမက ယာမကာလိကခေါ် အဖျော်ရည်ကိုလည်း တစ်ညဉ့်လွန် အရုဏ်တက်ပြီးနောက် နောက်တစ်နေ့ နံနက်၌ သောက်လျှင် ဤသိက္ခာပုဒ်အရ ပါစိတ်ဟု အဋ္ဌကထာ ဆို၏၊ ထို့ကြောင့် လူ, သာမဏေတို့အား အပြီးမစွန့်ဘဲ သိမ်းဆည်းသိုမှီးထားသော ယာဝကာလိက, ယာမကာလိက နှစ်ပါးကို သန္နိဓိကာရက ခေါ်သည်။ ကြွင်းသော သတ္တာဟကာလိကနှင့် ယာဝဇီဝိကနှစ်ပါးကား သန္နိဓိ မဖြစ်စကောင်း။

(ဆောင်) ကပ်ခံပြီးက၊ တစ်ညဉ့်မျှ၊ သိုထ သန္နိဓိ။
ယာဝ, ယာမ၊ ကာလိက၊ သိုမှ သန္နိဓိ။

ဒုဒ္ဓေါတပတ္တ = အဆေးခက်သော သပိတ်

ဒုဒ္ဓေါတ = မကောင်းသဖြင့် ဆေးအပ်သော (ဝါ) မစင်ကြယ်သော၊ ပတ္တ = သပိတ် (ပန်းကန်, ခွက်, ဂျိုင့်, ဇွန်းစသည် အားလုံးယူ)၊ သပိတ်, ပန်းကန်, ခွက်စသည်တို့၌ ထည့်၍ စားပြီးနောက် စင်ကြယ်စွာ မဆေးလျှင် ဝက်ဆီ, အမဲဆီ, ဟင်းဆီစသော အာမိသကလေးများ ငြိကပ် ကျန်နေတတ်၏၊ ထိုဆီစသော အာမိသများ လက်ချောင်းဖြင့် ပွတ်သည်ရှိသော် သပိတ်, ခွက် စသည်၌ အရေးအကြောင်း ထင်အံ့၊ ကွဲအက်နေသော အဖွဲ့ရှိသော သပိတ်၏ အက်ကြောင်းတို့၌ အဆီအစေး ဝင်နေတတ်သည်။ ထို သပိတ်စသည်ကို နေပူလှမ်းသော်လည်းကောင်း, ယာဂုပူပူ ထည့်သော်လည်းကောင်း အဆီ အစေးထွက်ကျ ထင်ရှားလာ၏၊ ထို အဆီအစေးစသော အာမိသသည် နက်ဖြန်နံနက်ကာလ၌ သန္နိဓိ ဖြစ်၏၊ ဆွမ်းပူ, ဟင်းပူ, ယာဂုပူတို့နှင့် ရောမိကာ ရဟန်း၏ ခံတွင်းသို့ ဝင်သွားလျှင် သန္နိဓိအာမိသတို့အတွက် ပါစိတ်အာပတ် သင့်သည်။

ထို့ကြောင့် သပိတ်, ပန်းကန်, ခွက် စသည်တို့၌ ဆီစသော အာမိသမရှိအောင် စင်ကြယ်စွာ ဆေးရမည်။ အဖာအထေး အကွဲအအက်ရှိသော သပိတ်, ပန်းကန်, ခွက်များကို အညစ်အကြေး မကပ်ငြိအောင် ဖာထေး၍ မဖြစ်နိုင်က ထည့်မစားသင့်ပြီ၊ စွန့်ပစ်ကြရမည်။

အာမိသများနှင့် သန္နိဓိ မဖြစ်စေနည်း

သပိတ်, ပန်းကန်စသည်၌ ကပ်ငြိလျက်ရှိသော အာမိသကို လူ, သာမဏေတို့အား သပိတ်, ခွက်စသည်ကို ပေးစွန့်လိုက်သော် လူသာမဏေတို့က ထိုသပိတ်စသည်ကို ဆေးကြောရာ၌ မစင်ကြယ်သော်လည်း ထိုအဆီအစေးတို့သည် သန္နိဓိ မဖြစ်နိုင်၊ သို့သော် ထိုအဆီအစေး အကြွင်းအကျန် ရှိနေသော သပိတ်, ပန်းကန်, လဘက်ရည်ကရား စသည်ကို နက်ဖြန်နံနက် ထည့်စားလိုလျှင် ထိုသပိတ်, ခွက်စသည်ကို ရဟန်းကိုယ်တိုင် မကိုင်ကောင်း၊ အကပ်ခံပြီးမှ ကိုင်ရမည်။ အကပ်မခံဘဲ ကိုင်လျှင် ကိုင်သည့်အတွက် ဒုရူပစိဏ္ဏဒုက္ကဋ်၊ မြှောက်ချီမသည့်အတွက် ဥဂ္ဂဟိတဒုက္ကဋ်၊ ထိုအဆီအစေးကို အာမိသနှင့် ရော၍ စားမိပြန်သော် အကပ်မခံဘဲ စားရာရောက်သောကြောင့် ဒန္တပေါဏသိက္ခာပုဒ်ဖြင့် ပါစိတ်အာပတ် သင့်မည်ကိုလည်း သတိပြု။

လူသာမဏေတို့အား စွန့်ပေးခြင်း မရှိသော အမြဲသုံးနေသော လဘက်ရည်ကရား ဓာတ်ဗူးစသည်တို့၌ နေ့စဉ် အာမိသကင်းအောင် ဆေးခြင်းငှာ ခဲယဉ်းသည်ဖြစ်၍ သတိထားသင့်သည်။အငေါက်ကလေးပါသော လဘက်ရည်ကရားအိုးဖြင့် လဘက်ရည် ထည့်သောက်ခြင်းကို ဝိနယဂရုက ဆရာတော်ကြီးများ သံသယရှိတော်မူကြသည်။ ရှိလည်း ရှိသင့်ပေသည်။ ဒကာ ဒကာမများ၏ ပစ္စည်းဖြစ်သော လဘက်ရည်ကရား စသည်တို့၌မူကား သံသယ မရှိသင့်။

နောက်နေ့ ပြန်ကပ်သော ခဲဖွယ်ဘောဇဉ်များ

လူ, သာမဏေတို့အား ငဲ့ကွက်ခြင်းမရှိ စွန့်ပေးပြီးသား ခဲဖွယ်, ဘောဇဉ်များကို နောက်တစ်နေ့ လူ, သာမဏေများက ပြန်ကပ်၍ စားအံ့၊ အပ်၏၊ အာပတ်မသင့်။ သာမဏေတို့ထံမှ တောင်း၍ အကျွမ်းတဝင်ယူ၍ အကပ်ခံစားသော်လည်း အပြစ်မရှိ၊ စားကောင်းသည်ဟု သိ။

ကာလိကလေးပါး ရောနှောစားရာ၌ သိရန်

ယနေ့ အကပ်ခံအပ်သော ခဲဖွယ် ဘောဇဉ် ယာဝကာလိကနှင့် ယနေ့ အကပ်ခံအပ်သော ဖျော်ရည်, ထောပတ်, ဆေးမြစ်စသော ကြွင်းကာလိက သုံးပါး ရောစားလျှင် နံနက်ခင်း၌သာ အပ်သည်။ မွန်းလွဲသည်မှ စ၍ ထောပတ်, ဆေးမြစ်တို့လည်း မအပ်တော့။

ရှေးနေ့က အကပ်ခံထားအပ်သော ထောပတ်စသော သတ္တာဟကာလိက, ဆားစသော ယာဝဇီဝိကတို့နှင့် ယနေ့မှ အကပ်ခံအပ်သော ဆွမ်း, ဆွမ်းဟင်း, မုန့်, ငါးစသည်တို့ ရောနှောလျှင် မအပ်၊ မစားကောင်း၊ ရှေးနေ့က အကပ်ခံထားသော ဆီ, ဆား, ပျားရည်စသည်တို့ကို ယနေ့မှ ကပ်သော ဆွမ်း, ဘောဇဉ်, ဖျော်ရည်တို့နှင့် ရော၍ထည့်မသောက်ကောင်း ထည့်မစားကောင်းသည်ကို သတိပြုပါ။

သတ္တာဟကာလိကနှင့် ယာဝဇီဝိကတို့ ရောရာ၌ သိရန်

သတ္တာဟကာလိကနှင့် ယာဝဇီဝိကတို့ ရောစားမူ စားကောင်းသည်။ သို့သော် ယနေ့ အကပ်ခံအပ်သော ထောပတ်စသည်နှင့် ရှေးရှေးနေ့က ဖြစ်စေ, ယနေ့ဖြစ်စေ အကပ်ခံအပ်သော ဆားစသည်နှင့် ရောမူ (၇)ရက်သာ အပ်သည်။ နှစ်ရက်လွန်မှ ရောလျှင် ခြောက်ရက်၊ သုံးရက်လွန်မှ ရောလျှင် ငါးရက်သာ အပ်သည်။ ဤသို့ စသည်ဖြင့် သတ္တာဟကာလိက ရက်အပိုင်းအခြားရှိသလောက်သာ အပ်သည်။ ကာလိကချင်း ရောရာ၌ ရက်တိုကာလိကသဘောကို ရက်ရှည်ကာလိကက အမြဲလိုက်ရသည်။

(ဆောင်) ကာလိက လေးဖြာ၊ ရောနှောရာဝယ်၊ သတ္တာဟနှင်၊့ ယာဝဇီဝီ၊ ရှေးနေ့ ဆီက၊ ကပ်ပြီးမှကို၊ ယာဝ, ယာမံ၊ ယနေ့ခံနှင့်၊ ရောပြန်သော်လည်း၊ မအပ်ချည်းသာ၊ တစ်နည်းမှာမူ၊ ယာဝဇီဝံ၊ ရှေးနေ့ခံနှင့်၊ ခုခံသတ္တာဟ၊ ရောတုံကလျှင်၊ သတ္တာဟသက်၊ ခုနစ်ရက်ဟု၊ အခွင့်ပြုသည်၊ မှတ်ရှု နောင်လာ အချုပ်တည်း။ (ပါတိမောက်ဘာသာဋီကာ၊၂၈၇။)

ဖျော်ရည်နှင့် ဆေးများ ရောရာ၌ သက်တမ်း

ယာဝကာလိက အသီးရည်, ပဲအမျိုးမျိုးအရည်, စပါးခုနစ်မျိုးအရည်များ, ဂေါရသသုံးမျိုး ရောစပ်ပါဝင်သော ဖျော်ရည်များသည် မနက်ခင်း မွန်းမတည့်မီသာ သောက်ကောင်းသည်။ သကြား, ပျားရည်, ငါးကြီးဆီစသော သတ္တာဟ ကာလိကပါဝင်သော အမြစ်, အဥ, အခေါက်စသည်တို့ ပြုထားသော ယာဝဇီဝိကဆေးများသည် (၇)ရက်သာ သိုမှီးသိမ်းဆည်းကောင်းသည်ကို သတိပြုပါ။ သို့ရာတွင် မြတ်စွာဘုရားသည် ဘေသဇ္ဇခန္ဓက၌ မာအောင်, ခဲအောင်, လုံးဖွဲ့လို့ရအောင်ထည့်သော မုန့်ညက်များပါဝင်သော ဆေးများကို ခွင့်ပြုချက် ရှိသောကြောင့် မာအောင်, လုံး၍ရအောင်, ခဲအောင် ထည့်သွင်းလျှင် အဗ္ဗောဟာရိက မပြောပလောက်အောင်မျှ ပါဝင်ခဲ့မူ အပ်ဖွယ်ရှိသည်။ အချိုးကျထည့်၍ ဆေးဖော်လျှင်မူကား ကာလိကအရောနှောအတိုင်းပင် သတ်မှတ်၍ သုံးဆောင်သင့်သည်။ ကာလိကသတ်မှတ်ချက် လွန်မူ အာပတ်သင့်မည် ဖြစ်သည်။

သန္နိဓိအာပတ်သင့်ပုံများ

သန္နိဓိဖြစ်သော အကပ္ပိယအသားတို့တွင် လူသားကို စားအံ့၊ ထုလ္လစ္စဉ်းနှင့် ပါစိတ်၊ ကြွင်းသော အသားကြီး ကိုးပါးကို စားအံ့၊ ဒုက္ကဋ်နှင့် ပါစိတ်၊ သန္နိဓိဖြစ်သော ယာမကာလိကကို အကြောင်းရှိ၍ စားအံ့ ပါစိတ်၊ အာဟာရ အကျိုးငှာ စားအံ့၊ ဒုက္ကဋ်နှင့် ပါစိတ်၊ ပဝါရိတ်သင့်၍ အတိရိတ်ဝိနည်းကံ မပြုဘဲ သန္နိဓိဖြစ်သော အပ်သောဘောဇဉ်ကို စားအံ့၊ ပါစိတ်နှစ်ချက်၊ လူသား ဖြစ်အံ့ ထုလ္လစ္စဉ်းနှင့် ပါစိတ်နှစ်ချက်၊ ကြွင်းသော အသားကြီးကိုးပါးကို စားအံ့၊ ဒုက္ကဋ်နှင့် ပါစိတ်နှစ်ချက်၊ ယာမကာလိကကို အကြောင်းရှိ၍ အာမိသနှင့်တကွ သောက်အံ့၊ ပါစိတ်နှစ်ချက်၊ အာမိသကင်း၍ သောက်အ၊ံ့ ပါစိတ် တစ်ချက်၊ အာဟာရအကျိုးငှာ သောက်အံ့၊ ဝိကပ်နှစ်ခုပေါင်း၌ ဒုက္ကဋ် တစ်ချက်စီ တိုး၏၊ နေလွဲသောအခါ အပ်သော သန္နိဓိဘောဇဉ်ကို စားအံ့၊ ပါစိတ် နှစ်ချက်၊ အကပ္ပိယအသားဖြစ်အံ့၊ ဒုက္ကဋ်နှင့် ထုလ္လစ္စဉ်း တိုး၏၊ ဘိက္ခုနီတို့၏ သန္နိဓိဘောဇဉ်ကို ရဟန်းများ စားကောင်းသည်။ ဘိက္ခုသန္နိဓိ၌လည်း နည်းတူ စားကောင်းသည်။

သန္နိဓိကာရက၌ တိကပါစိတ်၊ ဒုကဒုက္ကဋ်၊ မသိုမှီးသည်၌ မသိုမှီးဟု အမှတ်ရှိသော ရဟန်းအား အာပတ်မသင့်၊ ယာဝကာလိက စသည်တို့ကို သိုမှီး၍ မွန်းမတည့်မီ, အရုဏ်မတက်မီ, (၇)ရက်မလွန်မီ မိမိကာလကို မလွန်စေဘဲ စားသောရဟန်း ယာဝဇီဝိကကို အကြောင်းရှိ၍ စားသော ရဟန်းကို အာပတ်မသင့်။

၉။ ပဏီတဘောဇဉ် သိက္ခာပုဒ်

ပဏီတေဟိ သံသဋ္ဌာနိ ဘောဇနာနိ ပဏီတဘောဇနာနိ။ (သံသဋ္ဌာနိ ပုဒ်ကျေသော မဇ္ဈေလောပီတပ္ပုရိသ်၊)

မွန်မြတ်ကုန်သော ထောပတ်, ဆီဦး စသော ကိုးပါးတို့နှင့် ရောနှော သော စပါးမျိုး ခုနစ်ပါးမှ ဖြစ်ကုန်သော ဘောဇဉ်တို့တည်း။ ထောပတ်စသည်နှင့် ရောအပ်သော ထောပတ်ထမင်း, ဆီဦးထမင်း, နို့ထမင်း စသည် များကို ပဏီတဘောဇဉ် ခေါ်သည်။

(ဆောင်) ထောပတ်စ ရော၊ ငါးပါး ဘော၊ မှတ်လော ပဏီတဘောဇဉ်တည်း။

ထောပတ်စသော ကိုးမျိုးတို့သည် ပဏီတဘောဇဉ် မဟုတ်သေးသည်ကို သိပါ။ ပဏီတဘောဇဉ်များကို ဂိလာနမဟုတ်ဘဲ ဉာတိပဝါရိတ မဟုတ်သူထံ “ထောပတ်နှင့် ဆွမ်း လှူလော” စသည်ဖြင့် တောင်းစားလျှင် ပါစိတ်အာပတ် သင့်၏၊ ဂိလာနဖြစ်လျှင်ကား ထိုပဏီတဘောဇဉ်များကို ဉာတိပဝါရိတ မဟုတ်သူထံမှပင် တောင်းစားကောင်း၏၊ သို့သော် ထိုထောပတ်စသည်က ရောဂါနှင့် စပ်၍ ဓာတ်စာကျမှ တောင်းစားကောင်း၏၊

သိက္ခာပုဒ် (၃) ပါးနှင့် တွဲ၍ မှတ်ရန်

ဂိလာနမဟုတ်သူသည် ထမင်းနှင့်ရောလျက် မဟုတ်ဘဲ ထောပတ် စသော ငါးပါးတို့ကို ဆေးအတွက် တောင်းလျှင် အစေလကဝဂ် မဟာနာမသတ္တမ သိက္ခာပုဒ်အရ ပါစိတ်၊ ငါးစသော လေးမျိုးကို တောင်းလျှင် လည်းကောင်း, ထောပတ် စသည်ကို ဆေးအတွက် မဟုတ်ဘဲ သက်သက်စားလို၍ တောင်းစားလျှင်လည်းကောင်း သေခိယသူပေါဒနဝိညတ္တိသိက္ခာပုဒ်အရ ဒုက္ကဋ်၊ ထောပတ်စသည်နှင့် ရောသော ပဏီတဘောဇဉ်ကို ဂိလာန မဟုတ်ဘဲ တောင်းစားအံ့၊ ဤသိက္ခာပုဒ်ဖြင့် ပါစိတ်။

(ဆောင်) ထောပတ် စသား၊ ဆေးကျိုးအား၊ တောင်းစား မဟာနာမ်။

မစ္ဆာဒိနိ စတ္တာရိနှင့်၊ ထောပတ် စသား၊ သက်သက်များ၊ တောင်းစား သူပေါဒန်။ ပဏီတဘောဇဉ်၊ တောင်းစားပြန်၊ သင့်ရန် ဤသိက္ခံ။

ပဏီတ (၉) မျိုး

၁။ သပ္ပိ -- သပ္ပတိ ပဝတ္တတီတိ သပ္ပိ၊ အရသာရှိသည်၏ အဖြစ်ဖြင့် ဖြစ်တတ်သောကြောင့် သပ္ပိ ခေါ်သည်။ လူနို့မှ စ၍ဖြစ်သော ထောပတ်မှ စ၍ အလုံးစုံသော နို့မှဖြစ်သော ထောပတ်ကား စားကောင်းသည်။ အန္ဓကအဋ္ဌကထာကား လူနို့မှဖြစ်သော ထောပတ် မအပ်ဟု ပယ်၏၊ အလုံးစုံသော အဋ္ဌကထာတို့၌ ခွင့်ပြုထားခြင်းကြောင့် မကောင်းသော ပယ်ခြင်းဖြစ်သည်ဟု အဋ္ဌကထာကြီး ဆို၏၊

၂။ နဝနီတ -- နဝ = အသစ်၊ နီတ = ထုတ်ယူအပ်သော အဆီ၊ နို့ရည်ကို ထောပတ်ဖြစ်အောင် ချက်ရာ၌ ထောပတ်မဖြစ်မီ အထက်သို့ နို့အဆီအခဲများ တက်လာ၏၊ ထိုအဆီဦးကို ပါဠိလို နဝနီတဟု ခေါ်သည်။ ၎င်းကို ထောပေးဟုလည်းကောင်း, မသကာဟုလည်းကောင်း ခေါ်သေး၏၊ မဆကာ ဟူသော ပါရယှီဘာသာမှ ပြောင်းလာသော စကားဖြစ်သတတ်။

၃။ တေလံ -- တိလဿ ဣဒံ တေလံ၊ နှမ်း၏ဥစ္စာဖြစ်သော ဆီ, သစ်မည်စည်စေ့ဆီ၊ လူဆီမှ တစ်ပါးသော ဝံဆီ, ငါးဆီ, လင်းပိုင်ဆီ (လပိုင်)ဆီ, ဝက်ဆီ, မြည်းဆီ၊ ဝသာတေလ = သားဆီတို့ ပါဝင်သည်။ မြေပဲဆီလည်း နှမ်းဆီနှင့် အလားတူ ယူသင့်သည်။ ငါးကြီးဆီကို ဆေးအဖြစ် အားနည်းသူများ ရေနွေးနှင့် သောက်လျှင် သင့်မြတ်သည်။

၄။ မဓု -- မညတိ ဉာယတီတိ မဓု၊ ဤဝတ္ထုကား ပျားရည်ဟု သိအပ်သောကြောင့် ပျားငယ်, ပျားကြီး (၂)မျိုးသည် ရအပ်သော ပျားရည်တည်း။ “မက္ခိကမဓုမေဝါတိ ခုဒ္ဒကဘမရ မဓု ကရီဟိ တီဟိ မက္ခိကာဟိ ကတံ မဓုမေဝ”ဟူသော ကင်္ခါဋီကာသစ်နှင့်အညီဆိုမူ ပျားသုံးမျိုးဟု ဆိုထိုက်သည်။ သာရတ္ထ၌ ၎င်းကို ကေစိဝါဒဟု ဆို၏၊

၅။ ဖာဏိတ -- ဖာဏိတံ နာမ = ဖာဏိတ မည်သည်။ ဥစ္ဆုမှာ = ကြံမှ၊ နိဗ္ဗတ္တံ = ဖြစ်သော ဝတ္ထုတည်း - ဆိုသည်နှင့်အညီ အဖတ် မပါအောင် စစ်ပြီးသော ကြံရည်မှစ၍ ကြံနှင့်ဆိုင်သမျှ အားလုံးကို ဖာဏိတဟု ဆိုသည်။ ဤဆေးတို့ကား သတ္တာဟကာလိကဖြစ်၍ နိဿဂ္ဂိယဖြစ်ကောင်းသော တင်လဲသည် ကြံမှဖြစ်သော တင်လဲဟု ယူသင့်သည်။ သရက်, ပိန္နဲ, ငှက်ပျော စသော ယာဝကာလိကဝတ္ထုတို့ဖြင့် ပြုအပ်သော တင်လဲကား ယာဝကာလိကသာ၊ ငြုတ်မှည့်စသော ယာဝဇီဝိကဝတ္ထုတို့ဖြင့် ပြုအပ်သော တင်လဲကား ယာဝဇီဝိကဟု သိ၊ ကြံရည်သည် ရေနှင့် ရောသည်ဖြစ်စေ, မရောသည် ဖြစ်စေ သတ္တာဟကာလိက ဖြစ်၏၊ ထန်းရည်ကိုလည်း ကြံရည်အားလျော်သည်ဟု ယူကြ၏၊

၎င်းကြံရည်, ထန်းရည်, ထန်းလျက်ရည်, သကြား, သံပုရာရည်စသော ယာဝဇီဝိက အသီးရည်များရောစပ်၍ ပြုလုပ်သော (ဘိလပ်ရည်) စသည်များကား သတ္တာဟကာလိကတို့တည်း။ ကာလိကလေးပါး ပြန်ကြည့်ပါ။

၆။ မစ္ဆ -- မရတီတိ မစ္ဆော၊ ကုန်းပေါ်၌ ထားကာမျှ သေတတ်သောကြောင့် ငါးကို မစ္ဆဟု ခေါ်သည်။ (တစ်နည်း) မရီယတီတိ မစ္ဆော၊ တံငါ စသည်တို့သည် သတ်အပ်သောကြောင့်လည်း ငါးကို မစ္ဆခေါ်သည်။ အလုံးစုံသောရေ၌ ပေါက်ဖွားသော သတ္တဝါတို့ကို ယူပါ။

၇။ မံသ -- မသီယတေ အာမသီယတေတိ မံသံ၊ သုံးသပ်အပ်သောကြောင့် အသားကို မံသဟု ခေါ်သည်။ ဤ မံသသဒ္ဒါဖြင့် အပ်သော ကုန်းသတ္တဝါအသား အားလုံးကို ယူ။

၈။ ခီရ -- ဘေသဇ္ဇသိက္ခာပုဒ်၌ အပ်မအပ်သော နို့ရည်အားလုံးကို ထောပတ်ပြုရာ၌ ယူရသကဲ့သို့ မဟုတ်မူ၍ အပ်သော အသားရှိသော သတ္တဝါတို့၏ နို့ရည်ကိုသာ ယူပါ။

၉။ ဒဓိ -- မီးဖြင့် ပူအောင်ချက်၍ အလွန်ပျစ်သော မချဉ်သေးသော နို့ကိုလည်းကောင်း, တစ်ညဉ့်လောက်ကြာလျှင် အတော်ချဉ်သော နို့ပျစ်ကို လည်းကောင်း ဒဓိဟု ခေါ်သည်။

ပဏီတကိုးပါး, ဘောဇဉ်ငါးပါး ပဏီတဘောဇဉ် (၉ ၅ = ၄၅) လေးဆယ့်ငါးပါးဟု ပွားယူသင့်ပေသည်။

အာပတ်သင့်ပုံများ

အဂိလာန၌ တိကပါစိတ်၊ ဂိလာန၌ ဒုကဒုက္ကဋ်၊ ဂိလာန၌ ဂိလာနမှတ်သောရဟန်း အာပတ်မသင့်၊ နာသောအခါ တောင်းထား၍ မနာသောအခါ စားသောရဟန်း, ဂိလာန၏ အကြွင်းအကျန် စားသောရဟန်း, ဉာတကပဝါရိတတို့ထံ တောင်းစားသောရဟန်း, သူတစ်ပါးအကျိုးငှာ တောင်းသော ရဟန်း, မိမိဥစ္စာဖြင့် ဝယ်သောရဟန်း, ဥမ္မတ္တကရဟန်းတို့အား အာပတ် မသင့်။

၁၀။ ဒန္တပေါဏသိက္ခာပုဒ် အဓိပ္ပာယ်

န ဒိန္နန္တိ အဒိန္နံ - ဝိနည်းပရိယာယ်အားဖြင့် ရဟန်းမှ တစ်ပါးသော သူတို့သည် မပေးမကပ်အပ်သော ကာလိကလေးပါးဟု ဆိုအပ်သော စားသောက်ဖွယ် အာဟာရကို ဤ၌ အဒိန္နဟု ဆို၏၊

ပါရာဇိကလာ အဒိန္နာဒါန သိက္ခာပုဒ်၌ ပိုင်ရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော ဥစ္စာကို အဒိန္နဟု ဆိုသည်။ ဤ၌ ရဟန်းသည် မိမိပိုင်ဥစ္စာပင် ဖြစ်စေကာမူ အကပ်မခံရသေးသော ဥစ္စာကို အဒိန္နဟု ဆိုသည်။ အကပ်မခံ ရသေးသော ဝတ္ထုဖြစ်အံ့ မစားကောင်း၊ အကပ်ခံပြီးသော ဝတ္ထုဖြစ်သော်ကား သူတစ်ပါးဥစ္စာပင် ဖြစ်စေကာမူ စားကောင်းသည်ဟု သိ။

(ဆောင်) အကပ်မခံ၊ ကာလိကံ၊ ယူရန် အဒိန္နံ။
အကပ်ခံပြု၊ ယင်းဝတ္ထု၊ ယူမှု ဤသိက္ခံ။ (မေဒိနီ၊၃၄။)

အကပ်မြောက်အင်္ဂါ (၅) ပါး

၁။ ကပ်မည့်သူက ရှေးရှုဆောင်ခြင်း၊
၂။ အကပ်ခံမည့် ရဟန်း၏ နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်းသို့ ရောက်ခြင်း၊
၃။ အားအလတ်စားရှိသူ မြှောက်ချီနိုင်သော ဝတ္ထုဖြစ်ခြင်း၊
၄။ ကိုယ်ဖြင့်ဖြစ်စေ, ကိုယ်နှင့်စပ်သော (ကိုင်ထားသော) ခွက်စသည်ဖြင့် ဖြစ်စေ, ပစ်၍ဖြစ်စေ ဤသုံးမျိုးတို့တွင် တစ်မျိုးမျိုးဖြင့် ကပ်သူက ပေးခြင်း၊
၅။ ကိုယ်ဖြင့်ဖြစ်စေ ကိုယ်နှင့်စပ်သော ကိုင်ထားသော ခွက်, တုတ် စသည်ဖြင့် ခံ၍ ထိ၍ဖြစ်စေ ဤနှစ်မျိုးတွင် တစ်မျိုးမျိုးဖြင့် အကပ်ခံသော ရဟန်းက ယူခြင်း ဤအင်္ဂါငါးပါးစုံမှ အကပ်မြောက်သည်။

(ဆောင်) ရှေးရှုလည်းဆောင်၊ နှစ်တောင်ထွာရောက်၊ မြှောက်နိုင်ဝတ္ထု၊ သုံးခု ပေးခြင်း၊ ခံခြင်း နှစ်လှောက်၊ ကပ်ခံမြောက်၊ မှတ်လောက် အင်္ဂါ ငါးပါးတည်း။

ရှေးရှုလည်းဆောင် - လက်ဖြင့် ရှေ့တိုးပေးမှ ရှေးရှုဆောင်ရာ ရောက်သည် မဟုတ်သေး ဦးခေါင်းပေါ်၌ ရွက်ထားသော စားဖွယ်ခွက်ကို လှူလို၍ ဦးခေါင်းကို အနည်းငယ် စောင်းပေးလိုက်လျှင် ရှေးရှုဆောင်ရာ ရောက်သောကြောင့် ရဟန်းက ထိုခွက်ကို လက်ဖြင့်ထိကာ အလိုရှိရာ ယူစားနိုင်၏၊ အားအလယ်အလတ် ရှိသူ ကြွမြှောက်နိုင်သော ယာဂုအိုး ဆွမ်းအိုးကြီးကို ရှင်ငယ်ကလေးက မကြွနိုင်၍ မြေပေါ်၌ လှိမ့်လျက် လျှောလျက် ကပ်ရာ၌ လည်း ရဟန်းက ထိရုံထိ၍ အကပ်ခံနိုင်သည်။

(မှတ်ချက်) ဤစကားအရ ယခုကာလ တစ်ယောက်တည်း ချီမ, နိုင်သော စားပွဲကို ဟင်းဖိတ်မည်စိုး၍ နှစ်ယောက် သုံးယောက်ကိုင်လျက် ကပ်ခြင်း စားပွဲအခင်းကို ကြမ်းပြင်မှာ ထိနေလျက် ကပ်ခြင်း စသည်တို့၌ နှစ်တောင်ထွာအတွင်းက ကပ်လျှင် အကပ်မြောက်သည်ချည်း မှတ်။

ဟတ္ထ = လက်၊ ပါသ = ကျော့ကွင်း၊ လက်တစ်ကွင်း, လက်တစ်လှမ်း။ နှစ်တောင့်ထွာ ဟတ္ထပါသ်တိုင်းရာ၌ ရှေ့ကလာ၍ ကပ်ရာဝယ် ရဟန်းက ထိုင်နေလျှင် တင်ပါး၏ နောက်ဘက်အစွန်းဖြင့်, ရပ်နေလျှင် ဖနောက်စွန်းဖြင့်, စောင်းလျက် လှဲနေလျှင် စောင်းသော နံပါး၏ ပြင်ဘက်စွန်းဖြင့်, ဝမ်းလျားမှောက်နေရာ ဦးခေါင်းနား လာ၍ ကပ်လျှင် ဦးခေါင်းစွန်း၏ အနီးဆုံးဖြစ် သော လည်ပင်းဖြင့်, ဤသို့လျှင် လှမ်းယူသော လက်မှတစ်ပါး အခြားသော အနီးဆုံးအင်္ဂါ၏ ဤဘက်အစွန်းဖြင့် တိုင်းတာရမည်။ (စားပွဲကြီး အလယ်က ခြား၍ အကပ်ခံကြရာ၌ အနီးဆုံးအင်္ဂါချင်း ဟတ္ထပါသ်ကို သတိပြုကြရာသည်။

သုံးခု ပေးခြင်း - ကာယ = ကိုယ်အင်္ဂါဖြင့် ပေးခြင်း၊ ကာယပဋိဗဒ္ဓ = ကိုယ်နှင့် စပ်လျက်ရှိသော ဇွန်း, ယောက်ချို, ယောက်မ, ပန်းကန်, ခွက် စသည်တို့ဖြင့် ပေးခြင်း၊ နိဿဂ္ဂိယ = နှစ်တောင်ထွာအတွင်းမှ စွန့်ပစ်ခြင်း, ပစ်ပေးခြင်း, လောင်းထည့်ခြင်း စသည်ဖြင့် ပေးခြင်းသုံးမျိုးတည်း။

ခံခြင်း နှစ်လှောက် - ကာယ = အကပ်ခံသော ရဟန်း၏ လက်, ခြေ, ဦးခေါင်း, နှာခေါင်း, ပါးစပ် စသော ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုခုဖြင့် ခံယူခြင်း၊ ကာယပဋိဗဒ္ဓ = ကိုယ်နှင့်စပ်သော သပိတ်, ခွက်, တုတ်, စက္ကူ, ဖက်ရွက် စသည့် အကြီးဆုံးပမာဏအားဖြင့် အားအလယ်အလတ်ရှိသူ မြှောက်နိုင်သော ညောင်စောင်းမှ အယုတ်ဆုံး သစ်ပင်မှ လွတ်ပြီးသော သစ်ရွက်ဖြင့် ခံယူခြင်း။

မုခဒွါရံ အာဟာရံ - ခံတွင်းဝ-ဟူသည် ပါးစပ်ပေါက်ကို ဆိုလိုသည် မဟုတ်၊ အောက်ပိုင်း အဝဖြစ်သော လည်ချောင်းပေါက်တည်း။ မုခတော = ခံတွင်းမှ၊ ဟေဋ္ဌာ = အောက်ဖြစ်သော၊ ဒွါရံ = အပေါက်တည်း။ ထို့ကြောင့် အာဟာရကို ပါးစပ်ကဖြစ်စေ, နှာခေါင်းပေါက်ကဖြစ်စေ ပိုက်ဖြင့် သွင်းကြ မျိုကြရာ၌ လည်ချောင်းပေါက်၏ အတွင်းသို့ ရောက်လျှင် မျိုရာရောက် တော့၏၊

(မှတ်ချက်) ကွမ်းဝါး, ဆေးငုံပြုကြရာ၌ လည်ချောင်းထဲ မရောက်ခင် ပါးစပ် အတွင်း၌ ငုံရုံငုံပြီး အရည်တစ်စက်မျှ လည်ချောင်းအတွင်းသို့ မဝင်စေဘဲ ထွေးပြစ်နိုင်လျှင် အကပ်မခံသော်လည်း အပြစ်မရှိ။ ထိုကဲ့သို့ ပြုနိုင်လျှင် ညနေဘက်မှာလည်း ဝိကာလဘောဇနအပြစ် မရှိ။ ညနေပိုင်း ကွမ်းဝါးသူတို့ သတိထားသင့်ပေသည်။ သို့ရာတွင် ကွမ်းဖတ်များ သွားကြား၌ ကပ်နေရာ တခြားအစား အစာများနှင့် ရောသွားလျှင် မုခသန္နိဓိအပြစ်, အကပ်မခံအပြစ်, ဝိကာလဘောဇနအပြစ်များကား လွတ်ဖွယ်ရာ မရှိ။

အဏုမြူ (၄) မျိုး

အာဟာရ-အရ ယာဝကာလိက စသော ကာလိက (၄)ပါးကို အာဟာရ ဟု ဆိုသည်။ ထိုအာဟာရကို အကပ်ခံရာ၌ ရထရေဏုမြူသည် အကပ်ခံနိုင် သော, အကပ်ခံရမည်ဖြစ်သော အသေးဆုံး အာဟာရတည်း။ အကပ်ခံပြီး သော အာဟာရပေါ်သို့ ရထရေဏုမြူ ကျလျှင် အကပ်ပျက်တော့သည်။ လှည်း, ရထား, ကားစသည်တို့ သွားသောအခါ ထလာသော ပကတိမျက်စိဖြင့် မြင်ရသော မြူမှုန်ကို ရထရေဏုမြူဟု ခေါ်၏၊ တံမြက်စည်းလှည်း၍, လေတိုက်၍, လူများ လမ်းလျှောက်သွား၍, အဝတ်များ ခါတွက်၍ ထလာ သော မြူများလည်း ရထရေဏုမြူပင် ဖြစ်သည်။ ရထရေဏုမြူသည် အကပ်ခံလောက်သော အာဟာရတွင် ပါဝင်ရကား ဆွမ်းခံတုန်းဖြစ်စေ, ဆွမ်းစားတုန်းဖြစ်စေ သပိတ်, ခွက်အတွင်းသို့ ထိုမြူမှုန်များ ကျလာလျှင် ထိုကျသည့် နေရာကို သိ၍ မြူကပ်နေသော ဆွမ်းကို ယူပစ်နိုင်က ယူပစ်ရ မည်။ သို့မဟုတ် ထပ်၍ အကပ်ခံသော်လည်း ခံရမည်။ ယူ၍လည်း မပစ်, ထပ်၍လည်း အကပ်မခံဘဲ ဆက်လက်၍ ဆွမ်းခံကြွသွားလျှင် ဝိနယဒုက္ကဋ် ခေါ် ဒုက္ကဋ်အာပတ်သင့်၏၊ ဆက်၍ ဆွမ်းစားလျှင် ထိုရထရေဏုမြူကို စားမိက ဤသိက္ခာပုဒ်အရ ပါစိတ်အာပတ် သင့်၏၊

ထိုရထရေဏုမြူ၏ ၃၆-စိတ် ၁-စိတ် ရှိသော, နံရံပေါက်မှ ဝင်လာသော နေရောင်ဖြင့်သာ မြင်နိုင်သော မြူကို တဇ္ဇာရီမြူဟု ခေါ်၏၊ ထိုတဇ္ဇာရီမြူ ၏ ၃၆-စိတ် ၁-စိတ် ပမာဏရှိသော မြူကို အဏုမြူဟု ခေါ်၏၊ ထိုအဏုမြူ၏ ၃၆-စိတ် ၁-စိတ် ရှိသော မြူမှုန်မှာ ပရမာဏုမြူ ဖြစ်၏၊ အဏုမြူနှင့် ပရမာဏုမြူတို့မှာ အကပ်မပျက်နိုင်။ ထိုမြူမှုန် (ဖုံ) လေးမျိုးတို့ကို ယာဝဇီဝိက အာဟာရတွင် ပါဝင်သည်ဟု မှတ်ပါ။

ဆတ္တိံသပရမာဏူန၊မေကောဏု စ ဆတ္တိံသ တေ၊
တဇ္ဇာရီ တာပိ ဆတ္တိံသ၊ ရထရေဏု ဆတ္တိံသ တေ၊ (အဘိဓာန်)

အညတြ ဥဒကဒန္တပေါဏာ

ဥဒက-ရေဟူသည် ရထရေဏုမြူပမာဏရှိသော မြူမှုန်မပါသည့် သန့်ရှင်းကြည်လင်သော ရေတည်း။ ထိုသန့်ရှင်း ကြည်လင်သော ရေသည် ကာလိက (၄)ပါးမှ အလွတ်ဖြစ်၍ အကပ်မခံဘဲ သောက်ကောင်း၏၊ ကိုယ် တိုင်လည်း ကျိုချက်ကောင်း၏၊ ရထရေဏုမြူမှုန်များပါသော ရေကား မြူမှုန် အတွက် အကပ်မခံဘဲ မသောက်ရ။ သို့ဖြစ်၍ ဝိနည်းဂရုပြုသော ပုဂ္ဂိုလ်များ သည် အကပ်မခံအပ်သော ရေကို ကြည်နေသော်လည်း အမြဲစစ်၍ သောက် လေ့ ရှိကြသည်။ အောက်ထစ်ဆုံး ယူဇနာဝက်ရှည်သောခရီးကို သွားသော ရဟန်းသည် ရေစစ်ယူ၍ ကြွရမည်ဟု ဘုရားရှင် ပညတ်တော်မူချက် ရှိပေ သည်။

ဒန်ပူစားရာ၌ အိန္ဒိယထုံးစံမှာ သွားဖြင့် ဝါး၍ ဒန်ပူရည်ထွက်လာအောင် စားလေ့ရှိ၏၊ ထိုဒန်ပူရည်သည် သွားကို စင်ကြယ်စေ၍ သွားပိုး မစားနိုင်ဟု ဆိုသည်။ ထိုသို့ ဒန်ပူစားရာ၌ ဒန်ပူရည်များ လည်ချောင်းတွင်း မဝင်လျှင် အကပ်ခံဖွယ် မလိုသောကြောင့် အညတြ ဒန္တပေါဏာဟု အနုပညတ် မိန့်တော်မူသည်။ အကယ်၍ လည်ချောင်းအတွင်း ဒန်ပူရည်များ ဝင်အောင် ဒန်ပူဝါးလျှင်ကား အကပ်ခံမှသာ အပ်သည်။ အကပ်မခံလျှင်ဤ သိက္ခာပုဒ်အရ ပါစိတ်အာပတ်သင့်၏၊ မြတ်စွာဘုရားရှင်က ဒန်ပူအရှည်ဆုံးပမာဏကို ရှစ်လက်သစ် ခွင့်ပြုတော်မူပေသည်။

“အနုဇာနာမိ ဘိက္ခဝေ အဋ္ဌင်္ဂုလပရမံ ဒန္တကဋ္ဌံ။” (စူဠဝါပါဠိတော်၊၂၇၉၊၊)

အချုပ်မှာ အညတြ ဥဒကဒန္တပေါဏာဖြင့် အထူးမရ၊ ရေကြည်ကလည်း ကာလိကလေးပါးမှ အလွတ်ဖြစ်၍ နဂိုကပင် အပ်၏၊ ဒန်ပူလည်း လည် ချောင်းအတွင်းသို့ အရည်မဝင်အောင် ဝါးလျှင် ပင်ကိုကပင် အကပ်မခံဘဲ အပ်၏၊ အနုပညတ် ခွင့်ပြုတော်မူရခြင်းမှာ ဘုရားရှင်လက်ထက်တော်က ရဟန်းအချို့တို့သည် ရေနှင့် ဒန်ပူအတွက် သံသယဖြစ်ကြသောကြောင့် ဘုရားရှင်က ထပ်၍ ခြွင်းချက် ပြုတော်မူရသည်။

မှတ်သားဖွယ် ဗဟုသုတများ

ဆွမ်းခံသွားစဉ် သပိတ်၌ မြူမှုန်ပါသော အိမ်ခေါင်မိုး စသည်မှ ရေကျအံ့၊ တစ်ဖန် သပိတ်ကို အကပ်ခံ၍ ဆွမ်းခံရမည်။ (ဖားအောက်တောရ၌ ဆွမ်းခံ မကြွမီ သပိတ်ကို အမြဲ အကပ်ခံလေ့ ရှိ၏၊) အကပ်မခံဘဲ နောက်ထပ် ဆွမ်းခံအံ့၊ မြူမှုန်ကျမှန်းသိလျှင် ဝိနယဒုက္ကဋ်၊ သပိတ်ကို လက်၌ ကိုင်ထားစဉ် ကျသော မြူကို လက်မှ မလွတ်စေမူ၍ ကိုင်ထားရာ၌ အကပ်မပျက်သေးသောကြောင့် ထိုဆွမ်းကို တစ်ဖန် အကပ်ခံ၍ စားကောင်း၏၊ ဆွမ်းစားနေသောအခါ ကိုယ်အင်္ဂါဖြင့် ထိထားစဉ် မြူကျသော် လက်မှ မလွတ်စေမူ၍ ထိုထိုအရပ်သို့ ဆောင်ယူသွားကောင်းသည်။ လက်ကလွတ်ပြီးမှ တစ်ဖန် ပြန်၍ကိုင်မူ ဥဂ္ဂဟိတဖြစ်၍ တစ်ဖန် ပြန်ကပ်သော်လည်း မအပ်၊ သပိတ်၌ မြူစသည် ကျ၍ လူ သာမဏေတို့ကို တစ်ဖန် ပြန်ကပ်ခိုင်းသော်လည်း မကြား ၍ဖြစ်စေ, နားမထောင်ဘဲဖြစ်စေ ဆွမ်းလောင်းထည့်အံ့ ဝိနယဒုက္ကဋ် မသင့်၊ တစ်ဖန် အကပ်ခံ၍ နောက်ထပ် လောင်းသူ၏ ဆွမ်းကို ခံအပ်၏၊ လေကြီး တိုက်၍ မြူကျသောအခါ ဆွမ်းခံ၍ မဖြစ်အံ့၊ သာမဏေတို့အား ပေးတော့အံ့ ဟု နှလုံးပြု၍ သုဒ္ဓစိတ်ဖြင့် ဆွမ်းခံခြင်းငှာကား အပ်၏၊ ထိုဆွမ်းများကို သာမဏေတို့အား ပေးလိုက်၍ သာမဏေတို့က တစ်ဖန် ပြန်ပေးသော်လည်းကောင်း, ထိုသာမဏေနှင့် အကျွမ်းဝင်၍ အကပ်ခံ စားသော်လည်းကောင်း အပ်၏၊ သူတစ်ပါးအား ပေးအံ့ဟု စိတ်ဖြစ်ကာမျှဖြင့် ထိုဆွမ်းသည် သူတစ်ပါးဥစ္စာ မဖြစ်ခြင်းကြောင့်လည်းကောင်း, ဝိနယဒုက္ကဋ်မှ လွတ်စေခြင်းငှာ လည်းကောင်း ထိုဆွမ်းကို လူ သာမဏေအား မပေးဘဲ အကပ်ခံ၍ စားသော် အပ်၏၊

အသီးရှိသော သစ်ပင်ကို အခက်၌လည်းကောင်း, နွယ်၌လည်းကောင်း ကိုင်၍ လှုပ်အံ့၊ ထိုသစ်ပင်မှ ဖြစ်သော အသီးကို ထိုရဟန်း မစားကောင်း၊ ဒုရူပစိဏ္ဏဒုက္ကဋ်အာပတ် သင့်၏၊ အသီးရှိသော သစ်ပင်ကိုကား မှီကောင်း ကိုင်ကောင်းသည်။ အကပ်မခံရသေးသော ခဲဖွယ်ဘောဇဉ်ကို လူ, သာမဏေအား ပေးရန်မဟုတ်ဘဲ သက်သက် လက်ဆော့ခြေဆော့ သဘောဖြင့် ထိလျှင် (နေရာမှ မရွေ့စေဘဲ ကိုင်လျှင်) ဒုရူပစိဏ္ဏအာပတ် သင့်၏၊

ဥပမာ-သာမဏေ ဆွမ်းချက်နေရာ၌ ဆွမ်းအိုး, ဟင်းအိုးကို ဖွင့်ခြင်း စသည်နှင့် အကပ်မခံဘဲ ချထားသော သပိတ်, ဆွမ်းအုပ် စသည်၏ အဖုံးကို ဖွင့်ခြင်း စသည်များတည်း။ သစ်ပင်၌ တွဲလဲသီးနေ ပွင့်နေသော သစ်သီး, သစ်ရွက်, သစ်ပွင့်များ၊ အကပ်မခံရသေးသော ဆွမ်းအုပ်, သပိတ်, ဆွမ်းဟင်း, ပန်းကန် စသည်ကို ကိုင်ရုံထိရုံမျှ ကိုင်ထိလျှင် ဒုရူပစိဏ္ဏဒုက္ကဋ်၊ ကိုင်ရုံ ထိရုံမကဘဲ နေရာမှ ရွေ့လောက်အောင် မ, ကိုင်လျှင် (အနည်းငယ်မျှ နေရာ ရွေ့သွားလျှင် ) ဥဂ္ဂဟိတဒုက္ကဋ် သင့်၏၊

ထို့ပြင် လူ, သာမဏေတို့၏ ခွက်ထဲသို့ ရဟန်းက အကပ်ခံပြီးသော ဆွမ်းဟင်း, မုန့်စသည်ကို ထည့်ပေးရာ ဆွမ်းဟင်းလိုက်ရာတို့၌ လူ, သာမဏေတို့၏ ပန်းကန်, သပိတ်ထဲရှိ ရှိရင်းအစာကို ရဟန်းလက်နှင့် မထိအောင် မြှောက်၍ လွှတ်ချထည့်ပေးရမည်။ ဘာကြောင့်နည်း၊ လူ, သာမဏေတို့၏ အစာသည် ရဟန်း၏ လက်, ဇွန်း စသည်ကို ငြိကပ်၍ ပါလာလျှင် ထို အစာက အကပ်မခံရသေးသဖြင့် ကပ်ပြီးအစာနှင့် ရောမိက ကပ်ပြီးအစာပါ အကပ်ပျက်၍ ထပ်ကပ်ဖွယ် ရှိသောကြောင့်တည်း။ ဒုရူပစိဏ္ဏ (ဒု+ဥပစိဏ္ဏ) = မကောင်းသဖြင့် ပြုကျင့်မှု၊ ဥဂ္ဂဟိတ = ကြွချီမြှောက်ယူမှု။

ထိုဒုရူပစိဏ္ဏ ဖြစ်သော ဆွမ်းစသည်ကို ထိုထိကိုင်သော ရဟန်းတစ်ပါး သာ မအပ်၊ တခြား ရဟန်းများအတွက်ကား အပ်သေး၏၊။ ဥဂ္ဂဟိတဖြစ်သော ဆွမ်းစသည်ကိုကား ရဟန်းအားလုံးအားပင် မအပ်တော့ပေ၊ ဤသို့လျှင် ဝိနယဒုက္ကဋ်၊ ဒုရူပစိဏ္ဏဒုက္ကဋ်၊ ဥဂ္ဂဟိတဒုက္ကဋ်များ သိထားသင့်ပါသည်။

တံတွေး, မျက်ရည် စသည်များ

ခန္ဓာကိုယ်မှ ရွေ့လျောပြတ်ကျ၍ လက်၌လည်းကောင်း, သပိတ်၌လည်းကောင်း ကျလာသော တံတွေး, မျက်ရည်, ချွေး စသည်တို့ကို ဆေးအလို့ ငှာလည်းကောင်း အတွင်းစားမျိုးခြင်း ပြုလိုသော် အကပ်ခံအပ်၏၊ ပြုတ်ကျသွားသော တံတွေး, မျက်ရည်, ချွေးစသည်ကို အကြား၌ မဖမ်းယူအပ်၊ ဖမ်းယူသော် ဥဂ္ဂဟိတ ဖြစ်၍ အကပ်ပျက်တော့သည်။ အင်္ဂါကြီးငယ်၌ ကပ်ငြိလျက် တည်ရှိသော ချွဲ, သလိပ်, မျက်ရည်, ချွေး စသည်ကိုကား အကပ်ခံဖွယ် ကိစ္စ မရှိ။

ပြန်ကပ်ရသော အလေ့အထ မှတ်သားဖွယ်

ဆွမ်းအုပ်, ဆွမ်းပန်းကန်စသည်ကို လူ, သာမဏေတို့ ထိမိလျှင် ထပ်မံ အကပ်ခံလေ့ရှိကြ၏၊ အစားအစာများကို မထိမကိုင်မိလျှင် ထပ်မံကပ်ဖွယ် မလို၊ ထပ်မံကပ်ရခြင်းမှာ ထိရုံကိုင်ရုံဖြင့် အကပ်ပျက်သွား၍ ထပ်မံကပ်ရခြင်း မဟုတ်၊ လူ, သာမဏေတို့၏ လက်စသည်မှ မြူမှုန်များ ကပ်ငြိကျန်ရစ်နေ တတ်၍ ထိုမြူမှုန်အတွက် ထပ်မံ၍ ကပ်ရခြင်း ဖြစ်သည်။

ထို့ပြင် ဆွမ်းလုတ်ကို ပါးစပ်သို့ သွတ်သွင်းစဉ် ပါးစပ်တွင်းမှ ဆွမ်းလုံးများ သပိတ်ထဲသို့ ပြန်၍ ကျလျှင် ထပ်မံ အကပ်ခံလေ့ရှိကြ၏၊ သို့သော် ထိုပြန်ကျ လာသော ဆွမ်းလုံးသည် ပါးစပ်ထဲ၌ရှိသော တံတွေး, သွားရည်တို့နှင့် မလူးဘဲ ပြန်ကျလျှင် အကပ်မပျက်သေး၊ သွားရည် စသည်နှင့် လူးပြီးမှ ပြန်ကျလျှင်သာ ထို သွားရည်အတွက် အကပ်ပျက်ရသည်။ ထို့ကြောင့် ပါးစပ်မှ ဆွမ်းလုံး ပြန်ကျသည့်အခါ ထိုပြန်ကျလာသော သွားရည်လူးနေသည်ဟု ထင်သော ဆွမ်းလုံးကို ယူ၍ ဖယ်ထုတ်ပစ်လိုက်နိုင်လျှင်လည်း ထပ်မံ အကပ်ခံဖွယ် မလိုပေ။ သွားရည်လူးသော ဆွမ်းလုံးအတွက် အကပ်ပျက်ရသောကြောင့် ထိုပြန်ကျလာသော ဆွမ်းလုံးကို ထပ်၍ အကပ်ခံရခြင်း ဖြစ်သည်ဟု မှတ်ပါ။

ဆွမ်းစားခါနီး လက်ဆေးရန်

ဆွမ်း, အချိုပွဲ စားရာ၌ လက်မဆေးဘဲ စားလျှင် လက်၌ ရထရေဏုမြူမျှလောက် မြူမှုန်များ ကပ်နေခဲ့သော် ထိုမြူမှုန်များအတွက် လက်ဖြင့် ထိမိရာ ခဲဖွယ်ဘောဇဉ်တို့ပါ အကပ်ပျက်တတ်ရကား ဆွမ်းစားခါနီး လက်ကို ဆေးရမည်။ ဆွမ်းစားပြီးနောက် အချိုပွဲစားခါနီး လက်ဆေးရမည်။ ညာလက် ကိုသာ ဆေး၍ ဘယ်လက်ကို မဆေးလျှင် ဘယ်လက်ဖြင့် စားဖွယ်များကို ကိုင်ရာ၌လည်း ဤနည်းအတိုင်းပင် အကပ်ပျက်၏၊ ထို့ကြောင့် ဘယ်ဘက် လက်ကို မဆေးမိလျှင် ထိုလက်ဖြင့် စားဖွယ်များကို မကိုင်မိအောင် သတိထားရမည်။

ဆေးပြီးလက်ဖြင့် သင်္ကန်း, နေကထိုင် စသည် မကိုင်သင့်ပုံ

အချို့ကား စားမည်ဟု လက်ဆေးပြီးမှ ထိုလက်ဖြင့် သင်္ကန်းကို သိမ်းကြ၏၊ ကိုင်ကြ၏၊ ထိုသို့ သိမ်းကြ ကိုင်ကြရာဝယ် သင်္ကန်း၌ ရထရေဏုမြူမှုန်ကို ကိုင်မိလျှင် လက်မဆေးသည်နှင့် အတူတူပင် ဖြစ်သည်။ တချို့ကား အချိုပွဲ လက်ဖက်စသည် စားစဉ် အကပ်မခံထားသော လက်သုတ်ပုဝါ သုတ်လိုက် အချိုပွဲ နှိုက်လိုက်နှင့် စားကြ၏၊ လက်သုတ်ပုဝါ၌ ရထရေဏုမြူမှုန် ပါလျှင် စားဖွယ်များလည်း အကပ်ပျက်လိမ့်မည်။ လက်သုတ်ပုဝါကိုလည်း အကပ်ခံပြီးမှ ကိုင်သင့်သည်။ ထို့ကြောင့် အစာစားမည်ဟု လက်ဆေးပြီးနောက် ထိုလက်ဖြင့် အစာမှတစ်ပါး အခြားသင်္ကန်း, နေကထိုင်, လက်သုတ်ပုဝါ စသည်ကို မကိုင်မိစေဘဲ စားခြင်းကိစ္စပြီးမှသာ လက်ဆေး၍ လက်သုတ်ပုဝါကို သုတ်သင့်ပေသည်။

စားဖွယ်ယူ၍ ခရီးသွားရာ၌ မှတ်သားဖွယ်

ခရီးသွားစဉ် မိဘ, သာမဏေ စသည်များဖို့ အစားအစာ, သစ်မြစ်, သစ်သီး စသည်တို့ကို အကပ်မခံဘဲ ယူသွားကောင်း၏၊ မိမိဖို့ ရည်ရွယ်ချက် လုံးဝ မပါစေရ။ မိဘစသူအတွက်သာဟု မိမိ စိတ်ကို စင်ကြယ်စေနိုင်ခဲ့လျှင် ကိုယ်တိုင်ယူခဲ့သော အကပ်မခံရသေးသော ထိုအစားအစာ စသည်ကို ရောက်ရာအရပ်၌ အလိုရှိက အကပ်ခံ၍ စားကောင်း၏၊ အသီး, အရွက် နှင့်တကွသော သစ်ခက်ကို အရိပ်အလို့ငှာ ထီးလုပ်ယူဆောင်သွားစဉ် အလိုရှိသောအခါ ထိုသစ်သီးသစ်ရွက်ကို အကပ်ခံ၍ စားကောင်းသည်။

အကပ်ခံစဉ် မြေသို့ လွတ်ကျသွားခြင်း

တစ်စုံတစ်ခုကို ဒကာက ပေးကပ်သော် ရဟန်း၏ လက်မှ ပြုတ်ကျ၍ စင်ကြယ်သော မြေ, ကြမ်းပြင်စသည်၌ ကျအံ့၊ ကိုယ်တိုင် ကောက်ယူ၍ စားကောင်းသည်။ မြူစသည် ကပ်ညိအံ့၊ မြူ စသည်ကို သုတ်သင်၍ ဖြစ်စေ, တစ်ဖန် အကပ်ခံ၍ ဖြစ်စေ စားကောင်းသည်။ ရဟန်းတစ်ပါးအား ကပ်စဉ် လိမ့်၍ အခြားရဟန်းတစ်ပါးထံ ကျသွားအံ့၊ ထိုရဟန်းက ကောက်ယူ၍ မူလရဟန်းအား ပေးကောင်းသည်။ မူလရဟန်းက အရှင်ဘုရားစားတော့ဟု ဆိုလျှင် ထိုရဟန်း စားကောင်းသည်။ မူလရဟန်းက စားတော့ဟု မဆိုလျှင် မစားကောင်း။ ကပ်ခြင်းအကျိုးငှာ လာသောသူ၏ လက်မှ လျှောကျသော ဝတ္ထုကို ကောက်မစားလိုသေးသော် တစ်ခုခုဖြင့် ဖုံးအုပ်ထားပြီး နောက် တစ်နေ့၌ အကပ်ခံ၍ သုံးဆောင်သော် အပ်၏၊ အကပ်ခံရာမရောက်သေး သောကြောင့် သန္နိဓိ မဖြစ်။ အစားအစာများ လာလှူလျှင် အကပ်မခံ သေးဘဲ ထားလျှင် နောက်နေ့တိ့ု၌ အကပ်ခံပြီး စားကောင်းသည်။ ကပ္ပိယကုဋီ ဖြစ်ဖို့ကား လိုပေသည်။

ဓား, ဇွန်း စသည်၌ ကပ်နေသော သံချေးများ

ဓားငယ်ဖြင့် ကြံ, သရက်သီး စသည်ကို နွှာစိတ်သော် သံချေး ထင်အံ့၊ အသစ် သံချေးဖြစ်ရကား အကပ်ခံ၍ စားအပ်၏၊ ဓားငယ်ကို ဆေး၍ ခွဲသော် သံချေးကား မထင်၊ သံချေးနံ့သာ ထင်အံ့၊ အဗ္ဗောဟာရိကဖြစ်၍ အာပတ် မသင့်။

အကပ်ခံပျက်ကြောင်း (၆) ပါး

စွန့်, ချ, ပေး, လု၊ မစ္စု, လိင်ပြန်၊ ဤခြောက်တန်၊ ကပ်ခံ ပျက်ကြောင်းတည်း။

စွန့် = အကပ်ခံပြီးသော အစာကို မစားတော့အံ့ဟု အာလယပြတ် (ငဲ့ကွက်မှု မရှိဘဲ) စွန့်လိုက်ခြင်းကြောင့် အကပ်ပျက်၏၊ ထိုသို့ စွန့်ရာ၌ လက်က လွတ်မှ အကပ်ပျက်သည်။
ချ = သိက္ခာချလိုက်သောကြောင့်လည်း အကပ်ပျက်သည်။
ပေး = သူတစ်ပါးကို ပေးလိုက်ခြင်းကြောင့်လည်း အကပ်ပျက်သည်။ ဤသို့ ပေးရာ၌ လက်ကလွတ်မှ အကပ်ပျက်သည်။ နှုတ်က ပေးသော်လည်း လက်က မလွတ်သေးလျှင် အကပ်မပျက်။
လု = လူ, သာမဏေတို့က အတင်းလုယူသွားခြင်းကြောင့်လည်း အကပ် ပျက်၏၊
မစ္စု = သေဆုံးခြင်းကြောင့်လည်း အကပ်ပျက်၏၊
လိင်ပြန် = ဘိက္ခုအဖြစ်မှ ဘိက္ခုနီမအဖြစ်သို့, ဘိက္ခုနီမအဖြစ်မှ ဘိက္ခု အဖြစ်သို့ လိင်ပြောင်း လိင်ပြန်ခြင်းတို့ကြောင့်လည်း အကပ်ပျက်၏၊

ဤ အကပ်ပျက်ကြောင်းအင်္ဂါ၌ အာဟာရကို တစ်ပါးပိုင် အာဟာရဟု မှတ်။ နှစ်ပါးသုံးပါးစသည် အများဆိုင်သော စားဖွယ် တို့၌ တစ်ပါးက စွန့်ရုံနှင့် အကပ်မပျက်နိုင်။ ထို့ပြင် စွန့်မှ အကပ် ပျက်သည်ဟု ဆိုရကား လူ, သာမဏေ တို့ စားပွဲ, ပန်းကန် စသည်တို့ကို လာ၍ကိုင်ရာ၌ (ရဟန်းက လက်ဖြင့် ထိ, မထားစေကာမူ) အကပ်မပျက်။ အကပ်ခံပြီးသော သပိတ်, လျက်ဆား ဗူး, စတုမဓူဗူး စသည်တို့ကို မစွန့်ဘဲ လူ, သာမဏေကို အခြား တစ်နေရာသို့ ရွှေ့အထားခိုင်းလိုက်သော်လည်း အကပ်မပျက်၊ သို့ရာတွင် လူ, သာမဏေ တို့၏ ကိုယ်လက်မှ မြူမှုန်များသည် အကပ်ခံပြီး အာဟာရ၌ ကျနေရစ်လျှင် ကား ထိုမြူမှုန်အတွက် ထပ်၍ အကပ်ခံရမည်။ လူ, သာမဏေတို့က မိမိ ဥစ္စာဟူသော သဘောထားဖြင့် ယူသွားသော် အကပ်ပျက်၏၊ သပိတ်ကို ကိုယ်အင်္ဂါတို့ဖြင့် ထိမထားဘဲ သပိတ်ခြေ၌ ထား၍ ထိုသပိတ်၌ ရှိသော ဝတ္ထုကို ငဲ့ကွက်ခြင်းကင်း၍ အာလျပြတ်ကာ ယူလော့”ဟု ဆိုအံ့၊ အကြွင်း ဝတ္ထုပါ အကပ်ပျက်သည်။ ပြန်၍စားလိုလျှင် တစ်ဖန် ထပ်၍ အကပ်ခံရမည်။ ငဲ့ကွက်ခြင်းလည်း မကင်း, အာလျလည်း မပြတ်, အာမိသလည်း ထပ်မရောမူ တစ်ဖန် အကပ်ခံဖွယ် မရှိ။ အာမိသ ရောမူ တစ်ဖန် အကပ်ခံရမည်။

လက်ဆေးခြင်း, လက်သုတ်ခြင်း စသည်တို့၌လည်း အာပတ်သင့်နိုင်ပုံ

ဆွမ်းစားနေစဉ် လက်ဆေးခွက်၌ ထပ်ခါထပ်ခါ နှိုက်ဆေးခြင်း၊ လက် သုတ်ပုဝါကို ခဏခဏသုတ်ခြင်း စသည်တို့ကို ပြုရာ၌ ပထမအကြိမ် လက်ဆေး, လက်သုတ်ခြင်း ပြုစဉ်က လက်ဆေးရေ, လက်သုတ်ပဝါတို့၌ ကျန်ခဲ့သော ဆီ စသော အညစ်အကြေးများသည် အကပ်ပျက်ပြီး ဖြစ်သဖြင့် ထိုအကပ်ပျက်နေပြီးသော အာမိသများသည် နောက်တစ်ကြိမ် လက်ဆေး, လက်သုတ်ခြင်း ပြုရာ၌ လက်၌ ပြန်၍ ကပ်ငြိပါလာကာ ထိုအာမိသများ သပိတ်ထဲရှိ ဆွမ်းနှင့် ရောသွားပါက ထိုဆွမ်းများလည်း အကပ်ပျက်တော့၏၊ ထိုအကပ်ပျက်နေသော ဆွမ်းကို အကပ်ပျက်မှန်း မသိဘဲ ဆက်လက် ဘုဉ်းပေးပါက ဤဒန္တပေါဏသိက္ခာပုဒ်အရ အာပတ်သင့်တော့၏၊ ထို့ကြောင့် ဆွမ်းစားမပြီးမီ လက်ဆေးလိုပါက ထွေးခံ စသည်တို့၌ လောင်းဆေးသင့်ပေသည်။ လက်သုတ်ပုဝါကိုလည်း လက်ထဲမှ လွှတ်မချဘဲ ကိုင်ထား၍ သုတ်လျှင် ဤအာပတ်မှ လွတ်ဖွယ် ရှိသည်။ သို့သော် ဆွမ်းဘုဉ်းပေးခြင်း ကိစ္စ အားလုံးပြီးစီးမှ ဆေးခြင်း, သုတ်ခြင်းက သာ၍ကောင်းပါသည်။

အာပတ်သင့်ပုံများ

အကပ်မခံသော ဝတ္ထု၌ တိကပါစိတ်၊ အကပ်ခံပြီးသော ဝတ္ထု၌ ဒုကဒုက္ကဋ်၊ အကပ်ခံပြီးသည်၌ အကပ်ခံပြီးဟု မှတ်၍ စားသော ရဟန်း အာပတ် မသင့်။ ရေ ဒန်ပူကို အကပ်မခံဘဲ သောက်စားသော ရဟန်း၊ ကာလောဒိဿမည်သော ကျင်ကြီး, ကျင်ငယ်, သစ်စိမ်းပြာ, မြေညက် ဤလေးပါးကို မဟာဝိကဋဆေးဟု ခေါ်၏၊ ထိုဆေးဖက်ဝင် ပစ္စည်းတို့ကို မြွေကိုက်သည့် အခါ၌ ကပ်မည့်သူ မရှိလျှင် အကပ်မခံဘဲ စားခွင့်ပြုတော်မူ၏၊ မီးခိုးများသည် နှာခေါင်းဝမှ ပါးစပ်မှ ဝမ်းတိုင်အောင် ဝင်သော်လည်း အဗ္ဗောဟာရိက (အာပတ်သင့်ရန် အင်္ဂါဟု မပြောပလောက် ဖြစ်၍ အာပတ်မသင့်)။ ဤ၌ ဆေးသောက် ကွမ်းစားသူတို့ သတိထားရန်မှာ ညနေပိုင်း ကွမ်းစား ဆေးသောက်သူတို့ လည်ချောင်းဝအောက် မျိုချသည့်တိုင်အောင် ကွမ်းရေ ဆေးလိပ်မှုန့် ဆေးချေးတို့ မပါလျှင် ဝိကာလဘောဇနပါစိတ်အာပတ်မှ လွတ်ခွင့် ရှိသည်။ သို့သော် ကွမ်းတံတွေး ဆေးချေးများသည် သွားကြားအတွင်း ငြိကပ်ပေနေပါက သန္နိဓိပါစိတ်အာပတ် သင့်နိုင်သည်။ သို့ရာတွင် စားပြီးတိုင်း ခံတွင်းထဲ၌ အာမိသများ မကျန်အောင် စင်ကြယ်အောင် ဆေးကြောနိုင်လျှင် သန္နိဓိပါစိတ်လည်း လွတ်လပ်နိုင်၏၊ ထို့ကြောင့် ဝိနယဂရုကဆရာတော်ကြီးများသည် နေလွဲ ကွမ်းစား ဆေးသောက်ခြင်းကို ရှောင်ကြဉ်တော်မူကြသည်။ တချို့ဆရာတော်များလည်း ကွမ်းစား ဆေးသောက်ခြင်းကို လုံးဝ နှစ်သက်တော် မမူကြပေ။ အဘယ့်ကြောင့်နည်းဟူမူ ဝိကာလဘောဇနနှင့် သန္နိဓိသိက္ခာပုဒ်တို့၌ သံသယဖြစ်တော်မူခြင်းကြောင့်တည်း။

အင်္ဂါ (၄) ပါး

၁။ အကပ်မခံခြင်း၊
 ၂။ သီးခြား ခွင့်ပြုချက် မရှိခြင်း၊ 
၃။ မီးခိုးစသော အဗ္ဗောဟာရိက မဟုတ်ခြင်း 
၄။ စားမျိုခြင်း- ဟူ၍ (၄)ပါးတို့တည်း။

(ဆောင်) ကောင်းစွာ အကပ်၊ မခံအပ်ငြား၁၊ သီးခြား ခွင့်ပြု၊ မရှိမှုနှော၂၊ အဗ္ဗောဟာရိ၊ မဟုတ်ဘိလျှင်း၃၊ စားမျိုခြင်းဟု၄၊ ကြောင်းရင်း လေးလီ၊ အင်္ဂါညီ၊ သင့်ပြီ ဒန်ပေါဏ။

၅။ အစေလကဝဂ် သိက္ခာပုဒ်ဆယ်ပါး အကျဉ်း

၁။ အဝတ်မဝတ်သော အစေလက, အဝတ်ဝတ်သော ပရိဗိုဇ်တိတ္ထိတို့အား ကိုယ်တိုင် ခဲဖွယ် (၁၂)ပါး, ဘောဇဉ် (၅)ပါးတို့မှ တစ်ပါးပါးကို ပေးလျှင် အစေလကပါစိတ်။

၂။ ရဟန်းတစ်ပါးကို ရွာနိဂုံးသို့ ဆွမ်းခံအတူလိုက်ခဲ့ရန် ခေါ်သွားပြီးနောက် အာမိသတစ်ခုခုကို ပေးရာဖြစ်စေ, မပေးဘဲဖြစ်စေ မာတုဂါမနှင့် အတူ ရယ်မောလို, ကျီစယ်လို, ဆိတ်ကွယ်ရာ၌ နေထိုင်လိုခြင်း, မလျောက်ပတ်သော အကျင့်ကို ကျင့်လိုခြင်းကြောင့် ထိုရဟန်းကို ပြန်လွှတ်လျှင် ဥယျောဇနပါစိတ်။

၃။ သမီးခင်ပွန်းနှစ်ယောက်ရှိသော အိပ်ခန်းအတွင်း အိပ်ရာအနီး ကပ်၍ ထိုင်ခြင်းကြောင့် သဘောဇနပါစိတ်။

၄။ မာတုဂါမနှင့်အတူ မျက်စိကွယ်ရာ ဖုံးကွယ်အပ်သော နေရာ၌ ထိုင်နေခြင်းကြောင့် ရဟောပဋိစ္ဆန္နပါစိတ်။

၅။ မာတုဂါမနှင့် တစ်ယောက်ချင်းချင်း နား၏ကွယ်ရာ တစ်ဆယ့်နှစ်တောင်ကွာအရပ်၌ ထိုင်နေခြင်းကြောင့် ရဟောနိသဇ္ဇပါစိတ်။

၆။ ဘောဇဉ်ငါးပါးဖြင့် ဖိတ်အပ်သော ဘတ်ရှိသော ရဟန်းသည် သင်္ကန်းလှူရာအခါ, သင်္ကန်းချုပ်ရာအခါကို ကြဉ်ထား၍ ထင်ရှားရှိနေသော ရဟန်းကို မပန်ပြောဘဲ ထိုဘတ်ကို မစားမီဖြစ်စေ, စားပြီးနောက် မွန်းမတည့်မီဖြစ်စေ အခြားအိမ်တို့၌ လှည့်လည်သွားလာလျှင် စာရိတ္တပါစိတ်။

၇။ ဂိလာနမဟုတ် ကျန်းမာသော ရဟန်းသည် သံဃာအတွက် ဆေးပစ္စည်း ဖိတ်ထားသော ဒကာထံ၌ နောက်ထပ် ဖိတ်ခြင်း, အမြဲအလှူခံရန် ဖိတ်မန်ခြင်းကို ကြဉ်ထား၍ လေးလပတ်လုံး (ဝါ) ဒါယကာက ပိုင်းခြား သတ်မှတ်ထားသော ကာလပတ်လုံး သာယာနိုင်၏၊ ထိုပိုင်းခြားသတ်မှတ်ရာ အချိန်ကာလ, ပိုင်းခြားအပ်သော ဆေးအမျိုးအစားထက် ပိုတောင်းလျှင် မဟာနာမပါစိတ်။

၈။ စစ်တပ်သို့ သွားထိုက်သော အကြောင်းမရှိဘဲ မြို့ရွာမှ ထွက်သော စစ်တပ်ကို ကြည့်ရှုရန် သွားခြင်းကြောင့် ဥယျုတ္တသေနာပါစိတ်။

၉။ စစ်တပ်၌ ဆွေမျိုးတစ်ယောက်ယောက် မကျန်းမာခြင်းစသော တစ်စုံတစ်ခုသော အကြောင်းရှိရာ သွားရာ၌ နှစ်ညဉ့်သုံးညဉ့်ထက် ပိုလွန်ခြင်းကြောင့် သေနာဝါသပါစိတ်။

၁၀။ နှစ်ညဉ့် သုံးညဉ့် စစ်တပ်၌ နေ့စဉ် စစ်တိုက်ပွဲသို့ဖြစ်စေ, စစ်သည်အစု ရေတွက်ရာသို့ဖြစ်စေ, စစ်တိုက်ဖို့ရန် စစ်ပြင်ဆင်ရာသို့ဖြစ်စေ, ဆင်တပ် မြင်းတပ် စသည်ကို ကြည့်ရှုရာသို့ဖြစ်စေ သွားခြင်းကြောင့် ဥယျောဓိက ပါစိတ်အာပတ် သင့်၏၊

၁။ အစေလကသိက္ခာပုဒ် အဓိပ္ပာယ်

အဝတ်မဝတ် ဗလာကိုယ်လုံးတီးကျင့်သော အစေလက, အဝတ်ဝတ်သော ပရိဗိုဇ်, သာသနာပြင်ပ တိတ္ထိယောက်ျား မိန်းမတို့အား ရဟန်းက မိမိလက်ဖြင့် ကိုယ်တိုင် ခဲဖွယ် ဘောဇဉ်တို့ကိုပေးလျှင် ပါစိတ်အာပတ် သင့်၏၊ သို့ရာတွင် ဝမ်းတွင်းစားမျိုဖို့ မဟုတ်ဘဲ အပြင်ဘက် သုတ်လိမ်းဖို့သာ ဖြစ်သော ဆီ စသည်ကို ပေးရာ၌ကား အာပတ်မသင့်ဟု ခွင့်ပြုချက်ရှိသည်။ (အစေလက- နတ္ထိ စေလံ အဿာတိ အစေလကောအရ အဝတ်မရှိ ဗလာ ကိုယ်လုံးတီးကျင့်သော တိတ္ထိမျိုးကို အစေလကဟု ခေါ်၏၊ မြန်မာတို့က တိတ္ထိ တက္ကတွန်းဟုလည်း ခေါ်၏၊ ပရိဗ္ဗာဇက = ပရိစ္စဇိတွာ - လူမှုကိစ္စ ဟူသမျှကို စွန့်ခွာ၍၊ ဝဇတိ = သင်္ခန်းကျောင်းသို့ သွားနေတတ်၏၊ ဣတိ = ထို့ကြောင့်၊ ပရိဗ္ဗာဇကော = ပရိဗ္ဗာဇက မည်၏၊ ဤဝိဂြိုဟ်အရ - လူမှုကိစ္စကို စွန့့််ခွာ၍ ကမ္မဋ္ဌာန်းကျောင်းသို့ သွားနေသော ရသေ့, ရဟန်းယောက်ျား, ရဟန်းမိန်းမ အမျိုးမျိုးတို့ကို ရသော်လည်း ဤသိက္ခာပုဒ်၌ သာသနာပဖြစ်သော တိတ္ထိတို့တည်း။ ဤ၌ အဝတ်ဝတ်သူ တိတ္ထိတို့ကို ယူပါ။

ဖိုးသူတော် သီလရှင်များ

ယခုခေတ် မြန်မာပြည်၌ ဖိုးသူတော် သီလရှင်များသည် သာသနာပြင်ပ အယူကို ယူသူများ မဟုတ်ကြရကား ဤပရိဗ္ဗာဇက ပရိဗ္ဗာဇိကာအရတို့တွင် မပါဝင်ကြ၊ သုတ်ပါထေယျ သမ္ပသာဒနီယအဋ္ဌကထာ၌ ပြအပ်သော သင်္ကန်းမှ တစ်ပါးသော အဝတ်ဖြူဝတ်သော သာသနာနွယ်ဝင်များ ရဟန်းအနွယ်ဝင်များဟု ယူသင့်သည်။ (ဘာသာဋီကာ၊၂၉၆။)

အာပတ်သင့်ပုံများ

တိတ္ထိတို့၌ တိကပါစိတ်၊ တိတ္ထိမဟုတ်သည်၌ ဒုက္ကဋ်၊ တိတ္ထိမဟုတ်သည်၌ တိတ္ထိမဟုတ်ဟု မှတ်ထင်၍ ပေးသော ရဟန်းအား အာပတ်မသင့်၊ လူ, သာမဏေကို ပေးခိုင်းသော ရဟန်း, တိတ္ထိတို့၏ အထံ၌ ခွက်ကို ချထားပြီးမှ ဤဝတ္ထုကို ယူလော့ဟု ဆိုသော ရဟန်း, တိတ္ထိတို့ ချထားသော ခွက်၌ ထည့်ပေးသော ရဟန်း, ကိုယ်လိမ်းကျံစရာ ဆီစသည် ပေးသော ရဟန်းအား အာပတ်မသင့်။

၂။ ဥယျောဇနသိက္ခာပုဒ် အဓိပ္ပာယ်

အဖော်ရဟန်းကို ခေါ်၍ ရွာ, နိဂုံးသို့ ဆွမ်းခံဝင်သော ရဟန်းသည် အိမ်သို့ ကပ်ရောက်၍ ဒါယိကာမနှင့်အတူ ရယ်ရွှင်ခြင်းစသော ပြောလိုရာရာကို ပြောချင်, ဆိတ်ကွယ်ရာ၌ နေချင်သောကြောင့် အဖော်ရဟန်းအား စားဖွယ်တစ်ခုခုကို ပေး၍ဖြစ်စေ, မပေးဘဲဖြစ်စေ ပြန်လွှတ်လျှင် ဒုက္ကဋ်။ ထိုအဖော်ရဟန်း ဥပစာကို လွန်လျှင်လွန်ချင်း ထိုပြန်ခိုင်းသော ရဟန်း ဥယျောဇနသုဒ္ဓပါစိတ်အာပတ် သင့်၏၊

ရဟန်းတစ်ပါးကို ဆွမ်းခံ အတူခေါ်ပုံ

“ငါ့ရှင်..လိုက်ခဲ့၊ ရွာထဲသို့ ဆွမ်းခံဝင်ချေကြစို့”ဟု ဖြစ်စေ၊ “ငါ့ရှင်.. လိုက်ခဲ့၊ နိဂုံးသို့ ဆွမ်းခံဝင်ချေကြစို့”ဟု ဖြစ်စေ ပြော၍ အတူခေါ်သည်။

ရဟန်းကို ပြန်လွှတ်ပုံ

အိမ်တစ်အိမ်ရောက်သောအခါ ထိုအဖော်ခေါ်ခဲ့သော ရဟန်းအား ခဲဖွယ် ဘောဇဉ်စသော အာမိသ တစ်ခုခုကို အလှူခိုင်းပြီး၍ဖြစ်စေ, အလှူ မခံခိုင်းသေးဘဲဖြစ်စေ “သင်နှင့်အတူ စကားပြောရတာလည်း မကောင်း၊ နေရတာလည်း မကောင်း၊ ငါတစ်ယောက်ထဲ ပြောဆိုနေထိုင်ရခြင်းက ချမ်းသာသည်ဟု ပြော၍ မလျောက်ပတ်သော အကျင့်ကို ကျင့်လိုခြင်းကြောင့် ထိုရဟန်းကို ပြန်လွှတ်ခြင်း ဖြစ်သည်။

မလျောက်ပတ်သော အကျင့်

ပြန်လွှတ်သော ရဟန်း၏ မာတုဂါမနှင့်အတူ ရယ်မောလို, ကျီစယ်လို, ဆိတ်ကွယ်ရာအရပ်၌ နေထိုင်လိုခြင်း စသော မလျောက်ပတ်သော အကျင့်ကို ကျင့်လိုခြင်း စသည်ပင် ပြန်လွှတ်ခြင်း၏အကြောင်း ဖြစ်၏၊

ဧတဒေဝပုဒ်အစွဲ

ဧတဒေဝပုဒ်ဖြင့် ရှေ့အာကာရဝါကျတို့၌ အတွင်းဝင်သော မလျောက်ပတ်သော အကျင့်ကို ကျင့်လိုခြင်း အနာစာရကို စွဲရမည်ကို ပြသည်။ နှစ်ပါး အတူတကွ ဤရွာအတွင်း ဆွမ်းခံကြွသော် မမျှတခြင်း, မရနိုင်ခြင်း စသော တစ်ပါးသော လျောက်ပတ်သော အကြောင်းကို မပြ၊ ထိုအကြောင်းကြောင့် ပြန်လွှတ်လျှင် အာပတ်မသင့်ဟု သိစေသည်။

အာပတ်သင့်သော အချိန်

နှင်အပ်, ပြန်ခိုင်းအပ်သော ရဟန်းအား ပြန်ခိုင်းကာမျှ၌ ပါစိတ်အာပတ် မသင့်သေး၊ ဒုက္ကဋ်သာ သင့်သည်။ နှင်အပ်, ပြန်ခိုင်းအပ်သော ရဟန်းသည် လွင်တီးခေါင်ဖြစ်အံ့ (၁၂)တောင် ဒဿနူပစာရ, သဝနူပစာရကို ခြေတစ်လှမ်း လွန်ရုံမျှ၌လည်း ဒုက္ကဋ်သာ၊ ခြေနှစ်လှမ်း လွန်မှ ပါစိတ်သင့်သည်။ နံရံစသည် အကွယ်အကာ ခြားအံ့၊ အကွယ်အကာနံရံ၏ ဥပစာရကို ခြေတစ်လှမ်း လွန်လျှင် ဒုက္ကဋ်၊ ခြေနှစ်လှမ်း လွန်လျှင် ပါစိတ်အာပတ် သင့်၏၊ ရဟန်းကို ဖြစ်စေ, သာမဏေကိုဖြစ်စေ စိတ်ဆိုး၍ သက်သက် နှင်လွှတ်အံ့၊ ဒုက္ကဋ် အာပတ်သာ သင့်၏၊

အာပတ်အဆင့်ဆင့်

ရဟန်း၌ ရဟန်းဟု အမှတ်ရှိ၍ လွှတ်အံ့၊ တိကပါစိတ်၊ ရဟန်းမဟုတ် သည်၌ တိကဒုက္ကဋ်၊ အဖိုးထိုက်တန်သော ဘဏ္ဍာကို တွေ့မြင်၍ လောဘတရား ဖြစ်လိမ့်မည်ဟု လွှတ်လိုက်အံ့၊ မာတုဂါမကို တွေ့မြင်၍ (သာသနာတော်၌) မမွေ့လျော်ဖြစ်လိမ့်မည်ဟု လွှတ်လိုက်အံ့၊ နာဖျားလာသော ရဟန်း, နောက်ကျန်ရစ်သော ရဟန်း, ကျောင်းစောင့်ရဟန်းအား ပြန်လွှတ်လိုက်အံ့၊ “ယာဂု, ထမင်း, ခဲဖွယ်, ဘောဇဉ်ကို ပြန်ပို့ဆောင်လော့”ဟု ပြန်လွှတ်သော ရဟန်း၊ မကျင့်အပ်သော အကျင့်ကို မကျင့်လိုဘဲ အကြောင်းရှိ၍ လွှတ်လိုက် အံ့၊ အာပတ်မသင့်။

၃။ သဘောဇနသိက္ခာပုဒ် အဓိပ္ပာယ်

သဘောဇန (= သ+ဥဘောဇန)သမီး ခင်ပွန်း လင်မယားနှစ်ယောက်ကို ဥဘောဇန၊ ထိုနှစ်ယောက်တို့နှင့်တကွဖြစ်သော အိမ်, အိပ်ခန်းကို သဘောဇနဟု ခေါ်၏၊ သမီးခင်ပွန်း လင်မယားနှစ်ယောက်တို့က အိပ်ခန်းမှာ တည်ရှိနေစဉ် ထိုအိမ်ခန်းအတွင်း ဝင်၍ (အိပ်ရာအနီး၌ ထိုင်လျှင်) ရဟန်းက အလိုက်မသိရာ ရောက်သောကြောင့် ပါစိတ်အာပတ်ဟု ပညတ်တော်မူသည်။ တစ်နည်း - သဘောဇန၌ ဘောဇနအရ ခံစားအပ်သော စည်းစိမ်ကို ယူ။ ယောက်ျား၏ စည်းစိမ်မှာ မိန်းမ၊ မိန်းမ၏ စည်းစိမ်ကား ယောက်ျားတည်း။ ထို့ကြောင့် သဘောဇနေ = စည်းစိမ်ခံစားသော မိန်းမ, ယောက်ျားနှင့် တကွ ဖြစ်သော အိမ်၌ဟု ဖွင့်ဆိုသေး၏၊ ထိုင်နေငြားအံ့ ဟူသည် ကြီးသော အိမ်၌ တံခါးဘောင်၏ နှစ်တောင်ထွာဟတ္ထပါသ်ကို စွန့်၍ နေငြားအံ့၊ ငယ်သော အိမ်၌ ခေါင်လျောက်ကို လွန်၍ ထိုင်ငြားအံ့ ပါစိတ်အာပတ်သင့်၏၊ ငယ်သောအိမ်ဟူသည် အကျယ်ငါးတောင်မျှ ရှိသည်ကို ဆို၏၊ အလယ်ခေါင် ဟူသည်လည်း နှစ်တောင့်ထွာပင် ဖြစ်၏၊

အာပတ်အဆင့်ဆင့် သင့်ပုံ

အိပ်ရာ အိပ်ခန်း၌ တိကပါစိတ်၊ အိပ်ခန်း မဟုတ်သော် ဒုကဒုက္ကဋ်၊ ဆိုအပ်ပြီးသော နှစ်တောင်ထွာအရပ်ကို မလွန်မူ၍ နေသောရဟန်း၊ လင်မယားနှစ်ယောက်လုံး အပြင်ထွက်သောအခါ ရာဂကင်းပြီး အနာဂါမ်, ရဟန္တာ ဖြစ်ပြီးသော နှစ်ယောက်တို့၌ နေသော ရဟန်း၊ အိပ်ခန်း မဟုတ်သည်၌ နေသော ရဟန်းတို့အား အာပတ်မသင့်။

၄။ ရဟောပဋိစ္ဆန္နသိက္ခာပုဒ် အဓိပ္ပာယ်

မာတုဂါမအရ ယနေ့ မွေးဖွားသော အသက်ရှင်ဆဲသော လူမိန်းမကို ယူ၊ မိန်းမအချင်းချင်းသည် တစ်ယောက်သည် တစ်ယောက်၏ အပြစ်ကို ဖုံးကွယ်ပေးတတ်သောကြောင့် မိန်းမတစ်ရာပင် ဖြစ်စေကာမူ အာပတ်သင့်ခြင်းကို ပြုတတ်၏၊

ရဟောဖြင့် နားကွယ်ရာ (၁၂)တောင်ကွာ သဝနူပစာ, ပဋိစ္ဆန္နေ-ဖြင့် နံရံ တံတိုင်း စသည် ခြားရာ မျက်စိကွယ်ရာကို ပြသည်။ အနိယတသိက္ခာပုဒ်၌ ရဟောဖြင့် ပါစိတ္တိယဝတ္ထုကို ပြသည်၊ ပဋိစ္ဆန္နေဖြင့် သံဃာဒိသေသဝတ္ထုကို ပြသည်၊ အလံကမ္မနိယေဖြင့် ပါရာဇိကဝတ္ထုကို ပြသည်ဟု ဆိုက မှတ်လွယ်၏”ဟု မေဒိနီ၌ ဆိုထား၏၊ နိသဇ္ဇံ ကပ္ပေယျဖြင့် ထိုင်ခြင်းကြိယာ ကိုသာ ပြ၏၊ အိပ်ခြင်းကြိယာကိုလည်း ယူရမည်။ ရပ်ခြင်းကြိယာကို မယူရ။ သိ, ကြား လိမ္မာသော ယောက်ျား၏ မျက်ကွယ်ကို ယူရမည်။

(ဆောင်) ဝိညူပုရိသ, မျက်ကွယ်မျှ၊ ယူရ ဤသိက္ခ။

ဝိညူပုရိသယောက်ျားသည် လျောင်း၍ အိပ်မပျော်သော်လည်းကောင်း, မကန်းသော သိ, ကြား လိမ္မာသော ယောက်ျားသည် (၁၂)တောင်အတွင်း၌ တည်ရှိသော်လည်းကောင်း၊ ရပ်နေသောရဟန်း၊ ဆိတ်ကွယ်ရာကို မငဲ့သော ရဟန်း၊ အခြားတစ်ပါးကို နှလုံးသွင်းသော ရဟန်းတို့အား အာပတ်မသင့်၊ ဥမ္မတ္တကရဟန်း အာပတ်မသင့်။

၅။ ရဟောနိသဇ္ဇသိက္ခာပုဒ် အဓိပ္ပာယ်

ရဟောအရ နားဆိတ်ကွယ်ရာကိုသာ ယူရမည်ဟု သာရတ္ထဒီပနီဋီကာ ဆို၏၊ မျက်စိ, နား နှစ်ပါးလုံး ကွယ်ရာကို ယူရမည်ဟု ဝဇီရဗုဒ္ဓိဋီကာ ဆို၏၊ တစ်ခုခု ကွယ်ကလည်း အာပတ်သင့်သည်ဟု ကင်္ခါ ဆို၏၊

(ဆောင်) စက်-သော နှစ်ဝ၊ ကွယ်ကုန်ကြ၊ ယူရ ဤသိက္ခာ။
တစ်ခုခုမျှ၊ ကွယ်သပ၊ သင့်ထ အာပတ္တာ။ (မေဒီနီ၊၁၆၈။)

ဘာသာဋီကာ၌ ရှေ့သိက္ခာပုဒ် မျက်စိကွယ်ရာ၊ ဤ နောက်သိက္ခာပုဒ် နားကွယ်ရာကို ရဟောဟု ဆို၏၊ ပဋိစ္ဆန္နေ ထောက်။

အာပတ်သင့်ပုံများ

မာတုဂါမ၌ တိကပါစိတ်၊ မာတုဂါမ မဟုတ်သည်၌ ဒုကဒုက္ကဋ်။ မာတုဂါမ မဟုတ်သည်၌ မာတုဂါမ မဟုတ်ဟု အမှတ်ရှိသော ရဟန်း အာပတ် မသင့်။ ဘီလူးမ, ပြိတ္တာမ, တိရစ္ဆာန်မ, ပဏ္ဍုက်, လူယောင်ဖန်ဆင်းထားသော တိရစ္ဆာန်မနှင့်အတူ ဆိတ်ကွယ် ဖုံးလွှမ်းရာ နေရာ၌ ထိုင်နေငြားအံ့ ဒုက္ကဋ်အာပတ်သင့်၏၊

၆။ စာရိတ္တသိက္ခာပုဒ် အဓိပ္ပာယ်

ဘောဇဉ်ငါးပါးတွင် တစ်ပါးပါးဖြင့် ဖိတ်မန်အပ်သော ရဟန်းကို နိမန္တိတဟု ခေါ်၏၊ ထိုဖိတ်မန်ထားအပ်သော ဘတ်ရှိသူကို သဘတ္တဟု ခေါ်၏၊ “မနက်ဖန် တပည့်တော်အိမ်သို့ ဩဒန (= ထမင်း) အလှူခံကြွပါ” စသည်ဖြင့် ဖိတ်မန်ထားအပ်သော ရဟန်းသည် ထင်ရှားရှိနေသော ရဟန်းကို မတိုင်ကြားဘဲ ထိုဘတ်ကို မစားမီ ဖြစ်စေ, စားပြီးနောက် မွန်းမတည့်မီဖြစ်စေ, အခြားအိမ်တို့၌ လှည့်လည်သွားလျှင် ပါစိတ်အာပတ်သင့်၏၊ သို့ရာတွင် စီဝရဒါနသမယ, စီဝရကာရသမယတို့၌ကား ထင်ရှားရှိသော ရဟန်းကို မတိုင်ကြားဘဲလည်း သွားကောင်း၏၊

ထင်ရှားရှိသော ရဟန်းအား ပန်ကြားပုံ

ပင့်ထားသော ဒကာအိမ်သို့ သွားလိုသော စိတ်ဖြစ်သည်မှ စ၍ တွေ့မြင်ရသော ရဟန်းကို (သို့မဟုတ်) ၁၂-တောင်အတွင်း၌ ရှိနေသော ရဟန်းကို လှမ်း၍ “တပည့်တော်သည် ဤမည်သော ဒကာအိမ်သို့ သွားဦးမည်”ဟု ပန်ကြားရမည်။ ဤသို့ ပန်ကြားလျှင် ဖြစ်နိုင်သော ရဟန်းသည် သန္တဘိက္ခု၊ (ထင်ရှားရှိသော ရဟန်းတည်း။) ထိုကဲ့သို့ မတွေ့မြင်ရလျှင် အသန္တဘိက္ခု ဖြစ်၍ ဟိုဟိုသည်သည် လိုက်ရှာဖွယ် မလိုတော့ပြီ၊ မိမိအလို ရှိရာ အိမ်သို့ သွားနိုင်ပြီ ဖြစ်၏၊

ပုရေ ဘတ္တ, ပစ္ဆာ ဘတ္တ

ဖိတ်ထားသော ဘတ်ကို မစားမီကာလသည် ပုရေဘတ္တမည်၏၊ ဖိတ်ထားသော ဘတ်ကို စားပြီးလျှင် နံနက် (၇)နာရီအချိန်လောက်လည်း ပစ္ဆာဘတ္တပင် ဖြစ်သည်။ မွန်းမလွဲသေး မွန်းလွဲမှ သွားလျှင် ဤသိက္ခာပုဒ်နှင့် မဆိုင်တော့၊ ဝိကာလေ ဂါမပ္ပဝေသနသိက္ခာပုဒ်နှင့်သာ ဆိုင်သည်။

စာရိတ္တံ = သွားလေ့ရှိသော ရဟန်း၏အဖြစ် (ဝါ) မွန်းမတည့်မီ သွားခြင်း(သို့) စာရဏသီလော စာရီ = ကျင့်လေ့ရှိသော ရဟန်းတည်း။ စာရိဿ ဘာဝေါ စာရိတ္တံ = ကျင့်လေ့ရှိသော ရဟန်း၏ဖြစ်ကြောင်း သွားခြင်းကြိယာ တည်း။ ပင့်ဖိတ်ထားသော အိမ်မှ တစ်ပါးသော အိမ်သို့ ဝင်ခြင်း, သွားရောက်ခြင်းကို ဆိုသည်။ ဘတ်ကို ဖိတ်ထားသော အိမ်သို့ကား ပုရေဘတ္တဘတ် မစားမီ အခါမှာပင် ဧကန်သွားရလိမ့်မည် ဖြစ်သည်။ ကုလေသု-ဟု ဆိုသော်လည်း ဘတ်ကို ဖိတ်ထားသော အိမ်မှတစ်ပါး အခြားအိမ်တို့ကို ယူရမည်။

အနုပညတ် (၄) ချက်

၁။ သန္တံ ဘိက္ခုံ အနာပုစ္ဆာ၊ ၂။ ပစ္ဆာဘတ္တံ၊ ၃-၄။ အညတြ သမယာ-(၂)ပါး၊ ပေါင်း (၄)ချက် ရှိသည်။ သမယ (၂)ပါးကို ကြဉ်၍ မွန်းမတည့်မီ ဖိတ်ထားသော အိမ်မှတစ်ပါး အခြားအိမ်သို့ ဝင်အံ့၊ ဥပစာသို့ သက်ရောက်မိသော် ဒုက္ကဋ်၊ တံခါးခုံကို ပထမခြေလှမ်း လွန်အံ့ ဒုက္ကဋ်၊ ဒုတိယခြေလှမ်း လွန်အံ့ ပါစိတ်။

အာပတ်အဆင့်ဆင့် သင့်ပုံ

ပင့်ဖိတ်သည်၌ တိကပါစိတ်၊ မပင့်ဖိတ်သည်၌ ဒုက္ကဋ်၊ မပင့်ဖိတ်သည်၌ မပင့်ဖိတ်ဟု အမှတ်ရှိသော ရဟန်း အာပတ်မသင့်၊ အခါကာလ၌ သွားသော ရဟန်း, ထင်ရှားရှိသော ရဟန်းကို ပန်ကြား၍ သွားသော ရဟန်း, ရဟန်းမရှိ၍ မပန်ကြားဘဲ သွားသော ရဟန်း, သူတစ်ပါးအိမ်၏ ဥပစာခရီးဖြင့်(အိမ်ထဲ မဝင်ဘဲ) သွားသော ရဟန်း, ရွာတွင်းကျောင်း ဘိက္ခုနီမကျောင်း ဆွမ်းစားကျောင်း ဆွမ်းဖိတ်ရာအိမ်တို့သို့ သွားသော ရဟန်း, ဘေးရန်တို့ကြောင့် သွားသော ရဟန်း, ဥမ္မတ္တကရဟန်းတို့အား အာပတ်မသင့်။

၇။ မဟာနာမသိက္ခာပုဒ် အဓိပ္ပာယ်

ဘုရားရှင်၏ တစ်ဝမ်းကွဲ နောင်တော်ဖြစ်သော မဟာနာမ်မင်းကို အကြောင်းပြု၍ ပညတ်တော်မူအပ်သော သိက္ခာပုဒ်ဖြစ်သောကြောင့် မဟာနာမသိက္ခာပုဒ်ဟု နာမည်တပ်သည်။

သံဃာအတွက် ဆေးပစ္စည်းဖြင့် လေးလဖိတ်ထားရာ၌ ထပ်၍ ဖိတ်ခြင်း မဟုတ်လျှင်လည်းကောင်း, အမြဲဖိတ်ခြင်း မဟုတ်လျှင်လည်းကောင်း, လေးလပတ်လုံး ဖိတ်ခြင်းကို သာယာနိုင်, တောင်းနိုင်သည်။ ဤ၌လေးလဖိတ်, ထပ်၍ဖိတ်, အမြဲဖိတ်များကို သာယာနိုင်သည်ဟု (၃)မျိုးခွဲ၍ ဆိုထားခြင်းမှာ ဝတ္ထုကြောင်းအလိုက် ဆိုထားခြင်းဟု မှတ်၊ ဒါယကာက ဖိတ်သမျှ (၄)လ မက (၅)လစသည်အတွက်လည်း သာယာနိုင်သည်။ တစ်လသာ ဖိတ်လျှင်လည်း တစ်လသာ သာယာနိုင်သည်။ မကျန်းမာသောအခါ တောင်းမည်ကြံလျက် ဖိတ်သည်ကို လက်ခံခြင်းကို သာယာခြင်းဟု ဤ၌ ဆိုသည်။ ပထမအကြိမ် ဖိတ်ထားရာ လစေ့၍ နောက်ထပ် ဖိတ်လျှင်လည်း သာယာနိုင်၏၊ တစ်သက်လုံး အမြဲဖိတ်လျှင်လည်း သာယာနိုင်သည်သာ ဖြစ်၏၊

ပါစိတ်အာပတ်သင့်ပုံ

ဒါယကာက သတ်မှတ်ထားသော ရက်ထက်ပို၍ (ထိုလ, ထိုနှစ်တို့မှ နောက်၌) သာယာလျှင်လည်းကောင်း, ဒါယကာက မည်မျှလောက်သော ဆေးဟု သတ်မှတ်အပ်သော ဆေးထက်ပို၍ သာယာလျှင်လည်းကောင်း ထိုကာလအပိုင်းအခြား ဆေးအပိုင်းအခြားထက် ပို၍ သာယာလျှင် တောင်းလျှင် ပါစိတ်။

အာပတ်မသင့်ပုံ

ဤသိက္ခာပုဒ်လာ ဖိတ်ခြင်းသည် သံဃာကို ဖိတ်ထားခြင်းတည်း။ ထိုသို့ သံဃာကို ဖိတ်ထားရာ၌ မကျန်းမာသောအခါ အလိုက်သိစွာ သင့်တော်အောင် သင့်တော်ရုံ တောင်းကြဖို့ရာ ဤသိက္ခာပုဒ်ကို ပညတ်တော်မူသည်။ သို့ရာတွင် မိမိမှာ တကယ်မကျန်းမာလျှင်ကား ဖိတ်ဖူးသော ဒါယကာအထံ သွား၍ ဒါယကာ ဖိတ်ထားသောရက်တော့ဖြင့် လွန်ခဲ့ပြီ၊ သို့သော် ဘုန်းကြီးမှာ ယခုမှ မည်သည့်ဆေးကို အလိုရှိနေသည်ဟု အတိအလင်းပြော၍ တောင်းလျှင်လည်းကောင်း, လုံးဝ မဖိတ်သူထံကိုပင် အမှန်အသုံးဝင်နေသော ဆေးကို တောင်းလျှင်လည်းကောင်း အာပတ်မသင့်။

(မှတ်ချက်) ပစ္စည်းလေးပါးတွင် ဆေးပစ္စည်းကို တောင်းရာ၌ ဂိလာနအတွက် အမှန်အသုံးရှိလျှင် မဖိတ်ဖူးသူ အထံမှာပင် တောင်းကောင်းသည်ဟု မှတ်၊ ဂိလာနမဟုတ်သူ ကျန်းမာသူသည် ထောပတ်စသည်ကို ဆေးအတွက် တောင်းလျှင် ဤသိက္ခာပုဒ်ဖြင့် ပါစိတ်၊ ဆေးအတွက် မဟုတ်ဘဲ သက်သက်စားလို၍ တောင်းလျှင် သေခိယ သူပေါဒနဝိညတ္တိသိက္ခာပုဒ်ဖြင့် ဒုက္ကဋ် သင့်၏၊ မိမိကို သီးခြား ပုဂ္ဂလိက ဖိတ်ထားရာ၌ကား ဂိလာန မဟုတ်သော်လည်းတောင်းကောင်း၏၊ အာပတ်မသင့်ဟု မှတ်။

အာပတ်အဆင့်ဆင့်သင့်ပုံ

ဆေးအပိုင်းအခြား ရက်အပိုင်းအခြား လွန်သည်၌ တိကပါစိတ်၊ မလွန်သည်၌ ဒုကဒုက္ကဋ်၊ မလွန်သည်၌ မလွန်ဟု အမှတ်ရှိသော ရဟန်းအား အာပတ်မသင့်။ ရက်လွန်, ဆေးလွန်ကို ဟုတ်မှန်တိုင်း ပြောကြား၍ တောင်းသောရဟန်း၊ ဆွေမျိုး၊ ပုဂ္ဂလိကဖိတ်ထားသူ၊ အပိုင်းအခြားမရှိ ဖိတ်ထားသူတို့ကို တောင်းသောရဟန်း၊ သူတစ်ပါးအကျိုးငှာ တောင်းသော ရဟန်း၊ မိမိဥစ္စာဖြင့် တောင်းသော ရဟန်း, ဥမ္မတ္တကရဟန်း စသည်တို့အား အာပတ် မသင့်။

၈။ ဥယျုတ္တသေနာသိက္ခာပုဒ် အဓိပ္ပာယ်

ဥယျုတ္တံ၌ ဥ-ပုဗ္ဗ၊ ယုဇ-ဓာတ်၊ တ-ပစ္စည်း၊ = ထ၍။ ယုဇ = သွားသည်။ စစ်တပ်သို့ သွားထိုက်သော အကြောင်းမရှိဘဲ ဆိုင်ရာမြို့ရွာမှ ထ၍ သွားသော ထွက်ခွာသွားသော စစ်သည်ကို အကြည့်အရှုသွားလျှင် ပါစိတ် အာပတ်၊ သေတိ ဗန္ဓတီတိ သေနာ၊ ဖွဲ့ထားသော အင်္ဂါလေးပါးရှိသော စစ်တပ်တွင် ပါဝင်သော စစ်သည်တော်တည်း။

အင်္ဂါလေးပါးရှိသော စစ်သည်

ယောက်ျား (၁၂)ယောက်ရှိသော ဆင်တစ်စီး၊ ယောက်ျား (၃)ယောက် ရှိသော မြင်းတစ်စီး၊ ယောက်ျား (၄)ယောက်ရှိသော ရထားတစ်စီး၊ လက်နက်ကိုင်ယောက်ျား (၄)ယောက်ဟူသော ခြေသည်သူရဲ ခြေလျင်တပ်၊ ဤသို့ ဆင်တပ်, မြင်းတပ်, ရထားတပ်, ခြေလျင်တပ် လေးခုအပေါင်းကို အင်္ဂါလေးပါး ရှိသော စစ်သည်ဟု ခေါ်သည်။

စစ်အင်္ဂါ (၄)ပါးတွင် ပါဝင်သော ဆင်တပ်ကိုချည်းဖြစ်စေ, ဆင်တစ်စီးကိုသာဖြစ်စေ အင်္ဂါတစ်ပါးပါး ကြည့်သွားရာ၌ ဒုက္ကဋ်။

သွားထိုက်သော အကြောင်း

သွားခြင်းအားလျောက်ပတ်သော သွားထိုက်သော စစ်တပ်၌ ဦးကြီး, ဦးလေး, မိဘ, ဆွေမျိုးတစ်ယောက်ယောက် မကျန်းမာ ဖြစ်နေ၍ ထိုသူကို ကြည့်ရှုရန် သွားခြင်းစသည်တည်း။

အာပတ်အဆင့်ဆင့် သင့်ပုံ

ဥယျုတ္တ-ဟုတ်သည်၌ တိကပါစိတ်၊ ဥယျုတ္တ-မဟုတ်သည်၌ ဒုကဒုက္ကဋ်၊ ဥယျုတ္တ-မဟုတ်သည်၌ စစ်မထွက်ဟု အမှတ်ရှိသော ရဟန်းအား အာပတ် မသင့်၊ အာရာမ်အတွင်း၌ ရပ်၍ ကြည့်သော ရဟန်း, မိမိနေရာသို့ လာသည်ကို ကြည့်သောရဟန်း, ခရီးရင်ဆိုင်တွေ့၍ ကြည့်သောရဟန်း, အကြောင်းရှိ၍လည်းကောင်း ဘေးရန်ကြောင့်လည်းကောင်း ကြည့်သော ရဟန်း အာပတ်မသင့်။

၉။ သေနာဝါသသိက္ခာပုဒ် အဓိပ္ပာယ်

သေန-သဒ္ဒါသည် ဌာနီဖြစ်သော စစ်သည်တို့၏ သေနဟူသော မုချ အမည်ကို ဌာနဖြစ်သော စစ်သည်တို့၏ နေရာ၌ တင်စား၍ခေါ်သော ဌာနျူပစာစကားတည်း။

ဆွေမျိုးမကျန်းမာခြင်းစသော အကြောင်းရှိ၍ စစ်တပ်သို့သွားရလျှင် အလွန်ဆုံး သုံးညဉ့်သာ နေနိုင်သည်။ အကြောင်းထူးမရှိဘဲ သုံးညဉ့်ထက် ပို၍ နေလျှင် ပါစိတ်။

နေ ဟူသည် မြေ၌ဖြစ်စေ, ကောင်းကင်၌ဖြစ်စေ ဣရိယာပုထ်လေးပါးတို့တွင် တစ်ပါးပါးဖြင့် နေခြင်းကို ဆိုလိုသည်။

အာပတ်သင့်ပုံများ

သုံးညဉ့်ထက်အလွန် နေရာ၌ တိကပါစိတ်၊ သုံးညဉ့်အောက် ယုတ်သည်၌ ဒုကဒုက္ကဋ်၊ သုံးညဉ့်ယုတ်သည်ဟု မှတ်ထင်သော ရဟန်း, အာပတ်မသင့်၊ သုံးရက်မြောက် အရုဏ်မတက်မီ ထွက်၍ တစ်ဖန်နေသော ရဟန်း, ဂိလာန ရဟန်း၊ ဂိလာနကိစ္စရှိ၍ နေသောရဟန်း, တစ်ပါးသော စစ်သည်တို့ ဝိုင်းထား၍ နေသောရဟန်း, အနှောင့်အယှက် ဘေးရန်ရှိ၍ နေသောရဟန်း, ဥမ္မတ္တကရဟန်း စသည်တို့၌ အာပတ်မသင့်။

၁၀။ ဥယျောဓိကသိက္ခာပုဒ် အဓိပ္ပာယ်

သေနာဝါသသိက္ခာပုဒ်အရ နေသင့်သော အကြောင်းရှိ၍ နှစ်ညဉ့် သုံးညဉ့်မျှ စစ်တပ်၌နေစဉ် ဥယျောဓိက စသည်သို့ အကြည့်အရှုသွားလျှင် ပါစိတ်။

ဥယျောဓိက

ဥဂ္ဂန္တွာ ဥဂ္ဂန္တွာ ဧတ္ထ ယုဇ္ဈန္တီတိ ဥယျောဓိကံ၊ဤစစ်ပွဲ၌ နိုင်သည့်ဘက်က တိုးတက်၍ တိုးတက်၍ တိုက်ခိုက်ထိုးပစ်ရာ အရပ်ကို (ဝါ) စစ်ပွဲကို ဥယျောဓိကဟု ခေါ်သည်။

ဗလဂ္ဂံ - ဗလဿ အဂ္ဂေါ ဗလဂ္ဂေါ၊ စစ်သည်ဗိုလ်ပါ၏ အဖို့အစုကို သိရာ စစ်သည်ရေတွက်ရာ နေရာတည်း။ ဆင်မည်မျှ ရှိ၏၊ မြင်းမည်မျှ ရှိ၏ စသည်ဖြင့် စစ်သည်ဗိုလ်ပါရေတွက်ရာ စစ်တပ်ကို အုပ်ချုပ်သူတို့ စစ်သည်စု ကို သိရာအရပ်ကို ဗလဂ္ဂဟုခေါ်သည်။

သေနာဗျူဟ

ဝိယူဟန္တိ သပိဏ္ဍန္တိ ဧတ္ထာတိ ဗျူဟံ၊ ပေါင်းစည်းရာအရပ်တည်း။ သေနာယ = စစ်တပ်၏၊ ဗျူဟံ = ပေါင်းစုရာအရပ်၊ စစ်တိုက်ရန် စုဝေးရာ အရပ်သည် သေနာဗျူဟမည်၏၊ ဤနေရာ၌ ဆင်တပ်နေစေ၊ ဤနေရာ၌ မြင်းတပ်နေစေ စသည်ဖြင့် စစ်တိုက်ဖို့ရန် သူ့နေရာနှင့်သူ စုဝေးချထားခြင်း (စစ်ဆင်ခြင်း)ကို သေနာဗျူဟဟု ခေါ်သည်။

အနိကဒဿနံ

အနေတိ ဘေရဝသဒ္ဒံ ကရောတီတိ အနိကံ - ကြောက်မက်ဖွယ်သော အသံကို ပြုတတ်သော ဟတ္ထာနိက စသော စစ်သည်အပေါင်းတည်း။ အနိကဿ ဒဿနံ အနိကဒဿနံ၊ ဟတ္ထာနိကစသော စစ်သည်အပေါင်းကို ကြည့်ရှုခြင်း ကြိယာကို ရ၏၊

ဆင်တပ် မြင်းတပ် စသည်ဖွဲ့ပုံ

စစ်သား (၁၂)ယောက်စီပါသော ဆင် (၃)စီး၊ ပေါင်း (၃၆)ယောက် ပါသော အစုအဖွဲ့သည် ဟတ္ထာနိက ဆင်တပ်မည်၏၊ စစ်သား (၃)ယောက်စီ ပါသော မြင်း (၃)စီး၊ ပေါင်းစစ်သား (၉)ယောက်ပါသော အစုအဖွဲ့သည် အဿနိက မြင်းတပ်မည်၏၊ စစ်သား (၄)ယောက်စီပါသော ရထား (၃)စီး၊ ပေါင်းစစ်သား (၁၂)ယောက်ရှိသော အစုအဖွဲ့သည် ရထာနိကရထားတပ် မည်၏၊ လက်နက်ကိုင် စစ်သား (၄)ယောက်သည် ပတ္ထာနိကခြေလျင်တပ် မည်၏၊ ဤအရေအတွက်ကား အနည်းဆုံး စစ်တပ် တပ်ဖွဲ့တည်း။ ဤ စစ်တပ် (၄)မျိုးကို သေနာဟု ခေါ်သည်။

ဤအနိကစသော (၄)ခုတွင် တစ်ခုခုကို ကြည့်ရှုခြင်းငှာ သွားသော် ခြေလှမ်းတိုင်း ဒုက္ကဋ်၊ မြင်လောက်ရာအရပ်၌ ရပ်၍ ကြည့်အံ့ ပါစိတ်၊ မြင်ရာ အရပ်ကို လွန်သွား၍ အဖန်ဖန် လိုက်ကြည့်အံ့၊ ပယောဂတိုင်း ပါစိတ်၊ အကြွင်း ဥယျုတ္တသိက္ခာပုဒ်နှင့် တူပြီ။

(၆) သုရာပါနဝဂ်လာ သိက္ခာပုဒ်များ အကျဉ်းချုပ်

၁။ သေရည်အရက်ကို သောက်ခြင်းကြောင့် သုရာပါနပါစိတ်။

၂။ လက်ချောင်းတို့ဖြင့် (ဝါ) လက်ချောင်းစသော ကိုယ်အင်္ဂါအစိတ်တို့ဖြင့် လက်ကတီးကြား စသည်ကို ထိုးကစားခြင်းကြောင့် အင်္ဂုလိပတောဒက ပါစိတ်။

၃။ ဖမျက် (ခြေမျက်စိ) မြုပ်လောက်သော ရေ၌ ရယ်မြူးခြင်းသဘောရှိသော ကစားခြင်းကြောင့် ဟသဓမ္မပါစိတ်။

၄။ ပုဂ္ဂလဓမ္မ၌ ရိုသေခြင်းမရှိသော အမူအရာကြောင့် အနာဒရိယပါစိတ်။

၅။ ရဟန်းကို ကြောက်စေခြင်း ခြောက်လှန့်ခြင်းကြောင့် ဘိံသာပနပါစိတ်။

၆။ မနာဖျားသော ရဟန်းသည် မီးထွန်းခြင်း, သပိတ်ဖုတ်ခြင်း စသော အကြောင်းကို ကြဉ်ထား၍ လှုံခြင်းကို အလိုရှိသောကြောင့် ကိုယ်တိုင် တောက်စေ, သူတစ်ပါးကို တောက်ပါစေဟု စေခိုင်းခြင်းကြောင့် ဇောတိပါစိတ်။

၇။ နွေလတို့အဆုံး တစ်လခွဲ ပူသောအခါ, မိုးဥတု၏ အစတစ်လ အိုက်သောအခါ, မကျန်းမာရာအခါ, အလုပ်လုပ်ရာအခါ, အဓွန့်ရှည်ခရီးကို သွားရာအခါ, လေပြင်းထ၍ မိုးကျရာအခါ ဤအခါ ခြောက်ပါးကို ကြဉ်ထား၍ ရေချိုးပြီးသည်မှ လခွဲအတွင်း မဇ္ဈိမဒေသအရပ်၌ ရေချိုးငြားအံ့ (ဝါ) ရေချိုးခြင်းကြောင့် နဟာနပါစိတ်။

၈။ စိမ်းညိုရောင်ရှိသည်လည်းဖြစ်သော, ရွှံ့ညွှန်ရောင်ရှိသည်လည်း ဖြစ်သော, မဲညိုရောင်ရှိသည်လည်းဖြစ်သော ပျက်သော အဆင်းရှိအောင် ပြုတတ်သော ကပ္ပဗိန္ဒု (၃)မျိုးတို့တွင် တစ်မျိုးမျိုးဖြင့် အသစ်ရလာသော သင်္ကန်းကို မထိုးဘဲ သုံးစွဲဝတ်ရုံခြင်းကြောင့် ဒုဗ္ဗဏ္ဏကရဏပါစိတ်။

၉။ ဘိက္ခု, ဘိက္ခုနီ, သိက္ခမာန်, သာမဏေ, သာမဏေမ, သီတင်းသုံးဖော် (၅)ယောက်တို့တွင် တစ်ယောက်ယောက်အား မိမိဥစ္စာအဖြစ်မှ အာသာကင်းပြတ် အပ်စပ်အောင် ဝိကပ္ပနာပြုပြီး၍ ပစ္စုဒ္ဓိုရ်မပြုအပ်သေးသော (ဝါ) ဝိကပ္ပနာ မပြန်အပ်သေးသော သင်္ကန်းကို သုံးစွဲဝတ်ရုံခြင်းကြောင့် ဝိကပ္ပနာပါစိတ်။

၁၀။ ရဟန်း၏ သပိတ်, သင်္ကန်း, နိသီဒိုန်, အပ်ကျည် (ဝါ) အပ်ဗူး, ခါးပန်းကြိုး တစ်ခုခုကို အောက်ထစ်ဆုံးအားဖြင့် ရယ်ရွှင်ပျော်မြူးလို၍ ကိုယ်တိုင် ဝှက်ထားခြင်း, သူတစ်ပါးကို ဝှက်ထားစေခြင်းကြောင့် စီဝရာပနိဓာနပါစိတ်အာပတ် သင့်၏၊

၁။ သုရာပါနသိက္ခာပုဒ် အဓိပ္ပာယ်

သုရံ ဇနေတီတိ သုရာ၊ ရဲရင့်ခြင်းကို ဖြစ်စေတတ်သော ဆန်မှုန့်, မုန့်ညက် စသည်တို့ကို ရေဖြင့် နယ်၍ လုပ်အပ်သော သေရည် (၅)မျိုး ရှိ၏၊ ပိဋ္ဌသုရာ, ပူပသုရာ, ဩဒနသုရာ, ကိဏ္ဏပခိတ္တသုရာ, သမ္ဘာရသံယုတ္တသုရာဟု သုရာငါးမျိုး ပြား၏၊

၁။ မုန့်ညက် (ဆန်မှုန့်)ကို အိုး၌ ထည့်၍ ထိုမုန့်ညက်အား လျောက်ပတ်သော ရေထည့်ပြီး နယ်၍ ပြုအပ်သော ပိဋ္ဌသုရာ။
၂။ ဤအတူ မုန့်ကို လုပ်အပ်သော ပူပသုရာ။
၃။ ထမင်းကို လုပ်အပ်သော ဩဒနသုရာ။
၄။ တဆေးမှုန့် ကိဏ္ဏမည်သော စပါးညွန့်စသော မျိုးစေ့ကို ထည့်ခပ်၍ လုပ်အပ်သော ကိဏ္ဏပစိတ္တသုရာ။
၅။ ဖန်ခါးသီး, မုန်ညင်းစေ့စသော (မုန်ညင်းသီး) စသော အဆောက်အဦများ ရောစပ်၍ လုပ်အပ်သော သမ္ဘာရသံယုတ္တသုရာဟု သေရည် (၅)မျိုး တို့တည်း။

ဤသေရည်ကို သောက်ထားသူသည် အရှက်အကြောက် မရှိ၊ ရဲရင့်စေ တတ်သည် ဟူ၏၊

(ဆောင်) ပိဋ္ဌ ပူပ၊ ဩဒန၊ ကိဏ္ဏ သမ္ဘာရာ။
မုန့်ညက်, မုန့်ထမင်း၊ မျိုးစေ့ သွင်းပြု၊ ဆောက်ဦးပြု၊ မှတ်ရှု သေငါးဖြာ။

မေရယ (၅) မျိုး

မဒံ ဇနေတီတိ မေရယံ၊ ယစ်ခြင်းကို ဖြစ်စေတတ်သော အပွင့်စသည်တို့ဖြင့် ကြာမြင့်စွာ စိမ်အပ်သော ပန်းပွင့်စိမ်ရည်စသော အရက် (၅)မျိုး ရှိ၏၊ ပုပ္ဖာသဝ, ဖလာသဝ, မဓွာသဝ, ဂုဠာသဝ, သမ္ဘာရသံယုတ္တာဝသဟု အရက် (၅)မျိုး ပြား၏၊

၁။ သစ်မည်စည်ပွင့်, ထန်းပွင့် အုန်းပွင့် စသည်တို့ကို ကြာမြင့်စွာ စိမ်၍ ထုံ၍ ပြုလုပ်အပ်သော ပန်းပွင့်စိမ်ရည်အရက် ပုပ္ဖာသဝ။
၂။ ထို့အတူ ပိန္နဲသီး စသော အသီးစိမ်ရည်အရက် ဖလာသဝ။
၃။ မုဒရက်ခေါ် သစ်မည်စည်သီး သပျစ်သီးစိမ်ရည်ဟူသော မဓွာသဝ။ ပျားရည်ဖြင့် ပြုအပ်သောအရက်ကိုလည်း မဓွာသဝဟု ခေါ်သေး၏၊
၄။ ကြံရည်, ထန်းရည်, ကြံသကာခဲ , ထန်းလျက်ခဲ စိမ်အပ်သော ဂုဠာသဝ။
၅။ ဖန်ခါးသီး, သျှစ်ရှားသီး တြိကဋုတ်စသော အဆောက်အဦအမျိုးမျိုးတို့ကို စိမ်၍ ပြုအပ်သော သမ္ဘာရသံယုတ္တာသဝဟု အရက် (၅)မျိုး၊ မေရယ (၅) မျိုး ပြား၏၊

နယ်၍ပြုအပ်သည်ကား သေရည်၊ ကြာမြင့်စွာ ထုံ၍ စိမ်၍ ပြုအပ်သည်ကား အရက်၊ ဤကား သုရာနှင့် မေရယအထူးတည်း။

(ဆောင်) ပုပ္ဖဖလာ၊ မဓွဂုဠ၊ သမ္ဘာရ၊ ပဉ္စ မေရယာ။
ပွင့် သီး စည် ကြံ၊ တိဖလံ၊ စိန်ပြန် ရက်ငါးဖြာ။
နယ်ပြု သုရာ၊ ထုံစိမ်ပါ၊ မေရာအထူးလာ။ (မေဒိနီ၊ ၃၆၅။)

ဆိုအပ်ပြီးသော သေအရက်နှစ်မျိုးကို မျိုးစေ့မှစ၍ (ယစ်မျိုး, မူးယစ် ဆေးဝါးမျိုးအလို့ငှာ စီရင်ထားသည်မှ စ၍) သမန်းမြက်ဖျားဖြင့် ယူ၍ တစ်စက်မျှ သောက်သော ရဟန်းအား ပယောဂတိုင်း ပါစိတ်အာပတ် သင့်၏၊ ဘိန်းဖြူ ဘိန်းမဲ မူးယစ်ဆေးဝါးတို့ကို နှာခေါင်းဖြင့် ရှူခြင်း, အပ်ဖြင့် သွင်းခြင်း, ဆေးပြားများကို မျိုချခြင်းတို့၌လည်း ဤသိက္ခာပုဒ်အရ ပါစိတ်အာပတ်ပင် ဖြစ်သင့်သည်။

၂။ အင်္ဂုလိပတောဒကသိက္ခာပုဒ် အဓိပ္ပာယ်

အင်္ဂုတိ ဥပဂစ္ဆတီတိ အင်္ဂုလိ၊ ကိုယ်အင်္ဂါ၌ ကပ်ရောက်တတ်သော လက်ချောင်းတည်း။ ပတုဒနံ ဃဋနံ ပတောဒေါ ပတောဒေါ ဧဝ ပတောဒကော၊ ထိခြင်းကိုရ၏၊ အင်္ဂုလီဟိ ပတောဒကော အင်္ဂုလိပတောဒကော လက်ချောင်းတို့ဖြင့် လက်ကတီးကြားစသည်တို့၌ ထိခြင်း တို့ခြင်းကို ယူ၊ အင်္ဂုလိ-သဒ္ဒါ အစိတ်ကို မှတ်၍ဆိုသော နိဒဿနည်း။ တခြားသော ကိုယ်၏အစိတ်ဖြင့် တစ်တောင်ဆစ် ခြေမစသည်တို့ဖြင့် ရယ်မြူးလို၍ ရဟန်းအချင်းချင်း ထိပါးခြင်း ထိုးခြင်းကို ပြုသော်လည်း ပါစိတ်ပင် ဖြစ်သည်။

ရဟန်းမှကြွင်းသော လူ, သာမဏေ, ဘိက္ခုနီမတို့၌ ရယ်မြူးလို၍ ပြုအံ့ ဒုက္ကဋ်၊ ကိုယ်ဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထု (= ကာယပဋိဗဒ္ဓ)ကို၊ ကိုယ်နှင့် စပ်သော ဝတ္ထုဖြင့် ကိုယ်ကို၊ ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို၊ နိဿဂ္ဂိယဖြင့် ကိုယ်ကို၊ နိဿဂ္ဂိယဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို၊ နိဿဂ္ဂိယဖြင့် နိဿဂ္ဂိယကို တို့ထိအံ့ ဒုက္ကဋ်။

ဤကဲ့သို့ဆိုသော် ရယ်မြူးလိုသောစိတ်ဖြင့် ခြင်းခတ်ခြင်း, ဘောလုံး ကန်ခြင်း, ကြက်တောင်ရိုက်ခြင်း စသည်တို့၌ ဒုက္ကဋ်၊ ရဟန်းအချင်းချင်း လက်သီးထိုးခြင်းစသော ကိုယ်အင်္ဂါချင်း ထိုးမူ ပါစိတ်။ ကာယပဋိဗန္ဓဖြင့် ထိုးမူ ဒုက္ကဋ်ဟု ယူရမည် ဖြစ်သည်။

(ဆောင်) ရယ်မြူးလိုဖိတ်၊ ကိုယ်တစိတ်၊ ထိုးကြိတ် ပါစိတ်ယူ။
သာမဏေ နီ လူ၊ ထိုးကြိတ်မူ၊ မှတ်ယူ ဒုက္ကဋ်ဟူ။
ကာယဗဒ္ဓ၊ နိဿဂ္ဂ၊ ထိက ထိုနည်းတူ။ (မေဒိနီ၊ ၃၆၆။)

အာပတ်အဆင့်ဆင့် သင့်ပုံ

ဥပသမ္ပန္န၌ တိကပါစိတ်၊ အနုပသမ္ပန္န၌ တိကဒုက္ကဋ်၊ မမြူးထူးလိုသော ရဟန်း, ကိစ္စရှိ၍ သုံးသပ်သော ရဟန်း (ပါရာဇိကလောက်သော အမသတ္တဝါ ဟူသမျှ၌ကား မအပ်) ဥမ္မတ္တကရဟန်း စသည်ကား အာပတ်မသင့်။

၃။ ဟသဓမ္မသိက္ခာပုဒ် အဓိပ္ပာယ်

ဥဒံ သောမနဿံ ကရောတီတိ ဥဒကံ၊ ရေမွတ်သိပ်ဆာလောင်နေသော သူတို့အား ဝမ်းမြောက်ခြင်းကို ပြုတတ်သောကြောင့် ရေကို ဥဒကဟု ခေါ် သည်။ (တစ်နည်း) ဥဒံ ဝိနာသံ ကရောတီတိ ဥဒကံ၊ မိမိအပေါ်သို့ ကျရောက်ကုန်သော သတ္တဝါသင်္ခါရတို့အား ပျက်စီးခြင်းကို ပြုတတ်သောကြောင့် ရေကို ဥဒကဟု ခေါ်သည်။

ဖမျက် (ခြေမျက်စိ) မြုပ်လောက်သော မြစ်, ချောင်း, ရေကန်တို့၌ရှိသော ရေဝယ် ငုတ်ခြင်း, ပေါ်ခြင်း, ကူးခြင်းတို့ကို ပျော်မြူးလို၍ ပြုလျှင် ပါစိတ်၊ လှေဖြင့် ကစားလျှင် တက်ပြား, ထိုးဝါး, လက်ခြေ, သစ်သားစသည် လှုပ်သော အကြိမ်တိုင်း ဒုက္ကဋ်၊ အိုးခွက်စသည်၌ တည်သောရေကိုဖြစ်စေ၊ ပအုန်းရေ, ကစီရေ, ရွှံ့ညွန်တို့ကို လက်ဖြင့် မြှောက်၍ ပုတ်၍ ကစားအံ့ ဒုက္ကဋ်။

(ဆောင်) ရေကို လက်ဖြင့်၊ ကစားလင့်၊ မှတ်သင့် ဒုက္ကဋာ။

အာပတ်အဆင့်ဆင့် သင့်ပုံ

ရေကစားရာ၌ တိကပါစိတ်၊ ရေမကစားရာ၌ ဒုကဒုက္ကဋ်၊ အိုးခွက်၌ တည်သောရေ, နို့ရည်, ရက်တက်ရည်, ဆိုးရည်, ကျင်ငယ်ရေ, ရွှံ့ရေ စသည် တို့၌ ကစားအံ့ ဒုက္ကဋ်၊ မမြူးတူး မကစားလိုသောရဟန်း အကြောင်းရှိ၍ ငုတ်ပေါ်ခြင်း စသည်ကို ပြုသော ရဟန်း, ကမ်းတစ်ဘက်သို့ ကူးသောရဟန်း, ဘေးရန်ကြောင့် ကစားသောရဟန်း, ရူးသောရဟန်း စသည်တို့၌ အာပတ် မသင့်။

၄။ အနာဒရိယသိက္ခာပုဒ် အဓိပ္ပာယ်

အာဒရနံ အာဒရော၊ ရိုသေခြင်းကြိယာ။ နတ္ထိ အာဒရော ဧတဿာတိ အနာဒရော၊ ရိုသေခြင်းမရှိသော ရဟန်းတည်း။ အနာဒရဿ ဘာဝေါ အနာဒရိယံ၊ ရိုသေခြင်း မရှိသော ရဟန်း၏ဖြစ်ကြောင်း မရိုသေခြင်း အနာဒရ ကြိယာကို ရ၏၊ မရိုသေခြင်း အနာဒရကြိယာကို အနာဒရိယဟု ခေါ်သည်။

ထိုမရိုသေခြင်းသည် ပုဂ္ဂိုလ်ကို မရိုသေခြင်း၊ ပါဠိ, အဋ္ဌကထာဓမ္မကို မရိုသေခြင်းအားဖြင့် နှစ်မျိုး ပြား၏၊ ထိုတွင် မသင့်မတော် ပြုနေသော ရဟန်းကို အခြားရဟန်းက ဝိနည်းလမ်းကြောင်းဖြင့်ပြောလျှင် “မင်းပြောတာကို ငါက လိုက်နာရမှာတဲ့လား”ဟူသော သဘောဖြင့် နားမထောင်ဘဲ ပြုမြဲ ပြု၏၊ ထို နားမထောင်ဘဲ ပြုခြင်းသည် ပုဂ္ဂိုလ်ကို မရိုသေခြင်း (မလေးစားခြင်း ဂရုမစိုက်ခြင်း)တည်း။

ဝိနည်းသိက္ခာပုဒ်ဟူသော ဓမ္မဖြင့် ပြောဆိုလျှင် ထိုဝိနယဓမ္မကိုပင် ကွယ်ပျောက်စေလို ပျက်ပြယ်စေလို အရေးမစိုက်သလို ဘုရားဟော မဟုတ်သလို သဘောဖြင့် ပြုမြဲ ပြု၏၊ ထိုကဲ့သို့ ပုဂ္ဂိုလ်ကိုဖြစ်စေ, ဝိနယဓမ္မကိုဖြစ်စေ မရိုသေခြင်း အရေးမစိုက်ခြင်းကြောင့် ပါစိတ်။

ရဟန်းက ထိုဝိနည်းပညတ်မှတစ်ပါး သုတ်, အဘိဓမ္မာလာ တရားတော်ဖြင့် ဆိုဆုံးမသည်ကို မလေးစားရာ၌လည်းကောင်း, လူသာမဏေတို့က ဝိနည်းဖြင့်ဖြစ်စေ အခြားတရားဖြင့်ဖြစ်စေ ဆုံးမသည်ကို မလေးမစား လုပ်ရာ၌လည်းကောင်း ဒုက္ကဋ်။

အထူးသတိထားရန်

ကြံရည်သည် သတ္တာဟကာလိက၊ ကြံဖတ်သည် ယာဝဇီဝိက ထိုကြံရည်နှင့်ကြံဖတ် နှစ်ခုတွဲနေသော ကြံချောင်းကား တင်လဲခဲ, ရှစ်ရှားသီး, ဖန်ခါး, ဆီးဖြူကဲ့သို့ စားကောင်းသည်။ ချင်းသည် ယာဝဇီဝိက၊ ဆီသည် သတ္တာဟကာလိက၊ ဆားသည် ယာဝဇီဝိက ရောသုတ်ထားလျှင် ညနေအခါ စားကောင်းသည်။ ဤသို့စသော ကဲ့ရဲ့အပ်သော ဂါရယှာစရိယဝါဒမျိုးဖြင့် ပြော ဆိုသော ရဟန်းကား အာပတ်မှ မလွတ်။

အာပတ်အဆင့်ဆင့် သင့်ပုံ

ဥပသမ္ပန္န၌ တိကပါစိတ်၊ အနုပသမ္ပန္န၌ တိကဒုက္ကဋ်၊ ဆရာအဆက်ဆက်မှလာသော ငါတို့ဆရာ၏ အယူဟု ဆိုသောရဟန်း ငါတို့ဆရာများ၏ ပါဠိသင်ခြင်းသည် ဤသို့ ဖြစ်၏၊ အဋ္ဌကထာသင်ခြင်းသည် ဤသို့ဖြစ်၏ဟု ဆိုအံ့ အာပတ်မသင့်၊ အရူးစသည်လည်း အာပတ်မသင့်။

၅။ ဘိံသာပနသိက္ခာပုဒ် အဓိပ္ပာယ်

ဘိံသာပန = ဘိသိ-ဓာတ်၊ ဏာပေ-ပစ္စည်း၊ ယု-ပစ္စည်း၊ ဘိ၌ ဣကို ဒီဃပြု ဘီသာပနဟု ဖြစ်၏၊ သဒ္ဒနီတိ၌ နိဂ္ဂဟိတ်လာ၍ ဘိံသာပနဟု ရှိ၏၊ သဒ္ဒါနက်အားဖြင့် ကြောက်စေခြင်းဟု ထွက်၏၊ အဓိပ္ပာယ်မှာ ခြောက်လှန့်ခြင်းပင်တည်း။

ရဟန်းအချင်းချင်း ကြောက်ဖွယ်ကောင်းသော အဆင်းအသံတို့ဖြင့် ပြုလုပ်၍ ကြောက်အောင် ခြောက်လျှင် အခြောက်ခံရသူ ကြောက်ကြောက် မကြောက်ကြောက် ပါစိတ်၊ လူသာမဏေတို့အား ခြောက်လှန့်လျှင် ဒုက္ကဋ်၊ ကြောက်စရာအာရုံ, ရူပါရုံ, အသံစသည်ကို အနီးသို့ ဆောင်ပို့ထားခြင်း ကြောက်မက်ဖွယ်ကောင်းသော စကားကို ဆိုခြင်းတို့ဖြင့် ခြောက်ခြင်း ဖြစ်၏၊ ကိုယ်နှုတ်နှစ်ပါး တစ်ပါးပါးဖြင့် ခြောက်လျှင် ပါစိတ်။

(ဆောင်) ကိုယ်နှုတ်နှစ်ပါး၊ ခြောက်တုံငြား သူကား ပါစိတ်သင့်။

ဥပသမ္ပန္န၌ တိကပါစိတ်၊ အနုပသမ္ပန္န၌ တိကဒုက္ကဋ်၊ မခြောက်လိုဘဲ ပြောဆိုပြုလုပ်သော ရဟန်းအား အာပတ်မသင့်၊ အရူးစသည်တို့၌လည်း အာပတ်မသင့်။

၆။ ဇောတိသိက္ခာပုဒ် အဓိပ္ပာယ်

ဇောတေတိ အာလောကံ ပဝတ္တေတီတိ ဇောတိ = အလင်းကို ဖြစ်စေတတ်သော မီးကို ရ၏၊ ဝိသိဗ္ဗတေ ဝိသိဗ္ဗနံ - မီးလှုံခြင်းကြိယာတည်း။ ဝိသိဗ္ဗနံ အပေက္ခတီတိ ဝိသိဗ္ဗနာပေက္ခော - မီးလှုံခြင်းကို အလိုရှိသော ရဟန်းတည်း။

ဆီးမီးညှိထွန်းခြင်း, သပိတ်ဖုတ်လိုခြင်း, ရေနွေးတည်လိုခြင်း စသော အကြောင်းမရှိဘဲ ဂိလာနလည်း မဟုတ်ဘဲ သက်သက် မီးလှုံလို၍ မီးမွှေးလျှင် ကိုယ်တိုင် မီးထည့်သော ရဟန်းအား မီးမတောက်မီ ရှေးအဖို့၌ ဒုက္ကဋ်၊ မီး တောက်လာသော် ပါစိတ်၊ မီးလှုံဖို့ရန် လူ, သာမဏေကို မီးမွှေး, မီးထည့်ခိုင်းလျှင်လည်း ပါစိတ်၊ (ဤ၌ မီး သိစမ်းစသော ကပ္ပိယ ဝေါဟာရဖြင့် ခိုင်းကောင်းသည်ဟု အဆိုမရှိ။) လူ, သာမဏေတို့ မွှေးထားပြီး မီးကို လှုံရာ၌ အာပတ်မသင့်။

ရေနွေးတည်ရန်, ဆွမ်းချက်ရန် စသည်အတွက် ရဟန်းက မီးမွှေးပေးလျှင်လည်း တထာရူပပစ္စယာတွင် ပါဝင်၍ အာပတ်မသင့်၊ သို့သော် မီးမွှေးသော နေရာက ဇာတပထဝီမြေသား မဟုတ်မှ ပထဝီခဏနအပြစ် လွတ်မည်ဟု သိ။

လူ သာမဏေ မွှေးထားပြီးသော မီးကို လှုံလို၍ တောက်အောင် မှုတ်သော ရဟန်း, ထင်းထည့်ပေးသော ရဟန်း, ငြိမ်းပြီးမီးစကို ထည့်ပေးသော ရဟန်းအား ပါစိတ်။

အာပတ်အဆင့်ဆင့်သင့်ပုံ

အဂိလာန၌ တိကပါစိတ်၊ ဂိလာန၌ ဒုကဒုက္ကဋ်၊ ဂိလာန၌ ဂိလာနဟု မှတ်သောရဟန်း၊ သူတစ်ပါး ထည့်ထားသော မီးကို လှုံသော ရဟန်း၊ ဇရုံးအိမ်၌ မီးထည့်လိုခြင်းစသော အကြောင်းရှိ၍ မီးထည့်သော ရဟန်း၊ ဘေးရန် ကြောင့် မီးထည့်သော ရဟန်း၊ ဥမ္မတ္တက စသည်၌ အာပတ်မသင့်။

၇။ နဟာနသိက္ခာပုဒ် အဓိပ္ပာယ်

မာသဿ အဍ္ဎော အဍ္ဎမာသံ၊ တစ်လ၏ ထက်ဝက် ၁၅-ရက်တည်း။ မဇ္ဈိမအရပ်၌ ရေချိုးသော နေ့မှစ၍ ဆယ့်ငါးရက်မပြည့်မီ (ဆယ့်ငါးရက်အတွင်း) အခါခြောက်ပါးကို ကြဉ်၍ ရေချိုးအံ့ဟု ကသယ်မှုန့်, မြေညက် စသည်ကို စီရင်သည်မှ စ၍ ပယောဂတိုင်း ဒုက္ကဋ်၊ အဆုံး၌ ပါစိတ်။

သိက္ခာပုဒ်၌ မဇ္ဈိမဒေသ အိန္ဒိယနယ်၌သာ ပညတ်အပ်သော ပဒေသပညတ် (တချို့အရပ်အတွက် ပညတ်အပ်သော သိက္ခာပုဒ်)တည်း။ ထို့ကြောင့် မြန်မာနိုင်ငံစသော ပစ္စန္တရာဇ်များ၌ အခါမရွေး ရေချိုးနိုင်ခွင့် ရှိသည်။

မဇ္ဈိမဒေသ ပိုင်းခြားပုံ

ဘုရားဖြစ်တော်မူရာ ဗောဓိမဏ္ဍိုင်မှ - (၁) အရှေ့လားသော် ဂဇင်္ဂလနိဂုံး အပြင်ဘက် အင်ကြင်းပင်ကြီး၊ (၂) အရှေ့တောင်လားသော် သလ္လဝတီမြစ်၊ (၃) တောင်ဘက်လားသော် သေတနိဂုံးရွာ၊ (၄) အနောက်ဘက် လားသော် ထူဏပုဏ္ဏားရွာ၊ (၅) မြောက်ဘက်လားသော် ဥသိရဒ္ဓဇတောင်၊ ဤနယ်အတွင်း ယူဇနာကိုးရာ အဝန်းရှိသော အရပ်ကို မဇ္ဈိမဒေသဟု ဆိုအပ်သည်။

(ဆောင်) ဗောဓိဉာဏ်လှိုင်၊ ပင်မဏ္ဍိုင်မှ၊ နေ၍ ကြည့်ငြား၊ အရှေ့ လားသော်၊ ဂဇင်္ဂလ၊ နိဂမ၏၊ အပြင်ဘက်တွင်၊ အင်္ကြင်းပင်တည်း။ ရှေ့တောင် သလ္လဝတီ၊ မြစ်ကြီးတည်၍၊ တောင်မူ သေတ နိဂမတည်း၊ နောက်မူ ထူဏပုဏ္ဏား၏ ရွာ၊ မြောက်က မှောင်မှောင်၊ ဥသိရဒ္ဓဇတောင်၏၊ မဇ္ဈိမဝယ် အလယ်ခေါင်မှာ၊ ယူဇနာသည်၊ ကိုးရာအဝန်း ရှိသတည်း။

အာပတ်သင့်ပုံများ

လခွဲ မလွန်ရာ၌ တိကပါစိတ်၊ လခွဲလွန်သည်၌ ဒုကဒုက္ကဋ်၊ လခွဲလွန်သည်၌ လွန်သည်ဟု မှတ်သော ရဟန်းအား အာပတ်မသင့်၊ အခါခြောက်ပါး၌ ရေချိုးသော ရဟန်း၊ မြစ်ကမ်းပါးသွားစဉ် သဲတွင်းပြု၍ ရေချိုးသော ရဟန်း၊ ပစ္စန္တရာဇ်နေ ရဟန်း၊ ဘေးရန်ကြောင့် ရေချိုးသော ရဟန်း၊ ရူးသော ရဟန်း စသည်တို့အား အာပတ်မသင့်။

၈။ ဒုဗ္ဗဏ္ဏကရဏ သိက္ခာပုဒ်အဓိပ္ပာယ်

နဝံ စီဝရံ = ဝတ်ရုံလောက်သော အသစ်ဖြစ်သော သင်္ကန်းတည်း။ ကပ္ပဗိန္ဒု မထိုးရသေးမူ သာမဏေများ ဝတ်ရုံပြီးဖြစ်သော ဟောင်းနွမ်းနေသော သင်္ကန်းကိုသော်လည်း နဝစီဝရ (သင်္ကန်းသစ်)ဟူ၍ပင် ဆိုရမည်။

ဝိမတိ၌ ရက်အနည်းငယ်မျှ ငှားဝတ်ရာ၌လည်း ဗိန္ဒုမထိုးရသေးလျှင် ထိုးပြီးမှ ဝတ်ရမည်ဟု ဝဒန္တိဝါဒ လာ၏၊ ထိုဝါဒအရ သာမဏေတို့ သင်းပိုင်ကို ခေတ္တယူ၍ ရေသနုပ်လုပ်ရာ၌ပင် ကပ္ပဗိန္ဒုထိုးကြသည်။

သင်္ကန်းသစ်ရပြီးသော ရဟန်းသည် နီလ, ကဒ္ဒမ, ကာဠသာမဟူသော (စိမ်းညိုရောင်, ရွှံ့ညွန်ရောင်, မည်းညိုရောင်) ကပ္ပဗိန္ဒု သုံးမျိုး တစ်မျိုးမျိုး ထိုးပြီးမှ ဝတ်ရမည်။ ကပ္ပဗိန္ဒုမထိုးဘဲ ဝတ်လျှင် ပါစိတ်အာပတ် သင့်၏၊

ယခုအခါ ကပ္ပဗိန္ဒုထိုးရာ၌ သစ်ရွက်စိမ်းကို သင်္ကန်းပေါ်တင်၍ တုတ်ချောင်းကလေးဖြင့် သစ်ရွက်ရည် ထွက်အောင် ခြစ်ကြ၏၊ ထိုသို့ ထိုးလျှင် နီလရောင်ဖြစ်၏၊ ခဲတံဖြင့်ခြစ်၍ ထိုးလျှင် ကဒ္ဒမရောင်ဖြစ်၏၊ မင်နက်ဖြင့် ထိုးလျှင် ကာဠသာမရောင် ဖြစ်သည်။

ကပ္ပဗိန္ဒုထိုးရမည့် နေရာ

ကပ္ပဗိန္ဒုအရွယ်ပမာဏကား ဥဒေါင်းမျက်ကွင်းပမာဏ, ကြမ်းပိုး ကျောက်ကုန်းပမာဏ ရှိစေရမည်။ ထိုကပ္ပဗိန္ဒုအလယ်၌ ဝလုံးကဲ့သို့ ကွက်လပ် မရှိစေရ။ တစ်ပြင်တည်းဖြစ်ပြီး ဝိုင်းဝိုင်းကလေး ဖြစ်စေရမည်။ နှစ်လုံး သုံးလုံး စသည်ဖြင့် စီတန်း၍ ထိုးသော ပါဠိကပ္ပခေါ် ကပ္ပဗိန္ဒုမျိုး, ကျားနားဍောင်းကဲ့သို့ သုံးပွင့်ဆိုင် ဆိုင်၍ ထိုးသော ကဏ္ဏိကကပ္ပခေါ် ကပ္ပဗိန္ဒုမျိုး စသည်တို့ကား မအပ်။ တစ်ပါးသော ဖောက်ဖောက်ပြန်ပြန် လှလှပပ ပြု၍ လည်း မထိုးကောင်း၊ တစ်ထောင့်လျှင် တစ်ပြောက်သာ ထိုးရမည်။ တစ်ကြိမ် ထိုးပြီးလျှင် ဗိန္ဒုပျက်သွားစေကာမူ ထပ်၍ ထိုးဖွယ် မလိုတော့ပြီ။

(ဆောင်) ကြမ်းပိုး ပိဋ္ဌိ၊ ဒေါင်းမျက်စိ၊ ထိုးဘိ ကပ္ပဗိန္ဒုတည်း။
အများ မအပ်၊ တစ်သာ အပ်၊ ထိုးအပ် ဝိုင်းဝိုင်းတည်း။

ဘုရားလက်ထက်တော်၌ တိတ္ထိများနှင့် ရဟန်းများ ခရီးအတူသွားစဉ် ဓားပြတို့က အဝတ်သင်္ကန်းတို့ကို လုယူပြီးနောက် မင်းမှုထမ်းတို့ ဖမ်းဆီး၍ ပြန်ရသည့်အခါ တိတ္ထိတို့ အဝတ်နှင့် မိမိတို့သင်္ကန်းကို ရဟန်းများ မခွဲခြားနိုင်သောကြောင့် တိတ္ထိတို့အဝတ်နှင့် ခွဲခြားခြင်းအကျိုးငှာ ရဟန်းများ၏ သင်္ကန်းကို ကပ္ပဗိန္ဒုခေါ် အပြောက်တစ်မျိုးဖြင့် မှတ်သားထားစေတော်မူခြင်း ဖြစ်ပါသည်။

အာပတ်အဆင့်ဆင့် သင့်ပုံ

ကပ္ပဗိန္ဒု မထိုးသည်၌ တိကပါစိတ်၊ ထိုးပြီးသည်၌ ဒုကဒုက္ကဋ်၊ ကပ္ပဗိန္ဒုပျက်သွားသော သင်္ကန်း၊ ကပ္ပဗိန္ဒုထိုးရာအရပ် ဆွေးမြည့်ပျက်စီးသော သင်္ကန်း၊ ကပ္ပဗိန္ဒုထိုးသော သင်္ကန်းနှင့် မထိုးသော သင်္ကန်း ထပ်၍ ချုပ်သော သင်္ကန်း၊ နောက်မှ အနားပတ်တင်သော သင်္ကန်းကို ဝတ်သော ရဟန်း၊ ရူးသော ရဟန်းတို့အား အာပတ်မသင့်။

၉။ ဝိကပ္ပနာသိက္ခာပုဒ် အဓိပ္ပာယ်

ဝိဂတာ ကပ္ပနာ ဝိကပ္ပနာ၊ မိမိဥစ္စာအဖြစ်မှ ကင်းအောင်ပြုလုပ်ခြင်းကို ဆိုသည်။ မိမိသင်္ကန်း (မိမိသပိတ်)ဟု အမှတ်မထားတော့ဘဲ သီတင်းသုံးဖော် တစ်ပါးပါးအား ပေးလိုက်သောအခါ ကိုယ်ဥစ္စာအမှတ်မှ ကင်းသွားတော့ သဖြင့် သီတင်းသုံးဖော်အား ပေးခြင်းကိုပင် ဝိကပ္ပနာပြုခြင်းဟု ခေါ်သည်။ ထိုသို့ ဝိကပ္ပနာပြုပြီးသောအခါ မိမိဥစ္စာ မဟုတ်တော့ရကား သင်္ကန်း သပိတ်စသည် ရပြီး (၁၀)ရက် လွန်သော်လည်း နိဿဂ္ဂိမထိုက်တော့ပြီ။

ဝိကပ္ပနာပြုပုံ (၂) မျိုး

သမ္မုခဝိကပ္ပနာ၊ ပရံမုခဝိကပ္ပနာဟု ဝိကပ္ပနာ နှစ်မျိုး ရှိ၏၊

သမ္မုခဝိကပ္ပနာ၌လည်း (က) မိမိပေးလိုရာ သီတင်းသုံးဖော်က အနီးမှာရှိစဉ် တိုက်ရိုက်ပြုရသော သမ္မုခဝိကပ္ပနာ၊ (ခ) မိမိပေးလိုရာ သီတင်းသုံးဖော်က အဝေးမှာရှိစဉ် နာမည်ကို ယူ၍ ဝိကပ္ပနာပြုရသော သမ္မုခဝိကပ္ပနာဟု နှစ်မျိုး ရှိ၏၊ ပရမ္မုခဝိကပ္ပနာကား အပြားမရှိ တစ်မျိုးတည်းသာ ရှိသည်။

သမ္မုခနှင့် ပရမ္မုခ ရှင်းလင်းချက်

သမ္မုခေ ပဝတ္တာ ဝိကပ္ပနာ သမ္မုခဝိကပ္ပနာ ဟူသည်နှင့်အညီ မျက်မှောက်၌ ဖြစ်သော သမ္မုခဝိကပ္ပနာတစ်မျိုး၊ ပရမ္မုခေ ပဝတ္တာ ဝိကပ္ပနာ ပရမ္မုခဝိကပ္ပနာဟူသည်နှင့်အညီ မျက်ကွယ်ဖြစ်သော ပရမ္မုခဝိကပ္ပနာ တစ်မျိုးဟု ဝိကပ္ပနာနှစ်မျိုး ပြား၏၊

တစ်နည်း - “သမ္မုခေန ဝိကပ္ပနာ သမ္မုခဝိကပ္ပနာ” သင်္ကန်းပိုင်ရှင်ကိုယ်တိုင် မိမိနှုတ်ဖြင့် ဝိကပ္ပနာပြုခြင်းတစ်မျိုး “ပရမ္မုခေန ဝိကပ္ပနာ၊ ပရမ္မုခဝိကပ္ပနာ” ဝိနည်းဓိုရ်ဟူသော ရဟန်းတစ်ပါးထံ အပ်နှံ၍ ဝိနည်းဓိုရ်ဟူသော သူတစ်ပါး၏ နှုတ်ဖြင့် ဝိကပ္ပနာပြုခြင်းတစ်မျိုးဟု နှစ်မျိုး ပြား၏၊

အနီးရှိသူအား သမ္မုခဝိကပ္ပနာပြုပုံ

သင်္ကန်းရှင်က ဥုးတိဿအား ပေးလိုလျှင် ဥုးတိဿထံ ချဉ်းကပ်၍ သင်္ကန်းတစ်ထည်ကို ကိုင်၍ဖြစ်စေ, အနီး၌ ချ၍ဖြစ်စေ “ဣမံ စီဝရံ တုယှံ ဝိကပ္ပေမိ”ဟု ဆိုပါ။ သင်္ကန်းများနေလျှင် “ဣမာနိ စီဝရာနိ တုယှံ ဝိကပ္ပေမိဟု ဆို။ သင်္ကန်းက အနီးမှာ မရှိလျှင် အဝေးရှိရာကို ပြောပြ၍ (မည်သည့် နေရာမှာ မည်သည့်သင်္ကန်းရှိပါသည်ဟု ပြောပြ၍) ဣမံ နေရာဝယ် ဧတံ၊ ဣမာနိ နေရာဝယ် ဧတာနိဟု ပြောင်း၍ ဆိုပါ၊ [ဣမံ စီဝရံ = ဤသင်္ကန်းကို၊ တုယှံ = သင့်အား (အရှင်ဘုရားအား)၊ ဝိကပ္ပေမိ = အာသာကင်းပြတ် အပ်စပ်အောင် ဝိကပ္ပနာပြုပါ၏ဟု အနက်ပေး။]

ဝိကပ္ပနာပြုရခြင်းအကျိုး

ဤသို့ ရဟန်းတစ်ပါးနှင့် တိုက်ရိုက် ဝိကပ္ပနာပြုရုံမျှဖြင့် မိမိနေရာ၌ ပြန်ယူသိမ်းထားရုံကား အပ်၏၊ ဆယ်ရက်လွန်သော်လည်း နိဿဂ္ဂိမဖြစ်နိုင်ခြင်း အကျိုးရှိ၏၊ သုံးဆောင်ခြင်း စွန့်ခြင်း အဓိဋ္ဌာန်တင်ခြင်းငှာ မအပ်၊ ပစ္စုဒ္ဓိုရ် မပြန်သေးသော (ဝိကပ္ပနာ မပြန်သေးသော) သင်္ကန်းကို သုံးဆောင် အံ့၊ ဤသိက္ခာပုဒ်အရ ပါစိတ်အာပတ် သင့်သည်။ စွန့်ခြင်းကို ပြုလျှင် ဒုက္ကဋ်အာပတ် သင့်သည်။

ဥုးတိဿက ပစ္စုဒ္ဓိုရ်ပြုရမည် (ဝါ) ဝိကပ္ပနာပြန်ရမည် ဖြစ်သည်။ ပစ္စုဒ္ဓိုရ် ပြုသင့်လျက် မပြုလျှင် ဥုးတိဿအား ဒုက္ကဋ်အာပတ်သင့်၏၊

ပစ္စုဒ္ဓိုရ်ပြုပုံ

ထိုကြောင့် ဦးတိဿက ဝိကပ္ပနာပြုထားသော သင်္ကန်းကိုကိုင်၍ဖြစ်စေ, အနီး၌ ချထား၍ဖြစ်စေ “မယှံ သန္တကံ ပရိဘုဉ္ဇ ဝါ ဝိသဇ္ဇေဟိ ဝါ ယထာပစ္စယံ ကရောဟိ”ဟု ပစ္စုဒ္ဓိုရ်ပြုရမည်၊ မယှံ = ငါ၏ (တပည့်တော်၏)၊ သန္တကံ = ဥစ္စာကို၊ (ဥစ္စာဖြစ်သော သင်္ကန်းကို) ပရိဘုဉ္ဇ ဝါ = သုံးစွဲမူလည်း သုံးစွဲပါ၊ ဝိသဇ္ဇေဟိ ဝါ = စွန့်လိုမူလည်း စွန့်ပါ။ ယထာပစ္စယံ = အကြောင်းအားလျော်စွာ (ဝါ) အလိုရှိသလို။ ကရောဟိ = ပြုပါ။ သင်္ကန်းများလျှင် “မယှံ သန္တကာနိ”ဟု ဆိုရမည်၊ ဤသို့ ပစ္စုဒ္ဓိုရ်ပြုပြီးသည်အခါ ထိုသင်္ကန်းကို မူလသင်္ကန်းရှင်က အလိုရှိသလို ပြုနိုင်ပြီ။

အဝေးနေသူအား သမ္မုခဝိကပ္ပနာပြုပုံ

မိမိပေးလိုသော ပုဂ္ဂိုလ်က အဝေး (အခြားကျောင်းတိုက်)၌ ဖြစ်နေလျှင် ဝိနည်းဓိုရ် တစ်ပါးပါးထံ သွား၍ မိမိပေးလိုရာ ပုဂ္ဂိုလ်၏ အမည်ကို လျှောက်ထားပြီးနောက် (ဥပမာ - မည်သည့် အရပ်၌နေသူ ဥုးသုမနအား ပေးလိုပါသည်ဟု လျှောက်ထားပြီးနောက်) “ဣမံ စီဝရံ သုမနဿ ဘိက္ခုနော ဝိကပ္ပေမိ”ဟုဆို၍ ဝိကပ္ပနာပြုရမည်။ ထို့နောက် ဝိနည်းဓိုရ်ကပင် “သုမနဿ သန္တကံ ပရိဘုဉ္ဇ ဝါ ဝိသဇ္ဇေဟိ ဝါ ယထာပစ္စယံ ကရောဟိ”ဟု ပစ္စုဒ္ဓိုရ် ပြုပေးရမည်။ ဤသို့ ပြုပေးသည်မှ စ၍ သုံးဆောင်ခြင်းစသည် ပြုနိုင်၏၊ ဤနေရာ၌ သတိထားရန်မှာ သင်္ကန်းပေးခံရသူ ဥုးသုမနမှာ သိရုံပင် မသိလိုက် မူလသင်္ကန်းရှင်မှာကား အာပတ်မှ ကင်းလွတ်ခွင့်ရခြင်း ပြန်လည်သုံးဆောင်ရခြင်း စသည်မှာကား အားလုံးရသည်။ ဤနည်းအတိုင်း သင်္ကန်း အများ, အဝေး, ဘိက္ခု, ဘိက္ခုနီ, သိက္ခမာန်, သာမဏေ, သာမဏေရီတို့အားလည်း ပေးခွင့်ရှိသည်။

ပရမ္မုခဝိကပ္ပနာပြုပုံ

မိမိကိုယ်တိုင် (သင်္ကန်းရှင်)က ဝိကပ္ပနာပြုနည်းကို နားမလည်၊ နားလည်သော်လည်း ပါးစပ်နာခြင်း, ဖျားနေခြင်းစသော အကြောင်းတစ်ခုခုကြောင့် နားလည်သူ ဝိနည်းဓိုရ် တစ်ပါးတစ်ပါးထံ “ဣမံ စီဝရံ တုယှံ ဝိကပ္ပနတ္ထာယ ဒမ္မိ”ဟု ပါဠိလိုဖြစ်စေ, “ဤသင်္ကန်းကို ဝိကပ္ပနာပြုရန် အရှင်အား ပေးပါ၏ဟု မြန်မာလိုဖြစ်စေ ဝိကပ္ပနာပြုဖို့ရန် ပေးရမည်။ ထိုအခါ ဝိနည်းဓိုရ်က “အရှင် ပေးလိုရာ သီတင်းသုံးဖော်ကို ညွှန်ပြပါ”ဟု ဆိုလျှင် “မည်သည့် ကျောင်းနေ ဥုးတိဿတဲ့” စသည်ဖြင့် ညွှန်ပြရမည်။ ၎င်းနောက် ဝိနည်းဓိုရ်ကပင် “အဟံ ဣမံ စီဝရံ တိဿဿ ဘိက္ခုနော ဒမ္မိ”ဟု ဆို၍ ဝိကပ္ပနာပြုရမည်။ ထို့နောက် ဝိနည်းဓိုရ်ကပင် “တိဿဿ သန္တကံ ပရိဘုဉ္ဇ ဝါ ဝိသဇ္ဇေဟိ ဝါ ယထာပစ္စယံ ကရောဟိ”ဟု ဆို၍ ပစ္စုဒ္ဓိုရ်ပြုပေးရမည်။ ဘိက္ခုနီစသည်အား ပေးလိုလျှင်လည်း တိဿာယ ဘိက္ခုနိယာ တိဿဿ သာမဏေရဿ စသည်ဖြင့် အလိုရှိရာ သီတင်းသုံးဖော်တို့၏ အမည်ကို ထည့်၍ ဆိုကာ ပစ္စုဒ္ဓိုရ်ပြုပေးရမည်။ (ဝါ) ဝိကပ္ပနာပြန်ပေးရမည်။ ထိုအခါမှ စ၍ သုံးဆောင်ခြင်းစသည် အပ်ပြီ။

ဝိကပ္ပနာနှစ်ခု အထူး

ကိုယ်တိုင် ဝိကပ္ပနာပြု၍ ဝိနည်းဓိုရ်က ပစ္စုဒ္ဓိုရ်ပြန်သည်ကား သမ္မုခဝိကပ္ပနာ မည်၏၊ ဝိနည်းဓိုရ်က ဝိကပ္ပနာပြု၍ ဝိနည်းဓိုရ်ပင် ပစ္စုဒ္ဓိုရ်ပြန်သည်ကား ပရမ္မုခဝိကပ္ပနာ မည်၏၊ ဤကား သမ္မုခနှင့် ပရမ္မုခ ဝိကပ္ပနာနှစ်ခု အထူးတို့တည်း။

ဝါဒအထူး

တချို့ကား သီတင်းသုံးဖော် ငါးယောက်စလုံးထံ ဝိကပ္ပနာပြုကောင်းကြောင်း ဆိုကြ၏၊ မသင့်၊ သီတင်းသုံးဖော် ငါးယောက်၏ အမည်မျှကိုသာ ယူ၍ ရဟန်းအချင်းချင်းထံ၌သာ ဝိကပ္ပနာပြုကောင်းသည်ဟု မှတ်။

(ဆောင်) ပရမ္မုခ၊ သမ္မုခ၊ နှစ်ဝ ဝိကပ္ပနာ။
တိုက်ရိုက်မည် ယူ၊ ပြုတုံမူ၊ နှစ်ဆူ သမ္မုခါ။
ပရမ္မုခ၊ ပြား မရ၊ ဧက တစ်ခုသာ။
တစ်ထည် အများ၊ နီးဝေး ထားဟု၊ ပြားသမှု၊ မှတ်ရှု ဝိကပ္ပနာ။
ကိုယ်တိုင် ဝိပြု၊ ဝိပစ် ပြု၊ မှတ်ရှု သမ္မုခါ။
ဝိတစ်ပါးက၊ နှစ်မျိုးမျှ၊ ပြုက ပရမ္မုခါ။
ဝိကပ်နှစ်ဝ၊ တူပုံပြ၊ မှတ်ကြ သဇ္ဇနာ။

အာပတ်သင့်ပုံ

ပစ္စုဒ္ဓိုရ်မပြုသည်၌ တိကဒုက္ကဋ်၊ ပစ္စုဒ္ဓိုရ်ပြုပြီးသည်၌ ဒုကဒုက္ကဋ်၊ ပစ္စုဒ္ဓိုရ်ပြုပြီးသည်၌ ပစ္စုဒ္ဓိုရ်ပြု၏ဟု အမှတ်ရှိသော ရဟန်း, အကျွမ်းဝင်သဖြင့် သုံးဆောင်သော ရဟန်း, ဥမ္မတ္တကရဟန်း စသည်တို့အား အာပတ်မသင့်။

၁၀။ စီဝရာပနိဓာနသိက္ခာပုဒ် အဓိပ္ပာယ်

ရဟန်းပိုင် အဓိဋ္ဌာန် ဝိကပ္ပနာလောက်သော သင်္ကန်း, သပိတ်, နိသီဒိုန်, ခါးပန်း, အပ်ကျည်တို့ကို ဝှက်ထားလျှင် သူတစ်ပါးကို အဝှက်ခိုင်းထားလျှင် ဥစ္စာရှင်ရဟန်း ဟိုရှာဒီရှာ ပြူးတူးပြာတာ ဖြစ်နေသည်ကို ကြည့်ကာ ကျီစယ် ရယ်ရွှင်လိုသောကြောင့်ဖြစ်စေ ဝှက်ထားလျှင် ပါစိတ်၊ ဟသာပေက္ခောပိ၌ ပိသဒ္ဒါဖြင့် ထေယျစိတ် မရှိဘဲ အမျက်ထွက်၍ ဆင်းရဲဒုက္ခရောက်စေလိုခြင်း ကျေးဇူးမဲ့ကို ပြောလိုခြင်းတို့ကို ပေါင်းယူသည်။ အောက်ထစ်ဆုံး ရယ်ရွှင်လို၍ သိုဝှက်သော်လည်း ပါစိတ် ဟူ၏၊

ပတ္တစသည်မှတစ်ပါး အခြားသော ပရိက္ခရာ, သပိတ်အိတ်စသည်ကို ဝှက်ထားလျှင်လည်းကောင်း၊ လူ, သာမဏေတို့ ပစ္စည်းကို ဝှက်ထားလျှင်လည်းကောင်း ဒုက္ကဋ်၊ စေခိုင်းမှု အာဏိတ္တိ၌ ဒုက္ကဋ်၊ စေခိုင်းအပ်သူက ဝှက်ထားမူ ပါစိတ်၊ မတော်မလျော် ပစ်ထားသည်ကို သိမ်းထားလျှင်လည်းကောင်း၊ ဆုံးမလို၍ ခေတ္တခဏ ဝှက်ထားလျှင်လည်းကောင်း အာပတ်မသင့်။

အာပတ်သင့်ပုံ

ဥပသမ္ပန္န၌ တိကပါစိတ်၊ အနုပသမ္ပန္န၌ တိကဒုက္ကဋ်၊ မကောင်းသဖြင့် ထားသည်ကို သိမ်းဆည်းသိုမှီးပေးသောရဟန်း, တရားဟော ဆုံးမပြီးမှ ပြန်ပေးအံ့ဟု ယူထားသောရဟန်း ဥမ္မတ္တက စသည်တို့အား အာပတ်မသင့်။

သပ္ပါဏကဝဂ်လာ သိက္ခာပုဒ်များ အကျဉ်းချုပ်

၁။ သတ္တဝါဟု သိသော အမှတ်သညာနှင့်တကွ စေ့ဆော်၍ တိရစ္ဆာန် သတ္တဝါကို အသက်မှခွဲခြင်း, ချခြင်း, သတ်ခြင်းကြောင့် သဉ္စိစ္စပါဏပါစိတ်။

၂။ ပိုးကောင်ရှိသော ရေဟု သိလျက် ပိုးကောင်ရှိသောရေကို သုံးစွဲခြင်းကြောင့် သပ္ပါဏကပါစိတ်။

၃။ တရားသဖြင့် ငြိမ်းစေအပ်ပြီးသော အဓိကရုဏ်းဟု သိလျက် တရားနည်းလမ်းအတိုင်း ငြိမ်းစေအပ်ပြီးသော အဓိကရုဏ်းကို ထပ်မံ၍ ကံပြုဖို့ရာ လှုံ့ဆော်ပေးခြင်းကြောင့် ဥက္ကောဋနပါစိတ်၊

၄။ သိလျက် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကို ဖုံးထားပေးသောကြောင့် ဒုဋ္ဌုလ္လပါစိတ်။

၅။ သိလျက် အသက်နှစ်ဆယ် မပြည့်သေးသော ပုဂ္ဂိုလ်ကို ပဉ္စင်းခံပေးလျှင် ပဉ္စင်းလောင်းသည် ရဟန်းမဖြစ်၊ ရဟန်းခံရာတွင် ပါဝင်သော ရဟန်းတို့သည် ဒုက္ကဋ်၊ ဥပဇ္ဈာယ်ဆရာရဟန်းအား ဦနဝီသတိဝဿပါစိတ်။

၆။ သိလျက် ခိုး၍လာသည့် ကုန်သည်, ခိုး၍သွားမည့် ကုန်သည်အပေါင်းတို့နှင့် တိုင်ပင်ညီညွတ်၍ တစ်ကြောင်းတည်းသော ခရီးကို (ရွာ မရှိသော် တစ်ယူဇနာဝက်၊ ရွာရှိသော် အခြားတစ်ရွာ၏ ဥပစာ) ဒုတိယခြေလှမ်း လွန်အောင် သွားလျှင် ထေယျသတ္ထပါစိတ်။

၇။ မာတုဂါမနှင့်အတူ တိုင်ပင်ညီညွတ်၍ တစ်ကြောင်းတည်းသော ခရီးကို (ရွာမရှိသော် တစ်ယူဇနာဝက်၊ ရွာရှိသော် အခြားတစ်ရွာ၏ ဥပစာ) ဒုတိယခြေလှမ်း လွန်အောင်သွားတိုင်း သံဝိဓာနပါစိတ်။

၈။ အရိဋ္ဌမည်သော ရဟန်း၏ ပြောဆိုပုံမှာ “မေထုန်အကျင့်ကို မှီဝဲသော ရဟန်း၏ ထိုမေထုန်အကျင့်တို့သည် လွန်လွန်မင်းမင်း မသာယာလျှင် ပါရာဇိက ဖြစ်လောက်အောင် အပြစ်မကြီးသဖြင့် နတ်ရွာနိဗ္ဗာန် စျာန် မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုခြင်းငှာ မစွမ်းနိုင်၊ ထိုအပြားအားဖြင့် ငါသည် ဘုရားရှင်သည် ဟောတော်မူအပ်သော တရားကြောင်းနည်းလမ်းကို သိ၏”ဟု ပြောဆို၏၊ ထိုသို့ ပြောသော ရဟန်းကို မြင်ကုန်ကြားကုန်သော ရဟန်းတို့သည် ဤသို့ ပြောဆို၏၊ “အရှင်သည် ဤသို့ မပြော ပါနှင့်၊ မြတ်စွာဘုရားကို မစွပ်စွဲပါနှင့် မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားရှင်သည် ဤငါ့ရှင်ပြောသည့်အတိုင်း မဟော တန်ရာ။ ငါ့ရှင် ပရိယာယ်အမျိုးမျိုးဖြင့် နတ်ရွာနိဗ္ဗာန် စျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်ကုန်သော မေထုန်အကျင့်တို့ကို နတ်ရွာနိဗ္ဗာန် စျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်ကုန်၏ဟူ၍ မြတ်စွာဘုရားသည် ဟောတော်မူအပ်ပြီ။ ထိုမေထုန်အကျင့်တို့ကို မှီဝဲသော ရဟန်း၏ ထိုမေထုန်အကျင့်တို့သည် နတ်ရွာနိဗ္ဗာန် စျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုခြင်းငှာ စွမ်းနိုင်ကုန်သည်သာလျှင်တည်း ဤသို့ ပြောဆိုထိုက်၏၊ ဤသို့လျှင် ထိုရဟန်းကို မြင်ကုန်ကြားကုန်သော ရဟန်းတို့သည် ပြောဆို အပ်သည်ရှိသော် ထိုရှေးနည်းအတူသာလျှင် ချီးမြှောက် ပြောဆိုနေအံ့၊ ထိုရဟန်းကို မြင်ကုန်ကြားကုန်သော ရဟန်းတို့သည် ထိုအယူကို စွန့်ဖို့ရာ သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် အဖန်ဖန် ပြောဆိုထိုက်၏၊ သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် အဖန်ဖန် ပြောဆိုအပ်စဉ် ထို အယူဝါဒကို အကယ်၍ စွန့်အံ့၊ ကောင်း၏၊ အကယ်၍ ထိုအယူဝါဒကို မစွန့်အံ့၊ ထို ပြောဆို အယူဝါဒ စွဲယူသော ရဟန်းအား အရိဋ္ဌပါစိတ် အာပတ်သင့်၏၊

၉။ မိစ္ဆာအယူကို မစွန့်၍ ဉတ်ကမ္မဝါစာဖြင့် နှင်ထုတ်ထားသော ဥက္ခိတ္တက ရဟန်းဟုသိလျက် အရိဋ္ဌရဟန်းကဲ့သို့ တထာဟံ ဘဂတာ အစရှိသော စကားကို ပြောလေ့ရှိသော သံဃာဘောင်သို့ ပြန်၍သွင်းသော ဩသာရဏကံ မပြုအပ်သေးသော ထိုမိစ္ဆာအယူကို မစွန့်သော ရဟန်းနှင့် အတူတကွ အာမိသသမ္ဘောဂ ဓမ္မသမ္ဘောဂကို ပြုခြင်း၊ ဥပုသ် ပဝါရဏာ စသော သံဝါသကို ပြုခြင်း၊ တစ်မိုးတစ်ရံတည်းသော ကျောင်း၌ အိပ်ခြင်းကိုပြုသော ရဟန်းအား ဥက္ခိတ္တသမ္ဘောဂပါစိတ်။

၁၀။ ကဏ္ဋကမည်သော သာမဏေသည် ပြောဆိုပုံမှာ မေထုန်အကျင့်ကို။ ပ။ မြင်ကုန် ကြားကုန်သော ရဟန်းတို့သည် ဤသို့ ပြောဆိုထိုက်၏၊ “ငါ့ရှင်သာမဏေ ယနေ့ကို အစပြု၍ သင်သည် ထို ငါတို့မြတ်စွာဘုရားကို ဆရာဟူ၍ မညွှန်ပြထိုက်သည်သာ မကသေး သင်မှ တစ်ပါးသော အခြားသာမဏေတို့သည် ရဟန်းတို့နှင့် အတူတကွ နှစ်ညဉ့်သုံးညဉ့်ပတ်လုံး အတူတကွ အိပ်ခြင်းကို ရကြကုန်၏၊ ထိုကဲ့သို့ အိပ်ခွင့်သည် သင့်အတွက်မှာ မရှိတော့ပြီ၊ ပြင်ပသူစိမ်း ဟဲ့ လူပြိန်း သွားလော၊ တော်ရာ ချောင်ကြား ပျက်ပြားလေလော့၊” ဤသို့ ပြောဆို နှင်ထုတ်လိုက်၏၊ ရဟန်းသည် ဖျက်ဆီးအပ်ပြီးသော နှင်ထုတ်ထားသော သာမဏေဟု သိလျက် ထိုဆိုအပ်ပြီးသော နည်းဖြင့် ဖျက်ဆီးအပ် နှင်ထုတ်အပ်သော သာမဏေကို သွေးဆောင်ခြင်း, လုပ်ကျွေးစေခြင်း, အာမိသသမ္ဘောဂ ဓမ္မသမ္ဘောဂပြုခြင်း တစ်မိုးတစ်ရံတည်း အတူတကွ အိပ်ခြင်းကြောင့် ကဏ္ဋက ပါစိတ်အာပတ် သင့်၏၊

၁။ သဉ္စိစ္စပါဏသိက္ခာပုဒ် အဓိပ္ပာယ်

သတ္တဝါဟူသော အမှတ်နှင့်တကွ သတ်လိုသော စေတနာဖြင့် စေ့ဆော်ခြင်းကို သဉ္စစ္စဟု ဆိုသည်။ ပါဏန္တိ ဇီဝန္တိ သတ္တာ ဧတေနာတိ ပါဏာ၊ သတ္တဝါတို့၏ အသက်ရှည်ကြောင်း ဇီဝိတိန္ဒြေတည်း။ ပါဏံ အဿ အတ္ထီတိ ပါဏော၊ အသက် ဇီဝိတိန္ဒြေရှိသော သတ္တဝါတည်း။ တတိယပါရာဇိက၌ လူကို သတ်ခြင်းကြောင့် ပါရာဇိကအာပတ် ပညတ်တော်မူခဲ့ပြီး ဖြစ်၏၊ ထို့ကြောင့် ဤ၌ ပါဏ-အရ တိရစ္ဆာန်သတ္တဝါကိုသာ ယူရတော့သည်။ တိရစ္ဆာန်ကို သတ်လျှင် ငယ်သည်ဖြစ်စေ, ကြီးသည်ဖြစ်စေ ဝိနည်းအရ ပါစိတ်အာပတ် ချည်းသာ၊ သို့ရာတွင် ကြီးသော သတ္တဝါ တိရစ္ဆာန်ကို သတ်ရာ၌ လုံ့လပယောဂ များစွာစိုက်ရသောကြောင့် အဘိဓမ္မာနည်းအရ အကုသိုလ် အပြစ် ကား အငယ်ကို သတ်ခြင်းထက် ကြီးမား များပြားလေသည်။ အယုတ်ဆုံး ကြမ်းပိုးဥ, သန်းဥတို့သည်လည်း သတ္တဝါဟုပင် သိပါ။ သာဟတ္ထိက, နိဿဂ္ဂိယ, အာဏတ္တိက, ထာဝရ, ဝိဇ္ဇာမယ, ဣဒ္ဓိမယ, ပါဏာတိပါတ - ပယောဂ (၆)ပါး တို့တွင် တစ်ပါးပါးသော ပယောဂဖြင့် အသက်ဇီဝိတိန္ဒြေကို ဖျက်ဆီးသတ် ဖြတ်ခြင်းကြောင့် ပါစိတ်အာပတ် သင့်သည်။

သေစေလိုသော စေတနာမရှိသော ရဟန်း, သတိမထားမိသော ရဟန်း, မသိသော ရဟန်း, သေစေလိုသောသဘောမရှိသော ရဟန်း, ရူးသောရဟန်းတို့အား တိရစ္ဆာန်များ သေအောင် ပြုမိသော်လည်း အာပတ်မသင့်။

၂။ သပ္ပါဏကသိက္ခာပုဒ်အဓိပ္ပာယ်

သပ္ပါဏက = ပိုးကောင်နှင့် တကွသော (ဝါ) ပိုးကောင်ရှိသော၊

အရာဝတ္ထု နှစ်မျိုးကွဲရာ၌ (သဟယောဂ + သဟယောဂဝန္တ နှစ်မျိုးခွဲ၍ ရရာ၌) သ၏ အနက်ကို တကွဟု ပေးရ၏၊ အရာဝတ္ထုတစ်ခုတည်း ရှိရာ၌ သ၏ အနက်ကို ရှိ၏ဟု ပေးရ၏၊

ဥပမာ - သဝိတက္ကာ = ဝိတက်နှင့် တကွဖြစ်သော တရားတို့၊ သလောမကော = အမွေးရှိသော ငှက်ဟူသော ပုံစံကို ကြည့်လေ။ ဤ သပါဏကံ ပုဒ်၌လည်း ရေနှင့် ပါဏ နှစ်မျိုးပြားသောကြောင့် သအတွက် တကွဟူသော အနက်သာ မှန်သည်။ အများသုံး လိုက်၍ သပါဏကံ ပိုးကောင်ရှိသောဟု တစ်နည်း အနက်ပေးသည်။

ပရိဘုဉ္ဇေယျ

သုံးဆောင်ငြားအံ့ဟု ပေးကြ၏၊ သုံးစွဲငြားအံ့ ဤသို့ဆိုလျှင် သောက်ခြင်း တစ်မျိုးသာမက ဆေးခြင်း, မီးငြိမ်းခြင်း, ရေချိုးခြင်းစသော အားလုံးကို ယူပါ။ ပိုးရှိ၏ဟု သိသော်လည်း သေလတ္တံ့ဟု မစိစစ်မူ၍ သောက်သော ရဟန်းအား အနာပတ္တိ၊ အာပတ်မသင့်ဟု ဝဇီရဗုဒ္ဓိဋီကာ ဆို၏၊

ပါဏနှစ်ခု အထူး

ရှေ့သိက္ခာပုဒ်၌ ပါဏ-အရ တိရစ္ဆာန်, သတ္တဝါ အားလုံးကို ယူ။ဤ သိက္ခာပုဒ်၌ ပါဏအရ ရေပိုးသတ္တဝါငယ်လေးများကို ယူ။ ဤကား ပါဏနှစ်ခု အထူးတည်း။ ဘူတဂါမဝဂ် ၁၀-နံပါတ်၊ သပ္ပါဏကသိက္ခာပုဒ်၌လည်း သပါဏကံ ဥဒကံ = ပိုးရှိသော ရေဟု ဆိုသဖြင့် ရေပိုးလေးများကိုပင် ပါဏ-အရ ယူရမည်ပင် ဖြစ်သည်။ ဤသိက္ခာပုဒ်နှင့် သုံးစွဲခြင်းနှင့် သွန်လောင်း ခြင်းသာ ထူး၏၊

၃။ ဥက္ကောဋနသိက္ခာပုဒ် အဓိပ္ပာယ်

စူဠဝါ သမထက္ခန္ဓက ပါဠိတော်၌ အဓိကရုဏ်းငြိမ်းကြောင်း တရားနည်းလမ်းများကို ဘုရားရှင် ပြထားတော်မူ၏၊ ထို တရားနည်းလမ်းအတိုင်း ဝိနည်းဓိုရ်ပုဂ္ဂိုလ်တို့ ငြိမ်းစေအပ်သော အဓိကရုဏ်းကို (တရားနည်းလမ်းအတိုင်း ငြိမ်းစေပြီးမှန်း)သိလျက် နောက်ထပ် ကံပြုဖို့ရာ “အဓိကရုဏ်း မငြိမ်းအေးသေးဘူး မကြာမီက ငြိမ်းစေသည်ဆိုသော်လည်း မတရားငြိမ်းစေခြင်း ဖြစ်သည်။ အဓိကရုဏ်းငြိမ်းအောင် ပြီးပြတ်အောင် နောက်ထပ် ကံပြုသင့်သည်”ဟု ထိုထိုရဟန်းများထံ သွား၍ လှုံ့ဆော်ပေးလျှင် ပါစိတ်အာပတ် သင့်၏၊ နိဟတာဓိကရဏံ-အရ ငြိမ်းပြီးသော အဓိကရုဏ်းလေးပါးတို့ကို ယူပါ။ ဝိဝါဒါဓိကရုဏ်း, အနုဝါဒါဓိကရုဏ်း, အာပတ္တာဓိကရုဏ်း, ကိစ္စာဓိကရုဏ်းဟု လေးပါးတို့တည်း။

အဓိကရုဏ်း လေးပါး

ဓမ္မ-အဓမ္မ, ဝိနယ-အဝိနယ စသည် ငြင်းခုံကွဲပြားနေခြင်းသည် ဝိဝါဒါဓိကရုဏ်း၊ သီလဝိပတ္တိ, အာစာရဝိပတ္တိ, အာဇီဝဝိပတ္တိ, ဒိဋ္ဌိဝိပတ္တိ တစ်မျိုးမျိုးဖြင့် စွပ်စွဲမှုကို အနုဝါဒါဓိကရုဏ်း၊ အာပတ်(၇)ပုံ သင့်ရောက်နေမှုကို အာပတ္တာဓိကရုဏ်း၊ အပလောကနကံ, ဉတ္တိကံ စသော ကံလေးပါး တစ်ခုခုကို ပြုကြခြင်းသည် ကိစ္စာဓိကရုဏ်း၊ ဤသို့ အဓိကရုဏ်းလေးပါး ရှိ၏၊ ထို အဓိကရုဏ်လေးပါးကို သမထ (၇)ပါးနှင့် ငြိမ်းစေပုံများကို အဓိကရဏသမထအခန်း၌ စုံလင်အောင် သိရှိနိုင်မည် ဖြစ်သည်။

အာပတ်သင့်ပုံများ

သံဃာ့ကံဖြင့် ငြိမ်းစေအပ်ပြီးသော အဓိကရုဏ်းကို ထိုရဟန်း၏ မျက်မှောက်၌သာ လှုံ့ဆော်ပေးအံ့ ပါစိတ်၊ မျက်ကွယ်လှုံ့ဆော်အံ့ ဒုက္ကဋ်၊ ဓမ္မကံဖြင့် ငြိမ်းစေပြီးသား အဓိကရုဏ်းကား ကောင်းစွာ ငြိမ်းခြင်း ဖြစ်၏၊ ကံမပြီးမီ တားမြစ်အံ့၊ ထိုတားမြစ်သော ရဟန်းကို ပြောကြား၍ ကံပြုရမည်။ မပြောကြားဘဲ ကံပြုအံ့၊ ကံလည်းပျက် ကာရကသံဃာအား အာပတ်လည်း သင့်သည်။

ဓမ္မကံ၌ ပါစိတ်၊ ယုံမှားအံ့ ဒုက္ကဋ်၊ ဓမ္မကံ အဓမ္မကံ နှစ်ပါးလုံး၌ အဓမ္မကံဟု အမှတ်ရှိသော ရဟန်းအား အာပတ်မသင့်၊ အဓမ္မကံဖြင့်လည်းကောင်း, ဝဂ်ဖြင့်လည်းကောင်း, ကံမထိုက်သောသူအားလည်းကောင်း ကံပြု၏ဟု သိသောရဟန်း လှုံ့ဆော်ခြင်းကြောင့် အာပတ်မသင့်။

၄။ ဒုဋ္ဌုလ္လသိက္ခာပုဒ် အဓိပ္ပာယ်

ဤ၌ ဒုဋ္ဌုလ္လအရ သံဃာဒိသေသ်အာပတ်ကို ယူ၊ ထို ဒုဋ္ဌုလ္လအာပတ်ကို တခြားသော ရဟန်း၏ အာပတ်ကိုသိလျက် ထိုရဟန်း အရှက်တကွဲ အကျိုးနည်း ဖြစ်မည်စိုး၍ မပြောကြားဘဲ ဖုံးလွှမ်းပေးထားသော ရဟန်းအား ပါစိတ်။

ရဟန်း ရာ, ထောင် အဆင့်ဆင့် အာပတ်သင့်

ဤသို့ ဖုံးထားရာ၌ မပြောတော့ဘူးဟု ကြံစည်ဆုံးဖြတ်လိုက်လျှင်ပင် အာပတ်သင့်ပြီ၊ ထိုသို့ ဆုံးဖြတ်ပြီးမှ ပြောသော်လည်း အာပတ်မှ မလွတ်တော့ချေ။ ပထမ အာပတ်သင့်သောရဟန်းက ဒုတိယရဟန်းကို ဒေသနာပြော၍ ဒုတိယ သိသောရဟန်းက ဖုံးထားလျှင်လည်း ဒုတိယရဟန်းမှာ အာပတ်သင့်ပြန်၏၊ ဤနည်းအတိုင်း ဖုံးထားသော ရဟန်းတို့မှာ အာပတ်သင့်၏၊ ဒုတိယရဟန်းက တတိယရဟန်းအား ပြောသော်လည်း ကိုယ်တော်သာ သိပါ စေ, သူများ မပြောလိုက်ပါနှင့်ဟု ဖုံးပြော, ပြောလျှင် ဒုတိယရဟန်းမှာ အာပတ် မှ မလွတ်၊ ဤနည်းအတိုင်း ဖုံးပြော, ပြောသွားလျှင် ရဟန်း ရာ, ထောင်ပင် အာပတ်မှ မလွတ်ကြချေ။

အာပတ် အဆက်ဖြတ်ပုံ

မိမိကို လာပြောသော ရဟန်းအား (သူ ဖုံးထားလျှင် အာပတ်သင့်မည်စိုး၍) ပြန်ပြောလိုက်သော်သာလျှင် အာပတ် အဆက်ပြတ်၍ အာပတ်မှ လွတ်နိုင်သည်။

အာပတ်များသင့်ပုံ

ဒုဋ္ဌုလ္လ၌ ဒုဋ္ဌုလ္လဟု သိ၍ မပြောဘဲ နေအံ့ ပါစိတ်၊ ဒုဋ္ဌုလ္လ၌ ဝေမတိက, အဒုဋ္ဌုလ္လဟု မှတ်၍ မပြောနေအံ့ ဒုက္ကဋ်၊ အဒုဋ္ဌုလ္လ၌ တိကဒုက္ကဋ်၊ သံဃာငြင်းခုံခြင်း စသည်ဖြစ်လတ္တံ့ ဟူ၍ မပြောအံ့ အာပတ်မသင့်။ ထို့အတူ ဤရဟန်း ကြမ်းတမ်းသည် အသက်အန္တရာယ် သာသနာ့အန္တရာယ် ပြုအံ့ဟူ၍ မပြောကြားဘဲနေသော ရဟန်း၊ လျောက်ပတ်သော ရဟန်းကို မရ၍ မပြောကြားဘဲနေသော ရဟန်း၊ မဖုံးလွှမ်းလိုသော ရဟန်း၊ မိမိအမှုဖြင့် ထင်ရှားလတ္တံ့ဟု မပြောကြားဘဲ နေသောရဟန်းတို့အား အာပတ်မသင့်။ သာမဏေတို့၏ ဒုဋ္ဌုလ္လ အဒုဋ္ဌုလ္လအပြစ်ကို ဖုံးလွှမ်းပေးအံ့၊ ဒုက္ကဋ်အာပတ်ဟု သိ။

၅။ ဦနဝီသတိဝဿသိက္ခာပုဒ် အဓိပ္ပာယ်

“အနုဇာနာမိ ဘိက္ခဝေ ဂဗ္ဘဝီသံ ဥပသမ္ပာဒေတုံ” ပဋိသန္ဓေနှင့် တကွ အနှစ်နှစ်ဆယ် ရှိသောသူကို ရဟန်းခံပေးခြင်းငှာ ငါဘုရား ခွင့်ပြုတော်မူ၏၊ အမိဝမ်းတွင်း (၁၂)လ ပဋိသန္ဓေနေခဲ့ပြီးမူ ၁၉-နှစ် တင်းတင်းပြည့်သောနေ့ ရဟန်းခံပေးကောင်းသူ ဖြစ်ပြီ။

ရဟန်းခံရက် တွက်ပုံ

အမိဝမ်းခေါင်း ကိန်းအောင်းသန္ဓေတည်နေသူတို့တွင် အချို့ကား (၇)လ အချို့ကား (၈)လ၊ (၉)လ၊ (၁၀)လ၊ (၁၁)လ၊ (၁၂)လ အမျိုးမျိုး ရှိ၏၊ သို့သော် (၈)လ မွေးဖွားသူကား အသက်မရှင်ဟု အဆိုရှိ၏၊ (၇)လ ဖွားသောသူကား ကိုယ်ခန္ဓာ သေးငယ်၏၊ စသည်ဖြင့် ဆိုကြ၏၊ အမိဝမ်းတွင်း (၇)လ ပဋိသန္ဓေ နေသူကား မွေးဖွားပြီးနောက် (၁၉)နှစ်နှင့် (၅)လပြည့်မှ အသက်နှစ်ဆယ် ပြည့်သည်။ (၉)လ ပဋိသန္ဓေနေမူ မွေးဖွားပြီးနောက် (၃)လ စွန်းလာမှ အသက်နှစ်ဆယ် ပြည့်သည်။ ဤသို့ စသည်ဖြင့် အတိုးအဆုတ်များကို သိရမည်။ သို့ရာတွင် အမိဝမ်း၌ သန္ဓေတည်နေသောလကို သေချာစွာ သိရန် ခဲယဉ်းလှ၏၊ ထို့ကြောင့် အယုတ်ဆုံး (၇)လထားပြီး ယူပါမှ သာ၍ စိတ်ချ ရ၏၊ ဤနည်းအတိုင်း အနှစ်နှစ်ဆယ်မှ တစ်ရက်မျှ ယုတ်လျော့နေမူ အသက် နှစ်ဆယ် မပြည့်သောသူဖြစ်၍ ရဟန်းမခံကောင်းဟု သိပါ။

ဝါထပ်ရက်ငင်၍ နှစ်လထည့်ယူကြပုံ

သုံးနှစ်တစ်ကြိမ် ဝါထပ်လေ့ရှိရာ (၁၉)နှစ်ကြာလျှင် ဝါထပ်သည့်အတွက် လပေါင်း (၆)လ ပိုလာ၏၊ သို့ရာတွင်(၁၉)နှစ်အတွင်း၌ (တစ်နှစ်လျှင် ရက်မစုံ ၆-လအတွက် ၆-ရက်ကျ လျှော့ခဲ့သောကြောင့်) (၃)လနှင့် (၂၄)ရက် လျော့ခဲ့လေ၏၊ လျှော့ခဲ့သော ရက်များကို ယခင် (၆)လ အပိုမှ နုတ်လျှင် (၂)လနှင့် (၆)ရက်သာ အပို ကျန်တော့၏၊ (၁၉)နှစ်နှင့် အမိဝမ်းတွင်းက (၁၀)လ၊ အပို (၂)လနှင့် (၆)ရက်နှင့် ပေါင်းသော် အသက်(၂၀)နှင့် (၆)ရက် ရှိလာ၍ ရဟန်းခံကောင်းပြီဟု ဆိုကြ၏၊ ပါတိမောက္ခမေဒိနီ၌ ရက်မစုံ (၆)လမှ (၆)ရက်၊ အနှစ်(၂၀) မှ (၄)လ ဖြစ်သည်။ (၆)လမှ (၄)လ နုတ်သော် ဝါထပ်လငင် (၂)လဟု ဆိုသည်။ ဘာသာဋီကာ၌ ပေါရာဏဝါဒ, ယခုခေတ်ဝါဒဟု ပြထားသေး၏၊ ဘုရားရှင်သည် လောကသုံးစွဲရိုးကို လိုက်၍ အသက် နှစ်ဆယ်ဟု ပညတ်တော်မူရကား အသက်နှစ်ဆယ် မပြည့်ပြည့်အောင် ဝါထပ် ရက်ပိုကို ထည့်၍ထည့်၍ တွက်ခြင်းကို ဘုရားရှင်၏ အလိုတော်ကျမည် ဟုလည်း မထင်မိပေ။ [ပေါရာဏ ထေရဝါဒ၌ ရက်ပိုကို ယူ၍ တွက်ထား သော်လည်း အမိဝမ်း၌ အောင်းခဲ့ရာ လများကို မယူသောကြောင့် သံသယ ဖြစ်ဖွယ်မရှိဟု ဆို၏၊ (ဘာသာဋီကာ)]

ရဟန်း မဖြစ်နိုင်

ဆိုအပ်ခဲ့ပြီးသော တွက်နည်းများအတိုင်း အသက်နှစ်ဆယ် မပြည့်ဘဲ ရဟန်းခံသော ပုဂ္ဂိုလ်သည် အသက်နှစ်ဆယ်မပြည့်ဟု သိသည်ဖြစ်စေ, မသိသည်ဖြစ်စေ ရဟန်း မဖြစ်နိုင်။

ရဟန်း မဖြစ်သော်လည်း အကျိုးရှိ

ထိုသူက မိမိ ရဟန်းအစစ်မဖြစ်ဟု မသိဘဲ ဆယ်ဝါ ရသဖြင့် ဥပဇ္ဈာယ်ဆရာ ကမ္မဝါစာဆရာပြုလုပ်၍ သူတစ်ပါးကို ရဟန်းခံပေးအံ့၊ ထိုရဟန်း မဖြစ်သူကို ဖယ်ထား၍ တခြားရဟန်းများဖြင့် ရဟန်းခံခြင်းကိစ္စ ပြီးပြည့်စုံသော် ရဟန်းလောင်းမှာ ကောင်းစွာ ရဟန်းဖြစ်သည်။ ထိုဥပဇ္ဈာယ်ဆရာ ဖြစ်သူသည် မိမိ ရဟန်း မဖြစ်ဟု မသိသေးသမျှကာလပတ်လုံး နတ်ရွာနိဗ္ဗာန် စျာန်, မဂ်, ဖိုလ်၏ အန္တရာယ်မဖြစ်။ သို့သော် ရဟန်းမဖြစ်မှန်း သိအံ့၊ ရဟန်း တစ်ဖန် ပြန်ခံရမည်။

ရဟန်း, ဦးပဉ္စင်း ခေါ်တွင်လာပုံ

ပုဂံပြည် အနော်ရထာမင်းလက်ထက်၌ ကြွရောက်လာသော ရှင်အရဟံကို အစပြု၍ နောက်နောက် ပုဂ္ဂိုလ်များကို အရဟံ - ရဟံ - ရဟန်းဟု အဆင့်ဆင့် အသံပြောင်း ခေါ်လာကြသည်။

ဤရဟန်းတော်များကို ဥပသမ္ပန္နပုဒ်သို့ လိုက်၍ သီဟိုဠ်၌ ဥပသမ် (= သီဟိုဠ်သံဖြင့် ဥပစမ်)ဟု ခေါ်၏၊ ဥပစမ်သို့ လိုက်၍ မြန်မာတို့က ဦးပစင်း ဦးပဉ္ဇင်း = ဦးဇင်းဟု ခေါ်ဝေါ်ရေးသားလာကြသည်။(ဘာသာဋီကာ၊၃၂၅။)

လူကိုပင် ရဟန်းခံပေးကောင်းပုံ

ဦနဝီသတိဝဿံ သာမဏေရံဟု မဆိုဘဲ ပုဂ္ဂလံဟု ပုဂ္ဂိုလ်သာမန် အဖြစ်ဖြင့် ဆိုသောကြောင့်လည်းကောင်း, ရဟန်းဖြစ်ကြောင်းအင်္ဂါ (၅)ပါးတွင် ဝတ္ထုသမ္ပတ္တိ၌ သာမဏေဖြစ်ရမည်ဟု မဆိုဘဲ အသက်(၂၀) ပြည့်ခြင်းနှင့် အဘဗ္ဗပုဂ္ဂိုလ် မဟုတ်ခြင်းဟုသာ ဆိုသောကြောင့်လည်းကောင်း ရဟန်းခံခါနီး သင်္ကန်းပေး၍ သရဏဂုံ မယူဘဲ သင်္ကန်းဝတ်ထားသူ လူကိုပင် ရဟန်းခံပေးကောင်းသည်ဟု မှတ်။

အာပတ် အဆုံးအဖြတ်

အသက်နှစ်ဆယ် မပြည့်သေးသည်၌ သိလျက် ပဉ္စင်းခံအံ့၊ ပါစိတ်။ အသက်နှစ်ဆယ်မပြည့်သေးသည်၌ ယုံမှားခြင်း ရှိသည်ဖြစ်၍ ပဉ္စင်းခံအံ့ ဒုက္ကဋ်၊ အသက်နှစ်ဆယ် မပြည့်သေးသည်၌ ပြည်၏ဟု အမှတ်ရှိသည်ဖြစ်၍ ပဉ္စင်းခံအံ့၊ အာပတ်မသင့်၊ အသက်နှစ်ဆယ်ပြည့်သည်၌ မပြည့်သေးဟု အမှတ်ရှိအံ့ ဒုက္ကဋ်၊ ရူးသော ရဟန်း, အစလက်ဦးလွန်ကျူးသော ရဟန်းတို့ အား အာပတ်မသင့်။

၆။ ထေယျသတ္ထသိက္ခာပုဒ် အဓိပ္ပာယ်

ထေနေတိ စောရေတီတိ ထေနော၊ ခိုးပြီး, ခိုးဆဲ, ခိုးလတ္တံ့သူတည်း။ ထေနော ဧဝ ထေယျော၊ သွတ္ထ ဏျ ၌ ဏ-ချေ၊ ယ-ဒွေဘော်လာ၊ သဟ အတ္ထေန ယော ဝတ္တတီတိ သတ္ထော၊ ဥစ္စာနှင့် တကွဖြစ်ခြင်းရှိသော ကုန်သည်၊ ထေရော စ သော သတ္ထော စာတိ ထေယျသတ္ထော၊ ခိုးသူ ကုန်သည်ကို ရ၏၊ မင်းအား ပေးထိုက်သော ဘုရင့်အခွန် အစိုးရအခွန်ဘဏ္ဍာတော်တို့ကို မပေးရအောင် ခိုးလာပြီး ခိုးလာဆဲ ခိုးလတ္တံ့ ဖြစ်သောသူကို ထေယျသတ္ထဟု ခေါ်၏၊ ထိုခိုးသူ ကုန်သည်တို့နှင့် (ခိုးသူမှန်း)သိလျက် နေ့ရက် ချိန်းချက်၍ (အချိန် အခါ နေ့ရက် ရထား ကား သင်္ဘောများကို သဘောတူ စီစဉ်၍) သွားလျှင် ပါစိတ်။

အာပတ်သင့်ပုံ

ခိုးသူလူက မတိုင်ပင်ဘဲ မိမိရဟန်းဘက်ကသာ တိုင်ပင်ချိန်းချက်သော ရဟန်း၊ ခိုးသူ ကုန်သည်လေလားဟု ယုံမှားရှိသော ရဟန်းအား ဒုက္ကဋ်၊ ခိုးသူ ကုန်သည် မဟုတ်သည်၌ ဒုကဒုက္ကဋ်၊ နှစ်ပါးစုံ၌ ခိုးသူ ကုန်သည် မဟုတ်ဟု အမှတ်ရှိသော ရဟန်း၊ မတိုင်ပင်ဘဲ သွားသောရဟန်း၊ ကာလချွတ်ယွင်း၍ သွားသောရဟန်း၊ ဘေးရန်ကြောင့် သွားသောရဟန်း၊ ဥမ္မတ္တကရဟန်းတို့၌ အာပတ်မသင့်။

၇။ သံဝိဓာနသိက္ခာပုဒ် အဓိပ္ပာယ်

မာတုဂါမနှင့် ချိန်းချက်တိုင်ပင်၍ အတူခရီးသွားသော ရဟန်းအား ပါစိတ်။ မချိန်းဘဲ သင်္ဘော ရထားတွင် တွေ့ဆုံကြ၍ အတူသွားရလျှင် အာပတ်မသင့်၊ မာတုဂါမက ချိန်းစေကာမူ ရဟန်းက ပြန်၍ သဘောမတူ မချိန်းလျှင်လည်း အာပတ်မသင့်။ နှစ်ဦးသဘောတူ ချိန်းချက်တိုင်ပင်၍ ခရီးသွားမှသာ အာပတ်သင့်သည်။

ဘိက္ခုနောဝါဒဝဂ်၌ ဥဘတောဥပသမ္ပန္နဘိက္ခုနီကိုသာ ယူခဲ့သောကြောင့် မိထွေးတော်ဂေါတမီနှင့်အတူ ဘိက္ခုနီပြုကြသော သာကီဝင်မင်းသမီး ကဲ့သို့ ဘိက္ခုသံဃာထံ၌သာ ဘိက္ခုနီဖြစ်သော ဧကတောဥပသမ္ပန္နာ ဘိက္ခုနီ များနှင့် သိက္ခမာန်, သာမဏေမ သုံးမျိုးကို ဤသိက္ခာပုဒ်၌ မာတုဂါမ အရ၌ သွင်းယူရမည်။

သို့ရာတွင် ထိုဘိက္ခုနီ သိက္ခမာန် သာမဏေမများနှင့် သာသင်္ကသပ္ပဋိဘယခရီးကို သွားရာအခါ၌ အတူသွားခွင့်ရသေး၏၊ မာတုဂါမနှင့်ကား မည်သည့်အခါမျှ တိုင်ပင်ချိန်းချက်၍ ဘုရားဖူး စသည် အတူမသွားရ၊ ယုတ်စွ အဆုံး ရွာမရှိလျှင် ယူဇနာဝက်, ရွာရှိလျှင် အခြားတစ်ရွာသို့ နှစ်ဦး သဘောတူ ချိန်းသွားလျှင် ပါစိတ်အာပတ် သင့်၏၊

၈။ အရိဋ္ဌသိက္ခာပုဒ် အဓိပ္ပာယ်

အရိဋ္ဌရဟန်းကို အကြောင်းပြု၍ ပညတ်အပ်သောကြောင့် အရိဋ္ဌသိက္ခာပုဒ်ဟု နာမည်တပ်သည်။ အရိဋ္ဌရဟန်းသည် သုတ်, အဘိဓမ္မာတို့၌ ကျွမ်းကျင်၍ ဝိနည်း၌ မကျွမ်းကျင်သော ဓမ္မကထိက ဗဟုသုတရှိသူတည်း။ ထို့ကြောင့် အန္တရာယ်ငါးပါးရှိသည်တွင် ရှေ့အန္တရာယ် (၄)ပါးကိုသာ နားလည် “၍ ပညတ္တိ (အာဏာ) ဝီတိက္ကမန္တရာယ်ကို နားမလည်ချေ။ ဘုရားရှင်၏ အမိန့်အာဏာ ပညတ်တော်ကို ကျူးကျော်ခြင်းကြောင့် ပါရာဇိကကျလျှင် ကိုရင်ပြု၊ လူမထွက်သေးသမျှ၊ သံဃာဒိသေသ်သင့်လျှင် ပရိဝါသ်မဆောက်တည်သေးသမျှ၊ ကြွင်းအာပတ် (၅)ပုံသင့်လျှင် စေတနာနှင့်တကွ အာပတ် သင့်ထားလျှင် ဒေသနာမပြောသေးသမျှ စျာန်မဂ်ဖိုလ်ကိုလည်း မရနိုင်အောင်, သေလျှင် လူ့ပြည် နတ်ပြည် မရောက်နိုင်အောင် နိဗ္ဗာန်လည်း မရနိုင်အောင် ထိုအာပတ်က အန္တရာယ်ပြုကြောင်းကိုလည်း နားမလည်ချေ။ သို့ဖြစ်၍ တစ်နေ့သ၌ တစ်ဦးတည်း စဉ်းစားသည်မှာ “လူတို့သည် ကာမဂုဏ်ခံစားရင်း ပင် (ကာမဂုဏ် မစွန့်ကြဘဲ) သောတာပန် စသည် ဖြစ်ကြ၏၊ ရဟန်းတော် များလည်း ကောင်းမွန်လှပသော အဆင်း, အနံ့, အရသာ, ဖဲမွေ့ရာ, ကမ္ဗလာ စသည်တို့ကို သုံးစွဲကြ၏၊ ဤအားလုံးအပ်လျှင် ဘာကြောင့် သာယာသော ရာဂချင်း အတူတူ မာတုဂါမ၏ အဆင်းအနံ့စသည်ကျမှ မအပ်ဘဲ ရှိရမည်နည်း၊ ဘုရားရှင်သည် မဟာသမုဒ္ဒရာကို ကန်သင်း(ကဇင်း) ဆည်သကဲ့သို့ မဖြစ်နိုင်သော ပထမပါရာဇိကအမှုကို ဘာကြောင့် ကြိုးစားမင်းစား ပညတ်တော်မူရသတဲ့နည်း”ဟု စဉ်းစားမိလေသည်။

ဖဲမွေ့ရာ, ကမ္ဗလာစသော အနူးအညံ့ကို သုံးစွဲရာ၌ အလွန်သာယာစွာ သုံးစွဲလျှင် အပြစ်မကင်းသကဲ့သို့ ထို့အတူ မေထုန်ကိုလည်း အလွန်သာယာစွာ မှီဝဲမှ အပြစ်ကြီးသည်။ ဖဲမွေ့ရာစသည်ကို သင့်တော်သလို နှလုံးသွင်းကာ လွန်မင်းစွာ မသာယာလျှင် အပြစ် မကြီးသကဲ့သို့ သင့်တော်သလို မေထုန်ကိုလည်း လွန်လွန်မင်းမင်း မသာယာလျှင် ပါရာဇိက ဖြစ်လောက်အောင် အပြစ် မကြီးသင့်၊ မေထုန်အမှုကို မှီဝဲသော ရဟန်းတော်မှာ အကြင်နည်းဖြင့် မှီဝဲလျှင် အန္တရာယ်မပြုနိုင်။ ထို အန္တရာယ်မပြုနိုင်သော နည်းဖြင့် ဘုရားရှင် ဟောတော် မူထားသော နည်းကို ငါသိသည်ဟု ဆိုလိုသည်။

အရိဋ္ဌရဟန်း စဉ်းစားသည့်အတိုင်း ဖဲမွေ့ရာစသည်ကို တော်သလို နှလုံး သွင်းကာ ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးစွဲနိုင်သလို မေထုန်ကို ပစ္စဝေက္ခဏာဆင်ခြင်၍ သိပ်မသာယာဘဲ မမှီဝဲနိုင်၊ မေထုန်မှီဝဲမှဖြင့် အလွန်အမင်း သာယာတော့မည်သာ။ ထို့ကြောင့် မေထုန်အရသာနှင့် ဖဲမွေ့ရာတို့၏ အရသာကို အဘိဓမ္မာသဘောအားဖြင့် တန်းတူထား၍ စဉ်းစားခြင်းသည် ဆီးစေ့နှင့် မြင်းမိုရ်တောင်ကို နှိုင်းယှဉ်ခြင်းနှင့် တူလေရကား အရိဋ္ဌရဟန်း၏ စဉ်းစားမှုအားလုံးသည် မှားယွင်းသော မိစ္ဆာအယူမျှသာ ဖြစ်၍ ပထမပါရာဇိက သိက္ခာပုဒ်ကို ပယ်ရှားခြင်းမှာလည်း ဘုရားရှင်ကို နားမလည်ရာ ရောက်စေကာ သဗ္ဗညုတဉာဏ်တော်ကို သူ့ဉာဏ်လောက် မလေးနက်ဟု ပယ်ဖျက်ရာ ရောက်လေတော့သည်။

အန္တရာယ်မပြုနိုင်လောက်အောင်သော နည်းဖြင့် ဘုရားဟောထားသော တရားကို ငါသိ၏ဟု ဆိုခြင်းမှာလည်း ဓမ္မကထိကပီပီ ပိဋကတ်ကို မလေ့လာဘဲ သက်သက် အခြောက်ကြွား ကြွားလိုက်ခြင်းပင်တည်း။ အမှန်မှာ ထိုကဲ့သို့ မေထုန်ကို အန္တရာယ် မပြုနိုင်သော နည်းဖြင့် ဘုရားရှင် ဟောထားအပ်သော တရား မရှိချေ။

(သတိပြုဖွယ်) ဤအရိဋ္ဌရဟန်း၏ ဖြစ်ထွေကို မူလပဏ္ဏာသ အလဂဒ္ဒူပမသုတ်အဖွင့် ကြည့်ပါမှ သာ၍ သနားဖွယ် ကောင်းသည်။ ငရဲမှ လွတ်တော့မည် မဟုတ်၊ ထို့ကြောင့် ဘုရားရှင်နှင့် ဘုရားဟော တရားတော်တွေကို မစွပ်စွဲမိရန် ဓမ္မကထိကများနှင့် လူတိုင်း သတိထားသင့်ကြပေသည်။

(ဘာသာဋီကာ၊၃၃၀။)

အန္တရာယ်ငါးပါး

သဂ္ဂမောက္ခာနံ အန္တရာယံ ကရောန္တီတိ အန္တရာယိကာ၊ နတ်ရွာ နိဗ္ဗာန် စျာန် မဂ် ဖိုလ်တို့၏ အန္တရာယ်ကို ပြုတတ်သော ပဉ္စာနန္တရိယကံစသော အန္တရာယ်တို့တည်း။

၁။ ပဉ္စာနန္တရိယကံဟူသော အန္တရာယ်တစ်ပါး (ဘိက္ခူနီဒူသကကံကိုလည်း ယူကြသည်။ ဤဘိက္ခူနီဒူသကကံကား မဂ်ဖိုလ်၏ အန္တရာယ် ဖြစ်၏၊ နတ်ရွာ၏ အန္တရာယ် မဖြစ်။) ပဉ္စာနန္တရိယကံကား နှစ်ပါးစုံ ဖြစ်သည်။

၂။ နတ္ထိကဒိဋ္ဌိ, အဟေတုကဒိဋ္ဌိ, အကြိယဒိဋ္ဌိဟူသော ကိလေသန္တရာယ် တစ်ပါး (ဤကိလေသန္တရာယ်ကား မဂ် ဖိုလ်သာ တားသည်။)

၃။ ပဏ္ဍုက်, တိရစ္ဆာန်, ဥဘတောဗျည်း, ဇစ္စန္တ စသည်တို့၏ ပဋိသန္ဓေဟူသော ဝိပါကန္တရာယ် တစ်ပါး၊ (ဤ ဝိပါကန္တရာယ်ကား မဂ် ဖိုလ်သာ တားမြစ်သည်။)

၄။ အရိယာပုဂ္ဂိုလ်တို့ကို (ဘုရားပစ္စေကဗုဒ္ဓါပါ) စွပ်စွဲကဲ့ရဲ့သော ကံဟူသော အရိယူပဝါဒန္တရာယ် တစ်ပါး၊ စွပ်စွဲကဲ့ရဲ့သော အရိယာပုဂ္ဂိုလ်ကို မကန်တော့သရွေ့ နတ်ရွာ မဂ်ဖိုလ် နှစ်ပါးစုံ တားမြစ်သည်။ ကန်တော့ပြီးသော် မတားမြစ်။ (တရားအားထုတ်သူတို့ သတိထားသင့်သည်။)

၅။ စေတနာနှင့်တကွ သိက္ခာပုဒ်တော်ကို လွန်ကျူးခြင်းဟူသော ပညတ္တိဝီတိက္ကမန္တရာယ် တစ်ပါး၊ အာပတ်(၇)ပုံ သင့်ရောက်နေသော် ဆိုင်ရာ ဝိနည်းကံဖြင့် မကုစားသေးသမျှ နတ်ရွာ မဂ်ဖိုလ်ကို တားမြစ်၏၊ ကုစားပြီးမှ နတ်ရွာ မဂ်ဖိုလ်ကို မတား။ (ဤသိက္ခာပုဒ်၌ ၅-နံပါတ် အာဏာဝီတိက္ကမန္တရာယ်ကို ယူ။)

(ဆောင်) ကံ ကိလေသ၊ ဝိပါက၊ ဝါဒ တိက္ကမာ။
နတ်ရွာချို့သွား၊ မဂ်ဖိုလ်တား၊ ငါးပါး အန္တရာ။

ဒေသနာကို စွပ်စွဲကဲ့ရဲ့သည်ရှိသော် ဒေသနာရှင် (မြတ်စွာဘုရား)ကိုလည်း စွပ်စွဲကဲ့ရဲ့ရာ ရောက်သည်။ မာ ဘဂဝန္တံ အဗ္ဘာစိက္ခိကို ထောက်ပါ။

ကာမသည် အရိုးတစ်, သားတစ်, မြက်မီးရှူး, မီးကျီးစု, အိပ်မက်, အငှားဥစ္စာ, သစ်သီး, စဉ့်နှီးတုံး, တံကျင်, လှံမ, မြွေဦးခေါင်းတို့နှင့် တူသည်ဟု အနေကပရိယာယ များစွာသော အကြောင်းတို့ဖြင့် ကာမ၏ အပြစ်များကို ဟောကြားထားတော်မူသည်။

အာပတ်သင့်ပုံများ

သုံးကြိမ်တိုင်အောင် ဆိုဆုံးမအပ်သည် ဖြစ်လျက် အယူကို မစွန့်သော ရဟန်းအား ဒုက္ကဋ်၊ မြင်ကုန် ကြားကုန်လျက် မဆိုဆုံးမသော ရဟန်းအားလည်း ဒုက္ကဋ်၊ သီးခြားဆိုလျက် မစွန့်အံ့၊ ဒုက္ကဋ်။ တစ်ဖန် သံဃာ့အလယ်သို့ ခေါ်ငင်၍ မဆိုဆုံးမသူ ရဟန်းအားလည်း ဒုက္ကဋ်၊ ဆိုဆုံးမလျက် အယူကို မစွန့်သေးအံ့ ဒုက္ကဋ်၊ သံဃာ့အလယ်သို့ ခေါ်ငင်၍ ဆိုဆုံးမပါလျက် အယူ မစွန့်သေးမူ တစ်ဖန် ဉတ္တိစတုတ္ထကံ ပြုရမည်။ ဉတ်အဆုံး ကမ္မဝါစာနှစ်ကြိမ် အဆုံး၌ မစွန့်အံ့၊ ဒုက္ကဋ်။ သုံးကြိမ်မြောက် ကမ္မဝါစာ အဆုံး၌ မိစ္ဆာအယူကို မစွန့်အံ့၊ ပါစိတ်အာပတ် သင့်၏၊

ဓမ္မကံ၌ တိကပါစိတ်၊ အဓမ္မကံ၌ တိကဒုက္ကဋ်။ မဆုံးမအပ်သောရဟန်း, အယူမစွန့်သောရဟန်း, ဥမ္မတ္တကရဟန်းတို့အား အာပတ်မသင့်။

၉။ ဥက္ခိတ္တသမ္ဘောဂသိက္ခာပုဒ် အဓိပ္ပာယ်

အရိဋ္ဌရဟန်း ယူအပ်သော မိစ္ဆာအယူမျိုးကို ယူလျှင် ထိုရဟန်းကို ဉတ်ကမ္မဝါစာဖြင့် နှင်ထုတ်ရ၏၊ ထိုနှင်ထုတ်အပ်သော ရဟန်းကို ဥက္ခိတ္တက ရဟန်းဟု ခေါ်၏၊ ထိုရဟန်းနှင့် သိလျက် အာမိသသမ္ဘောဂ, ဓမ္မသမ္ဘောဂ စသည်ကို ပြုလျှင် ဤသိက္ခာပုဒ်အရ ပါစိတ်အာပတ် သင့်၏၊

မပြုအပ်သေးသော ဩသာရဏကံ ရှိသူ

ထိုဥက္ခေပနီယကံ အပြုခံရသဖြင့် မာန်မာနကျ၍ ဆိုင်ရာ ကျင့်ဝတ်များကို ကျင့်ပြီးနောက် ထိုကံကို ငြိမ်းပါစေမည့်အကြောင်း တောင်းပန်သောအခါ သံဃာ့ဘောင်သို့ ပြန်၍ သွင်းသော ဩသာရဏကံ ပြုရသည်။ ထိုဩသာရဏကံ မပြုရသေးသော ဥက္ခိတ္တကရဟန်းကို အကတာနုဓမ္မ ဟု ခေါ်သည်။

အနုဓမ္မော (= အနုရူပေါ + ဓမ္မော)၊ အကတော အနုဓမ္မော ယဿာတိ အကတာနုဓမ္မော။ အနုရူပေါ = ဥက္ခေပနီယကံအားလျော်သော။ ဓမ္မော = ဩသာရဏကံဟူသော ဝိနည်းတရားသည်။ အနုဓမ္မော = အနုဓမ္မ မည်၏၊ ယဿ = အကြင်သူ၏၊ အကတော = မပြုအပ်သေးသော အနုဓမ္မောသည်။ အတ္ထိ = ရှိ၏၊ ဣတိ = ထို့ကြောင့်။ အကတာနုဓမ္မော = အကတာနုဓမ္မ မည်၏၊

ဩသာရဏကံ မပြုရသေးသော်လည်း မိစ္ဆာဝါဒကို စွန့်ပြီးပြီဟု သိလျှင် သမ္ဘောဂ စသည်ကို ပြုနိုင်ပြီ၊ ထို့ကြောင့် တံ ဒိဋ္ဌိံ အပ္ပဋိနိသဋ္ဌေန = ထိုအယူကို မစွန့်သေးသူဟု ထပ်၍ ဝိသေသန ကူမ, ပေးရသည်။

သမ္ဘောဂ နှစ်မျိုး

ဆွမ်းစသော အာမိသပစ္စည်းကို (မိမိအား ပေးလျှင်) ခံယူသုံးစွဲခြင်း၊ မိမိက ထိုရဟန်းအား ချီးမြှောက်ပေးကမ်းခြင်းသည် အာမိသသမ္ဘောဂ၊ ပါဠိတော် အဋ္ဌကထာဓမ္မတို့ကို ပို့ချပေးခြင်း, ထိုရဟန်းအထံက သင်ယူခြင်းသည် ဓမ္မသမ္ဘောဂ မည်၏၊ ဆွမ်းအတူစားခြင်း, ပရိတ် အတူရွတ်ခြင်းသည် အာမိသသမ္ဘောဂ မဟုတ်ပါ။

သံဝသေယျ, သဟ ဝါ သေယျ

ဥက္ခိတ္တကရဟန်းနှင့် အတူတကွ ဥပုသ်, ပဝါရဏာစသော ကံအတူ ပြုခြင်းကို သံဝသေယျဟု ဆိုသည်။ အကာရံ ဥပစာပင် ခြားသော်လည်း တစ်ခုတည်းသော အမိုးရှိသော ကျောင်း၌ ဥက္ခိတ္တကရဟန်းနှင့် အတူတကွ အိပ်ခြင်းကို သဟ ဝါ သေယျဟု ဆိုသည်။

အာပတ်သင့်ပုံများ

အာမိသသမ္ဘောဂ၌ တစ်ကြိမ်သော ပယောဂဖြင့် များစွာ ပေးခြင်း, ယူခြင်း ပြုအံ့၊ ပါစိတ် တစ်ချက်၊ ဖြတ်၍ ဖြတ်၍ ပေးခြင်း, ယူခြင်းပြုသော် ပယောဂတိုင်း ပါစိတ်၊ ဓမ္မသမ္ဘောဂ၌ ပဒသောဓမ္မသိက္ခာပုဒ်အတိုင်း ပါစိတ်၊ သံဝါသ၌ ကံပြုအဆုံး ပါစိတ်၊ သဟဝါသေယျ၌ အိပ်ခြင်း ပယောဂတိုင်း ပါစိတ်။

ဥက္ခိတ္တက၌ ဝေမတိက၊ ဒုက္ကဋ်။ အနုက္ခိတ္တက၌ ဒုကဒုက္ကဋ်။ ဥက္ခိတ္တက, အနုက္ခိတ္တက နှစ်ယောက်လုံး၌ အနုက္ခိတ္တကဟု မှတ်ထင်သော ရဟန်းအား အာပတ်မသင့်၊ အယူကို စွန့်ပြီးပြီဟူ၍လည်းကောင်း, သွင်းအပ်ပြီးပြီဟူ၍ လည်းကောင်း အာပတ်မသင့်။

၁၀။ ကဏ္ဋကသိက္ခာပုဒ် အဓိပ္ပာယ်

ကဏ္ဋကသာမဏေကို အကြောင်းပြု၍ ပညတ်တော်မူအပ်သောကြောင့် ကဏ္ဋကသိက္ခာပုဒ်ဟု နာမည် တပ်သည်။ အရိဋ္ဌရဟန်းကဲ့သို့ ကဏ္ဋကသာမဏေမှာလည်း မိစ္ဆာအယူဖြစ်၍ တထာဟံ ဘဂဝတာ ဓမ္မံ စသည်ကို ပြောဆိုသည်၊ ယခုအခါ ဘုရားရှင်ကို စွပ်စွဲသော ထိုသာမဏေမျိုး ပေါ်လာလျှင် သိက္ခာပုဒ်အတိုင်း ဆုံးမရမည်၊ ဆုံးမ၍ ရခဲ့သော် ဆက်လက်၍ ပြောဆိုရမည်မှာ ---

အဇ္ဇတဂ္ဂေ။ ပ။ တေ နတ္ထိ။

ယနေ့ကစ၍ ငါတို့ဘုရားရှင်ကို သင်က ဆရာဟူ၍ မညွှန်ပြနှင့်တော့ “သင်က ဘုရားရှင်ကို စွပ်စွဲထားသောကြောင့် သင်လည်း ဘုရားရှင်၏ တပည့် မဟုတ်နိုင်တော့ပြီ”ဟူလို။ “အခြားသာမဏေများမှာ ရဟန်းတော်များနှင့်အတူ ၃-ညဉ့် အိပ်ခွင့်ရကြသေး၏၊ သင့်မှာ ထိုအိပ်ခွင့်မျိုး မရတော့ပြီ၊ သင်နှင့် အတူတကွ တစ်မိုးတည်းသော ကျောင်း၌ အိပ်သော ရဟန်းမှာ အာပတ် သင့်မည်” ဟူလို၊ “သင်သည် ငါတို့၏ မမြင်ကွယ်ရာ တော်ရာချောင်ကြားအရပ်သို့ သွား၍ ပျက်စီးလေတော့”ဟု ပြောဆိုရမည်။

နာသန = ဖျက်ဆီးမှု ၃-မျိုး

တထာနာသိတ-အရ ဖျက်ဆီးမှုဟူရာ၌ အရိဋ္ဌရဟန်းကို ဖျက်ဆီးသလို အပေါင်းအသင်း မလုပ်ရအောင် ဖျက်ဆီးခြင်းဟူသော သံဝါသနာသန၊ အသွင်ကိုဖျက် လူထွက်စေခြင်းဟူသော လိင်္ဂနာသန (မေတ္တိယဘိက္ခုနီမကို ဖျက်ဆီးကြ လူထွက်ပစေ) ဟူသကဲ့သို့တည်း။

“ငါ့ရှင် သာမဏေ ...ယနေ့မှစ၍ မြတ်စွာဘုရားကို သင့်ဆရာဟူ၍ မညွှန်ကြားနှင့်တော့” ဤသို့ အပြစ်ဒဏ် ပေး၍ ဖျက်ဆီးခြင်းဟူသော ဒဏ္ဍကမ္မနာသနဟု မှတ်၊ ထို ၃-ပါးတို့တွင် ဤသိက္ခာပုဒ်၌ ဒဏ္ဍကမ္မနာသနကို ယူရမည်။

(ဆောင်) သံဝါ, လိင်္ဂ၊ ဒဏ်ကမ္မ၊ သုံးဝ နာသနာ၊
ဒဏ္ဍကမ္မ၊ နာသန၊ ယူရ ဤသိက္ခာ။ (မေဒိနီ၊၃၉၇။)

အာပတ်သင့်ပုံ

သပိတ်ပေးမည်၊ သင်္ကန်းပေးမည်၊ စာချပေးမည် စသည်ဖြင့် ပြောဆို၍ ထိုနှင်ဒဏ်ပေးထားသော သာမဏေကို သွေးဆောင်ခေါ်ယူလျှင် ဥပလာပေယျ၊ သာမဏေ၏ ရေချိုးကသယ်မှုန့်, မြေမှုန့်စသည်ကို သာယာလျက် အလုပ်အကျွေးခံယူလျှင် ဥပဋ္ဌာပေယျ၊ ထိုသာမဏေနှင့် အာမိသသမ္ဘောဂ ဓမ္မသမ္ဘောဂပြုလျှင် သံဘုေဉ္ဇယျ၊ အမိုးတူသော ကျောင်း၌ တစ်ညဉ့်မျှဖြစ်စေ အတူအိပ်လျှင် သဟ ဝါ သေယျံ ကပ္ပေယျ ဖြစ်၍ ထိုရဟန်းမှာ ကဏ္ဋက ပါစိတ် သင့်၏၊

(၈) သဟဓမ္မိကဝဂ် သိက္ခာပုဒ် (၁၂) ပါး အကျဉ်း

၁။ သီတင်းသုံးဖော်တို့၏ ဥစ္စာဖြစ်သော သိက္ခာပုဒ်ဖြင့် ဆိုဆုံးမအပ်သော် ငါ့ရှင်တို့ အရှင်တို့မှတစ်ပါးသော ထက်မြက်သော ဝိနည်းဓိုရ်ဖြစ်သော ရဟန်းကို မမေးရသေးမီ တပည့်တော်သည် ဤသိက္ခာပုဒ်၌ ကျင့်လိမ့်ဦး မည် မဟုတ်၊ ဤသို့ ပြောဆိုခြင်းကြောင့် သဟဓမ္မိကပါစိတ် သင့်၏၊ ရဟန်းတို့.. သိက္ခာပုဒ်ကို ကျင့်လိုသော ရဟန်းသည် မသိ, သိအောင် ပြုရာ၏၊ မသိလျှင်လည်း မေးမြန်းရာ၏၊ မေးမြန်းပြီးနောက်လည်း အခေါက်ခေါက်အခါအခါ ကြံစည်ရာ၏၊ ဤသိအောင် ပြုခြင်း မေးမြန်းခြင်း ကြံစည်ခြင်းသည် ထိုသိက္ခာပုဒ်ကို ကျင့်လိုရာ၌ လောကုတ္တရာ အားလျော်သော ကျင့်ဝတ်တည်း။

၂။ ရဟန်းသည် ပါတိမောက်ကို မြွက်ဆိုရွတ်အံပြန်နေသည်ရှိသော် ရွတ်ဆို ရွတ်ပြအပ်ကုန်သော၊ ငယ်ကုန်, သာ၍ငယ်ကုန်သော ဤသိက္ခာပုဒ်တို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ကုက္ကုစ္စအကျိုးငှာလည်းကောင်း, ပင်ပန်းခြင်းငှာ လည်းကောင်း, စိတ်ကို ရေးခြစ်သကဲ့သို့ဖြစ်သော ဝိစိကိစ္ဆာအကျိုးငှာလည်းကောင်း ဖြစ်ကုန်၏ဟု ပြောဆိုအံ့၊ ဤသို့ သိက္ခာပုဒ်ကို ကဲ့ရဲ့ခြင်းကြောင့် ဝိလေခနပါစိတ်။

၃။ အစဉ်အားဖြင့် လခွဲတိုင်း (ဝါ) လခွဲတိုင်း လခွဲတိုင်း၌ ပါတိမောက်ကို (ဥပုသ်ပြုသော အခါ) ရွတ်အပ်ပြအပ်သော် တပည့်တော်သည် ယခုမှ သာ သိရ၏၊ ဤသိက္ခာပုဒ် တရားတော်သည်လည်း ပါတိမောက် ပါဠိတော်၌ လာသည်၊ ပါတိမောက်ပါဠိတော်၌ အကျုံးဝင်သည်၊ လခွဲတိုင်း ရွတ်ပြအပ်သည်အဖြစ်သို့ ရောက်သကဲ့သို့ (ဝါ) ရောက် ဆိုပါတကား၊ ဤသို့ ပြောဆို အံ့၊ ထိုပြောဆိုသော ရဟန်းကို တစ်ပါးသော ရဟန်းတို့ သည် နှစ်ကြိမ်သုံးကြိမ် ပါတိမောက်ရွတ်ပြအပ်စဉ် ဤရဟန်းသည် ဥပုသ်ပြုသံဃာတွင် ပါဝင် နေထိုင်အပ်ဖူးသည်ကို အကယ်၍ သိကုန် အံ့။ နှစ်ကြိမ် သုံးကြိမ်ထက် အလွန် ပါဝင်ဖူးမူကား ဘာပြောဖွယ် ရှိတော့အံ့နည်း၊ ထို ရဟန်း၏ မသိဟန်ဆောင်ခြင်းကြောင့် အာပတ်မှ လွတ်ခြင်းသည် မရှိ၊ သိက္ခာပုဒ် လွန်ကျူး၍ ရှေးတုန်းက သင့်ခဲ့သော အပြစ်အာပတ်တွေကို ဓမ္မကံ ဝိနည်းကံ အားလျော်စွာ ပြုစေထိုက်၏ (ဝါ) ကုစားစေထိုက်၏၊ ယထာဓမ္မကရဏထက် တိုးတက်၍လည်း ထိုရဟန်းအပေါ်သို့ မောဟကံသို့ တင်ထိုက်၏၊

ငါ့ရှင် သင်သည် ပါတိမောက်ကို ရွတ်အပ်ပြအပ်စဉ် ကောင်းမွန်စွာ အကျိုးရှိသည်ကို ပြု၍ နှလုံးမသွင်း။ သင်သည် ဒိဋ္ဌဓမ္မိက, သမ္ပရာယိက လာဘ်တို့ကို မရအပ်ကုန်လေစွ။ သင်သည် လူ့အဖြစ်ကို မကောင်းသဖြင့် ရအပ်လေစွ (ဝါ) အရမတော်လေစွ။ ဤသို့ ကဲ့ရဲ့ပြီး၍ မောဟကံ သို့ တင်ထိုက်၏၊ (မောဟကံသို့ ဉတ္တိကမ္မဝါစာဖြင့် တင်ရသည်၊၊) မောဟကံသို့ တင်ပြီးသည်ရှိသော် ထို မသိဟန်ဆောင်သော ရဟန်း၌ ဤ မောဟနပါစိတ်အာပတ် သင့်၏၊

၄။ အခြားရဟန်းအား စိတ်ဆိုးသည်, မိမိစိတ် မရှိသည်ဖြစ်၍ ပုတ်ခတ်ခြင်း ကြောင့် ပဟာရပါစိတ်။

၅။ အခြားရဟန်း၏ အပေါ်၌ စိတ်ဆိုးသည် မိမိစိတ် မရှိသည် (ဝါ) စိတ်နှလုံး မသာယာသည်ဖြစ်၍ လှံ၏အလား လက်ဝါးပြင်ကို မြှောက်မိုးခြင်း ကြောင့် တလသတ္တိကပါစိတ်။

၆။ ရဟန်းကို အမူလက သံဃာဒိသေသ်အာပတ်ဖြင့် စွပ်စွဲခြင်းကြောင့် အမူလကပါစိတ်။

၇။ ရဟန်းအား သညာနှင့်တကွ စေ့ဆော်၍ ထိုရဟန်း၏ တမုဟုတ်မျှလည်း မချမ်းသာမှုသည် ဖြစ်လတ္တံ့။ ဤသို့ရည်ရွယ်၍ ဤစိတ်မချမ်း သာခြင်းကိုသာလျှင် အကြောင်းပြု၍ အခြားအကြောင်းမရှိဘဲ ကုက္ကုစ္စ ကို ဖြစ်စေခြင်းကြောင့် သဉ္စိစ္စပါစိတ်၊ (ဝါ) ကုက္ကုစ္စုပ္ပါဒနပါစိတ်။

၈။ ဖြစ်သော မိမိတို့ဘက်တွင် တိုင်ပင်ခြင်းရှိကုန်သော, ဖြစ်သော ခိုက်ရန်ရှိကုန်သော, ငြင်းခုံခြင်းသို့ ရောက်ကုန်သော ရဟန်းတို့၏ တိုင်ပင် သံ၏ အနီး၌ (ဝါ) တိုင်ပင်သံကို ကြားလောက်ရာအရပ်၌ ဤရဟန်းတို့ ပြောဆို တိုင်ပင်ကြသော စကားကို နားထောင်မည်ဟု ကြံ၍ နားထောင် ခြင်းကိုသာလျှင် အကြောင်းပြု၍ အခြားအကြောင်း မရှိဘဲ ရပ်တည်၍ နေခြင်းကြောင့် ဥပဿုတိပါစိတ်။

၉။ တရားသဖြင့် ပြုအပ်ကုန်သော (ဝါ) ဟုတ်မှန်သော သဘောရှိကုန်သော လေးပါးသော ကံတို့အား ဆန္ဒကို ပေးပြီး၍ နောက်၌ ရှုတ်ချခြင်း သဘောသို့ ရောက်ခြင်းကြောင့် ကမ္မပတိဗာဟနပါစိတ်။

၁၀။ သံဃာ၌ အဆုံးအဖြတ်စကားသည် ဖြစ်နေစဉ် ဆန္ဒကို မပေးဘဲ နေရာမှ ထ၍ ဖဲသွားခြင်းကြောင့် ဆန္ဒံ အဒတွာ ဂမနပါစိတ်။

၁၁။ အညီအညွတ်ဖြစ်သော သံဃာနှင့်တကွ သမုတိရသော ရဟန်းအား ဝိကပ္ပနာလောက်သော သင်္ကန်းကို ပေးပြီး၍ နောက်၌ သံဃိကလာဘ်ကို ရဟန်းတို့သည် မိတ်ဆွေဖြစ်သော ချီးမွမ်းအပ်သော ရဟန်းအား ပေးသဖြင့် ညွှတ်စေကုန်ဘိ၏၊ ဤသို့ ရှုတ်ချခြင်းသဘောသို့ ရောက်ခြင်း ကြောင့် ဒုဗ္ဗလပါစိတ်။

၁၂။ သံဃာသို့ ညွတ်ထားပြီးဟု သိလျက် သံဃိကလာဘ်ကို ပုဂ္ဂိုလ်သို့ ညွတ် စေခြင်းကြောင့် ပရိဏာမနပါစိတ်အာပတ် သင့်၏၊

၁။ သဟဓမ္မိကသိက္ခာပုဒ် အဓိပ္ပာယ်

အနာဒရိယ သိက္ခာပုဒ်၌ ဝိနည်းပညတ်တော်ဓမ္မကို မလေးစား ဂရုမစိုက် လုပ်လျှင် အာပတ်ဟု ပညတ်ခဲ့ပြီ။ ဤသိက္ခာပုဒ်၌ကား သီတင်းသုံးဖော် ရဟန်းများက ဝိနည်းသိက္ခာပုဒ်ဖြင့် ဤကဲ့သို့ မလုပ်သင့်ကြောင်းကို ပြောဆို ဆုံးမသောအခါ ဤသိက္ခာပုဒ်ကို မကျင့်နိုင်ဘူးဟု တိုက်ရိုက် ပြောဆိုလိုက် လျှင် အနာဒရိယသိက္ခာပုဒ်အရ ပါစိတ်အာပတ်ကို ကြောက်သောကြောင့် တိုက်ရိုက် မငြင်းဆန်ဝံ့ဘဲ “ဤသိက္ခာပုဒ်၌ ဤကဲ့သို့ ကျင့်ရမည်မှာ အမှန်ပင် ဖြစ်ပါသလား”ဟု ထင်ရှားသော အခြားဝိနည်းဓိုရ်ကို မေးဦးမည်။ ထိုကဲ့သို့ မေးမြန်း စုံစမ်းနေခိုက်မှာဖြင့် ဤသိက္ခာပုဒ်ကို မကျင့်နိုင်သေးဟု သွယ်ဝိုက်၍ ငြင်းဆန်သည်။ ထိုကဲ့သို့ ငြင်းဆန်လျှင်လည်း ပါစိတ်အာပတ်ပင် ဖြစ်သည်။

လောကုတ္တရာတရားအား လျော်သော အကျင့်

ရဟန်းဆိုတာ ကျင့်လိုစိတ် ရှိလျက် သိက္ခာပုဒ်ဆိုင်ရာဝယ် မသိ သိအောင် ပြုရမည်။ သိအောင်ပြုလျက် မသိလျှင်လည်း ဤပါဠိက ဘာကို ဆိုလိုပါသနည်း ဤပါဠိ၏ အနက်ကား ဘယ်လိုပါနည်း စသည်ဖြင့် မေးရမည်။ မေးပြီးနောက်လည်း အခေါက်ခေါက်အခါခါ ကြံစည်ရ နှိုင်းချိန်ရမည်။ ဤသို့ သိအောင် ပြုမှု, မေးမြန်းမှု, နှိုင်းချိန်မှုကို ပြုရခြင်းသည် လောကုတ္တရာတရားအား ကောင်းမြတ်သောအကျင့် ဖြစ်သည်ဟု တိုက်တွန်းသော စကားတို့တည်း။

ဝိနည်းဓိုရ် အာနိသင် (၅) ပါး၊ တစ်နည်း (၁၁) ပါး

ဝိနည်းဓိုရ်ရဟန်းသည် ဝိနည်းပရိယတ်ကို အကြောင်းပြု၍ အကျိုး အာနိသင် (၅)ပါးမှ စ၍ (၁၁)ပါး အထိ ရနိုင်သည်။ ရပုံမှာ ---

၁။ သီလလုံခြုံခြင်း၊ ၂။ ကုက္ကုစ္စနှိပ်စက်သော ရဟန်းတို့၏ ကိုးကွယ် အားထားရာ ဖြစ်ခြင်း၊ ၃။ သံဃာ့အလယ်၌ ရဲရဲရင့်ရင့် ပြောဆိုဝံ့ခြင်း၊ ၄။ မိမိ၏ ရန်သူ, သာသနာ့ရန်သူတို့ကို တရားသဖြင့် နှိပ်နင်း တားမြစ်နိုင်ခြင်း၊ ၅။ သူတော်ကောင်းတရားကို ကျင့်နိုင်ခြင်း၊ ဤငါးပါးသော အကျိုးအာနိသင်များ ရနိုင်၏၊ ထို့ပြင် ဥပုသ်ကို အစိုးရခြင်း တစ်ပါး ထပ်ထည့်လျှင် (၆)ပါး၊ ပဝါရဏာကို အစိုးရခြင်းတစ်ပါး ထပ်ထည့်လျှင် (၇)ပါး၊ အပလောကနကံ စသော သံဃာ့ကံ (၄)ပါးကို အစိုးရခြင်း တစ်ပါး ထပ်ထည့်လျှင် (၈)ပါး၊ ဥပဇ္ဈာယ်ပြု၍ ရှင်ပြုပေးနိုင်ခြင်း တစ်ပါး ထပ်ထည့်လျှင် (၉)ပါး၊ ဥပဇ္ဈာယ် ပြု၍ ရဟန်းခံပေးနိုင်ခြင်း တစ်ပါး ထပ်ထည့်လျှင် (၁၀)ပါး၊ နိဿယည်း ပေးနိုင်ခြင်းနှင့် သာမဏေတို့၏ အလုပ်အကျွေးခံနိုင်ခြင်းတစ်ပါး ထပ်ထည့်သော် (၁၁)ပါးအထိ ဝိနည်းဓိုရ်အာနိသင် အကျိုးများ ရနိုင်၏၊

(ဆောင်) သီလလုံစွာ၊ အားထားရာ၊ သံဃာလယ်၌ ဆို၊
ရန်သူနှိပ်ထား၊ ကျင့်တရား၊ ကျိုးငါး ဝိနည်းဓိုရ်။
ဥပုသ်ပဝါရဏ၊ ကံ လေးဝ၊ စိုးရ သုံးခုလာ။
ရဟန်းပဇ္ဈာယ်၊ ရှင်ပဇ္ဈာယ်၊ နှစ်သွယ် ထည့်လေပါ။
နိသျည်းပေး၊ လုပ်ကျွေးရှင်များ၊ ပေါင်း တစ်ပါး၊ ခြောက်ပါး သရုပ်လာ။
ခြောက်မှ ဆယ့်တစ်၊ တစ်နှစ်လစ်၊ ဖြစ်၏ နိသံသာ။ (မေဒိနီ၊၄၀၀။)

ဥပသမ္ပန္န၌ တိကပါစိတ်၊ အနုပသမ္ပန္န၌ တိကဒုက္ကဋ်၊ ပညတ်တော် မဟုတ်သော စကားဖြင့် ဆုံးမရာ၌ ဤအတိုင်းဆိုသော ရဟန်းအား ဒုက္ကဋ်၊ သိအောင် ပြုအံ့၊ ကျင့်ကြံပါအံ့ဟုဆိုသော ရဟန်းအား အာပတ်မသင့်။ဥမ္မတ္တက စသည်တို့အားလည်း အာပတ်မသင့်။

၂။ ဝိလေခနသိက္ခာပုဒ် အဓိပ္ပာယ်

ပါတိမောက်ကို တစ်ပါးပါးက ရွတ်ဆိုနေလေသော် ရွတ်ဆိုသံကို ကြားရသော ရဟန်းက “ဤခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်တွေကို ရွတ်ဆိုနေလို့ ဘာလုပ်ဦးမှာလဲ၊ သည်ခုဒ္ဒါနုခုဒ္ဒကသိက္ခာပုဒ်တွေဟာ အလွန့်ကို ကုက္ကုစ္စ, ဝိဟေသ, ဝိလေခ ဖြစ်စေနိုင်သည်” ဤသို့ သိက္ခာပုဒ်ကို ကဲ့ရဲ့လျှင် ပါစိတ်အာပတ်ဟု ပညတ်တော်မူအပ်သော သိက္ခာပုဒ်တည်း။

ဥဒ္ဒိဿမာနေ အရ

ဆရာကိုယ်တိုင် တပည့်အား ရွတ်ဆို၍ (ပို့ချ)နေသည်ဖြစ်စေ၊ တပည့်က တောင်းပန်၍ ရွတ်ဆိုနေသည်ဖြစ်စေ၊ ထိုပါတိမောက်ကို တစ်ပါးပါးက စာပြန် သလို ရွတ်ဆိုနေသည်ဖြစ်စေ၊ ဥပုသ်နေ့ ပါတိမောက်ပြသည့်အခါ ရွတ်ဆိုနေ သည်ဖြစ်စေ၊ ထိုရွတ်ဆိုမှုအားလုံးကိုပင် ဥဒ္ဒိဿမာနေပုဒ်၌ သွင်းယူနိုင်သည်။

ခုဒ္ဒနှင့် အနုခုဒ္ဒက သိက္ခာပုဒ်ခွဲပုံ

ခုဒ္ဒ, အနုခုဒ္ဒက - ငယ်ကုန်, သာ၍ငယ်ကုန်ဟူသည်မှာ ပါရာဇိကသိက္ခာပုဒ်ကို ဖယ်ထား၍ သံဃာဒိသေသ်မှစ၍ အလုံးစုံသော သိက္ခာပုဒ်တို့ကို ပရိယာယ်အားဖြင့် ခုဒ္ဒ, အနုခုဒ္ဒက-ဟု ခွဲယူရမည်။ သံဃာဒိသေသ်ကို ခုဒ္ဒ၊ ထို့အောက်ငယ်သော ထုလ္လစ္စဉ်းစသော သိက္ခာပုဒ်များကား အနုခုဒ္ဒက၊ ထုလ္လစ္စဉ်းသည် ခုဒ္ဒ၊ ထို့အောက်ငယ်သော ပါစိတ်စသော သိက္ခာပုဒ်များကား အနုခုဒ္ဒက၊ ပါစိတ်သည် ခုဒ္ဒ၊ ပါဋိဒေသနီသည် အနုခုဒ္ဒက၊ ပါဋိဒေသနီသည် ခုဒ္ဒ၊ ဒုက္ကဋ်သည် အနုခုဒ္ဒက၊ ဒုက္ကဋ်သည် ခုဒ္ဒ၊ ဒုဗ္ဘာသိသည် အနုခုဒ္ဒက၊ ဤကား ပရိယာယ်အားဖြင့် ထောက်၍ထောက်၍ ယူပုံတည်း။

[ဤ၌ သံဃာဒိသေသ်ကား ခုဒ္ဒသာ, အနုခုဒ္ဒကအမည်မရ။ဒုဗ္ဘာသီကား အနုခုဒ္ဒသာ, ခုဒ္ဒမမည်။ ပါရာဇိကကား ခုဒ္ဒလည်း မမည်, အနုခုဒ္ဒကလည်း မမည်။]

(ဆောင်) ပါ-သံ-ထုလ်-ပါ၊ ပါ-ဒုက်-ဒုဗ်၊ အာပတ် ခုနစ်ပုဒ်။

ကုက္ကုစ္စ, ဝိဟေသ, ဝိလေခ သုံးပုဒ် အထူး

ဤအမှုသည် အပ်လေသလော, မအပ်ဘဲ ရှိလေသလောဟု ကြံစည်၍ စိတ်နှလုံးမသာယာမှုကို ကုက္ကုစ္စခေါ်သည်။ ထိုကဲ့သို့ကြံစည်ခြင်းကြောင့် စိတ်နှလုံးပင်ပန်းမှုကို ဝိဟေသခေါ်သည်။ ယုံမှားသံသယ ဝိစိကိစ္ဆာဖြစ်နေမှုကို မနောဝိလေခ ခေါ်သည်။

အာပတ်အဆုံးအဖြတ်

ဥပသမ္ပန္န၌ တိကပါစိတ်၊ အနုပသမ္ပန္န၌ တိကဒုက္ကဋ်၊ တစ်ပါးသော တရားကို ကဲ့ရဲ့ရာ၌လည်း ဒုက္ကဋ်၊ မကဲ့ရဲ့လိုသဖြင့် သုတ္တန်ဂါထာ အဘိဓမ္မာ တစ်ခုခုသင်ယူပြီးမှ ဝိနည်းကိုသင်ယူရန် တိုက်တွန်းသော ရဟန်း အာပတ် မသင့်၊ ဥမ္မတ္တကစသည် အာပတ်မသင့်။

၃။ မောဟနကသိက္ခာပုဒ် အဓိပ္ပာယ်

အနွဍ္ဎမာသံ (အနု+အဍ္ဎမာသံ)၌ အနု-သဒ္ဒါသည် အစဉ်အတိုင်းဟူ သော အနက်ကို အတွင်းပြု၍ ဝိစ္ဆာအနက်ကို ဟောသည်။ ဥဒ္ဒိဿမာနေ-ကား ရှေ့သိက္ခာပုဒ်ကဲ့သို့ သင်အံပို့ချခြင်းကို မယူရ၊ ဥပုသ်ပြုသည့်အခါ ပါတိမောက်ပြခြင်းကို ယူရမည်၊ မာန-ပစ္စည်း ပစ္စုပ္ပန်ဟောသော်လည်း ပါတိမောက် ပြတုန်း မယူရ၊ ပါတိမောက်ပြပြီးနောက်မှ ပြောဆိုသည်ဟု ယူရမည်၊။အာပတ် ကုစားခြင်း မောဟကံတင်ခြင်းတို့သည် ပါတိမောက်ပြတုန်းဝယ် ပြုဖို့ရန် မလွယ်ကူသောကြောင့်တည်း။

ယခုအကြိမ် မနာမီ ရှေးက လွန်ကျူးခဲ့သော အပြစ်များအတွက် မသိ၍ ပြုခဲ့မိဟန်ဆောင်သော်လည်း အာပတ်မှ မလွတ်၊ ဆိုင်ရာဝိနည်းတရားတော် အတိုင်း ထိုအာပတ်ကို ကုစားရမည်သာ ဖြစ်သည်။

မောဟကံသို့ တင်ရမည်

ဆိုင်ရာအာပတ်ကို ကုစားရုံမက မောဟကံသို့လည်း တိုး၍ တင်ရမည်၊ နောက်ထပ် မောဟကံ ပြုရမည် ဟူလို၊ နှစ်ကြိမ် သုံးကြိမ် ကြားဖူးခြင်းအင်္ဂါ အရ ထိုရဟန်းသည် ရဟန်းဖြစ်ခါစ ဖြစ်၍ ပါတိမောက်အကျယ်ပြသည်ကို နှစ်ကြိမ်သုံးကြိမ် မနာဖူးသေးလျှင် နှစ်ကြိမ်သုံးကြိမ် နာဖူးစေကာမူ အကျဉ်းပြ ခြင်းကိုသာ နာဖူးလျှင် မောဟကံသို့ မတင်ရ၊ လွန်ကျူးမိသော အပြစ်ကိုကား တရားနည်းလမ်း ဝိနည်းလမ်းကြောင်းအတိုင်း ကုစားရမည်သာ ဖြစ်သည်။

၄။ ပဟာရသိက္ခာပုဒ် အဓိပ္ပာယ်

စိတ်ဆိုး၍ ရဟန်းအား ရိုက်နှက်ပုတ်ခတ်လျှင် ပါစိတ်၊ သေစေလိုသော စေတနာ မရှိလျှင် ရိုက်သည့်အတွက် လက်လွန်၍ သေစေကာမူ ပါစိတ်ပင်၊ လူ, သာမဏေတို့အား ရိုက်နှက်ရာ၌ ဒုက္ကဋ်ချည်းသာ၊ သို့ရာတွင် ရန်သူတို့က နှိပ်စက်လာသဖြင့် သူတို့ဘေးမှ လွတ်မြောက်အောင် ကာကွယ်ရာ၌ ရိုက်မိစေ ကာမူ လက်လွန်၍ သေစေကာမူ သေစေလိုသော စေတနာမရှိလျှင် အနာပတ္တိ၊ အာပတ်မသင့်။

၅။ တလသတ္တိကသိက္ခာပုဒ် အဓိပ္ပာယ်

လှံသည် ထိုးဆွစရာ ဖြစ်သကဲ့သို့ လက်ဝါးအပြင်လည်း ရိုက်ပုတ်စရာ ဖြစ်သည်။ လက်ဝါးအပြင်ကို ဥပလက္ခဏနည်း အစိတ်ကို မှတ်၍ ဆိုသည်။ လက်ဝါးဖြင့် သာမက ခြေ, ဒူးစသော ကိုယ်အင်္ဂါအစိတ်များကို တလသတ္တိက အရ ယူရမည်။

အာပတ်သင့်ပုံ

ရိုက်မည်ဟု မကြံဘဲ ခြိမ်းခြောက်သောအားဖြင့် ကြောက်သွားအောင် ရဟန်း၏ အပေါ်၌ လက်ဝါးကြီးတမိုးမိုး လက်သီးတရွယ်ရွယ် ခြေဖြင့်ကန်မည် တရမ်းရမ်း တုတ်ဓား တပြပြလုပ်လျှင် ဤသိက္ခာပုဒ်အရ ပါစိတ်၊ ထိုကဲ့သို့ ခြိမ်းခြောက်ရွယ်မိုးရာ၌ မချိန်ဆနိုင်၍ လက်လွန် (အားလွန်)သွားပြီး ရိုက်မိလျှင် ဒုက္ကဋ်၊ စေတနာ ချွတ်ယွင်းသောကြောင့် ဟူ၏၊

၆။ အမူလကသိက္ခာပုဒ် အဓိပ္ပာယ်

ကိုယ်တိုင်စွပ်စွဲခြင်း သူတစ်ပါးကို စွပ်စွဲစေခြင်းဖြင့် စောဒနာအပ်သော ရဟန်းသည် စောဒနာဆဲခဏ၌ ငါ့ကို ထိုရဟန်း စေဒနာနေပြီဟု သိအံ့၊ စောဒနာစွပ်စွဲသော ရဟန်း ပါစိတ်၊ အောက်အာပတ် အာစာရဝိပတ္တိ, ဒိဋ္ဌိဝိပတ္တိတို့ဖြင့် စောဒနာအံ့၊ ဒုက္ကဋ်။

၇။ သဉ္စိစ္စသိက္ခာပုဒ် အဓိပ္ပာယ်

ငါပြောလိုက်လျှင် သူစိတ်မချမ်းမသာ ဖြစ်လိမ့်မည်ဟု သိသော သညာကို သဉ္စိစ္စ၊ သံ-အရ သညာနှင့်တကွဟု ဆိုသည်၊ “ကိုယ်တော် ရဟန်းခံခဲ့တာ အသက်နှစ်ဆယ် မပြည့်ဘူး ထင်တယ်၊ သိမ်ကလည်း မအောင်ဘူး ထင်တယ်၊ ဆွမ်းဘုဉ်းပေးနေတုန်းက နေလွဲတယ် ထင်တယ်” စသည့်ဖြင့် ပြောလိုက်လျှင် အပြောခံရသော ရဟန်းမှာ ရဟန်းမှ ဖြစ်ပါ့မလား စသည်ဖြင့် ယုံမှားသံသယ ဖြစ်၏၊ ထိုသံသယကိုပင် ဤ၌ ကုက္ကုစ္စဟု ခေါ်သည်။

ယခုလိုပြောလျှင် သူ့မှာ ကုက္ကုစ္စဖြစ်ကာ တစ်ခဏလောက်မျှဖြစ်စေ, စိတ်နှလုံးမချမ်းမသာ ဖြစ်လိမ့်မည်ဟု ရည်ရွယ်ချက် ထားအံ့၊ ဤသို့ ကုက္ကုစ္စ ဖြစ်စေလိုသော ရည်ရွယ်ချက်မှ တစ်ပါး အခြားအကြောင်းမရှိမူ ပါစိတ်။

တကယ်ပင် အသက်မစေ့ဘူးထင်၍ သိမ်မအောင်ဘူးထင်၍နောင်အခါ ထိုရဟန်း၌ သံသယဖြစ်မည် စိုးသောကြောင့် အကျိုးလိုလားသော စိတ်ဖြင့် ပြောလျှင်ကား ထိုရဟန်း ကုက္ကုစ္စဖြစ်သော်လည်း ပြောသောရဟန်း အာပတ် မသင့်။

၈။ ဥပဿုတိသိက္ခာပုဒ် အဓိပ္ပာယ်

တစ်ဘက်နှင့် တစ်ဘက် ခိုက်ရန်ဖြစ်နေကြရာဝယ် တခြားတစ်ဘက် ရဟန်းတို့၏ တိုင်ပင်သံကို သက်သက်ကြားလိုသဖြင့် ချောင်း၍ နားထောင်လျှင် ပါစိတ်၊ နားထောင်ဟူရာ၌ သွား၍ နားထောင်ခြင်း သာမက မိမိ နေထိုင်ရာ အနီးသို့ မိမိရှိနေမှန်း မသိ၍ တိုင်ပင်ရန် လာကြလျှင် မိမိရှိနေ ကြောင်းကို သိအောင် အသံပြုရမည်။ အသံမပြုဘဲ နားထောင်နေလျှင်လည်း ပါစိတ်။

ဘဏ္ဍန, ကလဟ, ဝိဝါဒါပန္န

သူတို့က သည်လိုပြောလျှင် ငါတို့က သည်လို ပြောမည်၊ ချေပမည်၊ စသည်ဖြင့် မိမိတို့ ဘက်သားချင်း တိုင်ပင်မှုကို ဘဏ္ဍနဟု ခေါ်သည်။ တစ်ဘက်နှင့်တစ်ဘက် ကိုယ်လက်ဖြင့်ဖြစ်စေ, နှုတ်ဖြင့်ဖြစ်စေ ထိခိုက်၍ ရန်ဖြစ်ခြင်းကို ကလဟဟု ဆိုသည်။ သူ့ဘက်က မှန်သည် ငါ့ဘက်က မှန် သည် စသည်ဖြင့် ဝိဝါဒါဓိကရုဏ်း ဖြစ်လျက် တစ်ဘက်နှင့် တစ်ဘက် ငြင်းကြ ငြင်းကြရင်းပင် အလွန်ဒေါထ၍ ငြင်းခုန်ကြခြင်းကို ဝိဝါဒါပန္နဟု ဆိုသည်။

ဥပဿုတိံ တိဋ္ဌေယျ

သူယတီတိ သုတိ၊ သုတိယာ သမီပံ ဥပသုတိ၊ ကြားအပ်သောအသံ ၏ အနီး-ဟူသည် အသံကို ကြားလောက်ရာ အရပ်တည်း။ ဥပသုတိသည် အဗျယီဘောသမာသ်တည်း။ ထို့ကြောင့် အညသမာ လောပေါ စ သုတ်ဖြင့် သ္မိံဝိဘတ်ကို ချေ၍ ဥပသုတိပုဒ်ရင်း ရှိသည်၊ တတော စေ ဥတ္တရိကဲ့သို့ ဝါစာသိလိဋ္ဌ နိဂ္ဂဟိတ်လာ၍ ဥပဿုတိံဟု လည်းရှိသည်။ နှစ်ပါဌ် မှန်။

စောဒနာရန် ရည်ရွယ်မှ အာပတ်သင့်

တစ်ပါးသော အကြောင်းကြောင့် မဟုတ်ဘဲ စောဒနာမည်ဟူသော ရည်ရွယ်ချက်ဖြင့် ချောင်းနားထောင်အံ့ဟု သွားသော ရဟန်း၊ ခြေလှမ်းတိုင်း ဒုက္ကဋ်၊ မီအောင်လိုက်၍ နားထောင်ရာ နောက်ချန်ရစ်၍ နားထောင်ရာတို့၌ ဒုက္ကဋ်၊ ကြားလောက်ရာ အရပ်၌ ရပ်၍ နားထောင်အံ့ ပါစိတ်။

အာပတ်အဆင့်ဆင့် သင့်ပုံ

ရဟန်း၌ တိကပါစိတ်၊ ရဟန်းမဟုတ်သော သူ၌ တိကဒုက္ကဋ်၊ ဤရဟန်းတို့စကားကို ကြား၍ ရှောင်ကြဉ်အံ့၊ ငြိမ်းစေအံ့၊ မိမိကိုယ်ကို လွတ်စေအံ့ဟု နှလုံးပြု၍ သွားနားထောင်သော ရဟန်းအား အာပတ်မသင့်။

၉။ ကမ္မပတိဗာဟနသိက္ခာပုဒ် အဓိပ္ပာယ်

ကံပြုဖို့ရန် သဘောတူဆန္ဒပေးပြီးနောက် ထိုကံကို ရှုတ်ချပြစ်တင်လျှင် ထိုကံကို တားမြစ်ရာရောက်၍ ကမ္မပတိဗာဟနသိက္ခာပုဒ်ဟု နာမည်တပ်သည်။ ဝိနည်းတရားတော်နှင့် အညီ ပြုအပ်သော ကံများကို ဓမ္မိကကံ (= တရားရှိသော ကံ)ဟု ခေါ်၏၊ ထိုကံများကား အပလောကနကံ စသော ကံလေးပါးတို့တည်း။ ကံလေးပါးအဓိပ္ပာယ်နှင့် သရုပ်တို့ကို နောက်၌ ရေးခဲ့ပြီး။

ကံနှစ်မျိုး

သမ္မုခကရဏီယကံ, အသမ္မုခကရဏီယကံအားဖြင့် ကံနှစ်မျိုး ပြားသေး ၏၊ ထိုတွင် တမန်ဖြင့် ရဟန်းခံသော ကံ, သပိတ်မှောက်ကံ, သပိတ်လှန်ကံ, ဥမ္မတ္တကသမ္မုတိကံ, သေက္ခသမ္မုတိကံ, ဗြဟ္မဒဏ္ဍကံ, ပကာသနိယကံ, အဝန္ဒိယကံ ဤကံရှစ်ပါးကား မျက်ကွယ်ပြုရသော အသမ္မုခကရဏီယကံ မည်၏၊ ကြွင်းသော ကံများကား မျက်မှောက်သာ ပြုရသော သမ္မုခကရဏီယကံတို့ မည်၏၊

မျက်ကွယ်ပြုဟူသည် ကံပြုခံရသောသူ မပါဘဲ (ဝါ) ကံပြုရသူတို့ အဝေးမှာ ရှိနေသော်လည်း ပြုနိုင်သော ကံများ ဖြစ်ကြသည်။ ဤသိက္ခာပုဒ်၌ ဝိနည်း တရားတော်နှင့်အညီ ပြုအပ်သော ဓမ္မိကကံတို့ကို သဘောတူကြောင်း ဆန္ဒပေးထားပြီး၍ နောက်မှ ကဲ့ရဲ့သောကြောင့် ပါစိတ်အာပတ် သင့်သည်။

အာပတ်သင့်ပုံများ

အဓမ္မကံ၌ ဒုကဒုက္ကဋ်၊ ဓမ္မကံ၌လည်း ဝေမတိကဖြစ်အံ့ ဒုက္ကဋ်၊ အဓမ္မကံဟု မှတ်ထင်သော ရဟန်းအား အာပတ်မသင့်၊ အဓမ္မကံဖြင့်လည်းကောင်း, ဝဂ်ဖြင့်လည်းကောင်း ကံမထိုက်သော ရဟန်းအား ကံပြုသည်ကို သိ၍ ကဲ့ရဲ့သောရဟန်း အာပတ်မသင့်၊ ဥမ္မတ္တကစသည်တို့၌လည်း အာပတ်မသင့်။

၁၀။ ဆန္ဒံ အဒတွာ ဂမန သိက္ခာပုဒ်အဓိပ္ပာယ်

သံဃေ-၌ မဇ္ဈေ ဟူသော နောက်ပုဒ် ကျေနေသည်၊ သံဃာ့အလယ် ၌ဟု အနက်ပေးရ၏၊ ဝိနိစ္ဆယကထာ၌ ဆိန္ဒိယတေ ဧတာယာတိ ဆယော၊ နိဟရိတွာ ဆယော နိစ္ဆယော၊ ဝိသေသေန နိစ္ဆယော ဝိနိစ္ဆယော၊ အထူး ထုတ်ဆောင်၍ ဆုံးဖြတ်ကြောင်း စကားရ၏၊ ကထီယတိ ဧတာယာတိ ကထာ၊ ပြောဆိုကြောင်း စကားရ၏၊ ဝိနိစ္ဆယော ဣတိ ကထာ ဝိနိစ္ဆယကထာ၊ အထူးထုတ်ဆောင်၍ ဆုံးဖြတ်ပြောဆိုကြောင်း စကားကိုပင် ရ၏၊

ဝိနိစ္ဆယကထာ ဖြစ်နေဆဲ, ဖြစ်တုန်းဟူသည်

အဓိကရုဏ်း ဆုံးဖြတ်ဖို့ရန် သံဃာစည်းဝေးပြီးနောက် သံဃာ့အလယ်၌ စောဒကဟူသော တရားလိုနှင့် စုဒိဒကဟူသော တရားခံနှစ်ဦးတို့က မိမိ ဆိုလိုရာစကားကို ပြောဆိုကြသောအခါ အနုဝိဇ္ဇကဟူသော မေးစစ်မည့် ဝိနည်းဓိုရ် (တရားသူကြီး)ကို သမုတ်ခြင်း, ဝိနည်းဓိုရ် စစ်ဆေးမေးမြန်းခြင်း ၎င်းနှင့် စပ်သော ကမ္မဝါစာကို ရွတ်ဖတ်ရာဝယ် ကမ္မဝါစာ မပြီးဆုံးသေးခြင်း ဤအတွင်းကို ဝိနိစ္ဆယကထာယ ဝတ္တမာနာယ ဝိနိစ္ဆယစကား ဖြစ်တုန်း ဖြစ်ဆဲဟု ဆိုသည်၊ ဝိနိစ္ဆယကထာ ပြီးပြီဟု မခေါ်ရ။

ဝိနိစ္ဆယကထာ ဖြစ်တုန်းမှာပင် ကံပျက်စေလို၍ ဆန္ဒမပေးဘဲ ထိုင်ရာမှ ထသွားခြင်း ထိုသို့ထသွားသော ရဟန်းအား ဟတ္ထပါသ်မှ လွန်သော် ပါစိတ်အာပတ်သင့်၏၊ ဟတ္ထပါသ်အတွင်း မရှိ၍ ဝဂ်ဖြစ်လျှင် ကံပျက်ရသည်။ ခဏ္ဍသိမ် ဖြစ်၍ သိမ်အပြင်ဘက် ရောက်အောင် သွားလျှင် အာပတ်မသင့်၊ သိမ်အတွင်း၌ ဟတ္ထပါသ် စွန့်နေမှ အာပတ်သင့်သည်။ မဟာသိမ်မှာကား သိမ်ပြင်ဘက်ရောက်အောင် သွားနိုင်ဖို့ ခဲယဉ်း၏၊ ဆန္ဒပေးပြီးမှလည်းကောင်း ရိုးရိုး အကြောင်းရှိ၍လည်းကောင်း သွားလျှင် အာပတ်မသင့်။

အာပတ်သင့်ပုံများ

ဓမ္မကံ၌ ယုံမှားသောရဟန်း ဒုက္ကဋ်၊ အဓမ္မကံ၌ ဒုကဒုက္ကဋ်၊ အဓမ္မကံဟု မှတ်၍ သိ၍ ဖဲသွားသောရဟန်း အာပတ်မသင့်၊ ထို့ပြင် သံဃာငြင်းခုံခြင်း စသည် ဖြစ်လတ္တံ့၊ အဓမ္မကံဖြင့် ဝဂ္ဂဖြင့် ကံပြုလတ္တံ့၊ ကံမထိုက်သူအား ကံပြုလတ္တံ့ဟု သိ၍ ဖဲသွားသောရဟန်း၊ ဂိလာနဖြစ်၍ ကျင်ကြီးစသည် နှိပ်စက်၍ ဖဲသွားသော ရဟန်း၊ ကံမပျက်စေလိုဘဲ တစ်ဖန်ပြန်လာအံ့ဟု ဖဲသွားသော ရဟန်း၊ ဥမ္မတ္တကရဟန်း စသည်တို့အား အာပတ်မသင့်။

အင်္ဂါ (၆) ပါး

၁။ ဝိနိစ္ဆယကထာ ဖြစ်ဆဲဖြစ်ခြင်း၊ ၂။ ဓမ္မကံဖြစ်ခြင်း၊ ၃။ ဓမ္မကံဟု မှတ်ထင်ခြင်း၊ ၄။ တစ်သိမ်တည်း၌ တည်ခြင်း၊ ၅။ ကံပျက်စေလို၍ ဟတ္ထပါသ်ကို စွန့်ခြင်း၊ ၆။ တူသော သံဝါသရှိသူဖြစ်ခြင်း၊ ပေါင်း (၆)ပါးတည်း။

(ဆောင်) ဝိနိစ္ဆယကထာ၊ ဖြစ်ဆဲသာတည်း၊ ကံမှာ ဓမ္မ၊ မှတ်ထင်ကြမှု၊ သိမ်တူ၌ တည်၊ တူညီ သံဝါသ၊ သမဏဖြစ်ပေ၊ ကံပျက်စေလတ်၊ ဟတ္ထပါသ် စွန့်ပြန်၊ ဤခြောက်တန်၊ ဆန္ဒံ အဒတွာတည်း။

၁၁။ ဒုဗ္ဗလသိက္ခာပုဒ် အဓိပ္ပာယ်

ဤသိက္ခာပုဒ်၏ ဝတ္ထုရင်း၌ အရှင်ဒဗ္ဗမှာ ဒုဗ္ဗလစီဝရ-နည်းပါးသော သင်္ကန်းရှိသောကြောင့် ထိုဒုဗ္ဗလကိုယူ၍ ဤသိက္ခာပုဒ်ကို ဒုဗ္ဗလသိက္ခာပုဒ်ဟု နာမည်တပ်သည်။ သမဂ္ဂသံဃာနှင့်အတူ (ထိုသမဂ္ဂသံဃာတွင် မိမိလည်း ပါဝင်၍) သင်္ကန်းပါးရှားသော သံဃာ့ကိစ္စကိုလည်း ဆောင်ရွက်နေသော ရဟန်းအား သဘောတူသင်္ကန်းပေးပြီးနောက် ရှုတ်ချကဲ့ရဲ့လျှင် ပါစိတ်။

သမဂ္ဂသံဃာ, ဝဂ္ဂသံဃာ

သမဂ္ဂသံဃာ-ဟူသည် တူသော ပေါင်းဖော်ခြင်းရှိသော တစ်သိမ်တည်း ၌ တည်သော သံဃာကို ဆိုသည်။ ဝဂ္ဂသံဃာဟူသည် အစုကွဲပြားနေသော တစ်သိမ်တည်း၌တည်သော်လည်း နှစ်တောင့်ထွာ ဟတ္ထပါသ်လွတ်နေသော သံဃာကို ဆိုသည်။

ယထာသန္ထုတံ ပရိဏာမေန္တိ

ဤဝါကျဖြင့် ကဲ့ရဲ့ရှုတ်ချပုံကို ပြသည်၊ သမ္မာ ထဝီယတိ ပသံသီယတိ သန္ထုတော၊ ကောင်းစွာ ချီးမွမ်းအပ်သော မိတ္တ သန္ဒိဋ္ဌ သမ္ဘတ္တ ချစ်ကျွမ်းဝင်သော အတူမြင်ဖူး အတူစားဖူးသော အဆွေခင်ပွန်းကို ရ၏၊ ယော ယော သန္ထုတော ယထာသန္ထုထံ၊ အကြင် အကြင် မိတ္တစသော မိတ်ဆွေအမျိုးမျိုးကို ရ၏၊ သင်္ကန်းမှတစ်ပါး စွန့်ကောင်း တောင်းကောင်းသော ပရိက္ခရာကို သဘောတူ ပေးပြီးမှ နောက်၌ ကဲ့ရဲ့သော ရဟန်းအား ဒုက္ကဋ်။

မဝေဖန်ကောင်းသော ဂရုဘဏ်ပစ္စည်းများ

သံဃိကဖြစ်သော အစုအားဖြင့် ၅-မျိုး၊ အကျယ်အားဖြင့် ၂၅-မျိုးသော ဂရုဘဏ်ပစ္စည်းတို့ကို သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ်တို့အား အရင်းဖြတ်သောအားဖြင့် အပြီးအပိုင် မစွန့်ကောင်း, မပေးကောင်း, မဝေဖန်ကောင်း၊ စွန့်မိ၊ ပေးမိ၊ ဝေဖန်မိသော်လည်း သံဃိကသာ ဖြစ်သည်။ ပေးစွန့် ဝေဖန်၍ မရချေ။ လဲမူကား လဲကောင်းသည်။

(ဆောင်) အာရာမ်, ရာမ်ရာ၊ ယင်းနှစ်ဖြာ၊ မှတ်ပါ ပထမ ဂရုဘဏ်။
ကျောင်းနှင့် ကျောင်းရာ၊ ယင်းနှစ်ဖြာ၊ မှတ်ပါ ဒုတိယ ဂရုဘဏ်။
ညောင်, အင်, အုံး, ဘုံ၊ လေးမျိုးစုံ၊ မှတ်ကုန် တတိယ ရုဘဏ်၊။
ကြေးမျိုး လေးပါး၊ ပဲခွပ်, ဓား, ပေါက်၊ ပုဆိန်, ဆောက်ဟု၊ ဤကိုးခု၊ မှတ်ရှု စတုတ္ထ ဂရုဘဏ်။
မြက်သုံး မြေနှစ်၊ ဝါး, နွယ်, သစ်၊ ရှစ်ဖြစ် ပဉ္စမ ဂရုဘဏ်။

[ကြေးမျိုး ၄-ပါး - ကြေးအိုးကြီး၊ ကြေးအိုးငယ်၊ ကြေးအင်တွဲ၊ ကြေးဖျဉ်း။ မြက်-သုံး၊ မြေ-နှစ် - ဖြူဆံမြက်၊ ပြိတ်မြက်၊ သမန်းမြက်၊ မြေဖြူ၊ မြေနီ၊ (သစ်ဘဏ္ဍာ၊ မြေဘဏ္ဍာ)]

(မှတ်ချက်) ကောင်းသော ကျောင်းတို့ကို စောင့်ရှောက်ခြင်းအကျိုးငှာ မကောင်းသော ကျောင်းတို့ကို စွန့်၍ သုံးဆောင်ခြင်းတို့ကား အပ်ကုန်၏၊ ငါးပါးသော ဂရုဘဏ်တို့တွင် ရှေ့သုံးပါးကား ဂရုဘဏ် မမည်သည် မရှိ၊ နောက်နှစ်ပါးကား မမည်သည် လည်း ရှိ၏၊

အာပတ်အဆင့်ဆင့် သင့်ပုံ

ဓမ္မကံ၌ တိကပါစိတ်၊ သင်္ကန်းမှတစ်ပါး စွန့်ကောင်း ဝေဖန်ကောင်းသော ပရိက္ခရာကို ပေးပြီးမှ ကဲ့ရဲ့သော ရဟန်း ဒုက္ကဋ်၊ ဂရုဘဏ်ပစ္စည်းကိုကား မပေးကောင်း၊ အစိုးတရ ပေးအံ့ ထုလ္လစ္စဉ်း၊ ထေယျစိတ်ဖြင့် ပေးအံ့ ဘဏ္ဍာစားထိုက်၏၊ သမ္မုတိမရသော ရဟန်းအား သင်္ကန်းကိုလည်းကောင်း, တစ်ပါး သော ပရိက္ခရာကိုလည်းကောင်း ပေးပြီးမှ ကဲ့ရဲ့သော ရဟန်းအား ဒုက္ကဋ်၊ အနုပသမ္ပန္န ဒုက္ကဋ်။

ဆန္ဒာဂတိ လိုက်စားခြင်းစသည်ကို မြင်၍ ထိုရဟန်း အားပေးသဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ကဲ့ရဲ့သော ရဟန်း၊ ရသော်လည်း ဖျက်ဆီးလတ္တံ့၊ ကောင်းစွာ မသုံးဆောင်လတ္တံ့ဟု ကဲ့ရဲ့သော ရဟန်း၊ ဥမ္မတ္တကရဟန်း အနာပတ္တိ။

ပရိဏတသိက္ခာပုဒ် မှတ်ချက်

ဤပရိဏတသိက္ခာပုဒ်ကား သုဒ္ဓပါစိတ်၊ နိဿဂ္ဂိ၌ ပြဆိုခဲ့သော ပရိဏာမန သိက္ခာပုဒ်ကား သံဃာ့လာဘ်ကို မိမိအား ညွတ်စေခြင်းကြောင့် နိဿဂ္ဂိ ပါစိတ်၊ ဤသိက္ခာပုဒ်ကား သံဃာလာဘ်ကို တစ်ပါးသော ပုဂ္ဂိုလ်အား ညွတ်စေခြင်းကြောင့် သုဒ္ဓပါစိတ်၊ ဤသို့သာ ထူး၏၊ ကြွင်းအဓိပ္ပာယ်များ ပရိဏာမနသိက္ခာပုဒ်သို့ ပြန်ကြည့်လေ။

(၉) ရတနဝဂ် သိက္ခာပုဒ် ၁၀-ပါး အကျဉ်း

၁။ မင်းဇာတ်ရှိသော ဦးထိပ်၌ ဘိသိက်ရေစင်ဖြင့် သွန်းလောင်းအပ်ပြီးသော (ဝါ) ဘိသိက်ခံပြီးသော မင်း၏ မထွက်လာသေးသော၊ မင်း မထွက်လာ သေးသော မိဖုရားရတနာရှိသော စက်တော်ခန်းဆောင်၌ မဝင်မီ ရှေး၌ မသိစေဘဲ တံခါးခုံကို ကျော်လွန်စေခြင်းကြောင့် အန္တေပုရပါစိတ်။

၂။ ရတနာနှင့် ရတနာအသုံးအဆောင်ကို အာရာမ်အတွင်းနှင့် မိမိ နေထိုင် ရာဌာနအတွင်း အရပ်တို့ကို ကြဉ်ထား၍ ကိုယ်တိုင်ကောက်ယူ သူတစ်ပါးကို အကောက်ခိုင်းခြင်းကြောင့် ရတနပါစိတ်။

[ဥစ္စာရှင်သည် ဆောင်ယူလာလိမ့်မည်ဟု ရည်ရွယ်၍ ရတနာနှင့် ရတနာ အသုံးဆောင်တို့ကို အာရာမ်အတွင်းနှင့် မိမိနေထိုင်ရာ ဌာနအတွင်းအရပ်တို့၌ ကိုယ်တိုင်လည်းကောက်ယူ, သူတစ်ပါးကိုသော်လည်း ကောက်ယူခိုင်း၍ သိမ်းထားရာ၏၊ ဤကောက်ယူသိမ်းခြင်းသည် ထိုရတနာ ရတနသမ္မတကို တွေ့ရာ၌ ကျင့်ရာသော ဝတ်တည်း။]

၃။ အဆောတလျင် ဖြစ်သော ပြုဖွယ်ကိစ္စကို ကြဉ်ထား၍ထင်ရှားရှိသော ရဟန်းကို မပန်ပြောဘဲ နေလွဲအခါ၌ ရွာတွင်းသို့ ဝင်သောကြောင့် ဝိကာလေ ဂါမပ္ပဝိသနပါစိတ်။

၄။ အရိုးဖြင့် ပြုအပ်သော, ဆင်စွယ်ဖြင့် ပြုအပ်သော, ဦးချိုဖြင့် ပြုအပ်သော အပ်ကျည်တောက်ကို ပြုလုပ်ခြင်းကြောင့် ခွဲခြင်းရှေးရှိသော သူစိဃရ ပါစိတ်။

၅။ အသစ်ဖြစ်သော ညောင်စောင်း, အသစ်ဖြစ်သော အင်ပျဉ်ကို ပြုစေလို သော ရဟန်းသည် အောက်ဖြစ်သောဘောင်ကို ကြဉ်ထား၍ ဘုရားရှင်၏ လက်သစ်တော်ဖြင့် လက်ရှစ်သစ် အခြေရှိအောင် ပြုစေနိုင်၏၊ ထို လက်ရှစ်သစ် အခြေထက်လွန်သော ပမာဏကို ဖြတ်ခြင်းရှေးရှိသော မဉ္စပီဋ္ဌဆေဒနကပါစိတ်။

၆။ ညောင်စောင်း, အင်းပျဉ်ကို မြှေးယှက်အပ်သော လဲရှိသည် (ဝါ) လဲပါ သော အခင်းရှိသည်ကို ပြုစေခြင်းကြောင့် လဲကို ထုတ်ခြင်းရှေးရှိသော တူလောနဒ္ဓ ဥဒ္ဓါလနကပါစိတ်။

၇။ နိသီဒိုန်ကို ပြုစေလိုသော ရဟန်းသည် ဘုရားရှင်အထွာတော်ဖြင့် အလျား ၂-ထွာ၊ အနံ ၁-ထွာခွဲ၊ အဆာ ၁-ထွာ ထိုပမာဏကို လွန်စေသော ရဟန်း အား နိသီဒနဆေဒနကပါစိတ်။

၈။ အနာလွှမ်းသင်္ကန်းကို ပြုစေလိုသော ရဟန်းသည် ဘုရားရှင်၏ လက်သန်း အထွာတော်ဖြင့် အလျား ၄-ထွာ၊ အနံ ၂-ထွာ၊ ထိုပမာဏကို လွန်စေသော ရဟန်းအား ကဏ္ဍုပဋိစ္ဆာဒိဆေဒနကပါစိတ်။

၉။ မိုးရေခံသင်္ကန်းကို ပြုစေလိုသော ရဟန်းသည် ဘုရားရှင်၏ လက်သန်း အထွာတော်ဖြင့် အလျား ၆-ထွာ၊ အနံ ၂-ထွာခွဲ၊ ထိုပမာဏကို လွန်စေ သော ရဟန်းအား ဝဿိကသာဋိကဆေဒနကပါစိတ်။

၁၀။ မြတ်စွာဘုရားရှင်၏ သင်္ကန်းတော်ပမာဏရှိသော ထိုထက်လွန်သော သင်္ကန်းကို ပြုစေလိုသော ရဟန်းသည် ဘုရားရှင်၏ လက်သန်းအထွာတော်ဖြင့် အလျား ၉-ထွာ၊ အနံ ၆-ထွာ ပမာဏ ပြုမည်၊ ထိုပမာဏထက် လွန်စေသော ရဟန်းအား နန္ဒထေရဆေဒနကပါစိတ်။

၁။ အန္တေပုရသိက္ခာပုဒ် အဓိပ္ပာယ်

နန်းတော်တွင်းနှင့် စပ်၍ ပညတ်အပ်သောကြောင့် အန္တေပုရသိက္ခာပုဒ်ဟု နာမည်တပ်သည်။ ခတ္တိယဇာတ်ရှိ၍ ဘိသိက်ခံပြီး မင်းနှင့်မိဖုရားရတနာတို့ စက်တော်ခန်းဆောင်မှ မထွက်သေးမီ ရဟန်းက မိမိ ဝင်ရောက်လာမည့်အကြောင်း မသိစေဘဲ (တစ်ယောက်ယောက်ကို သံတော်ဦး အတင်မခိုင်းဘဲ) ရုတ်တရက် ဝင်သွားလျှင် မင်းနှင့် မိဖုရားတို့ ပျော်ပါးခိုက်ကြုံနေက မျက်နှာပျက်စရာဖြစ်သောကြောင့် တံခါးခုံ ကျော်လွန်ဝင်ရောက်သော ရဟန်းမှာ ပါစိတ်အာပတ် သင့်၏၊

နန်းတော်ဝင်ပြစ် (၁၀) ပါး

၁။ မိဖုရားကဖြစ်စေ, ရဟန်းကဖြစ်စေ ပြုံးမိသော် အထင်လွဲခံရတတ်ခြင်း။
၂။ မိဖုရားငယ် ကိုယ်ဝန်တည်သော် အထင်လွဲခံရတတ်ခြင်း။
၃။ ရတနာတစ်ပါးပါး ပျောက်သော် အထင်လွဲခံရတတ်ခြင်း။
၄။ လျှို့ဝှက်အပ်သော သတင်းစကား အပြင်ဘက်ရောက်သွားသော် အထင်လွဲခံရတတ်ခြင်း။
၅။ သားက အဘကို, အဘက သားကို သတ်ရန် လုပ်ကြံသော် အထင်လွဲ ခံရတတ်ခြင်း။
၆။ ဌာနန္တရ ရာထူးနိမ့်သူကို မြှင့်ပေးသော် အထင်လွဲခံရတတ်ခြင်း။
၇။ ရာထူးမြင့်တက်သူကို နှိမ့်ချသော် အထင်လွဲခံရတတ်ခြင်း။
၈။ အခါမဟုတ်သည်၌ စစ်ထွက်ခိုင်းသော် အထင်လွဲခံရတတ်ခြင်း။
၉။ စစ်ထွက်အသွား ခရီးအကြားမှ ပြန်ခေါ်သော် အထင်လွဲခံရတတ်ခြင်း။
၁၀။ ဆင်မြင်းစသည်တို့ဖြင့် ကျဉ်းမြောင်းခြင်း၊ နှစ်သက်ဖွယ် အဆင်းအသံ စသည်များပြားခြင်း။
ဤကား နန်းတော်ဝင် အပြစ် ၁၀-ပါးတည်း။

(ဆောင်) ပြုံး, ကိုယ်ဝန်, ပျောက်၊ သတင်းရောက်, လုပ်ကြံ၊ ဌာနံ နိမ့်တက်၊ စစ်ထွက် ပြန်ခေါ်၊ ကိုးဘော်တင်ခံ၊ ကျဉ်းမြောင်းပြန်၊ ဆယ်တန်နန်းတော်ပြစ်။

အာပတ်အဆင့်ဆင့် သင့်ပုံ

အပ္ပဋိသံဝိဒိတ-၌ တိကပါစိတ်၊ ဒုကဒုက္ကဋ်၊ ပန်ကြား၏ဟု အမှတ်ရှိ သော ရဟန်း၊ မင်းမျိုး မဟုတ်သူ အဘိသိက်မင်းတို့၏ အိပ်ရာတိုက်ခန်းတွင်းသို့ ဝင်သောရဟန်း၊ မင်း, မိဖုရား နှစ်ယောက်စလုံး (သို့မဟုတ်) တစ်ယောက်ယောက် ထွက်ပြီးသော အိပ်ရာတိုက်ခန်းကို ဝင်သောရဟန်း၊ အိပ်ရာတိုက်ခန်း မဟုတ်သည်ကို ဝင်သောရဟန်း၊ ဥမ္မတ္တကရဟန်း စသည် တို့၌ အာပတ်မသင့်။

၂။ ရတနသိက္ခာပုဒ် အဓိပ္ပာယ်

ရွှေ ငွေ ပုလဲစသော ရတနာဆယ်ပါးကို ရတန၌ သွင်းယူ၍ ရတနာ အတုများနှင့် ဝတ်စားတန်ဆာစသော လူတို့အသုံးအဆောင် (စောင် အိပ်ယာလိပ် စသည်)ကို ရတနသမ္မတ၌ သွင်းယူရမည်။

ထိုရတန, ရတနသမ္မတ အသုံးအဆောင်များကို ကျောင်းတိုက်အတွင်း မိမိနေရာဌာန (အဆောင်)အတွင်းမှတစ်ပါး အခြားပြင်ပအရပ်၌ လူတို့ မေ့နေရစ်, ကျနေရစ်ခဲ့သော် ကောက်ယူ၍ သိမ်းမထားရ။ ကောက်ယူသိမ်းထားလျှင် ဤသိက္ခာပုဒ်အရ ပါစိတ်။

အာရာမ်အတွင်း မိမိနေထိုင်ရာဌာန (အဆောင်)အတွင်း ဖြစ်မူကား ကိုယ်တိုင်ဖြစ်စေ, သူတစ်ပါးကို ခိုင်း၍ဖြစ်စေ ကောက်ယူသိမ်းထားပေးရန် ဝတ္တရားရှိ၏၊ ထိုဝတ္တရားပျက်လျှင်ကား ဝတ္တဘေဒ (ဝတ္တရားပျက်ကွက်မှု ကြောင့်) ဒုက္ကဋ်အာပတ်သင့်သေးသည်။

ရတနာ (၁၀) ပါး

ပတ္တမြားနီ, ပတ္တမြားပြောက်, မြ, ပုလဲ, ခရုသင်း, ကျောက်စလင်း, ကြောင်မျက်ရွဲ, သန္တာ, ရွှေ, ငွေ - ပေါင်း (၁၀)ပါးတည်း။

(ဆောင်) နီ ပြောက် မြ လဲ၊ လင်း ရု ရွဲ ရွှေ၊ သန္တာ ငွေ၊ ဆယ်ထွေ ရတနာ။ (မေဒိနီ၊၄၂၂။)

အဇ္ဈာရာမ

အာရာမံ အဓိကိစ္စပဝတ္တတီတိ အဇ္ဈာရာမံ၊ အာရာမ်ကို စွဲ၍ဖြစ်သော အာရာမ်အတွင်းကို ရ၏၊ အကာရှိမူ အကာအထိ အကာမရှိမူ အစွန်ဆုံး ကျောင်းမှ ခဲနှစ်ကျအထိအရပ်ကို အာရာမဟု ခေါ်၏၊ ထိုအာရာမ်အတွင်းရှိ ကျောင်းဆောင်များနှင့် ကျောင်းပရိဝုဏ်များကို အဇ္ဈာရာမဟု ခေါ်၏၊

အဇ္ဈာဝသထ

အာဝသထံ အဓိကိစ္စ ပဝတ္တတီတိ အဇ္ဈာဝသထံ၊ ရွာတွင်းကျောင်းကို စွဲ၍ဖြစ်သော ရွာတွင်း ကျောင်းအတွင်းကို ရ၏၊ မိမိနေရာ အရပ်တည်း။ ထို မိမိနေရာအရပ်ဟူသည် အာရာမ်အတွင်းမှာဖြစ်စေ, အခြားအရပ် (ရွာထဲ တောထဲ)မှာဖြစ်စေ, ခေတ္တဖြစ်စေ, အမြဲဖြစ်စေ မိမိနေခိုက် အိမ်, ကျောင်း ဇရပ်များတည်း။ ထို မိမိနေရာဌာနက အကာအရံရှိလျှင် အတွင်းကို, မရှိလျှင် ကျည်ပွေ့တစ်ကျအတွင်းကို အဇ္ဈာဝသထဟု ခေါ်သည်။

ကောက်သိမ်းထားရာ၌ ရည်ရွယ်ချက်

လူတို့ ကျနေရစ် မေ့ရစ်ရာ၌သာ “ဥစ္စာရှင်တို့ လာယူလိမ့်မည်”ဟု ရည်ရွယ်ချက်ဖြင့် သိမ်းထားခွင့် ရှိသည်။ လူတို့က သိမ်းထားပေးပါဟု ခိုင်းထား၍ ဖြစ်စေ, ကိုယ်တိုင် ဘဏ္ဍာစိုးလုပ်၍ဖြစ်စေ သိမ်းထားလျှင် ပါစိတ်၊ ဘဏ္ဍာစိုးဟူရာ၌လည်း ဝိဿာသဂ္ဂါဟစိတ် ပံ့သုကူအမှတ် ထေယျစိတ်များ မဖြစ်စေမူ၍ ဘဏ္ဍာစိုးသဘောမျိုးဖြင့် သိမ်းထားခြင်းကိုဆိုသည်။

အာပတ်အဆုံးအဖြတ်များ

ရွှေ ငွေ နှစ်ပါးကို မိမိအကျိုးငှာသိမ်းထားအံ့ နိဿဂ္ဂိပါစိတ်၊ သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ်, စေတီ, နဝကမ္မအကျိုးငှာ သိမ်းထားအံ့ ဒုက္ကဋ်၊ ကြွင်းရတနာ ရှစ်ပါးကို အလုံးစုံတို့၏အကျိုးငှာ သိမ်းထားအံ့ ဒုက္ကဋ်၊ အကပ္ပိယ ရွှေ, ငွေ စသော ဝတ္ထုကိုဖြစ်စေ, ကပ္ပိယအဝတ်, စောင် စသည်ကိုဖြစ်စေ အယုတ်ဆုံး မိခင်၏ ဥစ္စာကိုသော်လည်း ဘဏ္ဍာစိုးသဘောမျိုးဖြင့် သိမ်းထားသောရဟန်း ပါစိတ်၊ မိဘတို့၏ အပ်စပ်သော ပစ္စည်းဝတ္ထုကိုကား မိမိဥစ္စာပြု၍ သိမ်းထားကောင်း၏၊ ဤဝတ္ထုကို သိမ်းထားပေးပါဟု ခိုင်းအံ့ မသိမ်းထားကောင်းဟု ပယ်ရမည်။ စိတ်ဆိုးပြီး ချထားသွားအံ့၊ သိမ်းထားကောင်းသည်၊ လုံခြုံရာ နေရာအရပ်ကိုလည်း ညွှန်ပြကောင်းသည်ဟု သိ။

(ဆောင်) ရွှေ, ငွေ နှစ်ပါး၊ သိမ်းဆည်းထား၊ မှတ်သား နိဿဂ္ဂိ။
သံဃ, ဂဏ၊ ပုဂ္ဂ, နဝ၊ စေတိယ၊ သိမ်းက ဒုက္ကဋ်သိ။
အကြွင်းရှစ်ခု၊ သိမ်းထားမှု၊ မှတ်ရှု ဒုက္ကဋ်သိ။
ဘဏ္ဍာစိုးပြု၊ သိမ်းထားမှု၊ မှတ်ရှု ပါစိတ်သိ။

အာပတ်အဆင့်ဆင့်သင့်ပုံ

ခွင့်ပြုအပ်သော အရပ်၌ မရိုသေသဖြင့် ကောက်ယူမထားသော ရဟန်းအား ဒုက္ကဋ်၊ ခွင့်ပြုအပ်သော အရပ်၌ ကောက်ယူသိမ်းထားသောရဟန်း အာပတ်မသင့်၊ သုံးသပ်ကောင်းသော ရတနသမ္မကို အကျွမ်းဝင်၍လည်းကောင်း၊ တာဝကာလိကလည်းကောင်း၊ ပံ့သုကူအမှတ်ဖြင့်လည်း ကောက်ယူသောရဟန်း အာပတ်မသင့်၊ သီတင်းသုံးဖော် ငါးဦးတို့ ဥစ္စာဖြစ်မူ အာပတ် မသင့်။

၃။ ဝိကာလေ ဂါမပဝေသနသိက္ခာပုဒ် အဓိပ္ပာယ်

အစ္စာယိက ကရဏီယ-အရ အဆောတလျင် (ရုတ်တရက်) ဖြစ်ပေါ်လာ သော ကိစ္စဟူသည် ခိုးသူဘေး, မီးဘေးစသော ဘေးရန်အန္တရာယ် ဖြစ်ပေါ်လာခြင်းတည်း။ ထိုကဲ့သို့ အန္တရာယ် မရှိလျှင် ထင်ရှားရှိသော ရဟန်းကို မတိုင်ကြားဘဲ မွန်းတည့်ပြီးနောက် နေလွဲသောအခါ ရွာတွင်းသို့ဝင်လျှင် ပါစိတ်၊ အန္တရာယ်ရှိလျှင်ကား ဝင်ကောင်း၏၊

ပန်ပြောပုံ

ထင်ရှားရှိသော ရဟန်းထံ “အဟံ ဘန္တေ (အာဝုသော) ဝိကာလေ ဂါမပ္ပဝိသနံ အာပုစ္ဆာမိ”ဟု ပါဠိလို ဖြစ်စေ၊ “အရှင်ဘုရား တပည့်တော်သည် နေလွဲသောအခါ ရွာတွင်းဝင်ခြင်းကို ပန်ပြောပါ၏”ဟု မြန်မာလို ဖြစ်စေ၊ “ရွာတွင်း ဝင်မလို့ပါ၊ ရွာတွင်း (မြို့တွင်း) သွားပါရစေ” စသည်ဖြင့် ပန်ပြော တိုင်ကြား လျှောက်ထား၍ သွားရမည်။

ရဟန်းနှစ်ပါး မြို့တွင်း ရွာတွင်းသို့ အတူဝင်လိုရာ၌ အချင်းချင်း အပြန်အလှန် ပန်ပြောနိုင်၏၊ အများရဟန်းများ ဝင်ရာ၌လည်း နီးရာရဟန်းအား ပန်ပြောနိုင်သည်။ မြို့ရွာတွင်းရှိ ကျောင်းတိုက်များသို့ သွားလိုရာ၌ကား ပန်ပြောဖွယ် မလိုရုံသာမက ခါးပန်းကြိုးမဖွဲ့, သင်္ကန်းမရုံဘဲပင် သွားနိုင်သည်ဟု ဆိုကြ၏၊ သို့ရာတွင် ရွာတွင်းက ဖြတ်သွားရမည်ဆိုလျှင် သင်္ကန်းရုံ, ခါးပန်းဖွဲ့၍ သွားခြင်းက ပို၍ ကြည်ညိုဖွယ်အသွင်ကို ဆောင်မည်ဖြစ်ပါသည်။

ထိုရွာ၌ ကိစ္စမပြီးမူ၍ ရွာတစ်ပါးသို့ ထပ်သွားဦးအံ့ ဟူသော လုံ့လဖြင့် သွားသော် တစ်ဖန် ပန်ကြားဖွယ် ကိစ္စမရှိ၊ လုံ့လငြိမ်းပြီးမှ တစ်ဖန်သွားဖို့အကြောင်းပေါ်မူ ထပ်မံ ပန်ကြားအပ်၏၊ ရွာသို့ဝင်ခြင်း လုံ့လဥဿာဟ ငြိမ်းပြီး၍ ကျောင်းသို့ ပြန်သွားကုန်သော ရဟန်းတို့သည် လမ်းခရီးအကြား၌ ရွာတစ်ခုသို့ ဝင်လိုသော အကြောင်းပေါ်၍ ဝင်လိုကုန်အံ့၊ ပန်ကြားရဦးမည်။

အိမ်၌ဖြစ်စေ, ဆွမ်းစားဇရပ်၌ ဖြစ်စေ, ဆွမ်းစားပြီး၍ ဆီအလို့ငှာ ဖြစ်စေ, ထောပတ်အလို့ငှာဖြစ်စေ ရွာတွင်းသို့ ဝင်လိုသော ရဟန်းသည် အနီး၌ ရဟန်းရှိအံ့ ပန်ကြားရမည်။ ရဟန်းမရှိအံ့ မရှိဟု အာဘောဂ (နှလုံးသွင်း) ထားပြီး သွားကောင်းသည်။ လမ်းမသို့ ရောက်မှ ရဟန်းကို မြင်သော်လည်း ပန်ကြားရန် မလို။ ရွာလမ်းခရီးဖြင့် သွားသော ရဟန်းသည် ဆီစသည်အလို့ငှာ အိမ်သို့ သွားလိုသောစိတ် ဖြစ်အံ့။ အနီးရှိရဟန်းကို ပန်ကြားသွားရမည်။ လမ်းအတိုင်း သွားအံ့ ပန်ကြားရန် မလိုဟု မှတ်။

အာပတ်သင့်ပုံများ

ဝိကာလ၌ တိကပါစိတ်၊ ကာလ၌ ဒုကဒုက္ကဋ်၊ ကာလ၌ ကာလဟု အမှတ်ရှိသော ရဟန်းအား အာပတ်မသင့်။ အဆောတလျင်ကိစ္စကြောင့် သွားသောရဟန်း, ထင်ရှားရှိသော ရဟန်းကို ပန်ကြားရန် ရဟန်းမရှိဟု မပန်ကြားဘဲ ရွာတွင်းသို့ ဝင်သောရဟန်း၊ ရွာတွင်းကျောင်း ဘိက္ခုနီမကျောင်း တိတ္ထိကျောင်း ဆွမ်းစားဇရပ်သို့ သွားသောရဟန်း၊ ရွာလယ်ခရီးဖြင့် သွားသော ရဟန်း၊ ဘေးရန်တို့ကြောင့် ဝင်သောရဟန်း၊ ဥမ္မတ္တကစသည်တို့အား အာပတ် မသင့်။

၄။ သူစိဃရသိက္ခာပုဒ် အဓိပ္ပာယ်

ဒေသနာမကြားမီ အပ်ကျည်ကို ခွဲပစ်ရမည်ဖြစ်သောကြောင့် ခွဲခြင်းရှေးရှိသော ပါစိတ်အာပတ်ဟု ဆို၏၊ နွားရိုး, ကျွဲရိုးစသော အရိုးအမျိုးမျိုး ဆင်စွယ် သားချိုတစ်ခုခုဖြင့် အပ်ကျည်ပြုလုပ်အံ့ ပြုလုပ်ခိုင်းအံ့ ဒုက္ကဋ်၊ ပြီးသော် ပြီး၍ ရသော် ဘေဒနကပါစိတ် ဟူ၏၊

စတုက္ကပါစိတ်ဖြစ်ပုံ

၁။ မိမိပြု၍ မပြီးသေးသော အပ်ကျည်ကို ကိုယ်တိုင်ပြု၍ ပြီးစေသော ရဟန်း ပါစိတ်။
၂။ မိမိ ပြု၍ မပြီးသေးသော အပ်ကျည်ကို သူတစ်ပါးကို ဆက်လက်ပြီးစေ၍ ရသောရဟန်း ပါစိတ်။
၃။ သူတစ်ပါးပြု၍ မပြီးသေးသော အပ်ကျည်ကို ကိုယ်တိုင်ပြီးစေ၍ ရသော ရဟန်း ပါစိတ်။
၄။ သူတစ်ပါးပြု၍ မပြီးသေးသော အပ်ကျည်ကို သူတစ်ပါးကို ဆက်လက်ပြီးစေ၍ ရသောရဟန်းအား ပါစိတ်၊

ဤသို့ လေးချက်ခွဲ၍ စတုက္ကပါစိတ်ဟု မှတ်ပါ။ နိဿဂ္ဂိပါစိတ်လာ အခင်းတို့၌လည်း ထို့အတူ စတုက္ကပါစိတ်လေးချက် ခွဲနိုင်သည်ကို မှတ်ပါလေ။

သူတစ်ပါးအကျိုးငှာ ကိုယ်တိုင်ပြုခြင်း, သူတစ်ပါးကို ပြုစေခြင်းတို့ကြောင့် ဒုက္ကဋ်၊ အနားပတ်သီး, ပွတ်နှိပ်လေး, ခါးပန်းသီး, မျက်စဉ်းကျည်, မျက်စဉ်းတံ, ပဲခွပ်ရိုး, ရေသုတ်တို့ကို ပြုသောရဟန်းအား အာပတ်မသင့်။

၅။ မဉ္စပီဌသိက္ခာပုဒ် အဓိပ္ပာယ်

မဉ္စ, ပီဌတို့ကို ကိုယ်တိုင်ဖြစ်စေ, ခိုင်း၍ဖြစ်စေ အသစ်ပြုစေလိုလျှင် ဘုရားရှင်၏ လက်သစ်တော်ဖြင့် ရှစ်လက်သစ် (လက်မအားဖြင့် ကိုးလက်မ၊ လူတို့အထွာအားဖြင့် တစ်ထွာခန့်ရှိကြောင်း ကုဋိကာရသိက္ခာပုဒ်စသည်၌ ဆိုခဲ့ပြီ၊) အလွန်ဆုံး အခြေ ရှိစေရမည်။ ထိုထက်ရှည်လျှင်ကား ဆေဒနက ပါစိတ်၊ ခြေထောက်၏ ပိုသော ပမာဏကို ဖြတ်ပြီးမှ အာပတ်ကို ဒေသနာ ပြောရမည်။

အခြေကို တိုင်းတာရာ၌ကား ဘောင်ဟု ခေါ်သော အပေါင်ထဲ ဝင်နေသော အခြေကို တိုင်းရန် မလို၊ အပေါင်မှ ထွက်လာသော အခြေကိုသာ တိုင်းရမည်။ သူတစ်ပါးထံမှ အခြေရှည် ညောင်စောင်းကို ရလျှင် ဖြတ်၍ (သို့မဟုတ်) အပိုကို မြေတွင် မြှုပ်၍ သုံးစွဲရမည်။

၆။ တူလောနဒ္ဓသိက္ခာပုဒ် အဓိပ္ပာယ်

ညောင်စောင်း ကုတင်ကိုဖြစ်စေ, အင်းပျဉ် ထိုင်ခုံကိုဖြစ်စေ အပေါ်၌ လဲအဆာသွတ်သော အခင်းရှိသော အခင်းရှိအောင် ကိုယ်တိုင်ပြုပြု, သူတစ်ပါးကို ခိုင်း၍ ရရ၊ လဲအဆာကို ထုတ်ပြီးနောက် ဒေသနာပြောရသော ဥဒ္ဓါလနကပါစိတ်၊ ဆိုလိုရင်းမှာ ညောင်စောင်း အင်ပျဉ်ပေါ်၌ လဲအဆာ သွတ်ထားသော ဖုံမွေ့ရာများကို မခင်းရဟု မိန့်တော်မူလိုသည်။

လဲ (၃) မျိုး

၁။ လက်ပံပင်စသော သစ်ပင်မှ ဖြစ်သော သစ်ပင်လဲ၊
၂။ နွယ်ပင်မှ ဖြစ်သော နွယ်လဲ၊
၃။ ရှင်မွေးလွန်းစသော မြက်မျိုးမှ ဖြစ်သော မြက်လဲ၊

ဤသို့ ရုက္ခတူလ, လတာတူလ, ပေါဋကီတူလဟု တူလ (= လဲ)သုံးမျိုး ရှိ၏၊ ဝါဂွမ်းမှို့များလည်း ရုက္ခတူလ၌ သွင်းယူရမည်။

(ဆောင်) ရုက္ခ လတာ၊ ပေါဋကာ၊ တူလာ သုံးမျိုးရှိ။
သစ်ပင်, မြက်, နွယ်၊ လဲ သုံးသွယ်၊ မှတ်ဖွယ် ကျန်းဂန်ရှိ။

လဲ, မှို့သွတ်ထားသော အခင်းများကို ဂိလာန မဟုတ်လျှင် မအိပ် မထိုင်ကောင်း၊ အနာပေါက်ခြင်းစသော မကျန်းမာမှုကြောင့် ရိုးရိုးအခင်းပေါ်၌ မထိုင်နိုင် မအိပ်နိုင်သော ဂိလာနတို့ကား ထိုလဲမှို့အခင်းများနှင့် ခေါင်းအုံးများကို ခင်း၍ အိပ်ကောင်း၏၊

ဝိနည်းဓိုရ်ပုဂ္ဂိုလ်များကားခေါင်းအုံးများကို လက်ထောက်ခြင်း ရင်ဘတ်အောက်၌ထားခြင်း, ခါးအောက်၌ထားခြင်းများကိုလည်း ရှောင်ကြဉ်ကြ၏၊ ကျမ်းဂန်တို့၌ ဂိလာနမဟုတ်လျှင် ခေါင်းအုံး ခြေအုံး နှစ်မျိုးအပ်ကြောင်းကို မိန့်ဆိုလေသည်။ ယခုကာလ ဝါဂွမ်းများကို အတွင်းသွင်း၍ ချုပ်ထားသော စောင်များကို ကိုယ်အောက်မှာ ထား၍ ခင်း၍ မအိပ်ကောင်း။ အချို့ကား မှီအုံးကို အသုံးပြုလျက် ရှိကြ၏၊ မှီအုံးကား မအပ်သည်သာဟု မှတ်။

အာပတ်မသင့်ပုံ

အာယောဂပတ် ခါးပန်း, အံသကိုဋ်, သပိတ်အိတ်, ရေစစ်, ခေါင်းအုံးတို့၌ လဲထည့်သော် အာပတ်မသင့်၊ သူတစ်ပါးပြုထားသော လဲဖွဲ့ယှက်သော ညောင်စောင်း, အင်းပျဉ်ကို ရသော် လဲကို ထုတ်၍ သုံးဆောင်သော ရဟန်း အာပတ်မသင့်၊ ဥမ္မတ္တကစသည်တို့လည်း အာပတ်မသင့် ဟူ၏၊

၇။ နိသီဒနသိက္ခာပုဒ် အဓိပ္ပာယ်

နိသီဒိုန်ကို ကိုယ်တိုင်ဖြစ်စေ, ခိုင်း၍ဖြစ်စေ ချုပ်လိုသော ရဟန်းသည် ဘုရားရှင်၏ အထွာတော်ဖြင့် အလျား နှစ်ထွာ၊ အနံ တစ်ထွာခွဲ၊ အမြိတ်ခေါ်သော အဆာ တစ်ထွာ ဤအတိုင်းအရှည်ရှိသော (ငယ်သာလျှင် ငယ်စေ၊ သည့်ထက် မပိုရသော) နိသီဒိုန်ကိုသာ ချုပ်နိုင်သည်။ ထိုထက် လွန်လျှင် ဖြတ်ပစ်ရခြင်းရှိသော ဆေဒနကပါစိတ်။

(မှတ်ချက်) ဘုရားရှင် ၁-ထွာကို ၁၃-လက်မခွဲ ရှိကြောင်း ပြဆိုခဲ့ပြီး ဖြစ် သည်။ အဆာ ၁-ထွာနှင့်ဆိုလျှင် လက်မ ၄၀-ခန့်ရှိ၏၊ ထိုင်နိုင် လောက်ရုံ ရှိသည်၊ ရှင်စော တစ်ထွာ မဇ် သုံးထွာ တို့မှာ လေးထွာခွဲနှင့် တွက်လျှင် နိသီဒိုန်ကား အတော်ကြီးမားနေမည် ဖြစ်သည်။ စဉ်းစား နှိုင်းချိန်တော်မူကြပါကုန်။

နိသီဒိုန်ပညတ်တော်မူခြင်း

စီဝရက္ခန္ဓက ပဏီတဘောဇနဝတ္ထု၌ ရဟန်းများသည် မွန်မြတ်သော အစာအာဟာရတို့ကို စားကြပြီးနောက် တရားလက်လွတ် အိပ်ပျော်ကြသည့်အခါ အိပ်မက် မက်၍ သုက်လွတ်ကြသဖြင့် သင်္ကန်း, ကျောင်း, အိပ်ရာနေရာ၊ ခန္ဓာကိုယ်များ ပေရေနေခြင်းကြောင့် သင်္ကန်းကို စောင့်ရှောက်ခြင်း စီဝရဂုတ္တိ၊ ကျောင်းအိပ်ရာနေရာများကို စောင့်ရှောက်ခြင်း သေနာသနဂုတ္တိ၊ ခန္ဓာကိုယ်ကို စောင့်ရှောက်ခြင်း ကာယဂုတ္တိအကျိုးငှာ ပညတ်တော်မူသည်။ ထို့ကြောင့် နိသီဒိုန်ကို သုက်နှီးသင်္ကန်းဟုလည်း ခေါ်ကြသည်။

နိသီဒိုန် အသုံးပြုပုံ

နိသီဒိုန်ကို ယခုကာလ နေရာထိုင်ခင်းများကဲ့သို့ ခင်း၍လည်း အသုံးပြုကြသည်။ ဆွမ်းစားသည့်အခါ တစ်ပိုင်းကိုခင်း (၂-ထွာ)၊ အမြိတ်အဆာ (၃-မွှာ)ကို တင်ပလ္လင်ခွေပေါ်၌ တင်ကာ ဆွမ်းဟင်းစက်များကို ကာကွယ်ခြင်း အကျိုးငှာလည်း အသုံးပြုကြသည်။ သင်းပိုင်အတွင်းက ခံ၍ ဝတ်ဖို့ရန်လည်း ဖြစ်သည်။ ရှေ့ဘက်က ခံဝတ်လျှင် အလယ်က အဆာ အပြတ်အစကို နောက် သို့ ခါးတောင်းကျိုက်သလို၊ နောက်ဘက်က ခံဝတ်လျှင် ၎င်းအလယ်စကို ပေါင်ကြားမှ ရှေ့သို့ယူ၍ ကြိုးငယ်ဖြင့်, တွယ်အပ်ဖြင့် ချည်ထားရသည်။

အာပတ်မသင့်ပုံများ

ဒသာ ဝိဒတ္ထိကား အနုပညတ်၊ ပမာဏနှင့် ယှဉ်သော နိသီဒိုန်, ပမာဏအောက် ယုတ်လျော့သော နိသီဒိုန်ကို ပြုသောရဟန်းအား အာပတ်မသင့်၊ သူတစ်ပါး ပမာဏထက် လွန်အောင် ပြုထားသည်ကိုရသော် ဖြတ်၍ သုံးဆောင်သော ရဟန်း အာပတ်မသင့်၊ မျက်နှာကြက်စသည် ပြုသောရဟန်း အာပတ်မသင့်၊ ကိုယ်တိုင်ပြုလျှင် ပြုပြီးသည်၏ အဆုံး၌ အာပတ်သင့်၍ သူတစ်ပါးကို ခိုင်းရာ၌ ခိုင်းအပ်သူထံမှ ရသည့်အခါ အာပတ်သင့်သည်။

၈။ ကဏ္ဍုပဋိစ္ဆာဒိသိက္ခာပုဒ် အဓိပ္ပာယ်

ကဏ္ဍု သဒ္ဒါသည် ယားနာကိုသာ ဟောသော်လည်း ဤသိက္ခာပုဒ်၌ ယားနာကို ဥပလက္ခဏနည်း (အစိတ်ကို မှတ်၍ ဆိုသောနည်း)ဖြင့် ဆိုထားသည်။ ထို့ကြောင့် ကဏ္ဍုသဒ္ဒါဖြင့် ယားနာ, ဝဲနာ, သွေးစုနာ, အရည်ထွက် သော ဘဂန္ဒိုလ်နာ, ဆီးချိုရောဂါ, ဒူလာ, မြင်းသရိုက်နာနှင့် ကြီးကျယ်သော အရည်ထွက်သော အနာဟူသမျှကို ယူစေလိုသည်။

ထိုအနာများသည် ချက်မှအောက် ဒူးဆစ်မှအထက်၌ ပေါက်လျှင် သင်းပိုင်ကို ပေမည်စိုးသောကြောင့် ထိုအနာကို ဖုံးလွှမ်းကာကွယ်ဖို့ရာ အနာလွှမ်းခေါ် သင်္ကန်းတစ်မျိုးကို ခွင့်ပြုတော်မူရသည်။ (ကဏ္ဍု = အနာကို၊ ပဋိစ္ဆာဒိ = ဖုံးလွှမ်းသည်၊)

၉။ ဝဿိကသာဋိကသိက္ခာပုဒ် အဓိပ္ပာယ်

ဝေဿ = မိုးအခါ၌၊ အဓိဋ္ဌာတဗ္ဗာ = အဓိဋ္ဌာန်တင်ထိုက်သော သင်္ကန်းသည် ဝဿိကာ မည်၏၊ သာဋိကသဒ္ဒါကား ဝတ္ထသဒ္ဒါ၏ ပရိယာယ်တည်း။ မိုးအခါဝယ် ဝဿိကသာဋိကာဟူသော နာမည်ဖြင့် အဓိဋ္ဌာန်တင်၍ အခြားအခါဝယ် ဝိကပ္ပနာပြု၍ဖြစ်စေ, ပရိက္ခာရစောဠအဓိဋ္ဌာန်တင်၍ဖြစ်စေ, ဆောင်အပ်သော သင်္ကန်းကို ဝဿိကသာဋိကာဟု ခေါ်သည်။

မိုးအခါ၌သာ အဓိဋ္ဌာန်တင်၍ ရေသနုပ်ကဲ့သို့ အသုံးပြုရသော မိုးရေကို ခံကြရ ချိုးကြရသောကြောင့် မိုးရေခံသင်္ကန်းဟု ခေါ်သည်။ သင်္ကန်းဟု ဆိုသော်လည်း ဆိုးရည်ဖြင့် ပကတိသင်္ကန်းရောင် ထွက်အောင်ဆိုးမှ မဟုတ် ဆင်စွယ်ရောင်ကဲ့သို့ ခပ်ဝါဝါအရောင်ထွက်ရုံမျှ တစ်ကြိမ်လောက်ဆိုးလျှင်ပင် ဝတ်ကောင်းပြီ ဟူ၏၊

၁၀။ နန္ဒတ္ထေရသိက္ခာပုဒ် အဓိပ္ပာယ်

ညီတော်နန္ဒထေရ်ကို အကြောင်းပြု၍ ပညတ်အပ်သောကြောင့် နန္ဒတ္ထေရသိက္ခာပုဒ်ဟု ခေါ်သည်။ ဘုရားရှင်၏ သင်္ကန်းပမာဏနှင့် ညီမျှသော သို့မဟုတ် ထို့ထက်ပင် ရှည်သော သင်္ကန်းကို ကိုယ်တိုင်ဖြစ်စေ, ခိုင်း၍ ချုပ်ရာဝယ် ရသည်ဖြစ်စေ ထိုသင်္ကန်း၏ အပိုပမာဏကို ဖြတ်ရခြင်းရှိသော ပါစိတ်အာပတ် သင့်၏၊

ဘုရားရှင်၏ သင်္ကန်းတော်

ဘုရားရှင်၏ သင်္ကန်းတော်ကား ဘုရားအထွာတော်ဖြင့် အလျား ၉-ထွာ အနံ ၆-ထွာ ရှိ၏၊ သင်္ကန်းဟူရာ၌လည်း သင်းပိုင်ကို ဆိုလိုသည် မဟုတ်၊ ဧကသီနှင့် သင်္ကန်းကြီးကိုသာ ဤ၌ ဆိုလိုသည်။ (သင်းပိုင်ပမာဏမှာ ထိုမျှလောက်ပင် မရှည်ရာ။)

ယခုကာလပုဂ္ဂိုလ်များလည်း မိမိအထွာဖြင့် အလျား ၄-တောင်ထွာ၊ အနံ ၃-တောင် ရှိသော ဧကသီသင်္ကန်းကြီးကိုသာ ဝတ်ရုံထိုက်သည်။ ထိုမျှလောက် သင်္ကန်းဖြင့် ပရိမဏ္ဍလ, သုပ္ပဋိစ္ဆန္နဖြစ်အောင် ဝတ်နိုင်သည်ဟု သေခိယ၌ ဆိုခဲ့သည်။ ဘုရားရှင် ၁-ထွာကို ၁၃-လက်မခွဲနှုန်းထားဖြင့် စီဝရအခန်း၌ တွက်ပြထားသည်၊ ထိုအခန်း၌ ကြည့်တော်မူကြပါကုန်။

သုဒ္ဓပါစိတ် ပြီး၏၊

သေခိယ၏ အဓိပ္ပာယ်

သေခိယသိက္ခာပုဒ်များသည် မိန့်တော်မူသည့်အတိုင်း နားလည်အောင် သင်ထိုက်၊ သိလျှင်လည်း ကျင့်ထိုက်၊ ကျင့်မိအောင်လည်း သတိထား၍ ကြိုးစားထိုက်သောကြောင့် သိက္ခာ = သင်ခြင်း, ကျင့်ခြင်း, အားထုတ်ခြင်းကို။ ကရဏီယာ = ပြုအပ် ပြုထိုက်၏ဟု ဟောတော်မူသည်။ သိက္ခိတဗ္ဗာတိ သေခိယာဟု ဝိဂြိုဟ်ပြု။

စတ္တာရော ပါရာဇိကာ ဓမ္မာစသည်ကဲ့သို့ ပဉ္စသတ္တတိ သေခိယာ ဓမ္မာ ဟု သင်္ချာသတ်မှတ် မဟောကြားခြင်းမှာ စူဠဝါ ဝတ္တခန္ဓက ပါဠိတော်ဝယ် အာဂန္တုကဝတ်, အာဝါသိကဝတ် စသည်ဖြင့် ကျင့်ဝတ်များစွာ ရှိသေး၏၊ ထိုကျင့်ဝတ်များလည်း သေခိယများပင် ဖြစ်သောကြောင့် ဤဒွေမာတိကာ၌ ပြထားသော သေခိယများဖြင့် မကုန်သေးရကား ပဉ္စသတ္တတိ (၇၅)ပါးဟု ပိုင်းခြားကန့်သတ် ဂဏန်းမဖြတ်ဘဲ ရှိရလေသည်။

ဒုက္ကဋ်အာပတ်ဟု သတ်မှတ်

သိက္ခာပုဒ်ကို လွန်ကျူးရာ၌ မည်သည့် အာပတ်သင့်စေဟု သိက္ခာပုဒ်လာ ပါဠိတော်ဖြင့် မသိအပ်သော်လည်း ထိုသိက္ခာပုဒ်ကို အကျယ်ဝေဖန်တော်မူရာ ပဒဘာဇနီ၌ အာပတ္တိ ဒုက္ကဋဿဟု ဟောတော်မူခြင်းကြောင့် အလုံးစုံသော သေခိယသိက္ခာပုဒ်တို့၌ မရိုမသေ ပြုကျင့်သော် ဒုက္ကဋ်အာပတ်သင့်ကြောင်း သိနိုင်၏၊

ဤသို့ ဒုက္ကဋ်အာပတ် သင့်လျှင် အဘယ်ကြောင့် “ယော ပန ဘိက္ခု ဩလမ္ဗန္တော နိဝါသေယျ ဒုက္ကဋံ”ဟု အာပတ် အမည်တပ်၍ မဟောအပ်ပါသနည်းဟူမူ ဤသေခိယသိက္ခာပုဒ်များ၏ စာရိတ္တဝိနည်း ဖြစ်ခြင်းကို ပြတော်မူလိုသောကြောင့် ဒုက္ကဋ်အာပတ် အမည်တပ်၍ ပညတ်တော်မမူပါ။

မကျင့်သော် အပြစ်၊ ကျင့်သော် အကျိုး

စာရိတ္တဝိနည်း-ဟူသည် ကျင့်ရမည့်ကျင့်ဝတ်ကို ခေါ်သည်။ ထိုကျင့်ဝတ်ကို မသိ၍ဖြစ်စေ သတိမေ့၍ဖြစ်စေ လွန်ကျူးလိုသော စေတနာမရှိ၍ဖြစ်စေ မကျင့်မိလျှင် အပြစ်မရှိ၊ သိလျက်နှင့် မရိုမသေပြုပြီး မကျင့်သော်ကား ဒုက္ကဋ်အာပတ် သင့်သည်။ သိ၍ ကျင့်လျှင်ကား ကုသိုလ်ဖြစ်ခြင်း အကျိုးရ၏၊

ဒုက္ကဋ်အာပတ်ဟု ပညတ်တော်မမူရခြင်း

ဒုက္ကဋ်အာပတ်ဟု အတိအလင်း တပ်ထားလျှင် မသိ၍ မကျင့်သူပါ အာပတ်သင့်ဖွယ်ရာ ရှိသော ဝါရိတ္တသိက္ခာပုဒ်များ ဖြစ်ရာ၏၊ ဤကဲ့သို့ ဝါရိတ္တ မဟုတ်၊ စာရိတ္တဝိနည်းဖြစ်ကြောင်း ပြတော်မူလိုသောကြောင့် ဒုက္ကဋံဟု အာပတ်တပ်၍ ပညတ်တော်မမူခြင်း ဖြစ်သည်။

(ဆောင်) စာရိတ္တ ဝိနယ၊ ဖြစ်ကြောင်းပြဖို့၊ ရှေးက ဖော်ထုတ်၊ သိက္ခာပုဒ်များ၊ ကဲ့အလားသို့၊ ထင်ရှား အာပတ်၊ တိုက်ရိုက်တပ်၊ ပညတ်တော်မမူ။

၁။ ပရိမဏ္ဍလဝဂ် သိက္ခာပုဒ် ၁၀-ပုဒ်

(၁+၂) ပရိမဏ္ဍလ သိက္ခာပဒ

သင်းပိုင်ကို ပုဆစ်ဒူးနှစ်ဘက်အောက် လက်ရှစ်သစ်မျှ ချပြီးလျက် ချက်ဝန်း, ညာဘက်ပုဆစ်ဒူးဝန်း, ဘယ်ဘက်ပုဆစ် ဒူးဝန်းဟူသော အဝန်းသုံးပါး၊ ထက်ဝန်းကျင် ဝန်းဝိုင်းစွာ ဝတ်အံ့ဟု ကျင့်ရမည်။ ထိုသို့ မကျင့်ခြင်းကြောင့် ပရိမဏ္ဍလနိဝါသနဒုက္ကဋ်အာပတ် သင့်၏၊

ကိုယ်ရုံကို ပုဆစ် ဒူးနှစ်ဘက်အောက် လက်လေးသစ်မျှ ချလျက် အဝန်းသုံးပါး ထက်ဝန်းကျင် ဝန်းဝိုင်းစွာ ရုံရန်းအံ့ဟု ကျင့်ရမည်။ ထိုသို့ မကျင့်ခြင်းကြောင့် ပရိမဏ္ဍလပါရုပနဒုက္ကဋ်အာပတ် သင့်၏၊

(၃+၄) သုသံဝုတ သိက္ခာပဒ

အနားပတ်သီးကို တပ်ပြီးမှ အလျားနားပတ်ဖြင့် လည်ပင်း, လက်ကောက်ဝတ်တို့ကို ကောင်းစွာ ဖုံးလွှမ်းရုံလျက် ရွာတွင်း၌ သွားအံ့၊ နေထိုင်အံ့ ဟု ကျင့်ရမည်။ ထိုသို့ မကျင့်ခြင်းကြောင့် သုပ္ပဋိစ္ဆန္နဒုက္ကဋ်အာပတ် သင့်၏၊

(၅+၆) သုသံဝုတ သိက္ခာပဒ

လက် ခြေတို့ကို မကစားဘဲ ကောင်းစွာ ဣန္ဒြေတို့ကို ကောင်းစွာ စောင့်ရှောက်လျက် ရွာတွင်း၌ သွားအံ့၊ နေထိုင်အံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် သုသံဝုတဒုက္ကဋ်အာပတ် သင့်၏၊

(၇+၈) ဩက္ခိတ္တစက္ခု သိက္ခာပဒ

လေးတောင်ခန့်မျှ မြေအဖို့ကို ကြည့်သဖြင့် ချအပ်သော မျက်လွှာရှိသည် ဖြစ်၍ ရွာတွင်း၌ သွားအံ့၊ နေထိုင်အံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဩက္ခိတ္တစက္ခုဒုက္ကဋ်အာပတ် သင့်၏၊

(၉+၁၀) ဥက္ခိတ္တက သိက္ခာပဒ

တစ်ဘက်မှ ဖြစ်စေ၊ နှစ်ဘက်လုံးမှဖြစ်စေ ခါးမှ အထက် ခါးပန်းကြိုး စသည်ကို မြင်ရအောင် သင်္ကန်းကို ပင့်မြှောက်လျက် ရွာတွင်း၌ မသွားအံ့၊ မနေထိုင်အံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် န ဥက္ခိတ္တကာယဒုက္ကဋ်။

ပရိမဏ္ဍလနိဝါသန သိက္ခာပုဒ်အဓိပ္ပာယ်

လူတို့၏ ဝတ်ရုံနည်းဟူသည် -
၁။ လူတို့ ပုဆိုးဝတ်သလို သင်းပိုင်ကို ဝတ်ခြင်း၊
၂။ ဆင်နှာမောင်းကဲ့သို့ ရှေးက အစချ၍ ဝတ်ခြင်း၊
၃။ ငါးကြင်းမြီးကဲ့သို့ အစခွဲချ၍ ဝတ်ခြင်း၊
၄။ ရပ်ဝန်းကဲ့သို့ အစဝိုင်းချ၍ ဝတ်ခြင်း၊
၅။ များစွာ အတွန့်ပြု၍ ဝတ်ခြင်း၊
၆။ ခါးတောင်းကျိုက်၍ ဝတ်ခြင်းတို့သည် ဂိဟိပါရုတ (လူတို့ဝတ်ရုံနည်း) မည်၏၊

ဤဝတ်ခြင်းတို့ကား ခရီးသွားသော ရဟန်း, နာသော ရဟန်းတို့အားသော်လည်း မအပ်၊ ခရီးသွားသော ရဟန်းက အစွန်းတစ်ခုကိုဖြစ်စေ, နှစ်ခုကို ဖြစ်စေ ချီမြှောက်၍ သင်းပိုင်၏ အထက်၌ ချိတ်ဆွဲထားအံ့ မအပ်။ အတွင်း၌ သင်းပိုင်တစ်ထည်ကို ဆိုခဲ့ပြီးသော နည်းများအတိုင်း အတွင်းခံ ဝတ်၍ အပေါ်၌ သင်းပိုင်တစ်ထည် ထပ်ဝတ်သော်လည်း မအပ်၊ မနာသော ရဟန်း သင်းပိုင်နှစ်ထည် ဝတ်လိုသော် ရိုးရိုးထပ်၍သာ ဝတ်အပ်၏ဟု သိ။

သင်္ကန်းနှင့်ဆိုင်သော ဗဟုဿုတ

ယခုကာလ ချုပ်လုပ်ကြသော သင်္ကန်းများ ရှည်လျားဟန် တူကြောင်း သင်္ကန်းအခန်း၌ ပြဆိုခဲ့ပြီ။ စီဝရက္ခန္ဓက၌လည်း လည်ပင်း, ခြေသလုံးတို့၌ အထိအခိုက်များ၍ သင်္ကန်းအနား စုတ်လွယ်သောကြောင့် ဂီဝေယျက (= လည်ပင်းဖုံး အနားပတ်)၊ ဇင်္ဃေယျက (= ခြေသလုံးဖုံး အနားပတ်)တို့ကို ခွင့်ပြုတော်မူထား၏၊ သို့ဖြစ်လျှင် သင်္ကန်းရန်းသည့်အခါ အထက်ပိုင်း အဆုံးသည် လည်ပင်း လုံရုံသာဖြစ်၍ အောက်ပိုင်းအဆုံးသည် ခြေသလုံးကြွက်သား လုံရုံသာ ရှိပေလိမ့်မည်။ သို့ဖြစ်လျှင် မြတ်စွာဘုရား သင်္ကန်းတော်ပမာဏ ပြထားသော နန္ဒသိက္ခာပုဒ်၌ အလျား (၉)ထွာ၊ အနံ (၆)ထွာဟု ဆိုထားရာ မိမိတို့သင်္ကန်းလည်း မိမိတို့အထွာဖြင့် အလျား (၉)ထွာ၊ အနံ (၆)ထွာ၊ အရှည် အလျား (၄)တောင်ထွာ၊ အနံ (၃)တောင်ရှိသော သင်္ကန်းသည် ပရိမဏ္ဍလ ဖြစ်အောင် ရုံနိုင် ရန်းနိုင်လောက်၏၊ ထိုအတိုင်းအထွာအတိုင်း ဝတ်သင့်သည် ဟု ထင်မြင်ယူဆပါသည်။ ယခုခေတ် သင်္ကန်းများမှာ အလျား (၅)တောင်ထွာ၊ အနံ (၄)တောင်ထွာခန့်မျှ ရှိနေကြသည်။

အဝန်းညီစွာ ဝတ်ရာဌာနများ

ဤပရိမဏ္ဍလသိက္ခာပုဒ် နှစ်ပါးကို ကျောင်းတိုက်အတွင်း၌ လည်းကောင်း, ရွာတွင်း၌လည်းကောင်း ကျင့်ရမည်ဟု အဋ္ဌကထာ ဆို၏၊ ဘုရားဝတ်တက်ရာ, သံဃာ့အစည်းအဝေး ကြွရာ, သံဃာအများနှင့် ဆက်ဆံရာ, ဆွမ်းစားကျောင်း ဒကာ ဒကာမတို့ရှေ့ စသည်နှင့် ဆရာသမား မထေရ်ကြီးများရှေ့ စသည်ဖြင့် ကျောင်းတိုက်အတွင်း၌လည်း ကျင့်အပ်သော ကျင့်ဝတ်တို့သာတည်း။ ဝါသူပဂတဖြစ်မူ ရွာတွင်း၌လည်း ဤပရိမဏ္ဍလသိက္ခာပုဒ် နှစ်ပုဒ်ကို ကျင့်ရမည်။ အိပ်ပျော်နေသည့်အခါ မိမိချည်းနေသည့်အခါ တခြားသီတင်းသုံးဖော်များနှင့် လွတ်လပ်စွာ နေသည့်အခါတို့၌ ရှေးသိက္ခာပုဒ်နှစ်ပါးအတိုင်း နေနိုင်ရန် ခဲယဉ်း၏၊ ထိုသို့ မနေနိုင်ခြင်းကြောင့် အပြစ်ရှိသည် ဟုလည်း အဆို မရှိချေ။

အာပတ်မသင့်ပုံများ

ဝတ္ထုကို လွန်ကျူးလိုသော စေတနာမရှိသော ရဟန်း၊သတိမေ့၍ ဝတ် သော ရဟန်း၊ ဝတ်ပုံကို မသိသေးသော ရဟန်း၊ (ဝတ်ပုံကို မသိသော ရဟန်း အာပတ်မသင့်သော်လည်း ဝတ်ပုံကို သိအောင် သင်ထားရမည်၊) နာသော ရဟန်း၊ ဘေးရန်ရှိသော ရဟန်း၊ ဥမ္မတ္တကရဟန်း စသည်တို့အား အာပတ် မသင့်။ သလုံးမြင်းခေါင်း ခြောက်ကပ် ပိန်လှီသော ရဟန်း၊ ခြေသလုံး ကြီးသော ရဟန်း၊ အမာရွတ်ရှိခြင်း, အနာပေါက်နေခြင်း စသည်ကြောင့် ခြေသလုံးပေါ်နေလျှင် မသင့်လျော်သောကြောင့် လက်ရှစ်သစ်လောက်ထက် အလွန် တွဲလျားချ၍, တို၍ ဝတ်သော ရဟန်းတို့အား အာပတ်မသင့်။ ညီညီဝတ်မည်ဟု နှလုံးသွင်း၍ ဝတ်ရာ မညီမညွတ် ဖြစ်သွားခြင်းတို့ကြောင့်လည်း အာပတ်မသင့်။

အင်္ဂါ (၃) ပါး

၁။ သိက္ခာပုဒ်ကို မကျင့်လိုသော အနာဒရိယ စိတ်ထား ရှိခြင်း။
၂။ အနာပတ္တိဖြစ်ရန် အကြောင်း မရှိခြင်း။
၃။ ထက်ဝန်းကျင် ဝန်းဝိုင်းစွာ မဝတ်ခြင်းအားဖြင့် အင်္ဂါ (၃)ပါးတည်း။

(မှတ်ချက်) ဤအင်္ဂါ (၃)ပါးတွင် ရှေးနှစ်ပါးသည် သေခိယအားလုံး၌ဆိုင်၏၊ နောက်ဆုံး တစ်ပါးမှာ သိက္ခာပုဒ်၌ ပြသော ကျင့်ဝတ်ကို ပြောင်းပြန် ပြန်ထားသော အင်္ဂါ ဖြစ်သည်။ ထို့ကြောင့် ရှေ့လာမည့် သုပ္ပဋိစ္ဆန္နသိက္ခာပုဒ်၌ တတိယအင်္ဂါအဖြစ် ကောင်းစွာ မဖုံးလွှမ်းဘဲ ရုံခြင်း ဖြစ်လိမ့်မည်။ ထို့ကြောင့် နောက်နောက် သေခိယတို့၌ အင်္ဂါကို အထူးပြဖွယ် မလိုပြီ၊ နည်းယူ၍ ထုတ် တတ်ပါစေ။

(ဆောင်) မရိုသေဘိ၊ အာပတ္တိ၏ ကြောင်းမရှိခြင်း အဝန်းညီစွာ မဝတ်ပါဘိ၊ သုံးအင်ပြည့်က ဒုက္ကဋ၊ မှတ်ကြ နောက်လည်း ထို့တူတည်း။

(မေဒိနီ၊၄၄၆။)

ပရိမဏ္ဍလပါရုပန သိက္ခာပုဒ်အဓိပ္ပာယ်

ပါရုပိဿာမိ = ရုံအံ့ဟု ဆိုသော်လည်း ယခုကာလ မြို့ရွာတွင်း သွားသောအခါ သင်္ကန်းရုံခြင်းမျိုးကို မဆိုလို၊ ရန်းခြင်းကိုသာ ဆိုလိုသည်။ ပါရုပန၏ သဒ္ဒါနက်မှာ ခြုံခြင်းပင်တည်း။ အဝန်းညီစွာ ကိုယ်ဝတ်သင်္ကန်းကို ရုံခြင်းဟူသည် ခန္ဓက၌လာသော ဂိဟိပါရုတ စသော ဖောက်ပြန်သော ရုံခြင်းမျိုးလည်းမဟုတ်၊ သေခိယ၌လာသော နည်းဖြင့် သင်္ကန်းအစွန်းနှစ်ဘက် အညီထား၍ ရန်းခြင်းသည် လက်ဝဲတစ်ဘက် ပုခုံးထက်သို့ တင်သော ကိုယ်ဝတ်၏ ကျောဘက်၌ကျသော အစွန်းတစ်ခုနှင့် ဝမ်းဘက်၌ ကျသော အစွန်းတစ်ခု ဤအနားစွန်းနှစ်ခုတို့ကို ညီညီထား၍ ရန်းရမည်ဟု ဆိုကြ၏၊

ဂိဟိပါရုတ (၉) မျိုး

၁။ အဝတ်ဖြူဝတ်သော တက္ကတွန်းတို့ကဲ့သို့ အထက်ပိုင်း ကိုယ်မျှကိုသာ ဝတ်ခြင်းဟူသော သေတပါရုတ။
၂။ ပရိဗိုဇ်တို့ကဲ့သို့ ပခုံးစွန်းနှစ်ဘက်ကို တင်၍ ရင်ဘတ်ကို ဖော်ပြီး ဝတ်ခြင်းဟူသော ပရိဗ္ဗာဇကပါရုတ။
၃။ ပုဆိုးတစ်ထည်သာရှိသော သူတို့သည် ဝတ်သော ပုဆိုး၏ အစွန်းတစ်ခုဖြင့် ကျောက်ကုန်းကို ခြုံ၍ အစွန်းနှစ်ဘက်ကို ပုခုံးစွန်းသို့ တင်၍ ဝတ်ရုံခြင်းဟူသော ဧကသာဋကပါရုတ။
၄။ သေသောက်ကြူးတို့သည် ပုဆိုးဖြင့် လည်ပင်းကို ရစ်ပတ်၍ အစွန်းနှစ်ဘက်ကို ရင်၌လည်းကောင်း၊ ကျောက်ကုန်း၌ ချ၍ ဝတ်သကဲ့သို့ ဝတ်ရုံခြင်းဟူသော သူရာသောဏ္ဍပါရုတ။
၅။ နန်းတွင်းသူတို့သည် မျက်စိမျှကို ပြ၍ ဦးခေါင်း ခြုံထားသကဲ့သို့ ဝတ်ရုံခြင်း ဟူသော အန္တေပုရိကပါရုတ။
၆။ လက်သမားကြီးတို့သည် ပုဆိုးရှည်ကို ဝတ်၍ ထိုပုဆိုးရှည်၏ အစွန်းတစ်ခုဖြင့် တစ်ကိုယ်လုံး ရစ်ပတ်၍ ရုံသကဲ့သို့ ဝတ်ရုံသော မဟာဇေဋ္ဌကပါရုတ။
၇။ လယ်သမားတို့သည် လယ်တဲသို့ ဝင်သည်ရှိသော် ပုဆိုးကို ရစ်ပတ်၍ လက်ကတီးကြား၌ ထားပြီး တစ်ခုသော အစွန်းဖြင့် ကိုယ်ကို ခြုံသကဲ့သို့ ဝတ်ရုံသော ကုဋိပဝေသကပါရုတ။
၈။ ပုဏ္ဏားတို့သည် လက်ကတီးကြား နှစ်ဘက်သို့ သွင်း၍ ပုခုံးစွန်းနှစ်ဘက်သို့ တင်ထားသကဲ့သို့ ဝတ်ရုံသော ဗြဟ္မဏပါရုတ။
၉။ စီတန်းခြင်းပြုသော ရဟန်းသည် ပုခုံးစွန်းတစ်ဘက်သို့ လုံးတင်လျက် လက်မောင်းကို ဖော်၍ ရုံသကဲ့သို့ ဝတ်ရုံသော ပါဠိကာရကပါရုတ။
ဤအလုံးစုံသော ပါရုတတို့ကို ဂိဟိပါရုတဟု ခေါ်သည်။

ဤ ဂိဟိပါရုတဝတ်ရုံနည်း (၉)မျိုးတို့အတိုင်း အာရာမ်တွင်းဖြစ်စေ ရွာတွင်း၌ဖြစ်စေ မရိုမသေ ဝတ်ရုံက ဒုက္ကဋ်အာပတ် သင့်၏၊ (မေဒိနီ၊၄၄၇။)

သုပ္ပဋိစ္ဆန္နသိက္ခာပုဒ်နှစ်ခု အဓိပ္ပာယ်

မြို့တွင်း ရွာတွင်းသို့ သွားလိုသောအခါ အနားပတ်သီးကို တပ်ပြီးလျှင် လည်ပင်း, လက်ကောက်ဝတ်များကို ဖုံးမိလောက်အောင် သင်္ကန်းရုံ၍ သွားခြင်းကို သုပ္ပဋိစ္ဆန္နသွားခြင်းဟု ခေါ်၏၊ လည်မျိုမှအထက် ဦးခေါင်းကို လည်းကောင်း, လက်ကောက်ဝတ်မှ ပြင်ဘက် အဖျားဘက်လက်ကိုလည်းကောင်း, သလုံးသားမှ အောက်ခြေကိုလည်းကောင်း ဖော်ပြီးလျှင် အခြားကိုယ်အင်္ဂါများကို ဖုံး၍ထိုင်ခြင်းကို သုပ္ပဋိစ္ဆန္နထိုင်ခြင်းဟု ခေါ်သည်။ ဦးခေါင်းအတွက်မှာ ဩဂုဏ္ဌိတသိက္ခာပုဒ်ရှိ၍ လုံးလုံး မဖုံးမိစေရ။ လက်ဖျားနှင့် အောက်ပိုင်း ခြေတို့ကိုကား ဖုံးမိခြင်းကြောင့် အပြစ်သင့်ဖွယ် မရှိ။

အန္တရဃရ = မြို့တွင်းရွာတွင်း

အန္တရေ အန္တရေ ဃရာနိ ဧတ္ထာတိ အန္တရဃရော၊ အကြားအကြား၌ အိမ်ရှိသော မြို့ရွာကို ရ၏၊ ထိုမြို့ရွာတွင်း သွားသော ရဟန်း သာမဏေသည် ဆိုအပ်ပြီးသော နည်းအတိုင်း သင်္ကန်းရုံ၍ သွားရ, နေရမည်။ ဤသိက္ခာပုဒ်သည် ပရိမဏ္ဍလသိက္ခာပုဒ်နှင့် ဆက်ဆံသောကြောင့် ပုဆစ်ဒူးဝန်းမှ အောက် လက်လေးသစ် ချ၍ ထိုအောက် အပိုအလွန် တွဲလျက် မကျစေဘဲ အဝန်းညီစွာ ရုံရမည်။ ဤသို့ မရုံဘဲ ဒူးကိုလည်းကောင်း, ရင်ဘတ်ကိုလည်းကောင်း, လည်ဂုတ် ပခုံးကိုလည်းကောင်း ဖွင့်၍သွားသောရဟန်း ဒုက္ကဋ်။ စေတနာနှင့် တကွ အနားပတ်သီးကို မတပ်သော ရဟန်းအားလည်း အာပတ်မှ မလွတ်ဟု ဆိုကြ၏၊ အန္တရဃရအရ ရွာ၌ဖြစ်စေ, ကျောင်းတွင်း၌ဖြစ်စေ, လူတို့ ချက်ပြုတ်စားသောက်ရာ အရပ်ကို ယူ၊ ထိုကြောင့် ကျောင်းတွင်း၌ပင် ဖြစ်စေကာမူ လူတို့ ချက်ပြုတ်စားသောက်ရာ အရပ်သို့ သုပ္ပဋိစ္ဆန္နသိက္ခာပုဒ်နှင့်အညီ သင်္ကန်းမရုံဘဲ ဝင်သွားသော် အာပတ်သင့်ကြောင်းကို ဝိနယဝိနိစ္ဆယဋီကာကို ထောက်၍ ပြောဆိုကြ၏၊

ဝါသူပဂတ = နေခြင်းအကျိုးငှာ ကပ်ရောက်သူ

ဤသိက္ခာပုဒ် အနာပတ္တိဝါရ၌ ဝါသူပဂတသာ ပို၏၊ မြို့တွင်းရွာတွင်း၌ နေခြင်းအကျိုးငှာ ကပ်ရောက်ပြီး ခေတ္တခဏ တည်းခိုနေထိုင်သော ရဟန်းအား သင်္ကန်းမရုံသော်လည်း အာပတ်မသင့်၊ သို့သော် တည်းခိုနေထိုင်ရန် သွားသောအခါ သင်္ကန်းရုံ၍ သွားရမည်။ သင်္ကန်းမရုံဘဲ နေထိုင်သည့်အခါလည်း ပရိမဏ္ဍလသိက္ခာပုဒ်အတိုင်း နေထိုင်ရမည်ဟု သိ။

တည်းခိုနေထိုင်ခြင်းမျိုး မဟုတ်ဘဲ ပရိတ်ရွတ်, တရားဟော စသော ကိစ္စများအတွက် နေထိုင်ရာ၌ကား အချိန်ကြာသော်လည်း သင်္ကန်းရုံ၍ နေထိုင်ရမည်သာတည်း။

ကေစိဝါဒ, အပရေဝါဒတို့နှင့် ဝိမတိဆရာဝါဒ

ရဟန်းတစ်ပါးက ရှေးဦးစွာ ရွာတွင်းထဲသို့ သွား၍ နေပြီးသော် နောက်မှ သွားသော ရဟန်းတို့သည် အလိုမရှိဘဲ သင်္ကန်းမရုံဘဲ ကျောင်းတွင်းကဲ့သို့ မှတ်၍ ထိုရဟန်းရှိရာ နေရာသို့ သွားကောင်း, နေကောင်းသည်ဟု ကေစိဝါဒ ဆရာတို့ ဆိုကြ၏၊ အိမ်ရှင်တို့က အရှင်ဘုရား နေထိုင်နေသမျှ ကာလပတ်လုံး အရှင်ဘုရားတို့အား ဤအိမ်ကို ကျောင်းအဖြစ် လှူပါ၏ဟု ဆို၍ လျှောက်ထားသော် ဝါသာဓိပ္ပာယပင် မရှိသော်လည်း ကျောင်းအာရာမ်တွင်း၌ကဲ့သို့ သင်္ကန်းမရုံဘဲ အလိုရှိတိုင်း သွားလာနေထိုင်ခြင်းငှာ အပ်၏ဟု အပရေဝါဒ ဆရာတို့က ဆိုကြ၏၊

ထိုကေစိ အပရေဆရာတို့ ဆိုသောအတိုင်း ပါဠိအဋ္ဌကထာတို့၌ မလာသောကြောင့်လည်းကောင်း, လှူခြင်းလက္ခဏာ မရှိခြင်းကြောင့်လည်းကောင်း, အခိုက်အတန့် လှူကာမျှဖြင့် ကျောင်းဟူသော ခေါ်ဝေါ်ခြင်းသို့ မရောက်သောကြောင့်လည်းကောင်း ဤအကြောင်းသုံးပါးကြောင့် ဝါဒနှစ်ပါးလုံး မသင့်။ ဒါနဟူသည် ဝတ္ထုကို အပြီးအပိုင် စွန့်ခြင်းလက္ခဏာ ရှိသည်ကို ထောက်ရမည်ဟု ဝိမတိဆရာ ဆို၏၊

(မှတ်ချက်) ဒကာ ဒကာမများက ဤအိမ်ကို ကျောင်းအဖြစ် အရှင်ဘုရားအား လှူပါ၏ဟု လျှောက်ထားကြ၏၊ လျှောက်ထားသူကား စိတ်ကောင်း စေတနာကောင်းဖြင့် လျှောက်ထားခြင်းကြောင့် ကုသိုလ်ဖြစ်ဖွယ် ရှိ၏၊ ရဟန်းတော်များက ဝါသာဓိပ္ပာယ မရှိလျှင် တည်းခိုခြင်းငှာ ကပ်ရောက်ခြင်း မဟုတ်လျှင် လျှောက်ထားတိုင်း သင်္ကန်းရုံဖျက်ခြင်း စသည်ကို မပြုအပ်။ တည်းခိုခြင်း ငှာ ကပ်ရောက်လျှင်ကား ဒါယကာတို့က မည်သို့မျှ မလျှောက်ထားစေကာမူ သင်္ကန်းရုံစသည် ဖျက်၍ နေထိုင်နိုင်ခွင့် ရှိ၏၊ ညဉ့်နေ့ မရွေး ကိုယ်ကို ဖွင့်၍ ပရိမဏ္ဍလသိက္ခာပုဒ်အတိုင်း နေသော် အာပတ်မသင့်နိုင်ပေ။

သုသံဝုတ သိက္ခာပုဒ်နှစ်ခု အဓိပ္ပာယ်

သံဝရိယတေတိ သံဝုတော၊ စောင့်စည်းအပ်သော လက်, ခြေတို့ကို ရ၏၊ သုဋ္ဌု သံဝုတော ယဿာတိ သုသံဝုတော၊ ကောင်းစွာ စောင့်စည်းအပ်သော လက်ခြေရှိသော ရဟန်းကို ရ၏၊ “သုသံဝုတော = လက်ခြေကို မကစားဘဲ ကောင်းစွာ ဣန္ဒြေကို စောင့်စည်းလျက်”ဟု ရှေးနိဿယများ၌ သဒ္ဒါနက်ကို မသုံးဘဲ အဓိပ္ပာယ်ပေါ်လွင်အောင် ပေးကြ၏၊ ဘာသာဋီကာ၌ “သုသံဝုတော = ကောင်းစွာ စောင့်စည်းအပ်သော လက်ခြေရှိသည်၊ ဟုတွာ = ဖြစ်၍”ဟု သဒ္ဒါနည်း မလွတ်အောင် အနက်ပေးထားသည်။ လက်ခြေတို့ကို မလှုပ်မရှား မဆော့မကစားမိအောင် ကောင်းစွာ စောင့်ရှောက်ပြီး မြို့တွင်းရွာတွင်း၌ သွားလာနေထိုင်ရမည် ဟူ၏၊

ဩက္ခိတ္တစက္ခုသိက္ခာပုဒ်နှစ်ခု အဓိပ္ပာယ်

ဩ-သည် အဝ-၏ ကာရိယတည်း။ (အဝ = အောက်၌ + ခိတ္တ = ချထားအပ်သော + စက္ခု = မျက်စိ)။ ယဉ်ကျေးသူ ပီသအောင် လေးတောင်လောက်ကိုသာ မှန်း၍ ကြည့်ဖို့ရန် မျက်လွှာကို အောက်သို့ချလျက် သွားလာ နေထိုင်ရမည်။ ညဉ့်အိပ်နေ့နေ ကပ်ရောက်သော ဝါသူပဂတပုဂ္ဂိုလ်မှာ ပင့်မြှောက်သင့်၍ ပင့်မြှောက်မှုကြောင့် အာပတ်မသင့်၊ သို့သော် ပရိမဏ္ဍလ စသော သိက္ခာပုဒ်များ မပျက်အောင်ကား သတိထားရမည်။

ဥက္ခိတ္တကာယ သိက္ခာပုဒ်အဓိပ္ပာယ်

ဥက္ခိတ္တက = မြှောက်ပင့်အပ်သောသင်္ကန်း၊ အာယ-ကား နာ-ဝိဘတ်၏ ကာရိယတည်း။ နာ-ဝိဘတ်လည်း ဣတ္ထမ္ဘူတလက္ခဏအနက်၌ သက်ရကား ဦနပဉ္စဗန္ဓနေန - ဖြင့်ဟူရာ၌ကဲ့သို့ မြှောက်ပင့်သော သင်္ကန်းဖြင့်ဟု အနက်ပေးသည်။

သင်းပိုင် ဧကသီများကို အထက်သို့ ပင့်ကာ ပင့်ကာ စွန်တောင်ဆွဲကာ (လူများ ဟန်ပါပါသွားသကဲ့သို့) မြို့ရွာအတွင်း၌ မသွားရ၊ ထိုင်သည့်အခါ၌လည်း အတွင်းလွယ်အိတ်ထဲမှ ရေစစ်စသည်ကို ထုတ်ရာ၌ ပင့်ရုံထားသော သင်္ကန်းကို ခါးပေါ်အောင် မပင့်မမြှောက်မိစေရ။ ညဉ့်အိပ်နေ့နေ ကပ်ရောက် သော ဝါသူပဂတပုဂ္ဂိုလ်မှာ ပင့်မြှောက်သင့်၍ ပင့်မြှောက်မှုကြောင့် အာပတ် မသင့်၊ သို့သော် ပရိမဏ္ဍလစသော သိက္ခာပုဒ်များ မပျက်အောင်ကား သတိ ထားရမည်။

၂။ ဥဇ္ဈဂ္ဃိကဝဂ် သိက္ခာပုဒ် ၁၀-ပုဒ်

(၁၁+၁၂) ဥဇ္ဇဂ္ဃိက သိက္ခာပဒ

မြို့ရွာအတွင်း၌ တဟားဟားစသည့် ကျယ်စွာ ရယ်ခြင်းဖြင့် မသွားအံ့ မနေထိုင်အံ့ဟု ကျင့်ရမည်။ ထိုသို့ မကျင့်ခြင်းကြောင့် ဥဇ္ဇဂ္ဃိကဒုက္ကဋ်အာပတ် သင့်၏၊

(၁၃+၁၄) အပ္ပသဒ္ဒ သိက္ခာပဒ

တစ်ဆယ့်နှစ်တောင်ကွာ သဝနူပစာ ကြားလောက်ရုံ တိုးသောအသံ ရှိသည်ဖြစ်၍ မြို့ရွာအတွင်း၌ သွားအံ့၊ နေထိုင်အံ့ဟု ကျင့်ရမည်။ ထိုသို့ မကျင့်ခြင်းကြောင့် အပ္ပသဒ္ဒဒုက္ကဋ်အာပတ် သင့်၏၊

(၁၅+၁၆) ကာယပ္ပစာလက သိက္ခာပဒ

ကိုယ်ကို လှုပ်စေ လှုပ်စေ၍ မြို့ရွာအတွင်း၌ မသွားအံ့၊ မနေထိုင်အံ့ဟု ကျင့်ရမည်။ ဤသို့မကျင့်ခြင်းကြောင့် ကာယပ္ပစာလကဒုက္ကဋ်အာပတ် သင့်၏၊

(၁၇+၁၈) ဗာဟုပ္ပစာလက သိက္ခာပဒ

လက်ရုံးကို လှုပ်စေ လှုပ်စေ၍ မြို့ရွာအတွင်း၌ မသွားအံ့၊ မနေထိုင်အံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဗာဟုပ္ပစာလကဒုက္ကဋ်အာပတ် သင့်၏၊

(၁၉+၂၀) သီသပ္ပစာလက သိက္ခာပဒ

ဦခေါင်းကို လှုပ်စေ လှုပ်စေ၍ မြို့ရွာအတွင်း၌ မသွားအံ့၊ မနေထိုင်အံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် သီသပ္ပစာလကဒုက္ကဋ်အာပတ် သင့်၏၊

ဥဇ္ဇဂ္ဃိကသိက္ခာပုဒ်နှစ်ခု အဓိပ္ပာယ်

ဥ-သဒ္ဒါသည် မြင့်မြင့်ကျယ်ကျယ် မဟန္တ-အနက်ကို ဟော၏၊ ဇဂ္ဃ-သဒ္ဒါကား ရယ်ရွင်ခြင်း ဟသန-အနက် ဟော၏၊ က-ပစ္စည်း အနက်ထူးမရှိ (သောတ္ထ)၊ နာ-ဝိဘတ် ဣတ္ထမ္ဘူတအနက်၌ သက်ထားသည်။ ကျယ်စွာ ရယ်ခြင်းဖြင့်ဟု အနက်ပေးရသည်။ အသံမြင့်မြင့် ကျယ်ကျယ် ရယ်ခြင်းကို ဥဇ္ဈဂ္ဃိကဟု ခေါ်သည်။ ရယ်စရာ အကြောင်းတစ်စုံတစ်ခု တိုက်ဆိုင်ဖြစ်ပေါ်လာသော် မြို့တွင်းရွာတွင်းဖြစ်မူ ဟားဟား ဟားဟား စသည်ဖြင့် ကျယ်လောင်စွာ အော်ဟစ် မရယ်ရ၊ ပြုံးရုံလောက်သာ ပြုံးရမည်။ အနာဒရိယ စိတ်မရှိဘဲ အသံညှင်းညှင်း ထွက်သွားသော်လည်း အပြစ် မရှိတန်ရာ။

(၁၃+၁၄) အပ္ပသဒ္ဒသိက္ခာပုဒ်နှစ်ခု အဓိပ္ပာယ်

အပ္ပသဒ္ဒါ၌ အနည်းငယ်ဟူသော အနက်ပေးရိုး ရှိသော်လည်း ဤ၌ တိုးတိုးဟု ဆိုလိုသည်။ တစ်ဆယ့်နှစ်တောင် ကျယ်သော အိမ်ဝယ် မြောက်အစွန်း၌တစ်ပါး အလယ်၌တစ်ပါး တောင်အစွန်း၌တစ်ပါး ထိုင်နေလျှင် မြောက်ဆုံးပုဂ္ဂိုလ်က ခြောက်တောင်ခန့် ကွာဝေးသော အလယ်ပုဂ္ဂိုလ်ကို လှမ်း၍ စကားပြောရာ၌ အလယ်ပုဂ္ဂိုလ်သာ အသံကိုလည်းကြား စကား၏ အဓိပ္ပာယ်ကိုလည်း နားလည်ရာ တောင်ဆုံးအစွန်းပုဂ္ဂိုလ်မှာ အသံသာ ကြား၍ အဓိပ္ပာယ်ကို သည်းသည်းကွဲကွဲ နားမလည်လျှင် အပ္ပသဒ္ဒ ဖြစ်၏၊ တောင်ဆုံးစွန်း ပုဂ္ဂိုလ်မှာလည်း ကွဲကွဲပြားပြား အဓိပ္ပာယ်နားလည်လျှင်ကား မဟာသဒ္ဒဖြစ်၍ အပြစ်သင့်သည်။

ဝိမတိဋီကာအဆို

ဤ အပ္ပသဒ္ဒသိက္ခာပုဒ်မှာ ရဟန်းအချင်းချင်း အလွတ်စကားပြောရာ၌ ပညတ်တော်မူလိုဟန် ရှိ၏၊ ဘာ့ကြောင့်နည်း မြို့ရွာအတွင်း တရားဟောသည့်အခါနှင့် အနီးအပါး ချဉ်းကပ်လာသူတို့အား စကားပြောဟောသည့် အခါတို့၌ ခြောက်တောင်ကွာလောက် နေသူကိုသာ အဓိပ္ပာယ်ကွဲပြား နားလည်ရုံလောက် ပြောလျှင် အကျိုးမရသည့်အပြင် အပြစ်ပင် ရဖွယ်ရှိသောကြောင့်တည်း။

အာပတ်မသင့်ပုံ

မြို့ရွာအတွင်း မဟာသဒ္ဒဖြစ်က အာပတ်သင့်၏ဟု ဆိုသော်လည်း တရားဟောသော ရဟန်း, ပါတိမောက်ပြသော ရဟန်း, ပရိတ်တရား ရွတ်ဖတ်သော ရဟန်းတို့အား ပရိသတ်အားလုံး ကြားလောက်အောင် အသံကျယ်ကျယ် ရွတ်ဆိုသော်လည်း အာပတ်မသင့်၊ ယခုခေတ်၌ကား အသံချဲ့စက်များဖြင့်ပင် အကူအညီယူ၍ တရားဟောကြားနေကြသည်။

ပစာလကသိက္ခာပုဒ် ခြောက်ပုဒ် အဓိပ္ပာယ်

= အပြားအားဖြင့်(အမျိုးမျိုး)၊ စာလက = လှုပ်စေသည်။ လှုပ်ဟူရာ၌ ကိုယ်ကို ငြိမ်သက်တည့်မတ်စွာ မထားဘဲ ဆန့်ခြင်း, တန်းခြင်း, ဝှေ့ရမ်းခြင်း။ ဗာဟုအရ လက်ကောက်ဝတ်မှ စ၍ ပခုံးစွန်းတိုင်အောင် ယူ၊ လက်ကို မြှောက် ရမ်းခြင်း၊ ဦးခေါင်းကို ငြိမ်သက်တည့်မတ်စွာ မထားဘဲ ငိုက်စိုက်ထားခြင်း၊ စောင်းငဲ့ခြင်း၊ ခေါင်းငြိမ့်ခြင်း, ခါခြင်း, ရမ်းခြင်း စသည့်များကို ပစာလကဟု ခေါ်သည်။ ထိုကဲ့သို့ မလှုပ်စေရအောင် ခန္ဓာကိုယ် လက်ရုံး ဦးခေါင်းတို့ကို တည့်မတ်စွာနှင့် ငြိမ်သက်စွာထား၍ သွားလာနေထိုင်ရမည်။ ပစာလက၌ နိဂ္ဂဟိတ်မှာ ကြိယာဝိသေသနအနက်ကို ဟောသော ဒုတိယာဝိဘတ်၏ ကာရိယတည်း။ ထို ကြိယာဝိသေသနမျိုးကို “၍, စွာ, လျောက်, လျက်, အောင်” စသည်ဖြင့် သင့်သလို အနက်ပေးနိုင်သည်။

ဤသိက္ခာပုဒ် နှစ်ခုနှစ်ခုတို့၌ ထိုင်ခြင်းနှင့်စပ်သော သိက္ခာပုဒ်တို့တွင် ဝါသူပဂတ ပိုသည်၊ အနာပတ္တိ အာပတ်မသင့်ဟု သိ။

၃။ ခမ္ဘကတဝဂ် သိက္ခာပုဒ်-၁၀ ပုဒ်

(၂၁+၂၂) ခမ္ဘကတ သိက္ခာပဒ

ပြုအပ်သော ခါးထောက်ခြင်းရှိသည်ဖြစ်၍ မြို့ရွာတွင်း၌ မသွားအံ့၊ မနေထိုင်အံ့ဟု ကျင့်ရမည်။ ထိုသို့ မကျင့်ခြင်းကြောင့် ခမ္ဘကတဒုက္ကဋ်။

(၂၃+၂၄) ဩဂုဏ္ဌိတ သိက္ခာပဒ

ခြုံအပ်သော ဦးခေါင်းရှိသည်ဖြစ်၍ မြို့ရွာတွင်း၌ မသွားအပ်၊ မနေထိုင်အပ်ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဩဂုဏ္ဌိတဒုက္ကဋ်။

၂၅။ ဥက္ကုဋိက သိက္ခာပဒ

အထက်၌ ခြေတစွန်းရှိသော သွားခြင်းဖြင့် (ဝါ) ဖနောင့် ခြေဖျား ဤနှစ်ပါးတွင် တစ်ပါးမြှောက်ကာ တစ်ပါးဖြင့်သာ နင်းချသွားခြင်းဖြင့် (ဝါ) ဖဝါးစွန်းနင်း၍ သွားခြင်းဖြင့် ရွာတွင်း၌ မသွားအပ်ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဥက္ကုဋိကဒုက္ကဋ်။

၂၆။ ပလ္လတ္ထိက သိက္ခာပဒ

လက်, သင်္ကန်းတို့ဖြင့် ထက်ဝန်းကျင်ပတ်ဖွဲ့ခြင်းဖြင့် (ဝါ) ဒူးကို သိုင်းဖက် လက်ချင်းဆက်သဖြင့် ပတ်ဖွဲ့ထိုင်ခြင်းဟူသော လက်အာယောဂပတ်၊ ဒူးခေါင်းကျောက်ဆစ် အဝတ်ရစ်သောအားဖြင့် ပတ်ဖွဲ့ထိုင်ခြင်းဟူသော ပုဆိုး အာယောဂပတ်ဖွဲ့ခြင်းဖြင့် မြို့ရွာအတွင်း၌ မနေထိုင်အပ်ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ပလ္လတ္ထိကဒုက္ကဋ် (ဤပြခဲ့သော သိက္ခာပုဒ် နှစ်ဆယ့်ခြောက်ပါးကို လျောက်ပတ် သပ္ပါယ်စွာ နေထိုင်ကြဖို့ရန် ပညတ်တော်မူအပ်သောကြာင့် သာရုပ္ပသိက္ခာပုဒ်များဟု ခေါ်သည်။)

၂၇။ သက္ကစ္စပဋိဂ္ဂဟဏ သိက္ခာပဒ

လေးစားသောအား သတိထား၍ ဆွမ်းကို ခံယူအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် သက္ကစ္စပတိဂ္ဂဟဏဒုက္ကဋ်။

၂၈။ ပတ္တသညီ ပဋိဂ္ဂဟဏသိက္ခာပဒ

သပိတ်၌ အမှတ်သညာရှိသည်ဖြစ်၍ ဆွမ်းကို ခံယူအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ပတ္တသညီပတိဂ္ဂဟဏဒုက္ကဋ်။

၂၉။ သမသူပက ပဋိဂ္ဂဟဏသိက္ခာပဒ

ဆွမ်း၏လေးဖို့တစ်ဖို့မျှ လက်ဖြင့်ကော်၍ရနိုင်သော ပဲဟင်းရှိရုံသာ ဆွမ်းခံအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် သမသူပကဒုက္ကဋ်။

၃၀။ သမတတ္ထိက သိက္ခာပဒ

သပိတ်အတွင်း အနားရစ်နှင့် အညီအမျှသော ခဲဖွယ်ဘောဇဉ် ရှိရုံသာ ဆွမ်းခံအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် သမတိတ္ထိက ဒုက္ကဋ်။

ခမ္ဘကတ သိက္ခာပုဒ်အဓိပ္ပာယ်

ခမ္ဘတိ ပဋိဗန္ဓတိ ဝတ္တံ ဧတ္ထာတိ ခမ္ဘော၊ အဝတ်ပုဆိုး ဖွဲ့စည်းရာဖြစ်သော ခါးကို ရ၏၊ ခမ္ဘေ ကတော ဟတ္ထော အနေနာတိ ခမ္ဘကတော၊ ခါး၌ ပြုအပ်သော လက်ရှိသော ရဟန်း, ခါးထောက်သော ရဟန်း ဟူ၏၊

မြိုတွင်းရွာတွင်း၌ ခါးထောက်၍ မသွားရ မနေထိုင်ရ၊ ထိုင်ခြင်း သိက္ခာပုဒ်၌ အနာပတ္တိဝါရ ဝါသူပဂတ ပို၏၊ ထို့ကြောင့် ဝါသူပဂတပုဂ္ဂိုလ်ဖြစ်မူ ခါးထောက်၍ထိုင်ရုံကား ထိုင်ကောင်း၏ဟု သိ။

ဩဂုဏ္ဌိတသိက္ခာပုဒ်နှစ်ခု အဓိပ္ပာယ်

သသီသံ ဩဂုဏ္ဌတိ ပါရုပတီတိ ဩဂုဏ္ဌိတော၊ (အဝ-ပုဗ္ဗ၊ ဂုဋ္ဌိ-ဓာတ်) ဦးခေါင်းနှင့်တကွ ရုံသောရဟန်းကို ရ၏၊ သိ-ဝိဘတ် ကြိယာဝိသေသနအနက် ၍, လျက်ဟု အနက်ပေး။ မြို့တွင်းရွာတွင်း၌ ဦးခေါင်းခြုံ၍ ခေါင်းမြီးခြုံ၍ မသွားကောင်း, မနေထိုင်ကောင်း၊ ထိုင်ခြင်းသိက္ခာပုဒ်၌ ဝါသူပဂတ လွတ်ခွင့်ရ၏၊ ဦးခေါင်းခြုံ၍ ထိုင်ရုံကား ထိုင်နေကောင်းသည်ဟု သိပါ။

ဥက္ကုဋိက သိက္ခာပုဒ်အဓိပ္ပာယ်

ဥဒ္ဓံ ပါဒံ ကုဋတီတိ ဥက္ကုဋိကော၊ ဥ-ကား အထက်ဟူသော အနက်၊ ကုဋ-ဓာတ်ကား ကောက်ခြင်းဟူသော ကောဋိလ္လအနက်၊ က-ပစ္စည်း သွတ္ထ၊ ခြေဖျားကိုဖြစ်စေ, ဖနောင့်ကိုဖြစ်စေ အထက်သို့ ကောက်ထား, ထောင်ထားသော ရဟန်းကို ရ၏၊

တစ်နည်း - ဥက္ခိပနံ ကုဋတိ ဂစ္ဆတီတိ ဥက္ကုဋိကော၊ ဥ-ကား ချီးမြှောက်ခြင်းအနက်၊ ကုဋ-ကား သွားခြင်းအနက် ခြေဖျားကိုလည်းကောင်း, ဖနောင့်ကို လည်းကောင်း ချီမြှောက်၍ ထောင်၍သွားသော ရဟန်းတည်း၊ နာ-ဝိဘတ်ကား ဣတ္ထမ္ဘူတလက္ခဏအနက်၌ ဖြစ်သည်။

ခြေဖျားကိုဖြစ်စေ, ဖနောင့်ကိုဖြစ်စေ ထောက်၍ မသွားကောင်း၊ သွားမူ ဒုက္ကဋ်၊ ခြေဖဝါးကို ညီညီညာညာ နင်း၍ သွားရမည်။ ထိုသို့ သွားခြင်းမှာ တစ်ဖက်စွန်းမှာ အထက်သို့ ထောင်နေသောကြောင့် “ဖဝါးစွန်းနင်း၍ သွားခြင်း”ဟု ခေါ်၏၊ ဖဝါးဆွံ့နင်းခြင်းဟု ဆိုသေး၏၊ ခြေဖဝါးကို မြေ၌ ထုံးစံအတိုင်း မနင်းဘဲ တစ်စွန်းတစ်စဖြင့် နင်း၍ သွားခြင်းဟု ဆိုလိုသည်။

ပလ္လတ္ထိကသိက္ခာပုဒ် အဓိပ္ပာယ်

ပရိ (သမန္တတော) ထက်ဝန်းကျင်မှ အသနံ(ခိပနံ) ပစ်ချရစ်ပတ်ခြင်းသည် ပလ္လတ္ထိ မည်၏၊ [ပရိ+အသ-ဓာတ်+တိ-ပစ္စည်း၊ သဓာတွန်ချေ၊ အတ္ထိဟု ပြီးစေ၍ ပရိ-၌ ရိ-၏ ဣ ကို ယ ပြု၊ ရ ကို လ ပြု၊ ဒွေးဘော်လာ ပလ္လတ္ထိဟု ဖြစ်၏၊ (ထက်ဝန်းကျင် ပစ်ချရစ်ပတ်ခြင်း ရ၏)] တစ်နည်း-ပလ္လတ္ထသဒ္ဒါ အာယောဂကရဏ အာယောဂပတ်ပြုခြင်းအနက်၊ က-သဒ္ဒါ သွတ္ထ၊ အ-ကို ဣ-ပြု၍ ပလ္လတ္ထိကဟု ရုပ်ပြီးသည်။ နာ-ဝိဘတ် ဣတ္ထမ္ဘူတ အနက်။

ပလ္လတ္ထိက အာယောဂပတ်ဖွဲ့ခြင်းနှစ်မျိုး

ထိုင်သောအခါ ဒူးဆစ်နှစ်ဖက်ကို ထောင်၍ ယင်းထောင်ထားသော ဒူးနှစ်ဖက်ကို လက်ဖြင့် ပိုက်လျက်ထိုင်သော ဟတ္ထပလ္လတ္ထိက တစ်မျိုး၊ အဝတ် သင်္ကန်းကို ပိုက်ဖွဲ့လျက် ထိုင်သော ဒုဿပလ္လတ္ထိကတစ်မျိုးဟု နှစ်မျိုး ပြား၏၊ မြို့တွင်း ရွာတွင်း၌ ထိုကဲ့သို့ အာယောဂပတ်ဖွဲ့၍ မထိုင်ကောင်း၊ ထိုင်လျှင် ဒုက္ကဋ်၊ ဤသိက္ခာပုဒ် အနာပတ္တိဝါရ၌ ဝါသူပဂတ ပို၏၊

(မှတ်ချက်) ဤ၂၆-ပါးသော သိက္ခာပုဒ်တို့ကား သင့်တင့်လျှောက်ပတ်စွာ နေထိုင်ဖို့ရန် ပညတ်တော်မူသော သာရုပ္ပသိက္ခာပုဒ် ၂၆-ပုဒ် တို့တည်း။ (၄၊၁၀၊၁၆၊၁၈၊၂၀၊၂၂၊၂၄၊၂၆။) ဤသိက္ခာပုဒ် (၈)ခုတို့ကား ဝါသူပဂတ လွတ်လပ်ခွင့် ရကြကုန်၏၊

သက္ကစ္စပဋိဂ္ဂဟဏ သိက္ခာပုဒ်အဓိပ္ပာယ်

သက္ကစ္စံအရ လေးစားခြင်းဟူသည် ဆွမ်းခံရာ၌ ဆွမ်းကို မလိုချင်သလို သွန်ပစ်တော့မလို မလေးမစားမလုပ်ဘဲ ဆွမ်းကို လေးလေးစားစား သတိထား၍ ခံယူခြင်းတည်း။ သက္ကစ္စံ = ရိုသေစွာဟု ရှေးက အနက်ရှိသည်။ ဘာသာဋီကာ၌ သက္ကစ္စံ = လေးစားသောအား သတိထား၍ဟု အနက်ပေး သည်။

ပတ္တသညီ သိက္ခာပုဒ်အဓိပ္ပာယ်

သလ္လက္ခေတွာ ဇာနာတီတိ သညာ။ အမှတ်သညာထား၍ သိတတ်သော သညာစေတသိက် ရ၏၊ ပတ္တေ+သညာ၊ ပတ္တသညာ သပိတ်၌ အမှတ်အသား ထားအပ်သော သညာ၊ ပတ္တသညာ အဿ အတ္ထီတိ ပတ္တသညီ၊ သပိတ်၌ အမှတ်တည်ရှိသော ရဟန်းတည်း။ ဆွမ်းခံယူနေခိုက် တောင်မြောက်လေးပါး မကြည့်ဘဲ မိမိ၏ သပိတ်၌သာ သညာထား၍ ဆွမ်းခံရမည်။ ဤ၌ သညာကား ဥပလက္ခဏနည်းတည်း။ မျက်စိရော စိတ်ရော သပိတ်၌ ထားမှ သင့် မည်။ မရိုမသေ ထိုထိုအရပ်ကို ကြည့်၍ ဆွမ်းခံအံ့ ဒုက္ကဋ်တည်း။

သမသူပကံ သိက္ခာပုဒ်အဓိပ္ပာယ်

သမော သူပေါ ဧတသ္မိံန္တိ သမသူပကော၊ သမသူပကံ၌ အံ-ဝိဘတ်ကား ကြိယာဝိသေသန၊ တစ်နည်း ဘာဝနပုံးတည်း။ ဆွမ်း၏ လေးဖို့တစ်ဖို့နှင့် ညီမျှသော လက်ကော်ရသော ပဲဟင်းရှိသော ဆွမ်းကို ရ၏၊

သူပ-သဒ္ဒါကား ပဲနောက် ပဲကြီး စသော ပဲဟင်းအမျိုးမျိုးကို ဆိုသည်။ ၎င်းပဲဟင်းသည် ဆွမ်း၏ လေးပုံတစ်ပုံခန့်ရှိလျှင် စားသင့်ပြီ ဖြစ်ရကား သမသူပကဟူ၏၊ ပဲအမျိုးဟင်းကို ဆွမ်း၏ လေးပုံတစ်ပုံထက် ပို၍ ခံယူသော ရဟန်း အား ဒုက္ကဋ်၊ နည်းသည့်အတွက် အပြစ်မရှိ၊ ပဲဟင်းမှတစ်ပါး အခြား သား, ငါး, အသုတ်, အကြော်စသော ဟင်းကောင်းများကိုကား ဆွမ်း၏ လေးပုံတစ်ပုံထက် ပိုမိုများပြားသော်လည်း အာပတ်မသင့်၊ ဉာတိပဝါရိတတို့ အထံမှ မူ ထိုလေးဖို့တစ်ဖို့ထက် ပို၍လည်း ခံယူကောင်း၏၊

သမသူပကံ၌ ကြိယာဝိသေသနခေါ် ဘာဝနပုံကို ပြသော နိဂ္ဂဟိတ်တည်း။ ထို့ကြောင့် ရှိရုံဟု ဝိသေသနသံ ပါအောင် အနက်ပေးလိုက်သည်။ နောက်နောက် နိဂ္ဂဟိတ်ဆုံး၍ ဝိသေသနသံပေးသမျှ၌ ကြိယာဝိသေသန (ဘာဝနပုံ) ချည်းမှတ်။

သမတိတ္ထိက သိက္ခာပုဒ်အဓိပ္ပာယ်

တိတ္ထသဒ္ဒါ ဆိပ်ကမ်းကို ဟော၏၊ တိတ္ထံ ဝိယ တိတ္ထံ = ဆိပ်ကမ်းနှင့် တူသော သပိတ်အတွင်းနှုတ်ခမ်းကို ရ၏၊ တိတ္ထေန သမံ ယဿာတိ သမတိတ္ထိကံ = ဆိပ်ကမ်းနှင့် တူသော သပိတ်၏ အတွင်းနှုတ်ခမ်းနှင့် အညီအမျှရှိသော ဆွမ်းကို ရ၏၊ သပိတ်၏ အတွင်းနှုတ်ခမ်းနှင့် ညီမျှရုံသာ ဆွမ်းခံရမည်။ ထိုနှုတ်ခမ်းမှ အပိုလျှံမောက်နေအောင် ခံလျှင် ဒုက္ကဋ်။

ဆွမ်းဟူရာ၌လည်း ယာဝကာလိက ခဲဖွယ်ဘောဇဉ်အားလုံးကို ဆိုလိုသည်။ သပိတ်အပေါ်၌ တင်လျက် ခွက်စသည်ဖြင့် ထည့်၍ ခံယူရာ၌လည်းကောင်း, အဓိဋ္ဌာန်လောက်သော သပိတ်မဟုတ်သော ခွက်ဖြင့် ခံယူရာ၌ မို့မောက်နေသော်လည်း အာပတ်မသင့်၊ ထို့ပြင် သပိတ်တစ်လုံး ပြည့်နေ၍ ထိုတစ်လုံးကို အခြားသူအား ပေးပြီးနောက် အခြား သပိတ်ဖြင့် ခံယူရာ၌လည်း အာပတ်မသင့်။

ဤသိက္ခာပုဒ် အနာပတ္တိဝါရ၌ ဂိလာနဿဟု မဟောခြင်းကြောင့် စုန်းစုန်းတက်အောင် မောက်နေအောင် ခံယူက ဂိလာနသော်လည်း အာပတ်မှ မလွတ်၊ ဤသိက္ခာပုဒ် လေးခုတို့၌ ခံယူခြင်းငှာသာ မအပ်သည်။ ခံပြီးသော ကာလိကကား စားအပ်သော်လည်း အပြစ်မရှိဟု မှတ်ပါ။

(၄) သက္ကစ္စဝဂ်သိက္ခာပုဒ် ၁၀-ပုဒ်

၃၁။ သက္ကစ္စ ဘုဉ္ဇန သိက္ခာပဒ

လေးစားသောအား သတိထား၍ ဆွမ်းကို စားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် သက္ကဉ္စဘုဉ္ဇနဒုက္ကဋ်။

၃၂။ ပတ္တသညီ ဘုဉ္ဇန သိက္ခာပဒ

သပိတ်၌ အမှတ်သညာရှိသည်ဖြစ်၍ ဆွမ်းကို စားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ပတ္တသညီဘုဉ္ဇနဒုက္ကဋ်။

၃၃။ သပဒါန သိက္ခာပဒ

မိမိဘက်ရှိ အစမှ စ၍ အစဉ်အတိုင်း ဆွမ်းကို စားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် သပဒါနဒုက္ကဋ်။

၃၄။ သမသူပကဘုဉ္ဇန သိက္ခာပဒ

ဆွမ်း၏ လေးဖို့တစ်ဖို့မျှ လက်ကော်ရ ပဲဟင်းရှိရုံသာ ဆွမ်းကို စားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် သမသူပကဘုဉ္ဇနဒုက္ကဋ်။

၃၅။ န ထူပကတ သိက္ခာပဒ

ဆွမ်းဦး ဆွမ်းထိပ် ဆွမ်းခွက် အလယ်ဗဟိုရ်မှ နှိပ်၍ (ဝါ)နှိုက်၍ ဆွမ်းကို မစားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ထူပကတဒုက္ကဋ်။

၃၆။ ဩဒနပ္ပဋိစ္ဆာဒ သိက္ခာပဒ

သောက်၍ စားကောင်းသော ပဲဟင်းစသည်ကိုလည်းကောင်း, အမဲဟင်းလျာကိုလည်းကောင်း များသည်ကို အလိုရှိသည်ဖြစ်၍ ဆွမ်းဖြင့် မဖုံးအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဩဒနပ္ပဋိစ္ဆာဒနဒုက္ကဋ်။

၃၇။ သူပေါဒနဝိညတ္တိ သိက္ခာပဒ

ပဲဟင်းစသည်ကိုလည်းကောင်း, ဆွမ်းကိုလည်းကောင်း ဂိလာန မဟုတ်ဘဲ မိမိအကျိုးငှာ တောင်း၍ မစားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် သူပေါဒနဝိညတ္တိဒုက္ကဋ်။

၃၈။ ဥဇ္ဈာနသညီ သိက္ခာပဒ

လှောင်ပြောင် ရှုတ်ချကဲ့ရဲ့ခြင်း၌ အမှတ်သညာရှိသည်ဖြစ်၍ သူတစ်ပါးတို့၏ သပိတ်ကို မကြည့်အံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဥဇ္ဈာနသညီဒုက္ကဋ်။

၃၉။ အတိမဟန္တကဗဠ သိက္ခာပဒ

ဒေါင်းဥအလား အလွန်ကြီးမားသော ဆွမ်းလုတ်ကို မပြုအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် အတိမဟန္တကဗဠဒုက္ကဋ်။

၄၀။ ပရိမဏ္ဍလအာလောပ သိက္ခာပဒ

ထက်ဝန်းကျင် ဝန်းဝိုင်းသော ဆွမ်းလုတ်ကို ပြုအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ပရိမဏ္ဍလအာလောပဒုက္ကဋ်။

သက္ကစ္စဘုဉ္ဇန သိက္ခာပုဒ်အဓိပ္ပာယ်

ဆွမ်းစားသည့် အခါ မစားချင် စားချင်သော အမူအရာမျိုး မပြဘဲ ဆွမ်း၌ လေးလေးစားစား သတိထား၍ စားရမည်၊ သို့မှသာ သက္ကစ္စ ဖြစ်မည်။ မစားလိုသကဲ့သို့ မလေးမစား သတိမထားဘဲ စားအံ့၊ အာပတ်သင့်၏၊

ပတ္တသညီ သိက္ခာပုဒ်အဓိပ္ပာယ်

ဆွမ်းစားသည့်အခါ တောင်မြောက်လေးပါး မကြည့်ရ။ မိမိခွက်၌သာ သညာ (စိတ်ရော မျက်စိပါ) ထား၍ ဣန္ဒြေရစွာ စားရမည်။ သို့မှ ပတ္တသညီ ဖြစ်မည် ဟူ၏၊

သပဒါန သိက္ခာပုဒ်အဓိပ္ပာယ်

(သ+ အပ+ ဒါ+ ယူ) ဒါ-ဓာတ် ပိုင်းဖြတ်ခြင်း အဝခဏ္ဍက အနက်ဟော၊ ဒါနတော အပေတံ အပဒါနံ ပိုင်းဖြတ်ခြင်းမှ ကင်းခြင်းကို ရ၏၊ သဟ အပဒါနေန ယံ ဝတ္တတီတိ သပဒါနံ၊ ပိုင်းဖြတ်ခြင်းကင်းသော အမူအရာနှင့် တကွ ဖြစ်သော စားခြင်းကြိယာကို ရ၏၊

ဆွမ်းစားသောအခါ တစ်ခွက်တည်း၌ ဟိုတစ်စ သည်တစ်စ ဟိုနားနှိုက် သည်နားနှိုက် လုပ်သော အမူအရာမျိုး မရှိစေဘဲ မိမိဘက်ရှိ နီးရာမှ စ၍ အစဉ်အတိုင်းယူ၍ စားခြင်းကို သပဒါနဟုခေါ်သည်။

သူတစ်ပါးအား ပေးလို၍ ထိုထိုနေရာမှ ယူသောရဟန်း၊ တခြားသော ခွက်သို့ လောင်းထည့်လို၍ ထိုထိုအရပ်မှ ယူသောရဟန်း၊ လက်သုတ်ဟင်း လျာကို အစဉ်အတိုင်းမဟုတ်ဘဲ ယူသောရဟန်း အာပတ်မသင့် ဟူ၏၊

သမသူပကဘုဉ္ဇန သိက္ခာပုဒ်အဓိပ္ပာယ်

ဆွမ်း၏ လေးဖို့တစ်ဖို့နှင့် ညီမျှသော လက်ကော်ရပဲဟင်း စားရာ၌ ဉာတိပဝါရိတ မဟုတ်သူတို့၏ဆွမ်းကို စားသောအခါ ပဲဟင်းကို မျာများမစားရဟု သိပါ။ ကြွင်းအဓိပ္ပာယ်များ သမသူပက, ပဋိဂ္ဂဟဏသိက္ခာပုဒ်အတိုင်း သိပါ။

န ထူပကတ သိက္ခာပုဒ်အဓိပ္ပာယ်

ထူပမေဝ ထူပကံ၊ ထူပ-သဒ္ဒါ စေတီပုထိုးများ၌ကဲ့သို့ အထက်သို့ မြင့်မောက်သော ဆွမ်းဦး ဆွမ်းလယ်ကို ဟော၏၊ က-ပစ္စည်း သောတ္ထ၊ ထူပ ကဲ့သို့ မို့မောက်သော ဆွမ်းဦး ဆွမ်းထိပ် (စားခွက်ဝယ် အလယ်ဗဟို) အရပ်ကို ထူပကဟု ဆိုလိုသည်။ ဆွမ်းစားသော အခါဝယ် အလယ်တည့်တည့်မှ ယူ၍ မစားရ ဟူလို။ သို့သော် ကုန်ခါနီး၌ သိမ်းကျုံးစားရာ၌ကား အလယ်ကို ယူမိ သော်လည်း အာပတ်မသင့်။

ဩဒနပဋိစ္ဆာဒန သိက္ခာပုဒ်အဓိပ္ပာယ်

ဤသိက္ခာပုဒ်၌ သူပ-အရ သောက်၍ စားကောင်းသော ဟင်းရည်မျိုးကို ယူသင့်၏၊ သုခေန ပါတဗ္ဗန္တိ သူပံဟု ထောမနီဓိ ဆိုသည်။ သူပေါဒန ဝိညတ္တိသိက္ခာပုဒ်အဖွင့်၌ သူပေါ နာမ ဒွေ သူပါဟု မဟောခြင်းကြောင့် ပဏီတဘောဇဉ်မှ တစ်ပါး အလုံးစုံသော ဘောဇဉ်ကို ယူရမည်ဟု ဝဇီရဗုဒ္ဓိဋီကာ ဆို၏၊ ဤသိက္ခာပုဒ်၌လည်း ၎င်းအတိုင်းပင် ယူသင့်သည်ဟု ထင်သည်။ အချို့ကား ပဲနောက်ဟင်းစသော ပဲဟင်းမျိုးကို ယူကြသည်။ ဗျဉ္ဇနအရ သား, ငါးစသော ဟင်းလျာ လက်သုတ်များကို ယူ။

များများအလိုရှိ၍ ပဏီတဘောဇဉ်မှ တစ်ပါးသော ဘောဇဉ်ကို ဖြစ်စေ၊ ငါး, အမဲ, လက်သုတ်, ဟင်းလျာကိုဖြစ်စေ ဆွမ်းဖြင့် ဖုံးမထားရ၊ထို သူပ, ဗျဉ္ဇနတို့ကို (ဆွမ်းခံစဉ်) ဆွမ်းဖြင့် ဖုံးထားလျှင် ဒီကိုယ်တော်မှာ ဟင်း မရရှာဘူးဟု ထင်၍ ဆွမ်းလောင်းသူတို့က နောက်ထပ် လောင်းချင်လိမ့်မည်။ ထိုသို့ လောင်းချင်အောင် များများအလိုရှိ၍ သူပ, ဗျဉ္ဇနတို့ကို ဆွမ်းဖြင့် မဖုံးထားရ၊ လောင်းသူတို့ ကိုယ်တိုင်က မာဃာတသမယ = သားငါးမသတ်ရဟု ကြွေးကြော်ရာအခါဖြစ်၍ လူမမြင်အောင်ဖုံးလျက် လောင်းသူက လောင်းလှူလျှင် ခံယူသူမှာ အာပတ်မသင့်။ အနာပတ္တိဝါရ၌ ဂိလာနဿဟု မလာသောကြောင့် ဂိလာနဖြစ်၍ ဖုံးထားလျှင်လည်း အာပတ်မှ မလွတ်ဟု သိ။ များများအလိုရှိ၍ မဟုတ်ဘဲ ဖုံးထားသော ရဟန်များ အာပတ်မသင့်။

သူပေါဒနဝိညတ္တိ သိက္ခာပုဒ်အဓိပ္ပာယ်

သူပံ ဝါဟု ဆိုသော်လည်း ပဲဟင်းကိုသာ ရည်ရွယ်၍ ဆိုသည်မဟုတ်၊ ဟင်းအားလုံးကို မှတ်၍ ဆိုသည် (ဥပလက္ခဏနည်းတည်း)။ ပဏီတဘောဇဉ်မှ လွတ်သော စားဖွယ်အားလုံးကို သူပံ ဝါ ဩဒနံ ဝါ၌ သွင်းယူရမည်။

ပဏီတဘောဇန သိက္ခာပုဒ်၌ မစ္ဆ, မံသ, ခီရ, ဒဓိတို့ကို တောင်းစားလျှင် သူပေါဒန ဝိညတ္တိသိက္ခာပုဒ်အရ ဒုက္ကဋ်ဟု အဋ္ဌကထာတို့ ဖွင့်ဆိုကြသည်။

ထို့ကြောင့် ဂိလာန မဟုတ်လျှင် ဉာတိပဝါရိတ မဟုတ်သော ဒကာ ဒကာမတို့ အထံ၌ မည်သည့်အစာကိုမျှ (အယုတ်ဆုံးအားဖြင့် သူတို့ပိုင် ရေကိုမျှ) မတောင်းကောင်း။

တောင်းမှုနှင့် စပ်၍ မှတ်ရန်

သံဃာအတွက် ဖိတ်ထားသူအထံဖြစ်စေ, လုံးလုံးမဖိတ်ထားသူအထံ ဖြစ်စေ ဂိလာနမဟုတ်ဘဲ ဆေးပစ္စည်းကို တောင်းလျှင် မဟာနာမသိက္ခာပုဒ်အရ ပါစိတ်၊ ထောပတ်ဆွမ်းစသော ပဏီတဘောဇဉ်ကို တောင်းစားလျှင် ပဏီတဘောဇနသိက္ခာပုဒ်အရ ပါစိတ်၊ ကြွင်းသော အစားအစာကို တောင်းစားလျှင် ဤသိက္ခာပုဒ်အရ ဒုက္ကဋ်။

ဝစီဝိညတ် မပါဘဲ ဆွမ်းရပ်သကဲ့သို့ ရပ်၍ အလှူခံရာ၌ကား အာပတ် မသင့်၊ ဂိလာန ဖြစ်သူမှာလည်း ဓာတ်စာဖြစ်သော အစားအစာများ, အမှန်သင့်မြတ်သော ရောဂါအတွက် လိုအပ်နေသော ဆွမ်း, ဟင်းနှင့် ဆေးများကို တောင်းကောင်း၏ အာပတ်မသင့်။

သူတစ်ပါးအတွက် တောင်းပေးမှု

နိဿဂ္ဂိယ၌ဖြစ်သော အညာတကဝိညတ္တိသိက္ခာပုဒ်မှ စ၍ တောင်းမှု ဆိုင်သမျှ သိက္ခာပုဒ်များဝယ် အညဿ = အခြားရဟန်း၏၊ အတ္ထာယ = အကျိုးငှာ။ ဝိညာပေန္တဿ = တောင်းသော ရဟန်း၏၊ အနာပတ္တိ = အာပတ် မသင့်သည်။ ဟောတိ = ဖြစ်၏ဟု လာစေ။ ဤပါဠိတော်သွားအတိုင်း တိုက် ရိုက်ယူလျှင် အခြားရဟန်းအတွက် တောင်းပေးက တောင်းပေးသော ရဟန်း မှာလည်း အာပတ်မသင့်၊ သုံးဆောင်သော ရဟန်းမှာလည်း အာပတ်မသင့်ဟု အဓိပ္ပာယ် ယူရမည်ကဲ့သို့ ရှိ၏၊

အညာတက ဝိညတ္တိသိက္ခာပုဒ် အဋ္ဌကထာရင်း၌ -
၁။ အခြားရဟန်းအတွက် မိမိ၏ ဉာတိပဝါရိတအထံ တောင်းပေးခြင်း။
၂။ အခြားရဟန်း၏ ဉာတိပဝါရိတအထံ ထိုရဟန်းအတွက် တောင်းပေးခြင်းကြောင့်သာ အနာပတ္တိဟု ဖွင့်၏၊ ဉာတိပဝါရိတမဟုတ်သူထံ တောင်း ပေးခြင်းကြောင့် အနာပတ္တိဟု မဖွင့်။

ဝိမတိဋီကာအဆို

ပါဠိတော်၌ အတ္တနော အတ္ထာယဟု ဆိုခြင်းကြောင့် တစ်ပါးသော သီတင်းသုံးဖော်ငါးယောက်တို့၏ အကျိုးငှာ အမျိုးမတော်သူ မဖိတ်ထားသူ အထံ၌ တောင်းသောရဟန်း ဤသိက္ခာပုဒ်ဖြင့် အာပတ်မသင့်သကဲ့သို့ ဖြစ် သော်လည်း အကတဝိညတ္တိဒုက္ကဋ်မှ မလွတ်၊ စေတနာနှင့် တကွပြုမူ မိမိသော်လည်းကောင်း, သူတစ်ပါးသော်လည်းကောင်း မိစ္ဆာဇီဝမှ မလွတ်ဟု ဝိမတိဋီကာ ဆို၏၊

ရှင်ဒကာ, ရဟန်းဒကာ ရှာပေးသူတို့ သတိထားရန်

အမျိုးမတော်သူ မဖိတ်ထားသူအထံ၌ မိမိဖို့ တောင်းခြင်းသာ မအပ်သည် မဟုတ်သေး၊ သူတစ်ပါးအတွက် တောင်းပေးခြင်း, ပြောပေးခြင်း, ဆွမ်းခံအိမ် ဖိတ်ပေးခြင်း, ဆွမ်းကပ်ရန် ဖိတ်ခြင်း, ပစ္စည်းလေးပါး အဖိတ်ခိုင်းခြင်း, ပစ္စည်းလေးပါးဖြင့် ဖိတ်ဖို့ရာ သင်ပေးခြင်း, ရဟန်းခံ ရှင်ပြုကိစ္စ စသည်တို့၌ ရဟန်းဒကာ ရှင့်ဒကာလုပ်ရန် တိုက်တွန်းခြင်းများသည် တိုက်တွန်းသူမှာလည်း မအပ်၊ တိုက်တွန်း၍ ရရှိသော ပစ္စည်းအဆက်ဆက်လည်း မအပ်။ ထိုသို့ တိုက်တွန်းမှုကြောင့် လှူကြသော ပစ္စည်းများမှာလည်း တစ်သာသနာလုံး အပ်မည် မဟုတ်တော့ချေ။

(ဆောင်) အပ္ပဝါရိ၊ အဉာတီကို၊ မိမိတွက်တောင်း၊ သူတွက်တောင်းတည့်၊ သောင်းပြောင်း ဟင်းဆွမ်း၊ ဖိတ်မန်ခန်းနှင့်၊ ရဟန်းဒကာ၊ ရှင့်ဒကာ ဟု၊ လုပ်စေမှုစပ်၊ အရပ်ရပ်၊ မအပ်ဆက်ဆက်တည်း။

အာပတ်မသင့်ပုံများ

ဉာတကပဝါရိတထံ တောင်းပေးသောရဟန်း, (ဉာတကပဝါရိတတို့ထံ) သူတစ်ပါးအကျိုးငှာ တောင်းသောရဟန်း, မိမိဥစ္စာဖြင့် ဝယ်သော ရဟန်း အာပတ်မသင့်။

ဥဇ္ဈာနသညီ သိက္ခာပုဒ်အဖွင့်

ဥဇ္ဈာယတိ ဧတေနာတိ ဥဇ္ဈာနံ = ကဲ့ရဲ့ကြောင်းဖြစ်သော စိတ်၊ ဥဇ္ဈာနေ ယုတ္တာ သညာ ဥဇ္ဈာနသညာ = ကဲ့ရဲ့ကြောင်းစိတ်နှင့် ယှဉ်သော သညာကို ရ၏၊ ဥဇ္ဈာနသညာ အဿ အတ္ထီတိ ဥဇ္ဈာနသညီ = ကဲ့ရဲ့ကြောင်းစိတ်နှင့် ယှဉ်သော သညာရှိသော ရဟန်းကို ရ၏၊

သူတစ်ပါး သပိတ်ထဲ၌ ဆွမ်းဟင်းနည်းလျှင် လှောင်ပြောင်လို၍ လည်းကောင်း များနေလျှင်လည်း “ဒကာ, ဒကာမကို မည်ကဲ့သို့ ဆက်ဆံတာကိုး ရမှာပေါ့” စသည်ဖြင့် ရှုတ်ချလို၍လည်းကောင်း သူတစ်ပါး၏ ဆွမ်းသပိတ်ကို မကြည့်ရ၊ နည်းနေလျှင် လှူမည် များနေလျှင် ခံမည် စသည်ဖြင့် ရိုးသားသော စိတ်ဖြင့်ကား ကြည့်ကောင်း၏၊

အနာပတ္တိဝါရ၌ နည်းလျှင် ပေးလှူအံ့၊ များလျှင် ပေးလှူစေအံ့ဟု ကြည့်သော ရဟန်း၊ မကဲ့ရဲ့ မရှုတ်ချ မပြောင်လှောင်လိုသော ရဟန်း အာပတ် မသင့်။

အတိမဟန္တကဗဠ သိက္ခာပုဒ်အဓိပ္ပာယ်

ဒေါင်းဥသည် အလွန်ကြီး၏၊ ကြက်ဥကား ငယ်လွန်း၏၊ ထိုဒေါင်းဥနှင့် ကြက်ဥ အကြားလောက်ရှိသော ဆွမ်းလုတ်ကို ပြုရမည်။ ဆွမ်းလုတ်ကို ကြီးစွာ လုပ်၍ ပါးစပ်ပြည့်မောက် ဖောင်းနေအောင် မစားရ။ ဒေါင်းဥလောက် ကြီးလျှင် ဒုက္ကဋ်အာပတ်ဟု ဆိုလို၏၊

ကြက်ဥလောက်အငယ်ကိုကား မလျောက်ပတ်၍သာ အဋ္ဌကထာ ပြသည်။ အာပတ်ကား မသင့်ဟု ဝိမတိဋီကာ ဆို၏၊ မုန့်, ခဲဖွယ်များနှင့် သစ်သီး များကိုကား ကြီးနေသော်လည်း အနာပတ္တိ အာပတ်မသင့်။

ပရိမဏ္ဍလအာလောပ သိက္ခာပုဒ်အဓိပ္ပာယ်

ထက်ဝန်းကျင် ဝန်းဝိုင်းဟု ဆိုသော်လည်း ကွန်ပါဖြင့် ရစ်ဝိုင်းထားသလို လောက်စာလုံး ကျောက်လုံးကဲ့သို့ ဝိုင်းဝိုင်းစက်စက်လေး ဖြစ်ရမည်ဟု မဆိုလို၊ အဒီဃံ (= ရှည်ရှည်လျားလျား မဖြစ်စေဘဲ) အထိုက်အလျောက် ဝိုင်းအောင် သတိထား၍ ဆွမ်းလုတ်ကို ပြုပြင်စားရမည်ဟု ဆိုလိုသည်။

ဇွန်းခရင်းနှင့် စားသူများ သတိပြုရန်

ဤသိက္ခာပုဒ်အရ ဇွန်း ခရင်းနှင့် စားခြင်းကို မနှစ်သက်ကြ၊ အထိုက်အလျောက် ဝန်းဝိုင်းအောင်ပြု၍ သတိထား စားနိုင်လျှင်ကား သင့်ပါသည်။ သို့ရာတွင် ပါးစပ်အတွင်းမှ သွားရေများ ဇွန်းခရင်း၌ ကပ်ငြိပေကျံသွားပြီး ထိုဇွန်း ခရင်းဖြင့် ယူအပ်ခပ်အပ်စဉ် ဆွမ်းလုံးစသည်တို့ ဖိတ်စင်ပြုတ်ကျခဲ့သော် ထိုတံတွေး, သွားရည်တို့ ပေကျံနေသော ဆွမ်းလုံးတို့သည် ခန္ဓာကိုယ်မှ ကွာသွားသဖြင့် အကပ်ပျက်သွားသပြီး ထိုအကပ်ပျက်သွားသော ဆွမ်းလုံးတို့နှင့် ရောနှောမိသွားသော သပိတ်ထဲမှ ဆွမ်းများလည်း အကပ်ပျက်သွားပြန်သဖြင့် ဒန္တပေါဏသိက္ခာပုဒ်အရ မကပ်ရသေးသော ဆွမ်းကို စားရာရောက်သည်။ ထို့ကြောင့် အချို့ ဆရာတော်ကြီးများ ဇွန်းခရင်းဖြင့် စားခြင်းကို မနှစ်သက်ကြခြင်း ဖြစ်၏၊ ခေတ်ဆန်သူများနှင့် ဆေးပညာရှင်တို့သည် ရေနွေးနှင့် ပြုတ်ထားသော ဇွန်းခရင်းများဖြင့် စားလိုကြသည်။ လက်ကို စင်ကြယ်အောင်ဆေး၍ လက်ဖြင့် ဝန်းဝိုင်းအောင် ပြု၍ စားခြင်းသည်သာ ဘုရားရှင်၏ အလိုတော်နှင့် ပို၍ ကိုက်ညီမည် ထင်သည်။

(၅) ကဗဠဝဂ် သိက္ခာပုဒ် ၁၀-ပုဒ်

၄၁။ အနာဟဋ သိက္ခာပဒ

ဆွမ်းလုတ်ကို ခံတွင်းဝသို့ မဆောင်ယူအပ်သေးမီ ခံတွင်းအဝကို မဖွင့်အံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် အနာဟဋဒုက္ကဋ်။

၄၂။ ဘုဉ္ဇမာန သိက္ခာပဒ

ဆွမ်းစားစဉ် အလုံးစုံသော လက်ချောင်းကို ခံတွင်း၌ မထည့်အံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဘုဉ္ဇမာနဒုက္ကဋ်။

၄၃။ သကဗဠ သိက္ခာပဒ

ဆွမ်းလုတ်နှင့်တကွဖြစ်သော ခံတွင်းဖြင့် စကားမပြောအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် သကဗဠဒုက္ကဋ်။

၄၄။ ပိဏ္ဍုက္ခေပက သိက္ခာပဒ

ဆွမ်းလုတ်ကို မြှောက်၍မြှောက်၍ မစားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ပိဏ္ဍုက္ခေပကဒုက္ကဋ်။

၄၅။ ကဗဠာဝစ္ဆေဒက သိက္ခာပဒ

ဆွမ်းလုတ်ကို ကိုက်ဖြတ်၍ ကိုက်ဖြတ်၍ မစားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ကဗဠာဝစ္ဆေဒကဒုက္ကဋ်။

၄၆။ အဝဂဏ္ဍကာရက သိက္ခာပဒ

မျောက်ကဲ့သို့ ပါးစောင်ကို မို့မောက်အောင် ပြု၍ မစားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် အဝဂဏ္ဍကာရကဒုက္ကဋ်။

၄၇။ ဟတ္ထနိဒ္ဓုနက သိက္ခာပဒ

လက်ကို ခါ၍ခါ၍ မစားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဟတ္ထနိဒ္ဓုနကဒုက္ကဋ်။

၄၈။ သိတ္ထာဝကာရက သိက္ခာပဒ

ဆွမ်းလုံးများကို ဖြန့်ကြဲ၍ ဖြန့်ကြဲ၍ မစားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် သိတ္ထာဝကာရကဒုက္ကဋ်။

၄၉။ ဇိဝှါနိစ္ဆာရက သိက္ခာပဒ

လျှာကို ထုတ်၍ ထုတ်၍ မစားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဇိဝှါနိစ္ဆာရကဒုက္ကဋ်။

၅၀။ စပုစပုကာရက သိက္ခာပဒ

စပု စပုဟု အသံပြု၍ (ဝါ) စပ်စပ် ပျတ်ပျတ် မြည်အောင် ပြု၍ မစားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် စပုစပုကာရကဒုက္ကဋ်။

အနာဟဋ သိက္ခာပုဒ်အဓိပ္ပာယ်

ဆွမ်းစားသည့်အခါ ပါးစပ်ပေါက်သို့ ဆွမ်းလုတ်မရောက်မီ ပါးစပ်ကို ဖွင့်ထားနှင့်ခြင်းကား မယဉ်ကျေးသော အမူအရာတစ်မျိုး ဖြစ်၏၊ ထို့ကြောင့် ခံတွင်းဝ (ပါးစပ်ပေါက်)သို့ ဆွမ်းလုတ်မတေ့မိခင် ခံတွင်းကို ကြိုတင်၍ ဟမထားနှင့်ရ။ ဂိလာနသော်လည်း ဟမထားရဟု သိပါ။

ဘုဉ္ဇမာန သိက္ခာပုဒ်အဓိပ္ပာယ်

ထမင်း မစားတတ်သေးသော ကလေးတို့သည် ထမင်းလုတ်ကို ပါးစပ်သို့ သွင်းသောအခါ လက်ချောင်းများပါ သွင်းလိုက်သကဲ့သို့ ရဟန်းသည် ဆွမ်းစားစဉ် လက်ချောင်းများကို ခံတွင်းအထဲသို့ မသွင်းမိစေရ။

သဗ္ဗံ ဟတ္ထန္တိ သကလဟတ္ထံဟု အဋ္ဌကထာ ဖွင့်ဆိုသော်လည်း လက်ငါးချောင်း စလုံးကို မယူရ၊ ဧကဒေသူပစာနည်းအားဖြင့် ဟောထားသည်။ လက်တစ်ချောင်းတစ်ချောင်းကိုသာ ယူရမည်။ ထို့ကြောင့် လက်ငါးချောင်းတို့တွင် တစ်ချောင်းတလေကိုမျှ ခံတွင်းသို့ မသွင်းရဟု သိ၊ တချို့စားနည်း၌ လက်မအဖျားလောက် အနည်းငယ် ဝင်သွားတတ်၏၊ သို့သော် အနာဒရိယ စိတ် မရှိလျှင် အာပတ်မသင့်။

သကဗဠ သိက္ခာပုဒ်အဓိပ္ပာယ်

ပါးစပ်ထဲ၌ ဆွမ်းလုတ်ရှိနေလျှင် စကားမပြောရ။ ဆွမ်းလုတ်ဟူရာ၌ စကားလုံး မပီသလောက်အောင် ပြည့်နေသော ဆွမ်းလုတ်ကို ဆိုလိုသည်။ တရားဟောစဉ် သျှစ်သျှားသီးကို ပါးစပ်ထဲ ငုံ၍ ဟောကောင်းသကဲ့သို့ ဆွမ်းလုတ်က အနည်းငယ်သာ ရှိသဖြင့် စကားလုံး ပြီသအောင် ပြောနိုင်၍ ပြောလျှင်ကား အာပတ်မသင့်။ စကားမပီမသ ဖြစ်၍ အာလုပ်သံဖြစ်နေလျှင်မူ မပြောကောင်းဟု သိ၊ ခဲဖွယ် သစ်သီးကြီးငယ် စားရာ၌လည်း နည်းတူ။

ပိဏ္ဍုက္ခေပက သိက္ခာပုဒ်အဓိပ္ပာယ်

ပိဏ္ဍ = ထမင်းခဲ (ဆွမ်းလုတ်ပါယူ)၊ ဥက္ခေပက = ပစ်မြှောက်သည်၊ နိဂ္ဂဟိတ်ကြောင့် ကြိယာဝိသေသနမှတ်၊ ဆွမ်းလုတ်ဖြစ်စေ, ဆွမ်းခဲဖြစ်စေ, ပါးစပ်၌ ကပ်၍ သွင်းရမည်။ ပါးစပ်ထဲသို့ မြှောက်ပစ်၍ မသွင်းရ၊ မုန့်, ခဲဖွယ် များနှင့် သစ်သီးများကိုကား ပစ်၍ သွင်းသော်လည်း အာပတ်မသင့်၊ သို့သော် ပါးစပ်၌ကပ်၍ သွင်းခြင်းကသာ သာ၍ ယဉ်ကျေးသည်။

ကဗဠာဝစ္ဆေဒက သိက္ခာပုဒ်အဓိပ္ပာယ်

အဝစ္ဆေဒက = ကိုက်ဖြတ်သည်။ ဆွမ်းလုတ်ကို ဆုပ်ပြီးလျှင် သွားဖြင့် ကိုက်ဖြတ်မစားရ၊ ဆွမ်းလုတ်ပြုပြီးလျှင် ထိုဆွမ်းလုတ်က များနေ၍ တော်သင့်ရုံ လက်ဖြင့် ပိုင်းပြီး သွင်းရာ၌မူ အပြစ်မရှိသင့်၊ မုန့် ပဲစသော ခဲဖွယ်များနှင့် မုန့်ဟင်းခါး, မုန့်တီ, ခေါက်ဆွဲ, လက်သုတ်များကိုကား ကိုက်ဖြတ် စားကောင်းသည် ဆို၏၊ ထို့ကြောင့် မုန့်ရှက်များ မုန့်လုံးကြီးများ၊ ပြောင်းဖူး ငှက်ပျောသီးများကို ကိုက်ဖြတ်၍ စားခြင်း စသည်၌ အာပတ်မသင့် သို့သော် လက်ဖြင့် အတုံးအတုံး ဖြတ်ပြီးမှ တစ်တုံးစီ စားခြင်းကသာ သင့်လျော်၏၊

အဝဂဏ္ဍကာရက သိက္ခာပုဒ်အဓိပ္ပာယ်

(ဂဏ္ဍ-သဒ္ဒါသည် ပါးကို ဟောရင်းဖြစ်သော်လည်း ဥပသာရ အဝ သဒ္ဒါက ဟီန =ယုတ်ညံ့ဟူသော အနက်ဟော ဖြစ်ရကား ပါးစောင်ကို ရိုးရိုး မနေစေဘဲ မြင်မကောင်းအောင် မို့မောက်နေပုံကို ယူ၊) မျောက်သတ္တဝါများ စားသည့်အခါ ပါးဖောင်းလာအောင် စားသကဲ့သို့ ဆွမ်းကို ပါးဖောင်းနေအောင် မစားရ ဟူလို၊ သျှစ်သျှားသီး စသည်ကို ပါးတစ်ဖက်၌ ငုံထားလျှင် ဖောင်းနေသကဲ့သို့ သစ်သီးဟူသမျှကို စားရာ၌ ဖောင်းနေစေသော်လည်း အာပတ်မသင့်၊ ခဲဖွယ် သစ်သီးကြီးငယ်တို့၌ အနာပတ္တိ ဟူ၏၊

ဟတ္ထနိဒ္ဓုနက သိက္ခာပုဒ်အဓိပ္ပာယ်

တချို့ ထမင်းစားရာ၌ လက်ကို မကြာခဏ ခါ၏၊ ထိုကဲ့သို့ လက်ကို ခါ၍ ဆွမ်းမစားရ၊ ဆွမ်းထဲ၌ ကျောက်ခဲ, အမှိုက်ပါလာ၍ ထိုအမှိုက်များကို စွန့်ပစ်သော အခါမျိုး၌ကား ခါကောင်း၏၊

သိတ္ထာဝကာရက သိက္ခာပုဒ်အဓိပ္ပာယ်

သိတ္ထ = ဆွမ်းလုံး + အဝကာရက = မသင့်မတော် ပြုသည်။ ဖရိုဖရဲ ကြဲနေအောင် ဆွမ်းလုံးများကို ဟိုပစ်လိုက် သည်ပစ်လိုက် လုပ်ခြင်းကို အဝကာရကဟု ဆိုသည်။ ဆွမ်းလုံးများကို မဖိတ်မစင်အောင် ကောင်းစွာ သိမ်းသိမ်းဆည်းဆည်း စားရမည် ဟူလို။

အရိုး, အမှိုက်များကို ဆွမ်းထဲမှ ယူ၍ စွန့်ပစ်ရင်း ဆွမ်းလုံးများ ပါသွားရာ၌ကား အနာပတ္တိ။

ဇိဝှါနိစ္ဆာရက သိက္ခာပုဒ်အဓိပ္ပာယ်

တချို့ စားကြရာ၌ ထမင်းလုတ်ကို လျှာဖြင့်၍ ကော်ယူတတ်ကြ၏၊ ထိုသို့ လျှာကို ထုတ်၍ ဆွမ်းလုတ်ကိုလည်းကောင်း, ဟင်းကိုလည်းကောင်း ကော်မယူရ၊ လျှာထုတ် ကော်ယူစားလျှင် အာပတ်သင့်၏၊

စပုစပုကာရက သိက္ခာပုဒ်အဓိပ္ပာယ်

စပု စပုသဒ္ဒါကား ပါးစပ်မှ မြည်သောအသံကို အတုလိုက်၍ လုပ်ထားသော အနုကရဏသဒ္ဒါတည်း။ အသံကြားရာ၌ လူတစ်မျိုးနှင့် တစ်မျိုး ကြားပုံချင်း မတူကြ၊ ထမင်းစားသောအခါ တချို့ မြည်တတ်သော အသံကို မြန်မာတို့က ပြတ် ပြတ်ဟု ကြား၏၊ တချို့ကား စပ် စပ်ဟု ကြား၏၊ ပါဠိသုံးမှာမူ စပု စပုဟု ကြားဟန်တူသည်။ ထိုကဲ့သို့ အသံမထွက်အောင် ပါးစပ်ကို ပိတ်ထားပြီး ဆွမ်းစားရမည်၊ ပါးစပ်ဖွင့်ထားလျှင် မြည်တတ်၏၊

(၆) သုရုသုရုဝဂ် သိက္ခာပုဒ် ၁၀-ပုဒ်

၅၁။ သုရုသုရုကာရက သိက္ခာပဒ

သုရုသုရု အသံကို ပြု၍ (ဝါ) ရှုတ်ရှုတ်မြည်အောင် မစားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် သုရုသုရုကာရကဒုက္ကဋ်။

၅၂။ ဟတ္ထနိလ္လေဟက သိက္ခာပဒ

လက်ကို လျက်၍လျက်၍ မစားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဟတ္ထနိလ္လေဟကဒုက္ကဋ်။

၅၃။ ပတ္တနိလ္လေဟက သိက္ခာပဒ

သပိတ်ကို ခြစ်၍ ခြစ်၍ မစားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်း ကြောင့် ပတ္တနိလ္လေဟကဒုက္ကဋ်။

၅၄။ ဩဋ္ဌနိလ္လေဟက သိက္ခာပဒ

နှုတ်ခမ်းကို လျက်၍လျက်၍ မစားအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဩဋ္ဌနိလ္လေဟကဒုက္ကဋ်။

၅၅။ သာမိသ သိက္ခာပဒ

ဆွမ်းစသော အာမိသနှင့်တကွ ဖြစ်သော လက်ဖြင့် သောက်ရေခွက်ကို မကိုင်အံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် သာမိသဒုက္ကဋ် (ခေါ်) ပါနိယတ္ထာလကဒုက္ကဋ်။

၅၆။ သသိတ္ထက သိက္ခာပဒ

ဆွမ်းလုံးနှင့် တကွသော သပိတ်ဆေးရေကို ရွာတွင်း၌ မစွန့်အံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် သသိတ္ထကဒုက္ကဋ်။

၅၇။ ဆတ္တပါဏိ သိက္ခာပဒ

လက်၌ ထီးရှိသော ဂိလာန မဟုတ်သူအား ပါဠိ, အဋ္ဌကထာဓမ္မကို မဟောအံ့ဟု ကျင့်ရမည် ထိုသို့ မကျင့်ခြင်းကြောင့် ဆတ္တပါဏိဒုက္ကဋ်။

၅၈။ ဒဏ္ဍပါဏိ သိက္ခာပဒ

လက်၌ လေးတောင်ပြည့် တုတ်ရှိသော သူအား ပါဠိ, အဋ္ဌကထာဓမ္မကို မဟောအံ့ဟု ကျင့်ရမည် ထိုသို့ မကျင့်ခြင်းကြောင့် ဒဏ္ဍပါဏိဒုက္ကဋ်။

၅၉။ သတ္ထပါဏိ သိက္ခာပဒ

လက်၌ ဓားစသော လက်နက်ရှိသော သူအား ပါဠိ, အဋ္ဌကထာဓမ္မကို မဟောအံ့ဟု ကျင့်ရမည် ထိုသို့ မကျင့်ခြင်းကြောင့် သတ္ထပါဏိဒုက္ကဋ်။

၆၀။ အာဝုဓပါဏိ သိက္ခာပဒ

လက်၌ လေးရှိသော ပါဠိ, အဋ္ဌကထာဓမ္မကို မဟောအံ့ဟု ကျင့်ရမည် ထိုသို့ မကျင့်ခြင်းကြောင့် အာဝုဓပါဏိဒုက္ကဋ်အာပတ် သင့်၏၊

သုရုသုရုကာရက သိက္ခာပုဒ်အဓိပ္ပာယ်

သုရုသုရုသဒ္ဒါသည်လည်း အနုကာရဏ = အသံကို အတုလိုက်၍ ပြုတတ်သော သဒ္ဒါပေတည်း။ ပါဠိက သုရု သုရု၊ မြန်မာက ရှရု ရှရုဟု အသံကြားသည်။ ထိုအသံမျိုး မဖြစ်အောင် ဆွမ်းကိုလည်းစား ဟင်းရည်, နွားနို့ စသည်ကိုလည်း သောက်ရမည်။

ဟတ္ထနိလ္လေဟက သိက္ခာပုဒ်အဓိပ္ပာယ်

တချို့လူများ ထမင်းစားရာ၌ လက်ချောင်းကို လျှာဖြင့် လျက်၏၊ ပါးစပ်ဖြင့် စုပ်၏၊ လက်ဝါးပြင်ကိုပင် လျက်တတ်သေး၏၊ ထိုအားလုံးကို မလုပ်ကောင်း၊ သို့သော် လက်ချောင်းဖြင့် ကော်၍ ကော်၍စားရသော ယာဂု ပျစ်ပျစ်, နို့ဃနာ, တင်လဲ, ပြားရည်စသည်တို့ကိုကား လက်ချောင်းဖြင့် ကော်၍ ခံတွင်းသို့ သွင်း၍ စားကောင်းသည်ဟု အဋ္ဌကထာတို့၌ ဆိုကြ၏၊ ဤစကားဖြင့် ခံတွင်းထဲသို့ ဝင်သော လက်ချောင်းကို လျှာဖြင့်လျက်သော် ဤသိက္ခာပုဒ်ဖြင့်သော်လည်းကောင်း, သဗ္ဗဟတ္ထံ မုခေ ပက္ခိပနသိက္ခာပုဒ်ဖြင့်လည်းကောင်း အာပတ်မသင့်ဟု သိ။

ပတ္တနိလ္လေဟက သိက္ခာပုဒ်အဓိပ္ပာယ်

ဆွမ်းစားသော ရဟန်းသည် လက်ချောင်းဖြင့် သပိတ်ကို ခြစ်တတ်သည်။ ဇွန်းဖြင့်လည်း ခြစ်တတ်သည်။ လက်ချောင်းတစ်ချောင်းဖြင့်သော်လည်း သပိတ်ကို မခြစ်ကောင်း၊ ပျစ်သော တစ်ခဲနက်သော ယာဂု စသည်ကပ်နေ သော် လက်ချောင်းဖြင့် ခြစ်ကောင်းသည် ဟူ၏၊ ထုံးစံအတိုင်း သိမ်းရုံးစု၍ကား စားကောင်း၏၊

ဩဋ္ဌနိလ္လေဟက သိက္ခာပုဒ်အဓိပ္ပာယ်

ဆွမ်းစားသော ရဟန်းသည် နှုတ်ခမ်း၌ ပေကပ်နေသော ဆွမ်းလုံးစသည် ကို လျှာဖြင့် မလျက်ကောင်း၊ နှုတ်ခမ်းချင်းဖြင့်သာ ခံတွင်းသို့ ယူ၍ သွင်းကောင်း၏၊ [လျက်-ဟူရာ၌ နှုတ်ခမ်းပြင်ဘက်သို့ လျှာထွက်၍ လျက်ခြင်းကို တားမြစ်တော်မူလိုသည် ထင်သည်။ လျှာမပေါ်အောင် အတွင်းက နှုတ်ခမ်းကို လျက်ရာ၌ အပြစ် မရှိတန်ရာ၊ (ဘာသာဋီကာ)] တစ်ခဲနက်သော ပျစ်သော ယာဂု စသည်ကပ်နေသော် လျှာဖြင့် လျက်ကောင်းသည်ဟု သိ။

ပါနိယထာလက သိက္ခာပုဒ်အဓိပ္ပာယ်

ပါနိယ = သောက်ရေ၊ ထာလက = ခွက်ငယ်၊ ရွံရှာဖွယ်ကောင်းသဖြင့် ပယ်ခြင်းကြောင့် သံဃာခွက်, တစ်ပါးပုဂ္ဂိုလ်၏ ခွက်, လူ၏ ခွက်, ကိုယ်ပိုင်ခွက် ခွက်မှန်သမျှ အားလုံးကို အာမိသပေနေသော လက်ဖြင့် မကိုင်ကောင်းဟု သိရမည်။

ပါနိယထာလကံကား ဥပလက္ခဏနည်းဖြစ်၍ သောက်ရေ ခရုသင်း သောက်ရေမှုတ် စသည်ကိုလည်း ယူနိုင်သည်။ အာမိသ မပေသော လက်ဖြင့်ကား ကိုင်ကောင်းသည်။

သောက်ရေခွက်ကို ကိုင်ပြီးလျှင် ဆေးမည်။ ဆေးခိုင်းမည်ဟု ကိုင်သော် အာပတ်မသင့်။

သသိတ္ထက သိက္ခာပုဒ်အဓိပ္ပာယ်

ဆွမ်းလုံးပါသော သပိတ်ဆေးရေကို မြို့တွင်း ရွာတွင်း၌ မသွန်လောင်းကောင်း၊ သဟ သိတ္ထေန ယံ ဝတ္တတီတိ သသိတ္ထကံ၊ ဆွမ်းလုံးနှင့် တကွသော သပိတ်ဆေးရေတည်း။

အနာပတ္တိ လေးချက်

ထမင်းလုံးတို့ကို ရေမှ ထုတ်ယူ၍ တစ်ခုသော အရပ်၌ စုပုံထားပြီး ရေသက်သက် စွန့်အံ့၊ ထမင်းလုံးတို့ကို ချေ၍ ရေနှင့် အလားတူအောင် ပြုပြီး သွန်လောင်းအံ့၊ ထွေးခံထဲ၌ သွန်ထည့်အံ့၊ မြို့ရွာအပြင်ဘက်ရောက်မှ စွန့်အံ့၊ အနာပတ္တိ လေးချက် ပို၏၊

[ဤ ၃၀-သော သိက္ခာပုဒ်တို့ကား ဘောဇနပဋိသံယုတ္တ သိက္ခာပုဒ်တို့တည်း၊၊]

ဆတ္တပါဏိသိက္ခာပဒ အဓိပ္ပာယ်

အာတပံ ဆာဒေတီတိ ဆတ္တံ၊ နေပူကို ဖုံးကွယ်တတ်သော ထီးကို ရ၏၊

ထီး (၃) မျိုး

ထိုထီးသည် သေတစ္ဆတ္တ = အဝတ်ဖြင့် ပြုအပ်သော ထီးဖြူ, ကိလဉ္ဇစ္ဆတ္တ = ဖျာဖြင့် ဝါးဖြင့် ပြုအပ်သော ထီး, ပဏ္ဏစ္ဆတ္တ = သစ်ရွက်ဖြင့် ပြုအပ်သော ထီးဟု ထီး ၃-မျိုး ပြား၏၊ အယုတ်ဆုံး အပင်၌ဖြစ်သော အရိုးဖြင့် ထန်းရွက် သစ်ရွက် စသည်တို့ကို နေပူကို ကာကွယ်ရန် ထီးအလို့ငှာ ဆောင်းသည်ကိုလည်း ထီးဟူ၍ပင် ခေါ်သည်။

ဆတ္တံ ပါဏိမှိ ဧဝ အဿာတိ ဆတ္တပါဏိ၊ ထီး လက်၌ရှိသော သူကို ရ၏၊ ထီးကို အမှတ်မရှိ ကိုယ်၏ တစ်စိတ် တစ်ဒေသ၌ ထား၍ လက်ဖြင့် ကိုင်ထားသော်သာ ဆတ္တပါဏိဟု ခေါ်သည်။ လက်ဖြင့် ကိုင်မထားမူ ဆတ္တပါဏိ မခေါ်။ ထို့ကြောင့် တရားဟောလိုလျှင် ထီးကို လက်မှ လွတ်စေပြီးမှသာ ဟောကောင်းသည်။ သူတစ်ပါးက ထီးဆောင်းပေးထားသူ၊ ဘေး၌ ထီးချထားသူများကိုလည်း တရားဟောကောင်းသည်ဟု သိ။

ဒဏ္ဍပါဏိ သတ္ထပါဏိ အာဝုဓပါဏိ

ဒဏ္ဍအရ လေးတောင်ရှိသော တုတ်ကိုသာ ယူရမည်။ ထိုအောက် တိုသော တုတ်၊ ထိုထက် ရှည်သော တုတ်ကို မယူရ၊ သတ္ထအရ ဓား, သန်လျက် လှံ စသော လက်နက်တွင် ပါဝင်သမျှကိုယူ၊ အာဝုဓအရ ညှို့တင်ပြီးဖြစ်စေ မတင်သေးဖြစ်စေ လေးဆိုင်ရာ အားလုံး (လေးကြိုး, လေးကို်င်း, မြားတို့ပါ) ယူရမည်။

လေးတောင်ထက် ရှည်, တိုသော တုတ်ရှိသူ၊ ဓား သန်လျက် စသည်ကို အအိမ်၌ သွင်း၍ လွယ်ထားသူ၊ လေး စသည်ကို လက်ဖြင့် မကိုင်မူ၍ ပခုံး၌ လွယ်ထား, စွပ်ထားသူတို့အား တရားဟောကောင်းသည်။

[မြားညှို့ရှိသော လေး, မြားညှို့မရှိသော လေး, ထမ်းပိုးတံနှင့် တူသော လင်းလေး, အရိုးဖောက်ထွင်းသော ဒူးလေးဟု လေး (၄)မျိုး ပြထားသည်။]

၇။ ပါဒုကဝဂ် သိက္ခာပုဒ် (၁၅) ပုဒ်

၆၁။ ပါဒုက သိက္ခာပဒ

ခြေနင်းစီးထားသော ဂိလာနမဟုတ်သူအား ပါဠိ, အဋ္ဌကထာဓမ္မကို မဟောအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ပါဒုကာရုဠှဒုက္ကဋ်။

၆၂။ ဥပါဟန သိက္ခာပဒ

ဖိနပ်စီးသော ဂိလာနမဟုတ်သူအား ပါဠိ, အဋ္ဌကထာဓမ္မကို မဟောအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဥပါဟနာရုဠှဒုက္ကဋ်။

၆၃။ ယာန သိက္ခာပဒ

ယာဉ်ပေါ်၌ တက်ရောက်နေသော သူအား ပါဠိ, အဋ္ဌကထာဓမ္မကို မဟောအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ယာနဂတဒုက္ကဋ်။

၆၄။ သယန သိက္ခာပဒ

အိပ်ရာ၌ ရောက်နေသော သူအား ပါဠိ, အဋ္ဌကထာဓမ္မကို မဟောအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် သယနဂတဒုက္ကဋ်။

၆၅။ ပလ္လိတ္ထိက သိက္ခာပဒ

လက်, အဝတ်တို့ဖြင့် ထက်ဝန်းကျင် ပတ်ဖွဲ့ခြင်းဟု ဆိုအပ်သော လက်အာယောဂပတ်, ပုဆိုးအာယောဂပတ်ဖွဲ့လျက် ထိုင်နေသော သူအား ပါဠိ, အဋ္ဌကထာဓမ္မကို မဟောအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ပလ္လိတ္ထိကနိသိန္နဒုက္ကဋ်။

၆၆။ ဝေဌိတ သိက္ခာပဒ

ဆံစမပေါ်အောင် ရစ်ပတ်အပ်သော ဦးခေါင်းရှိသော သူအား ပါဠိ, အဋ္ဌကထာဓမ္မကို မဟောအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဝေဌိတသီသဒုက္ကဋ်။

၆၇။ ဩဂုဏ္ဌိတ သိက္ခာပဒ

ခြုံအပ်သော ဦးခေါင်းရှိသော သူအား ပါဠိ, အဋ္ဌကထာဓမ္မကို မဟောအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဩဂုဏ္ဌိတသီသဒုက္ကဋ်။

၆၈။ ဆမာ သိက္ခာပဒ

မြေကြီး၌ ထိုင်နေ၍ အခင်း၌ ထိုင်နေသော သူအား ပါဠိ, အဋ္ဌကထာဓမ္မကို မဟောအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဆမာဒုက္ကဋ်။

၆၉။ နီစာသန သိက္ခာပဒ

နိမ့်သော နေရာ၌ ထိုင်၍ မြင့်သော နေရာ၌ ထိုင်နေသော သူအား ပါဠိ, အဋ္ဌကထာဓမ္မကို မဟောအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် နီစာသနဒုက္ကဋ်။

၇၀။ ဌိတ သိက္ခာပဒ

ရပ်လျက် ထိုင်နေသော သူအား ပါဠိ, အဋ္ဌကထာဓမ္မကို မဟောအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဌိတဒုက္ကဋ်။

၇၁။ ပစ္ဆတော ဂစ္ဆန္တ သိက္ခာပဒ

နောက်မှ သွားစဉ် ရှေ့မှ သွားသော သူအား ပါဠိ, အဋ္ဌကထာဓမ္မကို မဟောအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ပစ္ဆတောဂစ္ဆန္တဒုက္ကဋ်။

၇၂။ ဥပ္ပထေန ဂစ္ဆန္တ သိက္ခာပဒ

လမ်းမဟုတ်သော ခရီးဖြင့် သွားစဉ် လမ်းဖြင့် သွားသော သူအား ပါဠိ, အဋ္ဌကထာဓမ္မကို မဟောအံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဥပ္ပထေနဂစ္ဆန္တဒုက္ကဋ်။

၇၃။ ဌိတော ဥစ္စာရ သိက္ခာပဒ

ဂိလာနမဟုတ်ဘဲ ရပ်လျက် ကျင်ကြီးကိုလည်းကောင်း, ကျင်ငယ်ကိုလည်းကောင်း မစွန့်အံ့ဟု ကျင့်ရမည်။ ဤသို့ မကျင့်ခြင်းကြောင့် ဌိတောဥစ္စာရဒုက္ကဋ်။

၇၄။ ဟရိတေ ဥစ္စာရ သိက္ခာပဒ

ဂိလာနမဟုတ်ဘဲ စိမ်းစိုသော မြက်သစ်ပင်ရှိရာ အရပ်၌ ကျင်ကြီးကိုလည်းကောင်း, ကျင်ငယ်ကိုလည်းကောင်း, တံတွေးကိုလည်းကောင်း မစွန့်အံ့ဟု ကျင့်ရမည်။ ထိုသို့ မကျင့်ခြင်းကြောင့် ဟရိတေ ဥစ္စာရဒုက္ကဋ်။

၇၅။ ဥဒကေ ဥစ္စာရ သိက္ခာပဒ

ဂိလာနမဟုတ်ဘဲ သုံးဆောင်ကောင်းသော ရေ၌ ကျင်ကြီးကိုလည်းကောင်း, ကျင်ငယ်ကိုလည်းကောင်း, တံတွေးကိုလည်းကောင်း မစွန့်အံ့ဟု ကျင့်ရမည်။ ထိုသို့ မကျင့်ခြင်းကြောင့် ဥဒကေ ဥစ္စာရဒုက္ကဋ်။

ပါဒုကာရုဠှ သိက္ခာပုဒ်အဓိပ္ပာယ်

အခြားကျမ်းဂန်တို့အလို ပါဒုကနှင့် ဥပါဟနတို့သည် အနက်တူဟုပင် မှတ်သင့်သည်။ ပါဒေ ပဋိမုက္ကန္တော ပဇ္ဇတိ ဂစ္ဆတိ ဧတေနာတိ ပါဒုကော၊ ခြေတို့ကို စွပ်၍ သွားကြောင်းဖြစ်သော ခြေနင်းကို ရ၏၊ ထိုခြေနင်းသည် မြက်ခြေနင်း စသည်ဖြင့် များစွာ ပြား၏၊ ထိုတွင် ရွေ့ပြောင်း၍ မရစကောင်းသော ဝစ္စပါဒုက, ပဿာဝပါဒုက, အာစမနပါဒုက သုံးမျိုးသာ ရဟန်းတို့အား အပ်သည်။

ဤသိက္ခာပုဒ်၌ ပါဒုကအရ ဟိန္ဒူကုလားများ စီးလေ့ရှိသော သဲကြိုး မပါသော အထုံး, သစ်သားဘု စသော ဘုတပ်၍ ထိုဘုကို ခြေမကြားဖြင့် ညှပ်လျက် စီအပ်သော ဖိနပ်တစ်မျိုးကို ယူရန် ရှိသည်။

ဤ၌ အာရုဠှသဒ္ဒါ အဂ္ဂမန ပဋိမုက္က သဒ္ဒါတို့နှင့် အနက်တူ၏၊ ထိုကြောင့် နင်း၍ဖြစ်စေ, စွပ်၍ဖြစ်စေ နေသော သူတို့ကိုလည်း ပါဒုကာရုဠှဟု ဆိုနိုင်သည်။ ထိုခြေနင်းကို စီးထားသောသူအား တရားမဟောကောင်း။

ဥပါဟနာရုဠှ သိက္ခာပုဒ်အဓိပ္ပာယ်

ပါဒတလေ ဥပဂန္တွာ ဟနတိ ဂစ္ဆတိ ဧတေနာတိ ဥပါဟနံ။ ခြေဖဝါး အပြင်တို့သို့ ကပ်၍ သွားကြောင်းဖြစ်သော ဖိနပ်ကို ရ၏၊ သံကြိုးတပ်သော ဖိနပ်အမျိုးမျိုးနှင့် နောက်ပိတ်ရှုးဖိနပ် စသည်များကို ဥပါဟန ခေါ်သည်။သဲကြိုး ဖမိုးဖုံး ဖနောက်ပိတ်များကို ချွတ်၍ သက်သက်စီးထားသော နင်းထားသောသူအား တရားမဟောကောင်း။

ယာနဂတ သိက္ခာပုဒ်အဓိပ္ပာယ်

ယာတိ ဂစ္ဆတိ ဧတေနာတိ ယာနံ၊ သွားကြောင်းဖြစ်သော ယာဉ်ကို ရ၏၊ ယာဉ်ဟူသည် ကာလအလျောက် လှည်း, ရထား, လံချား, ကား, ထမ်းစင် သံလျှင်း စသည်ကို ဆိုသည်။ အယုတ်ဆုံး လူနှစ်ယောက်တို့သည် လက်ချင်းယှက်၍ ချီပွေ့ယူအပ်သော လက်ယှက်ကိုလည်း ယာဉ်ဟု ခေါ်ရမည်။ ယာနေ ဂတော ယာနဂတော၊ ယာဉ်ထက်၌ ရောက်နေသူကို ရ၏၊ အဝတ် ပုဆိုး၌ လူကိုထား၍ ထမ်းပိုးဖြင့် ထမ်းဆောင်အပ်သူကိုလည်းကောင်း, နွားမ ကသော လှည်းစသော ယာဉ်၌လည်းကောင်း, ဖျက်ထားသော လှည်းဘီး၌လည်းကောင်း နေထိုင်သောသူကို ယာနဂတဟု ခေါ်သည်။

တရားဟောသူ, နာသူ နှစ်ယောက်စလုံးတို့သည် ယာဉ်တစ်ခုတည်း၌ နေ၍ ဟောအံ့၊ ဟောကောင်းသည်။ ယာဉ်က တခြားစီ ဖြစ်နေသော် ဟောသူက မြင့်၍ဖြစ်စေ, ညီတူဖြစ်စေ, ရှေ့ကဖြစ်စေ နေ၍ ဟောအံ့၊ ဟောကောင်းသည်။ ဟောသူက နိမ့်မူ နောက်ကဖြစ်မူ မဟောကောင်းဟုသိ။

သယနဂတ သိက္ခာပုဒ်အဓိပ္ပာယ်

သီယတိ ဧတ္ထာတိ သယနံ၊ အိပ်စရာ နေရာကို ရ၏၊ အယုတ်ဆုံး မြေကြီးပေါ်၌ အိပ်နေလျှင် မြေကြီးသည်ပင် ထိုသူ၏အိပ်ရာ ဖြစ်သည်။ သယနေ ဂတော သယနဂတော၊ အိပ်ရာ၌ ရောက်နေသူကို ရ၏၊ မြေပေါ်၌ဖြစ်စေ, ဖျာပေါ်ဖြစ်စေ အိပ်နေသူအား မြင့်သော ညောင်စောင်း, အင်ပျဉ် မြေပေါ်၌ ရပ်လျက်, ထိုင်လျက် တရားမဟောကောင်း၊ အိပ်ရာ၌ အိပ်နေသော ဓမ္မကထိကရဟန်းက အိပ်ရာ၌ အိပ်နေသူအား မြင့်သော်လည်းကောင်း, တူမျှ သော်လည်းကောင်း ဟောကောင်းသည်။ ရပ်နေ ထိုင်နေသော သူအားလည်း ဟောကောင်းသည်။ ထိုင်နေသော ဓမ္မကထိကက ထိုင်နေသူ ရပ်နေသူ နှစ်ဦးစလုံးအား ဟောကောင်းသည်။ ရပ်နေသော ဓမ္မကထိကက ရပ်သော သူအားသာ ဟောကောင်းသည်ဟု သိ။ နောက်၌ န ဌိတော နိသိန္နဿ စသည်ဖြင့် မိန့်ဆိုဦးလတ္တံ့။

အချုပ်မှတ်ရန်

ဣရိယာပုထ်လေးပါးတွင် ရပ်ခြင်း ဣရိယာပုထ်သည် လေးစားရာ အရောက်ဆုံးတည်း။ ထိုနောက် ထိုင်ခြင်းသည် လေးစားရာ ရောက်၏၊ ထိုကြောင့် လေးစားသော ဣရိယာပုထ်ဖြင့် တရားနာသူ ညီမျှသော ဣရိယာပုထ်ဖြင့် တရားနာသူကိုသာ ဟောရမည် ဟူလို။ ထို့ကြောင့် ယခုကာလ မတ်မတ်ရပ်၍ ရဟန်း, သာမဏေကိုယ်တိုင် ဩဘာစာ ဖတ်ကြားရာ၌ ပါဠိ အဋ္ဌကထာ ပါဝင်နေသော် လာလတ္တံ့သော န ဌိတော နိသိန္နဿ သိက္ခာပုဒ်အရ အပြစ်မဖြစ်အောင် ဒကာတစ်ယောက်ယောက်ကို မတ်မတ်ရပ်နေစေပြီးလျှင် ဖတ်သူရဟန်း သာမဏေကလည်း ထိုဒကာကို ဖတ်ပြသည်ဟု သဘောထားရန် စီမံလေ့ရှိကြသည်။

ပလ္လတ္ထိက၏ အနက်အဓိပ္ပာယ်ကို ခမ္ဘကတဝဂ်၌ ပြဆိုခဲ့ပြီ၊ ထိုကဲ့သို့ ထိုင်နေသူအား တရားမဟောကောင်းဟု သိ။

ဝေဌိတသီသဿ သိက္ခာပုဒ်အဓိပ္ပာယ်

ဝေဌိတံ သီသံ အနေနာတိ ဝေဌိတသီသော၊ ရစ်ပတ်အပ်သော ဦးခေါင်းရှိသော သူကို ရ၏၊ ရစ်ပတ်ဟူရာ၌ ခေါင်းပေါင်းပေါင်းသော ရစ်ပတ်ခြင်း, ဦးထုပ်ဆောင်းသော မကိုဋ်ဦးသျှောင်ဆောင်းသော ရစ်ပတ်ခြင်း, ပန်ချာပီခေါင်းပေါင်း ရစ်ပတ်ခြင်း အားလုံးကို ယူ၊ ထိုသို့ ရစ်ပတ်ထားရာ၌ ဆံစ မပေါ်သူကိုသာ တရားမဟောကောင်း၊ မြန်မာတို့ ခေါင်းပေါင်းပုံများ မောင့်ကျက်သရေခေါင်းပေါင်းများ များသောအားဖြင့် ဆံစ ပေါ်နေသောကြောင့် တရားဟောကောင်းပါ၏၊ အကယ်၍ ဆံစမပေါ်လျှင် ဆံစကို ဖော်စေပြီးမှ တရားဟောရမည်ကို သတိပြု။

ဩဂုဏ္ဌိတသီသ သိက္ခာပုဒ်အဓိပ္ပာယ်

ဩဂုဏ္ဌိတံ သီသံ အနေနာတိ ဩဂုဏ္ဌိတသီသော။ ခြုံအပ်သော ဦးခေါင်းရှိသော သူတည်း။ အချို့ ကုလားမများ ခေါင်းတစ်ခုလုံး ခြုံထားသလို ခြုံထားသူအား တရားမဟောကောင်း၊ ခေါင်းမြီးခြုံကို ဖွင့်ခိုင်းပြီးမှ တရားဟောရမည်။ ဆောင်းအခါ ချမ်းအေးသော အရပ်၌လည်း တစ်ကိုယ်လုံး ခေါင်မြီးခြုံ အနွေးဦးထုပ်ဆောင်းပြီး နေလေ့ရှိကြ၏၊ ထိုကဲ့သို့ နေသူတို့အားလည်း ခေါင်းမြီးခြုံ ဆံစကို ဖော်စေပြီးမှ တရားဟောကောင်းသည်ဟု သိပါ။

ဆမာ သိက္ခာပုဒ်အဓိပ္ပာယ်

အဓော ပဓာနံ ဆိန္ဒတီတိ ဆမာ၊ သတ္တဝါတို့ အောက်သို့ ကျဆင်းခြင်းကို ဖြတ်ခံထားတတ်သော မြေကြီးကို ရ၏၊ ဤသိက္ခာပုဒ် အာသနေအရကား အယုတ်ဆုံး မြက်အခင်း, ကောက်ရိုးအခင်း, အဝတ်အခင်းကိုလည်းယူရမည်။ ထို့ကြောင့် မြက်အခင်းဖြစ်စေ, ကောက်ရိုးအခင်းဖြစ်စေ, အဝတ်အခင်းဖြစ်စေ ခင်း၍ ထိုင်နေသူအား မြေပေါ်၌ ထိုင်လျက် တရားမဟောကောင်းဟု သိ။

နီစာသန သိက္ခာပုဒ်အဓိပ္ပာယ်

အယုတ်ဆုံး မြင့်မောက်သော မြေကိုသော်လည်း ဥစ္စေ အာသနေ ဖြစ်၏၊ မြေပြင်ချင်း တူသော်လည်း နိမ့်သော မြေပေါ်၌ ထိုင်လျက် မြင့်မောက်သော မြေပေါ်ဝယ် ထိုင်နေသူအား တရားမဟောကောင်း နီစာသန ဒုက္ကဋ်တည်း။

ဌိတ သိက္ခာပုဒ်အဓိပ္ပာယ်

မတ်မတ်ရပ်နေသူက ထိုင်နေသူအား တရားမဟောကောင်း၊ မတ်မတ်ရပ်၍ စာပေပို့ချသူများ သတိထားသင့်သည်။ ကုလားထိုင်, ထိုင်ခုံတို့ုဖြင့် ချသင့်သည်။ မထေရ်ကြီးသည် ထိုင်လျက်ရှိစဉ် မိမိအနီးအပါး၌ ရပ်နေသူ ရဟန်း, သာမဏေအား ပါဠိ အဋ္ဌကထာဆိုင်ရာ ပြဿနာကို မသိ၍မေးလျှင် ရဟန်း, သာမဏေက ရပ်လျက် မဖြေကောင်း၊ ဆရာကို ရပ်၍ မေးပါဟု လျှောက်ရန်လည်း မသင့်၊ ထိုသို့ အခက်အခဲကြုံနေသည့်အခါ မိမိ အနီးအပါး၌ (ရပ်လျက်) ရှိသူကို ဖြေမည်ဟု နှလုံးသွင်း၍ ဖြေရမည်ဟု အဋ္ဌကထာ မိန့်၏၊ ထိုင်လိုက်၍ ဖြေက ဖြေကောင်းမည် ထင်၏၊

ဆရာက တပည့်ကို ဉာဏ်စမ်းလို၍ ထိုင်လျက် မေးရာ၌ ရပ်နေသော တပည့်က ဆရာအား “သည်လို မဟုတ်ပါလားဘုရား”ဟု ပြန်မေးသော အနေဖြင့် ဖြေမူ ဖြေကောင်းသည် ဟူ၍ ဝိမတိဋီကာ ဆို၏၊

ပစ္ဆတော ဂစ္ဆန္တ သိက္ခာပုဒ်အဓိပ္ပာယ်

ခရီးသွားစဉ် နောက်က လိုက်သောရဟန်းက ရှေ့က သွားသောသူအား တရားမဟောကောင်း၊ ရှေ့ကသွားသူ မထေရ်ကြီးက နောက်ကသွားသူ ရဟန်းအား ပုစ္ဆာမေးအံ့၊ မဖြေကောင်း၊ ထိုသို့ အခက်ကြုံနေရာဝယ် မိမိနောက်က နေသူအား ဖြေမည်ဟု နှလုံးသွင်း၍ ဖြေမူ ဖြေကောင်းသည်။ အတူတူ သင်ထားသော တရားကိုကား ပြိုင်တူ သရဇ္ဈာယ်ကောင်းသည်။ ထမ်းပိုးထမ်း ပြိုင်တူသွားသူအား ဟောခြင်း ဖြေခြင်းငှာ အပ်၏၊ ဟောကောင်း ဖြေကောင်းသည်ဟု သိ။

ဥပ္ပထေန ဂစ္ဆန္တ သိက္ခာပုဒ်အဓိပ္ပာယ်

လမ်း, မဟုတ်သည်၌ နေသော ရဟန်းက လမ်းပေါ်မှာ နေသော သူအား တရားမဟောကောင်း၊ လမ်းဘေးမှ လိုက်နေသော ရဟန်းသည် လမ်းပေါ်၌ သွားနေသူအားလည်း တရားမဟောကောင်း၊ နတ်လမ်း, စင်္ကြံလမ်း, အုတ်လမ်းပေါ်၌ သွားနေသူအား လမ်းအောက်က နေပြီး တရားမဟောရန် သတိပြု၊ ထမ်းပိုးထမ်း သွားသူချင်း ဟောကောင်း၏၊

(မှတ်ချက်) ဆတ္တပါဏိသိက္ခာပုဒ်မှ ဥပ္ပထေန ဂစ္ဆန္တသိက္ခာပုဒ်အထိ (၁၆)ပါး သော သိက္ခာပုဒ်တို့ကား ဓမ္မဒေသနာ ပဋိသံယုတ္တ သိက္ခာပုဒ်တို့တည်း။ တရားဟု လာသမျှ၌ ပါဠိ အဋ္ဌကထာ ဆိုင်ရာကို ပါဠိဘာသာဖြင့် ပြောဟောသော တရားချည်းဟု မှတ်။ တခြားဘာသာဖြင့်ကား ပြောဟောကောင်းသည်ချည်းသာတည်း။

ဌိတော ဥစ္စာရ သိက္ခာပုဒ်အဓိပ္ပာယ်

ဂိလာနဖြစ်သူမှာ ချမ်းသာသလို ကျင်ကြီးကျင်ငယ် စွန့်နိုင်သော်လည်း ဂိလာန မဟုတ်သူကား မတ်မတ်ရပ်လျက် ကျင်ကြီးကျင်ငယ် မစွန့်ရ၊ စွန့်ရာအရပ် ဖုံးကွယ်ရာအရပ်သို့ သွားနေစဉ် မချုပ်တည်းနိုင်၍ အဆောတလျင် ထွက်ကျအံ့၊ အာပတ်မသင့်။

ကုဋိဝတ်များ ဝတ်ပိုင်းသို့ ပြန်ကြည့်ပါ။ ရှေးဆရာတော်တို့သည် ကျောင်းတိုက်တစ်ခု၏ စည်းကမ်း ရှိ, မရှိ စည်းကမ်း ကောင်း, မကောင်းကို ဝစ္စကုဋိအိမ်၏ အခြေအနေကို အကဲခတ်ကြည့်၍ အသိအမှတ်ပြုကြသည်။ သို့ဖြစ်၍ ဝစ္စကုဋိနှင့် ပဿာဝကုဋိတို့ကို ပထမသန့်ရှင်းစွာ တည်ရှိစေပြီးနောက် ရေစစ်နှင့် တကွသော သန့်သက်ရေအိုး, ရေကန်, ကနုတံ, ကနုတံပုံးများ ဝစ္စကုဋိ၌ တည်ရှိစေသင့်သည်။ ထွေးခံ, ဆပ်ပြာအုပ်, လက်သုတ်ပုဝါများလည်း ရှိသင့်သည်။

ကနုတံပုံးနှစ်လုံးတွင် အဟောင်းပုံးကို ထိုင်သော နေရာ၏ ဝဲဘက်၌ ထား၍ အသစ်ပုံးကို ယာဘက်က ထားသင့်သည်။ ရေများများ သုံးနိုင်လျှင် သို့မဟုတ် သံဃာနည်းပါးသော ကျောင်းဖြစ်လျှင် ကနုတံများကို ပုံး၌ များစွာ မထားဘဲ သုံးပြီးသော ကနုတံကို ကိုယ်စီကိုယ်င ချက်ချင်းဆေးသော နည်းကိုလည်း အသုံးပြုသင့်သည်။ သန့်သက်ရေဆေးခြင်းကို ပြုရမည် ဖြစ်သည်။

သန့်သက်ရေ ဆေးရန်သင့်

ယခုကာလ၌ ကုဋိတက်ရာဝယ် သန့်သက်ရေဆေးသူ နည်းပါးရုံမက တချို့ကုဋီများ၌ ရေပင်မရှိကြ၊ သန့်သက်ရေ ဆေးမှုသည် အလွန်အဆင့်တန်း မြင့်သော ယဉ်ကျေးမှုတစ်မျိုး ဖြစ်၏၊ ကနုတံခြစ်ရုံ, သုတ်ရုံမျှဖြင့် မစင်ကြယ်နိုင်သည်မှာ (မိမိလက်ကို မစင်လူးရာဝယ် သုတ်ပစ်ရုံမျှဖြင့် အနံ့ မပျောက်ပုံကို ထောက်၍) သိသာ၏၊ ထို့ကြောင့် တုတ်သုတ်ခြင်း စက္ကူသုတ်ခြင်း နှစ်မျိုးလုံးပင် သန့်ရှင်းအောင် မတတ်နိုင်ရကား (သံဃာတော်များ သာမက) မြန်မာလူမျိုး အားလုံးပင် တုတ်, စက္ကူတို့ဖြင့် သုတ်ပြီးနောက် (သို့မဟုတ်) ရေကို ပထမလောင်းလိုက်ပြီးနောက် ရေဆေးခြင်းကို အားကြီး အလေ့အလာ ပြုသင့် ကြသည်။ တတ်နိုင်ပါမူ ကျင်ငယ်စွန့်ပြီးနောက်လည်း ရေဆေးသင့်သေး၏၊ ထိုကဲ့သို့ မဆေးလျှင် ညစ်ပေမှုနှင့်စပ်သော ရောဂါများလည်း ဖြစ်တတ်သည်။

ပုဂံပြည် ကုလားကျမင်းအကြောင်း

ပုဂံပြည် ကုလားကျမင်းသည် ကုလားအမျိုးသမီးကို မိဖုရားမြှောက်ထားရာ ရှင်ဘုရင်က သန့်သက်ရေ မဆေးသောကြောင့် မိဖုရားက အကပ်မခံ သဖြင့် မိဖုရားကို သတ်၏၊ မိဖုရားဘက်မှ ကုလားများကလည်း ပုဏ္ဏား ယောင်ဆောင်၍ နန်းတွင်းဝင်ကာ နောက်၌ ရှင်ဘုရင်ကို သတ်၏၊ ထိုကြောင့် နောင်အခါ ကုလားကျမင်းဟု ခေါ်သည်။

သန့်သက်ရေဆေးပြီးနောက် လက်မသန့်ရှင်းသေးဟု ထင်လျှင် လက်ကို ဆပ်ပြာနှင့် ဆေးပါလေ။ ထိုသို့ သန့်သက်ရေဆေးရာ၌ “စပ်စပ် ပြတ်ပြတ်” အသံမျိုး မမြည်ရအောင် ငြိမ်သက်စွာ ဆေးရမည်။ ရေကုန်သွားလျှင်လည်း ခပ်ခဲ့ရမည်။ အမှိုက်ရှိလျှင်လည်း လှည်းပစ်ရမည်။ သို့ဖြစ်၍ ကုဋီအတွင်း တံမြက်စည်းတစ်ချောင်း ရှိသင့်သည်။

ကုဋိအဝင် သင်္ကန်းတန်းထားရှိခြင်း

ယခုကာလ၌ ကုဋိတက်ခါနီးဝယ် အတွင်းသို့ မဝင်မီ ဧကသီကို ချွတ်၍ တန်းပေါ်၌ တင်ထားခဲ့သူ နည်းပါးနေရုံမက တချို့ကုဋိများ၌ သင်္ကန်းတန်းကို အတွင်းထား၍ တချို့ကုဋိများမှာ သင်္ကန်းတန်းပင် မရှိကြ၊ ဧကသီ အတွင်းပါသွားလျှင် နံစော်မည်စိုး၍ အပြင်မှာ ထားခဲ့ရန် ပညတ်တော်မူသောကြောင့် သင်္ကန်းတန်းကို အပြင်ဘက်တွင် ထား၍ ထိုတန်းပေါ်တွင် ဧကသီကို (ခြုံထည်ပါ) ထားပစ်ခဲ့ခြင်းသာ ပညတ်တော်နှင့် ညီသည်။ ဂါထာများ ရှိသေး၏၊

(ဘာသာဋီကာ၊၃၉၆။)

ဟရိတေ ဥစ္စာရ သိက္ခာပုဒ်အဓိပ္ပာယ်

ဟရိတဟူသည် စိမ်းရှင်သော မြက်သစ်ပင်ရှိရာအရပ်ကို ဆိုသည်။ မြေ၌ ပေါ်နေသော သစ်မြစ်, ကိုင်း၍ မြေ၌ ထိနေသော သစ်ခက်များကိုလည်း ဟရိတဟုပင် ဆိုရသည်။

သစ်ကိုင်းပေါ်မှာ ထိုင်၍ စိမ်းသော မြက်သစ်ပင် မရှိရာအရပ်၌ ကျင်ကြီး, ကျင်ငယ်, တံတွေးစွန့်ချကောင်းသည်။ စိမ်းသော မြက်, သစ်ပင် မရှိရာအရပ်ကို ရှာနေစဉ် မအောင့်နိုင်တော့ဘဲ ထွက်ကျအံ့၊ ဂိလာနအရာ၌ တည်ခြင်းကြောင့် အာပတ်မသင့်။

စိမ်းသော မြက်သစ်ပင်မရှိရာအရပ်၌ စွန့်ထားသော ကျင်ကြီးကျင်ငယ်သည် စိမ်းသော မြက်သစ်ပင်ရှိရာအရပ်သို့ စီးသွားအံ့၊ အာပတ်မသင့်။ စိမ်းသော မြက်, သစ်ပင်မရှိရာ အရပ်ကို ရှာမရအောင် ဖြစ်နေမူ မြက်ကရွတ်ခွေ, ကောက်ရိုးကရွတ်ခွေ, ကျောက်ခဲ, အုတ်ခဲတို့ကို ထား၍ စွန့်ရမည်။ သစ်ရွက်ခြောက် စသည်တို့၌လည်း စွန့်နိုင်၏၊ စွန့်ပြီးနောက် စိမ်းသော အရပ် များသို့ စီးဆင်းသွားအံ့၊ အပြစ်မရှိ။ ခေဠသဒ္ဒါဖြင့် တံတွေး, နှပ်တို့ကို ယူပါ။ ပါးစပ်ဖြင့် ငုံထားသော ရေ, ကြံဖတ်, အရိုးစသည်ကိုကား ထွေးပစ်ကောင်း၏၊ တံတွေးကို ရေနှင့် ရောထွေးမူ အပ်၏၊ ကြံဖတ်ကိုလည်း ရေ၌ ထွေးအပ်၏ဟု ဝိမတိ ဆို၏၊

ဥဒကေ ဥစ္စာရ သိက္ခာပုဒ်အဓိပ္ပာယ်

ဥဒကအရ သုံးစွဲသောက်ချိုးကောင်းသော ရေကိုသာ ယူရမည်။ ကုဋိအတွင်း၌ ရေဝင်နေသော် ထိုရေမျိုး၌ ဥစ္စာရ စသည်ပြုသော်လည်း အာပတ် မသင့်၊ သမုဒ္ဒရာ ပင်လယ်ရေများလည်း သုံးဆောင်ကောင်းသော ရေ မဟုတ်၊ မြစ်ချောင်းထဲ၌ လှေ, သင်္ဘောစသည်ကို စီးသွားစဉ်လည်းကောင်း, မိုးရွာသဖြင့် ရေပြင်ကြီး ဖြစ်နေစဉ်လည်းကောင်း, ဥစ္စာရ စသည်ကို ပြုဖို့ ရေလွတ်သော အရပ်ကို မရနိုင်မူ စွန့်ကောင်းသည်။ မြစ်, ထုံးအိုင်, အင်း စသည်တို့၌ လှေဖြင့် သွားစဉ် ကမ်းမကပ်နိုင်၍ စွန့်မူ စွန့်ကောင်းသည်။ ကုန်းပေါ်မှာ စွန့်သည်ကို ရေထဲသို့ လျှောကျသွားအံ့၊ အနာပတ္တိ အာပတ်မသင့်။

ဤသုံးပါးသော သိက္ခာပုဒ်တို့ကား ဥစ္စာရနှင့် စပ်သော သိက္ခာပုဒ်တို့တည်း။ ဤသို့လျှင် သာရုပ္ပသိက္ခာပုဒ်၂၆-ပုဒ်၊ ဘောဇနပဋိသံယုတ္တသိက္ခာပုဒ် ၃၀-ပုဒ်၊ ဓမ္မဒေသနာသိက္ခာပုဒ် ၁၆-ပုဒ်၊ ဥစ္စာရသိက္ခာပုဒ် ၃-ပုဒ်၊ ပေါင်း သေခိယ ၇၅-ပုဒ်တို့ ဖြစ်ကုန်သည်။

(ဆောင်) နှစ်ဆယ်ခြောက် သာ၊ ဘောဇနာ တိံသ၊
ဓမ္မ သောဠံ၊ ဥစ္စာရံ၊ မှတ်ရန် သုံးပါးတည်း။

(အထူးမှတ်ရန်) န သူပံ ဝါ နှစ်ပုဒ်သာ လောကဝဇ္ဇ အကုသလစိတ္တ ဖြစ်ကောင်းသည်။ အကြွင်း ပဏ္ဏတ္တိဝဇ္ဇ, တိစိတ္တ, တိစေတနာ ဖြစ်သည်ဟု ဝိမတိဆို၏၊ အကျယ်ကို ၎င်း၌ ကြည့်လေ။

ဤသေခိယသိက္ခာပုဒ်များသည် အာဘိသမာစာရိက, အာဒိဗြဟ္မစရိယက နှစ်မျိုးတို့တွင် အာဘိသမာစာရိက၌ အကျုံးဝင်သည်။ သေခိယ ခန္ဓကဝတ် သုက္ကဝိဿဋ္ဌိစသော လောကဝဇ္ဇ သိက္ခာပုဒ်တို့ကိုလည်း ရှင်သာမဏေများ ကျင့်သင့်, ကျင့်ထိုက်, ကျင့်ရမည်။ မကျင့်က အလဇ္ဇီ ဖြစ်သည်။ ဒဏ်ထိုက်သည်ဟု ဝိမတိဋီကာ ဆို၏၊

သေခိယ ပြီး၏၊

အနိယတခန်း

ပထမ အနိယတသိက္ခာပုဒ်

တစ်ပါးသောရဟန်းသည် တစ်ယောက်သော မာတုဂါမနှင့် မျက်စိကွယ်ရာ နံရံစသည်ဖြင့် ဖုံးလွှမ်းအပ်သော မေထုန်အမှု၌ လျောက်ပတ်ခြင်းငှာ စွမ်းနိုင်သော (ဝါ) မေထုန်မှီဝဲခြင်းအမှုကို ပြုခြင်းငှာ စွမ်းနိုင်သော နေရာ၌ ထိုင်နေငြားအံ့။

ထိုရဟန်းကို ယုံကြည်အပ်သော စကားရှိသော အရိယာဖြစ်သော ဥပါသိကာမသည် မြင်၍ မေထုနပါရာဇိက, ကာယသံသဂ္ဂ, သံဃာဒိသေသ်, ရဟောနိသဇ္ဇပါစိတ် တစ်ခုခုဖြင့် ဆိုငြားအံ့၊ ထိုသို့ပင် ဆိုသော်လည်း ထိုင်ခြင်းကို ဝန်ခံသော ရဟန်းကို ပါရာဇိက, သံဃာဒိသေသ်, ပါစိတ် တစ်ခုခုဖြင့် ပြုစေထိုက်၏၊ ယုံကြည်အပ်သော စကားရှိသော အရိယာဥပါသိကာမသည် ဝတ္ထုကို ဖော်ပြ၍ ဆိုရာတွင် ရဟန်းက ဝန်ခံသော်သာလျှင် (ဝါ) ဝန်ခံမှသာ ပြုထိုက်၏၊ ပြုရမည်။ အာပတ်သည် အနိယတအာပတ်တည်း။ (ဝါ) အမြဲ မသတ်မှတ်အပ်သော အာပတ်တည်း။

ဒုတိယ အနိယတသိက္ခာပုဒ်

နေရာသည် နံရံစသည် ဖုံးလွှမ်းခြင်း မရှိ၊ မေထုန်အမှု၌ လျောက်ပတ် ခြင်းငှာ မစွမ်းနိုင်၊ မာတုဂါမကို ရုန့်ရင်းကုန်သော စကားတို့ဖြင့် အယုတ်တမာ ပြောဆိုခြင်းငှာ စွမ်းနိုင်သည်သာ ဖြစ်၏၊ ထိုသို့ သဘောရှိသော နေရာ၌ တစ်ပါးသော ရဟန်းသည် တစ်ယောက်သော မာတုဂါမနှင့် အတူတကွ မျက်စိ နား နှစ်ပါး၏ဆိတ်ကွယ်ရာ၌ ထိုင်နေအံ့၊ ထိုရဟန်းကို ယုံကြည်ထိုက်သော စကားရှိသော အရိယာဥပါသိကာမသည် ဒုဋ္ဌုလ္လဝါစာ, သံဃာဒိသေသ်, ရဟောနိသဇ္ဇပါစိတ်ဖြင့် ဆိုငြားအံ့၊ ထိုသို့ဆိုသော်လည်း ထိုင်ခြင်းကို ဝန်ခံသောရဟန်းကို သံဃာဒိသေသ်, ပါစိတ်တစ်ခုခုဖြင့် ပြုစေထိုက်၏၊ ယုံကြည်ထိုက်သော စကားရှိသော အရိယာဥပါသိကာမသည် ဝတ္ထုကိုဖော်ပြ၍ ဆိုရာတွင် ရဟန်းက ဝန်ခံသော်သာလျှင် (ဝါ) ဝန်ခံမှသာ ပြုထိုက်၏ (ဝါ) ပြုရမည်။ ဤအာပတ်သည်လည်း အနိယတအာပတ်တည်း။ အမြဲ မသတ်မှတ်အပ်သော အာပတ်တည်း။

ပထမအနိယတ သိက္ခာပုဒ်အဓိပ္ပါယ်

ဤသိက္ခာပုဒ်ကား မျက်စိမမြင်နိုင်လောက်အောင် ဖုံးကွယ်သော နေရာဝယ် မာတုဂါမနှင့် အတူတကွ ထိုင်နေသော ရဟန်းကို အရိယာဥပါသိကာမက တွေ့မြင်၍ ပါရာဇိက, သံဃာဒိသေသ်, ပါစိတ်အာပတ် တစ်မျိုးမျိုးဖြင့် စွပ်စွဲစေကာမူ သို့မဟုတ် နေထိုင်ပုံအခြင်းအရာနှင့်တကွ ဝတ္ထုကိုဖော်ပြ၍ စွပ်စွဲစေကာမူ ထိုရဟန်းက ဟုတ်ကြောင်းဝန်ခံမှသာ ဝန်ခံသည့်အတိုင်း ဆုံးဖြတ်ရမည်။ ဝန်မခံလျှင် အာပတ်ဖြင့် မဆုံးဖြတ်ရဟု ဝိနည်းအဆုံးအဖြတ်၏ လက္ခဏာ (ဆုံးဖြတ်နည်း)ကိုပြသော သိက္ခာပုဒ်တည်း။

ဧကော ဧကာယ စာစပ်ပုံ

ဧကော ဧကာယ = တစ်ယောက်ချင်းချင်းဟု အနက်ပေးရိုး ရှိသော်လည်း ကျကျနနပေးလျှင် ယော ပန ဘိက္ခု = အကြင်ရဟန်းသည်။ ဧကော = တစ်ပါးတည်း။ ဟုတွာ = ၍။ ဧကာယ = တစ်ယောက်တည်းသော။ မာတုဂါမေန = မာတုဂါမနှင့်။ သဒ္ဓိံ = တကွ - ဟု ပေးရမည်။

အလံ ကမ္မနိယေ ဖွင့်ပုံ

ကမ္မနိ = မေထုန်အမှု၌။ ခမံ = ခံ့သော သဘောသည် (ဝါ) လျောက်ပတ်သော သဘောသည်။ ကမ္မနိယံ = ကမ္မနိယ မည်၏၊ မေထုန်မှု၌ လျောက်ပတ်သော သဘောဟူသည် မေထုန်မှီဝဲလောက်သော အကွယ်အကာရှိခြင်း, လုံခြုံခြင်း သဘောတည်း။ အလံ (ပရိယတ္တံ) ကမ္မနိယံ ယဿာတိ အလံကမ္မနိယံ၊ ယဿ = အကြင်နေရာ၏၊ အလံ (ပရိယတ္တံ) = စွမ်းနိုင်သော။ ကမ္မနိယံ = မေထုန်အမှု၌ ခံ့သော သဘောသည်။ အတ္ထိ = ရှိ၏၊ ဣတိ = ထိုကြောင့်။ တံ = ထိုနေရာသည်။ အလံကမ္မနိယံ = အလံကမ္မနိယ မည်၏၊ ဤ၌ စွမ်းနိုင် ဟူသည် မေထုန်ပြုနေသည့်အခါ ကွယ်ကာနိုင်ခြင်းတည်း။ ဤစကားစဉ် အရ မေထုန်မှုကို ကွယ်ကာနိုင်လောက်အောင် အကွယ်အကာရှိသော နေရာ ကို အလံကမ္မနိယ ခေါ်သည်ဟု မှတ်။

နိသဇ္ဇံ ကပ္ပေယျ အရ ယူရပုံ

ဣရိယာပုထ် လေးပါးတို့တွင် နိသဇ္ဇံ-အရ ထိုင်ခြင်းဣရိယာပုထ်ကို ပြသဖြင့် ထိုင်ပြီးနောက်မှ လျောင်းရသည့်အတွက် ထိုင်ခြင်းထက်ပင် ပို၍ ဖြစ်နိုင်ခဲသော လျောင်းခြင်းဣရိယာပုထ်ကိုပါ ယူရသည်။

သဒ္ဓေယျ ဝစသာ။ ပေ။ ဝဒေယျ

ယုံကြည်ထိုက်သော စကားရှိသူဟူသည် မည်သည့်နည်းနှင့်မျှ မုသား မပြောသော အရိယာဥပါသိကာမတည်း။ ထိုဥပါသိကာမသည် ပါရာဇိက, သံဃာဒိသေသ်, ပါစိတ်, အာပတ်သုံးမျိုးတွင် တစ်မျိုးမျိုးဖြင့် ပြောဆိုစွပ်စွဲအံ့၊ ဟူလို။

နိသဇ္ဇံ ဘိက္ခု။ ပ။ ကာရေတဗ္ဗော

ယုံကြည်လောက်သော အရိယာဥပါသိကာမက စွပ်စွဲစေကာမူ (သူမြင်တိုင်း ဟုတ်ချင်မှ ဟုတ်မည်၊ အမြင်လွဲချင် လွဲတတ်သည် ဖြစ်၍) ရဟန်းက မာတုဂါမနှင့် အတူထိုင်မိပါကြောင်း ဝန်ခံမှသာ သင့်တော်ရာအာပတ်ဖြင့် ဆုံးဖြတ်ရမည်။

ယေန ဝါ။ ပ။ ဝဒေယျ

ဤကား ထိုအရိယာဥပါသိကာမ၏ ပြောဆိုစွပ်စွဲပုံ တစ်နည်းကို ပြသော ဝါကျတည်း။ ရှေ့နည်း၌ တိဏ္ဏံ ဓမ္မာနံ အညတရေန ဝဒေယျ ပါရာဇိကေန ဝါစသည်ဖြင့် ဆိုသောကြောင့် အရိယာဥပါသိကာမက အာပတ်တပ်၍ ပထမစောဒနာပုံကို ပြ၏၊ ဤနည်း၌ကား အရိယာဥပါသိကာမက အာပတ်နာမည် တပ်တတ်ချင်မှ တပ်တတ်မည် ဖြစ်သောကြောင့် အာပတ်နာမည် မတပ်ဘဲ နေထိုင်ပုံ, (သို့မဟုတ်) အိပ်နေပုံ အခြင်းအရာနှင့်တကွ မေထုန်မှု ကိုယ်လက်နှီးနှောမှုအစရှိသော ဝတ္ထုကို ထုတ်ဖော်၍ စောဒနာစွပ်စွဲပုံကို ပြ၏၊

တေန သော ဘိက္ခု ကာရေတဗ္ဗော

ဤဝါကျ၌ ပဋိဇာနမာနောဟု မပါသော်လည်း ရှေ့ဝါကျမှ လိုက်စေရမည်။ ထိုအခြင်းအရာနှင့်တကွ ဝတ္ထုကို ဖော်ပြ၍ စောဒနာခံရသော ရဟန်းကို သူက ဟုတ်မှန်ကြောင်း ဝန်ခံမှသာ ထိုစွပ်စွဲသော အခြင်းအရာဖြင့် (အာပတ်တပ်၍) ဆုံးဖြတ်ရမည်။

ကာရေတဗ္ဗော

ဤနေရာတွင် သဒ္ဒါနက်အားဖြင့် ပြုစေထိုက်ဟူရာ၌ ပြုစေဟူသည် အာပတ်ကို ကုစားစေခြင်းတည်း။ ထိုသို့ ကုစားစေခြင်း အကုစားခိုင်းခြင်းကိုပင် ဝေါဟာရတ္ထ (သုံးစွဲရိုးအနက်)အားဖြင့် မည်သည့်အာပတ် သင့်ကြောင်း ဆုံးဖြတ်ခြင်းဟု ဆိုကြသည်။ (တဗ္ဗ-ပစ္စည်းနှင့် လာသမျှ၌ ထိုက်, သင့်ဟုသာ အနက်ပေး၊ အပ်ဟု အနက်မပေးရ၊ တကယ်ပြုနေမှသာ အပ်ဟု သုံးရမည်။)

အယံ ဓမ္မော အနိယတော

ပါရာဇိကဟူ၍လည်းကောင်း, သံဃာဒိသေသ်ဟူ၍လည်းကောင်း, ပါစိတ်ဟူ၍လည်းကောင်း အမြဲသတ်မှတ်၍ မရသောကြောင့် “အနိယတော = မမြဲသော အာပတ်”ဟု ဆိုသည်။ ဤအနိယတသိက္ခာပုဒ်နှစ်ပါး၌ အာပတ်အင်္ဂါဟု အထူးမရှိပါ။ ပါရာဇိကဖြစ်လျှင် ပါရာဇိကအင်္ဂါအတိုင်း သံဃာဒိသေသ်, ပါစိတ်ဖြစ်လျှင် ထိုဆိုင်ရာသိက္ခာပုဒ် အင်္ဂါအတိုင်းပင် ဖြစ်သည်ဟု သိပါ။

မာတုဂါမအရ ယူပုံ

ဤပထမအနိယတ၌ ပထမပါရာဇိက ကာယသံသဂ္ဂတို့ပါဝင်သောကြောင့် မွေးဖွားစမှ စ၍ အသက်ရှင်ဆဲ မိန်းမဟူသမျှကို ယူ။ ဧကော ဧကာယဟူရာ၌ ယောက်ျားအဖော်မရှိခြင်းကို ယူ၊ အဘယ့်ကြောင့်နည်း? မိန်းမတို့သည် မေထုန်မှုကဲ့သို့ ကြီးလေးသော အပြစ်များကို ဖုံးထားလေ့ရှိကြ, တစ်ယောက်အပြစ်ကို သူတစ်ပါးအား ဖော်ပြလေ့မရှိကြသောကြောင့်တည်း။

ဒုတိယအနိယတသိက္ခာပုဒ် အဓိပ္ပါယ်

န ဟေဝ ခေါ ပန (ပ) နာလံ ကမ္မနိယံ၊ နေရာက အကွယ်အကာမရှိ ဟာလာဟင်းလင်း ဖြစ်နေ၍ မေထုန်ပြုခြင်းငှာ မဖြစ်နိုင်ဟု ဆိုသောကြောင့် ရဟောအရ မျက်စိကွယ်ရာကို မယူဘဲ နားကွယ်ရာကိုသာ ယူရခြင်း၊ အလဉ္စ။ ပ။ ဩဘာသိတုံဟု ဆိုသောကြောင့် သံဃာဒိသေသ်အရာဝယ် ပါဠိတော်၌ တိုက်ရိုက်ပြသော ကာယသံသဂ္ဂအပြင် ဒုဋ္ဌလ္လဝါစာ, သံဃာဒိသေသ်အာပတ်ကိုလည်း ထပ်မံသွင်းယူရခြင်း၊ ပါစိတ်အရာဝယ် ဘိက္ခုနောဝါဒဝဂ်, အစေလကဝဂ်တို့၌ လာသော ရဟော နိသဇ္ဇသိက္ခာပုဒ် နှစ်ပါးကို ယူရခြင်း, မိန်းမများလည်း အဖော်ဖြစ်နိုင်ခွင့် ရှိခြင်းသာ ရှေ့သိက္ခာပုဒ်မှ ထူး၏၊

မိန်းမအဖော်ကိုပါ ယူရခြင်းနှင့် ရဟောအရ ယူပုံ

မိန်းမတို့သည် အခြားတစ်ယောက်၏ မေထုန်ဖြင့် ဖောက်ပြန်သည်ကို မဖော်ပြလိုကြသော်လည်း ကာယသံသဂ္ဂ, ဒုဋ္ဌုလ္လဝါစာမှုကိုကား ထုတ်ဖော် ပြောကြားတတ်ကြလေသည်။ ထို့ကြောင့် ဤသိက္ခာပုဒ်အရ အဖော်ဟူရာ၌ ယောက်ျားအဖော်ကို သာမက မိန်းမအဖော်ကိုပါ ယူရ၏၊ ရဟောအရ နား၏ ကွယ်ရာအရပ်ဟူရာ၌လည်း တစ်ဆယ့်နှစ်တောင်ဖြင့် သတ်မှတ်ကြ၏၊ ထိုကြောင့် ဟာလာဟင်းလင်း အပြင်ဝယ် မာတုဂါမနှင့် အတူနေရာ၌ တစ်ဆယ့်နှစ်တောင် အတွင်းမှာ (ယောက်ျားဖြစ်စေ, မိန်းမဖြစ်စေ) မရှိလျှင် ဧကော ဧကာယ ရဟော နိသဇ္ဇံ ကပ္ပေယျ ဖြစ်သည်။

အနိယတသိက္ခာပုဒ် ပညတ်ရကျိုး

အနိယတသိက္ခာပုဒ်၌ အာပတ်အမည် အထူးမတပ်လည်း သိက္ခာပုဒ်၌ ပြထားသော “အရိယာဥပါသိကာမကိုယ်တိုင်ဖြစ်စေ, အခြား ယုံကြည်လောက် သူကဖြစ်စေ အာပတ်ဝတ္ထုနှစ်ခု ပြ၍ စွပ်စွဲပြောဆိုစေကာမူ အစွပ်စွဲခံရသော ရဟန်းက (ဟုတ်ပါသည်ဟု) ဝန်ခံမှသာ အာပတ်ဖြင့် ဆုံးဖြတ်ရမည်။ ဝန်မခံလျှင် အာပတ်ဖြင့် မဆုံးဖြတ်ရ”ဟု ဝိနည်းတော် ဆုံးဖြတ်နည်းလက္ခဏာကို ပြခြင်းအကျိုးငှာ ဤအနိယတသိက္ခာပုဒ် နှစ်ပါးကို ပြတော်မူသည်။

ဤလက္ခဏာသည် ဘိက္ခုနီများအတွက်လည်း သက်ရောက် အကျုံးဝင်သောကြောင့် ဘိက္ခုနီပါတိမောက်၌ အနိယတသိက္ခာပုဒ်များကို မပြတော့ ချေ။ (သာရတ္ထဋီကာ။)

(ဆောင်) အနိယတုတ်, သိက္ခာပုဒ်၌၊ ဖော်ထုတ်အာပတ်၊ ထူးမတပ်လည်း၊ ဆုံးဖြတ်နည်းနာ၊ လက္ခဏာကို၊ လျော်စွာ ပြမှု၊ ပညတ်ပြု၏၊ ဘိက္ခုနီ လည်း၊ ဤတိုင်းမှီးဘိ့ု၊ တသီးတခြား၊ ထပ်မထားသည်၊ မှတ်သား ဋီကာ အမိန့်တည်း။ (ဘာသာဋီကာ၊၁၂၅။)

လဇ္ဇီနှင့် အလဇ္ဇီရဟန်းများအတွက် ဆုံးဖြတ်ရန်

ဤ၌ ဖော်ပြသော နည်းနှစ်မျိုးလုံး၌ “ဝန်ခံမှသာ အာပတ်ဖြင့် ဆုံးဖြတ်ရမည်”ဟု မိန့်တော်မူသောကြောင့် နဂိုက လဇ္ဇီသူတော်ကောင်းဟု ထင်ရှားသော ပုဂ္ဂိုလ်ဖြစ်လျှင် ထိုအစွပ်စွဲခံရသော ပုဂ္ဂိုလ်က ဟုတ်မှန်ကြောင်းဝန်ခံမှ ဆိုင်ရာအာပတ်ဖြင့် ဆုံးဖြတ်ရမည်။ မဟုတ်ပါဟု ငြင်းဆိုနေလျှင် အာပတ် မတပ်ဘဲ ဆုံးဖြတ်ရမည်။

အလဇ္ဇီပုဂ္ဂိုလ်ဟု ထင်ရှားသူက မဟုတ်ပါဟု ငြင်းကွယ်နေလျှင်ကား “နေဝ သုဒ္ဓ နာသုဒ္ဓ = စင်ကြယ်သူလည်း မဆိုရ၊ မစင်ကြယ်သူလည်း မဆိုရ”ဟု ဆုံးဖြတ်ရမည်။

အဓိကရဏသမထ (၇) ပါး

ဖြစ်ကုန်ဖြစ်ကုန်ပြီးသော လေးပါးသော အဓိကရုဏ်းတို့ကို ငြိမ်းစေခြင်းငှာ, အထူးသဖြင့် ငြိမ်းစေခြင်းငှာ, (ဝါ) ငြိမ်ဝပ်ပိပြားခြင်းငှာ, သမ္မုခါဝိနယသမထကို ပေးထိုက်၏၊ သတိဝိနယသမထကို ပေးထိုက်၏၊ အမူဠှဝိနယသမထကို ပေးထိုက်၏၊ ဝန်ခံခြင်းဖြင့် ပြုစေထိုက်၏၊ (ဝါ) ဆုံးဖြတ်ထိုက်၏၊ ယေဘုယျသိကာသမထကို ပေးထိုက်၏၊ တဿပါပိယသိကသမထကို ပေးထိုက်၏၊ တိဏဝတ္ထာရကသမထကို ပေးထိုက်၏၊ ဤခုနစ်ပါးသော သမထ တို့ကို ပေးထိုက်ကုန်၏၊

အဓိကရဏ

အဓိကရီယန္တိ ဧတ္ထာတိ အဓိကရဏာနိ၊ သမထတည်နေရာဖြစ်သော အဓိကရုဏ်းလေးပါးတို့ကို ရ၏၊ အဓိကရုဏ်းသည် သံဃာ၌ ဖြစ်ပေါ်လာ သော် သမထဖြင့် ထိုအဓိကရုဏ်းကို ငြိမ်းရသည်။ ထို့ကြောင့် အဓိကရုဏ်း လေးပါးတို့သည် သမထတို့၏ တည်နေရာဟု ဆိုသည်။အဓိကရုဏ်း လေးပါးတို့ ဖြစ်ပေါ်လာသော် ဤသမထခုနစ်ပါးတို့ဖြင့် ငြိမ်းစေရမည် ဟူ၏၊

၁။ သမ္မုခါဝိနယသမထ

မျက်မှောက်၌ အဓိကရုဏ်းငြိမ်းကြောင်းတရားကို သမ္မုခါဝိနယသမထဟုခေါ်သည်။ ထို သမ္မုခသည် သံဃသမ္မုခ, ဓမ္မသမ္မုခ, ဝိနယသမ္မုခ, ပုဂ္ဂလသမ္မုခဟု လေးမျိုး ရှိ၏၊

၁။ အဓိကရုဏ်းငြိမ်းအေးရန် ကာရကသံဃာ၏ မျက်မှောက်ဖြစ်ခြင်းသည် သံဃသမ္မုခတာ မည်၏၊
၂။ ငြိမ်းစေအပ်သော ဝတ္ထုအမှု၏ လမ်းမှန်အတိုင်းကျခြင်း ဓမ္မမျက်မှောက်ဖြစ်ခြင်းသည် ဓမ္မသမ္မုခတာ မည်၏၊
၃။ အဓိကရုဏ်း၏ ဝိနည်းလမ်းမှန်အတိုင်း ကျခြင်း ဝိနည်းမျက်မှောက် ဖြစ်ခြင်းသည် ဝိနယသမ္မုခတာ မည်၏၊
၄။ ငြင်းခုံနေကြသော နှစ်ဘက်ပုဂ္ဂိုလ်၏ ရှေ့၌ ငြိမ်းစေခြင်းသည် ပုဂ္ဂိုလ်မျက်မှောက်ဖြစ်ခြင်း ပုဂ္ဂလသမ္မုခတာ မည်၏၊

(မှတ်ချက်) သံဃာ မစည်းဝေးဘဲ ပဓာနပုဂ္ဂိုလ်များသာ စုဝေး၍ ဥဗ္ဘာဟိကဝိနိစ္ဆယဖြင့် ငြိမ်းစေရာ၌ သံဃသမ္မုခတာ မရကောင်း၊ ကြွင်း သုံးပါး ရကောင်း၏၊ ဤသမ္မုခဝိနယသမထသည် အခြားအဓိကရုဏ်းများကို ငြိမ်းစေရာ၌လည်း ထိုက်သင့်သလို ပါဝင်နိုင်၏၊

(ဆောင်) သံဃ ဓမ္မ၊ ဝိနယနှင့်၊ ပုဂ္ဂလရှေးရှု၊ ငြိမ်းစေမှု၊ လေးခု သမ္မုခေါ်။

(မေဒိနီ၊၄၇၇။)

၂။ သတိဝိနယသမထ

သတိဝေပုလ္လပ္ပတ္တဿ ဒါတဗ္ဗော ဝိနယော သတိဝိနယော၊ သတိ ပြန့်ပြောသူ၏အဖြစ်သို့ ရောက်သော ရဟန္တာအား ပေးထိုက်သော ဝိနည်းတည်း။ ရဟန္တာပုဂ္ဂိုလ်မှာ သတိတရား များပြား ပြန့်ပြောလျက် ရှိ၏၊ ထို သတိ များပြားသော ရဟန္တာအားပေးထိုက်သော ဝိနည်းသည် သတိဝိနယ မည်၏၊

ရဟန္တာပုဂ္ဂိုလ်ကို တစ်စုံတစ်ယောက်က သီလဝိပတ္တိဖြင့် စွပ်စွဲလာလျှင် စစ်ဆေးမေးမြန်းပြီးနောက် အပြစ်ကင်းမှန်း ထင်ရှားသဖြင့် နောင်အခါ မစွပ်စွဲနိုင်ဖို့ရာ ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ဤသတိဝိနယသမထကို သံဃာက ပေးရလေသည်။ ထို သတိဝိနယကို ပေးပြီးနောက် စွပ်စွဲသော်လည်း အထမမြောက်ချေ။ စစ်ဆေးမေးမြန်းနေဖွယ် မလို၊ အားလုံး စွပ်စွဲမှုဟူသော အနုဝါဒါ “ဓိကရုဏ်းများ အလိုအလျောက် ငြိမ်းပျောက်တော့သည်။ ဤသို့ အနုဝါဒါဓိကရုဏ်းကို ငြိမ်းစေနိုင်သောကြောင့် သတိဝိနယသမထဟု ခေါ်သည်။

(ဆောင်) သတိလျှမ်းဖြာ၊ ရဟန္တာအား၊ ရမ်းကာ တင်လျှင်း၊ စွပ်စွဲကင်းဖို့၊ ထင်လင်းပေးရ သမထ၊ ဝိနယ သတိခေါ်။ (ဘာသာဋီကာ၊၄၀၁။)

၃။ အမုဠဝိနယသမထ

အမူဠှဘာဝံ = မတွေဝေသူ၏ အဖြစ်သို့။ ဥပဂတဿ = ကပ်ရောက်ခိုက်ဖြစ်သော ရဟန်းရူးအား။ ဒါတဗ္ဗော = ပေးအပ်သော။ ဝိနယော = ဝိနည်းသည်။ အမူဠှဝိနယော = အမူဠှဝိနယ မည်၏၊

ရဟန်းတစ်ပါးသည် တွေဝေရူးသွပ်သဖြင့် မူဠှ ဖြစ်နေ၏၊ ထိုမူဠှဖြစ်နေခိုက်ဝယ် အပြစ်များကို ကျူးလွန်လေရာ သတိရသောအခါ အခြားရဟန်းတို့က အာပတ်ဖြင့် စွပ်စွဲကြလေသော် ထိုရဟန်းရူးက “တပည့်တော် စိတ် ဖောက်ပြန် (မေ့လျော့နေ)သဖြင့် ဘာကို ပြုမိမှန်း မသိပါ”ဟု လျှောက်ထားသော်လည်း စွပ်စွဲမြဲ စွပ်စွဲနေအံ့၊ ထိုရဟန်းအား ထိုစွပ်စွဲမှုများ ငြိမ်းစေဖို့ရာ မတွေဝေသည့်အခါ (မရူးသည့်အခါဝယ်) ဉတ္တိစတုတ္ထကမ္မဝါဖြင့် အမူဠှဝိနယကို ပေးရသည်။ ထိုသို့ ပေးပြီးနောက် စိတ်ဖောက်ပြန်၍ ပြုမိသမျှကိစ္စတို့၌ စွပ်စွဲသော်လည်း အထမမြောက်တော့ချေ။ ဤသို့လျှင် အမူဠှဝိနည်းသည် အနုဝါဒါဓိကရုဏ်းတစ်မျိုးကို ငြိမ်းစေနိုင်သောကြောင့် သမထအမည်ရလေသည်။

(ဆောင်) တွေဝေမေ့မူး၊ အမှန်ရူးသဖြင့်၊ လွန်ကျူးမိလျှင်း၊ စွပ်စွဲခြင်းကို၊ လွတ်ကင်းစေငှာ၊ မတွေဝေခါဝယ်၊ ကောင်းစွာပေးရ၊ သမထ၊ အမူဠှဝိနယခေါ်။ (ဘာသာဋီကာ၊၄၀၁။)

၄။ ပဋိညာတကရဏသမထ

ဝန်ခံသည့်အားလျော်စွာ ဆုံးဖြတ်ခြင်းကို ပဋိညာတကရဏ ခေါ်သည်။ ရဟန်းတစ်ပါးသည် အာပတ်သင့်၍ အာပတ္တာဓိကရုဏ်းရှိနေရာ ထို အာပတ္တာဓိကရုဏ်း ငြိမ်းရန် (ဝါ) အာပတ်ကုစားရန် တစ်ပါးသော သံဃာထံဖြစ်စေ, ဂိုဏ်းထံဖြစ်စေ, ပုဂ္ဂိုလ်ထံဖြစ်စေ၊ တပည့်တော် ဤမည်သော အာပတ်သို့ ရောက်နေပါသည်ဟု ဒေသနာ ပြောကြားရမည်။ (အဓိပ္ပာယ်ပေါ်အောင် သာ မြန်မာလိုရေးသည်၊ ဆိုသောအခါ ပါဠိလို ဆို၍ ဒေသနာကြားရ၏) ဒေသနာခံသော ရဟန်းက “ထိုအာပတ်ကို သင်ရှုလော့”ဟု ပြန်ပြောရသည်။ ထိုနောက် ဒေသနာပြောသူက “မှန်ပါ တပည့်တော် ရှုပါသည်ဘုရား”ဟု ဝန်ခံလျှင် ဒေသနာခံသော ရဟန်းက “နောင်အခါ စောင့်ရှောက်လော”ဟု ပြန်ပြော (ဆုံးဖြတ်)ရသည်။ ဤသို့ ဝန်ခံသောအတိုင်း ဆုံးဖြတ်လိုက်သော် ထိုအာပတ်သင့်နေသော ရဟန်း၏ အာပတ္တာဓိကရုဏ်း ငြိမ်းသွားရကား နောင်အခါ စောင့်ရှောက်လော့ဟူသော အာယတိံ သံဝရေယျာသိဟူသော စကားသည်ပင် ဝန်ခံတိုင်းပြုရသော ပဋိညာတကရဏဟူ၏၊

သံဃာဒိသေသ်အာပတ်၌ ပရိဝါသ်စသည်ကို တောင်းခြင်းသည် သံဃာဒိသေသ်အာပတ် ရှိကြောင်း ဝန်ခံရာ ရောက်သောကြောင့် ပဋိညာတမည်၏၊ သံဃာက ပရိဝါသ်စသည်ကိုပေးခြင်းသည် ဝန်ခံတိုင်းပြုခြင်းကြောင့် ပဋိညာတကရဏ မည်၏ဟု သိ။

(ဆောင်) အာပတ္တာဓိကရဏ၊ ဖြစ်ပေါ်ကမူ၊ အာမ ပဿာမိ၊ ဝန်ခံဘိသော်၊ အာယတိံ သံဝရေ၊ ဆုံးဖြတ်ပေ၊ ခေါ်လေ ပဋိညာတကရဏ။

(ဘာသာဋီကာ၊၄၀၂။)

၅။ ယေဘုယျသိကာသမထ

စည်းဝေးသောပရိသတ် ဓမ္မဝါဒီများရာသို့ လိုက်၍ ပြုအပ်သော ကြိယာ (ကံ)ကို ယေဘုယျသိက ခေါ်သည်။ တစ်နည်း စည်းဝေးသော ပရိသတ် ဓမ္မဝါဒီများသည့်အဖြစ်ကို မှီ၍ ငြိမ်းခြင်းကြိယာ (ကံ)ကို ယေဘုယျသိက ခေါ်သည်။

ဝိဝါဒါဓိကရုဏ်းဖြစ်၍ သံဃာကွဲပြားနေသောအခါ သမ္မုခဝိနယသမထချည်းသက်သက်ဖြင့် ငြှိမ်း၍မရလျှင် သံဃာစည်းဝေး၍ မဲဆန္ဒယူသော ရဟန်းတစ်ပါးကို သမုတ်ရသည်။ ထို့နောက် သမ္မုတိရသော ရဟန်းက စည်းဝေးသော ပရိသတ်၌ ဓမ္မဝါဒီမဲဆန္ဒ, အဓမ္မဝါဒီမဲဆန္ဒတို့ကို ယူစေရမည်။ ထိုအခါ ဓမ္မဝါဒီမဲဆန္ဒများနေလျှင် ဓမ္မဝါဒီများရာလိုက်၍ ဆုံးဖြတ်ရသည်။ အကယ်၍ အဓမ္မဝါဒီ များနေပုံပေါ်လျှင် ရက်ရွှေ့ဆိုင်းထား၍ ဓမ္မဝါဒီများအောင် စုဆောင်းထားပြီးမှ ဓမ္မဝါဒီအဆိုအတိုင်း ဆုံးဖြတ်ရသည်။ ဤသို့ ဓမ္မဝါဒီများရာ လိုက်၍ပြုအပ်သော ငြိမ်းခြင်းကြိယာကို ယေဘုယျသိကာသမယ ခေါ်သည်ဟူ၏၊

(ဆောင်) ဓမ္မဝါဒီ၊ များသည်ကို လိုက်၊ ပြုထိုက်ကြိယာ၊ ယင်းကိုသာ၊ ယေဘုယျာဟု ခေါ်။ (မေဒိနီ၊၄၇၈။)

၆။ တဿ ပါပိယသိကသမထ

ထို အထူးယုတ်မာသော ရဟန်းအား ပြုအပ်သော ကြိယာ(ကံ)ကို တဿ ပါပိယသိကဟု ခေါ်သည်။

ရဟန်းတစ်ပါးကို ပါရာဇိကဖြင့်ဖြစ်စေ ပါရာဇိက၏ အနီးဖြစ်သော ထုလ္လစ္စဉ်း, ဒုက္ကဋ်ဖြင့်ဖြစ်စေ မေးစိစစ်လတ်သော် အဆုံးအဖြတ် မခံလို၊ တောင်ပြော မြောက်ပြော ထိုထိုဤဤ အလီလီ ပြောဆိုနေသော ယုတ်မာသော အကျင့်ရှိသော ဥပဝါဠကဲ့သို့သော ရဟန်းအား အကယ်၍ ပါရာဇိက မကျသေးအံ့၊ ဆိုင်ရာ ကျင့်ဝတ်ကို ကျင့်၍ သံဃာထံသို့ သွင်းခြင်းကို ရလတ္တံ့ဟု မှတ်၍, ပါရာဇိကကျသူ ဖြစ်အံ့၊ ကိုယ်တိုင်ဖျက်ဆီးလတ္တံ့ဟု မှတ်၍ သံဃာသည် ဉတ္တိစတုတ္ထကံဖြင့် ပြုအပ်သော ကံမျိုးကို တဿပါပိယသိက သမထဟု ခေါ်သည်။

(ဆောင်) ယုတ်မာ ရဟန်းဖျင်း၊ အာပတ် ကင်းရန်၊ ပြုသည့်ကံပင်၊ မည်တွင် တဿ ပါပိယ၊ သိက ဟူ၍ခေါ်။

၇။ တိဏဝတ္ထာရကသမထ

တိဏေဟိ = မြက်တို့ဖြင့်။ အဝတ္ထရီယတေ = ဖုံးအုပ်ထားအပ်၏၊ ဣတိ = ထို့ကြောင့်။ တိဏဝတ္ထာရော = တိဏဝတ္ထာရ မည်၏၊ ကျင်ကြီး, ကျင်ငယ်ကို ရ၏၊ တိဏဝတ္ထာရော ဝိယ တိဏဝတ္ထာရကော = မြက်ဖြင့် ဖုံးထားအပ်သော ကျင်ကြီး, ကျင်ငယ်နှင့် တူ၏၊ ဣတိ = ထို့ကြောင့်။ တိဏဝတ္ထာရကော = တိဏဝတ္ထာရက မည်၏၊ ဝိဝါဒါဓိကရုဏ်းရ၏၊

သံဃာ နှစ်ဘက်ကွဲ၍ ဝိဝါဒါဓိကရုဏ်း ဖြစ်နေရာ၌ နှစ်ဖက်လုံးမှာလည်း အာပတ်သင့်လျက် ရှိကြလေသည်။ ထိုနောက် လဇ္ဇီသဘော သက်ရောက် (စိတ်ကောင်းရ)ကြသဖြင့် ထိုအာပတ်များကို ကုစားစေလိုသည့်အခါ တစ်ဘက် အပြစ်ကို အခြားတစ်ဘက်က ဖော်ပြနေလျှင် သာ၍ မခံနိုင်ဖွယ်ရာ ရှိသောကြောင့် ဆွလေ, နံလေဖြစ်သော ကျင်ကြီး, ကျင်ငယ်ကို မြက်ဖြင့် တစ်ခါတည်း ဖုံးအုပ်လိုက်သကဲ့သို့ တိဏဝတ္ထာရကခေါ်သော ကံတစ်မျိုးဖြင့် အာပတ်တွေကို ဖုံးအုပ်လိုက်ရလေသည်။

ထိုကံကြောင့် အင်မတန် ကြီးလေးသော ပါရာဇိက, သံဃာဒိသေသ် အာပတ်နှင့် ဂီဟိပဋိသံယုတ္တ (လူနှင့်စပ်သော လူကို ဆဲရေးမှု) အာပတ်များမှတစ်ပါး အခြားအာပတ်အားလုံးပင် ပြေပျောက်လေတော့၏၊ ဤသို့လျှင် တိဏဝတ္ထာရကကံသည် နှစ်ဘက်သော အာပတ်နှင့် ဝိဝါဒါဓိကရုဏ်းကို ငြိမ်းစေနိုင်သောကြောင့် သမထတစ်မျိုး ဖြစ်ရလေသည်။ (ဆိုင်ရာ ကံပြုပုံများကို သမထခန္ဓကပါဠိတော်သို့ ရှု။)

(ဆောင်) ကျင်ငယ်ဘင်ပုပ်၊ မြက်ဖြင့် အုပ်သို့၊ ဆိုးယုတ်များဘိ၊ အာပတ္တိက၊ ဝိဝါဒကို၊ မကြွစေရ၊ သမထ၊ တိဏဝတ္ထာရကခေါ်။

ကိစ္စာဓိကရုဏ်းနှင့် သမ္မုခါဝိနယသမထ

သမထ ခုနစ်ပါးကို ပြခဲ့ရာ၌ ကိစ္စာဓိကရုဏ်းကို မည်သည့်သမထဖြင့် ငြိမ်းစေရမည်ဟု မသိသာသေး၊ သို့ဖြစ်၍ ကိစ္စာဓိကရုဏ်းကို မည်သည့်သမထဖြင့် ငြိမ်းစေရပါမည်နည်းဟု စဉ်းစားလိုကြပေလိမ့်မည်။

ကိစ္စဟူသည် အပလောကနကံစသော သံဃာ့ကံလေးပါးတို့တည်း။ ကိစ္စကြုံလာသည့်အခါ ဆိုင်ရာပုဂ္ဂိုလ်, သံဃာတို့ စည်းဝေး၍ သံဃာမျက်မှောက်မှာပင် ထိုကိစ္စကို ပြီးစေရ, ငြိမ်းစေရသောကြောင့် ကိစ္စာဓိကရုဏ်းကို ငြိမ်းစေသောသမထမှာ သမ္မုခါသမထတစ်ပါးသာ ဖြစ်သည်။

ဥပမာ သိမ်သမုတ်ကိစ္စ, ကထိနဒါနကိစ္စ (ဉတ္တိဒုတိယကံ) ကြုံလာလျှင် အနည်းဆုံး သံဃာလေးပါး စည်းဝေး၍ သံဃာမျက်မှောက်၌ ဉတ်ကမ္မဝါစာဖတ်၍ ပြီးစေရ, ငြိမ်းစေရသည်။ ဤသို့ စသည်ဖြင့် သိလေ။

အဓိကရုဏ်းလေးပါးနှင့် သမထခုနစ်ပါး တွဲပုံ

၁။ ဝိဝါဒါဓိကရုဏ်းကို သမ္မုခါဝိနယသမထနှင့် ယေဘုယျသိကာသမထ သမထနှစ်ပါးတို့ဖြင့် ငြှိမ်းရသည်။
၂။ အနုဝါဒါဓိကရုဏ်းကို သမ္မုခါဝိနယသမထ, သတိဝိနယသမထ, အမူဠှဝိနယသမထ, တဿပါပိယသိကသမထဟူသော သမထလေးပါးတို့ဖြင့် ငြှိမ်းရသည်။
၃။ အာပတ္တာဓိကရုဏ်းကို သမ္မုခါဝိနယသမထ, ပဋိညာတကရဏသမထ, တိဏဝတ္ထာရကသမထ သမထသုံးပါးတို့ဖြင့် ငြှိမ်းရသည်။
၄။ ကိစ္စာဓိကရုဏ်းကို သမ္မုခါဝိနယဟူသော သမထတစ်ပါးဖြင့်သာ ငြှိမ်းရသည်ဟု သိပါ။

(ဆောင်) မုခါယေဘု၊ ဝိနည်းပြု၊ ငြိမ်းမှု ဝိဝါဒါ။
မုခါ သတိ၊ မူဠှ ပါပိ၊ ငြိမ်းဘိ နုဝါဒါ။
မုခါ ဋိညာဉ်၊ တိဏယှဉ်၊ ငြိမ်းစဉ် အာပတ္တာ။
မုခါဖြင့်ချည်း၊ ကိစ္စပြီး၊ ငြိမ်းနည်း ဤသို့လာ။

(ပါတိမောက္ခမေဒိနီ၊၄၈၀။)

သင်တန်းသိမ်းလင်္ကာ

စေတနာ ထက်သန်စွာနှင့်၊ စာပို့ချပြီးခဲ့ (ဝိနည်း) သင်တန်းပေ။ နိဗ္ဗာန်မျက်မှောက်၊ ဆိုက်ရောက်အောင်၊ ကယ်တင်နိုင်ရစေ။ စာတက်သူများတွက်တော့၊ ရည်မှန်းချက် ထွေထွေ၊ လိုရာစခန်းမှာ၊ အထက်တန်းက၊ တက်လှမ်း အောင်ပါစေ။

အရှင်ကောဝိဒါဘိဝံသ
သာသနာ့လင်းရောင်ကြည်ကျောင်းတိုက်
ပဲခူးမြို့။

ဓုတင် (၁၃) ပါး ခွင့်ပြုခြင်း

ဘုရားရှင်သည် လောကအာမိသကို စွန့်၍ ကိုယ်အသက်ကို မငဲ့ကွက်ဘဲ နိဗ္ဗာန်နှင့်လျော်သော အကျင့်ကိုသာ အားထုတ်လိုသော ဓမ္မအမွေခံ အမျိုးသားတို့အား ဓုတင်ကို ခွင့်ပြုတော်မူ၏၊

အပိစ္ဆ သန္တုဋ္ဌိ သလ္လေခ စသော ဂုဏ်တို့ဖြင့် သီလ၏စင်ကြယ်ခြင်းသည် ဖြစ်၏၊ ထိုဂုဏ်တို့ကို ပြည့်စုံစိမ့်သောငှာ စတုပါရိသုဒ္ဓိသီလကြီးလေးပါး၌ တည်သော ယောဂီသည် ဓုတင်ကို ဆောက်တည်ကျင့်သုံးအပ်၏၊

အကျိုးကား -

အလိုနည်းခြင်း, ရောင့်ရဲခြင်း, ကိလေသာကို ခါတွက်ခြင်း, ဆိတ်ငြိမ်ရာ တောကျောင်း၌ နေခြင်း, ကိလေသာကို ဖျက်ဆီးခြင်း, သမ္မပ္ပဓာန်ဝီရိယ မပြတ်အားထုတ်ခြင်း, ဒါယကာတို့ လုပ်ကျွေးလွယ်ခြင်း, ပြင်ပကိစ္စနည်းခြင်း, ပေါ့ပါးစွာ အသက်မွေးခြင်း စသောဂုဏ်တို့ဖြင့် အညစ်အကြေး ဆေးကြောကာ ဖွပ်လျှော်အပ်သည်ဖြစ်၍ ဓုတင်ဆောက်တည်သူ၏ သီလသည် လွန်စွာ စင်ကြယ်သော အကျိုးကို ရ၏၊

အရိယဝံသတရားလေးပါး

သီလအကျင့်စင်ကြယ်လျှင် သင်္ကန်း, ဆွမ်း, ကျောင်း, ခေါင်းပါးသော အကျင့်ရှိခြင်းဟူသော အရိယဝံသတရားသုံးပါး၌ တည်၏၊ ဘာဝနာ၌ မွေ့လျော်ခြင်းဟူသော စတုတ္ထအရိယဝံသတရား၌လည်း တည်၏၊

ဓုတင် (၁၃)ပါး

(၁) ပံသုကူဓုတင် (၂) တိစီဝရိတ်ဓုတင် (သင်္ကန်း၌ နှစ်ပါး) (၃) ပိဏ္ဍပါတ်ဓုတင် (၄) သပဒါနစာရိဓုတင် (၅) ဧကာသနိက်ဓုတင် (၆) ပတ္တပိုဏ် ဓုတင် (၇) ခလုပစ္ဆာဘတ္တိဓုတင် (ဆွမ်း၌ ငါးပါး) (၈)အာရညကင်ဓုတင် (၉) ရုက္ခမူဓုတင် (၁၀) အဗ္ဘောကာသိကဓုတင် (၁၁) သုသာန်ဓုတင် (၁၂) ယထာသန္တတိဓုတင် (ကျောင်း၌ ငါးပါး) (၁၃) နေသဇ္ဇိဓုတင် (ဝီရိယ၌ တစ်ပါး) ပေါင်း ဓုတင် (၁၃)ပါး ဖြစ်ပါသည်။

ဆောင် - ပံ, တေ, ပိဏ္ဍ, သပဒ, ဧကသနိသာ၊
ပတ္တ, ခလု, အာရညု, ရုက္ခမူလိကာ၊
အဗ္ဘော, သုသာန်, ယထာသန်, နေသံ ဆယ့်သုံးဖြာ။

(ဝိသုဒ္ဓိမဂ်အရသာ-၇၂။)

ဓုတင်ဆောက်တည်ပုံ

ဓုတင် ပယ်ပါ၏၊ ဆောက်တည်ပါ၏၊

၁။ ပံ - ဂဟပတိဒါနစီဝရံ ပဋိက္ခိပါမိ။ ပံသုကုလိကင်္ဂံ သမာဒိယာမိ။
၂။ တိ - စတုတ္ထကစီဝရံ ပဋိက္ခိပါမိ။ တေစီဝရိကင်္ဂံ သမာဒိယာမိ။
၃။ ပိဏ္ဍ - အတိရေကလာဘံ ပဋိက္ခိပါမိ။ ပိဏ္ဍပါတိကင်္ဂံ သမာဒိယာမိ။
၄။ သပဒ - လောလုပ္ပစာရံ ပဋိက္ခိပါမိ။ သပဒါနစာရိကင်္ဂံ သမာဒိယာမိ။
၅။ ဧက - နာနာသနဘောဒဇနံ ပဋိက္ခိပါမိ။ ဧကာသနိကင်္ဂံ သမာဒိယာမိ။
၆။ ပတ္တ - ဒုတိယဘာဇနံ ပဋိက္ခိပါမိ။ ပတ္တပိဏ္ဍိကင်္ဂံ သမာဒိယာမိ။
၇။ ခလု - အတိရိတ္တဘောဇနံ ပဋိက္ခိပါမိ။ ခလုပစ္ဆာဘတ္တိကင်္ဂံ သမာဒိယာမိ။
၈။ အာရဉ် - ဂါမန္တသေနာသနံ ပဋိက္ခိပါမိ။ အာရညိကင်္ဂံ သမာဒိယာမိ။
၉။ ရုက္ခ - ဆန္နံ ပဋိက္ခိပါမိ။ ရုက္ခမူလိကင်္ဂံ သမာဒိယာမိ။
၁၀။ အဗ္ဘော - ဆန္နဉ္စ ရုက္ခမူလဉ္စ ပဋိက္ခိပါမိ။ အဗ္ဘောကာသိကင်္ဂံ သမာဒိယာမိ။
၁၁။ သုသာန် - န သုသာနံ ပဋိက္ခိပါမိ။ သောသာနိကင်္ဂံ သမာဒိယာမိ။
၁၂။ ယထာသန် - သေနာသနလောလုပ္ပံ ပဋိက္ခိပါမိ။ ယထာသန္တတိကင်္ဂံ သမာဒိယာမိ။
၁၃။ နေသဇ္ဇိ - သေယျံ ပဋိက္ခိပါမိ။ နေသဇ္ဇိကင်္ဂံ သမာဒိယာမိ။

အနက်ပေးပုံ

၁။ ပံ - ဂဟပတိဒါနစီဝရံ = ဒကာလက်ရောက်လှူသော သင်္ကန်းကို။ ပဋိက္ခိပါမိ = ပယ်ပါ၏၊ ပံသုကူလိကင်္ဂံ = ပံသုကူသင်္ကန်း ဆောင်လေ့ရှိသောပုဂ္ဂိုလ်ဖြစ်ကြောင်း ကုသိုလ်စေတနာကို။ သမာဒိယာမိ = ဆောက်တည်ပါ၏၊

၂။ တိ - စတုတ္ထကစီဝရံ = ဝတ်လောက်ရုံလောက် လေးထည်မြောက် သင်္ကန်းကို။ ပဋိက္ခိပါမိ = ၏၊ တေစီဝရိကင်္ဂံ = သင်္ကန်းသုံးထည် ဆောင်လေ့ရှိသော ပုဂ္ဂိုလ်၏ဖြစ်ကြောင်း ကုသိုလ်စေတနာကို။ သမာဒိယာမိ = ၏၊

၃။ ပိဏ္ဍ - အတိရေကလာဘံ = ပိုလွန်သော လာဘ်ကို။ ပဋိက္ခိပါမိ = ၏၊ ပိဏ္ဍပါတိကင်္ဂံ = ဆွမ်းခံသွားလေ့ရှိသော ပုဂ္ဂိုလ်၏ဖြစ်ကြောင်း ကုသိုလ် စေတနာကို။ သမာဒိယာမိ =၏၊

၄။ သပဒ - လောလုပ္ပစာရံ = လျှပ်ပေါ်လော်လီသော ဆွမ်းခံသွားခြင်းကို။ ပဋိက္ခိပါမိ = ၏၊ သပဒါနစာရိကင်္ဂံ = အိမ်စဉ်မပြတ် ဆွမ်းခံသွားလေ့ရှိသော ပုဂ္ဂိုလ်၏ဖြစ်ကြောင်း ကုသိုလ်စေတနာကို။ သမာဒိယာမိ = ၏၊

၅။ ဧက - နာနာသနဘောဒဇနံ = အထူးထူးသော နေရာ၌စားခြင်းကို။ ပဋိက္ခိပါမိ = ၏၊ ဧကာသနိကင်္ဂံ = တစ်နေရာတည်း၌ စားလေ့ရှိသော ပုဂ္ဂိုလ်၏ဖြစ်ကြောင်း ကုသိုလ်စေတနာကို။ သမာဒိယာမိ = ၏၊

၆။ ပတ္တ - ဒုတိယဘာဇနံ = နှစ်ခုမြောက်သော ခွက်ကို။ ပဋိက္ခိပါမိ = ၏၊ ပတ္တပိဏ္ဍိကင်္ဂံ = တစ်ခွက်တည်းယူလေ့ရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ကုသိုလ်စေတနာကို။ သမာဒိယာမိ = ၏၊

၇။ ခလု - အတိရိတ္တဘောဇနံ = အတိရိတ်ဝိနည်းကံပြုသော ဘောဇဉ်ကို။ ပဋိက္ခိပါမိ = ၏၊ ခလုပစ္ဆာဘတ္တိကင်္ဂံ = ပယ်မြစ်ပြီးသည်နောက်မှ ရသော ဆွမ်းကို စားလေ့မရှိသော ပုဂ္ဂိုလ်၏ဖြစ်ကြောင်း ကုသိုလ်စေတနာကို။ သမာဒိယာမိ = ၏၊

၈။ အာရဉ် - ဂါမန္တသေနာသနံ = ရွာနီးကျောင်းကို။ ပဋိက္ခိပါမိ = ၏၊ အာရညိကင်္ဂံ = တော၌နေလေ့ရှိသော ပုဂ္ဂိုလ်၏ဖြစ်ကြောင်း ကုသိုလ် စေတနာကို။ သမာဒိယာမိ = ၏၊

၉။ ရုက္ခ - ဆန္နံ = အမိုးမိုးသော အရပ်ကို။ ပဋိက္ခိပါမိ = ၏၊ ရုက္ခမူလိကင်္ဂံ = သစ်ပင်အောက်၌ နေလေ့ရှိသော ပုဂ္ဂိုလ်၏ဖြစ်ကြောင်း ကုသိုလ် စေတနာကို။ သမာဒိယာမိ = ၏၊

၁၀။ အဗ္ဘော - ဆန္နဉ္စ = အမိုးငါးပါးကိုလည်းကောင်း၊ ရုက္ခမူလဉ္စ = သစ်ပင် ရင်းကိုလည်းကောင်း။ ပဋိက္ခိပါမိ = ၏၊ အဗ္ဘောကာသိကင်္ဂံ = လွင်တီးခေါင်၌ နေလေ့ရှိသော ပုဂ္ဂိုလ်၏ဖြစ်ကြောင်း ကုသိုလ်စေတနာကို။ သမာဒိယာမိ = ၏၊

၁၁။ သုသာန် - န သုသာနံ = သုသာန်မဟုတ်သော နေရာကို။ ပဋိက္ခိပါမိ = ၏၊ သောသာနိကင်္ဂံ = သုသာန်၌ နေလေ့ရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ကုသိုလ်စေတနာကို။ သမာဒိယာမိ = ၏၊

၁၂။ ယထာသန် - သေနာသနလောလုပ္ပံ = ကျောင်းခံယူရာ၌ လျှပ်ပေါ် လော်လီခြင်းကို။ ပဋိက္ခိပါမိ = ၏၊ ယထာသန္တတိကင်္ဂံ = အကြင်အကြင် ညွှန်းအပ်သော ကျောင်း၌ ကိန်းအောင်းလေ့ရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ကုသိုလ်စေတနာကို။ သမာဒိယာမိ = ၏၊

၁၃။ နေသဇ္ဇိ - သေယျံ = ကိုယ်ဆန့်လျောင်းစင်း လှဲအိပ်ခြင်းကို။ ပဋိက္ခိပါမိ = ပယ်ပါ၏၊ နေသဇ္ဇိကင်္ဂံ = ထိုင်လေ့ရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ကုသိုလ်စေတနာကို။ သမာဒိယာမိ = ၏၊

ဓုတင်အကျယ် (၄၂) ပါး

ရဟန်းယောက်ျားတို့အား ဓုတင် (၁၃)ပါး၊ ရဟန်းမတို့အား (၈)ပါး (ခလုပစ္ဆာ, အာရညကင်, ရုက္ခမူ, အဗ္ဘော, သုသာန် -- ၅-ပါး ပယ်သည်)၊ သာမဏေယောက်ျားတို့အား (၁၂)ပါး (တိစီဝရိတ် ပယ်သည်)၊ သိက္ခာမာန် သာမဏေမတို့အား (၇)ပါး (တိစီဝရိတ် ထပ်ပယ်သည်)၊ ဥပါသကာ, ဥပါသိကာမတို့အား ဧကသနိက်, ပတ္တပိုဏ်အားဖြင့် (၂)ပါး လျောက်ပတ်ကုန်၏၊ ထို့ကြောင့် (၁၃+၈+၁၂+၇+၂) ပေါင်း ၄၂-ပါး ဖြစ်၏၊ အာရညကင်, ရုက္ခမူ, အဗ္ဘော, နေသဇ္ဇိတို့လည်း ဥပါသကာ, ဥပါသိကာမတို့အား သင့်လျော်သည်ဟု ဆိုသင့်၏၊ ဒသကနိပါတ်လာ အလောင်းတော် ကဏှရသေ့သည် ထိုဓုတင် များ ကျင့်သည်ဟု ဆိုပါသည်။ (ဝိသုဒ္ဓိမဂ်အရသာ-၈၃။)

အဓိပ္ပါယ်များ အကျဉ်းမျှသိရန်

၁။ ပံသုကူဓုတင်

သုသာန်, စျေးတန်း, လှည်းကြီးလမ်း၊ လူလမ်း, မှိုက်ပုံပါ၊
ကိုယ်ဝန်ညစ်ပေ, ဘုတ်ချိုးရေ၊ စွန့်လေ ချိုးဆိပ်ပါ၊
မီးလောင်, နွားဝါး, ကြွက်ကိုက်ထား၊ ခြစား, ပြတ်စွန်း, ဆာ၊
တောင်ပို့, လေယူ, ရဟန်းလှူ၊ နတ်လှူ, တံခွန်လွှား၊
သုသာန်ပြန်ထုတ်, ဘိသိက်အုပ်၊ သမုဒ်, တံခိုးသာ၊
နှစ်ဆယ့်သုံးဟူ ပံသုကူ၊ ကောက်ယူ သုံးဆောင်ရာ။

(ဝိသုဒ္ဓိမဂ်အရသာ-၈၅။)

ဤဖော်ပြပါ ၂၃-ဌာနတို့တွင် တစ်ခုခုမှကောက်ယူ၍ အဆွေးကို ပယ်, ဖွပ်လျှော်၍ သင်္ကန်းပြုပြီးလျှင် ဒကာလှူထားသော ယခင်ရှိနေပြီး သင်္ကန်းကို ပယ်၍ ပံသုကူသင်္ကန်းအဖြစ် သုံးဆောင်အပ်၏၊

ဒကာလှူသော သင်္ကန်းကို သာယာလက်ခံသော ခဏ၌ ဓုတင်ပျက်၏၊ စူဠဝါဋီကာ၌ လှူသူ၏ သဒ္ဓါကို ငဲ့၍ မပယ်ဘဲ သူတစ်ပါးအား ပေးအံ့ဟု ခံယူလျှင် ပံသုကူဓုတင် မပျက်ဟု ဆို၏၊ နတ်လှူ ရဟန်းလှူ သင်္ကန်းများ ပံသုကူဓုတင်သင်္ကန်း၌ ပါဝင်သည်။

၂။ တိစီဝရိက်ဓုတင်

ပခုံးတင်စရာ ချွေးခံစရာ အံသကိုဋ် အပိုထားနိုင်သည်။ အိပ်ရာခင်း အံသကိုဋ် ဤနှစ်ထည်သည် တိစီဝရိက်ဓုတင်ကို မပျက်စေနိုင်။ (ဘိက္ခုနီတို့ အား ရေသနုပ်, ရင်လွှမ်းတဘက်နှင့်ပါ ငါးထည်သည် တိစီဝရိက် မည်၏၊၊)

၃။ ပိဏ္ဍပါတ်ဓုတင်

ဆွမ်းခံ၍ကျင့်ရသော ဓုတင်ဖြစ်သည်။ ပင့်၍ လှူအပ်သောဆွမ်း မအပ် ကုန်။ ဆွမ်းကျွေးရန် ဒကာတို့ကျောင်း၌ ချက်လှူသော ဝိဟာရပက္ကဘတ်လည်း အပ်သည်။ သံဃာထံမှ ယာဝကာလိကကင်းသော ဆေးစသော စာရေးတံ အပ်သည်။ သံဃဘတ်ကို ဥဒ္ဒေသဘတ်ကို အလှူခံပါ စသည်ဖြင့် မဆိုဘဲ ဘိက္ခာကို (= ဆွမ်းကို) သံဃာကုန် အလှူခံပါဟု ဆို၍ လှူလျှင် အပ်၏၊ ယခုကာလ ထမင်းဖြင့် မဖိတ်၊ ဆွမ်းဖြင့်သာ ဖိတ်ကြသောကြောင့် ဤဓုတင် ပျက်နိုင်ခဲ၏၊ နေ့စဉ် ဆောက်တည်သင့်သည်ဟု ဆရာမြတ်တို့ ဆိုကုန်၏၊ ဆွမ်းခံ မကြွခြင်းဖြင့် ဓုတင်မပျက်၊ ထမင်းကို ခံယူမှ ဓုတင် ပျက်သည်။

၄။ သပဒါနစာရိကဓုတင်

ဤရဟန်းသည် စောစော ရွာဝင်သင့်သည်။ မပြည့်စုံသောအရပ် ဘေးရန်ရှိသောအရပ်ဖြစ်လျှင် ပယ်၍ အရပ်တစ်ပါးသို့ သွားနိုင် ဆွမ်းခံနိုင် လတ္တံ့။ ကျောင်း၌ အလှူလာလှူသူ ခရီးအကြား၌ တွေ့ဆုံလာသူတို့သည် သပိတ်ယူ၍ ဆွမ်းလှူကုန်အံ့၊ အပ်၏၊ ခရီးသွားစဉ်လည်း ဆွမ်းခံချိန် ရောက်သော် ရွာကို အိမ်ကို ကျော်၍ မသွားအပ်။ ထိုရွာ၌ အစဉ်အတိုင်း ဆွမ်းခံ၍ မရသော်လည်းကောင်း, အနည်းငယ်သာ ရသော်လည်းကောင်း ရွာစဉ် အိမ်စဉ်ဖြင့်သာ သွားအပ်၏၊

၅။ ဧကသနိက်ဓုတင်

တစ်နေရာတည်း တစ်ထိုင်တည်းသာ စားရ၏၊ အထူးထူးသော နေရာ၌ ဘောဇဉ်စားသောခဏ၌ ဓုတင်ပျက်၏၊ ဆွမ်းစား၍ မပြီးသေးမီ ဆရာဥပဇ္ဈာယ် ကြွလာသည်ဖြစ်အံ့၊ ထ၍ ဝတ်ကြီးဝတ်ငယ် ပြုရမည်သာတည်း။ ဓုတင်မပျက်အောင် နေရာကလည်း စောင့်ရာ၏၊ စားခြင်းကလည်း စောင့်ရာ ၏၊ စားမပြီးခင် မထရ။ စား၍မပြီးခင် ထ၍ ဝတ်ပြုသော ဤသူကား စောင့်ခြင်းနှစ်ပါး မရှိသောကြောင့် ပြန်မစားရ။ ပြန်စားလျှင် ဓုတင်ပျက်၏၊ မစားခင် ထနိုင်၏၊

၆။ ပတ္တပိုဏ်ဓုတင်

ဆွမ်းဘောဇဉ်ယူသောအခါ ဝမ်းပမာဏချင့်၍ သင့်ရုံထည့်ယူအပ်၏၊ စားမကုန် မဖြစ်စေလင့်။ ဟင်းရွက်စိမ်းကို လက်ဖြင့် ကိုင်၍စားလျှင် အပ်၏၊ လက်သည် ခွက်မဟုတ်။ အပ်သော်လည်း သပိတ်၌သာ ထည့်ရ၏၊ ဒုတိယခွက် ပယ်ခြင်းဖြစ်သောကြောင့် တစ်ပါးသော သစ်ရွက် ဇွန်းတို့ကား ဆားပုံရုံမျှ ခွက်အလို့ငှာ မအပ်။ ဆရာမြတ်တို့ကား ခံသောအခါ ခွက်အများ အပြစ်မရှိ၊ စားသောအခါ တစ်ခွက်တည်းသာ စားရသည်။ ဝမ်းပမာဏသင့်ရုံ ယူအပ် သောကြောင့် ကိုယ်တိုင်ပြင်ထည့်ခြင်းကို အပြစ်မဆိုသင့်။ နေရာရွှေ့ပြောင်း၍ အထပ်ထပ်စားလျှင် အပြစ်မရှိ။ ခွက်ကားမပြောင်းရ။ ခွက်၌ရှိသော အရိုး စပါးလုံးစသည်ကို လက်ဖြင့်ယူ၍ ထွေးခံ၌သော်လည်း မစွန့်အပ်။ ကြံစုပ်သော အခါ ကြံဖတ်ကို မမျိုနိုင်ရကား လက်ဖြင့်ယူ၍ ခွက်၌ စွန့်အပ်၏၊ ငါးအရိုး စပါးလုံးတို့ကား ဝါး၍ မျိုသာလျှင် မျိုချ၊ မမျိုသာလျှင် လက်ဖြင့်ယူ၍ ခွက်၌မစွန့်ရ။ ပါးစောင်ဖြင့်သာ မြေ၌လည်းကောင်း ခွက်၌လည်းကောင်း စွန့်ရသည်။ ဘေး၌ ထွေးခံမထားရ။

အချို့ကား ခံတွင်းသို့ရောက်သမျှ အရိုးစသည်တို့ကို တစ်ဖြည်းဖြည်း စား၍ မျိုချရမည်။ မမျိုမူ၍ ထွေးလျှင် ဓုတင်ပျက်သည်ဟု အတ္တကိလမထနည်း အယူသည်းကုန်၏၊ အချို့ကား ခွက်၌ရှိသမျှ အားလုံးရောနယ်မွှေမှ မြတ်သည်ဟု ပညာမဲ့ သဒ္ဓါလွန် စကားကျွံကုန်၏၊ ရောမွှေရသည်ဟူသော စကားလွန် တွင်ကျယ်သောကြောင့် စက်ဆုပ်၍ မစားနိုင်သဖြင့် ဤဓုတင်ကို ကျင့်လိုသူ နည်းပါးချေ၏၊ ဘုရားရှင်သည် သန့်သန့်ရှင်းရှင်း စားခြင်းကိုသာ နှစ်သက်သော မြို့ကြီးသားဖြစ်၏၊ သေခိယ၌ ရွံဖွယ်ပြုခြင်းကို များစွာ ကဲ့ရဲ့တော်မူသည်ကို ထောက်ပါ။

၇။ ခလုပစ္ဆာဘတ္တိကဓုတင်

ဘောဇဉ်စားနေစဉ် ရှေးရှုဆောင်သော ဘောဇဉ်ကို တန်ပြီဟု တားမြစ် ပြီးနောက် ဣရိယာပုထ်တစ်ပါး၌ရသော ဘောဇဉ်ကို အပ်သောဝိနည်းကံ ပြု၍သော်လည်း မစားအပ်။ ရှေးဦးစွာသော ဆွမ်းလုတ်၌ ပဝါရိတ်သင့်သော မည်သည် မရှိ။ မျိုပြီးနောက် တားမြစ်မှ ပဝါရိတ်သင့်သည်။ ထို့ကြောင့် ဥက္ကဌ်သည် တားမြစ်သည်မှနောက် နောက်ထပ်ဆွမ်းလုတ်ကို မစားတော့၊ ခံတွင်း၌ ရှိသမျှကိုသာ စားသည်။ မဇ္ဈုံကား တားမြစ်စဉ် ခွက်၌ ရှိသမျှကိုသာ စားသည်။ နောက်ထပ်မယူ။ မုဒုကား နေရာမှ မထမချင်း နောက်ထပ် ပေးသည်ကိုလည်း စားသည်။

ပဝါရိတ်သင့်ပြီးလျှင် ဝိနည်းကံဖြင့် အပ်အောင်ပြု၍ စားသောခဏ၌ သုံးယောက်လုံး ဓုတင်ပျက်၏၊ ဝိနည်းကံမပြုဘဲ စားလျှင် အာပတ်လည်း သင့်၏၊ ဓုတင်လည်း ပျက်၏၊ ဤဓုတင်ကား ပျက်ခဲ၏၊ နေ့စဉ် ဆောက်တည် သင့်သည်။

၈။ အာရညကင်ဓုတင်

ရွာနီးကျောင်းကို ပယ်၍ တော၌ အရုဏ်တက်စေအပ်၏၊ တစ်အိမ် ရှိသောရွာ၊ အိမ်များစွာရှိသောရွာ၊ အရံရှိ^မရှိရွာ၊ လူနေဆဲရွာ၊ လူမနေဆဲရွာ တို့သည် အယုတ်ဆုံး မိုးလေးလနေလျှင် ဂါမမည်၏၊

အယုတ်ဆုံးကုလလေးတာ ငါးရာဝေးသောကျောင်း အတောင်အားဖြင့် (၂၀၀၀) အနည်းဆုံးဝေးကွာသော ကျောင်းသည် အာရညကင်တောရကျောင်း မည်၏၊ အရံရှိသောရွာတံခါးခုံမှ, အရံမရှိလျှင် ပထမခဲတစ်ကျမှစ၍ ကျောင်းအရံထိ တာအပ်၏၊

ရွာသူရွာသားတို့၏အသံ ကြားလောက်အောင် ကျောင်းနှင့်ရွာ နီးကပ် သော်လည်း တောင်, မြစ်စသည်ခြား၍ ဖြောင့်ဖြောင့် မသွားနိုင်ခဲ့အံ့၊ ပကတိ သွားနေကျဖြစ်သော လမ်းခရီး ကုန်းလမ်းရေလမ်းအတိုင်း တာအပ်၏၊ရွာနှင့်နီးကပ်သဖြင့် လမ်းဝေးအောင် ထိုထိုလမ်းငယ်တို့ကို ပိတ်ဆို့၍ တောကျောင်းအင်္ဂါပြည့်စုံစေခြင်းငှာ ကြိုးစားလျှင် ဓုတင်္ဂစောရ-ဓုတင်သူခိုး မည်၏၊

တောနေရဟန်းသည် ကိုယ်စိတ် ဆိတ်ငြိမ်၏၊ ရောနှောသူကင်း၍ သန့်ရှင်း၏၊ ဘုရားရှင် ဝမ်းမြောက်အောင် တတ်နိုင်၏၊ တောနေရဟန်း၏ ခံစားရသော ဝိဝေကသုခကို နတ်သိကြားတို့သော်လည်း မခံစားရကုန်။

၉။ ရုက္ခမူဓုတင်

တိုင်းကြား၊ နတ်ကြီး၊ အသီး, စေးထွက်၊
ခေါင်းသက်၊ ကျောင်းလယ်၊ လင်းနို့တွယ်၊ ရှောင်ဖွယ် ခုနစ်ပင်။

ဤသစ်ပင် ခုနစ်ပင်တို့ကို ဘေးရန်မကင်း သမာဓိပျက်လွယ်ခြင်း မတည်ငြိမ်ခြင်းတို့ကြောင့် ပယ်သည်။ ဓုတင်ပျက်သည် မဟုတ်ပါ။

လူအများစုဝေးသော နေ့တို့၌ ရုက္ခမူဓုတင်ဆောင်သူသည် နေမြဲ သစ်ပင် အောက်၌ လူမြင်ခံမနေမူ၍ ဖုံးကွယ်ရာ အရပ်တစ်ပါး၌ နေအပ်၏၊ အုတ်, ကျောက်, သစ်ရွက်, မြက်, အင်္ဂတေ ငါးထွေသော အမိုးမိုးရာအရပ်၌ နေလိုသောဆန္ဒဖြင့် ဝင်နေသော ခဏ၌ ဓုတင်ပျက်၏၊ ဖျာမိုး ပျဉ်မိုးတို့၌လည်း ပျက်၏၊ အဝတ်မိုး၌ မပျက်ဟုဆို၏၊

သစ်ပင်ရင်းသည် ဘုရားရှင်၏ ဖွားရာ, ပွင့်ရာ, ဓမ္မစကြာဟောရာ, နိဗ္ဗာန်စံရာဖြစ်၍ နိဗ္ဗာန်စံတော်မူပြီးသော ဘဘုရားထားတော်မူခဲ့သော အမွေဖြစ်၏၊ ဝိနည်းပါဠိတော်၌ ဤရုက္ခမူဓုတင်ကို ဆောင်းနွေ ရှစ်လသာ ဆောက်တည်အပ်သည်။ မိုးလေးလ မအပ်ဟုပယ်သည်။ ကျောင်းရှိလျှင်ကား ဤဓုတင်ကို မိုးလေးလလည်း မပယ်ဟု ဆုံးဖြတ်၏၊

၁၀။ အဗ္ဘောကာသိကဓုတင်

တရားနာခြင်းငှာ, ဥပုသ်ပြုခြင်းငှာ ဥပုသ်အိမ်သို့ ဝင်လျှင် အပ်၏၊ဝင်စဉ် မိုးရွာအံ့၊ မိုးရွာစဉ် မထွက်မူ၍ မိုးစဲသောအခါ ထွက်အပ်၏၊ တရားဟော စာပေပို့ချ သင်ယူလို၍ အမိုးတွင်း ဝင်ခြင်းငှာအပ်၏၊ ဆွမ်းစားဇရပ် မီးတင်းကုပ်သို့ဝင်၍ ဝတ်ကြီးဝတ်ငယ်ပြုခြင်းငှာအပ်၏၊

အမိုးငါးရပ်နှင့် သစ်ပင်အောက်သို့ ဝင်သောခဏ၌ ဓုတင်ပျက်၏၊ အင်္ဂုတ္တရနိကာယ်ဆောင်တို့ကား အရုဏ်တက်ချိန်ကိုသာ ယူ၏၊ ထိုနေရာ၌ အာရုံတက်အောင်နေလျှင် ဓုတင်ပျက်၏၊ ရုက္ခမူလည်း ထိုနည်းတူပင် ဖြစ်သည်။

၁၁။ သုသာန်ဓုတင်

သူသေကောင်မြှုပ်ဘူးသည်မှ သုသာန်လက္ခဏာရှိသောကြောင့် မြှုပ် ဘုတ် မီးရှို့ဘူးသောကာလမှ စ၍ (၁၂)နှစ်တိုင်အောင် စွန့်ထားသော်လည်း သုသာန် မည်သည်သာတည်း။ သုသာန်၌ မဏ္ဍပ် ညောင်စောင်း သောက်ရေ သုံးရေ စသည်ကို ထား၍ စာပေပို့ချကာ မနေအပ်၊ ဘေးရန်ကို ကာကွယ် ခြင်းငှာ သံဃာ့မထေရ်ကြီး, ရပ်ရွာလူကြီး, မင်းနှင့်စပ်သူတို့ကို သိအောင် ပြော၍ မမေ့မလျော့ နေအပ်၏၊

သုသာန်သို့ သွားသောအခါ၌လည်း လမ်းမကြီးက မသွားဘဲ လမ်းယောင်လမ်းငယ်ဖြင့် မထင်မရှားသွားအပ်၏၊ နေ့အခါကပင် ဤကား သစ်ငုတ် သစ်ပင် တောင်ပို့ ချုံပုတ် စသည်ကို မှတ်သားထားအပ်၏၊ ညအခါ ကြောက်ဖွယ်အာရုံ မဖြစ်နိုင်။ ဘီလူး ပြိတ္တာ စသည်တို့ အသံကြားလျှင် မြင်လျှင် ခဲ, လှံတံစသည်တို့ဖြင့် မပစ်ခတ်အပ်ကုန်။ ဘီလူးပြိတ္တာတို့ နှစ်သက်သော ဆီထွေး နှမ်းလှော် ပဲထမင်း ငါး အမဲ နို့ရည် ဆီ တင်လဲ စသော ဖုတ်လှော် ကင်သင်းသည့် အစာတို့ကိုလည်း မစားအပ်။ သုသာန်မှ အပြန် ပြိတ္တာငွေ့ ထုံခြင်း, ဘုတ်ပြိတ္တာကပ်ပါလာတတ်ခြင်းတို့ကြောင့် ဒကာတို့၏ အိမ်သို့ မဝင်အပ်။ ဆရာမြတ်တို့ကား ကြောက်တတ်လျှင် နှစ်ပါး သုံးပါးအဖော်နှင့် သွားပါ။ တားထားသော ကျမ်းမရှိဟု ဆိုကုန်၏၊ သုသာန် မသွားသောနေ့ ဓုတင်ပျက်သည်။

၁၂။ ယထာသန္တတိဓုတင်

ဤကျောင်းသည် သင့်အားရောက်သည်ဟု ညွှန်းချလျှင် ထိုကျောင်း ဖြင့်သာ နှစ်သက်ရာ၏၊ တစ်ပါးသော ရဟန်းကို အဖယ်ခိုင်း၍ မနေအပ်။ မိမိ ပုဂ္ဂလိကကျောင်းဖြစ်မူ သံဃာညွှန်းချဖွယ်မရှိ။ မုဒုကား အနာရောဂါ မရှိဘဲ ကျောင်းတစ်ပါးကို ယူခြင်း၊ မဇ္ဈုံကား သွားကြည့်ခြင်း၊ ဥက္ကဌ်ကား နီးသလော ဝေးသလော ပူသလော အေးသလော စသည် မေးမြန်းခြင်းသည် လောလုပ္ပ မည်၏၊ ဓုတင်ညစ်နွမ်း၏၊ ကျောင်းယူရာ၌ လျှပ်ပေါ်လော်လီခြင်း ဖြစ်ကာမျှ၌ ဓုတင်ပျက်၏၊

၁၃။ နေသဇ္ဇိဓုတင်

ညဉ့်သုံးယံတို့တွင် တစ်ယံ ထ၍ စင်္ကြံသွားအပ်၏၊ ကျောချ၍ အိပ်သော ဣရိယာပုထ် တစ်ခုသာ မအပ်။ ဥက္ကဌ်ကား နောက်မှီတံကဲပျဉ်, ပုဆိုးအာယောဂပတ်, အာယောဂပတ်ပြား သုံးခုမအပ်။ မဇ္ဈုံကား တစ်ခုခု အပ်၏၊ မုဒုကား သုံးမျိုးလုံး အပ်သည်။ မှီစရာ ခေါင်းအုံး ဖြောင့်စင်းစွာ အိပ်၍ မရသော နောက်မှီအမြင့်ရှိသော ပက်လက်ကုလားထိုင် ညောင်စောင်းများလည်း အပ်သည်ဟုဆို၏၊

အထက်ကိုယ် ဖြောင့်တန်း တင်ပျဉ်ခွေထိုင်သော ရဟန်းသည် မာရ်နတ် စိတ်ကို ချောက်ချားစေ၏၊ အထိုင်မွေ့သော ရဟန်းသည် အိပ်ခြင်း လှိမ့်ခြင်း မှိန်းခြင်းဟူသော အာမိသချမ်းသာကို စွန့်နိုင်၏၊ လုံ့လဝီရိယ ရှိ၏၊ သာသနာတော် အင်ကြင်းတောကို တင့်တယ်စေ၏၊ ကာမဂုဏ်အာမိသကင်းသော ပီတိသုခကို ရနိုင်၏၊ ထို့ကြောင့် ပညာရှိသည် နေသဇ္ဇိဓုတင်ကို ဖန်ဖန် မယုတ် အားထုတ်သင့်လှ၏၊ (ဝိသုဒ္ဓိမဂ်အရသာ-၁၁၁။)

ပရိဝါသ်ဒဏ်သားရဟန်း မဆောက်တည်အပ်သော ဓုတင်

န ဘိက္ခဝေ ပါရိဝါသိကေန ဘိက္ခုနာ ပကတတ္တေန ဘိက္ခုနာ ပုရေသမဏေန ဝါ ပစ္ဆာသမဏေန ဝါ ကုလာနိ ဥပသင်္ကမိတဗ္ဗာနိ၊ န အာရညိကင်္ဂံ သမာဒါတဗ္ဗံ၊ န ပိဏ္ဍပါတိကင်္ဂံ သမာဒါတဗ္ဗံ၊ န စ တပ္ပစ္စယာ ပိဏ္ဍပါတော နီဟရာပေတဗ္ဗော “မာမံ ဇာနိံသူ”တိ။ (စူဠဝါပါဠိတော်-၈၃။)

ပရိဝါသ်ယူပြီး ဓုတင် (၁၃)ပါးကို ဆောက်တည် ကျင့်သုံးလိုသော ရဟန်း သည် အထက်ပါစူဠဝါပါဠိတော်အရ အာရညကင်ဓုတင် ပိဏ္ဍပါတ်ဓုတင် မဆောက်တည်ရဟု ဟောတော်မူသည်။

အဋ္ဌကထာအဖွင့်

စူဠဝါအဋ္ဌကထာ၌ အာရညကင်ဓုတင်မဆောက်တည်ရဟူသည်မှာ ရောက်လာကုန် ရောက်လာကုန်သော ရဟန်းတို့အား ပရိဝါသ်ကြားခြင်းငှာ ရှက်သောကြောင့် မဆောက်တည်ရဟု ဆိုသည်။ ပင်ကိုက (နဂိုက) ဆောက်တည်ထားပြီးသူ ရဟန်းဖြစ်လျှင် အဖော်ရဟန်းကို ခေါ်၍ တော၌ အရုဏ်ကို တက်စေရမည်။ ဆွမ်းစားကျောင်း စသည်၌ နေရာစွန်၌ နေရခြင်းဖြင့် ရှက်၍ ပိဏ္ဍပါတ်ဓုတင်မဆောက်တည်အပ်။ ပင်ကိုကပင် ပိဏ္ဍပါတ်ဓုတင် ဆောက်တည်ထားသူဖြစ်က တားမြစ်ခြင်းမရှိ ကျင့်ကောင်းသည်ဟု ဖွင့်ဆိုထားပါသည်။

ဓုတင်၌ မထိုက်တန်သော ပုဂ္ဂိုလ်

ယုတ်မာသော အလိုဆိုးရှိသော, အံ့ဘွယ်ကို ပြုတတ်သော, လောဘ ကြီးသော, ဝမ်းရေးကို ငဲ့ကွက်သော, လာဘ်ကို တပ်မက်လိုလားသော, အခြံအရံ အကျော်အစောကို လိုလားသော ဓုတင်နှင့်မလျော် မကျင့်သင့်သော ပုဂ္ဂိုလ်သည် ဓုတင်ကို ကျင့်သုံး၏၊

ထိုပုဂ္ဂိုလ်သည် နှစ်ပြန်နှစ်ဆသော အပြစ်ဒဏ်သို့ ရောက်၏၊ အလုံးစုံ သော ဂုဏ်ကို ဖျက်ဆီးရာရောက်၏၊ ကဲ့ရဲ့ခြင်း, ရှုတ်ချခြင်း, အပြစ်ဆိုခြင်း, မျက်မှောက် ပြက်ရယ်ပြုခြင်း, နှိမ်ချခြင်း, အတူမပေါင်းသင်းခြင်း, ပယ်ထုတ် ခြင်း, ဖယ်ရှားခြင်း, နှင်ထုတ်ခြင်းတို့ကို ခံရတတ်၏၊

တမလွန်ဘဝ၌လည်း ယူဇနာတစ်ရာရှိ၍ ပူလောင်သော ရဲရဲပူသော ပြောင်ပြောင်တောက်သော မီးတောက်မီးလျှံ မီးပန်းထွက်သော အဝီစိ ငရဲကြီး၌ ကုဋေသိန်းပေါင်းများစွာသော နှစ်တို့ပတ်လုံး ခံရ၏၊ ထိုမှ လွတ်ပြန်သော် ကြုံလှီကြမ်းကြုတ်မဲညစ်သော ခန္ဓာကိုယ်ရှိသည်ဖြစ်၍ ခွေးကောင်ပုပ် ကဲ့သို့ ဖူးဖူးရောင်တောက် မောက်အပေါက်များသော ဦးခေါင်းရှိလျက် အလွန့်အလွန် ဆာလောင်မွတ်သိပ်ကာ မှီခိုရာမဲ့ ကိုးစားရာမရှိ ငိုကာယိုကာ သနားစရာသော အသံကို ငိုကြွေးမည်တမ်းလျက် နိဇ္ဈာမတဏှိက အမည်ရှိသော ရဟန်းပြိတ္တာကြီးဖြစ်ရ၍ မြေပြင်၌ ထိုမှ ဤမှ လှည့်လည် သွားလာလျက် နာကျင်စွာ အသံပြု၍ နေရလေ၏၊

ဓုတင်၌ ထိုက်တန်သောပုဂ္ဂိုလ်

နိဗ္ဗာန်သို့စေလွှတ်သော စိတ်ရှိသော, မစဉ်းလဲသော, မာယာကင်းသော, ဝမ်းရေးကို ငဲ့ကွက်မှုမရှိသော, လာဘ်ကို မလိုလားသော, အခြံအရံ အကျော်အစောကို မလိုလားသော, ယုံကြည်မှုသဒ္ဓါတရားရှိသော, အိုခြင်းသေခြင်းမှ လွတ်လိုသော ဤပုဂ္ဂိုလ်ကား သာသနာတော်ကို ချီးမြှောက်အံ့ဟု ဓုတင်ကို ဆောက်တည်ကျင့်သုံး၏၊

ထိုသူသည် နှစ်ပြန်နှစ်ဆတက်သော ပူဇော်ခြင်းကို ထိုက်၏၊ လူနတ်တို့ ချစ်ခင် မြတ်နိုး၏၊ ခင်မင် တောင့်တ၏၊ ဗောဓိပက္ခိယတရား ၃၇-ပါး ပွားများ နိုင်၏၊ သမထ-ဝိပဿနာကို ရ၏၊ မဂ်ဖိုလ်, ပဋိသမ္ဘိဒါလေးပါး, ဝိဇ္ဇာသုံးပါး, အဘိညာဏ်ခြောက်ပါး ရနိုင်၏၊ အရဟတ္တဖိုလ်တည်းဟူသော ဖြူစင် သန့်ရှင်းသော အညစ်အကြေးကင်းသော ထီးဖြူတော်ဖြင့် အဘိသိက် သွန်း၏၊ (မိလိန္ဒပဥှ အနုမာနဝဂ်။)

ဝိနည်းပဒေသာသင်တန်း ပြီး၏၊

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ