Skip to main content

ဇာတ်နိပါတ်တော်စကားပြေ

ဇာတ်နိပါတ်တော်

ငါးရာငါးဆယ်

မဟာပညာဗလပဌမကျော်ဦးကြီးဖေ

ငါးရာ့ငါးဆယ် နိပါတ်တော်မှာ မြတ်စွာဘုရားဟောကြားတော်မူအပ်သော နိကာယ်ငါးရပ် ပိဋကတ်သုံးဖြာတွင် ဖြစ်ပါသည်။

ထိုပါဌဇာတ် ပါင် ခုဒ္ဒကနိကာယ် သုတ္တန် ပိဋကတ် အဝင်အပါ ပါဌဇာတ် ပါဠိတော်ကို ဧကကနိပါတ် အစ အသီတိနိပါတ် အဆုံး အခန်းပေါင်း နှစ်ဆယ့်တစ်ခန်း၊ ဇာတ်ပေါင်း ငါးရာသုံးဆယ့်ခုနစ်ဇာတ် တို့ဖြင့် တန်ဆာဆင်ကာ ဟောကြားထားပါသည်။

မဟာနိပါတ်ဇာတ်ပေါင်း တစ်ဆယ် ဇာတ်ကြီးဆယ်ဖွဲ့တို့နှင့် ပေါင်းလျှင် ငါးရာ့လေးဆယ့်ခုနစ်ဇာတ်တို့ ဖြစ်ပါသည်။

အခေါ်အဝေါ် လွယ်ကူစေရန် ဇာတ်သုံးဇာတ် လျော့နေသော်လည်း ငါးရာ့ငါးဆယ် နိပါတ်တော်ဟု ခေါ်ဝေါ်စမှတ် ပြုကြပါသည်။

အဋ္ဌကထာ

ပါဋ္ဌဇာတ် အဋ္ဌကထာကို သီဟိုဠ်ကျွန်း အနုရာဓမြို့ မဟာဝိဟာရကျောင်းတိုက်ကြီး၌ သီတင်းသုံးတော်မူစဉ် အရှင်မဟာ ဗုဒ္ဓဃောသထေရ် ပြုစီရင်တော်မူသည်။

သာသနာ သက္ကရာဇ် ၉၃၀ လောက်တွင် မြန်မာပြည် အောက်ပိုင်း သထုံမြို့သို့ ရောက်လာသည်။

သာသနာ သက္ကရာဇ် ၁၆၀၀ ကျော် ကောဇာသက္ကရာဇ် ၄၀၀ ကျော် လောက်တွင် မြန်မာပြည်အထက်ပိုင်း ပုဂံပြည်သို့ အနော်ရထာမင်း ဆောင်ယူတော်မူသဖြင့် တစ်ပြည်လုံး တဖြည်းဖြည်း ပျံ့နှံ့ခဲ့ပါသည်။

ဋီကာများ

ပါဌဇာတ် ဋီကာတို့တွင် လီနတ္ထပကာသနီ မည်သော ဋီကာဟောင်းကို သီဟိုဠ်ကျွန်း အနုရာဓမြို့ ဗဒရတိတ္ထကျောင်း၌ သီတင်းသုံးတော်မူသော ဆရာ ဓမ္မပါလမထေရ် ပြုစီရင်တော်မူသည်။

အသမ္မောဟဝိလာသိနီ မည်သော ဋီကာသစ်ကိုကား မြန်မာပြည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း လက်ထက် မန္တလေးမြို့ အရှေ့ပြင် မင်္ဂလာရာမ တိုက်တော်၌ သီတင်းသုံးတော်မူသော “ပညာသာမိ သိရီကဝိဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု” တံဆိပ်တော်ရ မောင်းထောင်ကြီးရွာဇာတိ ဒုတိယမောင်းထောင် ဆရာတော် ပြုစီရင်တော်မူပါသည်။

နိသျနှင့် ဂဏ္ဌိများ

ပါဌဇာတ် ပါဠိတော် နိသျနှင့် အဋ္ဌကထာ နိသျများကို ဆရာတော် အသီးသီးတို့ စီရင်တော်မူကြသည်။

ဇာတက ဝိသောဓနီခေါ် ပါဌဇာတ် ဂဏ္ဌိကို စစ်ကိုင်းမြို့ ထူပါရုံစေတီတော် ဒါယကာ နရပတိမင်းလက်ထက် ပင်းယမြို့ စကားအင်းရွာစေတီ အရိယဝံသဓမ္မသေနာပတိမထေရ် ပြုစီရင်တော်မူပါသည်။

ဝတ္ထုများ

ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထုကို တပယင်းမြို့ မုံတိုင်ဆရာတော် ပြုစီရင်တော်မူသည်ဟု ပိဋကတ်သမိုင်းတွင် အဆိုရှိသည်။

စာအုပ်ရိုက်၍ ယခု သုံးစွဲလျက်ရှိသော ငါးရာ့ငါးဆယ်နိပါတ် ဇာတ်ဝတ္ထုကိုကား ဘိုးတော်မင်းတရား လက်ထက် ကောဇာသက္ကရာဇ် ၁၁၈၁ ခုနှစ်တွင် မင်္ဂလာဘုံကျော်ကျောင်း၌ သီတင်းသုံးတော်မူသော “ကဝိန္ဒာဘိဝံသ သိရီ သဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု” တံဆိပ်တော်ရ ဒုတိယညောင်ကန်ဆရာတော် ပြုစီရင်တော်မူပါသည်။

အနှစ်သာရများ

ထို ငါးရာ့ငါးဆယ် နိပါတ်ဇာတ် ဝတ္ထုတို့မှာ ဓမ္မကြောင်း၊ လောကကြောင်း၊ ရာဇကြောင်း စုံလင်လှသည်။

စီးပွားရေး၊ ကြီးပွားချမ်းသာရေး၊ ကျန်းမာရေး၊ ပညာဉာဏ် ဗဟုသုတ တိုးပွားရေး၊ လိမ္မာယဉ်ကျေးရေး၊ ပေါင်းသင်းဆက်ဆံရေး စသည်တို့နှင့် ပြည့်နှက်လျက်ရှိသည်။

မှတ်ယူသုံးစွဲ၍ မကုန်နိုင်အောင် အနှစ်သာရ အမျိုးမျိုးနှင့် ပြည့်စုံလုံလောက်သည်။

ငါးရာ့ငါးဆယ် နိပါတ်ဇာတ်ဝတ္ထုတို့၌ လိမ္မာကျွမ်းကျင်ပါလျှင် သူတစ်ပါးကို မှီခိုအားထားရာ၊ ကိုးကွယ်ရာ၊ ဆည်းကပ်ပူဇော်ရာ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီး တစ်ဦး ဖြစ်လာနိုင်ပါသည်။

ငါးရာ့ငါးဆယ်

နိပါတ်တော်စကားပြေ

နမောတဿ ဘဂဝတော အရဟတောသမ္မာသမ္ဗုဒ္ဓဿ။

ပထမတွဲ

အပဏ္ဏကဝဂ်

၁ - အပဏ္ဏကဇာတ်

ချို့ယွင်းစွာအယူမှားသဖြင့် ဘီလူးတို့ ကန္တာရ၌ ပျက်စီးရသော ကုန်သည်မိုက်အကြောင်း

ပစ္စုပ္ပန်ဝတ္ထု

တိတ္ထိတို့အားခေါ်ဆောင်သွား

နတ်လူတို့ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည်သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီးတင်းသုံးတော်မူစဉ် အနာထပိဏ်သူဌေးသည်အဆွေခင်ပွန်း စြဖ်သော တိတ္ထိတပည့်ငါးရာတို့ကို ခေါ်ဆောင်လျက် အထူးထူးသော လှူဖွယ်ဝတ္ထုတို့ကိုစီမံကာ မြတ်စွာဘုရားအထံတော်သို့ သွား၍ မြတ်စွာဘုရားနှင့်တကွ သံဃာတော်တို့အားရှိခိုးပူဇော်ပြီးလျှင် လျောက်ပတ်သောအရပ်၍ နေကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည်အနာထပိဏ်သူဌေးနှင့် တိတ္ထိတပည့် ငါးရာတို့အား လျောက်ပတ်သော တရားတော်ကိုဟောကြားတော်မူ။

သရဏဂုံသုံးလီ ယူဆောက်တည်

ထိုအခါ တိတ္ထိတပည့် ငါးရာတို့သည်ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၌ အလွန်ကြည်ညိုသော စိတ်ရှိသည် ဖြစ်၍ မိမိတို့ကိုးကွယ်ရင်းဖြစ်သော တိတ္ထိတို့ သရဏဂုံကို ဖျက်ဆီးပြီးလျှင် ရတနာသုံးပါး၌ကိုးကွယ်ခြင်း သရဏဂုံကို ခံယူဆောက်တည်ကြကုန်၏။ ထိုနေ့မှစ၍ အနာထပိဏ်သူဌေးနှင့်အတူမြတ်စွာဘုရားထံ မပြတ် မပြတ် ဆည်းကပ်ကာ တရားတော်ကို နာယူ၍ သီတင်းသီလ ဆောက်ကြကုန်၏။

သရဏဂုံသုံးတန် ဖျက်ကြပြန်

အခါတစ်ပါး မြတ်စွာဘုရားသည်သာဝတ္ထပြည်မှ ရာဇဂြိုဟ်ပြည်သို့ ကြွ၍ ရှစ်လ သီတင်းသုံးတော်မူခိုက် တိတ္ထိတပည့်ငါးရာတို့သည် တိတ္ထိတို့ထံ ဆည်းကပ်ပြန်၍ ရတနာသုံးပါး၌ ကိုးကွယ်ခြင်း သရဏဂုံကိုဖျက်ဆီးပြီးလျှင် ယူမြဲတိုင်းဖြစ်သော တိတ္ထိတို့သရဏဂုံကို ခံယူဆောက်တည်ကြပြန်၏။

မြတ်စွာဘုရားသည် သာဝတ္ထိပြည်သို့ပြန်ကြွလာတော်မူသောအခါ အနာထပိဏ်သူဌေးသည် ထိုတိတ္ထိတပည့် ငါးရာတို့ကို ခေါ်ဆောင်လျက် မြတ်စွာဘုရားထံ ဆည်းကပ်ပြီးလျှင်“တိတ္ထိတပည့်ငါးရာတို့ မြတ်စွာဘုရား မရှိခိုက် ယူမြဲတိုင်းဖြစ်သော တိတ္ထိတို့သရဏဂုံကို ခံယူဆောက်တည်ကြပြန်ကြောင်း” လျှောက်ထားလေ၏။

တရားပြသ ဆိုဆုံးမ

ထိုအခါ မြတ်စွာဘုရားသည်ရတနာသုံးပါး၌ ကိုးကွယ်ခြင်း သရဏဂုံ၏ အကျိုးကြီးမြတ်ပုံကိုဟောကြားဆုံးမတော်မူပြီးလျှင် -

သီတင်းသည်တို့ .... ရှေ့အခါ၌လည်းလူတို့သည် ကိုးကွယ်ရာ မဟုတ်သည်ကို ကိုးကွယ်ရာဟု ကြံဆကာ ချို့ယွင်းသော အကြောင်းကိုယူမိကြသဖြင့် ဘီလူးတို့ သိမ်းဆည်းသော ကန္တရခရီးဝယ် ဘီလူးတို့ အစာဖြစ်၍ မရှုမလှပျက်စီးခြင်းသို့ ရောက်ကြလေပြီ -

ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

ကုန်သွယ်သွားမှု စီစဉ်ပြု

လွန်လေပြီးသောအခါ ကာသိတိုင်းဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုစဉ်အခါ ဘုရားအလောင်းသည် လှည်းကုန်သည်အမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် လှည်းမှူးပြုလျက် လှည်းငါးရာတို့ဖြင့်အရပ်လေးမျက်နှာသို့ လှည့်လည်သွားလာကာ ရောင်းဝယ်၍ အသက်မွေးလေ၏။

ထိုဗာရာဏသီပြည်မှာပင်လှည်းငါးရာတို့ဖြင့် ရောင်းဝယ်၍ အသက်မွေးသော လှည်းမှူးမိုက် တစ်ယောက်လည်း ရှိလေ၏။

တစ်နေ့သ၌ ဘုရားအလောင်း လှည်းမှူးသည်အရပ်တစ်ပါးသို့သွားရန် ဗာရာဏသီပြည်မှ အဖိုးများစွာ ထိုက်တန်သော ပစ္စည်းဥစ္စာတို့ကိုလှည်းငါးရာ၌တင်ကာ အသင့်စီစဉ်ထားလေ၏။

လှည်းမှူးမိုက်လည်းဘုရားအလောင်းလှည်းမှူး သွားမည့်အရပ်သို့ပင်သွားရန် ဗာရာဏသီပြည်မှအဖိုးများစွာထိုက်တန်သော ပစ္စည်းဥစ္စာတို့ကို လှည်းငါးရာ၌တင်ကာ အသင့်စီစဉ်ထားလေ၏။

နှစ်ဦးနှစ်ဝ တိုင်ပင်ကြ

ဘုရားအလောင်း လှည်းမှူးသည်ထိုအကြောင်းကသိလျှင် “ဤလှည်းမှူးမိုက်နှင့် တစ်ပေါင်းတည်း သွားလျှင် လှည်းတစ်ထောင်ဖြစ်နေသဖြင့် ခရီးလမ်းလည်း ဆံ့နိုင်မည် မဟုတ်၊ ထင်း၊ ရေ မြက်မှစ၍ အစာရေစာလည်းရရှိရန် ခဲယဉ်းမည်၊ သို့အတွက် တစ်ဦးက အလျင်သွားနှင့်၍ တစ်ဦးက နောက်မှသွားလျှင် ကောင်းလိမ့်မည်” ဟုကြံစည်ပြီးလျှင် လှည်းမှူးမိုက်ကို ခေါ်စေ၍ “ အဆွေ ... အဆွေ အလျင်သွားနှင့်မည်လော၊သို့မဟုတ် နောက်မှ သွားမည်လော” ဟု မေးလေ၏။

လှည်းမှူးမိုက်လည်း “ငါ အလျင်သွားသော်မပျက်မစီးသေးသော လမ်း၌ သွားရမည်၊ နွားများလည်း မြက်ဦးကို စားရမည်၊ လူများလည်းဟင်းရွက်ဦးကို စားရမည်၊ ရေကြည်ကို သောက်ရမည်၊ လိုသမျှ အဖိုးထား၍ ရောင်းရမည်” ဟုအလျင်သွားသူတို့ရရှိမည် အကျိုးတို့ကို မြော်မြင်ကာ “အဆွေ ... ငါ အလျင်သွားမည်” ဟုပြောကြားလေ၏။

နောက်မှလိုက်ရ အကြိုက်ကျ

ဘုရားအလောင်း လှည်းမှူးလည်းလှည်းမှူးမိုက်စကားကို ကြားလျှင် “ငါ နောက်မှသွားလျှင် မညီညွတ်သော နေရာ၌ပြင်ဆင်ပြီးဖြစ်၍ ညီညွတ်သောလမ်း၌ သွားရမည်၊ နွားများလည်း မြက်ဟောင်း ကုန်၍မြက်သစ်မြင်နုကို စားရမည်၊ လူများလည်း ဟင်းရွက်ဟောင်း ကုန်၍ ဟင်းရွက်သစ်ဟင်းရွက်နုကို စားရမည်၊ ရေမရှိသောအရပ်၌ ရေတွင်းတူးပြီး ဖြစ်၍ ရေအသင့်ရှိရမည်၊သူတစ်ပါးတို့ သတ်မှတ်ထားပြိး အဆုံးနှုန်းဖြင့် ရောင်းရ၍ လွယ်ကူမည်” ဟု နောက်မှသွားသူတို့ ရရှိမည့် အကျိုးထူးကို မြော်မြင်ကာ “အဆွေ ... အဆွေ အလျင်သွားနှင့်ပါ၊ငါတို့ နောက်မှ သွားပါမည်” ဟု ပြောကြားပြီးလျှင် နောက်မှသွားရန် စီစဉ်လေ၏။

လှည်းမှူးမိုက်လည်း လှည်းငါးရာတို့ဖြင့်ယူဇနာခြောက်ဆယ် ရှိသော ခရီးလမ်းကို အစဉ်အတိုင်း သွားလတ်သော် လူတို့နေရာကိုကျော်လွန်၍ ရေမရှိသည့် “အမနုဿ ကန္တာရ” အလယ်သို့ ရောက်လေ၏။

လူယောင်ဖန်ဆင်း ဘီလူးသင်း

ထိုအခါ ဘီလူးတို့သည်လှည်းကုန်သည်တို့ ယူဆောင်လာသော ရေကို စွန့်ပစ်စေ၍ အားနည်းသောအခါ စားမည်ဟုကြံစည်လျက် တစ်ကိုယ်လုံး ရေစိုစွတ်စေ၍ ကြာပန်းတို့ကို ပန်ဆင်ကာ ကြာစွယ်ကြာရင်းတို့ကို စားလျက် လှည်းဘီးတို့၌ ရွံ့ညွန်အလိမ်းအလိမ်း ကပ်စေပြီးလျှင်မိုးရွာသောဟန်ပန် ဖန်ဆင်းကုန်လျက် ရှေ့တူရူမှ လှည်းတို့ကို မောင်နှင်ကာ လာကြကုန်၏။

လှည်းမှူးမိုက်သည် လှည်းသမားဟန်တောင်ကာ ရှေ့တူရူမှ မောင်နှင်လာသောဘီလူးတို့ကို မြင်လျှင် “အမောင်တို့ အဘယ်အရပ်မှ လာကြသနည်း၊ လာခဲ့သော လမ်းခရီးမှာရေရှိသလော” စသည်ဖြင့် မေးမြန်းသောအခါ ဘီလူးတို့သည် “ အဆွေ ... အသို့ ဆိုသနည်း၊ဤအရပ်မှ မြင်ရသော တောအုပ်ကြီးဝယ် မပြတ် မိုးရွာသည်၊ အင်းအိုင် ချောက်တို့၌ရေပြည့်လျက်ရှိသည်၊ ရေကို ယူဆောင်သွားရန် မလို” စသည်ဖြင့် လှည့်ဖြား၍ ပြောဆိုကာဖဲသွားပျောက်ကွယ်လျက် ဘီလူးတို့ရွာသို့ ဝင်ကြကုန်၏။

ဘီလူးအလိုလိုက် လှည်းမှူးမိုက်

လှည်းမှူးမိုက်လည်း အလိမ္မာ အသိဉာဏ်နည်းပါး ဘီးလူတို့ စကားကို ယုံကြည်လျက် ယူဆောင်ခဲ့သော ရေအိုးတို့ကို ခွဲစေ၍ဝန်ပေါ့သော လှည်းတို့ကို မောင်းစေ၏။ လမ်းခရီးတစ်လျှောက်လုံး၌ ရေအနည်းငယ်မျှမရကြကုန်။

နေဝင်သောအခါ ရောက်သောနေရာ၌ လှည်းတို့ကိုချွတ်၍ နွားတို့ကို ချည်နှောင်ပြီးလျှင် စခန်းချကုန်၏။ လူတို့သည် ရေလည်း မသောက်ရ၊ထမင်းလည်း မချက်ရ၊ နွားတို့လည်း ရေမသောက်ရသဖြင့် ပင်ပန်းနွမ်းနယ်လျက် အားနည်းကာအိပ်ပျော်ကြကုန်၏။ ထိုအခါ ဘီလူးတို့သည် လာလတ်ကုန်၍ အလုံးစုံသော လူနှင့်နွားတို့ကို စားသောက်ကြသဖြင့် လူရိုးနှင့် နွားရိုးတို့ ဖရိုဖရဲ ပြန့်ကြဲကာပျက်စီးကြရကုန်၏။

လှည်းမှူးလိမ္မာ ထွက်၍လာ

ဘုရားအလောင်း လှည်းမှူးလည်းလှည်းမှူးမိုက်သွား၍ ဆယ့်ငါးရက်မျှလွန်လျှင် လှည်းငါးရာတို့ဖြင့် သွားပြန်ရာ ကန္တာရအဝင်သို့ ရောက်လေ၏။ ထိုအခါ လှည်းသမားတို့ကို စည်းဝေးစေပြီးလျှင် “အမောင်တို့ဤသွားရမည့် ကန္တာရ၌ ရေမရှိ၊ ငါးကို မပြောကြဘဲ ရေတစ်ခွက်မျှ မသုံးကြနှင့်၊အဆိပ်ပင်များလည်း ရှိသည်၊ ငါ့ကို မပြောကြားဘဲ ဘယ်အသီး ဘယ်အရွက်ကိုမျှ မစားကြနှင့်”ဟု အဆုံးအမပေးကာ ကန္တာရသို့ ဝင်ပြီးလျှင် ခရီးလမ်းစဉ် အတိုင်း သွားကြကုန်၏။

လူယောင် ဖန်ဆင်းလာပြန်ခြင်း

ကန္တာရအလယ်သို့ ရောက်လတ်သော်ဘီလူးတို့သည် ရှေးနည်းအတူ လှည်းသမား ဟန်ဆောင်၍ ရှေ့တူရူမှ လာကြပြန်ရာရင်ဆိုင်မိကြကုန်၏။ လှည်းမှူးသည် ဘီလူးတို့ကို မြင်လျှင် “ဤ ကန္တာရကား ရေမရှိ၊ဤသူတို့သည် ကြောက်ခြင်း မရှိကုန်၊ မျက်စိလည်း နီမြန်းကြကုန်၏။ အရိပ်လည်းမထွက်ကုန်၊ လူမဟုတ် မုချ ဘီလူးတို့ ဖြစ်လိမ့်မည်၊ ရှေ့အလျင်သွားနှင့်သည့်လှည်းမှူးမိုက်၏ လှည်းသမားတို့ကို လှည်းဖြားကာ စားသောက်ကြပေလိမ့်မည်၊ ငါ့အားအသိဉာဏ်ပညာရှိသည်အဖြစ်ကို မသိယောင်တကား” ဟု ကြံစည်မိလေ၏။

ဘီလူးတို့လည်း ဘုရားအလောင်းလှည်းမှူးအား ရှေးနည်းတူ ရှေ့က မြင်ရသော တောအုပ်ကြီးဝယ် မပြတ်မိုးရွာကြောင်း၊ အင်းအိုင် ချောက်တို့၌ ရေအပြည့်ရှိကြောင်း စသည် ပြောကြားပြီးလျှင် ခရီးမှ ဖဲသွား၍ပျောက်ကွယ်ကာ ဘီလူးတို့ရွာသို့ ဝင်ကြကုန်၏။ ဘုရားအလောင်း လှည်းမှူးလည်းဘီလူးတို့သွားလျှင် လှည်းသမားတို့ကိုအား -

“အမောင်တို့ ... ဤ ကန္တာရ၌ ရေကန် ရေအိုင်ရှိသည်ဟု ကြားဖူးသလော၊ ရှေ့က တွေ့မြင်ရသော အောအုပ်၌ မိုးမပြတ်ရွာသည်ဟုပြောဆိုကြကုန်၏။ စဉ်းစားကြလော။

- မိုးသက်လေသည် တစ်ယူဇနာ အရပ် ရောက်အောင် လာ၏။

- မိုးတိမ်ကို သုံးယူဇနာ အရပ်မှ မြင်ရ၏။

- လျှပ်စစ်ရောင်ကို ငါးယူဇနာ အရပ်မှ မြင်ရ၏။

- မိုးချုန်းသံကို နှစ်ယူဇနာ အရပ်မှ မြင်ရ၏။

ယခု အခါ အမောင်တို့သည်ထိုအခြင်းအရာတို့ကို ကြားကြ၊ မြင်ကြရသလော” ဟု မေးမြန်းလေ၏။ လှည်းသမားတို့ကလည်း“အရှင် ... မကြားရ၊ မမြင်ကြရပါ” ဟု ပြောကြားကြကုန်၏။

ထိုအခါလှည်းမှူးသည် -

“အမောင်တို့... ဤသူတို့ကား လူ မဟုတ်ကုန်၊ ဘီလူးတို့သာ ဖြစ်ကုန်၏။ ငါတို့အား အစာရေစာ ပြတ်၍အားနည်းသောအခါ စားသောက်လိုကြသောကြောင့် လှည့်ဖြား ပြောဆိုခြင်းဖြစ်သည်။ သို့အတွက်ငါမသိဘဲ ရေတစ်ခွက်မျှ မသုံးကြနှင့်”

ဟုပြောဆို ဆုံးမကာ ခရီးလမ်းစဉ်အတိုင်း သွားကြကုန်၏။

အကျိုးပြီးမြောက်ပြည်ပြန်ရောက်

လှည်းမှူးမိုက်၏ လှည်းသမားငါးရာတို့ ပျက်စီးသောနေရာသို့ ရောက်လျှင် ပစ္စည်းဥစ္စာတို့ ပြည့်သော လှည်းတို့ကိုမြင်ကြရကုန်၏။ ဖရိုဖရဲ ကြဲပြန့် ပျက်စီးနေသော လူရိုး၊ နွားရိုး တို့ကိုလည်း မြင်ကြရကုန်၏။ ထိုအခါ လှည်းသမားတို့သည်ကောင်းသော ခိုင်ခံ့သော လှည်းတို့ကို လဲလှယ်၍ ယူကြပြီးလျှင် ပစ္စည်းဥစ္စာတို့ကိုလည်းအလိုရှိတိုင်း ယူကြ၍ တစ်ညအိပ်ပြီးလျှင် မိမိတို့အလိုရှိရာအရပ်သို့ သွားကြ၍ပါသမျှပစ္စည်းဥစ္စာတို့ကို နှစ်ဆ သုံးဆတက်သော အဖိုးနှုန်းတို့ဖြင့် ရောင်းချပြီးလျှင်မိမိတို့နေရာ ဗာရာဏသီပြည်သို့ ပြန်သွားကြကုန်၏။

မြတ်စွာဘုရားသည်ဤသို့ အတိတ်ကို ဆောင်ပြီးလျှင် -

“သီတင်းသည်တို့- ဆင်းရဲဒုက္ခမှ လွတ်မြောက်ရာ မချွတ်မယွင်းသော အကြောင်းကို မယူမိကြသည့်လှည်းမှူးမိုက်နှင့် လှည်းသမားငါးရာတို့သည် ဘီလူးတို့ အစာဖြစ်၍ မရှုမလှပျက်စီးကြကုန်ပြီ။ မချွတ်ယွင်းသော အကြောင်းကို ယူမိသည့် လှည်းမှူးလိမ္မာနှင့်လှည်းသမား ငါးရာတို့သည် ဘီလူးတို့ဘေးရန်မှ လွတ်မြောက်ကာ မိမိတို့နေရာသို့ပြန်ရောက်ကြရပြီ - ဟု အနုသန္ဓေဆက်စပ်ကာ ဟောတော်မူ၏။ ဒေသနာတော် အဆုံး၌ တိတ္ထိတပည့်ငါးရာတို့သည် သောတာပတ္တိဖိုလ်သို့ ရောက်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန်နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်ကာ -

- ထိုအခါ လှည်းမှူးမိုက်သည် - ယခုအခါ ဒေဝဒတ်။

- လှည်းမှူးမိုက် ပရိသတ်သည် - ဒေဝဒတ် ပရိသတ်။

- လှည်းမှူးလိမ္မာသည် - ငါဘုရား။

- လှည်းမှူးလိမ္မာ ပရိသတ်သည် - ငါ ဘုရား ပရိသတ်ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

မချွတ်မယွင်း၊ကြောင်းယူခြင်း၊ ဘေးကင်းချမ်းသာမည်။

ချွတ်ချွတ်လွဲလွဲ၊ကြောင်းယူမြဲ၊ ဆင်းရဲဘေးတွေ့မည်။

အပဏ္ဏကဇာတ် ပြီး၏။

***

၂ - ဝဏ္ဏပထဇာတ်

သဲကန္တာရခရီး၌ ရေမရ၍ပျက်စီးမည့် ဆဲဆဲတွင် လူငယ်တစ်ဦး၏ လုံ့လဖြင့် ရေရခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အားထုတ်ဆောင်လျက် ကျိုးမထွက်

လူနတ်တို့ ဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသု့းနော်မူစဉ် သာဝတ္ထိပြည်သားအမျိုးသားတစ်ယောက်သည် မြတ်စွာဘုရားအထံတော်ဝယ် ရဟန်းပြုပြီးလျှင် ငါးနှစ်ပတ်လုံးကမ္မဋ္ဌာန်း တရားကို အားထုတ်သော်လည်း မဂ်၊ဖိုလ်ကို မရ၊ အယုတ်ဆုံး နိမိတ်မျှ မထင်လေ။

ထိုအခါ ထိုအမျိုးသား ရဟန်းသည် “ငါကားမြတ်စွာဘုရား ဟောတော်မူအပ်သော ပုဂ္ဂိုလ်လေးယောက်တွင် ဤဘဝ မဂ်၊ ဖိုလ် မရထိုက်သော‘ပဒပရမ’ ပုဂ္ဂိုလ်ဖြစ်ရာသည်။ တော၌နေ၍ အကျိုးမရှိ၊ မြတ်စွာဘုရားထံတော်သို့ သွား၍အဆင်းတော်ကို ဖူးမြော်ကာ တရားနာ၍သာ နေတော့အံ့” ဟု ကြံစည်လျက် လုံ့လဝီရိယကိုလျှော့၍ ကမ္မဋ္ဌာန်းတရားကို စွန့်လွှတ်ပြီးလျှင် ဘုရားထံသို့ လာလေ၏။

လုံ့လရှိအောင် အတိတ်ဆောင်

မိတ်ဆွေ ရဟန်းတို့လည်း ထိုရဟန်းအား“ငါ့ရှင် ... သင်သည် ဝီရိယ လုံ့လ ပြည့်စုံသော မြတ်စွာဘုရားထံတော်၌ ရဟန်းပြုပါလျက်အဘယ်ကြောင့် ဝီရိယ လုံ့လကို လျှော့ဘိသနည်း” ဟု အပြစ်တင်ကာ ဘုရားထံတော်သို့ဆောင်ပို့ကြလေလျှင် မြတ်စွာဘုရားသည် ဝီရိယလုံ့လ ယုတ်လျော့သော ရဟန်းအား “ချစ်သား ...အဘယ်ကြောင့် သင်သည် ဝီရိယ လုံ့လကို လျှော့ဘိသနည်း၊ ရှေးအခါက သံကန္တာရဝယ် ရေမရသဖြင့်လှည်းကုန်သည် ငါးရာတို့ ပျက်စီးကြတော့မည် ဖြစ်ရာ သင်၏ ဝီရိယ လုံ့လကို အမှီပြု၍ရေကိုရသည်အတွက် အသက်ျမ်းသာရကြဖူးသည် မဟုတ်လော” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သဲသောင်ပြင် ခရီးနှင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်းမင်းပြုစဉ်အခါ တစ်ယောက်သော လှည်းမှူးသည် လှည်းငါးရာတို့၌ ထင်း၊ ရေ၊ စားနပ်ရိက္ခာကုန်ပစ္စည်းတို့ကို အပြည့်အစုံ တင်စေလျက် ကုန်းလမ်းခရီး၌ ကျွမ်းကျင်လိမ္မာသူကုန်းလမ်းပြတစ်ယောက်ကိုခေါ်၍ ရှေ့ဆုံးလှည်း၌ စီးကာ ခရီးလမ်းကို ညွှန်ပြစေလျက်ငါးဆယ့်ကိုးယူဇနာ ရှည်ဝေးသော သဲကန္တာရခရီးဖြင့် သွားလေ၏။

ညချမ်းသွားလတ် ကြယ်အမှတ်

ထိုသဲကန္တာရခရီးမှာ နေထွက်လာသောအခါမီးကျီးပုံအစုကဲ့သို့ ပူပြင်းလှသဖြင့် မသွားနိုင်ဘဲ တဲမဏ္ဍပ် ဆောက်လုပ်ကာလှည်းစခန်းချ၍ ညအခါရောက်မှသာ ကြယ်နက္ခတ်အမှတ်အသားဖြင့် သွားလာရ၏။ ထင်း၊ ရေ၊စားနပ်ရိက္ခာအပြည့်အစုံ အသင့်ဆောင်ယူ၍ သွားရ၏။

လှည်းမှူးလည်း ညစဉ်သွား၍ငါးဆယ့်ကိုးယူဇနာအရပ်သို့ ရောက်လေလျှင် “ယခုအခါ တစ်ညတည်းဖြင့် ဤသဲကန္တာရခရီးမှထွက်မြောက်တော့မည်” ဟု လှည်းစခန်းချကာ ညစာစား၍ ထင်း၊ ရေ တို့ကို အလုံးစုံစွန့်ပစ်စေပြီးလျှင် မောင်းနှင်စေ၏။ ကုန်းလမ်းပြလည်း လှည်းသမားတို့အား “ ဤအရပ်သို့ဖြောင့်ဖြောင့်သွားကြလော့” ဟု ညွှန်ပြကာ ညစဉ် အအိပ်ပျက်၍ ပင်ပန်းလှသဖြင့်အိပ်ပျော်သွားလေ၏။

လာရင်းနေရာ ပြန်ရောက်လာ

အလုံးစုံ အိပ်ပျော်နေစဉ်နွားတို့လည်း ရှေ့သို့မသွားဘဲ နောက်လာခဲ့သော လမ်းခရီးသို့ ပြန်ကာ တစ်ညလုံးသွားလေ၏။ ကုန်းလမ်းပြလည်း နံနက်အရုဏ်တက်၍ နိုးလတ်သော် ကြယ်နက္ခတ်ကိုကြည့်ရှုမှတ်သားကာ ယမန်နေ့က စခန်းချခဲ့သော နေရာဟောင်းသို့ ပြန်ရောက်နေမှန်းသိလေလျှင် “ အမောင်တို့ . . . လှည်းတို့ကို ပြန်၍လှည့်ကြလော့” ဟု အမြန်စီစဉ်၍နေစဉ် နေလည်း ထွက်ခဲ့လေ၏။ လှည်းသမားတို့လည်း “ငါတို့မှာ ထင်းနှင့်ရေ မရှိပြီ၊ငတ်မွတ်ဆာလောင်၍ သေကျေပျက်စီးကြတော့မည်” ဟု စိုးရိမ်ပူဆွေးလျက် အိပ်စက်ကြကုန်၏။

မတူနိုင်ကြ လက်မှိုင်ချ

လှည်းမှူးလည်း “ငါ လုံ့လဝီရိယလျှော့လျှင် အလုံးစုံသေကျေ ပျက်စီးကြတော့မည်” ဟု ကြံစည်ကာလှည်းစခန်းအနီးတွင် ကြည့်ရှု စုံစမ်းလတ်သော် စိမ်းလန်းသော မြေစာမြက်တို့ကို မြင်၍“ဤနေရာ၌ မုချ ရေနီးမည်“ ဟု ဆုံးဖြတ်၍ လှည်းသမားတို့ကို တူးစေရာ အတောင်ခြောက်ဆယ်ရောက်သောအခါ ကျောက်ဖျာကြီးခံ၍ အောက်သို့မတူးနိုင်တော့ဘဲ လက်မှိုင်ချကာ နေကြ၏။

လူငယ်လုံ့လ ချမ်းသာကြ

ထိုအခါ လှည်းမှူးသည် တွင်းသို့ ဆင်းသက်ကာကျောက်ဖျာကိုကပ်၍ နားထောင်လေလျှင် ရေသံ ကြားသဖြင့် အားတက်ကာ အပေါ်သို့တက်လတ်၍အလုပ်အကျွေးငယ်တစ်ယောက်ကို ခေါ်ပြီးလျှင် “ အမောင် ... လုံ့လ ဝီရိယကို မလျှော့ပါနှင့်၊အသင် လုံ့လ ဝီရိယကို လျှော့လျှင် လှည်းသား ငါးရာတို့ သေကျေ ပျက်စီးကြရတော့မည်၊တွင်းထဲသို့ဆင်းကာ ကျောက်ဖျာကို သံတူနှင့်နှက်ပါ” ဟု စေခိုင်းလေ၏။

အလုပ်အကျွေးငယ်လည်း လှည်းမှူးခိုင်းသည့်အတိုင်း သံတူနှင့် နှက်လေလျှင် ကျောက်ဖျာကြီး အလယ်ကကျိုးပြီးအောက်သို့ကျကာ ရေမြောင်းကို ပိတ်မိသဖြင့် ထန်းလုံးခန့်ရှိ ရေလုံးကြီး အပေါ်သို့တက်၍လာလေ၏။

လှည်းကုန်သည်တို့လည်း ရေရသဖြင့်ဝမ်းမြောက်ဝမ်းသာ သောက်၊ ချိုး၊ ချက်ပြုတ် စားသောက်ကြပြီးလျှင် နေဝင်လတ်သော်အမြတ်ငွေဖြင့် ရောင်းချကာ ချမ်းချမ်းသာသာ မိမိတို့နေရာသို့ ပြန်ကြလေ၏။

တရားပြသ ဆိုဆုံးမ

မြတ်စွာဘုရားလည်း အတိတ်ဇာတ်ကိုဟောတော်မူကာ လုံ့လဝီရိယ ယုတ်လျော့သော ရဟန်းအား -

“ချစ်သား ... သင်သည် ရှေးအခါကလုံ့လဝီရိယ ကို မလျှော့သည့်အတွက် သဲကန္တာရ၌ ရေကို ရဖူးပြီ၊ ယခုအခါ သာသနာတော်၌လည်းလုံ့လဝီရိယကို မလျှော့ဘဲ အားထုတ်လျှင် အဘယ်ကြောင့် မဂ်၊ ဖိုလ်ကို မရဘဲရှိနိုင်အံ့နည်း” –

ဟု တရားပြ၍ ဆုံးမတော်မူ၏။ ဒေသနာတော်၏အဆုံး၌ လုံ့လဝီရိယ ယုတ်လျော့သော ရဟန်းသည် အရဟတ္တဖိုလ်၌တည်၍ ရဟန္တာအဖြစ်သို့ရောက်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန်နှစ်တန်သော ဝတ္ထုတို့ကို အနုသေန္ဓ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

- ထိုအခါ လုံ့လဝီရိယ မလျှော့သော အလုပ်အကျွေးငယ်သည် -ယခုအခါ လုံ့လဝီရိယ လျှော့သော ရဟန်း။

- ကြွင်းသော လှည်းသားတို့သည် - ဘုရားပရိသတ်။

- လှည်းမှူးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) လုံ့လပြုရာ၊ သဲကန္တာ၊မှန်စွာရေရသည်။

(၂) သာသနာ၌၊ လုံ့လစိုက်၊နှစ်ခြိုက်မဂ်, ဖိုလ်တည်။

ဝဏ္ဏပထဇာတ်ပြီး၏။

***

(၃) သေရိဝဝါဏီဇဇာတ်

(အဖိုးတစ်သိန်းထိုက်တန်သော ရွှေခွက်ဆုံးရှုံးရသဖြင့် စိုးရိမ်ပူပန်၍ပျက်စီးရသော ရွဲကုန်သည်မိုက် အကြောင်း)

ပစ္စုပ္ပန်ဝတ္ထု

လုံ့လမရှိပျင်းရိရိ

နတ် လူတို့ ဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသု့းနော်မူစဉ် လုံ့လဝီရိယယုတ်လျော့ပျင်းရိသော ရဟန်းတစ်ပါးကို သီတင်းသုံးဖော်ဖြစ်သော ရဟန်းတို့ကမြတ်စွာဘုရားထံ ခေါ်ဆောင်၍ လာကြလျှင် မြတ်စွာဘုရားသည် လုံ့လဝီရိယ ယုတ်လျော့ပျင်းရိသော ရဟန်းအား “ချစ်သား ရဟန်း ... သင်သည် လုံ့လဝီရိယ ကြီးတော်မူလျက် မဂ်၊ဖိုလ်၊ နိဗ္ဗာန်ကို ပေးတတ်သော ငါဘုရား သာသနာတော်၌ ရဟန်းပြုပါလျက် အဘယ်ကြောင့်လုံ့လဝီရိယ ယုတ်လျော့ ပျင်းရိဘိသနည်း၊ ရှေးအခါက လုံ့လဝီရိယ ယုတ်လျော့ပျင်းရိသဖြင့် အဖိုးတစ်သိန်းတန် ရွှေခွက်မှ ဆုံးရှုံးရသော ရွဲကုန်သည်မိုက်သည်စိုးရိမ်ပူပန်၍ ပျက်စီးသကဲ့သို့ ဖြစ်ချေမည်” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ရွဲကုန်သည်နှစ်ယောက်ရွာစဉ်လျှောက်

လွန်လေပြီးသောအခါဤဘဒ္ဒကမ္ဘာမှ ငါးကမ္ဘာထက်၌ သေရိဝတိုင်းဝယ် ဘုရားအလောင်း ရွဲကုန်သည်နှင့် လောဘရမ္မကြီးသော ရွဲကုန်သည်မိုက်တို့သည် ရှိကြကုန်သတတ်။

တစ်နေ့သ၌ထိုရွဲကုန်သည် နှစ်ဦးတို့သည် ရွဲရောင်းသွားကြသည်ရှိသော် နီဝါဟမည်သော မြစ်ကိုကူး၍အရိဋ္ဌပုရ မည်သော ပြည်သို့ ရောက်ကြလေ၏။ မြို့တွင်းသို့ ဝင်ကြသောအခါ ခရီးလမ်း၊ရပ်ကွက်တို့ကို ခွဲဝေ၍ မိမိတို့ ဆိုင်ရာ ခရီးလမ်း၊ ရပ်ကွက်သို့ လှည့်လည်ကာ အသီးသီးရောင်းချကြလေ၏။

ကြေးခွက်မှတ်မှားမြေးအဘွား

ထိုမြို့၌ သူဌေးတစ်ဦးသည် သား၊သမီး၊ ဆွေမျိုး ဉာတိ ပစ္စည်းဥစ္စာနှင့် တကွ အလုံးစုံ ပျက်စီးကာ သူငယ်မ တစ်ယောက်နှင့်အဘွားအို တစ်ယောက်အားဖြင့် မြေး၊ အဘွား နှစ်ယောက်သာ ကြွင်းကျန်လေ၏။ ထိုမြေး၊အဘွားနှစ်ယောက်တို့သည် သူတစ်ပါးတို့၏ အခစားကူလီအလုပ်ကို လုပ်၍ အသက်မွေးကြကုန်၏။၎င်းတို့အိမ်၌ကားရှေးအခါ သူဌေးကြီး သုံးဆောင်သော ရွှေခွက်တစ်လုံးရှိ၏။ မသုံးဆောင်ဘဲထားသဖြင့်ကြေးညှော်ထူထပ် အလိမ်းလိမ်းကပ်၍နေသဖြင့် ရွှေခွက်မှန်းပင် မသိကြချေ။

ရွဲလိုချင်လှသူငယ်မ

ကြွေးကြော်အော်ဟစ်ကာ ရောင်းချလာသောရွဲကုန်သည်မိုက် အိမ်ရှေ့သို့ ရောက်လေလျှင် သူငယ်မသည် ရွဲကုန်သည်ကိုမြင်၍ရွဲဝယ်ချင်သည့်အတွက် အဘွားအိုအား “အဘွား ... ကျွန်မ ရွဲဝယ်ချင်သည် ရွဲဝယ်ပေးပါ” ဟုဆိုလေ၏။ အဘွားအိုလည်း “ချစ်သမီး ... ကူလီ လုပ်စားသော ငါတို့မှာ ပစ္စည်းဥစ္စာနွမ်းပါးလှသဖြင့် အဘယ်မှာ ဝယ်နိုင်ပါမည်နည်း” ဟု ဆိုလေလျှင် သူငယ်မက “အဘွား ...ကျွန်မတို့မှာ ခွက်တစ်လုံး ရှိသည်၊ အသုံးမကျ၊ ၎င်းခွက်နှင့် လဲလှယ်ဝယ်ယူမည်” ဟုဆိုပြန်သောအခါ အဘွားက သဘောတူ၍ ရွဲကုန်သည်ကို ခေါ်လေ၏။

ကုန်သည်စဉ်းလဲရွှေခွက်လွဲ

ရွဲကုန်သည်ရောက်လျှင်မြေးအဘွားနှစ်ယောက်တို့သည် ညစ်ပေသော ခွက်ဟောင်းကိုယူကာ အဘွားအိုက “အရှင်ရွဲကုန်သည် ... ဤခွက်ကိုယူပါ၊ သင့်နှမငယ်အား အနည်းငယ်သော ရွဲကို ပေးပါ၊ ခွက်နှင့်ရွဲ လဲလှယ်ပါရစေ” ဟု ဆိုလေ၏။ ရွဲကုန်သည်မိုက်လည်း ခွက်ကိုယူကာ ကြေးညှော်တို့ကိုအပ်နှင့် အသာခြစ်၍ကြည့်လျှင် ရွှေခွက်မှန်းသိလျက် တစ်စုံတစ်ရာ အနည်းငယ်မျှပင်မပေးလိုဘဲ အလကားယူလို သဖြင့် လောဘရမ္မက် ငမ်းငမ်းတက်ကာ ကောက်ကျစ်စဉ်းလဲသောစိတ်ဖြင့်“ သည်ခွက်ဟာ ဘာအသုံးကျသလဲ၊ ပဲဝက်လောက်မျှ အဖိုးမတန်” ဟု ဆို၍ ခွက်ကို ပစ်ချကာ ထ၍သွားလေ၏။

ကုန်သည်တည့်မတ်ရွှေခွက်အပ်

မကြာမီ ဘုရားအလောင်း ရွဲကုန်သည်ရောက်၍လာပြန်လျှင် မြေး၊ အဘွား နှစ်ယောက်တို့သည် ခေါ်ငင်၍ ထိုရွှေခွက်ကိုပြကာရွဲနှင့် လဲလှယ်ကြပြန်၏။ ဘုရားအလောင်း ရွဲကုန်သည်လည်း ခွက်ကိုယူ၍ ကြည့်သောအခါရွှေခွက်မှန်းသိ၍ “ အမိ ... ဤခွက်ကား ရွှေခွက် ဖြစ်သည်၊ အဖိုးတစ်သိန်း ထိုက်တန်၏၊ကျွန်ုပ်မှာ အဖိုးတစ်သိန်း ထိုက်တန်သော ပစ္စည်းမပါ” ဟု မှန်ကန်တည့်မတ်စွာ ပြောလေ၏။ထိုအခါ အဘွားအိုသည် “အရှင် ရွဲကုန်သည် ... အလျင်လာသော ရွဲကုန်သည်မှာ ဤခွက်ကားပဲဝက်မျှ မဖိုးမတန်ဟု ဆိုကာ မြေတွင်ပစ်ချ၍ သွားပါသည်။ သင်၏ ကုသိုလ်ကံကြောင့်ရွှေခွက် ဖြစ်လာဟန် တူပါသည်။ သင့်အား ပေးပါမည်၊ ငါတို့အား သားသမီးငယ်အဖို့အနည်းငယ်မျှသော ရွဲကို ပေးပါ” ဟု ဆိုလေ၏။

ထိုအခါဘုရားအလောင်း ရွဲကုန်သည်သည် မိမိတွင် ပါသော ငွေအသပြာ ငါးရာနှင့် ကျန်ရှိသောငါးရာတန် ပစ္စည်းပါ ပေးပြီးလျှင် ချိန်ခွင်အိတ်နှင့် ကူးတို့ခငွေ ရှစ်သပြာတို့ကိုသာတောင်းကာ ရွှေခွက်ကို ယူ၍ မြစ်နားသို့ အမြန်သွားပြီးလျှင် ငွေရှစ်သပြာပေးကားကူးတို့လှေငှားလျက် မြစ်ကို ကူးလေ၏။

ဆုံးရှုံးပြီးမှနောင်တရ

တစ်ဖန် ရွဲကုန်သည်မိုက်လည်းထိုမြေးအဘွားအိမ်သို့ ပြန်လာကာ “ အရှင်မ ... ခွက်ကို ယူခဲ့လော့၊ ရွဲအနည်းငယ်ပေးမည်”ဟု ဆိုလေလျှင် သူငယ်မသည် ရွဲကုန်သည်မိုက်အား ဆဲရေး၍ “အသင်ကား အဖိုးတစ်သိန်းတန်ငါတို့ ရွှေခွက်ကို ပဲဝက်မျှ မတန်အောင် ပြုလေသည်၊ တရားစောင့်၍ တည့်မတ်မှန်ကန်သောရွဲကုန်သည်တစ်ယောက် လာပြီးလျှင် အဖိုးတစ်ထောင်ပေး၍ ယူသွားလေပြီ” ဟု ဆိုလေလျှင်ရွဲကုန်သည်မိုက်လည်း အဖိုးတစ်သိန်းတန် ရွှေခွက်မှ ဆုံးလေပြီ၊ လက်လွှတ်လေပြီဟု စိုးရိမ်ပူပန်ခြင်း နှိပ်စက်သဖြင့် ပရမ်းပတာမိန်းမောတွေဝေ သတိလစ်၍ မိမိလတ်တွင်ပါသော ငွေအသပြာ ဥစ္စာပစ္စည်းတို့ကို အိမ်ဝတွင်ပစ်ကြဲခဲ့၍ ဘုရားအလောင်းကိုသတ်ရန် ချိန်ရိုးကိုကိုင်ကာ လိုက်လေ၏။

အမျက်ဒေါသခြောင်းခြောင်းထ

မြစ်ကမ်းသို့ရောက်၍ ကူးတို့ဖြင့်ကူးသွားလျက် မြစ်လယ်သို့ ရောက်နေသော ဘုရားအလောင်းကို မြင်လျှင် ယမ်းပုံမီးကျဒေါသအမျက် ခြောင်းခြောင်းထွက်လျက် အသက်ကို စီရင်၍ယူမည်ဟု အံကြိတ်ကာ “ဟေ့ ကူးတို့ သမား ... အမြန် လှေကို ပြန်လှည့်ခဲ့ပါ”ကြုံးဝါး အော်ဟစ်သော်လည်း ဘုရားအလောင်းသည် ကူးတို့သမားကို မသွားရန်တားမြစ်ကာကူးသွားမြဲအတိုင်း သွားလေ၏။

ရန်ငြိုးဖွဲ့ကာသေဆုံးရှာ

ထိုအခါ ရွဲကုန်သည်မိုက်လည်းသောကဖိစီး လောင်မီးဒေါသ ချုပ်တည်း၍ မရနိုင်တော့ဘဲ အူမ၊ အူသိမ်၊ နှလုံးအိမ်၊ အဆုတ်အသည်းတို့ကို မီးစွဲပူလောင်ကာ သွေးအန်လျက် ရန်ငြိုးဖွဲ့ကာ သေဆုံးပျက်စီးခြင်းသို့ရောက်လေ၏။

တရားပြသဆိုဆုံးမ

ဤသို့ အတိတ်ဇာတ်ကို ဟော်တော်မူကာ -

“ချစ်သားရဟန်း.... လုံ့လဝီရိယ ယုတ်လျော့သော ရွဲကုန်သည်မိုက်သည် အဖိုးတစ်သိန်းတန် ရွှေခွက်မှဆုတ်ယုတ်ကာ ကြီးစွာပူပန်ပျက်စီးရသကဲ့သို့ သင်လည်း ငါ ဘုရား သာသနာတော်ဝယ်လုံ့လဝီရိယ ယုတ်လျော့လျှင် အရိယာမဂ်မှ ဆုတ်ယုတ်၍ သံသရာဝယ် ကြီးစွာပူပန်ပျက်စီးရလိမ့်မည်” –

ဟုမိန့်တော်မူ၏။ ဒေသနာတော်၏ အဆုံး၌ လုံ့လဝီရိယ ယုတ်လျော့သော ရဟန်းသည် အရဟတ္တဖိုလ်၌တည်၍ ရဟန္တာအဖြစ်သို့ ရောက်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့-

- ထိုအခါ ကုန်သည်မိုက်သည် - ယခုအခါ ဒေဝဒတ်။

- ရွဲကုန်သည် လိမ္မာသည် - ငါဘုရား ဖြစ်လာပြီ- ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) လုံ့လမစိုက်၊ကုန်သည်မိုက်၊ သိန်းထိုက်ရွှေခွက်လွဲ။

(၂) အပျင်းလည်းဖက်၊ရဟန်းပျက်၊ မဂ်, ဖိုလ်, နိဗ္ဗာန် လွဲ။

သေရိဝဝါဏိဇဇာတ်ပြီး၏။

***

၄- စူဠကသေဋ္ဌိဇာတ်

ပညာရှိညွှန်ကြားချက်ကိုမှီ၍ ကြွက်သေကို အရင်းပြုသဖြင့် ချမ်းသာသော စူဠန္တေဝါသိက အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဉာဏ်အလွန်လေးလံ စူဠပန်

လူ နတ်တို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဆေးဆရာ ဇီဝက၏ အမ္ဗဝန်ကျောင်း၌သီတင်းသုံးတော်မူစဉ်၊ ရာဇဂြိုဟ်ပြည် ဓနသေဋ္ဌိ သူဌေးကြီး၏ မြေး စူဠပန် အမည်ရှိသောရဟန်းတစ်ပါးသည် အလွန် ဉာဏ်ပညာ နုံ့နှေး၏။ လေးပါဒရှိ တစ်ဂါထာမျှကိုပင် လေးလပတ်လုံးသင်အံလေ့ကျက်သော်လည်း နှုတ်တက် မရနိုင်။ နောက်နောင်သော ပုဒ်တို့ကို သင်လျှင်သင်ပြီးဖြစ်သော ရှေးရှေးသော ပုဒ်တို့သည် မေ့ပျောက်လေ၏။

စာမရလျှင်ကျောင်းမှနှင်

ထိုအခါ အစ်ကိုဖြစ်သောမဟာပန်သည် သင်ပေးခြင်းငှာ မတတ်နိုင်သဖြင့် ညီဖြစ်သော သူဠပန်ကိုခေါ်၍ “ငါ့ညီ စူဠအန်... သင်ကား မြတ်စွာဘုရား သာသနာတော်နှင့် မထိုက်တန်သောသူတည်း၊ တစ်ဂါထာမျှကိုပင်လေးလသင်၍ မတတ်နိုင်လျှင် အဘယ်မှာ ရဟန်းကိစ္စပြီးအောင် ဆောင်ရွက်နိုင်မည်နည်း” ဟုပြောဆိုကာ ကျောင်းမှ နှင်ထုတ်လေ၏။

လူဝတ်ကြောင်ဖြင့်နေသော်သင့်

စူဠပန်လည်း သဒ္ဓါ၍ရဟန်းပြုကာ သာသနာတော်ကို ချစ်သဖြင့် လူ့အဖြစ်ကို မတောင့်တသူ ဖြစ်သော်လည်း“ငါ့အစ်ကိုသည် ငါ့ကို ကြင်နာခြင်း မရှိ၊ ကျောင်းမှ နှင်ထုတ်ဘိသည်၊ ငါ့မှာသာသနာတော်၌ နေသဖြင့် အကျိုးမရှိပြီ။ လူထွက်၍ ဒါန၊ သီလ၊ ဘာဝနာ စသောကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်ကာ အသက်မွေးတော့မည်” ဟု နံနက်စောစောကပင်လျှင်ကျောင်းမှ ထွက်လေ၏။

ဘုရားမ,ခါပဋိသမ္ဘိဒါ ပတ္တရဟန္တာ

မြတ်စွာဘုရားလည်း မိုးသောက်ထတော်မူ၍ လောကကို ကြည့်တော်မူလျှင် စူဠပန်ကို ငြမ်တော်မူသဖြင့် စူဠပန်သွားမည့်တံခါးမုခ်၌ နေလင့်တော်မူ၏။ စူဠပန်လည်း မြတ်စွာဘုရားကို မြင်လျှင် ရိုသေစွာရှိခိုး၍နေလေ၏။ ထိုအခါ မြတ်စွာဘုရားသည် စူဠပန်ကို မေးတော်မူလျှင် အစ်ကို နှင်ထုတ်၍လူထွက်ရန် သွားတော့မည့်အကြောင်း လျှောက်ထားရာ မြတ်စွာဘုရားက “ချစ်သား စူဠပန် ...အစ်ကိုက နှင်ထုတ်သော်လည်း မသွားရ၊ သင်သည် ငါဘုရားထ့၌ ရဟန်းပြုသောသူ ဖြစ်သည်” ဟုဆုံးမကာ ဂန္ဓကုဋိတိုက်သို့ ခေါ်ဆောင်၍ တန်ခိုးဖြင့် ဖန်ဆင်းသောပုဆိုးနွမ်းကိုပေးလျက် ကမ္မဋ္ဌာန်းကို အားထုတ်စေရာ ပဋိသမ္ဘိဒါနှင့်တကွရဟန်းန္တာအဖြစ်သို့ ရောက်၍ ပိဋကတ်သုံးပုံ တတ်မြောက်လေ၏။

ရဟန်းတို့လည်းတရားသဘင်ဝယ် စ စူဠပန်၏ အကြောင်း စကားနှင့်စပ်၍ ပြောကြရာ မြတ်စွာဘုရားက “ချစ်သားရဟန်းတို့ ... စူဠပန်ကား ယခုအခါ၌သာ ငါဘုရားကိုမှီ၍ မြင့်မြတ်သောအဖြစ်သို့ ရောက်သည်မဟုတ်၊ ရှေးအခါ၌လည်း ရောက်ဖူးပြီး” ဟု မိန့်တော်မူရာ ရဟန်းတို့ တောင်းပန်သဖြင့်အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူလေသတည်း။

အတိတ်ဝတ္ထု

နိပိတ်တတ်သိစူဠသေဋ္ဌိ

လွန်လေပြီးသောအခါဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုတော်မူစဉ် စူဠသေဋ္ဌိ မည်သော သူဌေးကြီး တစ်ယောက်သည်ရှိသတတ်။ ထိုသူဌေးကြီးသည် အသိအလိမ္မ ဉာဏ်ပညာနှင့် ပြည့်စုံ၏။ ခပ်သိမ်းသောနိမိတ်တို့ကိုလည်း ကောက်ယူတတ်၏။

တစ်နေ့သ၌ထိုသူဌေးကြီးသည် မင်းထံခစားရန် သွားလတ်သော် လမ်းခရီးဝယ် ကြွက်သေတစ်ခုကိုမြင်လျှင်ခဏခြင်း နက္ခတ်ကိုကြည့်၍ ဆင်ခြင်ကာ “အမြော်အမြင် ပညာရှိသူသည် ဤကြွက်သေကိုယူ၍အရင်းအနှီးပြုလျှင် ကြီးပွားထွန်းကားလျက် သား၊ မယား မွေးမြူနိုင်မည်” ဟု ဆိုလေ၏။

ကြွက်သေတစ်ခုအရင်းပြု

ထိုအခါ ဉာဏ်ပညာအမြော်အမြင်ရှိသော ဆင်းရဲသား တစ်ယောက်ကြားလျှင် “ဤသူဌေးကြီးသည် မသိဘဲ နှင့်ဟူးဟူးငြားငြား မဆိုတန်ရာ၊ မုခု ကြီးပွား ဖြစ်ထွန်းမည်” ဟု ယုံကြည်သဖြင့်ကြွက်သေကို စျေးသို့ ယူဆောင်ကာ ကြောင်စာကျွေးရန်ရောင်းချလျှင် တစ်ခြင်ရွေး ရလေ၏။

တစ်ခြင်ရွေးကသပြာရ

ထို ဆင်းရဲသားသည်တစ်ခြင်ရွေးဖြင့် တင်လဲဝယ်ကာ ရေအိုးတစ်လုံးဖြင့် ရေကိုယူ၍ တောမှ လာသောပန်းသည်များထံသွားကာ အနည်းငယ်စီသော တင်လဲနှင့် သောက်ရေဖြင့် လုပ်ကျွေးလေ၏။ပန်းသည်တို့ကလည်း ပန်းတစ်ဆုပ်စီ ပေး၍ သွားကြသဖြင့် ထိုပန်းကို ရောင်းချကာ တင်ဖန်တင်လဲဝယ်ပြန်၍ ရေပြည့်သော ရေအိုးဖြင့် ပန်းဥယျာဉ်သို့သွား၍ လုပ်ကျွေးလေလျှင်ပန်းသည်များက ထက်ဝက်မျှသော ပန်းတို့ကို ပေးခဲ့သဖြင့် ရောင်းချသောအခါ ခဏချင်းငွေရှစ်သပြာ ရလေ၏။

တစ်ဖန်မိုးကြီးလေကြီးကျ၍ မင်းဥယျာဉ်ဝယ် သစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်တို့ကျိုးကျလေလျှင် ဥယျာဉ်မှူးထံ သွားကာ ထုတ်ယူရှင်းလင်းရန် ခွင်ပန်၍ ရပြန်လျှင်သူငယ်တို့ ကစားရာအရပ်သို့သွားလျက် တင်လဲကျွေး၍ ခေါ်ငင်ကာ ဥယျာဉ်ရှိ ထင်း၊ သစ်ရွက်၊သစ်ခက်ခြောက်တို့ကို ထုတ်ယူ၍ သယ်ငယ်စေပြီးလျှင် ဥယျာဉ်တံခါးတွင် ပုံ၍ထားလေ၏။ထိုအခါ မင်း၏ အိုးတော်လုပ်တို့သည် အိုးဖုတ်ရန် ဝယ်လေလျှင် ငွေဆယ့်ခြောက်သပြာနှင့်အိုးငါးရာ ရလေ၏။

မိတ်ဖွဲ့မှုတွက်လွန်တိုးတက်

နှစ်ဆယ့်လေးသပြာရသည်ရှိသော် မြို့တံခါးအနီးဝယ် ရေချမ်းစဉ်တည်ကာ မြက်ရိတ်သမား ငါးရာတိုပအား နေ့စဉ်ရေဖြင့် လုပ်ကျွေး၏။ မြက်ရိတ်သမား ငါးရာတို့လည်း “အဆွေ ... အသင်ကားကျွန်ုပ်တို့အပေါ်မှာ ကျေးဇူးများလှသည်၊ အကြောင်းကိစ္စ ရှိသောအခါ ပြောပါ” ဟုဆိုကုန်။ ဆင်းရဲသားလည်း “အဆွေတို့ ... ကောင်းပြီ၊ အကြောင်းကိစ္စ ရှိသောအခါပြောကြားပါမည်၊ ကျေးဇူးပြုကြပါ” ဟု ဆို၍ မိတ်ဆွေဖွဲ့လေ၏။ တခြားဖြစ်သောကျေးဇူးများမည့် ကုန်းပွဲစား၊ ရေပွဲစား၊ ကုန်သည်ကြီးတို့နှင့်လည်း ရင်းနှီးစွာမိတ်ဆွေဖွဲ့လေ၏။

မြက်ရိတ်သမားစုကျေးဇူးပြု

တစ်နေ့သ၌ကုန်းပွဲစား မိတ်ဆွေသည် ဆင်းရဲသားအား “အဆွေ ... နက်ဖြန ဤမြို့သို့ မြင်းငါးရာနှင့်မြင်းကုန်သည်တို့ လာကြလိမ့်မည်” ဟု ပြောကြားလေလျှင် မြက်ရိတ်သမားတို့ထံသွားကာ“အဆွေတို့ ... ယနေ့ ကျွန်ုပ်အား မြက်တစ်စည်းစီ ပေးကြပါ၊ ကျွန်ုပ် မြက်မရောင်းမီအဆွေတို့မြက်ကို မရောင်းကြပါနှင့်” ဟု ဆိုလေ၏။ မြက်ရိတ်သမားတို့လည်း ကောင်းပြီဟုဝန်ခံကာ မြက်အစည်း ငါးရာတို့ကို ယူ၍ ဆင်းရဲသားအိမ်သို့ ပို့ကြလေ၏။မြင်းကုန်သည်တို့လည်း တစ်မြို့လုံးတွင် မြက်ရှာမရသဖြင့် ဆင်းရဲသားထံမှာငွေအသပြာတစ်ထောင်ပေးကာ ဝယ်ကြရကုန်၏။

အဆင့်ဆင့်ပန်ကြား အစောင့်ထား

နှစ်ရက်၊ သုံးရက် အလွန်တွင်ရေကြောင်းပွဲစား မိတ်တွေက ရေဆိပ်တွင် ကုန်လှေကြီးတစ်စင်း ဆိုက်ရောက်ကြောင်းပြောလျှင် ငွေရှစ်သပြာတို့ဖြင့် သပ်ရပ်သော ရထားတစ်ခု ငှားရမ်းကာ အခြွေအရံများနှင့်မြစ်ဆိပ်သို့ သွားပြီးလျှင် လှေသူကြီးအား လက်စွပ်တစ်ကွင်းပေး၍ ကတိစာချုပ်ပြုလုပ်လျက် ပါသမျှကုန်ကို သိမ်းယူကာ မြစ်ဆိပ်တွင် လုံခြုံသော နေရာတစ်ခုကို စီးမံ၍နေပြီးလျှင် မိမိထံသို့ လာလိုသူများကို အဆင့်ဆင့်နှင့် ပန်၍ ဝင်ရန်အစောင့်အရှောက်များကို ထားလေ၏။

လေးလတွင်းဝယ်နှစ်သိန်းကြွယ်

ကုန်လှေကြီးတစ်စင်းဆိုက်သည်ကြားလျှင် ဗာရာဏသီ တစ်မြို့လုံး သတင်းပျံ့နှံ့ကာ ကုန်သည်များသွား၍လှေသူကြီးထံ ဝယ်ယူရန် လာကြလျှင် လှေသူကြီးက “ကုန်သည်ကြီး တစ်ဦးနှင့် စာချုပ်၍ရောင်းချပြီးပြီး၊ ၎င်းထံသွား၍ ဝယ်ယူကြပါ” ဟု ပြောသောအခါ တစ်ရာသော ကုန်သည်တို့သည်တစ်ဦး တစ်ဦးလျှင် နှစ်ထောင်စီပေး၍ ဝယ်ယူရသဖြင့် ဆင်းရဲသားအား မကြာမီ ငွေအသပြာနှစ်သိန်း ရလေ၏။

ကျေးဇူးသိတတ်တပည့်မြတ်

ငွေအသပြာ နှစ်သိန်း ရသောအခါသူ့ကျေးဇူးကို သိတတ်သော ဆင်းရဲသားသည် အသပြာ တစ်သိန်းကို ယူကာ ဆရာဖြစ်သော သူဠသေဋ္ဌိသူဌေးကြီးထံသွား၍ ပူဇော်ကန်တော့လေ၏။ စူဠသေဋ္ဌိ သူဌေးကြီးလည်း အံ့အားသင့်ကာဆင်းရဲသားကို “ချစ်သား ... ဤမျှလောက်သော ငွေအသပြာကို အသင် ဘယ်လိုရသနည်း” ဟုမေးလေလျှင်၊ ဆင်းရဲသားက “အရှင် သူဌေးကြီး ... အရှင်တို့ ညွှန်ပြသော နည်းလမ်းဖြင့် ကြွက်သေတစ်ခုကိုအရင်းအနှီးပြုကာ လေးလအတွင်းဝယ် အသပြာနှစ်သိန်း ရကြောင်း၊ တစ်သိန်းကိုကျေးဇူးဆပ်သောအားဖြင့် အရှင်သူဌေးကြီးကို ပူဇော်ကန်တော့ကြောင်း” ကို အရင်းမှစ၍အသပြာနှစ်သိန်း ရသည်တိုင်အောင် အလုံးစုံ ပြောကြားလေ၏။

စူဠန္တေဝါသိကသဌေးအရာရ

စူဠသေဋ္ဌိ သူဌေးကြီးလည်း ဆင်းရဲသားစကားကိုကြားလေလျှင် “ ဤသူငယ်ကား သူ့ကျေးဇူးကို သိတတ်သည်၊ တည့်မတ်မှန်ကန်သည်၊ပညာအမြော်အမြင်နှင့် ပြည့်စုံသည်” ဟု ကြံစည်၍ အရွယ်ရောက်သော သမီးနှင့် လက်ထပ်ကာပစ္စည်းဥစ္စာ အလုံးစုံကို လွှဲအပ်၍ သူဌေးရာထူးဖြင့် ချီးမြှောက်လေ၏။ ထို့နေ့မှစ၍ထိုသူဌေးမှာ သူဠသေဋ္ဌိ သူဌေးကြီးထံ နည်းခံ၍ ကြီးပွားလာသူ ဖြစ်သဖြင့် စူဠန္တေဝါသကိသူဌေးဟု တွင်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည်အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသေန္ဓ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

- ထိုအခါကစူဠန္တေဝါသိကသည် - ယခုအခါ စူဠပန်။

- စူလသေဋ္ဌိသူဌေးကြီးသည် - ငါဘုရားဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁)သေးငယ်မီးပွား၊ လေမှုတ်ငြား၊ ကြီးထွားမီးပုံနှယ်။

(၂)အရင်းနည်းပင်၊ ပညာရှင် များဖြင်ဥစ္စာကြွယ်။

စူဠကသေဋ္ဌိဇာတ်ပြီး၏။

***

၅ - တဏ္ဍုလနာဠိဇာတ်

တံစိုးစား၍ မြင်းငါးရာ အဖိုးကို ဆန်တစ်ကွမ်းစားဖြတ်သဖြင့် လူအများ ကဲ့ရဲ့သော ရာဖြတ်မိုက် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လူ နတ်တို့ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌သီတင်းသုံးတော်မူစဉ် မလ္လာမင်းသားဖြစ်သော ဒဗ္ဗမထေရ်သည် သံဃာတော်တို့အား စာရေးတံချ၍ဆွမ်းညွှန်းမြဲ ဖြစ်သည်။ နံနက်စောစောတွင် ဆွမ်းညွှန်းလတ်သော် လာဠုဒါယီ မထေရ်သည်ဆွမ်းညံ့သောအခါ မကျေမနပ်ဖြစ်ခါ “ ဒဗ္ဗသာ ဆွမ်းညွှန်းတတ်သလော၊ ငါတို့ မညွှန်းတတ်သလော”ဟု ပြောဆိုကာ အမြဲ အနှောင့်အယှက် ပြုလေ့ရှိ၏။

အပြစ်ရှာဖွေလာဠုဒါမထေရ်

ထိုအခါ ရဟန်းတို့သည်ထိုနေ့မှစ၍ လာဠုဒါယီမထေရ်အား စားရေတံတောင်းကိုအပ်ကာ စာရေးတံချ၍ ဆွမ်းညွှန်းလုပ်စေကြ၏။ လာဠုဒါယီ မထေရ်သည် သံဃာအား ဆွမ်းညွှန်းလတ်သော် ယုတ်ညံ့သောဆွမ်း၊မွန်မြတ်သော ဆွမ်းကိုလည်း အမှတ်မထား၊ ရဟန်းတို့ ထေရ်စဉ်ဝါစဉ်ကိုလည်း မသိ၊ညွှန်းပြီး မညွှန်းရသေးကိုလည်း မသိ၊ စာရေးတံ စာရင်းကိုလည်း မှန်အောင်မရေးနိုင်။

ပဉ္စင်းငယ်တို့သည်လည်းကောင်း၊ သာမဏေတို့သည် လည်းကောင်း မကျေမနပ်ဖြစ်ကာ “ငါ့ရှင် လာဠုဒါယီ ... သင်စာရေးတံချ၍ ဆွမ်းညွှန်းရဟန်း လုပ်နေလျှင် တရားသဖြင့် မဖြစ်နိုင်၊ ဒါယကာတို့အကြည်ညိုပျက်ကာ သံဃာအား လာဘ်လာဘမှ ဆုတ်ယုတ်မည်၊ စာရေးတံ အလုပ်၌ သင် မကျွမ်းကျင်၊စားရေးတံချရာသို့ မလာနှင့် သွားလေ” ဟု နှင်ထုတ်ကြသဖြင့် ကြီးစွာ အုတ်အုတ်ကျက်ကျက်ဖြစ်လေ၏။

အလိမ္မာနည်းလှအတိတ်ဘဝ

မြတ်စွာဘုရားကြားတော်မူသဖြင့် အရှင်အာနန္ဒာကို ခေါ်စေ၍ မေးတော်မူလျှင် အရှင်အာနန္ဒာက “အရှင်ဘုရား.. လာဠုဒါယီ စာရေးတံ မချတတ်သဖြင့် နှင်ထုတ်သောကြောင့် အုတ်အုတ်ကျက်ကျက် ဖြစ်ကြောင်း” ကို လျှောက်ထားလေလျှင်မြတ်စွာဘုရားက “ချစ်သား အာနန္ဒာ ... လာဠုဒါယီကား ယခုအခါ၌သာ အသိအလိမ္မာဉာဏ်ပညာမရှိသည့်အတွက် သူတစ်ပါး၏ လာဘ်လာဘကို ဆုတ်ယုတ်သည် မဟုတ်သေး၊ ရှေးအခါ၌လည်းဆုတ်ယုတ်စေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ရာဖြတ်အမတ်လောင်းတော်မြတ်

လွန်လေပြီးသောအခါကာသိတိုင်း ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော်ဘုရားအလောင်းသည်ထိုမင်း၏ ရာဖြတ်အမတ် ဖြစ်လေ၏။ ဆင်၊ မြင်း၊ ကျွဲ၊ နွား စသည်တို့ကို လည်းကောင်း၊ရွှေ၊ ငွေ၊ ကျောက်၊ သံ၊ ပတ္တမြား စသည်တို့ကို လည်းကောင်း အဖိုးဖြတ်ရ၏။ဥစ္စာရှင်တို့အား ဥစ္စာနှင့် လျော်သော အဖိုးကို ပေးစေလျက် တရားသဖြင့် ဖြတ်လေ့ရှိ၏။

လောဘဖောက်ပြန်မင်းအကြံ

မင်းကြီးသည် လောဘရမ္မက်ကြီး၍တရားသဖြင့် အဖိုးဖြတ်ခြင်းကို မနှစ်သက်၊ အဖိုး အနည်းငယ်သာပေး၍ မတရားလိုချင်၏။သို့အတွက် “ငါသည် ဤရာဖြတ်အမတ်ကို ဆက်လက်၍ ထားလျှင် လက်ရှိ ပစ္စည်းဥစ္စားများ မကြာမီကုန်တော့မည်၊ ၎င်းအမတ်ကို ရာထူးချကာ တစ်ယောက်သူကို ခန့်အံ့” ဟု ကြံစည်လျက် လေသာပြတင်းကိုဖွင့်၍ ကြည့်စဉ် မင်းရင်ပြင်တွင် လျှပ်ပေါ်လော်လည် မတည်ကြည်ဘဲ မိုက်မဲသောလူတစ်ယောက်ကိုမြင်၍ ခေါ်စေပြီးလျှင် မိမိ ပစ္စည်းဥစ္စာကို စောင့်ရှောက်လိုသည့်အတွက်အဖိုးဖြတ်ရန် ရာဖြတ်အမတ် ခန့်ထားလေ၏။

လူမိုက်တစ်ယောက်ရာဖြတ်မြှောက်

ထိုနေ့မှစ၍ ရာဖြတ်လိမ္မာသည်ရာထူးမှကျကာ ရာဖြတ်မိုက်သာလျှင် ရောက်လာသမျှ ပစ္စည်းဥစ္စာတို့ကို အဖိုးဖြတ်ရ၏။ မင်း၏မျက်နှာကို လည်းကောင်း၊ လာဘ်လာဘ၏ မျက်နှာကို လည်းကောင်း ကြည့်ကာ မတန်မရာယုတ်လျော့လွန်းသော အဖိုးကိုထား၍ ဖြတ်၏။ ဖြတ်တိုင်း၊ ဖြတ်တိုင်းလည်း ရာထူးရှိသူအဟုတ်အမှန် အတည်ဖြစ်ရ၏။ ဖြတ်သမျှ အဖိုးနှင့် ကျေနပ်ကြရ၏။

မြင်းငါးရာအဖိုးထား တစ်ကွမ်းစား

တစ်နေ့သ၌ ဥတ္တရပထတိုင်းမှမြင်းကုန်သည်တစ်ယောက်သည် မြင်းငါးရာတို့ကို ယူဆောင်ကာ ဗာရာဏသီပြည်သို့ လာလေ၏။ မင်းကြီးလည်း ရာဖြတ်အမတ်ကြီးကို ခေါ်စေ၍မြင်းငါးရာတို့ကို အဖိုးဖြတ်စေ၏။ ရာဖြတ်အမတ်လည်း မြင်းငါးရာကို ဆန်တစ်ကွမ်းစားတန်သည်ဟုအဖိုးဖြတ်လေ၏။ မင်းကြီးလည်း ရာဖြတ်အမတ် ဖြတ်သည့်အတိုင်း မြင်းကုန်သည်အားဆန်တစ်ကွမ်းစား မြင်းဖိုးပေး၍ မြင်းငါးရာကို ယူစေပြီးလျှင် မြင်းတင်းကုတ်တွင်ထားစေ၏။

မြင်းကုန်သည်လည်းကြံရာမရသဖြင့် တည့်မတ်၍ ပညာရှိသော ရာဖြတ်အမတ်ဟောင်း အိမ်သို့ သွားကာ အကြောင်းစုံပြောကြားလေ၏။ ရာဖြတ်အမတ်ဟောင်းလည်း “အဆွေ ... ရာဖြတ်မိုက်ကို ကျေနပ်လောက်အောင်တံစိုးလက်ဆောင်ပေး၍ မင်းကြီးထံဝယ် ဆန်တစ်ကွမ်းစားကို အဖိုးဖြတ်ခိုင်းရမည်” ဟုအကြံဉာဏ်ပေးလေ၏။ မြင်းကုန်သည်လည်း ရာဖြတ်မိုက်ထံသွား၍ ကျေနပ်လောက်အောင်တံစိုးလက်ဆောင် ပေးကာ “အရှင် ... မြင်းငါးရာ အဖိုးကား တန်တစ်ကွမ်းစား တန်ကြောင်းကိုသိရပါပြီ၊ ဆန်တစ်ကွမ်းစားမှာ မည်မျှ အဖိုးတန်ကြောင်းကို သိရပါပြီ၊ဆန်တစ်ကွမ်းစားမှာ မည်မျှ အဖိုးတန်ကြောင်းကို မင်းကြီး ထံဝယ် အဖိုးဖြတ်ပေးပါ” ဟုမှာထားကာ မင်းကြီးထံသို့ ခေါ်၍ အတူတကွ သွားကြ၏။

လာဘ်ကိုစားကာရာဖြတ်ရာ

မင်းကြီးထံ အစုံအညီရောက်သောအခါ မြင်းကုန်သည်သည် “အရှင်မင်းကြီး ... ကျွန်ုပ်၏ မြင်းငါးရာမှာဆန်တစ်ကွမ်းစား တန်ကြောင်း ရာဖြတ်မင်း ဖြတ်သဖြင့် သိရပါပြီ၊ ဆန်တစ်ကွမ်းစားမှာမည်မျှ အဖိုးတန်ကြောင်းကို ရာဖြတ်မင်းကို အဖြတ်ခိုင်းတော်မူပါ” ဟု လျှောက်တင်လေ၏။မင်းကြီးလည်း ရာဖြတ်အမတ်ကို “အမတ်ကြီး ... ဆန်တစ်ကွမ်းစားမှာ အဖိုးမည်မျှထိုက်တန်သနည်း” ဟု မေးလေလျှင် ရာဖြတ်အမတ်က “အရှင်မင်းကြီး ... ဆန်တစ်ကွမ်းစားမှာမြို့တွင်း တစ်ဆယ့်ယူဇနာ၊ မြို့ပ ယူဇနာသုံးရာရှိ ဗာရာဏသီပြည်ကြီး တစ်ပြည်လုံးထိုက်တန်ပါသည်” ဟု အဖိုးဖြတ်လေ၏။

တိုင်းပြည်လူထုရှုတ်ချပြု

ထိုအခါအမတ်ကြီးတို့နှင့်တကွ ရောက်လာသော ပရိသတ်တို့သည် “ အချင်းတို့ ... ကျွန်ုပ်တို့ရာဖြတ်အမတ်ကြီးကား ပညာဉာဏ် ရှိပေစွ၊ အံ့ဩဖွယ် ရှိပေစွ၊ မြင်းငါးရာမှာဆန်တစ်ကွမ်းစား တန်သတတ်၊ မင်းနှင့်တကွသော ဗာရာဏသီပြည်ကြီးလည်း ဆန်တစ်ကွမ်းစားနှင့်ညီမျှသတတ်၊ ထိုရာဖြတ်အမတ်မျိုး ရှားပေစွ၊ ငါတို့မင်းကြီးနှင့်သာ ထိုက်တန်ပေစွ” ဟုလက်ခုပ်လက်ဝါးတီးကာ ရယ်သွမ်းသွေး၍ ပြောင်လှောင်ကြကုန်၏။

မင်းကြီးလည်းအရှက်ရ၍ ရာဖြတ်မိုက်ကို ရာထူးမှချကာ ဘုရားအလောင်း ပညာရှိကိုပင် ရာဖြတ်အရာ၌ခန့်ထားပြန်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည်အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

- ထိုအခါရာဖြတ်မိုက်သည် - ယခုအခါ လာဠုဒါယီ။

- ရာဖြတ်လိမ္မာသည်- ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁)မြင်းငါးရာအား၊ ဆန်ကွမ်းစား၊ ဖိုးထားရာဖြတ်မိုက်။

(၂)ဆန်ကွမ်းစားမည်၊ မင်းနေပြည်၊ ထားသည်ရာဖြတ်မိုက်။

တဏ္ဍုလနာဠိဇာတ်ပြီး၏။

***

၆- ဒေဝဓမ္မဇာတ်

ရှာမှီးနေသော ဒေဝဓမ္မတရား နှစ်ပါးကို ဟောကြားသဖြင့်အလွန်ဝမ်းမြောက်သော ဒကရက္ခိုက်ဘီလူး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပရိက္ခရာပေါများ ရဟန်းတစ်ပါး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌သီတင်းသုံးတော်မူစဉ် သူကြွယ်တစ်ယောက်သည် သား၊ မယား သေဆုံးသဖြင့် အကျွတ်တရားရကာရဟန်းပြုသတတ်။ ထိုရဟန်းသည် မိမိ၏ ကျေးကျွန်တို့ကို ခေါ်ယူကာ အလိုရှိတိုင်း ချက်ပြုတ်စားသောက်၏။များသော အသုံးအဆောင် ပရိက္ခရာရှိ၏။ အထည် အဝတ် ပေါများလှသဖြင့် နေ့စဉ် အဝတ်အရုံအမျိုးမျိုး လဲလှယ်ကာ နေလေ့ရှိ၏။

လှည့်လည်ကြည့်ရှု ကဲ့ရဲ့ပြု

တစ်နေ့သ၌ထိုရဟန်းသည် သင်္ကန်း ပရိက္ခရာတို့ကို ထုတ်ကာ နေလှန်းထားစဉ် ဇနပုဒ်နေဧည့်သည်ရဟန်းတို့ ကျောင်းစဉ် ကြည့်ရှုခိုက် ကြုံသဖြင့် “ ငါ့ရှင် ...ဤသင်္ကန်းပရိက္ခရာတို့ကား မည်သူ့ ပစ္စည်းများနည်း” ဟု မေးမြန်းကြရာ ထိုရဟန်းက “ငါ့ရှင်တို့ ... ကျွန်ုပ်ပိုင် ပစ္စည်းများဖြစ်သည်” ဟု ပြောလေလျှင် ရဟန်းများသည် “ငါ့ရှင် ... မြတ်စွာဘုရားက သင်္ကန်း သုံးထည်သာ ခွင့်ပြုသည် မဟုတ်တုံလော၊ အလုနည်းသောဘုရားသာသနာမှာ ရဟန်းပြုပါလျက် အဘယ်ကြောင့် အသုံးအဆောင် ပရိက္ခရာ များစွာထားဘိသနည်း”ဟု ကဲ့ရဲ့ ပြစ်တင်ကာ ဘုရားထံ ခေါ်ဆောင်သွားကြ လေ၏။

ဘုရားထံမှောက် ဝင်ကာလျှောက်

မြတ်စွာဘုရားလည်းရဟန်းတို့ လျှောက်ထားချက်အရ ထိုသူကြွယ် ရဟန်းကို “ ချစ်သား ... သင့်မှာ များသောပစ္စည်းဘဏ္ဍာပရိက္ခရာ ရှိသည်ဆိုရာ မှန်သလော” ဟု မေးတော်မူလျှင် မှန်ကန်ကြောင်း လျှောက်ထားလေ၏။ထိုအခါ မြတ်စွာဘုရားသည် “ချစ်သား ... အလိုနည်း၍ ရောင့်ရဲလွယ်သော ငါဘုရား သာသနာတော်၌ရဟန်းပြုပါလျက် အဘယ်ကြောင့် ပစ္စည်းဘဏ္ဍာ ပရိက္ခရာ များဘိသနည်း” ဟု မိန့်တော်မူလျှင်အမျက်ထွက်ကာ ကိုယ်ရုံကိုချ၍ သင်းပိုင်ဖြင့်နေလျက် တစ်ထည်သာဝတ်၍ ကျင့်တော့မည်ဟုလျှောက်ထားလေ၏။

ရှေးဘဝညွှန်ပြ ဆိုဆုံးမ

ထိုအခါမြတ်စွာဘုရားသည် ထိုရဟန်းအား သနားစောင့်ရှောက် ချီးမြှောက် ထောက်ပံ့လိုသဖြင့် -

ချစ်သား ရဟန်း ... သင်သည် အဘယ်ကြောင့်ပရိသတ်အလယ်တွင် သင်းပိုင်၊ ကိုယ်ဝတ်ဖြင့် အရှက်အကြောက် မရှိ၊ ဟီရိဩတ္တပ္ပကင်းမဲ့စွာ ပြုဘိသနည်း။ သင်သည် ရှေးအခါ ဒကရက္ခိုသ် ဖြစ်စဉ် တစ်ဆယ့် နှစ်နှစ်ပတ်လုံးဟီရိဩတ္တပ္ပ တရားကို ရှာခဲ့ဖူးသည် မဟုတ်တုံလော -

ဟု မိန့်တော်မူလျှင် သတိတရားရကာဟီရိဩတ္တပ္ပ ကို ဖြစ်စေလျက် ကိုယ်ရုံကို ဝတ်ရုံကာ ရိုသေစွာ ရှိခိုး၍ နေလေ၏။

ရဟန်းတို့လည်း မြတ်စွာဘုရားကို“အရှင်ဘုရား ... ထိုရဟန်း ဒကရက္ခိုသ်ဖြစ်စဉ် တစ်ဆယ့်နှစ်နှစ်ပတ်လုံး ဟီရိဩတ္တပ္ပတရားရှာခဲ့ဖူးသည်ကို တပည့်တော်တို့အား ထင်စွာပြတော်မူပါ” ဟု လျှောက်ထားလေလျှင်မြတ်စွာဘုရားသည် အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သားနှစ်ပါး ဖွားမြင် နတ်ရွာဝင်

လွန်လေပြီးသောအခါကာသိတိုင်း ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုမင်း၏ မိဖုရားကြီးသည်သားနှစ်ယောက် ဖွားမြင်ပြီးလျှင် နတ်ရွာစံလေ၏။ သားနှစ်ယောက်တို့တွင် သားကြီးကို မဟိံသမင်းသား၊ သားငယ်ကို စန္ဒမင်းသားဟု ခေါ်ဆိုကြလေ၏။

မိဖုရားငယ်အား ဆုပေးထား

မင်းကြီးလည်းမိဖုရားကြီး မရှိသည့်နောက် အဆင်းအင်္ဂါ လက္ခဏာနှင့် ပြည့်စုံသော မိန်းမတစ်ယောက်ကိုမိဖုရားကြီး အရာ၌ ထားလေ၏။ ထိုမိဖုရားကြီး၌လည်း သားတစ်ယောက် ဖွားမြင်ကာ ထိုသားကိုသူရိယမင်းသားဟု ခေါ်ဆိုကြ၏။ မင်းကြီးသည် ထိုသူရိယမင်းသား ဖွားမြင်စ အခါ အလွန်မြတ်နိုးတော်မူသဖြင့် မိဖုရားကြီးအား “လိုသောဆုကို ယူလော့” ဟု ပေးလေ၏။ မိဖုရားလည်း“ကောင်းပြီ၊ အလိုရှိသောအခါ တောင်းမည်” ဟု လျှောက်ထားကာ ဆုကို ယူထးလေ၏။

သားငယ် မင်းမြှောက် ဆုပန်လျှောက်

သူရိယမင်းသားအရွယ်ရောက်လတ်သောအခါ မိဖုရားကြီးသည် မင်းကြီးထံသို့ကပ်၍ “အရှင်မင်းကြီးကျွန်ုပ်အား သူရိယမင်းသား ဖွားမြင်စအခါ လိုအပ်သော ဆိုကို ပေးပြီးသည် မဟုတ်တုံလော၊ယခုအခါ သားတော် အရွယ်ရောက်လတ်ပြီ၊ မင်းအဖြစ်ကို ပေးတော်မူပါ” ဟု တောင်းလေ၏။မင်းကြီးလည်း “ ဟယ် မိဖုရား ... ငါ့သားတော်ကြီး နှစ်ယောက်ကား မီးပုံကြီးများကဲ့သို့ထင်ရှားလှသည်၊ သားတော်ကြီးများကိုထား၍ သင့်သားငယ်အား မင်းအဖြစ်ကို မပေးနိုင်” ဟုငြင်းပယ်လေ၏။

ဘေးရန်ကင်းစေ တောသို့စေ

မိဖုရားကြီးကအဖန်ဖန် တောင်းလတ်သော် မင်းကြီးသည် “ဤမိဖုရားကား တစ်နေ့နေ့မှာ ငါ့သားကြီးများကိုမကောင်းကြံကာ ဘေးရန်ပြုလိမ့်မည်” ဟု စိုးရိမ်သဖြင့် သားကြီးများကို ခေါ်တော်မူ၍ “ချစ်သားတို့ ... ငါသည် သူရိယမင်းသားဖွားမြင်စအခါ မိဖုရားအား ဆုပေးမိပေပြီ၊ ယခုအခါ မိဖုရားသည် သူရိယမင်းသားကိုမင်းအဖြစ်ပေးရန် အဖန်ဖန် တောင်း၍နေချေပြီ၊ သားကြီးများကို ထား၍ ငါမပေးနိုင်၊မိန်းမတို့မည်သည် ယုတ်မာ၏၊ ကောက်ကျစ် စဉ်းလဲသော သဘောရှိ၏၊ သင်တို့ကို မကောင်းကြံ၍ဘေးရန် ပြုရာသည်၊ ယခုအခါ သင်တို့သည် ဝေးရာတော်သို့ ဝင်ကာ ရှောင်တိမ်း၍နေကြပါ၊ ငါနတ်ရွာစံသောအခါ လာ၍ မင်းပြုကြလော့” ဟု မှာကြား၍ မျက်ရည်ယိုစီးကာ လွမ်းဆွေးလျက်ပင်သားကြီးနှစ်ယောက်တို့ကို တော်သို့ လွှတ်လိုက်၏။

သားတော်သုံးပါး တောထွက်သွား

သားကြီးနှစ်ယောက်တို့လည်း ဖခင် မင်းကြီး၏ စကားကို မြေဝယ်မကျ နားထောင်ကာ အဖကိုရှိခိုးကန်တော့ပြီးလျှင် နန်းပြာသာဒ်မှ ဆင်းသက်လာကြ၏။ နောင်တော်ကြီးတို့ကိုနန်းရင်ပြင်၌ ကစားနေသော သူရိယမင်းသား မြင်လေလျှင် အကြောင်းစုံသိ၍ “ ငါလည်း မနေလို၊အစ်ကိုကြီးတို့နှင့် အတူ လိုက်နေမည်” ဟု မင်းသားကြီးတို့နှင့် အတူ ထွက်ကာဟိမဝန္တာတောသို့ ဝင်ကြကုန်၏။

ဟိမဝန္တာတောသို့ ရောက်လျှင် မင်းသားသုံးယောက်တို့သည်မောပန်းလှသဖြင့် သစ်ပင်ရင်းတစ်ခုတွင် နားနေခိုက် နောင်တော်ကြီး မဟိံသမင်းသားကသူရိယမင်းသားကို “ညီထွေး သူရိယ၊ မောပန်းလှပြီ ရေသောက်ရအောင် ရေခပ်ချေ” ဟုစေခိုင်းလေလျှင် သူရိမင်းသားလည်း အနီးရှိ ရေအိုင်သို့ ရေခပ်သွားလေ၏။

ဒေဝဒမ္မ မသိ ဘီလူးစာမိ

ထိုရေအိုင်ကားဒကရက္ခိုသ်တစ်ယောက် စောင့်ရှောက်သော ရေအိုင် ဖြစ်သည်။ ထို ဒကရက္ခိုသ်ကိုဝဿဝဏ်နတ်မင်းကြီးက “သင်သည် ရေအိုင်တွင်းသို့ ဆင်းသက်သော သူများတွင် ဒေဝဓမ္မတရားကိုမသိသူများကိုသာ စားလေ” ဟု အပိုင်စား ရရှိလေသည်။ သို့အတွက် ရေအိုင်သို့ဆင်းသက်သူများတွင် ဒေဝဓမ္မတရား မသိသူများကို စားမြဲ ဖြစ်သည်။

သူရိယမင်းသားလည်း ရေအိုင်သို့ရောက်လျှင်မစူးစမ်း မဆင်ခြင်ဘဲ ရေခပ်ရန် ဆင်းသက်လေ၏။ အိုင်စောင့် ဖြစ်သော ဒကရက္ခိုသ်လည်းသူရိယမင်းသားကို ဖမ်းဆီးကာ “အသင်လူသား ... သင်သည် ဒေဓမ္မတရာကို သိ၏လော” ဟု မေးလေလျှင်သူရိယမင်းသားလည်း “ ဒေဝဓမ္မတရားကား နေ၊ လ နှစ်ပါးဖြစ်သည်” ဟု ပြောလေလျှင် “သင်ကားဒေဝဒဓမ္မတရားကို မသိ” ဟု ဆို၍ မိမိနေရာဗိမာန်၌ ထားလေ၏။

မဟိံသမင်းသားလည်း “သူရိမင်းသားရေခပ်သွားသည်မှာ ကြာမြင့်လှသည်“ ဟု စန္ဒာမင်းသားကို ထပ်မံ၍ လွှတ်ပြန်၏။စန္ဒာမင်းသားလည်း ရေအိုင်သို့ ရောက်၍ ဆင်းသက်ပြန်လျှင် ဒက္ခရက္ခိုသ်သည် ဖမ်းဆီးကာဒေဝဓမ္မတရားကို မေးသောအခါ စန္ဒမင်းသားက “ဒေဝဓမ္မတရား ဆိုသည်မှာ အရပ်လေးမျက်နှာဖြစ်သည်” ဟု ဆို၍ သူရိမင်းသား အတူထားပြန်၏။

ဘီလူးနှင့်တွေ့ လောင်းမဟေ့

ဘုရားအလောင်းမဟိံသ မင်းသားလည်း စန္ဒမင်းသား ကြာမြင့်ပြန်သော် “တစ်ခုခုသော ဘေးအန္တရာယ်ဖြစ်ရာသည်“ဟု စိုးရိမ်ကြံဆကာ ထိုရေအိုင်သို့ ကိုယ်တိုင်သွား၍ ကြည့်ရှုဆင်ခြင် သောအခါ ညီတော်တို့တက်သောခြေရာကို မမြင်၊ ဆင်းသောခြေရာကိုသာ မြင်၍ “ ဤရေအိုင်ကား ဒကရက္ခိုသ် စောင့်သော ရေအိုင်ဖြစ်လိမ့်မည်”ဟု ဆုံးဖြတ်လျက် သန်လျက်ကိုလွယ်၍ လေးကိုကိုင်စွဲကာ ကမ်းနားတွင် ရပ်လေ၏။

ဒကရက္ခိုသ်လည်း မဟိံသမင်းသားရေအိုင်သို့ မဆင်းသည်ကို မြင်လျှင် တောသွား ယောကျ်ားအဟန် ဖန်ဆင်းကာ -

“အို ယောကျ်ား ... ရေအိုင်သို့ ဆင်းသက်ကာရေကို သောက်ချိုးလျက် ကြာပန်းတို့ကို ပန်ဆင်၍ ကြာစွယ် ကြာရင်းတို့ကို အဘယ်ကြောင့်မစားသနည်း”

ဟုပြောလေလျှင်

မဟိံသမင်းသားလည်း ရေစောင့်ဘီလူးမှန်း သိ၍ -

မေး။ ။သင်သည် ငါ့ညီတော် နှစ်ယောက်တို့ကို ဖမ်းထားသည် မဟုတ်လော။

ဖြေ။ ။ဖမ်းထားပါသည်။

မေး။ ။အဘယ်ကြောင့် ဖမ်းထားသနည်း။

ဖြေ။ ။ရေအိုင်သို့ ဆင်းသောကြောင့် ဖမ်းထားပါသည်။

မေး။ ။ ဆင်းသူတိုင်းကိုဖမ်းထားနိုင်သလော။

ဖြေ။ ။ မဖမ်းနိုင်ပါ၊ဒေဝဓမ္မတရား ကို မသိသောသူကိုသာ ဖမ်းထားနိုင်ပါသည်။

မေး။ ။ သင်သည်ဒေဝဓမ္မတရားကို အလိုရှိသလော။

ဖြေ။ ။ အလိုရှိပါသည်။

မေး။ ။ ငါဒေဝဓမ္မတရားကို ဟောမည်။

ဖြေ။ ။ ကောင်းပြီ၊ဟောပါ နာလိုပါသည်။

ထိုအခါမဟိံသ မင်းသားသည် “ငါ့မှာ ညစ်နွမ်းသော ကိုယ်ဖြင့် မဟောနိုင်ပါ” ဟု ဆိုလေလျှင်ရေအိုင်သို့ ဆင်းသက်ကာ ရေချိုးစေပြီးလျှင် နံ့သာရည်တို့ကို လိမ်းကျံစေလျက်တရားဟောပလ္လင်ပေါ် ၌ နေစေပြီးလျှင် ဟောစေ၏။ ဒကာရက္ခိုသ်လည်း ရိုသေစွာ နာယူလေ၏။

ဒေဝဓမ္မတရားတော်

“အို ရေစောင့်ဘီလူး ... အကုသိုလ် ဒုစရိုက်ကို ပြုရမည်မှ ရှက်ခြင်း ဟီရိနှင့် အကုသိုလ်ဒုစရိုက်ကို ပြုရမည်မှ ကြောက်ခြင်း ဩတ္တပ္ပတရားတို့ကို ဒေဝဓမ္မ ခေါ်ပါသည်။ တစ်နည်းဟီရိ၊ ဩတ္တပ္ပ တရားတို့ကို ကျင့်သူတို့ကိုလည်း ဒေဝဓမ္မ ခေါ်ပါသည်“ –

ဟုဟောလေ၏။

ကြည်ညိုအထူး နတ်ဘီလူး

ရေစောင့်ဘီလူးလည်း ဒေဝဓမ္မတရားကို ကြားနာရသောအခါ အလွန်ကြည်ညို၍ မဟိံသမင်းသားအား “ကျေးဇူးရှင် ပညာရှိ ... အသင့်ကို ကြည်ညိုသည့်အတွက် ညီ တစ်ယောက်ကို ပေးပါမည်၊အဘယ်ညီကို ခေါ်ဆောင်ခဲ့ရမည်နည်း“ ဟု မေးလေ၏။ ညီငယ်ကို ခေါ်ဆောင်ခဲ့ပါဟု ဆိုလေလျှင် “အသင်ပညာရှိ ... အသင်ကား စင်စစ် ဒေဝဓမ္မတရားကို သိသူ မှန်၏၊ ကျင့်သူ မဟုတ်ပေ၊အဘယ်ကြောင့် ညီငယ်ကို တောင်းဘိသနည်း၊ အကြီးကို ချီးမြှောက်သင့်သည် မဟုတ်ပါလော”ဆိုကာ ကဲ့ရဲ့လေ၏။

မဟိံသမင်းသားလည်း “အို ရေစောင့်ဘီလူး ...ငါကား ဒေဝဓမ္မတရားကို သိလည်း သိ၏၊ ကျင့်လည်း ကျင့်၏။ ညီငယ်ကို တောင်းရသည်မှာညီငယ်၏မိခင်သည် ညီငယ့်အတွက် မင်းအဖြစ်ကို အဖန်ဖန် တောင်းသည်။ ငါတို့၏ ဖခင်ကြီးကမပေးလို၍ ပစ်ပယ်ကာ သားကြီးတွေ ဘေးရန်ကင်းအောင် တောသို့ သွားစေရာ ညီငယ်လိုက်လာခဲ့သည်။ ၎င်းကို ဘီလူးစားသည်ဟု ပြောလျှင် ယုံကြည်ကြမည် မဟုတ်၊ ငါ့ကိုကဲ့ရဲ့ပြစ်တင်ကြပေမည်။ သို့အတွက် ညီငယ်ကို တောင်းရသည်“ ဟု ဆိုလေ၏။

ဒကရက္ခိုသ်လည်း မဟိံသမင်းသားအားအတိုင်းထက်အလွန် ကြည်ညို၍ ညီတော် နှစ်ယောက်လုံးကို ပေးလေ၏။ မဟိံသမင်းသားဆုံးမသည့်အတိုင်း အကုသိုလ် ဒုစရိုက်ကိုလည်း ရှောင်ကြဉ်လေ၏။

ပြည်တော်အပြန် ထီးနန်းစံ

တစ်နေ့သ၌အဟိံသမင်းသားသည် နက္ခတ်တာရာတို့ကို ကြည့်ကာ အဖမင်းကြီး နတ်ရွာစံကြောင်းသိ၍ ညီတော်တို့နှင့် တိုင်းပြည်သို့ပြန်ပြီးလျှင် တရားသဖြင့် မင်းပြုကာ ညီတော် စန္ဒမင်းသားအား အိမ်ရှေ့မင်းအရာ၊သူရိမင်းသားအား စစ်သူကြီးအရာကို ပေးလေ၏။

ဤဇာတ်တော်ကို ဟောတော်မူသည့်အဆုံး၌ ပစ္စည်း ဥစ္စာ ပေါများသောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်-

ရဟန်းတို့ -

- ထိုအခါဒကရက္ခိုသ်သည် -ယခုအခါ ပစ္စည်းများသော ရဟန်း။

- သူရိယမင်းသားသည်- အာနန္ဒာ။

- မဟိံသမင်းသားသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁)ဟီရိ, ဩတ္တပ်၊ ဤနှစ်ရပ်၊ စွဲမှတ်ဒေဝဓံ။

(၂)၎င်းနှစ်ပါး၊ ကျင့်သူများ၊ မှတ်သားဒေဝဓံ။

ဒေဝဓမ္မဇာတ်ပြီး၏။

***

၇- ကဋ္ဌဝါဟနဇာတ်

ထင်းခွေသည်မနှင့်ရသောသားပင်ဖြစ်လင့်ကစား မိမိ၏သားရင်း ဖြစ်နေ၍ အိမ်ရှေ့မင်းအရာပေးခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကောသလမင်းမြတ် မိန့်တော်မှတ်

နတ် လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ်မဟာနန်သာကီဝင်မင်းကြီး၏ သမီးတော်ဖြစ်သော ဝါသဘခတ္တိယာ မင်းသမီးသည် ကောသလမင်းကြီး၏မိဖုရားကြီး ဖြစ်သတတ်။ ထိုမိဖုရားကြီးဝယ် ဝိဋဋူဘ မည်သော သားတော်တစ်ယောက် ရှိ၏။

တစ်နေ့သ၌ကောသလမင်းကြီးသည် ဝါသဘခတ္တိယာမှာ သာကီဝင် မင်းသမီး မဟုတ်၊ ကျွန်မ၏ သမီး ဖြစ်ကြောင်းသိလေလျှင် မိဖုရားကြီးနှင့် သားတော် ဝိဋဋူဘ တို့ကို ရာထူးမှချ၍ ထားလေ၏။ ထိုသားအမိနှစ်ယောက်တို့သည် နန်းတော်တွင်းမှာပင် ဆင်းရဲပင်ပန်းစွာ နေကြရ၏။

ရှင်တော်ဗုဒ္ဓပမာပြ

မြတ်စွာဘုရားသည်ဝါသဘခတ္တိယာနှင့် သားတော် ဝိဋဋူဘတို့၏ အကြောင်းကို သိတော်မူလေသော် နံနက်အခါ သံဃာအခြံအရံနှင့် နန်းတော်သို့ ကြွတော်မူ၍ ဝါသဘခတ္တိယာကို မေးတော်မူပြီးလျှင်ကောသလမင်းကြီးအား “မြတ်သောမင်းကြီး ... ဝါသဘခတ္တိယာနှင့် သားတော် ဝိဋဋူဘကိုအဘယ်ကြောင့် ရာထူးမှချ၍ ထားသနည်း၊ ဝါသဘခတ္တိယာမှာ မင်းသမီးပင် ဖြစ်သည်၊ ဝိဋဋူဘလည်း အသင်မင်းကြီးနှင့် ရသောသားဖြစ်၍ မင်းသားပင် ဖြစ်သည်” ဟု မိန့်တော်မူကာ ရာထူးကို ပြန်၍ပေးစေပြီးလျှင်“မြတ်သော မင်းကြီး ... ရှေးမင်းတို့ကား တစ်ခဏသာ ပေါင်းသင်းဖူးသော ထင်းခွေမိန်းမနှင့်သားတော်တို့ကိုပင် နန်းတော်သို့ တင်ကာ ချီးမြှောက်ဖူးသည်” ဟု မိန့်တော်မူကာအောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဥယျာဉ်ပျော်ပါးထင်းခွေသူနှင့်ညား

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်းသည် မင်းပြုတော်မူ၏။ ထိုမင်းကြီးသည် တစ်နေ့သ၌ဥယျာဉ်ကစားထွက်တော်မူကာ ဥယျာဉ်တွင်းဝယ် လှည့်လည်ပျော်ပါးနေစဉ်ထင်းခွေမိန်းမတစ်ယောက်၏ သီချင်းသံကို ကြားသောအခါ တပ်မက်သော စိတ်ရှိသည်ဖြစ်၍ထိုထင်းခွေမိန်းမနှင့် သံဝါသပြုလေသော် ပဋိသန္ဓေ ရလေ၏။ ထင်းခွေမိန်းမလည်းမင်းကြီးအား ပဋိသန္ဓေရကြောင်းကို လျှောက်ထားလေလျှင် မင်းကြီးသည် လက်စွပ်ကိုပေးကာ “သမီး မွေးလျှင် ထိုလက်စွပ်ကို ရောင်းချ အသက်မွေးလေ၊ သားမွေးလျှင် ထိုလက်စွပ်နှင့်သားကို ငါ့ထံသို့ ဆောင်ယူခဲ့” ဟု မှားထား၍ သွားလေ၏။

သားအမိနှစ်ယောက်မင်းထံရောက်

ထင်းခွေမိန်းမလည်းလစေ့သောအခါ သားယောကျ်ားကို ဖွားမြင်လေ၏။ သူငယ်သည် ဖြေဖြင့် သွားနိုင်သော အခါတစ်ပါးသော သူငယ်တို့နှင့် ကစားသည်ရှိသော် အဖော် သူငယ်တို့သည် “ မုဆိုးမသား၊အဖမဲ့သား” ဆိုကြလေလျှင် အမိထံသို့သွားကာ အဖေအကြောင်း မေးလေ၏။ မိခင်လည်း “ချစ်သား ...သင်၏ အဖေမှာ တခြားသူ မဟုတ်၊ ဗာရာဏသီပြည်ကြီးရှင် ဗြဟ္မဒတ်မင်း ဖြစ်သည်” ဟုပြောလေလျှင် “မိခင် တစ်စုံတစ်ရာ သက်သေပြနိုင်သလော” ဟု မေးပြန်လေ၏။ “ချစ်သား ...ဤလက်စွပ်ကား သင့်အဖေ မင်းကြီး ပေးခဲ့သော လက်စွပ်ဖြစ်သည်” ဟု ပြောလေလျှင် သူငယ်လည်း“မိခင် ... လက်စွပ်နှင့်တကွ ကျွန်တော့်ကိုအဖေမင်းကြီးထံ ပို့ပါ” ဟု တောင်းပန်လေ၏။

ထင်းခွေမိန်းမလည်းသားကို ချီပွေ့ကာ မင်းကြီးထံတော်သို့ ဝင်ပြီးလျှင် ရိုသေစွာ ရှိခိုးလျက် -

အရှင်မင်းကြီး ...ဤသူငယ်ကား အရှင်မင်းကြီး၏ သား ဖြစ်ပါသည်ဟု တင်လျှောက်လျှင် -

မင်းကြီးလည်းသိလျက်နှင့် ပရိသတ်အလယ်၌ ရှက် သဖြင့် လိမ်လည်ကာ -

ငါ့သား မဟုတ်ပေ ဟုမိန့်ဆို၏။

ဤလက်စွပ်မှာအရှင်မင်းကြီး၏ လက်စွပ်ပါ၊ သိတော်မူပါ၏လောဟု တင်လျှောက်လျှင် -

ငါ့လက်စွပ်လည်းမဟုတ်ပေဟု မိန့်ဆို၏။

သစ္စာပြုရသားမြှောက်ပြ

ဤသို့ အငြင်းအခုံဖြစ်၍နေသောအခါ ထင်းခွေမိန်းမက “အရှင်မင်းကြီး .. ကျွန်ုပ်မှာ သစ္စာပြုခြင်းမှ တစ်ပါးအားထားစရာ သက်သေမရှိပြီ” ဟု ဆိုကာ သားငယ်ကို ကိုင်လျက် “ဤသူငယ်သည် မင်းကြီး၏သားဟုတ်မှတ်လျှင် ကောင်းကင်၌ ပန်းဆိုင်းဆွဲသကဲ့သို့ တည်မြဲပါစေ၊ မဟုတ်မှန်လျှင်မြေသို့ကျ၍ သေဆုံးပါစေ” ဟု သစ္စာဓိဋ္ဌာန်ပြုကာ မင်းကြီးနှင့် ပရိသတ်တို့ရှေ့တွင်ကောင်းကင်သို့ ပစ်လေ၏။ သူငယ်လည်း ကောင်းကင်၌ တင်ပျဉ်ခွေကာ တည်နေလျက် အဖမင်းကြီးအား-

“အရှင်မင်းကြီး ...ကျွန်ုပ်ကား အရှင်မင်းကြီး၏ သားတော်ဖြစ်ပါသည်။ အရှင်မင်းကြီးသည် တခြားသူတို့ကိုပင်ချီးမြှောက် မွေးမြူနိုင်ပါလျက် မိမိ သားတော် စစ်စစ်ဖြစ်သော အကျွန်ုပ်ကိုအဘယ်ကြောင့် မချီးမြှောက် မမွေးမြူနိုင်ပါသနည်း” ဟု တရားဟောလေသတည်း။

သားတော်ကလေးကောင်းကင်မှနေ၍ တရားဟောသောအခါ မင်းကြီးလည်း “ချစ်သား ... လာပါ၊ အဖ ချီးမြှောက်မွေးမြူပါမည်” ဟု ဆိုကာ အထောင်မကသော လက်တို့လည်း ဖြန့်၍ ခံလင့်ကုန်၏။ သူငယ်သည်တခြားလက်သို့ မသက်ဆင်းဘဲ ခမည်းတော် မင်းကြီး၏ လက်သို့ သက်ဆင်းကာ ရင်ခွင်၌ နေလေ၏။

သားကြီးအရာဥပရာဇာ

မင်းကြီးလည်း သားတော်ကိုအိမ်ရှေ့အရာ ပေး၍ ထင်းခွေသည် မိန်းမကို မိဖုရားကြီး အရာ ပေးလေ၏။ မင်းကြီးနတ်ရွာစံသောအခါ အိမ်ရှေ့မင်းသည် မင်းအဖြစ်ကို ယူ၍ တရားသဖြင့် မင်းပြုကာကဋ္ဌဝါဟနမင်းဟု တွင်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည်အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသေန္ဓ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

- ထိုအခါထင်းခွေမိန်းမသည် - ယခုအခါ မယ်တော်မာယာ။

- ဗြဟ္မဒတ်မင်းသည်- သုဒ္ဓေါဒန။

- ကဋ္ဌဝါဟနမင်းသည် - ငါဘုရားဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁)မိမိသားစစ်၊ မယားချစ်၊ မပစ်သိမ်းပိုက်ရာ။

(၂)ကြီးပွားစေတူ၊ ကျွေးမွေးမြူ၊ ကြည်ဖြူချီးမြှောက်ရာ။

ကဋ္ဌဝါဟနဇာတ်ပြီး၏။

***

၈ - ဂါမဏိဇာတ်

ဆရာ့စကားကို လိုက်နာသဖြင့်နောင်တော်များ နှစ်သက်၍ မင်းမြှောက်ခံသော ဂါမဏိမင်းသား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တရားထူးမရ အားလျှော့ချ

နတ် လူ တို့၏ ဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်သား ရဟန်းတစ်ပါးသည်ငါးဝါ ပြည့်သောအခါ ဆရာဥပဇ္ဈာယ် တို့ကို ပန်ကြား၍ ကမ္မဋ္ဌာန်း သင်ယူပြီးလျှင်ကောသလတိုင်း ဇနပုဒ်ရွာတစ်ခုကို အမှီပြုကာ နေထိုင်လျက် ကမ္မဋ္ဌာန်ကို အားထုတ်လေ၏။ဝါတွင်းသုံးလပတ်လုံး အားထုတ်သော်လည်း တရားထူးကို ရရှိရန် အရိပ် နိမိတ်မျှ မထင်လေ။

ထိုအခါ ရဟန်းသည် “ငါကား မြတ်စွာဘုရားဟောကြားတော်မူသော ပုဂ္ဂိုလ်လေးမျိုးတွင် ‘ပဒပရမ ပုဂ္ဂိုလ်ဖြစ်တန်ရာ၏။ ဤဘဝတရားအထူးကို ရနိုင်မည် မဟုတ်၊ တော၌နေသဖြင့် အကျိုးမရှိ၊ မြတ်စွာဘုရား အဆင်းတော်ကိုကြည်ညိုကာ တရားတော်ကို နားကြား၍ အချိန်ကုန်လွန်စေမည်” ဟု လုံ့လဝီရိယကိုလျှော့ပြီးလျှင် ဇေတဝန်ကျောင်းတော်သို့ ပြန်လေ၏။

တရားပြသ ဆိုဆုံးမ

အဆွေခင်ပွန်းရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရား အထံတော်သို့ ပို့ကြ၏။ မြတ်စွာဘုရားလည်းထိုအကြောင်းကို သိတော်မူလျှင် -

ချစ်သားရဟန်း ... အဘယ့်ကြောင့် လုံ့လဝီရိယကို လျှော့ဘိသနည်း၊ လုံ့လဝီရိယ မရိသောသူအား အရဟတ္တဖိုလ်ကို မရနိုင်၊ သင်သည်ရှေးအခါ၌ လုံ့လဝီရိယ ရှိ၏။ အဆုံးအမကို နာယူ၏၊ ထို့ကြောင့် ဗာရာဏသီမင်း၏ သားတော်တစ်ရာတို့တွင် အထွေးဆုံး ဖြစ်လျက် မင်းအဖြစ်ကို ရဖူးပြီ -

ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပြည်သူချစ်အောင် ဂါမဏိဆောင်

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္ဒတ်မင်း မင်းပြုသည်ရှိသော် ဂါမဏိမင်းသားသည် အသားတော်တစ်ရာတို့တွင် အထွေးဆုံးမင်းသား ဖြစ်လေ၏။ မင်းကြီးသည် တစ်ယောက် တစ်ယောက်သော သားတော်တို့ကို ပညာသင်ကြားရန် တစ်ယောက် တစ်ယောက်သော အမတ်အားအပ်နှင်း၍ ထားလေ၏။ ဂါမဏိမင်းသား၏ ဆရာဖြစ်သော အမတ်ကား ပညာရှိ၏၊ လိမ္မာ၏၊ အဖအရာ၌တည်၏။

မင်းကြီးလည်း သားတော်တို့အား အတတ်ပညာပြည့်စုံသောအခါ အသီးသီး ဇနပုဒ်တို့ကိုပေး၍ စေလွှတ်လိုက်၏။ ဂါမဏိမင်းသားကားဇနပုဒ်ကို ပေး၍ လွှတ်သော်လည်း မသွားဘဲ မင်းကြီးထံခွင့်ပန်ကာ ခြေရင်း၌ အမြဲ ခစားလျက်နေရစ်၏။

ဂါမဏိမင်းသားလည်း ဆရာအမတ်၏ အဆုံးအမ၌တည်၍ မင်းကြီး၏ အမှုကိစ္စဟူသမျှကို ဆောင်ရွက်သဖြင့် နန်းတွင်း နန်းပြင်ရှိအလုံးစုံသော တိုင်းသူပြည်သားတို့၏ ချစ်ခင်မြတ်နိုးခြင်းကို ခံရလေ၏။

နောက်အဖို့၌ မင်းကြီးသည်သေရာညောင်စောင်း၌ လျောင်းစက်လတ်သော် အမတ်တို့သည် မင်းကြီးကို “အရှင် မင်းကြီး ...အရှင်မင်းကြီး နတ်ရွာစံလျှင် မည်သူအား ထီးနန်းစည်းစိမ်ကို ပေးရမည်နည်း” ဟုလျှောက်ထားကြကုန်၏။ မင်းကြိးလည်း “အမတ်တို့ ... ငါ့သားတော် အလုံးစုံပင် ထီးနန်းနှင့်ထိုက်တန်ကြကုန်၏။ သို့သော်လည်း သင်တို့ နှစ်သက်သူအား ပေးရစ်ကြကုန်” ဟု မှာကြားပြီးနတ်ရွာစံလေ၏။

ဂါမဏိကိုပင် နန်းသို့တင်

အမတ်တို့လည်းမင်းကြီး နတ်ရွာစံလျှင် သင်္ဂြိုဟ်ခြင်း ကိစ္စကို ဆောင်ရွက်ကြကာ ခုနစ်ရက် လည်သောအခါစည်းဝေး တိုင်ပင်ကြကုန်၏။ “အမတ်မင်းတို့ ... ကျွန်ုပ်တို့ မင်းကြီးသည်နတ်ရွာစံခါနီးတွင် သင်တို့ နှစ်သက်သူအား ထီးနန်းစည်းစိမ်ကို ပေးရစ်ကြကုန် ဟုမှာထားခဲ့၏။ အကျွန်ုပ်တို့လည်း ဂါမဏိမင်းသားကိုပင် နှစ်သက်ကြကုန်၏။ ၎င်းအားထီးနန်းစည်းစိမ်ကို ပေးကြမည်”ဟု တိုင်ပင် ညီညွတ်လျက် ဂါမဏိမင်းသားကိုမင်းမြှောက်ကြကုန်၏။

ဂါမဏိမင်းသားသည် မင်းအဖြစ်ကို ရသောအခါ“အို ဂါမဏိ ... သင် မင်းဖြစ်ရခြင်း အကြောင်းရင်းကို သိသည် မဟုတ်လော၊ သင်သည်ဆရာအမတ်ကို အမှီပြု၍ နောင်တော် ကိုးကျိပ် ကိုးယောက်တို့ကို လွှမ်းမိုးကာမင်းဖြစ်ကို ရရှိပေပြီ” ဟု ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျုးလေ၏။

ဂါမဏိ လိမ္မာ ပြုပုံမှာ

ထိုအကြောင်းကို နောင်တော်တို့ ကြားလျှင်စည်းဝေးတိုင်ပင်ကာ “ဂါမဏိမင်းသားကား အငယ်ဆုံးဖြစ်၍ ထီးနန်းစည်းစိမ်နှင့်မထိုက်တန်၊ နောင်တော် အကြီးဆုံးသာ ထိုက်တန်သည်” ဟု အညီအညွတ် ဆုံးဖြတ်ကြပြီးလျှင်စစ်သည်ဗိုလ်ပါတို့ကို စုရုံးကာ စစ်တိုက်ကြရန် ဂါမဏိမင်းကြီးထံ လာကြကုန်၏။

ဂါမဏိမင်းကြီးလည်း နောင်တော်တို့လာကြောင်းကို သိလျှင် ဆရာပညာရှိအမတ်နှင့် တိုင်ပင်၍ ပညာရှိအမတ်၏အဆုံးအမအတိုင်း အဖမင်းကြီး၏အမွေဥစ္စာတို့ကို အပုံတစ်ရာ ပုံပြီးလျှင် ကိုးဆယ့်ကိုးပုံကို နောင်တော်တို့ ထံပို့လေ၏။

နောင်တော်တို့လည်း ညီထွေး ပြုမူချက်ကိုနှစ်သက်သဖြင့် “ ငါတို့ အလုံးစုံလည်း တစ်ပြိုင်နက် မင်းမပြုနိုင်၊ ညီထွေး ဂါမဏိအားမင်းအဖြစ်ကို အပ်နှင်းကြကုန်အံ့” ဟု တိုင်ပင် ညီညွတ်ကြလျက် ဂါမဏိမင်းကြီးထံ ဝင်၍မင်းအဖြစ်ကို အပ်နှင်းကြပြီးလျှင် ခုနစ်ရက်၊ ရှစ်ရက် ရှိသော အခါ မိမိတို့နေရာဇနပုဒ်သို့ ပြန်ကြကုန်၏။

ဂါမဏိမင်းကြီးလည်း ဆရာပညာရှိအမတ်၏အဆုံးအမ ဩဝါဒကို နာခံလျက် တရားသဖြင့် မင်းပြုလေ၏။

ဤဒေသနာတော်၏ အဆုံး၌ လုံ့လဝီရိယယုတ်လျော့သော ရဟန်းသည် အရဟတ္တဖိုလ်သို့ ရောက်၍ ရဟန္တာဖြစ်စေ၏။

ဇာတ်ပေါင်း

ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်-

ရဟန်းတို့ -

- ထိုအခါဂါမဏိမင်းသားသည် - ယခုအခါ လုံ့လ ဝီရိယ ယုတ်လျော့သော ရဟန်း။

- ဆရာပညာရှိအမတ်သည်- ငါဘုရား ဖြစ်လာပြီ-

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁)ဆရာဆုံးမ၊ နာယူက၊ မုချအကျိုးရှိ။

(၂)သားတစ်ရာတွင်၊ ထွေးဆုံးပင်၊ ဘုရင်ဖြစ်လေသိ။

ဂါမဏိဇာတ်ပြီး၏။

***

၉- မဃဒေဝဇာတ်

ဦးခေါင်း၌ဆံဖြူတစ်ပင်ကို မြင်သဖြင့် သံဝေဂရကာ တောထွက်သော မဃဒေဝမင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားတောထွက်ချီးမွမ်းချက်

နတ် လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် မြတ်စွာဘုရား တော်ထွကတော်မူခြင်းကို ချီးမွမ်းကာ နေကြကုန်၏။

ထိုအခါမြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ “ရဟန်းတို့ ... ယခု ငါဘုရား ကြွလာတော်မူသောအခါတရားသဘင်ဝယ် ဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း” ဟု မေးတော်မူလျှင်၊ ရဟန်းတို့သည်အရှင်ဘုရား တောထွက်တော်မူခြင်းကို ချီးမွမ်းအံ့ဩ ပြောဆိုကြပါ ကြောင်းလျှောက်ထားကြသောအခါ “ ရဟန်းတို့ ယခုအခါသာ တော်ထွက်တော်မူသည် မဟုတ်၊ ရှေးအခါကလည်းတောထွက်တော်မူခဲ့ပြီ” ဟု မိန့်တော်မူ၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဇရာကာလဆံဖြူရ

လွန်လေပြီးသောအခါဝိဒေဟရာဇ်တိုင်း မိဓိလာပြည်ဝယ် မဃဒေဝ မင်းကြီးသည် နှစ်ပေါင်းများစွာ တရားသဖြင့်မင်းပြုတော်မူ၏။ ထိုမင်းကြီးသည် တစ်နေ့သ၌ ဆတ္တာသည်ကို ခေါ်စေပြီးလျှင် “အမောင်ဆတ္တာသည် .. ငါ့ဦးခေါင်း၌ ဆံဖြူပင်ကို မြင်လျှင် ငါ့ကို ပြောကြားပါ” ဟု မှာထားလေ၏။

ကာလရှည်ကြာလတ်သော်ဆတ္တာသည်သည် မင်းကြီး၏ မုတ်ဆိတ် ဆံပင်တို့ကို ပြုပြင်စဉ် မင်းကြီး၏ ဦးခေါင်း၌ဆံဖြူတစ်ပင်ကို မြင်၍ “ အရှင်မင်းကြီး ... အရှင်မင်းကြီး၏ ဦးခေါင်း၌ ဆံဖြူတစ်ပင်မြင်ပါသည်” ဟု လျှောက်ထားလေ၏။ မင်းကြီးလည်း “ အချင်း ဆတ္တာသည် ... ထိုသို့ ဖြစ်လျှင် နုတ်၍ ငါ့လက်ပေါ်သို့တင်ပြပါ” ဟု ဆိုလေလျှင် ဆတ္တာသည်လည်း ရွှေမွှေးညှပ်ဖြင့် နုတ်ပြီးလျှင် မင်းကြီးလက်ပေါ်သို့ တင်ပြလေ၏။

ဆံဖြူတစ်ပင်ရတရားကျ

မင်းကြီးလည်း ထိုအခါနှစ်ပေါင်း ရှစ်သောင်း လေးထောင် တိုင်အောင် အသက်ကြွင်း ရှိသေး၏။ ထိုသို့အသက်တာရှည်နေရဦးမည်ဖြစ်သော်လည်း လက်ဝါးပေါ်၌ ဆံဖြူပင်ကို တစိမ့်စိမ့် ကြည့်ရှုကာသေမင်းလာပြီး အနီးတွင် ထိုင်နေသကဲ့သို့ လည်းကောင်း၊ မီးတပြောင်ပြောင်တောက်လောင်နေသော သစ်ရွက်မိုးအိမ်အတွင်း၌ တည်နေရသကဲ့သို့ လည်းကောင်း ကြောက်ရွ့ထိတ်လန့်ခြင်း သို့ ရောက်လေ၏။

“ ဟယ်မဃဒေဝမင်းမိုက် ... သင်ကား ဆံပင်ဖြူ၍ အိုမင်းသည့်တိုင်အောင် ထီးနန်းအာရုံကာမဂုဏ်ညစ်တို့ကို မစွန့်ပစ်နိုင်ပါတကား” –

ဟု ညည်းညူကာစဉ်းစားဆင်ခြင်နေစဉ် ပူပင်သောကရောက်လျက် တစ်ကိုယ်လုံး ချွေးဒီးဒီးကျကာဝတ်ဆင်ထားသော အဝတ်တို့ စိုစွတ်လျက် ညှစ်ယူ၍ရမတတ် ဖြစ်ပြီးလျှင် “ ငါသည် ... ယနေ့ပင်တောထွက်အံ့” ဟု ကြံစည် ဆုံးဖြတ်လျက် ဆတ္တာသည်အး အခွန်တစ်သိန်းထွက်သော ရွာဆုကိုပေးသနားတော်မူ၏။

ထီးနန်းအပ်နှံတောထွက်ရန်

တစ်ဖန် သားကြီးကိုခေါ်စေပြီးလျှင် “ ချစ်သား ... ငါ့ဦးခေါင်းတွင် ဆံဖြူပင် ပေါက်ကာ အိုမင်းခြင်းသို့ရောက်ပေပြီ၊ လူတို့ ကာမဂုဏ်ချမ်းသာကို ခံစား၍ ပြီးချေပြီ၊ ယခု အခါ နတ်တို့ကာမဂုဏ်ချမ်းသာကို ရှာမှီးရန် တောထွက်ချိန်တန်ပြီ” ဟု သားကြီးအား ထီးနန်းကိုလွှဲအပ်ပြီးလျှင် ရဟန်းပြုလျက် မဃဒေဝ ဥယျာဉ်မှာပင် တရားအားထုတ်၍ နေတော့မည်ဟုဆိုလေ၏။

သေလွန်ရရှာဗြဟ္မာ့ရွာ

ထိုအခါ အမတ်တို့လည်း “အရှင်မင်းကြီး ... အဘယ်ကြောင့် ရဟန်းပြုပါသနည်း၊ ရဟန်းပြုခြင်း အကြောင်းကိုအမိန့်ရှိပါ” ဟု လျှောက်ကြလေလျှင် “ အို အမတ်တို့ ... သေမင်းတမန် ဖြစ်၍အိုမင်းခြင်းကို ညွှန်ပြတတ်သော ဆံဖြူပင် ဦးခေါင်း၌ ပေါက်ရောက်၍ လာချေပြီ၊သို့အတွက် ရဟန်းပြုဖို့ အချိန်တန်ပြီ” ဟု မိန့်ကြားကာ ထိုနေ့ပင် ရဟန်းပြုလေ၏။ရဟန်းပြုပြီးလျှင် မဃဒေဝ ဥယျာဉ်တော်သို့ ဝင်လျ် နှစ်ပေါင်းရှစ်သောင်းလေးထောင်ပတ်လုံး ရဟန်းတရား အားထုတ်ကာ မယုတ်သောစျာန်ဖြင့် သေလွန်လျှင်ဗြဟ္မာ့ပြည်သို့ ရောက်လေ၏။ ထိုမှတစ်ဖန် စုတေပြန်လျှင် မိဓိလာပြည်ဝယ် နေမိမင်း ဖြစ်၍မိမိ အနွယ်တော်ကို ဆက်စပ်ကာ ဆံဖြူကိုမြင်၍ တစ်ဖန် တောထွက်ပြီးလျှင်ဗြဟ္မာ့ဝိဟာရတရားကို ပွားများအားထုတ်ကာ သေလွန်လျှင် ဗြဟ္မာ့ပြည်သို့ ရောက်ပြန်၏။

ဤဒေသနာတော်၏အဆုံးဝယ် တချို့သော ရဟန်းတို့သည် သောတာပန်၊ တချို့ သကဒါဂါမ်၊ တချို့ အနာဂါမ်အဖြစ်သို့ ရောက်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည်အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဆတ္တာသည်သည် - ယခုအခါ အာနန္ဒာ။

သားတော်သည် - ရာဟုလာ။

မာဃဒေဝမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁)ဆံဖြူပေါက်ရာ၊ အိုမင်းကာ၊ ရောက်လာနတ်တမန်။

(၂)ဆံဖြူမြင်က၊ တောထွက်ကြ၊ မဃအနွယ်မှန်။

မဃဒေဝဇာတ်ပြီး၏။

***

၁၀ - သုခဝိဟာရိဇာတ်

ထီးနန်းစွန့်၍ ရသေ့ရဟန်း ပြုလုပ်နေထိုင်ရခြင်း၌ ချမ်းသာလှသဖြင့် ဥဒါန်းကျူးသော ရသေ့အကြောင်း။

ချမ်းသာလေစွ ရဟန်းဘဝ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် အနုပိယမြို့ အနုပိယ သရက်ဥယျာဉ်၌သီတင်းသုံးတော်မူစဉ် ဥပါလိနှင့်အတူ ရဟန်းပြုဘက်ဖြစ်သော သာကီဝင်မင်းသား ခြောက်ယောက်အပါအဝင် အရှင်ဘဒ္ဒိယမထေရ်သည် အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် ရောက်လေရာရာ အရပ်တို့၌မိမိကိုယ်ကို ဘေးရန် မရှိသည်ကို သိကာ အလွန် ချမ်းသာလှသဖြင့် “ ဩော် ... ချမ်းသာစွ၊ဩော် ... ချမ်းသာစွ” ဟု ဥဒါန်းကျူးလေ့ရှိ၏။

ရဟန်းတို့ ကြားလတ်သော် ဘုရားရှင်အား“အရှင်ဘုရား ဘဒ္ဒိယမထေရ်သည် အရဟတ္တဖိုလ်ကို ပြောကြားကာ နေသည်” ဟု လျှောက်ကြလေလျှင် “ရဟန်းတို့ ... ဘဒ္ဒိယမထေရ်သည် ယခုအခါ၌သာ ချမ်းသာစွာနေလေ့ရှိသည် မဟုတ်၊ ရှေးအခါ၌လည်းချမ်းသာစွာ နေလေ့ရှိ၏” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ငါးရာရသေ့တရားမွေ့

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုတော်မူလတ်သော် ဥဒိစ္စ ပုဏ္ဏားသူကြွယ် တစ်ယောက်သည်ကာမဂုဏ်တို့၌ အပြစ်ကို လည်းကောင်း၊ ရဟန်းအဖြစ်၌ အကျိုးအာနိသင်ကို လည်းကောင်း မြင်၍ကာမဂုဏ်တို့ကို စွန့်လွှတ်ကာ ဟိမဝန္ဓာသို့ ဝင်ပြီးလျှင် ရသေ့ရဟန်းပြု၍ နေလေ၏။ သမာပတ်ရှစ်ပါးနှင့် ပြည့်စုံ၏။ အခြံအရံ တပည့်ငါးရာ ရှိ၏။

မိုးအခါ ရသေ့အပေါင်း ခြံရံကာ ဟိမဝန္တာမှထွက်ခဲ့၍ ထိုထိုမြို့ရွာနိဂုံးတို့၌ ဒေသစာရီ လှည့်လည်သည်ရှိသော် ဗာရာဏသီပြည်သို့ရောက်ရှိ၍ မင်းကြီးကို အမှီပြုလျက် မင်းဥယျာဉ်တွင် မိုးလေးလပတ်လုံး နေလေ၏။

မင်းကြီးတောင်းပန် နေရပြန်

မိုးကျွတ်သောအခါဟိမဝန္တာသို့ ပြန်ရန် မင်းကြီးကို ပန်ကြားလတ်သော် မင်းကြီးက “အရှင်ဘုရား ...အရှင်ဘုရားကား အိုမင်းပါပြီ၊ ဟိမဝန္တာ၌ နေသဖြင့် အကျိုးမရှိပါ၊ တပည့်တို့ကိုသာလွှတ်၍ အရှင်ဘုရား ဤဥယျာဉ်၌သာ နေတော်မူပါ” ဟု လျှောက်ထားလေ၏။ ဘုရားအလောင်း ရသေ့လည်းတပည့်ကြီးအား ရသေ့ငါးရာတို့ကို အပ်နှင်း၍ မိမိမူကား မင်းကြီးဥယျာဉ်၌ပင် နေရစ်ခဲ့၏။

တပည့်ကြီးကား မင်းစည်းစိမ်ကိုစွန့်လွှတ်ကာ ရသေ့ရဟန်းပြုလာသူ ဖြစ်၏။ ကသိုဏ်းပရိကံကို ပြုလျက် သမာပတ် ရှစ်ပါးနှင့်ပြည့်စုံ၏ ဟိမဝန္တာ၌ ဆရာရသေ့ ကိုယ်စားပြု၍ ရသေ့ငါးရာကို စောင့်ရှောက်ဆုံးမကာနေ၏။

မင်းကြီးရှေ့မှာ ဥဒါန်းကျူးရှာ

တပည့်ကြီးသည်တစ်နေ့သ၌ ဆရာရသေ့ကြီးကို ဖူးမြော်ရန် သွားလိုသဖြင့် ရသေ့အပေါင်းကို ခေါ်၍“အရှင်တို့ ... သင်တို့သည် ငါမရှိသော်လည်း မပျင်းရိကြကုန်လင့်၊ ငါ ဆရာရသေ့ကြီးကိုဖူးမြောက်ပြီးလျှင် ဟိမဝန္တာသို့ ပြန်လာမည်” ဟု မှာထား၍ ဆရာရသေ့ထံ သွားလေ၏။ရောက်လျှင် လာကွတ်ပျူငှာပြုလျက် ဆရာ့အနီးဝယ် သပေါ့ဖျာ တစ်ခု၌ လျောင်းစက်ကာ နေ၏။

မင်းကြီးလည်း ရသေ့ကြီးကိုဖူးမြော်ရန်လာ၍ ရှိခိုးကာနေ၏။ တပည့်ကြီးလည်း မင်းကြီး လာသည်ကို မြင်သော်လည်းလျောင်းစက်ရာက မထဘဲ “ ဩော် ... ချမ်းသာစွ၊ ဩော် ... ချမ်းသာစွ” ဟု ဝမ်းမြောက်ဝမ်းသာဥဒါန်းကျူးလျက်သာ နေ၏။ ထိုအခါ မင်းကြီးသည် မိမိလာသည်ကို မြင်လျက် နေရာမှ မထဟုနှလုံးမသာသဖြင့် “အရှင်ဘုရား .... ထိုရသေ့ကား အလိုရှိတိုင်း စားလတ္တံ၊ ထို့ကြောင့် ဥဒါန်းကျူးလျက်ချမ်းသာစွာ အိပ်၍သာ နေ၏” ဟု လျှောက်ထားလေ၏။

ဥဒါန်းကျူးခြင်း အကြောင်းရင်း

ရသေ့ကြီးက“မင်းကြီး ... ဤရသေ့ကား ရှေးအခါ သင်တို့ကဲ့သို့ မင်းဖြစ်ဖူး၏၊ ထိုရသေ့သည် ငါ့မှာမင်းဖြစ်စဉ် မင်း၏ စည်းစိမ်ကို ခံစားလျက် လက်နက်ကိုင်ရဲမက်တို့ အစောင့်အရှောက်ဖြင့်နေရသည် ဖြစ်လျက် ထိတ်လန့်တုန်လှုပ်ကာ ဤကဲ့သို့သော ချမ်းသာကို မရစဖူးဟု အောက်မေ့ကာမိမိ၏ ရဟန်းချမ်းသာကို လည်းကောင်း၊ စျာန်ချမ်းသာကိုလည်းကောင်း အစွဲပြု၍ဥဒါန်းကျူးလေသည်” ဟု မိန့်တော်မူပြီးလျှင် -

“မြတ်သောမင်းကြီး ...

ရသေ့ ရဟန်းတို့ကား မိမိကိုသူတစ်ပါးတို့ကလည်း မစောင့်ရှောက်ရကုန်၊ မိမိကလည်း တစ်ပါးတို့ကိုမစောင့်ရှောက်ကုန်၊ ဝတ္ထုကာမ၊ ကိလေသာကာမတို့၌ တွယ်တာငဲ့ကွက်ခြင်း မရှိသဖြင့်ချမ်းသာစွာ နေရကုန်၏” ဟု တရားစကား ဟောကြားတော်မူလေသည်။

မင်းကြီးလည်း တရားတော်ကိုနာကြားပြီးလျှင် ရသေ့ကြီးကို ရှိခိုး၍ နန်းတော်သို့ ပြန်လေ၏။ တပည့်ကြီးလည်းဆရာရသေ့ကို ရှိခိုး၍ ဟိမဝန္တာသို့ ပြန်လေ၏။ ဘုရားအလောင်း ရသေ့လည်း ထိုဥယျာဉ်၌ပင်မယုတ်လျော့သော စျာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားရလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော် ဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ တပည့်ကြီး ရသေ့သည် - ယခုအခါ ဘဒ္ဒိယမထေရ်။

ဆရာ ရသေ့ကြီးသည် - ငါဘုရား ဖြစ်လာပြီ-

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁)တစ်ယောက် တစ်ယောက်၊ မစောင့်ရှောက်၊ လွန်မြောက် ရဟန်းမှာ။

(၂)ကာမဂုဏ်တွက်၊ မငဲ့ကွက်၊ စဉ်ဆက် ချမ်းသာရာ။

သုခဝိဟာရိဇာတ်ပြီး၏။

***

၂- သီလဝဂ်

၁၁- လက္ခဏမိဂဇာတ်

အကျင့်သီလလုံခြုံသဖြင့် အခြံအရံနှင့်တကွ ပြည့်စုံသော လက္ခဏသမင် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဒေဝဒတ်နောက်ပါ ရဟန်းငါးရာ

နတ်လူတို့၏ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတော်၌သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရားထံ ငါးပါးသော ဝတ္ထုတို့ကို တောင်းပန်၍မရသည်ရှိသော် သံဃာကို သင်းခွဲလျက် ရဟန်းငယ် ငါးရာတို့ကို ဖြားယောင်း သွေးဆောင်ကာဂယာသီသသို့ သွား၍ နေလေ၏။

မြတ်စွာဘုရားလည်း ရဟန်းငယ် ငါးရာတို့ဉာဏ်ရင့်သန်ခြင်းသို့ ရောက်နေသည်ကို သိတော်မူလျှင် ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်အဂ္ဂသာဝက နှစ်ပါးတို့ကို ခေါ်တော်မူ၍ “ သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့ ... သင်တို့ တပည့်ရဟန်းငယ် ငါးရာတို့သည် ဒေဝဒတ်နှင့်အတူ လိုက်ကြကုန်ပြီ၊ ရဟန်းများနှင့်သွားကာတရားဟော၍ အရဟတ္တဖိုလ်ဖြင့် ဆင်မြန်းပြီး ငါဘုရားထံ ပြန်၍ ခေါ်ခဲ့ကြ” ဟု မှာထားကာစေလွှတ်တော်မူ၏။

ရှင်သာရိပုတ္တရာ တပည့်ငါးရာ

ရှင်သာရိပုတ္တရာ၊ရှင်မောဂ္ဂလာန်တို့လည်း ရဟန်းများ ခြံရံကာ ဂယာသီသသို့သွား၍ ရဟန်းငယ် ငါးရာတို့ကိုတရားဟောကာ အရဟတ္တဖိုလ်ဖြင့် ဆင်မြန်းပြီးလျှင် နံနက် အရုဏ်တက်ချိန်တွင် ခေါ်ယူခဲ့၍မြတ်စွာဘုရားထံသို့ ရောက်ကြကုန်၏။

ရဟန်းတို့လည်း “အစ်ကိုကြီး သာရိပုတ္တရာအခြံအရံ တပည့် ငါးရာဖြင့် တင့်တယ်ပါပေသည်၊ ဒေဝဒတ်မှာကား အခြံအရံမှ ဆုတ်ယုတ်သည်” ဟုမြတ်စွာဘုရားကို လျှောက်ကြကုန်၏။ မြတ်စွာဘုရားသည် ”ချစ်သား ရဟန်းတို့ ...သာရိပုတ္တရာမှာ ယခုမှသာလျှင် ဆွေမျိုးအပေါင်း ခြံရံကာ တင့်တယ်သည် မဟုတ်၊ရှေးအခါကလည်း တင့်တယ်ဖူးပြီ၊ ဒေဝဒတ်မှာ ယခုမှသာ ဆွေမျိုးအပေါင်း ဆုတ်ယုတ်သည်မဟုတ်၊ ရှေးအခါကလည်း ဆုတ်ယုတ်ခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လက္ခဏ၊ ကာဠ ဒွေမိဂ

လွန်လေပြီးသောအခါမဂဓတိုင်း ရာဇဂြိုဟ်ပြည်ဝယ် မဂဓမင်း မင်းပြုသည်ရှိသော်၊ သမင်တစ်ထောင် ခြံရံကာသမင်မင်းသည် တစ်ခုသော တောအုပ်တွင် နေလေ၏။ ထိုသမင်မင်း၌ လက္ခဏမည်သော သား၊ ကာဠ မည်သောသား ဟူ၍ သားနှစ်ယောက်တို့သည် ရှိကုန်၏။ သမင်မင်းသည် သားနှစ်ယောက်တို့ကို ခေါ်၍“အမောင်တို့ ... ယခု အခါ ငါ့မှာ အိုမင်းပြီ၊ ပရိသတ်ကို မထိန်းနိုင်၊ အမောင်တို့နှစ်ယောက်သာ တစ်ယောက် ငါးရာစီ ထိန်းသိမ်းစောင့်ရှောက်ကြလော့” ဟု အပ်နှင်းကာအေးချမ်းစွာ နေလေ၏။ ထိုအခါမှစ၍ သမင်နှစ်ကောင်တို့လည်း အခြံအရံ ပရိသတ် ငါးရာစီထိန်းသိမ်းစောင့်ရှောက်ကြကုန်၏။

လောင်းမြတ်မိန့်မှာ ဘေးလွတ်ရာ

စပါးမှည့်ချိန်၌သမင်တို့မှာ ဘေးရန်များကုန်၏။ စပါးစားသော သမင်တို့ကို သတ်ရန် ကျင်းတူးခြင်း၊ငြောင့်၊ တံကျင် စိုက်ခြင်း၊ ကျောက် ယန္တရား လွှတ်ခြင်း၊ လျှို့ဝှက်သောကျော့ကွင်းထောင်ခြင်း စသည်တို့ကို ပြုလုပ်ကြကုန်၏။ ထိုဘေးရန်ကြောင့် သမင်များ ပျက်စီးခြင်းသို့ရောက်ကုန်၏။

ထိုအခါ သမင်မင်းသည် သားနှစ်ယောက်ကိုခေါ်၍ “အမောင်တို့ ... ယခုအခါ စပါးမှည့်ချိန် ရောက်သဖြင့် သမင်တွေ ဘေးရန်များလှသည်၊သို့အတွက် သမင်အပေါင်းကို ယူဆောင်၍ တောင်ခြေရင်းသို့ သွားကြလော့၊ စပါးရိတ်သိမ်းပြီးချိန်ရောက်မှ ပြန်လာကြလော့” ဟု ဆုံးမစကား ပြောကြားကာ လွှတ်လေ၏။သမင်တို့လည်း ကောင်းပြီဟု အဖစကား နားထောင်ကာ အခြံအရံနှင့် ထွက်သွားကြကုန်၏။

သူမိုက်နောက်ပါ ပျက်စီးရှာ

ကာဠသမင်သည်အသိအလိမ္မာပညာ နည်းပါးသည့် အတွက် သွားသင့်၊ မသွားသင့်သော အချိန်အခါကို မသိဘဲ နေ့၊ ညမရွေး ရွာနားသို့သွားလေရာ လူတို့ ပစ်ခတ် သတ်ပုန်ကြသဖြင့် သမင်အများဆုံးပါးပျက်စီးကာ အနည်းငယ်သော သမင် အခြံအရံဖြင့် တော်သို့ဝင်လာခဲ့၏။

လက္ခသမင်မူကား အသိအလိမ္မာ ပညာဉာဏ် ရင့်သန်ကြီးမားလှသဖြင့် သွားသင့်၊ မသွားသင့် ထောက်ချင့်နှိုင်းချိန်ကာ သွားလာကျက်စားသဖြင့်ဘေးရန်ကင်းကွာ သမင်ပေါင်းများစွာ ခြံရံလျက် တင့်တယ်စွာ တောသို့ ဝင်လောခဲ့၏။

အကျင့်လုံခြုံ ကျိုးပြည့်စုံ

စပါးရိတ်ပြီးအချိန်ရောက်၍ အဖသမင်မင်းထံသို့ ပြန်လာကြသောအခါ ကာဠ သမင်မိုက်မှာ အခြံအရံ ပရိသတ်မပါတစ်ကိုယ်တည်းသာ ပြန်လာလေ၏။ လက္ခဏ သမင်လိမ္မာကား သမင်တစ်ကောင်မှ မပျက်မစီးဘဲအခြံအရံငါးရာဖြင့် တင့်တယ်စွာ ပြန်လာလေ၏။

အဘ သမင်မင်းသည် သားနှစ်ယောက် လာသသည်ကိုမြင်၍ သမင်းအပေါင်းတို့အား -

“အမောင်တို့ ... အကျင့်သီလရှိ၍ဓမ္မပဋိသန္ဓာရ၊ အာမိသ ပဋိသန္ဓာရနှင့် ပြည့်စုံသူတို့မှာ အကျိုးစီးပွား ဖြစ်ထွန်းမြဲဖြစ်သည်၊ သက်သေမှာ အကျင့်သီလ ပဋိသန္ဓာရနှင့် ပြည့်စုံသဖြင့် အခြံအရံ မပျက်စီးဘဲလာသော လက္ခဏ သမင်ပညာရှိနှင့် အကျင့်သီလ ပဋိသန္ဓာရနှင့် မပြည့်စုံသဖြင့် အခြံအရံပျက်စီး၍ တစ်ကိုယ်တည်းလာသော ကာဠ သမင်မိုက်ကို ကြည့်ကြကုန်”

ဟု ဆုံးမစကား ပြောကြားကာသားနှစ်ယောက်ကိုလည်း နှစ်သက်စေ၍ အသက်ထက်ဆုံး တောတွင်နေလျက် သေလွန်သောအခါကံအားလျော်စွာ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသေန္ဓ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

- ထိုအခါကာဠသမင်သည် - ယခုအခါ ဒေဝဒတ်။

- ကာဠသမင်၏ပရိသတ်သည် - ဒေဝဒတ် ပရိသတ်။

- လက္ခဏသမင်သည်- သာရိပုတ္တရာ။

- လက္ခဏသမင်၏ပရိသတ်သည် - ဘုရားပရိသတ်။

- အမိသမင်မသည်- ရာဟုလား မယ်တော်။

- အဖသမင်မင်းသည်- ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁)အကျင့်သီလ၊ သန္ဓာရ၊ ရှိက ကြီးမားမှု။

(၂)သား လက္ခဏ၊ ညီကာဠ၊ သာဓကကိုရှု။

လက္ခဏမိဂဇာတ်ပြီး၏။

***

၁၂- နိဂြောဓမိဂဇာတ်

သမင်မငယ်ကိုအကြောင်းပြု၍ သတ္တဝါအပေါင်းအား ဘေးမဲ့ပေးအောင် တရားဟောကောင်းသောနိဂြောဓသမင်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မဂ်၊ ဖိုလ် ရှာမှီး အမျိုးသမီး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်ရာဇဂြိုဟ်ပြည်ဝယ် စည်းစိမ်ဥစ္စာ ကြွယ်ဝသော သူဌေးသမီးတစ်ယောက် ရှိသတတ်။ထိုသူဌေးသမီးကား ရှေးကုသိုလ်ကံဟောင်း များစွာရှိ၏။ ရုပ်၊ နာမ်၊ သင်္ခါရတို့ကိုဝိပဿနာရှုလေ့ရှိ၏။ ဤဘဝ အရဟတ္တဖိုလ်ကို ရလတ္တံ့သော ပစ္ဆိမဘဝိက ဖြစ်၏။

သိကြား လိမ္မာသည့်နေ့မှစ၍ လူအဖြစ်၌မမွေ့မလျော် ရဟန်းပြုလို၍ အမိ၊ အဖထံ အကြိမ်ကြိမ် ခွင့်တောင်းသော်လည်း မရသဖြင့်ရှိစေဦးတော့ “ ငါသည် လင်အိမ်သို့ ရောက်သောအခါမှ လင်ကို အနူးညွတ်ခွင့်ပန်ကာရဟန်းပြုတော့အံ့” ဟု ကြံစည်ကာနေလေ၏။

လူတို့နိယာမ အိမ်ထောင်ကျ

အရွယ်ရောက်သဖြင့်မိဘ သူဌေးကြီးတို့သည် အမျိုးတူ သူငယ်တစ်ယောက်နှင့် ထိမ်းမြားလက်ထ်ကြ၍ လင်အိမ်သို့ရောက်ခဲ့လေ၏။ ထိုသဌေးသမီးသည် လင်ကို အိမ်ဦးနတ်ကဲ့သို့ ရိုသေစွာ လုပ်ကျွေး၏။မကြာမီ ကိုယ်ဝန်တည်လေ၏။ ကိုယ်ဝန်တည်သည်ကို သတို့သမီး မသိလေ။

လင်ကိုပမာပြ အနာဝ

တစ်မြို့လုံးနက္ခတ်သဘင် ဆင်ယင်ကျင်းပလတ်သော် သူဌေးသမီးကား တစ်စုံတစ်ရာ ဖြီးလိမ်းဝတ်ဆင်ခြင်းကိုမပြုဘဲ ပကတိသော အဝတ်အစားဖြင့် သွားလေ၏။ ထိုအခါ လင်ယောကျ်ားက “ရှင်မ .. အဘယ်ကြောင့်မဖြီးမလိမ်း မဝတ်မဆင်ဘဲ သွားသနည်း” ဟု မေးလေ၏။

ထိုအခါသူဌေးသမီးက -

“အရှင့်သား ... ဤကိုယ်ကို တန်ဆာဆင်သဖြင့်အဘယ် အကျိုးရှိအံ့နည်း၊ မစင်အိုးကို ဆေးရေးကာ တန်ဆာဆင်သကဲ့သို့ ရှိချေမည်။ အနာဝမှပြည်ပုပ်၊ သွေးပုပ်တွေ ယိုစီးထွက်ကျနေသည့် အလား ဒွါရကိုးပေါက်မှ အညစ်အကြေးတွေနေ့စဉ် ထွက်ကျနေသဖြင့် စက်ဆုပ် ရွံရှာဖွယ် ညစ်ပတ်ပုပ်သိုး၍ နေသောဆုံးဆယ့်နှစ်ကောဋ္ဌာသ အစုအဝေးကြီး မဟုတ်ပါလော၊ ဘေးဒုက္ခ အမျိုးမျိုးတို့ တည်ရာမဟုတ်ပါလော၊ ပုထုဇဉ်မိုက်တို့ သုဘဟု ယူဆစေကာမူ အသုဘ အစစ်ကြီး မဟုတ်ပါလေ” ဟုခန္ဓာကိုယ်၏ အပြစ်တို့ကို သနစ်ကျကျ ပြန်ကြားပြောဆိုလေ၏။

ခင်ပွန်းခွင့်ရ ဘိက္ခုနီဘဝ

ထိုအခါလင်ယောကျ်ားက “ရှင်မ ... ဤမျှလောက် ခန္ဓာကိုယ်၏ အပြစ်ကို မြင်ပါလျက် အဘယ့်ကြောင့်ရဟန်းမပြုဘဲ နေသနည်း” ဟု ဆိုလျှင် အရှင် ခွင့်ပြုမူကား ယနေ့ပင် ရဟန်းပြုပါမည်ဟုပြောလေ၏။ လင်ယောကျ်ားလည်း “ရှင်မ ကောင်းပြီ၊ ရဟန်းပြုပါ” ဟု ခွင့်ပြုကာအလှူကြီးပေး၍ ပူဇော်သက္ကာရကိုပြုလျက် ရဟန်းမိန်းမတို့ ကျောင်းသို့ပို့ကာရဟန်းပြုစေ၏။

ရဟန်းဖြစ်ပြီး မကြာမြင့်မီကိုယ်ဝန်ရှိကြောင်း သိကြလျှင် ရဟန်းမိန်းမတို့သည် “အရှင်မ ... သင့်မှာကိုယ်ဝန်ရှိသည် မဟုတ်လော၊ အဘယ်ကြောင့် ကိုယ်ဝန်ရသနည်း” ဟု မေးကြလျှင်ထိုရဟန်းမိန်းမက “အရှင်မတို့ ... အဘယ့်ကြောင့် ကိုယ်ဝန်ရသည်ကို မသိပါ၊ အကျွန်ုပ်မှာသီလစင်ကြယ်ပါသည်” ဟု ဆိုလေ၏။

ဘုရားထံမှောက် ပို့ကာလျှောက်

ရဟန်းမိန်းမတို့လည်းဒေဝဒတ်ထံ ပို့ကြသောအခါ ဆင်ခြင်ငဲ့ညှာခြင်း မရှိဘဲ ဒေဝဒတ်က ဤရဟန်းမိန်းမကိုလူဝတ်လူစေ၍ နှင်ထုတ်ကြဟု အမိန့်ပေးကြောင်း ရဟန်းမိန်းမငယ်ကို ပြောကြားလေ၏။ရဟန်းမိန်းမငယ်လည်း “အရှင်မတို့ ... အကျွန်ုပ်မှာ ခဲခဲယဉ်းယဉ်း ရဟန်းအဖြစ်ကိုရခဲ့သည်၊ အရှင်ဒေဝဒတ်ကား ဘုရား မဟုတ်ပါ၊ ဘုရားထံမှာ ရဟန်းပြုပါသည်၊ အကျွန်ုပ်ကိုဘုရားထံ အရောက်ပို့ကြပါ” ဟု တောင်းပန်လေလျှင် ရဟန်းမိန်းတို့သည် လေးဆယ့်ငါး ယူဇနာကွာဝေးသော ဇေတဝန်ကျောင်းတော် ဘုရားထံ အရောက်ပို့ကာ အကြောင်းစုံ လျှောက်ထားကြကုန်၏။

ဝိသာခါစစ်ဆေး ကိုယ်ဝန်အရေး

မြတ်စွာဘုရားလည်းပရိသတ်လေးပါးအလယ်၌ စစ်ဆေးရန် ဝိနည်းဓိုရ် ဥပါလိမထေရ်ကို လွှဲအပ်သောအခါ ဥပါလိကဝိသာခါ ဒါယိကာမကြီးအား စစ်ဆေးစေ၍ ရဟန်းပြုချိန်နှင့် ကိုယ်ဝန်အခြေ အနေကိုနှိုင်းယှဉ်ကြည့်ကြရာ လူအဖြစ်ကရခဲ့သော ကိုယ်ဝန်ဖြစ်ကြောင်း ထင်ရှား သဖြင့်သီလစင်ကြယ်ကြောင်း ဆုံးဖြတ်ပြီးလျှင် ဘိက္ခုနီမတို့ ကျောင်းမှာပင် နေစေ၏။

သားငယ် ကဿပ ဖွားမြင်ရ

ထိုဘိက္ခုနီမလည်းကိုယ်ဝန်ရင့်သောအခါ သားယောကျ်ား ဖွားမြင်၍ သားငယ်ကို ကောသလမင်းကြီး မွေးမြူစေကာကဿပဟု အမည်မှည့်လေ၏။ ခုနစ်နှစ် ရှိသောအခါ မြတ်စွာဘုရားထံ ရှင်သာမဏေပြု၍၊အနှစ်နှစ်ဆယ် ရှိသောအခါ ရဟန်းအဖြစ်ကို ရရှိပြီး ရဟန္တာဖြစ်၍ ကုမာရကဿပဟု တွင်လေ၏။မယတော် ဘိက္ခုနီလည်း ဝိပဿနာကို ပွားစေလျက် ရဟန္တာမ အဖြစ်သို့ ရောက်လေ၏။

ရဟန်းတို့လည်း တရားသဘင်ဝယ် ကုမာရကဿပတို့သား အမိအကြောင်း စပ်မိကြ၍ “ဒေဝဒတ်မှာ သနားငဲ့ညှာခြင်းမရှိ ဖျက်ဆီးစေသည်၊မြတ်စွာဘုရားက ၎င်းတို့သား၊ အမိကို ထောက်ပံ့ ချီးမြှောက်တော်မူသည်” ဟုပြောကြားကြကုန်၏။ မြတ်စွာဘုရား ကြားတော်မူလျှင် -

“ရဟန်းတို့ ... ၎င်းတို့ သား၊ အမိကိုယခုအခါသာ ထောက်ပံ့ ချီးမြှောက်သည် မဟုတ်သေး၊ ရှေးအခါကလည်းထောက်ပံ့ချီးမြှောက်ခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

နိဂြောဓမည်တွင် ရွှေသမင်

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ရွှေအဆင်းရှိသော ဘုရားအလောင်းနိဂြောဓ သမင်မင်းသည် သမင်ငါးရာ အခြံအရံနှင့်တကွ တောတွင် နေလေ၏။ ၎င်း၏ အနီး၌ရွှေအဆင်းရှိသော သာခသမင်းလည်း အခြံအရံငါးရာနှင့်ပင် နေလေ၏။

ဗာရာဏသီမင်းကြီးကား သမင်တို့ကိုသတ်လေ့ရှိ၏။ အသားနှင့်ကင်း၍ ပွဲတော်မတည်လေ။ တိုင်းသူပြည်သားတို့ကိုအလုပ်ပျက်စေလျက် စုရုံးကာ နေ့တိုင်း သမင်လိုက် သွားလေ့ရှိ၏။

ပွဲတော်စာတွက် ရှာဖွေထွက်

ထိုအခါလူတို့သည် “ငါတို့မင်းကြီးကား ငါတို့ကို နေ့စဉ် အလုပ်ပျက်စေသည်၊ ဥယျာဉ်တော်ဝယ်အစာရေစာတို့ကို ပြည့်စုံအောင် စီမံ၍ လုံခြုံစွာ ဝင်းခြံကာလျက် တံခါးတို့ကိုတပ်ဆင်ပြီးလျှင် တောတွင်းရှိ သမင်တို့ကို ခြောက်လှန့် စုရုံးကာဥယျာဉ်တော်သို့သွင်း၍ ပေးထားရလျှင် သင့်လျော်မည်” ဟု ကြံစည်၍ သမင်တောသို့သွားပြီးလျှင် ပိုက်ကွန်တို့ဖြင့် စုရုံးကာ ဥယျာဉ်တော်သို့သွင်း၍ တံခါးကိုလုံခြုံစွာ ပိတ်ပြီးလျှင် မင်းကြီးအား လျှောက်ကြားကြလေ၏။

နေ့စဉ်သတ်စား သမင်သား

မင်းကြီးလည်းနှစ်သက်အားရတော်မူသဖြင့် ဥယျာဉ်တော်သို့ သွားကာ ကြည့်ရှုလေလျှင်ရွှေသမင်နှစ်ကောင်ပါလာသည်ကို မြင်၍ “အမောင်တို့ ... ဤရွှေသမင် နှစ်ကောင်ကိုမသတ်ကြနှင့်” ဟု ဘေးမဲ့ပေးလေ၏။ မင်းကြိးသည် ရံခါ ဥယျာဉ်တော်သို့ ကိုယ်တိုင် သွားကာသမင်တစ်ကောင်ကို ပစ်၍ ယူခဲ့၏။ ရံခါ စားတော်ချက်ကို ဥယျာဉ်တော်သို့ သွားစေလျက်သမင်တစ်ကောင်ကို ပစ်၍ ယူဆောင်စေ၏။

သမင်တို့သည် လေးကိုမြင်လျှင် သေဘေးမှကြောက်၍ အတင်း ပြေးကြသည့်အတွက် တစ်ကောင်နှင့် တစ်ကောင် တိုးဝှေ့မိကြသဖြင့်ဆင်းရဲပင်ပန်းခြင်း၊ နာကျင်ခြင်း၊ သေကျေ ပျက်စီးခြင်းသို့ ရောက်ကြကုန်၏ ထိုအခါသမင်တို့သည် ထိုအကြောင်းကို ဘုရားအလောင်းသမင်မင်းအား ပြောကြားကုန်၏။

အသေခံထွက် တိုင်ပင်ချက်

ဘုရားအလောင်းသမင်မင်းလည်း သာခ သမင်မင်းကို ခေါ်စေ၍ “အဆွေ ... ယခုအခါ သမင်တို့ ကြောက်လန့်တကြားပြေးကြသဖြင့် ပျက်စီးကြကုန်၏။ စင်စစ်သော်ကား တစ်နေ့နေ့တွင် မုချ သေကြရမည်။ယနေ့မှစ၍ မြားဖြင့် မပစ်စေဘဲ စဉ်းတီတုံးပေါ်တွင် သင့်ပရိသတ်မှ တစ်ရက်၊ ငါ့ ပရိသတ်မှတစ်ရက်အားဖြင့် တစ်လှည့်စီ သမင်တစ်ကောင်သွား၍ စဉ်းတီတုံးပေါ်တွင် အိပ်စေရမည်။ သို့မှသမင်တွေ မပင်ပန်းဘဲ ရှိကြမည်” ဟု တိုင်ပင်လေ၏။ သာခသမင်လည်း ကောင်းပြီဟု ဝန်ခံကာတစ်လှည့်စီ တိုင်ပင်သည့်အတိုင်း နေ့စဉ် သမင်တစ်ကောင်စီသွား၍ စဉ်းတီတုံးပေါ်တွင်အိပ်စေ၏။

တစ်နေ့သ၌ သာခသမင်မင်း၏ ပရိသတ်ထဲမှကိုယ်ဝန်ရှိသော သမင်မငယ်တစ်ကောင် အလှည့်သို့ ရောက်လေ၏။ ထိုအခါ သမင်မသည်သာခသမင်မင်းထံကပ်၍ “အရှင် ... ကျွန်ုပ် အလှည့်ကို ကျော်လွန်ပါစေဦး၊ ကျွန်ုပ်မှာကိုယ်ဝန်ရှိပါသည်၊ မွေးဖွားပြီးသောအခါ သား၊ အမိ နှစ်ယောက်လုံး၏ အလှည့်သည်ဖြစ်လာပါလတ္တံ့” ဟု ဆိုလေလျှင် သာခသမင်မင်းက “ သင့်အလှည့်ကို သူတစ်ပါးအပေါ်သို့မချလို၊ သင်သာ ယူလော့” ဟု ဆိုလေ၏။

ကယ်ဆယ် မ စ လောင်းတော်ဘဝ

သမင်မငယ်လည်းသာခသမင်မင်းထံမှာ တစ်စုံတစ်ရာ မထောင်အပံ့ကို မရလတ်သော် နိဂြောဓ မမင်မင်းထံ ကပ်၍အကြောင်းကြားလေ၏။ နိဂြောဓ သမင်မင်းလည်း “ကောင်းပြီ၊ သင်ပြောတိုင်း မှန်စေ” ဟုဆိုကာ သမင်မ ငယ်ကို လွှတ်လိုက်၍ သမင်မငယ်၏ အလှည့်ကို မိမိကိုယ်တိုင် ယူကာစဉ်းတီတုံးပေါ်တွင် အိပ်လေ၏။ စားတော်ချက်လည်း ဘေးမဲ့ပေးထားသော ရွှေသမင်မင်းကိုမသတ်ဝံ့သဖြင့် မင်းကြီးထံ အကြောင်းကြားလေ၏။

အများသတ္တဝါ ချမ်းသာရာ

မင်းကြီးလည်း ဥယျာဉ်တော်သို့ လာလတ်၍စဉ်းတီတုံးပေါ်တွင် အိပ်နေသော ဘုရားအလောင်း ရွှေသမင်မင်းကို မြင်လျှင် မေးလေ၏။

မေး။ ။အို သမင်မင်း ... သင့်အား ဘေးမဲ့ပေးထားသည် မဟုတ်ပါလော၊ အဘယ်ကြောင့် စဉ်းတီတုံး၌အိပ်သနည်း။

ဖြေ။ ။ ကိုယ်ဝန်ရှိသောသမင်မငယ်တစ်ကောင် လာ၍ ကျွန်ုပ် အလှည့်ကို တစ်ပါးသော သမင်သို့ ရောက်ပါစေဥိးဆိုလာသဖြင့် သေခြင်းဆင်းရဲကို သူတစ်ပါးထံ မပို့လို၊ မိမိပင်ခံ၍ သမင်မငယ်အားအသက်ကိုပေးမည်ဟု အိပ်ပါသည်။ အလိုရှိတိုင်း ပြုတော်မူပါ။

အိုသမင်မင်း ... သမင်မင်းကဲ့သို့ သူ တစ်ပါးအပေါ် မေတ္တာ၊ ကရုဏာ ရှိသူကို လူထဲ၌ သော်လည်းမမြင်ဘူးပါ။ သို့အတွက် သမင်မင်းကို ကြည်ညိုလှသဖြင့် သမင်မင်းအား လည်းကောင်း၊ကိုယ်ဝန်ရှိသော သမင်မငယ်အား လည်းကောင်း ဘေးမဲ့ပေးပါသည်။

မေး။ ။ ကြွင်းသောသမင်များအတွက် အသို့နည်း။

ဖြေ။ ။ ဥယျာဉ်တော်၌ရှိသည့်ကြွင်းသော သမင်များကိုလည်း ဘေးမဲ့ပေးပါသည်။

မေး။ ။ တောထဲ၌ရှိသောသမင်များအတွက် အသို့နည်း။

ဖြေ။ ။ တော်ထဲ၌ရှိသောသမင်များကိုလည်း ဘေးမဲ့ပေးပါသည်။

မေး။ ။ သမင်မှတစ်ပါးအခြေလေးချောင်းရှိ သားများ အတွက် အသို့နည်း။

ဖြေ။ ။ သမင်မှတစ်ပါးအခြေလေးချောင်းရှိ သားများကိုလည်း ဘေးမဲ့ပေးပါသည်။

မေး။ ။ အခြေနှစ်ချောင်းရှိငှက်များအတွက် အသို့နည်း။

ဖြေ။ ။ အခြေနှစ်ချောင်းရှိငှက်များကိုလည်း ဘေးမဲ့ပေးပါသည်။

မေး။ ။ ငါး၊လိပ် စသော ရေသတ္တဝါများအတွက် အသို့နည်း။

ဖြေ။ ။ ငါး၊လိပ် စသော ရေသတ္တဝါများကိုလည်း ဘေးမဲ့ပေးပါသည် -

ပြောဆိုပြီးလျှင် အလုံးစုံသော သတ္တဝါတို့အား ဘေးမဲ့ပေးလေ၏။

ဗုဒ္ဓလောင်းလျ တရားပြ

နိဂြောဓသမင်းမင်းလည်း မင်းကြီးထံမှ အလုံးစုံသော သတ္တဝါတို့အား ဘေးမဲ့ပေးခြင်းကို ရရှိလျှင်စဉ်းတီးတုံးမှ ထ၍ မင်းကြီးအား ငါးပါးသီလ၌ တည်စေ၍ မင်းကျင့်တရား ဆယ်ပါးနှင့်အညီမင်းပြုရန် အဆုံးအမပေးကာ ဥယျာဉ်တော်ဝယ် နှစ်ရက်၊ သုံးရက်နေပြီးလျှင် သမင်အပေါင်းခြံရံက တောသို့ဝင်လေ၏။

သမင်မငယ်လည်း သားငယ် ဖွားမြင်ပြီးလျှင်မိမိသားငယ်ကို -

“ချစ်သား ... အကျိုးစီးပွားကို လိုလျှင်နိဂြောဓ သမင်မင်းကိုသာ ဆည်းကပ်လေ၊ သာခသမင်မင်းကို မဆည်းကပ်လေနှင့်၊ သာခသမင်မင်းထံအသက်ရှည်နေရခြင်းထက် နိဂြောဓ သမင်မင်းထံမှာ သေရခြင်းက မွန်မြတ်သေးသည်” –

ဟု ဆုံးမလေ့ရှိ၏။

ထိုအခါမှစ၍ လူတို့ ကောက်ပဲသီးနှံတို့ကိုစားကုန်သော်လည်း သမင်တို့ကို မပစ်ခတ် မညှဉ်းဝံ့ကြသဖြင့် မင်းကြီးထံ လျှောက်ကြလေ၏။မင်းကြီးလည်း နိဂြောဓ သမင်မင်းထံ အကြောင်းကြားစေ။ သမင်မင်းလည်း သမင်အပေါင်းတို့ကိုစည်းဝေးစေပြီးလျှင် လူတို့ ကောက်ပဲသီးနှံတို့ကို မစားကြရန်နှင့် မဖျက်ဆီးကြရန်အဆုံးအမ ပေးလေ၏။ လူတို့အားလုံးလည်း မိမိတို့ ကောက်ပဲသီးနှံခင်းတို့၌ တိုင်တို့ကိုစိုက်ထူလျက် သစ်ရွက်အမှတ်အသား ဖွဲ့ချည်၍ ထားကြကုန်ဟု မှာထားလေ၏။

သမင်တို့လည်း သစ်ရွက် အမှတ်အသားရှိသောလယ်ခင်း၊ ယာခင်းတို့ကို ဖျက်ဆီး စားသောက်ခြင်းမှ ရှောင်ကြဉ်ကြကုန်၏။ ထိုအခါမှစ၍လယ်ခင်း၊ ယာခင်းတို့၌ ပန်းလုံးတိုင်စိုက်သော အထိမ်းအမှတ် ဖြစ်ခဲ့သတည်း။

ဇာတ်ပေါင်း

ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်-

ရဟန်းတို့ -

ထိုအခါ သာခသမင်သည် - ယခုအခါ ဒေဝဒတ်။

သာခသမင်၏ ပရိသတ်သည် - ဒေဝဒတ်၏ ပရိသတ်။

ကိုယ်ဝန်ရှိသောသမင်မငယ်သည် - ကို်ယ်ဝန်ရှိသော ဘိက္ခုနီမ။

သမင်မငယ်၏သားသည် - ကုမာရကဿပ။

ဗာရာဏသီမင်းသည်- အာနန္ဒာ။

နိဂြောဓသမင်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု အတိတ်ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁)အသက်ကိုကယ်၊ ကိုယ့်သက်လှယ်၊ အံ့ဖွယ်ရွှေသမင်။

(၂)သတ္တဝါပေါင်း၊ ဘေးမဲ့ကြောင်း၊ တောင်း၍ ပေးသည်ပင်။

(၃)ပန်းလုံးတိုင်ထား၊ လယ်, ယာများ၊ မှတ်သားထိုကပင်။

နိဂြောဓမိဂဇာတ်ပြီး၏။

***

၁၃ - ကဏ္ဍိဇာတ်

ကိလေသာ၌တပ်မက်သဖြင့် အသက်သေရသော သမင်မိုက် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိန်းမလှည့်စားရဟန်းတစ်ပါး

နတ်လူတို့ ဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မယားဟောင်းသည်ဖြားယောင်း သွေးအောင်အပ်သဖြင့် သာသနာတော်၌ ငြီးငွေ့သော ရဟန်းတစ်ပါး ရှိသတတ်။

ထိုရဟန်းအားမြတ်စွာဘုရားသည် “ချစ်သား ရဟန်း ... သင်သည် အဘယ်ကြောင့် သာသနာဘောင်၌ငြီးငွေ့ဘိသနည်း၊ သင်သည် ဤမိန်းမကို အမှီပြု၍ ရှေးအခါ၌လည်း အသက်ဆုံးရှုံးကာမီးကျီးစု၌ ကျက်ရဖူးလေပြီ ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

[ပစ္စုပ္ပန် ဝတ္ထု အကျယ်ကား အဋ္ဌကနိပါတ် ဣန္ဒြိယဇာတ်၌ ထင်ရှား လတ္တံ။]

အတိတ်ဝတ္ထု

မနောက်ကိုလိုက်သမင်မိုက်

လွန်လေပြီးသောအခါ မဂဓတိုင်းရာဇဂြိုဟ်ပြည်ဝယ် မဂဓမင်း မင်းပြုသည်ရှိသော် သမင်တို့သည် စပါးမှည့်သောအချိန်ဝယ်ကြီးစွာသော ဘေးရန်ဖြစ်သည့်အတွက် တောင်ခြေရင်းတွင်သာ နေကြကုန်၏။

သမင်တစ်ကောင်သည်တောင်ခြေရင်းမှ ဆင်းသက်ကာ ရွာအနီးရှိ သမင်မတစ်ကောင်နှင့် ချစ်ကျွမ်းဝင်၍မိတ်ဖွဲ့ကာ တောင်ခြေရင်းသို့ မပြန်ဘဲ အတူတကွနေလေ၏။ သမင်မသည် “ အရှင် ... အရှင်ကားတောနေသမင်ဖြစ်၍ ရွာနီး၌ မကျွမ်းကျင်၊ ရွာအနီးဝယ် ဘေးရန်အလွန်များသည်၊ တောသို့ပြန်ပါ” ဟု ပြောသော်လည်း သမင်မ၌ ကြိုက်နှစ်သက်ကာ မခွဲနိုင်ဘဲ သွားရာသို့သာလိုက်လေ၏။

မကို ခင်မင် သေပွဲဝင်

တစ်နေ့သ၌ သမင်နှစ်ကောင်လာသောလမ်းဝယ် မုဆိုးတစ်ယောက်သည် ပုန်းအောင်းကာ နေလေ၏။ သမင်မသည် လူနံ့ရသဖြင့်မုဆိုး စောင့်နေသည် ဖြစ်လိမ့်မည်ဟု သမင်မိုက်ကို ရှေ့ကသွားစေ၍ မိမိမူကား သတိနှင့်လိုက်လေ၏။ မုဆိုးလည်း မြားဖြင့် တအားပစ်လိုက်လျှင် ရှေ့ကသွားသော သမင်မိုက်သေသောအခါ သမင်မလည်း လေကဲ့သို့ လျင်မြန်သောအဟုတ်ဖြင့် တောသို့ ဝင်၍ ပြေးလေ၏။

မုဆိုးလည်းအုံမှထွက်ကာ သမင်သေကို ဖျက်၍ ကောင်းနိုးရာရာ အသားကို မီးကင်၍ စားပြီးလျှင်ကျန်သောအသားကို ထမ်းပိုးဖြင့် ထမ်းကာ အိမ်သို့ ပြန်လေ၏။

ကာမဂုဏ်ငါးပါးဂရဟာတရား

တောအုပ်၌နေသော ရုက္ခစိုးနတ်မင်းသည် သမင်မိုက်၏ အကြောင်းကို မြင်လေသော် “ အို နတ်အပေါင်းတို့ ... ဤသမင်မိုက်သေရခြင်းကား အမိအတွက် သေရခြင်း မဟုတ်၊ အဖအတွက်လည်း သေရခြင်း မဟုတ်၊ အမှန်သော်ကားကာမဂုဏ်အတွက် သေရခြင်းသာ ဖြစ်သည်။ သတ္တဝါတို့မှာ ကာမဂုဏ်ငါးပါးမှီ၍ ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံစားကြရသည်” စသည်ဖြင့် ကာမဂုဏ်၏ အပြစ်အမျိုးမျိုးကို ပြကာ သုံးပါးသောဂရဟာဝတ္ထုကို ဆက်၍ ဟောပြန်၏။

အိုနတ်အပေါင်းတို့ -

မြားဖြင့် ပစ်တတ်သော ယောကျ်ားမှာ စက်ဆုပ်ဖွယ်၊ ကဲ့ရဲ့ဖွယ်ပါတကား-

မိန်းမတို့ စီမံအုပ်ချုပ်သော တိုင်းခရိုင် နိုင်ငံလည်းစက်ဆုပ်ဖွယ်၊ ကဲ့ရဲ့ဖွယ်ပါတကား-

မိန်းမအလိုသို့၊ ကာမဂုဏ်အလိုသို့ လိုက်သော သူလည်း စက်ဆုပ်ဖွယ်၊ကဲ့ရဲ့ဖွယ်ပါတကား-

ဤသို့ဟောတော်မူရာ တောစောင့်နတ် အပေါင်းတို့သည် ကောင်းချီးပေးကာ ပန်းနံ့သာတို့ဖြင့်ရုက္ခစိုးနတ်ကို ပူဇော်ကြကုန်၏။

ဤဒေသနာတော်၏ အဆုံး၌ မယားဟောင်းဖြားယောင်းသဖြင့် သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်-

ရဟန်းတို့ -

ထိုအခါ တောင်ခြေရင်း၌နေသော သမင်သည် - ယခုအခါ ငြီးငွေ့သော ရဟန်း။

သမင်မငယ်သည် - ငြီးငွေ့သော ရဟန်း၏ မယားဟောင်း။

ရုက္ခစိုး နတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁)မြားဖြင့်ပစ်ငြား၊ ထိုယောကျ်ား၊ အများကဲ့ရဲ့ဖွယ်။

(၂)မိန်းမစီမံ၊ တိုင်းနိုင်ငံ၊ အမှန်ကဲ့ရဲ့ဖွယ်။

(၃)မိန်းမလိုလိုက်၊ ထိုလူမိုက်၊ လူ၌ကဲ့ရဲ့ဖွယ်။

ကဏ္ဍိဇာတ်ပြီး၏။

***

၁၄ - ဝါတမိဂဇာတ်

ရသတဏှာတပ်မက်သဖြင့် မင်းနန်းတွင်း ရောက်အောင် ဖြားယောင်းခံရသော ဝါတမိဂသမင်ပျံ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရသာလိုက်စား ရဟန်းတစ်ပါး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌သီတင်းသုံးတော်မူစဉ် တစ်ယောက်တည်းသော သားဖြစ်၍ မိဘတို့ထံမှ ခဲယဉ်းစွာ ခွင့်ပန်၍ရဟန်းပြုခဲ့ရသော ရာဇဂြိုဟ်ပြည်သား စူဠပိဏ္ဍပါတိကတိဿမထေရ်သည် ဓုတင် တစ်ဆယ့်သုံးပါးလုံးကို ဆောင်ကာ မြတ်စွာဘုရားထံတွင် နေလျက် သာဝတ္ထိပြည်တွင် အိမ်စဉ်အလိုက်ဆွမ်းခံသွား၍ အချိန်ကာလကို ကုန်လွန်စေ၏။

ထိုအခါ ရာဇဂြိုဟ်ပြည်ဝယ် နက္ခတ်ပွဲသဘင် ဆင်ယင်ခင်းကျင်းလျက်လူအများတို့ မြူးတူး ပျော်ပါးခြင်း ဖြစ်လတ်သော် စူဠပိဏ္ဍပါတိကတိဿမထေရ်၏ အမိ၊ အဖတို့သည် “ ငါတို့ တစ်ယောက်တည်းသော သားကို ရဟန်းဂေါတမ ယူသွားသဖြင့် နက္ခတ်သဘင်မကစားရတော့ပြီ” ဟု ကောင်းမွန်စွာ ရဟန်းပြုသွားသော သားကို သေရွာသို့ သွားသည့်အလား ယူကျုံးမရ လွမ်းဆွတ်တမ်း ကာတစာစာနှင့် ငိုကြွေးကြကုန်၏။

ဖြားယောင်းခိုင်းရ လူ့ဘဝ

ထိုအခါပြည့်တန်ဆာမ တစ်ယောက် လာလတ်၍ သူဌေးကတော်အား “ မိခင် မစိုးရိမ်ပါနှင့်၊ မိခင်တို့သားသည် ဘယ်အစာ အာဟာရို ကြိုက်သနည်း” ဟု မေး၍ မည်သည့် အစာအာဟာရကို ကြိုက်သည်ဟုသူဌေးကတော်က ပြောလေလျှင် “မိခင်အိမ်ရှိ အလုံးစုံသော ပစ္စည်းကို ပေးလျှင်မိခင်တို့သားကို ရအောင် ယူပေးပါမည်” ဟု ဆိုလေ၏။ သူဌေးကတော်ကလည်း “ကောင်းပြီပေးပါမည်၊ သားကိုသာ ရအောင် ယူခဲ့ပါ” ဟု မှာထားကာ ရိက္ခာအလုံ အလောက် ပေးလိုက်၏။

ပြည့်တန်ဆာမလည်း လှည်းပေါင်းချုပ်ကိုစီးလျက် သာဝတ္ထိပြည်သို့ သွားပြီးလျှင် စူဠပိဏ္ဍပါတိကတိဿမထေရ် ဆွမ်းခံလမ်းဝယ်အိမ်တစ်လုံးကိုယူကာ မိမိ အခြွေအရံနှင့် နေလေ၏။ အထေရ် ဆွမ်းခံကြွလာသောအခါ အရသာနှင့်ပြည့်စုံသော ယာဂုဆွမ်းတို့ကို လှူဒါန်းကာ တဖြည်းဖြည်း အကျွမ်းဝင်သဖြင့် နေ့စဉ်အိမ်သို့ပင့်၍ လှူဒါန်းလေ၏။

တဏှာနှောင်ဖွဲ့ စူးဝင်ခဲ့

ရသတဏှာဖြင့်နှောင်ဖွဲ့ မိသဖြင့် မိမိအလိုသို့ လိုက်မှန်းသိသောအခါ ပြည့်တန်ဆာမသည် တစ်နေ့သ၌နာဖျားဟန်ပြုကာ အိမ်တွင်း၌ အိပ်လေ၏။ မထေရ်လည်း ဆွမ်းခံလာလတ်သော် ပြည့်တန်ဆာမကိုမမြင်၍ အလုပ်အကျွေး မိန်းမတို့အား “ သီတင်းသည်မ ဘယ်မှာနည်း” ဟု မေးလျှင် “သီတင်းသည်မသည် မကျန်းမာ၍ အိမ်ထဲတွင် အိပ်နေပါသည်၊ အရှင်ဘုရားကိုလည်းဖူးမြင်လိုလှပါသည်” ဟု လျှောက်ကြလေ၏။

အာရုံနောက်ပါ လူထွက်ရှာ

အထေရ်လည်းရသတဏှာ၏ အနှောင်အဖွဲ့ကို မဖြေချွတ်နိုင်တော့ဘဲ မိမိ ဆောက်တည်ထားသော ဝတ်ကို ဖျက်၍ပြည့်တန်ဆာမ အိမ်ခန်းတွင်းသို့ ဝင်လေ၏။ ပြည့်တန်ဆာမလည်း မိမိ လာခဲ့သောအကြောင်းရင်းကို အလုံးစုံ လျှောက်ထားကာ ရသတဏှာဖြင့် ဖြားယောင်းလျက်လူထွက်စေပြီးလျှင် အလိုသို့ လိုက်စေလျက် အခြွေအရံနှင့်တကွ ရာဇဂြိုဟ်ပြည်သို့ပြန်လေ၏။

ရဟန်းတို့သည် ထိုမထေရ်၏ အကြောင်းကိုတရားသဘင်ဝယ် စကားစပ်မိ၍ မြတ်စွာဘုရားကို လျှောက်ထားကြရာ မြတ်စွာဘုရားက “ရဟန်းတို့... ထိုရဟန်းသည် ယခုမှသာလျှင် ရသတဏှာဖြင့် နှောင်ဖွဲ့မိ၍ ထို ပြည့်တန်ဆာမ၏ အလိုသို့လိုက်သည် မဟုတ်သေး၊ ရှေးအခါကလည်း လိုက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ရသာခုံမင် တောသမင်

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် သဉ္စယမည်သော ဥယျာဉ်မှူးသည် မင်းကြိးဥယျာဉ်ကို ပြုပြင်စီမံလျက် ဥယျဉ်မှ ထွက်သော ပန်း၊ သစ်သီးတို့ကို နေ့စဉ် မင်းကြီးထံဆက်သရ၏။ ထို ဥယျာဉ်သို့ ဝါတမိက သမင်တစ်ကောင်သည် အမြဲလာ၍ ကျက်စားလေ့ရှိ၏။

တစ်နေ့သ၌ မင်းကြီးသည် ဥယျဉ်မှူး ကို “အချင်းဥယျာဉ်မှူး .... ဥယျာဉ်တော်ဝယ် တစ်စုံတစ်ရာ ထူးထူးဆန်းဆန်း ရှိပါသလော” ဟု မေးလျှင်ဥယျာဉ်မှူးက “မှန်လှပါ တခြားထူးထူးဆန်းဆန်းကိုတော့ မမြင်ပါ၊ ဝါတမိဂ သမင်တစ်ကောင် ကျက်စားလာသည်ကို မြင်ရပါသည်”ဟု လျှောက်လေ၏။ “ အသင် ရအောင် ဖမ်းနိုင်ပါမည်လော”၊ “မှန်လှပါ၊ ပျားရည်အနည်းငယ်ရလျှင် ဖမ်းနိုင်ပါမည်” ဟု လျှောက်လေလျှင် မင်းကြီးက ပျားရည်ပေးကာဖမ်းရန်လွှတ်လိုက်၏။

အစာပြသ သွေးဆောင်ကြ

ဥယျာဉ်မှူးလည်းနေ့စဉ် ဝါတမိဂသမင ကျက်စားရာ အရပ်၌ မြက်တို့ကို ပျားရည်လူးကာ မိမိကားအနီးအနားချုံတွင် ပုန်းအောင်လျက်သာနေ၏။ သမင်လည်း ပျားရည်လူး မြက်တို့ကိုနေ့စဉ်စားကာ ရသတဏှာဖြင့် နှောင်ဖွဲ့ထားသည့်အတွက် တခြားအရပ်သို့ မသွားတော့ဘဲဥယျာဉ်တော်တွင်သာ အမြဲ ကျက်စားလေ၏။ ဥယျာဉ်မှူးလည်း ကိုယ်ရောင်ပြကာ တဖြည်းဖြည်းယဉ်ပါးအေင်ပြုလျက် လက်ပေါ်တင်ထားသော ပျားလူးမြက်ကိုပင် မကြေက်မရွံ့ စားဝံ့အောင်ဖြားယောင်း သွေးဆောင်လေ၏။

ရသာနှစ်ခြိုက် ကောက်ကောက်လိုက်

မကြာမီမိမိ ခေါ်ဆောင်ရာသို့ ပါမည်ကိုသိလျှင် ဥယျာဉ်တော်မှ နန်းရင်ပြင်သို့ အရောက် ဖျာ၊ရိုင်တို့ဖြင့် ကာရံစေပြီးလျှင် သစ်ခက်တို့ဖြင့် ဖုံးလွှမ်းလျက် ပျားလူးမြက်တို့ကိုချ၍ထားလေ၏။ ဥယျာဉ်တော်သို့ သမင် ရောက်သောအခါ ပခုံးတွင် ပျားလူးမြက်ကို လွယ်၍လက်တွင်ကိုင်ထားသော ပျားလူးမြက်တို့ကို ချကာ ချကာ ရသတဏှာဖြင့် မျှား၍ခေါ်ဆောင်သွားလေရာ နန်းရင်ပြင် တိုင်အောင် သမင်ရောက်လျှင် တံခါးတို့ကို ပိတ်၍ထားလေ၏။

ရသတဏှာပြ ဆိုဆုံးမ

မင်းကြီးလည်းနန်းပြာသာဒ်မှ ဆင်းသက်လျက် လူတို့ကို ကြောက်သဖြင့် ထိုမှ ဤမှ ပြေးကာ ဝါတမိဂသမင်ကိုမြင်လျှင် အံ့ဩလျက် “အချင်းတို့ ... ဝါတမိဂသမင်တို့ မည်သည်ကား လူကိုတွေ့ဖူးသောအရပ်သို့ ခုနစ်ရက်တိုင်အောင် မလာ၊ ထိတ်လန့်ဖူးသော အရပ်သို့ တစ်သက်လုံးမလာ၊ ရသတဏှာကို လိုက်စားမိသည့်အတွက် ဤအရပ် တိုင်အောင်ပင် လာပေသည်” ဟုမိန့်တော်မူ၏။ ထို့နောက် မင်းကြီးသည် -

“အချင်းတို့ ...

ရသတဏှာအောက် ပိုလွန်ယုတ်မာော တဏှာမည်သည်မရှိ၊ ရသတဏှာကား နေရာထိုင်ခင်းတို့၌ တပ်စွန်းသော တဏှာ၊ အဆွေခင်ပွန်းတို့၌တပ်စွန်းသော တဏှာတို့အောက် အဆပေါင်းများစွာ ယုတ်မာ၏။

အချင်းတို့ ... သဉ္စယ ဥယျာဉ်မှူးသည်ရသတဏှာဖြင့် ဖြားယောင်း၍ ယူဆောင်ခဲ့သော ဝါတမိဂသမင်ကို ကြည့်ရှုကြကုန်လော့”

ဟု လူအပေါင်းတို့အား ရသတဏှာ၏ယုတ်မာဆိုးကြောင်းကို ပြောဆိုဆုံးမကာ ဝါတမိဂသမင် ကို ချမ်းသာစွာ တောအရပ်သို့ပို့စေ၏။

ဇာတ်ပေါင်း

ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်-

ရဟန်းတို့ -

ထိုအခါ သဉ္စ ဥယျာဉ်မှူးသည် - ယခုအခါ ပြည့်တန်ဆာမ။

ဝါတမိဂသမင်သည် - စူဠပိဏ္ဍပါတိကတိဿ။

ဗာရာဏသီမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁)ကောင်းသည့်ရသာ၊ စွဲလမ်းရာ၊ တဏှာယုတ်ဟုခေါ်။

(၂)ပျားလူးမြက်မင်၊ တောသမင်၊ နန်းတွင်ရောက်ထုံးမြော်။

ဝါတမိဂဇာတ်ပြီး၏။

***

၁၅- ခရာဒိယဇာတ်

မိဂမာယာမသင်သဖြင့် ကျော့ကွင်းတွင် အသက်ဆုံးရှုံးရသော ဆုံးမခက်သည့် သမင်ငယ် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆုံးမ မလိုက် တပည့်မိုက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မထင်ရှားသောအဆုံးမခက်သော ရဟန်းတစ်ပါး ရှိသတတ်။ ထိုရဟန်းသည် သီတင်းသုံးဖော် ဆရာသမားတို့အဆုံးအမ ဩဝါဒကို နာယူလေ့မရှိ။

မြတ်စွာဘုရား သိတော်မူလျှင် ခေါ်တော်မူ၍“ ရဟန်း ... သင် အဆုံးမခက်၏ ဟူသည်မှန်သလော” ဟု မေးတော်မူလျှင် မှန်ပါ၏ ဟုလေဆာက်ထားရာ “ရဟန်း ... သင်ကား ယခုအခါမှ အဆုံးအမခက်သည် မဟုတ်၊ ရှေးအခါ ပညာရှိတို့အဆုံးအမကို မနာယူသဖြင့် ကျော့ကွင်းတွင်မိ၍ အသက်ဆုံးရှုံးရဖူးပြီ” ဟုမိန့်တော်မူပြီးလျှင် အောက်ပါ အတတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မာယအတွက် အပ်နှင်းလျက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ်ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်း သမင်မင်းသည် သမင်အပေါင်း ခြံရံလျက်တောတွင်နေ၏။ သမင်မင်း၌ “ခရာဒိယ” မည်သော နှမ သမင်တစ်ကောင် ရှိသတတ်။

ထိုခရာဒိယ မည်သော သမင်မသည် မိမိ၏ သားသမင်ငယ်ကို ဆောင်ယူကာ အစ်ကို သမင်မင်းထံသွား၍ “အစ်ကိုကြီး ... ဤသမင်ငယ်ကားအစ်ကိုကြီး၏ တူ ဖြစ်သည်၊ ဤ သမင်ငယ်အား မိဂမာယာကို သင်ပေးပါ” ဟု အပ်နှင်းလေ၏။

ဆုံးမလေရာ မလိုက်နာ

သမင်မင်းသည်တူ သမင်ငယ်ကို “ အမောင် ... မိဂမာယာကို သင်ကြားရန် ဤအချိန်၌ လာလော့” ဟုမှာထားချိန်းချက်ပြုသော်လည်း မှာထားသော အချိန်၌မလာ၊ ထိုနေ့ ကဲ့သို့ပင် ခုနစ်ရက်ခုနစ်လီ တိုင်အောင် မလာ၊ အဆုံးအမကို မနာယူဘဲ နေလေ၏။

ထိုသမင်ငယ်သည် မိဂမာယာကိုမသင်ကြားဘဲလျက် ကျက်စားလတ်သော် ကျော့ကွင်း၌ မလေ၏။ ထိုအခါ အမိ သမင်မသည်အစ်ကိုကြီးထံသွား၍ “အစ်ကိုကြီး .... တူဖြစ်သော သမင်ငယ်အား မိဂမာယာကို သင်ကြားပေးပါသလော” ဟု မေးလျှင် “ခရာဒိယ မည်သော နှမငယ် ... သင်၏သားသည် ငါ့စကားကို နားမထောင်၊ အလွန်ဆုံးမရန် ခက်၏။ သို့အတွက် သင့်သားကိုဆုံဆုံးမဖို့ စိတ်မကူး” ဟု ပြန်ကြား ပြောဆိုလိုက်၏။

အဆုံးမခက်သော သမင်ငယ်လည်းကျော့ကွင်းတွင် မိ၍ မုဆိုးသတ်သဖြင့် အသက်ဆုံးခြင်းသို့ ရောက်ရလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်-

ရဟန်းတို့ -

ထိုအခါ တူဖြစ်သော သမင်မိုက်သည် - ယခုအခါ အဆုံးမခက်သော ရဟန်း။

ခရာဒိယ သမင်မသည် - ဥပ္ပလဝဏ်ထေရီမ။

အဆုံးအမပေးသော သမင်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁)ဆုံးမမခံ၊ မိုက်သူမှန်၊ ဧကန်ပျက်စီးမည်။

(၂)မာယာမသင်၊ ကျော့ကွင်းတွင်၊ သမင်သေရသည်။

ခရာဒိယဇာတ်ပြီး၏။

***

၁၆- တိပလ္လတ္ထဇာတ်

မိဂမာယာတတ်မြောက်သဖြင့် ကျော့ကွင်းမှ လွတ်မြောက်သော ဆုံးမလွယ်သည့် သမင်ငယ် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သိက္ခာရိုသေ ရာဟုလာ သာမဏေ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ကောသမ္ဘီပြည် ဆီးတောကျောင်း၌ သီတင်းသုံးတော်မူစဉ်ရဟန်းတို့သည် လူ၊ သာမဏေတို့နှင့် အတူ အိပ်သည်ကို အစွဲပြု၍ “ တစ်မိုးတစ်ရံတည်းသောကျောင်းဝယ် လူ၊ သာမဏေတို့နှင့် အတူမအိပ်ရ” ဟု မြတ်စွာဘုရားသည် သိက္ခာပုဒ်ကိုပညတ်တော်မူ၏။

ထိုအခါ ရဟန်းတို့သည် အတူအိပ်နေကျဖြစ်သော ဘုရားသားတော် ရာဟုလာ သာမဏေကို “ငါ့ရှင် ရာဟုလာ ... သင်နှင့် ငါတို့အတူမအိပ်ရ၊ နေရာရှာလော့” ဟု ဆိုလေ၏။ ရာဟုလာ သာမဏေသည် “ ငါကား ဘုရား သားတော်ဖြစ်သည်၊သင်တို့ ကျောင်းမှ သွားကြကုန် နေရာ ရှာကြကုန်” ဟု မဆိုဘဲ ရဟန်းတို့ဆိုဆုံးမအပ်သည်ကို ရိုသေစွာ နာယူလျက် သိက္ခပုဒ်ကို ရိုသေကာ မြတ်စွာဘုရား၏ ဝစ္စကုဋိ၌အိပ်လေ၏။

ချီးမွမ်းကြရာ ရာဟုလာ

ရဟန်းတို့သည်တရားသဘင်ဝယ် စကားစပ်မိ၍ “ရာဟုလာ သာမဏေကား သိက္ခာကို ရိုသေသည်၊ ဆိုဆုံးမ လွယ်သည်” ဟုချီးမွမ်းအံ့ဩ ပြောဆိုကြရာ မြတ်စွာဘုရား ကြွလာတော်မူလတ် ၍ “ ရဟန်းတို့ ...ရာဟုလာကား ယခု မှသာ သိက္ခာကို ရိုသေသည် ဆိုဆုံးမလွယ်သည် မဟုတ်၊ ရှေးအခါကလည်းသိက္ခာကို ရိုသေခဲ့ဖူးပြီ၊ ဆိုဆုံးမလွယ်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မာယာသင်ရန် အပ်နှင်းပြန်

လွန်လေပြီးသောအခါရာဇဂြိုဟ်ပြည်ဝယ် မဂဓမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သမင်းမင်း ဖြစ်၍သမင်အပေါင်း ခြံရံကာ တောတွင်နေလေ၏။

ထိုအခါ ဘုရားအလောင်း၏ နှမတော် သမင်မသည်သားဖြစ်သော သမင်ငယ်ကို အစ်ကိုကြီးထံ ဆောင်ယူကာ “အစ်ကိုကြီး ... ဤသမင်ငယ်ကားအစ်ကိုကြီး၏ တူရင်း ဖြစ်ပါသည်၊ ဤသမင်ငယ်အား *မိဂမာယာ ကို သင်ကြားပေးပါလော့” ဟုတောင်းပန်၍ အပ်နှင်းလေ၏။

ဆုံးမပေးရာ လွယ်ကူစွာ

သမင်မင်းလည်းတူဖြစ်သော သမင်ငယ်ကို “ချစ်သား ... ဤမည်သော အချိန်၌လာ၍ သင်ကြားလော့” ဟုအချိန်သတ်မှတ်၍ လွှတ်လိုက်၏။ သမင်ငယ်လည်း နေ့စဉ် အချိန်မှန် သွား၍ သင်ကြားသဖြင့်မိဂမာယာကို ကောင်းစွာ တတ်မြောက်လေ၏။

သမင်ငယ်သည် တစ်နေ့သ၌ တောဝယ်ကျက်စားလတ်သော် မုဆိုးတို့ ထောင်ထားသော ကျော့ကွင်း၌မိ၍ ကျော့ကွင်းမိသော အသံကိုမြည်လေ၏။ သမင်အပေါင်းတို့သည် ကြောက်ရွံ့သဖြင့် ပြေးလွှားကြကုန်လျက် သမင်မ ထံသွားကာ“သင့်သား ကျော့ကွင်းမိနေပြီ” ဟု ပြောကြားလေ၏။

မိဂမာယာ သုံးလေရာ

သမင်မလည်းအလွန် စိုးရိမ်သဖြင့် အစ်ကိုကြီးထံ သွားကာ “အစ်ကိုကြီးတူ ကျော့ကွင်းမိ၍ နေချေပြီ၊မိဂမာယာကို သင်ကြားပေးပါ၏လော” ဟု မေးလေ၏။ “နှမငယ် မစိုးရိမ်နှင့်၊ သင့်သားမှာတစ်စုံတစ်ရာ ဘေးရန်မရှိ၊ မိဂမာယာကို ကောင်းစွာ တတ်မြောက်သည်၊ မုဆိုးကိုလှည့်ပတ်ကာ လွတ်မြောက်၍ ယခုပင် သင့်ထံသို့ပြန်လာလိမ့်မည်” ဟု ဆိုလေ၏။

သမင်ငယ်လည်း ကျော့ကွင်းမိလေလျှင် မိမိသင်ကြား တတ်မြောက်ပြီးသော မိဂမာယာဖြင့် -

မတုန်မလှုပ် ခြေလေးဘက်ကို ဆန့်၌လက်ယာနံဘေးဖြင့် အိပ်လျက် ခြေတို့ဖြင့် ကန်ကျောက်ကာ မြေစိုင်တို့ကို ယက်၊ ကျင်ကြီးကျင်ငယ်တို့ကို စွန့်၊ ဦးခေါင်းကိုစင်း၊ လျှာကိုထုတ်၊ တစ်ကိုယ်လုံး တံတွေးဖြင့် လိမ်းကျံ၊ လေကိုစုပ်ပြီးဝမ်းရောင်အောင်ပြု၊ မျက်ဖြူလှန်၊အောက်နှာခေါင်းဖြင့် ထွက်သက် ဝင်သက်ကို မသိအောင်ရှူ၊ အထက်နှာခေါင်းမှ လေမထွက်စေဘဲတစ်ကိုယ်လုံး တောင့်တင်းနေအောင် ပြုလျက် အသေဟန်ဆောင်၍ မုဆိုးအား လှည့်ပတ်ကာ နေလေ၏။

ဘေးရန်ကင်းကွာ လွတ်မြောက်လာ

မုဆိုးလည်းလာလတ်၍ သမင်ငယ်၏ ဝမ်းဗိုက်ကို ကို လက်နှင့် ပုတ်၍ ကြည့်လေလျှင် “ အင်း ...စောစောကမိ၍ သေပုံရသည်၊ ယခု ပုပ်၍ပင် နေချေပြီ၊ အသားတို့ကို ဖျက်၍ ယူမည်” ဟုကျော့ကွင်းကို ဖြေပြီးလျှင် ယုံမှားသံသယ မရှိဘဲ အမှတ်မဲ့ သစ်ရွက်တို့ကို ခူးလေ၏။

ထိုအခါ သမင်ငယ်လည်း မုဆိုးမေ့လျော့မှန်း သိသဖြင့် လျင်မြန်စွာ ထလျက် တစ်ဟုန်တည်း ပြေးလွှားကာ အမိထံသို့သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်-

ရဟန်းတို့ -

ထိုအခါ တူသမင်ငယ်သည် - ယခုအခါ ရာဟုလာ။

အမိ သမင်မသည် - ဥပ္ပလဝဏ်ထေရီမ။

ဦးရီးသမင်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဆုံးမနာခံ၊ လိမ္မာပြန်၊ ဧကန်ချမ်းသာမည်။

(၂) ကျော့ကွင်းမိလတ်၊ မာယာတတ်၊ ဘေးလွတ် သက်ဆုံးတည်း။

တိပလ္လတ္ထဇာတ် ပြီး၏။

***

၁၇- မာလုတဇာတ်

လေကို အကြောင်းပြု၍ အငြင်းပွားသောခြင်္သေ့နှင့် ကျား အကြောင်း။

အငြင်းဖြစ်ပွားရဟန်းနှစ်ပါး

နတ်လူတို့ဆရာ ဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကာဠ မည်သောတောထွက်ရဟန်းကြီးနှင့် ဇုဏှ မည်သောတောထွက် ရဟန်းကြီး နှစ်ဦးတို့သည် ကောသလတိုင်း၌ တစ်ခုသော ကျောင်းတွင် အတူတကွနေကြကုန်သတတ်။

တစ်နေ့သ၌ဇုဏှရဟန်းကြီးသည် ကာလရဟန်းကြီးကို “ ငါ့ရှင် ကာဠ ... ဘယ်အခါ ချမ်းသနည်း” ဟု မေး၏။ကာလရဟန်းကြီးက “ငါ့ရှင် ဇုဏှ ... အချမ်းမှာ လဆုတ် အခါသာ ချမ်းသည်” ဟု ဆိုလေ၏။

ဘုရားထံမှောက်နှစ်ဦးလျှောက်

တစ်နေ့သ၌ ကာဠ ရဟန်းကြီးဇုဏှ ရဟန်းကြီးကို “ ငါ့ရှင် ဇုဏှ ... ဘယ်အခါ ချမ်းသနည်း” ဟု မေး၏။ ဇုဏှ ရဟန်းကြီးက“ငါ့ရှင် ကာဠ ... အချမ်းမှာ လဆန်းအခါသာ ချမ်းသည်” ဟု ဆိုလေ၏။

ထိုရဟန်းကြီးနှစ်ပါးတို့သည် အငြင်းအခုံ ဖြစ်လတ်သော် မြတ်စွာဘုရားထံသွား၍ လျှောက်ထားကြသောအခါမြတ်စွာဘုရားက “ရဟန်းတို့ ... ဤပြဿနာကို ရှေးအခါကလည်း သင်တို့နှစ်ဦးအားဖြေကြားဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ငြင်းခုံစကားမေးလျှောက်ကြား

လွန်လေပြီးသောအခါတောင်ခြေရင်းတစ်ခု၌ ခြင်္သေ့နှင့် ကျားတို့သည် အဆွေခင်ပွန်းဖွဲ့ကာ လိုဏ်ဂူတစ်ခုဝယ် နေကြကုန်၏။ ဘုရားအလောင်းလည်းရသေ့ရဟန်းပြုကာ တောင်ခြေရင်း၌ပင် နေလေ၏။

တစ်နေ့သ၌ခြင်္သေ့နှင့် ကျားတို့သည် အချမ်းကို အမှီပြုကာ အငြင်းအခုံ ဖြစ်ကြကုန်၏။ ကျားက“လဆုတ်အခါသာ ချမ်းသည်၊ ခြင်္သေ့က လဆန်းအခါသာ ချမ်းသည်၊ ဤသို့ အချင်းချင်း ငြင်းခုံကာယုံမှားသံသယ ဖြစ်လတ်သော် အမှန်ကို ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်ရကား ရသေ့ထံ သွား၍မေးလျှောက်ကြကုန်၏။

ပြဿနာဆုံးဖြတ် လောင်းတော်မြတ်

ထိုအခါ ဘုရားအလောင်း ရသေ့က“အချင်းတို့ ... အချမ်းဟူသည်မှာ လေကြောင့် ဖြစ်ရသည်၊ သို့အတွက် လဆုတ်အခါ ဖြစ်စေ၊လဆန်းအခါ ဖြစ်စေ လေလာသောအခါ ချမ်းသည်” ဟု မှတ်ကြပါ၊ သင်တို့နှစ်ဦးလုံးမှာအမှားဟူ၍ မဆိုသာ၊ အမှန်းချည်းပင် ဖြစ်သည်ဟု ဆုံးဖြတ်ချက် ချလိုက်သောအခါနှစ်ဦးလုံးပင် ကျေနပ်သဘောကျလေကုန်၏။

ဤဒေသနာတော် အဆုံး၌တောထွက်ရဟန်းကြီး နှစ်ပါးတို့သည် သောတာပတ္တိဖိုလ်၌ တည်ကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်-

ရဟန်းတို့ -

ထိုအခါ ကျားသည် - ယခုအခါ ကာဠမထေရ်။

ခြင်္သေ့သည် - ဇုဏှ မထေရ်။

ပြဿနာဖြေကြားပေးသော ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁)လဆန်း ချမ်းသည်၊ ဆုတ်ချမ်းသည်၊ အတည်မမှတ်သင့်။

(၂)လေလာသောအခါ၊ ချမ်းသည်သာ၊ ကောင်းစွာမှတ် ယူလင့်။

မာလုတဇာတ်ပြီး၏။

***

၁၈။ မတကဘတ္တဇာတ်

သေသူကိုရည်ရွယ်၍ သတ္တဝါတို့ကို သတ်ဖြတ်လှူသဖြင့် ကဲ့ရဲ့ကာ တရားဟောသော ရုက္ခစိုးနတ်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဗုဒ္ဓဟောကြားမတကဘတ်တရား

နတ်လူတို့ဆရာ ဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လူတို့သည် သေလွန်သောဆွေမျိုးဉာတိကို ရည်မှတ်လျက် ဆိတ်မြန်မာ၊ ဆိတ်ကုလားတို့ကို သတ်ဖြတ်ကာ မတကဘတ်မည်သည်ကို ပြုလုပ်လှူဒါန်းလေ့ ရှိကြကုန်၏။

ရဟန်းတို့သည်မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကာ “ ဘုန်းတော်ကြီးသော မြတ်စွာဘုရား ... မတကဘတ်ကိုစိစစ်ဝေဖန်၍ ဆိတ်တို့ကို သတ်ရာဝယ် အကျိုး၊ အပြစ်ကို စိစစ်ဝေဖန်၍ ဟောတော်မူပါ” ဟုလျှောက်ထားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် “ ရဟန်းတို့ ... မတကဘတ် ကို လှူဒါန်းလို၍ဆိတ်တို့ကို သတ်ရာဝယ် ပါဏာတိပါတကံ လွန်ကျူးသဖြင့် အပြစ်ဖြစ်ကြောင်းကိုရှေးပညာရှိတို့ ကောင်းကင်ပြင်ဝယ် ရပ်တည်လျက် တရားဟောသဖြင့် ဇမ္ဗူဒီပါ တစ်ကျွန်းလုံးထိုအမှုမျိုး စွန့်လွှတ်စေဖူးကြောင်း” ကို မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ယစ်နတ်အမှုစီရင်ပြု

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဗေဒင်သုံးပုံဝယ် ကမ်းတစ်ဖက်ရောက်တတ်မြောက်သဖြင့် ဒိသာပါမောက္ခ ဖြစ်သော ဆရာပုဏ္ဏားသည် မတကဘတ်ကို လှူဒါန်းလို၍တပည့်တို့ကို ခေါ်ကာ “အမောင်တို့ ... ဤ ဆိတ်ကုလား[သိုး] တစ်ကောင်ကို မြစ်တွင်ရေချိုးပြီးလျှင် လည်ပင်း၌ ပန်းကုံးစွပ်၍ နံ့သာဖြင့် လက်ငါးချောင်းရာရိုက်နှိပ်ပြီး ငါ့ထံသို့ ဆောင်ယူခဲ့ကြ” ဟု စေခိုင်းလေ၏။

ငို၊ရယ်ပြုကာ မေးသောခါ

တပည့်တို့လည်း ဆရာပုဏ္ဏားစေခိုင်းသောအတိုင်း ပြုလုပ်စီမံပြီးလျှင် ဆရာ့ထံ ဆိတ်ကုလား တစ်ကောင်ကိုဆောင်ယူခဲ့ကြကုန်၏။ ဆတ်ကုလားသည် ဇာတိသရဉာဏ်ကိုရ၍ ရှေးဘဝက အဖြစ်အပျက်ကို သိသဖြင့်ရှေးဦးစွာ ဟက်ဟက်ပက်ပက် ရယ်ပြီးနောက် ကျူကျူချကာ ငိုပြန်လေ၏။

ထိုအခါ ဆရာပုဏ္ဏားကအလွန်အံ့ဩကာ “အချင်းဆိတ် ... သင်ကား ရှေးဦးစွာ ဟက်ဟက်ပက်ပက် ရယ်ဘိ၏။ နောက်ကျူကျူချကာ ငိုပြန်၏။ အကြောင်း အဘယ်သို့ ရှိသနည်း။ အကြောင်းစုံ ရှင်းလင်း၍ပြောကြားပါ” ဟု ဆိုလေ၏။

ဇာတိဿရ- ရ ပြန်ပြောပြ

ဆိတ်က ဆရာ ပုဏ္ဏားအား -

“အို ပုဏ္ဏား ...

အကျွန်ုပ်ကားရှေးအခါ အသင်ကဲ့သို့ ဗေဒင်သုံးပုံကို တတ်မြောက်သော ပုဏ္ဏားဖြစ်၍ မတကဘတ်ကိုလှုဒါန်းရန် ဆိတ်ကုလား တစ်ကောင်းကို သတ်ခဲ့ဖူးသော ပါဏာတိပါတ အကုသိုလ်ကံကြောင့်လေးရာကိုးဆယ့်ကိုးဘဝတို့၌ ခေါင်းပြတ်၍ သေခဲ့ဖူးပြီ။ ဤဘဝကား ဘဝငါးရာပြည့်မည့်နောက်ဆုံးဘဝ ဖြစ်သည်။ ငါ့မှာ ဤဘဝက လွန်လျှင် ခေါင်းပြတ်၍ သေရမည့် ဆင်းရဲမှလွတ်ရမည်ဖြစ်၍ ဝမ်းသာလှသဖြင့် ဟက်ဟက်ပက်ပက် ရယ်မိပါသည်”

“အသင်ပုဏ္ဏားမှာယနေ့ ငါ့ကိုသတ်သည့် ပါဏာတိပါတ အကုသိုလ်ကံကြောင့် ဘဝငါးရာ ခေါင်းပြတ်၍ သေရမည့်ဆင်းရဲအတွက် သနားလှသဖြင့် ကျူကျူချကာ ငိုမိပါသည်” ဟု အကြောင်းစုံ ပြောကြားလေ၏။

စောင့်ရှောက်သော်လည်း ကျိုးမပြီး

ပုဏ္ဏားလည်း သတိသံဝေဂ ရသဖြင့် “အချင်းဆိတ် ... မကြောက်ပါလင့်၊ သင့်ကို ငါ မသတ်ပါ”“အသင်ပုဏ္ဏား အသင် မသတ်သော်လည်း ငါ့မှာ သေခြင်းက မလွတ်နိုင် မုချ သေရတော့မည်” “အချင်းဆိတ်.. မကြောက်လင့် သင့်မှာ ဘေးရန်မရှိအောင် ငါတို့ ဆရာတပည့်တစ်တွေ စောင့်ရှောက်မည်”“ပုဏ္ဏား ... သင်တို့ အစောင့်အရှောက်ကား နည်းပါးလှသည်၊ ငါ ပြုလုပ်ထားသောအကုသိုလ်ကံကား ကြီးမားလှ၏” ဟု ဆိုလေ၏။ ပုဏ္ဏားကြီးသည် ဆိတ်ကို လွှတ်ကာ တပည့်အပေါင်းခြံရံလျက် စောင့်ရှောက်၍ လိုက်လေ၏။

ဆိတ်လည်းလွှတ်လျှင်ပင် ကျောက်ဖျာတစ်ခုတွင်ကပ်၍ ပေါက်နေသော ချုံမှ သစ်ရွက်ကို စားမည်ဟု ခေါင်းကိုမော့လျက်ကြိုးစားနေစဉ် ကျောက်ဖျာ၌ မိုးကြိုးကျလျက် ကျောက်ချပ်လွှာတစ်ခု ကွဲပြတ်ကာဆန့်တန်းနေသော လည်ပင်းပေါ်သို့ ကျ၍ ခေါင်းပြတ် သေရရှာလေ၏။

အလောင်းတော်နတ်သား ဟောမိန့်ကြား

ထိုအခါ ရုက္ခစိုးနတ်သည် စည်းဝေးရောက်လာသော လူအများကို မြင်စေ၍ကိုယ်ထင်ပြကာ ကောင်းကင်ပြင်၌ နေလျက် -

“အိုအချင်းတို့ ...

သတ္တဝါကိုသတ်ဖြတ် ညှဉ်းဆဲသော သူကား အပါယ်လေးပါးသို့ ကျရောက်လျက် ခံစားရခြင်း ဆင်းရဲ၊ပဋိသန္ဓေနေရခြင်း ဆင်းရဲ၊ အိုရခြင်း ဆင်းရဲ၊ နာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ချစ်သူနှင့် ကွဲကွာရခြင်း ဆင်းရဲ၊ မုန်းသူနှင့် အတူနေရခြင်း ဆင်းရဲ၊ ခြေပြတ်ခြင်း၊လက်ပြတ်ခြင်း စသော ဆင်းရဲ အမျိုးမျိုးတို့ကို တွေ့ကြုံခံစားရသည်၊ သို့အတွက်သတ္တဝါတို့ကို သတ်ဖြတ် ညှည်းဆဲခြင်းမှ ရှောင်ကြည်ပါ” –

ဟုငရဲဘေးဖြင့် ခြိမ်းခြောက်ကာ သာယာစွာသော အသံဖြင့် တရားဟောပြီးလျှင် လူအများအား သီလ၌တည်စေ၏။ လူအများလည်း တရားရကာ ကုသိုလ်ကောင်းမှုကို ပြုလုပ်ကြသဖြင့် သေလွန်သောအခါနတ်ပြည်သို့ လားကြရကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်-

ရဟန်းတို့ -

ထိုအခါ ရုက္ခစိုးနတ်သည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သူ့သက်သတ်က၊ အပါယ်ကျ၊ မုချဆင်းရဲမည်။

(၂) ပဋိသန္ဓေ၊ အို, နာ, သေ၊ ထွေထွေ ဆင်းရမည်။

(၃) မုန်းသူနှင့်နေ၊ ချစ်သူကွေ၊ မသေဆင်းရဲမည်။

မတကဘတ္တဇာတ် ပြီး၏။

***

၁၉။ အာယာစိတဘတ္တဇာတ်

သူကြွယ် ကုန်ရောင်းပြန်၍ သတ္တဝါတို့ကို သတ်ဖြတ်လှူသဖြင့်ပြစ်တင်ကဲ့ရဲ့ကာ တရားဟောသော ရုက္ခစိုးနတ် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

နတ်ကိုပန်ကြား ခရီးသွား

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လူတို့သည်ကုန်ကူးသွားလိုသည်ရှိသော် သတ္တဝါတို့ကို သတ်ပြီးလျှင် နတ်တို့အား ပူဇော်ပသ၍“ကျွန်ုပ်တို့ ဘေးအန္တရာယ်ကင်း၍ အကျိုးစီးပွား များပါလျှင် ပြန်ရောက်သောအခါ၌လည်းအရှင်နတ်မင်းတို့အား ပူဇော် ပသပါမည်” ဟု ဝန်ခံတောင်းပန်ကာ သွားကြကုန်၏။

ပြန်ရောက်ကြသောအခါဘေးအန္တရာယ် မရှိခြင်း၊ အကျိုးစီးပွားများခြင်းမှာ နတ်လူတို့တန်ခိုးအာနုဘော်ကြောင့် ဖြစ်ရသည်ဟု မှတ်ထင်စွဲလမ်းကာ နတ်တို့ကိုဝန်ခံတောင်းပန်ခြင်းမှ လွတ်မြောက်စေရန် ရည်သန်ကာ တစ်ဖန် သတ္တဝါတို့ကို သတ်၍ ပူဇော်ပသကြပြန်၏။

ရဟန်းတို့လည်းမြတ်စွာဘုရားထံ ချဉ်းကပ်ကာ “ဘုန်းတော်ကြီးမြတ်သော အရှင်ဘုရား ... လူတို့သည်သတ္တဝါတို့ကို သတ်၍ နတ်တို့အား ပူဇော်ပသကြရာ၌ အကျိုးရှိသည်၊ မရှိသည်” ကိုလျှောက်ထားကြလေလျှင် မြတ်စွာဘုရားက “ချစ်သား ရဟန်းတို့ ... ရှေးအခါကလည်းဝန်ခံတောင်းပန်ခြင်း၊ ပူဇော်ပသခြင်း အမှုကို ပြုကြဖူးကုန်ပြီ” ဟု မိန့်တော်မူကာအောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လူမိုက်နည်းကိုနတ်မလို

လွန်လေပြီးသောအခါကာသိတိုင်းဝယ် ရွာငယ်တစ်ခု၏ တံခါးပေါက်အနီး၌နေသော သူကြွယ်တစ်ယောက်သည်ကုန်သွယ်သွားခါနီးတွင် ပညောင်ပင်စောင့် နတ်မင်းအား ပူဇော် ပသပြီးလျှင်ဝန်ခံတောင်းပန်ကာသွား၍ ဘေးအန္တရာယ် ကင်းလွတ်ကာ ပြန်ရောက်လာလျှင် သတ္တဝါတို့ကို သတ်၍ဝန်ခံတောင်းပန်ခြင်းမှ လွတ်မြောက်စေမည်ဟု ရည်သန်ကာ ပညောင်ပင်ရင်းသို့ လာပြိးနတ်မင်းအား ပူဇော်ပသလေ၏။

ထိုအခါပညောင်ပင်စောင့် ရုက္ခစိုး နတ်မင်းသည် ပညောင်ပင်ခွ၌ ရပ်တည်လျက် -

“အိုယောကျ်ား ... သင့်မှာ သတ္တဝါတို့ကို သတ်၍ ဝန်ခံခြင်းမှ လွတ်မြောက်အောင် ပြုသော်လည်းပါဏာတိပါတ အကုသိုလ်ကံဖြင့် ဖွဲ့ချည်မိပြန်၏။ သင်၏ လုပ်နည်းကား ပညာရှိတို့ လုပ်နည်းမဟုတ်၊ လူမိုက်တို့လုပ်နည်းသာ ဖြစ်သည်။ မိမိကိုယ်ကို လွတ်အောင် ပြုလုပ်သည် မမည်” –

ဟု အကြောင်းအကျိုးကို ဝေဖန်ပြသကာ ပြောကြားလေ၏။ ထိုအခါမှစ၍ရှောင်ကြဉ်ကြလျက် ကုသိုလ် သုစရိုက် တရားတို့ကို ပွားများအားထုတ်ကာ တမလွန်ဘဝ၌နတ်ရွာသို့ လားကြရကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရုက္ခစိုးနတ်သည် -ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

အာယာစိတဘတ္တဇာတ် ပြီး၏။

***

၂၀။ နဠကပါနဇာတ်

မျောက်ငယ်အပေါင်းဘီလူးဘေးမှ လွတ်မြောက်ရန် ဉာဏ်ဆင်၍ ကျူရိုးဖြင့် ရေသောက်ရအောင် ပြုသော မျောက်မင်း

ပစ္စုပ္ပန်ဝတ္ထု

ကျူပင်ရိုးနွဲ့အဆစ်မဲ့

နတ်လူတို့ဆရာ ဖြစ်တော်မူသောမြတ်စွာဘုရားသည် ကောသလတိုင်း၌ ဒေသစာရီ ကြွချီတော်မူရာ နဠကပါနရွာသို့ရောက်၍ နဠကပါနရေကန်အနီး ဆပ်သွားတော၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် အပ်ကျည်(အပ်ဘူး) လုပ်ရန်သာမဏေငယ်တို့အား ကျူရိုးတို့ကို ယူစေ၏။ ကျူရိုးတို့မှာ အဆစ်ပိတ် မရှိ၊ အရင်းက အဖျားထိအောင် အခေါင်းပေါက်သည်ကိုမြင်လျှင် မြတ်စွာဘုရားထံ လျှောက်ကြလေ၏။

မြတ်စွာဘုရားသည်“ရဟန်းတို့ ... ကျူရိုးတို့ အရင်းအဖျား တစ်ဆက်တည်း အခေါင်းပေါက်၍ နေခြင်းမှာ ရှေးအခါငါဘုရား၏ သစ္စာဓိဋ္ဌာန်ကြောင့် ဖြစ်ကြောင်း” ကို မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဘီလူးစိုးစံကျူရေကန်

လွန်လေပြီးသောအခါလူနေနှင့်ဝေးသော ရေကန်တစ်ခု ရှိသတတ်၊ ထိုရေကန်ကို ကျူပင်တို့ ဝန်းရံလျက်ပေါက်နေသည့်အတွက် နဠကပါန ရေကန်ဟု ခေါ်ဝေါ်ပညတ်ကြ၏။ ထိုရေကန်တွင် သက်ဆင်းသော လူသား၊ငှက် စသော သတ္တဝါတို့ကို စားသောက်နိုင်ရန် ဝေဿဝဏ်နတ်မင်းကြီး ထံမှ အမိန့်ကိုခံယူရရှိကာ အုပ်စိုး၍နေသော ဒကရက္ခိုသ် ရေစောင့်ဘီလူးသည် နေထိုင်လေ၏။

မျောက်မင်းမိန့်ဟဩဝါဒ

ရေကန်အနီးဝယ် သမင်ငယ် မမာဏကိုယ်လုံးရှိသော မျောက်မင်းသည် မျောက်ရှစ်သောင်း ခြံရံကာ နေ၏။ ထို မျောက်မင်းသည်မျောက်အပေါင်းတို့ကို “အမောင်တို့ ... ဤတောဝယ် အဆိပ်ပင်များ ရှိကုန်၏၊ ဒကရက္ခိုသ်စောင့်သောရေကန်များလည်း ရှိကုန်၏၊ သို့အတွက် သင်တို့သည် မစားဖူးသော သစ်သီး၊ သစ်ရွက်နှင့်မသောက်ဖူးသော ရေတို့ကို ငါ့ကို မပန်ကြားဘဲ မစားမသောက်ကြလေနှင့်” ဟု ဩဝါဒပေး၍ထားလေ၏။

တစ်နေ့သ၌မျောက်တို့သည် ရှေးအခါက မရောက်ဖူးသော တော၌ ကျက်စားသွားလာကြလျက် ရေငတ်သဖြင့် ရေကိုရှာလတ်သော် ရေကန်တစ်ခုကို မြင်သော်လည်း သောက်ဖူးသော ရေကန်မဟုတ်သည့် အတွက်မသောက်ဝံ့ကြဘဲ မျောက်မင်းအလာကိုသာ ငံ့မျှော်ကာနေကြကုန်၏။

ဧကန်တိတိဘီလူးရှိ

မျောက်မင်း လာလတ်သော် “အမောင်တို့ ... အဘယ်ကြောင့် ရေကို မသောက်ကြသေးသနည်း” ဟု မေးလျှင် မျောက်များကအရှင်မျောက်မင်း မလာသေး၍ ငံ့ဆိုင်းနေပါကြောင်း လျှောက်ထားကြလေ၏။ မျောက်မင်းလည်း“ကောင်းပြီ” ဟု ရေကန်နားသို့သွးကာ ဆင်ခြင်လတ်သော် ဆင်းသက်သော ခြေရာများကိုသာမြင်ရ၍ တက်သော ခြေရာများကို မမြင်ရသဖြင့် ဤရေကန်မှာ ရေစောင့်ဘီလူး မုချရှိရမည်ဟုဆုံးဖြတ်ကာ “အမောင်တို့ ... ရေမသောက်နှင့် ကြသည်မှာ ကောင်းသည်၊ ဤရေကန်မှာရေစောင့်ဘီလူး ရှိသည်” ဟု ပြောလေ၏။

ဘီလူး၊မျောက်မင်း မေး၊ ဖြေခြင်း

ရေစောင့်ဘီလူးလည်းညိုမည်းသော ဝမ်းဗိုက်၊ ဖြူသော မျက်နှာ၊ နီမြန်းသော လက်ခြေတို့ဖြင့် ဖောက်ပြန်သောအဆင်းကိုပြ၍ ရေထဲမှ ဘွားဘွားပေါ်လာလျက် “အို မျောက်အပေါင်းတို့ ... ရေသောက်ကြကုန်လော့”ဟု တိုက်တွန်းလေ၏။ ထိုအခါ မျောက်မင်းက ရေစောင့်ဘီလူးမှန်း အတတ်သိ၍ -

မေး။ ။အသင် ရေကန်စောင့်ဘီလူး ဒကရက္ခိုသ် မဟုတ်လော။

ဖြေ။ ။ ဟုတ်ပါသည်။

မေး။ ။ အသင် ဘယ်သတ္တဝါတို့ကို စားနိုင်ပါသနည်း။

ဖြေ။ ။ ရေကန်သို့ ဆင်းသက်သော သတ္တဝါတို့ကိုသာ စားနိုင်ပါသည်။မဆင်းသက်သော သတ္တဝါတို့ကို မစားနိုင်ပါ။

အသင် ငါတို့ကို စားနိုင်မည် မဟုတ်

မေး။ ။ အသင်တို့ ရေသောက်ကြမည် မဟုတ်လော။

ဖြေ။ ။ ယခုပဲ သောက်ကြမည်၊ သို့သော်လည်း သင်ပိုင်ဆိုင်ရာ နယ်နိမိတ်သို့ မဆင်းဘဲသောက်ကြမည်။

မေး။ ။ မဆင်းဘဲ ဘယ်လို သောက်ကြမည်နည်း။

ဖြေ။ ။ ငါတို့ ကျူရိုးဖြင့် ကမ်းပေါ်မှနေ၍ သောက်ကြမည်၊ ထိုအခါ အသင်စားခွင့်ရလိမ့်မည် မဟုတ်- ဟု ပြောဆိုပြီးလျှင် ဖြည့်ကျင့် ဆည်းပူးခဲ့သောပါရမီတော်တို့ကို ဆင်ခြင်သုံးသပ်ပြီးလျှင် “ဤ ကျူပင်နှင့် တကွ ရေကန်ကို ဝန်းရံလျက် ပေါက်နေသော ကျူပင်တို့သည်အရင်းက အဖျားတိုင်အောင် အဆစ်အပိတ် မရှိ တစ်စပ်တည်း အခေါင်းပေါက်စေသတည်း” ဟုသစ္စာဓိဋ္ဌာန်ပြုကာ ပါးစပ်ဖြင့် မှုတ်လေ၏။ ထိုအခါမှစ၍ ရေကန်ကို ဝန်းရံလျက် ပေါက်နေသောကျူပင်တို့သည် မျောက်မင်း၏ သစ္စာဓိဋ္ဌာန်ကြောင့် ဤဘဒ္ဒကမ္ဘာ ကုန်ဆုံးသည်တိုင်အောင်အဆစ်အပိတ်မရှိ တစ်စပ်တည်း အခေါင်းပေါက်ချည်းဖြစ်၍ တည်ကုန်၏။

မျောက်အပေါင်းတို့လည်းကျူရိုးတစ်ချောင်းစီ ယူကြကုန်လျက် ကန်ကို ဝန်းရံပြီးလျှင် ကမ်းနားမှနေ၍ အသီးသီးကျူရိုးတို့ဖြင့် စုပ်ယူကာ ရေကို သောက်ကြကုန်၏။ ရေစောင့်ဘီလူးလည်း မျောက်တစ်ကိုမျှမစားရဘဲ နှလုံးမသာဖြစ်၍ မိမိနေရာသို့ သွားလေ၏။ မျောက်မင်းနှင့် တကွမျောက်အပေါင်းတို့လည်း မိမိတို့နေရာ တောသို့ ဝင်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည်အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဒကရက္ခိုသ်သည် - ယခုအခါ ဒေဝဒတ်။

မျောက်မင်း၏ ပရိသတ်သည် - ငါဘုရား ပရိသတ်။

မျောက်မင်းသည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁)နဠကပါန၊ ကန်ရံခ၊ ပေါက်ကြကျူအကုန်။

(၂)မျောက်မင်းမှုတ်လစ်၊ အခေါင်းဖြစ်၊ တည်လစ်ကမ္ဘာကုန်။

နဠကပါနဇာတ်ပြီး၏။

***

၃။ ကုရုင်္ဂဝဂ် ၂၁- ကုရုင်္ဂမိဂဇာတ်

မုဆိုး၏ဖြားယောင်းခြင်းကို သိသဖြင့် ဘေးရန် ကင်းလွတ်သော ဆတ်လိမ္မာအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားသတ်ရန် ဒေဝဒတ်ကြံ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည်မြတ်စွာဘုရားကို သတ်ခြင်းငှာ လေးသမားတို့ကို စေလွှတ်၌ လည်းကောင်း၊ ဂိဇ္ဈကုဋ်တောင်မှကျောက်လုံးကို လှိမ့်၍ လည်းကောင်း၊ ဓနပါလဆင်ကိုလွှတ်၍ လည်းကောင်း အားထုတ်ကာ နေလေ၏။

ထိုအခါရဟန်းတို့သည် ဒေဝဒတ်ကား မြတ်စွာဘုရားကိုသတ်ရန် အမြဲလုံ့လပြု၍ နေကြောင်းကိုတရားသဘင်ဝယ် စကားစပ်မိ၍ ပြောကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ မြတ်စွာဘုရားကိုလျှောက်ထားကြလျှင် မြတ်စွာဘုရားသည် “ရဟန်းတို့ ... ဒေဝဒတ်သည် ငါဘုရားသတ်ရန်အားထုတ်သည်မှာ ယခုအခါမှသာ မဟုတ်၊ ရှေးအခါကလည်း အားထုတ်ခဲ့ဖူးပြီ” ဟုမိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဆတ်ကိုသတ်ရန်မုဆိုးကြံ

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဆတ်လိမ္မာသည် တောအရပ်ဝယ်သစ်သီးကြီးငယ်တို့ကို ရှာဖွေစားသောက်ကာ နေလေ၏။ တစ်ရံတစ်ခါ ယမနေသီးကိုသာ စား၍နေ၏။

ထိုအခါ မုဆိုးသည်တော်ထဲ၌လှည့်လည်ကာ အသီးရှိသော သစ်ပင်ခြေရင်းဝယ် သားတိရစ္ဆာန်တို့ ခြေရာကို ကြည့်ရှုလတ်သော်အသီးရှိသော ယမနေပင်ခြေရင်း၌ ဆတ်လိမ္မာခြေရာကို မြင်သဖြင့် ထိုယမနေပင်ပေါ်တါင်လင့်စင်ဆောက်၍ ဆတ်လိမ္မာမလာမီ စောစောကလာလျက် လှံတစ်ချောင်းကို ကိုင်စွဲကာလင့်စင်ပေါ်မှစောင့်၍ နေလေ၏။

ဆတ်လိမ္မာလည်းနေရာမှထွက်၍ ယမနေသီးတို့ကို စားရန်လာသောအခါ ယမနေပင်ရင်းသို့ အဆောတလျင် မဝင်သေးဘဲယမနေပင်ထက်ဝယ် လင့်စင်ဆောက်ကာ စောင့်၍နေသော မုဆိုးရှိခဲ့မူ ဘေးဖြစ်ရာသည်ဟု စုံစမ်းဆင်ခြင်လိုသဖြင့် အပင်၏ မနီးမဝေးတွင် ရပ်လျက်နေလေ၏။

မုဆိုးထက်သာဆက်လိမ္မာ

မုဆိုးလည်းယမနေပင်အောင်သို့ ဆက် မလာသည်ကိုသိလျှင် “ယမနေသီးဖြင့် မျှား၍ခေါ်မည်” ဟု ကြံစည်ကာ ယမနေသီးတို့ကိုဆွတ်ခူး၍ ဆတ်ရှေ့တွင် ပစ်ချလေ၏။ ဆတ်လိမ္မာလည်း “ယမနေသီးတို့သည် ထူးဆန်းစွာငါ့ရှေ့တွင် ကျလာကြ၏။ သစ်ပင်ထက်၌ မုဆိုးရှိသလော ဟု အဖန်ဖန် ကြည့်လတ်သော် မုဆိုးကိုမြင်သော်လည်း မမြင်ဟန်ပြုကာ -

“အို ယမနေပင် ...သင်ကား ရှေးအခါက ယမနေသီးတို့ကို အောက်တည့်တည့်သို့သာ ကျစေ၏။ ယခု မူကား အပြင်ပငါ့ရှေ့သို့ ရောက်အောင်ကျစေ၏။ သင်ကား တရား မစောင့်၊ သစ်ပင်တို့ ဓမ္မတာသဘောကိုစွန့်ဘိ၏။ သို့အတွက် ငါသည် တခြား ယမနေပင်သို့သွားကာ အစာရှာတော့မည်”

ဟု မုဆိုးကို ပြောင်လှောင်သောအနေဖြင့် ယမနေပင်ကို ပြောလေ၏။

ထိုအခါ မုဆိုးသည်လင့်စင်မှနေလျက် လှံကို တအား လွှတ်၍ထိုးကာ “ကိုင်း ... သင်ဆတ် သွားလေတော့၊ ယခု တစ်ခါသင့်ကို မထိုးမိ လွဲလေရဲ့” ဟု ဆိုလေ၏။

ဆက်လိမ္မာလည်းပြန်၍ရပ်တန့်ကာ “ ဟယ် မုဆိုး ... ယခုအခါ ငါ့ကို လွဲသည်ကား မှန်၏။ ယခုအခါ လွဲသော်လည်းနောင်အခါ သင့်မှာ ငရဲကြီးရှစ်ထပ်၊ ဥဿဒရက် ငရဲငယ် ဆယ့်ခြောက်ရပ်၊ ငါးပါးသောအနှောင့်အဖွဲ့၊ ညှဉ်းဆဲခြင်းတို့ကို လွဲမည်မဟုတ်ပေ” ဟု ဆို၍ ပြေးလွှားကာလိုရာအရပ်သို့ သွားလေ၏။ မုဆိုးလည်း သစ်ပင်ပေါ်မှဆင်းကာ လိုရာအရပ်သို့ သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည်အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မုဆိုးသည် - ယခုအခါ ဒေဝဒတ်။

ဆတ်လိမ္မာသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မုဆိုးလှံလွှတ်၊ ဆတ်ကိုချွတ်၊ မချွတ်ငရဲကို။

(၂) နှောင်ဖွဲ့ငါးမျိုး၊ ညှဉ်းဆဲမျိုး၊ လွဲရိုးမရှိဆို။

ကုရုင်္ဂမိဂဇာတ် ပြီး၏။

***

၂၂- ကုက္ကုရဇာတ်

ဘေးသင့်နေသော ခွေးအပေါင်းကို ကယ်ဆယ်ရန်မင်းအား တရားဟောသော ခွေးမင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆွေမျိုးအတွက် ကျင့်ကြံချက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည်တရားသဘင်ဝယ် မြတ်စွာဘုရားသည် ဆွေတော် မျိုးတော်တို့အကျိုး ကျင့်တော်မူသောကြောင့်စကားစပ်မိကြရာ မြတ်စွာဘုရား ကြွလာတော်မူပြီးလျှင် “ရဟန်းတို့ ... ငါဘုရားသည်ဆွေတော်မျိုးတော်တို့ အကျိုးကို ယခုအခါမှသာ ကျင့်သည်မဟုတ်၊ ရှေးအခါ၌လည်း ကျင့်ဖူးပြီ” ဟု မိန့်တော်မူကာအောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

[ပစ္စုပ္ပန်ဝတ္ထုအကျယ်ဒွါဒသနိပါတ်၊ ဘဒ္ဒသာလဇာတ်ဝယ် ထင်ရှားလတ္တံ့၊]

အတိတ်ဝတ္ထု

ခွေးတွေသတ်ရန် မိန့်တော်ပြန်

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ခွေးမင်းသည် ခွေးအပေါင်း ခြံရံကာသုသာန်တွင် နေလေ၏။

တစ်နေ့သ၌မင်းကြီးသည် သိန္ဓောမြင်းဖြူတို့ဖြင့် ကအပ်ကသော ရထားကိုစီးလျက် ဥယျာဉ်တော်သို့ထွက်၍ တစ်နေ့လုံး ဥယျာဉ်ကစားပြီးလျှင် နေဝင်ခါနီးတွင် နန်းတော်သို့ ပြန်လေ၏။မင်းကြီး စီးသည့် ရထားကိုလည်း မင်းရင်ပြင်၌ ထားလေ၏။

ညဉ့်အခါမိုးရွာသဖြင့် ရထားကို မိုးစိုသည်ရှိသော် မင်းမျိုး၌ မွေးထားသော ခွေးတို့သည်ရထားတွင် တပ်ဆင်ထားသော သားရေတို့ကို စားကြကုန်၏။ ရထားထိန်းသည် နံနက်လင်းသောအခါရထား၌ တပ်ဆင်ထားသော သားရေတို့ကို ခွေးစားသည်တို့ကို မြင်လျှင်မင်းကြီးထံသွား၍“အရှင်မင်းကြီး ... ရထား၌ တပ်ဆင်ထားသော သားရေတို့ကို ရေပြွန်ပေါက်မှ ခွေးတို့ဝင်၍စားကြောင်းကို လျှောက်ထားလေ၏။ မင်းကြီးလည်း လွန်စွာအမျက်ထွက်သည်ဖြစ်၍“မြင်မြင်သမျှ ခွေးတို့ကို သတ်ကြကုန်” ဟု အမိန့်ပေးလေ၏။

ခွေးမင်းထံမှောက် ဝိုင်းအုံရောက်

မင်းချင်းတို့သည်မြင်မြင်သမျှ ခွေးတို့ကို သတ်ကြသဖြင့် ခွေးတို့မှာ ကြီးစွာသော ပျက်စီးခြင်းသို့ရောက်လေ၏။ တချို့ ခွေးတို့လည်း သေဘေးမှ လွတ်မြောက်ရန် ကြောက်လန့်တကြား ပြေးလွှားကာသုသာန်သို့ရောက်၍ ခွေးမင်းထံ လာကြကုန်၏။

ခွေးမင်းလည်း“အမောင်တို့ ... များပြားလှပါတကား၊ အဘယ့်ကြောင့် စည်းဝေးရောက် လာကြကုန်သနည်း” ဟု မေးလျှင် ခွေးတို့က“အရှင်ခွေးမင်း ... မင်းကြီး၏ ရထား၌ တပ်ဆင်ထားသော သားရေတို့ကို စားသည့်အတွက်မင်းကြီး အမျက်ထွက်၍ မြင်မြင်သမျှ ခွေးတို့ကို သတ်စေသဖြင့် ဘေးကြီးသင့်၍ရောက်လာပါကြောင်း ပြောကြားကြကုန်၏။

ခွေးမင်းဆောင်ရွက်ဆွေမျိုးတွက်

ထိုအခါ ခွေးမင်းသည်မင်းစောင့်ရှောက်အပ်သော နေရာမှာ တခြားခွေးတို့ ဝင်၍မစားနိုင်၊ နန်းတွင်းရှိမင်းမျိုးတို့ မွေးထားသော ခွေးတို့သာ စားကြပေမည်၊ ခိုးစားသော ခွေးတို့မှာဘေးမရှိကြ၊ ခိုးမစားသော ခွေးတို့မှာ သေကြကုန်၏၊ အလွန်မတရားသော အမှုတည်း၊ ငါသည်“ခွေးသူခိုးတို့အား မင်းကြီးအားပြကာ ဆွေမျိုးတို့အား အသက်အလှူကို လှူမည်” ဟုကြံစည်ပြီးလျှင် “အမောင်တို့ ... မကြောက်ကြနှင့်၊ ငါ ယခု မင်းကြီးထံသွား၍ သင်တို့ဘေးမရှိအောင် စီမံမည်၊ ငါမလာမီ ဤနေရာ၌ပင် စောင့်ဆိုင်း၍ နေကြဦး” ဟုမှားထားပြီးလျှင် ဖြည့်ဆည်းပူးခဲ့သော ပါရမီတော်ကို ဆင်ခြင်ကာ မေတ္တာဘာဝနာကိုပွားများလျက် “ ငါ့ ကို တစ်စုံတစ်ယောက်သော သူသည် ခဲ၊ တုတ် စသည်ဖြင့်မပစ်ဝံ့စေသတည်း” ဟု အဓိဋ္ဌာန်ပြုပြီးလျှင် တစ်ကောင်တည်း မြို့တွင်းသို့ဝင်လျက်တရားဆုံးဖြတ်ရာ မင်းကြီးထံ အရောက်သွားလေ၏။ ရောက်လျှင် မင်းကြီးကို ရှိခိုးကာ -

မေး။ ။ အရှင်မင်းကြီး .... အရှင်မင်းကြီးတို့သည် ခွေးတို့ကိုသတ်စေပါသလော။

ဖြေ။ ။ သတ်စေပါသည်။

မေး။ ။ ဘယ်အတွက်ကြောင့် သတ်စေပါသနည်း။

ဖြေ။ ။ ရထားက သားရေတို့ကို ခိုးစားသည့်အတွက်ကြောင့် သတ်စေပါသည်။

မေး။ ။ သားရေ စားသော ခွေးသူခိုးတို့ကို သိပါသလော။

ဖြေ။ ။ မသိပါ။

မေး။ ။ သားရေ စားသော ခွေးသူခိုးတို့ကို မသိပါဘဲလျက် မြင်မြင်သမျှခွေးတို့ကို မသတ်စေသင့်သည် မဟုတ်ပါလော။

ဖြေ။ ။ ရထားက သားရေတို့ကို ခိုးစားသည့်အတွက် မြင်မြင်သမျှသောခွေးတို့ကို သတ်စေသင့်ပါသည်။

မေး။ ။ ခွေအလုံးစုံတို့ကို သတ်စေပါသလော၊ သို့မဟုတ် မသေရသော ခွေးများရှိပါသေးသလော။

ဖြေ။ ။ ရှိပါသည်။ မင်းမျိုးတို့ မွေးထားသော ခွေးများ မသေရပါ။

ကြောင်းကျိုးဖော်ပြတင်လျှောက်ရ

“အရှင်မင်းကြီး ... အရှင်မင်းကြီးတို့သည်ယခုပင်လျှင် ခွေးအလုံးစုံတို့ကို သတ်စေသည် ဆို၏။ မင်းမျိုးတို့ မွေးထားသောခွေးများတော့ မသေစေရ ဆိုပြန်၏။ သို့ဖြစ်လျှင် အဂတိတရား လိုက်စားခြင်းကားမင်းကျင့်တရား မဟုတ်ပါ။ မင်းတို့မည်သည်မှာ အကြောင်းဟုတ်သည်၊ မဟုတ်သည်ကို ရှာဖွေတတ်သောချိန်ခွင်ကဲ့သို့ တည့်မတ်စွာ ကျင့်ရပါသည်။ ယခု ခွေးသတ်ခြင်းကား ခွေးအလုံးစုံကိုသတ်ခြင်း မဟုတ်၊ မင်းမျိုးတို့ မွေးထားသော ခွေးတို့ကို မသတ်စေဘဲ အားနည်းသောခွေးတို့ကိုသာ သတ်စေခြင်းဖြစ်သည်။ မင်းတို့မည်သည်မှာ သူခိုးကိုသာနှိပ်စက်ညှဉ်းပန်းရ၏၊ သူခိုး မဟုတ်သူကို မနှိပ်စက် မညှဉ်းပန်းရ။ ယခုမှာတော့ခွေးသူခိုးတို့ကား ဘေးမရှိကြကုန်၊ မခိုးသော ခွေးကောင်းတို့သာ ဘေးတွေ့ကြရကုန်၏။အံ့ဖွယ်ရှိပေစွ၊ မသင့်လျော်ပေစွ၊ မတရားပေစွ” ဟု မင်းကြီးကို လျှောက်ထားလေ၏။

သူခိုးမိရေးအန်ဆေးကျွေး

မင်းကြီးလည်း ခွေးမင်းလျှောက်ထားသော စကားကို ကြားလျှင် “အဆွေပညာရှိ ... သင်သည် ခွေးသူခိုးတို့ကိုသိပါသလော” ဟု မေးလျှင် အရှင်မင်းကြီး သိပါသည်၊ မင်းမျိုးတို့ မွေးထားသော ခွေးများဖြစ်သည်။ ကျွန်ုပ် သက်သေပြပါမည်။ မယုံလျှင် ယခုပင် ရက်တက်ရည်နှင့် မြေစာမြက်ကိုယူခဲ့ပါဆို၍ ရက်တက်ရည်နှင့် မြေစာမြက်ရလျှင် မြေစာမြက်ကို ထောင်းကာ အရည်ကိုယူစေပြီးလျှင် ရက်တက်ရည်နှင့် ရောလျက် မင်းမျိုးတို့ မွေးထားသော ခွေးတို့ကိုတိုက်စေ၏။ သောက်သမျှ ခွေးတို့သည် ညဉ့်က စားထားသော သားရေစတို့ကို အန်ကြကုန်၏။

ဆုံးမပေးငြားမင်းကျင့်တရား

ထိုအခါ မင်းကြီးလည်းခွေးမင်း၏ ဖြေဆိုခြင်းမှာ သဗ္ဗညုတဘုရားနှင့်တူသော ဖြေဆိုခြင်းဖြစ်သည်ဟုအလွန်ကြည်ညိုကာ ခွေးမင်းအား ထီးနန်းစည်းစိမ်ဖြင့် ပူဇော်လေ၏။ ခွေးမင်းလည်းမင်းကြီးအား အဂတိလေးပါး မလိုက်စားဘဲ တရားနှင့်အညီ မင်းပြုရန် ဟောကြားဆုံးမကာငါးပါးသီလ၌ တည်စေပြီးလျှင် ထီးနန်းစည်းစိမ်ကို မင်းကြီးအား ပြန်၍အပ်နှင်းကာ မိမိနေရာသို့ပြန်လေ၏။

မင်းကြီးလည်းခွေးမင်း၏ အဆုံးအမ ဩဝါဒစကား ကို ကြားနာရ၍ သတ္တဝါအားလုံးကို ဘေးမဲ့ပေး၍ခွေးမင်းနှင့်တကွ ခွေးအလုံးစုံတို့ကိုလည်း မိမိ စားသော ဘောဇဉ်နှင့် ထပ်တူထပ်မျှစီမံကာ နိစ္စဘတ်ပြု၍ အမြဲလှူဒါန်းစေ၏။ ကုသိုလ်ကောင်းမှုကိုပြုကာ သေလွန်သောအခါနတ်ပြည်သို့ ရောက်လေ၏။ ခွေးမင်း၏ အဆုံးအမ ဩဝါဒသည် နှစ်ပေါင်းတစ်သောင်းနှစ်ထောင်ပတ်လုံး တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗြဟ္မဒတ်မင်းသည် - ယခုအခါ အာနန္ဒာ။

ကြွင်းသော ပရိသတ်သည် - ငါဘုရား ပရိသတ်။

ခွေးပညာရှိသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အကြောင်းထူးရှိ၊ ကိုယ်တိုင်သိ၊ ဂတိမစောင်းရာ။

(၂) နှိပ်သင့်သူအား၊ နှိပ်၍ထား၊ မြှောက်စားမြှောက်သင့်ရာ။

(၃) တရားလမ်းမှန်၊ ကျင့်ကြပြန်၊ သေလွန်နတ်ပြည်မှာ။

ကုက္ကရဇာတ် ပြီး၏။

***

၂၃- ဘောဇာဇာနီယဇာတ်

သေသည်အထိ အသက်ကို ပမာဏမထားဘဲ ဝီရိယကိုသာကြိုးစားသော ဘောဇာဇာနီယ သိန္ဓောမြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု

ဝီရိယအကျိုးရ ပမာပြ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မြတ်စွာဘုရားသာသနာတော်ဝယ် ရဟန်းပြုပါလျက် လုံ့လဝီရိယ ယုတ်လျော့သော ရဟန်းတစ်ပါး ရှိသတတ်။

ထိုအခါမြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်တော်မူ၍ “ချစ်သားရဟန်း ... ရှေးအခါ ပညာရှိတို့သည်မိမိကိုယ်ဝယ် မြားမှန်သော ဒဏ်ချက်ကြောင့် အသက်သေခါနီးသော်လည်း လုံ့လဝီရိယကိုမလျှော့ကြကုန်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မင်္ဂလာမြင်းတွက်ဂုဏ်ရောင်ထွက်

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုမင်း၏ မင်္ဂလာ မြင်းတော်သည်ဘောဇာဇာနီယ သိန္ဓောမြင်းမျိုး ဖြစ်၏။ အလုံးစုံသော အဆင်းတန်ဆာတို့နှင့် ပြည့်စုံ၏။ထိုမင်္ဂလာမြင်းသည် သုံးနှစ်ပတ်လုံး နံ့သာမျိုးဖြင့် ထုံအပ်သည်ဖြစ်၍ အထူးထူးသောအရသာတို့နှင့် ပြည့်စုံသော မွှေးကြိုင်သည့် သလေးထမင်းကို အဖိုးတစ်သိန်းတန်ရွှေခွက်၌ထည့်ကာ စားရ၏။ နေသောအရပ်ဝယ် ကမ္ဗလာ တင်းတိမ်တို့ဖြင့် ကာရံ၍ထား၏။ အထက်က ရွှေကြယ်စီအပ်သောပုဆိုး မျက်နှာကြက်ကို ကြက်၏။ ပတ်ပတ်လည် နံ့သာပန်းဆိုင်းတို့ကို ဆွဲကာ ဆီမီးကိုအမြဲထွန်းလျက်ရှိ၏။

ထိုမင်္ဂလာမြင်းတော်ကိုအစွဲပြုကာ မင်းကြီးမျာ အလွန် ကျက်သရေရှိ၏။ ဗာရာဏသီမင်းအဖြစ်ကို မတောင့်တမိသောသူမည်သည်မရှိ။

စစ်ထိုးထွက်ရန်တိုင်ပင်ပြန်

အခါတစ်ပါးဝယ်ခုနစ်ပြည်ထောင်သော မင်းတို့သည် စစ်သည်ဗိုလ်ပါ မြောက်မြားစွာဖြင့်ဗာရာဏသီပြည်ကြီးကို ဝန်းရံကာ “ငါတို့အား တိုင်းပြည်ကို အပ်နှင်းကာ မင်းအဖြစ်ကိုပေးမည်လော၊ သို့တည်းမဟုတ် စစ်တိုက်မည်လော” ဟု ဗာရာဏသီမင်းကြီးအား သဝဏ်စာပေးကြကုန်၏။

ထိုအခါမင်းကြီးသည် အမတ်တို့ကို စည်းဝေးစေ၍ “အမတ်မင်းတို့ ... ယခု ခုနစ်ပြည်ထောင်မင်းများတိုင်းပြည်ကို ဝိုင်း၍ထားကြပြီ၊ အဘယ်သို့ ပြုလုပ်ကြမည်နည်း” ဟု မေးလေ၏။အမတ်ကြီးတို့လည်း “အရှင်မင်းကြီး ... အရှင်မင်းကြီးကိုယ်တိုင် ရှေးဦးသွား၍စစ်မထိုးလေနှင့်၊ ဤမည်သော မြင်းစီးသူရဲ (မြင်းတပ်ဗိုလ်) ကို စစ်ထိုးခိုင်းပါ၊ထိုမြင်းစီးသူရဲမအောင်မြင်မှ မင်းကြီးကိုယ်တိုင် စစ်ထိုးသင့်၊ မထိုးသင့် သိရမည်” ဟု လျှောက်ထားကြကုန်၏။

မင်းကြီးစေချက်စစ်တိုက်ထွက်

မင်းကြီးသည်မြင်းစီးသူရဲကို ခေါ်စေ၍ “ အမောင် ... ခုနစ်ပြည်ထောင်မင်းတို့နှင့် စစ်ထိုးဝံ့မည်လော”ဟု မေးလေ၏။ မြင်းစီးသူရဲက “အရှင်မင်းကြီး ... မင်းကြီး၏ ဘောဇာဇာနီယ မင်္ဂလာ သိန္ဓောမြင်းတော်ကို ရလျှင်ခုနစ်ပြည်ထောင်မင်းလောက်ကို ထားပါဦး၊ ဇမ္ဗူဒိပ်ကျွန်းရှိ အလုံးစုံသောမင်းတို့နှင့်ပင် စစ်ထိုးဝံပါသည်” ဟု ရဲဝံစွာ လေဆာက်ထားလေ၏။ ထိုအခါ မင်းကြီးက“အမောင် ... ဘောဇာဇာနီယ သိန္ဓောမြင်း ဖြစ်စေ၊ တခြားမြင်းဖြစ်စေ လိုရာမြင်းကိုသဘောရှိယူ၍ စစ်ထိုးလော့” ဟု ခွင့်ပြုတော်မူ၏။

ဝီရိယကြိုးကုတ်ခြောက်မင်းပြုတ်

မြင်းစီးသူရဲလည်း ဘောဇာဇာနီယသိန္ဓောမြင်းကို ဆောင်ယူကာ ချပ်တန်ဆာဖြင့် ကောင်းစွာဖွဲ့၍ မိမိကိုယ်တိုင်လည်းချပ်တန်ဆာဖြင့် ကောင်းစွာဖွဲ့ပြီးလျှင် သန်လျက်ကို လွယ်ကာ သိန္ဓောမြင်းကို စီးလျက်မြို့မှထွက်၍ လျှပ်စစ်နွယ်ကဲ့သို့ ပြိုးပြိုးပြက်သွားကာ ဗိုလ်ထုတစ်ခုကို ဖျက်ဆီး၍မင်းတစ်ပါးကို အရှင်းဖမ်းပြီးလျှင် မြို့တွင်းသို့ဝင်၍ ဗိုလ်ထုအား အပ်နှင်းလေ၏။နောက်တစ်ဖန် ဒုတိယ ဗိုလ်ထုကို ဖျက်ဆီး၍ ဒုတိယ မင်းတစ်ပါးကို၊ နောက် တတိယဗိုလ်ထိုကို ဖျက်ဆီး၍ တတိယ မင်းတစ်ပါးကို၊ နောက် စတုတ္ထ ဗိုလ်ထုကို ဖျက်ဆီး၍စတုတ္ထမင်းတစ်ပါးကို၊ နောက် ပဉ္စမဗိုလ်ထုကို ဖျက်ဆီး၍ ပဉ္စမ မင်းတစ်ပါးကို၊ နောက် ဆဋ္ဌမဗိုလ်ထုကို ဖျက်ဆီး၍ ဆဋ္ဌမ မင်းတစ်ပါးကို ဖမ်းယူကာ မိမိတို့ ဗိုလ်ထုအားအပ်နှင်းပြန်လေ၏။

သိန္ဓဝမြင်းမြားထိခြင်း

ထိုဆဋ္ဌမမြောက်မင်းကိုဖမ်းသောအခါ ဘောဇာဇာနီယ သိန္ဓောမြင်းကို မြားမှန်သဖြင့် သွေးယိုစီးကာ ပြင်းထန်သောဝေဒနာရသဖြင့် မင်းအိမ်တံခါးကို ဆောင်ယူ၍ ချမ်းသာစွာ အိပ်စေလျက် ချပ်တန်ဆာတို့ကိုအသာဖြေပြီးလျှင် သတ္တမမြောက်မင်းကို ဖမ်းယူခြင်းငှာ မြင်းတစ်ကောင်ကို ချပ်တန်ဆာဖွဲ့ရန် ပြင်ဆင်လေ၏။

သေလုနီးတောင်လုံ့ဆောင်

ဘောဇာဇာနီယ သိန္ဓောမြင်းလည်းပြင်းထန်းသော ဝေဒနာကို ခံစားကာ အိပ်လျက် မြင်းစီးသူရဲကို ကြည့်လတ်သော်မြင်းတစ်ကောင်အား ချပ်တန်ဆာ ဖွဲ့နေသည်ကို မြင်လေ၏။ ထိအခါ သိန္ဓောမြင်းသည် “ယခုချပ်တန်ဆာ ဖွဲ့နေသော မြင်းဖြင့် သတ္တမမြောက်မင်းကို ဖမ်းယူနိုင်မည် မဟုတ်၊ငါပြုလုပ်ပြီးသော လုပ်ငန်း ပျက်စီးလိမ့်မည်၊ အတုမရှိသော သူရဲကောင်းလည်းပျက်စီးလိမ့်မည်၊ ငါတို့မင်းလည်း ရန်သူလက်သို့ ကျရောက်လိမ့်မည်” ဟု ကြံစည်ကာမြင်းစီးသူရဲကို ခေါ်စေ၍ “ အို မြင်းစီးသူရဲ ... ငါ့ကိုထား၍ တခြားမြင်းဖြင့်ဖမ်းယူနိုင်မည် မဟုတ်၊ ငါတို့ ပြုလုပ်အပ်သော လုပ်ငန်းလည်း ပျက်စီးလိမ့်မည်၊သို့အတွက် ငါ့ကိုပင် ချပ်တန်ဆာဖွဲ့ချည်လော” ဟု ဆိုလေ၏။

ထိအခါမြင်းစီးသူရဲသည် ဘောဇာဇာနီယ သိန္ဓောမြင်းကိုပင် မ ထူကာ မြားမှန်သော ဒဏ်ရာကို မြဲစွာ ကျပ်စည်းလျက်တန်ဆာဖွဲ့ချည်ပြီးလျှင် သိန္ဓောမြင်းကိုစီးကာ သတ္တမမြောက် ဗိုလ်ထုကို ဖျက်ဆီး၍သတ္တမမြောက်မင်းကို ဖမ်းယူကာ မိမိတို့ဗိုလ်ထုအား အပ်နှင်းပြန်လေ၏။သိန္ဓောမြင်းကိုလည်း မင်းကြီး အိမ်တံခါးသို့ ဆောင်ယူ၍ မင်းကြီးအား လျှောက်ကြားလေ၏။

တရားပြကာသေလွန်ရှာ

မင်းကြီးလည်း အင်္ဂလာသိန္ဓောမြင်းထ လာ၍ ရှုလတ်သော် သိန္ဓောမြင်းလည်း မသေမီ မင်းကြီးကို“အရှင်မင်းကြီး ... ခုနစ်ပြည်ထောင်မင်းတို့ကို မသတ်ဘဲ သစ္စာရေ တိုက်၍လွှတ်ပါ၊ အကျွန်ုပ်နှင့် မြင်းစီးသူရဲအား ပေးထားသည့် အခြံအရံကိုလည်း မြင်းသူရဲအားပေး၍အထူးသဖြင့် ချီးမြှောက်တော်မူပါ၊ မင်းကြီးလည်း မင်းကျင့်တရားနှင့် အညီ မင်းပြု၍ကုသိုလ်ကောင်းမှုကို အားထုတ်ပါ” ဟု မင်းကြီးအား အဆုံးအမပေးပြီးသော်ချပ်တန်ဆာတို့ကို ဖြေစေလျှင် ခဏချင်းပင် သေလွန်လေ၏။

မင်းကြီးလည်းမင်္ဂလာမြင်းအလောင်းကို သင်္ဂြိုဟ်ပြီးလျှင် မြင်းစီးသူရဲအား များစွာစေူ စည်းစိမ်ကိုပေး၍ ချီးမြှောက်က ခုနစ်ပြည်ထောင် မင်းတို့ကိုလည်း နောက်တစဖန် ရန်မပြုနိုင်အောင်သစ္စာရေတိုက်၍ လွှတ်လိုက်လေ၏။

ဤဒေသနာတော် အဆုံး၌လုံ့လဝီရိယလျှော့သော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်ကာ ရဟန္တာ အဖြစ်သို့ ရောက်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗြဒ္မဒတ်မင်းသည် - ယခုအခါ အာနန္ဒာ။

မြင်းစီးသူရဲသည် - သာရိပုတ္တရာ။

သိန္ဓောမြင်းသည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အပျင်းမထူ၊ လုံ့လကူ၊ ထိုသူ ကြီးပွားမြဲ။

(၂) မြားဒဏ်ချက်ပြင်း၊ သေလုမြင်း၊ အားသွင်းအောင်သည့်နဲ။

ဘောဇာဇာနီယဇာတ် ပြီး၏။

***

၂၄- အာဇညဇာတ်

အသက်ကို မမာဏမထားဘဲ ဝီရိယလုံ့လကိုမလျှော့သော အာဇာနည် သိန္ဓောမြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု

လုံ့လအတွက် တိုင်တွန်းချက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လုံ့လဝီရိယယုတ်လျော့သော ရဟန်းကို ခေါ်တော်မူ၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

[မှတ်ချက်။ ဤအာဇညဇာတ်၌ ပစ္စုပ္ပန်ဝတ္ထု၊အတိတ်ဝတ္ထု တို့မှာ ဘောဇာဇာနီယသိန္ဓဝ ဇာတ်နှင့် တူ၏။ မြင်းစီးသူရဲနှင့် ရထားစီးသူရဲသာခြားနားသဖြင့် အကျဉ်းမျှ ဖော်ပြမည်။]

အတိတ်ဝတ္ထု

လုံ့လရှိကအောင်မြင်ရ

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် မင်း၏ရထားတွင် ကသော သိန္ဓောမြင်းညီနောင် နှစ်စီးတို့သည် ရှိကုန်သတတ်။

အခါတစ်ပါးဝယ်ခုနစ်ပြည်ထောင် မင်းတို့သည် စစ်ထိုးရန် ဗာရာဏသီပြည်ကို ဝန်းရံကြကုန်၏။ ထိုအခါရထားစီးသူရဲသည် ညီ၊ နောင် ဖြစ်သော သိန္ဓောမြင်း နှစ်ကောင်ကို ယူကာ ချပ်တန်ဆာဖွဲ့ပြီးလျှင် ရထားတွင်က၍ မြို့မှထွက်လေ၏။

ရှေးဦးစွာသောဗိုလ်ထုနှင့် မင်းမှစ၍ ခြောက်ခုမြောက်ဗိုလ်ထုနှင့် မင်းတိုင်အောင် အစဉ်အတိုင်းဖျက်ဆီးကာ မင်းတို့ကို အရှင်ဖမ်း၍ မိမိတို့ ဗိုလ်ထုအား အပ်နှင်းလေ၏။

သေဘေးသင့်ခိုက်လုံ့လစိုက်

ခြောက်ခုမြောက် ဗိုလ်ထုကိုဖျက်ဆီးရာဝယ် အစ်ကိုဖြစ်သော မြင်းအား ပြင်းထန်သော မြားဒဏ်ရာ ရသဖြင့်မင်းအိမ်တံခါးသို့ မောင်းနှင်ကာ ရထားမှ အသာဖြုတ်၍ ချမ်းသာစွာ အိပ်စေ၏။ နောက်တစ်ဖန်ခုနစ်ခုမြောက် ဗိုလ်ထုကို ဖျက်ဆီးရန် တခြား မြင်းတစ်ကောင်ကို ချပ်တန်ဆာ ဖွဲ့ကာရထားတွင်းကမည်ဟု အားထုတ်နေစဉ် အစ်ကို သိန္ဓောမြင်းမြင်သဖြင့် ရထားစီးသူရဲကိုခေါ်စေ၍သေလုမြောပါး ဖြစ်နေသော မိမိကိုယ်ကိုပင် ချပ်တန်ဆာဖွဲ့ကာ ရထားတွင် အကခိုင်းလေ၏။

ရထားစီးသူရဲလည်းအစ်ကို ဖြစ်သော သိန္ဓောမြင်းကိုပင် မ ထူ၍ မြားဒဏ်ရာကို တင်းကျပ်စွာ စည်းနှောင်လျက်ချပ်တန်ဆာဖွဲ့ကာ ရထားတွင် ကမြဲတိုင်း ကပြီးလျှင် မြို့မှထွက်ကာ ခုနစ်ခုမြောက်ဗိုလ်ထုကို ဖျက်ဆီး၍ မင်းကို ဖမ်းယူပြီးလျှင် မိမိတို့ ဗိုလ်ထုအားအပ်နှင်းပြန်လေ၏။ ရထားကိုလည်း မင်းအိမ်တံခါးကို မောင်းနှင်ပြီးလျှင် သိန္ဓောမြင်းကိုရထားမှ အသာအယာချွတ်၍ ထားလေ၏။

ဩဝါဒပြသေလွန်ရ

သိန္ဓောမြင်းလည်းနံပါးတစ်ဖက်ဖြင့် လျောင်းစက်လျက် မင်းကို အဆုံးအမပေးပြီးလျှင် ချပ်တန်ဆာကိုချွတ်သည်နှင့် တစ်ပြိုင်နက် သေလွန်အနိစ္စရောက်လေ၏။ မင်းကြီးလည်းသိန္ဓောမြင်းအလောင်းကို သင်္ဂြိုဟ်ပြီးလျှင် ရထားထိန်းအား စည်းစိမ်ပေးကာ ချီးမြှောက်၍ခုနစ်ပြည်ထောင် မင်းတို့ကိုလည်း သစ္စာရေ တိုက်ပြီးလျှင် ပြန်လွှတ်ကာ တရားနှင့်အညီမင်းပြုလေ၏။

ဤသေဒနာတော် အဆုံး၌လုံ့လဝီရိယ ယုတ်လျော့သော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်၍ ရဟန္တာအဖြစ်သို့ရောက်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗြဟ္မဒတ်မင်းသည် - ယခုအခါ အာနန္ဒာ။

အစ်ကို သိန္ဓောမြင်းသည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) လုံ့လရှိက၊ မှုကိစ္စ၊ မုချပြီးစမြဲ။

(၂) မြားဒဏ်ချက်ပြင်း၊ သေလုမြင်း၊ အားသွင်းအောင်သည့်နဲ။

အာဇညဇာတ် ပြီး၏။

***

၂၅- တိတ္ထဇာတ်

ချိုးနေကျရေဆိပ်တွင် ရေချိုးဆင်းရန်ငြင်းပယ်နေသော မင်္ဂလာမြင်း၏ အလိုကို သိသောပညာရှိအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တပည့်အတွက် လျှောက်ထားချက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ်ရွှေပန်းထိမ်သည်၏သား ရဟန်းတစ်ပါးသည် ရှင်သာရိပုတ္တရာ၏ အတူနေတပည့် ဖြစ်သတတ်။

ရှင်သာရိပုတ္တရာသည်ထို အတူနေတပည့်အား အသုဘ ကမ္မဋ္ဌာန်းကို ပေးလေ၏။ ရွှေပန်းထိမ်သည်သား ရဟန်းသည် ဆရာပေးသောအသုဘ ကမ္မဋ္ဌာန်းကို လေးလတိုင်အောင် အားထုတ်သော်လည်း နိမိတ်မျှ မထင်လေ။

ထိုအခါရှင်သာရိပုတ္တရာသည် အတူနေတပည့်ဖြစ်သော ရွှေပန်းထိမ်သည်သားရဟန်းကို မြတ်စွာဘုရားထံခေါ်သွားပြီးလျှင် မြတ်စွာဘုရားအား “အရှင်ဘုရား ... အသုဘ ကမ္မဋ္ဌာန်းကိုပေးရာလေးလတိုင်အောင် အားထုတ်သော်လည်း နိမိတ်မျှ မထင်ပါ၊ သို့အတွက် မြတ်စွာဘုရားထံလာ၍အပ်နှင်းပါသည်” ဟု လျှောက်ထားလေ၏။

အလိုသိကလွယ်ကူလှ

မြတ်စွာဘုရားလည်းရှင်သာရိပုတ္တရာအား “ချစ်သား သာရိပုတ္တရာ ... သင့်သန္တာ၌ အာသယာနုသယဉာဏ် မရှိသွားလေတော့၊သင့်တပည့်ကို ညချမ်းအခါ လာ၍ခေါ်လေ” ဟု လွှတ်လိုက်၏။ တစ်ဖန် အာသယာနုသယဉာဏ်တော်ဖြင့်ဆင်ခြင်သောအခါ ဤရဟန်းကား တစ်စပ်တည်းဆက်ကာ ဘဝငါးရာတို့၍ ရွှေပန်းထိမ်သည်ဖြစ်ခဲ့၍စင်ကြယ်သော ရွှေကို မြင်းခြင်း၌ လေ့လာဖူးသည်ကို သိတော်မူ၍ ထိုရဟန်းအားကောင်းမြတ်သော အဝတ်၊ သင်္ကန်း၊ ဆွမ်းဘောဇဉ်တို့ကို ပေးတော်မူကာ ညချမ်းအခါခေါ်တော်မူပြီးလျှင် သရက် ဥယျာဉ်တော်တွင် လေးထောင့်ကန်ဝယ် ပဒုမ္မာကြာရုံ၌ပဒုမ္မာကြာပွင်းကြီးကို ဖန်ဆင်းပေး၍ “ဤကြာပွင့်ကြီးကို ရှုကြည့်၍နေလော့” ဟုမိန့်တော်မူပြီးလျှင် ဂန္ဓကုဋိတိုက်သို့ ဝင်တော်မူ၏။

ရွှေပန်းထိမ်သည်သားရဟန်းလည်း နိမ္မိတဖြစ်သော ပဒုမ္မာကြာပွင့်ကြီးကို ကြည့်ရှုကာ ဝိပဿနာအဆင့်ဆင့်ပွားလျက် အရဟတ္တဖိုလ်သို့ရောက်၍ မြတ်စွာဘုရားထံသို့သွားကာ ရှိခိုးလျက်နေ၏။မကြာမီ ရှင်သာရိပုတ္တရာလည်း မြတ်စွာဘုရားထံသို့လာပြီးလျှင် တပည့်ရဟန်းကို ခေါ်၍ပြန်လေ၏။

ရဟန်းတို့လည်းတရားသဘင်ဝယ် ရှင်သာရိပုတ္တရာတို့ ဆရာ၊ တပည့် အကြောင်းကို စကားစပ်၍ ပြောဆိုနေကြစဉ်မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... သာရိပုတ္တရာ၏ တပည့် ရွှေပန်းထိမ်သည်သားရဟန်းအလိုကို ယခုအခါ ငါဘုရား သိသည်မှာ အံ့ဖွယ်မရှိ၊ ရှေး နုစဉ်အခါကပင်သိခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပညာရှိဉာဏ်စုံစမ်းရန်

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မင်းကိုအကြောင်း၊အကျိုး ဆုံးမတတ်သော မင်းဆရာ ပညာရှိ အမတ်ဖြစ်သတတ်။

တစ်နေ့သ၌မြင်းထိန်းသည် မင်းကြီး၏ မင်္ဂလာမြင်းတော်ကို ရေချိုးရန် ချိုးနေကျ ရေဆိပ်သို့ယူဆောင်ကာ ရေချိုးစေ၏။ မင်္ဂလာမြင်းတော်သည် အမျိုးဇာတ်နိမ့်သော မြင်းယုတ်တစ်ကောင်ရေချိုးသွားသည့်အတွက် စက်ဆုပ်ရွံရှာသဖြင့် ရေမချိုးဘဲ နေလေ၏။

ထိုအခါမြင်းထိန်းသည် မင်းကြီးထံသွား၍ မင်္ဂလာမြင်းတော် ရေဆိပ်သို့သက်၍ရေမချိုးဘဲနေကြောင်းကို လျှောက်ထားလေ၏။ မင်းကြီးလည်း ပညာရှိအမတ်ကို ခေါ်ကာမင်္ဂလာမြင်းတော် ရေဆိပ်သို့ချ၍ မရသည့်အကြောင်းကို စုံစမ်းရန် လွှတ်လိုက်လေ၏။

ဝေဖန်နှိုင်းဆအမှန်ရ

ပညာရှိအမတ်လည်းရေဆိပ်သို့သွား၍ မြင်းတော်ကို ကြည့်ရှု စုံစမ်းလတ်သော် မြင်းတော်ဝယ် တစ်စုံတစ်ရာအနာရောဂါမရှိသည်ကို သိ၍ ဆက်လက်စုံစမ်းပြန်လျှင် ဤရေဆိပ်ဝယ် အမျိုးဇာတ်နိမ့်သောမြင်းယုတ်ကို ရေချိုးစေသည် ဖြစ်လိမ့်မည်၊ သို့အတွက် စက်ဆုပ်ရွံရှာသဖြင့်ရေဆိပ်သို့ မဆင်းဘဲ ရှိလိမ့်မည်” ဟု ဆင်ခြင်တွေးတောကာ “အချင်းမြင်းထိန်း ...ဤရေဆိပ်တွင် ရှေးဦးစွာ တခြားမြင်း ရေချိုးသလော” ဟု မေးလေ၏။ အရှင် မထင်ရှားသောမြင်းတစ်ကောင် ရေချိုးပါသည်ဟု ပြောလေ၏။

ဉာဏ်ပူဇော်ခစည်းစိမ်ရ

ထိုအခါ ပညာရှိအမတ်သည် “ အချင်းမြင်းထိန်းဤမင်္ဂလာမြင်းတော်ကား သိန္ဓောမျိုး ဖြစ်သည်၊ တခြား မြင်းယုတ်များ ရေချိုးသည်ကိုစက်ဆုပ်ရွံရှာ၍ ရေမချိုးဘဲ နေသည်၊ သို့အတွက် တခြားရေဆိပ်တွင် ချိုးစေလော့” ဟုစေခိုင်းလေ၏။ မြင်းထိန်းလည်း ပညာရှိအမတ် ပြောသည့်အတိုင်း တခြား ရေဆိပ်သို့သွား၍ချလျှင် ဆင်း၍ သောက်လည်းသောက်၊ ချိုးလည်း ချိုးလေ၏။

ပညာရှိအမတ်လည်းမင်းထံသို့ပြန်ကာ မြင်းတော်ဝယ် အနာရောဂါမရှိကြောင်း၊ ရှေးဦးစွာ မြင်းယုတ်တစ်ကောင်ရေချိုးသွားသဖြင့် စက်ဆုပ်ရွံရှာ၍ ရေမချိုးကြောင်း၊ ရေဆိပ်ပြောင်း၍ ချိုးစေသောအခါရေချိုးကြောင်းကို လျှောက်ထားလေလျှင် မင်းကြီးလည်း “ဩော် ... ပညာရှိပေစွ၊ တိရစ္ဆာန်အလိုကိုပင် သိနိုင်ပေသည်” ဟု ချီးမွမ်းအံ့ဩကာ များစွာသော စည်းစိမ်ကိုပေး၍ချီးမြှောက်တော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်္ဂလာမြင်းတော်သည် - ယခု ရွှေပန်းထိမ်သည်သား ရဟန်း။

ဗြဟ္မဒတ်မင်းသည် - အာနန္ဒာ။

ပညာရှိအမတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဇာတ်ယုတ်သုံးမူ၊ ပစ္စည်းဟူ၊ မြင့်သူမသုံးလို။

(၂) တိရစ္ဆာန်လည်း၊ လူတို့နည်း၊ ပြုမြဲရှိသကို။

တိတ္ထဇာတ် ပြီး၏။

***

၂၆- မဟိဠာမုခဇာတ်

ခိုးသားများစကားကြား၍ အယဉ်မှ အရိုင်း ဖြစ်သွားသော မဟိဠာမုခ မင်္ဂလာဆင် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဖြားယောင်းစားတတ် ဒေဝဒတ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် အဇာတသတ်မင်းကိုဖြားယောင်းကာ ဂယာသီ၌ ကျောင်းဆောက်စေ၍ နေ့စဉ် ဆွမ်းချက် အိုးငါးရာ လာဘ်ပူဇော်သကာကိုဖြစ်စေလျက် ပရိသတ်အများ ခြံရံကာ သုံးနှစ်ပတ်လုံး နေလေ၏။

ရာဇဂြိုဟ်ပြည်ဝယ်အဆွေခင်ပွန်း နှစ်ယောက်တို့တွင် တစ်ယောက်ကား ဒေဝဒတ်ထံ ရဟန်းပြု၍ တစ်ယောက်ကားမြတ်စွာဘုရားထံ ရဟန်းပြုသော်လည်း တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ်ရှိလေ၏။

ဆည်းကပ်လွဲမှတ်ကျင့်ပျက်တတ်

တစ်နေ့သ၌ ဒေဝဒတ်တပည့်ကမြတ်စွာဘုရားတပည့်ကို “ငါ့ရှင် ... သင့်မှာ နေ့တိုင်း ချွေးဒီးဒီး ကျအောင် သွားကာဆွမ်းခံ၍ စားရသည်၊ အဘယ်ကြောင့် ဤမျှလောက် အဆင်းရဲခံဘိနသည်း၊ ငါတို့မှာ ဆွမ်းမခံဘဲသက်သက်သာသာဖြင့် ကောင်းကောင်းစားရသည်၊ ငါတို့ ဂယာသီသသို့ လိုက်၍ စားပါ” ဟုပြောလေ၏။ ဘုရားတပည့် ရဟန်းလည်း အကြိမ်ကြိမ် ပြောလတ်သော် နေ့စဉ် ဂယာသီသသို့ သွားကာဆွမ်းစားလေ၏။

ထိုရဟန်းသည်ဒေဝဒတ်၏ ဆွမ်းကိုစားကြောင်း ထင်ရှားလာသောအခါ ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံခေါ်ဆောင်၍ သွားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းအား “ ရဟန်း ... သင်သည်ဒေဝဒတ်၏ ဆွမ်းကို အဘယ်ကြောင့် စားဘိသနည်း၊ ဒေဝဒတ်ကား အကျင့်သီလ မရှိ၊ သင်ကားမြင်မြင်တိုင်းသော သူတို့ကို ဆည်းကပ်ဘိသည်၊ ရှေးအခါကလည်း မြင်မြင်တိုင်သောသူတို့ကို ဆည်းကပ်သည့်အတွက် အကျင့်သီလ ပျက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လူမိုက်စကားဆင်တော်ကြား

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မင်းကိုဆုံးမတတ်သော ပညာရှိအမတ် ဖြစ်သတတ်။ ထိုမင်းအား မဟိဠာမုခ မည်သောမင်္ဂလာဆင်တော်တစ်စီးလည်း ရှိ၏။ အကျင့်သီလနှင့် ပြည့်စုံ၏။ သူတစ်ပါးကို မညှဉ်းဆဲတတ်၊အလွန် သဘောကောင်း၏။

တစ်နေ့သ၌ မဟိဠာမုခဆင်တော်နေသော ဆင်တင်းကုပ်အနီးဝယ် ညဉ့်အခါ သူခိုးတို့ လာကုန်၍ “ဤလို ခြံစပ်ကိုဖောက်ရမည်၊ ဤလို ဥမင်လိုဏ်ကို တူးရမည်၊ ဤလို သတ်ရမည်၊ ဤလို ညှဉ်းဆဲရမည်၊ ဤလိုတိုက်ရမည်၊ ဤလို လုယက်ရမည်၊ ခိုးသောသူမှာ သီလ စောင့်နေရမည် မဟုတ်၊အကျင့်ကောင်းနေရမည် မဟုတ်” ဟု ရက်စက်ကြမ်းကြုတ်ရန် တိုင်ပင်ကြကုန်၏။

မင်္ဂလာဆင်ယဉ်စိတ်ကြမ်းဝင်

ဤလို နေ့စဉ်တိုင်ပင်ဖန်များလတ်သော် မဟိဠာမုခဆင် ကြား၍ “ ဤသူတို့ ငါ့ကို သင်ပြ နည်းပေးကြသည်” ဟု ထင်မှတ်၍ အတုခိုးကာ ငါလည်းရက်စက်ကြမ်းကြုတ်မည်ဟု ကြံစည်ပြီးလျှင် နံနက်စောစောတွင်လာသော ဆင်ထိန်းကိုနှာမောင်းဖြင့် ယူလျက် မြေကြီးမှာရိုက်၍ သတ်လေ၏။ ဤသို့ လာတိုင်း လာတိုင်းသောသူတို့ကို ရိုက်သတ်၍ နေလေ၏။

ထိုအခါ လူတို့သည်မင်းကြီးထံသွား၍ “အရှင်မင်းကြီး ....မဟိဠာမုခ ဆင်တော်သည် ရူးသွပ်လေပြီ၊ လာတိုင်း လာတိုင်းသော သူတို့ကို ရိုက်သတ်လေပြီ” ဟု လျှောက်ကြလေလျှင်မင်းကြီးလည်း ပညာရှိအမတ်ကို စုံစမ်းရန် စေလွှတ်လေ၏။

အမတ်ပညာရှိစုံစမ်းသိ

ပညာရှိအမတ်လည်းဆင်တင်းကုပ်သို့ သွား၍ စုံစမ်းရာ ဆင်တော်၌ အနာရောဂါ မရှိသည်ကို သိ၍ဆက်လက်စုံစမ်းပြန်ရာ ဆင်တင်းကုပ်အနီးတွင် ကြမ်းကြုတ်သော စကာကို လာ၍ပြောကြလိမ့်မည်၊ဆင်တော်လည်း ငါ့ကို လာ၍ သင်ကြသည် ထင်မှတ်ကာ ကြမ်းကြုတ်သည် ဖြစ်လိမ့်မည်ဟုဆင်ခြင်လျက် ဆင်ထိန်းကိုခေါ်၍ “အချင်း ဆင်ထိန်း ... ဤဆင်တင်းကုပ်အနီးတွင်ကြမ်းကြုတ်သော စကားကို လာ၍ ပြောကြသလော” ဟု မေးလေ၏။ ဆင်ထိန်းက “အရှင် ... သူခိုးတွေညဉ့်အခါ လာ၍ ခဏ ခဏ တိုင်ပင်ကြသည်” ဟု ပြောလေ၏။

ထိုအခါပညာရှိအမတ်သည် မင်းထံသို့ပြန်ကာ “အရှင်မင်းကြီး ... ဆင်တော်မှာ တစ်စုံတစ်ခု အနာရောဂါမရှိ၊ သူခိုးတွေ တိုင်ပင်သံ ခဏခဏ ကြားသောအခါ သူ့ကို လာ၍ သင်ကြားပေးကြသည် အမှတ်ရှိကာအကျင့်သီလပျက်၍ ကြမ်းကြုတ် ရက်စက်နေပါသည်” ဟု လျှောက်ထားလေ၏။ ထိုအခါ မင်းကြီးက“ပညာရှိ ... ယခု အသို့ပြုရမည်နည်း” မေးပြန်၏။ “အရှင်မင်းကြီး ... ရဟန်း၊ ပုဏ္ဏားအစရှိသော သူတော်ကောင်းတို့ကို ပင့်ဖိတ်ကာ ဆင်တင်းကုတ်တွင် ဆွေးနွေး တိုင်ပင်ရမည်”ဟု လျှောက်ထားပြန်၏။ မင်းကြီးက “ပညာရှိ ... သင် လျှောက်ထားသည့်အတိုင်း ပြုလုပ်ပါ” ဟုတောင်းပန်လေ၏။

ဆင်တော်အပါးကောင်းစကား

ပညာရှိအမတ်လည်းရဟန်းပုဏ္ဏားတို့ကို ပင့်ဖိတ်၍ ဆင်တင်းကုပ်တွင် သူ့အသက်ကို မသတ်ရ၊ မညှဉ်းဆဲရ၊မခိုးဝှက်ရ၊ သိမ်မွေ့ နူးညံ့သောစိတ် ရှိရမည်၊ မေတ္တာ ကရုဏာ ရှိရမည် စသည်ဟောပြောတိုင်ပင်ကြသောအခါ ဆင်တော်သည် မိမိကို သင်ကြားကြသည်ဟု အမှတ်ရှိကာအတုခိုးလျက် အကျင့်သီလနှင့် ပြည့်စုံကာ သဘောကောင်းလာလေ၏။

မင်းကြီးလည်းမဟိဠာမုခဆင်တော် အကျင့်သီလ ရှိလာကြောင်း၊ သဘောကောင်းလာကြောင်း သိလေလျှင်ဤပညာရှိကား လူ၏အလိုသာ သိသည် မဟုတ်၊ တိရစ္ဆာန်၏ အလိုကိုပင် သိနိုင်ပေသည်ဟုချီးမွမ်းအံ့ဩပြီးလျှင် ပညာရှိအမတ်အား စည်းစိမ်များစွာပေး၍ ချီးမြှောက်တော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မဟိဠာကမုခ ဆင်သည် - ယခု ဒေဝဒတ်ကို ပေါင်းသော ရဟန်း။

ဗြဟ္မဒတ်မင်းသည် - အာနန္ဒာ။

ပညာရှိအမတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သူခိုးပေါင်းရာ၊ သူခိုးသာ၊မြန်စွာ ဖြစ်လိမ့်မည်။

(၂) သူတော်ကိုပေါင်း၊ သူတော်ကောင်း၊ မနှောင်းဖြစ်လိမ့်မည်။

မဟိဠာမုခဇာတ် ပြီး၏

၂၇- အဘိဏှာဇာတ်

ခွေးနှင့်အမြဲမပြတ်နေရ၍ ခွေးနှင့် ကင်းကွာမနေနိုင်သော မင်္ဂလာဆင်တော် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မေတ္တာသက်ဝင် လွန်ချစ်ခင်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်ဝယ်အလွန် ချစ်ကျွမ်းဝင်သော အဆွေခင်ပွန်းနှစ်ယောက် တို့သည် ရှိကုန်သတတ်။ထိုနှစ်ယောက်တို့တွင် တစ်ယောက်သော အဆွေခင်ပွန်းသည် ရဟန်းပြုကာ လူအဆွေခင်ပွန်းအိမ်သို့ နေ့စဉ် သွားလေ့ရှိ၏။ လူအဆွေခင်ပွန်းသည် ရဟန်းအဆွေခင်ပွန်းအား အိမ်တွင်ဆွမ်းကပ်လျက် ဆွမ်းစားပြီးလျှင် ကျောင်းသို့ အတူလိုက်၍ ကျောင်းတွင် တစ်နေ့လုံး စကာပြောဆိုနေထိုင်ကာ နေဝင်မှ အိမ်သို့ နြပ်လာလေ့ရှိ၏။

ထိုရဟန်းနှင့်လူအဆွေခင်ပွန်း နှစ်ဦးတို့ ချစ်ကျွမ်းဝင်ခြင်းသည် ရဟန်းတို့ဘောင်တွင် အထူးသဖြင့်ထင်ရှားလေ၏။ ထိုအခါ ရဟန်းတို့သည် တရားသဘင်ဝယ် စကားစပ်မိ၍ မြတ်စွာဘုရားကို လျှောက်ထားကြလေလျှင် မြတ်စွာဘုရာသည် “ရဟန်းတို့... ဤရဟန်းနှင့် လူတို့မှာ ယခု အခါသာလျှင် ချစ်ကျွမ်းဝင်သည် မဟုတ်၊ ရှေးအခါ၌လည်းချစ်ကျွမ်းဝင်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဆင်နှင့်ခွေးပင် ချစ်ကျွမ်းဝင်

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မင်း၏ ပညာရှိအမတ်ဖြစ်လေ၏။

ထိုအခါခွေးတစ်ကောင်သည် ဆင်တင်းကုပ်သို့ သွား၍ မင်္ဂလာဆင်တော် စားရာအရပ်၌ ကျသောထမင်းလုံးတို့ကို စားလေ့ရှိ၏။ ထိုခွေးသည် အစာကြောင့် မင်္ဂလာဆင်တော်ကိုအဆွေခင်ပွန်းဖွဲ့ကာ ထိုဆင်တော်၏ အနီးမှာပင် အမြဲနေလေ၏။ မင်္ဂလာဆင်တော်လည်းထိုခွေးနှင့် ချစ်ကျွမ်းဝင်လျက် ခွေးကိုယူ၍ နှာမောင်းဖြင့် ပြန်လှန်ကာ ကစား၏။မြှောက်၍ ခေါင်းထက်၌ တင်၏။ ထိုဆင်နှင့် ခွေး - နှစ်ကောင်တို့သည် ခွဲခွာကွေကွင်း၍ မနေနိုင်ကုန်။

အမတ်ပညာရှိအတတ်သိ

တစ်နေ့သ၌ လူတစ်ယောက်သည်ဆင်ထိန်းအား အဖိုးပေးကာ ခွေးကိုယူ၍ သွားလေ၏။ ထိုအခါမှစ၍ မင်္ဂလာဆင်တော်သည် ခွေးနှင့်ကွဲကွာရသဖြင့် အစာလည်း မစား၊ ရေလည်း မသောက်၊ ရေလည်း မချိုး တမှိုင်မှိုင်သာ နေလေ၏။ဆင်ထိန်းသည် ထိုအကြောင်းကို မင်းကြီးအား လျှောက်ကြားလေသော် မင်းကြီးလည်းစုံစမ်းရန် ပညာရှိအမတ်ကို လွှတ်လိုက်လေ၏။

ပညာရှိအမတ်လည်းဆင်တင်းကုတ်သို့သွား၍ နှလုံးမသာသော ဆင်ကို မြင်လျှင် “ ဤဆင်မှာ အနာရောဂါမရှိ၊ချစ်ကျွမ်းဝင်သူ မိတ်တွေနှင့် ကွဲကွာသည် ဖြစ်လိမ့်မည်” ဟု ဆင်ခြင်ကာ “အချင်းဆင်ထိန်း ... ဤဆင်မှာ ချစ်ကျွမ်းဝင်နေသာ ရှိသလော” ဟု မေးလေ၏။ ရှိပါသည်၊ခွေးတစ်ကောင်နှင့် အလွန် ချစ်ကျွမ်းဝင်ပါသည်ဟု ဆို၏။ ဤခွေးသည် အဘယ်မှာနည်း ဟုမေးပြန်ရာ၊ လူတစ်ယောက်ယူသွားပါသည်ဟု ဆို၏။ အဘယ်အရပ်က လူနည်းဟု မေး၏။ မသိပါဟုဆိုလေ၏။

နှစ်ဦးတွေ့မှပျော်ရွှင်ကြ

ထိုနောက်မင်းကြီးထံသို့သွား၍ “အရှင်မင်းကြီး ... ဆင်မှာ အနာရောဂါမရှိ၊ ချစ်ကျွမ်းဝင်သောခွေးတစ်ကောင်နှင့် ကွဲသဖြင့် လွမ်းဆွတ်၍ မစားမသောက် တမှိုင်မှိုင် နေပါသည်” ဟုလျှောက်ထားလေ၏။ မင်းကြီးက “ပညာရှိ ...ထိုသို့ဖြစ်လျှင် အဘယ်သို့ စီမံရမည်နည်း” ဟု မေးလျှင် ပညာရှိအမတ်က “အရှင်မင်းကြီး... ဆင်တော်နှင့် ချစ်ကျွမ်းဝင်သော ခွေးတစ်ကောင်ကို လူတစ်ယောက် ယူသွားသည်၊ ထိုခွေးတွေ့သောအိမ်ကို မင်းဒဏ်ပေးမည်ဟု စည်လည်စေရမည်၊ သို့မှ ခွေးပြန်ရမည်“ ဟုလျှောက်ထားလေ၏။

စည်လည်စေသောအခါမင်းဒဏ်ကို ကြောက်သဖြင့် ခွေးကို မထားဝံ့ကြဘဲ လွှတ်လေလျှင် ခွေးလည်းအလွန်ချစ်ကျွမ်းဝင်သည့် ဆင်ထံသို့ ပြေးလာ၏။ ဆင်တော်လည်း ဝမ်းသာအားရ ခွေးနှင့်ကစားကာ ရောဂါမရှိ၊ ပကတိ ကျန်းမာလေ၏။

မင်းကြီးလည်း “တိရစ္ဆာန်၏ အလိုဆန္ဒကိုပင် သိပေသည်” ဟု ပညာရှိအမတ်အား စည်းစမ်ပေးကာ ချီးမြှောက်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ခွေးသည် - ယခု သတင်းသည်။

မင်္ဂလာဆင်သည် - အဆွေခင်ပွန်း မထေရ်။

ဗြဟ္မဒတ်မင်းသည် - အာနန္ဒာ။

ပညာရှိအမတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ချစ်သူချင်းချင်း၊ ကွဲကာလျဉ်း၊ မယွင်းဆဲရဲမည်။

(၂) ချစ်သူတွေ့လျှင်၊ ခွေးနှင့်ဆင်၊ အစဉ်ချမ်းသာသည်။

အဘိဏှာဇာတ် ပြီး၏။

***

၂၈- နန္ဒိဝိသာလဇာတ်

ရုန့်ရင်းကြမ်းတမ်းစွာဆဲဆိုသဖြင့် ဝန်မရုန်းဘဲနေသော နွားလား အကြောင်း

ပစ္စုပ္ပန်ဝတ္ထု

ဆဲရေးခြင်းပြု ကဲ့ရဲ့မှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဆဗ္ဗဂ္ဂိရဟန်းတို့သည် ခိုက်ရန်ဖြစ်ကြကုန်၏။ ဆဲရေး ရှုတ်ချကြကုန်၏။ အက္ကောာသဝတ္ထုဆယ်ပါးတို့ဖြင့် ဆဲရေးကုန်၏။

ရဟန်းတို့သည်မြတ်စွာဘုရားကို လျှောက်ကြလေလျှင် မြတ်စွာဘုရားက “ချစ်သား ရဟန်းတို့ ...ရုန့်ရင်းကြမ်းတမ်းသော စကားကို လူတို့ မဆိုထားဘိ တိရစ္ဆာန်တို့ပင် မနှစ်သက်ကြကုန်”ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မွေးကျေးဇူးရှိဆပ်လိုဘိ

လွန်လေပြီးသောအခါဂန္ဓာရတိုင်း တက္ကသိုလ်ပြည်ဝယ် ဂန္ဓာရမင်း မင်းပြုသည်ရှိသော် ပုဏ္ဏား တစ်ယောက်သည်အလှူခံ၍ရသော နွားငယ်တစ်ကောင်ကို အလွန် ချစ်မြတ်နိုးသဖြင့် နန္ဒိဝိသာလဟု အမည်ပေးကာသားအရာ၌ ထားလျက် ယာဂုထမင်းဖြင့် မွေးမြူလေ၏။

ထိုနွားငယ်သည် အရွယ်ရောသောအခါ “ဤပုဏ္ဏားသည် ဆင်းရဲငြိုငြင်စွာငါ့ကို လုပ်ကျွေးရ၏။ ဇမ္ဗူဒီပါ မြေအပြင်ဝယ် ငါကဲ့သို့ အားကောင်းသော နွားမရှိ၊ ငါ၏အားအစွမ်းဖြင့် ပုဏ္ဏား၏ မွေးကျေးဇူးကို ဆပ်မည်” ဟု ကြံစည်ကာ ပုဏ္ဏားကို “ဖခင် ...ဂေါဝိန္ဒသူဌေးထံ သွားချေ၊ အရှင်သူဌေး ကျွန်ုပ်၏ နွားသည် တစ်စပ်တည်း ဖွဲ့ချည်ထားသောလှည်းတစ်ရာကို တစ်ကောင်တည်းဖြင့် ရုန်းနိုင်သည်၊ အသပြာတစ်ထောင် လောင်းတမ်းလုပ်မည်ပြောချေ” ဟု စေလွှတ်လေ၏။

လှည်းတစ်ရာရုန်းမှု လောင်းတမ်းပြု

ထိုအခါ ပုဏ္ဏားသည်ဝမ်းမြောက်ဝမ်းသာ ဂေါဝိန္ဒသူဌေးထံသွားကာ နွားချင်းပြိုင်ပြီးလျှင် “ကျွန်ုပ်နွားကားအားအကောင်းဆုံး ဖြစ်သည်၊ တစ်စပ်တည်းဖွဲ့ချည်ထားသော လှည်းတစ်ရာကို တစ်ကောင်တည်း ရုန်းစေမည်၊ မရုန်းနိုင်လျှင်ကျွန်ုပ်က အသပြာတစ်ထောင်ပေးမည်၊ ရုန်းနိုင်လျှင် သူဌေးက အသပြာတစ်ထောင် ပေးရမည်” ဟုကတိထားကာ လောင်းတမ်းပြုမည်ဟု ဆိုလေ၏။ ဂေါဝိန္ဒ သူဌေးလည်း ကောင်းပြီဟု ဝန်ခံ၍ပုဏ္ဏားနှင့် သူဌေးသည် လောင်းတမ်းပြုကြကုန်၏။

စကားရိုင်းပျရှုံးခံရ

ထိုနောက် ပုဏ္ဏားလည်းလှည်းတစ်ရာကို သဲ၊ ကျောက်စရစ်တို့ဖြင့် အပြည့်တင်စေပြီးလျှင် ဝန်ရိုးတို့ကိုတစ်စပ်တည်း လွန်ကြိုးဖြင့် ဖွဲ့ချည်ကာထားပြီးလျှင် နန္ဒဝိသာလ နွားကိုရေချိုး၍ပန်းကုံးစွပ်လျက် ကျောဝယ် နံ့သာ လက်ငါးချောင်းရာ ရိုက်နှိပ်၍ ရှေ့ဆုံးလှည်း၌ကပြီးလျှင် လှည်းဦးက ထိုင်ကာ နှင်တံကို မြှောက်လျက် “ ဟဲ့ ကောက်ကျစ်စဉ်းလဲသောနွား၊ သွားလော့ ရုန်းလော့” ဟု မဟုတ်မမှန် ကြမ်းတမ်းစကားကို ဆို၍ မောင်းနှင်လ၏။နန္ဒိဝိသာလနွားလည်း ငါ မကောက်ကျစ် မစဉ်းလဲပါဘဲလျက် ကောက်ကျစ် စဉ်းလဲသည် ဆိုရာသလောဟုမနှစ်သက်သဖြင့် မရုန်းဘဲ ခြေစုံရပ်၍ နေလေ၏။

ထိုအခါ ဂေါဝိန္ဒသူဌေးက “သင့်နွား မရုန်းနိုင်၊ အသပြာတစ်ထောင်ပေးလော့” ဟု ပြောဆိုကာ အသပြာတစ်ထောင်ကိုတောင်း၍ယူသွားသည့်အတွက် ပုဏ္ဏားမှာ အသပြာတစ်ထောင်ရှုံးသဖြင့် မအိပ်နိုင်၊ မစားနိုင်ပူပန်ဆင်းရဲကာ နေလေ၏။

ချီးမွမ်းပြောမှအနိုင်ရ

နန္ဒိဝိသာလ နွားသည်ပုဏ္ဏားထံလာ၍ “ဖခင် ပုဏ္ဏား ... အကျွန်ုပ်သည်အိမ်၌နေသမျှကာလပတ်လုံး ပစ္စည်းဥစ္စာကိုလည်း မဖျက်ဆီးစဖူး၊ နေရာမဟုတ်သည်၌လည်းကျင်ကြီးကျင်ငယ် မစွန့်စဖူး၊ သို့ပါလျက် အဘယ်ကြောင့် ကောက်ကျစ်စဉ်းလဲသည်ဟုဆိုဘိသနည်း၊ အကျွန်ုပ်မှာ အပြစ်မရှိ၊ ဖခင်ပုဏ္ဏား အပြစ်သာ ဖြစ်သည်၊ ယခုတစ်ဖန် သွား၍အသပြာ နှစ်ထောင်နှင့် လောင်းချေဦး” ဟု စေလွှတ်ပြန်၏။

ပုဏ္ဏားလည်းဂေါဝိန္ဒ သူဌေး တစ်ဖန်သွားကာ အသပြာနှစ်ထောင် လောင်းတမ်းပြုပြန်၏။ ရှေးနည်းအတိုင်းလှည်းတစ်ရာကို တစ်စပ်တည်းဖွဲ့ချည်ကာ နွားကို က၍ လှည်းဦးတွင် ထိုင်လျက်နန္ဒိဝိသာလနွား၏ ကျောက်ကုန်းကို ပွတ်သပ်ကာ “အို လိမ္မာသောနွား .... ကောင်းသောနွား၊သွားပါလော့၊ ဝန်ကို ရုန်းပါလော့” ဟု ချိုသာစွာ ခိုင်းလေလျှင် နန္ဒိဝိသာလနွားလည်းလှည်းတစ်ရာကို တစ်ဟုန်တည်း ရုန်းဆွဲလျက် နောက်ဆုံးလှည်းကို ရှေ့ဆုံးလှည်းနေရာတွ်ထားလေ၏။

ထိုအခါဂေါဝိန္ဒသူဌေး ရှုံးလေ၏။ ပုဏ္ဏားကား အသပြာ နှစ်ထောင်နှင့် နန္ဒိဝိသာလနွားအားပေးကမ်းကြသော ပစ္စည်းဥစ္စာအလုံးစုံကို ရရှိသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုဏ္ဏားသည် - ယခု အာနန္ဒာ။

နန္ဒိဝိသာလနွားသည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကြမ်းတမ်းစကား၊ ပြောဆိုငြား၊ နားဝယ်မချမ်းကြည်။

(၂) နူးညံ့သာယာ၊ စကားမှာ၊ ကောင်းစွာနားချမ်းကြည်။

နန္ဒိဝိသာလဇာတ် ပြီး၏။

***

၂၉- ကဏှဇာတ်

မိမိကျွေးမွေးထားသော အမယ်အိုအား ကျေးဇူးဆပ်သော အယျိကာကာဠက နွားလား အကြောင်း

ပစ္စုပ္ပန်ဝတ္ထု

အတုမရှိ ဝန်ဆောင်ဘိ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သင်္ကသဿမြို့ဝယ်ပြတော်မူသော တန်ခိုးပြာဋိဟာနှင့် စင်လျဉ်း၍ တရားသဘင်၌ “မြတ်စွာဘုရား ဝန်ကိုရွက်ဆောင်ရာဝယ် အတုမရှိ၊ သူတစ်ပါးတို့ မရွက်ဆောင်နိုင်သော ဝန်ကို ရွက်ဆောင်နိုင်သည်”ဟု မြတ်စွာဘုရား၏ အသဒိသဖြစ်သော ဂုဏ်တော်ကျေးဇူးတော်ကို ချီးကျူး၍နေကြရာမြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... ယခုအခါမှသာ ငါဘုရား ရွက်ဆောင်တော်မူသောဝန်ကို သူတစ်ပါးတို့ မရွက်ဆောင်နိုင်သည် မဟုတ်၊ ရှေးတိရစ္ဆာန် ဖြစ်သောအခါ၌ပင်မရွက်ဆောင်နိုင်ကြောင်း” ကို မိန့်တော်မူကာအောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

[ပစ္စုပ္ပန်ဝတ္ထု အကျယ်ကား တေရသနိပါတ်၊ သရဘ မိဂဇာတ်တွင်ထင်ရှားလတ္တံ့။]

အတိတ်ဝတ္ထု

အမယ်အိုမွေးနွားကလေး

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် အဘွားအို တစ်ယောက်တွင် အိမ်ခရသောနွားငယ်တစ်ကောင် ရှိသတတ်။ ထိုအဘွားအိုသည် နွားငယ်ကို ယာဂုထမင်း စသည်တို့ဖြင့်မွေးမြူကာ သားအရာ၌ ထားလေ၏။ အမည်အားဖြင့် အယျိကာကာဠကဟု ခေါ်ဆိုကြ၏။အရွယ်ရောက်လတ်သော် မျက်စဉ်းညိုသကဲ့သို့ ညိုမှောင်သော အဆင်းရှိ၏။ အကျင့်သီလနှင့်ပြည့်စုံ၏။ ရွာသူ သားငယ်တို့သည် ဦးချို၌ လည်းကောင်း၊ နားရွက်၌ လည်းကောင်း၊အမြီး၌လည်းကောင်း ကိုင်ဆွဲကာ ကစားကြကုန်၏။ ကျောပေါ်၌လည်း စီးကြကုန်၏။

တစ်နေ့သ၌ထိုအယျိကာကာဠကသည် “ ငါ့အမိအိုသည် ငါ့ကို ဆင်းဆင်းရဲရဲ မွေးမြူရ၏၊ ငါ အခစားလုပ်၍ငါ့ အမိအိုကို ဆင်းရဲမှ လွတ်မြောက်အောင် ပြုလုပ်မည်” ဟု ကြံစည်ကာနေ၏။ ထို့နေ့မှစ၍အခစားအလုပ်ကို စုံစမ်းရှာဖွေလေ၏။

နွားဟူသမျှရုန်းမရ

အခါတစ်ပါး လှည်းကုန်သည်တစ်ယောက်သည် လှည်းငါးရာဖြင့် လာလတ်သော် မညီမညွတ် အသွားခက်ခဲသော နေရာသို့ရောက်၍လှည်းတို့ကို တက်စေရန် မတတ်နိုင်လေ။ ထိုအခါ နွားတို့ကိုဖြုတ်၍ ထမ်းပိုးအဆက်ဆက်စီမံလျက် လှည်းတစ်စီးကိုပင် နွားအလုံးစုံ ရုန်းစေသော်လည်း မတက်နိုင်လေ။အယျိကာကာဠကလည်း ထိုနေရာ အနီးဝယ် နွားအပေါင်းတို့နှင့်တကွ ကျက်စားလျက်နေ၏။

အားအင်ကြီးမားအလောင်းနွား

လှည်းကုန်သည်သည်နွားကောင်းလက္ခဏာကို ကောင်းစွာ သိသူဖြစ်၏။ နွားအုပ်အနီးသို့လာကာအားကောင်းသောနွားကို ရှာဖွေလတ်သော် အယျိကာကာဠကကိုမြင်၍ နွားကျောင်းသားတို့ကို“အမောင်တို့ ... ဤနွားကား အဘယ်သူ့နွားနည်း၊ ဤနွားကိုယူ၍ လှည်းငါးရာကိုမညီညွတ်သောနေရာမှာ ထုတ်ဆောင်စေလိုသည်၊ အဖိုးအခါ ပေးပါမည်” ဟု ဆို၏။နွားကျောင်းသားတို့လည်း နွားရှင်အနီးမှ မရှိ၊ သို့သော်လည်း အဖိုးအခပေးလျှေင်ယူနိုင်ပါသည်ဟု ဆို ဆိုကုန်၏။

အသေအချာရုန်းရန်လာ

လှည်းကုန်သည်လည်းနွားကျောင်းသားတို့ထံမှ အခွင့်ရ၍ နွားကို နဖားကြိုးဖြင့် ဆွဲလတ်သော် နေရာမှရွေ့အောင်ပင် မဆွဲနိုင်။ ထိုအခါ လှည်းကုန်သည်လည်း အဖိုးအခကို အသေအချာ ပြောစေလိုဟန်တူသည်ဟု နှလုံးသွင်းလျက် “အချင်း ... လှည်းငါးရာတို့ကို မညီညွတ်သော နေရာမှထုတ်ဆောင်ပေးလျှင် လှည်းတစ်စီးလျှင် နှစ်သပြာထား၍ အသပြာတစ်ထောင် ပေးပါမည်” ဟုဆို၏။ ထိုအခါ အယျိကာကာဠကသည် မဆွဲရတော့ဘဲ အလိုလိုသွားလေ၏။

အခမပြေတား၍နေ

နွားကျောင်းသားတို့လည်းရှေ့ဆုံးလှည်းမှစ၍ တစ်စီးစီ လှည်းငါးရာ ကုန်သည်တိုင်အောင် ထမ်းပိုးတွင်တပ်ကာလမ်းသာယာသို့ရောက်အောင် ဆွဲစေကုန်၏။ လှည်းကုန်သည်လည်း ပြီးလျှင် လှည်းတစ်စီးကိုတစ်သပြာကျထားကာ အသပြာ ငါးရာထုပ်ကာ လည်ပင်းတွင် ဆွဲ၍ပေးလေ၏။ အယျိကာကာဠကလည်းဤကုန်သည်ကား အသပြာ ငါးရာသာ ပေးသည်၊ ထားပြီးသော ကတိ မတည်၊ လှည်းတို့ကိုမသွားစေအံ့ဟု လှည်းတို့ရှေ့မှ ရပ်လျက် တားလေ၏။

အမိငွေအပ်ကျေးဇူးဆပ်

လှည်းကုန်သည်လည်း “ဤနွားကားတိရစ္ဆာန် ဖြစ်သော်လည်း အဖိုးအခ လျော့နေသည်ကို သိဟန်တူသည်” ဟု လှည်းတစ်စီးကိုနှစ်သပြာပြုကာ ယခင် ကတိထားသောအတိုင်း အသပြာတစ်ထောင်ကို ထုပ်၍ လည်တွင် ဆွဲပေးလေ၏။ထိုအခါ နွားလည်း အသပြာတစ်ထောင်ကို ယူကာ အမိအိုထံသို့ သွားလေ၏။ ရွာသူ သားငယ်တို့မြင်လျှင် လည်ပင်း၌ ဘာထုပ်ဖြစ်သည်ကို သိလိုကြသဖြင့် အနားသို့ ချဉ်းကပ်ကုန်၏။အယျိကာကာဠကလည်း သူငယ်တို့ကို ခြောက်လှန့်၍ အမိအိုထံသာ အရောက်သွားလေ၏။

အဘွားအိုလည်းနွားလည်ပင်း၌ အသပြာထောင်ထုပ်ကို မြင်၍ နွားကျောင်းသားတို့ကို မေးကာအကြောင်းသိလတ်သော် “ချစ်သား ... လှည်းငါးရာကို ရုန်းရသဖြင့် ပင်ပန်းလှ၏၊ချွေးဒီးဒီးကျနေ၏၊ သင် လုပ်၍ရသော အသပြာတစ်ထောင်ဖြင့် မွေးကျေးဇူးဆပ်သလော၊ဘာ့ကြောင့် ဤမျှလောက် အဆင်းရဲခံရသနည်း” ဟု ပြစ်တင်ပြောဆိုကာ ရေနွေးဖြင့် ရေချိုး၍တစ်ကိုယ်လုံး ဆီလိမ်းကာ ရေသောက်စေလျက် ကောင်းသော ဘောဇဉ်ခဲဖွယ်တို့ကိုကျွေးမွေးလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ အဘွားအိုသည် - ယခုအခါ ဥပ္ပလဝဏ်။

အယျိကာကာဠကသည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဝန်ကြီးဆောင်ရာ၊ တို့မြတ်စွာ၊ ပြိုင်ရာဘက်မမြင်။

(၂) ငါးရာလှည်းများ၊ ရုန်းသည့်နွား၊ ရှုစားရှေးပုံပြင်။

ကဏှာဇာတ် ပြီး၏။

***

၃၀- မုနိကဇာတ်

ကောင်းစွာကျွေးမွေးထားပြီး မင်္ဂလာဆောင်အတွက် သတ်စားခံရသော မုနိကဝက် အကြောင်း

ပစ္စုပ္ပန်ဝတ္ထု

အပျိုကြီးလှည့်ဖြား ရဟန်းတစ်ပါး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အပျိုကြီးဖြားယောင်းသဖြင့် သာသနာတော်၌ မပျော်မွေ့ဘဲ ထွက်အံ့ဆဲဆဲဖြစ်သော ရဟန်းတစ်ပါးရှိသတတ်။ ထိုရဟန်းကို မြတ်စွာဘုရား သိတော်မူလျှင် ခေါ်၍ “ချစ်သား ရဟန်း ...ဤအပျိုကြီးကား ယခုမှသာ သင့်အကျိုးမဲ့ကို ပြုသည်မဟုတ်၊ ရှေး၌လည်း ဤအပျိုကြီးလက်ထပ်သောနေ့ဝယ် သင့်မှာ လူအများ စားသောက်ဖို့ လက်သုပ်ဟင်းလျာ ဖြစ်ဖူးပြီ” ဟုမိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

[ပစ္စုပ္ပန်ဝတ္ထု အကျယ်သည် တေရသနိပါတ် စူဠနာရ ဒကဿပဇာတ်၌ ထင်ရှားလတ္တံ့။]

အတိတ်ဝတ္ထု

ဝက်နှင့်ညီနောင်နွားနှစ်ကောင်

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ရွာငယ်တစ်ရွာ၌ သူကြွယ်တစ်ဦးအိမ်ဝယ် ကျွေးမွေးထားသည့် မဟာလောဟိတနှင့် စူဠလောဟိတဟု နွားညီနောင်နှစ်ကောင် တို့ရှိကုန်သတတ်။ ထို နွားနှစ်ကောင်တို့သည် လယ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း စသော အမှုကိစ္စအရပ်ရပ်တို့ကို ဆောင်ရွက်ကုန်၏။

ထိုသူကြွယ့်အိမ်ဝယ်အရွယ်ရောက်သော သမီးငယ်တစ်ယောက်လည်းရှိ၏။ ထိုသူငယ်မကို မြို့နေအမျိုးသားတစ်ယောက်နှင့် ထိမ်းမြားလက်ထပ်ရန် ကြောင်းလမ်းစေ့စပ်ကြ၏။ သူငယ်မမိဘတို့သည် လက်ထပ်ထိန်းမြားသော အခါ လာရောက်ကြသည့် ဧည့်သည်တို့ကို လက်သုပ်ဟင်းလျာအဖြစ် ဧည့်ခံကျွေးမွေးရန် ရည်မှန်း၍ မုနိက မည်သော ဝက်တစ်ကောင်ကို ယာဂုထမင်းကျွေးမွေးလျက် မွေးမြူထားကြကုန်၏။

ဝက်စာတောင့်တနွားစူဠ

ထိုအခါ စူဠလောဟိတသည်အစ်ကိုထံသွားကာ “အစ်ကို ... ကျွန်ုပ်တို့ ညီနောင်မှာ အိမ်တွင် အမှုကိစ္စ ဟူသမျှကိုပင်ပင်ပန်းပန်း ဆောင်ရွက်ရပါလျက် ဘာမဟုတ်သည့် မြက်၊ သစ်ရွက်နှင့် ဖွဲတို့ကိုသာစားကြရသည်။ ဝက် သည် အလုပ်မရှိဘဲ ချ မ်းချမ်းသာသာထားလျက် မွန်မြတ်သည့် ယာဂုထမင်းကိုအဘယ်ကြောင့် စားရသနည်း” ဟု မေးလေ၏။ မဟာလောဟိတက စူဠလောဟိတအား “ညီထွေး စူဠလောဟိတ ...သင်သည် ဝက်၏ အစာကို မနှစ်သက်နှင့်။ မြက်၊ သစ်ရွက်နှင့် ဖွဲတို့ကို စားရခြင်းသည်အသက်ရှည်သည်။ ဤဝက်သည် သေရအံ့သော ထမင်းအစာကို စားရသည်၊ မကြာမီ ဝက်၏ အကြောင်းကိုသိရလတ္တံ့” ဟု ပြောဆိုဆုံးမလေ၏။

ကောင်းစွာစားရသတ်ခံရ

နှစ်ရက် သုံးရက် လွန်လျှင်သူငယ်မအတွက် ထိမ်းမြားလက်ထပ်ပွဲ ပြုလုပ်သဖြင့် ဝက်ကို ဖမ်းဆီးချုပ်နှောင်ကာသတ်ဖြတ်၍ အသားကို လက်သုပ်ဟင်းလျာ ပြုလုပ်ပြီးလျှင် ရောက်လာကြသော ဧည့်သည်တို့အားကျွေးမွေးဧည့်ခံလေ၏။

ထိုအခါ အဟာလောဟိတသည်စူဠလောဟိတကို ခေါ်၍ “ညီထွေး စူဠလောဟိတ ... သင်သည် မုနိက၏ အဖြစ်အပျက်ကို မြင်ပြီ မဟုတ်လောဧဟု မေး၏။ စူဠလောဟိတလည်း “အစ်ကို ... ကျွန်ုပ်သည် မုနိက စားရသော အစာ၏ အကျိုးကိုမြင်ရပါပြီ၊ ကျွန်ုပ်တို့ စားရသော မြက်၊ သစ်ရွက်နှင့် ဖွဲတို့မှာ မုနိက စားရသောယာဂုထမင်းထက် အဆပေါင်းများစွာ မွန်မြတ်လှပါသည်။ အပြစ်လည်း ကင်းသည်။အသက်ရှည်ကြောင်းလည်း ဖြစ်သည်” ဟု ပြောကြားလေ၏။

ဤဒေသနာတော်၏အဆုံး၌ အပျိုကြီး ဖြားယောင်းသည့်အတွက် သာသနာတော်မှ လူထွက်လုဆဲဆဲ ဖြစ်သော ရဟန်းသည်သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မုနိကဝက်သည် - ယခုအခါ သာသနာတော်၌ မပျော်မွေ့သော ရဟန်း။

သူငယ်မသည် - အပျိုကြီး

စူဠလောဟိတသည် - အာနန္ဒာ။

မဟာလောဟိတသည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အလုပ်မဲ့လျဉ်း၊ ဝက်ထမင်း၊ မယွင်းသေကြောင်းမှန်။

(၂) အလုပ်ရှိနွား၊ မြက်ဖွဲများ၊ မမှားပြစ်ကင်းပြန်။

မုနိကဇာတ် ပြီး၏။

***

၄။ကုလာဝကဝဂ် ၃၁- ကုလာဝကဇာတ်

စစ်ရှုံး၍ပြေးလာရာ ဂဠုန်ငယ်များကို တိုက်မိ၍သနားသဖြင့် ရှေ့ဆက်မပြေးတော့ဘဲ နောက်ပြန်လှည့်သောကြောင့် စစ်နိုင်သော သိကြားမင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရဟန်းနှစ်ပါး ခိုက်ရန်ပွား

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလဇနပုဒ်၌နေသော ရဟန်းငယ်နှစ်ပါးတို့သည် မြတ်စွာဘုရားကို ဖူးမြော်ရန်ဇေတဝန်ကျောင်းသို့ လာကြကုန်၏။ ရဟန်းငယ် တစ်ပါးဝယ် ရေစစ်ရှိ၍ တစ်ပါးဝယ် မရှိ၊အတူတကွသာ ရေကိုစစ်၍ သောက်ကြကုန်၏။

ခရီးအကြားဝယ်တစ်နေ့သ၌ ရဟန်းငယ် နှစ်ပါးတို့သည် ခိုက်ရန်ဖြစ်ကြကုန်၏။ ရေငတ်သောအခါ ရေစစ်ရှိသောရဟန်းငယ်သည် ရေကိုစစ်၍ သောက်၏။ ရေစစ်မရှိသော ရဟန်းငယ်ကား ရေစစ်ကိုငှား၍မရသည့်အတွက် ရေကို မစစ်ဘဲ သောက်ရ၏။

ပိုးရှိသောရေစစ်သောက်လေ

မြတ်စွာဘုရားထံ ရောက်သောအခါမြတ်စွာဘုရားသည် အာဂန္ဓုက ရဟန်းတို့နှင့် ဝမ်းမြောက်ဝမ်းသာ ပြောဟောမြဲအတိုင်း ပြောဟောကာလာခဲ့ရသော အကြောင်းအရာကို မေးမြန်းတော်မူ၏။ ရေစစ်ရှိသော ရဟန်းငယ်က“အရှင်ဘုရား ...ဤ ရဟန်းကား ရေ၌ပိုးရှိမှန်းသိလျက် မစစ်ဘဲ သောက်ပါသည်” ဟု လျှောက်ထားလေ၏။ ရေစစ် မရှိသော ရဟန်းငယ်က“ အရှင်ဘုရား ... ဤရဟန်းကား ခိုက်ရန် ဖြစ်၍ ရေစစ်ကို မငှားရမ်းသည့်အတွက် ရေကိုမစစ်ဘဲ သောက်ရပါသည်” ဟု လျှောက်ထားပြန်၏။

ထိုအခါမြတ်စွာဘုရားသည် ရေစစ် မငှားရမ်းသော ရဟန်းကိုလည်း အပြစ်တင်၍ သိက္ခာပုဒ်ပညတ်တော်မူပြီးလျှင် ပိုးရှိမှန်းသိလျက် ရေကို မစစ်ဘဲ သောက်သော ရဟန်းအားလည်းအပြစ်တင်၍ သိက္ခာပုဒ် ပညတ်တော်မူပြီးလျှင် “ချစ်သောရဟန်း ... ရှေးပညာရှိတို့ကားသိကြားမင်းဖြစ်၍ အသူရာနှင့် စစ်ရှုံးသဖြင့် ပြေးလွှားရင်း ဂဠုန်ငယ်တို့အသက်ကိုပေးလျက် ရထားကို ပြန်လှည့်ဖူးပြီး” ဟု မိ်န့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မာဃအမှူးသုံးဆယ့်သုံးဦး

လွန်လေပြီးသောအခါ မဂဓတိုင်းရာဇဂြိုဟ်ပြည်ဝယ် မဂဓမင်း မင်းပြုသည်ရှိသော် မစလရွာငယ်၌ မာဃလုလင်ဟု ထင်ရှားသောအမျိုးကောင်းသားတစ်ယောက်ရှိသတတ်။ ထိုလုလင်သည် သား၊ သမီးတို့ဖြင့် ကြီးပွားလျက်အလှူရှင် ဖြစ်၏။ ငါးပါးသီလကို စောင့်ထိန်း၏။ ထို့ပြင် မစလရွာငယ်၌သုံးကျိပ်သုံးယောက်သော အမျိုးကောင်းသားတို့လည်း ရှိကြကုန်၏။

မာဃလူစုကောင်းမှုပြု

တစ်နေ့သ၌ မာဃလုလင်သည် မိမိတည်ရာအရပ်ဝယ် ခြေတို့ဖြင့် မြေကိုယက်ညှိကာ မွေ့လျော်ဖွယ်ရှိအောင် ပြုပြင်၍နေ၏။ထိုအခါ လူတစ်ယောက် လာ၍ ထိုအရပ်၌နေ၏။ တစ်ဖန် မာဃလုလင်သည် တစ်ပါးသောအရပ်သို့ ရွှေ့ကာမွေ့လျော်ဖွယ်ဖြစ်အောင် ပြုပြင်၍နေပြန်၏။ ထိုအရပ်၌လည်း လူတစ်ယောက် လာ၍နေပြန်၏။ဤသို့လျှင် နေလေတိုင်းသော အရပ်ဝယ် မွေ့လျော်ဖွယ်ရှိအောင် ပြုပြင်၍နေသည်ချည်းဖြစ်၏။နောက်အခါ မဏ္ဍပ်ဆောက်၏။ တစ်ဖန် မဏ္ဍပ်ကို ဖျက်၍ ဇရပ်ဆောက်၏။ ရေအိုးစင် တည်၏။

ထို့နောက်တစ်ရွာတည်းနေ သုံးကျိပ် သုံးယောက်သော အမျိုးကောင်းသားတို့လည်း မာဃလုလင်နှင့်တိတ်တူသဘောတူ ဖြစ်ကာ ငါးပါးသီလကို စောင့်သုံးကြကုန်၏။ ကုသိုလ်ကောင်းမှုကိုပြုကြကုန်၏။ နံနက်စောစော ထ၍ မာဃလုလင်နှင့်အတူ ပဲခွပ်၊ ပုဆိန် စသော လက်နက်တို့ကိုစွဲကိုင်ကုန်လျက် မြက်၊ သစ်ပင်တို့ကို သုတ်သင်ရှင်းလင်းကာ ခရီးလမ်းတို့ကိုညီညွတ်သာယာအောင် ပြုပြင်ကုန်၏။ တံတားခင်းကုန်၏။ ရေတွင်း ရေကန် တူးကုန်၏။ဇရပ်ဆောက်ကုန်၏။ ဤသို့သောနည်းဖြင့် တခြားရွာသားတို့လည်း ငါးပါးသီလကိုစောင့်သုံးကုန်၏။ ကုသိုလ်ကောင်းမှုကို ပြုကုန်၏။ မာဃလုလင်၏ အဆုံးအမ၌ တည်ကုန်၏။

ရွာစားလူမိုက်မင်းကုန်းတိုက်

ထိုအခါ ရွာစားမင်းသည်“ရှေးအခါ မစလရွာသား တို့သည် မူးယစ်သောက်စားခြင်း၊ သတ်ဖြတ်ညှဉ်းဆဲခြင်း စသောမတရားမှုကို ပြုကြသည့်အတွက် ငါ့မှာ လာဘ်သပ်ပကာ ရွှင်သည်၊ယခုမူကား မ မာဃလုလင်၏အဆုံးအမ၌ တည်ကာ မတရားမှုကို မပြုကြဘဲ ကုသိုလ်ကောင်းမှုကို ပြုနေကြသည့်အတွက်လာဘ်သပ်ပကာ ဆုတ်ယုတ်သည်” ဟု မာဃလုလင်ကို အမျက်ထွက်ကာ မဟုတ်မမှန် လုပ်ကြံလီဆယ်၍မင်းကြီးထံ ကပ်ပြီးလျှင် “အရှင်မင်းကြီး ...သူခိုးများစွာတို့ ရွာငယ်ဇနပုဒ်တို့ကို ဖျက်ဆီးနေကြသည်” ဟု လျှောက်ထားလေ၏။မင်းကြီးလည်း မစူးစမ်း မဆင်ခြင်ဘဲ “ငါ့ထံ ဖမ်းခဲ့ကြ” ဟု အမိန့်ပေးလေ၏။

မာဃလူသိုက်ဆင်နှင့်တိုက်

ရွာစားမင်းလည်းမာဃလုလင်အမှူးရှိသော ရွာသားတို့ကို ဖမ်းဆီးကာ မင်းထံသို့ အပ်လေ၏။ မင်းကြီးလည်းစစ်ဆေးမေးမြန်းခြင်းကို မပြုဘဲ ထိုသူတို့ကို “ဆင်နှင့်နင်း၍ သတ်စေ” ဟုတစ်ချက်လွှတ်အမိန့် ချမှတ်လေ၏။ ရွာစားမင်းလည်း ထိုသူတို့ကို မင်းရင်ပြင်ဝယ် အိပ်စေ၍နင်းသတ်စေရန် ဆင်ကို ယူစေ၏။

မာဃလုလင်လည်းမိမိနှင့် အပေါင်းအသင်းပါ သုံးကျိပ် သုံးယောက်တို့အား “အမောင်တို့ ... မိမိတို့စောင့်ထိန်းအပ်သော သီလကို ဆင်ခြင်ကြကုန်လော့၊ ကုန်းတိုက်သော ရွာစားမင်း၌လည်းကောင်း၊ မင်းကြီး၌လည်းကောင်း၊ နင်းသော ဆင်၌ လည်းကောင်း အမျက်မထွက်ကြလင့်၊မိမိကိုယ်နှင့် ထပ်တူထပ်မျှထားကာ မေတ္တာပွားကြကုန်လော့” ဟု အဆုံးအမ ပေးလေ၏။သုံးကျိပ်သုံးယောက်သော သူတို့လည်း အဆုံးအမကို နာယူကာ မာဃလုလင် ဆိုတိုင်းပြုကြကုန်၏။

မေတ္တာထန်ပြင်းဆင် မနင်း

ဆင်လည်း ထိုသူတို့အနီးသို့ရောက်လျှင်မနင်းဝံ့ဘဲ အော်ဟစ်၍ ပြေးလေ၏။ တခြား ဆင်တစ်ကောင် ကိုယူ၍ နင်းပြန်စေရာ အနားသို့မကပ်ဝံ့ဘဲ အော်ဟစ်ကာ ပြေးပြန်၏။ ထိုအခါ မင်းကြီးလည်း မင်းချင်းတို့အား“ထိုသူတို့မှာ ဆေးကောင်း၊ အဆောင်ကောင်းရှိလိမ့်မည်၊ ရှာဖွေကြလော့” ဟုအမိန့်ပေးလေ၏။ ရှာဖွေသောအခါ တစ်စုံတစ်ရာ မတွေ့ကြောင်း လျှောက်ထားကြကုန်၏။ဆေးကောင်း၊ အဆောင်ကောင်း မရှိလျှင် မန္တရားကောင်း ရှိလိမ့်မည်၊ မေးကြကုန်လော့ဟုအမိန့်ပေးပြန်၏။

မင်းကြီးစစ်ကြောအမှန်ပြော

ထိုအခါ မင်းချင်းတို့က“သင်တို့မှာ မန္တရားကောင်း ရှိသလော” ဟု မေးရာ၊ မာဃလုလင်က “ရှိပါသည်” ဟု ဆို၏။မင်းချင်းတို့လည်း “အရှင်မင်းကြီး ... ရှိသတဲ့” ဟု လျှောက်ထားကြလျှင် မင်းကြီးလည်းအလုံးစုံသော သူတို့ကို ခေါ်စေ၍ သင်တို့၌ရှိသော မန္တရားကောင်းကို ပြောပါဟု ဆိုလေ၏။

“အရှင်မင်းကြီး ....

ကျွန်ုပ်တို့မှာတခြား မန္တရားကောင်း မရှိပါ။ သူ့အသက်ကို မသတ်ကြပါ၊ သူ့ဥစ္စာကို မခိုးကြပါ၊သူ့မယားကို မပြစ်မှားကြပါ၊ မဟုတ်မမှန် မပြောဆိုကြပါ၊ သေအရက်ကို မသောက်ကြပါ၊မေတ္တာပွားကြပါသည်၊ အလှူပေးကြပါသည်၊ လမ်းခရီး ညီညွတ်အောင် ပြုပြင်ကြပါသည်၊ ရေတွင်းရေကန် တူးကြပါသည်၊ ဇရပ် ဆောက်လုပ်ကြပါသည်။ ဤသည်ကား ကျွန်ုပ်တို့ မန္တရားကောင်းဖြစ်ပါသည်။ ပရိတ် အရံအတားကောင်းလည်း ဖြစ်ပါသည်၊ အကျိုးစီးပွားလည်း ဖြစ်ပါသည်” ဟုလျှောက်ထားလေ၏။

မာဃအသင်းစည်းစိမ်နှင်း

မင်းကြီးလည်း ထိုသူတို့ကားသူခိုး မဟုတ်ကုန်၊ သူတော်ကောင်းများ ဖြစ်ကြသည်ဟု အလွန်ကြည်ညိုသဖြင့် ကုန်းတိုက်သောရွာစားမင်းကို ကျွန်ပြုရန် ထိုသူတို့အား ပေးတော်မူ၏။ ရွာစားမင်း၏စည်းစိမ်ဥစ္စာအလုံးစုံကို လည်းကောင်း၊ နင်းစေသော ဆင်ကိုလည်းကောင်း ပေးတော်မူ၏။ထိုနေ့မှစ၍ အလိုရှိတိုင်း ကုသိုလ်ကောင်းမှု ပြုရန် အခွင့်ပေးတော်မူ၏။

မာဃလုလင်အမှူးရှိသောသုံးကျိပ်သုံးယောက်တို့လည်း အသက်လည်း ချမ်းသာ၊ စည်းစိမ်ဥစ္စာ၊ ကျေးကျွန်နှင့်လည်းပြည့်စုံသဖြင့် အလိုရှိတိုင်း ကုသိုလ်ကောင်းမှုကို ပြုကုန်လျက် ခရီးလမ်းမလေးဆုံဝယ်ဇရပ်ကြီးတစ်ဆောင် ဆောက်လုပ်ကြကုန်၏။ ဆန္ဒရာဂင်းသူများဖြစ်၍ မိန်းမတို့အား ကုသိုလ်ကောင်းမှုအဖို့ကို မပေးကြကုန်၏။

ကောင်းမှုမပါသုဇာတာ

ထိုအခါ မာဃလုလင်ဝယ် သုဓမ္မာ၊သုစိတ္တာ၊ သုနန္ဒာ၊ သုဇာတာ ဟူ၍ မယားလေးယောက် ရှိကုန်သတတ်။ ထိုလေးယောက်တို့တွင်သုဓမ္မာသည် တံစိုးလက်ဆောင်ပေး၍ လက်သမားကြီးနှင့် ပူးပေါင်းလျက် ဇရပ်တွင်ထုပိကာကုသိုလ် ပါဝင်၏။ သုစိတ္တာလည်း ဇရပ် ဝင်းခြံအတွင်းဝယ် အသီး၊ အပွင့်နှင့်ပြည့်စုံသည့် ဥယျာဉ်ကို စိုက်ပျိုးကာ ကုသိုလ်ပါဝင်၏ သုနန္ဒာလည်း အဆင်းငါးပါးရှိသောပဒုမ္မာကြာတို့ဖြင့် တင့်တယ်သော ရေကန်ကိုတူးကာ ကုသိုလ်ပါဝင်၏။ သုဇာတာကားတစ်စုံတစ်ရာ ကုသိုလ်ပါဝင်ခြင်း မရှိလေ။

သိကြားဖြစ်ကြောင်း အကျင့်ခုနစ်ပါး

မာဃလုလင်လည်း -

(၁) အမိအား လုပ်ကျွေးခြင်း၊

(၂) အဘအား လုပ်ကျွေးခြင်း၊

(၃) ကြီးသူတို့အား ပူဇော်ခြင်း၊

(၄) မှန်သောစကားကိုဆိုခြင်း၊

(၅) မကြမ်းတမ်းသော စကားကို ဆိုခြင်း

(၆) ကုန်းမတိုက်ခြင်း၊

(၇) ဝန်မတိုခြင်း။

ဤကျင့်ဝတ် ခုနစ်ပါးတို့ကို ဖြည့်ကျင့်ကာ သေလွန်သောအခါ တာဝတိံသာနတ်ပြည်ဝယ် သိကြားမင်း စြဖ်လေ၏။ သုံးကျိပ်သုံးယောက်သော အဆွေခင်ပွန်းတို့လည်းမာဃာလုလင်နှင့်တကွ တာဝတိံသာနတ်ပြည်၌ ဖြစ်ကြကုန်၏။

အသူရာ၊သိကြား ခိုက်ရန်ပွား

ထိုစဉ်ကာလ တာဝတိံသာနတ်ပြည်ဝယ် အသူရာတို့သည် နေလင့်ကြကုန်၏။ သိကြားမင်းသည် သူတစ်ပါးတို့နှင့် စပ်သောမင်းစည်းစိမ်ဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု အသူရာတို့အား နတ်၌ဖြစ်သော အဖျော်တို့ကိုတိုက်စေ၍ မူးယစ် မေ့လျော့သောအခါ မြင်းမိုရ်တောင်ခြေရင်းသို့ ပစ်ချစေကုန်၏။အသူရာတို့လည်း အသူရာပြည်သို့ ရောက်ကြကုန်၏။

အသူရာပြည်ကားမြင်းမိုရ်တောင်အောက်တွင် ရှိ၏။ တာဝတိံသာနတ်ပြည်နှင့်အမျှ ကျယ်ဝန်း၏။ ထိုပြည်ဝယ်တာဝတိံသာ နတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ကဲ့သို့ တစ်ကမ္ဘာပတ်လုံးတည်သော ထူးဆန်းသည့်သခွတ်ပင်ကြီး တစ်ပင် ရှိ၏။

စစ်ရေးမလှသိကြား ပြေးရ

အသူရာတို့သည် သခွတ်ပင်ပွင့်ချိန် ရောက်သောအခါ “ဤပြည်ကား ငါတို့ နတ်ပြည် မဟုတ်၊ နောက်မှ ရောက်လာသော သိကြားအိုသည် ငါတို့ကိုမူယစ်မေ့လျော့အောင်ပြုကာ မြင်းမိုရ်ဆောင်ခြေရင်းသို့ ပစ်ချပြီးလျှင်ငါတို့နတ်ပြည်ကို လုယက်၍ ယူထားသည်ကို သိသဖြင့် အမျက်ထွက်ကာ သိကြားနှင့် စစ်တိုက်၍ငါတို့ပြည် ပြန်ရအောင် ယူမည်ဟု မြင်းမိုရ်တောင်သို့ တက်လျက် သိကြားမင်းနှင့်စစ်တိုက်ကြလေ၏။

သိကြားမင်းလည်းအသူရာတို့ တက်လာသည်ကိုသိ၍ သမုဒ္ဒရာပြင်သို့ ဆင်းသက်ကာ စစ်တိုက်လေသော် စစ်ရေးနိမ့်သဖြင့် ဝေဇယန္တာ ရထားဖြင့် တောင်သမုဒ္ဒရာအထက်၌ လျင်မြန်စွာ ပြေးလွှားသည်ရှိသော်ဂဠုန်ငယ်တို့နေရာ လက်ပံတောသို့ ရောက်လေ၏။

ဂဠုန်သနားဘိ နောက်ပြန်လှည့်

ပြင်းထန်သော ရထား၏လေအဟုတ်ဖြင့် လက်ပံကိုင်းကို ကျိုးပြတ်လျက် သမုဒ္ဒရာသို့ ကျလတ်သော် ဂဠုန်ငယ်တို့လည်းကျလတ်၍ သေဘေးမှ ကြောက်သဖြင့် ကျယ်လောင်စွာ အော်ဟစ်ကုန်၏။ ထိုသို့ သနားဖွယ်အော်ဟစ်သော အသံကို သိကြားမင်းကြား၍ မာတလိနတ်သားကို မေးပြီးလျှင် အကြောင်းစုံသိရသဖြင့် “အမောင် မာတလိ ... ငါတို့အတွက် ဂဠုန်ငယ်တို့ မပင်ပန်းပါစေလင့်၊ အစိုးတရပြုလုပ်ကာ သူ့အသက်ကို မသတ်လိုပါ၊ ဂဠုန်ငယ်တို့ကို မသေပါစေလင့်၊ အသူရာတို့သတ်၍ငါ့အသက် သေပါစေတော့၊ ဂဠုန်ငယ်တို့အား ဇီဝိတဒါန ပြုတော့မည်” ဟု ပြောဆိုလျက်ရထားကိုလှည့်ကာ နောက်သို့ပြန်စေ၏။

အသူရာရန်ကင်းသိကြားမင်း

မာတလိ နတ်သားလည်းသိကြားမင်း အမိန့်အတိုင်း ရထားကို နောက်သို့ လှည့်ကာ ပြန်ခဲ့၏။ အသူရာတို့သည်ပြန်လာသော သိကြားမင်း ရထားကိုမြင်လျှင် ဧကန်စင်စစ် သိကြားအိုသည် စကြာဝဠာတစ်ပါးကသိကြားတို့ကိုခေါ်ကာ စစ်အင်အားဖြည့်၍ ပြန်လာသည်အထင်နှင့် ကြောက်ရွံ့ကာအသူရာပြည်သို့ ပြန်ကြကုန်၏။ သိကြားမင်းလည်း နတ်ပြည်သို့ ပြန်ဝင်ကာ နတ်ပြည်နှစ်ထပ်အလယ်တွင် နတ်အပေါင်းခြံရံလျက် တည်နေ၏။ ထိုအခါ ကုသိုလ်အဟုတ်ကြောင့် ယူဇနာတစ်ထောင်မြင့်သော ဝေဇယန္တာပြာသာဒ်သည် မြေမှပေါက်လေ၏။

သိကြားမင်းလည်းနောက်ထပ် အသူရာတို့ မလာနိုင်အောင် မြင်းမိုရ်တောင်၏ ပထမ အာလိန်တွင် နဂါး၊ ဒုတိယအာလိန်တွင် ဂဠုန်၊ တတိယ အာလိန်တွင် ကုမ္ဘဏ်၊ စတုတ္ထအာလိန်တွင် ဘီလူး၊ ပဉ္စမအာလိန်တွင် စတုမဟာရာဇ်နတ်မင်းကြီး လေးယောက် ဤသို့ အဆင့်ဆင့် အစောင့်အရှောက်တို့ကိုထားလေ၏။

ကောင်းမှုပြုဘက်နတ်ပြည်တက်

မာဃလုလင်၏ မယား သုဓမ္မာလည်းသေလွန်လျှင် သိကြားမင်း နတ်မိဖုရားဖြစ်၍ ထိုပိကာ လှူခဲ့သော ကောင်းမှုကြောင့်ယူဇနာငါးရာရှိ သုဓမ္မာ နတ်သဘင်ကြီး ဖြစ်လာ၏။ သုစိတ္တာလည်း သေလွန်လျှင် သိကြားမင်းနတ်မိဖုရားဖြစ်၍ ဥယျာဉ်လှူခဲ့သော ကောင်းမှုကြောင့် စိတ္တလတာ ဥယျာဉ်ကြီး ဖြစ်လာ၏။သုနန္ဒာလည်း သေလွန်လျှင် သိကြားမင်း နတ်မိဖုရားဖြစ်၍ ကန်တူးခဲ့သော ကောင်းမှုကြောင့်နန္ဒာရေကန်ကြီး ဖြစ်လာ၏။ သုဇာတာကား တစ်စုံတစ်ရာ ကောင်းမှုမပြုသောကြောင့် တောတစ်ခု၌ရေအိုင်ချောက်တစ်ခုဝယ် ဗျိုင်းမဖြစ်လေ၏။

ဗျိုင်းမဖြစ်ရှာသုဇာတာ

သိကြားမင်းလည်း သုဇာတာကိုမမြင်ရ၍ ဆင်ခြင်ကြည့်ရှုလတ်သော် ဗျိုင်းမဖြစ်နေသည်ကို သိလျှင် သွား၍ ဆောင်ယူကာအားကျလောက်အောင် မွေ့လျော်ဖွယ် ကောင်းသော နတ်ပြည်ကို လည်းကောင်း၊ သုဓမ္မာဇရပ်ကိုလည်းကောင်း၊ စိတ္တလကာ ဥယျာဉ်ကို လည်းကောင်း၊ နန္ဒာရေကန်ကို လည်းကောင်း ပြလေ၏။“တခြားမိန်းမ သုံးယောက်မှာ ကုသိုလ်ကောင်းမှု ပြုကြသဖြင့် ငါ့ထံ နတ်မိဖုရား ဖြစ်ကြ၏။သင့်မှာကား ကုသိုလ်ကောင်းမှုမပြု၍ ဗျိုင်းမ ဖြစ်ရ၏။ ငါ့ထံ နတ်မိဖုရား ဖြစ်ရအောင်သီလကို စောင့်ပါ” ဟု ဆုံးမပြီးလျှင် ငါးပါးသီလကို ဆောက်တည်စေ၍ နေမြဲ တိုင်းချောက်ကြားသို့ ပြန်ပို့လိုက်၏။

ကောင်းမှုအားသစ်နတ်သမီးဖြစ်

သုဇာတာလည်း ဗျိုင်းမဘဝဝယ်သီလဆောက်တည်၍ သိကြားမင်း အဆုံးအမ၌တည်လျက် သေလွန်လျှင် ဗာရာဏသီပြည်ဝယ်အိုးထိန်းသည်သမီး ဖြစ်လေ၏။ သိကြားမင်း ကြည့်ရှုပြန်လတ်သော် အိုးထိန်းသည်သမီးဖြစ်နေသည်ကို သိပြန်လျှင် အဘိုးအိုအသွင် ဖန်ဆင်း၍ ရွှေသခွားသီးလှည်းအပြည့်တင်ပြီးလျှင် ဗာရာဏသီပြည်တွင်းဝယ် လှည့်လည်ကာ ရောင်းချလေ၏။ လူတို့ လာ၍ဝယ်ကြလျှင် အဘိုးအိုက ငါ အဖိုးငွေဖြင့် မရောင်း၊ သီလရှိသူကိုသာပေးအံ့ဟုဆိုလျှင်လူတို့သည် သီလကိုပင် မသိ၍ ပြန်ကြရကုန်၏။

အိုးထိန်းသည်သမီးလည်းငါ့အဖို့ ယူလာဟန်တူသည်ဟု သွားကာ “အဘိုး ... သခွားသီးတွေ ကျွန်မကို ပေးပါ” ဟုဆိုလျှင်၊ “အမိ သီလကို စောင့်ပါ၏လေ” ဟု မေးလေ၏။ စောင့်ပါ၏ဟု ဆိုလေရာ အမိအတွက်ယူလာသည် ဆိုကာ လှည်းနှင့်တကွ အိမ်တံခါး၌ ထား၍ သွားလေ၏။ အိုးထိန်းသည်သမီးလည်း ထိုရွှေသခွားသီးတို့ဖြင့်အသက်မွေး၍ သေလွန်လျှင် အသူရာပြည်ဝယ် ဝေပစိတ္တိ အသူရာ၏ သမီး ဖြစ်ပြန်၏။ သီလစောင့်သောကောင်းမှုကြောင့် ရွှေအဆင်းကဲ့သို့ ဝါဝင်းလျက် အလွန်အဆင်းလှ၏။

အဘဝေပစိတ္တိအသူရာသည်သမီးသုဇာတာ အရွယ်ရောက်လတ်သော် “ငါ့သမီးသည် မိမိ ကြိုက်နှစ်သက်ရာလင်ကိုရွေးချယ်ယူပါစေ” ဟု ခွင့်ပြုကာ အသူရာတို့ကို စည်းဝေးစေပြီးလျှင်ပန်းကုံးစွပ်ပွဲခံလေ၏။

ပန်းကုံးစွပ်ပွဲသိကြားနွှဲ

သိကြားမင်းလည်း သုဇာတာကိုကြည့်ရှုပြန်သော် အသူရာပြည်၌ ဖြစ်သည်ကို သိ၍ သုဇာတာအတွက် လင်ရွေးချယ်ရန်ပန်းကုံးစွပ်ပွဲသို့ အသူရာအိုကြီးယောင် ဟန်ဆောင်ကာ ပြုလုပ်သွား၍ တစ်နေရာတါင်နေလေ၏။ သုဇာတာလည်း တန်ဆာဆင်လျက် လျောက်ပတ်သော် လင်ကို ရွေးချယ်မည်ဟု ပန်းကုံးကိုကိုင်ကာ ထွက်လာ၍ ကြည့်ရှုလတ်သော် အသူရာအိုကြီး အဟန်ဆောင်သော သိကြားမင်းကိုမြင်လျှင်ရှေးက ချစ်ခင်ခဲ့ဖူးသောအဟုတ်ဖြင့် စွဲလမ်းတိမ်းညွတ်ကာ သိကြားမင်းကိုပင်ပန်းကုံးစွပ်လေ၏။

စည်းဝေးရောက်လာကြကုန်သောအသူရာတို့လည်း “ငါတို့မင်းကြီး သမီးတော်မှာ သက်ကြီးအိုကို အတော်ဆုံးလင်ဟုရွေးချယ်၍ ပန်းကုံးစွပ်သည်” ဟု ကဲ့ရဲ့ကာ ဖဲသွားကြကုန်၏။

သိကြားမင်းလညးသုဇာတာကို နတ်ပြည်သို့ ဆောင်ယူကာ နှစ်ကုဋေ ငါးသန်းသော ကချေသည် နတ်သမီးတို့၏အကြီးအမှူးပြု၍ နတ်မိဖုရားအရာ၌ ထားလျက် မြှောက်စားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မာတလိ နတ်သားသည် -ယခုအခါ အာနန္ဒာ။

သိကြားမင်းသည် - ငါဘုရားဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိဘနှစ်ဆူ၊ လုပ်ကျွေးဟူ၊ ကြီးသူပူဇော်ရာ။

(၂) အမှန်ဆိုပြော၊ ကြမ်းမနှော၊ ကုန်းချောမရှိရာ။

(၃) ဝန်တိုမထား၊ ခုနစ်ပါး၊ သိကြားဖြစ်ကြောင်းလာ

ကုလာဝကဇာတ် ပြီး၏။

***

၃၂- နစ္စဇာတ်

ဟင်္သာမနှင့်ထိမ်းမြားရန် ဝမ်းသာ၍ အမြီးလှန်ကသဖြင့် ဟင်္သာမင်း သဘောမကျ၍ မယား ဆုံးရှုံးရသောဥဒေါင်းအကြာင်း

ပစ္စုပ္ပန်ဝတ္ထု

အဝတ်မဆီး ကိုယ်လုံးတီး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ်ပစ္စည်းဘဏ္ဍာများသော ရဟန်းတစ်ပါး ရှိသတတ်။ ထိုရဟန်းသည် မြတ်စွာဘုရားထံရောက်၍မြတ်စွာဘုရားက “ချစ်သာ ရဟန်း . . . အလိုနည်းသော ငါဘုရား သာသနာတော်၌ ရဟန်းပြုပါလျက် အဘယ်ကြောင့် ပစ္စည်းဘဏ္ဍာများဘိသနည်း” ဟု မေးတော်မူသည်ရှိသော် အမျက်ထွက်လျက် သင်းပိုင်နှင့် ကိုယ်ဝတ်ကိုယ်ချွတ်ကာ ဤနည်းဖြင့် ကျင့်ရမည်လောဟုဆို၍ ကိုယ်ချည်း အချည်းနှီး ရပ်လေ၏။

လူတို့သည်ထိုရဟန်းကိုမြင်လျှင် စက်ဆုပ်ဖွယ် ကောင်းလှ၏ဟု ကဲ့ရဲ့ပြစ်တင် ပြောဆိုကြသဖြင့်ထိုအရပ်မှပြေးကာ လူထွက်လေ၏။

ရဟန်းတို့သည်တရားသဘင်ဝယ် ထိုရဟန်းအကြောင်းကို စကားစပ်မိ၍ အရှက်အကြောက် မရှိ၊စက်ဆုပ်ဖွယ်ကောင်းကြောင်းကို ပြောဆိုကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ...ထိုရဟန်းသည် အရှက်၊ အကြောက် မရှိသဖြင့် သာသနာတော်တည်းဟူသော ရတနာမှဆုတ်ယုတ်သည်မဟုတ်၊ ရှေးအခါ၌လည်း မိန်းမ ရတနာမှ ဆုတ်ယုတ်ဖူးပြီ” ဟု မိန့်တော်မူကာအောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဟင်္သာမအရေးငှက်စည်းဝေး

လွန်လေပြီးသောအခါကမ္ဘာဦးဝယ် အခြေလေးချောင်းရှိ သတ္တဝါတို့သည် ခြင်္သေ့ကို မင်းမြှောက်ကြကုန်၏။ငါးတို့သည် အာနန္ဒာငါးကို မင်းမြှောက်ကြကုန်၏။ ငှက်တို့သည့် ရွှေဟင်္သာကို မင်းမြှောက်ကြကုန်၏။

ထိုရွှေဟင်္သာမင်း၏သမီး ဟင်္သာမငယ်သည် အလွန်အဆင်းလှ၏။ အဘ ဟင်္သာမင်းသည် သမီးအား မိမိအလိုရှိရာ လင်ကိုယူလော့ဟု ဆုပေးထားလေ၏။ သို့အတွက် ရွှေဟင်္သာမင်းသည် သမီး အလိုရှိသော လင်ကိုစုံစမ်းရှာဖွေရန် ဟိမဝန္တာရှိ ငှက်အပေါင်းတို့ကို စည်းဝေးစေ၏။ ဟင်္သာ၊ ဥဒေါင်း စသော ငှက်အပေါင်းတို့သည် တပေါင်းတည်းပြုလျက်ကျောက်ဖျာကြီးတစ်ခုဝယ် စည်းဝေးကြကုန်၏။

ဟင်္သာမကလေးဥဒေါင်းရွေး

ဟင်္သာမင်းသည် သမီးကို ခေါ်စေ၍မိမိ ကြိုက်နှစ်သက်ရာ လင်ကို အရွေးခိုင်း၏။ ဟင်္သာမငယ်လည်း ငှက်အပေါင်းတို့တွင်ကြည့်ရှုလတ်သော် လှပဆန်းကြယ်သော ဥဒေါင်းကိုမြင်၍ ဤဥဒေါင်းကို ကြိုက်နှစ်သက်သည်ဟုပြောကြားလေ၏။

ထိုအခါငှက်အပေါင်းတို့သည် ဥဒေါင်းသို့ ကပ်၍ “အချင်း ဥဒေါင်း ... ငှက်တွေ အများအပြားရှိပါလျက် ဟင်္သာမငယ်သည် သင်ဥဒေါင်းကိုသာ ကြိုက်နှစ်သက်ပေသည်” ဟု ပြောဆိုကာချီးမွမ်းအံ့ကြကြကုန်၏။

ရှက်၊ကြောက်မဖုံး မယားဆုံး

ဥဒေါင်းလည်းငြိမ်ငြိမ်မနေဘဲ “ငှက်အပေါင်းကား ယနေ့တိုင်အောင်ပင် ငါ့အစွမ်းကို မသိမမြင်ကြကုန်သေး၊ ငါ ယခုပြမည်ဟု အလွန်ဝမ်းမြောက်လှသဖြင့် အရှက်၊ အကြောက်ကိုမငဲ့နိုင်ဘဲ ငှက်တို့အလယ်တွင် အတောင်နှစ်ဖက်ကို ဖြန့်ကာ အမြီးကိုထောင်လျက် က လေ၏။

ထိုအခါမပေါ်သင့်သော့ ကိုယ်အင်္ဂါပေါ်သဖြင့် ရွှေဟင်္သာမင်းက “ဤဥဒေါင်းကား အရှက်၊ အကြောက် မရှိ၊ငှက်တို့အလယ်မှာ ထ၍ ကဘိသည်၊ ငါ့သမီးနှင့် မထိုက်တန်” ဟု ငှက်အပေါင်းတို့အားပြောကြားလေ၏။ ထိုနောက် မိမိ၏ တူရင်းဖြစ်သော ဟင်္သာငယ်နှင့် ပေးစားကာ ထိမ်းမြားလက်ထပ်လေ၏။

ဥဒေါင်းလည်းဟင်္သာမငယ်ကို မရသဖြင့် ရှက်လှ၍ ထိုအရပ်တွင် မနေဝံ့ဘဲ ပြေးလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဥဒေါင်းငှက်သည် -ယခုအခါ ဘဏ္ဍာများသောရဟန်း။

ဟင်္သာမင်းသည် - ငါဘုရားဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မကြောက်, မရှက်၊ ဣန္ဒြေဖျက်၊ ထလျက် က,သကို။

(၂) မိန်းမရတနာ၊ ဆုံးရှုံးပါ၊ ပမာဥဒေါင်းလို။

နစ္စဇာတ် ပြီး၏။

***

၃၃- သမ္မောဒမာနဇာတ်

မုဆိုးထောင်သောပိုက်ကို ညီညွတ်စွာ တစ်ချိန်တည်း ပျံသဖြင့် ဘေးရန်မှလွတ်သော ငုံးများ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ညီညွတ်မရှိ ပျက်စီးဘိ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် ဆွေတော် မျိုးတော်တို့ကိုခေါ်တော်မူ၍ ခိုက်ရန်မဖြစ်ကြဘဲ အချင်းချင်း ညီညွန်ကြရန် ဆုံးမတော်မူ၏။ “တိရစ္ဆာန်ပင်ဖြစ်သော်လည်း ခိုက်ရန်မဖြစ် ညီညွတ်ကြသောအခါ ဘေးရန်ကို နှိမ်နင်းလျက် ချမ်းသာရာကိုရဖူးကုန်၏။ ခိုက်ရန်ဖြစ်၍ မညီညွတ်သောအခါ ရန်သူလက်တွင် ပျက်စီးဖူးကုန်ပြီ” ဟုမိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အသက်သတ်မျိုးငှက်မုဆိုး

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ငုံးမင်းတစ်ကောင်သည် အထောင်မကသောငုံးတို့ဖြင့် ခြံရံကာ တောတစ်ခုတွင် နေလေ၏။

ထိုအခါမုဆိုးတစ်ယောက်သည် ငုံးတို့နေရာအရပ်သို့ လာ၍ ငုံးသံကဲ့သို့ မြည်တွန်သဖြင့်ငုံးအပေါင်းတို့ စုဝေးရောက်လာကြသောအခါ ပိုက်ကွန်ဖြင့်ဖမ်း၍ ငုံးတို့ကိုသတ်ဖြတ်လျက် အသက်မွေးလေ၏။

ငုံးတို့ညီညီပိုက်ကွန်ချီ

တစ်နေ့သ၌ ငုံးမင်းသည်ငုံးတို့ကို ခေါ်၍ “အချင်းတို့ ... မုဆိုးသည် ငါတို့ကို ပိုက်ကွန်ဖြင့်ဖမ်း၍သတ်ဖြတ်သည့်အတွက် ငါတို့မှာ ပျက်စီးကြရသည်၊ နောက်အခါ မုဆိုးသည် ပိုက်ကွန်ကိုပစ်သောအခါ သင်တို့သည် ပိုက်ကွန်ပေါက်က တစ်ကောင်စီ ခေါင်းထွက်လျက် တညီတညွတ်တည်းပျံ၍ဆူးပေါသော ချုံပေါ်မှာ ချပြီးလျှင် အောက်အရပ်က အသာထွက်၍ သွားကြကုန်” ဟု ပြောဆိုတိုင်ပင်လေ၏။ ငုံးတို့လည်း ကောင်းပြီဟု ဝန်ခံကြကုန်၏။

နှစ်ရက်မြောက်သောနေ့ဝယ်ငုံးတို့ စုဝေးရာအရပ်သို့ မုဆိုးလာ၍ ပိုက်ကွန်ကို ပစ်သည်ရှိသော် ငုံးမင်းပြောဆိုသည့်အတိုင်း ငုံးတို့သည် ကိုယ်စီကိုယ်င အညီအညွတ် ဖြစ်ကာ ပိုက်ကွန်ပေါက်၌တစ်ကောင်စီ ခေါင်းထွက်လျက် ညာသံပေး၍ တစ်ပြိုင်နက် တစ်ဟုန်တည်း ပျံသန်းပီးလျှင်ပိုက်ကွန်ကို ယူဆောင်၍ ဆူးပေါသော ချုံပေါ်၌ချကာ အောက်က ထွက်ပြေးကြကုန်၏။ မုဆိုးလည်းဆူးငြိနေသော ပိုက်ကွန်ကို တစ်နေ့လုံး ဖြေနေရသဖြင့် နောက်ထပ် မဖမ်းနိုင်တော့ဘဲအိမ်သို့ အချည်းနှီး ပြန်ရလေ၏။

ခိုက်ရန်ဖြစ်သော်သိစေမယ်နော်

ဤသို့ နေ့စဉ် အချည်းနှီးပြန်လာသော မုဆိုးကို အိမ်ရှင်မသည် အမျက်ထွက်၍ “ မုဆိုး ... သင်သည် နေ့စဉ်အချည်းနှီးသာ ပြန်လာသည်။ သင့်မှာ ပေးစရာ မယားငယ် ရှိသလော” ဟု ဆိုလေ၏။ မုဆိုးလည်း“ရှင်မ ... ငါ့မှာ ပေးစရာ မယားငယ် မရှိပါ၊ စင်စစ်ကား ငုံးငှက်တို့ ညီညွတ်နေသဖြင့်ပိုက်ကွန်ကိုချီကာ သွားကြသည့်အတွက် အချည်းအနှီးဖြစ်ခဲ့ရပါသည်၊ သူတို့ အမြဲညီညွတ်နေမည် မဟုတ်၊ မညီ မညွတ် ခိုက်ရန်ဖြစ်ကြလိမ့်မည်၊ ထိုအခါ ငါ့လက်တွင်းသို့ရောက်၍ အိမ်သို့ ယူဆောင်ကာ ရှင်မ မျက်နှာကို ရွှင်စေပါမည်” ဟု ပြောဆိုလေ၏။

နှစ်ရက်၊ သုံးရက်လွန်လျှင် ငုံးတစ်ကောင်သည် ကျက်စားရာအရပ်သို့ ဆင်းသက်လတ်သော် အမှတ်မဲ့ဖြစ်၍ငုံးတစ်ကောင် ခေါင်းကို နင်းမိလေ၏။ အနင်းခံရသော ငုံးက အမျက်ထွက်ကာ ဘယ်သူငါ့ခေါင်းကို နင်းသနည်းဟုဆိုရာ ငါ အမှတ်မဲဖြစ်၍ နင်မိပါသည် ဆိုသော်လည်းအမျက်မပြေဘဲ အဖန်ဖန် ရန်ဖြစ်လျက် “နင်သာ ပိုက်ကွန်ကို ချီနိုင်သလော၊ နင်သာ ပိုက်ကွန်ကိုချီသလော” ဟု အချင်းချင်း ခိုက်ရန်ဖြစ်ကြကုန်၏။

ညီညွတ်မရှိပိုက်ကွန်မိ

ထိုအခါ ငုံးမင်းလာ၍ခိုက်ရန်မဖြစ်ကြရန် ဆုံးမသော်လည်း မရတော့သဖြင့် ဤလိုသာ ခိုက်ရန်ဖြစ်ကြလျှင်ပိုက်ကွန်ကို ချီနိုင်တော့မည် မဟုတ်၊ မုဆိုးလက်သို့ ရောက်ကာ သေကျေပျက်စီးကြတော့မည်ကို သိသဖြင့် မိမိ ပရိသတ်ကိုခေါ်ယူ၍ အရပ်တစ်ပါးသို့ သွားလေ၏။

မုဆိုးလည်းနှစ်ရက်၊ သုံးရက် လွန်လျှင်လာ၍ ငုံးတို့စုဝေးရေ အရပ်သို့လာလျက်ပိုက်ကွန်ပစ်လိုက်သောအခါ ငုံးတို့သည် ရှေးနည်းအတိုင်း ပိုက်ကွန်ကိုချီဖို့ပြင်ဆင်ကြစဉ် သင့်အမွေး ငါ့ခေါင်းပေါ် ကျသည်၊ သင့်အတောင် ငါ့အတောင်ပေါ် ကျသည်၊နင်ချီပါ၊ ငါချီမည် စသည်ဖြင့် ခိုက်ရန်ဖြစ်နေကြသဖြင့် မပျံကြသေးဘဲရှိရာ မုဆိုးကပိုက်ကွန်ကြိုးရှုံ့၍ ဆွဲယူရာသို့ပါကြလျက် မုဆိုးလက်တွင် အသက်ကုန်ဆုံးကြ၍ငုံးသားတို့ကို ထမ်းဆောင်လျက် အိမ်သို့ပြန်ရောက်လျှင် အိမ်ရှင်မအားမျက်နှာပြလှလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မလိမ္မာသော ငုံးသည် - ယခုအခါ ဒေဝဒတ်။

လိမ္မာသောငုံးပညာရှိသည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ညီညွတ်ကြလျဉ်း၊ ရန်နှိမ်နင်း၊ မယွင်းချမ်းသာမည်။

(၂) မညီညွတ်လစ်၊ ခိုက်ရန်ဖြစ်၊ စင်စစ်ပျက်စီးမည်။

သမ္မောဒမာနဇာတ် ပြီး၏။

***

၃၄- မစ္ဆဇာတ်

ကိလေသာအလိုသို့လိုက်မှားသဖြင့် တံငါပိုက်မိ၍ ဆင်းရဲဒုက္ခခံရသော ငါးကြီး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရဟန်းဖြားယောင်း မယားဟောင်း

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မယားဟောင်းသည်ဖြားယောင်းအပ်သည်ဖြစ်၍ သာသာနာတော်မှ လူထွက်လုဆဲဆဲ ဖြစ်သော ရဟန်းတစ်ပါး ရှိသတတ်။

ထိုရဟန်းကိုမြတ်စွာဘုရား ခေါ်တော်မူ၍ “ ချစ်သား ရဟန်း ... အဘယ်ကြောင့် လူထွက်လိုသနည်း” ဟုမေးတော်မူလျှင် “အရှင်ဘုရား ... မယားဟောင်း ဖြားယောင်းသည့်အတွက် လူထွက်လိုပါသည်” ဟုလျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ချစ်သားရဟန်း ... ဤမိန်းမကား ယခုမှသာသင်အကျိုးမဲ့ကို ပြုသည် မဟုတ်၊ ရှေး၌လည်း ဤမိန်းမကိုမှီ၍ သေလုဆဲဆဲ ဖြစ်နေရာငါအကယ်၍ သေဘေးမှ လွတ်မြောက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မ,နောက်လိုက်ဘိပိုက်တွင်းမိ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ်ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုမင်း၌ ပုရောဟိတ်ပုဏ္ဏား တစ်ယောက် ရှိသတတ်။

ထိုအခါတံငါတို့သည် ငါးရရန် မြစ်တွင်း၌ လှည့်လည်ကာ ပိုက်ကွန်ကို ပစ်ကြကုန်၏။ငါးကြီးတစ်ကောင်သည် ငါးမတစ်ကောင်နှင့် ကာမဂုဏ်၌ မေ့လျော်ပျော်မြူးကာကျက်စားလျက်လာ၏။ ငါးမသည် ရှေ့သို့ အနည်းငယ် သွားလတ်သော် ပိုက်ကွန်နံ့ နံသဖြင့်ပိုက်ကွန်ကို ရှောင်လွှဲကာ သွားလေ၏။ ကာမဂုဏ်၌ မွေ့လျော်ပျော်မြူးနေသာ ငါးကြီးကားပိုက်ကွန်တွင်းသို့ ဝင်မိလေ၏။

တံငါတို့သည်ငါးကြီးဝင်သည်ကို သိကုန်၍ ပိုက်ကွန်ကို ချီမ၍ ဤငါးကြီးကို မီးကင်စားမည်ဟုမီးမွေးကြကုန်၏။ တံစို့ကိုလည်း ချွန်ကြကုန်၏။

ငါးမတွက်တာငိုကြွေးရှာ

ငါးကြီးသည် မိမိသေရမည့်ဘေးကို မတွေးတော မကြောက်ရွံ့ဘဲ မယား ငါးမကိုသာ တမ်းတကာ “ငါ့မှာတံစို့ထိုးခံရမည့် ဆင်းရဲ၊ မီးကျီးတွင်း အကင်ခံရမည့် ဆင်းရဲနှင့်တခြားဆင်းရဲတို့ကား ငါ့ကို မနှိပ်စက်နိုင်ကြပါ၊ ဆင်းရဲဟု မမှတ်ပါ၊ တံငါလက်ပါသွားမှန်းမသိရှာသော ငါ့မယား ငါးမသည် ငါ့ကို မယားငယ် ငါးမတစ်ကောင်နှင့်ပျော်မြူးနေရော့သလားဟု အထင်မှားကာ နှလုံးမသာမယာ ဖြစ်နေမည့်ဆင်းရဲသာ ငါ့မှာနှိပ်စက်လှသည်” ဟု ငိုကြွေးလေ၏။

တံငါတို့ထံငါးတောင်းပြန်

ထိုအခါ ပုရောဟိတ်ပုဏ္ဏားသည်ကျေးကျွန်အပေါင်းခြံရံကာ မြစ်ဆိပ်သို့ ရေချိုးလာလေ၏။ ထိုပုရောဟိတ်ပုဏ္ဏားကားအလုံးစုံသော သတ္တဝါတို့အသံကိုသိသော ဉာဏ်ပညာ ရှိ၏။ ထို့ကြောင့် ငါးကြီးအနီးသို့ရောက်လျှင် ငိုသံကိုသိ၍ “ဩော် ... ဤငါးကြီးမှာ ကိလေသာအစွမ်း ပြလျက် မယား ငါးမကိုသာတမ်းတကာ ငိုနေပါတကား၊ သည့်စိတ်နှင့်သာ သေသွားပါလျှင် မုချ ငရဲသို့ကျတော့မှာပါတကား” ဟု အောက်မေ့ကာ ငါးကြီးကို သေဘေးနှင့် ငရဲဘေးမှ ကယ်တင်လို၍တံငါတို့ထံသွားကာ “အမောင်တို့ ... ငါးဟင်း တစ်နပ်စာ ပေးကြပါ” ဟု ဆိုလျှင်“အရှင်ကြိုက်ရာ ယူပါ” ဟု ပြောသောအခါ ထိုငါးကြီးကို ယူသွားလေ၏။

ငါးကိုဆုံးမ ရေသို့ချ

မြစ်ကမ်းနားသို့ ရောက်လျှင်ငါးကြီးကို “ အို ငါးကြီး ... ယနေ့ ငါမြစ်နားသို့ မလာမိလျှင် သင် မုချ အသက်သေရတော့မည်၊ ငါလာ၍သာ သင် အသက်ချမ်းသာသည်၊ယနေ့မှစ၍ သင်သည် ကိလေသာစိတ်မိုက်၏ အလိုသို့ မလိုက်လေနှင့်” ဟု ဆုံးမကာ ရေထဲသို့လွှတ်လိုက်၏။ မိမိလည်း မြစ်တွင်း ရေချိုးပြီးလျှင် မြို့တွင်းသို့ဝင်လေ၏။

ဤဒေသနာတော်၏အဆုံး၌ မယားဟောင်း ဖြားယောင်းသဖြင့် လူထွက်လုဆဲဆဲ ရဟန်းသည် သောတာပတ္တိဖိုလ်၌တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ငါးမသည် - ယခုအခါ မယားဟောင်း။

မ, လိုက်သော ငါးကြီးသည် - လူထွက်လုဆဲဆဲဖြစ်သော ရဟန်း

ပုရောဟိတ်ပုဏ္ဏားသည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကိလေသာမိုက်၊ ဆိုးစရိုက်၊ လိုင်လျှင်ဆင်းရဲမှု။

(၂) မ, လိုက်သည့်ငါး၊ သေနီးပါး၊ ခံစားဆင်းရဲရှု။

မစ္ဆဇာတ်ဇာတ် ပြီး၏။

***

၃၅- ဝဋ္ဋကဇာတ်

တောမီးလောင်၍အမိအဖများ ပြေးသွားသဖြင့် အသိုက်တွင်းမှ သစ္စာပြုသော ငုံးငယ်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တောမီးပြင်းစွာ လောင်၍လာ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် မာဂဓတိုင်း၌ ခရီးဒေသစာရီ ကြွချီတော်မူစဉ်ရွာငယ်တစ်ခုတွင် ဆွမ်းခံ၍ ဆွမ်းဘုဉ်းပေးပြီးလျှင် ရဟန်းအပေါင်း ခြံရံကာတောလမ်းခရီးဖြင့် ကြွတော်မူ၏။

ထိုအခါ ကြီးစွာသောတောမီးသည် အခိုးအလျှံနှင့်တကွ ထလတ်၍ လွှမ်းမိုးကာ လောင်လျက် လာလေ၏။ တချို့ ပုထုဇဉ်ရဟန်းတို့သည် ကြောက်ကြသဖြင့် မီးကြိုကို ပေးကုန်၏။ တချို့ ရဟန်းတို့သည်“လောကသုံးပါးဝယ် နေ၊လ အသွင် ထင်ရှား၍ တန်ခိုးတော် ကြီးမားလှသော မြတ်စွာဘုရားထင်ရှားရှိပါလျက် မီးကြိုကို ပြုရမည်လော” ဟု အပြစ်တင်ကြကုန်၏။

မီးကွင်းမလောင်တောလယ်ကောင်

ထို့နောက်ရှေ့နောက်ခြံရံလျက်နေသော ရဟန်းတို့သည် တစ်စုတစ်ရုံးတည်းဖြစ်ကာ မြတ်စွာဘုရားအထံသို့လာကြကုန်၏။ မြတ်စွာဘုရားလည်း ရဟန်းအပေါင်းခြံရံကာ မထင်ရှားသော နေရာတစ်ခုသို့ရောက်လျှင် ရပ်တော်မူ၏။

တောမီးလည်းမြတ်စွာဘုရား ရပ်တော်မူရာ အရပ် ထက်ဝန်းကျင် သုံးဆယ့်နှစ်ပယ် ကျယ်ဝန်းသောနေရာသို့ရောက်လျှင် မြက်မီးရှူးကို ရေတွင်ချသည့်အလား ငြိမ်းအေး၍ သွားလေ၏။သုံးဆယ့်နှစ်ပယ် အတွင်းသို့ ဝင်ခြင်းငှာ မတတ်နိုင်လေ။

အံ့ဖွယ်ထူးလှချီးကျူးကြ

ရဟန်းတို့သည် “မြတ်စွာဘုရားဂုဏ်ကျေးဇူးတော်သည် အံ့ဖွယ်ရှိပေစွ၊ တန်ခိုးအာနုဘော် ကြီးပေစွ၊ စိတ်မရှိသော(အသက်ဝိဉာဉ်မရှိသော) တောမီးစဉ်လျက်လည်း မြတ်စွာဘုရားတည်ရာအရပ် ထက်ဝန်းကျင်သို့ မလာနိုင်” ဟုအံ့ကြ ချီးမွမ်းကြကုန်၏။

ထိုစကားကိုမြတ်စွာဘုရား ကြားတော်မူလျှင် “ရဟန်းတို့ ... ဤအရပ်ကို တောမီးမလောင်နိုင်ခြင်းကားယခုအခါ ငါဘုရား၏ အစွမ်းတော် မဟုတ်၊ ရှေးနုစဉ်အခါ ပြုလုပ် ခဲ့ဖူးသော သစ္စာတော်၏အစွမ်းဖြစ်သည်။ ဤနေရာ၌ မီးမလောင်နိုင်ခြင်းကား ဤဘဒ္ဒကမ္ဘာ ကုန်ဆုံးသည်တိုင်အောင်တည်ရစ်သော တန်ခိုးအစွမ်း ဖြစ်သည်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

တောမီးတောက်လောင်ငှက်တွေရှောင်

လွန်လေပြီးသောအခါ မဂဓတိုင်းဝယ်ဘုရားအလောင်းသည် ငုံးအမျိုး၌ ဖြစ်၏။ ဥခွံမှ ပေါက်ခါစသည်ပင် အိမ်ဂျင်ကြီး ပမာဏရှိ၏။ အမိအဘတို့သည် အမွေးအတောင် မစုံသေးသဖြင့် အသိုက်၌ထားကာ အစာကို ရှာဖွေ၍ကျွေးမွေးကြကုန်၏. ကောင်းကင်၌လည်း မပျံနိုင်၊ မြေ၌လည်း မသွားနိုင်သေး။ ထိုအရပ်၌ နှစ်စဉ်တောမီးလောင်လေ့ရှိ၏။

ထိုအခါအခိုးအလျှံနှင့်တကွ ကြီးစွာသော တောမီးသည် လေအဟုတ်ဖြင့် မြည်ဟည်းကာ လောင်ကျွမ်းလျက်လာလေ၏။ ငှက်အပေါင်းတို့သည် သေဘေးမှ ကြောက်သဖြင့် အော်မြည်ကာ ပြေးကြကုန်၏။

ငုံးငယ်စွမ်းအားသစ္စာကြား

ငုံးငယ်သည် အသိုက်တွင်ဝ်လျက် တောမီးလောင်သည်ကို မြင်၍ “ငါ့မှာ အတောင်ဖြင့်လည်း ကောင်းကင်သို့ မပျံနိုင်၊ခြေဖြင့်လည်း မြေ၌ မသွားနိုင်၊ ငါ့မိဘတို့လည်း သေဘေးမှ ကြောက်သဖြင့် ငါ့ကိုစွန့်ထား၍ ပြေးကြကုန်ပြီ၊ ယခု ငါ့မှာ တစ်ပါးသော ကိုးကွယ်အားထားရာ မရှိပြီ။

လောက၌သီလဂုဏ်ကျေးဇူး၊ သစ္စာ၏ ဂုဏ်ကျေးဇူး၊ မေတ္တာကရုဏာနှင့် ပြည့်စုံသော ရှေးရှေးသောဘုရားရှင်တို့၏ ဂုဏ်ကျေးဇူး၊ တရားတော်၏ ဂုဏ်ကျေးဇူး မည်သည် ဧကန်တိတိ အမှန်ရှိ၏။

ဤဆိုအပ်ပြီးသောဂုဏ်တော်၊ ကျေးဇူးတော်တို့ကို ဆင်ခြင်အောက်မေ့ကာ သစ္စာပြုခြင်းသာ ငါ၏ ကိုးကွယ်ရာ၊အလုံးစုံသော သတ္တဝါတို့၏ ကိုးကွယ်ရာ ဖြစ်လိမ့်မည်ဟု ကြံစည်နှလုံးသွင်းလျက် -

“အို တောမီး ...

ငါ့မှာ အတောင်ရှိသော်လည်း မပျံနိုင်သေး၊

ခြေရှိသော်လည်း မသွားနိုင်သေး၊

ငါ၏ မိဘတို့လည်း ငါ့ကို စွန့်ပစ်ကာ ထွက်ပြေးကုန်ပြီ။

အိုတောမီး ... ဤအရပ်မှ ဖဲကြဉ်ပါလော့” ဟု သစ္စာပြုလေ၏။

ကမ္ဘာချင်းအောင် မီးမလောင်

ဤသို့ငုံးငယ် သစ္စာပြုသည်နှင့် တစ်ပြိုက်နက် သစ္စာ၏ တန်ခိုးအာနုဘော်ကြောင့် ငုံးင်နေရာတစ်ဆယ့်ခြောက်ပယ် ပတ်လည်အတွင်းသို့ တောမီးသည် မဝင်နိုင်ဘဲ မြက်မီးရှူးကိုရေနှင့်သတ်သဖြင့် ငြိမ်းအေးသည့်အလား တစ်ခါတည်း ငြိမ်းအေး၍ သွားလေ၏။

[ဤအရပ်လည်း ဤဘဒ္ဒကမ္ဘာကုန်ဆုံးသည့်တိုင်အောင် မီးမလောင်ဘဲ တည်လေ၏။ ထိုသို့ မီးကွင်း၍ တစ်ကမ္ဘာလုံးတည်ခြင်းမှာလည်း အလောင်းတော် ငုံးငယ်၏ သစ္စာတန်ခိုးကြောင့် ဖြစ်သည်။ ထိုမီးကွင်းသောအရပ်သည် ကပ္ပဋ္ဌီတိ လေးမျိုးတွင် တစ်မျိုး အပါအဝင် ဖြစ်သတည်း။]

ဤဒေသနာတော် အဆုံး၌ တချို့ရဟန်းတို့သည်သောတာပန်၊ တချို့ သကဒါဂါမ်၊ တချို့ အနာဂါမ်၊ တချို့ ရဟန္တာ အဖြစ်သို့ ရောက်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

အမိအဘ ငုံးတို့သည် -ယခုအခါ အမိအဘ။

ငုံးငယ်သည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဘုရား, တရား၊ ဂုဏ်အများ၊ ကြီးမားတန်ခိုးရှိ။

(၂) ငုံးမင်းသစ္စာ၊ မီးငြိမ်းရာ၊ ပယ်မှာဆယ့်ခြောက်ရှိ။

(၃) ကပ္ပဋ္ဌီဝင်၊ လေးမျိုးတွင်၊ တစ်အင်မှတ်ကုန်ဘိ။

ဝဋ္ဋကဇာတ် ပြီး၏။

***

၃၆- သကုဏဇာတ်

မိမိနေသောနေရာအရပ်၌ ဘေးဖြစ်မည်ကို ပညာရှိငှက်က ပြောပါလျက် မပြောင်းရွှေ့ဘဲနေသဖြင့် ပျက်ကြသောငှက်များ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သည်းခံကျင့်လည်း အချည်းနှီး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည်မြတ်စွာဘုရားထံ ကမ္မဋ္ဌာန်းယူကာ ကောသလတိုင်းဝယ် ပစ္စန္တရာဇ် ရွာငယ်တစ်ရွာကိုအမှီပြုလျက် တောကျောင်း၌ နေသတတ်။ ရှေးဦးစွာ နေထိုင်သော လမှာပင် မီးလောင်လေ၏။

ထိုအခါ ရဟန်းသည်ကျောင်းသစ်ဆောက်ရန် ဒါယကာတိုပအား ပြောကြားလေလျှင် ဒါယကာတို့သည် လယ် ရေ သွင်းပြီးမှဆောက်မည်၊ မျိုးကြဲပြီးမှ ဆောက်မည်၊ ကာရံပြီးမှ ဆောက်မည်၊ ပေါင်းမြတ်သုတ်သင်ပြီးမှ ဆောက်မည် စသည်ဖြင့် အချိန်ကာလ ရွေ့လာကာ တစ်ဝါတွင်းလုံးလွင်ထီးခေါင်၌ ဆင်းရဲစွာ နေရ၏။ သို့အတွက် ကမ္မဋ္ဌာန်း အားထုတ်ပါသော်လည်း တစ်စုံတစ်ရာတရားထူးကို မရလေ။

ဝါကျွတ်၍ပဝါရဏာပြုပြီးသော် မြတ်စွာဘုရားထံ အဖူးအမြော်သွားပြီးလျှင် အကြောင်းစုံလျှောက်ထားလေ၏။ မြတ်စွာဘုရားလည်း “ချစ်သား ရဟန်း ... သင်သည် ရှေးအခါတိရစ္ဆာန်တို့သည်ပင် လျောက်ပတ်သော နေရာအရပ်ကို သိသေးသည်၊ ယခုအခါ လူဖြစ်လျက်လျောက်ပတ်သော နေရာကို အဘယ်ကြောင့် မသိသနည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သစ်ပင်ကိုင်းမှမီးခိုးထ

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ငှက်ပညာရှိ တစ်ကောင်သည် ငှက်အပေါင်းခြံရံကာ တောအရပ်ဝယ် အခက်၊ အရွက်နှင့် ပြည့်စုံသော သစ်ပင်ကြီး တစ်ပင်၌ နေလေ၏။

တစ်နေ့သ၌ငှက်တို့နေသော သစ်ပင်ကြီး၏ အကိုင်းအခက်တို့သည် အချင်းချင်း ထိခိုက်ပွတ်တိုက်မိသည်ရှိသော် အမှုန့်ဖြစ်၍ ကျလေ၏။ နောက် ထိခိုက်သောနေရာမှ အခိုး ထလေ၏။

မီးခိုးမြင်ရဆိုဆုံးမ

ထိုအခါ ငှက်ပညာရှိသည်အကိုင်းချင်း ထိခိုက်၍ကျသော အမှုန့်ကို လည်းကောင်း၊ ထိခိုက်ရာ အရပ်မှ ဖြစ်သောအခိုးကို လည်းကောင်း မြင်လေလျှင် “ဤအကိုင်းတို့ ထိခိုက်ဖန်များလတ်သော် ပူ၍မီးထွက်ကုန်လတ္တံ့၊ ထိုမီးအောက်သို့ ကျလတ်သော် သစ်ရွက်ဟောင်း သစ်ရွက်ခြောက်တို့ကိုမီးလောင်ကုန်လတ္တံ့၊ သစ်ရွက်ကို မီးလောင်လတ်သော် သစ်ပင်ကြီးကို မီးလောင်လတ္တံ့၊ဤသစ်ပင်ကြီး၌ နေရန်မသင့်၊ အရပ်တစ်ပါးသို့ ပြောင်းရွှေ့ရန် သင့်သည်” ဟုဆင်ခြင်စဉ်းစားက ငှက်အပေါင်းတို့အား -

“အိုငှက်အပေါင်းတို့ ... ငါတို့ နေရာ သစ်ပင်ကြီးမှ မီးထွက်၍ လောင်လိမ့်မည်၊ ငါတို့မှီခိုအားထားရာ သစ်ပင်ကြီးမှာ ဘေးဖြစ်တော့မည်၊ ဤသစ်ပင်ကြီးကို စွန့်လွှတ်၍တစ်နေရာသို့ သွားကြပါ” ဟု ပြောဆို ဆုံးမလေ၏။

ငှက်ပညာရှိစကားကို နားထောင်သော ငှက်အပေါင်းတို့သည် ငှက်ပညာရှိနှင့်အတူ အရပ်တစ်ပါးသို့ ပြောင်းရွှေ့ကြကုန်၏။

ဆုံးမမရ ပျက်စီးကြ

ပညာမဲ့သော ငှက်တို့သည်“ရေတစ်ပေါက် တစ်စက် မျှသာ ရှိသော ရေအိုင်ထဲမှာ မိကျောင်းကို မြင်ရာသလော” ဟုဆင်ခြင်ပေးကာ ငှက်ပညာရှိ စကားကို မနာယူကြဘဲ ထိုသစ်ပင်ကြီးမှာပင် ကျန်ရစ်ကုန်၏။

တစ်နေ့သ၌ငှက်ပညာရှိ ဆင်ခြင် စဉ်းစားသည့်အတိုင်း မီးဖြစ်လာကာ သစ်ပင်ကြီးကို မီးလောင်လေ၏။အခိုးအလျှံ ထလတ်သော် အခိုးသင့်သော ငှက်တို့သည် တခြားသို့ မပျံနိုင်ကြဘဲမီးထဲသို့ကျ၍ သေကျေပျက်စိးကြကုန်၏။

ဤဒေသနာတော်၏အဆုံး၌ ထိုရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ငှက်ပညာရှိ ပရိသတ်သည် - ယခုအခါ ဘုရားပရိသတ်။

ငှက်ပညာရှိသည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပညာရှိတွေး၊ လာမည့်ဘေး၊ အဝေးကပင်သိ။

(၂) သင့်လျော်, မလျော်၊ ရပ်နှစ်ဖော်၊ သိသော်ချမ်းသာ၏။

သကုဏဇာတ် ပြီး၏။

***

၃၇- တိတ္တိရဇာတ်

ကြီးသူ၏အဆုံးအမ ဩဝါဒခံကာ ညီညွတ်စွာနေသော မိတ်ဆွေသုံးဦးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

နေရာအတွက် အငြင်းထွက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် အနာထပိဏ် သူဌေးကြီး ပင့်ဖိတ်သဖြင့် ရာဇဂြိုဟ်မှဝေသာလီပြည်၊ ၎င်းမှတစ်ဖန် သာဝတ္ထိပြည်သို့ ကြွသွားတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်း၏ တပည့်တို့သည်ခရီးလမ်းအကြားဝယ် တည်းခိုရန် ဆောက်လုပ်ထားသော ယာယီကျောင်းတို့၌ အိပ်ရာ၊နေရာတို့ကို ရှေ့မှသွားကာ ဤကျောင်းကား ငါတို့ဆရာအတွက် စသည်ဖြင့်ယူငင်ထားနှင့်ကြကုန်၏။ သို့အတွက် နောက်မှလာကုန်သော မထေရ်ကြီးတို့သည် အိပ်ရာ၊နေရာကို မရကြကုန်။

ရှင်သာရိပုတ္တရာလည်းနောက်ကျ၍ အိပ်ရာ၊ နေရာ မရသဖြင့် မြတ်စွာဘုရား သီတင်းသုံးရာ ကျောင်းအနီး သစ်ပင်ရင်းတစ်ခုဝယ် တစ်ညဉ့်လုံး ထိုင်လျက် လည်းကောင်း၊ စင်္ကြံသွားလျက် လည်းကောင်း နေရ၏။မိုးသောက်ထသောအခါ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ထားလေ၏။မြတ်စွာဘုရားလည်း ထိုအကြောင်းကိုသိတော်မူလျှင် ငါဘုရား သက်တော်ထင်ရှားရှိစဉ်ပင် တစ်ပါးနှင့် တစ်ပါးရိုသေတုပ်ဝပ်ခြင်း မရှိကုန်၊ ပရိနိဗ္ဗာန်ပြုသည် ရှိသော် ဘယ်ကဲ့သို့များနေကြပါမည်နည်းဟု ဆင်ခြင်တော်မူကာ ရဟန်းတို့ကို ခေါ်တော်မူ၍ “ချစ်သား ရဟန်းတို့ ...ငါဘုရား သာသနာတော်ဝယ် အဘယ်သူသည် နေရာဦး၊ ရေဦး၊ ဆွမ်းဦး စသည်ကို လည်းကောင်း၊ရိုသေ ကိုင်းညွတ်ခြင်း၊ ဝတ်ပြုခြင်း စသည်တို့ကို လည်းကောင်း ခံယူထိုက် သနည်း” ဟုမေးတော်မူ၏။

ထေရ်စဉ်ကြီးမြတ်နေရာအပ်

ထိုအခါ တချို့ ရဟန်းတို့ကအမျိုးမြတ်သူ၊ တချို့က ပညာတတ်သူ၊ တချို့က စျာန် အဘိညာဉ် သမာပတ်ရသူ၊ တချို့ကအရိယာဖြစ်သူ၊ ပဋိသမ္ဘိဒါရသူ စသည်ဖြင့် မိမိတို့ ထင်မြင်ရာကို လျှောက်ထားကြကုန်၏။

မြတ်စွာဘုရားသည်ရဟန်းတို့အား “ချစ်သား ရဟန်းတို့ ... သင်တို့လျှောက်ထားကြသော အမျိုးမြတ်ခြင်း၊ပညာတတ်ခြင်း၊ စျာန်သမာပတ်ရခြင်း၊ အဘိညာဉ်ရခြင်း၊ အရိယာဖြစ်ခြင်း၊ပဋိသမ္ဘိဒါရခြင်းသည် ပမာဏ မဟုတ်၊ စင်စစ်အားဖြင့် သိက္ခာဝါ ကြီးရင့်သည့်သီတင်းကြီးများသာ ခံယူထိုက်ကြောင်း“ ကိုမိန့်တော်မူပြီးလျှင် “ သင်တို့သည် သာသနာတော်ထမ်းရဟန်း ဖြစ်ကြပါလျက် အဘယ်ကြောင့်တစ်ပါးနှင့်တစ်ပါး ရိုသေတုပ်ဝပ်ခြင်း မရှိကြသနည်း၊ ရှေးအခါ တိရစ္ဆာန်တို့ပင်အသက်သိက္ခာ ဝါကြီးသူကို ရိုသေတုပ်ဝပ်ခြင်း ရှိကြသည်” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ရိုသေမရှိနေကြဘိ

လွန်လေပြီးသောအခါဟိမဝန္တာအရပ်ဝယ် ပညောင်ပင်ကြီး တစ်ခု၌ အမှီပြုလျက် ခါ၊ မျောက်၊ ဆင် အဆွေ ခင်ပွန်းသုံးဦးတို့သည် အတူတကွ နေကြကုန်၏။ တစ်ဦးနှင့်တစ်ဦး ရိုသေတုပ်ဝပ်ခြင်းမရှိကြကုန်။ အသက်မွေးခြင်းလည်း သဘောမတူကြကုန်။

တစ်နေ့သ၌အဆွေခင်ပွန်းသုံးဦးတို့သည် အညီအညွတ် စည်းဝေးကြလျက် “ ယခု ငါတို့သုံးဦးနေခြင်းကား မသင့်၊ တစ်ဦးနှင့်တစ်ဦး ရိုသေတုပ်ဝပ်ခြင်း မရှိ၊ အသက်ကြီးသူ ကို ရိုသေတုပ်ဝပ်လျက်၎င်း၏ အဆုံးအမ ဩဝါဒကို ခံယူကာ နေထိုင်ကြရလျှင် ကောင်းလိမ့်မည်” ဟု အကြံအစည်ဖြစ်ပြီးလျှင် မည်သူအသက်ကြီးကြောင်း ရွေးချယ်စိစစ်ရန် အမှတ်အသား တစ်ခုကို ရှာဖွေကာ နေကြကုန်၏။

ကြီးသူဥက္ကဋ္ဌစူးစမ်းကြ

ထိုနောက် အဆွေခင်ပွန်းသုံးဦးတို့သည် တစ်ဦးနှင့် တစ်ဦး တိုင်ပင် ညှိနှိုင်းကြလျက် “ ငါတို့ သုံးဦးမှာဤပညောင်ပင်ကြီးကိုပင် အမှီပြုကာ နေကြရသည်၊ ပညောင်ပင်ကြီးကိုပင် အမှတ်အသားပြုမည်”ဟု ဆုံးဖြတ်ကာ ခါနှင့် မျောက်တို့က ဆင်အား “အဆွေဆင် ... သင် ဤ ပညောင်ပင်ကြီးကိုဘယ်အခါမှစ၍ သိသနည်း” ဟု မေးလျှင် “အဆွေတို့ ... ငါ ဆင်ငယ်ကလေးဖြစ်စဉ် ဤ ပညောင်ပင်ကိုပေါင်ကြားက ထား၍ သွား၊ နောက် ချက်ကို ထိလာသည်၊ ဤမျှလောက် ငယ်သောအခါမှစ၍ သိသည်” ဟုဆိုလေ၏။

တစ်ဖန်အဆွေခင်ပွန်း နှစ်ဦးတို့သည် မျောက်အား “အဆွေမျောက် ... ဤပညောင်ပင်ကို ဘယ်အခါမှစ၍သိသနည်း” ဟု မေးလျှင် “အဆွေတို့ ... ငါ မျောက်ငယ်ကလေး ဖြစ်စဉ် မြေကြီး၌ထိုင်လျက် ပညောင်ပင်၏အညွန့်အဖျားတို့ကို စားရသည်၊ ဤမျှလောက် ငယ်သောအခါမှစ၍ သိပါသည်” ဟု ဆို၏။

တစ်ဖန်အဆွေခင်ပွန်း နှစ်ဦးတို့သည် ခါအား “ အဆွေခါ ... ဤ ပညောင်ပင်ကို သင် ဘယ်အခါမှစ၍သိသနည်း” ဟု မေးလျှင် “အဆွေတို့ ... ရှေးအခါက မည်သည့်အရပ်ဝယ် ပညောင်ပင်ကြီး တစ်ပင်ရှိသည်၊ ထိုအပင်ကြီးမှ အသီးကို စား၍ ငါ မစင်စွန့်သဖြင့် ထိုမစင်မှ ပေါက်လာသော ပညောင်ပင်ဖြစ်သည်၊ သို့အတွက် ငါကား ဤပညောင်ပင် မပေါက်မီကပင် သိပါသည်၊ ထို့ကြောင့် ငါသည်သင်တို့နှစ်ဦးထက် အသက်အရွယ်ကြီးသည်” ဟု ဆိုလေ၏။

ကြီး၊ငယ်စဉ်ရှု ရိုသေပြု

ထိုအခါ မျောက်နှင့်ဆင်တို့သည် “ခါပညာရှိ ... အဆွေကား ကျွန်ုပ်တို့ထက် အသက်ကြီးပါသည်၊ ဉာဏ်ပညာလည်းရှိပါသည်၊ ယနေ့မှစ၍ သင့်အား ရိုသေခြင်း၊ တုပ်ဝပ်ခြင်း၊ ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ဝတ်ကြီးဝတ်ငယ်ပြုခြင်း အစရှိသည်တို့ကို ပြုပါမည်၊ သင်၏ အဆုံးအမဩဝါဒ၌ တည်ပါမည်၊အဆုံးအမ ဩဝါဒ ပေးတော်မူပါ” ဟု တောင်းပန်ကြကုန်၏။

ထို့နေမှစ၍ခါပညာရှိလည်း အဆွေခင်ပွန်း နှစ်ဦးတို့အား အဆုံးအမ ဩဝါဒကို ပေး၍ သီလကိုဆောက်တည်စေ၏။ မိမိလည်း သီလကို ဆောက်တည်၏။

ဤသို့လျှင်တိရစ္ဆာန် သူတော်ကောင်းသုံးဦးတို့သည် တစ်ဦးနှင့်တစ်ဦး ရိုသေတုပ်ဝပ်ကြလျက်အသက်မွေး တူမျှကြသည်ဖြစ်၍ သီလဆောက်တည်စောင့်သုံးကာ အသက်ထက်ဆုံးနေပြီးလျှင် သေသည်၏အခြားမဲ့ဘဝ၍ နတ်ရွာ သုဂတိသို့ လားကြကုန်၏။

[မှတ်ချက်။ ကြီးသောသူကိုရိုသေတုပ်ဝပ်ခြင်း၊ ရှိခိုးပူဇော်ခြင်းမှာ ကမ္ဘာပဓမ္မတာ တရားကြီးဖြစ်သည်။]

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဆင်သည် - ယခုအခါ မောဂ္ဂလာန်။

မျောက်သည် - သာရိပုတ္တရာ။

ခါ ပညာရှိသည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သက်ကြီးဟူက၊ ပူဇော်ကြ၊ ကမ္ဘာ့ထုံးစဉ်လာ။

(၂) ပစ္စက်ချီးမွမ်း၊ နတ်ပြည်ငြမ်း၊ ကြွလှမ်းသေလွန်ခါ။

တိတ္တိရဇာတ် ပြီး၏။

***

၃၈- ဗကဇာတ်

ငါးများကိုလှည့်စား၍ စားသောက်ပြီး ပုစွန်အား လှည့်စားသဖြင့် လည်ပြတ်သော ဗျိုင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သင်္ကန်းရောင်ပြ လှည့်စားကြ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ်သင်္ကန်းချုပ်လုပ်ခြင်း၊ ဆိုးခြင်းအမှု၌ အလွန်လိမ္မာသဖြင့် သင်္ကန်းဟောင်းတို့ကိုဆိုးကာသင်္ကန်းလျာတို့နှင့် လဲလှယ်လှည့်ပတ်၍ သင်္ကန်းဖြင့် ပစ္စည်းကို ရှာနေသော ရဟန်းတစ်ပါးရှိသတတ်။ ထိုရဟန်းသည် အဟောင်းကို အသစ်စက်စက်ကဲ့သို့ ပြုပင်ကာ တခြားရဟန်းတို့၏သင်္ကန်းလျာတို့ကို လဲလှည်လှည့်ပတ်ကာ ယူလေ့ရှိ၏။

တစ်ခုသောရွယ်ငယ်၌နေသောရဟန်းတစ်ပါးလည်း ဇေတဝန်ကျောင်းတော်၌နေသော ရဟန်းကဲ့သို့ပင် သင်္ကန်းချုပ်လုပ်ခြင်း၊ဆိုးခြင်းအမှု၌ လိမ္မာသဖြင့် သင်္ကန်းဟောင်းတို့ကို ပြုပြင်ကာ သင်္ကန်းလျာတို့နှင့်လဲလှယ်လှည့်ပတ်၍ ပစ္စည်းရှာလေ့ရှိ၏။ ထိုရဟန်း၏ သီတင်းသုံးဖော် ရဟန်းတို့သည်“အရှင်ဘုရား ... ဇေတဝန်ကျောင်းတော်၌ သင်္ကန်းဖြင့် စီးပွားရှာသောရဟန်းတစ်ပါးရှိကြောင်းကို ပြောကြားလေ၏။

သုံးရက်လွန်မြောက်အရောင်ပျောက်

ထိုအခါ ရွာငယ်နေ ရဟန်းသည်“ငါ့သင်္ကန်းဟောင်းတစ်ထည်ကို ပြုပြင်ပြီး ဇေတဝန်ကျောင်းနေ ရဟန်းထံ လှည့်ပတ်မည်”ကြံစည်၍ ဟောင်းနွမ်းရိဆွေးသော သင်္ကန်းကို နှစ်သက်ဖွယ်ကောင်းအောင် ပြုပြင်ကာဝတ်ရုံလျက် ဇေတဝန်ကျောင်းနေ ရဟန်းထံ သွားလေ၏။ ဇေတဝန်ကျောင်းနေ ရဟန်း မြင်လဆင်အသစ်စက်စက် သင်္ကန်းလျာနှင့် လဲလှယ်၍ ယူပြီး ဝတ်ရုံလေ၏။ နှစ်ရက်၊ သုံးရက် လွန်၍ ရေနွေးနှင့်ဖွပ်လျှော်သောအခါမှ ဟောင်းနွမ်း ရိဆွေးနေသည်ကို သိလေ၏။

ရဟန်းတို့လည်းတရားသဘင်ဝယ် စကားစပ်မိကြ၍ “ငါ့ရှင်တို့ ... ဇေတဝန်ကျောင်းနေ ရဟန်းလိမ်ကို ရွာငယ်နေရဟန်းက လိမ်သွားပြီ” ဟု ပြောဆိုနေစဉ် မြတ်စွာဘုရား ကြွလာတော်မူပြီးလျှင် “ရဟန်းတို့ ... ယခုမှသာ ဇေတဝန်ကျောင်းနေ ရဟန်းလိမ်ကို ရွာငယ်နေ ရဟန်းလိမ်ကလှည့်စားဖူးသည် မဟုတ်၊ ရှေးအခါကလည်း လှည့်စားဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ရေစပ်ညွန်ထဲဗျိုင်းစဉ်းလဲ

လွန်လေပြီးသောအခါတစ်ယောက်သော ရုက္ခစိုးနတ်သည် တောအရပ် ပဒုမ္မာကြာတို့နှင့် ပြည့်စုံသည့် မထင်ရှားသောရေအိုင်ကိုမှီကာ ပေါက်၍နေသော ရေခံတက်ပင်ကို အုပ်စိုးလျက် နေသတတ်။

ထိုအခါ တခြားမကြီးလွန်းသော အိုင်တစ်ခုဝယ် နွေအခါ ရောက်သဖြင့် နည်းပါးသောရေ ရှိ၏။ များစွာသောငါးတို့လည်း ရှိကြကုန်၏။ ဗျိုင်းတစ်ကောင်သည် အိုင်၌ ငါးတို့ကိုမြင်၍ ဥပါယ်တံမျဉ်ဖြင့်လှည့်ပတ်ကာ ထိုငါးတို့ကိုစားမည်ဟု ကြံစည်ပြီးလျှင် ရေစပ်၌ရပ်လျက် မှိုင်တွေကာနေလေ၏။

ဗျိုင်းကဆောင်ကြဉ်း အယုံသွင်း

ငါးတို့သည်ဗျိုင်းကိုမြင်လျှင် “အရှင် ... ဘာကို ကြံစည်၍နေသနည်း” ဟု မေးလေလျှင် “သင်တို့အတွက်ကြံစည်နေပါသည်” ဟု ဆိုလေ၏။ “ကျွန်ုပ်တို့အတွက် ဘယ်လို ကြံစည်၍နေပါသနည်း” ဟုမေးပြန်ရာ ဤအိုင်မှာ ရေလည်းနည်း၊ အစာလည်း နည်းချေပြီ၊ နွေကာလလည်းများစွာကျန်သေးသည်။ ယခု ဤငါးတွေကို ဘယ်လို လုပ်ရမည်နည်းဟု ကြံစည်နေပါသည်ဟုဆိုပြီးလျှင် “သင်တို့ ငါ့စကားကို နားထောင်လျှင် တစ်ကောင် တစ်ကောင်ကိုနှုတ်သီးဖြင့် ချီယူကာ ပဒုမ္မာကြာတို့ဖြင့် ဖုံးလွှမ်းသည့် အိုင်ကြီးမှာ လွှတ်မည်” ဟုဆိုလေ၏။ “အရှင် ... ကမ္ဘာဦးမှာ စ၍ ငါးတို့အသက်ကို ကယ်တင်သော ဗျိုင်းမည်သည်မရှိခဲ့ဖူးပါ၊ အသင်သည် ငါတို့ကို တစ်ကောင်၊ တစ်ကောင်စီ ချီ၍ စားလိုသလော” ဟုမေးသောအခါ “သင်တို့ကို စားလို၍ ပြောခြင်း မဟုတ်ပါ၊ မယုံလျှင် ငါးတစ်ကောင်ကိုထည့်လိုက်ပါ၊ ငါ ပြပါမည်” ဟု ပြောလေသည်။

ငါးတို့သည်ဗျိုင်းစကားကို ယုံကြည်ကာ ရေ၊ ကုန်း နှစ်မျိုးလုံးမှာ သွားနိုင်သောငါးနက်ကြီးတစ်ကောင်ကို ထည့်လိုက်ကြလေ၏။ဗျိုင်းလည်း ငါးနက်ကြီးကို ချီကာ ရေခံတက်ပင်ရှိ ရေအိုင်ကြီးကို ပြပြီးလျှင်ငါးတို့ထံပြန်၍ လွှတ်လေ၏။ ငါးနက်ကြီးက ငါးတို့အား ရေအိုင်ကြီး အကြောင်းကိုချီးမွမ်းပြောဆိုသောအခါ ငါးတို့သည် ထိုရေအိုင်ကြီးသို့ သွားလိုကြသဖြင့် ပို့ရန်တောင်းပန်ကြကုန်၏။ ဗျိုင်းလည်း ကောင်းပြီ၊ ပို့ပါမည်ဟု ဝန်ခံလေ၏။

လိုက်သမျှငါးအကုန်စား

ထိုအခါ ဗျိုင်းသည်ငါးနက်ကြီးကို ရှေးဦးစွာ နှုတ်သီးဖြင့်ချီ၍ ရေခံတက်ပင်၌နားလျက် ခွကြား၌တင်ကာအသားကိုစားပြီးလျှင် အရိုးကို ရေခံတက်ပင်ရင်းသို့ ပစ်ချလေ၏။ နောက်တစ်ဖန်ငါးတို့ထံလာ၍ ကောင်းစွာ လွှတ်ခဲ့ကြောင်း ကို ပြောပြလျက် ငါးတစ်ကောင်ကို ချီကာရှေးနည်းအတိုင်း စားပြန်၏။ ဤနည်းဖြင့် တစ်ကောင်၊ တစ်ကောင်စီ ချီကာ အိုင်တွင်ငါးကုန်သည့်တိုင်အောင် ရေခံတက်ပင်သို့ ယူပြီးလျှင် အသားကိုစား၍ အရိုးကို အရင်းသို့ ပစ်ချလေ၏။ ရေအိုင်တွင် ပုစွန်တစ်လုံးသာကျန်ရစ်လေ၏။

ပုစွန်လှည့်ပတ်ဗျိုင်းလည်ညှပ်

နောက်တစ်ဖန် ရေအိုင်သို့လာပြန်သော် ငါးတို့ကို မမြင်၊ ကျန်နေသော ပုစွန်လုံး တစ်လုံးသာ မြင်သဖြင့်ပုစွန်ကိုလည်း လှည့်ပတ်ကာ စားဦးမည်ဟု ကြံစည်လျက် -

“အို ... ပုစွန်၊ငါသည် ငါးတို့ကို ယူလာပြီး ရေအိုင်ကြီး တစ်ခုတွင် လွှတ်ပြီးပြီ၊ လာပါ သင့်ကိုလည်းငါ ယူ၍ လွှတ်ဦးမည်” ဟု ဆိုလေလျှင် -

“အဆွေဗျိုင်း ...သင် ငါ့ကို ဘယ်လိုယူမည်နည်း” ဟု မေးလေ၏။

“နှုတ်သီးဖြင့်ကိုက်ချီ၍ ယူပါမည်” ဟု ဆိုလေ၏။

“သည်လိုယူလျှင်လွတ်ကျလိမ့်မည်၊ မလိုက်ဝံ့ပါ” ဟု ပြောသောအခါ -

“မကြောက်ပါနှင့်၊ကောင်းကောင်း ယူပါမည်” ဟု ဆိုလေ၏။ ထိုအခါ ပုစွန်သည် ဤဗျိုင်းကား မုချ ငါ့ကို ရေအိုင်တွင် လွှတ်မည် မဟုတ်၊ ငါ့ကို အကယ်၍လွှတ်ပါမူ ကောင်း၏၊ မလွှတ်ပါမူ ဗျိုင်း၏ လည်ပင်းကို ဖြတ်၍ သတ်မည်ဟု ကြံစည်ကာဗျိုင်းကို -

“အဆွေဗျိုင်း ...သင့်နှုတ်သီးဖြင့် ချီ၍ယူခြင်းကို ငါ စိတ်မချပါ၊ ငါ့လက်မဖြင့် သင့်လည်ပင်းကိုတွယ်ကာ လိုက်ရလျှင် လိုက်မည်” ဟု ဆိုပြန်၏။

ဗျိုင်းလည်းမိမိကို လှည့်ပတ်မှန်း မသိသဖြင့် သဘောတူညီလျက် ကောင်းပြီ အလိုရှိသလို လိုက်ပါဟုဝန်ခံလေ၏။

ပုစွန်ကျမှလက်လျှော့ရ

ပုစွန်လည်း လိုက်ပါရန် ဗျိုင်းလည်ပင်းကို လက်မဖြင့် မြဲစွာညှပ်ထားလေ၏။ ဗျိုင်းလည်း လည်ပင်းဖြင့် ပုစွန်ကိုယူဆောင်ကာ ရေအိုင်ကြီးကိုပြပြီးလျှင် ရေခံတက်ပင်ရှိရာသို့ ပျံ၍ ရေခံတက်ပင်၌ နားလေ၏။

ထိုအခါ ပုစွန်က -

“ဦးရီး ...ရေအိုင်ကြီး ဟိုမှာ ဖြစ်သည်၊ အဘယ်ကြောင့် သည်ကို ယူလာသနည်း” ဟု မေးလေလျှင် -

“ငါကား သင့်ဦးရီး မဟုတ်၊ သင်လည်း ငါ့နှမ၏ သား မဟုတ်၊သင့်ကို ချီလာရသည့်အတွက် ငါ့ကို သင့်အစေခံကျွန် မှတ်နေသလော၊ ရေခံတက်ပင်ရင်းရှိ ငါးရိုးတို့ကို ကြည့်စမ်းပါ၊သည်ငါးတို့ကို စားသလို သင့်ကိုလည်း ငါစားမည်” ဟု ပြောလေ၏။

“အင်း ... ငါးတို့မိုက်၍သာ အစားခံကြရသည်၊ ငါကား အစားမခံ၊ ငါ လှည့်စားသည်ကို သင် မသိ၊ သင်မိုက်၍သာငါ့ကို ယူလာသည်၊ သေရသော်လည်း နှစ်ကောင်လုံး သေရမှာပဲ၊ ယခု သင့်ဦးခေါင်းကိုငါဖြတ်မည်” –

ဟု ဆိုပြီးလျှင်လက်မဖြင့် ဗျိုင်း၏ လည်ပင်းကို နှိပ်လိုက်၏။ ဗျိုင်းသည် ပါးစပ်ကို ဟလျက်မျက်ရည်တွေ ယိုစီးကာ သေဘေးမှ ကြောက်သဖြင့် -

“အရှင် ...အရှင့်ကို မစားဝံ့ပါ၊ ကျွန်ုပ်ကို မသတ်ပါနှင့်၊ အသက်ကို ချမ်းသာပေးပါ” ဟု ဗျိုင်းကဆို၏။

“ကောင်ပြီ၊မစားဘူးဆိုလျှင် ငါ့ကို ရေအိုင်ကြီး မှာ လွှတ်ပါ” ဟု ပုစွန်က ဆိုလေ၏။

ထိုအခါ ဗျိုင်းသည်ရေအိုင်သို့ပျံ၍ ရေစပ်ညွှန်အပြင်ဝယ် ပုစွန်ကို ချထားလေ၏။ ပုစွန်သည် ကတ်ကြေးဖြင့်ကြာရိုးကို ညှပ်သကဲ့သို့ ကောက်ကျစ်စဉ်းလဲသော ဗျိုင်း၏ လည်ပင်းကို တိတိပါအောင်ညှပ်ပြီးလျှင် ရေထဲသို့ ဆင်းသွားလေ၏။

ရုက္ခစိုးနတ်ထူးဥဒါန်းကျူး

ထိုအံ့ဖွယ်သရဲကို မြင်ရသောရေခံတက်ပင်စောင့် ရုက္ခစိုးနတ်သည် -

“အချင်းတို့ ....ကောက်ကျစ်စဉ်းလဲသော သူကား ကောက်ကျစ်စဉ်းလဲခြင်းပြုသဖြင့် ရအပ်သော စည်းစိမ်ချမ်းသာ၌တာရှည် မတည်နိုင်လေ။ ကောက်ကျစ်စဉ်းလဲသော ဗျိုင်းသည် ကောက်ကျစ်စဉ်းလဲသော ပုစွန်လက်၌သေရသကဲ့သို့ ကောက်ကျစ်စဉ်းလဲသော သူမှာ ကောက်ကျစ်စဉ်းလဲသော သူ၏ လက်၌ပင် ပျက်စီးရမြဲဖြစ်သည်”

ဟု တောအားလုံးကိုပဲ့တင်ထပ်စေလျက် သာယာစွာသော အသံဖြင့် တရားဟောလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗျိုင်းသည် -ယခုအခါ ဇေတဝန်ကျောင်းနေ ရဟန်းလိမ်။

ပုစွန်လုံးသည် - ရွာငယ်နေ ရဟန်းလိမ်။

ရုက္ခစိုးနတ်သည် - ငါဘုရားဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) လိမ်လည်သဖြင့်၊ ချမ်းသာလင့်၊ ရှည်မြင့်မတည်ဖွယ်။

(၂) ပုစွန်လုံးလိမ်၊ လက်နက်ကြိမ်၊ ဗျိုင်းလိမ်သေသည့်နှယ်။

(၃) လိမ်သူ့အသက်၊ လိမ်သူ့လက်၊ ဆက်ဆက် သေလိမ့်မယ်။

ဗကဇာတ် ပြီး၏။

***

၃၉- နန္ဒဇာတ်

သူကြွယ်၏ဥစ္စာကို သူကြွယ်သားအား ပေးမည်ဟုခေါ်သွားပြီး ဥစ္စာမြှုပ်ရာ မြေပေါ်ရောက်မှ မာန်တက်သောနန္ဒကျွန် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မာန်စောင်ကြွားကြွား ရဟန်းတစ်ပါး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ်ရှင်သာရိပုတ္တရာထံဝယ် အတူနေတပည့် ရဟန်းတစ်ပါးသည် ရှိသတတ်။ ထိုရဟန်းသည် ဆုံးမအပ်သောစကားကို လိုက်နာ၏။ ရှင်သာရိပုတ္တရာအား အလွန် ကျေးဇူးပြု၏။ နူးညံ့သိမ်မွေ့၏။

အခါတစ်ပါး၌ရှင်သာရိပုတ္တရာသည် မြတ်စွာဘုရား နှင့်အတူ ဒေသစာရီ သွားလတ်သော် ဒက္ခိဏဂိရိဇနပုဒ်သို့ ရောက်လေ၏။ ထိုအခါ အတူနေတပည့်သည် ဆုံးမအပ်သော စကားကို မလိုက်နာ၊ မာန်မာနဖြင့်ခက်ထန်ကြမ်းတမ်း၏။ ရှင်သာရိပုတ္တရာကို ဆန့်ကျင်ဘက် ပြုလေ၏။

တစ်ဖန်ဇေတဝန်ကျောင်းတော်သို့ ပြန်ရောက်လေလျှင် ရှေးအခါကကဲ့သို့ ဆုံးမအပ်သော စကားကို လိုက်နာပြန်၏။ရှင်သာရိပုတ္တရာအား အလွန် ကျေးဇူးပြုပြန်၏။ နူးညံ့သိမ်မွေ့ပြန်၏။

ရှင်သာရိပုတ္တရာသည်မြတ်စွာဘုရားအား “အရှင်ဘုရား ... တပည့်တော်၏ အတူနေတပည့် တစ်ယောက်သည် တစ်နေရာ၌ငွေဝယ်ကျွန်ကဲ့သို့ နူးညံ့သိမ်မွေ့၏၊ စကားကို လိုက်နာ၏။ တစ်နေရာ၌ကား မာနဖြင့်ခက်ထန်ကြမ်းတမ်း၏၊ ဆန့်ကျင်ဘက်ပြု၏” ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားက“ချစ်သား သာရိပုတ္တရာ ... ဤရဟန်းကား ယခုအခါ၌သာ တစ်နေရာ၌ တစ်မျိုး၊ တစ်နေရာ၌ တစ်မျိုးဖြစ်သည် မဟုတ်၊ ရှေးအခါ၌လည်း ဖြစ်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကျွန်ယုံမှာထားသေရွာသွား

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် တစ်ယောက်သောသူကြွယ် ဖြစ်လေ၏။ အဆွေခင်ပွန်း ဖြစ်သော သူကြွယ်ကား အသက်အရွယ်ကြီးလျက် ၎င်း၏ မယားမှာနုပျိုသေး၏။ မောင်နှံစုံမွေးသော သားတစ်ယောက်လည်း ရှိ၏။

ထိုသူကြွယ်သည်ငါကား အိုမင်းပြီ၊ ငါသေလွန်လျှင် ငါးမယားလည်း ယောကျ်ားယူ၍ ပစ္စည်းဥစ္စာတို့ကိုဖြုန်းတီးရာ၏။ ငါ့သားငယ်အား ပေးမည် မဟုတ်၊ ငါ့သားငယ် မဆင်းရဲရအောင် ငါ့ဥစ္စာစုကိုမြေမှာ မြှုပ်ရမူ ကောင်းလိမ့်မည်ဟု ကြံစည်၍၊ နန္ဒကျွန်ကို ခေါ်ပြီးလျှင် တောထဲဝယ်နေရာတစ်ခု၌ ဥစ္စာစုကို မြှုပ်နှံ၍ နန္ဒကျွန်အား “အမောင်နန္ဒ ... ငါ သေလွန်လျှင်ငါ့သားအား မြှုပ်နှံထားသော ဤဥစ္စာစုကို ပြောကြားရစ်ပါ၊ ငါ့သားကို ပစ်မထားပါလင့်” ဟုမှာကြားကာ သေလွန်လေ၏။

ဥစ္စာဖော်ရန်သွားကြပြန်

ထိုသူကြွယ်သားသည်အစဉ်အတိုင်း ကြီးပြင်းကာ အရွယ်သို့ ရောက်လတ်သော် မိခင်သည် သားအား “အချစ်သား ...သင့်အဘသည် မသေလွန်မီ နန္ဒကျွန်ကို ခေါ်၍ ဥစ္စာစုကို မြှုပ်နှံထားသည်၊ အမောင်သွားပြီးလျှင် ၎င်းဥစ္စာစုကို တူးဖော်၍ ယူခဲ့ပါ” ဟု ပြောကြားလေ၏။

တစ်နေ့သ၌သူကြွယ်ထားသော နန္ဒကျွန်အား “ဦးရီး ... ကျွန်ုပ်အဘ မြှုပ်နှံထားသာ ဥစ္စာစု ရှိသလော”ဟု မေးလေလျှင် “အရှင် ... ရှိပါသည်” ဟု ဆိုလေ၏။ ဘယ်အရပ်မှာ မြှုပ်နှံထားသနည်းဟုမေးသောအခါ တောအရပ်၌ မြှုပ်နှံထားပါသည်ဟု ဆိုလေသော် ကောင်းပြီ သွား၍ တူးဖော်မည်ဟုဆိုကာ ပေါက်တူးနှင့် တောင်းကိုယူစေ၍ နန္ဒကျွန်နှင့်အတူ ဥစ္စာမြှုပ်နှံရာအရပ်သို့သွားကြလေ၏။

ဥစ္စာအတွက်မာနတက်

ရောက်လျှင် သူကြွယ်သားသည်နန္ဒကျွန်အား “ဦးရီး ... ဘယ်အရပ်မှာ မြှုပ်နှံသနည်း” ဟု မေးလျှင် နန္ဒကျွန်သည်ဥစ္စာမြှုပ်ရာအရပ်၌နေကာ ဥစ္စာကိုမှီ၍ ဖြစ်သော မာန်ဖြင့် “ဟယ် ... ကျွန်မသား ဤအရပ်မှာသင့်ဥစ္စာ ဘယ်မှာရှိသနည်း” ဟု သူကြွယ်သားကို ကြမ်းတမ်းစွာ ဆဲရေးလေ၏။ သူကြွယ်သားလည်း နန္ဒ၏ ကြမ်းတမ်းသော စကားကိုမကြားယောင်ပြုကာ မရှိလျှင် ပြန်မည်ဟု နန္ဒကျွန်ကို ခေါ်၍ ပြန်ခဲ့လေ၏။

နောက်နှစ်ရက်၊သုံးရက် လွန်လျှင် သွားပြန်၏။ နန္ဒကျွန်လည်း ရှေးနည်းတူ ကောင်းစွာ မပြောကြားဘဲ ကြမ်းတမ်းသောစကားကိုသာ ပြောကြား၍ ဆဲရေးပြန်သဖြင့် ပြန်ခဲ့ရပြန်၏။ ထိုအခါ သူကြွယ်သားသည်ဤကျွန်ကား “ဤအရပ်မှာ ဥစ္စာမြှုပ်နှံရာကို ပြောမည်ဆို၍ တောအရပ်သို့ ရောက်ပြန်ကမာန်တက်ကာ ဆဲရေးပြန်သည်၊ အကြောင်း ငါမသိ၊ ငါ့အဘ၏ အဆွေခင်ပွန်း သူကြွယ်ထံ သွား၍မေးရလျှင် အကြောင်းစုံကို သိရမည်” ဟု ကြံစည်ကာ ဘုရားအလောင်း သူကြွယ်ထံသွား၍ “ဖခင်... နန္ဒကျွန်ကို ဥစ္စာမြှုပ်နှံရာအရပ်ကို ပြောမည်ဆို၍ ခေါ်သွားရာ တောအရပ်သို့ရောက်လျှင် မာန်တက်ကာ ကြမ်းတမ်းသော စကားကို ဆို၍ ဆဲရေးနေပါသည်” ဟု အဖြစ်အပျက်အလုံးစုံကို ပြောကြားပြီးလျှင် နန္ဒကျွန် ဆဲရေးနေခြင်းအကြောင်းကို မေးလေ၏။

သူကြွယ်မိန့်ဟဥစ္စာရ

ထိုအခါ ဘုရားအလောင်းသူကြွယ်သည် “ချစ်သား ... နန္ဒကျွန်နေ၍ဆဲရေးနေသော အရပ်မှာ မုချ သင့်အဘ မြှုပ်နှံထားသော ဥစ္စာစု ရှိလိမ့်မည်၊ ဥစ္စာကို မှီ၍မာန်တက်ပြီး ဆဲရေးနေသည် ဖြစ်လိမ့်မည်၊ သို့အတွက် နန္ဒကျွန် ဆဲရေးသောအခါ သင်ချစ်သားက“ ဟယ် ... ကျွန်မသား လာလော့” ဟု နန္ဒကျွန်ကို ဆွဲငင်ပြီးလျှင် ရပ်၍ ဆဲရေးသော နေရာမှာတူးစေ၍ သင့်အဘ ဥစ္စာစုကို ယူလော့” ဟု မှာထားလိုက်၏။

သူကြွယ်သားလည်းအဘ၏ အဆွေခင်ပွန်း သူကြွယ်ကြီး၏ အဆုံးအမကို နာယူကာ နန္ဒကျွန်ကိုခေါ်၍ သူကြွယ်ကြီး နည်းပေးဆုံးမသောအတိုင်း ပြုလုပ်ကာဥစ္စာစုကို ဖော်ယူပြီးလျှင် အသက်မွေးလျက် ကုသိုလ်ကောင်းမှု ပြုလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ နန္ဒကျွန်သည် - ယခုအခါ ရှင်သာရိပုတ္တရာ၏ အတူနေတပည့်။

ပညာရှိသူကြွယ်သည် - ငါဘုရားဖြစ်လာပြီ

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဥစ္စာမှီငြား၊ မာန်တက်ပွား၊ စကားကြမ်းတမ်းလှ၊

(၂) ဥစ္စာသဘော၊ လူမပြော၊ သွေးပြောတတ်သည်ပ။

နန္ဒဇာတ် ပြီး၏။

***

၄၀- ခဒိရင်္ဂါရဇာတ်

ရှားမီးတွင်းပြ၍မာန်နတ် တားသော်လည်း မနေဘဲ အစလသဒ္ဓါဖြင့် လှူဒါန်းသော သူဋ္ဌေးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သဒ္ဓါကဲရှိန် အနာထပိဏ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အနာထပိဏ်သူဋ္ဌေးသည် မြတ်စွာဘုရားထံ တစ်နေ့ သုံးကြိမ် ဆည်းကပ်လေ့ရှိ၏။ မြတ်စွာဘုရားထံ တစ်နေ့သုံးကြိမ် ဆည်းကပ်လေ့ရှိ၏။ မြတ်စွာဘုရားကို လည်းကောင်း၊ ရှစ်ကျိပ်သောမထေရ်ကြီးတို့ကို လည်းကောင်း တပည့် အခြံအရံနှင့်တကွ အိမ်သို့ပင့်ဖိတ်ကာဆွမ်းကျွေးလေ့ရှိ၏။ တစ်နေ့၊ တစ်နေ့လျှင် အိမ်၌ ရဟန်းငါးရာတို့ကို နိစ္စဘတ်ပြုကာ အမြဲဆွမ်းကျွေး၏။ခရီးလမ်းလေးဆုံရှိ ရေကန်ကြီးသဖွယ် ရဟန်းသံဃာတို့ မိဘသဖွယ် ဖြစ်၏။ စီးပွားရေး၌အားထုတ်ခြင်း မရှိ။

မိစ္ဆာနတ်ဖျက်ကြံဆချက်

နောက်အခါ ထိုသူဋ္ဌေးကြီးမှာမြီစား ကုန်သည်တို့ထံမှ အသပြာ ဆယ့်ရှစ်ကုဋေလည်း မြစ်ရေစား၍ ကမ်းပါပြိုသဖြင့်ဆုံးပါးလေ၏။ သို့အတွက် ပစ္စည်းဥစ္စာ တဖြည်းဖြည်း နည်းပါးလျက် ဆင်းရဲ သောအ ဖြစ်သို့ရောက်လေ၏။ ရတနာသုံးပါးနှင့်စပ်၍သာသနာတော်၌ ပြုလုပ်နေကျ အလှူဝတ်ကိုကား ပြုမြဲတိုင်းပင် ဖြစ်လေ၏။

သူဋ္ဌေးကြီးအိမ်ကားကြီးကျယ် ခမ်းနားလှ၏။ ဘုံခုနစ်ဆင့်ရှိ၍ တံခါးမုခ်လည်း ခုနစ်ဆင့်ပင်ရှိ၏။စတုတ္ထတံခါးမုခ်စောင့် မိစ္ဆာဒိဋ္ဌိနတ်ကား ရတနာသုံးပါး၌ မကြည်ညို၊ သူဋ္ဌေးအိမ်ရဟန်းသံဃာတို့ ဝင်တိုင်း ထွက်တိုင်း အပေါ်မှာ မနေနိုင်ဘဲ မြေမှာဆင်းနေရသဖြင့်ကိုယ်စိတ်ဆင်းရဲလျက် ရှိ၏။ ရဟန်းဂေါတမနှင့် တပည့်တွေအိမ်မလာမှ ချမ်းသာမည်ဟုကြံစည်စိတ်ကူးလျက်နေ၏။

မိစ္ဆာနှောင့်ယှက်သဒ္ဓါမပျက်

တစ်နေ့သ၌ ထိုနတ်သည် ညဉ့်အခါသူဋ္ဌေးကြီးထံသွား၍ “သူဋ္ဌေးကြီး ... သင်ကား စီးပွားရေး၌ အားမထုတ်ဘဲ ရှင်ဂေါတမနှင့် ၎င်း၏တပည့်တွေကိုသာ လှူဒါန်းနေသည့်အတွက် ပစ္စည်းကုန်ခန်း၍ ဆင်းရဲခဲ့သည်၊ ရှင်ဂေါတမနှင့် အပေါင်းအသင် မလုပ်ပါနှင့်” ဟု ပြောဆိုလေ၏။သူဋ္ဌေးကြီးလည်း သောတာပန်ဖြစ်၍ အလွန် သဒ္ဓါတရား ရှိသူဖြစ်ရကား နားထဲ၌ဆန့်ကျင်ဘက်ဖြစ်ကာ “ဟယ် နတ်ယုတ် ... သွားလေလော့” ဟု ခြိမ်းခြောက်လိုက်၏။ နတ်လည်းမျက်နှာမရဘဲ ပြန်ရလေ၏။

သူဋ္ဌေးကြီးလည်းဆင်းရဲလှ၍ သံဃာတော်များအား ပအုံးရည်(ဆန်ပုံးရည်) နှင့်ဆန်ကွဲဆွမ်းကို လှူရသောအနေသို့ ရောက်ခဲ့လေ၏။ ထိုအခါ မြတ်စွာဘုရား ကြွလာတော်မူပြီးလျှင် သူဌေးကြီးအား“သူဌေးကြီး ... စိတ်ကို မတွန့်တိုစေနှင့်၊ မွန်မြတ်သော စိတ်ဖြင့် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊အရိယာတို့အား လှူဒါန်းရသော အလှူမှာ သေးနုပ်ရုန့်ရင်းသည်ဟူ၍ မရှိ၊ အလွန်အကျိုးကြီးကြောင်းနှင့် စပ်လျဉ် ဝေလာမသုတ်ကို ဟောတော်မူလေ၏။

မိစ္ဆာနတ်မိုက်ပြစ်ဒဏ်ထိုက်

မိစ္ဆာဒိဋ္ဌိ နတ်မိုက်လည်းယခုအခါ သူဌေးကြီးသည် အလွန် ဆင်းရဲနွမ်းပါးလှပြီ၊ ငါ့စကားကို နားထောင်လိမ့်မည်ဟုအချက်ကောင်းကိုယူလျက် ရှင်ဂေါတမနှင့် မပေါင်းသင်းရန်၊ အလှူဒါန်းရန် ပြောဆိုပြန်၏။ထိုအခါ သူဌေးကြီးသည် “ဟယ် ယုတ်မာလှသောနတ် ... ငါကား အကျင့် သီလ မရှိသူတို့နှင့်အတူမနေလို၊ ယခုပင် နင် ငါ့အိမ်တံခါးမုခ်မှ ထွက်လော့၊ မနေနှင့်” ဟု နှင်ထုတ်လေ၏။နတ်လည်း သောတာပန်တစ်ယောက်၏ အာဏာကို မလွန်ဆံဝံ့ဘဲ တံခါးမုခ်မှ ပြောင်းရွှေ့ကာနေရာရှာသော်လည်း မရနိုင်သဖြင့် ဆင်းရဲဒုက္ခရောက်လေ၏။

ထို့နောက်မိစ္ဆာာဒိဋ္ဌိနတ်လည်း သူဌေးကြီးကို တောင်းပန်ပေးရန် မြို့စောင့်နတ်ထံ ပြောသော်လည်းမရ၊ နတ်မင်း ကြီးလေး ယောက်ထံ ပြောသော်လည်း မရ၊ သိကြားမင်းထံ ပြောသောအခါသိကြားမင်းက “တံခါးစောင့်နတ် ... သင်ကား ဝန်လေးသောအမှုကို ပြုဘိ၏၊ ငါလည်းသူဌေးကြီးကို မပြောဝံ့၊ ငါ နည်းလမ်းတစ်ခု ပေးမည်၊ မြီစားများထံမှငွေဆယ့်ရှစ်ကုဋေကို သွား၍တောင်းလေ၊ အစိရဝတီ မြစ်ကမ်းတွင် ဆုံးပါးသောတစ်ဆယ့်ရှစ်ကုဋေကိုလည်း ပြန်ရအောင် လုပ်လေ၊ အရှင်မရှိသော ငွေဆယ့်ရှစ်ကုဋေကိုလည်းဆောင်ကြဉ်း၍ ပေးလေ၊ အားလုံး ငါးဆယ့်လေးကုဋေကို ဆောင်ယူကာ ဟောင်းလောင်းဖြစ်နေသောကျီကျတွေကို ပြည့်အောင်သွင်းပြီးမှ သူဌေးကြီးကို တောင်းပန်လေ” ဟု နည်းပေးလိုက်၏။

ပြစ်ဒဏ်ထမ်းကာတောင်းပန်ရှာ

နတ်လည်း သိကြားမင်းနည်းပေးသည့်အတိုင်း ဆောင်ရွက်ပြီးလျှင် သူဌေးကြီးထံ သွား၍ “အရှင်မင်းကြီး ....အကျွန်ုပ် စတုတ္ထ တံခါးမုခ်စောင့် အလွန်မိုက်သောနတ်ဖြစ်ပါသည်၊ မြတ်စွာဘုရားကျေးဇူးတော်ကို မသိ၍ ပြေမိပါသည်၊ ငွေငါးဆယ့်လေးကုဋေဖြင့် သူဌေးကြီး၏ ကျီကျတွေပြည့်စေလျက် ထားသောဒဏ်ကိုဆောင်၍ ပြီးပါပြီ၊ သည်းခံ၍ တံခါးမုခ်ဝယ် နေခွင့်ပြုပါ” ဟုတောင်းပန်လေ၏။

သူဌေးကြီးလည်း“ကောင်းပြီ ငါ သည်းခံမည်၊ သို့သော်လည်း သည်မှာ မတောင်းပန်နှင့်၊ မြတ်စွာဘုရားထံသွား၍ ရှေ့တော်မှာ တောင်းပန်ရမည်” ဟု ဆိုကာ နံနက်လင်းလျှင် နတ်ကိုခေါ်၍မြတ်စွာဘုရားထံသို့ သွားကြလေ၏။ ရောက်လျှင် သူဌေးကြီးက အဖြစ်အပျက် အလုံးစုံကိုလျှောက်ထားလေ၏။

ထိုအခါမြတ်စွာဘုရားသည် -

“သူဌေးကြီး ... မကောင်းမှုပြုသူမှာ အကျိုးမပေးမီ ကောင်းကျိုးကိုမြင်နေရသည်၊ အကျိုးပေးတော့မှ မကောင်းကျိုးကို မြင်လာရသည်။

ကောင်းမှုကို ပြူသောသူလည်း အကျိုးမပေးမီ မကောင်းကျိုးကိုမြင်နေရသည်၊ အကျိုးပေးတော့မှ ကောင်းကျိုးကို မြင်လာရသည်” ဟု ဆုံးမလေ၏။

ဤဒေသနာတော်၏ အဆုံး၌ မိစ္ဆာဒိဋ္ဌိနတ်သည် သောတာပတ္တိဖိုလ်၌တည်လေ၏။ နောက် ဘုရားရှေ့မှာ တောင်းပန်၏။ သူဌေးကြီးလည်း နတ်အား သည်းခံ ခွင့်ပြုလေ၏။

သူဌေးကြီးသည် စကားဆက်၍ “ အရှင်ဘုရား ...တပည့်တော်မှာ နတ် တားမြစ်သော်လည်း အလှူအဒါန်း မပျက်ကြောင်း” လျှောက်ထားရာမြတ်စွာဘုရားက “သူဌေးကြီး ... သင်ကား ယခုအခါသောတာပန်ဖြစ်၍ တတုန်းလှုပ်သော သဒ္ဓါတရား ရှိပေပြီ။ ဤလို တန်ခိုးသေးနုပ်သောနတ်တားမြစ်ရာ မပျက်သည်မှာ အံ့ဖွယ်မဟုတ်သေး၊ ရှေးအခါ တန်ခိုးကြီးသော မာရ်နတ်မင်းသည်မီးကျီးတွင်း ငရဲကို ဖန်ဆင်း၍ ပြလျက် တားမြစ်သော်လည်း မရ” ဟု မိန့်တော်မူကာအောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သဒ္ဓါထက်လှ နုစဉ်က

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဌေးမျိုး၌ဖြစ်၍နတ်သားကဲ့သို့ ချမ်းချမ်းသာသာ ကြီးပွားလျက် ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သောအခါအတတ်ပညာတို့ကိုသင်ကြား၍ လိမ္မာရေးခြား ရှိလတ်သော် အဘသူဌေးကြီး သေလွန်သဖြင့်သူဌေးအရာ၌ တည်လေ၏။

သူဌေးဖြစ်ပြီးသော် မြို့တံခါးလေးမျက်နှာ၌ လေးဌာန၊ မြို့လယ်၌ တစ်ဌာန၊ မိမိ အိမ်တံခါး၌ တစ်ဌာန ဤခြောက်ဌာနတို့၌အလှူမဏ္ဍပ်ကြီး ခြောက်ဆောင်ကို ဆောက်လုပ်လျက် အလှူကြီးကို ပေး၏။ သီလကို ဆောက်တည်၏။ဥပုသ်ကို စောင့်သုံးလေ၏။

တစ်နေ့သ၌ နံနက်စာစားဖို့ ထမင်းပွဲတည်လာသည်ရှိသော် နိရောဓသမာပတ်မှထသော ပစ္စေကဗုဒ္ဓါတစ်ပါးသည် အိမ်တံခါးဝယ် ရပ်လာ၏။ထိုအခါ သူဌေးသည် ပစ္စေကဗုဒ္ဓါကိုမြင်လျှင် နေရာမှထ၍ ရိုသေစွာ ရှိခိုးပြီးလျှင်အလုပ်အကျွေးအစေခံတို့ကိုခေါ်ကာ ပစ္စေကဗုဒ္ဓါထံမှာ သပိတ်ကို အယူခိုင်းလေ၏။

မာရ်နတ်အမိုက် တားဆီးခိုက်

ထိုအခါအလွန်ယုတ်မာသော မာရ်နတ်မင်းသည် “ဤပစ္စေကဗုဒ္ဓါကား ဆွမ်းမစားရသည်မှာ ခုနစ်ရက်ရှိပြီ၊ယနေ့ မစားရသော် ပျက်စီးလတ္တံ့၊ သူဌေးအလှူကို မလှူရအောင် ဖျက်ဆီးမည်” ဟု ကြံစည်ကာလာလတ်၍ ခဏချင်း အဝီစိငရဲကြီးကဲ့သို့ ထင်မှတ်လောက်အောင် အတောင်ရှစ်ဆယ်ရှိအလျှံပြောင်ပြောင်တောက်၍ ကြောက်မက်ဖွယ် ကောင်းသော မီးကျီးတွင်းကို ဖန်ဆင်းကာကောင်းကင်၌ ရပ်တည်လေ၏။

သပိတ်ယူသွားသော အစေခံသည်မီးကျီးတွင်းကြီးကို မြင်သဖြင့် အလွန်ကြောက်ရွံ့လျက် သပိတ်ကို မယူဝံ့ဘဲ ပြန်ခဲ့၏။“အမောင် ... အဘယ်ကြောင့် သပိတ်မယူဘဲ ပြန်ခဲ့သနည်း” ဟု ဆိုလျှင်၊ “အရှင် ...အလျှံတောက်နေသော မီးကျီးတွင်းကြီးကို မြင်၍ ကြောက်လှသဖြင့် မယူခဲ့ဝံ့ပါ“ ဟုပြောသောအခါ တစ်ယောက်ကို ခိုင်းပြန်၏။ ပြန်လာပြန်၏။ ဤနည်းအတိုင်းယူခိုင်းလိုက်သူတိုင်း မယူဝံ့ဘဲ ပြန်လာကြ၏။ ထိုနောက် အလုံးစုံသော သူတို့ကြောက်ရွံ့သဖြင့် လျင်စွာ ပြေးကြကုန်၏။

သဒ္ဓါအစ ထက်သန်လှ

ထိုအခါသူဌေးသည် ဝသဝတ္တိမာရ်မင်းယုတ်သည် ငါ့အလှူကို အကြီးအကျယ် အန္တရာယ်ပြုဘိသည်၊ ဤလိုမာရ်နတ်မျိုး အရာအထောင် နှောင့်ယှက်သော်လည်း မတုန်လှုပ်၊ ယခုအခါ မာရ်နတ်မင်းနှင့်ငါဘယ်သူအားကြီးသည်ကို သိရလတ္တံ့၊ ငါ နှင့် စစ်ပြိုင်တော့မည်ဟု ဆုံးဖြတ်ကာ စီမံထားသောအလှူဆွမ်းခွက်ကို ကိုင်လျက် အိမ်မှထွက်ပြီးလျှင် မီးကျီးတွင်းနားတွင်ရပ်ကာကောင်းကင်သို့ မော်ကြည့်လတ်သော် မာရ်နတ်ကို မြင်လေလျှင် -

မေး။ ။သင် ဘယ်သူနည်း။

ဖြေ။ ။ငါ မာရ်နတ်မင်း ဖြစ်သည်။

မေး။ ။ဤမီးကျီးတွင်းကို သင် ဖန်ဆင်းသလော။

ဖြေ။ ။မှန်၏။ ငါ ဖန်ဆင်းသည်။

မေး။ ။ဘယ်အတွက် ဖန်ဆင်းသနည်း။

ဖြေ။ ။သင် မလှူရအောင် လည်းကောင်း၊ ပစ္စေကဗုဒ္ဓါ ပျက်စီးအောင် လည်းကောင်း ဖန်ဆင်းသည်။

ငါ့အလှူကို အန္တရာယ်ပြုဖို့ လည်းကောင်း၊ပစ္စေကဗုဒ္ဓါကို အန္တရာယ်ပြုဖို့ လည်းကောင်း ငါ ခွင့်မပေးနိုင် မပြုရ။ ငါနှင့် သင်ဘယ်သူက အားကြီးသည်ကို၊ ဘယ်သူက စစ်နိုင်သည်ကို ယခု သိရလိမ့်မည်” ဟု ဆိုကာမီးကျီးတွင်း နှုတ်ခမ်းနားရောက်အောင် သွား၍ အရှင်ပစ္စေက ဗုဒ္ဓါအား -

“အရှင်ဘုရား .. အကျွန်ုပ်သည် ဤဆွမ်းကိုပေးလှူသည့်အတွက် ဤမီးကျီးတွင်းထဲသို့ စောက်ထိုးကျစေတော့၊ လှူပါအံ့၊ အိမ်သို့မပြန်ပါ။ မသူတော်တို့ အလုပ်ဖြစ်သော အလှူဒါန်းခြင်း၊ သီလမစောင့်ခြင်း အလုပ်ကိုမလုပ်ပါ။ အရှင်တို့သည် ယခု အကျွန်ုပ်ဆွမ်းကို ခံယူတော်မူပါဘုရား ” –

ဟုလျှောက်ထားပြီးလျှင် စိတ်ကို မြဲစွာထားလျက် ဆွမ်းခွက်ကိုကိုင်ကာမီးကျီးတွင်းပေါ်သို့ ဖြတ်၍သွားလတ်သော် မီးကျီးတွင်းထဲမှ ပွင့်ချပ်တစ်ရာရှိပဒုမ္မာကြာ ပေါက်လျက် သူဌေးခြေကို ခံလာ၏။ ကြာဝတ်မှုန်တွေတက်ကာ တစ်ကိုယ်လုံးရွှေချထားသကဲ့သို့ ဖြစ်လေ၏။ သူဌေးလည်း ကြာပွင့်ချပ်ပေါ်တွင်ရပ်ကာ ပစ္စေကဗုဒ္ဓါသပိတ်ထဲသို့ အနံ့အရသာနှင့် ပြည့်စုံသော ဆွမ်းကို လောင်းလှူလေ၏။

ဒါနတရား ဟောမိန့်ကြား

ရှင်ပစ္စေကဗုဒ္ဓါလည်းဆွမ်းကို အလှူခံပြီးလျှင် ဆွမ်းအနုမောဒနာပြု၍ လူအများမြင်ခိုက် သပိတ်တော်ကိုကောင်းကင်သို့ပစ်ကာ မိမိကိုယ်တိုင်လည်း တိမ်လွှာအထပ်ထပ်တို့ကို အစဉ်အတိုင်းနင်းကြွသည့်အလား ဟိမဝန္တာသို့ ကြွသွားတော်မူလေ၏။

မာရ်နတ်မင်းလည်း စစ်ရှုံး၍ စိတ်မချမ်းသာမိမိနေရာသို့ ပြန်လေ၏။ သူဌေးလည်း ကြာချပ်ပေါ်မှာ ရပ်တည်လျက်ပင် ရောက်လာသူအများအားဒါန၊ သီလ စသော ကုသိုလ်ကောင်းမှုကို ပြုကြရန် တရားဟောပြော ဆုံးမပြီးလျှင်အိမ်သို့ဝင်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သူဌေးသည် - ငါဘုရားဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကုသိုလ်ကိုပြု၊ ပွားများမှု၊ မှတ်ရှုသူတော်စွာ။

(၂) ကုသိုလ်မပြု၊ ဟန့်တားမှု၊ မှတ်ရှုသူယုတ်မာ။

ခဒိရင်္ဂါရဇာတ် ပြီး၏။

***

၄၁- လောသကဇာတ်

ရဟန္တာအားပြစ်မှားကျူးလွန်သဖြင့် ငရဲကျ၍ ဘဝများစွာ ငတ်မွတ်သော လောသက တိဿ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တံငါရွာမှ ခွဲထုတ်ကြ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လောသကတိဿအလောင်းသည် ကောသလတိုင်း တံငါမျိုး တစ်ထောင်တို့နေရာ တစ်ခုသော တံငါရွာကြီး၌တံငါမတစ်ယောက်ဝမ်းဝယ် ပဋိသန္ဓေ နေသတတ်။

ထိုအခါကစ၍တံငါတို့သည် ကွန်လက်စွဲကာ ရှာဖွေကြသော်လည်း ငါးကြီးကို ထားဘိဦး၊ ငါးလေးကိုမျှမရကြ။ အလွန် ဆင်းရဲလှ၏။ ရွာ၌လည်း မီး ခုနစ်ကြိမ်လောင်၍ မင်းဒဏ် ခုနစ်ကြိမ်အသင့်ခံရ၏။ တံငါတို့သည် မဖြစ်ဘူးမြဲ ဖြစ်လာသည်ကို တွေးတောဆင်ခြင်ကြသော် “ဧကန္တငါတို့ အထဲမှာ သူယုတ်မာ ရှိတန်ရာ၏၊ ဘယ်သူမှန်းလည်း မသိ၊ တဖြည်းဖြည်း သိရမည်” ဟုငါးရာစီနေကြရန် ခွဲလိုက်၏။

မိဘနှစ်ပါးပစ်ခွာသွား

ထိုသူငယ် အမိပါသော အစုမှာလာဘ်လာဘ ဆုတ်ယုတ်ကာ ငတ်မွတ်ခေါင်းပါးလျက် အလွန်ဆင်းရဲ၏။ အခြား တစ်စုကားကြီးပွားလျက် ဝပြောသာယာလှ၏။ နောက် နှစ်ရာ့ငါးဆယ်စီမှ စ၍ တစ်ဦးစီ ရောက်အောင်ခွဲခဲ့ရ၏။ ခွဲတိုင်း ခွဲတိုင်း ထိုသူငယ်အမိပါရာမှာ ဆင်းရဲ၏။ နောက်တံငါတို့သည် ထိုသူငယ် မိဘတို့ကို“သူယုတ်မာ” ဟု နှင်ထုတ်ကုန်၏။

မိဘတို့သည်ကိုယ်ဝန်ရင့်လတ်သော် သားကို ဖွားမြင်၏။ အရဟတ္တဖိုလ်ရမည့် ပစ္ဆိမဘဝိက ဖြစ်၍မဖျက်ဆီးနိုင်ကြကုန်။ အမိသည် သူငယ်ကို ဆင်းဆင်းရဲရဲ မွေးမြူကာပြေးလွှားနိုင်သည့်အရွယ်သို့ ရောက်လတ်သော် သည်းမခံနိုင်တော့သဖြင့် သူငယ်အားခွက်တစ်ခုပေးကာ အိမ်တစ်အိမ်သို့ အတောင်းခိုင်းလိုက်၍ စွန့်လွှတ်ကာ ထွက်ပြေးလေ၏။

ကျောင်းသို့ခေါ်ကာရှင်ပြုရှာ

သူငယ်လည်း အမိအဖ မရှိ၊ဆင်းဆင်းရဲရဲ ရှာဖွေစားသောက်ကာ ရေလည်း မချိုး၊ ကိုယ်ကိုလည်း မသုတ်သင်ဘဲဘုတ်ရုပ်ကဲ့သို့ လမ်းကြားတွင် နေရ၏။ တစ်နေ့မှလည်း ဝမ်းပြည့်အောင် စားရသည် မရှိ၊မသေရုံသာ စားရ၏။

တစ်နေ့သ၌အိမ်တစ်အိမ်တွင် ထမင်းလုံးကို ကောက်ကာ စားနေရာ ရှင်သာရိပုတ္တရာ နှင့် တွေ့၍ အလွန်ကြင်နာသနားတော်မူလှသဖြင့် ခေါ်ယူကာ အကြောင်းစုံ မေးမြန်း၍ သိလတ်သော်ထမင်းကျွေးပြီးလျှင် ကိုယ်တိုင် ရေချိုး သုတ်သင်ပေးလေ၏။ ခုနစ်နှစ် ရှိသောအခါရှင်သာမဏေပြုစေ၍၊ နောက် အသက်နှစ်ဆယ် ရှိသောအခါ ရဟန်းပြုစေပြီးလျှင်၊ နောက်ဝိပဿနာပွားကာ ရဟန္တာအဖြစ်သို့ ရောက်၍ သာသနာတော်တွင် လောသကတိဿမထေရ်ဟု တွင်လေ၏။

လောသကတိဿဆွမ်းမရ

ထိုမထေရ်အား ဘုန်းကံမရှိလာဘ်သပ်ပကာ နည်းလှ၏။ ဆွမ်းခံ၍လည်း မရ၊ ဆွမ်းလောင်းလာသူတို့မှာ သပိတ်မှာဆွမ်းပြည့်နေသည် ထင်မှတ်၍ မလောင်းကြ၊ အသဒိသအလှူကြီး ပေးခိုက်နှင့် ကြုံသော်လည်းဝမ်းဝအောင် မဘုဉ်းပေးရ။

ထိုသို့အစဉ်အတိုင်း လာခဲ့ရာ ပရိနိဗ္ဗာန်ပြုမည့်နေ့ ရောက်လတ်သော် ရှင်သာရိပုတ္တရာက သိတော်မူ၍“ယနေ့ ငါသည် လောသကတိဿကို ဆွမ်းအာဟာရဝအောင် စားစေမည်” ဟု ကြံလျက် ခေါ်ဆောင်ကာသာဝတ္ထိပြည်သို့ ဆွမ်းခံဝင်လတ်သော် လှူဒါန်းနေကျ ဒါယကာတို့သည် လှူဒါန်းဖို့ဝေးစွလက်အုပ်ချီသူပင် မရှိလေ။

ရှင်သာရိပုတ္တရာသည်ငါ့ရှင် ပြန်နှင့်၊ ဆွမ်းစားဇရပ်မှာ စောင့်နေပါဟု စေလွှတ်ပြီးလျှင် ဆွမ်းကိုဆက်လက်၍ ခံသောအခါ လှူဒါန်းသူတွေ အလွန်ပေါများလှ၏။ ဆွမ်းပင့်၍ ကျွေးကြ၏။ရှင်သာရိပုတ္တရာလည်း လောသကတိဿသို့ ပို့ခိုင်းလေ၏။ ပို့သူတို့လည်း လောသကတိဿကိုမတွေ့၍ ကိုင်တိုင် စားကြ၏။ ရှင်သာရိပုတ္တရာ ပြန်လာသောအခါ လောသကတိဿကိုမေးလျှင်မစားရသေးကြောင်း လျှောက်ထားလေ၏။

ပရိနိဗ္ဗာန်နီးမှဝမ်းတော်ဝ

ထိုအခါ ရှင်သာရိပုတ္တရာသည်သံဝေဂရ၍ ကာလအချိန်ကို ကြည့်လတ်သော် မလွန်သေးမှန်း သိသဖြင့် ကိုယ်တိုင်ကောသလမင်းကြီး နန်းတော်သို့ကြွကာ စတုမဓုကို လှူစေပြီးလျှင် ပြန်ရောက်၍ လောသကတိဿကိုခေါ်ကာ သပိတ်ကို ပိုက်လျက်ပင် “ငါ့ရှင် အလိုရှိသလောက် ဘုဉ်းပေးပါ” ဟု ဆို၏။ လောသကတိဿလည်း ရှင်သာရိပုတ္တရာကိုရိုသေသဖြင့် မဘုဉ်းပေးဝံ့ဘဲရှိလျှင် “ငါ့ရှင် ငါ့လက်က ပေးလိုက်လျှင်ပျောက်ကွယ်သွားမည်၊ ဘုဉ်းပေးရမည်မဟုတ်၊ ဘုဉ်းပေးပါ” ဟု ခွင့်ပြုလျှင် လောသကတိဿလည်းအလိုရှိတိုင်း ဝမ်းပြည့်အောင် ဘုဉ်းပေး၍ ထိုနေ့၌ပင်လျှင် ပရိနိဗ္ဗာန်ပြုလေ၏။

မြတ်စွာဘုရားသည်လောသကတိဿမထေရ်၏ အလောင်းအနီး၌ ရပ်တော်မူလျက် သဂြိ င်္ုဟ်စေပြီး လျှင် ဓာတ်တော်တို့ကိုစေတီတည်စေ၏။

ထိုအခါရဟန်းတို့သည် တရားသဘင်ဝယ် စကားစပ်မိကြ၍ “ငါ့ရှင်တို့ ... အံ့ဖွယ်သရဲ ရှိပေစွ၊လောသကတိဿ မထေရ်ကား ဘုန်းကံလာဘ်သပ်ပကာ နည်းပါးလျက် အရဟတ္တဖိုလ်ကို ရသေးသည်” ဟုပြောဆိုကြစဉ် မြတ်စွာဘုရား ကြွလာတော်မူကာ “ရဟန်းတို့ ... လောသကတိဿသည် ရှေးအခါသူတစ်ပါးလာဘ်ကို အန္တရာယ်ပြုမိသည့် အတွက် ဘုန်းကံလာဘ်သပ်ပကာ နည်းပါးသည်၊အလွန်အားထုတ်၍ ဝိပဿနာ ရှုဖူးသည့်အတွက် အရဟတ္တဖိုလ်ကို ရသည်” ဟု မိန့်တော်မူကာအောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဒေသစာကြွလာရဟန္တာ

လွန်လေပြီးသောအခါ ကဿပဘုရားလက်ထက်တော်ဝယ် ရဟန်းတစ်ပါးသည် သူကြွယ်တစ်ဦးကို အမှီပြု၍ ရွာငယ်ကျောင်းတွင် နေ၏။အကျင့်သီလနှင့် ပြည့်စုံ၏။ ဝိပဿနာကို အလွန် အားထုတ်လေ့ရှိ၏။

တစ်နေ့သ၌ရဟန္တာတစ်ပါးသည် အစဉ်အတိုင်း ကြွလာရာ ထိုရဟန်း၏ သူကြွယ်အိမ်သို့ ရောက်လေ၏။ သူကြွယ်သည်ဣရိယာပုတ်ကို ကြည်ညို၍ အိမ်သို့ပင်ဆောင်ကာ ဆွမ်းလုပ်ကျွေးပြီးလျှင်အနည်းငယ်တရားနာ၍ “အရှင်ဘုရား ... တပည့်တော်တို့ ကိုးကွယ်သော ရွာကျောင်းသို့ကြွနှင့်ပါ၊ ညနေချမ်းအခါ အဖူးအမြော် လာပါမည်” ဟု လျှောက်ထား၍ လွှတ်လိုက်၏။

ဆွမ်းဘုဉ်းပေးရန်ပင့်လျှောက်ပြန်

ရဟန္တာမထေရ်လည်းကျေင်းသို့ရောက်လျှင် အာဂန္တုက ဝတ်ကိုပြု၍ အာလာပသလ္လာပ စကားကို ပြောဟောလျက်ကျောင်းနေရဟန်းက “ ငါ့ရှင် ဆွမ်းစားပြီးပြီလော” ဟု လျှောက်သောအခါ စားပြီးပါပြီဟုဆိုလေ၏။ အဘယ်မှာ စားသနည်းဟု လျှောက်ပြန်ရာ၊ “သူကြငွယ်အိမ်မှာ စားပါသည်” ဟုမိန့်ဆိုပြီးလျှင် မိမိနေရန် ကျောင်းကို ပန်ကြား၍ သုတ်သင်ရှင်းလင်းပြီးလျှင်သင်္ကန်းသပိတ်ကို သိုမှီး၍ စျာန်ချမ်းသာဖြင့် လည်းကောင်း၊ ဖိုလ်ချမ်းသာဖြင့်လည်းကောင်း နေထိုင်လျက် အချိန်ကာလကို လွန်စေ၏။

သူကြွယ်လည်းညနေချမ်းအခါ ပန်းနံ့သာနှင့် မီးထွန်းရန် ဆီတို့ကို လက်စွဲလျက် ကျောင်းသို့လာ၍ ကျောင်းနေဆရာရဟန်းထံဆည်းကပ်ပြီးလျှင် အာဂန္တုရဟန်းနေရာကို မေးမြန်းလျှောက်ထားကာ အာဂန္တုရဟန်းထံ ဆည်းကပ်၍တရားနာပြီးလျှင် စေတီ၊ ဗောဓိပင်တို့ကို ပန်း၊ ဆီမီး ပူဇော်၍ ရဟန်းနှစ်ပါးလုံးကိုပင် နက်ဖြန် အိမ်သို့ဆွမ်းဘုဉ်းပေးကြွရန် ဖိတ်မန်ကာ ပြန်ခဲ့လေ၏။

ကျောင်းနေဘိက္ခုဝန်တိုမှု

ကျောင်းနေရဟန်းသည် အာဂန္တုရဟန်းအပေါ်၌ ဣဿာ၊ မစ္ဆေရ ဖြစ်ကာ “ ဤသူကြွယ်ကား ပျက်စီးလေပြီ၊ ဤ အာဂန္တုရဟန်းဤကျောင်းမှာနေလျှင် ငါ့ကို အရေးစိုက်တော့မည် မဟုတ်၊ ဤ အာဂန္တုရဟန်းကို ဤကျောင်းမှာမနေနိုင်အောင် လုပ်မည်” ဟု နှလုံးသွင်း၍ မိမိထံ ဆည်းကပ်လာသော အခါ သူကြွယ်အား တစ်စုံတစ်ရာစကားမဆိုဘဲ နေလေ၏။

အာဂန္တုရဟန်းလည်းကျောင်းနေရဟန်း၏ စိတ်အလိုကိုသိ၍ “ဤကျောင်းနေရဟန်းကား ငါ့မှာ အလုပ်အကျွေးဒါယကာ၌လည်းကောင်း၊ ဂိုဏ်းအခြံအရံ၌ လည်းကောင်း တပ်စွမ်းခြင်း မရှိသည်ကို မသိယောင်တကား” ဟုနှလုံးသွင်းလျက် မိမိနေရာသို့ပြန်၍ စျာန်ချမ်းသာ၊ ဖိုလ်ချမ်းသာဖြင့် နေလေ၏။

ကျောင်းနေရဟန်းလည်းနက်ဖြန် မိုးသောက်ထသောအခါ ဝတ်ကျေဝတ်တုံ ကျောက်စည်ကို လည်းကောင်း၊ကျောင်းတံခါးရွက်ကို လည်းကောင်း လက်သည်းဖြင့်ခတ်၍ သူကြွယ်အိမ်သို့ သွားလေ၏။သူကြွယ်သည် သပိတ်ကိုယူ၍ နေရာ၌ နေစေပြီးလျှင် “အရှင်ဘုရား ... အာဂန္တုရဟန်းဘယ်မှာနည်း” ဟု လျှောက်လေလျှင် “ဒါယကာ ... သင့်ဆရာ အကြောင်းကို ငါ မသိ၊ကျောက်စည်တို့ကို ထိုး၍ တံခါးရွက်ကို ခေါက်ပါလျက် အိပ်ယာမှ မနိုးပေ၊ ယမန်နေ့ကဘောဇဉ်၊ ခဲဖွယ်ကောင်းတွေကို စားပြီးလျှင် အိပ်ပျော်နေပုံ ရသည်၊ သင်ကြည်ညိုနေသည်မှာ ဤရဟန်းမျိုးကို ရွေးချယ်ကာ ကြည်ညိုတတ်ပေသည်” ဟု မိန့်ဆိုလေ၏။

လွန်ကျူးပြီးမှသံဝေဂ

အာဂန္တုရဟန်းလည်း မိမိဆွမ်းခံချိန်ကို မှတ်သား၍ အရပ်တစ်ပါးသို့ ကြွသွားလေ၏။ သူကြွယ်လည်းကျောင်းနေရဧန်းကို လုပ်ကျွေးပြီးလျှင် ပျား၊ သကာတို့ဖြင့် စီရင်ထားသောဃနာနို့ဆွမ်းကို သပိတ်ပြည့်အောင် ထည့်၍ “ အာဂန္တုရဟန်းအား လှူဒါန်းပါ” ဟုမှာထားလိုက်၏။

ကျောင်းနေရဟန်းလည်းမလှူဒါန်းနှင့်ဟု မတားမြစ်ဘဲ သပိတ်ကို ဆောင်ယူကာ “ဤရဟန်းကား ဤဃနာနို့ဆွမ်းကိုသောက်ရလျှင် လည်ပင်းကိုင်၍ ထုတ်သော်လည်း ဤကျောင်းမှ သွားတော့မည် မဟုတ်” ဟု အောက်မေ့၍ ငြူစူဝန်တိုလျက် လမ်းတွင် ယာခင်းမီးလောင်နေသည့် မီးကျီးစုတစ်ခုဝယ် အစပျောက်အောင် သွန်းလောင်းခဲ့၍ ကျောင်းသို့ပြန်လေ၏။

ကျောင်းသို့ရောက်လျှင်အာဂန္တုရဟန်းကို မမြင်သောအခါ “ဤရဟန်းကား ဧကန်စင်စစ် ရဟန္တာ ဖြစ်လိမ့်မည်၊ ငါ့အလိုကိုသိ၍အရပ်တစ်ပါးသို့ သွားနှင့်လိမ့်မည်၊ အံ့ဖွယ်ရှိပေစွ၊ ငါသည် ဝမ်းတစ်လုံးအတွက်မသင့်တင့်သော အမှုကို ပြုမိလေစွ၊ ဝန်လေးသော အမှုကို ပြုမိလေစွ” ဟု သတိ သံဝေဂရကာနှလုံးမသာခြင်းဖြင့် ပြင်းစွာနှိပ်စက်လျက် လူပြိတ္တာဖြစ်၍ သေလွန်သောအခါ ငရဲသို့ကျလေ၏။

ဖြစ်ရာဘဝဆင်းရဲရ

နှစ်ပေါင်း အသိန်းမကငရဲ၌ခံရ၍ လွတ်လာသောအခါ၌လည်း ဝိပါက်ကြွင်းကြောင့် ဘဝငါးရာ ဘီလူးဖြစ်၍ တစ်နေ့မှဝမ်းပြည့်အောင် မစားရလေ။ တစ်နေ့သ၌ ကိုယ်ဝန်အညစ်အကြေးကို ရ၍ ဝမ်းပြည့်အောင်စားရဖူး၏။ တစ်ဖန် ဘဝငါးရာ ခွေးဖြစ်၏။ တစ်နေ့သ၌ အန်ဖတ်ထမင်းကို ရသဖြင့်ဝမ်းပြည့်အောင် စားရဖူး၏။ ကြွင်းသောကာလ ဘဝတို့၌ကား ဝမ်းပြည့်အောင် စားရဖူးသည်မရှိ။

ခွေးအဖြစ်မှစုတေကာ ကာသိတိုင်း ရွာငယ်တစ်ခု ဝယ် သူဆင်းရဲမျိုး၌ ဖြစ်ရပြန်၏။ တစ်မျိုးလုံးဆင်းရဲလျက် ဝမ်းပြည့်အောင် မစားရကြကုန်။ ထိုသူငယ်ကို မိတ္တဝိန္ဒက ဟု ခေါ်တွင်ကြ၏။နောက်အခါ မိဘတို့လည်း ငတ်မွတ်ခြင်း ဆင်းရဲကို သည်းမခံနိုင်ကြသည့်အတွက် သားအရင်းမိတ္တဝိန္ဒကိုပင် ရိုက်နှက်ကာ နှင်ထုတ်ကြကုန်၏။

ဇနပုဒ်ကနှင်ထုတ်ကြ

မိတ္တဝိန္ဒကလည်း မိဘတို့နှင်ထုတ်သဖြင့် ကိုးကွယ်ရာမဲ့ဖြစ်၍ သွားလေသော် ဗာရာဏသီပြည်ဝယ် တပည့် ငါးရာကိုပညာသင်ပေးနေသည့် ဒိသာပါမောက္ခ ဆရာကြီးထံ ရောက်၍ တောင်းပန်ကာ ပညာသင်ကြားလျက်နေပြန်၏။ ဆရာ၏ အဆုံးအမကိုလည်း မနာယူ၊ သူတစ်ပါးတို့နှင့်လည်း ခိုက်ရန်ဖြစ်တတ်၏။

တစ်နေ့သ၌ခိုက်ရန်ဖြစ်ကာ ဆရာထံမှ ပြေးလေသော် ပ္စန္တရာဇ် ရွာငယ်တစ်ခုသို့ ရောက်လျက် သူဆင်းရဲမတစ်ယောက်နှင့် အိမ်ထောင်ကျကာ သားနှစ်ယောက် ရပြန်လေ၏။ ထိုရွာဝယ် မိတ္တဝိန္ဒကရောက်သည့်နေ့မှစ၍ မီးခုနစ်ကြိမ်လောင်၍ မင်းဒဏ် ခုနစ်ကြိမ်သင့်လျက် ငတ်မွတ်ကြကုန်၏။

ထိုအခါရွာသားတို့သည် ဤသူယုတ်မာ ရောက်လာမှ ဖြစ်ရသည်ဆိုကာ သား၊ မယားနှင့် တကွနှင်ထုတ်ခံရပြန်သဖြင့် တော်တစ်ခုသို့ ရောက်သွားပြန်လေရော မယားနှင့်သားနှစ်ယောက်တို့ကို ဘီလူးစားသဖြင့် မိမိတစ်ကိုယ်တည်း အလွတ်ရုန်းကာ ပြေးခဲ့ရပြန်၏။

ရှေးကုသိုလ်ကံထောက်ပံ့ပြန်

တစ်ဖန် ဂမ္ဘီရ မည်သောသင်္ဘောဆိပ်တစ်ခုသို့ ရောက်ပြန်၍ သင်္ဘောသားတို့နှင့်အတူ သမုဒ္ဒရာခရီးသို့လိုက်ပါသွားပြန်ရာ သင်္ဘောသည် ခုနစ်ရက် ခုတ်မောင်း၍ သွားမိလျှင် မသွားတော့ဘဲရေလယ်တွင် ကျောက်တိုင်၊ ကျောက်ခဲဆွဲသည့်အလား ရပ်တန့်ကာ နေလေ၏။ ထိုအခါသင်္ဘောသားတို့သည် သူယုတ်မာကို မဲချသောအခါ မိတ္တဝိန္ဒကချည်း သုံးကြိမ် တိုင်အောင်မဲကျလေ၏။

သင်္ဘောသားတို့သည်မိတ္တဝိန္ဒကကို ဝါးစည်းတစ်ခုကို ကိုင်စေလျက် သမုဒ္ဒရာသို့ ပစ်ချပြီးလျှင်လိုရာအရပ်သို့ သွားကြကုန်၏။ မိတ္တဝိန္ဒကလည်း ကဿပဘုရား လက်ထက်တွင် စောင့်ထိန်းခဲ့သောသီလတန်ခိုးကြောင့် ဝါးစည်းပေါ်တွင် အိပ်လျက် သမုဒ္ဒရာရေပြင်၌ သွားသည်ရှိသော်ဖန်ဗိမာန်သို့ရောက်၍ နတ်သမီးလေးယောက်နှင့် ပျော်ပါးလျက် ခုနစ်ရက်ပတ်လုံးနတ်စည်းစိမ်ကို ခံစားကာ နေလေ၏။

ဗိမာန်ရှင် ပြိတ္တာနတ်သမီးတို့ကား ခုနစ်ရက် နတ်စည်းစိမ်၊ ခုနစ်ရက် ငရဲ ဤသို့ အလဲအလှယ် ခံစား စံစားကြရ၏။ငရဲခံအလှည့် ရောက်သောအခါ မိတ္တဝိန္ဒကကို ငါတို့ လာအောင် စောင့်ပါဟု မှာခဲ့၍သွားကြလေ၏။

မိတ္တဝိန္ဒကလည်းမစောင့်တော့ဘဲ ဝါးစည်း၌အိပ်ကာ သမုဒ္ဒရာရေအပြင်၌ သွားပြန်သော် ငွေဗိမာန်တွင် နတ်သမီးရှစ်ယောက်၊ ၎င်းနောက် ပတ္တမြား ဗိမာန်တွင် နတ်သမီး ဆယ့်ခြောက်ယောက်၊ ၎င်းနောက်ရွှေဗိမာန်တါင် နတ်သမီး သုံးဆယ့်နှစ်ယောက်တို့ကို တွေ့၍ အစဉ်အတိုင်း နတ်စည်းစိမ်ကိုခံစားလျက် သွားပြန်သော် ဘီးလူးတို့နေရာ ကျွန်းတစ်ခုသို့ ရောက်ပြန်၏။

ဆိတ်ယောင်ဆောင်နေသောဘီလူးမ တစ်ယောက်ကို တွေ့ပြန်ရာ ဆိတ်သားစားမည်ဟု ဆိတ်မခြေကိုင်၍ ဖမ်း၏။ ဘီလူးမလည်း မိတ္တဝိန္ဒကကိုချီး၍ပစ်လိုက်ရာ ကံအားလျော်စွာ ဗာရာဏသီမြို့ ကျုံးအပြင် ဆူုးချုံထပ်၌ ကျ၍ လိမ့်ကာမြေ၌တည်လေ၏။ထိုအခါ ဆိတ်ကို သတ်စားလေ့ရှိသော သူခိုးတို့ကိုဖမ်းရန်ဆိတ်ကျောင်းသားတို့သည် ပုန်းအောင်းလျက် စောင့်နေကြ၏။

ဆရာကယ်မချမ်းသာရ

မိတ္တဝိန္ဒကလည်း သမုဒ္ဒရာအလယ်ကျွန်းမှ ဆိတ်မခြေကို ကိုင်မိသည့်အတွက် ဆိတ်မက ချီပစ်သဖြင့် ဤအရပ်သို့ရောက်လာရသည်။ ယခုလည်း ဆိတ်မခြေကို ကိုင်ဦးမည်။ ဆိတ်မက ချီးပစ်လိုက်ပြန်လျှင်သမုဒ္ဒရာ အလယ်ကျွန်းရှိ နတ်သမီး ဗိမာန်သို့ ရောက်တန်ရာ၏ ဟု အထင်လွဲကာ ဆိတ်မခြေကို ကိုင်ပြန်၏။ထိုအခါ ဆိတ်မက အော်မြည်သဖြင့် ဆိတ်ကျောင်းသားတို့ ဝိုင်းဝန်းလျက် ဆိတ်သူခိုးဟုဖမ်း၍ ချည်နှောင်ပြီးလျှင် မင်းထံသို့ ဆောင်သူသွားကြလေ၏။

ဒိသာပါမောက္ခဆရာကြီးလ်း တပည့်ငါးရာ ခြံရံ၍ လာခိုက် ကြုံသဖြင့် တွေ့မြင်သောအခါ ဆရာကြီးက“အမောင်တို့ ... ဤသူကား ငါ့တပည့် ဖြစ်သည်၊ ဆိတ်သူခိုး မဟုတ်၊ ကျွန်ပြု၍ ခိုင်းစေရန်ငါ့အား ပေးကြပါ” ဟု တောင်းလျှင် ဆိတ်ကျောင်းသားတို့လည်း လွှတ်၍ သွားကြကုန်၏။ တစ်ဖန်ဆရာကြီးက မိတ္တဝိန္ဒကအား “အမောင် ... ဤမျှကြာအောင် ဘယ်အရပ်သို့ သွားနေသနည်း” ဟု မေးရာ မိတ္တဝိန္ဒကမိမိ ဖြစ်ပျက်သမျှ အကြောင်းစုံကို ပြန်ပြောင်းကာ ပြောကြားလေ၏။ ထိုအခါဒိသာပါမောက္ခဆရာကြီးသည် -

“အမောင်တို့ ... မိတ္တဝိန္ဒကမှာဆိတ်မခြေကို အဆွဲမှားသဖြင့် စိုးရိမ် ဆင်းရဲရသလို လောကမှာ အကျိုးစီးပွားကိုအလိုရှိသူ လူပညာရှိတို့ အဆုံးအမကို မနာယူသော သူမှာ အမြဲမပြတ် စိုးရိမ်ဆင်းရဲ၏”

ဟု တပည့်တို့အားတရားဟောလေ၏။

ဤသို့ လောသကတိဿမထေရ်သည် ရဟန္တာ၏ လာဘ်လာဘကို အန္တာရယ်ပြုကာ ပြစ်မှားဖူးသော အကုသိုလ်ကံကြောင့်ဘဝများစွာ သံသရာဝယ် ဝမ်းဝအောင် မစားရဘဲ ဘီလူးဘဝ ကိုယ်ဝန်အညစ်အကြေး တစ်ကြိမ်၊ခွေးဘဝ အန်ဖတ်ထမင်း တစ်ကြိမ်၊ ပရိနိဗ္ဗာန်ပြုမည့်ဘဝ ရှင်သာရိပုတ္တရာ တန်ခိုးကြောင့်စတုမဓု တစ်ကြိမ် ဤသုံးကြိမ်သာ ဝမ်းဝအောင် စားရဖူးသည်။ [အလွန်ကြောက်မက်ဖွယ်ကောင်းလေစွတကား။]

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မိတ္တဝိန္ဒကသည် - ယခုအခါ လောသကတိဿရဟန်း။

ဒိသာပါမောက္ခ ဆရာကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကျိုးလိုဆုံးမ၊ မနာက၊ နိစ္စစိုးရိမ်ပွား။

(၂) နတ်ထံရောက်လေ၊ ဝိန္ဒကေ၊ ဆိတ်ခြေအကိုင်မှား။

လောသကဇာတ် ပြီး၏။

***

၄၂- ကပေါတဇာတ်

ခိုကိုအမှီပြု၍ အစာ၌ လျှပ်ပေါ်လော်လည်သဖြင့် ပျက်စီးရသော ကျီးမိုက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လျှပ်ပေါ်အမှု အကြောင်းပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ်လျှပ်ပေါ်လော်လည်သော ရဟန်းတစ်ပါး ရှိသတတ်။ ရဟန်းတို့သည် လျှပ်ပေါ်သော ရဟန်းကိုမြတ်စွာဘုရားထံ ခေါ်ဆောင်သွားလေသော် မြတ်စွာဘုရားသ် ထိုလျှပ်ပေါ်လော်လည်သော ရဟန်းအား“ချစ်သား ရဟန်း ... သင်သည် ယခုမှသာ လျှပ်ပေါ်သည် မဟုတ်၊ ရှေးကလည်း လျှပ်ပေါ်သည့်အတွက်အသက်ဆုံးခြင်းသို့ ရောက်ခဲ့ဖူးပြီ၊ ပညာရှိတို့လည်း သင့်ကို မှီ၍ နေမြဲတိုင်းနေရာမှ ဆုတ်ယုတ်ခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

စားဖိုအိမ်နေရခိုဘဝ

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ခိုပညာရှိ ဖြစ်သတ်။

ထိုအခါ မြို့နေလူအများတို့သည် ကုသိုလ်ကို အလိုရှိကြသည့်အတွက် ထိုထိုအရပ်ဝယ် ငှက်တို့ကိုချမ်းသာသွာ နေကြရန် ရည်သန်လျက် တောင်းကြီး၊ တောင်းငယ်တို့ကို ဆွဲထားလေ့ရှိကြကုန်၏။

သူဌေးတစ်ဦး၏စားဖိုသည်လည်း မိမိနေထိုင်ရာ စားဖိုအိမ်ဝယ် တောင်းကြီးတစ်ခု ဆွဲထားလေ၏။ခိုပညာရှိလည်း ထိုတောင်းကြီးအတွင်းသို့ ဝင်ကာနေလေ၏။ နံနက်စောစောတွင်ကျက်စားရာအရပ်သို့သွား၍ ကျက်စားပြီးလျှင် ညချမ်းအခါ တောင်းကြီးအတွင်းသို့ပင်ဝင်၍နေလေ့ရှိ၏။

ကောက်ကျစ်လိမ်ဉာဏ်ကျီးမိုက်ကြံ

တစ်နေ့သ၌ ကျီးတစ်ကောင်သည်စားဖိုအိမ်ထက်က ပျံသွားစဉ် မွှေးကြိုင်သော အမဲ၊ သားငါး ဟင်းနံ့ကို ရသဖြင့်အလွန်စားချင်သော လောဘဖြစ်ကာ မည်သူ့ကိုမှီ၍ စားရပါမည်နည်းဟု စုံစမ်းရန်စားဖိုအိမ်အနီး၌ နေနှင့်၏။ ညချမ်းအခါ ခိုပညာရှိသည် အစာရှာရာမှ ပြန်ခဲ့၍ မိမိနေရာစားဖို အိမ်ရှိ တောင်းကြီးအတွင်းသို့ ဝင်လေ၏။ ထိုအခါ ကျီးမြင်၍ ငါသည် ခိုကိုမိတ်ဆွေဖွဲ့မည်ဟု ကြံစည်လျက်နေ၏။

နံနက်စောစောထ၍ခိုပညာရှိ အစာရှာရာ အရပ်သို့ သွားသောအခါ နောက်မှ လိုက်လေ၏။ ခိုပညာရှိသည် ကျီးအား -

အဆွေကျီး... သင်သည် အဘယ်ကြောင့် ငါတို့နှင့်အတူ အစာရှာသနည်း။

အရှင်ခို... အရှင်တို့ အမူအရာကို နှစ်သက်လှပါသည်၊ ယနေ့မှစ၍ အရှင့်ကို ခစားလိုပါသည်။

အဆွေကျီး... သင် စားသည့် အစာက တစ်မျိုး၊ ငါတို့ စားသည့် အစာက တစ်မျိုး၊ ဘယ်လိုလုပ်ပြီးခစားမည်နည်း။

အရှင်ခို... ကိစ္စမရှိပါ၊ အရှင်နှင့်အတူ ကျက်စားပါမည်၊ ပြီးသောအခါ အရှင်နှင့်အတူ လိုက်နေမည်။

ထိုအခါ ခိုပညာရှိကကောင်းပြီ၊ သတိဝီရိယနှင့် ကောင်းကောင်းနေပါဟု ဆုံးမပြီးလျှင် လက်ခံခွင့်ပြုကာမြက်စေ့ စသော သစ်စေ့တို့ကို ရှာဖွေကာ စားလေ၏။ ကျီးလည်း နွားချေးပုံ တစ်ခုဝယ်နွားချေးတုံးတို့ကို ဖယ်ရှားလျက် နွားချေးပိုးတို့ကို စား၍ ဝမ်းပြည့်လေလျှင်ခိုပညာရှိထံ သွား၍ “ အရှင်တို့ ...အစာရှာသည်မှာ ကြာမြင့်လှသည်၊ အစားကြူးခြင်းကား မသင့်” ဟု ခိုပညာရှိ ပြန်သောအခါအတူနောက်မှ လိုက်လေ၏။

နာဟန်ဆောင်ကာနေခဲ့ရာ

စားဖိုသည်လည်း ဤနေ့ ငါတို့ခိုသည် မိတ်ဆွေတစ်ယောက်ကိုခေါ်၍ လာသည်ဟု တောင်းကြီးတစ်လုံးကို ထပ်၍ ဆွဲပြန်၏။ကျီးလည်း ထိုနေ့မှစ၍ ခိုနှင့် အတူနေလေ၏။

တစ်နေ့သ၌စားဖိုသည်သည် သူဌေးဖို့ ငါး၊ အမဲ များစွာ ဆောင်ယူခဲ့၍ စားဖိုအိမ်တွင် ထိုထိုအရပ်၌ဆွဲထားလေ၏။ ကျီးလည်း နက်ဖြန် ငါး၊ အမဲကို စားမည်ဟု ကြံစည်ကာ တစ်ညဉ့်လုံး ညည်းညူလျက်အိမ်၏။

ခိုပညာရှိသည်နံနက်အခါ အစာရှာရာအရပ်သို့ သွားရန် ကျီးကိုခေါ်၏။ ကျီးသည် “အရှင် ... အကျွန်ုပ်မှာအစာမကြေပါ၊ ဝမ်းနာနေပါသည်” ဟု ဆိုရာ၊ ကျီးတို့မှာ ဘယ်အခါမှ ဝမ်းနာဖူးသည် မရှိ၊ညဉ့်သုံးယံတွင် တစ်ယံယံ အစာကြေမြဲ ဖြစ်သည်၊ သင် အမဲ၊ ငါးတို့ကို စားချင်၍ ပရိယာယ်လုပ်သည်၊ လူတို့ အသုံးအဆောင်ကို မစားချင်နှင့်၊ လာပါ သွားမည်ဟု ခိုက ဆိုလျှင်အရှင် ...အကျွန်ုပ် မသွားနိုင်ပါဟု ပြောသောအခါ ကောင်းပြီ၊ သင့်အမှုနှင့် သင်ထင်ရှားလိမ့်မည်၊ လောဘအလိုသို့ မလိုက်နှင့်၊ သတိဝီရိယနှင့် နေရစ်ဟု ဆုံးမပြီးလျှင် အစာရှာထွက်လေ၏။

စားဖိုသည်လည်းငါး၊ အမဲတို့ကို ကောင်းမွန်စွာချက်ပြုတ်ပြီးလျှင် အငွေ့ထွက်စေရန် အိုးကို အနည်းငယ်ဖွင့်၍ ဟင်းခပ်သောယောက်ချိုကို ဟင်းအိုးပေါ်တင်ကာ အပြင်သို့ထွက်လျက် ချွေးသုတ်ကာ နေလေ၏။

ကျီးလည်းအခွင့်ကောင်းရပြီဟု နေရာတောင်းမှထ၍ အမဲ အတုံးငယ်ကို စားရမည်လော၊ အတုံးကြီးကိုစားရမည်လော၊ အတုံးငယ်ကား ဝမ်းမပြည့်နိုင်၊ အတုံးကြီးကို ယူကာ တောင်းထဲမှာတဖြည်းဖြည်း စားမည် အကြံနှင့် စားဖိုအိမ်ထဲသို့ ဝင်၍ ယောက်ချို၌နားကာ အာ, အာမည်လေ၏။

လိမ်ဉာဏ်ပေါ်ကပျက်စီးရ

ကျီးသံကို စားဖိုသည် ကြား၍ဝင်လတ်သော် ကျီးကို မြင်၍ ဤကျီးကား ငါး၊ အမဲကို ခိုးစားသည်ဟု အမြန် တံခါးပိတ်ကာဖမ်းဆီးလျက် တစ်ကိုယ်လုံး အမွေးအတောင်တို့ကို ပြောင်လောက်အောင် နုတ်ပြီးလျှင်ချင်းစိမ်း၊ ဆား၊ ငရုတ် စသည်ကို ထောင်းထုကာ ရက်တည်ရည်ဖြင့် နယ်၍ ကျီးကိုတစ်ကိုယ်လုံး သုတ်လိမ်းလျက် နေရာတောင်းတွင် ထားလေ၏။ ကျီးလည်း ပြင်းထန်စွာ ဝေဒနာနှိပ်စက်သဖြင့် ညည်းညူကာ အိပ်လေ၏။

ညချမ်းအခါ ခိုပညာရှိ ပြန်လာ၍ ကျီး၏ အဖြစ်အပျက် ကိုမြင်လျှင် -

“အို -လျှပ်ပေါ်လော်လည်သော ကျီးမိုက် ... အစဉ်သနားသဖြင့် အကျိုးစီးပွားကို အလိုရှိ၍ဆုံးမသော ငါ့စကားကို မလိုက်နာသည့်အတွက် ရန်သူတို့လက်မှာ စိုးရိမ်ဆင်းရဲမလွဲပျက်စီးရချေတော့မည်တကား” - ဟု ပြောဆိုလျက် ယခုအခါ ငါလည်း ဤအရပ်မှာ နေ၍မသင့်လျော်ပြီဟု နှလုံးသွင်း၍ အရပ်တစ်ပါးသို့ သွားလေ။ ကျီးလည်း ထိုဝေဒနာမှမထမြောက်တော့ဘဲ အသက်ဆုံးခြင်းသို့ ရောက်လေ၏။ စားဖိုသည်လည်း ကျီးသေကို တောင်းပါယူ၍အမှိုက်ပုံတွင် ပစ်လေ၏။

ဤဒေသနာတော်၏အဆုံး၌ လျှပ်ပေါ်လော်လည်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကျီးသည် - ယခုအခါ လျှပ်ပေါ်လော်လည်သော ရဟန်း။

ခိုပညာရှိသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကျိုးလိုဆုံးမ၊ မနာက၊ မုချပျက်စီးမြဲ။

(၂) လျှပ်ပေါ်ကျီးမျိုး၊ အမဲခိုး၊ ကျိုးယုတ်သေသည့်နဲ။

ကပေါတဇာတ် ပြီး၏။

***

၄၃- ဝေဠုကဇာတ်

ဆရာ့စကားနားမထောင်ဘဲ ဝါးဆစ်ကျည်တောက်တွင် မြွေကိုထည့်၍ မွေးစားသဖြင့် ပျက်စီးရသောရသေ့မိုက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပြောဆိုဆုံးမ လွန်ခက်လှ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆုံးအမခက်သောရဟန်းတစ်ပါး ရှိသတတ်။ ရဟန်းတို့သည် ဆုံးမခက်သော ရဟန်းကို မြတ်စွာဘုရားထံခေါ်ဆောင်လာကြရာ မြတ်စွာဘုရားသည် “ ချစ်သား ရဟန်း ... သင်သည် ယခုအခါမှသာ အဆုံးမခက်သည်မဟုတ်၊ ရှေးအခါကလည်း အဆုံးမခက်သဖြင့် ပညာရှိတို့ ဆုံးမသော စကားကို မနာယူသည့်အတွက်မြွေကိုက်၍ သေဆုံးခြင်းသို့ ရောက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကိုဆောင်တော်မူသည်း။

အတိတ်ဝတ္ထု

ဗုဒ္ဓလောင်းလျာဂိုဏ်းဆရာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ်ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိတိုင်းဝယ် စည်းဥစ္စာကြွယ်ဝချမ်းသာသော အမျိုး၌ ဖြစ်၍ လိမ္မာရေးခြားသော အရွယ်သို့ ရောက်လျှင် ကာမဂုဏ်ခံးစားခြင်း၏ အပြစ်ကိုလည်းကောင်း၊ ရသေ့ရဟန်းပြုခြင်း၏ အကျိုးထူးကို လည်းကောင်းမြင်သဖြင့် ရသေ့ရဟန်း ပြုပြီးလျှင် ဟိမဝန္တာတွင် နေလေ၏။

ကသိုဏ်းပရိကံကိုလည်းစီးဖြန်းအားထုတ်၏။ မကြာမီ စျာန် အဘိညာဉ်ကိုရ၍ ရသေ့ငါးရာ အခြံအရံရှိလျက်ဂိုဏ်းဆရာကြီး အဖြစ်သို့ ရောက်လေ၏။

ရသေ့တစ်ပါးမြွေမွေးထား

အဆိပ်ထန်သော မြွေဟောက်ငယ်တစ်ကောင်သည် မိမိ အလိုအလျော်က ကျက်စားသွားလာရာ ရသေ့တစ်ဦး ကျောင်းသို့ ရောက်လာလေ၏။ရသေ့လည်း မြွေဟောက်ငယ်ကို အလွန်ကြင်နာစွာ သားအမှတ်ဖြင့် မွေးမြူလျက် အစာကျွေး၍ဝါးလုံး ဝါးလုံးခေါင်းတစ်ခုတွင် ထားလေ၏။ ဝါးလုံးကို အစွဲပြုကာ မြွေဟောက်ကို ဝေဠုက၊ရသေ့ကိုလည်း ဝေဠုကပိတာ ဟု ခေါ်စမှတ်ပြုကြကုန်၏။

ဆုံးမပေးမူမနာယူ

ဂိုဏ်းဆရာ ရသေ့ကြီးလည်းထိုအကြောင်းကို ကြားလေလျှင် ဝေဠုကပိတာကို ခေါ်၍ “ငါ့ရှင် ... သင် မြွေဟောက်ကိုမွေးစားသည်ဆိုရာ မှန်သလော” ဟု မေးရာ၊ မှန်ပါသည် ဟု ဆိုလေလျှင် “မမွေးစားလေနှင့်၊အဆိပ်ထန်သော သတ္တဝါနှင့် အကျွမ်းမဝင်သင့်၊ တစ်နေ့နေ့တွင် သင် ဒုက္ခရောက်လိမ့်မည်” ဟုဆိုဆုံးမသော်လည်း မနာယူဘဲ မွေးစားမြဲ မွေးစားထားလေ၏။

နှစ်ရက်၊ သုံးရက်လွန်လျှင် ရသေ့တို့သည် သစ်သီးကြီး၊ ငယ် ရှာဖွေရန် တော်သို့ သွားကြကုန်၏။ဝေဠုကပိတာလည်း သားမြွေဟောက်ကို ဝါးလုံးခေါင်းတွင် ထည့်၍ လုံစွာပိတ်ထားခဲ့ပြီးလျှင် ရသေ့တို့နှင့်အတူ လိုက်လေ၏။ ရသေ့ တို့သည် နှစ်ရက်၊ သုံးရက်သစ်သီး စုဆောင်းရှာဖွေပြီးလျှင် ပြန်လာကြကုန်၏။

သာဓကပြဆိုဆုံးမ

ဝေဠုကပိတာသည်သားမြွေဟောက်ကို အစာကျွေးရန် ဝါးလုံးကို ဖွင့်၍ “ချစ်သား ... ဆာမွတ်လှပြီကော” ဟုနှုတ်ဆက်လျက် လက်ကို ဖြန့်၏။ မြွေဟောက်ငယ်လည်း နှစ်ရက်၊ သုံးရက် အစာမစားရသည့်အတွက်အမျက်ထွက်ကာ ဖြန့်ထားသော လက်ကို ကိုက်လေ၏။ ထိုအခါ ဝေဠုကပိတာသည် အသက်ဆုံးခြင်းသို့ရောက်လေ၏။ မြွေဟောက်ငယ်လည်း တောသို့ ဝင်လေ၏။

ရသေ့တို့လည်းဂိုဏ်းဆရာ ရသေ့ကြီးအား ဝေဠုကပိတာ သေကြောင်းကို ပြောကြားသဖြင့် လိုက်ခဲ့၍ ဝေဠုကပိတာ၏အလောင်းကို ဖုတ်ကြည်း သင်္ဂြိုဟ်ပြီးလျှင် တပည့် ရသေ့ အပေါင်းအား -

“ငါ့ရှင်တို့... အကျိုးစီးပွားကို လိုလားသော ဆရာသမားတို့ အဆုံးအမ ဩဝါဒစကားကို မနာယူသော သူကားဝေဠုကပိတာကဲ့သို့ သေခြင်းအဆုံးရှိသော ဒုက္ခကို ခံစားကြရမည်” –

ဟု အကြောင်းပြကာ ဆုံးမ၍ ဗြဟ္မဝိဟာရ တရားကို ပွးများလျက် သေလွန်သည့်အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဝေဠုကပိတာသည် - ယခုအခါ အဆုံးမ ခက်သော ရဟန်း။

ကြွင်းသော ပရိသတ်သည် - ဘုရားပရိသတ်။

ဂိုဏ်းဆရာကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကျိုးလိုဆုံးမ၊ မနာက၊ မုချပျက်စီးမြဲ။

(၂) မြွေဟောက်ချမ်ကျွမ်း၊ ရသေ့သွမ်း၊ သေလမ်းဝင်ရန်။

ဝေဠုကဇာတ် ပြီး၏။

***

၄၄- မကသဇာတ်

ဖခင်ဦးထပ်၌ ကိုက်နေသော ယင်ကို ဆောက်ပုတ်နှင့် ရိုက်သဖြင့် ဖခင် သေဆုံးအောင် ပြုမိသောသားမိုက် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကြား၊ မြင်သေးမှု လူမိုက်စု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် သာဝတ္ထိပြည်မှ မဂဓတိုင်းသို့ ဒေသစာရီကြွချီတော်မူလတ်သော် ရွာ်ငယ်တစ်ခုသို့ ရောက်တော်မူသတတ်။ ထိုရွာငယ်၌ အသိအလိမ္မာနည်းပါးလျက် အလွန်မိုက်သောသူတို့သာ များပြားကုန်၏။

တစ်နေ့သ၌အလွန်မိုက်သော ရွာသားတို့သည် စည်းဝေးကြကုန်လျက် “အမောင်တို့ ... ငါတို့မှာတော်သွားပြီး အလုပ်ကိစ္စ ဆောင်ရွက်ကြသောအခါ မှက်တွေကိုက်သည့် အတွက် အလုပ်ပျက်သည်၊လက်နက် အပြည့်အစုံ ယူကာ မှတ်တို့ကို ထိုးသတ် ခုတ်ဖြတ်ကြရမည်” ဟု တိုင်ပင်ညီညွတ်ကြပြီးလျှင် လက်နက် အပြည့်အစုံ ဆောင်ယူကြလျက် တောသို့ ဝင်ကြကုန်၏။

မှက်စစ်တိုက်ထွက်ချင်းချင်းနှက်

တောသို့ ရောက်သောအခါမှက်ကိုက်ကုန်သည်ရှိသော် လူမိုက်တို့သည် မှက်တို့ကို ထိုးသတ် ခုတ်ဖြတ်ကြမည်ဟုနှလုံးသွင်းကာ အချင်းချင်းလည်း ထိုးသတ် ခုတ်ဖြတ်ကြကုန်၏။ မိမိတို့ကိုယ်ကိုလည်းမိမိတို့ ထိုးသတ် ခုတ်ဖြတ်ကြကုန်၏။ အနာရ၍ ပင်ပန်းဆင်းရဲလတ်သော် ရွာသို့ ပြန်ကာရွာတွင်း ရွာလယ် တံခါး စသော ထိုထိုအရပ်ဝယ်နာကျင်လျက် အိပ်ကြကုန်၏။

မြတ်စွာဘုရာသည်ရွာတွင်းသို့ ဆွမ်းခံကြွလာသောအခါ အနည်းငယ်သော ပညာရှိ သီတင်းသည်တို့သည် ရွာတံခါး၌မဏ္ဍပ်ဆောက်လုပ်၍ အလှူပေးလျက် တရားတော်ကို နာကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည်သီတင်းသည်တို့အား “အချင်း သီတင်းသည်တို့ .... ဤရွာမှာ လူနာတွေ များလှချည်လား” ဟုမေးတော်မူလျှင် သီတင်းသည်များက “ အရှင်ဘုရား ... ဤရွာမှာ လူမိုက် အလွန်များပါသည်၊၎င်းတို့မှာ မှက်တို့နှင့် စစ်တိုက်မည်ဟု တော်သို့ သွား၍ အချင်းချင်း လည်းကောင်း၊မိမိကိုယ်ကို လည်းကောင်း ထိုးခုတ် သတ်ဖြတ်ကြသဖြင့် ရောဂါရလျက် လူနာတွေ များပါသည်”ဟု လျှောက်ထားကြကုန်၏။

ထိုအခါမြတ်စွာဘုရားသည် “သီတင်းသည်တို့ ... မှက်ကို ပုတ်ခတ်သော လူမိုက်မှာ ယခုမှသာ ရှိသည်မဟုတ်၊ ရှေးကလ်း ရှိဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည် ရှိသော် ဘုရားအလောင်းသည်ကုန်သွယ်ခြင်းဖြင့် အသက်မွေးလေ၏။

ထိုအခါ ကာသိတိုင်းပစ္စန္တရာဇ် ရွာငယ်တစ်ခုဝယ် လက်သမား များစွာတို့သည် နေထိုက်ကြကုန်၏။ဘုရားအလောင်းကုန်သည်လည်း ထိုရွာသို့ ကုန်သွယ်သွားရင်း ရောက်လျက်ရှိ၏။

မှက်ကိုသတ်လေ ဖခင်သေ

သစ်ရွေသော လက်သမားတစ်ယောက်သည် သစ်ကို ရွေ၍နေစဉ် ကြေးနီခွက်အသွင် နီရဲပြောင်လက်သောည ခေါင်းအပြင်ဝယ်မှက်တစ်ကောင်းနား၍ ကိုက်လျက်ရှိ၏။ အပ်နှင့်ထိုးဆွသည့်ပမာ အလွန်နာကျင်လှ၏။ ထိုအခါလက်သမားသည် မိမိအထံ၌နေသော သားငယ်ကို “ချစ်သား ... အဘ ဦးခေါင်းမှာ မှက်ကိုက်နေသည်အမြန်ခြောက်ပါ” ဟု ခိုင်းလေ၏။ လက်သမားသားလည်း အဘအား “ဖခင် ... ခေတ္တသည်းခံပါဦး၊ဤမှတ်ကို တစ်ချက်တည်းနှင့် အသေသတ်မည်” ဟု ပြောဆိုတာ ထက်လှစွာသော ပုဆိန်ကို ချီမ၍အနားမှာရပ်လျက် မှက်ကိုသတ်မည်ဟု ဖခင်ဦးခေါင်းကို တအား ပေါက်လေ၏။ လက်သမားသည်ဦးခေါင်းကွဲကာ ထိုနေရာ၌ပင် သေဆုံးခြင်းသို့ ရောက်လေ၏။

နည်းလမ်းညွှန်ပြဩဝါဒ

ကုန်သည်လည်းလက်သမားသားမိုက်၏ ပြုလုပ်ပုံ အခြင်းအရာကိုမြင်၍ ရောက်လာသော လူအပေါင်းတို့အား -

“အမောင်တို့ ...ပညာရှိသူမှာ ရန်သူပင် ဖြစ်သော်လည်း မြတ်လှသေး၏၊ မင်းဒဏ်ကို ကြောက်သဖြင့် လူကိုသတ်လိမ့်မည် မဟုတ်။ မိုက်သူကား အဆွေခင်ပွန်း ဖြစ်သော်လည်း မမြတ်လှပါ၊ အကောင်းလှပါ၊လက်သမားသားငယ်သည် မှက်ကို သတ်မည်ဟု အဘဦးခေါင်းကို ပုဆိန်နှင့် ခွဲခဲ့ပြီမဟုတ်လော” ဟု တရားဟောပြောကာ နေရာမှထိ၍ မိမိကိစ္စ အားလျော်စွာ အလိုရှိရာသို့သွားလေ၏။ လက်သမား ဆွေမျိုးတို့လည်း ဝိုင်းအုံလာပြီးလျှင် အလောင်းကို သင်္ဂြိုဟ်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ကုန်သည် ပညာရှိသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပညာရှိလျှင်၊ ရန်သူပင်၊ လူတွင်မြတ်လှပေ။

(၂) မိတ်ပင်ဖြစ်ငြား၊ လူမိုက်ကား၊ မှတ်သားမမြတ်လေ။

(၃) ပုဆိန်နှင့်ခွဲ၊ မှက်ခြောက်နဲ့၊ ခေါင်းကွဲဖခင်သေ။

မကသဇာတ် ပြီး၏။

***

၄၅- ရောဟိဏီဇာတ်

မိခင်ဦးထပ်၌ ကိုက်နေသော ယင်ကို ကျည်ပွေ့နှင့် ရိုက်သဖြင့် မိခင် သေဆုံးအောင် ပြုမိသောသမီးမိုက် ရောဟိဏီအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သိဉာဏ်နည်းလှ အမိုက်မ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ်အနာထပိဏ် သူဌေးကြီးထံ၌ ရောဟိဏီမည်သော ကျွန်မ မိုက်တစ်ယောက် ရှိသတတ်။

ထိုကျွန်မသည်အမိအိုကို ယင်နားရာ ယင်ကို ခြောက်မည်ဟု ကျည်ပွေ့နှင့်ရိုက်၍ အမိ သေဆုံးကြောင်းကိုသူဌေးကြီး သိသဖြင့် မြတ်စွာဘုရားထံ လျှောက်ထားရာ မြတ်စွာဘုရားသည် “သူဌေးကြီး ...ဤကျွန်မသည် ယခုအခါမှသာ ကျည်ပွေ့နှင့်ရိုက်၍ အမိကို သတ်ဖူးသည် မဟုတ်၊ ရှေးအခါကလည်းသတ်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မေတ္တာလွဲသုံးရန်သူထုံး

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဌေးကြီး ဖြစ်၍၎င်းထံမှာ ရောဟိဏီ မည်သော ကျွန်မမိုက် တစ်ယောက် ရှိသတတ်။

ထိုကျွန်မ၏အမိအိုသည် စပါးထောင်းရာ မောင်းစင်သို့လာလတ်၍ အိပ်သောအခါ ယင်တို့သည် ဝိုင်းအုံလျက် ကိုက်ကြကုန်၏။ အပ်ဖြင့်ထိုးဆွသကဲ့သို့ နာကျင်၏။ ထိုအခါ အမိအိုသည် သမီးကိုခေါ်၍ “ချစ်သမီး ... အမေမှာ ယင်တွေဝိုင်းအုံလျက် ကိုက်ခဲကြသဖြင့် အလွန်နာကျင်လှသည်၊ ယင်တို့ကို ခြောက်ပါ” ဟုခိုင်လေး၏။

သမီးလည်းယင်တို့ကို ဒေါသထွက်ကာ အကုန် သတ်ပစ်မည်ဟု ကြံစည်လျက် အသာအယာ မခြောက်ဘဲကျည်ပွေ့ကို မချီလျက် အမိကိုယ်တွင် ဝိုင်းအုံနေသည့် ယင်တို့ကို သတ်မည်ဟုကျည်ပွေ့ဖြင့် တအားရိုက်လိုက်၏။ ထိုအခါ အမိသည် ကျည်ပွေ့ရိုက်မိသဖြင့်အသတ်ဆုံးခြင်းသို့ ရောက်လေ၏။ အမိအို သေသောအခါမှ ငိုကြွေးလေ၏။

မိုက်သူရှုတ်ချ ဩဝါဒ

ထိုအခါ သူဌေးကြီးသည်ရောဟိဏီ ကျွန်မ၏ အကြောင်းကိုသိ၍ -

“အမောင်တို့...ပညာရှိသူမှာ ရန်သူပင် ဖြစ်စေကာမူ အဆပေါင်းများစွာ မွန်မြတ်လှသေး၏။ သူမိုက်မှာအဆွေခင်ပွန်းပင် ဖြစ်စေကာမူ မမြတ်လှပါ။ ရောဟိဏီ ကျွန်မမိုက်သည် ယင်တို့ကိုသတ်မည်ဟု ကျည်ပွေ့နှင့်ရိုက်ရာ အမိအို သေရပြီ မဟုတ်လေ” –

ဟု သက်သေပြလျက်သူမိုက်ကို ရှုတ်ချ၍ ပညာရှိကို ချီးမွမ်းကာ တရားဟောလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရောဟိဏီသည် - ယခုအခါ ရောဟိဏီ။

အမိသည် - အမိ

သူဌေးကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

[ပစ္စုပ္ပန်နှင့် အတိတ် ဝတ္ထုသွားချင်း တူနေ၍ အတိတ်မှာ ချုံးလိုက်သည်။]

ဆောင်ပုဒ်

(၁) ပညာရှိလျှင်၊ ရန်သူပင်၊ လူတွင်မြတ်လှပေ။

(၂) မိတ်ပင်ဖြစ်ငြား၊ လူမိုက်ကား၊ မှတ်သားမမြတ်လေ။

(၃) ကျည်ပွေ့နှင့်ထု၊ ယင်ခြောက်မှု၊ မှတ်ရှုမိခင်သေ။

ရောဟိဏီဇာတ် ပြီး၏။

***

၄၆- အာရာမဒူသကဇာတ်

ဥယျာဉ်ကြီးတစ်ခုလုံးပျက်စီးအောင် သစ်ပင်ငယ်များကိုနုတ်၍ အမြစ်ကို ကြည့်ပြီးမှ ရေလောင်းသောမျောက်ကြီးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဥယျာဉ်ကြည့်ရှု ထူးခြားမှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ကောသလတိုင်း ရွာငယ်တစ်ခုဝယ် သီတင်းသုံးတော်မူစဉ် သူကြွယ်တစ်ယောက်သည်မြတ်စွာဘုရား အမှူးရှိသော ရဟန်း သံဃာတော်တို့အား မိမိဥယျာဉ်သို့ ပင့်ဖိတ်၍အလှူပေးပြီးလျှင် “ အရှင်ဘုရားတို့ ... ဤဥယျာဉ်၌ အလိုရှိတိုင်း ရှုစားတော်မူကြပါ” ဟုလျှောက်ထားလေ၏။

ရဟန်းတို့လည်းဥယျာဉ်စောင့်ကိုခေါ်၍ ဥယျာဉ်ကို လှည့်လည်ကြည့်ရှုကြသော် သစ်ပင်မရှိသော အရပ်သို့ရောက်၍ ဥယျာဉ်စောင့်အား “သီတင်းသည် ... ဤနေရာဝယ် အဘယ်ကြောင့် သစ်ပင်မရှိသလည်း” ဟုမေးကုန်၏။ ထိုအခါ ဥယျာဉ်စောင့်က “အရှင်ဘုရားတို့ ... ဥယျာဉ် စိုက်ပျိုးသောအခါသူငယ်တစ်ယောက်သည် သစ်ပင်ငယ်တို့ကို နုတ်၍ အမြစ်ကို ကြည့်ပြီးလျှင် တစ်ဖန် စိုက်ကာအပြစ်ပမာဏဖြင့် ရေလောင်းသည့်အတွက် သစ်ပင်တွေ ညှိုးနွမ်းကာ သေကုန်သဖြင့် မရှိပါ” ဟုလျှောက်လေ၏။

ထိုအခါရဟန်းတို့သည် မြတ်စွာဘုရားထံသွားကာ ထိုအကြောင်းကို လျှောက်ကြသော် “ ရဟန်းတို့ ...ထိုသူငယ်သည် ယခုအခါမှသာ ဥယျာဉ်ကို ဖျက်ဆီးသည် မဟုတ်၊ ရှေးအခါကလည်း ဖျက်ဆီးဖူးပြီ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ရေလောင်းခိုင်းရာမျောက်များစွာ

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒဏ်မင်း မင်းပြုသည်ရှိသော် ထိုပြည်၌ နက္ခတ်ပွဲသဘင်ကို ဆင်ယင်ကျင်းပကြကုန်သတတ်။ စည်သံ ကြားသောအခါ မြို့နေ လူအများတို့သည် ပွဲသဘင်ကိုအမှီပြုလျက် ဝမ်းမြောက်ဝမ်းသာ တစ်မြို့လုံး အနှံ့အပြား လှည့်လည်ကြကုန်၏။မင်းဥယျာဉ်၌လည်း မျောက်များစွာ နေကြကုန်၏။

ဥယျာဉ်မှူးသ်ည “ငါတို့ မြို့ထဲသွား၍ နက္ခတ်သဘင် ကစားကြမည်၊ ထိုအတောအတွင်း မျောက်တို့ကိုရေလောင်းခိုင်းရလျှင် သင့်တော်မည်” ဟု စဉ်းစားကာ မျောက်အကြီးထံသွား၍“အချင်းမျောက်ကြီး ... ဤ ဥယျာဉ်ကား သင်တို့အတွက် အလွန် ကျေးဇူးများသည်၊ သင်တို့အသီးအပွင့်တို့ကို စားကြရမည်၊ ငါတို့ မြို့ထဲသွား၍ နက္ခတ်သဘင် ကစားကြမည်၊ငါတို့မလာမီအတွင်း မလစ်ဟင်းရအောင် သင်ပင်တို့ကို ရေလောင်းနိုင်ပါမည်လော” ဟုမေးလေ၏။ မျောက်ကြီးက လောင်နိုင်ပါသည်ဟု ဝန်ခံ၏။ ထိုအခါ ဥယျာဉ်မှူးသည် “ကောင်းပြီသင်တို့ မမေ့မလျော့ကြနှင့်၊ ငါတို့ သွားကြမည်” ဟု ဆိုကာ ရေထည့်ရန် သားရေပုံးနှင့်သစ်သားပုံးတို့ကိုပေး၍ နက္ခတ်သဘင်သို့ သွားကြလေ၏။

မျောက်မိုက်ကြံချက်ဥယျာဉ်ပျက်

မျောက်ကြီးသည်မျောက်ငယ်တို့ကို ခေါ်၍ “ အမောင်တို့ ... သစ်ပင်တို့ကို ရေလောင်းသောအခါ ရေကိုစောင့်ရှောက်ကြပါ၊ နောက်အခါ ရေရခဲသည် ဖြစ်လိမ့်မည်၊ သစ်ပင်ငယ်တို့ကို နုတ်၍ကြည့်ပြီးလျှင် တစ်ဖန်စိုက်၍ အမြစ်တိုသော သစ်ပင်တို့ကို ရေနည်းနည်းလောင်းကြပါ၊အပြစ်ရှည်သော သစ်ပင်တို့ကို ရေများများလောင်းကြပါ” ဟု အမြစ် ပမာဏဖြင့်ရေလောင်းကြရန် စီမံပြောကြားလေ၏။ မျောက်ငယ်တို့လည်း သားရေပုံးနှင့်သစ်သားပုံးတို့ကို ယူကြလျက် မျောက်ကြီး စီမံပြောကြားသည့်အတိုင်း သစ်ပင်တို့ကိုရေလောင်းကြကုန်၏။

ထိုအခိုက်ပညာရှိသော ယောကျ်ားတစ်ယောက်သည် အခြံအရံနှင့်တကွ ဥယျာဉ်တော်သို့လာရာ မျောက်တို့ရေလောင်းကြသည်ကို မြင်၍ မျောက်တို့အား“အဘယ်ကြောင့် သစ်ပင်ငယ်တို့ကို နုတ်၍ရေလောင်းကြသနည်း” ဟု မေးရာ မျောက်ကြီး စီမံပြောကြားသည့်အတိုင်း ပြုလုပ်ရသည်ဟုပြောကြကုန်၏။

ထိုအခါပညာရှိယောကျ်ားသည် -

“အမောင်တို့... ဥယျာဉ်တော်ဝယ် မျောက်တို့ ရေလောင်းကြသည်ကို ကြည့်ရှုကြကုန်လော့၊ အကျိုးရှိသည်၊မရှိသည်၌ မသိမလိမ္မာသော သူမိုက်သည် အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်သော်လည်းအကျိုးစီးပွား မဖြစ်ထွန်းနိုင်၊ ဆုတ်ယုတ်ပျက်စီးခြင်းသာ ဖြစ်ရမည်” –

ဟု ဥယျာဉ်တော်၌ သစ်ပင်တို့ကို ဖျက်ဆီးနေသည့် မျောက်မိုက်ကြီးသည် ကဲ့ရဲ့ပြစ်တင်ပြီးလျှင်အခြံအရံနှင့်တကွ ဥယျာဉ်တော်မှ ထွက်ခဲ့လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန်နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မျောက်ကြီးသည် - ယခုအခါ ဥယျာဉ် ဖျက်ဆီးသော သူငယ်။

ပညာရှိယောကျ်ားသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အကျိုးရှိမှု၊ မရှိမှု၊ သိမှု အရင်းတည်။

(၂) သူမိုက်အားခဲ၊ ကျိုးပြုလဲ၊ ကျိုးနဲပျက်စီးသည်။

(၃) ရေလောင်းမျောက်ပျက်၊ ဥယျာဉ်ဖျက်၊ မှတ်ချက် ထုံးတစ်မည်။

အာရာမဒူသကဇာတ် ပြီး၏။

***

၄၇- ဝါရုဏိဒူသကဇာတ်

သေရည်ကိုဆားခတ် ရောင်းသဖြင့် သေရည် ဖျက်ဆီးသော တပည့်မိုက် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သေရည်ဆားခတ် အကြောင်းစပ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အနာထပိဏ်သူဌေး၏ အဆွေခင်ပွန်းဖြစ်သော သေရည်ကုန်သည် တစ်ယောက်သည် ရှိသတတ်။ ထိုသေရည်ကုန်သည်ထက်စွာသော သေရည်ကို စီရင်၍ တပည့်တစ်ယောက်ကို အရောင်းခိုင်းကာ မိမိကား ရေချိုးရန်သွားလေ၏။

တပည့်လည်းသေရည်ရောင်းစဉ် သေအိုးတွင် ဆားတစ်ကွမ်းစားခတ်၍ သေရည်ကို ဖျက်ဆီးလေ၏။ သေရည်ကုန်သည်လာလတ်၍ ထိုအကြောင်းကိုသိလျှင် တပည့်အား “ဟယ် လူမိုက် ... သင်ကား သေရည်ကို ဆားခတ်၍ဖျက်ဆီးလေပြီ” ဟု အပြစ်တင်ကာ အနာထပိဏ် သူဌေးအား ထိုအကြောင်းကို စကားစပ်မိ၍ပြောကြားလေ၏။

အနာထပိဏ်သူဌေးလည်း စကားလက်ဆောင် ရပြီဟု နှလုံးသွင်းကာ မြတ်စွာဘုရားထံသို့သွား၍ထိုအကြောင်းကို လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် “သူဌေးကြီး ... ဤသူကား ယခုအခါမှသာ သေရည်ကိုဖျက်ဆီးသည် မဟုတ်၊ ရှေးအခါကလည်း သေရည်ကို ဖျက်ဆီးဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

တပည့်မိုက်ချက်သေရည်ပျက်

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗာရာဏသီပြည်မှာပင် သူဌေး ဖြစ်လေ၏။ သေရည်ကုန်သည် တစ်ယောက်သည် ထိုသူဌေးကိုမှီ၍ အသက်မွေး၏။ထိုသေရည်ကုန်သည်ကား ထက်စွာသော သေရည်ကို စီရင်၍ တပည့်တစ်ယောက်ကို အရောင်းခိုင်းကာမိမိကား ရေချိုးရန် သွားလေ၏။ တပည့်လည်း သေရည် ရောင်းနေစဉ် သေရည်ဝယ်၍သောက်သောသူတို့သည် သောက်နေသော အကြားဝယ် အိမ်စျေးမှ ဆားကိုယူစေ၍ လျက်ကြသည်ကိုမြင်လေ၏။

ထိုအခါသေရည်ရောင်းသော တပည့်သည် ဤသေရည်ဝယ် ဆားပါဟန် မတူ၊ ဆားမပါသည့်အတွက် အိမ်စျေးမှဆားကို ယူစေ၍ လျက်ကြသည် ဖြစ်လိမ့်မည်ဟု ကြံစည်ကာ သေရည်အိုးတွင် ဆားတစ်ကွမ်းစားခတ်၍ ရောင်းလေ၏။

နောက်အခါသေရည်ဝယ်၍ သောက်သောသူတို့သည် အလွန် ဆားငန်သဖြင့် ခံတွင်း၌ရှိသော သေရည်တို့ကိုထွေးအန်ကာ ထသွားကြသဖြင့် ဝယ်သူ တစ်ဦး တစ်ယောက်မျှ မရှိလေ။

ကျိုးကြောင်းညံ့လှကဲ့ရဲ့ကြ

သေရည်ကုန်သည်သည် လာလတ်၍သေရည် ဝယ်သောက်သူ တစ်ဦးတစ်ယောက်မျှ မမြင်လျှင် တပည့်အား “အမောင် ... သေရည်ဝယ်သောက်သူတို့ ဘယ်သွားကုန်သနည်း ” ဟု မေး၏။ ထိုအခါ တပည့်က “အရှင် ... သေရည်တွင်ဆားခတ်၍ ရောင်းသည့်အတွက် အလွန် ဆားငန်နေသဖြင့် မသောက်နိုင်၍ သွားကြပြီ” ဟုအကြောင်းစုံ ပြောကြားလေ၏။ သေရည်ကုန်သည်လည်း ထိုအကြောင်းသိလျှင် ဘုရားအလောင်းသူဌေးအား ပြောကြားလေ၏။ ထိုအခါ သူဌေးသည် လူအပေါင်းအား -

“အမောင်တို့... သေရည်ကို ဆားခတ်၍ ဖျက်ဆီးသော သေရည်ကုန်သည် တပည့်ကို ကြည့်ရှုကြကုန်လော့၊အကျိုးရှိသည်၊ မရှိသည်၌ မသိ မလိမ္မာသော သူမိုက်သည် အကျိုးစီးပွား ဖြစ်ထွန်းအောင်ဆောင်ရွက်သော်လည်း အကျိုးစီးပွား မဖြစ်ထွန်းနိုင်၊ ဆုတ်ယုတ် ပျက်ဆီးခြင်းသာဖြစ်ရသည် -

ဟု သေရည်ကို ဆားခတ်၍ ဖျက်ဆီးသောသေရည်ကုန်သည် တပည့်ကို ပြစ်တင်ကဲ့ရဲ့ကာ အဆုံးအမစကား ပြောကြားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သေရည်ကို ဖျက်ဆီးသူသည် - ယခုအခါလည်း သေရည်ကို ဖျက်ဆီးသူ။

သူဌေးသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

[ပစ္စုပ္ပန်နှင့် အတိတ် ဝတ္ထုသွားချင်း တူနေ၍ အတိတ်မှာ ချုံးလိုက်သည်။]

ဆောင်ပုဒ်

(၁) အကျိုးရှိမှု၊ မရှိမှု၊ သိမှု အရင်းတည်။

(၂) သူမိုက်အားခဲ၊ ကျိုးပြုလဲ၊ ကျိုးနဲပျက်စီးသည်။

(၃) သေကိုဆားစွက်၊ အကျိုးဖျက်၊ မှတ်ချက် ထုံးတစ်မည်။

ဝါရုဏိဒူကဇာတ် ပြီး၏။

***

၄၈- ဝေဒဗ္ဗဇာတ်

ရတနာမိုးကိုရွာသွန်းစေသော မန္တန်ကို ရွတ်သဖြင့် ခိုးသားအပေါင်းနှင့်တကွ ပျက်စီးရသောဝေဒဗ္ဗပုဏ္ဏားအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆုံးမခက်လှ တိတ်ဆောင်ပြ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆုံးမခက်သောရဟန်းတစ်ပါး ရှိလေ၏။

ရဟန်းတို့သည်အဆုံးမခက်သော ရဟန်းကို မြတ်စွာဘုရားထံ ခေါ်ဆောင်ကာ အဆုံးမခက်ကြောင်းကိုလျှောက်ထားကြလျှင် မြတ်စွာဘုရားသည် ထိုရဟန်းအား “ချစ်သား ရဟန်း ... သင်သည်ယခုအခါမှသာ အဆုံးမခက်သည် မဟုတ်၊ ရှေးအခါကလည်း အဆုံးမခက်သဖြင့် ပညာရှိတို့ စကားကိုမလိုက်နာသည့်အတွက် လမ်းခရီးအကြား၌ သေခဲ့ရပြီ၊ သင့်ကို အမှီပြု၍ယောကျ်ားတစ်ထောင်လည်း သေခဲ့ရပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဆရာဖမ်းထားခိုးသားများ

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ရွာငယ်တစ်ခု၌ ပုဏ္ဏားတစ်ယောက်သည်*ဝေဒဗ္ဗ မန္တရားကို တ်၏။ ထိုမန္တရားသည် အဖိုးမဖြတ်နိုင်၊ မွန်မြတ်သူတို့နှင့်သာထိုက်တန်၏။ နက္ခတ်ကြံသောအခါ မန္တရားကို မန်းမှုတ်၍ ကောင်းကင်ပြင်သို့ ကြည့်ရှုလတ်သော်ကောင်းကင်ပြင်မှ ရတနာခုနစ်ပါးမိုးကို ရွာစေသတတ်။ ဘုရားအလောင်း ပုဏ္ဏားသည်ထိုပုဏ္ဏားကြီးထံ တပည့်ခံလျက် အတတ်ပညာကို သင်ယူလေ၏။

တစ်နေ့သ၌ ဆရာ၊တပည့် ပုဏ္ဏားနှစ်ယောက်တို့သည် တစ်စုံတစ်ရာ ပြုဖွယ်ကိစ္စ ရှိသဖြင့် စေတတိုင်းသို့ခရီးရှည်သွားကြကုန်၏။ ခရီးလမ်းအကြား တော်တစ်ခုဝယ် **ပေသနကစောရ မည်သောသူခိုးငါးရာတို့သည် ဆရာ၊ တပည့် ပုဏ္ဏားနှစ်ယောက်ကို ဖမ်းပြီးလျှင် “မည်သည့်ရက်အတွင်း၌ ဥစ္စာ မည်မျှ ယူခဲ့ရမည်၊ အကယ်၍ ယူမလာလျှင် သင့်ဆရာကို သတ်ပစ်မည်“ ဟုပြောဆို ချိန်းချက်၍ တပည့်ကို ဥစ္စာယူရန် စေလွှတ်ကြကုန်၏။

တပည့်မှာကြားဥစ္စာရှာသွား

တပည့်သည် ဆရာပုဏ္ဏားကြီးကိုရှိခိုး၍ ဆရာ မကြောက်ပါနှင့်၊ အကျွန်ုပ် တစ်ရက်၊ နှစ်ရက်အတွင်း ပြန်လာပါမည်စိတ်ချပါ၊ အကျွန်ုပ် စကားကိုနားထောင်ရစ်ပါ၊ ယနေ့ ရတနာမိုး ရွာစေတတ်သော နက္ခတ်ကြုံသည်၊ ဆရာ အဆင်းရဲမခံလိုသဖြင့်မန္တရားကို မန်းမှုတ်ကာ ရတနာမိုး ရွာအောင် မပြုလုပ်ပါနှင့်၊ အကယ်၍ ရွာအောင်ပြုလုပ်လျှင် ဥစ္စာကို အမှီပြု၍ ဆရာလည်း ပျက်စီးမည်၊ ခိုးသားငါးရာတို့လည်း မုချပျက်စီးကြမည်၊ သတိထားပါဟု ဆရာပုဏ္ဏား ကို အဖန်ဖန် မှာကြားပြီးလျှင် ဥစ္စာယူရန်သွားလေ၏။

တောင်းပန်ထားရှာမလိုက်နာ

သူခိုးတို့သည်နေဝင်လတ်သော် ပုဏ္ဏားကြီးကို နှောင်ဖွဲ့၍အိပ်စေကုန်၏။ ပုဏ္ဏားကြီးလည်း လထွက်သောအခါ နက္ခတ်ကို ကြည့်လတ်သော် ရတနာမိုးရွာစေတတ်သော နက္ခတ်နှင့် ကြုံကြိုက်နေသည်ကို မြင်လေ၏။ ထိုအခါ ပုဏ္ဏားကြီးသည် ငါ့မှာဆင်းရဲကို ခံစားနေရသဖြင့် ဘယ်အကျိုးရှိအံ့နည်း၊ ယခုပင် ရတနာမိုးကို ရွာစေပြီးလျှင်သူခိုးတို့အား ရတနာတို့ကိုပေး၍ ချမ်းသာစွာ သွားတော့မည်ဟု ကြံစည်ကာ သူခိုးတို့ကို -

“အမောင်တို့... ငါ့ကို ဘယ်အတွက်ကြောင့် ဖမ်းထားကြသနည်း”

“အရှင်ပုဏ္ဏားကြီး... အရှင့်ကို ဥစ္စာ အလိုရှိသည့်အတွက် ဖမ်းထားကြပါသည်”

“အမောင်တို့... ဥစ္စာကို အလိုရှိလျှင် ငါ့ကို အမြန်လွှတ်၍ ခေါင်းကိုလျှော်စေ၊ အဝတ်သစ်ကို ဝတ်စေ၊နံ့သာကို လိမ်းစေ၊ ပန်းကို ပန်စေပြီးလျှင် ထားကြပါ” –

ဟု ပြောဆိုလေ၏။သူခိုးတို့လည်း ပုဏ္ဏားကြီး ပြောဆိုသည့်အတိ်ုင်း ထားကြကုန်၏။

ပုဏ္ဏားကြီးလည်းနက္ခတ် ကြုံကြိုက်သောအခါ မန္တရားမန်းမှုတ်ပြီးလျှင် ကောင်းကင်သို့ ကြည့်လေ၏။ထိုခဏမှာပင် ကောင်းကင်မှ ရတနာမိုးတို့သည် ရွာသွန်းကုန်၏။ သူခိုးတို့လည်းရတနာတို့ကို ကောက်ယူကာ စုလျားတဘက်တို့ဖြင့် ထုပ်ပိုး၍ သွားကြကုန်၏။ ပုဏ္ဏားကြီးသူခိုးတို့နောက်မှ လိုက်လေ၏။

ပစ္စည်းကြောင်းပြုပျက်စီးမှု

ထိုအခါ တစ်ပါးသောသူခိုးငါးရာတို့နှင့် တွေ့၍ ဥစ္စာယူဆောင်လာသော သူခိုးငါးရာတို့ကို ဖမ်းကြကုန်၏။အဖမ်းခံရသော သူခိုးငါးရာတို့သည် ဖမ်းသော သူခိုးတို့အား -

“အချင်းတို့ ...သင်တို့သည် အကျွန်ုပ်တို့ကို ဘယ်အတွက် ဖမ်းကြသနည်း”

“ဥစ္စာကိုအလိုရှိသည့်အတွက် ဖမ်းကြပါသည်”

“ ဥစ္စာကိုအလိုရှိလျှင် အကျွန်ုပ်တို့ကို မဖမ်းကြပါနှင့်၊ ဤပုဏ္ဏားကြီးကိုသာ ဖမ်းကြပါ၊ ဤ ပုဏ္ဏားကြီးကားမန္တရားကို မန်းမှုတ်၍ ကောင်းကင်ကို ကြည့်လိုက်လျှင် ကောင်းကင်မှ ရတနာမိုးရွာသွန်းပါသည်၊ ကျွန်ုပ်တို့လည်း ဤ ပုဏ္ဏားကြီး မန်းမှုတ်ပေး၍ ရကြပါသည်”

ဟု ပြောကြားကုန်၏။ ထိုအခါ သူခိုးတို့သည် ဥစ္စာယူဆောင်လာသောသခိုးတို့ကို လွှတ်ပြီးလျှင် နောက်မှလိုက်လာသော ပုဏ္ဏားကြီးကို ဖမ်း၍ ဥစ္စာ တောင်းကြကုန်၏။ပုဏ္ဏားကြီးလည်း သူခိုးတို့အား “အမောင်တို့ ... ရတနာမိုး ရွာစေနိုင်သည်မှာ မှန်ပါသည်၊သို့သော်လည်း ယခုအခါ နက္ခတ် မကြုံကြိုက်ပါ၊ တစ်နှစ်လည်မှ တစ်ခါသာ ကြုံကြိုက်ပါသည်၊တစ်နှစ်လည်၍ ကြုံကြိုက်သောအခါ ရတနာမိုး ရွာသွန်းစေပါမည်၊ ထိုအခါမှ ယူကြပါ” ဟုအမှန်အတိုင်း ပြောလေ၏။

သူခိုးတို့လည်းမယုံကြည်သဖြင့် ပုဏ္ဏားကြီးအား “ဟယ် ပုဏ္ဏားပျက် ... တစ်ပါးသော သူခိုးများအတွက်တော့ယခုပင် ရတနာမိုး ရွာစေသည်၊ ငါတို့အတွက်ကိုတော့ တစ်နှစ် ဆိုင်းရဦးမည် ပြောရသလော” ဟု ကြိမ်းမောင်း၍ သန်လျက်ဖြင့်ကိုယ်ကို နှစ်ပိုင်းဖြတ်ကာ သတ်လေ၏။

ဥစ္စာလိုလတ်ချင်းချင်းသတ်

ထို့နောက် ရှေ့သို့အမြန်လိုက်ကာ ဥစ္စာ ယူဆောင်လာသည့် သူခိုးတို့ကို အကုန်သတ်ဖြတ်၍ ဥစ္စာထုပ်ကိုယူကြကုန်၏။ တစ်ဖန် ဥစ္စာရသော သူခိုး ငါးရာတွင် နှစ်ရာ့ငါးဆယ်စီ နှစ်စုခွဲကာတစ်စုကို အကုန်သတ်ဖြတ်ပြီး တစ်စုက ယူပြန်၏။ ဤနည်းဖြင့် ကျန်သော သူခိုးတို့သည်နှစ်စု နှစ်စု ခွဲကာ တစ်စုက တစ်စု တစ်စုက အကုန်သတ်ဖြတ်၍ ယူကြပြန်ရာ နောက်ဆုံးတွင်သူခိုးနှစ်ယောက်သာ ကျန်လေ၏။

ကျန်သောသူခိုးနှစ်ယောက်လည်း ဥစ္စာထုပ်ကို ဦး၊ ပဲ့ ထမ်းကာ လာခဲ့ရာ ရွာတစ်ခုအနီးသို့ ရောက်လျှင်ဥစ္စာထုပ်ကို ချုံထဲသို့သွင်း၍ တစ်ယောက်က သန်လျက်ထမ်းကာ စောင့်နေရ၏။ တစ်ယောက်ကပါလာသော ဆန်ကိုယူလျက် အနီးရှိရွာသို့ ထမင်းချက်ရန် သွားရ၏။

ဥစ္စာတပ်မက်အားလုံပျက်

ဥစ္စာကို စောင့်နေရစ်သူသည်“ထမင်းချက်သွားသူ အဖော်နှင့် ဥစ္စာကို နှစ်စုပြုကာ ခွဲဝေရလျှင် ငါ့မှာ အရနည်းချေတော့မည်၊ ထိုသူ ပြန်လာလျှင် အမြန်သတ်မှ တော်မည်” ဟု အကောက်ကြံကာ သတ်ရန် အသင့်ပြင်ဆင်လျက်နေနှင့်၏။ ထမင်းချက်သွားသူလည်း “ဥစ္စာစောင့်ရစ်သူနှင့် ခွဲဝေရလျှင် ငါ့မှာအရနည်းချေတော့မည်၊ ထိုသူကို ထမင်းတွင် အဆိပ်ခတ်၍သတ်မှ တော်မည်ဟု နည်းတူပင်အကောက်ကြံကာ ထမင်းကျက်နပ်သောအခါ မိမိကိုယ်တိုင် စားပြီးလျှင် ကျန်ထမင်းကို အဆိပ်ခတ်၍ ယူဆောင်ကာဥစ္စာစောင့်ရစ်နေသူ ရှိရာသို့ ပြန်ခဲ့၏။

ထိုအခါ ဥစ္စာစောင့်ရစ်သူသည်ထမင်းထုပ်ကို ချသည်နှင့် တစ်ပြိုင်နက် ထမင်းချက်သူကို သန်လျက်နှင့် ပိုင်းဖြတ်၍သတ်ပြီးလျှင် တော်ရာအရပ်မှာ အလောင်းကို စွန့်ပစ်ကာ ထမင်းကို စားလေလျှင် အဆိပ်သင့်၍စားသည့် ထမင်းခွက်ပေါ်၌ လဲ၍ သေလေ၏။

ဤသို့လျှင် ဥစ္စာ၌တပ်မက်သော လောဘကြောင့် အလုံးစုံသော သူတို့သည် ပျက်စီးခြင်းသို့ ရောက်ကြရကုန်၏။

အလုံးစုံပျက်ဘိကျိုးမရှိ

တပည့် ပုဏ္ဏားသည် တစ်ရက်၊နှစ်ရက် လွန်လျှင် သူခိုးတို့အားပေးရန် ဥစ္စာကို ယူဆောင်၍ လာလေ၏။ချိန်းဆိုထားသောအရပ်သို့ ရောက်လျှင် ဆရာပုဏ္ဏားကြီးကို မမြင်ရဘဲ ဖရိုဖရဲပြန့်ကျဲနေသော ဥစ္စာတို့ကိုသာ မြင်ရသဖြင့် “ ဆရာသည် ငါ့စကားကို နားမထောင်ဘဲရတနာမိုး ရွာစေသဖြင့် အလုံးစုံသောသူတို့ ပျက်စီးကြသည် ဖြစ်လိမ့်မည်” ဟု ဆင်ခြင်ကာရှေ့သို့ အနည်းငယ်သွားပြန်၏။ ထိုအခါ ဆရာ ပုဏ္ဏားကြီး အလောင်းကိုတွေ့၍ “ ဩော် ...ငါ့ဆရာ ပုဏ္ဏားကြီးကား ငါ့စကားကို နားမထောင် အလွန် အဆုံးမခက်သည့်အတွက်ဖြစ်ရလေခြင်း” ဟု ယူကျုံးမရ ဖြစ်ကာ အလောင်းကို သင်္ဂြိုဟ်ပြီးလျှင် အစဉ်အတိုင်းသွားပြန်ရာ သူခိုးငါးရာ အလောင်းမှ စ၍ ကျန် သူခိုးနှစ်ယောက်၏ အလောင်းတို့ကိုပါတွေ့ပြန်သဖြင့် ဥစ္စာထုပ်ကို ရှာပြန်ရာ ချုံထဲတွင် တွေ့ပြန်လေ၏။

သံဝေဂရတရားပြ

ထိုအခါ တပည့် ပုဏ္ဏားသည်ဥစ္စာအတွက် အသက်ဆုံးရှုံးကြရသော ဆရာပုဏ္ဏားနှင့် သူခိုးတို့ကို သက်သေပြုကာ ကြီးစွာသံဝေဂဖြစ်လျက် -

“ငါတို့ဆရာပုဏ္ဏားကြီးသည် အရာဌာန ဟုတ်သည်, မဟုတ်သည်၊ အကြောင်း ဟုတ်သည်, မဟုတ်သည်၊ အချိန်ကာလရောက်သည်, မရောက်သည်ကို မဆင်ခြင် အစဉ်းစားဘဲ ရတနာမိုးကို ရွာစေသည့်အတွက်သူခိုးတို့ သတ်ဖြတ်၍ သေရလေပြီ။

သူခိုးတို့လည်းဥစ္စာကိုမှီ၍ ဖြစ်သော လောဘကို မသိမ်းဆည်းနိုင်ကြသည့်အတွက် အချင်းချင်း သတ်ဖြတ်၍သေကျေကြရကုန်ပြီ။ လောက၌ အကျိုးစီးပွားကို လိုလားသောသူတို့မှာ ဝေဒဗ္ဗပုဏ္ဏားကြီးကဲ့သို့မဖြစ်စေဘဲ အရာဌာန အချိန်အခါ ကာလကို စဉ်းစားနှိုင်းချိန်ကာ အားထုတ်ပြုလုပ်ကြ ရာသည်” –

ဟု တောအားလုံးကိုပဲ့တင်ထပ်စေလျက် သာယာစွာသော အသံဖြင့် တရားဟောလေ၏။ နတ်တို့လည်းကောင်းချီးပေးကြကုန်၏။

ထို့နောက်သူခိုးတို့ထားခဲ့သဖြင့် အကြောင်းသင့်၍ ပံ့သကူသဖွယ် စင်ကြယ်စွာ ရအပ်သော ဥစ္စာထုပ်ကိုယူဆောင်လျက် အိမ်သို့ပြန်၍ အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကာသေလွန်သည့် အခြားမဲ့၌ နတ်ရွာသို့ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဝေဒဗ္ဗပုဏ္ဏားကြီးသည် - ယခုအခါ အဆုံးမခက်သော ရဟန်း။

တပည့်ပုဏ္ဏား - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

[ပစ္စုပ္ပန်နှင့် အတိတ် ဝတ္ထုသွားချင်း တူနေ၍ အတိတ်မှာ ချုံးလိုက်သည်။]

ဆောင်ပုဒ်

(၁) ကျိုးလိုဆုံးမ၊ မနာက၊ မုချပျက်စီးမြဲ။

(၂) ကြောင်းရာချိန်ခွင်၊ သင့် မသင့်၊ နှိုင်းချင့်ပြုစမြဲ။

(၃) ဥစ္စာမိုးရွာ၊ ပုဏ္ဏားမှာ၊ ပညာသတ်သည့်နဲ။

ဝေဒဗ္ဗဇာတ် ပြီး၏။

***

၄၉- နက္ခတ်တ္တဇာတ်

မြို့နေသတို့သား၏ မင်္ဂလာကို နက္ခတ်မကောင်းဟု ပြောဆို၍ ဖျက်ဆီးသော အာဇိဝက အကြောင်း

ပစ္စုပ္ပန်ဝတ္ထု

ဆရာ့အမျက် မင်္ဂလာပျက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်နေသတို့သမီး မိဘများထံ ဇနပုဒ် သတို့သား မိဘများ လာရောက်၍ မိမိတို့သားနှင့်ထိမ်းမြားလက်ထပ်ရန် နေ့၊ ရက်ကို ချိန်းဆိုသတ်မှတ်ပြီးလျှင် ပြန်လာကြကုန်၏။

ချိန်ဆိုသတ်မှတ်သည့်နေ့၊ ရက်သို့ ရောက်လတ်သော် သတို့သား မိဘတို့သည် မိမိတို့ဆရာ အာဇိဝကအား “အရှင် ...ယနေ့ သတို့သားအတွက် ထိမ်းမြားမင်္ဂလာ ပြုလိုပါသည်၊ နက္ခတ်ကောင်းပါ၏လော” ဟုမေးမြန်းကြကုန်၏။ ဆရာ အာဇိဝကလည်း “ရှေးဦးစွာ ငါ့ကို မပြောကြားဘဲ နေ့၊ ရက်ချိန်းဆို သတ်မှတ်ပြီးမှ ပြောကြားကြကုန်သည်” ဟု အမျက်ထွက်၍ မင်္ဂလာပွဲကို ဖျက်ဆီးမည်ကြံစည်လျက် “ယနေ့ နက္ခတ်မကောင်းပါ၊ ဘယ်မင်္ဂလာမှ မပြုလုပ်ကြနှင့်၊ ပြုလုပ်ပါလျှင် အကြီးအကျယ်ပျက်စီးမည်” ဟု ဟောလေ၏။ သတို့သား မိဘတို့လည်း ဆရာအာဇိဝက စကားကို ယုံကြည်လျက်မသွားဘဲ နက်ဖြန်မှ သွားမည်ဟု ဆိုင်းငံ့ကာ နေကြကုန်၏။

သမီးမရပြန်ခဲ့ရ

မြို့နေ သတို့သမီးမိဘတို့လည်း မင်္ဂလာပွဲ ပြုလုပ်ရန် အခမ်းအနားကို အသင့်စီမံ၍ စောင့်ဆိုင်းနေကြရာဇနပုဒ်နေ သတို့သားမိဘတို့ မလာရောက်ကြသဖြင့် တခြား သတို့သား တစ်ယောက်နှင့်ထိမ်းမြား လက်ထပ်ကြကုန်၏။

နက်ဖြန်ဇနပုဒ်သားတို့ လာလတ်သော် သာဝတ္ထိပြည်သားတို့သည် ဇနပုဒ်သား တို့အား “သင်တို့ကားကိုယ်တိုင် နေ့၊ ရက် ချိန်းဆို သတ်မှတ်ပြီးမှ မလာကြကုန်၊ ငါတို့ကို မထီမဲ့မြင်ပြုကြသည်၊ သူယုတ်မာများ ဖြစ်သည်၊ သင်တို့ မလာသည့်အတွက် ငါတို့သမီးကို တခြား သတို့သား တစ်ယောက်နှင့်ထိမ်းမြားလက်ထက်ပြီးပြီ၊ သင်တို့ ပြန်ကြကုန်” ဟု ပြောဆို၍ လွတ်ကြ၏။ဇနပုဒ်သားတို့လည်း သတို့သမီးကို မရသဖြင့် မကျေမနပ်ဖြစ်၍ ပြန်ကြကုန်၏။

အာဇီဝကသည် လူတို့မင်္ဂလာကို ဖျက်ဆီးသော အကြောင်းမှာ ရဟန်းတို့ဘောင်တွင် ထင်ရှားလျက် ရဟန်းတို့သည်တရားသဘင်ဝယ် စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူပြီးလျှင်“ရဟန်းတို့ ...ဤ အာဇိဝကကား ယခုအခါမှသာ အမျက်ထွက်၍ လူတို့မင်္ဂလာကို ဖျက်ဆီးသည် မဟုတ်၊ရှေးအခါကလည်း ဖျက်ဆီးဖူးပြီ” ဟု မိန့်တော်မူကာ အေက်ပါအတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မင်္ဂလာဖျက်ရန်သူ့အကြံ

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဗာရာဏသီပြည်မြို့နေသတို့သားမိဘတို့သည် ဇနပုဒ်နေ သတို့သမီး မိဘများထံသွားကာ မိဘတို့ ဝတ္တရားရှိသည့်အတိုင်း ထိမ်းမြား လက်ထပ်ရန် ပြောဆိုကြောင်းလမ်းကာ မင်္ဂလာ အခမ်းအနားကိုပြုလုပ်ဧည့်ခံမည့် နေ့၊ ရက် အသေအချာ ချိန်းဆိုသတ်မှတ်ပြီး ပြန်လာကြကုန်၏။

မင်္ဂလာဆောင်ရန်နေ့၊ ရက် ရောက်လတ်သော် မြို့နေ သတို့သားမိဘတို့သည် မိမ်ိတို့ဆရာ အာဇီဝကအား “အရှင်ဘုရား ... သတို့သားအတွက် ယနေ့ပင် ထိမ်းမြားမင်္ဂလာ ပြုလိုပါသည်၊ နက္ခတ်ကောင်းပါ၏လော“ ဟုမေးမြန်းကြကုန်၏။ ဆရာအာဇိဝကသည် “ဤသူတို့ကား ငါ့ကို ရှေးဦးစွာ မပြောကြားဘဲမိမိတို့ အလိုအတိုင်း နေ့၊ ရက် သတ်မှတ်ပြီးမှ ပြောကြားလာကြသည်” ဟု အမျက်ဒေါသထွက်ကာ“သင်တို့မင်္ဂလာကို ငါ ဖျက်ဆီးမည်” ဟု အောက်မေ့ ကြံစည်လျက် “ဒါယကာတို့ ... ယနေ့အဖို့နက္ခတ်မကောင်းပါ၊ဘယ်မင်္ဂလာမှ မပြုလုပ်ကြပါနှင့်၊ အကယ်၍ မင်္ဂလာပြုလုပ်ပါလျှင်ပြုလုပ်သူတို့မှာ အကြီးအကျယ် ပျက်စီးမည်” ဟု ပြောလေ၏။

အလိမ်ဉာဏ်သုံးမယားဆုံး

မြို့နေသတို့သားမိဘတို့လည်း ဆရာအာဇီဝကစကားကို ယုံကြည်သဖြင့် “ ယနေ့အဖို့ မင်္ဂလာဆောင်မသွားလို၊ နက်ဖြန်မှ သွားကြမည်” ဟု ဆိုင်းငံ့ကာ နေကြလေ၏။

ဇနပုဒ်နေသတို့သမီး မိဘများလည်း လက်ထပ်မင်္ဂလာ ပြုလုပ်ရန် ချိန်းဆိုထားသော နေ့၊ ရက်သို့ရောက်သဖြင့် မင်္ဂလာ အခမ်းအနားကို ပြင်ဆင်ကာ ရောက်လာသမျှ ပရိသတ်တို့အားကျွေးမွေးဧည့််ခံရန် အသင့်ပြင်ဆင်ထားကြကုန်၏။ အာဇီဝက စကားကို ယုံစားကြသော မြို့နေသတို့သား မိဘတို့ကား ချိန်းဆိုထားသော နေ့၊ ရက်သို့ ရောက်သော်လည်း မလာကြကုန်။

ထိုအခါ သတို့သမီးမိဘတို့သည် “ဤမြို့သားတို့ကား ယခုတိုင် မလာရောက်ကြပေ၊ သူတို့ပင် နေ့၊ ရက်ကိုချိန်းဆိုသွားကြသည်၊ သူတို့ပင် မလာဘဲ ပျက်ကွက်ကြသည်၊ သင်းတို့ လာသော်လည်းအာအကျိုးရှိမည်နည်း၊ မလာသော်လည်း ဘာအရေးကြီးမည်နည်း” ဟု စိတ်ဆိုးကာစီရင်ထားမြဲတိုင်း မင်္ဂလာပွဲ အခမ်းအနားဖြင့်ပင် တခြား သတို့သား တစ်ယောက်နှင့်လက်ထပ်ထိမ်းမြား ပေးစားလိုက်လေ၏။

လက်ထက်ရန်လာလွဲပြန်ရှာ

နက်ဖြန် ရောက်လတ်သော်မြို့နေ သတို့သား မိဘတို့သည် သတို့သမီး မိဘတို့ထံသို့ လက်ထပ်မင်္ဂလာ ပြုလုပ်ရန်လာကြကုန်၏။ ထိုအခါ ဇနပုဒ်သားတို့သည် မြို့သားတို့အား “ မြို့သားတို့ ... သင်တို့ကားအရှက်မရှိကြကုန်၊ စကားမတည်ကြကုန်၊ ငါတို့ကို မလေးမခန့် ပြုကြသည်၊ အလွန်ယုတ်မာကြသည်၊ ကိုင်တိုင် နေ့၊ ရက်လာ၍ချိန်းဆိုပြီးဖြစ်လျက် မလာကြကုန်၊ သင်တို့ မလာကြသည့်အတွက် ငါတို့မှာမင်္ဂလာပွဲပျက်ကာ အရှက်ကွဲမခံနိုင်၊ သို့အတွက် ပြုလုပ်စီမံပြီး ပွဲအခမ်းအနားဖြင့်ပင်တခြား သတို့သား တစ်ယောက်နှင့် ထိမ်းမြားလက်ထပ် ပေးစားလိုက်ပြီ၊ သင်တို့လာလမ်းအတိုင်း ပြန်ကြပေတော့” ဟု ပြောလေ၏။

ဆရာလိမ်အားကိုးပျက်စီးရိုး

မြို့သားတို့လည်းဇနပုဒ်တို့အား “ဇနပုဒ်သားတို့ ... ငါတို့အား သမီးကို ပေးကြကုန်၊ ငါတို့ မလာသည်မှာကတိဖျက်လို၍ မဟုတ်ပါ၊ ဆရာအာဇီဝကက နက္ခတ် မကောင်းဆိုသဖြင့် မလာရပါ” ဟု ပြောလေ၏။ဤသို့ ဇနပုဒ်သားတို့နှင့် မြို့သားတို့ အချင်းချင်း ခိုက်ရန်ဖြစ်နေကြစဉ် မြို့မှတစ်စုံတစ်ရာ ကိစ္စဖြင့် ဇနပုဒ်သို့ ရောက်နေသော ပညာရှိတစ်ယောက်သည် “ဆရာအာဇီဝကကနက္ခတ်မကောင်းဆို၍ မလာရပါ” ဆိုသောမြို့သားတို့ စကားကို ကြားလျှင် -

“အမောင်တို့... ကောင်းကင်ရှိ နက္ခတ်တို့ကား ဘာအကျိုးရှိသနည်း၊ နက္ခတ်ကောင်းကို စောင့်ဆိုင်းနေသည့်လူမိုက်မှာ သတို့သမီးကို ရရှိရန် အကျိုးထူးမှ လွဲခဲ့ပြီ လွန်ခဲ့ပြီ မဟုတ်လော၊အကျိုးကို အလိုရှိသူမှာ လိုအပ်သော အကျိုးကို ရခြင်းသာ နက္ခတ်ကောင်းဖြစ်သည်”

ဟု ပြောဆိုလေ၏။မြို့သားတို့လည်း ခိုက်ရန်ပြုကာ သတို့သမီးကို မရတော့ဘဲ မရှုံးပေးပြီးပြန်ခဲ့ကြရကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ အာဇီဝကသည် - ယခုအခါ အာဇီဝက။

သာဝတ္ထိပြည်နေ အမျိုးသားသည် - ဇနပုဒ်နေ အမျိုးသား။

ပညာရှိသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

[ပစ္စုပ္ပန်နှင့် အတိတ် ဝတ္ထုသွား တူသည်။]

ဆောင်ပုဒ်

(၁) ကောင်းကင်၌သွား၊ နက္ခတ်များ၊ ကျိုးကားမပြီးနိုင်။

(၂) နက္ခတ်စောင့်ငြား၊ လူမိုက်ကား၊ မယားဆုံး၍မှိုင်။

နက္ခတ္တဇာတ် ပြီး၏။

***

၅၀- ဒုမ္မေဓဇာတ်

ဒုစရိုက်သမားတို့အား ယဇ်နတ်ပူဇော်မည်ဟု ဥပါယ်ဉာဏ်သုံး၍ တိုင်းသူပြည်သားတို့အားနတ်ရွာလားစေသော ဗြဟ္မဒတ်မင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆရာ့အမျက် မင်္ဂလာပျက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည်တရားသဘင်ဝယ် မြတ်စွာဘုရားသည် သတ္တလောက၏ အကျိုးစီးပွားကို ကျင့်တော်မူကြောင်းစကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူကာ“ရဟန်းတို့ ... ယခုအခါငါဘုရားသည် သတ္တလောက၏ အကျိုးစီးပွားကို ကျင့်သည်မှာ အံဖွယ်မရှိသေး၊ရှေးနုစဉ်အခါကလည်း ကျင့်တော်မူဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

[ဒွါဒသနိပါတ် မဟာကဏှဇာတ်၌ အကျယ်လာသည်။]

အတိတ်ဝတ္ထု

နတ်ပူဇော်လတ်သူ့သက်သတ်

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုမင်း၏ မိဖုရားကြီး၌ဗြဟ္မဒတ်မည်သော သားတော်တစ်ယောက် ရှိလေ၏။ ထိုသားတော်ကို အသက်ဆယ့်ခြောက်နှစ်ရှိသောအခါ တက္ကသိုလ်ပြည်သို့ စေလွှတ်၍ ပညာသင်ကြားစေရာ တစ်ဆယ့်ရှစ်ရပ်သော အတတ်တို့၌တစ်ဖက်ကမ်းရောက် တတ်မြောက်ပြီးလျှင် မယ်တော်၊ ခမည်းတော်တို့ထံ ပြန်ခဲ့လေ၏။ အဖမင်းကြီးလည်း သားတော်အး အိမ်ရှေ့မင်းရာထူးကိုပေး၍ မြှောက်စားတော်မူ၏။

ထိုစဉ်အခါဗာရာဏသီပြည်ရှိ လူအပေါင်းတို့သည် နတ်ကို ကိုးကွယ်ကြကုန်၏။ ရှိခိုး ပူဇော်ကြကုန်၏။ပန်းနံ့သာတို့ဖြင့် လည်းကောင်း၊ ဆိတ်, ဝက်, ကြက်, ငှက် စသည်တို့ကို သတ်ဖြတ်ကာ အသားအသွေးတို့ဖြင့် လည်းကောင်း ပူဇော်လေ့ ရှိကြကုန်၏။

ဥပါယ်ဉာဏ်သွင်းအိမ်ရှေ့မင်း

အိမ်ရှေ့မင်းသည် “ယခုအခါလူတို့သည် နတ်ကို ကိုးကွယ်ကြကုန်၏။ သတ္တဝါတို့ အသက်ကို သတ်ဖြတ်ကာ မတရားမှုကိုပြုကြကုန်၏။ ငါသည် အဖမင်းကြီး နတ်ရွာစံသောအခါ မင်းဖြစ်မူကား တစ်ဦးတစ်ယောက်ကိုမျှမညှဉ်းဆဲဘဲ သတ္တဝါတို့ကို မသတ်ရအောင် တားဖြစ်မည်” ဟု ကြံစည်ကာ အကြောင်းဥပါယ်ကိုရှာလျက်နေ၏။

တစ်နေ့သ၌ရထားစီးကာ မြို့ပြင် ထွက်လက်သော် ပညောင်ပင်ကြီး တစ်ခုဝယ် လူအများ စုံရုံးလျက်အလိုရှိရာဆုကို တောင်းနေကြသည်ကို မြင်လေ၏။ အိမ်ရှေ့မင်းလည်း ရထားမှ ဆင်းသက်၍ပညောင်ပင်ရင်းသို့ ကပ်ပြီးလျှင့် နံ့သာပန်းတို့ဖြင့် ပူဇော်ကာ ရေသွန်းလောင်းလျက်လက်ယာရစ်လှည့်ကာ နတ်ပိုပူဇော်သော သူများအဟန် ပြုလုပ်လေ၏။ ဤသို့သောနည်းဖြင့်ရံခါရံခါ ပညောင်ပင်ကြီးသို့ သွားကာ ပြုလုပ်လေ၏။

အဖမင်းကြီးနတ်ရွာစံသောအခါ မင်းအဖြစ်သို့ ရောက်လတ်သော် အဂတိလေးပါး မလိုက်စားဘဲ မင်းကျင့်တရားဆယ်ပါးနှင့် ညီညွတ်စွာ မင်းပြုလေ၏။

မင်းအဖြစ်ရတိုင်ပင်ကြ

တစ်နေ့သ၌ မင်းကြီးသည်“ငါကား ယခုအခါ စိတ်နှလုံး အလိုပြည့်ပြီ၊ မင်းအဖြစ်သို့ ရောက်ပေပြီ၊ ငါအိမ်ရှေ့မင်း ဖြစ်စဉ် အကြံတစ်ခုရှိသည်၊ ၎င်းအကြံကို ယခုအခါ အပြီးသို့ ရောက်စေမည်” ဟုအမတ်၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ် စသည်တို့ကို စည်းဝေးစေ၍ - “အချင်းတို့ ... ငါသည်အဘယ်ကြောင့် မင်းအဖြစ်ကို ရသနည်း သိကြ၏လော” ဟု မေးလေလျှင် “မင်းကြီး ...ကျွန်ုပ်တို့ မသိပါကုန်” ဟု လျှောက်ထားသောအခါ “ငါသည် အိမ်ရှေ့မင်းဖြစ်စဉ်-

ဤမည်သောပညောင်ပင်ကြီးဝယ် နံ့သာပန်းတို့ဖြင့် ပူဇော် ရှိခိုးသည်ကို မြင်ဖူးကြပါသလော” ဟုမေးလျှင် “အရှင်မင်းကြီး .... မြင်ဖူးပါသည်”ဟု လျှောက်ထားလေ၏။ “ငါသည် သင်နတ်မင်း၏ အာနုဘော်ဖြင့် မင်းအဖြစ်ကို ရပါမူသင်နတ်မင်းအား ပူဇော်ပါမည်ဟု ဝန်ခံထားခဲ့ရာ ယခုအခါ နတ်မင်း အာနုဘောဖြင့်မင်းအဖြစ်သို့ ရောက်ပေပြီ၊ သို့အတွက် နတ်မင်းအား ပူဇော်ရပေမည်၊ သင်တို့သည်ပူဇော်ဖွယ်တို့ကို စီရင် ကြကုန်လော့” ဟု မိန့်ဆိုလေ၏။

နတ်ရွာလားကြောင်းကြံဉာဏ်ကောင်း

ထိုအခါ အမတ်၊ ပုဏ္ဏား စသည်တို့သည် မင်းကြီးအား “အရှင်မင်းကြီး ...နတ်မင်းကို ပူဇော်ရန် အကျွန်ုပ်တို့ ဘယ်လိုစီရင်ရပါမည်နည်း” ဟု လျှောက်လေသော် -

“အချင်းတို့... ငါသည် အိမ်ရှေ့မင်းဖြစ်စဉ် ငါ၏ နိုင်ငံဝယ် ငါးပါးသီလကို မစောင့်သောသူ၊ ဒုစရိုက် ဆယ်ပါးကို ပြုကျင့်သောသူတို့ကို သတ်၍ အူသိမ်၊ အူမ၊ အသား၊ အသွေး၊ နှလုံးတို့ဖြင့် ပူဇော်မည်ဟုဝန်ခံထားခဲ့သည်။ သို့အတွက် ဝန်ခံထားခဲ့သည့်အတိုင်း ပူဇော်ရန်တိုင်းသူပြည်သားတို့အား ထိုအကြောင်းကို သိအောင် စည်လည်စေကြကုန်လော့” –

ဟု အမိန့်ပေးလေ၏။

ထိုအခါအမတ်တို့သည် မင်းကြီး၏ အမိန့်တော်အတိုင်း တစ်ဆယ့်နှစ်ယူဇနာ ကျယ်ဝန်းသောဗာရာဏသီမြို့ကြီးဝယ် လှည့်လည်ကာ-

“အချင်းတို့ ...ဗြဟ္မဒတ်မင်းကြီး တိုင်းနိုင်ငံဝယ် ငါးပါးသီလ မစောင့်သေသူ၊ ဒုစရို ဆယ်ပါးကိုပြုကျင့်သောသူ တစ်ထောင်တို့ကို သတ်၍ အူသိမ်၊ အူမ၊ အသား၊ အသွေး၊ နှလုံးတို့ဖြင့်ပညောင်ပင်စောင့် နတ်အား ပူဇော်လိမ့်မည်” –

ဟု စည်လည်စေကုန်၏။

ထိုစည်သံကိုကြားရသော တိုင်းသူပြည်သားတို့သည် စည်လည်သောအခါမှစ၍ ငါးပါးသီလ မစောင့်သူ၊ဒုစရိုက်ဆယ်ပါး လွန်ကျူးသူဟူ၍ တစ်စုံတစ်ယောက်မျှ မရှိတော့ပေ။ တစ်ပြည်လုံးကုသိုလ်ကောင်းမှုကို ပြုစုအားထုတ်ကြကာ သေလွန်သည့် အခြားမဲ့၌ နတ်ပြည်သို့လားကြရကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းပရိသတ်သည် - ယခုအခါ ငါဘုရား ပရိသတ်။

ဗြဟ္မဒတ်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

[ပစ္စုပ္ပန်နှင့် အတိတ် ဝတ္ထုသွား တူသည်။]

ဆောင်ပုဒ်

(၁) ဒုစရိုက်ပွား၊ ညောင်နတ်အား၊ သားစားပူဇော်မည်။

(၂) ပရိယာယ်ကြောင့်၊ တရားစောင့်၊ ဖြောင့်ဖြောင့် ထက်နတ်ပြည်။

ဒုမ္မေဓဇာတ် ပြီး၏။

***

၆။ အာသီသဝဂ် ၅၁ - မဟာသီလဝဇာတ်

မေတ္တာတရားကျင့်သုံးသဖြင့် နတ်ဘီလူး စောင့်ရှောက်၍ တိုင်းပြည်ပြန်ရသော သီလဝမင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လုံ့လဟူက မလျှော့ရ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ်လုံ့လဝီရိယ ယုတ်လျော့သော ရဟန်းတစ်ပါး ရှိသတတ်။

ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံ ဆောင်ယူ၍ သွားကြရာ မြတ်စွာဘုရားသည်“ချစ်သား ရဟန်း ... သံသရာ ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော ငါဘုရား သာသနာတော်ဝယ်ရဟန်းပြုပါလျက် အဘယ်ကြောင့် လုံ့လဝီရိယ ယုတ်လျော့ဘိသနည်း၊ ရှေးပညာရှိတို့သည်လုံ့လဝီရိယ ရှိသည့်အတွက် ဆုံးရှုံး လက်လွှတ်လေပြီသော မင်းစည်းစိမ်ကိုပင် ပြန်၍ရဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အမတ်ဆိုးညစ် လူယုံဖြစ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် မဟာသီလဝမင်းသည်မင်းပြုလေ၏။ ထိုမင်းသည် အကျင့်သီလရှိ၏။ ဥပုသ်သီတင်း ဆောက်တည်၏၊ တရားသဖြင့်မင်းပြု၏၊ သတ္တဝါတို့အပေါ်မှာ ခန္တီ၊ မေတ္တာ၊ ကရုဏာနှင့် ပြည့်စုံ၏။ မြို့တံခါးလေးမျက်နှာ၊ မြို့လယ်၊ နန်းတော် တံခါး ဤခြောက်ဌာနဝယ် အလှူတင်းကုတ် ခြောက်ဆောင်ဆောက်လုပ်၍ ကိုးကွယ်ရာမဲ့သူ၊ ခရီးသွားတို့အား လှူဒါန်း ပေးကမ်းလေ့ရှိ၏။

ထိုအခါ နန်းတွင်း၌ ပြစ်မှား၍ မတရား ပြုကျင့်သော အမတ်တစ်ယောက်ကို မဟာသီလဝမင်းသိတော်မူလျှင် “ဟယ် အမတ်မိုက် ... ငါ့ နိုင်ငံမှာ မနေနှင့်၊ သားမယားနှင့် တကွအမြန်သွားလော့” ဟု နှင်ထုတ်လေ၏။ အမတ်မိုက်လည်း ကောသလတိုင်းသို့ သွား၍ကောသလမင်းကြီးထံ ခစားသဖြင့် မကြာမီ နန်းတွင်းသား လူယုံတော်အဖြစ်သို့ ရောက်လေ၏။

ဇနပုဒ်ဖျက်ရန်စေခိုင်းပြန်

တစ်နေ့သ၌ အမတ်မိုက်သည် ကောသလမင်းကြီးကို“အရှင်မင်းကြီး ... ဗာရာဏသီပြည်ကား ပျားကောင်မရှိသော ပျားလဘို့နှင့် တူ၏။ မင်းလည်းအလွန် နူးညံ့၏။ စစ်သည်ဗိုလ်ပါ အနည်းငယ်နှင့် သိမ်းယူလျှင် ရနိုင်မည်” ဟုလျှောက်လေ၏။

မင်းကြီးလည်း အမတ်စကားကို ကြားလျှင် “အို အမတ် ...ဗာရာဏသီပြည်ကား ကြီးကျယ်၍ဗိုလ်ပါများလှ၏၊ သင် မဖြစ်နိုင်သော စကားကို ပြောဆိုဘိ၏၊ သင်သည် သူလျှိုလော” ဟုမေးလေ၏။ အမတ်မိုက်သည် မဟုတ်ပါ ဆို၍ “မယုံလျှင် ပစ္စန္တရာဇ်ကို ဖျက်ဆီးရန် လူတို့ကိုစေလွှတ်၍ စုံစမ်းပါ၊ မင်းကြီးထံ ဖမ်းသွားလျှင် ပစ္စည်းဥစ္စာပေး၍ လွှတ်ပါလိမ့်မည်” ဟုလျှောက်ပြန်၏။

မင်းကြီးလည်း လျှောက်ဖန်များလတ်သော် မင်းချင်း တို့ကို စေလွှတ်ကာ တိုင်းစွန်ဖြစ်သောပစ္စန္တရာဇ်ကို ဖျက်ဆီးစေ၏။ ပစ္စန္တရာဇ်သားတို့သည် ဗာရာဏသီမင်းကြီးထံ ဖမ်းဆီး၍ ပို့ရာအနူးညွတ်ဆုံးမကာ ပစ္စည်းဥစ္စာပေး၍ လွှတ်လိုက်၏။ နောက်တစ်ဖန် တိုင်းအလယ်ဖြစ်သောပစ္စန္တရာဇ်ကို ဖျက်ဆီးစေပြန်၏။ နောက်တစ်ဖန်လည်း ပစ္စည်းဥစ္စာပေး၍ လွှတ်လိုက်ပြန်၏။နောက်တစ်ဖန် မြို့တွင်း လမ်းခရီးကို ဖျက်ဆီးစေပြန်၏။ ရှေးအနည်းအတူ ပစ္စည်းဥစ္စာ ပေး၍လွှတ်လိုက်ပြန်၏။

လူစွမ်းကောင်းများတားမြစ်ထား

ထိုအခါ ကောသလမင်းသည် အလွန်းနူးညံ့လျက်တရားစောင့်သော မင်းအဖြစ်ကိုသိ၍ မကြောက်ရွံ့ဘဲ ဗာရာဏသီပြည်ကြီးကို သိမ်းယူရန်စစ်သည်ဗိုလ်ပါနှင့် ထွက်လေ၏။

ထိုအခါ မဟာသီလဝမင်း၏ အလွန်ရဲရင့်လျက် ဇမ္မူဒိပ် တစ်ကျွန်းလုံးကိုပင်သိမ်းယူနိုင်အောင် အစွမ်းသတ္တိရှိသော အမတ်တစ်ထောင်တို့သည် ထိုအကြောင်းကိုကြား၍မင်းကြီးထံ ခစားကာ “အရှင်မင်းကြီး ... ရန်သူ ကောသလမင်း နိုင်ငံစပ်မရောက်မီအကျွန်ုပ်တို့ သွားဖမ်းပါမည်” ဟု လျှောက်လေသော် “အမောင်တို့ ... ငါ့ အတွက် သူတစ်ပါးဆင်းရဲပင်ပန်းခြင်းကိစ္စ မရှိစေလင့်၊ တိုင်းပြည်ကို လိုချင်လျှင် ယူပါစေ၊မသွားကြနှင့်” ဟု တားမြစ်လေ၏။

တိုင်းပြည်အပ်နှင်းသီလဝမင်း

ကောသလမင်းသည် ခုခံသူ မရှိသဖြင့် အစဉ်အတိုင်းလာခဲ့ရာ မြို့တံခါးသို့ ရောက်၍ “ တိုင်းပြည်ကိုလည်း ပေးမည်လော၊ စစ်သော်လည်းတိုက်မည်လော” ဟု မဟာသီလဝမင်းအား သတင်းစကား ပေးပို့လိုက်၏။ မဟာသီလဝမင်းလည်းသတင်းစကား ကြားလျှင် “စစ်မတိုက်လိုပါ၊ တိုင်းပြည်ကို ယူပါလော့” ဟုစကားတုံ့ပြန်လိုက်၏။

ကောသလမင်းလည်း စကားတုံ့ကို ကြားရလျှင် ဗာရာဏသီပြည် တစ်ပြည်လုံးကို သိမ်းယူကာမင်းပြုလျက် အပြစ်မရှိသော မဟာသီလဝမင်းကြီးကို အမတ်တစ်ထောင်နှင့် တကွ ဖမ်းဆီးကာသူသေပစ်ရာ သုသာန်သို့ ပို့ဆောင်၍ လည်ပင်းပမာဏရှိ တွင်းတို့ကို တူးစေပြီးလျှင်မဟာသီလဝမင်းကြီးကို အလယ်ကထားကာ အမတ်တို့ကို ဝန်းရံစေလျက် လည်ပင်းတိုင်အောင်တင်းကျပ်စွာ မြေမြှုပ်၍ ထားစေ၏။

သုသာန်ကျက်စားမြေခွေးများ

မဟာသီလဝမင်းကြီးလည်း အမတ်တို့အား “ အမောင်တို့ ....ရန်သူမင်းအပေါ် အမျက်မထွက်ကြနှင့်၊ မေတ္တာပွားကြကုန်လော့” ဟု ဆုံးမလေ၏။

လူသားကိုသာ စားနေကျဖြစ်သော မြေခွေး (ခွေးအ)တို့သည် သန်းခေါင်အခါတွင် သုသာန်သို့လာကြကုန်၏။ မြေခွေးတို့ကို မြင်လျှင် မင်းကြီးနှင့် အမတ်တို့သည် ညာသံပေးကာတစ်ပြိုင်နက် အော်ကုန်၏။ ထိုအခါ မြေခွေးတို့သည် ကြောက်ရွံ့သဖြင့် ပြေးကြကုန်၏။နောက်တစ်ကြိမ် လာပြန်ရာ ထိုနည်းအတူ အော်ကြသဖြင့် ပြေးကြပြန်၏။

သုံးကြိမ်မြောက် လာကြသောအခါ အော်ကြသော်လည်း နောက်မှ တစ်စုံတစ်ရာ လိုက်လာသူကိုမမြင်သဖြင့် သတ်ရန်ထားသူများ ဖြစ်လိမ့်မည်ဟု မကြောက်ရွံ့ဘဲ အနားသို့ ကပ်ကြ၏။ထိုသို့ ကပ်ကြရာတွင် မြေခွေးကြီးသည် မင်းကြီးထံသို့၊ ကြွင်းသော မြေခွေးငယ်တို့သည်အမတ်တို့ထံသို့ ကပ်ကြကုန်၏။

သီလဝမင်းကြံ ဥပါယ်ဉာဏ်

မဟာသီလဝမင်းကြီးလည်း ဥပါယ်ဤ လိမ္မာရကား မြေခွေးကြီးလာသောအခါ ကိုက်ရန် ခွင့်ပေးသကဲ့သို့ လည်ပင်းကို မော့၍ထားနှင့်၏။ မြေခွေးကြီးသည်ဝင်၍ လည်းပင်းကို ကိုက်သောအခါ မေးရိုးဖြင့် မြဲမြံစွာညှပ်၍ ထားလေ၏။မြေခွေးကြီးလည်း လွတ်အောင် မရုန်းနိုင်တော့ဘဲ သေဘေးမှ ကြောက်ရွံ့ရကားခြေလေးဖက်တို့ဖြင့် မြေကိုယက်ကာ တအားရုန်းကန်လျက် အော်လေ၏။ မြေခွေးကြီး အော်သံကိုကြား၍ ကြောက်ရွံ့သဖြင့် တခြား မြေခွေးငယ်တို့လည်း ပြေးကြကုန်၏။

ထိုအခါ မဟာသီလဝမင်းကြီးလည်း မြေကြီးလျော့လာသည်ကိုသိ၍ မြေခွေးကြီးကို လွှတ်ကာကိုယ်ကို လူးလွန့်လျက် အပေါ်သို့ တက်ပြီးလျှင် အမတ်တို့ကို ကျင်းထဲမှ ဖော်ယူ၍ အမတ်အပေါင်း ခြံရံလျက် သုသာန်တွင် နေလေ၏။

ဘီလူးစာဝေတတ် ကျေးဇူးဆပ်

မကြာမီ ဘီလူး နှစ်ယောက်တို့သည် သူသေကောင်တစ်ခုကိုရရာ အဝေမတည့်သဖြင့် မဟာသီလဝမင်းကြီးထံ ရောက်လာကြကုန်၏။ မင်းကြီးလည်းဘီလူးတို့အား “အမောင်တို့ ... ငါ ဝေဖန်ပေးလိုသော်လည်း ငါ့မှာ အညစ်အကြေးလိမ်းကျံလျက်နေသည်၊ သန်လျက်လည်း မရှိ၊ အဆင်သင့် စီမံပေးကြလော့” ဟု မိန့်ဆိုလေလျှင် ဘီလူးတို့သည် သူခိုးမင်းထံမှ အပြည့်အစုံယူကာ ရေချိုးစေခြင်း၊နံ့သာလိမ်းကျံစေခြင်း၊ အဝတ်တန်ဆာ ဆင်စေခြင်း၊ ပွဲတော်တည်စေခြင်းတို့ကိုပြုလုပ်စေပြီးလျှင် သန်လျက်အပ်ကြလေ၏။

မင်းကြီးလည်း လူသေကောင်ကို ဦးခေါင်းမှစ၍ သန်လျက်ဖြင့် နှစ်ခြမ်းခွဲကာ အညီအမျှဝေပေးသဖြင့် ဝမ်းမြောက် ဝမ်းသာ စားသောက်ပြီးလျှင် မင်းကြီးထံကပ်၍ “အရှင် မင်းကြီး... အကျွန်ုပ်တို့ ဘယ်အမှုကို ပြုရမည်နည်း” ဟု မေးလျှောက်လေ၏။ မင်းကြီးလည်း“အမောင်တို့ ... သင်တို့ အာနုဘော်ဖြင့် ငါ့ကို ငါအိပ်နေကျကျက်သရေတိုက်ခန်းသို့ ရောက်အောင်၊ အမတ်တို့ကိုလည်း အသီးသီး ၎င်းတို့အိမ်သို့ရောက်အောင် ပို့ကြလော့” ဟု မိန့်ဆိုလေ၏။ ဘီလူး တို့လည်း မိမိတို့ အာနုဘော်ဖြင့်မင်းနှင့်တကွ အမတ်တို့ကို နေရာတကျ ပြန်ပို့ကြသဖြင့် ညဉ့်တွင်းချင်းပင် မိမိတို့နေရာသို့ အသီးသီး ပြန်ရောက်ကြကုန်၏။

ကောသလမင်းကြောက်ဝန်ချလျှောက်

မဟာသီလဝမင်းကြီးလည်း သူခိုးမင်း အိပ်ပျော်နေစဉ်သန်လျက်ဖြင့် ဝမ်းဗိုက်ကို ခတ်လတ်သော် အိပ်ရာမှ နိုးကာ ဆီမီးရောင်တွင်တန်ဆာဆင်လျက် သန်လျက်လွယ်၍နေသော မဟာသီလဝမင်းကြီးကို မြင်လေ၏။ ထိုအခါ သူခိုးမင်းသည်အိပ်ရာမှထပြီးလျှင် “အရှင်မင်းကြီး ... အစောင့်အရှောက်တို့ဖြင့် လုံခြုံလှသော ဤနေရာသို့ ဘယ်လို ရောက်လာပါသနည်း” ဟု မေးလေ၏။

မဟာသီလဝမင်းကြီးသည် “ဘီလူးတို့ပို့၍ ရောက်လာပါသည်” ဟု မိမိ ဖြစ်ပျက်ခဲ့သမျှအကြောင်းစုံကို ပြောကြားလေ၏။ သူခိုးမင်းလည်း အလွန် ထိတ်လန့်တုန်းလှုပ်သော စိတ်ရှိသည်ဖြစ်၍ -

“အရှင်မင်းကြီး ... ကျွန်ုပ်ကား လူသားစင်စစ် ဖြစ်ပါလျက် အရှင်မင်းကြီးတို့ဂုဏ်ကျေးဇူးကို မသိလေ၊ သတ္တဝါတို့ အသား အသွေးကို စားသောက်ကာ ကြမ်းကြုတ်လှစွာသောဘီလူးတို့ပင် သိကြသေးသည်၊ သီလနှင့် ပြည့်စုံသော အရှင်မင်းကြီးအား အကျွန်ုပ် ပြစ်မှားမိသည်ကိုသည်းခံတော်မူပါ” –

ဟု ကန်တော့ ဝန်ချပြီးလျှင် သန်လျက်ကိုယူ၍ နောက် အရှင်မင်းကြီးကို မပြစ်မှားဝံ့ပါဟုကျိန်စာဆိုပြီးလျှင် မဟာသီလဝမင်းကြီးကို ညောင်စောင်းပေါ်မှာ အိပ်စေလျက် မိမိကားညောင်စောင်းငယ်တွင် အိပ်လေ၏။

လုံ့လမြဲက ချီးကျူးရ

နံနက် မိုးလင်းသောအခါ ကောသလမင်းသည် အမတ်တို့ကိုစည်းဝေးစေ၍ မဟာသီလဝမင်းကြီး၏ ဂုဏ်ကျေးဇူးကို ပြောဆိုပြီးလျှင် မင်းစည်းစိမ်ကိုပြန်လည်အပ်နှင်း၍ အရှင်းမင်းကြီးတို့ ဘေးရန်ကို အကျွန်ုပ် စောင့်ရှောက်ပါမည်၊တရားသဖြင့် မင်းပြုတော်မူပါဟု လျှောက်ထား၍ ကုန်းတိုက်သော အမတ်ကိုအပြစ်ဒဏ်ပေးစေပြီးလျှင် စစ်သည် ဗိုလ်ပါနှင့်တကွ မိမိတိုင်းပြည်သို့ ပြန်လေ၏။

မဟာသီလဝမင်းကြီးလည်း အမတ်တစ်ထောင်တို့ကို စည်းဝေးစေပြီးလျှင် “အမောင်တို့ ...ငါနှင့်တကွ အမတ်တစ်ထောင်တို့ အသက်ကို ရရှိခြင်း၊ ဆုံးရှုံးလေပြီးသောထီးနန်းစည်းစိမ်ကို ပြန်၍ ရရှိခြင်းမှာ ငါ အားထုတ်၍ မဟုတ်လော” ဟုမိန့်တော်မူပြီးလျှင် -

“အမောင်တို့ ... လောကမှာ ပညာရှိ ယောကျ်ားကောင်းမှန်လျှင် လုံ့လဝီရိယကို မလျှော့ရာ၊မပျင်းရိရာ၊ လုံ့လဝီရိယ ရှိသူမှာ စည်းစိမ်ချမ်းသာကို ရမြဲ ဖြစ်သည်” –

ဟု လုံ့လဝီရိယရှိသူကို ချီးကျူးကာ တရားဟောလေ၏။

ဤဒေသနာတော်၏ အဆုံး၌ လုံ့လဝီရိယ လျှော့သော ရဟန်းသည် အရဟတ္တဖိုလ်၌တည်၍ ရဟန္တာအဖြစ်သို့ရောက်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်-

ရဟန်းတို့ -

ထိုအခါ ကောသလမင်းသည် - ယခုအခါ ဒေဝဒတ်။

အမတ်တစ်ထောင်သည် - ငါဘုရားပရိသတ်။

အဟာသီလဝမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မပျင်းမရိ၊ လုံ့လရှိ၊ရ၏လိုလိုရာ။

(၂) စိတ်လိုရှိက၊ဉာဏ်လုံ့လ၊ ကူမပြီးကြောင်းသာ။

(၃) သက်, စည်းစိမ်ဆုံး၊ပြည်ရထုံး၊ မှတ်အုံးသီလဝါ။

မဟာသီလဝဇာတ် ပြီး၏။

***

၅၂- စူဠဇနကဇာတ်

ပင်လယ်တွင်းသင်္ဘောပျက်ရာ လုံ့လကို မလျှော့သဖြင့် မင်းအဖြစ်ကိုရသော စူဠ ဇနကမင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လုံ့လလျှော့က ပြစ်တင်ကြ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ်လုံ့လဝီရယယုတ်လျော့သော ရဟန်းတစ်ပါး ရှိသတတ်။ ထိုရဟန်းသည် မြတ်စွာဘုရားထံရောက်၍မြတ်စွာဘုရားသည် “ချစ်သား ရဟန်း ... ငါဘုရား သာသနာတော်ဝယ် ရဟန်းပြုပါလျက်အဘယ်ကြောင့် လုံ့လဝီရိယ ယုတ်လျော့ဘိသနည်း” ဟု အပြစ်တင်ကာ အောက်ပါ အတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

[စူဠဇနကဇာတ်သည် အလုံးစုံ မဟာဇနက ဇာတ်နှင့်တူ၏။]

ယောကျ်ားအမွန်လုံ့လချွန်

အထူးကား စူဠဇနက မင်းကြီးသည်မိမိ၏ လုံ့လဝီရိယဖြင့် ထီးနန်းစည်းစိမ်ကို ရသောအခါ ထီးဖြူအောက်မှ နေလျက် -

လောက၌ပညာရှိယောကျ်ား မှန်လျှင် လုံ့လပြုရမည်၊ မပျင်းမရိရာ၊ လုံ့လပြုသည့်အတွက် ရေနစ်ရာမှကုန်းသို့တက်ကာ မင်းဖြစ်နေသော မိမိကိုယ်ကို မိမိမြင်ရပေပြီ -

ဟု မှူးမတ်တို့ အလယ်၌ ဥဒါန်းကျူးလေ၏။

ဤဒေသနာတော်၏အဆုံး၌ လုံ့လဝီရိယ လျော့သောရဟန်းသည် အရဟတ္တဖိုလ်၌တည်၍ ရဟန္တာအဖြစ်သို့ ရောက်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန်နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ စူဠဇနကမင်းသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မပျင်းမရိ၊ လုံ့လရှိ၊ ရ၏လိုလိုရာ။

(၂) စိတ်လိုရှိက၊ ဉာဏ်လုံ့လ၊ ကူမပြီးကြောင်းသာ။

(၃) သမုဒ်နစ်လေ၊ ဇနကေ၊ မသေမင်းဖြစ်လာ။

စူဠဇနကဇာတ် ပြီး၏။

***

၅၃- ပုဏ္ဏပါတိဇာတ်

ဆေးခတ်ထားသည့်သေအရက်အပြည့်သော ခွက်ဖြင့် သူဌေးအား လှည့်ဖြားခေါ်သော သေသောက်ကြူးတို့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သေရည်ဆေးဖျော် လှည့်ပတ်ခေါ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ်သေသောက်ကြူးတို့သည် သေရည်သောက်ပြီး မူးမေ့နေသူတို့ထံမှ ပစ္စည်း ဥစ္စာတို့ကိုလုယက်၍ယူမည် အကြံဖြင့် သေရည်တို့၌ မေ့လျော့စေတတ်သော ဆေးကိုခတ်၍ သေတင်းကုပ်၌ထားလျက်လာသမျှလူတို့ကို တိုက်ရန် အသင့်စောင့်နေကြကုန်၏။

ထိုအခါ အနာထပိဏ်သူဌေးသည် သေရည်ကို သောက်ရန်သွားသည်နှင့် ကြုံကြိုက်သဖြင့် သေရည်ကိုသောက်ရန်ဖိတ်ခေါ်ကြရာ သူဌေးမှာ သောတာပန်ဖြစ်၍ သေရည်ကို အလျဉ်းမသောက်သော်လည်း စုံစမ်းရန်သွားလေ၏။ သေသောက်ကြူးတို့ အမူအရာကို မြင်လျှင် သေရည်၌ ဆေးခတ်ထားသည်ကိုသိ၍ “အမောင်... အမောင်တို့ကား သေရည်ကို ချီးကျူးနေကြသော်လည်း ကိုယ်တိုင် မသောက်ဝံ့ကြ၊ မခုဆေးခတ်ထားသည် ဖြစ်လိမ့်မည်” ဟု ပြောဆိုကာ ခြိမ်းခြောက်မောင်မဲ၍ သေသောက်ကြူးတို့ကိုထိုအရပ်မှ ပြေးစေ၏။

နောင်အခါမြတ်စွာဘုရားထံ ရောက်လျှင် ထိုအကြောင်းကို လျှောက်ထားရာ မြတ်စွာဘုရား “သူဌေးကြီး ...ဤသေသောက်ကြူးတို့သည် ယခုအခါမှသာ သေရည်၌ ဆေးခတ်၍ လှည့်ပတ်ကြသည် မဟုတ်၊ ရှေးအခါကလည်းလှည့်ပတ်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သေသောက်ကြူးများစီမံထား

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒဏ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဗာရာဏသီပြည်၌သူဌေးကြီး ဖြစ်လေ၏။

ထိုအခါ သေသောက်ကြူးတို့သည်သေရည်ဝယ်ရန် အသပြာ ကုန်လတ်သော် စည်းဝေးတိုင်ပင်ကြရာ ကြမ်းကြုတ်သော သေသောက်ကြူးတစ်ယောက်က “အမောင်တို့ ... သေရည်ဖိုး မရှိလျှင် မစိုးရိမ်ကြနှင့်၊ သေတင်းကုပ်ဆောက်၍ သေရည်တို့၌ မေ့လျော့ထိုင်းမှိုင်းစေတတ်သော ဆေးခတ်ပြီးလျှင် လာသမျှလူတို့ကိုတိုက်၍ မေ့လျော့နေသောအခါပါသမျှ ပစ္စည်းတို့ကို လုယက်၍ ယူမည်” ဟု အကြံပေးလေ၏။ အားလုံးသော သေသောက်ကြူးတို့သည် စိတ်သဘောညီညွတ်ကာ တစ်နေရာတွင် သေတင်းကုပ်ဆောက်ပြီးလျှင် သေရည်တို့၌ ဆေးခတ်ကာ လာသမျှလူတို့ကိုတိုက်ရန် စောင့်ဆိုင်း၍ နေကြ၏။

ဗာရာဏဟီသူဌေးကြီးလည်း မင်းကြီးထံ အခစားသွားရန် အလာနှင့် ကြုံကြိုက်သဖြင့်သေသောက်ကြူးတို့သည် သူဌေးကြီးထံလာ၍ “ အရှင်သူဌေးမင်း ... သေရည်တို့ကို ကောင်းမွန်စွာစီမံထားပါသည်၊ သောက်ရန် ကြွတော်မူပါ” ဟု ဖိတ်ခေါ်ကြကုန်၏။

ခြိမ်းခြောက်ပြောမှထွက်ပြေးကြ

သူဌေးကြီးသည်မသောက်လိုသော်လည်း စုံစမ်းလိုသဖြင့် လိုက်ပါသွားကာ သေသောက်ကြူးတို့ အမူအရာကိုကြည့်သောအခါ “သေသောက်ကြူးတို့ လှည့်ပတ်ပုံရသည်၊ အမြန်သိအောင်ပြုမည်” ဟု ကြံစည်ကာ“အမောင်တို့ ... မင်းကြီးထံ သွားဦးမည်၊ သေရည်သောက်သွားလို့ မလျော်ပါ၊ အပြန်မှဝင်လာဦးမည်” ဟု ပြောဆိုကာ မင်းကြီးထံ သွားလေ၏။

ပြုဖွယ်ကိစ္စပြီး၍မင်းကြီးထံ မှ ပြန်လာသောအခါ သေတင်းကုပ်သို့ဝင်၍ ကြည့်ရှုစုံစမ်းလေ၏။သေသောက်ကြူးတို့ အမူအရာကိုမြင်လျှင် သေရည်တို့၌ ဆေးခတ်ကာ လှည့်ပတ်ထားမှန်းသိသဖြင့် “အမောင်တို့ ... ဤသေရည်ခွက်တို့မှာ ပြည့်မြဲတိုင်းသာ ပြည့်နေသည်၊ ပါးစပ်ကအတွင် ချီးကျူးနေကြသော်လည်း ကိုယ်တိုင် မသောက်ဝံ့ကြကုန်၊ မုချ ဆေးခတ်ထားသည်ဖြစ်လိမ့်မည်” ဟု ပြောဆိုကာ သေသောက်ကြူးတို့ ကြောက်လောက်အောင်ခြိမ်းခြောက်နှိပ်စက် ထိုအရပ်မှ ပြေးစေပြီးလျှင် အိမ်သို့ ပြန်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သေသောက်ကြူးတို့သည် - ယခုအခါ သေသောက်ကြူးတို့။

ဗာရာဏသီ သူဌေးကြီးသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သေကြူးအတတ်၊ သေဆေးခတ်၊ လှည့်ပတ်သောက်စေလို။

(၂) သောက်ကြသောသူ၊ မေ့လျော့မူ၊ လုယူပစ္စည်းကို။

ပုဏ္ဏပါတိဇာတ် ပြီး၏။

***

၅၄- ကိံဖလဇာတ်

သရက်သီးနှင့်တူသောအဆိပ်သီးများကို မဆင်ခြင်သူများစားမိ၍ ဆင်ခြင်သူများ မစားဘဲနေသော အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သစ်သီးအရာ သိလိမ္မာ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ်ဗာရာဏသီသူဌေးထံဝယ် သစ်သီးအရာ၌ လိမ္မာကျွမ်းကျင်သော ဥယျာဉ်စောင့် တစ်ယောက် ရှိလေ၏။

ထိုဗာရာဏသီသူဌေးသည်တစ်နေ့သ၌ ဘုရား အမှူးရှိသော သံဃာတော်များကို မိမိဥယျာဉ်သို့ ပင့်ဆောင်ကာယာဂုခဲဖွယ် လှူဒါန်းပြီးလျှင် ဥယျာဉ်စောင့်ကို ခေါ်၍ “အချင်း ဥယျာဉ်စောင့် ....ရဟန်းတော်တို့နှင့်တကွ ဥယျာဉ်တွင်းသို့ လှည့်လည်ကာ သစ်သီးတို့ကို လှူဒါန်းလော့” ဟုစေခိုင်း၏။

ဥယျာဉ်စောင့်လည်းရဟန်းတို့နှင့် လှည့်လည်ကာ သစ်ပင်အောက်ကနေလျက်ပင် “ဤသစ်သီး နုသည်၊ ဤသစ်သီးစိမ်းသည်၊ ဤသစ်သီးမှည့်သည်” ဟု လျှောက်ထားပြီး ဆွတ်ခူးရာ လျှောက်ထားတိုင်းဟုတ်မှန်နေလေ၏။

ရဟန်းတို့သည်ထိုအကြောင်းကို မြတ်စွာဘုရားထံ လျှောက်ထားကြရာ မြတ်စွာဘုရားသည် “ ချစ်သားရဟန်းတို့... ဤဥယျာဉ်စောင့်သာ သစ်သီးအရာ၌ ကျွမ်းကျင်လိမ္မာသည် မဟုတ်၊ ရှေးပညာရှိတို့လည်းကျွမ်းကျင်လိမ္မာသည်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လှည်းမှူးမှာကြားတပည့်များ

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည်လှည်းကုန်သည်မျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် လှည်းငါးရာတို့ အကြီးအမှူး ဖြစ်လေ၏။

တစ်နေ့သ၌လှည်းမှူးသည် လှည်းငါးရာတို့ဖြင့် ကုန်သွယ်သွားရာ တောအုပ်တစ်ခုသို့ ရောက်လျှင်တော်ထဲသို့ မဝင်မီ လှည်းသမားတို့ကို စည်းဝေးစေ၍ “အမောင်တို့ ... ဤတောအုပ်ဝယ်အဆိပ်ပင်၊ အဆိပ်ရွက်၊ အဆိပ်သီး၊ အဆိပ်ပွင့်၊ အဆိပ်ပျားတို့ ရှိကြသည်။ ရှေးအခါမသုံးဆောင်ဖူးသော အရာဟူသမျှကို ငါ့ကို မပြောကြားဘဲ မသုံးဆောင်ကြနှင့်” ဟု မှာထားဆုံးမလေ၏။

ဆင်တူရိုးမှားဆိပ်သီးများ

တောအုပ်သို့ ဝင်လတ်သော်အဝင်ဝတွင် တစ်ခုသော ရွာတံခါးဝယ် ကိံဖလ မည်သော သစ်ပင်တစ်ပင် ရှိလေ၏။ ပင်စည်၊ ကိုင်း၊ခက်၊ အရွက်၊ အသီး၊ အပွင့်၊ အနံ့၊ အရသာ တို့မှာ သရက်ပင်နှင့် အလုံးစုံတူကုန်၏။အဆင်းသဏ္ဌာန်ခြင်းသာ မတူကုန်။ စားသောသူတို့ကား လတ်တလော သေစေတတ်သော အဆိပ်ကဲ့သို့ခဏချင်းသာ လတ်တလော သေစေတတ်သော အဆိပ်ကဲ့သို့ ခဏချင်းသာ သေစေကုန်၏။

ထိုသစ်ပင်အောက်သို့ရောက်နှင့်သော လှည်းသမားတို့တွင် လျှပ်ပေးလော်လည်သော တချို့ လှည်းသမားတို့သည်သရက်သီး အမှတ်ဖြင့် စားနှင့်ကြကုန်၏။ တချို့လည်း လှည်းမှူးကိုပြရန်စောင့်ဆိုင်းနေကြကုန်၏။

စားသောက်မဆင်ခြင်သေပွဲဝင်

လှည်းမှူးရောက်၍အသီးကိုမြင်လျှင် “ အမောင်တို့ ... ဤအသီးကား သရက်သီး မဟုတ်၊ အဆိပ်သီး ဖြစ်သည်မစားကြနှင့်၊ စားလျှင် ခဏချင်း သေစေတတ်သည်” ဟု ပြောဆိုတားမြစ်လျက်စားပြီးသူတို့ကိုလည်း အန်စေပြီးလျှင် စတုမဓုကျွေးကာ အနာရောဂါ မရှိအောင်ပြုလုပ်ပေးလေ၏။

ရှေးက သွားဖူးသောလှည်းငါးရာတို့မှာ သစ်သီး၌ ကျွမ်းကျင်လိမ္မာသူ မပါ၊ သရက်သီး ထင်မှတ်၍ စားကြသဖြင့်သေကြဖူးကုန်၏။ ရွာနေလူတို့သည် နံနက်လင်းသောအခါ လာကြ၍ လူသေတို့ကို တော်ရာသို့ပို့ကာလှည်းနွား ပစ္စည်းတို့ကို ရဖူးကြကုန်၏။

ဆင်ခြင်နိုင်ရေးဆုံးမပေး

ထို့ကြောင့် ရွာနေလူတို့မှာ“ ညချမ်းတွင် ရောက်လာသော လှည်းကုန်သည်တို့လည်း သေနေကြဦးမည်” ဟု ထင်မှတ်ကာလှည်းနွား ပစ္စည်းတို့ကို ရလိမ့်ဦးမည် အနေဖြင့် အရုဏ်တက်၍ လာကြရာ အနာရောဂါမရှိသည်ကို သိ၍ လှည်းသမားတို့ကို “အမောင်တို့ ... အဘယ့်ကြောင့် ဤသစ်ပင်ကို သရက်ပင်မဟုတ်မှန်း သိကြသနည်း” ဟု မေးကြရာ “ကျွန်ုပ်တို့ မသိကြပါ၊ ကျွန်ုပ်တို့လှည်းမှူးသိပါသည်” ဟု ဆိုလျှင် လှည်းမှူးထံသွား၍ “အို ပညာရှိ ... အဘယ်ကြောင့်ဤသစ်ပင်ကို သရက်ပင် မဟုတ်မှန်း သိပါသနည်း” ဟု မေးကြကုန်၏။ လှည်းမှူးသည် သိခြင်းအကြောင်း နှစ်ပါးကို ပြလိုသဖြင့် -

“အမောင်တို့ ...

ဤသစ်ပင်ကား တက်၍လည်း မခက်ခဲ။၏

ရွာနှင့်လည်း မဝေး။

ဤအကြောင်းနှစ်ပါးကိုမြင်သဖြင့် သရပ်ပင် မဟုတ်၊ အဆိပ်ပင်မှန်း သိရသည်၊ အကယ်၍ အဆိပ်ပင် မဟုတ်လျှင်အသီးရှိတော့မည် မဟုတ်” –

ဟုလူအပေါင်းကို တရားဟောပြီးလျှင် လှည်းငါးရာနှင့်တကွ ချမ်းသာစွာ သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လှည်းမှူးပရိသတ်သည် - ယခုအခါ ငါဘုရား ပရိသတ်။

လှည်းမှူးသည် - ငါဘုရားဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) တက်လွယ်လူနီး၊ ရှိအသီး၊ ဆိပ်သီးဖြစ်၍သာ။

(၂) ရသာကြိုင်မွှေး၊ အပြစ်ဝေး၊ စားလွေးကြမည်သာ။

ကိံဖလဇာတ် ပြီး၏။

***

၅၅- ပဉ္စာဝုဓဇာတ်

ကပ်စေးနှဲဘီလူးကြီးအား အရှုံးမပေးဘဲ ငါးပါးသော လက်နက်နှင့် တိုက်ခိုက်သဖြင့် အနိုင်ရသောပဉ္စာဝုဓမင်းသား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လုံ့လရှေ့ဆောင်ကြံတိုင်းအောင်

နတ်လူတို့ဆရာ ဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လုံ့လဝီရိယ ယုတ်လျော့သောရဟန်းတစ်ပါး ရှိလေ၏။ ထိုရဟန်းကို မြတ်စွာဘုရားသည် ခေါ်တော်မူ၍ “ချစ်သား ရဟန်း ...အဘယ်ကြောင့် လုံ့လဝီရိယ ယုတ်လျော့ဘိသနည်း” ဟု အပြစ်တင်ကာ အောက်ပါအတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဆရာခွင့်ပန် ပြည်တော်ပြန်

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် မိဖုရားကြီးဝယ် သားတော်တစ်ပါးမွေးဖွားလေ၏။ ထိုအခါ ခမည်းတော်မင်းကြီးသည် လက္ခဏာဖတ် ပုဏ္ဏားတို့ကို ခေါ်၍ မေးလတ်သော်ပုဏ္ဏားတို့က “အရှင်မင်းကြီး ... ဤသတို့သားကား ဘုန်းကြီး၍ ထီးမွေ၊ နန်းမွေ ခံထိုက်သောသတို့သား ဖြစ်သည်၊ အထူးသဖြင့် လက်နက်ငါးပါး အမှုဝယ် အလွန် ထင်ရှားလိမ့်မည်” ဟု ဟောကြား၏။ထိုပုဏ္ဏားတို့ စကားကို အစွဲပြုကာ ပဉ္စာဝုဓ ဟူသော အမည်ကို မှည့်ကြကုန်၏။

ထို ပဉ္စာဝုဓမင်းသားသည် တစ်ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်လတ်သော် ဂန္ဓာရတိုင်း တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆရာကြီးထံသွားကာ ပညာသင်ကြားလေ၏။ပညာတတ်မြောက်လျှင် ဆရာကို ရှိခိုးခွင့်ပန်၍ ဆရာပေးလိုက်သော လက်နက်ငါးပါးကိုယူဆောင်လျက် ဗာရာဏသီပြည်သို့ ပြန်ခဲ့ရာ (ကပ်စေးနှဲ) ဘီးလူးစောင့်သော တောအုပ်သို့ရောက်လေ၏။

မင်းသားလုံ့လမလျှော့ချ

တောအုပ်အဝတွင် နေသောလူတို့မြင်လျှင် “အမောင် ... ဤတောအုပ်ထဲသို့ မဝင်လေနှင့်၊ ဤတော်အုပ်ထဲမှာ အလွန်ကပ်စေးသောအမွေးများပေါက်သည့် ကပ်စေးနှဲ ဘီလူးကြီးတစ်ကောင် ရှိသည်၊ ဝင်သမျှလူတို့ကိုအကုန်စားသည်” ဟု ပြောဆိုကာ တားမြစ်ကုန်၏။

ပဉ္စာဝုဓမင်းသားလည်း ထိုသူတို့ ပြောကြားသော်လည်း ကေသရာဇာ ခြင်္သေ့မင်းကဲ့သို့ ကြောက်ရွံ့ခြင်းမရှိဘဲ တောထဲသို့ ဝင်လေ၏။ အလယ်လောက်သို့ ရောက်လျှင် ကပ်စေးနှဲ ဘီလူးကြီးသည်အလွန်ကြီးမားလှသော ကိုယ်ကြီးကို ကြောက်မက်ဖွယ် ဖြစ်လောက်အောင် ဖန်ဆင်း၍ -

“ ဟေ့လူသား ရပ်လိုက်ပါ၊ နင် ငါ့အစာ ဖြစ်ပြီ” ဟု ပြောလေ၏။

ထိုအခါ ပဉ္စာဝုဓမင်းသားသည် အနည်းငယ်မျှ ကြောက်ရွံ့ ထိတ်လန့်ခြင်း မရှိဘဲ -

“ဟေ့ ဘီလူး ...ငါ့မှာ လက်နက် အပြည့်အစုံ စီမံလာသည်၊ ငါ့အနားကို သတိနှင့်ကပ်” ဟု ဆိုကာ -

လတ်တလောသေနိုင်သည့် အဆိပ်လူးမြားဖြင့် ပစ်လေ၏။ မြားသည် ဘီလူးကြီး အမွေးမှာ ကပ်၍ နေ၏။နောက်ထပ် မြားငါးဆယ် ကုန်အောင် ပစ်လေ၏။ ပစ်တိုင်း ပစ်တိုင်း အမွေးမှာ ကပ်လေ၏။ဘီလူးကြီးသည် မြားတို့ကို ခါ၍ ခြေရင်းမှာ ကျစေပြီးလျှင် မင်းသားအနားသို့ ကပ်လေ၏။သန်လျက်ဖြင့် ခုတ်ပြန်၏။ အမွေးမှာ ကပ်ပြန်၏။ မြားတောင့်ဖြင့် ရိုက်ပြန်၏။ အမွေးမှာကပ်ပြန်၏။ ဆောက်ပုတ်ဖြင့် ရိုက်ပြန်၏။ အမွေးမှာ ကပ်ပြန်၏။ လှံဖြင့် ထိုးပြန်၏။အမွေးမှာ ကပ်ပြန်၏။

လက်နက်ကုန်သော်လည်းတစ်ဖန် “ဟေ့ ဘီလူးကြီး နင့်ကို မှုန့်မှုန့်ညက်ညက်ကျေအောင် လုပ်မည်” ဟု တောအားလုံးပဲ့တင်ထပ်အောင် ကြုံးဝါးလျက် လက်တစ်ဖက်ဖြင့် သတ်၏။ အမွေးမှာ ကပ်ပြန်၏။ နောက်တက်ဖက်ဖြင့် သတ်ပြန်၏။အမွေးမှာ ကပ်ပြန်၏။ ခြေတစ်ဖက်ဖြင့် သတ်ပြန်၏။ အမွေးမှာ ကပ်ပြန်၏။ နောက်တက်ဖက်ဖြင့်သတ်ပြန်၏။ အမွေးမှာ ကပ်ပြန်၏။ ခေါင်းဖြင့် တိုက်ပြန်၏။ အမွေးမှာ ကပ်ပြန်၏။ ဤသို့ခက်မငါးဖြာ ကပ်ငြိကာ မိနေသော်လည်း ကြောက်ရွံ့ခြင်း မရှိလေ။

ပညာရှိထုံးဥပါယ်သုံး

ဘီလူးကြီးသည် လောကတွင်ဤယောကျ်ားမျိုးကို ငါ တစ်ခါမျှ မတွေ့မမြင်စဖူး၊ ဤယောကျ်ားကား ကြောက်ခြင်းလည်းမရှိ၊ အဘယ်ကြောင့် မကြောက်သနည်းဟု စဉ်းစား ဆင်ခြင်ကာ -

“အမောင် လုလင် ...သင် အဘယ်ကြောင့် မကြောက်သနည်း”

“အို ဘီလူးကြီး ... အဘယ်ကြောင့်ကြောက်ရမည်နည်း၊ တစ်ဘဝ တစ်ကြိမ် သေမြဲ ဖြစ်သည်။ အကြောင်းတစ်မျိုးမှာလည်းငါ့ဝမ်းထဲမှာ ဝရဇိန်လက်နက် ရှိသည်။ အကယ်၍ သင် စားလျှင် သင့်အသည်း၊ အူတို့သည်အပိုင်းပိုင်းပြတ်၍ သေရမည်၊ သင်နှင့်ငါ နှစ်ယောက်လုံး သေမည်ဖြစ်၍ ငါ မကြောက်” ဟုရဲဝံ့စွာ ဆိုလေ၏။

ဘီလူးရှုံးရဩဝါဒ

ထိုအခါ ဘီလူးကြီးသည်“ဤသူကား မှန်သော စကားကို ဆိုဘိသည်၊ ငါ့မှာ ဤယောကျ်ား အာဇာနည်၏ အသားကိုအကယ်၍စားလျှင် ပဲနောက်စေ့လောက်မျှ အသားပင် အစာကြေနိုင်မည် မဟုတ်၊ ငါ မစားဝံ့ပေ၊လွှတ်မည်” ဟု ကြံစည်ကာ “အမောင်လုလင် ... သင့်ကို ငါ မစားတော့ပါ၊ အလိုရှိရာ သွားပါလော့”ဟု လွှတ်လိုက်၏။

မင်းသားလည်းဘီလူးကြီးကို “ အို ဘီလူးကြီး ... သင့်မှာ ရှေးရှေးဘဝတို့က အကုသိုလ်ကို ပြုခဲ့သည့် အတွက် သူတစ်ပါး အသား၊အသွေးတို့ကို စားရသည့် ဘီလူး ဖြစ်ရသည်၊ဤဘဝမှာ အကုသိုလ် ထပ်ပြုပြန်လျှင်အမိုက်ဘဝမှ အမိုက်ဘဝသို့ပင် လားရလိမ့်မည်” ဟု ဆုံးမ၍ ငါးပါးသီလ၌ တည်စေ၏။ဘီလူးကြီးအားလည်း တောအုပ်၌ ကိုးကွယ်ရာ နတ်အဖြစ်ကို ပြုခဲ့၍ တောအုပ်မှ ထွက်ကာလူတို့အား အကြောင်းစုံ ပြောကြားပြီးလျှင် လက်နက်ငါးပါးကို ဆောင်ယူလျက် မိဘ တို့ထံပြန်လေ၏။

အဖမင်းကြီးနတ်ရွာစံသောအခါ မင်းအဖြစ်ကိုရ၍ တရားသဖြင့် မင်းပြုလျက် ကုသိုလ်ကောင်းမှုကိုပြုစုအားထုတ်လေ၏။

ဤဒေသနာတော်၏အဆုံး၌ လုံ့လဝီရိယ ယုတ်လျော့သော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်ကာ ရဟန္တာအဖြစ်သို့ရောက်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကပ်စေးနှဲ ဘီလူးကြီးသည် - ယခုအခါ အင်္ဂုလိမာလ။

ပဉ္စာဝုဓ မင်းသားသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မကြောက်ရွံ့ဘူး၊ ယောကျ်ားထူး၊ ဘီလူးမစားနိုင်။

(၂) မဆုတ်ယုတ်ငြား၊ ကုသိုလ်ပွား၊ ရောက်ငြားနိဗ္ဗာန်တိုင်။

ပဉ္စာဝုဓဇာတ် ပြီး၏။

***

၅၆- ကဉ္စနက္ခန္ဓဇာတ်

လယ်ထွန်နေစဉ်တွေ့ရှိသော တစ်ယောက် မထမ်းနိုင်သဖြင့် ရွှေတုံးကြီးကို ထမ်းနိုင်အောင် စိတ်ကိုလှည့်စားသည် လယ်ထွန်ယောကျ်ား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သိက္ခာလွန်များမစောင့်အား

နတ်လူတို့ဆရာ ဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အမျိုးသား တစ်ယောက်သည်တရားတော်ကိုနာ၍ သံဝေဂရသဖြင့် သာသနာတော်၌ ရဟန်းပြုလေ၏။

ဆရာဥပဇ္ဈာယ်တို့သည် ထိုရဟန်းကို စောင့်ထိန်းရန် သီလသိက္ခာပုဒ်တို့ကို များစွာပြောဆိုကြရာ သီလတွေများလှ၍ မစောင့်ထိန်းနိုင်သဖြင့် စိတ်ညစ်ပြီးလျှင် “လူထွက်တော့မည်” ဟု လျှောက်ထားသောအခါ ဆရာ ဥပဇ္ဈာယ်တို့သည် “ ငါ့ရှင် ...မစောင့်ထိန်းနိုင်သော်လည်း မြတ်စွာဘုရား ထံ လိုက်ခဲ့ပါဦး” ဟု ခေါ်သွားကြကုန်၏။

သိက္ခာသုံးဝဟောဖော်ပြ

မြတ်စွာဘုရားအားအကြောင်းစုံ လျှောက်ထား၍ သိတော်မူလျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား “သင်တို့သည်ရဟန်းကို သီလသိက္ခာပုဒ် အကြောင်း မပြောလေနှင့်” ဟု မိန့်တော်မူပြီးလျှင် “ချစ်သားရဟန်း ... ကိုယ်၊ နှုတ်၊ စိတ် သုံးပါးတွင် -

(၁) ကိုယ်ဖြင့် -မကောင်းမှု မပြုလင့်။

(၂) နှုတ်ဖြင့်လည်း- မကောင်းမှု မပြုလင့်။

(၃) စိတ်ဖြင့်လည်း- မကောင်းမှု မပြုလင့်။

ဤသုံးပါးကိုစောင့်ထိန်းနိုင်ပါမည်လော” ဟု မေးတော်မူ၏။

ထိုအခါ ရဟန်းသည်“ဤသုံးပါးလောက်တော့ စောင့်ထိန်းနိုင်ပါသည်” ဟု ဝန်ခံ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက်သီလသိက္ခာပုဒ်ကို လုံခြုံစွာ စောင့်ရှောက်လေ၏။ နောက်အခါ ဝိပဿနာကိုပွားများအားထုတ်သဖြင့် ရဟန္တွာအဖြစ်သို့ ရောက်လေ၏။

ရဟန်းတို့သည်တရားသဘင်ဝယ် စကားစပ်မိ၍ “ငါ့ရှင်တို့ .... မြတ်စွာဘုရားတို့ ဂုဏ်ကျေးဇူးတော်သည်အံ့ဖွယ်ရှိပေစွ၊ သီလသိက္ခာပုဒ်များ၍ မစောင့်ထိန်းလိုသော ရဟန်းအား သုံးစုပြုကာစောင့်ထိန်းစေသဖြင့် ရဟန္တာ ဖြစ်လေပြီ” ဟု ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ထိုအကြောင်းကို လျှောက်ထားကြလျှင် “ရဟန်းတို့ ... ယခု အခါမှသာ အစုပြု၍ဝန်ကိုချီစေသည် မဟုတ်၊ ရှေးအခါကလည်း ပညာရှိတို့သည် ရွှေတုံးကို ရရာ၌မချီနိုင်သဖြင့် အစုပြု၍ ချီဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကိုဆောင်တော်မူသည်း။

အတိတ်ဝတ္ထု

ရွှေတုံးရွှေစိုင်မယူနိုင်

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ရွာငယ်တစ်ခုဝယ်လယ်ထွန်ယောကျ်ား ဖြစ်လေ၏။

တစ်နေ့သ၌လယ်ထွန်ယောကျ်ားသည် ရွာဆိုးကုန်း တစ်ခုဝယ် ထွန်လေ၏။ ထိုရွာဆိုးကုန်း၌သူဌေးတစ်ဦးသည် အလျား လေးတောင်၊ လုံးပတ် ပေါင်လုံးခန့်ရှိ ရွှေတုံးကို မြှုပ်နှံ၍ထားခဲ့ဖူး၏။ ထွန်သွားသည် ထိုရွှေတုံး၌ ငြိလေ၏။

လယ်ထွန်ယောကျ်ားလည်းသစ်မြစ်ထင်၍ မြေကို ယက်သောအခါ ရွှေတုံးကိုမြင်လျှင် သူတစ်ပါး မသိအောင် မြေဖြင့်ဖုံး၍ထားလေ၏။ နေဝင်လတ်သော် ထမ်းပိုး၊ ထွန်တုံး စသည်တို့ကို သင့်ရာ၌ထားကာ“ရွှေတုံးကို ယူသွားမည်” ဟု လက်ဖြင့် ချီမလေသော် မမနိုင်လေ။

လေးစုခွဲမှယူဆောင်ရ

ထိုအခါ ရွှေတုံးအနီး၌ထိုင်၍“ဤမျှလောက်ကို စားမည်၊ ဤမျှလောက်ကို မြေမြှုပ်ထားမည်၊ ဤမျှလောက်ကို အလုပ်အကိုင်တွင်အရင်းအနှီး ပြုလုပ်မည်၊ ဤမျှလောက်ကို ကုသိုလ်ကောင်းမှုပြုမည်” ဟု လေးစုပြုကာဝေဖန်၏။ ထိုသို့ ဝေဖန်ပြီးသောအခါ ရွှေတုံးသည် ပေါ့သကဲ့သို့ ဖြစ်လာ၏။လယ်ထွန်ယောကျ်ားသည် ရွှေတုံးကို အိမ်သို့ ယူဆောင်ပြီးလျှင် လေးစုပြုကာဝေဖန်ထားသောအတိုင်း အသုံးပြုလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လယ်ထွန်ယောကျ်ားသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) လေးသည့်ဝန်စု၊ ခွဲဝေပြု၊ ပေါ့မှု ဖြစ်လာပြီ။

(၂) ကုသိုလ်ပြုကာ၊ နှစ်သက်စွာ၊ ရောက်နာနိဗ္ဗာန်ပြည်။

ကဉ္စနက္ခန္ဓဇာတ် ပြီး၏။

***

၅၇- ဝါနရိန္ဒဇာတ်

အသားကိုစားလိုသော မိကျောင်းကို ဥပါယ်ဉာဏ် သုံးသဖြင့် အနိုင်ရသော ဝါနရိန္ဒ မျောက်မင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဒေဝဒတ်ကြံသတ်ဖို့ရန်

နတ်လူတို့ဆရာ ဖြစ်တော်မူသောမြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်ရဟန်းသည်မြတ်စွာဘုရားကို သတ်ရန် လုံ့လပြုလျက်နေ၏။ ရဟန်းတို့သည် တရားသဘင်ဝယ် ဒေဝဒတ်ရဟန်းအကြောင်း စပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူပြီးလျှင် “ရဟန်းတို့... ဒေဝဒတ်သည် ငါဘုရားကို သတ်ရန် ယခုအခါမှသာ လုံ့လပြုသည် မဟုတ်၊ ရှေးအခါကလည်းလုံ့လပြုဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကျွန်းငယ်သွားကာကျက်စားရာ

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မျောက်မျိုး၌ဖြစ်၍ကိုယ်လုံးကိုယ်ပေါက် မြင်းငယ်ပမာဏရှိ၏။ အားအစွမ်းနှင့် ပြည့်စုံ၏။ တစ်ကောင်တည်းကျက်စားကာ မြစ်ကမ်းနား၌ နေလေ့ရှိ၏။

မြစ်အလယ်ကျွန်းငယ်တစ်ခုဝယ် သရက်၊ ပိန္နဲ၊ နရွဲ၊ မာလကာ စသော သစ်ပင်အများအပြားရှိ၏။မျောက်ကြီးသည် မြစ်၏ ဤမှာဘက်ကမ်းမှ ခုန်လွှားကာ မြစ်နှင့် ကျွန်ငယ်အကြားရှိကျောက်ဖျာတွင် တစ်ထောက်ကျ၍ တစ်ဖန် ကျောက်ဖျာမှ ကျွန်းငယ်သို့ ခုန်လွှားလျက်သစ်သီးတို့ကို အလိုရှိတိုင်း စားပြီးလျှင် ညနေချမ်းအခါ ယခင်နည်းအတိုင်း ခုန်လွှားကာမိမိနေရာသို့ ပြန်လာလေ့ရှိ၏။ ဤနည်းဖြင့် နေ့စဉ်သွားကာ ကျက်စားလေ့ရှိ၏။

နှလုံးတောင့်တမိကျောင်းမ

ထိုမြစ်နားတွင်လည်းမိကျောင်းဖိုနှင့် မိကျောင်းမ လင်မယား နှစ်ကောင်တို့ နေကြ၏။ တစ်နေ့သ၌မိကျောင်းမသည် မျောက်ကြီးကိုမြင်လျှင် နှလုံးသားကို စားလိုသော ချင်ခြင်း ဖြစ်လေ၏။

ထိုအခါမိကျောင်းမသည် မိကျောင်းဖိုအား “အရှင် ... အကျွန်ုပ်မှာ မျောက်ကြီး၏ နှလုံးသားကိုစားလိုသော ချင်ခြင်း ဖြစ်သည်၊ မျောက်ကြီးကို ရအောင် ဖမ်းပေးပါ” ဟု ပြောလေ၏။ မိကျောင်းဖိုလည်း “ကောင်းပြီ၊ရစေမည်” ဟု ပြောဆိုတာ ညနေချမ်းအခါ ကျွန်းငယ်မှ မျောက်ကြီး အပြန်တွင်ရအောင်ဖမ်းယူမည်ဟု ကြံစည်လျက် မြစ်တွင်းရှိ ကျောက်ဖျာမှာ ဝပ်၍နေလေ၏။

စုံစမ်းခေါ်ငင်ပရိယာယ်ဆင်

မျောက်ကြီးလည်း ညနေချမ်းအခါကျွန်းငယ်မှ ပြန်မည်ဟု ကျောက်ဖျာကို ကြည့်လတ်သော် အသို့နည်း၊ ကျောက်ဖျာသည်နေ့တိုင်းနှင့်မတူ ကြီး၍နေပါတကား၊ ယနေ့ မြစ်ရေလည်း အတိုးအဆုတ်မရှိ၊ ငါ့ကိုဖမ်းယူမည်အကြံနှင့် မိကျောင်းပင် ဝပ်၍နေလေသလော၊ ငါ သိအောင် စုံစမ်းမည်ဟုကြံစည်လျက် ကျောင်ဖျာနှင့် စကားပြောနေကျဟန် ပရိယာယ်ပြုကာ “အို ... ကျောက်ဖျာ” ဟုခေါ်လေ၏။ စကားပြန်မပြောသဖြင့် သုံးကြိမ်စေ့အောင် “အို ကျောက်ဖျာ... အို ကျောက်ဖျာ” ဟုခေါ်ပြန်၏။ သုံးကြိမ်စေ့သော်လည်း စကားပြန်မပြောသဖြင့် တစ်ဖန် “အို - ကျောက်ဖျာ ...ယနေ့ အဘယ်ကြောင့် စကားပြန်မပြောသနည်း” ဟု မေးလေ၏။

ထိုအခါ ပညာမရှိသောမိကျောင်းသည် မျောက်ကြီးစကားကို ကြားလျှင် “ ယခင်နေ့တို့မှာ ကျောက်ဖျာက ခုချစကားပြန်ပြောပေလိမ့်မည်၊ ငါ စကားပြန်ပြောမည်” ဟု ကြံစည်၍ “အို မျောက်မင်း ...ဘာအကြောင်း ရှိသနည်း” ဟု စကားပြန်ပြောလေ၏။ မျောက်ကြီးက တစ်ဖန်“ သင် ဘယ်သူနည်း” ဟုမေးလေ၏။ “ငါ မိကျောင်း ဖြစ်သည်” ဟု ပြောဆိုရာ “ဘယ်အတွက် ကျောက်ဖျာမှာ ဝပ်သနည်း” ဟုမေးသောအခါ “သင့် နှလုံးသားကို စားချင်လို့ ဝပ်ပါသည်” ဟု ပြောလေ၏။

ပညာရှိဉာဏ်သွားရန်အောင်ငြား

မျောက်ကြီးလည်း မိကျောင်းစကားကိုကြားလျှင် ငါ့မှာ တခြားနေရာတွင် သွားရန်လမ်းမရှိ၊ မိကျောင်းကို လှည့်စားမှတော်မည်ဟု ကြံစည်လျက် “အို - မိကျောင်း ... ကောင်းပါပြီ၊ ငါ့ကိုယ်ကို သင့်အားစွန့်လွှတ်တော့မည်၊ ပါးစပ်ကို အသင့်ဖွင့်ထားပါ၊ ငါလာသောအခါ ဆီးကြိုပြီး ဖမ်းပါ” ဟုလှည့်စားလေ၏။

ထိုအခါ မိကျောင်းသည်အဟုတ်တကယ် ထင်မှတ်၍ ပါးစပ်ကို ဟလျက် နေနှင့်၏။ [မိကျောင်းတို့ မည်သည်မှာအထက်မေးအရှင်ဖြစ်၍ ပါးစပ်ဟလျှင် မျက်စိကို မှိတ်နေမြဲ ဖြစ်သည်ကိုမိကျောင်းသတိမထားလေ။]

မျောက်ကြီးလည်းမိကျောင်း ပါးစပ်ဟကာ မျက်စိမှိတ်နေမှန်းသိလျှင် ကျွန်းငယ်မှ ခုန်လွှားလျက်မိကျောင်းထိပ်မှာနင်း၍ တစ်ဖန် တစ်ဖက်ကမ်းသို့ ခုန်လေ၏။

ရန်အောင်ကြောင်းတရားလေးပါး

ထိုအခါ မိကျောင်းသည် အံ့ဖွယ်သရဲကိုမြင်၍ မျောက်ကြီးအား -

အရှင်မျောက်မင်း ...လောက၌ -

(၁) သစ္စာ -မှန်ကန်တည့်မတ်သောစကား။

(၂) ဓမ္မ -အသိဉာဏ်ပညာ။

(၃) ဓိတိ -လုံ့လဝီရိယ။

(၄) စာဂ -အသက်ကိုစွန့်ခြင်း။

ဤလေးပါးသောတရားထူးနှင့် ပြည့်စုံသူမှာ တစ်ဖက်ရန်ကို အောင်မြင်မြဲ ဖြစ်သည်။ အသင်မျောက်မင်းမှာလည်း ၎င်းတရားထူးလေးပါး ရှိသဖြင့် ကျွန်ုပ်ကို အောင်မြင်ပေသည်ဟုချီးကျူးကာ မိမိနေရာသို့ သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မိကျောင်းသည် - ယခုအခါ ဒေဝဒတ်။

မိကျောင်းမယားသည် - စိဉ္စာမာန။

မျောက်မင်းသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သစ္စာ, ဓမ္မ၊ ဝီရိယ၊ စာဂ ဤလေးတန်။

(၂) ရန်အောင်မှု၊ တရားစု၊ ရှိမှုတွင်းသန္တာန်။

ဝါနရိန္ဒဇာတ် ပြီး၏။

***

၅၈- တယောဓမ္မဇာတ်

မျောက်မင်းအမျိုးမျိုးသတ်၍ မသေဘဲ တယော ဓမ္မတရားကို စောင့်သုံးသဖြင့် အနိုင်ရရှိသော မျောက်ငယ်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သတ်ရန်အမှုဒေဝဒတ်ပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသောမြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ် ရဟန်းသည်မြတ်စွာဘုရားကိုသတ်ရန် လုံ့လပြုကာ နေလေ၏။ မြတ်စွာဘုရားသည် တရားသဘင်ဝယ် ရဟန်းတို့ ...ဒေဝဒတ်သည် ငါဘုရားကို သတ် ယခုအခါမှသာ လုံ့လပြုသည် မဟုတ်၊ ရှေးအခါကလည်းလုံ့လပြုဖူးပြီဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မျောက်မင်းရန်မှစောင့်ရှောက်ရ

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဒေဝဒတ် အလောင်းသည် မျောက်တို့အကြီးအမှူးဖြစ်လျက် မျောက်အပေါင်း ခြံရံကာ ဟိမဝန္တာ တောအရပ်၌ နေလေ၏။

ထို မျောက်မင်းသည်မိမိကိုစွဲ၍ မွေးဖွားလာသော မျောက်ထီးတို့ကို မိမိစည်းစိမ်ကို လုယူမည် ကြောက်သဖြင့်ငယ်စဉ်ကပင် သွားဖြင့် ကိုက်ဖြတ်ကာ ဝှေးစေ့ကို ထုတ်ပစ်လေ့ရှိ၏။

ထိုအခါမျောက်မတစ်ကောင်သည် မျောက်မင်းကို စွဲ၍ ကိုယ်ဝန်တည်လာသောအခါ ကိုယ်ဝန်ကို စောင့်ရှောက်ရန်တောင်ခြေရင်းတစ်ခုသို့သွား၍ ပုန်းလျှိုးကာ နေလေ၏။ ကိုယ်ဝန် ရင့်လတ်သော် သားငယ်ကိုဖွားမြင်လေ၏။

မျောက်ငယ်ကြီးမြောက်အဖထံရောက်

မျောက်ငယ်သည်ကြီးပြင်းလတ်သော် ကိုယ်ခန္ဓာထွားကျိုင်း၏။ အားအစွမ်းနှင့် ပြည့်စုံ၏။ အလွန် လိမ္မာ၏။တစ်နေ့သ၌ အမိကို “မိခင် ... အကျွန်ုပ်ဖခင် အဘယ်မှာနည်း” ဟု မေးလေ၏။ “အမောင် ...ဤမည်သော တောင်ခြေရင်းဝယ် မျောက်အပေါင်း ခြံရံကာနေ၏” ဟု ပြော၏။ “မိခင် ... ဖခင်ထံသွားလိုပါသည်၊ ကျွန်ုပ်ကိုပို့ပါ” ဟု တောင်းပန်လေလျှင “အမောင် ... မသွားလေနှင့်၊အမောင့် ဖခင် မျောက်မင်းသည် မျောက်ထီးမွေးလာလျှင် သူ့စည်းစိမ်ကို လုယူမည်ကြောက်သဖြင့် အငယ်ကပင် သွားဖြင့် ကိုက်ဖြတ်ကာ ဝှေးစေ့ကို ထုတ်ပစ်လေ့ရှိ၏” ဟုပြော၏။ “မိခင် ... အကျွန်ုပ် မကြောက်ပါ၊ ဖခင်ထံသာပို့ပါ၊ အကြောင်းကို သိရလိမ့်မည်”ဟု တောင်းပန်ပြန်၏။

လည်ကိုဖိညှပ် သားကိုသတ်

ထိုအခါ မျောက်မသည်သားကိုယူ၍ မျောက်မင်းထံ သွားလေ၏။ မျောက်မင်းသည် သားငယ်မျောက်ကို မြင်လတ်သော်“ဤမျောက်ငယ် ကြီးပြင်းလာလျှင် မျောက်အပေါင်းကို ဆောင်ယူကာ ငါ့စည်းစိမ်ကိုလုယူလိမ့်မည်၊ ယခုကပင် လည်ပင်းကို ဖက်ယောင်ပြုကာ တအားညှစ်၍ သတ်ပစ်မည်” ဟုကြံစည်လျက် သားမျောက်ငယ်ကို ခေါ်၍ “ချစ်သား ... လာပါ၊ သည်လောက်ကြာအောင် ဘယ်မှာသွားနေသနည်း” ဟု ပြောဆိုပြီးလျှင် သားငယ်ကို လည်ပင်းကို ဖက်ချင်ယောင်ပြုကာ တအားညှစ်လေ၏။

မျောက်ငယ်လည်းဆင်ပြောင်ကဲ့သို့ အားကြီးလှသဖြင့် မျောက်မင်း၏ လည်ပင်းကို ဖက်ကာ ပြန်၍ ညှစ်လေ၏။ထိုအခါ မျောက်မင်းသည် အရိုးကွဲမတတ် နာကျင်လှသဖြင့် မျောက်ငယ်ကိုလွှတ်၍လက်လျှော့ရရှာ၏။

ပရိယာယ်ဉာဏ်ဆင်သေကြောင်းထွင်

နောက်တစ်ဖန် မျောက်မင်းသည်ဤမျောက်ငယ်ကို အနီးရှိ ဒကရက္ခိုသ်စောင့် ရေကန်သို့ လွှတ်၍ ဒကရက္ခိုသ်ကို စားစေမည်ဟုကြံစည်ပြန်လျက် သားမျောက်ငယ်အား “ချစ်သား ... ယခုအခါ ငါ အိုမင်းပြီ၊မျောက်အပေါင်းကို အပ်နှင်းကာ ယနေ့ပင် မင်းမြှောက်မည်၊ ဤအရပ်ရှိ ရေကန်သို့သွား၍ကုမုဒြာကြာနှစ်ပွင့်၊ ဥပ၌လကြာသုံးပွင့်၊ ပဒုမ္မာကြာငါးပွင့် ဤကြာပန်း ဆယ်ပွင့်ကိုဆောင်ယူချေလော့” ဟု စေခိုင်းလိုက်၏။

သားမျောက်ငယ်လည်း“ဖခင် ... ကောင်းပြီ” ဟု ဝန်ခံလျက် ရေကန်သို့ သွား၍ အဆောတလျင် မဆင်းသေးဘဲ ခြေရာတို့ကိုစုံစမ်းကြည့်ရှုလေ၏။ ထိုအခါ တက်သောခြေရာတို့ကို မမြင်ဘဲ ဆင်းသက်သော ခြေရာတို့ကိုသာမြင်သဖြင့် “ ဤကန်ကား ခုချ ဒကရက္ခိုသ်စောင့်သော ရေကန် ဖြစ်လိမ့်မည်၊ ငါ့ ဖခင်ကားငါ့ကို ကိုယ်တိုင် မသတ်နိုင်သဖြင့် ဒကရက္ခိုသ် စား၍ သေအောင် လွှတ်လိုက်သည်ဖြစ်လိမ့်မည်” ဟု ဆင်ခြင်ကာ “ရှိစေတော့၊ ငါ ရေထဲမဆင်းဘဲ ကြာပန်းတို့ကိုရအောင်ယူမည်” ဟု ကြံစည်လျက် ခြေတို့ကိုရေနှင့် မထိစေဘဲ သည်ဘက်ကမ်းမှ ဟိုဘက်ကမ်း၊ဟိုဘက်ကမ်းမှ သည်ဘက်ကမ်းသို့ လျင်မြန်သောအဟုတ်ဖြင့် ခုန်လွှားရင်း ကြာပန်းတို့ကိုဆွတ်ခူးပြီးလျှင် စည်း၍ ယူသွားလေ၏။

သူလိမ္မာကြံဆရန်အောင်ရ

ထိုအခါ ဒကရက္ခိုသ်သည် “ငါသည်ဤမျှလောက်ကြာအောင် အံ့ဖွယ်သရဲ ထူးကဲလှသော ပညာရှိ ယောကျ်ားကို မမြင်စဖူး၊ကြာပန်းတို့ကိုလည်း လိုသလောက် ရအောင် ယူလာသည်၊ ငါ့အာဏာ လွှမ်းမိုးရာ အရပ်သို့လည်းမသက်ဆင်းပေ” ဟု အောက်မေ့ကာ ရေကို နှစ်ဖြာခွဲလျက် ရေထဲမှ တက်ကာ မျောက်ငယ်ထံချဉ်းကပ်၍ -

ရန်အောင်ကြောင်းတရားသုံးပါး

“အို မျောက်မင်း ... လောက၌

(၁) ဒက္ခိယ ...လိမ္မာသည့်အဖြစ်၊

(၂) သူရိယ ...ရဲရင့်ခြင်း၊

(၃) ပညာ ...အသိဉာဏ်ပညာ။

ဤတရားသုံးပါးကိုယ်တွင်း၌ ရှိသူတို့မှာ တစ်ဖက်သော ရန်ကို အောင်နိုင်မြဲ ဖြစ်သည်၊သင်မျောက်မင်း၏ ကိုယ်တွင်း၌လည်း ဤတရားသုံးပါး ရှိသဖြင့် အကျွန်ုပ်ကိုအောင်နိုင်ပေသည်” ဟု ချီးကျူးစကား ပြောကြားလေ၏။

ထို့နောက်တစ်ဖန်ဒကရက္ခိုသ်က “အရှင်မျောက်မင်း ... အဘယ်အတွက် ကြာပန်းတို့ကို ယူလာပါသနည်း” ဟုမေးပြန်၏။ မျောက်ငယ်က “ငါ့ဖခင်သည် ငါ့ကို မင်းမြှောက်မည်ဟု ဆို၍ မင်းမြှောက်ရန်အတွက် ယူပါသည်” ဟု ပြောလေ၏။ တစ်ဖန် ဒကရက္ခိုသ်က ဤလို မင်းဖြစ်မည့်ယောကျ်ားကောင်းမှာ ကြာပန်းတို့ကို ကိုယ်တိုင်ယူဆောင်ခြင်းငှာ မသင့်၊ အကျွန်ုပ်လိုက်ပို့ပါမည်ဟု ပြောဆို၍ ကြာပန်းတို့ကို ဆောင်ယူလျက် နောက်မှ လိုက်ပို့လေ၏။

မျောက်မင်းဖခင်သေပွဲဝင်

မျောက်မင်းလည်း အဝေးမှလာသောသားမျောက်ငယ်ကို မြင်လျှင် “ ဩော် ... ငါကတော့ ဒကရက္ခိုသ် စား၍ သေစေတော့ဟုလွှတ်လိုက်ရာ အစားမခံရသည့်ပြင် ဒကရက္ခိုသ်ကိုပင် တပည့်လုပ်ကာ ကိုယ်တိုင်လိုက်၍ပို့ချေပြီ၊ မုချ ငါ ပျက်စီးရတော့မည်” ဟူ သောကမီး တောက်လောင်ကာနှလုံးခုနစ်စိတ်ကွဲလျက် သေဆုံးလေ၏။

ထိုအခါမျောက်အပေါင်းတို့လည်း သားဖြစ်သော မျောက်ငယ်အား မင်းမြှောက်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မျောက်မင်းသည် - ယခုအခါ ဒေဝဒတ်။

မျောက်မင်း၏သားသည် -- ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရဲရင့်လိမ္မာ၊ ရှိပညာ၊ သုံးဖြာရန်အောင်ကြောင်း။

(၂) တရားသုံးတန်၊ တွင်းသန္တာန်၊ အမှန်ရှိဖို့ကောင်း။

(၃) တရားကိုယ်တွင်၊ မျောက်ငယ်ပင်၊ အောင်မြင်ရှေးထုံးဟောင်း

တယောဓမ္မဇာတ် ပြီး၏။

***

၅၉- ဘေရိဝါဒကဇာတ်

အဖန်ဖန်သားကို တား၍ နားမထောင်သဖြင့် ပျက်စီးရသော စည်တီးသမား သားအဖ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆုံးမခက်လှအတိတ်ပြ

နတ်လူတို့ဆရာ ဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆုံးအမခက်သော ရဟန်းတစ်ပါးရှိလေ၏။ ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံ ဆောင်ယူသွားကြရာ မြတ်စွာဘုရားသည်“ရဟန်းတို့ ... ဤရဟန်းသည် ယခုအခါမှသာ အဆုံးအမခက်သည် မဟုတ်၊ ရှေးအခါကလည်း အဆုံးမခက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသည်း။

အတိတ်ဝတ္ထု

ဖခင်မြစ်တားမနာကြား

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် စည်တီးမျိုး၌ဖြစ်၍ရွာငယ်တစ်ခုတွင် နေလေ၏။

တစ်ရံသောအခါဗာရာဏသီပြည်ဝယ်နက္ခတ်ပွဲသဘင် ဖြစ်လတ်သော် ထိုပွဲသဘင်ဝယ် စည်ကို အခစားတီး၍ပစ္စည်းဥစ္စာကို ယူမည်ဟု ကြံစည်လျက် သားကိုခေါ်၍ ပွဲသဘင်သို့သွားကာ စည်ကိုတီးသဖြင့်ဥစ္စာများစွာ ရလေ၏။

ပွဲသဘင်ပြီး၍မိမိတို့နေရာ ရွာငယ်သို့ ပြန်လာသောအခါ ခရီးအကြားဝယ် သူခိုးတို့နေရာတော်သို့ရောက်လျှင် စည်ကို ဆက်ကာ ဆက်ကာ မပြတ်တီးနေသော သားကို အဘသည်“အမောင် ...စည်ကို မပြတ် မတီးပါနှင့်၊ ခရီးသွားသော မင်းကြီးစည်ပမာ ရံခါ ရံခါသာ တီးပါ” ဟုဆုံးမ တားမြစ်လေ၏။

နားမထောင်ကပျက်စီးရ

သားလည်း အဘ တားမြစ်သည်ကိုမနာယူဘဲ စည်သံဖြင့် သူခိုးတို့ကို ပြေးစေမည်ဟု ပြောဆိုတာ မပြတ်သာ တီးလေ၏။သူခိုးတို့လည်း ရံခါရံခါသာ တီးသော စည်သံကို ကြားရလျှင် မင်းကြီးစည်သံ ထင်မှတ်၍အတန်ငယ် ပြေးပြီးမှ နားထောင်ပြန်ရာ တစ်စပ်တည်း မပြတ် တီးနေသော စည်သံကိုကြားရပြန်သဖြင့် မင်းကြီးစည်သံ မဟုတ်မှန်းသိ၍ တစ်ဖန် ပြန်လာကာ သားအဖ နှစ်ယောက်ကိုရိုက်နှက် ပုတ်ခတ်၍ ပစ္စည်းတို့ကို လုယူသွားကြကုန်၏။

ထိုအခါ အဘသည်သားမိုက်အား -

“ဟယ်သားမိုက် ... နင် င့ါစကားကို နားမထောင်၊လမ်းသွားရင်း မင်းကြီစည်နှင့် တူအောင် ရံခါ ရံခါသာ တီးပါဟုဆိုလျက် ဆက်ကာ ဆက်ကာမပြတ်တီးသည့်အတွက် သူခိုးတို့ ယူသွားကြသဖြင့် ဆင်းဆင်းရဲရဲ ရှာဖွေစုဆောင်းရသောပစ္စည်းများ ဆုံးပါး ပျက်စီးရချေပြီ” –

ဟု အပြစ်တင်ကာ ပြောဆိုလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ စည်တီးသမား သားမိုက်သည် - ယခုအခါ အဆုံးမခက်သော ရဟန်း။

စည်တီးသမားသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကျိုးလိုဆုံးမ၊ မနာက၊ မုချပျက်စီးမြဲ။

(၂) ဆက်ကာ ဆက်ကာ၊ စည်တီးရာ၊ ဥစ္စာသူခိုးဆွဲ။

ဘေရိဝါဒကဇာတ် ပြီး၏။

***

၆၀- သင်္ခဓမဇာတ်

အဖန်ဖန်အဖကို တား၍ နားမထောင်သဖြင့် ပျက်စီးရသော ခရုသင်းမှုတ်သမား သားအဖ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆုံးမခက်လှအတိတ်ပြ

နတ်လူတို့ဆရာ ဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆုံးမခက်သော ရဟန်းတစ်ပါးရှိလေ၏။ ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံ ဆောင်ယူသွားကြရာ မြတ်စွာဘုရားသည်“ရဟန်းတို့ ... ဤရဟန်းသည် ယခုအခါမှသာ အဆုံးမခက်သည် မဟုတ်၊ ရှေးအခါကလည်း အဆုံးမခက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသည်း။

အတိတ်ဝတ္ထု

ဖခင်မိုက်အားသားကတား

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ခရုသင်းမှုတ်သောအမျိုး၌ ဖြစ်လေ၏။

ဗာရာဏသီပြည်ဝယ်နက္ခတ်ပွဲသဘင် ဖြစ်လတ်သော် ထိုပွဲသဘင်ဝယ် ခရုသင်းမှုတ်ကာ ပစ္စည်းဥစ္စာကို ဖြစ်စေမည်ဟုကြံစည်လျက် အဘကိုခေါ်၍ ထိုပွဲသဘင်သို့ သွားကာ ခရုသင်း မှုတ်သည့်အတွက် ဥစ္စာများစွာရလေ၏။

အိမ်သို့ပြန်လာရာခရီးအကြား၌ သူခိုးတို့နေရာ တော်အုပ်သို့ရောက်လျှင် သားသည် ခရုသင်းကို မပြတ်မှုတ်နေသော အဖကို “ဖခင် ... ခရုသင်းကို မပြတ် ဆက်ကာ ဆက်ကာ မမှုတ်ပါနှင့်၊ ခရုသင်းသံကိုကြားလျှင် သူခိုးတို့လာလိမ့်မည်” ဟု တားမြစ်လေ၏။

မလိုက်နာကဆုံးရှုံးရ

အဘသည် တားမြစ်သော်လည်းနားမထောင်ဘဲ “ခရုသင်းသံဖြင့် သူခိုးတို့ကို ပြေးစေမည်” ဟု ပြောဆိုကာ မပြတ်သာမှုတ်လေ၏။ သူခိုးတို့လည်း ရံခါရံခါ မှုတ်နေစဉ် မင်းကြီး ခရုသင်းထင်၍ ကြောက်သဖြင့်မလာဝံ့ဘဲနေရာ မပြတ်မှုတ်နေသောအခါမှ မင်းကြီးခရုသင်း မဟုတ်မှန်းမသိသဖြင့် လာ၍ပါသမျှဥစ္စာကို လုယူသွားကြလေ၏။

ထိအခါ သားသည်အဖအား -

“ဖခင် ...ခရုသင်းကို မပြတ် ဆက်ကာ ဆက်ကာ မမှုတ်ပါနှင့်ဟု ပြောလျက် နားမထောင်သည့်အတွက်ဆင်းဆင်းရဲရဲ ရှာဖွေရရှိထားသည့် ပစ္စည်းများကို သူခိုးတို့ လာပြီး ယူသွားကြပြီ” ဟုအပြစ်တင်ကာ ပြောဆိုလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ခရုသင်းမှုတ်သော အဘသည် - ယခုအခါ အဆုံးမခက်သော ရဟန်း။

သားသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကျိုးလိုဆုံးမ၊ မနာက၊ မုချပျက်စီးမြဲ။

(၂) မပြတ်မှုတ်ခြင်း၊ ခရုသင်း၊ လက်ငင်းသူခိုးဆွဲ။

သင်္ခဓမဇာတ် ပြီး၏။

***

ဣတ္ထိဝဂ် ၆၁- အသာတမန္တဇာတ်

တက္ကသိုလ်ပြည်ပါမောက္ခဆရာကြီးက မိမိအမေကို နမူနာထား၍ သင်ပြလိုက်သော အသာတမန္တာန်ကို ကိုယ်တွေ့ကြုံခဲ့ရသဖြင့် သံဝေဂရသောပုဏ္ဏားလုလင် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိန်းမသဘောထုတ်ဖော်ပြော

နတ်လူတို့ဆရာ ဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မိန်းမတစ်ယောက်ကို အမှီပြု၍သာသနာတော်မှ လူထွက်လိုသော ရဟန်းတစ်ပါး ရှိလေ၏။ ထိုရဟန်းသည် မြတ်စွာဘုရားထံရောက်လာရာ “ချစ်သားရဟန်း ... မိန်းမတို့ မည်သည် ဆင်းရဲအမျိုးမျိုးကို ပေးတတ်၏၊ယုတ်မာသောသဘောရှိ၏။ သင်သည် မိန်းမကို အမှီပြု၍ အဘယ်ကြောင့် သာသနာတော်မှာလူထွက်လိုသနည်း” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သားကိုပြောပြမိနှင့်ဘ

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဂန္ဓာရတိုင်းတက္ကသိုလ်ပြည်၌ ဗေဒင်သုံးပုံနှင့်တကွ အတတ်အလုံးစုံကို ကမ်းတစ်ဖက်ရောက်အောင်တတ်မြောက်သော ဒိသာပါမေက္ခဆရာကြီး ဖြစ်လေ၏။

ထိုအခါဗာရာဏသီပြည်၌ တစ်ဦးသော ပုဏ္ဏားမျိုးဝယ် သားယောကျ်ား ဖွားမြင်သောနေ့၌ မီးကိုယူကာမငြိမ်းအောင် ထားလေ၏။ မိခင်သည် သား တစ်ဆယ့်ခြောက်နှစ် အရွယ်သို့ ရောက်သောအခါ“ချစ်သား ... ငါတို့သည် သင်ဖွားနေ့၌ မီးကို ယူထားခဲ့ကြသည်၊ ဗြဟ္မာ့ပြည့်သွားလိုမူဤမီးကိုယူကာ တောထွက်၍ *မီးကို ရှိခိုးလုပ်ကွေးပါ၊ သို့ တည်းမဟုတ် အိမ်ထောင်လိုမူတက္ကသိုလ်ပြည်သွား၍ ပညာသင်ကြားပြီးမှ ပစ္စည်းဥစ္စာကို ရှာဖွေစုဆောင်းပါ” ဟုပြောကြားလေ၏။

[မီးကို ရှိခိုးလုပ်ကျွေးခြင်းကို ထိုအခါ အိန္ဒိယပြည်တွင် ဗြဟ္မာဖြစ်စေတတ်သော အကျင့်ဟု ပညာရှိသူများ ယူဆကြဟန်တူသည်။]

ပညာစုံကတစ်ခါပြန်ရ

သားဖြစ်သော ပုဏ္ဏားလုလင်သည်ငါကား တောထွက်၍ မီးကို မလုပ်ကျွေးနိုင်၊ ပစ္စည်းဥစ္စာကို ရှာဖွေ စုဆောင်းတော့မည်ဟုကြံစည်လျက် “မိခင် ... ကျွန်ုပ်ကား မီးကို မလုပ်ကျွေးနိုင်ပါ၊ ပစ္စည်းဥစ္စာကို ရှာဖွေစုဆောင်းပါမည်”ဟု ဆရာအတွက် အသပြာတစ်ထောင် ယူလျက် တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆရာကြီးထံသွား၍ပညာသင်ကြား တတ်မြောက်ပြီးလျှင် အိမ်သို့တစ်ဖန် ပြန်လာ၏။

အမိ အဘတို့လည်းသားကို အိမ်ထောင်ပြုခြင်းကို အလိုမရှိကုန်၊ မီးကိုသာ လုပ်ကျွေးစေလိုကုန်၏။ ထိအခါ မိခင်သည် ငါ့သားအားမိန်းမတို့ အပြစ်ကိုပြ၍ တောထွက်စေမည်ဟု ကြံစည်လျက် “ချစ်သား ... အတတ်ပညာ ပြည့်စုံပြီလော”ဟု မေးသောအခါ “မိခင် ... ပြည့်စုံပါပြီ” ဟု ပြော၏။ “ချစ်သား ... အသာတမန္တန်ကို သင်ခဲ့ပြီလေ” ဟု မေး၏။ “မိခင် ...မသင်ခဲ့ရသေးပါ” ဟု ပြောလျှင် “ချစ်သား ... အသာတမန္တန်ကို မတတ်လျှင် ပညာပြည့်စုံသည်မမည်၊ တစ်ဖန် သွား၍သင်ချေဦး” ဟု စေလွှတ်ပြန်၏။

မိန်းမတို့ကျင့်ကြံအသာတမန္တာန်

လုလင်လည်းတက္ကသိုလ်ဆရာကြီးထံ အသာတမန္တာန်ကို သင်ကြားရန် သွားပြန်၏။ ဆရာကြီးလည်းအသက်တစ်ရာ့နှစ်ရှိ မိခင်ကြီးကို လုပ်ကျွေးနေရာ တပည့်များ ရွံရှာစက်ဆုပ်သည်ကိုသိ၍စားနပ်ရိက္ခာ အပြည့်အစုံ စီမံပြီးလျှင် မိခင်အိုကြီးကို ထမ်းကာ တောသို့သွား၍ အရိပ်၊ ရေ ပြည့်စုံသော နေရာတစ်ခုဝယ်သစ်ရွက်မိုးအိမ် ဆောက်လျက် လုပ်ကျွေးနေခိုက် ဖြစ်လေ၏။

ဆရာကြီးသည် မိမိထ့ပြန်လာသော တပည့်ကိုမြင်လျှင် “အမောင် ... ဘယ်အတွက် ချက်ချင်း ပြန်လာသနည်း” ဟုမေးလေ၏။ ဆရာ ... အသာတမန္တာန်ကို မသင်ရသေး၍ ပြန်လာပါသည်ဟု ပြောလေလျှင် “အမောင် ...အသာတမန္တန်ကို သင်ရမည်” ဟု ဘယ်သူ ပြောသနည်းဟု မေးသောအခါ “အကျွန်ုပ်မိခင် ပြောပါသည်”ဟု ဆိုလေလျှင် ဆရာကြီးသည် ဤလုလင်ကိုသူ့အမိက မိ်န်းမအပြစ်ကို သိစေလို၍ ခိုင်းသည်ဖြစ်လိမ့်မည်ဟု ကြံစည်ကာ “အမောင် ...ကောင်းပြီ သင်ပေးမည်၊ ငါ့ကိုစားပြု၍ ငါ့မိခင်အိုကြီးကို လုပ်ကျွေးလော့” ဟုစေခိုင်း၏။ လုပ်ကျွေးပုံ အခြင်းအရာ ကိုလည်း ပြောကြားလေ၏။

မန္တန်အသာတလက်တွေ့ပြ

“အမောင် ... မိမိလက်ဖြင့်ရေချိုးပါ၊ အစားအသောက်ကျွေးပါ၊ လက်၊ ခြေ၊ ဦးခေါင်း၊ ကျော စသည်ကိုနင်းနှိပ်ဆုပ်နယ်ပေးပါ၊ ဆုပ်နယ်ပေးစဉ်‘အဘွား ... သည်လောက် အိုနေပါလျက် မျက်စိ၊ နား၊ နှာ၊ အင်္ဂါ၊ ခြေလက်တို့မှာ နူးညံ့ပြေပြစ်လှပေသေးသည်၊နိုပျိုစဉ်အခါတုန်းက ဘယ်လောက်များ လှပမည်၊ ကြည့်ကောင်းမည်ဟု မပြောတတ်ပါ’ စသည်ဖြင့်သူ၏ ဂုဏ်ကျေးဇူးတို့ကို အဖန်ဖန် ချီးကျူါ်ပါ၊ မိခင်အိုကြီး ပြန်ပြောသောစကားတို့ကိုလည်း လျှို့ဝှက်မထားပါနှင့်၊ ငါ့ကို အကုန်အစင် ပြန်ပြောပါလေ” ဟုစကားထည့်ပြီးလျှင် လုပ်ကျွေးစေ၏။

သားကိုသတ်ရန်အမိကြံ

လုလင်လည်း မိခင်အိုကြီးကိုဆရာကြီး စီမံနည်းပေးသည့်အတိုင်း လိုက်နာလျက် မရွံမရှာ ယုယုယယ ပြုစုလုပ်ကျွေးလေ၏။ပြုစု လုပ်ကျွေးသောအခါ မိခင်အိုကြီး၏ ဂုဏ်ကျေးဇူးတို့ကို မပြတ် မပြတ် ပြောဆိုချီးကျူး၏။ ထိုအခါ မျက်စိလည်းကွယ်၊အသက် တစ်ရာ့နှစ်ဆယ် ရှိပြီး အားအင် နည်းပါးလှသော မိခင်အိုကြီးစဉ်လျက်ကိုယ်တွင်းရှိ အနုသယကိလေသာတို့သည် လုလင်ငယ်နှင့် မွေ့လျော် ပျော်ပါးလိုသောစိတ်တို့သည် မျိုသိပ်ထိန်းသိမ်း၍ မရတော့ချေ။ ထိုအခါ လုလင်ငယ်ကို -

“အမောင် ... ငါနှင့်မွေ့လျော် ပျော်ပါးချင်သလော” ဟု မေး၏။ “အဘွား ... ဟုတ်ကဲ့ မွေ့လျော်ပျော်ပါးချင်ပါသည်၊ သို့သော်လည်း ဆရာကြီးကို ကြောက်ရွံ့ ရိုသေပါသည်” ဟု ဆိုလေ၏။“အမောင်... ငါ့ကို အလိုရှိလျှင် ငါ့သားကို သတ်ပစ်ပါ” ဟု ဆိုပြန်ရာ “အဘွား ...အတတ်သင်ပေး၍ ကျေးဇူးများလှသဖြင့် ကိလေသာကိုစွဲပြီး မသတ်ဝံ့ပါ” ဟု ဆိုလျှင် “အမောင်... ငါ့ကို စွန့်ပစ်မသွားဘူးဆိုလျှင် ငါကိုင်တိုင်ပဲ သတ်ပစ်မည်” ဟု ပြောလေ၏။

သားမောင်သဏ္ဌာန် ပရိယာယ်ဖန်

လုလင်သည် ဆရာကြီးထံသွား၍ဆရာကြီးအား မကွယ်မဝှက် မိခင်အိုကြီးနှင့် ဖြစ်ပျက်သမျှ အကြောင်းစုံကို ပြောကြားလေ။ဆရာကြီးသည် မိခင်အိုကြီး၏ အသက်အပိုင်းအခြားကို ကြည့်လတ်သော် ယနေ့ပင် သေလိမ့်မည်ကိုသိ၍ “တပည့် ... ကောင်းပြီ၊ မိခင်အိုကြီးကို ငါ စုံစမ်းမည်” ဟု ဆို၍ ရေသဖန်းသားကိုအရုပ်ထုလုပ်ပြီးလျှင် အိပ်နေကျနေရာတွင် စောင်ခြုံလျက် မိခင်အိုကြီးနေရာသို့ကြိုးတန်းသွယ်ပြီးလျှင် ပုဆိန်တစ်လက်ယူကာ တပည့်အားပေး၍ မိခင်အိုကြီးကို အသတ်ခိုင်းချေလော့”ဟု ပြောဆိုစီမံပြီးလျှင် သစ်သားရုပ်အနီး၌ နေလေ၏။

ရာဂပူးကပ်သားကိုသတ်

လုလင်လည်း မိခင်အိုကြီးထံသွား၍ “ကျွန်တော်နှင့် ပေါင်းသင်း နေထိုင်လိုလျှင် သားကို သတ်ချေ၊ အသင့်ဖြစ်အောင်ကြိုးတန်းသွယ်ထားပြီ” ဟု ဆိုကာ ပုဆိန်ကို ပေး၏။ မိခင်အိုကြီးသည် တစ်ဖန် လုလင်ငယ်အား“အမောင် ... ငါ့ကို စွန့်ပစ်သွားမှာလော” ဟု မေးပြန်၏။ လုလင်လည်း “အဘွားအိုအဘယ်ကြောင့် စွန့်ပစ်ရမည်နည်း၊ ပေါင်းသင်းနေထိုင်ပါမည်” ဟု ဆိုလေလျှင်မိခင်အိုကြီးသည် ပုဆိန်ကို မနိုင်တနိုင်ကိုင်ကာ တုန်တုန်ယင်ယင်နှင့် ထ၍ကြိုးတန်းကိုင်လျက် သားထံသွားကာ တစ်ချက်တည်း အသေသတ်မည်ဟု သစ်သားရုပ်ကိုလက်နှင့်စမ်း၍ စောင်ကိုလှစ်ပြီးလျှင် လည်ပင်းကို တအား ပေါက်လိုက်သောအခါဒုန်းဒုန်းမြည်သံ ကြားသဖြင့် သစ်သားရုပ်မှန်း သိလေ၏။

ထိုအခါ သားဖြစ်သောဆရာကြီးသည် မိခင်အိုကြီးအား “မိခင် ... ဘာလုပ်သနည်း” ဟု မေးလေ၏။ မိခင်အိုကြီးလည်း“ဆရာတပည့်နှစ်ယောက် ငါ့ကို လှည့်စားကြပြီ” ဟု သိသဖြင့် အရှက်ကြီးကွဲကာ ဤနေရာမှာပင်သေဆုံးလေ၏။ သားလည်း မိခင်အိုကြီး အလောင်းကို ကောင်းမွန်စွာ သင်္ဂြိုဟ်လေ၏။

ကိုယ်တွေ့ထုတ်ပြ သာဓက

မိန်းမတို့ သဘောကား ကိလေသာရာဂစိတ် ဖြစ်လာလျှင် အရွယ်ဝုဒ္ဓိကိုလည်း မထောက်ထား၊ ကျေးဇူးတရားကိုလည်း မဆင်ခြင်မိမိတို့ ထင်မြင်ရာကို ပြုလုပ်တတ်သည့် အတွက် ယုတ်မာသော သဘောရှိ၏။ဆင်ရဲအမျိုးမျိုးကို ပေးတတ်၏။

ထို့နောက်ဆရာကြီးလည်း တပည့်လုလင်ကိုခေါ်၍ “အမောင် ... အသာတမန္တန်မှာ အသီးအခြား မရှိ၊မိန်းမတို့အပြစ်ကို သိရန် အတတ်ပင် ဖြစ်သည်၊ သင့်မိခင်သည် မိန်းမတို့အပြစ်ကိုသိစေလို၍ ခိုင်းခြင်း ဖြစ်သည်၊ သင် ယခု မျက်မြင်ဒိဋ္ဌ မြင်ပြီမဟုတ်လော” ဟု ပြောဆိုဆုံးမကာ “သင့်အမိအဘထံ ပြန်လေတော့” ဟု လွှတ်လိုက်၏။

မိန်းမပြစ်ရှုတောထွက်ပြု

လုလင်လည်း ဆရာကြီးကိုခွင့်ပန်၍ လာခဲ့ရာ မိဘတိုထံ ရောက်လျှင် မိခင်သည် သားအား “ချစ်သား ... အသာတမန္တန်ကိုသင်ခဲ့ပြီလော” ဟု မေး၏။ “မိခင် ... သင်ခဲ့ပါပြီ” ဟု ဆိုလေ၏။ ချစ်သား ... ယခုဘာလုပ်မည်နည်းဟု မေးပြန်ရာ “မိခင် ... ကျွန်ုပ် မိန်းမတို့ အပြစ်ကို ကိုယ်တိုင်မြင်ခဲ့ရပါပြီ၊ အိမ်ထောင်၍ ပစ္စည်းဥစ္စာ မရှာလိုတော့ပါ၊ ရဟန်းပြုကာ တောထွက်၍မီးကိုပင် လုပ်ကျွေးပါတော့မည်” ဟု ပြောဆိုလေ၏။ နောက်တစ်ဖန် -

“မိခင် ...

လောက၌ မိန်းမတို့ကား ဆင်းရဲကို ပေးတတ်ကုန်၏။

ယုတ်မာကုန်၏။

စည်းကမ်း မရှိကုန်။

မီးသည် ကောင်း၊ မကောင်း ဟူသမျှကို လောင်ကျွမ်းသည့်အလား တွေ့တိုင်းတွေ့တိုင်းသော သူတို့ကို မှီဝဲတတ်ကုန်၏။

ထို့ကြောင့်“ အိမ်ထောင်မပြုလို၊ တောထွက်၍ ရဟန်းပြုကာ ဝိဝေကတရားကို ပွားစေလျက် ဗြဟ္မာ့ပြည်သို့သွားမည်” ဟု မိန်းမတို့ကို ကဲ့ရဲ့ရှုတ်ချကာ တရားဟောပြီးလဆင် အမိအဘတို့ကို ရှိခိုးလျက်တောထွက်၍ ရဟန်းပြုကာ ဝိဝေကတရားကို ပွားများစေလျက် သေသည့်အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့လားရလေ၏။

ဤဒေသနာတော်၏ အဆုံး၌ သာသနာတော်မှလူထွက်လိုသော ရဟန်းသည် သောတပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လုလင်ငယ်၏ မိခင်သည် - ယခုအခါ ဘဒ္ဒကာပိလာနီ။

လုလင်ငယ်ဖခင်သည် - မဟာကဿပ။

လုလင်ငယ်သည် - အာနန္ဒာ။

ဒိသာပါမောက္ခဆရာကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဆင်းရဲပေးကြ၊ ယုတ်မာလှ၊ မိန်းမဓမ္မာတာ။

(၂) ကောင်း, မကောင်းယူ၊ မီးနှင့်တူ၊ လူတိုင်းမှီဝဲရာ။

အသာတမန္တဇာတ် ပြီး၏။

***

၆၂ - အဏ္ဍဘူတဇာတ်

ကိုယ်ဝန်တွင်းမှစ၍ စောင့်ရှောက်ထားပါသော်လည်း စောင့်ရှောက်မရ ဖောက်ပြားသော မိန်းမကြောင့် ကြွေအန်ရှုံးသော ပုဏ္ဏားအကြောင်း

ပစ္စုပ္ပန်ဝတ္ထု

မိန်းမဟူသမျှ ထိန်းမရ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မိန်းမကို အမှီပြု၍ သာသနာတော်မှ လူထွက်လိုသော ရဟန်းတစ်ပါး ရှိလေ၏။ ထိုရဟန်းကို မြတ်စွာဘုရားသည် “ချစ်သားရဟန်း ... မိန်းမတို့မှာ အမိဝမ်းခေါင်း အောင်းသည်မှစ၍ စောင့်ရှောက်ထားသော်လည်း မစောင့်ရှောက်နိုင်ကြောင်းကို မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုမင်းကြီး၏ မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေတည်နေ၍ ဖွားမြင်ပြီးနောက် အရွယ်ရောက်လတ်သော် အတတ်ပညာ သင်ကြားပြီးလျှင် အဖမင်းကြီး နတ်ရွာစံသောအခါ မင်းအဖြစ်ကို ရလေ၏။ ထိုမင်းသည် ပုရောဟိတ်ပုဏ္ဏားကြီးနှင့် အမြဲ ကြွေအန်ကစားလေ့ရှိ၏။ ကြွေအန်ကစားသော အခါတိုင်းပင် -

မြစ် ဟူသမျှ အကောက်သာ ဖြစ်၏။

တော ဟူသမျှ ထင်းသာ ဖြစ်၏။

မိန်းမ သူသမျှ ဆိတ်ကွယ်ရာရမူ မကောင်းမှုကို ပြုသည်သာ ဖြစ်၏။

ဟု ကြွေအန်သီချင်းကို သီဆိုလေ့ရှိ၏။ ပုရောဟိတ်ပုဏ္ဏားကြီးသည် အမြဲရှုံး၍ မင်းကြီးသည် အမြဲနိုင်လေ၏။

ပုဏ္ဏားဉာဏ်ဆင် တစ်နည်းထွင်

ထိုအခါ ပုရောဟိတ် ပုဏ္ဏားကြီးသည် “ငါကား အမြဲရှုံးနေသည်၊ သည်လိုသာ ရှုံးနေပါလျှင် ငါ့အိမ်ရှိ ဥစ္စာပစ္စည်းကုန်တော့မည်၊ ငါသည် သူငယ်မတစ်ယောက်ကို အမိဝမ်းခေါင်း အောင်းသည်မှစ၍ စောင့်ရှောက်ကာ မယားပြုမည်၊ ငါ့ကိစ္စ မပြီးမချင်း ကြွေအန်မကစားသေး” ဟု ကြံစည်၍ မိန်းမ ယောကျ်ားတို့ လက္ခဏာ၌ ကျွမ်းကျင်ပြီး ဖြစ်သည့် အတိုင်း သမီးမွေးမည့် ဆင်းရဲသော ကိုယ်ဝန်ဆောင် မိန်းမတစ်ယောက်ကို ရှာပြီးလျှင် ကျွေးမွေး၍ အိမ်မှာထားလေ၏။ သမီးငယ် ဖွားမြင်သောအခါ အမိကို ကျေနပ်လောက်အောင် ဥစ္စာပေးကာ လွှတ်လိုက်ပြီးလျှင် သမီးငယ်ကိုယူ၍ ယောကျ်ားတစ်ပါးကို မမြင်စေဘဲ မိန်းမ အလုပ်အကျွေးဖြင့်သာ မွေးမြူစေ၏။

အကျင့်မှန်ကန် နိုင်မြဲမှန်

အရွယ်ရောက်သောအခါ မယားပြုကာ မိမိ အလိုအတိုင်း ဖြစ်စေပြီးလျှင် မင်းကြီးထံသွား၍ “အရှင်မင်းကြီး ... ကြွေအန် ကစားမည်” ဟု ဆိုလေ၏။ မင်းကြီးလည်း ကောင်းပြီဟု ဆိုကာ ကစားပြန်၏။ မင်းကြီးသည် သီဆိုနေကြဖြစ်သော ကြွေအန်သီချင်းကိုသာ သီဆို၍ ကစားလေ၏။ ပုရောဟိတ်န ပုဏ္ဏားကြီးက မာဏဝီ ပုဏ္ဏေးမကို ချန်ထား၍ မိန်းမ ဟူသမျှ ဆိတ်ကွယ်ရာရမူ မကောင်းမှုကို ပြုသည်သာ ဖြစ်၏ဟု သီချင်းကို သီဆိုကာ ကစားလေ၏။ ထိုအခါမှ စ၍ မင်းကြီး အမြဲရှုံး၍ ပုရောဟိတ်ပုဏ္ဏား အမြဲနိုင်ပြန်၏။

ပုဏ္ဏေးမဖျက်ရန် သေသောက်ကြံ

ထိုအခါ မင်းကြီးသည် ငါ့သီချင်း အစွမ်းမရှိ၊ ငါ အမြဲရှုံးနေသည်၊ ပုရောဟိတ် ပုဏ္ဏားကြီးမှာ စောင့်ရှောက်ထားသော မယားရှိဟန်တူသည်၊ ငါ သူ့မယား သီလကို ဖျက်ဆီးစေမည်ဟု ကြံစည်ပြီးလျှင် သေသောက်ကြူးတစ်ယောက်ကို ခေါ်စေ၍ “အမောင် ... သင့်အား ဥစ္စာ လိုသလောက် ပေးမည်၊ ပုရောဟိတ် မယားကို သီလပျက်အောင် တတ်နိုင်ပါမည်လော” ဟု မေးလေ၏။ သေသောက်ကြူးက “မှန်လှပါ၊ တတ်နိုင်ပါသည်” ဟု လျှောက်လျှင် သေသောက်ကြူးအား ဥစ္စာများစွာပေး၍ စေခိုင်းလေ၏။

သေသောက်ကြူးလည်း ပုရောဟိတ် ပုဏ္ဏားကြီးအိမ် အနီးဝယ် ပန်းနံ့သာစျေး ခင်းကျင်းလျက် ရောင်းချကာ နေလေ၏။ ပုရောဟိတ် ပုဏ္ဏားကြီး အိမ်မှာလည်း ဘုံခုနစ်ဆင့် ရှိ၍ အစောင့်အရှောက်လည်း ခုနစ်ဆင့်ပင် ထား၏။မိန်းမ အစောင့်အရှောက်သာ ရှိ၏။ ပုဏ္ဏေးမငယ်ထံသို့ အစေခံ မိန်းမကြီး တစ်ဦးသာ ဝင်နိုင်၊ ထွက်နိုင်၏။ ထိုအစေခံ မိန်းမကြီးလည်း ပုရောဟိတ် ပုဏ္ဏားကြီးထံမှ အဖိုးငွေတို့ကို ယူကာ ပန်းနံ့သာဝယ်၍ ပုဏ္ဏေးမငယ်ထံ နေ့စဉ်ပို့ရ၏။

လုံ့ခြုံစောင့်ရှောက် အကျင့်ဖောက်

အချက်ကောင်း စောင့်နေသော သေသောက်ကြူးလည်း တစ်နေ့သ၌ အစေခံ မိန်းမကြီး ပန်းဝယ်လာရာ “အမေ ... သည်လောက်ကြာအောင် ဘယ်မှာ သွားနေသနည်း” ဟု ခြေကိုဖက်၍ ငိုကြွေးလေ၏။ ထိုအခါ အစေခံ မိန်းမကြီးလည်း သေသောက်ကြူးကို သားအမှတ်ထားကာ အလွန် ချစ်လေ၏။ သေသောက်ကြူးကို သားအမှတ်ထားကာ အလွန် ချစ်လေ၏။ သေသောက်ကြူးသည ပန်းတို့ကို အလကား ပေး၏။ အစေခံ မိန်းမကြီးသည် နေ့စဉ် ပုရောဟိတ် ပုဏ္ဏားထံမှ ငွေကိုယူ၍ မိမိ သုံးစွဲပြီးလျှင် ပန်းတို့ကို အလကား ရလေ၏။ ပုဏ္ဏေးမထံ၌လည်း ပန်းတို့ကို မိမိသားထံမှ ရခဲ့သည် စသည်ဖြင့် သေသောက်ကြူး၏ ဂုဏ်ကျေးဇူးကို ခဏ ခဏ ပြောလေ၏။ ပုဏ္ဏေးမလည်း အစေခံ မိန်းမကြီးဝယ် သားရှိသည်ဟု မှတ်ထင်နေတော့၏။

သေသောက်ကြူးသည် နှစ်ရက်၊ သုးရက် လွန်သောအခါ မကျန်းမာဟန်ပြုကာ အစေခံ မိန်းမကြီးအား “အမေ ... ကျွန်တော် ပုဏ္ဏေးမကို ကြားရရုံနှင့် အလွန်မေတ္တာရှိသည်၊ မရလျှင် အသေခံတော့မည်” ဟု ပြောရာ “ချစ်သား ... မစိုးရိမ်နှင့်၊ အမေ ရအောင် ဆောင်ကြဉ်းပေးမည်” ဟု ဝန်ခံကာ ပုဏ္ဏေးမငယ်အား အကြောင်းကြားလျှင် ပုဏ္ဏေးမငယ်အား အကြောင်းကြားလျှင် ပုဏ္ဏေးမငယ်လည်း “ကျွန်မ ခွင့်ပြုပါသည် မိခင်၊ ရောက်အောင်သာ ကြံဆောင်ပြီး ပို့ပါ” ဟု ပြောလေ၏။

မိန်းမပရိယာယ် လိမ်ဉာဏ်ဆယ်

ထိုအခါ အစေခံ မိန်းမကြီးသည် သေသောက်ကြူးကို ပန်းတောင်းတွင်ထည့်ကာ အထက်က ပန်းတို့ကို ဖုံးလွှမ်းပြီး ပုဏ္ဏေးမထံ ပို့လေ၏။ ရောက်လျှင် ပုဏ္ဏားကြီးလစ်၍ အခွင့်အရတိုင်း ရတိုင်း ပျော်ပါးကာ နေကြ၏။ ပုရောဟိတ်လာသောအခါ တစ်နေရာတွင် ပုန်းအောင်းနေ၏။ တစ်ရက်၊ နှစ်ရက် ရှိသောအခါ ပုဏ္ဏေးမသည် သေသောက်ကြူးအား “အရှင် ပြန်တော့၊ ပုရောဟိတ် ပုဏ္ဏားကြီး သိလျှင် ဒုက္ခရောက်လိမ့်မည်” ဟု ပြောလေ၏။ သေသောက်ကြူးက “ကောင်းပြီ ပြန်တော့မည်၊ ငါ ပုဏ္ဏားကြီး ဦးခေါင်းကို ထောင်းချင်သေးသည်” ဟု ပြောလေ၏။

ပုဏ္ဏေးမလည်း ပုရောဟိတ် ပုဏ္ဏားကြီးအား “အရှင် ... စောင်းတီးပါ ကျွန်မ ကမည်” ဟု ပြောရာ ပုရောဟိတ် ပုဏ္ဏားကြီးသည် စောင်းကို တီးလေ၏။ ပုဏ္ဏေးမလည်း “အရှင် ကြည့်နေလျှင် ကျွန်မ ရှက်သည်” ဆို၍ အဝတ်ထူထူဖြင့် ပုရောဟိတ် ပုဏ္ဏားကြီး မျက်နှာကို စည်းပြီးလျှင် ကဟန်ပြုလျက် “ကျွန်မ ရှင့်ဦးခေါင်းကို ထောင်းလိုသည်” ဟု ပြောပြန်၏။ ပုရောဟိတ် ပုဏ္ဏားကြီးလည်း အကြံကို မသိသဖြင့် ထောင်းခွင့်ပြုသောအခါ ပုရောဟိတ် ပုဏ္ဏားကြီး ဦးခေါင်းကို တံတောင်ဖြင့် ထောင်းပြီးလျှင် ပုန်းမြဲပုန်းနေ၏။

မိန်းမကျင့်ဆိုး ဖောက်ပြန်မျိုး

ပုရောဟိတ် ပုဏ္ဏားကြီး မရှိသောအခါ သေသောက်ကြူးလည်း ပုဏ္ဏေးမထံမှ ထွက်ပြီးလျှင် မင်းကြီးထံသွား၍ အကြောင်စုံ လျှောက်ထားလေ၏။ မင်းကြီးလည်း ပုဏ္ဏေးမ သီလပျက်ကြောင်း သိလေလျှင် ပုရောဟိတ် ပုဏ္ဏားကြီး အခစားလာသောအခါ သီဆိုမြဲ သီချင်းကိုပင် သီဆိုကာ ကြွေအန် ကစားပြန်၏။ ပုရောဟိတ် ပုဏ္ဏားကြီးလည်း မိမိနိုင်နေကျ သီချင်းကိုပင် သီဆိုကာ ကစားပြန်၏။ ထိုအခါ မင်းကြီးက နိုင်၍ ပုရောဟိတ် ပုဏ္ဏားကြီး ရှုံးပြန်၏။

ထိုအခါ မင်းကြီးသည် ပုရောဟိတ် ပုဏ္ဏားကြီး အား -

“အသင် ပုဏ္ဏားကြီး . . . အသင် နိုင်တော့မည် မဟုတ်၊ ပုဏ္ဏေးမ သီလပျက်ပြီ၊ ပုဏ္ဏေးမ သယောက်လင်သည် သင့်ဦးခေါင်းကို ထောင်းသွားသေးသည် မဟုတ်လော၊ မိန်းမတို့ မည်သည်မှာ အမိဝမ်းခေါင်း အောင်းသည်မှစ၍ စောင့်ရှောက်သော်လည်း လုံခြုံအောင် မစောင့်ရှောက်နိုင်” –

ဟု မိန်းမတို့ အပြစ်ကိုပြကာ တရားဟောလေ၏။

ပုရောဟိတ် ပုဏ္ဏားကြီးလည်း အိမ်သို့ပြန်၍ ပုဏ္ဏေးမအား “သင်သည် သယောက်လင်ထားပြီး ငါ့ကို အမျိုးမျိုး လှည့်စားသည်” ဟု ပြောဆိုမောင်းမဲကာ ရိုက်ပုတ်၍ အိမ်မှ နှင်ထုတ်လေ၏။

ဤဒေသနာတော်၏ အဆုံး၌ သာသနာတော်မှ လူထွက်လိုသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မြစ်ဟူသည်လည်း၊ အကောက်ချည်း၊ တောလည်း ထင်းတို့သာ။

(၂) မိန်းမဟူသရွေ့၊ ဆိတ်ကွယ်တွေ့၊ မွေ့ကြမကောင်းမှာ။

(၃) လင်ငယ်နှင့်ပေါင်း၊ လင်းကြီးခေါင်း၊ ထောင်းစေနိပါတ်လာ။

အဏ္ဍဘူတဇာတ် ပြီး၏။

***

၆၃ - တက္ကပဏ္ဍိတဇာတ်

ခိုးသားလင်လုပ်၍ လင်ရင်း တက္ကပဏ္ဍိတအား သတ်ရန်ကြံစည်သဖြင့် မိမိပျက်စီးရသော မိန်းမယုတ် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိန်းမဟူသမျှ ထိန်းမရ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မိန်းမကို အမှီပြု၍ သာသနာတော်မှ လူထွက်လိုသော ရဟန်းတစ်ပါးရှိလေ၏။ ထိုရဟန်းကို မြတ်စွာဘုရားသည် “ချစ်သား ရဟန်း ... မိန်းမကို အမှီပြု၍ သာသနာတော်မှ အဘယ့်ကြောင့် လူထွက်လိုသနည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆော်တော်မူသတည်း။

အတိတ်ဝတ္ထု

မြစ်တွင်းမျှောလိုက် မိန်းမမိုက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ရသေ့ရဟန်းပြုကာ အင်္ဂါမြစ်နားတွင် စျာန်ဘိညာဉ်ကို ဖြစ်စေလျက် စျာန်ချမ်းသာဖြင့် နေလေ၏။

ထိုအခါ ဗာရာဏသီပြည်၌ သူဌေးသမီး တစ်ယောက်သည် ယုတ်မာ၏၊ ကြမ်းကြုတ်၏၊ ကျွန်အမှုလုပ်တို့ကို ဆဲရေးတတ်၏။ ထိုသူဌေးသမီးကို ကျွန်အမှုလုပ်တို့သည် အလွန် မုန်းတီးကုန်၏။

တစ်နေ့သ၌ ကျွန်အမှုလုပ်တို့သည် သူဌေးသမီးကို “အရှင်မ ... ရေကစားသွားမည်” ဟု ပြောဆို၍ ဂင်္ဂါမြစ်နားသို့ ခေါ်ဆောင်သွားကြကုန်၏။ ဂင်္ဂါမြစ်သို့ ရောက်၍ ရေကစားနေစဉ် နေဝင်လတ်သော် မိုးသည်းစွာ တက်လတ်၏။ ထိုအခါ မိုးမိမည်စိုး၍ သူ့ထက်ငါ ပြေးလွှားကြလေ၏။ ကျွန်အမှုလုပ်တို့လည်း ယခုအခါ အခွင့်ကောင်းရပြီဟု သူဌေးသမီးကို ရေထဲ၌ ပစ်ထားလျက် ပြေးလွှားကြကုန်၏။

ရေမျောလာသူ ကယ်ဆယ်ယူ

သူဌေးသမီးလည်း မိုးကလည်းရွာ၊ မှောင်ကလည်းမိုက်သဖြင့် မြစ်ထဲမှ မတက်နိုင်တော့ဘဲ သည်းစွာ ငိုကြွေးဟစ်အော်လျက် ရေအယဉ်တွင် မျောလေရာ သန်းခေါင်ယံသို့ ရောက်သောအခါ ရသေ့ကြီး ကျောင်းအနီးသို့ ရောက်လေ၏။

ရသေ့ကြီးလည်း သူဌေးသမီး အသံကိုကြား၍ အလွန်သနားလှသဖြင့် အသက်ကို ကယ်မည်ဟု မြက်မီးရှူးကို ညှိထွန်းပြီးလျှင် မြစ်ထဲသို့ ဆင်းကာ ဆယ်ယူခဲ့၍ ကျောင်းသင်္ခမ်း၌ နေစေလျက် မီးလှုံစေပြီးလျှင် ချိုမြိန်သော သစ်သီးတို့ကို ပေးလေ၏။ အကြောင်းစုံ မေးမြန်း၍ သိရှိသောအခါ သူဌေးသမီးကို ကျောင်းသင်္ခမ်း၌ပင် အိပ်စေလျက် မိမိမူကား လွင်တီးခေါင်၌ပင် အိပ်လေ၏။

ရသေ့ဖျက်ဆီး သူဌေးသမီး

နှစ်ရက်၊ သုံးရက် လွန်လျှင် ရသေ့ကြီးသည် သူဌေးသမီးအား “နှမ ... မိန်းမနှင့် ရသေ့ အတူနေ၍ မလျော်၊ နေရပ်သို့ ပြန်လော့” ဟု ဆိုလေလျှင် သူဌေးသမီးသည် ရသေ့ကြီးကို သီလ ဖျက်ဆီးကာ ယူဆောင်မည်ဟု ကြံစည်လျက် မသွားဘဲ နေလေ၏။

ညဉ့်အခါရောက်လျှင် မိမိ မိန်းမတို့ အမူအရာဖြင့် ဖြားယောင်း၍ သီလကို ဖျက်ဆီးလေ၏။ စျာန်အဘိညာဉ် ကိုလည်း ကွယ်ပျောက်စေ၏။

ရသေ့ကြီးလည်း သီလပျက်သဖြင့် သူဌေးသမီးကို ယူပြီးလျှင် ပစ္စန္တရာဇ်ရွာငယ်တစ်ခုတွင် ရွာတံခါးအနီးဝယ် အိမ်ဆောက်လျက်နေ၏။ ရက်တက်ကို ရောင်း၍ အသက်မွေးသဖြင့် လူအများတို့သည် ရသေ့ကြီးကို တက္ကပဏ္ဍိတဟု ခေါ်ကြကုန်၏။ ရွာငယ်သားတို့သည် “အကြောင်း တစ်စုံ တစ်ရာရှိလျှင် ငါတို့အား သတင်းကား ပြောကြားပါ” ဟု ရိက္ခာပေး၍ သတင်းထောက်အဖြစ် ထားကြကုန်၏။

ခိုးသားခေါ်သွား ချစ်မယား

တစ်နေ့သ၌ သူခိုးတို့သည် တော်ပေါ်မှ ဆင်းသက်ကာ ရွာငယ်သို့လာ၍ ပစ္စည်းဥစ္စာတို့ကို လုယက်ယူငင်ပြီးလျှင် ရွာသားတို့ကိုပင် ထမ်းပိုး လိုက်ပို့စေလျက် သူဌေးသမီးကိုလည်း ခေါ်ဆောင်ကာ သွားကြကုန်၏။ မိမိတို့နေရာသို့ရောက်လျှင် သူဌေးသမီးကို ချန်လှပ်ကာ ကြွင်းသမျှရွာသားတို့ကို လွှတ်လိုက်ကုန်၏။ သူဌေးသမီးကိုကား သူခိုးဗိုလ်ကြီးက သိမ်းပိုက်ကာ မယားပြု၍ ထားလေ၏။

တက္ကပဏ္ဍိတလည်း ပြန်လာသူတို့အား အကျွန်ုပ်မယား ဘယ်မှာနည်းဟု မေးလျှင် သူခိုးဗိုလ်ကြီးက မယားပြုထားကြောင်း ပြောသော်လည်း ငါ့မယားကား သူခိုးတို့ထံ တာရှည်နေနိုင်မည် မဟုတ်၊ ငါ့ကို မဖြတ်နိုင် တစ်နေ့နေ့ မုချ ပြန်လာလိမ့်မည်ဟု မျှော်လင့်၍သာ နေနှင့်၏။

လင်ကြီး သတ်ရန် အကောက်ကြံ

သူဌေးသမီးလည်း ငါ့မှာ သူခိုးဗိုလ်ကြီးထံ နေရသည်မှာ အလွန်ချမ်းသာလှသည်၊ အကယ်၍ တက္ကပဏ္ဍိတ ပြန်ခေါ်လျှင် ဆင်းရဲရတော့မည်၊ သို့အတွက် လွမ်းဆွတ်ယောင်ဆောင်ကာ တက္ကပဏ္ဍိတကို အမြန်လာခေါ်ပါဟု လူကြုံကို မှာကြား၍ ပြန်အခေါ်လာသောအခါ သူခိုးဗိုလ်ကြီးကို အသတ်ခိုင်းရလျှင် ကောင်းမည်ဟု ကြံစည်လျက် ပြန်အခေါ်လာရန် လူကြုံကို မှာကြားလိုက်၏။

တက္ကပဏ္ဍိတလည်း မယားထံမှ သတင်းစားကို ကြားလျှင် ယုံကြည်၍ သူခိုးဗိုလ်ကြီး နေရာအရပ်သို့ သွားပြီးလျှင် ရွာတံခါးမှ စောင့်ဆိုင်းကာ မယားထံ သတင်းစကားပို့လိုက်၏။ သူဌေးသမီးလည်း သတင်းကြား၍ ထွက်လာပြီးလျှင် တက္ကပဏ္ဍိတအား “အရှင် ... ယခုသွားလျှင် ငါတို့ နှစ်ယောက်လုံး သူခိုးဗိုလ်ကြီး လိုက်သတ်၍ သေကြမည်၊ ညဉ့်အခါမှာ သွားရအောင်” ဟု တိုင်ပင်ကာ ထမင်းကျွေးပြိး တဲအုံတစ်ခုတွင် ထားလေ၏။

ခိုးမှူးစစ်ကြော နောက်ကြောင်းပြော

သူဌေးသမီးသည် ညနေချမ်းအခါ သေရည်သောက်၍ မူးယစ်နေသော သူခိုး ဗိုလ်ကြီးကို ခေါ်၍ ဤတဲအုံအတွင်းမှာ မိမိရန်သူရှိကြောင်း ပြောကြားလျှင် တက္ကပဏ္ဍိတကို ဖမ်းဆီးချုပ်နှောင်လျက် အိမ်သို့ ဆောင်ယူ၍ ရိုက်နှက်ပုတ်ခတ်လေ၏။ ထိုအခါ တက္ကပဏ္ဍိတသည် တခြားစကားကို မပြောမဆိုဘဲ မိန်းမမည်သည် -

(၁) အမျက်ထွက်တတ်သည်။

(၂) သူ့ကျေးဇူးကို မသိတတ်။

(၃) ချောပစ်ကုန်းတိုက်တတ်သည်။

(၄) အဆွေခင်ပွန်းကောင်းကို ပြစ်မှားတတ်သည်။

ဟု ဤစကား လေးခွန်း ကိုသာ ပြောဆိုမြည်တမ်းလေ၏။

ရိုက်နှက်ပုတ်ခတ်တိုင်း ဤစကား လေးခွန်းကိုသာ ပြောဆို မြည်တမ်းဖန်များလျှင် သူခိုးဗိုလ်ကြီးသည် မုချအကြောင်းတစ်စုံတစ်ရာ ရှိလိမ့်မည်ဟု စဉ်းစားကြံစည်လျက် တက္ကပဏ္ဍိတအား “ အမောင် ... အမောင်ကား ရိုက်နှက်ပုတ်ခတ်တိုင်း တခြားစကားကို မဆို၊ ဤစကားလေးခွန်းသာ ဆိုသည်မှာ အကြောင်း အဘယ်သို့ ရှိသနည်း” ဟု မေးလေ၏။

ထိုအခါ တက္ကပဏ္ဍိတသည် သူခိုးဗိုလ်ကြီးအား မြစ်ထဲမှ ဆယ်ယူကာ အသက်ကို ကယ်ခဲ့သည်မှ သူခိုးဖမ်းသွား၍ လာခေါ်ပါ မှာလိုက်သည်တိုင်အောင် သဌေးသမီး အကြောင်းစုံကို ပြောပြလေ၏။

ကျေးဇူးရှင်ဖျက် မိမိပျက်

သူခိုးဗိုလ်ကြီးလည်း အကြောင်းစုံကို သိရလျှင် “ဤမိန်းမကား အသက်ကိုကယ်၍ ပေါင်းသင်းသူ ချစ်လင်ကိုပင် သည်မျှလောက် ရက်ရက်စက်စက် ပြုဝံ့သည်၊ ငါ့ကိုလည်း တစ်နေ့ကျလျှင် မုချ ရက်ရက်စက်စက် ပြုလိမ့်မည်၊ ဤမိန်းမကို သတ်ပစ်မှတော်မည်”ဟု စဉ်းစားကြံစည်ပြီးလျှင် တက္ကပဏ္ဍိတကို နှစ်သိမ့်စေလျက် မိန်းမကို အိပ်ရာမှနှိုး၍ သန်လျက်ကိုယူပြီးလျှင် ရွာပြင်ဘက်သို့သွား၍ တက္ကပဏ္ဍိတကို ခုတ်သတ်မည်အယောင်ဖြင့် မိန်းမယုတ်ကို ခုတ်သတ်၍ ဦးခေါင်းဆေးလျှော်ပြီးလျှင် တက္ကပဏ္ဍိတကိုခေါ်၍ အိမ်သို့ ပြန်လာကြ၏။ နှစ်ရက်၊ သုံးရက် နေပြီးလျှင် လူ့ဘောင်၌ အပြစ်ကိုမြင်လျက် နှစ်ဦးလုံး တောထွက်၍ ရဟန်းပြုကာ စျာန်အဘိညာဉ်ကို ဖြစ်စေလျက် သေသည်အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ လားကြရကုန်၏။

ဤဒေသနာတော် အဆုံး၌ သာသနာတော်၌ ငြီးငွေ့၍ လူထွက်ချင်သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သူခိုးဗိုလ်ကြီးသည် ယခုအခါ - အာနန္ဒာ။

တက္ကပဏ္ဍိတသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အမျက်ထွက်ဘိ၊ မိုက်မဲဘိ၊ မသိကျေးဇူးတွေ။

(၂) အဆွေပြစ်မှား၊ ကုန်းတိုက်ငြား၊ ယုတ်ငြားမိန်းမတွေ။

(၃) မြေလျှိုးမိုးပျံ၊ ဘိညာဉ်, စျာန်၊ မကျက်ဖျက်နိုင်ပေ။

တက္ကပဏ္ဍိတဇာတ် ပြီး၏။

***

၆၄ - ဒုရာဇာနဇာတ်

ကျွန်ကဲ့သို့ တစ်မျိုး၊ သခင်ကဲ့သို့ တစ်ဖုံ မိမိမယား၏ ပြုမူပုံ ဆန်းကြယ်လှသဖြင့် မယုံသင်္ကာ ဖြစ်နေသော ပုဏ္ဏားလုလင် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိန်းမယုတ်ကျင့်မြဲ သိခက်ခဲ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရတနာသုံးကို ဆည်းကပ်မြတ်နိုးလျက် သရဏဂုံသီလ၌ တည်သော သီတင်းသည်တစ်ယောက် ရှိလေ၏။ ထိုသီတင်းသည်၏ မယားကား သီလ မရှိ၊ ယုတ်မာသောအကျင့် ရှိ၏။

ယုတ်မာသောအကျင့်ကို ကျင့်သောနေ့ဝယ် ငွေဝယ်ကျွန်မပမာ နူးညံ့ပြေပြစ်လျက် မကျင့်သောနေ့ဝယ် တင်းမာကြမ်းကြုတ်လှ၏။ သီတင်းသည်ကား မိန်းမအလိုကို မသိလေ။ မယား နှိပ်စက်သဖြင့် ခုနစ်ရက်၊ ရှစ်ရက် မြတ်စွာဘုရားထံ အခစား မရောက်နိုင်ဘဲ ရှိလေ၏။

တစ်နေ့သ၌ မြတ်စွာဘုရားထံ ရောက်၍ မိမိမယား အကြောင်းကို လျှောက်ထားရာ မြတ်စွာဘုရားက “သီတင်းသည် ... မိန်းမတို့အလိုကို သိနိုင်ခဲသည်၊ သိနိုင်ခဲကြောင်း ရှေးပညာရှိတို့လည်း ပြောဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မိန်းမကျင့်ပျက် သိနိုင်ခက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဒိသာပါမောက္ခ ဆရာကြီးဖြစ်၍ တပည့် ငါးရာတို့အား ပညာသင်ကြားလျက် ရှိ၏။ ထိုတပည့်ငါးရာတို့တွင် ပုဏ္ဏားလုလင် တစ်ယောက်ကား ပညာသင်ကြားရင်းပင် မိန်းမတစ်ယောက်၌ တပ်စွန်းသောစိတ်ရှိ၍ မယားပြုလျက် ဗာရာဏသီပြည်မြို့ မှာပင် နေလေ၏။

ထိုပုဏ္ဏားလုလင်၏ မယားကား သီလမရှိ၊ ယုတ်မာသော အကျင့်ရှိ၏။ ထိုမယားသည် ယုတ်မာသော အကျင့်ကို ကျင့်သောနေ့ဝယ် ငွေဝယ်ကျွန်းမကဲ့သို့ လင်ယောကျ်ားအပေါ်မှာ သာယာနူးညံ့၏၊ ပြေပြစ်၏၊ မကျင့်သောနေ့၌ကား သခင်မပမာ တင်းမာကြမ်းကြုတ်လှ၏။ ထိုပုဏ္ဏားလုလင်မှာ မယား၏ အလိုကို မသိ၊ အကျင့်စာရိတ္တ ဖောက်ပြန်သေည်ကို မသိလေ။ မယားနှိပ်စက်သဖြင့် ခုနစ်ရက်၊ ရှစ်ရက် တိုင်အောင်ပင် ဆရာကြီးထံ အခစား မရောက်နိုင်ဘဲ ရှိလေ၏။

ယုတ်မာ တစ်လှည့် လိမ်ဉာဏ် တစ်လှည့်

ခုနစ်ရက်၊ ရှစ်ရက် အလွန်တွင် ဆရာကြီးထံရောက်၍ ဆရာကြီးသည် တပည့်လုလင်အား “ အမောင် ... အဘယ်ကြောင့် ငါ့ထံသို့ ခုနစ်ရက်၊ ရှစ်ရက် တိုင်အောင် အခစား မရောက်သနည်း” ဟု မေးလေ၏။ ထိုအခါ တပည့်လုလင်သည် ဆရာကြီးအား “ဆရာ ... ကျွန်တော့်အား မယားနှိပ်စက်၍ မရောက်နိုင်ပါ၊ ကျွန်တော့်မယားကား တစ်နေ့ဝယ် ငွေဝယ်ကျွန်မကဲ့သို့ နူးညံ့ပြေပြစ်လှ၏၊ တစ်နေ့ဝယ် သခင်မပမာ ခက်ထန်ကြမ်းကြုန်လှ၏၊ ၎င်း၏ အလိုကို အကျွန်ုပ်မသိနိုင်ပါ၊ တစ်နေ့ တစ်မျိုး ဖြစ်နေပါသည်” ဟု ပြောဆိုလေ၏။

ရေငါးပမာ ဆုံးမရှာ

ထိုအခါ ဆရာကြီးသည် တပည့်လုလင်အား “အမောင် ... အမောင်ပြောတိုင်းမှန်လျှင် အမောင့်မယားကား ယုတ်မာသော အကျင့်ကို ကျင့်သောနေ့ဝယ် သင့်ကို မျက်နှာချိုသွေးကာ နူးညံ့ပြေပြစ်သည် ဖြစ်လိမ့်မည်၊ မကျင့်သောနေ့၌ကား မာနခက်ထန်ကာ လင်ကို မရိုမသေ ခက်ထန်ကြမ်းကြုတ်သည် ဖြစ်လိမ့်မည်၊ စင်စစ် သင့်မယားကား ယောကျ်ားတစ်ပါးနှင့် မွေ့လျော်ကာ ယုတ်မာသော အကျင့်ရှိသည် ဖြစ်လိမ့်မည်” ဟု ပြောဆိုပြီးလျှင် တပည့်လုလင်အား -

“တပည့် ... မိန်းမ မည်သည်မှာ သီလ မရှိ၊ ယုတ်မာသော အကျင့်ရှိ၏။ သို့အတွက် နူးညံ့ပြေပြစ်သောအခါ၌လည်း မသာယာနှင့်၊ ခက်ထန်ကြမ်းကြုန်သော အခါ၌လည်း စိတ်မဆင်းရဲနှင့်၊ ရေတွင် နေသော ငါး၏ သွားရာ လမ်းခရီးကို မသိနိုင်သကဲ့ဝသို့ မိန်းမတို့အလိုကို သိနိုင်ခဲ၏၊ လျစ်လျူရှု၍သာနေလေ” - ဟု တရားဟောကာ အဆုံးအမ ပေးလေ၏။

သံဝေဂရ တရားကျ

တပည့လုလင်လည်း ထိုအခါမှစ၍ ဆရာကြီး၏ အဆုံးအမ၌ တည်လျက် မိန်းမတိုပအပေါ်မှာ လျစ်လျူရှု၍ သာ နေတော့၏။ ယားလည်း ဆရာကြီးသည် ငါ သီလ မရှိသည့်အဖြစ်ကို သိသတ်ဟု ထိတ်လန့်ကာ ထိုအခါမှစ၍ ယုတ်မာသော အကျင့်ကို မကျင့်တော့ပေ။

ဤဒေသနာတော်၏ အဆုံး၌ သီတင်းသည်လည်း သောတာပတ္တိဖိုလ်၌ တည်လေ၏။ သီတင်းသည် မယားလည်း ငါ သီလမရှိသည်ကို မြတ်စွာဘုရားပင် သိတော်မူတတ်ဟု သတိသံဝေဂရလျက် ထိုနေ့မှစ၍ ယုတ်မာသောအကျင့်ကို မကျင့်တော့ဘဲ အကျင့်သီလနှင့် ပြည့်စုံလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လင်မယားသည် - ယခုအခါ သီတင်းသည် လင်မယား။

ဒိသာပါမောက္ခဆရာကြီးသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) နူးညံ့သောဖြစ်၊ ကြမ်းတမ်းဖြစ်၊ မုန်း, ချစ် မထားရာ။

(၂) မိန်းမလိုကား၊ သိခက်ငြား၊ ငါးလမ်းဥပမာ။

ဒုရာဇာနဇာတ် ပြီး၏။

***

၆၅ - အနဘိရတိဇာတ်

မိန်းမတို့အရပ် ငါးဌာနနှင့် တူကြောင်းပြ၍ ဆရာက ဆုံးမသဖြင့် ငြီးငွေ့သော ပုဏ္ဏားအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိန်းမတွင်းသဘော ထုတ်ဖော်ဟော

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သရဏဂုံသီလ၌ တည်သော သီတင်းသည်တစ်ယောက် ရှိသတတ်။ ထို သီတင်းသည် မယားကား သီလ မရှိ၊ ယုတ်မာ၏။

ထိုသီတင်းသည်သည် မယားကို စုံစမ်းလတ်သော် ယုတ်မာသောအကျင့်ကျင့်နေသည်ကို သိသဖြင့် အမျက်ထွက်ကာ မြတ်စွာဘုရားထံ ခုနစ်ရက်၊ ရှစ်ရက် မခစားဘဲ နေလေ၏။ နောက်အခါ မြတ်စွာဘုရားထံရောက်၍ မေးတော်မူရာ အကြောင်းစုံ လျှောက်ထားလတ်သော် “သီတင်းသည် ... မိန်းမတို့မည်သည် သီလ မရှိကုန်၊ ယုတ်မာသော အကျင့်ရှိကုန်၏။ အမျက်မထွက်ရာ၊ လျစ်လျူရှု၍သာ နေရမည်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မယားကျင့်ပျက် စိတ်နှောင့်ယှက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဒိသာပါမောက္ခဆရာကြီးဖြစ်၍ တပည့်ငါးရာတို့ကို ပညာသင်ကြားလျက် နေ၏။

ထိုအခါ တပည့်တစ်ယောက်သည် မိမိမယား သီလမရှိ၊ ယုတ်မာသောအကျင့် ကျင့်နေသည်ကို သိသဖြင့် အမျက်ထွက်၍ စိတ်အနှောင့်အယှက်ဖြစ်ကာ ဆရာကြီးထံ နှစ်ရက်၊ သုံးရက် မဆည်းကပ်ဘဲ နေခဲ့၏။

ငါးရပ်နှိုင်းပြ ဆိုဆုံးမ

တစ်နေ့သ၌ ဆရာကြီးထံ အဆည်းကပ် အခစားရောက်ပြန်ရာ ဆရာကြီးက မေးလျှင် အကြောင်းစုံ ပြောကြားသော အခါ “အမောင် ... မိန်းမတို့ကို အမျက်မထွက်နှင့်” ဟု ပြောဆိုပြီးလျှင် တစ်ဖန် -

“အမောင် ... လောက၌ မြစ်၊ ခရီးလမ်း၊ သေတင်းကုပ်၊ ဇရပ်၊ ရေအိုးစင်တို့မှာ လူအများနှင့် ဆက်ဆံသကဲ့သို့ မိန်းမတို့မှာလည်း လူအများနှင့် ဆက်ဆံကုန်၏။ ပညာရှိတို့ကား မိန်းမတို့၌ အမျက်ထွက်ခြင်းကို ပြုလေ့မရှိကုန်”

ဟု တပည့်အား တရားဟောကာ အဆုံးအမပေးလေ၏။

ယုတ်မာမှုဖျောက် သီလစောင့်

ထိုတပည့်လုလင်လည်း ဆရာကြီးအဆုံးအမ၌တည်၍ မိန်းမကို အမျက်မထွက်၊ လျစ်လျူရှု၍သာ နေလေ၏။ မယားလည်း ငါ၏အကြောင်းကို ဆရာကြီးပင် သိချေပြီဟု သတိသံဝေဂဖြစ်ကာ ယုတ်မာသော အကျင့်ကို မကျင့်တော့ပေ။ မိန်းမကောင်း ဖြစ်၍လာလေသည်။

ဤဒေသနာတော်၏အဆုံး၌ သီတင်းသည်လည်း သောတာပတ္တိဖိုလ်၌ တည်လေ၏။ သီတင်းသည် မယားလည်း ငါ့အကြောင်းကို မြတ်စွာဘုရားပင် သိချေပြီဟု သတိသံဝေဂဖြစ်ကာ ယုတ်မာသော အကျင့်ကို မကျင့်တော့ဘဲ သရဏဂုံသီလ၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လင်မယားသည် - ယခုအခါ သီတင်းသည် လင်မယား။

ဒိသာပါမောက္ခဆရာကြီးသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မြစ်နှင့်ခရီး၊ သေတဲမှီး၊ တစ်သီးဇရပ်သာ။

(၂) ရေအိုးစင်များ၊ လူတိုင်းသွား၊ မခြားမိန်းမမှာ။

(၃) အမျက်မပြု၊ လျစ်လျူရှု၊ နယုပညာဝါ။

အနဘိရတိဇာတ် ပြီး၏။

***

၆၆ - မုဒုလက္ခဏဇာတ်

ကပိုကရို ဖြစ်နေသည့် မုဒုလက္ခဏ မိဖုရားကြီးကိုမြင်၍ ကိလေသာအုံကြွသဖြင့် စျာန်လျှောပြီး အလွန်စွဲမက်နေသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

စိတ်လမ်းမချမ်း တဏှာ့စွမ်း

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကမ္မဋ္ဌာန်းကို လက်မလွှတ်ဘဲ အမြဲပွားများ အးထုတ်နေလေ့ရှိသော သာဝတ္ထိမြို့သား ရဟန်းတစ်ပါး ရှိလေ၏။ ထိုရဟန်းသည် တစ်နေ့သ၌ မြို့တွင်းသို့ ဆွမ်းခံသွားရာ ဖြီးလိမ်းဝတ်ဆင်ထားသည့် မိန်းမတစ်ယောက်ကို ကြည့်မိသဖြင့် ကိုယ်တွင်းရှိ ကိလေသာတို့ ထကြွသောင်းကျန်းကာ သာသနာတော်၌ မပျော်မွေ့ဘဲ စိတ်လက်မချမ်းသာ တစ်ကိုယ်လုံး ညစ်နွမ်းလျက် နေလေ၏။

ထိုအခါ ရဟန်းတို့သည် မြတ်စွာဘုရားထံ ဆောင်ယူကာ အကြောင်းစုံကို လျှောက်ထားကြလေလျှင် မြတ်စွာဘုရားသည် “ချစ်သားရဟန်း ... သင်သည် အဘယ်ကြောင့် ဝိသဘာဂ မိန်းမအာရုံကို ဣန္ဒြေဖျက်၍ ကြည့်ရှုဘိသနည်း၊ ရှေးအခါ စျာန်အဘိညာဉ်ဖြင့် စင်ကြယ်စွာနေသော ရသေ့ကြီးပင်လျှင် ဝိသဘာဂ မိန်းမအာရုံကို ဣန္ဒြေဖျက်၍ ကြည့်မိသည့်အတွက် စျာန်အဘိညာဉ် ပျောက်ကွယ်လျက် ဆင်းရဲဒုက္ခကို ခံရဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဥယျာဉ်မှီလေ့ တရားမွေ့

လွန်လေပြီးသောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ကာသိတိုင်းသား ပုဏ္ဏားလုလင် တစ်ယောက်သည် ကာမဂုဏ်ကို စွန့်ခွာလျက် ရသေ့ ရဟန်းပြုကာ ဟိမဝန္တာအရပ်ဝယ် စျာန်အဘိညာဉ်ကို ဖြစ်စေလျက် စျာန်းချမ်းသာဖြင့် နေလေ၏။

တစ်ရံသောအခါ ထိုရသေ့သည် ချဉ်၊ ဆား မှီဝဲရန် ဟိမဝန္တာအရပ် ခွာခဲ့၍ ဗာရာဏသီသို့ကြွကာ မင်းဥယျာဉ်၌ တည်ခိုးလျက် နံနက်အခါ မြို့တွင်းသို့ ဆွမ်းခံကြွသည်ရှိသော် မင်းအိမ်တံခါးသို့ ရောက်လေ၏။

မင်းကြီးလည်း ရသေ့ကိုမြင်လျှင် ကြည်ညို၍ နန်းတော်သို့ ပင့်ဆောင်ကာ ဆွမ်းဘောဇဉ်တို့ကို ကပ်လှူကျွေးမွေး၍ ဆွမ်းအနုမောဒနာ တရားအဆုံးဝယ် ဥယျာဉ်တော်၌ အမြဲ သီတင်းသုံးရန် လျှောက်ထားလေ၏။ ရသေ့လည်း ဝန်ခံကာ မင်းကြီး ဥယျာဉ်တော်မှာပင် နေထိုင်လျက် မင်းကြီးအိမ်တွင် ဆွမ်းဘုဉ်းပေးသည်မှာ တစ်ဆယ့်ခြောက်နှစ်တိုင်အောင် ကြာမြင့်လေ၏။

အချိန်တန်က နန်းတော်ကြွ

တစ်နေ့သ၌ မင်းကြီးသည် ပုန်ကုန်သောင်းကျန်းသော ပစ္စန္တရာဇ်ကို ငြိမ်းအေးစေရန် စစ်သည်ဗိုလ်ပါနှင့် သွားမည်အပြုတွင် ရသေ့အား အရိုအသေ လုပ်ကျွေးနှင့်ရန် မုဒုလက္ခဏာ မိဖုရားကြီးအား မှာထားလေ၏။

မုဒုလက္ခဏ မိဖုရားကြီးလည်း ဆွမ်းအာဟာရတို့ကို စီမံကာ ရေချိုးပြီး အဝတ်တန်ဆာဆင်ယင်လျက် အိပ်ရာငယ် တစ်ခုဝယ် အိပ်၍ ပြတင်းပေါက်မှ ကြည့်ရှုလျက် ဆရာရသေ့အလာကို မျှော်လင့်နေ၏။ ရသေ့လည်း အချိန်တန်လျှင် ဆွမ်းဘုဉ်းပေးရန် မင်းကြီးနန်းတော်သို့ စျာန်ဖြင့်ကြွလေ၏။

ကိလေစွမ်းရည် စျာန်လျှောပြီ

မိဖုရားကြီးလည်း လျှော်တေသံကြား၍ ဆရာရသေ့လာပြီဟု သိသဖြင့် နေရာမှလျင်စွာထလတ်သော် ပြေပြစ်ချောမွေ့လှသော အဝတ်သည် ကိုယ်မှ လျှောကျခဲ့၏။ ထိုအခါ ရသေ့လည်း ပြတင်းပေါက်မှ ဝင်ခိုက်ကြုံသဖြင့် မိဖုရားကြီး ကြည့်လိုက်မိရာ ကိုယ်တွင်းရှိ ကိလေသာတို့သည် အခါအခွင့်ရသဖြင့် ထကြွသောင်းကျန်းလျက် စျာန်အဘိညာဉ် ပျောက်ကွယ်သဖြင့် အတောင်ကျိုးသော ကျီးငှက်ပမာ ဖြစ်လေ၏။ သို့အတွက် နန်းတော်တွင် ဆွမ်းမဘုဉ်းပေးတော့ဘဲ ရပ်လျက်သာ ခံယူပြီးလျှင် ကောင်းကင်ခရီးဖြင့် မကြွနိုင်တော့သဖြင့် ခြေကျင်ခရီးဖြင့်ပင် ဥယျာဉ်တော်သို့ ကြွပြီးလျှင် ကျောင်းတွင်းရှိ ခုတင်အောက်သို့ ဆွမ်းသပိတ်ကို ထား၍ ခုတင်ပေါ်တွင် လျောင်းစက်လူးလဲကာ ကိလေသာမီး တောက်လောင်လျက် ဆွမ်းအာဟာရကိုပင် သတိမရတော့ဘဲ ခုနစ်ရက်တိုင်အောင် နေခဲ့လေ၏။

မိဖုရားပေးကာ ရသေ့ဆရာ

မင်းကြီးလည်း ပစ္စန္တရာဇ်ကို ငြိမ်းအေးစေပြီး ပြန်လာသည်ရှိသော် မြို့သို့ရောက်၍ နန်းတော်သို့ မဝင်သေးဘဲ အရှင်မြတ်ကို ဖူးမြော်ဦးမည်ဟု ဥယျာဉ်တော်သို့ သွားလတ်သော် လျောင်းစက်နေသော ရသေ့ကိုမြင်လျှင် တစ်စုံတစ်ရာ စိတ်မချမ်းသာမှု ဖြစ်နေလိမ့်မည်ဟု ကြံစည်ကာ ဆရာရသေ့အား -

“အရှင်ဘုရား ... တစ်စုံတစ်ရာ စိတ်မချမ်းသာဖွယ် ရှိပါသလော” ဟု လျှောက်လေ၏။

“အရှင်မင်းကြီး ... ငါ့အား တစ်ပါးသော စိတ်မချမ်းသာဖွယ် မရှိပါ၊ ကိလေသာအစွမ်းဖြင့် တပ်စွန်းသောစိတ် ဖြစ်နေသည့်အတွက် မချမ်းသာပါ” ဟု ဆိုလေရာ -

“အရှင်ဘုရား ... ဘယ်သူ့ကို တပ်စွန်းပါသနည်း” ဟု တစ်ဖန် လျှောက်ပြန်၏။

“အရှင်မင်းကြီး ... မုဒုလက္ခဏာ မိဖုရားကြီးကို တပ်စွန်းမိပါသည်” ဟု ပြောသောအခါ -

“အရှင်ဘုရား ... ကိစ္စမရှိပါ၊ ယခုပင် ရစေမည်” ဟု ဆို၍ ဆရာရသေ့ကိုခေါ်ကာ နန်းတော်သို့ ဝင်လေ၏။

နန်းတော်သို့ရောက်လျှင် မိဖုရားကြီးကိုခေါ်၍ “မိဖုရားကြီး ... သင်၏ ပရိယာယ်အစွမ်းဖြင့် အရှင်မြတ်ကို ကြပ်ကြပ် စောင့်ရှောက်ပါ” ဟု မှာထားပြီးလျှင် တန်ဆာဆင်စေလျက် မိဖုရားကြီးကို ဆရာရသေ့အား ပေးလေ၏။

ကိစ္စများလှ လူ့ဘဝ

ထိုအခါ ရသေ့နှင့် မိဖုရားကြီးတို့သည် နန်းတော်မှအဆင်းလျက် တံခါးမှ ထွက်သောအခါ မိဖုရားကြီးသည် ရသေ့အား “အရှင် ... နေစရာအိမ် မရှိသေးပါ၊ မင်းကြီးထံ သွား၍ တောင်းချေပါ” ဟု ခိုင်းလေလျှင် မင်းကြီးထံ သွားတောင်းသောအခါ အိမ်သာဟောင်းတစ်ခုကို ပေးလေ၏။ မိဖုရားကြီးလည်း အညစ်အကြေးတို့ကို သုတ်သင်ခိုင်းပြန်၏။ ရသေ့လည်း မင်းကြီးထံ ပေါက်တူး တောင်း၍ သုတ်သင် ရှင်းလင်းရပြန်၏။ နောက် နွားချေးယူ၍ လိမ်းကျံရပြန်၏။ နောက် ညောင်စောင်း၊ အင်းပျဉ်၊ အိပ်ရာခင်း၊ သောက်ရေအိုး၊ ရေခပ်အိုး၊ တစ်ခုစီ တစ်ခုစီ ခိုင်းသဖြင့် တစ်ခုစီ တစ်ခုစီ ယူဆောင်ရပြန်၏။ နောက် သောက်ရေ၊ ချိုးရေ ခပ်ရပြန်၏။ အိပ်ရာခင်းရပြန်၏။

နောက် အိပ်ရာ၌ အတူထိုင်ကာ မိဖုရားကြီးသည် ရသေ့ကို မုတ်ဆိတ်ကျင်စွယ်တို့၌ ကိုင်ဆွဲကာ “သင်ကား ရဟန်း၏ အဖြစ်၊ ရဟန်း၏ ချမ်းသာကို မသိသူ ဖြစ်သည်” ဟု ပြောဆိုကာ မိမိရှေ့သို့ရောက်အောင် ငင်လေ၏။

တရားဆင်ခြင်ကာ တောထွက်ရှာ

ထိုအခါ ရသေ့သည် နိက္ခမ ဓာတ်ခံ အားကြီးသူ ဖြစ်သည့်အတိုင်း သတိသံဝေဂရလျက် -

“ဩော် ... ငါကား ကိလေသာအလိုသို့ လိုက်မိ၍ ဤမျှလောက် မိုက်မဲခြင်း ဖြစ်ရသည်၊ ပညာ မျက်စိ ကန်းခြင်း ဖြစ်ရသည်၊ ကိလေသာ တဏှာပွားခဲ့သော် အပါယ်လေးပါး၌ နစ်မြုပ်ကာ ခေါင်းပေါ်တော့မည် မဟုတ်၊ ဤမုဒုလက္ခဏာ မိဖုရားကြီးကို မင်းကြီးထံ ပြန်အပ်ကာ တောထွက်တော့မည်” –

ဟု ကြံစည်ကာ မိဖုရားကြီးကို ခေါ်၍ မင်းကြီးထံ သွားပြီးလျှင် “အရှင်မင်းကြီး ... သင့်မိဖုရားကြီးကို ငါ အလိုမရှိတော့ပြီ၊ ထိုမိဖုရားကြီး အတွက် ငါ့မှာ တဏှာပွားသည်၊ ပြန်၍ယူပါ” ဟု အပ်နှင်းပြီးလျှင် ခဏချင်း စျာန်၊ အဘိညာဉ်ကို ဖြစ်စေလျက် ကောင်းကင်၌နေ၍ မင်းကြီးအား တရားဟောကာ အဆုံးအမပေးပြီးလျှင် ဟိမဝန္တာသို့ သွားလေ၏။ တစ်ဖန် လူတို့နေရာသို့ သေလွန်သည့် အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ လားရလေ၏။

ဤဒေသနာတော်၏ အဆုံး၌ သာသနာတော်မှ လူထွက်လိုသော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်ကာ ရဟန္တာအဖြစ်သို့ ရောက်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းကြီးသည် - ယခုအခါ အာနန္ဒာ။

မုဒုလက္ခာ မိဖုရားကြီးသည် - ဥပ္ပလဝဏ်။

ရသေ့ကြီးသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ခိုင်းတိုင်းပြုပြန်၊ တဏှာ့ကျွန်၊ အလွန်မိုက်မဲလှ။

(၂) မိန်းမနှင့်တွေ့၊ စျာန်ရသေ့၊ မူးမေ့သက်လျောရ။

မုဒုလက္ခဏဇာတ် ပြီး၏။

***

၆၇ - ဥစ္ဆင်္ဂဇာတ်

မင်းပြစ်သင့်နေသော လင်နှင့်သားကို မတောင်းဘဲ မောင်ကိုသာ အလိုရှိကြောင်း လျှောက်ထား တောင်းဆိုသော မိန်းမပညာရှိအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ခိုးသူထင်မှတ် မင်းထံအပ်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလတိုင်း ဇနပုဒ် ရွာငယ်တစ်ခုဝယ် မိန်းမပညာရှိတစ်ယောက် ရှိလေ၏။ ထိုမိန်းမပညာရှိ အထံ၌ လင်၊ သား၊ မောင် ဟူ၍ အတူနေ သုံးယောက်တို့ ရှိကြကုန်၏။

အခါတစ်ပါး၌ ထို သား၊ လင်၊ မောင် သုံးယောက်တို့သည် တောအုပ်တစ်ခုအနီးဝယ် လယ်ထွန်လျက် နေကြကုန်၏။ ထိုအခါ တောအုပ်အတွင်းဝယ် သူခိုးတို့သည် လူတို့ဥစ္စာကို လုယက်ကာ ပြေးကြကုန်၏။

လူတို့သည် သူခိုးတို့ကို ရှာဖွေမရကုန်လတ်သော် လယ်ထွန်းသမား သုံးယောက်တို့ထံသွားကာ “သင်တို့ကား တောအုပ်အတွင်းဝယ် လုယက်သော သူခိုးတို့ ဖြစ်သည်၊ ယခုမှ လယ်ထွန်သမားဟန် ဆောင်နေကြသည်” ဟု ဆို၍ ဖမ်းဆီးချုပ်နှောင်လျက် ကောသလမင်းကြီးထံ ပို့ကြကုန်၏။

မိန်းမပညာရှိ လျှောက်ထားဘိ

မိန်းမပညာရှိလည်း ကောသလမင်းကြီးထံ သွားကာ “အရှင်မင်းကြီး ... အကျွန်ုပ်အား အဝတ်ပေးတော်မူပါ၊ အကျွန်ုပ်အား အဝတ်ပေးတော်မူပါ” ဟု ငိုကြွေးကာ အဖန်ဖန် အထပ်ထပ် အိပ်တော်သို့ လှည့်လည်လေ၏။

ထိုအခါ ကောသလမင်းကြီး ကြား၍ မင်းချင်းတို့ကို အဝတ်ပေးစရာ “ဤအဝတ်ကို မတောင်းပါ၊ လင် ဟူသော အဝတ်ကိုသာ တောင်းပါသည်” ဟု ပြောကြားလေလျှင် မင်းကြီးလည်း အထံတော်သို့ ခေါ်စေ၍ “သူငယ်မ ... အဝတ်တောင်းသလော” ဟု မေးလျှေင် “အရှင်မင်းကြီး ... တောင်းပါသည်” ဟု လျှောက်ထား၏။ “သူငယ်မ ... ဘယ်အဝတ်ကို တောင်းသနည်း” ဟု မေးပြန်ရာ “အရှင်မင်းကြီး ... ပကတိအဝတ်ကို မတောင်းပါ၊ လင် ဟူသော အဝတ်ကိုသာ တောင်းပါသည်” ဟု လျှောက်၏။ “သူငယ်မ ... လင်ကို ဘာကြောင့် အဝတ်ခေါ်သနည်း” ဟု မေးလေ၏။

ထိုအခါ မိန်းမပညာရှိသည် -

“အရှင်မင်းကြီး ...

ရေမရှိသော မြစ်သည် အချည်းနှီး ဖြစ်ပါသည်။

မင်းမရှိသော တိုင်းနိုင်ငံလည်း အချည်းနှီး ဖြစ်ပါသည်

လင်မရှိသော မိန်းမလည်း မောင်ဆယ်ယောက်ဝန်းရံကာ နေသော်လည်း အချည်းနှီးသာ ဖြစ်ပါသည်။

ထို့ကြောင့် လင်ကို အဝတ်ဟု ဆိုပါသည်။ လင်မရှိသော မိန်းမမှာ အဖိုးတစ်ထေင် ထိုက်တန်သော အဝတ်ကို ဝတ်ဆင်ရစေကာမူ အဝတ်ရှိသည် မဟုတ်ပါ၊ အချည်းနှီးသာ ဖြစ်ပါသည်” ဟု အကျယ်တဝင့် လျှောက်ထားလေ၏။

အကြောင်းစစ်ဆေး ချမ်းသာပေး

မင်းကြီးလည်း စကားကို ကြားလျှင် သူငယ်မအား ကြည်ညိုလှသဖြင့် -

မေး။ ။ “အို သူငယ်မ ... ဤဖမ်းဆီးထားသူ သုံးယောက်မှာ သင်နှင့် ဘာတော်ကြသနည်း။

ဖြေ။ ။ အရှင်မင်းကြီး ... တစ်ယောက်ကား လင်၊ တစ်ယောက်ကား သား၊ တစ်ယောက်ကား မောင် ဖြစ်ပါသည်။

မေး။ ။ သူငယ်မ ... သုံးယောက်လုံး မပေးနိုင်၊ တစ်ယောက်ကို ပေးမည်၊ သင် ဘယ်သူ့ကို ယူလိုသနည်း။

ဖြေ။ ။ အရှင်မင်းကြီး ... မောင်ကို ယူလိုရှိပါသည်။

မေး။ ။ သူငယ်မ ... သားနှင့် လင်ကိုတော့ မတောင်း၊ အဘယ်ကြောင့် မောင်ကို တောင်းရသနည်း။

ဖြေ။ ။ အရှင်မင်းကြီး ... အကျွန်ုပ် အသက်ရှည်ပါမူ လင်နှင့် သားကား ရနိုင်ပါသည်။ မောင်ကား မွေးပေးမည့် အမိအဖတွေ မရှိတော့သဖြင့် မရနိုင်တော့ပါ။ သို့အတွက် မောင်ကိုသာ တောင်းရပါသည်” ဟု လျှောက်ထားလေ၏။

မင်းကြီးလည်း မိန်းမပညာရှိ၏ စကားကို ကြားလျှင် အလွန် နှစ်သက်တော်မူသဖြင့် သုံးယောက်လုံးပင် လွှတ်တော်မူ၏။ ဤသို့လျှင် မိန်းမတစ်ယောက်ကို အမှီပြုကာ လူသုံးယောက် အသက်ဘေးမှ ချမ်းသာသည်ဟု နေရာတကာတွင် ထင်ရှားလေ၏။

ရဟန်းတို့လည်း တရားသဘင်ဝယ် စကားစပ်မိကြ၍ မြတ်စွာဘုရားကို လျှောက်ထားကြလေလျှင် မြတ်စွာဘုရားလည်း “ရဟန်းတို့ ... ဤမိန်းမသည် ယခုအခါမှသာ ဤလူ သုံးယောက်ကို သေဘေးမှ လွတ်စေမည် မဟုတ်၊ ရှေးအခါ ကလည်း လွတ်စေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

ဆောင်ပုဒ်

(၁) မြစ်လည်းရေမဲ့၊ ပြည်မင်းမဲ့၊ လင်မဲ့မိန်းမတွေ။

(၂) ဆယ်ယောက်မောင်တည်း၊ ဝန်းရံလည်း၊ ချည်းနှီးဖြစ်ကြလေ။

အတိတ်ဝတ္ထု

လင်နှင့်သားတွက် မင်းစစ်ချက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ပညာရှိ မိန်းမတစ်ယောက်သည် လင်၊ သား၊ မေင်တို့နှင့် အတူ ကောသလတိုင်း ရွာငယ် တစ်ခုဝယ် နေလေ၏။

[ဤဝတ္ထုကား ပစ္စုပ္ပန် ဝတ္ထုနှင့် တူသဖြင့် ထူးနိုးရာ နောက်ပိုင်းကိုသာ ရေးပေအံ့။]

မင်းကြီးသည် မိန်းမပညာရှိအား “သူငယ်မ ... ဖမ်းထားသူ သုံးယောက်တွင် အဘယ်သူကို အလိုရှိသနည်း” ဟု မေးလေ၏။ “သုံးလောက်လုံးပင် အလိုရှိပါသည်” ဟု လျှောက်ထား၏။ “သုံးယောက်လုံးကို မပေးနိုင်၊ တစ်ယောက်သာ ပေးနိုင်မည်၊ သို့အတွက် အလိုရှိသူ တစ်ယောက်ကို ပြောပါ” ဟု ဆိုရာ “မောင်ကို ပေးပါ” ဟု လျှောက်သည်တွင် “သူငယ်မ ... လင်နှင့် သားကို မတောင်းဘဲ မောင်ကို တောင်းသည်၊ သင့်မှာ မောင်ဖြင့် အဘယ်အကျိုးရှိမည်နည်း” ဟု မေးလေ၏။ ထိုအခါ မိန်းမပညာရှိသည် မင်းကြီးအား -

“အရှင်မင်းကြီး ... သားကား ခါးပိုက်ထဲက ဟင်းရွက်အတူ ရလွယ်ပါသည်၊ လင်လည်း ခရီးလမ်းမှာ သွးာလာနေထိုင်သော မိန်းမ ဖြစ်စေကာမူ ရလွယ်ပါသည်၊ မောင်ကား မွေးပေးမည့် အမေ အဖေ မရှိတော့သဖြင့် ရဖို့ အလွန်ခဲယဉ်းပါသည်၊ သို့အတွက် မောင်ကိုသာ တောင်းရပါသည်” –

ဟု လျှောက်ထားလေ၏။

မင်းကြီးလည်း ဤသူငယ်မကား မှန်သောစကားကို ဆိုပေသည်ဟု အလွန်နှစ်သက်သဖြင့် သုံးယောက်လုံးကိုပင် ပေးလိုက်၏။ သူငယ်မလည်း သုံးယောက်လုံးကို ဆောင်ယူကာ အိမ်သို့ သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လေးယောက်သောသူတို့သည် ယခုအခါ လေးယောက်သောသူများ။

ဗာရာဏသီမင်းသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဟင်းရွက်အလား၊ မွေးသည့်သား၊ ရကားရလါယ်သည်။

(၂) လမ်းမှာနေစဉ်၊ မိန်းမပင်၊ လင်ကိုရနိုင်သည်။

(၃) မွေးမည့်မိဘ၊ မရှိကြ၊ မောင်က ရခဲသည်။

ဥစ္ဆင်္ဂဇာတ် ပြီး၏။

***

၆၈ - သာကေတဇာတ်

မြတ်စွာဘုရားသခင်အား သားဟု ခေါ်ဝေါ်ကာ အိမ်သို့ ပင့်ဆောင်သွားသော သာကေတမြို့နေ ပုဏ္ဏားလင်မယားအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားရှင်သားခေါ် သူဌေးကြင်ဖော်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် သာကေတမြို့ အနီးရှိ အဇ္ဇုနဥယျာဉ်၌ သီတင်းသုံးတော်မူစဉ် ထိုသာကေတမြို့၌ စည်းစိမ်ဥစ္စာ၊ သား သမီး အခြွေအရံနှင့် ပြည့်စုံသော ပုဏ္ဏားအို လင်မယားတို့သည် ရှိကြကုန်၏။

ပုဏ္ဏားအိုကြီးသည် မြို့ပြင်သို့ ထွက်မည်သွားရာ မြို့တွင်းဝယ် သံဃာတော်အပေါင်း ခြံရံလျက် ဆွမ်းခံနေသာ မြတ်စွာဘုရားကိုမြင်လျှင် ဖမျက်တော်ကိုကိုင်လျက် “ချစ်သား .. သားတို့မည်သည် အမိအဖတို့ အိုမင်းသောအခါ လုပ်ကျွေးရသည် မဟုတ်တုံလော၊ မိဘတို့အား အဘယ်ကြောင့် ဤမျှကြာအောင် မျက်နှာမပြဘဲ နေဘိသနည်း၊ ဖခင်ကား ဖူးမြော်ရပေပြီ၊ သင့်အမိ ဖူးမြော်ရအောင် လာပါ” ဟု မြတ်စွာဘုရားကို ပင့်ဆောင်ကာ အိမ်သို့သွားလေ၏။

သားကိုတွေ့မှ မဂ် ဖိုလ်ရ

အိမ်သို့ရောက်လျှင် ပုဏ္ဏေးမ အိုကြီးလည်း လာလတ်၍ ဖမျက်တော်ကို ကိုင်လျက် ပုဏ္ဏားအိုကြီးနှင့် အတူ လျှောက်ထားငိုကြွေးလေ၏။ သားသမီးတို့အားလည်း အစ်ကိုကြီးအား ရှိခိုးကြကုန်ဟု ပြောဆို၍ ရှိခိုစေပြီးလျှင် အလွန် နှစ်သက် ဝမ်းသာလျှသဖြင့် အလှူကြီးစွာ ပေးလှူကုန်၏။

မြတ်စွာဘုရားလည်း ဆွမ်းဘုဉ်းပေးပြီးလျှင် ပုဏ္ဏားအို လင်မယားအား ဇရာသုတ်ကို ဟောတော်မူ၏။ သုတ်၏ အဆုံး၌ ပုဏ္ဏားအို လင်မယားတို့သည် အနာဂါမိဖိုလ်၌ တည်ကြလေကုန်၏။ မြတ်စွာဘုရားလည်း အဇ္ဇုနဥယျာဉ်သို့ ကြွတော်မူ၏။

ရဟန်းတို့လည်း တရားသဘင်ဝယ် “ငါ့ရှင်တို့ ... ပုဏ္ဏားကြီးသည် မြတ်စွာဘုရား အဖကား သုဒ္ဓေါဒနမင်းကြီး၊ အမိကား မဟာမာယာ မိဖုရားကြီးဟု သိလျက်နှင့်ပင် ပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမတို့သည် မြတ်စွာဘုရားကို ငါတို့သားဟု ဆိုကုန်၏။ မြတ်စွာဘုရားလည်း သည်းခံတော်မူ၏။ အကြောင်း အသို့ရှိသနည်း” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ ရဟန်းတို့ ... ဤပုဏ္ဏားကြီး နှင့် ပုဏ္ဏေးမတို့သည် မိမိတို့သား ဖြစ်၍သာလျှင် သားဆိုကုန်သည်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဘဝ သုံးထောင် အတိတ်ဆောင်

“ရဟန်းတို့ ... လွန်လေပြီးသောအခါ ဤပုဏ္ဏားကြီးသည် အဆက်မပြတ်ဘဲ ဘဝငါးရာပတ်လုံး ငါ့အဖေ ဖြစ်ဖူးပြီ၊ ဘဝငါးရာပတ်လုံး ဘထွေး ဖြစ်ဖူးပြီ၊ ဘဝငါးရာပတ်လုံး ငါ့ဘကြီး ဖြစ်ဖူးပြီ။ ဤပုဏ္ဏားမကြီးလည်း အဆက်မပြတ်ဘဲ ဘဝငါးရာပတ်လုံး ငါ့အမိ ဖြစ်ဖူးပြီ၊ ဘဝငါးရာပတ်လုံး ငါ့မိထွေး ဖြစ်ဖူးပြီ၊ ဘဝငါးရာပတ်လုံး ငါ့မိကြီး ဖြစ်ဖူးပြီ။ ဤသို့လျှင် ဘဝပေါင်း ထောင့်ငါးရာပတ်လုံး ပုဏ္ဏားကြီးလက်၌ ကြီးခဲ့ရဖူးပြီ၊ ဘဝပေါင်း ထောင်းငါးရာပတ်လုံး ပုဏ္ဏေးမကြီးလက်၌ ကြီးခဲ့ရဖူးပြီ” ဟု ဘဝသုံးထောင်ကို ဟောတော်မူကာ -

“ဤဘဝဝယ် ရှေးက မမြင်ဖူးသူ၌ သက်ဝင်ကြည်ညိုခြင်းကား စင်စစ်သဖြင့် ရှေးရှေးဘဝတို့၌ ဖြစ်ခဲ့ဖူးသော သက်ဝင် ကြည်ညိုခြင်းကြောင့်သာ ဖြစ်သည်”

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုဏ္ဏား၊ ပုဏ္ဏေးမ နှစ်ယောက်တို့သည်- ယခုအခါ ပုဏ္ဏား၊ ပုဏ္ဏေးမ။

သားနှင့်တူသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မြင်လျှင်မြင်ခြင်း၊ ချစ်ခင်ခြင်း၊ ကြောင်းရင်းရှေးရှေးက။

(၂) အလေ့ဝါသနာ၊ ဆက်ဆက်ပါ၊ ဤခါချစ်ပြန်ရ။

သာကေတဇာတ် ပြီး၏။

***

၆၉ - ဝိသဝန္တဇာတ်

ကိုက်သော လူနာမှ အဆိပ်ကို ပြန်ယူဟု ဆရာက ပြောသော်လည်း မယူဘဲ အသက်သေခံရန် အဓိဋ္ဌာန်ပြုသော မြွေအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ခဲဖွယ်မှီပြု ဓိဋ္ဌာန်မှု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရှင်သာရိပုတ္တရာသည် အတူနေ တပည့်ရဟန်းငယ်အတွက် ယူထားသော မုန့်ခဲဖွယ်ကို နေကြီးမြင့်သော်လည်း မလာသဖြင့် ဘုဉ်းပေးမိလေ၏။ ဘုဉ်းပေးပြီးမှ ရဟန်းငယ် ရောက်လာ၍ ပြောပြရာ ရဟန်းငယ်က “အရှင်ဘုရား ... ကောင်းမြတ်သော ခဲဖွယ်ကို ဘယ်သူ မနှစ်သက်ဘဲ ရှိမည်နည်း” ဟု ပြန်၍ လျှောက်ထားရာ သံဝေဂဖြစ်တော်မူသဖြင့် ယနေ့မှစ၍ မုန့်ခဲဖွယ်ကို မစားတော့ပြီဟု ဓိဋ္ဌာန်တော်မူကာ ဘယ်အခါမှ မုန့်ခဲဖွယ်ကို မစားတော့ပေ။

ရှင်သာရိပုတ္တရာ မုန့်ခဲဖွယ် မစားတော့ကြောင်း ရဟန်းဘောင်ဝယ် ထင်ရှားလာခဲ့ရာ တစ်နေ့သ၌ တရားသဘင်ဝယ် စကားစပ်မိ၍ ပြောဆိုနေခိုက် မြတ်စွာဘုရား ကြားတော်မူသဖြင့် “ ရဟန်းတို့ ... သာရိပုတ္တရာကား တစ်ကြိမ်စွန့်ပြီးသော ဝတ္ထုကို အသက်ကိုပင် စွန့်ရငြားသော်လည်း နောက်တစ်ဖန် မယူတော့ပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မြွေကိုခေါ်ကာ စုပ်စေရာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် အဆိပ်ကို ဖြေတတ်သော အမျိုး၌ဖြစ်၍ ဆေးဆရာလုပ်လျက် အသက်မွေးလေ၏။

ထိုအခါ ဇနပုဒ်နေ လူတစ်ယောက်ကို မြွေကိုက်၍ ဆွေမျိုးတို့သည် လျင်မြန်စွာ ဆေးဆရာထံ ဆောင်ခဲ့ကြကုန်၏။ ဆေးဆရာလည်း လူနာရှင်တို့အား ဆေးလိမ်းကျံခြင်း၊ ထုံခြင်းကိုပြု၍ အဆိပ်ကို ဖြေမည်လော၊ သို့မဟုတ် ကိုက်သော မြွေကိုခေါ်ကာ ကိုက်ရာအရပ်မှ အစုပ်ခိုင်းရမည်လောဟု မေးလေ၏။ လူနာရှင်တို့သည် ကိုက်သောမြွေကိုခေါ်ကာ အဆိပ်ကို စုပ်စေပါဟု ပြောကုန်၏။

ထိုအခါ ဆေးဆရာသည် ကိုက်သောမြွေကိုခေါ်၍ “အသင် ... ကိုက်သောနေရာမှ အသင့်အဆိပ်ကို စုပ်ယူလော” ဟု ခိုင်းလေ၏။ မြွေလည်း ဆေးဆရာအား “ငါ တစ်ကြိမ် စွန့်ပြီးသော ဝတ္ထုကို ပြန်မယူစဖူး၊ ငါစွန့်ပြီး အဆိပ်ကို ပြန်၍ မစုပ်လို” ဟု ဆိုလေ၏။

စွန့်လွှတ်ပြီးလျှင် မယူငင်

ဆေးဆရာလည်း ထင်းတို့ကို ဆောင်ယူစေ၍ မီးမွှေးစေပြီးလျှင် မြွေအား “သင့်အဆိပ်ကို သင် ပြန်၍ မစုပ်လျှင် ယခု မီးထဲဆင်းရမည်” ဟု ဆိုလေ၏။ ထိုအခါ မြွွေှသည် “ငါကား မီးထဲသို့ဆင်းမည်၊ ထွေးအန်ပြီးသော အဆိပ်ကို တစ်ဖန် မမျိုလို၊ စက်ဆုပ်ရွံရှာလှသည်၊ ထွေးအန်ပြီး အဆိပ်ကို ပြန်မျို၍ အသက်ရှည်ကြာနေရခြင်းထက် သေရခြင်းက မြတ်သေးသည်” ဟု ဆိုပြီးလျှင် မကြောက်မရွံ့ မီးထဲသို့ ဆင်းရန် သွားလေ၏။

ဆေးဆရာလည်း မြွေကို တားမြစ်၍ မြွေကိုက်သော လူနာကို ပျောက်ကင်းအောင် ဆေးကုပြီးလျှင် မြွေကို ငါးပါးသီလပေးကာ ယနေ့မှစ၍ တစ်စုံတစ်ယောက်ကိုမျှ မကိုက် မညှဉ်းဆဲလေနှင့်ဟု ဆုံးမကာ လွှတ်လိုက်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြွေသည် - ယခုအခါ သာရိပုတ္တရာ။

ဆေးဆရာသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ထွေးအန်ပြီးကို၊ မမျိုလို၊ မြွေလိုကျင့်ကြရာ။

(၂) စွန့်လွှတ်ပြီးမူ၊ ပြန်မယူ၊ တစ်ဆူသာရိပုတ္တရာ။

ဝိသဝန္တဇာတ် ပြီး၏။

***

၇၀ - ကုဒါလပဏ္ဍိတဇာတ်

ပေါက်တူးကို စွဲလမ်း၍ ခုနစ်ကြိမ်တိုင် ရဟန်းဘဝမှ လူထွက်သော ကုဒါလပဏ္ဍိတ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လောဘညစ်ယုတ် အမြစ်ဖြုတ်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် စိတ္တဟတ္ထ မည်သော ဆင်ထိန်းသားသည် လယ်ထွန်သွားရင်း ကျောင်းသို့ ဝင်ကာ ရဟန်းတစ်ပါးထံမှ မြတ်လှသော ဘောဇဉ်ကို စားရသဖြင့် ရဟန်းပြုလေ၏။

လခွဲ လွန်လတ်သော် မသင့်မတင့် နှလုံးသွင်းက ကိလေသာနိုင်ငံသို့ လိုက်၍ လူထွက်လေ၏။ ထမင်းဖြင့် ပင်ပန်းပြန်လျှင် ရဟန်းပြုပြန်လေ၏။ အဘိဓမ္မာကို သင်ကြားလေ၏။ ဤနည်းဖြင့် ခြောက်ကြိမ်တိုင်အောင် ရဟန်းပြုတုံ၊ လူထွက်တုံ ဖြစ်၍နေ၏။ ခုနစ်ကြိမ်မြောက် ရဟန်းပြုရာ၌ အဘိဓမ္မာကို ဆောင်၍ ရဟန်းတို့ကို သင်ကြားစေလျက် ဝိပဿနာတရား ပွားများကာ အရဟတ္တဖိုလ်သို့ ရောက်လေ၏။

အဆွေခင်ပွန်း ရဟန်းတို့သည် တရားသဘင်ဝယ် စိတ္တဟတ္ထ မထေရ်အကြောင်း စကားစပ်မိ၍ ပြောကြားနေကြစဉ် မြတ်စွာဘုရား ကြွလာတော်မူကာ “ရဟန်းတို့ ... ပုထုဇဉ်တို့စိတ်ကား အဖြစ်မြန်၏၊ အာရုံတစ်ခုခုကို စွဲလမ်းမိလျှင် ဖြေဖျောက်နိုင်ခဲ့၏၊ ရှေးပညာရှိတို့သည် ပေါက်တူးတစ်ချောင်း၌ တပ်စွန်းသော လောဘကြောင့် ခြောက်ကြိမ်တိုင်အောင် လူထွက်၍ ခုနစ်ကြိမ်မြောက် ရဟန်းအဖြစ်၌ စျာန်ကိုရ၍ လောဘကို နှိပ်စက်ဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပစ္စည်းတပ်မက် ခြောက်ကြိမ်ထွက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဟင်းရွက်သည်မျိုး၌ဖြစ်၍ သိကြားလိမ္မာသောအခါ ဘုရားအလောင်းကို ကုဒါလပဏ္ဍိတဟု ခေါ်ဆိုကြကုန်၏။

ထိုကုဒါလပဏ္ဍိတသည် ပေါက်တူးတစ်ချောင်းဖြင့် မြေကို တူးဆွကာ ဟင်းရွက်ဟင်းသီး စိုက်ပျိုးရောင်းချလျက် ဆင်းဆင်းရဲရဲ အသက်မွေးရ၏။ ကုဒါလပဏ္ဍိတအား ပေါက်တူးတစ်ချောင်းကလွဲ၍ တခြား ကိုယ်ပိုင် ပစ္စည်း ဥစ္စာ မရှိလေ။

တစ်နေ့သ၌ ကုဒါလပဏ္ဍိတသည် ငါ့မှာ အိမ်၌နေရသဖြင့် အကျိုးမရှိ၊ တောထွက်ပြီး ရသေ့ရဟန်းပြုတော့မည်ဟု ကြံစည်ပြီးလျှင် မိမိပိုင် ပေါက်တူးကို တစ်နေရာတွင် ဝှက်ထားခဲ့၍ ရသေ့ရဟန်း ပြုလေ၏။

နောက်အခါ ပေါက်တူးကို သတိရပြန်၍ ပေါက်တူး၌ စွဲလမ်းနေသော လောဘကို မသတ်နိုင်သဖြင့် လူထွက်၏။ ဤနည်းဖြင့် ပေါက်တူးကို စွဲလမ်းကာ ခြောက်ကြိမ်တိုင် ရဟန်းပြုတုံ၊ လူထွက်တုံ ဖြစ်ကာ နေလေ၏။

ကိလေရန်ဟူ အောင်မြင်သူ

ခုနစ်ကြိမ်မြောက် ရဟန်းပြုမည့်အခါ၌ကား ငါသည် ဘာမဟုတ် အဖိုးမတန် တုံးအိုနေသော ပေါက်တူး တစ်ချောင်းကိုပင် မစွန့်ပစ်နိုင်၊ သူတစ်ပါးတို့မှာ မရေတွက်နိုင်သော စည်းစိမ်ဥစ္စာကိုပင် စွန့်ပစ်၍ ရဟန်းပြုကြသည်။ ဤသို့ သတိသံဝေဂဖြစ်ကာ သည်တစ်ခါတော့ ပေါက်တူးတုံး၌ စွဲလမ်းနေသော လောဘကို နှိပ်စက် ဖျက်ဆီးတော့မည်၊ နောက်၌ လောဘမဖြစ်နိုင်အောင် ဤပေါက်တူးတုံးကို အစပျောက် စွန့်ပစ်တော့မည်ဟု ကြံစည်လျက် မြစ်ကမ်းနားသို့ သွားပြီးလျှင် ပေါက်တူးကိုမြှေက်၍ ခေါင်းပေါ်တွင် သုံးပတ်အားကုန်ယမ်းပြီး မျက်စိမှိတ်ကာ မြစ်ထဲသို့ ပစ်လွှင့်ပြီးလဆင် ဝမ်းသားအားရ အောင်ပြီ ... အောင်ပြီ ... အောင်ပြီ ဟု သုံးကြိမ် တိုင်အောင် ကြွေးကြော်လေ၏။

အောင်ပုံနည်းပြ တရားချ

ထိုစဉ်အခါ ဗာရာဏသီမင်းကြီးသည် ပစ္စန္တရာဇ်သူပုန်ရန်ကို အောင်နိုင်၍ စစ်သည်ဗိုလ်ပါနှင့် ကြွလာခိုက် ကြုံသဖြင့် အောင်ပြီ ကြွေးကြော်သံကိုကြား၍ ကုဒါလပဏ္ဍိတကိုခေါ်စေကာ “အမောင် ... ငါကား ပစ္စန္တရာဇ်သူပုန်ရန်ကို အောင်မြင်၍ လာခဲ့သည်၊ သင်ကား ဘယ်အရာကို အောင်မြင်သနည်း” ဟု မေးလေ၏။

ကုဒါလပဏ္ဍိတသည် မင်းကြီးအား “မြတ်သော မင်းကြီး ... သင်မင်းကြီး၏ အောင်မြင်ခြင်းကား စစ်မြေပြင်ဝယ် ရန်သူကို အောင်မြင်ခဲ့ခြင်းဖြစ်၍ ကောင်းသော အောင်မြင်ခြင်း မဟုတ်ပါ၊ အကျွန်ုပ်၏ အောင်မြင်ခြင်းဖြစ်၍ ကောင်းသော အောင်မြင်ခြင်းဖြစ်သည်” ဟု ပြောကာ မြစ်တွင်းရှိ ရေကို အာပေါကသိုဏ်းရှု၍ စျာန်ကိုဖြစ်စေလျက် ကောင်းကင်၌ နေပြီးလျှင် မင်းကြီးအား တစ်ဖန် -

“မြတ်သောမြင်းကြီး ... သင်မင်းကြီး အောင်မြင်ခြင်းကား ရန်သူပုန်ထလာလျှင် ပြန်၍ နှိမ်နင်းရဦးမည်ဖြစ်၍ ကောင်းသော အောင်မြင်ခြင်း မဟုတ်၊ အကျွန်ုပ်၏ အောင်မြင်ခြင်းကား ကိုယ်တွင်းရှိ ကိလေသာ ပြန်၍မဖြစ်နိုင်အောင် အောင်မြင်ခြင်းဖြစ်၍ ကောင်းသော အောင်မြင်ခြင်း ဖြစ်သည်”

ဟု တရားဟောလေ၏။ မင်းကြီးလည်း တရားကို ကြားနာရသဖြင့် ရဟန်းပြုလိုသော စိတ်ရှိ၍ ကုဒါလပဏ္ဍိတအား “အို ပညာရှိ ... သင် ယခု ဘယ်သိုသွားမည်နည်း” ဟု မေးရာ “ဟိမဝန္တာသို့သွား၍ ရဟန်းပြုမည်” ဟု ပြောဆိုရာ ကုဒါလပဏ္ဍိတနှင့်အတူ လိုက်လေ၏။ ဤနေရာတွင် စုဝေးမိသော ပရိသတ်အားလုံးလည်း ရဟန်းပြုရန် လိုက်ကြကုန်၏။

တောထွက်ဖို့ရေး ဖန်ဆင်းပေး

မြို့နေလူတို့လည်း ငါတို့မင်းကြီးသည် စစ်သည်ဗိုလ်ပါနှင့်တကွ ရဟန်းပြုရန် ကုဒါလပဏ္ဍိတ နောက်သို့ လိုက်လေပြီဟု ကြားလျှင် ငါတို့လည်း ဤမြို့တွင် နေရစ်သဖြင့် ဘာအကျိုးရှိမည်နည်း ရဟန်းပြုမည်ဟု တစ်ဆယ့်ယူဇနာရှိ ပရိတ်သတ်သည် ကုဒါလပဏ္ဍိတနောက်သို့ လိုက်ကြပြန်၏။

ထိုအခါ သိကြားမင်းသိ၍ ရသေ့တို့ ပရိက္ခရာ နေရာ ထိုင်ခင်း ဖန်ဆင်းစီမံချေဟု စေခိုင်းလိုက်သဖြင့် ဝိသကြုံနတ်သားလည်း ယူဇနာသုံးဆယ် ကျယ်ဝန်းသော နေရာ၌ အလုံးစုံ ပြည့်စုံအောင် ဖန်ဆင်းပြီးလျှင် မိမိနေရာသို့ ပြန်လေ၏။

ခုနစ်ပြည်မင်းများ နတ်ရွာလား

ကုဒါလပဏ္ဍိတလည်း ဝိသကြုံနတ်သား ဖန်ဆင်းစီမံထားခဲ့သော ရသေ့ပရိက္ခရာတို့ကိုယူကာ ရှေးဦးစွာ ရသေ့ရဟန်းပြု၍ နောက်ပါ ပရိသတ်ကိုလည်း အသီးအသီး ရသေ့ရဟန်း ပြုစေပြီးလျှင် အရိပ်၊ သင်္ခမ်း၊ နေရာ၊ ထိုင်ခင်းတို့ကို ဝေဖန်ပေးလေ၏။

နောက်တစ်ခါ ခုနစ်ပြည်ထောင်မင်းတို့ ကြားပြန်၍ ပရိသတ်နှင့်တကွ တောထွက်လာကြပြန်ရာ ယူဇနာ သုံးဆယ်ကျယ်ဝန်းသော ရသေ့တို့နေရာသည် အလုံးစုံ ပြည့်လေ၏။

ကုဒါလပဏ္ဍိတမှစ၍ ရသေ့အပေါင်းတို့သည် ကသိုဏ်းပရိကံကို ပြုလုပ်ကာ စျာန်အဘိညာဉ် ရကြလျက် သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ ရောက်ကြကုန်၏။

ရသေ့ သူတော်ကောင်းတို့ကို ပူဇော်လုပ်ကျွေး သူတို့လည်း ကုသိုလ်တရားကို အားထုတ်ကာ သေသည် အခြားမဲ့၌ နတ်ပြည်သို့ လားကြကုန်၏။

ဤဒေသနာတော်၏ အဆုံး၌ တချို့ရဟန်းတို့သည် သောတာပန်၊ တချို့ သကဒါဂါမ်၊ တချို့ အနာဂါမ်၊ တချို့ ရဟန္တာ အဖြစ်သို့ ရောက်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

ကုဒါလပဏ္ဍိတ ပရိသတ်သည် - ဘုရားပရိသတ်။

ကုဒါလပဏ္ဍိတ သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပြင်ရန်ခပဲ၊ အောင်သော်လည်း၊ အောင်ပွဲမမည်ပါ။

(၂) တွင်းရန်ကိလေ၊ အောင်မြင်လေ၊ မသွေအောင်ပွဲပါ။

ကုဒါလဇာတ် ပြီး၏။

***

၈။ ဝရုဏဝဂ် ၇၁ - ဝရုဏဇာတ်

ပျင်းရိ၍ လုံ့လနည်းသဖြင့် သစ်ပင် အစိုကို ထင်းချိုးမှား၍ မျက်စိ ပျက်စီး ရသော လုလင်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကျေးဇူးမသိတတ် ဒေဝဒတ်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိမြို့နေ အဆွေခင်ပွန်း သုံးကျိပ်တို့သည် မြတ်စွာဘုရားထံ တရားတော်နာ၍ အကျွတ်တရားရကာ သာသနာတော်၌ ရဟန်းပြုကြကုန်၏။ ထိုသုံးကျိပ် အဝင်အပါ ကုဋမ္ဗိကပုတတိဿ မထေရ်ကား ပျင်းရိ၏။ ရသရုံ၌ တပ်စွန်း၏။

ထိုသုံးကျိပ်သော ရဟန်းတို့သည် ဆရာဥပဇ္ဈာယ်တို့ထံ ငါးနှစ် လုပ်ကျွေးပြီးလျှင် ခွင့်ပန်ကာ ရဟန်းတရား အားထုတ်ကြရန် မြတ်စွာဘုရားထံ ကမ္မဋ္ဌာန်းယူ၍ သွားကြရာ ကောသလတိုင်း ပစ္စန္တရာဇ်ရွာတစ်ခု၌ ဝါကပ်လျက် ကမ္မဋ္ဌာန်းကို အားထုတ်ကြကုန်၏။ ကုဋမ္ဗိကပုတတိဿ မထေရ်ကား ပျင်းရိ၍ ကမ္မဋ္ဌာန်းကို အားမထုတ်လိုသဖြင့် ရဟန်းတို့ကို ပို့ပြီးလျှင် ဇေတဝန်ကျောင်းသို့ ပြန်လာခဲ့၏။

လုံ့လမရှိ ကုဋမ္ဗိ

ကြွင်းသော မထေရ်တို့သည် ဝါတွင်း၌ ကြိုးကြိုးစားစား ကမ္မဋ္ဌာန်း တရားကို အားထုတ်ကြသည် ဖြစ်၍ အရဟတ္တဖိုလ်သို့ ရောက်ကာ ရဟန္တာ ဖြစ်ကြကုန်၏။ ဝါကျွတ်သောအခါ မြတ်စွာဘုရားထံ အဖူးမြော်လာကြ၍ မိမိတို့ ရအပ်သော ဂုဏ်ကျေးဇူးကို လျှောက်ကြလျှင် မြတ်စွာဘုရားသည် ရဟန်းတို့ကို ချီးမွမ်းတော်မူ၏။ ရဟန်းတို့လည်း မိမိတို့ နေရာ တောကျောင်းသို့ နက်ဖြန် ပြန်မည့်အကြောင်းကို တောင်းပန် လျှောက်ထားကြပြီးလျှင် တည်းခိုရင်း ပရိဝုဏ်သို့ ပြန်လာကြကုန်၏။ ကုဋမ္ဗိကပုတတိဿ မထေရ်လည်း ရဟန်းတို့ကို ချီးမွမ်းသံ ကြားသောအခါ ငါလည်း တရားအားထုတ်တော့မည်ဟု ညဉ့်အခါ အလျင်အမြန် မနေမနား တရားအားထုတ်ရင်း ငိုက်မျဉ်းသဖြင့် လဲ၍ ပေါင်ရိုးကျိုးလျက် သည်းထန်စွာ ဝေဒနာရလေ၏။ ထိုအခါ အဆွေခင်ပွန်း ဖြစ်သော ရဟန်းတို့သည် ကုဋမ္ဗိကပုတတိဿ မထေရ်ကို လုပ်ကျွေးနေရသဖြင့် မပြန်ဖြစ်ဘဲ ရှိကုန်၏။

နောက်ထပ် မြတ်စွာဘုရားထံ အခစား ဝင်ရောက်ပြန်လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား အဘယ်ကြောင့် မပြန်ဖြစ်သနည်းဟု မေးတော်မူလျှင် ရဟန်းတို့သည် မြတ်စွာဘုရားအား ကုဋမ္ဗိကပုတတိဿ မထေရ် ပေါင်ရိုးကျိုး၍ လုပ်ကျွေးနေရသည့်အတွက် မပြန်ဖြစ်ကြောင်း လျှောက်ထားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ .... ကုဋမ္ဗိကပုတတိဿ မထေရ်ကား ယခုအခါသာလျှင် သင်တို့သွားခြင်း အန္တရာယ်ကို ပြုသည် မဟုတ်သေး၊ ရှေးအခါကလည်း ပြုဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လုံ့လကင်းကွာ အိပ်လေရာ

လွန်လေပြီးသောအခါ ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်ဝယ် ဘုရားအလောင်းသည် ဒိသာပါမောက္ခ ဆရာဖြစ်၍ တပည့်လုလင်ငါးရာတို့ကို အတတ်သင်ကြားလျက်နေ၏။

တစ်နေ့သ၌ တပည့်လုလင်တို့သည် ထင်းခွေရန် တောသို့ သွားကြကုန်၏။ ရောက်လျှင် အသီးအသီး ထင်းတို့ကို ရှာဖွေစုဆောင်းကြကုန်၏။ လုလင်တို့တွင် ပျင်းရိသော လုလင်တစ်ယောက်ကား အနီးရှိ ခံတက်ပင်ကြီးကို မြင်သဖြင့် ဤခံတက်ပင်ကြီးကား ခြောက်သွေ့သော သစ်ပင်ကြီး ဖြစ်သည်၊ တစ်ရေးလောက် အိပ်ဦးမည် နိုးမှ အသာတက်၍ အကိုင်းတို့ကို ချိုးယူမည်ဟု ကြံစည်ကာ အပေါ်လွှမ်းတဘက်ကို ခင်း၍ အိပ်လေလျှင် ကျီးသံကဲ့သို့ ဟောက်လျက် အိပ်မောကျကာနေလေ၏။

ဝီရိယကင်းလတ် ဘေးထိတတ်

ကြွင်းသော လုလင်တို့သည် ရှာဖွေစုဆောင်းရသော ထင်းတို့ကို စည်းနှောင်ပြီးလျှင် ထမ်းပိုး၍ သွားကြသောအခါ အိပ်ပျော်နေသော လုလင်ကို ခြေနှင့်ကန်ကာ နှိုး၍ သွားကြကုန်၏။ ပျင်းရိလှသော လုလင်လည်း အိပ်ရာမှ အမြန်ထ၍ မျက်စိတို့ကို ပွတ်သပ်ပြီးလျှင် အိပ်ချင်မပြေ မှုန်တေတေနှင့် ခံတက်ပင်ကြီးသို့ တက်၍ ခံတက်ကိုင်းတို့ကို ချိုးလတ်သော် ကျိုးသော ခံတက်ကိုင်း အစွန်းတစ်ဖက်ဖြင့် မျက်စိကို ထိုးမိ၍ ကန်းလေ၏။ ထိုအခါ ပျင်းရိသော လုလင်သည် လက်တစ်ဖက်ဖြင့် မျက်စိကိုပိတ်၍ လက်တစ်ဖက်ဖြင့် ခံတက်ကိုင်းကို ချိုးပြီးလျှင် သက်ဆင်းကာ ခံတက်သား တို့ကို စည်း၍ ထမ်းပိုးလျက် လျင်မြန်စွာလိုက်၍ ရောက်လျှင် လုလင်တို့ ချထားသော ထင်းပုံတွင် အပေါ်ကထပ်၍ ချလေ၏။

လူပျင်းပြုချက် အကျိုးပျက်

ထိုနေ့ကား ဇနပုဒ်ရွာမှ အမျိုးတစ်ဦးသည် နက်ဖြန် ပုဏ္ဏားတို့ကို ဗေဒင်ရွတ်ဖတ် သရဇ္ဈာယ်စေပါဟု ဆရာကြီးထံ ပင့်ဖိတ်ထားသောနေ့ ဖြစ်၏။ ဆရာကြီးလည်း တပည့်လုလင်တို့အား “အမောင်တို့ ... နက်ဖြန် မည်သည့် ဇနပုဒ်ရွာ မည်သည့်အမျိုးအိမ်မှာ ဗေဒင်ရွတ်အံ သရဇ္ဈာယ်ရန် သွားကြရမည်၊ အစားမစားဘဲ သွားနိုင်ကြမည် မဟုတ်၊ သို့အတွက် နံနက်စောစော ယာဂုကျို၍ သောက်ပြီးလျှင် သွားကာ ဗေဒင်ရွတ်ဖတ် သရဇ္ဈာယ်၍ မိမိတို့ရအပ်သော အစုတို့ကို ယူဆောင်ပြီး ပြန်ခဲ့ကြ” ဟု စေခိုင်းထားလေ၏။

လုလင်တို့လည်း စောစောထ၍ ယာဂုကျိုရန် ကျွန်မကို နှိုးကာ မြန်မြန်ယာဂုကျိုပါဟု စေခိုင်းကြကုန်၏။ ကျွန်မလည်း ထင်းယူသည်ရှိသော် အပေါ်ဆုံးက ပျင်းရိသော လုလင်ထားသော ခံတက်သားအစိုတို့ကို ယူကာ မီးမွှေး၏။ ဘယ်လိုပင် လေဖြင့် အဖန်ဖန် မှုတ်သော်လည်း ခံတက်သား အစိုဖြစ်၍ မီးမတောက်နိုင်လေ။ ယာဂု မကျက်မီ နေထွက်ခဲ့၏။ လုလင်တို့လည်း ယခုအခါ နေမြင့်လှပြီ၊ မသွားနိုင်ကြောင်းကို ဆရာ့ထံသို့လာ၍ ပြောကြားကြကုန်၏။

သက်သေတင်ပြု ဆုံးမမှု

ဆရာကြီးလည်း “ အမောင်တို့ ... ယခု မသွားကြလေသးဘူးလော ” ဟု မေးလေ၏။ “ဟုတ်ကဲ့ မသွားကြသေးပါ” ဟု ဆိုသောအခါ “ဘာကြောင့် မသွားကြသေးသနည်း” ဟု မေးပြန်လျှင် တပည့်တို့သည် ဆရာကြီးအား ပျင်းရိသောလုလင် အိပ်ရာမှနိုး၍ ခံတက်စိုထင်း ချိုးသည်မှစ၍ မီးမတောက်နိုင်သည့်တိုင်အောင် ပြောကြားကာ သွားခြင်းအန္တရာယ် ဖြစ်ရပုံ အလုံးစုံကို ပြောကြားကုန်၏။

ထိုအခါ ဆရာကြီးသည် ပျင်းရိသောလုလင်အကြောင်းကို ကြားလျှင် တပည့်တို့အား -

“အမောင်တို့ ... လောက၌ ရှေးဦးစွာ ပြုလုပ်ရမည့် အမှုကို ရှေးဦးစွာပင် ပြုလုပ်ရမည်၊ နောက်မှ ပြုလုပ်ခဲ့လျှင် ခံတက်ကိုင်းစို ထင်းကို ချိုးသော ပျင်းရိသော လုလင်ကဲ့သို့ နောက်အခါ စိုးရိမ်ပူပန်ရမည်” – ဟု ဆုံးမပြီးလျှင် ယခုလည်း မိုက်သောသူကို အမှီပြု၍ ဤသို့သဘောရှိသော လာဘ်လာဘမှ ဆုတ်ယုတ်ရသည်ဟု ထပ်မံ ဆုံးမပြန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မျက်စိပျက်သော လုလင်ပျင်းသည် - ယခုအခါ ပေါင်ကျိုးသော ရဟန်း။

ကြွင်းသော လုလင်တို့သည် - ငါဘုရား ပရိသတ်။

ဒိသာပါမောက္ခ ဆရာကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရှေးဦးပြုထိုက်၊ မှုတစ်သိုက်၊ နောက်၌မပြုရာ။

(၂) နောက်ပြုလုပ်ငြား၊ လူမိုက်အား၊ မမှားစိုးရိမ်ရာ။

ဝရဏဇာတ် ပြီး၏။

***

၇၂ - သီလဝနာဂရာဇဇာတ်

ကျေးဇူးရှင် ဆင်မင်းအား အကြိမ်ကြိမ် ပြစ်မှားသဖြင့် မြေမျိုခံရသော မုဆိုးမိုက် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကျေးဇူးမသိတတ် ဒေဝဒတ်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... ဒေဝဒတ်သည် မြတ်စွာဘုရား၏ ကျေးဇူးတော်ကို မသိ” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ကြားတော်မူလျှင် “ရဟန်းတို့ ... ဒေဝဒတ်သည် ယခုအခါမှသာ ကျေးဇူးကို မသိတတ်သည် မဟုတ်၊ ရှေးအခါကလည်း ကျေးဇူးကို မသိဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဆင်မျိုးဖြစ်လတ်သော် လောင်းတော်မြတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဟိမဝန္တာအရပ်ဝယ် ဆင်အမျိုး၌ဖြစ်၍ မွေးဖွားစကပင် တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူ၍ အလွန်လှပတင့်တယ်၏။ လိမ္မာရေးခြားရှိသော အရွယ်သို့ရောက်လျှင် ဆင်ရှစ်သောင်းတို့ အလုပ်အကျွေးကို ခံယူလျက် အကြီးအမှူး ဖြစ်လေ၏။

နောက်အခါ အပေါင်းအဖော်တို့နှင့် နေထိုင်ရခြင်း၌ အပြစ်ကိုမြင်ရာ အပေါင်းအဖော်ကိုခွာ၍ တစ်စီးတည်းသောနေ၏။ အကျင့်သီလနှင့် ပြည့်စုံသည့်အတွက် သီလဝနာဂရာဇာ ဟူသောအမည် တွင်လေ၏။

မုဆိုးသေဖွယ် မျက်စိလည်

ထိုအခါ ဗာရာဏသီမြို့နေ မုဆိုးတစ်ယောက်သည် ဟိမဝန္တာတော်သို့ဝင်ကာ မိမိလိုရာ ပစ္စည်းဘဏ္ဍာတို့ကို ရှာဖွေလတ်သော် မျက်စိလည်လမ်းမှား၍ သေဘေးမှ ကြောက်သဖြင့် လက်နှစ်ဖက်တို့ကို မြှောက်လျက် ဟစ်အော်ကာ ငိုကြွေးလေ၏။

ဆင်မင်းသည် မုဆိုးငိုသံကို ကြားလတ်သော် ငါသည် ထိုယောကျ်ား၏ အသက်ကို ကယ်ဆယ်၍ ဆင်းရဲမှ လွတ်စေမည်ဟု ကြံစည်ကာ မုဆိုးရှိရာသို့ သွားလေ၏။ မုဆိုးလည်း ဆင်မင်း လာသည်ကိုမြင်လျှင် ကြောက်ရွံ့သဖြင့် ပြေးလေ၏။ မုဆိုး ပြေးလျှင် ဆင်မင်းက ရပ်ပြန်၏။ ဆင်မင်းလာလျှင် မုဆိုး ပြေးပြန်၏။ မုဆိုး ပြေးပြန်လျှင် ဆင်မင်းက ရပ်ပြန်၏။

ဆင်မင်းကယ်ထား လိုက်ပို့ငြား

ထိုအခါ မုဆိုးသည် ဤဆင်မင်းကား ငါရပ်လျှင် လာသည်၊ ငါပြေးလျှင် ရပ်သည်၊ ငါ့ကို ရန်ပြုမည် မဟုတ်၊ မုချ ငါ၏ဆင်းရဲကို လွတ်စေလိမ့်မည်ဟု ကြံစည်ကာ မကြောက်ရွံ့တော့ဘဲ ရပ်လျက်သာ နေလေ၏။ ဆင်မင်းလည်း လာ၍ “အို ယောကျ်ား ... သင် အဘယ်ကြောင့် ငိုကြွေးသနည်း” ဟု မေးလျှင်၊ “အရှင် ... မျက်စိလည် လမ်းမှား၍ သေဘေးမှ ကြောက်သဖြင့် ငိုကြွေးပါသည်” ဟု ပြောဆိုလေ၏။ ဆင်မင်းသည် မုဆိုးကို ခေါ်ယူကာ မိမိနေရာ၌ နေစေပြီးလျှင် နှစ်ရက်၊ သုံးရက် သစ်သီးကြီးငယ် တို့ကို ကျွေးမွေး၍ “အို ယောကျ်ား ... လာပါ၊ မကြောက်ပါလင့် ငါပို့မည်” ဟု ဆို၍ ကျော်ပေါ်တင်ပြီးလျှင် လူတို့ နေရာ လမ်းခရီးသို့ ပို့လေ၏။

မုဆိုးယုတ်မာ တစ်ဖန်လာ

မုဆိုးလည်း ဆင်မင်း ကျော်ပေါ်က လိုက်ကာ တောတောင် သစ်ပင်တို့ကို အမှတ်အသားပြု၍လိုက်၏။ ဆင်မင်းလည်း တောအပြင်သို့ရောက်လျှင် ဗာရာဏသီမြို့သို့ သွားသော လမ်းခရီး၌ချ၍ “အို ယောကျ်ား ... ဤလမ်းခရီးဖြင့် သွားလော့၊ သူတစ်ပါး မေးသည်ဖြစ်စေ၊ မမေးသည်ဖြစ်စေ ငါ့နေရာအရပ်ကို မပြောကြားလေနှင့်” ဟု မှာထားပြီး လျှင် မိမိနေရာသို့ ပြန်ခဲ့၏။

မုဆိုးလည်း ဗာရာဏသီပြည်သို့ရောက်လျှင် ဆင်စွယ်ပွတ်သမားတို့ထံသွား၍ “အချင်းတို့ ... အသက်ရှင်သော ဆင်စွယ်ကို ယူကြမည်လော” ဟု မေးလေ၏။ “အချင်း ... ဘယ်လို ပြောပါသနည်း၊ အသက်ရှင်သော ဆင်စွယ်မှာ သေသော ဆင်စွယ်ထက် အဖိုးထိုက်တန်သည်၊ ယူသာယူခဲ့ပါ” ဟု ဆိုလေလျှင် မိမိအသက်ကို ကယ်ဆယ်ဖူးသော ကျေးဇူးကို မထောက်ထားဘဲ ရက်စက်ယုတ်မာလှသော မုဆိုးသည် ထက်စွာသော လွှတစ်ချောင်းကိုယူကာ ဆင်မင်းထံ သွားလေ၏။

သဗ္ဗညုဉာဏ်တွက် စွယ်လှူချက်

ဆင်မင်းလည်း မုဆိုးကိုမြင်လျှင် “အို ယောကျ်ား ... ဘယ်အတွက် လာသနည်း” ဟု မေးလေ၏။ “အရှင် ... အကျွန်ုပ်မှာ အလွန်ဆင်းရဲသဖြင့် ဆင်စွယ်အတွက် လာပါသည်” ဟု ဆိုလေရာ၊ “အို ယောကျ်ား ... ကောင်းပြီ ယူပါ” ဟု ဆိုပြီးလျှင် ထိုင်လျက် ဦးကင်းကို ညွှတ်၍ ပေးလေ၏။ မုဆိုးလည်း ဆင်မင်းခေါင်းပေါ်သို့ တက်ကာ အစွယ်နှစ်ချောင်းလုံး အဖျားတို့ကို လွှနှင့် ဖြတ်လေ၏။ ဆင်မင်းလည်း ပြတ်ပြီးသော အစွယ်တို့ကိုယူ၍ “ဤဆင်စွယ်ကို လှူဒါန်းရသော ကောင်းမှုကြောင့် သဗ္ဗညုတဉာဏ်ကို ရပါလို၏” ဟု ဆုတောင်းကာ မုဆိုးအား လှူဒါန်းလေ၏။

မုဆိုးလည်း ဆင်စွယ်တို့ကို ယူ၍သွားကာ ရောင်းချ၍ ရသောအဖိုး ကုန်လျှင် ဆင်မင်းထံ လာပြန်၏။ ဆင်မင်းလည်း ကျန်ရစ်သော အစွယ်ငုတ်တို့ကို အဖြတ်ခိုင်းပြီးလျှင် လှူလိုက်ပြန်၏။ တစ်ဖန် အစွယ်ဖိုး ကုန်ပြန်လျှင် ဆင်မင်း ထံ လာပြန်၏။ ဆင်မင်းလည်း အဖြတ်ခိုင်း၏။ ထိုအခါ မုဆိုးယုတ်သည် အသားကို ဖြတ်လှီးကာ အသားတွင်းရှိ အစွယ်ရင်းတို့ကို ယူ၍ သွားလေပြန်၏။

လူမိုက်လောဘ မြေမျိုရ

ထိုအကြိမ်၌ကား ဆင်မင်း မြင်ကောင်းရာအရပ်ကို လွန်လျှင် အဆွေခင်ပွန်းကောင်းကို ပြစ်မှားလျက် ကျေးဇူးကို မသိတတ်သော မုဆိုးယုတ်အား နှစ်သိန်းလေးသောင်း အထုရှိသော မဟာပထဝီ မြေကြီးသည် ထမ်းဆောင်၍ မထားနိုင်တော့ဘဲ ကွဲအက်လျက် မျိုသဖြင့် အဝီစိငရဲသို့ လားရလေ၏။

ထိုအခါ တောအုပ်၌နေသော ရုက္ခစိုးနတ်သည် -

“အို နတ်အပေါင်းတို့ ... သူတစ်ပါး ပြုထားသော ကျေးဇူးကို မသိဘဲ အမြဲတမ်း ပြစ်မှားဖို့ အခွင့်ကိုသာ ရှာ၍နေသော ယောကျ်ားယုတ်အား စကြဝတေးမင်း အဖြစ်ကို ပေးသော်လည်း ရောင့်ရဲကျေနပ်မည် မဟုတ်” - ဟု တစ်တောလုံး ပဲ့တင်ထပ်စေလျက် တရားဟော လေ၏။ ဆင်မင်းလည်း အသက်ထက်ဆုံး တည်၍ သေလွန်သည့် အခြားမဲ့၌ ကံအားလျော်စွာ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ အဆွေခင်ပွန်း ပြစ်မှားသော ယောကျ်ားယုတ်သည် - ယခုအခါ ဒေဝဒတ်။

ရုက္ခစိုးနတ်သည် - သာရိပုတ္တရာ။

ဆင်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကျေးဇူးမကျင့်၊ ပြစ်မှားခွင့်၊ မျှော်လင့်နေသူမှာ။

(၂) စကြာစည်းစိမ်၊ ပေးသူကြိမ်၊ တင်းတိမ်မရှိပါ။

(၃) ကျေးဇူးရှင်ကို၊ ပြစ်မှားလို၊ မြေမျိုဝီစိမှာ။

သီလဝနာဂရာဇဇာတ် ပြီး၏။

***

(၇၃) သစ္စံကိရဇာတ်

ကျေးဇူးရှင် ရသေ့အား ပြစ်မှား၍ မှန်သော စကားကို ဆိုသဖြင့် ပြည်သူပြည်သားများ သုတ်သင်ခံရသော မင်းမိုက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဒေဝဒတ်ကြံမှု သတ်ရန်ပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရားကို သတ်ရန် လုံ့လပြု၍ နေ၏။ ရဟန်းတို့သည် တရားသဘင်ဝယ် ဒေဝဒတ်အကြောင်း စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူကာ “ရဟန်းတို့ … ဒေဝဒတ်သည် ယခုအခါမှသာ ငါဘုရားကို သတ်ရန် လုံ့လပြုသည် မဟုတ်၊ ရှေးအခါကလည်း လုံ့လပြုဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

တိုင်ပင်နှီးနှော မြစ်တွင်မျှော

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်းအား ဒုဋ္ဌကုမာရမည်သော သား တစ်ယောက် ရှိလေ၏။ တုတ်၊ လှံတံဖြင့် ထိခတ်မိသော မြွေဟောက်ကဲ့သို့ ရုန့်ရင်း ကြမ်းကြုတ်လှ၏။ မဆဲရေး မပုတ်ခတ်ဘဲ စကားပြောလေ့ မရှိ။ လူတို့သည် မင်းသားကိုမြင်လျှင် စားတော့မည်လာသော ဘီလူးကဲ့သို့ ကြောက်ရွံ့ကြကုန်၏။ အလွန် ရွံမုန်းကြကုန်၏။

တစ်နေ့သ၌ မြစ်သို့ ရေကစားသွားကြရာ မြစ်တွင်းသို့ ဆင်းသက်၍ ကစားခိုက် အရပ်လေးမျက်နှာမှ အုံ့မှိုင်း မှောင်မည်းလျက် မိုးကြီးတက်လတ်၏။ ထိုအခါ ကျွန်အမှုလုပ်တို့သည် အခွင့်ကောင်းရပြီ၊ ဤမင်းသားယုတ်ကို မြစ်လယ်မှာ သေစေမည်ဟု တိုင်ပင်ညီညွတ်ကာ “ဟယ် မင်းသားယုတ် … သေပေတော့” ဟု ဆို၍ မြစ်လယ်၌ ထားခဲ့ပြီး သူ့ထက်ငါ ကုန်းပေါ်သို့တက်၍ ပြန်ကြကုန်၏။ မင်းကြီးမေးသောအခါ ရှေ့က ပြန်သွားနှင့်ကြောင်း လျှောက်ထားလျှင် မင်းကြီးက ပြန်၍ ရှာချေဟု စေခိုင်းပြန်သဖြင့် မြစ်နားသွား၍ ရှာသော်လည်း မတွေ့ကြဘဲ မိုးကြီးရွာ၍ ပြန်လာကြရကုန်၏။

ဒုဋ္ဌကုမာရမင်းသားလည်း ထင်းတုံးတစ်ခုကို တွယ်၍ စီးကာ ငိုကြွေးဟစ်အော်လျက် မြစ်ထဲတွင် မျောလေ၏။

ကံတူပေးငြား လေးဦးသား

ဗာရာဏသီမြို့နေ သူဌေး တစ်ယောက်သည် မြစ်ကမ်းနားဝယ် ဥစ္စာကုဋေလေးဆယ် မြှုပ်၍ သေလွန်သောအခါ ဥစ္စာ၌ စွဲလမ်းမိသောကြောင့် ဥစ္စာစောင့်မြွေ ဖြစ်လေ၏။ ၎င်းမြို့နေ သူဌေးတစ်ယောက်လည်း မြစ်ကမ်းနားမှာပင် ဥစ္စာကုဋေသုံးဆယ် မြှုပ်၍ သေလွန်သောအခါ ဥစ္စာ၌ စွဲလမ်းမိသောကြောင့် ဥစ္စာစောင့်ကြွက် ဖြစ်လေ၏။

ထိုမြွေနှင် ကြွက်တို့သည်လည်း မိုးကြီးရွာသောအခါ မိမိတို့ နေရာ တွင်း၌ ရေဝင်၍ ထွက်လာကြရာ ရေအယဉ်တွင် မျောလျက် မင်းသားစီးလာသော ထင်းတုံးနှင့် တွေ့၍ အစွန်းတစ်ဖက်တွင် မြွေ၊ တစ်ဖက်တွင် ကြွက်တို့လည်း တွယ်ကပ်လျက် လိုက်ပါကြကုန်၏။ ထိုမြစ်ကမ်းရှိ လက်ပံပင်လည်း အမြစ်ကို ရေတိုးဝှေ့သဖြင့် မြစ်ထဲသို့ လဲကျပြန်ရာ ၎င်းတွင် နေသော ကျေးသားငယ်လည်း မပျံနိုင်သဖြင့် ထိုမင်းသားစီးသည် ထင်းတုံးနံဘေး တစ်ဖက်မှာပင် နားကာ လိုက်ပါလေ၏။ ဤသို့လျှင် မင်းသား၊ မြွေ၊ ကြွက်၊ ကျေးသားလေးဦးတို့ ကံတူအကျိုးပေးဖြစ်၍ တွေ့ဆုံကာ မြစ်တွင် မျောကြကုန်၏။

ကယ်တင်မွေးလေ့ ရှင်ရသေ့

ဘုရားအလောင်းသည် ကာသိတိုင်းဝယ် ဥဒိစ္စပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်လျှင် ရသေ့ရဟန်းပြု၍ မြစ်ကွေ့တစ်ခုရှိ သင်္ခမ်းကျောင်း၌ နေလေ၏။ ညဉ့်သန်းခေါင်ယံအခါ စင်္ကြသွားလတ်သော် မင်းသားငိုသံကိုကြား၍ မြစ်တွင်းသို့ ဆင်းလျက် အသက်အလှူပေးမည်ဟု လေးဦးလုံးဆယ်ယူကာ သင်္ခမ်းကျောင်းသို့ ဆောင်လေ၏။

ကျောင်းသို့ရောက်လျှင် မီးမွှေး၍ ရှေးဦးစွာ အားနည်းသော မြွေ၊ ကြွက်၊ ကျေးသားတို့ကို လှုံစေ၍ နောက်မှ မင်းသားကို လှုံစေ၏။ အစာကျွေးသောအခါ လည်း နည်းတူ ကျွေးလေ၏။

ကျေးဇူးတင်လှ ပင့်ဖိတ်ကြ

ထိုအခါ မင်းသားယုတ်သည် ငါ မင်းသားဖြစ်လျက် ဂရုမစိုက်၊ တိရစ္ဆာန်တို့ကို သာ ဂရုစိုက်သည်ဟု ရသေ့၌ ရန်ငြိုးဖွဲ့လေ၏။ နှစ်ရက်၊ သုံးရက် လွန်သဖြင့် အားရှိလာကြသောအခါ မြစ်ရေလည်း ပြတ်သဖြင့် မြွေသည် ရသေ့ကို ရှိခိုး၍ “အရှင်ဘုရား … အရှင်ဘုရားသည် အကျွန်ုပ်အား ကျေးဇူးပြုပေသည်၊ အကျွန်ုပ်မှာ ဥစ္စာကုဋေလေးဆယ် ရှိပါသည်၊ အလိုရှိက လှူပါမည်၊ မည်သည့်အရပ်သို့ ကြွကာ မြွေ - ဟု ခေါ်ပါ” ဟု မှာထား၍ ပြန်လေ၏။ ကြွက်လည်း “မိမိမှာ ဥစ္စာကုဋေသုံးဆယ်ရှိကြောင်း၊ အလိုရှိက လှူမည်ဖြစ်ကြောင်း၊ မည်သည့်အရပ်သို့ ကြွကာ ကြွက် - ဟု ခေါ်ပါ” ဟု မှာထား၍ ပြန်လေ၏။ ကျေးသားလည်း “မည်သည့်ကြွပါ သလေးနီဖြင့် အလိုရှိလျှင် လှူပါမည်၊ ကျေးသား - ဟု ခေါ်ပါ” ဟု မှာထား၍ ပြန်လေ၏။

အဆွေခင်ပွန်းကို ပြစ်မှားတတ်သော မင်းသားယုတ်သည် မပင့်ဖိတ်ဘဲ သွားလျှင် မလျော်သဖြင့် ပင့်ဖိတ်မည် လာသောအခါ သတ်မည်ဟု အကောက်ကြံ၍ “အရှင်ဘုရား … အကျွန်ုပ် မင်းဖြစ်သောအခါ ကြွလာပါ၊ ပစ္စည်းလေးပါးဖြင့် လုပ်ကျွေးပါမည်” ဟု ပင့်ဖိတ်၍ ပြန်လေ၏။ မင်းသားလည်း မကြာမီ မင်းဖြစ်လေ၏။

ကယ်ဆယ်ဖူးထား စုံစမ်းသွား

ရသေ့လည်း တစ်နေ့သ၌ ငါစုံစမ်းမည်ဟု မြွေထံသွား၍ မြွေ - ဟု ခေါ်၏။ မြွေလည်း လာ၍ “အရှင်ဘုရား … ဥစ္စာ ကုဋေလေးဆယ်ကို ယူပါ” ဟု လှူလေ၏။ ရသေ့လည်း “ရှိစေဦး၊ အလိုရှိသောအခါ ငါပြောမည်” ဟု ဆိုပြီးလျှင် ကြွက်ထံသွား၍ ကြွက် - ဟု ခေါ်၏။ ကြွက်လည်း လာ၍ “အရှင်ဘုရား … ဥစ္စ ကုဋေသုံးဆယ်ကို ယူပါ” ဟု လှူလေ၏။ ရသေ့လည်း “ ရှိစေဦး၊ အလိုရှိသောအခါ ငါပြောမည်” ဟု ဆိုပြီးလျှင် ကျေးသားထံသွား၍ ကျေးသား “ ဟု ခေါ်၏။ ကျေးသားလည်း “အရှင်ဘုရား … သလေးနီကို ဆောင်ရမည်လော” ဟု လျှောက်ထား၏။ ရသေ့လည်း “ရှိစေဦး၊ အလိုရှိသောအခါ ငါပြောမည်” ဟု ဆိုပြီး လျှင် မိမိနေရာသို့ ပြန်လေ၏။

ရသေ့လည်း မြွေ၊ ကြွက်၊ ကျေးသား တို့ကား ကျေးဇူးသိကြပါပေသည်၊ ခွင့်ဝတ်ကျေကြပါပေသည်၊ မင်းသားကို သိရအောင် စုံစမ်းမည်ဟု ကြံစည်ကာ မင်းသားထံ သွား၍ ဥယျာဉ်တော်၌ တည်ခိုပြီး နံနက် ဆွမ်းခံချိန်တွင် မြို့တွင်းသို့ ဆွမ်းခံကြွလေ၏။

လိမ်ဉာဏ်နှင့်ပင့် မင်းယုတ်ကျင့်

ထိုအခိုက်တွင် မင်းယုတ်လည်း မင်္ဂလာဆင်တော်ကို စီးကာ အခြွေအရံနှင့် မြို့ကို လက်ယာရစ်လှည့်စဉ် ရသေ့ကို မြင်၍ အင်း … ရသေ့ရောက် လာပြီ၊ ငါ့ထံ စားသောက်ကာ နေလိုဟန်တူသည်၊ ငါ့ကိုပြုထားသော ကျေးဇူးကို လူများကို မပြောကြားမီ အသတ်ခိုင်းမည်ဟု ကြံစည်လျက် မင်းချင်းတို့ကို ကြည့်လေ၏။

မင်းချင်းတို့လည်း “အရှင်မင်းကြီး … ဘယ်အမှုကို ပြုရမည်နည်း” ဟု လျှောက်လျှင် “မောင်မင်းတို့ … ဤရသေ့ကို ဖမ်းဆီးချုပ်နှောင်ကာ လမ်းဆုံတိုင်း၊ လမ်ဆုံတိုင်း ရိုက်နှက်လျက် မြို့ပြင်ထုတ်၍ သုသာန်၌ ဦးခေါင်းကိုဖြတ်ကာ တကျင်လျှိုကြကုန်” ဟု အမိန့်ပေးလေ၏။

သူယုတ်ကယ်မ ဆင်းရဲရ

မင်းချင်းတို့လည်း ရသေ့ကို ဖမ်းဆီး ချုပ်နှောင်ကာ လမ်းဆုံတိုင်း၊ လမ်းဆုံတိုင်း ရိုက်နှက်ကြကုန်၏။ ရသေ့လည်း ရိုက်နှက်တိုင်း၊ ရိုက်နှက်တိုင်း အမေ အဖေ စသည် မမြည်တမ်းဘဲ -

“မြစ်တွင် မျောလာသော သစ်တုံးကို ဆယ်တင်ခြင်းက မြတ်သေးသည်၊ အဆွေခင်ပွန်း ပြစ်မှားသော သူယုတ်မာကို ဆယ်တင်ရခြင်းမှာ မမြတ်သည်သာတည်း” ဟု လောက၌ တချို့ပညာရှိတို့ မှန်သောစကားကို ဆိုကြကုန်သတတ် -ဟူသော စကားကိုသာ ဆိုမြည်းတမ်းလေ၏။

ရသေ့စကားကို ကြားလျှင် ပညာရှိသော သူတို့သည် “အို ရှင်ရသေ့ ... အရှင်သည် အကျွန်ုပ်တို့ မင်းကြီးအား ပြုခဲ့ဖူးသောကျေးဇူး တစ်စုံတစ်ရာ ရှိပါသလော” ဟု မေးကြကုန်၏။ ထိုအခါ ရသေ့သည် မင်းကြီးအား မင်းသားဖြစ်စဉ် မြစ်ရေ၌ မျောလာရာမှ ဆယ်တင်ကာ အသက်ကို ကယ်ဆယ်ခဲ့ဖူးကြောင်း စုံလင်စွာ ပြောလေ၏။

သူယုတ်သုတ်သင် မင်းမြှောက်တင်

အမတ် ပုဏ္ဏား စသော သူတို့သည် “ဤမင်းယုတ်ကား အသက်ကို ပေးသည့် ကျေးဇူးရှင်ကိုပင် ပြစ်မှားသေးသည်၊ ဤမင်းယုတ်ကိုမှီ၍ အဘယ်မှာ အကျိုးစီးပွား ဖြစ်နိုင်မည်နည်း၊ မင်းယုတ်ကို ဖမ်းကြကုန်လော့” ဟု အမျက်ထွက်လျက် အရပ်လေးမျက်နှာမှ လေး၊ မြား၊ တုတ်၊ ဓား၊ ဆောက်ပုတ် စသည်တို့ဖြင့် ပစ်ခတ်ရိုက်နှက်၍ သတ်ကြပြီး ခြေနှစ်ချောင်းကိုကိုင်ကာ မြို့ပြင် ကျုံးထဲသို့ စွန့်ပစ်ကြကုန်၏။ ရသေ့ကိုလည်း ဘိသက်သွန်း၍ မင်းမြှောက်ကြကုန်၏။ ရသေ့မင်းလည်း တရားသဖြင့် မင်းပြုတော်မူ၏။

တစ်နေ့သ၌ အဆွေခင်ပွန်း ဖြစ်ကြသော မြွေ၊ ကြွက်၊ ကျေးသားတို့ထံ အခြွေအရံများစွာဖြင့်သွား၍ မြွေထံမှ ဥစ္စာ ကုဋေလေးဆယ်၊ ကြွက်ထံမှ ကုဋေသုံးဆယ်၊ ဤသို့ ဥစ္စာကုဋေခုနစ်ဆယ်ကို ယူဆောင်ပြီးလျှင် ကျေးသားထံမှလည်း သလေးနီးစပါးတို့ကို ဝန်ခံစေလျက် မြွေ၊ ကြွက်၊ ကျေးသားတို့ကို လည်း နန်းတော်သို့ ခေါ်ဆောင်၍ လာလေ၏။

မိတ်ဆွေလေးဝ တူနေကြ

နန်းတော်သို့ ရောက်လျှင် မြွေနေဖို့ ရွှေကျည်တောက်၊ ကြွက်နေဖို့ ရွှေပန်းလိုဏ်ခေါင်း၊ ကျေးသားနေဖို့ ရွှေချိုင့်တို့ကို ပြုလုပ်စေပြီးလျှင် အဆွေခင်ပွန်း သုံးဦးတို့ကို ချမ်းသာစွာ နေစေလျက် နေ့စဉ် အစာကျွေးမွေးတော်မူ၏။ မိမိလည်း ဥစ္စာကုဋေခုနစ်ဆယ်တို့ကို သိမ်းဆည်းကာ ကုသိုလ်ကောင်းမှုတို့ကို ပြုတော်မူ၏။

ဤသို့လျှင် မင်းနှင့်တကွ အဆွေခင်ပွန်း လေးဦးတို့သည် စိတ်တူကိုယ်မျှ အသက်ထက်ဆုံး ညီညွတ်ကြလျက် သေလွန်သည့် အခြားမဲ့၌ ကံအားလျော်စွာ လားကြရကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းယုတ်သည် - ယခုအခါ ဒေဝဒတ်။

မြွေသည် - သာရိပုတ္တရာ။

ကြွက်သည် - မောဂ္ဂလာန်။

ကျေးသားသည် - အာနန္ဒာ

မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကျေးဇူးရှိသူ၊ ပြစ်မှားမူ၊ လူတွင်ပျက်စီးရာ။

(၂) ထင်းတုံးနှင့်လူ၊ မြစ်မှာယူ၊ ထင်းမူမြတ်သည်သာ။

သစ္စံကိရဇာတ် ပြီး၏။

***

၇၄ - ရုက္ခဓမ္မဇာတ်

ပညာရှိ ရုက္ခစိုး ဆုံးမချက် မနာယူကြသဖြင့် ဗိမာန်ပျက်စီး၍ ဆင်းရဲရသော ရုက္ခစိုးများ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရေကိုကြောင်းပြု ခိုက်ရန်မှု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဆွေတော်မျိုးတော်တို့သည် လယ်ကိုသွင်းသော စပါးအောင် ရေကို အစွဲပြု၍ ကြီးစွာသော ခိုက်ရန်ဖြစ်ကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် မြစ်နားသို့ ကြွတော်မူ၍ ဆွေတော်မျိုးတော်အပေါင်းတို့အား “ဆွေမျိုး အပေါင်းတို့ ... အဖိုးမတန်သော ရေကို အစွဲပြု၍ ခိုက်ရန်ဖြစ်ကာ မပျက်စီးစေကြကုန်လင့်၊ စိတ်ဝမ်း မကွဲကြကုန်လင့်၊ အချင်းချင်း ညီညွတ်ကြကုန်လော့။ အသက်ဝိညာဉ်ရှိသော လူကို မဆိုထားဘိ အသက်ဝိညာဉ် မရှိသော သစ်ပင်တို့ပင် တစ်ပင်နှင့်တစ်ပင် အမှီပြုကာ အချင်းချင်း ညီညွတ်ကြသဖြင့် ဘေးရန်ကင်းလွတ်ကြောင်း” ကို မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

[ပစ္စုပ္ပန်ဝတ္ထုအကျယ်ကား ကုဏာလဇာတ်တွင် ထင်ရှားလတ္တံ။]

အတိတ်ဝတ္ထု

ဗိမာန်တည်ရေး ဆုံးမပေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် နတ်ပြည်တွင်လည်း ဝေဿဝဏ်နတ်မင်းကြီး စုတေသဖြင့် နောက် ဝေဿဝဏ် နတ်မင်းကြီးတစ်ဦး မင်းပြုသောအခါ “သစ်ပင်ကြီးငယ်၊ ချုံ၊ နွယ် မြတ်ဖုတ် စသော ဗိမာန်တို့၌ အုပ်စိုးနေထိုင်ကြသူ နတ်အပေါင်းတို့အား မိမိတို့ အလိုရှိရာကို ယူငင် သတ်မှတ်ကြကုန်” ဟု အမိန့်ထုတ်လေ၏။

ထိုအခါ ဘုရားအလောင်းသည် ဟိမဝန္တာ အင်ကြင်းတော တစ်ခုဝယ် ရုက္ခစိုးနတ်မင်းဖြစ်၍ မိမိမူကား ထိုအင်ကြင်းတောကို သိမ်းယူပြီးလျှင် ဆွေမျိုးဖြစ်သော နတ်တို့အား “ အမောင်တို့ ... လွင်တီးခေါင်၌ပေါက်သော သင်ပင်တို့ကို မယူကြကုန်လင့်၊ င့ါ ဗိမာန်ကို ခြံရံ၍နေသော အင်ကြင်းတောတွင် ကြိုက်နှစ်သက်ရာ ဗိမာန်ကို ယူကြကုန်လော့” ဟု မိန့်တော်မူ၏။

တောတောင်မှိခို မနေလို

ပညာရှိသော နတ်တို့သည် ရုက္ခစိုးနတ်မင်း စကားကို နားထောင်ကာ အင်ကြင်းတောဝယ် ကြိုက်နှစ်သက်သော ဗိမာန်ကိုယူကြကုန်၏။ ပညာမရှိသော နတ်တို့သည်ကား “တောကြီးခေါင်ခေါင်၌ ဗိမာန်ကို ယူသဖြင့် အဘယ်အကျိုးရှိမည်နည်း။ မြို့ရွာ၊ နိဂုံးတို့၏ တံခါးအနီးတွင်ရှိသော သစ်ပင်တို့ကိုယူလျှင် မြို့၊ ရွာ၊ နိဂုံးနေလူတို့ ကိုးကွယ်ကြသဖြင့် လာဘ်လာဘ အခြံအရံပေါများမည် မဟုတ်ပါလော” ဟု ကြံစည်ကာ ရုက္ခစိုးနတ်မင်း စကားကို နားမထောင်ဘဲ လွင်တီးခေါင်တွင် ပေါက်ရောက်သော မြို့၊ ရွာ၊ နိဂုံးတို့ တံခါးအနီးရှိ သစ်ပင်ကြီးတို့ကို ရွေးချယ်ကာ ယူကြကုန်၏။

မလိုက်နာသည့်အတွက် ဗိမာန်ပျက်

တစ်နေ့သ၌ လေကြီးမိုးကြီး ပြင်းထန်စွာ ကျရောက်လတ်သော် တစ်ပင်နှင့်တစ်ပင် အမှီမရ၊ လွင်တီးခေါင်ရှိ သစ်ပင်ကြီးတို့မှာ အကိုင်း၊ အခက်၊ ကျိုးရုံမက အမြစ်ပါ ပြုတ်၍ လဲကုန်၏။ ထိုအခါ မြို့၊ ရွာ၊ နိဂုံး လူတို့ အကိုးကွယ် ခံ၍နေကြသော နတ်တို့မှာ ဗိမာန်ပျက်စီးကာ အိုးအိမ်မဲ့ ဖြစ်ကြကုန်၏။ ရုက္ခစိုးနတ်မင်း နေသော အင်ကြင်းတောကား တစ်ပင်နှင့်တစ်ပင် မှီတွယ်စပ်ယှက်ကာ တည်နေသည့်အတွက် လဲပြိုပျက်စီးခြင်းမရှိ၊ လေကြီးမိုးကြီး ဘေးရန်မှ ကင်းလွတ်ချမ်းသာသဖြင့် နတ်တို့လည်း ဗိမာန်မပျက်စီးကြကုန်၊ ချမ်းချမ်းသာသာ နေကြကုန်၏။

ဆွေမျိုးညီက ရန်အောင်ရ

ဗိမာန်ပျက်ကာ အိုးအိမ်မဲ့ ဖြစ်သော နတ်တို့သည် သား၊ သမီး၊ မြေး၊ မြစ်တို့ကို လက်ဆွဲချီပိုးကား ဆင်းဆင်းရဲရဲ ဖြစ်ကြလျက် ရုက္ခစိုးနတ်မင်းနေရာ အင်ကြင်းတောသို့ လာကြကုန်၏။ ထိုအခါ ရုက္ခစိုးနတ်မင်းသည် ဒုက္ခသည် ဆွေမျိုးနတ်တို့အား “အမောင်တို့မှာ ပညာရှိတို့ စကားကို နားမထောင်သည့်အတွက် ဤကဲ့သို့ အိုးအိမ်မဲ့ဖြစ်၍ ဆင်းရဲဒုက္ခရောက်ကြရသည်” ဟု အပြစ်တင်ကာ -

“အမောင်တို့ ... တစ်ဦးတစ်ယောက်တည်း နေခြင်းထက် ဆွေမျိုးများ စုပေါင်းညီညွတ်၍ နေခြင်းသည် ကောင်း၏၊ ရန်သူ မဖျက်ဆီးနိုင်။ အသက် ဝိညာဉ် မရှိသော သစ်ပင်များသည် စုပေါင်းညီညွတ်၍ နေခြင်းသည် ကောင်း၏၊ လေ ရန်သူ မဖျက်ဆီးနိုင်။ တစ်ပင်ထီးတည်းနေသော သစ်ပင်မှာ ကြီးကျယ်ခမ်းနားစေကာမူ လေရန်သူ ဖျက်ဆီးနိုင်၏” –

ဟု ဟော၍ အဆုံးအမပေးပြီးလျှင် မိမိနေရာ အင်ကြင်းတောမှာပင် အသီးအသီး နေရာချထား၍ ပေးလေ၏။ နတ်တို့လည်း ဝမ်းမြောက်ဝမ်းသာ ရုက္ခစိုးနတ်မင်း၏ အဆုံးအမ၌တည်၍ အသက်ထက်ဆုံး အညီအညွတ် နေကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ အိုးအိမ်မဲ့နတ်တို့သည် - ယခုအခါ ဘုရားပရိသတ်။

ပညာရှိ ရုက္ခစိုးနတ်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အမျိုးသားချင်း၊ ညီညွတ်လျဉ်း၊ လွတ်ကင်းဘေးရန်တွေ။

(၂) သက်မဲ့ပင်ချင်း၊ များညီလျဉ်း၊ လေပြင်းလွတ်သည့်နေ။

ရုက္ခဓမ္မဇာတ် ပြီး၏။

***

၇၅ - မစ္ဆရာဇဇာတ်

ဆွေမျိုးငါးအပေါင်း ရေခန်း၍ ပျက်စီးနေသည်ကို တွေ့မြင်သဖြင့် သစ္စာပြုကာ မိုးရွာစေသော ငါးမင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကရုဏာရှေးရှု ကယ်တင်မှု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလတိုင်းဝယ် မိုးမရွာသဖြင့် စပါးပင်တို့သည် ညှိုးနွမ်းကုန်၏။ ဆည်၊ ကန်၊ အင်း၊ အိုင်တို့၌လည်း ရေခန်းခြောက်ကုန်၏။ ကျောင်းတော်တံခါးမုခ်အနီးရှိ ဇေတဝန် ရေကန်၌လည်း ရေပြတ်လျက် ညွန်ပျောင်းအတိသာ ရှိလေ၏။ ငါး၊ လိပ်တို့ကို ကျီး၊ စွန်ရဲ စသည်တို့ကို စားသောက်ကြသဖြင့် ပျက်စီးသေပျောက်ကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ငါး၊ လိပ် စသော သတ္တဝါတို့ကို သနားတော်မူသဖြင့် ယနေ့ မိုးရွာစေမည်ဟု နှလုံးသွင်းကာ ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင် ညီတော် အာနန္ဒာထံ ရေသနုပ်တော်တောင်း၍ ရေသနုပ်တော်ကို လဲပြီးလျှင် ရေသပ္ပါယ်တော်မူရန် ဇေတဝန်ရေကန် စောင်းတန်း၌ ရပ်တော်မူ၏။

အလိုဖြည့်ငြား မိုးသိကြား

သိကြားမင်း သိသဖြင့် မိုးနတ်သားကိုခေါ်၍ “အမောင် မိုးနတ်သား ... မြတ်စွာဘုရား ရေသပ္ပာယ်တော်မူမည်ဟု ဇေတဝန်ရေကန် စောင်းတန်း၌ ရပ်တော်မူသည်၊ ကောသလတိုင်း အလုံးစုံ စပ်မိအောင် မိုးရွာစေလော့” ဟု စေခိုင်းလေ၏။

မိုးနတ်သားလည်း မိုးတိမ်ပုဆိုး နှစ်ထည်ကို ဝတ်ဆင်ကာ မိုးသီချင်းကို သီဆိုလျက် အရှေ့လောကဓာတ်သို့ ပြေးလတ်သော် တိမ်တောင် တိမ်ခဲ့တို့သည် အလိပ်၊ အလိပ် တက်ပြီးလျှင် လျှပ်စစ်ပြက်လျက် ထစ်ချုန်းမြည်ဟည်းကာ သည်းထန်စွာ ရွာသွန်းလေ၏။ ထိုမိုးသည် ကောသလတိုင်း အားလုံးနှံ့ကာ ဇေတဝန် ရေကန်လည်း စောင်းတန်းဦး ဆိုက်ရောက်အောင် ရေပြည့်လေ၏။

မြတ်စွာဘုရားသည် ရေသပ္ပာယ်တော်မူပြီးလျှင် ဂန္ဓကုဋိသို့ ဝင်တော်မူ၏။ ညချမ်းသောအခါ ရဟန်းတို့သည် တရားသဘင်ဝယ် သတ္တဝါတို့ကို ငဲ့ညှာတော်မူသဖြင့် မိုးရွာစေကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြစဉ် မြတ်စွာဘုရား ကြွလာတော်မူကာ “ရဟန်းတို့ ... ယခုအခါမှသာ မိုးရွာစေသည် မဟုတ်၊ ရှေးအခါ ငါးမင်းဖြစ်စဉ်ကလည်း မိုးကို ရွာစေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သတ္တဝါများစွာ ပျက်စီးရှာ

လွန်လေပြီးသောအခါ ကောသလတိုင်း သာဝတ္တိပြည် ဤဇေတဝန်ကန် နေရာအရပ်ဝယ် ချုံနွယ်တို့ဖြင့် ခြံရံအပ်သော ရေအိုင်တစ်ခု ရှိလေ၏။ ဘုရားအလောင်းသည် ငါး အမျိုး၌ ဖြစ်၍ ငါးအပေါင်း ခြံရံလျက် ထိုအိုင်၌နေလေ၏။

ထိုအခါ ကောသလတိုင်း တစ်တိုင်းလုံး၌ မိုးမရွာ၊ ကန်၊ ဆည်၊ ချောင်းငယ်၊ အင်း၊ အိုင်တို့၌ ရေခန်းခြောက်၏။ လူတို့ စိုက်ပျိုးသော စပါးပင်တို့လည်း ညှိုးနွမ်းကုန်၏။ ငါး၊ လိပ် တို့လည်း ရေမရှိသဖြင့် ရွှံ့ညွန်တွင်းသို့ ဝင်၍ နေကြရကုန်၏။

ကျီး၊ လင်းတ၊ စွန်ရဲတို့သည် ထက်လှစွာသော နှုတ်သီးဖြင့်၊ ငါး၊ လိပ်တို့ကို ထိုးဆိတ်ကာ စားသောက်ကြသဖြင့် ငါး၊ လိပ်တို့မှာ ကြီးစွာ ပျက်စီးခြင်းသို့ ရောက်ကြကုန်၏။

ဆွေမျိုးပျက်မှု သစ္စာပြု

ထိုအခါ ငါးမင်းသည် ဆွေမျိုးအပေါင်းတို့ ပျက်စီးကြသည်ကိုမြင်လျှင် ဆွေမျိုးတို့ ပျက်စီးခြင်းဆင်းရဲကို ငါ့ကိုထား၍ ကယ်နိုင်သူ မရှိ၊ ငါသည် သစ္စာပြုကာ သစ္စာတန်ခိုး အာနုဘော်ဖြင့် မိုးကိုရွာစေလျက် ဆင်းရဲမှ လွတ်စေမည်ဟု ကြံစည်ကာ မည်းနက်သော အဆင်းရှိသော ငါးမင်းသည် ရွှံ့ညွန်တွင်းမှထွက်လျက် ပတ္တမြားနီ အဆင်းရှိသော မျက်လုံးကို ဖွင့်၍ ကောင်းကင်သို့ ကြည့်ကာ ပဇ္ဇုန်နတ်သားအား အသံပေးလျက် -

“အို - ပဇ္ဇုန်နတ်မင်း - ငါသည် ဆွေမျိုးတို့ ပျက်စီးခြင်းကို မြင်ရသည့်အတွက် အလွန်ဆင်းရဲလှ၏။ သီလရှိသော ငါငါးမင်း ပင်ပန်း ဆင်းရဲနေသည်ဖြစ်လျက် အဘယ့်ကြောင့် မိုးကို မရွာစေသနည်း၊ ငါသည် ဇာတ်တူသားစားသော အမျိုး၌ ဖြစ်သော်လည်း ငါးတစ်ကောင်မျှ စားဖူးသည် မရှိ၊ တခြား သတ္တဝါတို့ကိုလည်း သတ်ဖြတ်ညှဉ်းဆဲဖူးသည် မရှိ၊ ဤသို့ ငါ၏ မှန်ကန်သော သစ္စာစကားကြောင့် ယခုချက်ချင်း မိုးရွာစေသတည်း၊ ငါနှင့် ငါ့ဆွေမျိုးတို့ ဆင်းရဲမှ လွတ်စေသတည်း” –

ဟု သစ္စာဆိုကာ ကျွန်အစေအပါးကို ခေါ်၍ ခိုင်းစေသည့်အလား ပဇ္ဇုန်နတ်သားကိုခေါ်၍ ကောသလတိုင်းကြီး တစ်တိုင်းလုံး မိုးကြီးရွာစေသဖြင့် သတ္တဝါများကို သေခြင်းဆင်းရဲမှ လွတ်စေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ငါးအပေါင်းတို့သည် - ယခုအခါ ဘုရားပရိသတ်။

ပဇ္ဇုန်နတ်သည် - အာနန္ဒာ။

ငါးမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ငါးမင်းသစ္စာ၊ မိုးကြီးရွာ၊ ချမ်းသာတိုင်းပြည်လုံး။

(၂) ငါး, လိပ်မရွေး၊ မျိုးတဝေး၊ သေဘေးလွတ်သည့်ထုံး။

မစ္ဆရာဇဇာတ် ပြီး၏။

***

၇၆ - အသင်္ကိယဇာတ်

ဗြဟ္မဝိဟာရတရား နေ့ညမပြတ် အားထုတ်နေသဖြင့် ကုန်သည်များ ခိုးသားဘေးမှ ကင်းရသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကိုယ်ကျင့်ပြည့်စုံ များလုံခြုံ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိမြို့နေ သောတာပန် သီတင်းသည်တစ်ယောက် ရှိလေ၏။ ထိုသီတင်းသည်သည် တစ်စုံတစ်ရာ ပြုဖွယ်ကိစ္စဖြင့် လှည်းကုန်သည်တို့နှင့် ခရီးသွားသည်ရှိသော် လှည်းကုန်သည်တို့သည် တောတစ်ခုဝယ် လှည်းတို့ကိုချွတ်ကာ လှည်းစခန်းချကြကုန်၏။ သီတင်းသည်လည်း ညည့်အခါ သစ်ပင်ရင်း တစ်ခုဝယ် ညဉ့်သုံးယံပတ်လုံး စင်္ကြံသွးကာနေ၏။

လှည်းကုန်သည်တို့ကို လုယက်မည်လာသော သူခိုးငါးရာတို့သည် သီတင်းသည် အိပ်လိမ့်နိုး စောင့်နေရာ တစ်ညဉ့်လုံး မအိပ်သဖြင့် မလုယက်နိုင်ဘဲ ပြန်ကြရကုန်၏။

ကိုယ်ကျိုးစောင့်က သူလည်းရ

ထိုသီတင်းသည် ပြုဖွယ်ကိစ္စပြီး၍ သာဝတ္ထိပြည်သို့ ပြန်ရောက်လျှင် မြတ်စွာဘုရားထံရောက်၍ “အရှင်ဘုရား ... မိမိကိုယ်ကို စောင့်ရှောက်သောသူမှာ သူတစ်ပါးကိုလည်း စောင့်ရှောက်သည် မည်ပါသလော၊ သူတစ်ပါးကို စောင့်ရှောက်သော သူသည်လည်း မိမိကိုယ်ကို စောင့်ရှောက်သည် မည်ပါသလော” ဟု လျှောက်ထားလေ၏။

မြတ်စွာဘုရားလည်း သီတင်းသည် ... နှစ်ပါးစုံ စောင့်ရှောက်သည် မည်ကြောင်းကို မိန့်တော်မူလျှင် “အရှင်ဘုရား ... မှန်ပါ၏၊ တပည့်တော် လှည်းကုန်သည်များနှင့် လိုက်သွားရာ ညဉ့်အခါ သစ်ပင်ရင်း၌ စင်္ကြံသွားကာ မိမိကိုယ်ကို စောင့်ရှောက်ရာ သူခိုးငါးရာတို့ မလုယက်နိုင်ဘဲ ပြန်ကြရသဖြင့် သူတစ်ပါးကိုလည်း စောင့်ရှောက်သည်မည်ကြောင်း” ကို လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “သီတင်းသည် ... ရှေးပညာရှိတို့သည် မိမိကိုယ်ကို စောင့်ရှောက်ကာ သူတစ်ပါးကို စောင့်ရှောက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကုန်သည်နားကြ လှည်းဝိုင်းချ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်သောအခါ ရသေ့ရဟန်း ပြုပြီးလျှင် ဟိမဝန္တာ၌ နေလေ၏။

တစ်နေ့သ၌ ချဉ်၊ ဆား မှီဝဲရန် အလို့ငှာ ထိုထို ဇနပုဒ်သို့ ဒေသစာရီ လှည့်လည်သည်ရှိသော် လှည်းကုန်သည်များနှင့် ကြုံကြိုက်၍ အတူတကွသွားရာ လှည်းကုန်သည်တို့သည် တောအုပ်တစ်ခု၌ လှည်းတို့ကိုဖြုတ်ကာ လှည်းစခန်းချကြလေ၏။

ရသေ့လည်း လှည်းတို့အနီးဝယ် စျာန်ချမ်းသာဖြင့် နေပြီးလျှင် သစ်ပင်ရင်းတစ်ခုဝယ် စင်္ကြံသွားကာ ဆောက်တည်လျက် နေလေ၏။ ထိုအခါ သူခိုးငါးရာတို့သည် လှည်းကုန်သည်တို့ ညစာထမင်းစားစဉ် လုယက်မည်ဟု လာ၍ လှည်းတို့ကို ဝန်းရံကြကုန်၏။

သူခိုးတို့ပြေး သတိပေး

သူခိုးတို့လည်း သစ်ပင်ရင်းဝယ် စင်္ကြံသွားနေသော ရသေ့ကို မြင်လျှင် လှည်းကုန်သည်တို့ကို ပြောကြားပေလိမ့်မည်ဟု ကြံစည်ကာ ရသေ့ အိပ်ခြင်းကိုသာ စောင့်ဆိုင်း၍နေကြကုန်၏။

ရသေ့လည်း တစ်ညဉ့်ပတ်လုံး စင်္ကြံသွားလေ၏။ ထိုအခါ သူခိုးတို့သည် လုယက်ခွင့် မရတော့ဘဲ ဆောင်ယူခဲ့သော လက်နက်တို့ကို စွန့်ပစ်ကာ “အို လှည်းကုန်သည်တို့ ... သစ်ပင်ရင်းတွင် စင်္ကြံသွားနေသော ရသေ့မြတ်မရှိပါမူ သင်တို့ ပစ္စည်းတွေကို လုယက်ယူကာ သင်တို့ ပျက်စီးကြရာသည်၊ သို့အတွက် နက်ဖြန် ရသေ့မြတ်ကို ပူဇော်သက္ကာရ များများပြုကြကုန်” ဟု ဟစ်အော်ကာ သွားကြကုန်၏။

ဘေးရန်ကင်းရ တရားပြ

လှည်းကုန်သည်တို့သည် နံနက်လင်းသောအခါ သူခိုးတို့ စွန့်ပစ်ခဲ့သော လက်နက်တို့ကို မြင်သဖြင့် ကြောက်ရွံ့ကာ ရသေ့ထံလာကြ၍ ရှိခိုးပြီးလျှင် “အရှင်ဘုရား ...သူခိုးတို့ကို မြင်ပါသလော” ဟု လျှောက်ကြ၏။ “ဒါယကာတို့ .... မြင်ပါသည်” ဟု ပြောသောအခါ၊ “အရှင်ဘုရား ... ဤမျှ များပြားသော သူခိုးတို့ကို မြင်ပါလျက် မကြောက်ရွံ့ပါသလော” ဟု လျှောက်ကြရာ “ဒါယကာတို့ ... သူခိုးတို့ကိုမြင်၍ ဥစ္စာရှိသူတို့သာ ကြောက်ရွံ့ခြင်း ဖြစ်ကြသည်၊ ငါ့မှာ ဥစ္စာမရှိသဖြင့် အဘယ်မှာ ကြောက်ရွံ့ခြင်းဖြစ်မည်နည်း၊

“အို ဒါယကာတို့ ... ငါ့မှာ ရွာ၌ လည်းကောင်း၊ တော၌ လည်းကောင်း ကြောက်ရွံ့ ထိတ်လန့်ခြင်းမရှိ၊ မေတ္တာ ကရုဏာ ဗြဟ္မဝိဟာရတရားကို ပွားများကာ ဗြဟ္မာပြည်သို့ ဖြောင့်ဖြောင့်သွားနေသူ ဖြစ်သည်” - ဟု ဒါယကာတို့အား တရားဟောလေ၏။ ဒါယကာ တို့လည်း နှစ်သက်ဝမ်းမြောက်ကြ၍ အရိုအသေပြုကာ ပူဇော်ကြကုန်၏။ ရသေ့လည်း သေသည့်အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ လားရ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လှည်းကုန်သည်များသည် - ယခုအခါ ငါဘုရားပရိသတ်။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဥစ္စာမဲ့ပြန်၊ သူခိုးရန်၊ ဧကန်မကြောက်ပေ။

(၂) မေတ္တာ, ကရုဏာ၊ ပွားများပါ၊ ကြောက်ရာမရှိပေ။

အသင်္ကိယဇာတ် ပြီး၏။

***

၇၇ - မဟာသုပိနဇာတ်

မပြီးသေး

(၇၈) ဣလ္လိသဇာတ်

အလွန်ဝန်တို နှမြောလှသဖြင့် သိကြားမင်း သူဋ္ဌေးအတုပြုကာ ပစ္စည်းများ လှူဒါန်းစေရန် ဆိုဆုံးမရသော ဣလ္လိသသူဌေးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

နှမြောတိုလှ ပစ္ဆရိယ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရာဇဂြိုဟ်မြို့အနီး သက္ကာရနိဂုံးဝယ် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပစ္ဆရိယသူဌေးသည် နေလေ၏။ ထိုသူဌေးသည် မြက်ဖျားဖြင့် ဆီပေါက်ကိုမျှလည်း သူတစ်ပါးအား မပေးလှူစဖူး။ ထိုးသူဌေး၏ ပစ္စည်းဥစ္စာသည် သားမယားများလည်း မသုံးစွဲရ၊ ရဟန်းပုဏ္ဏားတို့အားလည်း မပေးလှူ၊ ဒကရက္ခိုသ် စောင့်သော ရေကန်ကဲ့သို့ မသုံးဆောင်ဘဲ တည်မြဲတိုင်းသာ တည်လေ၏။

မုန့်စားလိုလှ ပိန်းချုံးကျ

တစ်နေ့သ၌ မစ္ဆရိယ သူဌေးသည် မင်းခစားသွား၍ ပြန်အလာတွင် ဇနပုဒ်သားတစ်ယောက် စားနေသော မုယောမုန့်နှင့် အိုးကင်းကြော်မုန့်ကို မြင်သဖြင့် အလွန် စားချင်သော ဆန္ဒဖြစ်၍ အိမ်ရောက်လျှင် ငါ အိုးကင်းကြော်မုန့် စားချင်သည်ဟု ပြောလျှင် လူအများ ဝိုင်းစားလိုကြပေမည်၊ ထိုသို့ဖြစ်လျှင် ငါ့မှာ ပစ္စည်းဥစ္စာ ကုန်ခမ်းလိမ့်မည်ဟု အလွန်နှမြော ဝန်တိုလှသဖြင့် တစ်စုံတစ်ယောက်အား မပြောကြားဝံ့ဘဲ စားချင်ခြင်း အာသာဆန္ဒကို ကြိတ်၍ သည်းခံကာနေ၏။

တစ်နေ့ထက်တစ်နေ့ အာသာဆန္ဒ ပြင်းပြလာသောအခါ အသားအရေ လျော့ပါးလျက် ပိန်ချုံးကာ မကျန်းမမာဖြစ်၍ အားနည်းလှသဖြင့် အိမ်ခန်းတွင်းရှိ ခုတင်တစ်ခုဝယ် အိပ်စက်ကာ သာယာညှင်းပျောင်း အကြောင်းအကြောင်းကို မေးမြန်းသော်လည်း ပစ္စည်းဥစ္စာ ကုန်ခန်းမည်ကြောက်၍ မပြောကြားဝံ့ဘဲနေ၏။

မယားပြောပြ စီမံကြ

သူဌေးကတော်သည် အလျှော့မပေးဘဲ အကြိမ်ကြိမ်မေးပြန်သောအခါ သူဌေးသည် ငါ့အား တခြားဝေဒနာမရှိ၊ အိုးကင်းကြော်မုန့်ကို စားလို၍ ဖြစ်သည်ဟု ပြောလေ၏။ ထိုအခါ သူဌေးကတော်သည် “အရှင်သူဌေး … ဖြစ်မှ ဖြစ်ရလေ ပြောပါတော့လော၊ သင့်မှာ ဆင်းရဲသလော၊ သက္ကာရနိဂုံး တစ်ခုလုံး စားလောက်အောင် ကြော်ပေးမည်” ဟု ပြောလေ၏။ သူဌေးလည်း သက္ကာရနိဂုံးကို ကျွေးသဖြင့် ဘယ်အကျိုးရှိမည်နည်းဟု တားမြစ်လေ၏။

နောက် တစ်လမ်းလုံးစားဖို့၊ နောက် အိမ်နီးချင်းများ စားဖို့၊ နောက် အိမ်သားများစားဖို့၊ နောက် မယားများစားဖို့၊ နောက် သူဌေးနှင့် သူဌေးကတော် နှစ်ယောက်သာစားဖို့ ပြောသော်လည်း ခွင့်မပြုဘဲ သူဌေးတစ်ယောက်တည်းသာ စားဖို့ပြောမှ ခွင့်ပြုလေ၏။ ခွင့်ပြုသော်လည်း တခြားနေရာမှာကြော်လျှင် လူသိမည်စိုး၍ ဘုံခုနစ်ဆင့်တက်ကာ တံခါးကို လုံအောင်ပိတ်ပြီး ကြော်ရန်စီမံလေ၏။

သူဌေးကတော်လည်း ဆန်ကျိုး၊ အိုးကင်း၊ ခုံလောက်၊ နို့၊ ပျား၊ တင်လဲ၊ ထောပတ် စသည်တို့ကို အနည်းငယ်စီယူကာ သူဌေးနှင့်အတူ ဘုံခုနစ်ဆင့်သို့တက်၍ တံခါးလုံအောင် ပိတ်ပြီးလျှင် မုန့်ကြော်ကြလေ၏။

ဗုဒ္ဓ မိန့်ကြား မောဂ္ဂလာန်သွား

မြတ်စွာဘုရားလည်း မိုးသောက်ထသောအခါ မဟာကရုဏာ သမာပတ်မှ ထတော်မူ၍ လောကဓာတ် အားလုံးဝယ် ကျွတ်ထိုက်သော သူတို့ကို ဉာဉ်တော်ဖြင့် ကြည့်ရှုလတ်သော် မစ္ဆရိယ သူဌေးလင်မယား သောတာပန်ဖြစ်မည့်အကြောင်းကို မြင်တော်မူ၏။ နံနက်စောစောကလျှင် ရှင်မောဂ္ဂလာန်ကို ခေါ်တော်မူ၍ “ချစ်သား ရှင်မောဂ္ဂလာန် … ယနေ့ သက္ကာရိဂုံး၌ မစ္ဆရိယသူဌေးသည် အိုးကင်းကြော်မုန့်ကို စားလိုသဖြင့် ဘုံခုနစ်ဆင့်သို့တက်ပြီး ကြော်နေ၏။ ၎င်းထံသွား၍ သင့်တန်ခိုးဖြင့် မာနကျိုးအောင်ဆုံးပြီး လင်မယားနှစ်ယောက်လုံး မုန့်၊ နို့၊ ပျား၊ တင်လဲ၊ ထောပတ်နှင့်တကွ ကျောင်းတော်သို့ရောက်အောင် ယူခဲ့ရမည်၊ သံဃာငါးရာနှင့်တကွ ဆွမ်းဘုဉ်းပေးရန် ငါဘုရား စောင့်ဆိုင်းနေမည်” ဟု မိန့်တော်မူလေ၏။

လှူခံမရ တန်ဖိုးပြ

ရှင်မောဂ္ဂလာန်လည်း တန်ခိုးဖြင့် သူဌေး မုန့်ကြော်ရာ ဘုံခုနစ်ဆင့်သို့ သွားလျက် ကောင်းကင်ပြင်ဝယ် ရပ်တော်မူ၏။ သူဌေး မြင်လျှင် စိတ်နှလုံး တုန်လှုပ်လေ၏။ ငါကား လူသိမည်စိုး၍ ပုန်းလျှိုးပြီးကြော်ရာ ဤရဟန်း ရပ်လာသည်၊ ဤရဟန်းကို ပြေးအောင်လုပ်မည်ဟု ကြံစည်၍ “ရှင်ရဟန်း … ကောင်းကင်၌ ရပ်သော် လည်းကောင်း၊ စင်္ကြံသွားသော် လည်းကောင်း၊ ထက်ဝယ်ဖွဲ့သော် လည်းကောင်း၊ တံခါးခုံမှာ ရပ်သော် လည်းကောင်း၊ အခိုးလွှွတ်သော် လည်းကောင်း ရမည်မဟုတ်” ဟု ဆိုလေ၏။ ရှင်မောဂ္ဂလာန်လည်း တန်ခိုးအမျိုးမျိုး ပြသော်လည်း မရသဖြင့် နောက်ဆုံးတွင် အခိုးလွှတ်လေ၏။ ပြာသာဒ်တစ်ခုလုံး အခိုးဖုံး၍ နေ၏။ သူဌေးလည်း အခိုးဝင်သဖြင့် မျက်စိကို အပ်နှင့်ဆွဲသကဲ့သို့ ရှိလေ၏။

သေးငယ်လှူရာ တောင်းလုံးပါ

ထိုအခါ သူဌေးသည် ဤရဟန်းကား တပ်စွန်းလှသည်၊ မရလျှင် ပြန်မည်မဟုတ်၊ မုန့်ငယ်တစ်ယှက်ကို လှူလိုက်တော့မည် ကြံစည်ကာ “ရှင်မ … မုန့်ငယ်ငယ်တစ်ယှက်ကြော်ပါ” ဟု ခိုင်းလေ၏။ သူဌေးကတော်လည်း မုန့်ညက်အနည်းငယ်ထည့်၍ ကြော်ရာ အိုးကင်းပြည့်အောင် မုန့်ကြီးဖြစ်လာလျှင် သူဌေး စိတ်မကောင်းသဖြင့် နောက်တစ်ကြိမ် ကိုယ်တိုင် အနည်းငယ်ထည့်၍ ကြော်ပြန်သောအခါ သာ၍ ပင် ကြီးမားလာသဖြင့် ငြီးငွေ့ကာ “ရှင်မ … မုန့်တစ်ယှက်ယူ၍ လှူလိုက်ပါ” ဟု ခိုင်းလေ၏။

သူဌေးကတော်လည်း မုန့်တောင်းမှ မုန့်တစ်ယှက်ယူရာ တစ်တောင်းလုံးရှိ မုန့်တွေ ကပ်ပါနေသဖြင့် သူဌေးလာ၍ ချွေးဒီးဒီးကျအောင် ဆွဲခွာသော်လည်း မရသဖြင့် စားချင်စိတ်ပျောက်ကာ တစ်တောင်းလုံးသာ လှူပေတော့ဟု ခိုင်းလေ၏။ သူဌေးကတော်လည်း တောင်းပါ လှူလေ၏။

တန်ခိုးဖြင့်ခေါ်သွား သူဌေးလင်မယား

ရှင်မောဂ္ဂလာန်လည်း သူဌေး လင်မယားအား ရတနာ သုံးပါးဂုဏ်နှင့် အလှူ၏အကျိုးကို ဟောကြားဆုံးမသောအခါ ကြည်ညိုသောစိတ် ဖြစ်လာ၍ “အရှင်ဘုရား … ဤပလ္လင်ပေါ်မှာထိုင်၍ ဘုဉ်းပေးတော်မူပါ” ဟု လျှောက်ထားလေ၏။ “သူဌေးကြီး … မြတ်စွာဘုရားသည် ရဟန်းငါးရာနှင့် မုန့်ဆွမ်း ဘုဉ်းပေးမည်ဟု စောင့်ဆိုင်းနေတော်မူ၏။ သင်တို့လင်မယား မုန့်၊ ထောပတ် စသည်ကို ယူပြီးလျှင် ကိုယ်တိုင်လိုက်၍ ကပ်လှူကြပါ” ဟု ပြောလေ၏။ “အရှင်ဘုရား …ဇေတဝန်ကျောင်း ရောက်အောင် လေးဆယ့်ငါးယူဇနာဝေး၍ ဆွမ်းမီအောင် လိုက်နိုင်မည် မဟုတ်ပါ” ဟု လျှောက်လေလျှင် ၊ “သူဌေးကြီး … သင်တို့ လိုက်လိုလျှင် ငါ တန်ခိုးဖြင့် ဆောင်ယူမည်” ဟု ဝန်ခံကာ တန်ခိုးဖြင့် ဇေတဝန်ကျောင်းသို့ ဆောင်ယူခဲ့၍ မြတ်စွာဘုရား အထံတော်သို့ ပို့လေ၏။

ဗုဒ္ဓဟောပြ မဂ်၊ ဖိုလ်ရ

ရောက်လျှင် သူဌေးလင်းမယားသည် မြတ်စွာဘုရားအမှူးရှိသော သံဃာတော် ငါးရာတို့အား ကိုယ်တိုင် မုန့်တို့ကို ကပ်လှူကြပြီးလျှင် ရေစက်သွန်းချကြကုန်၏။ မုန့်ဆွမ်း ဘုဉ်းပေးပြီးလျှင် သူဌေးလင်မယားလည်း အလိုရှိတိုင်း စားကြကုန်၏။ မုန့်တွေ များလှသေး၏။ သူတောင်းစားတို့ကို အလိုရှိတိုင်း ပေးသော်လည်း မကုန်နိုင်၍ ကျန်သော မုန့်တို့ကို တံခါးမုခ်အနီး ကျင်းထဲသို့ စွန့်စပ်ရ၏။

မြတ်စွာဘုရားလည်း သူဌေးလင်မယားအား အစဉ် အတိုင်းသော တရားတော်ကို ဟောတော်မူ၏။ ထိုခဏ၌ ပင် မစ္ဆရိယ သူဌေးလင်မယားသည် သေတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ ထိုအခါမှစ၍ ကုဋေရှစ်ဆယ်ရှိသော ဥစ္စာတို့ကို မြတ်စွာဘုရား သာသနာတော်၌ သာလျှင် လှူဒါန်းပူဇော်ကြလေကုန်၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ရှင်မောဂ္ဂလာန်၏ ဂုဏ်ကျေးဇူးကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ … မောဂ္ဂလာန်သည် ယခုအခါမှသာ မစ္ဆရိယ သူဌေးကို ဆုံးမ၍ သောတာပန်ဖြစ်စေသည် မဟုတ်၊ ရှေးအခါကလည်း ဆုံးမ၍ ကံ၊ ကံ၏အကျိုးကို သိစေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မိဘစဉ် ဆက် အကုန်ဖျက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ကုဋေရှစ်ဆယ် ကြွယ်ဝသော ဣလ္လိသ မည်သော သူဌေးကြီးသည် ရှိလေ၏။ ထိုသူဌေးကြီးသည် သူယုတ်လက္ခဏာနှင့် ပြည့်စုံ၏။ ခြေခွင်၏၊ လက်ကောက်၏၊ မျက်စိစွေ၏၊ သဒ္ဓါတရားမရှိ ဝန်တို၏။ ပစ္စည်းဥစ္စာကို သူတစ်ပါးအားလည်း မပေးလှူ၊ မိမိလည်း မသုံးဆောင်၊ ဒကရက္ခိုက် စောင့်သော ရေကန်ကဲ့သို့ တည်မြဲတိုင်းသာ တည်လေ၏။ သူဌေး၏ အမိအဖတို့ကား အမျိုးခုနစ်ဆက် တိုင်အောင် အလှူရှင် ဖြစ်ကြကုန်၏။ မိဘတို့သေလွန်၍ သူဌေးရာထူးကို ရလျှင် အလှူတင်းကုပ်တို့ကို မီးရှို့ကာ အလှူခံတို့ကို ရိုက်ပုတ် နှင်ထုတ်လေ၏။

သေရည်တစ်ပဲလောက် ပုန်းလျှိုးသောက်

တစ်နေ့သ၌ ဣလ္လိသ သူဌေးသည် မင်းခစား သွားရာမှ အပြန်တွင် ငါးပုပ်ခတ်သော ဟင်းနှင့် သုရာ သောက်နေသော သူတစ်ယောက်ကိုမြင်၍ အလွန်သောက်လိုသော အာသာဆန္ဒ ချင်ခြင်း ဖြစ်သော်လည်း ပစ္စည်းဥစ္စာ ကုန်ခန်းမည်စိုး၍ ဘယ်သူမှ မပြောကြားဝံ့ဘဲ အောင့်အည်းသည်းခံကာ နေလေ၏။ [အကျယ် ပစ္စုပ္ပန်ဝတ္ထုနှင့် တူ၏။ ထူးခြားရာကိုသာ ရေးမည်။ ]

ဣလ္လိသသူဌေးသည် တစ်နေ့ထက်တစ်နေ့ ချင်ခြင်းပြင်းပြလာသဖြင့် မကျန်းမမာဖြစ်ကာ နောက်ဆုံးတွင် အိမ်စျေးမှ သေရည်တစ်ပဲဖိုး ဝယ်ယူစေ၍ မြို့ပြင်ထွက်လျက် ခရီးလမ်းမတစ်ခုအနီးရှိ ချုံထဲတွင် ပုန်းအောင်း၍ သောက်လေ၏။

သူဌေးယောင်ဖန်ဆင်း သိကြားမင်း

ထိုအခါ ဣလ္လိသသူဌေး၏ အဖ ဖြစ်ခဲ့ဖူးသော သိကြားမင်းသည် လူ့ပြည်ကို ကြည့်လတ်သော် ဣလ္လိသသူဌေး၏ အဖြစ်အပျက်ကိုမြင်၍ ငါသည် ဣလ္လိသသူဌေးကို တုန်လှုပ်ချောက်ချားစေလျက် ကံ၊ ကံ၏ အကျိုးကို သိစေ၍ အလှူပေးခြင်း စသော ကုသိုလ်ကောင်းမှုကို ပြုစေပြီးလျှင် နတ်ပြည်သို့ ရောက်စေမည်ဟု ကြံစည်ကာ လူ့ပြည်သို့ ဆင်းသက်၍ ဣလ္လိသသူဌေးနှင့် ရွေးမရအောင် ဖန်ဆင်းကာ မင်းကြီးထံသွား၍ လျှောက်ထားလေ၏။ “အရှင်မင်းကြီး … အကျွန်ုပ်ပစ္စည်း ကုဋေရှစ်ဆယ်ကို ယူပါ” ဟု လျှောက်ထား၏။ “သူဌေးကြီး … ငါ အလိုမရှိ” ဟု ဆိုလေလျှင် “အရှင်မင်းကြီး … သို့ဖြစ်လျှင် အလှူ ပေးလိုပါသည်” ဟု ခွင့်ပန်လျှောက်ထား၍ အိပ်သို့ သွားလေ၏။

ဣလ္လိသသူဌေး အလှူပေး

အိမ်သို့ရောက်လျှင် သိကြားမင်းကို သူဌေးကတော်မှ စ၍ တစ်ဦးတစ်ယောက်မျှ ဣလ္လိသသူဌေး မဟုတ်မှန်းမ သိကြကုန်။ သိကြားမင်းလည်း တံခါးစောင့်ကိုခေါ်၍ “အမောင် … ငါနှင့်တူသော လူတစ်ယောက် သည်အိမ် ငါ့အိမ်ပဲဟု ဝင်မည်လာလျှင် လက်ခခံလေနှင့်၊ ဆွဲထုတ်ကြရမည်” ဟု ပြာသာဒ်ထက်သို့ တက်ပြီးလျှင် သူဌေးကတော်ကိုခေါ်ကာ “ရှင်မ … ယနေ့ ငါ အလှူပေးမည်” ဟု ပြောလေ၏။

သူဌေးကတော်မှစ၍ သားသမီး ကျေးကျွန်တို့လည်း လှူမည်ဟု လောသံမျှ မဖြစ်ဖူးသော သူဌေးကြီးကား သေရည်သောက်ရ၍ စိတ်ပြောင်းလဲလာသည်ဟု အောက်မေ့ကြကုန်၏။ သို့အတွက် သူဌေးကတော်လည်း “အရှင် … အလိုရှိတိုင်း လှူပါ” ဟု ခွင့်ပြုလေ၏။ ထိုအခါ တစ်မြို့လုံး စည်လည်စေ၍ ဘဏ္ဍာတိုက်တို့ကို ဖွင့်လှစ်ကာ အလိုရှိတိုင်း ယူကြကုန်ဟု လှူဒါန်းလေ၏။

လှည်းနွားမြစ်တား ထုနှက်သွား

အလှူခံလာသူတို့တွင် ဇနပုဒ်သား တစ်ယောက်သည် ဣလ္လိသသူဌေး၏ လှည်းနွားတို့ဖြင့် ရတနာတို့ကို တင်ဆောင်ကာ လှည်းကို မောင်း၍ လာခဲ့ရာ ဣလ္လိသသူဌေး သေရည်သောက်သော ချုံအနီးသို့ ရောက်သောအခါ ငါ့မှာ ဣလ္လိသသူဌေးကိုမှီ၍ တစ်သက်လုံး စားလောက်အောင် ရပေပြီ။ ဤလှည်း၊ ဤနွား၊ ဤရတနာတို့အား ဣလ္လိသသူဌေး ပစ္စည်းများဖြစ်၏။ ငါ့ အမိအဖ ပေးသည် မဟုတ်၊ ဣလ္လိသသူဌေးကြီး အသက်ရာကျော် ရှည်ပါစေဟု ဆုတောင်းလျက် မောင်နှင်သွားလေ၏။

ထိုအခါ ဣလ္လိသသူဌေးသည် သေရည်သောက်ရာမှ ကြား၍ ထိတ်လန့်တကြားထကာ လှည်းနှင့်နွားကို မြင်လျှင် မှတ်မိ၍ ဧကန် မင်းကြီးသည် ငါ့ပစ္စည်းဥစ္စာတို့ကို လုယှက်၍ ပေးသည် ဖြစ်လိမ့်မည်ဟု ကြံစည်လျက် ချုံမှထွက်ပြီးလျှင် “ဟယ် ကျွန်ယုတ် … ငါ့လှည်းနှင့် ငါ့နွားကို ဘာကြောင့် ယူလာရသနည်း” ဟု ဆိုကာ နွားနဖားကို ကိုင်၍ ထားလေ၏။

ဇနပုဒ်သားလည်း လှည်းပေါ်မှဆင်း၍ “ဟယ် ကျွန်ယုတ် … ဣလ္လိသသူဌေးကြီး တစ်မြို့လုံး အလှူပေးနေသည်ကို နင် မသိသလော” ဟု ဒေါသထွက်၍ လည်ကုပ်ကို ကိုင်ဆွဲလျက် ထောင်းထုပုတ်ခတ်ပြီးလျှင် လှည်းကိုမောင်း၍ သွားလေ၏။

ဣလ္လိသအိမ်ဝင် ရိုက်နှက်နှင်

ဣလ္လိသသူဌေးလည်း အမူးပြေကာ လဲရာမှထပြီးလျှင် လွန်စွာ ထိတ်လန့်တုန်လှုပ်လျက် အိမ်သို့ အမြန်သွား၍ အိမ်တံခါးသို့ရောက်လျှင် ပစ္စည်းဥစ္စာယူသွားသူတို့ကို “သင်တို့ကို မည်သူပေးသနည်း၊ ငါ့ပစ္စည်းကို လုယူကြသလော” ဟု ဆိုကာ ကိုင်၍ ဖမ်းလေ၏။ ကိုင်တိုင်း ကိုင်တိုင်း သူတို့က သူဌေးကို ထုရိုက်၍ လွှတ်ကြကုန်၏။ ထိုအခါ ဣလ္လိသသူဌေးလည်း အလွန် နာကျင်လှသဖြင့် အိမ်ထဲသို့ ဝင်မည်အပြုတွင် တံခါးစောင့်တို့သည် “ဟယ် လူယုတ် … ဘယ်ကို ဝင်မည်နည်း” ဟု ငေါက်ငမ်းလျက် ဝါးခြမ်းစိတ်ဖြင့် ရိုက်နှက်ကာ လည်ကုပ်ကိုကိုင်၍ နှင်ထုတ်ကြကုန်၏။

မင်းထံလျှောက်တင် စစ်ဆေးချင်

သူဌေးလည်း ငါ့မှာ မင်းမှတစ်ပါး ကိုးကွယ်ရာမရှိတော့ပြီဟု မင်းကြီးထံသွား၍ “အရှင်မင်းကြီး … အကျွန်ုပ်အိမ်ကို အလုယက် ခိုင်းသလော” ဟု လျှောက်ထား၏။ “သူဌေးကြီး … မခိုင်းပါ၊ နံနက်အခါကပင် သင် လာ၍ အကြောင်းကြားသည် မဟုတ်ပါလော၊ သင့်သဘောအတိုင်း လှူဒါန်းသည်ကို ငါ မတတ်နိုင်ပါ” ဟု ပြောလေလျှင် “အရှင်မင်းကြီး … အကျွန်ုပ် နှမြောဝန်တိုသည်ကို အရှင် အသိဖြစ်ပါသည်၊ အကျွန်ုပ်ကား မြက်ဖျားတွင် ကပ်သော ဆီတစ်ပေါက်ကိုမျှ အလှူမပေးစဖူးပါ၊ အလှူပေးနေသူကို ခေါ်၍ စစ်ဆေးတော်မူပါ” ဟု လျှောက်ထားလေ၏။

မင်းကြီးလည်း အလှူပေးနေသူကို ခေါ်စေ၍ ရှေ့တော်သို့ ရောက်လျှင် တစ်ယောက်နှင့် တစ်ယောက် ရွေးမရအောင် တူနေသဖြင့် မည်သူ ဣလ္လိသသူဌေးမှန်း မသိလေ။

သက်သေစစ်ခံ ရှုံးရပြန်

ထိုအခါ ဣလ္လိသသူဌေးက “အရှင်မင်းကြီး … အကျွန်ုပ် ဣလ္လိသသူဌေးပါ” ဟု လျှောက်၏။ “သူဌေးကြီး … ငါ မသိပါ၊ သင့်ကို မည်သူသိနည်း” ဟု မေးလေ၏။ “အရှင်မင်းကြီး … အကျွန်ုပ်မယားနှင့် သားများ သိပါသည်” ဟု လျှောက်၏။ ထိုအခါ မင်းကြီးက မယားကို ခေါ်၍ မေးလျှင် သိကြားမင်းကို မိမိလင် ဣလ္လိသသူဌေး ဆိုကာ ၎င်းထံမှာ နေ၏။ သားလည်း လည်းကောင်း၊ ကျေးကျွန်တို့သည် လည်းကောင်း သိကြားမင်းကိုသာ ညွှန်ပြကြကုန်၏။

တစ်ဖန် ဣလ္လိသသူဌေးက အကျွန်ုပ်ကို ဆတ္တာသည် သိပါသည်ဟု ဆိုပြန်ရာ ဆတ္တာသည်ကို ခေါ်၍ မေးလျှင် ဆတ္တာသည်သည် မင်းကြီးအား ဣလ္လိသသူဌေး ဆံပင်ထဲမှာ မှဲ့ရှိပါသည်၊ မှဲ့ကိုမြင်ရလျှင် သိပါသည်ဆို၍ နှစ်ယောက်စလုံး ခေါင်းကို ကြည့်သောအခါ အညီအမျှ မှဲ့တွေ့ပြန်သဖြင့် -

“အရှင်မင်းကြီး … နှစ်ယောက်စလုံး ခြေခွင်ကြသည်၊ လက်လည်း ကောင်းကြသည်၊ မျက်စိလည်း စွေကြသည်၊ မှဲ့မည်းလည်း ရှိကြသည်၊ မရွေးနိုင်လောက်အောင် တူညီနေကြသည့်အတွက် အကျွန်ုပ် ဣလ္လိသသူဌေးကို မပြနိုင်တော့ပါ” ဟု လျှောက်ထားလေ၏။ ဣလ္လိသသူဌေးလည်း ဆတ္တာသည်စကားကို ကြားလျှင် ပစ္စည်းဥစ္စာ၌ ဖြစ်သော စိုးရိမ်ပူပန်းခြင်းကြောင့် သတိလစ်ကာ လဲလေ၏။

သိကြားညွှန်ပြ ဆိုဆုံးမ

ထိုအခါ သိကြားမင်းသည် “အရှင်မင်းကြီး … အကျွန်ုပ် ဣလ္လိသသူဌေး မဟုတ်ပါ၊ သိကြားမင်း ဖြစ်သည်” ဟု ပြောဆိုပြီးလျှင် ကောင်းကင်တွင်ရပ်လျက် ဣလ္လိသသူဌေး၏ မျက်နှာကို သုတ်သင်ကာ ရေသွန်းလောင်းလေ၏။ ဣလ္လိသသူဌေးလည်း သတိရ၍ ထထိုင်လျက် သိကြားမင်းကို ရှိခိုးကာနေလေ၏။ ထိုအခါ သိကြားမင်းသည် ဣလ္လိသသူဌေးအား -

“ဣလ္လိသ … ဤပစ္စည်း ဥစ္စာစုကား ငါ့ပစ္စည်း ဥစ္စာစု ဖြစ်သည်၊ သင့်ပစ္စည်း ဥစ္စာစု မဟုတ်၊ ငါကား ဟိုဘဝက သင့်အဖေတည်း၊ ကုသိုလ်ကောင်းမှုပြု၍ သေသောအခါ သိကြားမင်း ဖြစ်ရသည်၊ သင်ကား ငါ့အမျိုးအနွယ်ကို ဖျက်သည်၊ အလှူတင်းကုတ်ကို မီးတိုက်၍ အလှူခံတို့ကို နှင်ထုတ်သည်၊ သင်လည်း မစားရက်၊ သူတစ်ပါးလည်း မပေးလှူရက်၊ သင့်ပစ္စည်းကား ဒကရက္ခိုသ် စောင့်သော ရေကန်ကဲ့သို့ ဖြစ်၏။ ယခုပင် အလှူတင်းကုတ်ကိုဆောက်၍ လှူလျှင် လှူ မလှူလျှင် ပစ္စည်းဥစ္စာ အကုန်ကွယ်ပြီး သင့်ဦးခေါင်းကို ဝရဇိန်လက်နက်ဖြင့် ခွဲသတ်မည်” - ဟု ခြိမ်းခြောက် ပြောဆိုလေ၏။ ဣလ္လိသသူဌေးလည်း သေးဘေးမှ ကြောက်လန့်သဖြင့် “ယနေ့မှစ၍ လှူဒါန်းပါမည်၊ သီလကို စောင့်ထိန်းပါမည်” ဟု ဝန်ခံသဖြင့် အဆုံးအမပေးကာ မိမိနေရာ တာဝတိံသာသို့ ပြန်လေ၏။

ဣလ္လိသသူဌေးလည်း ထိုနေ့မှစ၍ အဖသိကြားမင်းထံ ဝန်ခံထားသောအတိုင်း ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်ကာ သေလွန်သောအခါ နတ်ရွာသို့လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဣလ္လိသသူဌေးသည်သည် - ယခုအခါ ပစ္ဆရိယသူဌေး။

သိကြားမင်းသည် - မောဂ္ဂလာန်။

ဗာရာဏသီမင်းသည် - အာနန္ဒာ။

ဆတ္တာသည်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဝန်တိုနှမြော၊ တွင်းသဘော၊ အဟောစက်ဆုပ်ဖွယ်။

(၂) စွဲလမ်းဥစ္စာ၊ သေသောခါ၊ ပြိတ္တာဖြစ်လိမ့်မယ်။

ဣလ္လိသဇာတ် ပြီး၏။

***

(၇၉) ခရဿရဇာတ်

မပြီးသေး

၈၀ - ဘီမသေနဇာတ်

ဆရာကို မထီမဲ့မြင်ပြုကာ စစ်တိုက်ထွက်သဖြင့် ကြောက်ချေးပါ၍ လူအများ ကဲ့ရဲ့ခံရသော ဘီမသေန အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိမိဂုဏ်ပြ သူ့ရှုတ်ချ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သူတစ်ပါးတို့အား ရှုတ်ချကဲ့ရဲ့တတ်သော ရဟန်းတစ်ပါး ရှိလေ၏။ ထိုရဟန်းသည် မိမိတို့ အမျိုးအနွယ် စည်းစိမ်တို့ကို မြျောက်တင်ကာ သူတစ်ပါးတို့အား ရှုတ်ချကဲ့ရဲ့လေ့ရှိ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ထိုရဟန်းအကြောင်းကို စကားစပ်မိ၍ ပြောဆိုကြေစဉ် မြတ်စွာဘုရား ကြွလာတော်မူ၍ “ ရဟန်းတို့ ... ဤရဟန်းသည် ယခုအခါမှသာ သူတစ်ပါးတို့အား ရှုတ်ချကဲ့ရဲ့သည် မဟုတ်၊ ရှေးအခါကလည်း ရှုတ်ချကဲ့ရဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပညာတတ်ရာ တပည့်ရှာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဥဒိစ္စပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွား၍ ဒိသာပါမောက္ခ ဆရာကြီးထံဝယ် ဗေဒင်သုံးပုံနှင့် တကွ တစ်ဆယ့်ရှစ်ရပ်သော အတတ်ပညာတို့ကို သင်ကြားလေ၏။ တတ်မြောက်၍ အပြီးသို့ရောက်သောအခါ စူဠဓနုဂ္ဂဟဟု အမည်တွင်လေ၏။ အနည်းကယ် ပုကွ၍ ကုန်းသော ခန္ဓာကိုယ်ရှိ၏။

ထိုစူဠဓနုဂ္ဂဟသည်ကား စင်စစ်အားဖြင့် လေးအတတ်ဝယ် ဇမ္ဗူဒိပ်တွင် ပြိုင်ဘက်မရှိအောင် တတ်မြောက်၏။ သို့သော်လည်း တစ်စုံတစ်ယောက်သောမင်းသို့ ဆည်းကပ်ငြားအံ့၊ ခန္ဓာကိုယ် ပုကွ ကုန်းကိုင်းသဖြင့် အမှုကိစ္စကို မဆောင်ရွက်နိုင်ဟု မှတ်ထင်ကာ တစ်စုံတစ်ရာ ရာထူးဖြင့် ချီးမြှောက်မည် မဟုတ်။ အလုံးအရပ်နှင့် ပြည့်စုံခံ့ညားသော သူကို ရှားပြီးလျှင် ၎င်းသူကို ရာထူးယူစေလျက် အယောင်ပြကာ ၎င်းသူကိုမှီ၍ အသက်မွေးမည်ဟု ကြံစည်၍ မဟိံသသကတိုင်းသို့သွားကာ ရက်ကန်းရက်သမားတို့ နေရာအရပ်သို့ ရောက်လေ၏။

နှစ်ဦးနှစ်ဝ ညီညွတ်ကြ

ထိုအခါ ဘီမသေန မည်သော ရက်ကန်းသည် တစ်ယောက်ကို မြင်လျှင် အလုံးအရပ် ကိုယ်အင်္ဂါလက္ခဏာကို ကြိုက်နှစ်သက်သဖြင့် အမည်ကိုမေး၍ နှုတ်ဆက်ပြီးလျှင် “အဆွေ ... သင်သည် ဤမျှလောက် အလုံးအရပ် ကိုယ်အင်္ဂါ လက္ခဏာနှင့် ပြည့်စုံပါလျက် အဘယ့်ကြောင့် ရက်ကန်း ရက်ပါသနည်း၊ ဇမ္ဗူဒိပ်ကျွန်းဝယ် ငါနှင့်တူသော လေးသမား မရှိ၊ သို့သော်လည်း ငါ့မှာ ခန္ဓာကိုယ် ပုကွကုန်းကိုင်းနေသဖြင့် အမှုကိစ္စ ဆောင်ရွက်နိုင်မည် မဟုတ်ဟု မှတ်ထင်လျက် တစ်စုံတစ်ရာ ရာထူးဖြင့် ချီးမြှောက်မည်မဟုတ်၊ သင်နှင့်အကျွန်ုပ် မင်းကြီးထံ အတူသွား၍ သင့်ကို အယောင်ပြပြီး ရာထူးကို တောင်းမည်၊ သင်က ဟန်ကောင်းကောင်းနှင့်နေပါ၊ ပြုလုပ်ဖွယ်ကိစ္စ ဟူသမျှကို အကျွန်ုပ်က ပြုလုပ်ပါမည်၊ ပစ္စည်းဥစ္စာ ရသောအခါ အတူတကွ စားသောက် အသက်မွေးမည်၊ အကျွန်ုပ်စကား နားထောင်ပါ” ဟု ပြောလေ၏။ ဘီမသေနလည်း “အဆွေ ... ကောင်းပြီ၊ အဆွေ စီမံသောအတိုင်း လိုက်နာမည်” ဟု ဝန်ခံလေ၏။

မင်းထံဝင်ကာ မှုထမ်းရာ

စူဠဓနုဂ္ဂဟလည်း ဘီမသေနကို ခေါ်ယူပြီးလျှင် ဗာရာဏသီမင်းကြီးထံ ဝင်၍ ရှိခိုးကာ နေလေ၏။ မင်းကြီးသည် ထိုသူတို့အား “အမောင်တို့ ... ဘာအတွက် လာကြသနည်း” ဟု မေးလေ၏။ ဘီမသေနသည် “အရှင်မင်းကြီး ... အကျွန်ုပ် လေးသမားပါတည်း၊ ဇမ္ဗူဒိပ်ကျွန်းဝယ် အကျွန်ုပ်နှင့်တူသော လေးသမား မရှိပါ၊ လေးအတတ်ဖြင့် ခစားရန် လာပါသည်” ဟု လျှောက်ထားရာ၊ “လခရိက္ခာ ဘယ်လောက်ရလျှင် ခစားမည်နည်း” ဟု မေးလေ၏။“လခွဲမှာ အသပြာတစ်ထောင်ရလျှင် ခစားပါမည်” ဟု လျှောက်လေ၏။ “ဤသူမှာ သင်နှင့် အသို့တော်စပ်သနည်း” ဟု မေးပြန်ရာ “အကျွန်ုပ်၏ အလုပ်အကျွေးငယ် ဖြစ်ပါသည်” ဟု လျှောက်လေ၏။ မင်းကြီးလည်း ဘီမသေနကို အလွန်နှစ်သက်တော်မူသဖြင့် စစ်သူကြီး ခန့်ထားလေ၏။

မင်းကြီးစေချက် ကျားဖမ်းထွက်

ထိုအခါမှစ၍ ဘီမသေနသည် စစ်သူကြီး ဖြစ်ကာ မင်းကြီးထံ အမြဲ ခစားရလေ၏။ ဘီမသေနက စစ်သူကြီးရာထူးကို ယူကာ လူယောက်ပြရ၏။ ပြုလုပ်ဖွယ် အမှုကိစ္စဟူသမျှကို စူဠဓနုဂ္ဂဟက ရွက်ဆောင် လုပ်ကိုင်ရ၏။ ဤသို့လျှင် ထိုသူနှစ်ယောက်တို့သည် အညီအညွတ် ချမ်းချမ်းသာသာ အသက်မွေးကြကုန်၏။

ထိုအခါ ကာသိတိုင်း တောတစ်ခုဝယ် ကျားတစ်ကောင်သည် လမ်းသွားလမ်းလာ လူတို့ကို သတ်စားကာ သောင်းကျန်းနေသဖြင့် အသွားအလာ ပြတ်လေ၏။ လူတို့ သည် မင်းကြီးအား လျှောက်ကြားကုန်၏။ မင်းကြီးလည်း ဘီမသေနကို ခေါ်၍ “အမောင် .. ကျားကို ဖမ်းနိုင်ပါမည်လော” ဟု မေး၏။ “အရှင်မင်းကြီး ... ကျားလောက်မျှကို မဖမ်းနိုင်လျှင် အဘယ်မှာ လေးသမားဖြစ်တော့မည်နည်း” ဟု လျှောက်ထားလေလျှင် မင်းကြီးသည် ကျားကိုဖမ်းရန် ဘီမသေနအား စရိတ်ရိက္ခာပေး၍ လွှတ်လိုက်၏။

နည်းညွှန်ပြပေး ကျားဖမ်းရေး

ဘီမသေနလည်း အိမ်သို့ပြန်၍ စူဠဓနုဂ္ဂဟလည်း “အဆွေ ... အကျွနု်လိုက်ရန် မလို၊ သွားသာ သွားပါ မကြောက်ပါနှင့်၊ နည်းပေးလိုက်ပါမည်၊ ကျားဖမ်းသွားသောအခါ ကျားရှိရာသို့ အလျင် အမြန်မသွားလေနှင့်၊ ဇနပုဒ်သား လေးသမားတို့ကိုခေါ်၍ စည်းဝေးစေပြီးလျှင် ကျားရှိရာအရပ်သို့ သွားကာ ကျားကို ရှာဖွေ ခြောက်လှန့်ကြသောအခါ ကျားထလာသည်ကို မြင်လျှင် မယောင်မလည် ချုံတစ်ခုတွင် ပုန်းနေပါ၊ ဇနပုဒ်သားတို့ ကျားကိုသတ်၍ ဖမ်းပြီးသောအခါ နွယ်တစ်ခုကိုယူကာ ၎င်းတို့ထံသွား၍ “အချင်းတို့ ... မည်သူ ကျားကို သတ်သနည်း၊ ငါ အရှင်ဖမ်းပြီး မင်းကြီးထံ ဆက်သဖို့ နွယ်ဆုတ်နေသည်ကို မသိရော့သလော” ဟု အပြစ်တင်၍ ခြိမ်းခြောက်ပါ၊ ထိုအခါ ဇနပုဒ်သားတို့ ကြောက်လန့်သဖြင့် အရှင်မင်းကြီးကို မလျှောက်ပါနှင့် ဤမျှသော ပစ္စည်းဥစ္စာကို ယူသွားပါဟု ဆိုကြလိမ့်မည်၊ ထိုအခါ ကျားသေကိုယူကာ မင်းကြီးထံ ဆက်သလျှင် သ်င့အဖမ်းလည်း ဖြစ်မည်၊ မင်းကြီးလ်း ဝမ်းသာအားရတော်မူသဖြင့် ဆုလာဘ်လည်း ပေးလိမ့်မည်၊ ထိုအခါ သင့်မှာ ပစ္စည်းဥစ္စာလည်းရ၊ နာမည်ကောင်းလည်းရမည်” ဟု အသအေချာ နည်းပေးကာ လွှတ်လိုက်၏။

နာမည်ကောင်းကြံ လာဘ်လည်းရ

ဘီမသေနလည်း စူဠဓနုဂ္ဂဟ ပေးသော နည်းအတိုင်း သွား၍ ကျားဖမ်းရာ အောင်မြင်ခဲ့သဖြင့် ကျားသေကို မင်းကြီးထံ ဆက်သသောအခါ ဆုလာဘ်လည်း များစွာရလေ၏။ နာမည်ကောင်းလည်း ရလေ၏။

တစ်နေ့သ၌ တော်တစ်ခုဝယ် ကျွဲရိုင်းကြီးတစ်ကောင် ထကြွ သောင်းကျန်းနေသဖြင့် ရှေးနည်းအတိုင်း ဘီမနေသနသွားပြီး ဖမ်းဆီးကာ မင်းကြီးထံ ဆက်သပြန်သောအခါ ဆုလာဘ်လည်းရ နာမည်ကောင်းလည်း ရပြန်လေ၏။

တပ်ကိုပြင်ဆင် တိုက်ပွဲဝင်

ထိုအခါ ဘီမသေနသည် မိမိ၏ အစွမ်းသတ္တိ အရည်အချင်းကို မစဉ်းစားဘဲ ရာထူးစည်းစိမ် မာန်ယစ်ကာ ဆရာ စူဠဓနုဂ္ဂဟကိုပင် မလေးမခန့် ပြုလေ၏။ ပြောစကားကို နားမထောင်။ ငါ သင့်ကို မှီ၍ အသက်မွေးသူ မဟုတ်၊ သင်သာ ယောကျ်ားပီးသသလော ဤသို့ စသည်ဖြင့် ကြမ်းကြုတ်သော စကားကို ပြောဆိုကြုံးဝါးကာ ရှုတ်ချလေ၏။

နှစ်ရက်၊ သုံးရက် လွန်လျှင် ပြည်နီးချင်း မင်းတစ်ပါးသည် စစ်သည်ဗိုလ်ပါ အများနှင့်လာ၍ ဗာရာဏသီ မြို့တော်ကို ဝန်းရံကာ “တိုင်းပြည်ကိုလည်း အပ်မည်လော၊ စစ်ကိုလည်း တိုက်မည်လော” ဟု ဗာရာဏသီမင်းကြီးထံ တင်းမာသော ရာဇသံကို ပေးလေ၏။ ထိုအခါ ဗာရာဏသီမင်းကြီးသည် ဘီမသေန စစ်သူကြီးကို ခေါ်စေ၍ “အမောင် ... ရန်သူမင်းသည် မြို့ကိုဝိုင်း၍ ထားလေပြီ၊ ယခု အမြန် စစ်တိုက်ရမည်” ဟု စေခိုင်းလေ၏။

ကြောက်ဒူးတုန်လျက် မစင်ထွက်

ဘီမသေန စစ်သူကြီးလည်း ချပ်ဝတ်တန်ဆာတို့ကို ဝတ်ဆင်ကာ မင်းကြီး၏ အသွင်ကိုယူလျက် ဆင်ကျောက်ကုန်းထက်၌ နေလေ၏။ စူဠဓနုဂ္ဂဟလည်း ချပ်ဝတ်တန်ဆာတို့ကို ဝတ်ဆင်ကာ လေးမြား စသော လက်နက်တို့ကို ကိုင်စွဲလျက် ဆင်ကျောက်ကုန်းထက်၌ ဘီမသေန စစ်သူကြီး၏နောက်မှာ နေလေ၏။

ဆင်လည်း စစ်သည်ဗိုလ်ထု ခြံရံကာ မြို့တော်မှထွက်ပြီးလျှင် စစ်မြေပြင်သို့ အရောက်သွားလေ၏။ မိမိကိုယ်ကို အထင်ကြီးကာ သူတစ်ပါးအား ရှုတ်ချကဲ့ရဲ့ရှိသော ဘီမသေန စစ်သူကြီးလည်း စည်သံ၊ မောင်းသံကို ကြားလျှင် အလွန်ကြောက်လန့်လျက် တစ်ကိုယ်လုံး နတ်ဝင်သကဲ့သို့ ဆတ်ဆတ်ခါ တုန်လှုပ်၍နေလေ၏။ စူဠဓနုဂ္ဂဟလည်း ဘီမသေန စစ်သူကြီးကို ဆင်ကျောက်ကုန်းထက်မှ မကျရအောင် ကြိုးဖြင့် ဖွဲ့ဆိုင်းကာ ထားရ၏။ တစ်ဦးနှင့် တစ်ဦး လက်နက်တို့ဖြင့် ထိုးခုတ် သတ်ဖြတ်ကြသည်ကို မြင်သောအခါ မရပ်တည်နိုင်တော့ဘဲ သေဘေးမှ အလွန်ကြောက်လန့်ရကား ကျင်ကြီး၊ ကျင်ငယ်တွေ ထွက်လျက် ဆင်ကျောက်ကုန်းတွင် ပေကျံ၍ နေလေတော့၏။

ထိုအခါ စူဠဓနုဂ္ဂဟသည် ဘီမသေန စစ်သူကြီးအား -

“အဆွေ ဘီမသေန ... သင်သည် ရှေးအခါက ငါ့ကို သင်သာ ယောကျ်ားပီသသလော စသည်ဖြင့် သူတစ်ပါးကို ရှုတ်ချကဲ့ရဲ့၍ သတ္တိပြကာ ဝါကြွားပြောဆိုခဲ့၏။ ယခုအခါ အလွန်ကြောက်လန့်သဖြင့် ဆင်ကျောက်ကုန်းတွင် ကျင်ကြီး၊ ကျင်ငယ်တွေ ပေကျံ၍ နေဘိ၏။ သင် သတ္တိပြကာ ကြုံးဝါးပြောဆိုခဲ့သော စကားနှင့် ကျင်ကြီး၊ ကျင်ငယ်တွေ ထွက်၍ နေခြင်းမှာ ရှေ့နောက် မညီခဲ့တကား -

ဟု ရှုတ်ချ ကဲ့ရဲ့လေ၏။ ထိုနောက် စူဠဓနုဂ္ဂဟသည် ဘီမသေန စစ်သူကြီးအား “အဆွေ ... မကြောက်နှင့် ငါ ထင်ရှားရှိလျက်နှင့် သည်လောက်တောင် ကြောက်ရသလော ဟု အားပေးကာ ဆင်ကျောက်ကုန်းမှချ၍ ရေချိုးစေပြီးလဆင် အိမ်သို့ပြန်လေ” ဟု လွှတ်လိုက်လေ၏။

လောင်းတော်ပညာရှိ ထင်ရှားဘိ

စူဠဓနုဂ္ဂဟလည်း အခွင့်ကောင်းရ ရသဖြင့် ငါသည် ယနေ့ ငါ့ပညာဖြင့် ဇမ္ဗူဒိပ် တစ်ကျွန်းလုံး၌ ထင်ရှားသူ ဖြစ်ရမည်ဟု နှလုံးသွင်းကာ စစ်ပြေပြင်သို့ တရကြမ်းဝင်လျက် ဗိုလ်ထုကို ဖျက်ဆီးကာ ရန်သူမင်းကို အရှင်ဖမ်းပြီးလျှင် ဗာရာဏသီမင်းကြီးအား ဆက်သလေ၏။

မင်းကြီးလည်း အလွန်နှစ်သက် အားရတော်မူသဖြင့် စူဠဓနုဂ္ဂဟ များစွာသော စည်းစိမ်အခြံအရံပေး၍ သူကောင်းပြုလေ၏။ ထိုအခါမှစ၍ ဇမ္ဗူဒိပ်ကျွန်း အပြင်ဝယ် စူဠဓနုဂ္ဂဟပဏ္ဍိတဟု ထင်ရှားစွာ ဖြစ်လေ၏။ စူဠဓနုဂ္ဂဟပဏ္ဍိတလည်း ဘီမသေနကို စရိတ်ရိက္ခာ ပြည့်စုံစွာပေး၍ မိမိနေရာသို့ ပြန်စေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဘီမသေနသည် - ယခုအခါ ရှုတ်ချသော ရဟန်း။

စူဠနုဂ္ဂဟပဏ္ဍိတသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကိုယ့်ကိုမြှောက်တင်၊ သူ့ကိုပင်၊ တမင်ရှုတ်ချသည်။

(၂) ဝါကြွားသောလေ့၊ ကိစ္စတွေ့၊ မရွေ့ရှက်ကွဲမည်။

(၃) ချေး, သေးတွေပေ၊ ဘီမသေ၊ မှတ်လေထုံးရှိသည်။

ဘီမသေနဇာတ် ပြီး၏။

***

၈၁ - သုရာပါနဇာတ်

မင်းကြီးလှူသော သေရည်ကို သောက်ကြသဖြင့် သူရူး ဖြစ်ကြရသော ရသေ့ငါးရာ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

နဂါးဆုံးမ ရှင်သာဂတ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် ပုထုဇဉ်တို့ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံသော ရှင်သာဂတ မထေရ်ကို အလုပ်အကျွေးအဖြစ် ခေါ်တော်မူ၍ ဘဒ္ဒဝတီနိဂုံးသို့ ဒေသစာရီ ကြွချီတော်မူ၏။ ထိုနိဂုံးရွာအနီးတောအုပ်၌ သီတင်းသုံးတော်မူစဉ် မြတ်စွာဘုရားခွင့်ပြုချက်အရ ရှင်သာဂတမထေရ်သည် အမ္ဗတိတ္တကရသေ့ကျောင်း၌ အလွန်အဆိပ်ပြင်းထန်လှသော အမ္ဗတိတ္တက နဂါးကြီးကို မိမိ တန်ခိုးဖြင့် သရဏဂုံသီလ၌ တည်စေလျက် ယဉ်ကျေးအောင် ဆုံးမလေ၏။ မြတ်စွာဘုရား ကောသမ္ဗီပြည်သို့ ပြန်ရောက်သောအခါ ထိုရှင်သာဂတမထေရ် နဂါးကြီးကို ဆုံးမခဲ့သောအကြောင်းသည် နဇပုဒ် တစ်ခုလုံး၌ ထင်ရှားလေ၏။

ကောသမ္ဗီပြည်၌နေသော ဒါယကာတို့သည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ရှင်သာဂတမထေရ်ထံသို့ ဆည်းကပ်ကာ “အရှင်ဘုရား ... အရှင်ဘုရားတို့အား ရခဲသော ဝတ္ထုကို အမိန့်ပေးတော်မူပါ၊ အကျွန်ုပ်တို့ ရအောင် ရှာကြံလှူပါမည်” ဟု လျှောက်ကြသောအခါ ရှင်သာဂတမထေရ်သည် ဆိတ်ဆိတ်သာ နေလေ၏။

သေရည်မူးယစ် သတိလစ်

ထိုအခါ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ဒါယကာတို့အား “ဒါယကာတို့ ... ရဟန်းတို့အား ခိုခြေအဆင်းရှိသော သေရည်သည် ရခဲကုန်၏၊ နှစ်လည်း နှစ်သက်ကြကုန်၏၊ အကယ်၍ ရှင်သာဂတမထေရ်ကို ကြည်ညိုလျှင် ခိုခြေအဆင်းရှိသော သေရည်ကို စီစဉ်ကြကုန်လော့” ဟု ဆိုကုန်၏။

ဒါယကာတို့လည်း မြတ်စွာဘုရားအား နက်ဖြန် ဆွမ်းဘုဉ်ပေးရန် ပင့်ဖိတ်ပြီးလျှင် ခိုခြေအဆင်းရှိသော သေရည်ကို စီရင်ကြကုန်၏။ ရှင်သာဂတမထေရ်ကို အိမ်သို့ သီးခြားပင့်ဖိတ်၍ အိမ်တိုင်း၊ အိမ်တိုင်း သေရည်ကို ကပ်လှူကြကုန်၏။ ရှင်သာဂတမထေရ်လည်း သေရည်သောက်သဖြင့် မူးယစ်ကာ မြို့ပြင်အထွက်တွင် အမှတ်သညာ လွတ်ကင်းလျက် တံခါးအကြား၌ လဲလေ၏။

သေရည်ကျိုးပြ ဆိုဆုံးမ

မြတ်စွာဘုရားလည်း ဆွမ်းဘုဉ်းပေးပြီး၍ ပြန်ကြွတော်မူသောအခါ ရှင်သာဂတမထေရ် တံခါးကြား၌ လဲနေသည်ကိုမြင်လျှင် ကျောင်းတော်သို့ယူစေ၍ ခြေရင်းတော်တွင် သိပ်စေ၏။ ရှင်သာဂတလည်း အိပ်ရာမှလည်၍ မြတ်စွာဘုရားဘက်သို့ ခြေပြုလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား မေးတော်မူ၏။

“ချစ်သား ရဟန်းတို့ ...

မေး။ ။ ရှင်သာဂတမထေရ်သည် ရှေးအခါကဲ့သို့ ငါဘုရားကို ရိုသေသေးသလော။

ဖြေ။ ။ မရိုသေတော့ပါ ဘုရား။

မေး။ ။ အမ္ဗတိတ္တက နဂါးမင်းကို မည်သူ ဆုံးမသနည်း။

ဖြေ။ ။ ရှင်သာဂတမထေရ် ဆုံးမပါသည် ဘုရား။

မေး။ ။ ယခုအခါ ရှင်သာဂတမထေရ် ရေမြွေကိုပင် ဆုံးမနိုင်ဦးမည်လော။

ဖြေ။ ။ မဆုံးမနိုင်တော့ပါ ဘုရား။

မေး။ ။ ဖောက်ပြန်ချွန်ယွင်း အမှတ်သညာ လွတ်ကင်းစေသော သေရည်ကို သောက်သင့်သလော။

ဖြေ။ ။ မသောက်သင့်ပါ ဘုရား” - ဟု လျှောက်ထားကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ရှင်သာဂတမထေရ်ကို ကဲ့ရဲ့တော်မူပြီးလျှင် သေရည်မသောက်ကြရန် သိက္ခာပုဒ် ပညတ်တော်မူ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... သေရည်သောက်ခြင်းကား တန်ခိုးပညာနှင့် ပြည့်စုံသော ရှင်သာဂတမထေရ်ကိုပင် မြတ်စွာဘုရား ကျေးဇူးတော်မျှ မသိနိုင်အောင် ပြုတုံသေး၏။ အပြစ်ကြီးလှ၏” စသည်ဖြင့် သေရည်သောက်ခြင်း၏ ကျေးဇူးမဲ့ကို စကားစပ်၍ ပြောဆိုနေကြစဉ် မြတ်စွာဘုရား ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့ ... ယခုအခါ၌သာ သေရည် သောက်သဖြင့် ရဟန်းတို့ အမှတ်သညာ လွှတ်ကင်းသည် မဟုတ်၊ ရှေးအခါ၌လည်း အမှတ် လွတ်ကင်းဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မင်းမှီနေရှာ ရသေ့ငါးရာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိတိုင်းဝယ် ဥဒိစ္စ ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်သောအခါ ရသေ့ရဟန်းပြုကာ စျာန်အဘိညာဉ်ကို ဖြစ်စေလျက် တပည့်ငါးရာ အခြံအရံဖြင့် ဟိမဝန္တာအရပ်ဝယ် နေလေ၏။

မိုးကာလရောက်လတ်သော် ရသေ့ငါးရာတို့သည် ဆရာရသေ့ကြီးထံ ခွင့်ပန်၍ ချဉ်၊ ဆား မှီဝဲရန် လူတို့နေရာသို့ လာကြရာ ဗာရာဏသီမြို့ မင်းကြီးဥယျာဉ်တော်၌သာ နေကုန်၏။ နက်ဖြန် မြို့တွင်းသို့ ဆွမ်းခံလတ်သော် လူတို့သည် ကြည်ညိုသည်ဖြစ်၍ ဆွမ်းလှူဒါန်းကြကုန်၏။ နှစ်ရက်၊ သုံးရက် လွန်လျှင် မင်းကြီးသိ၍ အလွန်ကြည်ညိုသဖြင့် ဥယျာဉ်တော်သို့သွားကာ ရသေ့တို့အား “အရှင်ဘုရားတို့ ... မိုးလေးလပတ်လုံး ဤဥယျာဉ်တော်၌ သီတင်းသုံးကာ နေ့စဉ် နန်းတော်မှာ ဆွမ်းဘုဉ်းပေးတော်မူပါဘုရား” ဟု လျှောက်ထားလေ၏။ ရသေ့တို့သည် ထိုအခါမှစ၍ နန်းတော်၌သာ ဆွမ်းဘုဉ်းပေးကြရကုန်၏။

သေရည်သောက်က ဖောက်ပြန်ကြ

တစ်နေ့သ၌ မြို့တွင်းဝယ် သေရည်သောက်ပွဲသဘင် ဖြစ်လေ၏။ ထိုအခါ မင်းကြီးသည် ရသေ့ရဟန်းတို့အား သေရည် အလွန်ရခဲသည်ဟု သေရည်များစွာတို့ကို လှူစေ၏။ ရသေ့တို့လည်း သေရည်သောက်ကြပြီးလျှင် ဥယျာဉ်တော်သို့သွား၍ မူးယစ်သဖြင့် အမှတ်သညာ လွတ်ကင်းကုန်လျက် အရှက်အကြောက် မရှိကြတော့ဘဲ တချို့ရသေ့တို့သည် ထ၍ ကကြကုန်၏။ တချို့ရသေ့တို့သည် သီချင်းဆိုကြကုန်၏။ တချို့ရသေ့တို့သည် ကလည်းက သီချင်းလည်း ဆိုကြကုန်၏။ တချို့ရသေ့တို့သည် ခဲဖွယ်ဘောဖဉ်တို့ကို ဖိ၍ အိပ်ကြကုန်၏။

ဆရာကင်းကွာ ပျက်စီးရှာ

ဆရာရသေ့ကြီးလည်း တပည့်တို့ ပြန်လာလျှင် ဝမ်းမြောက်ဝမ်းသာ “တပည့်တို့ ... လူတို့နေရာဝယ် ဆွမ်းရလွယ်ပါ၏လော၊ တစ်ယောက်နှင့်တစ်ယောက် ညီညွတ်ကြပါ၏လော” ဟု မေးလေ၏။ ရသေ့တို့သည် “ဆရာ ... ဆွမ်းလည်း ရလွယ်ပါ၏၊ တစ်ယောက်နှင့်တစ်ယောက်လည်း ညီညွတ်ကြပါ၏။ သို့သော်လည်း ကျွန်ုပ်တို့သည် မသောက်သင့်သော သေရည်ကို သောက်မိသည့်အတွက် သတိတရားမကပ်၊ အမှတ်သညာကင်းမဲ့ကုန်လျက် ထ၍ ကလည်း ကခဲ့ကြကုန်ပြီ၊ သီချင်းလည်း သီဆိုခဲ့ကြကုန်ပြီ၊ ငိုလည်း ငိုခဲ့ကြကုန်ပြီ၊ ယခုဘဝတွင် တိရစ္ဆာန်မျောက် ဖြစ်မသွားသည်ကိုပင် ဝမ်းမြောက်ရပါတော့သည်” ဟု ဖြစ်သမျှ အကြောင်းစုံကို ပြန်ပြောင်းကာ လျှောက်ထားကြကုန်၏။

ဆရာကြီးလည်း “တပည့်တို့ ... ဆရာနှင့်ကင်း၍ နေခြင်းမည်သည် မကောင်းပေ၊ ဤလိုပင် ဖြစ်တတ်သည်” ဟု ပြစ်တင်ကဲ့ရဲ့ကာ “နောင်အခါ ဤလို မဖြစ်ကြစေနှင့်” ဟု အဆုံးအမပေးသဖြင့် မယုတ်လျော့ မပျက်စီးသောစျာန် ရှိကြသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လားကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ တပည့်ရသေ့အပေါင်းသည် - ယခုအခါ ဘုရားပရိသတ်။

ဆရာရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သေရည်သေရက်၊ လူကိုဖျက်၊ အရှက်မရှိပါ။

(၂) ကကုန်, သီကုန်၊ တီးမှုတ်ကုန်၊ လုံးစုံပြုဝံ့ပါ။

(၃) မှတ်သညာကင်း၊ သတိကင်း၊ လက်ငင်းရူးသည်သာ။

သုရာပါနဇာတ် ပြီး၏။

***

၈၂-မိတ္တဝိန္ဒကဇာတ်

နတ်စည်းစိမ်ကို မရောင့်ရဲ မတင်းတိမ် နိုင်သဖြင့် သင်ဓုန်းစက်ငရဲသို့ ကြရောက်ရသော မိတ္တဝိန္ဒက အကြောင်း။

ပစ္စပ္ပုန်ဝတ္ထု

ဆုံးမခက်လှ ဝိန္ဒက

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆုံးမခက်သော

ရဟန်းတပါးရှိလေ၏၊ [ဤဝတ္ထုကား ကဿပဘုရားလက်ထက်တွင် ဖြစ်သည်၊ အကျယ်ကား ဒသကနိပါတ် စတုဒွါရဇာတ် မဟာမိတ္တဝိန္ဒကတွင် ထင်ရှားလတံ့။]

ထိုအခါ ဘုရားအလောင်းနတ်မင်းသည်–

“အချင်း မိတ္တဝိန္ဒက... သင်ကား ဖလ်ပြာသာဒ်, ရွှေပြာသာဒ်, ပတ္တမြား ပြာသာဒ်တို့ကို ကျော်လွန်ကာ သင်ဓုန်းစက် ငရဲသို့ ရောက်ခဲ့ပြီ၊ မကောင်းမှု မကုန်မချင်း မသေဘဲ ခံရတော့မည်၊ သင်ဓုန်းစက် ငရဲမှလွတ်မည်မဟုတ်–

ဟု ပြောဆိုကာ မိမိနေရာ နတ်ရွာသို့ သွားလေ၏၊ မိတ္တဝိန္ဒကလည်း သင်ဓုန်းစက်ကို ခေါင်းဖြင့်ရွက်ကာ ကြီးစွာသော ဆင်းရဲကိုခံလျက် မကောင်းမှုပြုကုန်သည်ရှိသော် ကံအားလျော်စွာဖြစ်လေ၏။

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်–

ရဟန်းတို့...

*ထိုအခါ မိတ္တဝိန္ဒကသည်-ယခုအခါ အဆုံးမခက်သော ရဟန်း။

နတ်မင်းသည်-ငါဘုရားဖြစ်လာပြီ–

ဟုဇာတ်ကိုပေါင်းတော်မူသတည်း။

မိတ္တဝိန္ဒကဇာတ်ပြီး၏။

***

၈၃ - ကာဠကဏ္ဏိဇာတ်

ပစ္စည်းတို့ကို ခိုးသားဘေးမှ လွတ်မြောက်ရန် စောင့်ရှောက်သဖြင့် သူဌေးကြီး အလွန်ချစ်ခင်သော ကာဠကဏ္ဏီအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကျေးဇူးများလှ မောင်ကာဠ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၍ သီတင်းသုံးတော်မူစဉ် အနာထပိဏ် သူဌေးနှင့် ငယ်စဉ်က စကားဖက်၊ ပညာသင်ကြားဖက် ဖြစ်သော ကာဠကဏ္ဏီ အမည်ရှိသော အဆွေခင်ပွန်း တစ်ယောက်ရှိလေ၏။

ထို ကာဠကဏ္ဏီသည် နောက်အခါ အလွန်ဆင်းရဲ၍ အသက်မမွေးနိုင်သည့်အတွက် အနာထပိဏ် သူဌေးထံသို့ လာလေ၏။ အနာထပိဏ်သူဌေးလည်း အဆွေခင်ပွန်းအား သက်သာစေ၍ လခရိက္ခာပေးကာ မိမိဥစ္စာတို့ကို စောင့်ရှောက်စေ၏။ ထိုကာဠကဏ္ဏီသည် သူဌေးအား အလွန် ကျေးဇူးများ၏။ အလုံးစုံသော အမှုကိစ္စကို ရွက်ဆောင်လေ၏။

မိတ်ဆွေရင်းကို မနှင်လို

ထိုအခါ အနာထပိဏ်သူဌေး၏ ဆွေမျိုးတို့သည် သူဌေးထံလာ၍ “သူဌေးမင်း ... ဤကာဠကဏ္ဏီကို သူဌေးထံ မထားပါနှင့်၊ ကာဠကဏ္ဏီ- ကာဠကဏ္ဏီဟု ခဏခဏ ခေါ်ရခြင်းကား ကျက်သရေမင်္ဂလာ မရှိပါ၊ အလွန်ဆင်းရဲသည်။ မကောင်းသူများသည် အရှင်သူဌေးအား အကျိုးမရှိ” ဟု ပြောဆိုကုန်ကြ၏။

သူဌေးလည်း “အမောင်တို့ ... သူယုတ်မှည့်၍ အကျင့်ယုတ်သည် မဟုတ်ပေ၊ သူကောင်းမှည့်၍လည်း အကျင့်ကောင်းသည် မဟုတ်ပေ၊ အမည်သညာ ဆိုသည်မှာ ခေါ်ဝေါ် ပြောဆိုရုံမျှသာ ဖြစ်သည်၊ ပညာရှိတို့ကား အမည်သညာကို ပမာဏမပြုကုန်၊ ကာဠကဏ္ဏီ အမည်ကို မှည့်ထားရုံနှင့် ငါ၏ မြေမှုန့်ကစားဖက်၊ ကျောင်းနေဖက် အဆွေခင်ပွန်းကို မစွန့်ပစ်နိုင်” ဟု ပြောဆိုလေ၏။

မည်ခေါ်သမုတ် လိုရင်းမဟုတ်

တစ်နေ့သ၌ သူဌေးသည် ကာဠကဏ္ဏီကို အိမ်စောင့်ထားကာ မိမိစားရသော ရွာသို့ သွားလေ၏။ သူခိုးတို့သည် သူဌေးမရှိ အခွင့်ရပြီမှတ်ထင်၍ ညဉ့်အခါ လက်နက်ကိုင်လျက် သူဌေးအိမ်ကို ဝိုင်းကုန်ကြ၏။ ကာဠကဏ္ဏီ သိ၍ လူတို့ကို အိပ်ရာမှ နိုးကြစေရန် အိမ်ရှိလူများကို သင်က ခရုသင်းမှုတ်၊ သင်က စည်တီး စသည်ဖြင့် တစ်အိမ်လုံး ဆူညံသွားအောင် ပြုလုပ်လေ၏။ သူခိုးတို့လည်း သူဌေးရှိသည် ထင်မှတ်၍ လက်နက်တို့ကို စွန့်လွှတ်ကာ ပြေးကြကုန်၏။

သူဌေး ပြန်လာသောအခါ လူတို့သည် သူဌေးကြီးထံလာ၍ “အရှင်သူဌေးမင်း ... သူဌေးမင်း၏ အဆွေခင်ပွန်း ကာဠကဏ္ဏီ အစီအမံကောင်း၍ သူဌေးကြီးအိမ် သူခိုးဘေးမှ လွတ်သည်” သူ့ထက်ငါ ပြောကြသောအခါ သူဌေးကြီးသည် ဆွေမျိုးတို့အား -

“အမောင်တို့ ... ငါ့ အဆွေခင်ပွန်း ကာဠကဏ္ဏီ လုပ်ငန်းကို မြင်ကြပြီ မဟုတ်လော၊ သင်တို့စကား နားထောင်ကာ ကာဠကဏ္ဏီကို နှင်ထုတ်မိလျှင် ဤပစ္စည်းဥစ္စာတို့ အိမ်မှာ ရှိတော့မည် မဟုတ်ကုန်၊ သို့အတွက် အမည်သည်ကား လိုရင်း မဟုတ်ပေ၊ ပမာဏ မဟုတ်ပေ၊ အစီးအပွားကို အလိုရှိသော စိတ်သည် လိုရင်းပမာဏ ဖြစ်ပေသည်” –

ဟု ပြောဆိုချီးကျူးပြီးလျှင် ကာဠကဏ္ဏီအား လခရိက္ခာတိုး၍ ချီးမြှောက်လေ၏။

ထိုအခါ သူဌေးကြီးလည်း ငါ့မှာ စကားလက်ဆောင် ရပေပြီဟု မြတ်စွာဘုရားထံသွား၍ ကာဠကဏ္ဏီအကြောင်းကို လျှောက်ထားလေလျှင် မြတ်စွာဘုရားသည် “သူဌေးကြီး ... ကာဠကဏ္ဏီသည် ယခုအခါ၌သာ မိမိအဆွေခင်ပွန်း အိမ်၌ ပစ္စည်းဥစ္စာတို့ကို စောင့်ရှောက်သည် မဟုတ်၊ ရှေးအခါ၌လည်း စောင့်ရှောက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မိတ်ဆွေရင်းချာ ပေါင်းသင်းပါ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဌေးဖြစ်၍ အဆွေခင်ပွန်း ကာဠကဏ္ဏီပင် မည်၏။ [စကားစဉ်သည် ပစ္စုပ္ပန်ဝတ္ထုနှင့်တူ၏။]

ထိုသူဌေးသည် မိမိ စားရသော ရွာသို့သွား၍ ပြန်အလာတွင် အကြောင်းစုံကို ကြားရလျှင် -

“အမောင်တို့ ... အတူတကွ ခုနစ်ဖဝါး လှမ်း၍ သွားဖူးမူ အဆွေခင်ပွန်း၊ ဆယ့်နှင်ဖဝါးလှမ်း၍ သွားဖူးမူ အပေါင်းအဖော်၊ လခွဲအတူ ပေါင်းဖက်နေဖူးမူ ဆွေမျိုး၊ ထို့ထက်အလွန် အတူပေါင်းဖက်နေဖူးမူ ကိုယ်နှင့်တူသူ ဖြစ်၏။

သို့အတွက် ငါ့မှာ စီးပွားချမ်းသာ ဟူသောအကြောင်းကြောင့် ရှည်မြင့်စွာ အတူတကွ ပေါင်းဖက်နေထိုင်ဖူးသော ကာဠကဏ္ဏီကို အဘယ်မှာ စွန့်ပစ်နိုင်အံ့နည်း” ဟု ပြောဆိုလေ၏။ ထိုအခါမှစ၍ ကာဠကဏ္ဏီအကြောင်းကို သူဌေးထံ ပြောဝံ့သောသူ မရှိလေ၊ အဆွေခင်ပွန်းကောင်းတို့ သဘောအတိုင်း ချီးမြှောက်ထားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကာဠကဏ္ဏှီသည် - ယခုအခါ အာနန္ဒာ။

ဗာရာဏသီသူဌေးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ကာဠကဏ္ဏီဇာတ် ပြီး၏။

***

၈၄ - အတ္ထဿဒွါရဇာတ်

ဖခင်သူဌေးအား အကျိုးစီးပွား ဖြစ်ကြောင်း တရားမေးကြားသော ခုနစ်နှစ်အရွယ် သူဌေးသားငယ် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သားမေးပြဿနာ လျှောက်ထားရာ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၍ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်ဝယ် သူဌေးတစ်ဦး၏ ခုနစ်နှစ်အရွယ်ရှိ သားငယ်သည် ပညာရှိ၏။ အကျိုးစီးပွား၌ လိမ္မာ၏။

ထိုသူဌေးသငယ်သည် တစ်နေ့သ၌ အဖထံကပ်၍ အကျိုးစီးပွား ဖြစ်ခြင်းအကြောင်း ပြဿနာကို မေးလေ၏။ အဖသူဌေးလည်း အဖြေနိုင်၍ သားကိုခေါ်ကာ မြတ်စွာဘုရားထံ သွားပြီးလျှင် မြတ်စွာဘုရားအား “အရှင်ဘုရား ... ဤသူငယ်ကား ပညာရှိ၏၊ အကျိုးစီးပွား၌ လိမ္မာ၏၊ အကျိုးစီးပွား ဖြစ်ခြင်းအကြောင်း ပြဿနာမေးရာ အဖြေနိုင်၍ အထံတော်သို့ လာရပါသည်၊ ထိုပြဿနာ အကျွန်ုပ်အား ဖြေကြားတော်မူပါ” ဟု လျှောက်ထားလေ၏။

မြတ်စွာဘုရားလည်း “သူဌေးကြီး ... ဤသူငယ်သည် ရှေးအခါ၌လည်း ဤပြဿနာကို ငါဘုရားအား မေးဖူးပြီ၊ ငါဘုရားလည်း ဖြေကြားခဲ့ဖူးပြီ၊ ဤသူငယ်ကား ဤပြဿနာ အဖြေကို သိခဲ့ဖူးပြီ၊ ယခုအခါ ဘဝတစ်ပါး ဖုံးလွှမ်းသဖြင့် မမှတ်မိ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လောကစီးပွား ကြောင်းခြောက်ပါး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဌေးဖြစ်လေ၏။ ထိုသူဌေး၏ ခုနစ်နှစ်အရွယ်ရှိ သားငယ်သည် ပညာရှိ၏။ အကျိုးစီးပွား၌ လိမ္မာ၏။

ထိုသူဌေးသားငယ်သည် တစ်နေ့သ၌ အဖသူဌေးကို ကပ်ကာ “ဖခင် ... အကျိုးစီးပွား ဖြစ်ခြင်းအကြောင်း အဘယ်နည်း” ဟု မေးလေ၏။ ထိုအခါ အဖသူဌေးသည် သားငယ်အား အောက်ပါအတိုင်း ဖြေကြားလေ၏။

အကျိုးစီးပွားဖြစ်ကြောင်း ခြောက်ပါး

(၁) အနာရောဂါ မရှိခြင်း၊

(၂) အကျင့်သီလနှင့် ပြည့်စုံခြင်း၊

(၃) ပညာရှိတို့ အဆုံးအမ ဩဝါဒကို လိုက်နာခြင်း၊

(၄) အကြားအမြင်များခြင်း၊

(၅) သုစရိုက်သုံးပါးကို ကျင့်ခြင်း၊

(၆) မပျင်းရိခြင်း။

ဤခြောက်ပါးတို့ကား အကျိုးစီးပွားဖြစ်ကြောင်း ဖြစ်သည်ဟု ဖြေကြားလေ၏။ ထိုသူသားလည်း ထိုအခါမှစ၍ ထိုတရားခြောက်ပါးတို့၌ ကျင့်လေ၏။ အဖသူဌေးလည်း ကုသိုလ်ကောင်းမှုတို့ကို ပြုလျက် သေလွန်သောအခါ ကံအားလျော်စွာ ဖြစ်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သူဌေးသားသည် - ယခုအခါ သူဌေးသား။

ဗာရာဏသီသူဌေးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အနာမခ၊ ကျင့်သီလ၊ လိုက်ရဩဝါဒါ။

(၂) သုစရိုက်ပွား၊ ကြား, မြင်များ၊ မှတ်သားမပျင်းရာ။

(၃) အကျိုးစီးပွား၊ ဖြစ်ကြောင်းကား၊ ခြောက်ပါးဤသို့လာ။

အတ္ထဿဒွါရဇာတ် ပြီး၏။

***

၈၅-ကိံပက္ကဇာတ်

လှည်းမှူး မှာကြားသောစကား နာယူကြသဖြင့် အဆိပ်သီး မစားမိကြ၍ ချမ်းသာကြသော လှည်း သမားများအကြောင်း။

ပစ္စပ္ပုန်ဝတ္ထု

အာရုံငါးဖြာ ဆိပ်သီးပမာ

နတ်လူတို့ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာသနာတော်၌ အသက်စွန့်၍ ရဟန်းပြုသော အမျိုးကောင်းသား ရဟန်းတပါးရှိလေ၏၊ ထိုရဟန်းသည် သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံသွားရာ တန်ဆာဆင်ထားသော မိန်းမတယောက်ကို မြင်၍ သာသနာတော်၌ မပျော်မွေ့ဘဲ ပျင်းရိငြီးငွေ့လေ၏၊ ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံ ခေါ် ဆောင်၍ လာကြရာ မြတ်စွာဘုရားသည် ထိုရဟန်းအား “ချစ်သားရဟန်း ငါးပါးသော ကာမဂုဏ်တို့ မည်သည်ကား၊ ခံစားသောကာလ၌ မွေ့လျော်ခြင်းကို ဖြစ်စေတတ်သော်လည်း အပါယ်ပဋိသန္ဓေကို ပေးတတ်ကုန်၏၊ အဆိပ်သီးကို စားသည်နှင့်တူကုန်၏၊ အဆိပ်သီးတို့ မည်သည်မှာ စားသောအခါ အဆင်းအနံ့အရသာနှင့် ပြည့်စုံသော်လည်း အသည်းအအူတို့ကို ဖြတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေတတ်ကုန်၏၊ ရှေးအခါ သူမိုက်တို့သည် အဆိပ်သီးကို စား၍ အသက်ကုန်ခြင်းသို့ ရောက်ဘူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လှည်းမှူးမှာကြား ကုန်သည်များ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် လှည်းကုန်သည်မှူးဖြစ်လေ၏၊ တနေ့သ၌ လှည်းမှူးသည် လှည်းငါးရာတို့ဖြင့် အနောက်အရပ်သို့ သွားသည်ရှိသော် တောအုပ် တခုသို့ရောက်လျှင် လှည်းသမားတို့ကို စည်းဝေးစေ၍ “အမောင်တို့... ဤတောအုပ်မှာ အဆိပ်သီးများရှိသည်၊ မစားဘူးသော သစ်သီးတို့ကို ငါ့ကို မပြောကြားဘဲ မစားကြကုန်လင့်”ဟု ဆုံးမလေ၏။

လှည်းသမားတို့သည် တောအုပ်အဝင်တွင် အလွန် အသီးများသော အဆိပ်ပင်ကြီးတပင်ကို တွေ့ကြကုန်၏၊ ပင်စည်, အကိုင်း, အခက်, အရွက်, အပွင့်, အသီး, အနံ့, အရသာတို့သည် သရက်ပင်နှင့် အလုံးစုံတူကုန်၏၊ အချို့လှည်းသမားတို့သည် အဆင်း, အနံ့, အရသာ၌ တပ်စွန်းကာ သရက်သီးအထင်နှင့် စားကြကုန်၏၊ အချို့ လှည်းသမားတို့ကား မစားဘူးသဖြင့် လှည်းမှူးကို မေး၍စားမည်ဟု စောင့်ဆိုင်းနေကြကုန်၏။

စားသုံးလိမ္မာ လွန်ချမ်းသာ

လှည်းမှူးရောက်လာသောအခါ အဆိပ်သီးမှန်းသိ၍ အသီးကိုကိုင်ကာ စောင့်နေသူတို့အား စွန့်ပစ်စေကုန်၏၊ စားပြီးသော သူတို့အား ဆေးတိုက်၍ အန်စေကုန်၏၊ လက်ဦးစားမိသူတို့သည် ဆေးတိုက်၍ မရတော့ဘဲ သေကြကုန်၏။ လှည်းမှူးလည်း မိမိလိုရာ အရပ်သို့ သွားကာ များစွာသော ပစ္စည်းဥစ္စာတို့ကို ယူဆောင်၍ လှည်းငါးရာနှင့်တကွ မိမိတို့နေရာသို့ ပြန်ပြီးလျှင် ကုသိုလ်ကောင်းမှုကို ပြုစုအားထုတ်လျက် နေလေ၏။

ဤဒေသနာတော်၏အဆုံး၌ သာသနာတော်၌ ပျင်းရိ ငြီးငွေ့ သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ကြွင်းသော ပရိသတ်တို့တွင် အချို့သကဒါဂါမိဖိုလ်, အချို့အနာဂါမိဖိုလ်, အချို့အရဟတ္တဖိုလ်၌ တည်ကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်–

ရဟန်းတို့ ...

ထိုအခါ လှည်းသမားတို့သည်-ယခုအခါ ဘုရားပရိသတ်။

လှည်းမှူးသည်-ငါဘုရားဖြစ်လာပြီ–

ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကာမဂုဏ်ငါး၊ သုံး-ပျော်ပါး၊ သေငြားပါယ်ရောက်ရ။

(၂) ဆိပ်သီးပမာ၊ စားသူမှာ၊ သေကာပျက်စီးရ။

ကိံပက္ကဇာတ်ပြီး၏။

***

၈၆ - သီလဝီမံသဇာတ်

မင်းကြီး မြတ်နိုးသည်ကို သိလို၍ သီလကို စုံစမ်းသောအနေဖြင့် မင်းဘဏ္ဍာ ခိုးယူသဖြင့် အဖမ်းခံရသောပုဏ္ဏား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သီလစုံစမ်း သူခိုးဖမ်း

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၍ သီတင်းသုံးတော်မူစဉ် သီလကို စုံစမ်းတတ်သော ပုဏ္ဏားတစ်ယောက် ရှိလေ၏။ ထိုပုဏ္ဏားသည် ကောသလမင်းကြီးကို မှီ၍ အသက်မွေး၏။ ရတနာသုံးပါး၌ ကြည်ညို၏။ မကျိုးမပျက်သော သီလရှိ၏။ ဗေဒင်သုံးပုံ၌ တစ်ဖက်ကမ်းရောက် တတ်မြောက်၏။ ထိုပုဏ္ဏားကို မင်းကြီးသည် အလွန်မြတ်နိုးတော်မူ၏။

ထိုအခါ ပုဏ္ဏားသည် မင်းကြီးအား ငါ့ကို တခြား ပုဏ္ဏားတို့ထက် မြတ်နိုးတော်မူ၏။ အမျိုးဇာတ် အတတ်ပညာကို မှီ၍ မြတ်နိုးလေသလော၊ အကျင့်သီလကို မှီ၍ မြတ်နိုးလေသလော ငါ သိရအောင် စုံစမ်းမည်ဟု ကြံစည်ကာ မင်းခစားရာမှအပြန် ရွှေပန်းထိမ်သည်ထံသို့သွား၍ မပန်ကြားဘဲ တစ်သပြာ ယူသွား၏။ ရွှေပန်းထိမ်သည်သည် ပုဏ္ဏားကို ရိုသေသဖြင့် ဘာစကားကိုမျှ မပြောကြားလေ။ နက်ဖြန် နှစ်သပြာ ယူသွားပြန်၏။ ဘာစကားကိုမျှ မပြောကြားလေ။ သန်ဘက်ခါ အသပြာ လက်တစ်ဆုပ် ယူသွားပြန်၏။ ထိုအခါ ရွှေပန်းထိမ်သည်သည် သည်းမခံနိုင်တော့ဘဲ သူခိုး သူခိုးဟု အော်ဟစ်ကာ ဖမ်းဆီးတုတ်နှောင်၍ နှစ်ချက် သုံးချက် ရိုက်နှက်ပြီး မင်းကြီးထံ ပို့လေ၏။

သီလဖိုးထိုက် မဂ်ဖိုလ်ဆိုက်

မင်းကြီးလည်း ပုဏ္ဏားကို မြင်လျှင် နှလုံးမသာမယာဖြစ်၍ “ပုဏ္ဏား ... အဘယ်ကြောင့် ခိုးသနည်း” ဟု မေးလေ၏။ “အရှင်မင်းကြီး ... အကျွန်ုပ် သူခိုး မဟုတ်ပါ” ဟု လျှောက်ထား၏။ “ပုဏ္ဏား ... သူခိုး မဟုတ်လျှင် အဘယ်ကြောင့် အသပြာတို့ကို ယူသနည်း” ဟု မေးသောအခါ “အရှင်မင်းကြီး ... မင်းကြီးသည် အကျွန်ုပ်ကို အလွန် မြတ်နိုးတော်မူ၏၊ ဘာ့ကြောင့် မြတ်နိုးသည်ကို အသေအချာသိလို၍ စုံးစမ်းခြင်း ဖြစ်ပါသည်၊ ယခုမူ စင်စစ် သီလကိုမှီ၍သာ မြတ်နိုးသည်ကို သိရပါပြီ၊ အရှင်မင်းကြီးသည် အကျွန်ုပ်အပေါ်၌လည်း မင်းအာဏာကို ပြုစေ၏၊ သီလသည် မြတ်၏၊ အကြီးအမှူး ဖြစ်၏၊ သို့အတွက် အကျွန်ုပ်ကို ခွင့်ပြုမူပါ၊ လူ့ဘောင်မှာနေ၍ သီလဖြည့်ကျင့်ခြင်းကို မပြုလိုပါ၊ ရဟန်းဘောင်မှာနေ၍ ဖြည့်ကျင့်ပါတော့မည်၊ ယနေ့ပင် ရဟန်းပြုပါတော့မည်” ဟု ခွင့်တောင်းပြီးလျှင် မြတ်စွာဘုရားထံသွား၍ ရဟန်းပြုလေ၏။ မကြာမီ ဝိပဿနာကို ပွားများကာ အရဟတ္တဖိုလ်သို့ ရောက်လေ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ထိုရဟန်းအကြောင်း ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ ရဟန်းတို့ ... ဤပုဏ္ဏားသာ မိမိ သီလကို စုံစမ်း၍ ရဟန်းပြုကာ မိမိ၏ ကိုးကွယ်ရာကို ပြုသည် မဟုတ်၊ ရှေးပညာရှိတို့လည်း မိမိသီလကို စုံစမ်း၍ ရဟန်းပြုကာ မိမိ ကိုးကွယ်ရာကို ပြုဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အကျင့်လုံခြုံ စုံစမ်းရုံ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်၏ ပုရောဟိတ်ပုဏ္ဏား ဖြစ်လေ၏။ ထိုပုဏ္ဏားသည် အလှူ၌ မွေ့လျော်၏။ မကျိုးမပျက်သော ငါးပါးသီလရှိ၏။ မင်းကြီးသည် တခြား ပုရောဟိတ် ပုဏ္ဏားတို့ထက် မြတ်နိုးတော်မူ၏။ [တခြား စကားစုသည် ပစ္စုပ္ပန်ဝတ္ထုနှင့် တူပြီ။]

တစ်နေ့သ၌ မင်းကြီး မြတ်နိုးခြင်း အကြောင်းရင်းကို သိရအောင် စုံစမ်းမည်ဟု သုံးကြိမ်တိုင်အောင် မင်းကြီးဥစ္စာကို ခိုးယူလေ၏။ ထိုအခါ မင်းချင်းတို့သည် ပုဏ္ဏားကို ဖမ်းဆီး၍ မင်းကြီးထံ ပို့သည်ရှိသော် ခရီးလမ်းမတွင် မြွေအလမ္ပာယ်သမားကို မြင်၍ “အမောင်တို့ ... မြွေကို မြီးတူးမှာ မကိုက်ကြနှင့်၊ လည်ပင်းမှာ မရစ်ကြနှင့်၊ သင်တို့ကို ကိုက်သတ်လိမ့်မည်” ဟု ပြောဆိုလေ၏။ ထိုအခါ အလမ္ပာယ် သမားတို့က “ပုဏ္ဏားကြီး ... ဤမြွေကား အကျင့်သီလရှိ၏၊ သင်ကဲ့သို့ မဟုတ်၊ သင်ကား မင်းကြီးဥစ္စာကို ခိုးယူသဖြင့် သီလမရှိသည့်အတွက် အချုပ်အနှောင်ခံရသည် မဟုတ်လော” ဟု ပြောဆိုလေ၏။

သီလမြတ်ပုံ ချီးမွမ်းကုန်

ထိုအခါ ပုဏ္ဏားသည် တိရစ္ဆာန်မြွေ ဖြစ်လျက် မကိုက်မညှဉ်းဆဲသည့်အတွက် သီလရှိသည် ဟူသောအမည် ရပေသေးသည်။ လူဖြစ်လျှင် ဆိုဖွယ်ရာမရှိ။ သီလသာ မြတ်၏၊ သီလထက် မြတ်သောတရား မရှိပြီတကားဟု ကြံစည်လေ၏။

ပုဏ္ဏားသည် မင်းကြီးထံရောက်၍ မင်းကြီးမြင်လျှင် “အမောင်တို့ ... ဤပုဏ္ဏားကို ဘယ့်အတွက် ဖမ်းဆီးလာကြသနည်း” ဟု မေးလေ၏။ “အရှင်မင်းကြီး ...ဥစ္စာကို ခိုးယူသည့်အတွက် ဖမ်းဆီးလာကြပါသည်” ဟု လျှောက်လေ၏။ “ခိုးသူဖြစ်လျှင် မင်းအာဏာကို ပြုကြကုန်လော့” ဟု ဆိုလေ၏။ ထိုအခါ ပုဏ္ဏားသည် “အရှင်မင်းကြီး ... အကျွန်ုပ် သူခိုးမဟုတ်ပါ” ဟု လျှောက်၏။ “ပုဏ္ဏား ... သင် သူခိုးမဟုတ်လျှင် အဘယ်ကြောင့် အသပြာတို့ကို ယူသနည်း” ဟု မေးလေ၏။ “အရှင်မင်းကြီး ... အကျွန်ုပ် အပေါ်တွင် ဘယ်အတွက် သူတစ်ပါးထက်ပို၍ အလေးအမြတ်ပြုကြောင်းကို သိလို၍ စုံစမ်းခြင်း ဖြစ်ပါသည်။ အမျိုးဇာတ်အတွက် ပညာကိုမှီ၍ မြတ်နိုးခြင်းမဟုတ်၊ သီလကို မှီ၍ မြတ်နိုးခြင်းဖြစ်ကြောင်း ယခု သိရပါပြီ။ သို့အတွက် လောက၌ သီလသာ မြတ်၏၊ သီလသာ အကြီးအမှူး ဖြစ်၏၊ လူကိုထားဘိဦး တိရစ္ဆာန်မြွေကိုပင် မကိုက် မညှဉ်းဆဲသည်ရှိသော် ပြင်းထန်သော အဆိပ်ရှိသည် ဖြစ်လျက် သီလရှိသည် ဟူသောအမည်ကို ရပေသည်” ဟု မင်းကြီးကို တရားဟော၍ ခွင့်ပန်ပြီးလျှင် ဟိမဝန္တာတောသို့ ဝင်လေ၏။ ရှစ်ပါးသော သမာပတ်၊ ငါးပါးသော အဘိညာဉ်တို့ကို ဖြစ်စေလျက် သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

မင်းပရိသတ်သည် - ဘုရားပရိသတ်။

ပုရောဟိတ်ပုဏ္ဏားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

သီလဝီမံသဇာတ်ပြီး၏။

***

၈၇ - မင်္ဂလဇာတ်

အဝတ်ပုဆိုးကို ကြွက်ခဲ၍ သုသာန်သို့ စွန့်ပစ်သဖြင့် ရသေ့ ပံ့သကူကောက်ကာ မင်္ဂလာတရားဟောရသော အဝတ်လက္ခဏာဖတ် ပုဏ္ဏားသားအဖ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကြွက်ခဲအဝတ် သုသာန်စွန့်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၍ သီတင်းသုံးတော်မူစဉ် ရာဇဂြိုဟ်ပြည်ဝယ် အဝတ်လက္ခဏာကို ဖတ်တတ်သော ပုဏ္ဏားတစ်ယောက် ရှိလေ၏။ ထိုပုဏ္ဏားသည် မြင်တိုင်း၊ ကြားတိုင်း၊ တွေ့တိုင်းသော မင်္ဂလာကို ယုံကြည်၏။ ရတနာသုံးပါး၌ ကြည်ညိုခြင်း မရှိ၊ မစ္ဆာအယူရှိ၏။ ကြွယ်ဝချမ်းသာ၏။ များသော အသုံးအဆောင်ရှိ၏။

တစ်နေ့သ၌ ပုဏ္ဏား၏ သေတ္တာထဲ၌ ထားသော အဝတ်ပုဆိုး အစုံတို့သည် ကြွက်ကိုလေ၏။ ထိုအခါ ပုဏ္ဏားသည် ဤကြွက်ကိုက်သော အဝတ်ကား မင်္ဂလာမရှိ၊ သူယုတ်မာနှင့် တူ၏၊ အိမ်၌ မထားကောင်း၊ ကိုယ်တိုင်လည်း မသုံးဆောင်ကောင်း၊ သူတစ်ပါးလည်း မသုံးဆောင်ကောင်း၊ အိမ်၌ ထားသူ သုံးဆောင်သူတို့၌ အကြီးအကျယ် ပျက်စီးလိမ့်မည်ဟု ယူဆလေ၏။ သို့အတွက် ကျေးကျွန် စသောသူတို့ကို ပင် ယူထားမည်စိုး၍ အပစ်မခိုင်းဘဲ သားကိုခေါ်၍ “၎င်းကြွက်ကိုက်သော အဝတ်ပုဆိုးစုံကို လက်နှင့် မထိရအောင် တုတ်လှံကန်ဖြင့် ကောက်ယူကာ အစိမ်းပစ်ရာ သုသာန်သို့ စွန့်ပစ်ချေပြီးလျှင် ခေါင်းကိုလျှော်၍ လာလော့” ဟု မှာထားကာ သုသာန်သို့ ပစ်စေ၏။

ဘုရားကြွရောက် ပံ့သကူကောက်

ပုဏ္ဏားလုလင်လည်း အဖ စေခိုင်းသည့်အတိုင်း မြွေကို ကော်ယူသည့်အလား တောင်ဝှေးစွန်းဖြင့် ကြွက်ကိုက်သော အဝတ်ပုဆိုးအစုံကို ကော်ယူကာ အစိမ်းပစ်ရာ သုသာန်သို့ သွား၍ စွန့်ပစ်လေ၏။ ထိုအခါ မြတ်စွာဘုရား ကြွလာခိုက်နှင့် ကြုံသဖြင့် လုလင်ကိုမြင်လျှင် “လုလင် … သုသာန်မှာ ဘာလုပ်သနည်း” ဟု မေးလေ၏။ “အရှင်ဂေါတမ … ကြွက်ကိုက်သော အဝတ်ပုဆိုးစုံကို စွန့်ပစ်၍ ခေါင်းလျှော်မည် လာပါသည်” ဟု ပြောကြား၏။ မြတ်စွာဘုရားသည် လုလင်ကို မြင်စဉ် ပင် မွန်မြတ်သော အဝတ်ပုဆိုး ဖြစ်သည်ဟုသိ၍ ပံ့သကူ ကောက်ယူလေ၏။

ထိုအခါ ပုဏ္ဏား လုလင်သည် မြတ်စွာဘုရားအား “အို ရှင်ဂေါတမ … ဤအဝတ်ပုဆိုးအစုံသည် ကြွက်ကိုက်အပ်သဖြင့် မင်္ဂလာမရှိပါ၊ သူယုတ်မာနှင့် တူပါ၏၊ မယူပါနှင့်” ဟု ပြောကြားကာ တားမြစ်စဉ် ပင် ဝေဠုဝန်ကျောင်းတော်သို့ ကြွတော်မူ၏။

ပုဏ္ဏားလာရောက် အပြစ်ပြလျှောက်

ပုဏ္ဏားလုလင်လည်း အဖပုဏ္ဏားကြီးထံသွား၍ ရှင်ဂေါတမ ယူသွားကြောင်း ပြောကြားလေလျှင် ပုဏ္ဏားကြီးလည်း ဤအဝတ်ပုဆိုးအစုံကို သုံးဆောင်သော ရဟန်းဂေါတမအား ပျက်စီးလတ္တံ့၊ လူအများက ပုဏ္ဏားကြီးသည် သိလျက်နှင့် မပြောကြား မတားမြစ်ဟု ငါတို့အား ကဲ့ရဲ့ကြလတ္တံ့၊ ဂေါတမအား တခြား အဝတ်ပုဆိုး များစွာကိုပေး၍ ကြွက်ကိုက် အဝတ်ပုဆိုးအစုံကို စွန့်ပစ်စေမည်ဟု ကြံစည်လျက် အဝတ်ပုဆိုးအစုံများစွာကိုယူကာ သားအဖနှစ်ယောက်လုံး မြတ်စွာဘုရားထံ သွားကြကုန်၏။

ရောက်လျှင် ပုဏ္ဏားကြီးသည် မြတ်စွာဘုရားအား “အို ရှင်ဂေါတမ … အစိမ်းပစ်ရာ သုသာန်မှ အဝတ်ပုဆိုးအစုံကို ကောက်သည် မှန်သလော” ဟု မေးသောအခါ ၊ “ပုဏ္ဏားကြီး … မှန်သည်” ဟု ဖြေ၏။ “ဤအဝတ်ပုဆိုး အစုံကား မင်္ဂလာမရှိပါ၊ သူယုတ်မာနှင့် တူပါ၏၊ သင် သုံးဆောင်သော် တစ်ကျောင်းလုံး ပျက်စီးလတ္တံ့၊ စွန်းပစ်ပါ၊ သင်တို့မှာ မရှိလျှင် ပေးဖို့ရန် တခြား အဝတ်ပုဆိုး များစွာကို ယူခဲ့ပါသည်” ဟု ပြောကြားလေ၏။

ထိုအခါ မြတ်စွာဘုရားသည် “ပုဏ္ဏားကြီး … ငါတို့မှာ ရဟန်း ဖြစ်ကြသည်။ အစိမ်းပစ်သော သုသာန်၌ လည်းကောင်း၊ ခရီးလမ်း၌ လည်းကောင်း၊ တံမြတ်ချေးပုံ၌ လည်းကောင်း၊ ရေချိုးဆိပ်၌ လည်းကောင်း စွန့်ပစ်ထားသော အဝတ်ပုဆိုးနွမ်းသည် သင့်မြတ်လှ၏။ သင်သည် ယခုအခါ၌ သာ မင်္ဂလာမရှိဟု အယူရှိသည် မဟုတ်၊ ရှေးအခါ၌ လည်း အယူရှိခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မင်းလျှောက်ထားလေ ဥယျာဉ်နေ

လွန်လေပြီးသောအခါ မဂဓတိုင်း ရာဇဂြိုဟ်ပြည်ဝယ် ဝိမ္မိက မည်သောမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဥဒိစ္စ ပုဏ္ဏားမျိုး၌ ဖြစ်၍ လိမ္မာသောအရွယ်သို့ ရောက်လျှင် ရသေ့ ရဟန်းပြုလျက် အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေ၍ ဟိမဝန္တာ အရပ်ဝယ် နေလေ၏။

တစ်ရံရောအခါ ရသေ့သည် ရာဇဂြိုဟ်ပြည် မင်းဥယျာဉ်တော်သို့သွား၍ နောက်တစ်နေ့၌ မြို့တွင်းသို့ ဆွမ်းခံဝင်လတ်သော် မင်းကြီး မြင်လျှင် ကြည်ညိုသဖြင့် နန်းတော်သို့ ပင့်စေ၍ ဆွမ်းကျွေးပြီးလျှင် ဥယျာဉ်တော်၌ အမြဲနေရန် လျှောက်ထား၏။ ရသေ့လည်း ဝန်ခံ၍ ဥယျာဉ်တော်၌ နေလေ၏။

မင်္ဂလာတရား မိန့်ဟောကြား

ထိုအခါ ရာဇဂြိုဟ်မြို့ဝယ် အဝတ်လက္ခဏာကို ဖတ်တတ်သော ပုဏ္ဏားတစ်ယောက် ရှိလေ၏။ ထိုပုဏ္ဏားသည် သေတ္တာ၌ ထားအပ်သော အဝတ်ပုဆိုး အစုံကို ကြွက်ကိုင်သဖြင့် သားလုလင်ကို အစိမ်းပစ်ရာ သုသာန်၌ ပစ်စေရာ မင်းဆရာ ရသေ့သည် ပံ့သကူအဖြစ် ကောက်ယူလေ၏။

လုလင်ပုဏ္ဏားသည် အဖကို ပြောကြားရာ ပုဏ္ဏားကြီးသည် ဥယျာဉ်တော်သို့သွား၍ ရသေ့အား “အသင်ရသေ့ … သင် ကောက်ယူခဲ့သော အဝတ်ပုဆိုးအစုံကို စွန့်ပစ်ပါလော့၊ သင့်မှာ မပျက်စီးပါစေနှင့်” ဟု ပြောကြားလေ၏။ ရသေ့လည်း ပုဏ္ဏားကြီးအား “ပုဏ္ဏားကြီး … ငါတို့ကား မြင်တိုင်း၊ ကြားတိုင်း၊ တွေ့တိုင်သော မင်္ဂလာကို မယုံကြည်။ ၎င်းမင်္ဂလာကို ဘုရား၊ ပစ္စေကဗုဒ္ဓါ အလောင်းတို့သည် မချီးမွမ်းကြကုန်။ ထို့ကြောင့် ပညာရှိတို့သည် မြင်တိုင်း၊ ကြားတိုင်း၊ တွေ့တိုင်းသော မင်္ဂလာကို မယုံကြည်ကြရာ” ဟု တရားဟောလေ၏။

ပုဏ္ဏားကြီးလည်း တရားတော်ကို နာရလျှင် မိစ္ဆာအယူကို စွန့်လွှတ်ကာ ရသေ့ကို ကိုးကွယ်လေ၏။ ရသေ့လည်း မယုတ်လျော့သော စျာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားလေ၏။

ပုဏ္ဏားသားအဖ မဂ်ဖိုလ်ရ

မြတ်စွာဘုရားသည် အထက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူ၍ ပုဏ္ဏားသားအဖတို့အား -

“ပုဏ္ဏားကြီး … ရဟန္တာပုဂ္ဂိုလ်တို့အား ကောတုဟလ မင်္ဂလာကို လည်းကောင်း၊ နေကြတ်ခြင်း၊ လကြတ်ခြင်း၊ နက္ခတ်ကြတ်ခြင်း၊ ဥဂ္ဂါကျခြင်း၊ အရပ်လောင်ခြင်း တို့ကို လည်းကောင်း၊ အိပ်မက်တို့ကို လည်းကောင်း၊ လက္ခဏာတို့ကို လည်းကောင်း ပယ်ဖြတ်အပ်ပြီ၊ ကိလေသာတို့ကို ပယ်ဖြတ်အပ်ပြီ၊ ဤလောကသို့ ပဋိသန္ဓေဖြင့် တစ်ဖန် ပြန်မလာတော့ပြီ” ဟု ဟောတော်မူ၏။ သစ္စာကို ပြုတော်မူသည့်အဆုံး၌ ပုဏ္ဏား သားအဖတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုဏ္ဏား သားအဖသည် - ယခုအခါ ပုဏ္ဏား သားအဖ။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မြင်, ကြား, တွေ့ရာ၊ မင်္ဂလာ၊ မိစ္ဆာအယူမည်။

(၂) ဘုရား, ရဟန္တာ၊ ပညဝါ၊ မင်္ဂလာ မယုံကြည်။

မင်္ဂလဇာတ်ပြီး၏။

***

၈၈ - သာရမ္ဘဇာတ်

ကောင်းသောစကားကိုဆိုကာ သာရမ္ဘနွားလားအား ဝန်ကိုရုန်းစေသဖြင့် အနိုင်ရရှိသော ပုဏ္ဏားအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

[ဤဇာတ်၌ ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္ထုတို့သည် ပြဆိုခဲ့ပြီးသော နန္ဒိဝိသာလဇာတ်နှင့် တူကုန်၏]

ကောင်းမှုပြုလျှင် ကောင်းကျိုးထင်

ဤသာရမ္ဘဇာတ်၌ကား - ဘုရားအလောင်းသည် ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်ဝယ် ပုဏ္ဏားတစ်ယောက်၏ သာရမ္ဘ မည်သောနွား ဖြစ်လေ၏။ ဤမျှသာ ထူးသည်။

မြတ်စွာဘုရားသည် အတိတ်ဝတ္ထုကို ဟောတော်မူပြီးလျှင် ဘုရား ဖြစ်တော်မူသောအခါ၌ -

“ရဟန်းတို့ ... ကောင်းသော စကားကိုသာ ဆိုရမည်၊ မကောင်းသော စကားကို မဆိုရာ။ ကောင်းသော စကားကို ဆိုခြင်းသာ ကောင်း၏၊ မကောင်းသော စကားကို ဆိုခြင်းကား စိုးရိမ်ပူပန်ရ၏” – ဟု ဟောတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုဏ္ဏားသည် - ယခုအခါ အာနန္ဒာ။

ပုဏ္ဏေးမသည် - ဥပ္ပလဝဏ်။

သာရမ္ဘနွားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကောင်းသည့်စကား၊ ဆိုတတ်ငြား၊ မမှားကောင်းသည်ပ။

(၂) မကောင်းစကား၊ ဆိုတတ်ငြား၊ မမှားပူပန်ရ။

သာရမ္ဘဇာတ်ပြီး၏။

***

၈၉ - ကုဟကဇာတ်

သူကြွယ် ယုံကြည်၍ ဥစ္စာအပ်သဖြင့် အံ့ဖွယ်ပြုကာ ကောက်ကျစ်သော ရသေ့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၍ သီတင်းသုံးတော်မူစဉ် အံ့ဖွယ်သရဲကို ပြုလုပ်တတ်သော ရဟန်းတစ်ပါး ရှိလေ၏။ [ပစ္စုပ္ပန်ဝတ္ထုသည် ဥဒ္ဒါလကဇာတ်၌ ထင်စွာဖြစ်လတ္တံ့။]

အတိတ်ဝတ္ထု

ယုံကြည်ထင်မှတ် ဥစ္စာအပ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ရသေ့တစ်ဦးသည် ရွာငယ်တစ်ခုကို အမှီပြု၍နေလေ၏။ ထိုရသေ့သည် ကောက်ကျစ်စဉ်းလဲသော အကျင့်ရှိ၏။ ဆံကျစ်ထုံးကာ အံ့ဖွယ်သရဲကို ဖြစ်စေ။

သူကြွယ်တစ်ယောက်သည် ထိုရသေ့ကို သီလရှိသည်ဟု ယုံကြည်လျက် အလွန်ကြည်ညိုသဖြင့် တောကျောင်းဆောက်လုပ်ကိုးကွယ်၍ အိမ်တွင် အမြဲ ဆွမ်းလုပ်ကျွေးလေ၏။

တစ်နေ့သ၌ သူခိုးရန်ကိုကြောက်သဖြင့် အချိန်လေးသိန်းရှိ ရွှေစင်နိက္ခတစ်ရာကို ဆရာရသေ့ကျောင်းသို့ ဆောင်ယူ၍ မြေမြှုပ်ပြီးလျှင် “အရှင်ဘုရား ... ဤရွှေစင်ကို ကြည့်ရှုစောင့်ရှောက်တော်မူပါ” ဟု လျှောက်ထား အပ်နှင်းလေ၏။ ရသေ့လည်း “ဒါယကာ ... ရသေ့ရဟန်းတို့အား ဤသို့သော စကားကို ကြားရခြင်း၊ သိခြင်းပင် မအပ်ပေ။ ငါတို့မှာ သူတစ်ပါးဥစ္စာ၌ လိုချင်သော လောဘမည်သည် မရှိပေ” ဟု ဆိုလေ၏။ သူကြွယ်လည်း ရသေ့စကားကို ယုံကြည်ကာ ရသေ့ထံမှ ဖဲခဲ့လေ၏။

ပရိယာယ်ဉာဏ်ဆင် လိမ်ဉာဏ်ထွင်

ရသေ့ပျက်လည်း နှစ်ရက်၊ သုံးရက် လွန်လျှင် ဤရွှေစင်နိက္ခတစ်ရာဖြင့် ငါ့မှာ သည်ဘဝတွင် အသက်မွေးလောက်ပေပြီဟု နှလုံးသွင်းလျက် ဖော်ယူကာ ခရီးအကြား တစ်နေရာ၌ ထားပြီးလျှင် ထိုတောကျောင်း၌သာ နေလေ၏။

နက်ဖြန်နေ့၌ ထိုသူကြွယ်၏ အိမ်မှာပင် ဆွမ်းစားပြီးလျှင် သူကြွယ်အား “ဒါယကာ ... သင်တို့ကိုမှီ၍ နေသည်မှာ ကြာမြင့်ပေပြီ၊ တစ်နေရာတွင် အလွန် ကြာမြင့်စွာနေသော ရသေ့တို့အား လူတို့နှင့် ရောနှောခြင်းသည် အညစ်အကြေး ဖြစ်သည်၊ သို့အတွက် သင်တို့ကျောင်းမှ ငါ သွားတော့မည်” ဟု ပြောဆိုလေ၏။

သူကြွယ်လည်း သဘောရိုးဖြင့် ပြောဆိုသည်ဟု ထင်မှတ်ကာ မသွားရန် အဖန်ဖန် တားမြစ်သော်လည်း မရတော့သဖြင့် “အရှင်ဘုရား ... အလိုရှိရာ ကြွတော်မူပါ” ဟု လျှောက်ထားခွင့်ပြုကာ ရွာတံခါးတိုင်အောင် လိုက်ပို့ပြီးလျှင် ပြန်ခဲ့လေ၏။

အံ့ဖွယ်ရှိလတ် သူကြွယ်မှတ်

ရသေ့ပျက်လည်း အတန်ငယ် သွားမိသောအခါ ဤသူကြွယ်ကို ငါ လှည့်စားရလျှင် ကောင်းမည်ဟု ကြံစည်၍ ဆံကျစ်ကြား၌ မြက်ခြောက်ကို ထားပြီးလျှင် တစ်ဖန် ပြန်လာ၏။ သူကြွယ်လည်း “အရှင်ဘုရား ... ဘယ့်အတွက် ပြန်ခဲ့ပါသနည်း” ဟု လျှောက်ထား၏။ ရသေ့လည်း “ဒါယကာ ... အမှတ်မဲ့ ငါထွက်အလာတွင် သင့်အိမ်အမိုးမှ မြက်ခြောက်တစ်ပင် ငြိလျက်ပါလာသည်၊ အဒိန္နာဒါန်မည်သည် ရသေ့ရဟန်းတို့အား မအပ်ပေ၊ ထို့ကြောင့် မြက်ခြောက်ပင်ကိုယူ၍ ပြန်ပေးရန်လာသည်” ဟု ပြောဆိုလေ၏။ ထိုအခါ သူကြွယ်သည် “အရှင်ဘုရား ... မြက်ခြောက်ပင်ကိုစွန့်၍ ကြွတော်မူပါ၊ အရှင်ရသေ့ကိုကား မြက်ဝါးခြမ်းစိတ်မျှကိုပင် သူတစ်ပါး ပစ္စည်းဥစ္စာကို မယူပေ၊ ဩော် ... ယုံမှားသံသယ ကုက္ကုစ္စ ရှိပေစွတကား” ဟု အတိုင်းထက်အလွန် ကြည်ညိုကာ ရှိခိုး၍ လွှတ်လိုက်၏။

ရသေ့ကျင့်ပျက် ဖမ်းနှိပ်စက်

ထိုစဉ်အခါ ပညာရှိတစ်ယောက်သည် ပစ္စည်းဥစ္စာတို့ကို ရရှိရန် ပစ္စန္တရာဇ်သို့ သွားလေသာ် သူကြွယ်အိမ်၌ တည်းခိုလေ၏။ သူကြွယ်နှင့် စကားစပ်မိ၍ ပြောကြရာ ရသေ့အကြောင်းကို ကြားလျှင် ဤရသေ့ပျက်သည် အမှန်မုချ သူကြွယ်၏ ပစ္စည်းဥစ္စာ တစ်စုံတစ်ရာကို ခိုးယူပေလိမ့်မည်ဟု ကြံစည်၍ “အဆွေ ... ရသေ့ထံ ပစ္စည်းဥစ္စာ တစ်စုံတစ်ရာကို အပ်နှံထားဖူးသလော” ဟု မေး၏။ “အဆွေ ... ရွှေစင်နိက္ခတစ်ရာ အပ်နှံထားဖူးပါသည်” ဟု ပြော၏။ “အဆွေ ... သည်လိုဖြစ်လျှင် ရှိတော့မည်မထင်၊ အမြန်စုံစမ်းချေ” ဟု ပြောဆိုလေ၏။

သူကြွယ်လည်း ကျောင်းသို့ အမြန်သွား၍ စုံစမ်းရာ ရွှေစင်နိက္ခတစ်ရာ မရှိတော့သဖြင့် တစ်ဖန် ပြန်လာ၍ ယူမည် မဟုတ် ဤရသေ့ပျက်ပင် ယူလိမ့်မည်၊ လာပါ ရသေ့ပျက်ကို ဖမ်းမည်” ဟု တိုင်ပင်၍ နှစ်ယောက်အတူ အမြန်သွား၍ ရှာဖွေကြရာ ရသေ့ပျက်ကို တွေ့သောအခါ တုပ်နှောင်ဖမ်းဆီး၍ ရိုက်နှက်ပုတ်ခတ်ကာ ရွှေစင်နိက္ခတစ်ရာကို အရတောင်းပြီးလျှင် ရွှေကိုပြလျက် -

“ဟယ် ရသေ့ကောက် ရသေ့ပျက် ... သင် ပြောသော စကားမှာ အလွန်နူးညံ့လှ၏။ သင်ကား ရွှေစင်နိက္ခတစ်ရာကို ခိုးယူခြင်း၌ သံသယကုက္ကုစ္စ မရှိဘဲ မြက်ခြောက်တစ်ပင် ကပ်ငြိလာရာ၌ သံသယကုက္ကုစ္စ ရှိခြင်းမှာ အလွန်အံ့ဖွယ်ကောင်းပေစွ” –

ဟု ကဲ့ရဲပြစ်တင်လျက် ရသေ့ပျက်အား နောက်အခါ ဤကဲ့သို့သော အမှုကို မပြုလေနှင့်ဟု ဆုံးမ၍ လွှတ်လိုက်၏။ ပညာရှိလည်း အဆွေသူကြွယ်အား ပျောက်ဆုံးပြီးသော ရွှေစင်နိက္ခတစ်ရာကို ပြန်ရစေပြီးလျှင် မိမိအလိုရှိရာအရပ်သို့ သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကောက်ကျစ်သောရသေ့သည် - ယခုအခါ အံ့ဖွယ်သရဲကိုပြုသော ရဟန်း။

ပညာရှိသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အံ့ဖွယ်သရဲ၊ ပြုသည်နဲ၊ စဉ်းလဲကောက်ကျစ်ပြန်။

(၂) ရွှေနိက္ခရာ၊ ယူပြီးခါ၊ မြက်မှာယုံမှားဟန်။

ကုဟကဇာတ်ပြီး၏။

***

၉၀-အကညုတဇာတ်

သူတပါးသောကျေးဇူးကို ခံလင့်၍ မိမိကတဖန် ကျေးဇူးမသော ပစ္စန္တရာဇ် သူဌေးအကြောင်း။

ပစ္စပ္ပုန်ဝတ္ထု

ကုန်သွယ်လာမှု ဆက်သွယ်ပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အနာထပိဏ်သူဌေးအား မမြင်ဘူးဘဲ အဆွေခင်ပွန်းဖြစ်နေသော ပစ္စန္တရာဇ် သူဌေးတဦးရှိလေ၏။

တရံသောအခါ ပစ္စန္တရာဇ်သူဌေးသည် မိမိ အလုပ်အကျွေးတို့ကို လှည်းငါးရာဖြင့် ဘဏ္ဍာအပြည့်တင်လျက် အနာထပိဏ်သူဌေးထံ လွှတ်လိုက်၏၊ သူဌေးထံ ရောက်လျှင် လက်ဆောင်တို့ကို ဆက်သ၍ ပစ္စန္တရာဇ်သူဌေးထံမှ လွှတ်လိုက်ကြောင်း ပြောကြားကုန်၏။

အနာထပိဏ် သူဌေးလည်း ပစ္စန္တရာဇ် သူဌေး၏ အကြောင်းကိုမေးမြန်းကာ နှုတ်ခွန်းဆက်သပြီးလျှင် နေရာထိုင်ခင်း စားနပ်ရိက္ခာအပြည့်အစုံပေး၍ တည်းခိုစေလျက် ပါသမျှဘဏ္ဍာတို့ကို အမြတ်အစွန်းရအောင် စီမံရောင်းချ ပေးစေ၏၊ ပစ္စန္တရာဇ်သူဌေး အလုပ်အကျွေးတို့လည်း အနာထပိဏ်သူဌေး၏ အကူအညီဖြင့် ပါသမျှ ဘဏ္ဍာတို့ကို ရောင်းချပြီးလျှင် ပစ္စန္တရာဇ်သို့ပြန်၍ မိမိတို့ သူဌေးအားပြောကြားကုန်၏။

ကျေးဇူးတဖန် မပြုပြန်

နောက်အခါ အနာထပိဏ်သူဌေးလည်း မိမိ အလုပ်အကျွေးတို့ကို လှည်းငါးရာဖြင့် ဘဏ္ဍာအပြည့်တင်စေလျက် ပစ္စန္တရာဇ်သူဌေးထံ လွှတ်လိုက်ပြန်၏၊ အလုပ်အကျွေးတို့လည်း ရောက်လျှင် ပစ္စန္တရာဇ်သူဌေးထံ လက်ဆောင်တို့ကို ဆက်သလေ၏၊ ထိုအခါ ပစ္စန္တရာဇ်သူဌေးသည် “အမောင်တို့... အဘယ်က လာကြသနည်း”ဟု မေး၏၊ “သူဌေးမင်း... အဆွေခင်ပွန်းဖြစ်သော အနာထပိဏ်သူဌေးကြီးထံမှ လာခဲ့ကြပါသည်”ဟု ပြောကြားကြကုန်၏၊ ထိုအခါ ကျေးဇူးမသိတတ်သော ပစ္စန္တရာဇ်သူဌေးသည် “အမောင်တို့ အနာထပိဏ်သူဌေးဆိုသည်မှာ သာမန်လူတယောက်အမည် ဖြစ်လိမ့်မည်”ဟု ပြက်ရယ်ပြုကာ လက်ဆောင်တို့ကို ယူပြီးလျှင် လွှတ်လိုက်၏၊ နေရာထိုင်ခင်း စားနပ်ရိက္ခာပေးခြင်း၊ ကုန်တို့ကို စီမံရောင်းချပေးခြင်း မရှိလေ။

အနာထပိဏ်သူဌေး အလုပ်အကျွေးတို့လည်း ပစ္စန္တရာဇ် သူဌေးထံမှ တစုံတရာ အကူအညီမရဘဲ မိမိတို့ အလိုအတိုင်း ရောင်းချပြီးလျှင် အနာထပိဏ်သူဌေးထံသို့ ပြန်ကာအနာထပိဏ်သူဌေးအား ပစ္စန္တရာဇ်သူဌေးအကြောင်းကို အလုံးစုံပြောကြားလေ၏။

လုယက်ယူကြ ပြန်ပြေးရ

ပစ္စန္တရာဇ်သူဌေးလည်း နောက်တဖန် လှည်းငါးရာတို့ဖြင့် အနာထပိဏ်သူဌေးထံ လွှတ်လိုက်ပြန်၏၊ ရောက်လျှင် ပစ္စန္တရာဇ်သားတို့သည် သူဌေးထံ လက်ဆောင်ဆက်သကြပြန်၏၊ ထိုအခါ အနာထပိဏ်သူဌေး အမှုလုပ်တို့သည် သူဌေးကြီးအား ကျွန်ုပ်တို့နေရာထိုင်ခင်း ရိက္ခာစီမံပါမည်ဟု ဆိုကာ ပစ္စန္တရာဇ်သားတို့ကိုခေါ်၍ မြို့ပြင်သင့်တော်ရာ၌ နေရာချထားပြီးလျှင် ငါတို့ ယာဂုထမင်းသွား၍ စီမံမည်ဟု ဆို၍ အိမ်ရောက်လျှင် ကျွန်အမှုလုပ်တို့ကို စည်းဝေးစေပြီးလျှင် ညဥ့်သန်းခေါင်အခါ လှည်းငါးရာတို့ကို လုယက် ဖျက်ဆီးလျက် ယူငင်သွားကြကုန်၏၊ ပစ္စန္တရာဇ်သားတို့လည်း ကြောက်ရွံ့၍ အမြန်ပြေးကြကုန်၏။

အနာထပိဏ်သူဌေး အမှုလုပ်တို့လည်း ထိုအကြောင်းကို သူဌေးကြီးအား ပြောကြားကြကုန်၏၊ သူဌေးကြီးလည်း မြတ်စွာဘုရားထံ ဆည်းကပ်ပြီးလျှင် ဖြစ်သမျှကြောင်း အလုံးစုံကို လျှောက်ထားသောအခါ မြတ်စွာဘုရားသည် “သူဌေးကြီး····ပစ္စန္တရာဇ်သူဌေးကား ယခုအခါ၌သာ ဤသို့အလေ့အကျင့်ဆိုးရှိသည်မဟုတ်၊ ရှေးအခါ၌လည်း ရှိခဲ့ဘူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မိမိထံရောက်လာ စောင့်ရှောက်ကာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော်ဘုရားအလောင်းသည် ဗာရာသီပြည်ဝယ် စည်းစိမ်ဥစ္စာ ကြွယ်ဝသော သူဌေးကြီးတဦးဖြစ်လေ၏၊ ထိုသူဌေးကြီးအား မတွေ့မမြင်ဘူးဘဲ အဆွေခင်ပွန်း ဖြစ်နေသော ပစ္စန္တရာဇ်သူဌေးတဦး ရှိလေ၏။

[စကားအသွားအလာ ပစ္စုပ္ပန်ဝတ္ထုနှင့်တူ၏၊ အကျဉ်းမျှသာရေးမည်။]

တရံရောအခါ ပစ္စန္တရာဇ်သူဌေးသည် လှည်းငါးရာတို့ဖြင့် ဗာရာဏသီသူဌေးကြီးထံ စေလွှတ်လိုက်ရာ ဗာရာဏသီသူဌေးကြီးက နေရာထိုင်ခင်း စားနပ်ရိက္ခာပေး၍ ကုန်တို့ကို ရောင်းချစီမံပေးပြီး ပြန်လွှတ်လိုက်၏။

နောက်အခါ ဗာရာဏသီသူဌေးကြီးက လှည်းငါးရာဖြင့်ပင် ပစ္စန္တရာဇ်သူဌေးထံ လွှတ်လိုက်ပြန်ရာ ပစ္စန္တရာဇ် သူဌေးက တစုံတရာ မကူညီဘဲ ထားလေ၏။

ကျေးဇူးတုံ့မရှိ ဆုတ်ယုတ်ဘိ

နောက်တကြိမ် ပစ္စန္တရာဇ် သူဌေးက လှည်းငါးရာဖြင့်ပင် ဗာရာဏသီသူဌေးကြီးထံ လွှတ်လိုက်ပြန်ရာ သူဌေးကြီး၏ ကျွန်အမှုလုပ်တို့သည် အကုန်လုယက်ဖျက်ဆီးပြီးလျှင် ဗာရာဏသီသူဌေးကြီးအား အကြောင်းစုံ ပြောကြားကြကုန်၏၊ ထိုအခါ ဗာရာဏသီသူဌေးကြီးသည် မိမိကျွန် အမှုလုပ်တို့အား–

“အမောင်တို့...မိမိအား ရှေးအခါသူတပါးတို့ ပြုလုပ်ထားသော ကျေးဇူးရှိပါလျက် ကျေးဇူးရှင်တို့အား ကျေးဇူးတုံကိုလည်းမဆပ်၊ ဆပ်ရမှန်းလည်း မသိသောသူကား နောက်အခါ အမှုကိစ္စ တွေ့ကြုံလာလျှင် အကူညီ ရှာမရဘဲ ရှိတတ်၏”–

ဟု ပြောဆိုဆုံးမလေ၏၊ ထိုသူဌေးကြီးသည် နောင်အခါ ကုသိုလ်ကောင်းမှုတို့ကို အားထုတ်၍ သေလွန်သောအခါ ကံအားလျော်စွာ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်–

ရဟန်းတို့...

* ထိုအခါ ပစ္စန္တရာဇ် သူဌေးသည်-ယခုအခါ ပစ္စန္တရာဇ်သူဌေး။

* ဗာရာဏသီ သူဌေးသည်-ငါဘုရားဖြစ်လာပြီ– ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရှေးကပြုဘူး၊ သူ့ကျေးဇူး၊ အထူးသိကြလေ။

(၂) မသိပြန်မူ၊ ကိစ္စဟူ၊ အကူမရလေ။

အကတညုဇာတ်ပြီး၏။

***

၁၀။ လိတ္တဝဂ် ၉၁ - လိတ္တဇာတ်

ကြွေအန်ရှုံး၍ ကောက်ကျစ်သော သူယုတ်အား အဆိပ်သင့်သဖြင့် အသက်ကယ်ဆယ်ရသော ပညာရှိအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆင်ခြင်မစား ဘေးရန်များ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၍ သီတင်းသုံးတော်မူစဉ် ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး ပစ္စည်းလေးပါး၌ ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်ကြသော ရဟန်းတို့ ရှိကြကုန်၏။

မြတ်စွာဘုရားသည် ရဟန်းတို့အား ပစ္စည်းလေးပါးတို့၌ ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်ခြင်း၏ အပြစ်ကို ဟောတော်မူ၍ “ရဟန်းတို့ ... ပစ္စဝေက္ခဏာ ဆင်ခြင်၍ သုံးဆောင်ကြရမည်၊ ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်းခြင်းကား လတ်တလော သေစေတတ်သော အဆိပ်နှင့် တူ၏။ ရှေးသူတော်ကောင်းတို့သည် ဆင်းရဲဒုက္ခကို ခံစားရကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အန်ကြူးယုတ်ရှုံး လိမ်မှုသုံး

လွန်လေပြီးသောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် စည်းစိမ်ဥစ္စာ ကြွယ်ဝသော အမျိုး၌ဖြစ်၍ အရွယ်ရောက်သောအခါ ကြွေအန်ကစားလေ့ရှိ၏။ ကြွေအန်သမား တစ်ဦးသည် ကောက်ကျစ်စဉ်းလဲ၏။ သူတစ်ပါးနှင့် ကြွေအန်ကစားလတ်သော် မိမိနိုင်လျှင် ကစားပွဲက မဖျက်၊ ရှုံးလျှင် ကြွေအန်ကို ခံတွင်း၌ငုံကာ ကြွေအန်ပျောက်ပြီဟု ပြောဆို၍ ကစားပွဲကို ဖျက်၍ သွားလေ့ရှိ၏။

တစ်နေ့သ၌ ထို ကောက်ကျစ်စဉ်းလဲသော ကြွေအန်သမားသည် ဘုရားအလောင်းနှင့် ကြွေအန်ကစားလတ်သော် ရှုံးသဖြင့် ကြွေအန်ကို ခံတွင်း၌ငုံကာ ပျောက်ပြီဟု ကစားပွဲကို ဖျက်၍သွားလေ၏။

ကောက်ကျစ်လေဘိ ဘေးဒဏ်ထိ

ဘုရားအလောင်းသည် ထိုအကြောင်းကိုသိ၍ သည်တစ်ခါ ရှိစေဦး၊ နောက်တစ်ခါ သိစေမည်ဟု ကြံစည်ကာ ကြွှေအန်တို့ကိုယူကာ အိမ်ဝယ် လတ်တလော သေစေတတ်သော အဆိပ်ဖြင့် အဖန်ဖန် လိမ်းကျံ၍ အဖန်ဖန် ခြောက်စေပြီးလျှင် အသင့်ယူဆောင်လျက် ကောက်ကျစ်စဉ်းလဲသော ကြွေအန်သမားထံသွား၍ “အဆွေ ... ကြွှေအန်ကစားမည် လာပါ” ဟု ဆိုကာ အတူတကွ ကစားလေ၏။

ကောက်ကျစ်စဉ်းလဲသော ကြွှေအန်သမားသည် မိမိရှုံးသဖြင့် စကားဝိုင်းကို ဖျက်ရန် ကြွှေအန်ကို ခံတွင်း၌ငုံ၏။ ထိုအခါ ဘုရားအလောင်းသည် ကောက်ကျစ်စဉ်းလဲသော ကြွှေအန်သမားအား -

“ဟယ် ယုတ်မာသော ကြွှေအန်သမား ... ငါ ထက်လှစွာသော အဆိပ်ဖြင့် စီမံထားသော ကြွှေအန်ကို နင်မသိ၍ ငုံသည်၊ ငုံလေဦး၊ နောက်မှ ဤ ကြွှေအန်ကို ငုံခြင်းသည် ဤသို့ ဖြစ်ပါတကားဟု သိရမည်”

ဟု ပြောဆိုနေစဉ် အဆိပ်ဟုန်ဖြင့် မိန်းမောတွေဝေလျက် မျက်စိတို့သည် လည်၍နေကုန်၏။ လည်ကုပ်လည်း ကျိုးလေ၏။

အဆိပ်ဖြေကာ ဆုံးမရာ

ထိုအခါ ပညာရှိ ကြွှေအန်သမားသည် ယုတ်မာသော ကြွှေအန်သမားအား ယခုအခါ ငါသည် အသက်ကို ပေးလှူသင့်၏ဟု နှလုံးသွင်းကာ အန်ဆေးတိုက်၍ အန်စေပြီးလျှင် ထောပတ်၊ တင်လဲ၊ ပျားသကာ စသည်တို့ကို စားစေ၍ အနာပျောက်အောင် ကုသပြီးလျှင် ဤကဲ့သို့ နောက်အခါ ကောက်ကျစ်စဉ်းလဲသော အမှုကို မပြုလေနှင့်ဟု ဆုံးမလွှတ်လိုက်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကြွေအန်သမား ပညာရှိသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကောက်ကျစ်လှစွာ၊ သူယုတ်မာ၊ လျင်စွာပျက်စီးမြဲ။

(၂) ဆိပ်လူးသည့်ကြွေ၊ ငုံပြန်လေ၊ သေလောက်လွန် ဆင်းရဲ။

လိတ္တဇာတ်ပြီး၏။

***

၉၂− မဟာသာရဇာတ်

မင်းကြီး၏ မဟာသာရ တန်ဆာပျောက်သဖြင့် ဥယျာဉ်တော်က မျောက်မထံမှ ပြန်ရအောင် ကြံဆောင်နိုင်သော ပညာရှိအကြောင်း။

ပစ္စပ္ပုန်ဝတ္ထု

မင်းကြီးစေတနာ ကြည်ညိုစွာ

နတ်လူတို့ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ပဿေနဒီ ကောသလမင်းကြီး၏ နန်းတွင်းသူ မင်းမိန်းမတို့သည် ကျောင်းတော်သို့ သွား၍ ဘုရားဖူးခွင့်, တရားနာခွင့်, မရကြသည့်အတွက် နန်းတော်သို့ တရားဟောပြော သင်ပြမည့် ရဟန်းတော်တပါးကို ပင့်ပေးပါဟု ပူဆာကြသောအခါ ကောသလမင်းကြီးလည်း ကောင်းပြီ ပင့်ပေးမည်ဟု ဝန်ခံလေ၏။ တနေ့သ၌ ကောသလမင်းကြီးသည် ဥယျာဉ်ကစား သွားရင်း မြတ်စွာဘုရား ဥယျာဉ်တော်သို့ ရောက်နေခိုက် ကြုံသဖြင့် ဖူးမျှော်ရာ မြတ်စွာဘုရားအထံတော်ဝယ် ဆည်းကပ်နေသည့် ဆတ္တပါဏိကို တွေ့လေ၏၊ ထိုအခါ မြတ်စွာဘုရားသည် “မင်းကြီး ဤဆတ္တပါဏိ ဒါယကာကား အနာဂါမ်ဖြစ်၍ ပိဋကတ်သုံးပုံကို ဆောင်နိုင်သည်”ဟုတော်မူသဖြင့် မင်းကြီးလည်း ထိုဒါယကာကို အလွန်ကြည်ညိုလေ၏။

နန်းတွင်းပင့်ကာ တရားနာ

တနေ့သောအခါ ကောသလ မင်းကြီးသည် လေသာပြူတင်းကိုဖွင့်၍ကြည့်နေ စဉ် ထီးကို ကိုင်ဆောင်ကာ ဇေတဝန်ကျောင်းသို့ သွားသော ဆတ္တပါဏိကို မြင်၍ ခေါ်စေပြီးလျှင် “အချင်းသီတင်းသည်... ကျွန်ုပ်နန်းတွင်းသူတို့ကို တရား ဟောပြော သင်ကြားပါ”ဟု တောင်းပန်လေ၏၊ “အရှင်မင်းကြီး... လူဝတ်ကြောင်နှင့် မလျော်ပါ၊ ရဟန်းများနှင့်သာ လျော်ပါသည်”ဟု လျှောက်ထားလေ၏၊ မင်းကြီးလည်း မှန်သောစကားကို ဆိုပေသည်ဟု နှလုံးသွင်းလျက် သီတင်းသည်အား လွှတ်လိုက်လေ၏။

ထို့နောက် ကောသလမင်းကြီးလည်း နန်းတွင်းသူတို့ကို ခေါ်၍ “ရှင်မတို့... သင်တို့အား တရားဟောပြော ပြသရန် မဟာသာဝကကြီး ရှစ်ကျိပ်တို့တွင် ဘယ်သာဝကကြီးကို အလိုရှိကြသနည်း”ဟုမေး၏၊ “အရှင်မင်းကြီးတရား ဘဏ္ဍာစိုးဖြစ်သော ရှင်အာနန္ဒာကို အလိုရှိပါသည်” ဟု လျှောက်ကြလျှင် မြတ်စွာဘုရားထံ ခွင့်ပန်ကာ ရှင်အာနန္ဒာကို နန်းတွင်းသို့ပင့်လျက် နန်းတွင်းသူတို့အား တရားတော်ကို နာယူသင်ကြားစေ၏။

နည်းလမ်းထွင်ရှာ အာနန္ဒာ

တနေ့သ၌ ကောသလမင်းကြီး၏ ပတ္တ မြားဥသျှောင်ကျင် ပျောက်သဖြင့် နန်းတော်နှင့် စပ်သူအားလုံးကို စစ်ဆေးရှာဖွေလျက် ရာဇဝတ်ဘေးမှ ကြောက်သဖြင့် တနန်းတော်လုံး ဆင်းရဲပင်ပန်းလျက် ရှိကြ၏၊ ရှင်အာနန္ဒာ ကြွလာသောအခါ နန်းတွင်းသူတို့ မရွှင်ပြသည်ကို မြင်၍ မေးလေလျှင် အကြောင်းစုံသိရသဖြင့် မင်းကြီးထံသွားကာ “အရှင်မင်းကြီး.. ပတ္တမြားဥသျှောင်ကျင် ပျောက်သလော”ဟု မေး၏၊ “အရှင်ဘုရား... ပျောက်ပါသည်”ဟု လျှောက်ထား၏၊ “အရှင်မင်းကြီး.. တွေ့အောင်မရှာနိုင်သလော”ဟု မေး၏၊ “အရှင်ဘုရား... မရှာနိုင်ပါ”ဟု လျှောက်ပြန်၏၊ “အရှင်မင်းကြီး.. လူအများ မပင်ပန်းစေဘဲ ပြန်လည်ရရှိဘို့ နည်းလမ်းရှိသည် ပြုလုပ်မည်လော့”ဟုမေး၏၊ “အရှင်ဘုရား... မှန်လှပါ ပြုလုပ်ပါမည် အမိန့်ရှိတော်မူပါ” ဟု လျှောက်ထားလေ၏။

ရှင်အာနန္ဒာလည်း “အရှင်မင်းကြီး... ဖွဲ့ဆုပ်မြေဆုပ်တို့ကို ပုံစေသောနည်းလမ်းရှိသည်၊ ယုံမှားသူတို့ကိုခေါ်၍ ဖွဲ့ တဆုပ်စီ သို့မဟုတ် မြေတဆုပ်စီပေး၍ ဤဖွဲ့ဆုပ် မြေဆုပ်တို့ကို မိုးသောက်သောအခါ မည်သည့်နေရာတွင် လာ၍ ထားပါဟု စေခိုင်းရမည်၊ ထိုအခါ ယူမိသော သူတို့သည် ဤဖွဲ့ဆုပ်မြေဆုပ်တွင် ထည့်၍ထားကြလိမ့်မည်၊ ၎င်းတို့ ပြန်သောအခါ ဖွဲ့ဆုပ် မြေဆုပ်တို့ကို ဖြည်၍ရှာလျှင် တွေ့လိမ့်မည်”ဟု စီမံပေးလေ၏။

ဥစ္စာပြန်ရ ချီးကျူးကြ

မင်းကြီးလည်း ရှင်အာနန္ဒာ စီမံပေးသော နည်းလမ်းအတိုင်း သုံးရက်တိုင်အောင် လုပ်သော်လည်း ပတ္တမြား ဥသျှောင်ကျင်ကို မဆောင်ခဲ့ကြချေ၊ ထိုအခါ ရှင်အာနန္ဒာအား လျှောက်ပြန်လျှင် ရှင်အာနန္ဒာသည် နောက်တနည်း စီမံပြန်၏၊ “မင်းကြီး နန်းရင်ပြင်ဝယ် အိုးစရည်းကြီး တခုဝယ် ရေအပြည့် ထည့်စေလျက် တင်းတိမ်ကန့်လန့်ကာ လုံအောင် ကာစေပြီးလျှင် မိန်းမယောက်ျားအားလုံး အပေါ်ရုံဝတ်ရုံလျက် တယောက်စီ တင်းတိမ် ကန့်လန့်ကာတွင်းသို့ ဝင်၍ လက်ဖြန့်ကာ တင်းတိမ်ကန့်လန့်ကာတွင်းမှ ထွက်ကြရ မည်ဟု အမိန့်ပေးပါ၊ ယူသူသည်အိုးစရည်းကြီး၌ ထားခဲ့လိမ့်မည်”ဟု နည်းပေးပြန်၏။

မင်းကြီးလည်း ရှင်အာနန္ဒာ နည်းပေးသော အတိုင်း အိုးစရည်းကြီးဖြင့် လုပ်ပြန်လျှင် ပတ္တမြားဥသျှောင်ကျင်ကို ခိုးယူထားသူသည်၊ ဤအဓိကရုဏ်းမှာ ရှင်အာနန္ဒာလက်သို့ ရောက်နေသည်၊ မရလျှင် လွှတ်မည်မဟုတ်၊ ယခုအခါပြန် ထားမှတော်မည်ဟု စဉ်းစားကာ တင်းတိမ် ကန့်လန့်ကာ အိုးစရည်းကြီးထဲတွင် ထားခဲ့လေ၏၊ လူရှင်း၍ရှာသောအခါ ဥသျှောင်ကျင်ကို တွေ့သဖြင့်တနန်းတော်လုံး ဝမ်းမြောက် ဝမ်းသာ ရှင်အာနန္ဒာအား ချီးကျူးကြကာ ကျေးဇူးတင်ကြလေ၏။

ထိုအခါ ပတ္တမြား ဥသျှောင်ကျင်အတွက် ရှင်အာနန္ဒာ၏ ဂုဏ်ကျေးဇူးမှာ တမြို့လုံး ပျံ့ နှံ့ ထင်ရှားလေ၏၊ ရဟန်းတို့လည်း တရားသဘင်ဝယ် စကားစပ်မိ၍ ရှင်အာနန္ဒာ၏ ဂုဏ်ကျေးဇူးကို ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့...ယခုအခါ အာနန္ဒာသည်သာလျှင် သူတပါးလက်သို့ ရောက်ပြီးသော ဘဏ္ဍာကို ပြန်ရအောင် ပြုလုပ်နိုင်သည် မဟုတ်၊ ရှေးပညာရှိတို့လည်း ပြုလုပ်နိုင်သည်”ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဥယျာဉ်ပျော်ပါး ရေကစား လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည် ရှိသော် ထိုမင်းထံဝယ် အတတ်ပညာ အလုံးစုံကို အပြီးတိုင်ရောက် တတ်မြောက်သော ပညာရှိ အမတ်ကြီးတယောက် ရှိလေ၏။

တနေ့သ၌ မင်းကြီးသည် အခြံအရံများစွာဖြင့်ဥယျာဉ်တော်၌ လှည့်လည်သည်ရှိသော် မင်္ဂလာရေကန်တော်ဝယ် ရေကစားလိုသဖြင့် သက်ဆင်းကာ မောင်းမအပေါင်းကို ခေါ် စေ၏၊ မောင်းမတို့လည်း ရေကစားကြရန် လည်ရွဲ တန်ဆာ, ဦးခေါင်းတန်ဆာ စသည်တို့ ချွတ်၍ စုလျားတဘက်၌ထည့်ကာ သေတ္တာအပြင်၌ ထားပြီးလျှင် ကျွန်မတို့ကို စောင့်စေ၍ မင်းကြီးနှင့်အတူ ရေကစားရန် ဆင်းသက်ကြကုန်၏။

လည်ရွဲရတနာ ပျောက်လေရာ

ထိုအခါ ဥယျာဉ်တော်ရှိ သစ်ပင် သစ်ခက်ကြား၌ နေသောမျောက်မတကောင်သည် မိဖုရား၏ ထိုလည်ရွဲတန်ဆာကို

မြင်ရာ ဝတ်ဆင်လိုသဖြင့် အစောင့်ကျွန်မ ငိုက်မျဉ်း မေ့လျော့သောအခါ သစ်ပင်မှဆင်းသက်၍ ပုလဲသွယ်ကို ခိုးယူပြီးလျှင် လျင်မြန်စွာ သစ်ပင်သို့ တက်ကာ အခြား မျောက်မများ မမြင်ရအောင် သစ်ခေါင်းတွင် ဝှက်၍ထားပြီး အသာ စောင့်နေလေ၏။

ကျွန်မလည်း နိုး၍ ပုလဲသွယ်ကို မမြင်လျှင် ကြောက်လန့်တုန်လှုပ်သဖြင့် မကြံတတ်တော့ဘဲ မိဖုရားပုလဲသွယ်ကို ယောက်ျားသူခိုးတယောက် ခိုးပြေးသည်ဟု ကျယ်လောင်စွာ ဟစ်အော်လေ၏၊ အစောင့်အရှောက်တို့လည်း ကျွန်မ အော်သံကိုကြား၍ မင်းကြီးအားလျှောက်ထားရာ မင်းကြီးက သူခိုးကို ဖမ်းကြကုန်ဟု အမိန့်ပေးလေ၏။

သူခိုးထင်မှားဖမ်းဆီးထား

မင်းချင်းယောက်ျား တို့လည်း ဥယျာဉ်တော်မှထွက်၍ ဟိုဟိုသည်သည်ကြည့်ရှလတ်သော် ထိုအသံကိုကြား၍ ကြောက် လန့်တကြားပြေးသော ဇနပုဒ်နေ အိမ်ရှင်ယောက်ျား တယောက်ကို မြင်ကြ၍ ဤသူကား သူခိုးဖြစ်လိမ့်မည်ဟု လိုက်လံ ဖမ်းဆီးကာ ရိုက်နှက်ပုတ်ခတ်လျက် “ဟယ်သူခိုးပျက်” နင် မဟာသာရတန်ဆာကို ခိုးသလော”ဟုမေးကြကုန်၏၊ ထိုယောက်ျားလည်း “မခိုးယူဘူး”ဟု ပြောလျှင် ယနေ့ ငါ့မှာ အသက်ရှင်တော့မည်မဟုတ် ရိုက်နှက် ပုတ်ခတ်၍ သတ်ကြတော့မည်၊ ငါခိုးသည်ဟု ပြောမှ သက်သာရာ ရတော့မည် ကြံစည်လျက် “အရှင်တို့...ကျွန်ုပ်ခိုးယူပါသည် မှန်ပါ၏”ဟု ပြောလေ၏၊ ထိုအခါ နှောင်ဖွဲ့၍ မင်းကြီးထံ ပို့ကြကုန်၏။

မင်းကြီးစစ်ကြော ဆင့်ဆင့်ပြော

မင်းကြီးလည်း ထိုယောက်ျားကို “သင် မဟာသာရတန်ဆာကိုခိုးယူသလော” ဟု မေးလေ၏၊ “အရှင်မင်းကြီး... ခိုးယူပါသည်”ဟု လျှောက်၏၊ “ယခု အဘယ်မှာနည်း” ဟု မေးသောအခါ “သူဌေးကြီးကို ပေးထားပါသည်” ပြောပြန်၏၊ ထိုအခါ သူဌေးကြီးကို ခေါ်စေ၍ “သူဌေးကြီး... ဤယောက်ျားလက်မှ မဟာသာရတန်ဆာကိုယူသလော” ဟု မေး၏၊ “ယူပါသည်”ဟု လျှောက်၏၊ “ယခုအဘယ်မှာနည်း”ဟု မေးသောအခါ “ပုရောဟိတ်ကို ပေးထားပါသည်”ဟု လျှောက်ပြန်၏၊ ထိုအခါ ပုရောဟိတ်ကို ခေါ်စေ၍ “ပုရောဟိတ်-သူဌေးကြီးလက်မှ မဟာသာရတန်ဆာကို ယူသလော”ဟု မေး၏ “ယူပါသည်” ဟု လျှောက်၏ “ယခုအဘယ်မှာနည်း”ဟုမေး၏၊ “စောင်းသမားကို ပေးထားပါသည်”ဟု လျှောက်ပြန်၏၊ ထိုအခါ စောင်းသမားကို ခေါ်စေ၍ “အမောင်... ပုရောဟိတ်လက်မှ မဟာသာရ တန်ဆာကို ယူသလော”ဟု မေး၏၊ “ယူပါသည်”ဟု လျှောက်၏၊ “ယခုအဘယ်မှာနည်း” ဟု မေးသောအခါ “ပြည့်တန်ဆာမကို ပေးထားပါသည်”ဟုလျှောက်ပြန်၏၊ ထိုအခါ ပြည့်တန်ဆာမကို ခေါ်စေ၍ မေးပြန်ရာ ပြည့်တန်ဆာမက “အရှင်မင်းကြီး ကျွန်ုပ် မယူပါ” ဟု လျှောက်ထားလေ၏၊ ထိုသူငါးယောက်တို့ကို မေးနေစဉ် နေဝင်သွား၍ နက်ဖြန်မှ သိရမည်ဟု ထိုသူငါးယောက်ကို အမတ်တို့အား အပ်နှင်း၍ နန်းတော်သို့ ဝင်လေ၏။

ပညာရှိကြံ ထိုးထွင်းဉာဏ်

ထိုအခါ ပညာရှိအမတ်သည် ဤ မဟာသာရ တန်ဆာမှာ အတွင်းလူလက်မှာ ပျောက်ခဲ့သည်၊ မြို့တံခါးဝယ် အစောင့်အကြပ် အားကြီး၍ အပြင်လူတို့ ဘယ်နည်းနှင့်မျှ မယူနိုင်၊ အတွင်းလူတို့လည်း ယူဝံ့ကြမည်မဟုတ်၊ သူဌေးကြီးကို ပေးသည်ဆိုသော ယောက်ျားလည်း မိမိ လွတ်အောင်သာ ပြောခြင်းဖြစ်သည်၊ ပုရောဟိတ်ကို ပေးသည်ဆိုသော သူဌေးကြီးလည်း ပုရောဟိတ်နှင့် ပေါင်းပြီး လွတ်ရန်သာ ပြောခြင်းဖြစ်မည်၊ စောင်းသမားကို ပေးသည် ဆိုသော ပုရောဟိတ်လည်း နှောင်အိမ်ဝယ် စောင်းသမားကို မှီ၍ ချမ်းသာရန် ပြောခြင်းသာ ဖြစ်မည်၊ ပြည့်တန်ဆာမ ပေးသည်ဆိုသော စောင်းသမားလည်း နှောင်အိမ်၌ မပျင်းရိရန် ပြောခြင်းသာ ဖြစ်မည်၊ ထိုသူငါးယောက်လုံး ခိုးယူသူများ မဟုတ်ကြကုန်၊ ဥယျာဉ်တော်ဝယ် မျောက်များစွာ ရှိသည်၊ စင်စစ် မျောက်မတကောင် လက်ထည်း၌ ရောက်နေပုံရသည်ဟု ကြံစည်ကာ မင်းကြီးထံသွား၍ “အရှင်မင်းကြီး.သူခိုးငါးယောက်ကို အကျွန်ုပ်အပ်ပါ၊ အကျွန်ုပ် ပေါ်အောင် စစ်ဆေးပါမည်” ဟု လျှောက်ထားလျှင် မင်းကြီးလည်း ပညာရှိအမတ်အား အပ်နှင်းလေ၏။

ငါးဦးပေါင်းကာ စုံစမ်းရာ

ပညာရှိအမတ်လည်း မိမိကြံစည်ထားသောအတိုင်း အစောင့်ရှောက်တို့ကို ခေါ်စေ၍ “အမောင်တို့... သူခိုးငါး ယောက်ကို တနေရာထည်း၌ ထားကြပါ၊ သူတို့အချင်းချင်း ပြောသောစကားကိုလည်း ချောင်းမြောင်းနားထောင်ပြီး ငါ့ကို ပြန်ပြောကြပါ”ဟု မှာထားကာ ပြန်ခဲ့လေ၏၊ အစောင့်အရှောက်တို့လည်း သူခိုးတို့ကို တနေရာထည်း၌ ထားကာ မယောင်မလည် နားထောင်နေကြကုန်၏။ သူခိုးငါးယောက်တို့ ဆုံမိကြသောအခါ–

သူဌေးကြီးကစ၍ ပြောလေ၏။

“ဟယ်နပုဒ်သားလူပျက်... သင်နှင့် ငါ တခါမျှ မတွေ့ဘူးဘဲလျက် ငါ့ကို မဟာသာရ တန်ဆာကို ပေးသည်ဟု အဘယ့်ကြောင့် ပြောရသနည်း”။

‘အရှင်သူဌေးကြီး.. ကျွန်ုပ်မဟာသာရ ညောင်စောင်းကိုပင် မမြင်ဘူးပါ၊ စင်စစ်ကား သူဌေးကြီးကို မှီ၍ လွတ်အောင် ပြောခြင်းသာဖြစ်ပါသည်”။

တဖန် ပုရောဟိတ်က-

“သူဌေးကြီး... သင့်ကို ဇနပုဒ်သားက မပေးဘဲလျက် မဟာသာရတန်ဆာ ငါ့ကိုပေးသည်ဟု အဘယ့်ကြောင့် ပြောရသနည်း”၊ “ပုရောဟိတ်·. မပေးသည်မှန်၏၊ သို့သော်လည်း ငါတို့ ဥစ္စာရှင်ချည်း ဖြစ်၍ တပေါင်းတည်း ဖြစ်ကာ လွတ်မြောက်အောင် ပြောခြင်းသာ ဖြစ်ပါသည်”။

တဖန် စောင်းသမားက-

“ပုရောဟိတ်...သင်ငါ့ကိုမဟာသာရ တန်ဆာ ပေးသည်ဟု အဘယ့်ကြောင့်ပြောရသနည်း”။

စောင်းသမား... ငါတို့ နှောင်အိမ်တွင်းဝယ် သင့်ကိုမှီ၍ ချမ်းသာစွာ နေထိုင်လိုသဖြင့် ပြောခြင်းသာဖြစ်ပါသည်”။

တဖန် ပြည့်တန်ဆာမက-

“ဟယ်စောင်းသမားပျက်... သင့်ထံ ငါဘယ်အခါ လာဘူးသနည်း၊ သင်လည်း ငါ့အထံ အဘယ်အခါ လာဘူးသနည်း၊ တယောက်နှင့်တယောက် မတွေ့ ဘူးဘဲလျက် မဟာသာရတန်ဆာ ငါ့ကိုပေးသည် ဟု အဘယ့်ကြောင့်ပြောရသနည်း”။ “နှမစိတ်မဆိုးပါနှင့် နှောင်အိမ်တွင်းဝယ် ငါတို့ငါးယောက် နေရသော်လည်း အိမ်မှာနေရသကဲ့သို့ မပျင်းရိရန် ပြောခြင်းသာ ဖြစ်ပါသည်”

မျောက်တွေဖမ်းကာ ပရိယာယ်ရှာ

အစောင့် အရှောက်တို့လည်း ဤသို့ အချင်းချင်း ပြောဆိုနေကြသော စကားတို့ကို မှတ်သားပြီးလျှင် ပညာရှိအမတ်ထံ လျှောက်ထားကြကုန်၏၊ ပညာရှိ အမတ်လည်း ၎င်း ငါးယောက်လုံး သူခိုးမဟုတ်မှန်း အသေအချာ သိသောအခါ ငါမျောက်မထံမှ မဟာသာရတန်ဆာကို ဥပါယ်တမျဉ်ဖြင့် ရအောင်ပြုမည်ဟု ကြံစည်၍ ချည်ထုံးတို့ဖြင့် ပြုလုပ်ထားသော တန်ဆာကို ယူဆောင်ကာ ဥယျာဉ်တော်သို့ သွား၍ မျောက်မတို့ကို ဖမ်းစေလျက် လည်ပင်း လက်ခြေတို့၌ ဆင်မြန်းကာ လွှတ်လိုက်၏၊ လူတို့ကိုလည်း ကြည့်ရှုရန် ဥယျာဉ်တော်သို့ အနှံ့အပြား လွှတ်ထားလေ၏။

ချည်ထုံး တန်ဆာရသော မျောက်မတို့သည် ဝမ်းမြောက်ဝမ်းသာ ဥယျာဉ်တော်တွင် လှည့်လည်ကြရာ မဟာသာရတန်ဆာ ခိုးထားသော မျောက်မထံရောက်၍ ငါတို့ တန်ဆာကို ကြည့်ပါကုန် ဟုပြောဆိုကြကုန်၏၊ သူခိုးမျောက်မသည် ကျေးဇူးချေဖျက်ခြင်းကို သည်းမခံနိုင်ဘဲ “သင်တို့ ချည်ထုံးတန်ဆာ ဘာအသုံးကျသနည်း”ဟု ပြောဆိုကာမိမိ ဝှက်ထားသော မဟာသာရတန်ဆာ ပုလဲသွယ်ကို ယူငင့် ဆင်မြန်းကာ ထွက်လာလေ၏။

လည်ရွဲပြန်ရ ချီးမွမ်းကြ

ထိုအခါ လူတို့မြင်လျှင် မျောက်မကို ခြောက်လှန့်၍ ပစ်ချစေပြီးလျှင် မဟာသာရတန်ဆာကို ကောက်ယူ၍ ပညာရှိအမတ်အား ပေးကြကုန်၏၊ ပညာရှိအမတ်လည်း မင်းကြီးကို ပြ၍ “အရှင်မင်းကြီး ဤတန်ဆာကား အရှင်မင်းကြီး တန်ဆာဖြစ်သည်၊ ဥယျာဉ်တော်အတွင်းရှိ မျောက်မထံမှ ရခဲ့သည်၊ ဖမ်းထားသူ ငါးဦးတို့မှာ သူခိုးမဟုတ်ကြကုန်” ဟု လျှောက်၏၊ မင်းကြီးလည်း “ပညာရှိသင်သည် အဘယ့်ကြောင့် မျောက်မလက်ရောက်နေမှန်း သိသနည်း” ဟု မေးလျှင် ပညာရှိအမတ်လည်း စစ်ဆေးရှာဖွေပုံ အကြောင်း အလုံးစုံကို လျှောက်ထားသောအခါ မင်းကြီးလည်း အလွန် အားရနှစ်သက်တော်မူလှသဖြင့်–

“အမောင်တို့... စစ်တိုက်ရာဝယ် ရဲရင့်သူ၊ တိုင်ပင်ရာဝယ် နှုတ်စောင့်သူ၊ ထမင်းကောင်း, အဖျော်ကောင်း စားသောက်ရာဝယ် ချစ်ခင်သူ၊ နက်နဲသော ပြဿနာဖြစ်ရာဝယ် ပညာရှိသူတို့ကို အလိုရှိစမြဲ ဖြစ်၏”

ဟု ပြောဆိုပြီးလျှင် ပညာရှိအမတ်အား ချီးကျူးထောမနာ ပြု၍ တခဲနက်သော မိုးကြီးကို ရွာသွန်းစေသည့် အလား ရတနာခုနစ်ပါးဖြင့် ပူဇော်လေ၏၊ အသက်ထက်ဆုံး ပညာရှိအမတ်၏ အဆုံးအမ၌ တည်၍ ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်လျက် တရားနှင့်အညီ မင်းပြုလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော် မူလျက်–

ရဟန်းတို့...

* ထိုအခါ ဗာရာဏသီမင်းသည်-ယခုအခါအာနန္ဒာ။

* ပညာရှိအမတ်သည်-ငါဘုရားဖြစ်လာပြီ–

ဟုဇာတ်ကိုပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) စစ်တိုက်ရာမူ၊ ရဲရင့်သူ၊ ကြည်ဖြူလိုရှိမြဲ။

(၂) တိုင်ပင်ရာမူ၊ နှုတ်စောင့်သူ၊ ကြည်ဖြူလိုရှိမြဲ။

(၃) အစားစားရာ၊ ချစ်သူသာ၊ မှန်စွာလိုရှိမြဲ။

(၄) နက်နဲပြဿနာ၊ ပညဝါ၊ မှန်စွာလိုရှိမြဲ။

မဟာသာရဇာတ်ပြီး၏။

***

၉၃ - ဝိဿသဘောဇနဇာတ်

ချစ်ကျွမ်းဝင်သော ပြောင်မမှ အဆိပ်သင့်၍ သေရသော ခြင်္သေ့မင်းကို ဥပမာပြ၍ ဆုံးမသော ဗာရာဏသီသူဌေးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆင်ခြင် မစား သေဆေးလား

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၍ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် အမိ၊ အဖ၊ အစ်ကို၊ နှမ အစရှိသော ဆွေမျိုးတော်သူတို့ ပေးလှူအပ်သော ပစ္စည်းတို့ကို ယုံမှားမရှိ ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးတောင်ကြကုန်၏။

ထိုအခါ မြတ်စွာဘုရား သိတော်မူလျှင် ရဟန်းတို့ကို စည်းဝေးစေ၍ “ရဟန်းတို့ ... ရဟန်း မည်သည်ကား ဆွေမျိုးတော်သူ၊ မတော်သူ၊ အကျွမ်းဝင်သူ၊ မဝင်သူ မည်သူမဆို ပေးလှူအပ်သော ပစ္စည်းလေးပါးတို့ကို ပစ္စဝေက္ခဏာကို မဆင်ခြင်ဘဲ သုံးဆောင်လျှင် ဘီလူး ပြိတ္တာ ဖြစ်တတ်သည်။ ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်သော ပစ္စည်းလေးပါးမှာ လတ်တလော သေစေတတ်သသော အဆိပ်နှင့် တူသည်။ အဆိပ်မှာလည်း ဆွေမျိုးတော်သူ၊ မတော်သူ၊ အကျွမ်းဝင်သူ၊ မဝင်သူ မည်သူကပင် ပေးသည်ဖြစ်စေ သေစေတတ်သည်သာတည်း။ ရှေးအခါ၌ အကျွမ်းဝင်သောသူ ပေးသောအဆိပ်ကို သုံးတောင်မိ၍ သေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လတ်တလောသေဆေး သုတ်လိမ်းပေ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် စည်းစိမ်ဥစ္စာ များစွာရှိသော သူဌေးကြီးတစ်ဦး ဖြစ်လေ၏။

ထိုသူဌေးကြီး၏ နွားကျောင်းသား တစ်ယောက်သည် ကောက်ပင်တို့ဖြင့် ကျဉ်းမြောင်းသော မိုးအခါဝယ် နွားတို့ကို ဆောင်ယူပြီးလျှင် စားကျက်ကျယ်ရာ တောအရပ်သို့ သွား၍ နွားခြံပြုလုပ်လျက် နွားတို့ကို ထိန်းသိမ်းစောင့်ရှောက်၍ နေ၏။ ရံဖန်ရံခါ နွားမှရသော နွားနို့ ထောပတ် အစရှိသော အရသာတို့ကို သူဌေးကြီးထံ ပို့လေ၏။

တစ်နေ့သ၌ နွားကျောင်းသားသည် သူဌေးကြီးထံ ထောပတ် အနည်းငယ်သာ ယူဆောင်လာ၏။ ထိုအခါ သူဌေးကြီးက “အမောင် ... အဘယ်ကြောင့် ထောပတ်နည်းသလဲ” ဟု မေး၏။ “နွားခြံအနီးတွင် ခြင်္သေ့ ရှိပါသည်။ နွားမတို့မှာ ခြင်္သေ့ကို ကြောက်သဖြင့် ပိန်ချုံးနေကြသည်။ သို့အတွက် နို့မထွက်၍ ထောပတ် အရနည်းပါသည်” ဟု ပြောကြားလေ၏။ သူဌေးကြီးက “အမောင် ... ခြင်္သေ့မှာ ချစ်ကျွမ်းဝင်သော သတ္တဝါ တစ်စုံတစ်ရာ ရှိသလော” ဟု မေး၏။ “အရှင် ... ပြောင်မတစ်ကောင်နှင့် ပေါင်းဖော်နေပါသည်” ဟု မေး၏။ “အမောင် ... ထိုပြောင်မကို ဖမ်းနိုင်သလော” ဟု မေး၏။ “အရှင် ... ဖမ်းနိုင်ပါသည်” ဟု ပြော၏။ “အမောင် ... ဖမ်းနိုင်လျှင် ပြောင်မကို ဖမ်း၍ နဖူးမှစ၍ တစ်ကိုယ်လုံး အမွေးတို့ကို အဆိပ်ရည်ဖြင့် အဖန်ဖန် လိမ်းကျံ၍ သွေ့ခြောက်စေပြီးလျှင် နှစ်ရက်၊ သုံးရက်၊ လွန်သောအခါ လွှတ်လေ။ ခြင်္သေ့သည် ပြောင်မ၌ ချစ်ကျွမ်းဝင်ခြင်းကြောင့် ကို်ယ်ကို လျှာနှင့်လျက်သဖြင့် အဆိပ်သင့်၍ သေလိမ့်မည်။ ထိုအခါ ခြင်္သေ့အရေ၊ ခြေသည်း၊ လက်သည်း၊ အစွယ်၊ အဆီ၊ အသားတို့ကို ငါ့ထံသို့ ယူခဲ့လော့” ဟု မှာကြားပြီးလျှင် လတ်တလော သေစေတတ်သော အဆိပ်ကိုပေး၍ လွှတ်လိုက်၏။

ကျွမ်းဝင်ချစ်လင့် သေဘေးသင့်

နွားကျောင်းသားလည်း ပိုက်ကွန်ပစ်ကာ ဥပါယ်တံမျဉ်ဖြင့် ပြောင်မကို အရဖမ်း၍ သူဌေးကြီး စီမံသည့်အတိုင်း ပြုလုပ်ကာ လွှတ်လိုက်၏။ ခြင်္သေ့လည်း ပြောင်မကို မြင်လျှင် အလွန်တပ်စွန်းလှသဖြင့် ကိုယ်ကို လျှာနှင့်လျက်သဖြင့် အဆိပ်သင့်၍ သေလေ၏။ နွားကျောင်းသားလည်း အရေ အစရှိသည်တို့ကို ယူဆောင်ကာ သူဌေးကြီးထံ သွားလေ၏။ ထိုအခါ သူဌေးကြီးသည် ထိုအကြောင်းကိုသိ၍ ရောက်လာသော ပရိသတ်အား -

“အမောင်တို့ ... ယုံမှားမကင်းသူ၌ လည်းကောင်း၊ ယုံမှားကင်းသူ၌ လည်းကောင်း၊ ချစ်ကျွမ်းဝင်ခြင်း မပြုရာ။ ပြောင်မမှဖြစ်သော ဘေးသည် ခြင်္သေ့မင်းအား အစဉ်လိုက်သကဲ့သို့ ထို့အတူ ချစ်ကျွမ်းဝင်သူမှ ဖြစ်သော ဘေးသည် အစဉ်လိုက်၏” –

ဟု တရားပြ၍ ဆုံးမလေ၏။ သူဌေးကြီးလည်း အသက်ထက်ဆုံး ဒါန၊ သီလ စသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ် အားထုတ်ကာ နေလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီ သူဌေးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ယုံမှားကင်းသူ၊ မကင်းသူ၊ ကြည်ဖြူမကျွမ်းနှင့်။

(၂) ပြောမကျွမ်းလေ့၊ သေဘေးတွေ့၊ ခြင်္သေ့ပုံကိုချင့်။

ဝိဿာသဘောဇနဇာတ်ပြီး၏။

***

(၉၄) လောမဟံသဇာတ်

အလွန် အပူအအေးခံ၍ ကျင့်သဖြင့် အကျိုးမရှိသည်ကိုသိ၍ မိစ္ဆာအယူကို စွန့်ပစ်သော အဝတ်မဆီးသော အာဇီဝကအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားဂုဏ်မဲ့ ပြောဆိုလျက်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေသာလီပြည် ပဋက မည်သော သီတင်းသည် ဆောက်လုပ်အပ်သော ကျောင်း၍ သီတင်းသုံးတော်မူစဉ် သုနက္ခတ္တရဟန်းသည် မြတ်စွာဘုရား အလုပ်အကျွေးဖြစ်၍ သင်္ကန်းသပိတ်ကိုယူကာ နောက်တော်မှလိုက်၍ လှည့်လတ်လတ်သော် ကောရခတ္တိယ တရားကို နှစ်သက်ဖြင့် မြတ်စွာဘုရားထံ သပိတ် သင်္ကန်းကို အပ်နှင်းပြီးလျှင် ကောရခတ္တိယထံသွား၍ တပည့်ခံကာ နေလေ၏။

ကောရခတ္တိယ သေလွန်၍ ကာလကဥိ္ဇက အသုရာဖြစ်သောအခါ လူထွက်၍ “ရဟန်းဂေါတမကား … အရိယာ အဖြစ်ကို ပြုစွမ်းနိုင်သော ဥတ္တရိမနုဿဓမ္မ မရှိ၊ ကြံဆစုံစမ်း၍ မိမိဉာဏ်အား ထင်လာသော တရားကိုသာ ဟောလေ့ရှိ၏။ တရားကို ကျင့်သောသူအား ကောင်းစွာ ဆင်းရဲကုန်ခြင်းငှာ မဖြစ်စေနိုင်” ဟု ဝေသာလီပြည် တံတိုင်း သုံးထပ် အကြားတွင် လှည့်လည်ကာ မြတ်စွာဘုရား ဂုဏ်ကျေးဇူးမဲ့ စကားကိုသာ ပြောဆိုလျက် နေလေ၏။

မိစ္ဆာယူလင့် စုံစမ်းကျင့်

ဆွမ်းခံသွားရင်း ရှင်သာရိပုတ္တရာ … မဂ်၊ ဖိုလ်မှ အချည်းနှီးဖြစ်သော ဤသုနက္ခတ္တ ရဟန်းကား ငါ ဘုရား ဂုဏ်ကျေးဇူးကို မသိ၍ လည်းကောင်း၊ အမျက်ထွက်၍ လည်းကောင်း ပြောဆိုခြင်း ဖြစ်သည်။ ငါဘုရား၌ ရှိသော အဘိဉာဉ် ခြောက်ပါး၊ ဒသဗလဉာဏ်၊ စတုဝေဿရဇ္ဇဉာဏ် စသည်တို့ကား ဥတ္တရိမနုဿဓမ္မများ ဖြစ်သည်။ ငါဘုရား၌ ဥတ္တရိမနုဿဓမ္မ မရှိဟု ပြောဆိုသော စကား၊ စိတ်၊ အယူကို မစွန့်ဘဲ သေလျှင် ငရဲ၌ မုချဖြစ်ရလတ္တံ့။

“ချစ်သား သာရိပုတ္တရာ … မိစ္ဆာအယူ၌ ကြည်ညိုသူကား စင်စစ် ငါဘုရား၌ ကြည်ညိုနိုင်မည် မဟုတ်ပေ၊ ငါ ဘုရားသည်ပင် ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ သာသနာပဖြစ်သော မိစ္ဆာအယူသည် အနှစ်သာရ ရှိသလော” ဟု စုံစမ်းသည်ရှိသော် -

(၁) အလွန်ခြိုးခြံသော အကျင့်ကို ကျင့်မည်။

(၂) ကျင့်လျှင် - ကိလေသာ ခေါင်းခါးမည်။

(၃) ခေါင်းပါးလျှင် - မကောင်းမှုကို စက်ဆုပ်မည်။

(၄) စက်ဆုပ်လျှင် - မကောင်းမှုမှ ကင်းမည်။

ဟု နှလုံးသွင်းကာ အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဗြဟ္မစရိယအကျင့်ကို ကျင့်၍ နေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မိစ္ဆာကျင့်ကြံ လွန်ဖောက်ပြန်

လွန်လေပြီးသောအခါ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဘုရားအလောင်းသည် သာသနာပ ဖြစ်သော မိစ္ဆာအကျင့်ကို စုံစမ်းမည်ဟု ကြံစည်ကာ အာဇီဝက ရဟန်းအဖြစ်ဖြင့် ရဟန်းပြုလေ၏။ အဝတ်မဆီး၊ ကိုယ်ကိုလည်း မသုတ်သင်၊ မြူအညစ်အကြေး အလိမ်းလိမ်း ကပ်လျက်ရှိ၏။ ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ယောက်တည်းနေ၏။ လူကိုမြင်လျှင် တောသမင်ကဲ့သို့ ပြေး၏။ အလွန်ဖောက်ပြနသော အစာကို စား၏။ နွားငယ်ချေး အစရှိသည်တို့ကို စား၏။ မမေ့မလျော့ ဖြစ်ခြင်းငှာ ကြောက်မက်ဖွယ်ရှိ၏။ တောအုပ်တစ်ခု၌ နေ၏။

အလွန်အေးချမ်းသော ဥတု၌ ညဉ့်အခါ ဆီးနှင်းကျသော လွင်တီးခေါင်၌ ဆီးနှင်းတို့ဖြင့် တစ်ကိုယ်လုံး စွတ်စိုစေလျက် အအေးခံ၏။ နေ့အခါ တောအုပ်ထဲ၌ သစ်ပင်မှ ယိုစီးသော ရေပေါက်တို့ဖြင့် စွတ်စိုစေလျက် အအေးခံ၏။

အလွန်ပူပြင်းသော ဥတု၌ နေ့အခါ လွင်တီးခေါင်၌ ပူပြင်းသော နေရောင်တို့ဖြင့် အပူခံ၏။ ညဉ့်အခါ၌ လည်း တော်အုပ်ထဲ၌ လေမတိုက်သော တောအုပ်၊ သစ်ပင်ငွေ့တို့ဖြင့် အပူခံ၍ ကိုယ်မှ ချွေးတို့သည် ထွက်ကုန်၏။ ထိုအခါ ဘုရားအလောင်း အာဇီဝက ရဟန်းအား -

“အို - အရှင်ရဟန်း … အလွန်လည်း အပူခံ၏၊ အလွန်လည်း အအေးခံ၏၊ ကြောက်မက်ဖွယ်ကောင်းသော တောအုပ်၌ တစ်ယောက်တည်းလည်း နေ၏၊ ချမ်းအေးသော်လည်း မီးမလှုံ အဝတ်မဝတ်၊ မြတ်သော အကျင့် ရှာခြင်း၌ လုံ့လပြုဘိ၏” –

ဟု ရှေးအခါက မကြားဖူးသော အကျင့်တို့သည် ဉာဏ်၌ အလိုလို ထင်လာကုန်၏။

အာဇီဝက ရဟန်းသည် ဤသို့လျှင် အင်္ဂါလေးပါးနှင့် ပြည့်စုံသော အကျင့်မြတ်ကို ကျင့်၍ နေရာ သေခါနီးကာလ၌ ငရဲနိမိတ်တို့သည် ထင်လာကုန်၏။ ထိုအခါမှ ဤမိစ္ဆာအကျင့်သည် မှားသောအကျင့် ဖြစ်သည်။ စင်စစ် အကျိုးရှိသောအကျင့် မဟုတ်။ အသေအချာ သိရှိဆုံးဖြတ်မိသော အခါ ခဏချင်းပင် ထိုမိစ္ဆာအယူကို ပယ်ဖျက်၍ သမ္မာအယူကိုယူကာ ကျင့်ကြံသဖြင့် နတ်ပြည်သို့ လားရ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ အဝတ်မဝတ်သော အာဇီဝကသည် - ယခု ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ချမ်း, ပူခံလည်း၊ ဝတ်မဆီး၊ ကိုယ်တည်းတောနေလျှင် ။

(၂) ဖောက်ပြန်စာစား၊ နွားချေစား၊ လွဲမှားမိစ္ဆာပင်။

(၃) အာဇီဦးဗြဲ၊ အကျင့်လွဲ၊ ငရဲနိမိတ်ထင်။

လောမဟံသဇာတ်ပြီး၏။

***

(၉၅) မဟာသုဒဿနဇာတ်

စုတိကျတော့မည်ပြော၍ မိဖုရားများ ငိုကြသဖြင့် တရားဟောပြောသော မဟာသုဒဿန စကြာမင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပရိနိဗ္ဗာန်ပြုရာ လျှောက်ထားရာ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော့မည်ဟု ဇေတဝန်ကျောင်းတော်မှ အစဉ် အတိုင်း ကြွလာတော်မူရာ ကုသိနာရုံပြည် မလ္လာမင်းတို့ အင်ကြင်းဥယျာဉ်တော်သို့ရောက်၍ နုပျိုသော အင်ကြင်းနှစ်ပင်တို့အကြား မြောက်သို့ ဦးခေါင်းပြုကာ ခင်းထားအပ်သော ညောင်စောင်းထက်၌ မထသော ကျိန်းစက်တော်မူခြင်းဖြင့် ကျိန်းစက်တော်မူလေ၏။

ထိုစဉ် အခါ ညီတော် အာနန္ဒာသည် မြတ်စွာဘုရားအား “ဘုန်းကြီးလှသော မြတ်စွာဘုရား … အရှင်ဘုရားသည် အခက်အလက်နှင့်တူသော ဤမြို့ငယ်၌ ပရိနိဗ္ဗာန် ပြုတော်မမူပါနှင့်၊ စမ္ပာနဂိုရ်၊ ရာဇဂြိုဟ်၊ သာဝတ္ထိ စသော တခြား မြို့ကြီးများတွင် တစ်မြို့မြို့၌ ပရိနိဗ္ဗာန် ပြုတော်မူပါ” ဟု တောင်းပန်လေ၏။

မြတ်စွာဘုရားသည် ရှင်အာနန္ဒာအား “ချစ်သား အာနန္ဒာ … ဤ ကုသိုနာရုံမြို့ကို အခက်အလက်နှင့်တူသော မြို့ငယ်ဟု မဆိုလင့်၊ ငါဘုရားသည် မဟာသုဒဿန စကြာမင်း ဖြစ်သောအခါ ၌ ဤကုသိနာရုံမြို့သည် တစ်ဆယ့်နှစ်ယူဇနာ ကျယ်ဝန်းလျက် ရတနာတံတိုင်းဖြင့် ခြံရံအပ်သော မြို့ကြီး ဖြစ်ဖူးပြီ” ဟု မိန့်တော်မူကာ မဟာသုဒဿနသုတ် ဒေသနာတော်ဖြင့် အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မထသောနေရာ အိပ်သောခါ

လွန်လေပြီးသောအခါ မြို့ကြီးပေါင်း ရှစ်သောင်းလေးထာင်တို့ဖြင့် ခြံရံအပ်သော ကုသဝတီပြည်ကြီးဝယ် မဟာသုဒဿန မည်သော စကြာမင်းကြီး ဖြစ်လေ၏။

ထို မဟာသုဒဿန စကြာမင်းကြီးသည် နှစ်ပေါင်းများစွာ ထီးနန်းစည်းစိမ်ကို ခံစားပြီး၍ စုတေမနေ သေလွန်ရမည့်နေ့ဝယ် သုဓမ္မာ မည်သော ပြာသာဒ်တော်မှ ဆင်းသက်ကာ ရတနာ ခုနစ်ပါးဖြင့်ပြီးသော ထန်းတောဝယ် ခင်းထားအပ်သော ညောင်စောင်း၌ မထသော အိပ်ခြင်းဖြင့် အိပ်တော်မူလေ၏။

ငိုကြွေးလေငြား မိဖုရားများ

ထိုအခါ သုဘဒ္ဒါမိဖုရားကြိးသည် မင်းကြီးအား “အရှင်မင်းကြီး … ကုသဝတီ နေပြည်တော်ကြီး အမှူးရှိကုန်သော မြို့ကြီးပေါင်း ရှစ်သောင်းလေးထောင်တို့ကား အရှင်မင်းကြီး ပစ္စည်းဥစ္စာတို့ ဖြစ်ပါသည်၊ ၎င်းတို့ ချစ်ခြင်းကို ပြုတော်မူပါ” ဟု လျှောက်ထားလေ၏။ မင်းကြီးလည်း မိဖုရားကြီးအား “ အရှင်မိဖုရားကြီး …ဤသို့ မဆိုလင့်၊ ဤမြို့ကြီးပေါင်း ရှစ်သောင်းလေးထောင်တို့၌ ချစ်ခြင်းကို ပယ်ဖျောက်လော့၊ ငဲ့ကွက်ခြင်းကို မပြုပါလင့်ဟု ငါ့ကို ဆုံးမလော့” ဟု ဆိုလေ၏။ “အရှင်မင်းကြီး … ယနေ့ ငါသည် စုတေမနေ သေလွန်တော့မည်” ဟု ပြော၏။ ထိုအခါ သုဘဒ္ဒါမိဖုရားကြီးသည် မျက်ရည်ကိုသုတ်၍ ဆင်းရဲငြိုငြင်စွာ မင်းကြီး အဆိုခိုင်းတိုင်း ဆိုပြီးလျှင် သည်းစွာငိုကြွေးလေ၏။

ရှစ်သောင်းလေးထောင်သော မင်းမိန်းမတို့သည် သည်းစွာ ငိုကြွေးကြကုန်၏။ အမတ် အစရှိသော သူတို့လည်း တစ်ဦးတစ်ယောက်မျှ အောင့်အည်းသည်းခံခြင်းငှာ မတတ်နိုင်ဘဲ အလုံးစုံပင် ငိုကြွေးကြကုန်၏။

သင်္ခါရတင် နတ်ပြည်ဝင်

မဟာသုဒဿန စကြာမင်းကြီးလည်း အလုံးစုံသော သူတို့ကို မငိုကြွေးကြနှင့်ဟု တားမြစ်ပြီးလျှင် သုဘဒ္ဒါ မိဖုရားကြီးကိုခေါ်၍ -

“အရှင်မိဖုရားကြီး … နှမ်းစေ့ခန့် သင်္ခါရတရားကို အစပြု၍ အလုံးစုံသော သင်္ခါရတရားတို့သည် မမြဲကုန်၊ ဖြစ်တတ် ပျက်တတ်သော သဘော ရှိကုန်၏၊ ဖြစ်ပြီး၍ ချုပ်ပျက်ကြရကုန်၏၊ သင်္ခါရတရားတို့ ချုပ်ငြိမ်းရာ နိဗ္ဗာန်သည်သာ ချမ်းသာ၏” –

ဟု မိဖုရားကြီးအား ဆုံးမလျက် အမြိုက်နိဗ္ဗာန်ကို အထွက်တင်ကာ တရားဟောတော်မူ၏။ မိဖုရားကြီးမှာ ကြွင်းသောသူတို့ကို လည်း “အလှူပေးကြကုန်၊ သီလဆောက်တည်ကြကုန်၊ ဥပုသ်စောင့်ကြကုန်” ဟု နောက်ဆုံးစကားမှာကြားသောအနေနှင့် မှာကြားခဲ့၍ သားကြီးရတနာကိုလည်း စကြာမင်းစည်းစိမ်ကိုလွှဲအပ်ကာ စုတေ၍ နတ်ပြည်၌ ဖြစ်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သုဘဒ္ဒါမိဖုရားကြီးသည် - ယခုအခါ ယသောဓရာ။

သားကြီး ရတနာသည် - ရာဟုလာ။

ကြွင်းသော ပရိသတ်သည် - ငါဘုရားပရိသတ်။

မဟာသုဒဿန စကြာမင်းကြီးသည် - ယခု ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သင်္ခါရစစ်၊ မမြဲလစ်၊ ဖြစ်,ပျက် သဘောရှိ။

(၂) သင်္ခါရငြိမ်းရာ၊ နိဗ္ဗာန်သာ၊ ချမ်းသာစစ်ဟုသိ။

မဟာသုဒဿနဇာတ်ပြီး၏။

***

(၉၆) တေလပတ္တဇာတ်

ဘီလူးများ လှည့်ဖြား၍ ဣန္ဒြေများ မဖောက်ပြားသဖြင့် အသက်ဘေးလွတ်ကာ မင်းအဖြစ်ရောက်သော တက္ကသိုလ်မင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆီခွက်ကိုင်ဘိ ကာယသတိ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကောသုမ္ဘဒေသနိဂုံးကို အမှီပြု၍ တော်အုပ်တစ်ခု၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့အား ဇနပဒကလျာဏီ မိန်းမမြတ်အနားတွင် နှုတ်ခမ်းနှင့်အညီ ပြည့်လျှံနေသော ဆီခွက်ကို မဖိတ်ရအောင် ဆောင်ယူသွားနိုင်သည့် ယောကျ်ားပမာ ကာယဂတာသတိကို ပွားများ၍ ဣန္ဒြေစောင်းစည်းအပ်ကြောင်းကို ဆုံးမတော်မူ၏။

ဇနပဒကလျာဏီ ဆိုသည်မှာ အပြစ်ခြောက်ပါးကင်း၍ ကောင်းခြင်းငါးပါးနှင့် ပြည့်စုံကာ အလွန်လှပ ပြေပြစ်သဖြင့် ဇနပုဒ်တစ်ခုလုံး ကျော်ကြားသည် မြတ်စွာဘုရား နှမတော် မိန်းမမြတ်တစ်ဦးကို ဆိုလိုသည်။

အပြစ်ခြောက်ပါးကင်းခြင်း

ထိုဇနပဒကလျာဏီကား -

(၁) မမြင့်လွန်း၊

(၂) မနိမ့်လွန်း၊

(၃) မပိန်လွန်း၊

(၄) မဝလွန်း၊

(၅) မမည်းလွန်း၊

(၆) မဖြူလွန်း။

ဟူ၍ အပြစ်ခြောက်ပါး ကင်း၏။ လူတို့ အဆင်းကိုလွန်ကာ နတ်တို့အဆင်းသို့လည်း မရောက်၊ ရှုကြည့်၍ မဝနိုင်လောက်အောင် လှပပြေပြစ်၏။

ကောင်းခြင်းငါးပါးနှင့် ပြည့်စုံခြင်း

(၁) အရေ၏ ကောင်းခြင်း၊

(၂) အသား၏ ကောင်းခြင်း၊

(၃) အကြော၏ ကောင်းခြင်း၊

(၄) အရိုး၏ ကောင်းခြင်း၊

(၅) အရွယ်၏ ကောင်းခြင်း။

ဤကောင်းခြင်းငါးပါးနှင့် ပြည့်စုံ၏။

အရေ၏ ကောင်းခြင်း … နေသော နေရာဝယ် မီးထွန်းဖွယ် ကိစ္စမရှိ၊ ဆယ့်နှစ်တောင် အတွင်း၌ ကိုယ်ရောင်ဖြင့် လင်းသည်၊ ပျဉ်းပွင့်ကဲ့သို့ ဝါရွှေသော အဆင်းရှိ။

အသား၏ ကောင်းခြင်း … လက်ဖဝါး၊ ခြေဖဝါး၊ နှုတ်ခမ်းနှစ်ဖက်တွင် အသားတို့မှာ ချိပ်ရည်ဖြင့် ဆိုးထားသည့်အလား နီမြန်းလျက်ရှိသည်။

အကြော၏ ကောင်းခြင်း … ခြေသည်း လက်သည်းတို့မှာ အသားမလွတ်သောနေရာဝယ် ချိပ်ရည်ပြည့်သကဲ့သို့ နီမြန်းလျက် လွတ်သော နေရာဝယ် နို့ရည်အဆင်းကဲ့သို့ ဖြူဖွေးလျက်ရှိသည်။

အရိုး၏ ကောင်းခြင်း … သုံးဆယ့်နှစ်ချောင်းသော သွားတို့သည် မခေါ၊ မကြဲ ကောင်းစွာ စေ့စပ်ပြေပြစ်လျက် သွေးပြီး ဝရဇိန်ကို စီထားသကဲ့သို့ အရောက်ထွက်၍ ဖြူဖွေးလျက်ရှိ၏။

အရွယ်၏ ကောင်းခြင်း … အသက် တစ်ရာ့နှစ်ဆယ်ပင် ရှိသော်လည်း အသားအရည် မတွန့်လိမ်ဘဲ တစ်ဆယ့်ခြောက်နှစ် အရွယ်ကဲ့သို့ ဖြစ်သည်။

ဇနပဒကလျာဏီသည် ကခြင်း၊ သီခြင်းတို့၌ အလွန်လိမ္မာသည်။ “ရဟန်းတို့ … ဤသို့ မိန်းမမြတ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံ၍ လူတိုင်းပင် မကြည့်ရှုဘဲ မနေနိုင်လောက်အောင် လှပသော ဇနပဒကလျာဏီ အနီးဝယ် မေ့လျော့ကာ ကြည့်ရှုမိ၍ ဆီခွက်ဖိတ်သွားလျှင် ဓားသန်လျက်ဖြင့် ဦးခေါင်းကို ဖြတ်၍ သတ်မည်” ဟု ဓားသန်လျက် မိုးကာ လိုက်နေသော နှုတ်ခမ်းရေးနှင့် ညီမျှအောင် ဆီပြည့်သော ဆီခွက်ကို ကိုင်၍ သွားသည့် ယောကျ်ား၏ သတ္တိကဲ့သို့ ကာယဂတာသတိကို ပွားများကာ ဣန္ဒြေကို စောင့်စည်း ကြရမည်။

အာရုံခြောက်ဖြာ ရှောင်ကြည်ရာ

ရှေးပညာရှိတို့သည် မမေ့မလျော့ သတိကို မလွတ်စေဘဲ ဘီလူးမတို့ ဖန်ဆင်း၍ ပြအပ်သော နတ်၌ ဖြစ်သည့် ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ ဤအာရုံငါးပါးတို့ကို ဣန္ဒြေက ဖျက်ဆီးကာ ကြည့်ရှုခြင်း၊ နားထောင်ခြင်း၊ နမ်းရှုခြင်း၊ လျက်မျိုစားသောက်ခြင်း၊ တွေ့ထိခြင်း တို့ကို မပြုလုပ် မသာယာဘဲ သွားသောကြောင့် မင်းအဖြစ်ကို ရောက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပစ္စေကဗုဒ္ဓါ လျှောက်ထားရာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္ဒမင်း၏ သားတစ်ထောင်တို့အနက် အငယ်ဆုံးသား ဖြစ်လေ၏။ အစဉ် သဖြင့် ကြီးပြင်းကာ လိမ္မာသောအရွယ်သို့ ရောက်လျက်ရှိ၏။ ထိုအခါ မင်းကြီး၏ နန်းတော်ဝယ် ရှင်ပစ္စေက ဗုဒ္ဓါတို့လည်း ဆွမ်းဘုဉ်ေးပးကြကုန်၏။ ထိုမင်းသားငယ်သည် ရှင်ပစ္စေကဗုဒ္ဓါတို့ အမှုကြီးငယ်ကို ပြုလုပ်လေ့ရှိ၏။

တစ်နေ့သ၌ ထိုမင်းသားငယ်သည် ငါ့အး အစ်ကိုများစွာရှိ၏။ ဤဗာရာဏသီပြည်ဝယ် မင်းအဖြစ်ကို ရအံ့လော၊ မရအံ့လော၊ ရှင်ပစ္စေကဗုဒ္ဓါတို့ကို လျှောက်ထားကာ သိရလတ္တံ့ဟု ကြံစည်၍ နှစ်ရက်မြောက်သောနေ့ဝယ် ရှင်ပေစ္စကဗုဒ္ဓါတို့ ကြွလာသည်ရှိသော် ဝတ်ကြီး ဝတ်ငယ်ပြုကာ ဆွမ်းမစားမီ ခဲဖွယ်စားနေခိုက် ရှင်ပေစ္စကဗုဒ္ဓါ တို့အား မိမိ ကြံစည်ထားသည့်အတိုင်း လျှောက်ထားလေ၏။

နည်းလမ်းညွှန်ပြ သတိရှိမှ

ရှင်ပေစ္စကဗုဒ္ဓါတို့လည်း “မင်းသားငယ် … သင် ဤဗာရာဏသီပြည်မှာ မင်းဖြစ်မည် မဟုတ်၊ ယူဇနာ တစ်ရာ့နှစ်ဆယ် ဝေးကွာသော ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်ဝယ် ရောက်အောင်သွားနိုင်ပါလျှင် ဤနေ့မှစ၍ ခုနစ်ရက်မြောက်သောနေ့၌ မင်းဖြစ်လတ္တံ့။ ခရီးအကြား တောအုပ်ကြီးဝယ် ဘေးရန်များရှိသည်။ ဘေးရန်ကို ကွင်း၍ သွားလျှင် ယူဇနာတစ်ရာ ရှိသည်။ တောနက်ကြီးကား အဖြောင့်သွားလျှင် ယူဇနာငါးဆယ်သာ ရှိသည်။ ဤယူဇနာငါးဆယ်မှာ ဘီလူးတို့နေရာ ဘီလူးစောင့်သော အမနုဿကန္တာရ ဖြစ်သည်။

ဘီလူးတို့မှာ မိမိတို့နေရာဝယ် မြို့ရွာကို လည်းကောင်း၊ ဇရပ် တန်ဆောင်းကို လည်းကောင်း ဖန်ဆင်းကြသည်။ လာလာသမျှ ခရီးသွားတို့ကို အဆင်ဖြင့် လည်းကောင်း၊ အသံဖြင့် လည်းကောင်း၊ အထိအတွေ့ဖြင့် လည်းကောင်း သွေးဆောင် ဖြားယောင်းကာ မိမိတို့နှင့် မွေ့လျော် ကျူးလွန်သောအခါ သွေးစက်စက်ယိုစေလျက် အသက်ကိုသတ်လျက် စားကြကုန်၏။ ထို့ကြောင့် ငါးပါးသော ဣန္ဒြေကိုဖျက်ဆီးကာ ဘီလူးမတို့ အလိုသို့ မလိုက်ဘဲ သတိကြီးစွာနှင့် သွားနိုင်လျှင် မုချ မင်းဖြစ်မည်” ဟု မိန့်တော်မူကြကုန်၏။

မင်းပြုသွားလေ တက္ကသိုလ်ပြည်

မင်းသားငယ်လည်း “အရှင်ဘုရားတို့ … ဘေးရန်များသည် ဖြစ်ပါစေ၊ ဘီလူးမတို့ကို ဂရုမစိုက်ပါ၊ အကျွန်ုပ်သွားပါအံ့” လျှောက်ထား၍ အရှင်ပစ္စေကဗုဒ္ဓါတို့ထံမှ ပရိတ်တရားတော်ကို နာယူပြီးလျှင် ပရိတ်သဲ၊ ပရိတ်ချည်၊ ပရိတ်ပန်းတို့ကို ယူဆောင်လျက် အရှင်ပစ္စေကဗုဒ္ဓါတို့ကို လည်းကောင်း၊ အမိအဖတို့ကို လည်းကောင်း ရှိခိုးကန်တော့ပြီးလဆင် မိမိအိမ်သို့သွား၍ မင်းချင်းယောကျ်ားတို့အား “အမောင်တို့ … ငါ တက္ကသိုလ်ပြည်သွား၍ မင်းပြုမည်၊ နေရစ်ကြကုန်လော့” ဟု မှာကြားလေ၏။ “အရှင်မင်းသား … အကျွန်ုပ်တို့လည်း နောက်တော်က မကွာလိုက်ပါမည် လျှောက်ထားသောအခါ “အမောင်တို့ … အတူသွား၍ မဖြစ်နိုင်၊ လမ်းခရီးမှာ ဘီးလူးမတို့သည် အာရုံငါးပါးဖြင့် ဖြားယောင်းသွေးဆောင်ကာ သတ်၍ စားကြသည်၊ ဘေးရန် အလွန်များသည်၊ ငါမူကား သည်အာရုံတွေကို ဂရုမစိုက်၊ မလိုက်စား” ဟု ပြေပေ၏။ “အရှင်မင်းသား … ကျွန်ုပ်တို့လည်း ဂရုမစိုက် မလိုက်စားကြပါ၊ လိုက်ပါရစေ” ဟု တစဖန် လျှောက်ကြပြန်၏။ “ကောင်းပြီ ငါလိုနေနိုင်လျှင် လိုက်ခဲ့ကြ၊ မမေ့မလျော့ကြနှင့်” ဟု ပြောဆိုခွင့်ပြုပြီးလျှင် ခေါ်ငင်ကာ နောက်ပါ ငါးယောက်တို့နှင့်တကွ စားနပ်ရိက္ခာ အပြည့်အစုံ စီမံ၍ တက္ကသိုလ်ပြည်သို့ သွားကြကုန်၏။

အာရုံလှည့်ဖြား ဘီလူးစား

ဘီလူးတို့နေရာ အမနုဿကန္တာရသို့ ရောက်လျှင် ဘီလူးမတို့သည် မြို့ရွာ ဇရပ် တန်ဆောင်း စသည် ဖန်ဆင်း၍ ရုပ်အချောဆုံး ရူပါရုံကို ဖန်ဆင်းကာ နေနှင့်ကြ၏။ ထိုအခါ ရူပါရုံကို နှစ်သက်သော ယောကျ်ားသည် ဘီလူးမတို့ကို မြင်လျှင် မခွဲနိုင် မခွာရက်တော့ဘဲ နောက်အနည်းငယ် ချန်၍ နေရစ်၏။ မင်းသားက “အမောင် … ဘာကြောင့် နောက်ချန်၍ နေသနည်း” ဟု မေးလျှင် ခြေနာလို့ပါ၊ ခဏဇရပ်တွင် နားပါရစေ၊ “အမောင် … ဘီလူးမတို့ကို မတောင့်တနှင့်”၊ “အရှင်မင်းသား … ဖြစ်လိုရာ ဖြစ်ပါစေတော့၊ မရလျှင် မနေနိုင်တော့ပါ” ဟု ပြောလေ၏။ “အမောင် … သည်လိုဖြစ်လျှင် မကြာမီ သိရလိမ့်မည်” ဟု ဆို၍ ကြွင်းလေးယောက်တို့ကို ခေါ်၍ သွားလေ၏။

ဘီလူးမတို့လည်း ကျန်ရစ်သော ယောကျ်ားကို ရူပါရုံနှင့် ဖြားယောင်းကာ မိမိအလိုပါ၍ လွန်ကြူးသောအခါ သတ်၍ စားသောက်ကြကုန်၏။

ရှေ့သို့သွားမိလျှင် တစ်ဖန် ဇရပ်တစ်ခုတွင် သီချင်းဆိုကာ အတီးအမှုတ်မျိုးစုံ သဒ္ဒါရုံကို ဖန်ဆင်းကာ နေနှင့်ကြကုန်၏။ သဒ္ဒါရုံကို နှစ်သက်သော ယောကျ်ား ကျန်ရစ်ခဲ့ပြန်၏။ တစ်ဖန် ရသာရုံနှင့် တွေ့ပြန်လျှင် ရသာရုံကို နှစ်သက်သော ယောကျ်ားကျန်ရစ်ခဲ့ပြန်၏။ တစ်ဖန် ဖောဋ္ဌဗ္ဗာရုံနှင့် တွေ့ပြန်လျှင် ဖောဋ္ဌဗ္ဗာရုံကို နှစ်သက်သော ယောကျ်ား ကျန်ရစ်ခဲ့ပြန်၏။ မင်းသားလည်း နောက်ပါ ငါးယောက်လုံး ကျန်ရစ်ခဲ့၍ ပျက်စီးသောအခါ တစ်ယောက်တည်းသာ သတိဝီရိယဖြင့် သွားရလေ၏။

အမျိုးမျိုးလှည့်ကြံ ဘီလူးမဉာဏ်

ထိုအခါ ဘီလူးမတစ်ယောက်သည် ဤယောကျ်ားကား အမှန်အားဖြင့် အလွန်ထက်မြက်သော ပညာရှိ၏။ ငါသည် ထိုယောကျ်ားကို စားပြီးမှ ပြန်မည်ဟု မင်းသား၏နောက်မှ တကောက်ကောက် လိုက်လေ၏။ တောအုပ်၌ အမှုလုပ် စသော သူတို့သည် အကြောင်းကို မသိကြသဖြင့် ဘီလူးမအား “သူငယ်မ … ရှေ့ကသွားသူသည် သင်နှင့် ဘယ်လိုတော်သနည်း” ဟု မေး၏။ “အမောင်တို့ … ကျွန်ုပ်ငယ်လင်ယောကျ်ား ဖြစ်ပါသည်” ဟု ပြောသောအခါ “အချင်းယောကျ်ား … ဤသတို့သမီးငယ်ကား သိမ့်မွေ့နူးညံ့လှ၏၊ ရွှေအဆင်းကဲ့သို့ ဝါဝင်းလှပ၏၊ လင်ကို ချစ်၍ မိဘကိုပစ်ကာ လိုက်လာပါလျက် အဘယ်ကြောင့် မပင်ပန်းရအောင် ဆောင်ယူမသွားဘိသနည်း” ဟု ပြောကြသောအခါ “အမောင်တို့ … ဤမိန်းမကား ငါ့မယား မဟုတ်၊ လူယောင်ဆောင် လိုက်လာသော ဘီလူးမ ဖြစ်သည်၊ ငါ့တပည့် ငါးယောက်ကို သူပင် သတ်၍ စားချေပြီ” ဟု ပြောလေ၏။ ထိုအခါ ဘီလူးမက “အမောင်တို့ … လင်ယောကျ်ားတို့ မည်သည်ကား အမျက်ထွက်သောအခါ မိမိမယားကိုပင် ဘီလူးမ၊ ပြိတ္တာမဟု ပြောဆိုရေရွတ်လေ့ ရှိပါသည်” ဟု ပြောလေ၏။

မင်းသားလှည့်မရ လိုင်မှိုင်ချ

ထိုဘီလူးမသည် တစ်ခါတစ်ရံ ကိုယ်ဝန်ဆောင်မိန်းမ အသွင်၊ တစ်ခါတစ်ရံ သားငယ်ကို ရင်ခွင်ပိုက်သော မိန်းမ အသွင်၊ ဤသို့ အသွင်းအမျိုးမျိုး ဖန်ဆင်းကာ မင်းသားနောက်မှ လိုက်လေ၏။ မြင်တိုင်း၊ မြင်တိုင်း သူတို့ မေးလျှင် ရှေးနည်းအတိုင်းသာ ပြောလေ၏။

တဖြည်းဖြည်း သွားလတ်သော် မင်းသားသည် တက္ကသိုလ်ပြည်သို့ရောက်၍ မြို့တံခါးရှိ ဇရပ်တစ်ခုတွင် နားနေလေ၏။ ဘီလူးမလည်း မင်းသား၏ တန်ခိုးကြောင့် ဇရပ်တွင်းသို့ မဝင်နိုင်ဘဲ ဇရပ်တံခါးတွင် နတ်သမီးအသွင် ဖန်ဆင်းကာ နေလေ၏။

ဘုရင်ကောက်ကာ မိဖုရားအရာ

တက္ကသိုလ်မင်းသားလည်း ဥယျာဉ်ကစားသွားရာ ဇရပ်တံခါးတွင်နေသော ဘီးလူးမကိုမြင်ရာ အလွန်တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ လင်ရှိ၊ မရှိကို သိရအောင် စုံစမ်းချေဟု မင်းချင်းတစ်ယောက်ကို ခိုင်းလေ၏။ မင်းချင်းလည်း အနားသို့ကပ်ကာ “အို သူငယ်မ … လင်ရှိသလော” ဟု မေး၏။ “အမောင် … ရှိပါသည်၊ ဇရပ်၌ နေသူမှာ ကျွန်မလင် ဖြစ်ပါသည်” ဟု ပြော၏။ ထိုအခါ မင်းသားသည် “အမောင် … ဤမိန်းမကား ငါ့မယား မဟုတ်ပါ၊ ဘီလူးမ ဖြစ်ပါသည်၊ ငါ့တပည့် ငါးယောက်ကို သူပင် သတ်၍ စားချေပြီ” ဟု ပြောလေ၏။ ထိုအခါ ဘီလူးမက “အမောင် … အမျက်ထွက်၍ ပြောခြင်းဖြစ်ပါသည်” ဟု ဆိုလေ၏။

မင်းကြီးလည်း ထိုသူနှစ်ယောက်တို့စကားကို ကြားလျှင် အရှင်မရှိသော ပစ္စည်းကား မင်းဘဏ္ဍာဖြစ်သည်ဟု ဆိုကာ ဘီလူးမကို ယူပြီးလျှင် ဆင်တစ်စီးမှာ တင်စေလျက် မြို့ကို လက်ယာရစ်လှည့်၍ နန်းတော်သို့ ရောက်လျှင် မိဖုရား အရာ၌ ထားလေ၏။

ဘီလူးမလှည့်ဖြား နန်းလုံးစား

ဘီလူးမလည်း ညဉ့်အခါ မင်းကြီးနှင့်အတူ မွေ့လျော်ကာ အိပ်လတ်သော် အနည်းငယ် အိပ်ချင်ယောင်ဆောင်ကာ ထ၍ ငိုလေ၏။ မင်းကြီး နိုးလတ်၍ “အရှင်မ … အဘယ်ကြောင့် ငိုသနည်း” ဟု မေး၏။ “အရှင်မင်းကြီး … နန်းတွင်းသူတို့သည် အကျွန်ုပ်ကို ဤမိန်းမမှာ လမ်းခရီးမှ ကောက်ယူထားသော မိန်းမဖြစ်သည်၊ သူ့မိဘ ဆွေမျိုးဉာတိကို ဘယ်သူမျှ မသိဟု စကားဖြစ်ကာ နှိပ်စက်ကြပါလိမ့်မည်၊ သို့အတွက် ဘယ်သူမျှ မော်၍ မကြည့်ဝံ့အောင် တစ်ပြည်လုံးစိုးပိုင်သည့် အာဏာကို ပေးတော်မူပါ” ဟု တောင်းလေ၏။ “အရှင်မ … တစ်ပြည်လုံး စိုးပိုင်းသည့် အာဏာကို မပေးနိုင်ပါ” ဟု ပြောသောအခါ “အရှင်မင်းကြိး … ထိုသို့ဖြစ်လျှင် နန်းတွင်းသူ နန်းတွင်းသားတို့ကို စိုးပိုင်သည့်အာဏာကို ပေးပါ” ဟု တောင်းပြန်၏။ မင်းကြီးလည်း နတ်အတွေ့ကို တွေ့သည့်အတွက် ဘီလူးမစကားကို မလွန်ဆန်နိုင်တော့ဘဲ “အရှင်မ … ယူပါ” ဟု ပေးလိုက်လေ၏။

ဘီလူးမလည်း မင်းကြီး အိပ်ပျော်သောအခါ ဘီလူးမြိုသို့သွားကာ ဘီလူးတို့ကို ခေါ်ခဲ့၍ မင်းကြီးနှင့်တကွ နန်းတွင်းသူ နန်းတွင်းသား ခွေး ကြက်တို့မကျန် အလုံးစုံတို့ကို သတ်၍ စားပြီးလျှင် အရိုးတို့ကို ကြွင်းကျန်စေလျက် ဘီလူးတို့နှင့်အတူ ဘီလူးမြို့ကို ပြန်လေ၏။ တစ်နန်းတော်လုံး ဆိတ်ငြိမ်ကာ သုသာန်တစပြင်ကဲ့သို့ နေလေတော့၏။

နန်းတော်တစ်ခုလုံး ကြေပျက်ပြုန်း

နံနက်လင်းသောအခါ မြို့သူမြို့သားတို့သည် ဘာသံမျှမကြား၊ တစ်နန်းတော်လုံး တိတ်ဆိတ်၍ တံခါးတွေ ပိတ်မြဲတိုင်း ပိတ်နေသည်ကို မြင်ကြသောအခါ ဓား၊ ပုဆိန်တို့ဖြင့် နန်းတော်တံခါးတို့ကို အတင်းချိုးဖြတ်ကာ ဝင်ကြလေကုန်၏။ အရိုးစုတို့ကို တွေ့မြင်ကြရသောအခါ “ညနေက မြို့တံခါး ဇရပ်တွင်နေသော ယောကျ်ားက ဘီလူးမဟု ပြောသည့်စကား မှန်ပေသည်၊ အလွန်ပရှိသော ယောကျ်ားကောင်း ဖြစ်သည်၊ ငါတို့မင်းကြီးမှာ ထိုယောကျ်ားစကားကို မနာယူဘဲ ဘီလူးမကို မိဖုရားမြှောက်မိသည့်အတွက် ညဉ့်အခါ အဖော်ဘီလူးများခေါ်ကာ တစ်နန်းတော်လုံး ခွေး၊ ကြက်မကျန် ပြုတ်ပြုတ်ပြုန်းအောင် သတ်၍ စားသွားချေပြီ” ဟု ပြောဆိုလျက် မကောင်းသော အညစ်အကြေး အရိုးတို့ကို ယူငင် သုတ်သင်ရှင်းလင်း၍ တစ်နန်းတော်လုံး ပန်းနံ့သာ အခိုးအထုံတို့ဖြင့် မွမ်းမံခြယ်လှယ်ကြကုန်၏။

ချင်းချင်းတိုင်ပင် မင်းမြှောက်တင်

မင်းသားလည်း ထိုဇရပ်မှာပင် ပရိတ်သဲကို ဦးခေါင်း၌ ထား၍ ပရိတ်ချည်ကို ကာရံလျက် မိုးလင်းသည့်တိုင်အောင် မအိပ်တော့ဘဲ သန်လျက်ကို စွဲကိုင်ကာ သတိကြီးစွာဖြင့် နေရလေ၏။

နန်းတော်ကို ပြင်ဆင်ပြီးသောအခါ တိုင်းသူပြည်သားတို့သည် အညီအညွတ် စည်းဝေးကြလျက် “အမောင်တို့ … ငါတို့မင်းကြီး နတ်ရွာစံချေပြီ၊ နန်းမွေဆက်ခံသူလည်း မရှိတော့ပြီ၊ မြို့တံခါးဇရပ်တွင် တည်းခိုနေသော ယောကျ်ားကား ပညာရှိ ယောကျ်ားမြတ် ဖြစ်သည်၊ ဘီလူးမဟု သူပင်ပြောပေသည်၊ နတ်သမီးအသွင်း ဖန်ဆင်းကာ နောက်က လိုက်လာသော ဘီလူးမကို ဣန္ဒြေတို့ကို ဖျက်ကာ ကြည့်ရှုခြင်းမျှပင် မပြုလေ၊ အလွန် စိတ်တည်ကြည်၏။ အမြော် အမြင် ဉာဏ်ပညာနှင့် ပြည့်စုံ၏၊ တိုင်းပြည်ကို မင်းပြုစေကာ အဆုံးအမကို ခံယူရမူ တစ်ပြည်လုံး ချမ်းသာကြီးပွားလတ္တံ့” ဟု တစ်ပြည်လုံး သဘောတူကာ မင်းသားထံသွား၍ မင်းပြုရန် တောင်းပန်ပြီးလျှင် နန်းတော်သို့ပင့်၍ ရတနာအစု၌ ထားကာ အဘိသိက်သွန်း၍ မင်းမြှောက်ကြကုန်၏။

ဝိပဿနာအရာ ဥပမာ

မင်းသားလည်း ရှင်ပေစ္စကဗုဒ္ဓါတို့ ဆုံးမသောအတိုင်း လိုက်နာသဖြင့် တက္ကသိုလ်ပြည် မင်းအဖြစ်ကိုရ၍ အဂတိလေးပါး မလိုက်စားဘဲ တရားနှင့်အညီ မင်းပြုလျက် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြုကာ သေလွန်သောအခါ ကံအားလျော်စွာ လားရလေ၏။

မြတ်စွာဘုရားလည်း ဘုရားဖြစ်တော်မူသောအခါ ၌ -

“ရဟန်းတို့ … နှုတ်ခမ်းရေးနှင့် ညီမျှနေအောင် ပြည့်သော ဆီခွက်ကို ဆောင်ယူသွားသော သူသည် မဖိတ်အောင် သတိရှိရသကဲ့သို့ ထို့အတူ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသော နိဗ္ဗာန်သို့ ရောက်လိုသော သူသည် သတိကြီးစွာထား၍ စိတ်ကို စောင့်ရှောက်ရမည်” ဟု နိဗ္ဗာန်ကို အထွက်တပ်ကာ တရားဟောတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ တက္ကသိုလ်မင်း ပရိသတ်သည် - ယခုအခါ ငါဘုရားပရိသတ်။

တက္ကသိုလ်မင်းသည် - ယခု ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သတိကိုဆောင်၊ မဖိတ်အောင်၊ ဆောင်ယူဆီခွက်လို။

(၂) နိဗ္ဗာန်သို့သွား၊ သတိထား၊ စောင့်ငြားစိတ်ထိုထို။

တေလပတ္တဇာတ်ပြီး၏။

***

(၉၇) နာမသိဒ္ဓိဇာတ်

အမည်ပြောင်းလို၍ အမည်ကောင်း ရှာဖွေစဉ် အမည်နာမဖြင့် တစ်စုံတစ်ရာ အကျိုး မပြီးဟု သိသောလုလင် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မင်္ဂလာမကောင်း နာမည်ပြောင်း

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အမည်ပြောင်းလိုသော ရဟန်းတစ်ပါး ရှိလေ၏။ ထိုရဟန်းသည် အမည်အားဖြင့် ငယုတ်မာ ဖြစ်မည်၏။

သီတင်းသုံးဖော် ရဟန်းတို့သည် ထိုရဟန်းအား “င့ါရှင် ငယုတ်မာ သွားလော့၊ လာလော့၊ နေလော့၊ ထိုင်လော့” စသည်ဖြင့် ပြောဆိုနေကြကုန်၏။ ထိုအခါ ထိုရဟန်းသည် တစ်နေ့သ၌ သီတင်းသုံးဖော်တို့သည် ငါ့ကို ငယုတ်မာ၊ မယုတ်မာဟု ခေါ်ဝေါ်ပြောဆိုနေကြ၏။ ငယုတ်မာ ဟူသော အမည်မှာလည်း ကြားရာ၌ သုတိမင်္ဂလာ မဖြစ်၊ မင်္ဂလာရှိသော အမည်တစ်ခုကို ပြောင်းမည်ဟု ကြံစည်ကာ ဆရာ ဥပဇ္ဈာယ်တို့ထံကပ်၍ “အရှင်ဘုရား … တပည့်တော်၏ အမည်မှာ မင်္ဂလာမရှိ၊ သို့အတွက် မင်္ဂလာရှိသော အမည်တစ်ကို ပြောင်းပေးပါ” ဟု လျှောက်လေ၏။

ဆရာ ဥပဇ္ဈာယ်တို့လည်း “ငါ့ရှင် … အမည်ကား ပညတ်မျှသာ ဖြစ်၏၊ အမည်ဖြင့် တစ်စုံတစ်ရာ အကျိုးပြီးသည် မဟုတ်၊ ရှိရင်းအမည်ဖြင့်သာ တင်းတိမ်ပါ” ဟု ဆိုသော်လည်း ပြောင်းပေးရန်သာ အကြိမ်ကြိမ် လေဆာက်ထားလေ၏။

ထိုအကြောင်းသ် သံဃာ့ဘောင်၌ ထင်ရှားလာသဖြင့် တရားသဘင်ဝယ် ရဟန်းတို့ စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူပြီးလျှင် “ရဟန်းတို့ … ဤရဟန်းကား ယခုအခါ၌ သာ အမည်ပြောင်းလိုသည် မဟုတ်၊ ရှေးအခါ၌ လည်း ပြောင်းလိုဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသည်း။

အတိတ်ဝတ္ထု

သုတိမင်္ဂလာ စုံစမ်းရှာ

လွန်လေပြီးသောအခါ တက္ကသိုလ်ပြည်ဝယ် ဘုရားအလောင်းသည် ဒိသာပါမောက္ခ ဆရာကြီးဖြစ်၍ တပည့်ငါးရာတို့ကို ဗေဒင်သင်ကြားကာနေလေ၏။ ထိုဆရာကြီး တပည့်ငါးရာတို့အနက် တပည့်တစ်ယောက်ကား အမည်အားဖြင့် ငယုတ်မာ မည်လေ၏။

ထိုအခါ အပေါင်းအဖော်တို့သည် ငယုတ်မာအား ငယုတ်မာ သွားလော့၊ လာလော့၊ နေလော့၊ ထိုင်လော့ စသည်ဖြင့် ပြောဆိုကြကုန်၏။ ငယုတ်မာသည် ငါ့အမည်ကား ကြားရာ၌ သုတိမင်္ဂလာ မရှိ၊ မင်္ဂလာရှိသော အမည်တစ်ခုကို ပြောင်းမည်ဟု ကြံစည်ကာ ဆရာကြီးထံကပ်၍ “ဆရာကြီး … ကျွန်ုပ်အမည်ကား မင်္ဂလာမရှိပါ၊ မင်္ဂလာရှိသော အမည်တစ်ခုကို ပြောင်းပေးပါ” ဟု တောင်းပန်လေ၏။

ဆရာကြီးလည်း “အမောင် … အမည်သညာမှာ ခေါ်ဝေါ် ပညတ်မျှသာ ဖြစ်၏။ အမည်ဖြင့် တစ်စုံတစ်ရာ အကျိုးမပြီးနိုင်၊ သို့အတွက် ရှိရင်း အမည်ဖြင့်သာ ကျေနပ် တင်းတိမ်ပါ” ဟု ပြောဆိုသော်လည်း အကြိမ်ကြိမ် တောင်းပန်နေသဖြင့် ဆရာကြီးက တစ်ဖန် “အမောင် … ကောင်းပြီး ပြောင်းပေးမည်၊ သင် ကျေနပ်သော အမည်တစ်ခုခုကို ရှာဖွေစုံစမ်းချေ” ဟု စေခိုင်းလိုက်၏။

သက်ရှည်ခေါ်ပြန် သေရပြန်

ငယုတ်မာလည်း ဆရာထံမှ ထွက်၍ မင်္ဂလာရှိသော အမည်ကို ရှာဖွေစုံစမ်းရန် အမြို့မြို့ အရွာရွာသို့ လှည့်လည်သွားလာလေသော် မြို့တစ်မြို့သို့ ရောက်လေ၏။ ထိုမြို့တွင် ငသက်ရှည် မည်သော ယောကျ်ားတစ်ယောက် သေ၍ ဆွေးမျိုးအပေါင်းတို့ သုသာန်သို့ အပို့သွားကြသည်ကိုမြင်လျှင် ငယုတ်မာသည် အနားသို့ကပ်ကာ “ဦးရီးတို့ … ဤသေသူ အမည်ကို ဘယ်လိုခေါ်ဝေါ်ပါသနည်း” ဟု မေး၏။ “အမောင်လုလင် … ငသက်ရှည် ခေါ်ပါသည်” ဟု ပြော၏။ “ဦးရီးတို့ … ငသက်ရှည် မည်သောသူလည်း သေရသေးသလော” ဟု မေးပြန်၏။ “အမောင် … ငသက်ရှည်မည်သောသူ ဖြစ်စေ၊ တခြားအမည်ရှိသောသူ ဖြစ်စေ သေရသည်ချည်း ဖြစ်၏။ အမည်ကား ပညတ်မျှသာ ဖြစ်၏။ အမည်ဖြင့် တစ်စုံတစ်ရာ အကျိုးမပြီးနိုင်။ သင်သည် မိုက်ယောင်တကား” ဟု ဆိုကြကုန်၏။

သူဌေးခေါ်က ဆင်းရဲလှ

ထိုသူတို့စကားကိုကြား၍ ငယုတ်မာလည်း အမည်၌ လျစ်လျူရှုကာ မြို့တွင်းသို့ ဝင်ပြန်ရာ အခမပေးနိုင်သော ကျွန်မကို အိမ်တံခါးဝတွင် တုပ်နှောင်ကာ ရိုက်နှက်ပုတ်ခတ်နေသည်ကို မြင်ပြန်လေ၏။ ခရီးသွားစဉ် အနားသို့ကပ်ကာ “အဆွေတို့ … ဤမိန်းမကို ဘာကြောင့် ရိုက်နှက်ပုတ်ခတ်နေကြသနည်း” ဟု မေး၏။ “အမောင် … အခ မပေးနိုင်လို့ ရိုက်နှတ် ပုတ်ခတ်ပါသည်” ဟု ပြော၏။ “အမည်က ဘယ်လို ခေါ်ပါသနည်း” ဟု မေး၏။ “မယ်သူဌေး ခေါ်ပါသည်” ဟု ပြော၏။ “အဆွေတို့ … မယ်သူဌေး မည်သောသူလည်း အခမပေးနိုင်ဘဲ ရှိရာသလော” ဟု မေးပြန်၏။ “အမောင် … မယ်သူဌေးမည်သောသူသည် လည်းကောင်း၊ တခြားအမည်ရှိသောသူသည် လည်းကောင်း ဆင်းရဲရသည်ချည်း ဖြစ်၏။ အမည်ကား ပညတ်မျှသာ ဖြစ်၏။ တစ်စုံတစ်ရာ အကျိုးမပြီးနိုင်။ သင်သည် မိုက်ယောင်တကား” ဟု ဆိုကြပြန်၏။

ငခရီးသည် မျက်စိလည်

ငယုတ်မာလည်း အမည်၌ အထူးသဖြင့် လျစ်လျူရှုကာ မြို့မှထွက်၍ ခရီးဆက်လက်ကာ သွားသည်ရှိသော် ခရီးအကြားဝယ် မျက်စိလည်၍ ခရီးမှားနေသူကို မြင်ပြန်၏။ အနားသို့ကပ်ကာ “အမောင် … အဘယ်သို့ သွားမည်နည်း” ဟု မေ၏။ “အရှင် … အကျွန်ုပ်မှာ မျက်စိလည် ခရီးမှားနေပါသည်” ဟု ပြော၏။ “အမည်က ဘယ်လိုခေါ်ပါသနည်း” ဟု မေးပြန်၏။ “မောင်ခရီး ခေါ်ပါသည်” ဟု ပြောသောအခါ “အမောင် … မောင်ခရီး ဟူသောအမည်ဖြစ်လျက် ခရီးမှားနေသေးရာသလော” ဟု မေးပြန်၏။ “မောင်ခရီး ဟူသောသူသည် လည်းကောင်း၊ တခြားအမည် ရှိသောသူသည် လည်းကောင်း ခရီးမှားကောင်းသည်ချည်းဖြစ်၏။ အမည်ကား ပညတ်မျှသာ ဖြစ်၏။ တစ်စုံတစ်ရာ အကျိုးမပြီး။ သင်သည် မိုက်ယောင်တကား” ဟု ဆိုပြန်၏။

အမည်သညာ ပညတ်သာ

ထိုအခါ ငယုတ်မာသည် အမည်၌ အလွန်လျစ်လျူရှုကာ ဆရာကြီးထံသို့ ပြန်လာ၏။ ဆရာကြီးလည်း ငယုတ်မာကို မြင်လျှင် “အမောင် … အမည်ရှာ၍ ရခဲ့ပါပြီလော” ဟု မေး၏။ “ဆရာကြီး … အသင်ရှည် မည်သောသူလည်း သေရသည်၊ တခြားအမည်ရှိသောသူလည်း သေရသည်။ မယ်သူဌေး မည်သောသူလည်း ဆင်းရဲရသည်၊ တခြားအမည်ရှိသောသူလည်း ဆင်းရဲရသည်။ မောင်ခရီး အမည်ရှိသူလည်း ခရီးမှားရသည်၊ တခြားမည်ရှိသူလည်း ခရီးမှားရသည်။ အထူးအခြား မရှိ။ အမည်ကား ပညတ်မျှသာ ဖြစ်၏။ တစ်စုံတစ်ရာ အကျိုးမပြီးနိုင်။ ကံသာလျှင် အကျိုးပြီးနိုင်သည်။ တစ်ပါးသောအမည်ကို အလိုမရှိ၊ ရှိရင်းစွာ အမည်သာ ဖြစ်စေတော့” ဟု အကြောင်းစုံ ပြောလေ၏။

ဆရာကြီးလည်း တပည့်တို့အား -

“အမောင်တို့ … အသက်ရှည် သေရသည်ကို လည်းကောင်း၊ မယ်သူဌေး ဆင်းရဲရသည်ကို လည်းကောင်း၊ မောင်ခရီး ခရီးမှားရသည်ကို လည်းကောင်း မျက်မြင်ဒိဋ္ဌ ဖြစ်ခဲ့သဖြင့် ငယုတ်မာသည် ပြန်လာခဲ့ချေပြီ” - ဟု မိန့်တော်မူကာ အမည်သညာမှာ ခေါ်ဝေါ်ကာပမတ္တပညတ်မျှသာ ဖြစ်၏။ အမည်ဖြင့် တစ်စုံတစ်ရာ အကျိုးမပြီးနိုင်။ ကံဖြင့်သာ အကျိုးပြီးနိုင်သည်ဟု အဆုံးအမ ပေးတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

အမည်ပြောင်းလိုသော ရဟန်းသည် - ထိုအခါ အမည်ပြောင်းလိုသော လုလင်။

ဒိသာပါမောက္ခဆရာသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အမည်သညာ၊ ဟူသည်မှာ၊ ခေါ်ကာ မတ္တပင်။

(၂) အမည်ဖြင့်ကား၊ ကျိုးမများ၊ ကျိုးများကံဖြင့်ပင်။

နာမသိဒ္ဓိဇာတ် ပြီး၏။

***

၉၈-ကူဋဝါဏိဇဇာတ်

ကုန်သည်နှစ်ယောက် ကုန်သွယ်ကြသဖြင့် အရင်း အမြတ်ကို အညီအမျှမပေးလို၍ ကောက်ကျစ်သော အတိပဏ္ဍိတအကြောင်း။

ပစ္စပ္ပုန်ဝတ္ထု

ကုန်သည်စဉ်းလဲ အမြတ်မခွဲ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိမြို့ဝယ် ကောက်ကျစ်စဉ်းလဲသော ကုန်သည်နှင့် ဖြောင့်မတ်သော ကုန်သည်နှစ်ဦးတို့သည်နေကြကုန်၏။

တနေ့သ၌ ထိုကုန်သည်နှစ်ဦးတို့သည် အမြတ်အစွန်း အညီအမျှ ခံစားရန် တိုင်ပင်ညီညွတ်ကာ ဇနပုဒ်သို့ ကုန်သွယ်သွား၍ ပြန်လာကြကုန်၏။

ကောက်ကျစ်စဉ်းလဲသော ကုန်သည်လည်း ငါ၏အဖော်သည်ကား ဇနပုဒ်မှာ အစားအသောက်ဆင်းရဲသည်၊ ယခုအခါ ကောင်းသောဘောဇဉ်ကို စားရသဖြင့် အစာမကျေ၍ သေလတ္တံ၊ သေလျှင် ငါများများရမည်ဟု ကြံစည်ကာ ရုတ်တရက် ဥစ္စာကိုမဝေခြမ်းသေးဘဲ နက်ဖြန်ခါဝေမည်, သံဘက်ခါ ဝေမည်ဟုပြောကာ မဝေလိုသေးသဖြင့် ဟိုနေ့, သည်နေ့, ရွှေ့ဆိုင်း၍နေလေ၏။

ဖြောင့်မတ်သော ကုန်သည်လည်း မဝေလိုသေးသော ကုန်သည်စဉ်းလဲကို နှိပ်စက်ကာ အတင်းဝေစေပြီးလျှင် မြတ်စွာဘုရားထံ ဆည်းကပ်လျက် အကြောင်းစုံလျှောက်ထားလေ၏၊ ထိုအခါ မြတ်စွာဘုရားသည် “သီတင်းသည်... ဤကုန်သည်စဉ်းလဲကား ယခုအခါ၌သာ စဉ်းလဲသော ကုန်သည်ဖြစ်သည်မဟုတ်၊ ရှေးအခါ၌လည်း ဖြစ်ဘူးပြီ၊ ယခုအခါ၌သာ သင့်ကိုလှည့်စားလိုသည်မဟုတ်၊ ရှေးအခါ၌လည်း ပညာရှိတို့ကို လှည့်စားရန်အားထုတ်ခဲ့ဘူးပြီ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဖေါက်ပြန်လောဘ အတိပဏ္ဍိတ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုပြည်ဝယ် ပဏ္ဍိတမည်သော ကုန်သည်နှင့် အတိပဏ္ဍိတမည်သော ကုန်သည်နှစ်ဦးတို့သည် နေကြကုန်၏။

တနေ့သ၌ ထိုကုန်သည်နှစ်ဦးတို့သည် ရရှိသောအမြတ်အစွန်းကို အညီအမျှခံစားရန် တိုင်ပင်ညီညွတ်ကာ လှည်းငါးရာဖြင့် ဗာရာဏသီပြည်မှ ဇနပုဒ်သို့သွား၍ ရောင်းချပြီးသောအခါ ပြန်လာကြကုန်၏။

ရသော အမြတ်အစွန်းကို ဝေကြသောအခါ အတိပဏ္ဍိတမည်သော ကုန်သည်က ငါနှစ်စုရထိုက်သည်၊ ထိုအခါ ပဏ္ဍိတမည်သော ကုန်သည်က အဘယ့်ကြောင့်နှစ် စုရထိုက်သနည်း၊ ငါကား အတိပဏ္ဍိတ ဖြစ်၍နှစ်စုရထိုက်သည်၊ သင့်မှာကား ပဏ္ဍိတသာဖြစ်၍ တစုသာရထိုက်သည်၊ “အဆွေ သင်နှင့်ငါ အရင်းအနှီးလည်း အညီအမျှ စိုက်ထုတ်ကြရသည်၊ အလုပ်လည်း အညီအမျှပင် လုပ်ခဲ့ကြရသည် သို့ပါလျက် အဘယ့်ကြောင့် နှစ်စု ရထိုက်သနည်း”ဟုဆိုလေ၏။

အဘကိုပင် ရုက္ခစိုးသွင်

ဤသို့ နှစ်ဦးသား အငြင်း ဖြစ်ပွားလတ်သော် အတိပဏ္ဍိတသည် ဥပါယ်တခု ရှိ၏ဟု ကြံစည်ပြီးလျှင် မိမိအဘကို

“ဘခင်သစ်ခေါင်းတခုမှာ ဝင်၍နေပါ၊ ကျွန်ုပ်တို့ နှစ်ယောက် လာမေးသောအခါ ပဏ္ဍိတမှာ တစုသာရထိုက်သည်၊ အတိပဏ္ဏိတကား နှစ်စုရထိုက်သည်ဟု အဆုံးအဖြတ် ပေးပါလော”ဟု မှာထားပြီးလျှင် ပဏ္ဍိတထံသို့ သွားလေ၏။

ရောက်လျှင် ပဏ္ဍိတအား “အဆွေ ငါနှစ်စုရထိုက် သည်ကို၎င်း, မရထိုက်သည်ကို၎င်း, ရုက္ခစိုးနတ်ကို သွား၍ မေးမည်” ဟု ပြောဆိုပြီးလျှင် မိမိစီစဉ်ထားသော သစ်ပင်သို့ နှစ်ယောက်အတူသွား၍ အတိပဏ္ဍိတက “အရှင်ရုက္ခစိုးမင်း... ကျွန်ုပ်တို့နှစ်ယောက် အငြင်းအခုံဖြစ်နေပါသည်၊ အဆုံးအဖြတ်ပေးတော်မူပါ” ဟု တောင်းပန်လေ၏၊ ထိုအခါ အတိပဏ္ဍိတအဘက သစ်ခေါင်းတွင်း၌ အောင်း၍ ရုက္ခစိုးလုပ်ကာ ... အသံဖျက်၍ “ဆိုကြစမ်း ဘယ်လိုဖြစ်ကြတာလဲ”ဟု မေးလေ၏၊ ထိုအခါ အတိပဏ္ဍိက “မှန်လှပါ ဤသူက ပဏ္ဍိတ အကျွန်ုပ်က အတိပဏ္ဍိတ ဟုခေါ်ပါသည်၊ ကျွန်ုပ်တို့နှစ်ဦး သဘောတူ ကုန်ကိုစပ် ဘက်၍ ကူးကြပါသည်၊ အဘယ်သူက များများရထိုက် ပါသနည်း”ဟု မေးလေ၏၊ ထိုအခါ ရုက္ခစိုးလုပ်သူက “ကောင်းပြီ ပဏ္ဍိတက တစုသာရထိုက်သည်၊ အတိပဏ္ဍိတက နှစ်စုရထိုက်သည်”ဟု အဆုံးအဖြတ်ပေးလေ၏။

သစ်ပင်မီးတိုက် လိမ်သူမြိုက်

ထိုသို့ ဆုံးဖြတ်သံကိုကြားလျှင် ပဏ္ဍိတသည် ယခုဆုံးဖြတ်သူကား ရုက္ခစိုး ဟုတ်သည် မဟုတ်သည်ကို သိရမည်ဆိုကာ ကောက်ရိုးတို့ကိုယူကာ သစ်ခေါင်းကို အပြည့်ထည့်ပြီးလျှင် မီးတိုက်လေ၏၊ ရုက္ခစိုးလုပ်သူ အတိပဏ္ဍိတ၏ အဘလည်း မီးတောက် ထလာသောအခါ ကိုယ်တပိုင်းကို မီးလောင်သည်ဖြစ်၍ သစ်ပင်ထက်သို့ တက်ကာ သစ်ကိုင်းဖျားကို ကိုင်လျက် တွဲလျားဆွဲပြီးလျှင် မြေသို့ဆင်း၍– “အချင်းတို့ လောက၌ ပဏ္ဍိတ အမည်ခံ ပညာရှိသူကား ကောင်းမြတ်လှ၏၊ အတိပဏ္ဍိတ အမည်ခံ ကောက်ကျစ်စဉ်းလဲသူကား မကောင်းပါ။ အတိပဏ္ဍိတ အမည်ခံ သားမိုက်သည် ဥစ္စာကို မတရားလိုချင်မှုကြောင့် ငါ့ကိုယ်မှာ မီးလောင် ခံရသည်”

ဟု ရောက်လာသူအပေါင်းအား အတိအလင်း ပြောကြားလေ၏။

ထို့နောက် ကုန်သည်နှစ်ဦးတို့သည် ရသမျှဥစ္စာကို အညီ အမျှ ခွဲဝေယူကြရကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်-

ရဟန်းတို့...

*ထိုအခါအတိပဏ္ဍိတသည်-ယခုအခါကောက်ကျစ်စဉ်းလဲသော ကုန်သည်။

*ပဏ္ဍိတသည်-ငါဘုရားဖြစ်လာပြီ–

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) စဉ်းလဲကောက်ကျစ်၊ တရားလစ်၊ စင်စစ်ပျက်စီးမည်။

(၂) တိပဏ်ဘခင်၊ နတ်လုပ်ချင်၊ ကိုယ်တွင်မီးလောင်သည်။

ကူဋဝါဏိဇဇာတ်ပြီး၏။

***

၉၉ - ပရောသဟဿဇာတ်

တပည့် တစ်ထောင်ကျော်တို့တွင် ဆရာပြောကြားသော တရားကို သိသဖြင့် ချီးမွမ်းခြင်းခံရသော ပညာရှိတစ်ယောက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားအလိုသိရှာ သာရိပုတ္တရာ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... မြတ်စွာဘုရား အကျဉ်းဟောထားသော တရားတော်ကို တရားစစ်သူကြီး ဖြစ်သော သာရိပုတ္တရာသည် အကျယ် ဟောနိုင်သည်” ဟု ရှင်သာရိပုတ္တရာ ဂုဏ်ကျေးဇူးကို ချီးကျူး၍နေခိုက် မြတ်စွာဘုရား ကြွလာတော်မူကာ “ရဟန်းတို့ ... သာရိပုတ္တရာသည် ယခုအခါ၌သာ ငါဘုရား အကျဉ်းဟောထားသော တရားကို အကျယ်ဟောနိုင်သည် မဟုတ်၊ ရှေးအခါ၌လည်း ဟောနိုင်ပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လူတို့ပြည်ရွာ ချဉ်ဆားရှာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဥဒိစ္စပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်လျှင် တက္ကသိုလ်ပြည်သို့သွားကာ အတတ်ပညာ သင်ပြီးလျှင် ကာမဂုဏ်တို့ကို ပယ်ခွာ၍ ရသေ့ရဟန်းပြုကာ အဘိညာဉ်ငါးပါး၊ သမာပတ်ရှစ်ပါးကို ဖြစ်စေလျက် ဟိမဝန္တာ အရပ်၌ တပည့်ငါးရာ ခြံရံလျက် နေလေ၏။

တပည့်ကြီးဖြစ်သော ရသေ့သည် မိုးတွင်းအခါ ထက်ဝက်မျှသော ရသေ့တို့ကိုခေါ်၍ ချဉ်ဆားမှီဝဲအံ့သောငှာ လူတို့နေရာသို့ သွားလေ၏။

ဆရာပြောဘိ တပည့်တို့မသိ

ထိုအခါ ရသေ့ကြီးလည်း စုတေခါနီးအချိန်သို့ ရောက်လတ်သော် တပည့်ရသေ့တို့သည် ဆရာကြီးထံ စည်းဝေးကြလျက် ဆရာရသေ့ကြီးအား “ဆရာကြီး ... အဘယ်တရားထူးကို ရပါသနည်း” ဟု မေးကြကုန်၏။ ဆရာရသေ့ကြီးက (နတ္ထိကိဉ္စိ) ဟု ပြောဆို၍ စုတေပြီးလျှင် အာဘဿရဗြဟ္မာဘုံ၌ ဖြစ်လေ၏။

မှတ်ချက် ... [နိယတဗျာဒိတ်ခံပြီး အလောင်းတော်တို့မှာ အရူပသမာပတ်ကို ရသော်လည်း မလားအပ်သော အရပ် တစ်ဆယ့်ရှစ်ပါး အပါအဝင်ဖြစ်၍ အရူပဘုံ၌ မဖြစ်ကုန်။]

တပည့်ရသေ့တို့လည်း (နတ္ထိကိဉ္စိ)ဆိုသော ဆရာကြီး စကား အနက်အဓိပ္ပါယ်ကို နားမလည်ကြဘဲ၊ ငါတို့ ဆရာကြီးအား ရအပ်သော တရားထူးမရှိဟု ယူဆကြပြီးလျှင် သင်္ဂြိုဟ်ရာ သုသာန်ဝယ် ပူဇော်သက္ကာရကို မပြုကြကုန်၏

သိသူပြောပြ မယုံကြ

လူတို့နေရာသို့ သွားနေသော တပည့်ကြီးရသေ့ လာသောအခါ တပည့်တို့အား “ငါ့ရှင်တို့ ... ဆရာရသေ့ကြီး ဘယ်မှာနည်း” ဟု မေး၏။ “အရှင်ဘုရား ... စုတေခဲ့ပါပြီ” ဟု ပြော၏။ “ငါ့ရှင်တို့ ... ဆရာကြီး ရအပ်သော တရားထူးကို မေးလိုက်ကြ၏လော” ဟု မေး၏။ “အရှင်ဘုရား ... မေးလိုက်ကြပါသည်” မေးသောအခါ ဆရာကြီးက (နတ္ထိကိဉ္စိ)ဟု ပြောသွားပါသည်။ သို့အတွက် ကျွန်ုပ်တို့သည် ငါတို့ဆရာကြီးအား ရအပ်သော တရားထူးမရှိဟု ယူဆကြကာ ပူဇော်သက္ကာရကို မပြုကြပါကုန်။ “ငါ့ရှင်တို့ ... သင်တို့ကား ဆရာကြီး ပြောဆိုသော စကား၏ အနက်အဓိပ္ပါယ်ကို နားမလည်ကြကုန်၊ ငါတို့ ဆရာကြီးကား အာကိဉ္စညာယတန သမာပတ်ကို ရခဲ့သည်” ဟု ပြောလေ၏။ တပည့်ရသေ့တို့သည် တပည့်ကြီးရသေ့က အဖန်ဖန် ပြောသော်လည်း မယုံကြည်ကြကုန်။

ဆရာကြွလာ ဗြဟ္မာ့ရွာ

ထိုအခါ ဆရာရသေ့ကြီးသည် ထိုအကြောင်းကိုသိ၍ မိမိနေရာ အာဘဿရ ဗြဟ္မာဘုံမှ ဆင်းသက်လာပြီးလျှင် ရသေ့ကျောင်းဝိုင်းအပြင် ကောင်းကင်၌ ကြီးစွာသော တန်ခိုးအာနုဘော်ဖြင့် ရပ်လျက် ...

“တပည့်တို့ ... ပညာမရှိသော သူတစ်ထောင်တို့ အနှစ်တစ်ရာ ငိုကြွေးနေကြငြားလည်း ငါ့စကား၏ အနက်အဓိပ္ပါယ် အကျိုးအကြောင်းကို သိကြမည်မဟုတ်၊ ပညာရှိသော ငါ့တပည့်ကြီး တစ်ယောက်သာ အနက်အဓိပ္ပါယ် အကျိုးအကြောင်းကို သိပေသည်၊ သို့အတွက် ငါ့တပည့်ကြီးကား လူအထောင်တို့ထက် မြတ်၏” –

ဟု တပည့်ကြီး၏ ပညာအာနုဘော်ကို ချီးကျူးကာ တရားဟောပြ၍ တပည့်ရသေ့အပေါင်းတို့ကို သိစေပြီးလဆင် မိမိနေရာ ဗြဟ္မာပြည်သို့ ပြန်လေ၏။

တပည့်ရသေ့တို့လည်း မယုတ်သော စျာန်သမာပတ်ရှိသည်ဖြစ်၍ စုတေသောအခါ ဗြဟ္မာပြည်သို့ လားကြရကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ တပည့်ကြီးရသေ့သည် - ယခုအခါ သာရိပုတ္တရာ။

ဆရာကြီးဖြစ်သော မဟာဗြဟ္မာသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပညာမဲ့ချည်း၊ အထောင်လည်း၊ ချည်းနှီးမမြတ်ပါ။

(၂) ပညာရှိလျှင်၊ တစ်ယောက်ပင်၊ လူတွင်မြတ်လှပါ။

ပရောသဟဿဇာတ် ပြီး၏။

***

၁၀၀ - အသာတရူပဇာတ်

မြို့ကို ခုနစ်ရက် ပိတ်ထားပါဟု မိခင်ပြောကြားသဖြင့် ကောသလမင်းအား အနိုင်ရသော ဗာရာဏသီမင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဂုဏ်တော်စိတ်ရောက် ဆင်းရဲပျောက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ကုဏ္ဍိယမြို့ကို အမှီပြု၍ ကုဏ္ဍိယဥယျဉ်၌ သီတင်းသုံးတော်မူစဉ် သုပ္ပဝါသာမည်သော ကောလိယ မင်းသမီးသည် ခုနစ်နှစ်ပတ်လုံး ကိုယ်ဝန်ဆောင်လျက် ခုနစ်ရက်ပတ်လုံး ကမ္မဇလေလှုပ်ကာ သားမဖွားမြင်နိုင်ဘဲ မိန်းမောတွေဝေလျက် ပြင်းထန်စွာ ဝေဒနာကို ခံစား၍ နေရ၏။

ထိုသုပ္ပဝါသာ မင်းသမီးသည် ပြင်းထန်စွာ ဝေဒနာနှိပ်စက်သော်လည်း မြတ်စွာဘုရားသည် ဆင်းရဲကင်းရန် တရားဟောတော်မူ၏။ တပည့်သံဃာတော်ကိုလည်း ဆင်းရဲကင်းရန် ကျင့်တော်မူ၏။ နိဗ္ဗာန်သည် ဆင်းရဲကင်း၍ အလွန်ချမ်းသာ၏။ ဤဘုရား သံဃာ နိဗ္ဗာန် သုံးမျိုးတို့၏ ဂုဏ်ကျေးဇူးကို အောက်မေ့ဆင်ခြင်ကာ သည်းခံ၍နေ၏။

သတင်းကြားကာ ဆုပေးရှာ

တစ်ဖန် လင်ယောကျ်ားကို ခေါ်၍ “အရှင် ... ကျွန်ုပ် အကြောင်းကို လည်းကောင်း၊ ရှိခိုးကန်တော့လိုက်သော အကြောင်းကို လည်းကောင်း မြတ်စွာဘုရားထံ သွား၍ လျှောက်ထားပါ” ဟု မှာကြားကာ မြတ်စွာဘုရားထံသို့ စေလွှတ်လိုက်၏။

မြတ်စွာဘုရားလည်း သတင်းစကားကို ကြားတော်မူလျှင် “ကောလိယမင်းသမီး သုပ္ပဝါသာသည် ချမ်းသာစေသတည်း၊ အနာရောဂါ ကင်းသောသားကို ဖွားမြင်စေသတည်း” ဟု မိန့်တော်မူလိုက်၏။ သုပ္ပဝါသာ မင်းသမီးလည်း မြတ်စွာဘုရား မိန့်တော်မူသည်နှင့် တစ်ပြိုက်နက် ချမ်းသာစွာ အနာရောဂါ မရှိသော သားကို ဖွားမြင်လေ၏။

ဘုရားဂုဏ်ချီးမွမ်း ပင့်လှူဒါန်း

သုပ္ပဝါသာ၏ လင်ယောကျ်ားလည်း အိမ်သို့ရောက်၍ ချမ်းသာစွာ သားဖွားမြင်ပြီးနှင့်သည်ကို မြင်လျှင် “အချင်းတို့ ... မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်သည် အလွန် အံ့ဖွယ်ရှိပေစွတကား၊ မဖြစ်ဘူးမြဲ ဖြစ်ပေစွတကား” ဟု အဖန်ဖန် ချီးကျူးလေ၏။

သုပ္ပဝါသာ မင်းသမီးလည်း သားတော် ဖွားမြင်ပြီးလျှင် ဘုရား အမှူရှိသော သံဃာကို ပင့်ဖိတ်ကာ ခုနစ်ရက်ပတ်လုံး အလှူကြီးပေးလေ၏။ ခုနစ်ရက်ပြည့်သောနေ့၌ သားတော် သီဝလိမင်းသားကို တန်ဆာဆင်၍ ဘုရားအမှူးရှိသော သံဃာအား ရှိခိုးကန်တော့စေ၏။

ဥဒါန်းကျူးကာ အနုမောဒနာ

ထိုအခါ ရှင်သာရိပုတ္တရာက သီဝလိမင်းသားအား “အမောင် သီဝလိ ... သင့်အား ချမ်းသာပါသလော” ဟု မေး၏။ “အရှင်ဘုရား ... အကျွန်ုပ်အား အဘယ်မှာ ချမ်းသာပါအံ့နည်း၊ လောဟကုမ္ဘီငရဲနှင့်တူသော အမိဝမ်းထဲမှာ ခုနစ်နှစ်ပတ်လုံး ကိန်းအောင်ကာ ပဋိသန္ဓေ နေရပါသည်” ဟု လျှောက်ထားလေ၏။ သုပ္ပဝါသာလည်း သားတော် သီဝလိမင်းသား စကားကို ကြား၍ ဖွားမြင်ကာစ ခုနစ်ရက်သားသာ ရှိသေးသော ငါ့သားငယ်သည် ဘုရားငယ်ဖြစ်သော ရှင်သာရိပုတ္တရာနှင့် အပြန်အလှန် စကားပြောနိုင်ပေသည်” ဟု အလွန်ဝမ်းမြောက်လေ၏။

မြတ်စွာဘုရားလည်း သုပ္ပဝါသာအား “ချစ်သမီး သုပ္ပဝါသာ ... သီဝလိလို သားမျိုးကို နောက်ထပ် လိုချင်သေးသလော” ဟု မေး၏။ “ဘုန်းတော်ကြီးသော အရှင်ဘုရား ... နောက်ထပ်ရမည်ဆိုလျှင် ခုနစ်ယောက်လောက် လိုချင်ပါသေးသည်” ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားလည်း ဥဒါန်းကျူးတော်မူပြီးလျှင် အနုမောဒနာပြု၍ ကြွတော်မူ၏။

နောက်ဆုံးဖြစ်ရ သီဝလိဘဝ

သီဝလိမင်းသားလည်း ခုနစ်နှစ်အရွယ် ရှိသောအခါ သာသနာတော်၌ ရှင်သာမဏေပြု၍ အသက်နှစ်ဆယ် ရှိသောအခါ ရဟန်းပြုပြီးလျှင် ဘုန်းတန်ခိုးကြီးမားကာ မြတ်သော လာဘ်လာဘကိုရလျက် မြေပြင်အလုံးဝယ် ပဲ့တင်ထပ်စေ၍ အရဟတ္တဖိုလ်သို့ ရောက်ပြီးသော် ဘုန်းတန်ခိုး ကြီးမားလှသော ဘုရားသားတော်ကြီးတို့အတွင်းဝယ် မြတ်သော လာဘ်လာဘကို ရရာ၌ ဧတဒဂ်ထားခြင်းကို ခံတော်မူရ၏။

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ စည်းဝေးကုန်လျက် “ငါ့ရှင်တို့ ... အလွန်တန်ခိုးကြီးမား၍ ပစ္ဆိမဘဝိက ဖြစ်သော ရှင်သီဝလိကား အမိဝမ်းမှာ ခုနစ်နှစ် ပဋိသန္ဓေနေရခြင်းဆင်းရဲ၊ ဖွားမြင်သောအခါလည်း ရုတ်တရက် မဖွားနိုင်ဘဲ အမိ၏ *ယောနိဝတွင် မိန်းမောတွေဝေ နေရခြင်းဆင်းရဲ၊ အမိသုပ္ပဝါသာ၏ ဆင်းရဲတို့ကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို ကြားတော်မူလျှင် “ရဟန်းတို့ ... သားအမိ နှစ်ယောက်လုံး ဖြစ်သမျှအလုံးစုံသည် မိမိတို့ပြုခဲ့ကြသော ကံသာလျှင် အကြောင်းရင်းရှိသည်” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

[* ယောနိ - မိန်းမအင်္ဂါဇာတ်၊ သားအိမ်။]

အတိတ်ဝတ္ထု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုမင်း၏ မိဖုရားကြီးဝယ် ပဋိသန္ဓေနေကာ ဖွားမြင်၍ အရွယ်ရောက်လျှင် တက္ကသိုလ်ပြည်သို့ ပညာသင်သွား၍ တတ်မြောက် လိမ္မာသဖြင့် ပြန်လာကာ အဖမင်းကြီး ကွယ်လွန်လျှင် မင်းအဖြစ်ကိုရ၍ တရားသဖြင့် မင်းပြုလေ၏။

ထိုအခါ ကောသလမင်းသည် များစွာသော စစ်သည်ဗိုလ်ပါနှင့် လာလတ်၍ ဗာရာဏသီပြည် တစ်ပြည်လုံးကို သိမ်းယူကာ မင်းကိုသတ်၍ မိဖုရားကြီးကိုပင် မိမိ မိဖုရား ပြုလေ၏။

ထိုဗာရာဏသီမင်း၏ သားတော်သည် အဖမင်းကြီး သေလွန်သောအဖြစ်ကိုသိလျှင် တစ်ခုသော ရေပြွန်ပေါက် တံခါးဖြင့် ထါက်ပြေး၍ စစ်သည်ဗိုလ်ပါ အများကို စုရုံးကာ ဗာရာဏသီမြို့တော်ကို ဝန်းရံလျက် ရန်သူမင်းအား တိုင်းပြည်ကို ပေးမည်လော၊ စစ်ထိုးမည်လောဟု ရာဇသံပေးလိုက်၏။ ရန်သူမင်းလည်း “စစ်ထိုးမည်” ဟု ရာဇသံ တုံ့ပြန်လိုက်၏။

မင်းသားမယ်တော် မိဖုရားကြီးကား ထိုသတင်းကို ကြားလျှင် “သားတော် ... စစ်ထိုးနေဖို့ မဟုတ်၊ အရပ်ရပ်သို့ လူသွားလူလာဖြတ်၍ မြို့ကို ကျပ်တည်းစွာ ဝန်းရံလော၊ နောက် ထင်း၊ ရေ၊ ထမင်း၊ အစာပြတ်၍ ငတ်မွတ်ခေါင်းပါး အားနည်းလာသောအခါ စစ်မထိုးရဘဲ လွယ်လွယ်ဖြင့် ရလိမ့်မည်” ဟု သားတော်ထံ အတွင်းစာ ပို့စေ၏။

သားတော်မင်းသားလည်း မယ်တော် အမှာစာအတိုင်း ခုနစ်ရပ်ပတ်လုံး အရပ်ရပ်မှ လမ်းသွားလမ်းလာတို့ကို ဖြတ်၍ ဗာရာဏသီမြို့တော်ကို ကျပ်တည်းစွာ ပိတ်ဆီးထားလေ၏။ မြို့သူမြို့သားတို့လည်း ခုနစ်ရက်ပတ်လုံး သွားလာခွင့်မရ ငတ်မွတ်ခေါင်းပါးကြသဖြင့် သည်းမခံနိုင်တော့ဘဲ ခုနစ်ရက်မြောက်သောနေ့၌ ရန်သူမင်း၏ ဦးခေါင်းကိုဖြတ်၍ မင်းသားထံ ပို့ကြကုန်၏။

မင်းသားလည်း ရန်သူမင်း မရှိတော့သဖြင့် မြို့တွင်းသို့ဝင်ကာ တရားသဖြင့် မင်းပြုလျက် သေလွန်သောအခါ ကံအားလျော်စွာ လားလေ၏။

ဤသို့လျှင် ထိုသီဝလီမင်းသားလည်း ဗာရာဏသီမြို့ကို ကျပ်တည်းစွာ ဝန်းရံပိတ်ဆည်း၍ ပြုဖူးသော မကောင်းမှု အကုသိုလ်ကံကြောင့် နောက်ဆုံးဘဝဝယ် ခုနစ်နှစ် ပဋိသန္ဓေနေရ၍ ခုနစ်ရက် အမိ၏ ယောနိဝ၌ မမွေးဖွားနိုင်ဘဲ ဆင်းရဲပင်ပန်းရ၏။

ပဒုမုတ္တရာ မြတ်စွာဘုရား လက်ထက်ဝယ် အလှူကြီးပေးကာ လာဘ်လာဘများသော သာဝကတို့တွင် အမြတ်ဆုံး သာဝက ဖြစ်စေသတည်း” ဟု ဆုတောင်းခဲ့ဖူး၏။ ဝိပဿီမြတ်စွာဘုရား လက်ထက်တော်၌လည်း မြို့သူတို့နှင့်တကွ အဖိုးတစ်သိန်းထိုက်တန်သော နို့ဓမ်းခဲကို လှူဒါန်းကာ ဆုတောင်းခဲ့ဖူး၏။ ထိုကောင်းမှုများ အာနုဘော်များကြောင့် မြတ်သော လာဘ်လာဘကို ရရာဝယ် ဧတဒဂ်ထားခြင်းကို ခံတော်မူရသည်။

သုပ္ပဝါသာလည်း မိဖုရားကြီးဖြစ်စဉ် သားတော်အား ဗာရာဏသီမြို့တော်ကို ခုနစ်ရက်ပတ်လုံး ဝန်းရံပိတ်ဆည်းရန် စေခိုင်းဖူးသော မကောင်းမှု အကုသိုလ်ကံကြောင့် ယခု ဘဝဝယ် ခုနစ်နှစ် ကိုယ်ဝန်ဆောင်ရခြင်း၊ ခုနစ်ရက်ပတ်လုံး သားဖွားရခြင်းတည်းဟူသော ပြင်းထန်သော ဝေဒနာကို ခံစားရသည်။

ဤသို့ မြတ်စွာဘုရားသည် အတိတ်ဇာတ်ကို ဆောင်တော်မူပြီး၍ -

“ချစ်သားရဟန်းတို့ ... မေ့လျော့သူကို မသာယာအပ်သော သဘောသည် သာယာအပ်သော သဘောအသွင်ဖြင့် လည်းကောင်း၊ မချစ်အပ်သော သဘောသည် ချစ်အပ်သော သဘောအသွင်ဖြင့် လည်းကောင်း၊ ဆင်းရဲသော သဘောသည် ချမ်းသာသော သဘောအသွင်ဖြင့် လည်းကောင်း နှိပ်စက်တတ်သည်” ဟု ဟောပြောပြသ ဆုံးမတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမြို့ကို ပိတ်ထားသော မင်းသားသည် - ယခုအခါ သီဝလိ။

မင်းသား၏ မယ်တော်သည် - သုပ္ပဝါသာ။

မင်းသား၏ ခမည်းတော်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မသာယာအပ်၊ မချစ်အပ်၊ ချစ်အပ်သာယာသွင်။

(၂) မေ့လျော့နေဆဲ၊ နှိပ်စက်မြဲ၊ ဆင်းရဲချမ်းသာသွင်။

အဿတရူပဇာတ် ပြီး၏။

***

(၁၀၁) ပရောသတဇာတ်

(တပည့် တစ်ရာကျော်တို့တွင် ဆရာပြောကြားသောတရားကို သိသဖြင့် ချီးမွမ်းခံရသော ပညာရှိတပည့် အကြောင်း)

[ဤပရောသဇာတ်၌ ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္ထု၊ ဇာတ်ပေါင်း အလုံးစုံ စကားအသွားအလာသည် ပရောသဟဿဇာတ်နှင့် တူ၏။ အထောင်နေရာ၌ အရာဟု ဆိုရသည်သာ ထူး၏။ ]

ဆောင်ပုဒ်

(၁) ပညာမဲ့ချည်း၊ အရာလည်း၊ ချည်းနှီးမမြတ်ပါ။

(၂) ပညာရှိလျှင် ၊ တစ်ယောက်ပင်၊ လူတွင်မြတ်လှပါ။

ပရောသတဇာတ် ပြီး၏။

***

၁၀၂ - ပဏ္ဏိကဇာတ်

မိမိသမီး၏ အကျင့်ရှိ မရှိကို သိလိုသဖြင့် စုံစမ်းသိရှိသော ဖခင်အကြောင်း။

သားသမီးနောင်ရေး မိဘတွေး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိမြို့ဝယ် ဟင်းသီးဟင်းရွက်ရောင်း၍ အသက်မွေးသော သီတင်းသည် တစ်ယောက် ရှိလေ၏။

ထိုသီတင်းသည်၌ သမီးတစ်ယောက် ရှိ၏။ အလွန် အဆင်းလှ၏။ ကြည်ညိုဖွယ်ရှိ၏။ အကျင့်သီလနှင့် ပြည့်စုံ၏။ အရှက်အကြောက်နှင့် ပြည့်စုံ၏။ အမြဲရွှင်ပြုံးသော မျက်နှာရှိ၏။

ထိုသတို့သမီးအား အမျိုးတူသောသူတို့သည် ထိမ်းမြားလက်ထပ်ရန် စကာကြောင်းလမ်း လာကြသည်ရှိသော် အဖသီတင်းသည်သည် ငါ့သမိးအား ထိမ်းမြားလက်ထက်ရန် မသင့်သေး၊ အမြဲပြုံးရွှင်သော မျက်နှာရှိ၏၊ အကျင့် သီလမရှိခဲ့သော် လင်အိမ်ရောက်သောအခါ ငါတို့မိဘများအား ရှုတ်ချကဲ့ရဲ့ကြလိမ့်မည်၊ သို့အတွက် သမီးအား အကျင့်သီလ ရှိသည် မရှိသည်ကို စုံစမ်းမည်ဟု ကြံစည်လျက်နေ၏။

စုံစမ်းပြီးမှ ထိမ်းမြားရ

တစ်နေ့သ၌ သီတင်းသည်သည် သမီးကိုခေါ်ကာ တောင်းတစ်လုံးကိုယူစေ၍ ဟင်းရွက်ယူရန် တော်သို့သွားကြ၏။ ရောက်လျှင် အဘသည် သမီးကို စုံစမ်းလိုသဖြင့် ကိလေသာကို မှီသကဲ့သို့ ဖြစ်ကာ လျှို့ဝှက်သောစကားကို ဆို၍ လက်ကိုဆွဲ၏။ သမီးသည် ဆွဲကာမျှပင်လျှင် မျက်ရည်ယိုထွက်ကာ ငိုလျက် “ဖခင် ... ဤလိုအမှုကို မပြုသင့်ပါ၊ ရေမှ မီးဖြစ်သည်နှင့် တူပါသည်” ဟု အဖကို တားမြစ်လေ၏။

အဖလည်း “ချစ်သမီး ... သမီးကို အကျင့်သီလ ရှိသည် မရှိသည်ကို စုံစမ်းလိုသဖြင့် လက်ကိုဆွဲခြင်း ဖြစ်သည်၊ တစ်စုံတစ်ရာ ဖောက်ပြန်လိုသောစိတ် မရှိ၊ မငိုလင့်၊ ချစ်သမီး ... သင့်မှာ အကျင့်သီလ ရှိသလော” ဟု မေး၏။ “ဖခင် ... ရှိပါသည်၊ ကိလေသာရာဂ အစွမ်းဖြင့် တစ်စုံတစ်ယောက်သော ယောကျ်ားကိုမျှ မကြည့်စဖူးပါ” ဟု ပြောကြားလေ၏။ ထိုအခါ အဖသီတင်းသည်သည် သမီးကို နှစ်သိမ့်စေ၍ အိမ်သို့ရောက်လျှင် ထိမ်းမြားလက်ထပ်ကာ လင်အိမ်သို့ ပို့လိုက်၏။

သီတင်းသည်လည်း မြတ်စွာဘုရားထံ ဆည်းကပ်ရန်ရောက်သဖြင့် ထိုအကြောင်းကို လျှောက်ထားရာ “သီတင်းသည် ... ဤသတို့သမီးကား ကြာမြင့်သောအခါမှစ၍ အကျင့်သီလနှင့် ပြည့်စုံခဲ့၏၊ သင်သည် ယခုအခါ၌သာ စုံစမ်းသည် မဟုတ်၊ ရှေးအခါ၌လည်း စုံစမ်းဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အကျင့်လုံခြုံမှ အိမ်ထောင်ချ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ရုက္ခစိုးနတ် ဖြစ်လေ၏။

ထိုဗာရာဏသီပြည်၌ ဟင်းရွက်ဟင်းသီးရောင်း၍ အသက်မွေးသော သီတင်းသည်တစ်ယောက် ရှိလေ၏။ ထိုသီတင်းသည်၌ သမီးတစ်ယောက် ရှိ၏။ [အလုံးစုံသော စကားသည် ပစ္စုပ္ပန်ဝတ္ထုနှင့်တူ၏]

အဖသီတင်းသည်သည် စုံစမ်းလိုသဖြင့် သမီးလက်ကို ဆွဲလေ၏။ ထိုအခါ သမီးသည် ငိုလျက် -

“ဖခင် ... အကျွန်ုပ်အား ဆင်းရဲဒုက္ခတွေ့လျှင် ကိုးကွယ်ရာဖြစ်ရမည့် အဖသည် တောအလယ်၌ ပြစ်မှားဘိ၏၊ နိုင်ထက်ကလူ ပြုဘိ၏၊ ကျွန်ုပ်သည် ဘယ်သူ့ထံမှာ ငိုရမည်နည်း” –

ဟု ပြောဆိုလေ၏။ ထိုအခါ အဘသည် “ချစ်သမီး ... အကျင့်သီလရှိသည်၊ မရှိသည်ကို စုံစမ်းလို၍ လက်ကို ဆွဲမိသည်၊ တစ်စုံတစ်ရာ ပြစ်မှားကျူးလွန်သောစိတ်မရှိ” ဟု ပြောဆို ဖျောင်းဖျကာ အိမ်သို့ရောက်လျှင် ထိမ်းမြားလက်ထပ်၍ လင်အိမ်သို့ ပို့လိုက်၏။

ဤဒေသနာတော်၏ အဆုံး၌ သီတင်းသည်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ အဘသည် - ယခုအခါ အဘ။

သမီးသည် - သမီး။

အကြောင်းသိသော ရုက္ခစိုးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ချစ်သမီးမှာ၊ ကျင့်သီလာ၊ တာဝန်မိဘပေ။

(၂) လင်အိမ်သို့ထည့်၊ သီလမဲ့၊ ကဲ့ရဲ့မလွတ်ပေ။

(၃) ကိုယ်တိုင်စမ်းဘိ၊ ရှိ, မရှိ၊ နိပါတ်ထုံးတစ်တွေ။

ပဏ္ဏိကဇာတ် ပြီး၏။

***

၁၀၃ - ဝေရိဇာတ်

မိမိ ပိုင်စားသော ရွာငယ်တစ်ခုသို့ သွားသဖြင့် ခရီးအကြားတွင် ရန်သူ ခိုးသားဘေးမှ လွတ်မြောက်လာသော သူဌေးအကြောင်း။

ခိုးသားဘေးမှ လွတ်ခဲ့ရ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အနာထပိဏ် သူဌေးကြီးသည် မိမိစားရသော ရွာသို့ လှည်းယာဉ်ဖြင့် သွားလတ်သော် အပြန်တွင် ခရီးအကြား၌ သူခိုးတို့ကို မြင်လေ၏။

ထိုအခါ သူဌေးကြီးသည် ခရီးအကြား၌ တည်းခိုနေထိုင်ရန် မသင့်၊ သာဝတ္ထိမြို့တော် နေအိမ်သို့ အရောက် ပြန်မည်ဟု နွားတို့ကို အတင်းမောင်းနှင်ကာ ပြန်ခဲ့ရ၏။

အိမ်သို့ရောက်၍ နံနက်အခါ မြတ်စွာဘုရားထံ အဖူးမြော်သွားရင်း ထိုအကြောင်းကို လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် “သူဌေးကြီး ... ရှေးအခါ၌လည်း သူခိုးတို့သည် ခရီးအကြားဝယ် ပညာရှိတို့ကိုမြင်၍ မလုယက်ဘဲ မိမိနေရာသို့သာ ပြန်လာကုန်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဘေးရန်ကင်းရ ဝမ်းမြောက်လှ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် စည်းစိမ် ဥစ္စာ များစွာကြွယ်ဝသော သူဌေးကြီး တစ်ဦး ဖြစ်လေ၏။

တစ်နေ့သ၌ သူဌေးကြီးသည် မွန်မြတ်သောဘောဇဉ်ကို သုံးဆောင်ရန် ပင့်ဖိတ်သဖြင့် ရွာငယ်တစ်ခုသို့ လှည်းယာဉ်ဖြင့်သွားရာ အပြန်တွင် ခရီးအကြား၌ သူခိုးတို့ကို မြင်၍ တည်းခိုနေထိုင်ရန် မသင့်ဟု နွားတို့ကို အမြန်မောင်းနှင်ကာ အိမ်သို့ အရောက်ပြန်လေ၏။

အိမ်သို့ရောက်လျှင် မွန်မြတ်သော ဘောဇဉ်တို့ကို သုံးဆောင်ပြီး၍ မွန်မြတ်သော အိမ်ရာ၌ လျောင်းစက်ကာ ငါ့မှာ သူခိုးတို့လက်မှ လွတ်မြောက်လျက် ဘေးမရှိရာ၊ မိမိအိမ်သို့ ပြန်လာပေသည်ဟု ဆင်ခြင်အောက်မေ့သဖြင့် -

“ရန်သူတို့နေရာ၌ တစ်ရက်၊ နှစ်ရက်မျှ နေရခြင်းပင် ဆင်းရဲလှ၏။ သို့အတွက် ပညာရှိသောသူသည် ရန်သူတို့နေရာ၌ မနေထိုင်ရာ” –

ဟု ဝမ်းမြောက်ဝမ်းသာ ဥဒါန်းစကား မြွတ်ကြားလေ၏။ နောက်အခါ အသက်ထက်ဆုံး အလှူ အစရှိသော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်ကာ သေလွန်သောအခါ ကံအားလျှော်စွာ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီ သူဌေးသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရန်သူ့နေရာ၊ နေသူမှာ၊ လွန်စွာဆင်းရဲရ။

(၂) ပညာရှင်များ၊ သတိပွား၊ ပြောင်းသွားမနေကြ။

ဝေရိဇာတ် ပြီး၏။

***

၁၀၄-မိတ္တဝိန္ဒကဇာတ်

နတ်စည်းစိမ်တို့ထက် လွန်ကာ .. အလိုရမ္မက်ကြီး သဖြင့် သင်ဓုန်းစက်ငရဲခံရသော မိတ္တဝိန္ဒကအကြောင်း။

ဆုံးမသွန်သင် နားမဝင်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆုံးမ ခက်သော ရဟန်းတပါးရှိလေ၏။

[ပစ္စုပ္ပန်ဝတ္ထု, အတိတ်ဝတ္ထုတို့သည် ပြဆိုခဲ့ပြီးသော ဇာတ်နံပါတ် ၈၂-မိတ္တဝိန္ဒကဇာတ်နှင့်အကုန်တူ၏။ အထူးသဖြင့် ဤမိတ္တဝိန္ဒကဇာတ်ကား ဤဘဒ္ဒကမ္ဘာ ကဿပမြတ်စွာဘုရား လက်ထက်တော်၌ ဖြစ်၏။

အလိုကြီးလှ ဘေးဒဏ်ရ

ထိုအခါ သင်ဓုန်းစက်ကို ခေါင်းပေါ် တွင် ရွက်၍ခံရသော ငရဲသားသတ္တဝါ တယောက်သည် မိမိထံ ရောက်လာသော ဘုရားအလောင်းနတ်သားအား “အရှင်...အကျွန်ုပ်သည် အဘယ်မကောင်းမှုကို ပြုခဲ့ဘူးသနည်း”ဟု မေးလေ၏၊ ထိုအခါ ဘုရားအလောင်းနတ်သားသည်-

“အမောင်.....သင်ကား ဗိမာန်တခုနေ နတ် ပြိတ္တာမ လေးယောက်တို့ကို၎င်း, ဗိမာန်တခုနေ နတ်ပြိတ္တာမ ရှစ်ယောက်တို့ကို၎င်း, ဗိမာန်တခုနေ နတ်ပြိတ္တာမ တဆယ့်ခြောက်ယောက်တို့ကို၎င်း, ဗိမာန်တခုနေ နတ်ပြိတ္တာမ သုံးဆယ့်နှစ်ယောက်တို့ကို၎င်း အဆင့်ဆင့်ရခဲ့ပြီ၊ ၎င်းတို့နှင့် မရောင့်ရဲနိုင်ဘဲ အလွန်အလိုကြီးသော သင့်အား ခေါင်းပေါ်တွင် မရပ်မနား ခုတ်နေသော သင်ဓုန်းစက် ကိုရခဲ့ပြီ”-

ဟုပြောဆို၍ မိမိနတ်ပြည်သို့ ပြန်သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်–

ရဟန်းတို့...

*ထိုအခါ မိတ္တဝိန္ဒကသည်-ယခုအခါ အဆုံးမခက်သော ရဟန်း။

*နတ်သားသည်-ငါဘုရားဖြစ်လာပြီ–

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) နတ်ပြိတ္တာမ၊ ဆင့်ဆင့်ရ၊ စိတ်ကမရောင့်ရဲ။

(၂) အလိုဆိုးဖျက်၊ သင်ဓုန်းစက်၊ ခေါင်းထက်ရသည်နဲ။

မိတ္တဝိန္ဒကဇာတ် ပြီး၏။

***

၁၀၅ - ဒုဗ္ဗလကဋ္ဌဇာတ်

အလွန်ထိတ်လန့်ကြောက်ရွံ့၍ သစ်ကိုင်းကျိုးသည်ကိုပင်ပြေးနေသဖြင့် ရုက္ခစိုး တရားဟောရသော ဆင်အကြောင်း။

ကြောက်ခြင်းမရှိ မရဏသတိ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လွန်စွာ ထိတ်လန့် ကြောက်ရွံ့သော ရဟန်းတစ်ပါး ရှိလေ၏။

ထိုရဟန်းသည် လေတိုက်၍ သစ်ခက် သစ်ရွက် ကျိုးသောအသံ၊ သားငှက်တို့အသံကိုကြားလျှင် အလွန် ထိတ်လန့် ကြောက်ရွံ့လျက် အသံသည်းစွာ အော်ဟစ်၍ ပြေးလေ့ရှိ၏။

ထိုရဟန်းကား ငါ တစ်နေ့နေ့မှာ သေရမည်ဟု သတိမရ၊ သေရမည်ကို မသိ၊ မရဏဿတိ ကမ္မဋ္ဌာန်းကို မပွားများသည့် အတွက် သေရမည်ကို အလွန်ကြောက်၍ နေသည်။ မရဏဿတိ ကမ္မဋ္ဌာန်းကို ပွားများ၍ နေသောသူကား ဘယ်အခါမှ ကြောက်ရွံ့လေ့မရှိ။ ထိုရဟန်း၏ သေခြင်းမှ ထိတ်လန့် ကြောက်ရွံ့သောအဖြစ်သည် သံဃာ့ဘောင်တွင် ထင်ရှား၍ လာလေ၏။

ထိုအခါ ရဟန်းတို့သည် တရားသဘင်ဝယ် ထိုရဟန်းအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူကာ “ရဟန်းတို့ ... ဤရဟန်းအား နှလုံး မသာမယာ မဖြစ်စေလင့်၊ ဤရဟန်းကား ယခုအခါ၌သာ သေဘေးမှ ကြောက်သည်မဟုတ်၊ ရှေးအခါ၌လည်း ကြောက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ထိတ်လန့်အစဉ် တောပြေးဆင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဟိမဝန္တာတောဝယ် ရုက္ခစိုးနတ် ဖြစ်လေ၏။

ထိုအခါ ဗာရာဏသီမင်းသည် “မင်္ဂလာဆင်တော်ကို စစ်မြေပြင်၌ မကြောက်မရွံ့အောင် သင်ကြားလော” ဟု ဆင်ဆရာအား အပ်နှင်းလေ၏။ ဆင်ဆရာလည်း မင်္ဂလာဆင်တော်ကို တိုင်တွင်ချည်ကာ ချွန်းလက်စွဲကုန်သော သူတို့ကို ခြံရံစေ၍ စစ်မြေပြင်၌ မကြေက်မရွံ့အောင် သင်ကြားလေ၏။

ဆင်တော်သည် သင်ကြားလတ်သော် ဝေဒနာကို သည်းမခံနိုင်၍ ချည်တိုက်ကိုချိုးကာ လူတို့ကိုပြေးစေ၍ ဟိမဝန္တာတောသို့ ဝင်လေ၏။ လူတို့လည်း ဆင်တော်ကို မဖမ်းနိုင်တော့သဖြင့် ပြန်ကြရကုန်၏။

တောသို့ရောက်သောအခါလည်း ချည်တိုင်၌ချည်ကာ ပြုလုပ်နေသကဲ့သို့ သေဘေးမှ ကြောက်သဖြင့် လက်မောင်းကိုလှုပ်ကာ လျင်မြန်စွာ ပြေးလေ၏။ ကိုင်စိတ် မချမ်းသာဘဲ အမြဲ ထိတ်လန့်တုန်လှုပ်ကာသာ နေ၏။

ရုက္ခစိုးနတ်သည် ဆင်ကိုမြင်၍ သစ်ပင်ခွ၌ရပ်လျက် -

“အို - ဆင်ပြောင်ကြီး ... ဤတောထဲ၌ အားနည်းသော သစ်ခက်သစ်ရွက်ခြောက်များစွာသည် လေတိုက်၍ ကျိုးပြတ်ကျကြ၏။ သည်အသံကို ကြောက်ရွံ့မနေလင့်၊ ကြောက်ရွံ့နေလျှင် သင့်မှာ တဖြည်းဖြည်း ပိန်ချုံးလာလိမ့်မည်၊ သင့်အား ဘေးရန်မရှိ” - ဟု ရုက္ခစိုးနတ်သည် မကြောက်မရွံ့အောင် ဆင်အား အဆုံးအမ ပေးလေ၏။ ဆင်လည်း ထိုနေ့မှစ၍ ကြောက်ရွံ့ခြင်းမရှိတော့ဘဲ သွားလာကျက်စားကာ နေလေ၏။

ဤဒေသနာတော်၏ အဆုံး၌ ထိတ်လန့်ကြောက်ရွံ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဆင်သည် - ယခုအခါ ကြောက်ရွံ့သော ရဟန်း။

ရုက္ခစိုးနတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သေခြင်းတရား၊ မသိငြား၊ ကြောက်အားပိုတတ်လှ။

(၂) အကြောက်လွန်ရာ၊ ဘေးဖြစ်လာ၊ ချမ်းသာမရှိကြ။

ဒုဗ္ဗလကဋ္ဌဇာတ် ပြီး၏။

***

၁၀၆ - ဥဒဉ္စနိဇာတ်

မိန်းမ၏ လောဘအလိုသည် မပြည့်သော ရေလောင်းအိုးနှင့် တူလှသည်ဟု ကဲ့ရဲ့ကာ ဖခင်ရသေ့ထံ ပြန်လာသော ရသေ့ငယ် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

[ဤဇာတ်တော်၌ ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္ထုတို့သည် တေရသနိပါတ် စူဠနာရဒကဿပဇာတ်၌ ထင်စွာ ဖြစ်ကုန်လတ္တံ့။]

မိန်းမလှည့်စားရဟန်းတစ်ပါး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အပျိုကြီး ဖြားယောင်းသဖြင့် သာသနာတော်မှ လူထွက်လိုသော ရဟန်းတစ်ပါး ရှိလေ၏။

ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံ ယူဆောင်၍ သွားကြရာ မြတ်စွာဘုရားသည် “ချစ်သားရဟန်း ... ဤအပျိုကြီးသည် ယခုအခါ၌သာ သင်၏ အကျိုးမဲ့ကို ပြုသည် မဟုတ်၊ ရှေးအခါ၌လည်း ပြုဖူးပြီ၊ ထိုမိန်းမကို မှီ၍ သီလပျက်သောအခါ ပညာရှိတို့ကို မှီ၍ ချမ်းသာရာရဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မိန်းမနှင့်တွေ့ ရှင်ရသေ့

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်း သားအဖ နှစ်ယောက်တို့သည် ရသေ့ ရဟန်းပြုကာ ဟိမဝန္တာတော်၌ နေကြကုန်၏။

တစ်နေ့သ၌ အဖ ရသေ့ကြီးသည် တောသို့သွား၍ သစ်သီးကြီးငယ်တို့ကို ရှာဖွေပြီးလျှင် ညဉ့်အခါ ကျောင်းသို့ပြန်ရောက်သည်ရှိသော် သားရသေ့ငယ်အား “ချစ်သား ... သင်သည် တခြားနေ့တို့၌ ထင်းကိုသယ်၍ထားသည်၊ ယနေ့မှုကား ဘာတစ်ခုမျှ မပြုနှင့်၊ အဘယ်ကြောင့် မျက်နှာမသာ မှိုင်တွေချလျက် အိပ်ဘိသနည်း” ဟု မေးလေ၏။

ထိုအခါ ရသေ့ငယ်သည် “ဖခင် ... သင်တို့ သစ်သီးကြီးငယ် ရှာဖွေသွားစဉ် မိန်းမတစ်ယောက်လာ၍ အကျွန်ုပ်ကို ခေါ်ယူသွားရန် ပြင်ဆင်အားထုတ်နေပါသည်၊ အကျွန်ုပ်ကား ဖခင် လွှတ်မှသွားမည်၊ မလိုက်လိုသေးဟု ပြောဆိုကာ အနီးတစ်နေရာမှာထားပြီး ပြန်ခဲ့ပါသည်၊ ဖခင် ... အကျွန်ုပ် သွားလိုပါသည်၊ ခွင့်ပြုတော်မူပါ” ဟု တောင်းပန်လေ၏။

အဘရသေ့ကြီးလည်း ဤရသေ့ငယ်ကား မလိုက်ရန်တားမြစ်၍ ရတော့မည် မဟုတ်ဟု သိသဖြင့်“ချစ်သား ... ထိုသို့ဖြင့်လျှင် လိုက်သွားပါ၊ မိန်းမတို့မည်သည်ကား သင့်ကို ခေါ်ယူသွားပြီးလျှင် သူတို့လိုရာ ဝတ္ထုပစ္စည်းကို ရအောင် ရှာဖွေလုပ်ကိုင်ရန် အဖန်ဖန်ခိုင်း၍ ပင်ပန်းစေလိမ့်မည်၊ ပင်ပန်းလှ၍ မနေလိုသောအခါ အဖထံသို့သာ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ခဲ့လော့” ဟု မှာထား၍ လွှတ်လိုက်၏။

ရသေ့ငယ်လည်း ရသေ့ကြီးထံမှ ထွက်ခွာ၍ ထိုမိန်းမနှင့်အတူ လူတို့နေရာသို့သွားကာ ပေါင်းသင်းနေထိုင်လေ၏။ ထိုအခါ မိန်းမသည် ရသေ့လူထွက်အား ဆန်ယူချေ၊ ဆီယူချေ၊ ငါးယူချေ၊ အမဲယူချေ စသည်ဖြင့် မိမိအလိုရှိရာ ပစ္စည်းဥစ္စာတို့ကို ရှာဖွေလုပ်ကိုင်၍ပေးရန် အဖန်ဖန် စေခိုင်းလေ၏။

မိန်းမကိုမုန်း ရသေ့ဘုန်း

ထိုအခါ ရသေ့လူထွက်သည် “ဤမိန်းမကား ငါ့ကို ကျွန်အမှုလုပ်ကဲ့သို့ စေခိုင်းဘိသည်၊ နှိပ်စက်ဘိသည်” ဟု အဖ၏ ဂုဏ်ကျေးဇူးကို သတိရကာ အဘရသေ့ကြီးထံ သွား၍ ရှိခိုးပြီးလျှင် -

“ဖခင် ... ဖခင်ထံမှာ ချမ်းသာစွာ အသက်မွေးနေသော ကျွန်ုပ်တို့ကို ရေလောင်းအိုးနှင့်တူသော သူခိုးမသည် ဖြားယောင်း သွေးဆောင်၍ယူကာ ဆန်ပေးပါ၊ ဆီပေးပါ၊ ဆားပေးပါ စသည်ဖြင့် တောင်းဘိ၏” –

ဟု အဘရသေ့ကြီးအား ပြန်ကြားလျှောက်ထားလေ၏။

အဘရသေ့ကြီးလည်း သားငယ်ကို နှစ်သိမ့်စေ၍ “ချစ်သား ... ဗြဟ္မဝိဟာရတရား လေးပါးကို ပွားစေလော့၊ ကသိုဏ်းပရိကံကို ပြုလော့” ဟု ညွှန်ကြားစေခိုင်းလေ၏။ ရသေ့ငယ်လည်း မကြာမီ အဘိညာဉ်ငါးပါး၊ သမာပတ် ရှစ်ပါးတို့ကို ဖြစ်စေ၍ ဗြဟ္မဝိဟာရတရားကို ပွားများကာ အဘရသေ့ကြီးနှင့်အတူ ဗြဟ္မာ့ပြည်သို့ လားရ၏။

ဤဒေသနာတော်၏ အဆုံး၌ သာသနာတော်မှ လူထွက်လိုသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ အပျိုကြီးသည် - ယခုအခါ ယခုအခါ အပျိုကြီး။

ရသေ့ငယ်သည် - လူထွက်လိုသော ရဟန်း။

အဘရသေ့ကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကာမဂုဏ်ငါး၊ လိုလိုက်စား၊ မမှားပျက်စီးမည်။

(၂) လူသော, ရှင်သော၊ ရဟန်းသော၊ ဂုဏ်လျောကျတတ်သည်။

ဥဒဉ္စနိဇာတ် ပြီး၏။

***

(၁၀၇) သာလိတ္တကဇာတ်

ခဲပစ်အတတ် အလွန်တတ်မြောက်သဖြင့် ရွာစားအမြှောက်ခံရသော ငဆွံ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ခဲပစ်အတတ် တစ်ဖက်ကမ်းခပ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကျောက်စရစ်ခဲလုံးပစ်အတတ်ဝယ် တစ်ဖက်ကမ်းရောက် တတ်မြောက်လိမ္မာသော ရဟန်းတစ်ပါး ရှိလေ၏။ ထိုရဟန်းသည် သီလ သိက္ခာ၌ ကျင့်ရန်အလိုမရှိ။

တစ်နေ့သ၌ ထိုကျောက်စရစ်ခဲလုံး အပစ်ကောင်းသော ရဟန်းသည် ရဟန်းငယ်တစ်ပါးကိုခေါ်ကာ အစိရဝတီ မြစ်ကမ်းသို့သွား၍ ရေချိုးပြီးလျှင် မြစ်ကမ်းဝယ် ခဏနားနေ၏။ ထိုအခါ ဟင်္သာဖြူ နှစ်ကောင်တို့သည် ကောင်းကင်မှ ပျံသွားကြကုန်၏။

ကျောက်စရစ်ခဲလုံး အပစ်ကောင်းသော ရဟန်းသည် ရဟန်းငယ်ကို “ငါ့ရှင် … နောက်ကပျံသော ဟင်္သာမျက်စိကို မှန်အောင်ပစ်၍ ကျစေမည်” ဟု ပြောလေ၏။ ရဟန်းငယ်က “ဘယ်လို ကျစေမလဲ၊ မှန်အောင်မပစ်နိုင်” ဟု ပြောလေ၏။ ကျောက်စရစ် အပစ်ကောင်းသော ရဟန်းက “သည်ဘက်မျက်စိမှ ဟိုဘက်မျက်စိ ဖောက်သွားအောင် ပစ်မည်” ဟု ပြောပြန်၏။ ရဟန်းငယ်က “မဟုတ်မမှန် မဖြစ်နိုင်တာကို မပြောပါလင့်” ဟု ပြောပြန်၏။

ဟင်္သာပစ်ချ ရေထဲကျ

ထိုအခါ ကျောက်စရစ် အပစ်ကောင်းသော ရဟန်းသည် “ကောင်းပြီ ကြည့်ပါ” ဟု ဆို၍ ကျောက်စရစ်ခဲကို လက်ချောင်း၌ ထားကာ ဟင်္သာနောက်သို့ ပစ်လိုက်သော အခါ ဝီးဝီးအသံမြည်လျက် သွားလေ၏။ ဟင်္သာလည်း ခဲသံကြား၍ ပြန်ကြည့်နေစဉ် နောက်တစ်လုံးဖြင့် ထပ်ပစ်လိုက်သောအခါ မျက်စိတစ်ဖက်မှ တစ်ဖက်သို့ ဖောက်ထွင်းသွားသဖြင့် အသံကျယ်လောင်စွာ အော်မြည်လျက် ခြေရင်းတွင် ကျ၍ သေလေ၏။

ရဟန်းတို့သည် ထိုရဟန်းကိုခေါ်၍ မြတ်စွာဘုရားထံ ထိုအကြောင်းကို လျှောက်ထားကြရာ မြတ်စွာဘုရားသည် ထိုရဟန်းအား ကဲ့ရဲ့တော်မူ၍ “ရဟန်းတို့ … ဤရဟန်းကား ယခုအခါ၌ သာ ကျောက်စရစ်ခဲပစ် အတတ်၌ လိမ္မာသည် မဟုတ်၊ ရှေးအခါ၌ လည်း လိမ္မာခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဆုံးမဖို့ရာ အကြောင်းရှာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ပညာရှိအမတ် ဖြစ်လေ၏။ ပုရောဟိတ်ပုဏ္ဏားသည် အလွန် စကားများ၏။ ပုဏ္ဏား စကားပြောသည်ရှိသော် သူ တစ်ပါးတို့ ပြောဆိုခွင့်မရကုန်၏။

မင်းကြီးလည်း ဘယ်သောအခါ ၌ ပုဏ္ဏား စကားမပြောနိုင်အောင် လုပ်သော အတ်ပညာ တစ်စုံတစ်ခုကို ရပါအံ့နည်းဟု ကြံစည်လျက်နေ၏။ ထို့နေ့မှစ၍ အတတ်ပညာကို စုံစမ်းလျက်သွား၏။

ထိုအခါ ဗာရာဏသီမြို့တော်ဝယ် ငဆွံ့တစ်ယောက်သည် ကျောက်စရစ်ခဲလုံးပစ် အတတ်ဝယ် တစ်ဖက်ကမ်းရောက် တတ်မြောက်လိမ္မာ၏။ ရွာသူသားသယ်တို့သည် ငဆွံ့ကို ရထားတွင်တင်ကာ ဆွဲငင်၍ မြို့တံခါးရင်းရှိ ညောင်ပင်ကြီးသို့ ခေါ်ဆောင်ပြီးလျှင် ဝန်းရံကြလျက် အဖိုးအခပေး၍ ဆင်ရုပ်လုပ်ပါ၊ မြင်းရုပ်လုပ်ပါ စသည်ဖြင့် ခိုင်းကြကုန်၏။ ငဆွံ့သည် ကျောက်စရစ်ခဲလုံးဖြင့်ပစ်ကာ ညောင်ရွက်တို့၌ အထူးထူးသော အရုပ်တို့ကို ပြုလုပ်ထားသဖြင့် ညောင်ပင်တစ်ပင်လုံးမှာ အပေါက်ကြီး အပေါက်ငယ်တို့ဖြင့် ပြည့်နှက်လျက်ရှိလေ၏။

ခဲပစ်ပြုလေ့ အဆွံ့တွေ့

မင်းကြီးသည် ဥယျာဉ်တော်သို့ သွားသောအခါ ညောင်ပင်ရင်းသို့ ရောက်လျှင် သူခပ်သိမ်းတို့သည် ပြေးကြကုန်၏။ ငဆွံ့မူကား ထိုအရပ်၌ ပင် အိပ်၏။ မင်းကြီးလည်း ရထားပေါ်မှကြည့်လတ်သော် ညောင်ပင်တစ်ပင်လုံး အပေါက်တို့ကို မြင်၍ “အမောင် …ဤညောင်ရွက်တို့ကို အဘယ်သူ ဖောက်သနည်း” ဟု မေး၏။ “အရှင်မင်းကြီး …. ငဆွံ့ ကျောက်စရစ်ခဲနှင့်ပစ်၍ ဖောက်ပါသည်” ဟု လျှောက်လေ၏။ မင်းကြီးလည်း နေရာကျပြီ ဤငဆွံ့ကိုမှီ၍ ပုဏ္ဏားစကားမပြောနိုင်အောင် လုပ်မည်ဟု ကြံစည်ကာ “အမောင် … ငဆွံ့ ဘယ်မှာနည်း” ဟု မေး၏။ “အရှင်မင်းကြီး … ညောင်မြစ်ကြားတွင် အိပ်နေသူ ဖြစ်ပါသည်” ဟု လျှောက်ကြ၏။

ပုဏ္ဏားခံတွင်း ဆိတ်ချေးသွင်း

ထိုအခါ ငဆွံ့ကိုခေါ်စေပြီးလျှင် ပရိသတ်တို့ကို တခြားသို့ သွားစေ၍ “အမောင် … ငါ့ထံမှာ စကား အလွန်များသော ပုဏ္ဏားတစ်ယောက် ရှိသည်။ ၎င်းပုဏ္ဏားကို စကားမပြောအောင် တတ်နိုင်ပါမည်လော” ဟု မေး၏။ “အရှင်မင်းကြီး … မှန်လှပါ တတ်နိုင်ပါသည်၊ ဆိတ်ချေး *တစ်ကွမ်းစားလောက်သာ ပေးတော်မူပါ” ဟု လျှောက်ထားလေ၏။ မင်းကြီးလည်း ငဆွံ့ကို နန်းတော်သို့ ဆောင်ပြီးလျှင် ပုဏ္ဏား ခစားမည့် နေရာအနီး၌ တင်းတိမ် ကာစေလျက် ပုဏ္ဏားပါးစပ်နှင့် တည့်လောက်အောင် အပေါက်ငယ်ကို ဖောက်စေ၍ အတွင်းတွင် ဆိတ်ချေး တစ်ကွမ်းစားနှင့် ငဆွံ့ကို နေစေ၏။

ဆိတ်ချေးဝမှ သတိရ

ပုရောဟိတ် ပုဏ္ဏားလည်း မင်းကြီးထံလာ၍ မိမိ ခစားမြဲနေရာက ခစားကာ သူတစ်ပါးတို့ စကားမဝင်နိုင်အောင် အတွင်သာ ပြောလေ၏။ ငဆွံ့လည်း တင်းတမ်တွင်းကနေ၍ စကားပြောမည်ဟု ပါးစပ် ဟတိုင်း၊ ဟတိုင်း တင်းတိမ်ပေါက်က ဆိတ်ချေးတစ်လုံးတစ်လုံးပစ်၍ ပုဏ္ဏားပါးစပ်တွင်းသို့ သွင်းလေ၏။ အတန်ကြာလျှင် ပုဏ္ဏား ဝမ်းဗိုက်တွင် ဆိတ်ချေး တစ်ခွက်သားလောက် ဝင်လေ၏။

မင်းကြီးလည်း ဆိတ်ချေး ကုန်သည်ကိုသိ၍ “ဆရာ … ဆရာတို့ကား အလွန်စကားများသည့်အတွက် ဆိတ်ချေး တစ်ခွက်သားလောက် ဝမ်းဗိုက်ထဲ ရောက်နေသည်ကိုပင် မသိချေ၊ ကြာလျှင် ဒုက္ခရောက်ချေတော့မည်၊ အိမ်သို့အမြန်ပြန်လော့၊ ငုသီးရေကိုသောက်၍ ဝမ်းနှုတ်ဦးလော့” ဟု ဆိုလေ၏။ ပုဏ္ဏားလည်း ထိုနေ့မှစ၍ အရှက်ရသဖြင့် စကားလွန်စွာ မပြောတော့ချေ။

အတတ်အပေါင်း သင်မှကောင်း

မင်းကြီးလည်း ဤငဆွံ့ကို မှီ၍ ငါ့မှာ နားချမ်းသာပေသည်ဟု အတတ်ပညာ ဟူသမျှကို သင်အပ်သည်သာတည်း၊ တတ်မြောက်လျှင် ကောင်းသည်သာတည်း၊ ငဆွံ့အား အခွန် တစ်သိန်းစီထွက်သော အရပ်လေးမျက်နှာရှိ ရွာကြီး လေးရွာတို့ကို အပို်င်စားစေ၍ ချီးမြှောက်တော်မူ၏။

ထိုအခါ ပညာရှိအမတ်မင်းကြီးသည် မင်းကြီးထံကပ်၍ -

“အရှင်မင်းကြီး … လောက၌ ပညာရှိတို့ မည်သည် အတတ်ပညာ ဟူသမျှကို သင်အပ်သည်သာတည်း၊ တတ်မြောက်လျှင် ကောင်းသည်သာတည်း၊ ငဆွံ့သည်ပင် ဆိတ်ချေးပစ်သော အတတ်ပညာကို တတ်ရုံမျှနှင့် အခွန်တစ်သိန်းစီ ထွက်သော ရွာကြီးလေးရွာဝယ် ရွာစားမင်း ဖြစ်ရသေး၏” –

ဟု မင်းကြီးကို တရားဟောပြောကာ အဆုံးအမ ဩဝါဒ ပေးလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ငဆွံ့သည် - ယခုအခါ ကျောက်စရစ်ခဲ အပစ်ကောင်းသော ရဟန်း။

မင်းကြီးသည် - အာနန္ဒာ။

ပညာရှိအမတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အတတ်ဟူက၊ တတ်ကောင်းစွ၊ မုချကျိုးရှိသည်။

(၂) ဆိတ်ချေးပစ်ငြား၊ ငဆွံ့ကား၊ ရွာစားဖြစ်လေသည်။

သာလိတ္တက ပြီး၏။

***

၁၀၈ - ဗာဟိရဇာတ်

လွင်တီးခေါင်အရပ်၌ အညစ်အကြေးကို ယဉ်ကျေးစွာ စွန့်တတ်သူကို မိဖုရားမြှောက်သော လိစ္ဆဝီမင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လိစ္ဆဝီမောင်နှံ ဆုံကြပြန်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော စုလစ်မွန်ချွန် တပ်သောကျောင်း၌ သီတင်းသုံးတော်မူစဉ် လိစ္ဆဝီမင်း တစ်ယောက်သည် သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ဘုရား အမှူးရှိသော သံဃာတော်ကို အိမ်သို့ ပင့်ဖိတ်၍ အလှူကြီးစွာ ပေးလှူ၏။

ထို လိစ္ဆဝီမင်း၏ မယားကား ဝဖြိုးသော ကိုယ်အင်္ဂါရှိ၏။ ဖူးဖူးရောင်သော သူသေကောင်နှင့်တူ၏။ အသွင်ပြင်နှင့် မပြည့်စုံ။

မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေး၍ တရားဟောတော်မူပြီးသော် ကျောင်းတော်သို့ ကြွတော်မူကာ ရဟန်းတို့အား အဆုံးအမ ဩဝါဒပေး၍ ဂန္ဓကုဋိသို့ ဝင်တော်မူ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် “ ငါ့ရှင်တို့ ... အလွန် အဆင်းလှသော လိစ္ဆဝီမင်းဖြစ်လျက် ဝဖြိုးသော ကိုယ်အင်္ဂါရှိ၍ အသွင်အပြင်နှင့် မပြည့်စုံသော မယားကို ရရှာသည်၊ ထိုမိန်းမနှင့် အဘယ်သို့ မွေ့လျော်နိုင်ပါအံ့နည်း” ဟု စကားစပ်မိ၍ ပြောဆိုနေကြစဉ် မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... ဤ လိစ္ဆဝီမင်းကား ယခုအခါ၌သာ ဝဖြိုးသော ကိုယ်အင်္ဂါရှိသော မိန်းမနှင့် မွေ့လျော်သည်မဟုတ်၊ ရှေးအခါ၌လည်း မွေ့လျော်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အခင်ကြီးပြီးမြောက် မိဖုရားမြောက်

လွန်လေပြီးသောအခါ ဗာရာဏသီဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုမင်း၏ ပညာရှိအမတ် ဖြစ်လေ၏။

ထိုအခါ ဇနပုဒ်သူ မိန်းမတစ်ယောက်သည် ဝဖြိုးသော ကိုယ်အင်္ဂါရှိ၏။ အသွင်အပြင်နှင့် မပြည့်စုံ၊ အခစားလုပ်ကာ အသက်မွေးရ၏။

တစ်နေ့သ၌ ထိုမိန်းမသည် အခစားလုပ်လျက် မင်းရင်ပြင်ဖြင့် သွားလတ်သော် ကျင်ကြီးသွားကိုသည်ဖြစ်၍ ကိုယ်ဝတ်ဖြင့် ကိုယ်ကိုဖုံးလွှမ်းကာ ထိုင်လျက် ကျင်ကြီးသွား၍ အညစ်အကြေး သုတ်သင်ပြီးလျှင် လျင်မြန်စွာ ထလေ၏။

ထိုအခါ မင်းကြီးသည် လေသာပြတင်းဖြင့် ကြည့်ရှုခိုက်ကြုံ၍ “ဤမိန်းမကား လွင်တီးခေါင်၌ အညစ်အကြေး သုတ်သင်ရာမှာပင် ကိုယ်ဝတ်ဖြင့် ဖုံးလွှမ်း၍ သုတ်သင်ပေသည်၊ အရှက်အကြောက်ရှိပေ၏။ အလွန်ကိစ္စပြီးလွယ်သည်၊ အနာရောဂါမရှိ၊ သားအိမ်သန့်ရှင်းသည် ဖြစ်ရာ၏။ သားအိမ် သန့်ရှင်းလျှင် ဘုန်းပညာရှိသောသားကို ရပေရာ၏။သို့အတွက် ဤမိန်းမကို မိဖုရားကြီးအရာ၌သာ ထားရန် သင့်မြတ်၏ဟု ကြံစည်၍ ကာမပိုင်လင် ရှိ၊ မရှိ မေးမြန်စေရာ ကာမပိုင်လင် မရှိကြောင်းသိရ၍ မင်းချင်းတစ်ယောက်ကို ခေါ်စေပြီးလျှင် မိဖုရားကြီးအရာ၌ ထားလေ၏။

အတတ်ပညာ စည်းစိမ်လာ

မင်းကြီးသည် ထိုမိဖုရားကြီးကို အလွန်ချစ်မြတ်နိုးတော်မူ၏။ မကြာမြင်မီ သားတစ်ယောက်ကို ဖွားမြင်လေ၏။ ထိုသားသည် နောက်အခါ စကြဝတေးမင်း ဖြစ်လေ၏။

ပညာရှိအမတ်ကြီးလည်း မိဖုရားကြီး၏ စည်းစိမ်ချမ်းသာကိုမြင်၍ အတတ်ပညာနှင့်စပ်သော အကြောင်းကို ပြောလိုသဖြင့် “ အရှင်မင်းကြီး ... အတတ်ပညာ ဟူသမျှမှာ သေးနုပ်သည် ဟု မဆိုရာ၊ သင်ကောင်း၊ တတ်ကောင်းသည်သာတည်း။ ဤဆင်းရဲသောမိန်းမ ဖြစ်လျက်လည်း အရှက်အကြောက်ကို မစွန့်ဘဲ ဖုံးလွှမ်း၍ အညစ်အကြေး သုတ်သင်သည့်အတွက် သင်မင်းကြီး နှစ်သက်တော်မူသဖြင့် မိဖုရားကြီး စည်းစိမ်ကို ရပေသည်ဟု သက်သေပြကာ -

လောက၌ သင်ကြားလိုသော ဆန္ဒရှိသူသည် အတတ်ပညာဟူသမျှကို သင်ကြားရာ၏။ ဇနပုဒ်သူသည် ဖုံးလွှမ်း၍ အညစ်အကြေး သုတ်သင်သော အတတ်ပညာဖြင့် မင်းကြီးကို နှစ်သက်စေ၍ စည်းစိမ်ချမ်းသာကို ရပေသည် -

ဟု အတတ်ပညာ၏ ဂုဏ်ကျေးဇူးကို ချီးကျူးလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းနှင့် မိဖုရားသည် - ယခုအခါ လိစ္ဆဝီမင်းနှင့် မိဖုရား။

ပညာရှိအမတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အတတ်မှန်က၊ တတ်ကောင်းစွ၊ ခုချသင်ရာဟူ။

(၂) ကျင်ကြီးစွန့်တတ်၊ မိဖျားမြတ်၊ ဖြစ်လတ်ဇနပုဒ်သူ။

ဗာဟိရဇာတ် ပြီး၏။

***

၁၀၉– ကုဏ္ဍကပူဝဇာတ်

ကြက်ဆူပင်စောင့်နတ်အား ဆန်ကွဲရုံနှင့် ပူဇော် သဖြင့် သူဌေးဖြစ်ရသော ဆင်းရဲသားအကြောင်း။

ပစ္စပ္ပုန်ဝတ္ထု

တမြို့လုံးညီတူ ပေါင်းဆုံလှူ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိ မြို့တော်ဝယ် အခစားလုပ်၍ အသက်မွေးသူ မဟာဒုဂ္ဂတမည်သော သူဆင်းရဲတယောက် ရှိလေ၏။

ထိုအခါ သာဝတ္ထိ မြို့သူမြို့သားတို့သည် ဘုရားအမှူးရှိသော သံဃာကို ရံခါတဦးတည်း၊ ရံခါနှစ်ဦးသုံးဦးပေါင်း၍ ရံခါတလမ်းလုံး၊ ရံခါတမြို့လုံး လှူဒါန်းလေ့ရှိကြကုန်၏။

ဆင်းရဲသားမုံ့လှူ ဘုရားခံယူ

တနေ့သ၌ တလမ်းလုံးညီညွတ်ကာ လှူဒါန်းကြရာအချို့က ယာဂုယူခဲ့ကြရန်၊ အချို့က ခဲဘွယ်ယူခဲ့ကြရန် စသည်ဖြင့် အချင်းချင်း ဆော်အောကြကုန်၏၊ ထိုအခါ မဟာဒုဂ္ဂတသည် ထိုခရီးလမ်း၌ နေသဖြင့် ငါသည် အလွန်ဆင်းရဲလှ၏၊ ယာဂု လှူအံ့သောငှါ မတတ်နိုင်၊ ခဲဘွယ်ကိုလှူမည်ဟု ကြံစည်ကာ သိမ်မွေ့နူးညံ့သော ဆန်ကွဲကို ထောင်း၍ ရေဖြင့်နယ်ကာ မရိုးရွက်ဖြင့်ထုပ်လျက် ပြာပူ၌ အုံး၍ ကျက်နပ်သောအခါ မြတ်စွာဘုရားကို လှူမည်ဟု မုံ့ကိုယူလျက် မြတ်စွာဘုရားထံသွားကာ အသင့်စောင့်ဆိုင်း၍နေလေ၏။

ခဲဘွယ်ယူခဲ့ကြဟု ဆိုသောအခါ တခွန်းတည်းသော စကားဖြင့်ပင် သူတပါး အရင်ဦးအောင်သွား၍ မြတ်စွာဘုရားအား ကပ်လှူလေ၏၊ မြတ်စွာဘုရားလည်း အခြားသူတို့ ခဲဘွယ်ကို အလှူမခံတော့ဘဲ မဟာဒုဂ္ဂတ၏ ဆန်ကွဲမုံ့ကိုသာကို ဘုဉ်းပေးတော်မူ၏၊ တခဏချင်း၌ မြတ်စွာဘုရားသည် မဟာဒုဂ္ဂတ၏ ဆန်ကွဲမုံ့ကို အမြိုက်သုဓာဘုတ်ကဲ့သို့ မြိန်မြိန် ရှက်ရှက် ဘုဉ်းပေးတော်မူသည်ဟု တမြို့လုံးတပြိုင်နက် အုတ်အုတ်ကျက်ကျက်ဖြစ်လေ၏။

မုံ့လှူအကျိုး စည်းစိမ်တိုး

ထိုအခါ အယုတ်ဆုံးတံခါးစောင့်မှအစ မှူးမတ် သေနာပတိအထိ တမြို့လုံးစည်း ဝေးကာ သူ့ထက်ငါ တဆ, နှစ်ဆ စ သည်ဖြင့် ဥစ္စာတို့ကိုပေးကြလျက် သာဓုခေါ်ကြကုန်၏၊ မဟာဒုဂ္ဂတလည်း ဥစ္စာတို့ကိုယူကာ အလှူအဘို့ကို အမျှပေး ဝေလေ၏၊ ခဏချင်းလျှင် ရွှေကိုးကုဋေတို့ကို ရလေ၏၊ မြတ်စွာဘုရားလည်း အနုမောဒနာ ပြုပြီးလျှင် ကျောင်းတော်သို့ ပြန်လေ၏၊ မင်းကြီးလည်း ညချမ်းအခါ မဟာဒုဂ္ဂတကို ခေါ်၍ သူဌေးရာထူးဖြင့် ချီးမြှောက်လေ၏။

ရဟန်းတို့လည်း တရားသဘင်ဝယ် မဟာဒုဂ္ဂတ အကြောင်းစကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူကာ “ရဟန်းတို့ ယခုအခါ၌သာ မဟာဒုဂ္ဂတ၏ ဆန်ကွဲမုံ့ကို အမြိုက်သုဓာဘုတ်ကဲ့သို့ ဘုန်းပေးသည်မဟုတ်၊ ရှေးအခါ ရုက္ခစိုးနတ်ဖြစ်စဉ်၌လည်း စားဘူးပြီ၊ ယခုအခါ၌သာ ငါ့ကိုမှီ၍ သူဌေးရာထူးကိုရသည်မဟုတ် ရှေးအခါ၌လည်း ရဘူးပြီ”ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

နတ်ပူဇော်မှု ရှေးကပြု

လွန်လေပြီးသောအခါ ဗာရာဏသီ ပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည်တခုသော အရပ်ဝယ် ကြက်ဆူပင်စောင့် ရုက္ခစိုးနတ် ဖြစ်လေ၏၊ ထိုအခါ လူတို့သည် နတ်ကို ကိုးကွယ်ပသလေ့ ရှိကြကုန်၏။

တနေ့သ၌ နတ်ပူဇော်ပွဲသဘင် ဖြစ်လတ်သော် လူတို့သည် မိမိတို့ကိုးကွယ်ရာ သစ်ပင်ကြီးတို့ကို ရှင်းလင်း သုတ်သင်၍ ပန်းနံ့သာ နံ့သာပျောင်း အခိုးအထုံတို့ကို၎င်း, ရွှံ့ခဲဘွယ် ဘောဇဉ်တို့ကို၎င်း ယူဆောင်ကြလျက် မိမိတို့ကိုးကွယ်ရာ ရုက္ခစိုးနတ်တို့အား ပူဇော်ပသကုန်၏။

သူဆင်းရဲတယောက်လည်း ကြက်ဆူပင်တပင်ကို ရှင်းလင်းသုတ်သင်၍ ဆန်ကွဲမုံ့နှင့်ရေတမှုတ်ကို ယူဆောင်ကာ ကြက်ဆူပင်စောင့် ရုက္ခစိုးနတ်အား ပူဇော်မည်ဟု သွား၍ အနီးတွင် ရပ်လျက် နတ်တို့မည်သည်မှာ နတ်ဩဇာကို စားကြသည်၊ ကြက်ဆူပင်စောင့် ရုက္ခစိုးနတ်လည်း ဤဆန်ကွဲရုံကို စားမည်မဟုတ်၊ သို့အတွက် နတ်အား မပူဇော် မပသတော့ပြီ၊ ငါပင် စားတော့မည်”ဟု ကြံစည်လျက် ပြန်မည် ပြုလေ၏။

စကားမြွက်ဟ ကိုယ်ထင်ပြ

ထိုအခါ ရုက္ခစိုးနတ်သည် ကြက်ဆူပင် ခွတွင် ရပ်လျက် “အိုယောက်ျား... သင်သည် အကယ်၍ စည်းစိမ်ရှင်ဖြစ် ငြားအံ့၊ ငါ့အား ကောင်းသောခဲဘွယ်ဘောဇဉ်ကို ပူဇော်ပသ ပေမည်၊ ယခုမူကား အလွန်ဆင်းရဲလှ၏၊ ငါသည် သင့်မုံ့ ကိုမစားဘဲ တပါးသော ခဲဘွယ်ကို အဘယ့်ကြောင့် စားရ မည်နည်း၊ ငါ့အဘို့ကို မပျက်စီးပါစေလင့်၊ နတ်တို့မည်သည်မှာ ကွယ်ပသသူများ စားသောအစာအာဟာရကိုပင် စားရမြဲဖြစ်သည်၊ သင့်ဆန်ကွဲမှုကို ယူခဲ့ပါ”ဟု ဂုဏ်မငယ်ရအောင် အားပေးစကား ပြောကြား၏။

လူ့အစာမှ ဩဇာရ

သူဆင်းရဲလည်း ရုက္ခစိုးနတ်ကို မြင်၍ အားတက်သရောဖြစ်ကာ ပူဇော်ပသလေ၏၊ ရုက္ခစိုးနတ်လည်း ဆန်ကွဲမုံ့မှ ဩဇာကိုစား၍–

မေး။ “အို–ယောက်ျားဘယ်အတွက် ငါ့ကိုပူဇော် ပသသနည်း။”

ဖြေ။ “အရှင်နတ်မင်း.. အကျွန်ုပ်မှာ အလွန်ဆင်းရဲလှ၏၊ နတ်မင်းကိုမှီ၍ ဆင်းရဲမှလွတ်လိုသည့်အတွက် ပူဇော်ပသပါသည်” ဟု ပြောလေ၏။

ထိုအခါ ကြက်ဆူပင်စောင့်နတ်သည် “အိုယောက်ျား မစိုးရိမ်လင့်၊ သင်ကား ငါ့ကို ကျေးဇူးပြုပေသည်၊ ငါသည် သင့်အား ကျေးဇူးတုံ့ပြန်၍ ဆပ်မည်၊ ငါ့ကြက်ဆူပင်ကို ဝန်းရံလျက် လည်ပင်းချင်းထိ၍ တည်သော ရွှေအိုးများရှိသည်၊ သင်သည် မင်းကြီးကို အတိအလင်း လျှောက်ကြားပြီးလျှင် တူးဖေါ်သယ်ယူ၍ မင်းရင်ပြင်တွင် ပုံစေလော့၊ မင်းကြီးသည် နှစ်သက်တော်မူသဖြင့် သင့်အားသူဌေးရာထူးကို ပေးလိမ့်မည်”ဟု ပြောဆိုကာ ပျောက်ကွယ်လေ၏။ သူဆင်းရဲလည်း နတ်မင်းဆိုတိုင်း ပြုလေ၏၊ မင်းကြီးလည်း သူဆင်းရဲအား သူဌေးရာထူးဖြင့် ချီးမြှောက်လေ၏၊ သူဆင်းရဲလည်း ကြက်ဆူပင်စောင့် ရုက္ခစိုးနတ်ကို မှီ၍ ကြီးစွာသောစည်းစိမ်ချမ်းသာကို ရရှိလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန်နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်-

ရဟန်းတို့...

*ထိုအခါ သူဆင်းရဲသည်-ယခုအခါ သူဆင်းရဲ။

*ကြက်ဆူပင်စောင့် ရုက္ခစိုးနတ်သည်-ငါဘုရားဖြစ် လာပြီ–

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဘုန်းရှိသူအား၊ ပူဇော်ငြား၊ ကြီးပွားမျက်မှောက်တွင်။

(၂) ပူဇော်ဆန်ကွဲ၊ သူဆင်းရဲ၊ ထူးကဲသူဌေးပင်။

ကုဏ္ဍကပူဝဇာတ်ပြီး၏။

***

[မှတ်ချက်... (၁၁၀) သဗ္ဗသံဟာရကပဉှဇာတ်၊ (၁၁၁) ဂဒြဘပဉှဇာတ်၊ (၁၁၂) အမရာဒေဝိပဉှဇာတ်တို့သည် မဟာနိပါတ် မဟာဥမင်္ဂဇာတ်ခေါ် မဟောသဓဇာတ်နှင့်တူကုန်၏၊ အလိုရှိသောပုဂ္ဂိုလ်တို့သည် မဟောသဓဇာတ်၌ ကြည့်ရှုကြပါကုန်။]

၁၁၃ - သိင်္ဂါလဇာတ်

ဥစ္စာတပ်မက်သော ပုဏ္ဏားအား ဥစ္စာဖြင့် လှည့်စားဖြားယောင်းကာ ခိုင်းစေသော မြေခွေးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မုသားဆိုတတ် ဒေဝဒတ်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် တရားဘဘင်ဝယ် “ငါ့ရှင်တို့ ... ဒေဝဒတ်သည် ရဟန်းငယ်ငါးရာတို့ကို ဆောင်လျက် ဂယာသီသသို့သွား၍ ‘ရဟန်းဂေါတမအကျင့်သည် တရားမဟုတ်၊ ငါ့အကျင့်သာ တရားဟုတ်၏’ ဟု မုသားဆိုကာ တစ်သိမ်တည်း၌ နှစ်ခုသော ဥပုသ်ကိုပြုစေသည်” ဟု ဒေဝဒတ်၏ ကျေးဇူးမဲ့ကို ပြောဆိုကာ နေကြကုန်၏။

ထိုအခိုက်တွင် မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... ဒေဝဒတ်သည် ယခုအခါ၌သာ မုသားဆိုလေ့ရှိသည် မဟုတ်၊ ရှေးအခါ၌လည်း မုသားဆိုခဲ့ပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသည်း။

အတိတ်ဝတ္ထု

မြေခွေးလှည့်ပုံ ပုဏ္ဏားယုံ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သာသာန်တောဝယ် ရုက္ခစိုးနတ် ဖြစ်လေ၏။

ထိုအခါ ဗာရာဏသီမြို့တော်ဝယ် နက္ခတ်ပွဲသဘင် ပြုလုပ်ကြသဖြင့် လူတို့သည် အထူးထူးသော နတ်တို့အား ပူဇော်ပသကြကုန်၏။ ခရီးလေးဆုံ၊ ခရီးလမ်းမ စသည်တို့၌ ငါး၊ အမဲ စသည်တို့မှာ ဖရိုဖရဲကြဲကုန်၏။ အိုးကင်းငယ်တို့၌လည်း များစွာသော သေရည်တို့ကို ထားကြကုန်၏။

ညဉ့်သန်းခေါင်ယုံအချိန်၌ *မြေခွေးတစ်ကောင်သည် ရေပြွန်ပေါက်ဖြင့် မြို့တွင်းသို့ဝင်၍ ငါး၊ အမဲတို့ကို ဝအောင်စားပြီးလျှင် သေရည်ကိုသောက်ကာ ချုံကြားသို့ဝင်လျက် မိုးလင်းသည်တိုင်အောင် အိပ်ပျော်၍နေလေ၏။

မိုးလင်း၍ အလင်းရောင်ကိုမြင်လတ်သော် ယခုအခါထွက်ရန်မသင့်ဟု မထင်ရှားသောကိုယ်ဖြင့် ဝပ်လျက် တစ်ပါးသူတို့ကို မြင်သော်လည်း တစ်စုံတစ်ရာ စကားမဆိုလေ။ ပုဏ္ဏားတစ်ယောက် မျက်နှာသစ်ရန် လာသည်ကိုမြင်လျှင် ပုဏ္ဏားတို့မည်သည်မှာ ဥစ္စာ၌တပ်မက်သော အလေ့ရှိသည်။ ဤပုဏ္ဏားကို ဥစ္စာဖြင့် ဖြားယောင်း၍ လူမြင်မရအောင် ချိုင်းကြား၌ ထားစေပြီးလျှင် မြို့ပြင်အရောက်ပို့စေမည်ဟု ကြံစည်လျက် လူတို့ဘာသာဖြင့် “အိုပုဏ္ဏား ...” ဟု ခေါ်လေ၏။ ပုဏ္ဏားသည် နောက်သို့ပြန်၍ကြည့်ကာ “အဘယ်သူခေါ်သနည်း” ဟု မေးလေ၏။ မြေခွေးက “ငါခေါ်သည်” ဟု ပြော၏။ “အဘယ်ကြောင့် ခေါ်သနည်း” ဟု မေးပြန်၏။ “ငါ့မှာ ငွေနှစ်ရာရှိသည်၊ ငါ့ကို ချိုင်းကြား၌ ထားကာ လူမမြင်အောင် မြို့ပြင်အရောက်ပို့လျှင် သင့်အား ပေးမည်” ဟု ပြောလေ၏။

ရုက္ခစိုးပြောဘိ ပုဏ္ဏားသိ

ပုဏ္ဏားလည်း ဥစ္စာ၌ တပ်မက်မောသဖြင့် ကောင်းပြီဟု ဝန်ခံကာ မြေခွေးကို ချိုင်းကြား၌ထား၍ ပွေ့ချီကာ အပေါ်ရုံဖြင့် ခြုံလျက် မြို့ပြင်သို့သွားလေ၏။ မြို့ပြင်သို့ ရောက်လျှင် မြေခွေးက သုသာန်သို့ အပို့ခိုင်းပြန်၏။ သုသာန်သို့ရောက်သောအခါ အောက်သို့ အချခိုင်းပြီးလျှင် မြေခွေးက ပုဏ္ဏားကိုယ်ရုံ ပုဆိုးဖြူကို ဖြန့်ခင်းလော့ဟုဆို၍ ဖြန့်ခင်းသောအခါ ပုဏ္ဏားကိုတစ်ဖန် သစ်ပင်ရင်း၌ မြေကို အတူးခိုင်းပြန်သဖြင့် တူးရပြန်၏။

မြေခွေးသည် ပုဏ္ဏား မြေတူးနေခိုက် ပုဆိုးဖြူပေါ်သို့ တက်၍ ထောင်းလေးထောင့်တို့၌ လည်းကောင်း၊ အလယ်၌ လည်းကောင်း ကျင်ကြီးကျင်ငယ်တို့ကိုစွန့်ကာ သုသာန်တောထဲသို့ ဝင်ပြေးလေ၏။

ထိုအခါ ရုက္ခစိုးနတ်သည် ပုဏ္ဏား -

“အို ပုဏ္ဏား ... သေရည်မူး၍ပြောသော မြေခွေးစကားကို သင် ယုံကြည်သလော၊ မြေခွေးမှာ ငွေနှစ်ရာကို ထားဘိဦး ယောက်သွားနှစ်ရာပင် မရှိလေ” –

ဟု ပြောဆိုပြီးလျှင် တစ်ဖန်ပုဏ္ဏား သွားလော့၊ သင်၏ ကိုယ်ရုံပုဆိုးဖြူကို ဖွပ်လျှော်၍ ရေချိုးပြီးလျှင် မိမိပြုလုပ်ရန် အမှုကိစ္စကိုသာ ပြုလုပ်လောဟု ပြောဆို၍ ပျောက်ကွယ်လေ၏။

ပုဏ္ဏားလည်း ရုက္ခစိုးနတ်ဆိုတိုင်း ပြုလုပ်ပြီး၍ မြေခွေးကား ငါ့ကိုလှည့်စားလေပြီဟု နှလုံးမသာသည် ဖြစ်၍ သုသာန်မှ ဖဲခဲ့လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြေခွေးသည် - ယခုအခါ ဒေဝဒတ်။

ရုက္ခစိုးနတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) လောဘတရား၊ ဖြစ်လာငြား၊ မှန်မှားမသိကုန်။

(၂) ဥစ္စာနှင့်မျှား၊ ပုဏ္ဏားအား၊ လှည့်စားမြေခွေးပုံ။

(၃) ဥစ္စာမရ၊ ချေးသေးရ၊ ဖွပ်ရအပေါ်ရုံ။

သိင်္ဂါလဇာတ် ပြီး၏။

***

၁၁၄ - မိတစိန္တိဇာတ်

လုံ့လမရှိ ပျင်းရိသော မိတ်တွေတို့အား အသက်ဘေးမှ ကယ်ဆယ်ရသော မိတစိန္တီ ငါးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရဟန်းကြီးနှစ်ပါး အပျင်းများ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သက်ကြီး ရဟန်းနှစ်ပါးတို့သည် ဇနပုဒ်ရွာ တောကျောင်းတစ်ခုဝယ် ဝါဆိုကြကုန်၏။

ထိုရဟန်းကြီးတို့သည် ဝါကျွတ်သောအခါ မြတ်စွာဘုရားကို အဖူးအမြင်သွားမည်ဟု ကြံစည်ကာ ရိက္ခာကို စီရင်ကြကုန်၏။ ယနေ့သွားမည်၊ နက်ဖြန်သွားမည်ဟု ကြံစည်လျက် တစ်လလွန်လျှင် ရိက္ခာကုန်လေ၏။ ရှေးနည်းတူ နောက်၌လည်း နှစ်လလွန်ပြန်၏။ သုံးလလွန်သောအခါ ဇေတဝန်ကျောင်းတော်သို့သွား၍ အကျွမ်းဝင်ရာကျောင်း၌ တည်းခိုကာ မြတ်စွာဘုရားကို ဖူးမြင်ကြကုန်၏။

ထိုအခါ ရဟန်းတို့သည် “ငါ့ရှင်တို့ ... အဘယ်ကြောင့် မြတ်စွာဘုရား ဖူးမြင်ရန် ကြာမြင့်မှ လာကြသနည်း” ဟု မေးကြကုန်၏။ ထိုရဟန်း ကြီးတို့သည် ရဟန်းတို့အား ထိုအကြောင်းကို လျှောက်ထားကုန်၏။ ထိုအခါ ရဟန်းကြီး နှစ်ပါးတို့ ပျင်းရိသောအဖြစ်သည် သံဃာ့ဘောင်၌ ထင်ရှားလေ၏။

ရဟန်းတို့သည် တရားသဘင်၌ ထိုရဟန်းကြီးနှစ်ပါးတို့အကြောင်း စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူပြီးလျှင် “ရဟန်းတို့ ... ဤရဟန်းကြီးတို့သည် ယခုအခါ၌သာ ပျင်းရိသည်မဟုတ်၊ ရှေးအခါ၌လည်း ပျင်းရိဖူးပြီ၊ နေရာ၌ တပ်စွန်းဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အပျင်းကြီးဘိ ပိုက်ကွန်မိ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဗရာဏသီမြစ်နားဝယ် မိတစိန္တီမည်သော ငါး၊ ဗဟုစိန္တီ မည်သော ငါး၊ အပ္ပစိန္တီ မည်သောငါး ဤငါးသုံးကောင်တို့သည် တောအရပ်၌ လာကုန်၍ လူတိုနေရာတွင် ကျက်စားကာ နေကြကုန်၏။

ထိုငါးသုံးကောင်တို့တွင် မိတစိန္တီ ငါးသည် အဆွေငါးနှစ်ကောင်တို့အား “အဆွေတို့ ... လူတို့နေရာမည်သည်ကား ရွံရှာဖွယ်ရှိ၏။ ဘေးဘမ်းရှိ၏။ တံငါတို့သည် ကွန်၊ မြှုံး စသည်တို့ကိုချကာ ငါးတို့ကို ဖမ်းကြကုန်၏။ ငါတို့သည် တောအရပ်သို့ ပြန်ကြကုန်အံ့” ဟု ပြောလေ၏။ တခြားငါးနှစ်ကောင်တို့သည် ယနေ့သွားမည်၊ နက်ဖြန်သွားမည် ပြောဆိုကာ ပျင်းရိခြင်း အစာအာဟာရကို တပ်စွန်းခြင်းတို့ကြောင့် မသွားဖြစ်ဘဲ သုံးလလွန်ကုန်၏။

ထိုအခါ တံငါတို့သည် မြစ်၌ ကွန်ပစ်ကြကုန်၏။ ဗဟုစိန္တီငါးနှင့်၊ အပ္ပစိန္တီငါးတို့သည် အစာရှာကြလျက် ရှေ့မှ သွားလတ်သော် ပျင်းရိမိုက်မဲသည့်အတွက် ကွန်နံ့ကို မသိကြဘဲ ကွန်ဝမ်းသို့ ဝင်မိကြကုန်၏။

အကြံကောင်းချက် ပိုက်ကွန်ထွက်

မိတစိန္တီငါးသည် နောက်မှလိုက်သည်ရှိသော် ကွန်နံ့ရကာ အဆွေငါးနှစ်ကောင်တို့ ကွန်ဝမ်းသို့ ဝင်မိကြသည်ကိုသိ၍ ပျင်းရိမိုက်မဲသော ငါးနှစ်ကောင်တို့အား အသက်ကို ငါချမ်းသာပေးမည်ဟု ကြံစည်ကာ ကွန်အပြင် နံပါးဖြင့် ကွန်ဝမ်းတည်ရာ အရပ်သို့သွား၍ ကွန်ဝမ်းကို ခွဲထွက်သည့်အလား ရေကိုမွှေနှောက်၍ တစ်ဖန် ကွန်ရှေ့သို့သွားကာ ကွန်ဝမ်းကိုဖောက်၍ နောက်မှထွက်သည့်အလား နောက်သို့သွားလျက် ရေကိုမွှေနှောင်လေ၏။

တံငါတို့သည် ကွန်ဝမ်းကိုခွဲ၍ ငါးများ ထွက်ကုန်ပြီ ထင်မှတ်ကာ ကွန်ကိုကိုင်၍ ဖောက်ကြကုန်၏။ ထိုအခါ ဗဟုစိန္တီငါးနှင့် အပ္ပစိန္တီငါးတို့သည် ကွန်မှလွတ်ကာ ရေသို့ကျလျက် မိတစိန္တီကိုမှီ၍ အသက်ဘေးမှ ချမ်းသာရကြကုန်၏။

မြတ်စွာဘုရားသည် အတိတ်ကိုဆောင်တော်မူ၍ ဘုရားဖြစ်တော်မူသောအခါ ရဟန်းတို့အား -

“ရဟန်းတို့ ... ဗဟုစိန္တီငါးနှင့် အပ္ပစိန္တီငါးတို့သည် ပျင်းရိမိုက်မဲသည့်အတွက် ကွန်၌ မိကြသောအခါ မိတစိန္တီငါးသည် လွတ်စေသဖြင့် ထိုငါးနှစ်ကောင်တို့မှာ မိတစိန္တီငါးနှင့် ပြန်၍ ပေါင်းမိကြရကုန်၏” ဟု ဟောတော်မူ၏။

ဤဒေသနာတော်၏ အဆုံး၌ သက်ကြီးရဟန်း နှစ်ပါးတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗဟုစိန္တီငါးနှင့် အပ္ပစိန္တီငါးတို့သည် - ယခု အခါ သက်ကြီးရဟန်းနှစ်ပါး။

မိတစိန္တီငါးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပျင်းရိမိုက်မဲ၊ လုံ့လနည်း၊ မလွဲပျက်စီးမည်။

(၂)အပ္ပ,ဗဟု၊ ငါးနှစ်ခု၊ မိုက်မှု ကွန်မိသည်။

(၃) မိတငါးမွန်၊ ဉာဏ်ရည်ချွန်၊ ပိုက်ကွန်လွတ်ရသည်။

မိတစိန္တိဇာတ် ပြီး၏။

***

၁၁၅ - အနုသာသိကဇာတ်

သူတစ်ပါးတို့အား ဆုံးမပါလျက် မိမိမူကား မလိုက်နာသဖြင့် အသက်ဆုံးရှုံးရသော ငှက်မအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သူတစ်ပါးတား မိမိသွား

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သူတစ်ပါးကိုသာ ဆုံးမ၍ မိမိမူကား မလိုက်နာသော ရဟန်းမိန်းမတစ်ပါး ရှိလေ၏။

ထိုရဟန်းမိန်းမသည် ရဟန်းဖြစ်မှစ၍ ရဟန်းတရားကို အားမထုတ်လေ။ အာမိသ၌သာ တပ်မက်မော၍ နေ၏။ သူတစ်ပါးတို့ မသွားသောအရပ်သို့သာ ဆွမ်းခံသွားလေ့ရှိ၏။ လူတို့သည် ထိုရဟန်းမိန်းမအား မွန်မြတ်သော ဆွမ်းဘောဇဉ်ကို လှူဒါန်းကြကုန်၏။ မိမိဆွမ်းခံသွားရာ အရပ်သို့ သူတစ်ပါးတို့ မသွားဝံ့အောင် ဆင်ကြမ်းရှိသည် မြင်းကြမ်းရှိသည်၊ ဆိတ်ကြမ်းရှိသည်၊ ခွေးကြမ်းရှိသည် စသည်ဖြင့် ခြောက်လှန့်လေ့ရှိ၏။

အသွားမဆင်ခြင် ဘေးဒဏ်ထင်

တစ်နေ့သ၌ ဆွမ်းခံသွားသည်ရှိသော် မစူးစမ်းမဆင်ခြင်ဘဲ လျင်မြန်စွာ အိမ်သို့ဝင်သဖြင့် ထိုရဟန်းမိန်းမသည် ဆတ်ခတ်၍ ပေါင်ရိုးကျိုးလေ၏။ ထိုအခါ လူတို့သည် လျင်မြန်စွာ ပြေးလာကြ၍ ပေါင်ကို ကျပ်စည်းပြီးလျှင် ညောင်စောင်း၌တင်ကာ ဘိက္ခူနီမကျောင်းသို့ ပို့ကြကုန်၏။

ရဟန်းမိန်းမတို့သည် ထိုရဟန်းမိန်းမကိုမြင်လျှင် “ရှင်မကား ... သူတစ်ပါးတို့ကို ဆုံးမတားမြစ်ပါလျက် မိမိကိုယ်တိုင် ထိုအရပ်သို့သွား၍ ပေါင်ရိုးကျိုးခဲ့ပြီ မဟုတ်လော” ဟု ပြက်ရယ်ပြုကြကုန်၏။ ထိုအကြောင်းသည် သံဃာ့ဘောင်ဝယ် တစ်နေ့တစ်ခြား ထင်ရှား၍လာလေ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် စကားစပ်မိ၍ ထိုရဟန်းမိန်းမအကြောင်း ပြောဆိုကာ ကဲ့ရဲ့နေကြရာ မြတ်စွာဘုရား ကြွလာတော်မူလျှင် “ရဟန်းတို့ ... ဤရဟန်းမိန်းကား ယခုအခါ၌သာလျှင် သူတစ်ပါးကို ဆုံးမသည်မဟုတ်၊ ရှေးအခါ၌လည်း ဆုံးမခဲ့ဖူးပြီ၊ မိမိမူကား မကျင့်သည့်အတွက် အခါခပ်သိမ်း ဆင်းရဲတွေ့ခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဘေးရန်မကြောက် မိမိရောက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ငှက်မျိုး၌ ဖြစ်၍ အရွယ်ရောက်သောအခါ ငှက်မင်းဖြစ်လျက် အထောင်မကသော ငှက်အပေါင်းတို့ဖြင့် ခြံရံကာ ဟိမဝန္တာအရပ်တွင် နေလေ၏။

ထိုငှက်တို့တွင် ငှက်ကြမ်းမတစ်ကောင်သည် သူတစ်ပါးတို့နှင့်အတူ ကျက်မစားဘဲ ခရီးလမ်းမသို့သွား၍ ကျက်စား၏။ ထိုငှက်ကြမ်းမအား လှည်းမှကျရစ်သော စပါး၊ ပဲ စသော အစာတို့ကို ရလေ၏။

မိမိကျက်စားရာအရပ်သို့ မသွားဝံ့အောင် တခြားငှက်တို့ကို ဆင်ကြမ်းရှိသည်၊ မြင်းကြမ်းရှိသည်၊ လှည်းတွေအတင်း မောင်းနှင်လာတတ်သည်။ အဆောတလျင် ပျံသန်းတိမ်းရှောင်ခြင်းငှာ မတတ်နိုင်၊ မသွားကြလေနှင့်ဟု ခြိမ်းခြောက်ကာ တားမြစ်ဆုံးမလေ့ရှိ၏။ ထိုငှက်မ၏ အမည်သည် သူတစ်ပါးကို အဆုံးအမပေးတတ်သည့်အတွက် အနုသာသိကာဟု မှည့်ခေါ်ကြကုန်၏။

ငှက်မင်းဆုံးမ ဥပမာပြ

တစ်နေ့သ၌ ခရီးလမ်းမသို့သွား၍ ကျက်စားလတ်သော် လှည်းတစ်စီးသည် လေအဟုတ်ကဲ့သို့ လျင်မြန်သော အဟုန်ဖြင့် မောင်းနှင်လာလေ၏။ အနုသာသိကာသည် လှည်းသံကို ကြားသော်လည်း ဝေးသေးသည်ဟု ဂရုမစိုက်ဘဲ ကျက်စားမြဲ ကျက်စားကာ နေလေ၏။ လှည်းအနီးသို့ ရောက်သောအခါ လျင်မြန်လှသဖြင့် ထ၍မပျံနိုင်တော့ဘဲ လှည်းကြိတ်မိသဖြင့် လမ်းမတွင်ပင် နှစ်ပိုင်းပြတ်ကာ သေလေ၏။

ငှက်မင်းသည် ငှက်တို့စည်းဝေးသောအခါ အနုသာသိကာငှက်မကို မမြင်သဖြင့် ငှက်တို့ကို စုံစမ်းခိုင်းလေ၏။ ငှက်တို့သည် စုံစမ်းရှာဖွေသည်ရှိသော် ခရီးလမ်းမ၌ နှစ်ပိုင်းပြတ်၍ သေနေသည်ကို မြင်ကြ၍ ငှက်မင်းအား ကြားလျှောက်ကြကုန်၏။

ထိုအခါ ငှက်မင်းသည် ငှက်အပေါင်းတို့အား -

“အို ငှက်အပေါင်းတို့ ... အနုသာသိကာငှက်မကား သူတစ်ပါးကို ဆုံးမတတ်၏။ မိမိကိုယ်တိုင်မူ လျှပ်ပေါ်လော်လည်သည့်အတွက် လှည်းလမ်းမမှာ အတောင်ပြတ်၍ သေရရှာပြီ” –

ဟု ပြောဆိုကာ အဆုံးအမပေးလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ အနုသာသိကာငှက်မသည် - ယခုအခါ ဆုံးမတတ်သော ရဟန်းမိန်းမ။

ငှက်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သူတစ်ပါးအား၊ ဆုံးမငြား၊ ကိုယ်ကားမကျင့်ပေ။

(၂) နုသာသိတွင်၊ ငှက်မလျှင်၊ လမ်းတွင်လှည်းကြိတ်သေ။

အနုသာသိကဇာတ် ပြီး၏။

***

၁၁၆ - ဒုဗ္ဗစဇာတ်

သေရည်မူး၍ မိမိတတ်သော ပညာထက် ကျော်လွန်ပြသဖြင့် လှံဖျား၌ အသက်ဆုံးရှုံးရသော လှံခုန်ဆရာအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆုံးမစကား မနာကြား

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆုံးမခက်သော ရဟန်းတစ်ပါး ရှိလေ၏။ ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံ ဆောင်ယူ၍လာကြသောအခါ မြတ်စွာဘုရားသည် “ရဟန်း ... သင်သည် ယခုအခါ၌သာ အဆုံးမခက်သည်မဟုတ်၊ ရှေးအခါ၌လည်း အဆုံးမခက်ဖူးပြီ၊ ပညာရှိတို့သည် အဆုံးအမကို မလိုက်နာသဖြင့် လှံစူး၍သေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သတိပေးရှာ မလိုက်နာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် လှံခုန်သော အတတ်ကို သင်ယူကာ ဆရာနှင့်တကွ အတတ်ပညာကိုပြလျက် မြို့ရွာအနှံ့အပြား လှည့်လည်လေ၏။ ဆရာသည် လှံလေးစင်းကို ခုန်နိုင်သော အတတ်ပညာကို တတ်မြောက်၍ လှံငါးစင်းကို ခုန်နိုင်သော အတတ်ပညာကို မတတ်မြောက်လေ။

တစ်နေ့သ၌ ဆရာသည် ရွာငယ်တစ်ခုဝယ် အတတ်ပညာကို ပြသသည်ရှိသော် သေရည်မူးယစ်သည်ဖြစ်၍ ငါးစင်းသောလှံတို့ကို ခုန်၍ပြမည်ဟု ပြောဆိုကာ အစဉ်အတိုင်း လှံငါးစင်းကိုစိုက်၍ ထားလေ၏။ ထိုအခါ တပည့်လုလင်သည် ဆရာအား “ဆရာတို့သည် လှံငါးစင်းကို ခုန်နိုင်သော အတတ်ပညာကို မတတ်ကုန်၊ တစ်စင်းကို ပယ်ပါ၊ အကယ်၍ ခုန်လျှင် ငါးစင်းမြောက်လှံစူး၍ သေလိမ့်မည်” ဟု သတိပေးစကား ပြောကြားလေ၏။

မူးယစ်သောက်စား ဘေးထိငြား

ဆရာလည်း သေရည်မူးယစ်နေသောကြောင့် တပည့်လုလင်အား “အမောင် ... အမောင်ကား ငါ၏ အစွမ်းကိုမသိ” ဟု ပြောဆိုကာ တပည့်လုလင်၏ စကားကို မနာယူဘဲ လှံလေးစင်းကို ခုန်ပြီးလျှင် ငါးစင်းမြောက်လှံကို ခုန်ရာဝယ် သစ်မည်စည်ပွင့်ကို သီတန်ဖြင့် သီထားသည့်အလား ငါးခုမြောက်လှံစူးသဖြင့် မြည်တမ်းကာ သေရရှာလေ၏။

ထိုအခါ တပည့်လုလင်သည် ဆရာအား -

“ဆရာ ... သင်ကား ယနေ့ခါတိုင်းထက်လွန်၍ ပြုသောအမှုကို အကျွန်ုပ် မနှစ်သက်၊ အကျွန်ုပ်ပြော စကားကို မနာယူဘဲ လှံလေးစင်းကို ခုန်ပြီးလျှင် ငါးစင်းမြောက်လှံဖြင့် သီလျက်သေရ၏” ဟု ပြောဆိုပြီးလဆင် ဆရာ၏ အလောင်းကို ကောင်းမွန်စွာ သင်္ဂြိုဟ်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လှံခုန်ဆရာသည် - ယခုအခါ အဆုံးမခက်သော ရဟန်း။

တပည့်ပညာရှိသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပညာရှိစကား၊ မနာကြား၊ ယွင်းမှားပျက်စီးမြဲ။

(၂) ငါးစင်းလှံချက်၊ ဆရာပျက်၊ စူးလျက်သေသည့်နဲ။

ဒုဗ္ဗစဇာတ် ပြီး၏။

***

(၁၁၇) တိတ္တိရဇာတ်

ဝေဒနာနှိပ်စက်၍ စိတ်ဆင်းရဲသောသူအား ကြမ်းတမ်းစွာပြောသဖြင့် အသက်သေရသောရသေ့နှင့် အလွန်မြည်တွန်၍ အသက်သေရသော ခါအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဝစီကြမ်းကြုတ် အသက်ပြုတ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောကာလိက အမည်ရှိသော ရဟန်းတစ်ပါး ရှိလေ၏။ ရဟန်းတို့သည် တရားသဘင်ဝယ် ကောကာလိကအကြောင်း စကားစပ်မိ၍ ပြောဆိုနေကြစဉ် မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ … ကောကာလိကသည် ယခုအခါ၌ သာ မိမိစကားကို မှီ၍ ပျက်စီးသည်မဟုတ်၊ ရှေးအခါ၌ လည်း ပျက်စီးဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

[ကောကာလိကဝတ္ထုသည် တေရသနိပါတ် တိတ္တိရဇာတ်၌ လည်းကောင်း၊ တက္ကာရိယဇာတ်၌ လည်းကောင်း ထင်စွာဖြစ်လတ္တံ့။ ]

အတိတ်ဝတ္ထု

ဆရာဝင်လုပ် အသက်ပြုတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဥဒိစ္စပုဏ္ဏား မျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်ပညာတို့ကို သင်ကြားတတ်မြောက်သော အခါ ကာမဂုဏ်တို့ကို စွန့်ပယ်ကာ ရသေ့ရဟန်းပြု၍ အဘိညာဉ်သမာပတ်တို့ကို ဖြစ်စေလျက် တပည့်ရသေ့ပေါင်း ငါးရာ အခြံအရံဖြင့် ဟိမဝန္တာအရပ်၌ နေလေ၏။

ထိုအခါ ဖျော့တော့သောရောဂါ စွဲကပ်လျက်ရှိသော ရသေ့တစ်ယောက်သည် ပုဆိန်ဖြင့် ထင်းတို့ကို ခွဲ၏။ နှုတ်ကြမ်း၍ အဆုံးမခက်သော ရသေ့တစ်ယောက်သည် ထိုထင်းခွဲသော ရသေ့အနီး၌ နေ၍ “ဤ၌ ပေါက်လော့၊ ဤ၌ ပေါက်လော့” ဟုဆိုလတ်သော် ထင်းခွဲသောရသေ့သည် အမျက်ထွက်၍ “သင်သည် ငါထင်းခွဲရာ၌ ဆရာလာ၍ လုပ်သည်” ဟု ထက်လှစွာသော ပုဆိန်ဖြင့် တစ်ချက်တည်း ပေါက်သဖြင့် အသက်ကုန်ခြင်းသို့ ရောက်လေ၏။ ဆရာရသေ့ကြီးသည် အလောင်းကို သင်္ဂြီုဟ်စေ၏။

ပမာဏမသိ သေဘေးထိ

ထိုအခါ ခါတစ်ကောင်သည် ရသေ့ကျော်းအနီး တော်ပို့တစ်ခုဝယ် နေလေ၏။ ထိုအခါ နံနက်တိုင်း တောင်ပို့ထ်ိပ်၌ ရပ်လျက် ကျယ်စွာ တွန်မြည်လေ့ရှိ၏။ မုဆိုးတစ်ယောက်သည် ခါသံကိုကြားလျှင် ထိုအရပ်သို့သွားကာ ဖမ်းယူ သတ်ဖြတ်၍ စားလေ၏။

ဆရာရသေ့ကြီးလည်း ခါတွန်သံကို မကြား၍ မေးလျှင် မုဆိုးဖမ်း၍ သတ်စားကြောင်း လျှောက်ထားကြ၏။ ထိုအခါ ရသေ့ကြီးလည်း မိမိမျက်မြင်ဖြစ်သော အကြောင်းနှစ်မျိုးကို တိုက်ဆိုင်ကာ ရသေ့တို့အလယ်၌ -

“အို ရသေ့အပေါင်းတို့ … အလွန်တွန်သော ခါ၏ အသံသည် ခါကိုသတ်သကဲ့သို့၊ ထို့အတူ ပညာမရှိမိုက်မဲတွေဝေသူကို အတိုင်းအရှည် ပမာဏထက်လွန်၍ ဆိုသော စကားသည် သတ်၏” ဟု အဆုံးအမပေးလေ၏။ နောက်အခါ ရသေ့ကြီးသည် ဗြဟ္မဝိဟာရတရားကို ပွားများစေပြီးလျှင် ဗြဟ္မာ့ပြည်သို့ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

အဆုံးအမခက်သော ရသေ့သည် - ကောကာလိက။

ရသေ့အပေါင်းသည် - ငါဘုရားပရိသတ်။

ငှက်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

မြည်တွန်သံမှာ တွန်သည့်ခါ လျင်စွာသတ်သလို။

အလွန်စကား လူမိုက်အား လျင်လျားသတ်သလို။

တိတ္တိရဇာတ် ပြီး၏။

***

(၁၁၈) ဝဋ္ဋကဇာတ်

မုဆိုးလက်တွင် ဥပါယ်ဉာဏ်သုံးသဖြင့် အသက်ဘေး လွတ်မြောက်သော ငုံးပညာရှိအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကိလေခေါင်းပါး သူဌေးသား

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိမြို့တော်ဝယ် စည်းစိမ်ဥစ္စာများစွာရှိသော ဥတ္တရသူဌေးကြီးဝယ် သားတစ်ယောက် ရှိလေ၏။ ထိုသူဌေးကြီးသည် ဗြဟ္မာ့ပြည်မှာ လာသူဖြစ်၍ အဆင်းလှ၏။ ကြည်ညိုဖွယ်ရှိ၏။ ဘုန်းပညာရှိ၏။

တစ်နေ့သ၌ တန်ဆောင်မုန်းလဝယ် နက္ခတ်ပွဲသဘင် ဖြစ်လတ်သော် လူအပေါင်းတို့သည် ပွဲသဘင်၌ ပျော်ပါးကြကုန်၏။ ဥတ္တရသူဌေးသား၏ အဆွေခင်ပွန်း ဖြစ်ကုန်သော သူဌေးသားတို့သည် မယားနှင့်တကွ ဖြစ်ကုန်၏။ ဥတ္တရသူဌေးသားကား ဗြဟ္မာ့ပြည်၌ ကြာမြင့်စွာနေခဲ့သူဖြစ်၍ ကိလေသာတို့၌ စွန်းငြိခြင်းမရှိ။

အဋ္ဌိကထင် ပြည့်တန်ဆာနှင်

အဆွေခင်ပွန်းဖြစ်သော သူဌေးသားတို့သည် ဥတ္တရသူဌေးသားအား နက္ခတ်ပွဲသဘင်အတွင်းဝယ် မိန်းမတစ်ယောက်နှင့် ပျော်ပါးရန် အကြိမ်ကြိမ် ပြောကြသော်လည်း ခွင့်မရကြကုန်။ ထိုအခါ သူဌေးသားတို့သည် ပြည့်တန်ဆာမ တစ်ယောက်ကို တန်ဆာဆင်စေပြီးလျှင် ဥတ္တရသူဌေးသားထံ အတင်းလွှတ်ကြကုန်၏။

ဥတ္တရသူဌေးသားသည် ပြည့်တန်ဆာမ အိပ်ရာသို့ဝင် လာသော်လည်း ကြည့်လည်း မကြည့်ရှု၊ စကားလည်း မပြော။ ပြည့်တန်ဆာမသည် မိန်းမတို့အမူအရာ စံပယ်ခြင်းဖြင့် ကြည့်ရှုစေမည်ဟု ကြံစည်ကာ သွားဖျားတို့ကို ဖော်လျက် ရယ်လေ၏။ သူဌေးသားလည်း သွားရိုး၌ အဋ္ဌိကသညာ နိမိတ်ကိုယူလျက် ပြည့်တန်ဆာမတစ်ကိုယ်လုံး အရိုးစုကဲ့သို့ ထင်လေ၏။ ထိုအခါ ပြည့်တန်ဆာမကို ရိက္ခာပေး၍ လွှတ်လိုက်၏။

သူဌေးသားဖမ်းထား မင်းချင်းများ

အစိုးရသူတစ်ယောက်သည် ခရီးကြား၌ ပြည့်တန်ဆာမကို မြင်၍ ရိက္ခာပေးကာ မိမိအိမ်သို့ခေါ်ဆောင်၍ ပျော်ပျားလေ၏။

ခုနစ်ရက်လွန်၍ နက္ခတ်ပွဲသဘင် ပြီးလတ်သော် ပြည့်တန်ဆာမ မိဘတို့သည် သမီးပြန်မလာသဖြင့် သူဌေးသားတို့ထံသွားပြီး စုံစမ်းလျှင် ဥတ္တရသူဌေးသားထံ ပို့လိုက်ကြောင်း ပြော၍ ၎င်းအိမ်သို့ လိုက်ကြ၏။ ရောက်လျှင် သူဌေးသားကို “သမီးဘယ်မှာနည်း” ဟု မေးကြ၏။ သူဌေးသားလည်း ခဏချင်းပင် ရိက္ခာပေး၍ လွှတ်လိုက်ကြောင်း ပြောလေ၏။

ပြည့်တန်ဆာမ မိဘတို့လည်း သမီးကိုရှာမရသဖြင့် သူဌေးသားကိုခေါ်၍ မင်းကြီးထံ သွားကြ၏။ မင်းကြီးလည်း သူဌေးသားက အဖြစ်အပျက် အကြောင်းစုံကို လျှောက်ထားသော်လည်းမရ၊ သူဌေးသားကို မင်းအာဧာ ပြုကြကုန်ဟု စီရင်လေ၏။

မင်းဒဏ်လွတ်မြောက် မဂ်,ဖိုလ်ရောက်

ထိုအခါ မင်းချင်းတို့သည် သူဌေးသားကို လက်ပြန်ကြိုးချည်ကာ ယူဆောင်၍ သွားကြကုန်၏။ သူဌေးသားလည်း ငါသည် အိမ်မှာနေ၍ ဤဒုက္ခမျိုးကို တွေ့ရသည်။ အကယ်၍ လွတ်လျှင် ရဟန်းပြုမည်ဟု ကြံစည်လျက် လိုက်လေ၏။ အဖ ဥတ္တရသူဌေးကြီးလည်း သားနောက်မှ ငို၍ လိုက်လေ၏။ ထိုအကြောင်းသည် တစ်မြို့လုံး ပျံ့နှံ့ကာ အုတ်အုတ်ကျက်ကျက် ဖြစ်လေ၏။

ပြည့်တန်ဆာမလည်း အုတ်အုတ်ကျက်ကျက် ဖြစ်သောအခါ ထိုအကြောင်းကိုသိ၍ အိမ်ပေါ်မှ ဆင်းသက်ကာ မိမိကိုယ်ကို မင်းချင်းတို့အား ပြလေ၏။ မင်းချင်းတို့လည်း ပြည့်တန်ဆာမကို တွေ့သဖြင့် သူ့မိဘထံအပ်နှင်း၍ သူဌေးသားကိုလည်း လွှတ်လိုက်၏။

သူဌေးသားလည်း လွတ်လျှင် မိမိကြံစည်ထားသော အတိုင်း အမိအဖတို့ထံ ခွင့်ပန်ကာ မြတ်စွာဘုရားထံ ရဟန်း ပြုလေ၏။ ဝိပဿနာကို ပွားများလျက် မကြာမီ အရဟတ္တဖိုလ်၌ တည်၍ ရဟန္တာအဖြစ်သို့ ရောက်လေ၏။

ရဟန်းတို့လည်း တရားသဘင်ဝယ် ဥတ္တရ သူဌေးသား အကြောင်း စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ … ဥတ္တရ သူဌေးသားသည် ယခုအခါသာလျှင် သေဘေးဖြစ်လတ်သော် ဥပါယ်ဖြင့် ဤဆင်းရဲမှ လွတ်စေအံ့ဟု ကြံစည်၍ သေဘေးမှ လွတ်သည် မဟုတ်၊ ရှေးပညာရှိတို့လည်း သေဘေး ဖြစ်လတ်သော် ဥပါယ်ဖြင့် ဤဆင်းရဲမှ လွတ်စေအံ့ဟု ကြံစည်၍ သေဘေးမှ လွတ်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဥပါယ်ဉာဏ်သုံး လွန်ပိန်ချုံး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ငုံးမျိုး၌ ဖြစ်လေ၏။

ထိုအခါ ငုံးမုဆိုးမတစ်ယောက်သည် တောမှ များစွာသောငုံးတို့ကို ဖမ်းယူကာ အိမ်တွင် ချိုင့်ဖြင့်လှောင်လျက် အစာရေစာကျွေးမွေး၍ ရောင်းချ အသက်မွေးလေ၏။

တစ်နေ့သ၌ မုဆိုးသည် တောသို့သွား၍ ဘုရားအလောင်း ငုံးပညာရှိနှင့်တကွ ငုံးများစွာတို့ကို ဖမ်းယူကာ အိမ်သို့ဆောင်ခဲ့၏။ ငုံးပညာရှိသည် “ငါကား မုဆိုးကျွေးမွေးသော အစာရေစာကို စားသောက်၍ ဝြဖိုးနေလျှင် ဝယ်သူ လာသောအခါ ရောင်းစားလိမ့်မည်။ အကယ်၍ မစားမသောက်ဘဲ ပိန်ချုံးနေလျှင် ရောင်းသော်လည်း ဝယ်သူ ရှိမည်မဟုတ်၊ ချမ်းသာရာရမည်၊ အသက်ဘေးကို ဥပါယ်ဖြင့် လွတ်စေမည်” ဟု ကြံစည်လျက် မုဆိုးကျွေးမွေးသမျှ အစာရေစာကို မစားမသောက်ဘဲနေသဖြင့် တဖြည်းဖြည်း ပိန်ချုံးလေ၏။

ဝယ်သူလက်မခံ လွတ်မြောက်ပြန်

ဝယ်သူတို့သည် ငုံးပညာရှိကို မယူကြကုန်၊ တခြားငုံးတို့ကို သာ ယူဆောင်သွားကြကုန်၏၏ တခြားငုံးများကုန်လျှင် ငုံပညာရှိကိုထုတ်၍ ဤငုံးဘာဖြစ်သနည်းဟု စုံစမ်းကြည့်ရှုရန် လက်ဝါးပေါ်တွင် အသာအယာတင်၍ ထား၏။ ငုံးပညာရှိလည်း မုဆိုးမေ့လျော့စဉ် ပျံ၍ တောသို့ဝင်လေ၏။

တခြားငုံးတို့သည် ငုံးပညာရှိကိုမြင်လျှင် “အရှင် … အရှင့်ကို မမြင်သည်မှာ ကြာမြင့်ပြီ ဘယ်သွားနေသနည်း” ဟု မေးလေ၏။ “အဆွေတို့ … ငါ့ကို မုဆိုးဖမ်းသွားသည်” ဟု ပြော၏။ အဘယ်သို့ လွတ်ခဲ့သနည်းဟု မေးကြ၏။ ငုံးပညာရှိသည် ငါကား မုဆိုးပေးသော အစာရေစာကို မစားမသောက်ဘဲ နေကာ ဥပါယ်ဖြင့် လွတ်ခဲ့ကြောင်းကို ဖြေဆိုပြီးလျှင် -

“အဆွေတို့ … မကြံစည်သောသူသည် အကျိုးထူးမရရှိလေ၊ ငါကြံစည်အပ်သော လုပ်ငန်း၏အကျိုးထူးကို ကြည့်ရှုကြပါ၊ ငါ့မှာ ကြံစည်အပ်သော ဥပါယ်ဖြင့်လျှင် အနှောင်အဖွဲ့မှ လွတ်မြောက်ရသည်” ဟု ပြောကြားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ငုံးပညာရှိသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

=မကြံစည်ရိုး မိုက်ပျင်းမျိုး ကျိုးထူးမရမှတ်။

ပညာရှိငုံး ဥပါယ်သုံး လုံးလုံးနှောင်ဖွဲ့လွတ်။

ဝဋ္ဋကဇာတ် ပြီး၏။

***

၁၁၉ - အကာလရာဝိဇာတ်

အချိန်ကို ဖောက်ပြန်စွာ တွန်မှားသဖြင့် အသက်သေရသော ကြက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကာလမသိ ကဲ့ရဲ့ဘိ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိမြို့သား ရဟန်းတစ်ပါးသည် ဝတ်ကြီးဝတ်ငယ်ကိုပြုချိန် ကျန်းဂန်သင်ကြားချိန်ကိုမသိ၊ ညဉ့်သုံးယံလုံးအိပ်ကာ နိုးတိုင်း၊ နိုးတိုင်း ကျယ်စွာသောအသံကို ပြုလေ့ရှိ၏။ တခြားရဟန်းတို့သည် အအိပ်ပျက်ကုန်၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ထိုရဟန်းအကြောင်း စကားစပ်မိ၍ ကဲ့ရဲ့ပြစ်တင်လျက် ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ...ဤရဟန်းသည် ယခုအခါသာ အခါမဟုတ်သည်၌ အသံပြုတတ်သည် မဟုတ်၊ ရှေးအခါလည်း အခါမဟုတ်သည်၌ အသံပြုဖူးပြီ၊ အချိန်အခါကို မသိသဖြင့် လည်းပင်းကို အလိမ်ခံရ၍ သေခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အချိန်မှတ်ကာ လေ့လာရာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဥဒိစ္စပုဏ္ဏားမျိုး၌ ဖြစ်၍ အလုံးစုံသော အတတ်ပညာတို့၌ တစ်ဖက်ကမ်းရောက် တတ်မြောက်သဖြင့် ဗာရာဏသီပြည်ဝယ် ဒိသာပါမောက္ခဆရာကြီးဖြစ်၍ တပည့်လုလင်ငါးရာတို့ကို အတတ်ပညာသင်ပေးလေ၏။

ထိုတပည့်လုလင်ငါးရာတို့၌ အချိ်န်မှန်မှန် တွန်တတ်သော ကြက်တစ်ကောင် ရှိ၏။ ထိုကြက်တွန်သံဖြင့် ထ၍ ဗေဒင်ကို သရဇ္ဈာယ်ကြကုန်၏။ အတတ်ပညာကို လေ့လာကြကုန်၏။

တစ်နေ့သ၌ လုလင်တို့သည် ထိုကြက်သေ၍ တခြားကြက်တစ်ကောင်ကို ရှာကြကုန်၏။ ထိုအခါ လုလင်တစ်ယောက်သည် သုသာန်တောဝယ် ထင်းခွေသွားလတ်သော် ကြက်တစ်ကောင်ကို မြင်၍ ဖမ်းယူကာ ချိုင့်တစ်ခု၌ထား၍ မွေးလေ၏။

အချိန်လွှဲချက် သရဇ္ဈာယ်ပျက်

ထိုကြက်ကား မိဘ ဆရာသမား အုပ်ထိန်းကာ အဆုံးအမခံ၍ ကြီးပြင်းသော ကြက်မဟုတ်သဖြင့် တွန်ရမည်အချိန်ကို မသိသည့်အတွက် တစ်ရံတစ်ခါ အလွန်စောစော တွန်လေ၏။ တစ်ရံတစ်ခါ အရုဏ်တက်၍ လင်းမှတွန်လေ၏။

လုလင်တို့သည် အလွန်စောစောတွန်သောအခါ ကြက်တွန်သံဖြင့် ထကြ၍ အတတ်ပညာကို သရဇ္ဈာယ် လေ့ကျင့်ကုန်လတ်သော် အရုဏ်တက်သည်တိုင်အောင် သရဇ္ဈာယ်လေ့ကျင့်ရန် မတတ်နိုင်ကြကုန်၊ အလွန်အိပ်ချင်သဖြင့် မေ့ပျောက်ကြကုန်၏။ အရုဏ်တတ်၍ လင်းမှတွန်သောအခါ၌လည်း အချိန်မရှိသဖြင့် သရဇ္ဈာယ်လေ့ကျင့်ခွင့် မရကြကုန်၏။

အချိန်မမှန် အသတ်ခံ

ထိုအခါ လုလင်တို့သည် ဤကြက်ကား အလွန်စောလည်း တွန်သည်။ လင်းမှလည်း တွန်သည်။ ဤကြက်ကိုမှီ၍ ငါတို့မှာ အတတ်ပညာအပြီးသို့ ရောက်တော့မည် မဟုတ်ဟု ကြက်ကိုဖမ်းကာ လည်ပင်းကိုလိမ်၍ သတ်သဖြင့် သေခြင်းသို့ရောက်လေ၏။ အချိန်အခါ မဟုတ်သည်၌ တွန်သောကြောင့် ကြက်ကိုသတ်ပစ်ကြသည်ဟု ဆရာကြီးထံလည်း ပြောကြားကြကုန်၏။

ဆရာကြီးလည်း ကြက်သေရခြင်းကို အုပ်ထိန်းကာ အဆုံးအမကိုခံ၍ မကြီးရသောကြက်သည် အခါဟုတ်သည်ကို လည်းကောင်း၊ အခါမဟုတ်သည်ကို လည်းကောင်း မသိဘဲ အရမ်းတွန်သည့်အတွက် သေရ၏” ဟု သက်သေပြကာ အဆုံးအမ ဩဝါဒပေးလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ အချိန်မဟုတ်သည်၌ တွန်သောကြက်သည် - ယခုအခါ အချိန်မဟုတ်သည်၌ အသံပြုသော ရဟန်း။

ဆရာကြီး၏ တပည့် ပရိတ်သတ်သည် - ငါဘုရားပရိသတ်။

ဒိသာပါမောက္ခဆရာကြီးသည် - ငါဘုရားဖြစ်လာပြီ -

ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဆရာ,မိ,ဘ၊ မဆုံးမ၊ မုချမလိမ္မာ။

(၂) အချိန်လွဲလျက်၊ တွန်သည့်ကြက်၊ အသက်ဆုံးသည်သာ။

အကာလရာဝိဇာတ် ပြီး၏။

***

၁၂၀ - ဗန္ဓနမောက္ခဇာတ်

မင်းကြီး စစ်တိုက်သွားသဖြင့် တန်တော် မင်းချင်း ခြောက်ဆယ့်လေးယောက်နှင့် ဖောက်ပြားသော မိဖုရားအကြောင်း

ပစ္စုပ္ပန်ဝတ္ထု

စွပ်စွဲယုတ်မာ စိဉ္စမာ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် စိဉ္စမာနဝိကာသည် မြတ်စွာဘုရားအား မဟုတ်မမှန် စွပ်စွဲလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား “ရဟန်းတို့ ... စိဉ္စမာနဝိကာသည် ယခုအခါ၌သာ ငါဘုရားကို မဟုတ်မမှန် စွပ်စွဲသည်မဟုတ်၊ ရှေးအခါ၌လည်း စွပ်စွဲဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

[ပစ္စုပ္ပန်ဝတ္ထုအကျယ်ကား ဒွါဒသနိပါတ် မဟာပဒုမဇာတ်၌ ထင်စွာဖြစ်လတ္တံ့။]

အတိတ်ဝတ္ထု

ကိလေစွမ်းဖြင့် အကြည့်လင့်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုရောဟိတ်ပုဏ္ဏား၏ သားဖြစ်၍ အရွယ်ရောက်လျှင် အဖကွယ်လွန်သဖြင့် ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ပုဏ္ဏားပင် ဖြစ်လေ၏။

ထိုအခါ မင်းကြီးသည် မိဖုရားကြီးအား “အရှင်မိဖုရား ... လိုရာဝတ္ထုကိုပြောပါလော့” ဟု ဆုပေးလေ၏။ မိဖုရားကြီးလည်း “မြတ်သောမင်းကြီး ... အကျွန်ုပ်အား ရခဲသော ဝတ္ထုမည်သည်မရှိပါ၊ ယနေ့မှစ၍ အရှင်မင်းကြီးသည် အကျွန်ုပ်မှတစ်ပါးသော မိန်းမတို့ကို ကိလေသာရာဂ၏ အစွမ်းဖြင့် မကြည့်တော့ပါဟူသော ဆုကိုပေးပါ” ဟု တောင်းလေ၏။

မင်းကြီးလည်း ထိုဆုကို ပယ်လေ၏။ အကြိမ်ကြိမ်တောင်းနေသဖြင့် မိဖုရားကြီးကို မလွန်ဆန်နိုင်ရကား ပေးရလေ၏။ မင်းကြီးသည် ထိုနေ့မှစ၍ ကချေသည်မ တစ်သောင်းခြောက်ထောင်တို့အနက် ကချေသည်မ တစ်ယောက်ကိုမျှ ကိလေသာရာဂ၏ အစွမ်းဖြင့် မကြည့်တော့ပေ။

သူပုန်တိုက်ထွက် တမန်ဆက်

ပစ္စန္တရာဇ်ဝယ် သူခိုးတို့သည် လုယက်ဖျက်ဆီးကုန်၏။ မင်းကြီး စေလွှတ်လိုက်သော စစ်သည်သူရဲတို့လည်း သူခိုးတို့နှင့် နှစ်ကြိမ်၊ သုံးကြိမ် တိုက်ကြသော်လည်း မတတ်နိုင်သဖြင့် မင်းထံသို့ သဝဏ်လွှာ ဆက်ကပ်ကုန်၏။

မင်းကြီးလည်း ပစ္စန္တရာဇ်သို့သွား၍ စစ်သည်ဗိုလ်ပါတို့ကို စုရုံးပြီးလျှင် မိဖုရားကြီးကိုခေါ်စေ၍ “အရှင်မိဖုရားကြီး ... ငါသည် ပစ္စန္တရာဇ်သို့ စစ်တိုက်သွားရမည်၊ အရှုံးအနိုင်ကို မပြောနိုင်၊ စစ်တိုက်ရာ၌ မိန်းမလိုက်ရန်မသင့်၊ နေရစ်ခဲ့လော့” ဟု ဆိုလေ၏။ မိဖုရားကြီးလည်း “အရှင်မင်းကြီး မနေရစ်နိုင်ပါ၊ လိုက်လိုပါသည်” ဟု အကြိမ်ကြိမ် လျှောက်ထားလေ၏။ မင်းကြီးလည်း အကြိမ်ကြိမ် ပယ်တော်မူ၏။

ထိုအခါ မိဖုရားကြီးသည် “အရှင်မင်းကြီး နေရစ်ခဲ့ပါမည်၊ သို့သော်လည်း တစ်ဦးနှင့်တစ်ဦး ချမ်းသာဆင်းရဲကို သိရအောင် တစ်ယူဇနာ၊ တစ်ယူဇနာ ရောက်တိုင်း၊ ရောက်တိုင်း တမန်တော်တစ်ယောက်ကို လွှတ်ပါ” ဟု လျှောက်ထားလေ၏။ မင်းကြီးလည်း “ကောင်းပြီ လွှတ်မည်” ဟု ဝန်ခံပြီးလျှင် ပုရောဟိတ်ပုဏ္ဏားအား မြို့တော်ကို အပ်နှင်းကာ မြို့စောင့်ခန့်၍ ပစ္စန္တရာဇ်သို့ သွားလေ၏။

မိဖုရားယုတ်မာ ဖောက်ပြန်ရာ

တစ်ယူဇနာခရီးသို့ရောက်လျှင် မိဖုရားကြီးထံ တမန်တော် တစ်ယောက်ကို လွှတ်လိုက်၏။ မိဖုရားကြီးသည် ထိုတမန်တော်နှင့် မသူတော်တို့အကျင့်ကို ကျင့်လေ၏။ နောက်လည်း တစ်ယူဇနာ တစ်ယောက်ကျစီ လွှတ်ရမည်ဖြစ်ရာ သုံးဆယ့်နှစ်ယူဇနာရှိသဖြင့် တမန်တော် သုံးဆယ့်နှစ်ယောက်ပြည့်အောင် အစဉ်အတိုင်း လွှတ်လေ၏။ မိဖုရားကြီးလည်း တမန်တော် သုံးဆယ့်နှစ်ယောက်လုံးနှင့်ပင် မသူတော်တို့ အကျင့်ကို ကျင့်လေ၏။

မင်းကြီးလည်း ပစ္စန္တရာဇ် သူခိုးရန် ငြိမ်းအေးစေပြီး၍ မြို့သို့အပြန်တွင်လည်း တစ်ယူဇနာ တစ်ယောက်ကျစီ တမန်တော် သုံးဆယ့်နှစ်ယောက်ပင် လွှတ်ပြန်၏။ မိဖုရားကြီးလည်း ထိုသုံးဆယ့်နှစ်ယောက်နှင့်လည်း မသူတော်တို့ အကျင့်ကို ကျင့်ပြန်၏။ မြို့တော်သို့ရောက်လျှင် ရုတ်တရက် မဝင်သေးဘဲ မြို့ပြင်တွင် အောင်တပ်တော်ချကာနေလျက် ပုရောဟိတ်ထံ မြို့တော်ကိုသုတ်သင်ရန် အမိန့်စာပို့စေ၏။

မိန်းမအလိုကျ သွေးဆောင်မရ

ပုရောဟိတ်လည်း အလုံးစုံသော မြို့တော်ကို သုတ်သင်ရှင်းလင်းပြီး၍ နန်းတော်ကို သုတ်သင်ရှင်းလင်းရာ - မိဖုရားကြီး အခန်းရောက်လျှင် မိဖုရားကြီးသည် တင့်တယ်စံပယ်သော ပုရောဟိတ်ကိုမြင်လျှင် ချုပ်တည်း၍မရ၊ ကိလေသာဖြင့် တိမ်းညွတ်သောစိတ်ရှိရကား -

“အို ပုဏ္ဏား ... ငါ့ အိပ်ရာသို့ တက်ပါ” ဟု ဆို၏။

“အရှင်မိဖုရား ... ဤသို့ မဆိုပါနှင့်၊ အကျွန်ုပ်သည် မင်းကြီးကိုလည်း ရိုသေလေးမြတ်ပါ၏။ အကုသိုလ်ကိုလည်း ကြောက်ပါ၏။ အကျွန်ုပ် မပြုဝံ့ပါ” ဟု လျှောက်လေလျှင် -

“ပုဏ္ဏား ... တမန်တော် ခြောက်ဆယ့်လေးယောက်တို့ကား မင်းကြီးကိုလည်း မရိုသေမလေးမြတ်ကြ၊ အကုသိုလ်ကိုလည်း မကြောက်ကြ၊ သင်တစ်ယောက်သာ မင်းကြီးကို ရိုသေလေးမြတ်သလော၊ အကုသိုလ်ကို ကြောက်သလော” ဟု ပြောလေ၏။

“အရှင်မိဖုရား ... မှန်ပါသည်၊ တမန်တော် ခြောက်ဆယ့်လေးယောက်တို့လည်း အကယ်၍ အသိအလိမ္မာရှိကြပါမူ ဤလိုအမှုမျိုးကို ပြုလုပ်ကြမည်မဟုတ်ပါ၊ အကျွန်ုပ်ကား အသိအလိမ္မာရှိပါလျက် ဤလိုအမှုမျိုးကို မပြုလုပ်ဝံ့ပါ” ဟု လျှောက်လေ၏။

“ပုဏ္ဏား ... သင်အဘယ်ကြောင့် စကားများများ ပြောနေသနည်း၊ ငါ့စကားကို နားမထောင်လျှင် သင့်ဦးခေါင်း ဖြတ်စေမည်” ဟု ဆိုလေသော်-

“အရှင်မိဖုရား ... တစ်ဘဝမှာ ဦးခေါင်းဖြတ်ခြင်းကို ထားပါဦး၊ ဘဝတစ်ထောင်မှာပင် ဦးခေါင်းဖြတ်စေတော့၊ ဤအမှုမျိုးကို မပြုလို” ဟု ရဲဝံ့စွာ လျှောက်ထားလေ၏။

မိဖုရားမာယာ မင်းကြီးညာ

မိဖုရားကြီးလည်း “သည်လိုဆိုလျှင် အကြောင်းကို သိစေမည်” ဟု ခြိမ်းခြောက်ပြီးလျှင် တိုက်ခန်းတွင်းသို့ ဝင်ကာ တစ်ကိုယ်လုံး လက်သည်းတို့ဖြင့် ကုတ်ဖဲ့၍ ဆီ၊ နနွင်း လိမ်းကျံပြီး အဝတ်နွမ်းတို့ကို ဝတ်လျက် မကျန်းမာဟန်ပြုကာ ကျွန်မတို့ကို ခေါ်၍ “ငါ့ကို မင်းကြီးမေးလျှင် မကျန်းမာကြောင်း လျှောက်ထားပါလေ” ဟု မှာထား၍ အိပ်ရာတွင် အိပ်လေ၏။

ပုရောဟိတ်လည်း မင်းကြီးအား ကြိုဆိုရန် သွားလေ၏။ မင်းကြီးလည်း မြို့ကို လက်ယာရစ်လှည့်ပြီးလျှင် နန်းတော်သို့ ဝင်၏။ မိဖုရားကြီးကို မမြင်၍မေးရာ၊ မကျန်းမာကြောင်း လျှောက်ထားကြသဖြင့် မိဖုရားကြီး အခန်းတွင်းသို့ ဝင်ကာ ကျောရိုးကို အသာအယာနှိပ်လျက် - “ရှင်မိဖုရား ... ဖြစ်သနည်း” ဟု မေးလေ၏။ မိဖုရားလည်း စကားပြန်၍မပြောဘဲ သုံးကြိမ်မေးသောအခါမှ မင်းကြီးကိုကြည့်လျက် -

“အရှင်မင်းကြီး ... အရှင်မင်းကြီးလည်း အသက်ရှင်လျက် ရှိသေး၏။ အကျွန်ုပ်လည်း လင်ရှိမိန်းမ မဟုတ်လော” ဟု လျှောက်ထား၏။

စဉ်းစားမဆင်ခြင် မင်းမာန်ဝင်

“အရှင်မိဖုရား ... အဘယ်ကြောင့် သည်စကားကိုပြောရသနည်း” ဟုမေးရာ “အရှင်မင်းကြီး ... အရှင်မင်းကြီးတို့ မြို့စောင့်ခန့်ခဲ့သော ပုရောဟိတ်ပုဏ္ဏားသည် နန်းတော်ကို သုတ်သင်ရှင်းလင်းရန်အလာတွင် သဘောမတူသော အကျွန်ုပ်အား အတင်းဗလက္ကာရ မတရားပြုကျင့်ပါသည်” ဟု မဟုတ်မမှန် စွပ်စွဲလျှောက်ထားလေ၏။

မင်းကြီးလည်း မစူးစမ်းမဆင်ခြင်ဘဲ မီးတွင်ထည့်သော ဆားကဲ့သို့ ပြင်းစွာအမျက်ထွက်၍ တဖျစ်ဖျစ်မြည်လျက် တိုက်ခန်းတွင်းမှ ထွက်ကာ မင်းချင်းတို့ကိုခေါ်စေ၍ “အချင်းတို့ ... အမြန်သွားကြကုန်၊ ပုရောဟိတ်ပုဏ္ဏားကို ဖမ်းဆီးတုပ်နှောင်၍ မြို့ပြင်သုသာန်ရှိ စဉ်းတီတုံးတွင် ဦးခေါင်းကို ဖြတ်ကြကုန်လော့” ဟု အမိန့်ပေးလေ၏။

မင်းကြီးရှေ့ဝင် လျှောက်ထားတင်

မင်းချင်းတို့လည်း ပုရောဟိတ်ပုဏ္ဏားကို လက်ပြန်ကြိုးတုတ်ချည်ကာ လူသတ်စည်ကို လည်စေကုန်၏။ ပုရောဟိတ်လည်း စင်စစ်မိဖုရားယုတ်သည် မင်းအား အလျင်ဦးအောင် ကုန်းတိုက်ပြီ၊ ရှိစေတော့၊ ငါသည် မိမိအစွမ်းဖြင့် ကိုယ်ကို လွတ်စေမည်ဟု ကြံစည်၍ မင်းချင်းတို့ကို “အချင်းတို့ ... သင်တို့ ငါ့ကိုသတ်လျှင် မင်းကြီးကိုပြပြီးမှ သတ်ကြပါ” ဟု ပြောလေ၏။ “ပုဏ္ဏား ... အဘယ်ကြောင့် ပြရမည်နည်း” ဟု မေး၏။ “အချင်းတို့ ... ငါကား မင်းကြီး အမှုကိစ္စကို ရွက်ဆောင်သူ ဖြစ်သည်၊ ငါ ရွက်ဆောင်သော အမှုကိစ္စမှာ များလှ၏။ ရွှေအိုးကြီးများစွာ မြှုပ်ရာအရပ်ကို သိသည်၊ မင်းကြီး၏ ဥစ္စာကို ငါပင် စီမံရသည်၊ မပြဘဲနှင့်သတ်လျှင်၊ ဥစ္စာများစွာ ဆုံးပါးလိမ့်မည်၊ မင်းကြီး၏ ဥစ္စာကို ပြောကြားပြီးမှ သတ်ကြပါ” ဟု ပြောလေ၏။ မင်းချင်းတို့လည်း ပုရောဟိတ်ကို မင်းကြီးအား ပြကြကုန်၏။

မင်းကြီးလည်း ပုရောဟိတ်ကို မြင်လျှင် -

“ အို ပုဏ္ဏား ... သင် အဘယ်ကြောင့် ငါ့ကို အရှက်ခွဲသနည်း၊ အဘယ်ကြောင့် ဤလို ယုတ်မာသောအမှုကို ပြုသနည်း” ဟု မေးလေ၏။

“အရှင်မင်းကြီး ... အကျွန်ုပ် ပုဏ္ဏားမျိုးဖြစ်သည်၊ သူ့အသက်ကို ပိုး၊ ရွ၊ ခြပုန်းမျှကိုပင် မသတ်စဖူးပါ၊ သူ့ဥစ္စာကို မြက်၊ ဝါးခြမ်းစိတ်မျှပင် မခိုးစဖူးပါ၊ သူတစ်ပါးမိန်းမကို လောဘ၏ အစွမ်းဖြင့် မကြည့်စဖူးပါ၊ ရယ်မြူးလို၍လည်း မုသားကို မဆိုစဖူးပါ၊ သမန်းမြက်ဖျားမျှလည်း ယစ်မျိုးကို မသောက်စဖူးပါ၊ အကျွန်ုပ်သည် အပြစ်မရှိပါ၊ မိဖုရားယုတ်သည် သူ့အလိုမပါ၍ သက်သက်စွပ်စွဲခြင်းသာ ဖြစ်ပါသည်၊ တန်တော် ခြောက်ဆယ့်လေးယောက်တို့၌သာ အပြစ်ရှိကြပါသည်၊ ၎င်းတို့ကိုခေါ်၍ သင်တို့ မိဖုရားခိုင်းတိုင်း ပြုကြသလော၊ မပြုကြသလောဟု မေးမြန်းတော်မူပါ” –

ဟု လျှောက်ထားလေ၏။ မင်းကြီးလည်း တမန်တော်ခြောက်ဆယ့်လေးယောက်တို့ကို ခေါ်စေ၍ မေးမြန်းရာ ယုတ်မာသော အမှုကိုပြုကြောင်း ဟုတ်မှန်နေသဖြင့် ၎င်းတို့ကိုလည်း ဖမ်းဆီးတုတ်နှောင်ကာ ဦးခေါင်းကိုဖြတ်ရန် အမိန့်ပေးပြန်၏။

မင်းအားတရားပြ

ပုရောဟိတ်ပုဏ္ဏားလည်း “အရှင်မင်းကြီး ... တမန်တော်ခြောက်ဆယ့်လေးယောက်တို့လည်း အပြစ်မရှိကြပါ၊ မိဖုရားခိုင်း၍ ကြောက်သဖြင့် ပြုလုပ်ကြရသည်၊ သည်းခံတော်မူပါ” ဟု လျှောက်ရပြန်၏။ “ပြုလုပ်ရန်ခိုင်းသော မိဖုရားလည်း အပြစ်မရှိပါ။ မိန်းမတို့မည်သည်ကား မေထုန်အကျင့်ဖြင့် မရောင့်ရဲနိုင်ကုန်၊ မရောင့်ရဲနိုင်ခြင်းလည်း မိန်းမတို့ ဇာတိသဘောဖြစ်ပါသည်၊ သည်းခံတော်မူပါ” ဟု လျှောက်ရပြန်၏။ ဤသို့လျှင် အလုံးစုံသောသူတို့ကို အနှောင့်အဖွဲ့မှ လွတ်စေပြီးလျှင် မိမိတို့ ရမြဲတိုင်း ရာထူးကို ရစေ၍ မင်းကြီးသို့ ချဉ်းကပ်ကာ -

“မြတ်သောမင်းကြီး ... လူမိုက်တို့စကား တွင်ကျယ်သော နေရာ၌ မနှောင်ဖွဲ့သင့်သော သူတို့သည်လည်း အနှောင့်အဖွဲ့ ခံကြရကုန်၏။ လူလိမ္မာပညာရှိတို့စကား တွင်ကျယ်သောနေရာ၌ နှောင်ဖွဲ့ပြီးသော သူတို့သည်လည်း အနှောင့်အဖွဲ့မှ လွတ်မြောက်ကြရကုန်၏”

ဟု မင်းကြီးအား တရားဟော၍ ဆုံးမလေ၏။ နောက်တစ်ဖန် “အရှင်မင်းကြီး ... အကျွန်ုပ်ကား လူ့ဘောင်၌ နေသည့်အတွက် ဤကဲ့သို့သော ဆင်းရဲကို ခံစားရသည်၊ လူ့ဘောင်၌ မနေလိုတော့ပါ၊ အကျွန်ုပ်အား ရဟန်းပြုရန် ခွင့်ပြုတော်မူပါ” ဟု အခွင့်တောင်း၍ မျက်ရည်စက်လက်သော စည်းစိမ်ဥစ္စာကို လည်းကောင်း စွန့်ပယ်ကာ ရသေ့ ရဟန်းပြုရန် ခွင့်ပြုတော်မူပါ” ဟု အခွင့်တောင်း၍ မျက်ရည်စက်လက် နှင့်နေသော ဆွေမျိုးအပေါင်းတို့ကို လည်းကောင်း၊ များစွာသော စည်းစိမ်ဥစ္စာကို လည်းကောင်း စွန့်ပယ်ကာ ရသေ့ရဟန်းပြုပြီးလျှင် ဟိမဝန္တာတောသို့ ဝင်လေ၏။ မကြာမီ အဘိညာဉ် သမာပတ်ကို ဖြစ်စေ၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မိဖုရားကြီးသည် - ယခုအခါ စိဉ္စမာနဝိကာ။

မင်းကြီးသည် - အာနန္ဒာ။

ပုရောဟိတ်သည် - ငါဘုရားဖြစ်လာပြီ -

ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မေထုန်ကျင့်လဲ၊ မရောင့်ရဲ၊ *မိညဲဓမ္မတာ။

(၂) မဖွဲ့သင့်သူ၊ နှောင်ဖွဲ့ဟူ၊ လူမိုက်တွင်ကျယ်ရာ။

(၃) နှောင်ဖွဲ့ပြီးလျှင်၊ လွတ်မြဲပင်၊ တွင်ကျယ်ပညဝါ။

ဗန္ဓနမောက္ခဇာတ် ပြီး၏။

***

၁၂၁ - ကုသနာဠိဇာတ်

ဗိမာန် ပျက်လုဆဲတွင် မိတ်ဆွေနတ် အကြံဉာဏ်ထုတ်သဖြင့် ဗိမာန် မပျက်စီးဘဲ ချမ်းသာစွာနေရသော ရုက္ခစိုးနတ် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပေါင်းဖော်ဟူက မခွဲခြားရ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အနာထပိဏ်သူဌေးကြီးဝယ် အမျိုးအနွယ် စည်းစိမ်ဥစ္စာ အားယုတ်နိမ့်သော အဆွေခင်ပွန်းတစ်ယောက် ရှိလေ၏။

ထိုအခါ အနာထပိဏ် သူဌေးကြီး၏ ဆွေမျိုးဉာတိ အဆွေခင်ပွန်းတို့သည် သူဌေးကြီးအား “အရှင်သူဌေးကြီး ... ဤသူကား သူဌေးကြီးနှင့် အမျိုးအနွယ် စည်းစိမ်ဥစ္စာအားဖြင့် တူညီသူလည်း မဟုတ်ပါ၊ လွန်မြတ်သူလည်း မဟုတ်ပါ၊ ဤသူနှင့် အဆွေခင်ပွန်း မဖွဲ့ပါနှင့်” ဟု အဖန်ဖန်တားမြစ်ကြလေ၏။

သူဌေးကြီး၏ သဘောကား ယုတ်နိမ့်သူတို့နှင့် လည်းကောင်း၊ တူညီသူတို့နှင့် လည်းကောင်း၊ လွန်မြတ်သူတို့နှင့် လည်းကောင်း အထိုက်အလျောက် အဆွေခင်ပွန်း ဖွဲ့သင့်သည်ဟု ယူဆသဖြင့် အကြိမ်ကြိမ် တားမြစ်ကြသော်လည်း မိမိ အဆွေခင်ပွန်းကို စွန့်ပယ်ခြင်း မရှိလေ၏။

ပေါင်းသင်းကောင်းလျက် စီးပွားတက်

တစ်နေ့သ၌ မိမိစားသောရွာသို့ သွားသည်ရှိသော် ထိုယုတ်နိမ့်သူ အဆွေခင်ပွန်းအား အိမ်ရှိ ပစ္စည်းဥစ္စာတို့ကို စောင့်ရှောက်ရန် အပ်နှင်းခဲ့၏။ ညဉ့်အခါ သူခိုးတို့လာလတ်သော် မယူနိုင်အောင် ကာကွယ်စောင့်ရှောက်ထားနှင့်သဖြင့် တစ်စုံတစ်ရာ ပျက်စီးပျောက်ဆုံးခြင်း မရှိလေ။

သူဌေးကြီး ပြန်လာ၍ ထိုအကြောင်းကိုသိလျှင် ငါ့မှာ ဆွေမျိုးဉာတိ အဆွေခင်ပွန်းတို့စကားကို နားထောင်ကာ ထိုယုတ်နိမ့်သော အဆွေခင်ပွန်းကို စွန့်ပယ်လိုက်လျှင် အိမ်၌ စောင့်ရှောက်သူ မရှိသဖြင့် သူခိုးတို့ ယူဆောင်ကာ ပစ္စည်းဥစ္စာ ဆုံးပါးပျက်စီးတော့မည်၊ ယခုမှာကား ထိုသူတို့စကားကို နားမထောင်ဘဲ ထိုယုတ်နိမ့်သော အဆွေခင်ပွန်းကို မစွန့်ပယ်သဖြင့် စောင့်ရှောက်နှင့်သည့်အတွက် တစ်စုံတစ်ရာ ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးခြင်း မရှိ၊ ပစ္စည်းရှင် ဖြစ်ရပေသည်ဟု ကြံစည်ပြီးလျှင် မြတ်စွာဘုရားထံ ထိုအကြောင်းကို လျှောက်ထားလေ၏။

မြတ်စွာဘုရားရှင်လည်း “သူဌေးကြီး ... အဆွေခင်ပွန်းမည်သည် သေးငယ်သည်မရှိ၊ အဆွေခင်ပွန်းတို့ ဝတ္တရားကို ကျေကုန်အောင် ဆောင်ရွက်နိုင်သည်သာ ပဓာန ဖြစ်သည်၊ မိမိအောက် ယုတ်နိမ့်သည် ဖြစ်စေ၊ မြင့်မြတ်သည်ဖြစ်စေ၊ အယုတ်, အလတ်, အမြတ် သုံးမျိုးလုံးပင် အဆွေခင်ပွန်းဖွဲ့သင့်သည်၊ ယခုအခါ သူဌေးကြီးမှာ ယုတ်နိမ့်သော အဆွေခင်ပွန်းကိုမှီ၍ ဥစ္စာရှင် ဖြစ်ရသည်၊ ရှေးသူဟောင်းတို့သည် ယုတ်နိမ့်သော အဆွေခင်ပွန်းကိုမှီ၍ ဗိမာန်ရှင်ဖြစ်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မိတ်ဖွဲ့လေငြား နတ်နှစ်ပါး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်းမင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မင်းကြီး၏ ဥယျာဉ်တော်ဝယ် သမန်းမြက်ဖုတ် ကျူရုံတစ်ခု၌ နတ်ဖြစ်လေ၏။

ထိုဥယျာဉ်တော်ဝယ် မင်္ဂလာကျောက်ဖျာကို မှီလျက် ပေါက်နေသော ရုစာမည်သော သို့မဟုတ် သုမုလက မည်သော သစ်ပင်သည် ရှိလေ၏။ ထိုသစ်ပင်ကား တောက်ပြောင် ဝိုင်းဝန်း၍ ပင်စည်၊ ခက်မနှင့် ပြည့်စုံ၏။ မင်းကြီး ပူဇော်သက္ကရာ ပြုအပ်သော မင်္ဂလာသစ်ပင် ဖြစ်၏။ ထိုသစ်ပင်ဝယ် ဘုန်းတန်ခိုးကြီးမားသော ရုက္ခစိုးနတ်မင်းသည် နေ၏။ ထိုနတ်မင်းနှင့် သမန်းမြက်ဖုတ် ကျူရုံစောင့်နတ်သည် အဆွေခင်ပွန်း ဖြစ်ကြ၏။

ဗိမာန်ဖျက်ရန် မိန့်တော်ပြန်

ထိုအခါ မင်းကြီးနေသော တစ်ပင်တိုင် နန်းပြာသာဒ်ဝယ်ပြာသာဒ်တိုင်သည် နဲ့လေ၏။ မင်းကြီးသည် လက်မသားတို့ကိုခေါ်၍ “အမောင်တို့ ... ပြာသာဒ်တိုင် နဲ့နေသည်၊ မနဲ့အောင် အနှစ်ရှိသော တိုင်လုံးနှင့် ကျားထောက်ကြလော့” ဟု အမိန့်ပေးလေ၏။

လက်သမားတို့လည်း နန်းတော်တိုင်ကို ကျားထောက်ရန် လျောက်ပတ်သော သစ်ပင်ကို ရှာလတ်သော် မတွေ့ကြသည်ဖြစ်၍ မင်းကြီး ဥယျာဉ်တော်သို့ ဝင်၍ ရှာကြပြန်ရာ ရုစာ မည်သော သစ်ပင်ကို တွေ့ကြသော်လည်း မင်းကြီး၏ မင်္ဂလာသစ်ပင်ဖြစ်၍ မခုတ်ဝံ့ကြသဖြင့် မင်းကြီးထံ လျှောက်ကြကုန်၏။

မင်းကြီးလည်း လက်သမားတို့အား “အမောင်တို့ သွားကြကုန်၊ မင်္ဂလာသစ်ပင် ဖြစ်သော်လည်း ခုတ်ကြကုန်၊ တခြားသစ်ပင်ကို မင်္ဂလာသစ်ပင် ပြုလုပ်မည်” ဟု အမိန့်ပေးလေ၏။ လက်သမားတို့လည်း ပူဇော်ပသဖွယ်တို့ကို ယူဆောင်ကာ ဥယျာဉ်တော်သို့သွား၍ မင်္ဂလာသစ်ပင်အား ပူဇော်ပသပြီးလျှင် နက်ဖြန် ခုတ်မည်ဟု တိုင်ပင်ကာ ပြန်ခဲ့ကြကုန်၏။

ငိုကြွေးလျက်သော ဗိမာန်ရှာ

ရုက္ခစိုးနတ်သည် ထိုအကြောင်းကိုသိလျှင် နက်ဖြန် ငါ့ဗိမာန်ကို ဖျက်ဆီးကြတော့မည်၊ ငါ့သားငယ်တို့ကိုယူ၍ ဘယ်အရပ်သို့ ရွှေ့ပြောင်းရပါမည်နည်းဟု စူးစမ်းဆင်ခြင်လတ်သော် ရွှေ့ပြောင်းဖို့နေရာကို မမြင်သဖြင့် သားငယ်တို့ကို လည်၌ဖက်ကာ ငိုကြွေးလေ၏။

အဆွေခင်ပွန်းဖြစ်သော ရုက္ခစိုးနတ်တို့သည် ငိုကြွေးသံကိုကြားလျှင် လာလတ်ကုန်၍ “အဆွေ ... အဘယ်ကြောင့် ငိုကြွေးသနည်း” ဟု မေးကြလေလျှင် “အဆွေတို့ ... နက်ဖြန် ဤသစ်ပင်ကို လက်သမားတို့လာ၍ ခုတ်ကြတော့မည်၊ ငါ့ဗိမာန်ပျက်တော့မည်” ဟု ပြောလျက် လက်သမားတို့ကို တားမြစ်ရန် အကြောင်းကိုရှာ၍ မရကြသဖြင့် အဆွေရုက္ခစိုးနတ်ကိုဖက်ကာ ငိုကြွေးကြပြန်၏။

သမန်းမြက်နတ်ကြံ ဥပါယ်ဉာဏ်

သမန်းမြက်ဖုတ် ကျူရုံစောင့်နတ်လည်း ရုက္ခစိုးနတ်မင်းကု တွေ့မြင်လို၍ မင်္ဂလာသစ်ပင်သို့ သွားလေသော် ထိုအကြောင်းကိုသိလျှင် “အရှင်နတ်မင်း ... သည်အတိုင်း ဖြစ်ပါစေ၊ မစိုးရိမ်ပါလင့်၊ နက်ဖြန် လက်သမားတို့ မခုတ်ရဲအောင် အကျွန်ုပ်တို့ တားမြစ်ပါမည်၊ လက်သမားတို့ လာသောအခါ အကျွန်ုပ်၏ ပညာဉာဏ်စွမ်းကိုသာ စောင့်၍ ကြည့်ကြပါ” ဟု ဝန်ခံကာ နတ်တို့ကို သက်သာရာရစေ၏။

နက်ဖြန် လက်သမားတို့ သစ်ပင်ခုတ်ရန် လာကြသောအခါ သမန်းမြတ်ဖုတ် ကျူရုံစောင့်နတ်သည် ပုတ်သင်အသွင်ဖန်ဆင်းကာ လက်သမားတို့ ရှေ့မှသွား၍ မင်္ဂလာသစ်ပင်၏ အမြစ်ကြားသို့ ဝင်ပြီးလျှင် အခေါင်းရှိသကဲ့သို့ ပြုလျက် သစ်ပင်၏အလယ်ဖြင့် တက်လတ်၍ ပင်စည်၏ ထိပ်မှထွက်လျက် ဦးခေါင်းညိတ်ကာ ဝပ်လေ၏။

မိတ်ဆွေစောင်မ ချမ်းသာကြ

လက်မသားကြီးသည် ပုတ်သင်ကိုမြင်လျှင် သစ်ပင်ကို လက်ဖြင့်ပုတ်ကာ “ဤသစ်ပင်ကား အခေါင်းရှိသည်၊ အနှစ်မရှိ၊ မနေ့က ငါတို့ မဆင်ခြင်မိ၍ ပူဇော်ပသခဲ့သည်” ဟု ပြောဆို၍ မခုတ်တော့ဘဲ သွားကြလေ၏။ ရုက္ခစိုးနတ်မင်းသည် သမန်းမြက်ဖုတ် ကျူရုံစောင့်နတ်ကို အမှီပြု၍ ငါ့ဗိမာန် မပျက်စီးဘဲ ဗိမာန်ရှင် ဖြစ်ရလေ၏။

ရုက္ခစိုးနတ်မင်းလည်း ကြွရောက် စည်းဝေးလာကြသော အဆွေခင်ပွန်း ရုက္ခစိုးနတ်တို့အလယ်တွင် မိမိ၏ ဗိမာန်ကို ပြန်ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာ “အဆွေတို့ ... အကျွန်ုပ်တို့ကား တန်ခိုးကြီးကုန်လျက် ပညာနုကြသောကြောင့် ဤအကြောင်းကို မသိကြချေ၊ သမန်းမြက်ဖုတ်ကျူရုံစောင့်နတ်ကား တန်ခိုးသေးသော်လည်း ပညာရင့်သောကြောင့် ဤအကြောင်းကို သိချေသည်၊ သို့အတွက် အကျွန်ုပ်ကို ဗိမာန်ရှင်ဖြစ်အောင် ဆောင်ရွက်နိုင်ပေသည်” ဟု အဖန်ဖန် ချီးကျူးလေ၏။

ထို့နောက်တစ်ဖန် -

“အဆွေတို့ ... မိမိတို့အောက် အမျိုးအနွယ် တန်ခိုးရှိန်ဝါ ပစ္စည်းဥစ္စာ ယုတ်နိမ့်သော သူတို့နှင့် လည်းကောင်း၊ တူညီသောသူတို့နှင့် လည်းကောင်း၊ မြင့်မြတ်သောသူတို့နှင့် လည်းကောင်း အယုတ်၊ အလတ်၊ အမြတ်မရွေး အဆွေခင်ပွန်း ဖွဲ့သင့်၏။ ယုတ်နိ်မ့်ခြင်း၊ တူညီခြင်း၊ မြင့်မြတ်ခြင်းတို့မှာ ပဓာန မဟုတ်ပါ၊ အဆွေခင်ပွန်တို့ ဝတ္တရားကို ကျေကုန်အောင် ဆောင်ရွက်နိုင်ခြင်းသာ ပဓာန ဖြစ်၏။ အဆွေခင်ပွန်းတို့ မည်သည်ကား ပျက်စီးသောအခါ အကျိုးစီးပွားကို ရွက်ဆောင်ကြ၏။ ဆင်းရဲမှ လွတ်မြောက်စေကြ၏။ သို့အတွက် အကျိုးစီးပွားကို အလိုရှိသူ ဆင်းရဲမှ လွတ်မြောက်လိုသူတို့သည် အကျွန်ုပ်နှင့် သမန်းမြက်ဖုတ် ကျူရုံစောင့်နတ်တို့ အဆွေခင်ပွန်း ဖွဲ့အပ်သကဲ့သို့ အယုတ်၊ အလတ်၊ အမြတ်မရွေး အဆွေခင်ပွန်း ဖွဲ့ကြရာ၏” –

ဟု စည်းဝေးရောက်ရှိလာကြသော နတ်အပေါင်းတို့အား အဆွေခင်ပွန်း ဖွဲ့ခြင်းအကြောင်းကို အကျယ်တဝင့် ရှင်းလင်းကာ တရားဟောပြော ဆုံးမလေ၏။

ရုစာ မည်သော သစ်ပင်စောင့်နတ်မင်းနှင့် သမန်းမြက်ဖုတ် ကျူရုံစောင့် နတ်နှစ်ဦးတို့သည် အသက်ထက်ဆုံး အဆွေခင်ပွန်းဖြစ် တည်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရုစာရုက္ခစိုးနတ်သည် - ယခုအခါ အာနန္ဒာ။

သမန်းမြက်ဖုတ် ကျူရုံစောင့်နတ်သည် - ငါဘုရားဖြစ်လာပြီ -

ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ယုတ်, လတ်, မြတ်ပေ၊ လူသုံးထွေ၊ အဆွေဖွဲ့သင့်သည်။

(၂) အဆွေချင်းချင်း၊ ဝတ်ကျေခြင်း၊ လိုရင်းဖြစ်တော့သည်။

(၃) အဆွေရှိက၊ အကျိုးရ၊ ဘေးမှလွတ်မြောက်သည်။

(၄) ရုစာနတ်မြတ်၊ ကျူရုံနတ်၊ ဖွဲ့လတ်ထုံးကိုရည်။

ကုသနာဠိဇာတ် ပြီး၏။

***

၁၂၂ - ဒုမ္မေဓဇာတ်

သူယုတ်မင်းနှင့် အတူနေသဖြင့် အသက်ပျက်စီးမည်ကိုသိ၍ စွန့်လွှတ်ကာ သူတော်ကောင်းနှင့်တွေ့ကာ ချမ်းသာရသော မင်္ဂလာဆင်ဖြူတော် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဒေဝဒတ်ကဲ့ရဲ့ ကျေးဇူးမဲ့

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးပြောဆိုလတ်သော် ငြုစူခြင်းကိုသာပြု၍ နေလေ၏။ ထိုအခါ ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ...ဒေဝဒတ်သည် မြတ်စွာဘုရား၏ လက္ခဏာတော်ကြီး လက္ခဏာတော်ငယ် ခြောက်သွယ်သော ရောင်ခြည်တော်တို့ဖြင့် အတုမရှိ တင့်တယ်တော်မူသောဂုဏ်၊ သီလ၊ သမာဓိ၊ ပညာ၊ အရဟတ္တဖိုလ်၊ ပစ္စဝေက္ခဏာဉာဏ် စသည်တို့နှင့် ပြည့်စုံတော်မူသော ဂုဏ်တို့၌ ကြည်ညိုခြင်းကို မဖြစ်စေနိုင်ဘဲ အမြဲငြူစူလျက်သာနေသည်” ဟု စကားစပ်မိ၍ ဒေဝဒတ်၏ ကျေးဇူးမဲ့ကို ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ...ဒေဝဒတ်သည် ယခုအခါ၌သာ ငါဘုရား၏ ဂုဏ်ကျေးဇူးကို ပြောဆိုလတ်သော် ငြူစူခြင်းကို ပြုသည်မဟုတ်၊ ရှေးအခါ၌လည်း ပြုဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကြည့်ရှုဆင်ခြင် မင်္ဂလာဆင်

လွန်လေပြီးသောအခါ မဂဓတိုင်း ရာဇဂြိုဟ်ပြည်ဝယ် မဂဓမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဆင်မျိုး၌ဖြစ်၍ အလုံးစုံ ဖြူဆွတ်သောကိုယ်ရှိ၏။ အဆင်း အင်္ဂါ လက္ခဏာနှင့် ပြည့်စုံ၏။ မဂဓမင်း၏ မင်္ဂလာဆင်တော် ဖြစ်၏။

တစ်နေ့သ၌ ပွဲသဘင်ကြီးစွာ ဖြစ်လတ်သော် မြို့သူ မြို့သားတို့သည် အလုံးစုံသောမြို့ကို အထူးထူးသော တန်ဆာတို့ဖြင့် တန်ဆာဆင်ကြကုန်၏။ မြို့တော်သည် နတ်မြို့ကဲ့သို့ အလွန်သာယာ၏။

မင်းကြီးလည်း အလုံးစုံသော တန်ဆာတို့ဖြင့် ဆင်အပ်သော မင်္ဂလာဆင်တော်ကို စီးနင်းကာ ကြီးစွာသောမင်း၏ အာနုဘော်ဖြင့် မြို့တော်ကို လက်ယာရစ် လှည့်တော်မူ၏။

ဆင်တော်ချီးမွမ်း မင်းယုတ်စမ်း

ထိုအခါ လူတို့သည် အဆင်းအင်္ဂါ လက္ခဏာနှင့် ပြည့်စုံသဖြင့် တင့်တယ်ခြင်းအစုံသို့ရောက်သော မင်္ဂလာဆင်ဖြူတော်ကိုမြင်လျှင် “အချင်းတို့ ... ဤမင်္ဂလာဆင်ဖြူတော်သည် အလွန်အံ့ဖွယ်ရှိပေစွ၊ တင့်တယ်ပေစွ၊ အဆင်းအင်္ဂါ လက္ခဏာနှင့် ပြည့်စုံပေစွ၊ စကြဝတွးမင်းတို့အား လျောက်ပတ်ပေစွ” - စသည်ဖြင့် မဂ်လာဆင်ဖြူတော်ကိုသာ အဖန်ဖန် ချီးကျူးကြကုန်၏။

မင်းကြီး ကြားလျှင် သည်းမခံနိုင်ဘဲ ငြူစူစောင်းမြောင်းလျက် “ယနေ့ ဤဆင်ဖြူတော်ကို ကမ်းပါးပြတ်၌ ကျ၍ သေစေမည်” ဟု ကြံစည်လျက် ဆင်ဆရာကို ခေါ်စေ၍ “ဆရာ ... သင်၏ ဆင်ဖြူတော်ကို ကောင်းစွာ သင်ကြားအပ်ပြီးပြီလော” ဟု မေးလေ၏။ “အရှင်မင်းကြီး ... ကောင်းစွာသင်ကြားအပ်ပါပြီ” ဟု လျှောက်၏။ “ဝေပုလ္လတောင်ထိပ်သို့ တက်နိုင်ပါမည်လော” ဟု မေးပြန်၏။ “အရှင်မင်းကြီး ... တက်နိုင်ပါသည်” ဟု လျှောက်၏။ ထိုအခါ မင်းကြီးသည် ဆင်တော်ပေါ်မှ သက်ဆင်းကာ ဆင်ဆရာကို စီးစေ၍ အတက်ခိုင်းလေ၏။

သေအောင်ညှဉ်းပန်း မျိုးမျိုးစမ်း

ဆင်ဖြူတော်သည် ဝေပုလ္လတောင်ထိပ်သို့ တက်သည်ရှိသော် မိမိလည်း စစ်သည်ဗိုလ်ပါနှင့်တကွ တက်လေ၏။ မင်းကြီးသည် ဆင်ဆရာအား ဆင်ဖြူတော်ကို တောင်ကမ်းပါးပြတ်သို့ ရှေးရှုနေစေ၍ ခြေသုံးချောင်းဖြင့် အရပ်ခိုင်းလော့ဟု ဆိုလေ၏။ ဆင်ဆရာလည်း ဆင်ဖြူတော်ကို အမှတ်ပေးကာ ခြေသုံးချောင်းဖြင့် ရပ်စေ၏။ တစ်ဖန် ရှေ့ခြေနှစ်ချောင်းဖြင့် အရပ်ခိုင်းခိုင်းစေပြန်၏။ ရပ်စေပြန်၏။ တစ်ဖန် နောက်ခြေနှစ်ချောင်းဖြင့် အရပ်ခိုင်းစေပြန်၏။ ရပ်စေပြန်၏။ တစ်ဖန် ခြေတစ်ချောင်းတည်းဖြင့် အရပ်ခိုင်းစေပြန်၏။ ရပ်စေပြန်၏။ ထိုအခါ မင်းကြီးသည် ဆင်ဖြူတော် ချောက်ကမ်းပါးပြတ်၌ မကျသည်ကိုသိ၍ တစ်ဖန် တကယ်စွမ်းနိုင်လျှင် ခြေလေးချောင်းတို့ကို ကောင်းကင်၌ ထားစေလော့ဟု ဆိုပြန်၏။

ထိုအခါ ဆင်ဆရာသည် ဇမ္ဗူဒိပ် တစ်ကျွန်းလုံးဝယ် ဤဆင်ဖြူတော်လောက် လိမ္မာတတ်မြောက်သော ဆင်မရှိ၊ စင်စစ် မင်းယုတ်သည် ဤဆင်ကို တောင်ကမ်းပါးပြတ်၌ ကျ၍ သေစေလိုသည် ဖြစ်ရာ“ဟု ဆင်ခြင်ကာ ဆင်တော်၏ နားရင်း၌ကပ်၍ “အမောင် ... ဤမင်းယုတ်သည် အမောင့်ကို တောင်ကမ်းပါးပြတ်၌ ကျ၍ သေစေလိုသည်၊ အမောင်ကား ဤမင်းယုတ်နှင့် မထိုက်တန်၊ အကယ်၍ ကောင်းကင်သို့ ပျံနိုင်ပါမူ ငါ့ပါယူဆောင်၍ ဗာရာဏသီပြည်သို့ ပျံသွားပါ” ဟု ပြောလေ၏။

မင်းအပြစ်ပြော တရားဟော

ဘုန်းတန်ခိုး ကြီးမားသော ဆင်ဖြူတော်သည် ထိုခဏ၌သာလျှင် ကောင်းကင်၌ တည်လေ၏။ ထိုအခါ ဆင်ဆရာသည် မင်းကြီးအား “အရှင်မင်းကြီး ... ဤဆင်ဖြူတော်သည် ဘုန်းတန်ခိုးအာနုဘော်နှင့် ပြည့်စုံ၏၊ သင်ကဲ့သို့ ဘုန်းပညာ နည်းပါးသော မင်းယုတ်နှင့် မထိုက်တန်ပေ၊ ဘုန်းပညာနှင့် ပြည့်စုံသော မင်းနှင့်သာ ထိုက်တန်၏၊ သင်ကဲ့သို့ ဘုန်းပညာ နည်းပါးသော မင်းတို့ကား ဆင်မြတ်ကို ရသော်လည်း ဆင်မြတ်၏ ကျေးဇူးကို မသိကုန်၊ သင်ကား ဤဆင်မြတ်ကို လည်းကောင်း၊ ကြွင်းသော စည်းစိမ်အခြံအရံကို လည်းကောင်း ဖျက်ဆီးတတ်သော သူသာတည်း” ဟု ပြောဆိုပြီးလျှင် နောက်တစ်ဖန် -

“အရှင်မင်းကြီး ... သင်ကဲ့သို့ ဘုန်းပညာ မရှိသောသူကား အခြံအရံ စည်းစိမ်ကို ရရှိပြီးသော်လည်း မိမိ၏ အကျိုးမဲ့ကိုသာ ကျင့်တတ်၏။ ပြုသင့်သောအမှု၊ မပြုသင့်သောမှုကို မသိရကား မိမိအား လည်းကောင်း၊ သူတစ်ပါးအား လည်းကောင်း ညှဉ်းဆဲရန်သာ ဖြစ်၏”

ဟု မင်းကြီးအား ဆင်ကျောက်ကုန်းမှနေ၍ တရားဟောပြီးလျှင် “မင်းကြီး ... နေရစ်ပေတော့” ဟု ဆို၍ ဗာရာဏသီပြည်သို့ သွားပြီးလျှင် မင်းရင်ပြင် ကောင်းကင်တွင် ရပ်လေ၏။

ဗာရာဏသီရောက်မှ ကြီးပွားကြ

ထိုအခါ လူတို့သည် ငါတို့ မင်းကြီးအတွက် ကောင်းကင်ဖြင့် ဆင်ဖြူတော်ကျလာ၍ ရပ်တည်သတတ်ဟု တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်ကာ ချောက်ချား၍သွားလေ၏။ မင်းကြီးအားလည်း ထိုအကြောင်းကို လျင်မြန်စွာ ကြားလျှောက်ကြကုန်၏။ မင်းကြီးလည်း နန်းတော်မှထွက်လာ၍ “အကယ်၍ ငါ၏ အသုံးအဆောင်ဖြစ်မူ မြေ၌တည်လော့” ဟု ဆိုလေ၏။ ဆင်ဖြူတော်လည်း မြေ၌ တည်လေ၏။ ဆင်ဆရာလည်း ဆင်မှ ဆင်းသက်ကာ မင်းကြီးကို ရှိခိုး၍ နေလေ၏။

မင်းကြီးလည်း ဆင်ဆရာအား “အမောင် ... အဘယ်အရပ်က လာသနည်း” ဟု မေးရာ “အရှင်းမင်းကြီး ... ရာဇဂြိုဟ်ပြည်မှ လာခဲ့သည်” ဟု ဆို၍ အကြောင်းစုံကို လျှောက်ထားလေ၏။ မင်းကြီးလည်း “အမောင် ... သင်တို့ ဗာရာဏသီပြည်သို့လာခြင်းကို အလွန်နှစ်သက် ဝမ်းမြောက်လှသည်” ဟု မိန့်တော်မူပြီးလျှင် မြို့တော်အလုံးစုံကို တန်ဆာဆင်စေ၍ ဆင်ဖြူတော်ကို မင်္ဂလာဆင်တော်အရာ၌ ထားလေ၏။ အလုံးစုံသော မြို့တော်ကို သုံးစုစု၍ တစ်စုကို မင်္ဂလာဆင်တော်အား၊ တစ်စုကို ဆင်ဆရာအား ပေးလေ၏။ မိမိမူကား တစ်စုကိုသာ ယူတော်မူ၏။

မင်္ဂလာဆင်ဖြူတော် ရောက်သောအခါမှစ၍ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးရှိ မင်းများသည် ဗာရာဏသီမင်း၏ လက်တော်သို့ရောက်၍ ဇမ္ဗူဒိပ်ကျွန်းတွင် မြတ်သောဧကရာဇ်အဖြစ်၌ တည်လေ၏။ အသက်ထက်ဆုံး ဒါန စသော ကုသိုလ်ကောင်းမှုတို့ကိုပြုကာ သေလွန်သည့်အခါ ကံအားလျော်စွာ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မဂဓမင်းသည် - ယခုအခါ ဒေဝဒတ်။

ဗာရာဏသီမင်းသည် - ယခုအခါ သာရိပုတ္တရာ။

ဆင်ဆရာသည် - အာနန္ဒာ။

မင်း၏ မင်္ဂလာဆင်ဖြူတော်သည် - ငါဘုရားဖြစ်လာပြီ -

ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဘုန်းကံနည်းလှ၊ စည်းစိမ်ရ၊ မုချပျက်စီးမည်။

(၂) ပြုမပြုသင့်၊ ဉာဏ်မချင့်၊ ပြုကျင့်ဆင်းရဲမည်။

(၃) ငြူစူနှလုံး၊ ဆင်ဖြူဆုံး၊ မှတ်ထုံးပြုရာသည်။

ဒုမ္မေဓဇာတ် ပြီး၏။

***

၁၂၃ - နင်္ဂလီသဇာတ်

အသိဉာဏ် ထိုင်းမှိုင်းလှသဖြင့် အရာတွေ့သမျှ ထွန်တုံးနှင့်တူသည်ဟု ပြော၍ ဆရာလက်လျှော့ရသော လာဠုကအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အရာမသိပြီး လာဠုဒါယီ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လာဠုဒါယီမထေရ်သည် အရာဟုတ်သည် မဟုတ်သည်၊ သင့်လျော်သည် မသင့်လျော်သည်ကို မသိတတ်။ အလှူအတန်း စသော သုမင်္ဂလာအရာ၌ တိရောကုဋေသုတ် စသော ဒုမင်္ဂလာတရားကို ဟော၏။ မသာ အသုဘ စသော ဒုမင်္ဂလာအရာ၌ မင်္ဂလသုတ် စသော သုမင်္ဂလာတရားကို ဟော၏။

ရဟန်းတို့သည် တရားသဘင်ဝယ် စကားစပ်မိ၍ လာဠုဒါယီမထေရ်အကြောင်းကို ပြောဆိုနေကြရာ မြတ်စွာဘုရားရှင် ကြွလာတော်မူ၍ “ရဟန်းတို့ ... လာဠုဒါယီကား ယခုအခါသာ ထိုင်းမှိုင်းတွေဝေသဖြင့် အရာဟုတ်သည် မဟုတ်သည်၊ သင့်လျော်သည် မသင့်လျော်သည်ကို မသိသည်မဟုတ်၊ ရှေးအခါ၌လည်း မသိသည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပညာသင်မရ ထိုင်းမှိုင်းလှ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားသူကြွယ်မျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ အလုံးစုံကို သင်ကြားတတ်မြောက်ပြီးလျှင် ဗာရာဏသီပြည်ဝယ် ဒိသာပါမောက္ခ ဆရာကြီး ဖြစ်၍ တပည့်လုလင် ငါးရာတို့ကို အတတ်ပညာ သင်စေ၏။

တပည့်လုလင်ငါးရာတို့တွင် လာဠုက မည်သော တပည့်လုလင်ကား အတတ်သင်လာသော တပည့် ဖြစ်သော်လည်း အလွန်ထိုင်းမှိုင်း တွေဝေစေသဖြင့် သင်ကြားခြင်းငှာ မတတ်နိုင်။ သို့သော်လည်း ဒိသာပါမောက္ခဆရာကြီးအား အလွန် ကျေးဇူးများ၏။ အမှုကိစ္စ ဟူသမျှကို ဆောင်ရွက်၏။

ဉာဏ်လွန်နည်းလှ လာဠုက

ဆရာကြီးလည်း တစ်နေ့သ၌ ညစာစားပြီးလျှင် အိပ်ရာတွင် အိပ်ကာ လာဠုကအား လက်၊ ခြေ၊ ကျောကုန်းတို့ အနှိပ်နယ်ခိုင်းလေ၏။ သွားသောအခါ ညောင်စောင်းခြေတို့ကို တပ်၍ သွားလော့ဟု မှာထား၏။ လာဠုကလုလင်လည်း ညောင်စောင်းခြေတစ်ခုကို ရှာမရသဖြင့် ညောင်စောင်းခြေတစ်ဖက်ကို မိမိပေါင်းပေါ်၌ထားတာ တစ်ညဉ့်လုံး နေလေ၏။

ဆရာကြီးလည်း မိုးသောက်၍ ထသောအခါ လာဠုကကိုမြင် “အမောင် ... အဘယ်ကြောင့် ဤမှာ အိပ်သနည်း” ဟု မေးလေ၏။ “ဆရာ ... ညောင်စောင်း ခြေတစ်ခုကို ရှာမရ၍ ညောင်စောင်းခြေတစ်ဖက်ကို ပေါင်ပေါ်၌ထားကာ တစ်ညဉ့်လုံး နေရသည်” ဟု ပြောလေ၏။

နည်းလမ်းသစ်ထွင် ပညာသင်

ထိုအခါ ဆရာကြီးသည် ထိတ်လန့်အံ့ဩလျက် “ဤ လာဠုကကား ငါ့အား အလွန်ကျေးဇူးများသည်၊ ဉာဏ်ပညာထိုင်းမှိုင်းတွေဝေသဖြင့် အတတ်ပညာ သင်ကြားခြင်းငှာ မတတ်နိုင်၊ ငါသည် အဘယ်သို့ ပညာရှိအောင် ပြုရပါအံ့နည်း။ ငါသည် ဤလုလင်ကို ထင်းခွေ ဟင်းရွက်ခူး စသည်ကို ခိုင်းမည်၊ထင်းခွေ ဟင်းရွက်ခူး စသည် သွားသောအခါ မြင်ခဲ့၊ ကြားခဲ့၊ ပြုလုပ်ခဲ့သမျှကို မေးမည်။ ၎င်းက ပြန်ပြောသောအခါ မည်သည့်ဝတ္ထုနှင့် တူသည်၊ မည်ကဲ့သို့ ပြုခဲ့သည် စသည်ကို တစ်ဖန် ပြန်မေးမည်။ ဤကဲ့သို့ မေးလိုက်၊ ပြန်ပြောလိုက်ဖြင့် အသစ်အသစ်ဖြစ်သော ဗဟုသုတတိုးပွားစေ၍ ပညာရှိအောင် ပြုမည်ဟု ကြံစည်မိလေ၏။

မိမိ ကြံစည်ထားသောအတိုင်း လာဠုက ကို ခေါ်စေ၍ “အမောင် ... ယနေ့ကစ၍ ထင်းခွေ ဟင်းရွက်ခူး စသည်သွားသောအခါ မြင်ခဲ့၊ ကြားခဲ့၊ ပြုလုပ်ခဲ့သမျှ ငါ့ကို ပြန်ပြောရမည်” ဟု မှာထားလေ၏။

တွေ့မြင်သမျှ ဥပမာပြ

လာဠုကသည် တစ်နေ့သ၌ လုလင်တို့နှင့် အတူ ထင်းခွေသွားသောအခါ မြွေကို မြင်ခဲ့၍ “ဆရာ ... အကျွန်ုပ်မြွေကို မြင်ခဲ့ပါသည်ဧ စု ပြောလေ၏။ “အမောင် ... မြွေသည် ဘာနှင့်တူသနည်း” ဟု မေး၏။ “ဆရာ ... ထွန်တုံးထွန်သံနှင့် တူပါသည်” ဟု ပြော၏။ “အမောင် ... ကောင်းစွ၊ ကောင်းစွ သင့်တင့်သော ဥပမာကို ပေးနိုင်ပေသည်” ဟု ချီးကျူးလေ၏။

တစ်ဖန် တော၌ ဆင်ကိုမြင်ခဲ့၍ “ဆရာ ... အကျွန်ုပ်ဆင်ကို မြင်ခဲ့ပါသည်” ဟု ပြောလေ၏။ “အမောင် ... ဆင်သည် ဘာနှင့်တူသနည်း” ဟု မေးမြန်းရာ “ ဆရာ ... ထွန်တုံး ထွန်သံနှင့် တူပါသည်” ဟု ပြော၏။ ဆင်၏ နှာမောင်း အစွယ်တို့မှာ တူပေသည်၊ ခွဲခြားပြီး မပြောတတ်၍သာ ဖြစ်မည်ဟု ဆိတ်ဆိတ်နေပြန်၏။

တစ်ဖန် ဆွမ်းကျွေးရာအရပ်ဝယ် ကြံကိုစုပ်ခဲ့ရ၍ “ဆရာ ... ကြံစုပ်ခဲ့ရသည်” ဟု ပြောလေ၏။ “အမောင် ... ကြံသည် ဘာနှင့်တူသတည်း” ဟု မေးပြန်ရာ “ဆရာ ... ထွန်းတုံး ထွန်သံနှင့် တူပါသည်” ဟု ပြော၏။ အနည်းငယ် လျော်ပါသေး၏ ဟု ဆိတ်ဆိတ်သာနေပြန်၏။

တစ်ဖန် ဆွမ်းကျွေးရာဝယ် တချို့ တင်လဲ နို့ဓမ်းကို စားရကုန်၏။ တချို့ နို့ရည်ကို သောက်ရကုန်၏။ လာဠုကကား နို့ဓမ်း နို့ရည် စားသောက်ခဲ့ရ၍ “ ဆရာ ... နို့ဓမ်း နို့ရည်ကို စားသောက်ခဲ့ရပါသည်” ဟု ပြော၏။ “အမောင် ... နို့ဓမ်း နို့ရည်ကား ဘာနှင့်တူသနည်း” ဟု မေးပြန်ရာ “ဆရာ .... ထွန်တုံး ထွန်သံနှင့် တူပါသည်” ဟု ပြောလေ၏။

ပညာသင်မရ လက်လွှတ်ကြ

ထိုအခါ ဆရာသည် ဤလုလင်ကား မြွေသည် ထွန်တုံး ထွန်သံနှင့်တူသည် ဆိုရာမှာ ကောင်းပေ၏။ ဆင်မသည် ထွန်တုံး ထွန်သံနှင့်တူသည်ဆိုရာမှာလည်း နှာမောင်းနှင့် အစွယ်ကို ရည်၍ဆိုလျှင် တူယောင်ယောင် ရှိသေး၏။ ကြံသည် ထွန်တုံး ထွန်သံနှင့်တူသည် ဆိုရာမှာလည်း အနည်းငယ် ယုတ္တိရှိသေး၏။ နို့ဓမ်းနို့ရည်သည် ထွန်တုံး ထွန်သံနှင့်တူသည် ဆိုရာမှာ နို့ဓမ်းနို့ရည်တို့မှာ အဆင်းအားဖြင့် ဖြူကုန်၏။ သဏ္ဌာန်ဖြင့်ထည့်သော အိုး၊ ခွက်လျှင် သဏ္ဌာန်ရှိကုန်၏။ ဘယ်အခါမှ မတူနိုင်၊ စပ်ဟပ်၍ပင် မရ၊ ဤလာဠုကကား အတတ်ပညာကိုသင်၍ မဖြစ်နိုင်ချေဟု နှလုံးသွင်းကာ -

“အမောင်တို့ ... ဤသူမိုက်ကား ဥပမာ စကားတစ်လုံးတည်းကိုကိုင်ကာ ဥပမေယျအားလုံး၌ ဆိုလေသည်။ ထို့ကြောင့် နို့ဓမ်း နို့ရည်ကိုလည်း ထွန်တုံး ထွန်သံနှင့် တူသည်ဟု ဆိုလေ၏။ ဤသူမိုက်ဖြင့် အကျိုးမရှိတော့ပြီ” –

ဟု တပည့်တို့အား အဆုံးအမစကား ပြောကြားပြီး လာဠုကအားလည်း ရိက္ခာပေး၍ ပြန်လွှတ်လိုက်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လာဠုကသည် - ယခုအခါ လာဠုဒါယီ။

ဒိသာပါမောက္ခ ဆရာကြီးသည် - ငါဘုရားဖြစ်လာပြီ -

ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိုက်မဲသူအား၊ အတတ်များ၊ သင်ကြားမဖြစ်နိုင်။

(၂) နို့ဓမ်းထွန်တုံး၊ တူဟန်သုံး၊ ပြောလုံးဆိုပိုင်ပိုင်။

နင်္ဂလီသဇာတ် ပြီး၏။

***

၁၂၄ - အမ္ဗဇာတ်

တောသတ္တဝါအများ ရေပေးလှူသဖြင့် တစ်ဖန် ကျေးဇူးပြုသော အစာအာဟာရမှီ၍ အများချမ်းသာရသော ဝတ်နှင့်ပြည့်စုံသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရဟန်းငယ်ကြောင်းပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိမြို့သား ရဟန်းတစ်ပါးသ်ည ဝတ်ကြီးဝတ်ငယ်နှင့် ပြည့်စုံ၏။

ထိုရဟန်းဒသည် ဆရာဥပဇ္ဈာယ်တို့၌ ပြုရာသော ဝတ်တို့ကို လည်းကောင်း၊ တံမြက်လှည်းခြင်း သောက်ရေ သုံးဆောင်ရေ တည်ထားခြင်း စသော ဝတ်တို့ကို လည်းကောင်း အမြဲပြုလေ့ရှိ၏။ ဒါယကာတို့သည် အလွန်ကြည်ညိုသဖြင့် ဆွမ်းဝတ်ငါးရာတို့ကို အမြဲ နိစ္စဘတ် လှူဒါန်းကြကုန်၏။ များသော လာဘ်သပ်ပကာရှိ၏။ ထိုရဟန်းကို အမှီပြု၍ ရဟန်းများစွာတို့သည် ချမ်းချမ်းသာသာ စားသောက်နေထိုင် ကြရကုန်၏။

ထိုအခါ ရဟန်းတို့သည် တရားသဘင်ဝယ် စကားစိပ်မိ၍ ထိုရဟန်း၏ ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... ဤရဟန်းကား ယခုအခါ၌ သာ ဝတ်ကြီးဝတ်ငယ်နှင့် ပြည့်စုံသည် မဟုတ်၊ ရှေးအခါ၌ လည်း ပြည့်စုံခဲ့ဖူးပြီး၊ ရသေ့ တစ်ယောက်ကို အမှီပြုကာ ရသေ့ငါးရာတို့ တောသို့ မသွားရဘဲ သစ်သီးကြီးငယ်ဖြင့် မျှတကာ ချမ်းချမ်းသာသာ စားသောက်နေထိုင်ရဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ရေပေးလှူရ သဒ္ဓါထက်လှ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဥဒိစ္စပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် ရသေ့ရစန်းပြုလျက် ရသေ့ငါးရာ အခြံအရံဖြင့် တောင်ခြေရင်းတစ်ခု၌ နေလေ၏။

ထိုအခါ ဟိမဝန္တာဝယ် ပူပြင်းသော နွေအခါဖြစ်၍ အရပ်တကာတို့ဝယ်သောက်ရေပြတ်ကုန်၏။ တိရစ္ဆာန်တို့သည် သောက်ရေကို မရကုန်သဖြင့် ပင်ပန်းကြကုန်၏။ ထိုအခါ ရသေ့တစ်ပါးသည် တိရစ္ဆာန်ကို ရေငန်ခြင်း ဆင်းရဲကို မြင်သဖြင့် သနားကရုဏာသက်သာ သစ်ပင်တစ်ခုကို ဖြတ်၍ စားကျင်းထွင်းပြီးလျှင် သောက်ရေအပြည့်လောင်း၍ ထားလေ၏။

များစွာသော တိရစ္ဆာန်တို့ သောက်ကုန်လတ်သော် ရသေ့သည် သောက်ရေကိုသာ အတွင်ခပ်နေသဖြင့် သစ်သီးရှာခွင့်မရ၊ အာဟာရပြတ်လျက်လည်း သောက်ရေကို ပေးမြဲတိုင်း ပေးလေ၏။

ကျေးဇူးတုံ့ရှာ မြောက်မြားစွာ

ထိုအခါ သား၊ ငှက် အပေါင်းတို့သည် စည်းဝေးကြကုန်လျက် “ အမောင်တို့ … ရသေ့မှာ သောက်ရေကို ခပ်နေရသဖြင့် သစ်သီးရှာခွင့်မရ၊ အာဟာရပြတ်၍ ပင်ပန်းလှပြီ၊ သို့အတွက် ရေသောက်လာသော သား၊ ငှက်တို့သည် မိမိတို့ အစွမ်းရှိသလောက် သစ်သီးကို ယူခဲ့ကြလျှင် ကောင်းမည်” ဟု တိုင်ပင်ညီညွတ်ကာ ဤနေ့မှစ၍ ရေသောက်လာသော သား၊ ငှက်တို့သည် သစ်သီးယူခဲ့ကြစတမ်းဟု ကတိကဝတ်ပြုကြကုန်၏။

သား၊ ငှက်တို့လည်း ရေသောက်လာကြသောအခါ ကတိကဝတ် ပြုသည့်အတိုင်း သရက် ပိန္နဲ စသော သစ်သီးတို့ကို ယူခဲ့ကြကုန်၏။ သစ်သီးတို့ကား လှည်းဆယ့်နှစ်စီး ခွဲတိုက်လောက်မျှ များပြားကုန်၏။ ရသေ့ငါးရာတို့လည်း ထိုသစ်သီးတို့ဖြင့်ပင် မျှတလျက် နေထိုင်ကြကုန်၏။

ချီးကျူးမကုန် ဝတ်ပြည့်စုံ

ရသေ့ကြီးသည် များစွာသော သစ်သီးတို့ကို မြင်၍ “တပည့်တို့ ဝတ်ကြီးဝတ်ငယ်နှင့် ပြည့်စုံသော ရသေ့ တစ်ယောက်ကို အမှီပြုကာ တောသို့ သစ်သီးရှာ မသွားရတော့ဘဲ ရသေ့ငါးရာတို့ ချမ်းချမ်းသာသာ စားသောက်နေရသည်” ဟု ဝတ်နှင့်ပြည့်စုံသော ရသေ့၏ လုံ့လဝီရိယကို ချီးကျူးလေ၏။ ထို့နောက် -

“တပည့်တို့ … ပညာရှိသူမှန်လျှင် အမြဲလုံ့လပြုရမည်၊ မပျင်းရိရာ၊ လုံ့လ၏ အကျိုးကို ကြည့်ရှုကြလော့၊ သရက် ပိန္နဲ စသော ဤသစ်သီးတို့မှာ လုံ့လ၏အကျိုး မဟုတ်ပါလော” –

ဟု ရသေ့အပေါင်းတို့အား ပြောကြားကာ အဆုံးအမပေးလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဝတ်ပြည့်စုံသော ရသေ့သည် - ယခုအခါ ဝတ်ပြည့်စုံသော ရဟန်း။

ဆရာရသေ့ကြီးသည် - ငါဘုရားဖြစ်လာပြီ -

ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဝတ်ကြီးဝတ်ငယ်၊ ပြုလုပ်ဖွယ်၊ တကယ်မပျင်းရာ။

(၂) တစ်ယောက်ဝတ်ပြည့်၊ လွန်ချမ်းမြေ့၊ ရသေ့ငါးရာပါ။

အမ္ဗဇာတ် ပြီး၏။

***

၁၂၅ - ကဋာဟကဇာတ်

ကျွန်မသား သူဌေးသား ယောင်ဆောင်ကာ သူဌေးသမီးနှင့် ညားသဖြင့် အလွန်ကဲ့ရဲ့ကာ မာန်တက်၍ ဂါထာပေး၍ ဆုံးမရသော ကာဋာဟက အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကဲ့ရဲ့ရှုတ်ချ ပြောတတ်လှ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကဲ့ရဲ့ရှုချတတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဘဏ္ဍာစိုးသား ကျွန်မသား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် စည်စိမ်ဥစ္စာ ကြွဝသော သူဌေးသား ဖြစ်လေ၏။

တစ်နေ့သ၌ ထိုသူဌေး၏ မယားသည် သားတစ်ယောက် မွေးဖွားလေ၏။ ထိုသူဌေး၏ ကျွန်မသည်လည်း ထို့နေ့မှာပင် သားတစ်ယောက် မွေးဖွားလေ၏။ ထိုသူငယ် နှစ်ယောက်တို့သည် တစ်ပြိုက်နက် ကြီးပြင်းကြကုန်၏။

သူဌေးသား စာသင်သည်ရှိသော် ကျွန်မသားလည်း သင်ပုန်းကိုယူကာ သူဌေးသားနှင့်အတူ စာသင်၏။ ဂဧန်းအတတ်ကိုလည်း အတူသင်ကြ၏။ နှစ်ကြိမ် သုံးကြိမ်တိုင်အောင် အတူသင်ကြ၏။

ကျွန်မသားလည်း စကားအရာ၌ လိမ္မာ၏။ အခေါ်အဝေါ် ဝေါဟာရ၌လည်း လိမ္မာ၏။ နုပျို၏။ ရုပ်အဆင်းလှ၏။ အမည်အားဖြင့် ကုဋာဟကဟု ခေါ်ဝေါ်ကြ၏။ သူဌေးကြီးသည် ဘဏ္ဍာစိုးအရာ၌ ထား၏။

လိမ်လည်ဉာဏ်ဆင် သူဌေးသားသွင်

တစ်နေ့သ၌ ကဋာဟကသည် “ဤသူဌေးကြီးသည် ငါ့ကို အမြဲတမ်း ဘဏ္ဍာစိုးအရာ၌ ထားမည်မဟုတ်၊ တစ်စုံတစ်ရာ အပြစ်မြင်လျှင် ရိုက်ပုတ်ထောင်းထု၍ ကျွန်အဖြစ်ဖြင့်သာ သုံးဆောင်ကြလတ္တံ့။ ပစ္စန္တရာဇ်၌ကား သူဌေး၏ အဆွေခင်ပွန်း သူဌေးတစ်ယောက် ရှိ၏။ ထိုသူဌေးမှာ သမီးလည်းရှိ၏။ ငါသည် သူဌေးကြီး၏ စကားဖြင့် အမှာစာယူ၍ ထိုသူဌေးထံသွားကာ သူဌေး၏သားဟု လှည့်စား၍ သမီးကိုယူလျက် ချမ်းသာစွာရေမူကား ကောင်းလိမ့်မည်” ဟု ကြံစည်လျက် ကိုယ်တိုင် ပုရပိုက်ကိုယူ၍ “အဆွေ ... ယခု အကျွန်ုပ်၏သားကို လွှတ်လိုက်သည်၊ အဆွေသမီးနှင့် ထိမ်းမြားလက်ထပ်ပါ၊ အကျွန်ုပ်သားနှင့် အဆွေသမီးကို လက်ထပ်ခြင်းအတွက် တစ်ဦးနှင့်တစ်ဦး ရင်းနှီးလာမည်ဖြစ်၍ အထူးသင့်လျော်ပါသည်၊ အကျွန်ုပ်လည်း အဆွေထံသို့ အခွင့်ရသောအခါ လာပါမည်” ဟု ရေးသားကာ သူဌေးကြီး၏ တံဆိပ်ကို ရိုက်နှိပ်ပြီးလျှင် မိမိသဘောအတိုင်း စားနပ်ရိက္ခာ နံ့သာပုဆိုး စသည်တို့ကိုယူ၍ ပစ္စန္တရာဇ်သူဌေးထံ သွားလေ၏။ ရောက်လျှင် သူဌေးကို ရိုသေစွာ ရှိခိုးလျက်နေ၏။

သူဌေးသား ထင်ကာ ထိမ်းမြားရာ

ထိုအခါ ပစ္စန္တရာဇ် သူဌေးသည် ကဋာဟကအား “အမောင် ... ဘယ်အရပ်မှ လာသနည်း” ဟု မေးလေ၏။ “ဗာရာဏသီပြည်မှ လာပါသည်” ဟု ပြောလေ၏။ “ဘယ်သူ၏ သားနည်း” ဟု မေးပြန်ရာ၊ “ဗာရာဏသီ သူဌေးကြီး၏သား ဖြစ်ပါသည်” ဟု ပြော၏။ “ဘယ်အတွက် လာသနည်း” ဟု မေးပြန်၏။ သူဌေးကြီးထံမှ အမှာစာပါပါသည်” ဟု ပြောပြီးလျှင် အမှာစာကို ဆက်လေ၏။ သူဌေးလည်း အမှာစာကို ဖတ်ပြီးလျှင် သူဌေးကြီးထံမှ ပေးသောစာဟု ယုံကြည်လျက် ကဋာဟကကို သမီးနှင့် ထိမ်းမြားလက်ထပ်ပြီးလျှင် အိမ်မှာပင် နေစေ၏။ ထိုအခါမှစ၍ ကဋာဟကအား အခြံအရံများလေ၏။

ကဲ့ရဲ့ပြစ်တင် သူတစ်ပါးအပင်

ထိုကဋာဟကသည် ကျေး၊ ကျွန် အစေခံတို့ ဆက်သလာသော ထမင်း၊ ယာဂု ခဲဖွယ် စသည်တို့ကို လည်းကောင်း၊ အဝတ်ပုဆိုး နံ့သာ စသည်တို့ကို လည်းကောင်း မြင်သည်ရှိသော် “ထမင်းကို ဤလို ချက်ရသလော၊ ယာဂုကို ဤလိုကျိုရာသလော၊ ခဲဖွယ်ကို ဤလို ချက်ရသလော၊ အဝတ်ပုဆိုးကို ဤလို ဝတ်ရာသလော၊ ပန်းကို ဤလို ကုံးရာသလော၊ နံ့သာကို ဤလို သွေးရာသလော၊ ပစ္စန္တရာဇ်နေလူတို့သည် ဩော် ... မိုက်မဲစွတကား၊ အကောင်း မစားတတ်ကုန်၊ အကောင်း မဝတ်တတ်ကုန်၊ အကောင်း မသုံးဆောင်တတ်ကုန်” စသည်ဖြင့် ကဲ့ရဲ့ရှုတ်ချလေ့ရှိ၏။

သူဌေးကြီးကြွလာ ဆီးကြိုရှာ

ဗာရာဏသီ သူဌေးကြီးသည် ကဋာဟက ကျွန်ကိုမမြင်လျှင် “အမောင်တို့ ... ကဋာဟက ဘယ်သွားသနည်း ရှာကြကုန်” ဟု စေခိုင်းလေ၏။ အလုပ်အကျွေးတစ်ယောက်သည် ကဋာဟကထံသွား၍ မသိရအောင် ရုပ်ဖျောက်ကာ စုံစမ်းလျက် အသေအချာ သိရလျှင် ပြန်လာ၍ သူဌေးကြီးအား အကြောင်းစုံ လျှောက်ထားကြလေ၏။

သူဌေးကြီးလည်း ထိုအကြောင်းကို ကြားလျှင် ကဋာဟကအား မသင့်လျော်သောအမှုကို ပြုဘိ၏၊ သွား၍ခေါ်မည်ဟု မင်းကြီးထံ ပန်ကြားပြီးလျှင် ပစ္စန္တရာဇ်သို့ အခြံအရံဖြင့် သွးလေ၏။ သူဌေးကြီး ပစ္စန္တရာဇာ်သို့ သွားသတတ်ဟု အရပ်တကာတါင် ထင်ရှားလေ၏။

ကဋာဟကလည်း သူဌေးကြီး လာသတတ်ဟုကြား၍ ဤသူဌေးကြီးကား တခြားအကြောင်းကြောင့် မလာ၊ ငါ့အကြောင်းကြောင့်လာသည် ဖြစ်လိမ့်မည်၊ ငါသည် အကယ်၍ ပြေးအံ့၊ တစ်ဖန် ပြန်မလာနိုင်သည် ဖြစ်လတ္တံ့၊ ငါ့အရှင်ကို ခရီးဦးကြိုဆိုကာ ကျွန်အမှုကိုပြု၍ ကျေနပ်နှစ်သက်စေမည်ဟု ကြံစည်မိလေ၏။

လက်ဆောင်ပဏ္ဏာ ဆက်လေရာ

ကြံစည်ပြီးသောအခါမှစ၍ ပရိသတ်အလယ်တွင် “လောက၌ လူမိုက်တို့သည် မိဘတို့ ဂုဏ်ကျေးဇူးကို မသိကြဘဲ မိဘတို့ စားသောက်သောအခါ ဝတ်ကြီးဝတ်ငယ်ကို မပြုကုန်မူ၍ အတူတကွ စားသောက်လေ့ရှိကြ၏။ ငါတို့ကား မိဘတို့ ဂုဏ်ကျေးဇူးကို သိသည့်အတွက် မိဘတို့ စားသောက်သောအခါ အတူတကွ မစားသောက်ဘဲ ကျွန်တို့ကဲ့သို့ ဝတ်ကြီးဝတ်ငယ်ကို ပြုလေ့ရှိကုန်၏” ဟု ပရိတ်သတ်အား အမှတ်သညာ ပေးလေ၏။

သူဌေးကြီးအနီးသို့ ရောက်သောအခါ ယောက္ခမသူဌေးကို “အရှင် ... အကျွန်ုပ်ဖခင်သည် အရှင်တို့ကို တွေ့မြင်ရန် လာသတတ်၊ ခဲဖွယ်ဘောဇဉ်ကို စီရင်ကြကုန်လော့၊ အကျွန်ုပ် ခရီးဦးကြိုဆိုရန် သွားပါမည်” ဟု ဆိုလေ၏။ ယောက္ခမလည်း ကောင်းပြီဟု အလုံးစုံ စီမံလေ၏။ ကဋာဟကလည်း များစွာသော လက်ဆောင်တို့ကို ယူကာ သူဌေးကြီးထံသွား၍ ရှိခိုးဆက်သလေ၏။ သူဌေးကြီးလည်း လက်ဆောင်တို့ကိုယူ၍ ကဋာဟကကို နှုတ်ခွန်းဆက်လေ၏။

ပူဇော်သက္ကာ ဝတ်ပြုကာ

သူဌေးကြီးလည်း နံနက် အိပ်ရာထသောအခါ ကိုယ်လက် သုတ်သင်ရန် ဖုံးကွယ်ရာသို့ သွားလတ်သော် ကဋာဟကသည် မိမိအခြံအရံတို့ကို ဖယ်ရှားစေ၍ သန့်သက်ရေအိုးကိုယူကာ နောက် လိုက်လေ၏။ သန့်သက်ရေသုံးခြင်းကိစ္စ ပြီးသောအခါ သူဌေးကြီးခြေရင်း၌ပင်ဝပ်လျက် “အရှင် ... အရှင်လိုသမျှ ပစ္စည်းဥစ္စာကို ပေးပါမည်၊ အကျွန်ုပ်၏ စည်းစိမ် အခြံအရံကို မပျက်ပါစေနှင့်” ဟု တောင်းပန်လေ၏။ သူဌေးကြီးလည်း ဝတ်ကြီးဝတ်ငယ်နှင့် ပြည့်စုံသောကြောင့် နှစ်သက်တော်မူသဖြင့် “ အမောင် ... မစိုးရိမ်လင့်၊ သင့်အား တစ်စုံတစ်ရာ မပြစ်မပြု” ဟု သက်သာရာ ရစေ၍ ပစ္စန္တရာဇ်မြို့တွင်းသို့ဝင်ကာ ပစ္စန္တရာဇ်သူဌေးအိမ်သို့ ရောက်ကြ၏။ သူဌေးရောက်လျှင် ပူဇော်သက္ကာရ များစွာ ဖြစ်လေ၏။ ကဋာဟကလည်း သူဌေးကြီးအား မပြတ် ဝတ်ကြီး ဝတ်ငယ်ကို ပြုလေ၏။

သူဌေးသားယောင် မာနထောင်

ထိုအခါ ပစ္စန္တရာဇ်သူဌေးသည် ဗာရာဏသီ သူဌေးကြီးအား “သူဌေးကြီး ... အသင်တို့ထံမှ အမှာစာကို ရလျှင် ရချင်းပင် မိဘတို့ ဝတ္တရား ရှိသည့်အတိုင်း အသင့်သားနှင့် အကျွန်ုပ်သမီးကို လက်ထပ်ထိမ်းမြားပါသည်” ဟု ပြောလေ၏။ သူဌေးကြီးသည် ကဋာဟကကို သားပြုကာ “အဆွေ သူဌေး ... ကောင်း၏” ဟု အကြောင်းအားလျော်စွာ ပြော၍ အဆွေသူဌေးအား ကျေနပ်စေ၏။ ထိုအခါမှစ၍ ကဋာဟက၏ မျက်နှာကို မော်၍ပင် ကြည့်ဝံ့သူ မရှိချေ။

ကဲ့ရဲ့လွတ်ရေး ဂါထာပေး

တစ်နေ့သ၌ ဗာရာဏသီ သူဌေးကြီးသည် သူဌေးသမီးကိုခေါ်လျက် ခေါင်းတွင် သန်းရှာခိုင်း၍ “ချစ်သမီး ... ငါ့သားသည် သင့်အား ကြင်နာပါ၏လော၊ သင်တို့အချင်းချင်း ညီညွတ် သင့်တင့်ကြပါ၏လော” ဟု မေး၏။ “ဖခင် ... ဖခင်၏ သားမှာ တစ်ပါးသောအပြစ် မရှိပါ၊ အစာအာဟာရ အဝတ်တန်ဆာတို့ကို ကဲ့ရဲ့ရှုတ်ချလေ့ရှိ၏” ဟု ပြော၏။ “ချစ်သမီး ... ငါ့သားကား ချမ်းချမ်းသာသာ နေခဲ့ရ၏၊ စင်စစ်ကား ငါ့သား နောက်မကဲ့ရဲ့ဝံ့အောင် နှုတ်ပိတ်မန္တာန် သင်ကြားပေးခဲ့မည်၊ ငါ့သား ထမင်းစားသောအခါ ဂါထာကို ရွတ်ဆိုလော့” ဟု မှာထားကာ ဂါထာကို သင်ကြားပေးခဲ့၍ နှစ်ရက် သုံးရက်နေလျက် ဗာရာဏသီမြို့တော်သို့ နြပ်လေ၏။

ဂါထာရွတ်မှ မာနကျ

ကဋာဟကလည်း သူဌေးကြီးသွားသော အခါမှစ၍ အတိုင်းထက်အလွန် မာနကြီးလေ၏။ တစ်နေ့သ၌ မွန်မြတ်သော ဘောဇဉ်ကို တည်ခင်းသည်ရှိသော် ထမင်းကို ကဲ့ရဲ့ရှုတ်ချရန် အားထုတ်လေ၏။ ထိုအခါ သူဌေးသမီးသည် -

“အို - ကဋာဟက ... ဇနပုပ်သို့ ရောက်သောသင်သည် များစွာ ကဲ့ရဲ့ရှုတ်ချဘိ၏၊ သူဌေးကြိး တစ်ဖန်လာ၍ သင့်ကို ဖျက်ဆီးလိမ့်မည်၊ အေးအေး စည်းစိမ်ကို ခံစားပါ” –

ဟု အနက်အဓိပ္ပါယ်ကို မသိဘဲလျက် ဖခင်သူဌေးကြီး သင်ပေးခဲ့သော နှုတ်ပိတ်မန္တာန်ကို ရွတ်ဆိုလေ၏။ ထိုအခါ ကဋာဟကသည် သူဌေးကြီးကား မုချ ငါ့အမည်ကို ပြေကာ အဖြစ်အပျက် အားလုံးကို ပြောဆိုခဲ့သည် ဖြစ်လိမ့်မည်ဟု အောက်မေ့လျက် တစ်ဖန် မကဲ့ရဲ့ဝံ့တော့ချေ။ မာနကျိုးလေ၏။ ရရှိတိုင်းသော ထမင်းကိုသာ စားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကဋာဟကကျွန်သည် - ယခုအခါ ကဲ့ရဲ့ရှုတ်ချသော ရဟန်း။

ဗာရာဏသီသူဌေးကြီးသည် - ငါဘုရားဖြစ်လာပြီ -

ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကဲ့ရဲ့ရှုတ်ချ၊ မာန်တက်ကြွ၊ မလစက်ဆုပ်ဖွယ်။

(၂) သမီးရွှေသွေး၊ ဂါထာပေး၊ သူဌေးပရိယာယ်။

(၃) အကြံဉာဏ်လွန်၊ ဝတ်ကျေပွန်၊ အိမ့်ကျွန်ခြံရံကြွယ်။

ကဋာဟကဇာတ် ပြီး၏။

***

၁၂၆ - အသိလက္ခဏဇာတ်

လာဘ်စားကာ သန်လျက်လက္ခဏာဖတ်သဖြင့် နှာခေါင်းပြတ်သော သန်လျက် လက္ခဏာဖတ်ပုဏ္ဏား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သန်လျက်နန်းလတ် လက္ခဏာဖတ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီးထံမှာ သန်လျက်လက္ခဏာဖတ်တတ်သော ပုဏ္ဏားတစ်ယောက် ရှိလေ၏။ ထိုပုဏ္ဏားသည် သန်လျက်ကိုနမ်း၍ လက္ခဏာကို ဖတ်လေ့ရှိ၏။

ပန်းပဲတို့သည် မင်းကြီးအား သန်လျက်ဆက်သသောအခါ လာဘ်မရသော ပန်းပဲ၏ သန်လျက်ကို လက္ခဏာနှင့် မပြည့်စုံ မင်္ဂလာမရှိဟု ဖတ်လေ့ရှိ၏။

ပုဏ္ဏားချေဆတ် နှာခေါင်းပြတ်

ထိုအခါ ပန်းပဲတစ်ယောက်သည် သန်လျက်အိမ်တွင် အလွန်နူးညံ့သော ငရုတ်သီးမှုန့်ထည့်၍ သန်လျက်ကိုသွင်းကာ မင်းကြီးထံ ဆက်သလေ၏။ မင်းကြီးလည်း ပုဏ္ဏားကို ခေါ်စေ၍ “ပုဏ္ဏားကြီး ... သည်သန်လျက်ကို စုံစမ်းလော” ပုဏ္ဏားလည်း သန်လျက်ကို အိမ်မှ ချွတ်နမ်းလတ်သော် ငရုတ်သီးမှုန့် နှာခေါင်းထဲဝင်၍ ချေဆက်ရာ အသွားနှင့်ခတ်မိသဖြင့် နှာခေါင်းပြတ်လေ၏။ ထိုအကြောင်းသည် သံဃာ့ဘောင်တိုင်အောင် ပျံ့နှံ့လေ၏။

ရဟန်းတို့သည် တရားဘဘင်ဝယ် စကားစပ်မိ၍ ထိုပုဏ္ဏားအကြောင်းကို ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... ဤပုဏ္ဏားသည် ယခုအခါ၌သာ သန်လျက်ကိုနမ်း၍ နှာခေါင်းပြတ်သည် မဟုတ်၊ ရှေးအခါ၌လည်း ပြတ်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

နှာခေါင်းပြတ် အတုတတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဗြဟ္မဒတ်မင်း၏အထံမှာ သန်လျက် လက္ခဏာကို ဖတ်တတ်သော် ပုဏ္ဏားတစ်ယောက် ရှိလေ၏။ [ပစ္စုပ္ပန်ဝတ္ထုနှင့်တူ၏။]

ထိုပုဏ္ဏားသည် သန်လျက်ကိုနမ်း၍ လက္ခဏာဖတ်လတ်သော် ငရုတ်သီးမှုန့် နှာခေါင်းထဲဝင်၍ ချေဆက်ရာ သန်လျက်သွားနှင့် ခတ်မိသဖြင့် နှာခေါင်းပြတ်လေ၏။ မင်းကြီးလည်း ပုဏ္ဏားကို အနာပျောက်ကင်းအောင် ဆေးကုပေးပြီးလျှင် ချိပ်ဖြင့် နှာခေါင်းတုကိုပြု၍ တပ်စေလျက် ခစားမြဲ ခစားစေ၏။

သမီးနှင့်တူတွက် စီမံချက်

ထိုမင်းကြီးဝယ် သားမရှိ၊ သမီးတစ်ယောက်နှင့် တူတစ်ယောက် ရှိလေ၏။ ထိုသမီးနှင့် တူတို့သည် မင်းကြီးထံ၌သာ အတူတကွ ကြီးပြင်းကာ အရွယ်သို့ ရောက်လာကြ၍ တစ်ဦးနှင့်တစ်ဦး တပ်စွန်းသောစိတ် ရှိကြကုန်၏။

တစ်နေ့သ၌ မင်းကြီးသည် အမတ်တို့ကိုခေါ်၍ “အို အမတ်တို့ ... သမီးနှင့် တူတို့မှာ ထီးမွေနန်းမွေ ခံမည့်သူများ ဖြစ်ကြသည်၊ ၎င်းတို့နှစ်ဦးကို လက်ထပ်လိုက်လျှင် ဆွေမျိုး နည်းပါးမည်၊ သမီးကို တခြားတိုင်းပြည်က မင်းသားတစ်ပါးနှင့်၊ တူကိုလည်း တခြားတိုင်းပြည်က မင်းသမီးတစ်ပါးနှင့် လက်ထပ်လျှင် နှစ်ပြည်ထောင်ဖြစ်၍ ဆွေမျိုးများမည်” ဟု တိုင်ပင်လေ၏။ အမတ်တို့လည်း တခြားစီ လက်ထပ်ရန် သဘောတူညီကြသဖြင့် သမီးနှင့် တူကို အတူတကွ မနေစေဘဲ တစ်အိမ်စီ ခွဲထားကြကုန်၏။

မင်းသမီးဆောင်ရန် ပရိယာယ်ဉာဏ်

ထိုအခါ မင်းကြီးတူ မင်းသားသည် ဦးရီးသမီးကို နန်းတွင်းမှထုတ်ရန် ဥပါယ်တစ်ခု ရှိသည်ဟု ကြံစည်ကာ နတ်ဝင်မကို ခေါ်စေ၍ ငွေတစ်ထောင် ပေးလေ၏။ နတ်ဝင်မက “အရှင်မင်းသား ... အကျွန်ုပ် အဘယ်အမှုကို ပြုရမည်နည်း” ဟု မေးလျှောက်သော် “ငါ့ဦးရီးသမီးကို နန်းတွင်းမှ ထုတ်လိုသည်” ဟု မိန့်ဆိုလေလျှင် “အရှင် ... ကောင်းပြီ အကျွန်ုပ် မင်းကြီးထံသွား၍ ‘အရှင်မင်းကြီး ... မင်းကြီး၏ သမီးတော်မှာ ပယောဂအစွဲရှိသည်၊ ဘယ်သူမျှ ဂရုမစိုက်ကြ၊ လက်နက်ကိုင် အစောင့်များစွာခေါ်၍ သမီးတော်ကို ရထားဖြင့် တင်ယူကာ သုသာန်သို့သွား၍ အင်းပျဉ်ဝန်းပေါ်၌ သေသူကိုတင်၍ ၎င်းအပေါ်၌ ညောင်စောင်းကိုတင်ပြီးလျှင် ညောင်စောင်းပေါ်တွင် သမီးတော်ကိုတင်ကာ နံ့သာရေအိုး တစ်ရာ့ရှစ်လုံးဖြင့် ရေချိုးစေလျက် ချွတ်လွှဲရမည်’ ဟု လျှောက်ထားပြီး သမီးတော်ကို ခေါ်ယူခဲ့မည်၊ အရှင် မင်းသားက ငရုတ်သီးမှုန့်ကိုယူ၍ ရှေးဦးစွာ သွားနှင့်ပြီး အင်းပျဉ်ပေါ်တွင် မှောက်လျက်အိပ်ကာ သူသေယောင်ဆောင် နေရမည်။ အရှင့်အပေါ်တွင် ညောင်စောင်းကို တင်ပြီးလျှင် ၎င်းအပေါ်တွင် သမီးတော်ကို တင်ထားသောအခါ ငရုတ်သီးမှုန့်ကိုရှု၍ နှစ်ကြိမ် သုံးကြိမ် ချေဆတ်ရမည်။ ထိုအခါ အကျွန်ုပ်တို့ ထွက်ပြေးကြမည်။ ထိုအခါ သမီးတော်ကို ယူ၍ နှစ်ဦးလုံး ခေါင်းလျှော်ပြီး သွားကြပါ” ဟု အစီရင် အလုံးစုံကို လျှောက်ထားလေ၏။ မင်းသားလည်း ဤဥပါယ်ကား ကောင်းသည်ဟု နှစ်သက်လေ၏။

နတ်ဝင်မလည်း မင်းသားနှင့် အသေအချာ တိုင်ပင်ပြီးလျှင် မင်းကြီးထံသွား၍ ထိုအကြောင်း အလုံးစုံကို လျှောက်ထားလေ၏။ မင်းကြီးလည်း နှစ်သက်တော်မူသဖြင့် ကောင်းပြီဟု ဝန်ခံခွင့်ပြုလေ၏။ သမီးတော်ထံ ထိုအကြောင်း လျှောက်ထားပြန်၏။ သမီးတော်လည်း နှစ်သက်တော်မူသဖြင့် ကောင်းပြီဟု ဝန်ခံခွင့်ပြုပြန်၏။

ကြောက်လန့်ပြေးငြား ခေါ်ဆောင်သွား

ထို့နောက် နတ်ဝင်မသည် မင်းကြီးထံမှခွင့်ရ၍ အလုံးစုံစီမံပြီးလျှင် လက်နက်ကိုင် အစောင့်အရှောက် လူများစွာနှင့် သုသာန်သို့ ထွက်သောနေ့ဝယ် မင်းသားထံ အကြောင်း ကြားလိုက်၏။ မင်းသားလည်း သုသာန်သို့သွားကာ အသင့်နေနှင့်၏။ နတ်ဝင်သည်မလည်း လက်နက်ကိုင်တို့ကို “အမောင်တို့ ... သမီးတော်ကို ညောင်စောင်းပေါ် တင်ထားသော အခါ လူသေကောင်က ချေဆတ်လိမ့်မည်၊ နောက် ညောင်စောင်းအောက်မှထွက်၍ ရှေးဦးစွာ မြင်သူကို အရဖမ်းလိမ့်မည်၊ သတိနှင့်နေကြကုန်” ဟု ကြောက်လောက်အောင် ခြိမ်းခြောက်ထားနှင့်၏။

သုသာန်သို့ရောက်လျှင် အင်းပျဉ်ဝန်းပေါ်၌ အသင့်မှောက်အိပ်ကာ သူသေယောင်ဆောင်နေသော မင်းသားအပေါ်သို့ ညောင်စောင်းတင်ပြီးလျှင် ၎င်းအပေါ်တွင် အသာချီမကာ မင်းသမီးကို တင်ပြန်၍ အစီအမံအတိုင်း ပြုလုပ်လေ၏။ ထိုခဏ၌ မင်းသားသည် ငရုတ်သီးမှုန့်ကို ရှူကာ မွှန်သဖြင့် ချေဆတ်လေ၏။ ထိုအခါ နတ်ဝင်မသည် ကျယ်စွာသောအသံဖြင့် ကြောက်လန့်တကြား အော်ဟစ်လျက် ရှေးဦးစွာ ပြေးလေ၏။ နတ်ဝင်မ ပြေးသောအခါ အစောင့်အရှောက်တို့လည်း ဘယ်သူမျှ မနေဝံ့တော့ဘဲ ကိုက်မြဲတိုင်း လက်နက်တို့ကို စွန့်ပစ်ကာ အတင်းပြေးကြကုန်၏။ မင်းသားလည်း သမီးတော်ကိုယူကာ အိမ်သို့ပြန်လေ၏။ နတ်ဝင်မလည်း မင်းကြီးထံသွား၍ ထိုအကြောင်းကို လျှောက်ကြားလေ၏။

သမီး၊ တူ လက်ထပ် ထီးနန်းအပ်

မင်းကြီးလည်း “အလျင်ကပင် သမီးတော်ကို ငါ့တူနှင့် လက်ထက်ရန် မွေးကျွေးခဲ့သည်” ဟူ ပြောဆိုကာ ကျေနပ်လေ၏။ နောက်အခါ တူတော်မင်းသားအား မင်းအဖြစ်ကို ပေး၍ သမီးတော်ကို မိဖုရားကြီးအဖြစ်ကို ပေးလေ၏။

ထိုအခါ တူတော်မင်းကြီးလည်း သမီးတော် မိဖုရားကြီးနှင့် ညီညွတ်ကာ တရားသဖြင့် မင်းပြုတော်မူ၏။ သန်လျက် လက္ခဏာကို ဖတ်တတ်သော ပုဏ္ဏားလည်း ထိုမင်းထံမှာပင် ဆက်လက်၍ ခစားပြန်၏။

တစ်နေ့သ၌ ပုဏ္ဏားသည် မင်းကြီးထံ ခစားရာ နေဘက်သို့လှည့်၍ ခစားမိသည့်အတွက် ချိပ်အရည်ပျော်လျက် နှာခေါင်းတုသည် မြေသို့ကျလေ၏။ ထိုအခါ ပုဏ္ဏားသည် ရှက်၍ အောက်သို့မျက်နှာပြုလျက်နေ၏။ မင်းကြီးလည်း ပုဏ္ဏားကို ပြက်ရယ်ပြုလိုသဖြင့် -

“ဆရာ ... ချေဆက်ခြင်းမှာ တချို့သူအား ကောင်း၏၊ တချို့သူအား မကောင်း။ ဆရာ့မှာ ချေဆက်သဖြင့် နှာခေါင်းအပြတ်ခံရ၏။ ငါ့မှာကား ချေဆက်သဖြင့် ဦးရီးသမီးတော်နှင့် မင်းအဖြစ်ကို ရပေ၏။ သို့အတွက် ချေဆက်ခြင်း ဟူသမျှကို အကောင်းချည်းလည်း မဆိုသာ၊ အဆိုးချည်းလည်း မဆိုသာ -”

ဟု အကြောင်းပြကာ ပြောဆိုဆုံးမလေ၏။

ဘုရားဖြစ်တော်မူသော အခါ၌လည်း ဤဂါထာဖြင့်ပင် လူအများ သမုတ်အပ်သော ကောင်းခြင်း၊ မကောင်းမှာ ဧကန်စင်စစ် မဟုတ်သည့်အဖြစ်ကို ဟောကြေားတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သန်လျက်လက္ခဏာဖတ် ပုဏ္ဏားသည် - ယခုအခါ သန်လျက်လက္ခဏာဖတ် ပုဏ္ဏား။

တူဖြစ်သောမင်းသားသည် - ငါဘုရားဖြစ်လာပြီ -

ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကောင်းမကောင်းဖြစ်၊ သမုတ်လစ်၊ စစ်စစ်မဟုတ်ရာ။

(၂) ချေဆက်ခြင်းတူ၊ မင်းတစ်မူ၊ တစ်မူနှာပြတ်ပါ။

(၃) တံစိုးစားလတ်၊ သန်လျက်ဖတ်၊ နှာပြတ်ပုဏ္ဏားညာ။

အသိလက္ခဏာဇာတ် ပြီး၏။

***

၁၂၇ - ကလဏ္ဍုကဇာတ်

သူဌေးသားပြောကာ ပစ္စန္တရာဇ် သူဌေးသမီးနှင့် ညားသဖြင့် အလွန်မာန်မူနေ၍ ကျွန်ဘဝ ပြန်ရောက်ရသော လကဏ္ဍုက ကျွန်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကဲ့ရဲ့လေမှု အကြောင်းပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကဲ့ရဲ့ ရှုတ်ချတတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ [ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္ထု နှစ်မျိုးတို့သည် ကဋာဟကဇာတ်နှင့် တူ၏။ ထူးသမျှကိုသာ ပြဆိုမည်။]

အတိတ်ဝတ္ထု

သူဌေးစားဆို၍ စည်းစိမ်မွေ့

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် စည်းစိမ်ဥစ္စာ ကြွယ်ဝသော သူဌေးဖြစ်လေ၏။

ထိုသူဌေး၏ ကလဏ္ဍုကမည်သော ကျွန်သည် သူဌေးကြီး၏ အဆွေခင်ပွန်းဖြစ်သော ပစ္စန္တရာဇ် သူဌေးထံသွားကာ ဗာရာဏသီ သူဌေးကြီး၏သားဟု လိမ်လည်လှည့်စားကာ ပစ္စန္တရာဇ် သူဌေးသမီးနှင့် လက်ထပ်စေ၍ များစွာသော အခြံအရံဖြင့် နေလေ၏။

ဗာရာဏသီ သူဌေးကြီးလည်း ကလဏ္ဍုကကျွန်ကို မမြင်သဖြင့် စုံစမ်းရှာဖွေစေလတ်သော် သွားသောအရပ်ကို မသိသဖြင့် စုံစမ်းရှာဖွေရန် အိမ်၌မွေးထားသော ကျေးသားငယ်ကို စေလွှတ်လိုက်၏။

ကျေးသားငယ်သည် ဟိုဟိုသည်သည် လှည့်ပတ်သွားလာသည်ရှိသော် ထိုကလဏ္ဍုကနေသော ပစ္စန္တရာဇ်မြို့သို့ ရောက်လေ၏။ ထိုအခါ ကလဏ္ဍုကလည်း မြစ်၌ ရေကစားရန် များစွာသော ခဲဖွယ်၊ ဘောဇဉ်၊ ပန်း၊ နံ့သာ၊ နံ့သာပျောင်းတို့ကို ယူခဲ့စေ၍ သူဌေးသမီးနှင့်အတူ လှေစီးကာ ရေ၌ကစားလေ၏။

ကျေးသားတွေ့ရာ ပြန်ပြောကာ

ထိုအရပ်၌ မြစ်တွင် ရေကစားသော အစိုးရသူတို့သည် ထက်စွာသော ဆေးဖြင့် ထုံအပ်သော နို့ကို သောက်သဖြင့် တစ်နေ့လုံး ကစားကြသော်လည်း အချမ်းဖြင့် မနှိပ်စက်နိုင်ကြလေ။ ကလဏ္ဍုကလည်း နို့ရည်ကို ပါးစပ်ဖြင့် ငုံ၍ ပလုတ်ကျင်းပြီး ထွေးသည်ရှိသော် ရေထဲတွင်မထွေးဘဲ သူဌေးသမီး၏ ဦးခေါင်း၌ ထွေးလေ၏။

မြစ်ကမ်းနားဝယ် ရေသဖန်းပင်တစ်ခု၌နားလျက် ကြည့်နေကာ ကျေးသားငယ် မြင်၍ -

“ ဟယ် ကလဏ္ဍုကကျွန် ... မိမိ အမျိုးအနွယ်ကို လည်းကောင်း၊ နေရာအရပ်ကို လည်းကောင်း ပြန်၍ အောက်မေ့လော့။ နို့ရည်ကို ပလုတ်ကျင်းပြီး အမျိုးအနွယ်နှင့် ပြည့်စုံ၍ ချမ်းသာစွာ ကြီးပွားသော သူဌေးသမီး ဦးခေါင်းမှာ မထွေးပါနှင့်၊ မိမိ၏ပမာဧကို သိလော့၊ သင့်အမျိုးအနွယ် နေရာအရပ်ကို ငါသိ၏၊ သင့်ကို ငါ ဖမ်းမည်၊ နို့ရည်ကိုသောက်လော့” –

ဟု ဆိုလေ၏။ ကလဏ္ဍုကကျွန်လည်း ကျေးသားငယ်အသုံကိုကြားလျှင် “ငါ့အဖြစ်အပျက် အကြောင်းအရာများ ပေါ်တော့မည်” ဟု ကြောက်ရွံ့သဖြင့် ကျေးသားငယ်အား “အရှင် ... အကျွန်ုပ်ထံ လာပါ၊ ဘယ်က လာခဲ့ပါသည်နည်း” ဟု မေးလေ၏။

ပြစ်တင်ရှုတ်ချ ကျွန်ဘဝကျ

ကျေးသားငယ်လည်း “ဤကလဏ္ဍုကကျွန်ကား ငါ့အကျိုးစီးပွားကို လိုလား၍ ခေါ်သည်မဟုတ်၊ လည်ပင်းကို လိမ်၍သတ်ရန် ခေါ်ခြင်းဖြစ်သည်” ဟု သိ၍ “ငါ သင့်ထံ မလာလို” ဟု ပြောကာ ဗာရာဏသီမြို့တော်သို့ ပျံသွား၍ သူဌေးကြီးအား မြင်ခဲ့တိုင်း အကုန်အစင် ပြန်ကြား လျှောက်ထားလေ၏။

သူဌေးကြီးလည်း ကလဏ္ဍုကကျွန်သည် မသင့်သော အမှုကို ပြုဘိ၏ဟု ပြောဆိုပြီးလျှင် သွား၍ အာဏာပြုကာ ဗာရာဏသီမြို့သို့ တစ်ဖန် ပြန်ခေါ်လာခဲ့၍ ကျွန်အသုံးအဆောင်ဖြင့်ပင် သုံးဆောင်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကလဏ္ဍုကကျွန်သည် - ယခုအခါ ရှုတ်ချကဲ့ရဲ့သော ရဟန်း။

ဗာရာဏသီသူဌေးကြီးသည် - ငါဘုရားဖြစ်လာပြီ -

ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဇနီးရွှေသွေး၊ နို့ဖြင့်ထွေး၊ ကျွန်ကျေးလူညစ်ကျယ်။

(၂) ကျွန်သူဌေးဖြစ်၊ စိတ်မာန်ယစ်၊ ကျွန်ဇစ်ပြန်၍လယ်။

ကလဏ္ဍုကဇာတ် ပြီး၏။

***

၁၂၈-ဗိဠာရဝတဇာတ်

ပစ္စပ္ပုန်ဝတ္ထု

အံ့ဘွယ် ထင်မှတ် ပြုကျင့်တတ်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အံ့ဘွယ်သရဲကို

ပြုတတ်သော ရဟန်းတပါးရှိလေ၏။

ရဟန်းတို့သည် မြတ်စွာဘုရားအား ထိုရဟန်းအံ့ဘွယ် သရဲပြုလုပ်တတ်သော အကြောင်းကို လျှောက်ထားကြသော် မြတ်စွာဘုရားသည် “ရဟန်းတို့... ဤရဟန်းကား ယခုအခါ၌သာလျှင် အံ့ဘွယ်သရဲကို ပြုလုပ်တတ်သည် မဟုတ်၊ ရှေးအခါ၌လည်း ပြုတတ်သည်သာတည်း” ဟု မိန့်တော်မူကာအောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အံ့ဩဘွယ်ထင် လိမ်ဉာဏ်ဆင်

လွန်လေပြီးသောအခါ ဗာရာဏသီ ပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကြွက်မင်းဖြစ်၍ ဝက်ငယ်ပမာဏ ကိုယ်လုံးကိုယ်ပေါက် ရှိ၏၊ အရာမက များစွာသော ကြွက်တို့ဖြင့် ခြံရံကာ တော၌နေလေ၏။ ထိုအခါ မြေခွေးတကောင်သည် ဟိုဟိုသည်သည် လှည့်လည်ကြည့်ရှုလတ်သော် ကြွက်အပေါင်းကို မြင်လျှင် ကြွက်တို့ကို လှည့်ပတ်ကာစားမည်ဟု ကြံစည်၍ ကြွက်တို့နေရာ အနီးဝယ် နေသို့ မျက်နှာပြုလျက် ပါးစပ်ဖြင့် လေကိုခံယူကာ ခြေတချောင်းထည်းဖြင့်သာ ရပ်၍နေ၏။

သီလရှိလတ် ကြွက်မင်းမှတ်

ကြွက်မင်းသည် အစာရှာသည်ရှိသော် မြေခွေးကို မြင်လျှင် ဤမြေခွေးကား သီလရှိသည်ဖြစ်လတံ့ ဟု အောက်မေ့လျက် မြေခွေးထံ သွားကာ “အရှင်... အရှင့်အမည်ဘယ် လိုခေါ်ပါသနည်း”ဟု မေးလေ၏၊ “အချင်း...ငါ့အမည်ကို ဓမ္မိကခေါ်ကြသည်”ဟု ပြောလေ၏၊ “အရှင်...အဘယ့်ကြောင့် ခြေလေးချောင်းဖြင့်မရပ်ဘဲ ခြေတချောင်းတည်း ရပ်ပါသနည်း”ဟု မေးပြန်လေရာ “အချင်း... ခြေ လေးချောင်းဖြင့်ရပ်လျှင် မြေကြီးသည် ငါ့ကို မဆောင်ရွက်နိုင်၊ ထို့ကြောင့် ခြေတချောင်းဖြင့်သာ ရပ်သည်”ဟု ပြန်ပြောလေ၏၊ “အရှင်.....အဘယ့်ကြောင့် ပါးစပ်ကိုဖွင့်၍ နေပါသနည်း”ဟု မေးပြန်၏၊ “အချင်း...ငါ အခြားအစာကိုမ စား၊ လေကိုသာ စား၍နေသည်ဟုပြောလေရာ၊ “အရှင်...အဘယ့်ကြောင့် နေရှိရာသို့မျက်နှာပြုပါသနည်း”ဟုမေး၏၊

“အချင်း... နေကိုရှိခိုးသည်”ဟု ပြောလေသော်၊ ကြွက်မင်းသည် မြေခွေးစကားကို ကြားလျှင် ဤမြေခွေးသည် သီလ ရှိသည် ဖြစ်လတံ့ဟု ကြွက်အပေါင်းခြံရံကာ ညဉ့်, နံနက်တိုင်း မြေခွေးထံ ခစားလေ၏။

ကြွက်ပေါင်းကွယ်ကာ နည်းလမ်းရှာ

မြေခွေးသည် ကြွက်တို့ အခစားလာသောအခါတိုင်း နောက်ဆုံး ဖြစ်သော ကြွက်တကောင် တကောင်ကို ဖမ်း၍ စား၏၊ ဤသို့ စားဖန်များလတ်သော် ကြွက်တို့သည် တဖြည်း ဖြည်းနည်းကုန်၏။

ထိုအခါ ကြွက်တို့သည် ရှေးအခါ၌ ငါတို့မှာ နေရာမဆန့် ပြည့်ကြပ်၍ နေကြရသည်၊ ယခုအခါ နေရာမပြည့်တော့ဘဲ နည်းပါးခဲ့လေသည်၊ အကြောင်း အသို့ရှိသနည်းဟု တိုင်ပင်ကာ ကြွက်မင်းအား ပြောကြားကြကုန်၏။

ကြွက်မင်းလည်း ကြွက်တို့နည်းပါးသောအကြောင်းကို ကြံစည်လတ်သော် မြေခွေးအပေါ်၌ ယုံမှားသံသယဖြစ်၍ သိအောင်စုံစမ်းမည်ဟု မြေခွေးထံ ခစားသောအခါ အပြန်တွင် ကြွက်အပေါင်းကို ရှေ့က သွားစေပြီးလျှင် မိမိ နောက်ဆုံးချန်၍ နေရစ်၏။

သီလကြောင်ခွေးအား ဝိုင်းသတ်စား

မြေခွေးသည် ကြွက်တို့အပြန်ဖမ်းမည် ဟု ပြေးလာသည်ရှိသော် ကြွက်မင်းသည် မိမိထံသို့ပြေးလာသော မြေခွေးကို မြင်လျှင် ပြန်၍ မြေခွေးအား–

“ဟယ်မြေခွေး...သင့်မှာ အကျင့်သီလရှိသည် မဟုတ်၊ သင်ကား တပါးသော သတ္တဝါတို့ကို သတ်ဖြတ်ညှဉ်းဆဲရန် အံ့ဘွယ်သရဲကို ပြုဘိ၏၊ အံ့ဘွယ်သရဲကိုပြုကာ သတ္တဝါတို့ကို အကျွမ်းဝင်စေ၍ လျှို့ဝှက်လျက် မကောင်းမှုကိုပြုသော အကျင့်ကား ကောက်ကျစ် စဉ်းလဲသော အကျင့်ဖြစ်၏”

ဟု ပြောဆိုလျက် ခုန်လွှားကာ မြေခွေး၏ လည်မျိုကို ကိုက်၍ နှစ်ခြမ်းခွဲသဖြင့် မြေခွေး သေလေ၏။

ကြွက်အပေါင်းတို့လည်း နောက်သို့ပြန်ကာ မြေခွေးကို စပ်စပ်မည်အောင်စား၍ သွားကြကုန်၏၊ နောက်ကျသော ကြွက်တို့သည် မစားကြရကုန်၊ ထိုအခါမှစ၍ ကြွက်တို့မှာ ဘေးရန်မရှိကုန်။

ဇာတ်ပေါင်း

ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်–

ရဟန်းတို့...

*ထိုအခါ မြေခွေးသည်-ယခုအခါအံ့ဘွယ်သရဲကို ပြုတတ်သောရဟန်း။

*ကြွက်မင်းသည်-ငါဘုရားဖြစ်လာပြီ–

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ခြေတချောင်းနှင်း၊ ဖွင့်ခံတွင်း၊ နေမင်းမျက်နှာမူ။

(၂) အံ့ဘွယ်ပြုငြား၊ ကြွက်တွေစား၊ ပြစ်မှားမြေခွေးမူ။

ဗိဠာရဝတဇာတ် ပြီး၏။

***

၁၂၉ -အဂ္ဂိကဘာရဒွါဇဇာတ်

ခေါင်း၌ ဦးစွန်းဖုတ်ပြ၍ ကြွက်တို့ကို လှည့်စားကာ တစ်နေ့တစ်ကောင် စားသဖြင့် ကြွက်အပေါင်း သတ်၍ အစားခံရသော မြေခွေးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လိမ်ဉာဏ်ထွင်ကာ အံ့ဖွယ်ရာ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အံ့ဖွယ်သရဲကို ပြုတတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူတသည်း။

အတိတ်ဝတ္ထု

နေကိုကြည့်ကာ ကြွက်တွေညာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကြွက်မင်းဖြစ်၍ ကြွက်အပေါင်းခြံရံကာ တော၌နေလေ၏။

ထိုအခါ မြေခွေးတစ်ကောင်သည် တောမီးလောင်လတ်သော် မပြေးနိုင်သည်ဖြစ်၍ သစ်ပင်တစ်ခုတွင် ခေါင်းဆိုက်ကာနေလေ၏။ ကိုယ်အမွေးတို့သည် မီးလောင်ကုန်၏။ သစ်ပင်နှင့်ထိရာ ထိပ်လယ်၌သာ အနည်းငယ် ကျန်တော့သဖြင့် ဦးစွန်းဖုတ်ကဲ့သို့ ဖြစ်နေ၏။

တစ်နေ့သ၌ ထိုမြေခွေးသည် ရေအိုင်၌ ရေသောက်လတ်သော် ရေတွင်ထင်သော အရိပ်ကိုကြည့်လျှင် ဦးစွန်းဖုတ်ကိုမြင်၍ ယခု ငါ့မှာ အသက်မွေးရန် အံ့ဖွယ်သရဲတစ်ခု ရရှိပေပြီဟု ဝမ်းမြောက်ဝမ်းသာ တော၌ လှည့်လည်ပြန်သော် ကြွက်အပေါင်းကိုမြင်လျှင် ကြွက်တို့ကို လှည့်စား၍ စားမည်ဟု ကြံစည်ကာ ကြွက်တို့နေရာ အနီးဝယ် နေသို့ မျက်နှာပြုလျက် ပါးစပ်ဖြင့် လေကိုခံယူကာ ခြေတစ်ချောင်းတည်းဖြင့်သာ ရပ်၍နေ၏။

သူတော်ယောင်ဆောင် တစ်နေ့တစ်ကောင်

ကြွက်မင်းသည် အစာရှာသွားသည်ရှိသော် မြေခွေးကို မြင်လျှင် ဤမြေခွေးကား အကျင့်သီလရှိသည် ဖြစ်လိမ့်မည်ဟု မြေခွေးအနီးသို့သွားကာ “အရှင် ... အရှင့်အမည်ကို ဘယ်လိုခေါ်ပါသနည်း” ဟု မေး၏။ “အချင်း ... အဂ္ဂိကဘာရဒွါဇ ခေါ်သည်” ဟု ပြောလေ၏။ “အဘယ်ကြောင့် ဤအရပ်သို့ လာပါသနည်း” ဟု မေးပြန်၏။ “အချင်း ... သင်တို့ကို စောင့်ရှောက်ရန်လာသည်” ဟု ပြောလေ၏။ “အရှင် ... ဘယ်လို စောင့်ရှောက်ပါမည်နည်း” ဟု မေးပြန်ရာ “သင်တို့ တွင်းသို့ ဝင်သောအခါ၊ ထွက်သောအခါတွင် ကြွက် ဤမျှရှိသည်ဟု အမြီးကိုရေတွက်၍ စောင့်ရှောက်မည်” ဟု ပြောပြန်လေ၏။ “အရှင် ... သည်လိုဖြစ်လျှင် စောင့်ရှောက်ပါ” ဟု ဆိုလေ၏။

မြေခွေးသည် တွင်းမှထွက်သောအခါ၌ အနီးတွင် စောင့်၍ တစ်ကောင် နှစ်ကောင် စသည်ဖြင့် ရေတွက်ပြီးလျှင် ပြန်လာ၍ တွင်းသို့ဝင်သောအခါ၌လည်း ထို့အတူရေတွက်ကာ နေ့စဉ် နောက်ဆုံး ကြွက်တစ်ကောင်၊ တစ်ကောင်ကို ဖမ်း၍စားလေ၏။

ယောင်ဆောင်ခွေးယုတ် အသက်ပြုတ်

ထိုအခါ ကြွက်တို့ တဖြည်းဖြည်း နည်းပါးသဖြင့် ကြွက်မင်းကို ပြောကြားရာ ကြွက်မင်းသည် မြေခွေးအပေါ်၌ ယုံမှားသံသယဖြစ်၍ သိအောင် စုံစမ်းမည်ဟု တွင်းသို့ဝင်သောအခါ ကြွက်တို့ကို ရှေးဦးစွာ ဝင်စေပြီးလျှင် မိမိသည် နောက်ဆုံးမှ ဝင်လေ၏။ မြေခွေးသည် စားမည်ဟု ပြေးလာသောအခါ ကြွက်မင်းသည် နောက်သို့ ပြန်လှည်လျက် -

“ဟယ် - အဂ္ဂိကဘာရဒွါဇ ... ကောင်းသောအကျင့်သီလရှိ၍ ဦးခေါင်းတွင် ဦးစွန်းဖုတ် ထားသည်မဟုတ်၊ အစာ ဟူသော အကြောင်းကြောင့် ထားဘိသည်၊ ကြွက်တို့ကို စောင့်ရှောက်မည်ဆို၍ အမြီးကို ရေတွက်ရသည်၊ ဤမျှဖြင့် တော်လောက်ပြီ” –

ဟု ဆို၍ ခုန်လွှားကာ မြေခွေး၏လည်မျိုကို ကိုက်၍ နှစ်ခြမ်းကွဲသဖြင့် မြေခွေးသေလေ၏။ ကြွက်အပေါင်းတို့လည်း မြေခွေးကို စားကြကုန်၏။ နောက်ကျသောကြွက်တို့ မစားလိုက်ကြရကုန်၏။ ထိုအခါမှစ၍ ကြွက်တို့မှာ ဘေးရန်ကင်းလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြေခွေးသည် - ယခုအခါ အံ့ဖွယ်သရဲကို ပြုတတ်သောရဟန်း။

ကြွက်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ခြေတစ်ချောင်းနင်း၊ ဖွင့်ခံတွင်း၊ နေမင်းမျက်မှာမူ။

(၂) ဦးစွန်းခြယ်လှယ်၊ ကျင့်ရှိနှယ်၊ အံ့ဖွယ်သူ့အမူ။

(၃) မြီးရေတွက်ငြား၊ ကြွက်တွေစား၊ ကျင့်မှားမြေခွေးဟူ။

အဂ္ဂိကဘာရဒွါဇဇာတ် ပြီး၏။

***

၁၃၀ - ကောသိယဇာတ်

ပရိယာယ်ပြုကာ လင်မြှောင်ထား၍ လေနာသည် ပြောသဖြင့် ဆရာနည်းပေးသော ဆေးတိုက်မှ အကျင့်ယုတ် ပျောက်သော မိန်းမအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မာယာဆောင်ငြား လင်မြှောင်ထား

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိမြို့တော်ဝယ် မိန်းမတစ်ယောက်သည် သဒ္ဓါတရားနှင့်ပြည့်စုံသော သီတင်းသည် ပုဏ္ဏား၏မယား ပုဏ္ဏေးမ ဖြစ်လေ၏။ ထိုပုဏ္ဏေးမသည် သီလမရှိ၊ ညဉ့်အခါ ယုတ်မာသောအကျင့်ကို ကျင့်၏။ နေ့အခါ တစ်စုံတစ်ခုသော အမှုကိစ္စကို မပြုမူ၍ မကျန်းမာဟန်ဆောင်ကာ ညည်းညူလျက်သာ အိပ်လေ၏။

ထိုအခါ ပုဏ္ဏားသည် ပုဏ္ဏေးမအား “ရှင်မ ... ဘယ်လိုဖြစ်သနည်း” ဟု မေးလေ၏။ “အရှင် ... လေထိုးသည်” ဟု ပြောရာ၊ “ရှင်မ ... ဘာကို အလိုရှိသနည်း” ဟု မေးပြန်၏။“မွန်မြတ် သိမ်မွေ့သော ယာဂု ထမင်း စသည်တို့ကို အလိုရှိပါသည်” ဟု ပြောလေလျှင်၊ ပုဏ္ဏားလည်း ပြောတိုင်းရအောင်ရှာကြံ၍ ပေးရ၏။ အလုံးစုံသော အမှုကိစ္စကို ကျွန်ကဲ့သို့ ပြုလုပ်ရ၏။ ပုဏ္ဏေးမကား ပုဏ္ဏားအိမ်၌ ရှိသောအခါ အိပ်၏။ အပြင်သို့ ထွက်သောအခါ လင်ငယ်နှင့်နေ၏။

ဘုရားလျှောက်ထား အတိတ်ကြား

ပုဏ္ဏားသည်း ဤပုဏ္ဏေးမကိုယ်၌ လေထိုးသော အနာကား ပျောက်သည်မရှိ၊ အမြဲသာ ထိုး၌နေတော့သည်ဟု နှလုံးသွင်းကာ တစ်နေ့သ၌ ပန်းနံ့သာ လက်စွဲလျက် မြတ်စွာဘုရားထံ အဖူးအမြော် သွားလေ၏။ မြတ်စွာဘုရားသည် ပုဏ္ဏးအား “သီတင်းသည် ... အဘယ်ကြောင့် မလာသနည်း” ဟု မေးလေ၏။ “အရှင်ဘုရား ... တပည့်တော်၏ ပုဏ္ဏေးမသည် အမြဲ လေထိုးပါ၏။ မွန်မြတ်သိမ်မွေ့သော အစာအာဟာရကို ခဏခဏ ရှာပေးရပါ၏။ ရုပ်အဆင်းလည်း အထူးသဖြင့် ကြည်လင်၏။ လေထိုးနာလည်း ပျောက်သည်မရှိ။ ပုဏ္ဏေးမကို လုပ်ကျွေးနေရသည့်အတွက် အထံတော်သို့ မလာနိုင်ပါ” ဟု လျှောက်ထားလေ၏။

မြတ်စွာဘုရားသည် ပုဏ္ဏေးမ၏ ယုတ်မာသော အကျင့်ရှိသည်ကို သိတော်မူ၍ “သီတင်းသည် ... ဤလိုအိပ်၍သာနေသော မိန်းမ၏ အနာရောဂါ မပျောက်လတ်သော် ဆေးဖော်စပ်၍ ပေးရန်သင့်၏။ ရှေးပညာရှိတို့ ဆိုအပ်သော စကားကို ဘဝတစ်ပါး ဖုံးလွှမ်းနေသောကြောင့် မမှတ်မိ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပရိယာယ်ဆောင်လေ လင်ငယ်နေ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားသူကြွယ်မျိုး၌ဖြစ်၍ အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်သို့သွား၍ အတတ်ပညာ အလုံးစုံကို သင်ယူပြီးလျှင် ဗာရာဏသီမြို့တော်ဝယ် ဒိသာပါမောက္ခဆရာကြီးထံ ဆည်းကပ်ခစားလေ့ရှိ၏။

ထိုပုဏ္ဏား၏ ပုဏ္ဏေးမကား သီလမရှိ၊ ယုတ်မာသော အကျင့်ရှိ၏။ လေထိုးသောအနာ ရှိဟန်ဆောင်ကာ အိပ်၍သာနေ၏။ တစ်စုံတစ်ခုသော အမှုကိစ္စကို မပြု။ ပုဏ္ဏားရှိသောအခါ အိပ်၏။ အပြင်ထွက်သောအခါ လင်ငယ်နှင့် နေ၏။

လေနာပျောက်ရေး ဆေးနည်းပေး

ပုဏ္ဏားသည် ဤပုဏ္ဏေးမကား အမြဲ လေထိုး၏၊ ပျောက်သည်မရှိဟု နှလုံးသွင်းကာ ဆရာကြီးထံ အဆုံးမခံရန် သွားလေ၏။ ထိုအခါ ဆရာကြီးက မေးသောအခါ ပုဏ္ဏေးမ အကြောင်းကို ပြောကြားလေ၏။ ဆရာကြီးလည်း ဤပုဏ္ဏေးမကား ပုဏ္ဏားလုလင်ကို လှည့်စား၍ အိပ်နေခြင်းဖြစ်သည်ဟု သိသဖြင့် “အမောင် ... သင့်ပုဏ္ဏေးမနှင့် သင့်လျော်သောဆေးကို ငါ ပြောကြားမည်၊ ယနေ့မှစ၍ နွားနို့ထောပတ် စသော မွန်မြတ်သော အစာအာဟာရကို မပေးလေနှင့်၊ နွားကျင်ငယ်၌ အရွက်ငါးမျိုးနှင့် သစ်သီးစိုတို့ကို ထည့်၍ ထောင်းထုကာ ကြေးနီခွက်သစ်တွင် ထည့်လျက် ကြေနီနံ့ကို ယူစေပြီးလျှင် ကြိုး၊ လွန်၊ သစ်ခက်တို့ကို ကိုင်ကာ ပုဏ္ဏေးမအား “ဤဆေးသည် သင့်ရောဂါနှင့် သင့်လျော်သောဆေးဖြစ်၏၊ ဆေးကိုမူလည်း သောက်မည်လော၊ သင်စားသော ထမင်းနှင့် လျော်အောင် အမှုကိစ္စကိုလည်း ပြုလုပ်မည်လောဟု ပြောဆိုလေ။ ဆေးကို အကယ်၍ မသောက်အံ့၊ ကြိုးဖြင့် လည်းကောင်း၊ လွန်ဖြင့် လည်းကောင်း ချည်နှောင်ဆွဲငင်ကာ ရိုက်ပုတ်ထောင်းရာ၌ သစ်ခက်တို့ဖြင့် ရိုက်ပုတ်လေ၊ ဆံပင်ကိုဆွဲ၍ ထောင်းထုလေ၊ ခဏချင်းပင် အိပ်ရာမှထ၍ အမှုကိစ္စတို့ကို ပြုလုပ်လိမ့်မည်” ဟု နည်းပေးလိုက်၏။

ဆရာဆေးတိုက်မှ ကျင့်မှန်ရ

ပုဏ္ဏားလည်း ဆရာ မှာလိုက်သောအတိုင်း ဆေးကိုစီမံကာ “ရှင်မ ... ဤဆေးကို သောက်လော့” ဟု ပြောလေ၏။ “သင့်အား ဤဆေးကို ဘယ်သူပြောသနည်း” ဟု မေး၏။ “ရှင်မ ... ဆရာကြီးပြောသည်” ဟု ဆိုလေလျှင် “ဆေးကို ပစ်လိုက်ပါ၊ မသောက်ဘူး” ဟု ဆိုလေ၏။ ထိုအခါ ပုဏ္ဏားသည် သင့်သဘောအတိုင်း သောက်မည်မဟုတ်ဟု ဆိုကာ ကြိုးကိုကိုင်လျက် -

“ဟယ် - ပုဏ္ဏေးမ ... သင် လေထိုးသည်ဆိုသော စကားနှင့် လျော်ညီအောင် ဆေးကိုလည်း သောက်လော့၊ သင် စားထားသော ထမင်းနှင့် လျော်ညီအောင် ဆေးကိုလည်း သောက်လော့၊ သင် စားထားသော ထမင်းနှင့် လျော်ညီအောင် အမှုကိစ္စကိုလည်း ပြုလော့၊ သင် ပြောသော စကားနှင့် စားထားသော ထမင်းမှာ မညီညွတ်လေ” –

ဟု ကြိမ်းမောင်း ပြောဆိုလတ်သော် ပုဏ္ဏေးမသည် ဆရာကြီးကို ပြောကြားသော ကာလမှစ၍ ပုဏ္ဏားကို မလှည့်စားနိုင်တော့ပြီဟု ထ၍ အိမ်မှုကိစ္စတို့ကို ပြုလုပ်လေ၏။ “ဆရာကြီးကား ငါ သီလမရှိသည်ကို သိလေပြီ၊ ဤနေမှစ၍ ယုတ်မာသော အကျင့်ကို မကျင့်ကောင်း” ဟု ဆရာကြီး ကဲ့ရဲ့မည်ကို ကြောက်သဖြင့် ယုတ်မာသောအကျင့်ကို ရှောင်ကြဉ်လျက် သီလနှင့် ပြည့်စုံလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လင်မယားသည် - ယခုအခါ လင်မယား။

ဒိသာပါမောက္ခ - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မကျန်းမာယောင်၊ ရုပ်ဟန်အောင်၊ လင်မြှောင်ထား၍နေ။

(၂) အကောင်းကိုစား၊ အအိပ်များ၊ ဖယ်ရှားအလုပ်တွေ။

(၃) ဆေးကြမ်းစီရင်၊ တိုက်မည့်ပြင်၊ အလျင်ရောဂါကွေ။

ကောသိယဇာတ် ပြီး၏။

***

၁၄။ အသမ္ပဒါနဝဂ်

၁၃၁ - ကောသိယဇာတ်

ကုဋေလေးဆယ်မျှကျေးဇူးကို ချေဖျက်ကာ ဖွဲတစ်ကုမ္ဗသာပေးသဖြင့် စည်းစိမ်ပါ အကုန်ပေးစေဟု မင်းကြီး ဆုံးဖြတ်သော ဝိလိယသူဌေး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကျေးဇူးမဲ့တတ် ဒေဝဒတ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရား၏ ကျေးဇူးတော်ကို မသိလေ။

ရဟန်းတို့သည် တရားသဘင်ဝယ် စကားစပ်မိ၍ ဒေဝဒတ်အကြောင်းကို ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... ဒေဝဒတ်သည် ယခုအခါ၌သာ ကျေးဇူးကို မသိသည်မဟုတ်၊ ရှေးအခါ၌လည်း ကျေးဇူးကို မသိခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆော်တော်မူသတည်း။

အတိတ်ဝတ္ထု

အဆွေကူညီရေး တစ်ဝက်ပေး

လွန်လေပြီးသောအခါ မဂတတိုင်း ရာဇဂြိုဟ်ပြည်ဝယ် မဂဓမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုမင်းအထံ၌ ကုဋေရှစ်ဆယ် ကြွယ်ဝသော သင်္ခ မည်သော သူဌေးကြီး ဖြစ်လေ၏။ ဗာရာဏသီပြည်၌လည်း ကုဋေရှစ်ဆယ်ပင် ကြွယ်ဝသော ဝိလိယ မည်သော သူဌေးကြီးလည်း ရှိလေ၏။ ထိုသူဌေးကြီး နှစ်ဦးတို့သည် အချင်းချင်း အဆွေခင်ပွန်း ဖြစ်ကြကုန်၏။

ဝိလိယ သူဌေးကြီးသည် အကြောင်း တစ်စုံတစ်ရာကြောင့် ဘေးကြီးစွာဖြစ်လျက် ဥစ္စာပစ္စည်း အလုံးစုံသည် ပျက်စီး ဆုံးပါးလေ၏။ ဆင်းရဲသဖြင့် ကိုးကွယ်ရာမရှိဖြစ်၍ မယားကိုခေါ်ကာ သင်္ခသူဌေးကြီးအိမ်သို့ သွားလေ၏။ သင်္ခသူဌေးကြီးလည်း အဆွေခင်ပွန်းဖြစ်သော ဝိလိယသူဌေးကြီးကို မြင်လျှင် နေရာပေးကာ ပျူငှာလောကွတ်ပြု၍ ဝမ်းမြောက်ဝမ်းသာ ပူဇော်သက္ကာရ ပြုလေ၏။

နှစ်ရက်၊ သုံးရက် လွန်လျှင် ဝိလိယသူဌေးကြီးအား “အဆွေ ... ဘယ်အတွက် လာသနည်း” ဟု မေးလေ၏။ “အဆွေ ... အကျွန်ုပ်မှာ ဘေးကြီးစွာဖြစ်လျက် ဥစ္စာပစ္စည်း အလုံးစုံ ပျက်စီးဆုံးပါးလေပြီ၊ အကျွန်ုပ်အား ထောက်ပံ့ပါ” ဟု ပြောလေ၏။ “အဆွေ ... ကောင်းပြီ၊ မစိုးရိမ်လင့်” ဟု ပြောဆို၍ မိမိ၌ရှိသော ပစ္စည်းဥစ္စာ ကျေးကျွန်အလုံးစုံကို တစ်ဝက်ခွဲ၍ ပေးလေ၏။ ဝိလိယသူဌေးကြီးလည်း ပေးအပ်သော ပစ္စည်းဥစ္စာ အလုံးစုံကို ယူဆောင်၍ ဗာရာဏသီပြည်သို့ ပြန်လေ၏။

ကူညီပေးငြား အဆွေထံသွား

နောက်အဖို့၌ သင်္ခသူဌေးကြီးအားလည်း ဘေးကြီးစွာဖြစ်၍ ပစ္စည်းဥစ္စာ အလုံးစုံ ဆုံးပါးပျက်စီးပြန်၏။ ထိုအခါ သင်္ခသူဌေကြီးသည် မိမိ ကိုးကွယ်ရာကို စုံစမ်းဆင်ခြင်လတ်သော် ငါသည် ဝိလိယသူဌေးကြီးအား ပစ္စည်းဥစ္စာ ကျေးကျွန်အလုံးစုံ ထက်ဝက်ခွဲ၍ပေးကာ ကျေးဇူးပြုထားဖူး၏။ ငါ့ကိုမြင်လျှင် စွန့်ပစ်မည် မဟုတ်။ ထိုသူဌေးကြီးထံ သွားမည်ဟု မယားကိုခေါ်၍ ဝိလိယသူဌေးကြီးထံ ခြေကျင်သွားကြလေ၏။

ဗာရာဏသီမြို့ပြင် ဇရပ်တစ်ခုသို့ရောက်လျှင် မိမိမယားအား “ရှင်မ ... ရှင်မနှင့် အတူသွားရန်မသင့်၊ငါ ဝိလိယသူဌေးကြီးထံရောက်လျှင် ယာဉ်တစ်ခုကို လွှတ်လိုက်မည်၊ ထိုယာဉ်ဖြင့် နောက်မှ လိုက်ခဲပါ၊ ယခုခဏ ဤဇရပ်မှာနေနှင့်ပါဦး” ဟု မှာကြားပြီးလျှင် ဝိလိယသူဌေးကြီးအိမ်သို့ သွားလေ၏။

ကျေးဇူးချေဖျက် နှင်ထုတ်လျက်

ဝိလိယ သူဌေးကြီးသည် အဆွေခင်ပွန်း ဖြစ်သော သင်္ခသူဌေးကြီးကိုမြင်လျှင် နေရာလည်းမပေး၊ ပျူငှာလောကွတ်လည်း မပြု၊ “အဆွေ ... ဘယ်အတွက် လာသနည်း” ဟု မေးလေ၏။ သင်္ခသူဌေးကြီးကြီး က “အဆွေ ... အဆွေတို့ကို တွေ့မြင်လို၍ လာပါသည်” ဟု ပြောလေ၏။ “တည်းခိုနေထိုင်ရန် နေရာရပြီလော” ဟု မေးပြန်ရာ၊ “အဆွေ ... မရသေးပါ၊ သူဌေးကတော်ကို မြို့ပြင်ဇရပ်မှာ ခဏထား၍ လာခဲ့ရပါသည်” ဟု ပြောလေ၏။ “အဆွေ ... သင်တို့အတွက် ဤအိမ်မှာ နေရာမရနိုင်၊ ရိက္ခာကိုယူ၍ တစ်နေရာရာမှာ ချက်ပြုတ်စားသောက်ပြီး ပြန်သွားကြပါ၊ နောက်မလာကြပါနှင့်” ဟု ပြောဆိုကာ ကျွန်တစ်ယောက်အား ငါ့အဆွေခင်ပွန်း၏ ပုဆိုးစွန်တွင် ဖွဲတစ်တုမ္ဗ(တစ်ပြည်)မျှ ထုပ်၍ပေးလိုက်ပါ” ဟု စေခိုင်းလေ၏။

ဝိလိယသူဌေးကြီးမှာ ထိုနေ့၌ပင် လှည်းအစီးတစ်ထောင်မျှ သလေးနီစပါးတို့ကို ကျီသွင်းစေ၏။ သူ ပြုဖူးသော ကျေးဇူးကို မသိတတ်သော သူခိုးကြီး ဝိလိယသူဌေးသည် စည်းစိမ်ဥစ္စာကို ထက်ဝက်ခွဲကာ ကုဋေလေးဆယ်မျှကို ပေးဖူးသည့် သင်္ခသူဌေးကြီးအား ဖွဲတစ်တုမ္ဗမျှ ပေးစေခြင်းကား ရှေ့သွားနောက်လိုက် မညီလွန်းသောအလုပ် ဖြစ်၏။

အဆွေယုတ်ပေးမူ သည်းခံသူ

ကျွန်လည်း ဝိလိယသူဌေးကြီး စေခိုင်းသည့်အတိုင်း ဖွဲတစ်တုမ္ဗကို တောင်းနှင့်ထည့်ကာ သင်္ခသူဌေးကြီးအား ပေးလေ၏။

သင်္ခသူဌေးကြီးလည်း “ကျေးဇူးကို မသိတတ်သော ဤသူယုတ်မာကား ငါ့ထံမှ ကုဋေလေးဆယ်မျှ စည်းစိမ်ဥစ္စာ ထက်ဝက်ကို ရခဲ့ဖူးပါလျက် ယခုအခါ ငါ့အား ဖွဲတစ်တုမ္ဗမျှ ပေးစေဘိ၏။ ယူရမည်လော၊ မယူဘဲ နေရမည်လော။ ဤဝိလိယသူဌေးကား ငါပြုခဲ့ဖူးသော ကျေးဇူးကို မသိ၊ အဆွေခင်ပွန်းကောင်းကို ပြစ်မှားလျက် အချစ်ကို ဖျက်ဘိ၏။ ငါသည် ဖွဲတစ်တုမ္ဗကို နည်းသည်ဟု မယူဘဲနေငြားအံ့၊ ငါကလည်း ပြန်၍ အချစ်ကို ဖျက်ရာရောက်ပေမည်။ သူက ဖျက်သော်လည်း ငါမဖျက်လို” ဟု ကြံစည်ကာ သူတော်ကောင်းတို့သဘော၌ တည်၍ ဖွဲတစ်တုမ္ဗကို ပုဆိုးစွန်၌ ထုပ်ကာ ယူခဲ့လေ၏။

သည်းမခံနိုင်ငြား သူဌေးမယား

သူဌေးကတော်လည်း သူဌေးကြီး ပြန်လာသည်ကို မြင်လျှင် “အရှင် ... ဘာရခဲ့သနည်း” ဟု မေးလေ၏။ “ရှင်မ ... ဖွဲတစ်တုမ္ဗ ရခဲ့သည်” ဟု ပြောလေလျှင် “ဘာလုပ်ရအောင် ယူလာခဲ့သနည်း” ဟု ပြောလေ၏။ “ဤဖွဲတစ်တုမ္ဗသည် ယူသွားသော ကုဋေလေးဆယ်နှင့် သင့်လျော်ပါသလော” ဟု ဆိုကာ ငိုကြွေးလေ၏။ သူဌေးကြီးလည်း -

“ရှင်မ ... မငိုကြွေးပါနှင့်၊ သူမိုက်တို့အား နည်း၍ မယူသည့်အတွက် အဆွေခင်ပွန်း ပျက်စီးတတ်၏။ ပညာရှိ လူလိမ္မာ ဖြစ်သော ငါတို့အား အဆွေခင်ပွန်း မပျက်စီးဘဲ ခိုင်မြဲရန် အနည်းငယ်သော ဖွဲတစ်တုမ္ဗမျှကိုပင် ယူခဲ့ရ၏” –

ဟု ဖျောင်းဖျ ပြောဆိုသော်လည်း အလွန်ဝမ်းနည်းလျင် ငိုကြွေး၍သာ နေလေ၏။

သူဌေးလင်းမယား လွန်စွာသနား

ထိုခဏဝယ် ဝိလိယသူဌေးကြီးထံ ပေးလိုက်သော သင်္ခသူဌေးကြီး၏ ကျွန်အလုပ်အကျွေးဟောင်း တို့သည် ဇရပ်တံခါးသို့ ရောက်လတ်သော် ငိုကြွေးသံကြားရ၍ ဇရပ်ပေါ်သို့ တက်ကြကုန်၏။ သင်္ခသူဌေးကြီးနှင့် သူဌေးကတော်မြင်လျှင် ခြေရင်း၌ဝပ်လျက် ငိုကြွေးကာ “သခင်တို့ ... ဤအရပ်သို့ ဘယ်အတွက် လာကြသနည်း” ဟု မေးကြကုန်၏။ သင်္ခသူဌေးကြီးလည်း အကြောင်းစုံကို ပြောကြားလေ၏။ ထိုအခါ ကျွန်အလုပအကျွေးတို့သည် “သခင်တို့ ... ဖြစ်လိုရာ ဖြစ်ပါစေ မစိုးရိမ်ကြပါလင့်” ဟု သက်သာရာရစေကြလျက် မိမိတို့အိမ်သို့ ဆောင်ယူကာ နံ့သာရေကို ချိုးစေ၍ ကောင်းမွန်စွာ ကျွေးမွေးပြုစုကြကုန်၏။ တခြားကျွန်အလုပ်အကျွေးဟောင်းတို့ကိုလည်း မိမိတို့သခင် လာကြောင်းကို ပြောကြားကြကုန်။

မင်းကြီးကြားလစ် ခေါ်မေးစစ်

နှစ်ရက်၊ သုံးရက် လွန်လျှင် သင်္ခသူဌေးကြီးကြီး၏ ကျွန်အလုပ်အကျွေးဟောင်းတို့သည် တိုင်ပင်ညီညွတ်ကာ နန်းရင်ပြင်သို့သွား၍ ထိုအကြောင်းကို အော်ဟစ်ကြွေးကြော်ကြကုန်၏။ မင်းကြီး ကြားတော်မူလျှင် ခေါ်စေ၍ မေးမြန်သောအခါ အကြောင်းစုံကို တင်လျှောက်ကြကုန်၏။ မင်းကြီးလည်း ထိုအကြောင်းကို သိလျှင် သူဌေးကြီး နှစ်ဦးကို ခေါ်စေ၍ ရှေးဦးစွာ သင်္ခသူဌေးကြီးကို “သူဌေးကြီး ... သင်သည် ဝိလိယသူဌေးကြီးအား ပစ္စည်းဥစ္စာ ကုဋေလေးဆယ်မျှ ပေးဖူးသည်ဆိုရာ မှန်ပါသလော” ဟု မေးလေ၏။ “အရှင်မင်းကြီး ... မှန်ပါသည်၊ ပျက်စီးဆင်းရဲသောအခါ အကျွန်ုပ်ထံ အားကိုး၍လာသော ဝိလိယ သူဌေးကြီးအား ပစ္စည်းဥစ္စာ သက်သက်သာ ပေးဖူးသည် မဟုတ်ပါ၊ သက်ရှိသက်မဲ့ ရှိသမျှ စည်းစိမ်ကို တစ်ဝက်ခွဲ၍ ပေးဖူးပါသည်” ဟု လျှောက်လေ၏။

မင်းကြီးလည်း တစ်ဖန် ဝိလိယသူဌေးကြီးကို “သူဌေးကြီး ... သင်္ခသူဌေးကြီး ပြောသည့်အတိုင်း မှန်ပါသလော” ဟု မေးလေ၏။ “အရှင်မင်းကြီး ... မှန်ပါသည်” ဟု လျှောက်လေ၏။ မင်းကြီးက တစ်ဖန် “သူဌေးကြီး ... ပျက်စီးဆင်းရဲသဖြင့် သင့်ထံသို့ အားကိုး၍လာသော သင်္ခသူဌေးကြီးအား ဝမ်းမြောက်ဝမ်းသာ တစ်စုံတစ်ရာ ပူဇော်သက္ကာရကို ပြုပါသလော” ဟု မေးသောအခါ ဝိလိယ သူဌေးကြီးသည် ဆိတ်ဆိတ်သာနေ၏။ နောက်တစ်ဖန် “ သင်သည် သင်္ခသူဌေးကြီးအား ဖွဲတစ်တုမ္ဗကိုသာ ပေးသည်ဆိုသည်မှာ မှန်ပါသလော” ဟူ မေးပြန်သောအခါလည်း ဆိတ်ဆိတ်သာ နေပြန်၏။

ဥစ္စာပြန်ရ ပြည်ပြန်ကြ

ထိုအခါ မင်းကြီးသည် “သင် ဘာဖြစ်လို့ သည်လိုလုပ်ရသနည်း၊ သူ ပြုဖူးသော ကျေးဇူးကို အနည်းငယ်မျှမသိ၊ အလွန် ယုတ်မာ၏” ဟု ရေရွတ်လျက် ဝိလိယသူဌေးကို နှင်ထုတ်ကာ အမတ်တို့နှင့် တိုင်ပင်၍ “အမတ်တို့ ... ဝိလိယသူဌေး အိမ်၌ရှိသော ပစ္စည်းဥစ္စာ ကျေးကျွန်အလုံးစုံကို သင်္ခသူဌေးကြီးအား ပေးကြကုန်” ဟု အမိန့်ပေးလေ၏။

သင်္ခသူဌေးကြီးသည် “အရှင်မင်းကြီး ... အကျွန်ုပ်အား သူတစ်ပါးပစ္စည်းဥစ္စာကို အလိုမရှိပါ၊ အကျွန်ုပ် ပေးဖူးသော ပစ္စည်းဥစ္စာကိုသာ ပေးပါစေ” ဟု လျှောက်ထားလေ၏။ မင်းကြီးလည်း သင်္ခသူဌေးကြီး ပေးထားဖူးသော ပစ္စည်းဥစ္စာ ကျေးကျွန် အလုံးစုံ ပြန်၍ပေးစေ၏။ သင်္ခသူဌေးကြီးလည်း ကျွန်အလုပ်အကျွေး မိမိပေးထားဖူးသော ပစ္စည်းဥစ္စာ အလုံးစုံကို ရလျှင် ကျွန်အလုပ်အကျွေးပေါင်း ခြံရံကာ ရာဇဂြိုဟ်ပြည်သို့ ပြန်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဝိလိယ သူဌေးကြီးသည် - ယခုအခါ ဒေဝဒတ်။

သင်္ခ သူဌေးကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကျေးဇူးမမြင်၊ မိုက်ခေါင်တင်၊ အလျင်ပျက်စီးမယ်။

(၂) စည်းစိမ်တစ်ဝက်၊ ပေးဖူးလျက်၊ ပေးရက်ဖွဲနည်းငယ်။

(၃) ဝိလိယသူဌေး၊ ငမိုက်ခွေး၊ ဆပ်ပေးကျေးဇူးနှယ်။

အသမ္ပဒါဇာတ် ပြီး၏။

***

၁၃၂ - ဘီရုကဇာတ်

ဘီလူးများ ခရီးအကြားတွင် အမျိုးမျိုးလှည့်စား၍ ဣန္ဒြေများ မဖောက်ပြားသဖြင့် မင်းအဖြစ် ရောက်သော တက္ကသိုလ်မင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားဂုဏ်ချီးကျူး အံ့ဖွယ်ထူး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... မြတ်စွာဘုရားသည် အဇပါလ ညောင်ပင်ရင်း၌ မာရ်နတ်မင်း သမီးသုံးယောက်တို့ နတ်၌ဖြစ်သော အဆင်းတို့ကို ဖန်ဆင်းကာ ဖြားယောင်းရန် ချဉ်းကပ်လာသည်ကို မျက်စိတော်တို့ကိုလည်း ဖွင့်၍မျှ ကြည့်တော်မမူ၊ မြတ်စွာဘုရား၏ အစွမ်းတော်သည် အံ့ဖွယ်ရှိပေစွ” ဟု စကားကို ဖြစ်စေကုန်၏။

မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... ယခုအခါ အာသဝေါကင်းလျက် သဗ္ဗညုအဖြစ်သို့ ရောက်ပြီးသော ငါဘုရားသည် မာရ်နတ်မင်း သမီးသုံးယောက်တို့ကို မကြည့်သည်မှာ အံ့ဖွယ်မရှိသေး၊ ရှေးအခါ ကိလေသာ အာသဝေါ မကင်းသေးဘဲ သဗ္ဗညုတဉာဏ်ကို ရှာစဉ်၌ပင် ဖန်ဆင်း၍ပြသော နတ်သမီးတို့အဆင်းကို ဣန္ဒြေဖျက်၍မကြည့်ဘဲ သွားသဖြင့် မင်းအဖြစ်သို့ ရောက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လျှောက်ထားမေးငြား နောက်ကြောင်းများ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဗြဟ္မဒတ်မင်း၏ သားတစ်ထောင်တို့အနက် အငယ်ဆုံးသား ဖြစ်လေ၏။ [အလုံးစုံသော စကားသည် ပြဆိုခဲ့ပြီးသော တေလေပတ္တာဇာတ် အတိတ်ဝတ္ထုနှင့် တူပြီ။]

တစ်နေ့သ၌ မင်းသားငယ်သည် ငါကား အငယ်ဆုံးသားတော် ဖြစ်သည်၊ ဤဗာရာဏသီပြည်ဝယ် မင်းအဖြစ်ကို ရမည် မရမည်ကို ရှင်ပေစ္စကဗုဒ္ဓတို့အား မေးလျှောက်မည်ဟု ကြံစည်ကာ အရှင်ပစ္စေကဗုဒ္ဓါတို့ နန်းတော်သို့ ကြွလာသောအခါ ထိုအကြောင်းကို မေးလျှောက်လေ၏။ ရှင်ပေစ္စကဗုဒ္ဓါတို့လည်း မင်းသားငယ်အား “ဤဗာရာဏသီပြည်၌ မင်းမဖြစ်နိုင်၊ တက္ကသိုလ်ပြည်သို့ သွားနိုင်လျှင် ခုနစ်ရက် မြောက်သောနေ့ဝယ် မင်းဖြစ်လိမ့်မည်၊ သို့ရာတွင် လမ်းခရီးဝယ် ဘီးလူးမတို့ ဘေးအန္တရာယ်ရှိသည်၊ ၎င်းတို့ကို ဣန္ဒြေဖျက်၍ မကြည့်ဘဲ သွားနိုင်မှ ဘေးရန်လွတ်မည်” ဟု မိန့်တော်မူကုန်၏။

မိဖုရားတင်မှား ဘီလူးစား

ထိုအခါ မင်းသားသည် ဘေးရန်လွတ်အောင် သွားမည်ဟု လျှောက်ထား၍ ရှင်ပစ္စေကဗုဒ္ဓတို့ထံမှ ပရိတ် အရံအတား ပြုလုပ်ကာ တက္ကသိုလ်ပြည်သို့ သွားလေသော် လမ်းခရီးဝယ် ဘီလူးမတို့သည် နတ်သမီးဟန် ဖန်ဆင်းကာ အမျိုးမျိုး ဖြားယောင်းသော်လည်း ဂရုမစိုက်ဘဲ သွားသဖြင့် တက္ကသိုလ်ပြည်သို့ရောက်၍ မြို့တံခါးအနီး ဇရပ်ဝယ်တည်းခိုလေ၏။ ဘီလူးမတစ်ယောက်လည်း နတ်သမီးအဟန် ဖန်ဆင်းကာ ထက်ကြပ်မကွာ နောက်မှလိုက်၍ ဇရပ်တံခါးတွင် နေလေ၏။

တက္ကသိုလ်ပြည် မင်းကြီးလည်း ဥယျာဉ်ကစားသွားရာ ဘီလူးမကိုမြင်လျှင် အလွန်တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ မင်းသားငယ်က ဘီလူးမ ဖြစ်ကြောင်း ပြောစေသော်လည်း မနာယူဘဲ ခေါ်ဆောင်ကာ မိဖုရားမြှောက်လေ၏။

ဘီလူးမလည်း မင်းကြီးကို ဖြားယောင်းကာ နန်းတွင်းသူ နန်းတွင်းသားတို့ကို စိုးပိုင်နိုင်ရန် အာဏာကိုတောင်း၍ ညဉ့်အခါ ဘီလူးတို့ကိုခေါ်ကာ ခွေး၊ ဝက်၊ ကြက် မကျန် တစ်နန်းတော်လုံးစားကာ အရိုးတို့ကိုသာထား၍ ဘီလူးမသည် ဘီလူးတို့နှင့်အတူ ဘီလူးမြို့သို့ ပြန်သွားလေ၏။

အားလုံးတိုင်ပင် ထီးနန်းတင်

နံနက်လင်းသောအခါ တစ်နန်းတော်လုံး ဘီလူးစား ခံရသည်ကိုသိ၍ အညစ်အကြေးတို့ကို သုတ်သင်ရှင်းလင်းပြီးလျှင် နန်းတော်တစ်ခုလုံးကို တန်ဆာဆင်လျက် ဇရပ်တွင် တည်းခိုနေသော မင်းသားငယ်ကို ပင့်ဆောင်ကာ အဘိသိက်သွန်း၍ မင်းမြောက်ကြကုန်၏။

အမတ်၊ ပုဏ္ဏား၊ သူကြွယ် အစရှိသော သူတို့လည်း တန်ဆာဆင်ကာ မင်းကြီးထံ၌ ခစားကြကုန်၏။ တစ်သောင်းခြောက်ထောင်သောကချေသည်မတို့လည်း ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်းတို့ဖြင့် အသုံးခံကာ ဖျော်ဖြေကြကုန်၏။ ထိုအခါ တစ်နန်းတော်လုံး တစ်ပြိုင်နက် အုတ်အုတ်ကျက်ကျက် ဖြစ်လေ၏။

မင်းကြီးသည် မိမိ၏ တင့်တယ်ခြင်းအသရေကို ကြည့်လျက် ငါသည် လမ်းခရီးဝယ် ဘီလူးမတို့ ဖန်ဆင်း၌ပြသော နတ်သမီးအဆင်းကို အကယ်၍ ကြည့်ငြားအံ့၊ အသက်သေခြင်းသို့ ရောက်ရာ၏။ ဤကဲ့သို့ မင်းကြီး၏ တင့်တယ်ခြင်း အသရေကို မြင်ရမည်မဟုတ်ဟု ကြံစည်နှလုံးသွင်းကာ -

“အချင်းတို့ ... ငါကား လိမ္မာတော်မူသော အရှင် ပစ္စေကဗုဒ္ဓါတို့ အဆုံးအမ၌တည်ရန် အမြဲ လုံ့လပြုခြင်းကြောင့် လည်းကောင်း၊ ထိတ်လန့် တုန်လှုပ်သဖြင့် မဆုတ်မနစ်ခြင်းကြောင့် လည်းကောင်း ဘီလူးမတို့ အလိုသို့ မလိုက်မိဘဲ ကြီးစွာသော သေဘေးမှ လွတ်ကင်းချမ်းသာရ၏”

ဟု ဥဒါန်းကျူးကာ တရားဟောလေ၏။ အသက်ထက်ဆုံး တရားသဖြင့် မင်းပြုလျက် ကိုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ တက္ကသိုလ်ပြည်တွင် မင်းဖြစ်သော မင်းသားသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဣန္ဒြေစောင့်မှု၊ လုံ့လပြု၊ ယခု ချမ်းသာမည်။

(၂) ဘီလူးတွေ့ငြား၊ မရှုစား၊ မင်းသားမင်းဖြစ်သည်။

(၃) ဝိလိယသူဌေး၊ ငမိုက်ခွေး၊ ဆပ်ပေးကျေးဇူးနှယ်။

ဘီရုကဇာတ် ပြီး၏။

***

၁၃၃ - ဃတာသနဇာတ်

နေသောအရပ်မှ ဘေးဖြစ်မည်ကို သိသဖြင့် ငှက်အပေါင်းအား ဆုံးမကာ ပြောင်းရွှေ့သွားသော ငှက်မင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကာလမဟုတ် တရားဆုတ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းကိုယူ၍ ပစ္စန္တရာဇ် ရွာငယ်တစ်ခုကို အမှီပြုကာ တောကျောင်း၌ ဝါကပ်လေ၏။

နောက်တစ်နေ့ ဆွမ်းခံသွားလတ်သော် ကျောင်းကို မီးလောင်သဖြင့် နေစရာမရှိ ဆင်းရဲပင်ပန်းသည့်အတွက် ဒါယကာတို့အား အကြောင်းကြားလေ၏။ ဒါယကာတို့သည် လယ်ထွန်ပြီးမှ ဆောက်မည်၊ မျိုးကြဲပြီးမှ ဆောက်မည် စသည်ဖြင့် နေ့ရက်ရွှေ့ကာ မဆောက်ဖြစ်ဘဲ ဝါကျွတ်လေ၏။ ရဟန်းလည်း လျောက်ပတ်သော ကျောင်းကို မရဲသဖြင့် ကမ္မဋ္ဌာန်း အပြီးသို့မရောက်၊ နိမိတ်မျှပင် မထင်လေ။

ဝါကျွတ်သောအခါ မြတ်စွာဘုရားထံ အဖူးအမြှော်ရောက်၍ မြတ်စွာဘုရားသည် ထိုရဟန်းအား “ချစ်သား ရဟန်း ... သင့်အား ကမ္မဋ္ဌာန်းနှင့် လျော်သောနေရာကို ရပါ၏လော” ဟု မေးတော်မူ၏။ ရဟန်းလည်း “အရှင်ဘုရား ... လျောက်ပတ်သောနေရာကို မရပါ” ဟု လျှောက်ထားလေ၏။

ထိုအခါ မြတ်စွာဘုရားသည် “ချစ်သားရဟန်း ... ရှေးအခါ တိရစ္ဆာန်တို့ပင် လျောက်ပတ်သည်၊ မလျောက်ပတ်သည်ကို သိသဖြင့် လျောက်ပတ်သောအခါ နေ၍ မလျောက်ပတ်သောအခါ စွန့်လွှတ်ကာ သွားကြသည်၊ သင်ကား အဘယ်ကြောင့် မိမိနှင့် လျောက်ပတ်သည်၊ မလျောက်ပတ်သည်ကို မသိသနည်း” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သင့်လျော်မှီပြု နေထိုင်မှု

လွန်လေပြီးသောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ငှက်မျိုး၌ ဖြစ်၍ သိကြားလိမ္မာသောအခါ ငှက်မင်းဖြစ်လျက် ငှက်အပေါင်းခြံရံကာ တောအရပ်ဝယ် *ဇာတဿရအိုင် အနီး၌ ပေါက်၍ အရွက် အခက်နှင့် ပြည့်စုံသော သစ်ပင်ကြီးတစ်ခုကို အမှီပြုကာ နေထိုင်လေ၏။

များစွာသော ငှက်တို့သည် ရေအိုင်အထက်တွင် အုပ်ဖုံးလျက်ရှိသော သစ်ခက်တို့၌နေကာ ကိုယ်မှဖြစ်သော အညစ်အကြေးတို့ကို ရေထဲသို့ ကျစေကုန်၏။ ထိုဇာတဿရအိုင်၌လည်း ကြမ်းတမ်းသော နဂါးမင်းသည် နေ၏။

ကြာလသိငြား ပြောင်းရွှေ့သွား

ထိုနဂါးမင်းအား ဤငှက်အပေါင်းတို့သည် ငါ၏နေရာ ဇာတဿရအိုင်၌ ကိုယ်မှဖြစ်သော အညစ်အကြေးတို့ကို ချကြသည်၊ ငါသည် ရေမှ စီးထစေ၍ သစ်ပင်ကိုလောင်စေလျက် ငှက်တို့ကို ပြေးစေရမူ ကောင်းလိမ့်မည်ဟု ကြံစည်ကာ အမျက်ထွက်သည်ဖြစ်၍ ညဉ့်အခါ သစ်ပင်ထက်ဝယ် ငှက်တို့ အိပ်သောအခါ ရှေးဦးစွာ ရေကို ကျိုက်ကျိုက်ဆူစေ၏။ နှစ်ကြိမ်မြောက်၌ အခိုးထစေ၏။ သုံးကြိမ်မြောက်၌ ထန်းလုံးပမာဏရှိ မီးလျှံကို ထစေ၏။ ထိုအခါ ငှက်မင်းသည် ရေမှ မီးလျှံကိုမြင်၍ -

“အို - ငှက်အပေါင်းတို့ ... မီးလောင်လျှင် ရေဖြင့်ငြိမ်းသတ်ရသည် မဟုတ်ပါလော၊ ယခုအခါ ရေကိုပင် မီးလောင်၌နေချေပြီ၊ ငါတို့မှာ ဤသစ်ပင်ကြီး၌ နေခြင်းငှာ မသင့်၊ တစ်ပါးသော သစ်ပင်သို့ သွားကြကုန်အံ့” –

ဟု ပြောဆို၍ မိမိစကားကို လိုက်နာယူသော ငှက်တို့ကို ခေါ်ယူကာ ပျံ၍ တစ်ပါးသောအရပ်သို့ သွားလေ၏။ ငှက်မင်းစကားကို မလိုက်နာယူဘဲ နေရစ်ကုန်သော ငှက်တို့ကား အသက်ကုန်ခြင်းသို့ ရောက်ကုန်၏။

ဤဒေသနာတော်၏ အဆုံး၌ ထိုရဟန်းသည် အရဟတ္တဖို်လ်၌တည်၍ ရဟန္တာ အဖြစ်သို့ ရောက်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ငှက်မင်းစကား လိုက်နာသော ငှက်တို့သည် - ယခုအခါ ဘုရားပရိသတ်။

ငှက်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) လျောက်ပတ် မလျောက်ပတ်၊ နေရာရပ်၊ သိအပ်ကြရာသည်။

(၂) မလျောက်ပတ်သောခါ၊ မနေရာ၊ မြန်စွာ ပြောင်းအပ်သည်။

(၃) ရေမှမီးမြင်၊ ငှက်တို့ပင် အလျင်ပြောင်းကြသည်။

ဃတာသန ပြီး၏။

***

၁၃၄ - စျာနသောဓနဇာတ်

ရူပဘဝ ရောက်သည်ဟု ပြောသဖြင့် မယုံသော တပည့်များကို ဆရာလာ၍ ဆုံးမကာ တပည့်ကြီးအား

ပစ္စုပ္ပန်ဝတ္ထု

အကျဉ်းမေးလို ကျယ်ဖြေဆို

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သင်္ကဿနဂိုရ်မြို့တံခါးဝယ် မြတ်စွာဘုရား အကျဉ်းအားဖြင့် မေးတော်မူအပ်သော ပြဿနာကို ရှင်သာရိပုတ္တရာ အကျယ်အားဖြင့် ဖြေဆိုခြင်းကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

တပည့်မယုံကြ ဆရာကြွ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည ရသေ့ဖြစ်၍ တောကျောင်း၌ စုတေခါနီးတွင် တပည့်တို့မေးကြရာ “နေဝသညီနာသညီ” ဟု ပြောဆို၍ စုတေသောအခါ အာဘသရဘုံ၌ ဖြစ်လေ၏။ ရသေ့တို့သည် “နေဝဿညီနာသညီ” ဆိုသောစကား အနက်အဓိပ္ပါယ်ကို တပည့်ကြီးထံ မေးကြရာ တပည့်ကြီး ပြောသာစကားကို မယုံကြည်ကြကုန်။

ထိုအခါ ဗြဟ္မာကြီးသည် အာဘဿရဘုံမှ လာ၍ ကောင်းပင်၌ ရပ်လျက် -

“သညာရှိသော သတ္တဝါတို့သည် ဆင်းရဲကုန်၏၊ သညာမရှိသော သတ္တဝါတို့သည်လည်း ဆင်းရဲကုန်၏။ ထို သညီဘဝ၊ အသညီဘသကို ကြဉ်၍ နေဝဿညာ နာသညာယတန စျာန်ချမ်းသာသည် အပြစ်မရှိ” ဟု တရားဟော၍ တပည့်ကြီး၏ ကျေးဇူးကို ပြောဆိုကာ ဗြဟ္မာ့ပြည်သို့ ပြန်လေ၏။ ထိုအခါ ကြွင်းကုန်သော တပည့်တို့သည် တပည့်ကြီးစကားကို ယုံကြည်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ တပည့်ကြီးသည် - ယခုအခါ သာရိပုတ္တရာ။

ဗြဟ္မာကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သညာရှိခြင်း၊ မရှိခြင်း၊ ဆင်းရဲသည်ဟုသိ။

(၂) နေဝသညာ၊ နာသညာ၊ မှန်စွာအပြစ်မရှိ။

စျာနသောဓနဇာတ် ပြီး၏။

***

၁၃၅ - စန္ဒာဘဇာတ်

ဩဒါတ ကသိုဏ်းပွား၍ ဗြဟ္မာ့ပြည်လားသည်ဟု ပြောသဖြင့် မယုံကြည်သော တပည့်များအား ဆရာ လာဆုံးမကာ တပည့်ကြီးအား ချီးမွမ်းသော အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အနည်းငယ်သိက ကျယ်ဟောပြ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သင်္ကဿနဂိုရ်မြို့တံခါးဝယ် ရှင်သာရိပုတ္တရာ ပြဿနာ ဖြေဆိုခြင်းကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဆရာကြွလာ ဆုံးမရာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ရသေ့ဖြစ်၍ တောကျောင်း၌ စုတေခါနီးတွင် တပည့်တို့ မေးကြရာ “စန္ဒာဘံ သူရိယာဘံ” ဟု ပြောဆို၍ စုတေသောအခါ အာဘဿရဘုံ၌ ဖြစ်လေ၏။ ရသေ့တို့သည် “စန္ဒာဘံ သူရိယာဘံ” ဆိုသောအ နက်အဓိပ္ပါယ်ကို တပည့်ကြီးထံ မေးကြရာ တပည့်ကြီး ပြောသောစကားကို မယုံကြည်ကြကုန်။

ထိုအခါ ဗြဟ္မာကြီးသည် အာဘသရဘုံမှ လာ၍ ကောင်းကင်၌ရပ်လျက် -

“လရောင် ဟူသော ဩဒါတကသိုဏ်း၊ နေရောင်ဟူသော ပီတကသိုဏ်းတို့ကို ဉာဏ်ဖြင့် သက်ဝင်သော ပုဂ္ဂိုလ်သည် ရအပ်သော ဒုတိယစျာန်ဖြင့် အာဘဿရ ဗြဟ္မာ့ပြည်သို့ လားရ၏” –

ဟု ရသေ့တို့ကို သိစေပြီးလျှင် တပည့်ကြီး၏ ကျေးဇူးကို ပြောဆိုချီးကျူးကာ ဗြဟ္မာ့ပြည်သို့ ပြန်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ တပည့်ကြီးသည် - ယခုအခါ သာရိပုတ္တရာ။

ဗြဟ္မာကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကသိုဏ်းဩဝါဒါ၊ ပီတကာ၊ ဉာဏ်မှာ သက်ဝင်သည်။

(၂) ဒု-စျာန်ကိုရ၊ ဘဿရ၊ လားရဗြဟ္မာ့ပြည်။

စန္ဒာဘဇာတ် ပြီး၏။

***

၁၃၆ - သုဝဏ္ဏဟံသဇာတ်

ရွှေအတောင် တစ်ခု တစ်ခု ပေးသည်ကို လောဘမသိမ်းနိုင်ဘဲ ရွှေဟင်္သာမင်း၏ တစ်ကိုယ်လုံးရှိ အမွေးတို့ကို နုတ်ယူသော ပုဏ္ဏေးမကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လောဘအတွက် ကဲ့ရဲ့ချက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိမြို့သူ သီတင်းသည်မတစ်ယောက်သည် ဘိက္ခုနီမသံဃာအား ကြက်သွန်ဖြင့်ဖိတ်၍ ယာခင်းစောင့်အား ဘိက္ခုနီမတို့လာလျှင် တစ်ပါး၊ တစ်ပါးအား ကြက်သွန် နှစ်ဥ၊ သုံးဥစီ လှူပါဟု စေခိုင်းမှာထားလေ၏။ ထိုအခါမှစ၍ ရဟန်းမိန်းမတို့သည် ယာခင်းသို့ လည်းကောင်း၊ အိမ်သို့ လည်းကောင်း သွား၍ အလှူခံကြကုန်၏။

တစ်နေ့သ၌ ပွဲသဘင်ရှိ၍ အိမ်တွင် ကြက်သွန်ကုန်လေ၏။ ထိုအခါ ထုလ္လနန္ဒာသည် ရဟန်းမိန်းမ အခြံအရံနှင့် အိမ်သို့ ကြက်သွန်အလှူခံရန် ကြွလေ၏။ သီတင်းသည်မသည် “အရှင်မ ... အိမ်မှာ ကြက်သွန်ကုန်နေသည်၊ ယာခင်းသို့ကြွပါ” ဟု လျှောက်သဖြင့် အတိုင်းအရှည်ကို မသိကုန်ဘဲ အလိုရှိတိုင်း နုတ်ယူကြကုန်၏။

ယာခင်းစောင့်သည် ကဲ့ရဲ့၏။ ယာခင်းစောင့်စကားကို ကြား၍ ရဟန်းမိန်းမတို့သည် ကဲ့ရဲ့ကြကုန်၏။ နောက်တစ်ဆင့်ကြား၍ ရဟန်းယောကျ်ားတို့သည် ကဲ့ရဲ့ကြကုန်၏။ မြတ်စွာဘုရား ကြားတော်မူ၍ ထုလ္လနန္ဒာကို ကဲ့ရဲ့တော်မူပြီးလျှင် “ရဟန်းတို့ ... အလိုကြီးသောသူကို မွေးဖွားသော သမီးသည်ပင် မနှစ်သက်၊ လူမကြည်ညို၊ လာဘ်လာဘနည်း၏” ဟု ရဟန်းတို့ကို တရားဟောတော်မူ၍ ထုလ္လနန္ဒာကား ယခုအခါ၌သာ အလိုကြီးသည် မဟုတ်၊ ရှေးအခါ၌လည်း အလိုကြီးဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း

အတိတ်ဝတ္ထု

ဘဝဟောင်းဆင်ခြင် သားသမီးမြင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် အမျိုးတူ သတို့သမီးတစ်ယောက်နှင့် အိမ်ထောင်ပြုလေ၏။ ထိုပုဏ္ဏားဝယ် နန္ဒာ၊ နန္ဒာဝတီ၊ သုန္ဒာရီနန္ဒာ ဟူ၍ သမီးသုံးယောက်တို့သည် ရှိကုန်၏။ ထိုသမီးသုံးယောက် အိမ်ထောင်မကျမီလျှင် အဖပုဏ္ဏားသည် စုတေ၍ ရွှေဟင်္သာမျိုး၌ ဖြစ်လေ၏။

ထိုရွှေဟင်္သာသည် *ဇာတိဿရဉာဏ်ကို ရ၏။ အရွယ်သို့ ရောက်လတ်သော် ရွှေအတောင်တို့ဖြင့် ဖုံးလွှမ်း၍ တင့်တယ်သော မိမိကိုယ်ကိုမြင်၍ “ငါသည် ဘယ်ဘဝမှ စုတေ၍ ဤရွှေဟင်္သာမျိုး၌ ဖြစ်သနည်း” ဟု ဆင်ခြင်လတ်သော် လူ့ဘဝမှ စုတေလာသည်ကို သိလေ၏။ တစ်ဖန် ထိုလူ့ဘဝ၌ အဖြစ်အပျက်ကို ဆင်ခြင်ပြန်သော် ပုဏ္ဏေးမနှင့် သမီးသုံးယောက်တို့ သူတစ်ပါးအိမ်မှာ အခစားလုပ်ကာ ဆင်းဆင်းရဲရဲ အသက်မွေးနေရသည်ကို သိပြန်၏။

ဆင်းရဲလွတ်ရေး ရွှေတောင်ပေး

ထိုအခါ ရွှေဟင်္သာ “ငါ့ဇနီးနှင့် သမီးတို့မှာ ဆင်းရဲလှသည်၊ ငါ့ကိုယ်တွင်ပေါက်သော ရွှေတောင်တို့လည်း အထုအခတ်ခံကုန်၏၊ တစ်ယောက် တစ်တောင်စီပေးမည်၊ ထိုအတောင်တို့ဖြင့် ချမ်းချမ်းသာသာ အသက်မွေးစေမည်” ဟု ကြံစည်ကာ ထိုအရပ်သို့သွား၍ အိမ်ခေါင်အုပ်ဝါးစွန်းတွင် နားလေ၏။

ပုဏ္ဏေးမနှင့် သမီးသုံးယောက်တို့သည် ရွှေဟင်္သာကို မြင်လျှင် “ဖခင် ... ဘယ်အရပ်က လာသနည်း” ဟု မေးလေ၏။ “သမီးတို့ ... ငါကား ဘဝဟောင်း၌ သင်တို့ဖခင်ဖြစ်သည်၊ ယခု ရွှေဟင်္သာမျိုးမှာ ဖြစ်သည်၊ သင်တို့ကို ကြည့်ရှုရန် လာသည်၊ ဤနေ့မှစ၍ သူတစ်ပါးအိမ်မှာ အခစားလုပ်၍ အသ်ကမွေးဖို့မရှိ၊ သင်တို့အား အတောင် တစ်တောင်စီပေးမည်၊ ထိုအတောင်ကို ရောင်းချလျက် ချမ်းချမ်းသာသာ အသက်မွေးကြ” ဟု ပြောဆိုပြီးလျှင် တစ်တောင်စီ ချွတ်၍ ပေးကာ သွားလေ၏။ ဤသို့သောနည်းဖြင့် ရံခါရံခါလာ၍ ပေး၏၊ ပုဏ္ဏေးမနှင့် သမီးသုံးယောက်တို့သည် ထိုအတောင်တို့ကို ရောင်းချသဖြင့် ကြွယ်ဝချမ်းသာကုန်၏။

လောဘကြီးလှ ချည်းနှီးရ

တစ်နေ့သ၌ ပုဏ္ဏေးမသည် သမီးတို့ကို “ချစ်သမီးတို့ ... တိရစ္ဆာန်တို့စိတ်ကိုသိရန် ခဲယဉ်းသည်၊ သင်တို့အဖသည် နောက် သူလာလိုမှ လာပေမည်၊ သည်တစ်ခါ လာလျှင် အတောင်တွေ အကုန်နုတ်ယူမည်” ဟု တိုင်ပင်လေ၏။ သမီးတို့သည် “မိခင် ... အဖ ပင်ပန်းလိမ့်မည်” ဟု သဘောမတူကြကုန်။ ပုဏ္ဏေးမကား အလွန်အလိုကြီးလှသဖြင့် တစ်ဖန် ရွှေဟင်္သာ လာသောအခါ ဖမ်း၍ လက်နှစ်ဖက်ဖြင့် အတင်းကိုင်ကာ အတောင်တို့ကို အကုန်နုတ်၍ ယူလေ၏။ အတောင်တို့သည် ရွှေဟင်္သာ အလိုမတူဘဲ အနိုင်အထက် နုတ်ယူသောကြောင့် ရွှေမဖြစ်ဘဲ ဗျိုင်းတောင်ကဲ့သို့ ဖြူကုန်၏။ ရွှေဟင်္သာသည် အတောင် မရှိတော့သဖြင့် မိမိအရပ်သို့ မပျံနိုင်လေ။

ထိုအခါ ပုဏ္ဏေးမသည် ရွှေဟင်္သာ အိုးစရည်းတွင်ထည့်ကာ မွေးမြူရလေ၏။ တစ်ဖန်ပေါက်သော အတောင်တို့လည်း ရွှေမဖြစ်ဘဲ ဗျိုင်းတောင်ကဲ့သို့ ဖြူကုန်၏။ ရွှေဟင်္သာလည်း အတောင်ပေါက်သည်ရှိသော် မိမိနေရာသို့ ပျံလေ၏။ နောက်တစ်ဖန် ပြန်မလာတော့ချေ။

လောဘမချင် အာပတ်သင့်

မြတ်စွာဘုရားသည် အတိတ်ဝတ္ထုကို ဆောင်တော်မူ၍ “ရဟန်းတို့ ထုလ္လနန္ဒာသည် ယခုအခါ၌သာ အလိုကြီးသည်မဟုတ်၊ ရှေးအခါ၌လည်း အလိုကြီးဖူးပြီ၊ အလိုကြီးသည့်အတွက် ရွှေမှ ဆုတ်ယုတသကဲ့သို့ ကြက်သွန်မှ ဆုတ်ယုတ်ကြကုန်လတ္တံ့” ဟု မိန့်တော်မူကာ တစ်ဖန် -

“ရဟန်းတို့ ... များများရလျှင် အတိုင်းအရှည်ကို သိရမည်၊ နည်းနည်းရလျှင် ရသမျှဖြင့် ရောင့်ရဲရမည်၊ အမှန်စင်စစ်မှာ အလွန် အလိုကြီးသူကား ယုတ်မာ၏။ ရွှေဟင်္သာကိုဖမ်း၍ ရွှေမှ ဆုတ်ယုတ်သကဲ့သို့ မှတ်ရမည်” -

ဟု မိန့်တော်မူပြီးလျှင် “ကြက်သွန်စားသော ဘိက္ခုနီမအား ပါစိတ်အာပတ်သင့်စေ” ဟု သိက္ခာပုဒ်ကို ပညတ်တော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုဏ္ဏေးမသည် - ယခုအခါ ထုလ္လနန္ဒာ။

သမီးသုံးယောက်တို့သည် - ညီအစ်မသုံးယောက်။

ရွှေဟင်္သာသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) များများရဘိ၊ တိုင်းရှည်သိ၊ နည်းဘိရောင့်ရဲရာ။

(၂) တိုင်းရှည်မမြင်၊ လိုကြီးလျှင်၊ လူတွင်လူယုတ်မာ။

(၃) ဟင်္သာကိုင်ချုပ်၊ တောင်ကိုနုတ်၊ ယုတ်၏ရွှေမှသာ။

သုဝဏ္ဏဟံသာဇာတ် ပြီး၏။

***

၁၃၇ - ဗဗ္ဗုဇာတ်

ကြွက်မထံမှ အစာကိုမရ၍ အမျက်ထွက်ပြီး ခုန်အုပ်ရာ ဖန်ဂူနှင့် တိုက်မိသဖြင့် ရင်ကွဲကာ သေရသော ကြောင်လေးကောင် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လက်ဆောင်အတွက် မုန့်ကြော်ချက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သီတင်းသုံးတော်မူစဉ် သာဝတ္ထိမြို့ဝယ် ကာဏမာတာ မည်သော သောတာပန် သီတင်းသည်မ တစ်ယောက် ရှိလေ၏။ ထိုကာဏမာတာဝယ် ကာဏ မည်သော သမီးတစ်ယောက် ရှိ၏။ ထိုသမီးကို ရွာငယ်တစ်ခု၌ အမျိုးတူ သတို့သားတစ်ယောက်နှင့် ထိမ်းမြားလက်ထပ်၍ ထားလေ၏။

ထိုအခါ ကာဏသည် ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုဖြင့် အမိအိမ်သို့ လာ၏။ နှစ်ရက်လွန်လျှင် ကာဏ၏ လင်သည် “ကာဏ ပြန်လာပါ” ဟု မှာထားကာ တမန်စေလွှတ်လိုက်၏။ ကာဏသည် တမန်၏စကားကို ကြားလျှင် ပြန်ရန် အမိထံ ခွင့်ပန်၏။ အမိသည် နှစ်ရက်၊ သုံးရက် လွန်ပြီးမှ လက်ချည်း ပြန်လို့မလျော်၊ လက်ဆောင်ပေးလိုက်မည်ဟု မုန့်ကို ကြော်၏။

လက်ဆောင်လှူကြ လင်ဆုံးရ

ထိုခဏ၌ ဆွမ်းခံ ရဟန်းတစ်ပါး ကြွလာ၍ ကြော်ပြီးမုန့်ကို သပိတ်ပြည့်အောင် လှူလိုက်၏။ ထိုရဟန်း ထွက်သွားလျှင် ရဟန်းတစ်ပါးကို ပြောကြားလိုက်၏။ ကြွလာပြန်လျှင် သပိတ်ပြည့်အောင် လှူလိုက်ပြန်၏။ ဤသို့လျှင် လေးပါးတိုင်အောင် အဆင့်ဆင့် ပြောကြားကာ ကြွလာတိုင်း လှူရသဖြင့် လုပ်မြဲတိုင်းသေ မုန့်သည် ကုန်လေ၏။ မုန့်ကုန်သဖြင့် ကာဏလည်း မပြန်နိုင်လေ။

ကာဏ၏ လင်သည် နှစ်ကြိမ်၊ သုံးကြိမ် တိုင်အောင် ကာဏထံ တပန်စေလွှတ်ပြန်၏။ ကာဏ မလာလျှင် တခြားမိန်းမတစ်ယောက်ကို ယူတော့မည်ဟု မှာထားလိုက်၏။ ကာဏလည်း မုန့်ကြော်တိုင်း လှူရ၍ ကုန်သွားသဖြင့် မပြန်နိုင်လေ။ ထိုအခါ ကာဏ၏ လင်သည် ကာဏ မလာသဖြင့် မိန်းမတစ်ယောက်ကို ယူလေ၏။ ထိုအကြောင်းကို ကာဏကြား၍ ငိုကြွေးလျက်နေ၏။

ကာဏကြောင်းပြု ကဲ့ရဲ့မှု

မြတ်စွာဘုရားသည် နံနက်အခါ ကာဏမာတာအိမ်သို့ ကြွတော်မူရာ ကာဏ ငိုကြွေးနေသည်ကို မြင်လျှင် သီတင်းသည်မကြီးအား “ ကာဏ အဘယ်ကြောင့် ငိုသနည်း” ဟု မေးတော်မူ၏။ သီတင်းသည်မကြီးလည်း အကြောင်းစုံကို လျှောက်လေ၏။ မြတ်စွာဘုရား သိတော်မူလျှင် ကာဏမာကို သက်သာရာရစေ၍ တရားဟောပြီးလျှင် ကျောင်းသို့ ကြွတော်မူ၏။

ထိုအခါ ရဟန်းလေးပါးတို့ သုံးကြိမ်တိုင်အောင် မုန့်ကို အလှူခံစားကြသဖြင့် ကာဏ အသွားပျက်၍ လင်ဆုံးရသောအကြောင်းသည် သံဃာ့ဘောင်ဝယ် ထင်ရှားလေ၏။

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် ကာဏအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... ဤရဟန်းလေးပါးတို့သည် ယခုအခါ၌သာလျှင် ကာဏမာတာ၏ ဥစ္စာကို စား၍ နှလုံးမသာခြင်းကို ဖြစ်စေကြသည် မဟုတ်၊ ရှေးအခါ၌လည်း ဖြစ်စေကြဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပစ္စည်းတပ်မက် ကြွက်ဖြစ်လျက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကျောက်သွေးသော အမျိုး၌ဖြစ်၍ အရွယ်ရောက်လျှင် ကျောက်သွေးအတတ်၌ အပြီးတိုင် တတ်မြောက်သဖြင့် ထိုအတတ်ဖြင့်ပင် အသက်မွေးလေ၏။

ထိုအခါ ကာသတိတိုင်း နိဂုံတစ်ခုဝယ် စည်းစိမ်ဥစ္စာ ကြွယ်ဝသော သူဌေးတစ်ဦး ရှိလေ၏။ ထိုသူဌေးအား ဥစ္စာ ရွှေကုဋေလေးဆယ်ကို မြေတွင် မြှုပ်၍ထား၏။ သူဌေးကတော်သေ၍ ဥစ္စာ၌ တပ်မက်မောသည့်အတွက် ဥစ္စာပေါ်တွင် ကြွက်မ ဖြစ်လေ၏။ ဤသို့ အစဉ်သဖြင့် ထိုအမျိုးပျက်စီး၍ အဆက်အနွယ် ပျက်လေ၏။ နောက် ရွာပါပျက်စီး၍ မထင်ရှားသော ရွာဆိုးကုန်း ဖြစ်၍နေ၏။

အသာပြာပေးကာ မိတ်ဖွဲ့ရှာ

ကျောက်သွေးသမားသည် ထိုရွာဆိုးကုန်းတွင် ကျောက်တို့ကို တူးဖော်ကာ သွေးလေ၏။ ကြွက်ဥစ္စာစောင့်မသည် အစာရှာသွားလတ်သော် ကျောက်သွေးသမားကို အဖန်ဖန်မြင်ရလျှင် ချစ်ကျွမ်းဝင်းသောစိတ် ရှိသည်ဖြစ်၍ “ငါ့မှာ ဥစ္စာများ၏။ အကြောင်းမရှိဘဲ ပျက်စီးရ၏။ ထိုကျောက်သွေးသမားနှင့် ပေါင်းသင်းမိတ်ဖွဲ့ကာ ဥစ္စာကိုပေး၍ အသားကို ဝယ်စေပြီး စားမည်ဟု ကြံစည်၍ တစ်နေ့သ၌ ကြွက်မသည် တစ်သပြာကို နှုတ်သီးဖြင့် ကိုက်ချီလျက် ကျောက်သွေးသမားထံ လောလေ၏။

ကျောက်သွေးသမားလည်း ကြွက်မကိုမြင်လျှင် ချစ်ဖွယ်သော စကားကို ပြောဆိုလျက် “မိခင် ... ဘယ်အတွက် အသပြာကို ယူလာသနည်း” ဟု မေးလေ၏။ “သခင် ... ဤအသပြာကိုယူ၍ သခင်လည်း သုံးပါ၊ အကျွန်ုပ်ဖို့လည်း အမဲသားကို ယူခဲ့ပါ” ဟု ပြောလေ၏။ ကျောက်သွေးသမားလည်း အမဲသား တစ်ပဲဖိုးဝယ်ကာ ကြွက်မအား ပေးလေ၏။ ကြွက်မလည်း ထိုအမဲသားကိုယူ၍ အလိုရှိတိုင်း စားလေ၏။ ဤနည်းဖြင့် နေ့တိုင်း၊ နေ့တိုင်း တစ်သပြာကို ကျောက်သွေးသမားအားပေး၍ ကျောက်သွေးသမားလည်း အမဲသားကို ယူဆောင်ကာ ကြွှက်မအား ပေး၏။

ရန်သူကြောင်များ ခွဲဝေစား

တစ်နေ့သ၌ ကြွက်မကို ကြောင်သည် ဖမ်းမိလေ၏။ ထိုအခါ ကြွက်မသည် ကြောင်အား “အဆွေ ... ငါ့ကို မသတ်ပါလင့်” ဟု ပြောလေ၏။ “သတ်မည် ငါ ဆာမွတ်သည်” ဟု ပြောလေလျှင် “အဆွေ ... သင် နေ့တိုင်း စားလို သလော၊ တစ်နေ့သာ စားလိုသလော” ဟု မေးလေ၏။ “ငါ နေ့တိုင်း စားလိုသည်” ဟု ပြောသောအခါ “အဆွေ ... နေ့တိုင်းစားလိုလျှင် အမဲသားကို နေ့တိုင်း ပေးပါမည်၊ လွှတ်ပါ” ဟု တောင်းပန်လေ၏။ “ကောင်းပြီ လွှတ်ပါမည်၊ ကတိမပျက်စေနှင့်” ဟု ဆို၍ လွှတ်လိုက်၏။ ထိုနေ့မှစ၍ ကြွက်မသည် မိမိရသော အမဲသားကို နှစ်စုဝေ၍ တစ်စုကို ကြောင်အား ပေးကာ တစ်စုကိုသာ မိမိစားရ၏။

နောက်တစ်ဖန် ကြွက်မကို ကြောင်တစ်ကောင် မိပြန်၏။ ရှေးအတူ လွှတ်စေ၍ အမဲသားကို သုံးစုဝေ၍ တစ်စုကို ပေးရပြန်၏။ တစ်ဖန် ကြောင်တစ်ကောင် မိပြန်၏။ အမဲသားကို လေးစုဝေ၍ တစ်ခုကို ပေးရပြန်၏။ တစ်ဖန် တစ်ကောင်မိပြန်၏။ အမဲသားကို ငါးစုဝေ၍ တစ်ခုပေးရပြန်၏။ ထိုနေ့မှစ၍ ကြွက်မသည် ငါးစုတွင် တစ်စုသာ စားရတော့သဖြင့် မဝတော့ဘဲ ကြုံလှီပိန်ချုံး၍နေလေ၏။

မိတ်ဆွေစောင်မ ချမ်းသာရ

ကျောက်သွေးသမားသည် ပိန်ချုံးနေသော ကြွက်မကို မြင်လျှင် “မိခင် ... အဘယ်ကြောင့် ပိန်ချုံးနေသနည်း” ဟု မေးလေ၏။ ကြွက်မက အကြောင်းစုံ ပြောကြားလေ၏။ ထိုအခါ ကျောက်သွေးသမားသည် မိမိကို မပြောကြားသည့်အတွက် အပြစ်တင်၍ “မိခင် ... မစိုးရိမ်လင့်၊ အကျွန်ုပ်စီမံပေးမည်” ဟု ပြောကြားကာ သက်သာရာရစေ၏။ ထိုနောက် ကျောက်သွေးသမားသည် ကြည်လင်သော ဖန်ဂူကလေးတစ်ခုကို ယူခဲ့ပြီးလျှင် “မိခင် ... ဤဖန်ဂူထဲမှာနေ၍ လာတိုင်း၊ လာတိုင်းသော ကြောင်တို့ကို ကြမ်းတမ်းသော စကားကို ဆို၍ ခြိမ်းခြောက်လော့” ဟု မှာထား၏။ ကြွက်မလည်း ဖန်ဂူတွင်းသို့ ဝင်၍နေလေ၏။

ထိုအခါ ကြောင်တစ်ကောင်လာ၍ “ငါ့ကို အမဲသားပေးလော့” ဟု တောင်း၏။ ကြွက်မလည်း ကြောင်အား “ဟယ် ကြောင်ပျက် ... နင့်ကို အမဲသား ယူပေးနေသည့် အစေခံ မှတ်သလော၊ မပေးဘူး နင့်သားသမီးအား အသားကို စားပါလော”ဟု ခြိမ်းခြောက်၏။ ကြောင်သည် ဖန်ဂူ၌ နေသည်ကို မသိ၍ အလွန် အမျက်ထွက်ကာ ဖမ်းယူမည်ဟု တစ်ဟုန်တည်း ပြေးလေလျှင် ရင်နှင့်တိုက်မိ၍ ရင်ကွဲပြီး မျက်လုံးထွက်လျက် ဖုံးကွယ်ရာအရပ်၌လဲကာ ခဏချင်းသေလေ၏။ ဤနည်းဖြင့် နောက်လာသော ကြောင်သုံးကောင်တို့လည်း အစဉ်အတိုင်း သေကြေလေကုန်၏။

တစ်သက်တာပင် လွန်ချစ်ခင်

ထိုနေ့မှစ၍ ကြွက်မသည် ဘေးမရှိသည်ဖြစ်၍ ကျောက်သွေးသမားအား နေ့တိုင်း၊ နေ့တိုင်း နှစ်သပြာ၊ သုံးသပြာ ပေးလေ၏။ ကာလအတန်ကြာသော် အလုံးစုံသော ဥစ္စာသည် ကျောက်သွေးသမား၏ဥစ္စာ ဖြစ်လေ၏။ ထိုနှစ်ယောက်သောသူတို့သည် အသက်ထက်ဆုံး အဆွေခင်ပွန်းဖြစ်လျက် ချစ်ခင်စွာ ပေါင်းသင်းနေထိုင်ကြကုန်၏။

မြတ်စွာဘုရားသည် အတိတ်ဇာတ်ကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူသောအခါ -

“ရဟန်းတို့ ... ကြောင်တစ်ကောင်သည် ကြွက်မကို ဖမ်းမိသဖြင့် အမဲသားကို ရခဲ့၏။ နောက်တစ်ကောင်လည်း ဖမ်းမိပြန်သဖြင့် အမဲသားကို ရပြန်၏။ နောက်တစ်ကောင်လည်း ရပြန်၏။ နောက်တစ်ကောင်လည်း ရပြန်၏။ ထိုကြောင်လေးကောင်းလုံးပင် ဖန်ဂူကို ရင်ဖြင့်တိုက်မိ၍ သေကြေကုန်၏” –

ဟု မိန့်ဆိုကာ တရားဟောတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကြောင်လေးကောင်သည် - ယခုအခါ ရဟန်းလေးပါး။

ကြွက်မသည် - ကာဏမာတာ။

ကျောက်သွေးသမားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သူ့ဥစ္စာသုံး၊ သူ့နှလုံး၊ ညှိုးချုံးထိစေလျက်။

(၂) ထင်ရာပြုဘိ၊ လိုက်မသိ၊ ပေါင်းမိသူတိုင်းခက်။

ဗဗ္ဗုဇာတ် ပြီး၏။

***

၁၃၈ - ဂေါဓာဇာတ်

သီလရှိယောင်ဆောင်ပြီး မိမိထံ ဆည်းကပ်လာသော ဖွတ်မင်းကို သတ်စားရန်ကြံစည်သည့် ကောက်ကျစ်သော ရသေ့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အံ့ဖွယ်ထင်အောင် အယောင်ဆောင်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အံ့ဖွယ်သရဲကို ပြုလုပ်တတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဖွတ်မင်းဆည်းကပ် ရသေ့မြတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် အဘိညာဉ်သမာပတ်နှင့် ပြည့်စုံ၍ ခြိုးခြံသော အကျင့်ရှိသော ရသေ့တစ်ပါးသည် ပစ္စန္တရာဇ်ရွာကို အမှီပြု၍ တောကျောင်းတစ်ခုတွင် နေလေ၏။ ရွာနေလူတို့သည် ရသေ့ကို ရိုသေစွာ လုပ်ကျွေးကြကုန်၏။

ဘုရားအလောင်းသည် ဖွတ်မျိုး၌ဖြစ်၍ ရသေ့၏ စင်္ကြံဦး တောင်ပို့တစ်ခုဝယ် နေလျက် နေ့တိုင်း၊ နေ့တိုင်း ရသေ့ထံ နှစ်ကြိမ်၊ သုံးကြိမ် ဆည်းကပ်ကာ အကျိုးအကြောင်းနှင့် စပ်သော တရားစကားကို မှတ်သားနာယူလေ၏။

တစ်နေ့သ၌ ရသေ့သည် ရွာသားတို့ကို ပန်ကြား၍ အရပ်တစ်ပါးသို့ ဖဲသွားလေ၏။ ထိုအခါ ကောက်ကျစ်စဉ်းလဲသော ရသေ့တစ်ပါးသည် လာလတ်၍ ကျောင်းတွင်နေ၏။ ဖွတ်ကြီးသည် ဤရသေ့လည်း အကျင့်သီလရှိသည် ဖြစ်လိမ့်မည်ဟု ရှေးနည်းအတူ ရသေ့ထံ ဆည်းကပ်လေ၏။

ဖွတ်မင်းသတ်ရန် ရသေ့ယုတ်ကြံ

နေ့အခါ အခါမဲ့ မိုးရွာသည်ရှိသော် တောင်ပို့မှ *ယင်(ပလူ)တို့သည် ထွက်ကြကုန်၏။ ဖွတ်တို့သည် ယင်တို့ကို စားလိုသဖြင့် ရှာဖွေကာ လှည့်ပတ်သွားလာကုန်၏။ ရွာသားတို့သည် ဖတ်တို့ကိုသတ်၍ ယူဆောင်ကာ ကောင်းသော အရသာရှိအောင် အချိုအချဉ် ချက်ပြုတ်၍ ရသေ့အား ကပ်လှူကြကုန်၏။

ရသေ့သည် ဖွတ်သားကို စားရ၍ ရသတဏှာဖြင့် နှောင်ဖွဲ့သည် ဖြစ်ရကား “ဒါယကာတို့ ... ဤအသားကား အလွန် စား၍ကောင်းသည်၊ ဘာအသားနည်း” ဟု မေးလေ၏။ “အရှင်ဘုရား ... ဖွတ်သားပါ” ဟု လျှောက်ထားကြ၏။ ရသေ့လည်း ဒါယကာတို့ စကားကိုကြားလျှင် ငါ့ထံသို့ ဖွတ်ကြီး နေ့တိုင်းလာသည်၊ သတ်၍စားမည်ဟု ကြံစည်လျက် အိုးကို လည်းကောင်း၊ ချဉ်ဆားစသည်တို့ကို လည်းကောင်း ဆောင်စေ၍ လျောက်ပတ်သောအရပ်၌ အသင့်ထားနှင့်၏။ ဆောက်ပုတ်(လက်ရိုက်) တစ်ခုကို ကိုင်ကာ သင်္ကန်းခြုံ၍ ကျောင်းတံခါးဝ၌ ဖွတ်ကြီးအလာကိုသာ စောင့်လျက် ငြိမ်သက်စွာ နေနှင့်၏။ [*ယင်- ပလူကို ဆိုဟန်ရှိသည်။ ယင် တောင်ပို့မှာ နေသည်ကို မတွေ့ဖူးပေ။ ပလူ ဆိုသည်လည်း အတောင်ပေါက်၍ ပျံသော ခြပျံပင် ဖြစ်သည်။]

ဣန္ဒြေဖောက်ပြန် စုံစမ်းဉာဏ်

ညချမ်းအခါ၌ ဖွတ်ကြီးသည် ရသေ့ထံသို့ ဆည်းကပ်သွားမည်ဟု တွင်းမှထွက်၍ လာလတ်သော် အနီးသို့ရောက်လျှင် ရသေ့၏ ဣန္ဒြေဖောက်ပြန်ခြင်းကိုမြင်၍ ဤရသေ့ကား ခါတိုင်းနေ့များနှင့်မတူ၊ ငါ့ကို ဣန္ဒြေပျက်၍ ကြည့်ဘိသည်၊ အကဲမရ စုံစမ်းမည်ဟု လေအောက်ဘက်သို့သွားလျှင် ဖွတ်သားနံ့ရ၍ ဤကောက်ကျစ်စဉ်းလဲသော ရသေ့ကား ယနေ့ ဖွတ်သားကို စားရသည် ဖြစ်လတ္တံ့၊ ရသတဏှာဖြင့် နှောင်ဖွဲ့အပ်သည်ဖြစ်၍ ဆည်းကပ်လာသော ငါ့ကို ဆောက်ပုတ်နှင့် ရိုတ်သတ်၍ စားလိုသည် ဖြစ်လတ္တံ့ဟု ဆင်ခြင်ကာ အနားသို့မကပ်ဘဲ ပြန်လေ၏။

ရသေ့စဉ်းလဲပင် ခြိမ်းခြောက်နှင်

ရသေ့လည်း ဖွတ်ကြီးသည် ဤရသေ့ကား ငါ့ကို သတ်လိုသည်ဟု သိသည် ဖြစ်လိမ့်မည်၊ သို့အတွက် ငါ့ထံသို့မလာ၊ မလာသော်လည်း ဖြစ်လိမ့်မည်၊ သို့အတွက် ငါ့ထံသိုမလာ၊ မလာသော်လည်း ဤဖွတ် အဘယ်မှာ လွတ်နိုင်မည်နည်းဟု ဆောက်ပုတ်ကိုထုတ်၍ တအားပစ်လေ၏။ ဆောက်ပုတ်လည်း ဖွတ်ကို မမှန်ဘဲ မမြီးဖျားကိုသာ ခတ်မိလေ၏။ ဖွတ်ကြီးလည်း လျင်စွာ တောင်ပို့သို့ဝင်၍ ကယ်ပေါက်မှ ခေါင်းထွက်ပြီးလျှင် ရသေ့အား -

“အို - ရသေ့ကောက် ... ငါ သင့်ထံ အကျင့်သီလ ရှိသည်မှတ်၍ ဆည်းကပ်၏၊ ယခု သင် ကောက်ကျစ်စဉ်းလဲသော အဖြစ်ကို သိရပြီ။ သင်ကဲ့သို့သော သူခိုးကြီးအား ဆံကျစ်ဖြင့် လည်းကောင်း၊ သစ်နက်ရေဖြင့် လည်းကောင်း အကျိုးမရှိ။ သင့်ကိုယ်တွင်းမှာ ဖုံးလွှမ်းအပ်သော ကိလေသာရှိ၏။ သင်ကား ပြင်ပတွင် အရောင်တင်၍ထား၏။ သင် ဤအရပ်မှာနေသဖြင့် အကျိုးမရှိ၊ အမြန်ပြေးလော့၊ အကယ်၍ မပြေးမူ ရွာနေသူတို့ကို ပြောကြားကာ နှိပ်စက်စေမည်” ဟု

ခြိမ်းခြောက်ကာ တောင်ပို့ထဲသို့ ဝင်လေ၏။

ကောက်ကျစ်စဉ်းလဲသော ရသေ့လည်း ဤအရပ်မှာ မနေဝံ့တော့ဘဲ အရပ်တစ်ပါးသို့ ဖဲသွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကောက်ကျစ်စဉ်းလဲသော ရသေ့သည် - ယခုအခါ အံ့ဖွယ်သရဲကို ပြုသော ရဟန်း။

ရှေးဦးနေ၍ သီလရှိသော ရသေ့သည် - သာရိပုတ္တရာ။

ကျောက်သွေးသမားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သင်္ကန်းဝတ်လစ်၊ ထုံးဆံကျစ်၊ ကောက်ကျစ်ရသေ့ညာ။

(၂) ဖွတ်ကြီးလာလင့်၊ ဆောက်ပုတ်ဖြင့်၊ ပစ်လွင့်သတ်သည်သာ။

ဂေါဓာဇာတ် ပြီး၏။

***

၁၃၉ - ဥဘတောဘဋ္ဌဇာတ်

ငါးမိသည် ထင်မှားကာ ကိုယ်ရုံထား၍ ရေတွင်ငုတ်သဖြင့် မျက်စိနှစ်ဖက် ပျက်၍ပုဆိုးပါ အခိုးခံရသော တံငါသည်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကျိုးနှစ်ပါးဆုံး လူဖြစ်ရှုံး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... အစွန်းနှစ်ဖက်မှ ပြောင်ပြောင်တောက်၍ အလယ်တွင် မစင်လူးလျက် သုသာန်၌ ပစ်ထားသော ထင်းသည် တောနှင့်ရွာ နှစ်မျိုးလုံး၌ ထင်းကိစ္စကို မပြီးစေနိုင်သကဲ့သို့ ဒေဝဒတ်သည် သာသနာတော်၌ ရဟန်းပြုလျက် ရဟန်းကိစ္စကိုလည်း မပြီးစေနိုင်။ လူ့စည်းစိမ်မှလည်း ဆုတ်ယုတ်၏။ ဤသို့ အကျိုးနှစ်ပါးစုံမှ ဆုံးရှုံး၏” ဟု စကားကို ဖြစ်စေကြကုန်၏။

ထိုအခါ မြတ်စွာဘုရား ကြွလာတော်မူ၍ ရဟန်းတို့အား မေးတော်မူရာ ထိုအကြောင်းကို လျှောက်ထားကြလျှင် “ရဟန်းတို့ ... ဒေဝဒတ်သည် ယခုအခါ၌သာလျှင် အကျိုးနှစ်ပါးစုံမှ ဆုံးရှုံးသည် မဟုတ်၊ ရှေးအခါ၌လည်း ဆုံးရှုံးခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သားငယ်လွှတ်ကာ မယားမှာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒမတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ရုက္ခစိုးနတ်ဖြစ်လေ၏။ တံငါရွာတစ်ခု၌လည်း တံငါတို့သည် နေကြကုန်၏။

ထိုအခါ တံငါတစ်ယောက်သည် သားငယ်ကိုခေါ်ကာ ငါးမျှားချိတ်ကိုယူ၍ *ထုံးအိုင်တစ်ခုတွင် ငါးမျှားလေ၏။ ငါးမျှားချိတ်သည် ရေအောက်ရှိ သစ်ငုတ်တွင် ငြိလေ၏။ တံငါသည် ငါးမျှားချိတ်ကိုဆွဲရာ မရသဖြင့် ငါးကြီးကိုမိသည် ဖြစ်လိမ့်မည်၊ သားငယ်ကို သူ့အမိထံလွှတ်၍ အိပ်နီးချင်းတို့နှင့် ခိုက်ရန်ဖြစ်စေမည်၊ သို့မှ ငါးအစုကို မတောင်းလာဘဲ ရှိမည်ဟု ကြံစည်ပြီးလျှင် သားငယ်အား “ချစ်သား ... သင့်အမိထံ သွားချေ၊ ငါးကြီးတစ်ကောင် မိနေသည်၊ ငါးအစု မပေးရအောင် အိမ်နီးချင်းတို့နှင့် ခိုက်ရန်ဖြစ်ထားနှင့်” ဟု အပြောခိုင်းလေ၏။

[*ထုံးအိုင် - လူတို့ မတူးရဘဲ အလိုလိုဖြစ်နေသော အိုင်။ ယခု ကာလ အင်းလည်း ခေါ်ကြသည်။]

မျက်စိလည်းရှုံး ပုဆိုးဆုံး

တံငါလည်း ငါးမျှားချိတ်ကို အတင်းဆွဲလျှင် ကြိုးပြတ်မည်ကို စိုးရိမ်သဖြင့် အပေါ်ယံပုဆိုးကို ကမ်းပေါ်၌ထားကာ ရေသို့ဆင်းလျက် ငါးကို တပ်မက်လိုချင်သော လောဘဖြင့် လက်ဖြင့် စမ်းသည်ရှိသော် သစ်ငုတ်ဖြင့်ထိုးမိ၍ မျက်စိနှစ်လုံးတို့သည် ပေါက်ကုန်၏။ တံငါသည် အလွန်နာကျင်လှသဖြင့် မျက်စိတို့ကို လက်ဝါးဖြင့် ပိတ်ကာ ကုန်းပေါ်သို့တက်၍ တုန်တုန်ယင်ယင် ပုဆိုးကိုရှာလေ၏။

အိမ်နီးရန်ထောင် ဒဏ်ငွေဆောင်

အိမ်က မယားလည်း သားငယ်လာ၍ ပြောသဖြင့် အကြောင်းကိုကြားလျှင် ငါးအစု မပေးရအောင် ခိုက်ရန်ဖြစ်မည်ဟု နားတစ်ဖက်တွင် ထန်းရွက်လိပ် နားတောင်းကို ဝတ်ဆင်လျက် မျက်စိတစ်ဖက်တွင် အိုးမဲကွက်၍ ခွေးငယ်ကို ရင်မှာပိုက်ပြီးလျှင် အိမ်နီးချင်းတို့အိမ်သို့ သွးလေ၏။

ထိုအခါ အဆွေခင်ပွန်းဖြစ်သော မိန်းမတစ်ယောက်သည် ရန်တွေ့ရန်လာသော တံငါ့မယားကို မြင်လျှင် ”ဟယ် ကောင်မ ... နင်ကား နားတစ်ဖက်တွင် ထန်းရွက်လိပ်နားတောင်းကို ဝတ်ဆင်လျက် မျက်စိတစ်ဖက်တွင်လည်း အိုးမဲကွက်၍ ခွေးငယ်ကို ရင်ခွင်မှာပိုက်ပြီးလျှင် တစ်အိမ်တက် တစ်အိမ်ဆင်း သွားနေသည်၊ နင် ရူးနေသလော” ဟု ဆိုလေ၏။ တံငါ့မယားက “ငါ မရူးဘူး၊ နင်ကား ငါ့ကို အကြောင်းမဲ့ ဆဲရေးသည်၊ ရေရွတ်သည်၊ ယခု နင့်ကို ရွာစားမင်းထံ တိုင်၍ ရှစ်သပြာ လျော်စေမည်” ဟု ငြင်းခုံလိုက် ခိုက်ရန်ဖြစ်ကာ ရွာစားမင်းထံ သွားကြလေ၏။

ရွာစားမင်းသည် ထိုမိန်းမနှစ်ယောက်တို့ ငြင်းခုံခိုက်ရန်ဖြစ်ရခြင်း အကြောင်းစုံကို စိစစ်မေးမြန်းသောအခါ တံငါ့မယား၌သာ အပြစ်ရှိသည်ဟု ဆုံးဖြတ်၍ ရှစ်သပြာ လျော်စေဟု ဒဏ်ငွေရိုက်လေ၏။ လူကိုလည်း နှောင်ဖွဲ့၍ ပုတ်ခတ်ရိုက်နှက်ရန် စီမံကြလေ၏။

ရုက္ခစိုးပြောပြ ကိုယ်ထင်ပြ

ထိုအခါ ရုက္ခစိုးနတ်သည် ရွာ၌ တံငါ့မယား အဖြစ်အပျက်ကို လည်းကောင်း၊ တော၌ တံငါ အဖြစ်အပျက်ကို လည်းကောင်း သိ၍ သစ်ပင်ခွတွင်ရပ်ကာ တံငါအား -

“အို ယောကျား ... သင့်မှာ မျက်စိနှစ်လုံးလည်း ပေါက်ကွဲခဲ့ပြီ၊ ပုဆိုးလည်း ပျောက်ခဲ့ပြီ၊ အိမ်တွင် မယားလည်း ခိုက်ရန်ဖြစ်၍ ဒဏ်ရိုက်ခံရပြီ၊ သို့အတွက် သင့်မှာ ရေ၊ ကုန်း နှစ်ပါးစုံမှ ပျက်စီးဆုံးရှုံးရလေပြီ” ဟု အလုံးစုံ ပြောကြားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ တံငါသည် - ယခုအခါ ဒေဝဒတ်။

ရုက္ခစိုးနတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကုန်း, ရေနှစ်ပါး၊ အကျိုးများ၊ ပျက်ပြားတံငါမိုက်။

(၂) လူ, သာသနာ၊ ကျိုးနှစ်ဖြာ၊ ပျက်ရာရဟန်းမိုက်။

ဥဘတောဘဋ္ဌဇာတ် ပြီး၏။

***

၁၄၀-ကာကဇာတ်

ကျီးဆီ ဆင်နာပျောက်သည်ဟုလျှောက်သဖြင့် ကျီးများကိုသတ်ဖြတ်ရာ ကျီးမင်းတရားဟော၍ ချမ်းသာပေးသော ဗာရာဏသီမင်းကြီး အကြောင်း

ရန်ငြိုးဖွဲ့သော ပုဏ္ဏားက ကျီးဆီ ဆင်နာပျောက်သည်ဟု လျှောက်သဖြင့် ကျီးများကို သတ်ဖြတ်ရာ ကျီးမင်း တရားဟော၍ ချမ်းသာပေးသော ဗာရာဏသီမင်းကြီး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆွေးမျိုးကြောင်းပြု ကျင့်ကြံမှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဆွေတော် မျိုးတော်တို့ အကျိုးစီးပွားကျင့်ခြင်းကို အကြောင်းပြု၍ အေက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ [ပစ္စုပ္ပန် ဝတ္ထုသည် ဒွါဒသနိပါတ် ဘဒ္ဒသာလဇာတ်၌ ထင်စွာဖြစ်လတ္တံ့။]

အတိတ်ဝတ္ထု

ကျီးမိုက်ပြောင်လှောင် ရန်ဖွဲ့နှောင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကျီးမင်းဖြစ်၍ သုသာန်တွင် ကျီးရှစ်သောင်း ခြံရံကာနေလေ၏။

တစ်နေ့သ၌ ပုရောဟိတ် ပုဏ္ဏားသည် မြို့ပြင်မြစ်နားတွင် ရေချိုး၍ နံ့သာလိမ်းကျံလျက် ပန်းပန်ကာ မွန်မြတ်သောအဝတ်ကို ဝတ်ဆင်ပြီးလျှင် မြို့တွင်းသို့ဝင်လေ၏။

ထိုအခါ တံခါးတိုင်ဖျားဝယ် ကျီးနှစ်ကောင်တို့သည် နားလျက်ရှိကုန်၏။ တစ်ကောင်က “အဆွေ ... ငါပုဏ္ဏား အပေါ် မစင်စွန့်ချမည်” ဟု ဆို၏။ တစ်ကောင်က “အဆွေ ... မလုပ်ပါနှင့်၊ ဤပုဏ္ဏားကား အစိုးရသူ ဖြစ်သည်၊ အစိုးရသူနှင့် ခိုက်ရန်ဖြစ်ခြင်းသည် မကောင်းပါ၊ ဤပုဏ္ဏား အမျက်ထွက်လျှင် ငါတို့ တစ်မျိုးလုံး ပျက်စီးမည်” ဟု ဆိုလေ၏။ တစ်ကောင်က “အဆွေ ... ငါသည် မလုပ်ဘဲ မနေနိုင်” ဟု ဆိုပြန်၏။ တစ်ကောင်က “အဆွေ ... သည်လိုဖြစ်လျှင် အမှန် ဘေးဖြစ်တော့မည်” ဟု ဆို၍ ပျံလေ၏။ ကျန်သော ကျီးသည် ပုဏ္ဏား တံခါးတိုင်အောက်သို့ ရောက်သည်ရှိသော် ခေါင်းပေါ်တွင် မစင်စွန့်ချလေ၏။ ပုဏ္ဏားလည်း အမျက်ထွက်္က ရန်ငြိုးဖွဲ့လေ၏။

ဆိတ်ကိုရန်ထောင် ဆင်မီးလောင်

ထိုအခါ စပါး အခစားထောင်းသော ကျွန်မ တစ်ယောက်သည် အိမ်တံခါး နေပူစာတွင် စပါးကိုဖြန့်၍ လှန်းထာ ထိုင်စောင့်ရင်း အိမ်ပျော်နေစဉ် အမွေးရှည်သော ဆိတ်တစ်ကောင်သည် လာ၍ စား၏။ ကျွန်မ နိုး၍ ဆိတ်ကိုမြင်လျှင် မောင်းနှင်လိုက်၏။ နောက်တစ်ကြိမ်၊ နှစ်ကြိမ် လာ၍ စားပြန်၏။ မောင်းနှင်လိုက်ပြန်၏။ နောက်အကြိမ်ကြိမ် လာပြန်ရာ ငါ့စပါးတစ်ဝက်ကုန်၍ ယုတ်လျော့တော့မည်၊ သည်တစ်ခါ ဆိတ် နောက်မလာဝံ့အောင် ပြုလုပ်မည်ဟု ကြံစည်ကာ မီးစတစ်ခုကိုကိုင်၍ စောင့်ရင်း အိပ်ပျော်ဟန် ဆောင်နေ၏။ ဆိတ်လည်း လာ၍ စားပြန်၏။ ထိုအခါ ဆိတ်ကို မီးစဖြင့် ရိုက်နှက်လေ၏။

ဆိတ်လည်း အမွေးများကို မီးလောင်လျှင် ပူလောင်သဖြင့် ငြိမ်းအေးစေရန် လျင်စွာသွား၍ ဆင်တင်းကုန်အနီးရှိ မြက်တင်းကုပ်ကို ကိုယ်ဖြင့်ပွတ်လေ၏။ ထိုအခါ မြက်တင်းကုပ် မီးလောင်လေ၏။ ကူးစက်ကာ အနီးရှိ ဆင်တင်းကုတ်လည်း မီးလောင်လေတော့၏။ တင်းကုပ်ကို မီးလောင်လျှင် ဆင်တို့ကို လောင်၍ တစ်ကိုယ်လုံး မီးလောင်နာတို့ဖြင့် ပြည့်လျက်ရှိကြကုန်၏။

ဆင်နာကြောင်းပြ နောက်ရန်စ

ဆင်စရာတို့သည် ဆင်တို့ကို မီးလောင်နာပျောက်အောင် မကုသနိုင်ကြသဖြင့် မင်းကြီးအား လျှောက်ထားကြကုန်၏။ မင်းကြီးလည်း မိမိထံ ခစားလာသော ပုရောဟိတ် ပုဏ္ဏားအား “ဆရာ ... ဆင်တို့ မီးလောင်နာ ပျောက်ကင်းသည့်ဆေးကို သိပါသလော” ဟု မေးလေ၏။ ပုဏ္ဏားလည်း အချက်ကောင်းရပြီ၊ ကျီးတွေ ပျက်စီးသည်ကို မြင်ရတော့မည်ဟု အောက်မေ့ကာ “အရှင်မင်းကြီး သိပါသည်၊ ကျီးဆီကိုရလျှင် အမြန် ပျောက်ကင်းနိုင်ပါသည်” ဟု လျှောက်လေ၏။ မင်းကြီးလည်း မင်းချင်းတို့အား ကျီးတို့ကို သတ်၍ အဆီကို ဆောင်ခဲ့ကြကုန်ဟု အမိန့်ပေးလေ၏။ လူတို့သည် ထိုအခါမှစ၍ ကျီးတို့ကိုသတ်ကာ အဆီမရသဖြင့် နေရာတကာတွင် ကျီးတို့ကိုသတ်ကာ စုပုံထားကြကုန်၏။ ကျီးတို့မှာ ဘေးကြီးစွာ ဖြစ်ကြလေ၏။

ထိုအခါ ကျီးတစ်ကောင်သည် သုသာန်တွင် နေသောကျီးမင်းထံသွား၍ ကျီးတို့မှာ ဘေးကြီးစွာဖြစ်နေကြောင်း လျှောက်ထားလေ၏။ ထိုအခါ ကျီးမင်းသည် “ငါမှတစ်ပါး ကျီးတို့ဘေးကို တားမြစ်နိုင်သူ မရှိ” ဟု ပါရမီဆယ်ပါးတို့ကို ဆင်ခြင်လျက် မေတ္တာပါရမီကို ရှေ့သွားပြုကာ တစ်ဟုန်တည်း ပျံသန်း၍ လေသွန်ပြတင်းဖြင့်ဝင်၍ မင်းကြီးနေရာအောက်သို့ ဝင်လေ၏။ မင်းချင်းတို့ ဖမ်းမည်ပြုရာ မင်းကြီးက တားမြစ်လေ၏။

ကျီးမင်းလျှောက်တင် မင်းထံဝင်

ကျီးမင်းလည်း အပန်းဖြေပြီးလျှင် မေတ္တာပါရမီကို ဆင်ခြင်လျက် နေရာအောက်မှ ထွက်၍ မင်းကြီးအား -

“မြတ်သောမင်းကြီး ... မင်း မည်သည်မှာ ဆန္ဒာဂတိ စသော အဂတိလေးပါးသို့ မလိုက်စားရာ၊ မည်သည့် အမှုမဆို စူးစမ်းဆင်ခြင်၍သာ ပြုအပ်၏။ ပြုလုပ်ပြီး ပြီးလောက်သော အမှုကိုသာ ပြုရာ၏။ မပြီးလောက်သော အမှုကို မပြလုပ်ရာ။ မပြီးလောက်သော အမှုကို ပြုမိလျှင် လူတို့အား ဘေးအမျိုးမျိုး ဖြစ်လိမ့်မည်။ ကျီးဆီဖြင့် ဆင်နာ ပျောက်လိမ့်မည် ဆိုခြင်းကား ပုရောဟိတ်သည် ကျီးတို့၌ ရန်ငြိုးဖွဲ့၍ မုသားဆိုခြင်း ဖြစ်၏။ ကျီးတို့၌ အဆီ ဘယ်အခါမှ မရှိခဲ့ဖူးပါ” –

ဟု လျှောက်ထားလေ၏။ မင်းကြီးလည်း ကျီးမင်း၏ စကားကိုကြားလျှင် အလွန်ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ ကျီးမင်းကို ရွှေအင်းပျဉ်၌ ထားပြီးလျှင် အကြိမ်တစ်ရာ ချက်အပ်သော ဆီကို အတောင်ကြားတို့၌ လိမ်းစေ၍ ကျီးမင်းအား ထိုက်သော ဘောဇဉ်ကို ရွှေခွက်ငယ်တွင် ထည့်ကာ ကျွေးစေ၏။

လောင်းတော်ကယ်မှ ချမ်းသာကြ

မင်းကြီးသည် ဘောဇဉ် စားစေပြီးသော် ကျီးမင်းအား “အို ပညာရှိ ... သင်သည် ကျီးတို့မှာ အဆီမရှိဟု ဆိုပေ၏။ အဘယ်ကြောင့် အဆီမရှိသနည်း” ဟု မေးလေ၏။ ထိုအခါ ကျီးမင်းသည် မင်းကြီးအား -

“မြတ်သောမင်းကြီး ...ကျီးတို့မှာ အမြဲ ထိတ်လန့်သောစိတ် ရှိကြကုန်၏။ သတ္တဝါ အလုံးစုံတို့ကို ညှဉ်းဆဲတတ်ကုန်၏။ ထို့ကြောင့် ငါတို့အမျိုး ကျီးတို့၌ အဆီမရှိကုန်” –

ဟု သာယာစွာသောအသံဖြင့် ကျီးတို့၌ အဆီမရှိခြင်း အကြောင်းကို ဟောလေ၏။ “မြတ်သောမင်းကြီး ... ကျီးတို့၌ အဆီသည် ယခုအခါ၌သာ မရှိသည်မဟုတ်၊ ရှေးအခါကလည်း မရှိခဲ့ဖူးပါ၊ နောင်အခါလည်း ရှိလိမ့်မည် မဟုတ်ပါ”ဟဟု ထပ်မံထင်ရှားအောင် ဟောပြန်၏။

မင်းကြီးလည်း နှစ်သက်ကြည်ညိုတော်မူသဖြင့် ကျီးမင်းအား မင်းစည်းစိမ်ဖြင့် ပူဇော်လေ၏။ ကျီးမင်းလည်း ပူဇော်သော မင်းစည်းစိမ်ကို ခံယူကာ မင်းကြီးအား ပြန်အပ်နှင်းပြီးလျှင် ငါးပါးသီလ၌ တည်စေလျက် ခပ်သိမ်းသော သတ္တဝါတို့အား ဘေးမဲ့ပေးပါဟု တောင်းပန်လေ၏။

မင်းကြီးလည်း ကျီးမင်း၏တရားကို ကြားနာရ၍ ခပ်သိမ်းသော သတ္တဝါတို့အား ဘေးမဲ့ပေးတော်မူ၏။ ကျီးတို့အား နေ့တိုင်း၊ နေ့တိုင်း ဆန်ဆယ့်တစ်စိတ်ချက် ထမင်းနှင့် အထူးထူးသော ဘောဇဉ်တို့ကို လှူစေ၏။ ကျီးမင်းအား မင်းကြီး စားတော်မူသော ဘောဇဉ်ကို လှူစေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

ကျီးမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ထိတ်လန့်အမြဲ၊ လူညှဉ်းဆဲ၊ ကျီးမည်းဆီမရှိ။

(၂) မင်းမည်သည်မှာ၊ ဆင်ခြင်ကာ၊ ရာရာပြုလေဘိ။

(၃) ပြီးလောက်ရာပြု၊ မပြီးပြု၊ လူထုဘေးကြီးထိ။

ကာကဇာတ် ပြီး၏။

***

၁၄၁- ဂေါဓာဇာတ်

ဆန့်ကျင်ဘက်ဖြစ်သော မိတ်ဆွေပုသင် ပေါင်းသင်းသော ဖွတ်ငယ်ကြောင့် ဖွတ်တစ်မျိုးလုံး ပျက်စီးလုမတတ်ဖြစ်သော အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရန်သူပေါင်းဖက် မျိုးလုံးပျက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဆန့်ကျင်ဘက် အဆွေခင်ပွန်းကိုပေါင်းဖော်သော ရဟန်းကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

[ပစ္စုပ္ပန် ဝတ္ထုသည် မဟိဠာမုခဇာတ် ပစ္စုပ္ပန်ဝတ္ထုနှင့် တူ၏။]

အတိတ်ဝတ္ထု

ဆန့်ကျင်ဘက်ဖြစ် သားတားမြစ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဖွတ်မင်း ဖြစ်၍ မြစ်ကမ်းနားရှိ တွင်းကြီးတစ်ခုဝယ် အရာမကသော ဖွတ်တို့ဖြင့် ခြံရံလျက်ရှိနေ၏။

ထိုဖွတ်မင်း၏ သားဖြစ်သော ဖွတ်ငယ်ကား ပုတ်သင်တစ်ကောင်နှင့် အဆွေခင်ပွန်းဖွဲ့ကာ အတူတကွ ဝမ်းမြောက်ဝမ်းသာနေလျက် ပုတ်သင်ကိုဖတ်၍ ကစားကြ၏။ ဖွတ်တို့သည် ဖွတ်ငယ်၏အကြောင်းကို ဖွတ်မင်းအား ပြောကြားကုန်၏။

ဖွတ်မင်းသည် သားငယ်ကိုခေါ်၍ “အမောင် ... ပုတ်သင်နှင့် အဆွေခင်ပွန်း မဖွဲ့လင့်၊ ပုတ်သင်ကား အမျိုးယုတ်၏၊ ပုတ်သင်နှင့် အဆွေခင်ပွန်းဖွဲ့လျှင် ၎င်းကိုမှီ၍ ဖွတ်တွေ တစ်မျိုးလုံး ပျက်စီးလိမ့်မည်” ဟု ဆုံးမ တားမြစ်လေ၏။ ဖွတ်ငယ်သည် အဖဖွတ်မင်း၏ စကားကို နားမထောင်၊ အကျွမ်းတဝင် ပုတ်သင်နှင့်သာ နေလေ၏။

ကျီစားလွန်းရာ ရန်ငြိုးရှာ

တစ်နေ့သ၌ ဖွတ်မင်းသည် သားငယ်ကို အဖန်ဖန်ဆုံးမတားမြစ်၍ မရတော့သဖြင့် “ငါတို့အား ပုတ်သင်ကို မှီ၍ မုခ ဘေးတွေ့သည်ရှိသော် ပြေးထွက်ဖို့ လမ်းရရန် ကယ်ပေါက်တစ်ခု လိုသည်” ဟု ကြံစည်ကာ နံပါးတစ်ဖက်တွင် ကယ်ပေါက် ဖောက်စေ၏။

ဖွတ်ငယ်လည်း အစဉ်သဖြင့် ကြီးထွားသောကိုယ် ရှိလေ၏။ ပုတ်သင်ကား ရှေးက ပမာဏအတိုင်းသာ ရှိ၏။ ဖွတ်ငယ်သည် ရံခါ ပုတ်သင်ကိုဖတ်ကာ အပေါ်က ဖိလေ၏။ ပုတ်သင်မှာ တောင်ထွက်ဖြင့် ဖိသကဲ့သို့ ဖြစ်လေ၏။ ထိုအခါ ပုတ်သင်သည် ပင်ပန်းသည်ဖြစ်၍ ဖွတ်သည် ဤလိုသာ ငါ့ကို နှစ်ရက်၊ သုံးရက် ဆက်ဖိလျှင် ငါ သေရလိမ့်မည်၊ မုဆိုးတစ်ယောက်နှင့် အဆွေခင်ပွန်းဖွဲ့ကာ ဖွတ်တစ်မျိုးလုံး ဖျက်ဆီးမည်ဟု ကြံစည်လျက်သာနေ၏။

သူယုတ်မိတ်ဆွေ ဖျက်ဆီးလေ

နွေအခါ မိုးရွာသည်ရှိသော် တောင်ပို့မှ ယင်(ပလူ) တို့သည် ထွက်ကုန်၏။ ဖွတ်တို့သည် ထိုထိုအရပ်မှ ထွက်ကြလျက် ယင်တို့ကို စားကုန်၏။ မုဆိုးတစ်ယောက်သည် ဖွင်းတွင်းကို ဖျက်မည်ဟု ပေါက်တူးကိုကိုင်ကာ ခွေးအပေါင်း ခြံရံလျက် တောသို့လာ၏။ ပုတ်သင်သည် ထိုမုဆိုးကို မြင်လျှင် ငါ၏အလို ပြည့်တော့မည်ဟု ဝမ်းမြောက်ဝမ်းသာ မုဆိုးထံကပ်၍ “အို-ယောကျ်ား ... ဘယ်အတွက် တော၌ လှည်လည်နေသနည်း” ဟု မေးလေ၏။ “အဆွေ ... ဖွင်လိုချင်၍ လှည့်လည်သည်” ဟု ပြောလေ၏။ “အို-ယောကျ်ား ... ငါ ဖွတ်တို့နေရာကို သိသည် ပြမည်၊ မီးနှင့် ကောက်ရိုးကို ယူ၍လာပါ” ဟု ဆို၍ ဖွတ်တို့နေရာကို ပြပြီးလျှင် ယနေ့ ရန်သူ ပျက်စီးသည်ကို မြင်ရတော့မည်ဟု တစ်နေရာ ကနေလျက် ခေါင်းထောင်ကာ ကြည့်လေ၏။

သူယုတ်မိတ်ဖွဲ့ အမျိုးပျက်

မုဆိုးလည်း ကောက်ရိုးကိုယူကာ ခွေးတို့ကို ဖွတ်တွင်းပတ်လည် ထားကာ တောင်ပို့ပေါက်တွင် ကောက်ရိုးထည့်၍ မီးတိုက်လေ၏။ ဖွတ်တို့သည် မီးခိုးသင့်၍ ထွက်ကြကုန်၏။ မုဆိုးလည်း အပေါက်တွင်စောင့်ကာ ထွက်တိုင်း၊ ထွက်တိုင်းသော ဖွတတ်ို့ကို ဆောက်ပုတ်ဖြင့် ရိုက်လေ၏။ မဆိုး မရိုက်မိဘဲ လွတ်၍ပြေးသော ဖွတ်တို့ကို ခွေးတို့သည် ကိုက်ကုန်၏။ ဖွတ်တို့အား ကြီးစွာပျက်စီးခြင်း ဖြစ်လေ၏။

ဖွတ်မင်းသည် ပုတ်သင်ကိုမှီ၍ ဘေးဖြစ်ကြောင်းကို သိသဖြင့် ကယ်ပေါက်ဖြင့် ပြေးကာ -

“အမောင်တို့ ... ယုတ်မာသောသူနှင့် မပေါင်းဖော်ရာ၊ ယုတ်မာသောသူကို မှီ၍ ချမ်းသာမည်သည် မရှိ၊ ယုတ်မာသော ပုတ်သင်ကိုမှီ၍ ဖွတ်တစ်မျိုးလုံး ပျက်စီးခြင်းသို့ ရောက်ရချေပြီ” - ဟု

ဖွတ်အပေါင်းတို့ကို ပြောဆို ဆုံးမလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုတ်သင်သည် - ယခုအခါ ဒေဝဒတ်။

ဖွတ်ငယ်သည် - ဆန့်ကျင်ဘက် အဆွေခင်ပွန်းကို ပေါင်းသော ရဟန်း။

ဖွတ်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အကျင့်ယုတ်လေ၊ မိုက်မဲလေ၊ အဆွေမဖွဲ့ရာ။

(၂) ဆွေယုတ်ပေါင်းငြား၊ ကျိုးစီးပွား၊ မမှားပျက်စီးရာ။

(၃) ပုတ်သင်ယုတ်ဆွေ၊ ပေါင်းမိလေ၊ ဖွတ်တွေသေကြရှာ။

ဂေါဓာဇာတ် ပြီး၏။

***

၁၄၂ - သိင်္ဂါလဇာတ်

(မြေခွေးသတ်ရန် ပရိယာယ်ဆောင်ကာ သုသာန်၌ အိပ်နေရာ မြေခွေး သိသဖြင့် ပြောင်လှောင်ခြင်း ခံရသော သေသောက်ကြူးအကြောင်း)

ပစ္စုပ္ပန်ဝတ္ထု

ပရိယာယ်ဉဏ် သတ်ဖို့ကြံ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရားသတ်ရန် လုံ့လပြု၍နေ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ဒေဝဒတ်အကြောင်း စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... ဒေဝဒတ်သ်ည ယခုအခါ၌သာ ငါဘုရားကိုသတ်ရန် လုံ့လပြုသည် မဟုတ်၊ ရှေးအခါ၌လည်း လုံ့လပြုဖူးပြီ၊ လုံ့လပြုသော်လည်း မသတ်နိုင်သဖြင့် မိမိကိုယ်တိုင်သာ ပင်ပန်းခြင်း ရောက်ခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မြေခွေးသတ်ရန် ယောင်ဆောင်ပြန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မြေခွေးမင်း ဖြစ်၍ သုသာန်တော၌ မြေခွေးအပေါင်း ခြံရံလျက်နေ၏။

ထိုအခါ ရာဇဂြိုဟ်ပြည်ဝယ် သေရည်သောက်ပွဲသဘင် ဖြစ်လေ၏။ သေသောက်ကြူးတို့သည် များစွာသော သေရည်နှင့် အမဲကို ဆောင်စေ၍ တန်ဆာဆင်ကုန်လျက် သီချင်းဆိုကာ သေရည်ကို သောက်ကြကုန်၏။ အမဲကိုလည်း စားကြကုန်၏။ ညဉ့်အခါ ပထမယံလွန်လျှင် အမဲကုန်လေ၏။ သေရည်ကားများစွာကျန်သေး၏။

သေသောက်ကြူးတစ်ယောက်သည် အမဲကို တောင်း၏။ အမဲကုန်ပြီဟုဆိုလျှင် “ငါတစ်ယောက်လုံးရှိလျက် အမဲကုန်ရာသလော” ဟု ဆိုကာ အစိမ်းပစ်ရာ သုသာန်သို့သွား၍ လူသားစားရန်လာသော မြေခွေးကိုသတ်၍ အသားကို ယူခဲ့မည်ဟု ကြံစည်ကာ ဆောက်ပုတ်ကို ကိုင်လျက် ရေပြွန်ပေါက်မှ မြို့ပြင်သို့ထွက်ပြီးလျှင် သုသာန်သို့ထွက်သွားပြီးလျှင် သုသာန်သို့သွားလေ၏။ ရောက်လျှင် ဆောက်ပုတ်ကိုကိုင်လျက် သူသေယောင်ဆောင်ကာ အိပ်၍ စောင့်လေ၏။

စုံစမ်းတိမ်းရှောင် သေကြူးလှောင်

မြေခွေးမင်းလည်း မြေခွေးအပေါင်း ခြံရံကာ သုသာန်သို့ သွားသည်ရှိသော် အိ်ပ်၍စောင့်နေသော သေသောက်ကြူးကို မြင်လျှင် ဤသူကား လူသေမဟုတ်ဟု သိသော်လည်း ထပ်မံ၍ စုံစမ်းဦးမည်ဟု လေအောင်၌ရပ်လျက် အနံ့ခံ၏။ အဟုတ်အမှန် မသေသောအဖြစ်ကို သိပြီး၍ ထိုသေသောက်ကြူးကို အရှက်ရပြီးမှ ပြန်စေမည်ဟု အနီးသို့ သွားကာ ဆုပ်ကိုင်ထားသော ဆောက်ပုတ်စွန်းကို ကိုက်၍ဆွဲလေ၏။ သေသောက်ကြူးသည် ဆောက်ပုတ်ကို မလွှတ်ဘဲ အနီးလာသော မြေခွေးကိုသာ ကြည့်လျက် မြဲစွာကိုင်၏။

“အို ယောကျ်ား ... သင်ကား သေသူကဲ့သို့ အိပ်ဘိ၏၊ အကယ်၍ သေလျှင် ငါ ဆောက်ပုတ်ကို ဆွဲသည်ရှိသော် အလွန်မြဲစွာ ကိုက်မထားရာ၊ ထို့ကြောင့် သေသည်၊ မသေသည် အဖြစ်ကို သိနိုင်ခဲ့၏” –

ဟု ဆိုသည်ရှိသော် ထိုသေသောက်ကြူးသည် မြေခွေးကား ငါမသေသည်ကို သိသည်ဟု ထ၍ ဆောက်ပုတ်ဖြင့် ပစ်လေ၏။ မြေခွေးကို မမှန်လွဲလေ၏။ သေသောက်ကြူးသည် ယခုအခါ လွဲ၍သွားသည် သွားလေတော့ဟု ဆိုလေ၏။

မြေခွေးလည်း နောက်သို့ပြန်၍ -

“အို ယောကျ်ား ... သင်သည် ငါ့ကိုကား လွဲချောသည် မှန်၏၊ ငရဲကြီးရှစ်ထပ်နှင့် ဥဿဒရက်ငရဲငယ် ဆယ့်ခြောက်ထပ်တို့ကို လွဲချော်မည် မဟုတ်” –

ဟု ဆို၍ ဖဲသွားလေ၏။ သေသောက်ကြူးလည်း တစ်စုံတစ်ခုကို မရတော့ဘဲ သုသာန်မှထွက်ကာ ကျုံးတွင် ရေချိုး၍ လာမြဲ ပြွန်ပေါက်ဖြင့် မြို့တွင်းသို့ဝင်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သေသောက်ကြူးသည် - ယခုအခါ ဒေဝဒတ်။

မြေခွေးမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရှင်ပင်ကိုလဲ၊ သတ်ရန်ခဲ၊ ဆင်းရဲရုံမျှပင်။

(၂) သေသောက်မိုက်ခွေး၊ သတ်ရန်တွေး၊ မြေခွေးလှောင်သည်သွင်

သိင်္ဂါလဇာတ် ပြီး၏။

***

၁၄၃ - ဝိရောစဇာတ်

ခြင်္သေ့အတုပြုကာ ဆင်အား သတ်စားရန် တောင်းဆိုသည်ကို ခြင်္သေ့ အဖန်ဖန် တားမရသဖြင့် ဆင်နင်းသတ်ခံရသော မြေခွေးမိုက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားအံတု သင်းခွဲပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် စျာန် အဘိညာဏ် ပျောက်ကွယ်လျက် လာဘ်လာဘ ဆုတ်ယုတ်သည့်အတွက် သံဃာကို သင်းခွဲတော့မည်ဟု ကြံစည်ကာ မြတ်စွာဘုရားထံ ငါးပါးသော ဝတ္ထုတို့ကို တောင်းလေ၏။

မရသောအခါ ရဟန်းဖြစ်သစ်စ ဓမ္မဝိနိယ၌ မလိမ္မာသေးသော အဂ္ဂသာဝကနှစ်ပါး၏ အတူနေ တပည့်ငါးရာတို့ကို သွေးဆောင်ခေါ်ယူပြီးလျှင် ဂယာသီသသို့သွား၍ တစ်သိမ်တည်း၌ သံဃကံ အသီးပြုကာ သံဃာကို သင်းခွဲလေ၏။

သာရိပုတ္တရာနောက်ပါ တပည့်ငါးရာ

ထိုအခါ အဂ္ဂသာဝကနှစ်ပါးလည်း မြတ်စွာဘုရား စေခိုင်းတော်မူသဖြင့် ရဟန်းငယ် ငါးရာတို့ကို ပြန်၍ခေါ်ယူရန် ဂယာသီသသို့ သွားကြကုန်၏။ ဒေဝဒတ်လည်း ညဉ့်အခါ တရားဟောသည်ရှိသော် ဘုရား၏ တင့်တယ်စံငယ်ခြင်းကို ပြုတော့မည်ဟု ကြံစည်ကာ ဘုရားအတုပြုလျက် ရှင်သာရိပုတ္တရာအား “ငါ့ရှင် သာရိပုတ္တရာ ... ရဟန်းသံဃာသည် ထိန, မိဒ္ဓ င်း၏၊ သင် တရားဟောပါ၊ ငါ ညောင်းညာလှသည်၊ ကျောဆန့်ဦးမည်” ဆို၍ လျောင်းစက်ရာ အိပ်ပျော်သွားလေ၏။ ရှင်သာရိပုတ္တရာလည်း ရဟန်းငယ် ငါးရာတို့ကို တရားပြ၍ ဆုံးမပြီးလျှင် မြတ်စွာဘုရားထံ ခေါ်ယူသွားကြကုန်၏။

ကောကာလိကနှိပ်စက် သွေးအန်ထွက်

ကောကာလိကသည် ရဟန်းငယ် ငါးရာတို့ကို မမြင်လျှင် ဒေဝဒတ်ထံသွား၍ “ငါ့ရှင် ဒေဝဒတ် ... သင့်ရဟန်းငယ် ငါးရာတို့ကို အဂ္ဂသာဝကနှစ်ပါး ခေါ်ယူသွားသဖြင့် ကျောင်းချည်းသာ ကျန်တော့၏၊ သင်ကား အအိပ်ကြီးလှ၏” ဟု ဆိုကာ ကိုယ်ဝတ်ကိုဖယ်၍ ရင်ဘတ်ကို ဖနောင့်နှင့် ပေါက်လေ၏။ ဒေဝဒတ်လည်း ထိုခဏ၌ပင် သွေးအန်လေ၏။ ထိုအခါမှစ၍ သည်းထန်စွာ ဝေဒနာရလေ၏။

မြတ်စွာဘုရားလည်း သာရိပုတ္တရာမထေရ်ကို “ချစ်သား သာရိပုတ္တရာ ... သင့်ကိုမြင်သောအခါ ဒေဝဒတ်သည် အဘယ်သို့ ပြုသနည်း” ဟု မေးတော်မူ၏။ “အရှင်ဘုရား ဒေဝဒတ်သည် တပည့်တော်ကိုမြင်လျှင် ဘုရား၏ တင့်တယ်စံပယ်ခြင်းကို ပြုတော့မည်ဟု ကြံစည်ကာ ဘုရားအတုပြုလျက် ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ရသည်” ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် “ချစ်သား သာရိပုတ္တရာ ... ဒေဝဒတ်သည် ယခုအခါ၌သာ ငါဘုရား အတုပြု၍ ပျက်စီးခြင်းသို့ ရောက်ရသည် မဟုတ်၊ ရှေးအခါ၌လည်း ပျက်စီးခြင်းသို့ ရောက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ခြင်္သေ့မင်းမွေး တောမြေခွေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကေသရာဇ ခြင်္သေ့မင်းဖြစ်၍ ဟိမဝန္တာဝယ် ရွှေဂူတစ်ခု၌ နေလေ၏။

တစ်နေ့သ၌ ထိုကေသရာဇာ ခြင်္သေ့မင်းသည် ရွှေဂူမှ ထွက်ပြီးလျှင် အရပ်လေးမျက်နှာကို ကြည့်ရှုလျက် ခြင်္သေ့သံဖြင့် ဟောက်၍ အစာရှာသွားလတ်သော် ကျွဲကြီးတစ်ကောင်ကိုသတ်ကာ ကောင်းမြတ်သော အသားကိုစား၍ ဝလျှင် အိုင်တစ်ခု၌ ရေသောက်၍ နေရာရွှေဂူသို့ ပြန်ခဲ့၏။

ထိုအခါ မြေခွေးတစ်ကောင်သည် အစာရှာသွားလတ်သော် ခြေင်္သေ့မင်းကိုမြင်၍ အလွန်ကြောက်ရွံ့လျက် မပြေးနိုင်တော့ဘဲ ခြေင်္သေ့မင်းရှေ့မှာပင် ရှိခိုးလျက် ဝပ်လေ၏။ ခြင်္သေ့မင်းသည် “မြေခွေး ... ဘယ်အတွက် လာသနည်း” ဟု မေးရာ၊ “အရှင် ... အရှင့်ခြေရင်းမှာ လုပ်ကျွေးလို၍ လာပါသည်” ဟု ပြောလေ၏။ “မြေခွေး ... ကောင်းပြီ၊ လုပ်ကျွေးလော့၊ သင့်အား ကောင်းမြတ်သော အသားကို ကျွေးမည်” ဟု ပြောဆိုကာ မြေခွေးကို ရွှေဂူသို့ ခေါ်၍သွား၏။ မြေခွေးလည်း ထိုအခါမှစ၍ ခြသေ့င်္စားကြွင်းကိုစားလျက် နှစ်ရက်၊ သုံးရက် လွန်လျှင် ဝဖြိုးလာလေ၏။

မြေခွေးပြောကြား ဖမ်းသတ်စား

တစ်နေ့သ၌ ခြင်္သေ့မင်းသည် မြေခွေးကို “မြေခွေး ... သွားချေ၊ တောင်ထိပ်ပေါ်ကနေ၍ တောင်ခြေရင်းတွင် လှည်လည်နေသော ဆင်၊ မြင်း၊ ကျွဲ၊ နွား စသည်တို့ကို ကြည့်ချေ၊ သင် စားလိုသောအသားကို မှတ်ခဲ့၍ ငါ့ထံလာပြီး ရှိခိုးလျက် မည့်သည်သားကို စားလိုသည်၊ အရှင် *ထွန်းပလော့ဟု ဆိုရမည်၊ ငါသည် ထိုသားကောင်ကိုသတ်၍ မြတ်သောအသားကို စားမည်၊ သင့်အားလည်း ပေးမည်” ဟု ပြောကြား စေခိုင်းလေ၏။

[* ထွန်းပလော့ - ဆိုသော စကားမှာ ဝိရောစပါဠိမှ မြန်မာပြန်ထားသော စကားဖြစ်သည်။ အဓိပ္ပါယ်မှာ အစွမ်းသတ္တိကို ပြပါ၊ တန်ခိုးကိုပြပါဟု မြှောက်ပေးသောစကား ဖြစ်သည်။]

မြေခွေးသည် ခြင်္သေ့မင်း စေခိုင်းသည်အတိုင်း တောင်ထိပ်ပေါ်ကနေ၍ စားလိုသော သားကောင်ကိုမှတ်ကာ ဂူတွင်းသို့ဝင်၍ ခြင်္သေ့မင်းအး ပြောကြားလျက် “အရှင် ... ထွန်းပလော့” ဟု ဆိုလေ၏။ ထိုအခါ ခြင်္သေ့မင်းသည် လျင်စွာပြေး၍ အမုန်ယစ်သော ဆင်ပင် ဖြစ်စေကာမူ ဖမ်းယူသတ်ဖြတ်ကာ မိမိလည်း မွန်မြတ်သော အသားကိုစား၏။ မြေခွေးအားလည်း ပေးလေ၏။

ခြင်္သေ့တုပ အားစွမ်းပြ

မြေခွေးသည် ကာလရှည်ကြာလတ်သော် “ငါလည်း အခြေလေးချောင်းရှိသောသားပင် ဖြစ်၏၊ အဘယ်ကြောင့် သူတစ်ပါး ကျွေးမွေးသည်ကို စား၍နေရအံ့နည်း၊ ငါလည်း ဤနေ့မှစ၍ ဆင် စသည်တို့ကို ကိုယ်တိုင်သတ်၍ စားမည်၊ ဤခြေင်္သေ့မင်းကား အရှင် ... ထွန်းပလော့ ဆိုသောစကား ကလေးကိုမှီ၍ ဆင်စသည်ကို သတ်၍စားနိုင်သေး၏။ ငါလည်း ခြင်္သေ့မင်းကို ဇမ္ဗုက ... ထွန်းပလော့ ဆိုစေလျက် ဆင်ကိုသတ်၍ စားမည်ဟု မာနတက်ကာ ခြင်္သေ့မင်းထံ ကပ်၍ “အရှင် ... အကျွန်ုပ်ကား ကာလရှည်မြင့်စွာ အရှင်တို့ သတ်၍ကျွေးသော အသားကိုသာ စားခဲ့ရသည်၊ ကျွန်ုပ်လည်း ဆင်တစ်ကောင်ကိုသတ်၍ စားလိုသည်၊ ထို့ကြောင့် အကျွန်ုပ်သည် ရွှေဂူမှာ အိပ်၍နေမည်၊ အရှင်သွား၍ တောင်ခြေရင်း၌ သွားနေသော ဆင်ကို ကြည့်ရှု၍ ဇမ္ဗုက ... ထွန်းပလော့ဟု ဆိုပါ၊ဤမျှလောက်ကလေးကို ဝန်မတိုပါနှင့်” ဟု တောင်းပန်လေ၏။

ရွှေဂူအိမ်ပြန် ခြင်္သေ့ဟန်

ထိုအခါ ခြင်္သေ့မင်းသည် မြေခွေးကို “မြေခွေး ... ငါ ဝန်မတိုပါ၊ သင်သည် ဆင်ကို မသတ်နိုင်၊ ဆင်ကို သတ်၍ စားနိုင်သော မြေခွေးမည်သည် လောက၌မရှိ၊ သင်ကိုယ်တိုင် မသတ်ချင်ပါနှင့်၊ ငါ သတ်ကျွေးသော အသားကိုသာ အေးအေးစားနေပါ” ဟု တားမြစ်လေ၏။ မြေခွေးသည် ခြင်္သေ့မင်း တားမြစ် ဆုံးမသော်လည်း မနာယူဘဲ အဖန်ဖန် တလဲလဲ တောင်းပန်၍သာနေ၏။ ခြင်္သေ့မင်းသည် မြေခွေးကို မတားမြစ်နိုင်တော့သဖြင့် “ကောင်းပြီ” ဟု ဝန်ခံ၍ ရွှေဂူ၌အိပ်စေပြီးလျှင် တောင်ခြေရင်း၌ အမုန်ယစ်သော ဆင်ကို ကြည့်၍ ရွှေဂူတံခါးသို့သွားကာ “ဇမ္ဗုက .. .ထွန်းပလော့” ဟု ဆိုလေ၏။

ဆင်ကိုဖမ်းလေ အသက်သေ

မြေခွေးသည် ရွှေဂူမှထွက်၍ ခြင်္သေ့မင်း၏ တင့်တယ်စံပယ်ခြင်းကို ပြုတော့မည်ဟု ကြံစည်လျက် ခြင်္သေ့မင်းအတုပြုကာ အရပ်လေးမျက်နှာသို့ ကြည့်ရှု၍ ခွေးသံဖြင့် သုံးကြိမ် ဟောင်ပြီးလျှင် တောင်ထိပ်ပေါ်ကနေ၍ ဆင်၏ ဦးကင်းပေါ်၌ ကျစေမည်ဟု ရည်ရွယ်လျက် ပြေးလေရာ ဆင်၏ ခြေရင်း၌ ကျလေ၏။ ဆင်သည် လက်ယာခြေကိုမြှောက်၍ မြေခွေးဦးခေါင်းကို နင်းလေ၏။ ဦးခေါင်းရိုးတို့သည် မှုန့်မှုန့်ညက်ညက် ကြေကုန်၏။ ဆင်သည် နောက်မှ မြေခွေးကိုယ်ကိုယ် ခြေဖြင့်ခွေ၍ စုပုံကာ အပေါ်၌ မစင်စွန့်ချပြီးလျှင် ကြိုးကြာသံမြည်လျက် တောသို့ဝင်လေ၏။ ထိုအခါ ခြင်္သေ့မင်းသည် ဤအကြောင်းကိုမြင်၍ -

“ဟယ် မြေခွေးမိုက် ... သင့်မှာ ဦးခေါင်းကွဲ၍ ဦးနှောက်ထွက်ချေပြီ၊ နံရိုးတွေလည်း ကျိုးခဲ့ပြီ၊ ယခု အခါ သင် ထွန်းပပါဦးလော့” –

ဟု ဆို၍ အသက်ထက်ဆုံးတည်လျက် သေလွန်သောအခါ ကံအားလျော်စွာ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြေခွေးသည် - ယခုအခါ ဒေဝဒတ်။

ခြင်္သေ့မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရှင်ပင်ကိုလဲ၊ သတ်ရန်ခဲ၊ ဆင်းရဲရုံမျှပင်။

(၂) သေသောက်မိုက်ခွေး၊ သတ်ရန်တွေး၊ မြေခွေးလှောင်သည်သွင်

သိင်္ဂါလဇာတ် ပြီး၏။

***

၁၄၄ - နင်္ဂုဋ္ဌဇာတ်

မီးအား ဘုရားပြု၍ ပူဇော်ရန်ထားသော နွားကို မုဆိုးစားသွားသဖြင့် အမြီးကိုသာကျွေး၍ မီးကို အပြစ်တင်သော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိစ္ဆာကျင့်မှား လန်ဆန်းပြား

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တက္ကတွန်းတို့သည် ကျောင်းတော်၏ နောက်အပြင်ဝယ် အထူးထူး အပြားပြားသော မိစ္ဆာအကျင့်ကို ကျင့်ကြကုန်၏။

တချို့ တက္ကတွန်းတို့သည် ဆောင့်ကြောင့်ထိုင်၍ လုံ့လပြုကုန်၏။ တချို့ လင်းနို့ကဲ့သို့ တွဲလျားဆွဲကုန်၏။ တချို့ ဆူးပေါ်၌ အိပ်ကုန်၏။ တချို့ ပဉ္စာတက အစရှိသောအကျင့်ကို ကျင့်ကုန်၏။

ထိုအခါ ရဟန်းတို့သည် မိစ္ဆာအကျင့်ကို မြင်ကုန်၍ မြတ်စွာဘုရားအား “အရှင်ဘုရား ... မိစ္ဆာအကျင့်ကိုမှီ၍ တစ်စုံတစ်ခုသော ကုသိုလ်သည် လည်းကောင်း၊ အကျိုးစီးပွားသည် လည်းကောင်း ရှိပါသလော” ဟု လျှောက်ထားကြကုန်၏။ “ရဟန်းတို့ မိစ္ဆာအကျင့်ကိုမှီ၍ ကုသိုလ်သည် လည်းကောင်း၊ အကျိုးစီးပွားသည် လည်းကောင်း မရှိ။ ရှေးပညာရှိတို့သည် မိစ္ဆာအကျင့်ကိုမှီ၍ ကုသိုလ်ဖြစ်လိမ့်မည်၊ အကျိုးစီးပွား ရှိလိမ့်မည်ဟု မှတ်ထင်လျက် မွေးဖွားသောနေ့၌ ယူအပ်သော မီးကိုယူ၍ တောကိုဝင်လျက် မွေးဖွားသောနေ့၌ ယူအပ်သော မီးကိုယူ၍ တောကိုဝင်လျက် မီးကိုပူဇော်ခဲ့ရာ တစ်စုံတစ်ခုသော အကျိုးစီးပွားကို မမြင်သဖြင့် ထိုမီးကို ငြှိမ်းသတ်ကာ ကသိုဏ်းပရိကံပြု၍ စျာန်အဘိညာဉ်ကို ဖြစ်စေလျက် ဗြဟ္မာပြည်သို့ လားဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဒိဋ္ဌိအကျင့် တောထွက်လင့်

လွန်လေပြီးသောအခါ ဗာရဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဥဒိစ္စပုဏ္ဏားမျိုး၌ဖြစ်၍ ဖွားမြင်သောနေ့၌ မိဘနှစ်ပါးတို့ မီးကိုယူ၍ ထားကြကုန်၏။ တစ်ဆယ့်ခြောက်နှစ် အရွယ်သို့ ရောက်သောအခါ အမိ အဖတို့သည် “ချစ်သား ... သင် ဖွားမြင်သောနေ့၌ မီးကို ယူထားကြသည်၊ အကယ်၌ အိမ်၌နေလိုအံ့၊ ဗေဒင်သုံးပုံကို သင်လော့၊ အကယ်၍ ဗြဟ္မာ့ပြည်သို့ သွားလိုအံ့၊ ဤမိးကို ယူပြီးလျှင် တောသို့ဝင်၍ မီးကိုလုပ်ကျွေးကာ ဗြဟ္မာ့ကြီးတို့ကို နှစ်သက်စေ၍ ဗြဟ္မာ့ပြည်သို့ သွားလော့” ဟု ဆိုကြကုန်၏။

ပုဏ္ဏားငယ်သည် အမိအဖတို့ စကားကို ကြားလျှင် “အကျွန်ုပ်အား အိမ်၌နေခြင်းငှာ အလိုမရှိ” ဟု ဆိုကာ မီးကို ယူ၍ တောသို့ဝင်ပြီးလျှင် ကျောင်းဖန်ဆင်းကာ မီးကို လုပ်ကျွေးလျက် တောတွင်နေလေ၏။

သတ်ဖို့နွားထား မုဆိုစား

တစ်နေ့သ၌ ပစ္စန္တရာဇ်ရွာငယ် အလှူမှ နွားငယ်တစ်ကောင်ကိုရ၍ ကျောင်းသို့ ဆောင်ယူပြီးလျှင် အရှင်မီးကို စားစေအံ့၊ ဆားလည်း မရှိ၊ ဘုန်းကြီးသော မီးသည် ဆားမပါသော နွားသားကို စားနိုင်မည် မဟုတ်၊ ရွာမှဆားကို ဆောင်ယူကာ အရှင်မီးကို ဆားနှင့်တကွ နွားသားကို စားစေအံ့ဟု ကြံစည်ပြီးလျှင် နွားကို ကျောင်းတွင်ချည်လျက် ဆားယူရန် ရွာသို့ သွားလေ၏။

ထိုအခါ မုဆိုးတို့သည် ထိုအရပ်သို့လာလတ်၍ ကျောင်းတွင် ချည်ထားသော နွားကိုမြင်လျှင် သတ်၍ ချက်ပြုတ်စားသောက်ပြီးလျှင် အမြီး၊ ခြေ၊ လက်၊ အရေတို့ကို ထိုအရပ်၌ပင် ထားခဲ့၍ အသားကိုယူ၍ သွားကြ၏။

မိစ္ဆာကျင့်ပစ် လမ်းမှန်ကျင့်

ပုဏ္ဏား လာလတ်၍ အမြီး၊ ခြေ၊ လက်၊ အရေတို့ကို မြင်လျှင် ဘုန်းကြီးလှသော ဤမီးကား မိမိစားဖို့ ထားခဲ့သော ဥစ္စာကိုမျှ မစောင့်ရှောက်နိုင်၊ ငါ့ကိုကား အဘယ်မှာ စောင့်ရှောက်နိုင်အံ့နည်း၊ ဤမီးကို လုပ်ကျွေးခြင်းဖြင့် အကျုးမရှိ၊ ဤမီးကို လုပ်ကျွေးခြင်း အကြောင်းကြောင့် ကုသိုလ်လည်း မဖြစ်၊ တစ်စုံတစ်ရာ အကျိုးစီးပွားလည်း မရှိဟု ကြံစည်လျက် မီးကိုလုပ်ကျွေးရန် အလိုဆန္ဒ မရှိတော့သဖြင့် -

“အို - ယုတ်မာသော မီး ... သင်သည် မိမိ ဥစ္စာဖြစ်သေ နွားကို မစောင့်ရှောက်နိုင်၊ အဘယ်မှာ ငါ့ကို စောင့်ရှောက်နိုင်အံ့နည်း၊ အမဲဖြင့် လုပ်ကျွေးထိုက်သော သင့်အား အမဲမရှိတော့သည့်အတွက် အမြီးဖြင့် လုပ်ကျွေးပါ၏၊ အမြီးကိုသာ အလှူခံတော်မူပါ”

ဟု အမြီးကို မီးထဲသို့ထည့်၍ ပြောင်လှောင် ပြောဆိုကာ မီးကို ရေဖြင့် ငြှိမ်းသတ်၍ ရသေ့ရဟန်း ပြုလေ၏။ အဘိညာဉ် သမာပတ်ကို ဖြစ်စေ၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားရ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မီးကိုငြှိမ်းသတ်သော ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဆောင့်ကြောင့်ထိုင်နဲ၊ လင်းနို့ဆွဲ၊ ဆူးထဲအိပ်ကြသည်။

(၂) ပဉ္စတပါ၊ ကျင့်မိစ္ဆာ၊ လူသာပင်ပန်းမည်။

(၃) မီးကိုငြိမ်းမှု၊ ရဟန်းပြု၊ ရောက်မှုဗြဟ္မာ့ပြည်။

နင်္ဂုဋ္ဌဇာတ် ပြီး၏။

***

၁၄၅ - ရာဓဇာတ်

ကုန်သည်သွား၍ မယား လင်မြှောင်ထားသည်ကို သိသဖြင့် ညီငယ် ရာဓကျေးသားအား ဆုံးမကာ မိန်းမများ တားမရသောအဖြစ်ကို ပြောပြသော နောင်တော်ကျေးသားအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မယေားဟောင်းလီဆယ် ရဟန်းဆွယ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မယားဟောင်းသည် ဖြားယောင်းအပ်သဖြင့် သာသနာတော်မှ လူထွက်လိုသော ရဟန်းတစ်ပါး ရှိလေ၏။ ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံ ခေါ်၍သွားရာ မြတ်စွာဘုရားက “ချစ်သားရဟန်း ... မာတုဂါမကို စောင့်ရှောက်ခြင်းငှာ မတတ်နိုင်၊ သင်သည် ရှေးအခါ၌ မာတုဂါမကို အစောင့်အရှောက်ထား၍ စောင့်ရှောက်ခြင်းငှာ မတတ်နိုင်ခဲ့သည် မဟုတ်လော၊ ယခုအခါ အဘယ်မှာ စောင့်ရှောက်နိုင်အံ့နည်း” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကျေးသားမှာကြား ကုန်သွယ်သွား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကျေးငှက်မျိုး၌ ဖြစ်၍ အမည်အားဖြင့် ပေါဋ္ဌပါဒ မည်၏။ ၎င်း၏ညီကား ရာဓ မည်၏။

ကာသိတိုင်းဝယ် ပုဏ္ဏားတစ်ယောက်သည် ထိုကျေးညီနောင် နှစ်ကောင်တို့ကို သားအရာထား၍ မွေးမြူလေ၏။ ထိုပုဏ္ဏား၏ မယားကား သီလမရှိ၊ ယောကျ်ားတစ်ပါးနှင့် လွန်ကျူးသောအကျင့်ရှိ၏။

ထိုပုဏ္ဏားသည် ကုန်သွယ်သွားသည်ရှိသော် ကျေးညီနောင်တို့ကိုခေါ်၍ “အမောင်တို့ ... သင်တို့မိခင် ပုဏ္ဏေးမသည် အကယ်၍ လွန်ကျူးသော အကျင့်ကို ကျင့်အံ့၊ တားမြစ်ရစ်ကြလော့” ဟု မှာထား၏။ ပေါဋ္ဌပါဒသည် “ဖခင် ... ကောင်းပြီ၊ တားမြစ်နိုင်လျှင် တားမြစ်ကြပါမည်၊ မတားမြစ်နိုင်လျှင် ဆိတ်ဆိတ်နေကြပါမည်” ဟု ပြောလေ၏။ ပုဏ္ဏားလည်း ပုဏ္ဏေးမကို ကျေးသားတို့အား အပ်နှင်းကာ ကုန်သွယ်သွားလေ၏။

ပုဏ္ဏေးမ ဖောက်ပြား တိုင်ပင်ငြား

ပုဏ္ဏေးမသည် ပုဏ္ဏား သွားသောနေ့မှစ၍ လွန်ကျူးသောအကျင့်ကို ကျင့်၏။ ဝင်သောသူနှင့် ထွက်သောသူတို့သည် အဆုံးအစ မရှိကုန်။ ထိုအခါ ရာဓသည် ပုဏ္ဏေးမ၏ အမူအရာကိုမြင်၍ အစ်ကို ပေါဋ္ဌပါဒကို “အစ်ကိုကြီး ... အကျွန်ုပ်တို့ ဖခင်သည် ကုန်သွယ်သွားခါနီးတွင် မိခင် ပုဏ္ဏေးမသည် အကယ်၍ လွန်ကျူးသော အကျင့်ကို ကျင့်အံ့၊ တားမြစ်ရစ်ကြလော့” ဟု မှာထားခဲ့သည်၊ ယခုအခါ ပုဏ္ဏေးမသည် လွန်ကျူးသော အကျင့်ကို ကျင့်ချေပြီ၊ တားမြစ်မည်” ဟု ပြောလေ၏။ ထိုအခါ ပေါဋ္ဌပါဒသည် ရာဓအား -

“ညီထွေး ရာဓ ... သင်ကား မသိမလိမ္မာ၍သာ တားမြစ်မည် ဟူသောစကားကို ဆိုဘိ၏၊ သန်းခေါင်မတိုင်မီ ဤမျှလောက် လူတွေ လာကုန်၏၊ ပုဏ္ဏေးမကား လင်ပုဏ္ဏား၌ တပ်နှစ်သက်ခြင်းမရှိ၊ မာတုဂါမမည်သည်ကား ချီရွက်၍သွားသော သူသည်ပင် မစောင့်ရှောက်နိုင်၊ မစောင့်ရှောက်နိုင်သောအရာကို မစောင့်ရှောက်ပါနှင့်” –

ဟု အကြောင်းပြ၍ ပြောဆိုဆုံးမကာ ပုဏ္ဏေးမကို တားမြစ်ရန် ရာဓအား ခွင့်မပြုလေ။ ပုဏ္ဏေးမလည်း ပုဏ္ဏားမလာမချင်း အလိုရှိသလောက် လွန်ကျူးသောအကျင့်ကို ကျင့်လေ၏။

သူယုတ်နှင့်မနေ ခွဲခွာလေ

ပုဏ္ဏားသည် ပြန်လာသည်ရှိသော် ပေါဋ္ဌပါဒကိုခေါ်၍ “အမောင် ပါဋ္ဌပါဒ ... သင်တို့မိခင် ဘယ်လိုနေသနည်း” ဟု မေးလေ၏။ ပေါဋ္ဌပါဒလည်း ဖခင်ပုဏ္ဏားအား မိခင် ပုဏ္ဏေးမ၏ အကြောင်းကို အလုံးစုံ အဟုတ်အမှန်အတိုင်း ပြောဆိုပြီး၍ “ဖခင် ... ဖခင်အား သည်လို အကျင့်သီလ မရှိသော ပုဏ္ဏေးမနှင့် အတူနေသဖြင့် ဘယ်အကျိုးရှိအံ့နည်း၊ အကျွန်ုပ်တို့သည် မိခင်၏ အပြစ်ကို ပြောဆိုသော အခါမှစ၍ ဤအိမ်၌နေရန် မသင့်တော့ပြီ” ဟု ဆို၍ ဖခင်ပုဏ္ဏး၏ခြေတို့ကို ရှိခိုးကန်တော့ပြီးလျှင် ရာဓနှင့်အတူတောသို့ ပြန်သွားကြကုန်၏။

ဤဒေသနာတော်၏ အဆုံး၌ သာသနာတော်မှ လူထွက်လိုသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုဏ္ဏားနှင့် ပုဏ္ဏေးမတို့သည် - ယခုအခါ လူထွက်လိုသော ရဟန်းနှင့် မယားဟောင်း။

ရာဓကျေးသားသည် - အာနန္ဒာ။

ပေါဋ္ဌပါဒကျေးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ချီရွက်၍ထား၊ မိန်းမများ၊ မြစ်တားမရပါ။

(၂) ညီ,နောင်ငှက်ကျေး၊ မိပုဏ္ဏေး၊ စောင့်ရေးခွင့်မသာ။

(၃) လင်လစ်ပြန်မူ၊ မြင်မြင်သူ၊ ကြည်ဖြူလွန်းကျူးကာ။

ရာဓဇာတ် ပြီး၏။

***

၁၄၆ - သမုဒ္ဒကာကဇာတ်

ကျီးမ ရေနစ်သေ၍ သမုဒ္ဒရာရေကိုခန်းအောင် သယ်ဆောင်နေသော ကျီးများကို အသက်ဘေးမှ ချမ်းသာစေလိုသော ရုက္ခစိုးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မယားမှီခို ရဟန်းအို

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သက်ကြီး ရဟန်းအိုတို့သည် ကျောင်းစွန်၌ သစ်ရွက်မိုးကျောင်းတို့ကို ဆောက်စေ၍ တပေါင်းတည်း နေကြကုန်၏။

ထိုသက်ကြီးရဟန်းအိုတို့မှာ လူဖြစ်စဉ်အခါ သာဝတ္ထိပြည်တွင် စည်းစိမ်ဥစ္စာ ချမ်းသာသော သူကြွယ်များဖြစ်ကြကုန်၏။ တစ်ဦးနှင့်တစ်ဦး ချစ်ကျွမ်းဝင်သော အဆွေခင်ပွန်းများလည်း ဖြစ်ကြကုန်၏။ တရားတော်ကို ကြားနာရ၍ လူ့ဘောင်၍ငြီးငွေ့ကာ သာသနာ့ဘောင်တွင် ရဟန်းပြုကြကုန်၏။ ရဟန်းတရားကို အားမထုတ်ကြကုန်။ အသက်ကြီး၍ သုတ်၊ အဘိဓမ္မာ၊ ဝိနည်းကိုလည်း မသင်ကြားနိုင်ကြကုန်။ ဆွမ်းခံသွားသော်လည်း တစ်ပါးသောအိမ်သို့ မသွားကြကုန်ဘဲ မိမိတို့ သားမယားများအိမ်သို့သာသွား၍ ဆွမ်းစားကြကုန်၏။

မယားသေငိုမှု ကဲ့ရဲ့ပြု

ထိုသက်ကြီးရဟန်းအိုတို့အနက် သက်ကြီးရဟန်းအို တစ်ပါး၏ မယားသည် အလုံးစုံသော သက်ကြီးရဟန်းအိုတို့အား ကျေးဇူးပြုလေ့ရှိ၏။ သို့အတွက် အလုံးစုံသော သက်ကြီးရဟန်းတို့သည် မိမိတို့ရသော အာဟာရကို ယူဆောင်ကာ ထိုသီတင်းသည်မကြီးအိမ်သို့လာ၍ ဆွမ်းစားကြကုန်၏။ ထိုသီတင်းသည်မကြီးသည် ကြွလာသာ သက်ကြီးရဟန်းအိုတို့အား ဟင်းလျာကို အမြဲစီရင်၍လှူ၏။ တစ်နေ့သ၌ ထိုသီတင်းသည်မကြီး အနာနှိပ်စက်၍ ကွယ်လွန် အနိစ္စရောက်ခဲ့၏။

ထိုအခါ သက်ကြီးရဟန်းအိုတို့သည် ငါတို့ ဟင်းချက်ကောင်းသော သီတင်းသည်မကြီး သေခဲ့ပြီဟု အချင်းချင်းလည်ဖက်ကာ ငိုကြွေးမြည်တမ်းလျက် နေကြကုန်၏။ ထိုအခါ ရဟန်းတို့သည် တရားသဘင်ဝယ် စကားစပ်မိ၍ သက်ကြီးရဟန်းအိုတို့ အကြောင်းကို ပြောကြားနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ယခုအခါ၌သာ ဤသက်ကြီးရဟန်းအိုတို့သည် မိန်းမသေ၍ ငိုကြွေးမည်တမ်းကြသည် မဟုတ်ကုန်၊ ရှေးအခါ၌လည်း ကျီးဖြစ်ကုန်လျက် သမုဒ္ဒရာတွင် ကျ၍သေသော ကျီးမတစ်ကောင်ကို မှီ၍ သမုဒ္ဒရာရေကို ပြောင်းရွှေ့ပြီး ကျီးမကိုယူမည်ဟု လုံ့လပြုနေခိုက် ပညာရှိကိုတွေ့၍ အသက်ချမ်းသာကြဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သုရာယစ်လေ ကျီးမ သေ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သမုဒ္ဒရာစောင့်နတ် ဖြစ်လေ၏။

ထိုအခါ ကျီးဖိုတစ်ကောင်သည် မိမိမယား ကျီးမနှင့်အတူ အစာရှာသွားလတ်သော် သမုဒ္ဒရာနားသို့ ရောက်လေ၏။ ထိုအခါ လူတို့သည် သမုဒ္ဒရာ၌ နို့ဃနာ၊ ငါး၊ အမဲ၊ သုရာ စသည်တို့ဖြင့် နဂါးမင်းအား ပူဇော်ကြကုန်၏။

ကျီးဖိုသည် ကျီးမနှင့် ပူဇော်ရာအရပ်သို့ သွားကာ နို့ဌနာ၊ ငါး၊ အမဲ စသည်တို့ကိုစား၍ သုရာကို များစွာသောက်ကုန်၏။ ထို ကျီးလင်မယားတို့သည် သုရာယစ်ကုန်လျက် သမုဒ္ဒရာ၌ ကစားကြမည်ဟု ကမ်းနားတွင် ရေချိုးရန် ပြင်ဆင်နေကြကုန်၏။ ထိုအခါ လှိုင်းလုံးတစ်ခုလာ၍ ကျီးမကို ယူဆောင်သွားရာ ငါးတစ်ကောင်မျို၍ ကျီးမ သေလေ၏။

သမုဒ်ရေခန်းအောင် ကျီးများဆောင်

ကျီးဖိုသည် ငါ့မယားသေပြီဟု အဖန်ဖန် ငိုကြွေးလေ၏။ ကျီးတို့သည် ထိုကျီးဖို၏ ငိုကြွေးသံကိုကြားလျှင် စည်းဝေးကြကုန်လျက် ကျီးဖိုအား “အဆွေ ... အဘယ်ကြောင့်ငိုကြွေးသနည်း” ဟု မေးလေ၏။ “အဆွေတို့ ... ငါ့မးယား ကျီးမသည် သမုဒ္ဒရာ လှိုင်းလုံးတစ်ခု ယူသွားသဖြင့် သေဆုံးသည့်အတွက် ငိုကြွေးသည်” ဟု ပြောလေ၏။ ကျီးတို့လည်း ဝိုင်းအုံကာ ငိုကြွေးကြပြန်ကုန်၏။

ထိုအခါ ကျီးတို့သည် “အမောင်တို့ ... သမုဒ္ဒရာရေကို တစ်နေရာသို့ ရွှေ့ပြောင်း၍ ကျီးမကို ယူကြမည်” ဟု တိုင်ပင်ညီညွတ်ကြလျက် သမုဒ္ဒရာရေကို ခံတွင်းဖြင့်ငုံကာ တစ်နေရာတွင် ထွေးကြကုန်၏။ ဆားငန်ရေကို ငုံရသဖြင့်လည်ချောင်းခြောက်၍ ပင်ပန်းလာသောအခါ တစ်နေရာတွင် အပန်းဖြေကြကုန်၏။

သေဘေးကိုမြင် နတ်မင်းနှင်

ဤကဲ့သို့ ပြုဖန်များသောအခါ ကျီးတို့သည် ခံတွင်းခြောက်ကုန်၏။ မျက်လုံး နီကုန်၏။ ပင်ပင်းလှသဖြင့် အိပ်ချင်ကုန်၏။ ထိုအခါ ကျီးတို့သည် အချင်းချင်းခေါ်ကုန်လျက် -

“အဆွေတို့ ... ငါတို့ကား စွမ်းအားရှိသလောက် သမုဒ္ဒရာရေကို ခံတွင်းဖြင့်ငုံကာ အပြင်ပသို့ ထုတ်ကြကုန်၏။ မေးတွေလည်း ညောင်းကုန်ကြပြီ၊ ခံတွင်းတွေးလည်း ခြောက်ကုန်ကြပြီ၊ သမုဒ္ဒရာရေလည်း ပြည့်မြဲတိုင်းသာ ပြည့်လေ၏” –

ဟု ဤသို့ ပြောဆိုကြပြီးလျှင် ကျီးမအကြောင်းကို ဖွဲ့နွဲ့ကာ “အဆွေ ... ကျီးမကား မျက်စိက ဤလိုလှပေသည်၊ နှုတ်သီးက လှပေသည်၊ အဆင်းသဏ္ဌာန်က လှပေသည်၊ အသံက သာယာပေသည်” စသည်ဖြင့် ငိုကြွေးမြည်တမ်းလျက်သာ နေကြကုန်၏။

သမုဒ္ဒရာစောင့်နတ်သည် ကျီးမိုက်တို့အကြောင်းကို သိ၍ သနားကြင်နာလှသဖြင့် အသက်ကိုပေးမည်ဟု ကြံစည်လျက် ကြောက်မက်ဖွယ်သော အဆင်းကိုပြကာ ပြေးစေ၏။ ကျီးတို့လည်း ထိုနေရာမှ ပြေးကြသဖြင့် အသက်ဘေးမှ ချမ်းသာရာရကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကျီးမသည် - ယခုအခါ မယားဟောင်း။

ကျီးဖိုသည် - သက်ကြီး ရဟန်းအို။

သမုဒ္ဒရာစောင့်နတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သမုဒ်မြစ်ရေ၊ ကျီးမ-သေ၊ ဆယ်လေဝိုင်းအုံကာ။

(၂) ကျီးမိုက်အစုတ်၊ ရေသမုဒ်၊ နှုတ်ဖြင့်သယ်ပြောင်းရာ။

(၃) နတ်ကသနား၊ ခြောက်လှန့်ငြား၊ ပြေးသွားသက်ချမ်းသာ။

သမုဒ္ဒကာကဇာတ် ပြီး၏။

***

၁၄၇ - ပုပ္ဖရတ္တဇာတ်

ကိလေသာ အလိုဆိုးသို့လိုက်၍ မိန်းမအတွက် ဝတ်ပန်းပုဆိုး ခိုးသဖြင့် ရာဇဒဏ်သင့်၍ သေရသော ပုဏ္ဏားအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရသတဏှာတွက် ငြီးငွေ့လျက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် မယားဟောင်းသည် ဖြားယောင်း သွေးဆောင်အပ်သည်ဖြစ်၍ သာသနာတော်၌ ငြီးငွေ့ပျင်းရိကာ လူထွက်လိုသတတ်။

ထိုလူထွက်လိုသော ရဟန်းသည် မြတ်စွာဘုရား အထံတော်သို့ ရောက်လျှင် မြတ်စွာဘုရားသည် ထိုရဟန်းအား “ချစ်သားရဟန်း ... သင်သည် သာသနာတော်မှ လူထွက်လို၏ဟူသည် မှန်သလော” ဟု မေးရာ၊ “မှန်ပါသည် ဘုရား” ဟု လျှောက်ထားလေ၏။ အဘယ်ကြောင့် လူထွက်လိုသနည်းဟု မေးပြန်လျှင် “မယားဟောင်းကြောင့် ဖြစ်ပါသည်၊ မယားဟောင်းကား အလွန် ဟင်းချက်ကောင်းပါသည်၊ ထိုမိန်းမနှင့် ကင်း၍မနေနိုင်ပါ” ဟု လျှောက်ထားလေ၏။

မြတ်စွာဘုရားသည် ထိုရဟန်းအား “ချစ်သားရဟန်း ... ဤမိန်းမသည် ယခုအခါ၌သာ သင့်အား အကျိုးမဲ့ပြုသည်မဟုတ်၊ ရှေးအခါ၌လည်း သင်သည် ဤမိန်းမကိုမှီ၍ တံကျင်လျှိုခံရလျက် ၎င်းကို စွဲလမ်း၍ သေသဖြင့် ငရဲသို့ ရောက်ရဖူးပြီ၊ အဘယ့်ကြောင့် ဤမိန်းမကို တောင့်တပြန်သနည်း” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

တန်ဆောင်မုန်းပွဲတော် မြို့တွင်းပျော်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် အာကာသစိုးနတ် ဖြစ်လေ၏။

ထိုအခါ ဗာရာဏသီမြို့တော်ဝယ် တန်ဆောင်မုန်းလတွင် ညဉ့်အခါ လှည့်လည်သော ပွဲသဘင်ဖြစ်၍ မြို့တော်အလုံးစုံကို နတ်မြို့ကဲ့သို့ တန်ဆာဆင်ကြကုန်၏။ လူတို့သည် မြို့တွင်းသို့ လှည့်လည်လျက် ပွဲသဘင် ကစားကြကုန်၏။

သူဆင်းရဲတစ်ယောက်သည် ထူထဲသော ပုဆိုးတစ်စုံသာ ရှိ၏။ ထိုသူဆင်းရဲသည် ပုဆိုးစုံကို ကောင်းစွာ ဖွပ်လျှော်စေပြီးလျှင် ခေါက်စေ၍ အတွန့်အရာ အတွန့်တစ်ထောင် စသည်ကို ပြုလုပ်ကာ တရိုတသေ သိမ်းထားလေ၏။

မိန်းမအလိုဆိုး ဝတ်ပန်းပုဆိုး

ထိုအခါ ထိုသူဆင်းရဲ၏ မယားသည် သူဆင်းရဲယောကျ်ားကို “အရှင် ... အကျွန်ုပ်သည် ဝတ်ပန်းပုဆိုး တစ်ထည်ကိုဝတ်၍ တစ်ထည်ကို ရုံပြီးလျှင် သင်နှင့်အတူ လည်ဖက်ကာ ပွဲသဘင်၌ လှည့်လည်ကစားလိုသည်” ဟု ပြောလေ၏။ “ရှင်မ ... ဆင်းရဲသော ငါတို့မှာ အဘယ်မှာ ဝတ်ပန်းပုဆိုးကို ရနိုင်ပါမည်နည်း၊ ဤဖြူစင်သောအဝတ်ကိုဝတ်၍ ကစားပါ” ဟု ပြောလေ၏။ “အရှင် ... ဝတ်ပန်းပုဆိုးကို မရလျှင် ပွဲသဘင်၌ မကစားလိုတော့ပါ၊ သင် ကစားလိုလျှင် တခြားမိန်းမတစ်ယောက်ကို ခေါ်ယူ၍ကစားပါ” ဟု ပြောလေ၏။ “ရှင်မ ... ငါ့ကို အဘယ့်ကြောင့် နှိပ်စက်ဘိသနည်း” ဟု ပြောလေ၏။ “အရှင် ... ယောကျ်ားကောင်းတို့အား လိုရာရနိုင်သည်၊ မင်းကြီး၏ ဝတ်ပန်းခင်းဝယ် ဝတ်ပန်းများစွာရှိသည် မဟုတ်ပါလော” ဟု ပြောလေ၏။ “ရှင်မ ... ရှိသည်ကား မှန်၏၊ ရက္ခိုသ်စောင့်သော ရေကန်ကဲ့သို့ အစောင့်အရှောက် များအားကြီးလှသည်၊ အနားကပ်ဖို့ပင် ခဲယဉ်းသည်၊ သင် ဤအလုပ်ကို မနှစ်သက်ပါလင့်၊ ကိုယ့်မှာရှိသော အဝတ်ဖြင့်သာ တင်းတိမ်ကျေနပ်ပါ” ဟု ပြောသောအခါ “အရှင် ... ညဉ့်မိုက်သည်ရှိသော် ယောကျ်ားကောင်းတို့ မသွားနိုင်သော နေရာမည်သည် မရှိပါ” ဟု အဖန်ဖန် မြှောက်ပင့်လျက် တိုက်တွန်းလေ၏။

ကိလေအလိုစွမ်း သူခိုးဖမ်း

သူဆင်းရဲသည် မယား အဖန်ဖန် တိုက်တွန်းလတ်သော် တဏှာ့ကျွန် ဖြစ်သည်အားလျော်စွာ ကိလေသာ၏ အစွမ်းဖြင့် မယားစကားကို နားထောင်ကာ “ရှင်မ ... သည်လိုဖြစ်လျှင် မစိုးရိမ်လင့်၊ ငါ ယောကျ်ားကောင်းတို့ အစွမ်းဖြင့် ရအောင်ယူပေးမည်” ဟု ပြောဆိုကာ မယားကို အားရနှစ်သက်စေပြီးလျှင် ညဉ့်မိုက်သောအခါ အသက်ကိုစွန့်လျက် မြို့ပြင်သို့ထွက်၍ မင်းကြီး၏ ဝတ်ပန်းခင်းသို့ သွားလေ၏။ စောင်ရန်းကိုနင်း၍ ယာခင်းတွင်းသို့ ဝင်လေလျှင် အစောင့်အရှောက်တို့သည် စောင်ရန်းနင်းသံကိုကြား၍ သူခိုးမှန်းသိလျှင် ဝိုင်းဝန်းဖမ်းဆီး တုပ်နှောင်ကာ ရေရွတ် ထောင်းထုကြလျက် နံနက်လင်းသောအခါ မင်းကြီးထံ ဆက်ကြလေ၏။

ကိလေနှိပ်စက် အောက်နရက်

မင်းကြီးလည်း သူခိုးကိုမြင်လျှင် “အချင်းတို့ ... ဤသူခိုးကို တံကျင်လျှိုကြကုန်” ဟု အမိန့်ပေးလေသော် မင်းချင်းတို့သည် သူခိုးကို လက်ပြန်ကြိုးတုတ်ချည်၍ သူသတ်စည်ကို တီးလျက် မြို့ပြင်သို့ထုတ်ကာ တံကျင်လျှိုကုန်၏။ သူခိုးအား ပြင်းစွာသော ဆင်းရဲဝေဒနာတို့သည် ဖြစ်ကုန်၏။ ကျီးတို့သည် ဦးခေါင်းတွင်နားလျက် သံတံကျင်နှင့်တူသော နှုတ်သီးတို့ဖြင့် မျက်စိကို ထိုးဆိတ်ကုန်၏။

သူဆင်းရဲသည် မိမိ၌ဖြစ်သော သည်းစွာသောဆင်းရဲကို နှလုံးမသွင်းဘဲ မိမိမယားကိုသာ အောက်မေ့လျက် -

“အို ရှင်မ ... ငါ့မှာ သံတံကျင်လျှိုခံရခြင်းသည်လည်း မဆင်းရဲပါ၊ ကျီးများ ထိုးဆိတ်ခြင်းသည်လည်း မဆင်းရဲပါ၊ အသားဝါဝင်းလှသော မယားကလေးနှင့် တစ်ခဲနက်သော ဝတ်ပန်းပုဆိုးကို ဝတ်ဆင်ကာ လည်ကိုဖက်လျက် တန်ဆောင်မုန်းပွဲသဘင်၌ မကစားရခြင်းသည်သာ ဆင်းရဲလှပါ၏” –

ဟု ယောင်ယမ်းမြည် မိန်းမကို စွဲလမ်းလျက် သေလျှင် ငရဲသို့ ရောက်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လင်မယားသည် - ယခုအခါ လင်မယား။

အာကာသစိုးနတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရဟန်းဖြစ်လျက်၊ မိန်းမဖျက်၊ လူထွက်လိုကြရှာ။

(၂) မိန်းမသွေးထိုး၊ ဝတ်ပန်းခိုး၊ ဇောက်ထိုးငရဲမှာ။

(၃) မ-လိုက်လျှင်မှား၊ ဆင်းရဲများ၊ ရှည်လျားသံသရာ။

ပုပ္ဖရတ္တဇာတ် ပြီး၏။

***

၁၄၈ - သိင်္ဂါလဇာတ်

ဆင်သေ ဝမ်းတွင်းသို့ဝင်၍ အသားစားနေရာ ထွက်ပေါက်မရ၍ အတင်းတိုးထွက်ရသဖြင့် အစာ၌သံဝေဂရဖူးသော မြေခွေးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရဟန်းပြုပြီးမှ ငြီးငွေ့ကြ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်ဝယ် အဆွေခင်ပွန်း ဖြစ်ကြသော သူဌေးသား ငါးရာတို့သည် သာသနာတော်၌ အသက်ကိုစွန့်၍ ရဟန်းပြုကြလျက် ဇေတဝန် ကျောင်းတော်၌ အစွန်ဖြစ်သော အရံတွင်းကျောင်းတို့၌ နေကြကုန်၏။

တစ်နေ့သ၌ ထိုရဟန်းငါးရာတို့သည် ကိလေသာကို မှီ၍ ကြံစည်ကာ သာသနာတော်မှ လူထွက်လိုကြကုန်၏။ မိမိတို့ စွန့်ပြီးသော ကိလေသာတို့ကို တစ်ဖန် ကြည့်ရှုခြင်းငှာ စိတ်ကို ဖြစ်စေကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ညဉ့်သန်းခေါင်ယံအလွန်တွင် သဗ္ဗညုတဉာဏ် တည်းဟူသော ဆီမီးတိုင်ကို ထွန်းညှိတော်မူ၍ ဇေတဝန်ကျောင်းတွင်းရှိ ရဟန်းတို့ အဘယ်စိတ်ဖြင့် မွေ့လျော်နေကြသနည်းဟု ဆင်ခြင် ကြည့်ရှုလတ်သော် ထိုရဟန်းငါးရာတို့ သန္တာန်ဝယ် ကိလေသာစိတ် ဖြစ်နေသည်ကို သိတော်မူလေ၏။

ကိလေယုတ်ဆိုး အဆိပ်အိုး

ထိုရဟန်းငါးရာတို့အား အရဟတ္တဖိုလ်ကို ပေးမည်ဟု ကြံစည်တော်မူလျက် အာနန္ဒာကို ခေါ်တော်မူပြီးလဆင် ဂန္ဓကုဋိ ပရိဝုဏ်အတွင်းဝယ် ရဟန်းတို့ကို စည်းဝေးစေ၍ မြတ်စွာဘုရားသည် ရောင်ခြည်တော် ခြောက်သွယ်ဖြင့် တင့်တယ်စံပယ်တော်မူလျက် ရဟန်းတို့အား “ချစ်သား ရဟန်းတို့ ... ရဟန်းမည်သည်ကား -

(၁) ကာမဝိတ်၊

(၂) ဗျာပါဒဝိတတ်၊

(၃) ဝိဟိံသဝိတတ်၊

ဤကုသိုလ်ဝိတက်သုံးပါးတို့ကို ကြံစည်ခြင်းငှာ မသင့်၊ ကိုယ်တွင်း၌ဖြစ်သော ကိလေသာကို အနည်းငယ်ဟူ၍ မအောက်မေ့သင့်၊ ကိလေသာမည်သည် ရန်သူနှင့်တူ၏။ ရန်သူသည်လည်း အငယ်မည်သည် မရှိ၊ အခွင့်ရလျှင် ပျက်စီးခြင်းသို့ ရောက်စေသကဲ့သို့၊ ထို့အတူ ကိလေသာသည်လည်း နည်းသည် ငယ်သည် မရှိ၊ ပွားများလာလျှင် ပျက်စီးခြင်းသို့ ရောက်စေ၏။ ကိလေသာသည် လတ်တလော သေစစေတက်သော အဆိပ်နှင့်တူ၏။ အသားအရေ၌ ပေါက်သော အိုင်းအမာနှင့်တူ၏။ အဆိပ်ထန်သော မြွေနှင့်တူ၏။ မိုးကြိုးလောင်မီးနှင့်တူ၏။ ကပ်ငြိခြင်းငှာ မသင့်၊ ရွံရှာစက်ဆုပ်အပ်၏။ ဖြစ်တိုင်း ဖြစ်တိုင်းသောခဏ၌ ပညာစွမ်းဖြင့် လည်းကောင်း၊ ဘာဝနာစွမ်းဖြင့် လည်းကောင်း တစ်ခဏချင်း လွင့်ပျောက်သွားအောင် ပယ်စွန့်အပ်၏။ ရှေးပညာရှိတို့သည် အနည်းငယ်သော ကိလေသာကိုပင် ကဲ့ရဲ့၍ တစ်ဖန် ကိုယ်တွင်း၌ မဖြစ်လာရအောင် နှိပ်စက်ကြကုန်၏” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဆင်သေစကားကာ အရသာရှာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မြေခွေးမျိုးဖြစ်၍ တော်အရပ် တစ်ခုသော မြစ်နားဝယ် နေလေ၏။

ထိုအခါ မြစ်နားဝယ် ဆင်အိုတစ်ကောင်သေ၍နေလေ၏။ မြေခွေးသည် အစာရှာသွားလတ်သော် ဆင်သေကိုမြင်၍ “ငါ့အား များစွာသော အစာရပေပြီ” ဟု ဝမ်းမြောက်ဝမ်းသာ ထိုဆင်သေကြီးကို နှာမောင်း၌ ကိုက်လေ၏။ ထွန်တုံးထွန်သံတို့၌ ကိုက်ရသကဲ့သို့ ဖြစ်၏။ မြေခွေးသည် “ဤနေရာကား စားကောင်းသော အသားမရှိ” ဟု အစွယ်တို့၌ ကိုက်ပြန်၏။ အရိုးတို့၌ ကိုက်ရသကဲ့သို့ ဖြစ်၏။ နားရွက်တို့၌ ကိုက်ပြန်၏။ ဆန်ကောစွန်း၌ ကိုက်ရသကဲ့သို့ ဖြစ်၏။ ဝမ်းဗိုက်၌ ကိုက်ပြန်၏။ ကျီတို့၌ ကိုက်ရသကဲ့သို့ ဖြစ်၏။ ခြေတို့၌ ကိုက်ပြန်၏။ ဆုံတို့၌ ကိုက်ရသကဲ့သို့ ဖြစ်၏။ အမြီး၌ ကိုက်ပြန်၏။ ကျည်ပွေ့၌ ကိုက်ရသကဲ့သို့ ဖြစ်၏။

ဆင်သေမှီရ နှစ်သက်လှ

မြေခွေးသည် ဤအမဲ၌ စားကောင်းသော အသားမရှိ၊ အရပ်အလုံးစုံ၌ပင် သာယာ နှစ်သက်ဖွယ်ကို ရှာမရသဖြင့် ဝစ္စမဂ်၌ ကိုက်ပြန်၏။ ထိုအခါ နူးညံ့သော မုန့်ညက်ကို ကိုက်ရသကဲ့သို့ ဖြစ်၏။ မြေခွေးသည် “ငါ့မှာ နူးညံ့သော အစာကိုရပေပြီ” ဟု ထိုဝစ္စမဂ်မှစ၍ စားသောက်ကာ ဝမ်းတွင်းသို့ ဝင်လေ၏၊ အသည်း၊ အူ၊ အညှို့၊ နှလုံး စသည်တို့ကို စား၍ ရေငတ်သောအခါ သွေးကိုသောက်၏။ အိပ်သောအခါ ဝမ်းရေကိုဖြန့်၍ အိပ်၏။ မြေခွေးသည် ဤဆင်သေကောင်ကြီးကား ငါ့အား နေထိုင်ရန် ချမ်းသာလှ၍ အိမ်နှင့်တူ၏၊ စားလိုသော အသားများလှ၏၊ တစ်ပါးသော အရပ်သို့ မသွားတော့ပြီ၊ ဤအရပ်တွင်သာ နေမည်ဟု ဆင်ဝမ်းတွင်း၌သာ အသားကိုစား၍ လေ၏။

သေဘေးကြောက်လျက် တို့ဝှေ့ထွက်

ကာလရှည်ကြာလတ်သော် နွေအခါ နေကလည်းပူ၊ လေကလည်း တိုက်သဖြင့် ဆင်သေကောင်သည် တဖြည်းဖြည်း ခြောက်ကပ် တွန့်လိမ်လာရကား မြေခွေးဝင်ရာ ဝစ္စမဂ်သည် ပိတ်လေ၏။ ဝမ်းတွင်း၌ အမိုက်တိုက် ဖြစ်လေ၏။ ထိုအခါ မြေခွေးသည် လောကန္တရိတ်ငရဲ၌ နေရသကဲ့သို့ ဖြစ်၏။ အကောင်ခြောက်လတ်သော် အသားလည်းခြောက်၊ အသွေးလည်း ခန်းလေ၏။ မြေခွေးသည် ထွက်ပေါက်မရလျှင် သေဘေးမှကြောက်သဖြင့် ဟိုဟိုသည်သည် တိုးဝှေ့လျက် ထွက်ပေါက်ကိုရှာ၏။ ထမင်းအိုးတွင် မုန့်လုံးကဲ့သို့ ဖြစ်လေ၏။

နှစ်ရက်၊ သုံးရက် လွန်သဖြင့် မိုးကြီး သည်းထန်စွာ ရွာလတ်သော် မိုးရေစွတ်၍ နူးသည့်အတွက် ဆင်သေကောင်သည် ဖောင်းပွ၍လာသည်ရှိသော် ဝစ္စမဂ်သည် ပွင့်ပြန်၏။ ထိုအခါ မြေခွေးသည် အပေါက်ကိုမြင်၍ “ယခုအခါ ငါသည် အသက်ကို ရအပ်ပေပြီ” ဟု ဆင်ဦးခေါင်းတိုင်အောင် နောက်သို့ဆုတ်ပြီးလျှင် တစ်ဟုန်တည်းပြေးကာ ဝစ္စမဂ်ကို ဦးခေါင်းဖြင့် အတင်းတိုးဝှေ့၍ ထွက်လေ၏။ တစ်ကိုယ်လုံး စုတ်ပြတ်လျက် အမွေးတို့သည် ဝစ္စမဂ်တွင် ကပ်ငြိ၍ ကျန်ရစ်လေ၏။

လောဘပြစ်မြင် တရားဆင်ခြင်

မြေခွေးသည် အပြင်သို့ရောက်လျှင် အမွေးမရှိ၊ ထွန်တုံးနှင့်တူသော မိမိကိုယ်ကို ကြည့်ရှုလျက် ထိတ်လန့် တုန်လှုပ်သောစိတ် ရှိသည်ဖြစ်၍ အတန်ငယ် ပြေးပြီးလျှင် ထိုင်လျက် “ဩော် ... ငါ့အား ဤသို့သော ဆင်းရဲကို သူတစ်ပါး မပြုလုပ်အပ်၊ အစာ၌ မက်မောသော လောဘတရားဆိုးကို မှီ၍ ငါကိုယ်တိုင်ပင် ပြုလုပ်အပ်၏၊ ဤနေ့မှစ၍ လောဘတရား၏နိုင်ငံသို့ မလိုက်တော့အံ့၊ လောဘတရားကို ထိန်းသိမ်းတော့မည်” ဟု ကြံစည်ကာ -

“ငါကား ... ဤဆင်ကိုယ်တွင်းသို့ ဝင်မိသဖြင့် ထိတ်လန့် ကြောက်ရွံ့ရ၏။ ထိတ်လန့်ကြောက်ရွံ့သောကြောင့် ဤအခါမှစ၍ နောက်တစ်ဖန် မဝင်တော့ပါ၊ နောက်နောက် ဘယ်အခါမှ မဝင်တော့ပါ” –

ဟု ဆိုမြည်တမ်းကာ ထိုအရပ်မှ ပြေးလေ၏။ တစ်ဖန် ဆင်သေကောင်ကို ပြန်၍ပင် မကြည့်တော့ချေ။ လောဘနိုင်ငံသို့ မလိုက်တော့ချေ။

မြတ်စွာဘုရားသည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ “ရဟန်းတို့ ... မိမိတို့ ကိုယ်တွင်းသန္တာန်၌ဖြစ်လာသော ကိလေသာကို နောက်ထပ်မပွားစေဘဲ ဖြစ်သောခဏ၌ နှိမ်နင်းကြရမည်” ဟု မိန့်တော်မူ၏။

ဤဒေသနာတော်၏အဆုံး၌ အဆွေခင်ပွန်း ရဟန်း ငါးရာတို့သည် အရဟတ္တဖိုလ်၌တည်၍ ရဟန္တာအဖြစ်သို့ ရောက်ကုန်၏။ ကြွင်းသော ရဟန်းတို့တွင် တချို့ သကဒါဂါမ်၊ တချို့ အနာဂါမ် တည်ကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြေခွေးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) လောဘတရား၊ ဖြစ်လာငြား၊ လျင်လျားနှိမ်သင့်သည်။

(၂) မနှိမ်၍ပွား၊ ဆင်းရဲများ၊ လားလိမ့်ပါယ်လေးမည်။

(၃) ဆင်သေဝင်မှား၊ မြေခွေးအား၊ သေပါးဆင်းရဲသည်။

သိင်္ဂါလဇာတ် ပြီး၏။

***

၁၄၉ - ဧကပဏ္ဏဇာတ်

တစ်ရွက်သာရှိသေးသော တမာပင်ကို ဥပမာပြသဖြင့် ယဉ်ကျေးလာသည့် အလွန်ခက်ထန်သော မာန်ရှိသော ဒုဋ္ဌကုမာရမင်းသား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ခက်ထန်မာန်ပြင်း လိစ္ဆဝီမင်း

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော စုလစ်မွန်ချွန် တပ်သော ကျောင်း၌ သီတင်းသုံးတော်မူစဉ် ခုနစ်ထောင် ခုနစ်ရာ ခုနစ်ယောက်သော လိစ္ဆဝီမင်းတို့ အဝင်အပါ ဒုဋ္ဌလိစ္ဆဝီမည်သော မင်းသားတစ်ယောက် ရှိလေ၏။

ထိုမင်းသားသည် အမျက်မာန်ကြီး၏၊ ရုန့်ရင်းကြမ်းတမ်းကြုတ်၏၊ လှံတံဖြင့် ခတ်မိသော မြွေကဲ့သို့ အမြဲ အမျက်ထွက်လေ့ရှိ၏။ ထိုမင်းသားရှေ့ဝယ် နှစ်ခွန်း၊ သုံးခွန်းသော စကားကိုမျှ ပြောဆိုဝံ့သူ မည်သူမျှ မရှိ။ မိဘတို့လည်း မဆုံးမနိုင်ကုန်။ ဆွေမျိုးဉာတိ အဆွေခင်ပွန်းတို့လည်း မဆုံးမနိုင်ကုန်။ မိဘတို့သည် ထိုမင်းသားကို မြတ်စွာဘုရားထံသို့ ပို့ကာ ဆုံးမတော်မူရန် လျှောက်ထားကြကုန်၏။

ဘုရားရှင်ဟောပြ မာနကျ

ထိုအခါ မြတ်စွာဘုရားသည် မင်းသားအား “မင်းသား ... သင်သည် သတ္တဝါတို့အပေါ်၌ ရုန့်ရင်းကြမ်းကြုတ်သော စကားကို မပြောဆိုလင့်၊ နိုင်ထက်ကလူ မပြုလင့်၊ နှိပ်စက်ညှဉ်းပန်းခြင်း မပြုလင့် -

ရုန့်ရင်းကြမ်းတမ်းသောစကား ပြောဆိုသောသူကို အမိ၊ အဖ၊ သား၊ မယား၊ ညီ၊ အစ်ကို၊ မောင်၊ နှစ်မတို့ပင် မနှစ်သက်ကုန်။ အဆွေခင်ပွန်းတို့လည်း မနှစ်သက်ကုန်။ ကိုက်မည်လာသော မြွေဆိုး၊ တော၌ထကြွနေသော သူခိုး၊ စားမည်လာသော ဘီလူးကဲ့သို့ ထိတ်လန့်ကြောက်ရွံ့ကုန်၏။ သေသည့်အခြားမဲ့၌ ငရဲသို့ ကျတတ်၏။ ယခုဘဝတွင်လည်း အထူးထူးသော အဝတ်တန်ဆာကို ဝတ်ဆင်ထားသော်လည်း မလှ၊ အသားအရေ မျက်နှာ ညှိုးနွမ်း၏။ အမျက်ဒေါသကြောင့် မိမိကိုယ်ကို မိမိတို့ သတ်ဖြတ်ညှဉ်းဆဲ၏။ သူတစ်ပါးကိုလည်း သတ်ဖြတ်ညှဉ်းဆဲ၏။ သေလွန်သောအခါ ငရဲသို့ကျတတ်၏။ ငရဲမှတက်၍ လူဖြစ်ပြန်လည်း ရုပ်အဆင်းမလှ၊ အနာရောဂါ များတတ်သောစိတ်၊ သနားကြင်နာသောစိတ်၊ အကျိုးစီးပွားကို လိုလားသောစိတ်ကို ဖြစ်စေရမည်”

ဟု စသည်ဖြင့် ဆုံးမတော်မူ၏။

ဒုဋ္ဌလိစ္ဆဝီမင်းသားသည် မြတ်စွာဘုရား တစ်ကြိမ်တည်း ဆုံးမကာမျှဖြင့် မာန၊ ဒေါသကင်းလျက် ယဉ်ကျေးသော စိတ်၊ နူးညံ့ သိမ့်မွေ့သောစိတ် ရှိလေ၏။ သူတစ်ပါးကို့ ဆဲရေးပုတ်ခတ်သော်လည်း ပြန်လှန်၍ မကြည့်တော့ဘဲ သည်းခံလေ၏။

ထိုအခါ တရားသဘင်ဝယ် ရဟန်းတို့သည် ဒုဋ္ဌလိစ္ဆဝီမင်းသား အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... ယခုအခါ၌သာ ဤဒုဋ္ဌလိစ္ဆဝီမင်းသားကို တစ်ကြိမ်တည်းဖြင့် နူးညံ့သိမ်မွေ့အောင် ဆုံးမတော်မူသည် မဟုတ်၊ ရှေးအခါ၌လည်း ဆုံးမဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လောင်းတော်ရသေ့မြတ် မင်းဆည်းကပ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဥဒိစ္စပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ဗေဒင်သုံးပုံ အလုံးစုံ အတတ်ပညာတို့ကို သင်ကြား တတ်မြောက်ပြီးလျှင် လူ့ဘောင်တွင် အနည်းငယ်မျှသာနေ၍ ရသေ့ရဟန်းပြုကာ စျာန်အဘိညာဉ်ကို ဖြစ်စေလျက် ဟိမဝန္တာအရပ်၌ နေလေ၏။

ကြာမြင့်လတ်သော် ချဉ်ဆားမှီဝဲအံ့သောငှာ လူတို့နေရာသို့လာ၍ မင်းကြီး၏ ဥယျာဉ်တော်၌ တည်းခိုးကာ နံနက်အခါ မြို့တွင်းသို့ ဆွမ်းခံကြွလေ၏။ ထိုအခါ မင်းကြီးသည် လေသာပြတင်းမှ ကြည့်လတ်သော် ငြိမ်သက်တည်ကြည်သော ဣန္ဒြေဖြင့် မင်းရင်ပြင်သို့ရောက်နေသော ရသေ့ကိုမြင်၍ “ဤရသေ့၏ သန္တာန်၌ မုချ သူတော်ကောင်းတရား ရှိသည် ဖြစ်လိမ့်မည်” ဟု ကြံစည်တွေးတောကာ အမတ်တစ်ယောက်ကို ခေါ်၍ အပင့်ခိုင်းလေ၏။ အမတ်လည်း ရသေ့ကို နန်းတော်သို့ ပင့်ခဲ့လေ၏။

သား ဆုံးမရန် လျှောက်ထားပြန်

မင်းကြီးလည်း ရသေ့ကို ရာဇပလ္လင်ပေါ်တွင် သီတင်းသုံးစေ၍ မိမိတို့ စီရင်ထားသော အထူးထူးသော ဘောဇဉ်ခဲဖွယ်တို့ကို ဘုဉ်းပေးစေပြီးလျှင် ရသေ့အား “အရှင်ဘုရား ... အဘယ်မှာ နေပါသနည်း” ဟ လျှောက်လေ၏။ “မင်းကြီး ... ဟိမဝန္တာမှာ နေပါသည်” ဟု ပြောလေ၏။ “အရှင်ဘုရား ... ယခု ဘယ်သွားမည်နည်း” ဟု လျှောက်ပြန်၏။ “မင်းကြီး ... မိုးလအခါ သင့်လျော်သော ကျောင်းကိုရှာသည်” ဟု ပြောသောအခါ “အရှင်ဘုရား ... သည်လိုဖြစ်လဆင် တပည့်တော်၏ ဥယျာဉ်တော်မှာ သီတင်းသုံးတော်မူပါ” ဟု လျှောက်ထားကာ ဝန်ခံစေပြီးလျှင် ဥယျာဉ်တော်၌ ကျောင်းဆောက်၌ ပရိက္ခရာ လှူဒါန်းလျက် ဥယျာဉ်မှူးကို အပ်နှင်းလေ၏။ ရသေ့သည် ထိုအခါမှစ၍ ဥယျာဉ်တော၌သာ နေလေ၏။

မင်းကြီးလည်း ရသေ့ထံ အဆုံးအမခံရန် နေ့တိုင်း၊ နေ့တိုင်း နှစ်ကြိမ်၊ သုံးကြိမ် အခစားသွား၏။ မင်းကြီးအား ဒုဋ္ဌကုမာရ မည်သော သားတစ်ယောက်ရှိ၏။ ထိုမင်းသားသည် ရုန့်ရင်းကြမ်းကြုတ်၏။ အမျက်မာန်ကြီး၏။ နိုင်ထက်ကလူ ပြုတတ်၏။ မင်းကြီးလည်း မဆုံးမနိုင်၊ ဆွေမျိုးဉာတိ အဆွေခင်ပွန်းတို့လည်း မဆုံးမနိုင်ကုန်၏။

ထိုအခါ အမတ်ပုဏ္ဏားတို့သည် အညီအညွတ် စည်းဝေးတိုင်ပင်ကာ မင်းသားကို အကြောင်းအကျိုးပြ၍ ဆုံးမတားမြစ်ငြားသော်လည်း မနာယူလေ၏။ မင်းကြီးလည်း ဤမင်းသားကို သီလရှိသော ဆရာရသေ့ကိုထား၍ ဆုံးမနိုင်သောသူကို မမြင်ဟု ကြံစည်ကာ မင်းသားကို ရသေ့ထံသို့ ခေါ်၍ ဆုံးမတော်မူရန် လျှောက်ထားကာ ပြန်ခဲ့လေ၏။

ပမာဆောင်ပြ ယဉ်ကျေးရ

ရသေ့လည်း မင်းသားကိုခေါ်၍ ဥယျာဉ်တော်၌ လှည့်လည်သည်ရှိသော် တစ်ဖက် တစ်ရွက်စီအားဖြင့် နှစ်ရွက်သာ ထွက်သေးသော တမာပင်ပေါက်ကို မြင်၍ “မင်းသား ... ဤတမာပင်ပေါက်၏ အရွက်ကိုစား၍ သိအောင် ပြုလော့” ဟု ခိုင်းလေ၏။ မင်းသားလည်း တမာပင်ပေါက်၏ အရွက်ငယ်တစ်ရွက်ကိုစား၍ အရသာကိုသိလျှင် ထွီ -ဆို၍ ထွေးပစ်လေ၏။ထိုအခါ ရသေ့သည် “မင်းသား ... အဘယ်သို့နေသနည်း” ဟု မေးရာ “အရှင်ဘုရား ... ဤသစ်ပင်ငယ်သည် ယခုပင်လျှင် လတ်တလော သေစေတတ်သော အဆိပ်နှင့်တူ၏၊ ကြီးသည်ရှိသော် လူများစွာကို သတ်လတ္တံ့” ဟု လျှောက်ထားကာ တမာပင်ငယ်ကိုနုတ်၍ လက်ဖြင့်နယ်ပြီးလျှင် “အို ရှင်ရသေ့ ... ဤသစ်ပင်ငယ်ကား နှစ်ရွက်သာ ထွက်သေး၏၊ မြေမှ လက်လေးသစ် မကြီးသေး၊ ကြီးလာသည်ရှိသော် အသို့ဖြစ်လတ္တံ့နည်း၊ အရွက်ကား လတ်တလော သေစေတတ်သော အဆိပ်နှင့်တူသည် ဖြစ်ရာ၏” ဟု လျှောက်ထားလေ၏။

ထိုအခါ ရသေ့သည် ဒုဋ္ဌကာမာရမင်းသားအား -

“မင်းသား ... တမာပင်ငယ်ကား ယခု ငယ်စဉ်ပင် ဤမျှလောက် ခါးလှ၏၊ ကြီးလာလျှင် ဘယ်လောက်ခါးလှမည် မသိ။ တမာပင်ကိုမှီ၍ အဘယ်မှာလျှင် အကျိုးစီးပွား ဖြစ်နိုင်အံ့နည်းဟု သင်သည်ပင် နုတ်၍ လက်ဖြင့်နယ်ကာ စွန့်ပစ်သေး၏။ သင်မင်းသားကိုလည်း တမာပင်ငယ်ကို နုတ်ပစ်သကဲ့သို့ တိုင်းသူပြည်သားတို့သည် ဤမင်းသားကား ငယ်စဉ်ကပင် ဤမျှလောက် ရုန့်ရင်းကြမ်းကြုတ်သေး၏။ ကြီး၍ မင်းဖြစ်သောအခါ အဘယ်မျှလောက် ရုန့်ရင်းကြမ်းကြုတ်လာမည် မသိ။ ဤမင်းသားကိုမှီ၍ ငါတို့အား အဘယ်မှာလျှင် အကျိုးစီးပွားဖြစ်နိုင်အံ့နည်းဟု သင့်အား မင်းအဖြစ်ကို မပေးမူ၍ တိုင်းပြည်မှ နှင်ထုတ်ကြကုန် လတ္တံ့” –

ထို့ကြောင့် ရုန့်ရင်းကြမ်းကြုတ်သော အမူအရာကို စွန့်၍ သတ္တဝါတို့အပေါ်မှာ သည်းခံခြင်း၊ ချစ်ခြင်း၊ သနားခြင်းကို ဖြစ်စေလော့ဟု ဆုံးမလေ၏။

ဒုဋ္ဌကုမာရမင်းသားည် တစ်ကြိမ်တည်း ဆုံးမကာမျှဖြင့် မာန်မာနမရှိ။ သည်းခံခြင်း၊ ချစ်ခြင်း၊ သနားခြင်းနှင့် ပြည့်စုံလေ၏။ နူးညံ့သိမ်မွေ့လေ၏။ အဘလွန်လျှင် မင်းအဖြစ်ကိုရ၍ တရားသဖြင့် မင်းပြုကာ ကုသို်လ်ကောင်းမှုတို့ကို အားထုတ်လျက် သေလွန်သောအခါ ကံအားလျော်စွာ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဒုဋ္ဌကုမာရမင်းသားသည် - ယခုအခါ ဒုဋ္ဌလိစ္ဆဝီမင်းသား။

မင်းကြီးသည် - အာနန္ဒာ။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မာန်စောင်ကကြီး၊ အမျက်ကြီး၊ မုန်းတီးခံရမည်။

(၂) တန်ဆာဆင်ကြ၊ သွင်မလှ၊ သေကငရဲပြည်။

(၃) ခါး, ငယ်စဉ်ခါ၊ ခါး,ကြီးလာ၊ တမာတရထည်။

ဧကပဏ္ဏဇာတ် ပြီး၏။

***

၁၅၀ - သဉ္ဇီဝဇာတ်

ကျားသေကို ဂါထာမန်းမှုတ်၍ အသက်သွင်းဘိသဖြင့် ကျားသေ အသက်ရှင်ကာ ထကိုက်၍ အသက်သေရသော သဉ္ဇီဝ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဒေဝဒတ်မှီပြု ဆင်းရဲမှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဇာတသတ်မင်းသည် ဘုရားနှင့် ဆန့်ကျင်ဘက်ဖြစ်၍ သီလမရှိ ယုတ်မာသော ဒေဝဒတ်ကို ဂယာသီသဝယ် ကျောင်းဆောက်ကိုးကွယ်လေ၏။

ဒေဝဒတ်စကားကို နားထောင်ကာ အဖဖြစ်သော သောတာပန် ဗိမ္ဗိသာရမင်းကြီးကို သတ်မိ၍ ဤဘဝတွင်ပင် သောတာပတ္တိမဂ် ရနိုင်လောက်သည့် အားကြီးသောအထောက်အပံ့ ဥပနိဿယသည်လည်း ပျက်စီးခြင်းသို့ရောက်လေ၏။

ဒေဝဒတ်ကို မြေမျိုပြီကြား၍ “အဘယ်သို့ ဖြစ်မည်နည်း၊ ငါ့ကိုလည်း မြေမျိုလိမ့်ဦးမည်လော” ဟု တွေးတောကြံစည်ကာ အလွန်ထိတ်လန့် ကြောက်ရွံ့လျက် မင်းချမ်းသာကို မရလေ၏။ အိပ်သေအခါလည်း ချမ်းသာရာမရ။ ထက်စွာသော လှံဖြင့် အထိုးခံရသော ပြိတ္တာကဲ့သို့ အမြဲတုန်လှုပ် ချောက်ချား၍နေ၏။

သာမညဖလသုတ် ဟောဖော်ထုတ်

ထိုအခါ အဇာတသတ်မင်းကြီးသည် တန်ဆောင်မုန်းလပြည့်နေ့ ညဉ့်အခါ လသာခိုက်တွင် ဆရာဇီဝကကိုခေါ်၍ စစ်သည်ဗို်လ်ပါနှင့်တကွ ဇီဝက၏ သရက်ဥယျာဉ်ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားထံသို့ရောက်လျှင် မြတ်စွာဘုရားအား ရဟန်းတို့၏ အကျိုးကျေးဇူး ပြဿနာကို လျှောက်ထား၏။ မြတ်စွာဘုရားလည်း မင်းကြီးအား သာမညဖလသုတ်ကို ဟောတော်မူ၏။ မင်းကြီးလည်း အလွန်နှစ်သက်သဖြင့် မြတ်စွာဘုရားအား ရှိခိုးကန်တော့ပြီးလျှင် နန်းတော်သို့ ပြန်လေ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ဒေဝဒတ်ကိုမှီ၍ အဇာတသတ်မင်းမှာ ပျက်စီးရခြင်း အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူပြီး “ရဟန်းတို့ ... အဇာတသတ်မင်းသည် ယခုအခါ၌သာ သူယုတ်မာကိုမှီ၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်သည် မဟုတ်၊ ရှေးအခါ၌လည်း သူယုတ်မာကိုမှီ၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဖုတ်သွင်းဂါထာ သင်ကြားရာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် စည်းစိမ်ဥစ္စာ ကြွယ်ဝသော ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်သို့သွား၍ အတတ်ပညာအလုံးစုံကို သင်ကြားတ်မြောက်ပြီးလျှင် ဒိသာပါမောက္ခဆရာကြီး ဖြစ်၍ တပည့်လုလင် ငါးရာတို့ကို အတတ်ပညာ သင်ကြားစေလျက် နေလေ၏။

ဆရာကြီးသည် ထိုတပည့်လုလင် ငါးရာတို့တွင် သဉ္ဇီဝ မည်သော လုလင်အား သူသေကို ထစေတတ်သော မန္တရား(ဖုတ်သွင်းမန္တရား) ကို သင်ကြားပေးလေ၏။ တားမြစ်သော မန္တရားကိုကား သင်ကြား၍ မပေးသေးချေ။

အသက်သွင်းလတ် ကိုယ့်ပြတ်သတ်

တစ်နေ့သ၌ သဉ္ဇီဝလုလင်သည် တပည့်လုလင် ငါးရာတို့နှင့်တကွ ထင်းခွေရန် တောသို့ သွားသည်ရှိသော် ကျားသေတစ်ကောင်ကိုမြင်၍ လုလင်တို့ကို “အဆွေတို့ ... ဤကျားသေကို ငါ ထအောင်လုပ်နိုင်သည်” ဟု ပြောလေ၏။ လုလင်တို့က “အဆွေ ... မလုပ်နိုင်ပါ” ဟု ပြောကုန်၏။ “သင်တို့ မျက်စိအောက်မှာပင် ထအောင်လုပ်မည်” ဟု ပြောပြန်၏။ “တကယ် တတ်နိုင်လျှင် လုပ်ပါ” ဟု ဆို၍ လုလင်တို့သည် သစ်ပင်သို့ တက်ကြကုန်၏။

ထိုအခါ သဉ္ဇီဝလုလင်သည် မန္တာန်ကို သရဇ္ဈာယ်၍ ကျားသေကို ကျောက်စရစ်ခဲဖြင့် ပစ်လေ၏။ ကျားသေလည်း မန္တန်၏တန်ခိုးကြောင့် ထကာ လျင်သောအဟုန်ဖြင့် ပြေးလာပြီးလျှင် သဉ္ဇီဝလုလင်၏ လည်မျိုကို ကိုက်သတ်ကာ ထိုအရပ်မှာပင် သဉ္ဇီဝလုလင်လည်း လဲ၍သေလေ၏။

သူယုတ်မြှောက်ငြား ကိုယ်ပျက်ပြား

လုလင်တို့သည် သစ်ပင်မှဆင်းသက်ကာ ထင်းတို့ကို ယူ၍ ပြန်ကြလေ၏။ ရောက်လျှင် ဆရာကြီးထံသွား၍ သဉ္ဇီဝလုလင်အကြောင်းကို ပြောကြားကြကုန်၏။

ထိုအခါ ဆရာကြီးသည် တပည့်လုလင်တို့ကိုခေါ်၍ -

“အမောင်တို့ ... သဉ္ဇီဝလုလင် ထစေအပ်သော ကျားသေသည် သဉ္ဇီဝလုလင်ကိုပင် ပြန်လှန်သတ်သကဲ့သို့ လောက၌ သူယုတ်မာကို ချီးမြှောက်မိသော သူသည်လည်း သူယုတ်မာကို မှီ၍ပင် ပျက်စီးခြင်းသို့ ရောက်ရ၏” –

ဟု တပည့်လုလင်တို့အား တရားဟောကြား ဆုံးမ၍ အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်ကာ သေလွန်သောအခါ ကံအားလျော်စွာ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သဉ္ဇီဝသည် - ယခုအခါ အဇာတသတ်မင်း။

ဒိသာပါမောက္ခ ဆရာကြီး - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သူယုတ်မာအား၊ ချီးမြှောက်ငြား၊ ဆုံးပါးပျက်စီးမြဲ။

(၂) သဉ္ဇီဝအား၊ သက်သွင်းကျား၊ ကိုက်စားသေသည့်နဲ။

သဉ္ဇီဝဇာတ် ပြီး၏။

***

ဧကကနိပါတ်တော် စကားပြေ ပြီးပြီ။

၁၅၁ - ရာဇောဝါဒဇာတ်

အကျင့်သီလ ဂုဏ်ကျေးဇူးချင်း မတူမျှသဖြင့် အရှုံးပေးရသော ဘလ္လိကမင်းအား ဗြဟ္မဒတ်မင်းက အဆုံးအမ ဩဝါဒပေးခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကောလမင်း ချီးမွမ်းခြင်း

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တစ်နေ့သ၌ ကောသလမင်းကြီး နေကြီးမြင့်မှ မြတ်စွာဘုရားထံ အခစားရောက်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ကောသလမင်းကြီးအား “မြတ်သောမင်းကြီး အဘယ်ကြောင့် နေမြင့်သနည်း”ဟု မေး၏။ “အရှင်ဘုရား ... ယနေ့တရားရုံးတော်ဝယ် အဂတိလိုက်စား၍ တရားဆုံးဖြတ်ထားသဖြင့် အလွန်အဆုံးအဖြတ် ခက်သော တရားတထုံးကို တရားနှင့် ညီညွတ်အောင် စီရင်ဆုံးဖြတ် နေရသဖြင့် နေမြင့်နေပါသည်” ဟု လျှောက်ထာလေ၏။

မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး ... တရားနှင့်ညီညွတ်စွာ ဆုံးဖြတ်ခြင်းမည်သည်ကား ကောင်း၏။ ကုသိုလ်ဖြစ်၏။ နတ်ရွာသွားရန် ခရီးလမ်းကြောင်းလည်း ဖြစ်၏။ တရားအလုံးစုံကိုသိသော ငါဘုရား အဆုံးအမကို ခံယူကာ သင်မင်းကြိးသည် တရားနှင့် ညီညွတ်စွာ ဆုံးဖြတ်ခြင်းကား စင်စစ်သဖြင့် အံ့ဖွယ်မရှိသေး။ ရှေးမင်းတို့သည် တရားအလုံးစုံကို မသိသော ပညာရှိတို့၏ အဆုံးအမကို ခံယူလျက် တရားနှင့် ညီညွတ်စွာ ဆုံးဖြတ်ခြင်းသာ စင်စစ်အံ့ဖွယ်ရှိသည်” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မှန်ကန်သုံးနှုန်း တရားရုံး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုရားကြီးဝယ် ပဋိသန္ဓေနေ၍ ဖွားမြင်သောအခါ ဗြဟ္မဒတ် သတို့သားဟူ၍ပင် အမည်တွင်လေ၏။ ထိုဗြဟ္မဒတ် သတို့သားသည် အရွယ်ရောက်၍ ပညာတတ်မြောက်လျှင် အဖမင်းကြီး လွန်သဖြင့် မင်းအဖြစ်သို့ ရောက်လေ၏။

ထိုဗြဟ္မဒတ်မင်းသည် တရားနှင့်အညီ မင်းပြု၏။ အဂတိလေးပါးသို့ မလိုက်စားဘဲ တရားကို ဆုံးဖြတ်၏။ အမတ်တို့လည်း တရားစောင့်ကုန်၏။ အဂတိ မလိုက်စားဘဲ ဟုတ်မှန်စွာ တရားကို ဆုံးဖြတ်ကြကုန်၏။ မင်းနှင့် အမတ်တို့ ဟုတ်မှန်စွာ တရားဆုံးဖြတ်ကြသဖြင့် ကောက်ကျစ်စဉ်းလဲ၌ တရားတွေ့သော သူတို့သည် မရှိကုန်၏။ တဖြည်းဖြည်းတရားတွေ့သူ နည်းပါးသဖြင့် တရားရုံးတော်သည် ဆိတ်ကုန်၏။ အမတ်တို့လည်း တရားမဆုံးဖြတ်ရကုန်၏။

ကဲ့ရဲ့မှုကင်း ပြည့်ရှင်မင်း

ထိုအခါ မင်းကြီးသည် ငါသည် တရားသဖြင့် မင်းပြုသည့်အတွက် တရားရုံးတော်တို့သည် ဆိတ်ကုန်၏။ သို့သော်လည်း ငါ့ဂုဏ်ကျေးဇူးမဲ့ ပြောသူများရှိသလော၊ စုံစမ်းမည်။ အကယ်၍ ပြောသူများရှိခဲ့လျှင် ဂုဏ်ကျေးဇူးမဲ့ကို ပယ်စွန့်၍ ဂုဏ်ကျေးဇူး၌သာ တည်စေမည်ဟု ကြံစည်လျက် နန်းတွင်း၌ စုံစမ်း၏။ ဂုဏ်ကျေးဇူးမဲ့ ပြောသူကို မတွေ့ဘဲ ဂုဏ်ကျေးဇူး ပြောသူကိုသာ တွေ့ရ၏။

မင်းကြီးသည် နန်းတွင်းသူတို့ကား ငါ့ကိုကြောက်ရွံ့၍ မပြောဝံ့ဘဲ ရှိရာသည်။ နန်းတော်အပြင်၌ စုံစမ်းပန်၏။ ထို့အတူ ဂုဏ်ကျေးဇူးမဲ့ ပြောဆိုသူကို မတွေ့ရပေ။ တစ်ဖန် ကျေးရွာငယ်တို့၌ စုံစမ်းပြန်၏။ မတွေ့ရပေ။ တစ်ဖန် ကျေးရွာငယ်တို့၌ စုံစမ်းပြန်၏။ မတွေ့ရပေ။ ထိုအခါ ဇနပုဒ်၌ စုံစမ်းမည်ဟု တိုင်းပြည်ကို အမတ်တို့ကို အပ်နှင်းကာ မထင်ရှားသောအသွင့်ဖြင့် ရထားစီးလျက် တိုင်းစွန်ပြည်နား၌ စုံစမ်းသော်လည်း မတွေ့ရသဖြင့် မြို့သို့ပြန်ခဲ့၏။

မင်းနှစ်ပါးရင်ဆိုင် ချင်းချင်းပြိုင်

ထိုအခ ကောသလတိုင်း ဘလ္လိကမင်းသည်လည်း တရားသဖြင့် မင်းပြု၏။ အဂိတလေးပါး လိုက်စားခြင်းမရှိ။ ထိုမင်းသည် ြဟ္မေဒတ်မင်းအတူ နန်းတွင်းမှစ၍ တဖြည်းဖြည်း စုံစမ်းရာ ဂုဏ်ကျေးဇူးမဲ့ ပြောသူကို မတွေ့ဘဲ ဂုဏ်ကျေးဇူး ပြောသူကိုသာ တွေ့ရသဖြင့် တိုင်းစွန်ပြည်နားသို့ ရထားဖြင့် စုံစမ်းပြန်ရာ၌လညး မတွေ့တော့သဖြင့် မြို့တော်သို့ ပြန်ခဲ့ရာ ရှောင်လွဲစရာလမ်းမရှိ။ ချိုင့်ဝှမ်းသော လမ်းတွင် ဗြဟ္မဒတ်မင်း ရထားနှင့် ရင်ဆိုင်တွေ့လေ၏။

ရှေးဦးစွာ ဘလ္လိကမင်း၏ ရထားထိန်းသည် ဗြဟ္မဒတ်မင်း၏ ရထားထိန်းကို “အဆွေ ... သင့်ရထားကို ရှောင်လွှဲပါ။ အကျွန်ုပ်ရထားကား ဘလ္လိကမင်း စီးသော ရထားဖြစ်ပါသည်” ဟု ပြောလေ၏။ တစ်ဖန် ဗြဟ္မမင်း ရထားထိန်းကလည်း ဘလ္လိကမင်း ရထားထိန်းကို “အဆွေ ... သင့်ရထားကို ရှောင်လွှဲပါ။ အကျွန်ုပ်ရထားကား ဗြဟ္မဒတ်မင်း စီးသောရထား ဖြစ်ပါသည်” ဟု ပြောပြန်လေ၏။ ဤသို့ အချင်းချင်း လမ်းအရှောင်ခိုင်းကြရာ အရှင်မင်းချည်း ဖြစ်ကြသည်။ တစ်ဦးနှင့်တစ်ဦး မဆိုသာ အရွယ်ဝုဒ္ဓိ စသည်ဖြင့် ဆုံးဖြတ်၍ ရှောင်လွှဲစေမည်ဟု ကြံစည်ကာ အရွယ်ဝုဒ္ဓိချင်း ဘယ်မင်းက ကြီးသည်ကို စိစစ်ကြရာ မင်းနှစ်ပါးလုံး တူမျှလေ၏။

တစ်ဖန် တိုင်းပြည်ပမာဏချင်း လည်းကောင်း၊ စစ်သည်ဗိုလ်ပါ ပမာဏချင်း လည်းကောင်း၊ စည်းစိမ်ဥစ္စာ ပမာဏချင်း လည်းကောင်း၊ အခြွေအရံ ပမာဏချင်း လည်းကောင်း၊ ဇာတ်အမျိုးအနွယ် ပမာဏချင်း လည်းကောင်း စိစစ်ကြပြန်ရာ တူမျှနေပြန်လေ၏။

သီလချင်းပြိုင်မှ အနိုင်ရ

ထိုအခါ ဗြဟ္မဒတ်မင်း ရထားထိန်းက အကျင့်သီလချင်း စိစစ်မည်ဟု ကြံစည်ကာ ဘလ္လိကမင်းကို “အဆွေ ... အဆွေတို့မင်း၏ အကျင့်သီလကား အဘယ်သို့ သဘောရှိသနည်း” ဟု မေးလေ၏။ ဘလ္လိကမင်းရထားထိန်းက မိမိတို့မင်း၏ ကျေးဇူးမဲ့ကိုပင် ဂုဏ်ကျေးဇူးထင်မှတ်လျက် -

“အဆွေ ... အကျွန်ုပ်တို့ ဘလ္လိကမင်းကား ကြမ်းကြုတ်သူကို ကြမ်းကြုတ်မှုဖြင့်၊ နူးညံ့သူကို နူးညံ့မှုဖြင့်၊ မသူတော်သူကို မသူတော်မှုဖြင့်၊ သူတော်ကို သူတော်မှုဖြင့် အောင်နိုင်၏”

ဟု အကျင့်သီလကို ပြောဆိုကာ ရထားကို အရှောင်ခိုင်းလေ၏။ ထိုအခါ ဗြဟ္မဒတ်မင်း ရထားထိန်း “အဆွေ ... ယခုပြောိုသော အကျင့်တို့မှာ သင်တို့မင်း၏ ဂုဏ်ကျေးဇူးလော” ဟု မေးလေ၏။ “အဆွေ ... မှန်ပါသည်” ဟု ပြော၏။ “အဆွေ ... ထိုအကျင့်တို့ကို ဂုဏ်ကျေးဇူးဆိုလျှင် ကျေးဇူးမဲ့ကား အဘယ်သို့ သဘောရှိသနည်း” ဟု မေးလေ၏။ “အဆွေ ... ကျေးဇူးမဲ့ပဲ ထားပါဦးတော့၊ သင်တို့မင်း၏ အကျင့်သီလကား အဘယ်သို့ သဘောရှိသနည်း” ဟု မေးပြန်ရာ၊ ဗြဟ္မဒတ်မင်း၏ ရထားထိန်းက -

“အဆွေ ... အကျွန်ုပ်တို့ ဗြဟ္မဒတ်မင်းကား အမျက်ထွက်သူကို အမျက်မထွက်မှုဖြင့်၊ မသူတော်သူကို သူတော်မှုဖြင့်၊ စဉ်းလဲသူကို ပေးကမ်းစွန့်ကြဲမှုဖြင့်၊ မဟုတ် မမှန် ပြောဆိုသူကို အဟုတ်အမှန် ပြောဆိုမှုဖြင့် အောင်နိုင်၏”

ဟု မိမိတို့မင်း၏ အကျင့်သီလ ဂုဏ်ကျေးဇူးကို ပြောဆိုကာ ရထားကို အရှောင်ခိုင်းလေ၏။

ထိုအခါ အကျင့်သီလ ဂုဏ်ကျေးဇူးချင်း မညီမျှသဖြင့် အရှုံးပေး၍ ဘလ္လိကမင်းနှင့် ရထားထိန်းတို့သည် ရထားပေါ်မှ ဆင်းကာ မြင်းကိုချွတ်၍ ရထားကို ဖယ်ပြီးလျှင် ဗြဟ္မဒတ်မင်းအား လမ်းခရီးကို ပေးရလေ၏။

ကောင်းမှုကျင့်ကြံ နတ်ရွာစံ

ဗြဟ္မဒတ်မင်းသည် ဘလ္လိကမင်းအား “အဆွေ ... မင်းမည်သည်ကား ဤမည်၊ ဤမည်သောအမှုကို ပြုခြင်းငှာ သင့်၏” ဟု အဆုံးအမပေးပြီးလျှင် ဗာရာဏသီပြည်သို့ ပြန်၍ ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်ကာ အသက်၏ အဆုံး၌ နတ်ပြည်သို့ လားလေ၏။

ဘလ္လိကကမင်းလည်း ဗြဟ္မဒတ်မင်း အဆုံးအမ၌ တည်လျက် ဇနပု၏၌ စုံစမ်း၍ မိမိ၏ ကျေးမဲ့ပြောဆိုသူကို မတွေ့လျှင် မြို့တော်သို့ပြန်၍ ကုသိုလ်ကောင်းမှုတို့ကို ပြုစု အားထုတ်ကာ အသက်၏အဆုံး၌ နတ်ပြည်သို့ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဘလ္လိကမင်း ရထားထိန်းသည် - ယခုအခါ မောဂ္ဂလန်။

ဘလ္လိကမင်းသည် - အာနန္ဒာ။

ဗြဟ္မဒတ်မင်း ရထားထိန်းသည် - သာရိပုတ္တရာ

ဗြဟ္မဒတ်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကြမ်းသူကြမ်းမှု၊ နုသူနု၊ ကောင်းမှုကောင်းသူမှာ။

(၂) မကောင်းသူလည်း၊ မကောင်းချည်း၊ အောင်နည်း ဘလ္လိကာ။

(၃) မသူတော်မှု၊ သူတော်ပြု၊ မျက်ပြုမျက်မပါ။

(၄) မမှန်ပြောသူ၊ အမှန်ယူ၊ ပေးလှူစဉ်းလဲမှာ။

(၅) ဗြဟ္မဒတ်မင်း၊ အောင်နိုင်ခြင်း၊ မယွင်းနည်းယူပါ။

ရာဇောဝါဒဇာတ် ပြီး၏။

***

၁၅၂ - သိင်္ဂါလဇာတ်

မိမိနှင့် မထိုက်တန်သူကို စွဲလမ်းမိ၍ ပျက်စီးရသော မြေခွေး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မလျောက်ပတ်ရာ စွဲလမ်းကာ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ကူဋာဂါရ ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဝေသာလီပြည်ဤနေသော ဆတ္တာသည်၏သား လုလင်တစ်ယောက် ရှိလေ၏။

ထိုလုလင်အဖ ဆတ္တာသည်ကား မင်း၊ မင်းမောင်းမ၊ မင်းသား၊ မင်းသမီးတို့၏ မုတ်ဆိတ်၊ ကျင်စွယ်ဆံပင်တို့ကို ပြုပြင်ရ၏။ သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ရတနာသုံးပါးအား ကြည်ညို ဆည်းကပ်၏။ ပဉ္စသီကို ဆောက်တည်၏။ *ကြိုးကြား ကြိုးကြား တရားတော်ကိုနာ၏။

*ကြိုးကြား ကြိုးကြား - ရံခါရံခါ။

တစ်နေ့သ၌ ထိုဆတ္တာသည်သည် သားလုလင်ကို ခေါ်၍ မုတ်ဆိတ်ကျင်စွယ်၊ ဆံပင်ပြုပြင်ရန် နန်းတော်သို့သွား၏။ ထိုသားလုလင်သည် နန်းတော်၌ တန်ဆာဆင်အပ်သည် ဖြစ်၍ နတ်သမီးနှင့်တူသော လိစ္ဆဝီမင်းသမီးကို မြင်လျှင် ကိလေသာဖြင့် အလွန်စွန်းငြိသော စိတ်ရှိလျက် အဖနှင့် နန်းတော်မှ ထွက်ခဲ့၍ အိပ်သို့ရောက်သောအခါ လိစ္ဆဝီမင်းသမီးကို မရလျှင် ဤနေရာမှာပင် သေစေတော့ဟု အစာအာဟာရဖြတ်လျက် ညောင်စောင်းတစ်ခုတွင် အိပ်လေ၏။

အလိုမပြည့် သေဘေးတွေ့

ထိုအခါ အဖသည် သားထံသို့ ချဉ်းကပ်ကာ “ချစ်သား ... အရာမဟုတ်သည်၌ တပ်စွန်းခြင်းကို မပြုလင့်၊ သင်ကား ဆတ္တာသည်သား ဖြစ်၍ အမျိုးယုတ်သည်၊ သတို့သမီးကား လိစ္ဆဝီ မင်းသမီးဖြစ်၍ အမျိုးမြတ်သည်၊ သင်နှင့် မင်းသမီး မသင့်လျော်ချေ၊ အမျိုးတူ သတို့သမီးတစ်ယောက်နှင့် လက်ထပ်မည်” ဟု ဖျောင်းဖျ ချော့မော့၍ ပြောဆိုလေ၏။ လုလင်ကား အဖစကားကို မနာယူလေ၏။ အမိနှင့် ဆွေမျိုးဉာတိ အဆွေခင်ပွန်းတို့ အဖန်ဖန် ပြောကြသော်လည်း မနာယူချေ။ နောက်အခါ အစာအာဟာရ ဖြတ်သဖြင့် ခြောက်ကပ်၍ သေလေ၏။

အဖဆတ္တာသည်လည်း သားသေကို သင်္ဂြိုဟ်ပြီးလျှင် မြတ်စွာဘုရားထံသို့ ဆည်းကပ်လျက် သားလုလင် အကြောင်းကို လျှောက်ထားလေ၏။ မြတ်စွာဘုရားလည်း “ဒါယကာ ... သင်၏ သားလုလင်ကား ယအခုအခါ၌သာ အရာမဟုတ်သည်၌ တပ်စွန်း၍ ပျက်စီးသည်မဟုတ်၊ ရှေးအခါ၌လည်း ပျက်စီးဖူးပြီ” ဟု အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဇာတ်မတူကို ချစ်ရေးဆို

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ခြင်္သေ့မင်းဖြစ်၍ ဟိမဝန္တာအရပ်ဝယ် ရွှေဂူ၌နေ၏။ ထိုခြင်္သေ့မင်းအား ညီငယ် ခြင်္သေ့ ခြောက်ကောင်နှင့် နှမငယ် ခြသေ့င်္တစ်ကောင်တို့ ရှိကုန်၏။ ထိုရွှေဂူ၏ အနီးဖြစ်သော ငွေတော်၌ ဖန်ဂူဝယ် မြေခွေးတစ်ကောင် နေလေ၏။ ခြင်္သေ့တို့သည် နှမငယ်ကို ရွှေဂူ၌ထားက အစာရှာထွက်၍ နှမငယ်ဖို့ ဆောင်ခဲ့ကြကုန်၏။

တစ်နေ့သ၌ မြေခွေးသည် ခြင်္သေ့မငယ်ကို မြင်လျှင် ကြိုက်နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ အစ်ကိုခြင်္သေ့တို့ အစာရှာထွက်သောအခါ ရွှေဂူတံခါးသို့ သွားပြီးလျှင် ခြင်္သေ့မငယ်အား “အရှင်မ ... အရှင်မသည် ခြေလေးချောင်းရှိသော သားမ ဖြစ်သည်။ အကျွန်ုပ်လည်း ခြေလေးချောင်းရှိသော သားပင် ဖြစ်သည်။ သို့အတွက် ရှင်မသည် အကျွန်ုပ်ကို ကြိုက်နှစ်သက်ပါ။ အကြင်လင်မယား ဖြစ်၍ အတူတကွ နေလိုပါသည်” ဟု ပြောလေ၏။

မြေခွေးလက်မခံ ငြင်းပယ်ပြန်

ခြင်္သေ့မငယ်သည် မြေခွေး၏ စကားကို ကြားလျှင် “ဤမြေခွေးကား ခြေလေးချောင်းရှိသောသားတို့တွင် အယုတ်ဆုံး ဖြစ်သည်။ စက်ဆုပ်ဖွယ်ရှိသည်။ ဒွန်းစဏ္ဍားမျိုးနှင့် တူသည်။ ငါတို့ကား မြတ်သောမင်းမျိုးဟု သမုတ်ကြသော သားများ ဖြစ်သည်။ ဤမြေခွေးသည် ငါနှင့်မလျောက်ပတ်သော စကားကို ဆိုလာသည်။ ငါကား ဤမြေခွေး စကားကို ကြားရဘိလျက် အသက်ရှင်၍နေခြင်းသည် အကျိုးမရှိ၊ ထွက်သက် ဝင်သက်လေကို ပိတ်၍ သေတော့မည်ဟု ကြံစည်၏။ နောက်တစ်ဖန် ငါဤလိုသေခြင်းသည် မသင့်လျော်သေး။ အစ်ကိုများ လာသောအခါ ပြောဆိုပြီးမှ သေတော့မည်ဟု ကြံစည်ကာ အစ်ကိုများ အလာကို စောင့်၍နေ၏။ မြေခွေးလည်း ခြင်္သေ့မငယ်ထံမှ တစ်စုံတစ်ရာ စကားပြန်မရ။ အမျက်ထွက်နေသည်ကိုသိ၍ နှလုံးမသာဖြစ်လျက် ဖန်ဂူသို့ ပြန်၍ အိပ်လေ၏။

ဒေါသကြီးလေ့ ဘေးနှင့်တွေ့

အစ်ကိုငယ် တစ်ကောင်သည် နှမငယ်ဖို့ အစာယူကာ တောမှ ပြန်လာ၍ နှမငယ်အား ပေး၏။ ထိုအခါ နှမငယ်က “အစ်ကို ... အကျွန်ုပ် အစာကို မစားလို၊ သေတော့မည်” ဟု ပြောလေ၏။ အစ်ကိုငယ်က “နှမငယ် ... အဘယ်ကြောင့် သေရအံ့နည်း” ဟု မေးလေလျှင် နှမငယ်သည် မြေခွေး ပြောလာသော အကြောင်းစုံကို ပြောကြားလေ၏။ အစ်ကို ခြင်္သေ့ငယ်သည် ပြင်းစွာ အမျက်ထွက်လျက် ဒေါသစိတ်မွှန်ကာ မစုံစမ်းနိုင်တော့ဘဲ ဖန်ဂူတွင် အိပ်နေသော မြေခွေးကို ဟင်းလင်းပြင်၌ နေသည်မှတ်ထင်၍ ကိုက်သတ်မည်ဟု တစ်ဟုန်တည်း ပြေးသွားရာ ဖန်ဂူနှင့် တိုက်မိသဖြင့် ရင်ကွဲ၍ တောင်ခြေရင်း၌ ကျသေလေ၏။

နောက် အစ်ကိုငယ် ငါးကောင်တို့ တစ်ကောင်ပြီး တစ်ကောင် ပြန်လာကြသောအခါ၌လည်း နှမငယ် စကားကို ကြားလျှင် အမျက်ထွက်ကာ မြေခွေးကို ကိုက်သတ်မည်ဟု ပြေးကြရာ ဖန်ဂူနှင့် တိုက်မိသဖြင့် ရင်ကွဲ၍ တစ်ကောင်ပြီး တစ်ကောင် သေကြကုန်၏။

စဉ်းစားဆင်ခြင် ကြံအောင်မြင်

နောက်ဆုံး၌ အစ်ကိုကြီး ခြင်္သေ့မင်း ပြန်လာသောအခါလည်း နှမငယ်သည် မြေခွေး ပြောလာသော အကြောင်းကို ပြောကြားပြန်၏။ ခြင်္သေ့မင်းက “နှမငယ် ... မြေခွေး ဘယ်မှာနည်း”ဟု မေး၏။ “အစ်ကိုကြီး ... ငွေတောင်ထိပ်ဝယ် ဟင်းလင်းပြင်၌ အိပ်နေသည်ကို မမြင်သလော” ဟု ပြောလေ၏။ ထိုအခါ ခြင်္သေ့မင်းသည် မြေခွေးကား ဟင်းလင်းပြင်၌ အိပ်မည်မဟုတ်၊ ဖန်ဂူ၌အိပ်သည် ဖြစ်လတ္တံ့ဟု ကြံစည်ပြီးလျှင် တောင်ခြေရင်းသို့ ဆင်းသက်၍ သေနေကြသော ညီခြင်္သေ့ ခြောက်ကောင်တို့ကိုတွေ့လျှင် ဤညီခြင်္သေ့ ခြောက်ကောင်တို့ကား စုံစမ်းဆင်ခြင်တတ်သော ပညာဉာဏ်မရှိ မိုက်မဲသောကြောင့် ဖန်ဂူကိုမသိဘဲ ရင်ဖြင့်တိုက်မိ၍ သေကြကုန်လတ္တံ့ဟု ဆင်ခြင်ကာ -

ခံတွင်းသို့ သွင်းအပ်သော ပူသော အစာအာဟာရကား ခံတွင်းကို ပူလောင်စေသကဲ့သို့၊ ထို့အတူ ပညာဉာဏ်ဖြင့် မစုံစမ်း မဆင်ခြင်ဘဲ ပြုလုပ်အပ်သော အမှုကိစ္စသည်လည်း ပြုလုပ်သူ အမှုကိစ္စရှင်ကို ပူလောင်စေတတ်၏။

ဟု ပြောဆိုကာ ငါ့ညီတို့ကား အကြောင်း၌ မလိမ္မာကြကုန်သဖြင့် သေကြရကုန်၏။ ငါမူကား ညီိတို့နည်းတူ မပြုလုပ်ဘဲ မြေခွေး ဖန်ဂူ၌ အိပ်လျက်ပင် နှလုံးကွဲ၍ သေစေအံ့ဟု မြေခွေး၏ တက်ရာဆင်းရာ လမ်းခရီးကိုမှတ်၍ ထိုလမ်းခရီးသို့ ရှေးရှုလျက် သုံးကြိမ် ခြင်္သေ့သံကို ဟောက်လေ၏။ မြေကြီးနှင်း မိုးသည် တစ်စပ်တည်း ပဲ့တင်ထပ်၏။ မြေခွေးသည် ဖန်ဂူ၌ အိပ်လျက်ပင် နှလုံးကွဲ၍ သေလေ၏။

မြတ်စွာဘုရားသည် သဗ္ဗညု ဘုရားအဖြစ်သို့ ရောက်တော်မူသောအခါ -

“ဒါယကာ ... ခြင်္သေ့မင်းသည် မိုးကြိုးသံနှင့်တူသော ခြင်္သေ့သံဖြင့် ငွေတောင်ကို ပဲ့တင်ထပ်အောင် ဟောက်သောအသံကို ကြား၍ ဖန်ဂူ၌ အိပ်နေသော မြေခွေးသည် အလွန်ကြောက်ရွံ့ ထိတ်လန့်ခြင်းကြောင့် နှလုံးကွဲကာ သေလေ၏” –

ဟု သီတင်းသည် ဒါယကာအား ဟောကြားတော်မူ၏။

ခြင်္သေ့မင်းလည်း မြေခွေးသေလျှင် ညီခြင်္သေ့ ခြောက်ကောင်တို့ကို ရုံးစုက တစ်ခုသောအရပ်တွင် ဖုံးလွှမ်းခဲ့၍ ရွှေဂူသို့ ပြန်လာပြီးလျှင် နှမငယ်အား ညီခြောက်ကောင်တို့ သေသည်အဖြစ်ကို ပြောကြား၍ သက်သာရာ ရစေပြီးလျှင် အသက်ထက်ဆုံး ရွှေဂူ၌ပင် နေလေ၏။

ဤဒေသနာတော်၏ အဆုံး၌ ဆတ္တာသည်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြေခွေးသည် - ယခုအခါ ဆတ္တာသည်သား။

ခြင်္သေ့မငယ်သည် - လိစ္ဆဝီမင်းသမီး။

ညီငယ် ခြေင်္သေ့ခြောက်ကောင်တို့သည် - မထင်ရှားသော မထေရ် ခြောက်ပါး။

အစ်ကိုကြီး ခြင်္သေ့မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မထိုက်တန်သူ၊ တပ်စွန်းမူ၊ ထိုသူပျက်စီးမည်။

(၂) မဆင်မခြင်၊ မှုပြုလျှင်၊ မှုရှင်ပူလောင်မည်။

(၃) အစာယူသွင်း၊ နှုတ်ခံတွင်း၊ လက်ငင်းပူလောင်မည်။

(၄) ခြင်္သေ့ ခြောက်မူ၊ ဉာဏ်မကူ၊ ဖန်ဂူတိုက်သေသည်။

သိင်္ဂါလဇတ် ပြီး၏။

***

၁၅၃ - သူကရဇာတ်

ဥပါယ်တံမျဉ်ကောင်း၍ ခြင်္သေ့မင်းကိုပင် အနိုင်ရသော ဝက် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လျှောက်ထားလေငြား အကုန်ဖြေကြား

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လာဘ်လာဘပေါများလိုသော မထေရ်အိုတစ်ပါး ရှိလေ၏။

တစ်နေ့သ၌ ညဉ့်အခါ တရားပွဲဖြစ်လာလတ်သော် မြတ်စွာဘုရားသည် တရားဟောပြီး၍ ဂန္ဓကုဋိသို့ ဝင်တော်မူ၏။ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့သည် မြတ်စွာဘုရားကို ရှိခိုး၍ မိမိတို့ ပရိဝုဏ်သို့ ပြန်ကြကုန်၏။

ရှင်မောဂ္ဂလာန်သည် မိမိ ပရိဝုဏ်ဝယ် တစ်ခဏမျှ အပန်းဖြေပြီးလျှင် ရှင်သာရိပုတ္တရာထံသွားကာ ပြဿနာတို့ကို မေးလေ၏။ တရားစစ်သူကြီး ဖြစ်သော ရှင်သာရိပုတ္တရာလည်း မေးတိုင်းမေးတိုင်းသော ပြဿနာတို့ကို ပေါ်လွင်ထင်ရှားစွာ ဖြေဆိုတော်မူ၏။ ထိုအမေးအဖြေ တရားတော်ကို နာကြားသော ပရိသတ်လည်း များပြားလှ၏။

လာဘ်ကိုခင်မင် မေးလျှောက်တင်

ထိုအခါ ပရိသတ်ထဲတွင် နေသော မထေရ်အိုတစ်ပါးသည် ငါသည် ပရိသတ်အလယ်မှာ ရှင်သာရိပုတ္တရာကို နှောင်နှယ်လျက် ပြဿနာကိုမေးရလျှင် ဤရဟန်းအိုကား အကြားအမြင်များသည်ဟ လူသိများလျက် ရိုသေမြတ်နိုးခြင်း၊ ပေးလှူခြင်းကို ပြုကြပေမည်ဟု ကြံစည်၍ ပရိသတ်အလယ်မှ ထပြီးလျှင် အရှင်သာရိပုတ္တရာအား “အရှင်ဘုရား ခွင့်ပြုတော်မူလျှင် ပြဿနာတစ်ခုကို မေးလိုပါသည်၊ ဖြေဆို ဆုံးဖြတ်တော်မူပါ” ဟု လျှောက်လေ၏။

ရှင်သာရိပုတ္တရာလည်း မထေရ်အိုကို ကြည့်ပြီးလျှင် ဤရဟန်းအိုကား လောဘနိုင်ငံသို့လိုက်၍ အချည်းနှီး ပြုစွတကားဟု နှလုံးသွင်းကာ တစ်စုံတစ်ရာ စကားတုံ့မပြန်ဘဲ ရှက်စနိုး၍ နေရာမှထပြီးလျှင် ပရိဝုဏ်သို့ ပြန်လေ၏။ ရှင်မောဂ္ဂလာန်လည်း မိမိပရိဝုဏ်သို့ ပြန်လေ၏။

ရဟန်းအိုကဲ့ရဲ့ ထပြန်ခဲ့

လူတို့သည် ထကြကုန်လျက် ဤရဟန်းအိုကား ငါတို့တရားမနာရအောင် အချည်းနှီးပြုသည်၊ ဖမ်းကြကုန်ဟုဆိုကာ လိုက်ကြကုန်၏။ ရဟန်းအိုလည်း အတင်းပြေးသည်ရှိသော် ကျောင်းစွန်းရှိ ကျိုးပျက်နေသော ကျင်ကြီးတွင်းထဲသို့ ကျလျက် မစင် အလိမ်းလိမ်းကပ်၍ နေလေ၏။

ထိုအခါ လူတို့သည် မစင်အလိမ်းလိမ်း ကပ်နေသော ရဟန်းအိုကိုမြင်လျှင် စက်ဆုပ်ရွံရှာ နှလုံးမသာသဖြင့် မြတ်စွာဘုရားထံ ကပ်လျက် အကြောင်းစုံ လျှောက်ထားရာ မြတ်စွာဘုရားသည် “ဒါယကာတို့ ... ထိုရဟန်းသည် ယခုအခါ၌သာ မိမိအစွမ်းမရှိဘဲ မတုပြိုင်သင့်သည်ကို တုပြိုင်မိ၍ မစင်အလိမ်းလိမ်း ကပ်နေသည်မဟုတ် ရှေးအခါ၌လည်း မစင် အလိမ်းလိမ်း ကပ်ခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်မောမူသတည်း။

အတိတ်ဝတ္ထု

ခြင်္သေ့ဉာဏ်ဆင် ဝက်မှားထင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ခြင်္သေ့မင်းဖြစ်၍ ဟိမဝန္တာဝယ် ဂူတစ်ခု၌ နေလေ၏။ ထိုဂူ၏အနီးဝယ် အိုင်တစ်ခုကို အမှီပြုကာ ဝက်များစွာတို့လည်း နေကြကုန်၏။ ထိုအိုင်ပိုပင် အမှီပြု၍ ရသေ့များစွာတို့လည်း သစ်ရွက်မိုး ကျောင်းဆောက်ကာ နေကြကုန်၏။

တစ်နေ့သ၌ ခြင်္သေ့မင်းသည် အစာရှာသွားရာ ဆင်၊ ကျွဲ စသည်တို့ကို သတ်၍စားပြီးလျှင် အိုင်သို့ဆင်းသက်ကာ ရေသော်၍ အိုင်မှ တက်လေ၏။ ထိုခဏဝယ် လျှပ်ပေါ်သော ဝက်တစ်ကောင်သည် အိုင်ကိုမှီ၍ အစားစားနေခိုက် ခြင်္သေ့မင်း မြင်လျှင် ယနေ့ကား ဝပြီ နောက်တစ်နေ့မှ ဤဝက်ကိုစားမည် စင်စစ်ကား ငါ့ကိုမြင်လျှင် နောက်ကို လာဝံ့တော့မည်မဟုတ်ဟု ကြံစည်ကာ ဝက်မလာမည်ကို စိုးရိမ်သောကြောင့် နံပါးတစ်ဖက်ဖြင့်သွားရန် အားထုတ်လေ၏။

ဝက်သည် ခြင်္သေ့မင်းကိုမြင်လျှင် ဤခြင်္သေ့ကား ငါ့ကိုမြင်၍ ကြောက်သောကြောင့် အနီး၌ မသွားဝံ့ဘဲ ပြေးရှာလေ၏။ ယခုငါသည် ခြင်္သေ့နှင့် စစ်ထိုးသင့်သည်ဟု ခေါင်းကိုမော်၍ စစ်ထိုးရန် -

“အချင်းခြင်္သေ့ ... ငါလည်း အခြေလေးချောင်း ရှိသောသား ဖြစ်၏။ သင်လည်း အခြေလေးချောင်း ရှိသောသားဖြစ်၏။ သို့ပါလျက် သင်သည် အဘယ်ကြောင့် ကြောက်၍ ပြေးသနည်း။ ပြန်ခဲ့ပါဦးလော့၊ သင်နှင့်ငါ စစ်ထိုးမည်” ဟု ပြောဆိုကာ ခေါ်လေ၏။

စစ်တိုက်ဖို့ရာ ချိန်းချက်ကာ

ခြင်္သေ့မင်းသည် ဝက်၏စကားကို ကြားလျှင် “အချင်းဝက် ... ယနေ့ငါသည် သင်နှင့် စစ်မထိုးနိုင်သေး၊ နောက် ခုနစ်ရက်မြောက်သောနေ့ဝယ် ဤအရပ်၌ပင် သင်နှင့်ငါ စစ်ထိုးမည်” ဟု ချိန်းဆို၍ သွားလေ၏။ ဝက်လည်း ခြင်္သေ့နှင့် စစ်ထိုးရမည်ဟု ရွှင်ရွှင်လန်းလန်း ဆွေးမျိုးဝက်တို့အား ပြောကြားလေ၏။

ဆွေမျိုးဝက်တို့လည်း ထိုဝက်၏စကားကို ကြားလျှင် အလွန်ကြောက်လန့်ကြကုန်၏။ ဤဝက်ကို အမှီပြု၍ ငါတို့တစ်မျိုးလုံး ပျက်စီးတော့မည်။ မိမိ အစွမ်းသတ္တိကို မသိဘဲ ခြင်္သေ့မင်းနှင့် စစ်ထိုးလိုဘိ၏။ ခြင်္သေ့လာ၍ ငါတို့တစ်မျိုးလုံးကို သတ်လတ္တံ့၊ ရုန့်ရင်းကြမ်းတမ်းသောအမှုကို မပြုလင့်ဟု ဆိုကြကုန်၏။

သက်ဘေးချမ်းသာ ကြံပေးရာ

စစ်ထိုးမည့်ဝက်လည်း အလွန်ကြောက်သည်ဖြစ်၍ “ယခုအခါ အဘယ်သို့ ပြုအံ့နည်း” ဟု မေးလေ၏။ ဝက်တို့သည် “အချင်း ... သင်သည် ရသေ့တို့ ကျင်ကြီးစွန့်ရာ အရပ်သို့သွား၍ ကျင်ကြီးဖြင့် အဖန်ဖန် လိမ်းကျံ၍ ခြောက်သွေ့စေပြီးလျှင် ခုနစ်ရက်မြောက်သောနေ့ဝယ် ကိုယ်ကို နှင်းရေးပေါက်တို့ဖြင့် ဆွတ်ဖျန်းလျက် ခြင်္သေ့မလာမီ စစ်ထိုးမည့် နေရာသို့ သွားနှင့်၍ လေညာအရပ်က နေနှင့်လော့၊ ခြင်္သေ့တို့ကား စင်ကြယ်သန့်ရှင်းသော သဘောရှိကုန်၏။ ဟောင်ပုပ်သော မစင်နံ့ကို နံခြင်းကြောင့် စစ်မထိုးတော့ဘဲ သင့်ကို အနိုင်ပေး၍ ပြန်လိမ့်မည်” ဟု နည်းပေးကြကုန်၏။

ဝက်ဥပါယ်သုံး ခြင်္သေ့ရုံး

စစ်ထိုးမည့်ဝက်လည်း ဝက်တို့ နည်းပေးသောအတိုင်း ပြုလုပ်ကာ ခုနစ်ရက်မြောက်သောနေ့၌ ခြင်္သေ့ မလာမီကပင် သွားနှင့်၍ စစ်ထိုးမည့်နေရာ လေညာအရပ်က နေနှင့်၏။ ခြင်္သေ့မင်းလည်း စစ်ထိုးမည့်နေရာ သို့ လာသောအခါ ဟောင်ပုပ်သောအနံ့နံလျှင် ဝက်၏ကိုယ်၌ မစင်လူးထားသော အဖြစ်ကိုသိ၍ ဝက်အား “ အချင်းဝက် ... သင်ကား အကြံကောင်းကို ကြံမိ၏။ အကယ်၌ မစင်ပုပ်ဖြင့် မလူးငြားအံ့၊ ဤအရပ်မှာပင် သေရလတ္တံ့၊ ယခုမှာကား သင်၏ ကိုယ်ကို နှုတ်သီးဖြင့်လည်း မကိုက်လို၊ ခြေဖြင့်လည်း မကျောက်လို” ဟု ပြောဆိုပြီးလျှင် တစ်ဖန် ...

“အချင်းဝက် ... သင်ကား မစင်လူးထားသဖြင့် ပုပ်ဟောင်သော အမွေးရှိ၏။ မကောင်းသောအနံ့လည်း ရှိ၏။ သို့အတွက် စစ်မထိုးလိုတော့ပါ၊ သင့်ကိုပင် အနိုင်ပေးတော့မည်” –

ဟု ပြောဆို၍ ထိုအရပ်မှ ဖဲကာ မိမိနေရာသို့ ပြန်လေ၏။

စစ်ထိုးသည့်ဝက်လည်း ဆွေမျိုးအား ငါ ခြင်္သေ့မင်းကို အောင်နိုင်ပြီဟု ပြောလေ၏။ ဝက်တို့လည်း ခြင်္သေ့မင်းသည် တစ်နေ့နေ့တွင် လာ၍ ဝက်တို့ကို သတ်ကုန်လတ္တံ့ဟု ကြောက်ရွံ့ထိတ်လန့်ကာ အရပ်တစ်ပါးသို့ သွားကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မစင်လူးသော ဝက်သည် - ယခုအခါ မစင်လူးသော ရဟန်း။

ခြင်္သေ့မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အစွမ်းမတူ၊ ထိုသသူ၊ တုမူမပြိုင်ရာ။

(၂) စွမ်းမရှိဘဲ၊ ဆိုင်ပြိုင်လဲ၊ ရှက်ကွဲကျိုးယုတ်မှာ။

(၃) ခြင်္သေ့ပြိုင်ဖူး၊ ဝက်မိုက်ရူး၊ ချေးလူးကိုယ်လုံးမှာ။

သူသရဇာတ် ပြီး၏။

***

၁၅၄ - ဥရဂဇာတ်

ရသေ့ကိုမှီ၍ သေဘေးမှ ချမ်းသာရသော နဂါး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မေတ္တာကျိုးပြ မဂ်ဖိုလ်ရ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီး၏ စစ်သူကြီး နှစ်ယောက်တို့သည် အချင်းချင်း တွေ့မြင်ရာအရပ်၌ ငြင်းခုံ ခိုက်ရန် ပြုကြကုန်သတတ်။ ထိုစစ်သူကြီးတို့ ငြင်းခုံ ခိုက်ရန်ဖြစ်ခြင်းကား တစ်မြို့လုံး ပျံ့နှံ့ထင်ရှား၏။ မင်းကြီးသည် လည်းကောင်း၊ ဆွေမျိုးဉာတိအဆွေခင်ပွန်းတို့သည် လည်းကောင်း အချင်းချင်း သင့်တင့်ညီညွတ်အောင် မပြုလုပ်နိုင်ကြကုန်။

တစ်နေ့သ၌ မြတ်စွာဘုရားသည် မိုးသောက်ထအခါ ကျွတ်ထိုက်သော သတ္တဝါတို့ကို ကြည့်ရှုတော်မူလျှင် ထိုစစ်သူကြီး နှစ်ယောက်ကို မြင်တော်မူ၍ ဆွမ်းခံချိန် အခါဝယ် ကိုယ်တော်ပါးတည်းသာ ဆွမ်းခံကြွတော်မူရာ စစ်သူကြီး တစ်ယောက်၏ အိမ်တံခါးတွင် ရပ်တော်မူ၏။ စစ်သူကြီးလည်း မြတ်စွာဘုရားကို အိပ်ပေါ်သို့ ပင့်လေ။ မြတ်စွာဘုရားလည်း စစ်သူကြီးအား မေတ္တာအကျိုးကို ဟောတော်မူ၍ သစ္စာကို ပြတော်မူသော အဆုံးတွင် သောတာပတ္တိဖိုလ်၌ တည်လေ၏။

မေတ္တာရေလောင်း ရန်ပြေကြောင်း

မြတ်စွာဘုရားလည်း သောတာပန် ဖြစ်ပြီးသည်ကို သိတော်မူလျှင် စစ်သူကြီးကို သပိတ်ထမ်းခေါ်ယူလျက် တခြား စစ်သူကြီး အိမ်တံခါးတွင် ရပ်ပြန်၏။ ထိုစစ်သူကြီးလည်း မြတ်စွာဘုရားကို အိပ်ပေါ်သို့ ပင့်လေ၏။ ဆန့်ကျင်ဘက် စစ်သူကြီးလည်း လိုက်လေ၏။ မြတ်စွာဘုရားသည် ထိုစစ်သူကြီးအားလည်း မေတ္တာအကျိုးကို ဟောတော်မူ၍ သစ္စာကိုပြတော်မူသည့်အဆုံးတွင် ဆန့်ကျင်ဘက် စစ်သူကြီးလည်း သေတာပတ္တိဖိုလ်၌ တည်လေ၏။

ထိုအခါ နှစ်ယောက်သော စစ်သူကြီးတို့သည် သောတာပန် ဖြစ်ကုန်ပြီးသော် အချင်းချင်း အပြစ်ကိုပြကာ ကန်တော့ကြပြီးလျှင် ညီညွတ်ကြကုန်၏။ ဝမ်းမြောက်ကြကုန်၏။ အလိုဆန္ဒ တူမျှကြကုန်၏။ မြတ်စွာဘုရားလည်း ဆွမ်းဘုဉ်းပေးပြီးလျှင် ကျောင်းတော်သို့ ကြွတော်မူ၏။ စစ်သူကြီးတို့လည်း အတူတကွ နောက်တော်မှ လိုက်ကြကုန်၏။

ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... မြတ်စွာဘုရားသည် မယဉ်ကျေးသေးသောသူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူနိုင်ပေသည်။ ကောသလမင်းကြီးမှစ၍ မည်သူမျှ သင့်တင့် ညီညွတ်၍မရသော စစ်သူကြီး နှစ်ယောက်ကို သင့်တင့်ညီညွတ်အောင် ပြုလုပ်တော်မူနိုင်ပေသည်” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူမူ၍ “ရဟန်းတို့ ... ဤစစ်သူကြီး နှစ်ယောက်တို့ကို ယခုအခါ၌သာ သင့်တင့်ညီညွတ်အောင် ပြုလုပ်သည်မဟုတ်၊ ရှေးအခါ၌လည်း ပြုလုပ်ခဲ့ဖူးပြီး” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပွဲတော်အတွက် ပျော်မွေ့လျက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဗာရာဏသီမြို့တော်ဝယ် ကြီးကျယ်သော ပွဲလမ်းသဘင်သည် ဖြစ်သတတ်။ ထိုအခါ များစွာသော လူတို့သည် လည်းကောင်း၊ နတ်၊ နဂါး၊ ဂဠုန် အစရှိသည်တို့သည် လည်းကောင်း ပွဲသဘင် ကြည့်ရှုရန် စည်းဝေး ရောက်ရှိလာကြကုန်၏။

ထိုပွဲသဘင်၏ နေရာတစ်ခုဝယ် လူယောင် ဖန်ဆင်းလာသော နဂါးတစ်ကောင်နှင့် ဂဠုန်တစ်ကောင်တို့သည် အချင်းချင်း မသိကြဘဲ အမှတ်မဲ့ဖြစ်၍ ဂဠုန်၏ ပခုံးတွင် နဂါးက လက်တင်လျက် အတူတကွ ကြည့်ရှုနေကြကုန်၏။

သေဘေးလွတ်ရေး ရသေ့ထံပြေး

ထိုအခါ ဂဠုန်သည် ငါ့ပခုံးမှာ ဘယ်သူ လက်တင်သနည်းဟု ကြည့်လတ်သော် နဂါးမှန်းသိလေ၏။ နဂါးကလည်း ပြန်၍ ကြည့်လတ်သော် ဂဠုန်မှန်း သိပြန်၏။ ထိုအခါ သေးဘေးမှ ကြောက်ရကား မြို့မှထွက်၍ မြစ်ဆိပ်သို့ ပြေးလေ၏။ ဂဠုန်လည်း ဖမ်းယူရန် နောက်မှ အတင်း လိုက်လေ၏။

ဘုရားအလောင်းသည် ရသေ့ဖြစ်၍ ထိုမြစ်ကမ်းနားဝယ် သစ်ရွက်မိုးသေ ကျောင်းတွင်နေလျက် အိုက်သဖြင့် ရေသနုပ်ကိုဝတ်၍ လျှော်တေသင်္ကန်းကို မြစ်ကမ်းမှာ ထားပြီးလျှင် မြစ်သို့ဆင်းကာ ရေချိုးလေ၏။ နဂါးလည်း ဤရသေ့ကိုမှီ၍ အသက်ချမ်းသာရာ ရမည်ဟု ပကတိ အသွင်ကို စွန့်ပြီးလျှင် ပတ္တမြားလုံးအသွင် ဖန်ဆင်းကာ လျှောက်တေသင်္ကန်းကြားသို့ ဝင်လေ၏။

မေတ္တာဟောပြ ကျေးအေးကြ

ဂဠုန်လည်း နဂါး လျှော်တေသင်္ကန်းကြားသို့ ဝင်သည်ကို မြင်လျှင် အရဟဒ္ဓဇ ဖြစ်သော လျှော်တေသင်္ကန်းကို ရိုသေလေးမြတ်သဖြင့် မဖမ်းယူတော့ဘဲ၊ ရသေ့ကို ခေါ်ပြီးလျှင် -

“အို ရှင်ရသေ့ ... နဂါးတို့ အထွက်အမြတ် ဖြစ်သော နဂါးမင်းသည် အကျွန်ုပ်မှ လွတ်လိုသဖြင့် ပတ္တမြားလုံး ဟန်ဆောင်ကာ အရှင်ဘုရား၏ လျှော်တေကြားတွင် ဝင်နေပါ၏။ အကျွန်ုပ်သည် အရှင်ဘုရားတို့၏ မြတ်သောအဖြစ်နှင့် အဆင်းတော်ကို ရိုသေသဖြင့် အစာဖြစ်သော နဂါးမင်းကို ဆာလောင်လျက် မစားဝံ့ပါ၊ သို့အတွက် အရှင်ဘုရား၏ လျှော်တေသင်္ကန်းတော်ကို ယူပါလော့၊ ဤနဂါးကို စားပါအံ့ -

ဟု လျှောက်ထားသည်ရှိသော် ရသေ့သည် ရေ၌တည်လျက်ပင် ဂဠုန်မင်းအား -

“အို ဂဠုန်မင်း ... သင်သည် မြတ်သော ရသေ့ရဟန်း၏ အသွင်ကို ပူဇော်ခြင်းကြောင့် အစာဖြစ်သော နဂါးမင်းကို စားလိုပါလျက် မစားသေးသော သင်သည် ဗြဟ္မာမင်း စောင့်ရှောက်အပ်သည်ဖြစ်၍ အခါလေးမြင့် အသက်ရှည်ပါစေသတည်း။ သင်အား နတ်၌ ဖြစ်သော အစာအာဟာရတို့သည် ထင်ရှား ဖြစ်ပါစေကုန်တသည်း”

ဟု ဂဠုန်မင်းကို ချီးမွမ်းကာ အနုမောဒနာပြုလျက် ရေမှတက်၍ လျှော်တေသင်္ကန်းကို ဝတ်ပြီးလျှင် ထိုနဂါး ဂဠုန်နှစ်ဦးတို့ကိုခေါ်၍ ကျောင်းသို့သွားကာ မေတ္တာဘာဝနာ၏ အကျိုးကို ဟောတော်မူ၍ သင့်တင့်ညီညွတ်အောင် ပြုတော်မူ၏။

ထိုနဂါး၊ ဂဠုန်နှစ်ဦးတို့လည်း ထိုအခါမှစ၍ အချင်းချင်း ညီညွတ်ကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်၍ ချမ်းသာစွာ နေကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ နဂါးမင်းနှင့် ဂဠုန်တို့သည် - ယခုအခါ စစ်သူကြီး နှစ်ယောက်။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ငြင်းခုံခိုက်ရန်၊ မသင့်ပြန်၊ ဧကန်အကျိုးနဲ။

(၂) မေတ္တာရေစင်၊ ဆွတ်ဖျန်းလျှင်၊ ချစ်ခင်ညီညွတ်မြဲ။

(၃) နဂါး, ဂဠုန်၊ မေတ္တာခြုံ၊ ပေါင်းဆုံချစ်သည့်နဲ။

ဥရဂဇာတ် ပြီး၏။

***

၁၅၅ - အဂ္ဂဇာတ်

ချေဆက်သောအခါ အသက်ရှည်စေသော်ဟု သားကဆို၍ ဖခင်က တစ်ဖန်ပြန်ဆိုသဖြင့် ဘီလူးဘေးမှ လွတ်မြောက်ရသော ပုဏ္ဏားသားအဖ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဖျင်းဖျင်းဆိုကြ ပညတ်ရ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းအနီး ဖြစ်သော ကောသလမင်းကြီးသည် ဆောက်လုပ်အပ်သည့် ရာဇိကာရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် ပရိသတ် လေးပါးတို့အလယ်၌ တရားဟောတော်မူခိုက် ချေဆက်တော်မူ၏

ထိုအခါ ရဟန်းတို့သည် (မြတ်စွာဘုရားသည် အသက်ရှည်စေသော်) ဟု ဆိုကြသဖြင့် အုတ်အုတ်ကျက်ကျက်သော အသံ ဖြစ်လေ၏။ ထိုအသံကြောင့် တရားဟောခြင်း၌ အန္တရာယ် ဖြစ်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်တို့အား “ ရဟန်းတို့ ... ချေဆက်သောအခါ အသက်ရှည်စေသော် ဆိုသဖြင့် အသက်ရှည်ရာသလော၊ သို့မဟုတ် သေရာသလော” ဟု မေး၏။ “အရှင်ဘုရား ... အသက်ရှည်စေသော ဆိုသဖြင့် အသက်ရှည်ရခြင်း၊ သေရခြင်းသည် မဖြစ်သင့်ပါ” လျှောက် ကြကုန်၏။ သို့ဖြစ်လျှင် ချေဆက်သောအခါ အသက်ရှည်စေသော် ဆိုသောရဟန်းအား *ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူ၏။

*ဒုက္ကဋ်အာပတ် - ရဟန်းတော်တို့ အာပတ်ခုနစ်ဘို့တွင် ခြောက်ခုမြောက် အာပတ်။

ဘုရားရှင်လျှောက်ထား ဟောမိန့်ကြား

တစ်နေ့သ၌ လူတို့သည် ရဟန်းတို့ ချေဆက်သောအခါ အသက်ရှည်စေသော် ဆိုသည်ရှိသော် ရဟန်းတို့သည် သိက္ခာပုဒ် ပညတ်ထားသဖြင့် တစ်ဖန် တုံ့ပြန်၍ အသက်ရှည်စေသော်ဟု မဆိုကြကုန်၊ လူတို့သည် ကဲ့ရဲ့ကြကုန်၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား ကဲ့ရဲ့သော အကြောင်းကို လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် “ရဟန်းတို့ ... လူတို့သည် နှုတ်မင်္ဂလာစကားကို ချီးမွမ်းကြကုန်၏။ သို့အတွက် လူတို့အား အသက်ရှည်စေသော်” ဟု တုံ့ပြန်၍ ဆိုငြင်းငှာ ခွင့်ပြုတော်မူရပြန်၏။

ရဟန်းတို့သည် မြတ်စွာဘုရားအား “အရှင်ဘုရား ... ချေဆက်သောအခါ တခြားသူက အသက်ရှည်စေသော်၊ တစ်ဖန် ချေဆတ်သူအား တုံ့ပြန်၍ အသက်ရှည်စေသော်ဟု အပြန်အလှန်ဆိုရသော ဥပဒေသည် အဘယ်အခါမှစ၍ ဖြစ်ပါသနည်း” ဟု လျှောက်ထားကြရာ “ရဟန်းတို့ ... ရှေးအခါကပင် ဖြစ်ခဲ့သည်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသည်း။

အတိတ်ဝတ္ထု

တည်းခိုနေရေး တံခါးစောင့်မေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏးမျိုး ဖြစ်လေ၏။ အဖပုဏ္ဏားသည် ကုန်သွယ်ခြင်း အမှုကိုပြုကာ အသက်မွေးလေ၏။

သားဖြစ်သော ပုဏ္ဏားလုလင်သည် တစ်ဆယ့်ခြောက်နှစ် အရွယ်သို့ ရောက်လတ်သော် အဖပုဏ္ဏားကြီးနှင့်တကွ ကုန်သွယ်သွားရာ ဗာရာဏသီမြို့တော်သို့ ရောက်လျှင် တံခါးစောင့်အိမ်တွင် ထမင်းချက်ပြုတ် စားသောက်ပြီးလျှင် တည်းခိုရန် နေရာမရသဖြင့် တံခါးစောင့်အား “အချင်းတံခါးစောင့် ... အခါမဲ့၌ လာသော ဧည့်သည်တို့သည် အဘယ်အရပ်မှာ တည်းခို နေထိုင်ရသနည်း” ဟု မေး၏။ “အချင်းကုန်သည် ... မြို့ပြင်မှာ ဘီလူးစောင့်သော ဇရပ်တစ်ဆောင် ရှိသည်၊ တည်းခိုလိုလျှင် ထိုဇရပ်မှာ တည်းခိုပါ” ဟု ပြောလေ၏။

ဘီလူးနေရာ အိပ်သောအခါ

ပုဏ္ဏားလုလင်သည် အဖအား “ ဖခင် ... သွားကြကုန်အံ့၊ ဘီလူးဘေးမှ မကြောက်ပါလင့်၊ အကျွန်ုပ်သည် ဘီလူးကို ဆုံးမကာ ဖခင်ခြေရင်း၌ ဝပ်စေအံ့” ဟု ပြောဆိုပြီးလျှင် အဖကိုခေါ်၍ ထိုဇရပ်သို့ သွားကြ၏။ အဖပုဏ္ဏားသည် အင်းပျဉ်၌ လျောင်းလေ၏။ သားလုလင်သည် ဖခင် ခြေတို့ကို ဆုပ်နယ်ကာနေ၏။

ထိုဇရပ်၌ စောင့်သောဘီလူးကား *ဝေသဝဏ် နတ်မင်းကြီးထံ ဆယ့်နှစ်နှစ်ပတ်လုံး ခစားလုပ်ကျွေးမှ ထိုဇရပ်ကို အပိုင်စားရ၏။ ထိုသို့စားရသော်လည်း ထိုဇရပ်သို့ ဝင်သောသူတို့တွင် ချေဆက်သောအခါ အသက်ရှည်စေသော်ဆိုသူနှင့် တစ်ဖန့် တုံ့ပြန်ကာ အသက်ရှည်စေသော် - ဆိုသူတို့ကို ချန်ထား၍ ကြွင်းသောသူတို့ကို စားရန် အမိန့်ရလေ၏။ ထိုဘီလူးသည် ဇရပ်ခေါင်းလျောက်တွင် နေ၏။

ဆုတောင်းပြန်က မစားရ

ထိုအခါ ဘီလူးသည် လျောင်းနေသော အဖပုဏ္ဏးကို မိမိ၏ အာနုဖြင့် ချေဆက်မည်ဟု သိမ်မွေ့သော အမှုန့်ကို လွှတ်၏။ နှာခေါင်းသို့ ဝင်သည်ရှိသော် အဖပုဏ္ဏားသည် ချေဆက်လေ၏။ သားလုလင်သည် အသက်ရှည်စေသော်ဟု ဆိုလေ၏။ ဘီလူးသည် အဖပုဏ္ဏားကိုစားရန် ခေါင်လျောက်မှ ဆင်း၏။ သားလုလင်သည် ဘီလူး ဆင်းလာသည်ကို မြင်လျှင် ဤဘီလူးသည် ငါ့အဖကို ချေဆတ်အောင် ပြုလုပ်သည် ဖြစ်လတ္တံ့၊ ချေဆတ်သောအခါ အသက်ရှည်စေသော် မဆိုသူကိုစားဖို့ အမိန့်ရသော ဘီလူးဖြစ်လတ္တံ့ဟု နှလုံးသွင်းကာ အဖပုဏ္ဏားကို ရည်မှတ်လျက် -

“ဖခင်ဘဂ္ဂ - သင်သည် နှစ်ပေါင်း တစ်ရာ့နှစ်ဆယ် အသက်ရှည်စေသော်၊ အကျွန်ုပ်ကိုလည်း ဘီလူးတို့ မစားနိုင်စေသော်” –

ဟု ဆိုလေ၏။ ထိုအခါ ဘီလူးသည် သားလုလင်စကားကို ကြားလတ်သော် ရှေးဦးစွာ အဖသည် အသက်ရှည်စေသော် ဆိုသောကြောင့် ဤလုလင်ကို မစားနိုင်၊ အဖပုဏ္ဏားကို စားမည်ဟု ပုဏ္ဏားထံ သွားလေ၏။

အဖပုဏ္ဏားလည်း ဘီလူးလာသည်ကို မြင်လျှင် ဤဘီလူးသည် ချေဆတ်သောအခါ သူတစ်ပါးက အသက်ရှည်စေသော် မဆိုသူကိုလည်း စားဖို့ အမိန့်ရသည် ဖြစ်လတ္တံ့ဟု နှလုံးသွင်း၍ သားလုလင်ကို ရည်မှတ်လျက် -

“ချစ်သား ... သင်သည်လည်း နှစ်ပေါင်း နှစ်ရာ့နှစ်ဆယ် အသက်ရှည်စေသော်၊ ဘီလူးတို့သည် လတ်တလော သေစေတတ်သော အဆိပ်ကို စားရစေသော်” ဟု တုံ့ပြန်ဆိုလေ၏။ ဘီလူးသည် အဖစကားကို ကြားလျှင် တစ်ဖန်တုံ့ပြန်၍ ဆိုသူဖြစ်သောကြောင့် ဤပုဏ္ဏားကိုလည်း မစားနိုင်။ ဤသို့ သား,အဖ နှစ်ယောက်လုံး မစားနိုင်တော့သည့်အတွက် မိမိနေရာသို့ ပြန်လေ၏။

ဘီလူးဆုံးမ မာန်စွယ်ကျ

ထိုအခါ သားလုလင်သည် -

“အိုဘီလူး ... သင်သည် ဤအရပ်သို့ ဝင်သူတို့ကို အဘယ်ကြောင့် စားရသနည်း” ဟု မေး၏။ “လုလင် ... ဆယ့်နှစ်နှစ်ပတ်လုံး ခစားလုပ်ကျွေးသဖြင့် ဝေဿဝဏ်နတ်မင်းကြီးက အပိုင်စား ပေးထားသည့်အတွက် စားရပါသည်” ဟု ပြော၏။ “ဘီလူး ... အလုံးစုံသောသူကို စားရသလော” ဟု မေး၏။ “မဟုတ်ပါ ချေဆတ်သောအခါ အသက်ရှည်စေသော် မဆိုသူနှင့် တစ်ဖန်တုံ့ပြန်ကာ အသက်ရှည်စေသော် မဆိုသူတို့ကိုသာ စားရပါသည်” ဟု ပြောကြား၏။ “ဘီလူး ... သင်ကား ရှေးအခါ အကုသိုလ်ကို ပြုခဲ့ခြင်းကြောင့် ရုန့်ရင်းကြမ်းတမ်း၍ သူတစ်ပါးကို သတ်ဖြတ်စားရသော ဘီလူးဖြစ်ရသည်။ ယခုအခါ တစ်ဖန် အကုသိုလ်ပြုပြန်လျှင် သင်သည် အမိုက်ဘဝမှ အမိုက်ဘဝသို့ပင် ရောက်လတ္တံ့ဟု ငရဲဘေးဖြင့် ခြိမ်းခြောက်၍ ငါးပါးသီလ၌ တည်စေ၏။ ဘီလူးလည်း ပုဏ္ဏားထံဝယ် ကျွန်အမှုလုပ်ပမာ လုပ်ကျွေးလေ၏။

မင်းကြီးချီးမြှောက် သား,အဖနှစ်ယောက်

မိုးသောက်လင်းသောအခါ လှည့်လည်လာသော သူတို့သည် ဘီလူးကိုမြင်လျှင် ပုဏ္ဏားလုလင်သည် ဘီလူးကို ဆုံးမထားသောအဖြစ်ကို သိကြ၍ မင်းကြီးအား ထိုအကြောင်းကို လျှောက်ထားကြကုန်၏။ မင်းကြီးလည်း ပုဏ္ဏားလုလင်ကို ခေါ်၍ သေနာပတိ စစ်သူကြီးအရာ၌ ထားလေ၏။ ပုဏ္ဏားလုလင်သည် အဖပုဏ္ဏားကြီးအား များစွာသော စည်းစိမ်ကိုလေပးလေ၏။ မင်းကြီးလည်း ဘီလူးကို ဗလိနတ်စာ ခံယူသော နတ်အရာ၌ထား၍ ပုဏ္ဏားလုလင်၏ အဆုံးအမ၌တည်ကာ ဒါနသီလ စသော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်လျက် နတ်ပြည်သို့ ပြန်စေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဘီလူးသည် - ယခုအခါ အင်္ဂုလိမာလ။

မင်းကြီးသည် - အာနန္ဒာ။

အဖပုဏ္ဏားသည် - ပဿပ။

သားပုဏ္ဏားလုလင်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ချေဆက်သူထက်၊ ဆိုစမြွက်၊ အသက်ရှည်စေဟူ။

(၂) ရှေးဆိုသူထက်၊ တုံ့ပြန်လျက်၊ အသက်ရှည်စေဟူ။

(၃) အသက်ရှည်စေ၊ ဆိုသောထွေ၊ ရှည်,သေမဖြစ်ဟူ။

အဂ္ဂဇာတ် ပြီး၏။

***

၁၅၆ - အလီနစိတ္တဇာတ်

ကျေးဇူးသိတတ်၍ လုံ့လဝီရိယရှိသော ဆင်ဖြူတော်ကြောင့် ဇမ္ဗူဒိပ်မင်းအဖြစ်သို့ ရောက်သော အလီနစိတ္တမင်းသား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လုံ့လကြောင်းပြု ဆုံးမမှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လုံ့လဝီရိယ ယုတ်လျော့သော ရဟန်းတစ်ပါး ရှိလေ၏။

ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံ ဆောင်ယူကာ လုံ့လဝီရိယ ယုတ်လျော့သော အကြောင်းကို လျှောက်ကြလျှင် မြတ်စွာဘုရားသည် ထိုရဟန်းအား - “ချစ်သား ရဟန်း ... သင်သည် ငါဘုရား သာသနာတော်၌ ရဟန်းပြုပါလျက် အဘယ်ကြောင့် လုံ့လဝီရိယ ယုတ်လျော့ဘိသနည်း။ ရှေးအခါက သင်သည် လုံ့လဝီရိယကို မယုတ်လျော့မူ၍ မွေးဖွားခါစ သူငယ်အား တစ်ဆယ့်နှစ်ယူဇနာ ရှိသော ဗာရာဏသီပြည်ကြီး၌ မင်းအဖြစ်ကိုယူ၍ ပေးဖူးသည် မဟုတ်တုံလော” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သစ်လုပ်စားကာ လက်သမားရွာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဗာရာဏသီမြို့တော်မှ မနီးမဝေးသော အရပ်ဝယ် လက်သမားတို့ရွာ ရှိလေ၏။ ထိုရွာ၌ လက်သမား ငါးရာတို့သည် နေကြကုန်၏။

ထိုလက်သမားတို့သည် လှေဖြင့် မြစ်ညာသို့ ဆန်တက်ကာ တောသို့ဝင်၍ ဘုံတစ်ဆင့်နှစ်ဆင့် စသည်ဖြင့် အဆင်သင့် စီမံထားကာ များစွာသော တိုင်၊ ရက်မ၊ ထုပ်၊ လျောက်၊ ဒိုင်း၊ မြား စသော အိမ်အဆောက်အအုံတို့ကို ပြုလုပ်၍ လှေဖြင့် မြို့သို့ တင်ဆောင်လျက် ရောင်းချပြီးလျှင် တစ်ဖန်တောသို့ပြန်ကာ ပြုလုပ်မြဲ ပြုလုပ်ကြပြန်၏။

ရွာသားများကြောင့် ခြေနာပျောက်

ထိုလက်သမားတို့နေရာ မနီးမဝေးအရပ်တွင် ဆင်ကြီးတစ်ကောင်သည် ခြေထောက်ကို ရှားငုတ်စူးသဖြင့် ဖူးဖူးရောင်ကာ ပြည်မှည့်လျက် နာကျင်ကိုက်ခဲ၍ ဝေဒနာ သည်းထန်စွာ ခံစားနေရ၏။ ထိုဆင်ကြီးသည် လက်သမားတို့ သစ်ခုတ်သံ၊ သစ်ရွေသံ ကြားလတ်သော် ငါ့အား ဤလက်သမားတို့ကို မှီ၍ အသက်ချမ်းသာလိမ့်မည်ဟု ကြံစည်လျက် ခြေထောက်သုံးချောင်းဖြင့် ထောက်ကာ လက်သမားတို့ထံ လာလေ၏။

လက်သမားတို့လည်း ဖူးဖူးရောင်နေသော ဆင်ကြီး၏ ခြေထောက်ကိုမြင်လျှင် သနားကြင်နာလှသဖြင့် အနားသို့ ချဉ်းကပ်လျက် ရှားငုတ်စူးဝင်နေသည်ကို မြင်ပြန်လျှင် ရှားငုတ်ကို အပေါ်က ပဲခွပ်ဖြင့် ရစ်ကာ ကြိုးနှင့်ချည်ပြီးလဆင် ရှားငုတ်ကို နုတ်၍ ပြည်ကို ထွက်စေလျက် ရေနွေးဖြင့် သုတ်သင် ဆေးကြောကာ သင့်လျော်သောဆေးဝါး ထည့်ကြလေလျှင် မကြာမီ အနာရောဂါ ပျောက်ကင်းလေ၏။

ကျေးဇူးဆပ်ရေး ဆင်ငယ်ပေး

ဆင်ကြီးသည် အနာကင်းလျှင် ငါ့မှာ ဤလက်သမားတို့ကြောင့် အသက်ချမ်းသာသည်။ ယခုအခါ၌ လက်သမားတို့အား ကျေးဇူးဆပ်အံ့ဟု ကြံစည်ကာ ထိုနေ့မှစ၍ လက်သမားတို့နှင့် သစ်ကိုဆွဲ၏။ ရွေသောအခါလည်း ပဲခွပ်ကိုယူ၍ ပေး၏။ မျဉ်းကြိုးကို လက်မောင်းဖြင့် ကိုင်၏။ ရွေသောအခါ သစ်ကို လှန်၍ပေး၏။ ထိုအခါ လက်သမားတို့သည် ထမင်းစားသောအခါ ဆင်အား တစ်ဆုပ်စီပြု၍ ထမင်းဆုပ် ငါးရာတို့ကို ပေးကြ၏။ ထိုဆင်ကြီးအား ကိုယ်လုံးဖြူဆွတ်သော အာဇာနည် ဆင်သားငယ် တစ်ကောင်လည်း ရှိလေ၏။

ဆင်ကြီးသည် လက်သမားတို့နှင့် အတူတကွ လုပ်ကိုင်စားသောက်ကာ ကာလကြာရှည်လတ်သော် ယခုအခါ ငါအိုမင်းခဲ့ပြီ၊ လက်သမားတို့ အလုပ်ကို လုပ်ကိုင်ရန် သားငယ်ပေး၍ သွားရန်သင့်သည်ဟု ကြံစည်လျက် လက်သမားတို့ကို မပြောကြားဘဲ တောသို့သွား၍ သားငယ်ကို ခေါ်လာပြီးလျှင် “ဤဆင်ငယ်အား ငါ၏ သားတည်း၊ သင်တို့သည် ငါ့အား အသက်ကို ပေးပေးသည်။ ဤဆင်ငယ်ကို ဆေးဖိုး အတွက် ယူကြလော့၊ ဤဆင်ငယ်သည် ဤနေ့မှစ၍ သင်တို့အမှုကို ပြုလုပ်လတ္တံ့” ဟု အပ်နှင်းကာ ဆင်ငယ်ကို ဆုံးမခဲ့၍ တောသို့ဝင်လေ၏။

ပျော်မွေ့နေရှာ လူတို့ရွာ

ဆင်ငယ်လည်း အဖ ဆုံးမသောအတိုင်း လိုက်နာလျက် နေ့စဉ် လက်သမားတို့ အမှုကိစ္စကို ဆောင်ရွက်၏။ လက်သမားတို့သည် ဆင်ငယ်အားလည်း ထမင်းဆုပ် ငါးရာတို့ဖြင့် ကျွေးမွေးကြကုန်၏။ လက်သမား သားငယ်တို့သည် ကြည်းကုန်း၌ လည်းကောင်း၊ ရေ၌ လည်းကောင်း ပွေ့ဖက်စီးနင်းကာ ဆင်ငယ်နှင့် ကစားကြကုန်၏။

စင်စစ်သဖြင့် အာဇာနည် ဖြစ်သော ဆင်၊ မြင်း၊ ယောကျ်ားတို့သည် ရေ၌ ကျင်ကြီး၊ ကျင်ငယ်ကို စွန့်လေ့မရှိကြကုန်။ ထို့ကြောင့် ဆင်ငယ်သည် ဘယ်အခါမျှ ရေ၌ ကျင်ကြီး၊ ကျင်ငယ် မစွန့်လေ။ ကြည်းကုန်း၌သာ စွန့်လေ့ရှိ၏။

ဆင်ဆရာကြံမှ ရေချိုးရ

တစ်နေ့သ၌ မိုးရွာသည်ရှိသော် ဆင်ချေးခြောက်တို့သည် မိုးရေကြောင့် မြစ်သို့ကျဆင်းလျက် အောက်သို့ မျောကာ ဗာရာဏသီမြို့တော်ရှိ မြစ်ဆိပ် ချုံတစ်ခုတွင် တင်နေကုန်၏။ ဆင်ထိန်းတို့သည် ဗာရာဏသီမင်း၏ ဆင်ငါးရာတို့ကို ရေချိုးရန် မြစ်ဆိပ်သို့ ဆောင်ကြကုန်၏။ ဆင်တို့သည် အာဇာနည် ဆင်ချေးနံ့ကိုရသဖြင့် တစ်ကောင်မျှ မြစ်သို့ မသက်ဆင်းဝံ့ကြကုန်။

ထိုအခါ ဆင်ထိန်းတို့သည် ဆင်ဆရာတို့ကို ပြောကြားကြကုန်၏။ ဆင်ဆရာတို့သည် ရေ၌ ဘေးရန်ရှိသည် ဖြစ်လိမ့်မည်ဟု စုံစမ်းရှာဖွေကြရာ ချုံတွင် တင်နေသော အာဇာနည် ဆင်ချေးတို့ကိုမြင်လျှင် ဤဆင်ချေးတို့ကား ဆင်တို့ရေကို မဆင်းဝံ့သော အကြောင်းတည်းဟုသိ၍ ထိုချေးတို့အို အိုးတွင်ထည့်ကာ ရေအပြည့်ဖျော်၍ ဆင်တို့ကိုယ်မှာ လောင်းကြကုန်၏။ ကိုယ်တို့သည် မွှေးကြိုင်ကုန်၏။ ထိုအခါမှ ဆင်တို့သည် ရေသို့ သက်၍ ရေချိုးဆင်းဝံ့ကြကုန်၏။

ဆင်အာဇာနည်ရှာ မင်းကြွလာ

ဆင်ဆရာတို့လည်း မင်းကြီးထံ သွားကြ၍ “မြတ်သော မင်းကြီး မြစ်ညာ၌ ဆင်အာဇာနည် ရှိလိမ့်မည်။ ရှာဖွေစုံစမ်း၍ ယူသင့်သည်” ဟု လျှောက်ထားကြကုန်၏။ မင်းကြီးလည်း စစ်သည်ဗိုလ်ပါနှင့် ခြံရံကာ လှေဖောင်တို့ဖြင့် မြစ်ညာသို့ ဆန်တက်လက်သော် လက်သမားတို့ နေရာသို့ ရောက်လေ၏။ လက်သမားတို့လည်း မင်းကြီးကို ခရီးဦး ကြိုဆိုကြ၍ “မြတ်သောမင်းကြီး ... ဤအရပ်သို့ အဘယ်အတွက် ကြွလာပါသနည်း၊ သစ်တို့ကို အလိုရှိလျှင် ယူတော်မူပါ ဆက်သပါမည်” ဟု လျှောက်ထားလေ၏။ “အချင်တို့ ... ငါသည် သစ်တို့ကိုလို၍ လာသည်မဟုတ်၊ သင်တို့ထံရှိသော ဆင်အာဇာနည်ကို အလိုရှိ၍လာသည်” ဟု ပြောလေ၏။ “မြတ်သောမင်းကြီး .... ယူတော်မူပါ” ဟု လျှောက်ထားကြကုန်၏။

ကျေးဇူးဆပ်ကာ မင်းနောက်ပါ

ထိုအခါ ဆင်ငယ်သည် မင်းကြီးထံ မလိုက်လို။ မင်းကြီးသည် “အချင်းတို့ ... ဆင်ငယ်သည် အဘယ်သို့ ပြုစေလိုသနည်း” ဟု မေး၏။ “မြတ်သောမင်းကြီး .... လက်သမားတို့ကို ကျေးဇူးဆပ်စေလိုပါသည်” ဟု လျှောက်ထားကြပြန်၏။ မင်းကြီးသည် ဆင်ငယ်၏ အခြေလေးချောင်း၊ နှာမောင်း၊ အမြီး၊ ဤခြောက်ဌာနတွင် အသပြာ တစ်သိန်းစီအားဖြင့် ခြောက်သိန်းတို့ကို စုပုံစေ၏။ ဆင်ငယ်သည် ဤမျှဥစ္စာဖြင့်လည်း မလိုက်လို။ တစ်ဖန် လက်သမားတို့အား ပုဆိုးအစုံတို့ကို လည်းကောင်း၊ အဝတ်ဝတ်စရာတို့ကို လည်းကောင်း ပေးပြန်၏။ ဤမျှဥစ္စာဖြင့်လည်း မလိုက်လို၊ တစ်ဖန် သူငယ်တို့အားလည်း ပေးကမ်းပြန်၏။ ထိုအခါမှ မင်းကြီးထံ လိုက်လေ၏။

ဆင်ချီးမြှောက်ရေး တိုင်းပြည်ပေး

မင်းကြီးလည်း ဆင်ဖြူတော်ကိုယူ၍ မြို့သို့ရောက်လျှင် တစ်မြို့လုံး တန်ဆာဆင်စေလျက် အဘိသိက်သွန်းလျက် မင်္ဂလာဆင်တော်ပြု၍ အဆွေခင်ပွန်းအရာ၌ ထားပြီးလျှင် တိုင်းပြည်တစ်ဝက် ခွဲပေးကာ ပူဇော်သက္ကာရကို အညီအမျှ ခံယူေ၏။ ဆင်ဖြူတော်ရောက်သော ကာလမှစ၍ ဇမ္ဗူဒိပ် တစ်ကျွန်းလုံး မင်းအဖြစ်သည် ဗာရာဏသီ မင်းကြီးလက်သို့ ရောက်ကာ ဧကရာဇ်မင်း ဖြစ်လေ၏။

စစ်ထိုးဖို့ပြောကြား ဆိုင်းငံ့ထား

ကာလရှည်ကြာလတ်သော် ဘုရားအလောင်းသည် ဗာရာဏသီမင်း၏ မိဖုရားကြီးဝမ်းဝယ် ပဋိသန္ဓေ နေလေ၏။ ထိုအခါ မင်းကြီးသည် နတ်ရွာစံလေ၏။ ထိုအကြောင်း ကို နှလုံးကွဲ၍ သေမည်ကို စိုးရိမ်သည့်အတွက် မင်္ဂလာဆင်တော်အား မပြောဝံ့ကြကုန်၏။ လုပ်ကျွေးမြဲသာ လုပ်ကျွေးကြကုန်၏။ မင်းကြီး နတ်ရွာစံသည်ကို ကြားလေလျှင် အနီးရှိ ကောသလမင်းသည် များစွာသော စစ်သည်ဗိုလ်ပါနှင့် လာ၍ ဗာရာဏသီမြို့တော်ကို ဝန်းရံပိတ်က ဆို့ထားလေ၏။

ထိုအခါ စစ်သူကြီးတို့သည် မြို့ကိုလုံခြုံစွာ ပိတ်ဆို့၍ ကောသလမင်းကြီးအား “အရှင်မင်းကြီး ... အကျွန်ုပ်တို့ မိဖုရားကား ကိုယ်ဝန်ရင့်မာခဲ့ပြီ၊ ခုနစ်ရက်ရှိလျှင် မွေးဖွားပါလိမ့်မည်။ လက္ခဏာဖတ် ပုဏ္ဏားတို့လည်း သားယောကျ်ားဖွားမြင်မည်ဟု ဟောကြားပါသည်။ သို့အတွက် မိဖုရားကြီး မွေးပြီးရုံ ခုနစ်ရက် ဆိုင်းငံ့တော်မူပါ၊ ခုနစ်ရက်လည်လျှင် စစ်ထိုးပါမည်” ဟု သတင်းစကား ပို့လိုက်၏။ ကောသလမင်းကြီးလည်း ခုနစ်ရက် ဆိုင်းငံ့လေ၏။

မင်းသားဖွားမြင် စစ်ရေးဆင်

ခုနစ်ရက်မြောက်သောနေ့၌ မိဖုရားကြီးသည် သားယောကျ်ားကို ဖွားမြင်လေ၏။ ထိုမင်းသားအး လူတို့ တွန့်တိုဆုတ်နစ်ခြင်း ကင်းသောစိတ်ကို ဖြစ်စေသောကြောင့် “အလီနစိတ္တမင်းသား” ဟု မှည့်ခေါ်ကြကုန်၏။ စစ်သူကြီးတို့သည် မင်းသား မွေးဖွားသောနေ့မှစ၍ ကောသလမင်းနှင့် စစ်ထိုးကြကုန်၏။ စစ်သည်တို့သည် အကြီးအချုပ် မပါသဖြင့် များပြားပါလျက် နောက်သို့ တစ်စတစ်စ ဆုတ်နစ်လေ၏။

အမတ်တို့သည် မိဖုရားကြီးအား “အရှင်မိဖုရား ... စစ်သည်တို့ ဆုတ်နစ်ကြသည်၊ သည်လိုသာဖြစ်လျှင် ရှုံးလိမ့်မည်။ သို့အတွက် မင်းကြီး နတ်ရွာစံသောအဖြစ်၊ သားတော် ဖွားမြင်သောအဖြစ်၊ ကောသလမင်းလာ၍ စစ်ထိုးသော အဖြစ်ကို မင်္ဂလာဆင်တော်အား ပြောကြားမည်” ဟု လျှောက်ထားကြကုန်၏။ မိဖုရားကြီးလည်း ကောင်းပြီဟု ဝန်ခံကာ သားတော်ကို တန်ဆာဆင်၍ ဘွဲ့ဖြူပုဆိုး၌ အိပ်စေလျက် နန်းတော်မှ သက်ဆင်းပြီးလျှင် အမတ်အပေါင်းခြံရံကာ ဆင်တင်းကုပ်သို့ သွားလေ၏။

ဆင်မင်းတိုင်ပင် ရန်အောင်မြင်

ရောက်လျှင် သားတော်ကို ဆင်တော်၏ ခြေရင်း၌ အိပ်စေ၍ ဆင်တော်အား “အရှင် ... အရှင်၏ အဆွေတော်မင်းကြီး နတ်ရွာစံပါပြီ၊ နှလုံးကွဲမည် စိုးရိမ်၍ အရှင်အား မပြောကြားကြပါ။ ဤသူငယ်ကား အရှင် အဆွေမင်းကြီး၏ သားတော် ဖြစ်ပါသည်။ ကောသလမင်းလည်း မြို့ကို ဝန်ရံကာ အရှင့်သားတော်နှင့် စစ်ထိုးနေပါသည်။ စစ်သည်တို့လည်း ဆုတ်နစ်ကြပါသည်။ အရှင့်သားတော်ကို စောင့်ရှောက်ပါ၊ မင်းအဖြစ်ကိုယူ၍ ပေးပါ” ဟု အကြောင်းစုံ ပြောကြားကြကုန်၏။

ထိုအခါ ဆင်ဖြူတော်သည် မင်းသားငယ်ကို နှာမောင်းဖြင့် သုံးသပ်ပြီးလျှင် ဦးကင်းပေါ်သို့ တင်ကာ ငိုကြွေးလျက် မိဖုရားလက်သို့ပေး၍ ကောသလမင်းကို ဖမ်းမည်ဟု ဆင်တင်းကုပ်မှ ထွက်လေ၏။ အမတ်တို့လည်း ချပ်မိန်ညိုတို့ကို ဝတ်ဆင်ပြီးလျှင် ဆင်ဖြူတော်ကိုလည်း တန်ဆာဆင်၍ ခြံရံကာ မြို့မှထွက်ကြကုန်၏။ ဆင်ဖြူတော်သည် မြိ်ု့ပြင်သို့ရောက်လျှင် ကြိုးကြာသံကဲ့သို့ မြည်ဟည်းကာ လူအများကို ထိတ်လန့်စေလျက် ပြေးစေပြီးလျှင် ကောသလမင်းကို ဦးသျှောင်၌ ဆွဲငင်ကာ ယူဆောင်ခဲ့၍ မင်းသားငယ်၏ ခြေရင်းမှာ ဝပ်စေ၏။ သတ်မည်လာသူတို့ကို တားမြစ်လေ၏။ ကောသလမင်းအား ဤနေ့မှစ၍ သတိထားလော့၊ မင်းသားသည် ငယ်သေးသည်ဟု မမှတ်လင့်ဟု ဆုံးမ၍ လွှတ်လိုက်၏။

ဆင်မင်းကြောင်းပြု ထင်ရှားမှု

ဇမ္ဗူဒိပ်ကျွန်း၌ ဖြစ်သော မင်းအဖြစ်သည် မင်းသားငယ်၏ လက်သို့သာ ရောက်လေ၏။ ဆန့်ကျင်ဘက် ရန်သူမည်သည်မရှိ။ ခုနစ်နှစ်အရွယ်သို့ ရောက်သောအခါ အဘိသိက်သွန်း၍ မင်းပြုတော်မူသဖြင့် အလီနစိတ္တမင်းဟု တွင်လေ၏။ တရားသဖြင့် မင်းပြုကာ နတ်ပြည်ကို ပြည့်စေ၏။

သဗ္ဗညု မြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူသောအခါ လုံ့လဝီရိယ ယုတ်လျော့သော ရဟန်းအား -

“ချစ်သားရဟန်း ... ဗာရာဏသီ စစ်သည်တို့သည် အလီနစိတ္တမင်းသားကို မှီ၍ ငါတို့အနွယ်အဆက် မင်းကို ရစေပြီဟု ရွှင်လန်းစွာ စစ်သည်ဗိုလ်ပါများသော ကောသလမင်းကို ဆင်ဖြူတော်အား ဖမ်းစေသကဲ့သို့၊ ထို့အတူ ယောဂကင်းရာ နိဗ္ဗာန်သို့ရောက်ရန် ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးကို ပွားများစေသော အဆွေခင်ပွန်းကောင်းကိုမှီ၍ လုံ့လဝီရိယနှင့် ဖြူစင်သော သီလရှိသော ပုဂ္ဂိုလ်သည် ဝိပဿနာ အစဉ်ဖြင့် သံယောဇဉ်တို့ ကုန်ဆုံးရာ အရဟတ္တဖိုလ်သို့ ရောက်ရာ၏” –

ဟု မဟာနိဗ္ဗာန်ကို အထွက်တပ်ကာ ဟောတော်မူ၏။

ဤဒေသနာတော်အဆုံး၌ လုံ့လဝီရိယ ယုတ်လျော့သောရဟန်းသည် အရဟတ္တဖိုလ်၌တည်၍ ရဟန္တာအဖြစ်သို့ ရောက်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မယ်တော်သည် - ယခုအခါ မဟာမာယာ။

ခမည်းတော်မင်းကြီးသည် - သုဒ္ဓေါဓနမင်းကြီး။

ဆင်ဖြူတော်သည် - လုံ့လဝီရယ ယုတ်လျော့သော ရဟန်း။

ကောသလမင်းသည် - မောဂ္ဂလာန်။

အလီနစိတ္တမင်းသားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကြိုးစားအားထုတ်ဘိ၊ လုံ့လရှိ၊ ပြီး၏ အကျိုးမများ။

(၂) ဆုံးဆယ့်ခုနစ်ချက်၊ ဗောဓိပက်၊ ပွားလျက်နိဗ္ဗာန်သွား။

(၃) အလီနမှီကာ၊ အောင်မြင်ပါ၊ ဗာရာစစ်သည်လား။

အလီနစိတ္တဇာတ် ပြီး၏။

***

၁၅၇ - ဂုဏဇာတ်

မြေခွေး၏ ကျေးဇူးကို သိတတ်သော ခြင်္သေ့မင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပုဆိုးငါးရာလှူ အာနန္ဒာယူ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရှင်အာနန္ဒာမထေရ်သည် ကောသလမင်းကြီး၏ နန်းတွင်းသူတို့အား တရားတော်ကို သင်ကြားစေ၏။

ထိုအခါ ကောသလမင်းကြီးအား တစ်ထည်လျှင် အဖိုးတစ်ထောင် ထိုက်တန်သော ပုဆိုးတစ်ထောင်တို့ကို ဆက်သကြကုန်၏။ ကောသလမင်းကြီးသည် ပုဆိုးငါးရာတို့ကို မိဖုရားငါးရာတို့အား တစ်ထည်စီ ပေးလေ၏။ မိဖုရားတို့လည်း မိမိတို့ရသော ပုဆိုးငါးရာတို့ကို မဝတ်ကြဘဲ ရှင်အာနန္ဒာအား အသီးအသီး လှူဒါန်းကြကုန်၏။

မင်းကြီးအမျက်ထွက် လျှောက်ထားချက်

မိဖုရားတို့သည် မင်းကြီးထံ အခစား သွားကြသော အခါ ပုဆိုးဟောင်းတို့ကို ဝတ်ဆင်ကာ ခစားကြကုန်၏။ ကောသလမင်းကြီးသည် “မိဖုရားတို့ ... ငါသင်တို့အား တစ်ထည်လျှင် အဖိုးတစ်ထောင် ထိုက်တန်သော ပုဆိုးငါးရာတို့ကို တစ်ထည်စီ ဆုချအပ်သည် မဟုတ်လော၊ သင်တို့ အဘယ်ကြောင့် မဝတ်ဘဲ လာကြသနည်း” ဟု မေး၏။ “မြတ်သောမင်းကြီး ... အကျွန်ုပ်တို့သည် ရှင်အာနန္ဒာအား လှူဒါန်းကြပါသည်” ဟု လျှောက်ထားလေ၏။ “မိဖုရားတို့ ... ပုဆိုးငါးရာလုံး ခံယူသလော” ဟု မေးပြန်၏။“မြတ်သောမင်းကြီး ... ပုဆိုးငါးရာလုံးပင် ခံယူပါသည်” ဟု လျှောက်ထားကြကုန်၏။

ကောလသမင်းကြီးသည် မြတ်စွာဘုရားသည် သင်္ကန်းသုံးထည်သာ ခွင့်ပြုပါလျက် ပုဆိုးငါးရာလုံး အလှူခံသည်မှာ ပုဆိုးကုန်သွယ်ခြင်း ပြုမည်ထင်သည်ဟု အပြစ်တင်ကာ ရှင်အာနန္ဒာအား အမျက်ထွက်လျက် ရှင်အာနန္ဒာထံသို့ လိုက်လေ၏။

ရှင်အာနန္ဒာ သင်္ကန်းအသုံးပြုပုံ

ရောက်လျှင် မင်းကြီးသည် ရှင်အာနန္ဒာအား “အရှင်ဘုရား ... မိဖုရားတို့ လှူအပ်သော ပုဆိုးငါးရာကို အလှူခံသည်မှာ မှန်ပါသလော” ဟု လျှောက်၏။ “မြတ်သောမင်းကြီး ... မှန်ပါသည်” ဟု ဖြေ၏။ “အရှင်ဘုရား ... မြတ်စွာဘုရားက သုံးထည်သာ ခွင့်ပြုသည် မဟုတ်ပါလော” ဟု လျှောက်ပြန်၏။ “ဟုတ်ပါသည်၊ သို့သော်လည်း အလှူခံခြင်းကို တားမြစ်တော်မမူပါ၊ အလှူခံခြင်းမှာလည်း သင်္ကန်းနွမ်းရိသော ရဟန်းတို့အား လှူဒါန်းရန် ဖြစ်ပါသည်” ဟု ပြော၏။“အရှင်ဘုရား ... အသစ်ရသော ရဟန်းတို့သည် အဟောင်းတို့ကို ဘယ်လို အသုံးပြုပါသနည်း” ဟု လျှောက်၏။ “မြတ်သောမင်းကြီး ... ဒုကုဋ်ဟောင်းတို့ကို ကိုယ်ဝတ်ပြုလုပ်ပါသည်” ဟု ဖြေ၏။ “ကိုယ်ဝတ်ဟောင်းကို အဘယ်သို့ ပြုပါသနည်း” ဟု လျှောက်၏။ “သင်းပိုင်ပြုလုပ်ပါသည်” ဟု ဖြေ၏။ “သင်းပိုင်ဟောင်းကို အဘယ်သို့ ပြုပါသနည်း” ဟု လျှောက်၏။ “အိပ်ရာလွှမ်း ပြုလုပ်ပါသည်” ဟု ဖြေ၏။ “အိပ်ရာလွှမ်းဟောင်းကို အဘယ်သို့ ပြုပါသနည်း” ဟု လျှောက်၏။ “မြေအခင်း ပြုလုပ်ပါသည်” ဟု ဖြေ၏။ “မြေခင်းဟောင်းကို အဘယ်သို့ ပြုပါသနည်း” ဟု လျှောက်၏။ “ခြေသုတ် ပြုလုပ်ပါသည်” ဟု ဖြေ၏။ “ခြေသုတ်ဟောင်းကို အသို့ ပြုပါသနည်း” ဟု လျှောက်၏။ “မြတ်သောမင်းကြီး ... သဒ္ဓါ၍ လှူဒါန်းသော ပစ္စည်းကို မပျက်စီးစေကောင်း၊ ထို့ကြောင့် ခြေသုတ်ဟောင်းကို ပဲခွပ်ဖြင့် နုပ်နုပ်စဉ်း၍ မြေဖြင့် နယ်ပြီးလျှင် ကျောင်းတို့မှာ မြေချင် လိမ်းကျံပါသည်” ဟု မိန့်တော်မူ၏။

နောက်ထပ်ပေးလှူ ခွဲဝေယူ

ထိုအခါ ကောသလမင်းကြီးသည် ရှင်အာနန္ဒာ အသုံးပြုပုံကို သိရလျှင် ရဟန်းတို့အား လှူအပ်သောသင်္ကန်းကို ခြေသုတ် ဖြစ်သည်တိုင်အောင်လည်း မပျက်စီးစေရဟု အလွန်နှစ်သက်ဝမ်းမြောက်လျက် ကျန်သော ပုဆိုးငါးရာကိုလည်း ယူစေပြီးလျှင် ရှင်အာနန္ဒာအား လှူဒါန်းပြန်၏။ ရှင်အာနန္ဒာအား ပုဆိုးတစ်ထောင် ရလေ၏။

ရှင်အာနန္ဒာသည် ထိုပုဆိုးတစ်ထောင်တို့တွင် ရှေးဦးစွာရသော ငါးရာကို သင်္ကန်းနွမ်းရိသော ရဟန်းတို့အား ဝေခြမ်းလှူဒါန်းတော်မူ၏။ နောက်ထပ်ရသော ပုဆိုးငါးရာကိုကား မိမိအး ဝတ်ကြီးဝတ်ငယ် ပြုလျက် ကျေးဇူးများသော တပည့်ငယ် တစ်ပါးအား ပေးတော်မူ၏။ ထိုတပည့်ငယ် ရဟန်းလည်း ပုဆိုးငါးရာလုံးကိုပင် မိမိနှင့် ဥပဇ္ဈာယ်တူ ဖြစ်ကုန်သော ရဟန်းငါးရာတို့အား ဝေခြမ်း၍ လှူဒါန်းလေ၏။

ကျေးဇူးများလှ ချီးမြှောက်ရ

ရဟန်းတို့သည် မြတ်စွာဘုရားထံ ဆည်းကပ်၍ “အရှင်ဘုရား ... သောတာပန် ဖြစ်သော ဘုရားတပည့်အား မျက်နှာလိုက်၍ ပေခြင်းရှိပါသေးသလော” ဟု လျှောက်ထား၏။ “ရဟန်းတို့ ... ငါဘုရားတပည့်တို့အား မျက်နှာလိုက်၍ ပေးခြင်းမည်သည် မရှိကြပေ” ဟု ဖြေကြား၏။ “အရှင်ဘုရား ... တပည့်တော်တို့ ဥပဇ္ဈာယ် အရှင်အာနန္ဒာသည် ပုဆိုးငါးရာတို့ကို ရဟန်းတစ်ပါးအားသာ ပေးပါသည်။ တပည့်တော်တို့မှာ ထိုရဟန်းငယ်ပေး၍ ရပါသည်” ဟု လျှောက်ထားကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် “ ရဟန်းတို့ .... အာနန္ဒာကား ထိုရဟန်းငယ်အား မျက်နှာလိုက်၍ ပေးသည်မဟုတ်၊ ထိုရဟန်းသည် အာနန္ဒအား ကျေးဇူးများ၏။ ထို့ကြောင့် မိမိအား ကျေးဇူးပြုဖူးသူကို ကျေးဇူးတုံ့ကို ဆပ်သောအနေဖြင့် ပေးခြင်းသာ ဖြစ်သည်။ ရှေးပညာရှိတို့လည်း မိမိအး ကျေးဇူးပြုသောသူတို့အား ကျေးဇူးတုံ့ကို ပြန်၍ ဆပ်ဖူးကြသည်ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သေးငယ်သတ္တဝါ ကျက်စားရာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ခြင်္သေ့အမျိုး၌ ဖြစ်၍ တောင်ဂူတစ်ခုတွင် နေလေ၏။

တစ်နေ့သ၌ ထိုခြင်္သေ့မင်းသည် ဂူမှထွက်၍ တောင်ထိပ်၌ ရပ်လျက် တောင်ခြေရင်းသို့ ကြည့်လေ၏။ တောင်ခြေရင်းတွင် ရစ်ပတ်လျက် တည်သော အိုင်ကြီးတစ်ခုလည်း ရှိ၏။ ထိုအိုင်ကြီး၏ တစ်ခုသောမြင့်ရာ အထက်အရပ်၌ မာသော ညွန်အပြင်ဝယ် စိန်းလမ်းနုနယ်သော မြက်ပင်တို့သည် ပေါက်ကြကုန်၏။ မြေခွေး၊ ကြောင်၊ ယုန် စသော သေးငယ် ပေါ့ပါးသော သတ္တဝါတို့သည် ထိုညွန်အပြင်ဝယ် လှည့်လည် ကျက်စားကြကုန်၏။ ထိုနေ့၌ သမင်တစ်ကောင်သည် စိမ်းလန်းသောမြက်တို့ကို စားလျက်သွားလေ၏။

ခြင်္သေ့ညွန်နစ် တောင်းပန်လင့်

ထိုအခါ ခြင်္သေ့မင်းသည် သမင်ကို ဖမ်းမည်ဟု တောင်ထိပ်မှ ဆင်းကာ လျင်သောအဟုန်ဖြင့် လိုက်လေ၏။ သမင်လည်း သေဘေးမှ ကြောက်သဖြင့် မြည်လျက် ပြေးလေ၏။ ခြင်္သေ့မင်းသည် အဟုန်ကို မရပ်တန့်နိုင်တော့ဘဲ ညွန်အပြင်၌ကျ၍ ကျွံနစ်ကာ မတက်နိုင်တော့သဖြင့် ခုနစ်ရက်ပတ်လုံး အစာမစားရဘဲ နေလေ၏။

မြေခွေးတစ်ကောင်သည် ခြင်္သေ့မင်းကိုမြင်၍ ကြောက်သဖြင့် ပြေး၏။ ခြင်္သေ့မင်းသည် “အိုမြေခွေး ... မပြေးလင့် ငါ့မှာ ညွန်အပြင်၌ နစ်နေသည်၊ အသက်ကို ကယ်ဆယ်ပါ” ဟု ပြော၏။ “အရှင် ... ညွန်မှ ထုတ်လိုပါ၏၊ ထွက်လာလျှင် အကျွန်ုပ်ကို စားမည်မှ ကြောက်ပါသည်“ ဟု ပြောသောအခါ “မြေခွေး ... မကြောက်ပါလင့်၊ သင့်ကို ငါမစားပါ၊ သင့်အား ငါကျေးဇူးဆပ်ပါမည် တစ်နည်းနည်းနှင့် ညွန်မှ ထုတ်ယူပါ” ဟု ဝန်ခံပြောဆိုလေ၏။

ကျေးဇူးတုံ့ပြန် လုပ်ကျွေးရန်

မြေခွေးသည် ခြေင်္သေ့မင်း ဝန်ခံသဖြင့် ယုံကြည်စိတ်ချကာ ခြင်္သေ့မင်း ခြေလေးချောင်းတို့အပေါ်တွင် ညွန်တို့ကို ယက်ထုတ်၍ ရေမြောင်းလေးခုသွယ်ကာ ရေသွင်းလျက် ညွန်တို့ကို ပျော့လာအောင် စီမံလေ၏။ ညွန်တို့ ပျော့လာသဖြင့် ခြေလေးချောင်းတို့သည် ချောင်၍လာကုန်၏။ ထိုအခါ ေြခွေးသည် ခြင်္သေ့မင်း ဝမ်းဗိုက်အောက်သို့ဝင်၍ “အရှင် ... ကြိုးစားအားထုတ်ပါ” ဟု ကျယ်လောင်စွာ ညာသံပေးလျက် ဦးခေါင်းဖြင့် ရွက်ကာ ချီမလေ၏။ ခြင်္သေ့မင်းသည် လျင်သောအဟုန်ဖြင့် ညွန်မှ ခုန်တက်ပြီးလျှင် ကြည်းကုန်း၌တည်လေ၏။ အတန်ငယ် အပန်းဖြေလျက် အိုင်သို့ ဆင်းသက်ကာ ရေချိုး၍ ပူပန်ခြင်းကို ငြိမ်းစေပြီးလျှင် ကျွဲတစ်ကောင်ကို ကိုက်သတ်၍ အသားကိုထွင်ကာ “အို ကောင်းသောမြေခွေး . . . စားပါး” ဟု ပေးလေ၏။ မြေခွေး စားပြီးမှ မိမိ စားလေ၏။

ပေါင်းသင်းညီညာ လုပ်ကျွေးရှာ

တစ်ဖန် မြေခွေးသည် အသားတစ်တစ်ခု ကိုက်ချီလေ၏။ ခြင်္သေ့မင်းသည် “ကောင်းသောမြေခွေး ... ဘယ်သူ့အတွက် ချီသနည်း” ဟု မေးလေ၏။ “အရှင် ... အရှင်တို့ ကျွန်မအတွက် ချီပါသည်” ဟု ပြော၏။ “ကောင်းသောမြေခွေး ကိုက်ချီပါ” ဟု ဆို၍ မိမိလည်း ခြင်္သေ့မအတွက် သားတစ်တစ်ခုကို ကိုက်ချီပြီးလျှင် မြေခွေးကိုခေါ်၍ မိမိနေရာဂူသို့ ပြန်ကာ ခြင်္သေ့မအား ပေးလေ၏။ တစ်ဖန် မြေခွေးနှင့်အတူ မြေခွေးမထံ သွား၍ ကိုက်ချီလာသော သားတစ်ကို မြေခွေးမအား စားစေပြီးလျှင် မြေခွေးဖို၊ မြေခွေးမ နှစ်ဦးလုံးကို ခေါ်ယူကာ ဤနေ့မှစ၍ သင်တို့ကို ငါလုပ်ကျွေးမည်ဟု ဝန်ခံလျက် မိမိနေရာဂူ၏ အနီးတွင်ရှိသော ဂူတစ်ခုမှာ နေစေ၏။

ထိုနေ့မှစ၍ ခြင်္သေ့နှင့် မြေခွေးတို့သည် အစာရှာသွားသောအခါ အတူသွား၍ မိမိတို့ဝအောင် စားပြီးလျှင် အသီးအသီး အသားတစ် တစ်ခုစီချီကာ ခြင်္သေ့မနှင့် မြေခွေးမတို့ဖို့ ယူခဲ့ကြကုန်၏။ နောက် ကာလရှည်ကြာလတ်သော် ခြင်္သေ့မ၌ သားနှစ်ကောင်၊ မြေခွေးမ၌လည်း သားနှစ်ကောင် မွေးဖွားကြကုန်၏။ အလုံးစုံသော ခြင်္သေ့၊ မြေခွေးတို့သည် ချစ်ခင်ရင်းနှီးစွာ အညီအညွတ် နေကြကုန်၏။

ပေါင်းသင်းကြာလျှင် အပြစ်မြင်

တစ်နေ့သ၌ ခြင်္သေ့မသည် ဤခြင်္သေ့မင်းကား မြေခွေးဖို၊ မြေခွေးမ၊ မြေခွေးငယ်တို့အား အလွန်ချစ်ခင် မြတ်နိုးသည်။ မြေခွေးမနှင့် စပ်ယှက်ခြင်းရှိလိမ့်မည်။ မြေခွေးမကို ခြိမ်းခြောက်ကာ ဤအရပ်မှ ပြေးစေရမူ ကောင်းလိမ့်မည်ဟု ကြံစည်လျက် ခြင်္သေ့မင်းနှင့် မြေခွေးဖိုတို့ အစာရှာသွားသောအခါ မြေခွေးမအား ... “အဘယ်ကြောင့် သည်မှာလာနေသနည်း၊ အဘယ်ကြောင့် သည်အရပ်မှ မပြေးကြသေးသနည်း” ဟု ခြိမ်းခြောက် မောင်းမဲကာ နှိပ်စက်ညှဉ်းဆဲလေ၏။ ခြင်္သေ့ငယ်တို့ကလည်း မြေခွေးငယ်တို့အား နှိပ်စက်ညှဉ်းဆဲကြကုန်၏။

ထိုအခါ မြေခွေးမသည် မြေခွေးဖိုအား ထိုအကြောင်းကို ပြောကြားလေလျှင် မြေခွေးဖိုသည် “ရှင်မ .... ခြင်္သေ့မင်းခိုင်း၍ ခြင်္သေ့မက ဤလိုပြုလုပ်သလား မသိပါ၊ ဘယ်လိုပဲဖြစ်စေ ငါတို့နေသည်မှာ ကြာမြင့်ကြပြီ၊ ကြာမြင့်လျှင်လည်း မုန်းတီးမြဲ ဖြစ်သည်။ သို့အတွက် ငါတို့ သည်နေရာမှ သွားကုန်အံ့” ဟု တိုင်ပင်ကုန်၏။

ခြင်္သေ့တောင်းပန် ထွက်သွားရန်

မြေခွေးဖိုသည် ခြင်္သေ့မင်းထံသို့ကပ်၍ “အရှင် ... အရှင့်ထံမှာ အကျွန်ုပ်တို့ နေသည်မှာ ကြာမြင့်ပြီ၊ ကြာမြင့်စွာနေသောသူတို့အား မုန်းတီးမြဲ ဖြစ်သည်။ အကျွန်ုပ်တို့ အစာရှာသွားသောအခါ ခြင်္သေ့မသည် မြေခွေးမကို နှိပ်စက်ညှဉ်းဆဲသည်။ ခြင်္သေ့ငယ်တို့သည် မြေခွေးငယ်တို့ကို ညှဉ်းဆဲကြသည်” ဟု ပြောဆိုပြီးလျှင် တစ်ဖန် ခြင်္သေ့မင်းအား -

“အို ခြင်္သေ့မင်း ... အစိုးရသူတို့သည် မိမိထံ ခစားဆည်းကပ်နေသူကို သွားစေလိုသောအခါ နှင်ထုတ်နိုင်ခြင်းကို အရှင် သိသည်မဟုတ်ပါလော၊ နှိပ်စက်ညှဉ်းဆဲခြင်းကား အကျိုးမရှိပါ၊ အကျွန်ုပ်တို့အား ကိုးကွယ်ရာမှ ဘေးဖြစ်လာသောကြောင့် မိမိတို့နေရာသို့ ပြန်သွားကြပါမည်” ဟု ပြောဆိုလေ၏။ ခြင်္သေ့မင်းသည် မြေခွေးဖို စကားကိုကြားလျှင် -

ကျေးဇူးပြောပြ ဆိုဆုံးမ

ခြင်္သေ့မအား “အို ကောင်းသောခြင်္သေ့မ ... ဟိုစဉ်အခါ အစာရှာသွား၍ ခုနစ်ရက်တိုင်ကြာအောင်နေပြီးမှ မြေခွေးဖို၊ မြေခွေးမတို့နှင့် အတူပြန်လာသည်ကို သင် အမှတ်ရပါသလော” ဟု မေး၏။ “အရှင် ... အမှတ်ရပါသည်” ဟု ပြော၏။ “ခြင်္သေ့မ ... ခုနစ်ရက်တိုင်ကြာအောင် မလောဘဲ နေခြင်း အကြောင်းကို သိပါသလော” ဟု မေးပြန်၏။ “အရှင် ... မသိပါ” ဟု ပြောလေ၏။ “ခြင်္သေ့မ .... ငါ သားတစ်ကောင်ကို ဖမ်းရာ ညွန်အပြင်မှနစ်၍ မတက်နိုင်သဖြင့် ခုနစ်ရက် အစာမစားရဘဲနေခိုက် ဤမြေခွေးဖိုကယ်ဆယ်၍ ငါ့မှာ အသက်ချမ်းသာသည်။ ဤမြေခွေးဖိုကား ငါ့အသက်ကိုပေးသော အသက်သခင် ကျေးဇူးရှင် အဆွေခင်ပွန်း ဖြစ်သည်ဟု ဆိုပြီးလျှင် တစ်ဖန် ခြင်္သေ့မအား -

“အို ခြင်္သေ့မ ... အဆွေခင်ပွန်း မည်သည်မှာ အားနည်းသော်လည်း အဆွေခင်ပွန်းတို့ ကျင့်ဝတ်၌တည်ရှိပါမူ အမျိုးလည်းဖြစ်သည်၊ အဆွေခင်ပွန်းလည်း ဖြစ်သည်၊ မိတ်ဆွေလည်းဖြစ်သည်၊ အပေကါင်းအဖော်လည်း ဖြစ်သည်။ အသက်ကိုပေးသော အဆွေခင်ပွန်းဖြစ်သော ဤမြေခွေးဖိုကို လည်းကောင်း၊ ဤမြေခွေးမကိုလည်းကောင်း၊ မြေခွေးငယ်တို့ကို လည်းကောင်း မထီမဲ့မြင် မပြုပါလေနှင့် -

ဟု အကြောင်းပြကာ ဆုံးမတားမြစ်လေ၏။

သည်းခံနေရ ပျော်ရွှင်ကြ

ခြင်္သေ့မလည်း ခြင်္သေ့မင်း၏ စကားကိုကြားလျှင် မြေခွေးမကို သည်းခံစေလျက် ထိုနေ့မှစ၍ ခြင်္သေ့မ သားအမိတို့သည် မြေခွေးမ သားအမိတို့နှင့် အညီအညွတ် နေကြကုန်၏။ ခြင်္သေ့ငယ်တို့သည်လည်း မြေခွေးငယ်တို့နှင့် ဝမ်းမြောက်ဝမ်းသာ အတူတကွ ကစားကြကုန်၏။ မိဘတို့ သေလွန်သောအခါ၌လည်း အချစ်မပျက်ကြသေးဘဲ အဆွေခင်ပွန်း အဖြစ်၌ တည်ကြကုန်၏။ ထိုခြင်္သေ့ မြေခွေးတို့အား ဆွေခုနစ်ဆက်တိုင်အောင် အချစ်မပျက်ဘဲ အဆွေခင်ပွန်းအဖြစ်၌ တည်ကြကုန်၏။

ဤဒေသနာတော်၏ အဆုံး၌ တချို့သော ရဟန်တို့သည် သောတာပန်၊ တချို့ သကဒါဂါမ်၊ တချို့ အနာဂါမ်၊ တချို့ ရဟန္တာ အဖြစ်သို့ ရောက်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြေခွေးသည် - ယခုအခါ အာနန္ဒာ။

ခြသေ့င်္မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မျိုး, ဆွေ, မိတ်, ဖော်၊ ဤလေးဖော်၊ လျော်အောင်ပေါင်းကြရာ။

(၂) အားနည်းသော်လျက်၊ ဝတ်မပျက်၊ နှစ်သက်ပေါင်းကြရာ။

(၃) ခုနစ်ဆွေဝေး၊ မိတ်ဆက်သေး၊ မြေခွေးခြင်္သေ့မှာ။

ဂုဏဇာတ် ပြီး၏။

***

၁၅၈ - သုဟနုဇာတ်

စဉ်းလဲ ကြမ်းကြုတ်ပုံချင်းတူသော သုဟနုမြင်းနှင့် မဟာသောဏမြင်းတို့ အချင်းချင်း ချစ်ကြည်နိုင်ခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကြမ်းကြုတ်သူချင်း ရိုသေခြင်း

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ထိုဇေတဝကျောင်း၌ ရုန့်ရင်းကြမ်းကြုတ်၍ နိုင်ထက်ကလူ ပြုမူတတ်သော ရဟန်းတစ်ပါးရှိ၏။

တစ်နေ့သ၌ ဇနပုဒ်နေ ရဟန်းသည် တစ်စုံတစ်ခု ပြုဖွယ်ကိစ္စဖြင့် ဇေတဝန်ကျောင်းတော်သို့ လာလတ်သော် ရဟန်းသာမဏေတို့သည် ရုန့်ရင်းကြမ်းကြုတ်သည်ကို သိ၍ ရဟန်းနှစ်ပါးတို့ ခိုက်ရန်ဖြစ်ကြသည်ကို မြင်ကြရကုန်လတ္တံ့ဟု အုတ်အုတ်ကျက်ကျက်ဖြစ်သော ဇနပုဒ်နေ ရဟန်းကို တည်းခိုရန် ဇေတဝန်ကျောင်းနေ ရဟန်း၏ ပရိဝုဏ်သို့ ပို့ကြကုန်၏။

ထိုရဟန်းနှစ်ပါးတို့သည် သူတစ်ပါးအပေါ်၌သာ ရုန့်ရင်းကြမ်းကြုတ်ခြင်း၊ နိုင်ထက်ကလူပြုမူခြင်း ရှိကုန်သော်လည်း အချင်းချင်း တွေ့မြင်ကြသောအခါ ရုန့်ရင်းကြမ်းကြုတ်ခြင်း၊ နိုင်ထက်ကလူပြုမူခြင်း မရှိကြဘဲ ချစ်ခင်ကြကုန်၏။ ဝမ်းမြောက်ဝမ်းသာ ရှိကြကုန်၏။ ခြေဆုပ်လက်နယ် ဝတ်ကြီးဝတ်ငယ်ကို ပြုကြကုန်၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ထိုရဟန်းနှစ်ပါးတို့အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... ဤရဟန်းနှစ်ပါးသည် ယခုအခါ၌သည်လျှင် သူတစ်ပါးတို့အပေါ်၌သာ ရုန့်ရင်းကြမ်းကြုတ်ခြင်း၊ နိုင်ထက်ကလူပြုမူခြင်း ရှိကြသော်လည်း အချင်းချင်း ညီညွတ်ကာ ချစ်ခင်ဝမ်းမြောက်ကြသည်မဟုတ်၊ ရှေးအခါ၌လည်း အချင်းချင်း ညီညွတ်ကာ ချစ်ခင် ဝမ်းမြောက်ကြဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မင်းကြီးသုံးစွဲ မြင်းစဉ်းလဲ

လွန်လေပြီးသောအခါ ဗာရာဏသိပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်းကြီး၏ အမှုကိစ္စအလုံးစုံကို ပြီးစေ၍ အကျိုးအကြောင်းကို ဆုံးမတတ်သော ပညာရှိအမတ် ဖြစ်လေ၏။ ဗြဟ္မဒတ်မင်းကြီးကား အနည်းငယ်မျှ ဥစ္စာကို မက်မောတတ်သော သဘောရှိ၏။ ထိုဗြဟ္မဒတ်မင်းကြီးအား မဟာသောဏ မည်သော စဉ်းလဲသော မြင်းတစ်ကောင်လည်း ရှိလေ၏။

မြင်းများအနာပြု အဖိုးဖြတ်မှု

ထိုအခါ ဥတ္တရပထ၌နေသော မြင်းကုန်သည်တို့သည် မြင်းငါးရာတို့ကို ဗာရာဏသီပြည်သို့ ယူဆောင်ခဲ့ပြီးလျှင် မင်းကြီးအား လျှောက်ထားကြကုန်၏။ ထိုမြင်းကုန်သည်တို့မလာမီ ရှေးအခါ၌ကား ပညာရှိအမတ်ကြီးသည် မြင်းတို့ကို အဖိုးဖြတ်၍ အရင်းဥစ္စာကို မလျော့စေဘဲ ပေးစေ၏။

မင်းကြီးသည် အဖိုးအရင်းကို မလျော့စေသည်ရှိသော် အမတ်ကို ခေါ်စေ၍ “အချင်းအမတ် ... သင်သည် မြင်းတို့ကို အဖိုးဖြတ်လော၊ အဖိုးမဖြတ်မီ မဟာသောဏ မည်သောမြင်းစဉ်းလဲကို ဥတ္တရာပထ မြင်းတို့ထဲသို့လွှတ်ကာ မြင်းတို့ကို ကိုက်စေပြီးလျှင် အနာတို့ကို ဖြစ်စေလျက် အားနည်းသောအခါသို့ရောက်မှ အဖိုးအရင်းကိုလျော့၍ ဖြတ်လော” ဟု အမိန့်ပေးလေ၏။ ထိုအမတ်လည်း မင်းကြီး အမိန့်ပေးတိုင်းပြုလေ၏။

မြင်းကုန်သည်မှာ မြင်းကြမ်းပါ

မြင်းကုန်သည်တို့သည် ဗြဟ္မဒတ်မင်းကြီး ပြုသော အမူအရာကို မနှစ်သက်သည် ဖြစ်၍ ပညာရှိအမတ်ကြီးအား ပြောကြားကုန်၏။ ပညာရှိအမတ်ကြီးသည် မြင်းကုန်သည်တို့အား “အမောင်တို့ ... သင်တို့မြို့၌ စဉ်းလဲသော မြင်းမရှိသလော၊ နောက်တစ်ခါလာလျှင် စဉ်းလဲသောမြင်းကိုယူခဲ့ကြ” ဟု နည်းပေးလိုက်၏။

မြင်းကုန်သည်တို့သည် ပညာရှိအမတ်ကြီး ပေးသောနည်းအတိုင်း သုဟနုမည်သော မြင်းစဉ်းလဲကို ယူဆောင်ကာ နောက်တစ်ခါ လာကြပြန်၏။ မင်းကြီးလည်း မြင်းကုန်သည်တို့ လာသည်ကြားလျှင် လေသာပြတင်းကိုဖွင့်၍ ကြည့်ရှုကာ မဟာသောဧ မည်သော မြင်းစဉ်းလဲလာသည်ကိုမြင်လျှင် သုဟနုမည်သော မြင်းစဉ်လဲကို လွှတ်ကြကုန်၏။

ချင်းချင်းတွေ့မှ ချစ်ခင်ကြ

မဟာသောဏ မြင်းစဉ်းလဲနှင့် သုဟန မြင်းစဉ်းလဲတို့သည် အချင်းချင်း တွေ့ကြလျှင် တစ်ကောင်နှင့်တစ်ကောင် ကိုယ်တို့ကို လျှာနှင့်လျက်ကြကုန်လျက် ရပ်ကုန်၏။ ထိုအခါ ဗြဟ္မဒတ်မင်းကြီးသည် ပညာရှိအမတ်ကြီးအား “ပညာရှိအမတ် ... နှစ်စီးကုန်သော ဤမြင်းစဉ်းလဲတို့ကို သင်မြင်၏လော၊ ဤမြင်းစဉ်းလဲတို့ကို သင်မြင်ူ၏လော၊ ဤမြင်းစဉ်းလဲ နှစ်စီးတို့သည် တစ်ပါးသော မြင်းတို့အပေါ်၌ ရုန့်ရင်းကြမ်းကြုတ်ကုန်၏။ နိုင်ထက်ကလူပြုမူကုန်၏။ ကိုက်၍ အနာဖြစ်စေကုန်၏။ ယခုအခါ အချင်းချင်း ကိုယ်ကိုလျက်ကုန်၍ ချစ်ခင်ဝမ်းမြောက်စွာ ရပ်ကြကုန်၏။ ညီညွတ်သင့်တင့်ကြကုန်၏။ ထိုသို့ဖြစ်ရခြင်းမှာ အဘယ်အကြောင်းကြောင့်နည်း” ဟု မေးတော်မူ၏။

ထိုအခါ ပညာရှိအမတ်ကြီးသည် မင်းကြီးအား -

“မြတ်သောမင်းကြီး ... သုဟနုမြင်းနှင့် မဟာသောဏမြင်းတို့ ချစ်ခင်ကြခြင်းမှာ စဉ်းလဲသော အလေ့အကျင့်အားဖြင့် တူမျှကြသောကြောင့် ဖြစ်၏။ ၎င်းမြင်းနှစ်စီးတို့သည် မြင်းတို့ကို ကိုက်လျက် ကျက်စားခြင်းအားဖြင့် လည်းကောင်း၊ မြင်းအုပ်ထဲသို့ ပြေးဝင်ခြင်းအားဖြင့် လည်းကောင်း၊ ရုန့်ရင်းကြမ်းကြုတ်ခြင်းအားဖြင့် လည်းကောင်း၊ ချည်ထားသော ကြိုးတို့ကို ကိုက်ဖြတ်ခြင်းအားဖြင့် လည်းကောင်း တူမျှကြ၏။ မသူတော်မှုအားဖြင့်လည်း တူမျှကြ၏” –

ဟု လျှောက်ထားလေ၏။ နောက်တစ်ဖန် မင်းကြီးအား “မြတ်သောမင်းကြီး ... မင်းမည်သည်ကား အလွန်တပ်မက်မောခြင်း မဖြစ်ရာ၊ သူတစ်ပါးဥစ္စာကို ဖျက်ဆီးခြင်းကိုလည်း မပြုရာ” ဟု ဆုံးမပြီးလျှင် မြင်းတို့ကို အဖိုးဖြတ်ကာ မှန်ကန်သော အဖိုးကို ပေးစေ၏။ မြင်းကုန်သည်တို့သည် ဟုတ်မှန်သော သဘောအတိုင်း အဖိုးကို ရကြသည်ဖြစ်၍ ရွှင်လန်းနှစ်သက်လျက် သွားကြကုန်၏။ မင်းကြီးလည်း ပညာရှိအမတ်ကြီး၏ အဆုံးအမ၌တည်၍ သေလွန်သောအခါ ကံအားလျော်စွာ လားရ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြင်းကြမ်းနှစ်စီးသည် - ယခုအခါ ရဟန်းကြမ်း နှစ်ပါး။

မင်းကြီးသည် - အာနန္ဒာ။

ပညာရှိအမတ်ကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရုန့်ရင်းလည်းဘက်၊ ကြမ်းကြုတ်လျက်၊ နိုင်ထက်မမူရာ။

(၂) ကောင်း,ဆိုး မဟူ၊ လေ့ကျင့်တူ၊ ကြည်ဖြူချစ်မြဲသာ။

(၃) မြင်းစဉ်းလဲနှစ်၊ တွေ့ဆုံလစ်၊ ချစ်ကြထုံးပမာ။

သုဟနုဇာတ် ပြီး၏။

***

၁၅၉ - မောရဇာတ်

နေ့စဉ် ပရိတ်အရံအတား ပြုပါလျက် ဒေါင်းမအတွက် ပရိတ်ပျက်ကာ ကျော့ကွင်းမိခံရသော ရွှေဥဒေါင်းမင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိန်းမပြစ်ပြ ဆိုဆုံးမ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် တန်ဆာဆင်အပ်သော မိန်းမတစ်ယောက်ကို မြင်သဖြင့် တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ သာသနာ၌ ငြီးငွေ့လေ၏။

အဆွေခင်ပွန်းဖြစ်သော ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံ ခေါ်ဆောင်အပ်သည်ရှိသော် မြတ်စွာဘုရားသည် “ ချစ်သားရဟန်း ... မိန်းမမည်သည် သင်ကဲ့သို့သော သူ၏စိတ်ကို အဘယ်ကြောင့် မလှုပ်ခြောက်စေနိုင်ဘဲ ရှိအံ့နည်း၊ ရှေးပညာရှိတို့အား အနှစ်ခုနစ်ရာပတ်လုံး မဖြစ်သာ ကိလေသာတို့သည် မိန်းမအသံကို ကြားရ၍ အခွင့်ရကာ တစ်ခဏချင်း ဖြစ်လာကုန်သေး၏။ စင်ကြယ်သောသူတို့ စဉ်လျက်လည်း ညစ်နွမ်းရကုန်သေး၏။ မြတ်သောဆန္ဒရှိသောသူတို့ စဉ်လျက်လည်း အကျော်အစောမဲ့ခြင်းသို့ ရောက်ရကုန်သေး၏။ မစင်ကြယ်သော သူတို့သည်ကား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

နေမင်းတိုင်ကြား အရံအတား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဥဒေါင်းမင်း ဖြစ်၍ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အဆင်းရှိ၏။ အတောင်ကြားတို့၌ ယုန်သွေး၊ ဟင်္သာပဒါးသွေး ဆွတ်ဖျန်းထားသကဲ့သို့ နီထွေးသော အရေတို့ဖြင့် ထူးခြားတင့်တယ်၏။

ထိုရွှေဥဒေါင်းမင်းသည် အသက်ကို စောင့်ရှောက်လိုသဖြင့် တောင်သုံးလုံးကိုလွန်၍ လေးလုံးမြောက် ဒဏ္ဍကရွှေတောင်၌ နေ၏။ မိုးသောက်ထအခါ ဒဏ္ဍက ရွှေတောင်ထိပ်မှာနေလျက် အရှေ့လောကဓာတ်မှ ထွက်လာသော နေမင်းကို ကြည့်ရှုပြီးလျှင် မိမိကျက်စားရာအရပ်၌ တစ်နေ့လုံး အစောင့်အရှောက် အရံအတား ဖြစ်စိမ့်သောငှာ -

“အရှင်နေမင်းသည် သတ္တဝါတို့ မျက်စိအမြင်ကို ပေးပေ၏။ မြတ်သောမင်းလည်း ဖြစ်ပေ၏။ ရွှေအဆင်းနှင့်တူသော အဆင်းလည်းရှိပေ၏။ မြေ၌ ထွန်းလင်းသော အရောင်လည်း ရှိပေ၏။ အရှင်နေမင်းကို အကျွန်ုပ် ရှိခိုးပါ၏။ အရှင်နေမင်းသည် စောင့်ရှောက်၍ ထားသဖြင့် အကျွန်ုပ်တို့သည် တစ်နေ့လုံး ချမ်းသာစွာ နေရပါစေတသည်း” –

ဟု မွန်မြန်သော ပထမ မန္တရားဂါထာကို ဖွဲ့ဆို၍ နေမင်းကို ရှိခိုးလေ၏။

လွန်ပြီးဘုရား ရှိခိုးငြား

ထိုနောက် လွန်လေပြီးသောအခါ ပရိနိဗ္ဗာန် ပြုတော်မူကြပြီးသော ဘုရားရှင်တို့နှင့် ဘုရားရှင်တို့၏ ဂုဏ်တော်တို့ကို ရှိခိုးလိုသဖြင့် -

“မကောင်းမှုကင်းကုန်လျက် တရားအလုံးစုံကို သိတော်မူသော ဘုရားရှင်တို့ကို အကျွန်ုပ် ရှိခိုးပါ၏။ ထိုဘုရားရှင်တို့သည် အကျွန်ုပ်ကို စောင့်ရှောက်ပါစေသတည်း။

ကိလေသာမှ လွတ်ကုန်သော ဘုရားရှင်တို့အား လည်းကောင်း၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်အား လည်းကောင်း၊ အရဟတ္တဖိုလ်ဉာဏ်အား လည်းကောင်း အကျွန်ုပ် ရှိခိုးခြင်းဖြစ်ပါစေသတည်း” –

ဟု မွန်မြတ်သော ဒုတိယ မန္တရားဂါထာကို ဖွဲ့ဆို၍ ရှိခိုးပြန်၏။

နေမင်းတစ်ဖန် တိုင်ကြားပြန်

ဤသို့ အရံအတား အစောင့်အရှောက်ကို ပြုလုပ်စီမံပြီးလျှင် တစ်နေ့လုံး အစာရှာထွက်လေ၏။

ရွှေဥဒေါင်းမင်းသည် အစာစားပြီးလျှင် ညအခါ၌လည်း ဒဏ္ဍက ရွှေတောင်ထိပ်မှာ နေလျက်ပင် အနောက်လောကဓာတ်သို့ ဝင်သွားသော နေမင်းကို ကြည့်ပြီးလျှင် မိမိနေရာအရပ်၌ တစ်ညဉ့်လုံး အစောင့်အရှောက် အရံအတား ဖြစ်စိမ့်သောငှာ -

“အရှင်နေမင်းသည် သတ္တဝါတို့ မျက်စိအမြင်ကို ပေးပေ၏။ မြတ်သောမင်းလည်း ဖြစ်ပေ၏။ ရွှေအဆင်းနှင့်တူသော အဆင်းလည်း ရှိပေ၏။ အရှင်နေမင်းကို အကျွန်ုပ်ရှိခိုးပါ၏။ အရှင်နေမင်းသည် စောင့်ရှောက်၍ထားသဖြင့် ကျွန်ုပ်တို့သည် တစ်ညဉ့်လုံး ချမ်းသာစွာ နေရပါစေသတည်း” –

ဟု မွန်မြတ်သော ပထမ မန္တရားဂါထာကို ဖွဲ့ဆို၍ နေမင်းကို ရှိခိုးပြန်လေ၏။

ညဉ့်ချိန်တစ်ဖန် ရှိခိုးပြန်

ထိုနောက် လွန်လေပြီးသောအခါ ပရိနိဗ္ဗာန် ပြုတော်မူကြပြီးသော ဘုရားရှင်တို့နှင့် ထိုဘုရားရှင်တို့၏ ဂုဏ်တော်တို့ကို ရှိခိုးလိုသဖြင့် -

“မကောင်းမှု ကင်းကုန်လျက် တရားအလုံးစုံကို သိတော်မူသော ဘုရားရှင်တို့ကို ကျွန်ုပ်ရှိခိုးပါ၏။ ထိုဘုရားတို့သည် အကျွန်ုပ်ကို စောင့်ရှောက်ပါစေသတည်း။

ကိလေသာမှ လွတ်ကုန်သော ဘုရားရှင်တို့အား လည်းကောင်း၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်အား လည်းကောင်း၊ အရဟတ္တဖိုလ်ဉာဏ်အား လည်းကောင်း အကျွန်ုပ် ရှိခိုးခြင်းဖြစ်ပါစေသတည်း” –

ဟု မွန်မြတ်သော ဒုတိယ မန္တရားဂါထာကို ဖွဲ့ဆို၍ ရှိခိုးပြန်၏။ ဤသို့အစောင့်အရှောက် အရံအတားကို ပြုလုပ်စီမံပြီးလျှင် တစ်ညဉ့်လုံး နေလေ၏။

မိဖုရားလျှောက်ထား ဒေါင်းမင်းတရား

ရွှေဥဒေါင်းမင်းသည် နေ့တစ်ခါ ညတစ်ခါ ပြုလုပ်စီမံထားသော ပရိတ်အရံအတား၏ တန်ခိုးအာနုဘော်ကြောင့် ဘေးရန်မဖြစ်၊ ကြက်သီးမွေးညင်းထရုံမျှပင် မဖြစ်ခဲ့လေ။

ထိုအခါ ဗာရာဏသီမြို့တော်၏အနီး မုဆိုးရွာ၌ နေသော မုဆိုးတစ်ယောက်သည် ဟိမဝန္တာအရပ်၌ လှည့်လည်သည်ရှိသော် ဒဏ္ဍက ရွှေတောင်ထိပ်၌နေသော ရွှေဥဒေါင်းမင်းကိုမြင်လျှင် မိမိသားအား ပြောကြားလေ၏။

တစ်နေ့သ၌ ဗာရာဏသီမင်းကြီး၏ ခေမာမည်သော မိဖုရားကြီးသည် အိပ်မက်ထဲတွင် ရွှေဥဒေါင်းမင်းတရားဟောသည်ကို မြင်မက်၍ နိုးသောအခါ မင်းကြီးအား လျှောက်ထားလေ၏။

မုဆိုးခေါ်လျက် စေခိုင်းချက်

မင်းကြီးလည်း အမတ်တို့ကိုမေး၍ မသိကြလျှင် ပုဏ္ဏားတို့ကို မေးပြန်၏။ ပုဏ္ဏးတို့သည် “မြတ်သောမင်းကြီး ... ရွှေအဆင်းရှိသော ဥဒေါင်းမင်း ရှိပါသည်” ဟု လျှောက်ထား၏။ “ပုဏ္ဏားတို့ ... ဘယ်အရပ်မှာ ရှိသနည်း” ဟု မေး၏။ “မြတ်သောမင်းကြီး ... မုဆိုးတို့ သိကြပါလိမ့်မည်” ဟု လျှောက်ထား၏။

မင်းကြီးလည်း မုဆိုးတို့ကို စည်းဝေးစေ၍ မေးလေလျှင် မုဆိုးသားတစ်ယောက်သည် “မြတ်သောမင်းကြီး ... ဒဏ္ဍကရွှေတောင်ထိပ်၌ ရွှေဥဒေါင်းမင်း နေပါသည်” ဟု လျှောက်၏။ “အို မုဆိုး ... သင်သိလျှင် ထိုရွှေဥဒေါင်းမင်းကို မတ်ဘဲ အရှင်ဖမ်းယူခဲ့လော” ဟု စေခိုင်းလေ၏။

မင်းမျက်ထွက်မုန်း ပရိယာယ်သုံး

မုဆိုးသည် ရွှေဥဒေါင်းမင်းရှိရာ အရပ်သို့သွား၍ ကျက်စားရာအရပ်၌ ကျော့ကွင်းထောင်၍ ဖမ်းလေ၏။ ပရိတ်အရံအတား ကောင်းလှသဖြင့် မမိနိုင်ချေ။ မုဆိုးလည်း ခုနစ်နှစ်ပတ်လုံး ဖမ်းသော်လည်း မမိနိုင်ဘဲ ထိုအရပ်တွင်ပင် သေရလေ၏။ ခေမာ မိဖုရားကြီးလည်း တောင့်တအပ်သော ရွှေဥဒေါင်းမင်းကို မရသဖြင့် သေရလေ၏။

မင်းကြီးလည်း ရွှေဥဒေါင်းမင်းကိုမှီ၍ ငါ့မိဖုရားကြီး သေလွန်ရသည်ဟု အမျက်ထွက်ကာ “ဟိမဝန္တာအရပ်၌ ဒဏ္ဍကရွှေတောင် ရှိလေ၏။ ထိုရွှေတောင်ဝယ် ရွှေဥဒေါင်းမင်း နေလေ၏။ ထိုရွှေဥဒေါင်း၏ အသားကို စားရသော သူတို့သည် မအိုမသေဘဲ နေကြရကုန်၏” ဟု အက္ခရာတို့ကို ရွှေပြားတွင် ရေးသားစေပြီးလျှင် ရွှေတံတင်း* သေတ္တာ၌ ထားစေ၏။ *တံတင်း - သေတ္တာကိုခေါ်သည်။

နောက်မင်း နန်းတက်သောအခါ၌လည်း ရွှေတံတင်းကို ဖွင့်စေ၍ ရွှေပြားတွင် ရေးသားထားသော အက္ခရာတို့ကို ဖတ်စေလျက် အကြောင်းကိုသိလျှင် မအိုမသေရဘဲ နေလိုသဖြင့် မုဆိုးတစ်ယောက်ကို အဖမ်းခိုင်းပြန်ရာ မမိနိုင်ဘဲ သေရပြန်၏။ ဤနည်းဖြင့် မင်းခြောက်ဆက် လဲလေ၏။

တဏှာမှိုင်းထိ ကျော့ကွင်းမိ

ခုနစ်ဆက်မြောက်သော မင်းလက်ထက်၌လည်း မုဆိုးတစ်ယောက်ကို အဖမ်းခိုင်းပြန်၏။ မုဆိုးသည် ရွှေဥဒေါင်းမင်းရှိရာ အရပ်သို့သွားပြီးလျှင် ရွှေဥဒေါင်းမင်း ကျက်စားရာအရပ် အနေအထိုင် အသွားအလာကို ကြည့်ရှုဆင်ခြင်လတ်သော် ပရိတ်အရံအတား ပြုလုပ်၍ နေသဖြင့် ရိုးရိုးဖမ်း၍ မရနိုင်ကြောင်းကို သိလေလျှင် ဥဒေါင်းမ တစ်ကောင်ကို ဖမ်း၍ အက, အတွန်ကို သင်စေပြီးလျှင် ဥဒေါင်းမကို ယူဆောင်ကာ ရွှေဥဒေါင်းမင်း ပရိတ်အရံအတား မပြုလုပ်မီ စောစောကပင် ကျက်စားရာ အရပ်တွင် ကျော့ကွင်းထောင်လျက် ဥဒေါင်းမကို အကအတွန်ခိုင်းလေ၏။

ထိုအခါ ရွှေဥဒေါင်းမင်းသည် ဥဒေါင်းမသံကိုကြားလျှင် အနှစ်ခုနစ်ရာတို့တိုင်အောင် မဖြစ်သော ကိလေသာတို့သည် ထကြွသောင်းကျန်းကာ ပရိတ်အရံအတား ပြုရန်ကိုပင် သတိမရတော့ဘဲ ကျက်စားရာ အရပ်သို့ သွားလေလျှင် ကျော့ကွင်း၌ မိလေ၏။

နန်းတော်ဆောင်သွင်း မေးခြေခြင်း

ထိုအခါ မုဆိုးသည် ရွှေဥဒေါင်းမင်းကို ယူဆောင်ကာ မင်းကြီးအား ဆက်သလေ၏။ မင်းကြီးလည်း ရွှေဥဒေါင်းမင်းကို မြင်လျှင် ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ နေရာကို ပေးစေ၏။ ရွှေဥဒေါင်းမင်းလည်း ပေးသောနေရာ၌ နေလျက် “အရှင်မင်းကြီး ... အကျွန်ုပ်ကို အဘယ်ကြောင့် ဖမ်းစေသနည်း” ဟု မေးလေ၏။“ဥဒေါင်းမင်း ... သင့်အသားကို စားရသော သူတို့သည် မအိုမသေ နေကြရကုန်၏ဟု ရွှေပြားတွင် အက္ခရာ အရေးအသားကို တွေ့ရ၍ ဖမ်းစေပါသည်” ဟု ပြော၏။ “မြတ်သောမင်းကြီး ... အကျွန်ုပ်အသားကို စားရသော သူတို့သည် မအိုမသေ နေရကုန်ဦးတော့ ကျွန်ုပ်မူကား မုချသေရလတ္တံ့၊ ကျွန်ုပ်သည် သေတတ်သော သဘောရှိပါလျက် ကျွန်ုပ်အသား စားရသော သူတို့မှာတော့ အဘယ်ကြောင့် မသေဘဲ နေကြရကုန်လတ္တံ့နည်း” ဟု ပြောလေ၏။ “ဥဒေါင်းမင်း ... သင်သည် ရွှေအဆင်း ရှိသောကြောင့် သင့်အသား စားရသူတို့မှာ မအိုမသေဘဲ နေကြရသည်ဖြစ်လတ္တံ့” ဟု ပြောသောအခါ “မြတ်သောမင်းကြီး ... အကျွန်ုပ်မှာ အကြောင်းမဲ့ ရွှေအဆင်း ရှိလာသည်မဟုတ်၊ ဤမြို့မှာပင် စကြာဝတွေးမင်းဖြစ်စဉ် ကိုယ်တိုင်လည်း ပဉ္စသီလကို စောင့်ခဲ့ဖူး၏။ သူတစ်ပါးတို့ကိုလည်း စောင့်စေခဲ့ဖူး၏။ သို့အတွက် သေလွန်သောအခါ တာဝတိံသာ နတ်ပြည်၌ ဖြစ်ခဲ့ဖူး၏။ ၎င်းမှတစ်ဖန် အကုသိုလ် အကျိုးဆက်ကြောင့် ဥဒေါင်းမျိုး၌ ဖြစ်ရသော်လည်း ရှေးအခါက စောင့်ခဲ့ဖူးသော သီလအာနုဘော်ကြောင့် ရွှေအဆင်း ရှိပါ၏” “ဥဒေါင်းမင်း ... စကြဝတွေးမင်း ဖြစ်သောအခါ စောင့်ခဲ့ဖူးသော သီလအာနုဘော်ကြောင့် ရွှေအဆင်းရှိ၏ ဆိုသောစကားကို အဘယ်သို့ ယုံကြည်နိုင်အံ့နည်း၊ သက်သေ တစ်စုံတစ်ရ ရှိပါသလော” ဟု မေး၏။ “မြတ်သောမင်းကြီး ... စကြာဝတေးမင်းဖြစ်စဉ် စီးသော ရတနာရထားကို မင်္ဂလာရေကန်တွင် မြှုပ်ထားခဲ့၏။ တူးဖော်စေလော” ဟု ပြောကြားလေ၏။ မင်းကြီးလည်း မင်္ဂလာရေကန်၌ ရေကို ပက်ထုတ်စေ၍ တူးဖော်စေရာ ရတနာရထားကိုရ၍ ယုံကြည်လေ၏။

ဥဒေါင်းမင်းဟောပြ တရားရ

ထိုအခါ ရွှေဥဒေါင်းမင်းသည် “မြတ်သောမင်းကြီး ... နိဗ္ဗာန်ကိုထား၍ အလုံးစုံသော သင်္ခတတရားသည် ဖြစ်လျှင် ကုန်ဆုံး ပျက်စီးတတ်သောသဘောရှိ၏” ဟု တရားဟော၍ ငါးပါးသီလ၌ တည်စေ၏။ မင်းကြီးလည်း အလွန်ကြည်ညိုသဖြင့် ရွှေဥဒေါင်းမင်းအား မင်းစည်းစိမ်ဖြင့် ပူဇော်လေ၏။ ရွှေဥဒေါင်းမင်းလည်း မင်းစည်းစိမ်ကို မင်းကြီးအား အပ်နှင်း၍ နှစ်ရက်သုံးရက်နေပြီးလျှင် ဒဏ္ဍကတောင်သို့ ပြန်လေ၏။

မင်းကြီးလည်း ရွှေဥဒေါင်းမင်း၏ အဆုံးအမ၌ တည်ကာ ကုသိုလ်ကောင်းမှုတို့ကို အားထုတ်၍ သေလွန်သောအခါ ကံအားလျော်စွာ လားလေ၏။

ဤဒေသနာတော်၏ အဆုံး၌ သစ္စာကို ပြတော်မူပြီးလျှင် သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် အရဟတ္တဖိုလ်၌တည်၍ ရဟန္တာအဖြစ်သို့ ရောက်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းကြီးသည် - ယခုအခါ အာနန္ဒာ။

ရွှေဥဒေါင်းမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပရိတ်တော်ကား၊ ဘေးရန်များ၊ ဆီးတားနိုင်လေသည်။

(၂) ပရိတ်ရွတ်လျင်း၊ ဥဒေါင်းမင်း၊ ကျော့ကွင်းလွတ်လေသည်။

(၃) မ,နှင့် သိမ်းသွင်း၊ ဥဒေါင်းမင်း၊ ကျော့ကွင်းမိပြန်သည်။

မောရဇာတ် ပြီး၏။

***

၁၆၀- ဝိနီလကဇာတ်

ဝေဒေဟမင်းကြီးကို တုပမိ၍ မစင်ပုံနားသို့ အပို့ခံရသော ကျီးဟင်္သာအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားအတုပြု ပျက်စီးမှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် ဂယာသီလတွင် နေလေ၏။ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ လာသောအခါ ဘုရားအတုပြု၍ အိပ်လတ်သော် ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့သည် တရားဟော၍ မိမိတို့ တပည့်ရဟန်းတို့ကို ခေါ်ဆောင်ကာ ဝေဠုဝန်ကျောင်းတော်သို့ ပြန်ကြကုန်၏။

မြတ်စွာဘုရားသည် ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ကို “ချစ်သား သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ ... ဒေဝဒတ်သည် သင်တို့ကိုမြင်လဆင် အဘယ်သို့ပြုသနည်း” ဟဟု မေးတော်မူလျှင် “အရှင်ဘုရား ... မြတ်စွာဘုရား အတုကိုပြု၍ ကြီးစွာ ပျက်စီးခြင်းသို့ ရောက်ကြောင်းကို လျှောက်ထားကြကုန်၏” မြတ်စွာဘုရားသည် “ချစ်သား သာရိပုတ္တရာ ဒေဝဒတ်သည် ယခုအခါ၌သာ ငါဘုရား၏အတုပြု၍ ပျက်စီးခြင်းသို့ ရောက်သည်မဟုတ်၊ ရှေးအခါ၌လည်း ပျက်စီးခြင်းသို့ ရောက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဟင်္သာနှင့်ကျီးညား သားတစ်ယောက်ဖွား

လွန်လေပြီးသောအခါ ဝေဒဟတိုင်း မိဓိလာပြည်ဝယ် ဝေဒဟမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည်ဒေဝဟမင်း မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေတည်၍ ဖွားမြင်ပြီးလျှင် အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်၌ အတတ်ပညာ အလုံးစုံတို့ကို သင်ကြားတတ်မြောက်၍ အဖမင်းကြီး သေလွန်သဖြင့် မင်းအဖြစ်သို့ ရောက်လေ၏။

ထိုအခါ ရွှေဟင်္သာတစ်ကောင်သည် ကျက်စားရာအရပ်၌ ကျီးမနှင့် ပေါင်းဖော်ရာ သားတစ်ကောင် မွေးဖွားလေ၏။ ထိုသားငယ်ကို အမိနှင့်လည်း လုံးလုံးမတူ၊ အဖနှင့်လည်း လုံးလုံးမတူ၊ မညိုမရွေသော အဆင်းရှိသည့်အတွက် ဝိနီလကဟု အမည်မှည့်လေ၏။ ရွှေဟင်္သာမင်းသည် သားငယ်ဝိနီလကကို မပြတ်လာ၍ ကြည့်လေ့ရှိ၏။

ဟင်္သာညီနောင် ညီငယ်ဆောင်

ထိုရွှေဟင်္သာမင်းအား ဝိနီလကမှတစ်ပါး သားဖြစ်သော ဟင်္သာနှစ်ကောင်တို့လည်း ရှိကုန်၏။ ထိုရွှေဟင်္သငယ်တို့သည် အဖရွှေဟင်္သာမင်း လူတို့နေရာသို့ မပြတ်သွားသည်ကို မြင်ကြလျှင် ဖခင်အား “ဖခင် ... အဘယ်ကြောင့် လူတို့ နေရာသို့ မပြတ်သွားသနည်း” ဟု မေးလေ၏။ “ချစ်သားတို့ ... ဖခင်မှာ ကျီးမတစ်ကောင်နှင့် ပေါင်းဖော်၍ရသော ဝိနီလက မည်သော သားတစ်ကောင်ရှိသည်။ ၎င်းသားကို ကြည့်ရှုရန်သွားသည်” ဟု ပြောလေ၏။ “ဖခင် ... ဝိနီလကကား ဘယ်အရပ်မှာ နေသနည်း” ဟု မေး၏။ “ချစ်သားတို့ ... ဝေဒဟတိုင်း မိဓိလာပြည်နှင့် မနီးမဝေးဖြစ်သော ထန်းပင်ဖျားတစ်ခုမှာ နေသည်” ဟု “ဖခင် ... လူတို့နေရာ၌ ရွံရှာဖွယ် ရှိသည်၊ ဘေးဘျမ်းနှင့်တကွ ဖြစ်သည် ဖခင် မသွားပါလင့်၊ ကျွန်ုပ်တို့သွား၍ ယူလာပါမည်” ဟု ပြောဆိုကာ ဖခင်ပြောလိုက်သော အမှတ်သညာဖြင့် ဝိနီလကထံ သွားကြကုန်၏။

မင်းဟုထင်ကာ ပြောဆိုရာ

ရွှေဟင်္သာ ညီနောင်တို့သည် ဝိနီလကိုတွေ့လျှင် တုတ်တံတစ်ခုတွင် ဝိနီလကကို စီးစေ၍ တုတ်တံဖျား အစွန်း နှစ်ဘက်တွင် တစ်ဖက်တစ်ကောင်စီ နှုတ်သီးဖြင့် ကိုက်ချီကာ မိဓိလာမြို့ပေါ် ကောင်းကင်ခရီးဖြင့် ယူဆောင်သွားကြလေ၏။ ထိုအခါ ဝေဒဟမင်းကြီးသည် အလုံးစုံဖြူသော သိန္ဓောမြင်းလေးစီးကသော ရထားကို စီးနင်းကာ မြို့ကို လက်ယာရစ် လှည့်လည်တော်မူ၏။

ဝိနီလကသည် ဝေဒဟမင်းကြီးကို မြင်လျှင် ငါကား ဤဝေဒဟမင်းကြီးနှင့် အဘယ်မှာ ထူးသနည်းဟု ကြံစည်လျက် -

မိဓိလာပြည်ကြီးကို သိမ်းပိုက်ကာ ဝေဒေဟတိုင်းကို အုပ်စိုးသော ဝေဒေဟမင်းကြီးကို အာဇာနည် သိန္ဓောမြင်းလေးစီးတို့ ယူဆောင်ကြသကဲ့သို့ ငါ့ကိုလည်း ဤရွှေဟင်္သာညီနောင်တို့သည် ဝိနီလက၏ စကားကို ကြားကြလျှင် အမျက်ထွက်၍ ဝိနီလကကို ဤအရပ်၌ ပစ်ချကာ သွားကြတော့မည်ဟု ကြံစည်ပြီးမှ ဤသို့ပြုသည်ရှိသော် ငါတို့အား ဖခင်သည် အဘယ်သို့ ဆိုလတ္တံ့နည်းဟု ကဲ့ရဲ့မည်မှ ကြောက်သောကြောင့် အဖထံသို့ ရောက်အောင် ယူဆောင်ပြီးလျှင် ဝိနီလကပြုသော အမူအရာကို ဖခင်အား ပြောကြားကြကုန်၏။

ဖခင်အမျက်ထ မစင်တွင်းကျ

ရွှေဟင်္သာမင်းသည် ဝိနီလကကို ပြင်းစွာ အမျက်ထွက်၍ “ဟယ် ဝိနီလက ... သင်သည် ငါ့သားတို့ထက် မြတ်သလော၊ သင်ကား ငါ့သားတို့ကို နှိပ်စက်ကာ ရထားတွင်ကသော သိန္ဓောမြင်းတို့ပမာ ပြုမူဘိ၏၊ မိ်မိ၏ပမာဏကို မသိလေ” ဟု ပြောဆိုပြီးလျှင် တစ်ဖန် ဝိနီလကအား -

“ဟယ် ဝိနီလက ... သင်ကား ဤရွှေဟင်္သာညီနောင်တို့ အစွမ်းဖြင့် ရောက်ရန်ခဲယဉ်းသော တောင်ချောက်ကြားသို့ ရောက်လာဘိ၏။ ဤအရပ်သည်ကား သင်၏ ကျက်စားရာ အရပ်မဟုတ်၊ သင်ကား မစင်စွန့်ရာ၊ အကောင်ပုပ်စွန့်ရာ၊ သင့်အမိ ကျီးမ ကျက်စားရာ ရွာနားသို့ သွားလေလော့” –

ဟု ခြိမ်းခြောက်ပြီးလျှင် ရွှေဟင်္သာငယ်တို့ကို “ချစ်သားတို့ .... သွားကြကုန်၊ ဤဝိနီလကကို မစင်စွန့်ရာ မိဓိလာမြို့နားတွင်ချ၍ ပြန်လာကြကုန်” ဟု စေလွှတ်လိုက်၏။ ရွှေဟင်္သာညီနောင်တို့လည်း အဖ စေခိုင်းသောအတိုင်း ပြုလုပ်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဝိနီလကသည် - ယခုအခါ ဒေဝဒတ်။

ရွှေဟင်္သာညီနောင်သည် - အဂ္ဂသာဝကနှစ်ပါး။

ရွှေဟင်္သာမင်းသည် - အာနန္ဒာ။

ဝေဒေဟမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဘုန်းဂုဏ်မတူ၊ ထိုသသူ၊ တုယူမပြုရာ။

(၂) ဘုရားတုလတ်၊ ဒေဝဒတ်၊ မြေဟပ်ဝီစိမှာ။

(၃) ဝေဒေတုပ၊ နီလက၊ ပြန်ရဘင်စွန့်ရာ။

ဝိနီလကဇာတ် ပြီး၏။

***

၁၆၁ - ဣန္ဒသမာနဂေါတ္တဇာတ်

ပညာရှိတို့စကားကို နားမထောင်၍ အသက်သေဆုံးရသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မြတ်စွာထံမှောက် ရဟန်းရောက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆုံးမခက်သော ရဟန်းတစ်ပါး ရှိလေ၏။

ထိုရဟန်းသည် မြတ်စွာဘုရားထံတော်သို့ ရောက်လာရာ မြတ်စွာဘုရားသည် “ရဟန်းတို့ ... ဤရဟန်းကား ယခုအခါ၌သာ အဆုံးမ ခက်သည်မဟုတ်၊ ရှေးအခါ၌လည်း အဆုံးမခက်၍ ပညာရှိတို့စကားကို နားမထောင်သောကြောင့် အမုန်ယစ်သော ဆင်နင်း၍ သေခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အဆုံးမခက် ရသေ့ပျက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ်ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၍ ဖြစ်၍ အရွယ်ရောက်လတ်သော် အိမ်ရာထောင်ခြင်း၌ အပြစ်မြင်ကာ ရသေ့ရဟန်းပြု၍ ရသေ့ငါးရာတို့၏ အကြီးအမှူး ဂိုဏ်းဆရာကြီး ဖြစ်လျက် ဟိမဝန္တာအရပ်၌ နေလေ၏။

ထိုရသေ့ငါးရာတွင် ဣန္ဒသမာနဂေါတ္တ မည်သော ရသေ့တစ်ပါးသည် အဆုံးမခက်၏။ ဆုံးမသောစကားကို မနာယူ၊ ဆင်ငယ်တစ်စီးကို မွေးစား၍ထား၏။ ဆရာရသေ့ကြီးသည် ထိုအကြောင်းကို ကြားလျှင် ဣန္ဒသမာနဂေါတ္တရသေ့ကို ခေါ်စေ၍ “ငါ့ရှင်ရသေ့ .... သင်သည် ဆင်ငယ်တစ်စီး မွေးစားထား၏ ဟူသည် မှန်သလော” ဟု မေး၏။ “ဆရာကြီး ... မှန်ပါသည်၊ အမိ သေဆုံးသွားသော ဆင်ငယ်တစ်စီးကို မွေးစားထားပါသည်” ဟု ပြောလေ၏။ “ငါ့ရှင်ရသေ့ ... ဆင်တို့မည်သည်မှာ ကြီးပြင်းလာသောအခါ မွေးစားသော သခင်ကို သတ်တတ်ကုန်၏ မမွေးလေနှင့်” ဟု ပြောလေ၏။ “ဆရာကြီး ... ထိုဆင်ငယ်ကို မခွဲနိုင်ပါ” ဟု ပြန်ပြော၏။ “ငါ့ရှင်ရသေ့ ... သည်လိုဖြစ်လျှင် နောင် သိရလိမ့်မည်” ဟု ဆိုလေ၏။ ဆင်ငယ်လည်း နောင်အဖို့ဝယ် ကြီးပြင်သော အရွယ်သို့ရောက်ခဲ့လေ၏။

ရသေ့သတ်ရန် ဆင်အကြံ

အခါတစ်ပါး၌ ရသေ့တို့သည် တော၌ဖြစ်သော သစ်သီးကြီးငယ်ကို ရှာဖွေရန် ဝေးသောအရပ်သို့ သွားကြရာ နှစ်ရက်၊ သုံးရက် ကြာကုန်၏။ ဆင်သည် ရှေးဦးစွာ တောင်လေ လာလတ်သော် မုန်ယို၍ ဣန္ဒသမာနဂေါတ္တ ရသေ့ကျောင်းသို့ ဝင်ပြီးလျှင် ရေအိုးကိုခွဲလျက် ကျောက်ပျဉ်ကို ပစ်၍ တံကဲမှီ ပျဉ်ကိုနုတ်ကာ ရသေ့ကို သတ်ပြီးမှ သွားမည်ဟု တောအုပ်တစ်ခုသို့ဝင်လျက် ရသေ့ လာလတ္တံ့သော လမ်းကို ကြည့်မျှော်ကာ နေလေ၏။

ရသေ့သတ်ကာ တောဝင်ရှာ

ဣန္ဒသမာနဂေါတ္တ ရသေ့လည်း ဆင်စားရန် သစ်သီးကြီးငယ်ကိုယူ၍ ရသေ့ အလုံးစုံတို့ရှေ့မှ လာလတ်သည်ရှိသော် ဆင်ကိုမြင်လျှင် ပကတိသောအမှတ်ဖြင့် ဆင်ထံသို့ သွားလေ၏။ ဆင်သည် တောအုပ်မှထွက်၍ ဣန္ဒသမာနဂေါတ္တရသေ့ကို နှာမောင်းဖြင့် မြဲမြံစွာ ကိုင်ပြီးလျှင် မြေကြီးမှာ ရိုက်ပုတ်၍ ဦးခေါင်းကို ခြေဖြင့်နင်းကာ အသက်ကုန်စေလျက် ကြိုးကြာသံကဲ့သို့ မြည်၍ တောထဲသို့ ဝင်လေ၏။

အကျင့်တူမှ ပေါင်းသင်းကြ

ရသေ့တို့သည် ထိုအကြောင်းကို ဆရာရသေ့ကြီးအား ပြောကြားကြကုန်၏။ ဆရာရသေ့ကြီးလည်း တပည့်ရသေ့တို့အား -

“အို ရသေ့တို့ ... အကျိုးစီးပွားကိုသိသော သူတော်ကောင်းသည် စက်ဆုပ်ရွံရှာဖွယ်ရှိသော သူယုတ်မာနှင့် မပေါင်းဖော်ရာ။ ဣန္ဒသမာနဂေါတ္တရသေ့ မွေးမြူထားသော ဆင်သည် ဣန္ဒသမာနဂေါတ္တရသေ့ ကိုပင် သတ်သကဲ့သို့၊ သူယုတ်မာသည် ကြာမြင့်စွာပေါင်းဖော်ခဲ့သော်လည်း ယုတ်မာသောအမှုကို ပြုတတ်သောကြောင့်တည်း။ မိမိနှင့် အကျင့်သီလ၊ ပညာ၊ အကြား၊ အမြင် တူသောသူနှင့်သာ မိတ်ဆွေဖွဲ့ကာ ပေါင်းဖော်ရာ၏။ အကျင့်သီလ၊ ပညာ၊ အကြား၊ အမြင်ရှိသော သူတော်ကောင်းကား ချမ်းသာမှုကို ပြုတတ်သော်ကြောင့်တည်း” –

ဟု အဆုံးအမ ပေးတော်မူ၏။ ထိုနောက် ရသေ့တို့အား ပညာရှိတို့ အဆုံးအမအတိုင်း ကျင့်ရမည်ဟု ပြောဆိုပြီးလျှင် ဣန္ဒသမာနဂေါတ္တ ရသေ့အလောင်းကို ကောင်းစွာ သင်္ဂြိုဟ်၍ ဗြဟ္မဝိဟာရ တရားတို့ကို ပွားများအားထုတ်ကာ အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်သို့ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဣန္ဒသမာနဂေါတ္တရသေ့သည် - ယခုအခါ အဆုံးမခက်သော ရဟန်း၏

ဆရာရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) စက်ဆုပ်အပ်စွာ၊ သူယုတ်မာ၊ ရှည်ကြာမပေါင်းသင့်။

(၂) ရှည်ကြာမရှု၊ ယုတ်မာမှု၊ ပြုတတ်လေသဖြင့်။

(၃) သီလ,ပညာ၊ ကြား,မြင်ပါ၊ တူရာပေါင်းဖက်သင့်။

(၄) သူတော်ကောင်းသာ၊ ချမ်းသာရာ၊ ကောင်းစွာပြုသဖြင့်။

ဣန္ဒသမာနဂေါတ္တဇာတ် ပြီး၏။

***

၁၆၂ - သန္ထဝဇာတ်

မီးလုပ်ကျွေးခြင်း မှားယွင်းသော မိစ္ဆာအကျင့်ကို အပြစ်မြင်၍ တောသို့ဝင်သော ပုဏ္ဏားလုလင် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိစ္ဆာကျင့်မှား ကျိုးမများ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရသေ့တို့သည် မီးကို ပူဇော်ကြကုန်၏။ အထူးထူးအပြားပြားရှိသော မိစ္ဆာအကျင့်ကို ကျင့်ကြကုန်၏။

ထိုအခါ ရဟန်းတို့သည် မြတ်စွာဘုရားထံ သွား၍ “အရှင်ဘုရား ... မိစ္ဆာအကျင့်၌ အကျိုးစီးပွား ရှိပါသလော” ဟု လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် “ချစ်သား ရဟန်းတို့ ... မိစ္ဆာအကျင့်၌ တစ်စုံတစ်ခုသော အကျိုးစီးပွား မည်သည်မရှိ၊ ရှေးပညာရှိတို့သည် မီးပူဇော်ခြင်း၌ အကျိုးစီးပွား ရှိသည်ဟူသော အမှတ်ဖြင့် ကြာမြင့်စွာ မီးကို ပူဇော်ခဲ့သော်လည်း နောက်အခါ အကျိုးစီးပွားမဲ့ကို မြင်လတ်သော် ထိုမီးကို ငြိမ်းသတ်ကာ ပြန်၍ပင် မကြည့်ကုန်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၍ ဖြစ်၍ အမိ,အဖတို့သည် မွေးဖွားသောနေ့၌ မီးကို ယူထားကြပြီးလျှင် ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သောအခါ “ချစ်သား ... သင်ဖွားနေ့၌ မီးကို ယူထားခဲ့ကြသည်၊ တော၌ မီးကိုလုပ်ကျွေးကာ ဗြဟ္မာ့ပြည်သို့ သွားမည်လော၊ သို့တည်းမဟုတ်၊ ဗေဒင်သုံးပုံကို သင်ကြားကာ ဥစ္စာကို ဖြစ်စေလျက် လူ့ဘောင်၌ နေမည်လော” ဟု မေးကြကုန်၏။

ပုဏ္ဏားလုလင်သည် “မိခင်၊ ခဖင်တို့ ... အကျွန်ုပ်သည် လူ့ဘောင်၌ မနေလို၊ မီးကိုယူ၍ တော၌ မီးကိုလုပ်ကျွေးကာ ဗြဟ္မာ့ပြည်သို့ သွားမည်” ဟု ပြောဆို၍ ဖွားသောနေ့၌ မီးကိုယူကာ မိဘတို့ကို ရှိခိုးပြီးလျှင် တောသို့ဝင်၍ သစ်ရွက်မိုး ကျောင်း၌နေလျက် မီးကို လုပ်ကျွေးလေ၏။

ကျောင်းတော်ဝိဟာ မီးလောင်ရှာ

တစ်နေ့သ၌ ဆွမ်းဖိတ်ရာ အရပ်သို့သွား၍ ထောပတ်နှင့် ရောနှောသော ဃနာကို ရခဲ့လျှင် ဗြဟ္မာကြီးကို လှူဒါန်းမည်ဟု မီးကိုညှိ၍ “အရှင်မီးမင်း ... အရှင်အား ထောပတ်နှင့် ရောနှောသော ဃနာကို သောက်စေအံ့” ဟု ဆိုပြီးလျှင် ဃနာကို မီး၌ထည့်လေ၏။ ထောပတ်စေးများသော ဃနာကို မီးလောင်ကာမျှ၌ မီးအလွန်တောက်၍ အထက်သို့ တက်လေ၏။ ထို့ကြောင့် သစ်ရွက်မိုးသော ကျောင်းသည် မီးလောင်လေ၏။ ပုဏ္ဏားလုလင်သည် အလွန်ထိတ်လန့်ရကား ပြေး၍ ပြင်ပ၌ ရပ်ပြီးလျှင် -

“စက်ဆုပ်ဖွယ်ရှိသောသူနှင့် ပေါင်းဖော်ခြင်းသည် အလွန်ယုတ်မာလှ၏။ ထိုလောက် ယုတ်မာခြင်း မည်သည်မရှိ၊ ထောပတ်နှင့် ရောနှောသောဃနာဖြင့် ရောင့်ရဲစေအပ်ပါလျက် ဤမီးသည် ငါဆင်းဆင်းရဲရဲ ဆောက်လုပ်ထားသော သစ်ရွက်မိုးကျောင်းကို လောင်ခဲ့လေပြီ” –

ဟု ပြောဆိုကာ အခွေခင်ပွန်းကောင်းကို ပြစ်မှားတတ်သော သင်မီးကို ငါအလိုမရှိတော့ပြီဟု ငြိမ်းစေ၍ သစ်ခက်တို့ဖြင့် ပုတ်ခတ်ပြီးလျှင် ဟိမဝန္တာအတွင်းသို့ ဝင်ပြီးသော် ရွှေအဆင်းရှိသည့်အတွက် သာမာမည်သော သမင်တစ်ကောင်၏ မျက်နှာကို ခြင်္သေ့၊ သစ်၊ ကျားတို့ ဝိုင်းအုံကာ လျက်နေသည်ကို မြင်လျှင် -

မီးကိုစွန့်ကာ ဗြဟ္မာ့ရွာ

သူတောင်ကောင်နှင့် ပေါင်းဖော်ခြင်းသည် အလွန် မွန်မြတ်လှ၏။ ထိုထက် မွန်မြတ်ခြင်းသည် မရှိ။ သာမာ မည်သော သမင်သည် ချစ်ခြင်းကြောင့် ခြင်္သေ့၊ သစ်၊ ကျားတို့ မျက်နှာကို လျက်၏ -

ဟု ပြောဆိုကာ ရသေ့ရဟန်းပြုပြီးလျှင် အဘိညာဉ်တို့ကို လည်းကောင်း၊ သမာပတ်တို့ကို လည်းကောင်း ဖြစ်စေ၍ အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်သို့ လားလေ၏။

[ဤဇာတ်ကိုကား ပြဆိုခဲ့ပြီးသော ဓကနိပါတ် နင်္ဂုဋ္ဌဇာတ်နှင့် တူသဖြင့် အကျဉ်းမျှ ပြလိုက်သည်။]

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရသေ့သည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိစ္ဆာကျင့်များ၊ ကျိုးမပွား၊ ကိုးစားမကျင့်ရာ။

(၂) မီးပူဇော်ကြောင်း၊ ဃနာလောင်း၊ ကျောင်းကိုမီးလောင်ရှာ။

(၃) စက်ဆုပ်အပ်သူ၊ ပေါင်းဖက်မူ၊ လူတွင်လွန်ယုတ်မာ။

(၄) သူတော်ကောင်းမှန်၊ ပေါင်းဖက်ပြန်၊ အလွန်မြတ်လှစွာ။

သန္ထဝဇာတ် ပြီး၏။

***

၁၆၃ - သုသီမဇာတ်

ဗေဒင်သုံးပုံနှင့် ဆင်လက္ခဏာကျမ်းတို့ကို တစ်နေ့တည်း တတ်မြောက်အောင် သင်ကြား၍ ဆင်မင်္ဂလာပြု ပုရောဟိတ် ပုဏ္ဏားအရာကို ရသော ပုဏ္ဏားလုလင် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

စည်းလုံးညီညာ လှူဒါန်းရာ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိမြို့တော်ဝယ် တစ်မြို့လုံး အလိုဆန္ဒ ညီညွတ်ကြလျက် လှူဒါန်းသော အလှူကြီးသည် ဖြစ်သတတ်။ ထိုအခါ မြို့သူမြို့သားတို့သည် အလုံးစုံသော ပရိက္ခရာ လှူဖွယ်ဝတ္ထုတို့ကို စီရင်ကြကုန်၏။

တချို့သူတို့သည် ဘုရားအမှူးရှိသော သံဃာတော်တို့အား လှူဒါန်းလိုကြကုန်၏။ တချို့သူတို့သည်ကား သာသနာတော်မှတစ်ပါး အယူရှိကုန်သော အရှင်တို့အား လှူဒါန်းလိုကြကုန်၏။ ထိုသူတို့သည် ပရိသတ်အစည်းအဝေးတွင် မိမိတို့ လှူဒါန်းလိုရာကိုသာ တစ်ဖက်သတ် ပြောဆိုနေကြသဖြင့် အချင်းချင်း ညီညွတ်ခြင်း မရှိကြကုန်၏။

ထိုအခါ ဘယ်သူ့ဘက်မှ မျက်နှာမလိုက်ဘဲ တရားသောအတိုင်း များရာသို့လှူဒါန်းရန် ဆုံးဖြတ်မည်ဟု တိုင်ပင်ကာ မိမိတို့အလိုဆန္ဒရှိရာကို အသီးအသီး ပြောဆိုစေရာ ဘုရားအမှူးရှိသော သံဃာတော်တို့အား လှူဒါန်းလိုသူတို့က များနေသဖြင့် ဘုရားအမှူးရှိသော သံဃာတော်တို့အား လှူဒါန်းရန် အများသဘောတူ ဆုံးဖြတ်ကြကုန်၏။

ဘုရားကိုလှူ အနိုင်ယူ

မြို့သူမြို့သားတို့သည် ဆုံးဖြတ်ချက်အတိုင်း ဘုရားအမှူရှိသော သံဃာတော်တို့တို့ကို ပင့်ဖိတ်ကာ ခုနစ်ရက်ပတ်လုံး အလှူကြီး ပေးကြကုန်၏။ ခုနစ်ရက်မြောက်သောနေ့၌ မြတ်စွာဘုရားသည် အနုမောဒနာပြုကာ လူအများကို မဂ်, ဖိုလ်တရားဖြင့် မောဟ ဟူသော အိပ်ပျော်ခြင်းမှ နှိုးတော်မူပြီးလျှင် ကျောင်းတော်သို့ ကြွတော်မူ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ငါ့ရှင်တို့ ... မြတ်စွာဘုရား အစွမ်းတော်သည် အံ့ဖွယ်ရှိပေစွ၊ သာသနာတော်မှ တစ်ပါး အယူရှိကုန်သော အရှင်တို့၏ တပည့်တို့သည် မြတ်စွာဘုရားတို့အား လှူဒါန်းအပ်သော အလှူကို အန္တရာယ်ပြုရန် ကြိုးစားကြသော်လည်း မတတ်နိုင်ကုန်၊ အလုံစုံသော ပရိက္ခရာ လှူဖွယ်ဝတ္ထုတို့သည် မြတ်စွာဘုရား ခြေတော်ရင်းသို့သာ ရောက်လာရကုန်၏ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... ဤသူတို့သည် ယခုအခါ၌သာ ငါဘုရားတို့အား လှူဒါန်းအပ်သော အလှူကို အန္တရာယ်ပြုရန် ကြိုးစားကြသည် မဟုတ်ကုန်၊ ရှေးအခါ၌လည်း ကြိုးစားကြဖူးပြီ။ အလုံးစုံသော ပစ္စည်းပရိက္ခရာသည် ငါ၏ ခြေရင်းသို့သာ ရောက်လာရဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မင်္ဂလာပြုရ ဥစ္စာရ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် သုသီမမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုမင်း၏ ပုရောဟိတ် ပုဏ္ဏားကြီးသား ဖြစ်လေ၏။ ထိုပုဏ္ဏားလုလင်သည် တစ်ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သောအခါ ဖခင် ပုရောဟိတ် ပုဏ္ဏားကြီးသည် သေဆုံးလေ၏။

ထိုပုရောဟိတ် ပုဏ္ဏားကြီး ထင်ရှားရှိစဉ်အခါ မင်းကြီး၏ ဆင်တို့ကို မင်္ဂလာပြုရ၏။ မင်္ဂလာပြုရာအရပ်၌ ရောက်လာသော အဆောင်အအုံ ဘဏ္ဍာတို့ကို လည်းကောင်း၊ ဆင်တို့ကို မင်္ဂလာပြုခြင်းတို့ကို လည်းကောင်း အလုံးစုံကို ထိုပုဏ္ဏားကြီးသာ ရ၏။ သို့အတွက် ပုရောဟိတ် ပုဏ္ဏားကြီးအား တစ်ခုတစ်ခုမင်္ဂလာပွဲ၌ တစ်ကုဋေမျှသော ဥစ္စာသည် ဖြစ်ခဲ့၏။

ထိုအခါ မင်္ဂလာပွဲအချိန်သို့ ရောက်လတ်၏။ ပုဏ္ဏားတို့သည် မင်းကြီးထံ ကပ်ကုန်၍ “အရှင်မင်းကြီး ... မင်္ဂလာပွဲအချိန်သို့ ရောက်လတ်ပြီ၊ ဆင်တို့ကို မင်္ဂလာပြုခြင်းငှာ သင့်၏။ မင်္ဂလာပြုနေကျ ပုဏ္ဏားကြီးလည်း သေလွန်ခဲ့ပြီ၊ ထိုပုဏ္ဏားကြီး၏ သားလည်း ငယ်သေး၏။ ဗေဒင်သုံးပုံတို့ကို လည်းကောင်း၊ ဆင်၏ လက္ခဏာကျမ်းတို့ကို လည်းကောင်း မတတ်မြောက်သေးချေ။ မင်္ဂလာအမှုကို အကျွန်ုပ်တို့ ပြုပါမည်” ဟု လျှောက်ထားကြကုန်၏။ မင်းကြီးလည်း ကောင်းပြီ၊ ပြုကြကုန်ဟု ခွင့်ပေးလေ၏။

ပုဏ္ဏားမခမျာ ငိုကြွေးရှာ

ပုဏ္ဏားတို့သည် ပုရောဟိတ် ပုဏ္ဏားကြီး၏ သားသည်ဆင်ကို မင်္ဂလာပြုရတော့မည် မဟုတ်၊ ငါတို့သာ ပြုကြရ၍ ဥစ္စာများစွာ ရကုန်လတ္တံ့ဟု ဝမ်းမြောက်ဝမ်းသာ သွားကြကုန်၏။

ပုဏ္ဏေးမကြီးသည် ထိုပုဏ္ဏားတို့စကားကို ကြားလတ်သော် ဆင်ကို မင်္ဂလာပြုရသော လုပ်ငန်းကား အမျိုးခုနစ်ဆက်တိုင်အောင် ငါတို့ ပြုလုပ်လာသော လုပ်ငန်းဖြစ်သည်။ ငါတို့အနွယ်အဆက်၏ လုပ်ငန်းသည် ပျက်စီးလတ္တံ့၊ ငါတို့မှာ ဥစ္စာမှ ဆုတ်ယုတ်လတ္တံ့ဟု ပုဏ္ဏေးမ စိုးရိမ်သည်ဖြစ်၍ ငိုကြွေးလေ၏။

မိခင်အတွက် သက်သာစေလျက်

ပုဏ္ဏားလုလင်သည် မိခင် ... အဘယ်ကြောင့် ငိုကြွေးသနည်း။ တခြားပုဏ္ဏားတို့ မင်္ဂလာပြုကြလတ္တံ့၊ ငါတို့အနွယ် အဆက်၏ လုပ်ငးန်ပျက်စီးခဲ့ပြီ မဟုတ်လော၊ “မိခင် ... အကျွန်ုပ်ပင် မင်္ဂလာပြုရမည် မဟုတ်ပါလော” ဟု ပြော၏။ “ချစ်သား ... သင်သည် ဗေဒင်သုံးပိုလည်း မတတ်၊ ဆင်လက္ခဏာကျမ်းကိုလည်း မတ်၊ အဘယ်သို့ သင် ပြုတတ်မည်နည်း” ဟု မေး၏။ “မိခင် ... ဆင်မင်္ဂလာပွဲ ဘယ်အခါဖြစ်လတ္တံ့နည်း” ဟု မေး၏။ “ချစ်သား ... ဤနေ့မှ လေးရက်မြောက်နေ့၌ ဖြစ်လတ္တံ့ ဟု ပြော၏။ “မိခင် ... ဗေဒင်သုံးပုံနှင့် ဆင်လက္ခဏာကျမ်းကို တတ်သော ဒိသာပါမောက္ခဆရာ ဘယ်မှာ နေသနည်း” ဟု မေးပြန်၏။ “ချစ်သား ... ဤမြို့မှာ ယူဇနာ တစ်ရာ့နှစ်ဆယ် ဝေးသော ကန္တာရတိုင်း တက္ကသိုလ်ပြည်မှာ နေသည်” ဟု ပြော၏။“မိခင် .. အကျွန်ုပ်တို့ အနွယ်အဆက်ကို မပျက်စေအံ့၊ နက်ဖြန်နေ့ချင်း အရောက်သွား၍ တစ်ညဉ့်ချင်း ပြီးအောင် သင်ကြားပြီးလျှင် နောက်တစ်နေ့အရောက် ပြန်လာကာ လေးရက်မြောက်နေ့၌ ဆင်ကို မင်္ဂလာပြုမည်၊ မငိုကြွေးပါလင့်” ဟု ပြောဆိုလျက် မိခင်ကို သက်သာရာရစေ၏။

လုလင်ဘုန်းကံ နတ်ဖို့ဖန်

ပုဏ္ဏားလုလင်သည် နက်ဖြန် နံနက်စောစော ထမင်းစားလျက် သွားလေရာ နတ်တို့တန်ခိုးကြောင့် တက္ကသိုလ်ပြည်သို့ တစ်နေ့ချင်းရောက်၍ ဆရာကြီးထံသို့ ကပ်ကာ လျောက်ပတ်စွာနေ၏။ ဆရာကြီးသည် လုလင်ကို မေးလျှင် ဗေဒင်သုံးပုံနှင့် ဆင်လက္ခဏာကျမ်း သင်လိုကြောင်း၊ အကျွန်ုပ်၏ ကိစ္စမှာ သုံးရက်မြောက်နေ့၌ ဆင်တို့ကို မင်္ဂလာပြုရမည် ဖြစ်၍ နီးကပ်လှသဖြင့် တစ်ကြိမ်တည်းဖြင့် တတ်မြောက်အောင် သင်လိုကြောင်း အစုံအလင် ပြောဆိုရာ ဆရာကြီးလည်း သင်ခွင့်ပြုလေ၏။

အလောင်းတော်မြတ် ဗေဒင်တတ်

လုလင်သည် ညနေ ဆရာကြီး ထမင်းစားခိုက်မှစ၍ သင်ကြားရာ တစ်ညဉ့်ချင်းဖြင့် ဗေဒင်သုံးပုံနှင့် ဆင်လက္ခဏာကျမ်းတို့ကို တတ်မြောက်၍ ကျမ်းတို့ မှားယွင်းချွတ်ချော်သော အရာတို့ကို ပြင်ဆင်ရန် ဆရာကြီးအား ပြောကြားမှာထားပြီးလျှင် နံနက်စောစောထ၍ ပြန်လာခဲ့ရာ တစ်နေ့ချင်း ဖြင့်လျှင် နတ်တို့တန်ခိုးကြောင့် ဗာရာဏသီမြို့တော် မိခင်ထံသို့ ရောက်လေ၏။

နတ်ဖြန်နေ့၌ ဆင်အစီးတစ်ရာကို မင်္ဂလာပြုရန် မင်္ဂလာပွဲကို စီရင်ကြကုန်၏။ နှာမောင်း၊ တန်ဆာတို့ကို လည်းကောင်း၊ ရွှေတံခွန်တို့ကို လည်းကောင်း၊ ရွှေကွန်ရက်တို့ကိုလည်းကောင်း ဖုံးလွှမ်းကာ ထားကြကုန်၏။ မင်းရင်ပြင်ကိုလည်း တန်ဆာဆင်ကြကုန်၏။ ပုဏ္ဏားတို့သည် ဆင်တို့ကို မင်္ဂလာပြုမည်ဟု တန်ဆာဆင်ကာ နေနှင့်ကြကုန်၏၏ သုသီမမင်းကြီးလည်း မင်္ဂလာပြုရန် အဆောက်အအုံ ဘဏ္ဍာတို့ကို ယူစေ၍ မင်္ဂလာပြုရာ အရပ်သို့ သွားလေ၏။

မင်းကြီးထံဝင် မြတ်လုလင်

ပုဏ္ဏားလုလင်ငယ်လည်း တန်ဆာဆင်လျက် လုလင်ငယ်ပရိသတ်ဖြင့် ခြံရံကာ မင်းကြီးထံသို့ သွားပြီးလျှင် ...

“မြတ်သောမင်းကြီး ... မင်းကြီးထံမှာ ရှိသည့် ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းအပ်သော သားမျိုးစွယ်စုံ ဆင်နက် အစီးတစ်ရာတို့ကို မင်္ဂလာပြုရန် အရှင်မင်းကြီးသည် အဖ, အဘိုးမှ ဆင်းသက်လာသော အနွယ်အဆက်ကို သိပြီးဖြစ်ပါလျက် အကျွန်ုပ်တို့၏ လည်းကောင်း၊ အရှင်မင်း၏ လည်းကောင်း အနွယ်အဆက်ကို ဖျက်ဆီးကာ အကျွန်ုပ်မှတစ်ပါး တခြားပုဏ္ဏားတို့ကို ပေးသည်ဆိုရာ မှန်ပါသလော” - ဟု မေးလျှောက်လေ၏။

သုသီမင်းကြီးလည်း ပုဏ္ဏားလုလင်ငယ် မေးလျှောက်သော စကားကိုကြားလျှင် -

“အို လုလင်ငယ် ... ငါ့အထံမှာရှိသည့် ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းအပ်သော သားမျိုးစွယ်စုံ ဆင်နက်အစီးတစ်ရာတို့ကို မင်္ဂလာပြုရန် ငါသည် အဖ, အဘိုးမှ ဆင်းသက်လာသော အနွယ်အဆက်ကို သိပြီးဖြစ်သော်လည်း သင်လုလင်ငယ်မှတစ်ပါး တခြားပုဏ္ဏားတို့ကို ပေးသည်ဆိုရာ မှန်ပေ၏” - ဟု မိန့်တော်မူ၏။

ထိုအခါ လုလင်ငယ်သည် မြတ်သောမင်းကြီး ... ဆင်တို့ကို မဂ်လာပြုရာ၌ အကျွန်ုပ်တို့ အနွယ်အဆက်ကား ပြုနေကျ ဖြစ်ပါသည်။ သို့ပါလျက် အဘယ်ကြောင့် တခြားပုဏ္ဏားတို့ကို ပေးပါသနည်း” ဟု မေးလျှောက်၏။ “လုလင်ငယ် ... သင်တို့ အနွယ်အဆက်မှာ ပြုလုပ်နေကျ မှန်ပါသည်၊ သို့သော်လည်း သင့်မှာ ငယ်သေး၍ ဗေဒင်သုံးပုံတို့ကို လည်းကောင်း၊ ဆင်လက္ခဏာကျမ်းတို့ကို လည်းကောင်း မတတ်မြောက်သေးဟု လျှောက်ထားကြသည်။ ထို့ကြောင့် သင့်ကိုမပေးဘဲ တခြားပုဏ္ဏားတို့ကို ပေးရသည်” ဟု မိန့်တော်မူ၏။

မင်္ဂလာပွဲ အနိုင်နွှဲ

လုလင်ငယ်သည် “မြတ်သောမင်းကြီး ... ထိုသို့လျှောက်ထားကြလျှင် ယခု ရောက်လာသော ပုဏ္ဏားတို့တွင် ဗေဒင်သုံးပုံတို့၌ လည်းကောင်း၊ ဆင်လက္ခဏာကျမ်းတို့၌ လည်းကောင်း တစ်စိတ်တစ်ဒေသမျှကိုလည်း အကျွန်ုပ်နှင့် ပြောဆိုဝံ့သူ ပုဏ္ဏား တစ်စုံတစ်ယောက်ရှိခဲ့လျှင် ထ၍ ပြောပါစေ။ ဆင်ကို မင်္ဂလာပြုခြင်းကို လည်းကောင်း၊ ဗေဒင်သုံးပုံကို လည်းကောင်း၊ ဆင်လက္ခဏာကျမ်းတို့ကို လည်းကောင်း အကျွန်ုပ်ကိုထား၍ ဇမ္ဗူဒိတ်တစ်ကျွန်းလုံး တတ်မြောက်ကျွမ်းကျင်သူမရှိ” ဟု ခြင်္သေ့မင်း ဟောက်သကဲ့သို့ ကြောက်ရွံ့ခြင်းမရှိ၊ ရဲရင့်သောစကားကို ဆိုလေ၏။ တစ်စုံတစ်ယောက်သော ပုဏ္ဏားသည်လည်း လုလင်ငယ်ကို ဆန့်ကျင်ဘက် ရန်သူပြုကာ ထ၍ ပြောဝံ့သူမရှိလေ။ ထိုအခါ လုလင်ငယ်သည် မိမိ၏ အမျိုးအနွယ်ကို တည်စေပြီးလျှင် ဆင်တို့ကို မင်္ဂလာပြုကာ များစွာသော ဥစ္စာတို့ကိုယူလျက် မိမိအိမ်သို့ ပြန်လေ၏။

ဤဒေသနာတော်အဆုံး၌ တချို့သော ရဟန်းတို့သည် သောတာပန်၊ တချို့ သကဒါဂါမ်၊ တချို့ အနာဂါမ်၊ တချို့ ရဟန္တာအဖြစ်သို့ ရောက်ကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

အမိပုဏ္ဏေးမသည် - ယခုအခါ မယ်တော်မဟာမာယာ။

အဖပုဏ္ဏားသည် - ခမည်းတော် သုဒ္ဓေါဒန။

သုသီမမင်းသည် - အာနန္ဒာ။

ဒိသာပါမောက္ခဆရာကြီးသည် - သာရိပုတ္တရာ။

ပုဏ္ဏားလုလင်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဘုရားအလှူဖွယ်၊ အန္တရာယ်၊ အကယ်မပြုနိုင်။

(၂) ဆင်မင်္ဂလာ၊ လုကြရာ၊ ရှုံးကာလက်ချမှိုင်။

သုသီမဇာတ် ပြီး၏။

***

၁၆၄ - ဂိဇ္ဈဇာတ်

ကျေးဇူးသိတတ်၍ ကျော့ကွင်းမှ လွတ်သော မိဘလုပ်ကျွေးသည့် လင်းတအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိဘလုပ်ကျွေး ကောင်းချီးပေး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အမိအဖကို လုပ်ကျွေးသော ရဟန်းတစ်ပါး ရှိသတတ်။

ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံသို့ ယူဆောင်သွားကြရာ မြတ်စွာဘုရားသည် “ချစ်သားရဟန်း ... သင်သည် လူတို့ကို လုပ်ကျွေး၏ဟု ငါကြားတော်မူသည် မှန်သလော” ဟု မေးတော်မူ၏။ “အရှင်ဘုရား ... မှန်ပါသည်” ဟု လျှောက်၏။“အဘယ်သူတို့ကို လုပ်ကျွေးသနည်း” ဟု မေးတော်မူလျှင် “မိဘတို့ကို လုပ်ကျွေးပါသည်” ဟု လျှောက်ထားလျှင် “ချစ်သား ရဟန်း ... ကောင်းစွ၊ ကောင်းစွ”ဟု ထိုရဟန်းအား ကောင်းချီးပေးတော်မူ၍ “ချစ်သား ရဟန်တို့ ... ဤရဟန်းကို မကဲ့ရဲ့ကြကုန်လင့်၊ ရှေးပညာရှိတို့သည် ကျေးဇူးတုံ့ကို သိသောအားဖြင့် အဆွေမတော်သူတို့အားလည်း ကျေးဇူးဆက်ကြကုန်၏။ မိဘတို့ကို လုပ်ကျွေးခြင်းကား ဤရဟန်း၏ တာဝန်ဖြစ်ပေသည်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လင်းတကိုကျွေး မြတ်သူဌေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဂိဇ္ဈကုဋ်တောင်ဝယ် လင်းတမျိုး၌ ဖြစ်၍ မိဘတို့ကို လုပ်ကျွေးလျက်နေ၏။

အခါတစ်ပါး၌ သည်းထန်စွာ လေနှင့်တကွ မိုးရွာလတ်သော် လင်းတတို့သည် သည်းမခံနိုင်ကုန်သည် ဖြစ်၍ ဗာရာဏသီမြို့သို့ သွားကာ မြို့တံခါးအနီး၊ ကျုံးအနီးတို့၌ ချမ်းအေးခြင်းကြောင့် ခိုက်ခိုက်တုန်လျက် နေကြကုန်၏။

ထိုအခါ ဗာရာဏသီသူဌေးသည် မြို့မှထွက်၍ မြစ်သို့ ရေချိုးရန် သွားသည်ရှိသော် ဆင်းရဲပင်ပန်းနေသော လင်းတတို့ကိုမြင်လျှင် တစ်နေရာတွင် စုဝေးစေ၍ မီးမွှေးပေးကာ လှုံစေပြီးလျှင် အမဲသားတို့ကို အယူခိုင်းကာ ကျွေးမွေးလေ၏။

လင်းတတို့သည် မိုးစဲလတ်သော် ခံ့ကျန်းသောကိုယ်ရှိသည်ဖြစ်၍ ဂိဇ္ဈကုဋ်တောင်သို့ သွားကြကုန်၏။ ရောက်လျှင် စည်းဝေးလျက် “အချင်းတို့ ... ဗာရာဏသီသူဌေးသည် ငါတို့အား ကျေးဇူးပြုဖူး၏။ ကျေးဇူးတုံ့ကို ပြန်၍ ဆပ်ခြင်းငှာသင့်၏။ သို့အတွက် လင်းတတို့တွင် အဝတ်တန်ဆာကို ရသော လင်းတသည် ကောင်းကင်မှနေ၍ ဗာရာဏသီသူဌေး အိမ်ပေါ်သို့ ပစ်ချရမည်” ဟု တိုင်ပင်ကာ ကတိကဝတ် ထားကြကုန်၏။

ကျေးဇူးတုံ့လည် ဆက်ကြသည်

ထိုအခါမှစ၍ လင်းတတို့သည် နေလှန်းထားသော အဝတ်တန်ဆာတို့ကို လူတို့ မေ့လျော့နေခိုက် ချီးသုတ်ကာ ဗာရာဏသီသူဌေး အိပ်ပေါ်၌ ချကြကုန်၏။ သူဌေးလည်း လင်းတတို့ ဆောင်ယူလာသည်ကိုသိလျှင် အလုံးစုံသော အဝတ်တန်ဆာတို့ကို အသီးအသီး မှတ်သား၍ ထားလေ၏။

ပြည်သူတို့သည် မင်းကြီးထံသွား၍ မြတ်သောမင်းကြီး မြို့ကို လင်းတတို့ ဖျက်ဆီးကြသည်ဟု လျှောက်ကြသော အခါ “အမောင်တို့ ... လင်းတ တစ်ကောင်ကို မိအောင်ဖမ်းကြလော့၊ အလုံးစုံသော အဝတ်တန်ဆာတို့ကို ပြနရစေမည်” ဟု အမိန့်ပေးလေ၏။ လူတို့သည် ထိုထိုအရပ်၌ ကျော့ကွင်းထောင်ကာ ဖမ်းကြလျှင် မိဘကို လုပ်ကျွေးသော လင်းတကို မိလေ၏။ လူတို့သည် မင်းကြီးထံသို့ ဆောင်ယူကြကုန်၏။

ဗာရာဏသီသူဌေးလည်း မင်းထံ ခစားသွားရာ လူတို့ လင်းတ တစ်ကောင်ကို ဖမ်းယူလာသည်ကို မြင်လျှင် “အမောင်တို့ ... မသတ်ကြပါလင့်” ဟု တားမြစ်ကာ မင်းကြီးထံ အတူတကွ သွားလေ၏။ မင်းကြီးထံ ရောက်လျှင် လူတို့သည် လင်းတကို မင်းကြီးအား ပြကြ၏။

ထိုအခါ မင်းကြီးသည် လင်းတကို “အို လင်းတ ... သင်တို့သည် လူတို့ အဝတ်တန်ဆာကို ယူကုန်သလော” ဟု မေး၏။ “မင်းကြီး ... ယူပေကုန်၏” ဟု လျှောက်၏။ “အို လင်းတ ... အဘယ်သူအား ပေးကုန်သနည်း” ဟု မေးပြန်၏။ “မင်းကြီး ... ဗာရာဏသီသူဌေးအား ပေးကြပါသည်” ဟု လျှောက်လေ၏။ “အိုလင်းတ ... အဘယ်ကြောင့် ပေးကြသနည်း” ဟု မေးသောအခါ၊ “မင်းကြီး ... ဗာရာဏသီ သူဌေးကား အကျွန်ုပ်တို့အား အသက်ကိုပေးသော ကျေးဇူးရှင်ဖြစ်ပါသည်။ ကျေးဇူးတုံ့ကို ပြန်၍ဆပ်လိုသောကြောင့် ပေးကြပါသည်” ဟု ဆိုလေ၏။

ကျော့ကွင်းမမြင် ကြမ္မာငင်

မင်းကြီးသည် တစ်ဖန် လင်းတကို -

“အို လင်းတ ... လင်းတတို့မည်သည်မှာ ယူဇနာ တစ်ရာ ဝေးကွာသောအရပ်၌ တည်ရှိသော အကောင်းပုပ်ကို မြင်နိုင်ကြသတတ်၊ သို့ပါလျက် မိမိတို့ကို မိစေရန် ထောင်ထားသော ကွန်နှင့် ကျော့ကွင်းကို အဘယ့်ကြောင့် မမြင်နိုင်ပါသနည်း” –

ဟု မေးလေ၏။ လင်းတလည်း မင်းကြီး၏ စကားကို ကြားလျှင် -

“မြတ်သောမင်းကြီး ... သတ္တဝါတို့မှာ ပျက်စီးခြင်းသို့ ရောက်လိုသောအခါ၊ အသက်သေဆုံးလိုသောအခါတို့၌ မိမိတို့မိစေရန် ထောင်ထားသော ကွန်နှင့် ကျော့ကွင်းတို့ကို အနီးသို့ ရောက်နေလျက်လည်း မမြင်နိုင်ပါ” –

ဟု မင်းကြီးအား ပြောကြားလေ၏။

ပြန်ပေးမည်ဟု မှတ်သားပြု

မင်းကြီးလည်း လင်းတ စကားကိုကြားလျှင် “သူဌေးကြီး ... လင်းတတို့သည် သင့်အား အဝတ်တန်ဆာတို့ကို ပေးကြသည်ဆိုရာ မှန်သလော” ဟု မေးလေ၏။ “မင်းကြီး ... မှန်ပါသည်” ဟု လျှောက်၏။ “သူဌေးကြီး ... သင်သည် အဝတ်တန်ဆာတို့ကို ဘယ်လိုထားသနည်း” ဟု မေး၏။ “မင်းကြီး ... အဝတ်တန်ဆာတို့ကို ဥစ္စာရှင်တို့အား ပြန်ပေးရန် နှလုံးသွင်းကာ အသီးအသီးမှတ်သား၍ ထားပါသည်” ဟု လျှောက်လေ၏။ မင်းကြီးလည်း လင်းတို့ကို လွှတ်စေ၍ သူဌေးကိုလည်း အလုံးစုံသော အဝတ်တန်ဆာတို့ကို ဥစ္စာရှင်တို့အား ပြန်ပေးစေ၏။

ဤဒေသနာတော်၏အဆုံး၌ မိဘကို လုပ်ကျွေးသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

ဗာရာဏသီသူဌေးသည် - သာရိပုတ္တရာ။

မိဘကိုလုပ်ကျွေးသော လင်းတသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကျေးဇူးကြီးလှ၊ မိနှင်ဖ၊ ခယလုပ်ကျွေးပါ။

(၂) ပျက်စီးချိန်တန်၊ သေချိန်တန်၊ ဘေးရန်မမြင်ပါ။

(၃) ယူဇနာရာမြင်၊ လင်းတပင်၊ မမြင်ကျော့ကွင်းမှာ။

ဂိဇ္ဈဇာတ် ပြီး၏။

***

၁၆၅ - နကုလဇာတ်

ရန်ဘက်ဖြစ်သော မြွေနှင့် မြွေပါကို အချင်းချင်း သင့်တင့်အောင် ဆောင်ရွက်ပေးသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မသင့်သူချင်း သင့်စေခြင်း

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အမတ် စစ်သူကြီး နှစ်ယောက်တို့သည် သင့်တင့်ညီညွတ်ခြင်း မရှိကုန်၊ အမြဲခိုက်ရန်ဖြစ်၍ နေကြကုန်၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ထိုအမတ် စစ်သူကြီး နှစ်ယောက်အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... ငါဘုရားသည် ယခုအခါသာလျှင် ဤအမတ် စစ်သူကြီး နှစ်ယောက်တို့ကို သင့်တင့်ညီညွတ်အောင် ပြုအပ်သည် မဟုတ်၊ ရှေးအခါ၌လည်း သင့်တင့်ညီညွတ်အောင် ပြုခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မြွေပါနှင့်မြွေ မသင့်လေ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည် ရှိသော် ဘုရားအလောင်းသည် ရွာငယ်တစ်ခုဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားတတ်မြောက်ပြီးလျှင် အိမ်ရာတည်ထောင် လူ့ဘောင်ကို စွန့်ပယ်ကာ ရသေ့ ရဟန်းပြုပြီးသော် အဘိညာဉ် သမာပတ်ကို ဖြစ်စေ၍ ဟိမဝန္တာအရပ်တွင် နေလေ၏။

ထိုရသေ့၏ စင်္ကြံဝယ် တောင်ပို့တစ်ခု၌ မြွေပါသည် နေ၏။ ၎င်းတောင်ပို့အနီးဝယ် သစ်ခေါင်းတစ်ခု၌ မြွေသည်နေ၏။ ထိုမြွေ၊ မြွေပါ နှစ်ကောင်တို့သည် အခါခပ်သိမ်း ခိုက်ရန် ဖြစ်ကုန်၏။ ရသေ့သည် ထိုမြွေ၊ မြွေပါတို့အား ခိုက်ရန်ဖြစ်ခြင်း၌ အပြစ်ကို လည်းကောင်း၊ မေတ္တာကိုပွားစေခြင်း၌ အကျိုးကို လည်းကောင်း ဟောပြောဆုံးမသဖြင့် အချင်းချင်း သင့်တင့်ညီညွတ်စွာ နေကြကုန်၏။

ထိုအခါ မြွေသည် အပြင်သို့ ထွက်သည်ရှိသော် မြွေပါသည် မိမိ တွင်းပေါက်ဝတွင် ဦးခေါင်းကို ထုတ်၍ ခံတွင်းကိုဖွင့်ကာ ထွက်သက်၊ ဝင်သက်ကို ဖြစ်စေလျက် အိပ်ပျော်ခြင်းသို့ ရောက်လေ၏။ ရသေ့သည် မြွေပါ အိပ်နေသည်ကို မြင်၍ -

“အို မြွေပါ ... သင်သည် ရန်သူဖြစ်သော မြွေနှင့် ချစ်ခင်နေသည်ဖြစ်လျက် အစွယ်ကိုဖော်၍ အိပ်ဘိ၏။ သင်အား ဘယ်အရပ်မှ ဘေးရန်လာဦးမည်နည်း” ဟု မေးလေ၏။

“အရှင် ရသေ့ ... ရန်သူ၌ လည်းကောင်း၊ အဆွေခင်ပွန်း၌လည်းကောင်း ရွံ့ရှားအပ်သည်သာတည်း။ အကျွမ်းတဝင် မပြုရာ၊ အဆွေခင်ပွန်းမှ ဖြစ်သော ဘေးသည်လည်း အမြစ်အရင်းကို ဖြတ်တတ်၏” –

ဟု ပြောဆိုလေ၏။ ထိုအခါ ရသေ့သည် မြွေပါကို “မြွေပါ ... သင်သည် မြွေကို မကြောက်လင့်၊ သင့်ကို ရန်မပြုအောင် ငါပြုလုပ်မည်။ ယနေ့မှစ၍ မြွေအပေါ်တွင် ရွံ့ရှားခြင်း မဖြစ်လင့်” ဟု ဆုံးမပြီးလျှင် ဗြဟ္မဝိဟာရ တရားကို ပွားစေ၍ ဗြဟ္မာ့ပြည်သို့ လားလေ၏။ မြွေ၊ မြွေပါ တို့လည်း ကံအားလျော်စွာ လားကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြွေ၊ မြွေပါတို့သည် - ယခုအခါ ခိုက်ရန် ဖြစ်သော အမတ်စစ်သူကြီး နှစ်ယောက်။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ငြင်းခုံခိုက်ရန်၊ မသင့်ပြန်၊ ဧကန်အကျိုးယုတ်စွ။

(၂) အဆွေ,ရန်သူ၊ ရွံ့ရှားဟူ၊ ကျွမ်းမူမပြုရ။

(၃) အဆွေမှဖြစ်၊ ဘေးရန်စစ်၊ ရင်းမြစ်ဖြတ်သည်ပ။

နကုလဇာတ် ပြီး၏။

***

၁၆၆ - ဥပသာဠကဇာတ်

မည်သူမျှ မသင်္ဂြိုဟ်ဖူးသော သင်္ချိုင်းကို ရှာမှီးသော ပုဏ္ဏားသားအဖ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သုသာန်ကိုရွေး သင်္ဂြိုဟ်ရေး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဥပသာလက မည်သော ပုဏ္ဏားကြီးသည် ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာ၏။ မိစ္ဆာဒိဋ္ဌိ အယူရှိ၏။ ထိုပုဏ္ဏားကြီး၏ သား လုလင်ကား ဉာဏ်ပညာနှင့် ပြည့်စုံ၏။

ထိုဥပသာလက ပုဏ္ဏားကြီးသည် အိုမင်းသောအခါ မိမိသားဖြစ်သော လုလင်ကို “ချစ်သား ... ငါသေသောအခါ သူယုတ်မာတို့ သင်္ဂြိုဟ်ရာသချိုင်း၌ မသင်္ဂြိုဟ်ရစ်ပါလင့်၊ အထူးအားဖြင့် ဘယ်သူ့ကိုမျှ မသင်္ဂြိုဟ်ဖူးသော အရပ်၌သာ သင်္ဂြိုဟ်ရစ်ပါ” ဟု ပြောကြားလေ၏။ “ဖခင် ... ဖခင်တို့အား သင်္ဂြိုဟ်ဖို့ တော်သောအရပ်ကိုမသိ၊ ကိုယ်တိုင်ပြောကြားခဲ့ပါ” ဟု တောင်းပန်လေ၏။ ပုဏ္ဏားကြီးသည် “ချစ်သား ... ကောင်းပြီ လိုက်ခဲ့” ဟု ခေါ်ကာ ကိဇ္ဈကုဋ်တောင်ထိပ်သို့ တက်၍ ဤတောင်သုံးလုံးတို့ကို အကြားသို့ ရောက်သောအခါ “ချစ်သား ... ဤအရပ်ကား ဘယ်သူ့ကိုမျှ မသင်္ဂြိုဟ်ဖူးသော အရပ်ဖြစ်သည်။ သို့အတွက် ဤအရပ်၌သာ သင်္ဂြိုဟ်ရစ်လော့” ဟု ညွှန်ပြကာ သားအဖ နှစ်ယောက်လုံး တောင်ပေါ်မှ ဆင်းသက်ကြလေ၏။

မြတ်စွာဘုရားသည် ထိုနေ့ မိုးသောက်ထ အခါကပင် ဥပသာလက ပုဏ္ဏားကြီး သားအဖတို့ သောတာပန် ဖြစ်မည့် ဥပနိဿယကို မြင်ပြီးဖြစ်၍ ဂိဇ္ဈကုဋ် တောင်ခြေရင်းသို့ကြွကာ ထိုသားအဖ နှစ်ယောက်အလာကို မျှော်လင့်ကာ နေလေ၏။

တောင်ပေါ်မှ ဆင်းသက်လာကြသော သားအဖ နှစ်ယောက်တို့သည် မြတ်စွာဘုရားနှင့် ပက်ပင်းတွေ့ဆုံကြရာ မြတ်စွာဘုရားက စကားစတင်၍ “ပုဏ္ဏားတို့ ... သင်တို့အဘယ်မှ လာကြသနည်း” ဟု မေးတော်မူလျှင် သားဖြစ်သော ပုဏ္ဏားလုလင်သည် မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ထားလေ၏။

ထိုအခါ မြတ်စွာဘုရားသည် “ပုဏ္ဏားလုလင် ... သည် လိုဖြစ်လျှင် သင့်အဖ ပြောကြားသောအရပ်ကို သွားမည်၊ လာကြ” ဟု သားအဖ နှစ်ယောက်လုံးကိုခေါ်ကာ တောင်ထိပ်သို့ တက်၍ ထိုနေရာသို့ရောက်လျှင် “ပုဏ္ဏားလုလင် ... သင့်အဖကား ယခုအခါ၌သာ ဘယ်သူမျှ မသင်္ဂြိုဟ်ဖူးသော သင်္ချိုင်းရာကို ရှာသည်မဟုတ်၊ ရှေးအခါ၌လည်း ရှာဖူးပြီ၊ ယခုအခါ၌သာ ငါ့ကို ဤအရပ်၌ သင်္ဂြိုဟ်ရစ်လော့ဟု ပြောကြားသည်မဟုတ်၊ ရှေးအခါ၌လည်း ပြောကြားဖူးပြီဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သင်္ဂြိုဟ်ဖို့ရာ ညွှန်ပြရာ

လွန်လေပြီးသောအခါ ရာဇဂြိုဟ်ပြည်ဝယ် သင်ပုဏ္ဏားကြီးသည်ပင်လျှင် ဥပသာလက*ဟူသော အမည်ဖြင့် ပုဏ္ဏားဖြစ်၍ သင်၏သား ပုဏ္ဏားလုလင်သည်ပင်လျှင် သားပုဏ္ဏားလုလင် ဖြစ်ဖူးသတတ်၊ ထိုအခါ ဘုရားအလောင်းသည် ဤမဂတတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်၍ အတတ်ပညာ ပြည့်စုံသောအခါ ရသေ့ရဟန်း ပြုပြီးလျှင် အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေလျက် ဟိမဝန္တာအရပ်၌ ကြာမြင့်စွာ နေလေ၏။ တစ်နေ့သ၌ ချဉ်ဆားမှီဝဲရန် အလို့ငှာ လူတို့နေရာသို့လာ၍ ဂိဇ္ဈကုဋ်တောင်တွင် သစ်ရွက်မိုးသော ကျောင်း၌ နေပြန်၏။ *ဥပသာလက - ဥပသဠ ရှိသည်။

ထိုအခါ ဥပသာလက ပုဏ္ဏားကြီးသည် သားလုလင်အား မိမိသေလွန်သောအခါ သူယုတ်မာတို့

မသင်္ဂြိုဟ်ရာ သင်္ချိုင်း၌ မသင်္ဂြိုဟ်ပါလင့်၊ ဘယ်သူကိုမျှ သင်္ဂြိုဟ်ဘူးသေးသော အရပ်၌သာ သင်္ဂြိုဟ်ရစ်ပါဟု မှာထားကာ သင်္ဂြိုဟ်ရစ်ရန် အရပ်ညွှန်ပြလိုသဖြင့် သားကိုခေါ်၍ ဂိဇ္ဈကုဋ်တောင်ထိပ်သို့ တက်ပြီးလျှင် တောင်သုံးလုံးတို့အကြား ဖြစ်သော ဤအရပ်၌သာ ညွှန်ပြခဲ့၍ တောင်ထိပ်မှ ဆင်းသက်ကြလျက် ရသေ့ထံ ဆည်းကပ်ကြလေ၏။

သုသာန်လွတ်ရာ စုံစမ်းရှာ

ရသေ့လည်း ပုဏ္ဏားလုလင်ကို မေးလတ်သော် ပုဏ္ဏားလုလင်သည် အကြောင်းစုံ လျှောက်ထားလေ၏။ ထိုအခါ ရသေ့သည် ပုဏ္ဏားလုလင်၏ စကားကိုကြားလျှင် “လုလင် ... လာလှည့်၊ သင့်အဖ ပုဏ္ဏားကြီး ညွှန်ပြသောအရပ်မှာ သူသေ သင်္ဂြိုဟ်ဖူးသည် မသင်္ဂြိုဟ်ဖူးသည်အဖြစ်ကို စုံစမ်းမည်” ဟု သားအဖ နှစ်ယောက်ကိုခေါ်ကာ တောင်ထိပ်သို့ တက်ကြလေ၏။

လုလင်သည် တောင်ထိပ်သို့ရောက်လျှင် “ရှင်ရသေ့ ... ဤတောင်သုံးလုံးတို့အကြား ဖြစ်သော အရပ်ကား ဘယ်သူကိုမျှ မသင်္ဂြိုဟ်ဖူးသေးသော အရပ်ဖြစ်သည်” ဟု ပြောကြားလေ၏။ ရသေ့သည် -

“ပုဏ္ဏားလုလင် ... ဤအရပ်၌ သင်္ဂြိုဟ်သောသူတို့မှာ မရေတွက်နိုင်ကုန်၊ သင့်အဖ ပုဏ္ဏားကြီးသည်ပင်လျှင် ဤရာဇဂြိုဟ်ပြည်ဝယ် ပုဏ္ဏားမျိုးဖြစ်၍ ဥပသာကလ အမည်ဖြင့်ပင် ဘဝပေါင်း တစ်သောင်းလေးထောင် သင်္ဂြိုဟ်ခဲ့ဖူးပြီ၊ လောကမှာ မသေဖူးသော အရပ်၊ မသင်္ဂြိုဟ်ဖူးသောအရပ် မည်သည်မရှိပေ”

“ပုဏ္ဏားလုလင် ... သစ္စာဉာဏ်၊ လောကုတ္တရာတရား၊ သူတစ်ပါးကို မညှဉ်းဆဲခြင်း၊ ဝိရမိတဗ္ဗဝတ္ထုမှ ရှောင်ကြဉ်ခြင်း၊ ဣန္ဒြေကို စောင့်ရှောက်ခြင်းဟူသော ဂုဏ်အပေါင်းရှိသူကို အရိယာတို့ ဆည်းကပ်ကြသည်။ ထိုဂုဏ်အပေါင်းရှိသူကို အရိယာတို့ ဆည်းကပ်ကြသည်။ ထိုဂုဏ်အပေါင်းကား လောက၌ မသေရာရပ်ဖြစ်၏” –

ဟု ပုဏ္ဏားသားအဖတို့အား တရားဟောပြီးလျှင် ဗြဟ္မဝိဟာရ တရားလေးပါးကို ပွားများကာ ဗြဟ္မာ့ပြည်သို့ လားလေ၏။

ဤဒေသနာတော်၏ အဆုံး၌ ပုဏ္ဏား သားအဖ နှစ်ယောက်တို့သည် သောတာပတ္တိဖိုလ်၌ တည်ကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သားအဖနှစ်ယောက်တို့သည် - ယခုအခါသားအဖ နှစ်ယောက်။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မသင်္ဂြိုဟ်ဖူး၊ မသေဖူး၊ ရပ်ထူးမရှိလေ။

(၂) သစ္စာ,ဓမ္မ၊ အဟိံသ၊ ဒမ-သံယမေ။

(၃) ဤဂုဏ်ပေါင်းရိုး၊ အရပ်မျိုး၊ သေရိုးမရှိပေ။

ဥပသာဠကဇာတ် ပြီး၏။

***

၁၆၇ - သမိဒ္ဓိဇာတ်

ကိလေသာဖြင့် နတ်သမီးဖြားယောင်း၍မရသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

နတ်သမီးနှစ်သက် ဖြားယောင်းလျက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်ကို အမှီပြု၍ တပေါဒါရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် သမိဒ္ဓိမထေရ်သည် တစ်ညဉ့်ပတ်လုံး တရားအားထုတ်၍ အရုဏ်တက်သောအခါ ရေချိုးပြီးလျှင် ရွှေဆင်းတုနှင့် တူသောကိုယ်ကို ရေခြောက်စေ၍ သင်းပိုင်ကို ဝတ်ပြီးလျှင် ကိုယ်ရုံသင်္ကန်းကို လက်ဖြင့်ကိုင်ကာ ရပ်လျက်နေ၏။

ထိုအခါ သမိဒ္ဓိမထေရ်ကို တပ်စွန်းသော နတ်သမီး တစ်ယောက်သည် “အရှင်ရဟန်း ... သင်ကား အသက်အရွယ် ငယ်သေး၏။ အရွယ်နှင့် ပြည့်စုံ၏။ မည်းနက်သော ဆံပင်ရှိ၏။ အလွန်အဆင်းလှ၏။ ရှုချင်စဖွယ်၊ ကြည်ညိုဖွယ် ရှိ၏။ သို့ဖြစ်လျက် ကာမဂုဏ်ချမ်းသာကို မခံစားဘဲ ရဟန်းပြုသဖြင့် ဘယ်အကျိုးရှိအံ့နည်း၊ ငယ်ရွယ်စဉ်အခါ ကာမဂုဏ် ချမ်းသာကို ခံစား၍ ကြီးရင့်သောအခါမှ ရဟန်းပြုပြီးခါ တရားကို အားထုတ်ပါ” ဟု ကိလေသာဖြင့် ဖြားယောင်းကာ ပြောဆိုလေ၏။

ရဟန်းငြင်းဆန် ဘုရားလျှောက်ပြန်

သမိဒ္ဓိမထေရ်သည် နတ်သမီးကို “အို နတ်သမီး ... ငါသည် ဤမည်သောအရွယ်၌ သေရမည်၊ ဤမည်သော အချိန်ကာလ၌ သေရမည်ဟု သေရမည့်အရွယ်နှင့် အချိန်ကာလကို မသိသောကြောင့် ငယ်ရွယ်စဉ်အခါကပင် ရဟန်းပြုကာ တရားကို အားထုတ်၍ ဒုက္ခကုန်ဆုံးအောင် ပြုမည်” ဟု ပြန်ကြားပြောဆိုလေ၏။ နတ်သမီးလည်း မထေရ်ကို ဖြားယောင်း၍ မရသဖြင့် ထိုအရပ်မှာပင် ကွယ်လေ၏။ သမိဒ္ဓိမထေရ်လည်း မြတ်စွာဘုရားထံ ချဉ်းကပ်၍ ထိုအကြောင်းကို လျှောက်ထားလတ်သော် မြတ်စွာဘုရားသည် “ချစ်သား သမိဒ္ဓိ ... ယခုအခါ၌ သင့်ကိုသာလျှင် နတ်သမီး ဖြားယောင်းသည်မဟုတ်၊ ရှေးအခါ၌လည်း ရဟန်းတို့ကို နတ်သမီး ဖြားယောင်းဖူးပြီ” ဟုမိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ရေသုံးသပ်ကာ နေသောအခါ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိက ရွာငယ်တစ်ခုဝယ် ပုဏ္ဏားမျိုးဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် အတတ်ပညာအလုံးစုံကို သင်ကြားတတ်မြောက်ပြီးလျှင် ရသေ့ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေလျက် ဟိမဝန္တာအရပ်၌ အလိုလိုဖြစ်သော အိုင်တစ်ခုကို အမှီပြု၍ နေလေ၏။

တစ်နေ့သ၌ ရသေ့သည် တစ်ညဉ့်လုံး တရားအားထုတ်၍ အရုဏ်တက်သောအခါ ရေချိုးပြီးလျှင် လျှော်တေသင်္ကန်း တစ်ထည်ကိုဝတ်၍ လျှော်တေသင်္ကန်းတစ်ထည်ကို လက်တွင် ကိုင်လျက် ရေခြောက်စေရန် တစ်ခဏ ရပ်လျက်နေ၏။

တဏှာပရိယာယ် ရသေ့ငြင်းပယ်

ထိုအခါ နတ်သမီးတစ်ယောက်သည် ရသေ့၏ ကိုယ်အင်္ဂါလက္ခဏာ အဆင်းသဏ္ဌာန် တင့်တယ်ခြင်းကို မြင်လျှင် တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ -

“အရှင်ရသေ့ ... သင်သည် ငယ်ရွယ်စဉ်အခါ ကာမဂုဏ်ချမ်းသာကို မခံစားဘဲ ရဟန်းပြုဘိ၏။ ကာမဂုဏ်ချမ်းသာကို ခံစား၍နေရမည် မဟုတ်ပါလော၊ ငယ်ရွယ်စဉ်အခါ ကာမဂုဏ်ချမ်းသာကိုခံစား၍ ကြီးရင့်သောအခါမှ ရဟန်းပြုပါ၊ သင့်မှာ ကာမဂုဏ်ချမ်းသာကို ခံစားရာဖြစ်သော ငယ်ရွယ်သောအခါကို မကုန်လွန်ပါစေလင့်” –

ဟု ကိလေသာဖြင့် ဖြားယောင်းကာ ပြောဆိုလေ၏။ ရသေ့လည်း နတ်သမီး၏ ပြောသောစကားကို ကြားလျှင် -

“အို နတ်သမီး ... ငါသည် သေရမည့်အချိန်ကိုမသိ၊ ငါ့အား သေရမည့်အချိန်အခါသည် ဖုံးလွှမ်း၍ နေသဖြင့် မထင်ရှား၊ ထို့ကြောင့် ကာမဂုဏ်ချမ်းသာကို မခံစားဘဲ ရဟန်းတရားကို အားထုတ်ကျင့်ကြံရာ အချိန်အခါသည် မကုန်လွန်ပါစေလင့်” –

ဟု ငယ်ရွယ်စဉ်အခါ၌ပင်လျှင် ရဟန်းပြုပါသည်။ မိမိ၏ အလိုဆန္ဒကို ပြန်ကြားပြောဆိုလေ၏။ နတ်သမီးလည်း ရသေ့၏ စကားကိုကြားလျှင် ထိုအရပ်မှာပင် ကွယ်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရသေ့အား ဖြားယောင်းသော နတ်သမီးသည် - ယခုအခါ သမိဒ္ဓိအား ဖြားယောင်းသော နတ်သမီး

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သေမည့်အချိန်ခါ၊ မသိရာ၊ ငယ်ခါရဟန်းပြု။

(၂) တရားကျင့်မြဲ၊ ငယ်စဉ်လဲ၊ ဆင်းရဲငြိမ်းအောင်ပြု။

သမိဒ္ဓိဇာတ် ပြီး၏။

***

၁၆၈ - သကုဏဂ္ဃိဇာတ်

မိမိနေရာ၌သာ ကျက်စား၍ ရန်သူသိမ်းငှက်ကိုပင် အောင်နိုင်သော ဘီလုံးငှက်ငယ် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အနေလွဲမှား ဘေးရန်များ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တစ်နေ့သ၌ ရဟန်းတို့ကို ခေါ်တော်မူ၍ “ချစ်သားရဟန်းတို့ ... ဖခင်ဥစ္စာဖြစ်သော အာရုံ၌သာလျှင် ကျက်စားကြကုန်လာ့၊ သင်တို့ကိုထားဘိဦး ရှေးအခါ တိရစ္ဆာန်တို့သည်လည်း ဖခင်ဥစ္စာဖြစ်သော မိမိကျက်စားနေကျ နေရာကိုစွန့်၍ မကျက်စားသင့်သော နေရာ၌ ကျက်စားသဖြင့် ရန်သူလက်ရောက်ပြီးမှ မိမိဉာဏ်ပညာစွမ်းဖြင့် ရန်သူလက်မှ လွတ်ဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မျိုးရိုးစွန့်ဖျောက် ဘေးရန်ရောက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဘီလုံးငှက်မျိုး၌ဖြစ်၍ ထွန်ချေးတုံး မြေစိုင်ခဲ ပေါများရာအရပ်၌ နေလေ၏။

တစ်နေ့သောအခါ ဘီလုံးငှက်သည် မိမိတို့ ကျက်စားနေကျ နေရာကို စွန့်၍ သူတစ်ပါးတို့ ကျက်စားရာ အရပ်၌ ကျက်စားမည်ဟု တော်အုပ်အဆုံးသို့ သွားလေ၏။ ထိုအခါ တောအုပ်အဆုံူး၌ ကျက်စားနေသော ဘီလုံးငှက်ကို သိမ်းငှက်မြင်လျှင် အဆောတလျှင် ပြေးလာကာ ထိုးသုတ်ယူလေ၏။

ဘီလုံးငှက်သည် သိမ်းငှက် ယူသွားစဉ် “ငါတို့သာ ကျက်သရေမရှိကုန်၊ ငါတို့သာ ဘုန်းကံမရှိကုန်၊ ငါတို့သည် သူတစ်ပါးတို့ ကျက်စားရာအရပ်၌ ကျက်စားမိကုန်၏။ ဖခင်ဥစ္စာဖြစ်သော မိမိတို့ ကျက်စားနေကြနေရာ၌ ကျက်စားပါမူ ထိုကဲ့သို့ သိမ်းငှက် မယူနိုင်ရာ” ဟု မြည်တမ်း ငိုကြွေးလေ၏။

ဘီလုံးသတ္တိ စမ်းလိုဘိ

သိမ်းငှက် ကြားလတ်သော် “ဟယ် ဘီလုံးငှက် ... သင့် ဖခင်ဥစ္စာဖြစ်သော ကျက်စားနေကျ နေရာဟူသည် ဘယ်မှာနည်း” ဟု မေးလေ၏။ “အို သိမ်းငှက် ... ထွန်ချေတုံး မြေစိုင်ခဲ ပေါများသောအရပ်ကား ငါတို့ဖခင်ဥစ္စာ ဖြစ်သော ကျက်စားနေကျ နေရာဖြစ်သည်” ဟု ပြောဆိုလေ၏။ ထိုအခါ သိမ်းငှက်သည် မိမိအစွမ်း သတ္တိကို ယုံကြည်ပြီးဖြစ်၍ “ဟယ် ဘီလုံးငှက် ... သင်သွားလေလော့၊ သင့်ဖခင်ဥစ္စာဖြစ်သော ကျက်စားနေကျနေရာ၌ နေသော်လည်း ငါ့လက်မှ လွတ်နိုင်မည်လော” ဟုဆိုကာ လွှတ်လိုက်လေ၏။

စားကျက်ကျွမ်းကျင် ရန်အောင်မြင်

ဘီလုံးငှက်သည် မိမိကျက်စားနေကျ နေရာသို့ သွားလေ၍ မြေစိုင်ခဲကြီးပေါ်သို့ တက်ပြီးလျှင် “အို သိမ်းငှက် ... လာလော့၊ ထိုးသုတ်လော့” ဟု ဆိုကာ ရပ်နေလေ၏။ သိမ်းငှက်သည် ထိုးသုတ်ရန် အတောင်နှစ်ဖက်ကို ဖြန့်ကာ လျင်သောအဟုတ်ဖြင့် ဘီလုံးငှက်ထံ ပြေးလာလေ၏။ ထိုအခါ ဘီလုံးငှက်သည် မြေစိုင်ခဲ အကြားသို့ ဝင်လေ၏။ သိမ်းငှက်လည်း လျင်သောအဟုတ်ကို မရပ်တန့်နိုင်တော့ဘဲ မြေစိုင်ခဲတွင် ရင်ဘတ်ဖြင့် တိုက်မိကာ ရင်ကွဲပြီး မျက်လုံးထွက်၍ သေလေ၏။

မာရ်မင်း အခွင့်မပေးနှင့်

သိမ်းငှက် သေခြင်းသို့ရောက်လတ်သော် ဘီလုံးငှက်သည် မြေစိုင်ခဲကြားမှ ထွက်၍ ငါသည် စင်စစ်လျှင် ရန်သူပျက်စီးခြင်းကို မြင်ရပေပြီဟု ဝမ်းမြောက်ဝမ်းသာ ဘေးလွတ်ကြောင်း ဖြစ်သော ဉာဏ်နှင့် ပြည့်စုံသောငါသည် ဖခင်ဥစ္စာဖြစ်သော ကျက်စားရာအရပ်၌ မွေ့လျော် ကျက်စားသည်ဖြစ်၍ ရန်သူလက်မှ လွတ်မြောက်ကာ အကျိုးစီးပွားကို မြင်ရခြင်းကြောင့် ဝမ်းမြောက်ရပေ၏ဟု ဥဒါန်းကျူးရင့်လေ၏။ မြတ်စွာဘုရားသည် အတိတ်ဇာတ်ကိုဆောင်တော်မူပြီးလျှင် -

”ရဟန်းတို့ ... တိရစ္ဆာန်တို့သည်လည်း မကျက်စားသင့်သောအရာ၌ ကျက်စားသည်ရှိသော် ရန်သူလက်သို့ ရောက်ရ၏။ ဖခင်ဥစ္စာဖြစ်သော မိမိတို့ ကျက်စားရာရော၌ ကျက်စားသည်ရှိသော် ရန်သူကို နှိမ်နင်းနိုင်၏။ ထို့ကြောင့် သင်တို့သည် သူတစ်ပါးတို့အရာ ဖြစ်သော မကျက်စားသင့်သောအရာ၌ မကျက်စားကြကုန်လင့်၊ အကယ်၍ ကျက်စားသည်ရှိသော် မာရ်မင်းသည် အခွင့်ရလေ၏။ မာရ်မင်းသည် စွဲလမ်းရာကို ရလေ၏”

“ရဟန်းတို့ ... သူတစ်ပါးတို့အရာ ဖြစ်သော ရဟန်းတို့ မကျက်စားသင့်သော အရာဟူသည် ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ အာရုံငါးပါး ကာမဂုဏ်တရားပင် ဖြစ်၏” -

“ရဟန်းတို့ .... အစာရှာရန် တောအုပ်အစွန်၌တည်သော ဘီလုံးငှက်ရှိရာသို့ အားအစွမ်းဖြင့် ထိုးသုတ်ရန်ကျလာသော သိမ်းငှက်သည် လျင်မြန်စွာ ရောက်လေတော့၏။ ထိုကြောင့် သိမ်းငှက်သည် သေခြင်းသို့ ရောက်ရလေတော့၏” –

ဟု သိမ်းငှက်နှင့် ဘီလုံးငှက်ကို ဥပမာပြုကာ မိမိတို့ကျက်စားရာမဟုတ်သော အာရုံငါးပါး ကာမဂုဏ်တရားတို့၌ မကျက်စားကြရန် ဆုံးမတော်မူ၏။

ဤဒေသနာတော်၏ အဆုံး၌ များစွာသော ရဟန်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့၌ တည်ကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သိမ်းငှက်သည် - ယခုအခါ ဒေဝဒတ်။

ဘီလုံးငှက် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကာမဂုဏ်ငါးပါး၊ ရဟန်းများ၊ ကျက်စားမပြုရာ။

(၂) တစ်ပါးစားကျက်၊ ဘီလုံးငှက်၊ သိမ်းလက်ရောက်ရရှာ။

(၃) ဖခင်နယ်တွင်း၊ ကျက်စားလျှင်း၊ နှိမ်နင်းသိမ်းရန်ကွာ။

သကုဏဂ္ဃိဇာတ် ပြီး၏။

***

၁၆၉ - အရကဇာတ်

ဗြဟ္မဝိဟာရ တရားလေးပါးကို ပွားများကြရန် တပည့်တို့အား ဆုံးမလေ့ရှိသော အရကရသေ့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မေတ္တာရှေ့ရှု ပွားများမှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မေတ္တာသုတ် ဒေသနာတော်ကို အကြောင်းပြု၍ ဟောတော်မူ၏။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်တို့ကို ခေါ်တော်မူ၍ “ချစ်သားရဟန်းတို့ .... အဖန်တလဲလဲ ပွားများအားထုတ်အပ်သော မေတ္တာဘာဝနာကြောင့် ပွားများအားထုတ်သူတို့မှာ -

မေတ္တာအကျိုးဆယ့်တစ်ပါး

(၁) ချမ်းသာစွာအိပ်ရခြင်း၊

(၂) အိပ်ရာမှ ချမ်းသာစွာနိုးရခြင်း၊

(၃) မကောင်းသော အိပ်မက်ကို မမြင်မက်ခြင်း၊

(၄) လူတို့ချစ်မြတ်နိုးခြင်း၊

(၅) နတ်တို့ချစ်မြတ်နိုးခြင်း၊

(၆) နတ်တို့စောင့်ရှောက်ခြင်း၊

(၇) မီးမလောင်နိုင်ခြင်း၊

(၈) အဆိပ်မသင့်နိုင်ခြင်း၊

(၉) လက်နက်မစူးရှနိုင်ခြင်း၊

(၁၀) ပျံ့လွင့်သောစိတ် လျင်မြန်စွာ တည်ကြည်ခြင်း၊

(၁၁) မဂ်,ဖိုလ်ကို ထိုးထွင်း၍ မသိသော်လည်း ဗြဟ္မာ့ပြည်သို့ လားရခြင်း၊

ဤအကျိုး ဆယ့်တစ်ပါးတို့ကို မချွတ်ရကုန်၏ဟု မေတ္တာဘာဝနာကို ချီးမွမ်း၍ ဟောတော်မူ၏။

ဗြဟ္မစိုရ်ပွား ဗြဟ္မာ့ရွာလား

ထိုမေတ္တာဘာဝနာကို ပွားများ အားထုတ်ရာဝယ် သတ္တဝါတို့ကို သတ်မှတ် ရည်ညွှန်းခြင်း ဩဓိသက မေတ္တာအားဖြင့် လည်းကောင်း၊ သတ္တဝါတို့ကို မသတ်မှတ် မရည်ညွှန်းခြင်း အနောဓိသက မေတ္တာအားဖြင့် လည်းကောင်း ပွားများ အားထုတ်ရာ၏။

မိမိအကျိုးစီးပွား မလိုလားသူကို လည်းကောင်း၊ မိမိ အကျိုးစီးပွားလိုလားသူကို လည်းကောင်း၊ မိမိ အကျိုးစီးပွားလိုလားသည်လည်းမဟုတ် လျစ်လျူဖြစ်သောသူကို လည်းကောင်း မိမိကမူ အကျိုးစီးပွားကို လိုလားသောစိတ်ဖြင့်သာလျှင် ပွားများ အားထုတ်ရာ၏။ ထို့အတူ ကရုဏာကို လည်းကောင်း၊ မုဒိတာကို လည်းကောင်း၊ ဥပေက္ခာကို လည်းကောင်း ဤလေးပါးသော ဗြဟ္မဝိဟာရ တရားတို့ကို ပွားများ အားထုတ်ရာ၏။

“ရဟန်းတို့ ... လေးပါးသော ဗြဟ္မဝိဟာရတရားကို ပွားများအားထုတ်သော ရဟန်းသည် မဂ်,ဖိုလ်ကို မရသော်လည်း သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားရ၏။ ရှေးပညာရှိတို့သည်လည်း ခုနစ်နှစ်ပတ်လုံး မေတ္တာကို ပွားများအားထုတ်စေ၍ ခုနစ်ပါးသော သံဝဋ္ဋဝိဝဋ္ဋ ကပ်ပတ်လုံး ဗြဟ္မာပြည်၌သာလျှင် နေဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဆရာဟောကြား မေတ္တာတရား

လွန်လေပြီးသောအခါ တစ်ခုသောကပ်၌ ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ကာမဂုဏ်တို့ကို စွန့်ပယ်ပြီးလျှင် ရသေ့ရဟန်းပြု၍ ဗြဟ္မဝိဟာရ တရားလေးပါးကို ပွားများအားထုတ်လျက် အရက မည်သော ဆရာရသေ့ ဖြစ်၍ ဟိမဝန္တာအရပ်၌ နေ၏။ များစွာသော အခြံအရံရှိ၏။

ထိုအရက မည်သော ဆရာရသေ့သည် တပည့်ရသေ့ အပေါင်းကို ဆုံးမသည်ရှိသော် “အို ရသေ့အပေါင်းတို့ ... ရသေ့ရဟန်း မည်သည်ကား မေတ္တာကို ပွားများအားထုတ်ရမည်၊ ကရုဏာကို ပွားများအားထုတ်ရမည်၊ မုဒိတာကို ပွားများအားထုတ်ရမည်၊ ၎င်းဗြဟ္မဝိဟာရ တရားလေးပါးတို့ကား အပ္ပနာသို့ ရောက်သည်ရှိသော် ဗြဟ္မာ့ပြည်သို့ လားရ၏” ဟု ဆုံးမတော်မူ၏။

မေတ္တာပွားများပုံ

“အို ရသေ့အပေါင်းတို့ ... အရပ်သုံးပါး၌ရှိသော သတ္တဝါတို့ကို ပိုင်းခြားကာ အောက်ပါအတိုင်း ပွားများအားထုတ်ရမည်၊

အထက်အရပ်၌ နေကုန်သော သတ္တဝါတို့သည် ဘေးရန် ကင်းပါစေကုန်သတည်း၊ ကြောင့်ကြ ကင်းပါစေကုန်သတည်း၊ ဆင်းရဲ ကင်းပါစေကုန်သတည်း၊ ချမ်းချမ်းသာသာ ကိုယ်ခန္ဓာကို ရွက်ဆောင်နိုင်ပါစေ ကုန်သတည်း” –

ဟု ဤသို့စသည်ဖြင့် ပွားများအားထုတ်ကြရမည်။

အောက်အရပ် [နည်းတူ]

ဘေးပတ်လည် ဖီလာအရပ် [နည်းတူ]

[မှတ်ချက် ... ဤ၌ အရပ်သုံးမျက်နှာထား၍ ပြသော်လည်း အရပ်လေးမျက်နှာ၊ ခြောက်မျက်နှာ၊ ရှစ်မျက်နှာ၊ ဆယ်မျက်နှာထား၍လည်း ပွားများနိုင်သည်။]

ဤသို့ မေတ္တာပွားများသူတို့မှာ [ပစ္စုပ္ပန်ဝတ္ထုတွင် ပြဆိုအပ်ပြီးသော အကျိုးဆယ့်တစ်ပါးကို] မုချရနိုင်သည်။ မဆုတ်ယုတ်သော စျာန်ရှိသောသူတို့မှာ ဗြဟ္မာ့ပြည်၌ ဖြစ်ကြ၍ သံဝဋ္ဋဝိဝဋ္ဋ ခုနစ်ကပ်ပတ်လုံး အသက်ကြာရှည် နေရသည်ကို ဟောတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရသေ့အပေါင်းသည် - ယခုအခါ ဘုရား ပရိသတ်။

အရကရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အိပ်ရချမ်းသာ၊ နိုးချမ်းသာ၊ ယုတ်မာအိပ်မက်ကင်း။

(၂) လူချစ်,နတ်ချစ်၊ နတ်စောင့်လစ်၊ မီးစစ်မလောင်ခြင်း။

(၃) ဗြဟ္မာပြည်လား၊ မေတ္တာပွား၊ ကျိုးကားဆယ့်တစ်သင်း။

အရကဇာတ် ပြီး၏။

***

၁၇၀ ကကဏ္ဋကဇာတ်

မဟာနိပါတ်-မဟာဥမင်္ဂဇာတ်ခေါ် မဟောသဓဇာတ်နှင့်တူ၏။

အလိုရှိသော ပုဂ္ဂိုလ်တို့သည် မဟောသဓဇာတ်၌ ကြည့်ရှုကြပါကုန်။

ကလျာဏဝဂ်

၁၇၁ - ကလျာဏဓမ္မဇာတ်

နားကြားလွဲသော ယောက္ခမ၏စကားကြောင့် ရသေ့ရဟန်းပြု၍ အဘိညာဉ် သမာပတ်ကို ရရှိသော သူဌေးကြီး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားဆည်းကပ် လွန်လေးမြတ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိမြို့တော်ဝယ် သူကြွယ်တစ်ယောက်သည် သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ရတနာသုံးပါးကို ဆည်းကပ်၏။ ထိုသူကြွယ်အား အနည်းငာယ် နားပင်းသော ယောက္ခမ မိန်းမသူ တစ်ယောက်လည်း ရှိ၏။

ထိုသူကြွယ်သည် တစ်နေ့သ၌ ထောပတ်စသော ဆေးတို့ကို လည်းကောင်း၊ ပန်း၊ နံ့သာ၊ အဝတ် စသော လှူဖွယ်ဝတ္ထုတို့ကို လည်းကောင်း ယူဆောင်၍ မြတ်စွာဘုရားထံ တရားနာသွားလေ၏။

သူကြွယ် မြတ်စွာဘုရားထံသွားခိုက် ထိုသူကြွယ်၏ ယောက္ခမ မိန်းမသူသည် သမီးကို တွေ့မြင်လိုသဖြင့် ခဲဖွယ်ဘောဇဉ်ကိုယူ၍ သမီးအိမ်သို့ သွားလေ၏။

အမိကြားမှား သမီးစကား

ထိုမိန်းမသည် သမီးနှင့်အတူ ထမင်းစားပြီးလျှင် ထမင်းဆီယစ်ခြင်းကို ဖျောက်၍ သမီးကို “ချစ်သမီး ... သင့်လင်ယောကျ်ားသည် သင်နှင့် ချစ်ခင်ဝမ်းမြောက်လျက် သင့်တင့်ညီညွတ်စွာ နေပါ၏လော” ဟု မေး၏။ “မိခင် ... ဘယ်လိုပြောသနည်း၊ မိခင်၏ သမက်သည် အကျင့်သီလနှင့် ပြည့်စုံသဖြင့် ရဟန်းကဲ့သို့ သဘောရှိသည်။ ဤသမတ်မျိုးကို အလွန်ရခဲသည်” ဟု ပြောလေ၏။

ထိုအခါ မိခင်သည် နားပင်းသဖြင့် သမီးပြောသော စကားကို အပြည့်အစုံ နားမလည်ဘဲ ရဟန်းဆိုသော စကားလောက်ကိုသာ ယူပြီးလျှင် “ချစ်သမီး ... သင့်လင်ယောကျ်ားသည် အဘယ်ကြောင့် ရဟန်းပြုလေသနည်း” ဟု ကျယ်လောင်သော အသံဖြင့် မေးပြန်၏။ ထိုအသံကို ကြားသော အိမ်သားတို့သည် ငါတို့သူကြွယ် ရဟန်းပြုသတတ်ဟု ငိုကြွေး မြည်တမ်းကြကုန်၏။ ထိုအသံကြောင့် အိမ်နီးချင်းတို့လည်း ရဟန်းပြုသည်ဟု မှတ်ထင်ကြကုန်၏။

သတင်းကောင်းပြေး ကျင့်ကြံရေး

သူကြွယ်လည်း မြတ်စွာဘုရားထံမှ ပြန်လာရာ မြို့တွင်းသို့ဝင်လျှင် မိတ်တွေတစ်ယောက် မြင်၍ “အို အဆွေ ... အဆွေ ရဟန်းပြုသွားသည်ဟု အိမ်သားတွေ ငိုကြွေးနေကြသည်” ဟု ဆိုလေ၏။ ထိုအခါ သူကြွယ်သည် ငါသည် ရဟန်းမပြုသေးဘဲလျက် ငါ့ကို ရဟန်းပြုသည်ဟု သတင်း ဖြစ်နေသည်။ ဤသတင်းကောင်းကို ကွယ်ပျောက်မသွားစေအပ်၊ ယနေ့ပင်လျှင် ငါရဟန်းပြုတော့မည်ဟု ကြံစည်ကာ အိမ်သို့မသွားတော့ဘဲ ထိုအရပ်မှပြန်၍ မြတ်စွာဘုရားထံ သွားလေ၏။

မြတ်စွာဘုရားသည် ချက်ချင်းပြန်လာသော သူကြွယ်ကို မြင်တော်မူလျှင် “ဒါယကာသူကြွယ် ... အဘယ်ကြောင့် ချက်ချင်း ပြန်လာသနည်း” ဟု မေးလေ၏။ “အရှင်ဘုရား ... တပည့်တော် ရဟန်းမပြုသေးဘဲလျက် ရဟန်းပြုသည်ဟု မြို့ထဲတွင် သတင်းကောင်းဖြစ်၍ နေပါသည်။ ဤသတင်းကောင်းကို ကွယ်ပျောက်မသွားစေအပ်၊ ယနေ့ပင် ရဟန်းပြုမည်ဟု ကြံစည်ကာ ချက်ချင်းပြန်လာခဲ့ပါသည်” ဟု လျှောက်ထားလေ၏။

သူကြွယ်သည် မြတ်စွာဘုရား သာသနာတော်ဝယ် ရှင်အဖြစ်၊ ရဟန်းအဖြစ်ကိုရ၍ ဝိပဿနာကို ပွားများကာ မကြာမြင့်မီပင် ရဟန္တာအဖြစ်သို့ ရောက်လေ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ထိုသူကြွယ်အကြောင်း စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... ရှေးပညာရှိတို့သည်လည်း ဖြစ်နေသော သတင်းကောင်းကို ပျောက်ကွယ်မသွားစိမ့်သောငှာ ရဟန်းပြုကြဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အမိအိုစကား သူများကြား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဌေးမျိုး၌ ဖြစ်၍ အဖသူဌေးကြီး ကွယ်လွန်လျှင် သူဌေးအရာကို ရလေ၏။ ထိုသူဌေးအား အနည်းငယ် နားပငးသော ယောက္ခမမိန်းမသူသည် ရှိသတတ်။ [အလုံးစုံသော အတိတ်ဝတ္ထုသည် ပစ္စုပ္ပန်ဝတ္ထု၏နှင့် တူ၏]

သူဌေးသည် တစ်နေ့သ၌ မင်းကြီးထံ အခစား သွားလေ၏။ ထိုသူဌေးသွားခိုက် သူဌေး၏ ယောက္ခမ မိန်းမသူသည် သမီးကိုတွေ့မြင်ရန် သမီးအိမ်သို့ သွားလေ၏။ သမီးနှင့်အတူ ထမင်းစားပြီးလျှင် သမီးကို လင်ယောကျ်ားနှင့် ချစ်ခင်ဝမ်းမြောက်လျက် သင့်တင့်ညီညွတ်စွာ ရှိ,မရှိကို မေးရာ သမီးက မိမိလင်ယောကျ်ားမှာ အကျင့်သီလရှိ၍ ရဟန်းကဲ့သို့ သဘောကောင်းသဖြင့် ရခဲသော လင်ဖြစ်ကြောင်း ပြောလေလျှင် နားအနည်းငယ် ပင်းသဖြင့် ပြောသမျှစကားကို ပြည့်စုံအောင် မမှတ်နိုင်ဘဲ ရဟန်းပြုသတတ်ဟု နားကြားလွဲကာ အဘယ့်ကြောင့် ရဟန်းပြုသနည်းဟု ကျယ်လာင်စွာ မေးလေ၏။

ထိုစကားကို အစွဲပြု၍ တစ်အိမ်လုံး ရဟန်းပြုသည်ဟု မှတ်ထင်ကြလျက် ငိုကြွေးမည်တမ်းကြသည့် အတွက် အိမ်နီးချင်းတို့လည်း သိကြကုန်၏။

ရှေ့ပြေးထင်မှု ရဟန်းပြု

သူဌေးသည် မင်းကြီးထံမှ ပြန်လာရာ မိတ်ဆွေတစ်ယောက်နှင့် တွေ့၍ ထိုအကြောင်းကို ပြောကြားလျှင် ဖြစ်လာသော သတင်းကောင်းကို ပျောက်ကွယ်မသွားစေအပ်၊ ယနေ့ပင် ရသေ့၊ ရဟန်း ပြုတော့မည်ဟု ကြံစည်ကာ မင်းကြီးထံ ပြန်သွားလေ၏။ မင်းကြီးလည်း ချက်ချင်းပင် ပြန်လာသော သူဌေးကိုမြင်လျှင် “သူဌေးကြီး ... အဘယ်ကြောင့် ချက်ချင်းပင် ပြန်လာသနည်း” ဟု မေးသည်ရှိသော် သူဌေးကြီးသည် မင်းကြီးကို -

“မြတ်သောမင်းကြီး .. လောက၌ သူတော်ကောင်း ဖြစ်သောသူကား တစ်နေ့နေ့ဝယ် ရဟန်းဟူသော အမည်ပညတ်သို့ ရောက်လာတတ်၏။ ထိုရောက်လာသော အမည်ပညတ်ကို မကွယ်ပျောက်စေရာ၊ သူတော်ကောင်း ဖြစ်သော သူမည်သည်မှာလည်း ဟိရိဩတ္တပ္ပဖြင့် ရဟန်းတို့တာဝန်ကို ယူကြမြဲ ဖြစ်၏”၏

“မြတ်သောမင်းကြီး ... ယနေ့အကျွန်ုပ်မှာ ရဟန်းဟူသော အမည်ပညတ်သို့ ရောက်လာခဲ့၏။သူတော်ကောင်းဖြစ်သော အကျွန်ုပ်ကား ကောင်းသောဂုဏ်ဖြင့် ရအပ်သော အမည်ပညတ်ကို ရှုဆင်ခြင်လျက် ယခုပင် ရဟန်းပြုပါမည်။ အကျွန်ုပ်အား ကာမဂုဏ်ကို ခံစားခြင်း၌ အလိုမရှိတော့ပါ” –

ဟု လျှောက်ထားကာ မင်းကြီးအား ရဟန်းအဖြစ်ကို ခွင့်ပြုစေပြီးလျှင် ဟိမဝန္တာတောသို့ဝင်၍ ရသေ့ ရဟန်းပြုကာ အဘိညာဉ် သမာပတ်ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

ဗာရာဏသီသူဌေးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သူတော်ခပင်း၊ ကောင်းသတင်း၊ မယွင်းထါက်ပေါ်ရာ။

(၂) ထွက်ပေါ်သတင်း၊ မှန်စေခြင်း၊ လက်ငင်းကျင့်ကြရာ

ကလျာဏဓမ္မဇာတ် ပြီး၏။

***

၁၇၂ - ဒဒ္ဒရဇာတ်

မိမိအသံဖြင့် မိမိဇာတ်ကို သိစေသော ခြင်္သေ့မာန်တက်နေသည် မြေခွေးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တရားဟောချင်လှ ကောကာလိက

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အကြားအမြင်များသော ရဟန်းတို့သည် သံဃာ့ပရိသတ်အလယ်၌ ကြည်ညိုဖွယ်သောအသံဖြင့် တရားဟောလေ့ရှိကုန်၏။

ထိုအခါ ကောကာလိကသည် မိမိညံ့ဖျင်းသေ အဖြစ်ကို မသိဘဲ တရားဟောလိုလှသဖြင့် ရဟန်းတို့အလယ်တွင် ငါတို့လည်း ကြည်ညိုဖွယ်သော အသံဖြင့် တရားဟောလိုပါသည်။ ငါတို့အားလည်း တရားဟောရန် အလှည့်ပေးကြပါ၊ ကြွေးကြော်ကာ နေလေ၏။ သံဃာ့ဘောင်တွင် ကောလာလိက တရားဟောလိုခြင်းသည် ထင်ရှားလေ၏။

ဆန်းကြည်ဝတ်ဆင် တရားပွဲဝင်

ရဟန်းတို့သည် တစ်နေ့သ၌ ကောကာလိက၏ အစွမ်းသတ္တိကို သိလိုကြသဖြင့် ကောကာလိကအား “ ငါ့ရှင် ကောကာလိက ... ယနေ့ သဃာ့အစည်းအဝေးတွင် တရားဟောရန်သင့်ကို အလှည့်ပေးမည် တရားဟောမည်လော” ဟု ပေးလေလျှင် ကောကာလိက “ကောင်းပြီး ဟောပါမည်” ဟု ဝန်ခံလေ၏။

နေဝင်၍ တရားနာရန်အချိန်ကို ကြွေးကြော်လတ်သော် ရဟန်းတို့သည် စည်းဝေးကြကုန်၏။ ထိုအခါ ကောကာလိကသည် လိပ်သရွေးပန်း အဆင်းနှင့်တူသော သင်းပိုင်ကိုဝတ်၍ မဟာလှေကားပန်း အဆင်းနှင့်တူသော ကိုယ်ဝတ်ကိုရုံကာ တရားဟောမဏ္ဍပ်တွင် ခင်းထားအပ်သော ဓမ္မကထိကနေရာ၌ ဆန်းကြယ်သောယပ်တောင်ကို ကိုင်လျက်နေလေ၏။

ပရိသတ် ကြောက်လွဲ အရှက်ကွဲ

ထိုခဏဝယ် ကောကာလိက ကိုယ်မှ ချွေးတို့သည် ယိုထွက်ကုန်၏။ ကြည်ညိုဖွယ်သော အသံဖြင့် တရားဟောမည်ဟု ဟန်ပြင်ကာ ရှေးဦးအစ ပထမပုဒ်ကို ရွတ်ဆိုပြီးသောအခါ ရွတ်ဆိုစရာပုဒ် ရှာမရတော့ဘဲ အရှက်ကွဲကာ တုန်လှုပ်လျက် နေရာမှထပြီးလျှင် မိမိပရိဝုဏ်သို့ ပြန်ရလေ၏။ ထိုအခါ အကြားအမြင်များသော တခြားဓမ္မကထိက တစ်ပါး တက်၍ ဟောရ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ကောကာလိကအကြောင်း စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရားကြွလာတော်မူ၍ “ရဟန်းတို့ .... ကောကာလိကသည် ယခုအခါ၌သာ မိမိပြောဆိုသောစကားဖြင့် မိမိညံ့ဖျင်းသော အဖြစ်ကို ထင်ရှားစေသည်မဟုတ်၊ ရှေးအခါ၌လည်း ထင်ရှားစေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ခြင်္သေ့တုယူ မြေခွေးအူ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ခြင်္သေ့မျိုး၌ဖြစ်၍ ခြင်္သေ့များစွာ၏ မင်းဖြစ်ကာ ဟိမဝန္တာအရပ်တွင် ငွေဂူ၍နေလေ၏။ ထိုဂူ၏ အနီးဖြစ်သော ဂူတစ်ခုတွင် မြေခွေးတစ်ကောင်သည် နေလေ၏။

တစ်နေ့သ၌ မိုးရွာသည်ရှိသော် အလုံးစုံသော ခြင်္သေ့တို့သည် ခြင်္သေ့မင်း ဂူတံခါး၌ စည်းဝေးကြကုန်လျက် ခြင်္သေ့သံကိုဟောက်၍ ပျော်မြူး ကစားကြကုန်၏။ ခြင်္သေ့တို့ဟောက်သံကို ကြားလျှင် မြေခွေးသည် အကြောမခံ ဟောင်လေ၏။

ချည်းနှီးညံ့လှ ကဲ့ရဲ့ကြ

မြေခွေး ဟောင်သံကိုကြားလျှင် ခြင်္သေ့တို့သည် မြေခွေးကား ငါတို့ကို ပြိုင်၍ ဟောင်ဘိသည်ဟု ရှက်စနိုးဖြစ်၍ ဆိတ်ဆိတ်သာ နေကြကုန်၏။ ထိုအခါ ခြင်္သေ့မင်း၏သား ဖြစ်သော ခြင်္သေ့ငယ်သည် ဖခင် ခြင်္သေ့မင်းအား -

“ဖခင် ခြင်္သေ့မင်း ... ကျယ်လောင်စွာသော အသံဖြင့် ငွေတောင်ကို ပဲ့တင်ထပ်စေလျက် ဟောင်ကာ မိမိအသံဖြင့် မိမိကိုယ်ကို သိစေသော သတ္တဝါကား အဘယ်မည်သော သတ္တဝါဖြစ်သနည်း။ ထိုအသံကို အတုပြု၍ ခြင်္သေ့တို့သည် မဟောက်ဝံ့ကုန်သလော” - ဟု မေးလ၏။ အဖခြင်္သေ့မင်းလည်း သားဖြစ်သော ခြင်္သေ့ငယ်အား -

“ချစ်သား ... ထိုဟောင်သော သတ္တဝါကား သားမျိုးတို့တွင် ဂုဏ်မရှိသော မြေခွေးဖြစ်၏။ ထိုမြေခွေး၏ အမျိုးဇာတ်ကို စက်ဆုပ်ကုန်သည်ဖြစ်၍ ခြင်္သေ့တို့သည် မဟောက်ဘဲ ဆိတ်ဆိတ်နေကြကုန်၏” ဟု ပြောကြားလေ၏။ ထိုမြေခွေးအား မိမိ ဟိန်းဟောင်သော အသံဖြင့်လျှင် အချည်းနှီး ညံ့ဖျင်းသော အဖြစ်ကို သိစေသည်။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြေခွေးသည် - ယခုအခါ ကောကာလိက။

ခြင်္သေ့မင်း၏ သားငယ်သည် - ရာဟုလာ

ခြင်္သေ့မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ချည်းနှီးညံ့ဖျင်း၊ ကိုယ့်ရည်ချင်း၊ ကြွားခြင်းဖြင့်ပင်သိ။

(၂) ခြင်္သေ့အယောင်၊ မြေခွေးဆောင်၊ ဟောင်သံဖြင့်ပင်သိ။

ဒဒ္ဒရဇာတ် ပြီး၏။

***

၁၇၃ - မက္ကဋဇာတ်

မီးလှုံလို၍ ရသေ့ယောင်ဆောင်သော မျောက် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အံ့ဖွယ်ထင်မှတ် ယောင်ဆောင်လျက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် အံ့ဖွယ်သရဲကို ပြုတတ်၏။

ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ ... ဤရဟန်းသည် ယခုအခါ၌သာ အံ့ဖွယ်သရဲကို ပြုတတ်သည်မဟုတ်၊ ရှေးအခါ၌လည်း မျောက်ဖြစ်၍ မီးလှုံလိုသဖြင့် အံ့ဖွယ်သရဲကို ပြုဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူတည်း၊ [ပကိဏ္ဏကနိပါတ် ဥဒ္ဒါလကဇာတ်၌ ထင်ရှားလတ္တံ့။]

အတိတ်ဝတ္ထု

သားနှင့်အဖ တောထွက်ကြ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိက ရွာငယ်တစ်ခုဝယ် ပုဏ္ဏားမျိုးဖြစ်၍ အရွယ်သို့ ရောက်လတ်သော် အတတ်ပညာ သင်ကြားတတ်မြောက်ပြီးလျှင် အိမ်ထောင်ပြုလေ၏။

မယားပုဏ္ဏေးမတွင် သားတစ်ယောက် ဖွားမြင်၍ သားငယ် ပြေးသွားနိုင်သောအခါ ပုဏ္ဏေးမသည် သေလွန်လေ၏။ ပုဏ္ဏားသည် ပုဏ္ဏေးမ အလောင်းကို သင်္ဂြိုဟ်ပြီးလျှင် ငါ့မှာ အိမ်ရာထောင်ခြင်းဖြင့် အကျိုးမရှိပြီဟု လူဘောင်ကို ငြီးငွေ့လျက် သားငယ်ကိုယူကာမျက်ည်စက်လက်နှင့် ကျန်ရစ်သော ဆွေမျိုးအပေါင်းကို စွန့်လွှတ်ပြီးလျှင် ဟိမဝန္တာ အရပ်သို့ သွား၍ ရသေ့ရဟန်းပြုကာ နေလေ၏။

ရသေ့ယောင်ဆောင် မျောက်တစ်ကောင်

ရသေ့သည် မိုးအခါဝယ် တစ်နေ့သ၌ မိုးရွာသည်ရှိသော် ချမ်းအေးသဖြင့် မီးမွှေးလှုံပြီးလျှင် သစ်ပျဉ်ပြားပေါ်တွင် အိပ်၏။ သားဖြစ်သော ရသေ့ငယ်သည် အဖရသေ့၏ ခြေတို့ကို ဆုပ်နယ်လျက်နေ၏။

ထိုအခါ မျောက်တစ်ကောင်သည် အလွန်ချမ်းအေးသဖြင့် ကျောင်းတွင်း၌ရှိသော မီးကိုမြင်လျှင် ငါသည် ယခုအနေဖြင့် ကျောင်းတွင်းသို့ အကယ်၍ ဝင်ငြားအံ့၊ ငါ့ကို မျောက် မျောက်ဟုဆိုကာ ရိုက်ပုတ်၍ နှင်ထုတ်သဖြ်င့ မီးမလှုံရ ဖြစ်လတ္တံ့။ အကြောင်းတစ်ခုရှိသည်၊ ငါသည် ရသေ့တို့ အသွင်ကိုယူကာ ကျောင်းတွင်းသို့ဝင်၍ မီးလှုံမည်ဟု ကြံစည်ကာ ရသေ့တို့ သင်္ကန်းကို ဝတ်ရုံပြီးလျှင် ခြင်းတောင်းနှင့် တံချူကို ကိုင်၍ ကျောင်းတံခါးရှိ ထန်းပင်ကိုမှီကာ ဆောင့်ကြိုက်ထိုင်လျက် နေလေ၏။

အသွင်ဆောင်လင့် မောင်းနှင်ပြစ်

ရသေ့သည် ထိုမျောက်ကို မြင်လျှင် မျောက်မှန်း မသိဘဲ ရသေ့အိုတစ်ပါး ချမ်းသဖြင့် မီးလှုံလာသည် မှတ်ထင်လျက် ကျောင်းတွင်းသို့ ဝင်စေပြီးလျှင် မီးလှုံစေမည်ဟု ကြံစည်လျက် ဖခင်ရသေ့အား -

“ဖခင် ... ရသေ့အိုတစ်ပါး ထန်းပင်ရင်းမှာ မှီနေပါ၏။ ကျွန်ုပ်တို့မှာလည်း မီးတင်းကုပ်ရှိပါ၏။ ချမ်းလာသော ထိုရသေ့အိုအား မီးတင်းကုပ်တွင် မီးလှုံပါစေ -

ဟု ပြောဆိုလေ၏။ ရသေ့ကြီးလည်း သားရသေ့၏ စကားကိုကြားလျှင် ထ၍ သစ်ရွက်မိုး ကျောင်းတံခါးတွင်ရပ်၍ ကြည့်လတ်သော် မျောက်အဖြစ်ကိုသိ၍ သားရသေ့ငယ်အား -

“ချစ်သား ... သီလရှိသော ရသေ့၏ မျက်နှာကား ဤကဲ့သို့မဟုတ်၊ ဤသတ္တဝါကား မျောက်ဖြစ်၏။ ဤမျောက် ကျောင်းတွင်းသို့ ဝင်သည်ရှိသော် ကျောင်းကို ဖျက်ဆီးလိမ့်မည်၊ သင်မခေါ်လေနှင့်” -ဟု ပြောဆိုတားမြစ်ပြီးလျှင် ဤအရပ်တွင် မနေလင့်ဟု မီးစတစ်ခုဖြင့် ပစ်၍ ပြေးစေ၏။ မျောက်သည် သင်္ကန်းကို စွန့်၍ သစ်ပင်သို့ တက်ကာ တောသို့ဝင်လေ၏။ ရသေ့ကြီးလည်း ဗြဟ္မဝိဟာရ တရားလေးပါးကို ပွားများ၍ ဗြဟ္မာပြည်သို့ လားရ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မျောက်သည် - ယခုအခါ အံ့ဖွယ်သရဲပြုလုပ်သောရဟန်း။

ရသေ့ငယ်သည် - ရာဟုလာ

ရသေ့ကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မငြိမ်လှုပ်ချောက်၊ သဘောကောက်၊ တောမျောက်တိရစ္ဆာန်။

(၂) မြင်ရာတုလုပ်၊ လူ့ဟန်လုပ်၊ လူရုပ်သွင်သဏ္ဌာန်။

မက္ကဋဇာတ် ပြီး၏။

***

၁၇၄ - ဒုဗ္ဘိယမက္ကဋဇာတ်

မိမိအား သောက်ရေပေးသော ကျေးဇူးရှင် ပုဏ္ဏား၏ ဦးခေါင်းပေါ်သို့ မစင်စွန့်ချသော မျောက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကျေးဇူးမသိလတ် ဒေဝဒတ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တစ်နေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် ဒေဝဒတ် ကျေးဇူးမသိသည့် အဖြစ်၊ အဆွေခင်ပွန်း ပြစ်မှားတတ်သည့် အဖြစ်ကို ပြောဆိုနေကြစဉ် မြတ်စွာဘုရား ကြွလာတော်မူ၍ မေးမြန်းတော်မူသဖြင့် ထိုအကြောင်း လျှောက်ထားကြရာ မြတ်စွာဘုရားသည် “ရဟန်းတို့ ... ဒေဝဒတ်သည် ယခုအခါ၌သာ ကျေးဇူးကို မသိတတ်သည်၊ အဆွေခင်ပွန်းကို ပြစ်မှားတတ်သည်မဟုတ်၊ ရှေးအခါ၌လည်း ဤသို့သော သဘောသည် ဖြစ်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ခရီးသွားများစွာ ရေလှူကာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကရွာငယ်တစ်ခုဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် အိမ်ထောင်ပြုကာ နေလေ၏။

ထိုအခါ ကာသိကတိုင်း လမ်းမကြီးတစ်ခု အနီးဝယ် နက်သဖြင့် တိရစ္ဆာန်တို့ဆင်း၍ ရေမသောက်နိုင်သော ရေတွင်းတစ်ခု ရှိသတတ်။ ခရီးသွားရင်း ကုသိုလ်ပြုကုန်သော သူတို့သည် ရေပုံးဖြင့်ရေကို ဆွဲငင်ကာ ကျင်းတစ်ခုတွင် ထည့်၍ တိရစ္ဆာန်တို့အား သောက်စေကုန်၏။ ထိုရေတွင်းပတ်လည်၌လည်း ကြီးစွာသော တောရှိလေ၏။ ထိုတော၌ မျောက်များစွာတို့သည် နေကုန်၏။

မောပန်းဖြေကာ လျောင်းစက်ရာ

ထိုလမ်းမကြီး၌ လူတို့ နှစ်ရက်၊ သုံးရက် အသွားအလာ ပြတ်သဖြင့် တိရစ္ဆာန်တို့သည် ရေမသောက်ရကုန်၊ မျောက်တစ်ကောင်သည် ရေအလွန်ငတ်သဖြင့် ရေကို ရှာဖွေကာ ရေတွင်းအနီးသို့ သွားလေ၏။ ပုဏ္ဏားလည်း တစ်စုံတစ်ခုပြဖွယ်ကိစ္စဖြင့် လမ်းမကြီးသို့ ရောက်လေ၏။ ရေတွင်း၌ ရေကိုဆွဲငင်၍ သောက်ပြီးလျှင် လက်ခြေတို့ကို ဆေး၌နေသောအခါ ထိုရေငတ်နေသော မျောက်ကိုမြင်၍ သနားသဖြင့် ရေကိုဆွဲငင်၍ ကျင်း၌ထည့်ပြီးလျှင် အပန်းဖြေရန် သစ်ပင်ရင်း တစ်ခုတွင် ခေတ္တလျောင်းစက်ကာ နေလေ၏။

ကျေးဇူးရှင်အား မျောက်ပြစ်မှား

မျောက်သည် ရေကို သောက်ပြီးလျှင် မနီးမဝေးသော အရပ်တွင်နေ၍ နှုတ်သီးဖြင့် ဖောက်ပြန်သော အမူအရာကိုပြုလျက် ပုဏ္ဏားကို ခြောက်လှန့်လေ၏။ ပုဏ္ဏားသည် ထိုမျောက်၏ အမူအရာကို မြင်လျှင် -

“ဟယ် - မျောက်ပျက် ... နေပူသဖြင့် ရေငတ်နေသာသင့်အား ငါသည် များစွာသောရေကို ပေးဘိ၏။ သင်သည် ရေကိုသောက်ပြီး၍ ယခုအခါ ငါ့အား နှုတ်သီးဖြင့် ဖောက်ပြန်သော အမူအရာကိုပြုလျက် ကရီကရီမြည်ကာ ခြောက်လှန့်ပြန်၏။ သူယုတ်မာနှင့် ပေါင်းဖော်ရခြင်းသည် မမွန်မြတ်စွတကား” –

ဟု ပြောဆိုလေ၏။ ထိုအခါ ကျေးဇူးကိုမသိ အဆွေခင်ပွန်းကို ပြစ်မှားသော မျောက်ပျက်သည် ပုဏ္ဏား၏ စကားကို ကြားလျှင် -

“အို-ပုဏ္ဏား ... သင်သည် သီလရှိသော မျောက်ကို ကြားဖူး၊ မြင်ဖူးပါသလော၊ ယခုအခါ သင့်ဦးခေါင်းပေါ်မှာ ကျင်ကြီး ကျင်ငယ် စွန့်ချဦးမည်၊ ဤသို့ ကျင်ကြီးစွန့်ချခြင်းမှာ ငါတို့ မျောက်မျိုး၏ ဓမ္မတာသဘောဖြစ်၏” –

ဟု ပြန်ပြောလေ၏။ ပုဏ္ဏားလည်း မျောက်ပျက်၏ စကားကိုကြားလျှင် လျောင်းနေရာမှထမည်ဟု ပြင်လေ၏။ မျောက်သည် ခဏချင်းဖြင့် သစ်ပင်သို့ ခုန်တတ်၍ သစ်ခက်ကိုင် ကိုင်လျက် တွဲလျားဆွဲကာ ပုဏ္ဏား ဦးခေါင်းပေါ်၌ ကျင်ကြီးစွန့်ပြီးလျှင် မြည်လျက် တောအုပ်ထဲသို့ ဝင်လေ၏။ ပုဏ္ဏားလည်း ရေချိုး၍ သွားရလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မျောက်သည် - ယခုအခါ ဒေဝဒတ်။

ပုဏ္ဏားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကျေးဇူးမဲ့ငြား၊ ဆွေပြစ်မှား၊ ရမ်းကားသူယုတ်မာ။

(၂) ရေပေးသူထက်၊ ကျင်စွန့်ချက်၊ မျောက်ပျက်ကျင့်ယုတ်မာ။

ဒုဗ္ဘိယမက္ကဋဇာတ် ပြီး၏။

***

၁၇၅ - အာဒိစ္စုပဋ္ဌာနဇာတ်

ခဲဘွယ်ဘောဇဉ်ကို စားလို၍ လူတို့ အံ့ဩဖွယ်ဖြစ်အောင် နေကို ရှိခိုးလျက် နေသော မျောက်ပျက် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အံ့ဖွယ်ထင်အောင် အယောင်ဆောင်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အံ့ဖွယ်သရဲကို ပြုလုပ်တတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

တောမှကြွလေ ရွာစွန်နေ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားတတ်မြောက်ပြီးလျှင် ရသေ့ရဟန်းပြုကာ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေလျက် ရသေ့အပေါင်း ခြံရံကာ ဟိမဝန္တာအရပ်တွင် နေလေ၏။

ရသေ့ကြီးသည် ဟိမဝန္တာအရပ်၌ ကြာမြင့်စွာနေပြီးလျှင် ချဉ်ဆားမှီဝဲရန် လူတို့နေရာသို့လာ၍ အရပ်စွန်တစ်ခုဝယ် သစ်ရွက်မိုးကျောင်း ဆောက်လုပ်ကာနေ၏။

မျောက်ယုတ်မာများ ပျက်စီးငြား

ထိုအခါ လျှပ်ပေါ်သော မျောက်တစ်ကောင်သည် ရသေ့တို့ ဆွမ်းခံသွားသည်ရှိသော် ကျောင်းသို့လာ၍ ကစကားမြူးခုန်ကာ သောက်ရေအိုးရှိ ရေကို မှောက်သွန်လေ၏။ ကရားတို့ကို ခွဲလေ၏။ မီးတင်းကုတ်၌လည်း ကျင်ကြီးစွန့်လေ၏။

ရသေ့တို့သည် မိုးလပတ်လုံးနေ၍ ယခုအခါ ဟိမဝန္တာအရပ်သို့ ပြန်ကြတော့မည်ဟု အရပ်စွန်၌နေသာ ဒါယကာတို့ကို ပန်ကြားကုန်၏။ ဒါယကာတို့သည် အရှင်တို့ မပြန်မီ နတ်ဖြန် ဆွမ်းပို့ကြပါမည်။ ဆွမ်းဘုဉ်းပေးပြီးမှ ပြန်ကြပါဟု လျှောက်ထားကြကုန်၏။

ယောင်ဆောင်နေက မောင်းထုတ်ကြ

နှစ်ရက်မြောက်သောနေ့၌ ဒါယကာတို့သည် ခဲဖွယ်ဘောဇဉ် များစွာတို့ကို ယူဆောင်ကာ ကျောင်းသို့လာကြကုန်၏။ မျောက်သည် ခဲဖွယ်ဘောစဉ်တို့ကို မြင်လျှင် အံ့ဖွယ်သရဲကို ပြုလုပ်လျက် လူတို့ကို ပေးစေအံ့ဟု ကြံစည်ကာ ရသေ့တို့အကျင့်ကို ကျင့်သကဲ့သို့ ရသေ့တို့နှင့် မနီးမဝေးသော အရပ်တွင် နေကို ရှိခိုးလျက်နေ၏။ လူတို့သည် မျောက်ရှိခိုးနေသည်ကို မြင်လျှင် -

“အလုံးစုံသော သတ္တဝါတို့၌ သီလသမာဓိနှင့် ပြည့်စုံသော သတ္တဝါတို့လည်း ရှိကြကုန်၏။ နေကို ရှိခိုးနေသော မျောက်ကို ကြည့်ရှုကြကုန်လော့” –

ဟု မျောက်၏ ဂုဏ်ကျေးဇူးကို ပြောဆိုကြကုန်၏။ ရသေ့ကြီးသည် မျောက်၏ ဂုဏ်ကျေးဇူးကို ပြောဆိုသော သူတို့အား -

“အို - ဒါယကာတို့ ... သင်တို့သည် မျောက်ယုတ်မာ၏ သီလမရှိသော အဖြစ်ကို မသိကြသဖြင့် ချီးမွမ်းကြကုန်၏။ဤ မျောက်ယုတ်မာကား -မီးတင်းကုပ်၌လည်း ကျင်ကြီးစွန့်ပြီ၊ ကရား နှစ်လုံးကိုလည်း ခွဲပြီ ” –

ဟု မျောက်တို့၏ ကျေးဇူးမဲ့ကို ပြောဆိုလေ၏။ လူတို့သည် မျောက်၏ အံ့ဖွယ်သရဲ ပြုလုပ်သည့်အဖြစ်ကို သိလတ်သော် ခဲ၊ တုတ်၊ လှံကန်တို့ဖြင့် ပစ်ခတ်ရိုက်ပုတ်ကာ ပြေးစေပြီးလျှင် ဟိမဝန္တာအရပ်သို့ပြန်ကာ မယုတ်သောစျာန် ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လားကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မျောက်သည် - ယခုအခါ အံ့ဖွယ်ပြုသော ရဟန်း။

ရသေ့အပေါင်းသည် - ငါဘုရားပရိသတ်။

ဆရာရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အံ့ဖွယ်သရဲ၊ ပြုသည့်နဲ၊ စဉ်းလဲယုတ်မာလို။

(၂) စားဖွယ်ကိုမျှော်၊ မျောက်ပျက်ချော်၊ ကော်ရော် နေမင်းကို။

အာဒိစ္စုပဋ္ဌာနဇာတ် ပြီး၏။

***

၁၇၆ - ကဠာယမုဋ္ဌိဇာတ်

ခံတွင်းနှင့် လက်တွင်ရှိသော ပြောင်းစေ့တို့ကို စွန့်ပစ်ကာ မြေ၌ကျသော ပြောင်းစေ့ကို ဆင်း၍ ရှာဖွေသော မျောက်ကို ပမာထား၍ မင်းကြီးအား စစ်မထွက်ရန် တားမြစ်သော ပညာရှိအမတ်ကြီး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ခိုးသားနှိမ်ရန် လျှောက်ထားပြန်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မိုးကာလတစ်ခုတွင် ကောသလတိုင်း ပစ္စန္တရာဇ်အရပ်သည် သူခိုးတို့ဘေးကြောင့် ပျက်စီးလေ၏။ ပစ္စန္တရာဇ်သားတို့သည် နှစ်ကြိမ်၊ သုံးကြိမ် စစ်ထိုးကြရာ မနိုင်သဖြင့် ကောသလမင်းကြီးအား ကြားလျှောက်ကြကုန်၏။

ကောသလမင်းကြီးလည်း စစ်သည်ဗိုလ်ပါဖြင့် ထွက်ကာ ဇေတဝန်ကျောင်းတော်အနီးတွင် ခေတ္တစခန်းချ၍ ငါသည် အခါမဟုတ်သော မိုးကာလဝယ် စစ်ထိုးရန် ထွက်ခဲ့၏။ မြစ်၊ ချောင်း၊ မြောင်း၊ ထုံးအိုင်တို့လည်း ရေပြည့်နေသဖြင့် အသွားအလာခက်၏။ မြတ်စွာဘုရားထံ ဆည်းကပ်၍ မေးတော်မူသောအခါ အကြောင်းကို လျှောက်ထားမည်။ မြတ်စွာဘုရားတို့မည်သည်မှာ တမလွန်ကျိုးဖြင့်သာ ချီးမြှောက်တော်မူသည်မဟုတ်၊ ပစ္စုပ္ပန်ကျိုးဖြင့်လည်း ချီးမြှောက်တော်မူသည်။ အကျိုးစီးပွား မရှိလျှင် အခါမဟုတ်သေးဟု မိန့်တော်မူလတ္တံ့၊ ရှိလျှင်လည်း ဆိတ်ဆိတ် နေတော်မူလတ္တံ့ဟု ကြံစည်ကာ မြတ်စွာဘုရားထံ ဆည်းကပ်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး ... ဘယ်အရပ်သို့ သွားမည်နည်း” ဟု မေး၏။ “အရှင်ဘုရး ... ပစ္စန္တရာဇ်၌ သူခိုးရန်ကို ငြိမ်းစေရန် သွားပါမည်။ မသွားမီ မြတ်စွာဘုရားထံ ရှိခိုးမည်ဟု လာပါသည်” ဟု လျှောက်လေ၏။ မြတ်စွာဘုရားသည် “မြင်သောမင်းကြီး ... ရှေးအခါ၌လည်း မင်းတို့သည် စစ်ထိုးထွက်သည်ရှိသော် ပညာရှိတို့စကားကို နားထောင်၍ စစ်မထိုးသင့်သေအခါ၌ မသွားကုန်” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ခိုးသားရန်ဖျက် မင်းကြီးထွက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ အမှုကိစ္စအလုံးစုံကို ဆောင်ရွက်ကာ အကျိုးအကြောင်းကို ဆုံးမတတ်သော ပညာရှိအမတ်ကြီး ဖြစ်လေ၏။

မိုးအခါတစ်ခုဝယ် ပစ္စန္တရာဇ်အရပ်သည် သူခိုးဘေးကြောင့် ပျက်စီးလေ၏။ ပစ္စန္တရာဇ်သားတို့လည်း သူခိုးရန်ကို မခုခံနိုင်ကြသဖြင့် မင်းကြီးထံ လျှောက်ထားကြကုန်၏။ မင်းကြီးလည်း စစ်ထိုးရန် မသင့်လျော်သော မိုးအခါ၌ပင် စစ်သည်ဗိုလ်ပါနှင့် ထွက်ကာ ဥယျာဉ်တော်တွင် သစ်တပ်ဖွဲ့ကာ နေ၏။ ပညာရှိအမတ်ကြီးလည်း မင်းကြီးထံတွင် တည်ရှိလေ၏။

မျောက်၏လောဘ မြင်တွေ့ရ

ထိုခဏ၌ မြင်းတို့စားရန် ပြောင်းတို့ကို ပြုတ်ကာ မြင်းစာခွက်တွင် ထည့်ကြကုန်၏။ ဥယျာဉ်တော်၌နေသော မျောက်တို့တွင် မျောက်တစ်ကောင်သည် သစ်ပင်မှ ဆင်းသက်ကာ မြင်းစာခွက်တွင် ထည့်ထားသော ပြောင်းတို့ကိုယူ၍ ခံတွင်း၌ ပြည့်စေပြီးလျှင် လက်ဖြင့်ယူလျက် ခုန်လွှားကာ သစ်ပင်ထက်တွင် ထိုင်၍စားရန် ပြင်ဆင်လေ၏။ ထိုအခိုက်တွင် မျောက်လက်မှ ပြောင်းတစ်စေ့သည် မြေသို့ကျလေ၏။ မျောက်သည် ခံတွင်း၌ရှိသော ပြောင်းစေ့နှင့် လက်တွင်ရှိသော ပြောင်းစေ့တို့ကို အလုံးစုံ စွန့်ပစ်ပြီးလျှင် သစ်ပင်မှ ဆင်းသက်ကာ အောက်သို့ကျသောပြောင်း ရှာဖွေလတ်သော် မတွေ့တော့သဖြင့် ကြံရာမရဘဲ သစ်ပင်သို့ ပြန်တက်ကာ မှိုင်၍ နေလေ၏။

ဥပမာပြ ဆိုဆုံးမ

မင်းကြီးသည် ထိုမျောက်၏ အမူအရာကိုမြင်လျှင် ပညာရှိအမတ်ကြီးကိုခေါ်၍ “အိုအမတ်ကြီး ... မျောက် ပြုအပ်သော အမူအရာကို မြင်ပါ၏လော၊ အဘယ်အမှုကို ပြုသနည်း” ဟု မေးလေ၏။ ပညာရှိအမတ်ကြီးသည် -

“မြတ်သော မင်းကြီး ... လောဘကြီးသော ဤမျောက်မိုက်သည် အနည်းငယ်မျှသော ပြောင်းတစ်စေ့ကို ရှာဖွေသဖြင့် များစွာသော ပြောင်းစေ့တို့ကို ပျက်စီးဆုံးရှုံးစေသကဲ့သို့ ထိုအတူ အလွန်လောဘကြီးသော သူတို့သည် အနည်းငယ်မျှသော အကျိုးစီးပွား ပျက်စီးဆုံးရှုံးတတ်၏” –

ဟု မျောက်မိုက်ကို ပမာပြု၍ မင်းကြီးကို သိစေသော်မူ၏။ မင်းကြီးလည်း ပညာရှိအမတ်ကြီး စကားကိုကြားလျှင် စစ်ထိုးမထွက်ဘဲ ဥယျာဉ်တော်မှာ မြို့သို့ ဝင်တော်မူ၏။

သူခိုးတို့လည်း မင်းကြီး စစ်သည်ဗိုလ်ပါနှင့် စစ်တိုက်ရန်လာသည်ဟု ကြားလျှင် ပစ္စန္တရာဇ်မှ ပြေးကြကုန်၏။

ကောသလမင်းကြီးလည်း မြတ်စွာဘုရား၏ ဒေသနာတော်ကို ကြားနာြ့ပီးလျှင် စစ်ထိုးမသွားတော့ဘဲ မြို့တော်သို့ ဝင်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

ပညာရှိအမတ်ကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) လောဘကြီးလျက်၊ နည်းငယ်မက်၊ ပျက်လိမ့်ကျိုးများစွာ။

(၂) ပြောင်းများစွန့်၍၊ ပြောင်းတစ်စေ့၊ ရှာလေ့ မျောက်ပမာ။

ကဠာယမုဋ္ဌိဇာတ် ပြီး၏။

***

၁၇၇ - တိန္ဒုကဇာတ်

ရွာကိုမီးရှို့၍ တည်ပင်ပေါ်မှ မျောက်အပေါင်းကို သေဘေးမှ လွတ်မြောက်အောင် ကြံဆောင်သော သေနကမျောက် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားကျေးဇူး ရဟန်းကျူး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တရားသဘင်ဝယ် ရဟန်းတို့သည် မြတ်စွာဘုရား ပညာတော်၏ ဂုဏ်ကျေးဇူးကို ချီးကျူး ပြောဆိုနေကြစဉ် မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ယခု အခါ၌သာလျှင် ငါဘုရားသည် ပညာရှိသည်မဟုတ်၊ ရှေးအခါ၌လည်း ပညာရှိခဲ့ဖူးပြီ အကြောင်း၌ လိမ္မာခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

တည်သီးမှီစား ရွာသူများ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မျောက်မင်းဖြစ်၍ မျောက်ရှစ်သောင်း ခြံရံကာ ဟိမဝန္တာအရပ်၌ နေလေ၏။

ထိုမျောက်တို့နေရာအနီးဝယ် တစ်ခုသော ပစ္စန္တရာဇ်ရွာသည် ရံခါလူနေ၍ ရံခါပျက်စီး၏။ ထိုရွာ၏ အလယ်၌ကား တည်ပင်ကြီးတစ်ပင် ရှိလေ၏။ ပင်စည်ကိုင်းခက်နှင့် ပြည့်စုံ၏။ ချိုမြိန်ကောင်းမြတ်သော အသီးနှင့် ပြည့်စုံ၏။ မျောက်တို့သည် ရွာပျက်သောအခါလာ၍ တည်သီးကို စားလေ့ရှိကြ၏။

တည်သီးသီးသောအအချိန်တစ်ခုဝယ် ထိုရွာတွင် လူတို့သည် လာ၍နေကြပြန်၏။ မြဲမြံလုံခြုံစွာ စည်း၊ စောင်ရန်းကာလျက် တံခါးတကပ်ထားကြကုန်၏။ တည်ပင်ကြီးလည်း အလွန်သီးသဖြင့် အကိုင်းအခက်တို့သည် လေးလံကိုင်းညွှတ်ကုန်၏။

လူတို့နေရွာ စုံစမ်းရာ

ထိုအခါ မျောက်တို့သည် ငါတို့ကား ရှေးအခါ၌လည်း ဤမည်သော ရွာလယ်ရှိ တည်ပင်ကြီးမှ ချိုမြိန်ကောင်းမြတ်သော အသီးတို့ကို စားကြရကုန်၏။ ယခုအခါ ထိုတည်ပင်ကြီးသည် အသီးသီလေသလော၊ မသီးလေသလော၊ ထိုရွာ၌လည်း လူများနေလေသလော၊ မနေလေသလောဟု အကြောင်းကို စုံစမ်းရန် မျောက်တစ်ကောင်ကို လွှတ်လိုက်၏။ ထိုမျောက်လည်း သွား၍စုံစမ်းရာ တည်ပင်ကြီး အသီးသီးသည်ကို လည်းကောင်း၊ ရွာ၌ လူများနေသည်ကို လည်းကောင်း သိရလျှင် ပြန်ခဲ့၍ မျောက်တို့ကို ပြောကြားလေ၏။

ညချမ်းချိန်ခါ မျောက်တွေလာ

မျောက်တို့သည် တည်ပင် အသီးသီးကိုသိလျှင် စားလိုကြသဖြင့် မျောက်မင်းထံ ပြောကြားကြကုန်၏။ မျောက်မင်းသည် မျောက်တို့အား “အမောင်တို့ ... ရွာ၌လူနေသလော” ဟု မေး၏။ “အရှင် ... နေပါသည်” ဟု ပြော၏။ “အမောင်တို့ ... လူနေလျှင် မသွားကြလင့်၊ လူတို့ကား ပရိယာယ် မာယာများကုန်၏” ဟု ပြောလေ၏။ “အရှင် ... လူတို့အိပ်ချိန် သန်းခေါင်ယံတွင် သွားကြမည်” ဟု ပြောကြားကာ မျောက်များစွာတို့သည် မျောက်မင်းကို သွားရန် ဝန်ခံစေလျက် ဟိမဝန္တာမှ သက်ဆင်းကာ ရွာအနီးရှိ ကျောက်ဖျာကြီးတစ်ခုဝယ် လူတို့အိပ်ချိန်ကို ငံ့ဆိုင်းလျက် အိပ်ကြကုန်၏။

လူတို့အိပ်ချိန် ရွာတွင်းသို့ဝင်ကာ တည်ပင်ကြီးသို့တက်၍ တည်သီးတို့ကို စားကြကုန်၏။ လူတို့သည် မျောက်တို့လာမှန်းသိလျှင် လေး၊ မြားတောင့် စသည်တို့ကို ကိုင်စွဲလျက် မိုးလင်းသောအခါ မျောက်တို့ကို ဖမ်းရန် တည်ပင်ကြီးကို ဝန်းရံကာ အသင့်စောင့်နေကြကုန်၏။

လူတို့ဝိုင်းထား မျောက်အများ

မျောက်တို့သည် လူတို့ကိုမြင်လျှင် သေဘေးမှ ကြောက်ကုန်ရကား မျောက်မင်းမှတစ်ပါး ကိုးကွယ်ရာ မမြင်၍ မျောက်မင်းထံသွားသွာ -

“အရှင်း မျောက်မင်း ... လူတို့သည် လေး၊ မြားတောင့်၊ သန်လျက် စသည်တို့ကို ကိုင်စွဲကုန်လျက် အရပ်လေးမျက်နှာမှ ကျွန်ုပ်တို့ကို ဝန်းရံထားကြကုန်ပါပြီ၊ ဘယ်အကြောင်းဖြင့် လွတ်မြောက်ပါအံ့နည်း” ဟု ပြောကြားကြကုန်၏။ မျောက်မင်းလည်း မျောက်တို့ စကားကို ကြားလျှင် -

“အမောင်တို့ ... မကြောက်ကြကုန်လင့် လူတို့မှာ ကိစ္စများကုန်၏။ ယခုလည်း မဇ္ဈိမယံသာ ရှိသေး၏။ ငါတို့ကို ဝန်းရံနေသောလူတို့အား တခြား တစ်စုံ တစ်ရာကိစ္စ ဖြစ်လာမည်လည်း မသိ၊ တည်းသီတွေ အလွန်များလှ၏။ အလိုရှိသလောက်သာစားကြကုန်” ဟု မျောက်တို့အား အားပေးစကား ပြောကြားကာ သက်သာရာ ရစေ၏။

ဘေးရန်စောင့်ရှောက် သေနကမျောက်

ထိုနောက် မျောက်အလုံးစုံကို စုရုံးစေသည်ရှိသော် မျောက်မင်း၏ တူဖြစ်သော သေနကမျောက် မပါလာသည်ကို သိလေလျှင် “အမောင်တို့... မကြောက်ကြလင့် ယခုအခါ သေနကမျောက်သည် သင်တို့အသက် ချမ်းသာအောင် ပြုလုပ်လိမ့်မည်” ဟု ပြောဆိုဆုံးမလေ၏။

သေနကမျောက်လည်း မျောက်တို့သွားသည်ရှိသော် အိပ်ပျော်ကျန်ရစ်၍ နိုးသောအခါ တစ်ကောင်မျှ မမြင်သဖြင့် မျောက်တို့သွားရာသို့ လိုက်လေသော် လူတို့ကိုမြင်လျှင် မျောက်အပေါင်းမှာ မုချဘေးဖြစ်တော့မည်ဟု သိသဖြင့် ရွာစွန်ရှိ မီးဖိုး၍ ဗိုင်းငင့်နေသော မိ်န်းမအိုထံသွားပြီးလျှင် မီးတစ်စကိုယူကာ လေထက်မှရပ်လျက် ရွာကိုမီးရှို့လေ၏။

လူတို့သည် မီးလောင်သည်ကိုမြင်လျှင် မျောက်တို့ကို စွန့်လွှတ်ကာ မီးသတ်ရန် ပြေးသွားကြကုန်၏။ မျောက်တို့သည် လူတို့ပြေးကြသောအခါ သေနကမျောက် စားရန် တည်းသီးတစ်လုံးစီယူလျက် ပြေးကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သေနကမျောက်သည် - ယခုအခါ သာကီဝင်မျိုး မဟာနာမ်။

မျောက်အပေါင်းသည် - ဘုရားပရိသတ်။

မျောက်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အသိအလိမ္မာ၊ ဉာဏ်ပညာ၊ ရတနာအပြတ်ပေ။

(၂) ရွာမီးရှို့လတ်၊ မျောက်အတတ်၊ ဘေးလွတ်မျောက်မျိုးတွေ။

တိန္ဒုကဇာတ် ပြီး၏။

***

၁၇၈ - ကစ္ဆပဇာတ်

မိမိမွေးဖွားရာ အရပ်ကို မစွန့်နိုင်သဖြင့် ဆင်းရဲငြိုငြင်စွာ သေပွဲဝင်ရသော လိပ် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိဘပြောမှု လိုက်နာပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည် အမျိုးတစ်ဦး၌ ယဉ်းအနာဖြစ်လေ၏။ ထိုအခါ မိဘတို့သည် သားကို “ချစ်သား ... ဤအိမ်တွင် မနေလင့်၊ နံရံကို ဖောက်ကာ အရပ်တစ်ပါးသို့သွား၍ အသက်ကို စောင့်ရှောက်လော့၊ ရောဂါငြိမ်းသောအခါမှ ပြန်လာ၍ ဤမည်သော အရပ်၌ မြှုပ်နှံထားသော ဥစ္စာကို တူးဖော်၍ယူကာ အသက်မွေးရစ်လော့” ဟု ပြောကြားလေ၏။

သားသည် မိဘတို့စကားကို နားထောင်ကာ အိပ်နံရံကိုဖောက်၍ အရပ်တစ်ပါးသို့ ပြေးသွားပြီးလျှင် အနာငြိမ်းသောအခါ ပြန်လာ၍ မြှုပ်နှံထားသော ဥစ္စာကို တူးဖော်ကာ အိမ်ရာထောင်လျက် အသက်မွေးလေ၏။

ရောဂါကင်းကွာ ချမ်းသာရာ

တစ်နေ့သ၌ အမျိုးသားသည် ထောပတ်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုတို့ကို ယူဆောင်ကာ မြတ်စွာဘုရားထံ ဆည်းကပ်လေ၏။ မြတ်စွာဘုရားသည် အမျိုးသားအား “ဒါယကာ - သင်တို့အိမ်၌ *ယဉ်းအနာဖြစ်သည်ဟု ကြားဖူးသည်၊ သင် အဘယ်သို့ လွတ်မြောက်သနည်း” ဟု မေးတော်မူလျှင် အမျိုးသားလည်း မိမိလွတ်မြောက်ခဲ့သော အကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားလေ၏။

[*ယဉ်းအနာ - ကူးစက်တတ်သော အနာတစ်မျိုး၊ ပါဠိဘာသာဝယ် (အဟိဝါတရောဂ) မြွေဆိပ်ကဲ့သို့ လျင်မြန်စွာ သေတတ်သောအနာကို ဆိုလိုဟန်တူသည်။]

မြတ်စွာဘုရားသည် “ဒါယကာ ... ရှေးအခါ၌လည်း ဘေးဖြစ်သည်ရှိသော် မိမိတို့နေရာအရပ်၌ တပ်စွန်းလျက် အရပ်တစ်ပါးသို့ မသွားဘဲနေသော သတ္တဝါတို့သည် သေကြဖူးပြီ၊ မိမိနေ့ရာ၌ မတပ်စွန်းဘဲ အရပ်တစ်ပါးသို့ သွားသော သတ္တဝါတို့သည် အသက်ချမ်းသာ ရဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မွေးဖွားရာအရပ် တပ်စွန်းလတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကရွာငယ်တစ်ခုဝယ် အိုးထိန်းသည်အမျိုး၌ ဖြစ်၍ အိုးလုပ်ကာ သားမယားကို ကျွေးမွေးလေ၏။

ဗာရာဏသီပြည်၌လည်း မြစ်ကျိုးနှင့် တစ်စပ်တည်း ဆက်လျက်ရှိတည်သော အိုင်ကြီးတစ်အိုင် ရှိလေ၏။ ထိုအိုင်ကြီးသည် ရေများသောအခါ မြစ်ရေနှင့်စပ်လျက် တည်ရှိ၏။ ရေနည်းသောအခါ အသီးအခြားတည်ရှိ၏။ ငါး၊ လိပ်တို့သည် ဤနှစ်၌ မိုးကောင်းလတ္တံ့၊ ဤနှစ်၌ မိုးခေါင်လတ္တံ့ဟု သိကြသဖြင့် အိုင်ရေနှင့် မြစ်ရေ တစ်စပ်တည်း တည်ရှိသောအခါ အိုင်မှထွက်က မြစ်သို့ သွားကြကုန်၏။

လိပ်တစ်ကောင်ကား ဤအရပ်သည် ငါမွေးဖွားရာအရပ်၊ ကြီးပြင်းရာအရပ်ဖြစ်သည်၊ မိဘတို့ နေရာအရပ်လည်း ဖြစ်သည်၊ သို့အတွက် ဤအရပ်ကို မစွန့်နိုင်ဟု မြစ်သို့မသွားဘဲ နေရစ်၏။ နွေအခါဝယ် အိုင်ကြီးသည် ရေပြတ်လေ၏။ ထိုလိပ်သည် ရေပြတ်လတ်သော် အိုးထိန်းသည်၏ မြေစိုင်ယူရာအရပ်တွင် မြေကိုကျစ်၍ အတွင်းသို့ဝင်ကာနေ၏။

ဆင်းရငြိုငြင် သေပွဲဝင်

အိုးထိန်းသည်သည် မြေကိုယူအံ့သောငှာ ထိုအရပ်သို့လာ၍ မြေကို ပေါက်တူးဖြင့် ပေါက်သည်ရှိသော် လိပ်၏ ကျောကုန်းကို ပေါက်မိ၍ မြေစိုက်ကဲ့သို့ ပေါက်တူးဖြင့်ယူကာ ကုန်းပေါ်သို့ ချလေ၏။ ထိုလိပ်သည် ပြင်းထန်စွာ ဆင်းရဲဝေဒနာသို့ ရောက်၍ -

“အို - အဂ္ဂဝ ... ဤအရပ်သည် ငါမွေးဖွားရာအရပ်၊ ကြီးပြင်းရာအရပ်၊ မိဘတို့နေရာအရပ် ဖြစ်၏ဟု မစွန့်နိုင်၍ ညွန်၌နေမိ၏။ အားကြီးသောသူသည် အားနည်းသောသူကို နှိပ်စက်သကဲ့သို့ ညွန်သည် နှိပ်စက်ဘိ၏” –

“အို - အဂ္ဂဝ ... ကျွန်ုပ်စကားကို နားထောင်ပါ၊ ရွာဖြစ်စေ၊ တောဖြစ်စေ ကိုယ်စိတ်နှစ်ပါး ချမ်းသာရာဖြစ်သော အရပ်သို့သွားရမည်၊ အကျိုးရှိသည် မရှိသည်ကိုသိသော ပညာရှိသည် မွေးဖွားရာအရပ်၊ ကြီးပြင်းရာအရပ်၊ မိဘတို့နေရာအရပ်ကိုပင် စွန့်လွှတ်ကာ အသက်ရှည်မည်ဖြစ်သော အရပ်သို့ သွားရမည်။ ဤသို့သွားသည်ရှိသော် နေရာအတွက် သေဆုံးပျက်စီးခြင်း မဖြစ်နိုင်” –

ဟု အိုးထိန်းသည်အား ပြောဆိုပြီးလျှင် သေလေ၏။

အိုးထိန်းသည်ဆုံးမ တရားရ

အိုးထိန်းသည်လည်း ထိုလိပ်ကိုယူ၍ အလုံးစုံသော ရွာနေလူတို့ကို စည်းဝေးစေပြီးလျှင် “အချစ်တို့ ... ဤလိပ်ကား တစ်ပါးသောငါးလိပ်တို့ မြစ်သို့သွားသည်ရှိသော် မိမိနေရာအရပ်၌ တပ်စွန်းကာ မြေစိုင်ယူရာအရပ်တွင် ဝင်၍နေမိသည့်အတွက် ငါမြေစိုင်ယူသောအခါ ပေါက်တူးဖြင့် ပေါက်မိသဖြင့် မိမိပြုအပ်သောအမှုကို အောက်မေ့၍ ငိုကြွေးမြည်တမ်းကာ သေရရှာ၏။ ဤလိပ်သည် မိမိနေရာ၌ တပ်စွန်းသည့်အတွက် သေခြင်းသို့ရောက်ရ၏။ သင်တို့သည်လည်း ဤလိပ်ကဲ့သို့ မဖြစ်စေသင့်၊ ဤနေ့မှစ၍ ငါ၏ရူပါရုံ ငါ၏ သဒ္ဒါရုံ၊ ငါ၏ ဂန္ဓာရုံ၊ ငါ၏ရသာရုံ၊ ငါ၏ ဖောဋ္ဌဗ္ဗာရုံ၊ ငါ့မယား၊ ငါ့သား၊ ငါ့သမီး၊ ငါ့ကျွန်၊ ငါ့ဥစ္စာဟူ၍ ဤတဏှာအစွန်းဖြင့် မမှတ်ယူ မစွဲလမ်းကြကုန်လင့်၊ သတ္တဝါဟူသမျှ တစ်ယောက်တည်းသာလျှင် ဘုံသုံးပါးတွင် ကျင်လည်နေကြရ၏။ တပြောင်းပြန်ပြန်ဖြစ်ရ၏” စသည်ဖြင့် သဗ္ဗညုမြတ်စွာဘုရား၏ တင့်တယ်ခြင်းဖြင့် လူအများအား အဆုံးအမ ဩဝါဒပေးလေ၏။ ထိုအဆုံးအမဩဝါဒသည် ဇမ္ဗူဒိပ်တစ်ကျွန်းလုံး ပျံ့နှံ့၍ အနှစ်ခြောက်သောင်းတို့ပတ်လုံး တည်လေ၏။

လူတို့သည် အိုးထိန်းသည်၏ အဆုံးအမဩဝါ၏၌ တည်လျက် ကုသိုလ်ကောင်းမှုကို ပြုစုအားထုတ်၍ သေလွန်သောအခါ နတ်ပြည်သို့ လားကြရကုန်၏။

ဤဒေသနာတော်၏အဆုံး၌ အမျိုးကောင်းသားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လိပ်သည် - အာနန္ဒာ။

အိုးထိန်းသည်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မွေးရာ, ကြီးရာ၊ တပ်စွန်းကာ၊ နေရာမစွဲသင့်။

(၂) ဘေးရန်လွတ်ရာ၊ ချမ်းသာရာ၊ မြန်စွာပြောင်းရွှေ့သင့်။

(၃) နေရာကိုစွဲ၊ လိပ်မိုက်မဲ၊ ကျောကွဲသေပုံချင့်။

ကစ္ဆပဇာတ် ပြီး၏။

***

၁၇၉ - သတဓမ္မဇာတ်

မိမိ အမျိုးဇာတ်၏ ဂုဏ်သိက္ခာကို မထိန်းသိမ်းနိုင်သဖြင့် သွေးနှင့်တကွ ထမင်းကို အန်ထုတ်၍ သေရသော သတဓမ္မလုလင် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အနေသနမှု ဆုံးမပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် ဆေးကုခြင်း၊ သလုံးမြင်းခေါင်းဖြင့် ဒါယကာတို့ အစေအပါး ခံခြင်းစသော *အသေသန နှစ်ဆယ့်တစ်ပါးတို့ဖြင့် အသက်မွေးကြကုန်၏။

*အသေသန - ရဟန်းတို့အား မအပ်သော လုံ့လပယောဂဖြင့် ပစ္စည်းလေးပါးကို ရှာမှီးခြင်း။ [ထိုအနေသန နှစ်ဆယ့်တစ်ပါးကား - သာကေတဇာတ်တွင် ထင်ရှားလတ္တံ့။]

မြတ်စွာဘုရား သိတော်မူလျှင် အနေသနဖြင့် အသက်မွေးသော ရဟန်းတို့အား-ဘီလူးအဖြစ်၊ ပြိတ္တာအဖြစ်မှ မလွတ်ကုန်လတ္တံ့၊ လှည်းရုန်းရသော နွားဖြစ်ကုနလတ္တံ့၊ ငရဲသို့ကျကုန်လတ္တံ့၊ ငါဘုရားသည် ထိုရဟန်းတို့ စီးပွားချမ်းသာခြင်းငှာ တရားဟောရန်သင့်၏ဟု ကြံစည်တော်မူလျက် ရဟန်းတို့ကို စည်းဝေးစေ၏။

စည်းဝေးစေပြီးလျှင် “ရဟန်းတို့ ... နှစ်ဆယ့်တစ်ပါးသော အနေသနဖြင့် ပစ္စည်းလေးပါးကို မဖြစ်စေအပ်ကုန်၊ အသနေသနကြောင့်ဖြစ်သော ဆွမ်းသည် ရဲရဲတောက်သော သံတွေခဲနှင့် တူ၏။ လတ်တလော သေစေတတ်သော အဆိပ်နှင့်တူ၏။ *ဒွန်းစဏ္ဍား စားကြွင်းဘောဇဉ်နှင့်တူ၏။ အနေသနကြောင့် ဖြစ်သောဆွမ်းကို စားခြင်းသည် သတဓမ္မလုလင်၏ ဒွန်းစဏ္ဍားစားကြွင်းထမင်းကို သုံးဆောင်ခြင်းကဲ့သို့ ဖြစ်၏” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဒွန်းစဏ္ဍားပုဏ္ဏား အတူသွား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဒွန်းစဏ္ဍားမျိုး၌ ဖြစ်၍ အရွယ်ရောက်သည်ရှိသော် တစ်စုံတစ်ရာ ပြုဖွယ်ကိစ္စဖြင့် ထမင်းရိက္ခာတို့ကိုယူကာ ခရီးသွားလေ၏။

ဗာရာဏသီမြို့တော်ဝယ် ဥဒိစ္စပုဏ္ဏားမျိုး၌ဖြစ်၍ သတဓမ္မမည်သော လုလင်တစ်ယောက်လည်းရှိ၏။ ထိုလုလင်သည်လည်း တစ်စုံတစ်ရာပြုဖွယ်ကိစ္စဖြင့် ထမင်းရိက္ခာတို့ကို မယူခဲ့ဘဲ ခရီးသွားလေ၏။ ခရီးလမ်းမသို့ ရောက်လျှင် ဒွန်းစဏ္ဍားနှင့် ဆုံမိကြ၏။

ထိုအခါ သတဓမ္မလုလင်သလည် ဒွန်းစဏ္ဍားကို “ အချင်း ... သင်အဘယ်အမျိုးနည်း” ဟု မေး၏။ “အချင်း ... အကျွန်ုပ် ဒွန်းစဏ္ဍားမျိုးဖြစ်သည်” ဟု ပြော၏။ တစ်ဖန် ဒွန်းစဏ္ဍားသည် သတဓမ္မလုလင်ကို “အချင်း ... သင်ဘယ်အမျိုးနည်း” ဟု မေးပြန်၏။ “အချင်း ... အကျွန်ုပ် ဥဒိစ္စပုဏ္ဏားမျိုးဖြစ်သည်” ဟု ပြောလေ၏။ ထိုသူနှစ်ယောက်တို့သည် ခရီးလမ်းဝယ် အတူတကွ သွားကြကုန်၏။

ဒွန်းစဏ္ဍားစားဖွယ် ငြင်းဆန်ဖယ်

ဒွန်းစဏ္ဍားသည် အရိပ်ရေနှင့်ပြည့်စုံသောအရပ်သို့ ရောက်လျှင် ခေတ္တနားနေကာ နံနက်စာစားရန် ထမင်းထုပ်ကို ဖြေ၍စားသောအခါ သတဓမ္မလုလင်အား “အချင်း ... ထမင်းစားလာပါ” ဟု ခေါ်၏။ သတဓမ္မလုလင်သည် “ဟယ် - ဒွန်းစဏ္ဍား ... ငါသင့်ထမင်းကို အလိုမရှိ” ဟု ဆိုလိုက်၏။ ဒွန်းစဏ္ဍားလည်း ကောင်းပြီဆို၍ ထမင်းကို ဝလောက်ရုံယူကာစားပြီးလျှင် ကြွင်းသောထမင်းရိက္ခာကို ယူလျက် “အချင်း ... သွားမည်” ဟု ခေါ်ကာ အတူသွားကြပြန်၏။ *ဒွန်းစဏ္ဍား - ယုတ်သောအမျိုး။

ထိုသူနှစ်တို့သည် တစ်နေ့လုံးသွားကြ၍ ညဉ့်အခါ အရိပ်ရေနှင့် ပြည့်စုံသော နေရာတစ်ခုသို့ ရောက်ပြန်လျှင် ရေချိုးပြီး၍ အပန်းဖြေကာနေကြ၏။ ဒွန်းစဏ္ဍားသည် ထမင်းထုပ်ကိုဖြေ၍ သတဓမ္မလုလင်ကို မခေါ်ဘဲ စားပြန်၏။ သတဓမ္မလုလင်သည် နံနက်စာထမင်းလည်း မစားရ၊ တစ်နေ့လုံး ခရီးသွားခြင်းကြောင့် ပင်းပန်းရကား အလွန်ဆာမွတ်လှသဖြင့် ငါ့ကို အကယ်၍ ထမင်းပေးလျှင် စားမည်ဟု ကြံစည်ကာ အနီးတွင်နေ၏။ ဒွန်းစဏ္ဍားလည်း တစ်စုံတစ်ရာ စကားမပြောဘဲ စားလေ၏။

စားကြွင်းစားရ လွန်ရှက်လှ

ထိုအခါ သတဓမ္မလုလင်သည် ဤဒွန်းစဏ္ဍားစားနေတုန်း အတင်းနှိပ်စက်လုယူပြီး ကျန်သောထမင်းကို စားမည်ဟု နှလုံးသွင်းကာ အတင်းလုယက်နှိပ်စက်၍ စားလေ၏။ စားပြီးနောက် ငါကား မိမိ၏ဇာတ်အနွယ် အမျိုးအရပ်တို့အား မလျောက်ပတ်သော ဒွန်းစဏ္ဍားစားကြွင်း ထမင်းကို စဉ်လျက်စားရ၏ဟု အလွန်နှလုံးမသာယာခြင်း ဖြစ်လေ၏။ ထိုခဏ၌လျှင် သတဓမ္မလုလင်အား သွေးနှင့်တကွ ထမင်းသည် ခံတွင်းမှ အန်ထွက်လေ၏။

ထိုအခါ သတဓမ္မလုလင်သည် -

“စင်စစ်သဖြင့် ငါစားအပ်သော ထမင်းမှာ အနည်းငယ်မျှသာဖြစ်၏။ စားကြွင်းလည်း ဖြစ်၏။ ထိုမင်းကိုလည်း ဒွန်းစဏ္ဍားသည် မိမိအလိုဖြင့်မပေး၊ ငါနှိပ်စက်၍ ငြိုငြိုငြင်ငြင်ပေးရ၏။ စင်ကြယ်၍ ပုဏ္ဏားမျိုးဖြစ်သော ငါသည် မလျောက်ပတ်သော အမှုကိုပြုမိသဖြင့် ထိုထမင်းလည်း သွေးနှင်းတကွ ခံတွင်းမှ အန်ထွက်ရ၏” –

ဟု ငိုကြွေးမည်တမ်း၍ ယခုအခါ ငါ့အား ဤသို့မလျောက်ပတ်သောအမှုကို ပြုပြီး၍ အသက်ရှင်နေသဖြင့် အကျိုးမရှိတော့ပြီဟု နှလုံးသွင်းကာ တောသို့ ဝင်ပြေးပြီးလျှင် တစ်စုံတစ်ယောက်သောသူကိုမျှ မမြင်စေဘဲ ကိုးကွယ်ရာမဲ့ သေခြင်းသို့ ရောက်လေ၏။

သဗ္ဗညုမြတ်စွာဘုရားသည် အတိတ်ဇာတ်ကို ဆောင်တော်မူပြီးလျှင် -

“ရဟန်းတို့ ... သတဓမ္မလုလင်သည် နှိပ်စက်လုယက်၍ရအပ်သော ဒွန်းစဏ္ဍားစားကြွင်း ထမင်းကို စားရခြင်းဖြင့် ဝမ်းမမြောက်နိုင် မနှစ်သက်နိုင်သကဲ့သို့၊ ထို့အတူ သာသနာတော်၌ ရဟန်းသည် အာဇီဝပါရိသုဒ္ဓိသီလကို ဖဲကြဉ်ကာ အနေသန နှစ်ဆယ့်တစ်ပါးဖြင့် အသက်မွေးရသဖြင့် ဝမ်းမမြောက်နိုင်၊ မနှစ်သက်နိုင်” –

ဟု ဟောတော်မူပြီးလျှင် သစ္စာကိုပြတော်မူ၏။

ဤဒေသနာတော်၏ အဆုံး၌ ရဟန်းများစွာတို့သည် သောတာပတ္တိဖိုလ်စသည်တို့၌ တည်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သတဓမ္မလုလင်သည် - ယခုအခါ အာနန္ဒာ။

ဒွန်းစဏ္ဍားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အနေသန၊ ရှာ၌ရ၊ လေးဝပစ္စည်းဟူ။

(၂) အဆိပ်သီးဟန်၊ သံတွေဟန်၊ ဒွန်းစဏ်စားကြွင်းတူ။

(၃) စားပြီးခဏ၊ သွေးအန်ရ၊ သတဓမ္မတူ။

သတဓမ္မဇာတ် ပြီး၏။

***

၁၈၀ - ဒုဒ္ဒဒဇာတ်

အလှူ၏အကျိုးကိုသိ၍ အလှူ၏ အကျိုးကို များစွာရအောင် ပေးလှူနိုင်ခဲ့ခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ညီညာလှူပြု လျှောက်ထားမှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိမြို့တော်ဝယ် တိုင်ပင်ညီညွတ်ကာ ဘုရားအမှူးရှိသော သံဃာတော်ကို ပင့်ဖိတ်ကြလျက် ခုနစ်ရက်ပတ်လုံး အလှူကြီးကို ပေးလှူကြကုန်၏။

ခုနစ်ရက်မြောက်သောနေ့ဝယ် ဒါယကာ အပေါင်းတို့တွင် အကြီးဆုံးဖြစ်သော ဒါယကာသည် မြတ်စွာဘုရားကို “အရှင်ဘုရား ... ယခု အလှူကြီး ပေးလှူရာဝယ် များစွာပေးလှူသူတို့လည်း ရှိကြသည်၊ အနည်းငယ် ပေးလှူသူတို့လည်း ရှိကြသည်၊ အကျိုးမှာကား - ထိုသူအားလုံးတို့ပင် အကျိုးများစွာ ရကြစေဟု အမျှပြု၍ ပေးပါသည်” ဟု လျှောက်ထား၏။

မြတ်စွာဘုရားသည် “ဒါယကာ ... သင်တို့သည် အလှူ၏အကျိုးကို များစွာရအောင် အမျှပြု၍ပေးခြင်းကား မွန်မြတ်သောအမှုကို ပြုလုပ်ခြင်း ဖြစ်သည်။ ရှေးပညာရှိတို့သည် ဤနည်းအတူသာလျှင် အလှူအကျိုးကို အမျှပြု၍ ပေးဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မြို့ရွာကြွလာ ဆွမ်းခံရှာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်သည်ရှိသော် တက္ကသိုလ်ပြည်၌ အတတ်ပညာ အလုံးစုံကို သင်ကြားတတ်မြောက်ပြီးလျှင် အိမ်ရာထောင်ခြင်းကို စွန့်ပယ်ကာ ရသေ့ရဟန်းပြု၍ ဟိမဝန္တာအရပ်တွင် ကြာမြင့်စွာနေလေ၏။

တစ်နေ့သ၌ ချဉ်ဆားမှီဝဲလို၍ လူတို့နေရာ ဇနပုဒ်သို့ လှည့်လည်လတ်သော်ဗာရာဏသီပြည်သို့ရောက်၍ မင်းကြီးဥယျာဉ်၌နေကာ နက်ဖြန်နေ့ဝယ် အခြံအရံ ရသေ့တို့နှင့်တကွ မြို့တံခါးအနီးဖြစ်သော ရွာသို့ ဆွမ်းခံကြွလေ၏။ လူတို့သည် ဆွမ်းကို လှူဒါန်းကြကုန်၏။

သန်ဘက်ခါနေ့ဝယ် ဗာရာဏသီမြို့တော်တွင်းသို့ ဆွမ်းခံကြွတော်မူ၏။ လူတို့သည် အလွန်ကြည်ညိုကြသဖြင့် ဆွမ်းကို လှူဒါန်းပြီးလျှင် အသင်းအပင်း ဖွဲ့စည်းကြလျက် တိုင်ပင်ညီညွတ်ကာ လှူဖွယ်ဝတ္ထုတို့ကို စီရင်ပြီးလျှင် ရသေ့တို့အား အလှူကြီး ပေးလှူကြကုန်၏။

အလှူအကျိုးများ မေးလျှောက်ထား

ထိုဒါယကာတို့တွင် အကြီးဆုံးဖြစ်သော ဒါယကာသည် ဆရာ ရသေ့ကြီးကို “အရှင်ဘုရား ... ယခုအလှူကြီး ပေးလှူရာဝယ် များစွာ ပေးလှူသူတို့လည်း ရှိကြသည်၊ အနည်းငယ် ပေးလှူသူတို့လည်း ရှိကြသည်၊ ထိုသို့ရှိကြရ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ အကျိုးမှာကား လူအားလုံးတို့ပင် များစွာရကြပါစေဟု အညီအမျှပြု၍ ပေးပါသည်” ဟု လျှောက်လေ၏။

ဆရာ ရသေ့ကြီးလည်း -

“ဒါယကာတို့သည် ... ပညာမဲ့ သူယုတ်မာတို့သည် လှုဒါန်းခြင်းအမှုကို မပြုလုပ်နိုင်ကြကုန်၊ ပညာရှိသူတော်ကောင်းတို့သာ လှူဒါန်းခြင်းအမှုကို ပြုလုပ်နိုင်ကြကုန်၏။ ပညာမဲ့သူယုတ်မာတို့သည် လှူဒါန်းခြင်းအကျိုးကို မသိနိုင်ကြကုန်၏၊ ပညာရှိသူတော်ကောင်းတို့သာ လှူဒါန်းခြင်းအကျိုးကို သိနိုင်ကြကုန်၏။ ထို့ကြောင့် ဤဘဝမှ သေလွန်သည်ရှိသော် ပညာရှိသူတော်ကောင်းတို့နှင့် ပညာမဲ့သူယုတ်မာတို့မှာ သွားလာရာဂတိခြင်း မတူကြပေ၊ ပညာမဲ့သူယုတ်မာတို့မှာ ငရဲသို့လားကြရ၍ ပညာရှိသူတော်ကောင်းတို့မှာကား နတ်ပြည်သို့ လားကြရကုန်၏” –

ဟု အနုမောဒနာပြုပြီးလျှင် မိုးလေးလပတ်လုံးနေ၍ မိုးကျွတ်သည်ရှိသော် ဟိမဝန္တာစျာန်ရှိသည် ဖြစ်၍ ဗြဟ္မာပြည်သို့လားကြရ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရသေ့အပေါင်းသည် - ယခုအခါ ငါဘုရားပရိသတ်။

ဆရာရသေ့သည်- ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပညာမဲ့စု၊ သူယုတ်စု၊ လှူမှုခဲယဉ်း၏။

(၂) ပညာရှိများ၊ သူတော်များ၊ လှူကားပြုလွယ်၏။

(၃) ပညာမဲ့ကား၊ ငရဲလား၊ နတ်လားပညာရှိ။

ဒုဒ္ဒဒဇာတ် ပြီး၏။

***

၄။ အသဒိသဝဂ်

၁၈၁ - အသဒိသဇာတ်

လေးအတတ်တွင် သူမတူအောင် တတ်ကျွမ်းလိမ္မာသော အသဒိသမင်းသား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

နိက္ခမအကြောင်းပြု ချီးမွမ်းမှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် တရားသဘင်ဝယ် မြတ်စွာဘုရား တောထွက်တော်မူခြင်း အကြောင်းကိုချီးကျူးကာနေကြရာ မြတ်စွာဘုရား ကြွလာတော်မူပြီးလျှင် “ရဟန်းတို့ ...ငါဘုရားသည် ယခုအခါ၌သာ မြတ်သော တောထွက်ခြင်းဖြင့် တောထွက်တော်မူသည်မဟုတ်၊ ရှေးအခါ၌လည်း ထီးနန်းကိုစွန့်၍ တောထွက်တော်မူဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လေးအတတ်တွင် တစ်ဖက်ကမ်းမြင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်းကြီး၊ မိဖုရားကြီးတို့ဝယ် သားတော်နှစ်ယောက် ဖွားမြင်ရာ၊ သားအကြီးကို အသဒိသ အငယ်ကို ဗြဟ္မဒတ္တဟု အမည်မှည့်ကြကုန်၏။

ထိုသားတော်နှစ်ယောက်တို့တွင် အသဒိသ သတို့သားသည် ဆယ့်ခြောက်နှစ် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်သို့သွား၍ ဒိသာပါမောက္ခဆရာကြီးထံတါင် ဗေဒင် သုံးပုံတို့ကို လည်းကောင်း၊ အတတ် တစ်ဆယ့်ရှစ်ပါးတို့ကို လည်းကောင်း သင်ကြားတတ်မြောက်ခဲ့ရာ လေးအတတ်တွင် အတုမရှိ တစဖက်ကမ်းခပ် တတ်မြောက်ခဲ့လေ၏။

ထီးနန်းအရေး ညီငယ်ပေး

အတတ်ပညာ တတ်မြောက်ပြီးသော် ဗာရာဏသီပြည်သို့ ပြန်လာရာ အဖမင်းကြီး နတ်ရွာစံသောအခါ အမတ်တို့သည် အသဒိသ မင်းသားအား မင်းအဖြစ်၊ ဗြဟ္မဒတ္တမင်းသားအား ငါ့အား မင်းအဖြစ်ကို အလိုမရှိဟု စွန့်ပယ်သဖြင့် ဗြဟ္မဒတ္တ မင်းသားကို အဘိသိက်သွန်းကာ မင်းမြှောက်ကြကုန်၏။ အသဒိသ မင်းသားသည် မင်းအဖြစ်ကို အလိုမရှိသော်လည်း ညီတော် မင်းပြုသည်ရှိသော် ပကတိအတိုင်း မင်းအမူအရာဖြင့်သာ နေ၏။

ညီတော်ထင်မှား ထွက်ခွာသွား

ထိုအခါ ဗြဟ္မဒတ်မင်း၏ ထံတော်ဝယ် ခစား မြဲစွဲကုန်သော သူတို့သည် အသဒိသ မင်းသားသည်မင်းအဖြစ်ကို တောင့်တနေသည်ဟု ဗြဟ္မဒတ်မင်းထံ ကုန်းတိုက်ကြကုန်၏။ ဗြဟ္မဒတ်မင်းသည် ဟုတ်မှန်သည် မဟုတ်မှန်သည် မဆင်ခြင်ဘဲ ယုံကြည်ကာ နောင်တော်၌ အချစ်ပျက်လျက် နောင်တော်ကို ဖမ်းဆီးကြကုန်ဟု မင်းချင်းတို့ကို စေခိုင်းလေ၏။ အသဒိသ မင်းသား အကျိုးစီးပွားကို ဆောင်ရွက်နေသော ယောကျ်ားတစ်ယောက်သည် ထိုအကြောင်းကို အသဒိသ မင်းသားအား လျှောက်ထားလေ၏။

တစ်ပါးမင်းထံ ခစားပြန်

အသဒိသမင်းသားသည် ညီတော်အား အမျက်ထွက်၍ တိုင်းပြည်မှ ထွက်ပြီးလျှင် တစ်ပါးသော တိုင်းပြည်သို့သွားကာ မင်းကြီးထံ ဝင်လေ၏။ မင်းကြီးသည် အသဒိသမင်းသားအား “အမောင် ... ဘယ်အတတ်ပညာကို တတ်သနည်း” ဟု မေး၏။ “အရှင်မင်းကြီး ... လေးအတတ် ပညာကို ကောင်းစွာ တတ်ပါသည်” ဟု လျှောက်၏။ “အမောင် ... တစ်နှစ်ကို ဘယ်လောက်ရိက္ခာရလျှင် ခစားမည်နည်း” ဟု မေး၏။ “အရှင်မင်းကြီး ... တစ်သိန်းရလျှင် ခစားပါမည်” ဟု လျှောက်ထား၏။ “ကောင်ပြီ ခစားလော့” ဟု လေးသမား ရာထူးကိုပေးသဖြင့် ထိုနေ့မှစ၍ ခစားရလေ၏။ လေးသမား ဟောင်တို့သည် ရိက္ခာများသည်“ု ကဲ့ရဲ့ကြကုန်၏။

ပညာအရေး မင်းစစ်ဆေး

တစ်နေ့သ၌ မင်းကြီးသည် အခြံအရံများစွာဖြင့် ဥယျာဉ်ကစားလတ်သော် မင်္ဂလာကျောက်ဖျာတွင် လျောင်းစက်ရာ သရက်ပင်တွင် သရက်သီးခိုင်တစ်ခုကိုမြင်၍ လေးသမားတို့ကို ခေါ်စေပြီးလျှင် “အမောင်တို့ ... သရက်သီးခိုင်ကို မြင်းဖြင့် ပစ်ချနိုင်ပါမည်လော” ဟု မေးတော်မူလျှင် လေးသမားဟောင်းတို့သည် “အရှင်မင်းကြီး ... ပစ်ချဖို့ဝန်မလေးပါ၊ အကျွန်ုပ်တို့ ပညာစွမ်းကို မြင်ရသည်မှာ အကြိမ်များပါပြီ၊ လေးသမားသစ်ကား အကျွန်ုပ်တို့ထက် ရိက္ခာပို၍ရပါသည်။ ၎င်းကို စေခိုင်းတော်မူပါ” ဟု လျှောက်ထားကြကုန်၏။

လေးအတတ်ပညာ ပြစေရာ

ထိုအခါ မင်းကြီးသည် အသဒိသမင်းသားကို ခေါ်စေ၍ “အမောင် ... ဤသရက်သီးခိုင်ကို မြားဖြင့် ပစ်ချနိုင်ပါမည်လော” ဟု မေးလေ၏။ “အရှင်မင်းကြီး ... အရှင်မင်းကြိးနေသော နေရာကိုရလျှင် ပစ်ချနိုင်ပါသည်” ဟု လျှောက်ထား၍ မင်းကြီနေရာ ဖယ်ပေးလျှင် လေးသမားတို့ အဝတ်တန်ဆာကို ဝတ်ဆင်လျက် ဆိတ်ချိုလေးကိုကိုင်၍ မြားပစ်ရာ အရပ်သို့ သွားပြီးလျှင် “အရှင်မင်းကြီး ... သရက်သီးခိုင်းကို အထက်သို့တက်သော မြားဖြင့် ပစ်ချရမည်လော၊ သို့တည်းမဟုတ် အောက်သို့ကျသော မြားဖြင့် ပစ်ချရမည်လော” ဟု လျှောက်ထား၏။ “အမောင် ... အထက်သို့တက်သော မြားဖြင့် ပစ်ချသည်ကို မြင်ရသည်မှာ အကြိမ်များလှပြီ၊ အောက်သို့ကျသောမြားဖြင့် ပစ်ချသည်ကို ကြည့်ရှုလိုသည်” ဟု မိန့်တော်မူလေ၏။

လေးတတ်စွမ်းပြ ချီးမွမ်းကြ

အသဒိသမင်းသားသည် “အရှင်မင်းကြီး ... ရှုတော်မူလော့၊ ပစ်လိုက်သောမြားသည် သရက်သီးခိုင်အညှာတစ်ဝက်တိုင် ဖြတ်ကာ ကျလာသောအခါ ကျန်တစ်ဝက်ကို ဖြတ်၍ သရက်သီးခိုင်နှင့်တကွ ကျလာပါလိမ့်မည်” ဟု လျှောက်ထားပြီးလျှင် စဉ်းသွားကို မြား၌တပ်၍ ပစ်လေ၏။ မြားသည် အပေါ်သို့ တက်သောအခါ သရက်သီးခိုင်အညှာကို တစ်ဝက်တိုင်ဖြတ်၍ စတုမဟာရာဇ် နတ်ပြည်သို့ တက်လေ၏။ ထိုနောက်မြားတစ်စင်းကို ပစ်ပြန်၏။ နောက်ပစ်သောမြားသည် လက်ဦးပစ်လိုက်သောမြားကို စတုမဟာရာဇ် နတ်ပြည်တွင်မီ၍ မြားလွှားဖြင့်ခတ်ကာ နောက်သို့ပြန်လည်စေ၍ တာဝတိံသာ နတ်ပြည်သို့ ရောက်သဖြင့် နတ်များ ကောက်ယူထားကြ၏။ ပြန်လည်လာသော မြား၏ အသံသည် မိုးချုန်းသံကဲ့သို့ အလွန်ပြင်းထန်လှသဖြင့် လူအများ ကြောက်ရွံ့ကြ၏။ မြားလည်း ရောက်လာလျှင် သရက်သီးခိုင်၏ ကျန်ရှိသော အညှာတစ်ဝက်ကို မတိမ်းမစောင်း တည့်တည့်ဖြတ်ကာ သရက်သီးခိုင်နှင့်တကွ ကျလာ၏။ အသဒိသမင်းသားလည်း မြေသို့မကျစေဘဲ မြားကို လက်တစ်ဖက်ဖြင့် သရက်သီးခိုင်ကို လက်တစ်ဖက်ဖြင့်ကိုင်ကာ မင်းကြီးအား ဆက်သလေ၏။

လူအများသည် မဖြစ်ဖူးမြဲ အံ့ဖွယ်သရဲကို မြင်ကြလျှင် အံ့ဩချီးမွမ်းကြကုန်၏။ ကောင်းချီးပေး၍ ပဲ့တင်ထပ်စေကြကုန်၏။ လက်ပမ်းပေါက် ခတ်ကြကုန်၏။ လက်ဖျားခါကြကုန်၏။ ပုဆိုးတို့ကို ပစ်မြှောက်ကြကုန်၏။ ထိုခဏ၌ လူအများ ပေးကြသောဥစ္စာသည် တစ်ကုဋေမျှ ဖြစ်လေ၏။ မင်းကြီးလည်း အားရနှစ်သက်တော်မူသဖြင့် များစွာသော စည်းစိမ်ဥစ္စာ အခြံအရံတို့ကို ပေးသနားကာ ပညာကို ချီးမြှောက်တော်မူ၏။

နောင်တော်ပင့်ရန် စေတမန်

အခါတစ်ပါးဝယ် အသဒိသမင်းသား မရှိဟု ကြားလတ်သော် ခန့်ညား ကြောက်ရွံခြင်းမရှိဘဲ ခုနစ်ပြည်ထောင်မင်းတို့သည် စစ်သည်ဗိုလ်ပါများစွာဖြင့် လာလတ်၍ ဗာရာဏသီပြည်ကို ပတ်ဆို့ ဝိုင်းဝန်းကာ တိုင်းပြည်ကို ပေးမည်လော၊ သို့မဟုတ် စစ်ထိုးမည်လော-ဟု တင်းမာစွာ ဗြဟ္မဒတ်မင်းကြီးအား ရာဇသံပေးကြကုန်၏။

ဗြဟ္မဒတ်မင်းကြီးလည်း ရာဇသံကိုကြားလျှင် သေဘေးမှ ကြောက်သဖြင့် နောင်တော်နေသောအရပ်ကို မေးမြန်းတော်မူ၍ သိလေလျှင် “အမတ်တို့ ... ငါ့နောင်တော် မလာလျှင် ငါ့အသက် ချမ်းသာတော့်မည် မဟုတ်၊ ငါ့စကားဖြင့် ငါ့နောင်တော် ရှိရာအရပ်သို့သွား၍ ခြေတော်တို့ကို ရှိခိုးလျက် ကန်တော့ တောင်းပန်ကာ မရ-ရအောင် ပင့်ဆောင်ချေရမည်” ဟု - စေခိုင်းလေ၏။

လောင်းတော်စွမ်းပြ ထွက်ပြေးကြ

တမန်တော်တို့လည်း အမြန်သွားပြီးလျှင် မင်းကြီးစကားဖြင့် နောင်တော်ကို ရှိခိုးကာ လျှောက်ကြားကုန်၏။ အသဒိသမင်းသားလည်း မိမိခစားနေသော မင်းကြီးကို ပန်ကြားပြီးလျှင် ဗာရာဏသီပြည်သို့ ပြန်လာ၍ ညီတော် မင်းကြီးအား မကြောက်လင့်ဟု အားပေးကာ သက်သာရာ ရစေလျက် [ငါအသဒိသမင်းသား လာပြိ၊ ဤမြားမှတစ်ပါး မြားတစ်စင်းဖြင့် ပစ်သောအခါ မင်းတွေအကုန် သေစေမည်၊ အသက်ချမ်းသာချင်လျှင် အမြန်ပြေးကြကုန်] ဟု မြားတွင် စာရေး၍ ပစ္စင်ပေါ်၌ရပ်၍ ပစ်လေလျှင် ခုနစ်ဦးသောမင်းတို့ ခစားကုန်စဉ် အသီးသီး ရွှေခွက် အဖုံးပေါ်သို့ မြားတို့ကို ကျစေ၏။ မင်းတို့လည်း စာကိုဖတ်၍ သေဘေးမှ ကြောက်သဖြင့် ပြေးကြကုန်၏။

ဤသို့လျှင် အသဒိသမင်းသားသည် ယင်ငယ်တစ်ကောင် သောက်လောက်ရုံမျှ သွေးကိုပင် မဖြစ်စေဘဲ ခုနစ်ပြည်ထောင်မင်းတို့ကို ပြေးစေလျက် ညီတော်မင်းကြီးကို ပန်ကြား၍ ကာမဂုဏ်တို့ကို စွန့်ပယ်ကာ ရသေ့ရဟန်းပြုပြီးလျှင် အဘိညာဉ်သမာပတ်တို့ကို ဖြစ်စေလျက် အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်သို့ လားလေ၏။

သဗ္ဗညုမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး၍ -

“ရဟန်းတို့ ... ကိုယ်အား၊ ဉာဏ်အား ကြီးမားခြင်း၊ အဝေးသို့ရောက်အောင် ပစ်နိုင်ခြင်း၊ မချွတ်မလွဲမှန်အောင်ပစ်နိုင်ခြင်း၊ အစုအပေါင်းများစွာကို ထုတ်ချင်းထွင်းအောင် ပစ်နိုင်ခြင်းတို့ဖြင့် ဇမ္ဗူဒိပ်ကျွန်းတွင် အတုမရှိ လေးသမားကျော်ဖြစ်သော အသဒိသ မင်းသားသည် တစ်စုံတစ်ယောက်သောသူကို မညှဉ်းဆဲဘဲ အလုံးစုံသော ရန်သူမင်းတို့ကို ပြေးစေ၍ ညီတော်မင်းကြီးကို ချမ်းသာအောင် ပြုပြီးလျှင် ရသေ့ရဟန်း ပြုလေ၏”

ဟု ဟောကြားတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရသေ့အပေါင်းသည် - ယခုအခါ ငါဘုရားပရိသတ်။

ဆရာရသေ့သည်- ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပညာမဲ့စု၊ သူယုတ်စု၊ လှူမှုခဲယဉ်း၏။

(၂) ပညာရှိများ၊ သူတော်များ၊ လှူကားပြုလွယ်၏။

(၃) ပညာမဲ့ကား၊ ငရဲလား၊ နတ်လားပညာရှိ။

ဒုဒ္ဒဒဇာတ် ပြီး၏။

***

၁၈၂ - သင်္ဂါမာဝစရဇာတ်

ကြောက်ရွံ့၍ နောက်ဆုတ်ပြေးစဉ် တစ်ကြိမ်တည်း ဆုံးမအပ်သောစကားဖြင့် မြို့တံခါးကို ဖောက်ဝင်ကာ မြို့အလုံးကို သိမ်းကျုံးယူနိုင်သော မင်္ဂလာဆင်တော်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကြင်ရာအောက်မေ့ မပျော်မွေ့

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မြတ်စွာဘုရားညီတော် နန္ဒမထေရ်သည် ရဟန်းမပြုမီ နန်းတော်မှ သပိတ်ထမ်းကာ နောင်တော်ဘုရားနောက်သို့ လိုက်ပါသွားစဉ် ကြင်ယာတော် ဇနပဒကလျာဏီက “အရှင့်သားတော် ... လျင်မြန်စွာ ပြန်လာခဲ့ပါ” ဟု မှာထားလိုက်သော စကားကိုသာ တရေးရေးကြားကာ သာသနာတော်၌ မပျော်မွေ့ဘဲ ဇနပဒကလျာဏီကိုသာ အောက်မေ့လျက် လူထွက်လိုသော စိတ်ဖြင့်သာ နေလေ၏။ စိတ်ထောင်းတိုင်း ကိုယ်ကြေလျက် အသွေးအသား ခန်းခြောက် ပိန်ချုံးလေ၏။

ဟိမဝန္တာကြွ မျောက်မပြ

မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူလျှင် နန္ဒမထေရ် နေသော ပရိဝုဏ်သို့ ကြွတော်မူကာ နန္ဒမထေရ်ကိုခေါ်၍ “ညီတော်နန္ဒ ... သာသနာတော်၌ ပျော်မွေ့ပါ၏လော” ဟု မေး၏။ “အရှင်ဘုရား .... မပျော်မွေ့ပါ၊ ဇနပဒကလျာဏီကိုသာ အောက်မေ့၍ နေပါသည်” ဟု လျှောက်ထားလေ၏။ “ညီတော်နန္ဒ ... ဟိမဝန္တာသို့ လှည့်လည်သွားလာဖူးသလော” ဟု မေး၏။ “အရှင်ဘုရား ... မသွားလာဖူးပါ” ဟု လျှောက်ထားလေလျှင် တန်ခိုးတော်ဖြင့် လက်ကိုကိုင်လျက် ခေါ်ဆောင်သွားရာ လမ်းခရီးအကြားတွင် တစ်ခုသော မီးလောင်ယာပြင်အလယ် မီးလောင်ငုတ်တိုပေါ်တွင် ထိုင်နေသော နားရွက်၊ နှာခေါင်း၊ မီးထူးစုတ်ပြတ်လျက် အမွေးအရေတွင်လည်း မီးလောင်ထားသဖြင့် ကြည့်ရှု၍မတင့်တယ်သည့် မျောက်အိုမကို မြင်တော်လူလျှင် “နန္ဒ ... မျောက်အိုမကို မြင်၏လော၊ သေသေချာချာကြည့်ထား” ဟု မိန့်တော်မူပြီးလျှင် ဟိမဝန္တာတွင် စုံလင်စွာ ပြသလေ။

နောက်တာဝတိံသာ နတ်ပြည်သို့ ခေါ်ဆောင်ကာ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ သီတင်းသုံးတော်မူလေသော် သိကြားမင်းနှင့်တကွ နှစ်ကုဋေငါးသန်း အခြံအရံရှိသော ခိုခြေအဆင်းနှင့်တူသော နတ်သမီး ငါးရာတို့သည် မြတ်စွာဘုရားအား ဖူးမြော်ရန် လာကြကုန်၏။

တာဝတိံသာကြွ နတ်သမီးပြ

ထိုအခါ မြတ်စွာဘုရားသည် နန္ဒကို နတ်သမီး ငါးရာတို့ကို ကိလေသာ၏ အစွမ်းဖြင့် အဖန်တလဲလဲ ကြည့်စေပြီးမှ “နန္ဒ ... နတ်သမီးငါးရာတို့ကို မြင်၏လော” ဟု မေး၏။ “အရှင်ဘုရား ... မြင်ပါသည်” ဟု လျှောက်၏။ “နန္ဒ ... နတ်သမီးငါးရာတို့သည် လှပတင့်တယ်ကြသလော၊ သို့မဟုတ် ဇနပဒကလျာဏီသည် လှပတင့်တယ်သလော” ဟု မေး၏။ “အရှင်ဘုရား ... ဤနတ်သမီးငါးတို့မှာ အလွန် လှပတင့်တယ်ပါသည်။ ဤနတ်သမီးငါးရာနှင့် နှိုင်းစာလျှင် ဇနပဒကလျာဏီမှာ ခရီးလမ်းကြားတွင် မြင်ခဲ့သော မျောက်အိုမနှင့် တူပါသည်” ဟု လျှောက်၏။ “နန္ဒ ... ယခုအခါ ဘယ်လိုပြုရမည်နည်း” ဟု မေး၏။ “အရှင်ဘုရား ...နတ်သမီးတို့ရအောင် ဘယ်ကောင်းမှုကို ပြုရပါသနည်း” ဟု လျှောက်ပြန်၏။ “နန္ဒ ... ရဟန်းတရားကို အားထုတ်လျှင် ရနိုင်သည်” ဟု ပြော၏။ “အရှင်ဘုရား ... မုချရမည်ဟု ဝန်ခံတော်မူလျှင် ရဟန်းတရားကို အားထုတ်ပါမည်” ဟု လျှောက်၏။ “နန္ဒ ... သင်နတ်သမီးတို့ကိုရဖို့ ငါဘုရား ဝန်ခံတော်မူမည်” ဟု မိန့်တော်မူကာ နန္ဒမထေရ်နှင့်တကွ ဇေတဝန်ကျောင်းတော်သို့ ကြွတော်မူ၏။

နန္ဒမေးကာ ကဲ့ရဲ့ရှာ

နန္ဒမထေရ်သည် ဇေတဝန်ကျောင်းတော်သို့ ရောက်လျှင် ရဟန်းတရားကို အားထုတ်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ရှင်သာရိပုတ္တရာကို ခေါ်တော်မူ၍ “ချစ်သား သာရိပုတ္တရာ ... ငါ့ညီတော် နန္ဒကား တာဝတိံသာနတ်ပြည် နတ်တို့အလယ်တွင် ရဟန်းတရားကို အားထုတ်လျှင် နတ်သမီးတို့ကို ရပါစေမည် ဝန်ခံခဲ့ရသည်” ဟု မိန့်တော်မူ၏။ နောက်ရှင်မောဂ္ဂလာန်၊ ရှင်မဟာကဿပ၊ ရှင်အာနန္ဒာ စသော အသီတိသာဝကတို့ကိုလည်း မိန့်တော်မူ၏။ တဖြည်းဖြည်း သံဃာ့ဘောင်ဝယ် ထိုသတင်းသည် ပျံ့နှံ့လေ၏။

ထိုအခါ ရှင်သာရိပုတ္တရာမထေရ်သည် နန္ဒမထေရ်ထံသွား၍ “ငါ့ရှင်နန္ဒ ... သင်ကား တာဝတိံသာနတ်ပြည် နတ်တို့အလယ်တွင် ရဟန်းတရားကို အားထုတ်လျှင် နတ်သမီးတို့ကို ရပါစေမည်။ မြတ်စွာဘုရားကို ဝန်ခံခိုင်းသည်ဟု ကြားရသည် မှန်သလော၊ သင်နတ်သမီးတို့ကို လိုချင်၍ ရဟန်းတရားကို အားထုတ်သည်ဖြစ်ခဲ့လျှင် သင်၏မြတ်သော သီတင်းသုံးခြင်းမှာ မိန်းမနှင့်စပ်၍ ကိလေသာမှီသည် မဟုတ်ပါလော၊ သင်ကား မိန်းမကိုလိုချင်၍ အခစားပြုလုပ်နေသူနှင့် တူသည်” ဟု ပြောဆိုကာ ရှက်စေ၏။ ရှင်သာရိပုတ္တရာနည်းတူ အသီတိသာဝကတို့ကလည်း ရှက်စေကုန်၏။

ကိလေပြစ်မြင် လမ်းမှန်ထင်

နန္ဒမထေရ်လည်း မသင့်သည်ကို ငါပြုလုပ်မိသည်ဟု ရှက်ကြောက် ထိတ်လန့်ခြင်းကြောင့် ရဟန်းတရားကို အလွန်အားထုတ်ကာ ဝိပဿနာကို ပွားစေပြီးလျှင် အရဟတ္တဖိုလ်သို့ရောက်လျက် ရဟန္တာဖြစ်လေ၏။ ထိုအခါ မြတ်စွာဘုရားထံသို့သွား၍ “အရှင်ဘုရား ... အကျွန်ုပ်သည် အရှင်ဘုရားတို့ ဝန်ခံတော်မူခြင်းကို ဖြေလွှတ်ပါ၏” ဟု လျှောက်လေ၏။ “ညီတော်နန္ဒ ... သင် အရဟတ္တဖိုလ် ရောက်သောအခါ၌လျှင် ငါဘုရားသည် ဝန်ခံခြင်းမှ လွတ်၏” ဟု မိန့်တော်မူ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... နန္ဒမထေရ်ကား ဆုံးမခြင်းငှာခံ့၏။ တစ်ကြိမ်တည်းသာ ဆုံးမသဖြင့် အရှက်အကြောက်ကို ဖြစ်စေလျက် ရဟန်းတရားကို အားထုတ်ကာ အရဟတ္တဖိုလ်သို့ ရောက်စေ၏” ဟု နန္ဒမထေရ် အကြောင်းကို စကာစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူပြီးလျှင် “ရဟန်းတို့ ... နန္ဒမထေရ်သည် ယခုအခါ၌သာ ဆုံးမခြင်းငှာ ခံ့သည်မဟုတ်၊ ရှေးအခါ၌လ်း ဆုံးမခြင်းငှာ ခံ့ခဲပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

တိုင်းပြည်ယူရန် ဝိုင်းထားပြန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဆင်းဆရာမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် ဆင်ဆရာတို့ အတတ်၌ အပြီးတတ်မြောက်ကာ ဗာရာဏသီမင်း၏ ပြည်နီးချင်းဖြစ်သော မင်းတစ်ပါးထံ ခစားလေ၏။ ထိုမင်း၏ မင်္ဂလာဆင်တော်ကို ကောင်းစွာ တတ်မြောက်အောင် သင်ကြားပေးရ၏။

တစ်နေ့သ၌ ထိုမင်းသည် မင်္ဂလာဆင်တော်ကိုစီး၍ ဆင်ဆရာနှင့်တကွ စစ်သည်ဗိုလ်ပါအပေါင်း ခြံရံကာ ဗာရာဏသီပြည်ကို ယူရန်သွား၍ မြို့တော်ကို ခိုင်လုံစွာ ဝန်းရံလျက် တိုင်းပြည်ကိုပေးမည်လော၊ သို့မဟုတ် စစ်ထိုးမည်လောဟု ဗာရာဏသီမင်းထံ ရာဇသံပေးပို့လိုက်၏။

ချပ်ဝတ်ပြင်ဆင် တိုက်ပွဲဝင်

ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းလည်း ရာဇသံကိုကြားလျှင် စစ်ထိုးမည်ဟု တံတိုင်း၊ ပစ္စင်၊ ရင်တား၊ တံခါး၊ တံခါးမုခ်တို့၌ စစ်သည်ဗိုလ်ပါတို့ကို တက်စေ၍ စစ်ထိုးလေ၏။

ပြည်နီးချင်းမင်းလည်း မင်္ဂလာဆင်တော်ကို ချပ်ဝတ်တန်ဆာဝတ်ဆင်စေလျက် မိမိကိုယ်တိုင်လည်း ချပ်ဝတ်တန်ဆာဝတ်ဆင်ကာ ဆင်ကျောကုန်းတွင် စီးနင်းလျက် ထက်စွာသော ချွန်းတောင်းကို ကိုင်စွဲကာ မြို့ရိုးကို ဖြိုပြီးလျှင် ရန်သူတို့ကို သတ်ဖြတ်သုတ်သင်၍ ပြည်အလုံးကို အရယူမည်ဟု မင်္ဂလာဆင်တော်ကို မြို့တော်သို့ ရှေးရှုလွှတ်တော်မူ၏။

ဆင်ကိုဆုံးမ အောင်မြင်ရ

မင်္ဂလာဆင်တော်လည်း ပွက်ရည်ပူတို့ကို လည်းကောင်း၊ ပစ်လွှတ်ထိုးခုတ်အပ်သော အထူးထူးအပြားပြား များစွာသော လက်နက်တို့ကို လည်းကောင်း မြင်လျှင် သေဘေးမှ ကြောက်ရွံ့သဖြင့် ရန်သူတို့ အနားသို့မကပ်ဝံ့ဘဲ အတင်းနောက်သို့ ဆုတ်လေ၏။ ထိုအခါ ဆင်ဆရာသည် မင်္ဂလာဆင်တော်ကို ကပ်၍ -

“အို - ဆင်မြတ် ... သင်ကား စစ်မြေပြင်ဝယ် နှိမ်နင်း၍ သွားတတ်သော ဆင်တည်း၊ ရဲရင့်သောဆင်တည်း၊ ခွန်အားကြီးသော ဆင်တည်း၊ ကျော်စောထင်ရှားသော ဆင်တည်း၊ တံခါးပေါင်သို့ရောက်မှ အဘယ်ကြောင့် နောက်သို့ ဆုတ်ဘိသနည်း၊ တံခါးကျည်ကို အောက်သို့ချလော့၊ တံခါးတိုင်ကို နုတ်လော့၊ တံခါးပေါင်ကို နင်း၍ လျင်စွာ မြို့တွင်းသို့ဝင်လော့” –

ဟု အားပေးဆုံးမလေ၏။ မင်္ဂလာဆင်တော်သည် ထိုစကားကိုကြားလျှင် တစ်ကြိမ်တည်း ဆုံးမအပ်သောစကားဖြင့် ပြန်လည်၍ တံခါးတိုင်းကို နှာမောင်းဖြင့်ရစ်ကာ မှိုကိုနုတ်သကဲ့သို့ နုတ်ပြီးလျှင် တံခါးပေါင်ကိုနင်းလျက် တံခါးကျည်ကိုချ၍ မြို့တံခါးကို ဖောက်ဝင်ကာ မြို့အလုံးကို သိမ်းကျုံးယူငင်၍ ပေးလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ထိုအခါ မင်္ဂလာဆင်သည် - ယခုအခါ နန္ဒ။

တိုင်းတစ်ပါးမင်းသည် - အာနန္ဒာ။

ဆင်ဆရာသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) တစ်ကြိမ်တည်းသာ၊ ဆုံးမရာ၊ လိုက်နာသူတော်စင်။

(၂) ဆုံးမလွယ်ရာ၊ မင်္ဂလာ၊ လွန်စွာကျိုးများဖြင်

သင်္ဂါမာဝစရဇာတ် ပြီး၏။

***

၁၈၃ - ဝါလောဒကဇာတ်

မုဒရက်အဖျော်ကို သောက်ကြရာ၌ အမျိုးဇာတ် မြတ်သော မြင်းတို့ ငြိမ်သက်စွာ သောက်ကြသော်လည်း အမျိုးဇာတ်ယုတ်သော မြည်းတို့ ခုန်ပေါက် ပြေးလွှားကြခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တရားတော်နာကြ မဂ်ဖိုလ်ရ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိမြို့တော်ဝယ် သီတင်းသည် ဒါယကာငါးရာတို့သည် အိမ်၌ဖြစ်သော ပလိဗောဓကို သားမယားတို့အား အပ်နှင်းကာ မြတ်စွာဘုရားတရားတော်ကို နာယူကြလျက် တပေါင်းတည်း လှည့်လည်သွားလာကြကုန်၏။

ထိုဒါယကာတို့တွင် တချို့ဒါယကာတို့ကား သောတာပန်၊ တချို့ သကဒါဂါမ်၊ တချို့ အနာဂါမ် ဖြစ်ကြကုန်၏။ ပုထုဇဉ်တစ်ယောက်မျှ မရှိကုန်။ မြတ်စွာဘုရားကို ဆွမ်းဖိတ်ကြကုန်သော်လည်း ထိုဒါယကာတို့ကို ထည့်သွင်းကာ ဖိတ်လေ့ရှိကြကုန်၏။

စားကြွင်းစားများ လွန်ပျော်ပါး

ထိုဒါယကာတို့၏ အလုပ်အကျွေးငယ် ငါးရာတို့ကား စားကြွင်းစား ဖြစ်ကုန်လျက် ရဟန်းငယ်တို့အထံဝယ် နံနက်စာ စားပြီးလျှင် အလိုရှိတိုင်း အိပ်ကုန်၏။ အိပ်ရာက နိုးကုန်လတ်သော် အစိရဝတီမြစ်နားသို့သွားကာ ကြော်ငြာကြကုန်၍ လက်ပန်း(နပန်း)လုံးထွေးကြကုန်၏။ ဒါယကာငါးရာတို့ကား အသံမရှိ ကြွေးကြော်ခြင်း ကင်းကုန်လျက် ဆိတ်ငြိမ်စွာ ဖိုလ်ဝင်စားကာ နေကြကုန်၏။

မြတ်စွာဘုရားသည် ထိုစားကြွင်းစားတို့၏ ပြင်းထန်စွာသော အသံကို ကြားတော်မူလျှင် ရှင်အာနန္ဒာကို ခေါ်တော်မူ၍ “ချစ်သား အာနန္ဒာ ... ဤပြင်းထန်သောအသံကား အဘယ်အသံနည်း” ဟု မေးတော်မူ၏။ “အရှင်ဘုရား ... စားကြွင်းစားတို့ အသံ ဖြစ်ပါသည်” ဟု လျှောက်လေလျှင် “ချစ်သား အာနန္ဒာ ... ဤစားကြွင်းစားတို့သည် ယခုအခါ၌သာ စားကြွင်းစားကိုစား၍ ကြော်ငြာသည် မဟုတ်ကုန်၊ ရှေးအခါလည်း စားကြွင်းစားကိုစား၍ ကြော်ငြာကုန်ဖူးပြီ၊ ဒါယကာတို့လည်း ရှေးအခါ၌သာ ငြိမ်သက်စွာ နေကြသည် မဟုတ်ကုန်၊ ရှေးအခါ၌လည်း ငြိမ်သက်စွာ နေကြကုန်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

တိုင်းခန်းလှည့်ကြွ မောပန်းကြ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် အမတ်မျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် မင်းကြီးအား အကျိုးအကြောင်းကို ဆုံးမတတ်သော ပညာရှိအမတ် ဖြစ်လေ၏။

အခါတစ်ပါး၌ ပစ္စန္တရာဇ်ဝယ် သူခိုးတို့ ဖျက်ဆီးသည်ဟု မင်းကြီးကို လျှောက်ကြားလာလျှင် မင်းကြီးသည် သိန္ဓောမျိုး၌ ဖြစ်သော မြင်းငါးရာတို့ကို ပြင်ဆင်စေ၍ အင်္ဂါလေးပါးရှိသော စစ်သည်ဖြင့် ပစ္စန္တရာဇ်သို့ သွားကာ သူခိုးရန်ကို ငြိမ်းစေပြီးလျှင် ဗာရာဏသီပြည်သို့ ပြန်လာခဲ့၏။

စားကောင်းစားရ ငြိမ်သက်ကြ

မြို့တော်သို့ရောက်လျှင် မင်းကြီးသည် သိန္ဓောမျိုးဖြစ်သော မြင်းငါးရာတို့ကား အလွန်ပင်ပန်းကုန်၏။ ၎င်းတို့အား စိမ်းစို၍ အရသာရှိသော မုဒရက်အဖျော်ရည်တို့ကို တိုက်ကုန်လော့ဟု မြင်းထိန်းတို့ကို စေခိုင်းလေ၏။ သိန္ဓောမျိုးဖြစ်သော မြင်းတို့သည် အဦးဖြစ်သော မုဒရက် အဖျော်ရည်ကို သောက်ကုန်ပြီးလျှင် မြင်းတင်းကုပ်သို့သွားကာ မိမိတို့နေရာတွင် ဆိတ်ငြိမ်စွာ နေကြကုန်၏။

အရည်နည်း၍ အဖတ်သာများသော မုဒရက် အဖျော်ရည်တို့သည် ကြွင်းကျန်ကုန်၏။ ထိုအခါ မြင်းထိန်းတို့သည် မင်းကြီးအား ထိုအကြောင်းကို လျှောက်ကြလျှင် မင်းကြီးသည် ကြွင်းကျန်သော မုဒရက်အဖျော်တို့ကို ရေနှင့်နယ်၍ သင်ပန်းလျှော်ဖြင့် ရက်သော အဝတ်နွမ်းတို့ဖြင့် စစ်၍ မြည်းတို့ကို တိုက်ကြကုန်ဟု စေခိုင်းပြန်၏။

ကြွင်းကျန်စားရ ပျော်မြူးကြ

မြင်းတို့သည် မုဒရက်အဖျော်တို့ကို သောက်ရသောကြောင့် မူးယစ်ကုန်သည်းဖြစ်၍ ကျယ်လောင်စွာ မြည်၍ ခုန်လွှားပေါက်ကကုန်လျက် မင်းရင်ပြင်၌ သွားကုန်၏။ မင်းကြီးလည်း လေသွန်တံခါးကိုဖွင့်၍ ကြည့်သဖြင့် မြင်လတ်သော် ပညာရှိအမတ်ကြီးကိုခေါ်၍ -

“အို - အမတ်ကြီး ... မြည်းတို့ကား ကြွင်းကျန်သော မုဒရက်ဖတ်မှ စစ်၍ရသော အဖျော်ရည် အနည်းငယ်ကို သောက်ရခြင်းကြောင့် မူးယစ်ကာ ခုန်ပေါက်မြည်ဟည်းကြကုန်၏။ သိန္ဓောမြင်းတို့ကား အဦးဖြစ်၍ မွန်မြတ်သော မုဒရက်အဖျော်ရည်ကို သောက်ရပါလျက် မူးယစ်ခြင်းမရှိ၊ မမြည်ဟည်းကြဘဲ ငြိမ်သက်စွာနေကြ ကုန်၏။ အကြောင်းအဘယ်သို့ရှိသနည်း” –

ဟု မေးတော်မူ၏။

“မြတ်သောမင်းကြီး ... မြည်းတို့ကား အကြွင်းအကျန် မုဒရက်ဖတ်မှ စစ်၍ရသော အဖျော်ရည် အနည်းငယ်ကို သောက်ရသော်လည်း အမျိုးယုတ်သောကြောင့် မူးယစ်ကာ ခုန်ပေါက်မြည်ဟည်းကြကုန်၏။ သိန္ဓောမြင်းတို့ကား အဦးဖြစ်၍ မွန်မြတ်သော မုဒရက် အဖျော်ရည်ကို သောက်ရပါလျက် အမျိုးမြတ်သောကြောင့် မူးယစ်ခြင်း မရှိကြကုန်၊ မမြည်ဟည်းဘဲ ငြိမ်သက်စွာ နေကြကုန်၏”

ဟု ဖြေဆိုလေ၏။ မင်းကြီးလည်း ပညာရှိအမတ်ကြီး စကားကိုကြားလျှင် မြင်းတို့ကို မင်းရင်ပြင်မှ နှင်ထုတ်စေ၏။ ပညာရှိအမတ်ကြီး အဆုံးအမ၌တည်လျက်ဒါန၊ သီလ စသော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်ကာ အသက်ထက်၏အဆုံး၌ ကံအားလျော်စွာ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြည်းငါးရာတို့သည် - ယခုအခါ စားကြွင်းစား ငါးရာ။

သိန္ဓောမြင်းငါးရာတို့သည် - ဒါယကာ ငါးရာ။

မင်းကြီးသည် - အာနန္ဒာ။

ပညာရှိအမတ်ကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မျိုးရိုးဇာတ်ယုတ်၊ အကျင့်ယုတ်၊ တုန်လှုပ်လွယ်သည်သာ။

(၂) မျိုးရိုးဇာတ်မြတ်၊ အကျင့်မြတ်၊ လျောက်ပတ်ငြိမ်သက်စွာ။

ဝါလောဒကဇာတ် ပြီး၏။

***

၁၈၄ - ဂိရိဒတ္တဇာတ်

ခြေခွင်သော မြင်းထိန်းကို အတုခိုးမိ၍ ခြေခွင်လျက်သွားသော မင်္ဂလာမြင်းတော်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိတ်ဆွေပေါင်းမှား ပျက်စီးငြား

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် ဆန့်ကျင်ဘက်ဖြစ်သော အပေါင်းအဖော်ကို မှီဝဲလေ့ရှိ၏။

ထိုရဟန်းအကြောင်းကို သိတော်မူလျှင် မြတ်စွာဘုရားသည် “ရဟန်းတို့ ... ဤဟန်းကား ယခုအခါ၌သာ ဆန့်ကျင်ဘက် ဖြစ်သော အပေါင်းအဖော်ကို မှီဝဲသည်မဟုတ်၊ ရှေးအခါ၌လည်း ဆန့်ကျင်ဘက်ဖြစ်သော အပေါင်းအဖော်ကို မှီဝဲဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကောင်း၏ထင်ငြား တုခိုးမှား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် သာမမင်းမင်းပြုသည်ရှိသော် ဘုရားအလောင်းသည် အမတ်မျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် မင်းကြီးကို အကျိုးအကြောင်းပြ၍ ဆုံးမတတ်သော အမတ်ကြီး ဖြစ်လေ၏။

ထိုမင်းကြီးအား ပဏ္ဍဝမည်သော မင်္ဂလာမြင်းတော်လည်းရှိ၏။ ထိုမင်္ဂလာမြင်းတော်ကို ဂိရိဒတ္တမည်သော မြင်းထိန်းသည် ကျွေးမွေးပြုစုရ၏။ ထိုဂိရိဒတ္တ မြင်းထိန်းသည် ခြေခွင်၏။

ဂိရိဒတ္တမြင်းထိန်းသည် နှာရှုပ်ကြိုးကိုကိုင်၍ မင်္ဂလာမြင်းတော်ကို ရှေ့မှဆွဲသွားသည်ရှိသော် မင်္ဂလာမြင်းတော်သည် ရှေ့မှသွားသော ဂိရိဒတ္တကိုမြင်လျှင် မိမိကို သင်ပြသည်ဟု မှတ်ထင်ကာ ဂိရိဒတ္တသွားပုံကို အတုခိုးကာ ခြေခွင်လျက် သွားလေ၏။ ထိုအခါ လူတို့မြင်လတ်သော် မင်္ဂလာမြင်းတော် ခြေခွင်သည့်အဖြစ်ကို မင်းကြီးအား ကြားလျှောက်ကုန်၏။ မင်းကြီးလည်း မင်္ဂလာမြင်းတော်ကို ဆေးကုရန် ဆေးသမားတို့ကို စေလွှတ်လေ၏။ ဆေးသမားတို့လည်း သွား၍ မြင်းတော်၌ အနာမရှိသည်ကို သိကြလျှင် မင်းကြီးအား တစ်စုံတစ်ရာ အနာမရှိကြောင်းကို လျှောက်ထားကြကုန်၏။

မိမိကောင်းလျက် အပေါင်းဖျက်

ထိုအခါ မင်းကြီးသည် ပညာရှိအမတ်ကြီးကို ခေါ်စေ၍ “အို ... ပညာရှိအမတ်ကြီး .... မြင်းတော်၌ ခြေခွင်နေသည်ဟု ပြောကြသည် ကြည့်ရှုချေလော့၊ ခြေခွင်သည့်အဖြစ်ကို စုံစမ်းလော့” ဟု စေလွှတ်ပြန်၏။ ပညာရှိအမတ်ကြီးလည်း မြင်းတော်ထံသွား၍ စုံစမ်းရာ ခြေခွင်သော မြင်းထိန်းနှင့် ပေါင်းဖော်ခြင်းကြောင့် မြင်းတော် ခြေခွင်နေကြောင်းကို သိလျှင် မင်းကြီးအား -

“မြတ်သောမင်းကြီး ... ပဏ္ဍဝမြင်းတော်ကို ဂိရိဒတ္တမြင်းထိန်း ဖျက်ဆီးပါ၏။ မြင်းတော်ကား ဂိရိဒတ္တမြင်းထိန်း ခြေခွင်၍ သွားသည်ကို မြင်လျှင် အတုခိုး၍ တင့်တယ်သော သွားခြင်းကို ပယ်စွန့်ကာ ခြေခွင်၍ သွားနေပါ၏ ” –

ဟု လျှောက်ထားလေ၏။ ထိုအခါ အမတ်ကြီးသည် ပညာရှိအမတ်ကြီးအား “အိုအမတ်ကြီး ... ယခုအခါ မြင်းတော်ကို အဘယ်သို့ပြုရအံ့နည်း” ဟု မေးပြန်၏။ ပညာရှိ အမတ်ကြီးသည် မင်းကြီးအား -

“မြတ်သောမင်းကြီး ... ဆံမုတ်ဆိတ်စသည်ကို ကောင်းစွာပြုပြင်လျက် ကောင်းသော အကျင့်သီလနှင့် ပြည့်စုံသော ယောကျ်ားသည် နှာရှုပ်ကြိုးကို ကိုင်၍ မြင်းတော်ကို ရှေ့မှဆွဲသွားစေလျှင် အတုခိုး၍ ခြေခွင်သောသွားခြင်းကို ပယ်စွန့်ကာ တင့်တယ်စွာ သွားပါလိမ့်မည်” –

ဟု လျှောက်ထားနည်းပေးလေ၏။ မင်းကြီးလည်း ပညာရှိအမတ်ကြီး နည်းပေးသောအတိုင်း ပြုလုပ်စေသဖြင့် မြင်းတော် ပြကတေ့အတိုင်း ဖြစ်လာလျှင် ပညာရှိအမတ်ကြီးကား တိရစ္ဆာန်တို့အလိုကို စဉ်လျက် သိနိုင်ပေသည်ဟု အားရနှစ်သက်သော စိတ်ရှိသည်ဖြစ်၍ စည်းစိမ်များစွာ ပေးကာ ပူဇော်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဂိရိဒတ္တ မြင်းထိန်းသည် - ယခုအခါ ဒေဝဒတ်။

ပဏ္ဍဝမြင်းတော်သည် - ဆန့်ကျင်ဘက်ကို မှီဝဲသော ရဟန်း။

သာသမင်းသည် - အာနန္ဒာ။

ပညာရှိအမတ်ကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အကျင့်မူမျိုး၊ အတုခိုး ခိုးတိုင်းမကောင်းပါ။

(၂) မြင်းထိန်းခြေခွင်၊ အတုသင်၊ မြင်းပင်ခြေခွင်လာ။

(၃) တင့်တယ်သွားသူ၊ အတုယူ၊ မြင်းမူတင့်တယ်လာ။

ဂိရိဒတ္တဇာတ် ပြီး၏။

***

၁၈၅ - အနဘိရတိဇာတ်

ရေနောက် ရေကြည်ပမာ စိတ်နောက်ကျူခြင်း အပြစ်နှင့် စိတ်ကြည်လင်ခြင်း အကျိုးကို ခွဲခြား၍ ဆုံးမသော ဒိသာပါမောက္ခဆရာကြီး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လောဘပွေမှု စိတ်နောက်ကျူ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်ဝယ် ပုဏ္ဏားလုလင်တစ်ယောက်သည် ဗေဒင်သုံးပုံ၌ တစ်ဖက်ကမ်းရောက် တတ်မြောက်သည်ဖြစ်၍ မင်းသားငယ်တို့ကို လည်းကောင်း၊ ပုဏ္ဏားသားငယ်တို့ကို လည်းကောင်း ဗေဒင်ပညာကို သင်ကြားပေးသော ဆရာဖြစ်လေ၏။

နောက်အခါ ထိုပုဏ္ဏားလုလင်သည် အိမ်ရာထောင်ခြင်းကိုပြု၍ စည်းစိမ်ဥစ္စာ၊ သားမယား စသော အိမ်မှုကိစ္စတို့ ပြုလုပ်သောအခါ၌ လောဘ၊ ဒေါသ၊ မောဟ တရားဆိုးတို့နိုင်ငံသို့လိုက်ပါလျက် နောက်ကျူသောစိတ်ရှိသဖြင့် ဗေဒင်တို့သည် တဖြည်းဖြည်း မေ့ပျောက်ကုန်လေ၏။

တစ်နေ့သ၌ ပန်းနံ့သာ စသည်ကို လက်စွဲကာ မြတ်စွာဘုရားထံ ဆည်းကပ်သည်ရှိသော် မြတ်စွာဘုရားသည် ပုဏ္ဏားလုလင်အား “လုလင် ... သင်သည် ဗေဒင်တို့ကို သင်ကြားပေးသလော၊ လေ့ကျက်သလော” ဟု မေးလေ၏။ “အရှင်ဘုရား ... အိမ်ရာမထောင်မီက သင်ကြားပေးနိုင်ပါသည်၊ ကောင်းစွာ လေ့ကျက်နိုင်ပါသည်၊ အိမ်ရာထောင်သည်မှစ၍ စိတ်နောက်ကျူကာ တဖြည်းဖြည်း မေ့ပျောက်ပါသည်” ဟု လျှောက်ထားလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ပုဏ္ဏားလုလင်အား “လုလင် ... သင်သည် ယခုအခါ၌သာ စိတ်နောက်ကျူသောအခါ ဗေဒင်တို့သည် တဖြည်းဖြည်း မေ့ပျောက်သည်မဟုတ်၊ ရှေးအခါ၌လည်း စိတ်နောက်ကျူသောအခါ ဗေဒင်တို့သည် မေ့ပျောက်ဖူးပြီ”ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဆရာနည်းမှီပြု သင်ကြားမှု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားသူကြွယ်မျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ဗေဒင်သုံးပုံတို့ကို သင်ကြား၍ တစ်ဖက်ကမ်းရောက်တတ်မြောက်သောအခါ ဗာရာဏသီပြည်တွင် ဒိသာပါမောက္ခဆရာကြီး ဖြစ်လေ၏။

ထိုဒိသာပါမောက္ခဆရာကြီးသည် မင်းသားငယ်တို့ကို လည်းကောင်း၊ ပုဏ္ဏားသားငယ်တို့ကို လည်းကောင်း ဗေဒင်သုံးပုံကို သင်ကြားပေးရ၏။ များစွာသော တပည့်အပေါင်းတို့တွင် ပုဏ္ဏားလုလင်တစ်ယောက်သည် ဆရာကြီးထံဝယ် ဗေဒင်သုံးပုံကို သင်ကြားလေ့လာ၏။ တစ်ပုဒ်တစ်ဂါထာမျှ မှားယွင်းခြင်းမရှိ၊ ဆရာကြီး၏ လက်ထောက်ဆရာဖြစ်၍ တပည့်တို့အား သင်ကြားပေးရ၏။

အိမ်ရာထောင်မှု စိတ်နောက်ကျူ

ထိုလက်ထောက်ဆရာ ပုဏ္ဏားသည် နောင်အခါ အိမ်ရာထောင်ခြင်းကိုပြု၍ လူမှုကိစ္စအဝဝတို့ကို ကြံစည်အားထုတ်ရသဖြင့် နောက်ကျူသောစိတ် ရှိသည်ဖြစ်၍ ဗေဒင်တို့ကို ပြန်လှန်၍ မသရဇ္ဈာယ်နိုင်၊ မလေ့ကျက်နိုင်၊ တဖြည်းဖြည်းမေ့ပျောက်လေ၏။

တစ်နေ့သ၌ ဆရာကြီးထံ ဆည်းကပ်သွားရာတွင် ဆရာကြီးသည် တပည့်လုလင်အား “ချစ်သား ... ဗေဒင်တို့ကို လေ့ကျက်နိုင်သေးသလော” ဟု မေး၏။ “ဆရာကြီး ... အိမ်ရာထောင်သောအခါမှစ၍ စိတ်နောက်ကျူသဖြင့် မလေ့ကျက်နိုင်တော့ပါ၊ တဖြည်းဖြည်း မေ့ပျောက်ပါပြီ” ဟု ပြောကြားလေလျှင် ဒိသာပါမောက္ခဆရာကြီးသည် တပည့်လုလင်အား -

“ချစ်သား ... ရေနောက်ကျူသည်ရှိသော် ရေတွင်း၌ရှိသော ကျောက်စရစ်ခဲ၊ သဲ၊ ယောက်သွား၊ ခရု၊ ငါးအပေါင်းကို မမြင်နိုင်သကဲ့သို့၊ ထို့အတူ စိတ်နောက်ကျူသည်ရှိသော် အတတ်ပညာ၊ မိမိအကျိုးစီးပွား၊ သူတစ်ပါးအကျိုးစီးပွားကို မမြင်နိုင်” –

“ချစ်သား ... ရေကြည်လင်သည်ရှိသော် ရေတွင်း၌ရှိသော ကျောက်စရစ်ခဲ၊ သဲ၊ ယောက်သွား၊ ခရု၊ ငါးအပေါင်းကို မြင်နိုင်သကဲ့သို့ ထို့အတူ စိတ်ကြည်လင်သည်ရှိသော် အတိတ်ပညာ၊ မိမိအကျိုးစီးပွား၊ သူတစ်ပါးအကျိုးစီးပွားကို မြင်နိုင်၏” –

ဟု ဆုံးမလေ၏။

ဤဒေသနာတော်၏ အဆုံး၌ ပုဏ္ဏားလုလင်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုဏ္ဏားလုလင်သည် - ယခုအခါ ပုဏ္ဏားလုလင်။

ဒိသာပါမောက္ခဆရာကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) စိတ်နောက်ကျူလေ၊ ပညာကွေ၊ နှစ်ထွေကျိုးမမြင်။

(၂) စိတ်ကြည်လင်ငြား၊ ပညာပွား၊ နှစ်ပါးအကျိုးမြင်။

အနဘိရတိဇာတ် ပြီး၏။

***

၁၈၆ - ဒဓိဝါဟနဇာတ်

ဗာရာဏသီမင်းနှင့် စစ်ထိုးရန် သိကြားမင်းပေးသော စည်ကိုတီး၍ စစ်သည် ခြံရံစေခြင်း၊ နို့ဓမ်းအိုးကိုခွဲ၍ မြစ် ဖြစ်စေခြင်း၊ ပုဆိန်ကိုလွှတ်၍ မင်း၏ဦးခေါင်းကို ဖြတ်ယူစေခြင်းတို့ဖြင့် မင်းအဖြစ်သို့ ရောက်သော ဒဓိဝါဟနမင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သူယုတ်ပေါင်းကာ ကိုယ်လည်းပါ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် ဆန့်ကျင်ဘက်ဖြစ်သော အပေါင်းအဖော်ကို မှီဝဲလေ့ရှိ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား “ရဟန်းတို့ .... သူတော်မဟုတ် သူယုတ်မာတို့နှင့် ပေါင်းဖော်ခြင်းမည်သည်ကား - ယုတ်မာ၏၊ အကျိုးမဲ့ကို ပြုတတ်၏။ အသက်ဝိညာဉ်ရှိသော သူယုတ်မာတို့နှင့် ပေါင်းဖော်ရာဝယ် ယုတ်မာခြင်း၊ အကျိုးမဲ့ပြုခြင်းကား အဘယ်မှာ ဆိုဖွယ်ရာရှိအံ့နည်း။ ရှေးအခါ အသက်ဝိညာဉ်မရှိ အရသာခါးသော တမာပင်၊ ခွေးတောက်ပင်တို့နှင့် ပေါင်းဖော်ရာဝယ် နတ်သုဓာကဲ့သို့ အရသာချိုမြိန်သော သရက်ပင် စဉ်လျက်လည်း အရသာခါး ဖြစ်လာဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ညီများရှိရာ သိကြားလာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ကာသိတိုင်း၌ ပုဏ္ဏားညီနောင် လေးယောက်တို့သည် ရသေ့ရဟန်းပြုကာ ဟိမဝန္တာအရပ်ဝယ် အစဉ်အတိုင်း ကျောင်းဆောက်၍ နေကြကုန်၏။ ထိုလေးပါးသော ရသေ့တို့တွင် အစ်ကိုအကြီးဆုံး ရသေ့သည် စုတေ၍ သိကြားမင်း ဖြစ်လေ၏။ သိကြားမင်းသည် ထိုအကြောင်းကိုသိ၍ အကြားအကြား၌ ခုနစ်ရက်၊ ရှစ်ရက်အလွန်တွင် ညီရသေ့သုံးပါးတို့ထံ သွားကာ ဆည်းကပ်လေ့ရှိ၏။

ညီများလိုရာ ပေးအပ်ကာ

တစ်နေ့သ၌ သိကြားမင်းသည် ရသေ့ကြီးထံသို့ကပ်ပြီးလျှင် “အရှင်ဘုရား ... အဘယ်ဝတ္ထုဖြင့် အလိုရှိသနည်း” ဟု လျှောက်၏။ “သိကြားမင်း ... ငါ့မှာ ဖျော့တော့သော အနာရှိ၍ မီးဖြင့် အလိုရှိသည်” ဟု ပြော၏။ သိကြားမင်းသည် ရသေ့ကြီးအား ပဲခွပ်ပုဆိန်ကိုပေး၏။ “အရှင်ဘုရား ... မီးဖြင့် အလိုရှိသောအခါ ဤပဲခွပ်ပုဆိန်ကို လက်ဖြင့်ပုတ်ခတ်၍ ဟယ် ... ပဲခွပ်ပုဆိန် ငါ့ဖို့ ထင်းတို့ကိုဆောင်၍ မီးမွှေးလော့ ခိုင်းလျှင် ထိုပဲခွပ်ပုဆိန်သည် ထင်းတို့ကို ယူဆောင်ကာ မီးမွှေး၍ ပေးလိမ့်မည်။ သည်တွင်မကသေးတခြား လိုရာကိစ္စကိုလည်း ခိုင်းနိုင်ပါသည်ဟု မှာထားခဲ့၏။ နောက်တစ်ဖန် ရသေ့လတ်ထံသို့ ကပ်ပြီးလျှင် “အရှင်ဘုရား ... အဘယ်ဝတ္ထုဖြင့် အလိုရှိသနည်း” ဟု လျှောက်လေ၏။ “သိကြားမင်း ... ငါ့မှာ ဆင်တို့သွားရာလမ်းနှင့် နီးနေ၍ ဆင်တွေ နှိပ်စက်သဖြင့် ဆင်းရဲလှသည်။ သို့အတွက် ဆင်တွေကို ပြေးစေချင်သည်” ဟု ပြော၏။ သိကြားမင်းသည် ရသေ့လတ်အား စည်တစ်လုံးကို ပေး၏။ “အရှင်ဘုရား ... စည်၏ ဤဘက်မျက်နှာကို တီးလျှင် ရန်သူတို့ ပြေးကြလိမ့်မည်။ ဤဘက်မျက်နှာကို တီးလျှင် မေတ္တာသက်ဝင်ကြကာ အင်္ဂါလေးပါးရှိသော စည်သည်တို့လာ၍ ခြံရံကြလိ်မ့်မည်” ဟု မှာထားခဲ့၏။

နို့ဓမ်းသုံးကြ စားသောက်ရ

နောက်တစ်ဖန် ရသေ့ငယ်ထံသို့ ကပ်ပြီးလျှင် “အရှင်ဘုရား ... အဘယ်ဝတ္ထုဖြင့် အလိုရှိသနည်း” ဟု လျှောက်ပြန်၏။ “သိကြားမင်း ... ငါ့မှာ ဖျော့တော့နာ စွဲကပ်သဖြင့် ဓာတ်ချောက်ချားသည် ဖြစ်၍ နို့ဓမ်းဖြင့် အလိုရှိသည်” ဟု ပြော၏။ သိကြားမင်းသည် ရသေ့ငယ်အား နို့ဓမ်းအိုးတစ်လုံးကို ပေး၏။ “အရှင်ဘုရား ... အလိုရှိ၍ - ဤနို့ဓမ်းအိုးကို သွန်လျှင် ရေအယဉ်စီးကာ မြစ်ကြီးကိုဖြစ်စေလျက် အရှင်ဘုရားတို့အား မင်းအဖြစ်ကိုပင် ယူ၍ပေးနိုင်ပါလိမ့်မည်” ဟု မှာထားခဲ့၍ မိမိနေရာ ပြန်လေ၏။ ထိုအခါမှာစ၍ ရသေ့ကြီးသည် ပဲခွပ်ပုဆိန်ကို စေခိုင်း၍ မီးကိုရ၏။ ရသေ့လတ်လည်း စည်ကိုတီး၍ ဆင်တို့ကို ပြေးစေ၏။ ရသေ့ငယ်လည်း နို့ဓမ်းအိုးမှယူကာ နို့ဓမ်းကို စားရ၏။

သင်္ဘောပျက်ကာ သမုဒ္ဒရာ

အခါတစ်ပါး၌ ဝက်တစ်ကောင်သည် ရွာတည်ဖူးသော ရွာဆိုးကုန်း တစ်ခုဝယ် ကျက်စားသည်ရှိသော် တန်ခိုးအာနုဘော်နှင့် ပြည့်စုံသော ပတ္တမြားတုံးကို မြင်လေ၏။ ထိုဝက်သည် ပတ္တမြားတုံးကို နှုတ်သီးဖြင့် ငုံကာ ပတ္တမြား၏ တန်ခိုးအာနုဘော်ဖြင့် ကောင်းကင်သို့ပျံ့တက်၍ သမုဒ္ဒရာအလယ်ကျွန်းတစ်ခုသို့ ရောက်လေ၏။ ထိုကျွန်းဝယ် ရသဖန်းပင်အောက်၌ အမြဲနေကာ တစ်နေ့သ၌ ပတ္တမြားတုံးကို ရှေ့တွင်ချကာ အိပ်ပျော်လေ၏။ ထိုအခါ ကာသိတိုင်းနေ လုလင်တစ်ယောက်သည် မိဘတို့ နှင်ထုတ်သဖြင့် သွားရာ၊ သင်္ဘောဆိပ်တစ်ခုသို့ ရောက်လျှင် လှေသူကြိးတစ်ယောက်ထံကပ်၍ အမှုကြီးငယ်ကို ပြုလုပ်လျက် သမုဒ္ဒရာ၌ သွားသော လှေဖြင့် လိုက်လေ၏။ ထိုလုလင်သည် သမုဒ္ဒရာအလယ်သို့ရောက်၍ လှေပျက်လတ်သော် ပျဉ်ပြားတစ်ချပ်ကိုစီးကာ ထိုဝက်ရှိရာကျွန်းသို့ ရောက်လေ၏။

ဝက်ကိုသတ်စား ရသေ့ထံသွား

ထမင်းဆာမွတ်လှသဖြင့် သစ်သီးကြီးငယ်ကို ရှာဖွေသည်ရှိသော် ဝက်၏ အနီးသို့ရောက်၍ အိပ်ပျော်နေသည်ကို သိသဖြင့် အသာအယာသွားလျက် ပတ္တမြားတုံးကို ယူပြီးလျှင် ထိုပတ္တမြားတုံး၏ အာနုဘော်ဖြင့် ကောင်းကင်ပျံတက်ကာ ရသဖန်းပင်ပေါ်၌နေလျက် ဤဝက်ကား ပတ္တမြားတုံး၏ အာနုဘော်ဖြင့် ဤကျွန်းသို့လာ၍ နေဟန်တူသည်။ ဤဝက်ကို သတ်စားပြီးမှ သွားမည်ဟု ကြံစည်ကာဝက်ခေါင်းပေါ်သို့ တုတ်ချောင်းတစ်ခုကို ချလေ၏။ ဝက်သည်နိုးလတ်၍ ပတ္တမြားတုံးကို မမြင်လျှင် ထိတ်လန့်တုန်လှုပ်လျက် ထိုထိုဤဤ ပြေးလွှားကာ ရှာဖွေ၏။ လုလင်သည် ရယ်၏။ ဝက်သည် ထိုလုလင်ကို မြင်လျှင် အလွန်စိတ်ဆိုးသဖြင့် ရေသဖန်းပင်ကို ဦးခေါင်းဖြင့် တိုက်၍သေလေ၏။ လုလင်လည်း ရေသဖန်းပေါ်မှာ ဆင်းသက်ကာ ဝက်သားကို မီးကင်၍စားပြီးလျှင် ကောင်းကင်ခရီးဖြင့် သွားရာ၊ ဟိမဝန္တာသို့ရောက်လျှင် ရသေ့ကြီးသင်္ခမ်းကို မြင်၍ ဆင်းသက်ကာ ရသေ့ကြီးကို နှစ်ရက်သုံးရက် ဝတ်ကြီး ဝတ်ငယ်ကို ပြု၍နေ၏။ ထိုအခါ ပဲခွပ်ပုဆိန်၏ အာနုဘော်ကို သိလေ၏။

ရသေ့များသတ်မှု ပစ္စည်းယူ

လုလင်လင်သည် ပဲခွပ်ပုဆိန်ကို လိုချင်သဖြင့် မိမိပတ္တမြားတုံး၏ အာနုဘော်ကို ရသေ့ကြီးကိုပြကာ ရသေ့ကြီးအား “အရှင်ဘုရား ... ပတ္တမြားတုံးနှင့် ပဲခွပ်ပုဆိန်ကို လဲပါ” ဟု လျှောက်ထားလေ၏။ ရသေ့ကြီးလည်း ကောင်းကင်ဖြင့် ပျံလို၍ လဲလိုက်၏။ လုလင်လည်း ပဲခွပ်ပုဆိန်ကို ယူ၍ အတန်ငယ် သွားမိလျှင် ပဲခွပ်ပုဆိန်ကို လက်ဖြင့် ပုတ်ခတ်ကာ ရသေ့ကြီး ဦးခေါင်းကိုဖြတ်ပြီး ပတ္တမြားတုံးကို ယူခဲ့ရမည် စေခိုင်း၏။ ပဲခွပ်ပုဆိန်လည်း စေခိုင်းသည့်အတိုင်း သွား၍ ရသေ့ကြီး ဦးခေါင်းကိုဖြတ်ပြီး ပတ္တမြားတုံးကို ယူခဲ့၏။ တစ်ဖန် ပဲခွပ်ပုဆိန်ကို တစ်နေရာတွင် ဝှက်ထားကာ ရသေ့လက်ထံကပ်၍ နှစ်ရက်သုံးရက် နေသောအခါ စည်၏ အာနုဘော်ကို သိပြန်၍ ရသေ့လတ်အား - ပတ္တမြားတုံးနှင့် စည်ကိုလဲရန် လျှောက်ထား၍ လဲလိုက်သဖြင့် စည်ကိုယူကာ အတန်ငယ်သွားမိလျှင် ပဲခွပ်ပုဆိန်ကို ရှေးနည်းအတိုင်း စေလွှတ်၍ ရသေ့လတ် ဦးခေါင်းကို ဖြတ်ကာ ပတ္တမြားတုံးကို ယူစေပြီးလျှင် သိုဝှက်၍ ရသေ့ငယ်ထံ ကပ်ပြန်၍ နှစ်ရက် သုံးရက် နေသောအခါ နို့ဓမ်းအိုးကို လဲလှယ်ပြီး ပဲခွပ်ပုဆိန်ကို ရှေးနည်းအတိုင်း ရသေ့ငယ် ဦးခေါင်းကို ဖြတ်၍ ပတ္တမြားတုံးကိုယူပြီးလျှင် ပဲခွပ်ပုဆိန်ကို လည်းကောင်း၊ စည်ကို လည်းကောင်း၊ နို့ဓမ်းအိုးကို လည်းကောင်း ယူဆောင်လျက် ကောင်းကင်ခရီးဖြင့် ဗာရာဏသီပြည်သို့ သွားလေ၏။

တိုင်းပြည်ယူပြန် ထီးနန်းစံ

ရောက်လျှင် မနီးမဝေးသော အရပ်၌နေ၍ ဗာရာဏသီမင်းကြီးထံ - ပြည်ကိုတည်း ပေးမည်လော၊ သို့တည်းမဟုတ် စစ်ကိုတည်း ထိုးမည်လော-ဟု အမှာစာကို ရေးသား၍ ယောကျ်ားတစ်ယောက်ကို ပို့စေ၏။ မင်းကြီးကြားလျှင် သူခိုးကို ဖမ်းမည်ဟု စစ်သည်ဗိုလ်ပါနှင့်တကွ မြို့မှထွက်လေ၏။ ထိုအခါ လုလင်သည် စည်မျက်နှာတစ်ဘက်ကို တီးကာ အင်္ဂါလေးပါးရှိသော စစ်သည်ကို ခြံရံစေ၏။ ဗာရာဏသီမင်းကြီး၏ စစ်သည်များ လွှမ်းမိုးလာသည်ကိုသိလျှင် နို့ဓမ်းအိုးကိုသွန်ကာ မြစ်ကြီးကို ဖြစ်စေ၏။ လူအများ နို့ဓမ်းမြစ်၌ နစ်မွန်းနေသည်ကို မြင်လျှင် ပဲခွပ်ပုဆိန်ကို စေလွှတ်ကာ မင်းကြီး၏ ဦးခေါင်းကို ဖြတ်စေ၏။ ပဲခွပ်ပုဆိန်လည်း မင်းကြီးဦးခေါင်းကို ဖြတ်ယူကာ၊ လုလင် ခြေရင်းတွင် ချထားလေ၏။ တစ်ဦးတစ်ယောက်မျှ လက်နက်ကို ကိုင်ခြင်းငှာ မစွမ်းနိုင်၊ ထိုအခါ လုလင်သည် များစွာသော အခြံအရံဖြင့် မြို့တွင်းသို့ဝင်ကာ အဘိသိက်သွန်စေ၍ (ဒဓိဝါဟန)မင်းဟူသော အမည်ဖြင့် တရားသဖြင့် မင်းပြုလေ၏။

သရက်ထူးခြား မွန်မြတ်ထား

တစ်နေ့သ၌ ဒဓိဝါဟန မင်းကြီးသည် ပိုက်ကွန်ဖြင့်မြစ်၌ ရေကစားစဉ် ကဏ္ဏမဏ္ဍအိုင်မှ နတ်တို့ အသုံးအဆောင်ဖြစ်သော သရက်သီးမှည့်တစ်လုံး မျောလာကာ ကွန်၌ငြိလေ၏။ လူတို့သည် ကွန်ကိုမ-ချီသောအခါ သရက်သီးကိုတွေ့လျှင် မင်းကြီးအား ဆက်သကုန်၏။ သရက်သီးသည် လုံးဝိုင်း၍ အိုးစရည်းပမာဏရှိ၏။ ရွှေကဲ့သို့ဝါဝင်းသော အဆင်းရှိ၏။ မင်းကြီးလည်း သရက်သီးကိုရလျှင် မုဆိုးတို့ကို မေး၍ သရက်သီးမှန်းသိသဖြင့် သုံးဆောင်တော်မူ၏။ နတ်သုဓာကဲ့သို့ အရသာရှိ၏။ သရက်စေ့ကို ဥယျာဥတော်၌ စိုက်ပျိုးစေ၍ နို့ရေဖြင့် သွန်းလောင်းစေ၏။ သုံးနှစ်မြောက်သောအခါ အသီးသီးလေ၏။ ချိုမြိန်သော အရသာရှိ၍ ရွှေအဆင်းကဲ့သို့ပင် ဝါဝင်း၏။ မင်းနှင့်တကွ လူအများတို့သည် သရက်ပင်အား နို့ရည်ဖြင့် အမြဲသွန်းလောင်းလျက် ပန်းနံ့သာ ဆီမီးတို့ဖြင့် ပူဇော်ကြကုန်၏။

လက်ဆောင်ပေးလျက် မျိုးစေ့ပျက်

မင်းကြီးသည် ထိုသရက်သီးကို တစ်ပါးသော မင်းတို့အား လက်ဆောင်ပေးသည်ရှိသော် အစေ့ကို စိုက်ပျိုးထားမည်ကို စိုးရိမ်သဖြင့် အညွန့်ပေါက်ရာ အရပ်ကို အဆိပ်ရှိသော အရိုးဖြင့်ထိုး၍ မျိုးစေ့ကို ဖျက်ဆီးပြီးမှ ပေးတော်မူလေ့ရှိ၏။ ထိုမင်းတို့သည် သရက်စေ့ကို စိုက်၍ အပင်မပေါက်သောအခါ မျိုးစေ့ကို ဖျက်ဆီးထားမှန်း သိကြကုန်၏။ ထိုအခါ မင်းတစ်ပါးသည် မိမိဥယျာဉ်စောင့်ကို ခေါ်စေ၍ “အမောင် ... ဒဓိဝါဟမင်း၏ သရက်သီး အရသာကို ဖျက်ဆီး၍ ခါးလာအောင် ပြုလုပ်နိုင်ပါမည်လော”ဟု မေးလေ၏။ “အရှင်မင်းကြီး ... ပြုလုပ်နိုင်ပါသည်”ဟု လျှောက်ထားလျှင် မင်းကြီးသည် ပြုလုပ်နိုင်လျှင် သွား၍ ပြုလုပ်လောဟု ဥစ္စာတစ်ထောင်ပေးကာ စေလွှတ်လိုက်၏။

ရသာဖျက်ရန် နည်းလမ်းကြံ

ထိုဥယျဉ်စောင့်လည်း ဗာရာဏသီပြည်သို့သွား၍ ဒဓိဝါဟမင်းကြီးထံ ဆည်းကပ်ကာ ဥယျာဉ်စောင့် ဖြစ်ကြောင်း ဥယျာဉ်တော်ကို ကောင်းစွာ ပြုပြင်လိုကြောင်းကို လျှောက်ထားလေလျှင် မင်းကြီး နှစ်သက်တော်မူသဖြင့် ဥယျာဉ်တော်ကို ပြုပြင်ရန် မိမိဥယျာဉ်စောင့်ထံ စေလွှတ်လိုက်၏။ ထိုအခါမှ စ၍ ဥယျာဉ်စောင့် နှစ်ယောက်တို့သည် ဥယျာဉ်တော်ကို ပြုပြင်ကြကုန်၏။ ရောက်သစ်စဖြစ်သော ဥယျာဉ်စောင့်သည် ပန်းတို့ကို အခါမဲ့ ပွင့်စေ၏။ သစ်သီးတို့ကို အခါမဲ့ သီးစေ၏။ ဥယျာဉ်တော်ကို မွေ့လျော်ဖွယ်ရှိအောင် ပြုပြင်၏။ ဒဓိဝါဟန မင်းကြီးလည်း အလွန်နှစ်သက်တော်မူသဖြင့် ဥယျာဉ်စောင့်ဟောင်းကို နှင်ထုတ်ကာ ဥယျာဉ်စောင့်သစ်ကိုသာ ဥယျာဉ်တော်ကို ပြုပြင်ရန် လွှဲအပ်လေ၏။

ပန်းချင်းရောယှက် အမျိုးဖျက်

ဥယျဉ်စောင့်သစ်သည် ဥယျဉ်တော်တစ်ခုလုံး မိမိလက်သို့ ရောက်လာလျှင် အလိုရှိတိုင်း ပြုလုပ်ခွင့်ရသဖြင့် သရက်ပင်ကို ခြံရံ၍ တမာပင်တို့ကို လည်းကောင်း၊ ခွေးတောက်ပင်တို့ကို လည်းကောင်း စိုက်ပျိုးလေ၏။ အစဉ်သဖြင့် တမာပင်၊ခွေးတောက်ပင်တို့ ကြီးပြင်းလာလျှင် သရက်မြစ်နှင့် တမာမြစ်တို့သည် လည်းကောင်း၊ သရက်ခက်နှင့် တမာခက် ခွေးတောက်ခက်တို့သည် လည်းကောင်း အချင်းချင်းရောနှော ထွေးယှက်ကြကုန်၏။ ထိုအခါ နတ်သုဓာကဲ့သို့ ချိုမြိန်ကောင်းမြတ်လှသော သရက်သီးတို့သည် တမာရွက် ခွေးတောက်ရွက်တို့ကဲ့သို့ အလွန်ခါး၍ လာကုန်၏။ ဥယျဉ်စောင့်လည်း သရက်သီးတို့ ခါးလာသည်ကို သိလျှင် ပြေးလေ၏။

သစ်ပင်ပမာပြ ဆိုဆုံးမ

ဒဓိဝါဟနမင်းကြီးသည် ဥယျဉ်တော်သို့သွား၍ သရက်သီးကို သုံးဆောင်သည်ရှိသော် တမာရွက်၊ ခွေးတောက်ရွက်တို့ကဲ့သို့ ခါးနေသဖြင့် မမျိုနိုင်တော့ဘဲ ဟက်၍ ထွေးရ၏။ ထိုအခါ ဘုရားအလောင်းသည် ဒဓိဝါဟနမင်းကြီးအား အကျိုးအကြောင်းပြ၍ ဆုံးမတတ်သော ပညာရှိအမတ်ကြီး ဖြစ်လေ၏။ မင်းကြီးသည် ပညာရှိကြီးကို ခေါ်စေ၍ - “အို ပညာရှိအမတ်ကြီး ... ဤသရက်ပင်ကား - ရှေးအခါ အဆင်းအနံ့ အရသာနှင့် ပြည့်စုံသော အသီးကို သီးခဲ့၏။ ယခုအခါလည်း ရှေးအခါ၌ကဲ့သို့ ပူဇော်ချီးမြှောက်ခြင်းကို ရပါလျက် အဘယ်ကြောင့် ခါးသောအသီးကို သီးဘိသနည်း” – ဟု မေးတော်မူ၏။

ပညာရှိအမတ်ကြီးသည် မင်းကြီးအား - “မြတ်သောမင်းကြီး ... ဤမင်္ဂလာသရက်ပင်ကား - ယခုအခါ တမာပင်၊ ခွေးတောက်ပင်တို့ဖြင့် ခြံရံလျက်ရှိ၏။ သရက်မြစ်နှင့် တမာမြစ်၊ ခွေးတောက်မြစ်၊ သရက်ခက်နှင့် တမာခက်၊ ခွေးတောက်ခက်တို့ ရောနှောထွေးယှက် ပေါင်းဖော်ခြင်းကြောင့် ခါးသောအသီးကို သီဘိ၏” –

ဟု သရက်သီးခါးရခြင်း အကြောင်းကို လျှောက်ထားလေ၏။

မင်းကြီးလည်း ပညာရှိအမတ်ကြီး၏ စကားကို ကြားလျှင် အမြစ်နှင့်တကွ တမာပင်၊ ခွေးတောက်ပင်တို့ကို ဖြတ်စေပြီးလျှင် လေးမျက်နှာမှ ခါးသော မြေမှုန့်တို့ကို ထုတ်ပယ်စေလျက် နို့ရည်၊ သကာရည်၊ နံ့သာရည်တို့ဖြင့် သွန်းလောင်းကာ တစ်ဖန်ပြုပြင်စေ၏။ ထိုသရက်ပင်လည်း ချိုမြိန်ကောင်းမြတ်သော ဝတ္ထုနှင့် ပေါင်းဖော်ရပြန်သောကြောင့် ချိုမြိန်ကောင်းမြတ်သော အသီးကို သီးပြန်လေ၏။ ဒဓိဝါဟနမင်းကြီးလည်း ဥယျာဉ်တော်ကို ပြုပြင်ရန် ဥယျာဉ်စောင့်ဟောင်းကိုပင် ခေါ်ယူအပ်နှင်း၍ အသက်၏အဆုံး၌ ကံအားလျော်စွာ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ ... ထိုအခါ ပညာရှိအမတ်သည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိုက်သူ,ယုတ်သူ၊ ပေါင်းဖက်မူ၊ ထိုသူမိုက်ယုတ်မည်။

(၂) လိမ္မာသူကောင်း၊ အတူပေါင်း၊ ကောင်း၍လိမ္မာမည်။

(၃) စိတ်ရှိလူထား၊ သစ်ပင်များ၊ ပေါင်းငြား ဓာတ်ကူးသည်။

(၄) သီးချိုသရက်၊ တမာယှက်၊ ခါးလျက် သီးတော့သည်။ ဒဓိဝါဟနဇာတ် ပြီး၏။

***

၁၈၇ - စတုမဋ္ဌဇာတ်

ကိုယ်ခန္ဓာ၊ အမျိုးဇာတ်၊ အသံ၊ ဂုဏ်ကျေးဇူးဟူသော အင်္ဂါလေးပါးတို့ဖြင့် ယုတ်မာသောမြေခွေးနှင့် စကားပြောရန် စက်ဆုပ်ရွံရှာ၍ စိတ္တကုဋ်တောင်သို့ပျံသွားသော ဟင်္သာငှက်နှစ်ကောင် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရဟန်းအိုမေးချက် တရားပွဲပျက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဂ္ဂသာဝကနှစ်ပါးတို့ အချင်းချင်းပြဿနာ မေးဖြေနေကြစဉ် ရဟန်းအိုတစ်ပါးသည် အနီးသို့သွား၍ “အရှင်ဘုရားတို့ ... အကျွန်ုပ်သည် အရှင်ဘုရားတို့အား ပြဿနာကို မေးလိုပါ၏။ အရှင်ဘုရားတို့လည်း မိမိတို့ယုံမှားခြင်းကို အကျွန်ုပ်အား မေးတော်မူကြပါ” ဟု ပြောဆိုလေ၏။ ထိုအခါ အဂ္ဂသာဝကနှစ်ပါးတို့သည် ထိုရဟန်းအိုကို ရွံရှာသဖြင့် နေရာမှထ၍ သွားကြကုန်၏။ အဂ္ဂသာဝက နှစ်ပါးတို့ တရားတော်ကို နာကြားရန်နေသော ပရိသတ်တို့ အစည်းအဝေးပျက်သောအခါ ရဟန်းတို့သည် မြတ်စွာဘုရားထံသို့သွား၍ ထိုအကြောင်းကို လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် “ရဟန်းတို့ ... ယခုအခါ၌သာလျှင် သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့သည် ထိုရဟန်းအိုကို ရွံရှာသဖြင့် စကားမဆိုမူ၍ ဖဲသွားကြကုန်သည် မဟုတ်၊ ရှေးအခါ၌လည်း စကားမဆိုမူ၍ ဖဲသွားကြဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သွားလာတည်းဝင် ချစ်ကျွမ်းဝင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် တောအရပ်တစ်ခုဝယ် ရုက္ခစိုးနတ် ဖြစ်လေ၏။ ထိုအခါ ဟင်္သာငယ်နှစ်ကောင်တို့သည် စိတ္တကုဋ်တောင်မှ ထွက်သည်ရှိသော် ရုက္ခစိုးနတ် စောင့်အပ်သော သစ်ပင်၌ ခေတ္တနားနေလျက် ကျက်စားရာအရပ်သို့ အစာရှာဖွေလှည့်လည်ကာ ထိုသစ်ပင်၌ပင် အပန်းဖြေပြီးမှ စိတ္တကုဋ်တောင်သို့ ပြန်သွားလေ့ရှိကြကုန်၏။ ကာလမြင့်ကြာလတ်သော် ဟင်္သာငယ်တို့သည် ရုက္ခစိုးနတ်နှင့်တကွ တွေ့ကြုံဖန်များသဖြင့် ချစ်ကျွမ်းဝင်ကုန်၏။ သွားသောအခါ၊ လာသောအခါ အချင်းချင်း ဝမ်းမြောက်ဝမ်းသာ တရားစကားကို ပြောဟောလျက် ဖဲသွားကြကုန်၏။

ချင်းချင်းပြောလျက် ခွေးနှောင့်ယှက် တစ်နေ့သ၌ ဟင်္သာငယ်တို့သည် သစ်ပင်ဖျား၌ နားကုန်လျက် ရုက္ခစိုးနတ်နှင့် ပြောဟောကုန်သည်ရှိသော် မြေခွေးတစ်ကောင်သည် သစ်ပင်အောက်၌ရပ်လျက် - “အို - ဟင်္သာငယ်တို့ ... သင်တို့ကား ပကတိအားမြင့်မားလှသော သစ်ပင်ဝယ် အလွန်မြင့်သော သစ်ခွကြားသို့တက်၍ ဆိတ်ကွယ်ရာသို့ ကပ်ပြီးလျှင် တိုင်ပင် ပြောဟောကြကုန်၏။ နိမ့်ရာအရပ်သို့ သက်ဆင်း၍ တိုင်ပင်ပြောဟောလှည့်ကြပါ၊ သားများ သနင်း ငါမင်းမြတ်လည်း နားထောင်ပါမည်” – ဟု ဟင်္သာငယ်တို့နှင့်တကွ တိုင်ပင်စကား ပြောကြားလေ၏။

ရွံရှာစက်ဆုပ် မောင်းနှင်ထုတ်

ထိုအခါ ဟင်္သာငယ်တို့သည် ရွံရှာသဖြင့်ထ၍ စိတ္တကုဋ်တောင်သို့ ပြန်သွားကြကုန်၏။ ဟင်္သာငယ်တို့ ပျံသွားသောအခါ ရုက္ခစိုးနတ်သည် မြေခွေးအား - “ဟယ် ... မြေခွေးယုတ် ... အဆင်းကောင်းသော ဟင်္သာတစ်ကောင်သည် အဆင်းကောင်းသော ဟင်္သာတစ်ကောင်နှင့်၊ နတ်ဖြစ်သော ဟင်္သာတစ်ကောင်သည် နတ်ဖြစ်သော ဟင်္သာတစ်ကောင်နှင့် တိုင်ပင်ပြောဟောကြရာ၌ ကိုယ်ခန္ဓာ အမျိုးဇာတ်၊ အသံ၊ ဂုဏ်ကျေးဇူးဟူသော အင်္ဂါလေးပါးတို့ဖြင့် ယုတ်မာသော မြေခွေးနှင့် အဘယ်သို့ တိုင်ပင်ဟောပြောရအံ့နည်း၊ ဟယ်မြေခွေးယုတ်- သင်သည် သင်၏ နေရာတွင်းသို့ဝင်လော”- ဟု ခြိမ်းခြောက်နှင်ထုတ်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ ... ထိုအခါ မြေခွေးသည် - ယခုအခါ ရဟန်းအို။ · ဟင်္သာငယ်နှစ်ကောင်သည် - သာရိပုတ္တရာ၊ မောဂ္ဂလာန်။ · ရုက္ခစိုးနတ်သည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဂုဏ်မတူလျှင်၊ အရောဝင်၊ တိုင်ပင်မပြုရာ။

(၂) ဟင်္သာတိုင်ပင်၊ မြေခွေးဝင်၊ ဂုဏ်အင်မမျှပါ။

စတုမဋ္ဌဇာတ် ပြီး၏။

***

၁၈၈ - သီဟကောတ္ထုဇာတ်

မိမိ၏ ဟောက်သံဖြင့် မြေခွေးမ၏ သားအဖြစ်ကို သိစေသော ခွေးခြင်္သေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သူများတုလင့် နှိုင်းချိန်သင့်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့တရားဟောကုန်လတ်သော် ပရိသတ်အလယ်တွင် အသံဖြင့်တရားဟောလိုသော ကောကာလိကကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဖခင်တူလည်း အသံကွဲ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဟိမဝန္တာအရပ်ဝယ် ခြသေ့င်္မင်းဖြစ်၍ မြေခွေးမတစ်ကောင်နှင့် ပေါင်းဖော်ခြင်းကိုစွဲ၍ သားတစ်ကောင် ရလေ၏။ ထိုသားသည်လက်ချောင်း ခြေချောင်းတို့ဖြင့် လည်းကောင်း၊ လက်သည် ခြေသည်းတို့ဖြင့် လည်းကောင်း၊ မှင်ဆံမွေးတို့ဖြင့် လည်းကောင်း၊ အဆင်းသဏ္ဍာန်တို့ဖြင့် လည်းကောင်း အဖခြင်္သေ့မင်းနှင့် အလုံးစုံတူ၏။ အသံဖြင့်ကား အမိမြေခွေးမနှင့် တူ၏။

မျိုးရိုးပြောပြ တားမြစ်ရ

တစ်နေ့သ၌ မိုးရွာ၍စဲသည်ရှိသော် ခြင်္သေ့တို့သည် ဟောက်ကုန်လျက် မြူးတူးပျော်ပါး ကစားကြကုန်၏။ ထိုအခါ မြေခွေးမ သားသည်လည်း ခြသေ့င့်္စစ်တို့အလည်၌ ဟောက်လိုသည် ဖြစ်၍ မြေခွေးမြည်သံကို မြည်လေ၏။ ခြင်္သေ့တို့သည် မြေခွေးမြည်သံကို ကြားလျှင် မဟောက်ကြပဲ ဆိတ်ဆိတ် နေကြကုန်၏။

အဖခြင်္သေ့မင်းနှင့် ဇာတ်တူဖြစ်သော သားခြင်္သေ့စစ်တစ်ကောင်သည် ဖခင်ခြင်္သေ့မင်းအား -

“ဖခင် ... ဤခြင်္သေ့ကား လက်ချောင်း၊ ခြေချောင်း၊ လက်သည်း၊ ခြေသည်း၊ မှင်ဆံ အဆင်းသဏ္ဍာန်အားဖြင့် အလုံးစုံ ကျွန်ုပ်တို့နှင့်တူ၏။ အသံကား မြေခွေးသံနှင့် တူ၏။ အဘယ်ခြင်္သေ့မျိုး ဖြစ်သနည်း” – ဟု မေးလေ၏။ ခြင်္သေ့မင်းလည်း “ချစ်သား ... ဤခြင်္သေ့ကား သင်၏ ညီအရင်းတည်း၊ မြေခွေးမ၏ သားဖြစ်၍ အဆင်းသဏ္ဍာန်အားဖြင့် ငါအဖနှင့် တူသော်လည်း အသံအားဖြင့် အမိမြေခွေးမနှင့် တူသေည်ဟု ပြောဆိုပြီးသော် မြေခွေးမ သားခြင်္သေ့ကို ခေါ်စေ၍ -

“ချစ်သား ... သင်မမြည်လင့်၊ ဤတော၌ ဆိတ်ဆိတ်သာ နေလော့၊ သင့်ကို မြည်သံဖြင့် မြေခွေးဟု မသိစေလင့်၊ အမှန်အားဖြင့် သင့်အသံမှာ အဖခြင်္သေ့မင်း အသံနှင့် မတူပေ” –

ဟု ပြောဆိုဆုံးမလေ၏။ မြေခွေးမသား ခြင်္သေ့လည်း အဖ၏ အဆုံးအမ၌တည်ကာ နောက်တစ်ဖန် မမြည်ဝံ့တော့ချေ။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -

ထိုအခါ မြေခွေးမသားသည် - ယခုအခါ ကောကာလိက။

ခြင်္သေ့မင်းသားသည် - ရာဟုလာ။

ခြင်္သေ့မင်းသည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) နည်းလှကြားမြင်၊ လူရာဝင်၊ လူတွင်ရှက်ကွဲမည်။

(၂) မြေခွေးသားမောင်၊ ခြင်္သေ့ဘောင်၊ ဟောင်၍ရှက်ကွဲသည်။

သီဟကောတ္ထုဇာတ် ပြီး၏။

***

၁၈၉ - သီဟစမ္မဇာတ်

အသံမြည်မိ၍ အသက်ဆုံးရှုံးရသော ခြသေ့င်္အရေခြုံ မြည်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကိုစွမ်းမချင့် ဒုက္ခသင့်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ပရိသတ်အလယ်တွင် သီတင်းသုံးတော်မူစဉ် ပရိသတ်အလယ်တွင် အသံဖြင့် တရားဟောလိုသော ကောကာလိကကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကုန်သည်ဉာဏ်သုံး သားရေဖုံး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် လယ်ယာလုပ်ကိုသော အမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် လယ်ယာလုပ်ကိုင်ခြင်းအမှုဖြင့် အသက်မွေးလေ၏။ ထိုအခါ ကုန်သည်တစ်ယောက်သည် မြည်း၌ ဝန်တို့ကို တင်၍ ကုန်သွယ်ခြင်းအမှုကိုပြုလျက် လှည့်လည်သွားလာ၏။ ရောက်လေရာရာအရပ်၌ မြည်းကျောပေါ်မှ ကုန်ထုပ်တို့ကိုချ၍ မြည်းကိုယ်ကို ခြင်္သေ့ရေဖြင့် ဖုံးအုပ်ကာ သလေးခင်း၊ မုယောခင်းတို့၌ လွှတ်၏။ လယ်စောင့်သော သူတို့သည် မြည်းကိုမြင်လျှင် ခြင်္သေ့မှတ်ထင်ကာ အနားသို့ မချဉ်းကပ်ဝံ့ကြကုန်၏။

သားရဲဖမ်းရန် ဝိုင်းဝန်းပြန်

တစ်နေ့သ၌ ကုန်သည်တို့သည် တစ်ခုသော ရွာတံခါးအနီး၌ ခေတ္တတည်းခိုကြလျက် နံနက်စာ ထမင်းချက်ပြုတ်နေစဉ် မြည်းကို ခြင်္သေ့ရေဖြင့် ဖုံးအုပ်ကာ ထိုအရပ်တွင်ရှိသော မုယောခင်းတို့၌ လွှတ်လေ၏။ လယ်စောင့်သောသူတို့သည် ခြင်္သေ့မှတ်ထင်ကာ မြည်း၏ အနားသို့ မချဉ်းကပ်ဝံ့ကြ၍ အိမ်သို့သွားကာ လယ်ရှင်တို့ကို ပြောကြားကြကုန်၏။ ရွာ၌နေသောသူတို့သည် လက်နက်တို့ကို ကိုင်စွဲကုန်လျက် စည်၊ ခရုသင်းတို့ကို တီးမှုတ်ကာ လယ်အနီးသို့သွား၍ ဟစ်အော်ကြွေးကြော်ကုန်၏။

အသံမြည်ချက် အသက်ထွက်

မြည်းသည် သေဘေးမှ ကြောက်သဖြင့် မြည်းမြည်သံကို မြည်လေ၏။ ထိုအခါ မြည်းအဖြစ်ကိုသိလျှင် လယ်သမား ပညာရှိသည် - “အချင်းတို့ ... ဤအသံကား-ခြင်္သေ့အသံမဟုတ်၊ ကျားအသံလည်း မဟုတ်၊ သစ်အသံလည်း မဟုတ်၊ ခြင်္သေ့ရေဖြင့် ခြုံထားသော ယုတ်မာသည် မြည်းအသံဖြစ်၏” – ဟု ပြောဆိုလေ၏။ ထိုအခါ ရွာ၌နေကုန်သောသူတို့သည် မြည်းအဖြစ်ကို သိကြလျှင် ဝိုင်းအုံ၍ အရိုးကျိုးအောင် ရိုက်နှက်ကာ လဲစေလျက် ခြင်္သေ့ရေကို ယူသွားကြကုန်၏။ ထိုနောက်မှ ကုန်သည်တို့သည် လာလတ်၍ ပျက်စီးခြင်းသို့ ရောက်နေသော မြည်းကိုမြင်လျှင် -

“အချင်းတို့ ... ဤမြည်းကား မိမိမြည်း အဖြစ်ကို မသိစေဘဲ ခြင်္သေ့ရေကိုခြုံလျက် ကြာမြင့်စွာ စိမ်းစိုသော မုယောတို့ကို စားရလေ၏။ မြည်သော အသံဖြင့်သာလျှင် မိမိကိုယ်ကို ဖျက်ဆီးဘိ၏” –

ဟု ပြောဆိုနေကြစဉ်ပင် မြည်းသည် ထိုအရပ်ဝယ် ဝပ်လျက် သေလေ၏။ ကုန်သည်တို့လည်း မြည်းကိုစွန့်၍ သွားကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -

ထိုအခါ ကုန်သည်သည် - ယခုအခါ ဒေဝဒတ်။

မြည်းသည်ကား - ကောကာလိက။

လယ်သမား ပညာရှိသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဆိတ်ဆိတ်နေလျှင်၊ ကိုယ်ဟန်မြင်၊ အထင်ကြီးလိမ့်ရာ။

(၂) ဇာတိမမှန်၊ မူမမှန်၊ အသံမပြုရာ။

(၃) ခြင်္သေ့ရေခြုံ၊ ဘေးမျိုးလုံ၊ မြည်းတုံမြည်းသေရှာ။

သီဟစမ္မဇာတ် ပြီး၏။

***

၁၉၀ - သီလာနိသံသဇာတ်

သီလရှိသော သောတာပန်နှင့် ပေါင်းဖော်ခြင်းကြောင့် နတ်စောင်မခြင်းဟူသော သီလအကျိုးကို ခံစားရသော ဆတ္တာသည်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဂုဏ်တော်စွမ်းကြောင့် ရေပေါ်လျှောက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒါယကာတစ်ယောက်သည် သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ရတနာသုံးပါး၌ ကြည်ညို၏

တစ်နေ့သ၌ ထိုဒါယကာသည် မြတ်စွာဘုရားကို ဖူးမြော်ရန် ဇေတဝန်ကျောင်းတော်သို့သွားရာ ညချမ်းသောအခါ အစိရဝတီမြစ်သို့ရောက်လျှင် လှေကိုမမြင်သဖြင့် ဘုရားဂုဏ်ကို အာရုံပြု၍ဖြစ်သော ပီတိအဟုတ်ဖြင့်ကူး၍ မြစ်သို့ဆင်းသက်လေ၏။ ခြေတို့သည် ရေမနစ်ကုန်၊ မြေပြင်၌ သွားရသကဲ့သို့ ဖြစ်ကုန်၏။

ရေအလယ်သို့ရောက်၍ လှိုင်းတံပိုးကိုမြင်လျှင် ဘုရားဂုဏ်ကို အာရုံပြု၍ဖြစ်သော ပီတိအဟုတ်ညံ့၍ ခြေတို့သည် နစ်မည်ကဲ့သို့ ပီတိအဟုတ် အားကောင်းလာသောအခါ ထိုပီတိဖြင့်ပင်ရေပြင်၌သွားလျက် ဇေတဝန်ကျောင်းတော်သို့ ရောက်၍ မြတ်စွာဘုရားထံ ဆည်းကပ်မိလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ဒါယကာအား “ဒါယကာ .. အသို့နည်း၊ မပင်ပန်းလာခဲ့ရ၏လော” ဟု မေးတော်မူ၏။ “အရှင်ဘုရား ... ဘုရားဂုဏ်ကို အာရုံပြု၍ဖြစ်သော ပီတိအဟုတ်ဖြင့်လာခဲ့ရာ ရေပြင်၌ ထောက်တည်ရာရ၍ မြေကြီး၌ နင်းရသကဲ့သို့ လာရပါ၏” ဟု လျှောက်ထားလေ၏။

ထိုအခါ မြတ်စွာဘုရားသည် “ဒါယကာ ... သင်သည်သာ ယခုအခါ ဘုရားဂုဏ်ကျေးဇူးကို အောက်မေ့၍ ရေပြင်၌ထောက်တည်ရာရသည် မဟုတ်သေး၊ ရှေးအခါ၌လည်း ဒါယကာတို့သည် သမုဒ္ဒရာအလယ်၌ သင်္ဘောပျက်သည်ရှိသော် ဘုရားဂုဏ်ကျေးဇူးတော်ကို အောက်မေ့၍ ထောက်တည်ရာ ရဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အကုသိုလ်မှု ရှောင်ကြဉ်ပြု

လွန်လေပြီးသောအခါ ကဿပမြတ်စွာဘုရား လက်ထက်တော်၌ ထိုကဿပ မြတ်စွာဘုရား၏ တပည့်ဖြစ်သော သောတာပန် ဒါယကာသည် ဆတ္တာသည် သူကြွယ်တစ်ယောက်နှင့် အတူတကွ သဘောင်္စီး၍ သွားလေ၏။ ဆတ္တာသည် မယားသည် သွားခါနီးတွင် သောတာပန် ဒါယကာအား “အရှင် ... ဤသူ၏ ချမ်းသာဆင်းရဲသည် အရှင်၏ တာဝန်ဖြစ်စေ” ဟု ယောကျ်ားဆတ္တာသည် အပ်နှင်း၍ ထည့်လိုက်၏။

သင်္ဘောသည် သွား၍ ခုနစ်ရက်မြောက်သောနေ့တွင် သမုဒ္ဒရာအလယ်၌ ပျက်သည်ရှိသော် ထိုသူငယ်နှစ်ယောက်တို့သည် ပျဉ်ချပ်တစ်ခုတွင် စီးကာ ကျွန်းငယ်တစ်ခုသို့ ရောက်ကြကုန်၏။ ထိုကျွန်းငယ်၌ ဆတ္တာသည်သည် ငှက်တို့ကိုသတ်စားသည်ရှိသော် ထိုသောတာပန် ဒါယကာအားလည်း ပေးလေ၏။ သောတာပန် ဒါယကာသည် ငါ့အား အလိုမရှိဆို၍ မစားဘဲနေ၏။

သင်္ဘောအလား ဖန်ဆင်းထား

ထိုအခါ သောတာပန် ဒါယကာသည် ဤအရပ်၌ ရတနာသုံးပါးမှတစ်ပါး ကိုးကွယ်ရာအားထားရာမရှိဟု ကြံစည်လျက် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကိုသာ အောက်မေ့လေ၏။ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို အောက်မေ့နေစဉ်ပင် ထိုကျွန်းငယ်၌နေသော နဂါးမင်းသည် မိမိကိုယ်ကို သင်္ဘောအသွင် ဖန်ဆင်း၏။ သမုဒ္ဒရာစောင့်နတ်သည် သင်္ဘောသူကြိးအသွင် ဖန်ဆင်းကာ သင်္ဘော၌ ရတနာခုနစ်ပါးဖြင့် ပြည့်စေ၏။ *လင်းယဉ်တိုင်(ရွက်တိုင်)သုံးခုတို့သည် ပတ္တမြားညိုဖြင့် ပြီးကုန်၏။ အဆင်တန်ဆာတို့သည် ရွှေဖြင့် ပြီးကုန်၏။ ကြိုးတို့သည် ငွေဖြင့် ပြီးကုန်၏။ ထိုဝါးတက်မတို့သည် ရှေဖြင့် ပြီးကုန်၏။

*လင်းယဉ်တိုင် - ရွက်တိုင်ကို ခေါ်သည်။ (ရှေးအခါ ရွက်သင်္ဘောတို့ကို အသုံးပြုကြဟန်တူသည်။)

ကုသိုလ်ဖို့တွေ အမျှဝေ

သမုဒ္ဒရာစောင့်နတ်သည် သင်္ဘောဦးတွင်စီးလျက် ဇမ္ဗူဒိပ်ကျွန်းသို့ သွားလိုသူများရှိသလောဟု ကြွေးကြော်လေ၏။ သောတာပန်ဒါယကာသည် “အမောင် ... ငါတို့ သွားလိုကုန်သည်” ဟု ဆိုလျှင် “လာပါသွားမည် သင်္ဘောသို့ တက်ပါလော့” ဟု ဆိုလေ၏။ သောတာပန်ဒါယကာသည် သင်္ဘောသို့တက်ပြီးလျှင် ဆတ္တာသည်ကို ခေါ်၏။ သမုဒ္ဒရာစောင့်နတ်သည် “သင်နှင့်သာ ထိုက်တန်၏။ ဆတ္တာသည်နှင့် မထိုက်တန်” ဟု ပြော၏။ “အမောင် .. အဘယ်ကြောင့် မထိုက်တန်သနည်း” ဟု ပြော၏။ “အရှင် ... သီလ အကျင့်အာစာရမရှိသောကြောင့် မထိုက်တန်” ဟု ဆို၏။ ထိုအခါ ဒါယကာသည် သင်ဆိုတိုင်း မှန်သည်ဖြစ်စေ ငါပေးလှူစောင့်ရှောက်ပွားများအပ်သော ဒါန၊ သီလ၊ ဘာဝနာကုသိုလ် အဖို့ကို ဆတ္တာသည်အား အမျှပေးဝေပါ၏ဟု ဆို၍ အမျှပေးဝေလျှင် ဆတ္တာသည်လည်း “အရှင် ... ဝမ်းမြောက်ပါ၏” ဟု ဆိုကာ သာဓုအနုမောဒနာ ပြုလေ၏။

သူတော်စွမ်းကြောင့် ပြည်ပြန်ရောက်

ထိုအခါ သမုဒ္ဒရာစောင့်နတ်သည် ယခုအခါ ခေါ်ယူခြင်းငှာ ထိုက်တန်၏ဟု ဆတ္တာသည်ကိုလည်း တင်ဆောင်ကာ သမုဒ္ဒရာမှ ထွက်စေလျက် မြစ်ခရီးဖြင့် ဗာရာဏသီပြည်သို့ ယူဆောင်ပြီးမှ မိမိ၏အနုဘော်ဖြင့် ထိုသူနှစ်ယောက်တို့၏ အိမ်တို့၌ ဥစ္စာရတနာတို့ကို တည်ထားစေပြီးလျှင် -

“အချင်းတို့ ... သဒ္ဓါ၊ သီလ၊ စာဂ၏ အကျိုးကိုရှုကြလော၊ ဤနဂါးသည် သဘောင်္အသွင် ဖန်ဆင်းကာ ရတနာသုံးပါး၌ သက်ဝင်ယုံကြည်သော ဤဒါယကာကို သမုဒ္ဒရာမှ တင်ဆောင်ပို့ရ၏”။

“အချင်းတို့ ... ပညာရှိသူတော်ကောင်းတို့နှင့်သာ ပေါင်းဖော်ရမည်။ ပညာရှိသူတော်ကောင်းတို့နှင့်သာ ပေါင်းဖော်ခြင်းကို ပြုလုပ်ရမည်။ စင်စစ်အမှန်အားဖြင့် ဤဆတ္တာသည်ကား ပညာရှိသူတော်ကောင်းဖြစ်သော သေတာပန်ဒါယကာနှင့် ပေါင်းဖောခြင်းကြောင့် ချမ်းသာရပေ၏” – ဟု သမုဒ္ဒရာစောင့်နတ်သည် ကောင်းကင်၌ ရပ်လျက်တရားဟောကြားကာ ဆတ္တာသည်ကို ဆုံးမပြီးလျှင် နဂါးမင်းကိုယူ၍ မိမိဗိမာန်သို့ ပြန်သွားလေ၏။ ဤဒေသနာတော်၏ အဆုံး၌ သီတင်းသည် ဒါယကာသည် သကဒါမိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -

ထိုအခါ သောတာပန်ဒါယကာသည် - ပရိနိဗ္ဗာန်ပြုလေပြီ။

နဂါးမင်းသည် - သာရိပုတ္တရာ။

သမုဒ္ဒရာစောင့်နတ်သည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သူတော်သူမွန်၊ ပညာဝန်၊ ဧကန်ပေါင်းရမည်။

(၂) ပညာဝန်ပေါင်း၊ သူတော်ပေါင်း၊ မနှောင်းချမ်းသာမည်။

(၃) သောတာပန်ဘက်၊ ဆတ္တာပျက်၊ အသက်ချမ်းသာသည်။ သီလာနိသံသဇာတ် ပြီး၏။

***

၁၉၁ - ရုဟကဇာတ်

မယားစကားကိုယုံ၍ မြင်းကို အတုခိုးမိသဖြင့် ပြက်ရယ်ပြုခြင်း ခံရသော ပုရောဟိတ်ပုဏ္ဏား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိန်းမကြောင်းပြု ပျင်းရိမှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မယားဟောင်းသည် ဖြားယောင်းသွေးဆောင်အပ်သဖြ်င့ သာသနာတော်၌ ငြီးငွေ့ပျင်းရိကာ လူထွက်လိုသော ရဟန်းတစ်ပါး ရှိ၏။ [ပစ္စုပ္ပန်ဝတ္ထုသည် အဋ္ဌနိပါဣန္ဒြိယဇာတ်တွင် ထင်ရှား လတ္တံ့။] မြတ်စွာဘုရားသည် ထိုရဟန်းအကြောင်းကို သိတော်မူလျှင် ခေါ်တော်မူ၍ “ချစ်သားရဟန်း ... ဤမိန်းမကား သင့်အကျိုးမဲ့ကို ပြုတတ်သော မိန်းမဖြစ်သည်။ သင့်အား မင်းနှင့်တကွသော ပရိသတ်အလယ်၌ အရှက်ခွဲ၍ အိမ်မှနှင်ထုတ်သော အခြင်းအရာကို ပြုစေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မင်းချီးမြှောက်ခြင်း မင်္ဂလာမြင်း

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်၏ မင်းသားတော်ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ခမည်းတော် ဗြဟ္မဒတ်မင်းကြီး နတ်ရွာစံသဖြင့် ထီးနန်းစည်စိမ်ကိုရရှိကာ တရားသဖြင့် မင်းပြုလေ၏။ ထိုမင်းကြီးအား ရုဟကမည်သော ပုရောဟိတ်ပုဏ္ဏားသည်ရှိ၏။ ထိုပုဏ္ဏားမယားကား ပုရာဏီ မည်၏။ တစ်နေ့သ၌ မင်းကြီးသည် ပုရောဟိတ်ပုဏ္ဏားအား ကကြိုးတန်ဆာဆင်အပ်သော မြင်းတစ်စီးကို ပေးလိုက်၏။ ထိုအခါ ပုရောဟိတ်ပုဏ္ဏားသည် မြင်းကိုစီးနင်းလျက် မင်းကြီးထံ အခစားသွားလေ၏။ လူတို့သည် မြင်းစီးလျက် သွားလာနေသော ပုရောဟိတ်ပုဏ္ဏားကိုမြင်လျှင် မြင်း၏ အဆင်းအင်္ဂါလက္ခဏာသည် တင့်တယ်ပါပေ၏။ အံ့ဩဖွယ် ရှိပါပေ၏ဟု ချီးမွမ်းကြကုန်၏။

ပုဏ္ဏေးမဉာဏ်ပေး ဖောက်ပြန်ရေး

ပုရောဟိတ်ပုဏ္ဏားသည် အိမ်သို့ရောက်လျှင် မယားပုဏ္ဏေးမကို “ရှင်မ ... ငါမြင်းစီး၍ မင်းကြီးထံ အခစားသွားရာ မြင်တိုင်း၊ မြင်တိုင်းသော လူတို့သည် မြင်း၏ အဆင်းအင်္ဂါလက္ခဏာသည် တင့်တယ်ပါပေ၏။ အံ့ဩဖွယ် ရှိပါပေ၏ဟု မြင်းကိုသာ ချီးမွမ်းကြသည်”ဟု ပြောဆိုလေ၏။ ပုဏ္ဏေးမသည် အတန်ငယ် ဖုံးလွှမ်းသောအကျင့်ရှိ၏။ ယောကျ်ားတစ်ပါးနှင့် လွန်ကျူးတတ်သော သဘောရှိ၏။ ထိုကြောင့် ပုရောဟိတ်ပုဏ္ဏားကို “အရှင် ... အရှင်ကား မြင်းမှာ ချီးမွမ်းခံရခြင်းအကြောင်း မသိလေ၊ ဤမြင်းမှာ ဆင်ထားသော ကကြိုးတန်ဆာကိုမှီ၍ အချီးမွမ်းခံရသည်။ အရှင်လည်း မြင်းကဲ့သို့ အချီးမွမ်းခံလိုလျှင် မြင်းမှာ ဆင်ထားသော ကကြိုးတန်ဆာကို အရှင့်ကိုယ်မှာ ဆင်ပြီးလျှင် ခရီးလမ်းတွင် မြင်းကဲ့သို့ ခြေလေးချောင်းထောက်လျက် မင်းကြီးကို အခစားသွားပါလော့၊ မင်းကြီးသည် အရှင့်ကို မြင်လျှင် ချီးမွမ်းလိမ့်မည်။ မြင်တိုင်းမြင်တိုင်းသော လူတို့လည်း ချီးမွမ်းလိမ့်မည်” ဟု အကြံပေးလေ၏။

မင်းကြီးမြင်ရာ ကဲ့ရဲ့ကာ

ရူးသောပုဏ္ဏားသည် ပုဏ္ဏေးမ၏ စကားကိုကြားလျှင် ဤပုဏ္ဏေးမကား မည်သို့သော အကြောင်းကြောင့် ငါ့ကို ပြောဆို အကြံပေးသည်ဟုမသိဘဲ အဟုတ်အမှန်ကို ပြောဆိုအကြံပေးသည်ဟု မှတ်ထင်ကာ ပုဏ္ဏေးမ ပြောဆိုအကြံပေးတိုင်း ပြုလေ၏။ မြင်တိုင်း၊ မြင်တိုင်းသော လူတို့သည် ဆရာပုဏ္ဏားမှာ တင့်တယ်ပါပေ၏။ အံ့ဩဖွယ် ရှိပါပေ၏ - ဟု ပြက်ရယ်ပြုကြကုန်၏။

မင်းကြီးထံရောက်၍ မြင်လျှင် ပုရောဟိတ်ပုဏ္ဏားကို “ဆရာပုဏ္ဏား ... သင့်မှာ သည်းခြေပျက်နေသလော၊ သင်ရူးနေသလော၊ မိန်းမခိုင်းတိုင်း လုပ်ရသော” စသည်ဖြင့် ပြောဆိုကဲ့ရဲ့ကာ ရှက်စေ၏။

ထိုအခါ ပုဏ္ဏားလည်း “ငါကား ... ထင်ရှားသော မင်းဆရာပုဏ္ဏားဖြစ်လျက် မလျောက်ပတ်သော အမှုကို ပြုမိပေပြီ၊ ပုဏ္ဏေးမကား ငါ့ကို မင်းနှင့်တကွသော ပရိသတ်အလယ်မှာ အရှက်ခွဲသည်” ဟု အလွန်အမျက်ထွက်၍ ဤ ပုဏ္ဏေးမကို ရိုက်နှက်သက်ပုတ်ပြီးလျှင် အိမ်မှ နှင်ထုတ်မည်ဟု ကြံစည်ကာ အိမ်သို့ အမြန်ပြန်သွားလေ၏။

ပုဏ္ဏေးမမောင်း အသစ်ပေါင်း

ပုဏ္ဏေးမလည်း လင်ယောကျ်ား အမျက်ထွက်လာသည့် အဖြစ်ကို သိနှင့်၍ ရှေးမဆွကပင် တံခါးငယ်ဖြင့် ထွက်ပြီးလျှင် မင်းကြီးနန်းတော်သို့သွားကာ လေး၊ ငါးရက်လုံး နေလေ၏။ မင်းကြီးလည်း ထိုအကြောင်းသိလျှင် ပုရာဟိတ်ပုဏ္ဏားကို ခေါ်စေ၍ -

“ဆရာ ရုဟကပုဏ္ဏားကြီး ... အမှန်အားဖြင့် ပြတ်ပြီးသော လေးညှို့ကို ပြန်၍ဆက်ရသဲ့သို့၊ ထို့အတူ ပုရာဏီမည်သော ပုဏ္ဏေးမနှင့် ပြန်၍ဆက်ပါဦးလော၊ အမျက်ဒေါသနိုင်ငံသို့ မလိုက်ပါနှင့်” – ဟု ပုဏ္ဏေးမအား သည်းခံရန် ပြောကြားဆုံးမလေ၏။

ရုဟကပုဏ္ဏားလည်း မင်းကြီးစကားကို ကြားလျှင် - “မြတ်သောမင်းကြီး ... နူးညံ့သော လျှော်နှင့်ပြုလုပ်တတ်သူရှိပါမူ လေးညှို့သစ်ကိုပင် ပြုလုပ်စေတော့မည်၊ အကျွန်ုပ်အား လေးညှို့ဟောင်းဖြင့် အလိုမရှိတော့ပြီ” – ဟု မင်းကြီးကို လျှောက်ထားပြီးလျှင် မယားပုဏ္ဏေးမကို အိမ်မှနှင့်ထုတ်၍ တစ်ပါးသော ပုဏ္ဏေးမကို ယူဆောင်ကာ ပေါင်းသင်းနေထိုင်လေ၏။

ဤဒေသနာတော်အဆုံး၌ သာသနာတော်မှ ငြီးငွေ့ပျင်းရိကာ လူထွက်လိုသောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -

ထိုအခါ ပုရာဏီပုဏ္ဏေးမသည် - ယခုအခါ မယားဟောင်း။

ရုဟကပုဏ္ဏားသည် - လူထွက်လိုသော ရဟန်း။

ဗာရာဏသီမင်းသည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ချီးမွမ်းလိုလား၊ ဂုဏ်လိုသား၊ လူကြွားလူယုတ်မှတ်။

(၂) မြင်းတန်ဆာများ၊ လူဆင်သွား၊ ပုဏ္ဏားရှက်ကွဲလတ်။ ရုဟကဇာတ် ပြီး၏။

***

၁၉၂-သိရိကာဋကဏ္ဏိဇာတ်

မဟာနိပါတ် မဟာဥမင်္ဂဇာတ်ခေါ် မဟောသဓဇာတ်နှင့် တူ၏။

၁၉၃ - စူဋပဒုမဇာတ်

မိဖုရား သတ်ငြားသော်လည်း ဖွတ်မင်း ကယ်ဆယ်၍ မင်းအဖြစ်ကို ရရှိသော ပဒုမမင်းသား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တဏှာရုပ်စွ ရဟန်းဆုံးမ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တန်ဆာဆင်အပ်သော မိန်းမကိုမြင်သဖြင့် သာသနာတော်၌ ငြီးငွေ့ပျင်းရိကာ လူထွက်လိုသော ရဟန်းတစ်ပါး ရှိလေ၏။[ပစ္စုပ္ပန်ဝတ္ထုသည် ဥမ္မာဒန္တီဇာတ်၌ ထင်စွာဖြစ်လတ္တံ့။]

မြတ်စွာဘုရားသည် ထိုရဟန်းအကြောင်းကို သိတော်မူလျှင် “ချစ်သားရဟန်း ... မိန်းမမည်သည်ကား ကျေးဇူးကိုမသိတတ်၊ အဆွေခင်ပွန်းကို ပြစ်မှားတတ်၏။ များသောမာယာရှိ၏။ ရှေးပညာရှိတို့သည် လက်ယာပုဆစ် ဒူးသွေးကို သောက်စေ၍ ဇီဝိတဒါနကို ပေးကုန်သော်လည်း မိန်းမ၏စိတ်ကို မရဖူးကုန်” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မင်းကြီးဖွားမြောက် သားခုနစ်ယောက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေနေ၍ မွေးဖွားပြီးလျှင် ထိုသတို့သားအား ပဒုမမင်းသားဟု အမည်မှည့်ကြကုန်၏။ နောက်အခါ ခြောက်ယောက်သော သားတို့ကို ဖွားမြင်ပြန်၏။

ထိုခုနစ်ယောက်သော မင်းသားညီနောင်တို့သည် အစဉ်အတိုင်း ကြီးပြင်း၍ အရွယ်ရောက်လတ်သော် အသီးအသီ အိမ်ရာထောင်ခြင်းကိုပြုကာ နေကြကုန်၏။

ထီးနန်းဘေးမြင် တိုင်းပြည်နှင်

အခါတစ်ပါး အဖမင်းကြီးသည် မင်းရင်ပြင်ကို ကြည့်ရှုနေစဉ် အခြံအရံများစွာဖြင့် ခမည်းတော်ကြီးကို ခစားရန်လာကြသော သားတော်တို့ကိုမြင်လျှင် ဤသားတော်တို့သည် ငါ့ကိုသတ်၍ မင်းအဖြစ်ကို ယူကြလိမ်မည်ဟု ရွံ့ရှားတော်မူသဖြင့် သားတော်တို့ကို ခေါ်စေပြီးလျှင် “ချစ်သားတို့ ... သင်တို့သည် ဤမြို့မှာ မနေကြလင့်၊ နေခွင့်မရကုန်။ အရပ်တစ်ပါးသို့ သွားကြကုန်လော၊ ငါသေလွန်သောအခါမှ ထီးနန်းစည်းစိမ်ကို လာ၍ ယူကြကုန်လော” ဟ မိန့်တော်မူ၏။

ကန္တာရအကြား မယားသတ်စား

ထိုအခါ သားတော်ခုနစ်ယောက်တို့သည် ခမည်းတော်မင်းကြီး၏ စကားကို နားထောင်ကာ မျက်ရည်စွတ်စို ငိုယိုကြကုန်လျက် မယားတို့ကို ခေါ်ယူပြီးလျှင် တစ်ပါးသော မြို့ရွာ၌ အသက်မွေးကြတော့မည်ဟု မြို့တော်မှ ထွက်ကြကုန်၏။

အတော်သွားမိ၍ ခရီးအကြားဝယ် ကန္တာရတစ်ခုသို့ရောက်လျှင် ထမင်းအဖျော်ကို မရကုန်သောကြောင့် မွတ်သိပ်ဆာဆောင်ခြင်းကို သည်းမခံနိုင်ကုန်သည်ဖြစ်၍ ငါတို့ အသက်ရှင်ကုန်သည်ရှိသော် မိန်းမတို့ကို ရနိုင်ကြမည်ဟု တိုင်ပင်ညီညွတ်ကာ ညီအငယ်ဆုံး မယားကိုသတ်၍ အသားကို တစ်ဆယ့်သုံးပုံ ပုံပြီးလျှင် ဝေငှ၍ စားကြကုန်၏။ ဤသို့ ခြောက်ရက်ပတ်လုံး အစဉ်အတိုင်း မယားခြောက်ယောက်တို့ကိုသတ်၍ စားကြကုန်၏။ ပဒုမမင်းသားကား လင်မယားနှစ်ယောက်အတွက် အသားနှစ်စု ရသော်လည်း နေ့တိုင်းတစ်စုသာ လင်မယားနှစ်ယောက်စား၍ တစ်စုကို ချန်ထားခဲ့သဖြင့် ခြောက်ရက်မြောက်သောနေ့၌ အသားခြောက်စု ကျန်ရစ်လေ၏။

မယားမောဟိုက် သွေးဖောက်တိုက် ခုနစ်ရောက်မြောက်သောနေ့၌ မဒုမမင်းသား၏ မယားကို သတ်ကြမည်ဟု ပြောလတ်သော် ပဒုမမင်းသားသည် မိမိတို့ စုဆောင်းထားသော အသားခြောက်စုတို့ကို ညီတော်ခြောက်ယောက်တို့အားပေး၍ ယနေ့ဤအစုတို့ကို စားကြဦးလော့၊ နက်ဖြန်မ သိကြလတ္တံ့ဟု ပြောကြားကာ မသတ်ဘဲ ထားလေ၏။

ပဒုမမင်းသားသည် ညီတော်ခြောက်ယောက်တို့ အိပ်ပျော်နေစဉ် မိမိယားကိုခေါ်၍ ပြေးလေ၏။ လမ်းခရီးအတွင်း မယား မသွားနိုင်တော့သဖြင့် ပခုံးပေါ်တွင်ထမ်း၍ သွားရာ အရုဏ်တက်သောအခါ ကန္တာရမှ ထွက်လေ၏။ နေထွက်သောအခါ မယား ရေငတ်ပြန်သဖြင့် လက်ယာဒူးဆစ်မှ သွေးကို သန်လျက်ဖြင့် ဖောက်ကာ တိုက်ရပြန်၏။ မကြာမီ မြစ်သို့ရောက်၍ ရေတို့ကို အလိုရှိတိုင်း ချိုးသောက်ရလျက် သစ်သီးကြီးငယ် ကို ရှာဖွေစားသောက်ကာ မြစ်ကွေ့တစ်ခု၌ အရိပ်သင်္ခမ်း ဆောက်လုပ်၍ နေကြကုန်၏။

ဒုက္ခသည်ငတုံး မယားမုန်း

တစ်နေ့သ၌ မြစ်ညာမှ မင်းပြစ်သင့်သော သူခိုးကို လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ကို ဖြတ်၍ လှေငယ်ဖြင့်တင်ကာ မြစ်တွင် မျောလိုက်၏။ ထိုသူခိုးသည် သည်းထန်စွာ ငိုကြွေးညည်းညူလျက် အစဉ်အတိုင်း မျောလာရာ ပဒုမမင်းသား နေရာအနီးသို့ ရောက်လေ၏။

ပဒုမမင်းသားလည်း ငိုကြွေးညည်းညူသံကို ကြားလျှင် ငါသို့သောယောကျ်ား ထင်ရှားရှိစဉ် ဆင်းရဲခြင်းသို့ ရောက်လာသော သတ္တဝါတစ်ယောက် မပျက်စီးကောင်းပေဟု ကြံစည်ကာ မြစ်နားသို့သွား၍ ဆယ်ယူပြီးလျှင် အရိပ်သင်္ခမ်းတွင်ထားကာ အနာတို့ကို ဆေးဝါးကုသ၍ သစ်သီးကြီးငယ်ဖြင့် ပြုစုကျွေးမွေးကာ ထားလျှင် အနာပျောက်၍ ခြေ၊လက်၊ နား၊ နှာ၊ မရှိ တုံးတိတိသော ငတုံးအား စက်ဆုပ်ရွံရှာသဖြင့် တံတွေးထွေး၍ သွားလေ၏။

မိန်းမယုတ်မာ လင်ရန်ရှာ

ငတုံး အနာပျောက်လတ်သော် ပဒုမင်းသားသည် ငတုံးနှင့် မယားကို သင်္ခမ်း၌ထား၍ နေ့စဉ် တောအုပ်သို့သွားလျက် သစ်သီးကြီးငယ် ရှာဖွေကာ ကျွေးမွေးလေ၏။ မယားသည် ငတုံးကို ချစ်ကြိုက်သောစိတ်သည် ဖြစ်၍ ပဒုမမင်းသားမရှိသောအခါ ငတုံးနှင့် ယုတ်မာသောအကျင့်ကို ကျင့်လေ၏။

တစ်နေ့သ၌ မယားသည် ဥပါယ်တံမျဉ်ဖြင့် ပဒုမမင်းသားကို သတ်လိုသဖြင့် ပရိယာယ်မာယာပြုလျက် “အရှင် .. အရှင့်ပုခုံးတွင်စီး၍ ကန္တာရမှထွက်စဉ် တောင်တစ်ခုကို ကြည့်ရှုကာ ‘အရှင်တောင်စောင့်နတ်မင်း ... အကျွန်ုပ်တို့ လင်မယား အသက်ချမ်းသာပါမှု အရှင်နတ်မင်းအား ပူဇော်ပသပါမည်’” ဟု ဝန်ခံခဲ့ဖူးသည်။ ထိုတောင်စောင့်နတ်သည် ယခုအခါ အကျွန်ုပ်ကို ခြောက်လှန့်ပါသည်။ သို့အတွက် ဗလိနတ်စာ ပြုလိုပါသည်” ဟု ပြောကြားလေ၏။ ပဒုမမင်းသားလည်း မိန်းမ၏မာယာကို မသိသည်ဖြစ်၍ အကယ်မှတ်ထင်ယုံကြည်ကာ ခွင့်ပြုလေ၏။

လင်ကိုသတ်ကာ ငတုံးထံလာ

ပဒုမမင်းသားသည် ဗလိနတ်စာကို စီရင်ပြီးလျှင် ဗလိနတ်စာတောင်းကို မယားအားရွက်စေ၍ တောင်ထိပ်သို့ သွားကြ၏။ တောင်ထိပ်သို့ရောက်လျှင် မယားသည် နတ်အား ပူဇော်ရန် ပြင်ဆင်ကာ “အရှင် .. အရှင်ကား မြတ်သော အိမ်ဦးနတ် ဖြစ်သည်။ အရှင်ကို မြတ်သောပန်းတို့ဖြင့် ပူဇော်လျက် လက်ယာရစ် လှည့်ပြီးမှ တောင်စောင့်နတ်မင်းအား ပူဇော်မည်”ဟု ပြောဆိုပြီးလျှင် - မယားသည် ပဒုမမင်းသားကို တောင်ကမ်းပါးပြတ်သို့ ရှေ့ရှုထား၍ ထောပတ်တို့ဖြင့် ပူဇော်လျက် လက်ယာရစ် လှည့်ပြီးလျှင် ရှိခိုးဟန်းပြုလုပ်ကာ ကျောကုန်းနားသို့ကပ်၍ တအားတွန်း၍ ကမ်းပါးပြတ်သို့ ကျစေပြီးမှ ရန်သူပျက်စီးခြင်းကို မြင်ရပြီဟု ဝမ်းမြောက်ဝမ်းသာ တောင်ပေါ်မှ ဆင်းသက်၍ ငတုံးထံ သွားလေ၏။

မြို့ရွာအနီးသို့ ဖွတ်မင်းပို့

ပဒုမမင်းသားလည်း တောင်းကမ်းပါးပြတ်မှကျကာ ရေသဖန်းပင်ထက်တွင် ဖုံးအုပ် မြှေးယှက်၍နေသော အဆူးမရှိသည့် ချုံပေါ်တွင် တင်၍နေသဖြင့် အောက်သို့ မဆင်းသက်ဘဲ ရေသဖန်းသီးတို့ကို စား၍နေ၏။

အလွန်ကြီးမားလှသော ဖွတ်တစ်ကောင်သည် ရေသဖန်းသီးတို့ကို လာ၍စားရာ မင်းသားကိုမြင်လျှင် ပြေးလေ၏။ နက်ဖြန်လည်းလာ၍ စားပြန်၏။ ဤသို့လာဖန်များ၍ အကျွမ်းဝင်သောအခါ မင်းသားကို ဤအရပ်သို့ အဘယ်ကြောင့် ရောက်လာသနည်းဟုမေးရာ မင်းသားက အကြောင်းစုံကို ပြောကြားလေလျှင် မစိုးရိမ်လင့်ဟု ပြောဆိုပြီးလျှင် မင်းသားကို ကျောပေါ်သို့တင်လျက် သဖန်းပင်ထက်မှဆင်း၍ တောမှ ထွက်အောင်ပို့ကာ လူတို့သွားရာ လမ်းခရီးတွင် ချပြီးလျှင် မိမိနေရာသို့ ပြန်လေ၏။

မင်းသားဘုန်းကံ ထီးနန်းစံ

ပဒုမမင်းသားလည်း ရွာငယ်တစ်ခုသို့ သွား၍နေစဉ် ခမည်းတော်မင်းကြီး နတ်ရွာစံကြောင်းကြားလျှင် ဗာရာဏသီပြည်သို့သွား၍ ထီးနန်းစည်းစိမ်ကို ယူပြီးလျှင် ပဒုမမင်းဟု အမည်တွင်ကာ တရားသဖြင့် မင်းပြုလေ၏။ မြို့တံခါးလေးမျက်နှာ၊ မြို့လယ်၊ နန်းတော်တံခါး ဤခြောက်ဌာနတို့၌ အလှူတင်းကုပ်တို့ကို ဆောက်လုပ်စေ၍ နေ့တိုင်း၊ နေ့တိုင်း အသပြာငွေခြောက်သိန်း၊ ခြောက်သိန်း အကုန်အကျခံကာ အလှူကြီးပေးလေ၏။

ငတုံးရွက်သွား တောင်းရမ်းစား

မိန်းမယုတ်လည်း ငတုံးကို ကျောပိုးကာ တောမှထွက်၍ လူတို့နေရာသို့ သွားပြီးလျှင် တောင်းရမ်း စားသောက်လျက် အသက်မွေးလေ၏။ လူတို့သည် ထိုမိန်းမအား ဤငတုံးနှင့် ဘယ်လိုစပ်တော်သနည်းဟု မေးကြလျှင် - ဤယောကျ်ားကား အကျွန်ုပ် ဦးရီးသားဖြစ်၍ မိဘတို့ပေးစားသော ငယ်လင်ဖြစ်ပါသည်။ မင်းပြစ်သင့်သော်လည်း မစွန့်ဘဲ တောင်းရမ်းမွေးမြူခဲ့သည်ဟု ပြောဆိုလေ၏။ လူတို့သည် ဤမိန်းမကား နတ်ကဲ့သို့ လင်ကို လုပ်ကျွေးသော မိန်းမဖြစ်သည်ဟု ကြင်နာသနားကြလျက် ပေးကမ်းကျွေးမွေးကြကုန်၏။

နောက်အခါ မိန်းမယုတ်သည် ကြိမ်တောင်းတစ်လုံးရ၍ ထိုကြိမ်တောင်း၌ ငတုံးကို ထည့်ပြီးလျှင် ခေါင်းဖြင့် ရွက်ကာ ပဒုမမင်းကြီး၏ အလှူတင်းကုပ်သို့သွား၍ တောင်းမည်ဟု ဗာရာဏသီမြို့တော်သို့သွားကာ မင်းကြီး လှည့်လည်မည့် လမ်းခရီးတွင် နေလင့်၏။

မိန်းမမြင်ကာ မင်းမေးရာ

မင်းကြီးသည် မင်္ဂလာဆင်တော်ကိုစီး၍ အလှူတင်းကုပ်သို့သွားရာ ခရီးအကြားတွင် မိန်းမယုတ်ကို မြင်လျှင် သိတော်မူလျက် မသိယောင်ပြုကာ ခေါ်စေ၍ ငတုံးကို တောင်းမှ ထုတ်စေပြီးလျှင် မိန်းမယုတ်အား “ဟယ်-မိန်းမ ...ဤငတုံးသည် သင်နှင့် ဘယ်လိုတော်သနည်း” ဟု မေးလေ၏။ “အရှင်မင်းကြီး ... ဤသူကား အကျွန်ုပ်၏ ဦးရီးသား ဖြစ်၍ မိဘတို့ပေးစားသော ငယ်လင် ဖြစ်ပါသည်” ဟု လျှောက်ထားလေ၏။ [လူတို့ကား အကြောင်းကို မသိကုန်၍ နတ်ကဲ့သို့ လင်ကို လုပ်ကျွေးသော မိန်းမပေတည်း၊ အံ့ဖွယ်သရဲရှိပေစွ၊ ဤသို့ အစရှိသည်ဖြင့် မိန်းမယုတ်ကို ချီးမွမ်းကြကုန်၏။]

တစ်ဖန် မင်းကြီးသည် - “ဟယ် -မိန်းမ... ဤငတုံးသည် သင့်မိဘပေးစားသော လင်ငယ် ဟုတ်သလော” ဟု မေးပြန်၏။ မိန်းမယုတ်သည် မင်းကြီးကို မသိသည်ဖြစ်၍ “အရှင်မင်းကြီး ... ဟုတ်ပါသည်” ဟု ရဲတင်းစွာ လျှောက်ဆိုပြန်၏။

အကြောင်းဖြစ်ထွေ မင်းပြောလေ

ထိုအခါ မင်းကြီးသည် ထိုမိန်းမယုတ်ကို “ဤငတုံးကား ဗာရာဏသီမင်း၏ သားဖြစ်သလော၊ ပဒုမမင်းသား၏ မယားဖြစ်သော ဤအမည်ရှိသော မင်းသမီးဖြစ်သော သင်မိန်းမယုတ်သည် ငါ၏ ဒူးဆစ်မှ သွေးကိုသောက်၍ ဤငတုံးကို ချစ်ကြိုက်သောကြောင့် ငါ့ကို တောင်ကမ်းပါးပြတ်၌ တွန်းချလိုက်သည် မဟုတ်လော၊ ယခုအခါ၌ သင်သည် နဖူးပြင်၌ သေမင်းကို ယူခဲ့ပြီးလျှင် ငါ့ကို သေလေပြီ မှတ်ထင်၍ ဤအရပ်သို့ လာ၏။ ငါသည် အသက်ရှင်သေးသည် မဟုတ်တုံလော” ဟု အကြောင်းစုံ ဇာတ်လှန်၍ ပြောဆိုပြီးလျှင် အမတ်တို့ကိုခေါ်၍ - “အို အမတ်တို့ ... သင်တို့ မေးသောအခါ ဤမိန်းမယုတ်သည် ဤလိုပင် ပြောဆိုသလော၊ ငါ၏ညီတော်သည် မယားခြောက်ယောက်တို့ကို သတ်၍ စားကြရ၏။ ငါမူကား မယား၏အသက်ကို ကယ်ယူ၍ မြစ်ကွေ့တစ်ခုတွင် သင်္ခမ်းဆောက်လုပ်ကာ နေထိုင်ခဲ့၏။”

မင်းမာန်ကိုဖြေ နှင်ပစ်လေ

ထိုအခါ ရေတွင် မျောလာသော ဤငတုံးကို ကယ်ဆယ်ကာ မွေးမြူထားခဲ့၏။ ထိုမိန်းမယုတ်သည် ငတုံးကို ချစ်ကြိုက်သောကြောင့် ငါ့ကို တောင်ကမ်းပါးပြတ်မှ တွန်းချလိုက်၏။ ငါသည် မိမိ၏မေတ္တာ တန်ခိုးအာနုဘော်ကြောင့် အသက်ကိုရခဲ့၏။

“အို - အမတ်တို့ ... ငါ့ကို တောင်ကမ်းပါးပြတ်မှ တွန်းချသောမိန်းမကား ဤမိန်းမယုတ်ပင်တည်း။ တခြားမိန်းမ မဟုတ်၊ တောင်ကမ်းပါးပြတ်မှ တွန်းချခံရသူကား ငါပင်တည်း၊ တခြားသူမဟုတ်။ ငါမွေးမြူခဲ့သော လက်၊ ခြေ၊ နား၊ နှာဖြတ်သော ငတုံးကား ဤသူယုတ်မာပင်တည်း။ တခြားသူမဟုတ်၊ ငတုံးကိုငယ်လင်ဆိုသော မိန်းမကား ဤငါ့မယားဖြစ်သော မိန်းမယုတ်ပင်တည်း။ တခြားမိန်းမ မဟုတ်၊ မိန်းမမည်သည်ကား သတ်ထိုက်သော အပြစ်ရှိ၏။ မိန်းမတို့မှာ သစ္စာမရှိ”။

“အို-အမတ်တို့ ... ရုန့်ရင်း ကြမ်းကြုတ်သော သူသေကောင်နှင့်တူသော၊ သူတစ်ပါးမယားကို မှီသော ဤသူယုတ်မာ ငတုံးကို ကျည်ပွေ့ဖြင့် စိစိညက်ညက်ကြေအောင် ရိုက်နှက်ကာ ဒဏ်ပြုကြလော့၊ ဤလင်ယုတ်မာကို လုပ်ကျွေးသော သီလမရှိသော မိန်းမယုတ်ကိုလည်း အသက်ရှင်စဉ် နား၊ နှာခေါင်းတို့ကို ဖြတ်ကြလော့” –

ဟု မင်းကြီးသည် အမျက်ကို သည်းမခံနိုင်တော့သဖြင့် ဤသို့လျှင် ထိုယုတ်မာသောသူတို့အား အပြစ်ဒဏ်ကို အမိန့်ပေးပြီး၍လည်း အမိန့်ပေးတိုင်း မပြုလုပ်စေဘဲ အမျက်ကို ဖြေတော်မူကာ မိန်းမယုတ်ကို ဦးခေါင်းပေါ်မှ တောင်းကို ချမရအောင် ပြုလုပ်စေ၍ ငတုံးကို တောင်း၌ ထည့်စေပြီးလျှင် မိမိနိုင်ငံမှ နှင်ထုတ်စေတော်မူ၏။ ဤဒေသနာတော်၏ အဆုံး၌ သာသနာတော်၌ ငြီးငွေ့ကာ လူထွက်လိုသောရဟန်းသည် သောတာပတ္တိဖိုလ် တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -

ထိုအခါ ညီတော် ခြောက်ယောက်တို့သည် - ယခုအခါ မထင်ရှားသော မထေရ်ခြောက်ပါး။

မယားယုတ်သည် - စိဉ္စမာနဝိကာ။

ငတုံးသည် - ဒေဝဒတ်။

ဖွတ်မင်းသည် - အာနန္ဒာ။

စူဠပဒုမမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မာယာကများ၊ ဆိုမုသား၊ ဆိုးရွားမိန်းမတွေ။

(၂) ငတုံးချစ်လှ၊ ပဒုမ၊ တောင်မှတွန်းချလေ။

စူဠပဒုမဇာတ် ပြီး၏။

***

၁၉၄ - မဏိစောရဇာတ်

သူ့မယားကိုလိုချင်သော မင်းက ဦးသျှောင်ကျင်ဖြင့် ပစ်ဖမ်း၍ သတ်စေသော်လည်း သိကြားမင်း ကယ်မ၍ မင်းအဖြစ်ကို ရရှိသော သူကြွယ်အကြောင်း

ပစ္စုပ္ပန်ဝတ္ထု

ဒေဝဒတ်ကြံစဉ် မအောင်မြင်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရားကိုသတ်ရန် လုံ့လပြုကာ နေလေ့ရှိ၏။ ထိုအကြောင်းကို မြတ်စွာဘုရား ကြားတော်မူလျှင် “ရဟန်းတို့ ...ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ငါဘုရားကိုသတ်ရန် လုံ့လပြုသည်မဟုတ်၊ ရှေးအခါ၌လည်း လုံ့လပြုဖူးပြီ၊ လုံ့လပြုသော်လည်း သတ်ရန်မစွမ်းနိုင်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပေါင်းသင်းညီညာ ချစ်ခင်စွာ လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဗာရာဏသီမြို့တော်နှင့် မနီးမဝေးသော ရွာငယ်တစ်ခုဝယ် သူကြွယ်အမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် ဗာရာဏသီမြို့တွင်းရှိ အမျိုးသမီးတစ်ယောက်နှင့် ထိမ်းမြားလက်ထပ်လေ၏။

ထိုအမျိုးသမီးကား အမည်အားဖြင့် သုဇာတာမည်၏။ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အဆင်းရှိ၏။ နတ်သမီးကဲ့သို့လည်ကောင်း၊ ယစ်သော ကိန္နရီမကဲ့သို့ လည်းကောင်း လှပတင့်တယ်ရှုချင်ဖွယ် ရှိ၏။ အကျင့်သီလရှိ၏။ လင်ဝတ်၊ ယောက္ခမဝတ်တို့ကို အမြဲမပြတ် ပြုစု၏။ လင်ကို နတ်ကဲ့သို့ ရိုသေစွာ လုပ်ကျွေး၏။ သူကြွယ်လုလင်သည် မိမိမယားကို အလွန်ချစ်မြတ်နိုး၏။ လင်မယား နှစ်ယောက်တို့သည် ဝမ်းမြောက်ဝမ်းသာ အညီအညွတ် နေကြကုန်၏။

မိဘဌာန သွားလည်ကြ

တစ်နေ့သ၌ သုဇာတာသည် မြို့တွင်းရှိ မိဘတို့ကို ဖူးမြင်လိုသဖြင့် လင်ယောကျ်ားအား ပြောကြားတိုင်ပင်၏။ လင်ယောကျ်ားလည်း ကောင်းပြီ သွားမည်ဟုဆိုကာ အထူးထူးသော စားနပ်ရိက္ခာ ခဲဖွယ်ဘောဇဉ်တို့ကို စီရင်ပြီးလျှင် လှည်းဖြင့် သွားကြလေ၏။

မြို့အနီးသို့ရောက်လျှင် လှည်းကိုချွတ်၍ ခေတ္တနားနေကာ ရေချိုးပြီးလျှင် နံနက်စာထမင်းကို စားကြ၏။ စားပြီး လျှင် ယောကျာ်းသည် လှည်းကိုတပ်၍ မောင်းနှင်လတ်သော် မကြာမီ မြို့တွင်းသို့ ဝင်မိလေ၏။ သုဇာတာလည်း မြို့တွင်းသို့ရောက်လျှင် လှည်းပေါ်မှဆင်းကာ လှည်းနောက်က ခြေကျင် လိုက်လေ၏။

အမျိုးသမီးမင်းမြင် တပ်စွန်းလျှင်

ထိုအခါ ဗာရာဏသီ မင်းကြီးလည်း မင်္ဂလာဆင်တော်ကိုစီးကာ မြို့တော် လက်ယာရစ် လှည်သည်နှင့် ကြုံကြိုက်သဖြင့် လှည်းနောက်မှလိုက်သော သုဇာတာကိုမြင်လျှင် ကိလေသာဖြင့် တပ်စွန်း တိမ်းညွတ်သော စိတ်ရှိသည်ဖြစ်၍ အမတ်တစ်ယောက်ကို ခေါ်စေပြီးလျှင်လှည်းနောက်မှ လို်ကသော အမျိုးသမီးမှာ လင်ယောကျ်ား ရှိ၊ မရှိ စုံစမ်းရန် စေလွှတ်လိုက်၏။

အမတ်သည် သွား၍ စုံစမ်းလေလျှင် လင်ရှိသည်အဖြစ်ကိုသိ၍ မင်းကြီးကို “အရှင်မင်းကြီး ... လင်ရှိပါသည်၊ လှည်းမောင်းနေသူကား ထိုအမျိုးသမီး၏ လင်ဖြစ်ပါသည်”ဟု လျှောက်ထားလေ၏။

လင်ကိုသတ်ရန် ပရိယာယ်ကြံ

ထိုအခါ မင်းကြီးသည် တပ်စွန်း တိမ်းညွှတ်နေသော စိတ်ကို မဖြေမဖျောက်နိုင်ရကား တစ်ခုသော ဥပါယ်တံမျဉ်ဖြင့် လင်ယောကျ်ားကို သတ်စေ၍ အမျိုးသမီးကို ယူမည်ဟု ကြံစည်ပြီးလျှင် မင်းချင်းတစ်ယောက်ကိုခေါ်၍ “အမောင် ... သွားချေ၊ ဤ *ပတ္တမြား ဦးသျှောင်ကျင်ကို ယူပြီးလျှင် အနီး၌ သွားဟန်ပြုကာ လှည်းတွင်ထား၍ လာခဲ့လော့” ဟု မှာထားပြီးလျှင် ပတ္တမြားဦးသျှောင်ကျင်ကို ပေး၍ လွှတ်လိုက်၏။ မင်းချင်းလည်း ပတ္တမြား ဦးသျှောင်ကျင်ကို အသာဝှက်၍ ယူကာ လှည်းတွင်ထားခဲ့၍ “အရှင်မင်းကြီး .... ထားပြီခဲ့ပါပြီ” ဟု လျှောက်ထားလေ၏။

*ပတ္တမြားဦးသျှောင်ကျင် - မင်းမြှောက်တန်ဆာငါးပါး အဝင်အပါ မကိုဋ်သင်းကျစ်ကို ဦးခေါင်း၌မြဲအောင် ထိုးချိတ်ထားရသည့် ပတ္တမြားစီခြယ်သော ဆံထိုးတစ်မျိုး။

မယားလိုလတ် သူ့လင်သတ်

ကိလေသာနိုင်ငံသို့လိုက်ကာ ယုတ်မာ၍ တရားမစောင့်သောမင်းသည် “ငါ၏ ပတ္တမြားဦးသျှောင်ကျင် ပျောက်၏” ဟု လူတို့ကို တစ်ပြိုင်နက် အုတ်အုတ်ကျက်ကျက် ဖြစ်စေလျက် မြို့တံခါးအလုံးစုံတို့ကို ပိတ်၍ သူခိုးဖမ်းကြလော့ဟု အမိန့်ပေးလေ၏။ မြို့အလုံးသည် ကြောက်ရွံ့ထိတ်လန့်ကာ တစ်ပြိုင်နက် ချောက်ချားလေ၏။

မင်းချင်းတို့သည် သူခိုးကိုဖမ်းဆီးရန် ဟိုဟိုသည်သည် ရှာဖွေစုံစမ်းကြကုန်၏။ အတွင်းသိ မင်းချင်းတစ်ယောက်ကား လူအများကို ခေါ်ယူကာ သူကြွယ်လုလင်၏ လှည်းကိုဝိုင်းဝန်းပြီးလျှင် “ဟေ့ လှည်းသမား ... လှည်းကို ရပ်လိုက်၊ မင်းကြီး ပတ္တမြားဦးသျှောင်ကျင် ပျောက်၍ မင်းလှည်းကိုရှာဖွေမည်” ဟု ဆို၍ မိမိဝှက်ထားခဲ့သောနေရာမှ ယူပြီးလျှင် သူခိုး-သူခိုးဟု ကြွေးကြော်ကာ သူကြွယ်လုလင်ကို ပုတ်ခတ်ရိုက်နှက်လျက် ဖမ်းဆီးချုပ်နှောင်၍ မင်းကြီးထံ ပို့ကြ၏။ မင်းကြီးလည်း ဦးခေါင်းကိုဖြတ်၍ သတ်စေဟု အမန်ပပေးလေ၏။

သောကပွေလျက် လင့်အတွက်

မင်းချင်းတို့လည်း သူကြွယ်လုလင်ကို လမ်းခရီးလေးဆုံတိုင်း၌ အဆူးရှိသော ကြိမ်တို့ဖြင့် ရိုက်နှက်ကာ သူသတ်စည်ကိုတီးလျက် မြို့တော် တောင်တံခါးဖြင့် ထွက်ကုန်၏။ သုဇာတာလည်း လှည်းကိုစွန့်ပစ်၍ မိမိအတွက် လင်ယောကျ်ား၌ တွေ့ကြုံခံစားရသောဒုက္ခကို မမြင်ဝံ့ မကြားဝံ့၊ အသည်းအူ ပြောင်းပြန်လန်တော့မတတ် ဖြစ်လျက် လက်နှစ်ဖက်တို့ကိုမြှောက်၍ စိုးရိမ်ပူဆွေး ငိုကြွေးမည်တမ်းကာ လင်ယောကျ်ား နောက်မှ တကောက်ကောက် လိုက်လေ၏။ မင်းချင်းတို့လည်း သတ်ရန် သူကြွယ်လုလင်ကို စဉ်းတီတုံး၌ ပက်လက် အိပ်စေကုန်၏။

လောကပါလ တိုင်ကြားကြ

ထိုအခါ သုဇာတာသည် မိမိလင်ယောကျ်ား၏ အခြင်းအရာကို မြင်လျှင် ယခုအခါ ဤကဲ့သို့ မတရားပြုလုပ်ခြင်းကို ခံနေရသောငါတို့မှာ မိမိတို့သီလ ဂုဏ်ကျေးဇူးကို ဆင်ခြင်လျက် သမာဒေဝ နတ်ကောင်းနတ်မြတ်များကို တိုင်ကြားခြင်းမှတစ်ပါး ပြုလုပ်စရာ မရှိတော့ပြီဟု ကြံစည်ကာ -

“လောက၌ သီလရှိသူတို့ကို ကြည့်ရှုစောင့်ရှောက်သော နတ်တို့မရှိကြကုန်ယောင်တကား - ဤကဲ့သို့ မတရားမှု ဖြစ်ပေါ်လာသောအခါ သီလရှိသူတို့ကို ကြည့်ရှုစောင့်ရှောက်သောနတ်တို့ ဤအရပ်တွင် မရှိကြကုန်ယောင်တကား၊ လောကကို ကြည့်ရှုစောင့်ရှောက်သော ရဟန်းပုဏ္ဏားတို့ မရှိကြကုန်ယောင်တကား၊ အဆောတလျင် မဆင်ခြင်ပဲ ကြမ်းကြုတ် ရက်စက်စွာ ပြုလုပ်သူတို့ကို တားမြစ်ပိတ်ပင်နိုင်သော နတ်တို့ မရှိကုန်ယောင်တကား ”-

ဟု သမာဒေဝ နတ်ကောင်း နတ်မြတ်တို့ကို လည်းကောင်း၊ ရဟန်းပုဏ္ဏားတို့ကို လည်းကောင်း တိုင်ကြားကာ ငိုကြွေးလေ၏။

သီလတန်ခိုး ပြည်ကိုစိုး

ထိုအခါ သုဇာတာ၏ သီလတ်ခိုး အာနုဘော်ကြောင့် သကြားမင်း၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာသည် တင်းမာ ပူလောင်သော အခြင်းအရာကို ပြလေ၏။ သိကြားမင်းသည် အကြောင်း ဆင်ခြင်လတ်သော် ဗာရာဏသီ မင်းယုတ်သည် တရားမဟုတ် ရက်စက်ကြမ်းကြုတ်သော အမှုကိုပြုစေသဖြင့် သီလရှိသော သုဇာတာ အမျိုးသမီးကို ပင်ပန်းစေသည်။ ငါယခုသွားမှ တော်မည်ဟု ကြံစည်ကာ လူ့ပြည်သို့ ဆင်းသက်၍ မိမိ၏ တန်ခိုးအာနုဘော်ဖြင့် ဆင်ပေါ်မှ မင်းယုတ်ကိုချ၍ စဉ်းတီတုံး၌ ပက်လက် အိပ်စေလျက် စဉ်းတီတုံး၌ရှိသော သူကြွယ်လုလင်ကို မင်းအသွင်ဖြင့် တန်ဆာဆင်ကာ ဆင်ပေါ်၌ထားလေ၏။ မင်းချင်းတို့လည်း သန်လျက်ဖြင့် ဦးခေါင်းကို ဖြတ်သည်ရှိသော် ဗာရာဏသီမင်းယုတ်၏ ဦးခေါင်းကို ဖြတ်မိလေ၏။ ဖြတ်ပြီးမှ မင်းဖြစ်နေသည်ကို သိကြကုန်၏။ ထိုအခါ သိကြားမင်းသည် ကိုယ်ကိုထင်ရှားပြကာ သူကြွယ်လုလင်ကို အဘိသိက်သွန်း၍ မင်းမြှောက်လျက် သုဇာတာကို မိဖုရားကြီးအရာ၌ ထားလေ၏။

သိကြားစောင်မ တရားပြ မှူးမတ်ပုဏ္ဏားတို့သည် သိကြားမင်းကို မြင်ကြလျှင် ယခုအခါ ငါတို့မှာ သိကြားမင်းပေးသော တရားစောင့်သည် မင်းကောင်းမင်းမြတ်ကို ရပေပြီဟု ဝမ်းမြောက်ကြကုန်၏။ သိကြားမင်းသည် ကောင်းကင်မှာ ရပ်လျက် -

“အချင်းတို့ ... တရားမစောင့်သော မင်းတို့နိုင်ငံဝယ် မိုးရွာသော်လည်း မရွာသင့်သောအခါ၌ ရွာ၏။ ရွာသင့်သောအခါ၌ မရွာလေ၊ တရားမစောင့်သော မင်းသည် နတ်ပြည်ဝယ် မင်းအဖြစ်ကို ရစေကာမူ နတ်ပြည်မှ ရွေ့လျောရ၏။ တရားမစောင့်သောမင်းသည် ဤမျှလောက် သင်တို့ကို ညှဉ်းဆဲခဲ့ပြီ မဟုတ်လော” –

ဤသို့လျှင် လူတို့ကို အဆုံးအမပေးကာ မိမိနေရာ နတ်ရွာသို့ သွားလေ၏။ သူကြွယ်လုလင်ဖြစ်သော မင်းမြတ်လည်း အဂတိလေးပါး မလိုက်စားဘဲ တရားနှင့်အညီ မင်းပြုသဖြင့် နတ်ပြည်ကို ပြည့်စေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ တရားမစောင့်သောမင်းသည် - ယခုအခါ ဒေဝဒတ်။

သိကြားမင်းသည် - အနုရုဒ္ဓါ။

သုဇာတာသည် - ရာဟုလာမယ်တော်။

သိကြားပေးသော မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မတရားမင်း၊ နိုင်ငံညှဉ်း၊ ကင်း၏နတ်ပြည်မှာ။

(၂) မရွာချိန်ကျ၊ မိုးရွာချ၊ ချိန်ကျမိုးမရွာ။

(၃) မတရားမင်း၊ နိုင်ငံတွင်း၊ ဆိုက်ခြင်းကပ်သုံးဖြာ။

(၄) သီလကျေးဇူး၊ ဂုဏ်အထူး၊ နတ်မှူးမနေသာ။

မဏိစောရဇာတ် ပြီး၏။

***

၁၉၅ - ပဗ္ဗတပတ္ထရဇာတ်

နန်းတွင်းသူနှင့် အတ်တစ်ယောက် မှားယွင်းနေမှန်း သိပါလျက် ပညာရှိအမတ်ကြီး၏ ဆုံးမညွှန်ကြားချက်ဖြင့် သည်းခံကာ လျစ်လျူရှုနိုင်သော ဗြဟ္မဒတ်မင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

နန်းတွင်းသူပြစ်မှား မင်းလျှောက်ထား

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီး အမတ်တစ်ယောက်သည် နန်းတွင်းသူတစ်ယောက်နှင့် မှားယွင်းလေ၏။

ကောသလမင်းကြီးသည် ထိုအမတ်ကို စုံစမ်းစေသည်ရှိသော် ဟုတ်မှန်သောအကြောင်းသိ၍ မြတ်စွာဘုရားအား လျှောက်ထားမည်ဟု ဇေတဝန်ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ “အရှင်ဘုရား ... အမတ်တစ်ယောက်သည် နန်းတွင်းသူတစ်ယောက်နှင့် မှားယွင်းပါသည်။ ထိုအမတ်ကို အဘယ်သို့ ပြုရပါမည်နည်း” ဟု လျှောက်ထား၏။ “မင်းကြီး ... ထိုအမတ်သည် သင့်အား ကျေးဇူးများသောအမတ်လော၊ နန်းတွင်းသူလည်း သင်ချစ်အပ်သော နန်းတွင်းသူလော” ဟု မေးလေ၏။ “အရှင်ဘုရား ... အမတ်သည် အကျွန်ုပ်အား ကျေးဇူးများသော အမတ်ဖြစ်ပါသည်။ နန်းတါင်းသညလ်း အကျွန်ုပ် ချစ်အပ်သော နန်းတွင်းသူ ဖြစ်ပါသည်” ဟု လျှောက်၏။ “မင်း ... ထိုသို့ဖြစ်လျှင် နှစ်ဦးလုံး၌ မဖျက်ဆီးကောင်းပေ၊ ရှေးအခါ၌လည်း မင်းတို့သည် ပညာရှိတို့စကားကို ကြားကုန်လတ်သော် လျစ်လျူရှုကြကုန်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အပြစ်ပေးသင့် နှိုင်းချိန်ချင့်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် အမတ်မျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် မင်းကြီးကို အကျိုးအကြောင်းပြကာ ဆုံးမတတ်သော ပညာရှိအမတတ် ဖြစ်လေ၏။

ထိုအခါ ဗြဟ္မဒတ်မင်းကြီး အမတ်တစ်ယောက်သည် နန်းတွင်းသူတစ်ယောက်နှင့် မှားယွင်းလေ၏။ မင်းကြီးသည် ထိုအမတ်ကို စုံစမ်းစေသည်ရှိသော် ဟုတ်မှန်နေကြောင်းကိုသိ၍ ဤအမတ်သည် ငါ့အား ကျေးဇူးများသော အမတ်ဖြစ်သည်။ နန်းတွင်းသူလည်း ငါချစ်အပ်သော မိန်းမဖြစ်သည်။ သို့အတွက် နှစ်ဦးလုံးကိုပင် မဖျက်ဆီးကောင်းပေ၊ ငါသည် ပညာရှိအမတ်ကို ပြဿနာမေး၍ သည်းခံသင့်လျှင် သည်းခံမည်။ ဖျက်ဆီးသင့်လျှင် ဖျက်ဆီးမည်ဟု ကြံစည်လျက် ပညာရှိအမတ်ကို ခေါ်စေ၍ -

ပညာရှိမေးကာ ပြဿနာ

“ပညာရှိအမတ် ... သင့်ကို ပြဿနာမေးမည်”ဟု ပြောသောအခါ “အရှင်မင်းကြီး ... မေးတော်မူပါ၊ ဖြေဆိုပါမည်” ဟု လျှောက်ထားလျှင် မင်းကြီးသည် -

“ပညာရှိအမတ် ... မွေ့လျော်ဖွယ်ရှိသော ဟိမဝန္တာတောင်ခြေရင်းရှိ မြေပြင်ဝယ် ချမ်းအေး ချိုမြိန်သော ရေရှိ၍ ကြာတို့ဖြင့် ဖုံးလွှမ်းအပ်သော ရေကန်ကို ခြင်္သေ့မင်း စောင့်ရှောက်မှန်းသိလျက် မြေခွေး သောက်ကောင်းသလော” ဟု မေးလေ၏။

ထိုသူနှစ်ဝ ခေါ်ဆုံးမ

ထိုအခါ ပညာရှိအမတ်သည် အမတ်တစ်ယောက်သည် နန်းတွင်းသူတစ်ယောက်နှင့် မှားယွင်းသည် ဖြစ်လိမ့်မည်ကိုသိ၍ -

“မြတ်သောမင်းကြီး ... ကြာတို့ဖြင့် ဖုံးလွှမ်းအပ်သော ရေကန်ကို ငှက်၊ ခွေး၊ ယုတ်၊ ကြောင်၊ သမင်းစသော သားမျိုးတို့ သောက်ကောင်းပါ၏။ ထိုသားမျိုးတို့ သောက်ခြင်းကြောင့်လည်း ရေကန်ပင် ဖြစ်ပါတော့၏။ ထိုနန်းတွင်းသူကို အရှင်မင်းကြီးသည် အကယ်၍ ချစ်မြတ်နိုးပါမူ သည်းခံတော်မူပါ” – ဟု ဖြေကြားလျှောက်ထားကာ မင်းကြီးအား အဆုံးအမပေးလေ၏။ မင်းကြီးလည်း ပညာရှိအမတ်၏ အဆုံးအမ၌တည်၍ မှားယွင်းသူ နှစ်ဦးတို့အး “ဤသို့သော သဘောရှိသော ယုတ်မာသော အမှုကို မပြုကြကုန်လင့်” တားမြစ်ပြီးလျှင် သည်းခံတော်မူ၏။ ထိုအခါမှစ၍ ထိုသူယုတ်နှစ်ဦးတို့သည် ရှောင်ကြဉ်ကြကုန်၏။ မင်းကြီးလည်း ကုသိုလ်ကောင်းမှုကိုပြု၍ အသ်က၏အဆုံး၌ နတ်ပြည်ကို ပြည့်စေ၏။

ဤဒေသနာတော်ကို ကြားနာ၍ ကောသလမင်းကြီးလည်း မှားယွင်းသူ နှစ်ဦးတို့အား သည်းခံကာ လျစ်လျူရှုတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းကြီးသည် - ယခုအခါ အာနန္ဒာ။

ပညာရှိအမတ်သည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သူ၏မယား၊ မပြစ်မှား၊ ရှောင်ရှားအပ်သည်သာ။

(၂) ပြစ်မှားသူလည်း၊ ကျေးဇူးသည်း၊ သည်းညည်းခံကြရာ။

ပဗ္ဗတပတ္တရဇာတ် ပြီး၏။

***

၁၉၆ - ဝလာဟကဇာတ်

ပညာရှိစကားကို လိုက်နာသော ကုန်သည်တို့အား ဘီလူးမတို့ဘေးမှ လွတ်မြောက်အောင် ကြံဆောင်ပေးသော ဝလာဟက နတ်မြင်းပျံ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ငါးဝအာရုံ လှည့်စားပုံ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာသနာတော်၌ ငြီးငွေ့ပျင်းရိကာ လူထွက်လိုသော ရဟန်းတစ်ပါး ရှိလေ၏။

ထိုရဟန်းအကြောင်းကို မြတ်စွာဘုရား သိတော်မူလျှင် ထိုရဟန်းအား “ချစ်သားရဟန်း ... မိန်းမတို့မည်သည် ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ ဟူသော အာရုံငါးပါးဖြင့် လည်းကောင်း၊ တင့်တယ်စံပယ်ခြင်းဖြင့် လည်းကောင်း၊ အမူအရာဟန်ပင်ဖြင့် လည်းကောင်း၊ ယောကျ်ားတို့ကို ဖြားယောင်းသွေးဆောင်ကုန်လျက် မိမိတို့အလိုသို့ပါသည်ကိုသိလျှင် သီလပျက်စီးခြင်းသို့ လည်းကောင်း၊ စီးပွားဥစ္စာ ပျက်စီးခြင်းသို့ လည်းကောင်း ရောက်စေတတ်သောကြောင့် ဘီလူးမနှင့် တူကုန်၏။ ဘီလူးမတို့သည် ရှေးအခါ၌ ကုန်သည်တို့ကို ဖြားယောင်းသွေးဆောင်ကုန်လျက် မိမိတို့အလိုသို့ပါအောင် ပြုလုပ်ကြ၍ အသက်ကုန်ခြင်းငို့ ရောက်စေလျက် မေးစေ့၊ ပါးစောင် နှစ်ဖက်တို့မှ သွေးတို့ကို ယိုစီးစေပြီးလျှင် ကြွပ်ကြွပ်မြည်အောင် ဝါးစားဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လူယောင်ဖန်ဆင်း ဘီလူးသင်း

လွန်လေပြီးသောအခါ သီဟိုဠ်ကျွန်းဝယ် သိရိဝတ္ထုမည်သော ဘီလူးတို့မြို့သည် တည်ရှိလေ၏။ ထိုမြို့၌ ဘီလူးမတို့သည် နေကြကုန်၏။ ဘီလူးမတို့သည် သမုဒ္ဒရာဝယ် သင်္ဘောပျက်သော ကုန်သည်တို့ ရောက်လာကြလျှင် တန်ဆာဆင်ကြကုန်လျက် ခဲဖွယ်ဘောဇဉ်တို့ကို ယူစေပြီးလျှင် ကျွန်မအပေါင်းခြံရံကာ ကလေးတို့ကို ရင်ခွင်ပိုက်ကုန်လျက် ကုန်သည်တို့ထံ ကပ်ကြ၍ ယာဂုသောက်ပါ၊ ထမင်းစားပါ၊ ခဲဖွယ်ဘောဇဉ်စားပါ စသည်ဖြင့် ပေးကမ်း၍ လောကွတ်ပျူငှာ ပြုလေ့ရှိကြကုန်၏။

လိမ်လည်လှည့်ဖြား ဘီလူးများ

ကုန်သည်တို့သည် ဘီလူးမတို့မှန်း မသိကြသဖြင့် ယာဂု၊ ထမင်း၊ ခဲဖွယ်ဘောဇဉ်တို့ကို ယူငင်ကာ သောက်ကြ၊ စားကြကုန်၏။ ကုန်သည်တို့ အမောအပန်းပြေသောအခါ ဘီလူးမတို့သည် - “အမောင်တို့ ... ဘယ်အရပ်မှာ နေကြသနည်း၊ ဘယ်အရပ်မှ လာကြသနည်း၊ ဘယ်အရပ်သို့ သွားကြမည်နည်း၊ ဤအရပ်သို့ ဘယ်ကိစ္စဖြင့် လာကြသနည်း” စသည်ဖြင့် မေးမြန်းကုန်လျက် ပျူငှာလောကွတ် ပြုလေ့ရှိကြကုန်၏။ ထိုအခါ ကုန်သည်တို့သည် သင်္ဘောပျက်၍ ဤအရပ်သို့ ရောက်လာကြကြောင်းကို ပြောဆိုကြလျှင် “အမောင်တို့ ကျွန်ုပ်တို့ လင်ယောကျ်ားများသည် သင်္ဘောဖြင့် သွားကြသည်မှာ သုံးနှစ်ကျော်မျှရှိကြပြီ၊ သေကြသည် ဖြစ်လိမ့်မည် သို့အတွက် သင်တို့ထံ ခြေရင်း အလုပ်အကျွေးပြုလိုပါသည်” ဟု ဖြားယောင်း ပြောဆိုကြပြီးလျှင် ဘီလူးတို့မြို့သို့ ခေါ်ဆောင်သွားလေ့ရှိကြကုန်၏။

နောက်လာလှည့်စား ရှေ့လူစား

ရှေးဦးစွာရောက်သောသူတို့ကို နတ်တို့သံခြေချင်းတို့ဖြင့် ခတ်ပြီးလျှင် နှောင်အိမ်သို့ သွင်းထားလေ့ရှိကြကုန်။ နောက်လူများရောက်လာလျှင် သံခြေချင်းခတ်ထားသူတို့ကို စားလေ့ရှိကြကုန်၏။

တစ်နေ့သ၌ ကုန်သည်ငါးရာတို့သည် ဘီလူးမြို့အနီးသို့ ရောက်လာကြကုန်၏။ ထိုအခါ ဘီလူးမငါးရာတို့သည် ကုန်သည်ငါးရာတို့ထံသွားကြ၍ ဖြားယောင်းသွေးဆောင်ကာ ဘီလူးမြို့သို့ ခေါ်ဆောင်သွားကြပြီးလျှင် ဘီလူးမကြီးသည် ကုန်သည်ကြီးကို၊ ဘီလူးမငယ်တို့သည် ကုန်သည်ငယ်တို့ကို လင်ပြုကြကုန်၏။

ဘီလူးတို့ဘေး သိ၍ပြေး

ညဉ့်အခါ ကုန်သည်တို့ အိပ်ပျော်နေကြစဉ် ဘီလူးမတို့သည် နှောင်အိမ်သို့သွားလျက် လူသားကိုစားပြီးလျှင် ပြန်လာကြကုန်၏။ ကုန်သည်ကြီးသည်နိုး၍ စုံစမ်းလတ်သော် ဘီလူးမကြီးကို ဘီလူးမမှန်းသိလျှင် ကြွင်းသော မိန်းမတို့လည်း ဘီလူးမတို့သာ ဖြစ်ကြလိမ့်မည်။ ငါတို့ပြေးရန်သင့်၏ဟု ကြံစည်လျက် မိုးသောက်သောအခါ စောစောထ၍ မျက်နှာသစ်ပြီးလျှ် ကုန်သည်တို့ကို “အချင်းတို့ ... ဤမိန်းမတို့ကား လူသားမဟုတ်ကုန်၊ ဘီလူးမတို့ ဖြစ်ကုန်၏။ တစ်ပါးသောကုန်သည်တို့ ရောက်လာသောအခါ လင်ပြုကြပြန်၍၊ ငါတို့ကို စားကြလိ်မ့်မည်၊ ဤအရပ်မှ ပြေးရန်သင့်သည်”ဟု ပြောဆိုလေ၏။

ထိုအခါ ကုန်သည် နှစ်ရာငါးကျိပ်တို့သည် ကုန်သည်ကြီးစကားကို ယုံကြကုန်၏။ နှစ်ရာ့ငါးကျိပ်တို့ကား မယုံကြည်ကြသဖြင့် အချင်းတို့သာ သွားကြကုန်၊ ကျွန်ုပ်တို့ကား မိန်းမတို့ကိုစွန့်၍ မလိုက်နိုင်ကုန်ဟု ပြောဆိုကာ ကျန်ရစ်ခဲ့ကြကုန်၏။ ကုန်သည်ကြီးကာိးမိစကားကို ယုံကြည်သောသူတို့ကို ဆောင်ယူကာ ဘီလူးဘေးမှ ကြောက်သဖြင့် ပြေးလေ၏။

လောင်းတော်မြင်းပျံ ကယ်မရန်

ထိုကာလ၌ ဘုရားအလောင်းသည် ဝလာဟကမြင်းမျိုး၌ဖြစ်၍ ကိုယ်လုံးဆွတ်ဆွတ်ဖြူ၏။ ညိုသောဦးခေါင်းရှိ၏။ ဖြူဆံမြက်နှင့်တူသော လည်ဆံမွေးရှိ၏။ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံ၏။ ကောင်းကင်သို့ ပျံသွားနိုင်၏။ ထိုဝလာဟကမြင်းသည် ဟိမဝန္တာမှ ကောင်းကင်ခရီးဖြင့်ပျံ၍ သီဟိုဠ်ကျွန်းသို့သွားကာ အိုင်ငယ်တို့၌ အလိုလိုပေါက်သော သလေးစပါးကို စားလေ့ရှိ၏။

သီဟိုဠ်ကျွန်းမှ အပြန်တွင် ဇမ္ဗူဒိပ်ကျွန်းသို့ လိုက်လိုသူများရှိသလောဟု သုံးကြိမ်အော်ဟစ်၍ မေးလေ၏။ ကုန်သည်တို့ကြားလျှင် အနားသို့ချဉ်းကပ်၍ “အရှင် .... အကျွန်ုပ်တို့ လိုက်လိုကြပါသည်” ဟု တောင်းပန်လျှင် “ကောင်းပြီ လိုက်ခဲ့ကြ၊ ငါ့ကျော်ပေါ်တက်ကြ”ဟု ပြောလေ၏။ ကုန်သည်တို့သည် တချို့ကျောပေါ် တက်ကြကုန်၏။ တချို့အမြီးကို ဆွဲကြကုန်၏။ တချို့လက်အုပ်ချီကာ ရပ်ကြကုန်၏။ ဝလဟကမြင်းသည် အယုတ်ဆုံး လက်အုပ်ချီနေသူမှစ၍ နှစ်ရာ့ငါးကျိပ်သော ကုန်သည်တို့ကို မိမိ တန်ခိုးအာနုဘော်ဖြင့် ဇမ္ဗူဒိပ်ကျွန်းသို့ဆောင်ယူကာ အသီးအသီး အိပ်အရောက်ပို့ပြီးလျှင် မိမိနေရာသို့ သွားလေ၏။

မယုံသူများ ဘီလူးစား

ထိုဘီလူးမတို့လည်း တစ်ပါးသော ကုန်သည်တို့ရောက်လာသောအခါ ကျန်ရစ်သောကုန်သည် နှစ်ရာငါးကျိပ်တို့ကို စားကြကုန်၏။

မြတ်စွာဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူ၍ - “ရဟန်းတို့ .. ငါဘုရား အဆုံးအမကို မလိုက်နာသောသူတို့သည် ဘီလူးမတို့စကားကို နားထောင်ကာ ဘီလူးမတို့စား၍ ပျက်စီးသော ကုန်သည်တို့ကဲ့သို့ ပျက်စီးကြကုန်လတ္တံ့၊ ငါဘုရားအဆုံးအမကို လိုက်နာသောသူတို့သည် ဝလဟက မြင်းမြတ်စကားကို နားထောင်ကာ ဝလာဟက မြင်းမြတ်စကားကို နားထောင်ကာ ဝလာဟကမြင်းမြတ် အာနုဘော်ဖြင့် အိမ်သို့ရောက်၍ ချမ်းသာသော ကုန်သည်တို့ကဲ့သို့ နိဗ္ဗာန်သို့ရောက်၍ ချမ်းသာကြကုန်လတ္တံ့” – ဟု မိန့်တော်မူ၏။

ဤဒေသနာတော်၏အဆုံး၌ လူထွက်လိုသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ တစ်ပါးသော များစွာသော ရဟန်းတို့သည်လည်း သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်၌ တည်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဝလာဟကမြင်းစကားကို လိုက်နာသော ကုန်သည်နှစ်ရာ့ငါးကျိပ်သည် - ယခုအခါ ဘုရားပရိသတ်။

ဝလာဟကမြင်းသည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ငါးအာရုံဖြင့်၊ မူရာဖြင့်၊ တင့်တယ်မိန်းမများ။

(၂) အလိုလိုက်လျက်၊ သီလပျက်၊ ပျက်၏ဥစ္စာများ။

(၃) ဘီလူးမသွင်၊ သူ့လိုအင်၊ ဆွဲငင်သွေးဆောင်ငြား။

ဝလာဟကဇာတ် ပြီး၏။

***

၁၉၇ - မိတ္တာမိတ္တဇာတ်

မိတ်ဆွေနှင့် ရန်သူကို ခွဲခြားနိုင်ရန် တပည့်တို့အား ညွှန်ကြား ဆုံးမသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆရာတပည့်ပြု သတ်ပုတ်မှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မထင်ရှားသော ရဟန်းတစ်ပါးသည် ငါယူလျှင် ဥပဇ္ဈာယ်ဆရာ အမျက်ထွက်လိမ့်မည်မဟုတ်ဟု နှလုံးသွင်းကာ ဥပဇ္ဈာယ်ဆရာ ထားသော အဝတ်လွှာပိုင်းတစ်ခုကို အကျွမ်းဝင်သဖြင့် ယူ၍ ဖိနပ်အိတ်ချုပ်ပြီးမှ ဥပဇ္ဈာယ်ဆရာအား ပန်ကြားလေ၏။

ထိုအခါ ဥပဇ္ဈာယ်ဆရာသည် တပည့်အား “ရဟန်း ... ငါ့အဝတ်လွှာပိုင်းကို အဘယ်ကြောင့်ယူနည်း” ဟု မေးလေ၏။ “အရှင်ဘုရား ... အရှင် အမျက်ထွက်လိမ့်မည်မဟုတ်ဟု နှလုံးသွင်းကာ အကျွမ်းဝင်သဖြင့် ယူမိပါသည်” ဟု ပြောလေ၏။ “ရဟန်း ... ငါနှင့်သင် ဘယ်မှာ အကျွမ်းဝင်ဖူးသနည်း”ဟု ပြောဆိုပြီးလျှင် ထ၍ သတ်ပုတ်လေ၏။

ထိုဆရာတပည့်တို့အကြောင်းကို မြတ်စွာဘုရား သိတော်မူလျှင် “ရဟန်းတို့ ... ထိုရဟန်းသည် ယခုအခါ၌သာ မိမိအတူနေ တပည့်နှင့် အကျွမ်းမဝင်သည်မဟုတ်၊ ရှေးအခါ၌လည်း အကျွမ်းမဝင်သည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လိုက်နာမဆင်ခြင် သေပွဲဝင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ရသေ့ရဟန်းပြုကာ အဘိညာဉ် သမာပတ်ကိုဖြစ်စေ၍ ရသေ့ အပေါင်းတို့ ဆရာဖြစ်လျက် ဟိမဝန္တာတွင် နေလေ၏။

ထိုတပည့်အပေါင်းတို့တွင် တပည့်ရသေ့တစ်ယောက်သည် ဆရာရသေ့စကားကို နားမထောင်ဘဲ အမိသေသော ဆင်ငယ်တစ်စီးကို မွေးမြူလေ၏။ ထိုဆင်ငယ် ကြီးလတ်သော် ရသေ့ကိုသတ်၍ တောသို့ဝင်လေ၏။

တပည့်အများ ဆုံးမငြား

ထိုရသေ့အလောင်းကို သင်္ဂြိုဟ်ပြီးသော် ရသေ့အပေါင်းသည် ဆရာရသေ့ကို ခြံရံကုန်လျက် “အရှင်ဘုရား ... အဆွေခင်ပွန်းသည်ကို လည်းကောင်း၊ ရန်သူဖြစ်သည်ကို လည်းကောင်း ဘယ်အကြောင်းဖြင့် သိရပါမည်နည်း” ဟု မေးလျှောက်ကြသည်ရှိသော် ဆရာရသေ့သည် တပည့်တို့အား -

“တပည့်တို့ ... ရန်သူသည် ရန်ဘက်ကိုမြင်လျှင် ပြုံးရွှင်ခြင်းမရှိ၊ ရန်ဘက်စကားကို ကြားလျှင် နှစ်သက်ခြင်းမရှိ၊ ရန်ဘက်နှင့် မျက်နှာချင်းဆိုင်၍ ကြည့်ရှုခြင်းမရှိ၊ ရန်ဘက်၏ ဆန့်ကျင်ဘက်ကိုပြု၏”။

“ပညာရှိသည် ထိုအကြောင်းလေးပါးကိုမြင်၍ လည်းကောင်း၊ ကြား၍ လည်းကောင်း ဤသူကားငါ့ရန်သူဖြစ်သည်ဟု သိရာ၏။ ထိုအကြောင်းလေးပါးတို့သည် ရန်သူ၌ တည်ရှိကုန်၏” – ဟု ရန်သူဖြစ်သည်ကို လည်းကောင်း၊ အဆွေခင်ပွန်းဖြစ်သည်ကို လည်းကောင်း သိနိုင်ရန် အကြောင်းလေးပါးကို ပြောကြား ဖြေဆိုလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဆင်ငယ်ကို မွေးမြူသော ရသေ့သည် - ယခုအခါ အတူနေတပည့်။

ဆင်ငယ်သည် - ဥပဇ္ဈာယ်ဆရာ။

ရသေ့အပေါင်းသည် - ငါဘုရားပရိသတ်။

ဆရာရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မပြုံးမရွှင်၊ ရန်ဘက်မြင်၊ ကြားလျှင်မနှစ်လို။

(၂) မျက်နှာမဆိုင်ချင်၊ ပြုဆန့်ကျင်၊ လေးအင်ရန်သူဆို။

(၃) အကြောင်းလေးပါး၊ မရှိငြား၊ မှတ်သားမိတ်ဆွေကို။

မိတ္တာမိတ္တဇာတ် ပြီး၏။

***

၁၉၈ - ရာဓဇာတ်

ဟုတ်မှန်စေကာမူ နား၌ကြား၍ မချမ်းသာသော စကားကို မပြောဆိုဘဲ စောင့်စည်းနိုင်သောကြောင့် အသက်သေးမှ ချမ်းသာရသော ရာဓကျေးငှက် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိန်းမအကြောင်းပြု ဆုံးမမှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တန်ဆာဆင်ထားသော မိန်းမကို မြင်သဖြင့် သာသနာတော်မှ ငြီးငွေ့ပျင်းရိကာ လူထွက်လိုသော ရဟန်းတစ်ပါး ရှိလေ၏။

ထိုရဟန်းအကြောင်းကို မြတ်စွာဘုရား သိတော်မူလျှင် “ချစ်သားရဟန်း ... မိန်းမတို့မည်သည် မစောင့်ရှောက်နိုင်၊ ရှေးအခါ၌လည်း အိမ်ရှင်ယောကျ်ားသည် တံခါးစောင့်ကို ထားခဲ့၍ စောင့်ရှောက်ပါသော်လည်း မတတ်နိုင်၊ သင်သည် လျှပ်ပေါ် လော်လည်သော မိန်းမတို့ကို အဘယ်သို့ စောင့်ရှောက်နိုင်မည်နည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကျေးသားမှာကြား ကုန်သွယ်သွား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကျေးငှက်မျိုး၌ဖြစ်၍ အမည်အားဖြင့် ရာဓဟု မှည့်ခေါ်ကြကုန်၏။ ညီငယ်ကို ပေါဋ္ဌပါဒဟု မှည့်ခေါ်ကြကုန်၏။

ထိုကျေးညီတောင်တို့ကို မုဆိုးတစ်ယောက်သည် ငယ်စဉ်ကပင် ဖမ်းယူခဲ့၍ ဗာရာဏသီပြည်တွင် မထင်ရှားသော ပုဏ္ဏားတစ်ယောက်အား ပေးလေ၏။ ပုဏ္ဏားသည် ကျေးညီနောင်တို့ကို သားသမီးအရာ၌ထား၍ မွေးမြူလေ၏။ ပုဏ္ဏား၏မယား ပုဏ္ဏေးမကား စောင့်ရှောက်ခြင်းမရှိ၊ အကျင့်သီလမရှိလေ။

ပုဏ္ဏားသည် ကုန်သွယ်သွားသည်ရှိသော် ကျေးညီနောင်တို့ကိုခေါ်၍ “အမောင်တို့ ... ငါကုန်သွယ်သွားမည်၊ အခါကာလ၌လည်းကောင်း၊ အခါကာလမဟုတ်သည်၌ လည်းကောင်း မိခင်ပုဏ္ဏေးမ ပြုလုပ်သောအမှုကို ကြည့်ရှုရစ်ကြလော၊ ယောကျ်ားတစ်ပါး ရောက်လာသည်ကို လည်းကောင်း၊ မရောက်လာသည်ကို လည်းကောင်း သိအောင် ပြုရစ်ကြကုန်လော”ဟု မှာထားကာ ပုဏ္ဏေးမကို စောင့်ရှောက်ရန် ကျေးညီနောင်တို့အား အပ်နှင်းခဲ့၍ သွားလေ၏။

ညီငယ်ပြောကြား တားမြစ်ငြား

ပုဏ္ဏေးမသည် ပုဏ္ဏားသွားသောအခါမှစ၍ ယုတ်မာသောအကျင့်ကို ကျင့်လေ၏။ နေ့၌ လည်းကောင်း၊ ည၌လည်းကောင်း လာကြသော ယောကျ်ားတို့သည် အပိုင်းအခြားမရှိကုန်။ ပေါဋ္ဌပါဒသည် မိခင်ပုဏ္ဏေးမ ပြုလုပ်သော အခြင်းအရာကို မြင်လျှင် နောင်တော်ရာဓအား “နောင်တော် ... ဖခင်ပုဏ္ဏားသည် ပုဏ္ဏေးမကို ငါတိုပအား အပ်နှင်း၍သွားသည်။ ပုဏ္ဏေးမလည်း ယုတ်မာသောအကျင့်ကို ကျင့်၏။ ပုဏ္ဏေးမကို ပြောဆိုမည်” ဟု ပန်ကြားလေ၏။ ရာဓသည် ပေါဋ္ဌပါဒအား ညီငယ် မပြောဆိုလင့်ဟု တားမြစ်လေ၏။

ညီငယ်တားမရ သေဆုံးရ

ပေါဋ္ဌပါဒသည် နောင်တော် တားမြစ်သောစကားကို မနာယူပဲ ပုဏ္ဏေးမအား “မိခင် ... သင်သည် အဘယ်ကြောင့် ယုတ်မာသောအကျင့်ကို ပြူကျင့်သနည်း”ဟု ပြောဆိုလေ၏။ ထိုအခါ ပုဏ္ဏေးမသည် ပေါဋ္ဌပါဒကို သတ်လိုသည်ဖြစ်၍ “ချစ်သားပေါဋ္ဌပါဒ ... သင်သည် ငါ့သားဖြစ်လျက် ငါ့ကို ဆုံးမပေသည်၊ ငါသည် ဤနေ့မှစ၍ မပြုကျင့်တော့ပါ”ဟု ဆိုပြီးလျှင် တစ်ဖန် “ချစ်သားပေါဋ္ဌပါဒ ... မိခင်ထံ လာပါဦးလော့”ဟု ချစ်ယောင်ပြုကာ ခေါ်ယူ၍လာသော အခါ “သင်သည် ငါ့ကို ပြောဆိုရာသလော၊ မိမိ၏ ပမာဏကိုမသိ”ဟု လည်ပင်းကိုလိမ်၍သတ်ပြီးလျှင် ခုံလောက်ကြားတွင် ထားလေ၏။

ခဖင်ပြောကြား တောသို့သွား

ပုဏ္ဏားလည်း ပြန်ရောက်လာ၍ အပန်းဖြေပြီးလျှင် ရာဓအား - “ချစ်သားရာဓ ... ငါ အရပ်တစ်ပါးမှ ယခုပြန်ရောက်လာသည်မှ မကြာမြင့်သေး၊ သင်တို့ မိခင်သည် ငါမရှိခိုက် ယောကျာ်းတစ်ပါးနှင့် ယုတ်မာသောအကျင့်ကို ကျင့်သလော၊ မကျင့်ဘဲ ရှောင်ကြဉ်သလော”- ဟု မေးမြန်းလေ၏။ ထိုအခါ ရာဓသည် ဖခင်ပုဏ္ဏားအား - “ဖခင် ... ပညာရှိတို့ မည်သည်ကား - ဟုတ်မှန်သော စကားပင် ဖြစ်သော်လည်း နား၌ကြား၍ မချမ်းသာသည်ဖြစ်ပါမူ မပြောဆိုကြကုန်၊ ပြောဆိုမိသော ပေါဋ္ဌပါဒမှာ မီးနှင့်တူသော ပြာပူမှာ သေရသကဲ့သို့ ထို့အတူ ပြောဆိုမိသောသူမှာ သေရမည်”- ဟု တရားဟော၍ အကျွန်ုပ်သည် ဤအရပ်၌ နေရန် မသင့်ပြီဟု ဖခင်ပုဏ္ဏားကို ပန်ကြားပြီးလျှင် တောသို့ဝင်လေ၏။ ဤဒေသနာတော်ကို ဟောတော်မူပြီးလျှင် သစ္စာကိုပြတော်မူသည့်အဆုံး၌ သာသနာတော်မှ ငြီးငွေ့ပျင်းရိ၍ လူထွက်လိုသောရဟန်းသည် သောတာပတ္တဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပေါဋ္ဌပါဒ ကျေးသားသည် - ယခုအခါ အာနန္ဒာ။

ရာဓကျေးသားသည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) လော်လည်လျှပ်ပေါ်၊ မိပျက်ချော်၊ စောင့်သော်မရပါ။

(၂) နားမချမ်းငြား၊ မှန်စကား၊ ရှောင်ရှားပညဝါ။

(၃) ပေါဋ္ဌပါကျေး၊ ပြောမိရေး၊ သေဘေးရောက်ရရှာ။

ရာဓဇာတ် ပြီး၏။

***

၁၉၉ - ဂဟပတိဇာတ်

ရွာသူကြီးနှင့် ပြစ်မှားသော မယားကို သူကြီးရော မယားပါ အကျင့်ကောင်းလာအောင် ကြိမ်းမောင်း ရိုက်ပုတ်၍ ဆုံးမသော သူကြွယ် အကြောင်း

ပစ္စုပ္ပန်ဝတ္ထု

လူထွက်လိုလှ ဆိုဆုံးမ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာသနာတော်၌ ငြီးငွေ့ပျင်းရိကာ လူ့အဖြစ်ကိုသာ လည်တမော့မော့ မျှော်နေသော ရဟန်းတစ်ပါးရှိလေ၏။

ထိုရဟန်းအကြောင်းကို မြတ်စွာဘုရား သိတော်မူလျှင် - “ချစ်သားရဟန်း ... မိန်းမတို့မည်သည်ကား မစောင့်ရှောက်နိုင်၊ ယုတ်မာသော အမှုကိုပြု၍ ဥပါယ်တံမျဉ်ဖြင့် လင်ယောကျ်ားကို လှည့်စားတတ်သည်သာတည်း”ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သူကြွယ်မယား ကျင့်ဖောက်ပြား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိတိုင်းဝယ် သူကြွယ်မျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် အိမ်ရာထောင်ခြင်းကို ပြုလေ၏။ သူကြွယ်မယားကား သီလမရှိ၊ ယုတ်မာသောအကျင့် ရှိ၏။ ရွာသူကြီးနှင့်တကွ ယုတ်မာသောအကျင့်ကို ကျင့်လေ၏။ သူကြွယ်လည်း ထိုအကြောင်းကို သိသဖြင့် စုံစမ်းလျက်နေ၏။

သူကြီးထံသွား ချေးငှားစား

မိုးတွင်းအခါ ပဲမျိုးတို့ကြဲပြီးလတ်သော် လူတို့သည် ငတ်မွတ်ခေါင်းပါးကုန်၏။ စပါးတို့လည်း ဖုံးလုံးခိုက် ဖြစ်ကုန်၏။ နောက်နှစ်လလောက်ကြာမှ စပါးတို့ကို သိမ်းဆည်းရကုန်လတ္တံ့၊ ထိုအခါ လူတို့သည် သူကြီးထံသွားကာ နောက်နှစ်လရှိ၍ စပါးပေါ်မှပေးမည်ဟု အကြွေးခံလျက် နွားအိုတစ်ကောင်ယူ၍ သတ်ပြီးလျှင် အသးကိုစားကြကုန်၏။

ရွာသူကြီးသည် အခွင့်အခါကောင်းကို ကြည့်၍နေခဲ့ရာ တစ်နေ့သ၌ သူကြွယ် ရွာပြင်သို့သွားသည်ကို မြင်လျှင် အိမ်တွင်းသို့ ဝင်လေ၏။ သူကြွယ်မယားနှင့် ဆုံမိကြသော အခါ သူကြွယ်လည်း ရွာတံခါးသို့ဝင်လျက် အိမ်ဘက်သို့ ရှေးရှုလာနေ၏။ သူကြွယ်မယားသည် တံခါးခုံမှစရပ် ကြည့်ခိုက် သူကြွယ်ကို မြင်သဖြင့် ရွာသူကြီးအား ပြောကြားလေလျှင် ရွာသူကြီးသည် မပြေးသာတော့ဘဲ ကြောက်လန့်တုန်လှုပ်ကာ နေလေ၏။

မိန်းမပရိယာယ် လိမ်ဉာဏ်ဆင်

ထိုအခါ သူကြွယ်မယားသည် ရွာသူကြီးအား မကြောက်လင့်၊ တစ်ခုသောဥပါယ် ရှိသည်။ ငါတို့သည် သင့်ထံမှ နွားသားကိုယူ၍ အကြွေးစားဖူးသည်။ သင်က နွားသားဖိုး တောင်းဟန်ပြုလော့၊ ကျွန်ုပ်က ကျီထဲဆင်းကာ စပါးမရှိပြောမည်ဟု အကြံဉာဏ်ပေးကာ ကျီထဲသို့ ဆင်းလေ၏။ သူကြွယ်ပြန်လာ၍ အိမ်ရောက်လျှင် မိ်မိ တိုင်ပင်ထားသောအတိုင်း ရွာသူကြီးသည် အိမ်လယ်မှာ ရပ်ကာ ငါ့အမဲဖိုးကို ပေးပါဟု တောင်းလေ၏။ သူကြွယ်မယားသည် ကျီတံခါးတွင် ရပ်လျက် ယခု စပါးမရှိတော့ပါ၊ နောက်စပါးသိမ်းပြီးမှ ပေးပါမည်။ ယခုသွားပါဦးဟု ပြောလေ၏။

သူကြီးရိုက်ပုတ် အိမ်မှထုတ်

သူကြွယ်လည်း ထိုသူနှစ်ယောက်တို့ အမူအရာကိုမြင်လျှင် ဤအမှုကား မိန်းမယုတ် ပြုလုပ်သော ဥပါယ်တံမျဉ်ဖြစ်မည်ဟု သိလေလျှင် ရွာသူကြီးအား -

“ရွာသူကြီး ... သင်တို့နှစ်ယောက် ပြုလုပ်ကြသော အမူအရာကို ငါမနှစ်သက်၊ အကြောင်းကို ငါပြောဦးမည်။ ငါတို့ ငတ်မွတ်ခေါင်းပါး၍ သင့်နွားအိုသားကို ယူစဉ်က နှစ်လရှိသောအခါ စပါးပေါ်မှ ပေးမည်ဟု အကြွေးခံခဲ့ကြသည်။ ယခုသင်ကား လခွဲမလွန်မီ လာ၍ တောင်းခြင်းကို ငါမနှစ်သက်၊ ယုတ်မာသော အကျင့်ကိုကျင့်သော ဤမိန်းမယုတ် ကျီထဲမှာ စပါး မရှိသည်ကို သိပါလျက် ကျီထဲဆင်းကာ စပါးမရှိဟု ပြောဆိုခြင်းကိုလည်း ငါမနှစ်သက် သို့အတွက် သင်တို့နှစ်ယောက်လုံး အမူအရာကို ငါမနှစ်သက်”- ဟု ပြောဆိုပြီးလျှင် ရွာသူကြီးကို ဦးသျှောင်၌ ကိုင်ကာဆွဲငင်၍ ရိုက်ပုတ်ပြီးလျှင် ငါရွာသူကြီးတကားဟု သူတစ်ပါးသိမ်းဆည်းထားသော ဥစ္စာကို ပြစ်မှားကောင်းသလောဟု ကြိမ်းမောင်းဆဲရေးကာ လည်းပင်းကိုကိုင်၍ အိမ်မှနှင်ထုတ်လေ၏။

မိန်းမကြိမ်းမောင်း အကျင့်ပြောင်း

မိန်းမကိုလည်း ကျီထဲမှ ဆံထုံးကို ဆွဲ၍ ထုတ်ပြီးလျှင် ရိုက်ပုတ်ကာ နင်နောင်အခါ ဤလိုအမှုမျိုး ပြုလုပ်ခဲ့လျှင် အကြောင်းသိရလိမ့်မည်ဟု မောင်းမဲ ခြိမ်းခြောက်လေ၏။

ထိုခါမှစ၍ ရွာသူကြီးလည်း ကြောက်ရွံ့ထိတ်လန့်ကာ သူကြိမ်အိမ်ကို လှည့်၍ပင် မကြည့်ဝံ့တော့ပေ။ သူကြွယ်မယားလည်း နောက်တစ်ဖန် စိတ်ဖြင့်သော်မျှလည်း ယုတ်မာသောအကျင့်ကို မကျူးလွန်ဝံ့တော့ချေ။

ဤဒေသနာတော်ကို ဟောတော်မူပြီးလျှင် သစ္စာကို ပြတော်မူသည့်အဆုံး၌ လူ့အဖြစ်ကို လည်တမော့မော့ မျှော်၍နေသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရွာသူကြီးသည် - ယခုအခါ ဒေဝဒတ်။

အိမ်ရှင်သူကြွယ်သည် - ငါဘုရား ဖြစ်လာပြီ - ဟု

ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဥပါယ်ပြုငြား၊ လင်လှည့်စား၊ ဖောက်ပြားမိန်းမဉာဏ်။

(၂) ကြွေးတောင်းစေကာ၊ စပါးရှာ၊ ကျီမှာဆင်းနေဟန်။

(၃) လင်ကြီးက-ပါး၊ နှစ်ယောက်သား၊ ရိုက်ငြားသေလုပြန်။

ဂဟပတိဇာတ် ပြီး၏။

***

၂၀၀ - သာဓုသီလဇာတ်

သီလရှိသူကို ဦးစားပေး၍ သမက်ရွေးချယ်သော ပုဏ္ဏားအကြောင်း

ပစ္စုပ္ပန်ဝတ္ထု

သမီးများကြောင်းပြု လျှောက်ထားမှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မထင်ရှားသော ပုဏ္ဏားတစ်ယောက်အား သမီးလေးယောက်တို့ ရှိကုန်၏။

ထိုသမီးလေးယောက်တို့ကို လူလေးယောက်တို့သည် တောင်းဆိုကြကုန်၏။ တောင်းဆိုသူ လေးယောက်တို့တွင် တစ်ယောက်ကား အဆင်းလှ၏။ တစ်ယောက်ကား အရွယ်ကြီး၏။ တစ်ယောက်ကား အမျိုးမြတ်၏။ တစ်ယောက်ကား သီလရှိ၏။

ထိုအခါ ပုဏ္ဏားသည် မည်သူ့အားပေးရမည်ကို မသိ မကြံတတ်၍ မြတ်စွာဘုရားထံသွားကာ ထိုအကြောင်းကို လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် ပုဏ္ဏား “ဒါယကာ ပုဏ္ဏား ... ရှေးအခါ၌လည်း ပညာရှိတို့သည် ဤပြဿနာကို ဖြေဆိုဖူးကုန်ပြီ၊ သင်ကား ဘဝတစ်ပါး ဖုံးလွှမ်းသောကြောင့် မမှတ်နိုင်” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လုလင်လေးယောက် သမီးတောင်းရောက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်၌ ပညာသင်ကြားတတ်မြောက်၍ ပြန်လာရာ ဗာရာဏသီပြည်တွင် ဒိသာပါမောက္ခဆရာကြီး ဖြစ်လေ၏။

ထိုအခါ ပုဏ္ဏားတစ်ယောက်အား သမီးလေးယောက်တို့သည် ရှိကုန်၏။ ထိုသမီးလေးယောက်တို့ကို လူလေးယောက်တို့သည် လာ၍တောင်းဆိုကြကုန်၏။ တောင်းဆိုသူ လေးယောက်တို့တွင် တစ်ယောက်ကား အဆင်းလှ၏။ တစ်ယောက်ကား အရွယ်ကြီး၏။ တစ်ယောက်ကား အမျိုးမြတ်၏။ တစ်ယောက်ကား သီလရှိ၏။

စဉ်စားဆင်ခြင် ဆရာတိုင်ပင်

ပုဏ္ဏားသည် တောင်းဆိုလာသူ လေးယောက်တို့တွင် ဘယ်သူအားပေးသင့်သည်ကို မသိသဖြင့် မကြံတတ်တော့ဘဲ ဒိသာပါမောက္ခဆရာကြီးထံသွား၍ မေးပြီးလျှင် သင့်လျှော်သူအားပေးမည်ဟု နှလုံးသွင်းကာ ဒိသာပါမောက္ခဆရာကြီးထံ သွားလေ၏။ ရောက်လျှင် ဆရာကြီးအား -

“ဆရာကြီး ... အကျွန်ုပ်၏ သမီးလေးယောက်တို့ကို လူလေးယောက်တို့လာ၍ တောင်းကြပါ၏။ ထိုတောင်းသူ လေးယောက်တို့တွင် တစ်ယောက်ကား အဆင်းလှ၏။ တစ်ယောက်ကား အရွယ်ကြီး၏။ တစ်ယောက်ကား အမျိုးမြတ်၏။ တစ်ယောက်ကား သီလရှိ၏။ ထိုလေးယောက်တို့တွင် ဘယ်သူအား ပေးရမည်ကို မသိ၍ ဆရာကြီးထံ လာ၍ မေးပါ၏။ ဘယ်သူအား ပေးရပါမည်နည်း” - ဟု မေးပြန်လေ၏။

သီလရှိသူသာ သမီးပေးရာ

ထိုအခါ ဒိသာပါမောက္ခဆရာကြီိးသည် ပုဏ္ဏားစကားကို ကြားလျှင် -

“ပုဏ္ဏား .. တောင်းသူလေးယောက်တို့တွင် - အဆင်းလှသူလည်း အကျိုးစီးပွား ရှိပေ၏။ အရွယ်ကြီးသူလည်း အကျိုးစီးပွားရှိပေ၏။ အမျိုးမြတ်သူလည်း အကျိုးစီးပွားရှိပေ၏။ သို့သော်လည်း ငါတို့သေဘာကား သီလရှိသူကိုသာ နှစ်သက်ပေ၏”- ဟု ပြောကြား ဆုံးမလေ၏။ ပုဏ္ဏားသည် ဒိသာပါမောက္ခဆရာကြီိး စကားကိုကြားလျှင် သီလရှိသောသူအားသာ မိမိသမီးတို့ကို ပေးလေ၏။

ဤဒေသနာတော်ကို ဟောတော်မူပြီး၍ သစ္စာကို ပြတော်မူသည့်အဆုံး၌ မထင်ရှားသော ပုဏ္ဏားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုဏ္ဏားသည် - ယခုအခါ ပုဏ္ဏား။

ဒိသာပါမောက္ခဆရာကြီိးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အဆင်း,အရွယ်၊ မျိုးအနွယ်၊ တင့်တယ်စီးပွားရှိ။

(၂) သီလရှိလတ်၊ ထွက်အမြတ်၊ ဆုံးဖြတ်ပညာရှိ။

(၃) သီလရှိသူ၊ သမီးယူ၊ ကြည်ဖြူပေးလေဘိ။

သာဓုသီလဇာတ် ပြီး၏။

***

၆။ ဒဠဝဂ် ၂၀၁ - ဗန္ဓနာဂါရဇာတ်

တဏှာ အချုပ်ထောင်မှ လွတ်မြောက်အောင် ထွက်ပြေးနိုင်သော သူဆင်းရဲအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ခိုးသားနှောင်မြင် လျှောက်ထားတင်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီးသည် ဖမ်းဆီးယူဆောင်လာသော သူခိုးတို့အား ထောင်ဟူသော အနှောင့်အဖွဲ့၊ သံခြေချင်း ဟူသော အနှောင်အဖွဲ့တို့ဖြင့် နှောင်ဖွဲ့စေကုန်၏။

ထိုအခါ ဇနပုဒ်သားရဟန်းတို့သည် ဇေတဝန်ကျောင်းတော်သို့ မြတ်စွာဘုရားကို အဖူးအမြော် လာကြကုန်ရာ နက်ဖြန်နေ့၌ ဆွမ်းခံကုန်သည်ရှိသော် နှောင်အိမ်သို့ ရောက်ကြသဖြင့် နှောင်ဖွဲ့ထားသော သူခိုးတို့ကို မြင်ခဲ့ကြကုန်၏။

ညချမ်းသောအခါ မြတ်စွာဘုရားအထံတော်သို့ ဆည်းကပ်ပြီးလျှင် “အရှင်ဘုရား ... ယနေ့နံနက်အခါ ဆွမ်းခံသွားသည်ရှိသော် နှောင်ဖွဲ့ထားသော သူခိုးတို့ကို မြင်ခဲ့ကြရပါကုန်၏။ ထိုသူခိုးတို့သည် အနှောင်အဖွဲ့ကိုဖြတ်၍ မပြေးနိုင်ကြကုန်။ ထိုအနှောင်အဖွဲ့ထက် သာလွန်သော အနှောင်အဖွဲ့တို့သည် ရှိပါကုန်သေးသလော” ဟု လျှောက်ထားကြကုန်၏။

နှောင်ဖွဲ့အဆ-ရာ လောဘသာ

မြတ်စွာဘုရားသည် ရဟန်းတို့အား “ရဟန်းတို့ ... ထောင်၊ သံခြေချင်း စသော အနှောင့်အဖွဲ့တို့မှာ အဘယ်မှာ အနှောင်က ဖွဲ့မည်ကုန်အံ့နည်း၊ ဥစ္စာ၊ စပါး၊ သားမယား စသည်တို့၌ စွဲလမ်းတပ်မက်သော တဏှာကိလေသာ အနှောင်အဖွဲ့သာလျှင် ထိုထောင်၊ သံခြေချင်း စသော အနှောင်အဖွဲ့တို့ထက် အဆရာထောင်အားဖြင့် သာလွန်မြဲမြံသော အနှောင်အဖွဲ့ ဖြစ်သည်။ ရှေးအခါ ပညာရှိတို့သည် ထိုအနှောင် အဖွဲ့ကို ဖြတ်ကုန်၍ ဟိမဝန္တာတောသို့ဝင်ကာ ရသေ့ရဟန်း ပြုကြကုန်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ရဟန်းပြုလို မယားပြောဆို

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဆင်းရဲမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် အဖကွယ်လွန်သောအခါ အမိကို အခစားလုပ်၍ ကျွေးမွေးကာ နေလေ၏။ အမိသည် သားအလိုမရှိဘဲ အမျိုးသမီးငယ် တစ်ယောက်နှင့် လက်ထပ်ပေးစား၍ နောင်အဖို့၌ အမိလည်း ကွယ်လွန်လေ၏။ မယား၌လည်း ပဋိသန္ဓေကိုယ်ဝန်တည်လေ၏။

သူဆင်းရဲသည် မယား၌ ပဋိသန္ဓေကိုယ်ဝန်တည်နေသည်ကို မသိသည်ဖြစ်၍ မယားအား “နှမ ... သင်သည် အခစားလုပ်၍ အသက်မွေးရစ်လော့၊ ငါကား ရသေ့ရဟန်းပြုမည်” ဟု ပြောဆိုလေ၏။ မယားလည်း လင်အား “အရှင် ... အကျွန်ုပ်မှာ ကိုယ်ဝန်တည်ရှိနေပြီ၊ ဆိုင်းပါဦး၊ သားဖွားပြီးသော် သားကိုကြည့်ရှု၍ ရသေ့ရဟန်းပြုလတ္တံ့” ဟု ပြောဆိုကာ တားမြစ်လေ၏။ သူဆင်းရဲလည်း ကောင်းပြီဟု ဝန်ခံကာ ဆိုင်းငံ့လျက်နေ၏။

တဏှာလွတ်ရေး တောထွက်ပြေး

ချမ်းသာစွာ သားဖွားပြီးသောအခါ “နှစ်မ ... သင်ကား ချမ်းသာစွာ သားဖွားပြီးသောအခါ “နှမ ... သင်ကား ချမ်းသာစွာ သားဖွားပြီးလေပြီ၊ ယခုအခါ ငါရသေ့ရဟန်း ပြုတော့မည်” ဟု ပြောဆိုပြန်၏။ မယားလည်း “အရှင် ... သားငယ် နို့ခွာသည်တိုင်အောင် ဆိုင်းငံ့ပါဦး”ဟု တားမြစ်သဖြင့် ဆိုင်းငံ့လျက်နေပြန်ရာ တစ်ဖန်ပဋိသန္ဓေကိုယ်ဝန် ရှိပြန်၏။

ထိုအခါ သူဆင်းရဲသည် ငါကား ဤမိန်းမကို ခွင့်တောင်းနေလျှင် ဘယ်တော့မှ သွားရတော့မယ်မဟုတ်၊ ခွင့်မတောင်းဘဲ ထွက်ပြေးကာ ရဟန်းပြုတော့မည်ဟု ကြံစည်ပြီးလျှင် မယားကို အကြောင်းမကြားတော့ဘဲ မယားအိမ်ပျော်နေခိုက် ညဉ့်အခါ ထ၍ပြေးလေ၏။

မြို့စောင့်တို့ ဖမ်းဆီးကြလေသော် “အရှင်တို့ ... ကျွန်ုပ်ကား အမိကိုလုပ်ကျွေးသောသူဖြစ်၍ လွှတ်ကြပါ” ဟု တောင်းပန်၍ လွှတ်စေပြီးလျှင် မြို့မှထွက်၍ ဟိမဝန္တာတောသို့ဝင်လျက် ရသေ့ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေလျက် စျာဉ်ယာဉ်ဖြင့် ပျော်မွေ့ကာ နေလေ၏။

ရသေ့သည် ဟိမဝန္တာ၌နေစဉ် “သံဖြင့်ပြုအပ်သော သံခြေချင်း အနှောင်အဖွဲ့၊ ဖြူဆံမြက် စသည်ဖြင့် ပြုအပ်သော ကြိုးအနှောင်အဖွဲ့၊ ဤအနှောင်အဖွဲ့တို့ကို ပညာရှိတို့သည် မြဲသော အနှောင်အဖွဲ့ဟု မဆိုကြကုန်၊ တန်ဆန်ဆင်အပ်သော သားမယား ပစ္စည်းဥစ္စာ စသည်တို့၌ သာယာနှစ်သက် တပ်မက် စွဲလမ်းခြင်း တဏှာကိလေသာ အနှောင်အဖွဲ့ကိုသာ မြဲသော အနှောင်အဖွဲ့ဟု ဆိုကြကုန်၏။

အပါယ်လေးဘုံသို့ ဆောင်တတ်သော လျော့သော်လည်း အဖြေရခက်သော ထိုတဏှာ ကိလေသာ အနှောင်အဖွဲ့ကိုစဉ်လျက်လည်း ပညာရှိတို့သည် ဖြတ်တောက်ကာ ကာမဂုဏ်ချမ်းသာကို မငဲ့ကွက်ဘဲ ပယ်စွန့်၍ ရသေ့ရဟန်း ပြုနိုင်ကြကုန်၏” – ဟု ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးလေ၏။

ဤဒေသနာတော်ကို ဟောတော်မူပြီး၍ သစ္စာကို ပြတော်မူသည့်အဆုံး၌ တချို့ရဟန်းတို့သည် သောတာပန်၊ တချို့ သကဒါဂါမ်၊ တချို့ အနာဂါမ်၊ တချို့ ရဟန္တာအဖြစ်သို့ ရောက်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ အမိသည် - ယခုအခါ မဟာမာယာ။

အဖသည် - သုဒ္ဓေါဒနမင်းကြီး။

မယားသည် - ရာဟုလာမယ်တော်။

သားသည် - ရာဟုလာ။

မယားကိုစွန့်၍ ရဟန်းပြုသော ယောကျ်ားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ခြေချင်း၊ ထောင်,ကြိုး၊ နှောင်ဖွဲ့မျိုး၊ မြဲရိုးမရှိပေ။

(၂) သား,မယား,ဥစ္စာ၊ ခင်တဏှာ၊ လျော့စွာမြဲဖွဲ့လေ။

(၃) မြဲဖွဲ့တဏှာ၊ ပယ်စွန့်ခွာ၊ တော်မှာပျော်ကဝေ။

ဗန္ဓနာဂါရဇာတ် ပြီး၏။

***

၂၀၂ - ကေဠိသီလဇာတ်

လူအို၊ လှည်းအို၊ နွားအို စသည်တို့ကို ကစားကျီးစယ်၍ ဂါရဝတရား ပျက်ပြားသော မင်းယုတ်အား သိကြားမင်းက လူအိုယောင်ဆောင်ကာ ဝရဇိန် လက်နက်ဖြင့် ခြိမ်းခြောက်၍ ဆုံးမရခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သေးငယ်ပုကွ လကုဏ္ဍက

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လကုဏ္ဍက ဘဒ္ဒိယထေရ်သည် သာသနာတော်၌ ထင်ရှားကျော်စော၏။ သာယာစွာသောအသံဖြင့် တရားဟောတတ်၏။

ပဋိသမ္ဘိဒါလေးပါးကိုရ၏။ ရဟန္တာမထေရ်ကြီး ဖြစ်၏။ မသီတိမဟာသာဝကကြီး ရှစ်ကျိပ်တို့တွင် တစ်ပါးအပါအဝင်ဖြစ်၏။ အရပ်တော်ပမာဏကား သေးငယ်ပုကွ၏။ ကစားရန်သွားလာသော သာမဏေငယ်ကဲ့သို့ဖြစ်၏။ တစ်နေ့သ၌ ထို လကုဏ္ဍကဘဒ္ဒိယထေရ်သည် မြတ်စွာဘုရားကို ရှိခိုးသွားရာ ဇေတဝန်ကျောင်းတော် တံခါးမုခ်၌နေစဉ် ဇနပုဒ်မှလာသော ရဟန်းသုံးကျိပ်တို့လည်း မြတ်စွာဘုရားကို ရှိခိုးမည်ဟု ဇေတဝန်ကျောင်းတော်သို့ ဝင်သည်ရှိသော် ထိုလကုဏ္ဍကဘဒ္ဒိယထေရ်မြင်လျှင် သာမဏေကလေးဟု ထင်မှတ်ကြလျက် သင်္ကန်းစွန်းကိုဆွဲ၍ ဦးခေါင်းကို လက်ဖြင့်ကိုင်ကာ နှာခေါင်းကို ဆွဲပြီးလျှင် နားရွက်ကိုလှုပ်၍ လက်ဆော့ကစားကုန်လျက် သွားကြကုန်၏။

ပုကွကြောင်းစုံ လျှောက်ထားပုံ

ထိုရဟန်းတို့သည် မြတ်စွာဘုရားထံ ဆည်းကပ်ကာ ပဋိသန္ဓာရ ပြုပြီးလျှင် “အရှင်ဘုရား ... သာသနာတော်၌ ထင်ရှားကျော်စော၍ တရားဟောကောင်းသော လကုဏ္ဍကဘဒ္ဒိယထေရ် ဘယ်အရပ်မှာ နေပါသနည်း” ဟု လျှောက်ကြ၏။ “ရဟန်းတို့ ... သင်တို့ ဖူးမြင်လိုကြသလော” ဟု မေးတော်မူလျှင် “အရှင်ဘုရား ... ဖူးမြင်လိုကြပါသည်” ဟု လျှောက်ပြန်၏။ “ရဟန်းတို့ ... လကုဏ္ဍကဘဒ္ဒိယထေရ်ကား တံခါးမုခ်မှာ သင်တို့ လက်ဆော့၍ ကစားခဲ့သော မထေရ်ပင် ဖြစ်သည်” ဟု မိန့်တော်မူ၏။ “အရှင်ဘုရား ... ဆုတောင်းပတ္တာနာရှိ၍ ကုသိုလ်ကံနှင့် ပြည့်စုံသော မဟာသာဝကကြီး ဖြစ်ပါလျက် အဘယ်ကြောင့် ဘုန်းတန်ခိုးနည်းရပါသနည်း”ဟု လျှောက်ထားကြ၏။ ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ ... မိမိတို့ပြုအပ်သော မကောင်းမှုကံကို မှီ၍ ဘုန်းတန်ခိုးနည်းရသည်”ဟု မိ်န့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လူအိုကျီစား အပါယ်လား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သိကြားမင်း ဖြစ်လေ၏။

ထိုအခါ ဗြဟ္မဒတ်မင်းသည် အိုမင်းဟောင်းနွမ်းသော လူ၊ဆင်၊မြင်း၊ နွားလှည်း စသည်တို့ကို တွေ့မြင်လျှင် ကစားတတ်သောအလေ့ရှိ၏။ ဆင်အို၊ မြင်းအိုကိုမြင်လျှင် လိုက်စေ၏။ လှည်းအိုကို မြင်လျှင် ဖျက်စေ၏။ မိန်းမအိုကို မြင်လျှင်ခေါ်စေ၍ ဝမ်းဗိုက်၌ တွန်းထိုးကာ လဲစေ၏။ တစ်ဖန် ထစေပြီးလျှင် ထိတ်လန့်စေ၏။ ယောကျ်ားအိုကို မြင်လျှင် ကျွမ်းသမားကဲ့သို့ မြေပေါ်မှာ ကျွမ်းထိုးခိုင်း၏။ မမြင်ပြန်လျှင်လည်း လူအိုရှိသည်ဟု ကြားသော အိမ်သို့သွားစေ၍ အခေါ်ခိုင်းကာ ကစားပြန်၏။

လူတို့သည် ရှက်ကြောက်ကုန်သည်ဖြစ်၍ မိမိတို့ မိအို၊ ဖအိုတို့ကို တိုင်းပြည်တစ်ပါးသို့ ပို့ထားကြရကုန်၏။ မိဘကို လုပ်ကျွေးသောတရားသည် ကွယ်ပျောက်လေ၏။ မင်းခစားတို့လည်း မင်းကြီးကို အတုယူကာ ကစားလေ့ရှိကြကုန်၏။ သေတိုင်း၊ သေတိုင်းသော သူတို့သည် အပါယ်ဘုံသို့ သွားကြသဖြင့် နတ်ပရိသတ်တို့သည် ဆုတ်ယုတ်ကုန်၏။

လူအိုဟန်ပြ သိကြားမ

သိကြားမင်းသည် ဖြစ်လာသော နတ်သစ်တို့ကို မမြင်သည်ဖြစ်၍ ဆင်ခြင်လတ်သော် ထိုအကြောင်းကိုသိလျှင် ဗြဟ္မဒတ်မင်းကို ဆုံးမမည်ဟု လူအိုဟန် ဖန်ဆင်း၍ ဟောင်းနွမ်းသော အဝတ်ကို ဝတ်ဆင်ကာ လှည်းအို၌ ရက်တက်ရည်အိုးနှစ်လုံးကိုတင်လျက် နွားအိုနှစ်ကောင်ကို လှည်း၌တပ်၍ မောင်းနှင်သွားလေရာ ဗြဟ္မဒတ်မင်းကြီးလည်း ပွဲသဘင်နေ့ဖြစ်၍ တန်ဆာဆင်အပ်သော မင်္ဂလာဆင်တော်ကို စီးပြီးလျှင် မြို့ကို လှည့်လည်ခိုက်နှင့် ပက်ပင်းပါ တွေ့လေ၏။

ဗြဟ္မဒတ်မင်းကြီးလည်း လှည်းအိုကိုမြင်လျှင် မင်းချင်းတို့အား ရှေ့မှလာသော လှည်းအိုကို ဖယ်ရှားကြလောဟု ပြောဆိုလေ၏။ မင်းချင်းတို့လည်း “အရှင်မင်းကြီး ... အဘယ်မှာနည်း အကျွန်ုပ်တို့ မမြင်ကြကုန်” ဟု လျှောက်ထားကြကုန်၏။ သိကြားမင်းသည် မိမိအာနုဘော်ဖြင့် မင်းကိုသာ ပြလေ၏။

လက်နက်ပြလျက် ခြိမ်းခြောက်ချက်

သိကြားမင်းသည် မင်းကြီးနှင့် နီးကပ်လာသောအခါ လှည်းအိုကို မင်းကြီးအပေါ် ကောင်းကင်တွင် မောင်းနှင်ကာ ဦးခေါင်းပေါ်တွင် ရက်တက်ရည်အိုး တစ်လုံးကို ခွဲလျက်သွားပြီးလျှင် တစ်ဖန်ပြန်လှည့်ကာ ရက်တက်ရည်အိုး တစ်လုံးကို ခွဲပြန်၏။ မင်းကြီး၏ ဦးခေါင်းနှင့်တကွ တစ်ကိုယ်လုံးမှ ရက်တက်ရည်တို့သည် ယိုစီး၍ ကျဆင်းကုန်၏။ ထိုအခါ မင်းကြီးသည် တစ်ကိုယ်လုံး ရက်တက်ရည် ပေကျံနေသဖြင့် အလွန်ငြီးငွေ့ စက်ဆုပ်ရွံရှာ၏။ ရှက်လည်းရှက်၏။

သိကြားမင်းသည် မင်းကြီး ဆင်းရဲပင်ပန်းနေသည်ကို သိလျှင် လှည်းပျောက်ကွယ်စေ၍ သိကြားအသွင်ဖြင့် ဝရဇိန်လက်နက်ကို ကိုင်စွဲကာ ကောင်းကင်ထက်၌ ရပ်လျက် မင်းကြီးအား -

“ဟယ် - တရားမစောင့်သော မင်းယုတ် ... သင်မအိုတော့ဘူးလား၊ သင့်ကိုယ်မှာ အိုခြင်းတရား မညှဉ်းဆဲတော့ဘူးလား၊ သင်သည် သူအိုတို့ကို ကစားကျီစား၍ နှိပ်စက်ညှဉ်းဆဲဘိ၏။ သင့်ကို အတုယူကာ မင်းခစားတို့လည်း နှိပ်စက်ညှဉ်းဆဲကြကုန်၏။ သေတိုင်း၊ သေတိုင်းသောတို့သည် အပါယ်ဘုံသို့ ရောက်ကြကုန်၏။ မိဘကိုလုပ်ကျွေးရန် အခွင့်မရကြကုန်၊ သင်ဤအမှုကို မရှောင်ကြဉ်လျှင် ဤဝရဇိန်လက်နက်ဖြင့် သင့်ဦးခေါင်းကို ခွဲပစ်မည်။ ဤနေ့မှစ၍ ဤအမှုကို မပြုလင့်” – ဟု တင်းကျပ်စွာ ခြိမ်းခြောက်ပြီးလျှင် မိဘတို့ ဂုဏ်ကျေးဇူးကို ဟောပြောလျက် ကြီးသောသူတို့ကို အရိုအသေပြုရသော ကောင်းမှု၏အကျိုးကို ဖော်ပြကာ ဆုံးမပြီးလျှင် မိမိနေရာ တာဝတိံသာနတ်ရွာသို့ ပြန်သွားလေ၏။ မင်းကြီးလည်း ထိုအခါမှစ၍ ထိုအမှုမျိုးကို ပြုလုပ်ရန် စိတ်မကူးဝံ့တော့ချေ။

တရားပြသ ဆိုဆုံးမ

မြတ်စွာဘုရားသည် ဤသို့ အတိတ်ဇာတ်ကို ဆောင်တော်မူပြီး၍ ရဟန်းတို့အား - “ရဟန်းတို့ ... ခန္ဓာကိုယ်ဖြင့် အကြီးအငယ် နှိုင်းယှဉ်ဖွယ် မရှိသောကြောင့် ဟင်္သာ၊ ဥဒေါင်း၊ ဆင်၊ သား၊ သမင်၊ ချေ၊ အလုံးစုံသော သတ္တဝါတို့သည် ခြင်္သေ့မင်းကို ကြောက်ရကုန်သကဲ့သို့ ထို့အတူ လူတို့တွင် ငယ်သော်လည်း ပညာရှိသောသူသာ အကြီးအကဲဖြစ်၏။ ပညာမရှိသူမှာ ခန္ဓာကိုယ်ကြီးသော်လည်း အကြီးအကဲ မဖြစ်နိုင်၊ ထို့ကြောင့် သင်တို့သည် လကုဏ္ဍကဘဒ္ဒိယထေရ်ကို ခန္ဓာကိုယ်အားဖြင့် သေးငယ်သော်လည်း ပညာအားဖြင့် သေးငယ်သည်ဟု မမှတ်ထင်ကြကုန်လင့်” ဟု အဆုံးအမ ပေးတော်မူ၏။

ဤဒေသနာတော်ကို ဟောတော်မူပြီး၍ သစ္စာကို ပြတော်မူသည့်အဆုံး၌ တချို့သော ရဟန်းတို့သည် သောတာပန်၊ တချို့သကဒါဂါမ်၊ တချို့အနာဂါမ်၊ တချို့ရဟန္တာအဖြစ်သို့ ရောက်ကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗြဟ္မဒတ်မင်းသည် - ယခုအခါ လကုဏ္ဍကဘဒ္ဒိယ။

သိကြားမင်း - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကြီးငယ်ဆိုရာ၊ ကိုယ်ခန္ဓာ၊ နှိုင်းကာမမှတ်လင့်။

(၂) ပညာဖြင့်သာ၊ ကြီး,ငယ်မှာ၊ နှိုင်းကာထားလေသင့်။

(၃) ပညာမကြွယ်၊ လူတွင်ငယ်၊ ကြွယ်သူကြီးလေမင့်။

ကောဠိသီလဇာတ် ပြီး၏။

***

၂၀၃ - ခန္ဓဇာတ်

မြွေဘေးဖြင့် သေကျေပျက်စီးကြသော ရသေ့တို့အား မြွေမျိုးလေးပါးတို့ကို မေတ္တာပွားကြရန် ညွန်ပြသော ဆရာရသေ့ကြီး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မြွေဘေးအတွက် ညွှန်ကြားချက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် *ဇရုံးအိမ်တံခါးတွင် ထင်းခွဲနေသောရဟန်းကို မြွေတစ်ကောင်သည် သစ်ဆွေးကြားမှ ထွက်လာကာ ခြေချောင်းတွင် ကိုက်ခဲလေ၏။ *ဇရုံးအိမ် ... ချွေးအောင်းသောအိမ် - အဆောက်အဆုံ။

ရဟန်းတို့သည် ထိုရဟန်း၏ အကြောင်းကို တရားသဘင်ဝယ် စကားစပ်မိ၍ ပြောဆိုနေကြစဉ် မြတ်စွာဘုရား ကြွလာတော်မူသဖြင့် ထိုအကြောင်းကို လျှောက်ထားကြရာ မြတ်စွာဘုရားသည် “ရဟန်းတို့ ... ထိုရဟန်းသည် လေးပါးသော မြွေမျိုးတို့ကို အာရုံပြု၍ အကယ်၍ မေတ္တာပွားပါမူ မြွေသည် မကိုက်ခဲလေရာ အမှန်အားဖြင့် ရှေးပညာရှိတို့သည် လေးပါးသောမြွေမျိုးတို့ကို မှီ၍ဖြစ်သော ဘေးမှလွတ်ဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မြွေဘေးကြုံတွေ့ ရှင်ရသေ့

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် ကာမဂုဏ်တို့ကို စွန့်ပယ်ကာ ရသေ့၊ ရဟန်းပြုလျက် အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဟိမဝန္တာအရပ်ဝယ် ဂင်္ဂါမြစ်ကွေ့တစ်ခု၌ ကျောင်းသင်္ခမ်း ဆောက်လုပ်လျက် ရသေ့အပေါင်းခြံရံကာ နေလေ၏။

ဂင်္ဂါမြစ်နား၌ အထူးထူးအပြားပြား များစွာကုန်သော ကျောရှည်မျိုး တိရစ္ဆာန်တို့သည် ရသေ့တို့အား ဘေးရန်ကို ပြုကြကုန်သဖြ်င့ ရသေ့များစွာတို့သည် သေကျေ ပျက်စီးခြင်းသို့ ရောက်ကုန်၏။ ရသေ့တို့သည် ဆရာရသေ့ကြီးအား ထိုအကြောင်းကို ပြောကြားကြကုန်၏။

မြွေဆိုးတို့ဘေး ကာကွယ်ရေး

ထိုအခါ ဆရာရသေ့ကြီးသည် အလုံးစုံသော ရသေ့တို့ကို စည်းဝေးစေ၍ “ရသေ့တို့ ... သင်တို့သည် လေးပါးသော မြွေမျိုးတို့ကို အကယ်၍ မေတ္တာပွားကြပါမူ သင်တို့ကို မြွေတို့သည် မကိုက်ခဲကုန်ရာ ထို့ကြောင်း ဤနေ့မှစ၍ သင်တို့သည် -

(၁) ဝိရုပက္ခ နဂါးမင်းမျိုးတို့နှင့်တကွ ငါ၏ ချစ်ခြင်းဖြစ်ပါစေ။

(၂) ဧရာပထ နဂါးမင်းမျိုးတို့နှင့်တကွ ငါ၏ချစ်ခြင်းဖြစ်ပါစေ။

(၃) ဆပျာပုတ္တ နဂါမင်းမျိုးတို့နှင့်တကွ ငါ၏ချစ်ခြင်းဖြစ်ပါစေ။

(၄) ကဏှာဂေါတမက နဂါးမင်းမျိုးတို့နှင့် တကွ ငါ၏ချစ်ခြင်း ဖြစ်ပါစေ။

ဤသို့ မေတ္တာပွားကို များကြရမည်။

(၁) အခြေမရှိသော သတ္တဝါ တို့နှင့် တကွ ငါ၏ချစ်ခြင်း ဖြစ်ပါစေ။

(၂) အခြေနှစ်ချောင်းရှိသောသတ္တဝါ တို့နှင့် တကွ ငါ၏ချစ်ခြင်း ဖြစ်ပါစေ။

(၃) အခြေလေးချောင်းရှိသော သတ္တဝါတို့နှင့်တကွ ငါ၏ချစ်ခြင်း ဖြစ်ပါစေ။

(၄) အခြေများသော သတ္တဝါ တို့နှင့် တကွ ငါ၏ချစ်ခြင်း ဖြစ်ပါစေ။

ဤသို့လည်း မေတ္တာကို ပွားများကြရမည်။

(၁) ငါ့ကို အခြေမရှိသောသတ္တဝါသည် မညှဉ်းဆဲပါစေသတည်း။

(၂) ငါ့ကို အခြေနှစ်ချောင်းရှိသော သတ္တဝါသည် မညှဉ်းဆဲပါစေသတည်း။

(၃) ငါ့ကို အခြေလေးချောင်းရှိသော သတ္တဝါသည် မညှဉ်းဆဲပါစေသတည်း။

(၄) ငါ့ကို အခြေများသော သတ္တဝါသည် မညှဉ်းဆဲပါစေသတည်း။

ဤသို့လျှင် မေတ္တာကို ပွားများကြရမည်။

ခပ်သိမ်းသော ခန္ဓာငါးပါး၌ ငြိစွန်းသော သတ္တဝါ၊ ခမ်သိမ်းသော ထွက်သက်ဝင်သက်ရှိသော သတ္တဝါ၊ ခမ်သိမ်းသော ဖြစ်ပြီးဖြစ်ဆဲဖြစ်သော သတ္တဝါ၊ အကြွင်းအကျန်မရှိ ခပ်သိမ်းသော သတ္တဝါတို့သည် ကောင်းသောအာရုံတို့ကို တွေ့မြင်ပါစေကုန်သတည်း၊ တစ်စုံတစ်ရာ ယုတ်မာဆင်းရဲခြင်းသို့ မရောက်ပါစေကုန် သတည်း။

ဤသို့လည်း မေတ္တာကို ပွားများကြရမည်။

မြတ်စွာဘုရား ဂုဏ်ကျေးဇူးတော်သည် အတိုင်းမရှည်မရှိ။

တရားဂုဏ်ကျေးဇူးတော်သည် အတိုင်းအရှည်မရှိ။

သံဃာဂုဏ်ကျေးဇူးတော်သည် အတိုင်းအရှည်မရှိ။

ဤသို့ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးတော်တို့ကို အောက်မေ့ကြရမည်။

မြွေ၊ ကင်းမြီးကောက်၊ ကင်းခြေများ၊ ပင့်ကူ၊ တက်တူ၊ ကြွက်၊ ဤသို့ကိုယ်ဖြင့်သွားသော သတ္တဝါတို့သည် အတိုင်းအရှည် ရှိကုန်၏။ အတိုင်းအရှည်မရှိသော ရတနားသုံးပါးတို့၏ အာနုဘော်ဖြင့် နေ့ညဉ့်ပတ်လုံး အစောင့်အရှောက်ကို ပြုစေကုန်သတည်း။ ဤသို့ တောင့်တကြရမည်။

ငါသည် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးတော်ကို အောက်မေ့သဖြင့် အစောင့်အရှောက်ကို ပြုအပ်ပေပြီ၊ အရံအတားကို ပြုအပ်ပေပြီ၊ ငါ့အကျိုးမဲ့ကို အလိုရှိကုန်သော သတ္တဝါတို့သည် ဖဲသွားကြစေကုန်သတည်း။ ဤသို့လည်း တောင့်တကြရမည်။

ငါသည် ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံသော မြတ်စွာဘုရားအား ရှိခိုးပါ၏။

ငါသည် ခုနစ်ဆူကုန်သော မြတ်စွာဘုရားတို့အား ရှိခိုးပါ၏။

ဤသို့ ရှိခိုးခြင်းကိုပြုကြရမည်။ ဤသို့ ရသေ့အပေါင်းအား ပရိတ်ဂါထာကိုဖွဲ့၍ ပေးလေ၏။

ပရိတ်မေတ္တာ အကျိုးဖြာ

ထိုခါမှစ၍ ရသေ့အပေါင်းသည် ဆရာရသေ့ကြီး၏ အဆုံးအမ၌တည်၍ မေတ္တာကို ပွားစေကြကုန်၏။ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်တို့ကို အောက်မေ့ကြကုန်၏။ ထိုရသေ့တို့သည် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်တို့ကို အောက်မေ့ကြကုန်သည်ရှိသော် အလုံးစုံသော မြွေမျိုးတို့သည် ဖဲသွားကြကုန်၏။ ရသေ့ကြီးသည်လည်း ဗြဟ္မဝိဟာရ တရားကို ပွားများကာ ဗြဟ္မာပြည်သို့ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရသေ့အပေါင်းသည် - ယခုအခါ ဘုရားပရိသတ်။

ဆရာရသေ့ကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မေတ္တာကိုပွား၊ နေသူအား၊ မြွေများမကိုက်နိုင်။

(၂) ရတနာသုံးပါး၊ ဂုဏ်ကိုပွား၊ ဘေးများ မဝင်နိုင်။

ခန္ဓဇာတ် ပြီး၏။

***

၂၀၄ - ဝီရကဇာတ်

တင်ကျီး ကျွေးမွေးသည်ကို မကျေနပ်ဘဲ တင်ကျီးကိုတု၍ ရေထဲ ဆင်ငုပ်သဖြင့် အသက်သေရသော ကျီးမိုက် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားတုပ ပျက်စီးရ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရားကို အတုပြကု၍ ဂယာသီသတွင် နေလေ၏။

ထိုဒေဝဒတ်အကြောင်းကို ဂယာသီသမှ ပြန်လာသော ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ လျှောက်ထားကြသဖြင့် သိတော်မူလျှင် မြတ်စွာဘုရားသည် “သာရိပုတ္တရာ ... ဒေဝဒတ်သည် ယခုအခါ၌သာလျှင်ငါဘုရား၏ အတုကိုပြု၍ ပျက်စီးခြင်းသို့ရောက်သည်ဟုတ် ရှေးအခါ၌လည်း ပျက်စီးခြင်းသို့ ရောက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

တင်ကျီးကိုခ ကျီးဖို,မ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဟိမဝန္တာအရပ်ဝယ် တင်ကျီးမျိုး၌ဖြစ်၍ ရေအိုင်တစ်ခုကို အမှီပြုကာ နေလေ၏။ အမည်အားဖြင့် ဝီရက အမည်ရှိ၏။

ထိုအခါ ကာသိတိုင်းဝယ် ငတ်မွတ်ခေါင်းပါး အစာရှားသည်ဖြစ်၍ လူတို့သည် ကျီးငှက်စသော တိရစ္ဆာန်တို့အား ကျွေးမွေးရန် လည်းကောင်း၊ နတ်၊ ဘီလူး၊ နဂါး စသည်တို့အား ပူဇော်ပသရန် လည်းကောင်း မစွ်းနိုင်ကြကုန်။ အများအားဖြင့် ကျီးတို့သည် တောသို့ ဝင်ကြကုန်၏။ ဗာရာဏသီမြို့တော်၌နေသော သဝိဋ္ဌလ မည်သော ကျီးတစ်ကောင်လည်း ကျီးမကိုခေါ်၍ တောသို့လာရာ ဝီရကတင်ကျီးနေရာအရပ်သို့ ရောက်လျှင် ရေအိုင်အနီး လျောက်ပတ်သော နေရာတစ်ခုတွင် နေ။

တစ်နေ့သ၌ သဝိဋ္ဌကကျီးသည် ရေအိုင်၌ ကျက်စားလတ်သော် ငါးတို့ကိုစားပြီးလျှင် ရေအိုင်မှတတ်၍ ကိုယ်ကိုနေလှန်းနေသော ဝီရကတင်ကျီးကို မြင်လျှင် ဤတင်ကျီးကို မှီ၍ ငါးတို့ကိုရရန် တင်ကျီးကို ခစားမည်ဟု နှလုံးသွင်းကာ တင်ကျီးထံသို့ ကပ်လေလျှင် တင်ကျီးသည် “အဆွေ ... ဘယ်အတွက် ကျွန်ုပ်ထံလာသနည်း” ဟု မေး၏။ “အရှင် ... အကျွန်ုပ်သည် အရှင်တို့ကို ခစားလို၍ လာပါသည်”ဟု ပြော၏။ “အဆွေ ... ကောင်းပြီ၊ ခစားလော့”ဟုဆို၍ အခွင့်ပြုသဖြင့် ခစားရလေ၏။

အစာဝလျှင် မာနဝင်

ထိုအခါမှစ၍ ဝီရကတင်ကျီးသည် ရေအိုင်သို့ ဆင်းသက်ကာ မိမိမျှလောက်ရုံသာစား၍ ငါးတို့ကို ဆယ်ယူကာ သဝိဋ္ဌကကျီးအား ပေး၏။ သဝိဋ္ဌကကျီးလည်း မိမိမျှလောက်ရုံသာစား၍ ကြွင်းကျနသောငါးတို့ကို ကျီးမအား ပေး၏။ ဤနည်းဖြင့် ထိုနေ့မှစ၍ ကျီးလင်မယားတို့သည် တင်ကျီးကို အမှီပြုကာ အသက်မွေးကြကုန်၏။

နောက်အဖို့အတွင် သဝိဋ္ဌကကျီးသည် ငါနှင့်တင်ကျီးမှာ အဆင်းအရောင်အားဖြင့် လည်းကောင်း၊ မျက်စိ၊ နှုတ်သီး၊ ခြေသည်းအားဖြင့် လည်းကောင်း အထူးအခြားမရှိ၊ တူမျှကြသည်။ ဤနေ့မှစ၍ တင်ကျီး ဖမ်းပေးသော ငါးတို့ကို မစားလိုတော့ပြီ၊ ငါကိုယ်တိုင်ဖမ်း၍ စားမည်ဟု ကြံစည်လျက်တင်ကျီးကို အတုပြုကာ မာန်မာနတက်လာသဖြင့် တင်ကျီးသို့ ကပ်ပြီးလျှင် “အဆွေ ... ဤနေ့မှစ၍ အဆွေဖမ်းပေးသော ငါးတို့ကို မစားလို၊ ကိုယ်တိုင်ဖမ်း၍ စားတော့မည်”ဟု ပြောလေ၏။ ထိုအခါ တင်ကျီးသည် ကျီးအား “အဆွေ ... သင်ကား ရေတွင် ကျင်လည်သော အမျိုး၌မဖြစ်ချေ၊ မပျက်စီးစေလင့်” ဟု တားမြစ်လေ၏။

တင်ကျီးတုလေ ကျီးမိုက်သေ

သဝိဋ္ဌကကျီးလည်း မနာယူဘဲ ဝီရကတင်ကျီးကို အတုပြုကာ ရေအိုင်သို့ ဆင်းသက်၍ ရေတွင်ငုပ်သည်ရှိသော် မှော်အောက်သို့ရောက်လျက် မှော်ကို ဖောက်၍ မထွက်နိုင်တော့ဘဲ မှော်ဖြင့်ငြိကာ နှုတ်သီးဖျားမျှသာပေါ်၍ အသက်မရှူနိုင်တော့ဘဲ ရေထဲတွင် သေရှာလေ၏။

ထိုအခါ သဝိဋ္ဌကကျီး၏ မယားသည် သဝိဋ္ဌက လာသည်ကို မမြင်လျှင် အကြောင်းကိုသိရန် ဝီရက တင်ကျီးထံသို့ သွား၍ - “အရှင်ဝီရက ... အသံသာယာ၍ ဥဒေါင်းလည်ရေး အဆင်းနှင့်တူသော ကျွန်ုပ်သည် လင်သည် သဝိဋ္ဌကကျီးကို တွေ့မြင်ပါသလော” – ဟု မေးလေ၏။ ဝီရကတင်ကျီးသည် ကျီးမ စကားကို ကြားလျှင် ကျီးမအား -

“အဆွေကျီးမ ... ရေ၊ ကုန်း နှစ်ပါးတွင် ကျက်စားနိုင်သောငှက်သည် အမြဲဆယ်၍ ကျွေးသော ငါးစိမ်းကို စားသော သဝိဋ္ဌကကျီးသည် ရေကြည်းနှစ်ပါးတွင် ကျက်စားနိုင်သော ငှက်ကို အတုပြုကာ ရေအိုင်တွင် ဆင်း၍ ကျက်စားသဖြင့် မှော်ဖုံး၍ သေရရှာပြီ” – ဟု အကြောင်းစုံ ပြောကြားလေ၏။ ကျီးမလည်း ငိုကြွေးမြည်တမ်းကာ မိမိနေရာ ဗာရာဏသီ မြို့တော်သို့ ပြန်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သဝိဋ္ဌကကျီးသည် - ယခုအခါ ဒေဝဒတ်။

ဝီရကတင်ကျီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အားစွမ်းမတူ၊ ထိုသသူ၊ တုမူမပြိုင်ရာ။

(၂) တင်ကျီးအလား၊ ရေကျက်စား၊ မှော်ကြားကျီးသေရှာ။

ဝီရကဇာတ် ပြီး၏။

***

၂၀၅ - ဂင်္ဂေယျဇာတ်

ဂင်္ဂါငါးနှင့် ယမုနာငါးနှစ်ကောင်တို့ အလှပြိုင်ကြရာတွင် ခုံသမာဓိ လူကြီးလိပ်က မိမိသာ သင်တို့ထက် သာလွန်၍ လှသည်ဟု အဆုံးအဖြတ်ပေးခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အလှပြိုင်ငြား ရဟန်းနှစ်ပါး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်သား ဖြစ်သော ရဟန်းငယ်နှစ်ပါးတို့သည် ရဟန်းပြုပြီးသောအခါမှစ၍ အသုဘ ဘာဝနာကို အားမထုတ်ကြဘဲ ကိုယ်အဆင်းကိုသာ ချီးမွမ်းကြကုန်လျက် လှပတင့်တယ်ရန်ကိုသာ ပြုပြင်အားထုတ်ကာ နေကြကုန်၏။

တစ်နေ့သ၌ ထိုရဟန်းငယ်နှစ်ပါးတို့သည် သင် အဆင်းမလှ၊ ငါးအဆင်းလှသည်ဟု အဆင်းကိုအမှီပြုကာ တစ်ဦးနှင့်တစ်ဦး အငြင်းအခုံ ဖြစ်လတ်သော် အနီးတွင်ရှိသော မထေရ်အိုတစ်ပါးကို မြင်လျှင် “အရှင်ဘုရား ... အကျွန်ုပ်တို့နှစ်ယောက်တွင် ဘယ်သူလှသနည်း” ဟု မေးလျှောက်ကြကုန်၏။ ရဟန်းအိုသည် “ငါ့ရှင်တို့ ... သင်တို့ထက် ငါသာလျှင် သာလွန်၍ အဆင်းလှသည်”ဟု ဖြေဆိုလေ၏။

သတိရအောင် အတိတ်ဆောင်

ထိုအခါ ရဟန်းငယ်တို့သည် ဤရဟန်းအိုကား ငါတို့မေးအပ်သည်ကို မဖြေဆို၊ မမေးအပ်သည်ကို ဖြေဆိုသည် ဟု မကျေမနပ်ဖြစ်ကာ ဆဲရေးကြကုန်၏။ ထိုသတင်းသည် သံဃာဘောင်တွင် ထင်ရှားလေ၏။ ရဟန်းတို့သည် တရားဘင်ဝယ် “ငါ့ရှင်တို့ ... ဤမည်သော ရဟန်းအိုသည် အဆင်းလှပြိုင်သော ရဟန်းငယ်နှစ်ပါးကို ရှက်စေသည်”ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ဤရဟန်းငယ်နှစ်ပါးကား ယခုအခါ၌သာလျှင် အဆင်းကိုမှီ၍ ချီးမွမ်းကြသည်မဟုတ်၊ ရှေးအခါ၌လည်း ချီးမွမ်းကြဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ငါးနှစ်ကောင်ပြိုင် လိပ်ကနိုင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဂင်္ဂါဖြစ်နားတွင် ရုက္ခစိုးနတ် ဖြစ်လေ၏။

ထိုအခါ ဂင်္ဂါမြစ်နှင့် ယမုံနာမြစ်တို့ ဆုံရာအရပ်၌ ဂင်္ဂါငါးနှင့် ယမုံနာငါးနှစ်ကောင်တို့သည် သင်အဆင်းမလှ၊ ငါအဆင်းလှသည်ဟု အဆင်းကို အမှီပြုကာ အငြင်းအခုံ ဖြစ်ကြသည်ရှိသော် ဂင်္ဂါမြစ်နား၌နေသော လိပ်ကိုမြင်ကြလျှင် ဤလိပ်သည် ငါတို့အဆင်းမလှသည်အဖြစ်ကို သိလိမ့်မည်ဟု ကြံစည်ကာ လိပ်ထံသို့ ကပ်ကြ၍ “အဆွေ ... ငါတို့ နှစ်ကောင်တွင် ဂင်္ဂါငါးသည် အဆင်းလှသလော၊ သို့တည်းမဟုတ် ယမုံနာငါးသည် အဆင်းလှသလော”ဟု မေးကြကုန်၏။ ထိုအခါ လိပ်သည် ငါးနှစ်ကောင်တို့အား -

“အိုငါးတို့ ... ဂင်္ဂါငါးလည်း အဆင်းလှပေ၏။ ထို့ပြင် ယမုံနာငါးလည်း အဆင်းလှပေ၏။ သို့ရာတွင် အခြေလေးချောင်းရှိ၍ ပညောင်ပင်ကဲ့သို့ ဝန်းဝိုင်းသော ကိုယ်ရှိသော ရထားသံသဲ့သို့ရှည်သော လည်ပင်းရှိသော ယောကျ်ားမြတ် ဖြစ်သော ငါလိပ်သည်သာ သင်တို့ထက် သာလွန်၍ အဆင်းလှပေ၏” – ဟု ဖြေဆိုလေ၏။ ထိုငါးနှစ်ကောင်တို့သည် လိပ်၏ စကားကိုကြားလျှင် လိပ်အား -

“ဟယ်-လိပ်ယုတ်မာ ... သင်ကား ငါတို့မေးအပ်သည်ကို မဖြေဆို၊ မမေအးပ်သည်ကို ဖြေဆိုဘိ၏။ မိမိကိုယ်ကို ချီးမွမ်းသော ဤယောကျ်ားယုတ်ကို ငါတို့မနှစ်သက်ကုန်” – ဟု ကဲ့ရဲ့ပြစ်တင်ကာ ပြောဆို၍ လိပ်၏အပေါ်သို့ ရေဖြင့်ပက်ပြီးလျှင် မိမိတို့နေရာသို့ သွားကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ငါးနှစ်ကောင်တို့သည် - ယခုအခါ ရဟန်းငယ်နှစ်ပါး။

လိပ်သည် - ရဟန်းအို။

ရုက္ခစိုးနတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိမိကိုယ်ပင်၊ သုဘမြင်၊ အထင်မကြီးရာ။

(၂) ငါးနှစ်ကောင်ဆိုင်၊ အလှပြိုင်၊ အနိုင်လိပ်ယူပါ။

ဂင်္ဂေယျဇာတ် ပြီး၏။

***

၂၀၆ - ကုရုင်္ကမိဂဇာတ်

သမင်၊ ခေါက်ရှာငှက်၊ လိပ် တိရစ္ဆာန် သုံးဦးတို့ မိတ်ဆွေဖွဲခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားသတ်ရန် ဒေဝဒတ်ကြံ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရားကိုသတ်ရန် လုံ့လပြု၍ နေလေ၏။

ထိုအကြောင်းကို မြတ်စွာဘုရား သိတော်မူလျှင် “ရဟန်တို့ ... ဒေဝဒတ်သည် ယခုအခါ၌သာ ငါဘုရားကို သတ်ရန် လုံ့လပြုသည်မဟုတ်၊ ရှေးအခါ၌လည်း ပြုဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သုံးဦးတိရစ္ဆာန် မိတ်ဖွဲ့ပြန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကုရုင်္ဂမည်သော သမင်ဖြစ်၍ တော်၌ ရေအိုင်တစ်ခု အနီးဖြစ်သော ချုံတစ်ခုဝယ် နေလေ၏။ ထိုအိုင်အနီး သစ်ပင်တစ်ခုဝယ် ခေါက်ရှာငှက်သည် နေ၏။ အိုင်၌ လိပ်သည်နေ၏။ ဤသို့တိရစ္ဆာန် သုံးကောင်တို့သည် အချင်းချင်း အဆွေခင်ပွန်း ဖြစ်ကြောင်း၊ ချစ်ခင်ကြင်နာစွာ ပေါင်းသင်းဆက်ဆံကြကုန်၏။

တစ်နေ့သ၌ မုဆိုးတစ်ယောက်သည် တော်၌လှည့်လည်သည်ရှိသော် ရေအိုင်ဆိပ်၌ ကုရုင်္ဂသမင် ခြေရာကို မြင်လျှင် တောင့်မာခိုင်ခံ့သော သားရေကျော့ကွင်းကို ထောင်၍ ထားလေ၏။ ညဉ့်ဦးယံတွင် ရေသောက်လာသော ကုရုင်္ဂသမင်ကို မိသဖြင့် မိသောအသံကို မြည်လေ၏။ ကုရုင်္ဂသမင်၏ အသံကိုကြားလျှင် ခေါက်ရှာငှက်သည် လည်းကောင်း၊ လိပ်သည် လည်းကောင်း လာလတ်ကုန်၍ လွတ်မြောက်ရန် အဘယ်သို့ ပြုကြမည်နည်းဟု တိုင်ပင်ကုန်၏။ ထိုအခါ ခေါက်ရှာငှက်သည် လိပ်ကိုခေါ်၍ -

“အဆွေလိပ်... သင့်မှာ သွားရှိ၏။ သင်သည် သားရေကျော့ကွင်းကို သွားတို့ဖြင့် ဖြတ်ပါ၊ ငါကား မုဆိုး ရုတ်တရက် မလာနိုင်အောင်လုပ်မည်” – ဤသို့ ငါတို့နှစ်ယောက် လုံ့လကြောင့် အဆွေခင်ပွန်းဖြစ်သော သမင်မှာ အသက်ချမ်းသာလိမ့်မည်ဟု ပြောဆိုတိုက်တွန်းလေ၏။

အံ့ဩစဖွယ် ငှက်ဥပါယ်

လိပ်သည် ခေါက်ရှာငှက် စကားကိုကြားလျှင် ကောင်းပြီဟု ဝန်ခံကာ သားရေကျော့ကွင်းကို သွားတို့ဖြင့် ကိုက်ဖြတ်လေ၏။ ခေါက်ရှာငှက်လည်း မိုးနေရာရွာသို့ ပျံသွားကာ အနီးဖြစ်သော သစ်ပင်တွင် စောင့်၍နေလင့်၏။ မုဆိုးလည်း မိုးသောက်ထအခါ လှံကိုကိုင်၍ ရွာအရှေ့တံခါးဖြင့်ထွက်လေ၏။ ခေါက်ရှာငှက်လည်း မုဆိုးထွက်လာသည်ကို သိလျှင် မြည်လျက် အတောင်နှစ်ဘက်ကို ခါပြီးလျှင် မျက်နှာကို ဆီး၍ ပုတ်၏။ မုဆိုးလည်း “ငှက်ယုတ်မာ လာ၍ပုတ်ခတ်သည်” ဟု နှလုံးမသာဖြစ်ကာ အိမ်သို့ပြန်၍ အတန်ငယ် အိပ်ပြန်၏။

ခေါက်ရှာငှက်လည်း မုဆိုးသည် ရှေးဦးစွာ အရှေ့တံခါးဖြင့် ထွက်လတ်၏။ ယခုအခါ အနောက်တံခါးဖြင့် ထွက်လိမ့်မည်ဟုသိ၍ အနောက်တံခါးအနီးတွင် နေလင့်ပြန်၏။ မုဆိုးလည်း တစ်ဖန်အိပ်ရာမှထကာ ငါသည် လက်ဦးတစ်ခါ အရှေ့တံခါးမှထွက်ရာ ငှက်ယုတ်မာနှင့် တွေ့ရသည်။ ယခုအခါ အနောက်တံခါးဖြင့် ထါက်မည်ဟု ကြံစည်ကာ အနောက်တံခါးဖြင့် ထွက်ပြန်၏။ ခေါက်ရှာငှလည်း မြည်လျက် ပြေးလာ၍ မျက်နှာကို ပုတ်ခတ်ပြန်၏။ မုဆိုးလည်း ဤငှက်ယုတ်မာသည် ထွက်ခွင့်ရမည်မဟုတ်ဟု ပြန်၍ မိုးလင်းသည့်တိုင်အောင် အိပ်ပြန်၏။ မိုးလင်းသောအခါ လှံကိုကိုင်၍ ထွက်ပြန်၏။

သမင်လွတ်လျက် လိပ်ကြောင့်ခတ်

ထိုအခါ ခေါက်ရှာငှက်လည်း လျင်မြန်စွာပျံ၍ မုဆိုးလာပြီဟု သမင်အား ပြောဆိုလေ၏။ လိပ်လည်း သားရေကျော့ကွင်းကို ကိုက်ဖြတ်ရာ တစ်လွန်းမျှသာ ကျန်တော့၏။ သွားတို့လည်း ကြွေလုမတတ် နာကျင်၏။ ခံတွင်း၌လည်း သွေးအလိမ်းလိမ်းကပ်လျက် ရှိလေ၏။

ကုရုင်္ဂသမင်လည်း လှံကိုကိုင်ကာ မိုးကြိုးကျသကဲ့သို့ လျင်မြန်သော အဟုတ်ဖြင့်လာသော မုဆိုးကိုမြင်လျှင် သားရေကျော့ကွင်းကို ဖြတ်ကာ တောသို့ဝင်လေ၏။ ။ ခေါက်ရှာငှက်လည်း သစ်ပင်ဖျားမှ ကြည့်ရှုလျက်နေ၏။ လိပ်မူကား ပင်ပန်းအားနည်းလှသဖြင့် မပြေးနိုင်ဘဲ ထိုအရပ်တွင်ဝပ်၏။ မဆိုးသည် သမင်လွတ်သွားသဖြင့် တွေ့မြင်ရာလိပ်ကိုပင် ကောက်၍ အိတ်၌ထည့်လျက် သစ်ငုတ်တစ်ခုတွင် ချိတ်၍ထား၏။

သမင်လည်း မနီးမဝေးမှပြန်၍ ကြည့်လတ်သော် လိပ်ကို ကောက်ယူထားသည်ကို သိလျှင် ငါ့ကျေးဖူးရှင် ဖြစ်သော အဆွေလိ်ပ်အား အသက်ကို ကယ်ဆယ်မည်ဟု ကြံစည်ကာ အားနည်းဟန်ပြု၍ မုဆိုးအား ကိုယ်ယောင်ပြ၏။ မုဆိုးလည်း သမင် အားနည်းနေသည် ဖြစ်လိမ့်မည်။ သမင်ကို သတ်မည်ဟု လှံကိုယူကာ လိုက်လေ၏။ သမင်လည်း မနီးမဝေးမှ မုဆိုးကို သွေးဆောင်ခေါ်ယူသွားလျက် အတော် ဝေးလာသည်ကို သိလျှင် ခြေရာဖျောက်ကာ တခြားလမ်းဖြင့် လျင်မြန်စွာ ပြေး၍ လွတ်အိပက်ို ချိုဖြင့် ချိတ်ယူကာ မြေသို့ချ၍ လိပ်ကို ထွက်စေ၏။ ခေါက်ရှာငှက်လည်း သစ်ပင်မှ ဆင်းသက်လာပြန်၏။

ကျေးဇူးသိတတ် သမင်မြတ်

ထိုအခါ သမင်သည် ခေါက်ရှာငှက်နှင့် လိပ်တို့အား အဆုံးအမပေးလျက် “အဆွေတို့ ... သင်တို့ကိုမှီ၍ ငါ့မှာ အသက်ကိုရပေသည်၊ သင်တို့ကား ငါ့အသက်ကိုပေးပေသော ကျေးဇူးရှင်များ ဖြစ်ကြသည်။ ယခုအခါ မုဆိုးလာ၍ သင်တို့ကို ဖမ်းလိမ့်မည်။ သို့အတွက် အဆွေခေါက်ရှာငှက်သည် မိမိသားငယ်တို့ကိုယူ၍ တခြားသစ်ပင်သို့ ပြောင်းလော့၊ အဆွေလိပ်လည်း ရေထဲသို့ ဆင်းလေလော့” ဟု ပြောဆိုလေ၏။ ခေါက်ရှာငှက်နှင့် လိပ်တို့လည်း သမင်ပြောဆိုသောအတိုင်း ပြုကြကုန်၏။

သဗ္ဗညု မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ “ရဟန်းတို့ ... ထိုအခါ ငါ အဆုံးအမပေးအပ်သည်ရှိသော် လိပ်သည် ရေထဲသို့ဆင်း၏။ သမင်ကား တောသို့ဝင်၏။ ခေါက်ရှာငှက်ကား ဝေးသော တခြားသစ်ပင်သို့ သားငယ်တို့ကိုယူ၍ ပြေားရွှေ့လေ၏။” – ဟု ဟောတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မုဆိုးသည် - ယခုအခါ ဒေဝဒတ်။

ခေါက်ရှာငှက်သည် - သာရိပုတ္တရာ။

လိပ်သည် - မောဂ္ဂလာန်။

ကုရုင်္ဂသမင်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ခင်ပွန်းကောင်းရှိ၊ ဘေးမထိ၊ အေးဘိလွန်ချမ်းသာ။

(၂) ခေါက်ရှာ, သမင်၊ လိပ်သုံးအင်၊ ချစ်ခင်ဆွေဖွဲ့ရှာ။

ကုရုင်္ဂမိဂဇာတ် ပြီး၏။

***

၂၀၇ - အဿကဇာတ်

ဥပရိမိဖုရားကြီး သေလွန်၍ သောကမီးတောက်သော အဿကမင်းအား ဒိဗ္ဗစက္ခုရှင် ရသေ့က နွားချေးပိုး ဖြစ်နေသော ဥပရိမိဖုရားနှင့်း ပိုးဖိုကို ခေါ်ပြမှ သက်သာရာရခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လူထွက်လိုငြား ရဟန်းတစ်ပါး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေဝဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် မယားဟောင်း ဖြားယောင်းသွေးဆောင်အပ်သည်ဖြစ်၍ သာနာတော်၌ ငြီးငွေ့ပျင်းရိကာ လူထွက်လို၏။

ထိုရဟန်းအကြောင်းကို မြတ်စွာဘုရား သိတော်မူလျှင် “ရဟန်း ... သင့်အပေါ်၌ ဤမိန်းမသည် ချစ်ခင်ကြင်နာခြင်းမရှိ၊ ရှေးအခါ၌လည်း ထိုမိန်းမကိုမှီ၍ သင်သည် ဆင်းရဲကြီးစွာ ရောက်ဖူးပြီ”ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မိဖုရားအတွက် ပူဆွေးချက်

လွန်လေပြီးသောအခါ ကာသိတိုင်း ပါဋလိမြို့တော်ဝယ် အဿက မည်သောမင်းသည် မင်းပြုသည်ရှိသော် ထိုအဿကမင်း၏ မိဖုရားကြီးကား ဥပရိအမည်ရှိ၏။ မင်းကြီးသည် အလွန်ချစ်မြတ်နိုး၏။ အလွန်အဆင်းလှ၏။ ရှုစချင်ဖွယ် ကြည်ညိုဖွယ်ရှိ၏။ လူမိန်းမတို့အဆင်းကိုလွန်၍ နတ်မိန်းမတို့၏ အဆင်းကို မီလုမတတ်ဖြစ်၏။

တစ်နေ့သ၌ ထိုဥပရိမိဖုရားကြီးသည် သေလွန်လေ၏။ မင်းကြီးသည် ဥပရိမိဖုရားကြီး သေလွန်သဖြင့် စိုးရိမ်ပူဆွေးခြင်း နှိပ်စက်သည်ဖြစ်၍ အလွန်ဆင်းရဲပင်ပန်း၏။ စိတ်နှလုံးမကြည်မသာ ဖြစ်၏။ ဥပရိမိဖုရားကြီး အလောင်းကို တလား၌ လျောင်းအိပ်စေပြီးလျှင် ဆီစိမ်ကာ အိပ်ရာညောင်စောင်းအောက်၌ ထားစေ၏ မစားနိုင်၊ မသောက်နိုင် မျက်ရည်ယိုစီးကာ ငိုကြွေးမြည်တမ်းလျက်သာနေ၏။

မယ်တော်၊ ခမည်းတော်၊ မှူးမတ်၊ ပုဏ္ဏား၊ သူကြွယ် စသော သူတို့သည် “မြတ်သောမင်းကြီး ... စိုးရိမ်ပူဆွေးမြည်တမ်းတော်မမူပါလင့်၊ သင်္ခါရတရားတို့သည် အနိစ္စသာဖြစ်ကုန်” စသည်ဖြင့် တရားပြသ လျှောက်ထားကြသော်လည်း သတိရဖို့ မတတ်နိုင်ကြကုန်။ ထိုသို့ ငိုကြွေးမြည်တမ်းစဉ်ပင်လျှင် သေလွန်သည်မှာ ခုနစ်ရက်လွန်ခဲ့လေ၏။

တောမှကြွလာ မြတ်ဆရာ

ထိုအခါ ဘုရားအလောင်းသည် ဟိမဝန္တာအရပ်ဝယ် အဘိညာဉ် သမာပတ်နှင့် ပြည့်စုံသော ရသေ့ဖြစ်၍ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ဇမ္ဗူဒိပ်ကျွန်းအပြင်ကို ကြည့်ရှုဆင်ခြင်လတ်သော် အဿကမင်း ငိုကြွေးမြည်တမ်းနေသည်ကို မြင်လျှင် ငါကား အဿကမင်း၏ ကိုးကွယ်ရာဖြစ်ရန်သင့်သည်ဟု နှလုံးသွင်းလျက် ကောင်းကင်ခရီးဖြင့် ပျံသန်းကာ မင်းဥယျာဉ်တော်သို့ ဆင်းသက်၍ မင်္ဂလာကျောက်ဖျာတွင် ရွှေဆင်းတုကဲ့သို့ နေလေ၏။

ပါဋလိမြို့သား ပုဏ္ဏားလုလင်တစ်ယောက်သည် ဥယျာဉ်တော်သို့သွားရာ ရသေ့ကိုမြင်လျှင် ချဉ်းကပ်ကာ ရှိခိုးလျက် နေ၏။ ရသေ့သည် ပုဏ္ဏားလုလင်နှင့် နှုတ်ခွန်းဆက်စကား ပြောကြားပြီးလျှင် “လုလင် ... မင်းကြီးသည် တရားစောင့်ပါ၏လော” ဟု မေးလေ၏။ “အရှင်ဘုရား ... တရားစောင့်ပါ၏။ သို့သော်လည်း မိဖုရားကြီး သေလွန်သဖြင့် ငိုကြွေးမြည်တမ်းလကျ် ဆင်းရဲဒုက္ခရောက်နေသည်မှာ ခုနစ်ရက် ရှိပါပြီ၊ ဤသို့သော ဆင်းရဲကို အဘယ်ကြောင့် အရှင်ဘုရားတို့ မလွတ်စေပါသနည်း၊ အရှင်းဘုရားတို့ကဲ့သို့ ပညာရှိ သူတော်ကောင်းတွေရှိပါလျက် မင်းကြီးအား ဤသို့သော ဆင်းရဲကို ခံစားနေရသည်မှာ မသင့်လျော်ပါ” ဟု လျှောက်လေ၏။ “လုလင် ... စင်စစ် ငါမင်းကြီးကိုမသိ၊ သို့မသိသော်လည်း မင်းကြီးလာပြီး အကယ်၍မေးလျှင် ငါသည် ထိုဥပရိမိဖုရားကြီး၏ ဖြစ်ရာဘဝကို ပြောကြားပြီးလျှင် မင်းကြီးထံ ၌ မိဖုရားကြီးကို စကားပြောစေမည်” ဟု ပြောသောအခါ “အရှင်ဘုရား ... သည်လိုဖြစ်လျှင် အကျွန်ုပ် မင်းကြီးကို သွားခေါ်ပါမည်၊ မင်းကြီး မရောက်မချင်း ဤနေရာတွင် ဆိုင်းငံ့တော်မူပါ” ဟု လျှောက်ထား၍ ဝန်ခံစေပြီးလဆင် မင်းကြီးထံ သွားလေ၏။

မင်းကြီးသွားရောက် ရသေ့လျှောက်

ပုဏ္ဏားလုလင်လည်း မင်းကြီးထံရောက်လျှင် ရသေ့အမိန့်ရှိသော အကြောင်းကို လျှောက်ထားပြီးလျှင် ဤကဲ့သို့ ဒိဗ္ဗစက္ခုနှင့် ပြည့်စုံသော ရသေ့ထံသွားရန် သင့်ကြောင်းလျှောက်ထားလေ၏။ မင်းကြီးလည်း မိဖုရားကြီးကို မြင်ရမည်ဆိုသဖြင့် အလွန်နှစ်သက်ကာ ရထားစီးလျက် ဥယျာဉ်တော်သို့ လုလင်နှင့် အတူလိုက်လျက် ရသေ့ထံ ချဉ်းကပ်၍ ရှိခိုးကာ - “အရှင်ဘုရားတို့သည် ... ဥပရိမိဖုရားကြီး ဖြစ်ရာဘဝကို သိတော်မူသည်ကြားရာ မှန်ပါသလော” ဟု လျှောက်ထား၏။ “မြတ်သောမင်းကြီး ... မှန်ပါသည်” ဟု ပြောသောအခါ “အရှင်ဘုရား ... ဘယ်ဘဝ၌ဖြစ်ပါသနည်း” ဟု လျှောက်ပြန်၏။ “မင်းကြီး ... အဆင်း၌ မာန်ယစ်ကာ ကုသိုလ်ကောင်းမှုကို မပြုမိသည့်အတွက် ဤဥယျာဉ်တော်မှာပင် နွားချေးပိုးမ ဖြစ်ပါသည်” ဟု ပြောလေ၏။ “အရှင်ဘုရား ... မယုံကြည်နိုင်ပါ” ဟု လျှောက်ရာ၊ “မင်းကြီး မယုံကြည်လျှင် နွားချေးပိုးမကို မင်းကြီးအား ပြမည်၊ စကားလည်း ပြောစေမည်” ဟု မိန့်ဆိုလေ၏။ ထိုနောက် မိမိ၏တန်ခိုး အာနုဘော်ဖြင့် နှစ်ကောင်သော နွားချေးပိုးမနှင့် ပိုးဖိုလင်မယားတို့သည် မင်းကြီးထံလာ၍ စကားပြောစေကုန်သတည်းဟု အဓိဋ္ဌာန်တော်မူ၏။

မင်းကြီးထက်ခင် ပိုးဖိုလင်

ထိုအခါ ရသေ့၏ အဓိဋ္ဌာန်အတိုင်း ပိုးမနှင့်းပိုးဖိုတို့သည် မင်းကြီးထံ ရောက်လာကြကုန်၏။ ရသေ့သည် မင်းကြီးအား ဤပိုးဖိုနောက်က လိုက်နေသော ဤပိုးမကား သင်၏ ဥပရိမိဖုရားကြီး ဖြစ်သည်ဟု ပြလေ၏။ မင်းကြီးသည် “အရှင်ဘုရား ... ဥပရိမိဖုရားကြီးစင်လျက် နွားချေးပိုးမ ဖြစ်ရသည်ဆိုရာ အနည်းငယ်မျှ မယုံကြည်နိုင်ပါ” ဟု လျှောက်၏။ “မင်းကြီး ... ကောင်းပြီ၊ စကားပြောစေမည်” ဟု မိန့်ဆိုကာ ပိုးမကို ဥပရိဟု ခေါ်လေ၏။ ပိုးမသည် လူတို့ဘာသာဖြင့် - “အရှင်ဘုရား ... ဘယ်အတွက် ခေါ်ပါသနည်း” ဟု မေးလျှောက်၏။ “ပိုးမ ... လွန်ခဲ့သောဘဝတွင် ဘာဖြစ်၍ သင့်အမည် ဘယ်လိုခေါ်ပါသနည်း” ဟု မေးလေ၏။ “အရှင်ဘုရား ... အဿကမင်းကြီး၏ မိဖုရားကြီးဖြစ်၍ ဥပရိခေါ်ပါသည်” ဟု လျှောက်လေ၏။ “ယခုအခါ အဿကမင်းကြီးကို ချစ်သလော၊ သို့တည်းမဟုတ် ပိုးဖိုကို ချစ်သလော” ဟု မေးတော်မူ၏။ ပိုးမသည် ရသေ့အား -

“အရှင်ဘုရား ... ဤဥယျာဉ်တော်ကား ရှေးဘဝတွင် ချစ်ခင်ကြင်နာလှစွာသော လင်ဖြစ်သော အဿကမင်းကြီးအတူတကွ လှည့်လည်ပျော်ပါး သွားလာဖူးသောအရပ် ဖြစ်ပါ၏။ အရှင်ဘုရား ... ယခုဘဝတွင်ကား - အသစ်ဖြစ်သော ချမ်းသာဆင်းရဲဖြင့် အဟောင်းဖြစ်သော ချမ်းသာဆင်းရဲကို ဖုံးလွှမ်းထားသောကြောင့် ထိုအဿ မင်းကြီးထက် နွားချေးပိုးဖိုကိုသာလျှင် ပိုလွန်၍ချစ်ပါ၏”- ဟု ပရိသတ်အလယ်တွင် ပြောကြားလေ၏။

မင်းကြီးအမျက် စွန့်ပစ်လျက်

အဿကမင်းကြီးသည် နွားချေးပိုးမ၏ စကားကိုကြားလျှင် နှလုံးမသာသည်ဖြစ်၍ ဥယျာဉ်တော်မှာ နေလျက်ပင် နန်းတော်တွင် တလားဖြင့် ထားသော မိဖုရားကြီး အလောင်းကောင်ပုပ်ကို ပယ်ထုတ်စေ၍ ဦးခေါင်းဆေး လျှောက်ပြီးလျှင် ရသေ့ကိုရှိခိုး၍ မြို့တော်သို့ဝင်ကာ တခြားမိန်းမတစ်ယောက်ကို မိဖုရားအရာ၌ထား၍ တရားသဖြင့် မင်းပြုလေ၏။

ရသေ့လည်း မင်းကြီးအား အဆုံးအမပေး၍ စိုးရိ်သောကမရှိသည်ကို ပြုပြီးလျှင် မိမိနေရာ ဟိမဝန္တာသို့ သွားလေ၏။

ဤဒေသနာတော်ကို ဟောတော်မူပြီးလျှင် သစ္စာကိုပြတော်မူသည့်အဆုံး၌ သာသနာတော်၌ ငြီးငွေ့ပျင်းရိကာ လူထွက်လိုသော ရဟန်းသည် သောတာပတ္တိဖိုလ်၌တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဥပရိ မိဖုရားသည် - ယခုအခါ မယားဟောင်း။

အဿကမင်းသည် - သာသနာတော်၌ ငြီးငွေ့သော ရဟန်း။

ပုဏ္ဏားလုလင်သည် - သာရိပုတ္တရာ။

ကုရုင်္ဂသမင်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဆင်းရဲချမ်းသာ၊ အသစ်လာ၊ ဟောင်းမှာပျောက်မြဲပင်။

(၂) မိန်းမစရိုက်၊ အလွန်မိုက်၊ လင်၌မချစ်ခင်။

(၃) ဥပရိပိုးမ၊ အဿက၊ မြွက်ဟသက်သေထင်။

အဿကဇာတ် ပြီး၏။

***

၂၀၈ - သုသုမာရဇာတ်

မျောက်မင်း၏ နှလုံးသားကို စားလိုသော မိကျောင်းမအတွက် မျောက်မင်းကို သတ်ရန် ကြံစည်အားထုတ်သော မိကျောင်းဖို အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားသတ်မှု ဒေဝဒတ်ပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရားကိုသတ်ရန် လုံ့လပြု၍နေ၏။

ထိုအကြောင်းကို မြတ်စွာဘုရား ကြားတော်မူလျှင် “ရဟန်းတို့ ... ဒေဝဒတ်သည် ယခုအခ၌သာ သတ်ရန် လုံ့လပြုသည်မဟုတ်၊ ရှေးအခါ၌လည်း လုံ့လပြုဖူးပြီ၊ လုံ့လပြုသော်လည်း ထိတ်လန့်အောင်ပင် မတတ်နိုင်လေ”ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မျောက်လှလုံးစားရန် ပရိယာယ်ကြံ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဟိမဝန္တာရပ်ဝယ် မျောက်မျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် ဆင်ပြောင်အားကို ဆောင်နိုင်သည့်အစွမ်းနှင့် ပြည့်စုံသောကိုယ်ရှိ၏။ အလွန်လှပတင့်တယ်၏။ ဂင်္ဂါမြစ်ကွေ့ဖြစ်သော တော်တစ်ခုတွင် နေ၏။

ထိုဂင်္ဂါမြစ်၌ မိကျောင်းသည်နေ၏။ ထိုမိကျောင်း၏ မယားသည် မျောက်မင်းကိုမြင်လျှင် နှလုံးသားကို စားလိုသော ချင်ခြင်းဖြစ်၍ မိကျောင်းဖိုကို “အရှင် ... အကျွန်ုပ်သည် မျောက်မင်းနှလုံးသားကို စားလိုသည်” ဟု ပြော၏။ “ရှင်မ ... ငါတို့ကား ရေ၌ကျက်စားကြကုန်၏။ မျောက်မင်းကား ကုန်း၌ ကျက်စား၏။ သို့ကြောင့် ဘယ်လိုဖမ်းနိုင်မည်နည်း” ဟု ပြန်ပြော၏။ “အရှင် ... တစ်စုံတစ်ခုသော ဥပါယ်တံမျဉ်ဖြင့် ဖမ်းပါ၊ အကယ်၍မရလျှင် သေရမည်” ဟု ပြော၏။ “ရှင်မ ... မစိုးရိမ်လင့် တစ်ခုသော ဥပါယ်တံမျဉ်ရှိသည်၊ နှလုံးသားကို စားစေမည်” ဟု နှစ်သိမ့်ကျေနပ်စေ၏။

ထို့နောက် မျောက်မင်း မြစ်သို့ ရေသောက်အလာတွင် မိကျောင်းသည် မျောက်မင်းအား “မျောက်မင်း ... ဤအရပ်မှာ အဘယ်ကြောင့် ကျက်စားဘိသနည်းဟု ပြော၏။ ငှက်ပျောသီးသာရှိသည်။ ဂင်္ဂါတစ်ဖက်ကမ်းမှာ သရက်၊ ပိန္နဲစသော ချိုသော အသီးတွေရှိသည် မဟုတ်ပါလော” ဟု ပြော၏။ “မိကျောင်းမင်း ... မှန်ပါ၏။ သို့သော်လည်း ဂင်္ဂါမြစ်သည် ရေများလှ၏။ ကျယ်ဝန်းလှ၏။ အဘယ်သို့ တစ်ဖက်ကမ်း သွားနိုင်မည်နည်း”ဟု မေး၏။ “မျောက်မင်း ... အကယ်၍ သင်သွားလိုပါမူ ကျွန်ုပ်ကျော်ပေါ်၌ တင်၍ ပို့ပါမည်”ဟု ပြောလေ၏။ မျောက်မင်းလည်း သဘောရိုးထင်မှတ်ကာ ယုံကြည်သဖြင့် ကောင်းပြီဟု ဝန်ခံလေ၏။

မျောက်ဥပါယ်သုံး မိကျောင်းရှုံး

ထိုအခါ မိကျောင်းသည် မျောက်မင်းကို ကျောပေါ်သို့ တက်စေပြီးလျှင် သွားကြရာ အတန်ငယ်သွားမိလျှင် ရေတွင် နစ်လေ၏။ မျောက်မင်းသည် “အဆွေ ... ငါ့ကို အဘယ်ကြောင့် ရေတွင်နစ်သနည်း အကြောင်းကိုပြောပါ” ဟု မေးလေ၏။ “မျောက်မင်း ... ငါသည် သင့်ကို သဘောရိုးဖြင့် ယူဆောင်လာသည်မဟုတ်၊ စင်စစ်ကား ငါ့မယားသည် သင့်နှလုံးသားကို စားလို၏။ သို့အတွက် ငါ့ မယားစားရန် သင့်ကို ယူဆောင်လာသည်” ဟု ပြော၏။ “အဆွေ ... သင်ကား ငါတို့အကြောင်းကို ကောင်းစွာမသိလေ၊ ငါတို့မှာ ရင်တွင်း၌ နှလုံးသားကို မထားပါ၊ အကယ်၍ထားပါမူ သစ်ပင်ဖျားတို့၌ နခုန်လွှားပြေးကူးသည်ရှိသော် မှုန့်မှုန့်ညက်ညက် ကြေမွကုန်ပေမည်” ဟု ပြောလေ၏။ “မျောက်မင်း ... သင်တို့နှလုံးသားကို အဘယ်မှာထားသနည်း” ဟု မေးလေ၏။ မျောက်မင်းသည် အနီး၌မြင်သော အသီးအပွင့်နှင့် ပြည့်စုံသော ရေသဖန်းပင်တစ်ပင်ကို လက်ညှိုးညွန်ကာ “အဆွေ ... ဟောဟိုမှာ ကြည့်ပါလော ရေသဖန်းပင်၌ ဆွဲထားသည်” ဟု ပြော၏။ “မျောက်မင်း ... ကောင်းပြီ ငါ့အား နှလုံးသားကို ပေးပါမူ သင့်ကို ငါမသတ်ပါ” ဟု ပြော၏။ “အဆွေ မသတ်လျှင် ငါ့ကို ထိုအရပ်ရောက်အောင် ပို့ပါ ရောက်သောအခါ နှလုံးသားကို ပေးပါမည်”ဟု လှည့်စားကာ ပြောလေ၏။

မျောက်အကြံပိုင် မိကျောင်းမှိုင်

မိကျောင်းသည် ယုံကြည်သဖြင့် ရေသဖန်းပင်သို့ ပို့လေ၏။ မျောက်ပင်းလည်း မိကျောင်း ကျောပေါ်မှ ရေသဖန်းပင်သို့ ခုန်ကာ ထိုင်ပြီးလျှင် -

“ဟယ်-မိကျောင်းမိုက် ... ဂင်္ဂါမြစ်ကမ်းတစ်ဖက်၌ သင်မြင်အပ်သော သရက်၊ ပိန္နဲ၊ သပြေစသော ချိုမြိန်သောအသီးတို့ဖြင့် င့ါအား အလိုမရှိ၊ ရေသဖန်းသီးသည်သာ မွန်မြတ်လှ၏။

ဟယ်-မိကျောင်းမိုက် ... သင့်မှာ စင်စစ် ခန္ဓာကိုယ်ကား ကြီးမားပေ၏။ ခန္ဓာကိုယ်နှင့် လိုက်လျောသော ပညာကားမရှိပေ၊ သင်ကား သစ်ပင်ဖျား၌ နှလုံးသားကို ထားသည်ဟု ငါလှည့်စားသည်ကို သင်ကား အဟုတ်မှတ်ထင်ဘိ၏။ မိုက်စွတကား ယခုအခါ သင်ချမ်းသာရာ သွားလေတော့”ဟု ပြောဆိုလေ၏။

မျောက်မင်းစကားကိုကြားလျှင် မိကျောင်းသည် ဥစ္စာတစ်ထောင်မှ ရှုံးသောသူကဲ့သို့ ယူကျုံးမရဖြစ်ကာ ဆင်းရဲပင်ပန်းလျက် နှလုံးမသာသဖြင့် မှိုင်လျက်လျှင်ပင် မိမိနေရာသို့ သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မိကျောင်းသည် - ယခုအခါ ဒေဝဒတ်။

မိကျောင်းမသည် - စိဉ္စမာနဝိကာ။

မျောက်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကိုယ်ပင်ကြီးခဲ့၊ ပညာမဲ့၊ တကယ့်စက်ဆုပ်ရာ။

(၂) မျောက်နှလုံးသား၊ သစ်ပင်ထား၊ ယုံငြားမိကျောင်းမှာ။

သုသုမာရဇာတ် ပြီး၏။

***

၂၀၉ - ကုက္ကုဋဇာတ်

ကျော့ကွင်း၌ လိမ္မာ၍ မိမိကိုယ်ကို ကျော့ကွင်း မမိအောင် စောင့်ရှောက်နိုင်သော ကြက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကိုယ်ကိုစောင့်ကြပ် ရဟန်းမြတ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရှင်သာရိပုတ္တရာ၏ အတူနေတပည့်ဖြစ်သော ပဉ္စင်းငယ်သည် မိမိကိုယ်ကို စောင့်ရှောက်ရာ၌ လိမ္မာ၏။

ထိုပဉ္စင်းငယ်သည် မိမိကိုယ်ကို မချမ်းသာမည်းစိုးရိမ်၍ အလွန်အေးသောအစား၊ အလွန်ပူသောအစာကို မစားလေ။ နေပူလျှင် ပင်ပန်းမည်စိုးရိမ်၍ ပြင်ပသို့မထွက်။ အစာမကြေမည်ကို စိုးရိမ်၍ အလွန်ပျော့သောဆွမ်း၊ မနပ်သောဆွမ်းတို့ကို မစားလေ။ ထိုပဉ္စင်းငယ်၏ ကိုယ်ကို စောင့်ရှောက်ခြင်း၌ လိမ္မာသောအဖြစ်သည် သံဃာဘောင်တွင် ထင်ရှားလေ၏။

ရဟန်းတို့သည် တရားဘသင်ဝယ် ထိုပဉ္စင်းငယ်အကြောင်း စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ရဟန်းတို့ ... ဤပဉ္စင်းငယ်သည် ယခုအခါ၌သာ ကိုယ်ကိုစောင့်ရှောက်ရာ၌ လိမ္မာသည်မဟုတ်၊ ရှေးအခါ၌လည်း လိမ္မာဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဘေးရန်သိမြင် ကြက်တိန်ညင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ်ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် တော်တစ်ခု၌ သစ်ပင်စောင့် ရုက္ခစိုးနတ် ဖြစ်လေ၏။

ထိုအခါ ငှက်မုဆိုးတစ်ယောက်သည် တိန်ညင်[တည်ကြက်] တစ်ကောင်ကိုယူ၍ သားမြီးဖြင့် ကျစ်ထားသော ကျော့ကွင်းနှင့် ကျော့ကွင်းတံတို့ကို ယူဆောင်ကာ တောသို့ သွား၍ ကြက်တို့ကို ထောင်လေ၏။ တောထဲသို့ ပြေးဝင်သော ကြက်ဟောင်း တစ်ကောင်သည် သားမြီးကျော့ကွင်း၌ လိမ္မာသောကြောင့် မိမိကိုယ်ကို မမိစိမ့်သောငှာ ပျံ၍ပျံ၍ နားလေ၏။ မုဆိုးလည်း ကိုယ်ကို သစ်ခက်သစ်ရွက်တို့ဖြင့် ဖုံးလွှမ်းကာ ကျော့ကွင်းကို အဖန်ဖန်ထောင်၏။ ကြက်သည် မုဆိုးကို အရှက်ကွဲစေလိုသောကြောင့် -

“အိုသစ်ပင် ... ဤတော၌ ငါမြင်ဖူးသော အင်ကြင်း၊ သစ်ဆိမ့်စသောအပင်တို့ကား သင်သစ်ပင်လို ဟိုဟိုသည်သည် ရွေ့လျားသွားလာခြင်း မရှိကြကုန်”- ဟု လူတို့ဘာသာစကားဖြင့် ပြောဆိုပြီးလျှင် ပြေး၍ တစ်ပါးသောအရပ်သို့ သွားလေ၏။ ထိုကြက် ပြေးသွားသောအခါ မုဆိုးသည် -

“လှောင်အိမ်ကို ဖျက်ဖောင်၍သွားသော ဤကြက်ဟောင်းကား သားမြီးကျော့ကွင်းတို့၌ လိမ္မာသည်ဖြစ်၍ မိမိကိုယ်ကို မမိစေဘဲ ကျော့ကွင်းမှ ရှောင်လည်း ရှောင်၏။ စကားလည်းဆိုခဲ့၏။ စကားဆိုပြီး၍လည်း ပြေးလေ၏” ဟု ပြောဆိုပြီးလျှင် တော်၌လှည့်ပတ်လျက် ရရသမျှကိုသာယူ၍ အိမ်သို့ပြန်ခဲ့ရ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကြက်ဟောင်းသည် - ယခုအခါ ကိုယ်ကိုစောင့်ရှောက်ရာ၌ လိမ္မာသော ပဉ္စင်းငယ်။

မုဆိုးသည်-ဒေဝဒတ်။

ရုက္ခစိုးနတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အပူ,အအေး၊ မြော်ချင့်တွေး၊ နေရေးစားသောက်မှု။

(၂) လျောက်ပတ်ရုံသာ၊ နေ,စားရာ၊ ကျန်းမာစောင့်ရှောက်ပြု။

ကုက္ကဋဇာတ် ပြီး၏။

***

၂၁၀ - ကလန္ဒကဇာတ်

ရှားပင် သစ်တောက်ငှက်ကိုတု၍ ရှားတုံးကို နှုတ်သီးဖြင့် ပေါက်သဖြင့် နှုတ်သီးကျိုး၍ ဦးခေါင်းကွဲကာ သေရသော လက်ပံပင် သစ်တောက်ငှက် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားအံတု ပျက်စီးမှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရားကို အတုပြု၍နေ၏။

မြတ်စွာဘုရား ကြားတော်မူလျှင် “ရဟန်းတို့ ... ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ငါဘုရားကို အတုပြုခြင်းကြောင့် ပျက်စီးခြင်းသို့ရောက်သည်မဟုတ်၊ ရှေးအခါ၌လည်း ပျက်စီးခြင်းသို့ ရောက်ဖူးပြီ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လက်ပံနှင့်ရှား သစ်တောများ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဟိမဝန္တာအရပ်ဝယ် သစ်တောက်လောက်ငှက်မျိုး၌ဖြစ်၍ ခဒိရဝနိယဟူသောအမည်ဖြင့် ထင်ရှားလျက် ရှားတော၌ ကျက်စားလေ့ရှိ၏။ အဆွေခင်ပွန်းဖြစ်သော သစ်တောက်လောက်ငှက်ကား ကလန္ဒက အမည်ဖြင့် ထင်ရှားလျက် လက်ပံတော၊ ကသစ်တော၌ ကျက်စားလေ့ရှိ၏။

တစ်နေ့သ၌ ကလန္ဒကသည် အဆွေခင်ပွန်း ဖြစ်သော ခဒိရဝနိယထံသို့လာ၏။ ထိုအခါ ခဒိရဝနိယသည် ငါ၏အဆွေခင်ပွန်းလာသည် ဝမ်းမြောက်ဝမ်းသာဖြစ်၍ ကလန္ဒကကို ခေါ်ပြီးလျှင် ရှားတောသို့ဝင်၍ ရှားပင်တုံးကို နှုတ်သီးဖြင့်ပေါက်ကာ ပိုးတို့ကိုထုတ်၍ ကလန္ဒကအား ပေး၏။ ကလန္ဒကလည်း ပေးတိုင်း၊ ပေးတိုင်းသော ပိုးတို့ကို ချိုစွာသော မုန့်အလား မြိန်မြိန်ရှက်ရှက် ဖြတ်တောက်ကာ စားလေ၏။

လက်ပံသစ်တောက် ရှားတုံးပေါက်

ထိုအခါ ကလန္ဒကအား ပိုးတို့ကို စားစဉ်ပင် “ဤခဒိရဝနိယလည်း သစ်တောက်လောက်ငှက်တည်း၊ ငါလည်း သစ်တောက်လောက်ငှက်တည်း၊ ငါ့အား ခဒိရဝနိယ ပေးသောအစာဖြင့် ဘယ်အကျိုးရှိအံ့နည်း၊ မိမိကိုယ်တိုင် ရှားတော၌ အစာကိုရှာ၍ စားတော့မည်” ဟု မာန်မနာဖြစ်၍ “အဆွေ ... သင်သည် ငါစားဖို့အတွက် အပင်ပန်းမခံလင့် ငါကိုယ်တိုင် ဤရှားတော၌ အစာကိုရှာ၍ စားမည်”ဟု ပြောလေ၏။ ထိုအခါ ခဒိရဝနိယသည် “အဆွေ ... သင်သည် အနှစ်မရှိသော လက်ပံတော၊ ကသစ်တော၌ ကျက်စားသော အမျိုးဖြစ်သည်။ ရှားပင်တို့မည်သည်ကား ဇာတ်အားဖြင့် အနှစ်ရှိကုန်၏။ ချင်ချင်မြည်အောင် မာကုန်၏။ သင်ကိုယ်တိုင် အစာရှာ၍စားခြင်းကို မနှစ်သက်လင့်”ဟု ပြောလေ၏။ “အဆွေ ... ငါလည်း သစ်တောက်လောက်မျိုး၌ ဖြစ်သော ငှက်မဟုတ်ပါလော”ဟု ပြောဆို၍ ခဒိရဝနိယ စကားကို မနာယူဘဲ လျင်မြန်စွာပျံ၍ ခဒိရဝနိယကို အတုပြုကာ ရှားပင်တုံးကို နှုတ်သီးဖြင့် တအားပေါက်လေ၏။

ဦးခေါင်းကွဲကာ သေရရှာ

ခဏခြင်းလျှင် နှုတ်သီးသည် ပြတ်လေ၏။ မျက်လုံးလည်း ပြူး၍ထွက်လေ၏။ ဦးခေါင်းလည်း ကွဲလေ၏။ ပင်စည်၌ မနားနိုင်တော့ဘဲ မြေသို့ကျ၍ -

“အဆွေ ခဒိရဝနိယ ... ငါသည် နှုတ်သီးဖြင့် တစ်ချက်တည်းသာ ပေါက်မိရုံဖြင့် ဦးခေါင်းကွဲခဲ့၏။ အဆူးရှိ၍ သေးငယ်သော အရွက်ရှိသော ဤသစ်ပင်ကား အဘယ်မည်သော သစ်ပင်ဖြင်သနည်း” – ဟု မေးလေ၏။ ခဒိရဝနိယသည် ကလန္ဒက၏ စကားကို ကြားလျှင် -

“အဆွေ ကလန္ဒက ... ငှက်မြတ်ဖြစ်သော သင်သည် အနှစ်မရှိသော လက်ပံတော၊ ကသစ်တောတို့၌ ထွင်းဖောက်၍ ကျက်စားခဲ့ဖူးပြီ၊ နောက်အခါ ဇာတ်အားဖြင့် အနှစ်ရှိသော ရှားတောသို့ရောက်၍ ကျက်စားရာ ဦးခေါင်းကွဲခဲ့ပြီ၊ ထိုသစ်ပင်ကား အနှစ်ရှိသော ရှားပင်ဖြစ်၏” – ဟု ပြောကြားလေ၏။ ကလန္ဒကလည်း ထိုအရပ်၌ပင် အသက်ကုန်ခြင်းသို့ ရောက်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကလန္ဒကသည် - ယခုအခါ ဒေဝဒတ်။

ခဒိရဝနိယသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အားစွမ်းမတူ၊ ထိုသသူ၊ တုမူမပြိုင်ရာ။

(၂) ကလန္ဒက၊ စိတောက်၊ ရှားပင်ပေါက်၊ ဦးနှောက်ကွဲသေရှာ။

ကလန္ဒကဇာတ် ပြီး၏။

***

၂၁၁ - သောမဒတ္တဇာတ်

တစ်နှစ်ပတ်လုံး နွားတောင်းနည်းကို သင်ပြထားပါလျက် မင်းကြီးထံ ရောက်၍ အလွဲဆိုသော ဖခင်အား နွားရအောင် ကူညီပေးသော သောမဒတ်လုလင် အကြောင်း

ပစ္စုပ္ပန်ဝတ္ထု

ရှက်ကြောက်ရွံ့ရှား ရဟန်းတစ်ပါး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လာဠုဒါယီမထေရ်သည် လူနှစ်ယောက်တို့ထံတွင် စကာတစ်ခွန်းကိုမျှ ပြည့်စုံအောင် ပြောဆိုခြင်းငှာမစွမ်းနိုင်၊ ရှက်ကြောက်ရွံ့ရှားခြင်းများသည်ဖြစ်၍ တစ်မျိုးကိုဆိုမည်ဟု နှလုံးသွင်းထားသော်လည်း တစ်မျိုးကိုသာ ဆိုမိလေ၏။

ရဟန်းတို့သည် ထိုလာဠုလာယီမထေရ် အကြောင်းကို တရားသဘင်ဝယ် စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... လာဠုလာယီကား ယခုအခါ၌သာ ရှက်ကြောက်ရွံရှားခြင်းများသည်မဟုတ်၊ ရှေးအခါ၌လည်း ရှက်ကြောက်ရွံ့ရှားခြင်းများဖူးပြီ”ဟု မိ်န့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မျိုးဇာတ်မြှင့်တင် မြတ်လုလင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိတိုင်းဝယ် တစ်ခုသော ပုဏ္ဏားမျိုး၌ဖြစ်၍ အမည်အားဖြင့် သောမဒတ္တဟု ခေါ်တွင်လေ၏။ ထိုသောမဒတ်သည် အရွယ်ရော်ကလတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာကို သင်ကြားတတ်မြောက်ပြီးလျှင် တစ်ဖန် အိမ်သို့ပြန်လာ၍ မိဘတို့ဆင်းရဲနေသည်ကိုသိလျှင် ယုတ်မာသောအမျိုးမှ မြတ်သောအမျိုး ဖြစ်စေမည်ဟု နှလုံးသွင်းကာ မိဘတို့ကို ပန်ကြားပြီးလျှင် ဗာရာဏသီပြည်သို့သွား၍ မင်းကြီးထံ ခစားလေ၏။ ထိုသောမဒတ်လုလင်အား မင်းကြီးသည် အလွန်ချစ်မြတ်နိုး၏။

ထိုသောမဒတ်၏ ဖခင်သည် နွားနှစ်ကောင်ဖြင့် လယ်ထွန်၍ အသက်မွေးခဲ့ရာ နွားတစ်ကောင်သည် သေခဲ့၏။ ထိုအခါ သားထံသို့သွား၍ “ချစ်သား သောမဒတ် ... ငါ့မှာ နွားတစ်ကောင် သေခဲ့ပြီ၊ တစ်ကောင်သာ ကျန်သဖြင့် လယ်ထွန်၍ မဖြစ်နိုင်၊ သို့အတွက် မင်းကြီးထံသွား၍ နွားတစ်ကောင် တောင်းပေးပါ”ဟု ပြောလေ၏။ “ဖခင် ... မင်းကြီးကို ခစားရသည်မှာ မကြာမြင့်သေး၊ ကျွန်ုပ်တောင်းမပေးဝံ့ပါ ဖခင်ကိုယ်တိုင်သွား၍ တောင်းပါ”ဟု ပြောလေရာ၊ “ချစ်သား ငါသည် ရှက်ကြောက်ရွံ့ရှားခြင်း များသည်ကို သင်သိသည်မဟုတ်လော”ဟု လူနှစ်ယောက်သုံးယောက် အထံတွင် စကားတစ်ခွန်းမျှကိုပင် ပြည့်စုံအောင် မပြောနိုင်၊ အကယ်၍ ငါကိုယ်တိုင်သွား၍ တောင်းသည်ဖြစ်အံ့၊ ငါ့မှာ ကျန်ရှိသော နွားတစ်ကောင်ကိုပင် ပေးခဲ့မိ၍ ပြန်လာရမည်” ဟု ပြော၏။ “ဖခင် ... ဖြစ်လိုရာ ဖြစ်စေတော့၊ အကျွန်ုပ်ကိုယ်တိုင်တော့ တောင်း၍မပေးဝံ့ပါ၊ စင်စစ်အားဖြင့် နွားတောင်းနည်း အတတ်ပညာကို သင်ကြားပေးပါမည်” ဟု ပြောလေ၏။ “ချစ်သား ကောင်းပြီ သင်ကြားပေးပါ”ဟု ပြောလေ၏။

နွားရရှိရေး တောင်းနည်းပေး

ထိုအခါ သောမဒတ်သည် အဖကိုခေါ်ပြီးလျှင် ဗိရဏတ္ထမ္ဘက မည်သော သုသာန်ကိုသွား၍ ထိုထိုအရပ်၌ မြက်တို့ကိုထားကာ ဤမြက်စည်းကား မင်းကြီး၊ ဤမြက်စည်းကား အိမ်ရှေ့မင်း၊ ဤမြက်စည်းကား စစ်သူကြီး၊ ဤသို့ အသီးအသီး အမည်ပေး၍ အဖကိုပြလျက် သေချာစွာ မှတ်သားစေပြီးလျှင် “ဖခင် ... သင်သည် မင်းကြီးထံသွား၍ ‘အရှင်မင်းကြီး ... အရှင်မင်းကြီးသည် အောင်စေသတည်း’ ဟု ဆိုပြီးလျှင် -

“အရှင်မင်းကြီး ... အကျွန်ုပ်မှာ နွားနှစ်ကောင်ဖြင့် လယ်ထွန်၍ အသက်မွေးခဲ့ရာ နွားတစ်ကောင်သေ၍ တစ်ကောင်သာ ကျန်ရစ်ခဲ့၏။ သို့အတွက် အကျွန်ုပ်အား နွားတစ်ကောင် ပေးတော်မူပါ” – ဟု ဂါထာကို သီကုံး၍ပေးကာ တစ်နှစ်ပတ်လုံး လေ့လာစေပြီးလျှင် နွားတောင်းနည်းကို လက်တွေ့သင်ပြေလေ၏။

စကားတိမ်းမှု ပြက်ရယ်ပြု

အဖ ပုဏ္ဏားသည် သောမဒတ်အား “ချစ်သား ... ဂါထာကို လေ့လာ၍ နှုတ်တက်ရပြီ၊ ယခုအခါ ငါသည် ဘယ်သူ့ထံမှာမဆို ကောင်းမွန်စွာဆိုနိုင်ပြီ၊ နွားတောင်းရန် ငါ့ကို မင်းကြီးထံပို့ပါ” ဟု ပြောလေ၏။ သောမဒတ်လည်း လျောက်ပတ်သော လက်ဆောင်ပဏ္ဏာကိုယူစေ၍ ဖခင်ကို မင်းကြီးထံ ပို့လေ၏။ ပုဏ္ဏားလည်း မင်းကြီးထံရောက်လျှင် “အရှင်မင်းကြီးသည် အောင်စေသတည်း” ဟု ဆိုကာ လက်ဆောင်ပဏ္ဏာကို ဆက်သလေ၏။ မင်းကြီးလည်း “သောမဒတ် ... ဤပုဏ္ဏားကား သင်နှင့်ဘယ်သို့ တော်စပ်သနည်း”ဟု မေး၏။ “အရှင်မင်းကြီး .. အကျွန်ုပ်ဖခင် ဖြစ်ပါသည်”ဟု လျှောက်လေရာ၊ “ဘယ်အတွက် လာသနည်း” ဟု မေးလျှင် ပုဏ္ဏားသည် နွားတောင်းလိုသဖြင့် -

“အရှင်မင်းကြီး ... အကျွန်ုပ်မှာ နွားနှစ်ကောင်ဖြင့် လယ်ထွန်၍ အသက်မွေးခဲ့ရာ နွားတစ်ကောင်သေ၍ တစ်ကောင်သာ ကျန်ရစ်ခဲ့သည်။ သို့အတွက် နွားတစ်ကောင်ကို ယူတော်မူပါ” – ဟု ဂါထာကို ရွတ်ဆိုတောင်းလေ၏။ မင်းကြီးသည် ပုဏ္ဏား ချွတ်ယွင်းသည်ကိုသိ၍ ရယ်ရွှင်ကာ “သောမဒတ် ... သင်တို့အိမ်၌ နွားတို့သည် များယောင်တကား” ဟု ဆိုသည်ရှိသော်၊ “အရှင်မင်းကြီး ... နွားတို့ကို အရှင်မင်းကြီး ပေးတော်မူအပ်သည် ဖြစ်ကုန်လတ္တံ့”ဟု လျှောက်ထားလေ၏။

သားကူညီချက် စည်းစိမ်တက်

မင်းကြီးလည်း သောမဒတ်အား နှစ်သက်တော်မူလှ၍ နွားတစ်ဆယ့်ခြောက်ကောင်နှင့် ပုဏ္ဏားနေသောရွာကို ရွာစားပေးတော်မူ၍ များစွာသော အခြံအရံဖြင့် လွှတ်လိုက်၏။ ပုဏ္ဏားသည် သိန္ဓောမြင်းဖြူတို့ဖြင့် ကသော ရထားကို စီးနင်းကာ များစွာသော အခြံအရံဖြင့် ရွာသို့သွားလေ၏။ သောမဒတ်သည် အဖနှင့်အတူ ရထားစီး၍ သွားသည်ရှိသော် -

“ဖခင် ... အကျွန်ုပ်သည် သင်တို့ကို အမြဲမပြတ် မမေ့မလျော့ တစ်နှစ်ပတ်လုံး ဗိရဏတ္ထမ္ဘက မည်သော သုသာန်၌ လေ့လာစေပြီးလျှင် နွားတောင်းနည်းကို လက်တွေ့ သင်ပြထားပါလျက် ပရိသတ်ထဲရောက်၍ အလွဲကိုဆိုဘိသည်။ ပညာနည်းသူကို အမြဲလေ့ကျက်ခြင်းသည် မစောင့်ရှောင်နိုင်” – ဟု အပြစ်တင်စကား ပြောကြားပြန်၏။ အဖပုဏ္ဏားသည် သား၏စကားကို ကြားလျှင် - “ချစ်သား သောမဒတ် ... သူတစ်ပါးထံ ဥစ္စာကို တောင်းသောသူမှာ ရခြင်း၊ မရခြင်း နှစ်မျိုးဖြစ်ရာသည်။ အမှန်အားဖြင့် တောင်းခြင်းမှာ ဤလိုဖြစ်ခြင်းသဘောရှိ၏” –

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ ... ထိုအခါ မင်းကြီးသည် - ယခုအခါ အာနန္ဒာ။ · သောမဒတ် အဖသည် - လာဠုဒါယီ။ · သောမဒတ်သည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရှက်ကြောက်သူအား၊ သူ့ထံပါး၊ စကားမဖြောင့်လေ။

(၂) ပညာကနည်း၊ လေ့ကျက်လည်း၊ အမြဲမစောင့်ပေ။

(၃) နွားကိုပေးပါ၊ ပြောဖို့ရာ၊ ယူပါပြောမိလေ။

သောမဒတ္တဇာတ် ပြီး၏။

***

၂၁၂ - ဥစ္ဆိဋ္ဌဘတ္တဇာတ်

လျှပ်ပေါ် လော်လည်သော ပုဏ္ဏေးမကြောင့် လင်ငယ်၏ စားကြွင်းထမင်းကို လင်ကြီး စားရခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိန်းမပြစ်ပြ ဆိုဆုံးမ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မယားဟောင်းသည် ဖြားယောင်းသွေးဆောင်အပ်သည်ဖြစ်၍ သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းတစ်ပါး ရှိလေ၏။

ထိုရဟန်းအကြောင်းကို မြတ်စွာဘုရား သိတော်မူလျှင် “ချစ်သော ရဟန်း ... ဤမိန်းမသည် သင့်အကျိုးစီးပွားမဲ့ကိုသာ ပြကုတတ်သည်၊ ရှေးအခါ၌လည်း သင့်ကို သယောက်လင် စားကြွင်းထမင်းကို ကျွေးဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လင်ငယ်ကျန်ကျွေး လင်ကြီးမေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထမင်းကို လှည့်လည်ကာ တောင်းရမ်းစားသောက်၍ အသက်မွေးရသည် နဋမျိုး၌ဖြစ်၍ အရွယ်လောက်လတ်သော် အလွန်ဆင်းရဲ၏။ မကောင်းသောအဆင်းနှင့် ပြည့်စုံ၏။ ထမင်းကို လှည့်လည်တောင်းရမ်းကာ စားသောက် အသက်မွေးရ၏။

ထိုအခါ ကာသိတိုင်း ရွာငယ်တစ်ခုဝယ် ပုဏ္ဏားတစ်ယောက်၏ ပုဏ္ဏေးမသည် သီလမရှိ၊ ယုတ်မာသောအကျင့် ရှိ၏။ ထိုပုဏ္ဏေးမသည် သယောက်လင်နှင့် ယုတ်မာသော အကျင့်ကို ကျင့်ပြီး၍ သယောက်လင်အား “အရှင် ... ခဏနေပါဦး ထမင်းဦးကို စားရမည်” ဟု ဆိုပြီးလျှင် ထမင်းကို ခူး၍ အမဲဟင်းလျာနှင့် စားစေ၏။ မိမိကား လင်ပုဏ္ဏားလာခြင်းကို မျှော်ကာ အိမ်တံခါးတွင် ရပ်လျက်စောင့်၏။ နဋမျိုး၌ဖြစ်သော လုလင်လည်း သယောက်လင် ထမင်းစားရာအရပ်၌ ထမင်းတောင်းကာ ရပ်လျက်နေ၏။

ထိုခဏ၌ ပုဏ္ဏားသည် အိမ်သို့ရှေးရှု့ ပြန်လာ၏။ ပုဏ္ဏေးမမြင်လျှင် အိမ်တွင်းသို့ လျင်မြန်စွာဝင်၍ သယောက်ကျီတွင်းသို့ သွင်း၍ထားလေ၏။ လင်ပုဏ္ဏား ရောက်လာလျှင် လက်ဆေးရည်ကိုပေးကာ သယောက်လင် စားကြွင်းဖြစ်သော ထမင်းအေးပေါ်တွင် ထမင်းပူကိုထပ်၍ ထည့်ကာစားစေပြန်၏။ ပုဏ္ဏားလည်း ထမင်းပွဲ၌ လက်နှိုက်မိ၍ အပေါ်ယံက ထမင်းပူ၊ အောက်က ထမင်းအေးကို မြင်လျှင် ဤထမင်းအေးကား သူတစ်ပါးစားကြွင်း ဖြစ်ရာသည်ဟု ကြံစည်၍ ပုဏ္ဏေးမအား -

“ပုဏ္ဏေးမ ... ထမင်းပွဲမှာ အထက်က ထမင်းမှာ ပူ၏။ အောက်က ထမင်းမှာအေး၏။ အဘယ်ကြောင့် ထမင်းတစ်ပွဲတည်းမှာ သည်လို အမျိုးမျိုး ဖြစ်နေရသနည်း” ဟု မေလေ၏။

လင်ကြီးဆုံးမ ရှောင်ကြဉ်ကြ

ပုဏ္ဏေးမသည် မိမိပြုအပ်သော အမှုထင်ရှားလာမည်ကို ကြောက်သဖြင့် ပုဏ္ဏားက အဖန်ဖန် မေးသော်လည်း တစ်စုံတစ်ရာ စကားမဆိုဘဲ ဆိတ်ဆိတ်သာ နေလေ၏။ ထိုခဏ၌ နဋမျိုးဖြစ်သော လုလင်သည် “ကျီထဲ၌ နေစေသောသူကား သယောက်လင် ဖြစ်ရာသည်၊ ဤပုဏ္ဏားကား အိမ်ရှင်လင်ကြီး ဖြစ်ရာသည်၊ ငါသိသမျှ အကြောင်းစုံကို ပုဏ္ဏားအား ပြောကြားမည်” ဟု ကြံစည်ကာ -

“အို - ပုဏ္ဏားကြီး ... အကျွန်ုပ်ကား နဋမျိုးဖြစ်၍ ထမင်းတောင်းစားရန် ဤအရပ်သို့ ရောက်လာပါ၏။ အရှင်ပုဏ္ဏားကြီးသည် ဤထမင်းကား ဘယ်သူ့စားကြွင်း ဖြစ်သည်ကို စုံစမ်းရှာဖွေနေဘိ၏။ ဤထမင်းကို စားသော ပုဏ္ဏေးမ၏ သယောက်လင်ကား အရှင်ကို ကြောက်သဖြင့် ကျီထဲမှာ ဝင်နေပါ၏။” ဟု အကြောင်းစုံ ပြောကြာလေ၏။ ပုဏ္ဏားသည် နဋမျိုး၏ စကားကိုကြားလျှင် အလွန်အမျက်ထွက်ကာ သယောက်လင်၏ ဦးသျှောင်ကို ဆွဲပြီးလျှင် ကျီထဲမှ ထုတ်၍ နောင်တစ်ဖန် ဤလိုယုတ်မာသောအကျင့်ကို မကျင့်လင့်ဟူ ဆဲရေးခြိမ်းခြောက်လျက် နှစ်ယောက်လုံး သတ်ပုတ် ရိုက်နှက်လတ်သော် နှစ်ယောက်လုံးပင် နောင်တစ်ဖန် ယုတ်မာသောအမှုကို မပြုဝံ့ကြကုန်၊ ရှောင်ကြဉ်ကြကုန်၏။

ဤဒေသနာတော်ကို ဟောတော်မူပြီးလျှင် သစ္စာကို ပြသည့်အဆုံး၌ သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းသည် သောတာပတ္တဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုဏ္ဏေးမသည် - ယခုအခါ မယားဟောင်း။

ပုဏ္ဏားသည် - ငြီးငွေ့သောရဟန်း။

နဋမျိုးလုလင်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) လင်ကြီးလည်းလစ်၊ မိန်းမညစ်၊ ကောက်ကျစ်လင်စောင်မွေး။

(၂) လင်စောင်စားကြွင်း၊ ကျန်ထမင်း၊ ချက်ချင်းလင်ကြီးကျွေး။

ဥစ္ဆိဋ္ဌဘတ္တဇာတ် ပြီး၏။

***

၂၁၃ - ဘရုဇာတ်

တံစိုးစား၍ သီလရှိသော ရသေ့တို့အား ငြင်းခုံခြင်းကို ဖြစ်စေသော ကုရုမင်းကိုမှီ၍ တိုင်းပြည်အလုံး ပျက်စီးဆုံးရှုံးရခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လာဘ်ယူမှုတွက် ဆုံးမချက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒါယကာတို့သည် မြတ်စွာဘုရားနှင့် ရဟန်းသံဃာတော်တို့အား ဆည်းကပ်ကိုးကွယ်ကြကုန်၏။ ကြည်ညိုမြတ်နိုးကြကုန်၏။ ရိုသေလေးမြတ်ကြကုန်၏။ ပစ္စည်းလေးပါးတို့ကို လှူဒါန်းပူဇော် ကြကုန်၏။ မြတ်စွာဘုရားနှင့် ရဟန်းသံဃာတော်တို့အားသာ လာဘ်လာဘ အခြံအရံအကျော်အစောကို ရကုန်၏။ တိတ္ထိတို့အား ဆည်းကပ်ကိုးကွယ်သူ နည်းပါးကုန်၏။ ကြည်ညိုမြတ်နိုးသူ နည်းပါးကုန်၏။ ရိုသေလေးမြတ်သူ နည်းပါးကုန်၏။ ပစ္စည်းလေးပါးတို့ကို လှူဒါန်းပူဇော်သူ နည်းပါးကုန်၏။ လာဘ်လာဘ အခြံအရံ အကျော်အစောကို မရကြကုန်။

ထိုအခါ တိတ္ထိတို့သည် “ငါ့ရှင်တို့ ... ရဟန်းဂေါတမ ဖြစ်ထွန်းလာသောအခါမှစ၍ ငါတို့မှာ လာဘ်လာ အခြံအရံ အကျော်အစောကို မရကြကုန်၊ ရဟန်းဂေါတမမှာသာ လာဘ်လာဘ အခြံအရံ အကျော်အစောကို ရသည်။ ထိုရခြင်းအကြောင်းမှာလည်း တခြားမဟုတ်။ ဇမ္ဗူဒိပ်ကျွန်းတွင် အထွက်အမြတ်ဆုံးဖြစ်သော နေရာ၌ ရေခြင်းကြောင့် ဖြစ်သည်။ ငါတို့သည် ကောသလမင်းထံ တံစိုးလက်အောင်ပေးကာ သဘောတူညီချက်ကို ယူမည်”ဟု တိုင်ပင်ညီညွတ်လျက် မိမိတို့ကြည်ညိုရာ ဒါယကာများထံ အလှူခံ၍ မင်းကြီးထံသွားကာ “အရှင်မင်းကြီး ...ဇေတဝန်ကျောင်းတော်အပြင်မှာ တိတ္ထိတို့အရံကို ပြုလိုသည်၊ မင်းကြီးလာ၍ အကြောင်းကြား တားမြစ်လျှင် လက်မခံပါလင့်”ဟု ပြောကြားကာ အသပြာတစ်သိန်း ပေးကုန်၏။ မင်းကြီးလည်း တံစိုးလက်ဆောင်၌ တပ်မက်မောသဖြင့် ကောင်းပြီဟု ဝန်ခံလိုက်၏။

လာဘ်ကိုယူမိ ဆန္ဒာကတိ

တိတ္ထိတို့သည် မင်းကြီး၏ သဘောတူညီချက်ကိုယူ၍ အမှုလုပ်တို့ကို ခေါ်ကာ ဇေတဝန်ကျောင်းတော် မြေအပြင်ဝယ် တိတ္ထိတို့ အရံပြုလုပ်ရန် ရှင်းလင်းသုတ်သင်စေကုန်၏။ ကျယ်လောင်သောအသံ ဖြစ်လေ၏။ ထိုအခါ မြတ်စွာဘုရား ကြားတော်မူ၍ အရှင်အာနန္ဒာကို မေးတော်မူရာ ထိုအကြောင်းကို လျှောက်ထားလေလျှင် “အာနန္ဒာ ... တိတ္ထိတို့သည် ကျယ်သောအသံ ရှိကုန်၏။ ဤအရံနှင့် မလျောက်ပတ်ကုန်၊ တိတ္ထိတို့နှင့် အတူနေခြင်းငှာ မတတ်ကောင်း” ဟု မိန့်တော်မူပြီးလျှင် ရဟန်းတို့ကို စည်းဝေးစေ၍ တားမြစ်ကြရန် မိန့်တော်မူ၏။

ရဟန်းတို့သည် ဤနေရာ၌ အရံမပြုရန် တားမြစ်ကြသော်လည်း မရသဖြင့် မင်းကြီးထံ သွားကုန်၏။ မင်းကြီးလည်း တံစိုးလက်ဆောင် စားထားသဖြင့် “ရဟန်းတို့ကို အတွေမခံဘဲ မင်းကြီးမရှိ”ဟု လျှောက်စေ၏။ ရဟန်းတို့သည် မြတ်စွာဘုရားကို လျှောက်ကြပြန်၏။ မြတ်စွာဘုရားလည်း တံစိုးလက်ဆောင် စားထားကြောင့် သိတော်မူှလျှင် အဂ္ဂသာဝကနှစ်ပါးကို လွှတ်တော်မူပြန်၏။ မင်းကြီးလည်း အတွေ့မခံဘဲ “မင်းကြီးမရှိ” ဟု လျှောက်စေပြန်၏။

ဘုရားကြွလာ ဆုံးမရာ

မြတ်စွာဘုရားသည် နောက်နေ့နံနက်အခါ ရဟန်းငါးရာ အခြံအရံဖြင့် မင်းကြီးထံ ကြွတော်မူ။ မင်းကြီးလည်း ဘုရားအမှူးရှိသော သံဃာအား ယာဂုခဲဖွယ်တို့ကို ကပ်လှူပြီးလျှင် သင့်တင့်ရာ အရပ်၌နေ၏။ မြတ်စွာဘုရားသည် မင်းကြီးအား တရားဟောတော်မူပြီးလျှင် “မြတ်သောမင်းကြီး ... ရှေးအခါ မင်းတို့သည် တံစိုးလက်ဆောင်ကို ယူ၍ သီလရှိသော သူတို့အား အငြင်းအခုံကို ပြုစေသောကြောင့် မိမိတို့နိုင်ငံကို အစိုးမရကြ၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မြို့ရွာကပ်ပြား ရသေ့များ

လွန်လေပြီးသောအခါ ကုရုတိုင်းဝယ် ကုရုမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် အဘိညာဉ်သမာပတ်တို့ကို ဖြစ်စေလျက် ရသေ့အပေါင်းတို့၏ ဆရာဖြစ်ကာ ဟိမဝန္တာအရပ်တွင် ကြာမြင့်စွာ နေလေ၏။

တစ်နေ့သ၌ ချဉ်ဆားမှီဝဲရန်အလို့ငှာ ရသေ့အပေါင်း ခြံရံလျက် ဟိမဝန္တာမှ ဆင်းသက်၍ အစဉ်အတိုင်း ကြွသွားလေရာ ကုရုတိုင်းသို့ရောက်၍ ကုရုမြို့တော်တွင်း၌ ဆွမ်းခံပြီးလျှင် မြောက်ဘက်တံခါး အနီးဝယ် အခက်အရွက်နှင့် ပြည့်စုံသော ပညောင်ပင်ကြီးဝယ် ဆွမ်းဘုဉ်းပေးလျက် ထိုပညောင်ပင်အောက်မှာပင် နေလေ၏။

လခွဲလွန်သောအခါ ရသေ့ငါးရာ အခြံအရံရှိသော ရသေ့တစ်ပါးသည် ရောက်လာပြန်သဖြင့် ထိုကုရုမြို့တော်မှာပင် ဆွ်းဂေါစရဂါမ်ပြုကာ မြို့တော်၏ တောင်ဘက်တံခါး အနီးဝယ် အခက်အရွက်နှင့် ပြည့်စုံသော ပညောင်ပင်ကြီးမှာပင် နေလေ၏။ ထိုရသေ့နှစ်ပါးတို့သည် မိမိတို့ အခြံအရံနှင့်တကွ ကုရုမြို့တော်မှာပင် မွေ့လျော် ပျော်ပိုက်သမျှ နေပြီးလျှင် မိမိတို့နေရာ ဟိမဝန္တာသို့ ပြန်သွားကြကုန်၏။ ထိုရသေ့တို့ သွားကြသောအခါ တောင်တံခါးအနီးရှိ ပညောင်ပင်ကြီးသည် ညှိုးခြောက်လေ၏။

နေရာအတွက် ငြင်းခုံလျက်

နောက်တစ်ကြိမ်တွင် တောင်တံခါးအနီးရှိ ပညောင်ပင်ကြီး၌ နေသော ရသေ့တို့သည် ရှေးဦးစွာ လာလတ်ကုန်၍ မိမိနေသော ပညောင်ပင်ကြီး ညှိုးခြောက်နေသည်ကို မြင်လျှင် မြို့တံခါးမြောက်ဘက်တွင်ရှိသော ပညောင်ပင်ကြီးသို့ သွား၍နေကြကုန်၏။ တစ်ပါးသော ရသေ့တို့သည် နောက်မှ လာလတ်ကုန်၍ မိမိတို့နေဖူးသော မြောက်တံခါးအနီးရှိ ပညောင်ပင်ကြီးသို့ပင်လာ၍ နေကြကုန်၏။ ထိအခါ နှစ်ဦးသော ရသေ့တို့သည် “ငါတို့ သစ်ပင်ဖြစ်သည် သင်တို့ သစ်ပင်မဟုတ်ဟု သစ်ပင်ကိုမှီ၍ အချင်းချင်း အငြင်းအခုံ ဖြစ်ကြကုန်၏။

ရသေ့တို့သည် တဖြည်းဖြည်း ခိုက်ရန်ကြီးလတ်သော် မင်းကြီးထံသွား၍ အကြောင်းကြားကြကုန်၏။ မင်းကြီးသည် ရှေးဦးစွာနေဖူးသော ရသေ့တို့ကို အနိုင်ပေးလေ၏။ ထိုအခါ နောက်မှလာနေသော ရသေ့တို့သည် ငါတို့အရှုံးမပေးနိုင်ဟု ဒိဗ္ဗစက္ခုဖြင့် ကြည့်ရှုလတ်သော် စကြာဝတေးတစ်ပါး၏ အသုံးအဆောင်ဖြစ်သော ရထားချိုင့်ကို မြင်၍ ယူဆောင်ကာ “ငါတို့ကို အနိုင်ပေးပါဟု မင်းကြီးအား တံစိုးလက်ဆောင် ပေးကြကုန်၏။ မင်းကြီးသည် “နှစ်ဦးလုံးကိုပင် အနိုင်ပေးကာ နှစ်ဦးလုံးပင်နေကြကုန်”ဟု ဆုံးဖြတ်ကြပြန်၏။

မင်းကျင့်ပျက်က တောသို့ကြွ

တစ်ဖန် ရှေးဦးစွာနေဖူးသော ရသေ့တို့သည် ဒိဗ္ဗစက္ခုဖြင့် ကြည့်ရှု၍ ရထားလှည်းဘီးတို့ကို ယူဆောင်ကာ “ငါတို့ကို အနိုင်ပေးပါ” ဟု တံစိုးလက်ဆောင် ပေးကြပြန်၏။ မင်းကြီးသည် ထိုရသေ့တို့အား အနိုင်ပေးပြန်၏။ နောက်အခါ ရသေ့တို့သည် “ငါတို့ကား ဝတ္ထုကာမ၊ ကိလေသာကာမတို့ကို စွန့်လွှတ်ကာ ရသေ့ရဟန်းပြုသူများ ဖြစ်ကြပါလျက် သစ်ပင်ကိုအမှီပြု၍ ငြင်းခုံ ခိုက်ရန်ဖြစ်လျက် မင်းကြီးကို တံစိုးလက်ဆောင် ပေးကြခြင်းအမှုမှာ မသင့်” ဟု နှလုံးမသာကြသဖြင့် လျင်မြန်စွာ သွားပြီးလျှင် ဟိမဝန္တာသို့ ပြန်ကြကုန်၏။

မင်းအကျင့်ပျက် တိုင်းပြည်ဖျက်

ကုရုတိုင်းတွင်းရှိ နတ်တို့သည် တပေါင်းတည်းဖြစ်ကုန်လျက် သီလရှိသော ရသေ့တို့အား ငြင်းခုံခြင်းကို ဖြစ်စေသဖြင့် မင်းကြီးသည် အလွန်မသင့်လျော်သောအမှုကို ပြုသည်ဟု အမျက်ထွက်ကုန်လျက် ယူဇနာသုံးရာ ကျယ်ဝန်းသော ကုရုတိုင်းကြီးကို သမုဒ္ဒရာတွင်းသို့ ရောက်စေလျက် တိုင်းပြည်နိုင်ငံ မဟုတ်သည်ကို ပြုကြကုန်၏။ ဤသို့လျှင် တစ်ယောက်သော ကုရုမင်းကိုမှီ၍ တိုင်းပြည်အလုံး၌ နေကုန်သောသူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကုန်၏။

တရားညွှန်ပြ ဆိုဆုံးမ

ဤသို့ဆိုလျှင် မြတ်စွာဘုရားသည် လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီးလျှင် -

“မြတ်သောမင်းကြီး ... ရှေးအခါ ကုရုမင်းဟု ငါဘုရား ကြားဖူး၏။ ထိုမင်းကား ရသေ့တို့အား ရန်တိုက်ခြင်းကိုပြု၍ တိုင်းနိုင်ငံသားနှင့်တကွ အမြစ်အရင်းပါပြတ်၍ ပျက်စီးခြင်းသို့ ရောက်ဖူးပြီ” –

ထို့ကြောင့် ဆန္ဒာကတိ စသည်တို့ လိုက်ခြင်းကို ပညာရှိတို့ မချီးမွမ်းကုန်၊ ကိလေသာတို့ဖြင့် မဖျက်ဆီးအပ်သော စိတ်ရှိသည်ဖြစ်၍ အမှန်နှင့် စပ်သောစကားကိုသာ ပြောဆိုရာ၏” – ဟု မိန့်တော်မူပြီးလျှင် “မြတ်သောမင်းကြီး ... ဆန္ဒာကတိ စသည်သို့မလိုက်ရာ၊ နှစ်ဦးသောရဟန်းတို့ကို ငြင်းခုံခိုက်ရန်ဖြစ်အောင် မပြုသင့်” ဟု မိ်န့်တော်မူ၏။

ကောသလမင်းကြီးသည် မြတ်စွာဘုရား ဒေသနာတော်ကို ကြားနာရလျှင် သတိသံဝေဂဖြစ်ကာ လူတို့ကို စေလွှတ်စေ၍ တိတ္ထိအရံကို ဖျက်ဆီးစေ၏။ ထိုအခါ တိတ္ထိတို့လည်း ထောက်တည်ရာ မရကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရသေ့သည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အဂတိလိုက်စား၊ တံစိုးစား၊ မိုက်မှားမင်းယုတ်ပေ။

(၂) တံစိုးယူထား၊ ရသေ့များ၊ တိုက်ငြားခိုက်ရန်တွေ။

(၃) ကုရုတိုင်းလုံး၊ ပင်လယ်ဖုံး၊ ကုန်ဆုံးပျက်စီးလေ။

ဘရုဇာတ် ပြီး၏။

***

၂၁၄ - ပုဏ္ဏနဒီဇာတ်

မင်းမျက်ထွက်၍ ရှောင်တိမ်းကာ အမျက်ပြေသဖြင့် စကားထာဝှက်၍ ပုရောဟိတ် ပုဏ္ဏားကို ပြန်ခေါ်သော မင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပညာဂုဏ်တော် ချီးကျူးဖော်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... မြတ်စွာဘုရားသည် ကျယ်ပြန့်သော ပညာရှိတော်မူ၏။ ရွှင်သောပညာရှိတော်မူ၏။ လျင်မြန်သောပညာရှိတော်မူ၏။ ထက်မြက်သောပညာ ရှိတော်မူ၏။ နက်နဲသောပညာ ရှိတော်မူ၏” ဤသို့ စသည်ဖြင့် မြတ်စွာဘုရား၏ ပညာတော်ကို ချီးကျူးအံ့ဩ၍ နေကြကုန်၏။

ထိုအခိုက် မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... ငါဘုရားသည် ယခုအခါ၌သာ ပညာရှိသည် အကြောင်း၌ လိမ္မာသည်မဟုတ်၊ ရှေးအခါ၌လည်း ပညာရှိသည် အကြောင်း၌ လိမ္မာသည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မင်းမျက်တော်ရှ ရှောင်ထွက်ရ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုရောဟိတ်ပုဏ္ဏား၌ဖြစ်၍ အဖလွန်သဖြင့် ပုရောဟိတ်ရာထူးကိုရ၍ ဗာရာဏသီမင်းကြီးအား အကျိုးအကြောင်းကို ပြလျက် ဆုံးမတတ်သော အမတ်ဖြစ်လေ၏။

နောက်အဖို့၌ မင်းကြီးသည် ကုန်းချောတတ်သောသူတို့စကားကို ယုံကြည်လျက် ပုရောဟိတ်ပုဏ္ဏား အထင်လွဲကာ အမျက်ထွက်၍ ငါ့ထံမှာ မနေလင့်ဟု ဗာရာဏသီပြည်မှ နှင်ထုတ်လေ၏။ ပုရောဟိတ်ပုဏ္ဏားသည် သားမယားတို့ကိုခေါ်ယူ၍ လယ်ထွန်သမားတို့နေရာ ရွာငယ်တစ်ခု၌ နေလေ၏။

စကားထာဝှက်ကာ ပြန်ခေါ်ရာ

တစ်နေ့သ၌ မင်းကြီးသည် ပုရောဟိတ်ပုဏ္ဏား၏ ကျေးဇူးကို အောက်မေ့၍ တစ်စုံတစ်ယောက်သော သူကို စေလွှတ်ကာ ဆရာပုဏ္ဏားကိုခေါ်ရန်မသင့်၊ စင်စစ်သော်ကား စကားဝှက် ဂါထာတစ်ခုကိုဖွဲ့စီ၍ ထန်းရွက်တွင် ရေးကာကျီးသားကို ချက်စေပြီးလျှင် ပဝါဖြူဖြင့်ထုပ်၍ မင်းတံဆိပ်တော် ခပ်နှိပ်လျက် စာခွေနှင့်အတူ ပို့စေမည်။ ဆရာပုဏ္ဏားသည် အကယ်၍ ပညာရှိပါမူ စာကိုဖတ်၍ ကျီးသားအဖြစ်ကိုသိလျှင် မုချလာလိမ့်မည်။ ပညာမရှိသည်ဖြစ်ပါမူ လာမည်မဟုတ်ဟု ကြံစည်လျက် -

“ပုရောဟိတ်ပုဏ္ဏား ... အကြင်ငှက်ကြောင့် ရေပြည့်နေသော မြစ်ကို ကမ်းနား၌ရပ်၍ သောက်နိုင်သော ရေရှိသော မြက်ဟူ၍ လည်းကောင်း၊ ပေါက်ရောက်သော မုယောစသော စပါးပင်နုကို ဖုံးလွှမ်းနိုင်သော စပါးဟူ၍ လည်းကောင်း၊ ရပ်ဝေးသွား အဆွေခင်ပွန်းကို ရောက်အံ့ဟု ဆိုကြရကုန်၏။ ထိုငှက်ကို သင့်ထံသို့ ပို့စေသည်။ ထိုငှက်သားကိုယူ၍ စားပါလော့” - ဟု ထန်းရွက်တွင် စကားဝှက်ဂါထာကိုရေး၍ ထန်းရွက်လိပ်ကာ၊ ကျီးသားကို ချက်ပြီးလျှင် ပဝါဖြူဖြင့်ထုပ်၍ မင်း၏ တံဆိပ်ခတ်နှိပ်လျက် ထန်းရွက်စာခွေနှင့်အတူ ပုရောဟိတ်ထံ ပို့စေ၏။

ပညာအတွက် စည်းစိမ်တက်

ပုရောဟိတ်ပုဏ္ဏားလည်း မင်းကြီးထံမှ ပို့စေသော စာခွေနှင့် အထုပ်တစ်ခု ရောက်လာလျှင် စာခွေကို ဖြေ၍ ဖတ်ပြီးသောအခါ -

“မင်းကြီးသည် မိမိထံ ဆက်သလာသော ကျီးသားကို စင်လျက်လည်း ပို့စေရန် ငါ့ကို သတိရဘိ၏။ ဟင်္သာသား၊ ကြိုးကြာသား၊ ဥဒေါင်းသားတို့ကို ဆက်သလာလျှင် ပို့စေရန် အဘယ်မှာ သတိမရဘဲ ရှိနိုင်အံ့နည်း၊ လောက၌ သတိမရခြင်းမှာ ယုတ်မာလှ၏။ သတိရခြင်းကား မွန်မြတ်လှ၏” – ဟု စကားဝှက်ဂါထာ၏ အဓိပ္ပါယ်အရ ပို့စေသော အသားကား ကျီးသားဖြစ်ကြောင်းကို မိမိဉာဏ်ပညာဖြင့် သိလေ၏။

နောက်တစ်ဖန် မင်းကြီးသည် ငါ့ကိုအောက်မေ့ သတိရတော်မူသည်။ ငါပြန်လာခြင်းကို တောင့်တတော်မူသည်။ ထို့ကြောင့် ငါယခုပင်သွားမည်ဟုပြောဆိုကာ လှည်းကိုကစေပြီးလျှင် လှည်းဖြင့်သွား၍ မင်းကြီးကို ဖူးမြင်လေ၏။ မင်းကြီးလည်း အလွန်နှစ်သက်တော်မူသဖြင့် ပုရောဟိတ် အရာကိုပြန်၍ ပေးသနားတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

ပုရောဟိတ်ပုဏ္ဏားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပညာဟူက၊ ချီးကျူးရ၊ အများထိပ်ခေါင်တင်။

(၂) စကားဝှက်ဘိ၊ ပညာရှိ၊ သိ၏ ပြက်ပြက်ထင်။

ပုဏ္ဏနဒီဇာတ် ပြီး၏။

***

၂၁၅ - ကစ္ဆပဇာတ်

ကောင်းကင်ခရီးဖြင့် ဟင်္သာများဆောင်ယူသွားရာတွင် နှုတ်မစောင့်၍ အခွံကွဲကာ သေဆုံးရသော လိပ်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

နှုတ်ကြောင့်သေရ ကောကာလိက

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သီတင်းသုံးတော်မူစဉ်၊ ရဟန်းတို့သည် တရားသဘင်၌ ကောကာလိကအကြောင်းကို စကားစပ်မိ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍၊ ရဟန်းတို့ ... ကောကာလိကသည် ယခုအခါ၌သာ မိမိစကားဖြင့် မိမိကိုသတ်သည်မဟုတ်၊ ရှေးအခါ၌လည်း မိမိစကားဖြင့် မိမိကို သတ်ဖူးပြီဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

စကာများလတ် ဗြဟ္မဒတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် အမတ်မျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် မင်းကြီးအား အကြောင်းကျိုးကိုပြု၍ ဆုံးမတတ်သော ပညာရှိအမတ် ဖြစ်လေ၏။

ထိုဗြဟ္မဒတ်မင်းကြီးကား စကားများ၏။ စကားပြောဆိုလတ်သော် သူတစ်ပါးတို့ စကားပြောဆိုခွင့်မရှိ။ ပညာရှိ အမတ်သည် မင်းကြီးစကားများစွာ ပြောဆိုခြင်းကို တားမြစ်လို၍ တစ်ခုသော အကြောင်းဥပါယ်ကို စုံစမ်းလျက်နေ၏။

လိပ်နှင့်ဟင်္သာ မိတ်ဖွဲ့ရာ

ထိုအခါ ဟိမဝန္တာအရပ်ဝယ် အိုင်တစ်ခု၌ လိပ်သည်နေ၏။ ဟင်္သာငယ် နှစ်ကောင်တို့သည် အစာရှာအံ့သောငှာ သွားလတ်သော် ထိုလိပ်နှင့် အကျွမ်းတဝင် နေကြကုန်၏။ တွေ့ဖန်များသော် အလွန်အကျွမ်းဝင်ခြင်းသို့ ရောက်ကြကုန်၏။

တစ်နေ့သ၌ ဟင်္သာတို့သည် လိပ်အား “အဆွေလိပ် ... ငါတို့နေရာဖြစ်သော ဟိမဝန္တာ စိတ္တကုဋ်တောင်ပေါ်တွင် တည်ရှိသော ရွှေဂူသည် အလွန်မွေ့လျော်ဖွယ်ရှိသည်။ ငါတို့နှင့်အတူ လိုက်ခဲ့ပါ”ဟု ပြော၏။ “အဆွေတို့ ... ငါသည် အဘယ်မှာ သွားနိုင်မည်နည်း” ဟု ပြော၏။ “အဆွေလိပ် ... သင်သည် နှုတ်စောင့်လျက် တစ်စုံတစ်ယောက်သောသူနှင့် စကားမပြောဘဲနေနိုင်ပါမူ ငါတို့ဆောင်ယူသွားပါမည်” ဟု ပြောသောအခါ “အဆွေတို့ ... ငါသည် ဘယ်သူနှင့်မျှ စကားမပြောပါ၊ နှုတ်ကို စောင့်ပါမည် ဆောင်ယူသွားကြပါ” ဟု ပြောကြားလေ၏။

ဟင်္သာငယ်တို့လည်း “အဆွေလိပ် ... ကောင်းပြီ ဆောင်ယူသွားမည်”ဟု ဝန်ခံကာ တုတ်တံတစ်ချောင်း အလယ်တွင် လိပ်ကို ပါးစပ်ဖြင့် မြဲမြဲကိုက်စေလျက် မိမ်ိတို့မူကား တုတ်တံအစွန်းနှစ်ဖက်တွင် တစ်ဖက်တစ်ကောင်စီ ကိုက်ချီကာ လိပ်ကိုဆောင်ယူ၍ ကောင်းကင်ဖြင့် ပျံကြကုန်၏။

လူတွေကိုဆဲ လိပ်ခွံကွဲ

ရွာသူသားငယ်တို့သည် ထိုသို့သော အခြင်းအရာကို မြင်ကုန်လတ်သော် ဟင်္သာငယ်နှစ်ကောင်တို့သည် လိပ်ကိုတုတ်တံဖြင့် ဆောင်ယူသွားကြသည်ဟု ဟစ်အော် ပြောဆိုကြကုန်၏။ လိပ်လည်း သူငယ်တို့ ပြောဆိုသံကိုကြားလျှင် နှုတ်ကို မစောင့်နိုင်တော့ဘဲ “ဟယ် သူငယ်ပျက်တို့ ... ငါ့ကို အဆွေခင်ပွန်းဖြစ်သော ဟင်္သာငယ်တို့ ဆောင်ယူသွားရာဝယ် သင်တို့အား ဘာပြုလုပ်သနည်း”ဟု ပြောဆိုလိုသည့်အတွက် ပါးစပ်ဖြင့် ကိုက်လာသောတုတ်တံကို အမှတ်မဲ့ လွှတ်လိုက်မိရာ မင်းကြီးနန်းတော်ထက် ကောင်းကင်မှကျသဖြင့် ကိုယ်နှစ်ခြမ်းကွဲ၍ သေလေ၏။ ထိုအခါ အနီးရှိလူတို့သည် တစ်ပြိုက်နက် အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်၏။

လိပ်ကိုပုံပြ ဆိုဆုံးမ

မင်းကြီးလည်း ပညာရှိအမတ်နှင့်တကွ အမတ်အပေါင်းခြံရံကာ ထိုအရပ်သို့သွား၍ လိပ်ကိုမြင်လျှင် “အိုပညာရှိအမတ် ... ဤလိပ်သည် အဘယ်သို့ပြု၍ ကျလာသနည်း”ဟု မေးတော်မူ၏။ ပညာရှိအမတ်သည် စကားများစွာပြောသော မင်းကြီးကိုဆုံးမရန် အကြောင်းဥပါယ်ကို ရှာဖွေနေခိုက် လိပ်ကိုတွေ့ရသောအခါ “အကြောင်းဥပါယ်ကို ရပေပြီ”ဟု နှလုံးသွင်းကာ “မြတ်သောမင်းကြီး ... ဤလိပ်သည် ဟင်္သာတို့နှင့် ချစ်ကျွမ်းဝင်သည် ဖြစ်လိမ့်မည်။ ဟင်္သာတို့သည် လိပ်ကို တုတ်တံမှာ ကိုက်စေ၍ ကောင်းကင်ဖြင့် ဟိမဝန္တာသို့ ဆောင်ယူသည် ဖြစ်လိမ့်မည်။ ဤလိပ်သည် တစ်စုံတစ်ယောက်သောသူ စကားကိုကြား၍ နှုတ်မစောင့်ဘဲ တစ်စုံတစ်ရာစကားကိုဆိုလိုသဖြင့် ကိုက်လာသောတုတ်တံကို လွှတ်လိုကမ်ိသည် ဖြစ်လိမ့်မည်။ လွှတ်လိုက်သောအခါ ကောင်းကင်မှကျ၍ သေဆုံးသည် ဖြစ်လိ်မ့်မည်”ဟု မင်းကြီးအား မိမိဉာဏ်ဖြင့် ဆင်ခြင်စဉ်းစားကာ လျှောက်ထားလေ၏။

ပညာရှိအမတ်သည် မင်းကြီးအား လိပ်ကို သက်သေပြုကာ ဆုံးမလိုသဖြင့် -

“မြတ်သောမင်းကြီး ... ဤလိပ်ကား တုတ်တံ၌ မြဲမြံစွာ ကိုက်ချီထားပါလျက် စကားမျာခြင်းကြောင့် သေဆုံးရ၏တကား၊ မိမိစကားဖြင့်ပင် မိမိကိုယ်ကို သတ်ပေ၏တကား”။

“မြတ်သောမင်းကြီး ... ပညာရှိသောသူသည် ထိုအကြောင်းကိုမြင်၍ စကားကို ပြောဆိုရာ၏။ အပြစ်မရှိသော စကားပင်ဖြစ်သော်လည်း တာရှည်လေးမြင့်မပြောဆိုရာ စကားများစွာဆိုခြင်းကြောင့် ပျက်စီးခြင်းသို့ ရောက်သော လိပ်ကို ရှုတော်မူပါ” – ဟု လျှောက်ထားပြန်၏။

မင်းကြီးသတိပြု ဆင်ခြင်မှု

မင်းကြီးသည် ငါ့ကိုရည်၍ ဆိုသည်ဟု သိသဖြင့် “ပညာရှိအမတ် ... သင်သည် ငါ့ကိုရည်၍ ဆိုသည်မဟုတ်လော” ဟု မေး၏။ “အရှင်မင်းကြီးမူလည်း ဖြစ်စေ၊ တစ်ပါးသောသူမူလည်း ဖြစ်စေ၊ အမှတ်မရှိသောသူသည် အတိုင်းအရှည်ပမာဏကိုလွန်၍ စကားကို ပြောဆိုလတ်သော် ပျက်စီးခြင်းသို့ ရောက်သည်သာတည်း”ဟု ထပ်မံ လျှောက်ထားပြန်၏။ မင်းကြီးသည် ပညာရှိအမတ် စကားကိုကြားလျှင် ထိုအခါမှစ၍ စကားများများပြောခြင်းကို ရှောင်ကြဉ်လျက် စကားနည်းလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -

ထိုအခါ လိပ်သည် - ယခုအခါ ကောကာလိက။

ဟင်္သာငယ်နှစ်ကောင်တို့သည် - သာရိပုတ္တရာ၊ မောဂ္ဂလာန်။

မင်းကြီးသည် - အာနန္ဒာ။

ပညာရှိအမတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) တိုင်းရှည်လွန်ငြား၊ စကားများ၊ မမှားပျက်စီလေ။

(၂) ဟင်္သာယူသွား၊ လိပ်ပျက်ကား၊ စကားကြောင့်ပင်သေ။

ကစ္ဆပဇာတ်ဇာတ် ပြီး၏။

***

၂၁၆ - မစ္ဆဇာတ်

တံငါသည်များ မီးထည့်၍ တံစို့ချွန်သည်ကို မြင်လျှင် မီးကျီးနှင့် တံစို့များသည် ငါ့ကို မပူစေပါ၊ ငါ့မယား အောက်မေ့ခြင်းသည်သာ ငါ့ကို ပူစေပါသည်ဟု သည်းတွားသော ငါး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရဟန်းငြီးငွေ့ မပျော်မွေ့

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မယားဟောင်းသည် ဖြားယောင်းသွေးဆောင်အပ်သည်ဖြစ်၍ သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ငါးမအတွက် ငါးဖိုခက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ပုဏ္ဏား ဖြစ်လေ၏။

တစ်နေ့သ၌ တံငါတို့သည် ကွန်၌မိသော ငါးကြီးကို ဆယ်ယူပြီးလျှင် ပူသောသဲသောင်ပြင်၌ ထားကြလျက် ငါးကြီးကို မီးကျီးတို့၌ ဖုတ်ကင်ကာစားကြမည်ဟု တံစို့တို့ကိုချွန်ကြကုန်၏။ ထိုအခါ ငါးကြီးသည် ငါးမကို အာရုံပြုကာ -

“အို တံငါတို့ ... ဤမီးကျီးသည် ငါ့ကိုမပူစေပါ၊ ထက်စွာချွန်ထားသော ဤတံစို့သည်လည်း ငါ့ကိုမပူစေပါ၊ ငါ့လင် ငါးဖို့သည် ကာမဂုဏ်ငါးပါးဖြင့် ပျော်မွေ့လျက် တခြားငါးမနောက်သို့ လိုက်လေပြီဟု ငါ့မယား ငါးမသည် အထင်လွဲကာ အောက်မေ့ခြင်းသည်သာ ငါ့ကိုပူစေ၏။

ငါးမ၌ တပ်စွန်းခြင်း ရာဂမီးသည်သာ ငါ့ကိုပူစေ၏။ ရာဂနှင့် ယှဉ်သော ငါ့စိတ်သည်သာ ငါ့ကို ပူစေ၏။ ကာမဂုဏ်တို့ကို တောင့်တနေသော သတ္တဝါကို ဘယ်အခါမှ မသတ်အပ်ပါ၊ အိုတံငါတို့ ... ငါ့ကို လွှတ်ကြပါကုန်လော့” – ဟု ငိုကြွေးလေ၏။ ထိုခဏ၌ ပုရောဟိတ်သည် မြစ်ကမ်းနားသို့ရောက်၍ ထိုငါးဖို ငိုကြွေးသော အသံကိုကြားလျှင် တံငါတို့ထံ ချဉ်းကပ်ကာ ထိုငါးဖို့ကို လွတ်စေ၏။

ဤဒေသနာတော်၏ အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ငါးမသည် - ယခုအခါ မယားဟောင်း။

ငါးဖိုသည် - ငြီးငွေ့သောရဟန်း။

ပုရောဟိတ်ပုဏ္ဏားသည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကာမဂုဏ်ငါး၊ အလိုက်မှား၊ ဆုံးပါးပျက်စီးမည်။

(၂) သူသော, ရှင်သော၊ ရဟန်းသော၊ ဂုဏ်လျောပျက်စီးမည်။

မစ္ဆဇာတ် ပြီး၏။

***

(၂၁၇) သေဂ္ဂုဇာတ်

သမီး အကျင့်သိလကို စုံစမ်းလို၍ လက်ကို ဆွဲကိုင်သော ဖခင်အား ဖခင် ... ဤကဲ့သို့ လွန်ကျူးရန် ကြံရွယ်ခဲ့သော် ဘယ်သူ့ကို အားကိုးရမည်နည်းဟု ပြောဆိုသော သောဂ္ဂု သတို့သမီးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အမြဲပြုံးလျက် ကျင့်မပျက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဟင်းရွက်သည်တစ်ယောက်အား အမြဲပြုံးရွှင်သော သေဂ္ဂုမည်သော သမီးတစ်ယောက် ရှိလေ၏။

ထိုဟင်းရွက်သည်သည် သမီး၌ အကျင့်သီလ ရှိသည်၊ မရှိသည်ကို စုံစမ်းရာ အကျင့်သီလ ရှိသည်ကို သိသဖြင့် အမျိုးသားတစ်ယောက်နှင့် ထိမ်းမြားလက်ထပ်လေ၏။ ထိုဟင်းရွက်သည်သည် သမီးကို ထိမ်းမြားလက်ထပ်ခြင်း ကိစ္စပြီးလတ်သော် မြတ်စွာဘုရားထံ ဆည်းကပ် ခစားရန်သွားလေ၏။ ထိုအခါမြတ်စွာဘုရားသည် “ဒါယကာ ... သင်သည် ငါဘုရားထံ ကြာမြင့်လှလာသလော”ဟု မေးတော်မူလျှင် ဒါယကာသည် |အရှင်ဘုရား ... တပည့်တော်အား အမြဲပြုံးရွှင်သော သမီးတစ်ယောက်ရှိရာ အကျင့်သီလ ရှိသည် မရှိသည်ကို စုံစမ်း၍ အမျိုးသားတစ်ယောက်နှင့် ထိမ်းမြားလက်ထပ်ခြင်းကိစ္စကို ပြုလုပ်နေရသည့်အတွက် ဆည်းကပ် ခစားခွင့်မရပါ” ဟု လျှောက်ထားလေ၏။

မြတ်စွာဘုရားသည် “ဒါယကာ ... ထိုသတို့သမီးကား ယခုအခါ၌သာ သီလရှိသည်မဟုတ်၊ ရှေးအခါ၌လည်း သီလရှိသည်သာတည်း၊ သင်သည်လည်း ယခုအခါ၌သာ ထိုသတို့သမီးကို စုံစမ်းသည်မဟုတ်၊ ရှေးအခါ၌လည်း စုံစမ်းသည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူတသည်း။

အတိတ်ဝတ္ထု

စုံစမ်းပြီးမှ အိမ်ထောင်ချ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ရုက္ခစိုးနတ် ဖြစ်လေ၏။

ထိုအခါ ဟင်းရွက်သည်သည် သမီးကို စုံစမ်းမည်ဟု တောသိုခေါ်ဆောင်ပြီးလျှင် ကိလေသာ၏အစွမ်းဖြင့် အလိုရှိသကဲ့သို့ပြု၍ သမီးလက်ကို ကိုင်လေ၏။ ထိုအခါ သမီးသည် ငိုလတ်သော် ဖခင်သည် သမီးအား -

“သမီးသေဂ္ဂု ... သတ္တဝါအလုံးစုံသည် ကာမဂုဏ်မှီဝဲခြင်း၌ ဝမ်းမြောက်ဝမ်းသာ ရှိကြ၏။ သင်ကား ရွာသူတို့အကျင့်ဖြစ်သော ကာမဂုဏ်မှု၌ အဘယ်ကြောင့် မလိမ္မာဘိသနည်း၊ ငါည် တော်အရပ်၌ ပေါင်းဖော်လိုသဖြင့် လက်ကို ကိုင်လတ်သော်ငိုခြင်းကား အဘယ်သဘောနည်း၊ သင်ကား သူငယ်မ မဟုတ်ပါလော” ဟု ပြောဆိုလေ၏။ သူငယ်မသည် ခဖင်၏ စကားကို ကြားလျှင် “ဖခင် ... အကျွန်ုပ်ကား သူငယ်မ မှန်ပါသည်၊ သို့သော်လည်း မေထုန်အကျင့် မည်သည်ကို မသိပါ” ဟု ဆို၍ ငိုယိုလျက် -

“ဖခင် ... ဖခင်မည်သည်ကား သမီး၌ ဆင်းရဲတွေ့သည်ရှိသော် စောင့်ရှောက်ရာသည် မဟုတ်ပါလော၊ သို့ပါလျက် တောအရပ်ဝယ် မိမိမွေးသော သမီးကို ပြစ်မှားကျူါ်လွန်ရမည်ဟု မှတ်ထင်ဘိ၏။ တော်အလယ်ဝယ် အဘယ်သူ အစောင့်အရှောက်ကို ယူရအံ့သောငှာ ငိုရမည်နည်း၊ စောင့်ရှောက်ထိုက်သော ဖခင်သည်ပင် ရုန့်ရင်းသော အမှုကို ပြုဘိ၏”- ဟု ထပ်မံပြောဆိုပြန်၏။ ထိုအခါ ဖခင်သည် သမီးကို စုံစမ်းလို၍ ဤလိုပြုလုပ်မိကြောင်းကို ပြောဆိုကာ နှစ်သိမ့်စေ၍ အိမ်သို့ဆောင်ယူပြီးလျှင် အမျိုးသားတစ်ယောက်နှင့် ထိမ်းမြားလက်ထပ်လေ၏။

ဤဒေသနာတော်ကို ဟောတော်မူပြီးလျှင် သစ္စာကိုပြုသည့် အဆုံး၌ ဟင်းရွက်သည် ဒါယကာသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သမီးသည်ပင် - ယခုအခါ သမီး။

အဖသည်ပင် - အဖ။

ရုက္ခစိုးနတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မျက်နှာရွှင်လည်း၊ အကျင့်သည်း၊ စောင့်စည်းမိန်းမမြတ်။

(၂) ဖခင်စုံစမ်း၊ ငိုမြည်တမ်း၊ ခ-ရမ်းတောင်းပန်လတ်။

သေဂ္ဂုဇာတ် ပြီး၏။

***

(၂၁၈) ကူဋဝါဏိဇာတ်

သံကို ကြွက်စားသည်ဟု ပြောသောသူကို သားကို စွန်ချီသည်ဟု အချင်းချင်းချေပ ပြောဆိုကြသော ကုန်သည်စဉ်းလဲ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကုန်သည်စဉ်းလဲ အချိန်ဆွဲ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်ဝယ် ကုန်သည်စဉ်းလဲ တစ်ယောက်နှင့် ကုန်သည်ပညရှိ တစ်ယောက်ဟူ၍ ကုန်သည်နှစ်ယောက်တို့သည် ရှိကုန်၏။

ထိုကုန်သည်နှစ်ယောက်တို့သည် အချင်းချင်း မိတ်ဆွေဖွဲ့ကြပြီးလျှင် လှည်းငါးရာတို့ဖြင့် ဘဏ္ဍာတို့ကို တင်ဆောင်သွားကြရာ အမြတ်အစွန်းများစွာ ရခဲ့ကြသဖြင့် သာဝတ္ထိပြည်သို့ နြပ်လာကြကုန်၏။

ထိုအခါ ကုန်သည်ပညာရှိသည် ကုန်သည်စဉ်းလဲကို “အဆွေ ... ဥစ္စာတို့ကို ခွဲဝေကြမည်”ဟု ပြောလေ၏။ ကုန်သည်စဉ်းလဲကား “ဤသူသည် ကုန်သွယ်သွားရာဝယ် ကြာဖြင့်စွာ ငြိုငြင်သဖြင့် အိမ်ရခြင်း၊ မကောင်းသော အစာအာဟာရကို စားခြင်းတို့ဖြင့် အလွန်ပင်ပန်းဆင်းရဲခဲ့ရ၏။ ယခုအခါ မိမိတို့အိမ်ဝယ် မွန်မြတ်သော အစာအာဟာရကို စားရသဖြင့် အစာမကြေခြင်းကြောင့် သေဆုံးလိမ့်မည်။ ထိုသို့ သေဆုံးလတ်သော် အလုံးစုံသော ဥစ္စာတို့ကို မခွဲဝေရတော့ပဲ ငါ့အဖို့သာဖြစ်လိမ့်မည်”ဟု နှလုံးသွင်းကာ ယနေ့ နက္ခတ်မကောင်းသေး၊ နက်ဖြန်မှ သိရမည်။ သန်ဘက်မှ သိရမည် စသည်ဖြင့် နေ့ရွှေ့ကာ အချိန်ဆွဲ၍ နေလေ၏။

ဘုရားလျှောက်ထား ဟောမိန့်ကြား

ကုန်သည်ပညာရှိသည် ကုန်သည်စဉ်းလဲကို အတင်းနှိပ်စက်ကာ ခွဲဝေစပြီးလျှင် ပန်းနံ့သာကို လက်စွဲလျက် မြတ်စွာဘုရားထံ ဆည်းကပ်ရန် သွားလေ၏။ မြတ်စွာဘုရားသည် ကုန်သည်ပညာရှိအား “ဒါယကာ ... ဘယ်အခါ ရောက်လာသနည်း”ဟု မေးတော်မူရာ ကုန်သည်ပညာရှိသည် “ရောက်လာသည်မှာ လခွဲရှိပြီးဖြစ်ကြောင်း၊ ကုန်သည်စဉ်းလဲသည် အချိန်ဆွဲနေ၍ ဥစ္စာခွဲဝေရသဖြင့် ကြာမြင့်မှ ဆည်းကပ်လာရကြောင်း”ကို လျှောက်ထားလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ကုန်သည်ပညာရှိကို “ဒါယကာ ... ထိုကုန်သည်အား ယခုအခါ၌သာ စဉ်းလဲကောက်ကျစ်သည်မဟုတ်၊ ရှေးအခါ၌လည်း စဉ်းလဲကောက်ကျစ်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကုန်သည်လိမ်ငြား သံကြွက်စား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် အမတ်မျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် ဗြဟ္မဒတ်မင်း၏ တရားဆုံးဖြတ်သော အမတ်ဖြစ်လေ၏။

ထိုအခါ ရွာနေကုန်သည်တစ်ယောက်နှင့် မြို့နေကုန်သည် တစ်ယောက်ဟူ၍ ကုန်သည်နှစ်ယောက်တို့ ရှိကြရာ ရွာနေကုန်သည်ကား ပညာရှိ၏။ မြို့နေကုန်သည်ကား ကောက်ကျစ်စဉ်းလဲ၏။ ထိုကုန်သည်နှစ်ယောက် တို့သည် အဆွေခလင်ပွန်း ဖြစ်ကြကုန်၏။

တစ်နေ့သ၌ ရွာနေကုန်သည်သည် မြို့နေကုန်သည်ထံ သံထွန်သွား ငါးရာတို့ကို အပ်နှံ၍ထား၏။ ထိုအခါ မြို့နေကုန်သည်သည် သံထွန်သွားတို့ကို ရောင်းချသုံးစွဲပြီးလျှင် သံထွန်သွားတို့ထားရာအရပ်၌ ကြွက်ချေးတို့ကို ကြဲဖြန့်၍ ထားလေ၏။ နောက်အဖို့တွင် ရွာနေကုန်သည်သည် လာလတ်၍ “အဆွေ ... အကျွန်ုပ် အပ်နှံထားသော သံထွန်သွားတို့ကို ပေးပါ” ဟု တောင်းလေ၏။ မြို့နေကုန်သည်သည် “အဆွေ ... သင့် သံထွန်သွားတို့ကို ကြွက်တွေစားကုန်ပြီ”ဆို၍ ကြွက်ချေးတို့ကို ပြလေ၏။

ပညာရှိထုံး ဥပါယ်သုံး

“အဆွေ ... ကြွက်တွေ စားကုန်လျှင်လည်း စားကြပါစေတော့၊ ကြွက်တွေစားကုန်သည်ကို အဘယ်မှာ တတ်နိုင်မည်နည်း” ဟု ပြောဆိုပြီးလျှင် မြစ်ဆိပ်သို့ ရေချိုးရန် မြို့နေကုန်သည် သားငယ်ကိုခေါ်၍ သွားကာ အဆွေခင်ပွန်းတစ်ယောက်အိမ်တွင် “ဤသူငယ်ကို ဘယ်မှမသွားပါစေလင့်” ဟု မှာထားအပ်နှံပြီး တိုက်တွင်း၌ ချုပ်နှောင်ထားခဲ့၍ ရေချိုးပြီးလျှင် အိမ်သို့ပြန်လာလေ၏။

မြို့နေကုန်သည်သည် သားငယ်ကို မမြင်လျှင် “အဆွေ ... အကျွန်ုပ်သားငယ် ဘယ်မှာနည်း” ဟု မေးလေ၏။ “အဆွေ သင့်သားငယ်ကို မြစ်ကမ်းနားမှာထား၍ အကျွန်ုပ် ရေငုပ်နေသောအခါ စွန်တစ်ကောင်လာပြီး ချီသွားရာ ဟစ်အော်ကာ လုပ်ခုပ်တီး၍ ခြောက်လှန့်သော်လည်း မချခဲ့ဘဲ ပျံသွားသည်” ဟု ပြောလေ၏။ “အဆွေ ... သင်ကား မဟုတ်မမှန်သောစကားကို ပြောဆိုဘိသည်၊ သူငယ်ကိုချီ၍ ပျံသွားနိုင်သော စွန်မည်သည်မရှိ”ဟု ပြော၏။ “အဆွေ ... ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင့်သားကား စွန်ချီသွားသည်ကို ငါအဘယ်မှာ တတ်နိုင်မည်နည်း”ဟု ပြောဆိုလတ်သော် အချင်းချင်း အမျက်ထွက်ကြ၍ “ဟယ် ... ထွန်သွားသူခိုး ဟယ် .... သူငယ်သူခိုး” စသည်ဖြင့် ငြင်းခုံကာ တရားဆုံးဖြတ်ရာသို့ ရောက်ကြကုန်၏။

နှစ်ဦးကျေအေး ဆုံးဖြတ်ပေး

မြို့နေကုန်သည်သည် ရှေးဦးစွာ စတင်၍ တရားသူကြီးအား “အရှင် ... ဤရွာနေကုန်သည်ကား ကျွန်ုပ်သားငယ်ကို မြစ်ဆိပ်ရေချိုးရာသို့ ခေါ်သွားပါသည်။ အိမ်ပြန်လာ၍ မေးသောအခါ သားငယ်ကို စွန်ချီသွားပါသည်ဟု ပြောပါသည်။ စွန်ချီနိုင်မချီနိုင်ကို အဆုံးအဖြတ်ပေးတော်မူပါ” ဟု လျှောက်ထားလေ၏။ ထိုအခါ တရားသူကြီးသည် ရွာနေကုန်သည်ကို -

မေး။ ။ “အချင်း ... သားငယ်ကို စွန်ချီသွားသည်မှာ ဟုတ်မှန်သလော”

ဖြေ။ ။ “အရှင် ... ဟုတ်မှန်ပါသည်”

မေး။ ။ “အချင်း ... လောက၌ သားငယ်ကို ချီသွားနိုင်သော စွန်မည်သည် မရှိ”

ဖြေ။ ။ “အရှင် ... ခွင့်ပြုပါ၊ အကျွန်ုပ် မေးပါရစေ၊ စွန်တို့သည် သူငယ်ကိုချီ၍ ကောင်းကင်၌ မပျံနိုင်ကုန်၊ ကြွက်တို့မူကား သံထွန်သွားတို့ကို စားနိုင်ကုန်သလော”

မေး။ ။ “အချင်း ... သင်သည် ဘယ်စကားကို ပြောသနည်း၊ ဤအမှုနှင့် သက်ဆိုင်ပါသလော”

ဖြေ။ ။ “အရှင် ... သက်ဆိုင်ပါသည်၊ အကျွန်ုပသည် ထိုသူ့အိမ်တွင် သံထွန်သွားငါးရာကို အပ်နှံ၍ ထားပါသည်။ တောင်းသောအခါ သံထွန်သွားတို့ကို ကြွက်တွေ စားကုန်ပြီဟု ပြောဆိုကာ ကြွက်ချေးတို့ကို ပြပါသည်။ အရှင် ... ကြွက်တို့သည် သံထွန်သွားတို့ကို အကယ်၍ စားနိုင်ကုန်အံ့၊ စွန်တို့သည်လည်း သူငယ်တို့ကို ချီသွားနိုင်ကုန်လတ္တံ့၊ ကြွက်တို့သည် သံထွန်သွားတို့ကို အကယ်၍ မစားနိုင်ကုန်အံ့၊ စွန်တို့လည်း သူငယ်တို့ကို မချီနိုင်ကုန်လတ္တံ့၊ ဤသူကား သံထွန်သွားတို့ကို ကြွက်တို့ စားကြသည်ဟု ဆိုပါသည်။ ကြွက်စားနိုင် မစားနိုင်ကို အဆုံးအဖြတ် ပေးတော်မူပါ” –

ဟု လျှောက်ထားပြန်လေ၏။ ထိုအခါ တရားသူကြီးသည် ရွာနေကုန်သည်အား -

“အချင်း ... သင်သည် ကောက်ကျစ်သူကို အတုလိုက်၍ ကောက်ကျစ်ခြင်း၊ စဉ်းလဲသူကို အတုလိုက်၍ စဉ်းလဲခြင်းကိုပြုသည်မှာ အကြံကောင်းလှ၏။ သံထွန်သွားတို့ကို ကြွက်တွေ အကယ်၍ စားနိုင်လျှင် သူငယ်တို့ကို စွန်တွေ အဘယ်ကြောင့် မချီနိုင်ဘဲ ရှိကုန်အံ့နည်း မုချ ချီနိုင်ကြရမည်။

လောက၌ ကောက်ကျစ်သူကို အတုလိုက်၍ ကောက်ကျစ်သူများ၊ စဉ်းလဲသူကို အတုလိုက်၍ စဉ်းလဲသူများ ရှိကြမြဲဖြစ်၏။ သို့အတွက် သားပျောက်သူသည် ထွန်သွား ပျောက်သူအား ထွန်သွားကိုပေးစေ၊ ထွန်သွားပျောက်သူလည်း သားပျောက်သူအား သားကိုပေးစေ” ဟု တရားဆုံးဖြတ်လေ၏။

သံကြွက်မစား သားစွန်မချီ

ထိုအခါ သားပျောက်သူသည် “အရှင် ... အကျွန်ုပ်၏ သားကို အကယ်၍ ပေးအံ့၊ ထွန်သွားကို ပေးပါမည်”ဟု ဆိုလေ၏။ ထွန်သွားပျောက်သူလည်း “အရှင် ... အကျွန်ုပ်၏ ထွန်သွားကို အကယ်၍ပေးအံ့၊ သားကို ပေးပါမည်” ဟု ဆိုပြန်၏။ ဤသို့ပြောဆိုကာ အချင်းချင်းပေးကြသဖြင့် သားပျောက်သူလည်း သားကိုရ၍ ထွန်သွားပျောက်သူလည်း ထွန်သွားကို ရကြလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြို့နေကုန်သည်စဉ်းလဲသည် - ယခုအခါ ကုန်သည်စဉ်းလဲ။

ရွာနေကုန်သည်ပညာရှိသည် - ကုန်သည်ပညာရှိ။

တရားဆုံးဖြတ်သော အမတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကောက်ကျစ်သောမှု၊ ကောက်ကျစ်ပြု၊ တုကြကြံပိုင်စွာ။

(၂) စဉ်းလဲသူလည်း၊ စဉ်းလဲချည်း၊ တုနည်းလောကမှာ။

(၃) ထွန်သွားပျောက်မှု၊ သားပျောက်တု၊ နယုပဒေသာ။

ကူဋဝါဏီဇဇာတ် ပြီး၏။

***

(၂၁၉) ဂရဟိတဇာတ်

မင်းအိမ်၌ နေဖူးသော မျောက်မင်းက မျောက်အပေါင်းအား လူတို့ အမူအရာနှင့် သဘောကို ပြောပြရာ မျောက်အပေါင်းက နားနှစ်ဖက်ကို ပိတ်၍ အံ့ဩကဲ့ရဲ့ကြခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကိလေယုတ်မာ ကဲ့ရဲ့ရာ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းတစ်ပါး ရှိလေ၏။

ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရား ထံတော်သို့ ဆောင်ယူလာကြရာ မြတ်စွာဘုရားသည် “ချစ်သားရဟန်း ... အဘယ်ကြောင့် သာသနာတော်၌ ငြီးငွေ့သနည်း” ဟု မေးတော်မူလျှင် “အရှင်ဘုရား ... ကိလေသာအစွမ်းဖြင့် ငြီးငွေ့ပါသည်”ဟု လျှောက်ထားလေ၏။

ထိုအခါ မြတ်စွာဘုရားသည် “ချစ်သားရဟန်း ... ကိလေသာမည်သည်ကို ရှေးအခါ၌လည်း တိရစ္ဆာန်တို့စင်လျက် ကဲ့ရဲ့ကြဖူးသည်။ သင်သည် သာသနာတော်၌ ရဟန်းပြုပါလျက် အဘယ်ကြောင့် တိရစ္ဆာတို့ပင် ကဲ့ရဲ့အပ်သော ကိလေသာအစွမ်းဖြင့် ငြီးငွေ့ဘိသနည်း”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဝတ်ပြည့်စုံက လွတ်မြောက်ရ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မျောက်မျိုး၌ ဖြစ်၍ မျောက်အပေါင်း ခြံရံကာ ဟိမဝန္တာအရပ်၌ နေလေ၏။

ထိုအခါ မုဆိုးတစ်ယောက်သည် မျောက်မင်းကို ဖမ်း၍ ဆောင်ယူကာ မင်းကြီးအား ဆက်သလေ၏။ မျောက်မင်းသည် ကြာမြင့်စွာ မင်းအိမ်၌နေသည်ရှိသော် ဝတ်နှင့်ပြည့်စုံ၏။ လူတို့၏ အမူအရာကိုသိ၏။

မင်းကြီးသည် မျောက်မင်းအား ဝတ်နှင့်ပြည့်စုံသဖြင့် ကြည်ညို၍ မုဆိုးကိုခေါ်ကာ “အချင်း မုဆိုး ... ဤမျောက်ကို ဖမ်းယူခဲ့ရာအရပ်တွင် လွှတ်လော့” ဟု စေခိုင်းလိုက်၏။ မုဆိုးလည်း မျောက်ကို ယူဆောင်ကာ ဖမ်းယူခဲ့ရာအရပ်သို့ ရောက်လျှင် လွှတ်လိုက်၏။

မျောက်မင်းပြောပြ လူ့ဌာန

မျောက်အပေါင်းသည် မျောက်မင်း ပြန်လာသည်ကို သိလျှင် မျောက်မင်းကို ဖူးမြင်ကြရန် ကြီးစွာသော ကျောက်ဖျာပေါ်၌ အစည်းအဝေးပြုကာ ဝမ်းမြောက်ဝမ်းသာ နှုတ်ခွန်းဆက်သကြပြီးလဆင် မျောက်မင်းအား “အရှင် ... ဤမျှလောက် ကာလပတ်လုံး ဘယ်အရပ်မှာ နေသနည်း” ဟု မေးကြကုန်၏။ “အချင်းတို့ ... ငါသည် ဗာရာဏသီမင်းကြီးအိမ်၌ နေခဲ့၏” ဟု ပြော၏။ “အရှင် ... အဘယ်ကြောင့် လွှတ်သနည်း”ဟု မေးပြန်၏။ “အချင်းတို့ ... ဝတ်နှင့်ပြည့်စုံသဖြင့် ကြည်ညိုသောကြောင့် လွှတ်သည်”ဟု ပြောလေ၏။ “အရှင် ... လူတို့အမူအရာကို သိခဲ့ပါသလော၊ အကျွန်ုပ်တို့ ကို ပြောကြားပါ နားထောင်လိုပါသည်” ဟု တောင်းပန်ကြကုန်၏။ “အချင်းတို့ .. သင်တို့သည် ငါအား လူတို့အမူအရာကို မမေးကြကုန်လင့်” ဟု ပြောလေရာ၊ “အရှင် ပြောဆိုပါဦး နားထောင်လိုပါသည်”ဟု တောင်းပန်ကြပြန်ကုန်၏။

ထိုအခါ မျောက်မင်းသည် မျောက်တို့အား -

“အချင်းတို့ ... ပညာမရှိ အရိယာတို့ တရားကို မသိမမြင်ကုန်သောလူတို့ နေ့ညဉ့်ပတ်လုံး စပြောဆိုနေသော စကားတို့မှာ - ငါ့ရွှေဟောင်း၊ ငါ့ရွှေသစ်၊ ငါ့ဟာ၊ ငါ့ဥစ္စာတို့ ဖြစ်၏။

အိမ်မှာ နှစ်ယောက်၊ နှစ်ယောက်သော အိမ်ရှင်တို့ ရှိကြ၏။ ထိုနှစ်ယောက်သော အိမ်ရှင်တို့တွင် တစ်ယောက်ကား - မုတ်ဆိတ်ကျင်စွယ်မရှိ၊ သားမြတ်ရှည်၏။ အထူးထူးအပြားပြား ထုံးထားသော ဆံထုံးရှိ၏။ ထို့ပြင် နားပေါက်ရှိ၏။ များစွာသောဥစ္စာတို့ကို မိဘတို့အားပေး၍ ဆောင်ယူအပ်သော အိမ်ရှင်ကား ကျွန်အမှုလုပ် စသောသူတို့ကို “ဟယ် ကျွန်ပျက် ... နင်အမှုကိစ္စကို မပြုလုပ်ကောင်းလော” ဟု နှုတ်လှန် ထိုးတတ်၏”

မျောက်တို့အံ့ဩ လူ့သဘော

မျောက်အပေါင်းသည် မျောက်မင်း၏ စကားကိုကြားရလျှင် ငါတို့မှာ မသင့်လျော်သောစကားကို ကြားရသည်ဟု လက်နှစ်ဖက်တို့ဖြင့် နားတို့ကို ကြပ်ကြပ်ပိတ်ကုန်၏။ ဤအရပ်ကား ငါတို့မှာ မသင့်လျော်သောစကားကို ကြားရသောအရပ်ဟု အရပ်ကို ကဲ့ရဲ့ကြကုန်လျက် အရပ်တစ်ပါးသို့ ပြောင်းရွှေ့သွားကြကုန်၏။ ကျောက်ဖျာကြီးလည်း ကဲ့ရဲ့ရာ ကျောက်ဖျာကြီးဟု တွင်၍ ကျန်ရစ်လေ၏။

ဤသို့လျှင် ဒေသနာတော်ကို ဟောတော်မူပြီး၍ သစ္စာကို ပြတော်မူသည့်အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မျောက်အပေါင်းသည် - ယခုအခါ ဘုရားပရိသတ်။

မျောက်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကိလေသာမျိုး၊ စရိုက်ဆိုး၊ အကျိုးယုတ်လှသည်။

(၂) တိရစ္ဆာန်ပင်၊ မကြားချင်၊ ပြစ်တင်ကဲ့ရဲ့သည်

ဂရဟိတဇာတ် ပြီး၏။

***

(၂၂၀) ဓမ္မဓဇဇာတ်

တံစိုးလက်ဆောင် စား၍ တရားဆုံးဖြတ်သော ကာလက စစ်သူကြီးကို ပယ်ရှားပြီး တရားမျှတစွာ ဆုံးဖြတ်စီရင်ပေးသဖြင့် မင်းနှင့်တကွ တိုင်းသူပြည်သားတို့ ချီးကျူးခြင်းကို ခံရသော ဓမ္မဓဇ ပညာရှိ အမတ် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားသတ်ရန် ဒေဝဒတ်ကြံ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရားကိုသတ်ရန် လုံ့လပြုကာ နေလေ၏။

မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ဒေဝဒတ်သည် ယခုအခါ၌သာ် ငါဘုရားကို သတ်ရန် လုံ့လပြုသည်မဟုတ်၊ ရှေးအခါ၌လည်း လုံ့လပြုဖူးပြီ၊ လုံ့လပြုသော်လည်း ထိတ်လန့်ခြင်း ဖြစ်အောင်ပင် မပြုလုပ်နိုင်” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

တံစိုးလာဘ်စား မင်းပုဏ္ဏား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုမင်း၏ စစ်သူကြီးကား ကာလက မည်၏။ ပုရောဟိတ်ပုဏ္ဏားကား ဓမ္မဓဇမည်၏။ ဆတ္တာသည်ကား ဆတ္တပါဏိ မည်၏။

မင်းကြီးသည် တရားသဖြင့် မင်းပြု၏။ ကာလက စစ်သူကြီးကား တရားဆုံးဖြတ်သည်ရှိသော် သူတစ်ပါးတို့ ကျောသားကိုခွာ၍ စားသည့်အလား တံစိုးလက်ဆောင်စားလျက် အဂတိလိုက်စားကာ ဥစ္စာရှင်မဟုတ်သူတို့ကို ဥစ္စာရှင် ပြုလုပ်လေ့ရှိ၏။

တစ်နေ့သ၌ တရားရှုံးသူ တစ်ယောက်သည် လက်နှစ်ဖက်တို့ကို မြှောက်လျက် ငိုကြွေးကာ တရားဆုံးဖြတ်ရာမှ ထွက်လာသည်ရှိသော် မင်းကြီးထံ အခစားသွားသော ပုရောဟိတ်ပုဏ္ဏားကိုမြင်၍ ခြေက်ရင်း၌ဝပ်လျက် “အရှင် ... မင်းကြီးအား အကျိုးအကြောင်းကိုပြ၍ ဆုံးမတတ်သော အရှင်ကဲ့သို့သော ပညာရှိကြီး ထင်ရှားရှိပါလျက် ကာလက စစ်သူကြီးသည် တံစိုးလက်ဆောင်ယူကာ ဥစ္စာရှင်တို့ကို ဥစ္စာရှင် မဟုတ်အောင် ပြုလုပ်နေပါသည်”ဟု ပြောဆို၍ မိမိရှုံးသောအဖြစ်ကို တိုင်ကြားလေ၏။

တရားမျှတ ချီးမွမ်းကြ

ပုရောဟိတ်ပုဏ္ဏားသည် ထိုအကြောင်းကြားလျှင် သနားကရုဏာ ဖြစ်သဖြင့် “အချင်း .... လာလှည့် သွားမည်၊ သင်တို့တရားကို ငါဆုံးဖြတ်မည်” ဟု ပြောဆိုခေါ်ငင်ကာ တရားဆုံးဖြတ်ရာသို့ သွားလေ၏။ လူအများ စည်းဝေးသည်ရှိသော် ပုရောဟိတ်သည် စစ်ဆေးမေးမြန်းကာ ဥစ္စာရှင် ဟုတ်သူကို ဥစ္စာရှင်ပြုလုပ်၍ တရားကို ဟုတ်မှန်သည့်အတိုင်း ဆုံးဖြတ်လေ၏။ လူအများသည် တစ်ခဲနက် ကောင်းချီးပေးလေ၏။

ထိုကောင်းချီးပေးသော အသံသည် သည်းထှန်လှသဖြင့် မင်းကြီး ကြား၍ မေးတော်မူရာ ကာလက စစ်သူကြီး မကောင်းသဖြင့် ဆုံးဖြတ်ထားသောတရားကို ပုရောဟိတ် ဓမ္မဓဇပညာရှိ ကောင်းစွာ ဆုံးဖြတ်အပ်သဖြင့် တရားဆုံးဖြတ်ရာ အရပ်မှ ကောင်းချီးပေးကြသော အသံဖြစ်ကြောင်းကို လျှောက်ထားကြ၏။ မင်းကြီးသည် အလွန်အားရ နှစ်သက်တော်မူသဖြင့် ဓမ္မဓဇ ပညာရှိကိုခေါ်၍ အကျိုးအကြောင်းကို မေးမြန်းပြီးလျှင် “ပညာရှိ ... ဤနေ့မှစ၍ သင်တို့သည် တရားဆုံးဖြတ်ပါကုန်၊ ငါ မင်းမြတ်လည်း နားချမ်းသာပေမည်၊ တိုင်းသူပြည်သားတို့လည်း အကျိုးစီးပွား များကြပေမည်”ဟု ပြောဆိုကာ အလိုမရှိသော ဓမ္မဓဇ ပညာရှိကိုပင် သတ္တဝါတို့ကို သနားသဖြင့် တရားဆုံးဖြတ်ရန် အပ်နှင်းလေ၏။ ဓမ္မဓဇ ပညာရှိလည်း ထိုနေ့မှစ၍ ဟုတ်မှန်သောအတိုင်း တရားဆုံးဖြတ်လေ၏။

ဓမ္မဓဇသတ်ရန် ကာလကကြံ

ကာလက စစ်သူကြီးသည် ထိုနေ့မှစ၍ တံစိုးလက်ဆောင်မရတော့ဘဲ လာဘ်လာဘ ဆုန်ယုတ်သဖြင့် ဓမ္မဓဇပညာရှိကို ရန်ငြိုးဖွဲ့လျက် မင်းကြီးထံ ကပ်ပြီးလျှင် “အရှင်မင်းကြီး .... ဓမ္မဓဇသည် မင်းအဖြစ်ကို အလိုရှိသည်” ဟု ကုန်းတိုက်လေ၏။ မင်းကြီးသည် မယုံကြည်သဖြင့် မပြောဆိုရန် တားမြစ်တော်မူ၏။ နောက်တစ်ဖန် ကာလက စစ်သူကြိးသည် “အရှင်မင်းကြီး ... အကျွန်ုပ်စကားကို အကယ်၍ မယုံကြည်လျှင် ဓမ္မဓဇ လာသောအခါ လောသာတံခါးကို ဖွင့်၍ ကြည့်တော်မူပါ၊ တစ်မြို့လုံး ဓမ္မဓဇလက်သို့ ရောက်နေသည်ကို တွေ့မြင်ရပါလိမ့်မည်”ဟု လျှောက်ထားပြန်၏။

မင်းကြီးလည်း ဓမ္မဓဇပညာရှိ လာသောအခါ လေသာတံခါးဖြင့် ကြည့်လတ်သော် ဓမ္မဓဇထံဝယ် စုဝေးကာ တရားတွေ့နေသော ပရိသတ်ကိုမြင်လျှင် ဓမ္မဓဇ ပရိသတ်ဟု အထင်လွဲကာ ကာလက စစ်သူကြီးစကားကို ယုံကြည်လျက် ဓမ္မဓဇအပေါ်တွင် အချစ်ပျက်လေ၏။

ထိုအခါ မင်းကြီးသည် ကာလက စစ်သူကြီးအား “စစ်သူကြီး ... အသို့ပြုရအံ့နည်း” ဟု မေး။ ။ “မင်းမြတ် ... ဓမ္မဓဇကို သတ်ရန် သင့်ပါသည်” ဟု လျှောက်၏။ “စစ်သူကြီး ... ရုန့်ရင်းသော အပြစ်ကို မပြနိုင်ဘဲ အသို့သတ်အံ့နည်း”ဟု မေး၏။ “မင်းမြတ် .... တစ်ခုသော ဥပါယ်တံမျဉ်ရှိပါသည်၊ ဓမ္မဓဇ မပြုလုပ်နိုင်သော အမှုကိစ္စကို အပြုလုပ်ခိုင်းကာ မပြုလုပ်နိုင်သောအခါ ၎င်းကိုပင် အပြစ်ပြု၍ သတ်ရမည်” ဟု လျှောက်၏။ “မင်းမြတ် ... ဥယျာဉ်မည်သည် မြေကောင်းတွင် စိုက်ပျိုးပြုပြင်ပါမှ သုံးနှစ်လေးနှစ်၌ အသီးအပွင့်ကို ပေးနိုင်ပါသည်။ ဓမ္မဓဇကိုခေါ်၍ နက်ဖြန် ဥယျာဉ်ကစားလိုသည်၊ ဥယျာဉ်ဖန်ဆင်းလော့ဟု စေခိုင်းတော်မူပါ၊ စွမ်းနိုင်မည် မဟုတ်ပါ၊ မစွမ်းနိုင်သောအခါ ထိုအပြစ်ဖြင့် သတ်ရမည်” ဟု လျှောက်ထားလေ၏။

သိကြားဖန်ဆင်း ကူညီခြင်း

မင်းကြီးလည်း စစ်သူကြီး နည်းပေးသောအတိုင်း ဓမ္မဓဇကိုခေါ်၍ “ပညာရှိ ... ငါတို့ ဥယျာဉ်ဟောင်း၌ မကစားလို၊ ဥယျာဉ်သစ်၌ ကစားလိုသည်၊ နက်ဖြန်ကစားမည် ဖန်ဆင်းပေးပါ၊ မဖန်ဆင်းနိုင်လဆင် သင့်ကိုသတ်မည်” ဟု အမိန့်ပေးလေ၏။ ဓမ္မဓဇသည် ကာလက တံစိုးလက်ဆောင်မရခြင်းကြောင့် မင်းကြီး၌ ကုန်းတိုက်၍ အချစ်ပျက်စေသည် ဖြစ်လိမ့်မည်ဟုသိ၍ “မင်းမြတ် .... ဖန်ဆင်းနိုင်ပါမူ သိရလတ္တံ့” ဟု လျှောက်ထားကာ အိမ်သို့သွား၍ ကောင်းသော ဘောဇဉ်ကိုစားလျက် ကြံစည်လျက် အိမ်လေ၏။

ဓမ္မဓဇ၏ ဘုန်းတန်ခိုးကြောင့် သိကြားမင်းနေရာသည် ပူသော အခြင်းအရာကိုပြသဖြင့် သိကြားမင်း သိလေလျှင် လူ့ပြည်သို့ ဆင်းသက်ကာ ဓမ္မဓဇအိပ်ရာ ကျက်သရေခန်းသို့ဝင်၍ ကောင်းကင်မှာရပ်လျက် ဓမ္မဓဇညာရှိနှင့် ပဋိသန္ဓာရစကားပြောဆိုသောအခါ အကြောင်းစုံကိုသိရလျှင် ပညာရှိညွန်ပြရာအရပ်တွင် နန္ဒဝန်ဥယျာဉ်၊ စိတ္တလတာဥယျာဉ်နှင့်တူသော ဥယျာဉ်ကို ဖန်ဆင်း၍ပေးပြီးလျှင် နတ်ရွာသို့ ပြန်လေ၏။

ဓမ္မဓဇလည်း နက်ဖြန်ဥယျာဉ်ကို မြင်လျှင် မင်းကြီးထံ သွား၍ “မင်းမြတ် ... ဥယျာဉ်ကိုဖန်ဆင်း၍ ပြီးပါပြီ၊ ကစားတော်မူပါ” ဟု လျှောက်ထားလေ၏။ မင်းကြီးလည်း ဥယျာဉ်ကစားရာ တံတိုင်း၊ တံခါး၊ ပစ္စင်နှင့်တကွ အသီးအပွင့်နှင့် ပြည့်စုံသော ဥယျာဉ်ကိုမြင်လျှင် “စစ်သူကြီး ... ဥယျာဉ်ကို ဖန်ဆင်းပေးပေပြီ၊ ယခုအခါ အသို့ပြုရမည်နည်း”ဟု မေး၏။ “မင်းမြတ် ... တစ်ညဉ့်တည်းဖြင့် ဥယျာဉ်ဖန်ဆင်းနိုင်သူကား အဘယ်မှာ မင်းအဖြစ်ကို မယူနိုင်ဘဲရှိပါအံ့နည်း” ဟု ထပ်မံ ခြောက်လှန့်ကာ “မင်းမြတ် ... ရတနာခုနစ်ပါးနှင့် ပြည့်စုံသော ရေကန်ကို အဖန်ဆင်းခိုင်းပါ”ဟု လျှောက်ထားပြန်၏။

နောက်ထပ်သတ်ရန် ကြံစည်ပြန်

မင်းကြီးလည်း ဓမ္မဓဇကိုခေါ်ကာ ရတနာခုနစ်ပါးနှင့် ပြည့်စုံသော ရေကန်ကို အဖန်ဆင်းခိုင်းပြန်ရာ ဓမ္မဓဇပညာရှိ သိကြားမင်းအကူအညီဖြင့် ရေဆိပ်ပေါင်းတစ်ရာ အကောက်ပေါင်း တစ်ထောင်ရှိ၍ ကြာမျိုးငါးပါးဖြင့် တင့်တယ်လျက် ရတနာခုနစ်ပါးဖြင့် ခြယ်လှယ်အပ်သော ရေကန်ကို တစ်ညဉ့်တည်းဖြင့် ဖန်ဆင်းပေးပြန်၏။ တစ်ဖန် စစ်သူကြီးကို မေးပြန်ရာ ၎င်း၏အကြံပေးချက်ဖြင့် ဆင်စွယ်ဖြင့် ပြီးသော နန်းတော်ကို အဖန်ဆင်းခိုင်းပြန်ရာ သိကြားမင်း အကူအညီဖြင့်ပင် ဖန်ဆင်း၍ပေးပြန်၏။ တစဖန် အရောင်အလင်းကို ပေးနိုင်သော ပတ္တမြားကို အဖန်ဆင်းခိုင်းပြန်ရာ ဖန်ဆင်း၍ ပေးပြန်၏။

ထိုအခါ မင်းကြီးသည် “စစ်သူကြီး ... ငါတို့အဖန်ဆင်းခိုင်းတိုင်း ဖန်ဆင်းပေးနိုင်သည် သတ်ခွင့်မရပေ၊ ယခုအခါ ဘယ်လိုကြံဦးမည်နည်း” ဟု မေး၏။ “မင်းမြတ် ... ဓမ္မဓဇမှာ အလိုရှိတိုင်းပေးတတ်သော နတ်ရှိပေလိမ့်မည်၊ သည်တစ်ခါ နတ်လည်း ဖန်ဆင်းမပေးနိုင်အောင် စီမံမည်၊ မင်းမြတ် .... အင်္ဂါလေးပါးရှိသော ဥယျာဉ်စောင့်ကို အဖန်ဆင်းခိုင်းတော်မူပါ၊ ဘယ်နည်းနှင့်မျှ ဖန်ဆင်းနိုင်မည် မဟုတ်ပါ၊ သည်တစ်ခါ သတ်ခွင့်ရတော့မည်” ဟု လျှောက်ထားလေ၏။ မင်းကြီးလည်း စစ်သူကြီးနည်းကို သဘောကျကာ ဓမ္မဓဇကို ခေါ်ပြန်၍ “ပညာရှိ ... သင်ကား ငါတို့ကို ဥယျာဉ်၊ ရေကန်၊ ဆင်စွယ်၊ နန်းတော်၊ ပတ္တမြားတို့ကို ဖန်ဆင်းပေး၍ ပြည့်စုံပေပြီ၊ ဥယျာဉ်၍ စောင့်ရှောက်ရန် အင်္ဂါလေးပါးရှိသော ဥယျာဉ်စောင့်ကို ဖန်ဆင်းလော့၊ မဖန်ဆင်းနိုင်လျှင် သတ်မည်” ဟု အမိန့်ပေးပြန်၏။

အားထားရာမမြင် တောသို့ဝင်

ဓမ္မဓဇပညာရှိလည်း မင်းကြီး၏ စကားကိုကြားလျှင် အိမ်သို့သွားကာ ကောင်းသော ဘောဇဉ်ကို စားပြီးလျှင် အိပ်၍ နံနက်မိုးသောက် ထသောအခါ - “သိကြားမင်းလည်း တတ်နိုင်သမျှ ဖန်ဆင်းပေးကာ ကူညီပေပြီ၊ သည်တစ်ခါ ကူညီနိုင်မည်မဟုတ်၊ သူတစ်ပါးတို့လက်၌ သေရခြင်းထက် တောထဲမှာ ကိုးကွယ်ရာမဲ့ဖြစ်၍ သေရခြင်းသည် မွန်မြတ်လှ၏” ဟု ကြံစည် နှလုံးသွင်းလျက် မည်သူကိုမျှ မပြောကြားဘဲ အိမ်မှထွက်ကာ လောကဓိတရားနှင့် တွေ့ကြုံသောအခါ မတုန်မလှုပ်သော သူတော်ကောင်းတို့သဘောကို ဆင်ခြင်ကာ နေလေ၏။

ထိုအခါ သိကြားမင်းသည် ထိုအကြောင်းကိုသ၍ တောသွား မုဆိုးဟန်ပြုကာ အနီးသို့လာပြီးလျှင် -

“ပုဏ္ဏား ... သင်ကား ချမ်းချမ်းသာသာ အသက်မွေးသော လူကုံထံတစ်ယောက်နှင့် တူ၏။ လူစည်ကားသော မြို့ရွာမှ လူမရှိသော တောထဲသို့လာပြီး သစ်ပင်ရင်း၌ နေထိုင်လျက်၊ အထီးကျန်သောသူပမာ ဘယ်အရာကို ကြံစည်နေဘိသနည်း” – ဟု မေးလေ၏။ ဓမ္မဓဇလည်း သိကြားမင်း စကားကိုကြားလျှင် -

“အဆွေ ... အကျွန်ုပ်ကား ချမ်းချမ်းသာသာ အသက်မွေးသော လူကုံထံတစ်ယောက် မှန်ပါ၏။ လူစည်ကားသောမြို့ရွာမှ လူမရှိသော တောထဲသို့လာပြီး သစ်ပင်ရင်း၌ထိုင်လျက်၊ အထီးကျန်သောသူပမာ လောကဓံတရားနှင့် တွေ့ကြုံသောအခါ မတုန်လှုပ်သော သူတော်ကောင်းတို့ သဘောကို ကြံစည်ဆင်ခြင်၍ နေပါ၏။” – ဟု ပြောကြားလေ၏။

အပြစ်လွတ်ရေး နည်းလမ်းပေး

ထိုအခါ သိကြားမင်းသည် ဆက်လက်၍ “ပုဏ္ဏားကြီး ... သူတော်ကောင်းတို့ သဘောကို ဆင်ခြင်ပါလျှင် အဘယ်ကြောင့် ဤအရပ်၌ လာနေပါသနည်း”ဟု မေးလေ၏။ “အဆွေ ... မင်းကြီးသည် အင်္ဂါလေးပါးရှိသော ဥယျာဉ်စောင့်ကို ဖန်ဆင်းပေးရမည်၊ မဖန်ဆင်းပေးနိုင်လျှင် သတ်မည်အမိန့် ပေးထားရာ မဖန်ဆင်းနိုင်သဖြင့် သူတစ်ပါးတို့လက်၌ သေရခြင်းထက် တောထဲ၌ ကိုးကွယ်ရာမဲ့ဖြစ်၍ သေရခြင်းသည် မွန်မြတ်လှ၏ဟု ကြစည်ကာ ဤအရပ်၌ လာနေပါသည်” ဟု ပြေကြားလေ၏။

သိကြားမင်းသည် “ပုဏ္ဏားကြီး ... ငါကား သိကြားမင်းဖြစ်သည်။ သင့်အတွက် ဥယျာဉ်စသည်တို့ကို ငါပင် ဖန်ဆင်း၍ ပေးခဲ့ပြီ၊ အင်္ဂါလေးပါးရှိသော ဥယျာဉ်စောင့်တို့ကား ငါလည်း ဖန်ဆင်း၍မပေးနိုင်၊ သင်တို့မင်းကြီး၏ ဆတ္တာသည်ဖြစ်သော ဆတ္တပါဏိသည် အင်္ဂါလေးပါးနှင့် ပြည့်စုံသူဖြစ်သည်။ ထိုသူကိုပင် ဥယျာဉ်စောင့်ခန့်ရန် လျှောက်ထားပါလော့၊ မကြောက်ပါလင့်” ဟု ပြောဆိုဆုံးမပြီးလျှင် နတ်ရွာသို့ ပြန်လေ၏။

ဓမ္မဓဇလည်း အိမ်သို့ပြန်လာ၍ နံနက်စာစားပြီးလျှင် မင်းအိမ်သို့ အခစားသွားရာ တံခါးတွင် ဆတ္တပါဏိကို မြင်၍ လက်ကိုကိုင်ဆွဲကာ “အဆွေ ... ဆတ္တပါဏိ ... သင့်မှာ အင်္ဂါလေးပါးနှင့် ပြည့်စုံသည်ဆိုရာ မှန်ပါသလော” ဟု မေး၏။ “အကျွန်ုပ်မှာ အင်္ဂါလေးပါး ပြည့်စုံသည်ကို ဘယ်သူ ပြောပါသနည်း” ဟု မေးလေလျှေင်၊ “သိကြားမင်း ပြောပါသည်” ဟု ပြောလေလျှင် ဆတ္တပါဏိကို မင်းကြီးထံ ခေါ်ဆောင်၍ “မင်းမြတ် ... အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဥယျာဉ်စောင့်ကို အလိုရှိပါလျှင် ဤဆတ္တပါဏိကိုပင် ဥယျာဉ်စောင့် ခန့်ထားတော်မူပါ၊ ဤဆတ္တပါဏိကား အင်္ဂါလေးပါးနှင့် ပြည့်စုံသူ ဖြစ်ပါသည်” ဟု လျှောက်ထားလေ၏။

အင်္ဂါလေးပါး မေးမြန်းငြား

မင်းကြီးလည်း ထိုအခါ ဆတ္တပါဏိကို “အချင်း ဆတ္တပါဏိ ... သင့်မှာ အင်္ဂါလေးပါးနှင့် ပြည့်စုံသလော” ဟု မေး၏။ “မင်းမြတ် ... ပြည့်စုံပါသည်” ဟု ပြောလေ၏။ “ဘယ်အင်္ဂါများနှင့် ပြည့်စုံပါသနည်း” ဟု မေးပြန်၏။ “မင်းမြတ် ... အကျွန်ုပ်သည် -

(၁) ငြူစူခြင်း မရှိပါ။

(၂) ယစ်မျိုးသောက်စားခြင်း မရှိပါ။

(၃) ချစ်ခြင်း မရှိပါ။

(၄) အမျက်ထွက်ခြင်း မရှိပါ။

ဤ အင်္ဂါလေးပါးနှင့် ပြည့်စုံပါသည်” ဟု လျှောက်ထားလေ၏။ မင်းကြီးသည် “အချင်း ဆတ္တပါဏိ ... သင့်မှာ အင်္ဂါလေးပါးနှင့် ပြည့်စုံလာပုံ အဖြစ်အပျက် အကြောင်းအရာကို စုံလင်စွာ လျှောက်ထားပါ” ဟု တောင်းပန်လေ၏။

ထိုအခါ ဆတ္တပါဏိသည် “မင်းမြတ် .... နာတော်မူပါ၊ အကြောင်းအရာစုံလင်စွာ လျှောက်ထားပါမည်။ ရှေးဦးစွာ ငြူစူခြင်းမရှိသော အကြောင်းကို လျှောက်ထားပါမည်။”

ငြူစူကင်းရန် အဓိဋ္ဌာန်

“မင်းမြတ် ... အကျွန်ုပ်သည် ရှေးအခါ ဤဗာရာဏသီပြည်၌ပင် မင်းဖြစ်စဉ် မိဖုရားယုတ်သည် ခြေက်ရင်း အလုပ်အကျွေး ခြောက်ကျိပ်လေးယောက်သော အမတ်တို့နှင့် ယုတ်မာသော အကျင့်ကိုကျင့်ပြီးလျှင် ပုရောဟိတ်ပုဏ္ဏားနှင့် ကျင့်ရန် သွေးဆောင်ဖြားယောင်း၍ မရသည့်အတွက် ပုရောဟိတ်ပုဏ္ဏားသည် မိမိ၌ပြစ်မှားလေဟန်ဖြင့် မဟုတ်မမှန် ကုန်းတိုက်ပါသည်။ ထိုအခါ မဆင်ခြင်မစဉ်းစားဘဲ မိန်းမ၌ ငြူစူခြင်းကြောင့် အကျိုးစီးပွား၌ ညွန်ကြားဆုံးမသော ပုရောဟိတ်ပုဏ္ဏားကို နှောင်ဖွဲ့မိပါသည်။ ထိုအခါ ပုရောဟိတ်ပုဏ္ဏားက အကြောင်းစုံလျှောက်ထားသောအခါမှ မဟုတ်မမှန်ကြောင်း သိရသဖြင့် ငါယခု ပုရောဟိတ်ပုဏ္ဏားကို နှောင်ဖွဲ့မိသည်မှာ မိန်းမ၌ ငြူစူခြင်းကြောင့်ဖြစ်ရသည် ငြူစူခြင်းမရှိပါမူ ဤသို့အလွဲလွဲအမှားမှား နှောင်ဖွဲ့မိမည်မဟုတ်ဟု သတိသံဝေဂရကာ ငြူစူခြင်းအပြစ်ကို မြင်၍ ‘ငါသည် ယနေ့မှစ၍ အရဟတ္တဖိုလ်ကို မရသေးသမျှ ကာလပတ်လုံး မိန်းမကိုမှီ၍ ငြူစူခြင်း မဖြစ်ရပါလို’ ဟု အဓိဋ္ဌာန်ပြုခဲ့ ပါသည်။ သို့အတွက် အကျွန်ုပ်မှာ ထိုအခါမှစ၍ ငြူစူခြင်းမရှိပါ”ဟု ငြူစူခြင်းမရှိသော အကြောင်းအင်္ဂါကို လျှောက်ထားလေ၏။

ယစ်မျိုးသောက်စားခြင်း မရှိသောအင်္ဂါ

ယစ်မျိုးကင်းရန် အဓိဋ္ဌာန်

“မင်းမြတ် ... အကျွန်ုပ်သည် ရှေးအခါ ဤဗာရာဏသီပြည်မှာပင် မင်းဖြစ်စဉ် ယစ်မျိုးကို မသောက်စားဘဲ မနေနိုင်ပါ၊ အမဲသားနှင့်ကင်း၍ ပွဲတော်မတည်နိုင်ပါ။ တစ်နေ့သ၌ ဥပုသ်နေ့ကြုံ၍ အမဲသားမရသဖြင့် စားတော်ချက်သည် အမဲသားမပါဘဲ ပွဲတော်အုပ်ကို ဆက်သလာရာ အမဲသားကို မမြင်၍ မေးသောအခါ မရကြောင်း လျှောက်ထားလျှင်သေရည်ယစ်မူးခိုက်ဖြစ်သဖြင့် သတိမရဘဲ ပေါင်ပေါ်တွင် တင်ထားသော သားငယ်ကို လည်ပင်းလိမ်ချိုးကာ သတ်ပြီးလျှင် စားတော်ချက်ကို အချက်ခိုင်းကာ စားသောက်မိပါသည်။ နံနက်မိုးလင်းသောအခါမှ သေရည်အမူးပြေ၍ သားတော်ကို မေးမြန်းရာ သတ်စားကြောင်း လျှောက်ထားကြမှ မျက်ရည်ယိုစီးကာ ငိုကြွေးလျက် အလွန်ပူဆွေး ဒုက္ခရောက်ရပါသည်။ ထိုအခါ ငါသည် ယခုပူဆွေးဒုက္ခ ရောက်ရခြင်းမှာ သေရည်ကို သောက်ခြင်းကြောင့် ဖြစ်ရသည်။ သေရည်ကို မသောက်ပါမူ ဤလိုအလွဲလွဲအမှားမှားဖြစ်ကာ ပူဆွေးဒုက္ခရောက်ရမည်မဟုတ်ဟု သတိသံဝေဂရကာ သေရည်၏ အပြစ်ကို မြင်၍ ‘ငါသည် ယနေ့မှစ၍ အရဟတ္တဖိုလ်ကို မရသေးသမျှ ကာလပတ်လုံး ယစ်မျိုးကို မသောက်စားတော့ပါ’ ဟု အဓိဋ္ဌာန်ပြုခဲ့ပါသည်။ သို့အတွက် အကျွန်ုပ်မှာ ထိုအခါမှစ၍ ယစ်မျိုး သောက်စားခြင်းမရှိပါ” ဟု ယစ်မျိုးသောက်စားခြင်း မရှိသော အကြောင်းအင်္ဂါကို လျှောက်ထားပြန်လေ၏။

ချစ်ခြင်းမရှိသောအင်္ဂါ

ချစ်ခြင်းကင်းရန် အဓိဋ္ဌာန်

“မင်းမြတ် ... အကျွန်ုသည် ရှေးအခါ ဤဗာရာဏသီပြည်မှာပင် ကိတဝါသမည်သော မင်းဖြစ်စဉ် အကျွန်ုပ်သားတော်သည် ရှင်ပေစ္စကဗုဒ္ဓ သပိတ်တော်ကို ခွဲမိသောကြောင့် သေလွန်ခဲ့ပါသည်။ ထိုအခါ သားတော်၌ အလွန်ချစ်ခင်းသဖြင့် ပြင်းထန်လှသော ပူဆွေးစိုးရိမ်ခြင်းဖြင့် နှိပ်စက်ခြင်းကို ခံရပါသည်။ ထိုအခါ ငါသည် ယခုလိုစိုးရိမ်ခြင်းဖြင့် အနှိပ်စက်ခံရသည်မှာ သားတော်၌ ချစ်ခြင်းကြောင့်သာ ဖြစ်ရသည်။ ချစ်ခြင်းမရှိပါမူ ဤလိုစိုးရိမ်ခြင်းဖြင့် အနှိပ်စက်ခံရမည်မဟုတ်ဟု သတိသံဝေဂရကာ ချစ်ခင်ခြင်း၌ အပြစ်ကိုမြင်၍ ‘ငါသည် ယနေ့မှစ၍ အရဟတ္တဖိုလ်ကို မရသေးသမျှ ကာလပတ်လုံး သက်ရှိသက်မဲ့ဝတ္ထုတို့၌ ချစ်ခင်ခြင်း မဖြစ်ရလိုပါ’ ဟု အဓိဋ္ဌာန်ပြုခဲ့ပါသည်။ သို့အတွက် အကျွန်ုပ်မှာ ထိုအခါမှစ၍ ချစ်ခင်ခြင်းမရှိပါ” ဟု ချစ်ခင်ခြင်းမရှိသော အကြောင်းအင်္ဂါကို လျှောက်ထားပြန်လေ၏။

အမျက်ထွက်ခြင်းမရှိသောအင်္ဂါ

အမျက်ကင်းရန် အဓိဋ္ဌာန်

“မင်းမြတ် ... အကျွန်ုပ်သည် ရှေးအခါ အရကမည်သော ရသေ့ဖြစ်၍ ခုနစ်နှစ်ပတ်လုံး မေတ္တာဘာဝနာနှင့် ယှဉ်သောစိတ်ကို ပွားများအားထုတ်ခဲ့ဖူးသောကြောင့် ခုနစ်ပါးသော သံဝဋ္ဋ၊ ဝိဝဋ္ဋကပ်တို့ပတ်လုံး ဗြဟ္မာပြည်၌ ဖြစ်ခဲ့ဖူးပါသည်။ သို့အတွက် အကျွန်ုပ်မှာ အမျက်ထွက်ခြင်း မရှိပါ” ဟု အမျက်ထွက်ခြင်းမရှိသော အကြောင်းအင်္ဂါကို လျှောက်ထားပြန်လေ၏။

သူတစ်ပါးကိုဖျက် ကိုယ်ကျိုးပျက်

ဤသို့ ဆတ္တပါဏိသည် မိမိမှာ အင်္ဂါလေးပါးနှင့် ပြည့်စုံကြောင်းကို အတ္ထုပ္ပတ်နှင့်တကွ လျှောက်ထားသည်ရှိသော် မင်းကြီးသည် စည်းဝေးရောက်လာသော ပရိသတ်အား မျက်စိမှိတ်ခြင်း၊ လည်ညိတ်ခြင်း စသော အမှတ်သညာ ကိုပေးလေ၏။ ထိုခဏ၌ပင်လျှင် အမတ်၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ် စသောသူတို့သည် တစ်ပြိုက်နက် ထကြကုန်လျက် ကာလက စစ်သူကြီးအား “ဟယ် - တံစိုးလက်ဆောင်စားသော သူခိုးပျက် ... နင်သည် တံစိုးလက်ဆောင်ကို မရသောကြောင့် ဓမ္မဓဇ ပညာရှိကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲကာ သတ်စေလိုဘိ၏” ဟု ဆဲဆိုကြိမ်းမောင်းကာ လက်ခြေတို့ကို ကိုင်ပြီးလျှင် မင်းအိမ်မှ အတင်းဆွဲချ၍ ကိုယ်မိတိုင်း ကိုင်မတိုင်းသော ကျောက်ခဲ၊ ဆောက်ပုတ် စသော လက်နက်တို့ဖြင့် ဦးခေါင်းကိုထုခွဲ ရိုက်နှက်လျက် အသက်ကုန်ခြင်းသို့ ရောက်စေပြီးလျှင် ခြေတို့ကို ကိုင်ဆွဲငင်ထုတ်ကာ တံမြက်ချေးစွန့်ရာအရပ်၌ စွန့်ပစ်ကြကုန်၏။

ထိုအခါမှစ၍ မင်းကြီးလည်း တရားသဖြင့် မင်းပြုလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကာလက စစ်သူကြီးသည် - ယခုအခါ ဒေဝဒတ်။

ဆတ္တပါဏိသည် - သာရိပုတ္တရာ။

သိကြားမင်းသည် - အနုရုဒ္ဓါ။

ဓမ္မဓဇ ပညာရှိသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မင်းပင်ကောင်းလျက်၊ မင်းမြှောင်ဖျက်၊ ပြည်ပျက်ကျိုးယုတ်စွာ။

(၂) ကာလကယုတ်၊ ရာမဟုတ်၊ ပြုလုပ်သတ်စေပါ။

(၃) ငြူစူလွတ်ကင်း၊ ယစ်မျိုးကင်း၊ ချစ်ခြင်းမရှိပါ။

(၄) အမျက်မထွက်၊ အင်လေးချက်၊ စုံလျက်ဆတ္တပါ။

ဓမ္မဓဇဇာတ် ပြီး၏။

***

(၂၂၁) ကာသာဝဇာတ်

သင်္ကန်းဝတ်ဆင်၍ ပစ္စေကဗုဒ္ဓအသွင်ဆောင်သော ဆင်သတ်မုဆိုးအား တရားပြ၍ ဆိုဆုံးမသော ဆင်မင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဒေဝဒတ်ကြောင်းပြု ကဲ့ရဲ့မှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရှင်သာရိပုတ္တရာသည် တပည့်ငါးရာနှင့်တကွ ဝေဠုဝန်ကျောင်းတော်၌ နေ၏။ ဒေဝဒတ်လည်း မိမိနှင့်လျော်သော သီလမရှိသော ပရိသတ်ဖြင့် ခြံရံလျက် ဂယာသီသ၌နေ၏။

ထိုအခါ ရာဇဂြိုဟ်ပြည်သားတို့သည် တပေါင်းတည်းညီညွတ်ကာ ကသိုလ်ကောင်းမှုပြုရန် အလှူဝတ္ထုကို စီမံကြကုန်၏။ ကုနသည်တစ်ယောက်သည် ကုန်ကူးလာရာ ကြုံကြိုက်သဖြင့် မွှေးကြိုင်သော သင်္ကန်းလျာပုဆိုးကို အလှူထည့်ဝင်ခဲ့၏။ အဖိုးများစွာ ထိုက်တန်၏။ တခြားသင်္ကန်းလျာ ပုဆိုးတို့ထက် ကဲလွန်၏။

သူတို့သည် စည်းဝေကုန်၍ ထိုမွှေးကြိုင်သော သင်္ကန်းလျာပုဆိုးကို အဘယ်မထေရ်အား လှူရအံ့နည်းဟု ဆွေးနွေးတိုင်ပင်ကြသောအခါ “တချို့က ရှင်သာရိပုတ္တရာအား လှူမည်၊ တချို့က ရှင်ဒေဝဒတ်အား လှူမည်” ဟု အချင်းချင်း ငြင်းခုံကြရာ ရှင်ဒေဝဒတ်အး လှူလိုသူက များနေသဖြင့် ရှင်ဒေဝဒတ်အား လှူကြကုန်၏။ ရှင်ဒေဝဒတ်သည် သင်္ကန်းလျာပုဆိုးကို ချုပ်ဆိုးကာ ဝတ်ရုံလေ၏။

ထိုအခါ ရဟန်းသုံးကျိပ်တို့သည် ရာဇဂြိုဟ်ပြည်မှ ထွက်ကာ မြတ်စွာဘုရားကို ဖူးမြော်ရန် သာဝတ္ထိပြည်သို့ သွားကြ၍ မြတ်စွာဘုရားထံတော်သို့ရောက်လျှင် ထိုအကြောင်းကို လျှောက်ထားကြရာ မြတ်စွာဘုရားသည် “ရဟန်းတို့ ... ဒေဝဒတ်သည် ယခုအခါ၌သာ မိမိအား မလျောက်ပတ်သော ရဟန္တာတို့၏ တံခွန်းသဖွယ်ဖြစ်သော သင်္ကန်းကို ဝတ်ရုံသည်မဟုတ်၊ ရှေးအခါ၌လည်း ဝတ်ရုံဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သူတော်ဆောင်ငြား ဆင်သတ်စား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဆင်မျိုး၌ဖြစ်၍ ဟိမဝန္တာ တောနက်ရာအရပ်၌ ဆင်အပေါင်း ခြံရံကာ နေလေ၏။

ထိုအခါ ဗာရာဏသီပြည်၌နေသော သူဆင်းရဲတစ်ယောက်သည် ဆင်စွယ်ပွတ်သမားတို့ထံသွား၍ “အချင်းတို့ ... ဆင်စွယ် ယူကြမည်လော” ဟု မေးရာ “အမောင် ယူကြမည်” ဟု ဆိုကုန်၏။ သူဆင်းရဲသည် လက်နက်ကိုယူ၍ ဖန်ရည်စွန်းသော အဝတ်ကိုဝတ်ဆင်ကာ ပစ္စေကဗုဒ္ဓ အသွင်ကို ယူပြီးလျှင် ဦးခေါင်းကိုခြုံ၍ ဆင်တို့သွားရာလမ်း၌နေလျက် ဆင်တို့သွားလာသောအခါ နောက်ဆုံးဖြစ်သော ဆင်ကိုသတ်၍ အစွယ်ကိုယူပြီးလျှင် ရောင်းချကာ အသက်မွေးလေ၏။

ဆင်တို့သည် နေ့တိုင်း နေ့တိုင်း လျော့ကုန်သည်ရှိသော် ဘယ်အကြောင်းကြောင့် ဆင်တို့ လျော့ကုန်ဘိသနည်းဟု ဆင်မင်းအား ပြောကြားကြကုန်၏။ ဆင်မင်းလည်း စုံစမ်းသည်ရှိသော် ဆင်တို့သွားရာလမ်း၌ ပစ္စေကဗုဒ္ဓအသွင်ကိုယူ၍နေသော ယောကျ်ားတစ်ယောက်ရှိသည်။ ထိုယောကျ်ားသည်ပင် သတ်လေသလော၊ သိရအောင် စုံစမ်းမည်ဟု ကြံစည်ကာ တစ်နေ့သ၌ အခြံအရံဖြစ်သော ဆင်တို့ကို ရှေ့ကထားလျက် မိမိမူကား သတိထားကာ နောက်ဆုံးမှ လိုက်လေ၏။

အကြောင်းကိုပြ ဆိုဆုံးမ

ထိုသူဆင်းရဲယောကျ်ားသည် ဆင်မင်းကိုမြင်လျှင် လက်နက်ကိုကိုင်ကာ ပြေးလာ၏။ ဆင်းမင်းလည်း နောက်သို့လှည့်၍ ကြည့်ရာ မြင်သဖြင့် “ထိုယောကျ်ားကို မြေကြီးတွင် ရိုက်ပုတ်ကာ သတ်မည်” ဟု နှာမောင်းကို ဆန့်ပြီးမှ တစဖန် ဝတ်ထားသော သင်္ကန်းကိုမြင်၍ “ရဟန္တာတို့ တံခွန်အောင်လံ ဖြစ်သော သင်္ကန်းတော်ကို ငါသည် အလေးအမြတ်ပြုခြင်းငှာ သင့်၏” ဟု နှလုံးသွင်းကာ နှာမောင်းကို ရုပ်သိမ်းပြီးလျှင် -

“အို - ယောကျ်ား ... ကိလေသာကို မနှင်ထုတ်ရသေးသော “ဣန္ဒြေကို ဆုံးမခြင်းဟူသော ဓမ္မ၊ နိဗ္ဗာန်ဟူသော ပရမတ္ထသစ္စာမှ ကင်းဝေးသော သင်ယောကျ်ားကား ဖန်ရည်စွန်းသော အဝတ်ကိုရုံရန် မထိုက်တန်ပေ။

ကိလေသာကို ပျို့အန်နှင်ထုတ်ပြီးသော “ဣန္ဒြေကို ဆုံးမခြင်းဟူသော ဓမ္မ၊ နိဗ္ဗာန်ဟူသော ပရမတ္ထ သစ္စာနှင့်ပြည့်စုံသော မဂ်ဖိုလ်သီလ၌ တည်သောသူသည်သာ ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ရုံန် ထိုက်တန်ပေ၏” – ဟု အကြောင်းကိုပြ၍ ပြောဆိုဆုံးမပြီးလျှင် “ဤနေ့မှစ၍ ဤအရပ်သို့ မလာလေနှင့်၊ အကယ်၍ သင်လာလျှင် အသက်သေရမည်” ဟု ခြိမ်းခြောက်၍ ပြေးစေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဆင်သတ်ယောကျ်ားသည် - ယခုအခါ ဒေဝဒတ်။

ဆင်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကိသောပြွမ်း၊ သစ္စာကန်း၊ ဆိုးသွမ်းဣန္ဒြေ။

(၂) ရဟန္တာတံခွန်၊ သင်္ကးန်မွန်၊ မတန်မထိုက်ပေ။

(၃) ကိလေသာစင်၊ သစ္စာမြင်၊ သွန်သင်ဣန္ဒြေ။

(၄) ရဟန္တာတံခွန်၊ သင်္ကန်းမွန်၊ အလွန်ထိုက်တန်ပေ။

ကာသာဝဇာတ် ပြီး၏။

***

(၂၂၂) စူဠနန္ဒိယဇာတ်

အမိ မျောက်အိုမကို လုပ်ကျွေးသော မျောက်ညီနောင်နှင့် မျောက်အိုမကိုပါ သတ်သဖြင့် မိုးကြိုးကျကာ တစ်အိမ်လုံး သေဆုံးပျက်စီးရသော မုဆိုး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကြမ်းတမ်းရုန့်ရင်း ကရုဏာကင်း

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် ငါ့ရှင်တို့ ဒေဝဒတ်သည် ရုန့်ရင်းကြမ်းတမ်း၏။ နိုင်ထက်ကလူ ပြုမူတတ်၏။ လေးသမား တို့ကိုလွှတ်၍ မြတ်စွာဘုရားကို သတ်စေ၏။ ကိုယ်တိုင်ကျောက်ဖျာကို လှိမ့်၍ချ၏။ နာဠာဂိရင်ဆင်ကို လတ်၍ သတ်စေ၏။ မြတ်စွာဘုရား၌ အနည်းငယ်မျှသော ခန္တီ၊ မေတ္တာ၊ ကရုဏာ မရှိ ဤသို့စသည်ဖြင့် စကားကို ဖြစ်စေကြကုန်၏။

မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ဒေဝဒတ်ကား ယခုအခါ၌သာ ရုန့်ရင်းကြမ်းတမ်းခြင်း သနားကရုဏာမရှိခြင်း ဖြစ်သည်မဟုတ်၊ ရှေးအခါ၌လည်း ရုန့်ရင်းကြမ်းတမ်းခြင်း သနားကရုဏာမရှိခြင်း ဖြစ်ဖူးသည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပေးလျက်မရ မျောက်အိုမ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မျောက်မျိုး၌ဖြစ်၍ မဟာနန္ဒိယမည်၏။ ညီတော်ကား စူဠနန္ဒိယမည်၏။ ထိုမျောက်ညီနောင်တို့သည် မျောက်ရှစ်သောင်း ခြံရံကာ ဟိမဝန္တာအရပ်ဝယ် အမိမျက်မမြင် မျောက်အိုမကို လုပ်ကျွေးမွေးမြူလျက် နေကြကုန်၏။

ထိုမျောက်ညီနောင်တို့သည် အမိကိုနေရာ ချုံတစ်ခုတွင် ထား၍ တောသို့ဝင်လျက် သစ်သီးကြီးငယ်တို့ကို ရှာဖွေကာ ချိုမြိန်ကောင်းမြတ်သော သစ်သီးကြီးငယ်တို့ကို အမိထံပို့စေကုန်၏။ အပို့သွားသော မျောက်တို့သည် အမိအား မပေးကြကုန်၊ အမိမျက်မြင် မျောက်မသည် ငတ်မွတ်ခြင်းဖြင့် နှိပ်စက်သည်ဖြစ်၍ အရိုးအရေမျှ ကြွင်းကျန်ကာ ညှိုးနွမ်းပိန်ချုံး၍ နေလေ၏။

ကျေးဇူးရွက်ဆောင် မျောက်ညီနောင်

ထိုအခါ မဟာနန္ဒိယသည် “မိခင် ... သင်တို့ဖို့ ချိုမြိန်ကောင်းမြတ်သော သစ်သီးကြီးငယ်တို့ကို ကျွန်ုပ်တို့ ပို့စေပါကုန်၏။ မိခင်သည် အဘယ်ကြောင့် ညှိုးနွမ်း ပိန်ချုံး၍ နေဘိသနည်း” ဟု မေးလတ်သော် “ချစ်သား ... ငါသည် မရပေ” ဟု ပြောလေ၏။ ထိုအခါ မဟာနန္ဒိယသည် “ငါသည် မျောက်အပေါင်းကို ဆောင်ရွက်နေသည်ရှိသော် ငါ့အမိ မျက်မမြင်သည် သေဆုံးပျက်စီးရလိမ့်မည်။ သို့အတွက် မျောက်အပေါင်းကို စွန့်လွှတ်ကာ အမိမျက်မမြင်ကိုသာ လုပ်ကျွေးတော့မည်” ဟု ကြံစည်ကာ ညီစူဠနန္ဒိယကို ခေါ်၍ “ညီထွေး ... သင်သည် မျောက်အပေါင်းကို ဆောင်ရွက်လော့၊ ငါသည် အမိမျက်မမြင်ကို လုပ်ကျွေးတော့မည်” ဟု ပြောလေ၏။ “အစ်ကို ... အကျွန်ုပ်အား မျောက်အပေါင်းကို ဆောင်ရွက်ရန် အလိုမရှိပါ၊ အကျွန်ုပ်လည်း အမိမျက်မမြင်ကိုသာ လုပ်ကျွေးပါမည်” ဟု ပြောဆိုလေ၏။ ထိုမျောက်ညီနောင်တို့သည် တူမျှသော အလိုဆန္ဒရှိကုန်လျက် မျောက်အပေါင်းကို စွန့်လွှတ်ခဲ့ပြီးလျှင် အမိမျက်မမြင်ကို ဆောင်ယူခဲ့၍ ဟိမဝန္တာမှ သက်ဆင်းကာ အရပ်စွန်ဖြစ်သော ပညောင်ပင်တစ်ခုမှာနေ၍ အမိမျက်မမြင်ကိုသာ လုပ်ကျွေး၍ နေကြကုန်၏။

တပည့်နေရေး သတိပေး

ထိုအခါ ဗာရာဏသီပြည်ဝယ် ပုဏ္ဏားလုလင် တစ်ယောက်သည် တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆရာကြီးထံဝယ် အတတ်ပညာ အလုံးစုံကို သင်ယူပြီးလျှင် ပြန်တော့မည်ဟု ဆရာကြီးကို ပန်ကြာေးလ၏။ ဆရာကြီးသည် *အင်္ဂဝိဇ္ဇာ အာနုဘော်ဖြင့် ပုဏ္ဏားလုလင်၏ ရုန့်ရင်းကြမ်းတမ်းသည့်အဖြစ်၊ နိုင်ထက်ကလူ ပြုမူတတ်သည် အဖြစ်ကိုသိ၍ “လုလင် ... သင်သည် ရုန့်ရင်းကြမ်းတမ်း၏။ နိုင်ထက်ကလူ ပြုမူတတ်၏။ ဤလိုသဘောရှိသောသူသည် အခါခပ်သိမ်း တစ်တန်းတည်း တူမျှစွာ မပြည့်စုံတတ်၊ ကြီးစွာသော ပျက်စီးဆင်းရဲခြင်းသို့ ရောက်ရလတ္တံ့၊ သင်သည် မရုန့်ရင်း မကြမ်းတမ်းလင့် နောင်တစ်ဖန် ပူပန်စေတတ်သော အမှုကို မပြုလင့်” ဟု မှာကြားဆုံးမ၍ လွှတ်လိုက်၏။

*အင်္ဂဝိဇ္ဇာ - (ပါဠိ) အင်္ဂ - အစိတ်အပိုင်း၊ ဝိဇ္ဇာ - အတတ်ပညာ၊ ရုပ်-လက္ခဏာ အစိတ်အပိုင်းကိုမှတ်၍ အကျိုးအပြစ် သိစွမ်းနိုင်သော ဗေဒင်ပညာတစ်မျိုး။

မိခင်လွတ်ရေး အသက်ပေး

ထိုခဏ၌ မျောက်ညီနောင်တို့သည် အမိမျက်မမြင်ကို သစ်သီးကြီးငယ်ဖြင့် လုပ်ကျွေးပြီးလျှင် ရှေ့မှထားကာ သစ်ခွကြား၌နေစဉ် မုဆိုးလာသည်ကိုမြင်လျှင် “အမိ မျက်မမြင်ကို တစ်စုံတစ်ရာ ပြုလုပ်လိမ့်မည်မဟုတ်” ဟု နှလုံးသွင်းကာ သစ်ခက်ကြား၌ ပုန်းအောင်း၍ နေကြကုန်၏။

နိုင်ထက်ကလူပြုမူတတ်သော မုဆိုးသည် ပညောင်ပင်ရင်းသို့ လာလတ်၍ မျက်မမြင် မျောက်အိုမကို မြင်လျှင် “ငါ့အား လက်ချည်း အချည်းအနှီးသွားသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဤမျောက်အိုမကို ပစ်ပြီးလျှင် ယူ၍သွားမည်” ဟု ကြံစည်ကာ လေးကိုပြင်လေ၏။ မဟာနန္ဒိယသည် ထိုအခြင်းအရာကို မြင်လျှင် “ညီထွေး ... ဤမုဆိုးသည် ငါတို့အမိအိုကို ပစ်လိုသည်၊ ငါသည် အမိအိုအား အသက်ကိုလှူမည်။ ငါသေလွန်သွားလျှင် သင်လုပ်ကျွေးရစ်လော့” ဟု မှာထားကာ သစ်ခက်ကြားမှထွက်၍ အမိအိုရှေ့တွင် နေ၍ “အို .. မုဆိုး ... ငါ့အမိကို မပစ်ပါလင့်၊ အမိမှာ မျက်စိမမြင် အို၍ အားနည်းလှသည်။ ငါသည် အမိအိုအား အသက်ကိုလှူမည်။ အမိအိုကို ချမ်းသာပေး၍ ငါ့ကိုသတ်ပါ” ဟု မုဆိုးကို ဝန်ခံစေ၍ မြားအနီးတွင် နေလေ၏။

မကောင်းကျိုးပြ မိုးကြိုးကျ

မုဆိုးသည် မဟာနန္ဒိယကိုပစ်၍ ကျစေပြီးလျှင် အမိအိုကို ပစ်ရန် လေးကို တင်ပြန်၏။ စူဠနန္ဒိယသည် ထိုအခြင်းအရာကို မြင်ပြန်လျှင် “ဤမုဆိုးကား အစ်ကိုကြီးကို သတ်ပြီးလျှင် ငါ့အမိအိုကို သတ်လိုပြန်၏။ အမိအိုသည် တစ်နေ့မျှသော်လည်း အသက်ရှည်လတ်သော် အသက်ကို ရသည်မည်၏။ အမိအိုအား အသက်ကိုလှူမည်” ဟု နှလုံးသွင်းကာ သစ်ခက်ကြားမှ ထွက်ပြီးလျှင် “အို မုဆိုး ... အမိအိုကို မပစ်ပါလင့်၊ ငါ့ကိုပစ်ပြီးလျှင် ငါ့တို့ညီနောင်ကိုယူ၍ အမိအို အသက်ကို ချမ်းသာပေးပါ” ဟု မုဆိုးအား ဝန်ခံစေ၍ မြားအနီးတွင် နေပြန်၏။ မုဆိုးသည် စူဠနန္ဒိယကို ပစ်ပြန်၍ ကျစေပြီးလျှင် “ဤမျောက်အိုမလည်း အိမ်၌ သူငယ်တို့အစာ ဖြစ်လိမ့်မည်” ဟု ကြံဏည်ကာ ပစ်ပြန်၍ ကျစေပြီးလျှင် မျောက်သုံးကောင်ကို ထမ်းပိုးဖြင့်ထမ်းကာ ဝမ်းမြောက်ဝမ်းသာ အိမ်သို့ ရှေးရှုသွားလေ၏။

ထိုအခါ ယုတ်မာသော မုဆိုးအိမ်ကို မိုးကြိုးကျ၍ မယားနှင့် သားနှစ်ယောက်တို့သည် အိမ်နှင့်တကွ မီးလောင်ကျလျက်သေဆုံူးကုန်၏။ အိမ်လည်း ခေါင်အုပ် ဝါးဖွဲ့ရာ တိုင်မျှသာ ကြွင်းကျန်တော့၏။ ယောကျ်ားတစ်ယောက်သည် ရွာတံခါးသို့ ရောက်လာသော မုဆိုးကိုမြင်လျှင် အိမ်၌ ဖြစ်ပုံအကြောင်းစုံကို ပြောကြားလေ၏။

ဒုက္ခရောက်မှ သံဝေဂရ

မုဆိုးသည် ထိုအကြောင်းကိုကြားလျှင် သား၊ မယားကို စွဲ၍ဖြစ်သော စိုးရိမ်ခြင်းသည် ပြင်းစွာ နှိပ်စက်အပ်သည် ဖြစ်၍ ထောက်တည်ရာမရတော့ဘဲ ထိုအရပ်မှာပင် အမဲနှင့်တကွ ထမ်းပိုးကို လည်းကောင်း၊ လေးကို လည်းကောင်းစွန့်ပစ်ပြီးလျှင် ကိုယ်တွင် ဝတ်ထားသော ပုဆိုးကိုချွတ်ကာ အချည်းနှီး လက်မောင်းနှစ်ဖက်တို့ကို မြှောက်လျက် ငိုကြွေးမြည်တမ်းကာ အိမ်သို့သွား၍ အတင်းဝင်လေ၏။ ထိုအခါ မုဆိုး ခေါင်းပေါ်သို့ ခေါင်တိုင်လဲ၍ ကျသဖြင့် ခေါင်းကွဲလေ၏။ မြေကြီးလည်း အက်ကွဲ၍ ဟင်းလင်းပွင့်ကာ အဝီစိမီးလျှံတက်လျက် မြေမျိုလတ်သော် -

“လုလင် ... သင်သည် မကောင်းမှုကို မပြုလင့်၊ ပြုအပ်ပြီးသော မကောင်းမှုသည် နောက်အခါ သင့်ကိုသာ ပူလောင်စေရာ၏” ဟု ရှေးဆရာကြီးတို့ ဆုံးမဖူးသော စကားရှိပေ၏။ တစ်စုံတစ်ရာ အမှုကိစ္စကို ပြုလုပ်သောသူသည် ထိုအမှုကိစ္စအကျိုးကို ခံစားရသောအခါ ကိုယ်တိုင်တွေ့မြင်ရလေ၏။ လောကမှာ စိုက်ပျိုးသော မျိုးစေ့နှင့်တူသော အသီးကို ဆောင်သည့်အလား ကောင်းမှုကုသိုလ်ကိုပြုသူသည် ကောင်းကျိုးကို ခံစားရ၏” – ဟု ဆရာကြီး၏ အဆုံးအမကို အောက်မေ့ကာ ငါ့ဆရာကြီးသည် စင်စစ် ဤအကြောင်းကိုမြင်၍ ဆုံးမလိုက်ပေသည်ဟု ငိုကြွေးမြည်တမ်းလျက် မြေကြီးထဲသို့ ဝင်ပြီးလျှင် အဝီစိငရဲ၌ ခံရလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရုန့်ရင်းကြမ်းတမ်းသော ယောကျ်ားသည် - ယခုအခါ ဒေဝဒတ်။

ဒိသာပါမောက္ခဆရာသည် - သာရိပုတ္တရာ။

စူဠနန္ဒိယသည် - အာနန္ဒာ။

အမိမျောက်မသည် - မဟာပဇာတိဂေါတမီ။

မဟာနန္ဒယသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မကောင်းမှုမှာ၊ ပြုသူသာ၊ နောင်ခါပူလောင်မြဲ။

(၂) ပြုလုပ်မှုမှန်၊ ကျိုးရပြန်၊ ဧကန်တွေ့မြင်မြဲ။

(၃) ကောင်းမှုပြုလေ့၊ ကောင်းကျိုးတွေ့၊ ချမ်းမြေ့ခံစားမြဲ။

(၄) မကောင်းပြုက၊ မကောင်းရ၊ ဒုက္ခခံစားမြဲ။ စူဠနန္ဒိယဇာတ် ပြီး၏။

***

(၂၂၃) ပုဋဘတ္တဇာတ်

ခရီးအကြား ထမင်းရစဉ်က မိဖုရားနှင့် ဝေငှ၍ မစားနိုင်သော မင်းသားအား တရားပြ၍ မိဖုရားနှင့် သင့်လျော်သော စည်းစိမ်ရအောင် ဆောင်ရွက်ပေးသော ပညာရှိအမတ်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မြီရှင်လင်မယား ကြွေးတောင်းသွား

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်၌နေသော သူကြွယ်တစ်ယောက်သည် ဇနပုဒ်နေ သူကြွယ်တစ်ယောကအား ကုန်ကို အကြွေးရောင်း၍ ထားလေ၏။

တစ်နေ့သ၌ သာဝတ္ထိပြည်နေ သူကြွယ်သည် မိမိမယားကိုခေါ်၍ ဇနပုဒ်နေ သူကြွယ်ထံသွားကာ အကြွေးကိုတောင်းလေ၏။ မြီစားသူကြွယ်သည် မပေးနိုင်သေးဆိုကာ တစ်စုံတစ်ခုကိုမျှ မပေးလေ။ ထိုအခါ မြီရှင်သူကြွယ်သည် အမျက်ထွက်သဖြင့် ထမင်းမစားဘဲ ရွာမှထွက်၍သွားရာ ခရီးအကြားသို့ရောက်လျှင် ထမင်း အလွန်ဆာမွတ်လေ၏။

ဘုရားရှေ့မှောက် မယားလျှောက်

ခရီးသွားတို့ တွေ့မြင်လျှင် ထိုသူကြွယ်အား “အဆွေ ... မယားကိုလည်း ပေး၍စားပါ” ဟု ပြောဆိုကာ ထမင်းထုပ်ကို ပေးကြကုန်၏။ ထိုသူကြွယ်သည် ထမင်းထုပ်ကို ယူပြီးလျှင် မယားအး မပေးလိုသဖြင့် “နှမ ... ဤအရပ်ကား သူခိုးတို့နေရာ ဖြစ်သည်၊ ရှေ့မှသွားနှင့် ”ဟု လွှတ်လိုက်ပြီးလျှင် ထမင်းအကုန်စားပြီးသောအခါ ဘာမျှ မကျန်တော့သော ထမင်းထုပ်ကိုပြ၍ “နှမ ... မကောင်းသော ထငမ်းကို ပေးကြသည်” ဟု ပြောလေ၏။

မယားလည်း မိမိကိုမပေးဘဲ စားသည်ကိုသိလျှင် နှလုံးမသာ ဖြစ်လေ၏။ ထိုလင်မယား နှစ်ယောက်တို့ ဇေတဝန်ကျောင်းတော်အနီးသို့ရောက်ရာ ရေသောက်လိုသဖြင့် ကျောင်းတွင်းသို့ ဝင်ကြကုန်၏။ မြတ်စွာဘုရားသည် ထိုလင်မယား နှစ်ယောက်တို့လာသည်ကို သိတော်မူလျှင် သမင်ဖမ်းသော မုဆိုးကဲ့သို့ ဂန္ဓကုဋိအရိပ်၌ ရပ်တော်မူ၏။ ထိုလင်မယား နှစ်ယောက်တို့မြင်လျှင် မြတ်စွာဘုရားထံ ဆည်းကပ်ခစား ကြကုန်၏။

မြတ်စွာဘုရားသည် ထိုလင်မယား နှစ်ယောက်တို့ကို နှုတ်ခွန်းဆက်စကား စေ့စပ်ပြောကြားပြီးလျှင် “’ဒါယိကာမ သင့်လင်သည် သင့်အကျိုးစီးပွားကို အလိုရှိသလော၊ မရှိသလော” ဟု မေးတော်မူလျှင် “အရှင်ဘုရား ... အကျွန်ုပ်သည် ဤယောကျ်ားကို အလွန်ချစ်မြတ်နိုးပါသည်။ ဤယောကျ်ားကား အကျွန်ုပ်ကို ချစ်မြတ်နိုးခြင်းမရှိပါ။ တစ်ပါးသော နေ့တို့ကို ထားဘိဦး၊ ယနေ့ ခရီးအကြား၌ ထမင်းထုပ်ကိုရလျှင် အကျွန်ုပ်အား မပေးဘဲ မိမိချည်း တစ်ယောက်တည်း စားရက်ပါသည်” ဟု လျှောက်လေ၏။ မြတ်စွာဘုရားသည် “’ဒါယိကာမ ... သင်ကား အခါခပ်သိမ်း ဤယောကျ်ားကို ချစ်မြတ်နိုးပါသည်၊ အကျိုးစီးပွားကို အလိုရှိသည်၊ ဤယောကျ်ားကား သင့်အား ချစ်မြတ်နိုးခြင်းမရှိ၊ ရှေးအခါ ပညာရှိတို့ကိုမှီ၍ သင့်ကျေးဇူးကိုသိကာ သင့်အား စည်းစိမ်ချမ်းသာအလုံးစုံ၌ အစိုးရသည့်အဖြစ်ကို ပေးဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မယားကိုပင် မချစ်ခင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် အမတ်မျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် ဗြဟ္မဒတ်မင်း ကို အကျိုးအကြောင်းပြ၍ ဆုံးမတတ်သော ပညာရှိအမတ် ဖြစ်လေ၏။

ထိုအခါ မင်းကြီးသည် သားတော်ကို ထီးနန်းစည်းစိမ်ကို လုယူမည်စိုးရိမ်သဖြင့် နှင်ထုတ်လိုက်၏။ မင်းသားလည်း မိမိမယားကိုခေါ်ယူပြီးလျှင် မြို့တော်မှထွက်ကာ လယ်သမားတို့နေရာ ရွာငယ်တစ်ခုတွင် နေလေ၏။ နောက်အခါ အဖမင်းကြီး သေလွန်သည်ဟုကြားလျှင် ထီးနန်းစည်စိမ်ကိုယူရန် ဗာရာဏသီပြည်သို့ ပြန်လေ၏။

ခရီးအကြားသို့ရောက်၍ ခရီးသွားတို့မြင်လျှင် မင်းသားအား “အမောင် ... မယားကိုလည်း ပေး၍စားပါ” ဟု ပြောဆိုကာ ထမင်းထုပ်ကို ပေးကုန်၏။ ထမင်းထုပ်ကိုရလျှင် မယားအားမပေးဘဲ မိမိချည်းသာ စားလေ၏။ မယားသည် “ဤယောကျ်ားကား မိမိမယား၌ သနားကြင်နားခြင်းမရှိ၊ ရုန့်ရင်းကြမ်းတမ်းလှ၏” ဟု နှလုံးမသာ ဖြစ်လေ၏။

ပညာရှိဉာဏ်ပေး မိဖုရားအရေး

မင်းသားသည် မြို့တော်သို့ရောက်လျှင် မင်းအဖြစ်ကိုရ၍ မယားကို မိဖုရားကြီးအရာ၌ ထားပြီးလျှင် “ဤမိန်းမကား ဤမျှလောက်ဖြင့်ပင် သင့်တော်ပြီ” ဟု တစ်ပါးသော လာဘသက္ကာရကို ပေးတော်မမူ၊ မြတ်နိုးတဏှာကိုလည်း ပြုတော်မမူ၊ ဘယ်မျှရနည်းဟူ၍ပင် မေးတော်မမူ။

ထိုအကြောင်းကို ပညာရှိအမတ်သိလေလျှင် ဤမိဖုရားကား မင်းကြီးအား အလွန်ချစ်မြတ်နိုး၏။ ကျေးဇူးများ၏။ မင်းကြီးမူကား မိဖုရားကို အနည်းငယ်မျှ မအောက်မေ့၊ ငါသည် မိဖုရားအား ပူဇော်သက္ကာရကို လည်းကောင်း၊ မြတ်နိုးတဏှာကို လည်းကောင်း ရအောင်ပြုလုပ်ပေးမည်ဟု ကြံစည်ကာ မိဖုရားထံသို့ကပ်၍ ခစားလေ၏။ ထိုအခါ မိဖုရားသည် “ပညာရှိ ... အကြောင်းအသို့ရှိသနည်း” ဟု မေးလျှင် ပညာရှိအမတ်သည် စကားစပ်မိဖြစ်စိမ့်သောငှာ “အရှင်မိဖုရား ... အကျွန်ုပ်သည် အရှင်မိဖုရားတို့ကို ခစားပါကုန်၏။ သက်ကြီးမိဘတို့အား အဝတ်အထည်ပိုင်းမျှကို လည်းကောင်း၊ ထမင်းရိက္ခာမျှကို လည်းကောင်း ချီးမြှောက်သင့်သည် မဟုတ်ပါလော” ဟု မေးလေ၏။ “ပညာရှိ ... အကျွန်ုပ်တို့အား မင်းကြီးထံမှ တစ်စုံတစ်ခုကိုမျှ မရပါ၊ ရသောအခါ ပေးရမည် မဟုတ်ပါလော၊ ယခုမူကား မင်းကြီးသည် တစ်စုံတစ်ခုကိုမျှ မပေးသေးပါ။ တစ်စုံတစ်ခု ပေးခြင်းကိုလည်း ထားဘိဦး၊ ထီးနန်းစည်းစိမ်ကို ယူရန်လာစဉ် ခရီးအကြားဝယ် ထမင်းထုပ်ရရာ အနည်းငယ်မျှမပေးပါ၊ မိမိချည်းသာ အကုန်စားပါသည်” ဟု ပြောဆိုလေ၏။

မင်းကြီးထံမှောက် ကြောင်းစုံလျှောက်

ထိုအခါ ပညာရှိအမတ်သည် “အရှင်မိဖုရား ... မင်းကြီးထံမှာ ယခုပြောသောအတိုင်း ပြောဝံ့ပါသလော” ဟု မေးလျှင်၊ “ပညာရှိ ... ပြောဝံ့ပါသည်” ဟု ပြော၏။ “အရှင် မဖိုရား ... ထိုသို့ပြောဝံ့လျှင် ယနေ့ပင်လျှင် မင်းကြီးထံသွား၍ ရှေ့တော်တွင် အကျွန်ုပ်က မေးမည်။ အရှင်မဖိုရားက ပြောပါ၊ အရှင်မိဖုရားတို့ ကျေးဇူးကိုသိစေမည်” ဟု မှာထားကာ မင်းကြီးထံ ရှေးဦးစွာသွား၍ နေနှင့်၏။

နောက်မကြာမီ မိဖုရားရောက်လာလျှင် “အရှင်မိဖုရား ... အရှင်တို့သည် အလွန်ရက်ရောကုန်၏။ သင်ကြီးမိဘတို့အား အဝတ်အထည်ပိုင်းမျှကို လည်းကောင်း၊ ထမင်းရိက္ခာမျှကို လည်းကောင်း ချီးမြှောက်သင့်သည် မဟုတ်ပါလော” ဟု မေး၏။ “ပညာရှိ ...အကျွန်ုပ်တို့အား မင်းကြီးထံမှ တစ်စုံတစ်ရာကိုမျှ မရပါ၊ အဘယ်ဝတ္ထုကို ပေးနိုင်ပါမည်နည်း” ဟု ပြော၏။ “အရှင်မိဖုရား... အရှင်သည် မိဖုရားကြီးရာထူးကို ရသည် မဟုတ်ပါလော” ဟု မေး၏။ “ပညာရှိ ... တစ်စုံတစ်ခုသော ပူဇောသက္ကာရကို မရလတ်သော် မိဖုရားကြီးရာထူးဖြင့် ဘာလုပ်ရမည်နည်း၊ ယခုအခါ သင်တို့မင်းကြီးသည် အကျွန်ုပ်အား ဘယ်ဝတ္ထုဖြင့် ပေးမည်နည်း၊ ထီးနန်းစည်းစိမ်ကို ယူရန်လာစဉ် ခရီးအကြားဝယ် ထမင်းထုပ်ကိုရရာ အနည်းငယ်မျှမပေးပါ၊ မိမိချည်းသာ အကုန်စားပါသည်” ဟု အကြောင်းစုံ ပြောကြားလေ၏။

ချစ်သူကိုသာ တုံ့ပြန်ရာ

ထိုအခါ ပညာရှိသည် မင်းကြီးအား “အရှင်မင်းကြီး ... မိဖုရားကြီး ပြောသည့်အတိုင်း မှန်ပါသလော” ဟု မေးလျှောက်ရာ မင်းကြီးသည် ဆိတ်ဆိတ်သာ သည်းခံ၍ နေလေ၏။ ပညာရှိလည်း မင်းကြီး သည်းခံနေသည်ကိုသိလျှင် -

“အရှင်မိဖုရား ... မိမိသို့ ညွတ်သူအားသာ ညွှတ်ရာ၏။ မိမိသို့ ဆည်းကပ်သူအားသာ ဆည်းကပ်ရာ၏။ မိမိအမှုကိစ္စကို ဆောင်ရွက်သူအားသာ အမှုကိစ္စကို ဆောင်ရွက်ရာ၏။ မိမိအကျိုးစီးပွားကို အလိုရှိသူအားသာ အကျိုးစီးပွားကို အလိုရှိရာ၏။ မိမိသို့ မဆည်းကပ်သူအား မဆည်းကပ်ရာ။ မိမိကို စွန့်ပစ်သူအား စွန့်ပစ်ရာ၏။ တပ်စွန်းငြိတွယ်ခြင်းကို မပြုရာ၊ မိမိကိုချစ်ခင်မြတ်နိုးခြင်းခြင်း မရှိသောသူနှင့် မပေါင်းဖော်ရာ၊ ငှက်သည် သစ်ပင်၌ အသီးကုန်သည်ကိုသိလျှင် အသီးရှိသော တခြားသစ်ပင်ကို ရှာသကဲ့သို့ တစ်ပါးသောအရပ်ကို ရှာရာ၏။ စင်စစ်ကား ကမ္ဘာလောကကြီးသည် ကျယ်ဝန်းလှ၏” – ဟု ပြောကြားဆုံးမပြီးလျှင် “အရှင်မိဖုရားတို့မှာ မိမိကို အလွန်ချစ်မြတ်နိုးသော လင်ယောကျ်ားတစ်ယောက်ကို ရနိုင်ပါသေးသည်” ဟု ပြောကြားပြန်၏။ ပညာရှိ၏ စကားကို မင်းကြီး ကြားလတ်သော် မိဖုရားကြီးအား အလုံးစုံသော စည်းစိမ်ချမ်းသာကို ပေးတော်မူ၏။ ထိုအခါမှစ၍ မင်းမိဖုရားတို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ နေကြကုန်၏။

မြတ်စွာဘုရားသည် ဒေသနာတော်၏ အဆုံး၌ သစ္စာကိုပြတော်မူလျှင် လင်မယားနှစ်ယောက်တို့သည် သောတာပတ္တဖိုလ်၌ တည်ကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းမိဖုရားသည် - ယခုအခါ လင်မယားနှစ်ယောက်

ပညာရှိအမတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကိုယ့်သို့ညွတ်သူ၊ ညွှတ်တုံ့မူ၊ ကပ်သူကပ်ကြရာ။

(၂) ကိုယ့်ကိစ္စပြု၊ တုံ့ပြန်ပြု၊ လိုမူကျိုးလိုရာ။

(၃) ကိုယ့်ကိုစွန့်သူ၊ စွန့်ကြဟူ၊ ချစ်သူချစ်ကြရာ။

(၄) အသီးကုန်ငြား၊ သစ်ပင်များ၊ စွန့်သွားငှက်ပမာ။

ပုဋဘတ္တဇာတ် ပြီး၏။

***

(၂၂၄) ကုမ္ဘိလဇာတ်

သစ္စာ၊ ဓမ္မ၊ ဝီရိယ၊ ဇာဂ တရား လေးပါးနှင့် ပြည့်စုံသော မျောက်မင်းအား ချီးကျူး ပြောဆိုသော မိကျောင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရန်အောင်နိုင်မှု ကြောင်းလေးခု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

ရန်အောင်ကြောင်း လေးပါး

(၁) မှန်ကန်ခြင်းသစ္စာ၊

(၂) အသိဉာဏ်ပညာ၊

(၃) လုံ့လဝီရိယ၊

(၄) အသက်ကိုစွန့်ခြင်း၊

ဤလေးပါးသောတရားတို့နှင့် ပြည့်စုံသူတို့မှာ ရန်သူကို အောင်ကုန်၏။ မပြည့်စုံသောသူတို့ကား ရန်သူကို မအောင်ကုန်။

[ဧကကနိပါတ် ကုမ္ဘိလဇာတ်နှင့် ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္ထု၊ ဇာတ်ပေါင်း အလုံးစုံတူပြီ။]

ဆောင်ပုဒ်

(၁) သစ္စာ, ဓမ္မ, ဝီရိယ၊ စာဂဤလေးဖြာ။

(၂) လေးပါးစုံရှိ၊ ရန်အောင်၏၊ မရှိမအောင်ရာ။

ကုမ္ဘိလဇာတ် ပြီး၏

(၂၂၅) ခန္တိဝဏ္ဏဇာတ်

မယား လင်မြှောင်ထား၍ တိုင်ကြားလာသော အမတ်အား နန်းတွင်းသူ တစ်ယောက်နှင့် မှားယွင်းသော အမတ်၏အကြောင်း ထုတ်ပြ၍ သည်းခံရန် ညွှန်ကြားဆုံးမသော မင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကျေးဇူးထောက်ဆ သည်းခံကြ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီး၏ နန်းတော်တွင်းဝယ် ကျေးဇူးများလှသော အမတ်တစ်ယောက်သည် နန်းတွင်းသူ တစ်ယောက်နှင့် မှားယွင်းလေ၏။

မင်းကြီးလည်း ဤအမတ်ကား ငါ့အား ကျေးဇူးများသော အမတ်ဖြစ်သည်ဟုသိ၍ သည်းခံတော်မူပြီး မြတ်စွာဘုရားထံ လျှောက်ထားလေ၏။ မြတ်စွာဘုရားလည်း မင်းကြီးအား “မြတ်သောမင်းကြီး ... ရှေးမင်းတို့သည်လည်း ဤကဲ့သို့ သည်းခံသည်သာလျှင်တည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သည်းခံနိုင်ဘိ အကျိုးရှိ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် မင်းကြီးအား ကျေးဇူးများသော အမတ်တစ်ယောက်သည် နန်းတွင်းသူ တစ်ယောက်နှင့် မှားယွင်းလေ၏။ ထိုအမတ်အား ခစားသော ယောကျ်ားတစ်ယောက်သည်လည်း ထိုအမတ်၏ မယားနှင့် မှားယွင်းလေ၏။

ထိုအမတ်သည် ထိုယောကျ်ားအဖြစ်ကို သည်းမခံနိုင်သည်ဖြစ်၍ မင်းကြီးထံသို့ သွားပြီးလျှင် -

“မြတ်သောမင်းကြီး ...အကျွန်ုပ်အား အမှုကိစ္စ အလုံးစုံကို ပြုလုပ်အားထုတ်သော ယောကျ်ားတစ်ယောက်၌ အိပ်ရာပြစ်မှားသော အပြစ်ရှိပါ၏။ ထိုအပြစ်အတွက် ထိုယောကျ်ားအား အဘယ်သို့ ပြုလုပ်ရမည်ကို အရှင်မင်းကြီး နှလုံးသွင်းတော်မူပါ” – ဟု လျှောက်ထားလေ၏။ ထိုအခါ မင်းကြီးသည် ထိုအမတ်၏ စကားကို ကြားလျှင် -

“အို-အမတ်... င့ါအားလည်း သင့်လိုပင် အိပ်ရာ ပြစ်မှားသော ယောကျ်ားတစ်ယောက်သည် ဤအရပ်မှာပင် ရှိ၏။ ကျေးဇူးပြုတတ်သော ယောကျ်ားကို အလွန်ရခဲသောကြောင့် သည်းခံခြင်းကိုသာ ငါတို့ နှစ်သက်၏” – ဟု ပြောကြားလေ၏။

အမတ်သည် မိမိကိုရည်မှန်း၍ မင်းကြီး ပြောကြားသည်ကိုသိလျှင် ထိုအခါမှစ၍ နန်းတွင်း၌ မပြစ်မှားဝံ့တောချေ။ အမတ်ကို ခစားသော ယောကျ်ားလည်း မင်းကြီးအား လျှောက်ကြားသည်အဖြစ်ကိုသိလျှင် ထိုအခါမှစ၍ ပြစ်မှားခြင်းအမှုကို မပြုဝံ့တောချေ။

ယခုအခါ ကောသလမင်းကြီး၏ အမတ်သည်လည်း မြတ်စွာဘုရားအား လျှောက်ထားသည့်အဖြစ်ကို သိလျှင် ထိုအခါမှစ၍ မှားယွင်းသောအမှုကို မပြုဝံ့တော့ချေ။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

မင်းမြတ် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သူ၏မယား၊ မပြစ်မှား၊ ရှောင်ရှားအပ်သည်သာ။

(၂) ပြစ်မှားသူလည်း၊ ကျေးဇူးသည်း၊ သည်းသည်းခံကြရာ။

ခန္တိဝဏ္ဏဇာတ် ပြီး၏။

***

(၂၂၆ ) ကောသိယဇာတ်

အခါမဟုတ်သည်၌ စစ်ထွက်သော ဗာရာဏသီမင်းအား ခင်ပုတ်ငှက်ကို ဥပမာထား၍ လျှောက်ထားကာ မြို့သို့ ပြန်ဝင်စေသော ပညာရှိအမတ် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရန်အောင်နိုင်မှု ကြောင်းလေးခု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းသည် ပစ္စန္တရာဇ်ကို ငြိမ်းစေရန် အခါမဟုတ်သည်၌ စစ်ထွက်ခြင်းကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ခင်ပုပ်ပမာ ပျက်စီးရာ

လွန်လေပြီးသောအခါ ဗာရာဏသီမင်းသည် အခါမဟုတ်သည်၌ မြို့တော်မှထွက်၍ ဥယျာဉ်တော်ဝယ် သစ်ခက် တဲနန်းတွင် နေလေ၏။ ထိုအခါ ခင်ပုပ်ငှက်တစ်ကောင်သည် ဝါးရုံချုံတွင်းသို့ဝင်၍ ပုန်းအောင်းကာနေ၏။ ကျီးတို့သည် လာလတ်ကုန်၍ ထွက်လာသော ခင်ပုပ်ငှက်ကိုဖမ်းရန် ခြံရံကြကုန်၏။ ထိုခင်ပုပ်ငှက်သည် နေဝင်းခြင်းကို မကြည့်ရှုဘဲ အခါမဲ့၌သာလျှင် ထွက်၍ ပြေးအံ့သောငှာ အားထုတ်၏။ ကျီးတို့သည် ခင်ပုပ်ငှက်ကို ဝိုင်းဝန်းကုန်လျက် နှုတ်သီးတို့ဖြင့် ထိုးဆိတ်ကာ အောက်သို့ ကျစေကုန်၏။

မင်းကြီးသည် ခင်ပုပ်ငှက်ကျသည်ကို မြင်လျှင် ပညာရှိအမတ်ကိုခေါ်၍ ‘‘ ပညာရှိ ... ကျီးတို့သည် ခင်ပုပ်ငှက်ကို အဘယ်ကြောင့် ကျစေကုန်သနည်း’’ ဟု မေးလေလျှင် ပညာရှိ အမတ်သည် မင်းကြီးအား -

“မြတ်သောမင်းကြီး ... အခါဟုတ်၌ ထွက်ရန် အားထုတ်ခြင်းသည် ကောင်း၏။ အခါမဟုတ်သည်၌ ထွက်ရန်အားထုတ်ခြင်းသည် မကောင်း၊ အခါမဟုတ်သည်၌ ထွက်သောသူသည် တစ်စုံတစ်ခုသော အကျိုးကို မပြီးစေနိုင်၊ စင်စစ်သော်ကား တစ်ယောက်တည်းသောသူကို ရန်သူများစွာ ဝိုင်းဝန်းနှိပ်စက်သဖြင့် ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ရတတ်၏။ အခါ မဟုတ်သည်၌ ထွက်သော ခင်ပုပ်ငှက်ကို ကျီးအပေါင်းတို့သည် နှုတ်သီးတို့ဖြင့် ထိုးဆိတ်ကုန်သကဲ့သို့ မှတ်ရမည်။

အခါဟုတ်သည်၌ ထွက်သော ခင်ပုပ်ငှက် လိမ္မာသည် ချမ်းသာခြင်းနှင့် ပြည့်စုံသကဲ့သို့ ရှေးထုံးအစီအရင်ကို သိနားလည်၍ သူတစ်ပါးတို့ လစ်ဟင်းခြင်းကို သိလေ့ရှိသော ပညာရှိသည် အလုံးစုံသော ရန်သူတို့ကို မိမိအလိုသို့ လိုက်စေသည်ကိုပြု၍ ချမ်းသာခြင်းနှင့် ပြည့်စုံရာ၏ ” – ဟု လျှောက်ထားလေ၏။ မင်းကြီးလည်း ပညာရှိအမတ်၏ စကားကိုကြားလျှင် မြို့တွင်းသို့ပြန်၍ ဝင်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

ပညာရှိအမတ်သည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ခါမဟုတ်ထွက်၊ ရန်သူလက်၊ ပျက်စီးတတ်ချေသည်။

(၂) ခါဟုတ်ထွက်ရာ၊ ပညာဝါ၊ များစွာ ကျိုးရှိသည်။

(၃) ခါမဟုတ်ထွက်၊ ခင်ပုပ်ငှက်၊ ကျီးလတ်ပျက်စီးသည်။

ကောသိယဇာတ် ပြီး၏။

***

(၂၂၇) ဂူထပါဏဇာတ်

သေရည်မူး၍ စိတ်ကြီးဝင်ကာ ကြုံးဝါးနေသဖြင့် ဆင်ပြောင်ကြီး မစင်စွန့်ချ၍ မဆင်တုံးနှင့် ဖိသတ်ခြင်းခံရသော မစင်ပိုး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပြဿနာမေး ကြောက်၍ပြေး

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ထိုဇေတဝန်ကျောင်းတော်မှ သုံးဂါဝုတ်ယူဇနာခွဲခန့် ကွာဝေးသောအရပ်တွင် နိဂုံးရွာတစ်ခုသည် တည်ရှိလေ၏။ ထိုရွာ၌ စာရေးတံချ၍ လှူသောဆွမ်း၊ လဆန်းပက္ခ လဆုတ်ပက္ခ၌ လှူသောဆွမ်းတို့သည် အလွန်ပေါများကုန်၏။ ပြဿနာမေးတတ်သော ငတုံးလည်း နေ၏။

ထိုငတုံးသည် ဆွမ်းအလို့ငှာလာကုန်သော ပဉ္စင်းငယ်၊ သာမဏေတို့ကို တချို့ စားကုန်စဉ်၊ တချို့ သောက်ကုန်စဉ် ပြဿနာကို မေးလေ့ရှိ၏။ မဖြေနိုင်သည်ရှိသော် အရှက်ခွဲလေ့ရှိ၏။ ထို့ကြောင့် ပဉ္စင်းငယ်၊ သာမဏေတို့သည် ပြဿနာမေးမည်ကို ကြောက်သဖြင့် ထိုနိဂုံးရွာသို့ မသွားဝံ့ကြကုန်။ ထိုအခါ ရဟန်းတစ်ပါးသည် ငတုံးအကြောင်းကို သိလျှင် “အရှင်ဘုရားတို့ ... ထိုရွာ၌ ဆွမ်လှည့်ကို အကျွန်ုပ်အား ပေးကြပါ၊ အကျွန်ုပ်သည် ထိုငတုံးကိုဆုံးမ၍ မာနမရှိအောင် ပြုပြီးလျှင် အရှင်ဘုရားတို့ကိုမြင်လျှင် ပြေးအောင် ပြုလုပ်ခဲ့ပါမည်” ဟု ဆိုလေ၏။

ငတုံးနိုင်ရေး မစင်ကျွေး

ထိုရဟန်းသည် တစ်နေ့သ၌ ဆွမ်းလှည့်ကျသဖြင့် ထိုနိဂုံးရွာသို့သွား၍ ရွာတံခါး၌ သင်္ကန်းရုံကာနေ၏။ ငတုံးမြင်လျှင် ဝှေ့လိုသော ဆိတ်ကြမ်းကဲ့သို့ လျင်မြန်စွာ ကပ်လာတည့်၍ “အိုရဟန်း ... အကျွန်ုပ်ပြဿနာကို ဖြေဆိုပါ” ဟု လျှောက်ထား၏။ “ဒါယကာ ... အခါမဟုတ်သေး၊ ဆွမ်းခံပြီး ဆွမ်းဇရပ်သို့ ယာဂု ယူလာသောအခါမှ မေးပါ” ဟု ပြောကြားလေ၏။ “ယာဂုယူလာသောအခါ မေးမည်” ဟု လျှောက်ထားပြန်ရာ ယုဂုသောက်ပြီးမှ မေးပါ၊ နောက် ဆွမ်းစားဇရပ်ကို တံမြက်လှည်းပြီးမှမေးပါ၊ နောက်စာရေးတံဆွမ်း ယူပြီးမှ မေးပါ - ဟု တောင်းပန်၍ လာခဲ့ရာ ပြဿနာ မမေးဖြစ်ဘဲ နောက်ဆုံးတွင် ငတုံးကို သပိတ်ထမ်းခေါ်၍ ရွာမှ ထွက်လေ၏။ တံခါးပြင်ပသို့ရောက်လျှင် ငတုံးလက်မှ သပိတ်ကိုယူကာ ရပ်လေ၏။

ထိုအခါ ငတုံးသည် ရဟန်းအား “အို - ရဟန်း ... အကျွန်ုပ်ပြဿနာကို ဖြေဆိုပါ” ဟု လျှောက်ထားပြန်၏။ ရဟန်းသည် “ကောင်ပြီ သင့်ပြဿနာကို ဖြေဆိုမည်” ဟု ပြောဆိုပြီးလျှင် ငတုံးကို တစ်ချက်တည်းဖြင့် လဲစေ၍ အရိုးတို့ကို ကြေစေဘိသကဲ့သို့ ရိုတ်ပုတ်ပြီးမှ ခံတွင်း၌ မစင်တိုပကို ထည့်လျက် ဤနေ့မှစ၍ ဤရွာသို့လာသော ရဟန်းတို့ကို နောက်ပြဿနာမေးလျှင် သိစေမည်ဟု ခြိမ်းခြောက်၍ သွားလေ၏။ ငတုံးသည် ထိုနေ့မှစ၍ ရဟန်းတို့ကို မြင်လျှင် ပြေး လေ၏။ ထိုရဟန်း၏ အမူအရာသည် သံဃာ့ဘောင်၌ ထင်ရှားလေ၏။

တစ်နေ့သ၌ ရဟန်းတို့သည် တရားဘသင်ဝယ် ထိုရဟန်းအကြောင်း စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... ထိုရဟန်းသည် ယခုအခါ၌သာ ငတုံးကို မစင်စားစေသည်မဟုတ်၊ ရှေးအခါ၌လည်း စားစေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဆင်ကိုစစ်ထိုး မစင်ပိုး

လွန်လေပြီးသောအခါ မင်္ဂတိုင်း၊ မဂဓတိုင်း၌ နေကုန်သော သူတို့သည် တိုင်းတစ်တိုင်းမှတစ်တိုင်းသို့ လှည်းတို့ဖြင့် သွားကုန်လတ်သော် တစ်နေ့သ၌ တိုင်းနှစ်ခုတို့ အပိုင်းအခြားဝယ် ရေအိုင်တစ်ခုကို အမှီပြုကာ သုရာကို သောက်ကြကုန်လျက် ငါးအမဲတို့ကို စားပြီးလျှင် နံနက်စောစောကလျှင် လှည်းတို့ကို တပ်ကုန်လျက် သွားကြကုန်၏။

ထိုသူတို့သွားသောအခါ မစင်ပိုးတစ်ကောင်သည် မစင်အနံ့နံသောကြောင့် ထိုအရပ်သို့လာပြီးလျှင် စွန့်ပစ်ထားသော သုရာကို မြင်လတ်သော် အလွန်သောက်လိုသော ချင်ခြင်းဖြစ်သဖြင့် သုရာကိုသောက်၍ မူးယစ်လျက် မစင်ပုံသို့ တက်လေ၏။ ထိုပိုးတက်လတ်သော် မစင်သည် ပျော့သဖြင့် အောက်သို့ အတန်ငယ်ညွတ်လေ၏။ မစင်ပိုးသည် ငါကဲ့သို့သော သူကို ခံခြင်းငှာမတတ်နိုင်ဟု မာန်တက်ကာ ကြုံးဝါးလေ၏။

ထိုခဏ၌ အမုန်ယစ်သော ဆင်ပြောင်ကြီး တစ်စီးသည် အနီးသို့လာလတ်၍ မစင်နံ့နံခြင်းကြောင့် စက်ဆုပ်ရွံရှာသဖြင့် ဖဲသွားလေ၏။ မစင်ပိုးသည် ဆင်ပြောင်ကြီး ဖဲသွားကိုမြင်လျှင် ဤဆင်ပြောင်ကြီးကား ငါ့ကို ကြောက်သောကြောင့် ထွက်ပေးသည်ဟု ထင်မှတ်ကာ ဆင်ပြောင်ကြီးနှင့် စစ်ထိုးရန်သင့်သည်ဟု နှလုံးသွင်းပြီးလျှင် -

“အို - ဆင်ပြောင်ကြီး ... ရဲရင့်သော သင်ဆင်ပြောင်ကြီးကား - လုံ့လဝီရိယရှိလျက် စစ်ထိုးရန် စွမ်းနိုင်၍ ရဲရင့်သောငါနှင့် ပြိုင်ဆိုင်မိကြပါလျက် အဘယ်ကြောင့် စစ်မထိုးဘဲ ပြေးဘိသနည်း၊ တစ်ကြိမ်လောက်သော်လည်း စစ်ထိုးရမည် မဟုတ်ပါလော၊ အို-ဆင်ပြောင်ကြီး ... လာပါ၊ ပြန်ခဲ့ပါဦး၊ ငါ့ကိုကြောင်၍ ပြေးသလော၊ ငါ၏လုံ့လဝီရိယနှင့် သင်၏လုံ့လဝီရိယကို အင်္ဂတိုင်းသားနှင့် မဂဓတိုင်းသားတို့ မြင်ကြပါကုန်စေ” –

ဟု ပြောဆိုကာ လှမ်း၍ခေါ်၏။

မစင်ယိုချ ပိုးသေရ

ဆင်ပြောင်ကြီးသည် မစင်ပိုး စကားကိုကြားလျှင် မစင်ပိုးထံသို့သွားကာ -

“ဟယ်-မစင်ပိုး ... နင့်ကို ခြေတို့ဖြင့် ငါမသတ်၊ အစွယ်တို့ဖြင့်လည်း ငါမသတ်၊ နှာမောင်းဖြင့် ငါမသတ်၊ နင့်ကို မစင်ဖြင်သာ သတ်လိုက်မည်၊ မစင်ပိုးသည် မစင်ဖြင့် သေစေတော့” – ဟု ဆိုပြီးလျှင် မစင်ပိုးထိပ်ပေါ်မှ ကြီးစွာသောမစင်တုံးကို စွန့်ချလျက် ကျင်ငယ်ကိုလည်း စွန့်ကာ ထိုအရပ်မှာပင် အသက်ကုန်ခြင်းသို့ ရောက်စေလျက် ကြိုးကြာသံ မြည်ပြီးလျှင် တောသို့ဝင်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မစင်ပိုးသည် - ယခုအခါ ငတုံး။

ဆင်ပြောင်ကြီးသည် - ငတုံးကို ဆုံးမသော ရဟန်း။

ထိုအကြောင်းကိုသိသော ရုက္ခစိုးနတ်သည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မစင်ပိုးညစ်၊ သုရာယစ်၊ စစ်ပြိုင်ဆင်ပြောင်ကို။

(၂) မစင်စွန့်လတ်၊ ဆင်ကသတ်၊ သတ်ပြတ်ခန္ဓာကိုယ်။

ဂူထပါဏဇာတ် ပြီး၏။

***

(၂၂၈) ကာမနီတဇာတ်

ကာမတဏှာ နှိပ်စက်၍ ဝမ်းသွေးသွန်သော မင်းကြီးအား သိကြားမင်းက အပါယ်ဘေးနှင့် ခြောက်၍ ရောဂါပျောက်အောင် ဆေးကုသခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကာမနိတမည်သော ပုဏ္ဏားကိုအကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လောဘလွန်ကဲ မရောင့်ရဲ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်းမင်းပြုသည်ရှိသော် ြဟ္မေဒတ်မင်းအား သားနှစ်ယောက် ရှိလေ၏။

ထိုသားနှစ်ယောက်တို့တွင် မင်းသားကြီးသည် ဗာရာဏသီပြည်သို့ လာလတ်၍ မင်းဖြစ်လေ၏။ မင်းသားငယ်ကား အိမ်ရှေ့မင်း ဖြစ်လေ၏။ ထိုမင်းကြီးကား ဝတ္ထုကာမ၊ ကိလေသာကာမတို့၌ မရောင့်ရဲဘဲ ဥစ္စာ၌ တပ်မက်သော လောဘရှိ၏။

ထိုအခါ ဘုရားအလောင်းသည် သိကြားမင်းဖြစ်၍ ဇမ္ဗူဒိပ်ကျွန်းကို ကြည့်လတ်သော ထိုမင်း၏ ဝတ္ထုကာမ၊ ကိလေသာကာမတို့၌ မရောင့်ရဲသည်အဖြစ်ကို သိလျှင် မင်းကိုနှိပ်စက်၍ ရှက်စေမည်ဟု နှလုံးသွင်းကာ ပုဏ္ဏားလုလင်အသွဖြင့် မင်းကြီးထံသွား၍ ဖူးမြင်လေ၏။ ထိုအခါ မင်းကြီးသည် လုလင်အား -

“လုလင် ... ဘယ်ကိစ္စအတွက် လာသနည်း” ဟု မေး၏။ “အရှင်မင်းကြီး ... ဘေးရန်ကင်းလျက် ဝပြောသာယာ၍ စစ်သည်ဗိုလ်ပါ ရတနာရွှေငွေများစွာတို့နှင့် ပြည့်စုံလောက်သော ပြည်ကြီးသုံးပြည်ထောင်တို့ကို မြင်ခဲ့ပါသည်။ ထိုသုံးပြည်ထောင်တို့ကို အရှင်မင်းကြီးအား အနည်းငယ်မျှသော စစ်သည်ဗိုလ်ပါဖြင့် ယူ၍ ဆက်သရန်လာခဲ့ပါသည်”ဟု လျှောက်၏။ “လုလင် ဘယ်အခါ သွားမည်နည်း” ဟု မေးလျှင် “နက်ဖြန်သွားပါမည်” ဟု ပြော၏။ “ကောင်းပြီ သွားပါ၊ နံနက်စောစော ပြန်လာပါဦး”ဟု ပြောလေလျှေင်၊ “ကောင်းပြီ လာပါမည်” ဟု ဝန်ခံပြီးလျှင် မိမိနေရာ နတ်ရွာသို့ သွားလေ၏။

လောဘရမ္မက် နှလုံးသွေးပျက်

မင်းကြီးသည် နက်ဖြန်နေ့၌ စည်ကိုလည်စေ၍ စစ်သည်ဗိုလ်ပါတို့ကို စီရင်စေပြီးလျှင် အမတ်အပေါင်းကို ခေါ်စေ၍ “အမတ်တို့ ... မနေ့က ငါ့ထံသို့ ပုဏ္ဏားလုလင် တစ်ယောက်လာ၍ ဥတ္တရပဉ္စာလမြို့၊ ဣန္ဒပတ္တမြို့၊ ကေကကမြို့ ဤသုံးမြို့တို့ကို အနည်းငယ်မျှသော စစ်သည်ဗိုလ်ပါဖြင့် ယူပေးမည်ဆိုသောကြောင့် ထိုလုလင်နှင့်တကွ သုံးပြည်ထောင်ကို အရယူမည်။ ထိုလုလင်ကို လျင်မြန်စွာ ခေါ်ကြကုန်လော့” ဟု အမိန့်ပေးလေ၏။ ထိုအခါ အမတ်တို့သည် “အရှင်မင်းကြီး ထိုလုလင်အား နေရာကို အဘယ်အရပ်မှာ ပေးထားသနည်း”ဟု လျှောက်၏။ “အမတ်တို့ ... ဘယ်အရပ်မှ မပေးထားမိပါ” ဟု ပြောလေ၏။ “အရှင်မင်းကြီး ... အဝတ်တန်ဆာ ရိက္ခာကိုလည်း ပေးထားပါသလော”ဟု လျှောက်ပြန်ရာ၊ “အမတ်တို့ ... မပေးထားမိပါ” ဟု ပြော၏။ “အရှင်မင်းကြီး ... ထိုသို့မပေးထားလျှင် ထိုလုလင်ကို အဘယ်မှာ တွေ့မြင်ရမည်နည်း” ဟု လျှောက်ပြန်၏။ “အမတ်တို့ ... မြို့လမ်းတို့၌ ကြည့်ရှုကြကုန်လော့” ဟု ပြော၏။ “အရှင်မင်းကြီး ... မမြင်ကုန်ပါ” ဟု လျှောက်ကုန်၏။

ထိုအခါမှစ၍ လုလင်ကို မမြင်ရသော မင်းကြီးအား ငါ့မှာ ကြီးစွာသော စည်းစိမ်ချမ်းသာ အစိုးရခြင်းမှ ဆုတ်ယုတ်ခဲ့ပြီတကား - ဟု ပြင်းထန်သော စိုးရိမ်ပူဆွေးခြင်းသည် ဖြစ်ခဲ့၏။ စိုးရိမ်ပူဆွေးခြင်းကြောင့် ဟဒယဝတ္ထုရုပ်သည် ပူလောင်ခဲ့၏။ ဟဒယဝတ္ထုရုပ်သည် ပူလောင်ခြင်းကြောင့် နှလုံးသွေးပျက်၏။ နှလုံးသွေးပျက်ခြင်းကြောင့် ဝမ်းသွေးသွန်သောရောဂါသည် ဖြစ်ခဲ့၏။ ဆေးသမားတို့သည် မင်းကြီး ရောဂါကို ဆေးမကုနိုင်ကြကုန်၏။

သိကြားကြွလာ ဆေးကုရာ

သုံးလေးရက် လွန်သောအခါ သိကြားမင်းသည် ဆင်ခြင်လတ်သော် မင်းကြီးမှာ ဝမ်းသွေးသွန်သောရောဂါ ဖြစ်နေသည်ကိုသိလျှင် ဆေးကုရန် ပုဏ္ဏားအသွင်ဖြင့် မင်းအိမ်တံခါးသို့လာ၍ အကြောင်းကြားစေပြီးလျှင် မင်းကြီးထံဝင်၍ “အောင်စေသတည်း”ဟု ဆုတောင်းပြီး လျောက်ပတ်သော အရပ်၌ နေ၏။ မင်းကြီးသည် ပုဏ္ဏားအး “ပုဏ္ဏား ... သင်သည် ငါ့ကိုဆေးကုမည်လော” ဟု မေး၏။ “အရှင်မင်းကြီး ... ကုပါမည်” ဟု ပြော၏။ အရှင်းမင်းကြီး ... ကောင်းပြီ ကုပါမည်။ ရောဂါ၏ လက္ခဏာကို မိန့်တော်မူပါ၊ အဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်း။ ခဲဖွယ်၊ စားဖွယ်၊ သောက်ဖွယ်ကိုမှီ၍ ဖြစ်ပါသလော၊ သို့တည်းမဟုတ် မြင်ခြင်း၊ ကြားခြင်းကိုမှီ၍ ဖြစ်ပါသလော”ဟု လျှောက်၏။ “ပုဏ္ဏား ... ငါ၏ အနာကား သောကနှိပ်စက်၍ ဖြစ်သည်” ဟု ပြော၏။ “အရှင်မင်းကြီး ... အဘယ်ကို မိန့်ကြားပါသနည်း” ဟု မေး၏။ “ပုဏ္ဏား ... လုလင်တစ်ယောက်လာပြီးလျှင် ငါ့ကို ပြည်ကြီးသုံးပြည်ထောင်ကို ယူ၍ဆက်သမည်” ဟု လျှောက်ထားသည်။ နက်ဖြန်နေ့ဝယ် ထိုလုလင်ကို ရှာ၍မတွေ့ စသည်ဖြင့် ရောဂါဖြစ်ပုံအကြောင်းစုံကို မိန့်ကြားပြီးလျှင် -

“အို- ပုဏ္ဏား ... တောင်းကြီးသဖွယ် ဖြစ်သော မြို့ကြီးသုံးမြို့ကို လည်းကောင်း၊ ဥတ္တရပဉ္စာလတိုင်း၊ ကုရုတိုင်း၊ ကေကကတိုင်း ဤတိုင်းကြီးသုံးတိုင်းတို့ကို လည်းကောင်း ငါလိုချင်၏။ ပုဏ္ဏား ... ထိုဗာရာဏသီ မင်းအဖြစ်ထက် သာလွန်သောသုံးပြည်ထောင်ကိုလည်း ငါလိုချင်၏။ ဝတ္ထုကာမ၊ ကိလေသာကာမ နှိပ်စက်၍ဖြစ်သော ငါ့ရောဂါကို အကယ်၍ ဆေးကုနိုင်မူ ကုသပါ” ဟု ပြောဆိုလေ၏။

အပါယ်နှင့်ခြောက် ရောဂါပျောက်

ထိုအခါ မင်းကြီးကို ပုဏ္ဏားသည် “အရှင်မင်းကြီး ... သင်မင်းကြီး ရောဂါကို သစ်ဥ၊ သစ်မြစ် စသောဆေးတို့ဖြင့် မကုစားကောင်းပါ၊ ဉာဏ်ဖြင့်သာ ကုစားကောင်းပါသည် ”ဟု လျှောက်ထားပြီးလျှင် -

“မြတ်သောမင်းကြီး ... တချို့ပညာရှိတို့သည် မည်းနက်သော မြွေကိုက်သူအား ဆေးကုကြကုန်၏။ တချို့ပညာရှိတို့သည် ဘီလူးဖမ်းစားသူအား ဆေးကုကြကုန်၏။ တချို့ပညာရှိတို့သည် ကာမနှိပ်စက်သူအား ဆေးမကုကုန်၊ အဘယ်ကြောင့်နည်းဟူမူ - အကုသိုလ်တရား နှိပ်စက်နေသူအား ဆေးဝါးမန္တရား စသည်တို့ဖြင့် မကုစားနိုင်သောကြောင့် ဖြစ်၏” – ဟု လျှောက်ထားလေ၏။ ထိုနောက် ပုဏ္ဏားသည် မင်းကြီးအား -

“မြတ်သောမင်းကြီး ... သင်မင်းကြီးသည် သုံးပြည်ထောင်တို့ကို အကယ်၍ရသဖြင့် မြို့ကြီးလေးမြို့တို့၌ မင်းပြုရသည်ရှိသော် တစ်ပြိုင်နက်ခြင်း ပုဆိုးလေးထည်တို့ကို ဝတ်ဆင်မည်လော၊ ရွှေခွက်လေးခွက်တို့၌ စားမည်လော၊ အိပ်ရာလေးခုတို့၌ အိပ်မည်လော၊ မြတ်သောမင်းကြီး ... တဏှာ၏ အလိုသို့ မလိုက်သင့်ပါ၊ တဏှာမည်သည် ပျက်စီးခြင်းအကြောင်း ဖြစ်သည်။ တဏှာပွားသည်ရှိသော် စိုးရိမ်ခြင်းကို ပွားစေ၏။ တဏှာ၏ တည်ရာဖြစ်သော ပုဂ္ဂိုလ်ကို အပါယ်ဆင်းရဲတို့၌ ပစ်ချတတ်၏” ဟု အပါယ်ဘေး၊ ငရဲဘေးတို့ဖြင့် ခြိမ်းခြောက်ကာ တရားဟော၏။

မင်းကြီးသည် ပုဏ္ဏား၏တရားတော်ကို ကြားနာရလျှင် စိုးရိမ်ခြင်းကင်းပျောက်လျက် ခဏခြင်းပင် ဝမ်းသွေးသွန်သောရောဂါ ကင်းပျောက်လေ၏။ သိကြားမင်းလည်း မင်းကြီးအား အဆုံးအမပေးကာ သီလတို့၌ တည်စေ၍ ပုဏ္ဏားအသွင်ကို ပယ်ဖျောင်လျက် မိမိနေရာ နတ်ရွာသို့ သွားလေ၏။ မင်းကြီးသည် ထိုအခါမှစ၍ ဒါန၊ သီလစသော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းကြီးသည် - ယခုအခါ ကာမနိတပုဏ္ဏား။

သိကြားမင်းသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) တဏှာဖြစ်ပွား၊ ရောဂါများ၊ လားလိမ့်အပါယ်ဘုံ။

(၂) တဏှားပွားပြန်၊ သောကလွန်၊ သွေးသွန်မင်းကြီးပုံ။

ကာမနီတဇာတ် ပြီး၏။

***

(၂၂၉) ပလာယိတဇာတ်

စစ်အင်္ဂါလေးပါးဖြင့် တက္ကသိုလ်ပြည်ကို တိုက်ခိုက်ရန်လာစဉ် ကြီးကျယ်ခမ်းနားသော တံခါးမုခ်ကိုမြင်ရာ ကြောက်ရွံ့၍ ထွက်ပြေးသော ဗြဟ္မာဒတ်မင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကြုံးဝါးခြိမ်းခြောက် ပရိဗိုဇ်တစ်ယောက်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ပရိဗိုဇ်တစ်ယောက်သည် မိမိနှင့် အယူဝါဒကို ပြိုင်ဆိုင်ပြောဆိုနိုင်သူကို ဇမ္ဗူဒိပ်ကျွန်းအလုံးကို လှည့်လည်ရှာဖွေရာ တစ်စုံတစ်ယောက်သောသူကို မတွေ့ရသဖြင့် အစဉ်အတိုင်းလာခဲ့ပြန်ရာ သာဝတ္ထိပြည်သို့ ရောက်လေ၏။

ထိုအခါ ပရိဗိုဇ်သည် လူတို့ကို “အမောင်တို့ ... ငါနှင့် အယူဝါဒကို ပြိုင်ဆိုင်ပြောဆိုနိုင်သူ ရှိသလော” ဟု မေးလျှင် အရှင် ... ခပ်သိမ်းသော တရားကိုသိ၍ သူတစ်ပါးတို့ အယူဝါဒကို ဖျက်ဆီးနိုင်သော မဟာဂေါတမ မည်သော မြတ်စွာဘုရားသည် ရှိတော်မူ၏။ ထိုမြတ်စွာဘုရားကို ဇမ္ဗူဒိပ်ကျွန်းအလုံး၌ နေသာသူတို့သည် အယူဝါဒဖြင့် ပြိုင်ဆိုင်ပြောဆို လွှမ်းမိုးနိုင်သူမရှိပါ၊ လှိုင်းတံပိုးတို့သည် ကမ်းနားသို့ရောက်လျှင် ပျော်ကွယ်၍ သွားကုန်ဘိသကဲ့သို့ ခပ်သိမ်းသော အယူဝါဒတို့သည်လည်း ထိုမြတ်စွာဘုရား ခြေတော်ရင်းသို့ ရောက်လျှင် ပျောက်ကွယ်ကြရပါသည်” ဟု ပြော၏။ “အမောင်တို့ ... ဘယ်အရပ်မှာနေသနည်း” ဟု မေးပြန်လျှင် “အရှင် ... ဇေတဝန်ကျောင်းတော်၌ နေပါသည်” ဟု ပြောဆို၍ ထိုပရိဗိုဇ်ကို ဇေတဝန်ကျောင်းတော်သို့ ခေါ်ယူသွားကြလေ၏။

တံခါးမုခ်ရောက် လွန်ရွံ့ကြောက်

ပရိဗိုဇ်သည် ဇေတဝန်ကျောင်းတော် တံခါးမုခ်ကို မြင်လျှင် “ဇေတဝန်ကျောင်းတော်လော” ဟု မေးရာ မဟုတ်သေးပါ တံခါးမုခ်သာ ဖြစ်သည်ဟု ပြောကြားကြလျှင် ပရိဗိုဇ်သည် “အမောင်တို့ ... တံခါးမုခ်သည်ပင် ဤမျှလောက် ကြီးကျယ်သေး၏။ ကျောင်းတော်မှာ ဆိုဖွယ်ရာရှိမည်မဟုတ်၊ သို့စဉ် ကြီးကျယ်သောဘုရားနှင့် အယူဝါဒကို အဘယ်သူ ပြိုင်ဆိုင်ပြောဆိုနိုင်မည်နည်း” ဟု ဆိုပြီးလျှင် ထိုအရပ်မှ ပြေးလေ၏။

လူတို့သည် မြတ်စွာဘုရားထံ ဆည်းကပ်ကြ၍ ထိုပရိဗိုဇ်အကြောင်းကို လျှောက်ထားကြရာ “ဒါယကာတို့ ... ဤပရိဗိုဇ်သည် ယခုအခါ၌သာ ငါဘုရားနေရာ အရပ်၏ တံခါးမုခ်ကိုမြင်၍ ပြေးသည်မဟုတ်၊ ရှေးအခါ၌လည်း ငါနေရာအရပ်၏ တံခါးမုခ်ကိုမြင်၍ ပြေးဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဗြဟ္မဒတ်မင်း ကြုံးဝါးခြင်း

လွန်လေပြီးသောအခါ ဂန္ဓရတိုင်း တက္ကသိုလ်ပြည်ဝယ် ဘုရားအလောင်းသည် မင်းပြုလေ၏။ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုလေ၏။

ထိုအခါ ဗြဟ္မဒတ်မင်းသည် တက္ကသိုလ်ပြည်ကိုယူမည်ဟု များစွာသော စစ်သည်ဗိုလ်ပါဖြင့် ခြံရံကာသွားပြီးလျှင် တက္ကသိုလ်ပြည်မှ မနီးမဝေးသော အရပ်သို့ ရောက်လျှင် -

“အချင်းတို့ ... ဆင်မြတ်တည်းဟူသော မိုးတို့ဖြင့် လည်းကောင်း၊ သိန္ဓောမြင်းမြတ်ကို စီးကုန်သော သူရဲကောင်းတို့ဖြင့် လည်းကောင်း၊ လွယ်အပ်သော သန်လျက်၊ မြဲမြံစွာ အရိုးတပ်အပ်သော ကိုင်အပ်သောလေး၊ မိုးရွာသကဲ့သို့ မြားမိုးကို ရွာစေတတ်ကုန်သော သမုဒ္ဒရာရေကဲ့သို့စီးသော ရထားစီးသူရဲတို့ဖြင့် လည်းကောင်း တက္ကသိုလ်ပြည်၏ ထက်ဝန်းကျင်မှ ခြံရံကြကုန်လော့”

“အချင်းတို့ ... သင်တို့သည် ရှေးရှုလည်း ပြေးကြကုန်၊ ချဉ်းလည်းချဉ်းကပ်ကြကုန်၊ ဆင်တို့နှင့်တကွ အထူးထူး အပြားပြား မြည်ကြွေးဟစ်အောင်ကြကုန်၊ ယနေ့သည် သည်းစွာသော မိုးကြိုးသံကဲ့သို့ ဖြစ်စေကြကုန်၊ မိုးကြိုးသံအဝမှ ထွက်သော လျှပ်စစ်နွယ်ကဲ့သို့ ပြေးသွားကြကုန်၊ ဤအစီအစဉ်ဖြင့် တက္ကသိုလ်ပြည်ကို ဝန်းရံကာ မင်းကိုဖမ်းကြကုန်” – ဟု ကြုံးဝါးပြီးလျှင် စစ်သည်တို့ကို စီရင်လေ၏။

တံခါမုခ်ကြ ထွက်ပြေးရ

မြို့တံခါးအနီးသို့ ရောက်သောအခါ တံခါးမုခ်ကို မြင်လျှင် “အချင်းတို့ ... ယခုမြင်ရသည်မှာ မင်း၏ နေရာနန်းတော်လော” ဟု မေးလျှင် “အရှင်မင်းမြတ် ... မြို့တော်၏ တံခါးမုခ် ဖြစ်ပါသည်” ဟု လျှောက်၏။ “အချင်တို့ ... တံခါးမုခ်သည်ပင် သို့စဉ် ကြီးကျယ်ခမ်းနားဘိသည်၊ မင်း၏နေရာ နန်းတော်မှာ အဘယ်မျှလောက် ကြီးကျယ် ခမ်းနားမည်နည်း” ဟု ပြောကြားပြန်ရာ “ဤမျှလောက် အခြံအရံစည်းစိမ်ချမ်းသာ ဘုန်းကျက်သရေနှင့် ပြည့်စုံသော မင်းနှင့်တကွ စစ်ထိုးခြင်းငှာ အဘယ်မှာ တတ်နိုင်ချေမည်နည်း”ဟု ပြောဆိုလျက် ကြောက်ရွံ့ကာ ထိုအရပ်မှပင်ပြေး၍ ဗာရာဏသီပြည်သို့ လျင်စွာသွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ ... ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ ပြေးသော ပရိဗိုဇ်။ · တက္ကသို်လ်မင်းသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ခြံရံစည်းစိမ်၊ ချမ်းရိပ်ငြိမ်၊ မတိမ်ဘုန်းသရေ။

(၂) ကြီးကျယ်များဖြင်၊ ရန်သူမြင်၊ အလျင်ကြောက်မြဲပေ။ (

၃) တံခါးမုခ်မြင်ရာ၊ မင်းဗာရာ၊ ကြောက်ကာပြေးဖူးလေ။

ပလာယိတဇာတ် ပြီး၏။

***

(၂၃၀) ဒုတိယပလာယိတဇာတ်

စစ်အင်္ဂါလေးပါးဖြင့် ဗာရာဏသီကို တိုက်ခိုက်ရန်လာစဉ် ဗာရာဏသီမင်း၏ ရွှေပြားနှင့်တူသော နဖူးကိုမြင်လျှင် ကြောက်ရွံ့ ထိတ်လန့်ကာ ထွက်ပြေးသော ဂန္ဓာရမင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မျက်နှာမြင်ရုံ ထွက်ပြေးပုံ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ပရိဗိုဇ်တစ်ယောက်သည် မြတ်စွာဘုရားထံ အယူဝါဒ ပြိုင်ဆိုင်ပြောဆိုရန်လာရာ၊ ပရိသတ်တို့အလယ်တွင် တရားဟောတော်မူခိုက်ကြုံသဖြင့် လပြည့်ဝန်းကဲ့သို့ တင့်တယ်သော မျက်နှာတော်ကို လည်းကောင်း၊ ရွှေပြားနှင့်တူသော နဖူးတော်ကို လည်းကောင်း မြင်လေလျှင် “ဤသို့သဘောရှိသော ယောကျ်ားမြတ်ကို ပြိုင်ဆိုင်ပြောဆိုသော်လည်း အောင်နိုင်ခြင်းငှာ အဘယ်သူ တတ်နိုင်မည်နည်း” ဟု ပြောဆိုကာ ပရိသတ်အတွင်းသို့ မဝင်ဝံ့တော့ဘဲ ပြေးလေ၏။

ထိုအခါ လူတို့သည် ထိုပရိဗိုဇ်၏ အကြောင်းကို လျှောက်ထားကြရာ မြတ်စွာဘုရားသည် “ဒါယကတို့ ... ထို ပရိဗိုဇ်သည် ယခုအခါ၌သာ ငါဘုရား၏ မျက်နှာတော်ကို မြင်၍ ပြေးသည်မဟုတ်၊ ရှေးအခါ၌လည်း ပြေးခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဗိုလ်ပါပေါများ မာန်ထောင်လွှား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဘုရားအလောင်းသည် မင်းပြုလေ၏။ တက္ကသိုလ်ပြည်ဝယ် ဂန္ဓာရမင်းသည် မင်းပြုလေ၏။

ထိုအခါ ဂန္ဓာရမင်းသည် ဗာရာဏသီပြည်ကို ယူမည်ဟု အင်္ဂါလေးပါးရှိသော စစ်သည်ဖြင့် ခြံရံကာ လာလတ်၍ မြို့ကိုဝန်းရံကာ မြို့တံခါး၏ အနီး၌တည်လျက် မိမိ၏ စစ်သည်ဗိုလ်ပါကို ကြည့်ရှုကာ -

“အချင်းတို့ ... ဒေါင်းတောင် စိုက်ထားသော တံခွန်ဖျားသည်ပင် မနှိုင်းယှဉ်နိုင်အောင် များလှ၏။ ဆင်ဤမျှ၊ မြင်းဤမျှဟု မရေတွက်နိုင်၊ မဆုံးသော ကမ်းရှိသော သမုဒ္ဒရာကို ကျီးတို့သည် မလွှမ်းမိုးနိုင်သကဲ့သို့ ငါ၏ စစ်သည်ဗိုလ်ပါကို ရန်သူမင်းတို့သည် မလွှမ်းမိုးနိုင်ကုန်၊ လေသည် ကျောက်တောင်ကို မတုန်လှုပ်စေနိုင် သကဲ့သို့ ငါ၏ စစ်သည်ဗိုလ်ပါကို တစ်ပါးသော စစ်သည်ဗိုလ်ပါတို့သည် မတုန်လှုပ်စေနိုင်၊ ဤကဲ့သို့ စစ်သည်ဗိုလ်ပါအပေါင်းနှင့် ပြည့်စုံသောငါ့ကို ယခုအခါ ထိုကဲ့သို့သော စစ်သည်ဗိုလ်ပါအပေါင်းသည် မလွှမ်းမိုးနိုင်” – ဟု မိမိ၏ စစ်သည်ဗိုလ်ပါအပေါင်းကို ချီးမွမ်းကာနေလေ၏။

လောင်းတော်ခြိမ်းခြောက် မာနပျောက်

ထိုအခါ ဗာရာဏသီမင်းသည် ဂန္ဓာရမင်းအား လပြည့်ဝန်းကဲ့သို့ သရေရှိသော မျက်နှာကိုပြ၍ -

“ဟယ် - ငမိုက် ... သင်သည် မိမိ မိုက်သည်၏ အဖြစ်ကို မမြည်တမ်းလင့်၊ အမှန်ကား သင်၏ စစ်သည်ဗိုလ်ပါအပေါင်းသည် သင်ကြံစည်တိုင်း ဖြစ်မည်မဟုတ်၊ သင့်ကို ရာဂ၊ ဒေါသ စသည်တို့သည် ပူလောင်စေအပ်၏။ သင့် ငါကဲ့သို့ တားမြစ်သော သူကိုမရရာ၊ ငါ့အနား ချဉ်းခဲ့ပါ၊ တစ်စီးတည်းသွားလေ့ရှိသော ဆင်ပြောင်ကြီးသည် ကျူတောကို ခြေတို့ဖြင့် နင်းသကဲ့သို့ ငါမင်းသည် သင့်ကို နိင်းနှိပ်လတ္တံ့” – ဟု ခြိမ်းခြောက်လေ၏။ ဂန္ဓာရမင်းသည် ဤသို့ ခြိမ်းခြောက်သော စကားကိုကြား၍ ကြည့်မျှော်လတ်သော် ရွှေပြားနှင့်တူသော မြတ်သောနဖူးကို မြင်လျှင် မိမိကိုဖမ်းအံ့သည်မှ ကြောက်ရွံ့ထိတ်လန့်ရကား - ထိုအရပ်မှ ပြေး၍ မိမိနေရာ တက္ကသိုလ်ပြည်သို့ သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဂန္ဓရမင်းသည် - ယခုအခါ ပြေးသောပရိဗိုဇ်။

ဗာရာဏသီမင်းသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) စသည်ကိုချီး၊ အထင်ကြီး၊ ချည်းနှီးကြုံးဝါးပေ။

(၂) ဗာရာ့မျက်နှာ၊ မြင်သောခါ၊ ဂန္ဓာပြေးဖူးလေ။

ဒုတိယပလာယိတဇာတ် ပြီး၏။

***

(၂၃၁) ဥပါဟနဇာတ်

မိမိနှင့် ဂုဏ်ပြိုင်သော တပည့်ရှုံး၍ မင်းကြီးအား ဖိနပ်ဥပမာဖြင့် အကြောင်းပြ လျှောက်ထားသော ဆင်ဆရာအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆရာအံတု ပျက်စီးမှု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... ဒေဝဒတ်သည် ဆရာဖြစ်သော မြတ်စွာဘုရားကို စွန့်ပယ်ပြီးလျှင် မြတ်စွာဘုရား၏ ဆန့်ကျင်ဘက်ရန်သူဖြစ်၍ ကြီးစွာသော ပျက်စီးခြင်းသို့ရောက်ရသည်” ဟု စကားစပ်မိ၍ ပြောဆိုကာ နေကြကုန်၏။

ထိုအခါမြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ယခုအခါ၌သာ ဒေဝဒတ်သည် ဆရာဖြစ်သော ငါဘုရားကို စွန့်ပယ်ပြီးလျှင် ဆန့်ကျင်ဘက်ရန်သူဖြစ်၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်သည်မဟုတ်၊ ရှေးအခါ၌လည်း ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဖြူစင်စိတ်ဓာတ် ဆရာမြတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္နဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဆင်ဆရာမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် ဆင်အတတ်ဝယ် အပြီးတိုင်အောင် တတ်မြောက်လေ၏။

ထိုအခါ ကာသိကရွာငယ်တစ်ရွာတွင်နေသော လုလင်ငယ်တစ်ယောက်သည် လာလတ်၍ ဆင်ဆရာထံ၌ အတတ်ပညာကို သင်ယူလေ၏။ အလောင်းတော်တို့ မည်သည်ကား အတတ်ပညာကို သင်ကြားပေးသည်ရှိသော် ဆရာစား အကြွင်ချန်ထားလေ့မရှိကုန်၊ မိမိတို့ တတ်သမျှသော အတတ်ပညာ အလုံးစုံကို အကုန်အစင် သင်ကြားပေးလေ့ရှိကုန်၏။ ထို့ကြောင့် ထိုလုလင်ငယ်သည် ဆင်ဆရာ တတ်သမျှ အတတ်ပညာကို အကုန်အစင် တတ်မြောက်လေ၏။

ဆရာ့ဂုဏ်ကို တုပလို

လုလင်ငယ်သည် ဆင်ဆရာအား - “ဆရာ .. အကျွန်ုပ်သည် မင်းကြီးထံ ခစားလိုပါသည်” ဟု ပြောလျှင် “အမောင် ... ကောင်းပြီ” ဟု ဝန်ခံကာ မင်းကြီးထံ သွားပြီးလျှင် “အရှင် မင်းကြီး ... အကျွန်ုပ်၏ တပည့်သည့် အရှင်မင်းကြီးတို့ထံ၌ ခစားလိုပါသတဲ့” ဟု လျှောက်၏။ “ဆရာ ... ကောင်းပြီ ခစားစေလော” ဟု ပြော၏။ “အရှင်မင်းကြီး ... ထိုလုလင်အား လခရိက္ခာကို သိတော်မူပါ” ဟု မေးလျှောက်၏။ “ဆရာ ထိုလုလင်ကား သင်၏တပည့်ဖြစ်သည်၊ သင်နှင့်တူမျှသော လခရိက္ခာကို ရမည်မဟုတ်၊ သင်တစ်ရာရလျှင် သင့်တပည့်ငါးဆယ်သာ ရလတ္တံ့၊ သင်နှစ်ခုရလျှင် သင့်တပည့် တစ်ခုသာ ရလတ္တံ့” ဟု ပြောလေ၏။

ဆရာသည် အိမ်သို့ပြန်ပြီးလျှင် ထိုအကြောင်းကို တပည့်လုလင်အား ပြောကြားလေ၏။ တပည့်လုလင်သည် ... “ဆရာ ... အကျွန်ုပ်သည် ဆရာတို့နှင့် အတူအမျှ အတတ်ပညာကို တတ်ပါ၏။ တူမျှသော လခရိက္ခာကို အကယ်၍ရပါမူ ခစားပါအံ့၊ မရပါမူ မခစားလိုပါ” ဟု ပြောကြားလေ၏။

ဆရာဥပါယ် နည်းယူဖွယ်

ဆရာသည် မင်းကြီးအား ထိုအကြောင်းကို ကြားလျှောက်ပြန်၏။ မင်းကြီးသည် “ဆရာ ... သင်တို့နှင့်တူမျှသော လခရိက္ခာကို ယူလိုလျှင် သင်တို့နှင့်တူမျှသော အတတ်ပညာကို ပြခြင်းငှာ အကယ်၍စွမ်းနိုင်ပါမူ တူမျှသော လခရိက္ခာကို ရမည်” ဟု ပြန်ကြားလိုက်၏။ ဆရာသည် မင်းကြီး ပြောလိုက်သော အကြောင်းကို တပည့်အား ပြောကြားပြန်လျှင် တပည့်လည်း အတတ်ပညာကို ပြမည်ဟု မင်းကြီးအား လျှောက်ထားစေ၏။ မင်းကြီးလည်း “ကောင်းပြီ နက်ဖြန်ပြကြလော” ဟု အမိန့်ပေးကာ စည်လည်စေ၏။

ထိုအခါ ဆရာသည် “ငါ၏ တပည့်ကား ငါဥပါယ်တံမျဉ်၌ နားလည်သည်ကို မသိလေ” ဟု နှလုံးသွင်းကာ ဆင်တစ်စီးကို ယူပြီးလျှင် တစ်ညဉ့်ချင်းလျှင် ဖောက်ပြန်သော အတတ်ပညာကို သင်ကြားလေ၏။

နက်ဖြန်နေ့ဝယ် လူတို့သည် ဆရာတပည့်နှစ်ယောက် အတတ်ပညာပြသည်ကို ကြည့်ရှုရန် မင်းရင်ပြင်၌ စည်းဝေးကြကုန်၏။ ဆရာသည် မိမိသင်ပြထားသော ဆင်ကိုစီးကာ မင်းရင်ပြင်သို့ သွား၏။ တပည့်လည်း နှစ်သက်ဖွယ်သော ဆင်ကိုစီးကာ မင်းရင်ပြင်သို့ သွား၏။ ထိုအခါ ဆရာတပည့်နှစ်ယောက်တို့သည် အတတ်ပညာကို ပြကြကုန်၏။ ဆရာသည် မိမိဆင်ကို တပည့်အား ပေး၍ ပြစေ၏။

ဆရာတုလေ တပည့်သေ

ထိုဆင်သည် သွားလော့ဆိုသည်ရှိသော် နောက်သို့ဆုတ်၏။ နောက်သို့ဆုတ်လော့ ဆိုသည်ရှိသော် ရှေ့သို့ပြေး၏။ ရပ်လော့ ဆိုသည်ရှိသော် ဝပ်၏။ ဝပ်လော့ ဆိုသည်ရှိသော် ရပ်၏။ ယူလော့ ဆိုသည်ရှိသော် ချလိုက်၏။ ချလော့ဆိုသည်ရှိသော် ယူ၏။

ထိုအခါ လူတို့သည် တပည့်အား “ဟယ် - ပြစ်မှားသော တပည့်ယုတ် ... သင်သည် ဆရာနှင့် တတ်ပညာကို ပြိုင်ခြင်းကို ပြုဘိ၏။ မိမိ၏ပမာဏကိုမသိ၊ ဆရာနှင့် အတတ်ပညာတူသည် မှတ်ထင်သလော” ဟု ငေါက်ငမ်း ဆဲဆိုရေရွတ်ကာ ခဲတုတ် လှံတံ စသည်တို့ဖြင့် ပစ်ခတ်ရိုက်ပုတ်ကြသောကြောင့် ပွဲအလယ်မှာပင် အသက်ကုန်ခြင်းသို့ ရောက်လေ၏။

ဆရာဂုဏ်တက် ချီးမြှောက်လျက်

ဆရာသည် ဆင်ပေါ်မှ ဆင်းသက်ပြီးလျှင် မင်းကြီးထံသို့ ကပ်၍ -

“မြတ်သောမင်းကြီး ... မကောင်းသဖြင့် ချုပ်လုပ်အပ်သော ဖိနပ်သည် ခြေမပူဘဲ ချမ်းသာရန် ဝယ်၍ စိးအပ်သော်လည်း ဝယ်ယူ၍စီးသူ ခြေထောက်ကို ခဲစားကာ ဆင်းရဲကိုပွားစေသကဲ့သို့ မကောင်းသဖြင့် သင်ကြားအပ်သော အတတ်ပညာသည် သင်ကြားထားသူ လူယုတ်မာကို ခံစားကာ ဆင်းရဲကိုပွားစေ” – ဟု ဥပမာ၊ ဥပမေယျဖြင့် အကြောင်းပြကာ လျှောက်ထားလေ၏။ မင်းကြီးလည်း အလွန်နှစ်သက်တော်မူသဖြင့် ဆင်ဆရာအား များစွာသော စည်းစိမ်ကိုပေး၍ ချီးမြှောက်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ တပည့်သည် - ယခုအခါ ဒေဝဒတ်။

ဆင်ဆရာသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ယုတ်မာသူလျှင်၊ ပညာသင်၊ ချမ်းပင်ဆင်းရဲပွား။

(၂) သူတော်ကောင်းလျှင်၊ ပညာသင် ချင်းပင်ချမ်းသာပွား။

(၃) မကောင်းချုပ်မူ၊ ဖိနပ်ဟူ၊ စီးသူခြေကိုစား။

ဥပါဟနဇာတ် ပြီး၏။

***

(၂၃၂) ဝီဏာဂုဏဇာတ်

ယောကျ်ားမြတ် ဥသဘထင်၍ ငကုန်းနှင့်အတူ ထွက်ပြေးရာ ခရီးပန်း၍ ငကုန်းကွေးအိပ်နေမှ နောင်တရ၍ ငိုကြွေးသော သူဌေးသမီး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပညာနည်းပါး မိန်းမများ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်-ယ် သူဌေးသမီး တစ်ယောက်သည် နွားမင်း ဥသဘအး ချီးမြှောက်သည်ကို မြင်လျှင် မိခင်ကို “မိခင် ... ဤနွားကား အဘယ်ကြောင့် ချီးမြှောက်ခြင်းကိုရသနည်း” ဟု ေးမလျှင်၊ “ချစ်သမီး ... နွားမင်း ဥသဘဖြစ်၍ ရပေသည်” ဟု ပြောလေ၏။

ထိုသူဌေးသမီးသည် တစ်နေ့သ၌ နေရာပြာသာဒ်ပေါ်မှ လမ်းခရီးကို ကြည့်လတ်သော် ငကုန်းတစ်ယောက်ကိုမြင်လျှင် နွားမင်းဥသဘမှာ ကျောကုန်းတွင် လဘို့ရှိသည်။ ဤသူလည်း ကျောကုန်း၌ လဘို့ရှိသည်။ လူတို့တွင် ယောကျ်ားဥသဘ ဖြစ်ရာသည်။ ၎င်း၏ခြေက်ရင်း၌ အလုပ်အကျွေး မယားပြုရလျှင် ကောင်းလိမ့်မည်ဟု ကြံစည်ကာ ဥစ္စာကိုယူလျက် မထင်ရှားသောအသွင်ဖြင့် ပြာသာဒ်မှ ဆင်းသက်၍ ငကုန်းနှင့်တကွ ပြေးလေ၏။ ထိုအကြောင်းသည် လူ့ဘောင်တွင် လည်းကောင်း၊ ရဟန်းဘောင်တွင် လည်းကောင်း တစ်နေ့တခြား ထင်ရှားလေ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ထိုအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ .... ဤသူဌေးသမီးသည် ယခုအခါ၌သာ ငကုန်းကို တပ်စွန်းသည်မဟုတ်၊ ရှေးအခါ၌လည်း တပ်စွန်းဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ငကုန်းကိုပင် ဥသဘထင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် နိဂုံးရွာတစ်ခုဝယ် သူဌေးမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် အိမ်ရာတည်ထောင်ကာ သားသမီးများ ပေါက်ဖွားလျက်ရှိလေ၏။

တစ်နေ့သ၌ အရွယ်ရောက်သောသားအတွက် သူဌေးသမီးတစ်ယောက်နှင့် ထမ်းမြားလက်ထပ်ရန် နေ့ရက်ချိန်းချက်ထားလေ၏။ ထိုသူဌေးသမီးသည် မိမိတို့အိမ်ဝယ် နွားမင်း ဥသဘအား ကောင်းစွာချီးမြှောက်ခြင်း၊ မြတ်နိုးခြင်းပြုသည်ကို မြင်လတ်သော် “အဘယ်ကြောင့် ဤသို့ပြုသနည်း” ဟု စုံစမ်းမေးမြန်းရာ နွားမင်းဥသဘဖြစ်၍ ပြုကြောင်း သိလေ၏။

ထိုအခါ ခရီးလမ်းအလယ်ဖြင့်သွားနေသော ငကုန်းတစ်ယောက်ကိုမြင်လျှင် ငါတို့အိမ်က နွားမင်းဥသဘတွင် လဘို့ရှိသည်။ ဤသူလည်း ကျောကုန်းတွင် လဘို့ရှိ၍ ယောကျ်ားဥသဘ ဖြစ်ပေလိမ့်မည်ဟု ကြံစည်ကာ ဥစ္စာကိုယူ၍ မထင်ရှားသောအသွင်ဖြင့် ငကုန်းနှင့်တကွ ပြေးလေ၏။ သားရှင်ဖြစ်သော နိဂုံူသူဌေးသည် သူဌေးသမီးကို ဆောင်ယူမည်ဟု အခြံအရံများစွာဖြင့် ဗာရာဏသီပြည်သို့ သွားသည်ရှိသော် ငကုန်းနှင့် ထိုသူဌေးသမီးကို ပြေးရာလမ်းဖြင့်ပင် သွားမိလေ၏။

ကျိုးကြောင်းပြောပြ ပြန်ခေါ်ရ

ငကုန်းနှင့် သူဌေးသမီးတို့သည် တစ်ညဉ့်လုံး သွားကြကုန်၏။ ငကုန်းသည် ခရီးပန်းကာ လေနာထ၍ သည်းထန်စွာသော ဆင်းရဲဝေဒနာသို့ရောက်လျက် အညှို့ပြတ်ပြီးသော စောင်းကဲ့သို့ ကွေးလျက်အိပ်၏။ သူဌေးသမီးလည်း ငကုန်း၏ ခြေက်ရင်း၌ နေလေ၏။

နိဂုံးသူဌေးသည် တဖြည်းဖြည်းလာ၍ ၎င်းနှစ်ယောက်တို့နှင့်ဆုံမိရာ ငကုန်း ခြေက်ရင်း၌နေသော သူဌေးသမီးကို မြင်လျှင် အနီးသို့ကပ်ကာ -

“ချစ်သမီး ... ဤငကုန်းနှင့် လိုက်လာသောအမှုကား သင်တစ်ယောက်တည်းသာ ကြံစည်အပ်သော အမှုဖြစ်လိမ့်မည်။ ဤမိုက်သော ငကုန်းကား ယောကျ်ားဥသဘ မဟုတ်၊ ချစ်သမီး ... သင်ကား ပုကွသော ငကုန်းနှင့် ပေါင်းဖော်နေခြင်းငှာ မသင့်လျော်မထိုက်တန်ပေ” – ဟု သူဌေးသမီးကို ပြောလေ၏။

သူဌေးသမီးလည်း နိဂုံးသူဌေးကားကို ကြားလျှင် -

“အရှင် ... အကျွန်ုပ်တို့အိမ်မှာ နွားတို့၏ အကြီးအမှူးဖြစ်သော နွားမင်းဥသဘမှာ ကျောကုန်းတွင် လဘို့ရှိ၏။ ဤသူလည်း ကျောကုန်းတွင် လဘို့ ရှိသဖြင့် လူတို့၏ အကြီးအမှူး ယောကျ်ားဥသဘ ဖြစ်ပေလိမ့်မည်ဟု မှတ်ထင်ကာ တပ်စွန်းမိပါ၏။ ထိုငကုန်းကား ယခုအခါ အညှို့ပြတ်ပြီးသော စောင်းကဲ့သို့ ခွေလျက်အိပ်ပါ၏” –

ဟု ပြန်၍ပြောလေ၏။ ထိုအခါ နိဂုံးသူဌေးသည် ဤသူဌေးသမီးကား မသိမလိမ္မာသည်၏ အဖြစ်ကြောင့် အိမ်မှထွက်ကာ ငကုန်းနှင့် လိုက်လာသည်၏ အဖြစ်ကိုသိလေလျှင် သူဌေးသမီးကို ရေချိုးစေပြီးလျှင် တန်ဆာဆင်အပ်သော ရထား၌တင်ကာ အိမ်သို့သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သူဌေးသမီးသည် - ယခုအခါ သူဌေးသမီး။

ဗာရာဏသီ နိဂုံးသူဌေးသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိန်းမဓမ္မတာ၊ မလိမ္မာ၊ ပညာနည်းလှအင်။

(၂) နွားဥသဘနှုန်း၊ ကျောဖုလုံး၊ ငကုန်းအမြတ်ထင်။

ဝီဏဂုဏဇာတ် ပြီး၏။

***

(၂၃၃) ဝိကဏ္ဏကဇာတ်

စည်သဖြင့် စုဝေးလာရောက်သော ငါးတို့ကို စားသောက်ခုံမင်၍ မြားစူးဝင်ခံရသော မိကျောင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကာမစူးဝင် မြားအသွင်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကာမဂုဏ်ကြောင့် သာသနာတော်မှ ငြီးငွေ့ပျင်းရိသော ရဟန်းတစ်ပါး ရှိလေ၏။

ထိုရဟန်းကို ရဟန်းတို့သည် မြတ်စွာဘုရားထံ ဆောင်ယူ၍သွားကာ ထိုအကြောင်းကို လျှောက်ထားကြသဖြင့် သိတော်မူလျှင် “ချစ်သားရဟန်း ... ကာမဂုဏ်မည်သည်ကား အရွက်မရှိသော မြားနှင့်တူသည်၊ တစ်ကြိမ် စိတ်နှလုံး၌ တည်ရာရသည်ရှိသော် အရွက်မရှိသောမြားကဲ့သို့ စူးဝင်တတ်သည်။ အရွက်မရှိသောမြားသည် မိကျောင်းကိုစူး၍ သေစေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

စည်သံနှစ်ခြိုက် ငါးတစ်သိုက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဘုရားအလောင်းသည် တရားသဖြင့် မင်းပြုသည်ရှိသော် တစ်နေ့သ၌ ဥယျာဉ်တော်သို့ထွက်၍ ကစကားရာ ရေကန်နားသို့ရောက်လေ၏။ ကချေသည်၊ သီချင်းသည်တို့သည် ကကုန်၊ သီဆိုကုန်လတ်သော် ရေကန်၌ရှိသော ငါးလိပ်တို့သည် သီချင်းသံ၌ တပ်စွန်းကြသောကြောင့် စုရုံးကာ မင်းကြီးနှင့် အတူတကွ လိုက်ကြကုန်၏။

မင်းကြီးသည် ငါးတို့ကိုမြင်လျှင် “ငါးတို့သည် ငါနှင့်အတူတကွ အဘယ့််ကြောင့် လိုက်ကြသနည်း” ဟု အမတ်တို့ကို မေးလျှင် အမတ်တို့သည် “အရှင်မင်းကြီးကို ခစားကြသည်” ဟု လျှောက်ထားကြကုန်၏။ မင်းကြီးသည် နှစ်သက်၍ ငါးတို့အား ထမင်းဝတ်ကို တည်စေ၏။ နေ့တိုင်း၊ နေ့တိုင်း *တစ်အမ္ဗဏမျှသော ဆန်ကိုချက်၍ ကျွေးကြရကုန်၏။

ထမင်းကျွေးသောအခါ တချို့ငါးတို့သည် လာကုန်၏။ တချို့ငါးတို့သည် မလာကုန်။ သို့အတွက် ထမင်းသည် ပျက်စီးလေ၏။ ထိုအကြောင်းကို မင်းကြီးအား လျှောက်ထားလေလျှင် မင်းကြီးသည် ထမင်းကျွေးသောသူတို့အား ထမင်းကျွေးသောအခါ စည်ကိုတီးကြရမည်။ စည်သံအမှတ်ဖြင့် ငါးတို့ စည်းဝေးသောအခါ ကျွေးကြရမည်ဟု အမိန့်ပေးလေ၏။ မင်းချင်းတို့လည်း မင်းကြီး အမိန့်အတိုင်းပြု၍ ကျွေးကြရကုန်၏။

*တစ်အမ္ဗဏ - တစ်ဆယ့်တစ်စိတ်ဝင်သော၊ အမ္ဗဏဟုခေါ်သော ဇလားတစ်ခု။

ငါးကိုခုံမင် မြားစူးဝင်

စည်သံဖြင့် ငါးတို့စည်းစေး၍ စားကုန်လတ်သော် မိကျောင်းတစ်ကောင်သည် လာလတ်၍ ငါးတို့ကိုစားလေ၏။ မင်းချင်းတို့လည်း ငါးတို့ကို မိကျောင်းတစ်ကောင်လာ၍စားကြောင်းကို လျှောက်ထားကြပြန်လျှင် မင်းကြီးသည် မင်းချင်းတို့အား - “အမောင်တို့ ... မိကျောင်းလာသောအခါ အရွက်မတပ်သော မြားဖြင့် ပစ်၍ဖမ်းကြကုန်” ဟု အမိန့်ပေးလေ၏။

မင်းချင်းတို့လည်း လှေ၌စီး၍ မိကျောင်းလာသောအခါ အရွက်မတပ်သောမြားဖြင့် ပစ်ကြ၏။ မြားသည် မိကျောင်းကိုမှန်၍ ကျောတွင် စူးဝင်လေ၏။ မိကျောင်းလည်း မြင်းထန်သော ဒေဝနာသို့ရောက်၍ မြားတန်းလန်းနှင့် ပြေးလေ၏။ မင်းချင်းတို့သည် မိကျောင်းကို မြားစူးသည်ကိုသိလျှင် မိကျောင်းကိုခေါ်၍ -

“ဟယ် - မိကျောင်း ... သင်ကား စင်စစ်သဖြင့် ပြေးလိုရာသို့ ပြေးနိုင်၏။ ဤအရပ်၌ အရွက်မတပ်သော မြားသည် သင်၏ကျောတွင် စူးဝင်လေ၏။ သင်ကား လျှပ်ပေါ်လော်လည်ကာ ထမင်းစားလာသော ငါးတို့ကိုလိုက်၍စားသောကြောင့် ကောင်းစွာတီးမှုတ်၍ ကျွေးအပ်သော ထမင်းသည် သင့်ကိုသတ်ဘိ၏” – ဟု ပြောဆိုကြကုန်၏။ မိကျောင်းလည်း မိမိနေရာသို့ သွားကာ အသက်ကုန်ခြင်းသို့ ရောက်လေ၏။

ဥပမာပြ တရားရ

မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူသောအခါ အတိတ်ဖြစ်သော ဤသို့သောအကြောင်းကို ပြတော်မူပြီး၍ -

“ရဟန်းတို့ ... ငါးတို့ကို လိုက်၍စားသော မိကျောင်းသည် ပျက်စီးခြင်းသို့ ရောက်သကဲ့သို့ ထို့အတူ ကာမဂုဏ်ငါးပါး၌ ကျရောက်၍ ကိလေသာ၏ အစွမ်းဖြင့် စိတ်အလိုသို့ လိုက်သောသူကား ဆွေမျိုးအပေါင်းတို့အလည်တွင် ပင်ပန်းဆင်းရဲရ၏” – ဟု ဟောတော်မူ၏။ ဤဒေသနာတော်ကို ဟောတော်မူပြီး၍ သစ္စာကိုပြသည်၏ အဆုံး၌ ငြီးငွေ့ပျင်းရိသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မိကျောင်းသည် - ယခုအခါ ဒေဝဒတ်။

ငါးအပေါင်းသည် - ဘုရားပရိသတ်။

ဗာရာဏသီမင်းသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကာမဂုဏ်တဲ့၊ ဆင်းရဲချဲ့၊ ရွက်မဲ့မြားပမာ။

(၂) ရွက်မဲမြားထူး၊ မိကျောင်းစူး၊ သေဖူးနိပါတ်လာ။

ဝိကဏ္ဏကဇာတ် ပြီး၏။

***

(၂၃၄) အသိတာဘူဇာတ်

မိမိကိုပစ်၍ ကိန္နရီမနောက်ကိုလိုက်သော မင်းသားအား အချစ်ကိုဖြတ်၍ မိမိအကျိုးစီးပွားကို ရှာမှီးသော အသိတာဘူမင်းသမီး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကိုယ်ကျိုးရှာသူ အသိတာဘူ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်ဝယ် အဂ္ဂသာဝကနှစ်ပါးတို့ အလုပ်အကျွေးအိမ်၌ သတို့သမီးတစ်ယောက်သည် အလွန်အဆင်းလှ၏။ တင့်တယ်စံပယ်ခြင်းသို့ရောက်၏။

ထိုသတို့သမီးသည် အရွယ်ရောက်သောအခါ ထိမ်းမြားလက်ထပ်၍ လင်အိမ်သို့ ရောက်သည်ရှိသော် - လင်ယောကျ်ားသည် သတို့သမီးကို အနည်းငယ်မျှ ချစ်ခင်မြတ်နိုးခြင်းမရှိ၊ တစ်ပါးသောမိန်းမကို ချစ်ခင်မြတ်နိုးလျက် စိတ်အလိုသို့ လိုက်၍သာနေ၏။

သတို့သမီးသည် မိမိအပေါ်မှာ မရိုမသေကျင့်သော လင်ယောကျ်ားကို မရေတွက်ဘဲ အဂ္ဂသာဝကနှစ်ပါးတို့ကို ပင့်ဖိတ်ကာ အလှူပေး၍ တရားနာသည်ရှိသော် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုအခါမှစ၍ မဂ်ဖိုလ်ချမ်းသာဖြင့်သာ အချိန်ကို ကုန်လွန်စေ၏။ တစ်နေ့သ၌ မိဘတို့ကို ခွင့်ပန်ကာ ရဟန်းပြု၍ မကြာမီ အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုသတို့သမီး၏ အကြောင်းသည် သံဃာ့ဘောင်၌ ထင်ရှားလေ၏။

ထိုအခါ တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... ဤမည်သော သတို့သမီးသည် လင်အလိုမရှိသည်ကို ဂရုမစိုက်ဘဲ မိမိအကျိုးစီးပွားကို ရှားမှီးတတ်သည်” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူသောအခါ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ဤသတို့သမီးကား ယခုအခါ၌သာလျှင် မိမိအကျိုးစီးပွားကို ရှားမီးတတ်သည်မဟုတ်၊ ရှေးအခါ၌လည်း ရှာမှီးတတ်သည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

တဏှာနောက်လိုက် မင်းသားမိုက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် အရွယ်ရောက်လတ်သော် ရသေ့ရဟန်းပြုကာ အဘိညာဉ်၊ သမာပတ်တို့ကို ဖြစ်စေလျက် ဟိမဝန္တာအရပ်တွင် နေလေ၏။

ထိုအခါ ဗာရာဏသီ မင်းကြီးသည် မိမိ၏ သားတော်ဗြဟ္မဒတ်မင်းသားကို အခြံအရံနှင့် ပြည့်စုံသည်ကိုမြင်လျှင် ထီးနန်းစည်းစိမ်ကို လုယူလိမ့်မည်ဟု ယုံမှားသံသယရှိသဖြင့် တိုင်းနိုင်ငံမှ နှင်ထုတ်လိုက်၏။ ဗြဟ္မဒတ်မင်းသားသည် အသိတာဘူ မည်သော မိမိမယား မင်းသမီးကို ယူဆောင်၍ ဟိမဝန္တာသို့ဝင်ပြီးလျှင် ငါး၊ အမဲ၊ သစ်သီးကြီးငယ်စသည်တို့ကို စားသောက်၍ အသက်မွေးကာ သစ်ရွက်မိုးဇရပ်ဆောက်လုပ်လျက် နေလေ၏။

မင်းသားသည် ကိန္နရီမတစ်ကောင်ကိုမြင်လျှင် တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ မယားပြုမည်ဟု အသိတာဘူ မင်းသမီးကို အနည်းငယ် မရေတွက်တော့ဘဲ ခြေရာခံကာ ကိန္နရီမ၏နောက်သို့လိုက်လေ၏။ အသိတာဘူ မင်းသမီးမြင်လျှင် ဤမင်းသားကား ငါ့ကို မရေတွက်တော့ဘဲ ကိန္နရီမနောက်သို့လိုက်၏။ ဤမင်းသားဖြင့် ငါ့အား ဘယ်အကျိုးရှိအံ့နည်းဟု တပ်စွန်းခြင်းကင်းသောစိတ်ရှိသည်ဖြစ်၍ ရသေ့ထံကပ်၍ ကသိုဏ်းပရိကံ ပွားများနည်းကိုယူပြီးလျှင် ပွားများအားထုတ်ကာ အဘိညာဉ်၊ သမာပတ်ကို ဖြစ်စေလျက် ရသေ့ကိုရှိခိုး၍ ပြန်လာကာ မိမိဇရပ်တွင် နေလေ၏။

ကိလေစွဲလှ ပူဆွေးရ

ဗြဟ္မဒတ် မင်းသားလည်း တဖြည်းဖြည်း ပျောက်ကွယ်ကာ မလိုက်တတ်တော့ဘဲ ကိန္နရီမ၌ အာသာဖြတ်ကာ မိမိဇရပ်သို့ ရှေးရှုပြန်လာ၏။ အသိတာဘူ မင်းသမီးမြင်လျှင် ကောင်းကင်သို့ ပျံတက်၍ရပ်လျက် -

“အရှင့်သား ... သင်သည်ပင်လျှင် ငါ၏စျာန်ချမ်းသာကို ပြုလုပ်ပေးပေ၏။ သင့်အပေါ်၌ တပ်စွန်းသော ငါ၏ကာမသည် ကင်းပျောက်လေပြီ၊ လွှဖြင့် ဖြတ်ထားသော ဆင်စွယ်ကဲ့သို့ သင့်အပေါ်၌ တပ်စွန်းကာ တစ်ဖန်စေ့စပ်ခြင်း မရှိတော့ပြီ” – ဟု တရားဟောလေ၏။ ဤသို့ တရားဟောပြီးလျှင် မင်းသား မြင်စဉ်လျှင်ပျံ၍အရပ်တစ်းပါးသို့ သွားလေ၏။ ဗြဟ္မတ် မင်းသားသည် အသိတာဘူမင်းသမီး သွားသောကာလ၌ ငိုကြွေးလျက် -

“ငါသည် အသိတာဘူမင်းသမီးမှ ဆုတ်ယုတ်သကဲ့သို့ ထိုထိုအာရုံသို့လိုက်ကာ အလွန်အလိုကြီးသောသူသည် တပ်စွန်းသော လောဘကြောင့် လည်းကောင်း၊ ထောင်လွှားသော မာနကြောင့် လည်းကောင်း၊ မိမိအကျိုးစီးပွားမှ ဆုတ်ယုတ်ရ၏” – ဟု ငိုကြွေးမြည်တမ်း၍ တစ်ယောက်ထီးတည်းသာ တော်၌နေပြီးလျှင် အဖ မင်းကြီး သေလွန်သောအခါ မင်းအဖြစ်ကို ရလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ ... ထိုအခါ မင်းသားမင်းသမီးတို့သည် - ယခုအခါ လင်မယား။ · ရသေ့သည် - ငါဘုရားဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကာမဂုဏ်ဆိုး၊ လိုက်သူမျိုး၊ ကိုယ်ကျိုးဆုတ်ယုတ်ရာ။

(၂) မလိုက်သူမျိုး၊ ကိုယ့်အကျိုး၊ ရရိုးဧကန်သာ။

အသိတာဘူဇာတ် ပြီး၏။

***

(၂၃၅) ဝစ္ဆနခဇာတ်

ဗာရာဏသီသူဌေးက စည်းစိမ် တစ်ဝက်ပေး၍ ကာမဂုဏ်ဖြင့် ဖိတ်ကြားသည်ကို လက်မခံဘဲ ကာမဂုဏ် အပြစ်ပြ၍ ဆုံးမသော ဝစ္ဆနခရသေ့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိတ်ဆွေကျင့်ဝတ် မယွင်းချွတ်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရောဇမည်သော မလ္လာမင်းသည် ရှင်အာနန္ဒာ လူဖြစ်စဉ်က အဆွေခင်ပွန်း ဖြစ်လေ၏။

တစ်နေ့သ၌ ရောဇမလ္လာမင်းသည် ရှင်အာနန္ဒာ ကြွလာစိမ့်သောငှာ သတင်းစကား မှကြားကာ ပင့်လျှောက်လိုက်၏။ ရှင်အာနန္ဒာလည်း မြတ်စွာဘုရားထံ ပန်ကြား၍ သွားလေ၏။ ရောဇမလ္လာမင်းသည် ရှင်အာနန္ဒာကြွလာလျှင် အထူးထူးသော ဘောဇဉ်ခဲဖွယ်တို့ကို လှူဒါန်းလျက် ဆွမ်းဘုဉ်းပေးစေပြီးလျှင် “အရှင်ဘုရား .. အကျွန်ုပ်မှာ သက်ရှိသက်မဲ့ ဥစ္စာရတနာများစွာ ရှိပါသည်။ ထက်ဝက်ခွဲ၍ ပေးပမည်၊ လူထွက်ခဲ့ပါ၊ အိမ်၌ ပျော်ပျော်ပါးပါး ကာမဂုဏ် ခံစားကာ နေကြမည်” ဟု လူတို့၏ စည်းစိမ်ဖြင့် လည်းကောင်း၊ ကာမဂုဏ်ငါးပါးဖြင့် လည်းကောင်း ဖိတ်လေ၏။ ရှင်အာနန္ဒာလည်း ကာမဂုဏ်၏ အပြစ်ကိုဟောပြီးလျှင် ကျောင်းသို့ပြန်လေ၏။

မြတ်စွာဘုရားသည် အာနန္ဒာအား ရောဇမလ္လာမင်း၏ အကြောင်းကို မေးတော်မူလျှင် ရှင်အာနန္ဒာသည် “အရှင်ဘုရား ... ရောဇမလ္လာမင်းသည် အိမ်ထောင်ခြင်းဖြင့် ဖိတ်မံသည့်အတွက် ၎င်းအား အိမ်ရာထောင်ခြင်း၌ လည်းကောင်း၊ ကာမဂုဏ်၌ လည်းကောင်း အပြစ်ကိုဟောခဲ့ရကြောင်း” လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “အာနန္ဒာ ... ရောဇမလ္လာမင်းသည် ယခုအခါ၌သာ ရဟန်းတို့ကို အိမ်ရာထောင်ခြင်းဖြင့် ဖိတ်မံသည်မဟုတ်၊ ရှေးအခါ၌လည်း ဖိတ်မံခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကာမဂုဏ်တွက် ဖိတ်မံချက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် နိဂုံးရွာ တစ်ခုတွင် ပုဏ္ဏားမျိုး၌ဖြစ်၍ အမည်အားဖြင့် ဝစ္ဆနခမည်၏။ အရွယ်ရောက်လတ်သော် ရသေ့ရဟန်းပြု၍ ဟိမဝန္တာအရပ်၌ ကြာမြင့်စွာ နေလေ၏။

တစ်နေ့သ၌ ချဉ်ဆားမှီဝဲရန် ဟိမဝန္တာအရပ်မှာ သွားသည်ရှိသော် ဗာရာဏသီပြည်သို့ရောက်၍ မင်းဥယျာဉ်၌ နေလျက် နက်ဖြန်မြို့တွင်းသို့ ဆွမ်းခံဝင်လေ၏။ ထိုအခါ ဗာရာဏသီသူဌေးသည် ရသေ့၏ ငြိမ်သက်သော ဣရိယာပုတ်ကိုမြင်၍ ကြည်ညိုသဖြင့် အ်ိမ်သို့ပင့်ကာ ဆွမ်းလုပ်ကျွေးပြီးလျှင် နေ့စဉ်အိမ်သို့ကြွကာ ဆွမ်ဘုဉ်းပေး၍ ဥယျာဉ်တော်၌သာနေရန် လျှောက်ထားလေ၏။ ထိုအခါမှစ၍ ရသေ့နှင့် သူဌေးတို့သည် အချင်းချင်း ချစ်ကျွမ်းဝင်ကြကုန်၏။

တစ်နေ့သ၌ သူဌေးသည် ရသေ့ကြွလာသောအခါ အလွန်ချစ်ကျွမ်းဝင်သဖြင့် “ရဟန်းအဖြစ်မည်သည်သား အလွန်ဆင်းရဲငြိုငြင်၏။ ငါအဆွေ ဝစ္ဆနခရသေ့အား လူထွက်စေ၍ စည်းစိမ်ဥစ္စာအလုံးစုံကို ထက်ဝက်ခွဲပေးပြီးလျှင် ငါတို့နှစ်ယောက် စည်းစိမ်ခံစားလျက် အညီအညွတ် အတူတကွ နေမည်” ဟု ကြံစည်နှလုံးသွင်းကာ ရသေ့ဆွမ်းဘုဉ်းပေးပြီးသောအခါ အနည်းငယ် လောကွတ်ပျူငှာစကား ပြောဆို၍ ရသေ့အား -

“အရှင်ဝစ္ဆနခ” ... ရဟန်းဘောင်က လူထွက်ပြီးလျှင် ရတနာခုနစ်ပါး၊ စားဖွယ်သောက်ဖွယ်တို့နှင့် ပြည့်စုံသောအိမ်မှာ လုံ့လမပြုဘဲ စားကာ၊ သောက်ကာ နေလှည့်ပါလော့၊ ရတနာခုနစ်ပါး စားဖွယ် သောက်ဖွယ်နှင့် ပြည့်စုံသောအိမ်မှာ နေရခြင်းကား အလွန်ချမ်းသာလှ၏” – ဟု အိမ်ရာထောင်ခြင်းဖြင့် ဖိတ်မံလေ၏။

အိမ်ထောင်ပြစ်ပြ ဆိုဆုံးမ

ရသေ့သည် ဗာရာဏသီသူဌေး၏။ စကားကိုကြားလျှင် “သူဌေးကြီး ... သင်ကား မသိ၍ ကာမဂုဏ်၌ မက်မောသည့် အဖြစ်ကြောင့် အိမ်၌နေရခြင်း ကျေးဇူးကို ပြောဆိုဘိသည်။ သင့်အား ငါသည် အိမ်၌နေရခြင်း၏ ကျေးဇူးမဲ့ကို ပြောဆိုမည် နားထောင်လော့” ဟု တိုက်တွန်းကာ -

“သူဌေးကြီး ... အမှုကိစ္စတို့၌ အမြဲမပြတ် လုံ့လမပြုသူ၏အိမ်ကား မတည်တံ့နိုင်၊ ပစ္စည်းဥစ္စာအတွက် မုသားမဆိုသော သူ၏အိမ်ကား မတည်တံ့နိုင်၊ သူတစ်ပါးတို့အား နှိပ်စက်ညှဉ်းဆဲခြင်းကို မပြုသူ၏ အိမ်ကား မတည်တံ့နိုင်၊ ဤသို့အပေါက်ရှိ၍ ဖြစ်နိုင်ခဲသော သဘောရှိသောအိမ်ကို အဘယ်သူအုပ်စိုး၍ နေလိုမည်နည်း” – ဟု သူဌေးကြီးအား အိမ်၌နေရခြင်း၏ ကျေးဇူးမဲ့ကို ပြောဆိုပြီးလျှင် ဥယျာဉ်နေရခြင်း၏ ကျေးဇူးမဲ့ကို ပြောဆိုပြီးလျှင် ဥယျာဉ်သို့သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ ... ထိုအခါ ဗာရာဏသီသူဌေးသည် - ရောဇမည်သော မလ္လာမင်း။ · ဝစ္ဆနခရသေ့သည် - ငါဘုရားဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) လုံ့လမဲ့စွာ၊ ပျင်းသူမှာ၊ အိမ်ရာမတည်နိုင်။

(၂) မုသားကိုကြဉ်၊ သစ္စာယှဉ်၊ အိမ်ပင်တည်နိုင်။

(၃) နှိပ်,ညှဉ်းမမူ၊ ပျော့နုသူ၊ အိမ်မူမတည်နိုင်။

ဝစ္ဆနခဇာတ် ပြီး၏။

***

(၂၃၆) ဗကဇာတ်

အိုင်ကြီး၏ကမ်းစပ်၌ ဦးခေါင်းကိုငုံ့ကာ အလွန်နူးညံ့သိမ်မွေ့သည့် အဟန်ကိုဆောင်လျက် ငါးတို့ကိုစားရန် ချောင်းမြောင်း ကြည့်ရှုနေသော ဗျိုင်းစဉ်းလဲအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အံ့ဖွယ်ပြုငြား ရဟန်းတစ်ပါး

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် အံ့ဖွယ်သရဲကို ပြုလုပ်ကာ နေလေ၏။

ရဟန်းတို့သည် ထိုရဟန်းအကြောင်းကို မြတ်စွာဘုရားထံသို့ ဆောင်ယူ၍လာကြရာ ထိုအကြောင်းကို မြတ်စွာဘုရားသိတော်မူလျှင် “ရဟန်းတို့ ... ဤရဟန်းသည် ယခုအခါ၌သာ အံ့ဖွယ်သရဲကို ပြုလုပ်တတ်သည်မဟုတ်၊ ရှေးအခါအခါ၌လည်း အံ့ဖွယ်သရဲကို ပြုလုပ်ခဲ့သည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သူတော်ကောင်းယောင် ဗျိုင်းဟန်ဆောင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဟိမဝန္တာအရပ် အိုင်ကြီးတစ်ခုတွင် ငါးမင်းဖြစ်၍ များစွာသော အခြံအရံဖြင့် နေ၏။

ထိုအခါ ဗျိုင်းတစ်ကောင်သည် ငါးတို့ကိုစားမည်ဟု ကြံစည်လျက် အိုင်ကြီး၏ကမ်းစပ်၌ ဦးခေါင်းကိုငုံ့ကာ အတောင်တို့ကိုဖြန့်၍ အလွန်နူးညံ့သိမ်မွေ့သော အဟန်ကို ဆောင်လျက် ငါးတို့ကို ကြည့်ရှုပြီးလျှင် ငါးတို့အမေ့ကို စောင့်ဆိုင်းကာ နေလေ၏။

ငါးမင်းပြောမှ ရိပ်မိကြ

ငါးမင်းသည် ငါးအပေါင်းခြံရံကာ လှည့်လည်လျက် အစာရှာဖွေ ကျက်စားလတ်သော် ထိုဗျိုင်းနေရာ အရပ်သို့ ရောက်လေ၏။ ငါးတို့သည် ဗျိုင်းကိုမြင်လျှင် -

“အချင်တို့ ... ကြာဖြူအဆင်းနှင့် တူသော အတောင်ရှိသော ဤငှက်ကား ငြိမ်းချမ်းသော အတောင်တို့ဖြင့် ကောင်းလေစွတကား၊ နူးညံ့သိမ်မွေ့သော အဟန်ဖြင့် မှိုင်လျက်နေဘိ၏” – ဟု ချီးကျူးကြကုန်၏။ ထိုအခါ ငါးမင်းသည် ဗျိုင်းကို ကြည့်ရှုပြီးလျှင် -

“အချင်းတို့ ... သင်တို့ကား ထိုဗျိုင်း၏ အကျင့်သီလကိုမသိကုန်ဘဲလျက် ချီးမွမ်းကြ၏။ ထိုဗျိုင်းကား ငါးတို့ကို စောင့်ရှောက်နေသည် မဟုတ်၊ ထို့ကြောင့် ငြိမ်ငြိမ်သက်သက်နေဘိ၏” ဟု ဆိုသည်ရှိသော် ငါးအပေါင်းတို့သည် ရေကို ချောင်ချားစေပြီးလျှင် ပြေးကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗျိုင်းသည် - ယခုအခါ အံ့ဖွယ်သရဲကို ပြုလုပ်သောရဟန်း။

ငါးမင်းသည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကောက်ကျစ်စဉ်းလဲ၊ လိမ်ဖို့နည်း၊ အမြဲအံ့ဖွယ်ပြု။

(၂) ငါးတွေကိုချိန်၊ ဥဗျိုင်းလိမ်၊ ငြိမ်ဟန်စောင့်ဟန်ပြု။

ဗကဇာတ် ပြီး၏။

***

(၂၃၇) သာကေတဇာတ်

ဘဝပေါင်း တစ်ထောင့်ငါးရာစီ ဆွေမျိုးတော်စပ်ခဲ့ဖူး၍ မြင်လျှင်မြင်ချင်း ဘုရားကို ချစ်ခင်ကြည်ညိုသော သာကေတ ပုဏ္ဏားလင်းမယား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပေါင်းသင်းနေရေး အချစ်ဆေး

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာကေတပုဏ္ဏားကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

[ဤဇာတ်၌ ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္ထုတို့ကို ဧကကနိပါတ်၌ ပြဆိုခဲ့ပြီ။]

အတိတ်ဝတ္ထု

ချစ်ကြည်ညိုရေး အကြောင်းမေး

အထူးအားဖြင့် မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူ၍ ကျောင်းဦးသို့ ကြွတော်မူသောအခါ ရဟန်းတို့သည် မြတ်စွာဘုရားကို -

“အရှင်ဘုရား ... လောကမှာ တချို့ပုဂ္ဂိုလ်တို့၌ မြင်ကာမျှဖြင့်သာလျှင် စိတ်နှလုံးသည် အလွန်ငြိမ်းချမ်း၏။ အလွန်ကြည်ညို၏။ ထိုသို့ဖြစ်ရခြင်းမှာ အကြောင်းအဘယ်သို့ရှိပါသနည်း” – ဟု ချစ်ခင်းကြည်ညိုခြင်း၏ အကြောင်းကို မေးမြန်းလျှောက်ထားကြကုန်၏။

ကြောင်းနှစ်ခုပေ ဘုရားဖြေ

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား -

“ရဟန်းတို့ ... ကြာပန်းသည် လည်းကောင်း၊ တခြားပန်းသည် လည်းကောင်း၊ ရေထဲ၌ဖြစ်လတ်သော် ရေ၊ ညွန်ဟူသော နှစ်ပါးသောအကြောင်းကိုမှီ၍ ဖြစ်ရသကဲ့သို့ ထို့အတူ ချစ်ခြင်းဖြစ်သည်ရှိသော် ရှေးဘဝ၌ အတူတကွနေဖူခြင်း၊ ယခုဘဝ၌ အကျိုးစီးပွား ဆောင်ရွက်ခြင်း၊ ဤအကြောင်း နှစ်ပါးကိုမှီ၍ ချစ်ခင်ကြည်ညိုခြင်း ဖြစ်ရ၏” – ဟု ချစ်ခင်ကြည်ညိုခြင်း၏ အကြောင်းနှစ်ပါးကို ဖြေကြားတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -

ထိုအခါ ပုဏ္ဏား၊ ပုဏ္ဏေးမတို့သည် - ယခုအခါ ပုဏ္ဏား၊ ပုဏ္ဏေးမ။

သားသည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရှေးရှေးဘဝ၊ နေဖူးက၊ မုချချစ်ကြည်မြဲ။

(၂) ယခုဘဝ၊ ကျိုးဆောင်က၊ မုချချစ်ကြည်မြဲ။

(၃) ချစ်ကြည်ညိုရာ၊ ကြောင်းနှစ်ဖြာ၊ မှတ်ပါနှလုံးစွဲ။ သာကေတဇာတ် ပြီး၏။

***

(၂၃၈) ဧကပဒဇာတ်

အကျိုးစီးပွားများကြောင်းနှင့် စပ်သော စကားလုံးတစ်လုံးကား အဘယ်နည်းဟု သားကမေး၍ ဝီရိယပင်တည်းဟု ဖခင်က ဖြေဆိုခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

စီးပွားကိုမေး သူငယ်ကလေး

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်ဝယ် သူကြွယ်တစ်ယောက် ရှိလေ၏။

ထိုသူကြွယ်ကား တစ်နေ့သ၌ ရင်ခွင်၌နေသော သားငယ်သည် အကျိုးစီးပွားဖြစ်ခြင်း အကြောင်းတရားကိုမှီသော ပြဿနာကို မေးလေ၏။ မေးသောပြဿနာကား ဘုရားတို့ အရာသာ ဖြစ်သည်။ တစ်ပါးသောသူ ဖြေဆိုခြင်းငှာ မစွမ်းနိုင်လတ္တံ့ဟု နှလုံးသွင်းကာ သားငယ်ကိုခေါ်၍ ဇေတဝန်ကျောင်းတော်သို့ သွားလျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် “အရှင်ဘုရား ... ဤသူငယ်သည် အကျွန်ုပ်၏ ရင်ခွင်၌နေလျက် အကျိုးစီးပွားဖြစ်ခြင်း အကြောင်းကိုမှီသော ပြဿနာကို မေးပါ၏။ ထိုပြဿနာကိုမသိ၍ အရှင်ဘုရားထံ လာပါ၏ ဖြေတော်မူပါ” ဟု လျှောက်ထားလေ၏။

မြတ်စွာဘုရားသည် “ဒါယကာ ... ဤသူငယ်ကား ယခုအခါ၌သာလျှင် အကျိုးစီးပွားကိုရှာသည်မဟုတ်၊ ရှေးအခါ၌လည်း အကျိုးစီးပွားကိုရှာသည်ဖြစ်၍ ပညာရှိတို့ကို မေးဖူး၏။ ပညာရှိတို့သည် ထိုသူငယ်အား ဖြေဆိုဖူးကုန်၏။ သို့သော်လည်း ဘဝဖုံးလွှမ်းအပ်သည်၏ အဖြစ်ကြောင့် မမှတ်မိလေ” ဟု မိ်န့်တော်မူပြီးလျှင် အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

စီးပွားရေအခြေ လုံ့လပေ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဌေးမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် အဖလွန်သဖြင့် သူဌေးအရာကို ရလေ၏။

ထိုအခါ သူဌေးအား နုပျိုသောသားငယ်သည် ရင်ခွင်၌နေ၍ -

“ဖခင် ... အကျွန်ုပ်တို့သည် အကျိုးစီးပွားများ အကြောင်းဖြစ်သော ပုဒ်တစ်ခုဖြင့် (စကားတစ်လုံးဖြင့်) အကျိုးစီးပွားများအောင် ပြုပါကုန်အံ့၊ သို့အတွက် အကျိုးစီးပွားများကြောင်း ဖြစ်၍ အကျိုးစီးပွား အလုံးစုံကို သိမ်းကျုံးမိသော ပုဒ်တစ်ခုကား (စကားတစ်လုံးကား) အဘယ်နည်း - ဖြေကြားပါ” – ဟု မေးလေ၏။ ထိုအခါ သူငယ်၏အဖသည် -

“ချစ်သား ... အကျိုစီးပွားများကြောင်း ဖြစ်၍ အကျိုးစီးပွား အလုံးစုံကို သိမ်းကျုံးမိသော ပုဒ်တစ်ခုကား(စကားတစ်လုံးကား) ဝီရိယဖြစ်၏။ အကျိုးစီးပွားများစေခြင်း၌ လိမ္မာသောသူ၏ ဝီရိယကား - အကျင့်သီလနှင့် လည်းကောင်း၊ သည်းခံခြင်းနှင့် လည်းကောင်း ပြည့်စုံလတ်သော် အဆွေခင်ပွန်းတို့ကို ချမ်းသာစေရန် လည်းကောင်း၊ ရန်သူတို့ကို ဆင်းရဲစေရန် လည်းကောင်း - စွမ်းနိုင်ပေ၏” – ဟု ဖြေကြားလေ၏။ သူငယ်သည်လည်း အဖသူဌေး ဖြေကြားအပ်သော နည်းဖြင့်သာလျှင် မိမိအကျိုးစီးပွားကို ပြီးစေလျက် အသက်၏အဆုံး၌ ကံအားလျော်စွာ လားလေ၏။

ဤဒေသနာတော်ကို ဟောတော်မူပြီး၍ သစ္စာကိုပြသည်အဆုံး၌ သူကြွယ်သားအဖ နှစ်ယောက်တို့သည် သောတာပတ္တဖိုလ်၌ နည်ကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သားငယ်သည် - ယခုအခါ သားငယ်။

ဗာရာဏသီသူဌေးသည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပုဒ်တစ်ခုမှာ၊ အကျိုးစီးပွား၊ သိမ်းပါဝီရိယ။

(၂) ပညာနှင့်ယှဉ်၊ သည်းခံယှဉ်၊ ယှဉ်ပါကျင့်သီလ။

(၃) မိတ်ဆွေချမ်းသာ၊ ရန်သူမှာ၊ ပြုရာဆင်းရဲပ။

ဧကပဒဇာတ် ပြီး၏။

***

(၂၃၉) ဟရိတမဏ္ဍူကဇာတ်

ငါးများ ဝိုင်းအုံကိုက်ခဲခြင်းခံရသော ရေမြွေက ဖားညိုထံ အဆုံးအဖြတ် တောင်းရာ အားရှိသူသည် အားမဲ့သူအား နှိပ်စက်မြဲ ဓမ္မတာသာ ဖြစ်သည်ဟု အဆုံးအဖြတ်ပေးသော ဖားညို အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သမီးတွက်တာ ပေးသည်ရွာ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်း၏ အဖဖြစ်သော မဟာကောသလမင်းသည် ဝေဒေဟီမည်သော သမီးတော်ကို ဗိမ္ဗိသာရမင်းကြီးအား ပေးအပ်သည်ရှိသော် ကသယ်မှုန်းဖို့အလို့ငှာ ကာသိကရွာငယ်ကို ပေးလိုက်၏။

ထိုဝေဒေဟီ မိဖုရားသည် နောက်အခါ၌ အဇာတသတ်မင်းသည် အဖကိုသတ်သည်ရှိသော် မင်းကြီး၌ ချစ်ခင်ခြင်းကြောင့် စိုးရိမ်ပူဆွေးကာ မကြာမြင့်မီပင် သေလွန်လေ၏။ ထိုအခါ အဇာတသတ်မင်းသည် အမိအား ပေးလိုက်သာ ကာသိကရွာငယ်ကို စားမြဲစားကာ အုပ်ချုပ်၍နေ၏။

နိုင်ပြုံး ရှုံးမှိုင် စိတ်မခိုင်

ကောသလမင်းကြီးသည် “အဖကိုသတ်သော သူခိုးမင်းအား ငါ၏ဥစ္စာဖြစ်သော ကာသိကရွာငယ်ကို မပေးတော့အံ့” ဟု အဇာတသတ်မင်းနှင့်တကွ စစ်ထိုးလေ၏။ ထိုသို့တူဝရီတို့ စစ်ထိုးကြရာ ရံခါ ကောလမင်းက နိုင်၏။ ရံခါ တဇာတသတ်မင်းက နိုင်၏။ တဇာတသတ်မင်းသည် နိုင်သောအခါ ရထားကို တံခွန်စိုက်၍ အခြံအရံများစွာဖြင့် မြို့သို့ဝင်။ ရှုံးသောအခါ နှလုံးမသာသည်ဖြစ်၍ တစ်စုံတစ်ယောက်ကိုမျှ မသိစေဘဲ မြို့သို့ဝင်၏။

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ တဇာတသတ်မင်းကား ဦးရီးနှင့်စစ်ထိုးကြရာ နိုင်သောအခါ နှစ်သက်ဝမ်းသာ၍ ရှုံးသောအခါ နှလုံးမသာဖြစ်သည်။ စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ဤ တဇာတသတ်မင်းကား - ယခုအခါ၌သာလဆင် နိုင်၍ နှစ်သက်ဝမ်းသာခြင်း၊ ရှုံး၍ နှလုံးမသာခြင်း ဖြစ်သည်မဟုတ်၊ ရှေးအခါ၌လည်း ဖြစ်ခဲ့သည်သာ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပိုင်နက်ကျူးမြွေ ကိုက်ခဲလေ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဖားညိုမျိုး၌ဖြစ်လေ၏။ ထိအခါ လူတို့သည် ငါးဖမ်းအံ့သောငှာ မြစ်ချောင်းစသည်တို့၌ မြှုံးတို့ကို ထောင်ကုန်၏။ မြုံးတစ်ခုတွင် ငါးတို့သည် ဝင်ကြကုန်၏။

ရေမြွေတစ်ကောင်သည် ငါးတို့ကိုစားလိုသဖြင့် ငါးတို့ဝင်သော မြှုံးသို့ဝင်လေ၏။ငါးတို့သည် တပေါင်းတည်း ညီညွတ်ကြကုန်လျက် ရေမြွေကို ဝိုင်းအုံကာ တစ်ကိုယ်လုံး သွေးခြင်းခြင်းနီအောင် ကိုက်ခဲကြကုန်၏။ ထိုအခါ ရေမြွေသည် ကိုးကွယ်ရာမမြင်သဖြင့် သေဘေးမှ ကြောက်ရွံ့သည့် အတွက် မြှုံးပေါက်မှထွက်၍ ကြီးစွာသော ဆင်းရဲဝေဒနာသို့ရောက်ကာ ရေစပ်၌အိပ်လေ၏။

မြွေကိုဖားက ဆိုဆုံးမ

ထိုခဏ၎င်း ဖားညိုသည် ခုန်၍ မြှုံးထိပ်သို့တက်ကာ ဝပ်၏။ ရေမြွေလည်း အဆုံးအဖြတ်ပေးမည့်သူကို မရဘဲ ရှိနေရာ မြှုံးထိပ်၌ဝပ်သော ဖားညိုကိုမြင်လျှင် -

“အဆွေဖားညို ... မြှုံးတွင်းသို့ဝင်သော ငါရေမြွေအား ငါးအပေါင်းတို့ဝိုင်း၍ ကိုက်ခဲ့ခြင်းကို အသင်နှစ်သက်ပါသလော” ဟု မိမိ၏ အဖြစ်အပျက်ကို ပြောဆိုကာ မေးမြန်းလေ၏။ ထိုအခါ ဖားညိုသည် ရေမြွေကို “အချင်းရေမြွေ ... ငါနှစ်သက်သည်၊ အဘယ်ကြောင့်နည်း၊ သင်သည် သင့်နေရာလာသော ငါးတို့ကိုစားသည်။ ငါးတို့လည်း သူတို့နေရာလာသော သင့်ကို ကိုက်ခဲကြသည်။ မိမိနေရာအရပ်၌ အားမရှိသောသူသည်မရှိ၊ ထို့ကြောင့် ငါနှစ်သက်သည်” ဟ အဆုံးအဖြတ်ပေးပြီးလျှင် တစ်ဖန် အကြောင်းပြ၍ ဆုံးဖြတ်လိုသဖြင့် -

“အချင်း ရေမြွေ ... လောက၌ တစ်စုံတစ်ယောက်သောသူသည် မိမိအစိုးရသောအခါ အစိုးရနေသမျှ ကာလပတ်လုံး သူတစ်ပါးတို့ကို လုယက်ဖျက်ဆီးမြဲဖြစ်၏။ တစ်ဖန် သူတစ်ပါးတို့ အစိုးရပြန်သောအခါလည်း အစိုးရနေသမျှ ကာလပတ်လုံး ထိုသူကို လုယက်ဖျက်ဆီးကြမြဲဖြစ်၏။ သို့အတွက် ဖျက်ဆီးတတ်သူမှာ တစ်ဖန်ပျက်စီးခြင်းသို့ ရောက်ရမြဲဖြစ်၏” – ဟု အဆုံးအဖြတ်ပေးသည်ရှိသော် “ရေမြွေ၏ အားနည်းသည်၏ အဖြစ်ကို သိကြကုန်သောကြောင့် ရန်သူကို ဖမ်းကြမည်” ဟု ငါးတို့သည် မြှုံးမှထွက်ကြလျက် ဝိုင်းအုံ၍ ကိုက်ခဲကြပြန်ရာ ရေမြွေသည် ထိုအရပ်မှာပင် အသက်ကုန်ခြင်းသို့ရောက်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရေမြွေသည် - ယခုအခါ အဇာတသတ်မင်း။

ဖားညိုသည် - ငါဘုရားဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကိုယ်ကအုပ်စိုး၊ သူ့ဖျက်မျိုး၊ သူစိုးကိုယ့်ဖျက်မည်။

(၂) သူ့ကိုကိုယ်ဖျက်၊ ကို်ယ်လည်းပျက်၊ လင်းငင်းတွေ့တတ်သည်။

(၃) မိမိနေရာ၊ အရပ်မှာ၊ လွန်စွာအားရှိသည်။

ဟရိတမဏ္ဍူကဇာတ် ပြီး၏။

***

(၂၄၀) မဟာပိင်္ဂလဇာတ်

သေရွာမှ ပြန်လာမည်ကို ကြောက်၍ တံခါးစောင့်ကို ငိုကြွေးရလောက်အောင် အလွန်နှိပ်စက်သော မဟာပိင်္ဂလမင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရန်သူသေပျက် ဝမ်းမြောက်ချက်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရားကို ရန်ငြိုးဖွဲ့ကာ ကိုးလလွန်သဖြင့် ဇေတဝန်ကျောင်းတော်တံခါးမုခ်ဦး၌ မြေမြိုလေ၏။

ထိုအခါ ဇေတဝန်ကျောင်းတော်၌ နေကုန်သောသူတို့သည် လည်းကောင်း၊ တိုင်းပြည်အလုံး၌ နေကုန်သောသူတို့သည် လည်းကောင်း၊ မြတ်စွာဘုရား၏ ရန်ဆူးရန်ငြောင့် ဖြစ်သော ဒေဝဒတ် မြေမျို၍ ယခုအခါ မြတ်စွာဘုရားအား ရန်ဆူးရန်ငြောင့် မရှိတော့ပြီ” ဟု နှစ်သက်ဝမ်းမြောက်ကြကုန်၏။ လူတို့ထံမှ သတင်းစကား အဆင့်ဆင့်ကြားကုန်သော ဇမ္ဗူဒိပ်ကျွန်း၌ နေကုန်သော နတ်တို့သည်လည်း နှစ်သက်ဝမ်းမြောက်ကြကုန်၏။

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ဒေဝဒတ်သေ၍ လူအပေါင်း နှစ်သက်ဝမ်းမြောက်ကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ယခုအခါ၌သာ ဒေဝဒတ် သေသည်ရှိသော် လူအများ နှစ်သက်ဝမ်းမြောက်ကြသည်မဟုတ်၊ ရှေးအခါ၌လည်း နှစ်သက်ဝမ်းမြောက်ကြဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မင်းဆိုးလက်ထက် လွန်နှိပ်စက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် မဟာပိင်္ဂလမည်သော မင်းသည် မင်းပြုလု၏။ ထိုမင်းသည် မင်းကျင့်တရား ဆယ်ပါးနှင့် မညီညွတ်လေ။ ဆန္ဒာဂတိ စသော အဂတိလေးပါးသို့ လိုက်စားလေ့ရှိ၏။ မတရားသဖြင့် အပြစ်ဒဏ်ပေးခြင်း၊ မတရားသဖြင့် အခွန်အတုတ်ကို ကောက်ခံခြင်း စသည်တို့ကိုပြုကာ မန္တရားစက်ဖြင့် ကြံကို ညှစ်သကဲ့သို့ လူတို့ နှိပ်စက်ညှဉ်းပန်း၏။ ရုန့်ရင်းကြမ်းကြုတ်၏။ နိုင်ထက်ကလူ ပြုမူတတ်၏။ အနည်းငယ်မျှ ကြင်နာသနားခြင်း မရှိ။

အိမ်၌နေသော မယား၊ သား၊ သမီး၊ ကျေးကျွန်အမှုလုပ်တို့သည် လည်းကောင်း၊ တိုင်းပြည်၌နေကုနသော သူဌေး သူကြွယ်၊ အမတ်၊ ပုဏ္ဏားစသော သူတို့သည် လည်းကောင်း၊ မချစ်မနှစ်သက်ကြကုန်။ မျက်စိထဲသို့ဝင်သော မြူအမှိုက်ကဲ့သို့ လည်းကောင်း၊ ထမင်းတွင်ပါသော ကျောက်စရစ်ခဲကဲ့သို့ လည်းကောင်း၊ ခြေဖနောင့်တွင် စူးဝင်သော ဆူးငြောင့်ကဲ့သို့ လည်းကောင်း ထိုမင်းကြီးအပေါ်၌ မှတ်ထင်အောက်မေ့ကြကုန်၏။ ဘုရားအလောင်းသည် ထိုမင်း၏ သားတော် ဖြစ်လေ၏။

မင်းဆိုးသေပြန် အောင်ပွဲခံ

ထိုမဟာပိင်္ဂလမင်းသည် အခါလေးမြင့် မင်းပြုပြီသော် သေလွန်ခဲ့၏။ ထိုအခါ ဗာရာဏသီပြည်၌ နေကုန်သောသူတို့သည် အလွန်နှစ်သက်ဝမ်းမြောက်ကြကုန်သည် ဖြစ်၍ သည်းထန်စွာ ရယ်မောကုန်၏။ ထိုမဟာပိင်္ဂလမင်း၏အလောင်းကို လှည်းအစီးတစ်ထောင်တိုက်မျှသော ထင်းတို့ဖြင့် မီးသင်္ဂြိုဟ်ပြီးလျှင် ရေအိုးတစ်ထောင်မျှတို့ဖြင့် သင်္ချိုင်းမီးကို ငြိမ်းသတ်ကြကုန်၏။

သင်္ဂြိုဟ်ခြင်းကိစ္စပြီးလျှင် သားတော်ကို အဘိသိက်သွန်းကာ မင်းမြှောက်ကြကုန်၏။ “ငါတို့မှာ တရားစောင့်သော မင်းကောင်း မင်းမြတ်ကိုရပေပြီ” ဟု နှစ်သက်ရွှင်လန်းကုန်သည်ဖြစ်၍ တစ်မြို့လုံး စည်လည်စေပြီးလျှင် မြို့ကို တန်ဆာဆင်ကာ အောင်ပွဲခံစေကုန်၏။ တံခါးတိုင်း၊ တံခါးတိုင်းတို့၌ မဏ္ဍပ်ဆောက်လုပ်ကာ တံခွန်ကုက္ကားတို့ကို စိုက်ထောင်ကြကုန်လျက် ပန်းပေါက်ပေါက်တို့ကို ကြဲကြကုန်၏။ ထမင်း၊ အဖျော်၊ မုန့်ခဲဖွယ်တို့ကို ကျွေးမွေး စားသောက်ကြကုန်၏။

မင်းကြီးလည်း တစ်နန်းတော်လုံး တန်ဆာဆင်လျက် ထီးဖြူဖြန့်မိုးအပ်သော မြတ်သာ ရာဇပလ္လင်ပေါ်တွင် နေလျက် မင်းစည်းစိမ်ကို ခံစားကာနေ၏။ အမတ်၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်၊ မင်းချင်းယောကျ်ား၊ တံခါးစောင့်မှစ၍ တိုင်းသူပြည်သားတို့လည်း မင်းကြီးကို ခြံရံကာ တည်နေကြကုန်၏။

ပြန်လာမည်ကြောက် တံခါးစောင့်

ထိုအခါ မင်းကြီး၏ မနီးမဝေးတွင် တည်ရှိသော တံခါးစောင့် တစ်ယောက်သည် သက်ပြင်းချကာ ငိုကြွေးလေ၏။ မင်းကြီးသည် ထိုတံခါးစောင့် ငိုသံကြားလျှင် ခေါ်စေ၍ -

“အို - တံခါးစောင့် ... မဟာပိင်္ဂလမင်းကား အလုံးစုံသော လူတို့ကို နှိပ်စက်ညှဉ်းဆဲအပ်၏။ မဟာပိင်္ဂလမင်း သေလွန်သည်ရှိသော် အလုံးစုံသောလူတို့သည် နှစ်သက်ဝမ်းမြောက်ခြင်း အရသာကို ခံစားကြရ၏။ သင်ကား မဟာပိင်္ဂလမင်းကို ချစ်ခင်သလော၊ အဘယ့်ကြောင့် ငိုကြွေးဘိသနည်း”

ဟု မေးလေ၏။ တံခါးစောင့်သည် မင်းကြီး၏ စကားကို ကြားလျှင် -

“အရှင်မင်းကြီး ... အကျွန်ုပ်သည် မဟာပိင်္ဂလမင်းကို ချစ်ခင်၍ ငိုကြွေးသည်မဟုတ်ပါ၊ ထိုမဟာပိင်္ဂလမင်းကား ပြာသာဒ်မှဆင်းတိုင်း၊ တက်တိုင်း အကျွန်ုပ်၏ ဦးခေါင်းကို ရှစ်ချက်၊ ရှစ်ချက် ရိုက်နှက်၍ သွားလေ့ရှိပါ၏။ ယခုအခါ အကျွန်ုပ်၏ ဦးခေါင်း ချမ်းသာပေပြီ၊ စင်စစ်သော်ကား တမလွန်ဘဝဝယ် ငရဲထိန်းတို့ကို သတ်ပုတ်ညှဉ်းဆဲသည်ရှိသော် ငရဲထိန်းတို့က ဤအရပ်သို့ ပြန်ပို့သဖြင့် တန်ဖန်ပြန်ရောက်လာမည်ကို ကြောက်ရွံ့သဖြင့် ငိုကြွေးပါ၏”

ဟု လျှောက်ထားလေ၏။

မင်းကြီးပြောပြ သက်သာရ

ထိုအခါ မင်းကြီးသည် တံခါးစောင့်အား -

“အို-တံခါးစောင့် ... ပိင်္ဂလမင်းကို လှည်းအစီးတစ်ထောင်မျှလောက်သောထင်းဖြင့် မီးတိုက်အပ်ပြီ၊ မီးကို ရေအိုးတစ်ရာမျှလောက်ဖြင့် ငြိမ်းသက်အပ်ပြီ၊ သင်္ချိုင်းမြေကိုလည်း တူးဆွအပ်ပြီ၊ သင်မကြောက်လင့်၊ ပိင်္ဂလမင်း မလာနိုင်တော့ပေ၊ ပကတိအားဖြင့်လည်း သေသောသူသည် ပြန်လာရိုးမရှိ” –

ဟု ပြောဆိုကာ တံခါးစောင့်ကို သက်သာရာရစေ၏။ မင်းကြီးလည်း တရားသဖြင့် မင်းပြုလျက် ဒါန၊ သီလ၊ ဘာဝနာ စသော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်ကာ သေလွန်သည်၏ အခြားမဲ့၌ ကံအားလျော်စွာ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပိင်္ဂလမင်းသည် - ယခုအခါ ဒေဝဒတ်။

ပိင်္ဂလမင်း၏ သားသည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) တရားလွတ်ကင်း၊ ယုတ်သည်မင်း၊ ညှဉ်းပန်းလူတစ်တွေ။

(၂) မင်းယုတ်နေရာ၊ လူများစွာ၊ ဝမ်းသာနှစ်သက်လေ။

(၃) ပြန်လာလိမ့်နိုး၊ တံခါးစိုး၊ နွမ်းညှိုးငိုကြွေးပေ။

မဟာပိင်္ဂလဇာတ် ပြီး၏။

***

(၂၄၁) သဗ္ဗဒါဌိဇာတ်

ပထဝီဇယ မန္တာန်ကြောင့် ဗာရာဏသီမင်းကို ဘက်ပြိုင်မိ၍ ပျက်စီးရသော သဗ္ဗဒါဌိ မြေခွေးမင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားရန်ပြု လာဘ်ကွယ်မှု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် အဇာတသတ်မင်းကို ကြည်ညိုစေ၍ ဖြစ်စေအပ်သော လာဘသက္ကာရာကို ကြာမြင့်စွာ မတည်တံ့စေနိုင်။ နဠာဂီရိဆင်ကို လွှတ်၍ ဘုရားသတ်စေရာ၌ မြတ်စွာဘုရား၏ တန်ခိုးပြာဋိဟာကို မြင်သောအခါမှစ၍ ဒေဝဒတ်အား လာဘသက္ကာရသည် ကွယ်ပျောက်လေ၏။

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် ဒေဝဒတ်၏ လာဘသက္ကာရ ကွယ်ပျောက်သော အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ဒေဝဒတ်သည် ယခုအခါ၌သာလျှင် မိမိ၏ ဖြစ်လာသော လာဘသက္ကာရကို ကွယ်ပျောက်စေသည် မဟုတ်၊ ရှေးအခါ၌လည်း ကွယ်ပျောက်စေခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မန္တာန်တတ်မြောက် ပုဏ္ဏားတစ်ယောက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ပုဏ္ဏားဖြစ်၍ ဗေဒင်သုံးပုံတို့ကို လည်းကောင်း၊ တစ်ဆယ့်ရှစ်ပါးသော အတတ်တို့၌ လည်းကောင်း တက်ဖက်ကမ်းရောက် တတ်မြောက်လေ၏။ အထူးအားဖြင့် *ပထဝီဇယ မန္တရားကို တတ်မြောက်လေ၏။

*ပထဝီဇယ မန္တရား - ရွတ်ဆိုကာမျှဖြင့် မြေအပြင်၌ ရန်အပေါင်းကို အောင်မြင်စေသော မန္တရား ဖြစ်သည်။

တစ်နေ့သ၌ ပုရောဟိတ်သည် ထိုပထဝီဇယမန္တရားကို သရဇ္ဈာယ်ရန် ဆိတ်ငြိမ်ရာ အရပ်တစ်ခုသို့ သွားကား ကျောက်ဖျက်တစ်ခုတွင်နေ၍ သရဇ္ဈာယ်လေ၏။ [ထိုမန္တရားကို ဆိတ်ငြိမ်ရာအရပ်၌ သရဇ္ဈာယ်ရခြင်းမှာ စိတ် တည်ကြည်ခြင်း မရှိသူတို့ မကြားကောင်းသောကြောင့် ဖြစ်သည်။]

မန္တန်ရွက်စဉ် မြေခွေးသင်

ပုရောဟိတ် သရဇ္ဈာယ်နေစဉ် မြေခွေးတစ်ကောင်သည် တွင်းတစ်ခုတွင်ဝပ်လျက် နားထောင်ကာ သင်ယူလေ၏။ [ထိုမြေခွေးသည် အခြားမဲ့လွန်သောဘ၌ ပထဝီဇယမန္တရားကို တတ်မြောက် လေ့လာသော ပုဏ္ဏားဖြစ်ခဲ့ဖူးသတတ်။] ပုရောဟိတ်လည်း သရဇ္ဈာယ်ပြီးလျှင် ထ၍ “ငါ့အား ဤမန္တရား နှုတ်တက်ရပေသေးသည်” ဟု ဆိုလေ၏။

မြေခွေးသည် တွင်းမှထွက်၍ “အို - ပုဏ္ဏား ... ဤမန္တရားကို သင်သာလျှင် နှုတ်တက်ရသည်မဟုတ်၊ ငါလည်း နှုတ်တက်ရသည်” ဟု ပြောဆိုကာ ပြေးလေ၏။ ပုရောဟိတ်လည်း ဤမြေခွေးကား များစွာသော အကုသိုလ်ကို ပြုလုပ်လတ္တံ့၊ ဖမ်းလော့၊ ဖမ်းလော့ဟု ဆိုကာ အတန်ငယ် လိုက်၏။ မြေခွေးလည်း တောသို့ဝင်လေ၏။

မန္တန်တတ်မြောက် မင်းကိုခြောက်

ထိုမြေခွေးသည် ပထဝီဇယမန္တရားကို မန်းမှုတ်၍ တောတွင် နေထိုင်ကြသော ဆင်၊ မြင်း၊ ခြသေ့င်္၊ သစ်၊ ကျား၊ ဝက်၊ သမင်စသော အခြေလေးချောင်းရှိသတ္တဝါတို့ကို ခြံရံခစားစေပြီးလျှင် သဗ္ဗဒါဌိဟူသော အမည်ဖြင့် မင်းဖြစ်ကာ မြေခွေးမတစ်ကောင်ကို ဆောင်ယူစေပြီးလျှင်မိဖုရားကြီးပြုစေ၏။ ထိုသဗ္ဗဒါဌိ မြေခွေးမင်းသည် ဆင်နှစ်စီးတို့ ကျော်ပေါ်တွင် ခြင်္သေ့ကိုစီးစေ၍ ခြေင်္သေ့ကျောပေါ်တွင် မြေခွေးမနှင့်တကွ စီးနင်းကာ သွားလာလေ့ရှိ၏။ များသောအခြံအရံရှိ၏။ သဗ္ဗဒါဌိ မြေခွေးမင်းသည် အခြံအရံသည်ကို အမှီပြု၍ မာန်မာနဖြစ်ကာ ဗာရာဏသီပြည်ကို စစ်ထိုး၍ ယူမည်ဟု အလုံးစုံသော အခြေလေးချောင်းရှိ သတ္တဝါတို့ကို ခြံရံစေလျက် မြို့တော်၏အနီးသို့ သွားလေ၏။ နောက်လိုက် ပရိသတ်ကား တစ်ဆယ့်နှစ်ယူဇနာရှိ၏။ ထိုသဗ္ဗဒါဌိ မြေခွေးမင်းသည် “မင်း၏အဖြစ်ကိုတည်း ပေးမည်လော၊ စစ်ကိုတည်း ထိုးမည်လော” ဟု ဗာရာဏသီ မင်းကြီးထံ ရာဇသံ ပေးပို့လိုက်၏။

ပုရောဟိတ်ပရိယာယ် ချီးကျူးဖွယ်

ဗာရာဏသီ ပြည်သူပြည်သားတို့သည် ထိုအကြောင်းကိုသိလျှင် အလွန်ကြောက်ရွံ့ထိတ်လန့်ကြသဖြင့် မြို့တံခါးတို့ကို လုံခြုံစွာပိတ်၍ နေကြကုန်၏။ ပုရောဟိတ်လည်း မင်းကြီးထံ သွားပြီးလျှင် သဗ္ဗဒါဌိ မြေခွေးမင်းနှင့် စစ်ထိုးနိုင်သူ မိမိမှတစ်ပါးမရှိကြောင်း၊ စစ်ထိုးရန်လည်း မိမိ၏တာဝန်သာဖြစ်ကြောင်း လျှောက်ထားကာ မင်းကြီးနှင့် ပြည်သူပြည်သားတို့ကို နှစ်သိမ့်အားရစေ၏။

ပုရောဟိတ်လည်း မင်းကြီးကို လျှောက်ထားပြီးလျှင် စုံစမ်းမည်ဟု ကြံစည်ကာ မြို့တံခါးပစ္စင်ပေါ်သို့ တက်ပြီးလျှင် သဗ္ဗဒါဌိ မြေခွေးမင်းအား “အချင်း - သဗ္ဗဒါဌိ ... ဤတိုင်းပြည်ကို ဘယ်လိုယူမည်နည်း” ဟု မေးလေ၏။ “အချင်း-ပုရောဟိတ် ... ခြင်္သေ့တို့ကို ဟောစေ၍ လူတို့ကို ထိတ်လန့်စေပြီးလျှင် ယူမည်” ဟု ဆိုလေလျှင် ပုရောဟိတ်သည် အကြောင်းစုံကိုသိ၍ ပစ္စင်ပေါ်မှ ဆင်းသက်ကာ “တစ်ဆယ့်နှစ်ယူဇနာ ကျယ်ဝန်းသော ဗာရာဏသီမြို့တွင်း၌ နေကုန်သောသူတို့ကို မည်သည့်အသံမျှ မကြားရအောင် ပဲကြီးမုန့်ညက်တို့ဖြင့် နားပေါက်တို့ကို ပိတ်ဆို့ကြရမည်” ဟု စည်လည်စေ၏။ လူတို့လည်း စည်သံကိုကြားလျှင် အယုတ်ဆုံးကြောင်၊ ခွေးမှအစပြု၍ မိမိတို့နားပေါက်တို့ကို မည်သည့်အသံကိုမျှ မကြားရအောင် ပဲကြီးမုန့်ညက်တို့ဖြင့် လုံခြုံစွာ ပိတ်ဆို့၍ ထားကြကုန်၏။

ပရိယာယ်သုံး မြေခွေးရှုံး

ပုရောဟိတ်လည်း တစ်ဖန်ပစ္စင်ပေါ်သို့ တက်ပြီးလျှင် “အချင်း-သဗ္ဗ၏ါဌိ ... ဤတိုင်းပြည်ကို ဘယ်လိုယူမည်နည်း” ဟု မေးလေ၏။ “အချင်း - ပုရောဟိတ် ... ခြင်္သေ့တို့ကို ဟောက်စေ၍ လူတို့ကို သေကျေပျက်စီးစေပြီးလျှင် ယူမည်” ဟု ပြောလေ၏။ “အချင်း - သဗ္ဗဒါဌိ ... ခြင်္သေ့တို့ကို အဟောက်ခိုင်းလို့ ရပါမည်လော၊ မြတ်သောအမျိုးနှင့် ပြည့်စုံသောသည့် ကေသရာဇာခြင်္သေ့မင်းတို့ကား သင်ကဲ့သို့သော မြေခွေးအို၏ အာဏာအတိုင်း ပြုလုပ်ကြမည်မဟုတ်” ဟု မခံချင်အောင် ပြောလေလျှင် မြေခွေးသည် မာန်တက်ကာ “အချင်း - ပုရောဟိတ် ... တခြားခြင်္သေ့တို့ကို ထားဘိဦး၊ ငါးစီးသော ခြင်္သေ့ကို အဟောက်ခိုင်းမည်” ဟု ပြောဆိုကာ မိမိစင်းနင်းသော ခြင်္သေ့ကို ခြေဖြင့်အမှတ်ပေး၍ အဟောက်ခိုင်းလေ၏။

ခြင်္သေ့မင်းလည်း မျက်နှာကိုမော်ကြည့်ကာ သုံးကြိမ်တိုင်တိုင် တားမြစ်ပါသော်လည်း မရသဖြင့် ခြင်္သေ့သံကို ဟောက်လေ၏။ ခြင်္သေ့သံကိုကြား၍ ဆင်တို့သည် ကြောက်ရွံ့ထိန်လန့်ကာ ပြေးလေလျှင် သဗ္ဗဒါဌိ မြေခွေးမင်းသည် ဆင်ပေါ်မှကျ၍ ဆင်းနင်းမိသဖြင့် ထိုနေရာမှာပင် ပွဲချင်းပြီး သေဆုံးလေ၏။ ဆင်တို့ကို အစပြု၍ ပြေးကြသောအခါ ခြင်္သေ့တို့ကိုထား၍ အလုံးစုံသော အခြေလေးချောင်းရှိ သတ္တဝါတို့သည် အချင်းချင်း တစ်ကောင်းနှင့်တစ်ကောင် တိုက်မိ၊ နင်းမိကြသဖြင့် သေကျေပျက်စီးကြကုန်၏။ ဆယ့်နှင်ယူဇနာရှိ အရပ်တစ်ခုလုံးသည် သားကောင်သေတို့ဖြင့် ပြည့်နှက်၍ နေလေ၏။ ခြင်္သေ့တို့လည်း တောသို့ဝင်ကြကုန်၏။

ပုရောဟိတ်ဉာဏ် အောင်ပွဲခံ

ထိုအခါ ပုရောဟိတ်သည် ပစ္စင်မှ ဆင်းသက်ကာ နားတွင် ဆို့ပိတ်ထားသော ပဲကြီးမုန့်ညက်တို့ကို ပယ်စေပြီးလျှင် မြို့တံခါးကိုဖွင့်ကာ ဆယ့်နှစ်ယူဇနာရှိ အရပ်အလုံးပြည့်နှက်နေသော သားသေကောင်တို့မှ လိုရာလိုရာ အသားတို့ကို ယူစေကုန်၏။ ပြည်သူပြည်သားတို့လည်း မြို့မှထွက်ကာ လိုရာလိုရာ မွန်မြတ်သော အသားကို ယူကြကုန်၏။ များပြားလှသဖြင့် မကုန်နိုင်၍ ကြွင်းကျန်သော အသားတို့ကို နေ့ရှည်လများစားနိုင်ရန် အသားတို့ကိုညှင်း၍ အခြောက်လှန်းကြကုန်၏။ [အမဲညှင်းပြု၍ အခြောက် အခြောက်လှန်းခြင်းအလေ့ကား - ထိုအခါမှစ၍ ဖြစ်ပေါ်လာသည်ဟု ဆိုစမှတ်ပြုကြကုန်၏။]

မြတ်စွာဘုရားသည် အတတ်ဖြစ်သော ဒေသနာတော်ကို ဆောင်တော်မူပြီး၍ ဘုရားဖြစ်တော်မူလျှင် -

“ရဟန်းတို့ ... သဗ္ဗဒါဌိ မြေခွေးသည် မြတ်သော မင်းဖြစ်၍ များစွာသောစည်းစိမ် အခြံအရံကို ရရှိထားပါလျက် မာနတရားဖြင့် ထောင်လွှားကာ ရရှိပြီးသော စည်းစိမ် အခြံအရံထက် ပိုလွန်၍ လိုချင်သည့်အတွက် ပျက်စီးရ၏”။

“ရဟန်းတို့ ... သဗ္ဗဒါဌိ မြေခွေးသည် မြတ်သောမင်းဖြစ်သကဲ့သို့ ထို့အတူ လူတို့တွင်လည်း မြတ်သောမင်းဖြစ်၍ များစွာသောစည်းစိမ် အခြံအရံကို ရရှိထားပါလျက် နောက်အခါ သဗ္ဗဒါဌိ မြေခွေးကဲ့သို့ မေ့လျော့ကာ ရရှိပြီးသော စည်းစိမ်အခြံအရံကို အမှီပြု၍ ပျက်စီးတတ်၏” –

ဟု ရဟန်းတို့အား ဟောကြားဆုံးမတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သဗ္ဗဒါဌိ မြေခွေးသည် - ယခုအခါ ဒေဝဒတ်။

ပုရောဟိတ်သည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) စည်းစိမ်ခြံရံ၊ ရရှိပြန်၊ စောင့်ရန်ခဲယဉ်းသည်။

(၂) ခြံရံမှီကာ၊ မာန်တက်လာ၊ လျင်စွာပျက်စီးမည်။

(၃) ပထဝီဇယခေါ်၊ မန္တာန်ကျော်၊ မြေပေါ်ရန်အောင်သည်။

သဗ္ဗဒါဌိဇာတ် ပြီး၏။

***

(၂၄၂) သုနခဇာတ်

မိမိအား ချည်နှောင်ထားသောကြိုးကို ကိုက်ဖြတ်၍ လွတ်မြောက်အောင် ကြံဆောင်ထွက်ပြေးတတ်သော ခွေးလိမ္မာအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လွတ်မြောက်ဖွဲ့နှောင် ခွေးကြံဆောင်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် နေရာဇရပ်တစ်ခုဝယ် ရေခပ်သောက်သူတို့သည် မွေးပြီးစ ခွေးငယ်တစ်ကောင်ကိုယူကာ အစာကျွေး၍ မွေးမြူထားကြကုန်၏။ ထိုခွေးသည် နောက်အဖို့၌ ဆူဖြိုးသော ကိုယ်ရှိ၏။

တစ်နေ့သ၌ ရွာနေ ယောကျ်ားတို့သည် ထိုဇရပ်သို့ လာ၍ ခွေးကိုမြင်လျှင် လိုချင်ကြသဖြင့် ရေခပ်သောသူတို့အား အပေါ်ရုံပုဆိုးနှင့် အသပြာတို့ကိုပေးပြီးလျှင် ကြိုးဖြင့်ချည်ကာ တောက်ဖွဲ့၍ ယူသွားကြကုန်၏။ ထိုခွေးသည် ယူဆောင်သွားသောအခါ မြည်တွန်ခြင်းကိုမပြုဘဲ ပေးသမျှအစာကို စား၍ နောက်မှလိုက်၏။

ယောကျ်ားတို့သည် ဤခွေးကား ယခုအခါ ငါတို့နှင့် အကျွမ်းဝင်လေပြီဟု မှတ်ထင်ကာ တောက်ကို ဖြေကြ၏။ ခွေးသည် တောက်ကိုဖြေ၍ လွှတ်သည်နှင့် တစ်ပြိုင်နက် တစ်ဟုန်တည်း ပြေးလွှားကာ မိမိနေမြဲတိုင်း ဇရပ်သို့ ပြန်လာ၏။ ရဟန်းတို့သည် ပြန်လာသော ခွေးကိုမြင်လျှင် ထိုခွေး ပြုလုပ်ပုံအခြင်းအရာကိုသိ၍ ညချမ်းသောအခါ တရားသဘင်ဝယ် စကားစပ်မိ၍ ပြောဆိုနေကြစဉ် မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ဤခွေးသည် ယခုအခါ၌သာလျှင် အနှောင်အဖွဲ့မှ လွတ်စေခြင်း၌ လိမ္မာသည် မဟုတ်၊ ရှေးအခါ၌လည်း လိမ္မာဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ခွေးလိမ္မာမူ ဝယ်၍ယူ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိတိုင်းဝယ် စည်းစိမ်ဥစ္စာနှင့် ကြွယ်ဝသော အမျိုးတစ်ဦး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် အိမ်ရာထောင်ကာ နေလေ၏။

ထိုအခါ ဗာရာဏသီပြည်ဝယ် လူတစ်ယောက်အား ဆူဖြိုးသော ခွေးတစ်ကောင်သည် ရှိလေ၏။ ရွားသားတစ်ယောက်သည် ဗာရာဏသီပြည်သို့လာ၍ ထိုခွေးကိုမြင်လျှင် လိုချင်သဖြင့် ခွေးရှင်ယောကျ်ားအား အပေါ်ရုံ ပုဆိုးနှင့် အသပြာကိုပေး၍ ခွေးကိုယူကာ သားရေလွန်ဖြင့်ချည်၍ လွန်စွန်းကိုကိုင်ကာ သွားလေ၏။ တောအဝင်ဝ ဇရပ်တစ်ခုသို့ရောက်လျှင် ခွေးကိုချည်၍ အိပ်ပျော်လေ၏။

အလောင်းတော် ဉာဏ်ပေး လွတ်မြောက်ရေး

ထိုအခါ ဘုရားအလောင်းသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် တောအဝင်ဝသို့ ရောက်၍ ချည်ထားသော ခွေးကိုမြင်လျှင် -

“ဟယ် - ခွေး ... ချည်ထားသော သားရေလွန်ကို အစားဘဲနေသည်မှာ မိုက်လေစွတကား၊ သားရေလွန်ကို ဝအောင်စားကာ အနှောင်အဖွဲ့မှလွတ်၍ မိမိနေရာအရပ်သို့ ပြေးလေလော့” –

ဟု ခွေးကို ပြောလေ၏။ ထိုစကားကိုကြားလျှင် ခွေးသည်

“အရှင် ... အရှင်ပြောသော စကားအတိုင်း အကျွန်ုပ်စိတ်မှာ ဆောက်တည်ထားပါ၏။ သို့သော်လည်း လူအလုံစုံတို့ အိပ်ပါစေဦး၊ အိပ်သောအခါ သားရေလွန်စား၍ ပြေးသွားမည်ဟု ဆိုင်းငံ့နေပါ၏” ဟု အကြောင်းကို ပြောကြားလေ၏။ ခွေးသည် ထိုသို့ပြောကြားပြီးလျှင် လူအများ အိပ်ပျော်သည်ရှိသော် သားရေလွန်ကိုစား၍ ဝသောအခါ ပြေး၍ မိမိအရှင်အိမ်သို့ သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ခွေးသည် - ယခုအခါ ခွေး။

ပညာရှိယောကျ်ားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) နှောင်ဖွဲ့တွေ့ဘိ၊ ပညာရှိ၊ ခါသိကြိုးစားလေ။

(၂) အခါသိက၊ ချမ်းသာရ၊ မုချလွတ်မြဲပေ။

သုနခဇာတ် ပြီး၏။

***

(၂၄၃) ဂုတ္တိလဇာတ်

မိမိအား ဂုဏ်ပြိုင်သော တပည့်အတွက် စိတ်ပျက်နေစဉ် သိကြားမင်း ကယ်မ၍ အနိုင်ရကာ နတ်လူတို့ ချီးကျူးခြင်းကို ခံရသော ဂုတ္တိလ စောင်းဆရာကြီး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားပစ်ပယ် ပျက်စီးဖွယ်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် ဒေဝဒတ်ကို “ငါ့ရှင်ဒေဝဒတ် ... မြတ်စွာဘုရားကား သင်၏ ဆရာဖြစ်သည်၊ သင်သည် မြတ်စွာဘုရားကိုမှီ၍ ပိဋကတ်သုံးပုံကို သင်ကြားရသည်။ စျာန်လေးပါးကို ဖြစ်စေသည်။ ဆရာဘုရားကို ရန်ပြုခြင်းငှာမသင့်” ဟု ဆိုကြကုန်၏။

ထိုအခါ ဒေဝဒတ်သည် “ငါ့ရှင်တို့ ... ရဟန်းဂေါတမသည် အဘယ်မှာ ငါ၏ဆရာဟုတ်မည်နည်း၊ ငါသည် မိမိအစွ်းဖြင့် ပိဋကတ်သုံးပုံကို လည်းကောင်း၊ စျာန်လေးပါးကို လည်းကောင်း ဖြစ်စေသည်” ဟု ပြောဆိုပြီးလျှင် ဆရာဘုရားကို စွန့်ပယ်လေ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် စကားစပ်မိ၍ ဒေဝဒတ်၏အကြောင်းကို ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ဒေဝဒတ်သည် ယခုအခါ၌သည်လျှင် ဆရာဖြစ်သောငါဘုားကို စွန့်ပယ်လျက် ငါဘုရား၏ရန်သူဖြစ်၍ ကြီးစွာသော ပျက်စီးခြင်းသို့ရောက်သည်မဟုတ်၊ ရှေးအခါ၌လည်း ရောက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပညာတူလျက် ခြားနားချက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် စောင်းသမား မျိုးဖြစ်၍ အမည်အားဖြင့် ဂုတ္တိလဟုခေါ်ကြ၏။ ထိုဂုတ္တိလသည် အရွယ်သို့ရောက်သည်ရှိသော်စောင်းအတတ်၌ အပြီးသို့ရောက်၍ ဇမ္ဗူဒိပ်ကျွန်းတစ်ခုလုံးတွင် မြတ်သောစောင်းသမား ဖြစ်လေ၏။ သားမယားကို မမွေးမြူဘဲ မိဘမျက်မမြင် တို့ကိုသာ မွေးမြူ၍နေ၏။

ထိုအခါ ဗာရာဏသီပြည်သားတို့သည် ကုန်သွယ်အံ့သောငှာ ဥဇ္ဇေနီပြည်သို့ သွားကြသည်ရှိသော် ပွဲသဘင်ခံသည်နှင့် ကြုံကြိုက်သဖြင့် တိုင်ပင်ညီညွတ်ကာ ပန်းနံ့သာစားဖွယ်သောက်ဖွယ်တို့ကိုယူ၍ ပွဲသဘင်ကစားရာသို့ သွားကြကုန်ပြီးလျှင် မုသိလမည်သော စောင်းသမားကို အခဖြင့် ငှားရမ်းကာ တီးစေကုန်၏။

မုသိလစောင်းသမားသည် မိမိအစွမ်းရှိသမျှ အမျိုးမျိုးတီးပါသော်လည်း ဂုတ္တိလစောင်းသမား၏ စောင်းသံကို ကြားဖူးကြကုန်သော ကုန်သည်တို့အား ဝါးခြမ်းစိတ်ကို တီးသကဲ့သို့ဖြစ်ကာ တစ်စုံတစ်ယောက်သောသူမျှ နှစ်သက်ရွှင်လန်းသော အမူအရာကို မပြကြကုန်၏။

ဆရာကောင်းထံ နည်းနာခံ

ထိုအခါ မုသိလစောင်းသမားသည် ကုန်သည်တို့အား “အို - ကုန်သည်တို့ ... အကျွန်ုပ်သည် မိမိအစွမ်းရှိသမျှ စောင်းကို အမျိုးမျိုးတီးပါလျက် အဘယ်ကြောင့် မနှစ်သက်မရွှင်လန်းကြသနည်း” ဟု မေးလေ၏။ “အို - စောင်းသမား ... သင်သည် စောင်းကိုတီးပါသလော၊ ငါတို့ကား သင်စောင်းတီး၏ဟူသော အမှတ်ကို မပြုကြပါ” ဟု ပြောလေ၏။ “အို ကုန်သည်တို့ ... သင်တို့သည် ငါ့ထက်လွန်မြတ်သော စောင်းသမားကို သိကြကုန်သလော၊ သို့တည်းမဟုတ် သင်တို့ မသိ မလိမ္မာ၍ပင် မနှစ်သက်မရွှင်လန်းကြကုန်သလော” ဟု မေး၏။ “အို-စောင်းသမား ... ငါတို့ ဗာရာဏသီပြည် ဂုတ္တိလ စောင်းသမား၏ စောင်းသံကို ကြားဖူးကုန်သော ငါတို့အား သင်တီးသော စောင်းသံမှာ မိန်းမတို့သည် သူငယ်တို့အား နှစ်သိမ့်စေသော အသံကဲ့သို့ ထင်ကြပါသည်” ဟု ပြော၏။ “အို-ကုန်သည်တို့ ... သင့်တို့ ငါ့အား အဖိုးအခ မပေးကြပါလင့်၊ သင်တို့ ဗာရာဏသီပြည်သို့ သွားသောအခါ အကျွန်ုပ်ကို ခေါ်ကြပါ” ဟု ပြောလေ၏။ ကုန်သည်တို့လည်း ကောင်းပြီဟု ဝန်ခံကြကုန်၏။

ပညာရလို ပျပ်ဝပ်ဆို

ကုန်သည်တို့သည် မိမိတို့ပြုဖွယ်ကိစ္စပြီးလျှင် မုသိလစောင်းသမားကိုခေါ်၍ သွားကြကုန်၏။ မုသိလ စောင်းသမားလည်း ဗာရာဏသီပြည်သို့ရောက်လျှင် ဂုတ္တိလ စောင်းသမား၏ အိမ်သို့သွား၍ အိမ်တွင်ဆွဲ၍ထားအပ်သော စောင်းကိုမြင်လျှင် ယူ၍တီးလေ၏။ ဂုတ္တိလ၏ မိဘတို့သည် မျက်စိမမြင်ကြသဖြင့် စောင်းကို ကြွက်တွကိုက်သည်ဟု မှတ်ထင်ကာ “ရှူးရှူး” ဟု ဆို၍ ခြောက်လှန့်ကြကုန်၏။

မုသိလလည်း ဂုတ္တိလစောင်းဆရာ၏ မျက်မမြင်မိဘတို့ကို ရှိခိုးပြီးလျှင် “မိခင် ဖခင်တို့ ... စောင်းကိုတီးသည်မှာ အကျွန်ုပ်ဖြစ်ပါသည်၊ အကျွန်ုပ်သည် ဂုတ္တိလစောင်း ဆရာထံမှာ ပညာသင်ကြားလိုသဖြင့် ဥဇ္ဇေနီပြည်မှ လာခဲ့ပါသည်” ဟု တောင်းပန်ပြောဆိုလေ၏။ ဂုတ္တိလ၏ မိဘတို့လည်း အကြောင်းကိုသိလျှင် “အမောင် ... ကောင်းပြီ မင်းတို့ဆရာ တခြားကိုသွားသည်၊ ယခုပဲ ပြန်လာလိမ့်မည်။ ခဏစောင့်ဆိုင်း၍နေပါ” ဟု ခွင့်ပြုကြကုန်၏။

ဂုတ္တိလစောင်းဆရာ ပြန်လာလျှင် မုသိလလည်း အနီးသို့ကပ်ကာ “ဆရာ ... ဆရာ့ထံမှာ အတတ်ပညာ သင်ကြားလိုပါသည်” ဟု တောင်းပန်လေ၏။ ဂုတ္တိလစောင်းဆရာလည်း အင်္ဂဝိဇ္ဇာတတ်သူဖြစ်သဖြင့် မြင်ကတည်းကလျှင် သူတော်မဟုတ် သူယုတ်မှန်းသိ၍ “ညီထွေး .. သွားပါဦး၊ သင့်ကို သင်ကြားပေးဖို့ အတတ်ပညာမရှိ” ဟု မြစ်ပယ်လေ၏။

ပညာစုံက ဖက်ပြိုင်ကြ

မုသိလလည်း ဆရာ့ထံခွင်းတောင်း၍ မရလျှင် မိဘမျက်မမြင်တို့ကို ခြေဆုပ်ခြင်း၊ လက်နယ်ခြင်း စသော ဝတ်ကြီးဝတ်ငယ်ကိုပြုကာ အဖန်ဖန်ခယ တောင်းပန်သဖြင့် သားကို ပြောဆိုကြရာ ဂုတ္တိလစောင်းဆရာလည်း မိဘတို့စားကို မလွန်ဆန်နိုင်သဖြင့် အလိုမတူဘဲ သင်ကြားပေးရလေ၏။ သင်ကြားသောအခါလည်း အလောင်းတော်တို့ သဘောအတိုင်း အတတ်ပညာကို အကြွင်းအကျန် ဆရာစားမထားဘဲ သင်ကြားပေးလေ၏။ အလုံးတတ်မြောက်လျှင် တပည့်အား “ညီထွေး ... အတတ်ပညာစုံပေပြီ၊ အလိုရှိရာ သွားပေတော့” ဟု ခွင့်ပြု၏။

ထိုအခါ မုသိလသည် “ငါကား ... အတတ်ပညာကို ကောင်းစွာတတ်မြောက်ပေပြီ၊ ဆရာလည်း အိုမင်းပြီ၊ ဤဗာရာဏသီမြို့လည်း ဇမ္ဗူဒိပ်ကျွန်းအလုံးတွင် မြို့မြတ်ဖြစ်သည်။ ဤမြို့မှာပင် ငါနေတော့မည်” ဟု ကြံစည်ပြီးလျှင် “ဆရာ .. အကျွန်ုပ် မသွားလိုပါ၊ မင်းကို ခစားလိုပါသည်” ဟု ပြောလေ၏။ ဆရာလည်း မင်းကြီးထံသွား၍ မိမိတပည့် ခစားလိုကြောင်း လျှောက်ထားလေလျှင် မင်းကြီးလည်း ဆရာတို့ကိုပေးသော လခရိက္ခာမှ ထက်ဝက်သာ ပေးနိုင်မည်ဟု ပြောလေ၏။

ဆရာလည်း အိမ်သို့ပြန်၍ တပည့်အားပြောလျှင် တပည့်သည် ဆရာတတ်သမျှ အတတ်ပညာအလုံးစုံကို တတ်မြောက်သဖြင့် ဆရာနှင့်တန်းတူ ခစားနိုင်မည်ဟု ပြောပြန်သဖြင့် မင်းကြီးထံ လျှောက်ထားပြန်ရာ မင်းကြီးက ကောင်းပြီ၊ ဆရာနှင့်တူမျှသော လခရိက္ခာကိုလိုလျှင် ဆရာနှင့် အတတ်ပညာတူမျှသည် မတူမျှသည်ကိုသိရအောင် ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ မင်းရင်ပြင်တွင် ဆရာတပည့် နှစ်ယောက် အတတ်ပညာကို ပြိုင်ကြရမည်ဟု မိန့်ဆိုသဖြင့် မုသိလအား ပြောရာ နှစ်သက်သဖြင့် ဆရာနှင့် အတတ်ပညာပြိုင်ရန် ချိန်းဆိုလေ၏။ မင်းကြီးလည်း “ဆရာဂုတ္တိလနှင့် တပည့် မုသိလတို့သည် ခုနစ်ရက်မြောက်သောနေ့၌ မင်းရင်ပြင်ဝယ် အတတ်ပညာ ပြိုင်ကြလိမ့်မည်” ဟု တစ်မြို့လုံး စည်လည်စေ၏။

သူတော်မှန်က နတ်စောင်မ

ထိုအခါ ဆရာဂုတ္တိလသည် “ငါ၏ တပည့် မုသိလကား ငယ်ရွယ်နုပျိုသေးသည်၊ ငါကား အိုမင်းကြီးရင့်ချေပြီ၊ အားအစွမ်းလည်း လျော့ပါးချေပြီ၊ အိုမင်းကြီးရင့်သူတို့ အမူအရာ မည်သည်ကား မပြည့်စုံနိုင်၊ တပည့်ဖြစ်သူမှာ ရှုံးသော်လည်း အရေးမကြီး၊ ဆရာဖြစ်သူရှုံးလျှင် အရှက်ရတော့မည်။ သို့အတွက် ငါမပြိုင်လိုတော့ပြီ၊ တောသို့ဝင်ကာ ကိုးကွယ်ရာ မဲ့ဖြစ်၍ သေတော့မည်” ဟု ကြံစည်ကာ တောသို့ဝင်လေ၏။ တောသို့ရောက်လျှင် မသေဝံ့သဖြင့် ပြန်၍လာပြန်၏။ ဤသို့သွားချီပြန်ချီ ပြုနေခိုက် ခြောက်ရက်မြောက် ဖြစ်လေ၏။

ထိုခဏဝယ် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာကျောက်ဖျာသည် တင်းမာပူလောင်သဖြင့် ဆင်ခြင်ရာ သိကြားမင်း သိလေလျှင် “ငါသည် ဂုတ္တလိစောင်းဆရာ၏ ကိုးကွယ်အားထားရာဖြစ်မည်” ဟု ကြံစည်ပြီးလျှင် - လျင်စွာလာလတ်၍ ဂုတ္တိ၏ရှေ့၌ ရပ်လျက် - “ဆရာ ... အဘယ့်ကြောင့် တောသို့ ဝင်သနည်း၊ အသင် ဘယ်သူနည်း” ဟု ပြော၏။ ထိုအခါ ဂုတ္တိလစောင်းဆရာသည် -

“သိကြားမင်း ... အကျွန်ုပ်သည် မုသိလမည်သော တပည့်အား ညှို့ခုနစ်ချောင်းရှိသော စောင်းကို ကောင်းမွန်စွာ တီးတတ်အောင် ဆရာစားမချန် သင်ကြားပေးမိပါ၏။ ထိုမုသိလက - ယခုအခါ ပွဲသဘင်အလယ်တွင် အတတ်ပညာပြိုင်ဖို့ ခေါ်နေပါ၏။ သိကြားမင်း ... သင်သည် အကျွန်ုပ်၏ ကိုးကွယ်အားထားရာ ဖြစ်ပါလော့” – ဟု အကျိုးအကြောင်းပြောကာ တောင်းပန်လေ၏။ သိကြားမင်းလည်း ဂုတ္တိလ၏ စကားကိုကြားလျှင်-

“ဆရာ ... သင်မကြောက်လင့်၊ အကျွန်ုပ်သည် သင်၏ ကိုးကွယ်အားထားရာဖြစ်လျက် သင့်ကို ကယ်တင်မည်၊ သင့်ကို ပူဇော်မည်၊ သင့်ကို တပည့်မုသိလက မနိုင်စေရပါ၊ သင်က နိုင်ရမည်” – ဟု ပြောဆိုအားပေးပြီးလျှင် - “ဆရာ ... အကျွန်ုပ် နည်းပေးမည်။ သင်စောင်းတီးသည်ရှိသော် ညှို့တစ်ချောင်းကို ဖြတ်၍ ခြောက်ချောင်းတို့ကို တီးပါ၊ ပကတိအသံပင် ဖြစ်ပါလိမ့်မည်။ ထိုအခါ ပုသိလလည်း ညှို့တစ်ချောင်းကိုဖြတ်၍ တီးလိမ့်မည်။ ပကတိအသံ ဖြစ်နိုင်မည် မဟုတ်။ ထိုခဏ၌ ရှုံးလိမ့်မည်။ နောက်ရှုံးမှန်းသိလျှင် - ညှို့နှစ်ချောင်း၊ သုံးချောင်း၊ လေးချောင်း၊ ငါးခြောင်း၊ ခြောက်ချောင်း၊ ခုနစ်ချောင်းလုံး ဖြတ်၍ စောင်းရိုးသက်သက်ကိုတီးပါ၊ ပကတိအသံပင် ဖြစ်ပါလိမ့်မည်။ ဖြတ်ထားသောညှို့တိုမှ အသံထွက်ကာ တစ်ဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီတစ်မြို့လုံးကို လွှမ်းမိုးသွားလိမ့်မည်။

ထိုသို့ တစ်မြို့လုံး စောင်းသံ လွှမ်းမိုးသွားသောအခါ စောင်းတစ်လက်ကို ကောင်းကင်သို့ပစ်လိုက်လျှင် သင့်ရှေ့တွင် နတ်သမီးသုံးရာလာ၍ သင့်စောင်းဦးတွင် တခြားနတ်သမီးသုံးရာ လာ၍ ကကြလိမ့်မည်။ နောက် စောင်းတစ်လက်ကို ပစ်ပြန်လျှင် သင့်စောင်းဦးတွင် တခြားနတ်သမီး သုံးရာလာ၍ ကကြလိမ့်မည်။ နောက်တစ်လက်ကို ပစ်ပြန်လျှင် ပွဲသဘင်အလယ်တွင် တခြားနတ်သမီးသုံးရာလာ၍ ကကြလိမ့်မည်။ အကျွန်ုပ်လည်း ပွဲသဘင်အကြည့်လာမည် မကြောက်လင့်” ဟု အသေအချာ မှာထား၍ စောင်းလတ်သုံးခုကို ပေးပြီးလျှင် တာဝတိံသာသို့ သွားလေ၏။

တပည့်ဆရာ ပြိုင်သောအခါ

ခုနစ်ရက်မြောက်သောနေ့ နံနက်အခါတွင် မင်းရင်ပြင်၌ များစွာသောလူတို့ စည်းဝေးရောက်လာပြီးလျှင် ညောင်းစောင်းအဆင့်ဆင့်၊ လှည့်အဆင့်ဆင့် ဝန်းရံနေထိုင်ကြကုန်၏။ မင်းကြီးလည်း မဏ္ဍပ်အလယ်တွင် ခင်းထားအပ်သော ပလ္လင်၌ တန်ဆာဆင်အပ်သော တစ်သောင်းနှစ်ထောင်သော မိန်းမများ၊ အမတ်၊ ပုဏ္ဏား၊ သူကြွယ်များ ခြံရံကာ နေလင့်၏။ ဂုတ္တိလစောင်းဆရာလည်း လာလတ်၍ မိမိအတွက် ပြင်ဆင်ထားသော နေရာတွင်နေ၏။

သိကြားမင်းလည်း မထင်ရှားသောကိုယ်ဖြင့် ကောင်းကင်တွင် ရပ်တည်လေ၏။ ထိုသိကြားမင်းကို ဂုတ္တိလစောင်းဆရာ တစ်ယောက်သာ မြင်ရ၏။ တပည့်မုသိလည်း လာလတ်၍ မိမိအတွက် စီမံထားသော နေရာတွင်၏။

အချိန်ရောက်သောအခါ ဆရာတပည့်နှစ်ယောက်တို့သည် ပွဲဦးအစဝယ် ထပ်တူထပ်မျှ စောင်းကို တီးကြကုန်၏။ လူအပေါင်းတို့သည် ဆရာတပည့်နှစ်ယောက် အပြိုင်အဆိုင် တီးနေကြသောစောင်းသံကို အလွန်နှစ်သက်ဝမ်းမြောက်ကြလျက် တစ်ခဲနက် ကြွေးကြော်ကုန်၏။ သိကြားမင်းလည်း ကောင်းကင်မှနေ၍ အမြဲစီမံ စောင့်ရှောက်၏။

ဆရာဂုတ္တိလသည် သိကြားမင်း နည်းပေးသောအတိုင်း စောင်းညှို့တစ်ချောင်းကို ဖြတ်၍တီး၏။ ဖြတ်သောနေရာမှ အသံထွက်ကာ နတ်စောင်းကဲ့သို့ ဖြစ်လေ၏။ တပည့် မုသိလလည်း ဆရာနည်းတူ စောင်းညှို့တစ်ချောင်းကို ဖြတ်၍ တီး၏။ ဖြတ်သောနေရာမှ အသံမထွက်လေ၏။ နောက် ဂုတ္တိလသည် နှစ်ချောင်း၊ သုံးချောင်း၊ လေးချောင်း၊ ငါးချောင်း၊ ခြောက်ချောင်း၊ ခုနစ်ချောင်းတိုင်အောင် ဖြတ်၍ စောင်းရိုးကို တီးပြန်၏။ ဖြတ်ရာဖြတ်ရာ စောင်းညှို့မှ အသံထွက်ကာ အလွန်သာယာ၏။ နတ်စောင်းကဲ့သို့ ဖြစ်လေ၏။ မုသိလကား ဖြတ်တိုင်းဖြတ်တိုင်းသော စောင်းညှို့မှ မသံမထွက်တော့ဘဲ အသံလုံးလုံး မရှိအောင် ဖြစ်လေ၏။

တပည့်ကရှုံး သက်ပါဆုံး

ထိုအခါ ဆရာဂုတ္တိလ၏ စောင်းသံသည် ဗာရာဏသီတစ်မြို့လုံးလွှမ်း၍ တည်၏။ လူတို့သည် အလွန်နှစ်သက်သဖြင့် ပုဆိုးဦးရစ် စသည်တို့ကို ပစ်ကြကုန်၏။ နောက်စောင်းတစ်လက်ကို ကောင်းကင်သို့ပစ်၏။ နတ်သမီးသုံးရာလာ၍ ကကြ၏။ နောက်တစ်လက်ကို ပစ်ပြန်၏။ နောက် နတ်သမီးသုံးရာ လာ၍ ကကြပြန်၏။ နောက်တစ်လက်ပစ်ပြန်၏။ နောင်နတ်သမီးသုံးရာ လာ၍ ကကြပြန်၏။ လူအပေါင်းတို့သည် ဂုတ္တိလ အတီးနှင့် နတ်သမီးတွေအကကို ကြည့်ရှု၍ မငြီးနိုင်အောင် ရှိကြကုန်၏။

ထိုခဏ၌ မင်းကြီးသည် လူတို့အား မျက်စိမှိတ်ကာ၊ လည်ညိတ်ကာ အမှတ်သညာပေးလေ၏။ လူတို့သည် တစ်ပြိုင်နက်ထကာ သင်ကား - တူမျှသော လခရိက္ခာကိုလို၍ဆရာနှင့် ဆန့်ကျင်ဘက်ပြုကာ အတတ်ပညာပြိုက်ဘိသည်။ ပမာဏကိုမသိဟု ခြိမ်းခြောက်ဆဲရေးကာ မုသိလကို ကိုင်မိတိုင်းသော တုတ်၊ လှံတံ၊ ကျောက်ခဲတို့ဖြင့် ရိုက်ပုတ်ပစ်ခတ်ကာ မှုန့်မှုန့်ညက်ညက် ကြေစေလျက် အသက်ကုန်ခြင်းသို့ ရောက်စေပြီးလျှင် ခြေတို့ကို ကိုင်၍ဆွဲငင်ကာ တံမြက်ချေးစွန့်ရာ အမှိုက်ပုံတွင် စွန့်ပစ်ကြကုန်၏။

ဆရာကနိုင် နတ်ပြည်တိုင်

ထိုအခါ မင်းကြီးသည် ဆရာဂုတ္တိလအား အလွန်နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ တစ်ခဲနက်သော မိုးကြီးကို ရွာသွန်းစေဘိသကဲ့သို့ များစွာသော စည်းစိမ်ဥစ္စာတို့ကို ပေးလေ၏။ လူတို့သည်လည်း များစွားသော ဥစ္စာကို ပေးကြကုန်၏။ သိကြားမင်းလည်း ဂုတ္တိလအား “နတ်ပြည်သို့ရောက်လျှင် အာဇာနည်မြင်းတစ်ထောင် ကသောရထားဖြင့် မာတလိနတ်သားကို လွှတ်လိုက်မည်။ နတ်ပြည်သို့ လိုက်ခဲ့ပါ” ဟု မှာထားကာ နတ်ပြည်သို့သွားလေ၏။

သိကြားမင်း နတ်ပြည်သို့ ပြန်ရောက်လျှင် နတ်သမီးတို့သည် ခြံရံကာ ဘယ်အရပ်သို့ သွားနေကြောင်း မေးကြလျှင် အကြောင်းအရာအလုံးစုံနှင့်တကွ ဂုတ္တိလစောင်းဆရာကြီး၏ အကျင့်သီလ ဂုဏ်ကျေးဇူးကို ပြောပြရာ နတ်သမီးတို့က “ဂုတ္တိလစောင်းဆရာကြီးကို ဖူးမြင်လိုပါသည်” ဟု တောင်းပန်ကြပြန်ရာ မာတလိ နတ်သားကို သိန္ဓောမြင်း တစ်ထောင်ကသော ဝေဇယန္တာ ရထားဖြင့် သွား၍ခေါ်စေသဖြင့် ဂုတ္တိလစောင်းဆရာကြီးသည် နတ်ပြည်သို့ ရောက်လာလေ၏။

ဂုတ္တိလစောင်းဆရာကြီး ရောက်လာလျှင် သိကြားမင်းသည် လောကွတ်ပျူငှာစကား ပြောဟောပြီးလျှင် “ဆရာကြီး ... ဆရာကြီး၏ စောင်းသံကို နတ်သမီးတို့ နားထောင်လိုကြပါသည်” ဟု ပြော၏။ “မြတ်သောသိကြားမင်း ... အကျွန်ုပ်တို့ စောင်းသမားမည်သည် အတတ်ပညာကိုမှီ၍ အသက်မွေးရပါသည် အဖိုးအခရလျှင် တီးပါမည်” ဟု ပြော၏။ “ဆရာကြီး တီးသာတီးပါ၊ အဖိုးအခ ရပါစေမည်” ဟု ပြော၏။ “သိကြားမင်း ... တခြားဖြစ်သော အဖိုးအခကို မလိုပါ၊ နတ်သမီးတို့ လူ့ပြည်တွင် ပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ်ကို အကျွန်ုပ်ပြောပါစေ၊ နာလိုပါသည်” ဟု ပြော၏။ “ဆရာကြီး ... ပြောစေပါမည်” ဟု ဝန်ခံသဖြင့် ဂုတ္တိလ စောင်းဆရာသည် ခုနစ်ရက်ပတ်လုံး စောင်းကိုတီးလေ၏။ စောင်းသံသည် နတ်တို့၏ စောင်းသံကို သာလွန်လွှမ်းမိုးလျက် တည်လေ၏။

သတင်းကျော်ကြား ကောင်းမှုပွား

ခုနက်ရက်မြောက်သောနေ့ဝယ် ဂုတ္တိလစောင်းဆရာသည် ဝန်ခံထားသသောအတိုင်း နတ်သမီးတို့ ပြုလုပ်ခဲ့ကြသော ကုသိုလ်ကောင်းမှုတို့ကို အစမှ အဆုံးတိုင်အောင် မေးလေ၏။ နတ်သမီးတို့လည်း မိမိတို့ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုကို အသီးအသီး ပြောကြားကြကုန်၏။ ဂုတ္တိလစောင်းဆရာလည်း မှတ်သားနာယူလေ၏။

[ဂုတ္တိလ စောင်းဆရာကြီး မေးသော အခြင်းအရာနှင့် သုံးကျိပ် ခုနစ်ယောက်သော နတ်သမီးတို့ ဖြေဆိုကြသော အခြင်းအရာတို့ကား ဂုတ္တိလဝိမာနဝတ္ထုတွင် အကျယ်ရှိသည်။ အလိုရှိသူတို့ ၎င်းကို ကြည့်ရှုမှတ်သား ကြပါကုန်။]

သိကြားမင်းလည်း ခုနစ်ရက်လွန်သောအခါ ဂုတ္တိလစောင်းဆရာကြီးကို ဝေဇယန္တရာရထားဖြင့်ပင် မာတိလ နတ်သားအား ဗာရာဏသီပြည်သို့ ပြန်ပို့စေ၏။ ဂုတ္တိလ စောင်းဆရာလည်း ဗာရာဏသီပြည်သို့ ပြန်ပို့စေ၏။ ဂုတ္တိလ စောင်းဆရာလည်း ဗာရာဏသီပြည်သို့ရောက်လျှင် မိမိကိုယ်တိုင်လည်း များစွာသော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်လေ၏။ တခြားလူတို့ကိုလည်း မိမိတွေ့မြင် ကြားသိခဲ့ရသော နတ်သမီးတို့ အကြောင်းအရာကို ပြောဟောကာ ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်စေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မုသိလသည် - ယခုအခါ ဒေဝဒတ်။

သိကြားမင်းသည် - အနုရုဒ္ဓါ။ · မင်းသည် - အာနန္ဒာ။

ဂုတ္တိလသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဆရာစွန့်လျှင်၊ ရန်ပြုလျှင်၊ အလျင်ပျက်စီးလေ။

(၂) အတတ်ပေးသင်၊ ကျေးဇူးရှင်၊ ပြိုင်လျှင်ပျက်စီးလေ။

(၃) မုသိလပျက်၊ ဆရာဘက်၊ ခွေးဝက်နည်းတူသေ။

ဂုတ္တိလဇာတ် ပြီး၏။

***

(၂၄၄) ဝိဂတိစ္ဆဇာတ်

ပြိုင်ဘက်ရှာဖွေသော ပရိဗိုဇ် တစ်ယောက်အား ပြဿနာမေး၍ ထွက်ပြေးစေပြီးနောက် တဏှာကင်းသော ဘုရား၊ ပစ္စေကဗုဒ္ဓ၊ သာဝကတို့ကို ရှိခိုးပူဇော်သော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

စဉ်းစားနှိုင်းချိန် သုခမိန်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ပရိဗိုဇ်တစ်ယောက်သည် ဇမ္ဗူဒိပ်ကျွန်းအလုံး၌ ပြောဆိုဆွေးနွေးနိုင်သော ပညာရှိကို လိုက်လံရှာဖွေရာ မရသဖြင့် သာဝတ္ထိပြည်သို့ ရောက်လျှင် လူအများအား “ငါနှင့်တကွ ပြောဆိုဆွေးနွေးနိုင်သူ ရှိပါသလော” ဟု မေးမြန်းရာ လူတို့သည် ဂေါတမ မြတ်စွာဘုရားရှိကြောင်း ပြောကြသဖြင့် လူအများနှင့်တကွ မြတ်စွာဘုရားထံ သွားလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ပရိသတ်လေးပါး အလယ်တွင် တရားဟောလျက် နေတော်မူ၏။ ပရိဗိုဇ်လည်း ရောက်လျှင် မြတ်စွာဘုရားအား ပြဿနာကိုမေး၏။ မြတ်စွာဘုရားသည် ထိုပရိဗိုဇ်အား “တစ်ခုမည်သည်ကား အဘယ်နည်း” ဟု ပြဿနာကို မေးတော်မူ၏။ ပရိဗိုဇ်သည် မဖြေဆိုနိုင်သောကြောင့် ထ၍ ပြေးလေ၏။

စည်းဝေးကုန်သော ပရိသတ်တို့သည် မြတ်စွာဘုရားကို တစ်ပုဒ်တည်းသောပြဿနာနှင့် ပရိဗိုဇ်ကို နှိမ်မိ၏ဟု လျှောက်ကြလေလျှင် မြတ်စွာဘုရားသည် “ဒါယကာတို့ ... ငါဘုရားသည် ယခုအခါ၌သာလျှင် ထိုပရိဗိုဇ်ကို တစ်ပုဒ်တည်းသော ပြဿနာဖြင့် နှိမ်မိသည်မဟုတ်၊ ရှေးအခါ၌လည်း နှိမ်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဉာဏ်မနိုင်က ထပြေးရ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ဝတ္ထုကာမ၊ ကိလေသာကာမတို့ကို ပယ်စွန့်ကာ ရသေ့၊ ရဟန်းပြုပြီးလျှင် ကာလရှည်ကြာစွာ ဟိမဝန္တာအရပ်၌ နေပြီးမှ ဟိမဝန္တာမှ သက်ဆင်းလတ်၍ နိဂုံးရွာတစ်ခုကို အမှီပြုကာ မြစ်ကွေ့တစ်ခုတွင် သစ်ရွက်မိုးကျောင်း ဆောက်လုပ်လျက် နေလေ၏။

ထိုအခါ ပရိဗိုဇ်တစ်ယောက်သည် ဇမ္ဗူဒိပ်ကျွန်းအလုံးတွင် ပြောဆိုဆွေးနွေးဘက်ကို လိုက်လံရှာဖွေရာ မရသဖြင့် ထိုနိဂုံးရွာသို့ရောက်လျှင် လူတို့အား “ငါ့နှင့်စကားပြောဆိုဆွေးနွေနိုင်သူ ရှိသလော” ဟု မေးမြန်းရာ လူတို့သည် ပညာရှိရသေ့တစ်ပါးရှိကြောင်း ပြောဆို၍ ပရိဗိုဇ်ကို ရသေ့ထံ ခေါ်သွားကြလေ၏။

ရသေ့ထံသို့ရောက်လျှင် ရသေ့နှင့်ပရိဗိုဇ် နှစ်ဦးတို့သည် အစေ့အစပ်ပဋိသန္ဓောရ စကားပြောဆိုပြီးလျှင် ရသေ့သည် ပရိဗိုဇ်အား “အဆင်းအနံ့တို့နှင့် ပြည့်စုံ၍ ပန်းတို့ဖြင့် ထုံအပ်သော ဂင်္ဂါရေကိုသောက်မည်လော” ဟု မေးလေ၏။ ထိုအခါ ပရိဗိုဇ်သည် ဝါဒဖြင့်လွှမ်းမိုးလို၍ ရသေ့အား “ဂင်္ဂါ၏သဲကား အဘယ်နည်း၊ ဂင်္ဂါ၏ ဤမှာဘက်ကမ်းသည်ကား အဘယ်နည်း၊ ဂင်္ဂါ၏ ဟိုမှာဘက်ကမ်းသည်ကား အဘယ်နည်း” ဟု ပြန်၍မေးလေ၏။ ရသေ့သည် ထိုပရိဗိုဇ်အား “ရေကိုလည်းကောင်း၊ သဲကို လည်းကောင်း၊ ဤမှာဘက်ကမ်းကို လည်းကောင်း၊ ဟိုမှာ ဘက်ကမ်းကို လည်းကောင်း ထား၍ ဂင်္ဂါကို အဘယ်မှာရမည်နည်း” ဟု မေးပြန်၏။ ထိုအခါ ပရိဗိုဇ်သည် ဆိုဖွယ်မဲ့လျဉ်း ပညာကင်းရကား ထ၍ပြေးလေ၏။

ကြောင်းကျိုးခွဲပြ ဆိုဆုံးမ

ထိုပရိဗိုဇ် ပြေးသည်ရှိသော် ရသေ့သည် စည်းဝေးရောက်လာသော ပရိသတ်တို့အား -

“အချင်းတို့ ... ဤပရိဗိုဇ်ကား မျက်စိဖြင့်မြင်ရသော ရေ စသောဝတ္ထုကို ဂင်္ဂါဟု မယူလို၊ မျက်စိဖြင့် မမြင်ရသော ရေ စသောဝတ္ထုမှ တစ်ပါးသောဝတ္ထုကို ဂင်္ဂါဟု ယူလိုသတတ်၊ ဤသို့သဘောရှိသော ဂင်္ဂါကိုရှာလျက် ကြာမြင့်စွာ သွားရလိမ့်မည်” – ဟု ထင်မိ၏။ ကြာမြင့်စွာ သွားသော်လည်း ယူလိုသော ဂင်္ဂါကို ရရှိလိမ့်မည်မဟုတ်။

“အချင်းတို့ ... ရရှိသော ရေ စသောဝတ္ထုဖြင့် မနှစ်သက်သောသူသည် တောင့်တ၍မရသော စည်းစိမ်ဖြင့်လည်း အကျိုးမရှိဟု အောက်မေ့ဘိ၏။ တဏှာသည် အဆုံးအစမရှိသော အာရုံ၌ဖြစ်သောကြောင့် တဏှာကင်းသော ဘုရားပစ္စေကဗုဒ္ဓ၊ သာဝကတို့အား ငါတို့ ရှိခိုးပါကုန်၏” - ဟု တရားဟောလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပရိဗိုဇ်သည် - ယခုအခါ ပရိဗိုဇ်။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သဲ, ရေ, ကမ်းမူ၊ ဂင်္ဂါဟူ၊ မယူကျယ်ကတ်ကတ်။

(၂) သဲ, ရေ, ကမ်းပင်၊ ခြားမမြင်၊ ခေါ်တွင်ဂင်္ဂါမှတ်။

(၃) ပရိဗာဇက၊ ဖြေမရ၊ ထ၍ပြေးသတတ်။

ဝိဂတိစ္ဆဇာတ် ပြီး၏။

***

(၂၄၅) မူလပရိယာယဇာတ်

ပိဋကတ် ကျွမ်းကျင်၍ စိတ်ကြီးဝင်သော ရဟန်းတို့၏ မာန်စွယ်ကို မူလ ပရိယာယသုတ်ဖြင့် ပယ်နုတ်တော်မူခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

စာပေတတ်လျှင် စိတ်ကြီးဝင်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဥက္ကဋ္ဌတိုင်းကို အမှီပြု၍ မွေ့လျော်ဖွယ်ကို ဖြစ်စေတတ်သောတော်၌ သီတင်းသုံးတော်မူစဉ် - ဟောတော်မူအပ်သော မူလပရိယာယသုတ္တန်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ထိုအခါ ဗေဒင်သုံးပုံဝယ် ကမ်းတစ်ဖက်ရောက် တတ်မြောက်သော ပုဏ္ဏားတို့သည် သာသနာတော်၌ ရဟန်းပြု၍ ပိဋကတ်သုံးပုံကို သင်ယူပြီးလျှင် မာနတက်ကုန်လျက် “မြတ်စွာဘုရားလည်း ပိဋကတ်သုံးပုံကို တတ်တော်မူ၏။ ငါတို့လည်း ပိဋကတ်သုံးပုံကို တတ်ကုန်၏။ သို့အတွက် မြတ်စွာဘုရားလည်း ငါတို့နှင့် ထူးခြားခြင်းမရှိ” မြတ်စွာဘုရားအား ခစားဆည်းကပ်ခြင်းကို မပြုကြဘဲ ဆန့်ကျင်ဘက်ပြု၍ နေကြကုန်၏။

ဘုရားဆုံးမ ကိုယ်နှိမ့်ချ

တစ်နေ့သ၌ မြတ်စွာဘုရားသည် ထိုရဟန်းတို့ အထံတော်သို့ လာကြသောအခါ ရှစ်ပါးသော ဘူမိတို့ဖြင့် တန်ဆာဆင်၍ မူလပရိယာယသုတ္တာန်ကို ဟော်တော်မူလျှင် ထိုရဟန်းတို့သည် စိုးစဉ်းမျှ မမှတ်နိုင်ကုန်သော ကြောင့် “ငါတို့ကား ငါတို့နှင့်တူသော ပညာရှိမည်သည်မရှိကုန်ဟု မာနတက်မိကြကုန်၏။ ယခုအခါ တစ်စုံတစ်ခုကိုမျှ ငါတို့မသိကြပါတကား။ မြတ်စွာဘုရားနှင့်တူသော ပညာရှိမည်သည်မရှိပေ၊ ဂုဏ်ကျေးဇူးတော်တို့သည် အံ့ဖွယ်သရဲရှိကုန်၏” ကြံစည်အောက်မေ့ကာ အစွယ်ကိုနုတ်ပြီးသော မြွေကဲ့သို့ မာန်မာနထောင်လွှားခြင်း ကင်းကြကုန်၏။

ထိုနောက် မြတ်စွာဘုရားသည် ဝေသာလီပြည်သို့ ကြွတော်မူပြီးလျှင် ဂေါတမက နတ်၏နေရာ ကျောင်းတော်၌ လောကဓာတ်တစ်သောင်းကို တုန်လှုပ်စေလျက် ဂေါတမက မည်သောသုတ္တန်ကို ဟော်တော်မူ၏။ တစ်ဖန် မူလပရိယာယသုတ္တန်ကို ဟောရာဝယ် ထိုရဟန်းတို့သည် ရဟန္တာအဖြစ်သို့ ရောက်ကုန်၏။

ထိုအခါ ရဟန်းတို့သည် တရားသဘင်ဝယ် ထိုမာန်မာနတက်သော ရဟန်းတို့အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ၊ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ငါဘုရားသည် ယခုအခါ၌သာ ထိုရဟန်းတို့သည် မာန်မာန မရှိသည်ကို ပြုသည်မဟုတ်၊ ရှေးအခါ၌လည်း ပြုခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဗေဒင်တတ်မြောက် မနာရောက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် ဗေဒင်သုံးပုံဝယ် တစ်ဖက်ကမ်းရောက် တတ်မြောက်သည်ဖြစ်၍ ဒိသာပါမောက္ခ ဆရာကြီး ဖြစ်လျက် လုလင်ငါးရာတို့ကို ဗေဒင်သင်စေ၏။

လုလင်ငါးရာတို့သည် အတတ်ပညာပြီးဆုံးခြင်းသို့ ရောက်လတ်သော် အတတ်ပညာ၌ မေးမြန်းစိစစ်ပြီးလျှင် “ဆရာလည်း ငါတို့တတ်သလောက်သာ တတ်သိသည်၊ ငါတို့နှင့် ဆရာကား အထူးအခြားမရှိ” ဟု မှတ်ထင်ကာ မာန်မာနကို ဖြစ်စေလျက် ဆရာထံသို့ အခစားမသွားကြကုန်၊ ဆရာ၏ ဝတ်ကြီးဝတ်ငယ်ကိုလည်း မပြုကြကုန်။

တစ်နေ့သ၌ ဆရာသည် ဆီးပင်ရင်း၌ နေသည်ရှိသော် လုလင်ငါးရာတို့သည် ဆရာကို ကဲ့ရဲလိုသည်ဖြစ်၍ ဆီးပင်ကို လက်သည်းဖြင့် ခေါက်ကုန်လျက် “ဤသစ်ပင်ကား အနှစ်မရှိ” ဟု ပြောဆိုကြကုန်၏။ ဆရာသည် မိမိအား ကဲ့ရဲ့သည့်အဖြစ်ကိုသိလျှင် “တပည့်တို့ ... သင်တို့အား ငါ တစ်ခုသော ပြဿနာကိုမေးမည်” ဟု ပြောလေ၏။ တပည့်တို့လည်း နှစ်သက်ရွှင်လန်းကုန်သည်ဖြစ်၍ “ဆရာမေးပါ၊ ဖြေဆိုပါမည်” ဟု ပြောကြကုန်၏။

လျှို့ဝှက်ပြဿနာ မေးသောအခါ

ထိုအခါ ဆရာသည် တပည့်တို့အား ပြဿနာမေးလို၍ -

“တပည့်တို့ .. အခါကာလလည်း မိမိနှင့်တကွ သတ္တဝါအလုံးစုံကို စားမျို၏။ သတ္တဝါတို့ကို လောင်ကျွမ်းစေသော တဏှာမီးကို ဉာဏ်မီးဖြင့် လောင်ကျွမ်းစေ၏။ ထိုသတ္တဝါကား အဘယ်သတ္တဝါနည်း” – ဟု မေးလေ၏။ ဆရာပြဿနာကို ကြားလျှင် တပည့်လုလင်တို့တွင် တစ်ယောက်သောလုလင်မျှ သိစွမ်းနိုင်သော သူမည်သည်မရှိ။ ထိုအခါ ဆရာသည် လုလင်တို့ကို “လုလင်တို့ ... သင်တို့သည် ဗေဒင်သုံးပုံတို့၌ရှိသည်ဟူသော အမှတ်ကို မပြုကြလင့်၊ သင်တို့ကား ဆရာတတ်သိသမျှ အလုံးစုံကို ငါတို့တတ်သိသည်ဟု မှတ်ထင်အောက်မေ့ကုန်လျက် ငါ့ကို ဆီးပင်နှင့်တူသည်ကို ပြုကြကုန်၏။ သင်တို့ထက် ငါတစ်ယောက်၏ များသောအနက်ကို တတ်သိသည်၏ အဖြစ်ကို သင်တို့သိကြရမည် သွားကြကုန်၊ ခုနစ်ရက် ဤပြဿနာကို ကြံကြကုန်” ဟု အချိန်ပေးလေ၏။

မဖြေနိုင်မှ မာနကျ

လုလင်တို့သည် ဆရာကို ရှိခိုးပြီးလျှင် မိမိတို့နေရာသို့သွားကာ ခုနစ်ရက်ပတ်လုံး ပြဿနာကို ကြံစည်စဉ်းစား ကြသော်လည်း ပြဿနာ၏ အဆုံးအစကို မမြင်ကြကုန်သည်သာတည်း။ ခုနစ်ရက် မြောက်သောနေ့ဝယ် ဆရာထံသို့လာ၍ ရှိခိုးလျက်နေကြကုန်၏။ ဆရာသည် “တပည့်တို့ .... သင်တို့သည် ပြဿနာကို သိကြကုန်၏လော” ဟု မေး၏။ “ဆရာ ... မသိနိုင်ကြပါ” ဟု ပြန်ကြားကြကုန်၏။ ထိုအခါ ဆရာသည် တပည့်တို့အား -

“တပည့်တို့ ... လည်ပင်းတို့၌ စွပ်တပ်ကုန်အပ်လျက် အမွေးအမှင်တို့ ထူထပ်ပွားများကုန်သော လူအများတို့၏ ဦးခေါင်းအများတို့သည် ထင်ရှားရှိကုန်၏။ ထိုဦးခေါင်းအများတို့တွင် ဦးခေါင်းတစ်ခုတည်းသာ သိတတ်သောနားရှိ၏ ” – ဟု - ကဲ့ရဲ့ ပြောဆိုလေ၏။ လုလင်တို့သည် ထိုစကားကို ကြားကုန်လျှင် “ဆရာဟူသည် အံ့ဖွယ်ရှိပေစွတကား၊ မွန်မြတ်ပေစွတကား” ဟု ကန်တော့ဝန်ချက်ကုန်၍ မာန်မာနကင်းကုန်လျက် ဆရာကို လုပ်ကျွေးကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လုလင်ငါးရာတို့သည် - ယခုအခါ ရဟန်းငါးရာ။

ပုဏ္ဏားဆရာသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပညာပေးသင်၊ ဆရာပင်၊ မထင်မသေးရာ။

(၂) ဦးခေါင်းအများ၊ ထင်သော်ငြား၊ နားရှိတစ်ခုသာ။

မူလပရိယာယဇာတ် ပြီး၏။

***

(၂၄၆) ဗာလောဝါဒဇာတ်

သတ္တဝါတို့ကို သတ်ဖြတ်၍ ပေးလှူသောဆွမ်းကို စားသောရဟန်းသည် မကောင်းမှုဖြင့် လိမ်းကျံ၏ဟု စွပ်စွဲသော သူကြွယ်မိုက်အား တရားပြ၍ ဆိုဆုံးမသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားကိုရှုတ်ချ နိဂဏ္ဌ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေသာလီပြည်ဝယ် စုလစ်မွန်ချွန်တပ်သော ဇရပ်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သီဟမည်သော စစ်သူကြီးသည် မြတ်စွာဘုရားထံ ဆည်းကပ်၍ ဥပါသကာအဖြစ် ဖိတ်ကြားပြီးလျှင် နတ်ဖြန်နေ့ဝယ် အိမ်သို့ပင့်ဖိတ်ကာ ဘုရားအမှူးရှိသော သံဃာအား သားပြွမ်းဆွမ်းကို လှူဒါန်းလေ၏။

နိဂဏ္ဌသည် ဆွမ်းလှူကြောင်းသိလျှင် အမျက်ထွက်ကာ နှလုံးမသာသဖြင့် မြတ်စွာဘုရားကို ညှဉ်းဆဲလိုသည်ဖြစ်၍ ရဟန်းဂေါတမကားသိလျက် ရည်းမှန်း၍သတ်သော အသားကိုစားသည်ဟု ကဲ့ရဲ့၏။ ထို နိဂဏ္ဌ ကဲ့ရဲ့ရှုတ်ချသောစကား သံဃာ့ဘောင်၌ ထင်ရှားလေ၏။

မြတ်စွာဘုရား ကြားတော်မူလျှင် “ရဟန်းတို့ ... နိဂဏ္ဌသည် ယခုအခါ၌သာ ရည်းမှန်း၍သတ်သော အသားကို စားသည်ဟု ကဲ့ရဲ့သည်မဟုတ်၊ ရှေးအခါ၌လည်း ကဲ့ရဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ရသေ့ကိုညှဉ်း သူကြွယ်ဖျင်း

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် ရသေ့ရဟန်းပြုကာ ဟိမဝန္တာ၌နေ၍ တစ်နေ့သ၌ ချဉ်ဆားမှီဝဲရန် ဗာရာဏသီပြည်သို့သွား၍ နက်ဖြန်နေ့၌ မြို့တွင်းသို့ ဆွမ်းခံဝင်လေ၏။

ထိုအခါ သူကြွယ်တစ်ယောက်သည် ရသေ့ကို ညှဉ်းဆဲမည်ဟု အိမ်တွင်းသို့ပင့်လျက် အမဲသားဟင်းဖြင့် ဆွမ်းလုပ်ကျွေး၏။ ဆွမ်းဘုဉ်ပေးပြီးလျှင် “အရှင်ရသေ့ ... သင့်ကိုရည်မှန်း၍ သတ်အပ်သော အမဲသားမှန်းသိလျက် သင်စားဘိသည်၊ ဤအကုသိုလ်သည် ငါတို့အားသာ မဖြစ်စေလင့်၊ သင့်အားလည်း ဖြစ်စေသတည်း” ဟု ပြောဆိုပြီးလျှင် -

“အရှင်ရသေ့ ... သီလမရှိသောသူသည် သတ္တဝါတို့ကို ညှဉ်းဆဲပုတ်ခတ် သတ်ဖြတ်၍ အလှူကိုပေးလှူဘိ၏။ ဤသို့သောသဘောရှိသောဆွမ်းကို စားသော ရဟန်းသည်လည်း မကောင်းမှုဖြင့် လိမ်းကျံ၏” – ဟု - စွပ်စွဲပြောဆိုပြန်၏။ ရသေ့သည် သူကြွယ်၏ စကားကိုကြားလျှင် သူကြွယ်အား -

“ဒါယကာ ... သီလမရှိသူသည် သားမယားကိုသတ်၍ အလှူကိုပေးလှူစေကာမူ ပညာရှိသည် ထိုဆွမ်းကိုစားသော်လည်း မကောင်းမှုဖြင့် မလိမ်းကျံနိုင်” ဟု တရားဟောပြီးလျှင် နေရာမှထ၍ ဖဲသွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -

ထိုအခါ သူကြွယ်သည် - ယခုအခါ နိဂဏ္ဌ။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သတ်၍လှူမှု၊ လှူခံစု၊ အကုလိမ်းကျံလား။

(၂) သားကိုသတ်လှူ၊ အကုမြူ၊ ခံသူမလိမ်းသား။

ဗာလောဝါဒဇာတ် ပြီး၏။

***

(၂၄၇) ပါဒဉ္ဇလိဇာတ်

အကြောင်းရှိလျှင် နှုတ်ခမ်းကိုက်ခြင်းမှတစ်ပါး အကြောင်းအကျိုးကို မသိတတ်သောကြောင့် မင်းအဖြစ်မှ ဆုံးရှုံးရသော ပါဒဉ္ဇလိမင်းသား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဝန်တိုမိစ္ဆာ လာဠုဒါ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တစ်နေ့သ၌ အဂ္ဂသာဝကနျစ်ပါးတို့သည် အမေးပြဿနာတို့ကို ဖြေဆိုဆုံးဖြတ်ကြကုန်၏။ ရဟန်းတို့သည် ပြဿနာအဆုံး အဖြတ်ကို နားကြားရကုန်သည်ရှိသော် မထေရ်တို့ကို ချီးမွမ်းကြကုန်၏။

လာဠုဒါယီမထေရ်သည် ပရိသတ်အလည်၌နေလျက် “သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့သည် ငါတို့နှင့်အမျှ တတ်ကုန်သလော” ဟု နှုတ်ခမ်းကို ကိုက်လေ၏။ မထေရ်တို့သည် လာဠုဒါယီကို မြင်ကုန်၍ ဖဲသွားကြကုန်၏။ ထိုအခါ ပရိသတ်သည် ပျက်လေ၏။

ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့ ... လာဠုဒါယီသည် အဂ္ဂသာဝကနှစ်ပါးတို့ကို ကဲ့ရဲ့၍ နှုတ်ခမ်းကို ကိုက်၏” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရားကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... လာဠုဒါယီသည် ယခုအခါ၌သာ နှုတ်ခမ်းကိုကိုက်ခြင်းမှ တစ်ပါးသော အမှုကိစ္စကို မသိသည်မဟုတ်၊ ရှေးအခါ၌လည်း မသိသည်သာတည်း” ဟု မိန့်တော်မူကာအောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပညာရှိအမတ် စုံစမ်းလတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်းအား အကျိုးအကြောင်းကိုပြ၍ ဆုံးမတတ်သော ပညာရှိအမတ်ဖြစ်လေ၏။ ထိုမင်းကြီးအား ပါဒဉ္ဇလိမည်သော သားတော်တစ်ယောက်ရှိ၏။ ထိုမင်းသားသည် လျှပ်ပေါ်လောလည်၏။ ဝီရိယလုံ့လ ညံ့ဖျင်း၏။

နောက်အဖို့၌ ဗြဟ္မဒတ်မင်းသည် သေလွန်ခဲ့၏။ အမတ်တို့သည် သင်္ဂြိုဟ်ခြင်းကိစ္စကို ပြုပြီးလျှင် “အဘယ်သူကို အဘိသိက်သွန်း၍ မင်းမြှောက်ကြကုန်အံ့နည်း” ဟု တိုင်ပင်ကြသည်ရှိသော် “တချို့က ပါဒဉ္ဇလိမင်းသားကို အဘိသိက်သွန်း၍ မင်းမြှောက်ကြမည်” ဟု ပြောဆိုကြကုန်၏။ ထိုအခါ ပညာရှိအမတ်သည် “ဤမင်းသားကား လျှပ်ပေါ်လော်လည်၏။ ဝီရိယလုံ့လ ညံ့ဖျင်း၏။ ထိုမင်းသားကို မင်းမြှောက်သင့်သည်၊ မမြှောက်သင့်သည်ကို စုံစမ်းဦးမည်” ဟု ပြောဆိုလေ၏။

အမတ်တို့သည် မင်းသားအနီး၌ နေစေ၍ တရားဆုံး ဖြတ်ကုန်သည်ရှိသော် ကောင်းစွာမဆုံးဖြတ်ကြကုန်။ အရှင်မဟုတ်သူတို့ကို အရှင်ပြု၍ ဆုံးဖြတ်ကြပြီးလျှင် မင်းသားကို “အရှင်မင်းသား ... အဘယ်သို့နည်း၊ အကျွန်ုပ်တို့ အဆုံးအဖြတ်သည် ကောင်းပါ၏လော၊ သို့တည်းမဟုတ် မကောင်းသလော” ဟု မေးလျှောက်ကြကုန်၏။ ပါဒဉ္ဇလိမင်းသားသည် တစ်စုံတစ်ရာစကားကို မပြောဆိုဘဲ နှုတ်ခမ်းကိုသာ ကိုက်၍ နေလေ၏။

ပညာရှိမှ မင်းမြှောက်ကြ

ထိုအခါ ပညာရှိအမတ်သည် ဤမင်းသားကား ပညာရှိယောက်တကား၊ အမတ်တို့ ကောင်းစွာ မဆုံးဖြတ်သည်ကို သိလိမ့်မည်ဟု အောက်မေ့သည်ဖြစ်၍ =

“အချင်းတို့ ... ပါဒဉ္ဇလိမင်းသားကား စင်စစ် ပညာဖြင့် ခပ်သိမ်းသောသူတို့ထက်လွန်၍ ထွန်းပ၏။ထို့ကြောင့် နှုတ်ခမ်းကိုကိုက်ဘိ၏။ လွန်သောအကြောင်းကို မြင်ယောင်တကား” – ဟု ပြောဆိုချီးကျူးလေ၏။ အမတ်တို့သည် တစ်ပါးသောနေ့၌ တရားဆုံးဖြတ်ကုန်သည်ရှိသော် ကောင်းစွာ ဆုံးဖြတ်ကြပြီးလျှင် “အရှင်မင်းသား ... အသို့နည်း၊ အကျွန်ုပ်တို့ အဆုံးအဖြတ်သည် ကောင်းပါ၏လော၊ သို့တည်းမဟုတ် မကောင်းသလော” ဟု မေးလျှောက်ကြပြန်၏။ ထိုပါဒဉ္ဇလိမင်းသားသည် ရှေးနည်းအတူ နှုတ်ခမ်းကိုသာ ကိုက်၍နေပြန်၏။

ပညာရှိအမတ်သည် ပါဒဉ္ဇလိမင်းသားကား အကြောင်းဟုတ်သည်၊ မဟုတ်သည်၊ အကျိုးရှိသည်၊ မရှိသည်ကို မသိလေ နှုတ်ခမ်းကို ကိုက်ခြင်းမှ တစ်ပါးဟော အမှုကိစ္စကို မသိလေ” – ဟု ပြောဆိုရှုတ်ချလေ၏။ ထိုအခါ အမတ်တို့သည် ပါဒဉ္ဇလိမင်းသား၏ အလွန်မိုက်သော အဖြစ်ကိုသိကြလျှင် အဘိသိက်သွန်း၍ မင်းမမြှောက်ကြဘဲ ပညာရှိအမတ်ကို သာလျှင် အဘိသိက်သွန်း၍ မင်းမြှောက်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပါဒဉ္ဇလိမင်းသားသည် - ယခုအခါ လာဠုဒါယီ။

ပညာရှိအမတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကျိုးကြောင်းနှစ်တန်၊ မသိပြန်၊ ဧကန်မိုက်တော့လေ။

(၂) နှုတ်ခမ်းကိုက်ငြား၊ မှုကိုထား၊ တစ်ပါးမသိလေ။

ပါဒဉ္ဇလိဇာတ် ပြီး၏။

***

(၂၄၈) ကိံသုကောပမဇာတ်

ကမ္မဋ္ဌာန်းချင်း ကွဲပြားလျက် အရဟတ္တဖိုလ်ရခြင်း တူမျှ၍ သံသယရှိသော ရဟန်းတို့အား ပေါက်ပင်ကို မြင်ဖူးသော မင်းသားညီနောင် လေးယောက်တို့နှင့် နှိုင်းယှဉ်၍ မိန့်တော်မူခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အကြောင်းကွဲလျက် ကျိုးတူချက်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လေးပါးသော ရဟန်းတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းကိုယူပြီးလျှင် အသီးအသီး ပွားများအားထုတ်ကြကုန်၏။

ထိုလေးပါးသော ရဟန်းတို့တွင် တစ်ပါးသော ရဟန်းသည် ခြောက်ပါးသော ဖဿာယတနတို့ကို သိမ်းဆည်း၍ ရဟန္တာအဖြစ်သို့ရောက်၏။ တစ်ပါးသောရဟန်းသည် ငါးပါးသောခန္ဓာတို့ကို၊ တစ်ပါးသောရဟန်းသည် လေးပါးသော မဟာဘုတ်တို့ကို၊ တစ်ပါးသောရဟန်းသည် တစ်ဆယ့်ရှစ်ပါးသော ဓာတ်တို့ကို သိမ်းစည်း၍ ရဟန္တာအဖြစ်သို့ ရောက်ကြကုန်၏။ ထိုရဟန်းတို့သည် မိမိရအပ်သော တရားထူးကို မြတ်စွာဘုရားအား လျှောက်ထားကြကုန်၏။

ထိုအခါ တစ်ပါးသော ရဟန်းအား “ဤရဟန်းတို့၏ ကမ္မဋ္ဌာန်းတို့သည် ထူးကြကုန်၏။ နိဗ္ဗာန်ကား တူမျှကြကုန်၏။ အဘယ့်ကြောင့် ခပ်သိမ်းသော ရဟန်းတို့သည် အရဟတ္တဖိုလ်ကို ရကုန်သနည်း” ဟု အကြံဖြစ်၍ မြတ်စွာဘုရားအား ထိုဖြစ်သောအကြံကို လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် “ရဟန်း ... သင်အား ပေါက်ပင်ကို မြင်ဖူးသော မင်းသားညီနောင် လေးယောက်တို့နှင့် ထူးခြားသောအဖြစ် အဘယ်မှာ ရှိအံ့နည်း” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အမြင်ကွဲပြား မင်းသားများ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်းအား သားလေးယောက်တို့သည် ရှိကုန်၏။

တစ်နေ့သ၌ ထိုမင်းသားတို့သည် ရထားထိန်းကိုခေါ်၍ “အချင်း-ရထားထိန်း ... ငါတို့သည် ပေါက်ပင်ကို မြင်လိုကြကုန်၏။ ငါတို့အား ပေါက်ပင်ကို ပြပါလော” ဟု ပြောဆိုကြကုန်၏။

ရထားထိန်းသည် မင်းသားလေးယောက်တို့ကို တပေါင်းတည်း မပြဘဲ မင်းသားကြီးကို ရှေးဦးစွာ ရထားဖြင့ ဆောင်ယူပြီးှလျှင် “အရှင်မင်းသား ... ဤသစ်ပင်ကား ပေါက်ပင်ဖြစ်သည်” ဟု အရွက်မရှိ မီးလောင်ငုတ်ကဲ့သို နေသောအခါ၌ ပြလေ၏။ ထိုနောက် နှစ်ယောက်မြောက် မင်းသားအား ထူးသောအရွက် ရှိသောအခါ၌ ပြလေ၏။ သုံးယောက်မြောက်မင်းသားအား ပွင့်သောအခါ၌ ပြလေ၏။ လေးယောက်မြောက် မင်းသားအား သီးသောအခါ၌ ပြလေ၏။

နောက်အဖို့၌ မင်းသားလေးယောက်တို့သည် တပေါင်းတည်းဆုံမိကြသောအခါ “ပေါက်ပင်ကား ဘယ်လိုနေသနည်း” ဟု အချင်းချင်း မေးမြန်းကြကုန်၏။ ထိုအခါ “မင်းသားကြီးသည် မီးလောင်ငုတ်ကဲ့သို့ရှိ၏။ နှစ်ယောက်မြောက်မင်းသားသည် ပညောင်ပင်ကဲ့သို့ရှိ၏။ သုံးယောက်မြောက်မင်းသားသည် သားတစ်ကဲ့သို့ ရှိ၏။ လေးယောက်မြောက်မင်းသားသည် ကုက္ကိုပင်ကဲ့သို့ရှိ၏” ဟု မိမိတို့ မြင်ခဲ့ကြသောအတိုင်း အသီးအသီး ပြောဆိုကြကုန်၏။

ခမည်းတော်ပြောပြ သဘောတူကြ

ထိုမင်းသားတို့သည် အချင်းချင်းပြောဆိုကြသော စကားကို မနှစ်သက်နိုင်ကြသဖြင့် ဖခမည်းတော်ထံသို့ သွားကြ၍ “ခမည်းတော်မင်းမြတ် ... ပေါက်ပင်ကား ဘယ်လိုနေသနည်း” ဟု မေးပြန်ရာ မိမိတို့ပြောဆိုကြသော အမှတ်ဖြင့် အသီးအသီး လျှောက်ထားကြကုန်၏။ မင်းကြီးသည် သားတော်တို့ စကားကိုကြားလျှင် သားတော် လေးယောက်လုံးပင် ပေါက်ပင်ကို မြင်ဖူးကြသည်မှန်၏။ စင်စစ်ကား ပေါက်ပင်ကို ပြသောအခါ ပေါက်ပင်မှာ ဘယ်အခါ ဘယ်လိုရှိသည်ဟု ခွဲခြား၍ မမေးမိကြသည့်အတွက် ယုံမှားရှိကြသည်” ဟု သိတော်မူလျှင် -

“ချစ်သားတို့ ... သင်တို့အလုံးစုံပင် ပေါက်ပင်ကို မြင်ဖူးကြသည်မှန်၏။ ဤပေါက်ပင်၌ အဘယ်ကြောင့် သင်တို့ယုံမှား ဖြစ်သနည်းဟူမူ - သင်တို့ကား ပေါက်ပင်မှာ ဘယ်အခါ ဘယ်လိုရှိသည်ဟု အလုံးစုံသော ဌာနတို့၌ ရထားထိန်းကို မမေးမိကြသောကြောင့် ယုံမှားရှိကြကုန်၏” – ဟု သားတော်လေးယောက်တို့အား ပြောဆိုကြလေ၏။

ကြောင်းကျိုးမသိ ယုံမှားဘိ

မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူ၍ “ရဟန်းတို့ ... မင်းသားညီနောင် လေးယောက်တို့သည် ခွဲခြမ်းဝေဖန်၍ မမေးအပ်သည်၏ အဖြစ်ကြောင့် ပေါက်ပင်၌ ယုံမှားရှိသကဲ့သို့ ထို့အတူ သင်သည်လည်း ဤတရား၌ ယုံမှားရှိကြောင်း သိတော်မူလျှင် -

ရဟန်းတို့ ... မင်းသားညီနောင် လေးယောက်တို့သည် ပေါက်ပင်၌ ယုံမှားရှိသကဲ့သို့ ထို့အတူ အလုံးစုံသော ဝိပဿနာဉာဏ်ဖြင့် ဖဿအာယတန အစရှိသော တရားတို့ကို မသိကုန်သောသူတို့သည် စင်စစ် ဖဿာယတနစသော တရားတို့၌ ယုံမှားဖြစ်ကြကုန်၏ ”- ဟု မိန့်တော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပေါက်ပင်ပြလစ်၊ ခါမစစ်၊ ဖြစ်လိမ့်ယုံမှားသာ။

(၂) ဖဿစရှိ၊ ယုံမှား၏။ မသိဉာဏ်ဖြင့်သာ။

ကိံသုကောပမဇာတ် ပြီး၏။

***

(၂၄၉) သလာကဇာတ်

မြွေကို ကစားတတ်သော မျောက်လိမ္မာ၏ ကျောကို ဝါးခြမ်းစိတ်ဖြင့် ရိုက်မိ၍ မျောက်ထွက်ပြေးသောကြောင့် နှလုံးမသာဖြစ်ရသော အလမ္ပာယ်သမား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ညှဉ်းပန်းနှိပ်စက် အချစ်ပျက်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မထင်ရှားသော မထေရ်ကြီးတစ်ပါးသည် သူငယ်တစ်ယောက်ကို ရှင်သာမဏေ ပြုစေပြီးလျှင် နှိပ်စက်ညှဉ်းဆဲကာ ဇေတဝန်ကျောင်းတော်၌ နေလေ၏။

ရှင်သာမဏေသည် နှိပ်စက်ညှဉ်းဆဲခြင်းကို သည်းမခံနိုင်သဖြင့် လူထွက်လေ၏။ ထိုမထေရ်ကြီးသည် ထိုသူငယ်ထံသို့သွားကာ သင်္ကန်းသပိတ်ဖြင့် ဖြားယောင်းလျက် ရှင်သာမဏေပြုရန် အဖန်ဖန် တိုက်တွန်းပြန်၏။ သူငယ်လည်း အဖန်ဖန် ငြင်းပယ်၏။ နောက်အခါ ဖြားယောင်းဖန်များသဖြင့် ရှင်သာမဏေပြုပြန်၏။ မထေရ်ကြီးသည် တစ်ဖန် နှိပ်စက်ညှဉ်းဆဲပြန်၏။ ရှင်သာမဏေလည်း တစ်ဖန် လူထွက်ပြန်၏။ ထိုအခါမှစ၍ မထေရ်ကြီး ဖြားယောင်း၍ မရတော့ချေ။

ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့ .... စင်စစ် လိမ္မာသော စိတ်ရှိသောသူငယ်သည် မထေရ်ကြီးအကြောင်းကိုသိ၍ ရှင်သာမဏေမပြုဘဲ နေသည်” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ဤသူငယ်သည် ယခုအခါ၌သာ လိမ္မာသောစိတ် ရှိသည်မဟုတ်၊ ရှေးအခါ၌လည်း လိမ္မာသောစိတ်ရှိသည်ဖြစ်၍ တစ်ကြိမ် ထိုသူ၏အဖြစ်ကို မြင်လျှင် တစ်ဖန်ပြန်၍ မပေါင်းဖော်ပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အပြစ်မမြင်ခင် ချစ်ကျွမ်းဝင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူကြွယ်မျိုး၌ဖြစ်၍ အရွယ်သိုပရောက်သည်ရှိသော် စပါးရောင်းခြင်းဖြင့် အသက်မွေးလေ၏။

ထိုအခါ အလမ္ပာယ်သမား တစ်ယောက်သည် မျောက်တစ်ကောင်ကို သင်ပြကာ ဆေးကိုကိုင်စေပြီးလျှင် မြွေကိုကစားစေ၍ အလမ္ပာယ်ပြုလျက် အသက်မွေးလေ၏။ ထိုအလမ္ပာယ်သမားသည် ဗာရာဏသီပြည်ဝယ် ပွဲသဘင် ကြွေးကြော်လတ်သော် ပွဲသဘင်၌ ကစားလိုသည်ဖြစ်၍ ဤမျောက်ကို စောင့်ရှောက်ပါဟု မှာထားခဲ့၍ စပါးကုန်သည်လက်၌ အပ်နှံခဲ့လျက် ပွဲသဘင်စကား၍ နှစ်ရက်မြောက်သောနေ့၌ စပါးကုန်သည်အထံသို့ သွားပြီးလျှင် မျောက်ဘယ်မှာနည်းဟု မေးလေ၏။ မျောက်လည်း သခင်၏ အသံကိုကြားလျှင် စပါးစည်ကြားမှ လျင်မြန်စွာ ထွက်လာ၏။

အလမ္ပာယ်သမားသည် မျောက်၏ ကျောကို ဝါးခြမ်းစိတ်ဖြင့် ရိုက်လျက်ယူပြီးလျှင် ဥယျာဉ်သို့သွား၍ တစ်နေရာတွင်ချည်၍ အိပ်လေ၏။ မျောက်သည် အလမ္ပာယ်သမား အိပ်ပျော်သည်ကို သိလေလျှင်ချည်ထားသော ကြိုးကိုဖြေ၍ သရက်ပင်ပေါ်သို့ တက်ပြီးလျှင် သရက်သီးတို့ကိုစား၍ သရက်စေ့တို့ကို အလမ္ပာယ်သမားပေါ်သို့ ချလေ၏။

အပြစ်မြင်က ခွဲခွာကြ

အလမ္ပာယ်သမားသည် အိပ်ရာမှနိုး၍ ကြည့်လတ်လျှင် မျောက်ကိုမြင်၍ သနားချိုသာသောစကားဖြင့် လှည့်ပတ်ဖြားယောင်းကာ သစ်ပင်မှဆင်းသောအခါ ဖမ်းမည်ဟုကြံ၍ -

“ချစ်သား သလာက... သင်ကား ငါတို့အိမ်မှာ တစ်ယောက်တည်းသောသား ဖြစ်မည်။ များစွာသော စည်းစိမ်ချမ်းသာတို့ကို အုပ်စိုးသိမ်းပိုက်ရသည်ဖြစ်မည်။ သရက်ပင်မှ ဆင်းခဲ့ပါ ယခုအိမ်သို့ ပြန်ကြမည်-” ဟု ပြောဆိုကာ ဖြားယောင်း ချော့မော့လေ၏။ မျောက်သည် အလမ္ပာယ်သမား စကားကိုကြားလျှင် -

“အို- အလမ္ပာယ်သမား ... သင်သည် ငါ့ကို လိမ္မာသောစိတ် ရှိသည်ဟု အောက်မေ့မှတ်ထင်သည် မဟုတ်ကုန်လော၊ သင် ငါ့ကို ဝါးခြမ်းပြားဖြင့် ရိုက်သောကြောင့် ငါသည် သရက်သီးမှည့်သော တောမှာပင် နေတော့မည်။ သင့်အလိုအတိုင်း အိမ်သို့ပြန်ပါ” – ဟု ပြောဆိုပြီးလျှင် တောသို့ဝင်လေ၏။ အလမ္ပာယ်သမားလည်း မျောက်၏ စကားကိုကြားလျှင် မိမိဖြားယောင်း သွေးဆောင်၍ မရတော့သည့်အတွက် နှလုံးမသာဖြစ်ကာ အိမ်သို့ပြန်ရလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မျောက်သည် - ယခုအခါ ရှင်သာမဏေ။

အလမ္ပာယ်သမားသည် - မထင်ရှားသော မထေရ်ကြီး။

စပါးကုန်သည်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) နှိပ်စက်ဖန်များ၊ ရှင်ထွက်သွား၊ တစ်ပါးမထေရ်ဝယ်။

(၂) ရိုက်ပုတ်သောအား၊ မျောက်ထွက်သွား၊ မိုက်မှားအလမ္ပာယ်။

သလာကဇာတ် ပြီး၏။

***

(၂၅၀) ကပိဇာတ်

မီးလှုံရအောင် ရသေ့ယောင်ဆောင်သဖြင့် မီးစနှင့် အခြောက်ခံရသော မျောက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လာဘ်ရလိုမှု အံ့ဖွယ်ပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် အံ့ဖွယ်သရဲကို ပြုလုပ်လေ့ရှိ၏။ ထိုရဟန်း၏ အံ့ဖွယ်သရဲ ပြုလုပ်ခြင်းသည် သံဃာ့ဘောင်တွင် ထင်ရှားလေ၏။

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... ဤမည်သောရဟန်းသည် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရာဖြစ်သော သာသနာတော်၌ ရဟန်းပြုပါလျက် အံ့ဖွယ်သရဲကို ပြုလုပ်လေ့ရှိ၏” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ဤရဟန်းသည် ယခုအခါ၌သာ အံ့ဖွယ်သရဲကို ပြုလုပ်သည်မဟုတ်၊ ရှေးအခါ၌လည်း မီးလှုံလို၍ အံ့ဖွယ်သရဲကို ပြုလုပ်ခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မိုးစွေလေတိုက် မျောက်တုန်ခိုက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောကလတ်သော် အိမ်ထောင်ပြုကာ သားတစ်ယောက် မွေးဖွား၍ သားငယ်မတ်တတ်ပြေးနိုင်သောအခါ မယားပုဏ္ဏားမသည် သေလွန်လေ၏။

ထိုအခါ ပုဏ္ဏားသည် သားငယ်ကိုယူ၍ သားအဖနှစ်ယောက်လုံး ရသေ့ရဟန်းပြုကာ တောအရပ်၌ သစ်ရွက်မိုးကျောင်းဆောက်လုပ်၍ နေကြ၏။ မိုးလအခါ မိုးစွေသည်ရှိသော် ကျောင်းသင်္ခမ်းအနီးတွင်နေသော မျောက်တစ်ကောင်သည် အချမ်းဖြင့် နှိပ်စက်သည်ဖြစ်၍ မေးခေါက်ကာ တုန်လှုပ်လျက် သွားလေ၏။

ရသေ့ကြီးသည် ထင်းတုံးကြီးတို့ကို ယူဆောင်၍ မီးမွှေးပြီးလျှင် ညောင်စောင်းတစ်ခုတွင် လျောင်းစက်ကာနေ၏။ သားရသေ့ငယ်လည်း အဖရသေ့ကြီး၏ ခြေတို့ကို ဆုပ် နယ်လျက် နေလေ၏။

မီးလှုံရအောင် ရသေ့ယောင်ဆောင်

ထိုအခိုက် အချမ်းနှိပ်စက်သောမျောက်သည် သေလွန်ပြီးသော ရသေ့တစ်ပါး၏ လျှော်တေသင်္ကန်းတို့ကို ကောက်ယူ၍ ဝတ်ရုံလျက် သစ်နက်ရေကို ပခုံးတွင်တင်ကာ ထမ်းပိုးကောက် ကရားတို့ကိုယူပြီးလျှင် ရသေ့အသွင့်ဖြင့် လာလတ်၍ အံ့ဖွယ်သရဲကိုပြုလုပ်ကာ မီးလှုံလိုသဖြင့် ကျောင်းသင်္ခမ်း တံခါးဝ၌ ရပ်လေ၏။ ရသေ့ငယ်သည် ထိုမျောက်ကို မြင်လျှင် ရသေ့ထင်မှတ်သဖြင့် -

“ဖခင် ... ကိလေသာငြိမ်းရန် စောင့်ရှောက်ခြင်း၌ မွေ့လျော်သော ဤရသေ့ကား မိုးရွာသဖြင့် ချမ်းအေးခြင်းဘေး နှိပ်စက်၍ ကျောင်းတံခါးဝမှာ ရပ်လာသည်။ဤရသေ့ကို ယခုအခါ ကျောင်းတွင်းသို့ဝင်ပါစေ၊ ချမ်းအေးခြင်း ဆင်းရဲအလုံးစုံကို ပယ်ဖျောက်ပါစေ -” ဟု ရသေ့ကြီးအား တောင်းပန်ပြောဆို၏။

ယုတ်မာသည့်မျောက် မီးနှင့်ခြောက်

ရသေ့ကြီးလည်း ရသေ့ငယ် စကားကိုကြား၍ ကြည့်ရှုလတ်သော် ရသေ့မဟုတ် မျောက်၏အဖြစ်ကိုသိ၍ -

“ချစ်သား ... ဤသတ္တဝါကား ကိလေသာ ငြိမ်းရန် စောင့်ရှောက်ခြင်း၌ မွေ့လျော်သော ရသေ့မဟုတ်၊ သစ်ပင်သစ်ခက်တို့၌ ကျက်စားသော မျောက်တည်း၊ ဖျက်လည်းဖျက်ဆီးတတ်၏။ ချုပ်ချယ်လည်း ချုပ်ချယ်တတ်၏။ ယုတ်မာလည်း ယုတ်မာတတ်၏။ ဤကျောင်းတွင်းသို့ ဝင်စေငြားအံ့ ဖျက်ဆီးလိမ့်မည်” - ဟု ပြောဆိုပြီးလျှင် ထိုမျောက်ပြေးအောင် မီးစကို ကိုင်၍ ခြောက်၏။ မျောက်လည်း ခုန်လွှားပြေး၍ တောသို့ဝင်လေ၏။ နောက်အခါ ရသေ့သားအဖ နှစ်ယောက်တို့သည် စျာန်၊ အဘိညာဉ်ကိုဖြစ်စေလျက် မဆုတ်ယုတ်သော စျာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားကြကုန်၏။

ဤဒေသနာတော်၏ အဆုံး၌ တချို့သောရဟန်းတို့သည် သောတာပန်၊ တချို့ သကဒါဂါမ်၊ တချို့ အနာဂါမ်၊ တချို့ ရဟန္တာ ဖြစ်ကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မျောက်သည် - ယခုအခါ အံ့ဖွယ်သရဲကို ပြုလုပ်သောရဟန်း။

သားရသေ့သည် - ရာဟုလာ။

အဖရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အံ့ဖွယ်သရဲ၊ ပြုသည့်နည်း၊ စဉ်းလဲကောက်ကျစ်သည်။

(၂) လျှော်တေဝတ်ဆင်၊ ရသေ့သွင်၊ ပြုပြင် မျောက်လော်လည်။

ကပိဇာတ် ပြီး၏။

***

၁။ သင်္ကပ္ပဝဂ် - (၂၅၁) သင်္ကပ္ပရာဂဇာတ်

မိဖုရား၏ အမူအရာကိုမြင်၍ ကာမဝိတက် ကြံဆသဖြင့် စျာန်လျှောကာ ဆင်းရဲစွာ ခံစားရသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိန်းမအတွက် ငြီးငွေ့ချက်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်သား အမျိုးသားတစ်ယောက်သည် သာသနာတော်၌ အသက်ပေး၍ ရဟန်းပြု၏။ တစ်နေ့သ၌ မြို့တွင်းသို့ ဆွမ်းခံသွားသည်ရှိသော် တန်ဆာဆင်ထားသော မိန်းမတစ်ယောက်ကိုမြင်လျှင် ကိလေသာရာဂဖြစ်၍ သာသနာတော်၌ မမွေ့မလျော်ခြင်း ဖြစ်လေ၏။

ဆရာဥပဇ္ဈာယ်တို့သည် ထိုရဟန်းကို အလိုမရှိဘဲလျက် မြတ်စွာဘုရားထံ ဆောင်ယူသွားကြကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းကို မေးတော်မူလျှင် ထိုရဟန်းသည် မြတ်စွာဘုရားကို ဟုတ်မှတ်သောအတိုင်း လေဆာက်ထားလေ၏။

မြတ်စွာဘုရားသည် ထိုရဟန်းကို “ချစ်သားရဟန်း .... မိန်းမတို့မည်သည်ကား - ရှေးအခါ စျာန်အဘိညာဉ်တန်ခိုးဖြင့် ကိလေသာကိုခွာ၍ စင်ကြယ်သောသူတို့အားလည်း ကိလေသာကို ဖြစ်စေကုန်ပြီ၊ သင်ကဲ့သို့ စျာန်အဘိညာဉ် တန်ခိုးမရှိ အချည်းနှီးသောသူအား အဘယ်မှာမဖြစ်စေနိုင်ဘဲ ရှိအံ့နည်း” ဟု စသည်ဖြင့် မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ရသေ့သူမြတ် ကြည်ညိုလတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော *ဗြဟ္မဏ မဟာသာလမျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်သို့သွား၍ အလုံးစုံသော အတတ်ပညာတို့ကို သင်ကြားပြီးလျှင် ဗာရာဏသီပြည်သို့ပြန်၍ အိမ်ထောင်ပြုကာ သားမယား မွေးမြူလေ၏။ (*ဗြဟ္မဏ - တစ်ဆယ့်ရှစ်ကုဋေမက ကြွယ်ဝချမ်းသာသော ပုဏ္ဏားမျိုး)

နောက်အခါ မိဘတို့သေလွန်သဖြင့် သင်္ဂြိုဟ်ခြင်း ကိစ္စကို ပြုပြီးလျှင် ကျန်ရစ်သော ရွှေငွေရတနာဥစ္စာတို့ကို ကြည့်ရှုလတ်သော် “ဤဥစ္စာတို့ု မြင်ရသေး၏။ ဥစ္စာရှင်ကိုကား မမြင်ရတော့ပြီ” ဟု ဆင်ခြင်လျက် သတိသံဝေဂဖြစ်ကာ ကိုယ်မှချွေးတို့သည် ယိုစီး၍ကျကုန်၏။ ပုဏ္ဏားသည် လူတို့ဘောင်၌ အလှူပေးကာ ကြာမြင့်စွာနေပြီးလျှင် သားမယားဆွေမျိုးအပေါင်း စွန့်ခွာ၍ ရသေ့ရဟန်းပြုပြီးလျှင် ဟိမဝန္တာအရပ်သို့သွားလျက် သစ်ရွက်မိုးကျောင်းတွင် သစ်သီးဝလံစသော အာဟာရတို့ဖြင့် မျှတမှီဝဲကာ စျာန်အဘိညာဉ်ကို ဖြစ်စေ၍ စျာန်ကစားလျက် နေလေ၏။

တစ်နေ့သ၌ ရသေ့သည် ချဉ်ဆားမှီဝဲလို၍ ဗာရာဏသီပြည်သို့သွားကာ မင်းဥယျာဉ်၌ တည်းခို၍ နံနက်အခါ၌ တည်းခို၍ နံနက်အခါ၌ မြို့တွင်းသို့ ဆွမ်းခံဝင်လေ၏။ မင်းအိမ်တံခါးသို့ ရောက်လတ်သော် မင်းကြီးသည် လေသွန်တံခါးမှကြည့်ခိုက် မြင်တော်မူ၍ ရသေ့၏ဣရိယာပုတ်၌ ကြည်ညိုသဖြင့် အမတ်တစ်ယောက်ကိုခေါ်ကာ ရသေ့ကို နန်းတော်သို့ ပင့်ရန် စေလွှတ်လေ၏။

ကျွေးမွေးဘောဇဉ် နန်းတော်တွင်

အမတ်လည်း မင်းကြီးစေခိုင်းသဖြင့် ရသေ့ထံသို့သွား၍ မင်းကြီးက နန်းတော်သို့ကြွရန် ပင့်ကြောင်း လျှောက်ထားလေလျှင် ရသေ့သည် အမတ်လက်သို့ သပိတ်ကိုပေးကာ ယူခဲ့စေလျက် နန်းတော်သို့ကြွလျှင် မြတ်သောရာဇပလ္လင်တွင် နေတော်မူ၏။

မင်းကြီးသည် ရသေ့အား မွန်မြတ်သော ဆွမ်းခဲဖွယ်ဘောဇဉ်တို့ဖြင့် ကပ်လှူပြီးလျှင် - ပဋိသန္ဓာရစကားဖြင့် အစေ့အစပ် ပြောဆိုကာ ရသေ့အား “အရှင်ဘုရား ... ဤအရပ်သို့ အဘယ်အကျိုးငှာ ကြွလာပါသနည်း”ဟု မေး၏။ “မြတ်သောမင်းကြီး ... ငါတို့အား မိုးကာလဝယ် အမြဲနေရန် နေရာရှာဖို့သင့်သည်” ဟု ပြောလေ၏။ “အရှင်ဘုရား ... ထိုသို့ဖြစ်လျှင် ဥယျာဉ်တော်၌ သီတင်းသုံးတော်မူပါ၊ အကျွန်ုပ်တို့သည် နတ်ပြည်၌ ဖြစ်စေတတ်သောကုသိုလ်ကောင်းမှုကို ပြုရပါမည်။ အရှင်ဘုရားတို့မှာလည်း ပစ္စည်းလေးပါးဖြင့် မပင်ပပန်းဖြစ်ပါမည်” ဟု လျှောက်ထားကာ ဥယျာဉ်တော်တွင် သစ်ရွက်မိုးကျောင်း ဆောက်လုပ်လှူဒါန်းပြီးလျှင် ကိုးကွယ်လေ၏။ ရသေ့လည်း ထိုအခါမှစ၍ ဆယ့်နှစ်နှစ်ပတ်လုံး ဥယျာဉ်တော်တွင် သီတင်သုံးလျက် နန်းတော်သို့ကြွကာ နေ့စဉ် ဆွမ်းဘုဉ်းပေးလေ၏။

တစ်နေ့သ၌ ပစ္စန္တရာဇ်တွင် ခိုးသူတို့ဖျက်ဆီးလေ၏။ မင်းကြီးလည်း ကြားတော်မူလျှင် ဆရာရသေ့အား ပြုစုလုပ်ကျွေးရန် မိဖုရားကြိးကို မှာထားခဲ့၍ စစ်သည်ဗိုလ်ပါ ခြံရံကာ ခိုးသူတို့ကို တိုက်ဖျက်ရန် ပစ္စန္တရာဇ်သို့ သွားလေ၏။ မိဖုရားကြီးလည်း မင်းကြီး မှာခဲ့သောအတိုင်း နန်းတော်သို့ကြွလာသော ဆရာရသေ့အား နေ့စဉ် ဆွမ်းခဲဖွယ်ဘောဇဉ်တို့ကို ကပ်လှူလုပ်ကျွေးလေ၏။

ဣန္ဒြေမစောင့်ရှောက် စျာန်ကွယ်ပျောက်

တစ်နေ့သောအခါ ဆရာရသေ့သည် ကြွလာနေကျ အချိန်တွင် မရောက်ဘဲ ကြာမြင့်လေ၏။ မိဖုရားကြီးလည်း ဆရာရသေ့ကို မျှော်လင့်ငံ့ဆိုင်းကာ နူးညံ့ပြေပြစ်သော အဝတ်ကို လျော့လျော့ဝတ်ဆင်လျက် ညောင်စောင်းတစ်ခုတွင် လျောင်းစက်၍ လေသာပြတင်းပေါက်ဖြင့် ကြည့်ရှုကာနေ၏။ ထိုခဏ၌ ရသေ့လည်း ကောင်းကင်ခရီးဖြင့် ကြွလာရာ လေသာပြတင်းသို့ ရောက်လာ၏။

မိဖုရားကြီးသည် ရသေ့၏ လျှော်တေသံကို ကြား၍ ရသေ့ကြွလာကြောင်းကို သိသဖြင့် အမြန်အိပ်ရာမှ ထရာ နူးညံ့ပြေပြစ်သော ကိုယ်ဝတ်သည် ကိုယ်မှလျှောကျလေ၏။ ရသေ့လည်း ဝိသဘာဂအာရုံကို မြင်ရလျှင် ဣန္ဒြေကိုဖျက်ကာ တင့်တယ်၏ဟု နှလုံးသွင်းမိသည့်အတွက် ပခြုပ်တွင်ထည့်ထားသော မြွေဟောက်သည် ပါးပျဉ်းထောင်၍ ထသကဲ့သို့ စျာန်စိတ်၏ အစွမ်းဖြင့် ငြိမ်ဝပ်ပိပြား၍နေသော ကိလေသာတို့သည် ထကြွသောင်းကျန်းကာ စျာန်အဘိညာဉ်တို့သည် ကွယ်ပျောက်လေကုန်၏။ အတောင်ကျိုးပြတ်သော ကျီးငှက်ကဲ့သို့ ကောင်းကင်ဖြင့် ကြွသွားခြင်းငှာ မစွမ်းနိုင်လေ၏။ မိဖုရားကြီးသည် ဆွမ်းခဲဖွယ်ဘောဇဉ်တို့ကို ကပ်မြဲတိုင်း ကပ်လှူလေ၏။

ကာမဝိတက် မြားဒဏ်ချက်

ရသေ့လည်း ဣန္ဒြေမဆည်နိုင်တော့သဖြင့် နန်းတော်တွင် ဆွမ်းမဘုဉ်ပေးနိုင်တော့ဘဲ ရပ်လျက်သာ အလှူခံ၍ နေ့တိုင်းကဲ့သို့ ကောင်းကင်ခရီးဖြင့် မကြွနိုင်ဘဲ လူတိုင်းကဲ့သို့ နန်းတော်မှ ဆင်းသက်ကာ ခြေကျင်ကြွတော်မူ၏။ ဥယျာဉ်တော်သို့ရောက်လျှင် ဆွမ်းကိုမဘုဉ်ပေးနိုင်သဖြင့် ညောင်စောင်းတွင် သပိတ်ကိုသွင်း၍ ညောင်းစောင်းပေါ်တွင် လျောင်းစက်ကာ မိဖုရားကြီးကို အစွဲအလမ်းကြီးလျက် ခုနစ်ရက်တိုင်အောင် အိပ်လေ၏။ ဆွမ်းတို့လည်း ပုပ်သိုးလျက် ယင်မမဲရိုင်းတို့ဖြင့် ဝိုင်းအုံကာနေလေ၏။

မင်းကြီးသည် ပစ္စန္တရာဇ်၌ ခိုးသူရန်ကို ငြိမ်းအေးစေပြီးလျှင် စစ်သည်ဗိုလ်ပါနှင့်တကွ နေပြည်တော်သို့ ပြန်လာရာ ရောက်လျှင် နန်းတော်သို့ သွားလေ၏။ ရောက်လျှင် အမှိုက်တို့ဖြင့် ပြည့်နေသော သင်္ခမ်းကျောင်းကို မြင်လျှင် ဆရာရသေ့သည် အရပ်တစ်ပါးသို့ပင် ကြွသွားလေရော့သလားဟု အောက်မေ့ကာ ကျောင်းတံခါးကိုဖွင့်၍ ကျောင်းတွင်းသို့ ဝင်ပြန်သောအခါ လျောင်းစက်နေသော ရသေ့ကို မြင်ပြန်လျှင် တစ်စုံတစ်ရာ မချမ်းသာခြင်း ဖြစ်လိမ့်မယ်ဟု ဆင်ခြင်ပြန်၍ ပုပ်သိုးနေသော ဆွမ်းတို့ကို စွန့်စေ၏။ ကျောင်းကိုလည်း သုတ်သင်ရှင်းလင်းစေ၏။

မင်းကြီးကူမ စျာန်ပြန်ရ

တစ်ဖန် ရသေ့ထံသို့ ကပ်ကာ - “အရှင်ဘုရား အဘယ်ရောဂါဖြစ်ပါသနည်း” ဟု လျှောက်၏။ “မင်းကြီး ...ငါ့မှာ မြားစူးဝင်နေသည်” ဟု ပြောလေ၏။ ထိုအခါ မင်းကြီးသည် [တကယ်မြားစူးဝင်နေသည် မှတ်ထင်၍ - ငါ့ရန်သူတို့သည် ငါ့ကိုပစ်ခွင့်မရသဖြင့် ငါ့ဆရာရသေ့ကို ပစ်ကြလိမ့်မည်ဟု အောက်မေ့ကာ]

“ဘယ်နေရာမှာ စူးဝင်ပါသနည်း၊ စူးဝင်သောနေရာကို ပြတော်မူပါ” ဟု မေးပြန်၏။ ရသေ့သည် - “မြတ်သောမင်းကြီး ... ကာမဝိတက် ယှဉ်သောရာဂရေဖြင့် ဆေးကြောအပ်သော ကာမဝိတက်ကျောက်၌ သွေးအပ်သော ကောင်းသော တန်ဆာဆင်ခြင်းကင်းသော မြားသမားတို့ မချွန်အပ်သော လက်ယာနားစွန်း၌ ဆွဲငင်၍ မပစ်အပ်သော ဥဒေါင်းတောင်စသည်တို့ဖြင့် မြားလွှတ်ခြင်းငှာ မကပ်အပ်သော ခပ်သိမ်းသော ကိုယ်အင်္ဂါကို လောင်စွမ်းနိုင်သော ကိလေသာမြားသည် ငါ၏စိတ်နှလုံး၌ စူးဝင်အပ်လေပြီ။ မြတ်သောမင်းကြီး ... ကိလေသာ မြားစူးဝင်ခြင်းကြောင့် သွေးယိုစီးရာ၏။ စူးဝင်ရာအရပ်ကိုကား မမြင်ရချေ၊ အလွန်မသင့်မတင့် နှလုံးသွင်းသော စိတ်ရာဂသ်ည ပွားများခဲ့၏။ ငါသည် ကိုယ်တိုင်ဆင်းရဲကို ဆောင်ယူမိချေပြီ” – ဟု မင်းကြီးအား တရားဟောပြီးလျှင်မင်းကြီးနှင့်တကွ ပရိသတ်ကို ကျောင်းပြင်ပသို့ ထွက်စေ၍ ကသိုဏ်းပရိကံကိုပြုကာ ကွယ်ပျောက်ပြီးသော စျာန်၊ အဘိညာဉ်ကို ပြန်ရစေချက် ကျောင်းမှထွက်ပြီးလျှင် ကောင်းကင်၌နေကာ “မြတ်သောမင်းကြီး ... ငါဟိမဝန္တာသို့ သွားတော့မည်၊ ငါ့မှာ ဤအရပ်တွင်နေမိသဖြင့် ဤကဲ့သို့ ဖောက်ပြန်ခြင်းသို့ရောက်ရသည်။ နေခြင်းငှာမသင့်” ဟု မိန့်တော်မူပြီးလျှင် မင်းကြီးက အကြွရန် အဖန်ဖန် တောင်းပန်စဉ်လျှင် ကောင်းကင် ခရီးဖြင့် ဟိမဝန္တာသို့ကြွကာနေ၍ အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်သို့လားလေ၏။

ဤဒေသနာတော်ကိုဆောင်ပြီး၍ သစ္စာကိုပြသည့်အဆုံး၌ ငြီးငွေ့သော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်လေ၏။ တချို့သော ရဟန်းတို့သည် သောတာပန်၊ တချို့ သကဒါဂါမ်၊ တချို့ အနာဂါမ်၊ တချို့ ရဟန္တာအဖြစ်သို့ ရောက်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မြားကိလေသာ၊ စူးဝင်ရာ၊ ပူဆာနှလုံးထဲ။

(၂) ဝင်ပေါက်မရှိ၊ သွေးယိုဘိ၊ မချိလွန်းဆင်းရဲ။

(၃) စျာန်ယာဉ်ကွယ်ရိုး၊ မြေလျှောက်လျှိုး၊ တောင်ကျိုးငှက်တူမြဲ။

သင်္ကပ္ပဇာတ် ပြီး၏။

***

(၂၅၂) တိလမုဋ္ဌိဇာတ်

နှမ်းတစ်ဆုပ် စားမိသည့်အတွက် ဆရာဆုံးမချက် မကျေနပ်သဖြင့် မင်းအဖြစ်ရောက်သောအခါ ဆရာသတ်ရန် ပြုလုပ်ပြီးမှ ဆရာ၏ ဖြေရှင်းချက်ကို သဘောကျကာ ကျေးဇူးတင် ကန်တော့သော ဗြဟ္မဒတ်မင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဒေါသကြီးမား ရဟန်းတစ်ပါး

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မထင်ရှားသော ရဟန်းတစ်ပါးသည် အလွန်ဆင်းရဲပင်ပန်းခြင်း သဘောရှိ၏။ အနည်းငယ် ပြောဆိုငြားသော်လည်း ပြင်းစွာ အမျက်ထွက်တတ်၏။ သည်းခံခြင်းမရှိ။

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်-ယ် “ငါ့ရှင်တို့ ... ဤမည်သောရဟန်း အလွန်ဆင်းရဲပင်ပန်းခြင်း သဘောရှိ၏။ အနည်းငယ် ပြောဆိုသော်လည်း ပြင်းစွာ အမျက်ထွက်တတ်၏။ သည်းခံခြင်းမရှိ၊ ဖိုခုံလောက်တွင် တင်ထားသော ဆားကဲ့သို့ ဖျစ်ဖျစ်မြည်လျက်သာနေ၏။ အမျက်ဒေါသကင်းသော သာသနာတော်၌ ရဟန်းပြုပါလျက် အမျက်ဒေါသကို နှိမ်နင်းခြင်းငှားမတတ်နိုင်” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ .. ဤရဟန်းကား ယခုအခါ၌သာ အမျက်ထွက်တတ်သည်မဟုတ်၊ ရှေးအခါ၌လည်း အမျက်ထွက်တတ်သည်” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပညာသင်လွှတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်းအား ဗြဟ္မဒတ်မည်သော သားတစ်ယောက်ရှိလေ၏။ မင်းကြီးသည် မင်းသား ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်လတ်သော် သားတော်ကိုခေါ်၍ “ချစ်သား ... ဆရာအဖို့ဖြစ်သော ဤငွေအသပြာတစ်ထောင်ကိုယူကာ တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံသွား၍ အတတ်ပညာသင်ချေ” ဟု ပြောဆိုကာ လမ်းတွင်းစီးရန် လွှာချင်းဖိနပ်နှင့် ဆောင်းရန် သစ်ရွက်ထီးကိုပေး၍ လွှတ်လိုက်၏။

ရှေးမင်းတို့သဘောသည် မိမ်ိတို့တိုင်းပြည်ဝယ် ဒိသာပါမောက္ခဆရာရှိသော်လည်း ပညာမသင်စေဘဲ မင်းသားတို့ မာနကျိုးစေရန် လည်းကောင်း၊ အချမ်းအပူ စသည်ကို သည်းခံနိုင်စေရန် လည်းကောင်း၊ လူတို့စရိုက်ကို သိစေဝရန်လည်းကောင်း၊ ဒေသန္တာရ ဗဟုသုတရှိစေရန် လည်းကောင်း ဤသို့သော အကျိုးထူးတို့ကို မြော်မြင်ကာ ဝေးလံသော တိုင်းတစ်ပါးသို့ သားတော်တို့ကို ပညာတော်သင် လွှတ်လေ့ရှိကြကုန်၏။

ဗြဟ္မဒတ်မင်းသားသည် အမိအဖတို့ကို ရှိခိုးကန်တော့ပြီးလျှင် စားနပ်ရိက္ခာတို့ကို ယူဆောင်ကာ အစဉ်အတိုင်းသွားလေလျှင် တက္ကသိုလ်ပြည်သို့ရောက်၍ ဆရာအိမ်ကို မေးမြန်းကာ အိပ်တံခါးသို့ဝင်လျှင် တပည့်တို့ကို အတတ်ပညာသင်ပြီးသဖြင့် ဆရာကြီး စင်္ကြံသွားနေခိုက်ကြုံ၍ အနီးတွင် ရှိခိုးကာနေ၏။

ပညာတတ်ဖွယ် နည်းနှစ်သွယ်

ဆရာကြီးလည်း မင်းသားကိုမြင်လျှင် ပင်ပန်းလာသည်ကိုသိ၍ ဧည့်ဝတ်ကို ပြုစေ၏။ မင်းသားလည်း ထမင်းစားပြီးလျှင် ခဏအပန်းဖြေ၍ ဆရာထံသို့ ကပ်လေ၏။ ဆရာလည်း “အမောင် ... ဘယ်အရပ်မှလာသနည်း” ဟု မေး၏။ “ဆရာ ... ဗာရာဏသီပြည်မှလာပါသည်” ဟု ပြော၏။ “အမောင် ... မည်သူ၏သားနည်း” ဟု မေး၏။ “ဆရာ ... ဗြဟ္မဒတ်မင်း၏ သားတော် ဖြစ်ပါသည်” ဟု ပြော၏။ “အမောင် ... ဘယ်အတွက် လာသနည်း” ဟု မေး၏။ “ဆရာ ... အတတ်ပညာသင်ကြားရန်လာပါသည်” ဟု ပြော၏။ “အမောင် ... ဆရာ၏ အမှုကိစ္စကို ဆောင်ရွက်ကာ အခမဲ့ သင်မည်လော၊ သို့တည်းမဟုတ် ဆရာ့အတွက် အဖိုးအခ ပေး၍ သင်မည်လော” ဟု မေး၏။ “ဆရာ ... ကျွန်တော် ဆရာ့အတွက် အဖိုးအခပေး၍ သင်ပါမည်” ဟု ပြောဆိုကာ ဆရာ့အတွက် အသပြာတစ်ထောင်ပေး၍ ဆရာထံတွင် ပညာသင်ကြားလေ၏။

ပညာသင်တပည့်နှစ်မျိုးရှိရာ ဆရာ၏အမှုကိစ္စကို ဆောင်ရွက်၍ သင်သောတပည့်မှာ အဖိုးအဖမပေးရ၊ တစ်နေ့လုံး ဆရာ၏ အမှုကိစ္စကို ဆောင်ရွက်ကာ ညအခါ၌သာ သင်ကြားရကုန်၏။ ဆရာ့အတွက် အဖိုးအခပေး၍ သင်သောတပည့်မှာကား ဆရာ၏အမှုကိစ္စကို မဆောင်ရွက်ရဘဲ တစ်နေ့လုံး သင်ကြားရကုန်၏။

အကျင့်ပျက်က ရိုက်ဆုံးမ

တစ်နေ့သ၌ ဆရာသည် ဗြဟ္မဒတ်မင်းသားကိုခေါ်၍ ရေချိုးရန်သွားလေ၏။ ထိုအခါ မိန်းမအိုတစ်ယောက်သည် နှမ်းတို့ကို ချွတ်၍ထားပြီးလျှင် အနီးတွင် စောင့်လျက်နေ၏။ မင်းသားသည် နှမ်းဖြူတို့ကိုမြင်လျှင် စားလိုသဖြင့် နှစ်တစ်ဆုပ်ယူ၍ စားမိ၏။ မိန်းမအိုလည်း ဤသူငယ်ကား ချစ်ခြင်းများလှသည် အောက်မေ့ကာ ဆိတ်ဆိတ်နေ၏။ မင်းသားသည် သုံးရက်မြောက်နေ့၌လည်း နှစ်တစ်ဆုပ် ယူ၍စားပြန်၏။

ထိုအခါ မိန်းမအိုသည် သည်းမခံနိုင်တော့ဘဲ “ဒိသာပါမောက္ခဆရာသည် တပည့်တို့ကို လုယက်စေသည်” ဟု ဆို၍ လက်တို့ကိုမြှောက်ကာ ငိုမြည်တမ်းလေ၏။ ဆရာသည် နောက်သို့ပြန်၍ “မိခင် ... အဘယ်ကြောင့် ငိုမြည်တမ်းသနည်း” ဟု မေး၏။ “ဆရာ ... ဆရာ့တပည့်သည် ယနေ့နှမ်းတစ်ဆုပ် ယမန်နေ့က နှမ်းတစ်ဆုပ် ယူ၍စားသည်၊ ဤလိုသာ နေ့စဉ်စားနေလျှင် အကျွန်ုပ်ဥစ္စာ မကုန်ပါလော” ဟု ပြောကာ တိုင်တန်းလေ၏။ ဆရာသည် “မိခင် မငိုပါလင့်၊ တန်ဖိုးကိုလျော်စေပါမည်” ဟု ပြော၏။ “ဆရာ ... တန်ဖိုးဖြင့် အလိုမရှိ၊ ဤကဲ့သို့သောအမှုကို နောက်တစ်ဖန် မပြုဝံ့အောင်သာ ဆုံးမပါ” ဟု ပြော၏။ ဆရာသည် “မိခင် ... ကောင်းပြီ ကြည့်ပါ” ဟုဆို၍ မင်းသား၏ လက်နှစ်ဖက်တို့ကို လုလင်နှစ်ယောက်ကို ကိုင်စေ၍ ဝါးခြမ်းစိတ်ဖြင့် ကျောကိုရိုက်၍ ဆုံးမလေ၏။

တပည့်စိတ်ဆိုး ဖွဲ့ရန်ငြိုး

မင်းသားသည် ဆရာကို အမျက်ထွက်လျက်နီမြန်းသော မျက်လုံးဖြင့် ခြေဖမိုးမှ ဆံဖျားတိုင်အောင် ကြည့်လျက် ဤဆရာကို အခွင့်ရသောအခါ ငါသတ်မည်ဟု ရန်ငြိုးဖွဲ့လေ၏။ ဆရာလည်း မင်းသား အမျက်ထွက်၍ ကြည့်သည်ကို သိလေ၏။ မင်းသားလည်း ဆရာ့ထံမှ အတတ်ပညာ သင်ယူပြီးဆုံးသောအခါ ဆရာကိုခွင့်ပန် ရှိခိုး၍ အကောက်ဉာဏ်ဖြင့် “ဆရာ ... ကျွန်တော် ဗာရာဏသီပြည်တွင် မင်းအဖြစ်သို့ ရောက်သောအခါ ဆရာ့ထံ လူလွှတ်၍ အကြောင်းကြားပါမည်၊ ကြွဖြစ်အောင် ကြွခဲ့ပါ” ဟု ချစ်ခင်းကြည်ညိုဟန်ဆောင်၍ ဖိတ်ကြားဝန်ခံစေပြီးလျှင် ဗာရာဏသီပြည်သို့ ပြန်လေ၏။

ခမည်းတော်မင်းကြီးထံရောက်လျှင် မိမိတတ်မြောက်ခဲ့သော အတတ်ပညာတို့ကိုပြရာ မင်းကြီးသည် အလွန်နှစ်သက် အားရတော်မူသဖြင့် ငါ့သားတော် အတတ်ပညာစုံပေပြီ၊ ငါအသက်ရှင်စဉ်ပင် မင်း၏အသရေကို ကြည့်ရှုလိုသည်ဟု အောက်မေ့ကာ အဘိသတ်သွန်း၍ ထီးနန်းစည်းစိမ်ကို အပ်နှင်းလေ၏။

ကလဲ့စားချေရန် ဖိတ်မံပြန်

မင်းသားလည်း မင်း၏အသရေကို ခံစားရလျှင် တက္ကသို်လ်ဆရာ ဝါးခြမ်းစိတ်ဖြင့် ကျောကိုရိုက်ဖူးသော အဖြစ်ကို သတိရ၍ အသစ်ကဲ့သို့ဖြစ်၍ အမျက်ထွက်ကာ “ယခု မင်းအဖြစ်သို့ ရောက်ပေပြီ၊ ဆရာ့ကို ပူဇော်လိုပါသည်၊ အမြန်ကြွလာတော်မူပါ” ဟု မှာထားလျက် ပဏ္ဏာလက်ဆောင်ပေးကာ တက္ကိသိုလ်ဆရာထံ တမန်ကို စေလွှတ်လေ၏။ ဆရာလည်း တမန်၏စကားကိုကြားလျှင် “ဤမင်းကား ငယ်ရွယ်သေးသည်၊ ငါ၏ ဆုံးမစကားကို မှတ်သားနာယူနိုင်ဦးမည် မဟုတ်၊ သွားရန် မသင့်လျော်သေး ဟု ကြံစည်ကာ တမန်နှင့်အတူ ချက်ချင်းမလိုက်သေးဘဲ စောင့်ဆိုင်းကာနေ၏။

ဗာရာဏသီမင်းကြီး ပစ္ဆိမအရွယ်သို့ရောက်သောအခါ တက္ကိသိုလ်ဆရာသည် “ယခုအခါ မင်းကြီးသည် အမျက်မာန်နည်းပါးချိန်တော်ပြီ၊ ငါ၏ အဆုံးအမစကားကို မှတ်သားနာယူနိုင်လောက်ပြီ၊ မင်းကြီးကို ဆုံးမမည်” ဟု ကြံစည်သတိရကာ ဗြဟ္မဒတ်မင်းကြီးထံသို့ သွားလေ၏။ နန်းတော်တံခါးသို့ရောက်၍ အကြောင်းကြားစေရာ မင်းကြီးလည်း နှစ်သက်စွာ ဆရာကိုခေါ်စေ၍ ရှေ့တော်သို့ ရောက်လာသော ဆရာကိုမြင်လျှင် အမျက်ထွက်ကာ နီးမြန်းသော မျက်လုံးဖြင့် ကြည့်လျက် -

“အို - ပုဏ္ဏား ... သင်သည် နှစ်တစ်ဆုပ်ကြောင့် ငါ့ကို လက်နှစ်ဖက်တို့ကို ကိုင်စေပြီးလျှင် ဝါးခြမ်းစိတ်ဖြင့် ကျောကိုရိုက်နှက်သည်ကို ယနေ့တိုင်အောင်ပင် အမှတ်ရ၏။ အို - ပုဏ္ဏား ... သင်သည် ယခု ငါ့ထံသို့ ရောက်လာခြင်းကြောင့် လည်းကောင်း၊ ငါ့လက်နှစ်ဖက်ကို ကိုင်စေ၍ ဝါးခြမ်းစိတ်ဖြင့် ကျောကို သုံးကြိမ် ရိုက်နှက်ခြင်းကြောင့်လည်းကောင်း၊ သင်ကား အသက်ရှည်စွာ မနေလိုယောင်တကား” - သေဘေးဖြင့် ခြိမ်းခြောက်၍ ပြောဆိုလေ၏။

ဆရာဆုံးမလေ အမျက်ပြေ

ထိုမင်းကြီး စကားကို ဆရာပုဏ္ဏား ကြားလေလျှင် -

“မြတ်သောမင်းကြီး ... မြတ်သော အကျင့်ရှိသူသည် မမြတ်သောအကျင့်ကို ပြုကျင့်သူကို ဒဏ်ဖြင့်တားမြစ်၏။ ထိုတားမြစ်ခြင်းကား ဆုံးမခြင်းဖြစ်၏။ ရန်မဟုတ်ပါ၊ တားမြစ်ခြင်းကို ပညာရှိတို့ သိကြ၏” – ဟု - အကျိုးအကြောင်းပြ၍ ဆုံးမပြီးလျှင် ထိုထက်အလွန် ဆုံးမလိုပြန်သဖြင့် - “မြတ်သောမင်းကြီး ... ဆုံးမသောအရာ၌ ရန်ငြိုးမဖွဲ့မထိုက်။ သင်မင်းကြီးကို ကျွန်ုပ် အကယ်၍ မဆုံးမငြားအံ့၊ ပဲကြီး၊ မုန့်၊ နှမ်းညက်ဖြင့် ပြုအပ်သော ခဲဖွယ်စသည်ကို လည်းကောင်း၊ သစ်သီးကြီးငယ်စသည်ကို လည်းကောင်း လုယက်ခြင်း၊ အိမ်ခြံစပ်ကို ဖောက်ဖျက်ခြင်း၊ ခရီးသွားတို့ကို လုယက်ခြင်း၊ ရွာနိဂုံးကို ဖျက်ဆီးခြင်း၊ သူပုန်ထခြင်း စသည်တို့ကို ပြုသဖြင့် မင်း၏ ဆန့်ကျင်ဘက်ဖြစ်ကာ မင်းပြစ်မင်းဒဏ်သင့်လျက် သေကျေပျက်စီးခြင်းသို့ ရောက်ရပေမည်။ ဤကဲ့သို့သော မင်းစည်းစိမ်ကို ရတော့မည်မဟုတ်၊ ဆရာဖြစ်သော အကျွန်ုပ်ကိုမှီ၍သာ ဤစည်းစိမ်ကိုရသည်” ဟု မင်းကြီးအား ပြောကြားလေ၏။

မင်းကြီးကို ခြံရံ၍နေသော အမတ် စသည်တို့လည်း ဆရာစကားကို ကြားလျှင် မင်းကြီးအား - “အရှင်မင်းကြီး ... ဆရာ့စကား မှန်ပေသည်၊ ဤမင်းစည်းစိမ်ကား ဆရာ၏ဥစ္စာသာ ဖြစ်သည်” ဟု လျှောက်ကြကုန်၏။

ကျေးဇူးကိုဆပ် စည်းစိမ်အပ်

ထိုခဏ၌ မင်းကြီးသည် အမျက်ရန်ငြိုးပြေ၍ ဆရာ၏ ဂုဏ်ကျေးဇူးကို အောက်မေ့ကာ “ဆရာ ... ဆရာ့အား အလုံးစုံသော မင်းစည်းစိမ်ကို ပေးပါ၏” ဟု ပြောဆိုလေ၏။

ဆရာလည်း “မြတ်သောမင်းကြီး အကျွန်ုပ်ကား မင်းဖြစ်ဖြင့် အလိုမရှိပါ” ဟု ပယ်လေ၏။ မင်းကြီးသည် တက္ကသိုလ်ပြည်သို့စေလွှတ်၍ ဆရာ၏ သားမယားတို့ကို ခေါ်ယူစေပြီးလျှင် များစွာသော စည်းစိမ်အခြံအရံကို ပေးလေ၏။ ဆရာကိုလည်း ပုရောဟိတ် ပုဏ္ဏားပြုကာ အဖအရာ၌ထား၍ ဆရာ၏ အဆုံးအမ၌တည်လျက် ဒါန စသော ကုသိုလ်ကောင်းမှုကိုပြု၍ သေလွန်သည့်အခြားမဲ့၌ နတ်ပြည်သို့လားလေ၏။

ဤဒေသနာတော်၏အဆုံး၌ အမျက်ထွက်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်လေ၏။ များစွာသော ရဟန်းတို့သည် သောတာပတ္တဖိုလ်၊ သကဒါဂါမိဖိုလ်၌ တည်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗြဟ္မဒတ်မင်းသည် - ယခုအခါ အမျက်ထွက်သောရဟန်း။

ဆရာပုဏ္ဏားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဒေါသမျက်ကြီး၊ ရန်ငြိုးကြီး၊ ပျက်စီးဆင်းရဲစွာ။

(၂) အကျိုးဖြစ်ရန်၊ ဆုံးမပြန်၊ ရန်ငြိုးမဖွဲ့ရာ။

(၃) မမြတ်ကျင့်က၊ နည်းငယ်က၊ ဆုံးမတားမြစ်ရာ။ တိလမုဋ္ဌိဇာတ် ပြီး၏။

***

(၂၅၃) မဏိကဏ္ဌဇာတ်

ချစ်ခင်နေသော နဂါးမင်းအား မတောင်းသင့်သော ပတ္တမြားကို တောင်းခဲ့၍ နဂါးမင်း အချစ်ပျက်ကာ ကွေကွင်းသွားသဖြင့် ဆင်းရဲ ကြုံလှီစွာ နေရသော ရသေ့ငယ်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တောင်းရမ်းများချက် မနှစ်သက်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် အာဠဝီပြည်ကို အမှီပြု၍ အဂ္ဂါဠဝစေတီ၌ သီတင်းသုံးတော်မူစဉ် အာဠဝတီတိုင်းသား ရဟန်းတို့သည် သုံးဆောင်နေထိုင်ရန် အဆောက်အအုံကုဋီတို့ကို လှူဒါန်းသူ ဒါယကာမရှိဘဲ ကိုယ်တိုင် ဆောက်လုပ်ကြကုန်၏။

ထိုအခါ ရဟန်းတို့သည် မည်သည့်အမှုကို ပြုလုပ်ကြကုန်၊ အမှုလုပ်ယောကျ်ားကို ပေးကြကုန် စသည်ဖြင့် အလွန်အတောင်းအရမ်း များကုန်၏။ လူတို့သည် အလွန် တောင်းရမ်းခြင်းဖြင့် နှိပ်စက်ကုန်ရကား ရဟန်းတို့ကိုမြင်လျှင် ပြေးကြကုန်၏။

အရှင်မဟာကဿပသည် အာဠဝတီပြည်သို့ရောက်၍ ဆွမ်းခံတော်မူ၏။ လူတို့သည် ရှင်မဟာကဿပကို မြင်လျှင် ပြေးကြကုန်၏။ ရှင်မဟာကဿပလည်း ဆွမ်းဘုဉ်းပေးပြီးလျှင် ရဟန်းတို့ကို မေးသောအခါ ထိုအကြောင်းကိုသိ၍ မြတ်စွာဘုရားကို လျှောက်ကြကုန်၏။

မြတ်စွာဘုရားလည်း ရဟန်းတို့ကို စည်းဝေးစေ၍ “ရဟန်းတို့ ... သင်တို့သည် ကုဋီတို့ကို ကိုယ်တိုင်ဆောက်လုပ်ကြ၏။ အတောင်းအရမ်းများ၏ဟူသည် ဟုတ်မှန်သလော” ဟု မေးတော်မူလျှင် ဟုတ်မှန်ကြောင်းကို လျှောက်ထားကြ၍ ကဲ့ရဲ့တော်မူလျှင် “ရဟန်းတို့ ... တောင်းရမ်းခြင်းမည်သည်ကား ရတနာခုနစ်ပါးနှင့် ပြည့်စုံသောနဂါးမင်းတို့စင်လျက်လည်း မနှစ်သက်ကြကုန်၊ လူတို့မှာ အဘယ်ဆိုဖွယ် ရှိအံ့နည်း၊ ကျောက်ဖျာမှ ကျောက်ချပ်ကို ဆစ်၍ ယူရသကဲ့သို့ တစ်ကျပ်တစ်သပြာမျှကိုပင် ခဲခဲယဉ်းယဉ်း ရှာဖွေ ဆည်းပူးကြရကုန်၏” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ညီနောင်ရသေ့ မြစ်နားမွေ့

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် စည်းစိမ်ဥစ္စာများသော ပုဏ္ဏားမျိုး၌ ဖြစ်လေ၏။ ခြေဖြင့် ပြေးသွားနိုင်သောအခါ ညီငယ်တစ်ယောက် မွေးဖွားပြန်၏။ ထိညီနောင်နှစ်ယောက်တို့သည် အရွယ်သို့ရောက်လတ်သော် မိဘတို့သည် သေလွန်ကြကုန်၏။

ထိုအခါ ညီနောင်နှစ်ယောက်တို့သည် သံဝေဂ ရကြသဖြင့် ရသေ့၊ ရဟန်းပြုကာ ဂင်္ဂါမြစ်နား၌ သစ်ရွက်မိုးကျောင်း ဆောက်လုပ်၍ နေကြကုန်၏။ ထိုရသေ့၊ ညီနောင်နှစ်ယောက်တို့တွင် အစ်ကိုကြီး၏ ကျောင်းကား ဂင်္ဂါမြစ်ညာ၌ တည်ရှိ၍ ညီငယ်၏ကျောင်းကား ဂင်္ဂါမြစ်၏ အကြော၌ တည်ရှိလေ၏။

ညီငယ်ရသေ့ နဂါးတွေ့

တစ်နေ့သ၌ မဏိကဏ္ဌ နဂါးမင်းသည် နဂါးပြည်မှ ထွက်၍ လုလင်အသွင် ဖန်ဆင်းကာ ဂင်္ဂါမြစ်ကမ်းနားသို့ လှည့်လည်သွားလာသည်ရှိသော် ညီငယ်ရသေ့၏ ကျောင်းသို့ရောက်၍ ရသေ့ကို ရှိခိုးကာ ပဋိသန္ဓောရစကား ပြောကြားလျက်နေ၏။ လာဖန်များ၍ အလွန်ချစ်ကျွမ်းဝင်လျက် တစ်ဦးနှင့်တစ်ဦး ကင်းကွာ၍ နေခြင်းငှာ မတတ်နိုင်ကုန်၏။

မဏိကဏ္ဌ နဂါးမင်းသည် ညီငယ်ရသေ့ထံ မပြတ်ခစားလာ၍ ရသေ့၌ အလွန်ချစ်သဖြင့် ပြန်ကာနီးတွင် လုလင်ငယ် အသွင်ကိုစွန့်၍ ပကတိနဂါးအသွင်ဖြင့် အခွေတို့ဖြင့် ရသေ့၏ကိုယ်ကို ရစ်ပတ်လျက် သုံးသပ်၍ ဦးခေါင်းထက်၌ ပါးပျဉ်းကို ဖြန့်မိုးပြီးလျှင် အတန်ငယ် ရှုကြည့်လျက် ချစ်ခြင်းကိုဖြေ၍ အခွေတို့ကိုဖြေလျက် ရသေ့ကို ရှိခိုးကာ ပြန်လေ့ရှိ၏။

နဂါးကိုကြောက် နောင်တော်လျှောက်

ရသေ့သည် မဏိကဏ္ဌ နဂါးမင်းမှ ကြောက်ရွံ့ထိတ်လန့်သဖြင့် အသားအရေ ခန်းခြောက် ပိန်ချုံးလျက် အရိုးနှင့် အရေမျှသာရှိ၍ ဖန်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိလေ၏။ တစ်နေ့သ၌ နောင်တော် ရသေ့ထံ သွားလတ်သော် နောင်တော်ရသေ့သည် ပိန်ချုံး ဖျော့တော့နေသော ညီတော်ရသေ့ကို မြင်လျှင် - အကြောင်းကို မေးမြန်းရာ အကြောင်းစုံလျှောက်ထားသဖြင့် ညီတော်ရသေ့အား “ညီတော် .. သင်သည် နဂါးမင်း မလာခြင်းကို အလိုရှိသလော” ဟု မေးလေရာ၊ “နောင်တော် ... မလာခြင်းကို အလိုရှိပါသည်” ဟု လျှောက်လေ၏။ “ညီတော် .. သင့်ထံလာသော အခါ အဘယ်တန်ဆာကိုဆင်၍ လာသနည်း” ဟု မေးပြန်လျှင် “နောင်တော် ... လည်ပင်း၌ ပတ္တမြား ရတနာကိုဆင်၍ လာပါသည်” ဟု လျှောက်ထားလေ၏။

ထိုအခါ နောင်တော်သည် “ညီတော် ... ကောင်းပြီ၊ နဂါးမင်း သင့်ထံလာသောအခါ မထိုင်မီ ပတ္တမြားရတနာကို တောင်းလော့၊ နဂါးမင်းသည် သင့်ကို အခွေတို့ဖြင့် မရစ်ပတ်ဘဲ ထ၍သွားလိမ့်မည်။ နောက်တစ်နေ့ ဂင်္ဂါမြစ်ကမ်းမှနေကာ ရေကူးလာစဉ် တောင်းလော့၊ နောက်နဂါးမင်းသည် သင့်ထံသို့ မလာလတ္တံ့” ဟု နဂါးမင်း အချစ်ပျက်၍ မလာအောင် နည်းပေးလေ၏။

နဂါးပြေးရှောင်း ပတ္တမြားတောင်း

ညီတော်ရသေ့သည် နောင်တော်ရသေ့ နည်းပေးသောအတိုင်း - နက်ဖြန် နဂါးမင်း လာသောအခါ မထိုင်မီ “နဂါးမင်း ... ငါ့အား ပတ္တမြားရတနာကို ပေးလော့” ဟု တောင်းလေ၏။ နဂါးမင်းသည် မထိုင်ဘဲ ပြေးလေ၏။ နောက်တစ်နေ့ လာ၍ ကျောင်းတံခါးသို့ရောက်လျှင် “နဂါမင်း ... ယမန်နေ့က ပတ္တမြားရတနာကို ငါ့အား မပေးခဲ့၊ ယနေ့ ပေးလော့ ”ဟု တောင်းပြန်၏။ နဂါးမင်းသည် ကျောင်းတွင်းသို့ မဝင်တော့ဘဲ ပြေးလေ၏။ နောက်တစ်နေ့ မြစ်ကမ်းမှစောင့်ကာ နဂါးမင်းလာမည်ဟု ရေတွင်ပေါ်လာစဉ် “နဂါးမင်း ... ငါပတ္တမြားတောင်းသည်မှာ သုံးရက်ရှိပြီ၊ ယနေ့ ငါ့အားပေးခဲ့လော့” ဟု တောင်းပြန်၏။

ထိုအခါ နဂါးမင်းသည် ရေပေါ်မှာ ရပ်တည်လျက် ရသေ့အား -

“အို - ရသေ့ ... ဤပတ္တမြားကြောင့် အကျွန်ုပ်အား ပြန့်ပြော မွန်မြတ်သော နတ်ထမင်း နတ်အဖျော်သည် ဖြစ်လာပေ၏။ ထိုပတ္တမြားကို သင်ရသေ့အား - ပေးမည်မဟုတ်၊ သင်ကား အလွန်တောင်းဘိ၏။ သင့်ကျောင်းသို့လည်း လာတော့မည်မဟုတ်။

အို-ရသေ့ .. ကျောက်၌ထက်စွာ သွေးအပ်သော သန်လျက် လက်တွင်ရှိသော လုလင်ပျိုသည် ခြိမ်းခြောက်သကဲ့သို့၊ ထို့အတူ ဤပတ္တမြားကို တောင်းသော သင်ရသေ့သည် ငါ့ကို ခြိမ်းခြောက်ဘိ၏။ အလွန်တောင်းရမ်းဘိ၏။ ထိုပတ္တမြားကို ပေးမည်မဟုတ်၊ သင့်ကျောင်းသို့လည်း လာတော့မည်မဟုတ်” – ဟု ပြောဆိုပြီးလျှင် ရေတွင်ငုပ်လျက် မိမိနေရာ နဂါးပြည်သို့ သွားလေ၏။ နောက်တစ်ဖန် ရသေ့ကျောင်းသို့ မလာတော့ပြီ။

နဂါးနှင့်ကင်း ရောဂါညှဉ်း

နဂါးမင်း မလာသောအခါ ရသေ့ငယ်သည် အလွန်ရှုချင်စဖွယ်ရှိ၍ ချစ်ခင်လှစွာသော နဂါးမင်းကို မမြင်ရပြန်လျှင် အသားအရေခန်းခြောက် ပိန်ချုံးကာ ရှေးကထက် ကြုံလှီ၍ အဆင်းမလှ ဖြစ်ပြန်၏။ ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သောအဆင်း ရှိပြန်၏။

နောင်တော်ရသေ့သည် ညီတော်ရသေ့၏ အကြောင်းအရာကို သိလိုသဖြင့် ကျောင်းသို့သွား၏။ အလွန်ကြုံလှီ ပိန်ချုံးလျက် ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိသည်ကို မြင်ပြန်လျှင် ညီတော်ရသေ့အား မေးမြန်းပြန်ရာ၊ နဂါးကို မမြင်ရသဖြင့် ဖျော့တော့သော အဆင်းရှိပြန်ကြောင်း လျှောက်ထားပြန်၏။ ထိုအခါ နောင်တော်ရသေ့သည် ညီတော် ရသေ့အား -

“ညီတော် ... ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အလွန် ချစ်ခင်မြတ်နိုးသော ဥစ္စာပစ္စည်း တစ်စုံတစ်ရာကို မတောင်းရမ်းရာ၊ အလွန်ချစ်ခင် မြတ်နိုးနေသော ဥစ္စာပစ္စည်းဖြစ်ကြောင်း သိရာသည်။ အလွန်တောင်းရမ်းခြင်းကြောင့် မိမိ၌ မုန်းတီးတတ်သည်။”

“ညီတော် ... ပတ္တမြားကို အတောင်းခံရသော နဂါးမင်းသည် တောင်းသောအခါမှစ၍ ငါ့ညီတော် မမြင်ရာအရပ်သို့ သွားခဲ့လေပြီ” – ဟု အဆုံးမပေးပြီးလျှင် ယနေ့မှစ၍ စိုးရိမ်ပူတွေးခြင်းငှာမသင့်ဟု ဆုံးမ၍ သက်သာရာရစေပြီးလျှင် နောင်တော်ရသေ့သည် မိမိနေရာကျောင်းသို့ ပြန်လေ၏။

နောင်အဖို့ ရသေ့ညီနောင်နှစ်ဦးတို့သည် အဘိညာဉ်သမာပတ်ကို ဖြစ်စေ၍ သေလွန်သည့်အဆုံး၌ ဗြဟ္မာ့ပြည်သို့ လားကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ညီတော်ရသေ့သည် - ယခုအခါ အာနန္ဒာ။

နောင်တော်ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မြတ်နိုးသိမ်းဆည်း၊ သူ့ပစ္စည်း၊ လိုလည်းမတောင်းရာ။

(၂) ရှေးကချစ်ခင်၊ တောင်းပြန်လျှင်၊ လူတွင်မုန်းတတ်စွာ။

(၃) သန်လျက်စွဲလား၊ တောင်းသူအား၊ ကြောက်ငြားလူတကာ။

ပဏိကဏ္ဌဇာတ် ပြီး၏။

***

(၂၅၄) ကုဏ္ဍကကုစ္ဆိသိန္ဓဝဇာတ်

ဆင်းရဲသော အမယ်အိုထံ၌ ဆန်ကွဲကျိုးနှင့် မြက်ကြွင်းစား၍ ကျေးဇူးဆပ်ခဲ့ပြီး၊ ချမ်းသာသူထံတွင် မွန်မြတ်သော အစာကိုရမှ စားလျက် ဧကရာဇ်မင်းအဖြစ်ရောက်အောင် ကျေးဇူးဆပ်သော သိန္ဓောမြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သူဆင်းရဲအိုမ အရှင်သာရိပုတ္တရာရ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တစ်ရံသောအခါ မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ ဝါဆိုတော်မူပြီးလျှင် ဒေသစာရီ ကြွချီတော်မူ၍ တစ်ဖန်ပြန်လာသည်ရှိသော် ဒါယကာတို့သည် အာဂန္တုကဘတ်ကို ပြုမည်ဟု ဘုရားအမှူရှိသော သံဃာအား အလှူကြိးကို ပေးကုန်၏။

ကျောင်းတော်၌ ဓမ္မဃောသက ရဟန်းတစ်ပါးကို ထား၏။ ထိုရဟန်းသည် ဒါယကာတို့ အလိုရှိတိုင်းသော ရဟန်းတို့ကို ဝေငှ၍ပေး၏။ ထိုအခါ ဆင်းရဲနွမ်းပါးလှသော မိန်းမအိုတစ်ယောက်သည် တစ်ပါးစာဆွမ်းကို စီရင်၍ မိမိအတွက် သံဃာမရသဖြင့် ဓမ္မဃောသက ရဟန်းထံသို့ သွားပြီးလျှင် “အရှင်ဘုရား ... အကျွန်ုပ်အတွက် ရဟန်းတစ်ပါးပေးပါ” ဟု လျှောက်၏။ ထိုဓမ္မဃောသက ရဟန်းသည် - “ဒါယိကာမကြီး ... ရဟန်းတို့ကုန်ခဲ့ပြီ၊ အရှင်သာရိပုတ္တရာ ကျောင်းတော်မှာ ရှိသေးသည်။ သွား၍လှူဒါန်းချေ”ဟု စေလွှတ်လိုက်၏။

ဆင်းရဲသူမအလှူ ဝိုင်းဝန်းကူ

မိန်းမအိုလည်း နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ ဇေတဝန်ကျောင်းတော်တံခါးမုခ်သို့ သွား၍ ရပ်နေခိုက် အရှင်သာရိပုတ္တရာ ကြွလာသောအခါ ရှိခိုး၍ လက်မှ သပိတ်ကိုယူကာ အိမ်သို့ပင့်ဆောင်ကာ မြတ်သောနေရာတွင် သီတင်းသုံးစေ၏။

ထိုအကြောင်းကို ကောလသမင်းကြီး ကြားတော်မူလျှင် မိန်းမအိုအား ဤအဝတ်ကိုဝတ်၍ ဤအသပြာ တစ်ထောင်ဖြင့် ဝယ်ခြမ်းကာ မွန်မြတ်သော ဘောဇဉ်ဖြင့် အရှင်ကို လုပ်ကျွေးပါဟု မှားပြီးလျှင် အဝတ်ပုဆိုးနှင့် အသပြာတစ်ထောင်ကို ပို့စေ၏။ ထိုအတူ မဟာအနာထပိဏ်၊ စူဠအနာထပိဏ် ဝိသာခါတို့လည်း အသီးအသီး အသပြာတို့ကို ပို့စေကုန်၏။ တစ်ပါးသောသူတို့လည်း မိမိတို့အစွမ်းရှိသလောက် တစ်ရာတန်သည်၊ နှစ်ရာတန်သည်တို့ကို ပို့ကြကုန်၏။ ဤသို့လျှင် မိန်းမအိုအား တစ်ရက်ချင်းဖြင့်လျှင် အသပြာ တစ်သိန်းကို ရလေ၏။

ရှေးအခါသနှစ် ခိုကိုးရာဖြစ်

ရှင်သာရိပုတ္တရာသည် မိန်းမအိုလှူသော ယာဂုကိုသောက်၍ မိန်းမအို စီရင်သော ဘောဇဉ်ကို ဘုဉ်းပေးပြီးလျှင် အနုမော၏နာပြုကာ မိန်းမအိုအား သောတာပတ္တိဖိုလ်၌ တည်စေ၍ ကျောင်းတော်သို့ ကြွတော်မူ၏။

ရဟန်းတို့သည် တရားသဘင် ငါ့ရှင်တို့ ရှင်သာရိပုတ္တရာသည် အိုမင်းပြီးသော အိမ်ရှင်မအား ဆင်းရဲမှလွတ်စေ၏။ ထိုမိန်းမအို ကပ်လှူသော ယာဂုဘောဇဉ်ကို မရွံမရှာ ဘုဉ်းပေးတော်မူ၏ဟု အရှင်သာရိပုတ္တရာ၏ ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုနေခိုက် မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ရှင်သာရိပုတ္တရာသည် ယခုအခါ၌သာ ထိုမိန်းမအို၏ ကိုးကွယ်ရာဖြစ်သည်မဟုတ် ရှေးအခါ၌လည်း ဖြစ်ဖူးပြီ၊ ယခုအခါ၌သာ ထိုမိန်းမအို ပေးအပ်သော အစာအာဟာရကို မရွံမရှာစားသည်မဟုတ် ရှေးအခါ၌လည်း စားဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အမယ်အိုအိမ်ဝင်း တည်းခိုခြင်း

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဥတ္တရာပထမြင်းကုန်သည်မျိုး၌ ဖြစ်လေ၏။

တစ်နေ့သ၌ ဥတ္တရာပထဇနပုဒ်မှ မြင်းကုန်သည်ငါးရာတို့သည် မြင်းတို့ကို ဆောင်ယူကာ ဗာရာဏသီပြည်သို့ သွားကြကုန်၏။ မြင်းကုန်သည် တစ်ယောက်သည် မြင်းငါးရာတို့ကို ယူဆောင်လျက် ဗာရာဏသီပြည်သို့ သွားလေ၏။ ခရီးအကြားတွင် ဗာရာဏသီပြည်နှင့် မနီးမဝေးသော အရပ်၌ နိဂုံးရွာတစ်ခု ရှိလေ၏။

ထိုနိဂုံးရွာဝယ် ရှေးသောအခါ စည်းစိမ်ဥစ္စာ များစွာ ကြွယ်ဝသော သူဌေးကြီးတစ်ဦး ရှိခဲ့ဖူး၏။ ထိုသူဌေးကြီး၏ နေရာအိမ်သည် အလွန်ကြီးကျယ်၏။ အမျိုးမူကား အစဉ်သဖြင့် ပျက်စီးဆုံးပါးခြင်းသို့ ရောက်ခဲ့သဖြင့် ထိုအိမ်ကြီးတွင် မိန်းမအိုတစ်ယောက်သာ ကြွင်းကျန်လေ၏။ ထိုအခါ မြင်းကုန်သည်သည် ထိုနိဂုံးသို့ရောက်လျှင် ထိုမိန်းမအိုနေ အိမ်ကြီးကို အဖိုးအဖပေးပါမည်ဆိုကာ မြင်းတို့ကို သင့်တင့်လျောက်ပတ်သော အရပ်၌ ထား၍ ခေတ္တတည်းခိုနေထိုင်လေ၏။

မြင်းငယ်ကလေး အိမ်ခပေး

ထိုနေ့၌ပင် အာဇာနည်မြင်းမ တစ်ကောင်သည် အာဇာနည်မြင်းငယ်ကို ဖွားမြင်လေ၏။ မြင်းကုန်သည်လည်း နှစ်ရက်၊ သုံးရက်နေ၍ မြင်းတို့ကို အားယူစေပြီးလျှင် မင်းကြီးကို ဖူးမြင်မည်ဟု ပြောဆိုကာ မြင်းတို့ကိုယူ၍ သွားလေ၏။ ထိုအခါမိန်းမအိုသည် အိမ်၌နေသော အဖိုးအခကို ပေးပါဟု တောင်း၏။ မြင်းကုန်သည်သည် ကောင်းပြီ ပေးပါမည်ဟု ဆိုလတ်သော် မိန်းမအိုသည် “အမောင် .... အဖိုးအခ ပေးမည်ဆိုလျှင် ယမန့်ကေ မွေးဖွားသော မြင်းငယ်ကိုသာ ပေးပါ” ဟု တောင်း၏။ မြင်းကုန်သည်လည်း ကောင်းပြီဟု ဆိုကာ မြင်းငယ်ကို ပေးခဲ့၍သွားလေ၏။ မိန်းမအိုလည်း ထိုမြင်းငယ်ကို သားကဲ့သို့ ချစ်ခင်လှသဖြင့် - နေ့စဉ် ဆန်ကွဲထမင်းချိုးနှင့် စားငုတ်မြတ်တို့ကို ကျွေး၍ မွေးမြူလေ၏။

မြင်းတွေရှောင်ကွင်း သိန္ဓောမြင်း

နောက်အခါ ဘုရားလောင်း မြင်းကုန်သည်သည် မြင်းငါးရာတို့ကို ယူ၍ ဗာရာဏသီပြည်သို့ လာသည်ရှိသော် ထိုမိန်းမအို၌ပင် တည်းခိုလေ၏။ သိန္ဓောမြင်းငယ် နေရာအရပ်မှ အနံ့ကိုရ၍ မြင်းငါးရာတို့တွင် မြင်းတစ်ကောင်မျှ အိမ်သို့ မဝင်ဝံ့ချေ။ ထိုအခါ မြင်းကုန်သည်သည် မိန်းမအိုအား - “မိခင် ...ဤအိမ်မှာ မြင်းရှိသလော” ဟု မေးလေ၏။ “အမောင် ... တခြားမြင်းမရှိပါ၊ ငါသားပြု၍ ကျွေးမွေးထားသော မြင်းငယ်တစ်ကောင် ရှိပါသည်” ဟု ပြောလေလျှင် “မိခင် ... ထိုမြင်းငယ် ဘယ်သွားသနည်း” ဟု မေးပြန်ရာ “အမောင် .... အစာစားရန်သွားသည်၊ ညနေချမ်းအခါ ပြန်လာလိမ့်မည်” ဟု ပြောလေ၏။

မြင်းကုန်သည်လည်း ထိုမြင်းငယ်လာခြင်းကို ရှုမျှော်ကာ မြင်းတို့ကို အိမ်ပြင်၌ထား၍ နေလေ၏။ သိန္ဓောမြင်းငယ်သည် ကျက်စားရာအရပ်မှ ညနေချမ်းအခါ အိမ်သို့ပြန်လာ၏။ မြင်းကုန်သည်မြင်၍ လက္ခဏာတို့ကို ကြည့်ရှုဆင်ခြင်လတ်သော် ဤမြင်းငယ်ကား သိန္ဓောမြင်းတည်း၊ အဖိုးမဖြတ်နိုင်အောင် ထိုက်တန်သော မြင်းငယ်ဖြစ်ကြောင်းကိုသိ၍ မိန်းမအိုအား အဖိုးပေး၍ ဤမြင်းငယ်ကို ယူရန်သင့်၏ဟု ကြံစည်လေ၏။ သိန္ဓောမြင်းငယ်လည်း မိမိနေရာသို့ ဝင်၍နေ၏။ ထိုခဏ၌ မြင်တို့သည် အိမ်သို့မဝင်ဝံ့ကြကုန်။

သိန္ဓောမြင်းမြတ် ကျေးဇူးဆပ်

မြင်းကုန်သည်လည်း နှစ်ရက်၊ သုံးရက်နေ၍ မြင်းတို့ကို အားယူစေပြီးလျှင် သွားမည်ဟု ပြင်ဆင်လတ်သော် “မိခင် .... မြင်းငယ်ကိုရောင်းပါ” ဟု ပြော၏။ “အမောင် ... အဘယ်သို့ဆိုသနည်း၊ သားကိုရောင်းစားသော မိန်းမမည်သည်ရှိသလော” ဟု ပြော၏။ “မိခင် .... ဤမြင်းငယ်ကို ဘယ်အစာကိုကျွေး၍ မွေးမြူသနည်း” ဟု မေးပြန်၏။ “အမောင် .... ဆန်ကွဲထမင်းချိုး စားငုတ်မြက်တို့ကို ကျွေး၍ မွေးမြူပါသည်” ဟု ပြောပြန်၏။ “မိခင် ... အကျွန်ုပ်ဤမြင်းငယ်ကိုရလျှင် ထမင်းကိုစားစေ၍ နေရာအထက်၌ ပုဆိုး ဗိတာန်ကြက်ပြီး အင်းပျဉ်ပေါ်၌ ထားပါမည်” ဟု ပြော၏။ “အမောင် ... ဤလိုပြုစုလျှင် ငါ့သား ချမ်းသာကိုခံစားရလတ္တံ့၊ ယူ၍သွားပါ” ဟု ခွင့်ပြုလေ၏။

ထိုအခါ မြင်းကုန်သည်သည် သိန္ဓောမြင်းငယ်၏ - ခြေလေးချောင်း၊ အမြီးရင်း၊ ခံတွင်းတို့၌ တစ်ထောင်စီအားဖြင့် အသပြာခြောက်ထောင်ထား၍ မိန်းမအိုကို အဝတ်သစ်တို့ကို ဝတ်စေ၍ မြင်းငယ်၏ ရှေ့မှာ ရပ်စေ၏။ သိန္ဓောမြင်းငယ်သည် အမိ မိန်းမအိုကိုကြည့်လျက် မျက်ရည်ကျလေ၏။ မိန်းမအိုလည်း သိန္ဓောမြင်းငယ်၏ ကျောကို သုံးသပ်၍ “ချစ်သား ... ငါ့မှာ သားမွေးကျိုးကိုရပေပြီ၊ လိုက်သွားပါ” ဆို၍ ပေးလိုက်၏။ သိန္ဓောမင်းငယ်လည်း မြင်းကုန်သည်နောက်သို့ လိုက်လေ၏။

ယုတ်ညံ့သော အစာကို မစားလို

မြင်းကုန်သည်သည် သိန္ဓောမြင်းငယ်၏ ထမင်းကိုစီရင်ပြီးလျှင် ဤ သိန္ဓောမြင်းငယ်ငည် မိမိကိုယ် အစွမ်းကို သိသလော၊ မသိသလော စုံစမ်းမည်ဟု စားကျင်း၌ ဆန်ကွဲယာဂုကို လောင်း၍ပေးလေ၏။ သိန္ဓောမြင်းငယ်သည် ဘောဇဉ်ကိုလည်း ငါမစားလို၊ ယာဂုကိုလည်း မသောက်လိုဟု ပြောလေ၏။ မြင်းကုန်သည်သည် သိန္ဓောမြင်းငယ်အား -

“မြင်းငယ် ... သင်ကား - စားကျင်းမြက်နှင့် ဆန်ကွဲကျိုးကိုစား၍ ကြီးပြင်းခဲ့၏။ ဤဆန်ကွဲယာဂုသည် သင်စားနေကျ အစာဖြစ်၏။ သင်ယခု အဘယ်ကြောင့် ထိုအစာကို မစားသနည်း” – ဟု - ပြောဆိုကာ မြင်းကုန်သည်၏ စကားကို ကြားလျှင် မြင်းငယ်သည် မြင်းကုန်သည်အား -

“မြတ်သော ကုန်သည်ကြီး ... အမျိုးဇာတ်အားဖြင့် လည်းကောင်း၊ အကျင့်အားဖြင့် လည်းကောင်း လိုက်လျောအောင် ကျွေးမွေးရမည့် အစာအာဟာရကို မသိသောသူ၏ ထံမှာ - စင်စစ် စားကျင်းမြက်နှင့် ဆန်ကွဲထမင်းချိုးကိုသာ စားပေ၏။

ဤမြင်းကား သိန္ဓောမြင်း မြင်းမြတ်တည်းဟု သင်သည် ငါ၏အမျိုးဇာတ် အကျင့်ကိုသိ၏၊ အစွမ်းကိုသိသော ငါသည်၊ အစွမ်းကိုသိသော သင့်ထံမှာ ဆန်ကွဲယာဂုကို မစားနိုင်၊ သင် ဆန်ကွဲယာဂုကို စားစေလိုသဖြင့် အသပြာ ခြောက်ထောင်ပေးကာ ငါ့ကိုဝယ်သူသည်မဟုတ်” – ဟု - ပြောဆိုလေ၏။ မြင်းကုန်သည်သည် ထိုစကားကို ကြားလျှင် “မြင်းငယ် .... သင့်ကိုစုံစမ်းလိုသဖြင့် ဆန်ကွဲယာဂုကို ကျွေးပါသည်။ အမျက်မထွက်ပါလင့်” ဟု ဖျောင်းဖျပြောဆိုကာ ကောင်းသောဘောဇဉ်ကို ကျွေးလေ၏။

သိန္ဓောစွမ်းပြ ကြည့်ရှုကြ

မင်းရင်ပြင်သို့ရောက်လျှင် တစ်ခုသောအရပ်၌ မြင်းငါးရာတို့ကိုထား၍ သိန္ဓောမြင်းငယ်ကို တစ်ခုသောအရပ်၌ ဆန်းကြယ်သော တင်းတိမ်ကို ကာရံလျက် အောက်က အခင်းခင်းပြီးလျှင် အထက်က ပုဆိုးဗိတာန်ကြက်ကာ ကောင်းစွာထားလေ၏။

မင်းကြီးလာလတ်၍ မြင်းလျှင် “အချင်း - ကုန်သည် ... ဤမြင်းကို အဘယ်ကြောင့် သီးသန့်ထားသနည်း” ဟု မေး၏။ “အရှင်မင်းကြီး ... ဤမြင်းကား သိန္ဓောမြင်းတည်း၊ မြင်းတို့တွင် ထူးခြားမြင့်မြတ်သော မြင်းဖြစ်ပါသည်” ဟု လျှောက်၏။ “အချင်း ... ဤမြင်း၏ လျင်မြန်ခြင်းကို ကြည့်ရှုလိုသည်” ဟု ပြောလေ၏။ ထိုအခါ မြင်းကုန်သည်သည် “မင်းကြီး ... ကြည့်ရှုတော်မူပါ” ဟု လျှောက်ထား၍ မြင်းကို ကကြိုးတန်ဆာဆင်၍ စီးနင်းပြီးလျှင် - လူတို့ကို ဖယ်ရှားစေ၍ မင်းရင်ပြင်တွင် စိုင်းလေ၏။ မင်းရင်ပြင်တစ်ခုလုံး မြင်းအစဉ်ဖြင့် ခြံရံ၍ ထားသကဲ့သို့ ထင်ရ၏။

ကြာရွက်ပေါ်ဖျား သိန္ဓောသွား

မြင်းကုန်သည်သည် ခေတ္တနားကာ တစ်ဖန်လွှတ်ပြန်၏။ အလွန်လျင်မြင်လှသဖြင့် တစ်စုံတစ်ယောက်မျှ မြင်းကို မမြင်ရချေ။ တစ်ဖန် အဝတ်နီကိုပတ်ပြီးလျှင် လွှတ်ပြန်၏။ အဝတ်နီိကိုသာ မြင်ရ၏။ နောက်တစ်ဖန် မြို့တွင်းရှိ ဥယျာဉ်ရေကန်၌ လွှတ်ပြန်၏။ ရေကန်ပေါ်တွင် ပြေးသော သိန္ဓောမြင်း၏ ခွာဖျားတို့သည် ရေမစိုကုန်၊ ပဒုမ္မာကြာရွက်တို့ အပေါ်၌ ပြေးသည်ရှိသော် တစ်ခုသော ပဒုမ္မာကြာရွက်မျှကိုလည်း ရေ၌မနစ်စေ။

ဤသို့ မြင်း၏ပြည့်စုံခြင်းကို ပြပြီးလျှင် မြင်းပေါ်မှ ဆင်းသက်၍ လက်ခုပ်တီးကာ လက်ဝါးပြင်ကို ဖြန့်၍ ပြလေ၏။ မြင်းငယ်သည် လာလတ်၍ ခြေလေးချောင်းတို့ကို တပေါင်းတည်းစုကာ လက်ဝါးပြင်၌ ရပ်လေ၏။ ထိုအခါ မြင်းကုန်သည်သည် “မြတ်သောမင်းကြီး ... အလုံးစုံသော အခြင်းအရာဖြင့် လျင်မြန်ခြင်းကို ပြသည်ရှိသော် သမုဒ္ဒရာ အဆုံးရှိသော တိုင်းပြည်သည် လျင်မြန်ခြင်း အဟုန်ကို ချထားခြင်းငှာ မလောက်နိုင်ရာ” ဟု လျှောက်ထားလေ၏။

သိန္ဓောတန်ခိုး ကျွန်းလုံးစိုး

မင်းကြီးလည်း မြင်းငယ်၏ လျင်မြန်ခြင်းကို မြင်ရ၍ အလွန်နှစ်သက် အားရတော်မူသဖြင့် မြင်းကုန်သည်အား တိုင်းပြည်ကို တစ်ဝက်ပေး၍ မင်းကိုယူလေ၏။ သိန္ဓောမြင်းငယ်ကိုလည်း အဘိသိက်သွန်းကာ မင်္ဂလာမြင်း ပြုလေ၏။ များစွာသော ပူဇော်သက္ကာရကိုလည်း ပြုလေ၏။ တန်ဆာဆင်အပ်သော နေရာတိုက်ခန်းကဲ့သို့ မြင်းတော်၏ နေရာကို ပြု၏။ နံ့သာမျိုးလေးပါးဖြင့် မြေကိုလိမ်းကျံ၍ ထား၏။ အထက်က ရွှေကြယ်စီသော ဗိတာန်ကိုကြက်၏။ ထက်ဝန်းကျင်မှ ဆန်းကြယ်သော တင်းတိမ်ကို ကာရံ၏။ နံ့သာပန်းဆိုင်းတို့ကို ဆွဲ၍ထား၏။ အမြဲ နံ့သာ ဆီမီး ညှိထွန်း၏။ ကျင်းကြီးကျင်ငယ် စွန့်ရာ၌ ရွှေအိုးကိုခံ၍ ထား၏။ နေ့စဉ် မင်းကြီး သုံးဆောင်သော ဘောဇဉ်ကိုစားစေ၏။

မင်းကြီးသည် မင်္ဂလာမြင်းတော်ကို ရသောနေ့မှစ၍ ဇမ္ဗူဒိပ်ကျွန်းလုံး၌ မင်းအဖြစ်သည် မင်းကြီးထံသို့ ရောက်လာ၏။ မင်းကြီးသည် ပညာရှိမြင်းကုန်သည် အဆုံးအမ၌တည်၍ ကုသိုလ်ကောင်းမှုကိုပြုကာ သေလွန်သည့်အဆုံး၌ နတ်ပြည်သို့လားရ၏။

ဤဒေသနာတော်ကိုဆောင်၍ သစ္စာကိုပြသည့်အဆုံး၌ များစွာကုန်သော ရဟန်းတို့သည် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာအဖြစ်သို့ ရောက်ကြ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မိန်းမအိုသည် - ယခုအခါ မိန်းမအို။

သိန္ဓောမြင်းသည် - သာရိပုတ္တရာ။

မြင်းကုန်သည်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မျိုးဇာတ်ကျင့်စာ၊ မသိရာ၊ ရရာရောင့်ရဲလေ။

(၂) မျိုးဇာတ်ကျင့်စာ၊ သိပြန်ရာ၊ သင့်ရာကျေနပ်လေ။

ကုဏ္ဍကကုစ္ဆိသိန္ဓဝဇာတ် ပြီး၏။

***

(၂၅၅) သုကဇာတ်

မကျက်စားအပ်သော အရပ်သို့ ဖခင်တားမြစ်လျက် မလိုက်နာဘဲ ကျက်စားသွားလာမိသဖြင့် အသက်သေဆုံးရသော ကျေးသားအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အစားလွန်လျှင် သေပွဲဝင်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် အစာများစွာစား၍ အစာမကြေခြင်းကြောင့် သေလွန်လေ၏။

ထိုအခါ ရဟန်းတို့သည် တရားသဘင်ဝယ် ထိုရဟန်းအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ဤရဟန်းသည် ယခုအခါ၌သာ အလွန်စားခြင်းကြောင့် သေလွန်သည် မဟုတ် ရှေးအခါ၌လည်း အလွန်စားခြင်းကြောင့် သေလွန်ခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မိဘလုပ်ကျွေး ကျေးငှက်လေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဟိမဝန္တာအရပ်ဝယ် ကျေးအမျိုး၌ဖြစ်၍ အသောင်းမကသော ကျေးတို့မင်းဖြစ်လေ၏။ ထိုကျေးမင်းအား သားဖြစ်သော ကျေးတစ်ကောင်ရှိ၏။

ထိုသားဖြစ်သော ကျေးသည် အားနှင့် ပြည့်စုံလတ်သော် ကျေးမင်းသည် မျက်စိအားနည်းလေ၏။ ကျေးတို့မှာ လျင်သောအဟုတ်ရှိသောကြောင့် အိုးမင်းသောအခါ ရှေးဦးစွာမျက်စိအားနည်းခြင်း ဖြစ်တတ်၏။ သားဖြစ်သော ကျေးသည် အမိအဖဖြစ်သော ကျေးအိုတို့ကို အသိုက်၌ထားကာ အစာအာဟာရကို ယူဆောင်၍ မွေးမြူလေ၏။

တစ်နေ့သ၌ ကျေးသားငယ်သည် တောင်ထိပ်ဖျားမှ နေ၍ ကြည့်လတ်သော် သမုဒ္ဒရာအလယ်၌ ကျွန်းငယ်တစ်ခုကို မြင်၏။ ထိုကျွန်း၌ ရွှေအဆင်းကဲ့သို့ ဝါဝင်းလျက် ချိုမြိန်ကောင်းမြတ်သော အသီးနှင့်ပြည့်စုံသော သရက်တောသည် ရှိလေ၏။

ဆုံးမစကား မနာကြား

ကျေးသားသည် နက်ဖြန်နေ့ဝယ် အစာရှာသောအခါ၌ ထိုကျွန်းငယ်သို့သွားကာ အလိုရှိတိုင်း သရက်သီးတို့ကို စား၍ သရက်သီးမှည့်ကို ယူဆောင်ကာ အမိအဖတို့အား ပေး၏။ အဖကျေးမင်းသည် သရက်သီးကို စားလတ်သော် အရသာကို မှတ်မိ၍ “အမောင် ... ဤသရက်သီးကား အဘယ်က ရခဲ့သနည်း၊ သမုဒ္ဒရာအလယ်ရှိ ကျွန်းငယ်က သရက်သီးမဟုတ်လော” ဟု မေး၏။ “ဖခင် ... ဟုတ်ပါ၏” ဟု ပြော၏။ “အမောင် ... ဤကျွန်းငယ်သို့ နောက်တစ်ခါ မသွားလင့်၊ ဤကျွန်းငယ်သို့သွားသော ကျေးသားတို့မှာ အသက်မရှည်ကုန်” ဟု တားမြစ်လေ၏။ ကျေးသားသည် အဖကျေးမင်း စကားကို မနာယူဘဲ သွားမြဲတိုင်း သွားလေ၏။

အစားလွန်လှ သမုဒ္ဒရာကျ

တစ်နေ့သောအခါ ကျေးသားသည် ထိုကျွန်းငယ်သို့ သွားကာ ဝမ်း၏ပမာဏကို မသိဘဲ သရက်သီးတို့ကို အလွန်စား၍ မိဘတို့အတွက် သရက်သီးမှည့်ကိုယူကာ သမုဒ္ဒရာ၏ အထက်ကောင်းကင်ဖြင့် ပျံလတ်သော် အလွန်လေးသော ကိုယ်ရှိသည်ဖြစ်၍ ပင်ပန်းနွမ်းနယ်ကာ အိပ်ချင်ခြင်း နှိပ်စက်သဖြင့် ငိုက်မြည်းလျက် ပျံလေ၏။ ထိုအခိုက် နှုတ်သီးဖြင့် ချီလာသော သရက်သီးမှည်သည် အောက်သို့ ကျလေ၏။ ထိုကျေးသားသည် အစဉ်သဖြင့် လာမြဲတိုင်းသော ခရီးကို စွန့်လွှတ်ကာ ခရီးမှားလျက် ပျံသွားလတ်သော် အလွန်ပင်ပန်းလှသဖြင့် ကမ်းသို့မရောက်နိုင်တော့ဘဲ ရေပြင်တွင်ကျကာ နစ်မြုပ်လေ၏။ ထိုအခါ ငါးကြီးတစ်ကောင်သည် ကျေးသားကို ဖမ်း၍စားသဖြင့် အသက်ကုန်ခြင်းသို့ ရောက်လေ၏။

ကျေးမင်းသည် သားဖြစ်သောကျေးသည် လာချိန်တန်၍ မလာသည်ရှိသော် ကျွန်းငယ်မှအပြန် သမုဒ္ဒရာတွင်ကျ၍ သေသည်ဖြစ်လိမ့်မည်ဟု သိနှင့်လေ၏။ ထိုအခါ ထိုကျေးသား၏ အမိအဖတို့သည်လည်း အစာအာဟာရကို မရကုန်သည့်အတွက် တဖြည်းဖြည်း ပိန်ချုံး ခြောက်ကပ်၍ သေကြရကုန်၏။

မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူသောအခါ အတိတ်ကို ဆောင်တော်မူပြီးလျှင် -

“ရဟန်းတို့ ... ကျေးငှက်သည် စားအပ်သော အစာအာဟာရ၌ အတိုင်းအရှည်ကို သိသမျှ ကာလပတ်လုံး အသက်ရှည်စွာနေရ၍ အမိအဖကိုလည်း လုပ်ကျွေးမွေးမြူရ၏။ စားအပ်သော အစာအာဟာရ၌ အတိုင်းအရှည်ကိုမသိဘဲ အလွန်များစွာ စားသောအခါ၌ကား သမုဒ္ဒရာတွင် နစ်မြုပ်၍ သေရ၏။ စားသောက်အပ်သော အစာအာဟာရ၌ အတိုင်းအရှည်ကိုမသိခြင်းသည် မကောင်းပေ။ ထိုကြောင့် စားအပ်သော အစာအာဟာရ၌ အတိုင်းအရှည်ကို မသိသောသူတို့သည် နစ်မြုပ် ပျက်စီးရကုန်၏။ သိသောသူတို့သည် မနစ်မြုပ် မပျက်စီးရကုန်” – ဟု ဟောတော်မူ၏။

ဤဒေသနာတော်၏ အဆုံး၌ များစွာသောရဟန်းတို့သည် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာအဖြစ်သို့ ရောက်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကျေးသားသည် - ယခုအခါ အစားလွန်၍ သေသောရဟန်း။

ကျေးမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) တိုင်းရှည်မထား၊ အလွန်စား၊ ဆုံးပါးပျက်စီးမည်။

(၂) တိုင်းရှည်ဖြင့်သာ၊ စားသောက်ရာ၊ ကျန်းမာအသက်ရှည်။

သူကဇာတ် ပြီး၏။

***

(၂၅၆ ) ဇရူဒပါနဇာတ်

အလိုကြီး၍ မရောင့်ရဲနိုင်သဖြင့် ပျက်စီးရသော လှည်းကုန်သည်နှင့် အလိုနည်း၍ ရောင့်ရဲနိုင်သဖြင့် စည်းစိမ်ချမ်းသာများစွာ ခံစားရသော လှည်းမှူးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားရှင်လျှောက်ကြား ကုန်သွယ်သွား

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်၌ ကုန်သည်တို့သည် ဘဏ္ဍာတိုပကို အပြည့်အစုံ စီမံကာ ကုန်သွယ်သွားခါနီးတွင် မြတ်စွာဘုရားကို ပင့်ဖိတ်လှူဒါန်းပြီးလျှင် သရဏဂုံသီလတို့ကို ဆောက်တည်၍ ရှိခိုးကန်တော့ကာ - “အရှင်ဘုရား ... အကျွန်ုပ်တို့သည် ကုန်သွယ်ရန် ခရီးရှည်သွားကြပါအံ့၊ ဘဏ္ဍာတို့ကို ရောင်းချပြီးလျှင် ချမ်းသာစွာ ပြန်ရောက်သောအခါ တစ်ဖန် ရှိခိုးကန်တော့ပါအံ့” - ဟု လျှောက်ထားကာ ကုန်သွယ်သွားကြကုန်၏။

ကုန်သည်တို့သည် - ကန္တာရခရီးခဲသို့ ရောက်လတ်သော် ရေတွင်းဟောင်းတစ်ခုကို မြင်၍ ဤရေတွင်းကား ရေမရှိ၊ ငါတို့လည်း ရေငတ်ကုန်၏။ ထိုရေတွင်းကို တူးဖော်ကြမည်ဟု တိုင်ပင်ညီညွတ်ကာ တူးဖော်ကြသော် - အစဉ်အတိုင်း သလွဲစင်၊ သလွဲပုပ်၊ ကြေးပုပ်၊ ကြေးနီ၊ ကျောက်မျက်ရွဲ တို့ကို ရကြကုန်၏။ ရသမျှဖြင့်လည်း ရောင့်ရဲတင်းတိမ်ကြကုန်၏။ ထိုရတနာတို့ကို လှည်းတို့ဖြင့် အပြည့်တင်ဆောင်ကာ ချမ်းသာစွာ မိမိတို့နေရာ သာဝတ္ထိပြည်သို့ ပြန်ရောက်ကြကုန်၏။

ထိုကုန်သည်တို့သည် မြတ်စွာဘုရားကို လျှောက်ထားခဲ့ကြသောအတိုင်း ပင့်ဖိတ်ကာ လှူဒါန်းရှိခိုးကုန်လျက် မြတ်စွာဘုရားအား မိမိတို့ရဲခဲ့သော ဥစ္စာရတနာကို အကြောင်းစုံ လျှောက်ထားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် “သီတင်းသည်တို့ ... သင်တို့ကား ရသမျှသော ဥစ္စာဖြင့် ရောင့်ရဲတင်းတိမ်ကာ ပမာဏကို သိကြသောကြောင့်ဥစ္စာကို လည်းကောင်း၊ အသက်ကို လည်းကောင်း ရကြပေသည်။ ရှေးသူဟောင်းတို့ကား - ရသမျှသော ဥစ္စာဖြင့်လည်း မရောင့်ရဲ မတင်းတိမ်ကြ၊ အတိုင်းအရှည်ပမာဏကိုလည်း မသိကြ၊ ပညာရှိတို့ စကားကိုလည်း နားမထောင်ကြသောကြောင့် အသက်ကုန်ခြင်းသို့ ရောက်ရသည်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသည်း။

အတိတ်ဝတ္ထု

ရေတွင်းတူးကြ ရတနာရ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဗာရာဏသီပြည်ဝယ် ကုန်သည်အမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် လှည်းကုန်သည်တို့၏ အကြီးအမှူး ဖြစ်လေ၏။

တစ်နေ့သ၌ လှည်းမှူးသည် လှည်းတို့ဖြင့် ဘဏ္ဍာတို့ကို အပြည့်တင်ကာ ကုန်သည်တို့ကိုခေါ်၍ ကုန်သွယ်ရန် ဗာရာဏသီပြည်မှထွက်၍ အစဉ်အတိုင်း သွားကြရာ ကန္တာရခရီးခဲသို့ ရောက်လတ်သော် ရေတွင်းဟောင်းတစ်ခုကို မြင်ကြကုန်၏။ ထိုအခါ ကုန်သည်တို့သည် ရေငတ်ကြသဖြင့် တိုင်ပင်ညီညွတ်ကာ ရေတွင်းဟောင်းကို တူးကြသော် အစဉ်သဖြင့် များစွာသော ရတနာတို့ကို ရကုန်၏။

ရအပ်သော ရတနာတို့ဖြင့် ရောင့်ရဲတင်းတိမ်ခြင်းမရှိ၊ ဤရေတွင်းဟောင်းဝယ် ဤရတနာတို့ထက် ကောင်းမြတ်သော ရတနာတို့ကို ရလိမ့်ဦးမည်ဟု လောဘဇောတိုက်ကာ အတိုင်းအရှည်ပမာဏကို မသိကြဘဲ အလွန်အားဖြင့် တူးကြကုန်၏။ လှည်းမှူးသည် အဖန်ဖန်တားမြစ်သော်လည်း တူးမြဲတူးကြကုန်၏။

မရောင့်ရဲလျှင် သေပွဲဝင်

ထိုရေတွင်းဟောင်းကို နဂါးမင်းသည် သိမ်းဆည်းကပ်၏။ အလွန်စွာ တူးကြသဖြင့် ထိုရေတွင်းဟောင်း အောက်တွင်နေသော နဂါးမင်း ဗိမာန်ပျက်၍ မြေမှုန့်တို့ကျလတ်သော် အလွန်အမျက်ထွက်သဖြင့် နှာခေါင်းလေဖြင့် မှုတ်သောကြောင့် အဆိပ်သင့်ကာ လှည်းကုန်သည်မှူးမှတစ်ပါးသော ကုန်သည်တို့သည် သေကျေပျက်စီးခြင်းသို့ ရောက်ကြကုန်၏။

ထိုအခါ နဂါးလုလင်တို့သည် နဂါးပြည်မှထွက်၍ ရတနာတို့ကို လှည်းတို့၌တင်ကာ အသီးအသီး မောင်းနှင့်ကြကုန်လျက် လှည်းမှူးကိုကား ယာဉ်ငယ်တစ်ခု၌ ချမ်းသာစွာ စီးစေ၍ ဗာရာဏသီပြည် လှည်းမှူး၏ အိမ်သို့ရောက်အောင် ပို့ပြီးလျှင် ဥစ္စာရတနာတို့ကို သှိမှီးသိမ်းဆည်းကာ နဂါးပြည်သို့ ပြန်ကြကုန်၏။

တင်းတိမ်ရောင့်ရဲ သေဘေးလွဲ

လှည်းမှူးလည်း မိမိရရှိသော ဥစ္စာရတနာတို့ကို ပေးကမ်း စွန့်ကြဲ၍ ဇမ္ဗူဒိပ်တစ်ကျွန်းလုံး ကုန်သွယ်ခြင်း၊ လယ်လုပ်ခြင်း စသည်တို့ကို မပြုလုပ်စေဘဲ လှူဒါန်းကျွေးမွေးကာ ဥပုသ်သီလတို့ကို ဆောက်တည်၍ သေသည်၏အဆုံး၌ နတ်ပြည်သို့ လားလေ၏။

မြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူပြီးလျှင် ဘုရားဖြစ်တော်မူသောအခါ - “သီတင်းသည်တို့ ... ကုန်သည်တို့သည် ရေသောက်လိုသဖြင့် ရေတွင်းဟောင်းကို တူးဖော်ကြသော် ကြေးမည်း၊ ကြေးနီ၊ သလွဲဖြူ၊ သလွဲပုပ်၊ ရွှေ၊ ငွေ၊ ပုလဲ၊ ကျောက်မျက်ရွဲ၊ ပတ္တမြားတို့ကို ရကြကုန်၏။ ရမြဲတိုင်းသောရတနာဖြင့် မရောင့်ရဲ မတင်းတိမ်ကြသဖြင့် အလွန်နက်စွာ တူးကြပြန်ရာ - ထိုတွင်းဟောင်းအောက်၌နေသော အဆိပ်ပြင်းထန်၍ တန်ခိုးကြီးသော နဂါးမင်းသည် အဆိပ်တန်ခိုးဖြင့်သတ်၍ သေကြရပြီ၊ ထိုကြောင့် လျောက်ပတ်ရုံသာ တူးကြရသည်၊ အလွန်မတူးရာ။ အမှန်အားဖြင့် အလွန်တူးခြင်းသည် ယုတ်မာ၏၊ လျောက်ပတ်ရုံသာ တူးခြင်းသည် ဥစ္စာရ၏။ အလွန်တူးသဖြင့် သေကျေပျက်စီးကြရ၏” - ဟု သီတင်းသည်တို့အား ဟောတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ နဂါးမင်းသည် - ယခုအခါ သာရိပုတ္တရာ။

လှည်းကုန်သည်မှူးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရရသမျှ၊ ရောင့်ရဲက၊ မခုချမ်းသာမည်။

(၂) မရောင့်ရဲ၊ လောဘကဲ၊ ဆင်းရဲပျက်စီးမည်။

(၃) တွင်းဟောင်းတူးငြား၊ ကုန်သည်များ၊ နဂါးသေစေသည်။

ဇရူဒပါနဇာတ် ပြီး၏။

***

၂၅၇ - ဂါမဏိစန္ဒဇာတ်

ခုနစ်နှစ်သာရှိသည် မင်းငယ်ကလေးကို မခစားလို၍ ထွက်ခွာသွားရာ ခိုးမှုသင့်သဖြင့် ခိုးမှုနှင့်တကွ အရပ်ရပ် မှကြားလိုက်သော ပြဿနာ ၁၄ ရပ်ကို အဆုံးဖြတ်ခံရန် မင်းထံရောက်လာသော ဂါမိဏိစန္ဒ အမတ်ကြီး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပညာစွမ်းလို ချီးမွမ်းလို

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ .... မြတ်စွာဘုရားသည် ကြီးသောပညာရှိတော်မူ၏။ မြေကြီးအထုနှင့်တူသော ပညာရှိတော်မူ၏။ ရွှင်သောပညာ ရှိတော်မူ၏။ လျင်သောပညာ ရှိတော်မူ၏။ ထက်သောပညာ ရှိတော်မူ၏။ ထိုးထွင်းသောပညာ ရှိတော်မူ၏။ နတ်ပြည့်နှင့်တကွသော လောက၌ ပညာဖြင့် ဖုံးလွှမ်းတော်မူ၏” ဟု မြတ်စွာဘုရား၏ ပညာတော်ကို ချီးမွမ်းကာ နေကြကုန်၏။

မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ငါဘုရားသည် ယခုအခါ၌သာလျှင် ပညာရှိတော်မူသည်မဟုတ်၊ ရှေးအခါ၌လည်း ပညာရှိတော်မူသည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ခုနစ်နှစ်အတွင်း ပညာနှင်း

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဇနသန္ဓမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဇနသန္ဓမင်း၏ သားတော် ဖြစ်လေ၏။ မျက်နှာသည် ကောင်းစွာ ပွတ်တိုက်အပ်သော ရွှေကြေးမုံအပြင်ကဲ့သို့ စင်ကြယ်သန့်ရှင်း၏။ အလွန်တင့်တယ်ခြင်း အစုသို့ရောက်၏။ အမည်ကား အာဒါသမုခမည်၏။ ခမည်းတော်သည် ထိုမင်းသားကို အသက် ခုနစ်နှစ်အတွင်း၌ လောကတွင် တတ်သင့်တတ်ထိုက်သော ဗေဒင်သုံးပုံနှင့် အတတ်မျိုးအပေါင်းကို သင်ကြားစေ၍ သေလွန်လေ၏။

အမတ်တို့သည် မင်း၏အလောင်းကို ကောင်းစွာသင်္ဂြိုဟ်၍ *မတကဘတ် အစရှိည်တို့ကို ပြုပြီးလျှင် ခုနစ်ရက်မြောက်နေ့၌ မင်းရင်ပြင်တွင် စည်းဝေးကြ၍ “အချင်းတို့ ... မင်းသားသည် အလွန်ငယ်သေး၏။ ယခု အဘိသိက်သွန်းခြင်းငှာမသင့်၊ အရည်းအချင်းကို စုံစမ်းပြီးမှ အဘိသိက်သွန်းကြမည်” ဟု တိုင်ပင်ကြကုန်၏။ (*မတကဘတ် - သေသူကိုရည်မှတ်၍ လှူဒါန်းကျွေးမွေးအပ်သော ဆွမ်း၊ ထမင်း။)

ပညာရှိ၊ မရှိ စုံစမ်းကြည့်

တစ်နေ့သ၌ အမတ်တို့သည် မြို့ကို တန်ဆာဆင်စေ၍ တရားစီရင်ရာအရပ်၌ ပလ္လင်ကိုခင်းစေပြီးလျှင် အခြံအရံနှင့်တကွ မင်းသားငယ်ကို နေစေ၏။ ထိုအခါ မျောက်တစ်ကောင်ကို အိမ်ရာမြေကိုသိသော ဆရာအသွင်ကို ယူစေပြီးလျှင် မင်းသားထံ ဆောင်ယူကာ “အရှင်မင်းမြတ် ... ဤသူကား ခမည်းတော် လက်ထက်တော်ဝယ် အိမ်ရာမြေကိုသိသော ဆရာဖြစ်၏။ အတတ်၌ လေ့လာပွန်းတည်း၏။ မြေအတွင်း ခုနစ်တောင်ရှိသောအရပ်၌ အကျိုးအပြစ်ကို မြင်၏။ မင်းမျိုးတို့ အိမ်ရာတို့ကို ဤဆရာသည်ပင်လျှင် စီရင်ရ၏။ ဆရာကို ချီးမြှောက်၍ အရာအထူး၌ ထားပါလော့” ဟု လျှောက်ထားကြကုန်၏။ မင်းသားသည် လူမဟုတ် မျောက်မှန်းသိ၍ -

“အို - အမတ်တို့ ... ဤမျောက်ကား အိမ်ရာကို စီရင်ခြင်းငှာ လည်းကောင်း၊ အိမ်ကိုဆောက်လုပ်ခြင်းငှာ လည်းကောင်း မလိမ္မာပေ။ ဤမျောက်ကား လျှပ်ပေါ်လော်လည်သော အလေ့ရှိ၏။ တွန့်လိမ်သော မျက်နှာရှိ၏။ ဤမျောက်မျိုးတို့ သဘောကား လူတို့ပြုလုပ်တိုင်း ပြုလုပ်တိုင်း ဖျက်ဆီးတတ်သော သဘောရှိ၏” ဟု အမတ်တို့အား မိန့်ဆိုလေ၏။

ဤသို့တစ်ဖန် စုံစမ်းပြန်

ထိုအခါ အမတ်တို့သည် “အရှင်မင်းမြတ် ... မိန့်တော်မူတိုင်း ဖြစ်လိမ့်မည်” ဟု လျှောက်ထားကာ ထိုမျောက်ကို ပယ်ပြီးလျှင် တစ်ဖန် မျောက်တစ်ကောင်ကိုပင် တန်ဆာဆင်၍ တရားစီရင်ရာအရပ်သို့ ဆောင်ယူကာ “အရှင်မင်းမြတ် ... ဤသူကား ခမည်းတော်လက်ထက်တော်၌ တရားစီရင်သော အမတ်တည်း၊ ၎င်းကို ချီးမြှောက်၍ အရာအထူး၌ ထားတော်မူပါ” ဟု လျှောက်ကြပြန်၏။ မင်းသားသည် ထိုမျောက်ကို ကြည့်၍ -

“အို-အမတ်တို့ ... ဤအမွေးကား ပညာနှင့်ယှဉ်သော စိတ်ရှိသော အမွေးမဟုတ်၊ ဤသတ္တဝါကား သက်သာရာရစေနိုင်သော သတ္တဝါမဟုတ်၊ သားမျိုးမျောက်ဖြစ်၏။ ဤလိုငါ၏ ခမည်းတော် *ဇနသန္ဓမင်းသည် ဆုံးမခဲ့၏။ ဤမျောက်ကား တစ်စုံတစ်ခုသော တရားအဆုံးအဖြတ်ကို မသိ” – ဟု - အမတ်တို့အား မိန့်ဆိုပြန်လေ၏။ (*ဇနသန္ဓ - လူတို့ကို သင်္ဂဟဝတ္ထု လေးပါးတို့ဖြင့် သင်္ဂြိုဟ်တတ်သောကြောင့် ဇနသန္ဓ ခေါ်သည်။)

တကယ်သိရန် စုံစမ်းပြန်

ထိုအခါ အမတ်တို့သည် “အရှင်မင်းမြတ် ... မိန့်တော်မူတိုင်း ဖြစ်လိမ့်မည်” ဟု လျှောက်ထားကာ ထိုမျောက်ကိုဖယ်ပြီးလျှင် တစ်နေ့သ၌ မျောက်တစ်ကောင်ကိုပင် တန်ဆာဆင်ပြန်၍ တရားစီရင်ရာအရပ်သို့ပင် ဆောင်ယူကာ - “အရှင်မင်းမြတ် ... ဤသူကား ခမည်းတော် လက်ထက်တော်၌ အမိအဖတို့အား လုပ်ကျွေး၍ အမျိုးကြီး၌ ကြီးသောသူတို့ကို အရိုအသေပြုသောသူတည်း၊ ၎င်းကိုချီးမြှောက်၍ အရာအထူး၌ ထားတော်မူပါ” ဟု လျှောက်ကြပြန်၏။ မင်းသားသည် ထိုမျောက်ကို ကြည့်၍ -

“အို-အမတ်တို့ ... ထိုကဲ့သို့သောသူကား - မိမိတို့၏ အမိ၊ အဖ၊ အစ်ကို၊ နှမတို့ကို မလုပ်ကျွေး မမွေးမြူရာ။ ဤလို ငါ၏ ခမည်းတော် *ဒသရထမင်းကြီးသည် ဆုံးမတော်မူခဲ့၏” – ဟု အမတ်တို့အား မိန့်ဆိုတော်မူပြန်၏။ (*ဒသရထ - ဆယ်ခုသော ရထားဖြင့် ပြုအပ်သော ကိစ္စကို တစ်ခုသော ရထားဖြင့်သာ ပြုတတ်သောကြောင့် ဒသရထခေါ်သည်။)

မင်းသားငယ်အား မင်းမြှောက်ထား

မင်းသား၏စကားကို ကြားလျှင် အမိန့်တော်အတိုင်းပင် ဖြစ်လိမ့်မည်ဟု မျောက်ကိုပယ်၍ ဤမင်းသားကား အလွန်ပညာရှိ၏။ မင်းပြုအံ့သောငှာ စွမ်းနိုင်လိမ့်မည် မင်းသားငယ်ကို အဘိသိက်သွန်း၍ မင်းမြှောက်ကြကုန်ဟု - မြို့တော်၌ စည်လည်စေကုန်၏။

ထိုအခါမှစ၍ အာဒါသမုခမင်းသည် တရားသဖြင့် မင်းပြုတော်မူ၏။ ပညာရှိသောအဖြစ်လည်း ဇမ္ဗူဒိပ်ကျွန်းအလုံး၌ ပျံ့နှံ့၍သွားလေ၏။ ပညာရှိသောအဖြစ်ကို ပြအံ့သောငှာ နွား၊ သား၊ မြင်း၊ တောင်းရွေသမား၊ ရွာစား။ ပြည့်တန်ဆာမ၊ မိန်းမပျို၊ မြွေ၊ သမင်၊ ခါ၊ ရုက္ခစိုးနတ်၊ နဂါး၊ ရသေ့၊ ပုဏ္ဏားလုလင် ဤတစ်ဆယ့်လေးပါးသော တရားတို့သည် ဖြစ်ပေါ်လာကုန်၏။

မင်းသားငယ်ကို မ စလို

အာဒါသမုခမင်းသားကို မင်းအဖြစ်၌ အဘိသိက်သွန်းသည်ရှိသော် ခမည်းတော် ဇနသန္ဓမင်း၏ ခြေက်ရင်း၌ အမြဲခစားသော ဂါမဏိစန္ဒအမတ်ကြီးသည် အရွယ်တူဖြစ်သော မင်းအား ခစားရခြင်းသည် တင့်တယ်၏။ ငါလည်း ကြီးရင့်ပြီ၊ မင်းငယ်အား မခစားလို၊ ဇနပုဒ်တွင် လယ်ထွန်းခြင်းအမှုကိုပြုကာ အသက်မွေးတော့မည်ဟု ကြံစည်လျက် မြို့တော်မှ သုံးယူဇနာကွာဝေးသော အရပ်သို့သွားလျက် ရွာငယ်တစ်ခုတွင် နေလေ၏။

၁။ နွားတရား

နွားရှင်နွားငှား အငြင်းပွား ဂါမဏိစန္ဒသည် မိုးရွာလတ်သော် လယ်ထွန်ရန် နွားမရှိသဖြင့် အဆွေခင်ပွန်းတစ်ယောက်ထံမှ နွားနှစ်ကောင်ကို ငှားရမ်းကာ တစ်နေ့လုံးထွန်ပြီးလျှင် အစာကျွေး၍ အပ်နှံရန် နွားရှင်အိမ်သို့ သွား၏။ ထိုခဏ၌ နွားရှင်လင်မယားလည်း ထမင်းစားနေ၏။ နွားတို့လည်း ဝင်နေကျဖြစ်၍ အိမ်သို့ဝင်ကုန်၏။ နွားရှင်လင်မယားတို့ နွားတို့ကို မြင်ပေပြီဟု မအပ်နှင်းခဲ့ဘဲ ပြန်ခဲ့၏။ ညဉ့်အခါ နွားတို့ကို သူခိုးတို့ခိုးကုန်၏။ နံနက်လင်းသောအခါ နွားခြံဝယ် နွားတို့ကိုမမြင်လျှင် သူခိုးတို့ ခိုးယူမှန်းသိလျက် လျော်စေမည်ဟု ဂါမဏိစန္ဒထံ သွား၍ -

နွားရှင်။ ။ အရှင် ... ငှားရမ်းသော နွားတို့ကိုပေးပါ။

နွားငှား။ ။ နွားတို့ကို သင့်အိမ်ထဲ ဝင်သည်ကို မြင်သည် မဟုတ်လော။

နွားရှင်။ ။ အကျွန်ုပ်အား အပ်နှင်းသလော။

နွားငှား။ ။ ငါ - မအပ်မိပေ။

နွားရှင်။ ။ မအပ်လျှင် “ဤသည်ကား သင့်အားခေါ်သော မင်းတန်တည်း၊ လာလော့” ဟု ဆို၍ ထွက်လေ၏။ [ဤသည်ကား သင့်အားခေါ်သော မင်းတန်တည်း၊ လာလော့ - ဟု ဆိုလတ်သော် မသွားသောသူအား ရာဇဝတ်ဒဏ်သင့်၏။]

ထို့ကြောင့် ဂါမဏိစန္ဒသည် မင်းအမိန့်ဟူသော စကားကိုကြားလျှင် သွားရ၏။

၂။ သားတရား

အမတ်ကြီးမဟေ အမှုပွေ

ဂါမဏိစန္ဒသည် နွားရှင်နှင့်တကွ မင်းထံသို့သွားသည်ရှိသော် အဆွေခင်ပွန်းနေသော နိဂုံးရွာတစ်ခုသို့ ရောက်လျှင် အလွန်ထမင်းဆာမွတ်လှသဖြင့် - ရွာထဲ ထမင်းစားသွားပါဦးမည် ပြန်လာသည်တိုင်အောင် စောင့်ပါဟုဆို၍ အဆွေခင်ပွန်း အိမ်သို့ဝင်၏။ ယောကျ်ားသည် အိမ်၌မရှိ၊ မိန်းမသည် ဂါမဏိစန္ဒကိုမြင်လျှင် “အရှင် ... ချက်ပြီးထမင်း မရှိတော့ပါ၊ ခဏဆိုင်းပါဦး၊ ယခုပင်ချက်၍ ကျွေးပါမည်” ဟု ဆို၍ လှေကားဖြင့် လျင်မြန်စွာ ကျီသို့တက်လတ်သော် မြေသို့ကျ၍ ခုနစ်လရှိသော ကိုယ်ဝန်သည် ပျက်လေ၏။ ထိုခဏတွင် လင်ယောကျ်ားလည်းလာ၍ ဂါမဏိစန္ဒကိုမြင်လျှင် သင်ကား ငါ့မယားကိုယ်ဝန်ကို ပျက်စီးစေသည်။ ဤသည်ကား သင့်အားခေါ်သော မင်းတမန်တည်း လာလော့ - ဆို၍ ထွက်လေ၏။ ထိုအခါမှစ၍ အမှုသည်နှစ်ယောက်တို့သည် ဂါမဏိစန္ဒကို အလယ်ကထား၍ သွားကြကုန်၏။

၃။ မြင်းတရား

ထိုအခါ ရွာတစ်ခု၏တံခါးဝယ် မြင်းထိန်းတစ်ယောက်သည် မြင်းကိုပြန်လည်စေရန် မတတ်နိုင်။ မြင်းလည်း ဂါမဏိစန္ဒာဘက်သို့သွား၏။ မြင်းထိန်းသည် ဂါမဏိစန္ဒာအား - “ဦးရီး ... မြင်းကို တစ်စုံတစ်ခုဖြင့် ပစ်ခတ်၍ ပြန်လည်အောင် ခြောက်လိုက်ပါ” ဟု ဆို၏။ ဂါမဏိစန္ဒာလည်း ကျောက်ခဲဖြင့်ပစ်၍ ခြောက်ရာ ခြေကျိုးလေ၏။ ထိုအခါ မြင်းထိန်းသည် ဂါမဏိစန္ဒာအား - “သင်သည် ငါ့မြင်းခြေကို ချိုးဘိသည် လျော်ရမည်၊ ဤသည်ကား သင့်အားခေါ်သော မင်းတမန်တည်း၊ လာလော” - ဟု ဆို၍ ထွက်လေ၏။ ထိုအခါမှ စ၍ အမှုသည်သုံးယောက် ဖြစ်ကုန်၏။

၄။ တောင်းရွေသမားတရား

သေမည်အားထုတ် အမှုရှုပ်

ဂါမဏိစန္ဒာသည် လမ်းခရီးအကြားဝယ် တောအုပ်တစ်ခုသို့ ရောက်လျှင် - ငါ့မှာ နွားဖိုး၊ ကိုယ်ဝန်ဖိုး၊ မြင်းဖိုးပေးရမည်များလှ၏။ ပေးစရာမရှိ - သေရခြင်းသာ မြတ်သေးသည်ဟု ကြံစည်ကာ တောင်ကမ်းပါးပြတ်တစ်ခုကို မြင်လျှင် မင်းတန်တို့အား “အမောင်တို့ ... ကိုယ်လက် သုတ်သင်လိုသည် ဆိုင်းပါဦး” ဆိုကာ ကိုယ်လက် သုတ်သင်မည်အဟန်ဖြင့် တောင်ပေါ်သို့တက်ကာ ကမ်းပါးပြတ်မှာ ခုန်ချလေ၏။ ထိုအခါ တောင်ရိပ်တွင် ဖျာရက်နေသော တောင်းရွေသမား သားအဖနှစ်ယောက်တို့ရှိရာ အဖပေါ်သို့ကျ၍ ခဏချင်းပင် သေဆုံးလေ၏။ တောင်းရွေသမားသည် ဂါမဏိစန္ဒာ အား - “သင်သည် အဖကိုသတ်ဘိသည်၊ ဤသည်ကား သင်အားခေါ်သော မင်းတမန်တည်း၊ လာလော” ဟု ဆို၍ တခြားမင်းတမန်များရှိရာသို့ သွားကြ၏။ ထိုအခါမှစ၍ အမှုသည်လေးယောက် ဖြစ်ကုန်၏။

၅။ ရွာစားတရား

ဟိုက သည်က မှာလိုက်ကြ

အမှုသည်လေးယောက်နှင့်တကွ သွားလတ်သော် ရွာတစ်ခု၏ တံခါးဝယ် ရွာစားမင်းသည် ဂါမဏိစန္ဒာကိုမြင်၍ မေးရာ မင်းထံသွားကြောင်း သိလေလျှင် “ဦးရီး ... အကျွန်ုပ်သတင်းစကား ပေးလိုက်ပါရစေ။ အကျွန်ုပ်သည် ရှေးအခါအဆင်းလှ၏။ ဥစ္စာရှိ၏၊ အခြံအရံပေါ၏၊ ရောဂါကင်း၏။ ယခုအခါ အဆင်းမလှ၊ ဆင်းရဲ၏။ ဖျော့တော့သော ရောဂါစွဲကပ်၏။ အကြောင်းအသို့ရှိနည်းဟု မင်းကိုလျှောက်ပါ၊ မင်းသည် ပညာရှိ၏။ ဖြေကြားပါလိမ့်မည်။ ၎င်းအဖြေကို အကျွန်ုပ်အား ပြန်ကြားပါ” ဟု သတင်းစကားကို ပေးလိုက်၏။

၆။ ပြည့်တန်ဆာမတရား

ရှေ့သို့သွားကြပြန်သော် ရွာတစ်ခုသို့ ရောက်ပြန်၍ ပြည့်တန်ဆာမတစ်ယောက်သည် ဂါမဏိစန္ဒာကို မြင်လျှင် ရှေးနည်းအတိုင်းမေးမြန်းကာ အကျွန်ုပ် သတင်းစကားပေးလိုက်ပါရစေ “ဦးရီး ... ရှေးအခါ ကျွန်မမှာ အဖိုးအခ များစွာရပါ၏။ ယခုအခါကား ကွမ်းဖိုးမျှကိုလည်း မရပါ၊ ကျွန်မထံ တစ်စုံတစ်ယောက်မျှ မလာတော့ပါ၊ အကြောင်းအသို့ရှိသနည်း၊ မင်းလျှောက်ထား၍ ကျွန်မအား ပြန်ကြားပါ” ဟု သတင်းစကားကို မှာလိုက်ပြန်၏။

၇။ မိန်းမပျိုတရား

ရှေ့သို့ပြန်သော် ရွာတစ်ခုသို့ရောက်ပြန်၍ မိန်းမပျိုတစ်ယောက်သည် ဂါမဏိစန္ဒာကိုမြင်လျှင် ရှေးနည်းအတိုင်း မေးမြန်းကာ “ကျွန်မသည် လင်အိမ်၌လည်း မနေနိုင်၊ မိဘတို့အိမ်၌လည်း မနေနိုင်၊ အကြောင်းအသို့ရှိသနည်း၊ မင်းကိုလျှောက်ထား၍ ကျွန်မအား ပြန်ကြားပါ” ဟု မှာကြားလိုက်ပြန်၏။

၈။ မြွေတရား

ရှေ့သို့သွားပြန်သော် လမ်းခရီးဝယ် တောင်ပို့တစ်ခု၌နေသော မြွေသည် ဂါမဏိစန္ဒာကိုမြင်လျှင် ရှေးနည်းအတိုင်း မေးမြန်းကာ - “ဦးရီး ... အကျွန်ုပ်အစာရှာရန် တွင်းမှထွက်သောအခါ ဆာမွတ်ပိန်းချုံးနေပါလျက် ကိုယ်မှာ တွင်းတစ်ခုလုံးပြည့်လျက် ကျပ်ကျပ်တည်းတည်း ထွက်ပါရသည်။ အစာစားပြီး၍ ပြန်ဝင်သောအခါ ဝဖြိုးသောကိုယ်ရှိလျက် တွင်းနံပါးကို မထိစေဘဲ ချောင်ချောင်ချိချိ ဝင်ရပါသည်။ အကြောင်းအသို့ရှိသနည်း၊ မင်းကို လျှောက်ထား၍ အကျွန်ုပ်အား ပြန်ကြားပါ”ဟု သတင်းစကားကို မှာလိုက်ပြန်၏။

၉။ သမင်တရား ရှေ့သို့သွားပြန်သော် သမင်တစ်ကောင်သည် ဂါမဏိစန္ဒာကိုမြင်လျှင် ရှေးနည်းအတိုင်း မေးမြန်းကာ - “ဦးရီး ... အကျွန်ုပ်သည် တစ်ပါးသောအရပ်၌ မြက်ကိုမစားနိုင်၊ သစ်ပင်ရင်းတစ်ခု၌သာ မြက်ကိုစားနိုင်သည်။ အကြောင်းအသို့ရှိသနည်း၊ မင်းကိုလျှောက်ထား၍ အကျွန်ုပ်အား ပြန်ကြားပါ” ဟု သတင်းစကားကို မှာလိုက်ပြန်၏။

၁၀။ ခါတရား ရှေ့သို့သွားပြန်သော် ခါတစ်ကောင်သည် ဂါမဏိစန္ဒာကိုမြင်လျှင် ရှေးနည်းအတိုင်း မေးမြန်းကာ “ဦးရီး ... အကျွန်ုပ်သည် တောင်ပို့ ခြေက်ရင်းတစ်ခု၌နေ၍ တွန်သည်ရှိသော် နှစ်သက်ဖွယ်သောအသံဖြင့် တွန်နိုင်ဒ။ တခြားအရပ်၌နေ၍ တွန်သည်ရှိသော် နှစ်သက်ဖွယ်သောအသံဖြင့် မတွန်နိုင်ပါ၊ အကြောင်းအသို့ရှိသနည်း၊ မင်းကို လျှောက်ထား၍ အကျွန်ုပ်အား ပြန်ကြားပါ” ဟု သတင်းစကားကို မှာလိုက်ပြန်၏။

၁၁။ ရုက္ခစိုးတရား ရှေ့သို့သွားပြန်သော် ရုက္ခစိုးနတ်တစ်ဦးသည် ဂါမဏိစန္ဒာကိုမြင်လျှင် ရှေးနည်းအတိုင်း မေးမြန်းကာ - “ဦးရီး ... အကျွန်ုပ်သည် ရှေးအခါ ပူဇော်သက္ကာရကိုရပါ၏။ ယခုအခါမူကား ပန်းတစ်ဆုပ်မျှမရပါ၊ အကြောင်းအသို့ရှိသနည်း၊ မင်းကို လျှောက်ထား၍ အကျွန်ုပ်အား ပြန်ကြားပါ” ဟု သတင်းစကားကို မှာလိုက်ပြန်၏။

၁၂။ နဂါးတရား ရှေ့သို့သွားပြန်သော် နဂါးမင်းသည် ဂါမဏိစန္ဒာကို မြင်လျှင် ရှေးနည်းအတိုင်း မေးမြန်းကာ “ဦးရီး ... ရှေးအါ၌ ဤရေကန်ဝယ် ရေသည် ကြည်လင်၏။ မြအဆင်းနှင့် တူ၏။ ယခုအခါ၌မူကား နောက်ကျူလှ၏။ မှော်ကြီး မှော်သေးဖြင့် မြှေးယှက်၍နေ၏။ အကြောင်းအသို့ရှိသနည်း၊ မင်းကိုလျှောက်ထား၍ အကျွန်ုပ်အား ပြန်ကြားပါ” ဟု သတင်းစကား မှာလိုက်ပြန်၏။

၁၃။ ရသေ့တရား ရှေ့သို့သွားပြန်သော်မြို့အနီး တစ်ခုသောအရပ်၌ နေကုန်သော ရသေ့တို့သည် ဂါမဏိစန္ဒာကို မြင်လျှင် ရှေးနည်းအတိုင်း မေးမြန်းကာ - “ဒါယကာကြီး ... ရှေးအခါ ဤအရပ်ဝယ် သစ်သီးကြီးငယ်တို့သည် ချိုမြိန်ကောင်းမြတ်ကုန်၏။ ယခုအခါမူကား ဩဇာမရှိကုန်၊ အကြောင်းအသို့ရှိသနည်း၊ မင်းကိုလျှောက်ထား၍ ငါတို့အား ပြန်ကြားပါ” ဟု သတင်းစကားကို မှာလိုက်ပြန်၏။

၁၄။ ပုဏ္ဏားလုလင်တရား ရှေ့သို့သွားပြန်သော် မြို့တံခါးအနီး ဇရပ်တစ်ခု၌ ပုဏ္ဏားလုလင်ငယ်သည် ဂါမဏိစန္ဒာကိုမြင်လျှင် ရှေးနည်းအတိုင်း မေးမြန်းကာ - “ဦးရီး ... အကျွန်ုပ်တို့အား ရှေးအခါသင်ကြားပေးအပ်သော ဗေဒင်တို့သည် ထင်ရှားမှတ်မိပါကုန်၏။ ယခုအခါမူကား အိုးကွဲတွင် ရေမတည်သကဲ့သို့ မထင်ရှား မမှတ်မိပါကုန်၊ အမိုက်တိုက်ကဲ့သို့ ဖြစ်ကုန်၏။ အကြောင်းအသို့ရှိသနည်း၊ မင်းကိုလျှောက်ထား၍ ပြန်ကြားပါ” ဟု သတင်းစကားကို မှာလိုက်ပြန်၏။

၁။ နွားပြဿနာ

ဤသို့လျှင် ဂါမဏိစန္ဒာသည် တစ်ဆယ့်လေးပါးသော ပြဿနာတို့ကို ယူဆောင်ကာ မင်းထံသို့သွားလေ၏။ မင်းလည်း တရားဆုံးဖြတ်ရာအရပ်၌ နေတော်မူ၏။ ထိုအခါ နွားရှင်သည် ဂါမဏိစန္ဒာကိုခေါ်၍ မင်းထံသို့ဝင်၏။ မင်းသည် ဂါမဏိစန္ဒာကို မြင်လျှင် ဤသူကား ငါ့ခမည်းတော် အလုပ်အကျွေးတည်း၊ ငါ့ကိုချီပိုး ထိန်းသိမ်းခဲ့ဖူး၏ ဟု သိတော်မူ၍ - “အချင်းစန္ဒ ... ငါ့ထံမှာခစားသည်ကို မမြင်၊ ဤမျှလောက်ကြာအောင် ဘယ်အရပ်မှာနေသနည်း၊ ယခု အဘယ်ကိစ္စကြောင့် လာနသည်း” ဟု မေး၏။ “အရှင်မင်းမြတ် ... အကျွန်ုပ်သည် အရှင့်ခမည်းတော် နတ်ရွာစံကတည်းကပင် ဇနပုဒ်သို့သွားကာ လယ်လုပ်၍ အသက်မွေးပါ၏။ ထိုဇနပု်ဒ်မှ ဤသူသည် အကျွန်ုပ်ကို နွားမှုဖြင့် မင်းတမန်ပြုကာ ခေါ်ဆောင်လာသောကြောင့် အရှင့်ရှေ့တော်သို့ ရောက်ပါသည်။ ခေါ်ဆောင်လာသည်မှာ ကောင်းပါ၏။ ယခုအခါ အကျွန်ုပ် ရအပ်သည်ကို ရရှိပေ၏” ဟု လျှောက်၏။ “အချင်း စန္ဒ ... သင့်ကိုခေါ်ဆောင်သူ အဘယ်မှာနည်း” ဟု မေး၏။ “အရှင်မင်းမြတ် ... လက်ညှိုးညွှန်ကာ ဤသူပင်ဖြစ်ပါသည်” ဟု လျှောက်ထားလေ၏။

ပြဿနာ ၁၄ပါး ဖြေဆိုငြား

ထိုအခါ မင်းသည် “အချင်း ... သင်သည် ငါတို့စန္ဒအား မင်းတမန်ပြုသူ မှန်သလော” ဟု မေး၏။ “အရှင်မင်းမြတ် မှန်ပါသည်၊ စန္ဒသည် အကျွန်ုပ် နွားနှစ်ကောင်ကို ငှားရမ်းပြီး ပြန်၍မပေးပါ” ဟု လျှောက်၏။ ထိုအခါ မင်းကြီးသည် “အချင်းစန္ဒ ... မှန်သလော” ဟု မေး၏။ “အရှင်မင်းမြတ် ... အကျွန်ုပ်စကားကို နာတော်မူပါ” ဟု တောင်းပန်ကာ အကြောင်းစုံကို လျှောက်ထားလေ၏။ စန္ဒစကားကို ကြားလျှင် မင်းသည် နွားရှင်အား “အချင်း ... သင့်အိမ်သို့ဝင်သော နွားတို့ကို မြင်သလော” ဟု မေး၏။ “အရှင်မင်းမြတ် ... မမြင်ပါ” ဟု လျှောက်၏။ “အချင်း ... ငါ့ကို အာဒါသခုခမင်းဟု ပြောဆိုသံကိုမျှ သင်မကြားဖူးသလော၊ မှန်စွာ လျှောက်ထားလော့” ဟု ပြော၏။ နွားရှင်သည် မြင်သည် မှန်ပါ၏ - ဟု မလိမ့်ဝံ့တော့ဘဲ အမှန်ကို လျှောက်ထားပြန်၏။ မင်းသည် “အချင်းစန္ဒ ... သင်သည် နွားတို့ကို မအပ်ခဲ့သည့်အတွက် နွားဖိုးကို လျော်ရမည်၊ ဤနွားရှင်လည်း မဟုတ်မမှန် ပြောဆိုသည့်အတွက် သင်သည်ပင်လျှင် မင်းမှုထမ်း ပြုလုပ်ကာ နွားရှင်လင်မယား နှစ်ယောက်လုံး မျက်စိတို့ကို ထုတ်ရမည်။ သင်လည်း ငါ့ဘဏ္ဍာတိုက်မှယူ၍ နွားဖိုးနှစ်ဆယ့်လေးသပြာကို ပေးလျော်ရမည်” ဟု ဆုံးဖြတ်တော်မူ၏။

မင်းချင်းတို့သည် နွားရှင်ကို အပသို့ထုတ်ကြ၏။ နွားရှင်သည် မျက်စိတို့ကို အထုတ်ခံရမည်ဖြစ်လျှင် နှစ်ဆယ့်လေးသပြာတို့ဖြင့် အဘယ်ကျိုးရှိအံ့နည်းဟု ဂါမဏိစန္ဒာ၏ ခြေက်ရင်း၌ ရှိခိုး၍ “အရှင်စန္ဒ... နွားဖိုးအသပြာတို့သည် အရှင့်အားသာ ဖြစ်ပါစေ၊ ဤအသပြာတို့ကိုလည်းယူပါ” ဟု တစ်ပါးသော အသပြာတို့ကိုလည်း ပေး၍ ပြေးလေ၏။

၂။ သားပြဿနာ

ထိုနောက် နှစ်ယောက်မြောက် အမှုသည်သည် “အရှင်မင်းမြတ် ... ဤစန္ဒကား အကျွန်ုပ်မယား ကိုယ်ဝန်ကို ကျစေပါသည်” ဟု လျှောက်ထားပြန်၏။ မင်းသည် “အချင်းစန္ဒ ... မှန်သလော” ဟု မေး၏။ “အရှင်မင်းမြတ် ... နာတော်မူပါ” ဟု တောင်းပန်ကာ အကြောင်းစုံကိုလျှောက်ထားလေ၏။ ထိုအခါ မင်းသည် “အချင်းယောကျ်ား ... သင့် သင့်မယား ကိုယ်ဝန်ကို ကျစေသည့်အဖြစ်ကို သက်သေလုံလောက်အောင် ပြနိုင်သလာ” ဟု မေး၏။ “အရှင်းမင်းမြတ် ... မပြနိုင်ပါ” ဟု လျှောက်၏။ “အချင်း ... ယခု အသို့ပြုရအံ့နည်း” ဟု မေး၏။ “အရှင်မင်းမြတ် ... အကျွန်ုပ် သားကို ရလိုပါသည်” ဟု လျှောက်၏။ “အချင်းစန္ဒ ... သင်သည် သူ၏မယားကို အိမ်၌ထား၍ သွားဖွားလာသောအခါ ပြန်၍ပေးလော့” ဟု ဆုံးဖြတ်တော်မူ၏။

ထိုအခါ အမှုသည်သည် ဂါမဏိစန္ဒာ၏ ခြေတို့ကို ရှိခိုး၍ “အရှင်စန္ဒ ... ကျွန်ုပ်၏မယားကို မဖျက်ဆီးပါလင့်” ဟု ဆိုကာ အသပြာတို့ကိုပေး၍ ပြေးပြန်၏။

၃။ မြင်းပြဿနာ

ထိုနောက် သုံးယောက်မြောက် အမှုသည်သည် “အရှင်မင်းမြတ် ... ဤစန္ဒကား အကျွန်ုပ်မြင်း၏ ခြေကို ကျောက်ခဲ့နှင့်ပစ်၍ ချိုးပါသည်” ဟု လျှောက်ပြန်၏။ “အချင်းစန္ဒ ... မှန်သလော” ဟု မေး၏။ “အရှင် မင်းမြတ် ... နာတော်မူလော့” ဟုဆိုကာ အကြောင်းစုံကို လျှောက်ထားလေ၏။ ထိုအခါ မင်းသည် မြင်းထိန်းအား “အချင်း ... သင်သည် မြင်းကိုပစ်ခတ်၍ ပြန်လည်အောင် ခြောက်လိုက်ပါဟု ခိုင်းမိသလော” ဟု မေး၏။ “အရှင်မင်းမြတ် ... မခိုင်းပါ” ဟု လျှောက်၏။ မင်းသည် တစ်ကြိမ်ထပ်၍ မေးပြန်သော် “ခိုင်းမိပါသည်” ဟု လျှောက်ထားပြန်၏။ “အချင်းစန္ဒ ... ဤမြင်းထိန်းသည် ခိုင်းလျက်နှင့်မခိုင်းဟု မဟုတ်မမှန် ပြောဆိုသည်။ မြင်းထိန်း၏ လျှာကိုဖြတ်၍ ငါ၏ ဘဏ္ဍာတိုက်မှယူကာ မြင်းဖိုး အသပြာတစ်ထောင်ကို ပေးလျော်ရမည်” ဟု ဆုံးဖြတ်တော်မူ၏။ မြင်းထိန်းသည် “အရှင်စန္ဒ ... အကျွန်ုပ်လျှာကို မဖြတ်ပါလင့်၊ မြင်းဖိုးကိုလည်း အလိုမရှိတော့ပါ” ဟု တစ်ပါးသော အသပြာတို့ကိုလည်းပေး၍ ပြေးပြန်၏။

၄။ တောင်းရွေသမားပြဿနာ

ထိုနောက် တောင်းရွေသမားသည် “အရှင်မင်းမြတ် ... ဤစန္ဒကား အကျွန်ုပ်၏အဖကို သတ်ပါသည်” ဟု လျှောက်၏။ “အချင်းစန္ဒ ... မှန်သလော” ဟု မေး၏။ စန္ဒသည် အကြောင်းကို အကျယ်တဝင့် လျှောက်ထားလေ၏။ ထိုအခါ မင်းသည် တောင်းရွေသမားအား “အချင်း ... ယခုအခါ အသို့ပြရအံ့နည်း” ဟု မေး၏။ “အရှင်မင်းမြတ် ... အကျွန်ုပ်အဖကို ရလိုပါသည်” ဟု လျှောက်၏။ မင်းသည် “အချင်းဆန္ဒ ...ဤသူကား အဖကို ရလိုသည်၊ သေလေပြီးသော အဖကို ယူဆောင်ကာမပေးနိုင်၊ သို့အတွက် သင်သည် ဤသူ၏ အမိကို မိမိအိမ်၌ထားကာ အဖဖြစ်လော့” ဟု ဆုံးဖြတ်တော်မူ၏။ တောင်းရွေသမားသည် “အရှင်ဆန္ဒ ...အကျွန်ုပ်အဖ၏မယား (အမိ)ကို အဖျက်ဆီးပါလင့်” ဟု ဆိုကာ အသပြာတို့ကို ပေး၍ ပြေးပြန်၏။ ဂါမိဏိစန္ဒသည် တရားလေးထုံးအနိုင်ရကာ နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ “အရှင်မင်းမြတ် ... အရှင့်ထံတော်သို့ တခြားသူများသည် သတင်းစကားကို မှာလိုက်ကြပါသေး၏။ လျှောက်ထားပါစေ” ဟု ခွင့်တောင်းလေ၏။ မင်းလည်း လျှောက်ထားလော့ဟု ခွင့်ပြုတော်မူ၏။

ထိုအခါ ပုဏ္ဏားလုလင်၏ သတင်းစကားမှစ၍ ပဋိလောမအစဉ်အားဖြင့် တစ်ပါးစီသော စကားတို့ကို လျှောက်ထားလေ၏။ မင်းလည်း အစဉ်အတိုင်း ဖြေဆိုတော်မူ၏။

၅။ ပုဏ္ဏားလုလင်ပြဿနာ

မင်းသည် ပုဏ္ဏားလုလင်၏ သတင်းစကားကိုကြားလျှင် “ရှေးအခါ ထိုပုဏ္ဏားလုလင်တို့နေရာအရပ်၌ အချိန်အခါကိုသိ၍ တွန်သောကြက်ရှိ၏။ ထိုလုလင်တို့သည် ကြက်တွန်သံကိုမှတ်၍ အိပ်ရာမှထကာ ဗေဒင်တို့ကို သရဇ္ဈယ်ကြကုန်စဉ် အရုဏ်တက်၏။ ထိုကြောင့် ဗေဒင်တို့သည် မမေ့မပျောက်ကုန်၊ ယခုအခါမူကား ... ထိုလင်တို့နေရာ အရပ်၌ အချိန်အခါမဲ့ တွန်သောကြက်ရှိ၏။ ထိုကြက်သည် အလွန်စောစောလည်း တွန်၏။ အလွန်လင်းမှလည်း တွန်၏။ အလွန်စောစော တွန်သောအခါ ဗေဒင်တို့ကို သရဇ္ဈာယ်ကုန်စဉ် အိပ်ချင်သဖြင့် မသရဇ္ဈာယ်နိုင်ဘဲ အိပ်ပျော်ကြကုန်၏။ အလွန်လင်းမှ တွန်သောအခါ သရဇ္ဈာယ် အချိန်မရကြကုန်၊ သို့အတွက် ပုဏ္ဏားလုလင်တို့အား သင်ကြားအပ်သော ဗေဒင်တို့သည် မထင်မြင် မမှတ်မိကြကုန်၊ မေ့ပျောက်ကြကုန်၏။” ဟု ဖြေကြားတော်မူ၏။

၆။ ရသေ့ပြဿနာ

ရသေ့တို့ သတင်းကားကိုကြားလျှင် “ထိုရသေ့တို့သည် ရှေးအခါ ရဟန်းတရားကို ကျင့်ကုန်လျက် ကသိုဏ်းပရိကံ၌ လုံ့လပြုကုန်၏။ ယခုမူကား ရဟန်းတရားကို မကျင့်ကြဘဲ လုံ့လမပြုသင့်သည်ကို ပြုကြကုန်၏။ သစ်သီးကြီးငယ်နှင့် လဲလှယ်ကာ ဆွမ်းကို အတုံ့ယူ၍ စားကြကုန်၏။ ထိုကြောင့် သစ်သီးကြီးငယ်တို့သည် မချိန်မြန်ကုန်၊ ဩဇာမရှိကုန်၊ ရှေးအခါ၌ကဲ့သို့ ရဟန်းတရားကို ကျင့်လျက်ကသိုဏ်းပရိကံ၌ လုံ့လပြုကြကုန်အံ့၊ သစ်သီးကြီးငယ်တို့လည်း ချိုမြိန်ကုန်လတ္တံ့၊ ဩဇာရှိကုန်လတ္တံ့၊ ဩဇာရှိကုန်လတ္တံ့၊ ထိုကြောင့် ရသေ့တို့အား ရဟန်းတရားကို ကျင့်ရန် ပြောဆိုလေလော့” ဟု ဖြေကြားတော်မူ၏။

၇။ နဂါးပြဿနာ

နဂါးမင်း၏ သတင်းကားကိုကြားလျှင် “ထိုနဂါးမင်းတို့သည် အချင်းချင်း ခိုက်ရန်ဖြစ်ကြကုန်၏။ ထိုကြောင့်နဂါးတို့ ရေကန်သည် နောက်ကျူ၏။ မှော်တို့ဖြင့် ဖုံးလွှမ်းမြှေးယှက်၏။ ရှေးအခါကဲ့သို့ အချင်းချင်း သင့်တင့်ညီညွတ်ကုန်အံ့၊ ရေလည်းတစ်ဖန် ပတ္တမြားကဲ့သို့ ကြည်လင်၍ လာလတ္တံ့” ဟု ပြောကြားတော်မူ၏။

၈။ ရုက္ခစိုးပြဿနာ

ရုက္ခစိုး သတင်းစကားကို ကြားလျှင် “ထို ရုက္ခစိုးနတ်သည် ရှေးအခါ တောအုပ်၌ ခရီးသွားသူတို့ကို စောင့်ရှောက်၏။ ထိုကြောင့် ပူဇော်သက္ကာရကို ရသည်။ ယခုအခါမူကား စောင့်ရှောက်ခြင်းကိုမပြု၊ ထိုကြောင့် ပူဇော်သက္ကာရကိုမရလေ။ ရှေးအခါ၌ကဲ့သို့ စောင့်ရှောက်ပြန်အံ့၊ တစ်ဖန်မြတ်သော ပူဇော်သက္ကရာကို ပြန်ရလတ္တံ့” ဟု ဖြေကြားတော်မူ၏။

၉။ ခါပြဿနာ

ခါ၏ သတင်းစကားကိုကြားလျှင် “ထိုအခါသည် နှစ်သက်ဖွယ်သောအသံဖြင့် တွန်နိုင်သော တောင်ပို့ခြေက်ရင်းအောက် အရပ်တွင် များစွာသော ဥစ္စာစုရှိသည်၊ ထိုဥစ္စာတို့ကို တူးဖော်၍ သင်ယူလော့” ဟု ပြောကြားတော်မူ၏။

၁၀။ သမင်ပြဿနာ

သမင်၏ သတင်းစကားကိုကြားလျှင် “ထိုသမင် စားနိုင်သော သစ်ပင်ခြေက်ရင်း၌ရှိသော မြက်၏ အပေါ်တည့်တည့် သစ်ပင်မှာ ပျားအုံရှိသည်။ ထိုသမင်သည် ပျားလူးမြက်ကို စားရ၍တစ်ပါးသောအရပ်၌ မြက်တို့ကိုမစားနိုင်၊ သင့်သည် ထိုပျားကိုယူ၍ ငါ့အား ပျားဦးကိုဆက်လော့၊ ကြွင်းသောပျားရည်ကို သင်စားလော့” ဟု ဖြေကြားတော်မူ၏။

၁၁။ မြွေပြဿနာ

မြွေသတင်းစကားကိုကြားလျှင် “ထိုမြွေနေသော တောင်ပို့၏အောက်တွင် ကြီးစွာသော ရွှေအိုးရှိသည်။ မြွေသည်ထိုရွှေအိုးကို စောင့်၍နေရကား တွင်းမှ ထွက်သောအခါ လောဘ၏ အစွမ်းဖြင့် ငြိမ်ဝပ်လျက် ကျပ်ကျပ်တည်းတည်း ထွက်ရသည်။ အစာစားပြီး၍ ပြန်ဝင်သောအခါ ဥစ္စာ၌ချစ်ခင်သဖြင့် မငြိုမငြင် ချောင်ချောင်ချိချိ ဝင်ရသည်။ ထိုရွှေအိုးတို့ကို သင်ထုတ်ဖော်၍ယူလော့” ဟု ဖြေကြားတော်မူ၏။

၁၂။ မိန်းမပျိုပြဿနာ

မိန်းမပျိုသတင်းစကားကို ကြားလျှင် “ထိုမိန်းမပျိုမှာ လင်နေသောရွာနှင့် မိဘတို့နေသော ရွာနှစ်ခုအကြား တစ်ခုသောရွာငယ်၌ သယောင်လင်ရှိသည်။ ထို်မိန်းမပျိုသည် သယောက်လင်ကို ချစ်ခင်အောက်မေ့သဖြင့် လင်အိမ်၌လည်း မနေနိုင်၊ မိဘတို့အိမ်၌လည်း မနေနိုင်။ မိဘတို့အိမ်သွားမည်ဟု ပြော၍သွားသောအခါ သယောက်လင်အိမ်၌ နှစ်ရက်၊ သုံးရက်နေသည်။ တစ်ဖန် မိဘတို့အိမ်၌လည်း နှစ်ရက်၊ သုံးရက် နေပြီးသော် လင်အိမ်သို့ သွားမည်ဟု သွားပြန်သောအခါ၌လည်း ထိုသယောက်လင်အိမ်၌ပင် နေပြန်၏” ဟု ဖြေကြားတော်မူ၏။

၁၃။ ပြည့်တန်ဆာမ ပြဿနာ

ပြည့်တန်ဆာမ၏ သင်းစကားကိုကြားလျှင် “ထိုပြည့်တန်ဆာမသည် ရှေးအခါ သူတစ်ယောက်၏လက်မှ အဖိုးအခကိုယူ၍ မကျေသေးမီ နောက်တစ်ယောက်လက်မှ အဖိုးအခကို မယူလေ၊ ထိုကြောင့် အဖိုးအခများစွာ ရ၏။ ယခုမူကား မိမိ၏သဘောကိုစွန့်၍ သူတစ်ယောက်၏လက်မှယူသော အဖိုးအခ မကျေသေးမီ နောက်တစ်ယောက်၏ လက်မှ အဖိုးအခကိုယူပြန်၏။ ရှေ့ယောကျ်ားအား အခွင့်ကို မယူမူ၍ နောက်ယောကျ်ားအား အခွင့်ကိုယူ၏။ ထို့ကြောင့် ယခုအခါ ကွမ်းဖိုးကိုမျှမရ၊ တစ်စုံတစ်ယောက်သောသူမျှ မသွားလာ၊ မိမိ၏ရှေးသဘော၌ တည်အံ့၊ ရှေးကအတိုင်း အဖိုးအခများစွာ ရလတ္တံ့” ဟု ဖြေကြားတော်မူ၏။

၁၄။ ရွာစားပြဿနာ

ရွာစားမင်း၏ သတင်းစားကိုကြားလျှင် “ထိုရွာစားသည် ရှေးအခါ ဟုတ်မှန်သဖြင့် တရားကို ဆုံးဖြတ်၏။ ထိုကြောင့် လူတို့ချစ်ခင်မြတ်နိုးကြသဖြင့် များစွာသော လက်ဆောင်ပဏ္ဏာကို ပေးကြ၏။ ထိုကြောင့် အဆင်းလှ၏။ ဥစ္စာပေါများ၏။ အခြံအရံနှင့် ပြည့်စုံ၏။ ယခုမူကား တံစိုးစား၍ မဟုတ်မမှန် တရားဆုံးဖြတ်၏။ ထိုကြောင့် ဆင်းရဲနွမ်းပါး၏။ အထီးကျန်၏။ ဖျော့တော့သောရောဂါ နှိပ်စက်၏။ ရှေး၌ကဲ့သို့ ဟုတ်မှန်သဖြင့် တရားဆုံးဖြတ်ငြားအံ့၊ ရှေး၌ကဲ့သို့ ဖြစ်လတ္တံ့၊ ရွာစားသည် မင်းရှိသည်၏ အဖြစ်ကိုမသိ၊ ဟုတ်မှန်သဖြင့် တရားဆုံးဖြတ်စိမ့်သောငှာ ပြောဆိုလော့” ဟု ဖြေကြားတော်မူ၏။

မင်းသည် ဤသို့တရားဆုံးဖြတ် ဖြေကြားပြီးလျှင် ဂါမဏိစန္ဒာ နေသောရွာကို ဂါမဏိစန္ဒာအားသာလျှင် မြတ်သောပေးခြင်းဖြင့် ပေးတော်မူ၍ လွှတ်လိုက်၏။ ဂါမဏိစန္ဒာလည်း မြို့တော်မှထွက်၍ အာဒါသခုခမင်း ဖြေကြားသောအတိုင်း ပုဏ္ဏားလုလင်၊ ရသေ့၊ နဂါး၊ ရုက္ခစိုးနတ်တို့အား ပြောကြားပြီးလျှင် ခါ၏နေရာအရပ်မှ ဥစ္စာကိုယူ၍ သမင်၏ မြက်စားရာအရပ်မှလည်း ပျားကိုယူကာ မင်းကြီးထံ ပို့စေ၏။ မြွေ၏နေရာ တောင်ပို့အောက်မှလည်း ဥစ္စာကိုယူလျက် မိန်းမပျို၊ ပြည့်တန်ဆာ၊ ရွာစားတို့အားလည်း မင်းဖြေကြားသော အတိုင်း ပြောကြားပြီးလျှင် များစွာသော အခြံအရံဖြင့် ရွာသို့သွားပြီးလျှင် အသက်ထက်ဆုံးတည်၍ ကံအားလျော်စွာ လားလေ၏။

အာဒါသမုခမင်းလည်း ဒါနစသော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်ကာ သေသည့်အဆုံး၌ နတ်ပြည်သို့လားလေ၏။ ဤဒေသနာတော်၏ အဆုံး၌ များစွာကုန်သော ရဟန်းတို့သည် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာအဖြစ်သို့ ရောက်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဂါမဏိစန္ဒာသည် - ယခုအခါ အာနန္ဒာ။

အာဒါသမုခမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပညာရှိသူကား၊ လူ့ထွက်ဖျား၊ အများကိုးကွယ်ရာ။

(၂) တောင်းရွေသမား၊ နွား, မြင်း, သား၊ ရွာစား, ပြည့်တန်ဆာ။

(၃) မိန်းမပျို, မြွေ၊ သမင်ပေ၊ ရုက္ခစိုးနတ်,ခါ။

(၄) ရသေ့, နဂါး၊ မြတ်ပုဏ္ဏား၊ လေးပါးတစ်ဆယ်သာ။

(၅) အာဒါမင်းဖျား၊ ဆယ့်လေးပါး၊ ဖြေကြားဆုံးဖြတ်ကာ။

ဂါမဏိစန္ဒဇာတ် ပြီး၏။

***

(၂၅၈) မန္ဓာတုဇာတ်

လူ့ပြည် စတုမဟာရာဇ်ပြည်နှင့်တကွ တာဝတိံသာ သိကြားမင်း၏ စည်းစိမ်တစ်ဝက်ကို သိကြားမင်း ၃၆ယောက် ပြောင်းလဲသည်တိုင်အောင် ကာမဂုဏ် ခံစားရသော်လည်း မပြည့်ဝနိုင်ဘဲ စုတေပြီးမှာ လူ့ပြည်ပြန်ကျလာသော မန္ဓာတ်မင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ခံစားမပြီး ကာမမီး

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် သာဝတ္ထိပြည်၌ ဆွမ်းခံဝင်သည်ရှိသော် တန်ဆာဆင်အပ်သော မိန်းမတစ်ယောက်ကိုမြင်၍ သာသနာတော်၌ ငြီးငွေ့ပျင်းရိလေ၏။

ရဟန်းတို့သည် ထိုရဟန်းကို တရားသဘင်ဝယ် ဆောင်ယူကာ မြတ်စွာဘုရား ကြွလာတော်မူသောအခါ ငြီးငွေ့ပျင်းရိသော အကြောင်းကို လျှောက်ထားကြ၍ မြတ်စွာဘုရား သိတော်မူလျှင် ထိုရဟန်းအား “ချစ်သားရဟန်း ... သင်သည် ဘယ်အခါ၌ တဏှာကို ပြည့်စေနိုင်အဲ့နည်း၊ ကာမတဏှာ မည်သည်ကား သမုဒ္ဒရာကဲ့သို့ ပြည့်စေခြင်းငှာ မတတ်ကောင်း၊ ရှေးမင်းတို့သည် စကြာဝတေးမင်း အဖြစ်ဖြင့် လည်းကောင်း၊ ၎င်းဘဝမှာပင် စတုမဟာရာဇ် နတ်ပြည်သို့တက်ကာ စတုမဟာရာဇ် နတ်မင်းအဖြစ်ဖြင့် လည်းကောင်း၊ တာဝတိံသာနတ်ပြည်သို့တက်ကာ သိကြားမင်း သုံးကျိပ်ခြောက်ယောက် လဲသည်တိုင်အောင် သိကြာ နတ်မင်း အဖြစ်ဖြင့် လည်းကောင်း ကာမတဏှာကို ပြည့်စေခြင်းငှာ မတတ်နိုင်ဘဲ သေဆုံးခဲ့ရသည်။ သင်ကား ဘယ်အခါ ပြည့်စေနိုင်အံ့နည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လူပြည်ငြီးငွေ့ စကြာမဟေ့

လွန်လေပြီးသောအခါ ကမ္ဘာဦး၌ မဟာသမ္မတမင်း မင်းပြုသည်ရှိသော် ၎င်းမင်း၏ သားတော် မင်းအဆက်ဆက်တို့ကား - ရောဇ၊ ဝရရောဇ၊ ကလျာဧ၊ ဝရကလျာဏ၊ ဥပေါသထ၊ မန္ဓာတုတို့ ဖြစ်ကုန်၏။

ထိုမင်းတို့တွင် မန္ဓာတုမင်းကား လေးကျွန်းလုံးကို အစိုးရသော စကြာဝတေးမင်းတည်း။ ရတနာခုနစ်ပါး၊ တန်ခိုးလေးပါးနှင့် ပြည့်စုံ၏။ လက်ဝဲလက်ကို ခွေလျက် လက်ယာလက်ဖြင့်ခတ်ကာ ကောင်းကင်သို့ကြည့်၍ ဒူးပုဆစ် ပမာဏရှိသော ရတနာခုနစ်ပါးမိုးကို ရွာစေနိုင်၏။ ဤသို့အံ့ဖွယ် သရဲရှိသောမင်း ဖြစ်၏။ အနှစ် ရှစ်သောင်းလေးထောင် သူငယ်အဖြစ်ဖြင့် ကစား၏။ အနှစ် ရှစ်သောင်းလေးထောင် အိမ်ရှေ့မင်းအဖြစ်ကို ပြု၏။ အနှစ် ရှစ်သောင်းလေးထောင် စကြဝတေးမင်းအဖြစ်ကို ပြု၏။ အသက်တမ်း မမာဏကား အသေင်္ချေယျဖြစ်၏။

တစ်နေ့သ၌ မန္ဓာတုစကြာမင်းသည် ကာမတဏှာကို ပြည့်စေခြင်းငှာ မတတ်နိုင်သဖြင့် ငြီးငွေ့ပျင်းရိသော အမူအရာကိုပြ၏။ ထိုအခါ အမတ်တို့သည် “မြတ်သောမင်းကြီး ... အဘယ်ကြောင့် ငြီးငွေ့ပျင်းရိသနည်း” ဟု မေးလျှောက်လေ၏။ “အမတ်တို့ ... ကောင်းမှုအစွမ်းဖြင့် ကြည့်ရှုလတ်သော် မင်းအဖြစ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ အဘယ်အရပ်သည် မွေ့လျော်ဖွယ်ရှိသနည်း” ဟု မေးတော်မူ၏။ “မြတ်သောမင်းကြီး ... နတ်ပြည်သည် မွေ့လျော်ဖွယ်ရှိ၏” ဟု လျှောက်ထားကုန်၏။

စကြာမဟေ့ နတ်ပြည်မွေ့

ထိုအခါ မန္ဓာတုမင်းကြီးသည် စက်ရတနာကို ရေဖြင့်ဖျန်း၍ ပရိသတ်နှင့်တကွ စတုမဟာရာဇ် နတ်ပြည်သို့ သွားလေ၏။ စတုမဟာရာဇ် နတ်မင်းကြီး လေးယောက်တို့သည် နတ်ပန်း နတ်နံ့သာတို့ကို လက်စွဲကာလာ၍ ခရီးဦးကြိုဆိုကြကုန်၏။ မန္ဓာတုမင်းကို ဆောင်ယူပြီးလျှင် စတုမာရာဇ် နတ်ပြည်သို့သွားကာ နတ်မင်းအဖြစ်ကို ပေးကြကုန်၏။

မိမိပရိသတ် အခြံအရံဖြင့် စတုမဟာရာဇ် နတ်ပြည်တွင် နတ်မင်းအဖြစ်ဖြင့် ကြာမြင့်စွာမင်းပြု၍ ကာမတဏှာကို ဖြည့်ပါသော်လည်း မပြည့်နိုင်ရကား ငြီးငွေ့ပျင်းရိသော အမူအရာကို ပြပြန်၏။ ထိုအခါ နတ်မင်းကြီး လေးယောက်တို့သည် “မြတ်သောမင်းကြီး ... အဘယ်ကြောင့် ငြီးငွေ့ပျင်းရိသနည်း” ဟု မေး၏။ “နတ်မင်းကြီးတို့ ... အဘယ်နတ်ပြည်သည် စတုမာရာဇ် နတ်ပြည်ထက် မွေ့လျော်ဖွယ် ရှိသနည်း” ဟု မေးလေ၏။ “မြတ်သောမင်းကြီး ... အကျွန်ုပ်တို့သည် သူတစ်ပါး၏ နတ်ပြည်သည် ပရိသတ်သာ ဖြစ်ကုန်၏။ တာဝတိံသာ နတ်ပြည်သည် မွေ့လျော်ဖွယ်ရှိ၏” ဟု လျှောက်ထားကြကုန်၏။

မန္ဓာတုမင်းကြီးစသည် စကြာရတနာကို ရေဖျန်း၍ မိမိပရိသတ်ဖြင့် ခြံရံလျက် တာဝတိံသာ နတ်ပြည်သို့ ရှေးရှုသွားပြန်၏။ ထိုအခါ သိကြားမင်းသည် နတ်ပန်း၊ နတ်နံ့သာတို့ကို လက်စွဲကာ နတ်အပေါင်းခြံရံလျက် ခရီးဦးကြိုဆို၍ မန္ဓာတုမင်းကြီး၏ လက်ကိုဆွဲကာ “မြတ်သောမင်းကြီး ... ဤအရပ်သို့ ကြွတော်မူလော” ဟု ဖိတ်လေ၏။ နတ်အပေါင်းခြံရံလျက် မန္ဓာတုမင်းကြီး သွားစဉ်အခါ သားကြီးရတနာသည် စကြာရတနာကိုယူပြီးလျှင် ပရိသတ် အခြံအရံနှင့်တကွ လူ့ပြည်သို့ သက်ဆင်း၍ မြို့တွင်းသို့ ဝင်လေ၏။

သိကြားမင်းသည် မန္ဓာတုမင်းကြီးကို တာဝတိံသာ နတ်ပြည်သို့ ဆောင်ယူပြီးလျှင် နတ်ပြည့်တို့ကို နှစ်စုစုကာ အလယ်၌ပိုင်း၍ နတ်မင်းကြီးအဖြစ်သို့ ပေးလေ၏။ ထိုအခါမှစ၍ မင်းနှစ်ပါးတို့သည် မင်းပြုကြကုန်၏။ အချိန်ကာလလွန်လတ်၍ နှစ်ပေါင်း သုံးကုဋေခြောက်သန်း ရှိလတ်သော် သိကြားမင်းသည် အသက်ကုန်ကာ စုတေ၍ သိကြားမင်း တစ်ပါး ဖြစ်လာပြန်၏။ ဤသို့သောနည်းဖြင့် အသက်ကုန်ကာ သုံးကျိပ်ခြောက်ယောက်သော သိကြားမင်းတို့သည် စုတေကြကုန်၏။ မန္ဓာတုမင်းကြီးကား လူ၏ ကိုယ်ဖြင့်လျှင် နတ်မင်းအဖြင့်ကို ပြုတော်မူ၏။

သိကြားကိုပင် ရန်ပြုချင်

နောက်ကာလကြာလတ်သော် မန္ဓာတုမင်းကြီးအား အတိုင်းထက်အလွန် ကာမတဏှာသည် ဖြစ်လေ၏။ ထိုအခါ မန္ဓာတုမင်းကြီးသည် ထက်ဝက်သော နတ်မင်းစည်းစိမ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ သိကြားမင်းကိုသတ်၍ ဧကရာဇ်နတ်မင်းအဖြစ်ကိုပြုအံ့ဟု အကြံဖြစ်လေ၏။ သိကြားမင်းကိုကား သတ်ခြင်းငှာ မစွမ်းနိုင်၊ ကာမတဏှာ မည်သည်ကား ပျက်စီးခြင်းအကြောင်းသာ ဖြစ်၏။ ထို့ကြောင့် အာယုသင်္ခါရကို ဆုတ်ယုတ်စေ၏။ မန္ဓာတုမင်းကြီး၏ ကိုယ်ကို သတ်လေ၏။ လူ၏ ကိုယ်သည်လည်း နတ်ပြည်၌ မပျက်စီးကောင်း။ ထိုကြောင့် နတ်ပြည်မှလျော့ကျကာ ဥယျာဉ်တော်သို့ သက်ဆင်းရလေ၏။

ကာမဂုဏ်အရေး ဩဝါဒပေး

ဥယျာဉ်စောင့်သည် မန္ဓာတုမင်းကြီး လာသည်ကိုသိလျှင် မင်းမျိုးတို့အား ကြားလျှောက်ထားလေ၏။ မန္ဓာတုမင်းကြီးလည်း လာလတ်၍ ဥယျာဉ်တော်၌သာလျှင် နေရာကိုခင်းစေ၍ မထသော အိပ်ခြင်းဖြင့် အိပ်လေ၏။ ထိုအခါ အမတ်တို့သည် “အရှင်မင်းကြီး ... အရှင်မင်းကြီး၏ နောက်အဖို့၌ အဘယ်သို့ ပြောဆိုရစ်ရပါအံ့နည်း” ဟု မေးလျှောက်ကြကုန်၏ -

“အမတ်တို့ ... သင်တို့သည် ငါ၏နောက်ကာလ၌ မန္ဓာတုမင်းကြီး ကျွန်းငယ် နှစ်ထောင် အခြံအရံရှိသောကျွန်းကြီးလေးကျွန်း၌ စကြာဝတေးအဖြစ်ကို ပြု၏။ နောက်နှစ်ပေါင်းများစွာ စတုမဟာရာဇ် နတ်မင်းအဖြစ်ကိုပြု၏။ နောက်သုံးကုဋေခြောက်သန်း အသက်ရှည်သော သိကြားမင်း သုံးကျိပ်ခြောက်ယောက် လဲသည်တိုင်အောင် တာဝတိံသာ နတ်မင်းအဖြစ်ကိုပြု၏။ ထိုသို့ပြု၍ ဖြည့်သော်လည်း ကာမတဏှာကို မပြည့်စေနိုင်ဘဲ စုတေသေလွန်ရ၏ - ဟူသော သတင်းကားကို လူအများအား ပြောဆိုရစ်ကြပါ” ဟု မှာထားပြီးလျှင် သေလွန်၍ ကံအားလျော်စွာ လားလေ၏။

မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူသောအခါ အတိတ်ကို ဆောင်တော်မူပြီးလျှင် -

“ရဟန်းတို့ ... လ၊ နေတို့ မြင်းမိုရ်တောင်ကို လှည့်လည်၍ သွားလာထွန်းပရာအရပ် ဆယ်မျက်နှာတို့၌ မြေကိုမှီ၍နေကုန်သော သတ္တဝါအလုံးစုံတို့သည် မန္ဓာတုမင်းကြီး၏ ကျွန်ဖြစ်ကြကုန်၏။ ရတနာခုနစ်ပါးမိုးကို ရွာစေသဖြင့် ကာမဂုဏ်၌ ရောင့်ရဲခြင်းမရှိ၊ ကာမတို့ကား သာယာနှစ်သက်ဖွယ် မရှိကုန်၊ ဆင်းရဲကုန်၏ဟု ပညာရှိသော မြတ်စွာဘုရား၏ တပည့်သားသည် သိမြင်၍ နတ်၌ဖြစ်သော ကာမဂုဏ်တို့၌လည်း မွေ့လျော်ခြင်းသို့ မရောက်လေ၊ နိဗ္ဗာန်သည်သာ မွေ့လျော်ရာဖြစ်၏” – ဟု ရဟန်းတို့အား ဟောကြားဆုံးမတော်မူ၏။

ဤဒေသနာတော်ကို ဆောင်ပြီး၍ သစ္စာကို ပြတော်မူသည့်အဆုံး၌ သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းသည် သောတပတ္တိဖိုလ်၌ တည်လေ၏။ တစ်ပါးသော များစွာသော ရဟန်းတို့ကား သောတာပတ္တိဖိုလ်စသည်တို့၌ တည်ကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -

ထိုအခါ မန္ဓာတု စကြာမင်းကြီးသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကာမညစ်မည်း၊ အလိုသည်း၊ ဖြည့်လည်းမပြည့်နိုင်။

(၂) စကြာမင်းပြု၊ နတ်မင်းပြု၊ အာယုသက်ဆုံးတိုင်။

(၃) မန္ဓာတုမင်း၊ ပြည့်စေလျဉ်း၊ ပြည့်ခြင်းမရှိနိုင်။

(၄) ကာမပြစ်မြင်၊ ပညာရှင်၊ နတ်တွင်မမွေ့နိုင်။

(၅) နိဗ္ဗာန်ချမ်းမြေ့၊ အာရုံတွေ့၊ မျော်မွေ့နေပိုင်ပိုင်။

မန္ဓာတုဇာတ် ပြီး၏။

***

(၂၅၉ )တိရီဋဝစ္ဆဇာတ်

မင်းကြီး စစ်ရှုံး၍ ထွက်ပြေးရာ ရေရှာရာတွင် တွင်းထဲကျ၍ ကယ်ဆယ်စောင့်ရှောက်ထားသဖြင့် ကျေးဇူးတစ်ဖန် အပြုခံရသော တိရီဋဝစ္ဆရသေ့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရှင်အာနန္ဒာအား ပုဆိုးတစ်ထောင်ရခြင်းကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

[ဤပစ္စုပ္ပန်ဝတ္ထုကား ဒုကနိပါတ်ဂုဏဇာတ်၌ အကျယ်ပြခဲ့ပြီ။]

အတိတ်ဝတ္ထု

တောရပ်မွေ့လျော် အလောင်းတော်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုးဖြစ်၍ အမည်အားဖြင့် တိရီဋဝစ္ဆအမည်ရှိသတတ်၊ ထိုတိရီဋဝစ္ဆသတို့သားသည် အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အလုံးစုံသော အတတ်ပညာတို့ကို သင်ကြားတတ်မြောက်ပြီးလျှင် မိဘတို့ သေလွန်ခြင်းကြောင့် ထိန်လန့်တုန်လှုပ်သောစိတ်ရှိရကား တောထွက်၍ ရသေ့ရဟန်းပြုပြီးလျှင် တော၌ သစ်မြစ်သစ်သီးတို့ကို စားသောက်ကာနေလေ၏။

မင်းကြီးရေမရ တွင်းခုန်ချ

ထိုအခါ ဗာရာဏသီမင်းသည် ပစ္စန္တရာဇ်တွင် သူပုန်ထသဖြင့် သွား၍ နှိမ်နင်းရာ စစ်ရှုံးသဖြင့် သေဘေးမှ ကြောက်ရကား ဆင်ကိုစီး၍ပြေးလျက် တောသို့ဝင်သည်ရှိသော် ညချမ်းသောအခါ တိရီဋဝစ္ဆရသေ့ သစ်သီးရှာသွားခိုက် ကျောင်းသို့ရောက်လေ၏။ မင်းကြီးသည် တစ်နေ့လုံး နေပူတွင် အပြင်းအခန် လာခဲ့ရသဖြင့် အလွန်ရေငတ်ရကား ရေကိုရှာလတ်သော် စင်္ကြံဦးတွင် ရေတွင်းကို မြင်လေ၏။ ခပ်ရန် ကြိုးနှင့်ရေပုံးကို ရှာ၍ကား မရ၊ ရေငတ်ခြင်းကို သည်းမခံနိုင်သဖြင့် ဆင်ဝမ်းတွင်းပတ်သော ကြိုးကိုယူ၍ ဆင်ကို ရေတွင်းနားတွင် ထားကာ ဆင်ခြေ၌ ကြိုးချည်လျက် ကြိုးစကိုကိုင်ကာ ရေတွင်းသို့ဆင်းရာ ကြိုးတိုနေသဖြ်င့ တစ်ဖန် အပေါ်ရုံပုဆိုးကို ဆက်ပြန်ရာ ခြေဖျားထိမိရုံမျှသာ မှီလေ၏။ ထိုအခါ အလွန်မချင့်မရဲ ဖြစ်လျက် သည်းမခံနိုင်တော့သဖြင့် သေရခြင်းသာ မြတ်သေးသည်ဟု ကြံစည်ပြီးလျှင် ကြိုးကိုလွှတ်၍ ရေတွင်းထဲသို့ ဆင်းကာ ရေကို အလိုရှိတိုင်း သောက်လေ၏။ တစ်ဖန်ပြန်၍ မတက်နိုင်တော့သဖြင့် ရေတွင်းထဲတွင်သာ နေရ၏။ ဆင်သည် လိမ္မာသောဆင် ဖြစ်ရကား အရပ်တစ်ပါးသို့ မသွားဘဲ မင်းကြီးကိုသာ ကြည့်၍ နေ၏။

ရသေ့မဟာ လုပ်ကျွေးရှာ

ရသေ့လည်း သစ်သီးရှာရာမှ ပြန်၍လာလတ်သော် ကျောင်းသို့ရောက်၍ ဆင်ကိုမြင်လျှင် မင်းကြီးလာသည်ဖြစ်လတ္တံ့၊ မင်းကြီးကိုမမြင်၊ အကြောင်းအသို့ရှိသနည်းဟု စုံစမ်းရန် ဆင်ထံ ရေတွင်းသို့သွားရာ မင်းကြီးကိုမြင်၍ “မြတ်သောမင်းကြီး ... မကြောက်လင့်” ဟု အားပေးကာ လှေကားထောင်၍ အပေါ်သို့ တက်စေပြီးလျှင် တစ်ကိုယ်လုံး ဆီဖြင့် လိမ်းကျံဆုပ်နယ်ကာ သက်သာရာရစေလျက် သစ်သီးတို့ကို ကျွေး၏။ ဆင်၏တန်ဆာတို့ကိုလည်း ဖြေလေ၏။ မင်းကြီးလည်း ရသေ့ထံဝယ် နှစ်ရက်၊ သုံးရက် နေကာ အပန်းဖြေပြီးလျှင် ကျေးဇူးကြီးလှသော ရသေ့ကို မိမိထံသို့လာရန် ဝန်ခံစေ၍ ရှိခိုးပြီးလျှင် ဆင်ကိုစီးကာ မြို့တော်သို့ သွားလေ၏။ မြို့တော်အနီး သစ်တော၌နေသော ဗိုလ်ပါတို့သည် မင်းကြီးလာသည်ကိုမြင်လျှင် ခြံရံကာ မြို့တော်သို့ ဝင်ကုန်၏။

ဥယျာဉ်တော်တွင်း ကျောင်းဆောက်နှင်း

ရသေ့လည်း လခွဲလွန်သောအခါ ဗာရာဏသီပြည်သို့ရောက်၍ ဥယျာဉ်တော်သို့ဝင်ကာ တည်းခိုပြီးလျှင် နံနက်အခါ မြို့တွင်းသို့ ဆွမ်းခံဝင်လတ်သော် မင်းအိမ်တံခါးသို့ ရောက်လေ၏။ မင်းကြီးလည်း ထိုအခိုက် လေသွန်တံခါးဖြင့် ကြည့်လတ်သော် ရသေ့ကိုမြင်၍ သိသဖြင့် ပြာသာဒ်မှ ဆင်းသက်ကာ ပင့်ပြီးလျှင် ရာဇပလ္လင်တွင် သီတင်းသုံးစေ၏။ မိမိအတွက် စီရင်ထားသော အာဟာရကို ကပ်လှူကာ ရသေ့ကို ဥယျာဉ်တော်သို့ပင့်၍ ကျောင်းသင်္ခမ်းဆောက်လုပ်ပြီးလျှင် ရဟန်းပရိက္ခရာတို့ကို အပြည့်အစုံလှူဒါန်း၍ ဥယျာဉ်စောင့်ကို အပ်နှင်းကာ နန်းတော်သို့ပြန်လေ၏။

ထိုအခါမှစ၍ ရသေ့သည် မင်းကြီးနန်းတော်၌သာ နေ့စဉ် ဆွမ်းဘုဉ်းပေး၏။ များစွာသော ပူဇော်သက္ကာရရှိ၏။ သည်းမခံနိုင်သော အမတ်တို့သည် မနာလိုဝန်တိုကြသဖြင့် အိမ်ရှေ့မင်းသို့ ချဉ်းကပ်ကာ - “အရှင်မင်းမြတ် ... အကျွန်ုပ်တို့ မင်းကြီးသည် ရသေ့တစ်ပါးကို အလွန်မြတ်နိုး၏။ ဘယ်အမှုကိုမြင်၍နည်း၊ အရှင်တို့သည် မင်းကြီးကို ပြောဆိုပါဦးလော့” ဟု လျှောက်ထားကြကုန်၏။ အိမ်ရှေ့မင်းသည် အမတ်တို့စကားကို ကြားလျှင် ဝန်ခံကာ အမတ်တို့နှင့်တကွ မင်းကြီးထံသွားပြီးလျှင် - “ဖခင်မင်းကြီး ... ဤရသေ့ကား အတတ်ပညာ တစ်စုံတစ်ရာမရှိ၊ တောင်ဝှေးသုံးခွကို ကိုင်သော ဤရသေ့ကား - ဖခင်မင်းကြီး၏ ဆွေမျိုးဉာတိလည်း မဟုတ်၊ အဆွေခင်ပွန်း သူငယ်ချင်းလည်း မဟုတ်၊ သို့ဖြစ်လျက် အဘယ်ကြောင့် ထမင်းဦးကို ပေးလှူဘိသနည်း” – ဟု မေးလျှောက်လေ၏။

အရှင့်ကျေးဇူး မေ့အပ်ဖူး အထူးမှာကြားခဲ့

မင်းကြီးလည်း သားတော် အိမ်ရှေ့မင်း၏ စကားကို ကြားလျှင် “သားတော် ... ပစ္စန္တရာဇ်သို့သွား၍ သူပုန်တို့ကို နှိမ်နင်းရာ စစ်ရှုံး၍ ဗိုလ်ပါနှင့်ကွဲပြီး ခမည်းတော် နှစ်ရက်၊ သုံးရက် မလာဘဲနေ၏၊ အမှတ်ရ၏လော” ဟု မေး၏။ “ဖခင်းမင်းကြီး ... အမှတ်ရပါသည်” ဟု လျှောက်၏။

“သားတော် ... ငါ့မှာ ရသေ့ကိုမှီ၍ အသက်ကိုရပေသည်၊ ရသေ့ကား ငါ၏အသက်သခင်ကျေးဇူးရှင် ဖြစ်ပေသည်”ဟု ဖြစ်ပျက်သမျှ အကြောင်းစုံကို ပြောကြားပြီးလျှင် “သားတော် ... အသက်ကိုပေးသော ကျေးဇူးရှင် ငါ့ထံရောက်လာရာ မင်းအဖြစ်ကိုပေးသော်လည်း ကျေးဇူးမကျေနိုင်” ဟု ပြောဆိုပြီးလျှင် - “သားတော် ... ဘေးရန်တို့ကြောင့် စစ်ရှုံး၍ တစ်ယောက်ထီးတည်း ရေတွင်းထဲသို့ကျကာ ဒုက္ခရောက်နေသော ငါဖခင်အား - ဤရသေ့သည် ကြမ်းကြုတ်၍ ရေမရှိသော ရေတွင်းထဲမှ ဆယ်တင်ခဲ့၏။ ထိုကြောင့် ငါ့မှာ ရေတွင်းထဲက တက်နိုင်ခဲ့၏။ ဤရသေ့၏ တန်ခိုးအာနုဘော်ဖြင့် ငါ့မှာ သေမင်းလက်မှ လွတ်မြောက်ကာ ဤလူ့ပြည်သို့ တစ်ဖန်ရောက်ခဲ့ရ၏။ ဤရသေ့ကား ပစ္စည်းလေးပါးကို အလှူခံထိုက်၏။ ဤရသေ့အား အသုံးအဆောင်ကို လှူဒါန်းကြလော့၊ ယဇ်ကို ပူဇော်ကြလော့” ဟု မင်းကြီးသည် ကောင်းပင်ပြင်ဝယ် လပြည့်ဝန်းကို ထင်စေဘိသကဲ့သို့ ရသေ့၏ ဂုဏ်ကျေးဇူးကို ဖော်ပြသည် ရှိသော် အလုံးစုံသောသူတို့၌ ထင်မြင်လာကြကုန်၏။ သို့အတွက် လာဘသက္ကာရသည် အလွန်များလေ၏။

ထိုအခါမှစ၍ အိမ်ရှေ့မင်းသည် လည်းကောင်း၊ အမတ်တို့သည် လည်းကောင်း၊ တစ်ပါးသောသူတို့သည် လည်းကောင်း မင်းကြီးကို လျှောက်တင်ခြင်းငှာ မဝံ့ကုန်။ မင်းကြီးလည်း ရသေ့၏အဆုံးအမ၌ အလှူပေးခြင်း စသော ကောင်းမှုတို့ကိုပြုကာ နတ်ပြည်ကို ပြည့်စေ၏။ ရသေ့လည်း အဘိညာဉ် သမာပတ်ကို ဖြစ်စေ၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့လားရ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

တိရီဋဝစ္ဆရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပညာရှင်မြတ်၊ သူတော်မြတ်၊ သိတတ်သူ့ကျေးဇူး။

(၂) အသက်ကယ်ငြား၊ ရသေ့အား၊ မင်းဖျားဆပ်ခဲ့ဖူး။

တိရီဋဝစ္ဆဇာတ် ပြီး၏။

***

၂၆၀ - ဒူတဇာတ်

တစ်သိန်းတန်သော မင်း၏ ပွဲတော်စာစားလို၍ ပရိယာယ်ဆောင်ကာ မင်းခွင့်ရသဖြင့် စားသောက်ပြီးလျှင် “အရှင်မင်းကြီး ... သတ္တဝါများသည် ဝမ်း၏တမန်ဖြစ်ကြသည်” ဟု လျှောက်ထားကောင်းသဖြင့် စည်းစိမ်များစွာခံစားရသော လုလင်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လျှပ်ပေါ်မှု ဆုံးမပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လျှပ်ပေါ်လော်လည်သော ရဟန်းတစ်ပါးရှိလေ၏။ မြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်တော်မူ၍ “ချစ်သားရဟန်း ... သင်သည် ယခုအခါ၌သာလျှင်လျှပ်ပေါ်လော်လည်သည် မဟုတ်၊ ရှေးအခါ၌လည်း လျှပ်ပေါ်လော်လည်ဖူးပြီ၊ လျှပ်ပေါ်လော်လည်ခြင်းကြောင့် သန်လျက်ဖြင့် ဦးခေါင်းကို အဖြတ်ခံရမည်ဆဲဆဲ ဖြစ်ခဲ့ဖူးပြီ” ဟု - မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သိန်းထိုက်စာစား မင်းတရား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏သားဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အလုံးစုံသောအတတ်တို့ကို သင်ယူပြီးလျှင် အဖမင်းကြီး သေလွန်သဖြင့် မင်းအဖြစ်သို့ရောက်လေ၏။ စင်ကြယ် သန့်ရှင်းသော ဘောဇဉ်ရှိသည်အဖြစ်ကြောင့် ဘောဇနသုဒ္ဓိကမင်းဟု အမည်တွင်လေ၏။

ထိုဘောဇနသုဒ္ဓိကမင်းသည် တစ်ခုသော စားတော်ထမင်းခွက်၌ အဖိုးတစ်သိန်းထိုက်တန်အောင် ပြုပြင်စီရင်ကာ စားလေ့ရှိသတတ်၊ စားသောအခါလည်း အိမ်၌ စာလေ့မရှိ၊ မိမိစားသော အစီအရင်ကို မြင်သောသူများကို ကုသိုလ်ကောင်းမှုပြုစေလိုသောကြောင့် အိမ်တံခါးဝယ် မဏ္ဍပ်ဆောက်လုပ်ကာ တန်ဆာဆင်စေပြီးလျှင် ထီးဖြူဆောင်းမိုးထားသော ရွှေရာဇပလ္လင်ထက်၌နေ၍ အဖိုးတစ်သိန်းထိုက်တန်သော ရွှေခွက်၌ထည့်ကာ မင်းသမီးအပေါင်း ခြံရံလျက်စားတော်မူ၏။

စားမှုလော်လည် ဘေးရန်မှီ

ထိုအခါ လျှပ်ပေါ်လော်လည်သော ယောကျ်ားတစ်ယောက်သည် မင်းကြီးစားသော အစီအရင်ကို ကြည့်ရှုကာ အလွန်စားလိုသော ချင်ခြင်းကို ဖြေဖျောက်သည်းခံခြင်းငှာ မတတ်နိုင်ရကား - တစ်ခုသော ဥပါယ်သည်ရှိ၏ဟု ကြံစည်ပြီးလျှင် မြဲမြံစွာဝတ်၍ လက်တို့ကို မြှောက်ပြီးလျှင် “ငါတမန်တည်း”ဟု ကျယ်လောင်စွာ အော်ဟစ်လျက် မင်းကြီးထံသို့ သွားလေ၏။ [ထိုစဉ်အခါ ထိုအရပ်ဝယ် “ငါတမန်တည်း” ဟု ဆိုလတ်သော် မတားမြစ်ရ] ထိုကြောင့် လူတို့သည် နှစ်ဖြာကွဲကာ လမ်းဖွင့်၍ပေး၏။

ထိုယောကျာ်းသည် လျင်မြန်စွာသွား၍ မင်းကြီး စားတော်ခွက်၌ တစ်ခုသော ထမင်းဆုပ်ကိုယူကာ ပါးစပ်တွင် ခွံလေ၏။ ထိုအခါ သန်လျက်စွဲသော အစောင့်အရှောက်တို့သည် ထိုသူဦးခေါင်းကိုဖြတ်ရန် သန်လျက်ကို မိုးကြကုန်၏။ မင်းကြီးသည် မဖြတ်ရန် တားမြစ်တော်မူရ၏။ မကြောက်လင့်၊ စားပါဟု ဆိုပြီးလျှင် မင်းကြီးသည် လက်တို့ကို ဆေးကာ ထိုင်နေတော်မူ၏။ ထမင်းစားပြီးသောအခါ မိမိ၏ သောက်တော်ရေကို လည်းကောင်း၊ ရေခွက်ကိုလည်းကောင်း ပေးတော်မူ၏။

တမန်အကြောင်းလျှောက် ဆုလာဘ်ရောက်

ရေသောက်ပြီးလျှင် မင်းကြီးသည် ထိုယောကျ်ားအား “အချင်း ... သင်ကား တမန်ဟုဆို၏။ အဘယ်သူ၏ တမန်နည်း” ဟု မေးတော်မူသည်ရှိသော - ထိုယောကျ်ားသည် မင်းကြီးအား -

“မြတ်သောမင်းကြီး ... သတ္တဝါတို့သည် ဝမ်းပြည့်ရန်အကျိုးငှာ ရန်သူ့ထံကိုလည်း တောင်းခြင်းငှာ အရပ်ဝေးသို့လည်း သွားကြရ၏။ အကျွန်ုပ်ကား ဝမ်း၏တမန် ဖြစ်ပါ၏။ အမျက်မထွက်ပါလင့်။

မြတ်သောမင်းကြီး ... သတ္တဝါတို့သည် နေ့ညဉ့်တို့ပတ်လုံး ဝမ်း၏အလို နိုင်ငံသို့ လိုက်ကြရ၏။ အကျွန်ုပ်ကား ဝမ်း၏တမန် ဖြစ်ပါ၏။ အမျက်မထွက်ပါလင့်”

ဟု မကြောက်မရွံ့ လျှောက်ထားလေ၏။

မင်းကြီးသည် ထိုယောကျ်ား စကားကိုကြားလျှင် ထိုစကားသည် မှန်ပေ၏။ သတ္တဝါတို့ကား ဝမ်း၏ တမန် ဖြစ်ကြသဖြင့် တဏှာစီရင်ခြင်းကို ခံကြရကုန်။ ထိုယောကျ်ားကား အလွန်နှစ်သက်ဖွယ်သောစကားကို ဆိုပေ၏ဟု အလွန်နှစ်သက်ဝမ်းမြောက်ကာ -

“ပုဏ္ဏား ... သင်အား နွားလားဥသဘနှင့်တကွ နီမြန်းသော အဆင်းရှိသော နွားတစ်ထောင်ကို ငါပေးပါ၏။ ငါတို့အလုံးစုံသည် ဝမ်း၏တမန် ဖြစ်ကြသောကြောင့် တမန်ဖြစ်သောငါသည် တမန်ဖြစ်သော သင်ပုဏ္ဏားအား အဘယ်ကြောင့် မပေးဘဲရှိအံ့နည်း၊ မုချပေးမည်သာဖြစ်၏” –

ဟု မိန့်ဆိုတော်မူပြီးလျှင် သင်ကဲ့သို့သော သူသည် ငါ့အား မကြားစဖူးသောအကြောင်းကို ပြောဆိုပေသည်ဟု အလွန်နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ထိုယောကျ်ားအား များစွာသောစည်းစိမ်ကို ပေးတော်မူ၏။

ဤဒေသနာတော်ကို ဆောင်ပြီးလျှင် သစ္စာကိုပြသည်၏အဆုံး၌ လျှပ်ပေါ်လော်လည်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်လေ၏။ များစွာသောရဟန်းတို့သည် သေတာပတ္ထိဖိုလ်စသည်တို့၌ တည်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လော်လည်သောယောကျ်ားသည် - ယခုအခါ လော်လည်သောရဟန်း။

ဘောဇနသုဒ္ဓိကမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) တဏှာစီမံ၊ ဝမ်းကြောင်းခံ၊ နိယံတောင်းရှာဖွေ။

(၂) သတ္တဝါမှန်၊ ဝမ်းတမန်၊ ဧကန်မည်တော့ပေ။

(၃) လျှပ်ပေါ်သောမှု၊ လော်လည်မှု၊ မပြုရှောင်ကြဉ်လေ။

ဒူတဇာတ် ပြီး၏။

***

(၂၆၁) မဒုမဇာတ်

ရေကန်စောင့်အား သူဋ္ဌေးသားနှစ်ဦး မဟုတ်မမှန် ချီးမွမ်းကာ ကြားပန်တောင်း၍မရ၊ မှန်ကန်စွာ ပြောဆိုတောင်းမှ ပဒုမ္မာကြားပန်ရသော သူဌေးသား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဗောဓိပင်တစ်ဆူ ကြာပန်းလှူ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဇေတဝန်ကျောင်းတံခါးမုခ်တွင် စိုက်ပျိုးအပ်သော ဗောဓိပင်ကို အာနန္ဒာထေရ် စိုက်ပျိုးတော်မူသောကြောင့် အာနန္ဒာဗောဓိဟု ခေါ်ဝေါ်ကြကုန်၏။ ထိုဗောဓိပင်ကား ဇမ္ဗူဒိပ်တစ်ကျွန်းလုံး ပျံ့နှံ့ထင်ရှား၏။

ထိုအခါ ဇနပုဒ်နေရဟန်းတို့သည် ဇေတဝန်ကျောင်းတော်သို့ ရောက်၍ ဗောဓိပင်ကို ကြာပန်းတို့ဖြင့် ပူဇော်လိုသဖြင့် သာဝတ္ထိပြည်တွင်းသို့ဝင်လျက် ကြာပန်းရောင်းသော စျေးသို့သွားကြသော်လည်း လှူဒါန်းသူမရှိသဖြင့် မရခဲ့ကြဘဲ ကျောင်းတော်သို့သာပြန်၍ ထိုအကြောင်းကို အာနန္ဒာထေရ်အား လျှောက်ထားကြကုန်၏။ ထိုအခါ အာနန္ဒာမထေရ်သည် ကြားပန်းရောင်းသော စျေးသို့သွားကာ ဒါယကာတို့လှူဒါန်းလိုက်သော ကြာပန်းစည်းတို့ကို ယူဆောင်ခဲ့ပြီးလျှင် ထိုရဟန်းတို့အားပေး၍ ဗောဓိပင်ကို ပူဇော်စေ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ထိုအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြော်းကို သိတော်မူလျှင် - “ရဟန်းတို့ ... ယခုအခါ၌သာလျှင် စကာအရာ၌ လိမ္မာသောသူတို့သည် ကြာပန်းရကြသည် မဟုတ်ကုန်၊ ရှေးအခါ၌လည်း ရကြဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ချီးမွမ်းမမှန် ကြာမတန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဌေးသားဖြစ်လေ၏။ထိုအခါ မြို့တွင်း၌ ရေကန်ကြီးတစ်ခုဝယ် ပုဒမ္မာကြာပန်းတို့သည် ပွင့်ကုန်၏။ ထိုရေကန်ကြီး၌ နှာခေါင်းပြတ်သော ယောကျာ်ားတစ်ယောက်လည်း အမြဲစောင့်လျက် ရှိ၏။

တစ်နေ့သ၌ ဗာရာဏသီပြည်ဝယ် ပွဲသဘင်သည် ကြွေးကြော်လတ်၏။ ထိုပွဲသဘင်၌ ပန်းပန်၍ ကစားလိုသော သူဌေးသားသုံးယောက်တို့သည် နှာခေါင်းပြတ်သော ယောကျ်ားအား မဟုတ်မမှန် ချီးမွမ်းကာ ကြာပန်းတို့ကို တောင်းယူမည်ဟု ကြံစည်ကြပြီးလျှင် အနီးသို့သွားလျက် သူဌေးသားတစ်ယောက်သည် ရေကန်စောင့်ကိုခေါ်၍ -

“အဆွေ ... မုတ်ဆိတ်ဆံပင်တို့မှာ ရိတ်တိုင်း၊ ရိတ်တိုင်း တစ်ဖန်ပြန်၍ ပေါက်သကဲ့သို့ သင်၏ နှာခေါင်းသည်လည်း တစ်ဖန်ပြန်၍ ပေါက်ပါစေ၊ သင်သည် ငါ့အား ကြားပန်းကိုပေးပါလော့”

ဟု တောင်းလေ၏။ ရေကန်စောင့်သည် ထိုသူဌေးသား၏ စကားကိုကြားလျှင် အမျက်ထွက်၍ ကြားပန်းတို့ကို မပေးလေ။ ထိုအခါ ရေကန်စောင့်အား နှစ်ယောက်မြောက်သော သူဌေးသားသည် -

“အဆွေ ... တန်ဆောင်မုန်းလတွင်ယူ၍ ထားအပ်သဖြင့် လယ်၌စိုက်ပျိုးအပ်သော မျိုးစေ့သည် အပင် ပေါက်ကသကဲ့သို့ သင်၏နှာခေါင်းသည်လည်း တစ်ဖန်ပြန်၍ ပေါက်ပါစေ၊ သင်သည် ငါ့အား ကြားပန်းကို ပေးပါလော့” –

ဟု တောင်းပန်၏။ ရေကန်စောင့်သည် ထိုသူဌေးသား၏ စကားကိုကြားပြန်လျှင် အမျက်ထွက်၍ ကြာပန်းကို မပေးလေ။

ချီးမွမ်းမှန်မှ ကြာကိုရ

ထိုအခါ ရေကန်စောင့်အား သုံးယောက်မြောက်သော သူဌေးသားသည် -

“အဆွေ ... ဤနှစ်ယောက်သော သူဌေးသားတို့သည် ကြာပန်းတို့ကို ပေးလိမ့်မည်ဟု ကြံစည်ကာဆို၍ တောင်းကြ၏။ ထိုသူတို့ ဆိုသည်ဖြစ်စေ၊ မဆိုသည် ဖြစ်စေ ပြတ်လေပြီးသော နှာခေါင်း၏ တစ်ဖန်ပြန်၍ ပေါက်ခြင်းမည်သည် မရှိပါ၊ သင်သည် ငါ့အား ကြာပန်းတို့ကို ပေးပါလော့” –

ဟု တောင်းပြန်လေ၏။

ထိုရေကန်စောင့်သည် ထိုသူဌေးသား စကားကို ကြားလျှင် ဤနှစ်ယောက်သော သူဌေးသားတို့ကား မဟုတ်မမှန် ပြောဆို၍ တောင်းကြကုန်၏။ သင်ကား အဟုတ်အမှန်ကို ပြောဆို၍ တောင်းပေ၏။ သင့်အား ပဒုမ္မာကြာပန်းတို့သည် လျောက်ပတ်ကုန်၏ဟု ပြောဆိုချီးကျူးကာ ပဒုမ္မာကြာစည်းကြီးကို ယူ၍ ပေးပြီးလျှင် မိမိနေရာ ကြာကန်သို့သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကြာပန်းရသော သူဌေးသားသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) စကားအရာ၊ တတ်လိမ္မာ၊ ဥစ္စာရတတ်ပေ။

(၂) မမှန်ချီးပ၊ တောင်းဆိုကြ၊ မရကြာပန်းတွေ။

(၃) အမှန်ပြောကြား၊ တောင်းသူအား၊ ရငြားကြာပန်းတွေ။

မဒုမဇာတ် ပြီး၏။

***

(၂၆၂) မုဒုပါဏိဇာတ်

မိန်းမလက်ကိုဆွဲ၍ နေ့ညမပြတ် စောင့်ရှောက်ပါသော်လည်း ပရိယာယ်ပြု၍ သူတစ်ပါးလက်နှင့် ပြောင်းလွဲကာ ထွက်ပြေးသဖြင့် သံဝေဂရသော ဗာရာဏသီမင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပျင်းရိလွန်များ ရဟန်းတစ်ပါး

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းတစ်ပါး ရှိလေ၏။

ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံသို့ ဆောင်ယူသွားကြရာ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ “ချစ်သားရဟန်း ... သင်သည် သာသနာတော်၌ ငြီးငွေ့ပျင်းရိ၏ဟူသည် မှန်သလော” ဟု မေး၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား ... မှန်ပါသည်”ဟု လျှောက်ထားလတ်သော် “ချစ်သားရဟန်း ... မိန်းမတို့မည်သည်ကား စောင့်ရှောက်ခြင်းငှာ မတတ်နိုင်၊ ရှေးပညာရှိတို့သည် စောင့်ရှောက်ရန် လက်၌ကိုင်၍ထားသော သမီးသည်ပင်လျှင် ကိလေသာစွမ်းဖြင့် ယောကျ်ားတစ်ယောက်နှင့် ပြေးဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သမီးနှင့်တူသား ခွဲခြားထား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ သားဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားတတ်မြောက်ပြီးလျှင် အဖ မင်းကြီး သေလွန်သဖြင့် မင်းအဖြစ်သို့ရောက်၍ တရားသဖြင့် မင်းပြုလေ၏။ ထိုမင်းအား သမီးတော် မင်းသမီးနှင့် တူတော်မင်းသားတို့ကို နန်းတွင်း၌ထားကာ ကြီးပွားစေ၏။

တစ်နေ့သ၌ မင်းကြီးသည် အမတ်တို့နှင့် တိုင်ပင်လတ်သော် ငါသေလွန်လျှင် ငါ့တူမင်းသားသည် မင်ဖြစ်လတ္တံ့၊ ငါ့သမီးလည်း ငါ့တူမင်းသား၏ မိဖုရားကြီး ဖြစ်လတ္တံ့ဟု မိန့်ဆိုတော်မူ၏။ နောက်အခါ တူမင်းသား အရွယ်သို့ရောက်လတ်သော် အမတ်တို့နှင့် တိုင်ပြင်ပြန်ရာ ငါ့တူမင်းသားအတွက် တစ်ပါးသောမင်းသမီးကို ဆောင်ယူမည်။ ငါ့သမီးကိုလည်း တစ်ပါးသော မင်းမျိုးတို့အား ပေးမည်။ ဤသို့ ပြုလျှင် ဆွေမျိုးများမည်ဟု မိန့်ဆိုတော်မူပြန်၏။

အမတ်တို့လည်း “ကောင်းပြီ” ဟု ဝန်ခံကြကုန်၏။ ထိုအခါ မင်းကြီးသည် တူမင်းသားအား နန်းတွင်း၌မထားဘဲ ပြင်ပဝယ် အိမ်တစ်လုံး၌ထား၏။ နန်းတွင်းသို့ဝင်ခြင်းကို တားမြစ်စေတော်မူ၏။

မင်းသမီးတွေ့ရန် မင်းသားကြံ

မင်းသမီးနှင့် မင်းသားတို့ကား အချင်းချင်း တပ်စွန်းသော စိတ်ရှိကြကုန်၏။ မင်းသားသည် မင်းသမီးကို နန်းတော်အပသို့ အဘယ်နည်းဖြင့် ထုတ်ယူရမည်နည်းဟု ကြံစည်လတ်သော် ထုတ်ယူနိုင်ရန် အကြောင်းဥပါယ်သည်ရှိ၏ဟု အထိန်းမကြီးထံသွားကာ ၎င်းအား တံစိုးပေးလေ၏။ အထိန်းမကြီးသည် မင်းသားအား “အရှင့်သား ... ကိစ္စအသို့ရှိသနည်း” ဟု မေး၏။ “မိခင် ... ဘယ်လိုဥပါယ်ဖြင့် မင်းသမီးကို အပြင်ပသို့ထုတ်ယူရန် အခွင့်ရပါမည်နည်း” ဟု မေး၏။ “အရှင့်သား ... မစိုးရိမ်လင့်၊ မင်းသမီးနှင့် တိုင်ပင်သောအခါ သိရမည်” ဟု ပြန်ပြော၏။ “မိခင် ... ကောင်းပြီး ကြိုးစားပါ” ဟု ပြောဆိုလေ၏။

ထိုနောက် အထိန်းမကြီးသည် မင်းသမီးထံသွား၍ “မိခင် ... လာပါ ခေါင်း၌သန်းရှာမည်” ဟု ဆိုကာ မင်းသမီးကို နိမ့်သောအင်းပျဉ်ပေါ်၌နေစေ၍ မိမိကား မြင့်သောအင်းပျဉ်ပေါ်၌ နေကာ မင်းသမီးဦးခေါင်းကို မိမိပေါင်ပေါ်၌တင်ထား၍ သန်းတို့ကို ကောက်ယူလျက် မင်းသမီးဦးခေါင်းကို လက်သည်တို့ဖြင့် ထိုးလေ၏။

ပညာရှိသဘော လျှို့ဝှက်ပြော

မင်းသမီးသည် ဤအထိန်းမကြီးကား မိမိ လက်သည်းတို့ဖြင့် မထိုး၊ ငါ့အရီးသား လက်သည်းတို့ဖြင့် ထိုးကြောင်းကိုသိ၍ “မိခင် ... သင်သည် မင်းသားထံသို့ သွားသလော” ဟု မေး၏။ မိခင် ... “သွားပါသည်” ဟု ပြော၏။ “မိခင် ... မင်းသားသည် အဘယ်စကားကို ပြောဆိုသနည်း” ဟု မေးလေ၏။ မိခင် ... “သင့်ကို နန်းတော်ပြင်ပသို့ ထုတ်ယူနိုင်ရန် အကြောင်းကိုမေး၏” ဟု ပြောဆိုလတ်သော် မင်းသမီးသည် ပညာရှိမူကား သိလိမ့်မည်ဟု ပြောဆိုကာ -

“တစ်ယောက်သော အလုပ်အကျွေး မိ်န်းမငယ်၏လက်သည် ငါ၏လက်ကဲ့သို့ နူးညံ့ငြားအံ့၊ ကောင်းစွာသင်ကြားပြီး ဆင်လိမ္မာလည်း ရှိငြားအံ့၊ အမိုက်မှောင်လည်း ကျငြားအံ့၊ မိုးလည်းရွာငြားအံ့၊ ဤအကြောင်းလေးပါးဖြင့် ပြည့်စုံသောအခါ သင်မင်းသား၏ အလိုသည် ပြီးဆုံးခြင်းသို့ ရောက်ရာ၏-”

ဟု ဂါထာဖွဲ့သီကာ အထိန်းမကြီးအား နှုတ်တက်ရအောင် သင်ကြားစေပြီးလျှင် “မိခင် ... မင်းသားသည် သင့်အား မင်းသမီး အဘယ်စကားကို မှာကြားလိုက်သနည်း”ဟု မေးမြန်းသောအခါ အကျွန်ုပ် သင်ကြားပေးထားသောအတိုင်း ရွတ်ဆိုပြပါဟု မှာထားလေ၏။

အထိန်းမကြီးလည်း မင်းသားထံသွားရာ မင်းသားကမေးလျှင် မင်းသမီး သင်ကြားထားသောအတိုင်း ဂါထာကို ရွတ်ဆို၍ပြလေ၏။ မင်းသားလည်း ပညာရှိသူဖြစ်ရကား အနက်မှန်ကိုသိ၍ ငါ့အကြံ ပြီးမြောက်တော့မည်ဟု ဝမ်းမြောက်ဝမ်းသာ အဆင်းအင်္ဂါလှပ၍ လက်နူးညံ့သော အလုပ်အကျွေး မိန်းမငယ်ကို အမှတ်သညာပေးပြီးလျှင် မင်္ဂလာဆင်ထိန်းအား တံစိုးလက်ဆောင်ပေး၍ ဆင်တော်ကို မလှုပ်ရှားအောင် သင်ကြားစေပြိးသော် အခါကောင်းကိုသာ စောင့်လျက်နေ၏။

ထိုအခါ လကွယ်နေ့ညဉ့်သန်းခေါင်ကျော်တွင် မိုးသည်သည်းထန်စွာ ရွာသွန်းလေ၏။ မင်းသားသည် ဤနေ့ ဤအခါကား မင်းသမီးသည် ငါ့ကိုမှာလိုက်သော အခါကောင်းဖြစ်သည်ဟု ဆင်ကိုစီးလျက်၊ အလုပ်အကျွေး မိန်းမငယ်ကိုလည်း ဆင်ပေါ်မှာတင်လျက် မင်းကြီးအိမ်သို့ သွားကာ ကြမ်းပြင်ရှိ နံရံတစ်ဖက်တွင် ဆင်ကိုကပ်၍ လေသွန်တံခါးအနီး မိုးစိုကြီးထဲတွင် ရပ်တည်လေ၏။

နေ့ညဉ့်မပြတ် မင်းစောင့်ကြပ်

မင်းကြီးလည်း သမီးတော်ကို စောင့်ရှောက်လိုသဖြင့် တခြားနေရာတွင် မအိပ်စေဘဲ မိမိအထံဝယ် သေးငယ်သော အိပ်ရာတစ်ခုတွင် အိပ်စေ၏။ မင်းသမီးလည်း ယနေ့မုချ မင်းသားလည်မည်ကို သိနှင့်၍ အိပ်မပျော်သေးဘဲ လျောင်းစက်လျက် “ခမည်းတော် ... ရေချိုးလိုသည်” ဟု လျှောက်ထားလတ်သော် “မိခင် ... လာလော့ ချိုးစေမည်” ဆိုပြီးလျှင် မင်းသမီးလက်ကိုကိုင်ကာ လေသွန်တံခါး အနီးသို့ ခေါ်ဆောင်၍ “မိခင် ....ချိုးလော့” ဟု ချီမပြီးလျှင် လေသွန်တံခါးပြင်ပ ပဒုမာအခံတွင် ရပ်စေလျက် လက်ကိုကိုင်ကာ ချိုးစေ၏။

မင်းသမီးရေချိုးနေစဉ် မင်းသားသည် လက်ကိုဆန့်ကာ မင်းသမီး၌ရှိသော တန်ဆာတို့ကို ချွတ်စေ၍ အလုပ်အကျွေးမိန်းမငယ်အား ဝတ်ဆင်စေပြီးလျှင် ပဒုမာအခံတွင်ပင် မင်းသမီးကိုမှီကာ ရပ်စေလျက်ထား၏။ ထိုအခိုက် မင်းသမီးသည် အမှတ်မဲ့ လက်ချင်းကူးပြောင်းကာ မိမိလက်ကို လွှတ်စေပြီးလျှင် အဖမင်းကြီးအား အလုပ်အကျွေးမိန်းမငယ်၏ လက်ကို ကိုင်စေ၏။ မင်းသမီးသည် လက်တစ်ဖက်ရှိ တန်ဆာကိုချွတ်၍ အလုပ်အကျွေးမိန်းမငယ် လက်မှာဝတ်ဆင်စေပြီးလျှင် မင်းကြီး၏လက်၌ ထားခဲ့၍ မင်းသားနှင့်တကွ ဆင်တော်ကိုစီးကာ လိုက်သွားလေ၏။

စောင့်ကြပ်လေငြား လွတ်၍သွား

မင်းကြီးသည် အလုပ်အကျွေးမိန်းမငယ်ကို မိမိသမီးတော်ဟူသော အမှတ်ဖြင့် ရေချိုးစေပြီးလျှင် ချီမကာ အခန်းငယ်တစ်ခုတွင် အိပ်စေ၍ တံခါးကို ပိတ်စေပြီးလျှင် တံခါးကျဉ်လျှိုကာ အပြင်မှ အစောင့်အရှောက်ထားပြီးလျှင် မိမိနေရာသို့သွား၍ အိပ်လေ၏။ နံနက်မိုးလင်းသောအခါ တံခါးကိုဖွင့်၍ ကြည့်လတ်သော် ထိုအလုပ်အကျွေးမိန်းမငယ်ကို မြင်လျှင် ဤလိုဖြစ်ရခြင်းကား အကြောင်းအသို့ရှိသနည်းဟု မေးလေ၏။ အလုပ်အကျွေးမိန်းမငယ်လည်း မင်းသမီးသည် မင်းသားနှင့် လိုက်သွားကြောင်းကို မင်းကြီးအား လျှောက်ထားလေ၏။ မင်းကြီးလည်း နှလုံးမသာမယာဖြစ်၍ လက်နှင့် ကိုင်၍ထားသော်လည်း မာတုဂါမကို စောင့်ရှောက်ခြင်းငှာ မတတ်နိုင်ဟု ကြံစည်ကာ -

“မိန်းမတို့ကား - ယောကျ်ားတို့နှင့် အတူမနေထိုက်ကုန်၊ စိတ်နှလုံးခိုင်မာလျက် စကားနူးညံ့ကုန်၏။ ဖြည့်၍ ပြည့်နိုင်ခဲ့သောကြောင့် မြစ်နှင့်တူကုန်၏။ ငရဲ၌ နစ်မြုပ်တတ်ကုန်၏။ ထိုအကြောင်းကိုသိသော ပညာရှိသည် မိန်းမတို့ကို အဝေးမှရှောင်ကြဉ်ရာ၏။

မိန်းမတို့ကား - ယောကျ်ားတို့ကို အလိုဆန္ဒတူမျှသဖြင့် လည်းကောင်း၊ ပစ္စည်းဥစ္စာဖြင့် လည်းကောင်း ပေါင်းသင်းဆက်ဆံကြ၏။ မီးတို့သည် မိမိတည်ရာထင်းကို လောင်ကျွမ်းစေသကဲ့သို့ မိမိပေါင်းသင်း ဆက်ဆံနေသော ယောကျ်ားကိုပင် လောင်ကျွမ်းစေကုန်၏” –

ဟု ဆုံးမပြောဆိုပြီးလျှင် တူမင်းသားကိုလည်း ငါသည်ပင် မွေးမြူအပ်၏ဟု များစွာသော စည်းစိမ်ချမ်းသာကိုပေး၍ သမီးတော်နှင့် ထိမ်းမြားလက်ထပ်ကာ အိမ်ရှေ့မင်းရာထူးဖြင့် ချီးမြှောက်တော်မူ၏။

အိမ်ရှေ့မင်းသည် ဦးရီးတော်မင်းကြီး သေလွန်လျှင် မင်းအဖြစ်သို့ရောက်လေ၏။

ဤဒေသနာတော်ကိုဆောင်၍ သစ္စာကိုပြသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိန်းမတို့မူ၊ ယောကျ်ားဟူ၊ အတူမနေထိုက်။

(၂) နှုတ်ပျော့စိတ်မာ၊ မပြည့်ရာ၊ သေခါငရဲဆိုက်။

(၃) မှီရာယောကျ်ား၊ အိမ်ရှင်အား၊ မီးလားပူလောင်မြိုက်။

မုဒုပါဏိဇာတ် ပြီး၏။

***

(၂၆၃) စူဠပလောဘနဇာတ်

မိန်းမ၌ရွံရှာသော မင်းသားသည် မိန်းမနှင့် တွေ့သောအခါ အာသာမရောင်ရဲနိုင်၍ ယောကျ်ားမြင်တိုင်း သတ်ရန်လိုက်သော အနိတ္တိဂန္ဓမင်းသား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိန်းမပေါ့ပျက် သူတော်စင်ဖျက်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် သာသနာတော်၌ ငြီးငွေ့ပျင်းရိလေ၏။ ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားအထံတော်သို့ ဆောင်ယူသွားကြရာ မြတ်စွာဘုရားသည် ထိုရဟန်းကိုမေး၍ အကြောင်းကို သိတော်မူလျှင် “ချစ်သား ရဟန်း ... မိန်းမတို့မည်သည်ကား စင်ကြယ်သောသူကိုလည်း ညစ်ညူးစေတတ်သည်” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မိန်းမမထိလို မင်းသားငို

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်းမှာ သားသမီးမထွန်းကားလေ၊ မင်းကြီးသည် မိန်းမတို့အား *သားဆုကိုတောင်းစေ၏။ မိန်းမတို့လည်း သားဆုကို တောင်းကြကုန်၏။

*သားဆုတောင်းခြင်း ဆိုသည်မှာ ... နတ်များကို ပူဇော်ပသ၍ တောင်းခြင်းလည်း ရှိသည်။ မင်းကြီးက မိန်းမတို့ကို ရက်ကိုပိုင်းခြားကာ အလိုရှိရာ ယောကျ်ားနှင့် ပျော်ပါးနိုင်ရန် ခွင့်ပေးထားခြင်းလည်း ရှိသည်။

ကာလရှည်ကြာလတ်သော် ဘုရားအလောင်းသည် ဗြဟ္မာ့ပြည်မှ စုတေ၍ ဗြဟ္မဒတ်မင်း၏ မိဖုရားကြီးဝမ်းဝယ် ပဋိသန္ဓေနေလေ၏။ ဆယ်လစေ့၍ ဖွားမြင်သောအခါ ရေချိုးစေပြီးလျှင် နို့တိုက်ရန် အထိန်းမိန်းမတို့ထံ ပေးကုန်၏။ သတို့သားသည် နို့တိုက်အပ်သည်ရှိသော် ငိုလေ၏။ ထိုအခါ သူငယ်ကို တစ်ပါးသောမိန်းမအား ပေးကြပြန်၏။ မိန်းမတို့အထိမခံလိုဘဲ ငိုပြန်၏။

ထိုအခါ မင်းကြိး၏ ခြေတော်ရင်း၌ အမြဲခစားသော အမတ်တစ်ယောက်အား ပေးကြပြန်၏။ ထိုအမတ်သည် ယူအပ်သည်ရှိသော် မငိုဘဲ ဆိတ်ဆိတ်သာနေ၏။ ထိုအခါမှာစ၍ သူငယ်ကို ယောကျ်ားတို့သာလျှင် ယူဆောင်ပွေ့ပိုက်ချီပိုးကြရကုန်၏။ နို့တိုက်သောအခါ မိန်းမတို့ မမြင်မထိစေဘဲ တင်းတိမ်ကြားမှနေကာ ပုန်းလျှိုး၍ တိုက်ကြရကုန်၏။ တစ်ရံတစ်ခါ မိန်းမတို့ထံမှ နို့ကိုညှစ်ယူပြီးလျှင် ယောကျ်ားတို့လက်သို့ပေးကာ တိုက်ကြရကုန်၏။

ထိုသူငယ်ကား မိန်းမတို့အား အလိုမရှိ၊ အထိအကိုင်မျှကိုပင် မခံလို မမြင်လိုသည်အတွက် “အနိတ္ထိဂန္ဓ” သတို့သားဟု မှည့်ခေါ်ကြကုန်၏။

အစဉ်အတိုင်း ကြီးပွားကာ ပြေးသွားနိုင်သောအခါ၌လည်း မိန်းမကို မမြင်လို မြင်ခြင်းငှာ မတတ်ကောင်း။ ထိုကြောင့် ဖခင်မင်းကြီးသည် ထို အနိတ္ထိဂန္ဓမင်းသားအား အသီးအခြားဖြစ်သော အရပ်၌ အိမ်တော်ကို လည်းကောင်း၊ စျာန်ဝင်စားရာ စျာန်အိမ်ကို လည်းကောင်း၊ ဆောက်လုပ်၍ပေးရ၏။

မိန်းမမွေ့ရန် မင်းကြီးကြံ

မင်းကြီးသည် သားတော် တစ်ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သောအခါ “ငါ့အား တခြားသားတော်လည်းမရှိ၊ ဤသားတော်တစ်ယောက်သာ ရှိသည်၊ ဤသားတော်ကား မာတုဂါမတို့ကိုလည်း မသုံးဆောင်၊ မင်းအဖြစ်ကိုလည်း အလိုမရှိသည် ဖြစ်လတ္တံ့၊ ငါ့မှာလည်း သားရခဲ၏” ဟု ကြံစည်၍သာနေ၏။

ထိုအခါ ယောကျ်ားအသွင်ဖြင့် ဝတ်ဆင်ကာ လုပ်ကျွေးလျက် အကအသီ၌ လိမ္မာ၍ မင်းသားကို မိမိအလိုသို့ပါလာအောင် စွမ်းဆောင်နိုင်သော ကချေသည်မတစ်ယောက်သည် မင်းကြီးထံသို့ ချည်းကပ်ခစားကာ “အရှင်မင်းကြီး ... အဘယ်သို့ ကြံစည်သနည်း - စိုးရိမ်တော်မမူပါနှင့်၊ ဘယ်လိုပဲဖြစ်ဖြစ် ထိုမင်းသားကို အကျွန်ုပ်အလိုသို့ပါအောင် ဖြားယောင်းသွေးဆောင်၍ ကာမဂုဏ် အရသာကို သိစေပါမည်” ဟု လျှောက်ထားလေ၏။ မင်းကြီးသည် “သူငယ်မ ... ငါ့သားတော်ကို သင်သည် အကယ်၍ ဖြားယောင်းသွေးဆောင်နိုင်အံ့ ငါ့သားတော်သည် မင်းဖြစ်လတ္တံ့၊ သင်သည်လည်း မိဖုရားကြီး ဖြစ်လတ္တံ့” ဟု မိန့်တော်မူ၏။

မင်းသားပျိုဖြူ မိန်းမနှင့်မြှူ

ကချေသည်မသည် “အရှင်မင်းကြီး ... စိုးရိမ်တော်မမူပါနှင့်၊ သားတော်ကို ဖြားယောင်းသွေးအောင်ခြင်းမှာ အကျွန်ုပ်၏တာဝန် ဖြစ်ပါစေ” ဟု လျှောက်ထားပြီးလျှင် အစောင့်အရှောက်တို့ထံသို့ ချဉ်းကပ်၍ “ဦးရီးတို့ ... အကျွန်ုပ်သည် မိုးသောက်ထသောအခါလာ၍ အရှင့်သား အိပ်ရာဝယ် စျာန်အိမ်ပြင်ပမှာနေလျက် သီချင်းဆိုပါမည်။ အရှင့်သားသည် အကယ်၍ အမျက်ထွက်ငြားအံ့၊ အကျွန်ုပ်အား ပြောကြားပါ၊ ထွက်သွားပါမည်။ အကယ်၍ နားထောင်ငြားအံ့၊ အကျွန်ုပ်အား ပြောကြားပါ” ဟု မှာထားလေ၏။ အစောင့်အရှောက်တို့လည်း ကောင်းပြီဟု ဝန်ခံကြကုန်၏။

ထိုကချေသည်မသည် မိုးသောက်သောအခါ အိပ်ရာစျာန်အိမ်အပြင်ပသို့လာ၍ သာယာစွာသော အသံဖြင့် သီချင်းကို သီဆို၏။ စောင်းကိုလည်းတီး၏။ ထိုသီချင်းသံနှင့် စောင်းသံသည် တစ်မျိုးသည် တစ်မျိုးကို မလွန်စေဘဲ ညီမျှလေ၏။ အလွန် သာယာနာပျော်ဖွယ်ရှိ၏။ အနိတ္ထိဂန္ဓမင်းသားသည် နားထောင်လျက် လျောင်း၏။ နက်ဖြန်နေ့၌လည်း အနီးသို့လာ၍ သီဆိုတီးမှုတ်စေ၏။ နောက်တစ်နေ့၌ကား စျာန်အိမ်တွင်း၌ တီးမှုတ်စေ၏။ နောက်တစ်နေ့၌ကား မိမိအနီး၌ တီးမှုတ်စေ၏။

မိန်းမစွဲပြန် ပြည်နှင်ခံ

ဤသို့အစဉ်သဖြင့် မိန်းမ သီချင်းသံနှင့်တီးမှုတ်သံကို ကြားရသောအခါ အနိတ္ထိဂန္ဓမင်းသား၏ သန္တာန်ဝယ် ကိန်းအောင်းအေသော အနုသယ ကိလေသာတို့သည် တဖြည်းဖြည်း ထကြွသောင်းကျန်းကာ ကချေသည်မ၌ လူတို့အကျင့်ကို မှီဝဲရသည်ရှိသော် ကာမဂုဏ်အရသာကိုသိ၍ မိန်းမအရသာ မည်သည်ကို သူတစ်ပါးအား မပေးတော့အံ့ - ဟု သန်လျက်ကိုင်ပြီးလျှင် ခရီးအလယ်သို့ထွက်၍ ယောကျ်ားကိုမြင်လျှင် ခုတ်သတ်ရန် လိုက်လေ၏။

ထိုအခါ အဖမင်းကြီးသည် သားတော်ကို ဖမ်းစေ၍ ထိုကချေသည်မနှင့်ပင် မြို့တော်မှ နှင်ထုတ်ရလေ၏။ အနိတ္ထိဂန္ဓမင်းသားလည်း ကချေသည်မကို ယူဆောင်ကာ တောသို့ဝင်၍ ဂင်္ဂါမြစ်အောက်သို့ သွားပြီးလျှင် ဂင်္ဂါမြစ်ကိုကူးကာ ဂင်္ဂါမြစ်နှင့် သမုဒ္ဒရာအကြားတွင် ကျောင်းသင်္ခမ်းဆောက်လုပ်၍ နေလေ၏။ ကချေသည်မသည် ကျောင်း၌နေကာ သစ်မြစ်သစ်ဥတို့ကို ပြုတ်ရ၏။ မင်းသားသည် တောသို့သွားကာ သစ်သီးကြီးငယ်ကို ဆောင်ယူရ၏။

မိန်းမလှည့်ပတ် စျာန်ယာဉ်ပြတ်

တစ်နေ့သ၌ အနိတ္ထိဂန္ဓမင်းသားသည် သစ်သီးကြီးငယ် ရှာဖွေရန် တောသို့သွားသည်ရှိသော် သမုဒ္ဒရာကျွန်းငယ်၌ နေသော ရသေ့တစ်ပါးသည် ဆွမ်းခံအံ့သောငှာ ကောင်းကင်ခရီးဖြင့် လာလတ်သော် မီးခိုးကိုမြင်၍ ဆင်းသက်ကာ အနီးတွင်ရပ်၏။ ကချေသည်မသည် ရသေ့ကိုမြင်လျှင် “အရှင်ဘုရား ... ကျက်ရုံ ခေတ္တဆိုင်းငံ့တော်မူပါ” ဟု လျှောက်ထား၍ ဆိုင်းငံ့စေလျက် မိန်းမတို့ အမူအရာဖြင့် ဖြားယောင်းသွေးဆောင်ကာ စျာန်မှယုတ်လျော့စေပြီးလျှင် ရသေ့၏ မြတ်သောအကျင့်ကို ပျောက်ကွယ်စေ၏။

ထိုအခါ ရသေ့လည်း အတောင်ကျိုးပြတ်သော ငှက်ကဲ့သို့ဖြစ်၍ ထိုကချေသည်မကို တပ်မက်စွဲလမ်းလျက် မစွန့်လွှတ်နိုင်ရကား ထိုအရပ်မှာပင် တစ်နေ့ပတ်လုံး နေ၏။ ပြန်လာသော အနိတ္ထိဂန္ဓမင်းသားကိုမြင်လျှင် လျင်မြန်စွာ သမုဒ္ဒရာသို့ ရှေးရှုပြေး၏။ မင်းသားမြင်လျှင် ဤရသေ့ကား မုချငါ့ရန်သူ ဖြစ်လတ္တံ့ဟု အောက်မေ့လျက် သန်လျက်ကို ကိုင်စွဲကာ လိုက်လေ၏။ ရသေ့လည်း ကောင်းကင်သို့ ပျံတက်မည့် အမူအရာကိုပြ၍ သမုဒ္ဒရာသို့ကျလေ၏။

မိန်းမပြစ်မြင် စျာန်နှင့်ယှဉ်

အနိတ္ထိဂန္ဓမင်းသားသည် ရသေ့၏ အမူအရာကိုမြင်လျှင် ဤရသေ့ကား ကောင်းကင်ဖြင့် ပျံသန်းကာ ကြွလာသောရသေ့ ဖြစ်ဟန်တူသည်။ စျာန်မှ ယုတ်လျော့သွားသောကြောင့် သမုဒ္ဒရာတွင်ကျရ၏။ ငါသည် ရသေ့၏ ကိုးကွယ်ရာ ဖြစ်ခြင်းငှာသင့်၏ဟု ကြံစည်ကာ ကမ်းနား၌ ရပ်လျက် -

“ဤရသေ့ကား - တန်ခိုးဖြင့် ရေကိုမကွဲပြားမတုန်လှုပ်စေဘဲ လာပြီးလျှင် မိန်းမနှင့် ရောနှောဆက်ဆံမိ၍ သမုဒ္ဒရာ၌ နစ်မြုပ်ရ၏။

မိန်းမတို့ကား - လည်စေတတ်ကုန်၏။ မာယာများကုန်၏။ မြတ်သောအကျင့်ကို ဖျက်ဆီးတတ်ကုန်၏။ အပါယ်၌ နစ်မြုပ်တတ်ကုန်၏။ ထိုအကြောင်းကို သိသော ပညာရှိသည် မိန်းမတို့ကို ဝေးဝေးမှ ရှောင်ကြဉ်ရာ၏။ မိန်းမတို့ကား - ယောကျ်ားတို့ကို အလိုဆန္ဒတူမျှဖြင့် လည်းကောင်း၊ ပစ္စည်းဥစ္စာဖြင့်လည်းကောင်း ပေါင်းသင်ဆက်ဆံကြ၏။ မီးသည် မိမိမှီရာထင်းကို လောင်ကျွမ်းစေသကဲ့သို့ မိမိတို့ ပေါင်းသင်းဆက်ဆံမှီခိုရာ ယောကျ်ားကို လျင်မြန်စွာ လောင်ကျွမ်းစေကုန်၏” –

ဟု ရသေ့အား ပြောဆိုလေ၏။ ရသေ့လည်း မင်းသား၏ စကားကိုကြား၍ သမုဒ္ဒရာအလယ်မှာပင် ကွယ်ပျောက်လေပြီးသောစျာန်ကို တစ်ဖန်ဖြစ်စေ၍ ကောင်းကင်ခရီးဖြင့်ပင် မိမိနေရာသို့ သွားလေ၏။

ရသေ့အားကျ တရားရ

အနိတ္ထိဂန္ဓမင်းသားသည် ရသေ့၏ အာနုဘော်ကို မြင်လျှင် ဤရသေ့ကား လေးသော ကိုယ်ရှိလျက် ဝါဂွမ်းစိုင်ကဲ့သို့ ကောင်းကင်၌ ပျံသန်းကာ သွားနိုင်၏။ ငါသည်လည်း စျာန်ကိုဖြစ်စေ၍ ကောင်းကင်၌သွားခြင်းငှာ သင့်၏ဟု ကြံစည်ပြီးလျှင် ကျောင်းသင်္ခမ်းသို့သွားကာ ထိုကချေသည်မကို လူ့ပြည်သို့ဆောင်ပြီးလျှင် သင်အလိုရှိရာ သွားလေတော့ဟု လွှတ်လိုက်၏။ မိမိမူကား တောသို့ဝင်ကာ ရသေ့ရဟန်းပြုပြီးလျှင် ကသိုဏ်းပရိကံကို အားထုတ်စီးဖြန်းလျက် အဘိညာဉ်သမာပတ်ကု ဖြစ်စေ၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားလေ၏။

ဤဒေသနာတော်ကိုဆောင်၍ သစ္စာကိုပြသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းသည် သောတာပတ္တိဖိုလ်၌တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ အနိတ္ထိဂန္ဓမင်းသားသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိန်းမတို့မူ၊ စင်ကြယ်သူ၊ စွန်းမြူညစ်ထေးစေ။

(၂) ကျင့်ဖျက်, လိမ်လည်၊ မာယာသည်၊ ရောက်သည်ပါယ်လေးထွေ။

(၃) မှီရာယောကျ်ား၊ အိမ်ရှင်အား၊ မီးလားပူလောင်ပေ။

စူဠပလောဘနဇာတ် ပြီး၏။

***

(၂၆၄) မဟာပနာဒဇာတ်

အရှင်ပစ္စေကဗုဒ္ဓါအား ကျောင်းငယ်လှူခဲ့ဖူးသော ကုသိုလ်ကြောင့် အထူးထူးသော ပြာသာဒ်နှင့်တကွ စည်းစိမ်ခံစားရသော မဟာပနာဒမင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

စည်းစိမ်ကြီးမား သူဌေးသား

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဂင်္ဂါမြစ်နား၌ သီတင်းသုံးတော်မူစဉ် တစ်ရံသောအခါ မြတ်စွာဘုရားသည် ဘဒ္ဒဇိ သူဌေးသားအား သင်္ဂြိုဟ်ထောက်ပံ့ခြင်းကို ပြုမည်ဟု သံဃာအပေါင်းအား ခြံရံလျက် ကြွတော်မူလတ်သော် ဘဒ္ဒိယမြို့သို့ရောက်၍ အလိုလိုဖြစ်သော တောတစ်ခုဝယ် ဘဒ္ဒိဇိသူဌေးသား၏ ဉာဏ်ရင့်ခြင်းကို ဆိုင်းငံ့တော်မူလျက် သုံးလပတ်လုံး သီတင်းသုံးတော်မူ၏။

ထိုဘဒ္ဒဇိသူဌေးသားကား ဥတုသုံးပါးအား လျောက်ပတ်သော ပြာသာဒ်သုံးဆောင်ရှိ၏။ တစ်ဆောင် တစ်ဆောင်တွင် လေးလစီ နေလေ့ရှိ၏။ ထိုသူဌေးသား ပြာသာဒ်တစ်ဆောင်မှ တစ်ဆောင်သို့ အကူးတွင် တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်ကာ သူ့ထက်ငါ ဝိုင်းအုံလျက် ညောင်စောင်းအဆင့်ဆင့်ခင်း၍ သူဌေးသား၏ စည်းစိမ်ကို ကြည့်ရှုလေ့ရှိကြကုန်၏။

ထိုအခါ ဘဒ္ဒိယမြို့သူမြို့သားတို့သည် မြို့အလယ်တွင် ခမ်းနားတင့်တယ်စွာ မဏ္ဍပ်ကြီးဆောက်လုပ်ပြီးလျှင် ဘုရာအမှူးရှိသော သံဃာတော်တို့ကို ပင့်ဖိတ်ကာ အလှူကြီးပေးလျက် တရားတော်ကို နာကြားကြကုန်၏။ ထိုခဏတွင် ဘဒ္ဒဇိသူဌေးသားသည် ပြာသာဒ်တစ်ဆောင်မှ တစ်ဆောင်သို့ကူးခဲ့ရာ မိမိ၏အခြွေအရံမှတစ်ပါး မြို့သူမြို့သားတို့ကို မမြင်သဖြင့် မေးမြန်းလျှင် မြတ်စွာဘုရား ကြွလာတော်မူ၍ တစ်မြို့လုံး အလှူကြီးပေးကာ တရားတော်ကို နာကြားနေကြကြောင်း ပြောဆိုကုန်၏။ ထိုစကားကိုကြားလျှင် သူဌေးသားသည် မိမိအခြံအရံနှင့်တကွ မြတ်စွာဘုရားထံသို့သွား၍ ပရိတ်သတ်အစွန်တွင် နေလျက် တရားတော်ကို နာရသောအခါ အလုံးစုံသော ကိလေသာတို့ကို ကုန်ခန်းစေ၍ အရဟတ္တဖိုလ်သို့ ရောက်လေ၏။

ရဟန်းပြုဘိ ဘဒ္ဒဇိ

မြတ်စွာဘုရားသည် ဘဒ္ဒဇိသတို့သား၏ အဖဖြစ်သော ဘဒ္ဒိယ သူဌေးကြီးကို ခေါ်တော်မူ၍ သူဌေးကြီးအား သားတော် ဘဒ္ဒိဇိသတို့သား အရဟတ္တဖိုလ်သို့ရောက်ကြောင်း မိန့်တော်မူရာ သူဌေးကြီးသည် သားတော်ကိုရဟန်းပြုပြီးလျှင် နက်ဖြန် သားတော်ကို ခေါ်ဆောင်ကာ ဘုရားအမှူးရှိသော သံဃာတော်တို့သည် အိမ်သို့ကြွ၍ ဆွမ်းဘုဉ်ပေးတော်မူရန် လျှောက်ထားလေ၏။

မြတ်စွာဘုရားသည် ဘဒ္ဒဇိသူဌေးသားကို ကျောင်းတော်သို့ခေါ်၍ ရဟန်းပြုပြီးလျှင် နက်ဖြန် သူဌေးကြီးအိမ်တွင် ဆွမ်းဘုဉ်းပေးတော်မူ၏။ သူဌေးကြီးလည်း ဘုရားအမှူးရှိသော သံဃာအား ခုနစ်ရက်ပတ်လုံး အလှူကြီးပေးလေ၏။

ထိုမှတန်ဖန် ကောဋိရွာသို့ ကြွတော်မူပြန်၏။ ထိုရွာတွင်လည်း အလှူကြီးပေးကြကုန်၏။ ဘဒ္ဒဇိမထေရ်သည် မြတ်စွာဘုရား အနုမောဓနာပြုသောအခါ ရွာပြင်သို့သွား၍ မြတ်စွာဘုရား ကြွလာတော်မူသောအခါ စျာန်မှထမည်ဟု အဓိဋ္ဌာန်ပြုကာ သစ်ပင်ရင်းျွှင် စျာန်ဝင်စား၍နေ၏။ မထေရ်ကြီးတို့လာသောအခါ မထဘဲ မြတ်စွာဘုရား ကြွလာတော်မူသောအခါမှ ထလေ၏။ ပုထုဇဉ်ရဟန်းတို့သည် ဘဒ္ဒဇိမထေရ်အား မထေရ်ကြီးတို့ကို မရိုသေမသေပြုသည်ဟု ကဲ့ရဲ့ကြကုန်၏။

ဘဒ္ဒဇိတန်ခိုးရှင် ပြာသာဒ်ဆယ်ယူငင်

ကောဋိရွာသားတို့သည် လှေဖောင်တို့ကိုဖွဲ့ကာ သံဃာတော်အား ဂင်္ဂါတစ်ဖက်ကမ်းသို့ပို့ရန် စီမံကြကုန်၏။ မြတ်စွာဘုရားသည် ဘဒ္ဒဇိမထေရ်ကိုခေါ်၍ အတူစီးတော်မူ၏။ မြစ်လယ်သို့ရောက်သောအခါ “ချစ်သားဘဒ္ဒဇိ ... သင်သည် မဟာပနာဒမင်း ဖြစ်စဉ်ကနေသော ပြသာဒ် အဘယ်မှာနည်း” ဟု မေးတော်မူလျှင် ဘဒ္ဒဇိမထေရ်လည်း ဤအရပ်မှာရှိသည်ဟု လျှောက်လေ၏။ ပုထုဇဉ်ရဟန်းတို့သည် အရဟတ္တဖိုလ်ကို ပြောသည်ဟု ကဲ့ရဲ့ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် “ဘဒ္ဒဇိ ... ရဟန်းတို့ ယုံမှားကို ဖျောက်လော့” ဟု မိန့်တော်မူ၏။

ထိုအခါ ဘဒ္ဒဇိမထေရ်သည် တန်ခိုးဖြင့်သွား၍ ပြာသာဒ်၏ ထုပိကာကု ခြေကြားတွင်ညှပ်လျက် နှစ်ဆယ့်ငါးယူဇာနာရှိသော ပြာသာဒ်ကြီးကိုချီမကာ ကောင်းကင်၌ တစ်ယူဇနာ နှစ်ယူဇနာ သုံးယူဇနာတိုင်အောင် တက်၍ ပျံသန်းလေ၏။ ထိုအခါ ငါး၊ လိပ်၊ နဂါး၊ ဖားတို့သည် ပြာသာဒ်မှ ရေထဲသို့ကျကုန်၏။ မြတ်စွာဘုရားသည် ပြာသာဒ်၌ တပ်စွန်း၍ ငါး၊ လိပ်၊ နဂါး၊ ဖားဖြစ်၍နေကုန်သော သင့်ဆွေမျိုးတို့သည် ပင်ပန်းကုန်၏ဟု မိန့်တော်မူလျှင် တစ်ဖန် ပြာသာဒ်ကို တည်မြဲတိုင်းနေရာတွင် ထားလေ၏။

ရဟန်းတို့သည် “အရှင်ဘုရား ... ဘဒ္ဒဇိမထေရ်သည် ဤပြာသာဒ်ကို ဘယ်ကာလ၌ သုံးဆောင်ဖူးသနည်း” ဟု မေးလျှောက်ကြရာ၊ မြတ်စွာဘုရားသည် မဟာပနာဒမင်း ဖြစ်စဉ်က သုံးဆောင်ဖူးကြောင်း မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကျောင်းငယ်လှူကြ ပြာသာဒ်ရ

လွန်လေပြီးသောအခါ ဝေဒေဟတိုင်း မိတ္ထီလပြည်ဝယ် သုရုစိမည်သောမင်းသည် မင်းပြုသည်ရှိသော် ထိုသူရုစိမင်း၏သားတော်လည်း သုရုစိပင်အမည်ရှိ၏။ ထိုမင်း၏ သားတော်ကား မဟာပနာဒ အမည်ရှိ၏။ ထိုမင်းတို့သည် ဤသို့သဘောရှိသော ပြာသာဒ်အထူးကို ရဖူးကုန်၏။

ရခြင်း၏အကျိုးကောင်းမှုကား - လွန်လေပြီးသောအခါ သားအဖနှစ်ယောက်တို့သည် ကျူထရံကာ၍ ရေသဖန်းသားသစ်တို့ဖြင့် အရှင်ပေစ္စကဗုဒ္ဓ၏ ကျောင်းကို ဆောက်လုပ်လှူဒါန်းဖူးကုန်၏။ [ဤဇာတ်တော်၌ အလုံးစုံသော အတိတ်ဝတ္ထုသည် ပကိဏ္ဏကနိပါတ် သုရုစိဇာတ်၌ ထင်စွာဖြစ်လတ္တံ့။]

သဗ္ဗုညုတမြတ်စွာဘုရားသည် အတိတ်ဖြစ်သော ဇာတ်ကိုဆောင်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးလျှင် -

မဟာပနာဒမင်း၏ ပြာသာဒ်သည် ရွှေဖြင့်ပြီး၏။ အကျယ်အပြန့်အားဖြင့် ရှစ်ယူဇနာရှိ၏။ အမြင့်အားဖြင့် နှစ်ဆယ့်ငါးယူဇနာရှိ၏။ ဘုံဆင့်တစ်ရာရှိ၏။ တံခွန်များ၏။ ပတ္တမြားစိမ်းတို့ဖြင့် ပြီး၏။ ထိုပြာသာဒ်၌ ခြောက်ထောင်သော ကချေသည်တို့သည် ခုနစ်ဌာနတို့၌ ကကြရကုန်၏။

ဤသို့ကကြကုန်သော်လည်း မဟာပနာဒမင်းကို ရွှင်စေခြင်းငှာ မတတ်နိုင်ကုန်။ ထိုအခါ သိကြားမင်းသည် နတ်ကချေသည်တို့ကို စေလွှတ်၍ ပွဲသဘင်ပြုစေ၏။ ထိုအခါ မဟာပနာဒမင်းသည် ရွှင်လေ၏။

“ချစ်သား ဘဒ္ဒဇိ ... သင်ပြောဆိုအပ်သော အခြင်းအရာအားလုံးသည် ပြောဆိုသောအတိုင်း မှန်ပေ၏။ ငါသည် ထိုအခါ သင်၏ အမှုကြီးငယ်ကို ရွက်ဆောင်သော သိကြားမင်း ဖြစ်ဖူးပြီ -”

ဟု ဟောတော်မူ၏။ ထိုခဏ၌ ပုထုဇဉ်ရဟန်းတို့သည် ယုံမှားကင်းကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မဟာပဒနမင်းသည် - ယခုအခါ ဘဒ္ဒဇိမထေရ်။

သိကြားမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သဖန်းသစ်မှာ၊ ကျူထရံကာ၊ လှူရာပစ္စေအား။

(၂) နှစ်ဆယ့်ငါးယူဇနာ၊ ပြာသာဒ်မှာ၊ နောင်ခါဖြစ်ပေါ်သား။

မဟာပနာဒဇာတ် ပြီး၏။

***

(၂၆၅) ခုရပ္ပဇာတ်

ခိုးသားငါးရာတို့အား မြင်းခွာကဲ့သို့ အနှောင့်ရှိသော မြားဖြင့် လေ၏အဟုန်နှင့်တူစွာ ပစ်ခတ်ရာ အနိုင်ရရှိသော တော်အုပ်စောင့် ဗိုလ်မှူးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဝီရိယမဆုတ် ကျိုးမယုတ်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လုံ့လဝီရိယ ယုတ်လျော့သော ရဟန်းတစ်ပါး ရှိလေ၏။

ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံ ဆောင်ယူ၍ ထိုအကြောင်းကို လျှောက်ထားကြရာ မြတ်စွာဘုရား သိတော်မူလျှင် ချစ်သားရဟန်း ... သင်သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော ငါဘုရား၏ သာသနာတော်၌ ရဟန်းပြုပါလျက် အဘယ်ကြောင့် လုံ့လဝီရိယ ယုတ်လျော့ဘိသနည်း၊ ပညာရှိတို့သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်စေသောအရာ၌ လုံ့လဝီရိယကို ပြုကြကုန်ပြီဟု - မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အခကြေးယူ တောစောင့်သူ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော ဘုရားလောင်းသည် တောအုပ်စောင့်အမျိုး၌ဖြစ်၍ အရွယ်သိုပရောက်လတ်သော် အခြံအရံငါးရာရှိသည်ဖြစ်၍ တောအုပ်စောင့်တို့တွင် အကြီးအကဲဖြစ်၍ တောအုပ် တစ်ခုသောရွာ၌ နေလေ၏။ ထိုတောအုပ်စောင့်တို့သည် အဖိုးအခယူကြ၍ ခရီးသွားလုလင်တိုင်းကို တောအုပ်မှ ကျော်လွန်အောင် ပို့ဆောင်ကြရ၏။

တစ်နေ့သ၌ ဗာရာဏသီပြည်၌နေသော လှည်းကုန်သည်သားသည် လှည်းငါးရာဖြင့်လာခဲ့ရာ ထိုရွာသို့ရောက်၍ တောအုပ်စောင့်အား - အဆွေ ... အသပြာတစ်ထောင်ပေးပါမည်။ ငါတို့ကို တောအုပ်မှ ကျော်လွန်အောင် ပို့ဆောင်ပါဟု ပြောလေ၏။ တောအုပ်စောင့်သည် ကောင်းပြီဟု ဝန်ခံ၍ အသပြာတစ်ထောင်ကိုယူကာ အသက်ကိုစွန့်ပြီးလျှင် ပို့ဆောင်လေ၏။

ဝီရိယခိုင် ခိုးသူနိုင်

တောအုပ်သို့ဝင်လျှင် သူခိုးငါးရာတို့သည် လုယက်သတ်ဖြတ်ရန် လာကြကုန်၏။ သူခိုးတို့ လာသည်ကိုမြင်လျှင် တောအုပ်စောင့်အကြီးမှ ကြွင်းကုန်သောသူတို့သည် သေဘေးမှ ကြောက်သဖြင့် မြေကြီးတွင် ပြားပြားဝပ်ကြကုန်၏။ တောအုပ်စောင့်အကြီးကား တစ်ယောက်တည်းသာလျှင် ဟစ်ကြွေး ကြော်ငြာလျက် ပစ်လွှင့်တိုက်ခိုက်သော် သူခိုးငါးရာတို့သည် မခံမရပ်နိုင်ဘဲ ပြေးကြရကုန်၏။ လှည်းကုန်သည်တို့လည်း ချမ်းသာစွာ ကန္တရာသို့ ကျော်လွန်ကြစေကုန်၏။

သက်စွန့်ကြိုးပမ်း အောင်မြင်လမ်း

လှည်းကုန်သည်သားသည် ကန္တာရတစ်ဘက်တွင် လှည်းတို့ကို ရပ်နားစေ၍ တောအုပ်စောင့်အကြီးအား မွန်မြတ်သော အထူးထူးသော ဘောဇဉ်တို့ကို စားစေ၍ မိမိကိုယ်ိတုင်လည်း နံနက်စာ စားပြီးလျှင် ချမ်းသာစွာလျေက် တောအုပ်စောင့်မှူးအား -

“အဆွေ ... လေးအဟုန်ဖြင့် ပစ်လွှတ်အပ်ကုန်သော စဉ်းသွားတို့ကို လည်းကောင်း၊ ဆီဖြင့်ဆေး၍ ထက်စွာသွေးလျက် ကိုင်ဆောင်အပ်ကုန်သော သန်လျက်တို့ကို လည်းကောင်း မြင်၍ ကြောက်မက်ဖွယ် ရှိသော သေခြင်းသည် ထင်ရှားလာပါလျက် အဘယ်ကြောင့် သင့်အား တုန်လှုပ်ထိတ်လန့်ခြင်း မဖြစ်သနည်း” –

ဟု မေးမြန်းလေ၏။ ထိုစကားကိုကြားလျှင် တောအုပ်စောင့်အကြီးသည် လှည်းကုန်သည်သားအား -

“အဆွေ ... ငါသည် လေးအဟုတ်ဖြင့် ပစ်လွှတ်အပ်ကုန်သော စဉ်းသွားတို့ကို လည်းကောင်း၊ ဆီဖြင့်ဆေး၍ ထက်စွာသွေးလျက်ကိုင်ဆောင်အပ်ကုန်သော သန်လျက်တို့ကိုလည်းကောင်း မြင်၍ ကြောက်မက်ဖွယ်ရှိသော သေခြင်းသည် ထင်ရှားလာသည်ရှိသော် များမြတ်သော နှစ်သက်ဝမ်းမြောက်ခြင်းကို ရရှိပေ၏။”

“အဆွေ ... များမြတ်သော နှစ်သက်ဝမ်းမြောက်ခြင်းရှိသော ငါသည် ရန်သူတို့ကို လွှမ်းမိုးနိုင်ခဲ့ပြီ၊ ရှေးမဆွကပင် ငါသည် အသက်ကိုစွန့်အပ်ပြီ၊ အမှန်အားဖြင့် အသက်၌ တပ်စွန်း ခင်တွယ်နေသော သူရဲကောင်းသည် တစ်ရံတစ်ဆစ်မျှ သူရဲကောင်းတို့ ပြုလုပ်ရမည့်ကိစ္စကို မပြုလုပ်နိုင်ရာ”

ဟု ပြောဆိုလေ၏။ ဤသို့လျှင် တောအုပ်စောင့်အကြီးသည် သူတစ်ပါးတို့အား စွန့်လွှတ်အပ်သော အသက်၌ တပ်စွန်း ခင်တွယ်ခြင်းမရှိသဖြင့် မိမိ၏သူရဲကောင်းတို့ကိစ္စ ပြုလုပ်နိုင်သည်ကို သိစေလျက် လှည်းကုန်သည်တို့ကို လွှတ်လိုက်၍ မိမိနေရာသို့ပြန်ပြီးလျှင် ဒါန သီလ စသော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်ကာ သေလွန်သောအခါ ကံအားလျော်စွာ လားလေ၏။

ဤဒေသနာတော်၏အဆုံး၌ လုံ့လဝီရိယ ယုတ်လျော့သောရဟန်းသည် အရဟတ္တဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ တောအုပ်စောင့်အကြီးသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဘေး, လက်နက်လဲ၊ မှတ်မစွဲ၊ သူရဲကိစ္စတည်။

(၂) အသက်စွန့်ထား၊ လွန်ကြိုးစား၊ မမှားရန်အောင်မည်။

ခုရပ္ပဇာတ် ပြီး၏။

***

၂၆၆ - ဝါတဂ္ဂသိန္ဓဝဇာတ်

ချစ်ပါလျက် မချစ်သယောင် ဟန်ဆောင်လွန်းသဖြင့် ချစ်သူ သိန္ဓောမြင်းနှင့် မပေါင်းရသော မြင်းမအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ယောကျ်ားမြင်ရ ကိလေသာကြွ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်ဝယ် အဆင်းလှသော မိန်းမတစ်ယောက်သည် အဆင်းလှသော သူကြွယ်တစ်ယောက်ကိုမြင်လျှင် တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ မီးလောင်သကဲ့သို့ ကိုယ်အတွင်းဝယ် ကိလေသာမီးသည် လောင်ကျွမ်းလေ၏။ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းကို မရလေ။ ထမင်းအစာကိုလည်း မစား၊ ညောင်စောင်းပေါင်ကို ကိုင်လျက်သာ အိပ်လေ၏။

ထိုအခါ အလုပ်အကျွေးမတို့သည် လည်းကောင်း၊ အဆွေခင်ပွန်းတို့သလည် လည်းကောင်း ထိုမိန်းမသို့ ကပ်၍ “မိခင် ... သင်သည် အဘယ်ကြောင့် တုန်လှုပ်သော စိတ်ရှိသည်ဖြစ်၍ ညောင်စောင်းပေါင်ကိုကိုင်လျက် အိပ်သနည်း၊ သင့်အား အဘယ်ရောဂါ ဖြစ်သနည်း” ဟု မေးကြသော်လည်း ရုတ်တရက် မပြောကြားလေ။ အကြိမ်ကြိမ်မေးလတ်သော် မိမိ၌ဖြစ်သော အကြောင်းကို ပြောကြားလေ၏။ ထိုအခါ အလုပ်အကျွေးမ အဆွေခင်ပွန်းမတို့သည် “မိခင် ... မစိုးရိမ်လင့်၊ ရအောင် ကြံဆောင်ပေးမည်” ဟု ပြောဆိုဝန်ခံကာ သက်သာရာရစေ၍ သူကြွယ်ထံသွားပြီးလျှင် ထိုအကြောင်းကို ပြောကြား၍ တောင်းပန်ကုန်၏။ သူကြွယ်လည်း ငြင်းပယ်၏။ အကြိမ်ကြိမ် တောင်းပန်သဖြင့် နောက်ဆုံးတွင် သူကြွယ်လည်း ခွင့်ပြုရလေ၏။ ထိုသူကြွယ်အား ဤမည်သောနေ့ရက် အချိန်၌လာခဲ့ပါဟု ချိန်းဆိုခဲ့၍ ထိုမိန်းမအား ပြောကြားကြကုန်၏။

မိန်းမလည်း သူကြွယ်လာမည်ဟု ကြားလျှင် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်လျက် မိမိကိုယ်ကို တန်ဆာဆင်၍ အိပ်ရာတိုက်ခန်းကိုလည်း တန်ဆာဆင်ကာ အိပ်ရာကို အသင့်ပြင်လျက် လာမည့်အချိန်ကိုသာ စောင့်စားလျက်နေ၏။ သူကြွယ်လည်း မိန်းမအိမ်သို့သွား၍ အိပ်ရာတစ်ပိုင်းတွင် ထိုင်၏။ ထိုအခါ မိန်းမသည် ဤသူကြွယ်အား ယခု လာလျှင်လာချင်း ခွင့်ပြုလိုက်လျှင် ငါ့အား အစိုးရသောအဖြစ်မှ ဆုတ်ယုတ်လတ္တံ့၊ ထို့ကြောင့် တစ်ပါးသောနေ့မှ ခွင့်ပြုမည်ဟု ကြံစည်ကာ သူကြွယ်က လက်ကိုကိုင်မည်ပြုလျှင် မိန်းမတို့မာယာဖြင့် လက်ကိုပြန်၍ တွန်းကာ သွားပါ သွားပါ - သင့်ကိုအလိုမရှိဟု တားမြစ်လေ၏။ ထိုအခါ သူကြွယ်လည်း ရှက်ကန်းကန်းဖြစ်ကာ နောက်သို့ ဆုတ်လျက် ထ၍ အိမ်သို့ပြန်လေ၏။ နောက်တစ်ဖန်ပြန်၍ မကြည့်တော့ချေ။

ဤစိတ်နှင့်ပင် သေပွဲဝင်

သူကြွယ် အဆောတလျင် ထွက်သွားလတ်သော် အလုပ်အကျွေးမ၊ အဆွေခင်ပွန်းမတို့သည် လက်မခံကြောင်းကို သိ၍ ထိုမိန်းမထံသွားကာ - “မိခင် ... ဘယ်လိုလုပ်သနည်း- ဤသူကြွယ်ကို ရလိုသဖြင့် မစားနိုင်မသောက်နိုင် သေတော့မည်ဖြစ်၍ မရမက တောင်းပန်ပြီး ခေါ်လာရာ အဘယ်ကြောင့် ခွင့်မပြုသနည်း” ဟု မေးမြန်းကြကုန်၏။ ထိုမိန်းမလည်း အကြောင်းစုံ ပြောကြားပြန်လျှင် “သည်လိုဖြစ်လျှင် သင်အကြောင်းကို သိရတော့မည်” ဟု ကဲ့ရဲ့ပြစ်တင်ကာ ဖဲသွားကြကုန်၏။ မိန်းမလည်း သူကြွယ်ကို မရသဖြင့် အစာအာဟာရ ကင်းပြတ်ကာ သေလွန်လေ၏။

သူကြွယ်လည်း ထိုမိန်းမ သေလွန်သည့်အဖြစ်ကို သိလျှင် ပန်းနံ့သာတို့ကို လက်စွဲလျက် မြတ်စွာဘုရားထံ ချဉ်းကပ်လေ၏။ မြတ်စွာဘုရားလည်း သူကြွယ်ကို မေးမြန်း၍ အကြောင်းစုံကို သိတော်မူလျှင် - သီတင်းသည် ... ဤမိန်းမကား ... ယခုအခါ၌သာလျှင် ကိလေသာဖြင့် သင့်ကိုခေါ်၍ လာသောအခါ အခွင့်မပြုဘဲ အရှက်ကွဲစေသည် မဟုတ်၊ ရှေးပညာရှိုတို့ကိုလည်း ပင်ပန်းစေလျက် လွှတ်ဖူးပြီးဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသည်း။

အတိတ်ဝတ္ထု

သိန္ဓောကိုမြင်ရ စွဲမြင်းမ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သိန္ဓောမြင်းမျိုး၌ဖြစ်၍ ဝါတဂ္ဂသိန္ဓဝ မည်သော မင်္ဂလာမြင်းတော် ဖြစ်လေ၏။ တစ်နေ့သ၌ မြင်းထိန်းသည် သိန္ဓောမြင်းကို ဂင်္ဂါမြစ်သို့သွား၍ ရေချိုးစေ၏။

ထိုအခါ ဘဒ္ဒါလီမည်သော မြင်းမသည် သိန္ဓောမြင်းကိုမြင်လျှင် အလွန်တပ်စွန်း တိမ်းညွှတ်သော စိတ်ရှိသည်ဖြစ်၍ ကိလေသာအစွမ်းဖြင့် တုန်လှုပ်ဖောက်ပြန်နေရကား မစားနိုင် မသောက်နိုင်ဖြစ်ကာ အရိုးအရေမျှသာ ကြွင်းကျန်အောင် ခြောက်ကပ်ပိန်ချုံး၍ နေလေ၏။

မြင်းမသားငယ် သိန္ဓောကိုတွယ်

ထိုမြင်းမ၏ သားဖြစ်သော မြင်းငယ်သည် ပိန်ချုံး၍နေသော အမိမြင်းမကိုမြင်လျှင် မိခင် ... အဘယ်ကြောင့် မစားနိုင်မသောက်နိုင် ပိန်းချုံး၍နေဘိသနည်း၊ သင့်အား အဘယ်ရောဂါဝေဒနာ ဖြစ်သနည်းဟု မေးလေ၏။ မြင်းမသည် မေးသော်လည်း ရုတ်တရက် မပြောကြားဘဲနေ၏။ သားငယ်သည် အဖန်ဖန် မေးလတ်သော် မိမိ၌ဖြစ်သော အကြောင်းကို ပြောကြားလေ၏၏။ ထိုအခါ သားမြင်းငယ်သည် “မိခင် ... မစိုးရိမ်လင့်၊ အကျွန်ုပ် သိန္ဓောမြင်းကို ရအောင် ဆောင်ပေးမည်” ဟု ဝန်ခံကာ မိခင် မြင်းမကို သက်သာရာရစေ၏။

ထိုနောက် မြင်းငယ်သည် ဝါတဂ္ဂသိန္ဓောမြင်း ရေချိုးလာသောအခါ အနီးသို့သွား၍ သခင် ... အကျွန်ုပ်မိခင်သည် သခင်တို့၌ တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ အစားနိုင် မသောက်နိုင် ခြောက်ကပ် ပိန်ချုံး၍လာပါသည်။ အစာအာဟာရ ကင်းပြတ်ကာ သေရပါလိမ့်မည်။ သို့အတွက် အကျွန်ုပ်မိခင်အား အသက်အလှူကိုပေးပါဟု တောင်းပန်လေ၏။ သိန္ဓောမြင်းသည် ချစ်သား ... ကောင်းပြီ၊ သင့်အမိအား အသက်ကိုပေးမည်၊ မြင်းထိန်းသည် ငါ့ကို ရေချိုးပြီးသောအခါ ဂင်္ဂါမြစ်ကမ်းအနားတွင် အတန်ငယ် ကျက်စားစိမ့်သောငှာ လွှတ်လိမ့်မည်။ ထိုအခါ သင့်အမိကို ခေါ်ခဲ့ဟု မှာထားလိုက်၏။

မာယာများကြွယ် မြင်းမငယ်

မြင်းငယ်လည်း သိန္ဓောမြင်းစကားကို ကြားရလျှင် အမိထံသွားကာ အကြောင်းစုံ ပြောဆိုပြီးလျှင် အမိကို ခေါ်ခဲ့၍ လွှတ်ပြီးလျှင် လျောက်ပတ်သောအရပ်တွင် ပုန်းကွယ်လျက်နေ၏။ ထိုအခါ မြင်းထိန်းသည် ရေချိုးပြီးလျှင် သိန္ဓောမြင်းကို လွှတ်လိုက်၏။ ဝါတဂ္ဂသိန္ဓောမြင်းသည် မြင်းမထံသွားပြီးလျှင် မြင်းမကို နမ်းလတ်သော် မြင်းမသည် သိန္ဓောမြင်း လာလျှင်လာချင်း အကယ်၍ ခွင့်ပြုငြားအံ့၊ ငါ့အား အခြံအရံ စည်းစိမ်ချမ်းသာ ဆုတ်ယုတ်လတ္တံ့၊ အလိုမရှိသလို ဖြစ်ရန် သင့်၏ဟု ကြံစည်ကာ မာယာဖြင့် သိန္ဓောမြင်း၏ အောက်မေးကို ခြေဖြင့် ကျောက်ကန်၍ ပြေးလေ၏။ သိန္ဓောမြင်းလည်း သွားကျိုးအံ့ကဲ့သို့ဖြစ်၍ ငါအား ထိုမြင်းမဖြင့် အလိုမရှိဟု ရှက်ကန်းကန်းဖြစ်ကာ ထိုအရပ်မှ ပြေးလေ၏။ ထိုမြင်းမလည်း နှလုံးမသာမယာဖြစ်ကာ ကြံရာမရတော့ဘဲ ထိုအရပ်၌ပင် ဝပ်လေ၏။

ထိုအခါ သားမြင်းငယ်သည် အမိမြင်းမကြီးထံ ချဉ်းကပ်၍ -

“မိခင် ... သင်ကား သိန္ဓောမြင်း၌ တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ မစားနိုင်မသောက်နိုင် ခြောက်ကပ်ပိန်းချုံးဘိ၏။ ဖျော့တော့သော ကိုယ်ရှိ၏။ သိန္ဓောမြင်း လာလတ်သော် အခုအဘယ်ကြောင့် ပြေးစေဘိသနည်း”

ဟု အမိမြင်းမအား မေးလေ၏။ ထိုအခါ အမိမြင်းမသည် သားမြင်းငယ်၏ စကားကိုကြားလျှင် -

“ချစ်သား ... လာလျှင် လာချင်းအစ၌ ပေါင်းဖော်ခြင်းမည်သည် မဖြစ်နိုင်ပါ၊ မိန်းမတို့အား အခြံအရံ စည်းစိမ်သည် ဆုတ်ယုတ်၏။ ထိုကြောင့် သိန္ဓောမြင်းကို ပြေးစေ၏” –

ဟု ပြောဆိုပြီးလျှင် - ချစ်သား ဤသို့ပြုခြင်းကား မိန်းမတို့ ဓမ္မတာသဘော ဖြစ်သည်ဟု ပြောဆိုပြန်၏။

မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးလျှင် -

“မိမိထံရောက်လာသော အမျိုးစည်းစိမ် အခြံအရံနှင့်ပြည့်စုံသော ယောကျ်ားကို အလိုမရှိသော မိန်းမသည် - ဝါတဂ္ဂ သိန္ဓောမြင်းကိုစွဲ၍ တပ်စွန်းသော ဘဒ္ဒါလိမြင်းမသည် အခါလေးမြင့် စိုးရိမ်ပူပန်နေရသကဲ့သို့ အခါလေးမြင့် စိုးရိမ်ပူပန်ရ၏” –

ဟု ဟောတော်မူ၏။

ဤဒေသနာတော်ကိုဆောင်ပြီးလျှင် သစ္စာကိုပြသည်၏ အဆုံး၌ သူကြွယ်သည် သောတာပတ္တဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြင်းမသည် - ယခုအခါ ထိုမိန်းမ။

ဝါတဂ္ဂသိန္ဓောမြင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိမိထံပါး၊ လာယောကျ်ား၊ လျင်လျားခွင့်မသာ။

(၂) စိုးရခြင်းမှ၊ ယုတ်ယူဆ၊ မိန်းမဓမ္မတာ။

ဝါတဂ္ဂသိန္ဓဝဇာတ် ပြီး၏။

***

(၂၆၇) ကက္ကဋကဇာတ်

လက်မဖြင့်ညှပ်လျက် ဆင်တို့ကို သတ်စားနေသော ပုစွန်သည် မသံကြား၍ မေ့လျောမိသဖြင့် ဆင်တို့၏ ခြေအောက်တွင် သေရသော ပုစွန်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိန်းမမွန်မြတ် ဘေးလွတ်တတ်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်ဝယ် သူကြွယ်တစ်ယောက်သည် မိမိမယားကိုခေါ်၍ ဇနပုဒ်သို့သွားာ ကြွေးမြီဆပ်ပြီးလျှင် ပြန်လာရာ လမ်းခရီးအကြား၌ သူခိုးတို့သည် ဖမ်းကြကုန်၏။ သူကြွယ်မယားကား အဆင်းလှ၏။ ရှုချင်စဖွယ်ရှိ၏။

သူခိုးကြီးသည် မိန်းမ၌ ချစ်ခင်နှစ်သက်သဖြင့် သူကြွယ်ကိုသတ်ရန် အားထုတ်လေ၏။ အကျင့်သီလရှိ၍ လင်ကို နတ်ကဲ့သို့ကိုးကွယ်သော မိန်းမမြတ် ဖြစ်ရကား၊ သူခိုးကြီး ခြေတို့၌ ရှိခိုး၍ အရှင်သူခိုးကြီး ... အကျွန်ုပ် အကယ်၍ ချစ်ခင်နှစ်သက်ငြားအံ့၊ အကျွန်ုပ်လင်ကို မသတ်ပါလင့်၊ အကယ်၍ သတ်ငြားအံ့၊ အကျွန်ုပ်သည် အဆိပ်သောက်၍လည်းကောင်း၊ နှာခေါင်းလေကို ပိတ်ချုပ်၍ လည်းကောင်း တစ်နည်းနည်းဖြင့် သေပါအံ့၊ သင်နှင့်အတူ မလိုက်နိုင်ပါ၊ အကျွန်ုပ်လင်ကို အကြောင်းမဲ့ မသတ်ပါလင့်ဟု ခယတောင်းပန်ကာ လင်ကို လွှတ်စေ၏။

ထိုလင်မယားတို့သည် မိမိတို့နေရာ သာဝတ္ထိပြည်သို့ ရောက်လျှင် မြတ်စွာဘုရားထံတော်သို့ ဆည်းကပ်ရန် သွားကြကုန်၏။ မြတ်စွာဘုရားသည် သူကြွယ် လင်မယားကို “သီတင်းသည်တို့ ... ဘယ်သို့သွားကြသနည်း” ဟု မေးတော်မူလျှင်၊ သီတင်းသည်တို့သည် မိမိတို့သွားသော အရပ်နှင့် မိမိတို့ဖြစ်ခဲ့သမျှ အကြောင်းစုံကို လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားလည်း ထိုအကြောင်းကို သိတော်မူလျှင် - “သီတင်းသည် ... ဤမိန်းမသည် သင့်အား ယခုအခါ၌သာလျှင် အသက်ကိုပေးသည် မဟုတ်၊ ရှေးအခါ၌လည်း ပညာရှိတို့အား အသက်ကိုပေးဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အိုင်တွင်းပုစွန် ကြီးကဲလွန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဟိမဝန္တာအရပ်ဝယ် ရေကန်ကြီးသည် ရှိလေ၏။ ထိုရေကန်ကြီး၌ ကုဠိရ မည်သော ရွှေပုစွန်ကြီးသည် နေ၏။ ကုဠိရ ရွှေပုစွန်ကြီးနေရာ ဖြစ်သောကြောင့် နောက်အခါ ကန်ကြီးသည်လည်း ကုဠိရရေကန်ကြီးဟု ထင်ရှားလေ၏။ ရွှေပုစွန်ကြီးသည် ကောက်နယ်တလင်းခန့် ပမာဏရှိ၏။ ရေကန်ကြီးသို့ဆင်း၍ ကျက်စားသော ဆင်တို့ကို ဖမ်းယူစားသောက်လေ့ရှိ၏။ ဆင်တို့သည်လည်း ရွှေပုစွန်ကြီးမှ ကြောက်သဖြင့် ထိုကန်ကြီးကို ဆင်းသက်၍ မကျက်စားဝံ့ကုန်။

ထိုအခါ ဘုရားအလောင်းသည် ကုဠိရရေကန်ကြီးကိုမှီ၍နေသော ဆင်မင်းကိုစွဲ၍ ဆင်မတစ်ကောင်း၏ ဝမ်း၌ ပဋိသန္ဓေနေ၏။ ထိုဆင်မလည်း ပဋိသန္ဓေကို စောင့်ရှောက်ရန် အရပ်တစ်ပါးသို့ သွား၍နေရာ သားငယ်ကို ဖွားမြင်လေ၏။ ထိုဆင်ငယ်သည် အစဉ်သဖြင့် လိမ္မာသောအရွယ်သို့ ရောက်လတ်သော် ကြီးသောကိုယ်ရှိ၏။ အားအစွမ်းနှင့် ပြည့်စုံ၏။ တင့်တယ်ခြင်းအစုသို့ရောက်၏။ မျက်စဉ်းတော်နှင့်တူ၏။

ပုစွန်ဖမ်းရန် ဆင်ငယ်ကြံ

ထိုဆင်သည် ဆင်မတစ်ကောင်နှင့် ပေါင်းဖော်ကာ နေထိုင်၏။ တစ်နေ့သ၌ ရွှေပုစွန်ကြီးကို ဖမ်းမည်ဟု မိမိမယားနှင့် အမိဆင်မကို ယူဆောင်လျက် ဆင်အပေါင်းသို့ ချဉ်းကပ်ပြီးလျှင် အဖဆင်မင်းကို ဖူးမြင်၍ - ဖခင် ... အကျွန်ုပ် ရွှေပုစွန်ကြီးကို ဖမ်းမည်ဟု တောင်းပန်ရာ ချစ်သား ... သင်သည် ရွှေပုစွန်ကြီးကို မဖမ်းနိုင်၊ မဖမ်းလေနှင့်ဟု အကြိမ်ကြိမ် တားမြစ်၏။

ဆင်မင်း၏သားသည် အဖ အကြိမ်ကြိမ် တားမြစ်သော်လည်း မနာယူဘဲ ဆင်အပေါင်းကို စည်းဝေးပြီးလျှင် ရေကန်ကြီး အနီးသို့သွား၍ - အမောင်တို့ ... ရွှေပုစွန်ကြီးသည် ဆင်တို့ကို ဆင်းသက်သောအခါ ဖမ်းသလော၊ သို့တည်းမဟုတ် အစာစားသောအခါ ဖမ်းသလော၊ သို့တည်းမဟုတ် တက်သောအခါ ဖမ်းသလောဟု မေးလေ၏။

အရှင် ... တက်သောအခါ နောက်ကျသော ဆင်ကို ဖမ်းပါသည်။ အမောင်တို့ ... သည်လိုဖြစ်လျှင် သင်တို့သည် ရေကန်ကြီးသို့ဆင်း၍ အလိုရှိတိုင်း ကျက်စားပြီးလျှင် အရင်တက်ကြလော့၊ ငါသည် ... နောက်မှတက်မည်ဟု ပြောဆိုလေ၏။

ထိုအခါ ဆင်အပေါင်းတို့သည် ဆင်မင်းသား ဆိုသောအတိုင်း ရေကန်ကြီးသို့ ဆင်းသက်ကာ အလိုရှိတိုင်း ကျက်စားပြီးလျှင် အရင်တက်ကြကုန်၏။

ပုစွန်ညှပ်ကိုင် ဆင်မရုန်းနိုင်

ဆင်မင်းသားသည် နောက်မှ တက်လေ၏။ ရွှေပုစွန်ကြီးသည် နောက်ဆုံးမှတက်သော ဆင်မင်းသားကို ပးန်ပဲတို့သည် သံညှပ်ဖြင့် သံချောင်းကို မြဲစွာညှပ်သကဲ့သို့ တက်မနှစ်ခုဖြင့် ခြေကို မြဲစွာညှပ်လေ၏။ ဆင်မသည် ယောကျ်ားကိုမစွန့်မူ၍ အနီးတွင်နေ၏။ ဆင်မင်းသားသည် ရွှေပုစွန်ကြီး ညှပ်ထားမှန်းသိ၍ ခြေကိုဆွဲငင်သည်ရှိသော် ရွှေပုစွန်ကြီးကို ဆောင်ယူခြင်းငှာမတတ်နိုင်။ ရွှေပုစွန်ကြီး ဆွဲငင်ရာသို့သာ ပါသွားလေ၏။ ထိုအခါ သေဘေးမှ ကြောက်သဖြင့် ရန်သူလက်တွင် မိနေသော မြည်ခြင်းကို မြည်လေ၏။ ထိုအသံကိုကြားလျှင် ဆင်အပေါင်းတို့သည် သေဘေးမှ ကြောက်သဖြင့် ကြိုးကြာသံကဲ့သို့ မြည်ကြာ ချေးသေးပါ၍ ပြေးကြကုန်၏။ မယားဆင်မလည်း ကြောက်ခြင်းကို သည်းခံနိုင်သဖြင့် ပြေးရန် အားထုတ်လေ၏။

ထိုအခါ ဆင်မင်းသားသည် မိမိအား ရွှေပုစွန်ကြီး ဖမ်းမိနေသည်ကို မယားဆင်မကို သိစေ၍ ဆင်မကို မပြေးစိမ့်သောငှာ -

“အို ဆင်မ ... ရွှေပုစွန်ကြီးသည် ရှည်သောမျက်စိရှိ၏။ အရိုးဟူသော အရေရှိ၏။ ရေ၌နေ၏။ အမွေးမရှိ၊ ထိုရွှေပုစွန်ကြီး နှိပ်စက်အပ်သည်ဖြစ်၍ ငါသည် သနားစဖွယ် ငိုကြွေးပါ၏။ အသက်နှင့်တူသော ငါ့ကို အစွန့်ပစ်ပါလင့်” –

ဟု - သနားစဖွယ် ပြောလေ၏။ ထိုအခါ ဆင်မသည် လင်ယောကျ်ားကို သက်သာရာရစေ၍ -

“အရှင် ... ငါသည် အသက်ခြောက်ဆယ်ရှိမှ အားယုတ်သော သင်ဆင်မင်းသားကို ငါမစွန့်ပါ၊ သမုဒ္ဒရာလေးစင်း အဆုံးရှိသော မြေအပြင်၌ သင့်ကို ငါသည် အလွန်ချစ်မြတ်နိုးပါ၏” –

ဟု အားပေးစကား ပြောကြားလေ၏။ ထိုနောက် ဆင်မင်းသားကို တောင်းပန်၍ “အရှင် ... ယခု ငါသည် ရွှေပုစွန်ကြီးနှင့်တကွ အတန်ငယ် စကားပြောဆိုကာ သင့်ကို လွှတ်စေမည်” ဟု - ပြောဆိုပြီးလျှင် ရွှေပုစွန်ကြီးကို -

“အရှင် ရွှေပုစွန်ကြီး ... ရေ၌ ကျက်စားလေ့ရှိသော သင် ရွှေပုစွန်ကြီးကား - သမုဒ္ဒရာ၌ လည်းကောင်း၊ ဂင်္ဂါ၌လည်းကောင်း၊ ယမုံနာ၌ လည်းကောင်း ရှိကြကုန်သော ရွှေပုစွန်ကြီးတို့ထက် မြတ်ပါ၏။ အရှင် ရွှေပုစွန်ကြီးသည် ငိုကြွေးနေသော အကျွန်ုပ် လင်ယောကျ်ားကို လွှတ်ပါလေ” –

ဟု - သနားစဖွယ် ခယတောင်းပန်လေ၏။

ဆင်မသံပေး ပုစွန်ငေး

ထိုအခါ ရွှေပုစွန်ကြီးသည် ဆင်မအသံ၌ မိန်းမသံ ဟူသော အာရုံကိုယူလျက် ထိုမိန်းမသံသည် ဆွဲငင် သွေးဆောင်အပ်သောစိတ် ရှိရကား၊ မေ့လျော့လျက် ဤဆင်သည် အညှပ်လျော့လတ်သော် ဤမည်သောအမှုကို ပြုလိမ့်မည်ဟု မသိတော့ဘဲ တွေဝေမိန်းမောကာ ဆင်ခြေမှ တက်မကို ဖြေသကဲ့သို့ လျော့၍ထားလေ၏။

ထိုအခါ ဆင်မင်းသားသည် အချက်ကောင်းကိုရခိုက် ခြေကို လျင်မြန်စွာချီမလျက် ရွှေပုစွန်ကြီး ကျောကုန်းကို တအားနင်းလေ၏။ ခဏချင်းလျှင် ရွှေပုစွန်ကြီး အရိုးခွံတို့သည် ကွဲကုန်၏။ ဆင်မင်းသားလည်း ရန်သူကိုနိုင်ပြီဟူသော အထိမ်းအမှတ်ဖြင့် ဝမ်းမြောက်ဝမ်းသာသောအသံကို မြည်လေ၏။ ဆင်အပေါင်းတို့သည် စည်းဝေးရောက်လာကာ သူ့ထက်ငါ ရွှေပုစွန်ကြီးကို ကုန်းပေါ်သို့ဆွဲ၍ တင်ကြပြီးလျှင် စိစိညက်ညက်ကြေအောင် နင်းသတ်ကြကုန်၏။ တက်မနှစ်ချောင်းတို့သည် ကိုယ်မှကွဲကာ လျောက်ပတ်သောနေရာ၌ ကျကုန်၏။

ပုစွန်လက်မ စည်လုပ်ကြ

ကုဠိရ ရေကန်ကြီးသည် ဂင်္ဂါမြစ်နှင့် တစ်စပ်တည်းဖြစ်၍ ဂင်္ဂါမြစ်ရေ ပြည့်သောအခါ ရေကုန်ကြီးသို့ဝင်ကာ ရေပြည့်လေ၏။ ဂင်္ဂါမြစ်ရေ နည်းသောအခါ ရေကန်ကြီးမှ ရေတို့သည် ဂင်္ဂါမြစ်သို့ စီးဆင်းကုန်၏။ ထိုအခါ ရွှေပုစွန် တက်မကြီးနှစ်ခုတို့သည် ရေထဲတွင်ပါ၍ ဂင်္ဂါမြစ်၌ မျောကုန်၏။ တက်မတစ်ခုကား သမုဒ္ဒရာသို့ ဝင်လေ၏။ တက်မတစ်ခုကိုကား ဒသဘာတိက မင်းတို့ ရေကုန်၌ ရေကစားစဉ် ရ၍ *အာလိင်္ဂ မည်သော စည်ကိုပြုလုပ်ကုန်၏။ သမုဒ္ဒရာသို့ ဝင်သော တက်မကိုကား အသုရာတို့ ရကုန်၏ *အာလမ္ဗရမည်သော စည်ကို ပြုလုပ်ကြကုန်၏။ နောက်အခါ သိကြားမင်းနှင့် စစ်ထိုး၍ ရှုံးသဖြင့် အာလမ္ဗရစည်ကို သိကြားမင်း ယူ၍သွား၏။ [ထိုစည်ကို ရည်၍ အာလမ္ဗမိုးကဲ့သို့ မြည်၏ - ဟု ဆိုစမှတ်ပြုကြ၏။]

ဤဒေသနာတော်ကို ဆောင်ပြီး၍ သစ္စာကိုပြသည်၏ အဆုံး၌ သူကြွယ်လင်မယားတို့သည် သောတာပတ္တိဖိုလ်၌ တည်ကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဆင်မသည် - ယခုအခါ သီတင်းသည်မ။

ဆင်မင်းသားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မ,သံကြောင်းဟိတ်၊ အဖိုစိတ်၊ ချိတ်၍ဆွဲတတ်သည်။

(၂) မိမိလင်ဝယ်၊ အသက်ကယ်၊ မိမယ်မြတ်လှသည်။

ကက္ကဋကဇာတ် ပြီး၏။

***

(၂၆၈) အာရာမဒူကကဇာတ်

ဥယျာဉ်မှူး၏ ခိုင်းစေချက်အရ မျောက်အပေါင်းနှင့်တကွ သစ်ပင်ငယ်များကိုနုတ်၍ အမြစ် တိုရှည်ကြည့်ကာ ရေလောင်းသဖြင့် ဥယျာဉ်ကို ဖျက်ဆီးသော မျောက်မိုက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆွမ်းလှူခံကြ ဥယျာဉ်ပြ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဒက္ခိဏ ဂိရိဇနပုဒ်၌ သီတင်းသုံးတော်မူစဉ် သီတင်းသည် တစ်ယောက်သည် ဘုရားအမှူးရှိသော သံဃာကို ဥယျာဉ်သို့ ပင့်ဖိတ်၍ ယာဂုခဲဖွယ်ကို လှူဒါန်းပြီးလျှင် “အရှင်ကောင်းတို့ ... ဥယျာဉ်၌လှည့်လတ်သော် ဥယျာဉ်စောင့်နှင့်အတူ လှည့်လည်တော်မူကြပါ၊ ဥယျာဉ်စောင့်ကလည်း အရှင်ကောင်းတို့အား သစ်သီးကြီးငယ်တို့ကို လှူရစ်ပါ” ဟု မှာထား၍ သွားလေ၏။

ရဟန်းတို့သည် ဥယျာဉ်၌ ဥယျာဉ်စောင့်နှင့်အတူ လှည့်လည်လတ်သော် သစ်ပင်ပြတ်ရာ အရပ်သို့ရောက်လျှင် ဥယျာဉ်စောင့်အား “ဤအရပ်ကား အဘယ်ကြောင့် သစ်ပင်ပြတ်၍နေသနည်း” ဟု မေးကြလျှင် ဥယျာဉ်စောင့်သည် “အရှင်ကောင်းတို့ ... ဥယျာဉ်စောင့်တစ်ယောက်၏ သားသည် သစ်ပင်ငယ်တို့ကို ရေလောင်းသောအခါ အမြစ်ပမာဏဖြင့် ရေအနည်းအများကို လောင်းမည်ဟု နုတ်၍လောင်း၏။ ထို့ကြောင့် ပြတ်၍နေပါသည်” ဟု လျှောက်ထားလေ၏။ ရဟန်းတို့သည် မြတ်စွာဘုရားထံသွား၍ ထိုအကြောင်းကို လျှောက်ထားကြလျှင် မြတ်စွာဘုရားသည် “ရဟန်းတို့ ... ဤသူငယ်ကား ယခုအခါ၌သာ ဥယျာဉ်ကို ဖျက်ဆီးသည် မဟုတ်၊ ရှေးအခါ၌လည်း ဖျက်ဆီးဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မျောက်စီမံချက် ဥယျာဉ်ပျက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဝိသသေနမင်း မင်းပြုသည်ရှိသော် ပွဲသဘင်ကို ကြွေးကြောက်ကုန်၏။ ထိုအခါ ဥယျာဉ်စောင့်သည် ပွဲသဘင်ကစားမည်ဟု ဥယျာဉ်၌နေသော မျောက်တို့ကိုခေါ်၍ “အချင်းမျောက်တို့ ... ဤ ဥယျာဉ်သည် သင်တို့အား ကျေးဇူးများ၏။ ငါ ခုနစ်ရက်ပတ်လုံး ပွဲသဘင် ရေကစားသွားမည်၊ သင်တို့ ရေလောငင်းရစ်ကြ” ဟု မှာထား၍သွားလေ၏။

မျောက်တို့သည် သစ်ပင်ငယ်တို့ကို ရေလောင်းမည်ဟု ပြင်ဆင်ကြလျှင် မျောက်ကြီးတစ်ကောင်သည် “အချင်းတို့ ... ဆိုင်းကြဦးလော့၊ ရေကို အရမ်းမလောင်းကြနှင့်၊ ရေသည် အလွန်ရခဲသည်၊ ရေကို စောင့်ရှောက်သင့်သည်၊ သစ်ပင်ငယ်တို့ကို နုတ်ပြီးလျှင် အမြစ်ရှည်သော သစ်ပင်တို့ကို ရေများများလောင်းကြရမည်၊ အမြစ်တိုသော သစ်ပင်တို့ကို ရေနည်းနည်းလောင်းကြမည်” ဟု စီမံပြောဆိုလေ၏။

အမူရာမြင်ရ ကဲ့ရဲ့ကြ

မျောက်တို့လည်း ကောင်းပြီဟု ဝန်ခံ၍ မျောက်ကြီး အစီအမံအတိုင်း တချို့မျောက်တို့သည် သစ်ပင်ငယ်တို့ကို နုတ်၍သွားကုန်၏။ တချို့မျောက်တို့သည် သစ်ပင်ငယ်တို့ကို တစ်ဖန်ပြန်စိစစ်ပြီးလျှင် အမြစ်ပမာဏကို ကြည့်ရှုကာ ရေလောင်းကြကုန်၏။ ထိုအခါ အမျိုးသားတစ်ယောက်သည် တစ်စုံတစ်ရာ ပြုဖွယ်ကိစ္စဖြင့် ဥယျာဉ်တော်သို့ရောက်၍ မျောက်တို့အမူအရာကို မြင်၍ မေးလတ်သော် မျောက်ကြီးစီမံတိုင်း ပြုလုပ်ကြရသည်ဟု ပြောဆိုကြသောအခါ ထိုအမျိုးသားသည် မျောက်တို့အား -

“အချင်းမျောက်တို့ ... အမျိုးတူသော သတ္တဝါတို့တွင် မွန်မြတ် ကြီးကဲ၏ - ဟု သမုတ်အပ်သော သတ္တဝါသည် ဤကဲ့သို့သော ဉာဏ်ပညာရှိပါမူ ကြွင်းသောသတ္တဝါတို့မှာ အဘယ်သို့ သဘောရှိပါမည်နည်း” –

ဟု မေးမြန်းပြောဆိုလေ၏။ မျောက်တို့သည် အမျိုးသား၏ စကားကို ကြားလျှင် -

“အို သူမြတ် ... သင်ကား မသိမူ၍ ဤလို ငါတို့ကို ကဲ့ရဲ့ဘိ၏။ အမြစ်ကို မမြင်ရဘဲ တည်နေသော သစ်ပင်ကို အဘယ်သို့ သိနိုင်ပါမည်နည်း” –

ဟု ပြန်ကြားပြောဆိုကြကုန်၏။ အမျိုးသားသည် မျောက်တို့၏ စကားကိုကြားလျှင် -

“အချင်းမျောက်တို့ ... တော၌နေကုန်သော မျောက် ဖြစ်ကုန်သော သင်တို့ကို ငါ မကဲ့ရဲ့ပါ၊ ဤ ဥယျာဉ်တော်မှာ အကျိုးစီးပွား ဖြစ်ထွန်းရန် သစ်ပင်တို့ကို အစိုက်ပျိုးခိုင်းသော ဝိသသေနမင်းကိုသာ ကဲ့ရဲ့ပါ၏” ဟု တစ်ဖန်ပြောဆိုပြန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မျောက်ကြီးသည် - ယခုအခါ ဥယျာဉ်ကို ဖျက်ဆီးသောသူငယ်။

ပညာရှိအမျိုးသားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရာမဟုတ်လျှင်၊ အကျွမ်းကျင်၊ စီရင်မခိုင်းရာ။

(၂) တော်မျောက်တစ်တွေ၊ ရေလောင်းစေ၊ ပျက်လေဥယျာဉ်သာ။

အာရာမဒူသကဇာတ် ပြီး၏။

***

(၂၆၉) သုဇာတဇာတ်

ကြမ်းတမ်းစွာ ပြောဆိုလေ့ရှိသော မယ်တော်အား တစ်တီတူးငှက်၏ အဆင်းလှသော်လည်း အသံကြမ်းခဲ့သဖြင့် လူတို့ မနှစ်သက်အပ်ပုံ စသည်ကို ပမာပြု၍ ဆုံးမအပ်သော သုဇာတာ မယ်တော် မိဖုရားအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆွေမျိုးဂုဏ်တွက် မာနတက်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အနာထပိဏ်သူဌေးကြီး၏ ချွေးမဖြစ်သော သုဇာတာကား ဓနဉ္စယသူဌေးကြီး၏ သမီးဖြစ်၍ ဝိသာခါ၏ ညီမတော်ဖြစ်၏။

ထိုသုဇာတာသည် များစွာသော အခြံအရံဖြင့် အနာထပိဏ် သူဌေးကြီးအိမ်သို့ ရောက်လတ်သော် ငါကား ဆွေကြီး၊ မျိုးကြီး၏ သမီးဖြစ်သည်ဟု မာန်မာန တက်ကြွ၏။ အမျက်ထွက်၏။ ကြမ်းကြုတ်၏။ လင်ဝတ်၊ ယောက္ခမဝတ်ကို ပြုလေ့မရှိ၊ အိမ်သူအိမ်သားတို့ကို ခြိမ်းခြောက်၏။ ရန်တွေ့၏။ ရိုက်ပုတ်ညှဉ်းဆဲ၏။

တစ်နေ့သ၌ မြတ်စွာဘုရားသည် ရဟန်းငါးရာနှင့် ကြွလာ၍ သူဌေးကြီးလည်း မြတ်စွာဘုရားထံ ချဉ်းကပ်ကာ တရားနာမည်ဟု ရှိခိုးနေစဉ် သုဇာတာသည် ကျွန်အမှုလုပ်တို့နှင့် ခိုက်ရန်ဖြစ်လတ်သော် မြတ်စွာဘုရားသည် တရားဟောတော်မူခိုက် ခဏရပ်တန့်ကာ “သူဌေးကြီး ... ဤအသံကား အဘယ်အသံနည်း” ဟု မေး၏။ “အရှင်ဘုရာ ... ချွေးမသုဇာတာ ဖြစ်ပါသည်။ ၎င်းကား လင်ဝတ်၊ ယောက္ခမဝတ်ကို ပြုလေ့မရှိ၊ သဒ္ဓါတရားမရှိ၊ နေ့ညဉ့်မပြတ် ခိုက်ရန်ဖြစ်၍သာနေပါသည်” ဟု လျှောက်လေ၏။

သုဇာတာဆုံးမ မဂ်ဖိုလ်ရ

ထိုအခါ မြတ်စွာဘုရားသည် သုဇာတာကို ခေါ်စေ၍ - “သုဇာတာ ... မယားခုနစ်ယောက်ရှိရာ သည်သည် အဘယ်မယားနည်း” ဟု မေး၏။ “အရှင်ဘုရား ... အကျဉ်းမိန့်တော်မူသည်ကို မသိနိုင်ပါ၊ အကျယ်မိန့်တော်မူပါ” ဟု တောင်းပန်လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် သုဇာတာ -

(၁) လင်ကိုသတ်ဖြတ်ရန် လုံ့လပြုနေသဖြင့် သူသတ်နှင့် တူသောမယား။

(၂) လင်၏ပစ္စည်းကို ခိုးယူသဖြင့် သူခိုးနှင့်တူသောမယား။

(၃) လင်ကို စီမံခန့်ခွဲကာ အနိုင်ကျင့်သဖြင့် အရှင်နှင့် တူသော မယား။

(၄) လင်ကို မိခင်ကဲ့သို့ စောင့်ရှောက်သဖြင့် အမိနှင့်တူသော မယား။

(၅) လင်ကို နှမကဲ့သို့ ရိုသေသဖြင့် နှမနှင့်တူသော မယား။

(၆) လင်ကို အဆွေခင်ပွန်းကဲ့သို့ ချစ်ခင်သဖြင့် အဆွေခင်ပွန်းနှင့်တူသော မယား။

(၇) ကျွန်မကဲ့သို့ လင်၏အလိုသို့ အမြဲလိုက်သဖြင့် ကျွန်မနှင့်တူသော မယား -

ဟူ၍ မယားခုနစ်ယောက်ရှိသည်။ ထိုခုနစ်ယောက်တို့တွင် သူသတ်နှင့်တူသောမယား၊ သူခိုးနှင့်တူသောမယား၊ အရှင်နှင့်တူသောမယားအားဖြင့် မယားသုံးယောက်တို့သည် သေလွန်သောအခါ ငရဲသို့လားရကုန်၏။ ကြွင်းသော မယားလေးယောက်တို့သည် သေလွန်သောအခါ နိမ္မာနရတိနတ်ပြည်သို့ လားရကုန်၏။ ဤသို့ ဟောတော်မူစဉ်လျှင် သုဇာတာသည် သောတာပတ္တဖိုလ်၌ တည်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးလျှင် ဇေတဝန်ကျောင်းတော်သို့ ကြွတော်မူ၏။ ရဟန်းတို့သည် တရားသဘင်ဝယ် သုဇာတာအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... သုဇတာတာကို ယခုအခါ၌သာ တစ်ကြိမ်တည်းသော အဆုံးအမဖြင့် ဆုံးမအပ်သည်မဟုတ်၊ ရှေးအခါ၌လည်း တစ်ကြိမ်တည်းသော အဆုံးအမဖြင့် ဆုံးမခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကြမ်းတမ်းအလေ့ နားမချမ်းမွေ့

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေနေ၍ ဖွားမြင်ပြီးလျှင် အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြား၍ အဖမင်းကြီး လွန်သောအခါ မင်းအဖြစ်သို့ရောက်၍ တရားသဖြင့် မင်းပြုလေ၏။ ထိုမင်း၏ မယ်တော် မိဖုရားကြီးကား ကြမ်းကြုတ်၏။ အမျက်ထွက်တတ်၏။

မင်းကြီးသည် မယ်တော်အား အဆုံးအမပေးရန် သင့်လျော်သောဥပါယ်ကို ရှာကြံကြည့်ရှုလျက်နေ၏။ တစ်နေ့သ၌ ဥယျာဉ်ကစားသွားလတ်သော် မင်းတော်လည်း သားတော်မင်းကြီးနှင့်အတူ လိုက်လေ၏။ ထိုအခါ လမ်းကြား၌ တီတီတွတ်ငှက်သည် ကျယ်လောင်စွာ မြည်လေ၏။ မင်းကြီးပရိသတ်တို့သည် ထိုအသံကိုကြားလျှင် နာကိုပိတ်၍ “ဟယ် ရုန့်ရင်းကြမ်းကြုတ်သော အသံရှိသော ငှက်ယုတ် ... မမြည်လင့်” ဟု ဆိုကြကုန်၏။ ဥယျာဉ်တော်သို့ရောက်၍ လှည့်လည်ကုန်သော ကောင်းစွာပွင့်သော အင်ကြင်ပန်းပင်ဖျား၌ နားလျက် ဥဩငှက်သည် သာယာစွာသောအသံဖြင့် မြည်၏။ မင်းကြီးပရိသတ်တို့သည် ထိုအသံကိုကြားလျှင် အသံဖြင့်ယစ်၍ လက်အုပ်ချီပြီးလျှင် “အို - သိမ်မွေ့နူးညံ့သော အသံရှိသော ငှက်မြတ် ... မြည်ပါဦးလော့” ဟု တောင်းပန်ကာ လည်ကိုမော့၍ ကြည့်လျက် နားထောင်ကြကုန်၏။

နှုတ်ချိုသိမ်မွေ့ ချီးမွမ်းလေ့

ထိုအခါ မင်းကြီးသည် ထိုအကြောင်းနှစ်ပါးကို မြင်လတ်သော် မယ်တော်အား အဆုံးအမပေးခြင်းငှာ သင့်လျော်သော ဥပါယ်ကိုရပေပြီဟု ကြံစည်ကာ -

“မိခင် ... အဆင်းနှင့်ပြည့်စုံ၍ သာယာသောအသံ၊ ချစ်ဖွယ်သောအသံ ဖြစ်စေကာမူ ရုန့်ရင်ကြမ်းကြုတ်သောစကားကို ပစ္စုပ္ပန် တမလွန်လောကမှာပင် မချစ်မနှစ်သက်အပ်ပါ”။

“မိခင် ... မည်းနက်၍ အဆင်းမလှ မှဲ့မည်းစွဲနေသော ဥဩငှက်ကို သိမ်မွေ့နူးညံ့သော စကားကြောင့် လူများစွာတို့ ချစ်နှစ်သက်အပ်သည် မဟုတ်ပါလော၊ ထိုကြောင့် သိမ်မွေ့နူးညံ့စွာ ပညာဖြင့် မပျံ့လွင့် ဆိုလေ့ရှိသော သူစကားသည် အနက်ပါဠိ အကျိုးအကြောင်း ကိုပြ၏။ ချိုမြိန်ကောင်းမြတ်လှ၏” –

ဟု တရားဟော၍ မယ်တော်အား သိစေ၏။ ထိုနောက် မင်းကြီးသည် “မိခင် ... ရုန့်ရင်းကြမ်းကြုတ်သော အသံရှိသော တီတီတွတ်ငှက်ကို လူတို့မချစ်မနှစ်သက်ပါ၊ သိမ်မွေ့နူးညံ့သောအသံရှိသော ဥဩငှက်ကို လူတို့ချစ်ခင်နှစ်သက် ကြပါသည်။ ဤအကြောင်းနှစ်ပါးကို ရှုကြည့်စဉ်းစားတော်မူပါ” ဟု မယ်တော်အား သိစေ၏။ ထိုအခါမှစ၍ မယ်တော်သည် သိမ်မွေ့နူးညံ့ကာ အကျင့်သီလနှင့် ပြည့်စုံလေ၏။

မင်းကြီးသည် မယ်တော်ကို တစ်ကြိမ်တည်းသော အဆုံး အမဖြင့်သာလျှင် မာန်မာနရှိအောင် ပြုတော်မူ၍ သေလွန်သည်၏အဆုံး၌ ကံအားလျော်စွာ လားရ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မယ်တော်မိဖုရားသည် - ယခုအခါ သုဇာတာ။

ဗာရာဏသီမင်းသားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သူသတ်,ခိုးသူ၊ အရှင်တူ၊ မိတူနှမသာ။

(၂) အဆွေတူငြား၊ ကျွန်တူငြား၊ မယားခုနစ်ဖြာ။

(၃) ရှေ့သုံးငရဲ၊ နောက်လေးတွဲ၊ ရောက်မြဲနတ်နိမ္မာ။

(၄) ကြမ်းကြုတ်စကား၊ လွှအလား၊ အများမုန်းတီးရာ။

(၅) နူးညံ့စကား၊ သကာလား၊ အများချစ်ခင်ရာ။

သုဇာတဇာတ် ပြီး၏။

***

(၂၇၀) ဥလူကဇာတ်

ငှက်အပေါင်းတို့ ခင်ပုပ်ငှက်အား မင်းမြှောက်ကြရာတွင် ကျီးက ကန့်ကွက်သဖြင့် ဟင်္သာမင်းကို မင်းမြှောက်လိုက်ကြရာ ကျီးနှင့်ခင်ပုပ် ရန်သူဖြစ်ရခြင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကျီးခင်ပုပ်ကြောင်းများ ဘုရားလျှောက်ထား

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကျီးတို့သည် နေ့အခါ ခင်ပုပ်တို့ကို ထိုးဆိတ်ကြကုန်၏။ ခင်ပုပ်တို့လည်း နေဝင်သောအခါမှစ၍ ညအခါ ထိုထိုအရပ်၌ အိပ်ကုန်သော ကျီးတို့ ဦးခေါင်းတို့ကို ဖြတ်ကြကုန်၏။

ထိုအခါ ဇေတဝန်ကျောင်းတော်၏ အစွန်းဝယ် ပရိဝုဏ်တစ်ခုတွင်နေသော ရဟန်းတစ်ပါးသည် တံမြက်လှည်းသောအခါ သစ်ပင်မှကျကာ သွေးအလိမ်းလိမ်း ကပ်လျက် ခုနစ်ကွမ်းစားမျှသော ကျီးဦးခေါင်းတို့ကို စွန့်ပစ်ရကုန်၏။ ထိုရဟန်းသည် ထိုအကြောင်းကို ရဟန်းတို့အား လျှောက်၏။

ရဟန်းတို့သည် တရားဘသင်ဝယ် ကျီး ခင်ပုပ်တို့ကို အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ယခုအခါ၌သည် ကျီး ခင်ပုပ်တို့သည် အချင်းချင်း ခိုက်ရန်ဖြစ်ကြသည်မဟုတ်၊ ရှေးအခါ ကမ္ဘာဦးကစ၍ အချင်းချင်း ခိုက်ရန်ပြုကြဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မင်းမြှောက်လေကြ ကမ္ဘာဦးစ

လွန်လေပြီးသောအခါ ကမ္ဘာဦးအခါ လူတို့သည် အဆင်းအင်္ဂါ လက္ခဏာ အကျင့်သီလနှင့် ပြည့်စုံသော ယောကျာ်းမြတ်ကို မင်းမြှောက်ကြကုန်၏။ အခြေလေးချောင်းရှိ သတ္တဝါတို့လည်း စည်းဝေးတိုင်ပင်ကာ ခြင်္သေ့ကို မင်းမြှောက်ကြကုန်၏။ ငါးတို့လည်း စည်းဝေးတိုင်ပင်ကာ (အာနန္ဒာငါးကြီး) ကို မင်းမြှောက်ကြကုန်၏။ ။ [မင်းအုပ်စိုးခြင်းကား ကမ္ဘာဦးကပင် ရှိခဲ့ကြောင်း ထင်ရှားသည်။]

ထိုအခါ အခြေနှစ်ချောင်းရှိ ငှက်သတ္တဝါ အပေါင်းတို့သည် စည်းဝေးတိုင်ပင်ကြလျက် အဆွေတို့ ... လူတို့မှာလည်းကောင်း၊ အခြေလေးချောင်းရှိ သတ္တဝါတို့မှာလည်းကောင်း၊ ငါးတို့မှာလည်းကောင်း မင်းရှိကြပေပြီ၊ ငါတို့မှာကား မင်းမရှိကုန်သေး၊ ရိုသေတုပ်ဝပ်ခြင်းမရှိသော နေခြင်းမည်သည်ကား မသင့်လျော်၊ သို့အတွက် မင်းမြှောက်သင့်သော ငှက်တစ်ကောင်ကို ကြည့်ရှုရှာဖွေကြရန် တိုင်ပင်ကြကုန်၏။

ငှက်တို့သည် စည်းဝေးရောက်လာကြသော ငှက်တို့တွင် ရှာဖွေလတ်သော် ခင်ပုပ်ငှက်ကို မြင်လျှင် ဤခင်ပုပ်ငှက်ကို မင်းမြှောက်ရန် နှစ်သက်သည်ဟု ဆိုကြကုန်၏။ ထိုအခါ ခင်ပုပ်ငှက်သည် အလုံးစုံသောငှက်တို့၏ အလိုဆန္ဒကို ယူလိုသဖြင့် (မင်းမြှောက်ရန် မိမိကို နှစ်သက်ကြောင်း) သုံးကြိမ်တိုင်အောင် ကြွေးကြော်လေ၏။

ခင်ပုပ်မင်းတွက် ကျီးကန့်ကွက်

ကျီးတစ်ကောင်သည် နှစ်ကြိမ် ကြွေးကြော်စဉ် အောင့်အည်းသည်းခံ၍နေကာ သုံးကြိမ် ကြွေးကြော်သောအခါ ထ၍ - ငှက်အပေါင်းတို့အား -

“အချင်း ... အလုံးစုံ ဆွေမျိုးဖြစ်ကြသော ငှက်အပေါင်းတို့က ခင်ပုပ်ငှက်အား မင်းမြှောက်ခြင်းကို ပြုလိုကြသတဲ့၊ အကယ်၍ ခင်ပုပ်ငှက်အား မင်းမြှောက်ခွင့်ပြုကြမည်ဖြစ်ပါမူ - အကျွန်ုပ်စကားတစ်ခွန်း ပြောလိုပါ၏” –

ဟု ခွင့်တောင်းလေ၏။ ထိုအခါ ငှက်အပေါင်းတို့သည် ကျီးအား -

“အဆွေကျီး .. ငါတို့ ခွင့်ပြုကြပါတယ်၊ သင်သည် စင်စစ်အကျိုးအကြောင်းနှင့်စပ်သော စကားကို ပြောပါ၊ အမှန်မှာ - ငယ်သော်လည်း ပညာရှိ၍ ပညာဖြင့် ထွးန်ပနိုင်သော ငှက်များ ရှိကြပါကုန်၏” –

ဟု ပြောဆို ခွင့်ပြုကြလေ၏။ ကျီးသည် ပြောဆိုခွင့်ရလတ်သော်၊ ငှက်အပေါင်းတို့အား -

“အချင်းတို့ ... နားထောင်ကြပါ၊ အကျွန်ုပ်သည် ဤမည်သော ခင်ပုပ်ငှက်အား အဘိသိက်သွန်း၍ မင်းမြှောက်ခြင်းကို မနှစ်သက်နိုင်ပါ၊ အကြောင်းမူကား - အမျက်မထွက်သေးသော ခင်ပုပ်ငှက်၏ မျက်နှာကို ကြည့်ရှုကြပါလော့၊ အမျက်ထွက်သော်ကား မည်မျှလောက်ဆိုးဝါးမည်နည်း” –

ဟု ပြောဆိုကာ “ငါတို့မနှစ်သက် - ငါတို့မနှစ်သက်” ဟု မြည်၍ ကောင်းကင်သို့ ပျံလေ၏။

ခင်ပုပ်ငှက်လည်း ငါ့အား မင်းမြှောက်ကြမည်ကို သက်သက်နှောင့်ယှက်သည်ဟု အမျက်ပြင်းစွာထွက်လျက် ထိုကျီးကို ထ၍လိုက်လေ၏။ ထိုအခါမှစ၍ ကျီးနှင့်ခင်ပုတ်တို့သည် အချင်းချင်း ရန်ငြိုးဖွဲ့ကြကုန်၏။

ထိုအခါ ငှက်အပေါင်းတို့သည် ကျီးကန့်ကွက်သည့်အတွက် ခင်ပုပ်ငှက်ကို မင်းမြှောက်ရန် အစီအစဉ်ကို ဖျက်သိမ်းကာ ရွှေဟင်္သာကို မင်းမြှောက်ကြကုန်၏။

ဤဒေသနာတော်ကို ဆောင်တော်မူပြီးလျှင် သစ္စာကိုပြသည်၏ အဆုံး၌ များစွာသော ရဟန်းတို့သည် သောတာပတ္တိဖိုလ် အစရှိသည်တို့၌ တည်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းမြှောက်သော ဟင်္သာငယ်သည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကျီး, ခင်ပုပ်မှာ၊ ရန်ငြိုးပါ၊ ကမ္ဘာဦးကပင်။

(၂) ခင်ပုပ်နှစ်သက်၊ မင်းမြှောက်ချက်၊ ကန့်ကွက်သောကြောင့်ပင်။

ဥလူကဇာတ် ပြီး၏။

***

(၂၇၁) ဥဒပါနဒူသကဇာတ်

ရသေ့အများတို့ သုံးဆောင်နေသော ရေတွင်းထဲသို့ မစင်စွန့်ချ ဖျက်ဆီးသော မြေခွေးမိုက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သောက်ရေအတွင်း ကျင်ကြီးသွင်း

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မြေခွေးတစ်ကောင်သည် ရဟန်းသံဃာတို့ သောက်ရေတွင်းကို ကျင်ကြီးကျင်ငယ်စွန့်ကာ ဖျက်ဆီးလျက်သွားလေ၏။

တစ်နေ့သ၌ ရေတွင်းအနီးသို့ ရောက်လာသော မြေခွေးကို သာမဏေငယ်တို့သည် အုတ်ခဲတို့ဖြင့် ပစ်ခတ်ကာ ပင်ပန်းဆင်းရဲစေကုန်၏။ မြေခွေးသည် ထိုအခါမှစ၍ ထိုအရပ်ကို ပြန်၍မကြည့်ဝံ့ချေ။

ရဟန်းတို့သည် တရားသဘင်ဝယ် ထိုမြေခွေးအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်း သိတော်မူလျှင် “ရဟန်းတို့ ... ထိုမြေခွေးသည် ယခုအခါ၌သာ ဖျက်ဆီးသည်မဟုတ်၊ ရှေးအခါ၌လည်း ဖျက်ဆီးဖူးပြီ ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ယုတ်မာမြေခွေး ဖမ်းဆီးမေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဣသိပတနမည်သောအရပ်၌ ရေတွင်းတစ်ခု ရှိလေ၏။ ထိုအခါ ဘုရားအလောင်းသည် ဗာရာဏသီပြည် အမျိုးတစ်မျိုးအိမ်၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ရသေ့၊ ရဟန်းပြု၍ ရသေ့အပေါင်း ခြံရံလျက် ထိုဣသိပတနအရပ်၌ နေလေ၏။

ထိုအခါ မြေခွေးတစ်ကောင်သည် ရေတွင်းကို ကျင်ကြီး၊ ကျင်ငယ်စွန့်ကာ ဖျက်ဆီး၍သွားလေ၏။ တစ်နေ့သ၌ ရသေ့တို့သည် ထိုမြေခွေးကို ဝိုင်းဝန်းဖမ်းဆီးတားကာ ဥပါယ်တံမျဉ်ဖြင့် ဖမ်းဆီးပြီးလျှင် ဆရာရသေ့ကြီးထံ ဆောင်ခဲ့ကြကုန်၏။ ရသေ့ကြီးသည် ထိုမြေခွေးအား -

“ဟယ် - မြေခွေး ... တော၌နေ၍ ကြာရှည်စွာ ခြိုးခြံသော အကျင့်ရှိကုန်သော ရသေ့တို့သည် ငြိုငြင်ပင်ပန်းစွာ တူးဖော်ထားအပ်သော ရေတွင်းကို အဘယ်ကြောင့် ကျင်ကြီး၊ ကျင်ငယ်စွန့်၍ ဖျက်ဆီးဘိသနည်း” ဟု မေးလေ၏။

“အချင်းရသေ့ - ငါတို့သည် ရေသောက်ပြီးလျှင် ရေတွင်းကို ကျင်ကြီး၊ ကျင်ငယ်စွန့်ခြင်းကား မြေခွေးတို့၏သဘော အကျင့်ဖြစ်၏။ အဖ၊ အဘိုးတို့ သဘောအကျင့်ဖြစ်၏။ အဖ၊ အဘိုးတို့မှာ လာသော ထိုသဘောအကျင့်ကို စွန့်ခြင်းငှာမထိုက်ပေ”

ဟု ပြန်၍ပြောကြားလေ၏။

ယုတ်မာသူပင် ဝေးစွနှင်

ထိုအခါ ရသေ့သည် မြေခွေးအား -

“ဟယ် မြေခွေး ... ရေတွင်းကို ကျင်ကြီး၊ ကျင်ငယ် စွန့်ခြင်းသည် သင်တို့ သဘောအကျင့်ဖြစ်ခဲ့မူ၊ သဘောအကျင့်မဟုတ်သော အရာကား အဘယ်နည်း။ သင်တို့ သဘောအကျင့်ကို လည်းကောင်း၊ သဘောအကျင့်မဟုတ်သော အရာကို လည်းကောင်း - ငါတို့ကား တစ်ရံတစ်ဆစ်မျှ မကျင့်ကုန်” –

ဟု အဆုံးအမပေး၍ ဤအရပ်သို့ တစ်ဖန် မလာလင့် ပြောဆိုလတ်သော် ထိုမြေခွေးသည် ထိုအခါမှစ၍ တစ်ဖန်ပြန်၍ မကြည့်တော့ချေ။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြေခွေးသည် - ယခုအခါ မြေခွေး။

ဆရာရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရေတွင်းဖျက်ရေး၊ စွန့်ချေးသေး၊ မြေခွေးသဘောပေ။

(၂) ခြေလေးချောင်းတွင်၊ မြေခွေးလျှင်၊ တမင်ယုတ်မာလေ။

ဥဒပါနဒူသကဇာတ် ပြီး၏။

***

(၂၇၂) ဗျဂ္ဃဇာတ်

ခြင်္သေ့နှင့် ကျားရှိ၍ လူအများ တောအုပ်ကို မဖျက်ဆီးဝံ့ရှိစဉ် ရုက္ခစိုးနတ်သည် ခြင်္သေ့နှင့် ကျားတို့ကို နှင်ထုတ်မိသဖြင့် တောအုပ်ဖျက်ဆီးခြင်း ရောက်ရသော ရုက္ခစိုးမိုက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကောကာလိက ပင့်မ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောကာလိကသည် ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ကို ပင့်ဆောင်၍သွားမည်ဟု ကောကာလိကတိုင်းမှ ဇေတဝန်ကျောင်းတော်သို့သွားပြီးလျှင် မြတ်စွာဘုရားကိုရှိခိုး၍ မထေရ်နှစ်ပါးသို့ကပ်လျက် “အရှင်တို့ ... ကောကာလိက တိုင်းသားတို့သည် အရှင်တို့ကို ပင့်ခေါ်ပါကုန်၏။ သို့အတွက် မိမိနှင့်လိုက်ပါရန်” ပင့်လျှောက်ရာ မထေရ်တို့ မလိုက်ကြသဖြင့် မိမိချည်းသာ သွားရလေ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... ကောကာလိကသည် ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့နှင့် အတူနေခြင်းငှာလည်း မတတ်နိုင်၊ ကင်း၍နေခြင်းငှာလည်း မတတ်နိုင်၊ တကွဖြစ်ခြင်းကိုလည်း သည်းမခံနိုင်” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူလျှင် သိတော်မူ၍ “ရဟန်းတို့ ... ကောကာလိကသည် ယခုအခါ၌သာ သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့နှင့် အတူနေခြင်းငှာ လည်းကောင်း၊ ကင်း၍နေခြင်းငှာ လည်းကောင်း မတတ်နိုင်သည် မဟုတ်၊ ရှေးအခါ၌လည်း မတတ်နိုင်သည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

[ကောကာလိကဝတ္ထုသည် တေရသကနိပါတ် တက္ကာရိယဇာတ်၌ ထင်စွာဖြစ်လတ္တံ့။]

အတိတ်ဝတ္ထု

ခြင်္သေ့ရန်ပြု တောတစ်ခု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် တော်တစ်ခု၌ ရုက္ခစိုးနတ် ဖြစ်လေ၏။ ထိုရုက္ခစိုးနတ်၏ ဗိမာန်အနီးဖြစ်သော တောစိုးသစ်ပင်ဝယ် တစ်ပါးသော ရုက္ခစိုးနတ်သည် နေ၏။ ထိုတောအုပ်၌ ခြင်္သေ့နှင့်ကျားတို့သည်လည်း နေကြကုန်၏။ ထိုခြေင်္သေ့နှင့်ကျားတို့မှ ကြောက်ခြင်းကြောင့် တစ်စုံတစ်ယောက်သောသူမျှ ထိုတော်အုပ်၌ လယ်မထွန်ဝံ့၊ သစ်ပင်မခုတ်ဝံ့၊ ပြန်၍ကြည့်ဝံ့သူမည်သည် မရှိလေ။

ထိုခြင်္သေ့နှင့်ကျားတို့သည် နေ့စဉ် သားတိရစ္ဆာန်တို့ သတ်၍စားပြီးလျှင် စားကြွင်းတို့ကို ထိုတော်အုပ်၌ စွန့်ထား၍ သွားကြကုန်၏။ ထိုစားကြွင်းဖြစ်သော အသားတို့သည် ပုပ်သိုးကုန်လတ်သော် တောအုပ်တစ်ခုလုံး အပုပ်နံ့ဖြင့် လှိုင်ကုန်၏။

ဆုံးမစကား မနာကြား

ထိုအခါ တောစိုးပင်စောင့် ရုက္ခစိုးသည် အကြောင်းသင့်သည် မသင့်သည်ကိုမသိ၊ အလွန်မိုက်သည်ဖြစ်၍ တစ်နေ့သ၌ ရုက္ခစိုးပညာရှိထံကပ်၍ “အဆွေ ... ခြင်္သေ့နှင့်ကျားတို့ကိုမှီ၍ ဤတောအုပ်၌ မစင်ကြယ်သော အပုပ်နံ့သည် လှိုင်၏။ ထိုခြင်္သေ့နှင့် ကျားတို့ကို အကျွန်ုပ် ပြေးစေပါအံ့” ဟု ပြောဆိုလေ၏။ ပညာရှိ ရုက္ခစိုးသည် “အဆွေ ... ဤခြင်္သေ့နှင့်ကျားတို့ကို အမှီပြု၍ ငါတို့ဗိမာန်သည် မပျက်မစီးတည်တံ့နိုင်သည်။ ခြင်္သေ့နှင့်ကျားတို့ ပြေးသွားကုန်သည် ရှိသော် ငါတို့ဗိမာန်သည် ပျက်စီးလတ္တံ့၊ လူတို့သည် ခြင်္သေ့နှင့်ကျားတို့ကို မမြင်ကြသည်ရှိသော် တောအုပ်အလုံးစုံကိ ခုတ်ထွက်ကာ ညီညွတ်အောင်ပြုပြီးလျှင် လယ်ထွန်ကြကုန်လတ္တံ့၊ သင်သည် ခြင်္သေ့နှင့်ကျားတို့ ပြေးခြင်းကို မနှစ်သက်လင့်” ဟု အကျိုးအကြောင်းပြကာ တားမြစ်ပြီးလျှင် - ထိုရုက္ခစိုးမိုက်အား -

“အဆွေ ... ပေါင်းဖော်ဆက်ဆံရသောကြောင့် ကိုယ်စိတ်ချမ်းသာစွာ နေရသော အဆွေခင်ပွန်းသည် ရှေးအဖို့၌ နှိပ်စက်အပ်သော်လည်း ပညာရှိသည် မျက်စိကဲ့သို့ စောင့်ရှောက်ရာ၏ –

အဆွေ ... ပေါင်းဖော်ဆက်ဆံရသောကြောင့် ကိုယ်စိတ်ချမ်းသာခြင်းသည် တိုးပွားသော အဆွေခင်ပွန်း၏ အမှုကိစ္စအလုံးစုံတို့၌ ပညာရှိသည် မိမိ၏အမှုကိစ္စကဲ့သို့ ပြုလုပ်ရာ၏” ဟု -

ပြောဆိုဆုံးမသော်လည်း မနာယူဘဲ ထိုရုက္ခစိုးမိုက်သည် တစ်နေ့သ၌ ကြောက်မက်ဖွယ်သော အာရုံကိုပြကာ ခြောက်လှန့်လျက် ခြင်္သေ့နှင့်ကျားတို့ကို ပြေးစေ၏။ လူတို့လည်း ခြင်္သေ့နှင့်ကျားတို့ကိုမမြင်လျှင် ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိကုန်ဘဲ တောအုပ်နံပါးတစ်ဖက်ကို ဖျက်ဆီးကုန်၏။

ဆုံးမ မနှစ်သက် ဗိမာန်ပျက်

ရုက္ခစိုးမိုက်သည် ရုက္ခစိုးပညာရှိသို့ ချည်းကပ်၍ “အဆွေ ... အကျွန်ုပ်သည် အဆွေစကားကို မနာယူဘဲ ခြင်္သေ့နှင့်ကျားတို့ကို ပြေးစေသဖြင့် လူတို့သည် တောအုပ်ကို ဖျက်ဆီးကြကုန်၏။ ယခုအခါ အဘယ်သို့ပြုရအံ့နည်း” ဟု မေးလေ၏။ ထိုအခါ ရုက္ခစိုးပညာရှိသည် “အဆွေ ... သင်သည် ထိုခြင်္သေ့နှင့်ကျားတို့နေသော တောသို့သွား၍ ခြင်္သေ့နှင့်ကျားတို့ကို ပင့်ဆောင်ချေလော့” ဟု စေခိုင်းလေ၏။ ရုက္ခစိုးမိုက်လည်း ထိုတောသို့သွား၍ ခြင်္သေ့နှင့်ကျားတို့ရှေ့မှ လက်အုပ်ချီကာ -

“အို - ခြင်္သေ့နှင့်ကျားတို့ ... အသင်တို့သည် ပြန်လာကြပါကုန်လော၊ တောအုပ်သို့ တစ်ဖန်ပြန်ခဲ့ကြပါဦးလော၊ ခြင်္သေ့နှင့်ကျားမရှိသော တောအုပ်ကို မဖျက်ဆီးစေပါလင့်၊ ခြင်္သေ့နှင့်ကျားတို့သည် တောအုပ်မှ ကင်းကွာခြင်း မဖြစ်ပါစေကုန်လင့်” –

ဟု ခယ တောင်းပန်လေ၏။ ထိုအခါ ခြင်္သေ့နှင့်ကျားတို့သည် တောင်းပန်လာသော ရုက္ခစိုးမိုက်အား - “သင် သွားလော့၊ ငါတို့ ပြန်မလာကုန်” ဟု ပယ်လိုက်ကုန်၏။ ရုက္ခစိုးမိုက်လည်း ခြင်္သေ့နှင့် ကျားတို့ကို ပင့်ဆောင်၍ မရတော့ဘဲ တစ်ယောက်တည်းသာ တောအုပ်မှ ပြန်လာရ၏။ လူတို့လည်း တစ်ရက်၊ နှစ်ရက်ဖြင့် တောအုပ်အလုံးစုံကို ခုတ်ဖြတ်ပြီးလျှင် လယ်ယာလုပ်ရန် ထွက်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရုက္ခစိုးမိုက်သည် - ယခုအခါ ကောကာလိက။

ခြင်္သေ့သည် - သာရိပုတ္တရာ။

ကျားသည် - မောဂ္ဂလာန်။

ရုက္ခစိုးပညာရှိသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကိုယ်စိတ်ချမ်းသာ၊ ပေါင်းဖော်ရာ၊ ဆွေလျှာခင်ပွန်းပေ။

(၂) နှိပ်စက်သော်လည်း၊ ပညာသည်း၊ သည်းခံစောင့်ရှောက်လေ။

(၃) ခင်ပွန်းကိစ္စ၊ ဆောင်ရွက်က၊ ထပ်မျှကိုယ့်ကိစ္စေ။

ဗျဂ္ဃဇာတ် ပြီး၏။

***

(၂၇၃) ကစ္ဆပဇာတ်

လျစ်လျူရှု၍ သည်းခံနေသော ရသေ့အား ပြစ်မှားသော်လည်း ဆင်းရဲမခံရ၍ တိုးတက်ကာ လိပ်၏ခံတွင်း အင်္ဂါဇာတ်သွင်းမိ၍ ဆင်းရဲဒုက္ခ ခံစားရသော မျောက်ယုတ်မာအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ခိုက်ရန်ငြိမ်းမှု အကြောင်းပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီး၏ အမတ်ကြီးနှင့်ယောက်တို့ ခိုက်ရန်ငြိမ်းခြင်းကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသည်း။ [ပစ္စုပ္ပန်ဝတ္ထုကို ဒုကနိပါတ်၌ ဆိုအပ်ခဲ့ပြီ။]

အတိတ်ဝတ္ထု

ရသေ့နှောင့်ယှက် မျောက်မိုက်ပျက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာတို့ကို သင်ကြားပြီးလျှင် ကာမဂုဏ်တို့ကို စွန့်ပယ်၍ ရသေ့ရဟန်းပြုကာ ဟိမဝန္တာအရပ်ဝယ် ဂင်္ဂါမြစ်နား၌ ကျောင်းသင်္ခမ်း ဆောက်လုပ်၍ အဘိညာဉ်သမာပတ်ကို ဖြစ်စေလျက် စျာန်ကစားကာ နေလေ၏။ [ဤဇာတ်တော်၌ကား ဘုရားအလောင်းသည် အလွန်အကျူး လျစ်လျူရှုကာ ဥပေက္ခာ ပါရမီကို ဖြည့်တော်မူသတတ်။]

ထိုရသေ့သည် ကျောင်းတံခါး၌နေစဉ် သီလမရှိ ပြစ်မှားတတ်သော မျောက်တစ်ကောင်သည် လာလတ်၍ ရသေ့၏ နားပေါက်တို့၌ အင်္ဂါဇာတ်ကို သွင်း၏။ ရသေ့လည်း မတားမြစ်ဘဲ လျစ်လျူရှု၍သာနေ၏။

တစ်နေ့သ၌ လိပ်တစ်ကောင်သည် ရေငတ်သည်ဖြစ်၍ ဂင်္ဂါဖြစ်နား၌ ခံတွင်းကိုဖွင့်ကာ နေပူခံ၍ အိပ်၏။ ထိုလိပ်ကိုမြင်လျှင် လျှပ်ပေါ်သော မျောက်ပျက်သည် လာလတ်၍ လိပ်၏ခံတွင်း၌ ဂင်္ဂါဇာတ်ကို သွင်းပြန်၏။ ထိုအခါ လိပ်သည် အိပ်သည်ရာမှနိုး၍ သိလတ်သော် မျောက်ပျက်၏ အင်္ဂါဇာတ်ကို ကြုတ်၌ထည့်သည်အလား ကိုက်ခဲ၍ထားလေ၏။ မျောက်အား အလွန်နာကျင်လျက် ပြင်းစွာသော ဝေဒနာကို ရလေ၏။

လိပ်ကိုဆော့လှ မျောက်ဒုက္ခ

မျောက်လည်း ဆင်းရဲဝေဒနာကို သည်းမခံနိုင်သဖြင့် ဤဆင်းရဲဒေဝနာမှလွတ်ရန် ဘယ်သူ ကယ်နိုင်ပါမည်နည်းဟု စဉ်းစားဆင်ခြင်လ်သော် ရသေ့ကိုထား၍ တစ်ပါးသောသူ မရှိ၊ ရသေ့သာလျှင် ငါ၏ကိုးကွယ်ရာ ဖြစ်တော့သည်။ ရသေ့ထံသွားခြင်းငှာသင့်၏ဟု သပိတ်ကိုပိုက်သည်အလား လက်နှစ်ဖက်တို့ဖြင့် လိပ်ကို ပွေ့ပိုက်ကာ ရသေ့ထံ သွားလေ၏။ ရသေ့လည်း မျောက်ပျက် လာသည်ကိုမြင်လျှင် ပြက်ရယ်ပြုလိုသဖြင့် -

“အဆွေ ... တန်ဆောင်မုန်းလအခါ ပရိတ်ရွတ်ရာမှ ဆွမ်းရခဲ့သဖြင့် ပြည့်သော လက်ရှိသော ပုဏ္ဏားကဲ့သို့ ဆွမ်းပြည့်သောသပိတ်ကို ပွေ့ပိုက်၍ လာသူကား အဘယ်သူနည်း၊ သင်အဘယ်အရပ်၌ ဆွမ်းခံချေသနည်း၊ သဒ္ဓါတရားနှင့်ပြည့်စုံသော ဘယ်အမျိုးသို့ ကပ်ချေသနည်း” –

ဟု ပြောဆိုမေးပြန်လေ၏။ ရသေ့၏ စကားကိုကြား၍ သီလမရှိသော မျောက်ပျက်သည် ရသေ့အား -

“အရှင်ဘုရာ ... အကျွန်ုပ်ကား - ပညာမရှိသော မျောက်ပျက် ဖြစ်ပါ၏။ အကျွန်ုပ်ကား မပေါင်းဖော် အပ်သောအရာကို ပေါင်းဖော်မိပါ၏။ အရှင်ဘုရားသည် အကျွန်ုပ်ကို လွှတ်ပါစေလော၊ လွှတ်သည်ရှိသော် အကျွန်ုပ်သည် တော်ပေါ်သို့ သွားပါအံ့” –

ဟု တောင်းပန် လျှောက်ထားလေ၏။ ရသေ့လည်း မျောက်မိုက်ကို သနားလှသဖြင့် လိပ်အား -

“အဆွေလိပ် ... လိပ်တို့သည် ကဿပအနွယ်ဖြစ်ကုန်၏။ မျောက်တို့သည် ကောဏ္ဍညအနွယ် ဖြစ်ကုန်၏။ ထိုကြောင့် ... ကဿပအနွယ် ဖြစ်သော အဆွေလိပ်သည် သင်အား မေထုန်အမှုကို ပြုကျင့်သော ကောဏ္ဍညအနွယ် ဖြစ်သော မျောက်ကို လွှတ်လိုက်ပါ” –

ဟု ပရိယာယ်ဖြင့် ဖျောင်းဖျပြောဆိုလေ၏။ ထိုအခါ လိပ်သည် ရသေ့စကားကိုကြားလျှင် အကြောင်းအားဖြင့် ပြောဆိုဆုံးမသည်ကို အလွန်ကြည်ညိုရကား မျောက်၏ အင်္ဂါဇာတ်ကို လွှတ်လိုက်၏။ မျောက်မိုက်လည်း လွတ်လျှင်လွတ်ချင်း ရသေ့ကိုရှိခိုး၍ ပြေးလေ၏။ တစ်ဖန် ထိုအရပ်ကို ပြန်၍မကြည့်ဝံ့ချေ၊ လိပ်လည်း ရသေ့ကိုရှိခိုး၍ မိမိနေရာသို့ သွားလေ၏။ ရသေ့လည်း စျာန်မှ မယုတ်သဖြင့် သေလွန်သောအခါ ဗြဟ္မာပြည်သို့လားရ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မျောက်နှင့်လိပ်တို့သည် - ယခုအခါ အမတ်ကြီး နှစ်ယောက်တို့။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရာမဟုတ်ဘဲ၊ မေထုန်ကဲ၊ မှီဝဲမပြုရာ။

(၂) လိပ်ပါးစပ်ထဲ၊ မျောက်မှီဝဲ၊ ခဲ၍ကိုက်သည်သာ။

(၃) ရသေ့ဆုံးမ၊ လိပ်လွှတ်မှ၊ ဇီဝမျောက်ချမ်းသာ။

ကစ္ဆပဇာတ် ပြီး၏။

***

(၂၇၄) လောလဇာတ်

သူတော်ယောင်ဆောင်လျက် ခိုနှင့်ပေါင်း၍ စားဖိုအိပ်ဝင်ကာ ခိုးစားမိသဖြင့် တစ်ကိုယ်လုံး အမွေးနုတ်ခံရ၍ သေပွဲဝင်ရသော ကျီးမိုက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လျှပ်ပေါ်မှု အကြောင်းပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် လျှပ်ပေါ်လော်လည်သော အကျင့်ရှိ၏။

ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံသို့ ဆောင်ယူလာကြရာ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်း ... သင်သည် ယခုအခါ၌သာ လျှပ်ပေါ်လော်လည်သည်မဟုတ်၊ ရှေးအခါ၌လည်း လျှပ်ပေါ်လော်လည်သည်သာလျှင်တည်း၊ လျှပ်ပေါ်လော်လည်သည့် အဖြစ်ကြောင့် အသက်ကုန်ခြင်းသို့ရောက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လျှပ်ပေါ်ကျီးမိုက် ခိုနောက်လိုက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဗာရာဏသီသူဌေး၏ စားဖိုအိမ်၌ စားဖိုသည် တစ်ယောက်သည် ကုသိုလ်ကောင်းမှုအကျိုးငှာ ခိုတို့နေရာ အသိုက်တောင်းတစ်လုံးကိုထား၏။ ထိုအခါ ဘုရားအလောင်းသည် ခိုမျိုး၌ဖြစ်၍ ထိုတောင်းတွင် အသိုက်ပြုကာ နေ၏။

လျှပ်ပေါ်သော ကျီးတစ်ကောင်သည် စားဖိုအိမ်အထက်ဖြင့် ပျံသည်ရှိသော် အထူးထူး အပြားပြားရှိသော ငါး၊ အမဲ ဘောဇဉ်တို့ကိုမြင်လျှင် အလွန်စားလိုခြင်း တဏှာဖြစ်ရကား အဘယ်သူကိုအမှီပြု၍ စားဖွင့်ကို ရနိုင်မည်နည်း ကြံစည်လတ်သော် စားဖိုအိမ်၌နေသော ခိုပညာရှိကိုမြင်လျှင် ဤခိုကို အမှီပြု၍နေလျှင် စားခွင်ကို ရနိုင်မည်ဟု ခိုပညာရှိတောသို့ အစာရှားသွားသောအခါ အဆွေခင်ပွန်းဖွဲ့ရန် နောက်မှလိုက် လေ၏။

ထိုအခါ ခိုပညာရှိသည် လိုက်လာသောကျီးကို မြင်လျှင် “အဆွေကျီး ... သင့်နှင့်ကျွန်ုပ်ကား စားသော အစာချင်းမတူ၊ သင်က တစ်မျိုး၊ အကျွန်ုပ်က တစ်မျိုး၊ သို့ပါလျက် အဘယ်ကြောင့် နောက်မှလိုက်လာသနည်း” ဟု ဆို၏။ “အရှင် ... အရှင်တို့ အမူအရာကို အလွန်နှစ်သက်ပါသည်၊ အကျွန်ုပ်သည် အရှင်တို့စားသော အစာမျိုးကိုစားကာ အရှင်တို့ကို လုပ်ကျွေးလိုသောကြောင့် နောက်မှလိုက်လာပါသည်” ဟု ပြောဆိုတောင်းပန်၍ ခိုပညာရှိနှင့်အတူ ကျက်စားဘိသကဲ့သို့ မြေသို့သက်လေ၏။

ခိုပညာရှိကား မိမိကျက်စားမြဲအရပ်တွင် အစာရှာလျက် ကျက်စား၏။ လျှပ်ပေါ်သောကျီးကား နွားချေးပုံတို့ကို လှန်လှောဆိတ်ဆွကာ နွားချေးပိုးတို့ကိုစားပြီးလျှင် - ခိုပညာရှိထံသို့ကပ်လျက် “အရှင် ... ကြာမြင့်စွာ ကျက်စားခြင်းကား မကောင်းပါ၊ အချိန်ပမာဏကို အထူးသတိထားသင့်သည်။ လာပါ - မိုးမချုပ်မီ ပြန်ကြမည်” ဟု ပြောလေ၏။ ခိုပညာရှိသည် ကျက်စားပြီးလျှင် ကျီးကိုခေါ်၍ မိမိနေရာအရပ်သို့ သွားလေ၏။

ဖျားနာသယောင် ကျီးဟန်ဆောင်

စားဖိုသည်လည်း ယနေ့ငါတို့ခိုကား အဖော်ကိုခေါ်၍ လာသည်ဟု ကျီးနေရာ အသိုက်သောင်းတစ်လုံးကို ထားပြန်၏။ ကျီးသည် မိမိနေရာတောင်းတွင် လေးငါးရက်မျှ နေလေ၏။ ထိုအခါ သူဌေး၏ စားဖိုအိမ်၌ များစွာသော ငါးအမဲတို့ကိုမြင်လျှင် အလွန်စားချင်လှသဖြင့် မိုးသောက်ထအခါမှစ၍ ညည်းညူလျက်သာအိပ်၏။

ထိုအခါ ခိုပညာရှိသည် ကျီးကို “အဆွေကျီး ... လာပါ၊ အစာရှာသွားကုန်အံ့”ဟု ခေါ်၏။ ကျီးသည် ခိုပညာရှိကို “အရှင် ... အရှင်တို့သာ သွားပါကုန်၊ အကျွန်ုပ်အား အစာမကြေသောရောဂါရှိ၏” ဟု ပြော၏။ “အဆွေ ... ကျီးတို့အား အစာမကြေခြင်း မည်သည်မရှိ၊ ဝမ်းမှာ ဆီမီးစာမျှသာ အနည်းငယ် အစာတည်ရှိ၏။ ကြွင်းသော အစာသည် မျိုချလျှင်ပင် ကြေ၏။ သင် ... ငါ့စကားကို နားထောင်ပါ၊ ငါးအမဲတို့ကို မြင်သဖြင့် ဤလိုပြုသော”၊ “အရှင် ... အဘယ်စကားကိုဆိုသနည်း၊ အကျွန်ုပ်အား အစာမကြေသောရောဂါ ရှိပါ၏” ဟု ဆို၏။ “အဆွေကျီး ... သို့ဖြစ်လျှင် မမေ့မလျော့ သတိနှင့်နေရစ်လော့” ဟု ဆုံးမကာ မိမိကျက်စားရာအရပ် သို့ သွားလေ၏။

သူခိုးကျီးကန်း စားဖိုသည်ဖမ်း

စားဖိုသည်လည်း များစွာသော ငါးအမဲတို့ကို ချက်ပြုတ်စီရင်ပြီးလျှင် ကိုယ်မှချွေးတို့ကိုသုတ်လျက် စားဖိုအိမ်တံခါးတွင် ရပ်၏။ ကျီးလည်း စားဖိုသည် မေ့လျော့ခြင်းကို ကြည့်၍နေရာ ယခုအခါ ငါးအမဲကိုစားရန် အချိန်ရောက်ပြီဟု ပျံသွား၍ စားဖိုအိမ်တွင်းသို့ဝင်ကာ အမဲကို ဆိတ်ဆွကာ စားလျက်နေ၏။ စားဖိုသည်သည် ကျီးသံကိုကြား၍ ကြည့်လတ်သော် ကျီးကိုမြင်၍ ဖမ်းယူပြီးလျှင် ကိုယ်အလုံး၌ အမွေးတို့ကိုနုတ်၍ ထိပ်၌ဦးစွန်းထားလျက် ချင်းငရုတ်စသည်တို့ကို ဖျော်၍ “နင် ... ငါ့အရှင် အမဲ၊ ငါးတို့ကို စားသည်” ဟု ရေရွက်ကာ တစ်ကိုယ်လုံး ရွှဲရွှဲပါအောင် သုတ်ပြီးလျှင် အသိုက်တောင်းတွင် ပစ်ချ၍ထား၏။ ကျီးမိုက်လည်း ညည်းညူကာ သည်းထန်စွာသော ဆင်းရဲဝေဒနာကို ရလေ၏။

ခိုပညာရှိသည် ကျက်စားရာမှ ပြန်လာသည်ရှိသော် သည်းညူနေသော ကျီးကိုမြင်လျှင် ပြက်ရယ်ပြုလိုသဖြင့် -

“အို - ဗျိုင်းငှက် ... ဦးစွန်းရှိ၍ နေရာတောင်းကို ခိုးလျက် မိုးလျှင်အဖိုးရှိသော ဤဗျိုင်းငှက်ကား အဘယ်ကို ပြုဘိသနည်း၊ အို - ဗျိုင်းငှက် ... ငါ၏ အဆွေခင်ပွန်းဖြစ်သော ကျီးသည် ကြမ်းတမ်းလှ၏။ ဤအရပ်သို့လာပါ” –

ဟု-ပြောဆိုလေ၏။ ထိုအခါ ခိုပညာရှိ၏ စကားကို ကြားလျှင် ကျီးမိုက်သည် ခိုပညာရှိအား -

“အရှင် ... အကျွန်ုပ်ကား ဦးစွန်းရှိသော ဗျိုင်းငှက်မဟုတ်ပါ၊ လျှပ်ပေါ်သောကျီး ဖြစ်ပါ၏။ အရှင်၏ စကားကို နားမထောင်မိ၍ အမွေးကို အနုတ်ခံရပါ၏။ ကျက်စားရာမှ ပြန်လာသော အရှင်သည် အကျွန်ုပ်ကို ကြည့်ရှုပါလော့ ” –

ဟု အကျိုးအကြောင်း၊ အဖြစ်အပျက်ကို ပြောကြားလေ၏။ ကျီးမိုက်၏ စကားကိုကြားလျှင် ခိုပညာရှိသည် ကျီးမိုက်အား -

“အဆွေကျီး ... သင်သည် နောက်ထပ်လည်း ဤလိုဆင်းရဲဒုက္ခမျိုးကို ရောက်ရလတ္တံ့၊ အမှန်မှာ သင်တို့ အလေ့အကျင့်ကား ထိုဆင်းရဲဒုက္ခမျိုးသို့ ရောက်ဖို့ရန် အလေ့အကျင့်သာဖြစ်၏။ ငှက်တို့အား လူတို့၏ အသုံးအဆောင်တို့မှာ သုံးဆောင်လွယ်သည် မဟုတ်ကုန်” –

ဟု ပြောဆိုဆုံးမပြီးလျှင် ဤနေ့မှစ၍ ငါသည်လည်း ဤအရပ်၌နေခြင်းငှာ မသင့်ဟု - ပျံသန်းကာ အရပ်တစ်ပါသို့ သွားလေ၏။ လျှပ်ပေါ်သော ကျီးမိုက်လည်း ညည်းညူလျက် ထိုအရပ်မှာပင် သေလေ၏။

ဤဒေသနာတော်ကို ဆောင်တော်မူပြီးလျှင် သစ္စာကိုပြသည်၏အဆုံး၌ လျှပ်ပေါ်လော်လည်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လျှပ်ပေါ်သောကျီးသည် - ယခုအခါ လျှပ်ပေါ်သောရဟန်း။

ခိုပညာရှိသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) လော်လည်လျှပ်ပေါ်၊ လူပျက်ချော်၊ မလျော်ပျက်စီးလေ။

(၂) ကျီးအမဲခိုး၊ မွေးနုတ်ရိုး၊ စပ်မျိုးလိမ်း၍သေ။

လောလဇာတ် ပြီး၏။

***

(၂၇၅) ရုစိရဇာတ်

သူတော်ယောင်ဆောင်လျက် ခိုနှင့်ပေါင်း၍ စားဖိုအိပ်ဝင်ကာ ခိုးစားမိသဖြင့် တစ်ကိုယ်လုံး အမွေးနုတ်ခံရ၍ သေပွဲဝင်ရသော ကျီးမိုက်အကြောင်း။

[အတိတ်ဝတ္ထု လောလဇာတ်နှင့် တူ၏]

ပစ္စုပ္ပန်ဝတ္ထု

လော်လည်သမှု အကြောင်းပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လျှပ်ပေါ်လော်လည်းသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ [ဤဇာတ်၌ ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္ထု၊ ဇာတ်ပေါင်းတို့သည် ဆိုခဲ့ပြီးသော လောလဇာတ်နှင့် တူကုန်ပြီ၊ ဂါထာ ပါဠိတို့သာ ထူးကုန်၏။]

ခိုပညာရှိ ပြောသောစကား -

“အဆွေ ... ဖြူစင်သော အဆင်းရှိသော ဤဗျိုင်းငှက်ကား အဘယ်သို့သော ဗျိုင်းငှက်နည်း၊ ကျီးသိုက်၌ လာနေ၏။ ငါ့အဆွေခင်ပွန်းအားလည်း အသိုက်တစ်ခုရှိ၏။ ငါ့အဆွေခင်ပွန်းဖြစ်သော ကျီးကား ကြမ်းတမ်းလှ၏”။

ကျီးမိုက်ဆိုသောစကား -

“အဆွေ ... ငှက်တို့အစာဖြစ်သော မြက်သီးကိုသာ စားသောသင်သည် အကျွန်ုပ်ကို မသိသလော၊ သင်၏စကားကို မနာယူမိ၍ ငါ့ကို အမွေးနုတ်အပ်ပြီ၊ ကျက်စားရာမှ ပြန်လာသော သင်သည် ငါ့ကို ရှုကြည့်ပါဦးလော့”။

ခိုပညာရှိ ဆိုသောစကား -

“အဆွေ ... သင်သည် နောက်ထပ်လည်း ဤလိုဆင်းရဲဒုက္ခမျိုးသို့ ရောက်ရလတ္တံ့၊ အမှန်မှာ သင်တို့ အလေ့အကျင့်ကား ထိုဆင်းရဲဒုက္ခမျိုးသို့ ရောက်ဖို့ရန် အလေ့အကျင့်သာဖြစ်၏။ ငှက်တို့အား လူတို့ အသုံးအဆောင်တို့မှာ သုံးဆောင်လွယ်သည် မဟုတ်ကုန်”။

ရုစိရဇာတ် ပြီး၏။

***

(၂၇၆ ) - ဂရုဓမ္မဇာတ်

ဣန္ဒပတ္ထနဂိုရ်ပြည် ဓနဉ္စယကောရဗျမင်း အမှူးရှိသော ဆယ်ဦးသော ပုဂ္ဂိုလ်တို့၏ ဂရုဓမ္မသီလကို တောင်းစေ၍ ကလိင်္ဂမင်းကိုယ်တိုင် ဆောက်တည်ရာ သီလတန်ခိုးကြောင့် မိုးကောင်းစွာ ရွာခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု

ခဲပစ်အတတ် တစ်ဖက်ကမ်းခပ်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်၌ နေသော အဆွေခင်ပွန်းတို့သည် သာသနာတော်၌ ရဟန်းပြုကြကုန်ပြီးလျှင် များသောအားဖြင့် တပေါင်းတည်းသာ သွားလေ့ရှိကြကုန်၏။

ထိုရဟန်းတို့သည် တစ်နေ့သ၌ အစိရဝတီမြစ်သို့ သွားကြ၍ ရေချိုးပြီးလျှင် သဲသောင်ပြင်၌ နေပူခံကုန်လျက် စကားပြောဆို၍ နေကြကုန်၏။ ထိုအခါ ဟင်္သာနှစ်ကောင်တို့သည် ကောင်းကင်သို့ ပျံသွားကြကုန်၏။ ထိုအခါ ရဟန်းငယ်တစ်ပါးသည် ကျောက်စရဲခဲကိုကောက်၍ ဟင်္သာငယ်တစ်ကောက်၏။ မျက်စိကိုပစ်မည်ဟု ပြောဆို၏။ ရဟန်းငယ်တစ်ပါးသည် မပစ်နိုင်ဟု ပြောဆိုပြန်၏။ ခဲတစ်လုံးတည်းဖြင့် ဤဘက်မျက်စိသာမဟုတ်၊ ဟိုဘက်မျက်စိပါ ပစ်နိုင်သည်ဟု - ပြောဆိုပြန်၏။ ဟိုဘက်မျက်စိကိုလည်း မပစ်နိုင်ဟု - ပြောဆိုပြန်၏။

ခဲပစ်အစွမ်း မျက်စိကန်း

ထိုအခါ ကျောက်စရစ်ခဲ ကောက်ထားသော ရဟန်းငယ်သည် တခြားရဟန်းငယ်အား ရှုကြည့်လော့ဟု - ဆိုပြီးလျှင် ဟင်္သာတို့နောက်မှ ကျောက်စရစ်ခဲဖြင့် ပစ်လေ၏။ ဟင်္သာငယ်တစ်ကောင်သည် ကျောက်စရစ်ခဲသံ ကြားလျှင် နောက်သို့လှည့်ကြည့်လိုက်ရာ နောက်ထပ် ကျောက်စရစ်ခဲတစ်လုံးဖြင့် ပစ်ပြန်လေ၏။ ကျောက်စရစ်ခဲသည် ဟိုဘက်မျက်စိမှ ဤဘက်မျက်စိသို့ ဖောက်၍သွားလေ၏။ ဟင်္သာငယ်လည်း မြည်လျက် ရဟန်းတို့ခြေက်ရင်း၌ ကျလေ၏။

ရဟန်းတို့မြင်လျှင် လာလတ်ကုန်၍ ထိုရဟန်းအား “ငါ့ရှင် ... သင်သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်ရာဖြစ်သော သာသနာတော်၌ ရဟန်းပြုပါလျက် အဘယ်ကြောင့် ပါဏာတိပါတကံ ပြုဘိသနည်း” ဟု ပြစ်တင်ကဲ့ရဲ့ပြီးလျှင် မြတ်စွာဘုရားထံသို့ ဆောင်ယူကာ ပြကြကုန်၏။ မြတ်စွာဘုရားသည် “ရဟန်း ... သင်သည် ပါဏာတိပါတကံကိုပြု၏ဟူသည် မှန်သလော” ဟု - မေးတော်မူလျှင် မှန်ပါကြောင်း လျှောက်ထားလတ်သော် “ရဟန်း အဘယ်ကြောင့် ဝဋ်ဆင်းရဲမှ ထွက်မြောက်ရာဖြစ်သော သာသနာတော်၌ ရဟန်းပြုပါလျက် ပါဏာတိပါတကံကို ပြုဘိသနည်း၊ ငါဘုရားမပွင့်မီ ရှေးပညာရှိတို့သည် လူ့ဘောင်၌နေလျက်ပင် အနည်းငယ်သော အရာတို့၌လည်း ကုက္ကုစ္စ ရှိကြကုန်သေး၏။ သင်သည် ရဟန်းဖြစ်ပါလျက် ကုက္ကုစ္စလည်းမရှိ၊ ရဟန်းမည်သည် ကိုယ်၊ နှုတ်၊ စိတ်တို့ကို စောင့်ရှောက်ရသည် မဟုတ်ကုန်လော” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဂရုဓမ္မသီလ စောင့်ထိန်းကြ

လွန်လေပြီးသောအခါ ကုရုတိုင်း ဣန္ဒပတ္ထနဂိုရ်ပြည်ဝယ် ဓနဉ္စယကောရဗျမင်းမင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုမင်း၏။ မိဖုရားကြီးဝမ်း၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်ပညာတို့ကို သင်ကြားပြီးလျှင် အဖမင်းကြီးသည် အိမ်ရှေ့မင်းအရာ၌ ထားအပ်သည်ဖြစ်၍ နောင်အဖမင်းကြီး လွန်သောအခါ မင်းအဖြစ်ကို ရရှိလေ၏။ ထိုမင်းသည် မင်းကျင့်တရားဆယ်ပါးကို မပျက်စေဘဲ ဂရုဓမ္မသီလ၌ တည်မြဲတော်မူ၏။ [ဂရုဓမ္မသီလ ဟူသည် ငါးပါးသီလပင် ဖြစ်၏။]

မင်းကြီးသည် ငါးပါးသီလကို စင်ကြယ်စွာ စောင့်ရှောက်သကဲ့သို့ မယ်တော်မိဖုရားကြီး ညီတော် အိမ်ရှေ့မင်း၊ ပုရောဟိတ်ပုဏ္ဏား၊ ကြိုးဆွဲအမတ်*၊ ရထားထိန်း၊ သူဌေး၊ ပြည်စိုးအမတ်ကြီး**၊ တံခါးစောင့်၊ ပြည့်တန်ဆာမတို့လည်း စင်ကြယ်စွာ စောင့်ရှောက်ကြကုန်၏။ မင်းကြီးသည် မြိုတံခါး လေးမျက်နှာ မြို့လယ် နန်းတော်တံခါး ဤခြောက်ဌာနတို့၌ အလှူတင်းကုပ်ကို ဆောက်လုပ်စေကုန်၏။ နေ့တိုင်းနေ့တိုင်း ခြောက်သိန်းသော ဥစ္စာတို့ကိုစွန့်၍ ဇမ္ဗူဒိပ်ကျွန်းအလုံးကို လယ်ယာထွန်းခြင်းကို ပြတ်စေလျက် အလှူပေးတော်မူ၏။

*ကြိုးဆွဲအမတ် - မြေတိုင်းအမတ်။

**ပြည်စိုးအမတ် - တင်းခြင်သောအမတ်။

မိုးခေါင်းရေရှား မင်းသို့ကြား

ထိုအခါ ကာသိကတိုင်း ဒန္တပုရပြည်ဝယ် ကာလိင်္ဂမင်းသည် နန်းပြိုင်မင်း ပြုလျက်ရှိ၏။ ထိုမင်း၏ တိုင်းပြည်၌ မိုးမရွာ၊ ငတ်မွတ်ခြင်းဘေးသည် ဖြစ်၏။ အစာအာဟာရ ဖောက်ပြန်ခြင်းကြောင့် လူတို့အား အနာရောဂါဘေးလည်း ဖြစ်၏။ လူတို့သည် သည်းမခံနိုင်ကြသဖြင့် သားသမီးတို့ကို လက်ဆွဲကာ ထိုထိုအရပ်သို့ သွားကြကုန်၏။ တိုင်းပြည်အလုံး၌ နေကုန်သောသူတို့သည် တိုင်ပင်ညီညွတ်ကာ မင်းအိမ်တံခါးသို့သွား၍ ကြွေးကြော်ကြကုန်၏။

မင်းကြီသည် လေသွန်တံခါး၌ ရပ်တည်လျက် ကြွေးကြော်သံကိုကြားလျှင် “အမောင်တို့ ... အဘယ်ကြောင့် ကြွေးကြော်ကြသနည်း” ဟု မေး၏။ “အရှင်မင်းကြီး ... တိုင်းပြည်အလုံးစုံ၌ အစာမရှိသောဘေး၊ ငတ်မွတ်သောဘေး၊ အနာရောဂါဘေး ဤဘေးကြီးသုံးပါး ဆိုက်ရောက်နေပါသည်။ မိုးလည်းမရွာ၊ ကောက်ပဲသီးနှံတို့လည်း မပြည့်စုံ မကောင်းသော အစာဟာအာရကို စားသောက်ရခြင်းကြောင့် အနာရောဂါ နှိပ်စက်ကြပါသည်။ လူတို့သည် သားသမီးတို့ကို လက်ဆွဲကာ တိုင်းပြည်မှထွက်၍ ထိုထိုအရပ်သို့ သွားကြရပါကုန်ပြီ၊ မိုးကိုရွာပါစေလော့” ဟု လျှောက်ထားကြကုန်၏။

မိုးရွာစေကြောင်း ဆင်ဖြူတော်တောင်း

ထိုအခါ မင်းကြီးသည် “အမောင်တို့ ... ရှေးမင်းတို့သည် မိုးမရွာသော် အဘယ်သို့ပြုကြသနည်း” ဟု မေး၏။ “အရှင်မင်းကြီး ... ရှေးမင်းတို့သည် အလှူပေးပြီးလျှင် သီလဆောက်တည်၍ အဓိဋ္ဌာန်ပြုလျက် အသရေရှိသော တိုက်ခန်းသို့ဝင်ကာ မြေစာမြက်ကိုခင်း၍ အိပ်ကြပါသည်။ ထိုအခါ မိုးရွာပါသည်” ဟု လျှောက်ထားကြကုန်၏။ မင်းကြီးလည်း ဝန်ခံ၍ ရှေးမင်းတို့ အစီအမံအတိုင်းပြု၏။ မိုးကား မရွာ။ ထိုအခါ အမတ်တို့အား “အမောင်တို့ ... ငါသည် ပြုလုပ်ဖွယ်ကိစ္စတို့ကို ပြုလုပ်၍ပြီးပေပြီ၊ မိုးလည်းမရွာ၊ အဘယ်သို့ ပြုရမည်နည်း” ဟု မေးပြန်၏။ အမတ်တို့သည် “အရှင်မင်းကြီး ... ဣန္ဒပတ္ထနဂိုရ်ပြည်ဝယ် ဓနဉ္စယကောရဗျမင်း၏ အဉ္စနဝဏ္ဏမည်သော မင်္ဂလာဆင်တော်သည် ရှိ၏။ ထိုဆင်တော်ကို ဆောင်ယူကုန်အံ့၊ ထိုဆင်တော်ရောက်လျှင် မိုးရွာပါလိမ့်မည်” ဟု လျှောက်ထားကြပြန်၏။

မင်းကြီးလည်း အမတ်တို့စကားကိုကြားလျှင် ဓနဉ္စယကောရဗျမင်းကား မင်္ဂလာဆင်တော်မျှကို ထားဘိဦး အသက်ကိုပင် လှူဒါန်းနိုင်ကြောင်းသိပြီးဖြစ်၍ ပုဏ္ဏားတော် ရှစ်ယောက်တို့ကို ခေါ်ပြီးလျှင် ရိက္ခာအပြည့်အစုံပေး၍ အဉ္စနဝဏ္ဏမည်သော မင်္ဂလာဆင်တော်ကို အလှူခံရန် ဓနဉ္စယကောရဗျမင်းထံသို့ စေလွှတ်လိုက်၏။

ပုဏ္ဏားရှစ်ယောက်တို့သည် ဣန္ဒပတ္ထနဂိုရ်ပြည်သို့ ရောက်လျှင် မင်္ဂလာဆင်တော်ကိုစီးလျက် အလှူတင်းကုပ်သို့လာသော မင်းကြီးကို စောင့်ဆိုင်းကာ မြို့တော်တောင်တံခါး မနီးမဝေးသောအရပ်တွင် နေနှင့်ကြကုန်၏။ မင်းကြီး ရောက်လာလျှင် ပုဏ္ဏားတို့သည် “မြတ်သောမင်းကြီး ... အရှင်မင်းကြီးသည် အောင်စေသတည်း” ဟု လက်တို့ကို မြှောက်ကာ အောင်ဆုကို ပေးကြကုန်၏။

လာရောက်တောင်းသူ ဆင်ဖြူတော်လှူ

မင်းကြီးလည်း ဝရဇိန်ချွန်းဖြင့် ဆင်တော်ကို ရပ်စေ၍ ပုဏ္ဏားတို့ထံ သွားပြီးလျှင် “အို - ပုဏ္ဏားတို့ ... သင်တို့သည် အဘယ်ဝတ္ထုကို အလိုရှိကြကုန်သနည်း” ဟု မေးတော်မူ၏။ ပုဏ္ဏားတို့သည် ဓနဉ္စယကောရဗျ မင်းကြီးအား -

“အရှင်မင်းကြီး ... အကျွန်ုပ်တို့သည် အရှင်းမင်းကြီး၏ သဒ္ဓါတရားနှင့် သီလတော်ကို သိပြီးဖြစ်၍ ကာလိင်္ဂမင်းကြီးထံသို့ အဉ္ဇနဝဏ္ဏ ဆင်တော်ဖြင့် အရှင်မင်းကြီး၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးလိုပါကုန်၏” - ဟု လျှောက်ထားကြကုန်၏။ ပုဏ္ဏားတို့စကားကို ကြားလျှင် မင်းကြီးသည် အဉ္ဇနဝဏ္ဏ ဆင်တော်ကို အလိုရှိကြကုန်သည်ဟု သိတော်မူ၍ -

“အို - ပုဏ္ဏားတို့ ... လောကမှာ ထမင်းကျွေးမွေးသူ၊ မကျွေးမွေးသူဟု ရှိကြရာတွင် သူတစ်ဦးတစ်ယောက်ယောက်သည် သူတစ်ဦးတစ်ယောက်ကိုရည်၍ သွားငြားအံ့၊ ထိုသူသည် ရည်၍သွားသောသူအလုံးတို့ကို မပယ်သင့်၊ ဤစကားသည် ရှေးဆရာတို့စကား ဖြစ်၏။ ။ သို့အတွက် သင်ပုဏ္ဏားတို့အား မင်းအားလည်း လျောက်ပတ်၊ မင်း၏ အသုံးအဆောင်လည်း ဖြစ်၊ အခြံအရံလည်းများ၊ တန်ဆာတို့ဖြင့်လည်း ဆင်ယင်၊ ရွှေကွန်ရက်တို့ဖြင့် လွှမ်းထားသော အဉ္ဇနဝဏ္ဏဆင်တော်ကို ဆင်ထိန်းနှင့်တကွ လှူဒါန်းအံ့၊ အလိုရှိရာအရပ်သို့ ဆောင်ယူသွားကြကုန်လော့” –

ဟု - ပုဏ္ဏားတို့အား မိန့်တော်မူပြီးလျှင် ဆင်ကျောက်ကုန်းမှ ဆင်းသက်ကာ ဆင်နှာမောင်းကို ပုဏ္ဏားတို့လက်၌ ထားပြီးလျှင် ရွှေကရားဖြင့် ရေစက်သွန်းချကာ လှူဒါန်းလေ၏။

ပုဏ္ဏားတို့လည်း ဆင်တော်ကိုရလျှင် ယူဆောင်ကာ ဒန္တပုရမြို့ ကာလိင်္ဂမင်းကြီးအား ဆက်သကြကုန်၏။ ထိုမင်္ဂလာဆင်တော် ရောက်လာသော်လည်း မိုးမရွာလေ။ ထိုအခါ မင်းကြီးသည် အမတ်တို့အား “အမတ်တို့ ... ဆင်တော်ရောက်လာသော်လည်း မိုးမရွာ၊ အကြောင်းဘယ်သို့ရှိသနည်း” ဟု မေးပြန်၏။ အမတ်တို့သည် အရှင်မင်းကြီး ... ဓနဉ္စယကောရဗျမင်းကား ဂရုဓမ္မသီလကို ကျင့်တော်မူ၏။ ထိုမင်းအာနုဘော်ကြောင့် တိုင်းနိုင်ငံ၌ ဆယ်ရက် တစ်ကြိမ်၊ လခွဲတစ်ကြိမ် မိုးရွာပေသည်။ ဤဆင်တိရစ္ဆာန်ကား ကျေးဇူးမရှိ” ဟု လျှောက်ထားကြပြန်၏။

ဂရုဓမ္မသီလ တောင်းပြန်ကြ

ထိုအခါ မင်းကြီးသည် အမတ်တို့နှင့် ပုဏ္ဏားတို့ကို ခေါ်၍ “အမောင်တို့ ... ဤမင်္ဂလာဆင်တော်ကို အဆင်တန်ဆာ အခြံအရံနှင့်တကွ ယူဆောင်သွားပြီးလျှင် ထိုဓနဉ္စယကောရဗျမင်းအား ပြန်၍ပေးအပ်ကာ မင်းကြီးကျင့်သုံးအပ်သော ဂရုဓမ္မသီလကို ရွှေပေတွင်ရေး၍ ယူခဲ့ကြလော့” ဟု မှာထား၍ ဓနဉ္စယကောရဗျမင်းကြီးထံ စေလွှတ်လိုက်ပြန်၏။

အမတ်တို့နှင့် ပုဏ္ဏားတို့သည် မင်းကြီးထံ ရောက်ကြသောအခ ဆင်တော်ကို ပြန်အပ်ပြီးလျှင် “အရှင်မင်းမြတ် ... အကျွန်ုပ်တို့တိုင်းပြည်သို့ ဆင်တော် ရောက်သော်လည်း မိုးမရွာပါ၊ အရှင်မင်းကြီးတို့ ကျင့်သုံးတော်မူသော ဂရုဓမ္မသီလကို အကျွန်ုပ်တို့မင်းကြီး ကျင့်သုံးလိုသဖြင့် ရွှေပေတွင်ရေး၍ ယူဆောင်ရန် စေလွှတ်ပါသည်။ သို့အတွက် အကျွန်ုပ်တို့အား ဂရုဓမ္မသီလကို ပေးသနားတော်မူပါ” ဟု လျှောက်ထားကုန်၏။

မင်းကြီးသီလ သံသယ

မင်းကြီးသည် “အမောင်တို့ ... ငါသည် ဂရုဓမ္မသီလကို စောင့်သည်မှန်၏။ ထိုဂရုဓမ္မသီလ၌ ကုက္ကုစ္စသံသယရှိ၍ မနှစ်သက်၊ သို့အတွက် သင်တို့အား မပေးလို” ဟု အမိန့်ရှိလေလျှင်၊ “အရှင်းမင်းကြီး ... အဘယ်ကြောင့် မနှစ်သက်ပါသနည်း” ဟု မေးလျှောက်၏။ “အမောင်တို့ ... တန်ဆောင်မုန်းလ ပွဲသဘင်ဝယ် မင်းတို့သည် နတ်အသွင်ကိုယူပြီးလျှင် စိတ္တရာဇာနတ်အထံဝယ် တည်လျက်ပန်းတို့ဖြင့် တန်ဆာဆင်အပ်သော မြားတို့ကို အရပ်လေးမျက်နှာသို့ ပစ်လွှတ်ကြမြဲဖြစ်သည်။ ငါလည်း ထိုပွဲဘသင်ကစားလတ်သော် ရေကန်တစ်ခုဝယ် စိတ္တရာဇာနတ်အထံ၌ တည်လျက် အရပ်လေးမျက်နှာသို့ မြားတို့ကို ပစ်လွှတ်ရာ မြားသုံးစင်းတို့ကို မြင်ရ၍ သံသယမရှိ၊ တစ်စင်းကား ရေအပြင်သို့ပစ်ရသဖြင့် မမြင်ရ၍ ငါးတို့ကိုယ်တွင် ကျလေသလောဟု ပါဏာတိပါတကံ၌ သံသယရှိသည်။ ငါ့မယ်တော် မိဖုရားကြီးကား ကောင်းစွာစောင့်အပ်၏။ ၎င်းထံ ယူကြပါ” ဟု ပြောဆိုလေ၏။ “အရှင်မင်းကြီး ... သတ်လိုသော စေတနာမရှိ၊ သတ်လိုသော စေတနာကိုကြဉ်၍ ပါဏာတိပါတကံ မဖြစ်နိုင်ပါ၊ အရှင်မင်းကြီး စောင့်အပ်သော ဂရုဓမ္မသီလကိုပင် ပေးသနားတော်မူပါ” ဟု လျှောက်ထားကြပြန်၏။ ထိုအခါ မင်းကြီးသည် “သို့ဖြစ်လျှင် ရေး၍ယူကြလော့” ဟု -

ဆို၍ -

(၁) သတ္တဝါကို မသတ်အပ်။

(၂) အရှင်မပေးသော ဥစ္စာကို မခိုးယူအပ်။

(၃) ကာမဂုဏ်တို့၌ မှားယွင်းသောအကျင့်ကို မကျင့်အပ်။

(၄) မဟုတ်မမှန် မပြောဆိုအပ်။

(၅) ယစ်မျိုးကို မသောက်အပ်-

ဟု ဂရုဓမ္မသီလကို အပြည့်အစုံ ပြောကြားလေ၏။

အမတ်တို့နှင့် ပုဏ္ဏားတို့သည် ရွှေပြားတွင် ရေးယူကြကုန်၏။

မယ်တော်သီလ သံသယ

တစ်ဖန် မယ်တော် မိဖုရားကြီးထံသွား၍ “အရှင်မိဖုရားကြီးတို့ စောင့်သုံးသော ဂရုဓမ္မသီလကို အကျွန်ုပ်တို့အား ပေးတော်မူပါ” ဟု လျှောက်ထားကြပြန်၏။ မယ်တော်မိဖုရားကြီးသည် “အမောင်တို့ ... ဂရုဓမ္မသီလကို စောင့်သည်ကားမှန်၏။ သံသယရှိ၍ မနှစ်သက်။ သို့အတွက် သင်တို့အား မပေးလို၊ ငါ့မှာ သားကြီးပြည့်ရှင်မင်းနှင့် သားငယ် အိမ်ရှေ့မင်းဟု သားတော်နှစ်ယောက် ရှိကုန်၏။ တစ်နေ့သ၌ သားတော်ကြီးထံမှ အဖိုးတစ်ထောင်ထိုက်သော ရွှေပန်းကို ပူဇော်လာ၏။ ငါသည် နံ့သာလည်း မလိမ်း၊ ပန်းလည်းမပန်၊ ချွေးမတို့ကိုပေးမည်။ ချွေးမကြီးကို မိဖုရားကြီးဖြစ်၍ ရွှေပန်းကိုပေးမည်။ ချွေးမငယ်ကို ဆင်းရဲ၍ စန္ဒကူးနံ့သာကိုသာ ပေးမည်ဟု ကြံစည်ပြီးလျှင် ချွေးမကြီးအား ရွှေပန်း၊ ချွေးမငယ်အား စန္ဒကူးနံ့သာကို ပေးလေ၏။ ပေးပြီးလျှင် ငါကား ဂရုဓမ္မသီလကို စောင့်သုံးသည်ဖြစ်လျက် အစိုးရခြင်း၊ ဆင်းရဲခြင်းကို ပမာဏပြုမိပေသည်။ အစိုးရခြင်း၊ ဆင်းရဲခြင်းကား ပမာဏ မဟုတ်၊ ကြီးခြင်း၊ ငယ်ခြင်းသည်သာ ပမာဏဖြစ်သည်။ ငါကား ပမာဏ မဟုတ်သည်၌ ပမာဏ ပြုမိ၍ ငါ့သီလပျက်သည်ဟု သံသယရှိသည်။ ငါ့ချွေးမကြီးကား ကောင်းစွာစောင့်ရှောက်အပ်၏။ ၎င်းထံယူကြပါ” ဟု ပြောလေ၏။ “အရှင်မိဖုရားကြီး ... မိမိပိုင်ဥစ္စာကို အလိုရှိတိုင်း ပေးနိုင်ပါသည်၊ ဤမျှဖြင့် သီလမပျက်နိုင်ပါ” ဟု လျှောက်ထားကာ မယ်တော်မိဖုရားကြီးထံမှလည်း ယူကြပြန်၏။

မိဖုရားသီလ သံသယ

တစ်ဖန် ချွေးမကြီးဖြစ်သော မိဖုရားကြီးထံ သွားကြပြန်၍ ရှေးနည်းအတိုင်း ဂရုဓမ္မသီလကို တောင်းကြပြန်၏။ မိဖုရားကြီးလည်း “အမောင်တို့ ... ဂရုဓမ္မသီလကို စောင့်သည်ကားမှန်၏။ သံသယရှိ၍ မနှစ်သက်၊ သို့အတွက် သင်တို့အား မပေးလို။ တစ်နေ့သ၌ လေသာပြတင်း၌ ရပ်နေစဉ် မင်းကြီးနှင့် ဆင်စီး၍ မြို့တော်ကို လှည့်လာသော အိမ်ရှေ့မင်းကိုမြင်လျှင် လောဘဖြစ်၍ ငါသည် အကယ်၍ အိမ်ရှေ့မင်းနှင့် အဆွေခင်ပွန်းဖွဲ့ထားလျှင် မင်းကြီး သေလွန်၍ အိမ်ရှေ့မင်း မင်းအဖြစ်သို့ရောက်သောအခါ ငါ့ကို သိမ်းပိုက်ရာ၏ဟု ကြံစည်ကာ ကိလေသာအစွမ်းဖြင့် တစ်ပါးသော ယောကျ်ားကို ကြည့်မိ၍ သိလပျက်၏” -ဟု သံသယရှိသည်။ အိမ်ရှေ့မင်းကား ကောင်းစွာစောင့်အပ်၏။ ၎င်းထံမှာ ယူကြပါ” ဟု ပြောလေ၏။ “အရှင်မိဖုရားကြီး ... စိတ်ဖြစ်ကာမျှဖြင့် ကျူးလွန်၍ ကျင့်ခြင်းမည်သည် မဖြစ်နိုင်ပါ၊ ဤမျှဖြင့် သီလမပျက်နိုင်ပါ” ဟု လျှောက်ထားကာ မိဖုရားကြီးထံမှလည်း ယူကြပြန်၏။

အိမ်ရှေ့သီလ သံသယ

တစ်ဖန် အိမ်ရှေ့မင်းထံသို့ သွားကြပြန်၍ ရှေးနည်းအတိုင်း ဂရုဓမ္မသီလကို တောင်းကြပြန်၏။ အိမ်ရှေ့မင်းလည်း “အမောင်တို့ ... ဂရုဓမ္မသီလကို စောင့်သည်ကား မှန်၏။ သံသယရှိ၍ မနှစ်သက်သောကြောင့် သင်တို့အား မပေးလိုပါ။ တစ်နေ့သ၌ ငါသည် မင်းကြီးထံသို့ ရထားဖြင့် အခစားသွားရာ မင်းရင်ပြင်တွင် ရထားကိုရပ်၍ ကြိုးနှင့် နှင့်တံကို ရထားတွင်း၌သွင်းကာ မင်းကြီးထံသို့ဝင်၏။ ။ [မှတ်ချက် - ကြိုးနှင့် နှင့်တံကို ရထားဦးမှာထားခဲ့လျှင် မင်းကြီးထံ ညအိပ်မည့် အထိမ်းအမှတ်ဖြစ်သည်။ မစောင့်ဆိုင်းဘဲ နံနက်မှ ရထားဖြင့်လာ၍ ကြိုရသည်။ ကြိုးနှင့် နှင်တံကို ရထားအတွင်းမှာ ထားခဲ့လျှင် ယခုပင် ပြန်လာမည့် အထိမ်းအမှတ်ဖြစ်သည်။ အလာကို စောင့်ဆိုင်း၍ နေရသည်။] ဝင်ကာမျှဖြင့်လျှင် မိုးသည်ရွာလတ်၏။ ငါသည် မသွားနိုင်ဘဲ မင်းကြီးထံမှာပင် အိပ်ရ၏။ လူများလည်း ယခုပင် ထွက်လာလိမ့်မည်ဟု တစ်ညဉ့်ပတ်လုံး မိုးစိုခံကာ စောင့်ဆိုင်းနေကြရ၏။ နက်ဖြန်နံနက်မှ ထွက်လာ၍ လူများ မိုးစိုနေသည်ကိုမြင်လျှင် ငါကား ဂရုဓမ္မသီလကို စောင့်သည်ဖြစ်လျက် ဤမျှလောက် လူတို့ကိုပင် ပင်ပန်းဆင်းရဲစေမိ၍ ငါ့သီလပျက်သည်ဟု သံသယရှိသည်။ ၎င်းထံမှာ ယူကြပါ” ဟု ပြောလေ၏။ “အရှင်မင်းကြီး ... လူတို့ကို ပင်ပန်းဆင်းရဲစေလိုသော စိတ်စေတနာ မရှိသော် ကံမမြောက်၍ သီလမပျက်နိုင်ပါ” ဟု လျှောက်ထားကာ အိမ်ရှေ့မင်းထံမှလည်း ယူကြပြန်ကုန်၏။

ပုရောဟိတ်သီလ သံသယ

တစ်ဖန် ပုရောဟိတ်ထံသို့ သွားကြပြန်၍ ရှေးနည်းအတိုင်း ဂရုဓမ္မသီလကို တောင်းကြပြန်၏။ ပုရောဟိတ်လည်း “အမောင်တို့ ... ငါကား ဂရုဓမ္မသီလကို စောင့်သော်လည်း သံသယရှိ၍ မပေးလိုပါ။ တစ်နေ့သ၌ မင်းကြီးထံ အခစားသွားသည်ရှိသော် မင်းတစ်ပါးထံမှ မင်းကြီးထံ ဆက်သမည်ဟု ယူလာသောရထားကိုမြင်ရာ၊ ငါသည် အိုမင်းပြီး၊ မင်းကြီးသည် ဤရထားကို ငါ့အားပေးပါမူ ရထားကိုစီးနင်းကာ ချမ်းချမ်းသာသာ သွားရပေမည်ဟု ကြံစည်လျက် မင်းကြီးထံရောက်၏။ ထိုအခါ ရထားကို ဆက်သကြသဖြင့် မင်းကြီးလည်း ငါ့အားသာပေး၏။ ငါလည်း အတင်းမြစ်ပယ်ကာ မယူဘဲနေ၏။ ငါသည် ဂရုဓမ္မသီလကို စောင့်ပါလျက် သူတစ်ပါးပစ္စည်း၌ တပ်စွန်းမိ၍ သီလပျက်၏ ဟု သံသယရှိသည်။ ကြိုးဆွဲအမတ်သည် ကောင်းစွာ စောင့်ရှောက်၏။ ၎င်းထံမှာ ယူကြပါ” ဟု ပြောလေ၏။ “အို - ပုရောဟိတ် ... သူတစ်ပါးပစ္စည်း၌ လောဘစိတ် ဖြစ်ကာမျှဖြင့် သီလမပျက်နိုင်ပါ” ဟု ပြောဆိုကာ ပုရောဟိတ်ထံမှလည်း ယူကြပြန်၏။

အမတ်သီလ သံသယ

တစ်ဖန် ကြိုးဆွဲအမတ်ထံသို့ သွားကြပြန်၍ ရှေးနည်းအတိုင်း ဂရုဓမ္မသီလကို တောင်းကြပြန်၏။ ကြိုးဆွဲအမတ်လည်း “အဆွေတို့ ... အကျွန်ုပ်သည် ဂရုဓမ္မသီလကို စောင့်သော်လည်း သံသယရှိ၍ မပေးလိုပါ။ အကျွန်ုပ်သည် တစ်နေ့သ၌ ဇနပုဒ်ဝယ် လယ်မြေက်ို တိုင်းသည်ရှိသော် ကြိုးစွန်းတစ်ခုကို လယ်သမားကို ကိုင်စေ၍ လှံတံဖွဲ့သော ကြိုးစွန်းကို ကိုယ်တိုင်ကိုင်၍ တိုင်းရာ လှံတံသည် ပုစွန်တွင်းတစ်ခု၌ ကျလေ၏။ ကျမြဲတိုင်း ပုစွန်တွင်း၌ စိုက်လျှင် ပုစွန်သေလတ္တံ့၊ ရွှေ့၍ တစ်ဖက်၌စိုက်လျှင် မင်းကြီးမြေ ပျက်စီးလတ္တံ့၊ အခြားတစ်ဘက်၌ စိုက်လျှင်လည်း သူကြွယ်မြေ ပျက်စီးလတ္တံ့၊ ဤပုစွန်တွင်း၌ ပုစွန်ရှိမည်မထင်၍ လှံတံကို တွင်းအလယ်တွင် စိုက်မိ၏။ ပုစွန်သည် “ကိရိကိရိ” ဟူသော အသံကိုပြု၏။ ထိုအခါ ငါသည် ဂရုဓမ္မသီလကို စောင့်ပါလျက် ပုစွန်ကို လှံတံစိုက်မိ၍ သီလပျက်၏ဟု သံသယရှိသည်။ ရထားထိန်းသည် ကောင်းစွာအောင့်အပ်၏။ ၎င်းထံ၌ယူကြပါ” ဟု ပြောလေ၏။ “အို - အမတ်ကြီး ... ပုစွန်ကို သေစေလိုသော စိတ်စေတနာမရှိသည့်အတွက် ကံမမြောက်၊ သီလမပျက်နိုင်ပါ ” ဟု ပြောဆိုကာ ကြိုးဆွဲအမတ်ထံမှလည်း ယူကြပြန်၏။

ရထားထိန်းသီလ သံသယ

တစ်ဖန် ရထားထိန်းထံသို့ သွားကြပြန်၍ ရှေးနည်းအတိုင်း ဂရုဓမ္မသီလကို တောင်းကြပြန်၏။ ရထားထိန်းသည် “အဆွေတို့ ... အကျွန်ုပ်သည် ဂရုဓမ္မသီလကို စောင့်သော်လည်း သံသယရှိ၍ မပေးလိုပါ။ အကျွန်ုပ်သည် တစ်နေ့သောအခါ မင်းကြီးကို ရထားဖြင့် ဥယျာဉ်တော်သို့ပို့ရာ အပြန်တွင် မြို့မရောက်မီ ခရီးအကြား၌ မိုးတွေတတ်လာသဖြင့် မင်းကြီးကို မိုးစိုမည်စိုးရိမ်၍ သိန္ဓောမြင်းတို့ကို ကြိမ်အမှတ်ပေးကာ အလျင်အမြန် သွားစေဖူး၏။ ထိုအခါမှစ၍ မြင်းတို့သည် ဥယျာဉ်တော်သို့အသွား၌ လည်းကောင်း၊ အပြန်၌လည်းကောင်း ထိုအမှတ်ပေးဖူးသော နေရာသို့ရောက်လျှင် အလျင်အမြန် သွားကြကုန်၏။ ထိုအခါ အကျွန်ုပ်သည် မင်းကြီးမိုးစိုသော် လည်းကောင်း၊ မစိုသော် လည်းကောင်း ငါ့မှာ အပြစ်မရှိ၊ အရာမဟုတ်သည်၌ မြင်းတို့ကို အမှတ်ပေးမိ၏။ ထိုကြောင့် အကြိမ်ကြိမ် အလျင်အမြန်သွားရသဖြင့် ပင်ပန်းကြ၏။ ငါလည်း ဂရုဓမ္မသီလကို စောင့်ထိန်းသူဖြစ်လျက် မြင်းတို့ကို ပင်ပန်းဆင်းရဲစေမိ၍ ဂရုဓမ္မသီလပျက်၏ဟု သံသယရှိသည်။ သူဌေးကြီးသည် ကောင်းစွာစောင့်အပ်၏။ ၎င်းထံမှ ယူကြကုန်” ဟု ပြောလေ၏။ “အို - ရထားထိန်း သင်ကား မြင်းတို့ကို ပင်ပန်းဆင်းရဲစေလိုသော စိတ်စေတနာဖြင့် အမှတ်ပေးသည်မဟုတ်၊ ဤမျှဖြင့် သီလမပျက်နိုင်ပါ” ဟု ပြောဆိုကာ ရထားထိန်းထံမှလည်း ယူကြပြန်၏။

သူဌေးကြီးသီလ သံသယ

တစ်ဖန် သူဌေးကြီးထံသို့ကပ်၍ ရှေးနည်းအတူ ဂရုဓမ္မသိလကို တောင်းပြန်၏။ သူဌးကြီးလည်း “အမောင်တို့ ... ငါ့ ဂရုဓမ္မသီလကို စောင့်သော်လည်း သံသယရှိ၍ မပေးလို၊ ငါသည် တစ်နေ့သောအခါ သလေးလယ်ခင်းသို့သွား၍ အပြန် အမှတ်မဲ့ သလေးနှံတစ်ဆုပ်ကိုယူကာ ဦးခေါင်းတွင် ပန်မိ၏။ ဤလယ်ခင်းမှ မင်းကြီးအား အခွန်ဆောင်ရမည်အဖို့လည်းရှိ၏။ အခွန်မဆောင်မီ ယူမိသည်။ သို့အတွက် ငါ၏ဂရုဓမ္မသီလသည် ပျက်၏ဟု သံသယရှိသည်။ တင်းခြင် အမတ်ကား ကောင်းစွာစောင့်အပ်။ ၎င်းထံမှ ယူကြပါ” ဟု ပြောလေ၏။ “အရှင်မင်းကြီး ... ခိုးလိုသော စေတနာမရှိဘဲ ယူမိသည်မှာ အဒိန္နဒါန်မဖြစ်င သီလမပျက်နိုင်ပါ” ဟု ပြောဆိုကာ သူဌေးထံမှလည်းယူကြပြန်၏။

တင်းခြင်သီလ သံသယ

တစ်ဖန် တင်းခြင် အမတ်ထံသို့ကပ်၍ ရှေးနည်းအတိုင်း ဂရုဓမ္မသီလကု တောင်းကြပြန်၏။ အမတ်လည်း “အဆွေတို့ ... ငါသည် ဂရုဓမ္မသီလကို စောင့်သော်လည်း သံသယရှိ၍ မပေးလိုပါ။ အကျွန်ုပ်သည် တစ်နေ့သ၌ မင်းကြီးအတွက် စပါးတို့ကို ခြင်လတ်သော် စပါးပုံကြီးမှ စပါးတို့ကို ယူကာ အပုံငယ်ကလေးတွေပြု၍ မှတ်စေ၏။ ခြင်ခိုက် မိုးသည်းစွာရွာခဲ့၏။ ထိုအခါ လျင်မြန်စွာသွားပြီးလျှင် တံခါးမုခ်၌ ရပ်တန့်ကာ ငါသည် အမှတ်မဲ့ အမှတ်ပြုသော စပါးတို့ကိုစုကာ ခြင်ပြီး စပါးပုံသို့ ထည့်ခဲ့မိ၏။ ထည့်ခဲ့မိသော စပါးပုံမှာ မင်းကြီးအပုံဖြစ်၍ မင်းကြီးမှာ တိုးပွား၍ သူကြွယ်မှာ ပျက်စီး၏။ သို့အတွက် ငါ့အား ဂရုဓမ္မသီလပျက်၏ဟု သံသယရှိသည်။ တံခါးစောင့်သည် ကောင်းစွာ စောင့်ရှောက်အပ်၏။ ၎င်းထံမှ ယူကြကုန်” ဟု ပြောလေ၏။ “အမတ်ကြီး ... ခိုးလိုသော စိတ်စေတနာမရှိဘဲ အမှတ်မဲ့ ထည့်ခဲ့မိသည့်အတွက် အဒိန္နဒါန်မဖြစ်၍ သီလမပျက်နိုင်ပါ” ဟု တင်းခြင် အမတ်ထံမှ ယူကြပြန်၏။

တံခါးစောင့်သီလ သံသယ

တစ်ဖန် တံခါးစောင့်ထံကပ်၍ ရှေးနည်းအတိုင်း ဂရုဓမ္မသီလကို တောင်းကြပြန်၏။ တံခါးစောင့်လည်း “အရှင်တို့ ... အကျွန်ုပ်သည် ဂရုဓမ္မသီလကို စောင့်သော်လည်း သံသယရှိ၍ မပေးလိုပါ၊ အကျွန်ုပ်သည် တစ်နေ့သ၌ ည ချမ်းအခါဝယ် တံခါးပိတ်ရန် သုံးကြိမ်ကြွေးကြော်၏။ ထိုအခါ သူဆင်းရဲ တစ်ယောက်သည် နှမငယ်နှင့် တောသို့ထင်းခွေသွားရာမှအပြန် တံခါးစောင့် ကြွေးကြော်သံကိုကြား၍ နှမငယ်ကိုခေါ်ကာ ရောက်လာလျှင် ‘သင်ကား ဤမြို့၌ မင်းရှည်သည်ကို မသိသလော၊ တံခါးအလုံးစုံ ပိတ်လတ္တံ့သည်ကို မသိသလော၊ မယားကိုခေါ်ကာ တောတွင် တစ်နေ့လုံး ပျော်မွေ့၍ နေဘိသည်’ ဟု ဆိုလတ်သော် ထင်ခွေသမားသည် “အရှင် ... ဤသူငယ်မကား မယားမဟုတ်ပါ၊ နှမငယ် ဖြစ်ပါသည်” ဟု ပြောလေ၏။ ထိုအခါ ငါသည် ဂရုဓမ္မသီလကို စောင့်ပါလျက် အကြောင်းမဟုတ်သည်၌ ပြစ်တင်စွပ်စွဲမိသည်။ သို့အတွက် ငါ့သီလပျက်၏ဟု သံသယရှိသည်။ ပြည့်တန်ဆာမကား ကောင်းစွာ စောင့်အပ်၏။ ၎င်းထံမှာ ယူကြပါ” ဟု ပြောလေ၏။ “အမောင် ... မသိ၍ အမှတ်မဲ့ ဆိုမိသည်၊ သီလမပျက်နိုင်ပါ” ဟု ဆိုကာ ဂရုဓမ္မသီလကို ယူကြပြန်၏။

ပြည့်တန်ဆာမသီလ သံသယ

တစ်ဖန် ပြည့တန်ဆာမထံကပ်၍ ရှေးနည်းအတိုင်း ဂရုဓမ္မသီလကို တောင်းကြပြန်၏။ ပြည့်တန်ဆာမလည်း “အရှင်တို့ ... အကျွန်ုပ်သည် ဂရုဓမ္မသီလကို စောင့်သော်လည်း သံသယရှိ၍ မပေးလိုပါ။ တစ်နေ့သ၌ သိကြားမင်သည် ကျွန်ုပ်၏ သီလကို စမ်းမည်ဟု လုလင်ငယ်အသွင်ဖြင့် လာ၍ ပျော်မွေ့ရန် အသပြာတစ်ထောင်ပေးခဲ့၍ သုံးနှစ်တိုင် အောင်မလာ၊ ထိုအခါ အကျွန်ုပ်သည် သီလပျက်မည်စိုးရိမ်၍ တစ်ပါးသော ယောကျ်ားလက်မှ ကွမ်းဖိုးမျှမယူပါ၊ သုံးနှစ်ပတ်လုံး ဆင်းရဲလှ၍ တရားသူကြီးထံသွားကာ အကြောင်းစုံကို ပြောကြားပြီးလျှင် ဆုံးဖြတ်စေရာ “ယနေ့မှစ၍ လာဘ်လာဘကိုယူစေ” ဟု ဆုံးဖြတ်လေ၏။ ဆုံးဖြတ်ရာ ရုံးတော်မှ ထွက်ခဲ့လျှင် လုလင်တစ်ယောက်သည် ပျော်မွေ့ရန် အသပြာတစ်ထောင် ပေးပြန်၏။ ယူမည်ဟု လက်ဖြန်၍ခံခိုက်တွင် သိကြားမင်းသည် လုလင်အသွင်ဖြင့် ကိုယ်ထင်ပြ၍ ယခင် လုလင်လာပြီဟု သိသောအခါ အသပြာကို မယူဘဲ လက်ကို ပြန်၍ရုပ်ထား၏။ ထိုအခါ သိကြားမင်းသည် မိမိအသွင်ဖြင့် ကောင်းကင်မှာရပ်လျက် လူများအလယ်တွင် ငါသည် ဤပြည့်တန်ဆာမ၏သီလကို စုံစမ်းလို၍သဖြင့် လွန်ခဲ့သော သုံးနှစ်လောက်က အသပြာတစ်ထောင်ကို ပေးခဲ့ဖူး၏။ သီလပျက်မည်စိုးရိမ်၍ ယခုတိုင်အောင် တစ်ပါးသော ယောကျ်ားလက်မှ ကွမ်းဖိုးမျှမခံယူ၊ သီလစောင့်သောသူသည် ဤပြည့်တန်ဆာမကဲ့သို့ စောင့်ကြရမည်ဟု အဆုံးအမပေးကာ ကျွန်ုပ်အိမ်ဝယ် ရတနာခုနစ်ပါးဖြင့် ပြည့်စေ၍ နတ်ပြည်သို့ ပြန်လေ၏။ ကျွန်ုပ်သည် ယူအပ်သော အခမကျေသေးဘဲ နောက်ထပ်အခကို ယူမည်ဟု လက်ဖြန့်၍ခံမိသည်။ သို့အတွက် သီလပျက်သည်ဟု သံသယရှိသည်” “သူငယ်မ ... ယူမည်ဟု လက်ဖြန့်ကာမျှဖြင့် သီလမပျက်နိုင်ပါ အလွန်စင်ကြယ် ပါသည်” ဟု ဆိုကာ ဂရုဓမ္မသီလကို ယူကြပြန်၏။

သီလအစွမ်း မိုးရွာသွန်း

ဤသို့လျှင် တစ်ကျိပ်သောသူတို့၏ ဂရုဓမ္မသီလကို ရွှေပြား၌ရေးပြီးလျှင် ဒန္တပုရမြို့တော်ပြန်ကာ ကာလိင်္ဂမင်းအား ရွှေပြားကို ဆက်သပြီးလျှင် မိမိတို့ ကြားသိခဲ့သမျှအကြောင်းစုံကို လျှောက်ထားကြကုန်၏။ ကလိင်္ဂမင်းသည် ဂရုဓမ္မသီလကို စောင့်ရှောက်လျှင် ခဏချင်းပင် အလုံးစုံသော ကလိင်္ဂတိုင်း၌ မိုးရွာ၍ ဘေးသုံးပါးတို့ ငြိမ်းအေးသဖြင့် လူတို့ချမ်းသာရာရကုန်၏။ ဓနဉ္စယကောရဗျမင်းကြီးလည်း အသက်ထက်ဆုံး ဂရုဓမ္မသီလကို စောင့်သုံး၍ ဒါန စသော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်ကာ သေသည်၏ အခြားမဲ့၌ ပရိသတ်နှင့်တကွ နတ်ပြည်သို့ လားလေ၏။

ဤဒေသနာတော်ကို ဆောင်တော်မူပြီးလျှင် သစ္စာကိုပြသည်၏အဆုံး၌ တချို့သော ရဟန်းတို့သည် သောတာပန်၊ တချို့ သကဒါဂါမ်၊ တချို့ အနာဂါမ်၊ တချို့ ရဟန္တာအဖြစ်သို့ ရောက်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပြည့်တန်ဆာမသည် - ယခုအခါ ဥပ္ပလဝဏ်။

တံခါးစောင့်သည် - ပုဏ္ဏား။

ကြိုးဆွဲအမတ်သည် - ပစ္စည်း။

တင်းခြင်အမတ်သည် - မောဂ္ဂလာန်။

သူဌေးကြီးသည် - သာရိပုတ္တရာ။

ရထားထိန်းသည် - အနုရုဒ္ဓါ။

ပုရောဟိတ်ပုဏ္ဏားသည် - ကဿပ။

အိမ်ရှေ့မင်းသည် - အာနန္ဒာ။

မိဖုရားကြီးသည် - ရာဟုလာမယ်တော်။

မယ်တော်မိဖုရားကြီးသည် - မယ်တော်မဟာမာယာ

ဓနဉ္စာကောရဗျမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မသတ်အသက်၊ မခိုးဝှက်၊ မဖျက်သူ့အိပ်ရာ။

(၂) မုသားမယှဉ်၊ ယစ်မျိုးကြဉ်၊ ငါးအင်ဂရုဓာ။

(၃) မယ်တော်, မင်းဖျား၊ မိဖုရား၊ ပုဏ္ဏားဥပရာ။

(၄) ကြိုးဆွဲတအင်၊ ရထားနှင်၊ တင်းခြင်, သူဌေးသား။

(၅) တံခါးစောင့်လျှင်၊ မိ်န်းမရွှင်၊ ဆယ်အင်စောင့်သုံးကာ။

ဂရုဓမ္မဇာတ် ပြီး၏။

***

(၂၇၇) ရောမကဇာတ်

ခိုသားကို နှစ်သက်၍ ခိုအပေါင်းကို လှည့်စားဖြားယောင်းလျက် သတ်ပုတ်စားရန် ကြံရွယ်သဖြင့် ကဲ့ရဲ့ခံရသော ရသေ့ပျက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ခိုသားကိုမက် ရသေ့ပျက်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မြတ်စွာဘုရားကို သတ်ရန် လုံ့လပြုခြင်းကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသည်း။ [ပစ္စုပ္ပန်ဝတ္ထု ထင်ရှားပြီ။]

အတိတ်ဝတ္ထု

ခိုးသားကိုမက် ရသေ့ပျက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ခိုမျိုး၌ဖြစ်၍ ခိုးများစွာခြံရံလျက် တောအရပ် လိုက်ဂူတစ်ခုတွင် နေလေ၏။ မထင်ရှားသော သီလရှိသော ရသေ့သည် ထိုခိုတို့နေရာနှင့် မနီမဝေးသောအရပ်၌ ပစ္စန္တရာဇ်ရွာတစ်ခုတွင် အမှီပြုပြီးလျှင် ကျောင်းဆောက်ကာ လိုက်ဂူတစ်ခုတွင် နေ၏။

ခိုမင်းသည် ရံခါရံခါ ရသေ့ထံသွား၍ ဖူးမြော်ကာ တရားနာလေ့ရှိ၏။ ထိုရသေ့သည် ထိုအရပ်တွင် ကြာမြင့်စွာနေ၍ အရပ်တစ်ပါးသို့ ဖဲသွားလေ၏။ ထိုအခါ ကောက်ကျစ်စဉ်းလဲသော ရသေ့တစ်ပါးသည် လာလတ်၍ ထိုလိုဏ်ဂူတွင် နေပြန်၏။ ခိုမင်းသည် ခိုအပေါင်းခြံရံကာ ထိုရသေ့နှင့် ပဋိသန္ဓာရပြု၍ ကျောင်းတွင်း၌ ကျက်စားလျက် တောင်ချောက်ကြား၌ အစာယူပြီးလျှင် မိမိနေရာသို့ ပြန်၏။ ထိုကောက်ကျစ်စဉ်းလဲသော ရသေ့လည်း ထိုလိုဏ်ဂူတွင် နှစ်ပေါင်းငါးဆယ်ကျော် နေ၏။

တစ်နေ့သ၌ ပစ္စန္တရာဇ် ရွာသားတို့သည် ခိုသားကို ကောင်းမွန်စွာ စီရင်ချက်ပြုတ်၍ ရသေ့အား လှူဒါန်းကြကုန်၏။ ရသေ့လည်း ခိုသား၌ ရသာတဏှာ တပ်စွန်းသဖြင့် “ဒါယကာတို့ ... အဘယ် အသားနည်း” ဟု မေးရာ “အရှင်ဘုရား ... ခိုသား ဖြစ်ပါသည်” ဟု လျှောက်ထားကြကုန်၏။ ထိုအခါ ရသေ့သည် ငါ့ကျောင်း၌ ခိုတို့သည် ကျက်စားကြသည်၊ ထိုခို်တို့ကို သတ်ကာ အသားကိုစားရမူ ကောင်းလိမ့်မည်ဟု ကြံစည်လျက် ဆန်၊ ထောပတ်၊ နို့ဓမ်း၊ နို့ရည်စသည်တို့ကို ဆောင်ယူခဲ့၍ လျောက်ပတ်သောအရပ်၌ ထားပြီးလျှင် လက်ရိုက်ကို သင်္ကန်းဖြင့် ဖုံးလွှမ်းကာ ခိုတို့အလာကို စောင့်ဆိုင်းလျက် ကျောင်းတံခါးဝ၌နေ၏။

ရသေ့ပျက်အပါး ခိုရှောင်ရှား

ခိုမင်းသည် ခိုအပေါင်း ခြံရံလျက် ကျောင်းသို့သွားလေလျှင် ကောက်ကျစ်စဉ်းလဲသော ရသေ့ပျက်၏ အမူအရာ ကိုမြင်၍ ဤရသေ့၏ အမူအရာသည် ပျက်၏၊ ငါ့ဆွေမျိုးတို့အသားကို စားလိုသလော စုံစမ်းမည်ဟု ကြံစည်ကာ လေအောက်၌ရပ်လျက် ရသေ့၏ကိုယ်မှ ခိုသားနံ့နံလျှင် ငါတို့အသားကို စားလိုသည်၊ ရသေ့အထံသို့ သွားရန်မသင့်ဟု ခိုအပေါင်းကို ခေါ်ယူကာ ဖဲသွားလေ၏။

ရသေ့ပျက်လည်း ခိုတို့မလာသည်ကိုမြင်လျှင် ခိုတို့နှင့် စကားပြောပြီးလျှင် အကျွမ်းဝင်သဖြင့် ကပ်လာသောအခါ သတ်၍သားမည်ဟု ကြံစည်ကာ -

“သန္တာအဆင်းနှင့်တူသော မျက်စိရှိသော ခိုအပေါင်းတို့ ... ငါသည် နှစ်ပေါင်းငါးဆယ်ကျော်အောင် တောင်လိုဏ်ဂူမှာ နေခဲ့ပြီ၊ ရှေးအခါ ခိုတို့သည် ယုံမှားမရှိ ငြိမ်သက်စွာ ငါ့လက် မီလောက်ရာ အရပ်သို့ လာကြကုန်၏။ ယခုအခါ ခိုတို့သည် ဘယ်အကြောင်းကိုမြင်၍ လုံ့လပြုကုန်လျက် တစ်ပါးသော တောင်ချောက်ကြားသို့ ပျံကြကုန်ဘိသနည်း၊ ဤခိုတို့သည် ငါ့ကို ရှေးကကဲ့သို့ မအောက်မေ့ကြဟု ထင်၏၊ ငါနှင့်ကြာမြင့်စွာ နေပြီးသော ခိုတို့သည် ငါ့ကိုပင် မသိကြယောင်တကား၊ သို့တည်းမဟုတ် ငါနှင့် ကြာမြင့်စွာနေသော ခိုတို့ မဟုတ်ကုန်သလော” ဟု မိမိအထံသို့လာရန် ပဋိသန္ဓာရစကား ပြောကြားလေ၏။ ရသေ့၏ စကားကိုကြားလျှင် ခိုမင်းသည် နောက်သို့ဆုတ်လျက် -

“အသက်မွေးလို၍ပြုသော အို ရသေ့ပျက် ... ငါတို့သည် သင်ရသေ့၏အကြောင်းကို သိကြကုန်၏၊ မမိုက်မဲ မတွေဝေကြကုန်၊ သင်သာ မိုက်မဲတွေဝေခဲ့၏။ ငါတို့သည် သင်နှင့် ကြာမြင့်စွာနေပြီးသော ခိုတို့ ဖြစ်ကုန်၏၊ တခြားခိုတို့ မဟုတ်ကုန်၊ ဤခိုအပေါင်း၌ သင်၏စိတ်သည် ပြစ်မှားခဲ့၏၊ သို့အတွက် သင့်ကို ငါတို့ ကြောက်ရွံ့ ထိတ်လန့်ကုန်၏” –

ဟု ရသေ့ကောက်အား ပြန်ကြားပြောဆိုလေ၏။ ထိုအခါ ရသေ့ကောက်သည် ငါ၏အကြောင်းကို ခိုတို့ သိကုန်ပြီဟု လက်ရိုက်ဖြင့်ပစ်လိုက်၍ အချင်းခို သွားလေလော့ လွဲလေပြီဟု ဆိုလိုက်၏။ ထိုအခါ ခိုမင်းသည် ရသေ့ပျက်အား “ဟယ် ရသေ့ပျက် ... ရှေးဦးစွာ ငါ့ကိုလွဲသည်ကား မှန်၏၊ သင့်မှာ အပါယ်ငရဲနှင့် လွဲမည်မဟုတ်၊ အကယ်၍သင် ဤကျောင်း၌နေပါမူ ရွာသားတို့ကို ဤရသေ့ကား သူခိုးဖြစ်သည်ဟု အကြောင်းကြားကာ သင့်ကို သတ်စေမည်” ဟု ခြိမ်းခြောက်လေ၏။

ကောက်ကျစ်စဉ်းလဲသော ရသေ့လည်း ခိုမင်း၏စကား ကိုကြားလျှင် ကြောက်သဖြင့် မနေဝံ့တော့ဘဲ အရပ်တစ်ပါးသို့ ဖဲသွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကောက်ကျစ်သော ရသေ့သည် - ယခုအခါ ဒေဝဒတ်။

သီလရှိသော ရသေ့သည် - သာရိပုတ္တရာ။

ခိုမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရသေ့လူသွမ်း၊ ခိုသတ်မှန်း၊ ဖုံးလွှမ်းလက်ရိုက်ကိုင်။

(၂) ခိုပညာရှိ၊ အကြောင်းသိ၊ ထိအောင်မပစ်နိုင်။

ရောမကဇာတ် ပြီး၏။

***

(၂၇၈) မဟိံသရာဇဇာတ်

အလွန်သည်းခံသောကျွဲ၏ ကိုယ်ပေါ်တွင် မစင်စွန့်သော်လည်း ဆင်းရဲမခံရ၍ တိုးတက်ကာ တခြားကျွဲပေါ်ကို မစင်စွန့်မိသဖြင့် ဦးချိုဖျားတွင် သေပွဲဝင်ရသော မျောက်ယုတ်မာအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မျောက်ယုတ်မာမှု အကြောင်းပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်ဝယ် အမျိုးသားတစ်ယောက်သည် လျှပ်ပေါ်သော မျောက်တစ်ကောင်ကို အိမ်တွင်မွေး၍ထား၏။ ထိုမျောက်သည် ဆင်တင်းကုပ်သို့သွား၍ သီလရှိသော ဆင်၏ ကျောကုန်း၌နေလျက် ကျင်ကြီးကျင်ငယ်စွန့်၏။ စင်္ကြံသွား၏။ ဆင်သည် သီလရှိသောကြောင့် အမျက်မထွက်။

တစ်နေ့သ၌ ထိုဆင်၏နေရာဝယ် တစ်ပါးသော ဆင်ငယ်ငည် လာ၍နေ၏။ မျောက်လည်း ရှေးကဆင်အမှတ်ဖြင့် ကျောကုန်းသို့တက်၏။ ဆင်သည် အမျက်ထွက်သဖြင့် လျင်မြန်စွာ နှာမောင်းဖြင့်ယူပြီးလျှင် မြေ၌ချကာ ခြေဖြင့်နင်း၍သတ်လေ၏။ ထိုအကြောင်းသည် သံဃာဘောင်၌ ထင်ရှားလေ၏။

ရဟန်းတို့သည် တရားဘင်၌ စကားစပ်မိ၍

ထိုမျောက်အကြောင်းကို ပြောဆိုနေကြရာ မြတ်စွာဘုရားကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ဤမျောက်သည် ယခုအခါ၌သာလျှင် လျှပ်ပေါ်လော်လည်သည် မဟုတ်၊ ရှေးအခါ၌လည်း လျှပ်ပေါ်သည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသည်း။

အတိတ်ဝတ္ထု

ယုတ်မာတန်တန် ကျွဲသည်းခံ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကျွဲမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ကြီးသော ကိုယ်ရှိလျက် အားအစွမ်းနှင့် ပြည့်စုံ၏။ တောင်ခြေက်ရင်းဝယ် ချိုင့်ဝှမ်း ခဲယဉ်းသော တော်အုပ်၌ ကျက်စား၍ ချမ်းသာသော သစ်ပင်ရင်းတစ်ခုတွင် နေ့အခါ နေလေ့ရှိ၏။

ထိုအခါ လျှပ်ပေါ်သော မျောက်တစ်ကောင်သည် သစ်ပင်မှ ဆင်းသက်ကာ ကျွဲ၏ ကျောကုန်းသို့ တက်ပြီးလျှင် ကျင်ကြီး ကျင်ငယ်စွန့်၏။ ချိုတို့၌ကိုင်ကာ တွဲလျားဆွဲ၏။ အမြီးတို့၌ကိုင်ပြီးလျှင် ပုခက်လွှဲသကဲ့သို့ပြုကာ ကစားလေ့ရှိ၏။ ကျွဲသည် သည်းခံခြင်း၊ သနားခြင်း၊ ချစ်ခြင်းနှင့် ပြည့်စုံသောကြောင့် ထိုမျောက်၏ မရိုမသေကျင့်ခြင်းကို နှလုံးမမူ။ မျောက်သည် အကြိမ်ကြိမ် ထိုအတူသာလျှင် ပြုကျင့်၏။

တစ်နေ့သ၌ သစ်ပင်ရင်း၌နေသော နတ်သည် သစ်ခွကြားတွင် တည်လျက် -

“ကျွဲမင်း ... အလုံးစုံသော အလိုကို ပေးတတ်သောအရှင်၏ ဆင်းရဲကို သည်းခံသကဲ့သို့၊ လျှပ်ပေါ်သောစိတ်ရှိ၍ အဆွေခင်ပွန်းကို ပြစ်မှားသော ဤမျောက်ပျက်၏ဆင်းရဲကို အဘယ်ကြောင့် သည်းခံဘိသနည်း –

ဤမျောက်ပျက်ကို ချိုတို့ဖြင့် လည်းကောင်း၊ ခွာတို့ဖြင့် လည်းကောင်း ခတ်နင်း၍ သေအောင် သတ်ပါလော့၊ အကယ်၍ မတားမြစ်ပါမူ မိုက်သောသတ္တဝါတို့သည် အတိုင်းထက်အလွန် ညှဉ်းဆဲကုန်ရာ၏” –

ဟု ပြောဆို တိုက်တွန်းလေ၏။ ကျွဲမင်းသည် သစ်ပင်စောင့်နတ်၏စကားကို ကြားလျှင် -

“အို ရုက္ခစိုးနတ် ... ဤမျောက်ပျက်သည် ငါကဲ့သို့ မှတ်ထင်အောက်မေ့ကာ တစ်းပါးသော ကျွဲတို့ကိုလည်း ပြုလုပ်လိမ့်မည်၊ ပြုလုပ်သောကြောင့် ထိုကျွဲတို့သည် ထိုအရပ်မှာပင် မျောက်ပျက်ကို သတ်ကြလိမ့်မည်၊ ထိုသို့ သတ်ကြခြင်းကား ငါ့အား ဆင်းရဲမှ လည်းကောင်း၊ ပါဏာတိပါတကံမှ လည်းကောင်း လွတ်မြောက်စေရန် ဖြစ်လိမ့်မည်” –

ဟု ရုက္ခစိုးနတ်အား အကျိုးအကြောင်းပြကာ ပြောကြားလေ၏။

ယုတ်မာအစဉ် သေပွဲဝင်

နှစ်ရက်၊ သုံးရက် လွန်သောအခါ ကျွဲမင်းသည် အရပ်တစ်ပါးသို့ သွားလေ၏။ ကြမ်းသော ကျွဲတစ်ကောင်သည် ထိုအရပ်သို့ လာ၍နေ၏။ ထိုအခါ လျှပ်ပေါ်သော မျောက်သည် မိမိနှင့် ဆက်ဆံဖူးသော ကျွဲဟူသော အထိမ်အမှတ်ဖြင့် ကျောကုန်းသို့တက်၍ ရှေးအတူ မရိုမသေ ပြုကျင့်ပြန်၏။ ထိုအခါ ကျွဲသည် ကိုယ်ကိုခါ၍ မျောက်ကို မြေ၌ကျစေပြီးလျှင် ချိုဖြင့် ရင်ဘတ်ကိုခတ်ကာ ခြေတို့ဖြင့် နင်း၍သတ်လေ၏။ မျောက်လည်း ထိုအရပ်မှာပင် အသက်ကုန်ခြင်းသို့ ရောက်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကြမ်းသော ကျွဲသည် - ယခုအခါ ကြမ်းသော ဆင်။

လျှပ်ပေါ်သော မျောက်သည် - လျှပ်ပေါ်သော မျောက်။

ကျွဲမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မျောက်ပျက်လျှပ်ပေါ်၊ ကျွဲကျောပေါ်၊ မလျော်ညစ်ကြေးပြု။

(၂) သည်းခံကျွဲမြတ်၊ ကျွဲကြမ်းသတ်၊ သေလတ်ယုတ်မာမှု။

မဟိံသရာဇဇာတ် ပြီး၏။

***

(၂၇၉) သတပတ္တဇာတ်

ကြွေးတောင်းသွားသောသားကို စွဲလမ်းကာ သေပြီး မြေခွေးမဖြစ်၍ သားကို ခိုးသားဘေးမှ တားသော်လည်း သား မနာယူ၊ ရန်သူခေါက်ရှာငှက်အား မိတ်ဆွေပြုမှားသဖြင့် ခိုးသားများနှင့်တွေ့ရသော လုလင် မိုက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ခိုက်ရန်စေမှု အကြောင်းပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ပဏ္ဍုကရဟန်းနှင့် လောဟိတက ရဟန်းနှစ်ပါးတို့သည် သာဝတ္ထိပြည်ကို အမှီပြု၍ ဇေတဝန်ကျောင်းတော်၌ နေကြကုန်၏။ ထိုရဟန်းနှစ်ပါးတို့သည် တရားသဖြင့် ငြိမ်းလေပြီးသော အဓိကရုဏ်းကို တစ်ဖန် ကံပြုစိမ့်သောငှာ လှုံ့ဆော်ကြကုန်၏။ တစ်ပါးသောရဟန်းတို့အားလည်း အယူကို စွန့်စိမ့်သောငှာ မပေးကြကုန်၏။ ထိုကြောင့် ခိုက်ရန်ငြင်းခုန်ခြင်း အထူးထူး အပြားပြား ပြောဆိုခြင်းတို့သည် တစ်နေ့တစ်ခြား များပြား၍ လာကုန်၏။

ထိုအခါ ရဟန်းတို့သည် မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ထားကြကုန်၏။ မြတ်စွာဘုရား သိတော်မူလျှင် ပဏ္ဍုကရဟန်းနှင့် လောဟိတက ရဟန်းနှစ်ပါးကို ခေါ်တော်မူ၍ မေးမြန်းတော်မူရာ ကြားတော်မူတိုင်း ဟုတ်မှန်ကြောင်းကို လျှောက်ထားကြလျှင် “ရဟန်းတို့ ...သင်တို့အမူအရာသည် ခေါက်ရှာငှက်နှင့် လုလင်၏ အမူအရာကဲ့သို့ ဖြစ်၏” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသည်း။

အတိတ်ဝတ္ထု

ကြွေးမြေတောင်းချေ သားကိုစေ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မထင်မရှားသော ကာသိကရွာငယ်တွင် တစ်ဦးတည်းသောအမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ကုန်သွယ်ခြင်း၊ လယ်လုပ်ခြင်း စသောအမှုဖြင့် အသက်မွေးခြင်းကိုမပြုဘဲ သူခိုးငါးရာတို့ အကြီးအမှူးဖြစ်၍ ခရီးသွားတို့ကို လုယက်ခြင်း၊ အိမ်ခြံစပ်ကို ဖောက်ထွင်း၍ခိုးခြင်း စသောအမှုကို ပြုလုပ်ကာ အသက်မွေးလေ၏။

ထိုအခါ ဗာရာဏသီပြည်ဝယ် သူကြွယ်တစ်ယောက်သည် ဇနပုဒ်သား တစ်ယောက်အား အသပြာတစ်ထောင် ချေးငှားပြီးလျှင်ပြန်တောင်းမယူမီ သေလွန်ခဲ့၏။ ထိုသူကြွယ်၏ မယားလည်း နောက်အခါ သည်းထန်စွာ ရောဂါဝေဒနာဖြစ်၍ သေခါနီးလတ်သော် သားကိုခေါ်၍ “ချစ်သား ... သင့်အဘသည် ဇနပုဒ်သား မည်သူ့အား အသပြာ တစ်ထောင် ချေးငှားပြီးလျှင် ပြန်၍တောင်းမယူမီ သေလွန်ခဲ့၏၊ ငါလည်း အကယ်၍ သေခဲ့အံ့၊ ထိုသူသည် သင့်အား မပေးလတ္တံ့၊ ငါ အသက်ရှင်စဉ်ပင် သွား၍တောင်းချေ” ဟု စေခိုင်းလေ၏။

သားကိုလွန်ချစ် ခွေးမ - ဖြစ်

သားလည်း မိခင်စကားကို ကြားလျှင် ကောင်းပြီဟု ဝန်ခံကာ ထိုဇနပုဒ်သို့သွားပြီးလျှင် မြီစားထံတောင်းရာ ရခဲ့သဖြင့် ပြန်လာလေ၏။ မိခင်လည်း သားသွား၍ မကြာမြင့်မီ သေလွန်၍ သား၌ချစ်ခြင်းကြောင့် သားသွားရာလမ်းတွင် ဥပပတ်ပဋိသန္ဓေဖြင့် ခွေးမဖြစ်လေ၏။ ထိုအခါ သူခိုးကြီးလည်း ခရီးသွားတို့ကို လုယက်လျက် ထိုလမ်းခရီးတွင် ပရိသတ်နှင့်တကွ နေ၏။

မြေခွေးမသည် သားလုလင် တောအုပ်ဝသို့ ရောက်သည်ရှိသော် “အမောင် ... မသွားလေနှင့်၊ ဤတောအုပ်၌ သူခိုးတို့ နေကုန်၏၊ အမောင့်ကိုသတ်၍ အသပြာတစ်ထောင်ကို ယူကြကုန်လတ္တံ့” ဟု ပြောဆိုသောအနေဖြင့် အဖန်ဖန် ခရီးလမ်းကို ဖြတ်သန်းကာ တားမြစ်လေ၏။ လုလင်သည် အကြောင်းကို မသိသဖြင့် ယုတ်မာသောမြေခွေးမသည် ငါ၏ သွားရာလမ်းကို အဖန်ဖန် ဖြတ်သန်းတားမြစ်ဘိ၏ဟု အမျက်ထွက်ကာ လှံကန်ဖြင့် ပစ်ခတ်၍ ပြေးစေပြီးလျှင် တောအုပ်သို့သွားလေ၏။

ဆိုးသည်ကိုပင် အကောင်းထင်

ထိအခါ ခေါက်ရှာငှက်တစ်ကောင်သည် လုလင်၏လက်၌ အသပြာတစ်ထောင်ရှိသည်၊ ဤလုလင်ကိုသတ်၍ ယူကြကုန်ဟု မြည်လျက် သူခိုးတို့ထံသို့ ရှေးရှုပျံလေ၏။ လုလင်လည်း အကြောင်းကို မသိသဖြင့် ဤငှက်ကား မင်္ဂလာငှက်ဖြစ်သည်၊ ငါ့အား ကောင်းသောမင်္ဂလာ ဖြစ်လတ္တံ့ဟု အောက်မေ့ကာ “အရှင် မြည်ပါဦးလော့၊ အရှင် မြည်ပါဦးလော့” ဟု တောင်းပန်ကာ လက်အုပ်ချီလေ၏။

သူခိုးကြီးလည်း ပါရမီထူးသော ယောကျ်ားမြတ် ဖြစ်ရကား ခပ်သိမ်းသော သတ္တဝါတို့၏မြည်သံကို သိ၏။ ထိုလင်လင်နှင့် ခေါက်ရှာငှက်တို့ အမူအရာမြင်လျှင် ဤမြေခွေးမကား လုလင်၏မိခင် ဖြစ်တန်ရာ၏။ ထို့ကြောင့် မြေခွေးမသည် လုလင်ကို သူခိုးတို့ သတ်မည့်ဘေးမှ ကာကွယ်လိုသဖြင့် တားမြစ်၏။ ဤခေါက်ရှာငှက်ကား လုလင်၏ ရန်သူ ဖြစ်တန်ရာ၏။ ထို့ကြောင့် ဤလုလင်ကိုသတ်၍ အသပြာတစ်ထောင်ကိုယူရန် ငါတို့အား ပြောကြား၏။ ဤလုလင်ကား အကြောင်းကို မသိသောကြောင့် အကျိုးစီးပွားကို လိုလားသော မိခင်အား ခြိမ်းခြောက်၍ ပြေးစေဘိ၏။ အကျိုးမဲ့ကို လိုလားသော ခေါက်ရှာငှက်အား တောင်းပန်ကာ လက်အုပ်ချီဘိ၏။ ဤလုလင်ကား ဩော် ... မိုက်လေစွာဟု ကြံစည်မိလေ၏။

သူခိုးဗိုလ်က ဆိုဆုံးမ

ထိုအခိုက်တွင် လုလင်သည် လာလတ်သော် သူခိုးတို့နေရာ အပိုင်းအခြားသို့ ရောက်လေ၏။ သူခိုးကြီးသည် ထိုလင်လင်ကို ခေါ်စေပြီးလျှင် “အမောင် ... အဘယ်မှာ နေသနည်း” ဟု မေး၏။ “အရှင် ... ဗာရာဏသီပြည်၌ နေပါသည်” ဟု ပြော၏။ “အဘယ်သို့ သွားသနည်း” ဟု မေး၏။ “ဇနပုဒ်သားတစ်ယောက်ထံ အကြွေး အသပြာတစ်ထောင်တောင်းရန် သွားပါသည်” ဟု ပြော၏။ “ရခဲ့သလား” ဟု မေး၏။ “ရခဲ့ပါသည်” ဟု ပြော၏။ “သင့်ကို ဘယ်သူ အတောင်းခိုင်းသနည်း” ဟု မေး၏။ “အနာရောဂါပြင်းထန်စွာ ရောက်နေသော မိခင်က အတောင်းခိုင်းပါသည်” ဟု ပြော၏။ “သင့်မိခင်၏ အကြောင်းကို သိသလား” ဟု မေး၏။ “မသိပါ” ဟု ပြော၏။ “သင့်မိခင် သင်သွား၍ မကြာမြင့်မီ သေလွန်ပြီးလျှင် သား၌ ချစ်ခြင်းကြောင့် ခရီးလမ်းကြားတွင် မြေခွေးမ ဖြစ်နေသည်၊ သင့်ကို သူခိုးတို့ သတ်မည့်ဘေးမှ ကာကွယ်လိုသဖြင့် တာမြစ်ဘိ၏၊ သင်ကား ခြိမ်းခြောက်၍ ပြေးစေခဲ့၏၊ ဤခေါက်ရှာငှက်ကား သင့်ရန်သူ ဖြစ်သည်၊ ထို့ကြောင့် သင့်ကိုသတ်၍ အသပြာတစ်ထောင်ကို ယူရန် သခိုးတို့အား ပြောကြားသည်၊ သင်သည် မိုက်မဲသောကြောင့် အကျိုးစီးပွားကို လိုလားသော မိခင်အား ခြိမ်းခြောက်၍ ပြေးစေ၏၊ အကျိုးမဲ့ကို လိုလားသော ခေါက်ရှာငှက်အား တောင်းပန်ကာ လက်အုပ်ချီဘိ၏၊ ငါတို့အပေါ်၌ သင်ပြုအပ်သော ကျေးဇူးမရှိ၊ သင့်မိခင် ပြုအပ်သော ကျေးဇူးကား များလှ၏၊ သို့အတွက် သင့်မိခင်၏ကျေးဇူးကို ထောင်ထားကာ သင့်ကိုလွှတ်လိုက်မည်၊ အသပြာတစ်ထောင်ကိုယူ၍ ချမ်းသာစွာ သွားလေလော့” ဟု လွှတ်လိုက်၏။

မြတ်စွာဘုရားသည် ဤဒေသနာတော်ကို ဆောင်တော်မူပြီးလျှင် -

“ရဟန်းတို့ ... လမ်းခရီး၌ လုလင်သည် တော်၌ကျက်စားလျက် မိမိအကျိုးစီးပွားကို လိုလား၍ ပြောကြားလာသော မြေခွေးမကို အကျိုးစီးပွားမဲ့ကို လိုလားသည်ဟု အောက်မေ့မှတ်ထင်သကဲ့သို့ လည်းကောင်း၊ အကျိုးစီးပွားမဲ့ကို လိုလားသော ခေါက်ရှာငှက်ကို အကျိုးစီးပွားကို လိုလားသည်ဟု အောက်မေ့ မှတ်ထင်သကဲ့သို့ လည်းကောင်း ထိုအတူ လောကမှာ ဤလိုသဘောရှိသော ပုဂ္ဂိုလ်မျိုးသည် ရှိ၏။ ထိုပုဂ္ဂိုလ်မျိုးကား အကျိုးစီးပွားဖြင့် ဆိုဆုံးမသည်ရှိသော် အယုတ်အားဖြင့် ယူ၏။ မိမိကို ချီးမွမ်းသူ၊ ဘေးကို ပြ၍ ချီးမြှောက်သူကို လုလင်မိုက်သည် ခေါက်ရှာငှက်ကို မိတ်တွေဟု အောက်မေ့ မှတ်ထင်သကဲ့သို့ ဖြစ်တတ်၏” –

ဟု ပြောကြား ဆုံးမတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သူခိုးကြီးသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အကျိုးလိုလား၊ ပြေပြုငြား၊ အမှားထင်တတ်သည်။

(၂) မလိုအကျိုး၊ ပြောပြုမျိုး၊ ဟုတ်နိုးထင်တတ်သည်။

(၃) ပညာမဲ့များ၊ အထင်မှား၊ လျင်လျားပျက်စီးသည်။

သတ္တပတ္တဇာတ် ပြီး၏။

***

(၂၈၀) ပုဋဒူသကဇာတ်

ဥယျာဉ်စောင့် ထုပ်၍ချအပ်သော သစ်ရွက်ထုပ်များကို အောက်မှ ဖျက်ဆီးပစ်နေသော မျောက်ပျက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပျက်စီးစေမှု အကြောင်းပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်ဝယ် အမတ်တစ်ယောက်သည် ဘုရား အမှူးရှိသော သံဃာအား ပင့်ဖိတ်၍ ဥယျာဉ်တော်၌နေစေလျက် ဆွမ်းမဘုဉ်းပေးမီ ဥယျာဉ်တော်၌ လှည့်လည်လိုကုန်သော အရှင်တို့သည် လှည့်လည်တော်မူကြပါကုန်ဟု လျှောက်ထား၏။

ရဟန်းတို့သည် ဥယျာဉ်တော်၌ လှည့်လည်ကြကုန်သည်ရှိသော် ဥယျာဉ်စောင့်သည် အရွက်နှင့်ပြည့်စုံသော သစ်ပင်ကြီးသို့တက်၍ ကြီးသော အရွက်တို့ကိုခူးကာ ဤအထုပ်ကား ပန်းထုပ် ဖြစ်လတ္တံ့၊ ဤအထုပ်ကား သစ်သီးထုပ် ဖြစ်လတ္တံ့ဟု အထုပ်တို့ကို ပြုလုပ်ကာ သစ်ပင်ရင်းသို့ ချ၏။ ဥယျာဉ်စောင့်၏သား သူငယ်သည် ချတိုင်းချတိုင်းသော အထုပ်တို့ကို ဖျက်ဆီး၏။ ရဟန်းတို့သည် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားကြလျှင် မြတ်စွာဘုရားသည် “ရဟန်းတို့ ... ဤသူငယ်ကား ယခုအခါ၌သ အထုပ်တို့ကို ဖျက်ဆီးသည်မဟုတ်၊ ရှေးအခါ၌လည်း ဖျက်ဆီးဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သစ်ရွက်ဖျက်ဆီး မျောက်ပျက်ကြီး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗာရာဏသီပြည်မှာပင် တစ်ဦးတည်းသော ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် အိမ်၌နေလျက် တစ်နေ့သ၌ တစ်စုံတစ်ခု ပြုဖွယ်ကိစ္စဖြင့် ဥယျာဉ်သို့သွားလေ၏။ ထိုဥယျာဉ်၌လည်း များစွာသော မျောက်တို့သည် နေကြကု၏။

ဥယျာဉ်စောင့်သည် သစ်ပင်သို့တက်ကာ သစ်ရွက်ထုပ်တို့ကို ချ၏။ မျောက်ကြီးသည် ချတိုင်း ချတိုင်းသော သစ်ရွက်ထုပ်တို့ကို ဖျက်ဆီး၏။ ထိုအခါ ပုဏ္ဏားသည် မျောက်ကြီးကိုခေါ်၍ -

“အို မျောက်မင်း ... သင်သည် သစ်ရွက်ထုပ်ပြုလုပ်သောအမှု၌ လိမ္မာမည် ထင်၏၊ ထိုကြောင့် အထုပ်တို့ကို ဖျက်ဆီးဘိ၏၊ အခြား နှစ်သက်ဖွယ်ကောင်းသော အထုပ်ကို ပြုလုပ်မည်လော”

ဟု မေးလေ၏။ ထိုအခါ မျောက်ကြီးသည် ပုဏ္ဏားအား -

“အို ယောကျ်ား ... ငါ၏အမိသည် လည်းကောင်း၊ အဘသည် လည်းကောင်း သစ်ရွက်ထုပ် ပြုလုပ်သော အမှု၌ မလိမ္မာပါ၊ ငါတို့ကား ပြုတိုင်း ပြုတိုင်းသော သစ်ရွက်ထုပ်ကိုသာလျှင် ဖျက်ဆီးပါကုန်၏၊ ဤမျောက်မျိုးတို့ကား ဖျက်ဆီးတတ်သောသဘော ရှိကုန်၏”

ဟု ပြန်ကြား ပြောဆိုလေ၏။ ထိုမျောက်ကြီး ပြောသောစကားကို ကြားပြန်လျှင် ပုဏ္ဏားသည် မျောက်ကြီးအား -

“အို မျောက်မင်း .. သင်တို့ မျောက်မျိုးတို့ သဘောကာ ဤသို့သဘောရှိ၏။ သဘောမဟုတ်သော အကျင့်ကား အဘယ်နည်း၊ သင်တို့၏သဘောကိုလည်းကောင်း၊ သဘောမဟုတ်သော အကျင့်ကို လည်းကောင်း တစ်ရံတစ်ခါမျှ မမြင်လို”

ဟု ပြောဆိုကာ ပြစ်တင်ကဲ့ရဲ့ပြီးလျှင် ထိုအရပ်မှ ဖဲသွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မျောက်ကြီးသည် - ယခုအခါ အထုပ်ကို ဖျက်ဆီးသော သူငယ်။

ပညာရှိ ပုဏ္ဏားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ယုတ်မာ, လော်လည်၊ လျှပ်ပေါ်သည်၊ မတည်မျောက် သဘော။

(၂) ကောင်း, ဆိုး, ယုတ်, မြတ်၊ မသိလတ်၊ ဖျက်တတ်မျောက်သဘော။

ပုဋဒူသကဇာတ် ပြီး၏။

***

(၂၈၁) အဗ္ဘန္တရဇာတ်

အဗ္ဘန္တရသရက်ကို ချင်ခြင်းတပ်နေသော မိဖုရား၏အလိုကို ပြည့်စေလိုသဖြင့် အသက်ကို ပမာဏ မထားဘဲ ရက္ခိုသ်တို့ဘေးမှ အောင်မြင်စွာ ယူဆောင်နိုင်သော ကျေးသားငယ်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ယသော်-ရဟန်းမ လေနာထ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရာဟုလာ မယ်တော် ဗိမ္ဗာဒေဝီ မိဖုရားသည် ငါကား ဤအိမ်၌သာနေသဖြင့် အကျိုးမရှိ၊ ရဟန်းပြု၍ သာဝတ္ထိပြည်သို့ သွားပြီးလျှင် မြတ်စွာဘုရားကို မပြတ်ဖူးမြော်ကာနေမည်ဟု ကြံစည်၍ ရဟန်းပြုပြီးလျှင် ဥပဇ္ဈာယ်ဆရာတို့နှင့်တကွ သာဝတ္ထိပြည်သို့သွားလျက် မြတ်စွာဘုရားကို လည်းကောင်း၊ ချစ်လှစွာသော သားတော်ကို လည်းကောင်း ဖူးမြင်ကာ တစ်ခုသော ရဟန်းမိန်းမတို့ကျောင်းတွင် နေလေ၏။

ရာဟုလာ သာမဏေသည် လာ၍ မယ်တော်ကို ဖူးမြင်၏။ တစ်နေ့သ၌ မယ်တော် မထေရ်မအား ဝမ်းတွင် လေရောဂါ ထခဲ့၏။ သားတော်သည် ဖူးမြင်ရန် လာလတ်သော် သားတော်အား အဖူးအမြင်ထွက်ရန် မတတ်နိုင်။ ထိုအခါ ရာဟုလာသည် အခန်းတွင်းသို့ဝင်၍ “မယ်တော် ... ဘာအလိုရှိသနည်း” ဟု မေး၏။ “ချစ်သား လူဖြစ်စဉ် သကာ၊ သကြားနှင့်ရောသော သရက်သီးရည်သည် လေနာငြိမ်းဖူး၏။ ယခုအခါ ဆွမ်းခံ၍ အသက်အမွေးရ၏။ အဘယ်မှာ ရနိုင်မည်နည်း” ဟု ပြောဆိုလေ၏။

ရာဟုလာသည် “မယ်တော် ရလျှင် ဆောင်ယူခဲ့မည်” ဟု ပြောဆိုကာ ဥပဇ္ဈာယ်ဖြစ်သော ရှင်သာရိပုတ္တရာထံသို့ သွား၍ ရှိခိုးကာ မျက်နှာမသာသော အခြင်းအရာဖြင့် နေ၏။ ရှင်သာရိပုတ္တရာသည် ရာဟုလာအား မေး၍ သကာ သကြားတို့နှင့်ဖျော်သော သရက်သီးရည်ကို အလိုရှိကြောင်း လျှောက်ထားပြန်ရာ “ရာဟုလာ ... မစိုးရိမ်လင့်၊ ရမည်” ဟု မိန့်တော်မူလိုက်၏။

သရက်သီးစားသောက် လေနာပျောက်

ရှင်သာရိပုတ္တရာလည်း နက်ဖြန် ရာဟုလာကိုခေါ်၍ ဆွမ်းစားဇရပ်တွင် ထားခဲ့ပြီးလျှင် ကောသလမင်းကြီးအိမ်သို့ ကြွတော်မူ၏။ မင်းကြီးလည်း မထေရ်ကို မြတ်သော နေရာတွင် နေစေ၏။ ထိုခဏ၌ ဥယျာဉ်စောင့်သည် သရက်သီးမှည့်တို့ကို ယူလာ၍ မင်းကြီးအား ဆက်လေ၏။ မင်းကြီးလည်း သကာ၊ သကြားနှင့်ရောသော သရက်သီးရည်ကို ပြုလုပ်ကာ မထေရ်မြတ်အား သိပတ်ပြည့်အောင် လှူဒါန်းလေ၏။ မထေရ်မြတ်လည်း မင်းကြီးအိမ်မှထွက်ကာ ဆွမ်းစားဇရပ်သို့ သွားပြီးလျှင် ရာဟလာအား ပေးတော်မူ၏။ ရာဟုလာလည်း ယူ၍ မယ်တော်အား ပေး၏။ မယ်တော်မထေရ်လည်း သရက်သီးရည်ကို သုံးဆောင်ကာမျှဖြင့်လျှင် လေနာသည် ငြိမ်းလေ၏။

ကောသလမင်းကြီးလည်း သရက်သီးရည်ကို ရှင်သာရိပုတ္တရာ ကိုယ်တိုင် သုံးဆောင်တော်မူသလော၊ တခြားသူအား ပေးတော်မူသလော စုံစမ်းစေရာ ရာဟုလာမယ်တော် လေနာထ၍ ၎င်းအား ပေးကြောင်း၊ သုံးတောင်ကာမျှဖြင့် လေနာငြိမ်းကြောင်း သိလေလျှင် အလွန်ကြည်ညိုသဖြင့် မထေရ်အား မပြတ် သရက်သီးရည်လှူဒါန်းတော်မူ၏။

ရှင်သာရိပုတ္တရာသည် ဗိမ္ဗာဒေဝီ မထေရ်မအား သရက်သီးရည် လှူဒါန်းသောအဖြစ်သည် သံဃာဘောင်၌ ထင်ရှားလေ၏။ ရဟန်းတို့သည် တရားသဘင်၌ ထိုအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... သာရိပုတ္တရာသည် ယခုအခါ၌သာ ရာဟုလာမယ်တော်ကို သရက်သီးရည်ဖြင့် ရောင့်ရဲစေသည် မဟုတ်၊ ရှေးအခါ၌လည်း ရောင့်ရဲစေခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သီလထန်ပြင်း ပဏ္ဍုကမ္ဗလာတင်း

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကိသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှင် အိမ်ရာထောင်လျက် လူ့ဘောင်၌နေခဲ့ရာ မိဘတို့ သေလွန်သောအခါ ရသေ့ရဟန်းပြု၍ အဘိညာဉ်သမာပတ်ကို ဖြစ်စေလျက် ရသေ့အပေါင်း ခြံရံကာ ဟိမဝန္တာအရပ်တွင် နေလေ၏။

အချိန်ကာလ ကြာမြင့်လတ်သော် ချဉ်ဆား မှီဝဲလိုသည်ဖြစ်၍ ဟိမဝန္တာတောင်မှ ဆင်းသက်ကာ ဒေသစာရီလှည့်လည်လေလျှင် ဗာရာဏသီပြည်သို့ရောက်၍ ဥယျာဉ်တော်တွင် နေလေ၏။ ထိုအခါ ရသေ့တို့၏ သီလတန်ခိုးကြောင့် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် တုန်လှုပ်လေ၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကိုသိ၍ ပြစ်မှားလိုသောစိတ်ဖြင့် ရသေ့တို့နေရာမရဘဲ စိတ်ညစ်၍ ဥယျာဉ်တော်မှ ပြေးရအောင် ပြုလုပ်မည်ဟု ကြံစည်ကာ အကြောင်းရှာလေ၏။

ထိုအခါ သိကြားမင်းသည် မိဖုရားကြီး ကျက်သရေတိုက်ခန်းသို့ဝင်၍ ကောင်းကင်၌ရပ်လျက် မိမိ သိကြားမင်း အဖြစ်ကို သိစေပြီးလျှင် -

“အရှင်မိဖုရားကြီး ... နတ်တို့သာ သုံးဆောင်ထိုက်သော အဗ္ဘန္တရ သရက်သီးကို စားရ၍ ချင်ခြင်းရှိသော မိန်းမသည် စကြဝတေးမင်းဖြစ်သော သားကောင်းရတနာကို ဖွားမြင်လတ္တံ့၊ အရှင်မိဖုရားကြီး ... သင်ကား ဗာရာဏသီမင်း၏ မိဖုရားကြီး ဖြစ်ခဲ့၏၊ သင်၏လင်ဖြစ်သော ဗာရာဏသီမင်းလည်း သင့်ကို အလွန်ချစ်မြတ်နိုး၏၊ သို့အတွက် သင့်ဖို့ အဗန္တရသရက်သီးကို ဆောင်ယူပေးလတ္တံ့” –

ဟု အကျိုးအကြောင်းကို ပြောဆိုပြီးလျှင် တစဖန် “အရှင်မိဖုရားကြီး ... သင်သည် မမေ့ပါနှင့်၊ နက်ဖြန် မင်းကြီးကို ဆက်ဆက်လျှောက်ကြားပါ” ဟု မှာထာဆုံးမခဲ့၍ နတ်ရွာသို့ ပြန်လေ၏။

သိကြားပြောလတ် ချစ်ခြင်းတတ်

မိဖုရားကြီးလည်း သိကြားမင်းကိုယ်တိုင် လာပြောသည့်အတွက် အလွန်ယုံကြည့်စိတ်ချကာ နက်ဖြန် အနာရောဂါရသော အခြင်းအရာကိုပြုပြီးလျှင် အလုပ်အကျွေးတို့ အား အမှတ်သညာပေး၍ အိပ်လေ၏။ မင်းကြီးသည် ညီလာခံတွင် မိဖုရားကြီးကိုမမြင်၍ မေးတော်မူရာ မကျန်းမာကြောင်း လျှောက်ထားကြလျှင် မိဖုရားကြီး အခန်းတွင်းသို့ ဝင်၍ အိပ်ရာနံဘေးတစ်ဖက်၌ထိုင်ကာ လက်ဖြင့် ကျောကိုသပ်လျက် “အရှင်မိဖုရားကြီး ... သင်အား အဘယ်ရောဂါဒေဝနာ ဖြစ်သနည်း” ဟု မေးလျှင်၊ “အရှင်မင်းကြီး ... အကျွန်ုပ်အား တခြား ရောဂါဝေဒနာ မရှိပါ၊ အဗ္ဘန္တရ သရက်သီးကို စားလိုသော ချင်ခြင်း ဖြစ်ပါသည်၊ မရလျှင် သေရမည်” ဟု လျှောက်လျှင် “အရှင်မိဖုရားကြီး ... ရစေမည်၊ မစိုးရိမ်လင့်” ဟု အားပေးကာ အခန်းတွင်းမှ ထွက်ခဲ့ပြီးလျှင် ရာဇပလ္လင်တွင် နေလေ၏။

ထိုနောက် မင်းကြီးသည် အမတ်တို့ကိုခေါ်၍ “အမတ်တို့ ... မိဖုရားကြီးအား အဗ္ဘန္တရ မည်သော သရက်သီးကို စားလိုသော ချင်ခြင်း ဖြစ်သတတ်၊ အသို့ပြုရအံ့နည်း” ဟု မေးလေ၏။ “အရှင်မင်းကြီး ... သရက်နှစ်ပင်တို့အကြားတွင် တည်ရှိသော သရက်ပင်မှာ အဗ္ဘန္တရ သရက်ပင် ဖြစ်ပါသည်၊ ဥယျာဉ်တော်သို့ စေလွှတ်ကာ ဆောင်ယူစေပြီးလျှင် မိဖုရားကြီးအား ပေးပါ” ဟု လျှောက်ထားကြ၏။ မင်းကြီးသည် မင်းချင်းတို့အား သရက်ပင်နှစ်ပင်တို့အကြားတွင် တည်ရှိသော သရက်ပင်၏အသီးကို ဆောင်ယူရန် စေလွှတ်လေ၏။

သိကြား နှောင့်ယှက် ရသေ့ရိုက်နှက်

သိကြားမင်းသည် မိမိ၏ အာနုဘော်ဖြင့် ဥယျာဉ်တော်၌ စားအပ်ပြီးသည်နှင့် တူသည်ကိုပြု၍ သရက်သီးတို့ကို ကွယ်စေ၏။ မင်းချင်းတို့လည်း ဥယျာဉ်တော်၌ လှည့်လည်ရှာဖွေရာ သရက်သီးတစ်လုံးမျှ မရသဖြင့် မရှိတော့ကြောင်းကို လျှောက်ထားကြကုန်၏။ မင်းကြီးသည် အဘယ်သူတို့ စားကြသနည်းဟု မေးလျှင် ရသေ့တို့ စားကြသည်ဟု လျှောက်ကြပြန်သောအခါ - ထိုရသေ့တို့ကို ရိုက်ပုတ်၍ နှင်ထုတ်ကြကုန်ဟု အမိန့်ပေးပြန်သဖြင့် ရိုက်ပုတ် နှင်ထုတ်ကြလျှင် ရသေ့တို့ သွားကြရကုန်၏။ သိကြားမင်းလည်း အလိုအတိုင်း ပြည့်လေ၏။ မိဖုရားကြီးမှာကား သရက်သီး မရသဖြင့် အိပ်မြဲတိုင်း အိပ်လေ၏။

မင်းကြီးသည် အဗန္တရ သရက်သီးကို မရလျှင် အမတ်တို့နှင့် ပုဏ္ဏားတို့ကို စည်းဝေးစေ၍ မေးမြန်းပြန်ရာ ပုဏ္ဏားတို့သည် “အရှင်မင်းကြီး .... အဗ္ဘန္တရ သရက်သီးကား နတ်တို့ အသုံးအဆောင်သာ ဖြစ်သည်၊ ဟိမဝန္တာဝယ် ရွှေတောင်အကြား၌ရှိ၏ဟု အဆင့်ဆင့်စကား ကြားဖူးပါသည်” ဟု လျှောက်၏။ “ပုဏ္ဏားတို့ ...ထိုအဗ္ဘန္တရ သရက်သီးကို ဘယ်သူသွား၍ ဆောင်ယူနိုင်မည်နည်း” ဟု မေး၏။ “အရှင်မင်းကြီး ... လူသားသွား၍ ဆောင်ယူရန် မတတ်နိုင်ပါ၊ ကျေးသားငယ်တစ်ကောင်ကို စေလွှတ်ရန်သင့်၏” ဟု လျှောက်ထားကြကုန်၏။

အဗ္ဘန္တရ ရှာဖွေ ကျေးငှက်စေ

ထိုအခါ မင်းကြီးသည် အိမ်တော်ဝယ် မွေးထားသော ကြီးသောကိုယ်ရှိ၍ ခွန်အားနှင့်ပြည့်စုံလျက် ဥပါယ်တံမျဉ်၌ လိမ္မာသော ယဉ်ကျေးလှသော ကျေးသားငယ်ကို ခေါ်၍- “အမောင်ကျေးသား ... သင့်ကို ငါ ကျေးဇူးပြုထားသည်မှာ ကြာမြင့်ပေပြီ၊ သင်သည် ငါ၏ ကိစ္စတစ်ခုကို ဆောင်ရွက်လော့၊ သင့်မိခင် မိဖုရားကြီးသည် အဗ္ဘန္တရ သရက်သီးကို စားလိုသော ချင်ခြင်း ဖြစ်ခဲ့သည်၊ မရလျှင် သေရမည်၊ ၎င်းသရက်သီးလည်း ဟိမဝန္တာ ရွှေတောင်အကြား၌ရှိ၍ နတ်တို့ အသုံးအဆောင် ဖြစ်သတတ်၊ လူသားတို့သွား၍ ယူဆောင်ရန် မတတ်နိုင်ပါ၊ သင်သွား၍ ယူပြီးလျှင် သင့်မိခင် မိဖုရားကြီးအား အသက်ကိုပေးပါ” ဟု ဖျောင်းဖျပြောဆိုလေ၏။ ကျေးသားလည်း “အရှင်မင်းကြီး ... ကောင်းပြီ မစိုးရိ်ပါနှင့် ရအောင် ဆောင်ယူပေးမည်” ဟု ဝန်ခံလေ၏။

မင်းကြီးလည်း ထိုအခါ ကျေးသားကို ရွှေခွက်ဖြင့် ပျားပေါက်ပေါက်တို့ကို စားစေ၍ သကြား သကာ အဖျော်တို့ကို သောက်စေပြီးလျှင် အကြိမ်တစ်ရာ ချက်အပ်သော ဆီတို့ဖြင့် အတောင်ကြားတို့ကို လိမ်းစေ၍ လက်နှစ်ဖက်တို့ဖြင့် ကိုင်ကာ လေသာပြတင်းမှ လွှတ်လိုက်၏။

အဗ္ဘန္တရရှိရာ ကျေးငှက်ရှာ

ကျေးသားလည်း ဟိမဝန္တာသို့သွား၍ ရှေးဦးစွာသော တောင်ကြားတွင် နေသော ကျေးသားတို့အား အဗ္ဘန္တရ သရက်သီးရှိရာ အရပ်ကို မေးလေ၏။ ကျေးသားတို့လည်း မသိကြကုန်။ ထိုအခါ ကျေးသားသည် နှစ်ခုမြောက်သော တောင်ကြား၊ သုံးခုမြောက်သော တောင်ကြား၊ လေးခုမြောက်သော တောင်ကြား၊ ငါးခုမြောက်သော တောင်ကြား၊ ခြောက်ခုမြောက်သော တောင်ကြား၊ ခုနစ်ခုမြောက်သော တောင်ကြားတွင်နေသော ကျေးသားတို့အား မေးမြန်းပြန်၏။ ထိုကျေးသားတို့သည် ဤမည်သော အရပ်ဝယ် ရွှေတောင်ကြားတွင် ရှိ၏ဟု ပြောကြကုန်၏။

ထိုအခါ ကျေးသားသည် ထိုကျေးသားတို့အား “အဆွေတို့ ... အကျွန်ုပ် အဗ္ဘန္တရ သရက်သီးကို အလိုရှိ၍ လာပါသည်၊ ဆောင်ယူပေးကြပါ” ဟု ပြော၏။ “အဆွေ ... အဗ္ဘန္တရ သရက်သီးကား ဝဿဝဏ် နတ်မင်းကြီး အသုံးဆောင် ဖြစ်သည်၊ မချဉ်းကပ်နိုင်၊ အမြစ်မှစ၍ သံကွန်ရက်ခုနစ်ထပ် အုပ်ဖုံး၍ထားသည်၊ ကုမ္ဘဏ်ရက္ခိုသ် ကုဋေ တစ်ထောင် စောင့်နေသည်၊ မြင်အပ်သော သတ္တဝါမှာ အသက်မရှိပြီ၊ ထိုအရပ်သို့ မသွားလိုပါနှင့်” ဟု ပြော၏။ “အဆွေတို့ .... မလိုက်ဝံ့လျှင် ထိုအရပ်ကိုသာ ပြကြပါ” ဟု ပြောရာ၊ “အဆွေ ... ဤမည်သော အရပ်ဖြင့် သွားလော့” ဟု ညွှန်းပြကြကုန်၏။

ရက္ခိုသ်ဂရုမမူ ဝင်၍ယူ

ကျေးသားလည်း ကျေးသားတို့ပြသော အမှတ်သညာဖြင့် သွားလတ်သော် အဗ္ဘန္တရ သရက်ပင်နားသို့ ရောက်၍ နေ့အခါ ပုန်းကွယ်လျက် ညဉ့်အခါ မဇ္စျိမယံတွင် ရက္ခိုသ်တို့ အိပ်ပျော်နေခိုက် အမြစ်ကြားတစ်ခုမှတက်ရန် ကြိုးစားလေ၏။ သံကွန်ရက်သည် ချင်ချင် ချင်ချင်ဟု မြည်လေ၏။ ထိုအသံဖြင့် ရက္ခိုသ်တို့ နိုး၍ ဝိုင်းအုံလာကြရာ ကျေးသားကို မြင်လျှင် ရက္ခိုသ်တို့သည် ကျေးသားကိုဖမ်း၍ သတ်ပုတ်ညှဉ်းဆဲရန် အမျိုးမျိုး ပြောဆိုကြကုန်၏။ ကျေးသားသည် ရက္ခိုသ်တို့ အမျိုးမျိုး ကြုံးဝါး ပြောဆိုသော စကားကို ကြားသော်လည်း ကြောက်ရွံ့ ထိတ်လန့်ခြင်းမရှိဘဲ “အို ရက္ခိုသ်တို့ ... သင်တို့လည်း ဝဿဝဏ် နတ်မင်းကြီး၏ သူရဲကောင်းများ ဖြစ်ကြသည်၊ ငါလည်း ဗာရာဏသီမင်း၏ သူရဲကောင်း ဖြစ်သည်၊ ငါသည် အဗ္ဘန္တရ သရက်သီးကို အလိုရှိ၍ ဗာရာဏသီမင်းအား အသက်ပေး၍ လာခဲ့သည်” ဟု အတိအလင်း မကြောက်မရွံ့ ပြောဆိုပြီးလျှင် တစ်ဖန် -

“အို ရက္ခိုသ်တို့ ... မိမိ၏ အသက်ကိုစွန့်၍ အမိအဘ အရှင်သခင်တို့၏ အမှုကိစ္စ၌ ကြိုးစားအားထုတ်သော သူတို့မည်သည် ချမ်းသာခြင်း၏ အကြောင်းကို ရကြမြဲတည်း၊ ငါသည်လည်း ချမ်းသာခြင်း၏ အကြောင်းကိုမုချရရှိလတ္တံ့”

ဟု ရက္ခိုသ်တို့အား အကျိုးအကြောင်းပြကာ တရားဟောလေ၏။ ရက္ခိုသ်တို့သည် ကျေးသား၏ တရားကို ကြားနာရလျှင် အလွန်ကြည်ညို၍ ကျေးသားကို မသတ်ဘဲ လွှတ်လိုက်ကြ၏။ ထိုအခါ ကျေးသားသည် “အို ရက္ခိုသ်တို့ ... အကျွန်ုပ်ကို အချည်းနှီး မလွှတ်ကြပါနှင့်၊ သရက်သီး တစ်လုံးကို ကျေးဇူးပြု၍ ပေးကြပါ” ဟု တောင်းလေ၏။ ရက္ခိုသ်တို့လည်း “အို ကျေးသား ... ငါတို့ မပေးဝံ့ကုန်၊ ပေးလျှင် ငါတို့မှာ အသက်ရှိမည် မဟုတ်၊ ရနိုင်မည့် အရပ်ကို ပြောကြားပါမည်၊ ဤမည်သော ရွှေတောင်ကွန်ရက်တစ်ခု၏ အကြား၌ ဇောတိရသ ရသေ့ကြီး နေ၏၊ ၎င်းရသေ့ကြီးအား ဝဿဝဏ် နတ်မင်းကြီး၏ ဆရာဖြစ်၏၊ ၎င်းရသေ့ကြီးကား ဝဿဝဏ် နတ်မင်းကြီး၏ ဆရာဖြစ်၏၊ ဝဿဝဏ် နတ်မင်းကြီးသည် ထိုရသေ့ကြီးထံ အမြဲမပြတ် သရက်သီး လေးလုံး ပို့လေ့ရှိသည်၊ ထိုရသေ့ကြီးထံမှ ယူပါလော့” ဟု ပြောကြားကြကုန်၏။

ရသေ့ထံမှ အဗ္ဘန္တရ - ရ

ကျေးသားသည် ရက္ခိုသ်တို့ စကားကို ကြားလျှင် ရသေ့ကြီးထံ သွားလေ၏။ ရောက်လျှင် ရှိခိုးကာနေ၏။ ရသေ့ကြီးလည်း ကျေးသားကိုမြင်လျှင် မေးမြန်း၍ အကြောင်းစုံ သိရ၍ ကျေးသားအား အလွန်သနားသဖြင့် ခေတ္တစောင့်ဆိုင်းစေ၏။ ထိုအခါ ဝဿဝဏ်နတ်မင်းကြီးထံမှ သရက်သီး လေးလုံး ပို့စေ၏။ ရသေ့ကြီးသည် နှစ်လုံးကို ဘုန်းပေးတော်မူ၏။ တစ်လုံးကို ကျေးသားအား စားစေ၏။ ကျေးသားလည်း သရက်သီးကို စားလေ၏။ တစ်လုံးကို ဆိုင်းငယ်ဖြင့်ထည့်ကာ ယူသွားရန် ကျေးသားအား ပေးလိုက်၏။

ကျေးသားလည်း ရသေ့ကြီးကို ရှိခိုးပြီးလျှင် အဗ္ဘန္တရ သရက်သီးတစ်လုံးကိုယူကာ ဗာရာဏသီမင်းကြီး၏ မိဖုရားကြီးအား ပေးလေ၏။ မိဖုရားကြီးလည်း သရက်သီးကို စားရလျှင် ချင်ခြင်းသည် ငြိမ်းလေ၏။ ထိုသရက်သီးကို စားရခြင်းကြောင့် သားရတနာကား မရရှိချေ။ သိကြားမင်းသည် ရသေ့တို့ကို နှင်လိုသဖြင့် လှည့်ပတ် ပြောဆိုခြင်းသာ ဖြစ်သည်။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မိဖုရားကြီးသည် - ယခုအခါ ရာဟုလာမယ်တော်။

ကျေးသားသည် - အာနန္ဒာ။

ဇောတိရသ ရသေ့သည် - သာရိပုတ္တရာ။

ဥယျာဉ်၌နေသော ရသေ့ကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိ,ဘသခင်၊ ကျေးဇူးရှင်၊ များဖြင်ကိစ္စတွေ။

(၂) သက်စွန့်ကြိုးပမ်း၊ ထိုသူကား၊ ကောင်းစားချမ်းသာလေ။

အဗ္ဘန္တရဇာတ် ပြီး၏။

***

(၂၈၂) သေယျဇာတ်

တိုင်းပြည်ကို လုယူပြီးမှ ပြန်အပ်ကာ ရန်သူမင်း၏ ကန်တော့ တောင်းပန်ခြင်းကိုခံရသည့် သီလရှိသော ဗြဟ္မဒတ်မင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မနာလိုမှု ကုန်းတိုက်ပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီး၏ အမတ်တစ်ယောက်သည် မင်းကြီးအား အလွန်ကျေးဇူးများ၏။ အမှုကိစ္စအားလုံးကို ပြီးစေ၏။ ထိုအခါ မင်းကြီးသည် ဤအမတ်သည် ငါ့အား အလွန်ကျေးဇူးများပေသည်ဟု များစွာသော စည်းစိမ်ကို ပေး၏။ မနာလိုသဖြင့် သည်းမခံနိုင်သော အမတ်တို့သည် မင်းကြီးအား ကုန်းတိုက်၍ ဖျက်ဆီးကြကုန်၏။

မင်းကြီးလည်း အမတ်တို့စကားကို ယုံကြည်လျက် မစူးစမ်း မဆင်ခြင်ဘဲ အပြစ်မရှိ သီလရှိသော အမတ်ကို ဖမ်းစေ၍ သံခြေချင်းခတ်ကာ နှောင်အိမ်၌ ထားလေ၏။ အမတ်လည်း နှောင်အိမ်၌ တစ်ယောက်ထီးတည်း နေလတ်သော် စိတ်တည်ကြည်လျက် သင်္ခါရတရားတို့ကို သုံးသပ်ဆင်ခြင်သဖြင့် သောတာပတ္တိဖိုလ်၌ တည်လေ၏။ မင်းကြီးလည်း အပြစ်မရှိကြောင်းကိုသိလျှင် နှောင်အိမ်မှလွှတ်၍ ထိုအမတ်အား ရှေးကစည်းစိမ်ထက် အလွန်ကြီးမြတ်သော စည်းစိမ်ကိုပေးလေ၏။

အမတ်လည်း နှောင်အိမ်မှလွတ်လျှင် ပန်းနံ့သာလက်စွဲလျက် မြတ်စွာဘုရားထံသို့ သွားလေ၏။ မြတ်စွာဘုရားဘည်း အမတ်နှင့် ပဋိသန္ဓာရပြုပြီးလျှင် အမတ်အား “သီတင်းသည် ... သင့်အား အကျိုးမဲ့ဖြစ်ရ၏ဟု ကြားရသည်၊ မှန်သလော” ဟု မေးလေ၏။ “အရှင်ဘုရား ... အကျိုးမဲ့ကား ဖြစ်ရ၏၊ ထိုအကျိုးမဲ့ဖြင့် အကျိုးစီးပွားကို ဆောင်ရွက်ပါ၏၊ နှောင်အိမ်၌နေလျက် သောတာပတ္တိဖိုလ်ကို ရပါ၏” ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “သီတင်းသည် ... သင်သည်သာလျှင် အကျိုးမဲ့ဖြင့် အကျိုးစီးပွားကို ဆောင်ရွက်သည် မဟုတ်၊ ရှေးပညာရှိတို့သည်လည်း အကျိုးမဲ့ဖြင့် အကျိုးစီးပွားကို ဆောင်ရွက်ကြဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မကောင်းပြစ်ဒဏ် ပြည်အနှင်ခံ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုရားကြီးဝမ်း၌ဖြစ်ကာ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ဖြစ်ကာ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အလုံးစုံသော အတတ်ပညာကို သင်ကြားပြီး၍ အဖမင်းကြီး လွန်လျှင် မင်းအဖြစ်ကိုရ၍ မင်းကျင့်တရား ဆယ်ပါးနှင့် ညီညွတ်စွာ မင်းပြု၏၊ အလှူပေး၏၊ ငါးပါးသီလကို ဆောက်တည်၏၊ ဥပုသ်ကိုလည်း ဆောက်တည်၏။

ထိုအခါ အမတ်တစ်ယောက်သည် နန်းတွင်း၌ ပြစ်မှား၏။ ခြေက်ရင်း၌ ခစားသော အလုံးစုံသော အမတ် အစရှိသည်တို့သည် သိကြ၍ ဤမည်သော အမတ်သည် နန်းတွင်း၌ ပြစ်မှား၏ဟု မင်းကြီးအား လျှောက်ကြကုန်၏။ မင်းကြီးသည် စုံစမ်းသည်ရှိသော် အဟုတ်အမှန်အားဖြင့် ပြစ်မှားကြောင်း သိလျှင် ထိုအမတ်ကို ခေါ်စေလျက် “အချင်း ...သင်သည် ယနေ့မှစ၍ ငါ့ကို မခစားလင့်” ဟု နှင်ထုတ်လေ၏။

ပြည်နှင့်အမှု ရန်ငြိုးပြု

ထိုအမတ်သည် တိုင်းပြည်မှထွက်ကာ ပြည်နီးချင်းမင်းထံ ဝင်၍ ခစား၏။ [အလုံးစုံသော ဝတ္ထုသည် မဟာသီလဝဇာတ်နှင့် တူပြီ] ထိုအမတ်သည် မင်းကြီးအား ဗာရာဏသီပြည်ကို တိုက်ယူလျှင် အလွယ်နှင့်ရမည်ဟု အကြိမ်ကြိမ် လျှောက်ထားလေသော် ပြည်နီးချင်းမင်းသည် သုံးကြိမ်စုံစမ်းစေပြီးသော် အမတ်၏စကားကို ယုံကြည်သဖြင့် ဗာရာဏသီပြည်ကို တိုက်ယူရန် စစ်သည်ဗိုလ်ပါ အခြံအရံဖြင့် ထွက်လေသော် တိုင်းပြည်အပိုင်းအခြားသို့ ရောက်လေ၏။

ဗာရာဏသီမင်း၏ အမတ် ခုနစ်ရာတို့သည် ထိုအကြောင်းကိုသိလျှင် “အရှင်မင်းကြီး ... ဤမည်သော မင်းသည် ဗာရာဏသီပြည်ကိုယူမည်ဟု ဇနပုဒ်ကို ဖျက်ဆီး၍ လာသတတ်၊ ထိုမင်းကို ဖမ်းယူမည်” ဟု လျှောက်ထားကုန်၏။ “အမတ်တို့ ... ငါ့အား သူတစ်ပါးတို့ကို ဆင်းရဲစေ၍ ယူအပ်သော မင်းအဖြစ်ဖြင့် အလိုမရှိ၊ တစ်စုံတစ်ရာ ခုခံမတိုက်ခိုက်ကြနှင့်” ဟု ဆုံးမတားမြစ်လေ၏။ ရန်သူမင်းလည်း ခုခံ တိုက်ခိုက်သူမရှိသဖြင့် တဖြည်းဖြည်း သိမ်းယူ၍လာရာ နောက်ဆုံးတွင် ဗာရာဏသီနေပြည်တော်သို့ပင် ရောက်လေ၏။ အမတ်တို့လည်း အကြိမ်ကြိမ် ခုခံရန် လျှောက်ထားကြသော်လည်း ခွင့်မပြုသဖြင့် လက်ပိုက်ကာ ကြည့်၍သာ နေကြရကုန်၏။

မေတ္တာပို့မူ ရန်သူပူ

ရန်သူမင်းလည်း မြို့တံခါးတို့ကို ဖောက်ဖျက်ကာ ပြည်တွင်းသို့ဝင်ပြီးလျှင် အမတ်ခုနစ်ရာ အခြံအရံရှိသော မင်းကြီးကိုဖမ်း၍ သံခြေချင်းတို့ဖြင့်ခတ်ပြီးလျှင် နှောင်အိမ်သွင်း၍ ထားလေ၏။ ဗာရာဏသီမင်းသည် နှောင်အိမ်၌နေလျက် ရန်သူမင်းကို မေတ္တာပြု၍ မေတ္တာစျာန်ကို ဖြစ်စေ၏။ မေတ္တာအာနုဘော်အစွမ်းဖြင့် ရန်သူမင်း၏ကိုယ်၌ မီးရှူးတို့ဖြင့်လောင်းသကဲ့သို့ မနေနိုင်၊ မထိုင်နိုင်အောင် ပူလောင်လေ၏။ ရန်သူမင်းသည် ပူလောင်းခြင်းဖြင့် နှိပ်စက်ရကား “အကြောင်းအဘယ်သို့ရှိသနည်း” ဟု အမတ်တို့ကို မေးလေ၏။ ထိုအခါ အမတ်တို့သည် “အရှင်မင်းကြီး ...သီလရှိသောမင်းကို နှောင်အိမ်၌ သွင်းခြင်းကြောင့် ပူလောင်ခြင်းဆင်းရဲ ဖြစ်ပေလိမ့်မည်” ဟု လျှောက်ထားကြကုန်၏။

မေတ္တာစူးရှ တောင်းပန်ရ

ရန်သူမင်းသည် ဗာရာဏသီမင်းကို နှောင်အိမ်မှလွှတ်၍ ကန်တော့ပြီးလျှင် တိုင်းပြည်ကို ပြန်၍အပ်နှင်းကာ “ယနေ့မှစ၍ အရှင်းမင်းကြီးတို့ ရန်သူသည် အကျွန်ုပ်တို့တာဝန်ဖြစ်ပါသည်” ဟု လျှောက်ထားပြီးလျှင် ပြစ်မှားသော အမတ်ကို မင်းအာဏာပြုစေလျက် မိမိနေရာမြို့သို့ ပြန်လေ၏။

ဗာရာဏသီမင်းသည် ရန်သူမင်း ပြန်သွားလျှင် တန်ဆာဆင်အပ်သော ပြာသာဒ်ဝယ် ထီးဖြူဖြင့် ကောင်းစွာမိုးအပ်သော ပလ္လင်တော်၌နေလျက် -

“အို ကာသိတိုင်းသား အမတ်တို့ ... မြတ်သောကုသိုလ်တရားကို မြတ်သောအားဖြင့် မှီဝဲသောသူသည် အလွန်မြတ်လှ၏၊ ငါသည် ရန်သူမင်းနှင့် တပေါင်းတည်းပြုကာ အမတ် ခုနစ်ရာတို့ကို ဝမ်းမြောက်စေရပြီ၊ သို့အတွက် အလုံးစုံသော လောကနှင့် တပေါင်းတည်းပြုကာ တစ်ယောက်တည်းသောသူသည် တမလွန်ဘဝ၌ နတ်ပြည်၊ ဗြဟ္မာ့ပြည်သို့ လားရ၏။ ဤစကားကို သင်တို့ နားထောင်ကြကုန်” –

ဟု ချီးမွမ်း၍ တစ်ဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီပြည်၌ ထီးနန်းစည်းစိမ်ကို စွန့်စပ်ပြီးလျှင် ဟိမဝန္တာသို့ ဝင်၍ ရသေ့ရဟန်းပြုလေ၏။

မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးလျှင် -

“ရဟန်းတို့ ... ဗာရာဏသီပြည်၌နေသော ကံသမည်သော မင်းကြီးသည် ဤသို့သောစကားကို ဆိုပြီးလျှင် လေးနှင့် မြားကိုချ၍ ရသေ့ရဟန်းအဖြစ်သို့ ကပ်ခဲ့၏။”

ဟု ဟောတော်မူ၏။ ရသေ့ပြုပြီးလျှင် စျာန်ကို ဖြစ်စေလျက် မယုတ်သော စျာန်ရှိသည်ဖြစ်၍ စုတေသောအခါ ဗြဟ္မာ့ပြည်သို့ လားရ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရန်သူမင်းသည် - ယခုအခါ အာနန္ဒာ။

ဗာရာဏသီမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကျိုးမဲ့ပြုငြား၊ သူတော်ကား၊ စီးပွားဆောင်ရွက်သည်။

(၂) မြတ်သောတရား၊ မြတ်သောအား၊ မှီငြားလွန်မြတ်သည်။

(၃) ရန်သူနှင့်ပေါင်း၊ ဝမ်းမြောက်ကြောင်း၊ ကောင်းကောင်းရလေသည်။

သေယျဇာတ် ပြီး၏။

***

(၂၈၃) ဝဍ္ဎကီသူရကဇာတ်

ဝက်အပေါင်းကို အညီအညွတ် ဆုံးမစကား လိုက်နာစေပြီးလျှင် ဥပါယ်တံမျဉ်ဖြင့် ကြီးမားသော ရန်သူ ကျားကို အောင်နိုင်သည့် ဝဎုကီ ဝက်မင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အဇာတသတ်၊ လောသလ စစ်တိုက်ကြ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ပေဿနဒီ ကောသလမင်း၏ အဖဖြစ်သော မဟာကောသလမင်းကြီးသည် ဗိမ္ဗိာသာရမင်းကြီးအား ဝေဒေဟီ မည်သော သမီးတော်ကို ပေးသည်ရှိသော် ရေချိုးကသယ်မုန့်ဖိုးအတွက် အခွန်တစ်သိန်းထွက်သော ကာသိကရွာကို လက်ဖွဲ့လိုက်သည်၏။

နောက်အခါ အဇာတသတ်မင်းသည် ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်သည်ရှိသော် ဝေဒေဟီ မိဖုရားလည်း သောကနှိပ်စက်သည်ဖြစ်၍ သေလွန်ရရှာ၏။ ထိုအခါ ကောသလမင်းသည် အဇာတသတ်မင်းကား ငါ့တူတော်ဖြစ်သော်လည်း အဖကိုသတ်ကာ င့ါနှမကိုလည်း သေစေဘိ၏။ သို့အတွက် အဖသတ် သူခိုးမင်းအား ငါ့ခမည်းတော် လက်ထက်က သင့်မယ်တော်အား လက်ဖွဲ့လိုက်သော ကာသိကရွာကို သင့်အား မပေးလို၊ ပြန်၍ တိုက်ယူမည်ဟု ကြံစည်၍ ထိုရွာကို အမှီပြုလျက် ကောသလမင်းနှင့် အဇာတသတ်မင်းတို့သည် ရံခါရံခါ စစ်တိုက်ကြ၏။ စစ်တိုက်ရာဝယ် အဇာတသတ်မင်းကာ နုပျို၏။ ကောသလမင်းကား အိုမင်း၏။ ကောသလမင်းသည် မပြတ် စစ်ရှုံးလေ၏။

အဇာတသတ်နိုင်ရန် ကောသလကြံ

ထိုအခါ ကောသလမင်းကြီးသည် အမတ်တို့ကိုခေါ်၍ “အမတ်တို့ ... ငါတို့ကား မပြတ်လျှင် စစ်ရှုံးကုန်၏၊ အဘယ်သို့ ပြကုန်အံ့နည်း” ဟု မေး၏။ “အရှင်မင်းကြီး .... ဘုရားရှင်တို့သည် ပညာရှိကုန်၏။ ရဟန်းတို့စကားကို သူလျှိုစေလွှတ်၍ နားထောင်စေရန် သင့်၏” ဟု လျှောက်ထားကုန်၏။ မင်းကြီးလည်း အမတ်တို့ လျှောက်ထားသော အတိုင်း ရဟန်းတို့စကားကို နားထောင်ရန် သူလျှိုတို့ကို စေလွှတ်လေ၏။

သူလျှိုယောကျ်ားတို့သည် ဇေတဝန် ကျောင်းတော်သို့သွား၍ အစဉ်မပြတ် ချောင်းမြောင်းကာ နားထောင်ကြကုန်၏။ တစ်နေ့သ၌ ဇေတဝန်ကျောင်းအစွန်ဝယ် ဒတ္တနှင့် ဓနုဂ္ဂဟတိဿ ဟူ၍ အိုမင်းသော မထေရ်နှစ်ပါးတို့နေရာ ကျောင်းသို့ ရောက်ကြ၍ ချောင်းမြောင်းကာ နားထောင်နေကြရာ ဓနုဂ္ဂဟတိဿထေရ်သည် ညဉ့်မစ္ဆိမယံတွင် နိုးလတ်၍ မီးဖိုတွင် မီးမွှေးပြီး ထိုင်လျက် “အရှင်ဒတ္တ ... အိပ်သဖြင့် အကျိုးမရှိ၊ ထပါဦးလော့” ဆို၍ ထလာသောအခါ၊ “သင်၏ ဝမ်းဗိုက်ကြီးသော ကောသလမင်းကား ထမင်းကို ဗိုက်ပြည့်အောင် စားဖို့သာသိသည်၊ တစ်စုံတစ်ရာ စစ်ထိုးခြင်း အစီအရင်ကို မသိ၊ ရှုံး၍သာလျှင် ပြေးရ၏” ဟု စကားစလိုက်၏။ ထိုအခါ ဒတ္တမထေရ်သည် “အရှင် ဓနုဂ္ဂဟတိဿ ... အဘယ်သို့ ပြုခြင်းငှာ သင့်သနည်း” ဟု မေးပြန်၏။ “အရှင်ဒတ္တ ... စစ်ထိုးခြင်းကား -

(၁) ပဒုမဗျူဟာ စစ်ထိုးခြင်း၊

(၂) စက္ကဗျူဟာ စစ်ထိုးခြင်း၊

(၃) သကဋဗျူဟာ စစ်ထိုးခြင်း -

ဟူ၍ သုံးမျိုး ဖြစ်၏။ ထိုသုံးမျိုးတို့တွင် အဇာတသတ်မင်းကို ဖမ်းလိုလျှင် ဤမည်သော တောင်ဝှမးနံရံနှစ်ဖက်၌ စစ်သည်တို့ကို ထားပြီးလျှင် ရှေ့မှ အားနည်းသော စစ်သည်ကိုပြလျက် တောင်ကြားသို့ဝင်သော အဖြစ်ကို မသိစေဘဲ ဝင်သောလမ်းခရီးကို ပိတ်ဆို့ကာ ရှေ့နောက် နှစ်ဖက်သော တောင်နံရံတို့၌ ကြော်ငြာကုန်လျက် ကွန်၌ထည့်အပ်သော ငါး၊ လက်၌ဆုပ်အပ်သော ငုံးကို ဖမ်းသကဲ့သို့ သကဋဗျူဟာ စစ်ထိုးခြင်းဖြင့် ဖမ်းလျှင် မိနိုင်သည်” ဟု ပြောပြန်၏။

သမီးပေးနှင့်း ကောသလမင်း

သူလျှိုတို့လည်း ထိုမထေရ်အို၏ သတင်းစကားကို မှတ်ယူကာ မင်းကြီးအား လေဆာက်ထားကြကုန်၏။ မင်းကြီးလည်း သူလျှိုတို့ကစားကို ကြားလျှင် စစ်သည်တို့ကို ပြင်ဆင်၍ ထွက်တော်မူကာ မထေရ်အိုတို့ ပြောသောအတိုင်း သကဋဗျူဟာ စစ်ထိုးနည်းဖြင့် စစ်ထိုးကာ အဇာတသတ်မင်းကို အရှင်ဖမး၍ ထိုကာသိကရွာကို ရရှိအောင်မြင်ပြီးလျှင် ဝဇီရမည်သော မင်းသမီးကို တူတော်အား လက်ထပ်၍ ထိုမင်းသမီးအား ထိုရွာကို ရေချိုးသကယ်မုန့်ဖိုးပြုကာ လက်ဖွဲလိုက်၏။ ထိုအကြောင်းသည် သံဃာ့ဘောင်၌လည်း ထင်ရှားလေ၏။

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... ကောသလမင်သည် ဓနုဂ္ဂဟတိဿမထေရ်၏ အစီအရင်ဖြင့် အဇာတသတ်မင်းကို အောင်နိုင်သည်” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ဤဓနုဂ္ဂဟတိဿသည် ယခုအခါ၌သာ စစ်ထိုးခြင်း၌ လိမ္မာသည် မဟုတ်၊ ရှေးအခါ၌လည်း လိမ္မာဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဝက်မင်းမွန်မြတ် ဘေးမဲ့လွှတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် တော၌ ရုက္ခစိုးနတ် ဖြစ်လေ၏။ ထိုအခါ ဗာရာဏသီပြည်ကို မှီ၍နေသော လက်သမားရွာမှ လက်သမားတစ်ယောက်သည် အဆောက်အအုံအတွက် တောသို့သွားသည်ရှိသော် တွင်းတစ်ခုတွင် ကျ၍နေသော ဝက်ငယ်တစ်ကောင်ကိုမြင်လျှင် သနားသဖြင့် အိမ်သို့ဆောင်ယူကာ မွေးမြူထားလေ၏။ ထိုဝက်ငယ်သည် ကြီးပြင်းလတ်သော် ကိုယ်ကြီးလျက် ခွန်အားဗလနှင့် ပြည့်စုံ၏။ ကောက်သော အစွယ်ရှိ၏။ အကျင့်စာရိတ္တ ကောင်း၏။ လက်သမား မွေးမြူထားသောကြောင့် “ဝဍ္ဎကီသူရက” ဟု အမည်ထင်ရှား၏။ သခင် လက်သမား အလုပ်လုပ်သောအခါ နှုတ်သီးဖြင့် သစ်ကိုလှန်၍ပေး၏။ မျဉ်းကြိုးကို ကိုင်၏။ နှုတ်သီးဖြင့် ကိုက်ကာ ပဲခွပ်ပုဆိန် စသည်တို့ကို ယူ၍ပေး၏။

ထိုအခါ လက်သမားသည် ငါ့အိမ်မှာနေလျှင် ဤဝက်ကို တစ်စုံတစ်ယောက်သောသူသည် သတ်၍စားလိမ့်မည်ဟု ကြံစည်ကာ တစ်နေ့သ၌ ဘေးကင်းရာတောတွင် လွှတ်လိုက်၏။ ထိုဝက်လည်း တောသို့ဝင်၍ ဘေးကင်းရာ၊ ချမ်းသာရာ အရပ်ကို ကြည့်ရှုလတ်သော် ကြီးကျယ်သော တောင်ချောက်ကြား တစ်ခုကိုမြင်၍ ထိုအရပ်သို့ သွားလေ၏။ ထိုရပ်ကား များစွာသော ဝက်တို့ဖြင့် ပြွမ်း၏။ ထိုအရပ်၌နေသော ဝက်တို့သည် ဝဎုကီသူကရဝက်ကိုမြင်လျှင် လာ၍ ချဉ်းကပ်ကုန်၏။

ရန်ကင်းစေချင် စစ်ဗျူဟာဆင်

ဝဍ္ဎကီသူရဝက်သည် မိမိထံ ချဉ်းကပ်လာော ဝက်အပေါင်းကိုမြင်လျှင် “အချင်တို့ ... ဤအရပ်ကား အစာရေနှင့် ပြည့်စုံသဖြင့် မွေ့လျောဖွယ်ရှိ၏” ဟု ပြောလတ်သော် ဝက်တို့သည် “အရှင် ... မွေ့လျော်ဖွယ်ရှ်ိသည်ကား မှန်ပါ၏၊ သို့သော်လည်း ဘေးရန်ရှိသည်” ဟု ပြော၏။ “အချင်းတို့ ... အဘယ်ဘေးရန် ရှိသနည်း” ဟု မေး၏။ “အရှင် ... ကျားဘေးရန် ရှိပါသည်” ဟု ပြောလျှင် “ထိုကျားသည် စောစောကလာ၍ မြင်တိုင်း၊ မြင်တိုင်းသော ဝက်တို့ကို ကိုက်၍ သတ်စားပါသည်” ဟု ပြော၏။ “အချင်းတို့ ... မပြတ်လာ၍ ကိုက်သလော၊ ရံခါ ရံခါ လာ၍ ကိုက်သတ်သလော” ဟု မေး၏။ “အရှင် ...မပြတ်လာ၍ ကိုက်သတ်ပါသည်” ဟု ပြော၏။ “အချင်းတို့ ... ကျား ဘယ်လောက်များသနည်း” ဟု မေးပြန်လျှင် “အရှင် ... တစ်ကောင်တည်း ဖြစ်ပါသည်” ဟု ပြော၏။ “အချင်းတို့ ... သင်တို့မှာ ဤမျှလောက် များပြားပါလျက် တစ်ကောင်းတည်းသော ကျားအား စစ်မထိုးနိုင်ကြသလော” ဟု ပြော၏။ “အရှင် ... မထိုးနိုင်ပါ” ဟု ပြောလျှင် “အချင်းတို့ ... ထိုကျားကို ငါဖမ်းမည်၊ ငါစကားကို နားထောင်ကြကုန်လော၊ ကျား ဘယ်မှာနေသနည်း” ဟု ပြောလျှင် “အရှင် တောင်တစ်လုံးမှာ နေပါသည်” ဟု ပြောဆိုကြကုန်၏။

ဝဍ္ဎကီသူရကဝက်သည် ဝက်တို့ကို ညဉ့်အခါ၌သာ ကျက်စားစေ၏။ ကျားနှင်စစ်ထိုးရန် အစီအရင်ကို စီရင်လတ်သော် စစ်ထိုးခြင်းသည် ပဒုမဗျူဟာ၊ စက္ကဗျူဟာ၊ သကဋဗျူဟာဟု သုံးမျိုးရှိခဲ့ရာ ပဒုမဗျူဟာ၏ အစွမ်းဖြင့် စီရင်လေ၏။ ထိုဝက်ကား စစ်နိုင်ရန် မြေဦးခေါင်းကိုသိ၏။ ထိုကြောင့် မြေဦးခေါင်းဖြစ်သော အရပ်ဝယ် ဝက်တို့ကို စည်းဝေးစေ၍ ဝက်တို့၏ မိဘတို့ကို အလယ်၌ ထား၏။ ၎င်းတို့ကို ခြံရံကာ ဝက်မတို့ကို ထား၏။ ၎င်းတို့ကို ခြံရံကာ ဝက်ငယ်တို့ကို ထား၏။ ၎င်းတို့ကို ခြံရံကာ ဝက်အိုတို့ကို ထား၏။ ၎င်းတို့ကို ခြံရံကာ စစ်ထိုးနိုင်သော အားကောင်းသော ဝက်တို့ကို ရွေးချယ်လျက်ဆယ်ကောင်တန်သည်၊ အကောင်နှစ်ဆယ် တန်သည်၊ အကောင်သုံးဆယ် တန်သည် အစုများစွာပြု၍ထား၏။ မိမိနေသောနေရာ၏ ရှေ့မှ ဝန်းဝိုင်းသော တွင်းတစ်ခုကို တူးစေ၏။ နောက်မှ ဆောင်းသဏ္ဌာန် အစဉ်သဖြင့် ဝှမ်း၍ လိုဏ်နှင့်တူသော တွင်းတစ်ခုကို ဖီလာကန့်လန့် တူးစေ၏။

ဤသို့သောနည်းဖြင့် စီရင်ပြီးလျှင် ဝဎုကီသကရဝက်သည် ခြောက်ဆယ်၊ ခုနစ်ဆယ်မျှသော စစ်ထိုးဝက်တို့ကို ခေါ်ယူ၍ ထိုထိုအရပ်တွင် နေကြလော့၊ မကြောက်ကြလင့်ဟု အမှုကို စီရင်နေစဉ် အရုဏ်တက်လေ၏။

စစ်ဆင်ပြီးမြောက် ကျားလာရောက်

ထိုအခါ ကျားသည် လာ၍ အချိန်ရောက်ပြီဟုသိလျှင်သွား၍ ဝက်တို့ရှေ့ တောင်ပြင်တွင်ရပ်လျက် မျက်စိတို့ကိုဖွင့်၍ဝက်တို့ကို ကြည့်၏။ ဝဍ္ဎကီသူရကဝက်သည် ထိုကျားကို အတူပြန်၍ ကြည့်ကြကုန်ဟု အမှတ်သညာကိုပေးသဖြင့် ဝက်တို့သည် ပြန်၍ကြည့်ကြကုန်၏။ ကျားသည် မျက်နှာကိုမော်၍ နားထောင်၏။ ဝက်တို့လည်း ထိုအတူ မျက်နှာကိုမော်၍ နားထောင်ကြကုန်၏။ ကျားသည် ကျင့်ငယ်ကို စွန့်၏။ ဝက်တို့လည်း ထို့အတူ ကျင့်ငယ်ကို စွန့်ကြကုန်၏။ ဝက်တို့သည် ကျား ပြုလုပ်တိုင်း အတူပြု၍ မခန့်လေးစား ပြုလုပ်ကြကုန်၏။

ကျားသည် ရှေးအခါ၌ ဝက်တို့သည် ငါကြည့်လိုက်သောအခါ ပြေးကြကုန်၏။ ငါ့ကို ပြန်၍ မကြည့်ဝံ့ကြကုန်။ ယနေ့၌ကား မပြေးကြဘဲ ဆန့်ကျင်ဘက်ရန်သူ ပြုကြကုန်၏။ ငါ ပြလုပ်တိုင်း အတူပြု၍ မလေးမခန့် ပြုလုပ်ကြကုန်၏။ စင်စစ် စစ်နိုင်ရာမြေ ဦးခေါင်းကိုသိ၍ ထိုအရပ်၌တည်လျက် စီရင်တတ်သော ဝက်တစ်ကောင် ရှိပေလိမ့်မည်။ ယနေ့ ငါသွားသော် အောင်မြင်လိမ့်မည် မထင်ဟု ကြံစည်လျက် ပြန်လည်ကာ မိမိနေရာသို့ သွားလေ၏။

ရသေ့စဉ်းလဲ ကျားနှင့်တွဲ

ထိုအရပ်၌ ကျား စားကြွင်းစား၍ ကျားကို စီမံပေးသော ရသေ့စဉ်းလဲတစ်ယောက် ရှိ၏။ ထိုရသေ့စဉ်းလဲသည် ဝက်ကို မရခဲ့ဘဲ အချည်းှနှီးပြန်လာသော ကျားကိုမြင်လျှင် -

“အို ကျား .... ရှေးအခါ သင်သည် ဤအရပ်၌ ဝက်တို့ကို ကိုက်သတ်နှိပ်စက်ကာ ကောင်းနိုးရာရာ အသားကို စားဘိ၏။ ယခုအခါ၌ကား သင်သည် တစ်ယောက်ထီးတည်းလာကာ ကြံမှို်နေဘိ၏၊ အို ကျား ... ယနေ့ သင့်မှာ အားအစွမ်း မရှိတော့ဘူးလော” -

ဟု လှမ်း၍ ပြစ်တင် ပြောဆိုလေ၏။ ရသေ့စဉ်းလဲ စကားကို ကြားလျှင် ကျားသည် -

“အို ရသေ့ ... ဤဝက်တို့သည် ရှေးအခါ၌ ငါ့ကိုမြင်လျှင် ကြောက်ရွံထိတ်လန့်ကာ ပုန်းအောင်းရာကို ရှာဖွေကြလျက် အသီးသီး တခြားစီ အရပ်လေးမျက်နှာကို ပြေးကြကုန်၏။ ။ ယခုအခါ၌ကား ငါမအောင်မြင်နိုင်သော အရပ်၌တည်ကာ အညီအညွတ် တပေါင်းတည်း စည်းဝေးကာနေကြ၏” –

ဟု ရသေ့အား ပြန်ကြားပြောဆိုလေ၏။ ထိုအခါ ရသေ့စဉ်းလဲသည် ကျားအား “အို-ကျား ... မကြောက်လင့်၊ သွားချေ၊ သင် အသံပြုလိုက်လျှင် ဝက်တို့သည် အလွန်ကြောက်ရွံ့ထိတ်လန့်ကာ တကွဲတပြား ပြေးကြလိမ့်မည်” ဟု အားပေးမြှောက်ပင့်ကာ တိုက်တွန်းပြန်၏။

ကျားနှင့် ဝက်မင်း စစ်ထိုးခြင်း

ကျားသည် ရသေ့စဉ်းလဲ အားပေးမြှောက်ပင့်ပြန်သောကြောင့် အားမာန်တက်ကာ ရဲရင့်လာရကား တစ်ဖန်သွားလျက် တောင်ထိပ်ပေါ်တွင် ရပ်ပြန်၏။ ထိုအခါ ဝဍ္ဎကီသူရကဝက်သည် တွင်းနှစ်ခုတို့အလည်၌ နေလင့်၏။ ဝက်တို့သည် ကျားကို မြင်ပြန်လျှင် “အရှင် ... သူခိုးကြီး လာပြီ” ဟု ပြောကြပြန်၏။ ဝဍ္ဎကီသူရကဝက်လည်း အချင်းတို့ ... မကြောက်ကြလင့်၊ ယခု ဖမ်းမည်” ဟု ပြောလေ၏။

ကျားသည် မြည်၍ ဝဍ္ဎကီသူရကဝက်အပေါ်သို့ တစ်ဟုတ်တည်း ပြေးဆင်းလာ၏။ ဝက်လည်း မိမိအပေါ်သို့ ကျား ပြေးလာသောကာလ၌ ပြန်၍ လျင်မြန်သော အဟုန်ဖြင့် အဖြောင့်တူးထားသော တွင်းသို့ သက်လေ၏။ ကျားသည် လျင်မြန်သော အဟုန်ကို ချုပ်တည်းခြင်းငှာ မတတ်နိုင်ရကား ဝက်၏ အထက်အဖို့ဖြင့် သွားကာ ဆောင်းကဲ့သို့ မျက်နှာရှိ၍ ဖီလာကန့်လန့် တူးထားသော တွင်း၏ အလွန်ကျဉ်းသော မျက်နှာဝ၌ လက်အုပ်ချီသကဲ့သို့ဖြစ်၍ နေလေ၏။

ဝက်သည် ကျုင်းမှထွက်၍ မိုးကြိုးကဲ့သို့ လျင်မြန်သော အဟုတ်ဖြင့် ပြေးသွားကာ ကျား၏ ပေါင်ကြား၌ အစွယ်ဖြင့် မွှန်းပြီးလျှင် အညှို့တိုင်အောင် ခွဲ၍ ကောင်းသော အသားတို့ကို အစွယ်ဖြင့်ထွင်းလျက် ကျားထိပ်ကို ကိုက်ဖောက်လျက် သင်တို့ရန်သူကို ယူကြလော့ ဟု ချီပြီးလျှင် ကျင်းဝသို့ ပစ်ချလိုက်၏။ ရှေးဦးစွာ ပြေးလာသော ဝက်တို့သည် ကျားသားကို စားလိုက်ကြရကုန်၏။ နောက်မှလာသော ဝက်တို့သည် ကျားသား မကျန်တော့သဖြင့် စားရသော ဝက်တို့၏ နှုတ်သီးကိုသာ နမ်းရကုန်၏။

ရသေ့စဉ်းလဲ ရန်ပြုပွဲ

ထိုအခါ ဝက်တို့သည် “အရှင် ... အကျွန်ုပ်တို့သည် ကျားသေကာမျှဖြင့် ဝမ်းမသာနိုင်ကုန်” ဟု ပြော၏။ “အချင်းတို့ ... အဘယ်ကြောင့် ဝမ်းမသာနိုင်ကုန်သနည်း” မေးသောအခါ “အရှင် ...ကျားတစ်ကောင် သေလျှင် တစ်ကောင်ကို ရှာ၍ စီမံလိမ့်ဦးမည်၊ စီမံနေသော ရသေ့စဉ်းလဲပါ သေမှ ဘေးရန်ကုန်သဖြင့် ဝမ်းသာနိုင်မည်” ဟု ပြော၏။ “အချင်းတို့ ... ကျားကိုလည်း ငါ သတ်ပြီးပြီ၊ ရသေ့ကိုကား အဘယ်မှာ သတ်လောက်မည်နည်း၊ လာကြကုန်၊ ရသေ့ကိုလည်း ဖမ်းကြကုန်အံ့” ဟု ပြောဆိုကာ ဝက်အပေါင်း ခြံရံလျက် ရသေ့စဉ်းလဲထံ သွားကြပြန်၏။

ရသေ့စဉ်းလဲလည်း မိမိနေရာမှထ၍ ကျားသည် ယနေ့ကြာမြင့်လှသည်၊ ဝက်တို့ပင် ဖမ်းကုန်သလောဟု စုံစမ်းရန် ကျားလာရာ ခရီးသို့ ကြိုဆိုရန် သွားလတ်သော် မိမိထံအတင်းလိုက်လာသော ဝက်တို့ကိုမြင်၍ ရသေ့ပရိက္ခရာတို့ကို စွန့်ပစ်ကာ အနီးရှိ ရေသဖန်းပင်သို့ တက်လေ၏။ ဝက်တို့မြင်လျှင် “အရှင် ... ရသေ့စဉ်းလဲ ပြေး၍ ရေသဖန်းပင်သို့ တက်သည်” ဟု ပြောကြကုန်၏။

ထိုအခါ ဝဎုကီသူကရဝက်သည် ရေသဖန်းပင်သို့ သွားကာ ဝက်မတို့သည် ရေကိုယူ၍ အပင်ရင်းတွင် လောင်းကြကုန်၊ ဝက်ငယ်တို့သည် မြေကို တူးကြကုန်၊ အစွယ်ရှိသော ဝက်တို့သည် အမြစ်ကို ဖြတ်ကြကုန်၊ ကြွင်းသော ဝက်တို့သည် ရေသဖန်းပင်ကို ခြံရံ၍ စောင့်ကြကုန်ဟု စီရင်လေ၏။ ဝက်တို့လည်း စီရင်သောအတိုင်း ပြုလုပ်ကြကုန်၏။ ရေသဖန်းပင်လည်း အခြားအမြစ်တွေပြတ်၍ ရေသောက်မြစ်ကြီး တစ်ခုသာ ကျန်ရှိတော့သဖြင့် လဲလုနီးပါး၊ ဖြစ်လေ၏။ ထိုအခါ ဝဎုကီသူကရဝက်သည် ထိုအမြစ်ကြီးကို ပုဆိန်ဖြင့် ဖြတ်သည့်အလား တစ်ချက်တည်းကိုက်၍ ဖြတ်လိုက်သဖြင့် ရေသဖန်းပင် လဲလေ၏။ ရသေ့စဉ်လဲးလည်း မြေသို့ကျလာသဖြင့် ဝက်တို့ ဝိုင်းဝန်းပြေးလာကာ အပိုင်းပိုင်း ကိုက်ဖြတ်၍ မရိုးအပါမကျန် စားကြကုန်၏။

ရန်အောင်ဝက်မင်း မင်းမြှောက်ခြင်း

ဝက်တို့သည် ကျားရန်သူနှင့် ရသေ့စဉ်းလဲရန်သူကို အောင်မြင်ကြလျှင် ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံလျက် ဝဍ္ဎကီသူရကဝက်ကို ရေသဖန်းတုံးပေါ်တွင်နေစေ၍ ရသေ့စဉ်းလဲ အသုံးအဆောင်ဖြစ်သော ခရုသင်းဖြင့် ဂင်္ဂါရေကို ဆောင်ကာ ဦးထိပ် အဘိသိက်သွန်းလောင်းပြီးလျှ် မင်းမြောက်ကြကုန်၏။ နုပျိုသော ဝက်မတစ်ကောင်ကိုလည်း မိဖုရားကြီး မြှောက်ကြကုန်၏။ [ထိုအခါမှစ၍ ယနေ့ထက်တိုင် မင်းတို့ကို ရေသဖန်းပျဉ် နေစေ၍ ခရုသင်းသုံးခုတို့ဖြင့် ဘိသိက် သွန်းကြသော အလေ့အထ ဖြစ်သတည်း။]

ထိုတောအုပ်၌ နေသော ရုက္ခစိုးနတ်သည် ထိုအံ့ဖွယ်သရဲကို မြင်ရလျှင် သစ်ခွတစ်ခုကြား၌ ဝက်တို့ကို ရှေးရူနေစေ၍ -

“အို-ဝက်အပေါင်းတို့ ... ညီညွတ်သော ဝက်အပေါင်းတို့အား ရှိခိုးခြင်း ဖြစ်စေသတည်း။

ရှေး၌ မဖြစ်ဖူးသော မိတ်ဆွေခင်ပွန်း၏ အဖြစ်ကို ငါကိုယ်တိုင် မြင်ရ၍ ပြောဆိုပါ၏။ အစွယ်ရှိကုန်သော ဝက်တို့စဉ်လျက် ကျားကို အောင်နိုင်ကုန်၏။ အစွယ်ရှိသော ဝက်တို့၌ ညီညွတ်ခြင်းဖြင့် သေဘေးမှ လွတ်ကြကုန်၏” –

ဟု အရိုအသေပြုကာ ချီးကျူးပြောကြားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဝဍ္ဎကီသူရကဝက်သည် - ယခုအခါ ဓနုဂ္ဂဟတိဿမထေရ်။

ရုက္ခစိုးနတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပဒုမ, စက္က၊ သကဋ၊ သုံးဝ စစ်ဗျူဟာ။

(၂) အောင်မြေသိတတ်၊ စစ်ဆင်တတ်၊ ဗိုလ်မြတ်လက္ခဏာ။

(၃) ဝက်တွေညီပြန်၊ ရသေ့ရန်၊ ကျားရန်အောင်မြင်ပါ။

ဝဍ္ဎကီသူရကဇာတ် ပြီး၏။

***

(၂၈၄) သိရိဇာတ်

မြစ်ဆိပ်တွင် မျောလာသည့် ကျက်သရေနှင့် ပြည့်စုံသော ကြက်သားဟင်းကို စားသောက်ရသဖြင့် ၃ရက်အတွင်း မင်းအဖြစ်သို့ရောက်သော ဆင်ဆရာအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကျက်သရေသိထား ဗြာဟ္မဏပုဏ္ဏား

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်၌နေသော ပုဏ္ဏားတစ်ယောက်သည် ကျက်သရေ၏ လက္ခဏာကို သိ၏။

ထိုပုဏ္ဏားသည် တစ်နေ့သ၌ အနထာထပိဏ်သူဌေးကား ရှေး၌ ဆင်းရဲပါလျက် ယခု စည်းစိမ်ရှင် ဖြစ်လာပြန်၏။ ငါသည် အနာထပိဏ်သူဌေးကို ဖူးမြင်လိုသောဟန်ဖြင့်သွားကာ အိမ်မှ ကျက်သရေကို ခိုးယူ၍ လာရမူကား ကောင်းလေစွဟု ကြံစည်ကာ အနာထပိဏ် သူဌေးအိမ်သို့ သွားလေ၏။ ရောက်လျှင် တစ်သက်ပန်လုံး အောက်မေ့အပ်သော စကားကို ပြောဆိုပြီးလျှင် သူဌေးသည် “အို ပုဏ္ဏား ... ဘာအလိုရှိ၍ လာသနည်း၊ အလိုရှိရာကို ပြောပါ” ဟု ဆိုလေ၏။ ထိုအခါ ပုဏ္ဏားသည် ရုတ်တရက် မပြောသေးဘဲ ကျက်သရေ ဘယ်မှာတည်းသနည်းဟု ကြည့်လတ်သော် ရွှေချိုင့်ဖြင့် မွေးထားသော ကြက်ဖြူ၏အမောက်၌ တည်သည်ကိုသိလျှင် “သူဌေးမင်း ... တပည့်ငါးရာတို့ကို ဗေဒင်သင်စေရာ အချိန်မှန်မှန်တွန်သော ကြက်ကို အိလိုရှိပါသည်၊ ဤကြက်ဖြူကို ပေးပါ” ဟု တောင်းလေ၏။ သူဌေးသည် “ပုဏ္ဏား ... ယူပါလော့ သင့်ကိုငါပေး၏” ဟု ပြောဆိုစဉ် ကျက်သရေသည် ကြက်၏အမောက်မှ ပြောင်းရွှေ့၍ ဦးခေါင်းရင်းတွင်ထားသော ပတ္တမြားတုံး၌ တည်ပြန်၏။

အဆင့်ဆင့်ပြောင်းနေ ကျက်သရေ

ထိုအခါ ပုဏ္ဏားသည် ပတ္တမြားတုံး၌ တည်သည်ကို သိပြန်လျှင် ပတ္တမြားတုံးကို တောင်းပန်၏။ သူဌေးလည်း “ယူလော ပေးပါ၏” ဟု ဆိုစဉ်ခဏ၌လျှင် ကျက်သရေသည် ပတ္တမြားတုံးမှ ပြောင်းရွှေ့ကာ ဦးခေါင်းရင်းတွင် ထားအပ်သော တောင်းဝှေး၌ တည်ပြန်၏။ ပုဏ္ဏား သိပြန်လျှင် တောင်းဝှေးကို တောင်းပြန်၏။ “ယူလော ပေးပါ၏” ဟု ဆိုစဉ်ခဏ၌လျှင် ကျက်သရေသည် တောင်ဝှေးမှ ပြောင်းရွှေ့ကာ ပုညလက္ခဏဒေဝီ မည်သော သူဌေးကတော် ဦးခေါင်း၌ တည်ပြန်၏။

ပုဏ္ဏားသည် သိပြန်လျှင် ဤမိန်းမကား မစွန့်အပ်သော ဥစ္စာဖြစ်၏၊ တောင်းခြင်းငှာ မတတ်ကောင်းဟု ကြံစည်၍ “သူဌေးမင်း ... အကျွန်ုပ်သည် သင်သူဌေးအိမ်မှ ကျက်သရေကို ခိုးယူလို၍ လာပါသည်၊ ထိုကျက်သရေသည် ရှေးဦးစွာ ကြက်၏အမောက်၌ တည်၏၊ အကျွန်ုပ်အား ပေးလျှင် ပြောင်းရွှေ့ကာ ပတ္တမြားတုံး၌ တည်ပြန်၏၊ အကျွနု်အား ပေးပြန်လျှင် ပြောင်းရွှေ့ကာ တောင်ဝှေး၌ တည်ပြန်၏၊ အကျွန်ုပ်အား ပေးပြန်လျှင် ပေးပြန်လျှင် ပြောင်းရွှေ့ကာ ပုညလက္ခဏဒေဝီ၏ ဦးခေါင်း၌ တည်ပြန်၏။ ဤမိန်းမကား မစွန့်အပ်သောဥစ္စာ ဖြစ်၏၊ ထို့ကြောင့် အကျွန်ုပ် ယူခြင်းငှာ မတတ်ကောင်း၊ သင့်ကျက်သရေကို ခိုးယူခြင်းငှာ မတတ်နိုင်၊ သင့်ဥစ္စာသည် သင့်အားသာလျှင် ဖြစ်ပါစေလော့” ဟု ဆို၍ အိမ်သို့ ပြန်လေ၏။

အနာထပိဏ် သူဌေးလည်း မြတ်စွာဘုရားထံသွား၍ ဤအကြောင်းကို လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် သူဌေး၏စကားကို ကြားတော်မူလျှင် “သူဌေးမင်း ... ကျက်သရေသည် ယခုအခါ၌သာ တစ်ပါးသို့သွားသည်မဟုတ်၊ ရှေးအခါ၌လည်း ဘုန်းကံနည်းသော သူတို့သည် ဖြစ်စေအပ်သော ကျက်သရေသည် ဘုန်းကံရှိသောသူတို့၏ ခြေက်ရင်းသို့ သွားဖူးပြီ ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဆင်ဆရာဆည်းကပ် ရသေ့မြတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာကိသတိုင်းတွင် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှ် အိမ်ရာတည်ထောင် လူ၏ဘောင်၌ နေလေ၏။ မိဘတို့ ကွယ်လွန်သောအခါ သံဝေဂရသဖြင့် ရသေ့ရဟန်းပြုကာ ဟိမဝန္တာအရပ်တွင် စျာန်အဘိညာဉ်တို့ကို ဖြစ်စေလျက် ကြာမြင့်စွာ နေလေ၏။

တစ်နေ့သ၌ ချဉ်းဆား မှီဝဲလိုသဖြင့် ဇနပုဒ်သို့ သွားပြီးလျှင် ဗာရာဏသီမင်း ဥယျာဉ်တော်၌နေ၍ နက်ဖြန် မြို့တွင်း၌ ဆွမ်းခံလတ်သော် ဆင်ဆရာ၏ အိမ်တံခါးသို့ ရောက်လေ၏။ ဆင်ဆရာလည်း ရသေ့၏ ငြိမ်သက်တည်ကြည်သော ဣန္ဒြေ၌ ကြည်ညို၍ ဆွမ်းလှူပြီးလျှင် ဥယျာဉ်တော်၌ပင် သီတင်းသုံးစေ၍ အမြဲ ဆွမ်း စသည်ဖြင့် လုပ်ကျွေးလေ၏။

ထင်ခွေသည်ကြား ကြက်ငြင်းပွား

ထိုအခါ ထင်ခွေသမား တစ်ယောက်သည် တောသို့သွား၍ ထင်းတို့ကို ခွေပြီးလျှင် အိမ်သို့ပြန်လာရာ မြို့တံခါးမပိတ်မီအချိန်၌ တံခါးသို့ရောက်အောင် မလာနိုင်တော့သဖြင့် ညအခါ နတ်ကွန်းတစ်ခုဝယ် ထင်းစည်းကို ခေါင်းရင်း၌ထား၍ အိပ်လေ၏။ ထိုနတ်ကွန်းတွင် လွှတ်၍ထားသော ကြက်များစွာတို့သည် နတ်ကွန်း၏အနီး သစ်ပင်ကြီးတစ်ခု၌ အိပ်ကြကုန်၏။

အထက်၌အိပ်သော ကြက်တစ်ကောင်သည် မိုးသောက်ထ အခါဝယ် ကျင်းကြီးကို စွန့်ချသည်ရှိသော အောက်၌ အိပ်သော ကြက်တစ်ကောင်၏ ကိုယ်ပေါ်တွင်ကျ၏။ အောက်ကြက်သည် “ငါ့အပေါ် အဘယ်သူ ကြင်ကြီးစွန့်သနည်း” ဟု ပြော၏။ အထက်ကြက်သည် “ငါ စွန့်ချမိ၏” ဟု ပြော၏။ “အဘယ်ကြောင့် စွန့်ချသနည်း” ဟု မေးလျှင် “သတိမရ အမှတ်မဲ့ စွန်ချမိပါသည်၊ သည်းခံပါ” ဟု တောင်းပန်လေ၏။

အထက်ကြက်သည် နောက်တစ်ဖန် စွန့်မြဲ စွန့်ချပြန်၏။ ထိုကြက်နှစ်ကောင်တို့သည် အချင်းချင်း ခိုက်ရန်ဖြစ်ကာ မာန်မာနတက်၍ မိမိ တန်ခိုးအစွမ်းကို ပြကြကုန်။ အောက်ကြက်သည် အထက်ကြက်အား “ဟယ် - ကြက်ဖျင်း ... နင့်အစွမ်း ဘာရှိသလဲ၊ငါ့ကိုသတ်၍ အသားကို ကင်စားသူမှာ ချက်ချင်း အသပြာတစ်ထောင်ရမည်” ဟု ပြောဆို၏။ ထိုအခါ အထက်ကြက်သည် အောက်ကြက်အား “ဟယ်-ကြက်ဖျင်း ... နင့်အစွမ်း သည်မျှပဲလား၊ ငါ့ကို မကြွားလင့်၊ ငါ၏ ကြီးမြတ်သော အသားကို စားသူသည် မင်းဖြစ်မည်၊ အပြင်ပ၌ အသားကို စားသူသည် ယောကျ်ားဖြစ်လျှင် သေနာပတိဖြစ်မည်၊ မိန်းမဖြစ်လျှင် မိဖုရားဖြစ်မည်၊ အရိုးကပ်သော အသားကို စားသူသည် လူဖြစ်လျှင် ဘဏ္ဍာစိုး ဖြစ်မည်၊ ရဟန်းဖြစ်လျှင် မင်းဆရာဖြစ်မည်” ဟု ပြောဆိုလေ၏။

ကြက်ကိုသတ်ဖြတ် စီရင်လတ်

ထိုအခိုက် ထင်းခွေသမားသည် ကြက်နှစ်ကောင်တို့ ပြောဆိုသော စကားကို ကြားလျှင် ငါ့မှာ အသပြာ တစ်ထောင်ဖြင့် ဘယ်အကျိုးရှိအံ့နည်း၊ မင်းအဖြစ်ကို ယူမည်ဟု ကြံစည်ကာ သစ်ပင်ကြီးသို့ လျင်မြန်စွာ တက်ပြီးလျှင် အထက်ကြက်ကို ဖမ်း၍သတ်ကာ ခါးပိုက်ထဲသို့ ထည့်ပြီးလျှင် အိမ်သို့ပြန်၍ အမွေးအတောင် နုတ်ကာ ဝမ်းကိုသုတ်သင်ပြီးလျှင် ဤကြက်သားကို ကောင်းစွာစီရင်ပါ ဆို၍ မယားအား ပေးလေ၏။

မယားလည်း ထမင်းနှင့်တကွ ကြက်သားကို ကောင်းစွာ စီရင်ချက်ပြုတ်ပြီးလျှင် လင်အား စားရန် တည်ခင်းလေ၏။ လင်လည်း ရုတ်တရက် မစားသေးဘဲ မယားအား “ရှင်မ ... ဤကြက်သားကား သာမည ကြက်သား မဟုတ်၊ တန်ခိုးအာနုဘော် အလွန်ကြီးမားလှသည်၊ ဤကြက်သားကို စားရလျှင် ငါ မင်းဖြစ်မည်၊ ရှင်မလည်း မိဖုရားကြီး ဖြစ်မည်၊ သို့အတွက် သင်သည် ထမင်းနှင့် ကြက်သားကို အုပ်တွင် ကောင်းစွာထည့်၍ယူခဲပါ၊ ရေချိုးပြီး ကိုယ်လက်သန့်ရှင်းမှ စားမည်” ဟု ပြော၍ လင်မယားနှစ်ယောက်လုံး ရေချိုးရန် ထမင်းဟင်းကိုယူကာ ဂင်္ဂါမြစ်သို့ သွားကြကုန်၏။

ဂင်္ဂါမြစ်တွင်း ကြက်သားဟင်း

ဂင်္ဂါမြစ်သို့ရောက်လျှင် ထမင်းအုပ်ကို မြစ်ကမ်းပေါ်တွင် ထားခဲ့၍ လင်မယားနှစ်ယောက်လုံး မြစ်သို့ ဆင်းသက်ကာ ရေချိုးကြကုန်၏။ ထိုခဏ၌ လေတိုက်ခတ်သဖြင့် ရေလှိုင်းတွေ ထလာကာ ကမ်းပေါ်သို့ရောက်၍ ထမင်းအုပ်ပါသွားသဖြင့် ဂင်္ဂါမြစ်၌ မျောလေ၏။ အောက်ဆိပ်ကမ်းတွင် ဆင်တို့ကို ရေချိုးပေးနေသော ဆင်ဆရာတစ်ယောက်မြင်လျှင် အုပ်ကို ဆယ်ယူစေ၍ ဖွင့််စေရာ ထမင်းနှင့် ကြက်သားဟင်းမှန်း သိသဖြင့် ထမင်းအုပ်ကို ပိတ်စေ၍ တံဆိပ်ခတ်စေပြီးလျှင် ငါမရောက်မီ ဘယ်သူမျှ မဖွင့်နှင့်ဟု မှာထားကာ မယားထံ ပို့စေ၏။ ဘုန်းကံနည်းပါးသော ထင်းခွေသမား လင်မယားတို့လည်း ထမင်းအုပ်ကို မဆယ်နိုင်တော့ဘဲ ခံတွင်းသို့ဝင်သော သဲ ရေတို့ဖြင့် ဝမ်းဗိုက် ဖူးဖူးရောင်ကာ အိမ်သို့ပြန်ကြရကုန်၏။

ထိုခဏ၌ ဆင်ဆရာ ကိုးကွယ်သော ဒိဗ္ဗစက္ခုရှင် ရသေ့လည်း ငါ၏ အလုပ်အကျွေးဖြစ်သော ဆင်ဆရာသည် ဤရာထူးကိုစွန့်၍ ဘယ်အခါ စည်းစိမ်ချမ်းသာကို ရပါမည်နည်းဟု ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် ကြည့်ရှုဆင်ခြင်လတ်သော်ထိုကြက်သားရသော အကြောင်းကိုသိ၍ ရှေးဦးစွာ သွားပြီးလျှင် ဆင်ဆရာ၏အိမ်၌ နေလင့်၏။

ကြက်သားကိုကျွေး သတိပေး

ဆင်ဆရာလည်း အိမ်သို့ ပြန်လာပြီးလျှင် ထမင်းအုပ်ကို ယူခဲ့စေ၍ ဆရာရသေ့အား ကပ်လှူလေ၏။ ရသေ့လည်း ဆွမ်းကို အကပ်ခံပြီးလျှင် ကြက်သားကို အကပ်မခံသေးဘဲ ကြက်သားကို ငါစီရင်မည်ဆို၍၊ အသားတို့ကို တစ်ခုစီ စုစေ၍ ကြီးမြတ်သောအသားကို ဆင်ဆရာအား စားစေ၏၏။ အပြင်ပဖြစ်သော အသားကို ဆရာကတော်ကို စားစေ၏။ အရိုး၌ကပ်သော အသားကို အကပ်ခံကာ မိမ်ိ ဘုဉ်းပေးတော်မူ၏။

ရသေ့လည်း ဆွမ်းဘုဉ်းပေးပြီးသော် ဆင်ဆရားအား “သင့်သည် ယနေ့မှ သုံးရက်မြောက်နေ့၌ မင်းဖြစ်လတ္တံ့၊ မမေ့မလျော့ သတိဝီရိယနှင့် နေလော့” ဟု ဆုံးမ၍ ဥယျာဉ်တော်သို့ ပြန်လေ၏။ သုံးရက်မြောက်နေ့တွင် ပြည်နီးချင်း မင်းတစ်ပါးသည် စစ်သည်ဗိုလ်ပါနှင့်တကွ လာလတ်၍ စစ်ထိုးရန် ဗာရာဏသီပြည်ကို ဝန်းရံထားလေ၏။

ဆင်ဆရာမှာ မင်းဖြစ်လာ

ထိုအခါ ဗာရာဏသီမင်းသည် ဆင်ဆရာအားမင်းအသွင်ကို ယူစေပြီးလျှင် ဆင်တော်ကိုစီး၍ စစ်တိုက်လောဟု စေလွှတ်လိုက်၏။ မိမိမူကား မထင်ရှားသော အသွင်ကိုယူ၍ စစ်သည်တို့ကို စီရင်နေခိုက် အဟုတ်ပြင်းသော မြားတစ်စင်း ထိမှန်ကာ ခဏချင်းပင် နတ်ရွာစံလေ၏။ ဆင်ဆရာသည် မင်းကြီး နတ်ရွာစံသည့်အဖြစ်ကိုသိလျှင် ဘဏ္ဍာတိုက်တို့မှ များစွာသော ဥစ္စာတို့ကို ထုတ်ယူစေ၍ “ဥစ္စာလိုချင်သူသည် စစ်ဦးစီးမှနေ၍ တိုက်ကြကုန်” ဟု စည်လည်စေ၏။ စစ်သည်တို့သည် အားကြိုးမာန်တက် တိုက်ကြလျှင်ပြည်နီးချင်းမင်းလည်း နတ်ရွာစံကာ စစ်သည်တို့ပြေးကြသဖြင့် အောင်နိုင်လေ၏။

အမတ်တို့လည်း မင်းကြီးအလောင်းကို သဂြိ င်္ုဟ်ပြီးလျှင် အဘယ်သူ့အား မင်းအဖြစ်ကို ပေးကြကုန်မည်နည်းဟု တိုင်ပင်ကြသော် တချို့အမတ်တို့သည် ငါတို့မင်းကြီး အသက်ရှင်စဉ်ကပင် မိမိအသွင်ကို ဆင်ဆရာအား ပေးသည်၊ တိုင်းပြည်ကိုလည်း ဆင်ဆရာပင်လျှင် တိုက်၍ယူခဲ့သည်၊ သို့အတွက် ဆင်ဆရာသာ မင်းအဖြစ်ကို ပေးကြမည်ဆိုလေလျှင် အလုံးစုံသော သူတို့သည် သဘောတူညီကြသဖြင့် ဆင်ဆရာကိုပင် အဘိသိတ်သွန်းကာ မင်းမြှောက်ကြကုန်၏။ ဆင်ဆရာ မယားကိုလည်း မိဖုရားကြီး မြှောက်ကြကုန်၏။ ရသေ့လည်း မင်းဆရာဖြစ်လေ၏။

မြတ်စွာဘုရားသည် ဤသို့ အတိတ် ဒေသနာတော်ကို ဆောင်တော်မူပြီးလျှင် အနာထပိဏ် သူဌေးအား သူဌေးမင်း ...

“အတတ်ပညာ တတ်သည်ဖြစ်စေ၊ မတတ်သည် ဖြစ်စေ ဘုန်းကံနည်းပါးသူတို့ လုံ့လပြုကာ ပြုစုထားသော ပစ္စည်းဥစ္စာတို့ကို ဘုန်းကံရှိသူတို့သာ သုံးဆောင် ခံစားရကုန်၏။ ခပ်သိမ်းသော အရပ်တို့၌ ဘုန်းကံမရှိသူတို့ကို ကျော်လွန်၍ ရတနာတို့ဖြစ်ရာ မဟုတ်သော အရပ်တို့၌လည်း ဘုန်းကံရှိသူတို့အား စည်းစိမ်ချမ်းသာ များစွာ ဖြစ်ထွန်းကြကုန်၏” –

ဟု ဟောကြား ဆုံးမတော်မူ၏။ တစ်ဖန် အနာထပိဏ် သူဌေးအား “သူဌေးမင်း ... သတ္တဝါတို့အား ကောင်းမှုနှင့် တူသော တစ်ပါးသော ထောက်တည်ရာမရှိ၊ ကောင်းမှုရှိသော သူတို့အား ဖြစ်ရာမဟုတ်သော အရပ်၌လည်း ရတနာတို့ ဖြစ်လာကြကုန်၏။

ဤကောင်းမှု မည်သည်ကား လူနတ်တို့အား အလိုဆန္ဒအလုံးစုံကို ပေးတတ်သော ဥစ္စာရွှေအိုးတည်း။ တောင့်တသော ဆုအလုံးစုံကို ကောင်းမှုဖြင့်သာ ရကြ၏။ ကောင်းခြင်း၊ အစိုးရခြင်း၊ အခြံအရံများခြင်း ဟူသော အလုံးစုံကို ကောင်းမှုဖြင့်သာ ရကြ၏။ ချမ်းသာ အလုံးစုံကိုလည်း ကောင်းမှုဖြင့်သာ ရကြ၏။ ထို့ကြောင့် တည်ကြည်သော ပညာရှိတို့သည် ပြုခဲ့ပြီးသော ကောင်းမှုရှိသူအဖြစ်ကိုသာ ချီးမွမ်းကြကုန်၏” ဟု ဟောတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းသည် - ယခုအခါ အာနန္ဒာ။

မင်းဆရာ ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကုသိုလ်ကောင်းမှု၊ ပညာစု၊ သိမှုကျက်သရေပင်။

(၂) ဘုန်းကံနည်းပါး၊ ပြုစုထား၊ သုံးစားဘုန်းကံရှင်။

(၃) ကောင်းမှုဟူက၊ ကျိုးများစွ၊ မုချပြီးသည်ပင်။

(၄) ကောင်းမှုရှိဖူး၊ အဖြစ်ထူး၊ ချီးကျူးပညာရှင်။

သိရိဇာတ် ပြီး၏။

***

(၂၈၅) မဏိသူကရဇာတ်

ခြင်္သေ့ရိပ်ထင်သော ပတ္တမြားကို ညစ်စေလို၍ အဖန်ဖန် ပွတ်တိုက်ကြသော ဝက်များအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သုန္ဒရီမည်ရ ပရိဗိုဇ်မ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မြတ်စွာဘုရားအား လည်းကောင်း၊ ရဟန်းသံဃာအား လည်းကောင်း မြစ်ကြီးငါးစင်းတို့ ကြီးစွာသော ရေအယဉ်ကဲ့သို့ များစွာသော လာဘသက္ကာရတို့သည် ဖြစ်ကုန်၏။

ထိုအခါ တိတ္ထိတို့သည် နေထွက်သောအခါ ပိုးစုန်းကြူးကဲ့သို့ အရောင်အဝါ မရှိကုန်။ ဘုရားပွင့်တော်မူသည်မှစ၍ လာဘသက္ကာရတို့ည် ဆုန်ယုတ်ကုန်၏။ တစ်စုံတစ်ယောက်သောသူမျှလည်း ငါတို့ရှိသည်အဖြစ်ကို မသိ၊ ငါတို့သည် ဘယ်သူနှင့် တပေါင်းတည်းဖြစ်ကာ ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ကို ဖြစ်စေ၍ လာဘသက္ကာရကို ကွယ်စေရကုန်အံ့နည်းဟု စည်းဝေးတိုင်ပင်ကြကုန်၏။ ထိုအခါ တိတ္ထိတို့အား သုန္ဒရီ ပရိဗိုဇ်မနှင့် တပေါင်းတည်းပြု၍ လာဘသက္ကာရကို ကွယ်စေမည်ဟု ကြံစည်ကြကုန်၏။

တစ်နေ့သ၌ တိတ္ထိတို့သည် အာရာမ်တွင်းသို့ ဝင်လာသော သုန္ဒရီ ပရိဗိုဇ်မကို စကားမပြောဘဲ နေကြကုန်၏။ ပရိဗိုဇ်မသည် အဖန်ဖန် မေးသော်မှလည်း စကားမပြောဘဲ နေကြလျှင် “အရှင်ဘုရားတို့ကို တစ်စုံတစ်ယောက်သော သူသည် ညှဉ်းဆဲပါသလော” ဟု မေး၏။ “နှမ ... ငါတို့ကို လာဘသက္ကာရ မရှိအောင်ပြုကာ ရှင်ဂေါတမသည် ညှဉ်းဆဲဘိ၏၊ သင်ကား လှပတင့်တယ် ရှုချင်စဖွယ်ရှိ၏၊ ရှင်ဂေါတမအား အကျော်အစောမဲ့ကိုတင်၍ လူအများ သင့်စကားကို ယုံကြည်စေပြီးလျှင် လာဘသက္ကာရ ပျောက်ကွယ်အောင် ပြုပါ” ဟု စေခိုင်းကြကုန်၏။ သုန္ဒရီ ပရိဗိုဇ်မလည်း ဝန်ခံပြီးလျှင် ရှိခိုး၍သွားလေ၏။

သုန္ဒရီကိုပြ စွပ်စွဲကြ

သုန္ဒရီ ပရိဗိုဇ်မသည် ညချမ်းအခါ မြတ်စွာဘုရားထံမှ တရားနာပြီးလျှင် လူအများအပြန်တွင် ဇေတဝန်ကျောင်းဘက်သို့ သွား၏။ လူအများ မေးလျှင် “ငါသည် ရဟန်းဂေါတမထံသွား၍ ဂန္ဓကုဋိတိုက်တွင် အတူအိပ်ချေမည်” ဟု ပြောဆိုကာ တိတ္ထိတို့ အာရာမ်အတွင်းသို့ ဝင်၍အိပ်၏။ နံနက်စောစောလည်း ဇေတဝန်ကျောင်းမှ မြို့ဘက်သို့ သွားပြန်၏။ လူတို့မေးပြန်လျှင်လည်း ညအခါ ရဟန်းဂေါတမနှင့် ဂန္ဓကုဋိတိုက်တွင် အတူအိပ်ကာ ကိလေသာဖြင့် မွေ့လျော်စေပြီးမှ လာခဲ့၏ဟု ပြောဆိုပြန်၏။

နှစ်ရက်၊ သုံးရက် လွန်လျှင် တိတ္ထိတို့သည် သေသောက်ကြူးတို့အား အသပြာပေး၍ “အမောင်တို့ ... သုန္ဒရီ ပရိဗိုဇ်မကိုသတ်၍ ရှင်ဂေါတမ၏ ဂန္ဓကုဋိတိုက်အနီးရှိ ပန်းမှိုက်ကြားတွင် အလောင်းကို ပစ်ခဲ့ကြ” ဟု စေခိုင်းကြကုန်၏။ သေသောက်ကြူးတို့လည်း တိတ္ထိတို့ စေခိုင်းတိုင်း ပြုကြကုန်၏။

ထိုနောက် တိတ္ထိတို့သည် သုန္ဒရီ ပရိဗိုဇ်မကို မမြင်ကုန်ဟု မြို့တွင်း၌ အုတ်အုတ်ကျက်ကျက် ပြုကုန်လျက် မင်းကြီးအား ပြောကြားကြကုန်၏။ မင်းကြီးလည်း “သင်တို့ အဘယ်အရပ်မှာ သံသယရှိကြသနည်း” ဟု မေး၏။ “အရှင်မင်းကြီး ... သုန္ဒရီ ပရိဗိုဇ်မသည် ဇေတဝန်ကျောင်း၌ နေသည်၊ ထိုအရပ်မှာ သံသယရှိသည်” ဟု ပြောကြားကာ မင်းကြီးထံမှ ခွင့်ယူပြီးလျှင် မိမိတို့ ဘက်တော်သားစုကို ခေါ်ယူပြီးလျှင် ဇေတဝန်းကျောင်းသို့သွား၍ ရှာဖွေစေရာ ပန်းမှိုက်ကြား၌တွေ့၍ အလောင်းကို ညောင်စောင်း၌တင်ကာ မြို့တွင်းသို့ယူခဲ့ကြကုန်၏။ မင်းကြီးအားလည်း ရဟန်းဂေါတမ တပည့်တို့သည် ဆရာပြုသော မကောင်းမှုကို ဖုံးလွှမ်းလိုသဖြင့် သုန္ဒရီ ပရိဗိုဇ်မကို သတ်ပြီးလျှင် ပန်းမှိုက်ကြား၌ ပစ်ထားကြသည်ဟု လျှောက်ထားကြစေ၏။ မင်းကြီးလည်း သည်အတိုင်းဖြစ်လျှင် သွားကြကုန်၊ မြို့၌ လှည့်ကြကုန်ဟု အမိန့်ပေးလေ၏။

ထိုအခါ တိတ္ထိတို့သည် မြို့လမ်းခရီးတို့၌ သာကီဝင်မင်းသားရဟန်းဂေါတမ အမှုကို ကြည့်ရှုကြကုန်လော့ စသောစကားတို့ကို ပြောဆိုရှုတ်ချကာ တစ်ဖန် မင်းကြီးနန်းတော်တံခါးသို့ လာကြကုန်၏။ မင်းကြီးသည် သုန္ဒရီ ပရိဗိုဇ်မအလောင်းကို အစိမ်းပစ်ရာ သုသာန်သို့ ယူစေပြီးလျှင် ညောင်းစောင်း၌ထားကာ စောင့်စေ၏။ မြို့တွင်း မြို့ပြင်ရှိ အရိယာမှ တစ်ပါးသော သူတို့သည် တိတ္ထိတို့စကားကို ယုံကြည်ကာ ရဟန်းတို့ကို ဆဲရေးကြကုန်၏။

သေသောက်တို့ဖော် အမှုပေါ်

မင်းကြီးလည်း မင်းချင်းတို့အား သုန္ဒရီ ပရိဗိုဇ်မကို သတ်သောသူတို့ကို သိအောင် စုံစမ်းရမည်ဟု အမိန့်ပေးလေ၏။ မင်းချင်းတို့သည် သေသောက်ကြူးတို့ သေသောက်ရာအရပ်သို့သွား၍စုံစမ်းရာ သေသောက်ကြူးတို့ အချင်းချင်း ခိုက်ရန်ဖြစ်နေကြကုန်၏။ သေသောက်ကြူး တစ်ယောက်သည် သေသောက်ကြူးတစ်ယောက်အား “သင်ကား သုန္ဒရီ ပရိဗိုဇ်မကို တစ်ချက်တည်းဖြင့် အသေသတ်ကာ ပန်းမှိုက်ကြား၌ပစ်၍ ရသောအသပြာဖြင့် သေကို သောက်ရ၏၊ သင်လိုလူကို လူမှတ်ရမည်လော” ဟု ဆိုလေ၏။ ထိုအခါ မင်းချင်းတို့သည် ထိုသေသောက်ကြူးကိုဖမ်း၍ မင်းကြီးထံ ဆောင်ယူကြကုန်၏။ မင်းကြီးသည် သေသောက်ကြူးကို မေးလျှင် အမှန်အတိုင်း ဖြောင့်ချက်ပေးသဖြင့် တိတ္ထိတို့ သတ်ခိုင်းမှန်းသိလျှင် တိတ္ထိတို့ကို ခေါ်စေ၍ သုန္ဒရီ ပရိဗိုဇ်မ အလောင်းကို ထမ်းစေပြီးလျှင် သုန္ဒရီ ပရိဗိုဇ်မကို ရဟန်းဂေါတမအား ကျေးဇူးမဲ့ကို တင်လိုသဖြင့် ငါတို့ သတ်စေပါသည်၊ ရဟန်းဂေါတမ တပည့်တို့အား အပြစ်မရှိပါ၊ ငါတို့အားသာ အပြစ်ရှိပါသည်ဟု ပြောဆိုကာ မြို့တွင်း၌ လှည့်လည်စေပြန်၏။ တိတ္ထိတို့လည်း မင်းကြီး အမိန့်အတိုင်း ပြုကြရကုန်၏။

မိုက်သောသူတို့လည်း ထိုအခါမှ ယုံကြည်ကုန်၏။ တိတ္ထိတို့လည်း လူသတ်ဒဏ်ဖြင့် နှောင့်ယှက်ကုန်၏။ ထိုအခါမှစ၍ မြတ်စွာဘုရားအား အတိုင်းထက်အလွန် လာဘသက္ကာရသည် ပေါများလေ၏။

တစ်နေ့သ၌ တရားသဘင်ဝင်ဝယ် ရဟန်းတို့သည် “ငါ့ရှင်တို့ ... တိတ္ထိတို့သည် ဘုရားရှင်ကို ညစ်နွမ်းအောင်ပြုသော်လည်း မိမိတို့သာ ညစ်နွမ်းရကုန်၏” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ငါဘုရားကို ညစ်နွမ်းအောင်ပြုခြင်းကား ပတ္တမြားကို ညစ်နွမ်းအောင် ပြုခြင်းနှင့်တူ၏၊ ရှေးအခါ ဇောတိရသ ပတ္တမြားကို ညစ်နွမ်းအောင် ပြုမည်ဟု ဝက်တို့ လုံ့လပြုသော်လည်း ညစ်နွမ်းအောင် မတတ်နိုင်ကြကုန်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပတ္တမြားလိုဏ်ဂူ ဝက်မင်းမူ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ရွာငယ်ကာမဂုဏ် ပုဏ္ဏားမျိုး၌ဖြစ်၍ ဘုရားအလောင်းသည် ရွာငယ်တစ်ခုဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ကာမဂုဏ်တို့အပြစ်ကိုမြင်၍ တောထွက်ပြီးလျှင် ရသေ့ရဟန်းပြုကာ ဟိမဝန္တာအရပ်ဝယ် တောင်အရေးသုံးခုအလွန်တွင် ကျောင်းသင်္ခမ်းဆောက်၍ နေလေ၏။

ထိုအခါ ကျောင်းအနီးတွင် ပတ္တမြားလိုဏ်ဂူ ရှိ၏။ ထိုပတ္တမြားလိုဏ်ဂူဝယ် ဝက်သုံးဆယ်တို့သည် နေကြကုန်၏။ ထိုလိုဏ်ဂူအနီးရှိ ခြင်္သေ့တစ်ကောင်သည် ကျက်စားလေ့ရှိ၏။ ခြသေ့င်္၏အရိပ်သည် ပတ္တမြားဂူ၌ ထင်လေ၏။ ဝက်တို့သည် ခြင်္သေ့၏အရိပ်ကိုမြင်လျှင် ကြောက်ရွံ့ထိတ်လန့်ကုန်ရကား အသားအသွေး နည်းပါးလျက် ပိန်ချုံးကုန်၏။

ပတ္တမြားညစ်စေ ပွတ်ကြလေ

ထိုအခါ ဝက်တို့သည် ပတ္တမြား ကြည်လင်ခြင်းကြောင့် ခြင်္သေ့၏အရိပ်သည် ထင်လာ၏။ ထိုပတ္တမြားကို ညစ်နွမ်းအောင် ပြုမည်ဟု ကြံစည်လျက် မနီးမဝေး အရပ်တွင်ရှိသော ရေကန်ုသို့သွားပြီးလျှင် ညွန်၌လူးကာ လာလတ်၍ ကိုယ်ဖြင့်ပတ္တမြားကို ညစ်နွမ်းအောင် ပွတ်တိုက်ကြကုန်၏။ ပတ္တမြားသည် ဝက်တို့၏ အမွေးတို့ဖြင့် ပွတ်တိုက်သည်ရှိသော် မညစ်နွမ်းဘဲ အတိုင်းထက်အလွန် ကြည်လင်၍လာလေ၏။ ဝက်တို့သည် ပတ္တမြား၏ ညစ်နွမ်းခြင်းအကြောင်း မသိမမြင်ကြသဖြင့် ရသေ့ကိုမေးမည်ဟု ရသေ့ထံ ဆည်းကပ်ကာ -

“အို ရှင်ရသေ့ ... အကျွန်ုပ်တို့ ဝက်သုံးဆယ်ကား ပတ္တမြားဂူ၌ ခုနစ်နှစ်ပတ်လုံး နေထိုင်ကြပါကုန်၏၊ ထိုပတ္တမြား၏ အရောင်ကို ညစ်နွမ်းအောင် ပြုမည်ဟု အကျွန်ုပ်တို့ တိုင်ပင်ကြသောအခါ ညွန်ဖြင့်ပွတ်တိုက်လျှင် ညစ်နွမ်းမည်အထင်ဖြင့် တစ်ကိုယ်လုံးညွန်လူးကာ ကိုယ်ဖြင့် ပွတ်တိုက်ကြပါ၏၊ ပတ္တမြားရောင်ကား မညစ်နွမ်းဘဲ အတိုင်းထက်အလွန်ထွက်၍လာပါ၏၊ သို့အတွက် အရှင်ရသေ့ကို မေးမြန်းပါကုန်၏၊ အရှင်ရသေ့သည် ဘယ်လို အောက်မေ့ပါသနည်း” –

ဟု ရသေ့အား မေးမြန်းကြကုန်၏။ ထိုအခါ ရသေ့သည် ဝက်တို့အား -

“အို-ဝက်တို့ ... ဤပတ္တမြားကား ကျောက်မျက်ရွဲဖြစ်၏၊ မကြမ်းတမ်း မပြန့်ပြောသော အရောင်ရှိ၏၊ တင့်တယ်၏၊ ထိုပတ္တမြား၏ အရောင်ကို ညစ်နွမ်းအောင် ပြုခြင်းငှာ မတတ်ကောင်း သင်တို့သည် ဖဲသွားကြကုန်လော့” –

ဟု ပြောကြားလေ၏။ ဝက်တို့သည် ရသေ့စကားကို ကြားလျှင် ရသေ့ ပြောကြားသောအတိုင်း ဖဲသွားကြကုန်။ ရသေ့လည်း စျာန်ကိုဖြစ်စေလျက် မဆုတ်ယုတ်သော စျာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဘုရားဂုဏ်မူ၊ နွမ်းကြောင်းဟူ၊ ဘယ်သူမပြုစွမ်း။

(၂) ပတ္တမြားဂူ၊ ဝက်ငြူစူ၊ ညွန်ယူပွတ်သည့်ငြမ်း။

(၃) ပတ္တမြားရောင်၊ မညစ်ပေါင်၊ အခေါက်တက်၍လွှမ်း။

မဏိသူကရဇာတ် ပြီး၏။

***

(၂၈၆) သာလူကဇာတ်

သာလူက မည်သော ဝက်သည် အသာတိုးရန် ကျွေးသော ယာဂုနှင့် ထမင်းကိုစားသောကြောင့် မကြာမီ အသတ်ခံရတော့မည်ဖြစ်၍ ဝက်စာကို မစားလိုနှင့်ဟု ညီနွားငယ်အား ဆုံးမသော မဟာလောဟိတ နွားလားအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရဟန်းငြီးငွေ့ အပျိုကြီးတွေ့

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အပျိုကြီး ဖြားယောင်းသွေးဆောင်သဖြင့် သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းတစ်ပါး ရှိလေ၏။

ရဟန်းတို့သည် ထိုငြီးငွေ့သော ရဟန်းကို မြတ်စွာဘုရားထံ ခေါ်ဆောင်၍သွားကြရာ မြတ်စွာဘုရားသည် ထိုရဟန်းအား ဟုတ်မှန်သလောဟု မေးတော်မူရာ ဟုတ်မှန်ကြောင်း လျှောက်ထားလေလျှင် “ချစ်သားရဟန်း ... ဤမိန်းမသည် သင့်အကျိုးမဲ့ကို ပြုတတ်၏၊ ရှေးအခါ၌လည်း သင်သည် ထိုမိန်းမကို ထိမ်းမြားသောကာလ၌ ရောက်လာသော ပရိသတ်အတွက် လက်သုပ်ဟင်းလျာ ဖြစ်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း [ပစ္စုပ္ပန်ဝတ္ထုသည် နာရဒကဿပဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။]

အတိတ်ဝတ္ထု

ကောင်းစွာကျွေးမွေး ဝက်ကလေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် နွားမျိုး၌ဖြစ်၍ အမည်အားဖြင့် “မဟာလောဟိတ” မည်၏။ ညီဖြစ်သော နွားကား “စူဠလောဟိတ” မည်၏။ ထိုနွားနှစ်ကောင်တို့သည် အမျိုးသားတစ်ဦး၏ အိမ်ဝယ် လယ်ထွန်ခြင်း စသောအမှုကိုပြုကာ နေကြရကုန်၏။

ထိုအမျိုးသား အရွယ်သို့ ရောက်နေသော အမျိုးသမီးတစ်ယောက် ရှိလေ၏။ ထိုအမျိုးသမီးကို အမျိုးသားတစ်ဦးသည် တောင်းလာ၏။ အမျိုးသမီးကို ထိမ်းမြားလက်ထပ်သောအခါ လက်သုပ် ဟင်းလျာအတွက် ရည်ရွယ်၍ သာလူကမည်သော ဝက်တစ်ကောင်ကို ယာဂုထမင်းဖြင့် မွေးမြူထားလေ၏။ သာလူကဝက်သည် ချမ်းသာစွာ ညောင်စောင်းအောက်၌ အိပ်ရ၏။

ဝက်စာစားလို ညီငယ်ဆို

တစ်နေ့သ၌ စူဠလောဟိတမည်သော နွားသည် သာလူကကိုမြင်လျှင် မဟာလောဟိတအား “နောင်တော် ... ငါတို့သည် ဤအမျိုး၌ အမှုကိစ္စ ဟူသမျှကို ပြုလုပ်ကြရကုန်၏။ ငါတို့ကိုမှီ၍ ထိုအမျိုးသည် အသက်မွေးကြကုန်၏။ သို့ဖြစ်ပါလျက် ငါတို့အား မြက်နှင့် ကောက်ရိုးကိုသာ ကျွေးကြကုန်၏။ ဤဝက်ကိုကား ယာဂုထမင်းဖြင့် မွေးမြူကြကုန်၏။ ညောင်စောင်းအောက်၌ အိပ်စေကုန်၏။ ဤသူတို့သည် အဘယ်သို့ ပြုကြကုန်သနည်း” ဟု ပြောဆိုလေ၏။ ထိုအခါ မဟာလောဟိတသည် -

“ညီထွေး စူဠလောဟိတ ... သင်သည် သာလူကဝက်၏ အစာကို မနှစ်သက်လင့်၊ သာလူကဝက်ကား သေအံ့သောအစာကို စားရဘိ၏၊ သင်သည် ကြောင့်ကြမဲ့ဖြစ်၍ မြက်နှင့် ကောက်ရိုးကိုသာ စားပါ၊ ဤအစာကား အသက်ရှည်ကြောင်း ဖြစ်၏။ ယခုပင်လျှင် ထိမ်းမြားလက်ထပ်ရန် ဧည့်သည်အဖြစ်ဖြင့် ရောက်လာလိမ့်မည်၊ ထိုအခါ ကျည်ပွေ့နှင့်တူသော နှုတ်သီးရှိသော သာလူကကို သတ်ရန် ညောင်စောင်းအောက်မှ ထုတ်ယူသည်ကို မြင်ရလိမ့်မည်” –

ဟု ပြောကြား ဆုံးမလေ၏။ နှစ်ရက်၊ သုံးရက်လွန်၍ ထိမ်းမြားလက်ထပ်သောနေ့သို့ ရောက်လတ်သော် သာလူကဝက်ကို သတ်၍ လက်သုပ်ဟင်းလျာ ပြုကြကုန်၏။

နွားနှစ်ကောင်တို့သည် သာလူကဝက်၏ ပျက်စီးခြင်းကိုမြင်လျှင် ငါတို့၏ မြက်နှင့် ကောက်ရိုးတည်းဟူသော အစာသည်သာ မွန်မြတ်လှ၏ဟု ကြံစည်ကြကုန်၏။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးလျှင် -

“ရဟန်းတို့ ... ငိုကြွေးမည်တမ်းလျက် ကျည်ပွေ့နှင့်တူသော နှုတ်သီးရှိသော သာလူကဝက်ကို သတ်ကြရန် ဆောင်ယူသည်ကိုမြင်၍ နွားအိုနှစ်ကောင်တို့သည် ဤအိမ်၌ ငါတို့၏ မြက်နှင့် ကောက်ရိုးတည်းဟူသော အစာသည်သာ မွန်မြတ်လှ၏ဟု ကြံစည်ကြကုန်၏” –

ဟု ရဟန်းတို့အား ဟောကြားဆုံးမတော်မူ၏။

ဤဒေသနာတော်ကို ဟောတော်မူပြီး၍ သစ္စာကို ပြသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ အမျိုးသမီးသည် - ယခုအခါ အပျိုကြီး။

သာလူကဝက်သည် - ငြီးငွေ့သော ရဟန်း။

စူဠလောဟိတသည် - အာနန္ဒာ။

မဟာလောဟိတသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကောက်ရိုးမြက်စား၊ နွားတို့ကား၊ ဝက်သားသေရရှာ။

(၂) ယာဂုကိုစား၊ ထမင်းစား၊ ဝက်ကားသေရရှာ။

(၃) ကောက်ရိုးနှင့်မြတ်၊ ထမင်းထက်၊ မြက်လျက် နွားမြင်ရှာ။

သာလူကဇာတ် ပြီး၏။

***

(၂၈၇) လာဘဂရဟဇာတ်

လူအများသည် များသောအားဖြင့် မကောင်းသော စီးပွားရှာမှုနှင့် အသက်မွေးမှုရှိ၏ဟု ဆရာ ပြောပြသဖြင့် စက်ဆုပ်ရွံရှာကဲ့ရဲ့သော ရသေ့ရဟန်းပြုလျက် တောထွက်သော လုလင်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပါးအင်္ဂါစု လာဘ်ရမှု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရှင်သာရိပုတ္တရာ၏ အတူနေ တပည့်ရဟန်းသည် ရှင်သာရိပုတ္တရာထံ ချည်းကပ်ပြီးလျှင် “အရှင်ဘုရား ... အကျွန်ုပ်အား လာဘ်ရကြောင်းဖြစ်သော အကျင့်ကို ဟောတော်မူပါ၊ အဘယ်သို့ ကျင့်သောသူသည် သင်္ကန်း စေသာ လာဘ်လာဘကို ရပါသနည်း” ဟု လျှောက်ထားလေ၏။

ထိုအခါ ရှင်သာရိပုတ္တရာသည် “ငါ့ရှင် ... ဟီရိဩတ္တပ္ပကို ဖျက်ပြီးလျှင် ရဟန်းအဖြစ်ကို စွန့်လွှတ်၍ -

(၁) မရူးသော် ရူးသကဲ့သို့ဖြစ်ခြင်း၊

(၂) ကုန်းတိုက်ခြင်း၊

(၃) ကချေသည်နှင့်တူခြင်း၊

(၄) ဖရိုဖရဲသော စကားရှိခြင်း။

ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသော ရဟန်းအား လာဘသက္ကာရကို ရ၏။ ဤအကျင့်ကား လာဘ်လာဘ ရခြင်းအကြောင်းဖြစ်သော အကျင့်တည်း” ဟု ဟောတော်မူ၏။ ထိုအခါ ထိုတပည့်းရဟန်းသည် ထိုအကျင့်ကို ကဲ့ရဲ့ပြီးလျှင် နေရာမှ ထ၍သွားလေ၏။

ရှင်သာရိပုတ္တရာလည်း မြတ်စွာဘုရားထံ ချဉ်းကပ်၍

ထိုအကြောင်းကို လျှောက်ထားလေလျှင် မြတ်စွာဘုရားသည် “ချစ်သား ရှင်သာရိပုတ္တရာ ... ထိုရဟန်းသည် ယခုအခါ၌သာ လာဘ်ရကြောင်းဖြစ်သော အကျင့်ကို ကဲ့ရဲ့သည် မဟုတ်၊ ရှေးအခါ၌လည်း ကဲ့ရဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အင်္ဂါလေးသွယ် စက်ဆုပ်ဖွယ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏာမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တစ်ဆယ့််ခြောက်နှစ် အရွယ်ကပင် ဗေဒင်သုံးပုံနှင့်တကွ တစ်ဆယ့်ရှစ်ပါးသော အတတ်တို့၌ တစ်ဖက်ကမ်းရောက် တတ်မြောက်လိမ္မာသဖြင့် ဒိသာပါမောက္ခဆရာဖြစ်၍ တပည့်လုလင် ငါးရာတို့အား အတတ်ပညာကို သင်ကြားကာနေ၏။

ထိုလုလင် ငါးရာတို့တွင် လုလင်တစ်ယောက်သည် အကျင့်သီလနှင့် ပြည့်စုံ၏။ ထိုလုလင်သည် တစ်နေ့သ၌ ဆရာထံသို့ ချဉ်းကပ်၍ “ဆရာ ... သတ္တဝါတို့အား အဘယ်ကြောင့် လာဘ်လာဘ ဖြစ်သနည်း၊ လာဘ်လာဘ ဖြစ်ကြောင်းဖြစ်သော အကျင့်ကို ပြောပါ” ဟု တောင်းပန်မေးမြန်း၏။ ထိုအခါ ဆရာသည် လုလင်အား -

“အမောင် ...

(၁) အရူးကဲ့သို့ ဖြစ်ခြင်း၊

(၂) ချောပစ်ကုန်းတိုက်ခြင်း၊

(၃) ကချေသည်ကဲ့သို့ ဖြစ်ခြင်း၊

(၄) ဖရိုဖရဲကြဲသော စကားရှိခြင်း -

ဤလေးပါးသော အကြောင်းနှင့် ပြည့်စုံသော သူသည် မိုက်မဲတွေဝေသူတို့ထံမှ လာဘ်လာဘကိုရ၏။ ဤသည်တို့ကား သင့်အား ပေးအပ်သော အဆုံးအမဖြစ်၏” –

ဟု ပြောဆိုလေ၏။ တပည့်လုလင်သည် ဆရာစကားကို ကြားလျှင် -

“ဆရာ ... ကိုယ်ကိုဖျက်ဆီး၍ အဓမ္မကို ကျင့်ခြင်းဖြင့် စည်းစိမ်ဥစ္စာ ရခြင်းကို အလွန်စက်ဆုပ်ပါ၏၊ အဓမ္မဖြင့် စည်းစိမ်ဥစ္စာကို ရှာမှီးခြင်းထက် ရသေ့ရဟန်း ပြုပြီးလျှင် နေရာမရှိဘဲ သပိတ် လက်စွဲ၍ ဆွမ်းခံကာ အသက်မွေးခြင်းသည် မွန်မြတ်လှ၏” –

ဟု လာဘ်လာဘ ဖြစ်ခြင်းအကြောင်းကို ကဲ့ရဲ့ပြစ်တင်၍ ရသေ့ရဟန်းအဖြစ်၏ ဂုဏ်ကျေးဇူးကို ပြောဆို ချီးကျူးပြီးလျှင် တောထွက်ကာ ရသေ့ရဟန်းပြု၍ တရားသဖြင့် ဆွမ်းကိုရှာမှီးလျက် အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ သေလွန်သောအခါ ဗြဟ္မာပြည်သို့ လားရ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လာဘ်ရကြောင်းအကျင့်ကို ကဲ့ရဲ့သောလုလင်သည် - ယခုအခါ ကဲ့ရဲ့သောရဟန်း

ဆရာပုဏ္ဏားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရှက်, ကြောက်ဖျက်ပြန်၊ အရူးဟန်၊ တစ်တန်ကချေသွင်။

(၂) စည်းစိမ်, ဥစ္စာ၊ ဖြစ်ကြောင်းမှာ၊ မှတ်ပါဤလေးအင်။

(၃) ပညာရှိကား၊ သူတော်ကား၊ လားလားမလိုချင်။

လာဘဂရဟဇာတ် ပြီး၏။

***

၂၈၈ - မစ္ဆုဒ္ဒါနဇာတ်

ငါးတို့အား အစာကျွေး၍ အမျှပေးဝေသော နောင်တော်ကုန်သည်အား ညီငယ်ကုန်သည် ကောက်ကျစ်ထားသည် အသပြာထောင်ထုပ်ကို မြစ်စောင့်နတ် ယူဆောင်ပေးအပ်သောအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကောက်ကျစ်အမှု အကြောင်းပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောက်ကျစ်စဉ်းလဲသော ကုန်သည်ကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ [ပစ္စုပ္ပန်ဝတ္ထုသည် အောက်၌ ပြဆိုခဲ့ပြီ။]

အတိတ်ဝတ္ထု

ညီနောင်နှစ်သွယ် ကုန်ရောင်းဝယ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူကြွယ်အမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် အိမ်ရာတည်ထောင်ကာ ပစ္စည်းဥစ္စာကို ဖြစ်စေ၏။ ထိုသူကြွယ်အား ညီတစ်ယောက်လည်း ရှိ၏။ ထိုညီသူကြွယ်သည် အတန်ငယ် ခိုးဝှက်တတ်သောသဘော ရှိ၏။

နောက်အခါ အမိအဖတို့ သေလွန်သည်ရှိသော် ညီအစ်ကို နှစ်ယောက်တို့သည် တစ်နေ့သ၌ ကုန်သွယ်သွားကြမည်ဟု တိုင်ပင်ညီညွတ်ကာ ရွာတစ်ခုသို့ သွားကြပြီးလျှင် အသပြာတစ်ထောင်ကို ရခဲ့၍ ပြန်လာလတ်သော် မြစ်ဆိပ်တစ်ခုတွင် လှေကိုဆိုင်၍ ထမင်းစားကြကုန်၏။

ထမင်းလှူရေး အမျှပေး

အစ်ကို သူကြွယ်သည် ထမင်းစားပြီးလျှင် စားကြွင်းထမင်းတို့ကို ဂင်္ဂါမြစ်၌ ငါးတို့အား ပေးလှူ၍ မြစ်စောင့်နတ်အား အလှူအဖို့ကို အမျှဝေပေး၏။ မြစ်စောင့်နတ်လည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လျက် အလှူအဖို့ကိုရသဖြင့် စည်းစိမ်အခြံအရံ ပွားများ၍လာ၏။ ပွားများခြင်းအကြောင် ဆင်ခြင်လတ်သော် သာဓုခေါ်သဖြင့် အလှူအဖို့ကိုရရှိကြောင်း သိလေ၏။ ထိုအခါ အစ်ကိုသူကြွယ်သည် သဲသောင်ပြင်ပေး၌ အပေါ်ရုံပုဆိုးကိုခင်းလျက် လျောင်းလတ်သော် အိပ်ပျော်ခဲ့လေ၏။

ထောင်ထုပ်လိုမှု ကောက်ကျစ်ပြု

ညီသူကြွယ်ကား အသပြာ တစ်ထောင်လုံးကို အစ်ကိုဖြစ်သူ သူကြွယ်အား မပေးဘဲ မိမိချည်းသာ ယူလိုသဖြင့် အသပြာထုပ်နှင့်တူသော ကျောက်စရစ်ခဲထုပ်တစ်ခုကို ပြုလုပ်ကာ အထုပ်နှစ်ထုပ်တို့ကို တပေါင်းတည်းထားလျက် လှေစီး၍သွားကြရာ ဂင်္ဂါမြစ်အလယ်သို့ ရောက်သည်ရှိသော် ညီသူကြွယ်သည် လှေကိုလှုပ်စေ၍ ကျောက်စရစ်ခဲထုပ်ကို ရေ၌ချမိလေ၏။ ချပြီးလျှင် “အစ်ကို ... အသပြာထုပ် ရေ၌ကျခဲ့ပြီ၊ အသို့ပြုရအံ့နည်း” ဟု ပြောဆိုလေ၏။ အစ်ကိုလည်း “ညီငယ် ... ရေ၌ကျခဲ့သော် ဘယ်လိုမှ မတတ်နိုင်၊ မစိုးရိမ်လင့်” ဟု ပြောလေ၏။

မြစ်စောင့်နတ်သည် ဤသူကား ငါ့အား အလှူအဖို့ကို အမျှဝေစေကာ စည်းစိမ်အခြံအရံကို ပေးပေသော ကျေးဇူးရှင်ဖြစ်ပါပေသည်။ ထိုသူ၏ ဥစ္စာကို မဆုံးပါးရအောင် စောင့်ရှောက်မည်ဟု ကြံစည်၍ ထိုအသပြာထုပ်ကို ငါးကြီးတစ်ကောင်ကို မျိုစေ၍ ကိုယ်တိုင် စောင့်ရှောက်ကာနေ၏။

ညီသူကြွယ်လည်း အိမ်သို့ရောက်လျှင် အစ်ကိုကို လှည့်စားအပ်ပြီ၊ အသပြာ တစ်ထောင်လုံး ငါရတော့မည်ဟု ဝမ်းမြောက်ဝမ်းသာဖြစ်၍ အထုပ်ကို ဖြေလတ်သော် ကျော်ကစရစ်ခဲထုပ် ဖြစ်နေသဖြင့် စိတ်နှလုံး ပူဆွေးခြောက်ကပ်လျက် ညောင်စောင်းပေါင်းဖက်၍ အိပ်လေ၏။

လှူဒါန်းမျှဝေ နတ်စောင့်လေ

ထိုအခါ တံငါတို့သည် မြစ်တွင် ငါးဖမ်းရန် ကွန်ကိုပစ်ကုန်၏။ အသပြာထုပ် မျိုထားသော ငါးကြီးသည် မြစ်စောင့်နတ် အာနုဘော်ကြောင့် ကွန်တွင်းသို့ ဝင်လေ၏။ တံငါသည်တို့လည်း ငါးကြီးကိုယူကာ ရောင်းရန် မြို့တွင်းသို့ ဝင်ကုန်၏။ လူတို့လည်း ငါးကြီးကိုမြင်လျှင် လိုချင်သဖြင့် အဖိုးကို မေးကြကုန်၏။ တံငါတို့သည် ဤငါးကြီးကို အသပြာ တစ်ထောင်နှင့် ခုနစ်ပဲပေး၍ ယူကြလောဟု ဆိုကုန်၏။ လူတို့လည်း အသပြာတစ်ထောင်ထိုက်သော ငါးကို ငါတို့ မမြင်စဖူးဟု ကဲ့ရဲ့ကြကုန်၏။

တံငါတို့သည် အစ်ကိုသူကြွယ်အိမ်သို့သွား၍ ရောင်းကြကုန်၏။ သူကြွယ်လည်း “အဖိုး ဘယ်လောက်ပေးရမည်နည်း” ဟု မေး၏။ “အရှင် ... တခြားသူတို့ယူလျှင် အဖိုးအသပြာတစ်ထောင်နှင့် ခုနစ်ပဲ ဖြစ်ပါသည်၊ အရှင်ယူလျှင် ခုနစ်ပဲသာ ဖြစ်ပါသည်” ဟု ပြောဆိုကုန်၏။ သူကြွယ်သည် ခုနစ်ပဲပေး၍ဝယ်ကာ မယားအား ပေး၏။ မယားလည်း ငါးကြီးဝမ်းဗိုက်ကို ခွဲလတ်သော် အသပြာထောင်ထုပ်ကို ရ၍ လင်သူကြွယ်အား ပြောကြားစေ၏။

သူကြွယ်လည်း အသပြာထုပ်ကို ကြည့်ရှုလတ်သော် မိမိတံဆိပ်ကိုမြင်လျှင် မိမိဥစ္စာထုပ်မှန်း သိ၍ -

“အချင်းတို့ ... တံငါတို့သည် ငါးဖိုးကို မေးအပ်သည်ရှိသော် သူတစ်ပါးတို့အား အသပြာ တစ်ထောင်နှင့်ခုနစ်ပဲ ပေးရမည်ဟု ပြောဆိုကုန်၏။ ထိုစကားကို ယုံကြည်နိုင်သောသူမရှိ။ ဤအရပ်၌ ငါ့အားကား ခုနစ်ပဲ ပေးရမည်ဟု ပြောဆိုကုန်၏၊ ငါလည်း ဝယ်ယူမိချေ၏”

ဟု ပြောဆိုပြီးလျှင် ငါသည် ဘယ်သူ့ကိုမှီ၍ ထိုအသပြာကို ရအပ်သနည်းဟု ကြံစည်လေ၏။ ထိုခဥ၌ မြစ်စောင့်နတ်သည် ကောင်းကင်၌ ကိုယ်ထင်ပြကာရပ်လျက် -

“အို - သူကြွယ် ... ငါကား ဂင်္ဂါမြစ်စောင့်နတ် ဖြစ်၏၊ သင်သည် ငါးတို့အား ထမင်းကျွေး၍ ငါ့အား အလှူအဖို့ကို အမျှပေးဝေ၏၊ ငါသည် ထိုအလှူအဖို့ကို အမျှပေးဝေခြင်း ဟူသော ပူဇော်ခြင်းကို အောက်မေ့သဖြင့် သင့်ဥစ္စာကို စောင့်ရှောက်ရ၏” –

ဟု သူကြွယ်အား ပြောဆိုပြီးလျှင် ညီသူကြွယ် ပြုအပ်သော စဉ်းလဲကောက်ကျစ်သော အမှုအလုံးစုံကို ပြောကြား၍ ဤသူကား ယခုအခါ စိတ်နှလုံး ပူဆွေးခြောက်ကပ်လျက် ညောင်စောင်းပေါင်ကို ဖက်၍အိပ်၏။

“အို - သူကြွယ် ... သင့်ညီသည် အစ်ကို၏ အဖို့ဖြစ်သော ဥစ္စာကို လှည်စားဘိ၏၊ စိတ်ပြစ်မှားသော သူအား အစီးအပွားမရှိ နတ်များလည်း မပူဇော်၊ ငါသည် သင့်ဥစ္စာကို ဆောင်ယူ၍ သင့်အား ပေး၏၊ ညီအား ဝေစုမပေးဘဲ သင်ချည်းသာ ယူလော့”

ဟု ပြောဆိုပြီးလျှင် ပြန်လေ၏။ ထိုအခါ အစ်ကိုသူကြွယ်သည် နတ်တို့ကား အဆွေခင်ပွန်းကို ပြစ်မှားသော သူအား အသပြာကို ပေးဝေခြင်းငှာ အလိုမရှိဟု ပြောဆိုဘိ၏။ သို့သော်လည်း ညီ၏အဖို့အစုကို မပေးခြင်းငှာ မသင့်မဟု ကြံစည်ဆုံးဖြတ်ကာ ညီသူကြွယ်အားလည်း ငါးရာသော အသပြာကို ပို့စေ၏။

မြတ်စွာဘုရားသည် ဒေသနာတော်ကို ဆောင်တော်မူ၍ သစ္စာကို ပြသည်၏အဆုံး၌ ကုန်သည်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ညီသူကြွယ်သည် - ယခုအခါ စဉ်းလဲသော ကုန်သည်။

အစ်ကိုသူကြွယ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ငါးထမင်းကျွေး၊ ကုသိုလ်ရေး၊ မျှပေးဂင်္ဂါနတ်။

(၂) ရေကျသပြာ၊ သူကြွယ်မှာ၊ နတ်လာပေးသတတ်။

(၃) မျှဝေပူဇော်၊ လူသူတော်၊ ပူဇော်တုံ့ပြုနတ်။

မစ္ဆုဒ္ဒါနဇာတ် ပြီး၏။

***

(၂၈၉) နာနာဆန္ဒဇာတ်

နေ့စဉ်နှင့်အမျှ နက္ခတ်များ ကြည့်ရှုနေသော ပုဏ္ဏားအား မိမိအတတ်ကို အစဉ်မပြတ် အသုံးပြုသူဟု မင်းကြီး သဘောကျကာ ပုဏ္ဏားအိမ်သားအားလုံး အလိုဆန္ဒရှိတိုင်း ဆုချီးမြှင့်ခြင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရှင်အာနန္ဒာဆု အကြောင်းပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အရှင် အာနန္ဒာ၏ ဆုရှစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ ။ [ပစ္စုပ္ပန်ဝတ္ထုသည် ဧကာဒသနိပါတ် ဇုဏှာဇာတ်၌ ထင်စွာဖြစ်လတ္တံ့။]

အတိတ်ဝတ္ထု

မင်းသွင်ကိုဖျက် စုံစမ်းထွက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုရားကြီးဝမ်း၌ဖြစ်၍ ဗြဟ္မဒတ်မင်းသား ဟူ၍ပင် အမည်တွင်သတတ်။ ထိုဗြဟ္မဒတ်မင်းသားသည် အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်ပညာတို့ကို သင်ကြားတတ်မြောက်ပြီးလျှင် အဖမင်းကြီး သေလွန်သဖြင့် မင်းအဖြစ်သို့ ရောက်လေ၏။ အဖမင်းကြီး လက်ထက်တွင် ရာထူးမှ ချထားသော ပုရောဟိတ်ပုဏ္ဏားသည် ရှိခဲ့၏။ ထိုပုဏ္ဏားသည် ဆင်းရဲသဖြင့် အိမ်တစ်ခုတွင် နေရ၏။

တစ်နေ့သ၌ ဗြဟ္မဒတ်မင်းသည် မထင်ရှားသောအသွင်ဖြင့် မြို့ကိုစုံစမ်းလျက် လှည့်လည်လေ၏။ ထိုအခါ ခိုးမှုကိုကျူးလွန်ပြီးသော သူခိုးတို့သည် သေတင်းကုတ်တစ်ခု၌ သေကိုသောက်ပြီးလျှင် သေအိုးတို့ကို ယူ၍သွားကြရာ လမ်းခရီး၌ ဗြဟ္မဒတ်မင်းကို မြင်လျှင် “အချင်း ... သင်ကား အဘယ်သူနည်း” ဟု မေးမြန်း၍ ပုတ်ခတ်ပြီးလျှင် အပေါ်ရုံပုဆိုးကိုယူ၍ သေအိုးထမ်းခေါ်၍ သွားကုန်၏။

နက္ခတ်ကိုကြည့် အမှတ်သိ

ပုရောဟိတ်ဟောင်း ပုဏ္ဏားလည်း ထိုခဏ၌ ခရီးလမ်းလယ်တွင်ရပ်လျက် နက္ခတ်ကိုကြည့်လျှင် မင်းကြီး ရန်သူလက် ရောက်နေသည်ကို သိသဖြင့် ပုဏ္ဏမေးကိုခေါ်၍ - “ရှင်မ ... ငါတို့မင်းကြီး ရန်သူလက်သို့ ရောက်နေသည်” ဟု ပြော၏။ “အရှင် ... သင့်မှာ ဘာလုပ်ရမှာလဲ၊ မင်းထံမှ စည်းစိမ်ရသော ပုဏ္ဏားတို့ ပြောကြလိမ့်မည်” ဟု ပုဏ္ဏေးမက ပြန်၍ပြောလေ၏။

မင်းကြီးလည်း ပုဏ္ဏားအသံကို ကြားပြီးလျှင် အတန်ငယ်လိုက်၍ သေသောက်ကြူးတို့အး “အရှင်တို့ ... အကျွန်ုပ်ကား လူဆင်းရဲ ဖြစ်ပါသည်၊ အပေါ်ရုံပုဆိုးကိုယူကာ အကျွန်ုပ်ကို လွှတ်ကြပါ” ဟု အဖန်ဖန် တောင်းပန်လျှင် သေသောက်ကြူးတို့သည်လည်း သနားသဖြင့် လွှတ်လိုက်ကြကုန်၏။ ထိုအခါ ပုရောဟိတ်ဟောင်း ပုဏ္ဏေးမအား “ရှင်မ ... ငါတို့မင်းကြီး ရန်သူလက်မှ လွတ်ပြီ ”ဟု ပြောပြန်၏။ မင်းကြီးသည် ထိုစကားကိုလည်း ကြားပြန်၍ အိမ်ကိုမှတ်ပြီးလျှင် နန်းတော်သို့ ပြန်လေ၏။

နက္ခတ်သိ-ဆို မင်းကြည်ညို

မင်းကြီးသည် မိုးသောက်သောအခါ ပုဏ္ဏားတို့ကို ခေါ်စေ၍ “ဆရာတို့ ... သင်တို့သည် ညဉ့်အခါ နက္ခတ်ကို ကြည့်ကြကုန်လော” ဟု မေး၏။ “အရှင်မင်းကြီး ... ကြည့်ပါကုန်၏၊ ဘေးရန် တစ်စုံတစ်ရာ ရှိပါသလော” ဟု မေး၏။ “မရှိပါ” ဟု လျှောက်ကြကုန်၏။ ထိုအခါ မင်းကြီးသည် မင်းချင်းတို့ကို “အချင်းတို့ ... ဤမည်သောလမ်း၊ ဤမည်သောအိမ်တွင် ပုဏ္ဏားတစ်ယောက် ရှိ၏၊ ခေါ်ချေ” ဟု စေလွှတ်၍ ခေါ်စေရာ ရောက်လာလျှင် “ဆရာ ... ညဉ့်အခါ နက္ခတ်ကို ကြည့်ပါ၏လော” ဟု မေး၏။ “အရှင်မင်းကြီး ... ကြည့်ပါ၏” ဟု လျှောက်၏။ “ဆရာ ... ဘေးရန် တစ်စုံတစ်ရာ ရှိပါသလော” ဟု မေး၏။ “အရှင်မင်းကြီး ... ရှိပါ၏၊ ညဉ့်က မင်းကြီး ရန်သူလက် ရောက်သွားရာ ခဏချင်းပင် လွတ်လာပါ၏” ဟု လျှောက်ထားလေ၏။

ထိုအခါ မင်းကြီးသည် နက္ခတ်တတ်သောသူတို့ မည်သည် ဤပုဏ္ဏားကဲ့သို့ဖြစ်ရာ၏ - ဟု ပြောဆိုပြီးလျှင် ကြွင်းသော ပုဏ္ဏားတို့ကို မြို့တွင်းမှ နှင်ထုတ်စေ၏။ ပုရောဟိတ်ဟောင်းကိုကား အလွန်ကြည်ည်ိုလှသဖြင့် အလိုရှိရာဆုကို ယူလောဟု ပေးလေ၏။ ပုဏ္ဏားသည် “အရှင်မင်းကြီး ... သားမယားများနှင့် တိုင်ပင်၍ ယူပါမည်” ဟု လျှောက်ထားပြန်လျှင် “ဆရာ ... တိုင်ပင်ချေ၊ တိုင်ပင်ပြီးလျှင် လာခဲ့ပါ” ဟု မှာထား၍ လွှတ်လိုက်၏။

အသီးသီးအဝဝ ဆုရကြ

ပုဏ္ဏားလည်း အိမ်သို့ရောက်လျှင် မယား၊ သား၊ ချွေးမ၊ ကျွန်မတို့ကို ခေါ်၍ “မင်းကြီးသည် ငါ့ကို လိုရာဆိုကို ယူလော့” ဟု ပေးလိုက်၏။ “သင်တို့ ဘယ်ဆုကို ယူကြမည်နည်း” ဟု မေးလေ၏။ ထိုအခါ ပုဏ္ဏေးမသည် ငါတို့ နွားမတစရာ လိုချင်သည်၊ ဆတ္တမာဝဏ မည်သော သားသည် ငါ့ဖို့ အာဇာနည် မြင်းဖြူကသော ရထားကို လိုချင်သည်၊ ချွေးမသည် ငါ့ဖို့ ပတ္တမြား နားတောင်း လိုချင်သည်၊ ပုဏ္ဏားမည်သော ကျွန်မသည် ငါ့ဖို့ ဆုံနှင့် ကျည်ပွေ့ကို လိုချင်သည်၊ ပုဏ္ဏားကြီးသည် ငါ့ဖို့ ရွာမြတ်ကို လိုချင်သည်၊ ဤသို့ မိမိတို့အလိုရှိရာကို အသီးအသီး ပြောဆို တိုင်ပင်ပြီးလျှင် ပုဏ္ဏားကြီးသည် မင်းကြီးထံသို့ လျှောက်ထားရန်သွားလေ၏။

မင်းကြီးလည်း ပုဏ္ဏားကြီး ပြန်ရောက်လာလျှင် “ဆရာ ... သင့်သားမယားများနှင့် တိုင်ပင်ခဲ့ပြီလော” ဟု မေးလေ၏။ ထိုအခါ ပုဏ္ဏားသည် -

“အရှင်မင်းကြီး ... တိုင်ပင်ခဲ့ပါပြီ၊ အကျွန်ုပ်တို့မှာ တစ်အိမ်တည်း စု၍နေကြသော်လည်း အလိုဆန္ဒအမျိုးမျိုး ရှိကြပါ၏၊ အကျွန်ုပ်ကား ရွာမြတ်ကို လိုချင်ပါ၏၊ ပုဏ္ဏေးမကား နွားမတစ်ရာကို လိုချင်ပါ၏၊ သားကား အာဇာနည်မြင်းဖြူ ကသော ရထားကို လိုချင်ပါ၏၊ ချွေးမကား ပတ္တမြားနားတောင်းကို လိုချင်ပါ၏၊ ကျွန်မကား ဆုံနှင့်ကျည်ပွေ့ကို လိုချင်ပါ၏” - ဟု မင်းကြီးအား အလုံးစုံသော အိမ်သားတို့၏ အလိုဆန္ဒကို လျှောက်ထားလေ၏။ ထိုအခါ မင်းကြီးလည်း -

“အချင်းတို့ ... ပုဏ္ဏားအား ရွာမြတ်ကို၊ ပုဏ္ဏေးမအား နွားမ တစ်ရာကို၊ သားအား အာဇာနည်မြင်းဖြူကသော ရထားကို၊ ချွေးမအား ပတ္တမြားနားတောင်းကို၊ ကျွန်မအား ဆုံနှင့် ကျည်ပွေ့ကို ပေးကြကုန်” - ဟု အိမ်သား အလုံးစုံတို့၏ အလိုဆန္ဒအတိုင်း ပြည့်စုံဆောင်ပေးရန် ခွင့်ပြုကာ ပေးစေ၏။ အိမ်သားအလုံးစုံတို့လည်း မင်းကြီးထံမှ မိမိတို့ အလိုရှိရာကို အသီးအသီး ရကြကုန်၏။

ဤသို့လျှင် မင်းကြီးသည် ပုဏ္ဏားကြီးအား အလိုရှိတိုင်းသော စည်းစိမ်ဥစ္စာများစွာကို ပေးပြီးလျှင် ပုရောဟိတ်ရာထူးကို ပြန်၍ပေးကာ “ဆရာ ... ဤနေ့မှစ၍ ငါတို့၏အမှုကိစ္စကို ဆောင်ရွက်လော့”ဟု ပြောဆိုအပ်နှင်း၍ မိမိထံတွင် အမြဲခစားစေ၏။ ပုဏ္ဏားလည်း စည်းစိမ်ဥစ္စာနှင့် ရာထူးကို ပြန်၍ရသဖြင့် မင်းကြီးထံဤ အမြဲခစားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုရောဟိတ်ပုဏ္ဏားသည် - ယခုအခါ အာနန္ဒာ။

ဗြဟ္မဒတ်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) တစ်အိမ်တည်းပ၊ စုနေကြ၊ ဆန္ဒအမည်မည်။

(၂) နက္ခတ်ကြည့်ချိန်၊ မင်းနှင့်ကြိမ်၊ စည်းစိမ်ပြည့်စုံသည်။

(၃) ပုရောဟိတ်မှတ်၊ စဉ်မပြတ်၊ နက္ခတ်ကြည့်ရမည်။

နာနာဆန္ဒဇာတ် ပြီး၏။

***

( ၂၉၀) - သီလဝိမံသနဇာတ်

မင်းကြီးသည် ငါ့အား သီလအတွက် ချီးမြှင့်လေသလောဟု အမှန်သိရန် စုံစမ်းလိုသောကြောင့် ပန်းတိမ်သည် ဘဏ္ဍာကို ခိုးယူသဖြင့် ဖမ်းဆီးခြင်းခံရသော ပုရောဟိတ် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သီလစုံစမ်းမှု အကြောင်းပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သီလကို စုံစမ်းလိုသော ပုဏ္ဏားတစ်ယောက်ကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ [ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္ထုတို့သည် ဧကကနိပါတ် သီလဝီမံသနဇာတ်နှင့် တူပြီ။ ထူးသမျှကိုသာ ပြဆိုပေအံ့။]

အတိတ်ဝတ္ထု

စုံစမ်းလိုမှု ခိုးဝှက်ပြု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ပုဏ္ဏားသည် မိမိသီလကို စုံစမ်းမည်ဟု ကြံစည်ကာ ရွှေပန်းထိမ်သည်၏ ပျဉ်ချပ်ပေါ်မှ နှစ်ရက်ပတ်လုံး တစ်နေ့တစ်သပြာ၊ တစ်သပြာ ယူလေ၏။

သုံးရက်မြောက်သောနေ့ကျပ် တစ်သပြာ ယူသည်ရှိသော် ပုရောဟိတ်ကို သူခိုးဟု ဖမ်း၍ မင်းကြီးထံ ပို့သည်ရှိသော် လမ်းခရီး၌ မြွေကစားကုန်သော အလမ္ပာယ်တို့ကိုမြင်လျှင် “အမောင်တို့ ... သင်တို့သည် မြွေကိုကိုင်လျှင် သတိထားကြကုန်လော့” ဟု ဆိုလေလျှင် အလမ္ပာယ်တို့သည် “အရှင် ပုဏ္ဏားကြီး ... ကိစ္စမရှိပါ၊ သီလရှိသောမြွေ” ဟု ဆိုကြကုန်၏။

မင်းကြီးထံရောက်လျှင် မင်းကြီးသည် ပုဏ္ဏားအား “အဘယ်ကြောင့် ဤသို့သောအမှုကို ပြုသနည်း” ဟု မေးတော်မူ၏။ ထိုအခါ ပုရောဟိတ်သည် “အရှင်မင်းကြီး ... မိမိသီလကို စုံစမ်းလိုသဖြင့် ပြုပါသည်” ဟု လျှောက်ထားပြီးလျှင် -

“မြတ်သောမင်းကြီး ... လောက၌ သီလသာလျှင် မြတ်သတတ်၊ သီလသာလျှင် ကောင်းသတတ်၊ ရှုကြည့်ပါလော၊ အဆိပ်ကြမ်းတမ်းသော မြွေကိုပင် သီလရှိ၏ဟု မညှဉ်းဆဲကြကုန်၊ လောက၌ အရိယာတို့ အကျင့်ကို ကျင့်သူကို သီလရှိသူဟု ဆိုကြကုန်၏၊ ဘေးမရှိဟု ပညာရှိတို့ ဝန်ခံကြသတတ်၊ သီလကို ငါကောင်းစွာ ဆောက်တည်တော့အံ့၊ သီလရှိသူကို အဆွေအမျိုးတို့လည်း ချစ်ခင်ကြ၏။ သီလရှိသူကား အဆွေခင်ပွန်းတို့ အလည်၌လည်း တင့်တယ်၏၊ သေလွန်လျှင် နတ်ပြည်၌ ဖြစ်ရ၏” –

ဟု လျှောက်ထားလေ၏။

သီလ၏ ဂုဏ်ကျေးဇူးတို့ကို ချီးကျူးကာ မင်းကြီးအား တရားဟောပြီးလျှင် “အရှင်မင်းကြီး ...အကျွန်ုပ်အိမ်၌ ဥစ္စာများစွာ ရှိပါသည်၊ ဥစ္စာ၏အဆုံးကား မထင်ပါ၊ အကျွန်ုပ်သည် သီလကို စုံစမ်းလို၍ ရွှေပန်းထိမ်သည် ပျဉ်ချပ်ပေါ်မှ အသပြာကို ယူမိပါသည်၊ ယခုအခါ အကျွန်ုပ်သည် လောက၌ အမျိုးအနွယ် ဆွေစဉ်မျိုးဆက်တို့၏ ယုတ်ညံ့ခြင်း သီလ၏ မြင့်မြတ်ခြင်းကို သိရပေပြီ၊ အကျွန်ုပ်သည် ရဟန်းပြုတော့အံ့၊ အကျွန်ုပ်အား ရဟန်းအဖြစ်ကို ခွင့်ပြုပါလော့” ဟု အခွင့်တောင်းလေ၏။ မင်းကြီး ခွင့်ပြုလေလျှင် တောထွက်၍ ရသေ့ရဟန်းပြုပြီးလျှင် ဟိမဝန္တာအရပ်၌နေလျက် အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေပြီးလျှင် သေလွန်သေအာခါ ဗြဟ္မာ့ပြည်သို့လားရ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သီလကို စုံစမ်းလာသော ပုရောဟိတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) လောက၌တွင်၊ သီလလျှင်၊ ချစ်ခင်ကောင်းမြတ်သည်။

(၂) ဘေးရန်ကင်းလေ၊ သေ နတ်ပြည်၊ လူနေတင့်တယ်သည်။

(၃) မြွေမကိုလည်း၊ သီလမြဲ၊ ညှဉ်းဆဲလွတ်ရသည်။

သီလဝီမံသနဇာတ် ပြီး၏။

***

၂၉၁ - သုရာဃဋဇာတ်

ဖခင်ဖြစ်ဖူးသော သိကြားမင်းသည် သေသောက်ကြူးဖြစ်၍ ဆင်းရဲနေသောသားအား အလိုရှိတိုင်းရသော ဣစ္ဆာသရအိုးကို လာပေးရာ အရက်မူးလျက် ခွဲပစ်သော သေသောကြူးမိုက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တူရင်းကိုပင် အိမ်မှနှင်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အနာထပိဏ်သူဌေးကြီး၏ တူတော်တစ်ယောက်သည် မိဘတို့ဥစ္စာ ဖြစ်သော ရွှေငွေ ကုဋေလေးဆယ်ဆို့ကို သုရာသောက်ခြင်းဖြင့် ဖျက်ဆီးဖြုန်းတီးကာ အနာထပိဏ်သူဌေးကြီးထံသို့ လာလေ၏။

အနာထပိဏ် သူဌေးကြီးသည် တူအား ကုန်သွယ်လောဟု ဆုံးမကာ အသပြာတစ်ထောင်ကို ပေးလိုက်၏။ ထိုအသပြာတစ်ထောင်ကိုလည်း ဖျက်ဆီး၍ သူဌေးကြီးထံ လာပြန်၏။ သူဌေးကြီးလည်း တူအား တစ်ဖန် အသပြာါငးရာ ပေးလိုက်ပြန်၏။ ဖျက်ဆီး၍ လာပြန်၏။ တစ်ဖန် တူအား ပုဆိုးကြီးနှစ်ထည်ကို ပေးလိုက်ပြန်၏။ ဖျက်ဆီး၍ တစ်ဖန် လာပြန်လျှင် သူဌေးကြီးသည် တစ်စုံတစ်ရာကို မပေးတော့ဘဲ တူကို လည်ပင်းကိုက်ကာ အိမ်မှနှင်ထုတ်စေ၏။

ထိုသူဌေးတူသည် ကိုးကွယ်ရာမရှိဖြစ်၍ သူတစ်ပါးတို့ တိုက်နံရံကိုမှီ၍ သေရ၏။ လူတို့သည် အလောင်းကို မြို့ပ၌ စွန့်ပစ်ကြကုန်၏။ ထိုအခါ သူဌေးကြီးသည် မြတ်စွာဘုရားထံသို့သွား၍ တူအကြောင်း အလုံးစုံကို မြတ်စွာဘုရားအား လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် “သူဌေးကြီး ... ထိုတူကို သင်သည် အဘယ်မှာ ရောင့်ရဲစေနိုင်အံ့နည်းဟု ရှေးအခါ ငါသည် အလုံးစုံသော အလိုဆန္ဒကို ပေးတတ်သော အိုးကို ပေး၍လည်း ရောင့်ရဲစေအံ့သောငှာ မတတ်နိုင်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကုဋေလေးဆယ်လုံး သေသောက်ဖြုန်း

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဌေးမျိုး၌ဖြစ်၍ အဘသူဌေးကြီး ကွယ်လွန်သောအခါ သူဌေးရာထူးကို ရလေ၏။ ထိုသူဌေးကြီး၌ မြေ၌ မြှုပ်ထားသော ဥစ္စာကုဋေလေးဆယ် ရှိ၏။ သားကား တစ်ယောက်တည်းသာ ရှိ၏။ သူဌေးကြီးသည် ကုသိုလ်ကောင်းမှုကိုပြု၍ သေလွန်သောအခါ သိကြားမင်း ဖြစ်လေ၏။

ထိုအခါ သူဌေးသားသည် မဏ္ဍပ်ဆောက်ကယ လူအပေါင်း ခြံရံလျက် သေရည်ကိုသောက်၏။ မူးယစ်ပျော်ပါး၏။ ကျွမ်းထိုးခြင်း၊ ရေချိုးခြင်း၊ တန်ဆာဆင်ခြင်း၊ ကခြင်း စသည်ကို ပြုလုပ်သော သူတို့အား အသပြာ တစ်ထောင်စီပေး၏။ မန်းမကြူးခြင်း၊ သေသောက်ကြူးခြင်း၊ အမဲသား ငါး အစားကြူးခြင်းသို့ရောက်လျက် အဘယ်အရပ်၌ သီချင်းဆိုသနည်း၊ အဘယ်အရပ်၌ တီးမှုတ်သနည်း၊ အဘယ်အရပ်၌ ကပြသနည်း အစရှိသည်ဖြင့် ပွဲသဘင်ကို ရှာဖွေမေးမြန်းကာ ပျော်ပါးကာနေ၏။

ဤသို့လျှင် အသောက်အစား အပျော်အပါးတို့ကို လိုက်စားပျော်မြူးလျက် မေ့မေ့လျော့လျော့ နေလတ်သော် မကြာမြင့်မီလျှင် ဥစ္စာ ကုဋေလေးဆယ်နှင့် အတွင်းအပ အသုံးအဆောင် ဟူသမျှတို့ကို ဖျက်ဆီးဖြုန်းတီး၍ ကုန်ခန်းသဖြင့် ဆင်းရဲနွမ်းပါ အထီးကျန်သော အဖြစ်သို့ ရောက်လေ၏။ ပုဆိုးနွမ်းကိုဝတ်လျက် ဆင်းဆင်းရဲရဲ နေထိုင်စားသောက်၏။

သိကြားစောင်မ ဆင်းရဲရ

သိကြားမင်းသည် ဆင်ခြင်ကြည့်ရှုလတ်သော် သားဆင်းရဲ နွမ်းပါးနေသော အဖြစ်ကိုသိ၍ သား၌ ချစ်ခင်းသဖြင့် လာပြီးလျှင် အလုံးစုံသော အလိုဆန္ဒကို ပေးတတ်သော အိုးကို ပေး၍ “အမောင် ... ဤအိုးကို မကွဲရအောင် စောင့်ရှောက်ပါ၊ ဤအိုး ရှိလတ်သော် အလိုဆန္ဒ ဟူသမျှကို ပြည့်စုံစေနိုင်၏၊ သတိထားလော့” အကြိမ်ကြိမ် မှာထားဆုံးမပြီးလျှင် နတ်ပြည့်သို့ ပြန်လေ၏။ ထိုအခါမှ စ၍ သူဌေးသားသည် လိုတိုင်းရသဖြင့် သေကိုသာ သောက်လျက်နေ၏။

တစ်နေ့သ၌ သူဌေးသားသည် အလွန် သေရည်မူးယစ်လတ်သော် သတိမရတော့ဘဲ အိုးကို ကောင်းကင်သို့ မြှောက်၍ အောက်ကခံလတ်သော် တစ်ကြိမ်တည်းဖြင့်သာလျှင် လွဲချော်ကာ မြေသို့ကျ၍ ကွဲလေ၏။ အိုးကွဲသောအခါမှ စ၍ တစ်ဖန် ဆင်းရဲနွမ်းပါးပြန်သဖြင့် ပုဆိုးနွမ်းကိုဝတ်လျက် ခွက်လက်စွဲကာ တောင်းစားပြီးလျှင် သူတစ်ပါးတို့ တိုက်နံရံ၌ မှီလျက် သေရလေ၏။

မြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူပြီးလျှင် -

“သေသောက်ကြူးသည် အလုံးစုံသော အလိုဆန္ဒကို ပေးတတ်သော အိုးကိုရ၍ ထိုးအိုးကို စောင့်ရှောက် ထိန်းသိမ်းနိုင်သမျှ ကာလပတ်လုံး ထို သေသောက်ကြူးအား ချမ်းသာကိုရ၏။ မိုက်သော သေသောက်ကြူးသည် ယစ်မူးမေ့လျော့သဖြင့် ဟော့ရမ်းကြမ်းတမ်းသောအခါ အိုးကို ခွဲဘိ၏။ အိုးကွဲသော နောက်ကာလ၌ အဝတ်မဆီး အချည်းနှီးဖြစ်၍ လည်းကောင်း၊ ရံခါ ပုဆိုးနွမ်းကို ဝတ်ဆီးရသည် ဖြစ်၍ လည်းကောင်း ဆင်းရဲပင်ပန်းရ၏။ မိုက်သော သေသောက်ကြူးသည် အိုးကိုရ၍ နောက်ကာလ၌ ပူပန်ဆင်းရဲသကဲ့သို့၊ ထို့အတူ လူမိုက်သည် ဥစ္စာရ၍ မေ့မေ့လျော့လျော့ သုံးဖြုန်း၍ ကုန်းခန်းသော နောက်ကာလ၌ ပူပန်ဆင်းရဲရ၏”

ဟု ဟောကြား ဆုံးမတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

· ထိုအခါ အိုးခွဲသော သေသောက်ကြူးသည်-ယခုအခါ သူဌေးကြီး၏တူ။

သိကြားမင်းသည် -ငါဘုရားဖြစ်လာပြီ-

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပစ္စည်းဥစ္စာ၊ သုံးဖြုန်းရာ၊ ကုန်ကာဆင်းရဲမယ်။

(၂) လိုရာရမြဲ၊ အိုးကိုခွဲ၊ ဆင်းရဲလူမိုက်နှယ်။

(၃) ပေးပါသော်လဲ၊ မရောင့်ရဲ၊ မိုက်ခဲလူမယ်။

သူရာဃဋဇာတ် ပြီး၏။

***

(၂၉၂) သုပတ္တဇာတ်

သုမုခ မည်သော ကျီးစစ်သူကြီးသည် သုပတ္တ ကျီးမင်း၏ ကျီးမိဖုရား ချင်ခြင်းအတွက် အသက်စွန့်ကာ ဗြဟ္မဒတ်မင်း၏ စားတော်ပွဲကို ထိုးသုတ်ယူစဉ် အဖမ်းခံရခြင်းဖြင့် သုပတ္တကျီးမင်း လိုက်လာ၍ တရားဟောခြင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လေနာပျောက်ရေး အစာရှာပေး

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဗိမ္ဗာဒေဝီမထေရ်မအား ဝမ်း၌ လေနာသည်ထလေ၏။ ထိုအါ ရာဟုလာသာမဏေသည် ထိုအကြောင်းကို ရှင်သာရိပုတ္တရာကို လျှောက်ထားရာ ရှင်သာရိပုတ္တရာသည် ကောသလမင်းကြီး နန်းတော်သို့သွား၍ ငါးကြင်းသားကို ထောပတ်သစ်နှင့် ရောသော သလေးဆွမ်းကို ဆောင်ယူခဲ့ပြီးလျှင် ရာဟုလ သာမဏေအား ဗိမ္ဗာဒေဝီ မထေရ်မထံသို့ ပို့စေရာ ဘုဉ်းပေးကာမျှဖြင့် ဝမ်းလေနာသည် လွတ်ငြိမ်းလေ၏။ မင်းကြီးသည် မင်းချင်းတို့ကို စုံစမ်းစေ၍ ထိုအကြောင်းကို သိတော်မူလျှင် ထိုအခါမှစ၍ ဗိမ္ဗာဒေဝီ မထေရ်မအား ထိုသို့ သဘောရှိသောဆွမ်းကို လှူဒါန်းစေ၏။

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... ရှင်သာရိပုတ္တရာသည် ဗိမ္ဗာဒေဝီ မထေရ်မအား ဤသို့ သဘောရှိသော ဘောဇဉ်ဖြင့် ရောင့်ရဲစေသည်” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... သာရိပုတ္တရာသည် ယခုအခါ၌သာ ရာဟုလာမယ်တော်အား တောင့်တအပ်သော ဘောဇဉ်ကို ပေးသည် မဟုတ်၊ ရှေးအခါ၌လည်း ပေးခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ ။ [ပစ္စုပ္ပန်ဝတ္ထုသည် အဗ္ဘန္တရဇာတ် ပစ္စုပ္ပန်ဝတ္ထုနှင့်တူပြီ။]

အတိတ်ဝတ္ထု

ကျီးမင်းမိဖုရား ချင်ခြင်းပွား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကျီးမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ကျီးရှစ်သောင်းတို့ အကြီးအမှူးဖြစ်၍ သုပတ္တမည်သော ကျီးမင်း ဖြစ်လေ၏။ မိဖုရားကား သုဖဿ မည်၏။ စစ်သူကြီးား သုမုခ မည်၏။ ထိုကျီးမင်းသည် ကျီးရှစ်သောင်း အခြံအရံဖြင့် ဗာရာဏသီပြည်ကို အမှီပြုကာ နေလေ၏။

ကျီးမင်းသည် တစ်နေ့သ၌ သုဖဿ ကျီးမကိုခေါ်၍ အစာရှာထွက်သွားလတ်သော် ဗာရာဏသီမင်း စားဖိုအိမ်အထက်ဖြင့် သွားလေ၏။ စားဖို့သည်လည်း မင်းကြီး သုံးဆောင်ရန် အထူးထူးသော ငါး၊ အမဲ၊ ဘောဇဉ်တို့ကို ချက်ပြုတ်ကာ အိုးတို့ကို ဖွင့်ပြီးလျှင် အငွေ့လွှတ်၍ထား၏ သုဖဿကျီးမသည် အနံ့ရ၍ စားလိုသော်လည်း ထိုနေ့တွင် မပြောသေးဘဲ နေ၏။

နှစ်ရက်မြောက်နေ့၌ ကျီးမင်းသည် “ရှင်မ .. အစာရှာသွားမည်” ဟု ဆိုလတ်သော် “အရှင် ... အရှင်တို့သာ သွားပါကုန်၊ အကျွန်ုပ်မှာ တစ်ခုသောချင်ခြင်းသည်ရှိ၏” ဟု ပြောလျှင် “ရှင်မ ... အဘယ်ချင်ခြင်းနည်း” ဟု မေး၏။ “အရှင် ....ဗာရာဏသီမင်း၏ ဘောဇဉ်ကို စားလိုသည်၊ အကယ်၍ မရလျှင် အသက်ကိုစွန့်မည်” ဟု ပြောပြန်လျှင် ကျီးမင်းသည် အကြံရကြပ်၍နေလေ၏။

ထိုအခါ သုမုခ စစ်သူကြီးသည် ကျီးမင်းထံ လာလတ်၍ “အရှင်းမင်းကြီး ... အဘယ်ကြောင့် နှလုံးမသာသနည်း” ဟု မေးလျှင် ကျီးမင်းသည် ထိုအကြောင်းကို ပြောကြားလေ၏။ သုမုခ စစ်သူကြီးသည် အကြောင်းကိုသိလျှင် “အရှင်မင်းကြီး ... မစိုးရိမ်လင့်” ဟု လျှောက်ထားပြီးလျှင် မိဖုရားကြီးကိုလည်း “အရှင်မင်းကြီး ... မစိုးရိမ်လင့်၊ ရအောင်ယူပေးမည်၊ ဤနေရာကသာ စောင့်၍နေပါကုန် ” ဟဟု လျှောက်ထား၍ ဖဲခဲ့လေ၏။

ကျီးမင်းစစ်သူ အစာယူ

စစ်သူကြီးသည် ကျီးတို့ကို စည်းဝေးစေ၍ ထိုအကြောင်းကို ပြောကြားပြီးလျှင် ဗာရာဏသီပြည် စားဖိုအိမ်အနီးတွင် ကျီးတို့ကို အစုလိုက် အစုလိုက် အစောင့်အရှောက်ထားကာ မိမိမူကား ကျီးသူရဲ ရှစ်ကောင်နှင့် စားဖိုခန်းအနီးသို့ဝင်၍ မင်းကြီးထံ စားတော်ခွက်အပို့ကို စောင့်ဆိုင်းကာ နေလေ၏။ ကျီးတို့ကိုလည်း “အမောင်တို့ ... မင်းကြီးထံ စားတော်ခွက် အပို့ထွက်သည်ရှိသော် ငါသည် စားတော်ခွက်တို့ကို အောက်သို့ကျအောက် လုပ်မည်၊ ကျလတ်သော် ငါ၏အသက်မရှိပြီ၊ သို့အတွက် ကျီးလေးကောင်တို့သည် နှုတ်သီးပြည့်အောင် ထမင်းကို ယူကြလော့၊ ကြွင်းသော ကျီးလေးကောင်တို့သည် နှုတ်သီးပြည့်အောင် ဟင်းကို ယူကြကုန်လော့၊ ယူကြပြီးလျှင် ကျီးမင်းနှင့် သုဖဿာ မိဖုရားကြီးကို ကျွေးကြကုန်လော့၊ ငါမူကား နောက်မှလာမည်” ဟု စီမံ၍ထားလေ၏။

ထိုအခါ စားဖိုသည်သည် ဘောဇဉ် အထူးထူးတို့ကို ပြည့်စုံအောင် စီရင်ပြီးလျှင် စားတော်ခွက်တို့ကို ထမ်းပိုးဖြင့် ထမ်းကာ မင်းကြီးအိမ်သို့သွားလေ၏။ မင်းရင်ပြင် ရောက်သောအခါ ကျီးစစ်သူကြီးသည် ကျီးသူရဲတို့ကို အချက်ပေး၍ ပျံဝဲကာ စားဖိုသည်၏ ရင်ဘတ်ကို ခြေဖြင့်ကုတ်လျက် နှုတ်သီးဖြင့် နှာခေါင်းဖျားကိုဆိတ်၍ အတောင်နှစ်ဖက်တို့ဖြင့် မျက်နှာကို အုပ်လေ၏။

မင်းကြီးလည်း ပြာသာဒ်တွင် စင်္ကြံသွားရင် လေသာတံခါးဖြင့် ကြည့်လတ်သော် ကျီး၏အမူအရာကိုမြင်လျှင် စားဖိုသည်ကို အသံပေးလျက် “အချင်း စားဖိုသည် ... စားတော်ခွက်တို့ကို စွန့်ပြီးလျှင် ကျီးကိုသာ အရဖမ်းလော့” ဟု အမိန့်ပေးလေ၏။ စားဖိုသည်သည် ထိုအခါ စားတော်ခွက်တို့ကို စွန့်ပြီးလျှင် ကျီးကို မြဲစွာဖမ်း၍ မင်းကြီးထံ ပို့လေ၏။ ကျီးသူရဲ ရှစ်ကောင်တို့လည်း စီစဉ်ထားသောအတိုင်း ပျံလာကြကာ ဝအောင်စားပြီးလျှင် ထမင်းဟင်းတို့ကို နှုတ်သီးပြည့် ယူဆောင်ကာ ကျီးမင်းနှင့် ကျီးမိဖုရားကြီးတို့အား ကျွေးကုန်၏။ ထိုအခါမှ သုဖဿ မိဖုရားလည်း ချင်ခြင်းငြိမ်းလေ၏။

တရားဟောဆို လွန်ကြည်ညို

မင်းကြီးလည်း ကျီးစစ်သူကြီးကို “အသင်ကျီး ... အသင်ကား ငါ့ကိုလည်း မရှက်၊ စားဖိုသည်၏ နှာခေါင်းကိုလည်း ဖြတ်၏၊ စားတော်ခွက်တို့ကိုလည်း ခွဲ၏၊ အသက်သေရမည်ကိုလည်း မကြောက်၊ အဘယ်ကြောင့် ဤလို ပြုရဘိသနည်း” ဟု မေးလျှင် ကျီးစစ်သူကြီးသည် မင်းကြီးအား -

“မြတ်သောမင်းကြီး .... ကျွန်ုပ်၏ ကျီးမင်းကား သုပတ္တ အမည်ရှိပါ၏။ မိဖုရားကြီးကား သုဖဿာအမည်ရှိပါ၏၊ ကျီးရှစ်သောင်း အခြံအရံဖြင့် ဗာရာဏသီပြည်ကို အမှီပြု၍ နေပါ၏၊ အကျွန်ုပ်ကား ထိုကျီးမင်း၏ စစ်သူကြီး ဖြစ်ပါ၏၊ ထိုသုဖဿာ မိဖုရားကြီးသည် အသင်မင်းကြီး သုံးဆောင်သော ထမင်းဟင်း ဘောဇဉ်တို့ကို စားလိုသော ချင်ခြင်း ဖြစ်ပါ၏၊ သို့အတွက် အကျွန်ုပ်သည် ထိုမိဖုရားကြီးအတွက် အသက်ကိုစွန့်ကာ စားဖိုသည်ထံမှ ထမင်းဟင်းတို့ကို အတင်းလုယူပါ၏၊ ယခုအခါ ကျီးမင်းနှင့် မိဖုရားကြီးအား ဆက်သပြီးပြီဖြစ်၍ အကျွန်ုပ်၏ အလိုပြည့်ပါပြီ၊ အကျွန်ုပ်အား အရှင်းမင်းကြီးတို့ ပြုလိုသောဒဏ်ကို ပြုပါ” –

ဟု ရဲရင့်စွာ ပြောဆို လျှောက်ထားလေ၏။ မင်းကြီးသည် ကျီးစစ်သူကြီးစကားကို ကြားလျှင် လူဖြစ်ကြသောငါတို့မှာ ကြီးစွာသော စည်းစိမ်ကို ပေးထားပါလျက် ငါ့အား ချစ်နှစ်သက်သောသူကို မရကုန်၊ အသက်ကိုစွန့်သောသူကို မရကုန်။ ဤကျီစစ်သူကြီးကား တိရစ္ဆာန်ဖြစ်လျက် မိမိအသက်ကို ကျီးမင်းအား စွန့်နိုင်ပေ၏။ အလွန်ကောင်းမြတ်သောစိတ် ရှိပေ၏။ သာယာသောအသံ ရှိပေ၏။ တရားဟောတတ်ပေ၏ - ဟု ချီးကျူးကာ ဂုဏ်ကျေးဇူး၌ ကြည်ညိုသဖြင့် ကျီးစစ်သူကြီးအား ထီးဖြူဖြင့် ပူဇော်လေ၏။

ကျီးစစ်သူကြီးလည်း မိမိရသော ထီးဖြူဖြင့်ပင် မင်းကြီးအား တစ်ဖန် ပူဇော်ပြန်၍ ကျီးမင်း၏ ဂုဏ်ကျေးဇူးတို့ကို ချီးကျူးကာ လျှောက်ထားပြန်၏။ ထိုအခါ မင်းကြီးသည် ကျီးမင်းအား ခေါ်စေပြီးလျှင် တရားတော်ကို ကြားနာရ၍ အလွန်ကြည်ညိုလှသဖြင့် ကျီးမင်းနှင့် ကျီးစစ်သူကြီးအား မိမိ စားသောနည်းဖြင့် ထမင်းအစာကို မပြတ်ပို့စေ၏။ ကြွင်းသော ကျီးတို့အားလည်း နေ့စဉ် *တစ်အမ္ဗဏချက် ထမင်းကို ပေးလှူစေ၏။ မိမိလည်း ကျီးမင်း၏ အဆုံးအမ၌တည်လျက် ခပ်သိမ်းသော သတ္တဝါတို့အား ဘေးမဲ့ပေး၍ ပဉ္စသီလကို စောင့်ထိန်းလေ၏။ [ထိုသုပတ္တကျီးမင်း၏ အဆုံးအမသည် နှစ်ပေါင်း ခုနစ်ရာတိုင်အောင် တည်ရှိသတတ်။]

*တစ်အမ္ဗဏ - ဆယ့်တစ်စိတ်ကို တစ်အမ္ဗဏ ခေါ်သည်။ [ဆယ့်တစ်စိတ်ချက်ထမင်း ဟူလို]

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းကြီးသည် - ယခုအခါ အာနန္ဒ။

သုမုခကျီးစစ်သူကြီးသည် - သာရိပုတ္တရာ။

သုဖဿာ ကျီးမိဖုရားသည် - ရာဟုလာမယ်တော်။

သုပတ္တ ကျီးမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) စစ်သူကြီးလုပ်၊ နောက်မဆုတ်၊ အဟုတ်ရဲရမည်။

(၂) အရှင်အတွက်၊ မှုဆောင်ရွက်၊ အသက်စွန့်ရမည်။

(၃) ကျီးသုမုခ၊ လုပ်ထုံးပြ၊ အားကျအပ်ပေသည်။

သုပတ္တဇာတ် ပြီး၏။

***

(၂၉၃) ကာယနိဗ္ဗိန္ဒဇာတ်

အနာရောဂါ နှိပ်စက်ခြင်းကို တာရှည်စွာခံစားနေရ၍ မိမိကိုယ်ခန္ဓာကို စက်ဆုပ်ငြီးငွေ့လာသဖြင့် ရဟန်းပြုရန် တောထွက်ခြင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရောဂါကင်းပျောက် ရဟန်းဘဝရောက်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်ဝယ် ယောကျ်ားတစ်ယောက်သည် ဖျော့တော့သောရောဂါ နှိပ်စက်သည်ရှိသော် ဆေးသမားတို့သည် လက်လွှတ်ကြကုန်၏။ သားမယားတို့လည်း လုပ်ကျွေးပြုစုခြင်းငှာ မတတ်နိုင်ကြကုန်၏။ ထိုအါ ရောဂါနှိပ်စက်သော ယောကျ်ားသည် ငါသည် ဤရောဂါမှ လွတ်မြောက်ပါမူ ရဟန်းပြုတော့မည်ဟု ကြံစည်လေ၏။

နှစ်ရက် သုံးရက်မျှဖြင့် တစ်စုံတစ်ရာ သင့်လျော်သောဆေးကို မှီဝဲရ၍ ရောဂါကင်းလတ်သော် မိမိ ကြံစည်ထားသောအတိုင်း ဇေတဝန်ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားထံ ရဟန်းအဖြစ်ကို တောင်းပန်လျှင် သာမဏေအဖြစ် ရဟန်းအဖြစ်ကိုရ၍ မကြာမြင့်မီ ရဟန္တာ အဖြစ်သို့ ရောက်လေ၏။

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် ထိုရဟန်းအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ယခုအခါ၌သာ ရောဂါကင်းလျှင် ရဟန်းပြု၍ မိမိ အကျိုးစီးပွားကို ပြုသည်မဟုတ်၊ ရှေးအခါ၌လည်း ပညာရှိတို့သည် ရောဂါကင်းလျှင် ရဟန်းပြု၍ မိမိ အကျိုးစီးပွားကို ပြုကြဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

စျာန်ကိုဆွတ်ခူး ဥဒါန်းကျူး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် အိမ်ထောင်ပြုကာ ရောဂါစွဲကပ်လတ်သော် ဆေးသမားတို့သည် ကုသခြင်းငှာ မတတ်နိုင်ကုန်။

ထိုအခါ ပုဏ္ဏားသည် ရောဂါမှ ထမြောက်သည်ရှိသော် ရဟန်းပြုမည်ဟု ကြံစည်ကာ နှစ်ရက်သုံးရက်မျှဖြင့်ပင် သင့်လျော်သောဆေးကို မှီဝဲရ၍ ရောဂါမှ ထမြောက်ပျောက်ကင်းလတ်သော် ဟိမဝန္တာသို့ဝင်ကာ ရသေ့ရဟန်ပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၏။ စျာန်ချမ်းသာဖြင့် နေသောအခါ ဤမျှလောက်သော ကာလပတ်လုံး ဤသို့သဘောရှိသော စျာန်ချမ်းသာမည်သည်ကို မရခဲ့ဖူး၍ ဝမ်းမြောက်ဝမ်းသာ -

“ငါ၏ ခန္ဓာကိုယ်ကြီးကား ... စွန့်ပစ်အပ်၏၊ ကိုးဆယ့်ခြောက်ပါးသော ရောဂါတို့တွင် တစ်ပါးပါးသော ရောဂါသည် ပြင်းထန်စွာ နှိပ်စက်သဖြင့် ဆင်းရဲဖောက်ပြန်တတ်၏။ ပူသော သဲပြင်တွင် ပစ်ချအပ်သော သိမ်မွေ့စွာသော ပန်းကဲ့သို့ လျင်စွာ ခြောက်သွေ့တတ်၏။ ဤခန္ဓာကိုယ်ကြီးကား .... နှစ်သက်ဖွယ်မရှိ၊ သူမိုက်တို့သာ နှစ်သက်ဖွယ်ရှိ၏ဟု သမုတ်အပ်ပေ၏။ မစင်ကြယ်ပေ၊ သူမိုက်တို့သာ စင်ကြယ်၏ဟု သမုတ်အပ်ပေ၏။ အထူးထူးသော အပုပ်တို့ဖြင့် ပြည့်၏၊ မမြင်သော ပုထုဇဉ်မိုက်အား နှစ်သက်ဖွယ်သဘောရှိ၏။” သတ္တဝါတို့သည် ခန္ဓာကိုယ်ကြီး၌ မေ့လျော့ကာ အလွန်တပ်စွန်း တွေဝေကြသောကြောင့် သုဂတိရောက်ကြောင်း ဖြစ်သော လမ်းကြောင်းကို ဆုတ်ယုတ်စေကုန်၏။ ကျင်နာ၍ စက်ဆုပ်ဖွယ်ဖြစ်လျက် မစင်မကြယ် ဖျားနာတတ်သော ထိုခန္ဓာကိုယ်ကြီးကား စက်ဆုပ်ဖွယ် ရှိပေ၏တကား” –

ဟု ဥဒါန်းကျူးလေ၏။ ဤသို့လျှင် ရသေ့သည် ခန္ဓာကိုယ် အကောင်ပုပ်ကြီး၏ အပြစ်တို့ကို ဆင်ခြင်သုံးသပ်လျက် အသက်ထက်ဆုံး ဗြဟ္မဝိဟာရတရား လေးပါးတို့ကို ပွားများအားထုတ်ကာ မဆုတ်ယုတ်သော စျာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားရ၏။ဤဒေသနာတော်ကို ဆောင်ပြီးလျှင် သစ္စာကို ပြသည်၏ အဆုံး၌ များစွာသော ပုထုဇဉ်တို့သည် သောတာပတ္တိဖိုလ် စသည်တို့၌ တည်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းကြီးသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရောဂါယှဉ်တွဲ၊ နှိပ်စက်မြဲ၊ ဆင်းရဲဤခန္ဓာ။

(၂) မနှစ်သက်ဖွယ်၊ မစင်ကြယ်၊ ရွံဖွယ်ဤခန္ဓာ။

(၃) ပုပ်သိုးပြည့်ကြွယ်၊ မတင့်တယ်၊ မဖွယ်ဤခန္ဓာ။

(၄) ပုထုဇဉ်ကန်း၊ လွန်တပ်စွန်း၊ နတ်လမ်း ယုတ်သည်သာ။

ကာနိဗ္ဗိန္ဒဇာတ် ပြီး၏။

***

(၂၉၄) ဇမ္ဗုခါဒကဇာတ်

သပြေသီးမှည့်ကို စားလိုသော မြေခွေးသည် သပြေပင်ပေါ်ရှိ ကျီးအား မဟုတ်မမှန် ဝါကြွား၍ ချီးကျူးရာ ကျီးကလည်း မြေခွေးအား မဟုတ်မမှန် ဝါကြွား၍ ပြန်လည် ချီးကျူးနေကြသည်ကို သပြေပင်စောင့်နတ် မနှစ်သက်၍ ပြေးစေခြင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ချင်းချင်းဂုဏ်ပြု ကြွားဝါမှု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်နှင့် ကောကာလိကတို့သည် လာဘသက္ကာရမှ ဆုတ်ယုတ်ကြကုန်၏။ ထိုအခါ ကောကာလိကသည် ဒါယကာတို့ထံကပ် “ဒါယကာတို့ ... အရှင်ဒေဝဒတ်သည် မဟာသမ္မတမင်း၏ အနွယ်ဖြစ်သော ဥက္ကာကရာဇ်မင်းမျိုး၌ ဖြစ်၏၊ ပိဋကတ်သုံးပုံကို ဆောင်၏၊ စျာန်ကိုရ၏၊ သာယာစွာသောအသံဖြင့် တရားဟောတတ်၏၊ ဒေဝဒတ်အား လှူဒါန်းကြကုန်လော့” ဟု ဒေဝဒတ်၏ ဂုဏ်ကျေးဇူးကို ပြောဆိုလေ၏။ ဒေဝဒတ်သည်လည်း “အရှင်ကောကာလိကသည် ဥဒိစ္စ ပုဏ္ဏားမျိုးမှ တောထွက်၍ ရဟန်းပြုဋ္ဌ။ အကြားအမြင်ဗဟုသုတရှိ၏၊ တရားဟောတတ်၏၊ ကောကာလိကအား လှူဒါန်းကြကုန်လော့” ကောကာလိက၏ ဂုဏ်ကျေးဇူးကို ပြောဆိုလေ၏။ ဤသို့လျှင် ဒေဝဒတ်နှင့် ကောကာလိကတို့သည် အချင်းချင်း ဂုဏ်ကျေးဇူးကို ချီးကျူးကာ ပြိုးပြွမ်းရောယှက်ကုန်လျက် ဒါယကာအိမ်တို့၌ စားကြကုန်လျက် လှည့်လည်ကာ နေကြကုန်၏။ တစ်နေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် ဒေဝဒတ်နှင့် ကောကလိကတို့သည် အချင်းချင်း မဟုတ်မမှန်သော ဂုဏ်ကျေးဇူးကို ညာဝါး ပြောဆိုကုန်လျက် လှည့်လည်ကာ နေကြသည်ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ဒေဝဒတ်နှင့် ကောကာလိကတို့သည် ယခုအခါ၌သာ အချင်းချင်း မဟုတ်မမှတ်သော ဂုဏ်ကျေးဇူးကို ပြောဆိုကာ စားကြသည် မဟုတ်ကုန်၊ ရှေးအခါ၌လည်း စားကြဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မမှန်ချီးကျူး ကျီး ခွေး နှစ်ဦး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မထင်ရှားသော သပြေပင် တောအုပ်၌ ရုက္ခစိုးနတ် ဖြစ်လေ၏။ ထိုတောအုပ်ဝယ် ကျီးတစ်ကောင်သည် သပြေခက်ပေါ်၌ နားကာ သပြေသီးမှည့်ကို စားလျက်နေ၏။ ထိုအခါ မြေခွေးတစ်ကောင်သည် လာလတ်၍ သပြေပင်ထက်သို့ ကြည့်လတ်သော် ကျီးကိုမြင်လျှင် ငါသည် ကျီးအား မဟုတ်မမှန်သော ဂုဏ်ကျေးဇူးကို ပြောဆိုချီးကျူးရလျှင် သပြေသီးတို့ကို စားရအံ့ဟု ကြံစည်ကာ - “ဤငှက်ကား လုံးဝန်း သာယာသောအသံ ရှိ၏၊ အသံကောင်းသော ငှက်တကာတို့ထက် မြတ်၏၊ ရွေ့လျောခြင်းမရှိ သပြေခက်ပေါ်မှ ရွှေဥဒေါင်းငှက်ငယ်ကဲ့သို့ တွန်မြူးဘိ၏၊ အဘယ်ငှက် ဖြစ်ပါလိမ့်” ဟု ကျီးအား မဟုတ်မမှန်သော ဂုဏ်ကျေးဇူးကို ပြောဆိုကာ ချီးကျူးလေ၏။ ထိုအခါ ကျီးကလည်း မြေခွေးစကားကို ကြားလျှင် - “ကျားငယ်နှင့်သူသော ကိုယ်ရှိသော အမျိုးကောင်းသားသည် အမျိုးကောင်းသားဖြစ်သော ငါ့ကို ချီးကျူးရန် သိတတ်ပေ၏၊ အဆွေမြေခွေး ... သင့်အား သပြေသီးတို့ကို ငါ ပေးအံ့၊ စားပါလော့” –ဟု မြေခွေးအား တစ်ဖန်ပြန်၍ မဟုတ်မမှန်သော ဂုဏ်ကျေးဇူးကို ပြောဆိုချီးကျူးပြန်၍ သပြေခက်တို့ကို လှုပ်ကာ သပြေသီးတို့ကို အောက်သို့ကျစေ၏။ မြေခွေးလည်း သပြေသီးတို့ကို စားရလေ၏။ ထိုအခါ သပြေပင်စောင့် ရုက္ခစိုးသည် တစ်ဦးနှင့်တစ်ဦး မဟုတ်မမှန်သော ဂုဏ်ကျေးဇူးတို့ကို ပြောဆို ချီးကျူးကာ သပြေသီးတို့ကို စားနေကြသော ကျီးနှင့် မြေခွေးတို့ကို မြင်လျှင် - “မဟုတ်မမှန်သော စကားကို ပြောဆိုကာ အချင်းချင်း ဆိုင်မိကြသော “ဟယ် - အန်ဖတ်စား ကျီးနှင့် ဟယ် - အကောင်ပုပ်စား မြေခွေးတို့ ... အချင်းချင်း ချီးကျူးကြသော သတ္တဝါတို့ကို စင်စစ် ကြာမြင့်မှ ငါမြင်ရပေ၏” –ဟု ပြောဆို ခြိမ်းခြောက်ကာ ကြောက်မက်ဖွယ်သော အဆင်းကို ပြပြီးလျှင် ကျီးနှင့် မြေခွေးတို့ကို သပြေပင်မှ ပြေးစေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -

ထိုအခါ မြေခွေးသည် - ယခုအခါ ဒေဝတ်။

ကျီးသည် - ကောကာလိက။

ရုက္ခစိုးနတ်သည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မဟုတ်မှန်ဘူး၊ ဂုဏ်ကျေးဇူး၊ ချီးကျူးမစားရာ။

(၂) ပင်သပြေသီး၊ မြေခွေး, ကျီး၊ ချီးကျူးစားကြရာ။

(၃) ရုက္ခစိုးမင်း၊ နားကြားပြင်း၊ ချက်ချင်းနှင်ထုတ်ပါ။

ဇမ္ဗုခါဒကဇာတ် ပြီး၏။

***

(၂၉၅) အန္တဇာတ်

သားတစ်ကို စားလိုသော မြေခွေးသည် ကြက်ဆူပင်ပေါ်ရှိ သားတစ် ချီလာသော ကျီးအား မဟုတ်မမှန် ချီးကျူးရာ ကျီးကလည်း မြေခွေးအား မဟုတ်မမှန် ပြန်လည် ချီးကျူးနေကြသည်ကို ကြက်ဆူပင်စောင့်နတ် မနှစ်သက်ခြင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မမှန်ချီးကျူးမှု အကြောင်းပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်နှင့် ကောကာလိကတို့ကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ [ပစ္စုပ္ပန်ဝတ္ထုသည် ဆိုခဲ့ပြီးသော ဇမ္ဗုခါဒကဇာတ်နှင့်တူပြီ။]

အတိတ်ဝတ္ထု

ချင်းချင်းမြှောက်ပေး ကျီးမြေခွေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ရွာတစ်ခု၏ ဥပဇာ၌ ကြက်ဆူပင်စောင့်နတ် ဖြစ်လေ၏။ ထိုရွာဝယ် နွားအိုတစ်ကောင် သေလတ်သော် ရွာသားတို့သည် နွားသေကို ဆွဲငင်ထုတ်ယူကာ ရွာတံခါးမရှိ ကြက်ဆူပင်တော်၌ စွန့်ပစ်ကြကုန်၏။

ထိုအခါ မြေခွေးတစ်ကောင်သည် လာလတ်၍ ထိုနွားအိုသားကို စားလျက်နေ၏။ ကျီးတစ်ကောင်သည် လာလတ်၍ ကြက်ဆူပင်၌နားလျက် မြေခွေးကိုမြင်လျှင် ငါသည် မြေခွေးအား မဟုတ်မမှန်သော ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုရသော် အမဲသားကို စားရရာ၏ဟု ကြံစည်ကာ -

“အို - သားမင်း ... သင်၏ပခုံးကား နွားလားဥသဘ၏ ပခုံးနှင့်တူ၏၊ ကိုယ်၏ တင့်တယ်ခြင်းကား ခြင်္သေ့မင်း၏ တင့်တယ်ခြင်းနှင့် တူ၏၊ သင့်အား အကျွန်ုပ် ရှိခိုးပါ၏၊ အကြွင်းအကျန်ဖြစ်သော အမဲသားကို ရလိုပါ၏” –

ဟု မြေခွေးအား မဟုတ်မမှန်သော ဂုဏ်ကျေးဇူးဖြင့် ချီးကျူးကာ အမဲသားကို တောင်းလေ၏။ မြေခွေးလည်း ကျီးစကားကို ကြားလျှင် -

“ဥဒေါင်း၏ လည်ဆံနှင့်တူသော အဆင်းရှိသော အမျိုးကောင်းသားသည် အမျိုးကောင်းသား ဖြစ်သော ငါ့ကို ချီးကျူးရန် သိတတ်ပေ၏၊ အဆွေကျီးမင်း ... သင် ဤအရပ်သို့ လာခဲ့ပါ”

ဟု ကျီးအား ချီးကျူးကာ အမဲသားစားရန် ဖိတ်မန်လေ၏။ ထိုအခါ ကြက်ဆူပင်စောင့် ရုက္ခစိုးနတ်သည် ကျီးနှင့် မြေခွေးတို့ အမူအရာကိုမြင်လျှင် မနှစ်သက်သဖြင့် -

“သားတို့တွင် မြေခွေးသည် အယုတ်မာဆုံး ဖြစ်၏၊ ငှက်တို့တွင် ကျီးသည် အယုတ်မာဆုံး ဖြစ်၏၊ သစ်ပင်တို့တွင် ကြက်ဆူပင်သည် အယုတ်မာဆုံး ဖြစ်၏၊ ယခုအခါ အယုတ်မာဆုံး သုံးဦးတို့ ပေါင်းဆုံမိကြကုန်၏” -

ဟု ဟုတ်မှန်သောအတိုင်း ကဲ့ရဲ့ရှုတ်ချကာ ပြောဆိုလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြေခွေးသည် - ယခုအခါ ဒေဝတ်။

ကျီးသည် - ကောကာလိက။

ကြက်ဆူပင်စောင့် ရုက္ခစိုးသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မဟုတ်မှန်ဘူး၊ ဂုဏ်ကျေးဇူး၊ ချီးကျူးမပြောရာ။

(၂) မြေခွေးသာလျှင်၊ ကျီးငှကတွင်၊ ဂုဏ်အင်ယုတ်လှစွာ။

(၃) သစ်တွင်ကြက်ဆူ ယုတ်သုံးမူ၊ ရည်တူပေါင်းဖက်ရှာ။

အန္တဇာတ် ပြီး၏။

***

(၂၉၆) သမုဒ္ဒဇာတ်

သမုဒ္ဒရာရေကိုပင် သူတစ်ပါးတို့အား များစွာမသောက်စေလို ဝန်တိုသော ကျီးမိုက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အလိုကြီးလှ ဥပနန္ဒ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဥပနန္ဒသည် အစားကြီး၏၊ လောဘကြီး၏၊ လှည်းတစ်စီးတိုက် ပစ္စည်းတို့ဖြင့် ရောင့်ရဲတင်းတိမ်ခြင်း မရှိ။ ဝါဆိုကျောင်း နှစ်ကျောင်း၊ သုံးကျောင်းတို့၌ ဝါကပ်၍ ကျောင်းတစ်ခုတည်း၌ ဖိနပ်ကို ထားခဲ့၏။ ကျောင်းတစ်ခု၌ တောင်ဝှေးကို ထားခဲ့၏။ ကျောင်းတစ်ခု၌ မိမိ ဝါကပ်၏။

ဇနပုဒ်ကျောင်းသို့သွား၍ ရဟန်းတို့ထံ ကောင်းမြတ်သော ပရိက္ခရာကိုမြင်လျှင် အရိယဝံသတရားကို ဟောလျက် ပံ့သကူဆောင်စေ၍ ထိုရဟန်း သင်္ကန်းကို ယူပြီးလျှင် မြေသပိတ်ကို ဆောင်စေ၍ ကောင်းသောသပိတ်ကို ယူပြီးလျှင် လှည်းအပြည့်တင်ကာ ဇေတဝန်ကျောင်းတော်သို့ လာ၏။

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့ ... ဥပနန္ဒသည် လောဘရမ္မက်ကြီးလှ၏၊ သူတစ်ပါးတို့အား အရိယဝံသတရားကို ဟောပြီးလျှင် ရဟန်းတို့၏ ပရိက္ခာရာတို့ကို လှည်းဖြင့်ပြည့်စေလျက် ပြနလာ၏” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ဥပနန္ဒသည် ယခုအခါ၌သာ အလိုရမ္မက်ကြီးသည် မဟုတ်၊ ရှေးအခါ၌လည်း သမုဒ္ဒရာရေကို စောင့်ရှောက်အပ်၏ဟု မှတ်ထင်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သမုဒ္ဒရာရေကို မကုန်စေလို

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သမုဒ္ဒရာစောင့်နတ် ဖြစ်လေ၏။ ထိုအခါ သမုဒ္ဒရာတစ်ခု၌နေသော ကျီးသည် သမုဒ္ဒရာ၏အထက်၌ ပျံသွားသည်ရှိသော် သမုဒ္ဒရာရေကို အတိုင်းအရှည်အားဖြင့် သောက်ကြကုန်၊ စောင့်ရှောက်ကြသဖြင့် သောက်ကြကုန်၏၊ ဤသို့ ငါးအပေါင်း, ငှက်အပေါင်းတို့ကို တားမြစ်လျက် သွားလေ့ရှိ၏။ ထိုအခါ သမုဒ္ဒရာစောင့်နတ်သည် ထိုကျီးကိုမြင်လျှင် -

“ဤငှက်ကား သမုဒ္ဒရာ၏အထက်မှ ပြေးသွားဘိ၏၊ ငှက်၊ ငါး၊ မကန်းတို့ကို ရေမသောက်ရန် တားမြစ်ဘိ၏၊ လှိုင်းတံပိုးတို့၌ ပင်ပန်းဘိ၏၊ အဘယ်ငှက်တဲ့နည်း” –

ဟု ကျီးအား မေးမြန်း ပြောဆိုလေ၏။ ထိုနတ်၏ စကားကို ကြားလျှင် သမုဒ္ဒရာအနီး၌နေသော ကျီးသည် -

“ငါကား မရောင့်ရဲသောငှက်ဟု အရပ်မျက်နှာတို့၌ ထင်ရှားခဲ့၍ အဆုံးမရှိသော သမုဒ္ဒရာရေကို သောက်နေသောငှက် ဖြစ်၏၊ ငါကား ရတနာတို့တည်ရာ မြစ်ကြီးဖြစ်သော သမုဒ္ဒရာရေကို သောက်ရန် အလိုရှိ၏။”

– ဟု သမုဒ္ဒရာစောင့်နတ်အား ပြန်ကြား ပြောဆိုလေ၏။

ထိုအခါ သမုဒ္ဒရာနတ်သည်

“ဤ သမုဒ္ဒရာကားယုတ်လည်း ယုတ်၏၊ ပြည့်လည်း ပြည်၏၊ တစ်လောကလုံး သောက်သော်လည်း သမုဒ္ဒရာ၏ အဆုံးသည် မထင်။ ရေကို တစ်စုံတစ်ယောက်သောသူသောက်၍ ကုန်စေခြင်းငှာလည်း မတတ်ကောင်းသတ်” –

ဟု ပြောဆိုပြီးလျှင် အလိုရမ္မက်ကြီးလှသော ကျီးကို သမုဒ္ဒရာ အနီး၌ မနေစေလိုသောကြောင့် ကြောက်မက်ဖွယ်သော အဆင်းကိုပြလျက် သမုဒ္ဒရာအနီးမှ ပြေးစေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကျီးသည် - ယခုအခါ ဥပနန္ဒ။

သမုဒ္ဒရာစောင့်နတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကိုယ်မကျင့်ငြား၊ ထိုတရား၊ သူများမဟောရာ။

(၂) မရောင့်ရဲသား၊ ရမ္မက်ပွား၊ မြစ်တား သူ့ကိုသာ။

(၃) သမုဒ္ဒရာရေ၊ ကုန်လိမ့်နေ၊ စောင့်လေကျီးပမာ။

သမုဒ္ဒဇာတ် ပြီး၏။

***

(၂၉၇) ကာမဝိလာပဇာတ်

မင်းပြစ်မင်းဒဏ်သင့်၍ သံတံကျင်ဖြင့် အလျှိုခံရစဉ်ပင် မိမိဆင်းရဲကို ပမာဏမထားဘဲ ကောင်းကင်ပျံသွားသော ကျီးအား မယားထံ ကာမစကားဖြင့် မှာကြားနေခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ငြီးငွေ့သမှု အကြောင်းပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မယားဟောင်းသည် ဖြားယောင်းအပ်သည်ဖြစ်၍ သာသနာတော်၌ ငြီးငွေ့ပျင်းရီသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ ။ [ပစ္စုပ္ပန်ဝတ္ထုသည် ဆိုခဲ့ပြီးသော ပုပ္ဖရတ္တဇာတ် ပစ္စုပ္ပန်ဝတ္ထုနှင့်တူပြီ။ အတိတ်ဝတ္ထုလည်း ဆိုအပ်လတ္တံ့သော ဣ န္ဒြိယဇာတ်၌ ထင်ရှားစွာ ဖြစ်လတ္တံ့။]

အတိတ်ဝတ္ထု

တံကျင်လျှိုလျက် မယားမက်

ထိုယောကျ်ားကိုကား အသက်ရှင်စဉ်ကပင် သံတံကျင်လျှိုကြကုန်၏။ ထိုယောကျ်ားသည် သံတံကျင်၌နေလျက် ပြင်းထန်လှစွာသော ဝေဒနာကို မရေတွက် ဂရုမစိုက်မူ၍ ကောင်းကင်ဖြင့်လာသော ကျီးတစ်ကောင်ကိုမြင်လျှင် ချစ်လှစွာသော မယားထံ သတင်းစကား ပို့စေရန် ခေါ်ငင်လျက် -

“ကောင်းကင်မြင့်၌ပျံသွားသော ငှက်မြတ် ဖြစ်၍ အတောင် ဟူသော ယာဉ်ရှိသော အို-ကျီးငှက် ... သင်သည် ငှက်ပျောတုံးနှင့်တူသော ပေါင်တံရှိသော ငါ့မိ်န်းမကို ပြောဆိုပါလော့၊ ထိုမိန်းမကား ငါ့ကို ကြာမြင့်လေစွဟု အောက်မေ့လတ္တံ့၊ လှံသန်လျက်နှင့် တူသော သံတံကျင်၌ အလျှိုခံရသော ဤအကြောင်းကို မသိရှာလေ၊ ထိုမိန်းမသည် အလွန်ကြာမြင့်ရသလောဟု ငါ့ကို အမျက်ထွက်လတ္တံ့၊ ထိုမိန်းမ အမျက်ထွက်ခြင်းသည်သည်သာ ငါ့စိတ်ကို ပူပန်စေ၏။ ဤ သံတံကျင် လျှိုထားခြင်းကား ငါ့စိတ်ကို မပူပန်စေနိုင်” –

“ကြာနှင့်တူသော ချပ်တန်ဆာကို လည်းကောင်း၊ ရွှေငါး သုဝဏ္ဏဖြင့် ပြုလုပ်ထားသော လက်စွပ်ကို လည်းကောင်း၊ ကာသိတိုင်းဖြစ် နူးညံ့သော ပုဆိုးကို လည်းကောင်း၊ ဤမျှလောက် ခေါင်းရင်း၌ ထားခဲ့သော င့ါဥစ္စာကို ချစ်လှစွာသော ငါ့မယားသည် အလိုရှိတိုင်းယူ၍ ရောင့်ရဲတင်းတိမ်ပါစေတည်း” –

ဟု ယောင်ယမ်းမြည်တမ်းလျက် ကျီးတို့ကို ခေါ်ငင်ကာ မယားထံ အပြောခိုင်းလေ၏။ ထိုယောကျ်ားသည် ယောင်ယမ်းမြည်တမ်းစဉ် မယားကို စွဲလမ်းတပ်စွန်း၍ သေသဖြင့် ငရဲဘုံ၌ ဖြစ်ရလေ၏။

ဤဒေသနာတော်ကို ဆောင်တော်မူပြီး၍ သစ္စာကို ပြတော်မူသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မယားသည် - ယခုအခါ မယားဟောင်း။

တံကျင်လျှိုခံရသော ယောကျ်ားသည် - ငြီးငွေ့သော ရဟန်း။

အကြောင်းကို မြင်သောနတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိန်းမလိုအင်၊ ဖြည့်သူပင်၊ တံကျင်လျှိုခံခက်။

(၂) တံကျင်ဆင်းရဲ၊ မပူဘဲ၊ ပူမြဲမိန်းမတွက်။

(၃) တဏှာ၏ကျွန်၊ အမိုက်လွန်၊ သေပြန်ငရဲသက်။

ကာမဝိလပဇာတ် ပြီး၏။

***

(၂၉၈) ဥဒုမ္ဗရဇာတ်

မျောက်ငယ်အား ရေသဖန်း စသောအသီးများဖြင့် လှည့်စားဖြားယောင်းကာ နေရာကောင်း လိုက်ဂူကို အရယူသော မျောက်ကြီးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရောက်လာအာဂန္တု ကောင်းစွာပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မထင်ရှားသော ရဟန်းတစ်ပါးသည် ပစ္စန္တရာဇ်ရွာငယ်၌ ကျောင်းဆောက်၍နေ၏။ ကျောင်းသည် မွေ့လျော်ဖွယ်ရှိ၏။ ကျောက်ဖျာရင်း၌ တည်၏။ မဏ္ဍပ် သဘင်ဌာန ရှိ၏။ ရေဖြင့် ချမ်းသာ၏။ ဆွမ်းခံရွာလည်း မနီးမဝေး အရပ်တွင် တည်ရှိ၏။ လူတို့သည် ချစ်မြတ်နိုးကုန်လျက် ဆွမ်းကို လှူဒါန်းကြကုန်၏။

ထိုအခါ ရဟန်းတစ်ပါးသည် ဒေသစာရီ လှည့်လည်လတ်သော် ထိုကျောင်းသို့ ရောက်လာ၏။ ကျောင်းရဟန်းလည်း အာဂန္တုကဝတ်ကို ပြုပြီးလျှင် နက်ဖြန် ဆွမ်းခံရွာသို့ခေါ်၍ ဆွမ်းခံဝင်၏။ လူတို့သည် မွန်မြတ်သော ဆွမ်းကိုလှူဒါန်းပြီးလျှင် နက်ဖြန်အတွက် ဖိတ်ကြပြန်၏။

ထိုအာဂန္တုရဟန်းသည် နှစ်ရက်၊ သုံးရက် စားသောက်ပြီးသော် ဥပါယ်တစ်ခုဖြင့် လှည့်စား၍ ကျောင်းနေ ရဟန်းကို နှင်ထုတ်ပြီးလျှင် ဤကျောင်းကို ငါယူမည်ဟု ကြံစည်ကာ ကျောင်းနေရဟန်းအား “ငါ့ရှင် ... အဘယ်ကြောင့် ဘုရားထံ အဖူးအမြော် မသွားသနည်း” ဟု မေးလျှင်၊ “အရှင်ဘုရား ... ကျောင်းကို စောင့်သူမရှိသောကြောင့် မသွားရပါ” ဟု ပြော၏၊ “ငါ့ရှင် ... သင် လာသည်တိုင်အောင် စောင့်မည်၊ သွားသာသွားပါ” ဟု ပြောဆိုလေ၏။

ရဟန်းအာဂန္တု ကျောင်းကိုလု

ကျောင်းနေရဟန်းသည် ဒါယကာတို့အား ငါလာသည်တိုင်အောင် အာဂန္တုမထေရ်ကို မမေ့ရစ်ကြလင့်ဟု မှာကြားကာ ဘုရားထံသို့ သွားလေ၏။ အာဂန္တုရဟန်းသည် ထိုအခါမှစ၍ ကျောင်းနေရဟန်း၏ အပြစ်ကို ပြောဆိုကာ ဒါယကာတို့ကို ဖျက်ဆီးနှင့်၏။ ကျောင်းနေရဟန်းလည်း ဘုရားကို ဖူးမြော်ပြီးလျှင် တစ်ဖန် ကျောင်းသို့ ပြန်လာ၏။ အာဂန္တုရဟန်းသည် ကျောင်းနေရဟန်းအား ကျောင်းကို မပေးလေ။ ထိုကျောင်းနေရဟန်းသည် ကျောင်းမရှိလျှင် တစ်ခုသောအရပ်၌နေ၍ နက်ဖြန် ရွာသို့ ဆွမ်းခံဝင်၏။ ဒါယကာတို့သည် ရိုသေခြင်း အမူမျှကိုလည်း မပြုကြကုန်၏။ ကျောင်းနေရဟန်းသည် နှလုံးမသာဘဲ တစ်ဖန် ဇေတဝန်ကျောင်းသို့သွားကာ ထိုအကြောင်းကို ရဟန်းတို့အား လျှောက်ထားလေ၏။

ရဟန်းတို့သည် တရားဘင်၌ ဤမည်သော ရဟန်းသည် ဤမည်သော ရဟန်းကို ကျောင်းမှနှင်ထုတ်၍ နေ၏ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ယခုအခါ၌သာလျှင် ထိုအာဂန္တုရဟန်းသည် ဤအာဝါသိကရဟန်းကို နှင်ထုတ်သည် မဟုတ်၊ ရှေးအခါ၌လည်း နှင်ထုတ်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မျောက်ကြီးလှည့်စား မျောက်ငယ်သွား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် တောတစ်ခု၌ ရုက္ခစိုး ဖြစ်လေ၏။ မိုးကာလ၌ ခုနစ်ရက် ခုနစ်လီ မိုးစွေ၍နေ၏။

ထိုအခါ မျက်နှာနီသော မျောက်ငယ်တစ်ကောင်သည် မိုးမစိုသော ကျောက်ဂူတစ်ခုတွင် နေလတ်သော် မျက်နှာမည်းသော မျောက်ကြီးတစ်ကောင်သည် မိုးစို၍ ချမ်းအေးခြင်းဖြင့် နှိပ်စက်ရကား ထိုအရပ်သို့လာ၍ မျောက်ငယ်ကိုမြင်လျှင် မျောက်ငယ်ကို နှင်ထုတ်ပြီးလျှင် ငါနေမည်ဟု ကြံစည်ကာ ဥပါတယ်တံမျဉ်ဖြင့် ဝမ်းဗိုက်တွဲလျက် ဝဖြိုးသော အခြင်းအရာကိုပြပြီးလျှင် မျောက်ငယ်၏ရှေ့မှာရပ်လျက် -

“အို - မျောက်ငယ် ... ယခုအခါ ရေသဖန်းပင်၊ ပညောင်ပင်၊ ညောင်ချဉ်ပင်တို့သည် အသီးတွေ မှည့်၍နေကုန်၏၊ လာပါ ဤနေရာမှ ထွက်ပါ၊ စားလှည့်ပါ၊ အဘယ်ကြောင့် အဆာခံ၍ ညှိုးနွမ်းကာ နေဘိသနည်း” –

ဟု လှည့်ပတ်ဖြားယောင်းကာ ပြောဆိုလေ၏။ မျောက်ငယ်သည် မျောက်ကြီးစကားကိုကြားလျှင် ယုံကြည်သဖြင့် အသီးကိုစားလိုရကား နေရာမှထွက်ပြီးလျှင် တောသို့လှည့်လည်ကြည့်ရှုလတ်သော် တစ်စုံတစ်ခုသော သစ်သီးကို မမြင်သဖြင့် တစ်ဖန် ကျောက်ဂူသို့ ပြန်လာသောအခါ မိမိရောတွင် မျောက်ကြီးဝင်နေသည်ကိုမြင်လျှင် ငါ့နေရာကို လိုချင်၍ လှည့်စားဘိသည်၊ ငါလည်း တစ်ဖန် ပြန်၍ လှည့်စားဦးမည်ဟု ကြံစည်ကာ မျောက်ကြီးရှေ့တွင်ရပ်လျက် -

“အို-မျောက်ကြီး ... ယနေ့ ငါ အသီးမှည့်တို့ကို စားရသဖြင့် ဝဖြိုးသကဲ့သို့၊ ထို့အတူ ဝဖြိုးအောင်ဤနေရာမှထွက်၍စားပါ၊ ကြီးသူအား ပူဇော်လို၍ ပြောကြားခြင်း ဖြစ်ပါ၏” –

ဟု လှည့်ပတ်ဖြားယောင်းကာ ပြောဆိုပြန်လေ၏။ မျောက်ကြီးသည် မျောက်ငယ်၏စကးကို ကြားလျှင် -

“အို -မျောက်ငယ် ... တော၌ ကျင်လည်ကျက်စားသော မျောက်သည် တော၌ ကျင်လည်ကျက်စားသော မျောက်ကို လှည့်ပတ်ဖြားယောင်း၍ ပြောသောစကားကို မျောက်ငယ် ဖြစ်သော်လည်း မယုံကြည်ရာ၊ မျောက်ကြီး ဖြစ်သော ငါကား အဘယ်မှာ ယုံကြည်နိုင်အံ့နည်း” –

ဟု ပြောဆိုပြီးလျှင် “အချင်း မျောက်ငယ် ... ဟိမဝန္တာတော်တစ်ခုလုံး၌ သစ်သီးကြီးငယ်တို့သည် မိုးစိုသဖြင့် ကြွေကျလေကုန်ပြီ၊ သင့်နေရာကို ငါယူ၍ထားပြီ၊ သင့်ဖို့ နေရာမရှိ သွားလေတော့” ဟု နှင်ထုတ်လေလျှင် မျောက်ငယ်သည် အရပ်တစ်ပါးသို့ သွားရရှာလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မျောက်ငယ်သည် - ယခုအခါ ကျောင်းနေရဟန်း။

မျောက်ကြီးသည် - အာဂန္တုရဟန်း။

ရုက္ခစိုးနတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရဟန်းငယ်ကျောင်း၊ ရလိုကြောင်း၊ ဖြားယောင်းရဟန်းကြီး။

(၂) ဘုရားဖူးသွား၊ နှင်ထုတ်ငြား၊ ကိုယ်ကားနေခဲ့ပြီ။

(၃) သစ်သီးဖြင့်မြှူ၊ မျောက်ငယ်ဂူ၊ လိမ်ယူမျောက်မည်းကြီး။

ဥဒုမ္ဗရဇာတ် ပြီး၏။

***

(၂၉၉) ကောမာရပုတ္တရဇာတ်

ပျော်ရွှင်မြူးထူး အကစားကြူးသည့် မျောက်ရူးကိုပင် ငြိမ်သက်အောင် ဆုံးမခြင်းငှာ စွမ်းနိုင်သော ကောမာရပုတ္တရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

စကားများထွေ ထိတ်လန့်စေ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် ကစားလေ့ရှိကြကုန်၏။ ပြာသာဒ် အထက်ထပ်တွင် မြတ်စွာဘုရား သီတင်းသုံးတော်မူသည်ရှိသော် အောက်ထပ်တွင် နေထိုင်ကာ မြင်ဖူး၊ ကြားဖူးသော စကား အစရှိသည်တို့ကို ပြောဆိုကြကုန်လျက် ခိုက်ရန်ပြုကြကုန်၏။ ပြက်ရယ်လည်း ပြုကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ရှင်မောဂ္ဂလာန်ကို ခေါ်တော်မူ၍ “ရဟန်းတို့ကို ထိတ်လန့်အောင်ပြုလော့” ဟု မိန့်တော်မူ၏။ ရှင်မောဂ္ဂလာန်သည် ကောင်းကင်သို့ ပျံတက်ကာ ပြာသာဒ်ထုပိကာကို ခြေမတော်ဖြင့် တိုက်ခတ်လျက် ပြာသာဒ်တစ်ခုလုံး သွက်သွက်ခါအောင် တုန်လှုပ်စေ၏။ ရဟန်းတို့လည်း သေဘေးမှ ကြောက်ရွံ့ကြသဖြင့် ပြင်ပ၌ထွက်၍ နေကုန်၏။ ထိုရဟန်းတို့ ကစားတတ်သော အလေ့သည် သံဃာ့ဘောင်တွင် ထင်ရှားလေ၏။

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့ ... တချို့ရဟန်းတို့သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြုပါလျက် ကစားသော အလေ့ဖြင့် နေကြကုန်၏၊ ကမ္မဋ္ဌာန်းတရားကို အားမထုတ်ကြကုန်” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ထိုရဟန်းသည် ယခုအခါ၌သာ ကစားတတ်သောအလေ့ရှည်သည် မဟုတ်၊ ရှေးအခါ၌လည်း ကစားတတ်သောအလေ့ ရှိဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ရသေ့ပျော်မြူး ကစားကြူး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ပုဏ္ဏားမျိုး၌ဖြစ်၍ ကောမာရပုတ္တဟု အမည်တွင်၏။ ထိုကောမာရပုတ္တသည် နောက်အဖို့၌ နောက်အဖို့၌ တောထွက်ကာ ရသေ့ရဟန်းပြု၍ ဟိမဝန္တာအရပ်၌ နေ၏။

ထိုအခါ ကစားတတ်သော အလေ့ရှိသော တခြားရသေ့တို့သည် ဟိမဝန္တာအရပ်မှာပင် ကျောင်းဆောက်ကာ နေလာကုန်၏။ ထိုရသေ့တို့အား ကသိုဏ်း ပရိကံမျှလည်း မရှိကုန်။ ရယ်မြူးကုန်လျက် အထူးထူးအပြားပြားအားဖြင့် ကစားပျော်မွေ့ကာ အချိန်ကာလကို ကုန်လွန်စေကြ၏။ ထိုရသေ့တို့ထံဝယ် မျောက်တစ်ကောင်လည်း ရှိ၏။ ထိုမျောက်လည်း ရသေ့တို့ကဲ့သို့ ကစားတ်သောအလေ့ရှိ၏။ မျက်နှာကို ရှုံ့မဲ့ကာ အထူးထူးအပြားပြားပြုလျက် ကစားကာနေ၏။

သူတော်နှင့်တွေ့ မျောက်သိမ်မွေ့

ရသေ့တို့သည်လည်း ထိုအရပ်၌ ကြာမြင့်စွာ နေကုန်လျက် ချဉ်ဆားမှီဝဲရန် အရပ်တစ်ပါးသို့ သွားကြကုန်၏။ ထိုအခါ ကောမာရပုတ္တ ရသေ့သည် ထိုအရပ်သို့သွား၍နေ၏။ မျောက်လည်း ရှေ့ကရသေ့ကဲ့သို့ မှတ်ထင်ကာ ကစားခြင်းကိုပြု၏။ ရသေ့လည်း လုပ်ခုပ်တီး၍ ကောင်းသောအကျင့်ရှိသော ရသေ့တို့ထံ နေသောသူ မည်သည်ကား ကောင်းသောအကျင့်နှင့် ပြည့်စုံရာ၏၊ ကိုယ်၊ နှုတ်၊ နှလုံးစောင့်ရှောက်ရာ၏ဟု ပြောဆိုကာ အဆုံးအမကို ပေးလေ၏။ မျောက်လည်း ထိုအခါမှစ၍ သီလအကျင့်နှင့် ပြည့်စုံ၍လာလေ၏။ ကောမာရပုတ္တရသေ့လည်း အရပ်တစ်ပါးသို့ သွားပြန်၏။

ထိုအခါ ကစားလေ့ရှိသော ရသေ့တို့သည် ထိုအရပ်သို့ လာကြပြန်ကုန်၏။ မျောက်သည် ရှေးအခါကကဲ့သို့ ရသေ့တို့အား ကစားခြင်းကို မပြုလေ။ ထိုအခါ ရသေ့တို့သည် မျောက်အား -

“အချင်း မျောက် ... သင်ကား ရှေးအါကကဲ့သို ငါတို့ထံ သက်ဝင်ရောနှောကာ အဘယ်အကြောင့် မကစားဘိသနည်း၊ ကျောင်း၌ မျက်နှာကို ရှုံ့မဲ့ကာ အဘယ်ကြောင့် မကစားဘိသနည်း၊ ဤမျောက် ဖြစ်နေသော အလေ့အကျင့်ကို ငါတို့ မနှစ်သက်ကုန်” - ဟု ပြစ်တင်ကဲ့ရဲ့ကာ ပြောဆိုကြကုန်၏။ မျောက်သည် ရသေ့တို့စကားကိုကြားလျှင် ရသေ့တို့အား -

“အို-ရသေ့တို့ ... အကြားအမြင် ဗဟုသုတရှိသော ကောမာရပုတ္တရသေ့၏ အလွန်စင်ကြယ်သော အဆုံးအမကို ငါ ပြောဆိုမည် သင်တို့ နားထောင်ကြလော့၊ ယခုအခါ ငါ့ကို ရှေးအခါကကဲ့သို့ မအောက်မေ့ကြလင့်၊ ဆရာကောင်းကို ရရှိပြီဖြစ်၍ စျာန်ရဖို့ အားထုတ်ကာ နေ၏” –

ဟု ပြန်ကြား ပြောဆိုလေ၏။ ထိုအခါ ရသေ့တို့သည် မျောက်၏စကားကိုကြားလျှင် -

“ဟယ်-မျောက် ... ကျောက်ဖျာ၌ စိုက်ပျိုးအပ်သော မျိုးစေ့သည် မိုးပင်ရွာသော်လည်း မပေါက်နိုင်ရာ၊ သင်ကား မွန်မြတ်စင်ကြယ်သော စျာန်တရားကို ကြားရုံမျှသာ ကြားရ၏၊ သင် စျာန်တရားအရာမှ ဝေးလှ၏” –

ဟု ပြောဆိုကဲ့ရဲ့ ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကစားလေ့ရှိသော ရသေ့များသည် - ယခုအခါ ကစားလေ့ရှိသော ရဟန်းများ။

ကောမာရပုတ္တရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရဟန်းတရား၊ မပြုငြား၊ ကစားအလေ့ပါ။

(၂) မျောက်ထက်ကဲသား၊ ရသေ့များ၊ ကစားထုံးနည်းလာ။

ကောမာရပုတ္တဇာတ် ပြီး၏။

***

(၃၀၀) ဝကဇာတ်

ဥပုသ်သီလ စောင့်ထိန်းပြီးမှ ဆိတ်ကိုတွေ့၍ဖမ်းရာ မရလိုက်သဖြင့် ဥပုသ် ပြန်လည်စောင့်သုံးသော သစ်ကျုတ်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဓုတင်ကျင့်ကြ တစ်ခဏ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သုံးလပတ်လုံး ကိုယ်တော်တစ်ပါးတည်း ကိန်းအောင်းတော်မူ၏။ မည်သူမျှဖူးခွင့်မရလေ။

ထိုအခါ ဥပသေနထေရ်သည် ရဟန္တာဖြစ်ပြီးလျှင် ဓုတင်တေရသကို ဆောင်၏။ မိမိထံနေသော တပည့်များကိုလည်း ဓုတင်တေရသို ဆောင်စေ၏။ မြတ်စွာဘုရားထံ ပရိသတ်နှင့်တကွ ကြွလာသောအခါ အလိုရှိတိုင်း ဖူးမြင်ခွင့်ရကုန်၏။ မြတ်စွာဘုရားလည်း ထိုအခါမှစ၍ ဓုတင်ဆောင်ရဟန်းတို့အား “အလိုရှိတိုင်း ဖူးမြင်ကြကုန်” ဟု ခွင့်ပြုတော်မူ၏။

ထိုသတင်း ပျံ့နှံ့သွားသောအခါ ရဟန်းတို့သည် မြတ်စွာဘုရားအား ဖူးမြင်ခွင့်ရရန် ဓုတင်ဆောင်ကာ အလိုရှိတိုင်း ဖူးမြင်ကြကုန်၏။ မြတ်စွာဘုရားသည် ကိုယ်တော်တစ်ပါးတည်း ကိန်းအောင်းရာမှ ထတော်မူသည်ရှိသော် ပံ့သကူ သင်္ကန်းတို့ကိုစွန့်ကာ မိမိတို့ ဆောင်မြဲတိုင်းဖြစ်သော သပိတ် သင်္ကန်းတို့ကို ဆောင်ယူ၍ သွားကြကုန်၏။

မြတ်စွာဘုရားသည် ရဟန်းတို့နှင့် ကျောင်းစဉ်လှည့်လည်လတ်သော် ပံ့သကူသင်္ကန်းတို့ကိုမြင်၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ဤရဟန်းတို့၏ ဓုတင်ဆောက်တည်ခြင်းကား ကြာမြင့်စွာ မတည်သော သစ်ကျုတ်၏ ဥပုသ်ဆောက်တည်ခြင်းနှင့်တူသည်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသည်း။

အတိတ်ဝတ္ထု

သေဘေးရန်မှောင့် ဥပုသ်စောင့်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သိကြားမင်းဖြစ်လေ၏။ ထိုအခါ သစ်ကျုတ်တစ်ကောင်သည် ဂင်္ဂါဖြစ်နားရှိ ကျောက်ဖျာအပြင်၌နေ၏။ ဂင်္ဂါဖြစ်၌လည်း ဆီးနှင်းရေသည် လာလတ်၏။ ကျောက်ဖျာကို ခြံရံလျက်တည်၏။ သစ်ကျုတ်သည် တက်၍ ကျောက်ဖျာအပြင်၌ အိပ်၏။ သစ်ကျုတ်အား ကျက်စားရာ မရှိ၊ ကျက်စားရာသို့ သွားသောလမ်းလည်း မရှိ၊ ရေလည်း တဖြည်းဖြည်း တိုးပွား၍လာ၏။

ထိုအခါ သစ်ကျုတ်သည် ငါ့အား ကျက်စားရာသို့ သွားသောလမ်း မရှိ၊ ထွက်သော ငါ့အား ပျက်ဆီးခြင်းထက် ဥပုသ်ဆောက်တည်ခြင်းသည် မြတ်သေး၏ဟု ကြံစည်လျက် စိတ်ဖြင့် အဓိဋ္ဌာန်ပြုကာ ဥပုသ်ကို ဆောက်တည်လျက် အိပ်လေ၏။ ထိုအခါ သိကြားမင်းသည် ဆင်ခြင်လတ်သော် သစ်ကျုတ်၏ အားနည်းလှစွာသော ဥပုသ်ဆောက်တည်ခြင်းကိုသိ၍ စုံစမ်းမည်ဟု ဆိတ်အသွင်ဖြင့် လာလတ်၍ သစ်ကျုတ်အနီး၌ရပ်လျက် ကိုယ်ထင်ပြလေ၏။

ဆိတ်စားမည်ပြု ဥပုသ်သည်အမှု

သစ်ကျုတ်သည် ဆိတ်ကိုမြင်လျှင် တခြားနေ့မှ ဥပုသ်ကို ဆောက်တည်မည်ဟု အိပ်ရာမှထ၍ ဆိတ်ကိုဖမ်းရန်လာ၏။ ဆိတ်လည်း ဟိုဟိုသည်သည် ပြေးလွှား၍ အဖမ်းမခံလေ။ သစ်ကျုတ်ကို ဆိတ်ကို ရအောင်မဖမ်းနိုင်လျှင် ပြန်လည်၍ လာလတ်ပြီးလျှင် ငါ့မှာ ဥပုသ်မျက်သေးဟု ရှေးနည်းအတူ အိပ်ပြန်၏။

သိကြားသည် ကိုယ်ထင်ပြကာ ကောင်းကင်၌ရပ်လျက် “ဟယ်-သစ်ကျုတ် ... သင်အား အလွန်အားနည်းသော ဥပုသ်ကို ဆောက်တည်သဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ သင်သည် ငါ့ကို သိကြားဖြစ်မှန်းမသိ၍ ဆိတ်သားကို စားလို၏” ဟု သစ်ကျုတ်ကို ကဲ့ရဲ့ပြီးလျှင် နတ်ရွာသို့ ပြန်လေ၏။

မြတ်စွာဘုရား ဘုရား ဖြစ်တော်မူပြီးလျှင် -

“ရဟန်းတို့ ... သူ့အသက်ကို နှစ်သက်သောအမျိုး၌ဖြစ်သော အသားအသွေးကိုစားသော သစ်ကျုတ်သည် သီလကို ဆောက်တည်၍ ဥပုသ်ကို ကျင့်သုံးဘိ၏၊ သိကြားသည် ထိုသစ်ကျုတ်၏ အကျင့်ကိုသိ၍ ဆိတ်အသွင်ဖြင့် ကပ်လေ၏၊ ဥပုသ်ကို ဖျက်ဆီးဘိ၏၊ ထိုအတူ သာသနာတော်၌ တချို့သော သူတို့သည် ဆောက်တည်အပ်သော ကုသိုလ်၌ အားနည်းသည်ဖြစ်၍ ဆိတ်ကို အကြောင်းပြုသော သစ်ကျုတ်ကဲ့သို့ မိမိကိုယ်ကို ပေါ့အောင်ပြုကုန်၏” –

ဟု ဟောကြားဆုံးမတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သိကြားမင်းသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဘုရားဖူးကြောင်း၊ အခွင့်ကောင်း၊ ရကြောင်းဓုတင်ကျင့်။

(၂) ကုသိုလ်ပြုလည်း၊ ဆန္ဒနည်း၊ ချည်းနှီးမဖြစ်သင့်။

(၃) ဥပုသ်သုံးခိုက်၊ ဆိတ်ကိုလိုက်၊ မှားမိုက်သစ်အကျင့်။

ဝကဇာတ် ပြီး၏။

***

တိကနိပါတ်စကားပြေ ပြီး၏။

***

(၃၀၁) စူဠကာလိင်္ဂဇာတ်

ကာလိင်္ဂဝဂ်

ဉာဏ်ဝီရိယရှိသော အဿကမင်းသည် ကာလိင်္ဂမင်း၏ ကိုယ်စောင့်နတ်ကို လှံဖြင့် ထိုးသတ်လိုက်ရာမှ စစ်တပ်ပျက်၍ စစ်ရှုံးနိမ့်သော ဉာဏ်ဝီရိယကင်းသည့် ကာလိင်္ဂမင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဝါဒစွမ်းပြ နိဂဏ္ဌ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဝေသာလီပြည်ဝယ် ခုနစ်ထောင်ခုနစ်ရာ့နှစ်ယောက်သော လိစ္ဆဝီမင်းတို့သည် နေကြကုန်၏။ ထိုမင်းတို့သည် မေးမြန်းခြင်း၊ အတုံ့ပြန်မေးခြင်းကို နှစ်သက်ကြကုန်၏။

ထိုအခါ ဝါဒငါးရာတို့၌ လိမ္မာသော နိဂဏ္ဌတစ်ယောက်သည် ရောက်လာ၏။ ဝါဒငါးရာတို့၌ပင် လိမ္မာသော နိဂဏ္ဌမတစ်ယောက်သည် ရောက်လာပြန်၏။ လိစ္ဆဝီမင်းတိုသည် ထိုနိဂဏ္ဌနှစ်ယောက်တို့ကို အချင်းချင်း မေးမြန်းခြင်း၊ ဖြေဆိုခြင်း၊ စကားပြောဆိုခြင်းကို ပြုစေကုန်၏။ တူမျှသော အစွမ်းသတ္တိ ရှိကြကုန်၏။

လိစ္ဆဝီမင်းတို့သည် နိဂဏ္ဌနှစ်ယောက်တို့ကို ထိမ်းမြားလက်ထက်စေကုန်လတ်သော် မွေးဖွားလာသော သားသမီးတို့သည် အလွန်လိမ္မာကြကုန်လတ္တံ့ဟု ကြံစည်ကာ ထိမ်းမြားလက်ထပ်စေကုန်လျက် အတူတကွ နေစေကုန်၏။ နောက်အခါ သမီးလေးယောက် ဖွားမြင်ကုန်၏။ ထိုသမီးတို့သည် သစ္စကာ၊ လောလာ၊ ဘဝဓာရိက၊ ပဋိစ္ဆဒါဟု အမည်မှည့်ကုန်၏။ နောက်သားတစ်ယောက် မွေးဖွားပြန်၏။ ထိုသားကို သစ္စကဟု အမည်မှည့်ကြကုန်၏။ သားသမီးတို့သည် အရွယ်သို့ရောက်လတ်သော် အမိဘက် ဝါဒငါးရာ၊ အဖဘက်က ဝါဒငါးရာအားဖြင့် ဝါဒတစ်ထောင်ကို သင်ယူကြကုန်၏။

ပုစ္ဆာမေးဘိ မြို့ရွာလှည့်

အမိအဖတို့သည် သမီးလေးယောက်တို့အား “ချစ်သမီးတို့ ... သင်တို့အယူဝါဒကို ဖျက်ဆီးနိုင်သူတို့ ခြေက်ရင်း၌လူဖြစ်မူ အလုပ်အကျွေးမယား ပြုရစ်ကြကုန်၊ ရဟန်းဖြစ်မူ ရဟန်းပြုရစ်ကြကုန်” ဟု အဆုံးအမပေးကုန်၏။ နောက်အဖို့၌ မိဘတို့သေလွန်သည်ရှိသော် သစ္စကသည် ဝေသာလီပြည်၌ပင် လိစ္ဆဝီမင်းတို့အား ပညာသင်ကြားကာနေ၏။ သမီးလေးယောက်တို့ကား သပြေခက်ကိုကိုင်ကာ ပစ္ဆာမေးရန် မြို့ရွာအစဉ်အတိုင်း လှည့်လည်ကြကုန်၏။

သာဝတ္ထိပြည်သို့ရောက်လတ်သော် မြို့တစ်ခါး၌ မြေပုံစုတွင် သပြေခက်ကိုစိုက်ခဲ့၍ ပုစ္ဆာကို ဖြေဆိုနိုင်သူသည် ဤမြေပုံစုကို ခြေနှင့်ကြဲ၍ ဤသပြေခက်ကိုလည်း ခြေဖြင့်နင်းစေသတည်းဟု အနီးအနားရှိ လူတို့ကို မှာထားကာ မြို့တွင်းသို့ ဆွမ်းခံဝင်ကြကုန်၏။

ဝါဒပြိုင်ပွဲ ဆင်ယင်နွှဲ

ရှင်သာရိပုတ္တရာ ဆွမ်းခံဝင်သည်ရှိသော် တံခါး၌စိုက်ထားသော သပြေခက်ကိုမြင်၍ မေးမြန်းရာ ထိုအကြောင်းကို သူငယ်တို့ လျှောက်ထားလေလျှင် သူငယ်တို့ကိုပင် ဖျက်ဆီးစေ၍ သပြေခက်စိုင်သူများ လာသောအခါ ပုစ္ဆာမေးမြန်းလိုလျှင် ဇေတဝန်ကျောင်းတော် တံခါးမုခ်သို့ လာကြရန် မှာထားပြီးလျှင် မြို့တွင်းသို့ ဆွမ်းခံဝင်၍ ဆွမ်းစားပြီးသော် တံခါးမုခ်၌ နေတော်မူလင့်၏။

ပရိဗိုဇ်မတို့လည်း ဆွမ်းခံရာမှလာလတ်သော် သပြေခက်ကို နင်းထားသည်ကိုမြင်၍ မေးမြန်းကြရာ ရှင်သာရိပုတ္တရာ နင်းသွားကြောင်း၊ ပုစ္ဆာမေးလိုလျှင် ဇေတဝန်ကျောင်းတော် တံခါးမုခ်သို့ လာရမည်ဖြစ်ကြောင်းကို သူငယ်တို့က ပြောကြားလေ၏။ ပရိဗိုဇ်မတို့သည် တစ်ဖန်မြို့တွင်းသို့ဝင်၍ လူစုရုံးကာ ပုစ္ဆာမေးမြန်းရန် ဇေတဝန်ကျောင်းတော် တံခါးမုခ်သို့သွား၍ ရှင်သာရိပုတ္တရာကိုတွေ့လျှင် ဝါဒတစ်ထောင်ကို မေးမြန်းကြကုန်၏။ ရှင်သာရိပုတ္တရာလည်း ဖြေကြားတော်မူ၏။ တစ်ပါးသော ဝါဒကို သိကြကုန်သေးသလောဟု မေး၏။ မသိပါကုန်ဟု လျှောက်ကြရာ ငါသည် သင်တို့အား ပုစ္ဆာမေးမြန်းလိုသည်ဟု မေးလေလျှင်၊ မေးတော်မူပါ၊ သိလျှင် ဖြေဆိုပါမည်ဟု လျှောက်ထားကြကုန်၏။

ဝါဒရူးမှု ရဟန်းပြု

ထိုအခါ ရှင်သာရိပုတ္တရာသည် ပရိဗိုဇ်မတို့အား “တစ်ခုမည်သည်ကား အဘယ်တရားနည်း” ဟု မေးတော်မူ၏။ “အရှင် မသိပါကုန်” ဟု လျှောက်၏။ ရှင်သာရိပုတ္တရာကိုယ်တိုင်ပင် ဖြေဆိုတော်မူ၏။ ထိုအခါ ပရိဗိုဇ်မတို့သည် “အရှင် ... အကျွန်ုပ်တို့ရှုံး၍ အရှင်အောင်မြင်ပါပြီ၊ အကျွန်ုပ်တို့ အဖိအဖတို့သည် ‘ချစ်သမီးတို့ ...သင်တို့အယူဝါဒကို ဖျက်ဆီးသူတို့ခြေက်ရင်း၌ လူဖြစ်မူ အလုပ်အကျွေးမယား ပြုရစ်ကြကုန်၊ ရဟန်းဖြစ်မူ ရဟန်းပြုရစ်ကြကုန်’ ဟု မှာထားခဲ့ပါသည်။ သို့အတွက် အရှင်၏ခြေတော်ရင်း၌ ရဟန်းပြုကြပါမည်” ဟု လျှောက်ထားကြကုန်၏။ ရှင်သာရိပုတ္တရာလည်း ပရိဗိုဇ်မတို့အား ရှင်ဥပ္ပလဝဏ်ထေရီမထံ ရဟန်းပြုစေကုန်၏။ မကြာမြင့်မီ အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် ရှင်သာရိပုတ္တရာမထေရ်နှင့် ထိုပရိဗိုဇ်မတို့အကြောင်း စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... သာရိပုတ္တရာသည် ယခုအခါ၌သာ ထိုမိန်းမတို့ ကိုးကွယ်ရာဖြစ်သည်မဟုတ်၊ ရှေးအခါ၌လည်း ကိုးကွယ်ရာဖြစ်ဖူးပြီ၊ ယခုအခါသာ ရဟန်းအဖြစ်ကို ပေးသည်မဟုတ်၊ ရှေးအခါ၌လည်း မိဖုရားအဖြစ်ကို ပေးခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

စစ်ထိုးလိုခြင်း ကာလိင်္ဂမင်း

လွန်လေပြီးသေအခါ ကာလိင်္ဂတိုင်း ဒန္တပုရိမြို့၌ ကာလိင်္ဂမင်း မင်းပြုသည်ရှိသော် အဿကတိုင်း ပါဋလိပုတ်ပြည်၌လည်း အဿကမင်း မင်းပြုလေ၏။ ကာလိင်္ဂမင်းသည် စစ်သည်ဗိုလ်ပါနှင့် ပြည့်စုံ၏။ ဆင်ပြောင်အားကို ဆောင်နိုင်၏။ အမြဲ စစ်ထိုးဘက်ကို ရှာ၍နေ၏။

တစ်နေ့သ၌ ကာလိင်္ဂမင်းသည် အမတ်တို့အား “အမတ်တို့ ... ငါသည် စစ်ထိုးလို၏၊ စစ်ထိုးဘက်ကိုမမြင်၊ အဘယ်သို့ပြုအံ့နည်း” ဟု မေးလေ၏။ အမတ်တို့သည် “မြတ်သောမင်းကြီး ... အကြောင်းဥပါယ်တစ်ခုရှိ၏။ အရှင်မင်းကြီး၏ သမီးတော်လေးယောက်တို့သည် မြတ်သောအဆင်းကို ဆောင်ကုန်၏။ ထိုသမီးတော်လေးယောက်တို့ကို တန်ဆာဆင်စေလျက် ယာဉ်ပေါင်းချုပ်မှာ စီးစေပြီးလျှင် စစ်သည်ဗိုလ်ပါအပေါင်း ခြံရံကာ ရွာ၊ နိဂုံး၊ မင်းနေပြည်သို့ လှည့်လည်စေ၍ သမီးတော်တို့ကို ယူလိုသောမင်းနှင့် စစ်ထိုးမည်။ စစ်ထိုးဝံ့လျှင် ယူကြကုန်လော့ဟု ကြေညာစေလျှင် ကောင်းမည်” ဟု လျှောက်ကြကုန်၏။

စစ်ထိုးလိုသူ သမီးတော်ယူ

ကာလိင်္ဂမင်းကြီးလည်း အမတ်တို့ နည်းပေးသောအတိုင်း စီမံကာ သမီးတော်တို့ကို လွှတ်၍ ကြေညာစေ၏။ သမီးတော်တို့ ရောက်တိုင်း၊ ရောက်တိုင်းသော အရပ်တို့၌ မင်းတို့သည် အလွန်ကြောက်လန့်ကြသဖြင့် မြို့တော်သို့ မဝင်စေဘဲ လက်ဆောင်ပဏ္ဏာကိုသာ ဆက်သစေ၍ လွှတ်လိုက်ကြကုန်၏။

သမီးတော်ယူသည် စစ်ထိုးမည်

ဇမ္ဗူဒိ်ပ်ကျွန်းအလုံးကို လှည့်လည်ကြေညာရာ အဿတိုင်း ပါဋလိပုတ်မြို့တော်သို့ ရောက်ကုန်၏။ အဿမင်းလည်း အလွန်ကြောက်လန့်သဖြင့် မြို့တံခါးတို့ကို ပိတ်စေ၍ လက်ဆောက်ပဏ္ဏာကိုသာ ပို့စေ၏။ ထိုအဿမင်းအား နန္ဒိသေနမည်သော အမတ်သည် ပညာရှိ၏။ အကြောင်းဥပါယ်၌ လိမ္မာ၏။ ထိုနန္ဒိသေနအမတ်သည် ဤမင်းသမီးတို့ လှည့်လည်ကြေညာ၍လာရာ စစ်ထိုးဘက်ကို မရကုန်၊ သို့ဖြစ်လျှင် ဇမ္ဗူဒိပ်ကျွန်းအလုံးသည် အချည်းနှီးဖြစ်ရာ၏။ ငါသည် ကာလိင်္ဂမင်းနှင့် စစ်ထိုးမည်ဟု ကြံစည်ပြီးလျှင် - မြို့တံခါးသို့သွား၍ တံခါးစောင့်ကို ခေါ်ကာ -

“အမောင် ... ဤမင်းသမီးတို့ကို မြို့တွင်းသို့ဝင်ကြပါစေ၊ အရုဏမင်း၏ ပုရိသသီဟဖြစ်၍ ကောင်းစွာဆုံးမအပ်ပြီးသော နန္ဒိသေနအမတ်ကြီး ဖြစ်သောငါသည် တံခါးကို အဖွင့်ခိုင်း၏။ သင့်တို့ ဖွင့်ကြကုန်” –

ဟု တံခါးစောင့်အား ပြောဆိုကာ မြို့တံခါးကို ဖွင့်စေပြီးလျှင် မင်းသမီးတို့ယူ၍ အဿကမင်းကြီးအား ဆက်သပြီးလျှင် “အရှင်မင်းကြီး ... မကြောက်ပါလင့််၊ စစ်ထိုးရသော် အကျွန်ုပ် နိုင်အောင် ထိုးပါမည်၊ ဤမင်းသမီးတို့ကား မြတ်သောမင်းသမီးတို့တည်း၊ အဘိသိက်သွန်း၍ မိဖုရားကြီးများ ပြုတော်မူလော့” လျှောက်ထား၍ အဘိသိက်သွန်းစေ၏။ မင်းသမီးတို့နှင့် ပါလာသော စစ်သည်ဗိုလ်ပါတို့ကိုလည်း “သမီးတော်များကို အဿကမင်းကြီး မိဖုရားကြီးတို့အရာ၌ ထားသောအဖြစ်ကို သင်တို့ တင်လျှောက်ထားပါကုန်” ဟု မှာထားကာ ပြန်၍ လွှတ်လိုက်၏။

တိုင်းကြားနှစ်ခု စစ်ပွဲပြု

စစ်သည်ဗိုလ်ပါတို့လည်း ရောက်လျှင် မင်းကြီးအား ထိုအကြောင်းကို လျှောက်ထားကြကုန်၏။ ထိုအခါ ကာလိင်္ဂမင်းကြီးသည် အဿကမင်းကား ငါ၏အစွမ်းကို မသိယောင်တကားဟု ခဏချင်းလျှင် စစ်သည်ဗိုလ်ပါနှင့်တကွ ထွက်လေ၏။ နန္ဒိသေနအမတ်လည်း ကာလိင်္ဂမင်း လာသည်ကို သိလျှင် စစ်သည်ဗိုလ်ပါနှင့်တကွ မိမိတို့နိုင်ငံ အပိုင်းအခြားသို့ ထွက်ကာ စောင့်လင့်၏။ ငါတို့နိင်ငံအပိုင်းအခြားသို့ မကျူးနှင့်၊ မင်းနှစ်ပါးတို့ နိုင်ငံအပိုင်းအခြား၌ စစ်ထိုးခြင်းဖြစ်လိမ့်မည် - ဟု သတင်းစားကို ပို့စေ၏။ ကာလိင်္ဂမင်းလည်း သတင်းစကားကိုကြားလျှင် မိမိနိုင်ငံ အပိုင်းအခြား၌သာ နေ၏။

ရှုံး, နိုင်အမှု မေးလျှောက်ပြု

ထိုအခါ ဘုရားအလောင်းသည် ရသေ့ရဟန်းပြုကာ မင်းနှစ်ပါးတို့ တိုင်းအကြား၌ ကျောင်းဆောက်၍နေ၏။ ကာလိင်္ဂမင်းသည် ရဟန်းတို့မည်သည် ပညာရှိ၏။ အရှုံးအနိုင်ကိုသိရအောင် မေးမည်ဟု ကြံစည်ကာ မထင်ရှားသော အသွင်ဖြင့် ရသေ့ထံကပ်ကာ ပဋိသန္ဓာရစကား ပြောဆိုပြီးလျှင် “အရှင်ဘုရား ... ကာလိင်္ဂမင်းနှင့် အဿကမင်းတို့ စစ်ထိုးရန် စီစဉ်နေကြပါသည် အဘယ်မင်း နိုင်၍ အဘယ်မင်း ရှုံးမည်နည်း” ဟု လေဆာက်၏။ “ဒါယကာ ... ငါကားအနိုင်အရှုံးကိုမသိ၊ စင်စစ်ကား ငါ့ထံ သိကြားမင်း လာလေ့ရှိ၏။ ၎င်းကိုမေး၍ ငါပြောမည်၊ နက်ဖြန်မှ လာခဲ့” ဟု ပြောလိုက်၏။

ရသေ့သည် သိကြားမင်းလာသောအခါ ထိုအကြောင်းကိုမေးလျှင် သိကြားမင်းသည် “အရှင်ဘုရား ... ကာလိင်္ဂမင်း နိုင်လတ္တံ့၊ အဿမင်း ရှုံးလတ္တံ့၊ ဤမည်သော ပုဗ္ဗနိမိတ်ထင်လတ္တံ့” ဟု လျှောက်ထားလေ၏။ နက်ဖြန် ကာလိင်္ဂမင်း လာ၍မေးလျှင် - ကာလိင်္ဂမင်းနိုင်၍ အဿကမင်းရှုံးမည့်အကြောင်းကို ပြောကြား၏။ ကာလိင်္ဂမင်းလည်း ဝမ်းမြောက်ဝမ်းသာ ပြန်၍သွား၏။ ထိုစကားပျံ့နှံ့၍သွားရာ အဿကမင်း ကြားလေ၏။ ထိုအခါ နန္ဒိသေနအမတ်ကိုခေါ်၍ိထိုအကြောင်းကို ပြောပြန်ရာ အမတ်လည်း “အရှင်မင်းကြီး ... မစိုးရိမ်ပါလင့်၊ အနိုင်အရှုံးကို ဘယ်သူ သိနိုင်အံ့နည်း”ဟု အားပေးလျှောက်ထားလေ၏။

ကိုယ်စောင့်နတ်များ နွားလားဖန်ဆင်း စစ်ထိုးခြင်း

ထိုနောက် နန္ဒိသေနအမတ်သည် ရသေ့ထံကပ်၍ - “အရှင်ဘုရား ... ဘယ်မင်းနိုင်၍ ဘယ်မင်းရှုံးမည်နည်း” ဟု လျှောက်၏။ “ဒါယကာ ... ကာလိင်္ဂမင်း နိုင်လတ္တံ့၊ အဿမင်း ရှုံးလတ္တံ့” ဟု ပြော၏။ “အရှင်ဘုရား ... ပုဗ္ဗနိမိတ် အဘယ်သို့ထင်လတ္တံ့နည်း” ဟု လျှောက်ရာ၊ “ဒါယကာ ... နိုင်မည့်မင်း၏ အစောင့်နတ်သည် အလုံးစုံဖြူသော နွားဥသဘဖြစ်လတ္တံ့၊ ရှုံးမည့်မင်း၏ အစောင့်နတ်သည် အလုံးစုံနက်သော နွားဥသဘဖြစ်လတ္တံ့၊ ထိုနတ်နှစ်ပါးတို့ ရှေးဦးစွာ စစ်ထိုး၍ အနိုင်အရှုံးကို ပြကုန်လတ္တံ့” ဟု ပြောကြားလိုက်၏။

ထိုအခါ နန္ဒိသေနအမတ်သည် မင်း၏အဆွေခင်ပွန်းဖြစ်ကုန်သော သူရဲကြီးတစ်ထောင်တို့ကို အနီးရှိတောင်ပေါ်သို့ခေါ်၍ “အချင်းတို့ ... သင်တို့သည် မင်းကြီးအား အသက်ကို စွန့်နိုင်ပါမည်လော” ဟု မေးပြန်ရာ၊ “အရှင် ... ခုန်ချဝံ့ပါ၏” ဟု ပြော၏။ “အချင်တို့ ... ကောင်းပြီ တောင်ကမ်းပါးပြတ်၌ ခုန်ချသဖြင့် အကျိုးမရှိ၊ မင်းအား ချစ်သောစိတ်ဖြင့် မဆုတ်မနစ် စစ်ထိုးကြကုန်လော့” ဟု တိုင်ပင်ညီညွတ်ကာ သွေးစည်း၍ထားကြကုန်၏။

ကာလိင်္ဂမင်းသည် သိကြားမင်း ပြောကြား၏။ ငါမုချနိုင်မည်ဟု လုံ့လမပြု၊ စစ်သည်တို့လည်း ငါတို့မင်းကြီး နိုင်လိမ့်မည်ဟု ပေါ့လျော့ကာ စည်းလုံးညီညွတ်ခြင်းမရှိကုန်၏။ တကွဲတပြား အစုလိုက်၊ အစုလိုက်သာ ဖြစ်ကုန်၏။

မင်းနှစ်ပါးလုံးပင် တိုက်ပွဲဆင်

မင်းနှစ်ပါးတို့သည် စစ်ထိုးရန် မြင်းစီး၍ ထွက်ကြကုန်၏။ တစ်ဦးကိုတစ်ဦး ချဉ်းကပ်ကြကုန်၏။ အစောင့်အရှောက်နတ်တို့လည်း မင်းနျစ်ပါးရှေ့မှထွက်ကာ စစ်ထိုးရန် တစ်ဦးနှင့်တစ်ဦးကို ချဉ်းကပ်ကြကုန်၏။ ထိုနတ်တို့ကို မင်းနှစ်ပါးတို့သာ မြင်ရကုန်၏။ တခြားသူတို့ မမြင်ရကုန်၏။ ထိုအခါ နန္ဒိသေနအမတ်သည် “မင်းကြီး ... အစောင့်အရှောက်နတ်များကို မြင်၏လော” ဟု မေး၏။ မင်းကြီးလည်း မြင်၏ဟု ပြော၏။ ငါ၏နတ်ကား နွားလားဥသဘအဖြူကြီး ဖြစ်သည်ဟု မိန့်ကြား၏။ “အရှင်မင်းကြီး ... မကြောက်နှင့် အကျွန်ုပ်တို့နိုင်အောင် တိုက်မည်၊ သင်မင်းကြီးသည် မြင်းမှဆင်းသက်၍ ဤလှံကိုကိုင်ပြီးလျှင် မြင်းကို မြောက်ဘက်နံပါး၌ထာကာ လက်ဝဲလက်ဖြင့် ထောက်လျက် ဤသူရဲကြီးတစ်ထောင်နှင့် လျင်မြန်စွာသွား၍ ကာလိင်္ဂမင်း၏ အစောင့်အရှောက်နတ်ကို လှံဖြင့်ထိုးလော့၊ နောက်မှ အကျွန်ုပ်တို့ သူရဲကြီးတစ်ထောင်တို့သည် မင်းကြီးထိုးရာအရပ်ကို လှံတစ်ထောင်ဖြင့် ထိုးကြကုန်အံ့၊ ထိုအခါ နတ်သည် ပျက်စီးလတတ္တံ့၊ နတ်ပျက်စီးသော် ကာလိင်္ဂမင်း ရှုံးလတ္တံ့၊ အကျွန်ု်တို့ နိုင်လတ္တံ့” ဟု စီစဉ်လျှောက်ထားလေ၏။

ဝီရိယမသုံး ကာလိင်္ဂရှုံး

အဿကမင်းလည်း နန္ဒိသေနအမတ် စီစဉ်နည်းပေးသောအတိုင်သွား၍ ကာလိင်္ဂမင်း၏ အစောင့်အရှောက်နတ်ကို လှံဖြင့် တအားထိုးလေ၏။ သူရဲကောင်းတစ်ထောင်တို့လည်း မင်းကြီးထိုးရာသို့ ဝိုင်း၍ထိုးကြကုန်၏။ထိုအခါ ကာလိင်္ဂမင်း၏ အစောင့်အရှောက်နတ်သည် ထိုအရပ်မှာပင် သေလေ၏။ နတ်သေလျှင် ကာလိင်္ဂမင်းသည် ချက်ချင်းရှုံး၍ ပြေးလေ၏။ သူရဲကြီးတစ်ထောင်တို့သည် “ကာလိင်္ဂမင်း ရှုံး၍ပြေးပြီ၊ ကာလိင်္ဂမင်း ရှုံး၍ပြေးပြီ” ဟု ညာသံပေးကြကုန်၏။

ကာလိင်္ဂမင်းလည်း သေဘေးမှကြောက်သဖြင့် အတင်းပြေးလွှားလျက် -

“အို - အကျင့်မြတ်ကိုကျင့်သောရသေ့ ... သင်ကား သည်းခံရန်ခက်၍ သည်းမခံနိုင်သော ကာလိင်္ဂတိုင်းသားတို့ နိုင်လတ္တံ့၊ အဿကတိုင်းသားတို့ ရှုံးလတ္တံ့-ဟု ပြောဆိုခဲ့၏။ ဖြောင့်မှန်သူတို့သည် လွှဲမှားသောစကားကို မဆိုကြကုန်” –

ဟု ရသေ့ကို မြည်တွန်ဆဲရေးကာ မိမိနေရာ မြို့တော်သို့ သွားလေ၏။ နောက်သို့ပြန်၍ မကြည့်ဝံ့လေ။

နှစ်ရက်၊ သုံးရက်လွန်သဖြင့် သိကြားမင်းသည် လာပြန်လျှင် ရသေ့သည် သိကြားမင်းအား -

“သိကြားမင်း ... နတ်တို့သည် မဟုတ်မမှန်သော စကားကို ဆိုကြကုန်သည် မဟုတ်လော၊ ဟုတ်မှန်သော စကားသည်ချစ်ခင်ကြသည် မဟုတ်လော၊ နတ်မင်း .... သင်သည် အဘယ်ကြောင့် မဟုတ်မမှန်သောစကားကို ဆိုဘိသနည်း” –

ဟု ပြစ်တင်ကဲ့ရဲ့ကာ ပြောဆိုလေ၏။ သိကြားမင်းလည်း ရသေ့စကားကိုကြားလျှင် -

“အရှင်ဘုရား ... နတ်တို့ကား ပြောဆိုရုံသာ ပြောဆိုနိုင်ကြကုန်၏။ လုံ့လကို မပြုနိုင်ကုန်။ အရှင်ဘုရား ... ဤစကားကို ကြားဖူးသည် မဟုတ်ပါလော၊ အဿကတိုင်းသားတို့မှာ ကိုယ်ကိုဆုံးမခြင်း၊ စိတ်၏မကွဲ မပြိုသော သမာဓိရှိခြင်း၊ လုံ့လပြုရာ၌ အညီအညွတ်ထွက်ခြင်း၊ မြဲမြံသော လုံ့လရှိခြင်းတို့နှင့် ပြည့်စုံကုန်၏။ ထို့ကြောင့် စစ်နိုင်ကြသည်” –

ဟု ရသေ့အား ဘယ်လိုပင်ပြောသော်လည်း လုံ့လပြုမှနိုင်ကြောင်း၊ လုံ့လမပြုလျှင် ရှုံးနိမ့်ကြောင်းကို လျှောက်ထားလေ၏။

ဤသို့လျှင် ကာလိင်္ဂမင်း ပြေးသည်ရှိသော်အဿကမင်းသည်ပစ္စည်း၊ ဥစ္စာ၊ လက်နက် စသည်တို့ကို သိမ်းယူကာ မိမိနေရာမြို့တော်သို့ သွားလေ၏။ နန္ဒိသေနအမတ်လည်း မင်းသမီး လေးယောက်တို့ကို ရသင့်ရထိုက်သော အမွေအနှစ်တို့ကို အမြန်ပို့လာရမည်ဟု ကာလိင်္ဂမင်းထံ အကြောင်းကြားပြန်၏။ ကာလိင်္ဂမင်းလည်း အလွန်ကြောက်ရွံ့သဖြင့် အမွေအနှစ်တို့ကို အမြန်ပို့စေ၏။ ထိုအခါမှစ၍ မင်းနှစ်ပါးတို့သည် အချင်းချင်း သင့်တင့်ညီညွတ်စွာ နေကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သမီးတော်လေးယောက်တို့သည် - ယခုအခါ ရဟန်းမိန်းမလေးယောက်။

နန္ဒိသေနအမတ်သည် - သာရိပုတ္တရာ။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) တည်ကြည်ဆုံးမ၊ ညီညွတ်ကြ၊ လုံ့လရှိရမည်။

(၂) ပြောရုံမပြီး၊ လုပ်မှပြီး၊ ခရီးရောက်နိုင်မည်။

(၃) မင်းအဿက၊ ကာလိင်္ဂ၊ မှတ်ကြထုံးတမည်။

စူဠကာလိင်္ဂဇာတ် ပြီး၏။

***

(၃၀၂) မဟာအဿာရောဟဇာတ်

ကျေးဇူးရှင် ပစ္စန္တရာဇ်ရွာသားအား မင်းဖိဖုရားတို့ကိုယ်တိုင် ခြေဆေးပေးခြင်း စသည်ကို ပြုပြီးနောက် တိုင်းပြည်တစ်ဝက် ခွဲပေးသော “မြင်းစီးကြီး” ခေါ် ဗာရာဏသီမင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရှင်အာနန္ဒာကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ ။ [ပစ္စုပ္ပန်ဝတ္ထုသည် အောက်၌ ပြဆိုအပ်ခဲ့ပြီ။]

အတိတ်ဝတ္ထု

တရားနှင့်ညီ မင်းကျင့်သည်

လွန်လေပြီးသောအခါ ဘုရားအလောင်းသည် ဗာရာဏသီပြည်ဝယ် မင်းဖြစ်လေ၏။ တရားသဖြင့် မင်းပြု၏။ အလှူပေး၏။ သီလဆောက်တည်၏။

ထိုဗာရာဏသီမင်းသည် သူခိုးတို့ ဖျက်ဆီးသော ပစ္စန္တရာဇ်ကို ငြိမ်းစေမည်ဟု စစ်သည်ဗိုလ်ပါ အခြံအရံနှင့်တကွ သွားလေ၏။ စစ်တိုက်၍ ရှုံးလျှင် မြင်းစီးလျက် ရွာတစ်ခုသို့ ဝင်လေ၏။ ရွာသားတို့သည် အကြောင်းကို မသိကြသဖြင့် ကြောက်လန့်ရကား ပြေး၍ အိမ်ထဲသို့ဝင်ကြကုန်၏။ ရွာသားတစ်ယောက်ကား မပြေးဘဲ မင်းအား ခရီးဦးကြိုဆိုပြီးလျှင် “အကျွန်ုပ်တို့မင်းကား ပစ္စန္တရာဇ်သို့သွား၏။ အဆွေသည် အဘယ်သူနည်း၊ မင်းချင်းယောကျ်ားလော” ဟု မေး၏။ မင်းလည်း မင်းချင်းယောကျ်ား ဖြစ်ကြောင်းကို ပြောလေ၏။

အိမ်ရှင်ကျင့်ဝတ် ဧည့်ဝတ်ပြု

ထိုအခါ ရွာသားသည် မင်းကို အိမ်သို့ခေါ်ဆောင်ကာ မိမိအင်းပျဉ်၌ နေစေလျက် မိမိမယားကိုခေါ်၍ ခြေတို့ကို ဆေးစေပြီးလျှင် စွမ်းအားရှိသလောက် ထမင်းအာဟာရကို ကျွေးမွေးပြုစု၍ အတန်ငယ် အပန်းဖြေဦးလော့ - ဟု ဆိုကာ အိပ်ရာကိုခင်းပေး၏။ မင်းလည်း မောပန်းလှသဖြင့် အိပ်လေ၏။

အိမ်ရှင်လည်း မြင်း၏ ကကြိုးတန်ဆာတို့ကိုချွတ်၍ ဟိုဟိုသည်သည်သွားစေလျက် ရေသောက်စေပြီးလျှင် ကျောကို ဆီဖြင့်လူးကာ မြက်တို့ကို ကျွေး၍ထား၏။ မင်းလည်း ဤသို့ အိမ်ရှင် ပြုစုလုပ်ကျွေးခြင်းကို ခံယူလျက် သုံးရက်၊ လေးရက်နေပြီးလျှင် အိမ်ရှင်အား - “အဆွေ ... အကျွန်ုပ်သွားမည်၊ အကျွန်ုပ်ကို ‘မြင်းစီးကြီး’ ဟု ခေါ်ကြသည်။ အကျွန်ုပ်အိမ် မြို့လယ်မှာရှိသည်။ တစ်စုံတစ်ရာ အကြောင်းကိစ္စဖြင့် မြို့သို့လာလျှင် တောင်တံခါးတွင် မေးပါ” ဟု မှာထားပြီးလျှင် “အဆွေ ... ဤနေရာမှ ပြန်ရစ်ေ်တာ့” ဟု ပြောဆို၍ သွားလေ၏။ မြို့၏အပ၌ သစ်ခက်တပ်တည်၍ နေသော စစ်သည်ဗိုလ်ပါအပေါင်းလည်း မင်းကြီးလာသည်ကို မြင်လျှင် ခြံရံကုန်၏။

မင်းကြီးသည် မြို့တွင်းသို့ဝင်လတ်သော် တံခါးကြားတွင် တံခါးစောင့်ကိုခေါ်၍ တခြားသူများကို ဖဲစေပြီးလျှင် “အမောင် ... ပစ္စန္တရာဇ်သားတစ်ယောက်လာ၍ ငါ့ကိုတွေ့လိုသည် မြင်းစီးကြီးအိမ်ကို ပြပါဆိုလျှင် ကိုင်တိုင်လိုက်၍ ငါ့ထံပို့လေ၊ သင့်အား ဆုတောင်ငွေတစ်ထောင် ပေးမည်” ဟု မှာထားကာ နန်းတော်သို့ဝင်လေ၏။

အခွန်ငြိမ်းအောင် သူရွက်အောင်

ထိုပစ္စန္တရာဇ်သားသည် မြို့သို့မလာသည်ရှိသော် ထိုသူနေသောရွာကို အခွန်တောင်းစေ၏။ ပစ္စန္တရာဇ်သားသည် တစ်ကြိမ်တောင်းစေကာမျှဖြင့် မလာသေး၊ နောက်နှစ်ကြိမ်၊ သုံးကြိမ်တိုင်အောင် တောင်းစေပြန်၏။ သုံးကြိမ်တောင်းသော်လည်းမလာ၊ ထိုအခါ ရွာသားတို့ စည်းဝေးကုန်၍ ထိုယောကျ်ားကို “အရှင် ... အရှင့်အဆွေ မြင်းစီးကြီး လာသောအခါမှစ၍ အခွန်တော်ဖြင့် နှိပ်လှ၏တကား၊ အကျွန်ုပ်တို့မှာ ခေါင်းကိုပင် မထောင်ဝံ့ကြကုန်၊ “အရှင် ... သွားပါ၊ အဆွေမြင်းစီးကြီးကို ပြောဆို၍ အခွန်တော် လွတ်ငြိမ်းအောင် ဆောင်ရွက်ပါ” ဟု တိုက်တွန်းကြကုန်၏။

ထိုယောကျာ်းသည် ရွာသားတို့အား “ကောင်းပြီ၊ အကျွန်ုပ်သွားပါမည်၊ လက်ချည်းသွား၍ မကောင်းပါ၊ အဆွေမှာ သားငယ်နှစ်ယောက်လည်းရှိ၏” သို့အတွက် အဆွေ၊ အဆွေမယား၊ သားနှစ်ယောက်တို့အား ဝတ်စုံတစ်စုံစီ စီမံစေပြီးလျှင် ဝတ်စုံတို့နှင့်တကွ အိမ်တွင် ကြော်သော မုန့်တို့ကို ယူဆောင်၍ မြို့သို့သွားလေ၏။

အဘယ်မှာနည်း မြင်းစီးကြီး

တောင်တံခါးသို့ရောက်လျှင် တံခါးစောင့်အား “အဆွေ ... မြင်စီးကြီးကို တွေ့လိုပါသည်၊ မြင်စီးကြီးအိမ် ဘယ်မှာနည်း၊ ကျေးဇူးပြု၍ပြပါ” ဟု ပြောလေ၏။ ထိုအခါ တံခါးစောင့်သည် ပစ္စန္တရာဇ်သားအား “အဆွေ ... လာပါ၊ အကျွန်ုပ် လိုက်ပြမည်” ဆိုကာ လက်ကိုဆွဲ၍သွားရာ မင်းကြီးအိမ်တံခါးသို့ရောက်လျှင် ပစ္စန္တရာဇ်သားတစ်ယောက် လာကြောင်း မင်းကြီးအား လျှောက်ထားစေ၍ အခွင့်ရလျှင် ပစ္စန္တရာဇ်သားကို မင်းကြီးရှေ့တော်အရောက်ပို့လေ၏။

ကျေးဇူးတုံ့လည် ပြန်ဆပ်သည်

မင်းကြီးလည်း ခရီးဦးကြိုဆိုကာ ကျန်းမာကြောင်း မေးမြန်းနှုတ်ဆက်၍ ခေါ်ငင်ကာ မြတ်သောရာဇပလ္လင်၌ နေစေပြီးလျှင် မိဖုရားကြီးကိုခေါ်၍ ပစ္စန္တရာဇ်သား၏ ခြေတို့ကို ဆေးစေရာ ကိုယ်တိုင် ရွှေကရားဖြင့် ရေလောင်း၍ပေး၏။ ခြေတို့ကို နံ့သာဆီဖြင့် လိမ်းကျံစေ၏။ မင်းကြီးသည် “အဆွေ ... ခဲဖွယ် တစ်စုံတစ်ရာ ပါသလော” ဟု မေးပြန်ရာ ပစ္စန္တရာဇ်သားသည် ပါသောမုန့်တို့ကို မင်းကြီးအား ဆက်သ၏။ မင်းကြီးလည်း ပစ္စန္တရာဇ်သားကို ချီးမြှောက်လိုသဖြင့် ရွှေခွက်ဖြင့် ခံယူပြီးလျှင် မိဖုရားနှင့် အမတ်တို့ကို စားစေ၏။ မိမိလည်း သုံးဆောင်တော်မူ၏။ နောက်ထပ်ပါသော ဝတ်စုံတို့ကို ဆက်သပြန်၏။ ထိုအခါ ဝတ်စုံတို့ကို ဆင်မြန်းတော်မူ၏။ မိဖုရားကြီးကိုလည်း ဆင်မြန်းစေ၏။ ပစ္စန္တရာဇ်သားအား မင်းကြီးအား ထိုက်သောဘောဇဉ်ကို သုံးဆောင်စေ၏။

နောက်တစ်ဖန် အမတ်တစ်ယောက်ကိုခေါ်၍ ဤ ပစ္စန္တရာဇ်သားအား ငါ့ကို ပြုပြင်ပေးသောနည်းအတိုင်း မုတ်ဆိတ်ဆံပင်ကိုပြုပြင်၍ နံ့သာရေချိုးပြီးလျှင် တစ်သိန်းထိုက်သော ကာသိကတိုင်းဖြစ် အဝတ်ကိုဝတ်ကာ မင်းမြှောက်တန်ဆာတို့ကိုဆင်ပြီးလျှင် ငါ့ထံသို့ယူခဲ့ရမည်ဟု အမိန့်ပေးလေ၏။ အမတ်လည်း အမိန့်တော်အတိုင်း စီးမံပြီးလျှင် ဆောင်ယူလာရ၏။ မင်းကြီးလည်း တစ်ပြည်လုံးသိအောင် စည်လည်စေပြီးလျှင် ထီးဖြူအလယ်၌ မျဉ်းသားစေ၍ တစ်ဝက်သော မင်းအဖြစ်ကို ပေးတော်မူ၏။ ထိုအခါမှစ၍ နှစ်ပါးသော မင်းတို့သည် အတူတကွ စားသောက်နေထိုင်ကုန်၏။ မြဲမြံစွာ ချစ်ကျွမ်းဝင်ကြကုန်၏။ တစ်စုံတစ်ယောက်မျှ မဖျက်ဆီးနိုင်၊ သားမယားတို့ကို မြို့သို့ခေါ်ကာ အိမ်ဆောက်ပေးစေ၏။ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မင်းပြုကြကုန်၏။

ထိုအခါ အမတ်တို့သည် မင်းကြီးကြပ် အမျက်ထွက်ကုန်သည်ဖြစ်၍ သားတော်ထံ ကပ်ပြီးလျှင် “အရှင်မင်းသား .... မင်းကြီးသည် ပစ္စန္တရာဇ်မှလာသော သူကြွယ်တစ်ယောက်အား ထီးနန်းစည်းစိမ်ကို တစ်ဝက်ခွဲပေးကာ အတူတကွ စားသောက်နေထိုင်တော်မူ၏။ မင်းကြီးပြုသော အမှုကို အကျွန်ုပ်တို့ မသိပါကုန်၊ အဘယ်သို့ပြုသနည်း၊ အကျွန်ုပ်တို့ကို ရှက်စက်ကုန်သလော၊ မင်းကြီးအား လျှောက်ထားပေးပါ”ဟု တိုင်တန်းကြကုန်၏။

ပေးသင့်၊ မသင့် နှိုင်းချိန်ချင့်

မင်းသားလည်း အမတ်တို့စကားကို ကြားလျှင် မင်းကြီးထံကပ်၍ ခမည်းတော်မင်းကြီးအး အမတ်တို့ ပြောသောစကားကို လျှောက်ထားကာ မသင့်လျော်ကြောင်း ဤသို့မပြုပါလင့်ဟု လျှောက်ထားလေ၏။ ထိုအခါ မင်းကြီးသည် “အမောင် ... ငါစစ်ရှုံး၍ သုံးလေးရက် အဘယ်မှာနေသနည်း တခြားသူများကိုလည်း ထိုအကြောင်း မေးမြန်းပါလော” ဟု ပြော၏။ “ခမည်းတော် ... သိလည်းမသိပါ၊ မေးလည်း မမေးပါ” ဟု လျှောက်လေလျှင် “ငါ ထိုယောကျ်ား၏အိမ်မှာနေ၍ အသက်ချမ်းသာသဖြင့် လာ၍ မင်းပြုရ၏။ ဤသို့ ကျေးဇူးပြုသောသူအား ငါအဘယ်ကြောင့် စည်းစိမ်ကို မပေးဘဲ နေနိုင်အံ့နည်း” ဟု အကြောင်းစုံ ပြောကြားပြီးလျှင် မင်းသားအား -

“အမောင် .... ပေးသင့်သူတို့ကို မပေးဘဲ မပေးသင့်တို့ကို ပေးသူတို့အား ဘေးရန်ဖြစ်လတ်သော် ပျက်စီးတတ်၏။ အဆွေခင်ပွန်းကို မရလေ။

အမောင်... ပေးသင့်သူကိုပေး၍ မပေးသင့်သူတို့ကို မပေးသောသူတို့အား ဘေးရန်ဖြစ်လတ်သော် မပျက်စီးချေ၊ အဆွေခင်ပွန်းကို ရလေ၏။

မသူတော်တို့ အကျင့်ရှိ၍ ကောက်ကျစ်စဉ်းလဲသူတို့၌ ပြုအပ်သော ကျေးဇူးသည် ပျက်စီး၏။ မွန်မြတ် ဖြောင့်မှန်သော အကျင့်ရှိသူတို့၌ ပြုအပ်သော ကျေးဇူးသည် အနည်းငယ်ဖြစ်သော်လည်း အကျိုးများ၏။

လောက၌ ရှေးဦးစွာပြုနိုင်ခဲသော ကျေးဇူးကိုပြုသောသူသည် နောက်ကာလ၌ တစ်ဖန်ကျေးဇူးပြုသည်လည်း ဖြစ်စေ၊ မပြုသည်လည်းဖြစ်စေ စင်စစ် ပူဇော်အထူးကိုခံထိုက်၏”

ဟု ပြောဆိုဆုံးမတော်မူ၏။ မင်းကြီးစကားကို ကြားလျှင် မင်းသားတို့သည် လည်းကောင်း၊ အမတ်တို့သည် လည်းကောင်း တစ်စုံတစ်ရာသောစကားကိုမျှ မဆိုဝံ့ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပစ္စန္တရာဇ်သားသည် - ယခုအခါ အာနန္ဒာ။

ဗာရာဏသီမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပေးသင့်မပေး၊ မသင့်ပေး၊ ဘေးကြုံမဲ့မိတ်ဆွေ။

(၂) မသင့်မပေး၊ သင့်သူပေး၊ ဘေးကြုံရမိတ်ဆွေ။

(၃) မသူတော်အား၊ ကျေးဇူးကား၊ ဆုံးပါးပျက်စီးလေ။

(၄) သူတော်တို့အား၊ ကျေးဇူးကား၊ ကျိုးများကြီးကျယ်လေ။

မဟာအဿာရောဟဇာတ် ပြီး၏။

***

(၃၀၃) ဧကရာဇဇာတ်

တိုင်းပြည်ကို လုယူပြီးလျှင် မိမိကိုပင် ဦးစောက်ဆွဲ၍ ညှဉ်းဆဲသောမင်းအား အချစ်မပျက် မေတ္တာသက်နိုင်သည့် ဗာရာဏသီမင်းတစ်ပါးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီး၏ မထင်ရှားသော အမတ်တစ်ယောက်ကို အကြောင်းပြု၍ အောက်ပါအ တိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ [ပစ္စုပ္ပန်ဝတ္ထုသည် သေယျဇာတ် ပစ္စုပ္ပန်ဝတ္ထုနှင့် တူပြီ။ အတိတ်ဝတ္ထုလည်း မဟာသီလဝဇာတ် အတိတ်ဝတ္ထုနှင့် တူပြီ၊ ထူးနိုးရာကိုသာ ပြအံ့။]

အတိတ်ဝတ္ထု

ပြည်မှနှင်ထုတ် အမတ်ယုတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် အမတ်တစ်ယောက်သည် နန်းတွင်း၌ ပြစ်မှားလေ၏။ ထိုအမတ်၏အပြစ်ကို မင်းကြီးကိုယ်တိုင် သိတော်မူလျှင် တိုင်းပြည်မှနှင်ထုတ်လေ၏။

ထိုအမတ်သည် ဒုဗ္ဘိသေနမည်သော ကောသလမင်းထံဝင်၍ ခစားလေ၏။ ဗာရာဏသီမင်းကို စစ်ထိုးရန် အကြိမ်ကြိမ် ကုန်းတိုက်လျှောက်ထားသဖြင့် ခွင့်ပြုလျှင် မင်းကြီးနှင့်တကွ စစ်သည်ဗိုလ်ပါခြံရံကာ ဗာရာဏသီမြို့သို့ လာလေ၏။ ဗာရာဏသီမင်းကြီးလည်း ခုခံခြင်းကို မပြုလေ၊ ဒုဗ္ဘိသေနမင်းသည် အစဉ်အတိုင်း သိမ်းယူကာ မြို့တော်သို့ရောက်လျှင် မြတ်သော ပြာသာဒ်အပြင်ဝယ် အမတ်တို့အလယ်၌နေသော ဗာရာဏသီမင်းကို ဖမ်းယူနှောင်ဖွဲ့ကာ ဆိုင်း၌ထည့်စေပြီးလျှင် မြောက်ဘက်တံခါးခုံ၌ စောင်ထိုးစွဲ၍ ထားလေ၏။

သူခိုးမင်းအား မေတ္တာပွား

ဗာရာဏသီမင်းကြီးသည် သူခိုးမင်းကို အာရုံပြုလျက် မေတ္တာကိုပွားစေ၍ ကသိုဏ်းပရိကံ ပြုတော်မူ၏။ အနှောင့်အဖွဲ့ကို ဖြတ်စေပြီးလျှင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေတော်မူ၏။ ထိုအခါ သူခိုးမင်း၏ကိုယ်၌ အလွန်ပူပြင်းရကား ပူသည်၊ ပူသည်ဟု ဟစ်အော်ကာ မြေ၌ ဟိုမှ၊ သည်မှ လူးလဲ ကာနေရ၏။ အမတ်တို့ကို မေးလတ်သော် အမတ်တို့သည် အရှင်မင်းကြီးတို့ကား တရားစောင့်၍ အပြစ်မရှိသော မင်းကြီးကို ဆိုင်း၍ထည့်ကာ မြောက်ဘက်တံခါးမုခ်၌ စောင်ထိုးဆွဲစေသည့်အတွက် ပူလောင်သည်ဟု လျှောက်ထားကုန်၏။

ဒုဗ္ဘိသေနမင်းသည် ဗာရာဏသီမင်းကြီးကို လွှတ်ကြကုန်ဟု မင်းချင်းတို့အား စေခိုင်းလေ၏။ မင်းချင်းတို့လည်း လွှတ်မည်ဟု သွားကြရာ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေနေသော ဗာရာဏသီမင်းကြီးကို မြင်လျှင် ပြန်ခဲ့၍ ဒုဗ္ဘိသေနမင်းအား လျှောက်ထားကြပြန်၏။ ဒုဗ္ဘိသေနမင်းလည်း လျင်မြန်စွာသွား၍ ဗာရာဏသီမင်းကြီးကို ရှိခိုးကန်တော့ကာ -

အဆင်းမပျက် သည်းခံချက်

“အို - ဧကရာဇ်မင်းမြတ် .... အရှင်မင်းမြတ်သည် ရှေးအခါ အလွန်မွန်မြတ် ပြည့်စုံသော ကာမဂုဏ်တို့ကို ခံစား၍ နေရဘိ၏။ ယခုအခါ ငရဲ၌ကျသည့်အလား မညီမညွတ် စောင်ထိုးဆွဲထားပါလျက် ရှေးကဖြစ်သေ အဆင်းအားကို အဘယ်ကြောင့် မစွန့်ဘိသနည်း” ဟု အံ့ဩစွာ မေးမြန်းလျှောက်ထားလေ၏။ ထိုစကးကိုကြားလျှင် ဗာရာဏသီမင်းသည် - ဒုဗ္ဘိသေနမင်းအား -

“အို- ဒုဗ္ဘိသေနမင်း ... အကျွန်ုပ်ကား ရှေးအခါ၌ပင် သည်းခံခြင်း၊ ခြိုးခြံခြင်းအကျင့်ကို ကျင့်ရန် တောင့်တခဲ့ဖူးပြီ၊ ယခုအခါ၌ ထိုတောင့်တခဲ့ဖူးသော သည်းခံခြင်း၊ ခြိုးခြံခြင်းအကျင့်ကို ကျင့်ရပါလျက် ရှေးကဖြစ်သော အဆင်းအားကို အဘယ်ကြောင့် စွန့်ရာအံ့နည်း -

အို . ဒုဗ္ဘိသေနမင်း ... အကျွန်ုပ်မှာ ရှေးအခါကပင် ဒါန၊ သီလစသော ပြုလုပ်ဖွယ်ကိစ္စတို့ကို ပြုလုပ်၍ ပြီးပါပြီ၊ အခြံအရံ ဉာဏ်ပညာနှင့်ပြည့်စုံလျက် သည်းခံနိုင်ခဲသောအရာ၌ သည်းခံနိုင်သော အကျွန်ုပ်ကား စည်းစိမ်ရှိသူဖြစ်သော်လည်း ရှေးအခါက မဖြစ်ဖူးမြဲဖြစ်သော မွန်မြတ်သော ချမ်းသာကိုရရှိသဖြင့် ရှေးကဖြစ်သော အဆင်းအားကို မစွန့်ပေ။

အို - ဒုဗ္ဘိသေနမင်း .... သင်ပြုလုပ်အပ်သော ဆင်းရဲဖြင့် မင်းချမ်းသာကို ပယ်စွန့်၍ စျာန်ချမ်းသာဖြင့်လည်း သင်ပြုလုပ်အပ်သော ဆင်းရဲကို ပယ်စွန့်ကာ သည်းခံနိုင်ခဲသောအရာကိုလည်း သည်းခံနိုင်၏။ သူတော်ကောင်းတို့သည် ငြိမ်းအေးနိုင်သော သဘောရှိကုန်သည်ဖြစ်၍ နှစ်ပါးစုံသော ချမ်းသာ၊ ဆင်းရဲ၌တူမျှကြကုန်၏’’ –

ဟု ပြန်ကာ ပြောဆိုတော်မူ၏။

ပြည်ကိုအပ်နှင်း ကန်တော့ခြင်း

ဒုဗ္ဘိသေနမင်းလည်း ဗာရာဏသီမင်းကြီး စကားကိုကြားလျှင် ကန်တော့ တောင်းပန်ကာ “အရှင်မင်းကြီးတို့ ပြည်ကို အရှင်မင်းကြီးတို့ပင် မင်းပြုပါကုန်၊ အကျွန်ုပ်တို့သည် သူခိုးဘေးရန်တို့ကို ပယ်ဖျောက်ပါမည်” ဟု တိုင်းပြည်ကို အပ်နှင်းပြီးလျှင် ပြစ်မှားသော အမတ်ကိုလည်း မင်းဒဏ်ပြု၍ မိမိတိုင်းပြည်သို့ ပြန်လေ၏။

ဗာရာဏသီမင်းကြီးသည်လည်း မင်း၏အဖြစ်ကို အမတ်တို့အား အပ်နှင်းပြီးလျှင် ရသေ့ရဟန်းပြု၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဒုဗ္ဘိသေနမင်းသည် - ယခုအခါ အာနန္ဒာ။

ဗာရာဏသီမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သည်းခံနိုင်ခြင်း၊ ခြိုးခြံခြင်း၊ အဆင်းမဖောက်ပြန်။

(၂) ဆင်းရဲဖြင့်နှီး၊ ချမ်းသာကြီး၊ အပြီးယူကြရန်။

(၃) ဆင်းရဲ,ချမ်းသာ၊ တူမြဲသာ၊ ငြိမ်းစွာသူတော်မှန်။

ဧကရာဇဇာတ် ပြီး၏။

***

(၃၀၄) ဒဒ္ဒရဇာတ်

အဖဖြစ်သော ဒဒ္ဒရနဂါးမင်းက နှင်ထုတ်လိုက်သဖြင့် မစင်စွန့်ရာ၌ မြွေ၏အသွင်ပြု၍ နေရရှာသော နဂါးညီနောင်ကို သူငယ်တို့နှိပ်စက်ရာ အမျက်ထွက်သည့် စူဠဒဒ္ဒရအား ဆိုဆုံးမသော မဟာဒဒ္ဒရနဂါးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် အမျက်ထွက်တတ်၏။ ရဟန်းတို့သည် တရားသဘင်၌ ထိုရဟန်း၏အကြောင်းကို စကားစပ်မ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်တို့ ... ဤရဟန်းသည် ယခုအခါ၌သာ အမျက်ထွက်တတ်သည်မဟုတ်၊ ရှေးအခါ၌လည်း အမျက်ထွက်တတ်သည်သာတည်း၊ အမျက်ထွက်သောကြောင့် ရှေးပညာရှိတို့သည် စင်ကြယ်သော နဂါးမင်း၏အဖြစ်၌ တည်ကုန်လျက် သုံးနှစ်တို့ပတ်လုံး ကျင်ကြီးတို့ဖြင့် ပြည့်သော မသန့်သောမြေ၌ နေရဖူးကုန်ပြ၊ီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အမျက်ကြမ်းကြုတ် နဂါးယုတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဟိမဝန္တာအရပ်ဝယ် ဒဒ္ဒရမည်သော တောင်ခြေက်ရင်း၌ ဒဒ္ဒရမည်သော နဂါးပြည်တွင် ဒဒ္ဒရမည်သော နဂါးမင်းသည် မင်းပြုလေ၏။ ထိုနဂါးအား မဟာဒဒ္ဒရနှင့် စူလဒဒ္ဒရမည်သော သားတော် ညီနောင်နှစ်ဦးတို့သည် ရှိကုန်၏။ ထိုညီနောင်နှစ်ဦးတို့တွင် စူဠဒဒ္ဒရနဂါးသည် အမျက်ထွက်တတ်၏။ ကြမ်းကြုတ်၏။ နဂါးလုလင်မတို့ကို ဆဲရေးပုတ်ခတ်တတ်၏။

ခမည်းတော် ဒဒ္ဒရနဂါးမင်းသည် သားတော် စူဠဒဒ္ဒရနဂါး၏ ကြမ်းကြုတ်သော အဖြစ်ကိုသိလျှင် နဂါးပြည်မှနှင်ထုတ်စေ၏။ နောင်တော် မဟာဒဒ္ဒရနဂါးသည် ခမည်းတော်ကိုလည်း သည်းခံစေ၍ နှင်မထုတ်ဘဲ ထားလေ၏။ နှစ်ကြိမ်မြောက် နှင်ထုတ်စေရာ၌လည်း သည်းခံစေ၏။ သုံးကြိမ်မြောက်သောအခါ ဒဒ္ဒရနဂါးမင်းသည် မဟာဒဒ္ဒရရအား “သင်သည် ဤယုတ်မာောအကျင့်ရှိသော နဂါးကို နှင်ထုတ်စေရာ၌ တားမြစ်ဘိ၏။ သင်တို့နှစ်ယောက်လုံး နဂါးပြည်မှ ထွက်၍ ဗာရာဏသီပြည်တွင် မစင်စွန့်ရာအရပ်၌ သုံးနှစ်ပတ်လုံး နေကြကုန်” ဟု နဂါးပြည်မှ နှင်ထုတ်လေ၏။

မစင်စွန့်ရာ သုံးနှစ်ကြာ

နဂါးညီနောင်တို့သည် ခမည်းတော်၏ အာဏာဖြင့် မစင်စွန့်ရာ မြေအရပ်သို့သွား၍ နေကြရကုန်၏။ ထိုအခါ ရေနား၌ အစာရှာကုန်လတ်သော် ရွာသူသားငယ်တို့မြင်လျှင် ပုတ်ခတ်လိုကုန်ရကား ခဲ၊ တုတ်၊ လှံတံတို့ဖြင့် ပစ်ကြကုန်၏။ “အချင်းတို့ ... ဖားစိမ်းစား ဤရေမွေတို့သည် ဦးခေါင်းကြီးကုန်၏။ အပ်နှင့်တူသောအမြီး ရှိကုန်၏။” အစရှိသော စကားတို့ကိုဆိုကာ ဆဲရေးကြကုန်၏။

သည်းခံတရား ဟောမြက်ကြား

စူဠဒဒ္ဒရနဂါးသည် ကြမ်းကြုတ်သောကြောင့် သူငယ်တို့ မထီမဲ့မြင်ပြုခြင်းကို သည်းမခံနိုင်သည်ဖြစ်၍ အစ်ကိုအား -

“အစ်ကို ... ဤသူငယ်တို့အား အကျွန်ုပ်တို့ကို ဖားစိမ်းစား ဟူ၍လည်းကောင်း၊ ရေမြွေဟူ၍ လည်းကောင်း ပုတ်ခတ်ဆဲရေးကုန်၏။ လျင်သောအဆိပ်ရှိသည်၏အဖြစ်ကို မသိကြကုန်၊ ဤသူငယ်တို့ မထီမဲ့မြင်ပြုခြင်းကို သည်းမခံနိုင်၊ နှာခေါင်းလေဖြင့်မှုတ်၍ သတ်မည်” –

ဟု ပြောဆိုလေ၏။ စူဠဒဒ္ဒရအား -

“ညီငယ် ... မိမိတို့တိုင်းနိုင်ငံမှ နှင်ထုတ်သဖြင့် တစ်ပါးသော တိုင်းနိုင်ငံသို့ ရောက်နေသူတို့မှာ ကဲ့ရဲ့ရှုတ်ချဆဲရေးသော စကားတို့ကို ထည့်ထားရန် ကြီးစွာသောကျီကျကို ဆောက်လုပ်ရမည်။ အမျိုးဇာတ်အားဖြင့် လည်းကောင်း၊ အကျင့်သီလအားဖြင့် လည်းကောင်း မသိသောသူကို မည်သည့်အရပ်၌ဖြစ်စေ လူတို့သည် ပူဇော်ခြင်း၊ မြတ်နိုးခြင်းကို မပြုကြကုန်၊ ဂုဏ်ကျေးဇူးကိုမသိသော သူတို့အထံ၌နေသောသူသည် သည်းခံရမည်။ အရပ်တစ်ပါး၌နေသော ပညာရှိသည် ကျွန်အမှုလုပ်၏ မီးဘေးဖြင့် ခြိမ်ခြောက်ခြင်းကို သည်းခံရမည်” –

ဟု ပြောဆိုဆုံးမ၏။ ဤသို့လျှင် မဟာဒဒ္ဒရ၊ စူဠဒဒ္ဒရနဂါးညီနောင်တို့သည် ဗာရာဏသီပြည် မစင်စွန့်ရာအရပ်၌ပင် သုံးနှစ်ပတ်လုံး နေကြရကုန်၏။ အဖနဂါးမင်းသည် သုံးနှစ်ပြည့်သောအခါ နဂါးညီနောင်တို့တို့ ခေါ်စေ၏။ နဂါးညီနောင်တို့သည်လည်း ထိုအခါမှစ၍ အမျက်မာန်ကင်းကြကုန်၏။

မြတ်စွာဘုရားသည် ဒေသနာတော်ကို ဆောင်တော်မူပြီးလျှင် သစ္စာဆိုပြသည်၏အဆုံး၌ အမျက်ထွက်တတ်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ စူဠဒဒ္ဒရနဂါးသည် - ယခုအခါ အမျက်ထွက်သောရဟန်း။

မဟာဒဒ္ဒနရဂါးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဒေါသအမျက်၊ ဟုန်းဟုန်းထွက်၊ ပျက်စီးတတ်သည်သာ။

(၂) အရပ်တစ်ပါး၊ သွားရောက်ငြား၊ မမှားသည်းခံရာ။

(၃) မျိုးဇာတ်ကျင့်မူ၊ မသိသူ၊ မပူဇော်ပေရာ။

ဒဒ္ဒရဇာတ် ပြီး၏။

***

(၃၀၅) သီလဝီမံသနဇာတ်

သီလရှိသူ မရှိသူဟု စုံစမ်းလို၍ အိမ်မှပစ္စည်းများ ခိုးယူခဲ့ရန် မှာကြားအပ်သော တပည့်နှစ်ဦးတွင် မခိုးယူဘဲ ပြန်လာသော တပည့်ကြီးအား သမီးနှင့် ပေးစားသည့် ဆရာပုဏ္ဏားအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းငါးရာတို့သည် ဇေတဝန်ကျောင်းတော်အတွင်း၌ နေကုန်လျက် ညဉ့်သုံးယံအတွင်း၌ ကာမဝိတတ်ကို ကြံစည်ကြကုန်၏။

မြတ်စွာဘုရားသည် တပည့်သားရဟန်းတို့ကို စောင့်ရှောက်တော်မူသည် ဖြစ်၍ ထိုညဉ့်အဖို့၌ ဒိဗ္ဗစက္ခုဉာဏ်ဖြင့် ကြည့်ရှုတော်မူသည်ရှိသော် ကာမဝိတတ်ကို ကြံကုန်သော ရဟန်းတို့ကို မြင်တော်မူလျှင် ရှင်အာနန္ဒာကို ခေါ်တော်မူ၍ ဂန္ဓကုဋိတံခါး၌ နေရာတော်ကို ခင်းစေပြီးလျှင် ခင်းထားသောနေရာတော်၌ နေတော်မူ၍ “ရဟန်းတို့ ... ပညာရှိတို့သည် မကောင်းမှုပြုရာ၌ ဆိတ်ကွယ်ရာရှိ” ဟု ဆိုလေ့ရှိကုန်၏ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သီလရှိသူ သမီးယူ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ဗာရာဏသီပြည်မှာပင် တပည့်ငါးရာတို့ အကြီးအမှူးဖြစ်၍ အတတ်ပညာသင်လျက်နေ၏။

ထိုအခါ ဆရာကြီး၌ အရွယ်ရောက်သော သမီးတစ်ယောက် ရှိလေ၏။ ဆရာကြီးသည် တပည့်လုလင်တို့၏ သီလနှင့်ပြည့်စုံသည်၊ မပြည့်စုံသည် စုံးစမ်း၍ သီလနှင့်ပြည့်စုံသော လုလင်အား သမီးကိုပေးမည်ဟု ကြံစည်လျက်သာ နေ၏။

တစ်နေ့သ၌ ဆရာကြီးသည် တပည့်လုလင်တို့ကိုခေါ်၍ “အမောင်တို့ .... ငါ့သမီးသည် အရွယ်သို့ရောက်လတ်ပြီ၊ ထိမ်းမြားလက်ထပ်ခြင်းကိုပြုမည်၊ သို့အတွက် အဝတ်တန်ဆာရှာရန် သွားကြကုန်၊ မိဘဆွေမျိုးဉာတိတို့ မသိအောင် ခိုးယူခဲ့ကြကုန်” ဟု စေခိုင်းလေ၏။

တပည့်တို့သည် ဆရာကြီးစေခိုင်းသောအတိုင်း အိမ်သို့ပြန်၍ မိဘဆွေမျိုးဉာတိတို့ မသိအောင် ခိုးယူခဲ့ကြကုန်၏။ ဆရာကြီးလည်း ဆောင်ခဲ့သမျှသော အဝတ်တန်ဆာတို့ကို မှတ်သား၍ အသီးအသီး ထားစေကုန်၏။ တပည့်ကြီးသည် တစ်စုံတစ်ခုသော အဝတ်တန်ဆာကိုမျှ မခိုးယူခဲ့လေ။

ဆိတ်ကွယ်ရာအရပ် မရှိအပ်

ထိုအခါ ဆရာကြီးသည် တပည့်ကြီးအား “အမောင် ... သင်ကား တစ်စုံတစ်ခုသော အဝတ်တန်ဆာကို မဆောင်ယူခဲ့သလော” ဟု မေး၏။ “ဆရာ ... မဆောင်ယူခဲ့ပါ” ဟု ပြောလျှင် “အမောင် ... အဘယ်ကြောင့် မဆောင်ယူခဲ့သနည်း” ဟု မေးပြန်ရာ ထိုအခါ တပည့်ကြီးသည် ဆရာအား -

“ဆရာကြီး ... လောက၌ မကောင်းမှုပြုသူအား ဆိတ်ကွယ်ရာအရပ်မည်သည်မရှိ၊ တောစောင့်နတ်တို့ မြင်ကြကုန်၏။ သူမိုက်ကား မကောင်းမှုပြုရာ၌ ငါသည် ဆိတ်ကွယ်ရာ၌ ပြုလုပ်အပ်သည်ဟု မှတ်ထင်ဘိ၏။ ဆရာကြီး ... အကျွန်ုပ်ကား မကောင်းမှုပြုရာ၌ ဆိတ်ကွယ်ရာအရပ်ကို မမြင်ပါ၊ ဆိတ်ကွယ်ရာအရပ်လည်း မရှိပါ၊ အကျွန်ုပ် ပြုလုပ်အပ်သော မကောင်းမှုသည် မဆိတ်ကွယ်ပေ - ထိုကြောင့် အကျွန်ုပ်သည် မဆောင်ယူခဲ့ပါ” –

ဟု - ပြန်ကြားပြောဆိုလေ၏။

သီလရှိက မိန်းမရ

ထိုအခါ ဆရာကြီးသည် တပည့်ကြီးအား အလွန်ကြည်ညိုလှ၍ “အမောင် ငါ့အိမ်၌ ဥစ္စာပစ္စည်း မရှိသည် မဟုတ်ပေ၊ အကျင့်သီလနှင့် ပြည့်စုံသူအား သမီးကိုပေးမည်ဟု ကြံစည်ကာ လုလင်တို့ကို စုံစမ်းလို၍ ဤသို့ပြုလုပ်ခြင်းဖြစ်သည်။ သင့်အားသာ ငါ့သမီးသည် လျောက်ပတ်၏” ဟု သမီးကို တန်ဆာဆင်စေ၍ တပည့်ကြီးအား ပေးလေ၏။ ကြွင်သော တပည့်လုလင်တို့ု “သင်တို့ ဆောင်ယူခဲ့သော အဝတ်တန်ဆာတို့ကို သင်တို့အိမ်သို့ ပြန်၍ပို့ကြေလော့” ဟု ပြောဆိုကာ ပြန်၍ပေးလေ၏။

မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူသောအခါ ရဟန်းတို့အား - “ရဟန်းတို့ ... သီလမရှိကုန်သော လုလင်တို့သည် မိမိတို့ သီလမရှိသောကြောင့် မိန်းမကို မရကုန်၊ ပညာရှိသော တပည့်ကြီးလုလင်သည်ကား သီလနှင့် ပြည့်စုံသောကြောင့် မိန်းမကိုရ၏” ဟု မိန့်တော်မူပြီးလျှင် - နောက်တစ်ဖန် -

“ရဟန်းတို့ ... ဒုဇ္ဇစ္စလုလင်၊ သုဇစ္စလုလင်၊ နန္ဒလုလင်၊ သုခဝဒ္ဓိတလုလင်၊ ဝဇ္ဇလုလင်၊ သီလုလင်၊ ဤအလုံးစုံသောလုလင်တို့သည် မန်းမကို အလိုရှိကုန်သည်ဖြစ်၍ မိန်းမ မရခြင်းသဘောကို စွန့်ကုန်၏။ ခပ်သိမ်းသော ပဉ္စသီလ၊ ဒသသီလ၊ သုစရိုက်သုံးပါးတို့၏ ကမ်းတစ်ဖက်သို့ရောက်၍ တရားကိုစောင့်ခြင်း၊ တည်ကြည်ခြင်း၊ ဟုတ်မှန်ခြင်း၊ လုံ့လရှိခြင်းနှင့် ပြည့်စုံသော ပုဏ္ဏားလုလင်ကား အဘယ်မှာ မိန်းမရခြင်းသဘောကို စွန့်အံ့နည်း”

ဟု - ဟောကြားဆုံးမတော်မူ၏။

မြတ်စွာဘုရားသည် ဒေသနာတော်ကို ဟောတော်မူပြီးလျှင် သစ္စာကိုပြတော်မူသည်၏အဆုံး၌ ရဟန်းငါးရာတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဆရာကြီးသည် - ယခုအခါ သာရိပုတ္တရာ။

ပညာရှိတပည့်ကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မကောင်းမှုမှာ၊ ပြုလုပ်ရာ၊ ဆိတ်ရာမရှိပေ။

(၂) တောမှာပြုလတ်၊ တောစောင့်နတ်၊ အတတ်မြင်ခဲ့ပေ။

(၃) လူမိုက်ဘာဝ၊ ဆိတ်ကွယ်ရ၊ စိတ်ကထင်မှတ်လေ။

သီလဝီမသနဇာတ် ပြီး၏။

***

(၃၀၆) သုဇာတဇာတ်

ဆီးသီးသည်ဘဝမှ မိဖုရားဖြစ်၍ မာန်ယစ်သဖြင့် မင်းကြီး နှင်ထုတ်အပ်သော သုဇာတာမိဖုရား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီးနှင့် မလ္လိကာ မိဖုရားကြီးတို့သည် ကျက်သရေအရာ၌ အငြင်းအခုံ ဖြစ်ကုန်၏။ ထိုအခါ ကောသလမင်းကြီးသည် အမျက်ထွက်၍ မလ္လိကာကား မိန်းမ၏အဖြစ်ကိုမျှ မသိလေ၊ ငါ၌ အမျက်ထွက်တတ်သည်၏ အဖြစ်ကိုလည်း မြတ်စွာဘုရား မသိပါဟု ကြံစည်လေ၏။ မြတ်စွာဘုရားသည် ထိုအကြောင်းကိုသိတော်မူ၍ မင်း၊ မိဖုရားတို့ သင့်တင့်ညီညွတ်သောအဖြစ်ကို ပြုမည်ဟု ကြံစည်တော်မူကာ နံနက်အခါ၌ သံဃာတော်ငါးရာ ခြံရံလျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကာ မင်းအိမ်တံခါးသို့ ကြွတော်မူ၏။

မိန်းမအပြစ် သည်းခံ, ချစ်

မင်းကြီးလည်း သပိတ်တော်ကို လှမ်းယူပြီးလျှင် နန်းတွင်းသို့ ပင့်ဆောင်၍ ခင်းထားအပ်သောနေရာ၌ သီတင်းသုံးစေလျက် ယာဂုခဲဖွယ်ကို ဆောင်ခဲ့စေ၏။ ထိုအခါ မြတ်စွာဘုရားသည် သပိတ်တော်ကို လက်တော်ဖြင့်ပိတ်၍ မလ္လိကာမိဖုရားကြီးကို မေးတော်မူ၏။ မင်းကြီးလည်း “အရှင်ဘုရား ... မိမိစည်းစိမ်အခြံအရံဖြင့် ယစ်နေသော မိန်းမဖြင့် အဘယ်အကျိုးရှိအံ့နည်း” ဟု လျှောက်ထားလေ၏။ “မြတ်သောမင်းကြီး ... သင်မင်းကြီးသည်ပင်လျှင် စည်းစိမ်အခြံအရံကိုပေး၍ မိန်းမကို ချီးမြှောက်ပြီးလျှင် မိန်းမပြုအပ်သောအပြစ်မျှကို သည်းမခံခြင်းသည် မသင့်လျော်” ဟု မိန့်တော်မူ၏။ မင်းကြီးလည်း မြတ်စွာဘုရား အမိန့်တော်ကိုနာရလျှင် မလ္လိကာမိဖုရားကို ခေါ်စေ၏။ မိဖုရားလည်း မြတ်စွာဘုရားထံသို့လာ၍ လုပ်ကျွေးလေ၏။ မြတ်စွာဘုရားလည်း မင်း၊ မိဖုရားတို့ သင့်တင့်ညီညွတ်ခြင်း၏ ဂုဏ်ကျေးဇူးကို ဟောတော်မူပြီးလျှင် ကျောင်းတော်သို့ ကြွတော်မူ၏။ ထိုအခါမှစ၍ မင်း၊ မိဖုရားတို့လည်း သင့်တင့်ညီညွတ်စွာ နေကြကုန်၏။

တစ်ခွန်းစကား ညီညွတ်သွား

ရဟန်းတို့သည် တရားဘသင်၌ ငါ့ရှင်တို့ မြတ်စွာဘုရားသည် တစ်ခွန်းတည်းသောစကားဖြင့် မင်း၊ မိဖုရားတို့ကို သင့်တင့်ညီညွတ်အောင် ပြုတော်မူ၏ - ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ငါဘုရားသည် ယခုအခါ၌သာလျှင် ထိုမင်း၊ မိဖုရားတို့ုကို တစ်ကြိမ်းတည်းသော အဆုံးအမနှင့် သင့်တင်ညညီညွတ်အောင် ပြုသည်မဟုတ်၊ ရှေးအခါ၌လည်း ပြုခဲ့ဖူးပြီး”ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသည်း။

အတိတ်ဝတ္ထု

ဆီးသီးသည်ကို ချစ်အားပို

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော ပညာရှိအမတ်ဖြစ်လေ၏။ တစ်နေ့သ၌ မင်းကြီးသည် လေသာပြတင်းကို ဖွင့်ကာ မင်းရင်ပြင်ကို ကြည့်လျက်နေ၏။ ထိုအခါ အဆင်းလှသော အရွယ်၌တည်သော သုဇာတာမည်သော ဟင်းရွက်သည်၏ သမီးသည် ဆီးသီးတို့ကို တောင်း၌ထည့်ကာ ရွက်ပြီးလျှင် “ဆီးသီးသည်၊ ဆီးသီးသည်” ဟု ကြွေးကြော်လျက် မင်းရင်ပြင်ဖြင့် သွားလေ၏။ မင်းကြီးသည် သုဇာတာ၏ အသံကိုကြားလျှင် အလွန်တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ ခေါ်စေပြီးလျှင် အရှင်မရှိသည်၏အဖြစ်ကို သိတော်မူသဖြင့် သိမ်းပိုက်ကာ မိဖုရားကြီးမြှောက်၍ များစွာသော စည်းစိမ်အခြံအရံကို ပေးလေ၏။

မိန်းမယုတ်ကို နှင်ထုတ်ဆို

တစ်နေ့သ၌ မင်းကြီးသည် ရွှေခွက်၌ ဆီးသီးတို့ကိုထည့်ကာ သုံးဆောင်တော်မူ၏။ ထိုအခါ သုဇာတာမိဖုရားသည် မင်းကြီး ဆီးသီးသုံးဆောင်တော်မူသည်ကို မြင်လျှင် - “အရှင်မင်းကြီး ... နီးမြန်းသော အဆင်းရှိလျက် အညစ်အကြေး မရှိကုန်သော ဤအသီးတို့ကို ရွှေခွက်၌ထည့်၍ ထားကုန်၏။ ထိုအသီးတို့ကား အဘယ်မည်သော အသီးတို့ပေနည်း၊ အကျွန်ုပ် မေးအပ်သည်ကို မိန့်ကြားတော်မူပါ” –ဟု မင်းကြီးအား မေးလျှောက်လေ၏။ မင်းကြီးသည် မိဖုရား၏ စကားကို ကြားလျှင် အမျက်ထွက်၍ မိဖုရားအား - “ဟယ် - မိဖုရား .... သင်ကား ရှေးအခါ ဆံပင်ဖားလားချ၍ အဝတ်နွမ်းကို ဝတ်ဆင်လျက်ဆီးသီးတို့ကို ဆွက်ခြွေကာ ခါးပိုက်တွင် ထည့်ခဲ့ရ၏။ ဤငါစားသော အသီးတို့ကား သင့်အမျိုးပေးသော ဆီးသီးများဖြစ်၏။ ဤမိန်းမယုတ်သည် မင်းအိမ်၌ နေရသည်ရှိသော် ပူလောင်ဆင်းရဲဘိ၏။ မမွေ့လျော်ပေ။ မင်း၏ စည်းစိမ်တို့သည် မိန်းမယုတ်ကို စွန့်ကြကုန်ပြီ။ ဆီးသီးကိုရောင်းချကာ အသက်မွေးရသော အမျိုးအိမ်သို့သာ ဤမိန်းမယုတ်ကို ပို့ကြလော့” – ဟု နှင်ထုတ်လေ၏။ ပညာရှိအမတ်သည် ငါ့ကိုထား၍ ငါမှတစ်ပါးသောသူတို့သည် မင်း၊ မိဖုရားတို့ကို သင့်တင့်ညီညွတ်အောင် ပြုလုပ်နိုင်လိမ့်မည်မဟုတ်၊ မင်းကို နှစ်သိမ့်စေ၍ မိဖုရားကိုလည်း နှင်မထုတ်ရအောင် ပြုလုပ်မည်ဟု ကြံစည်ကာ -

စည်းစိမ်ယစ်ကြ မ၊ ဘာဝ

“အရှင်မင်းကြီး ... မိန်းမတို့မည်သည်ကား ယစ်ခြင်းသဘော ရှိကုန်၏။ စည်းစိမ်အခြံအရံဖြင့် ယစ်ကြမြဲ ဖြစ်ကုန်၏။ အရှင်မင်းကြီးပင်လျှင် သုဇာတာအား စည်းစိမ်အခြံအရံကို ပေးသည်မဟုတ်ပါလော၊ မိဖုရားအား သည်းခံတော်မူပါ၊ အမျက်မထွက်ပါလင့်” –ဟု အကျိုးအကြောင်းပြကာ မင်းကြီးအား လျှောက်ထားလေ၏။ မင်းကြီးလည်း ပညာရှိအမတ်၏ စကားကို ကြားလျှင် မိဖုရား၏ အပြစ်ကို သည်းခံ၍ ထားမြဲတိုင်းသော မိဖုရားအရာ၌ပင် ထားလေ၏။ ထိုအခါမှစ၍ မင်းမိဖုရားတို့သည် သင့်တင့်ညီညွတ်စွာ နေကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ ကောသလမင်း။

သုဇာတာသည် - မလ္လိကာ။

ပညာရှိအမတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မတည်မငြိမ်၊ မိန်းမပိန်၊ စည်းစိမ်ယစ်တတ်စွာ။

(၂) ဆီးသီးသည်သကား၊ မိဖုရား၊ ဝိုးဝါးဆီးသီးမှာ။

(၃) အမျက်မာန်ရှ၊ မင်းရာဇ၊ နန်းမှနှင်ဖူးရာ။

သုဇာတဇာတ် ပြီး၏။

***

(၃၀၇) ပလာသဇာတ်

ပေါက်ပင်ကို ပူဇော်ပသသော ပုဏ္ဏားအား ပေါက်ပင်စောင့်နတ်က အရှင်မဲ့ရွှေအိုးမျာကို ပေးသောအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ငိုကြွေးလျက်သာ အာနန္ဒာ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူရာ ညောင်စောင်း၌ လျောင်းတော်မူစဉ် ရှင်အာနန္ဒာသည် မိုးသောက်ထဝယ် ဘုရားပရိနိဗ္ဗာန် ပြုတော်မူမည်ကို သန်းခေါင်းယံကပင်သိ၍ ငါသည်လည်း ပြုဖွယ်ကိစ္စရှိသော သေက္ခသာလျှင်ဖြစ်၏။ မြတ်စွာဘုရားလည်း ပရိနိဗ္ဗာန်ပြုလတ္တံ့၊ မြတ်စွာဘုရားအား နှစ်ဆယ့်ငါးနှစ် လုပ်ကျွေးခြင်းသည် အကျိုးမရှိသည် ဖြစ်လတ္တံ့ဟု သောကတရားနှိပ်စက်လျက် ဥယျာဉ် ကျောင်းတိုက်ခန်း တံခါးပေါင်ကိုဆွဲလျက် ငိုကြွေးလေ၏။

မြတ်စွာဘုရားသည် ရှင်အာနန္ဒာကိုမမြင်၍ မေးတော်မူပြီးလျှင် ခေါ်တော်မူ၍ ဆုံးမကာ “အာနန္ဒာ ... သင်သည်ပြုခဲ့ဖူးသော ကောင်းမှုရှိ၏။ မြတ်သောလုံ့လကို အားထုတ်လော့၊ မကြာမီ ရဟန္တာဖြစ်လတ္တံ့။ အာနန္ဒာ ... မစိုးရိမ်လင့်၊ ယခုအခါ သင်ငါ့အား လုပ်ကျွေးခြင်းသည် အဘယ်ကြောင့် အကျိုးမရှိဘဲ ဖြစ်နိုင်အံ့နည်း၊ ရှေးအခါ ရာဂ ကိလေသာနှင့်တကွ ဖြစ်သော ကာလ၌လည်း ငါ့အား လုပ်ကျွေးခြင်းသည် အကျိုးမရှိသည် မဖြစ်ခဲ့ဖူး” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပေါက်ပင်ရှိခိုး နတ်ကိုကိုး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဗာရာဏသီပြည်မှ မနီးမဝေးလွန်းသောအရပ်၌ တည်ရှိသော ပေါက်ပင်ဝယ် ရုက္ခစိုးနတ် ဖြစ်လေ၏။

ထိုအခါ ဗာရာဏသီပြည်သားတို့သည် နတ်အား ကိုးကွယ်ကြကုန်၏။ အမြဲနတ်ပူဇော်ခြင်း၌ လုံ့လပြုကြကုန်၏။ ထိုအခါ ဆင်းရဲသား ပုဏ္ဏားတစ်ယောက်သည် ငါသည်လည်း နတ်ကို ကိုးကွယ်လုပ်ကျွေးမည်ဟု မြင့်မောက်သောအရပ်တစ်ခုတွင် တည်ရှိသော ပေါက်ပင်ကြီးရင်း၌ မြက်သုတ်သင်၍ မြေကိုညီညွတ်အောင် ပြုပြီးလျှင် သဲဖြူခင်းကာ တံမြတ်လှည်းလျက် သစ်ပင်ကို နံ့သာ လက်ငါးချောင်းရာပေး၍ ပန်းနံ့သာ အခိုးအထုံတို့ဖြင့် ပူဇော်ပြီးလျှင် ဆီမီးညှိထွန်းကာ “ချမ်းသာစွာ အိပ်ရပါ၏လော” ဟု မေးပြီးလျှင် လက်ယာရစ်လှည့်၍ သွား၏။ နှစ်ရက်မြောက်၊ သုံးရက်မြောက်၌ နံနက်စောစောကပင်သွား၍ “ချမ်းသာစွာ အိပ်ရပါ၏လော” မေးပြန်၏။

တစ်နေ့သ၌ ရုက္ခစိုးနတ်သည် ဤပုဏ္ဏားကား ငါ့ကိုအလွန်လုပ်ကျွေးဘိ၏။ ဤပုဏ္ဏားလုပ်ကျွေးခြင်း အကြောင်းကို ငါမေးမည်ဟု ကြံစည်လျက် သစ်ပင်ရင်း၌ တံမြက်လာ၍လှည်းနေသော ပုဏ္ဏားကိုမြင်လျှင် ပုဏ္ဏားအို၏အသွင်ဖြင့် အနီး၌ရပ်တည်ကာ -

“အို-ပုဏ္ဏား ... သင်သည် စိတ်ဝိညာဉ်ရှိ၍ ကြားတတ်၊ သိတတ်သူ ဖြစ်လျက် အဘယ်ကြောင့် စိတ်ဝိညာဉ် မရှိသောကြောင့် မကြားတတ်၊ မသိတတ်သော ဤပေါက်ပင်ကို ကြိုးစားအားထုတ်လျက် မမေ့မလျော့ အမြဲမပြတ် ချမ်းသာစွာ အိပ်ရပါ၏လောဟု မေးဘိသနည်း” –

ဟု ပုဏ္ဏားအား ပြောဆိုလေ၏။ လုပ်ကျွေးသောပုဏ္ဏားသည် ထိုစကားကိုကြားလျှင် -

“အို-ပုဏ္ဏားကြီး .... ဤပေါက်ပင်ကား အဝေး၌လည်း ထင်ရှား၏။ ကြီးလည်း ကြီး၏။ မြင့်မောက်ညီညွတ်သောအရပ်၌လည်း တည်ရှိ၏။ နတ်တို့နေရာဖြစ်၏။ ထိုကြောင့် အကျွန်ုပ်သည် ဤပေါက်ပင်ကို ရှိခိုးပါ၏။ ဤပေါက်ပင်ဤ တန်ခိုးကြီးသောနတ်တို့နေကြကုန်၏။ ထိုနတ်တို့ကို ဥစ္စာရလိုပါသောကြောင့် ရှိခိုးပါ၏” –

ဟု ပုဏ္ဏားကြီးအား ပြန်ကြားပြောဆိုလေ၏။

ရွှေအိုးကိုရ နတ်စောင်မ

ထိုစကားကိုကြားလျှင် ရုက္ခစိုးနတ်သည် ပုဏ္ဏားအား ကြည်ညို၍ “ပုဏ္ဏား ... ငါကား ဤပေါက်ပင်စောင့် ရုက္ခစိုးနတ်ဖြစ်သည်။ သင်မကြောက်လင့်၊ သင့်အား ဥစ္စာကိုပေးမည်” ဟု ပြောဆိုကာ ပုဏ္ဏားအား နှစ်သိမ့်စေ၍ ဗိမာန်တံခါးတါင် ကြီးသောနတ်၏ အာနုဘော်ဖြင့် ကောင်းကင်၌ ရပ်တည်လျက် -

“အို-ပုဏ္ဏား ... ငါသည် သင်ပြုအပ်သော ကျေးဇူးကိုသိသည်အဖြစ်ကို ရှုကြည့်လျက် မိမိအစွမ်းသတ္တိအားလျော်စွာ ကျေးဇူးတုံ့ကိုပြုမည်။ အမှန်အားဖြင့် သူတော်ကောင်းတို့အထံ၌ ကျေးဇူးပြုခြင်းသို့ရောက်၍ သင်၏ကိုယ်၊ နှုတ်တို့ဖြင့် လုံ့လပြုခြင်းတို့သည် အချည်းနှီး မဖြစ်နိုင်ကုန်။

အို-ပုဏ္ဏား ... တည်ပင်၏ရှေ့၌ တည်ရှိသော ညောင်ကြပ်ပင်ရင်းကို ဝန်းရံလျက် ရှေးသူဟောင်းတို့ မြှုပ်နှံ၍ ထားအပ်သော ရွှေအိုးများစွာသည် ယခုအခါ အမွေခံမရှိပြီ၊ သွားချေ၊ ထိုရွှေအိုးများစွာကို ထုတ်ဖော်ယူလော့” –

ဟု ပြောဆိုပြီးလျှင် တစ်ဖန် “ပုဏ္ဏား ... သင်သည် ထိုရွှေအိုးများစွာကို ထုတ်ဖော်၍ ယူရသည်ရှိသော် ပင်ပန်းလတ္တံ့၊ သင်သည် သွားလေလော့၊ ငါသည်ပင်လျှင် ထိုရွှေအိုးများစွာကို သင့်အိမ်သို့ဆောင်ယူကာ ဤမည်သောအရပ်၌ မြှုပ်နှံ၍ထားခဲ့မည်။ သင်သည် ထိုဥစ္စာကို အသက်ထက်ဆုံး သုံးဆောင်လျက် အလှူပေးလော့၊ သီလဆောက်တည်လော့ ” ဟု အဆုံးအမပေး၍ ထိုဥစ္စာတို့ကို မိမိအာနုဘော်ဖြင့် ပုဏ္ဏားအိမ်၌ တည်စေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုဏ္ဏားသည် - ယခုအခါ အာနန္ဒာ။

ပေါက်ပင်စောင့် ရုက္ခစိုးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သူတော်ထံတုံ၊ ကျေးဇူးဂုဏ်၊ ဖျင်းသုန်မရှိပါ။

(၂) ပေါက်ပင်ရှိခိုး၊ ပုဏ္ဏားမျိုး၊ ရွှေအိုးရဖူးပါ။

ပလာသဇာတ် ပြီး၏။

***

(၃၀၈) သကုဏဇာတ်

ကျေးဇူးကန်းသော ခြင်္သေ့၏ ခံတွင်း၌ စူးဝင်နေသည့် အရိုးကို နုတ်ပေးသော သစ်တောက်ငှက် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကျေးဇူးမသိ ယုတ်လေဘိ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် သူပြုဖူးသော ကျေးဇူးကို မသိလေ။

ထိုအခါ ရဟန်းတို့သည် တရားသဘင်ဝယ် ဒေဝဒတ် ကျေးဇူးမသိသောအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ဝေဝဒတ်သည် ယခုအခါ၌သာ ကျေးဇူးကို မသိတတ်သည်မဟုတ်၊ ရှေးအခါ၌လည်း ကျေးဇူးကိုမသိတတ်သည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

ခြင်္သေ့ရိုးမျက် ခံရခက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဟိမဝန္တာဝယ် သစ်တောက်လောက်ငှက်မျိုး၌ ဖြစ်လေ၏။ ထိုအခါ ခြင်္သေ့တစ်ကောင်သည် အသားကိုစားစဉ် လည်ချောင်း၌ အရိုးတစ်ခုသည် စူးဝင်လေ၏။ လည်ပင်းသည် ဖူးဖူးရောင်လျက် အစားမစားနိုင်၊ အလွန်နာကျင်သော ဝေဒနာဖြစ်လေ၏။

အသက်စောင့်ရှောက် သစ်တောက်လောက်

အစာရှာသွားသော သစ်တောက်လောက်ငှက်သည် ထိုခြေင်္သေ့ကိုမြင်လျှင် သစ်ခက်၌ နားနေလျက် “အဆွေခြင်္သေ့ ... သင်အား အဘယ်ကြောင့် ဆင်းရဲဝေဒနာ ဖြစ်သနည်း” ဟု မေးလျှင် ခြင်္သေ့သည် လည်ချောင်း၌ အရိုးစူးဝင်သော အကြောင်းကို ပြောကြားလေ၏။ ထိုအခါ သစ်တောက်လောက်ငှက်သည် “အဆွေခြင်္သေ့ ... သင်၏ လည်းချောင်း၌ စူးဝင်နေသော အရိုးကို နုတ်၍ပေးလိုပါ၏။ ကိုက်သတ်မည်ကို ကြောက်သဖြင့် သင့်ခံတွင်းသို့ ငါမဝံဝံ့ပါ” ဟု ပြောလေ၏။

ထိုအခါ ခြင်္သေ့သည် “အဆွေသစ်တောက်လောက်ငှက် ... မကြောက်ပါလင့်၊ သင့်ကို ငါ မကိုက်သတ်ပါ၊ ငါ၏ အသက်ကိုပေးပါလော့” ဟု တောင်းပန်လေ၏။ သစ်တောက်လောက်ငှက်သည် ကောင်းပြီး အသက်ကို ပေးမည်ဟု ဝန်ခံပြီးလျှင် ခြင်္သေ့ကို လက်ယာနံပါးဖြင့် အိပ်စေလျက် ကိုက်သတ်မည်၊ မသတ်မည်ကို ဘယ်သူသိနိုင်မည်နည်းဟု ကြံစည်ဆင်ခြင်လျက် ခံတွင်းကို မပတ်နိုင်အောင် အောက်နှုတ်ခမ်းနှင့် အထက်နှုတ်ခမ်း၌ တုတ်လှံတံထောက်လျက် ခံတွင်းသို့ ဝင်ပြီးလျှင် အရိုးစွန်းကို နှုတ်သီးဖြင့်ကိုက်၍ နုတ်လေ၏။ အရိုးကျွတ်ကျလတ်သော် ခံတွင်းမှထွက်၍ လှံတံကို ပယ်ပြီးလျှင် သစ်ခက်၌ နားပြန်၏။ ခြင်္သေ့လည်း ရောဂါပျောက်ကင်း ချမ်းသာလေ၏။

ကျေးဇူးကိုမေ့ ယုတ်ခြင်္သေ့

တစ်နေ့သ၌ ခြင်္သေ့သည် ကျွဲတစ်ကောင်ကိုသတ်၍ စားကာနေ၏။ ထိုအခိုက် သစ်တောက်လောက်ငှက်သည် အသက်ကိုပေးခဲ့ဖူးသော ကျေးဇူကို သိ၊ မသိ စုံစမ်းမ်ညဟု ခြင်္သေ့အထက်ရှိသော သစ်ခက်၌နားလျက် -

“အို - ခြင်္သေ့မင်း ... သင့်အား အကျွန်ုပ် ရှိခိုးပါ၏။ အကျွန်ုပ်သည် စွမ်းအားရှိသမျှ အသင်တို့ကိစ္စကို ဆောင်ရွက်ခဲ့ဖူးပါ၏။ အကျွန်ုပ်သည် အနည်းငယ်မျှရှိသော အမဲသားကို ရလိုပါ၏” –

ဟု ခြင်္သေ့မင်းနှင့် စကားပြောဆိုကာ အမဲသားကို တောင်းလေ၏။ ထိုစကားကိုကြားလျှင် ခြင်္သေ့မင်းသည် -

“အို-သစ်တောက်လောက်ငှက် ... သင်သည် ငါ၏ သွားကြားရောက်ပါလျက် အသက်ရှည်စွာ နေရခြင်းကား အသွေးအသားကို စားသောက်ကာ အမြဲကြမ်းကြုတ်နေသော ငါခြင်္သေ့၏ ပေးကမ်းပူဇော်ခြင်းပင် ဖြစ်၏” –

ဟု သစ်တောက်လောက်ငှက်အား အသက်ပေးသော ကျေးဇူးကို မထောက်ထားဘဲ အရိုးနုတ်ပေးစဉ်က မသတ်သည့်အတွက် သူ့ကိုပင် ကျေးဇူးဆပ်ရဦးမည့်အဟန်ဖြင့် ပြောဆိုလေ၏။ ထိုခြင်္သေ့စကားကိုကြားလျှင် သစ်တောက်လောက်ငှက်သည် -

“အို-ခြင်္သေ့မင်း ... ပြုအပ်သော ကျေးဇူးကိုမသိသောသူအား ပေါင်းဖော်မှီဝဲခြင်းကား အကျိုးမရှိပေ၊ ပြုခဲ့ဖူးသော ကျေးဇူးကိုမသိ၊ တုံ့ပြန်၍ မဆပ်သည့်ပြင် ကျေးဇူးကိုမသိ၊ တုံ့ပြန်၍ မဆပ်သည့်ပြင် ကျေးဇူးရှင်ကိုပင် ပြစ်မှားကျူးလွန်နေသူကို မငြူစူမဆဲရေးဘဲ ၎င်းထံမှ ဖြည်းညင်းသာယာစွာ ဖဲသွားရာ၏” –

ဟု ပြောဆိုပြီးလျှင် ကျေးဇူးကန်းသော ခြင်္သေ့မင်းထံမှ ဖဲသွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ခြင်္သေ့သည် - ယခုအခါ ဒေဝဒတ်။

သစ်တောက်လောက်ငှက်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကျေးဇူးမဲ့သား၊ သူယုတ်အား၊ လားလားမပေါင်းရာ။

(၂) ကျေးဇူးရှင်းရင်း၊ ပြစ်မှားလျဉ်း၊ ဖြည်းညင်းဖဲခွာရာ။

(၃) အသက်ကယ်ငြား၊ သစ်တောက်အား၊ ပြစ်မှားကေသရာ။

သကုဏဇာတ် ပြီး၏။

***

(၃၀၉) ဆဝဇာတ်

ကျွန်ုပ်လည်း ခိုးသူ ဖြစ်သဖြင့်လည်းကောင်း၊ မင်းကြီးလည်း ဗေဒင်ကို အမြင့်မှသင်ယူသဖြင့် လည်းကောင်း၊ ပုဏ္ဏားလည်း အနိမ့်မှ သင်ပေးသဖြင့် လည်းကောင်း အားလုံး ယုတ်မာကြသည်ဟု ရဲရဲဝံ့ဝံ့ ဆိုသောကြောင့် အချီးမြှောက်ခံရသော စဏ္ဍလအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တရားရိုသေ စောင့်ရှောက်လေ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် နိမ့်သောနေရာ၌နေလျက် မြင့်သောနေရာ၌သော သူတို့အား တရားဟောကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို ခေါ်တော်မူ၍ မေးတော်မူရာ ဟုတ်မှန်ကြောင်းကို လျှောက်ထားကြသဖြင့် ကဲ့ရဲ့တော်မူပြီးလျှင် “ရဟန်းတို့ .... တရားတော်၌ မရိုမသေပြုခြင်းသည်မသင့်၊ ရှေးပညာရှိတို့သည် နိမ့်သောနေရာ၌နေလျက် မြင့်သောနေရာ၌ နေသောသူအား ဗေဒင်သင်သောသူတို့ကို ကဲ့ရဲ့ဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မယားတွက်တာ ခိုးရရှာ

လွန်လေပြီးသော ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် စဏ္ဍာလမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် အိမ်ရာထောင်လျက် ဥစ္စာကိုဖြစ်ေ၏။

တစ်နေ့သ၌ ထိုစဏ္ဍာလ၏မယားသည် သရက်သီးကို စားလိုသောချင်ခြင်းဖြစ်၍ လင်ယောကျ်ားအား “အရှင် ... အကျွန်ုပ်သည် သရက်သီးကိုစားလိုသော ချင်ခြင်းဖြစ်ပါသည်” ဟု ပြော၏။ “ရှင်မ ... ယခုအခါ သရက်သီးမရှိ၊ တခြားအသီးကို ဆောင်ယူပေးမည်” ဟု “ ပြောလေ၏။ “အရှင် ... သရက်သီးကို စားရမှ အသက်ရှင်မည်၊ မစားရလျှင်သေမည်” ဟု ပြောလေ၏။

ထိုအခါ စဏ္ဍာလသည် မယား၌ တပ်စွန်းသောစိတ်ရှိသဖြင့် ကြံစည်လတ်သော် မင်းကြီးဥယျာဉ်၌ သရက်ပင်တို့သည် မပြတ်သီးကုန်သည်ဟုသိ၍ ညဉ့်အခါ ဥယျာဉ်တော်သို့သွားကာ သရက်ပင်သို့တက်၍ အသီးတို့ကို ကြည့်ရှုရှာဖွေရင်းပင် မိုးလင်းခဲ့၏။ ထိုအခါ စဏ္ဍာလသည် ယခုအခါ ငါသရက်ပင်မှ ဆင်း၍သွားလတ်သော် ငါ့ကိုမြင်လျှင် သူခိုးဟု ဖမ်းကြလိမ့်မည်။ သို့အတွက် တစ်နေ့လုံးနေ၍ ညဉ့်အခါမှပင် ဆင်းသက်၍သွားမည်ဟု သစ်ခွကြားတွင် ပုန်းကွယ်၍နေ၏။

သုံးယောက်စလုံး တရားသုဉ်း

ထိုအခါ ဗာရာဏသီမင်းသည် ပုရောဟိတ်ထံ ဗေဒင်သင်မည်ဟု ပုရောဟိတ်နှင့်တကွ ဥယျသ်တော်သို့ ဝင်ပြီးလျှင် သရက်ပင်ရင်းဝယ် မြင့်သောနေရာ၌နေလျက် ဆရာကိုမူကား နိမ့်သောနေရာ၌နေစေကာ ဗေဒင်တို့ကို သင်ကြားစေ၏။ ပုန်းကွယ်နေသော စဏ္ဍာလ မြတ်လတ်သော် မင်းသည် မြင့်သောနေရာ၌နေလျက် ဗေဒင်တို့ကို သင်ကြားဘိ၏။ ဤမင်းသည် တရားမစောင့်၊ ပုရောဟိတ်လည်း နိမ့်သောနေရာ၌နေလျက် ဗေဒင်တို့ကို သင်ကြားပေးဘိ၏။ ဤပုရောဟိတ်လည်း တရားမစောင့်၊ ငါလည်း မိ်န်းမ၏အလိုသို့ လိုက်၍ ကိုယ်နှင့်အသက်ကို မရေတွက်ဘဲ သရက်သီးတို့ကို ခိုးဘိ၏။ ငါလည်း တရားမစောင့်ဟု ကြံစည်ပြီးလျှင် တွဲလျားကျနေသော သရက်ကိုင်းဖျားမှ ဆင်းသက်ကာ မင်း ပုဏ္ဏားနှစ်ပါးတို့အလည်၌ ရပ်ပြီးလျှင် “အရှင်မင်းကြီး ...အကျွန်ုပ်ကား ပျက်စီး၏။ အရှင်မင်းကြီးကား တွေဝေ၏။ ပုရောဟိတ်ကား အလိုရမ္မက်ကြီး၏” ဟု ရဲတင်းစွာ ပြောဆိုလေ၏။

စဏ္ဍာလ တရားပြ

မင်းကြီးသည် စဏ္ဍာလအား - “အမောင် ... အဘယ်အကြောင်းကြောင့် ဤသို့ ပြောဆိုသနည်း” ဟု မေးရာ စဏ္ဍာလသည် မင်းကြီးအား -

“အရှင်မင်းကြီး ... အကျွန်ုပ်တို့ သုံးယောက်လုံး ပြုလုပ်အပ်သော အမှုကိစ္စအား ယုတ်မာသော အမှုကိစ္စချည်းသာဖြစ်၏။ အကျွန်ုပ်ကား မိန်းမအလိုသို့လိုက်၍ သရက်သီးတို့ကို ခိုးဘိ၏။ ပုရောဟိတ်လည်း နိမ့်သောနေရာ၌နေလျက် ဗေဒင်တို့ကို သင်ကြားပေးဘိ၏။ အရှင်မင်းကြီးလည်း မြင့်သောနေရာ၌နေလျက် ဗေဒင်သုံးပုံတို့ုကို သင်ယူဘိ၏။ သုံးယောက်လုံးတို့သည် တရားကို မမြင်ကြကုန်၊ တရားမှ ရွှေ့လျောကြကုန်၏” –

ဟု လျှောက်ထား၏။ ထိုစကားကို ပုရောဟိတ်ပုဏ္ဏားကြားလျှင် စဏ္ဍာလအား -

“အမောင် ငါကား မင်း၏ဥစ္စာဖြစ်၍ ဖြူစင်သော သလေး သားပြွမ်းထမင်ိးကု စားရ၏။ ထိုကြောင့် ဘုရား၊ ပစ္စေကဗုဒ္ဓ၊ ရဟန္တာတို့ မှီဝဲအပ်သော တရားကို မမှီဝဲနိုင်ပါ”

ဟု ပြန်ကြားပြောဆိုလေ၏။ ထိုအခါ စဏ္ဍာလသည် -

“အို - ပုဏ္ဏားကြီး ... လောကကြီးကား ကျယ်ဝန်းလှ၏။ အရပ်တစ်ပါးသို့ သွားပါလေ။ မင်းမှတစ်ပါးသောသူတို့လည်း ထမင်းချက်ကြကုန်၏။ သင်သည် မတရားသောအမှုကို မပြုကျင့်ပါလင့်၊ ကျောက်သည်အိုးကို ခွဲသကဲ့သို့ မတရားသောအမှုသည် သင့်ကိုမခွဲပါစေလင့်။

အို-ပုဏ္ဏားကြီး ... အပါယ်သို့ကျစေသဖြင့် လည်းကောင်း၊ မရားမှုကို ပြုကျင့်သဖြင့် လည်းကောင်း စည်းစိမ်ချမ်းသာ ဥစ္စာရခြင်းကို ရလာခဲ့အံ့၊ ထိုသို့ ရလာသော စည်းစိမ်ချမ်းသာဥစ္စာကိုရခြင်းကို ငါတို့ကဲ့ရဲ့စက်ဆုပ်ပါကုန်၏” –

ဟု ပုရောဟိတ်အား တရားဟောလေ၏။

ပူဇော်ပသမှု သူကောင်းပြု

ထိုအခါ မင်းကြီးသည် စဏ္ဍာလတရားကို ကြည်ညိုသဖြင့် “အမောင် ... သင် ဘယ်အမျိုးနည်း” ဟု မေး၏။ “အရှင်မင်းကြီး ... အကျွန်ုပ်ကား စဏ္ဍာလမျိုး ဖြစ်ပါသည်” ဟု လျှောက်၏။ “အမောင် ... သင်သည် အကယ်၍ အမျိုးနှင့် ပြည့်စုံငြားအံ့ သင့်အား မင်းဖြစ်ကိုပေးရာ၏။ ဤနေ့မှစ၍ ငါသည် နေ့အခါ မင်းပြုအံ့၊ သင်သည် ညဉ့်အခါ မင်းပြုလော့” ဟု ပြောဆိုကာ မိမိလည်ပင်း၌ ဆင်မြန်းအပ်သော ပန်းဆိုင်းကို စဏ္ဍာလလည်ပင်း၌ ဆင်မြန်းစေ၍ မြို့စောင့်ခန့်ထားတော်မူ၏။ [ဤအတွယ်သည်ကား လည်ပင်၌ နီသောပန်းဆိုင်းကို ဆင်မြန်းရသော မြို့စောင့်တို့အနွယ်တို့ဖြစ်လာ၏]

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းသည် - ယခုအခါ အာနန္ဒာ။

စဏ္ဍာလသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သူတေ တံထွာ၊ တတ်ပညာ၊ ကောင်းစွာရိုသေသည်။

(၂) မြင့်နေမင်းအား၊ နိမ့်ပုဏ္ဏား၊ သင်ကြားဗေဒင်မည်။

(၃) သရက်ခိုးငြား၊ ဒွန်းစဏ္ဍား၊ တရားပြခဲ့သည်။

ဆဝဇာတ် ပြီး၏။

***

(၃၁၀) သေယျဇာတ်

ပုရောဟိတ် ရာထူးယူပါရန် ပန်ကြားလာသူ သေယျအမတ်အား ရာထူးမမက်၍ တောထွက်လာခဲ့သည်ဟု ပြောဆိုသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပျင်းရိငြီးငွေ့ မိန်းမတွေ့

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် သာဝတ္ထိပြည်သို့ ဆွမ်းခံသွားသည်ရှိသော် အဆင်းလှ၍ တန်ဆာဆင်ထားသော မိန်းမတစ်ယောက်ကို မြင်သဖြင့် တပ်စွန်းသောစိတ်ရှိရကား သာသနာတော်၌ ငြီးငွေ့ပျင်းရိလေ၏။

ရဟန်းတို့သည် ထိုရဟန်းအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားကုန်၏။ မြတ်စွာဘုရားလည်း ထိုရဟန်းကိုခေါ်၍ မေးတော်မူလျှင် ဟုတ်မှန်ကြောင်းကို လျှောက်ထားရာ “ရဟန်း ... သင်သည် အဘယ်ကြောင့် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော သာသနာတော်၌ ရဟန်းပြုပါလျက် ငြီးငွေ့ဘိသနည်း၊ ရှေးပညာရှိတို့သည် ပုရောဟိတ်အရာကို စွန့်ကုန်လျက် ရဟန်းပြုကြကုန်သေး၏” –

ဟုမိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သားနှင့်ထပ်တူ ယူမွေးမြူ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုရောဟိတ်ပုဏ္ဏား၏ ပုဏ္ဏေးမဝမ်း၌ဖြစ်၍ ဗြဟ္မဒတ်မင်း သားတော်နှင့် တစ်နေ့တည်း မွေးဖွားလေ၏။ မင်းကြီးသည် မိမိသားတော်နှင့် တစ်နေ့တည်း မွေးဖွားသည်ကို သိတော်မူလျှင် ပုရောဟိတ်ပုဏ္ဏား၏သားကို ယူစေပြီးလျှင် အထိန်းတို့အားပေး၍ မင်းသားနှင့်အတူ မွေးမြူစေ၏။ သူငယ်နှစ်ယောကတို့အား အဆင်တန်ဆာ အစားအစာတို့သည် ညီတူညီမျှဖြစ်ကုန်၏။

သူငယ်တို့သည် အရွယ်သို့ရောက်ကုန်လတ်သော် အတူတကွသာလျှင် တက္ကသိုလ်ပြည်၌ အတတ်ပညာသင်ကြားတတ်မြောက်ပြီးလျှင် မင်းသားသည် အိမ်ရှေ့မင်းအဖြစ်ကို ရသဖြင့် များစွာသော စည်းစိမ်အခြံအရံရှိ၏။ ပုရောဟိတ်သားလည်း အိမ်ရှေ့မင်းနှင့် အတူတကွသာ နေထိုင်စားသောက်ကာနေ၏။ အချင်းချင်း အလွန်အကျွမ်းဝင်၏။

စျာန်ကစားကာ ရသေ့မှာ

အိမ်ရှေ့မင်းသားသည် နောက်အခါ အဖမင်းကြီး သေလွန်သဖြင့် မင်းအဖြစ်ကိုရရှိ၍ ကြီးစွာသောစည်းစိမ်ကို ခံစားကာနေ၏။ ထိုအခါ ပုရောဟိတ်သားသည် ယခုအခါ ငါ၏ အဆွေခင်ပွန်းမင်းသားသည် မင်းအဖြစ်ကို ရခဲ့ပြီ၊ ငါ့ကို သတိရသည်နှင့်တစ်ပြိုက်နက် ငါ့အား ပုရောဟိတ်အရာကို ပေးလတ္တံ့၊ ငါ့အား အိမ်၌နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရသေ့ရဟန်းပြုကာ ဝိဝေကကိုပွားစေမည်ဟု ကြံစည်၍ မိဘတို့ထံ ခွင့်ပန်ကာ ကြီးစွာသော စည်းစိမ်ချမ်းသာကို စွန့်လွှတ်ပြီးလျှင် ရသေ့ရဟန်းပြု၍ ဟိမဝန္တာအရပ်၌ နေလျက် အဘိညာဉ် သမာပတ်ကို ဖြစ်စေ၍ စျာန်ကစားကာ နေလေ၏။

မင်းကြီးသည် ပုရောဟိတ်သားကို သတိရသောအခါ အမတ်တို့အား မေးမြန်းလေလျှင် အမတ်တို့လည်း ရသေ့ရဟန်းပြုကာ ဟိမဝန္တာအရပ်၌ နေကြောင်းကို လျှောက်ထားကြကုန်၏။ ထိုအခါ မင်းကြီးသည် သေယျမည်သော အမတ်ကိုခေါ်၍ “အို - အမတ် ... သွားချေ၊ ငါ၏အဆွေခင်ပွန်းဖြစ်သော ပုရောဟိတ်သားကို ခေါ်ခဲ့ရမည်၊ ပုရောဟိတ်လျာထားကိုပေးမည်” ဟု မှာထားကာ စေလွှတ်လိုက်၏။

ရာထူးကိုမြစ် စွန့်ပယ်ပစ်

သေယျအမတ်လည်း မင်းကြီးစေခိုင်းချက်အရ ပုရောဟိတ်သားကိုခေါ်ရန် ဗာရာဏသီပြည်မှ ထွက်သွားရာ ပစ္စန္တရာဇ် ရွာတစ်ခုသို့ရောက်လျှင် သစ်ခက်တပ်ချ၍ ဗိုလ်ပါတို့ကို ထားခဲ့ပြီးလျှင် လမ်းညွှန်မုဆိုးနှင့်တကွ ပုရောဟိတ်သား ရသေ့ထံသို့ သွားလေ၏။ ရောက်၍ ကျောင်းတံခါးတွင် ရွှေဆင်းတုကဲ့သို့ ထိုင်နေသော ရသေ့ကိုမြင်လျှင် ရှိခိုး၍ “အရှင်ဘုရား ... မင်းကြီးသည် ပုရောဟိတ်အရာကို ပေးလိုပါ၏။ မင်းကြီးထံ ကြွတော်မူပါ” ဟု လျှောက်ထားလေ၏။

ထိုအခါ ရသေ့သည် သေယျအမတ်အား “အို - အမတ်ကြီး ... ပုရောဟိတ်အရာကိုထားဘိဦး ဇမ္ဗူဒိပ်တစ်ကျွန်းလုံး မင်းအဖြစ်၊ စကြဝတေးမင်းအဖြစ်ကို ရသော်လည်း ငါမလိုက်လို၊ ပညာရှိတို့မည်သည် ထွေးပြီးသော တံတွေးကိုပြန်၍မမျိုသကဲ့သို့ စွန့်လွှတ်ပြီးသော ကိလေသာကို ပြန်၍မယူကုန်” ဟု ပြောဆိုကာ ပုရောဟိတ်ရာထူးကို မြစ်ပင်ပြီးလျှင် -

“အို - သေယျအမတ် ... ကဲ့ရဲ့ဖွယ်ဖြစ်၍ သမုဒ္ဒရာကို ရံပတ်ကာတည်သော စကြာဝဋာတောင်နှင့်တကွ နားတောင်းသဖွယ် ဖြစ်သော ဤမြေအလုံးကို အလိုမရှိ” ဟု သိပါလေ။

အပါယ်သို့ကျစေသဖြင့် လည်းကောင်း၊ အဓမ္မကို ပြုကျင့်သဖြင့် လည်းကောင်း ရရှိသောစည်းစိမ်ဥစ္စာ လာဘ်လာဘကို ငါတို့ ကဲ့ရဲ့ပါကုန်၏။

အဓမ္မဖြင့် ရှာမှီး၍ရသော စည်းစိမ်ဥစ္စာဖြင့် အသက်မွေးခြင်းထက် ရသေ့ရဟန်းပြုလျက် သပိတ်ကိုပိုက်ကာ ဆွမ်းခံ၍ အသက်မွေးခြင်းသည် မွန်မြတ်လှ၏။

ရသေ့ရဟန်းပြု၍ အသက်မွေးခြင်းမှာလည်း လောက၌ သူတစ်ပါးကို မညှဉ်းဆဲဘဲ ကောင်းသော အသက်မွေးခြင်းဖြစ်၍ မင်းအဖြစ်ထက် မွန်မြတ်လှ၏” –

ဟု သေယျအမတ်အား အကျိုးအကြောင်းပြဿကာ ဆုံးမဟောကြားလေ၏။ သေယျအမတ်လည်း မဖန်ဖန်တောင်းပန်၍မရလျှင် ရသေ့ကို ရှိခိုးခွင့်ပန်ကာ မြို့တော်သို့ ပြန်လာပြီးလျှင် ပင့်ခေါ်၍မရကြောင်း မင်းကြီးအား လျှောက်ထားလေ၏။

မြတ်စွာဘုရားသည် ဒေသနာတော်ကို ဆောင်တော်မူပြီးလျှင် သစ္စာကိုပြသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ တခြားများစွာသော ရဟန်းတို့လည်း သောတာပတ္တိဖိုလ်စသည်တို့၌ တည်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းသည် - ယခုအခါ အာနန္ဒာ။

သေယျအမတ်သည် - သာရိပုတ္တရာ။

ပုရောဟိတ်သားရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အပါယ်ကျစေ၊ အဓမ္မေ၊ ရှာဖွေရဥစ္စာ။

(၂) မတရားဖြင့်၊ သက်မွေးလင့်၊ မသင့်ယုတ်လှစွာ။

(၃) ရဟန်းပြုပြန်၊ ဆွမ်းပန်းခံ၊ မြတ်မွန်သက်မွေးရာ။

(၄) စကြာမန္တာတ်၊ ရဟန်းဇာတ်၊ မြတ်ထက်မြတ်လှပါ။

သေယျဇာတ် ပြီး၏။

***

(၃၁၁) ပုစိမန္ဒဇာတ်

အနာဂတ်ဘေး ဖြစ်မည့်အရေးကို မျှော်တွေး၍ သူခိုးကို ပြေးစေသော တမာပင်စောင့်နတ်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရွံရှာအပ်ရာ ရှောင်ကြဉ်ပါ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရှင်မောဂ္ဂလာန်မထေရ်သည် ရာဇဂြိုဟ်ပြည်ကိုအမှီပြု၍ တောကျောင်းတစ်ခု၌ သီတင်းသုံးတော်မူ၏။

ထိုအခါ သူခိုးတစ်ယောက်သည် မြို့တံခါးအနီးဖြစ်သောရွာဝယ် အိမ်တစ်အိမ်မှ ပစ္စည်းဥစ္စာတို့ကို ခိုးယူကာ ပြေးလာ၍ လုံခြုံစေရန် ရှင်မောဂ္ဂလာန်ကျောင်းဦးတွင် ဝင်ကာ အိပ်လေ၏။ ရှင်မောဂ္ဂလာန် သိတော်မူလျှင် ရွံရှာအပ်သောသူခိုးနှင့် ရောနှော၍ နေခြင်းကား မသင့်ဟု ကြံစည်ကာ ကျောင်းမှထွက်၍ မအိပ်ရန် သခိုးကို နှင်ထုတ်လေ၏။ သူခိုးလည်း ခြေရာဖျောက်လျက် ပြေးလေ၏။

လူတို့လည်း မီးရှူးကိုကိုင်၍ သူခိုးပြေးရာသို့ အစဉ်အတိုင်း လိုက်လာရာ ကျောင်းသို့ရောက်၍ ဟိုဟိုသည်သည်ရှာဖွေရာ မတွေ့တော့သဖြင့် ပြန်ကြကုန်၏။ ရှင်မောဂ္ဂလာန်သည် နက်ဖြန်နေ့ဝယ် ဆွမ်းခံပြီးလျှင် မြတ်စွာဘုရားထံသွားကာ ထိုအကြောင်းကို လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ရှင်မောဂ္ဂလာန်အား “ချစ်သား မောဂ္ဂလာန် ... သင်သည်သာ ရွံရှာအပ်သောသူကို ရွံရှာသည်မဟုတ်၊ ရှေးအခါ ပညာရှိတို့လည်း ရွံရှာအပ်သောသူကို ရွံရှာဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မကောင်းသူနှင့် မပေါင်းသင့်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သုသာန်တောဝယ် တမာပင်စောင့်နတ် ဖြစ်လေ၏။ မနီးမဝေးအရပ်တွင် ညောင်ဗုဒ္ဓဟေပင်စောင့်နတ်လည်း ရှိလေ၏။

တစ်နေ့သ၌ သူခိုးတစ်ယောက်သည် မြို့တံခါးအနီးဖြစ်သောရွာ၌ ပစ္စည်းဥစ္စာတို့ကိုခိုးယူကာ သုသာန်တော်သို့ ဝင်လာပြီးလျှင် တမာပင်ရင်းတွင် ဥစ္စာထုပ်ကိုထားလျက် အိပ်လေ၏။ ထိုအခါ တမာပင်စောင့်နတ်သည် ရွံရှာအပ်သောသူခိုးလာ၍ အိပ်သည်ကိုသိလျှင် ဤသူခိုးကို ဥစ္စာရှင်တို့ လိုက်လာ၍ ဖမ်းယူကာ တမာကိုင်းကိုဖြတ်၍ တံကျင်ပြုလျက် တံကျင်လျှိုကြကုန်သည်ရှိသော် ငါ၏တမာပင်ပျက်စီးလတ္တံ့ဟု ကြံစည်ကာ-သူခိုးအား -

“ဟယ်-သူခိုး ... ထလော့၊ သင်အဘယ်ကြောင့်အိပ်သနည်း၊ သင်အား အိပ်နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဥစ္စာတို့ကို ခိုးလာသောသင့်ကို မင်းချင်းယောကျ်ားတို့ ဖမ်းဆီးကြလိမ့်မည်၊ မင်းချင်းယောက်ျားတို့ မဖမ်းမီ ပြေးလော့” –

ဟု ခြိမ်းခြောက်ကာ တမာပင်းရင်းမှ ပြေးစေ၏။ သူခိုးပြေးသည်ရှိသော် ညောင်ဗုဒ္ဓဟေပင်စောင့်နတ်သည် တမာပင်စောင့်နတ်အား -

“အဆွေ-တမာပင်စောင့်နတ် ... ရွာထဲမှ ပစ္စည်းဥစ္စာတို့ကို ခိုးယူလာသောသူခိုးကို မင်းချင်းယောက်ျားတို့ ဖမ်းဆီးသည်ရှိသော် တောထဲ၌ တည်နေသော သင်တမာပင်စောင့်နတ်အား အသို့ဖြစ်မည်နည်း” - ဟု ပြောဆိုလေ၏။ တမာပင်စောင့်နတ်သည် ညောင်ဗုဒ္ဓဟေပင်စောင့်နတ်၏ စကားကိုကြားလျှင် - တစ်ဖန် ညောင်ဗုဒ္ဓေဟေပင်စောင့်နတ်အား -

“အဆွေ - ညောင်ဗုဒ္ဓဟေပင်စောင့်နတ် ... သင်သည် အကျွန်ုပ်နှင့် သူခိုး တပေါင်းတည်းနေရသောအကြောင်းကို မသိလေ၊ ရွာထဲမှ ပစ္စည်းဥစ္စာတို့ကို ခိုးယူလာသောသူခိုးကို မင်းချင်းယောကျ်ားတို့လာ၍ဖမ်းကာ တမာသားတံကျင်၌ လျှိုကြလိမ့်မည်ဟု အကျွန်ုပ်ရွံရှာ၏” –

ဟု ပြောဆိုပြန်၏။ ထိုရုက္ခစိုးနတ်နှစ်တို့ အချင်းချင်း ပြောဆိုနေကြကုန်စဉ်လျှင် ဥစ္စာရှင်တို့သည် မီးရှူးကို ကိုင်ကာ အစဉ်အတိုင်းလာကြရာ သုသာန်တောသို့ရောက်၍ သူခိုးတို့အိပ်ရာကိုမြင်လျှင် “အချင်းတို့ ... ယခုပင် သူခိုးတို့ထ၍ ပြေးကြပြီ၊ မမိလိုက်ကုန်၊ အကယ်၍မိလျှင် တမာသား တံကျင်၌လျှိုကာ တမာခတ်၌ ဆွဲပြီးလျှင် သွားကြကုန်အံ့” ဟု တိုင်ပင်ပြောဆိုကာ ဟိုဟိုသည်သည် ရှာဖွေ၍ မတွေ့လျှင် ပြန်ကြကုန်၏။

ထိုအခါ လူတို့စကားကိုကြားလျှင် ညောဗုဒ္ဓဟေပင်စောင့်နတ်သည် တစ်ဖန် တမာပင်စောင့်နတ်အား -

“အဆွေ-တမာပင်စောင့်နတ် ... ပညာရှိတို့ကား ရွံရှာအပ်သည်ကို ရွံရှာကုန်ရာ၏။ လာလတ္တံ့သော ဘေးကို စောင့်ရှောက်ကုန်ရာ၏။ လာလတ္တံ့သော ဘေးဖြင့် နှစ်ပါးသောလောကကို ကြည့်ရှုဆင်ခြင်ကုန်ရာ၏”

ဟု ချီးကျူးပြောဆိုလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ညောင်ဗုဒ္ဓဟေပင်စောင့်နတ်သည် - ယခုအခါ အာနန္ဒာ။

တမာပင်စောင့်နတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရွံရှာအပ်ရာ၊ အရာရာ၊ ရွံရှာပညာရှင်။

(၂) လာလတ္တံ့ဘေး၊ ရှုမျှော်တွေး၊ စောင့်ရေးပညာရှင်။

(၃) ဘေးဖြင့်မျှော်လစ်၊ လောကနှစ်၊ တွေးစစ်ပညာရှင်။

ပုစိမန္ဒဇာတ် ပြီး၏။

***

(၃၁၂) ကဿပမန္ဒိယဇာတ်

လူငယ်တို့မည်သည် ရန်ပြုမိက အိုးကွဲကဲ့သို့ ဖြစ်တတ်သည်ဟု သားငယ်နှင့် ခိုက်ရန်ဖြစ်သော “ကဿပ” အဘရသေ့အား ပြောဆိုသည့် သားကြီးရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကာမဆိုတာ ရွံစရာ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်ဝယ် အမျိုးသားတစ်ယောက်သည် ကာမဂုဏ်အပြစ်ကို မြင်ကာ ရဟန်းပြု၍ ကမ္မဋ္ဌာန်းတရားကို အားထုတ်သည်ရှိသော် မကြာမြင့်မီလျှင် ရဟန္တာအဖြစ်သို့ ရောက်လေ၏။

နောက်အဖို့၌ ထိုရဟန်း၏မိခင် သေလွန်လတ်သော် အဖအိုနှင့်ညီငယ်တို့ကို ရဟန်းပြုစေ၍ ဇေတဝန်ကျောင်းတော်၌ နေစေလျက် ဝါဆိုခါနီးသောအခါ သင်္ကန်းပစ္စည်းရလွယ်သော ရွာကျောင်းတစ်ခုသို့ သွားပြီးလျှင် ဝါကပ်ကြကုန်၏။

ဝါကျွတ်လတ်သော် ဇေတဝန်ကျောင်းတော်သို့ ပြန်လာကြရာ အနီးသို့ရောက်လျှင် သားရဟန်းငယ်သည် ညီသာမဏေအား - “သာမဏေ ... အဖရဟန်းအိုကို မပင်ပန်းရအောင် တဖြည်းဖြည်း ခေါ်ခဲ့ပါ၊ ငါသွားနှင့်၍ ကျောင်းကို သုတ်သင်မည်” ဟု ဇေတဝန်ကျောင်းတော်သို့ သွားလေ၏။

သားနှင့်အဖ ရန်ဖြစ်ကြ

ထိုအခါ အဖ သက်ကြီးရဟန်းအိုသည် ဖြည်းဖြည်းသက်သာသွား၏။ သားသာမဏေငယ်သည် အဖန်ဖန် ဦးခေါင်းကို နှိပ်ဘိသကဲ့သို့ “အရှင်ဘုရား ... သွားပါ၊ အရှင်ဘုရား ... သွားပါ” ဟု နိုင်တက်မူ၍ ခေါ်ဆောင်၏။ သက်ကြီးအိုရဟန်းသည် “သင်သည် ငါ့ကို သင့်အလိုအတိုင်း ခေါ်ဆောင်ဘိ၏။ ငါ့အလိုတိုင်းမသွားရ” ဟု ပြောဆိုကာ နောက်သို့တစ်ဖန်ပြန်၍ အစမှစကာ သွားလေ၏။ ထိုသားအဖနှစ်ယောက်တို့ အချင်းချင်း ခိုက်ရန်ဖြစ်ကုန်စဉ်လျက် နေဝင်၍ မှောင်မိုက်လေ၏။

ရဟန်းငယ်သည် ကျောင်းသို့ရောက်၍ တံမြက်လှည်းခြင်း၊ ရေခပ်ခြင်း စသည်တို့ကို ပြုလုပ်ပြီးလျှင် သက်ကြီးအိုသားအဖ မရောက်လာသေးသဖြင့် မီးရှူးကိုကိုင်ကာ ခရီးဦးကြိုဆိုလတ်သော် မြင်၍၊ ကြာမြင့်ခြင်း အကြောင်းကိုမေးလျှင် အဖရဟန်းအိုသည် မိမိတို့အချင်းချင်း ခိုက်ရန်ဖြစ်သော အကြောင်းကို ပြောကြားလေ၏။

ကျောင်းသို့ရောက်လျှင် ရဟန်းငယ်သည် သားအဖနှစ်ယောက်တို့ကို အပန်းဖြေစေ၍ ညဉ့်မိုးချုပ်သဖြင့် မြတ်စွာဘုရားထံသို့ မဆည်းကပ်သေးဘဲ နှစ်ရက်မြောက်နေ့၌ ဆည်းကပ်လေ၏။ မြတ်စွာဘုရားသည် ရဟန်းငယ်အား မေးမြန်းတော်မူရာ အဖရဟန်းအိုနှင့် သာမဏေငယ်တို့ အကြောင်းကို လျှောက်ထားပြန်လျှင် မြတ်စွာဘုရားက “ ချစ်သားရဟန်း ... ဤရဟန်းအိုသည် ယခုအခါ၌သာ ဤသို့သောအမှုကို ပြုသည်မဟုတ်၊ ရှေးအခါ၌လည်း ပြုဖူးပြီ၊ ယခုအခါ၌သာ သင့်ကို ပင်ပန်းစေ၏။ ရှေးအခါ၌ကား ပညာရှိတို့ကို ပင်ပန်းစေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသည်း။

အတိတ်ဝတ္ထု

အမိသေလေ တောအုပ်နေ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကနိဂုံးဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် အမိသည် သေဆုံးလေ၏။ ထိုအခါ အိမ်၌ရှိသော ဥစ္စာတို့ကို အလှူပေး၍ အဖအိုနှင့် ညီငယ်တို့ကို ဆောင်ယူကာ ဟိမဝန္တာအရပ်တွင် နတ်တို့ပေးသော လျှော်သေင်္ကန်းဖြင့် ရသေ့ရဟန်းပြုကြပြီးလျှင် သစ်သီကြီးငယ်တို့ဖြင့် မွေ့လျော်ဖွယ်ရှိသော တောအုပ်၌ နေကြကုန်၏။

ထိုရသေ့တို့သည် ဟိမဝန္တာအရပ်ဝယ် မိုးလအခါ၌ မိုးမပြတ်ရွာသည်ရှိသော် သစ်သီးကြီးငယ် သစ်ဥသစ်မြစ်တို့ ရခဲသဖြင့် ဟိမဝန္တာမှ ထွက်ခွာကြလျက် လူတို့၏နေရာ၌ နေကြရကုန်၏။ တစ်ဖန် မိုးလလွန်၍ သစ်သီးကြီးငယ် သစ်မြစ်သစ်ဥတို့ ရလွယ်ပြန်သောအခါ ဟိမဝန္တာသို့ ပြန်ကြကုန်၏။ ကျောင်းအနီးသို့ရောက်၍ နေဝင်လတ်သော် အစ်ကိုရသေ့သည် အဖရသေ့အိုနှင့် ညီရသေ့ငယ်တို့ကို သင်တို့ တဖြည်းဖြည်းလာကြကုန် အကျွန်ုပ်ရှေ့မှ သွားနှင့်၍ ကျောင်းကို သုတ်သင်မည်ဟု မှာထားကာ သွားလေ၏။

ဦးခေါင်းနှိပ်ကာ ခေါ်ဆောင်ရာ

အဖရသေ့အိုသည် တဖြည်းဖြည်းသွား၏။ ထိုအခါ ညီငယ်ရသေ့သည် အဖရသေ့အိုကို နှစ်ကြိမ်၊ သုံးကြိမ် ဦးခေါင်းဖြင့် နှိပ်ဘိသကဲ့သို့ သွားပါ၊ သွားပါဟု ဆိုလျက် အတင်းခေါ်၍သွား၏။ ရသေ့အိုသည် “သင်သည် ငါ့ကို သင့်အလိုဖြင့် အတင်းခေါ်ဆောင်ဘိ၏။ ငါ့အလိုဖြင့် ငါသွားမည်” ဟုဆို၍ နောက်သို့တစ်ဖန် ပြန်လည်ကာ အစမှစ၍ သွားလေ၏။ ဤသို့လျှင် အဖရသေ့အိုနှင့် ညီငယ် ရသေ့နှစ်ဦးတို့ ခိုက်ရန်ဖြစ်ကုန်စဉ်လျှင် ညဉ့်သည် မိုက်၍လာလေ၏။

ထိုအခါ အစ်ကိုရသေ့သည် ကျောင်းကို သုတ်သင်၍ ရေခပ်ပြီးလျှင် ရသေ့အိုသားအဖ လာခဲလှသည်ဟု မီးရှူးကိုကိုင်၍ ခရီးဦးကြိုဆိုရာ မြင်လျှင် ဤမျှလောက် အဘယ်ကြောင့် ကြာမြင့်ကြသနည်းဟု မေးသောအခါ ညီငယ်ရသေ့သည် အစ်ကိုရသေ့အား အဖရသေ့အိုပြုသော အကြောင်းကို လျှောက်ထားလေ၏။ အစ်ကိုရသေ့သည် သားအဖနှစ်ယောက်တို့ကို ဖြည်းညင်းသာယာစွာ ယူဆောင်သဖြင့် ကျောင်းသို့ ရောက်ကြကုန်၏။

မြေအိုးနှင့်တူ ငယ်ရွယ်သူ

ရောက်လျှင် ပရိက္ခရာတို့ကိုသိုမှီးကာ အပန်းဖြေပြီးလျှင် အဖရသေ့အိုကို ဝတ်ကြီးဝတ်ငယ် ပြုစုလျက် အနီး၌နေ၍ -

“အို - ကဿပ ... စင်စစ် ပညာနုံ့သောကြောင့် ငယ်သူတို့သည် ဆဲလည်းဆဲကုန်၏။ သတ်ပုတ်လည်း သတ်ပုတ်တတ်ကုန်၏။ ပညာရှိမည်သည်ကား ထိုပြုလုပ်သမျှ အလုံးစုံကိုလည်း ခံရ၏ -

ပညာရှိသူတော်ကောင်းတို့ မည်သည်ကား အကယ်၍ ငြင်းခုံခိုက်ရန် ဖြစ်ကြစေကာမူ နောက်တစ်ဖန်လျင်စွာ မိတ်ဆွေဖြစ်ပြန်ကုန်၏။ သူငယ်တို့မည်သည်ကား မြေအိုးမြေခွက်တို့ကဲ့သို့ ကွဲပြားတတ်ကုန်၏။ ပြေငြိမ်းခြင်းသို့ မရောက်နိုင်ကုန်။

လွန်ကျူးသောအပြစ်ကို သိသောသူ၊ အပြစ်ဖြေကြားခြင်းကို သိသောသူတို့သည် နောက်တစ်ဖန် စေ့စပ်နိုင်ကုန်၏။ ထိုသူတို့ချစ်ခြင်းကား မဆွေးမြေ့နိုင်။

အပြစ်ကျူးလွန်သော သူတစ်ပါးတို့အား စေ့စပ်ရန် သင့်၏ဟု ကြိုးစားအားထုတ်၏။ ထိုသူသည် ဆိုအပ်ခဲ့ပြီးသော သူတို့ထက် လွန်မြတ်သော မိတ်ဆွေဟူသောတာဝန်ကို ရွက်ဆောင်သူဖြစ်၏” –

ဟု အကျိုးအကြောင်းကိုပြကာ အဖရသေ့အိုအား အဆုံးအမပေး၏။ အဖရသေ့အိုလည်း ထိုအခါမှစ၍ ယဉ်ကျေးသိမ်မွေ့လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ အဖရသေ့သည် - ယခုအခါ ရဟန်းအို။

ညီငယ်ရသေ့သည် - သာမဏေငယ်။

အဆုံးအမပေးသော အစ်ကိုရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဆဲရေးကြပြန်၊ ပုတ်ခတ်ပြန်၊ သည်းခံညာရှိ။

(၂) ရန်ခိုက်ဖြစ်ပြန်၊ နောက်တစ်ဖန်၊ လျင်မြန်ဆက်စပ်မိ။

(၃) ငယ်သူမိုက်သူ၊ မြေခွက်တူ၊ ကွဲမူမစပ်မိ။

(၄) ဖြေနည်းသိလျဉ်း၊ ပြစ်သိလျဉ်း၊ ချစ်ခြင်းမဆွေးဘိ။

(၅) ပြစ်ပြုသူမျိုး၊ စပ်ရန်ကြိုး၊ မြတ်ရိုးဝန်ဆောင်ဘိ။

ကဿပမန္ဒိယဇာတ် ပြီး၏။

***

(၃၁၃) ခန္တီဝါဒီဇာတ်

ခြေ လက် နား နှာခေါင်း စသည်များကို ဖြတ်သည့် ကလာဗုမင်းအား မေတ္တာမပျက် သည်းခံလျက်ရှိသော ခန္တီဝါဒီရသေ့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရဟန်းဖြစ်လျက် အမျက်ထွက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် အမျက်ထွက်တတ်၏။ ထိုရဟန်းကို မြတ်စွာဘုရား သိတော်မူလျှင် ချစ်သားရဟန်း ... သင်သည် အမျက်မထွက်အပ်သော ငါဘုရား သာသနာတော်၌ ရဟန်းပြုပါလျက် အဘယ်ကြောင့် အမျက်ထွက်ဘိသနည်း၊ ရှေးပညာရှိတို့သည် မိမိကိုရိုက်ပုတ်ညှဉ်းဆဲသော် လည်းကောင်း၊ လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ကိုဖြတ်သော်လည်းကောင်း သူတစ်ပါးတို့အား အမျက်မထွက်ကုန်ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆော်တော်မူသတည်း။

အတိတ်ဝတ္ထု

သေရာယူမည် သူကြံစည်

လွန်လေပြီးသောအခါ ဗာရာဏီသီပြည်ဝယ် ကလာဗုမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝချမ်းသာသော ပုဏ္ဏားမျိုး၌ဖြစ်၍ အမည်အားဖြင့် ကုဏ္ဍလလုလင်ဟု ခေါ်ဝေးကြကုန်၏။ ထိုကုဏ္ဍလလုလင်သည် အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာတို့ကို သင်ကြားပြီးလျှင် ဥစ္စာစုကို ဖြစ်စေ၍ အမိအဖတို့ သေလွန်သောအခါ ကြွင်းကျန်ရစ်သော ဥစ္စာစုကို မြင်လတ်သော် ငါ့ဆွေမျိုးတို့သည် ဤဥစ္စာစုကို မယူဘဲသွားကြကုန်၏။ ငါမူကား ယူ၍သွားမည်ဟု ကြံစည်ကာ ဥစ္စာစုကို လှူဒါန်းစွန့်ကြဲပြီးလျှင် ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြုလျက် သစ်သီးကြီးငယ်တို့ဖြင့် မျှတကာ ကြာမြင့်စွာနေ၏။

ကျောင်းဆောက်လှူပြီး စစ်သူကြီး

တစ်နေ့သ၌ ချဉ်ဆားမှီဝဲအံ့သောငှာ သွားလေရာ ဗာရာဏသီပြည်သို့ရောက်၍ မင်း၏ဥယျာဉ်၌ နေ၏။ နက်ဖြတ် မြို့တွင်းသို့ ဆွမ်းခံဝင်လတ်သော် စစ်သူကြီးအိမ်တံခါးသို့ရောက်၏။ စစ်သူကြီးလည်း ရသေ့၏ ဣရိယာပုတ်၌ ကြည်ညိုသဖြင့် အိမ်သို့ပင့်ဆောင်ကာ မိမိအဖို့ စီရင်ထားသော ဆွမ်းဘောဇဉ်တို့ကို လှူဒါန်းပြီးလျှင် ရသေ့အား သီတင်းသုံးရန် ဝန်ခံစေ၍ ဥယျာဉ်တော်၌ ကျောင်းဆောက်ကာ ကိုးကွယ်လေ၏။

ထိုအခါ မင်းကြီးသည် သုရာယစ်မူးလျက် ကချေသည်မတို့ဖြင့် ခြံရံ၍ များစွာသောစည်းစိမ်ဖြင့် ဥယျာဉ်တော်သို့ သွားပြီးလျှင် မင်္ဂလာကျောက်ဖျာတွင် နေရာခင်းစေ၍ ချစ်လှစွာသော မိန်းမ၏ရင်ခွင်၌ ကျိန်းစက်လေ၏။ ကချေသည်မတို့သည် ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်းတို့ကို ပြုကြကုန်၏။ သိကြားနတ်မင်း၏ စည်းစိမ်ကဲ့သို့ ကြီးစွာသော စည်းစိမ်သည် ဖြစ်လေ၏။ မင်းကြီးလည်း အိပ်ပျော်ခြင်းသို့ ရောက်လေ၏။

မိန်းမအတွက် အမျက်ထွက်

ကချေသည်မတို့ မင်းကြီး အိပ်ပျောနေမှန်း သိကြလျှင် ဥယျာဉ်တော်၌ လှည့်လည်ကြည့်ရှုကြရာ တင့်တယ်လှပသော အရွက်နု အပွင့် အသီးတို့သည် ဖြားယောင်းသွေးဆောင်အပ်သည်ဖြစ်၍ အလွန်ပျော်မွေ့ကြကုန်၏။ ထိုအခါ ရသေ့သည် တစ်ပင်လုံးပွင့်သော အင်ကြင်ပင်းရင်း၌ ရဟန်းချမ်းသာကို ခံစားလျက် အမုန်ယစ်သောဆင်ကဲ့သို့ နေတော်မူ၏။ ကချေသည်မတို့မြင်လျှင် မင်းကြီးနိုးသည်တိုင်အောင် တရားနာမည်ဟု ကြံစည်ကုန်လျက် ရသေ့ထံကပ်၍ တရားဟောရန် လျှောက်ထားကြကုန်၏။ ရသေ့လည်း တရားဟောလေ၏။

ထိုအခါ မင်းကြီးအနီး၌နေရစ်သော မိန်းမတို့နှိုးသဖြင့် မင်းကြီးနိုး၍ ကချေသည်မတို့ကို မေးတော်မူရာ ရသေ့တစ်ပါးထံ ခြံရံနေကြကြောင်းကို လျှောက်ထားကုန်၏။ မင်းကြီးသည် အမျက်ထွက်သဖြင့် သန်လျက်ကို ကိုင်ကာ ရသေ့စဉ်းလဲကို သတ်မည်ဟု သွားလေ၏။ ကချေသည်မတို့မြင်လျှင် အလွန်အကျွမ်းဝင်သော မိန်းမတို့သည် မင်းကြီးသွားကာ သန်လျက်ကိုယူ၍ အမျက်ဒေါသကို ငြိမ်းစေကုန်၏။

ဝါဒကိုမေး မင်းစစ်ဆေး

မင်းကြီးသည် ရသေ့ထံသို့ရောက်လျှင် “ရဟန်း ... သင်အဘယ်ဝါဒရှိသနည်း” ဟု မေး၏။ “မြတ်သောမင်းကြီး .... ခန္တီဝါဒရှိပါ၏”ဟု ပြောရာ “ခန္တီမည်သည် အဘယ်နည်း” ဟု မေးပြန်၏။ “ဆဲရေးကုန်သောသူတို့၌ လည်းကောင်း၊ ပုတ်ခတ်ကုန်သောသူတို့၌ လည်းကောင်း အမျက်မထွက်ခြင်းသည် ခန္တီဝါဒမည်၏” ဟု ပြောလေလျှင် သင်အား ခန္တီဝါဒရှိသည်၊ မရှိသည်ကို သိရမည်ဟုဆိုပြီးကာ မင်းကြီးသည် သူသတ်ကိုခေါ်၍ “အချင်း-သူသတ် ... ဤသူခိုးရသေ့ပျက်ကို ဆွဲငင်ကာ မြေ၌လှဲ၍ အဆူးတပ်သောကြိမ်တို့ဖြင့် နံပါးလေးဖက်လုံး အချက်ပေါင်းနှစ်ထောင် ရိုက်လော့’ ဟု အမိန့်ပေးလေ၏။ သူသတ်လည်း ရိုက်လေ၏။ ရသေ့၌ အရေအသားတို့သည် စုတ်ပြတ်ကာ သွေးတို့ ဖြာဖြားစီးလေ၏။

ခန္တီဝါဒ ဖျက်မရ

မင်းကြီးသည် တစ်ဖန် “ရဟန်း ... သင်အဘယ်ဝါဒရှိသနည်း” ဟု မေးပြန်ရာ “မြတ်သောမင်းကြီး .... ခန္တီဝါဒရှိပါ၏။ သင်မင်းကြီးတို့သည် ငါ၏ခန္တီဝါဒ အရေကြား၌ ရှိသည်ဟု မှတ်ထင်ကြ၏။ ခန္တီဝါဒကို မမြင်နိုင်၊ ငါ၏ခန္တီဝါဒကား စိတ်အတွင်း၌သာရှိ၏” ဟု ပြောဆိုလေ၏။ တစ်ဖန်မင်းကြီးသည် လက်နှစ်ဖက်တို့ကို ဖြတ်စေပြန်၏။ ထိုနောက် ခြေတို့ကို ဖြတ်စေပြန်၏။ ဖြတ်အပ်သော လက်စွန်း၊ ခြေစွန်းတို့မှ သွေးတို့သည် ချိပ်ရည်ကဲ့သို့ ယိုစီးကုန်၏။

တစ်ဖန် “အဘယ်ဝါဒ ရှိသနည်း” ဟု မေးပြန်၏။ ခန္တီဝါဒရှိ၏ဟု ဖြေပြန်၏။ တစ်ဖန် နှာခေါင်းတို့ကို ဖြတ်စေပြန်၏။ တစ်ကိုယ်လုံး သွေးတို့သည် ယိုစီးကုန်၏။ တစ်ဖန် အဘယ်ဝါဒ ရှိသနည်းဟု မေးပြန်၏။ ခန္ဒီဝါဒရှိ၏ဟု ဖြေပြန်၏။ ထိုအခါ မင်းကြီးသည် “ဟယ်-ရသေ့ စဉ်းလဲ ... သင့်ခန္တီဝါဒကို သင်သည်ပင် ရွက်၍နေတော့” ဟု ဆိုကာ ရသေ့၏ရင်ဘတ်၌ ဖြေဖြင့် ကျောက်ကန်ကာ သွားလေ၏။

မေတ္တာပွားကာ သည်းခံရှာ

မင်းသွားလတ်သော် စစ်သူကြီးသည် ရသေ့၏ကိုယ်မှ သွေးတို့ကို သုတ်သင်၍ လက်၊ ခြေ၊ နား၊ နှာခေါင်းအစွန်းအပြတ်တို့ကို အိပ်ထောင့်ဖြင့် ထည့်ပြီးလျှင် ဖြည်းညင်းသက်သာစွာ ထိုင်စေ၍ ရိုသေစွာ ရှိခိုးပြီးသော် -

“အို-ကြီးမြတ်သော လုံ့လရှိသော ရှင်ရသေ့... မင်းကြီးသည် အရှင်ရသေ့၏ လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ုကို ဖြတ်ပါ၏။ ထိုဖြတ်သော မင်းကြီးအားသာ အမျက်ထွက်တော်မူပါ၊ ဤတိုင်းနိုင်ငံကြီးကို မပျက်စီးစေပါလင့်” - ဟု လျှောက်ထား တောင်းပန်လေ၏။

“အို-စစ်သူကြီး... မင်းကြီးသည် ငါ၏ လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ကို ဖြတ်ဘိ၏။ ထိုဖြတ်သော မင်းကြီးသည် ကြာမြင့်စွာ အသက်ရှည်ပါစေ၊ ငါကဲ့သို့သော ပညာရှိတို့သည် အမျက်ထွက်လေ့ မရှိပါကုန်” –

ဟု မိမိမေတ္တာပွားကာ သည်းခံနိုင်ကြောင်းကို မိ်န့်တော်မူ၏။

ကလာဗုမင်း မြေမျိုခြင်း

မင်းကြီးသည် ဥယျာဉ်တော်မှထွက်၍ ရသေ့မြတ် မြင်ကောင်းသော အရပ်ဥပစာကို လွန်လျှင်ပင် နှစ်သိန်းလေးသောင်းအထုရှိသော မဟာပထဝီမြေကြီးသည် ကော်ဖြင့်ကပ်တွယ်၍ထားအပ်သော အဝတ်ပုဆိုးကဲ့သို့ အက်ကွဲလေ၏။ အဝီစိငရဲမှထွက်သော ငရဲမီးလျှံသည် ကမ္ဗလာနီဖြင့် ရစ်ပတ်ခြုံရုံကသဲ့သို့ မင်းကြီးကို ရစ်ပတ်ခြုံရုံကာ ယူဆောင်သွားလေ၏။ ထိုကလာဗုမင်းကြီးသည် ဥယျာဉ်တံခါး၌ပင် မြေမျို၍ အဝီစိငရဲကြီးသို့ ကျလေ၏။

ရသေ့မြတ်လည်း ထိုဥယျာဉ်၌ပင်လျှင် သေလွန်၍ မင်းပရိသတ်နှင့်တကွ တိုင်းသူပြည်သားတို့သည် ပန်းနံ့သာအခိုးအထုံတို့ဖြင့် ပူဇော်ကုန်လျက် အလောင်းတော်ကို သင်္ဂြိုဟ်ကြကုန်၏။

မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးသောအခါ -

“ရဟန်းတို့ ... ရှေးအခါ သည်းခံခြင်းရှိသော ရသေ့ဖြစ်ဖူးပြီ၊ သည်းခံခြင်းအယူဝါဒ တည်မြဲသော ထိုရသေ့တို့ ကလာဗုမင်းသည် လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ကို ဖြတ်ပြီ၊ ကြမ်းကြုတ်သော မကောင်းမှုကိုပြုသော ထိုကလာဗုမင်းသည် ကြမ်းကြုတ်သော အကျိုးကိုရခဲ့ပြီ၊ အဝီစီငရဲသို့ကျ၍ ဆင်းရဲကိုခံစားရပြီ” ဟ

ဟု ဟောကြားတော်မူ၏။

ဒေသနာတော်ကို ဆောင်တော်မူပြီး၍ သစ္စာကိုပြသည်၏အဆုံး၌ အမျက်ထွက်သောရဟန်းသည် အနာဂါမိဖိုလ်၌ တည်လေ၏။ တခြားများစွာသော ရဟန်းတို့လည်း သောတာပတ္တဖိုလ် စသည်တို့၌ တည်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကလာဗုမင်းသည် - ယခုအခါ ဒေဝဒတ်။

စစ်သူကြီးသည် - သာရိပုတ္တရာ။

ခန္တီဝါဒီရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သူတော်ပကတိ၊ မျက်မရှိ၊ မြဲ၏ခန္တီမှာ။

(၂) ဆဲရေးပုတ်ခတ်၊ ပြုကုန်တတ်၊ မြဲလတ်ခန္တီမှာ။

(၃) လက်၊ ခြေ၊ နှာ၊ နား၊ ဖြတ်သူအား၊ မျှငြားချစ်မေတ္တာ။

(၄) ကလာဗုမှတ်၊ ရသေ့သတ်၊ မြေဟပ်ဝီစိမှာ။

ခန္တီဝါဒီဇာတ် ပြီး၏။

***

(၃၁၄) လောဟကုမ္ဘိဇာတ်

ကာမေသုမိစ္ဆာစာရကံကြောင့် လောဟကုမ္ဘီ ငရဲတွင် ဒု-သ-န-သော မျှသာ ဆိုနိုင်သည့် သူဌေးသား ၄ဦး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သူဌေးသားတွေ ကာမ၊ ပွေ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီသည် ညဉ့်အဖို့၌ ငရဲသားလေးယောက်တို့၏ အသံကိုကြားသတတ်၊ တစ်ယောက်ကား “ဒု” အက္ခရာကို၊ တစ်ယောက်ကား “သ” အက္ခရာကို၊ တစ်ယောက်ကား “န” အက္ခရာကို၊ တစ်ယောက်ကား “သော” အက္ခရာကိုဆို၏။

ထိုငရဲသားတို့သည် ရှေးအခါ သာဝတ္ထိပြည်ဝယ် သူဌေးသား လေးယောက်တို့ဖြစ်ကုန်၍ သူတစ်ပါးတို့ ထိးန်သိမ်းစောင့်ရှောက်အပ်သောမိန်းတို့၌ ပြစ်မှားကျူးလွန်သော ကာမေသုမိစ္ဆာစာရ မကောင်းမှုကံကြောင့် သေလွန်သောအခါ လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းတို့ပတ်လုံး ကျရောက်ကုန်လျက် အထက်သို့တက်၍ ငရဲအိုးမျက်နှာဝကိုမြင်လျှင် ကျယ်လောင်စွာသောအသံဖြင့် ဟစ်အော်ကြွေးကြော်ကြကုန်၏။ မင်းကြီးလည်း ငရဲသားတို့ အသံကိုကြားလျှင် သေဘေးမှ ကြောက်လန့်သဖြင့် မအိပ်ဝံ့နိုင်တော့ဘဲ ထိုင်လျက်သာ မိုးလင်းလေ၏။

နံနက်အခါ ပုဏ္ဏားတို့သည် မင်းကြီးထံလာ၍ “ချမ်းသာစွာ အိပ်ရပါ၏လော” ဟု မေးလျှောက်ကုန်၏။ မင်းကြီးသည် “ငါ့မှာ အဘယ်မှာ ချမ်းသာစွာ အိပ်ရပါမည်နည်း၊ လွန်ခဲ့သောညဉ့်အဖို့၌ ကြောက်မက်ဖွယ်သော အသံကြီးလေးခွန်းကို ကြားရသည်” ဟု ပြောကြားလေလျှင် ပုဏ္ဏားတို့သည် လက်ဖျားခါကြကုန်၏။

အသံကုစား ပုဏ္ဏားများ

ထိုအခါ မင်းကြီးသည် ပုဏ္ဏားတို့အား “ဆရာတို့ ... ကုစား၍ရကောင်းသော အသံတို့လော၊ သို့မဟုတ် မရကောင်းသောအသံတို့လော” ဟု မေး၏။ “အရှင်မင်းကြီး ... စင်စစ်ကုစား၍မရကောင်းသော အသံတို့ဖြစ်သည်၊ သို့သော်လည်း အကျွန်ုပ်တို့သည် ဗေဒင်ကျမ်းတို့ကို ကောင်းစွာတတ်မြောက်ကုန်၏” ဟု လျှောက်လေ၏။ “ဆရာတို့ ... ဘယ်လိုကုစားကြမည်နည်း” ဟု မေးလေ၏။ “အရှင်မင်းကြီး ... ကုစားနည်းအမျိုးမျိုးရှိရာ ‘သဗ္ဗစတုက္က’ ယစ်ပူဇော်ရသောနည်းဖြင့် ကုစားပါမည်။ သို့အတွက် ဆင် လေးကောင်၊ မြင်း လေးကောင်၊ နွားလေးကောင်၊ လူလေးယောက်၊ နှံစုတ်ငှက် လေးကောင် စသည်ဖြင့် လေးကောင်စီ၊ လေးကောင်စီ ဖြစ်သောသတ္တဝါတို့ အသား၊ အသွေးကိုယူ၍ ယဇ်ပူဇော်ကာ လွတ်ငြိမ်းချမ်းသာအောင် ပြုလုပ်မည်” ဟု လျှောက်လေ၏။ “ဆရာတို့ ...ကောင်းပြီ၊ ရအောင်ရှာပေးမည် ယဇ်ပူဇော်ကြကုန်လော့ လိုရာကို တောင်းကြကုန်လော့” ဟု အမိန့်ပေးလေ၏။

ပုဏ္ဏားဝမ်းမြောက် မင်းကြီးကြောက်

ပုဏ္ဏားတို့လည်း မင်းကြီးထံမှ ခွင့်ရလျှင် ယဇ်တွင်းတူးခြင်း၊ ယဇ်တိုင်စိုက်ခြင်း၊ လေးကောင်၊ လေးကောင်သော သတ္တဝါတိုပကို ယူဆောင်ကာ ယဇ်တိုင်၌ချည်ခြင်း စသော အစီအရင်တို့ုကို ပြုလုပ်ကြကုန်၏။ မင်းကြီး ကြောက်ရွံ့သဖြင့် စိတ်ညစ်သလောက် ပုဏ္ဏားတို့မှာ အမဲသား ငါးတို့ကို စားရမည်၊ ပစ္စည်းဥစ္စာရမည် ဖြစ်သဖြင့် ဝမ်းမြောက်ကြကုန်၏။ ဘယ်ပစ္စည်းကိုလိုသည်၊ ဘယ်ဝတ္ထုကိုလိုသည်ဟု မင်းကြီးထံ အခေါက်ခေါက် သွားကြကုန်၏။

မလ္လိကာမိဖုရားကြီးသည် ပုဏ္ဏားတို့ ပြုံးရယ်ကြလျက် မင်းကြီးထံ အခေါက်ခေါက်လာကြသည်ကို မြင်လျှင် မင်းကြီးထံကပ်၍ မေးလျှောက်ရာ “မိဖုရား ... ဤအမှုဖြင့် သင့်မှာ အဘယ်အကျိုးရှိသနည်း သင်တို့မည်မျှ ငါဆင်းရဲနေသည်ကို မသိ စည်းစိမ်ယစ်၍သာ နေသည်” ဟု ပြောလေ၏။ “မြတ်သောမင်းကြီး ... မင်းကြီးနှင့် အကျွန်ုပ်မှာ ဆင်းရဲချမ်းသာ အတူအမျှ ဖြစ်ပါသည်၊ ပြောပါ” ဟု အဖန်ဖန် လျှောက်လေလျှင် ဖြစ်ပျက်သမျှ အကြောင်းစုံကို ပြောကြားလေ၏။

ကြောက်ခြင်းပျောက်အောင် အတိတ်ဆောင်

ထိုအခါ မိဖုရားကြီးသည် မင်းကြီးအား လောကသုံးပါးတွင် အမြတ်ဆုံးပုဏ္ဏားဖြစ်သော မြတ်စွာဘုရားထံ လျှောက်ထားရမည်ဟု ခေါ်ဆောင်ကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်၏။ မြတ်စွာဘုရားသည် မင်းကြီးအား မေးတော်မူ၍ အကြောင်းစုံ လျှောက်ထားလေလျှင် “မြတ်သောမင်းကြီး ... ဤအသံကြီးတို့ကို ကြားရခြင်းကြောင့် တစ်စုံတစ်ခုသော ဘေးအန္တရာယ်မဖြစ်နိုင်၊ ဤအသံကြီးတို့ကား ဆင်းရဲကိုခံရသော ငရဲသူသတ္တဝါတို့ ဟစ်ကြွေးသော အသံကြီးများဖြစ်သည်။ သင်မင်းကြီးသာ ဤအသံကြီးတို့ကို ကြားသည်မဟုတ်၊ ရှေးအခါ မင်းတို့လည်း ကြားဖူကုန်ပြီ။ သတ္တဝါတို့ကိုသတ်၍ ယဇ်ပူဇော်မည့်ဆဲဆဲတွင် ပညာရှိတို့သည် အသံအကြောင်းကို ပြောကြားကာ သတ္တဝါတို့ကို လွှတ်စေ၍ ချမ်းသာခြင်းကို ပြုဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပုဏ္ဏားဉာဏ်ချော် ယစ်ပူဇော်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မထင်ရှားသော ကာသိကရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ကာမဂုဏ်တို့၏ အပြစ်ကိုမြင်၍ စွန့်လွှတ်ကာ ရသေ့ရဟန်းပြုလျက် ဟိမဝန္တာအရပ်ဝယ် မွေ့လျော်ဖွယ်ရှိသော တောအုပ်၌နေ၍ အဘိညာဉ် သမာပတ်ကို ဖြစ်စေလျက် စျာန်ကစားကာနေ၏။

ထိုအခါ ဗာရာဏသီမင်းသည် ညဉ့်အခါ ငရဲသား လေးယောက်တို့ ဟစ်အော်သော “ဒု-သ-န-သော” ဟူသော အသံကြီးလေးခွန်းကြား၍ ကြောက်လန့်ရကား ပုဏ္ဏားတို့ကို မေးရာ သုံးပါးသောအန္တရာယ်တို့တွင် တစ်ပါးပါးသော အန္တရာယ် ဖြစ်လိမ့်မည်ဟု ဟောသဖြင့် ထိုအန္တရာယ်တို့ ပပျော်ရန် “သဗ္ဗစတုက္က” ယဇ်ပူဇော်ခြင်းဖြင့် ပူဇော်မည်ဟု ယဇ်တွင်းတူးခြင်း၊ ယစ်တိုင်စိုက်ခြင်း စသည်တို့ကို စီရင်ကာ လေးကောင်၊ လေးကောင်သော သတ္တဝါတို့ကို ဆောင်ယူပြီးလျှင် ယဇ်တိုင်တွင် ချည်ကာ အသင့်စီမံ၍ ထားကြကုန်၏။

မေတ္တာရှေ့ထား ရသေ့သွား

ဟိမဝန္တာအရပ်၌နေသော ရသေ့သည် မေတ္တာဘာဝနာကို ရှေ့ထား၍ ဒိဗ္ဗစက္ခု အသိဉာဏ်ဖြင့် လောကကို ကြည့်ရှုလတ်သော် ယဇ်ပူဇော်ရန် စိရင်နေကြသည်ကို မြင်လျှင် ငါသွားခြင်းငှာ သင့်၏။ ငါသွားလျှင် များစွာသောသတ္တဝါတို့ ချမ်းသာရာရလိ်မ့်မည်ဟု ကြံစည်ကာ ကောင်းကင်ခရီးဖြင့်သွား၍ ဗာရာဏသီပြည် ဥယျာဉ်တော်အတွင်း မင်္ဂလာကျောက်ဖျာထက်၌ ရွှေဆင်းတုကဲ့သို့နေ၏။

ထအခါ ပုရောဟိတ်၏ တပည့်ကြီးဖြစ်သော ပုဏ္ဏားသည် ဆရာပုရောဟိတ်သို့ကပ်၍ “ဆရာ ... အကျွန်ုပ်တို့ ဗေဒင်ကျမ်းတို့၌ သူ့အသက်ကိုသတ်၍ ချမ်းသာကိုပြုလုပ်ခြင်းမည်သည် မရှိသည် မဟုတ်ပါလော” ဟု မေးလျှောက်ရာ “တပည့် ... သင်ားမင်၏ဥစ္စာကို စောင့်၏။ များစွာသော ငါး အမဲတို့ကို စားရလတ္တံ့၊ ဥစ္စာကိုလည်း ရလတ္တံ့၊ ဆိတ်ဆိတ်သာနေလော့” ဟု တားမြစ်၏။ တပည့်လည်း ဤယဇ်ပူဇော်သောအမှု၌ အဖော်မလိုဟု ကြံစည်ကာ ဥယျာဉ်တော်သို့ သွားလတ်သော် ရသေ့ကိုမြင်လျှင် ဆည်းကပ်ကာ ရှိခိုးလျက် ပဋိသန္တာရစကား ပြောကြားကနေ၏။

ရသေ့လည်း တပည့်လုလင်အား “လုလင် ... မင်းကြီးသည် တရားသဖြင့် မင်းပြုပါ၏လော” ဟု မေး၏။ “အရှင်ဘုရား ... တရားသဖြင့် မင်းပြုပါ၏။ သို့ရာတွင် ညဉ့်အခါ ဟစ်အော်သော အသံကြီးလေးခွန်းကိုကြား၍ ကြောက်လန့်ရကား ပုဏ္ဏားတို့ကိုမေးရာ ‘သဗ္ဗစတုက္က’ ယဇ်ပူဇော်ကာ ချမ်းသာအောင် ပြုလုပ်မည်ဆို၍ မင်းကြီးသည် မိမိကိုယ်ကို ချမ်းသာရန် များစွာသော သတ္တဝါတို့ကို ယဇ်တိုင်သို့ဆောင်ယူ၍ ထားပါကုန်၏။ အရှင်ဘုရားတို့သည် ထိုအသံကြီးလေးခွန်းတို့၏ ဖြစ်ရာအကြောင်းကို မြင်တော်မူလျှင် မင်းကြီးအား ပြောကြားဆုံးမ၍ သတ္တဝါတို့ကို သေဘေးမှ လွတ်အောင် ပြုရန်သင့်သည် မဟုတ်ပါလော” ဟု လျှောက်ထားလေ၏။ “လုလင် ... မင်းသည် ငါ့ကိုမသိ၊ ငါလည်းမင်းကိုမသိ၊ ဤအသံကြီးလေးခွန်းဖြစ်ခြင်း အကြောင်းကိုကား ငါသိ၏။ အကယ်၍ မင်းကြီးလာ၍ မေးလျှင် ယုံမှားမရှိရအောင် ဖြေကြားဆုံးမမည်” ဟု ပြော၏။ “အရှင်ဘုရား ... ကောင်းပြီ၊ မင်းကြီးကို ခေါ်လာသည်တိုင်အောင် ခဏမျှဆိုင်းငံ့တော်မူပါ” ဟု လျှောက်ထားလေ၏။

လုလင်လည်း ရသေ့ကိုတောင်းပန်ပြီးလျှင် မင်းကြီးထံသွားကာ အကြောင်းစုံလျှောက်ကြား၍ မင်းကြီးကိုခေါ်ဆောင်လျက် ရသေ့ထံသို့ သွားလေ၏။ ရောက်လျှင် မင်းကြီးသည် “အရှင်ဘုရား ... အကျွန်ုပ်ကြားရသော အသံကြီးလေးခွန်းတို့၏ ဖြစ်ရာအကြောင်းကို သိကုန်၏ဟူသည် မှန်ပါသလော” ဟု လျှောက်ထားလေ၏။ “မြတ်သောမင်းကြီး ... မှန်ပါ၏” ဟု ပြော၏။ “အရှင်ဘုရား ... အမိန့်ရှိတော်မူပါ” ဟု တောင်းပန်လေ၏။

မေထုန်မှားပြု ကာမေသု

ထိုအခါ ရသေ့သည် “မြတ်သောမင်းကြီး ... မင်းကြီးကြားရသော အသံကြီးလေးခွန်းတို့မှာ ငရဲသားတို့ ဟစ်အော်သော အသံကြီးများဖြစ်သည်။ ထိုငရဲသားတို့သည် ရှေးဘဝ၌ သူတစ်ပါးတို့ စောင့်ရှောက် ထိန်းသိမ်းအပ်သော မိန်းမတို့၌ ပြစ်မှားကျူးလွန်ခြင်း ကာမေသုမိစ္ဆာစာရ အကုသိုလ်ကံကြောင့် သေလွန်သောအခါ ဗာရာဏသီပြည်အနီး လေးလုံးသော လောဟကုမ္ဘီငရဲအိုးကြီးတို့၌ ဖြစ်ကြကုန်၏။ ကျိုက်ကျိုက်ဆူသော ဆားငန်ရေဖြင့် အမြှုပ်ထကာ ကျက်လျက် အနှစ်ခြောင်းသောင်းတို့ပတ်လုံး အောက်သို့ ဆင်းသွားပြီးလျှင် အနှစ်ခြောက်သောင်းတို့ ပတ်လုံးပင် အထက်သို့တက်ကာ ငရဲအိုး၏မျက်နှာကို မြင်သောအခါ တစ်ယောက်တစ်ဂါထာစီ လေးဂါထာ အပြည့်အစုံ ဆိုလိုကြလျက် မဆိုနိုင်ကြဘဲ အစတစ်လုံးစီဖြစ်သော “ဒု-သ-န-သော”ဟူသော အက္ခရာလေးလုံးကိုသာ ဆိုနိုင်ကြ၍ တစ်ဖန် နစ်မြှုပ်ကြပြန်၏။

ဒု၊ သ၊ န၊ သော၊ ဝေဖန်ပြော

ထိုလေးလုံးသောအက္ခရာတို့တွင် “ဒု” အက္ခရာအစ၌ပါသော ဂါထာ၏ အဓိပ္ပါယ်ကား အောက်ပါအတိုင်း ဖြစ်၏။

“အချင်းတို့ ... ငါတို့ကား ယုတ်မာသော အသက်မွေးခြင်းဖြင့် အသက်မွေးမိခဲ့ကြကုန်ပြီ၊ စည်းစိမ်ဥစ္စာတို့ ရှိပါကုန်လျက် မလှူမဒါန်းမိခဲ့ကြကုန်၊ မိမိတို့ မှီခိုအားထားရာကို မပြုမိခဲ့ကြကုန်။”

“သ” အက္ခရာအစ၌ပါသော ဂါထာ၏အဓိပ္ပါယ်ကား အောက်ပါအတိုင်း ဖြစ်၏။

“အချင်းတို့ ... ငရဲ၌ခံရကုန်သော ငါတို့အား အလုံးစုံအခြင်းအရာဖြင့် အနှစ်ခြောက်သောင်းတို့ ပြည့်ခဲ့ပြီ၊ ဘယ်အခါ ငရဲ၏အဆုံးသည် ဖြစ်ပါအံ့နည်း”။

“န”အက္ခရာအစ၌ပါသော ဂါထာ၏အဓိပ္ပါယ်ကား အောက်ပါအတိုင်း ဖြစ်၏။

“အချင်းတို့ ... ငါသည် လည်းကောင်း၊ သင်တို့သည် လည်းကောင်း ရှေးအခါ၌ များစွာသော မကောင်းမှုတို့ကို ပြုအပ်ကုန်ပြီ၊ ငရဲ၏အဆုံးသည်မရှိ အဆုံးသည်မထင်၊ အဘယ်မှာ အဆုံးရှိမည်နည်း”။

“သော” အက္ခရာအဉ်ပါသော ဂါထာ၏အဓိပ္ပါယ်ကား အောက်ပါအတိုင်းဖြစ်၏။

“အချင်းတို့... ငါသည် ဤငရဲမှ လွတ်မြောက်ကာ လူအဖြစ်ကိုရရှိပြန်လျှင် သူတောင်ကောင်းတို့ အဆုံးအမ၌တည်၍ အကျင့်သီလနှင့် ပြည့်စုံလျက် စင်စစ်များစွာသော ကုသိုလ်ကောင်းမှုကို ပြုလုပ်တော့မည်”

ဤသို့ ရသေ့သည် မင်းကြီးအား ငရဲသားလေးယောက်တို့ ဟစ်အော်သော အက္ခရာလေးလုံးကို ခွဲခြားကာ အပြည့်အစုံ လေးဂါထာတို့ဖြင့် ဝေဖန်၍ ဟောကြားတော်မူပြီးလျှင် “အရှင်မင်းကြီး ... ငရဲသားလေးယောက်တို့မှာ အကိုသိုလ်ကံအလျောက် ငရဲ၌ခံကြရကုန်၏။ ထိုသူတို့အသံကို ကြားခြင်းကြောင့် သင်မင်းကြီးတို့အား တစ်စုံတစ်ရာ အန္တရာယ်မဖြစ်နိုင်၊ မကြောက်ပါလင့်” ဟု မိန့်ဆိုကာ အသံကြီးလေးခွန်း ဖြစ်ခြင်း၏ အကြောင်းရင်းကို ဖြေကြားဆုံးမတော်မူသည်။

ထိုအခါမင်းကြီးသည် များစွာသော သတ္တဝါတို့ကို လွှတ်စေလျက် တစ်မြို့လုံး စည်လည်စေ၍ ယဇ်တွင်း ယဇ်တိုင်တို့ကို ဖျက်စေ၏။ ရသေ့လည်း များစွာသော သတ္တဝါတို့အား အသက်ကိုပေး၍ ချမ်းသာခြင်းကို ပြုပြီးလျှင် ဥယျာဉ်တော်၌ပင် နှစ်ရက်၊ သုံးရက်နေ၍ ဟိမဝန္တာအရပ်သို့ သွးကာ မယုတ်လျော့သော စျာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုရောဟိတ်တပည့်ကြီးသည် - ယခုအခါသာရိပုတ္တရာ။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သူဌေးသားများ၊ မေထုန်မှား၊ ကျငြားငရဲမှာ။

(၂) ပေါ်လာခဏ၊ ဟစ်အော်ကြ၊ “ဒု-သ-နသော”သာ။

(၃) မင်းကြီးကြားလတ်သော်၊ ယဇ်ပူဇော်၊ မလျော်ပြုမိရာ။

(၄) ရသေ့သူမြတ်၊ ဆုံးမလတ်၊ ဘေးလွတ်သတ္တဝါ။

လောဟကုမ္ဘီဇာတ် ပြီး၏။

***

(၃၁၅) သဗ္ဗမံသလာဘီဇာတ်

မုဆိုး၊ အစ်ကို၊ အဖဟုခေါ်၍ အမဲသား တောင်းသူများသည် စကားအလိုက် ထိုက်သင့်ရုံသာရ၍ အဆွေဟုခေါ်၍ တောင်းသူသာ အမဲသားအားလုံး ရသောအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အမဲအရသာ သာရိပုတ္တရာ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တချို့သောရဟန်းတို့သည် ဝမ်းကျဆေးကို သောက်လေ့ရှိကုန်၏။ ထိုရဟန်းတို့အား အမဲအရသာဆွမ်းဖြင့် အလိုရှိကုန်၏။

သူနာပြုရဟန်းတို့သည် ဆွမ်းခံဝတ်ဖြင့် အမဲအရသာဆွမ်းမရကြကုန်။ ထိုအခါ ရှင်သာရိပုတ္တရာကို လျှောက်ထားကြရာ ရှင်သာရိပုတ္တရာသည် ထိုရဟန်းတို့ကိုခေါ်၍ ဆွမ်းခံသည်ရှိသော် အမဲအရသာဆွမ်းကို သပိတ်ပြည့်အောင် ရကြကုန်၏။ သူနာရဟန်းတို့ကို လှူဒါန်းကြကုန်၏။ သူနာရဟန်းတို့လည်း အမဲအရသာဆွမ်းကို ဘုဉ်းပေးရသဖြင့် ကျန်းမာကုန်၏။

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ရှင်သာရိပုတ္တရာကို အမှီပြု၍ အမဲအရသာ ဆွမ်းရကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရားကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... သာရိပုတ္တရာသည် ယခုအခါ၌သာ အမဲကို ရသည်မဟုတ်၊ ရှေးအခါ၌လည်း ရဖူးပြီး” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

တောင်းနည်းဖြာဖြာ နည်းယူရာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဌေးသားဖြစ်လေ၏။ တစ်နေ့သ၌ မုဆိုးတစ်ယောက်သည် များစွာသော အမဲသားတို့ကိုရလျှင် လှည်းယာဉ်၌ ပြည့်စေ၍ ရောင်းမည်ဟု မြို့သို့လာလေ၏။

ထိုအခါ ဗာရာဏသီပြည်၌နေသော သူဌေးသားလေးယောက်တို့သည် မြို့မှထွက်၍ တစ်ခုသော ခရီးလမ်းအနီး၌ စုံရုံးကာ မိမိတို့မြင်ဖူးတွေ့ဖူးရာကို ပြောဆိုလျက် နေကုန်၏။ ထိုသူဌေးသား လေးယောက်တို့တွင် သူဌေးသားတစ်ယောက်သည် အမဲသားအပြည့် တင်လာသော လှည်းယာဉ်ကို မြင်လျှင် - ငါအမဲသားရအောင် သွား၍ မုဆိုးထံ တောင်းမည်ဟု ပြောဆိုကာ မုဆိုးထံကပ်၍ “ဟယ် မုဆိုး ... ငါ့အား အမဲသားပေးလော့” ဟု - ဆို၍ တောင်းလေ၏။ ထိုအခါ မုဆိုးသည် -

“အဆွေ ... သင်ကား တောင်းသူဖြစ်လျက် သင်၏စကားသည် ကြမ်းတမ်းလှ၏။ သင်၏စကားသည် အမြှေးနှင့်တူ၏။ သို့အတွက် သင့်အား အမြှေးကိုပေးမည်” –

ဟု ဆို၍ အသားအသွေးမရှိသော အမြှေးကိုပေးလေ၏။

ထိုနောက် သူဌေးသားတစ်ယောက်သည် အမဲသားတောင်းသော သူဌေးသားကို “သင် ဘယ်လိုဆို၍ တောင်းသနည်း” ဟု မေး၏။ “ဟယ်” ဆို၍ တောင်းသည်ဟု ပြန်၍ပြော၏။ ထိုသူဌေးသားသည် “ငါတောင်းဦးမည်” ဟု ပြောဆိုကာ မုဆိုးထံကပ်၍ “အစ်ကိုကြီး ... ငါ့အား အမဲသား ပေးပါ” ဟုဆို၍ တောင်းပြန်၏။ မုဆိုးလည်း -

“အဆွေ ... လောက၌ လူတို့သည် ကိုယ်အင်္ဂါကိုအစွဲပြု၍ အစ်ကိုဟု ခေါ်ဝေါ်ကြ၏။ သင်၏စကားသည် ကိုယ်နှင့်တူ၏။ သို့အတွက် သင့်အား ကိုယ်သားကို ပေးမည်” -

ဟု ဆို၍ ကိုယ်သားကို ပေးလေ၏။ နောက်သူဌေးသား တစ်ယောက်သည် အမဲသားတောင်းသော သူဌေးသားကို “သင်ဘယ်လိုဆို၍ တောင်းသနည်း” ဟု မေး၏။ အစ်ကို ဆို၍ တောင်းသည်ဟု ပြန်၍ပြောပြန်၏။ ထိုသူဌေးသားလည်း “ငါတောင်းဦးမည်” ဟု ပြောဆိုကာ မုဆိုးထံ ကပ်၍ “အဖ ... ငါ့အား အမဲသားပေးပါ” ဟုဆို၍ တောင်းပြန်၏။ မုဆိုးလည်း -

“အဆွေ ... အဖ ဟူသော စကားကိုဆိုသော သားသည် အဖ၏နှလုံးကို တုန်လှုပ်စေ၏။ သင်၏ စကားသည် နှလုံးသားနှင့်တူ၏။ သို့အတွက် သင်အား နှလုံးသားကိုပေးမည်” –

ဟု ဆို၍ နှလုံးသားကို ပေးလေ၏။ နောက်သူဌေးသားတစ်ယောက်သည် အမဲသားတောင်းသော သူဌေးသားကို “သင် ဘယ်လိုဆို၍ တောင်းသနည်း” ဟု မေး၏။ “အဖ ဆို၍ တောင်းသည်” ဟု ပြန်၍ပြော၏။ ထိုသူဌေးသားလည်း “ငါတောင်းဦးမည်” ဟု ပြောဆိုကာ မုဆိုးထံကပ်၍ “အဆွေခင်ပွန်း ... ငါ့အား အမဲသားပေးပါ”ဟု ဆို၍ တောင်းပြန်၏။ မုဆိုးလည်း -

“အဆွေ ... ရွာပင်ဖြစ်သော်လည်း အဆွေခင်ပွန်း မရှိသောရွာကား တောနှင့်တူ၏။ သင်၏စကားသည် ကိုယ်အလုံးစုံနှင့်တူ၏။ သို့အတွက် သင့်အား အမဲသားအလုံးစုံကို ပေးမည်” –

ဟု ဆို၍ လှည်းယာဉ်၌ရှိသော အမဲသား အလုံးစုံကို ပေးလေ၏။ သူဌေးသားလည်း မုဆိုးအား လှည်ယာဉ်ကို အိမ်သို့မောင်းစေ၍ မုဆိုးအား ပေးကမ်း ပူဇော်လေ၏။ မုဆိုး၏ သားမယားကိုလည်း ခေါ်စေ၍ မုဆိုးအလုပ်ကို ပယ်စွန့်စေပြီးလျှင် မိမိ၏ဥစ္စာအလယ်၌ နေစေလျက် စည်းစိမ်ခံစားကာ မုဆိုးနှင့် အဆွေခင်ပွန်းမပျက်ဘဲ အသက်ထက်ဆုံး သင့်တင့်ညီညွတ်စွာ နေလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မုဆိုးသည် - ယခုအခါ သာရိပုတ္တရာ။

အလုံးစုံ အမဲသားရသော သူဌေးသားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သူဌေးသားများ၊ မုဆိုးအား၊ အသားတောင်းကြရာ။

(၂) ဟယ်-ဆိုသူ့အား၊ အမြှေးထား၊ ကိုယ်သား အစ်ကိုမှာ။

(၃) အဖနှလုံး၊ ဆွေလှည်းလုံး၊ ရထုံးရှုကြပါ။

သဗ္ဗမံသလာဘီဇာတ် ပြီး၏။

***

၃၁၆ - သသပဏ္ဍိတဇာတ်

အလှူခံ ပုဏ္ဏားအား ဖျံ မြေခွေး မျောက်တို့ ဒါနကိုယ်စီ ပေးလှူကြသဖြင့် ယုန်ပညာရှိသည် လှူစရာမရှိ၍ မိမိကိုယ်ကို မီးပုံတွင်း ခုန်ဆင်းကာ ပေးလှူသော အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဝမ်းမြောက်ဝမ်းသာ လှူဒါန်းရာ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်၌ သူကြွယ်တစ်ယောက်သည် အလုံးစုံသော ပရိက္ခရာအလှူကိုစီရင်ပြီးလျှင် ဘုရားအမှူးရှိသော သံဃာငါးရာတို့ကို ခုနစ်ရက်ပတ်လုံး ပင့်ဖိတ်လျက် မွန်မြတ်သော အရသာရှိသော ဆွမ်းခဲဖွယ် ဘောဇဉ်တို့ကို ကပ်လှူ၍ ခုနစ်ရက်မြောက်သောနေ့ဝယ် ဘုရား အမှူးရှိသော သံဃာငါးရာတို့အား အလုံးစုံသော ပရိက္ခရာတို့ကို လှူဒါန်းလေ၏။ မြတ်စွာဘုရားလည်း အနုမောဒနာ ပြုတော်မူသည်ရှိသော် “သီတင်းသည် ... နှစ်သက်ဝမ်းမြောက်လော့ လှူဒါန်းခြင်းမည်သည်ကား ရှေးပညာရှိတို့ အနွယ်အဆက်တည်း၊ ရှေးပညာရှိတို့သည် ရောက်လာကုန်သော အလှူခံတို့အား အသက်ကိုစွန့်ကာ မိမိအသားကို လှူဖူးကုန်ပီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဖျံ၊ မျောက်၊ မြေခွေး၊ ယုန်ကလေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ယုန်မျိုး၌ဖြစ်၍ တော်တစ်ခုတွင်နေ၏။ ထိုတောကား တစ်ဖက်မှတောင်၊ တစ်ဖက်မှ မြစ်၊ တစ်ဖက်မှ ပစ္စန္တရာဇ်ရွာ ရှိ၏။ ယုန်မင်းအား မျောက်၊ မြေခွေး၊ ဖျံ ဤသုံးဦးသော အဆွေခင်ပွန်းတို့သည် ရှိကုန်၏။ ထိုပညာရှိလေးဦးတို့သည် အတူတကွ နေကြကုန်လျက် မိမိတို့ကျက်စားရာ အရပ်၌ အစာကို ရှာဖွေကြပြီးလျှင် ညချမ်းသောအခါ၌ အတူတကွ စည်းဝေးကြကုန်၏။ ယုန်ပညာရှိသည် အဆွေခင်ပွန်းတို့အား အလှူကိုပေးလှူရမည်၊ သီလကို ဆောက်တည်ရမည်၊ ဥပုသ်ကို စောင့်သုံးရမည်ဟု တရားဟောပြော ဆုံးမ၏။ ကြွင်းသော အဆွေခင်ပွန်း သုံးဦးတို့သည် ယုန်ပညာရှိ အဆုံးအမကို ခံယူကုန်လျက် မိမိတိုပနေရာ၌ နေကြကုန်၏။

ယုန်မင်းဆုံးမ နာခံကြ

တစ်နေ့သ၌ ယုတ်ပညာဂရှိသည် စည်းဝေးကြသောအခ လ-ကို မြင်လျှင် နက်ဖြန် ဥပုသ်နေ့မှန်းသိ၍ သုံးဦးသော အဆွေခင်ပွန်းတို့ကို “အဆွေတို့ ... နက်ဖြန်ဥပုသ်နေ့ဖြစ်သည် ဥပုသ်စောင့်ကြကုန်လော့၊ ဥပုသ်သီလ၌တည်ကုန်၍ ပေးလှူအပ်သောအလှူသည် အကျိုးကြီး၏။ သို့အတွက် ရောက်လာသော အလှူခံတို့အား မိမိတို့စားအပ်သော အစာအာဟာရမှ တတ်အားသမျှ လှူဒါန်းကြကုန်” ဟု ဆုံးမလေ၏။

ငါးကြင်းခုနစ်ကောင် ဖျံယူဆောင်

အဆွေခင်ပွန်းသုံးဦးတို့သည်လည်း ကောင်းပြီဟု ဝန်ခံ၍ မိမိတို့နေရာသို့ သွားပြီးလျှင် နက်ဖြန် မိုးလင်းသောအခါ ဖျံသည် နံနက်စောစောအစာရှာရန် ဂင်္ဂါနားသို့သွား၏။ ထိုအခါ ရွာသားတစ်ယောက်သည် ငါးကြင်းခုနစ်ကောင်းကို နွယ်ဖြင့်သီလျက် ဂင်္ဂါကမ်းနား၌ သဲကိုယက်၍ ဖုံးပြီးလျှင် ငါးဖမ်းရန် ဂင်္ဂါဖြစ်သို့သွား၏။ ဖျံသည် ငါးနံ့ရသဖြင့် သဲကိုယက်သောအခါ ငါးကြင်းခုနစ်ကောင်ကိုမြင်၍ ဖော်ထုတ်ကာ အရှိရှိသလော - မရှိဖူးလော- ဟု သုံးကြိမ် အော်ဟစ်၍ အရှင်ကို မမြင်လျှင် နွယ်ကိုကိုက်ချီ၍ မိမိနေရာချုံ၌ထားပြီးလျှင် အချိန်တန်မှ စားမည်ဟု မိမိသီလကို ဆင်ခြင်လျက် ဝပ်၏။

ဖွတ်၊ အမဲ၊ နို့၊ မြေခွေးဖို့

မြေခွေးလည်း နေရာအရပ်မှထွက်၍ အစာရှာလတ်သော် လယ်စောင့်တစ်ယောက်၏ ကုဋီ၌ အမဲတံစို့နှစ်ခု၊ ဖွက်ကင်တစ်ခု၊ နို့ဓမ်းအိုးတစ်လုံးကို မြင်လျှင် အရှင် ရှိသလော၊ မရှိသလော - ဟု သုံးကြိမ်ဟစ်အောင်၍ အရှင်ကိုမမြင်လျှင် နို့ဓမ်းအိုး၌ ချည်ထားသော ကြိုးကွင်းကို လည်ပင်းဖြင့်စွပ်၍ အမဲ၊ တံစို့၊ ဖွတ်ကင်တို့ကို ကိုက်ချီယူဆောင်၍ မိမိနေရာချုံ၌ ထားပြီးလျှင် အချိန်တန်မှစားမည်ဟု သီလကို ဆင်ခြင်လျက်ဝပ်၏။

သရက်သီးခိုင် မျောက်ကပိုင်

ယုန်မင်းကား အချိန်တန်မှသာ နေရာမှထွက်ပြီး စားမည်ဟု သီလကို ဆင်ခြင်လျက် နေရာချုံ၌ဝပ်၍ ငါ့ထံသို့ လာသော အလှူခံတို့ကား မြက်တို့ကို စားနိုင်ကြမည်မဟုတ်ကုန်၊ နှမ်း၊ ဆန် စသည်တို့လည်း ငါ့အားမရှိကုန်၊ အကယ်၍ ငါ့ထံသို့ အလှူခံလာခဲ့ပါမူ ငါသည် ငိုယ်အသားကို လှူမည်ဟု ကြံစည်လေ၏။

ကိုယ့်အသားသာ ယုန်ထွက်တာ

ယုန်မင်းကား အချိန်တန်မှသာ နေရာမှထွက်ပြီး စားမည်ဟု သီလကို ဆင်ခြင်လျက် နေရာချုံ၌ဝပ်၍ ငါ့ထံသို့ လာသော အလှူခံတို့ကား မြက်တို့ကို စားနိုင်ကြမည်မဟုတ်ကုန်၊ နှမ်း၊ ဆန် စသည်တို့လည်း ငါ့အားမရှိကုန်၊ အကယ်၍ ငါ့ထံသို့ အလှူခံလာခဲ့ပါမူ ငါသည် ငိုယ်အသားကို လှူမည်ဟု ကြံစည်လေ၏။

ဒါနကိုယ်စီ ပြကြပြီ

ထိုအခါ ယုန်မင်း၏ သီလတန်ခိုးကြောင့် သိကြာမင်း၏ ပဏ္ဍုကမ္ဗလာကျောက်နေရာသည် ပူလောင်သော အခြင်းအရာကို ပြလေ၏။ သိကြားမင်းသည် ဆင်ခြင်ကြည့်ရှုလတ်သော် ထိုအကြောင်းကိုမြင်၍ ငါသည် ယုန်မင်းကို စုံစမ်းမည်ဟု ရှေးဦးစွာ ဖျံ၏ထံသို့သွားကာ ပုဏ္ဏားအသွင်ဖြင့် သွားလေ၏။ ဖျံသည် “ပုဏ္ဏား ... အဘယ်အကျိုးငှာ ရပ်သနည်း” ဟု မေးလေ၏။ “ပညာရှိ ... တစ်စုံတစ်ခုသော အာဟာရကိုရလျှင် ဥပုသ်စောင့်၍နေမည်ဟု ရပ်ပါသည်” ဟု ပြောဆိုလေ၏။ ထိုအခါ ဖျံသည် - “အို-ပုဏ္ဏား ... အကျွန်ုပ်အား ရေမှဆယ်တင်ထားအပ်သော ငါးကြင်းခုနစ်ကောင်ရှိပါ၏။ ဤငါးကြင်းခုနစ်ကောင်တို့ကို လှူဒါန်းပါမည်။ ဤဥစ္စာကို စား၍ တောထဲမှာ ဥပုသ်စောင့်ပါ” – ဟု ပြောဆိုကာ ပုဏ္ဏားအား ငါးကြင်း ခုနစ်ကောင်ကို လှူဒါန်းလေ၏။ ထိုအခါ ပုဏ္ဏားသည် “ပညာရှိ ... စောသေးသည် နောက်မှသိရမည်” ဟု ပြောဆိုပြီးလျှင် မြေခွေးထံသို့သွား၍ ရပ်ပြန်၏။ မြေခွေးလည်း ပုဏ္ဏားကို မေးမြန်း၍ အကြောင်းကိုသိရလျှင် - “အို-ပုဏ္ဏား ... အကျွန်ုပ်အား လယ်စောင့်၏ ညဉ့်စာထဲမှ ဆောင်ယူခဲ့သော အမဲတံစို့နှစ်ခု ဖွတ်ကင်တစ်ခု နို့ဓမ်းအိုးတစ်လုံးရှိပါ၏။ ဤဥစ္စာစုကို လှူဒါန်းပါမည်။ ဤဥစ္စာစုကိုစား၍ တောထဲ၌ ဥပုသ်စောင့်ပါ” –ဟု ပြောဆိုကာ ပုဏ္ဏားအား အမဲတံစို့နှစ်ခု ဖွတ်ကင်တစ်ခု နို့ဓမ်းအိုးတစ်လုံးတို့ကို လှူဒါနးလေ၏။ ပုဏ္ဏားသည် “ပညာရှိ ... စောသေးသည်၊ နောက်မှ သိရမည်” ဟု ပြောဆိုပြီးလျှင် မျောက်ထံသို့သွား၍ ရပ်ပြန်၏။ မျောက်လည်း ပုဏ္ဏားကို မေးမြန်း၍ အကြောင်းစုံကိုသိရလျှင် - “အို- ပုဏ္ဏား ... အကျွန်ုပ်အား သရက်သီးမှည့်၊ ချမ်းအေးသော ဂင်္ဂါရေ၊ မွေ့လျော်ဖွယ်ကောင်းသောအရိပ် ရှိပါ၏၊ ဤအလုံးစုံကို လှူဒါန်းပါမည်၊ ဤအလုံးစုံကို စားသောက် သုံးဆောင်၍ တောထဲ၌ ဥပုသ်စောင့်ပါ”ဟု ပြောဆိုကာ ပုဏ္ဏားအား ရှိသမျှ အလုံးစုံကို လှူဒါန်းလေ၏။ ပုဏ္ဏားသည် “ပညာရှိ ... စောသေးသည်၊ နော်ကမှသိရမည်” ဟု ပြောဆိုပြီးလျှင် ယုန်မင်းထံသွား၍ ရပ်လေ၏။ ယုန်မင်းလည်း “ပုဏ္ဏား ... ဘယ်အကျိုးငှာ လာသနည်း ”ဟု မေးလေ၏။ “ပညာရှိ ... တစ်စုံတစ်ခုသော အာဟာရကိုရလျှင် ဥပုသ်စောင့်၍နေမည်ဟု ရပ်လာပါသည်” ဟု ဆို၏။ “အို ပုဏ္ဏား ... အကျွန်ုပ်ထံလာခြင်းကား ကောင်းသောလာခြင်း ဖြစ်၏၊ ယနေ့ အကျွန်ုပ်သည် မလှူဖူးသော အလှူကို လှူပါမည်၊ သင် ပုဏ္ဏားသည် သီလရှိပေ၏၊ ပါဏာတိပါတကံကို ပြုလုပ်မည်မဟုတ်၊ သွားချေအထူးထူးသော ထင်းတို့ဖြင့် မီးကျီးစုကိုပြုပါ၊ အကျွန်ုပ်သည် မီးကျီးစု၌ ဆင်းပါမည်၊ ကျက်သောအခါ အသားကို စား၍ ရဟန်းတရားကို အားထုတ်ပါလော” ဟု ပြောဆိုလျက် - “အို - ပုဏ္ဏား ... အကျွန်ုပ်ယုတ်အား နှမ်း၊ ပဲနောက်၊ ဆန်တို့ မရှိပါကုန်၊ အသားကို လှူပါမည်၊ ဤမီးဖြင့် ကျက်ပြီးသော အကျွန်ုပ်အသားကို စား၍ တောထဲ၌ ဥပုသ်စောင့်ပါ” ဟု ပြောဆိုကာ အသားကို လှူလေ၏။

မီးကျီးစုတွင်း ယုန်ခုန်ဆင်း

သိကြားမင်းသည် ယုန်၏စကားကို ကြားလျှင် မိမိတန်ခိုးအာနုဘော်ဖြင့် တစ်ခုသော မီးကျီးစုကို ဖန်ဆင်း၍ ယုန်မင်းအား ပြောကြားလေ၏။ ယုန်မင်းသည် မြေစာမြက်အိပ်ရာမှထ၍ မီးကျီးစု ရှိရာသို့သွားပြီးလျှင် အမွေးကြား၌ ပိုးငယ်တို့ရှိပါမူ မသေစေကုန်သတည်းဟု နှလုံးသွင်း၍ သုံးကြိမ် ကိုယ်ကိုခါပြီးလျှင် ကြာကန်၌ ဟင်္သာမင်းခုန်ချသကဲ့သို့ ဝမ်းမြောက်ဝမ်းသာ မီးကျီးစု၌ ခုန်ချလေ၏။ မီးသည် ယုန်မင်း၏ ကိုယ်၌ အမွေးတွင်းမျှကိုလည်း ပူလောင်စေခြင်းငှာ မတတ်နိုင်။ ဆီးနှင်းတိုက်၌ ဝင်ရသကဲ့သို့ ဖြစ်လေ၏။ ထိုအခါ ယုန်မင်းသည် “ပုဏ္ဏား ... သင်မွေးသော မီးသည် အလွန်အေး၏၊ မွေးတွင်းမျှကိုလည်း ပူလောင်စေခြင်းငှာ မတတ်နိုင်၊ အကြောင်း အဘယ်သို့ရှိသနည်း” ဟု မေးလေ၏။ “ယုန်ပညာရှိ ... ငါကား ပုဏ္ဏားမဟုတ်၊ သိကြားမင်း ဖြစ်သည်၊ သင့်အား စုံစမ်းလို၍လာသည်” ဟု ပြောလေ၏။ “အို-သိကြားမင်း ... သင့်ကို ထားဘိဦး တစ်လောကလုံး အကျွန်ုပ်ကို အလှူဖြင့် စုံစမ်းမူ၊ မလှူလိုသော အဖြစ်ကို တွေ့ရှိရမည် မဟုတ်” ဟု မွန်မြတ်သော စကားကို ပြောဆိုလေ၏။

ယုန်ရုပ်ကလေး လမှာရေး

သိကြားမင်းသည် “ယုန်ပညာရှိ ... သင်၏ ဂုဏ်ကျေးဇူးသည် ကမ္ဘာပတ်လုံး ထင်ရှားသည် ဖြစ်စေသော်” ဟု တောင်ကိုညှစ်၍ အဆီကိုယူပြီးလျှင် လဝန်း၌ ယုန်ရုပ်အမှတ်အသားကိုရေး၍ ယုန်မင်းကိုဆောင်ပြီးလျှင် နေမြဲတိုင်းနေရာ၌ နေစေ၍ မိမိနေရာ နတ်ရွာသို့ သွားလေ၏။ ပညာရှိ လေးဦးတို့လည်း အညီအညွတ် ဝမ်းမြောက်ဝမ်းသာ သီလကို ဖြည့်ကျင့်လျက် အလှူပေး၍ ဥပုသ်ကို စောင့်သုံးကာ သေလွန်သည့်အခြားမဲ့၌ ကံအားလျော်စွာ လားကြကုန်၏။ မြတ်စွာဘုရားသည် ဒေသနာတော်ကိုဆောင်၍ သစ္စာကိုပြသည်၏အဆုံး၌ အလုံးစုံသော ပရိက္ခရာကို လှူဒါန်းသော သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -

ထိုအခါ ဖျံသည် - ယခုအခါ အာနန္ဒ။

မြေခွေးသည် - မောဂ္ဂလာန်။

မျောက်သည် - သာရိပုတ္တရာ။

ယုန်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သီလစောင့်ရေး၊ အလှူပေး၊ သုံးရေးဥပုသ်ကို။

(၂) ယုန်, ဖျံ, မြေခွေး၊ တောမျောက်လေး၊ စည်းဝေးပြုကုသိုလ်။

သသပဏ္ဍိတဇာတ် ပြီး၏။

***

(၃၁၇) မတရောဒနဇာတ်

အစ်ကိုသေဆုံးရာ ဆွေမျိုးအားလုံး ငိုကြွေးကြကုန်လျက် ညီတစ်ဦးတည်းသာ လောကဓံကိုသိ၍ မငိုဘဲနေသော အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အစ်ကိုသေက ညီငိုရ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်၌ မထင်ရှားသော သူကြွယ်တစ်ယောက်သည် အစ်ကို သေလွန်သဖြင့် သောကနှိပ်စက်၍ ရေလည်းမချိုး၊ ထမင်းလည်းမစား၊ နံ့သာလည်းမလိမ်း၊ နံနက်စောစောကပင်လျှင် သုသာန်သို့သွား၍ ငိုကြွေးလေ၏။

မြတ်စွာဘုရားသည် မိုးသောက်ထအခါ၌ လောကအလုံးစုံကို ကြည့်ရှုလတ်သော် ထိုသူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်လတ္တွှံ၊ ဥပနိဿယကို မြင်တော်မူလျှင် သူကြွယ်အိမ်သို့ ကြွတော်မူ၍ ခင်းအားအပ်သော နေရာ၌ နေတော်မူ၏။ သူကြွယ်လည်း မြတ်စွာဘုရားထံ ဆည်းကပ်ကာ ရှိခိုးလျက်နေ၏။

ထိုအခါ မြတ်စွာဘုရားသည် “သူကြွယ် ... စိုးရိမ်သလော” ဟု မေး၏။ “အရှင်ဘုရား ... အစ်ကို သေလွန်သောအခါမှစ၍ စိုးရိမ်ပါ၏” ဟု လျှောက်ရာ၊ “သူကြွယ် ... ခပ်သိမ်းသော သင်္ခါရတရားတို့သည် အမြဲမရှိကုန်၊ ပျက်စီးခြင်းသဘော ရှိကုန်၏၊ ပျက်စီးခြင်း၌ မစိုးရိမ်အပ်၊ ရှေးပညာရှိတို့သည် အစ်ကို သေလွန်သော်လည်း မစိုးရိမ်ကြကုန်”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သေလို့ မငို ကဲ့ရဲဆို

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကုဋရှစ်ဆယ် ကြွယ်ဝသော သူဌေးမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် မိဘတို့ သေလွန်ကုန်၏။ ထိအခါ အစ်ကိုသည် စည်းစိမ်ဥစ္စာကို စီအံအုပ်ချုပ်ရ၏။ ညီသူကြွယ်သည် အစ်ကိုသူကြွယ်ကိုမှီ၍ အသက်မွေးရ၏။

နောက်အခါ အစ်ကိုသူကြွယ်သည် သေလွန်လေ၏။ ဆွေမျိုးသားချင်း အဆွေခင်ပွန်းတို့သည် စည်းဝေးကုန်လျက် ငိုကြွေးကြကုန်၏။ ညီသူကြွယ်ကား မငိုကြွေးချေ။ ထိုအခါ လူတို့သည် “အချင်းတို့ ... ကြည့်ရှုကြကုန်လော၊ အစ်ကိုသေသော်လည်း ဤညီသူကြွယ်ကား မျက်နှာတွန့်ခြင်းမျှမရှိ၊ အလွန်စိတ်ခိုင်မာလှ၏။ ဥစ္စာနှစ်ခုလုံးကို ငါသာခံစားရမည်ဟု အစ်ကို သေခြင်းကို အလိုရှိသယောင်တကား” ဟု ကဲ့ရဲ့ကြကုန်၏။ ဆွေမျိုးတို့သည်လည်း ကဲ့ရဲ့ကြကုန်၏။

မိုက်မဲသူတွေ ငိုကြလေ

ညီသူကြွယ်သည် ထိုကဲ့ရဲ့သူတို့ စကားကို ကြားလျှင် “သင်တို့သည် အလွန်မိုက်မဲကြဖြင့် လောကဓံတရားရှစ်ပါးကို မသိကြသောကြောင့် ငါ့အစ်ကို သေလွန်ရာ၌ ငိုကြွေးကြကုန်၏။ ငါသည်လည်း မုချသေရတ္တံ့၊ ထိုကြောင့် ငါကား မငိုကြွေး၊ သင်တို့လည်း သေကြရကုန်လတ္တံ့ဟု နှလုံးသွင်းကာ မငိုကြွေးကြကုန်လင့်၊ ခပ်သိမ်းသောသင်္ခါရတို့သည် အမြဲမရှိကုန်၊ ဖြစ်ပြီးလျှင် ချုပ်တတ်ပျက်တတ်ကုန်၏။ တည်တံ့ခြင်းငှာ စွမ်းနိုင်သော သင်္ခါရတရားမည်သည် မရှိ၊ သင်တို့ မိုက်မဲ၍ ငိုကြွေးကုန်သော်လည်း ငါ ဘယ်အကျိုးရှိ၍ ငိုကြွေးအံ့နည်း” ဟု ပြောဆိုကာ -

“အချင်းတို့ ... သင်တို့ကား သေလွန်တိုင်း၊ သေလွန်တိုင်း ငိုကြွေးကုန်၏၊ သေလတ္တံ့ ဖြစ်သောသူကို မငိုကြွေးကြကုန်၊ အလုံးစုံ ခန္ဓာကိုယ်ကို ဆောင်သောသူတို့သည် အစဉ်အတိုင်း သေရကြကုန်လတ္တံ့။

စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကုန်သော နတ်၊ လူ၊ နဂါး၊ သား၊ ငှက်တို့သည် မိမိတို့ကိုယ်၌ အစိုးမရကုန်၊ ဖြစ်ရာအရပ်၌ မွေ့လျော်ကာ သေလွန်ကြရကုန်၏၊ လူတို့၌ ဤသို့လျှင် မတည်ကြည် တုန်လှုပ်သော ချမ်းသာ ဆင်းရဲကို ကြည့်ရှုကာ မျက်ရည်ယိုစီးခြင်း၊ ငိုကြွေးခြင်းသည်ကား အကျိုးမရှိ၊ အဘယ်ကြောင့် သင်တို့အား စိုးရိမ်ခြင်းအပေါင်းတို့သည် နှိပ်စက်ကုန်ဘိသနည်း။

မိန်းမကြူးသူ၊ ကြွေအန်ကြူးသူ၊ သောက်စားကြူးသူ၊ အကျင့်ကို မကျင့်သူ၊ အသင့််အတင့် နှလုံးသွင်းသူ၊ လောကဓံတရားရှစ်ပါးတို့၌ မလိမ္မာသူ လူမိုက်တို့သည် ဆွေမျိုးတို့ သေလွန်ရာ မငိုကြွေးသော ငါကဲ့သို့သော ပညာရှိကို သူမိုက်ဟု မှတ်ထင်အောက်မေ့ကုန်၏” –

ဟု ကဲ့ရဲ့သူတို့အား တရားစကား ဟောကြား ဆုံးမလေ၏။ ခပ်သိမ်းသော သူတို့လည်း ညီသူကြွယ်၏တရားကို စကားကြားနာရသဖြင့် စိုးရိမ်သောက ကင်းလေကုန်၏။

မြတ်စွာဘုရားသည် ဒေသနာတော်ကို ဆောင်တော်မူပြီးလျှင် သစ္စာကိုပြသည်၏အဆုံး၌ သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သောက မရှိအောင် ပြုသော ပညာရှိသူကြွယ်သည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သတ္တဝါခပဲ၊ သေရမြဲ၊ မမြဲသင်္ခါရာ။

(၂) ရှစ်လောကဓံ၊ မသိပြန်၊ သေလွန်ငိုကြွေးရှာ။

(၃) မငိုမပူ၊ သူကြွယ်မူ၊ မိုက်သူကဲ့ရဲ့ကာ။

မတရောဒနဇာတ် ပြီး၏။

***

(၃၁၈) ကဏဝေရဇာတ်

ခိုးသူကြီးကို ချစ်ကြိုက်မိသဖြင့် ကုလားဇလတ်ချုံတွင် ခိုးသူကြီး၏ အနှိပ်စက်ကို ခံရသော ပြည့်တန်ဆာမ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိန်းမမှီပြု ငြီးငွေ့မှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် မယားဟောင်းသည် ဖြားယောင်း သွေးဆောင်အပ်သည်ဖြစ်၍ သာသနာတော်၌ ငြီးငွေ့ ပျင်းရိလေ၏။ ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံသို့ ဆောင်ယူလာကြရာ မြတ်စွာဘုရား သိတော်မူ၍ “ချစ်သားရဟန်း ... သင်သည် အဘယ်ကြောင့် မိန်းမကို အမှီပြု၍ သာသနာတော်၌ ငြီးငွေ့ ပျင်းရိသနည်း၊ သင်သည် ရှေးအခါ၌လည်း ဤမိန်းမကိုအမှီပြု၍ သန်လျက်ဖြင့် ဦးခေါင်းကို အဖြတ်ခံရဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသနတည်း။ [ဣန္ဒြိယဇာတ်၌ ထင်စွာဖြစ်လတ္တံ့။]

အတိတ်ဝတ္ထု

သူခိုးဖြစ်လတ် လောင်းတော်မြတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကရွာဝယ် သူကြွယ်တစ်ဦးအိမ်၌ဖြစ်၍ အရွယ်ရောက်လတ်သော် စောရနက္ခတ်နှင့်ယှဉ်၍ ဖွားသောကြောင့် ခိုးမှုကိုပြုလျက် အသက်မွေး၏။ လောက၌ အလွန်ထင်ရှား၏။ ဆင်ပြောင်အားကို ဆောင်နိုင်၏။ တစ်စုံတစ်ယောက်သောသမျှ မဖမ်းဆီးနိုင်။ တစ်နေ့သ၌ ထိုသူခိုးကြီးသည် သူဌေးတစ်ဦးအိမ်မှ များစွာသော ဥစ္စာတို့ကို ခိုးယူလေ၏။ ထိုအခါ မြို့သူမြို့သားတို့သည် မင်းကြီးအား တိုင်ကြားကြကုန်၏။ မင်းကြီးလည်း မြို့စောင့်ကို ဖမ်းစေ၏။ မြို့စောင့်လည်း ညဉ့်အခါ ရပ်ကွက်တိုင်း အပေါင်းအစုဖွဲ့ကာ ဝိုင်းဝန်းဖမ်းသဖြင့် ခိုးရာပါဥစ္စာနှင့်တကွ မိလတ်သော် မင်းကြီးထံ ဆက်သလေ၏။

သူခိုးကိုဖမ်း သတ်ကြစမ်း

မင်းကြီးလည်း မြို့စောင့်ကို သူခိုးကြီး ဦးခေါင်းကို သန်လျက်ဖြင့်ဖြတ်၍ သတ်လော့ဟု အမိန့်ပေး၏။ မြို့စောင့်လည်း သူခိုးကြီးကို မြဲမြံစွာ လက်ပြန်ကြိုးဖြင့် နှောင်ဖွဲ့၍လည်ပင်းတွင် ကုလား ဇလပ်ပန်းနီကိုဆွဲလျက် ဦးခေါင်းတွင် အုတ်မှုန့်ကြဲကာ မြို့တွင်းရှိ လမ်းဆုံတိုင်း၊ လမ်းဆုံတိုင်း ကြိမ်လုံးဖြင့် ရိုက်နှက်လျက် ကြမ်းတမ်းစူးရှသော အသံရှိသောစည်ကိုတီး၍ သခိုးသတ်ရာ သုသာန်သို့ ဆောင်လေ၏။ ထိုအခါ သူခိုးကြီး ဖမ်းမိပြီဟု တစ်မြို့လုံး ချောက်ချားလျက် ရှိ၏။

သာမာချစ်ရေး တစ်ထောင်ပေး

ဗာရာဏသီပြည်ဝယ် အသပြာတစ်ထောင်ပေး၍ သွးလာရသော သာမာ မည်သော ပြည့်တန်ဆာတစ်ယောက်ရှိ၏။ ထိုပြည့်တန်ဆာမသည် မင်းကြီးနှင့် အကျွမ်းဝင်၏။ အခြံအရံ ကျွန်မငါးရာ ရှိ၏။ ထိုပြည့်တန်ဆာမသည် ပြာသာဒ်ထက်၌နေလျက် ပြတင်းကိုဖွင့်၍ကြည့်ရာ သုသာန်သို့ ဆောင်ယူသွားသော သူခိုးကြီးကိုမြင်လျှင် တပ်စွန်းလှသော စိတ်ရှိရကား ဥပါယ်တံမျဉ်ဖြင့် လွတ်စေ၍ လင်ယောကျ်ားပြုမည်ဟု ကြံစည်ကာ မိမိအကျိုးကို ဆောင်ရွက်သော မိန်းမတစ်ယောက်ကိုခေါ်၍ အသပြာတစ်ထောင်ပေးကာ “ရှင်မ... မြို့စောင့်အား ဤသူခိုးကြီးကား သာမာ၏ မောင်ဖြစ်သည်၊ သာမာမှတစ်ပါး ကိုးကွယ်ရာမရှိ၊ သင်တို့သည် ဤအသပြာ တစ်ထောင်ကိုယူ၍ ဤသူခိုးကြီးကိုလွှတ်ပါ” ဟု ပြောချဟု စေလွှတ်လိုက်၏။ ထိုမိန်းမလည်း မသပြာတစ်ထောင်ကို ယူ၍သွားကာ သာမာ ခိုင်းတိုင်းပြုလေ၏။ မြို့စောင့်သည် ထိုမိန်းမ၏ စကားကိုကြားလျှင် “ရှင်မ ... ဤသူခိုးကြီးအား အလွန် ထင်ရှားသော သူခိုးကြီးဖြစ်၏၊ ဤနည်းဖြင့် မလွှတ်နိုင်၊ လူစားရလျှင် ဤသူခိုးကြီးကို ဖုံးလွှမ်းသောယာဉ်၌ စီးစေလျက် လွှတ်နိုင်လိမ့်မည်” ဟု ပြောကြားလိုက်၏။ ထိုမိန်းမလည်း ပြန်၍ သာမာအား ထိုအကြောင်းကို ပြောကြားလေ၏။

သူခိုးလင်ပြု လှည့်ပတ်မှု

ထိုအါ သူဌေးသား တစ်ယောက်သည် သာမာ၌ တပ်စွန်းသဖြင့် နေ့တိုင်း၊ နေ့တိုင်း အသပြာ တစ်ထောင်၊ တစ်ထောင်ပေး၍ ပျော်ပါးလေ့ရှိ၏၊ ထိုနေ့၌လည်း နေဝင်သောအခါ ပျော်ပါးရန် အသပြာတစ်ထောင်ကို ယူ၍လာ၏။ သာမာသည် အသပြာတစ်ထောင်ကို ယူပြီးလျှင် ပေါင်ပေါ်၌ထားကာ ငိုကြွေးလျက် “အရှင် ... သူခိုးကြီးအား အကျွန်ုပ်မောင် ဖြစ်ပါသည်၊ နှိပ်စက်သဖြင့် အကျွန်ုပ်ထံ မလာဝံ့ပါ မြို့စောင့်ထံ စေလွှတ်သောအခါ အသပြာတစ်ထောင်ရမှ လွှတ်မည် ပြောပါသည်၊ မြို့စောင့်ထံ အသပြာပို့သူ မရှိပါ” ဟု ပရိယာဖြင့် ဖြားယောင်းကာ ပြောဆိုလေ၏။ သူဌေးသားလည်း အဟုတ်အမှန် ထင်မှတ်ကာ သည်လိုဖြစ်လျှင် ငါသွားပို့မည်ဆို၍ အသပြာတစ်ထောင်ကို ယူကာ မြို့စောင့်ထံ သွားလေ၏။ မြို့စောင့်လည်း အသပြာတစ်ထောင်ကိုယူ၍ သူဌေးသားကို ဖမ်းဆီးပြီးလျှင် သူခိုးကြီးကို ဖုံးလွှမ်းသောယာဉ်၌ စီးစေပြီးကာ သာမာအိပ်သို့ ပို့စေ၏။ မြို့စောင့်လည်း သူခိုးကြီးကို လွှတ်ပြီးလျှင် သူဌေးသားကို သူခိုးကြီး ပြုလုပ်ကာ ဤသူခိုးကြီးကား တိုင်းပြည်၌ ထင်ရှားသော သူခိုးကြီး ဖြစ်သည်၊ ညဉ့်မှောင်မိုက်၍ လူတို့ စကားပြောသောအခါမှ သတ်မည်ဟု ယိုးမယ်ဖွဲ့ကာ တစ်ခဏမျှလွန်စေ၍ လူတို့ စကားပြောလတ်သော် သူဌေးသားကို ကြီးစွာသော အနှောင်အဖွဲ့ဖြင့် သုသာန်သို့ယူ၍ ဦခေါင်းကို သန်လျက်ဖြင့်ဖြတ်ကာ ကိုယ်ကို တံကျင်လျှိုပြီးလျှင် မြို့တွင်းသို့ ဝင်လေ၏။

သူခိုးနှင့်လေ မွေ့လျော်နေ

ထိုအခါမှစ၍ သာမာသည် သူတစ်ပါးလက်မှ လက်ဆောင်ကို မယူ၊ သူခိုးကြီးနှင့်သာ မွေ့လျော်၍နေ၏။ တစ်နေ့သ၌ သူခိုးကြီးသည် ဤသာမာ မိန်းမယုတ်ကား ယောကျ်ားတစ်ပါး၌ တပ်စွန်းပြန်သော် ငါ့ကိုလည်း သတ်စေ၍ ထိုတပ်စွန်းသူနှင့် မွေ့လျော်ပြန်လတ္တံ့။ စင်စစ် အဆွေခင်ပွန်းကို ပြစ်မှားတတ်၏။ ငါသည် ဤမိန်းမယုတ်ထံ၌မနေဘဲ အမြန် ပြေးသွားသင့်၏။ ပြေးသွားသော ငါသည်လည်း လက်ချည်းသက်သက်မသွားဘဲ သာမာ၌ ဝတ်ဆင်ထားသော လက်ဝန်တန်ဆာတို့ကို ယူ၍သွားမည်ဟု ကြံစည်ကာ အခွင့်ကိုသာ စောင့်၍နေ၏။ တစ်နေ့သ၌ သူခိုးကြီးသည် သာမာအား “နှမ ... ငါကား ဆောင်းဖြင့်အုပ်ထားသော ကြက်ကဲ့သို့ အိမ်၌နေရသဖြင့် ကျဉ်းကျပ်လှသည်၊ ဥယျာဉ်ကစားသွားရအောင်” ဟု ပြောဆိုလေ၏။ သာမာလည်း အဟုတ်ထင်မှတ်၍ ကောင်းပြီဟု ပြောဆိုကာ ခဲဖွယ်ဘောဇဉ်တို့ကို စီရင်ပြီးလျှင် အလုံးစုံသော တန်ဆာတို့ကို ဝတ်ဆင်လျက် သူခိုးကြီးှနှင့်အတူ ယာဉ်စီးကာ ဥယျာဉ်သို့သွားကြ၏။

သာမာနှင့်ဝေး လွတ်ရာပြေး

သူခိုးကြီးသည် သာမာနှင့်တကွ ဥယျာဉ်ကစား၍ ငါပြေးဖို့ အချိ်န်ပြီဟု ကိလေသာဖြင့် မွေ့လျော်လိုဘိသကဲ့သို့ ကုလားဇလပ်ချုံသို့ဝင်ကာ သာမာကို လည်ဖက်သကဲ့သို့ နှိပ်၍ မိန်းမောအောင်ပြုကာ သတ်ပုတ်ပြီးလျှင် အဆင်တန်ဆာ အလုံးစုံကို ချွတ်ယူ၍ အပေါ်ရုံပုဆိုးဖြင့် ထုပ်ပြီးလျှင် ထမ်း၍ ဥယျာဉ်စည်းကို ခုန်လွှားလျက် ပြေးလေ၏။

ချင်လင်ကိုရှာ မယ်သာမာ

သာမာလည်း အတန်ကြာသော် သတိရ၍ ထပြီးလျှင် အလုပ်အကျွေးတို့ထံသွား၍ သူခိုးကြီးကို မေးမြန်းရာ မသိကြသဖြင့် ငါသေပြီမှတ်၍ ပြေးလိမ့်မည်ဟု နှလုံးမသာဖြစ်ကာ အိမ်သို့ပြန်ပြီးလျှင် ချစ်လှစွာသောလင်ကို မမြင်ရသောအခါမှစ၍ တန်ဆာဆင်သော အိပ်ရာ၌ မအိပ်၊ နှစ်သက်ဖွယ်သော အဝတ်ကို မဝတ်၊ နှစ်သက်ဖွယ်သော အစာကို မစား၊ ပန်းကို မပန်၊ နံ့သာ စသည်တို့ကိုလည်း မလိမ်းလေ။ တစ်စုံတစ်ခုသော ဥပါယ်ဖြင့် ချစ်လင်ကိုရှာ၍ ခေါ်စေမည်ဟု ကြံစည်ကာ ကချေသည်မတို့ကိုခေါ်၍ သျီင်း တစ်ပုဒ်ကို သီကုံးစေပြီးလျှင် “ကချေသည်မတို့ ... သင်တို့ရောက်လေရာရာ မြို့နိဂုံးရွာ၌ ပွဲသလင်ခံသည်ရှိသော် ရှေးဦးစွာ သီချင်းကို ဆိုပါကုန်၊ ငါ၏ချစ်လင်သည် အကယ်၍ ပရိသတ်အလယ်၌ ရှိပါမူ သင်တို့နှင့် စကားပြောလိမ့်မည် ထိုအခါ အနာရောဂါ ကင်းသည်ကို ပြောဆိုပြီးလျှင် ငါ၏ ချစ်လင်ကို ခေါ်လာကြပါကုန်၊ အကယ်၍ မလိုက်လာပါမူ သတင်းစကား မှာထားလိုက်ကြပါကုန်” ဟု ပြောဆိုကာ ရိက္ခာအပြည့်အစုံပေး၍ လွှတ်လိုက်၏။

ကချေသည်များ လင်မှာကြား

ကချေသည်တို့သည် ဗာရာဏသီပြည်မှထွက်ကာ ထိုထိုအရပ်၌ ပွဲသဘင်ခံလျက် ပစ္စန္တရာဇ်သို့ သွားကြကုန်။ ထိုပစ္စန္တရာဇ်သို့ သူခိုးကြီးလည်း ရောက်၍နေနှင့်၏။ ပွဲသဘင်ခံသည်ရှိသော် ရှေးဦးစွာ - “အချင်းတို့ ... ဝသန္တရာအခါဝယ် နီမြန်းသော ကုလားဇလပ်ချုံ၌ လက်မောင်းဖြင့် အနှိပ်ခံရသော သမာသည် ထိုနှိပ်သော ချစ်လင်အား အနာရောဂါကင်းကြောင်းကို ပြောကြားလိုက်ပါ၏။” –ဟု သမာ သီကုံး၍ ပေးလိုက်သော သီချင်းကို သီဆိုကုန်၏။ ထိုအခါ ပရိသတ်အလယ်၌ရှိသော သူခိုးကြီးသည် ထိုစကားကိုကြားလျှင် ကချေသည်တို့ထံ ကပ်လာ၍ - “အချင်း ကချေသည် ... သာမာ မည်သော မိန်းမသည် သေလွန်ခဲ့၏၊ ထိုသာမာသည် ငါ့ကို အနာရောဂါ ကင်းကြောင်းကို ပြောကြားလိုက်၏ ဟူသော စကားကို ငါ မယုံကြည်နိုင်ပေ၊ လေသည် တောင်နှင့်မြေအလုံးစုံကို ဆောင်ယူ၍သွားသည်ဆိုသော စကားကဲ့သို့ဖြစ်၍ ငါ မယုံကြည်နိုင်” –ဟု ကချေသည်အား ပြန်ကြားပြောဆိုလေ၏။ ကချေသည်လည်း သူခိုးကြီးစကားကြားလျှင် - “အရှင် ... သာမာ မည်သော မိန်းမ မသေပါ၊ ထိုသာမာသည် တခြားလင်ကိုလည်း အလိုမရှိပါ၊ ဝယ်ယူထားရသော လင်တစ်ကောင်ကိုသာ အလိုရှိပါ၏”-ဟု သူခိုးကြီးအား ပြောဆိုပြန်၏။

သမာစွန့်ရေး ခိုးသားပြေး

သူခိုးကြီးသည် ကချေသည်စကားကိုကြားလျှင် သာမာသည် အသက်ရှင်သည်မူလည်း ဖြစ်စေ၊ သေသည်မူလည်း ဖြစ်စေ သာမာကို အလိုမရှိတော့ပြီဟု ပြောဆိုပြီးလျှင် - “အချင်း ကချေသည် ... သာမာသည် မပေါင်းဖော်ဖူးသေးသော ငါ့ကို ကြာမြင့်စွာ ပေါင်းဖော်ဖူးသော သူဌေးသားနှင့် လဲလှယ်၍ယူဘိ၏၊ ငါနှင့်လည်း တစ်ပါးသောလင်ကို လဲလှယ်၍ ယူပြန်ရာ၏၊ ငါသည် ဤအရပ်မှ အလွန်ဝေးသော အရပ်သို့ သွားတော့အံ့” –ဟု ပြောဆိုပြီးလျှင် ကချေသည်တို့ ကြည့်ရှုနေစဉ်လျှင် ပုဆိုးကို မြဲမြံစွာဝတ်၍ အလွန်လျင်မြန်သော အဟုတ်ဖြင့် ပြေးလေ၏။ ကချေသည်တို့လည်း ဗာရာဏသီပြည်သို့ပြန်၍ နောက်သောအခါ သာမာအား သူခိုးကြီး ပြုလုပ်သော အမူအရာအလုံးစုံကို ပြောဆိုကုန်၏။ သာမာလည်း ကချေသည်တို့စကားကိုကြားလျှင် နှလုံးမသာသည်ဖြစ်၍ မိမိသဘောအတိုင်းသာ နေရလေ၏။ မြတ်စွာဘုရားသည် ဒေသနာကိုဆောင်၍ သစ္စာကိုပြသည်၏ အဆုံး၌ သာသနာတော်၌ ငြီးငွေ့ပျင်းရိသောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -

ထိုအခါ သူဌေသားသည် - ယခုအခါ ငြီးငွေ့သောရဟန်း။

သာမာသည် - မယားဟောင်း။

သူခိုးကြီးသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိန်းမစရိုက်၊ အလွန်မိုက်၊ နှစ်ခြိုက်မသင့်ရာ။

(၂) ဟောင်းဖြင့်သစ်လဲ၊ လင်မမြဲ၊ မြဲဖြင့်ပြောင်းလွှဲကာ။

(၃) လင်သူဌေးသား၊ သူခိုးအား၊ လဲထားမိသာမာ။

ကဏဝေရဇာတ် ပြီး၏။

***

(၃၁၉) တိတ္တိရဇာတ်

မိမိအသံအတွက် ဆွေမျိုးဖြစ်သော ခါများ မုဆိုးလက်တွင် သေကျေ ပျက်စီးရသောကြောင့် မိမိ၌ ဒုစရိုက်မှုဖြစ် မဖြစ်ရသေ့အား လျှောက်ထားသော ခါတိန်ညင်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရာဟုလာသာမဏေ ချီးကျူးလေ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ကောသမ္ဘီပြည်ကို အမှီပြု၍ ဆီးတော်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရှင်ရာဟုလာသည် သိက္ခာကို အလိုရှိ၏၊ ကုက္ကုစ္စကို ပြုတတ်၏၊ ဆုံးမခြင်းငှာခန့်၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ရှင်ရာဟုလာ၏ ဂုဏ်ကျေးဇူးကို စကားစပ်မိ၍ ပြောဆိုနေစဉ် မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ရာဟုလာသည် ယခုအခါ၌သာ ဆုံးမခြင်းငှာ ခန့်သည်မဟုတ်၊ ရှေးအခါ၌လည်း ဆုံးမခြင်းငှာ ခန့်သည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

စျာန်ယာဉ်ပျော်မွေ့ ရှင်ရသေ့

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှင် တောထွက်၍ ရသေံရဟန်းပြုကာ ဟိမဝန္တာဝယ် မွေ့လျော်ဖွယ်ရှိသော တောအုပ်တစ်ခု၌နေ၍ အဘိညာဉ်သမာပတ်ကို ဖြစ်စေလျက် စျာန်ကစားကာနေ၏။

တစ်နေ့သ၌ ချဉ်ဆားမှီဝဲရန် ပစ္စန္တရာဇ်ရွာသို့ သွားလေ၏။ ပစ္စန္တရာဇ် ရွာသားတို့သည် ရသေ့ကိုမြင်လျှင် ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍ မထင်ရှားသောတော၌ ကျောင်းဆောက်လျက် ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေးကာနေစေကုန်၏။

အမျိုးခေါ်ငင် ခါတိန်ညင်

ထိုအခါ ရွာ၌ ငှက်မုဆိုးတစ်ယောက်သည် *တိန်ညင်ခါ တစ်ကောင်ကိုယူလျက် ကောင်းစွာသင်ကြားပြီးလျှင် ချိုင့်၌ထား၍ မွေးမြူလေ၏။ ထိုမုဆိုးသည် တိန်ညင်ခါကို တောသို့ဆောင်ကာ ထိုခါတွင်သောအသံဖြင့် လာတိုင်း၊ လာတိုင်းသော ခါတို့ကို ဖမ်းယူသတ်ဖြတ် ရောင်းချကာ အသက်မွေးလေ၏။

*တိန်ညင် - တည်သော ကြက် ငှက် စသော သတ္တဝါတို့ကို ခေါ်သည်။

ခါသည် ငါတစ်ကောင်ကိုမှီ၍ ဆွေမျိုးတို့ ပျက်စီးကုန်၏။ ဤမကောင်းမှုကား ငါ၏မကောင်းမှု ဖြစ်သည်ဟု ကြံစည်လျက် မတွန်ဘဲ ဆိတ်ဆိတ်သာနေ၏။ မုဆိုးသည် မတွန်သောအခါ ဝါးခြမ်းစိတ်ဖြင့် ခါ၏ဦးခေါင်းကို ရိုက်နှက်၏။ ခါလည်း နာကျင့်သဖြင့် ကျယ်လောင်စွာတွန်ရပြန်၏။ ခါလည်း နာကျင်သဖြင့် ကျယ်လောင်စွာ တွန်ရပြန်၏။ မုဆိုးကား တိန်ညင်ခါကို အမှီပြု၍သာ အသက်မွေးလေ၏။

ယုံမှားကိုမေး ခါကလေး

ခါသည် ငါကား ဆွေမျိုးတို့ကို သေစေကုန်သတည်းဟု စေတနာ မရှိခဲ့၊ ငါ့ကိုမှီ၍ မုဆိုးသည် ပါဏာတိပါတကံကို ရခဲ့၏၊ ငါသည် မတွန်သော် ထိုခါတို့ မလာကြကုန်၊ ငါ တွန်၍သာ လာကြကုန်၏၊ လာတိုင်း၊ လာတိုင်းသော ခါတို့ကို ဤမုဆိုးသည် သတ်၏၊ ဤအရာ၌ ငါ့အား မကောင်းမှုကံ ရှိလေသလော၊ မရှိလေသလောဟု ကြံစည်ကာ ယုံမှားသံသယရှိသဖြင့် ထိုယုံမှားသံသယကို မည်သူပယ်ဖျောက်နိုင်ပါအံ့နည်းဟု ပညာရှိ သူတော်ကောင်းကို ရှာဖွေလျက်သာနေ၏။

တစ်နေ့သ၌ ငှက်မုဆိုးသည် ခါများစွာတို့ကို ယူပြီးလျှင် ရေသောက်မည်ဟု ရသေ့ကျောင်းသို့ဝင်၍ ခါတိန်ညင်ချိုင့်ကို ရသေ့အထံ၌ထားလျက် ရေသောက်ပြီးလျှင် သဲပြင်၌ လျောင်းကာ အိပ်ပျော်လေ၏။ ထိုအခါ ခါသည် မုဆိုး အား အိပ်ပျော်နေသည်ကိုသိ၍ ငါ၏ ယုံမှားသံသယကို ရသေ့အား မေးမည်။ သိလျှင် ငါ့အား ဖြေကြားလိမ့်မည်ဟု ကြံစည်ကာ ချိုင့်တွင်နေလျက် -

“အရှင်ဘုရား ... အကျွန်ုပ်သည် ဤငှက်မုဆိုးကိုမှီ၍ စင်စစ် ချမ်းသာစွာ အသက်မွေးရပါ၏၊ စားဖို့ အစာကိုလည်း ရပါ၏၊ သို့သော်လည်း ဘေးရန်အတွင်း၌သာ နေရပါ၏၊ အကျွန်ုပ်၏ ဂတိသည် အဘယ်သို့ ဖြစ်လတ္တံ့နည်း” –

ဟု ရသေ့အား လျှောက်ထားလေ၏။ ရသေ့လည်း ခါ၏စကားကိုကြားလျှင် -

“အို-ခါငှက် ... မကောင်းမှုကို ပြလုပ်ဖို့ရန် သင်၏ စိတ်စေတနာသည် အကယ်၍ မညွတ်ပါမူ တစ်စုံတစ်ရာ လုံ့လမပြုကောင်းသော စိတ်ရှိသော သင့်အား မကောင်းမှုသည် မလိမ်းကျံပေ” –

ဟု ခါအား ဖြေကြားလေ၏။ ခါသည် ထိုစကားကို ကြားလျှင် တစ်ဖန် -

“အရှင်ဘုရား... ငါတို့ ဆွေမျိုးနေ၏ဟု ခါများစွာတို့သည် လာကုန်၏၊ အကျွန်ုပ်ကိုစွဲ၍ မုဆိုးသည် ပါဏာတိပါတကံကို ရရှိ၏၊ ထိုမကောင်းမှုကံ၌ အကျွန်ုပ်စိတ်သည် ယုံမှားသံသယ ရှိပါ၏” –

ဟု ရသေ့အား လျှောက်ပြန်၏။ ထိုအခါ ရသေ့သည် -

“အို-ခါငှက် ... သင်၏စိတ်သည် အကယ်၍ မပြစ်မှားပါမူ သင့်ကိုစွဲ၍ မုဆိုးပြုအပ်သော ပါဏာတိပါတကံသည်သင့်ကို မလိမ်းကျံပေ၊ တစ်စုံတစ်ရာ လုံ့လမပြုကောင်းသော စိတ်ရှိသော သင့်အား မကောင်းမှုသည် မလိမ်းကျံပေ” –

ဟု ခါအား ဖြေကြားပြန်၏။ ခါသည်လည်း ရသေ့ ပညာရှိကိုမှီ၍ ယုံမှားသံသယ ကင်းလေ၏။ မုဆိုးသည် အိပ်ရာမှ နိုးလတ်သော် ရသေ့ကို ရှိခိုးပြီးလျှင် ခါချိုင့်ကို ယူ၍ သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ခါငှက်သည် - ယခုအခါ ရာဟုလာ။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) လုံ့လမပြု၊ စိတ်ကောင်းမှု၊ မကုမလိမ်းကျံ။

(၂) မပြစ်မှားမှု၊ ကိုယ့်စွဲပြု၊ အကုမလိမ်းကျံ။

တိတ္တိရဇာတ် ပြီး၏။

***

(၃၂၀) သုစ္စဇဇာတ်

တကယ်ပေး မဟုတ်၊ ဟန်ဆောင် နှုတ်ပေးဖြင့် ပေးခြင်းကိုပင် ပေးနိုင်ခဲသော ပညာရှိအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မယားရွှေတောင်း လင်ကြိမ်းမောင်း

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သူကြွယ် တစ်ယောက်သည် မယားနှင့် ရွာငယ်တစ်ခုသို့ ကြွေးမြီအတောင်းသွားရာ အပြန်တွင် ခရီးလမ်းအကြား၌ တောင်တစ်ခုကိုမြင်လျှင် မယားသည် လင်အား “အရှင် ... ဤတောင်ရွှေဖြစ်ခဲ့သော် အကျွန်ုပ်အား အနည်းငယ် ပေးပါမည်လော” ဟု မေးလေ၏။ သူကြွယ်သည် “ရှင်မ ... သင် အဘယ်သို့သော မိန်းမနည်း၊ တစ်စုံတစ်ရာကိုမျှ ငါမပေးနိုင်” ဟု ပြောဆိုလေ၏။ ထိုအခါ မယားသည် ဤယောကျ်ားကား ဤတောင် ရွှေဖြစ်သော်လည်း ငါ့အား တစ်စုံတစ်ခုကိုမျှ မပေးနိုင်သည်တိုင်အောင် စိတ်နှလုံး ခိုင်မာလှပေ၏ဟု နှလုံးမသာ ရှိလေ၏။

ထိုလင်မယား နှစ်ယောက်တို့သည် ဇေတဝန်ကျောင်းတော်အနီးသို့ရောက်လျှင် ရေသောက်မည်ဟု ခေတ္တဝင်၍ ရေသောက်ကြကုန်။ မြတ်စွာဘုရားလည်း ထိုသူကြွယ်လင်မယားတို့ သောတာပတ္တိဖိုလ်၌တည်မည့် ဥပနိဿယကိုမြင်၍ လာလတ္တံ့သော လမ်းကိုသာ ရှုမျှော်လျက်နေတော်မူ၏။ သူကြွယ်လင်မယားတို့လည်း ရေသောက်ပြီးလျှင် မြတ်စွာဘုရားထံ ဆည်းကပ်ကာ ရှိခိုးလျက် နေကြကုန်၏။

မြတ်စွာဘုရားသည် ထိုသူနှစ်ယောက်တို့နှင့် ပဋိသန္ဓာရပြုပြီးလျှင် “သီတင်းသည် ... ဘယ်အရပ်သို့ သွားကြမည်နည်း” ဟု မေးတော်မူလျှင် “အရှင်ဘုရား ... ကြွေးမြီတောင်းရန် ရွာငယ်သို့ သွားကြပါသည်” ဟု လျှောက်ထား၏။ “သီတင်းသည်မ ... သင်၏ လင်သည် သင့်အကျိုးစီးပွားကို အလိုရှိပါ၏လော၊ သင့်အား ကျေးဇူးပြုပါ၏လော” ဟု မေးတော်မူ၏။ “အရှင်ဘုရား ... အကျွန်ုပ်သည် ဤယောကျ်ား၌ အလွန်ချစ်ပါ၏၊ ဤယောကျ်ားကား အကျွန်ုပ်၌ မချစ်ပါ၊ ယနေ့ ခရီးသွားရာ တောင်ကိုမြင်လျှင် ဤတောင်ရွှေဖြစ်ခဲ့သော် အကျွန်ုပ်အား အနည်းငယ် ပေးပါမည်လောဟု မေးသောအခါ သင်သည် ဘယ်လိုမိန်းမနည်း၊ တစ်စုံတစ်ခုကိုမျှ မပေးနိုင်ဟု ဆိုပါ၊ ဤယောကျ်ားကား စိတ်နှလုံး ခိုင်မာလှပေ၏” ဟု လျှောက်ထားလေ၏။ “သီတင်းသည်မ ... ဤယောကျ်ားသည် ဤလို ဆိုငြားသော်လည်း သင်၏ဂုဏ်ကျေးဇူးကို အောက်မေ့သောအခါ အလုံးစုံသော စည်းစိမ်ကို ပေးဖူးပြီး” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သားကိုယုံမှား နှင်၍ထား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ အမှုခပ်သိမ်းကို စီမံဆောင်ရွက်သော ပညာရှိအမတ် ဖြစ်လေ၏။

တစ်နေ့သ၌ မင်းကြီးသည် မိမိထံ အခစားလာသော အိမ်ရှေ့မင်းကိုမြင်လျှင် ဤမင်းသားသည် ငါ၏နန်းတွင်း၌ ပြစ်မှားလိမ့်မည်ဟု ယုံမှားသံသယဖြစ်ကာ “အမောင် ... သင်သည် ငါ အသက်ရှည်သမျှ ကာလပတ်လုံး ဤမြို့၌ မနေရ၊ အရပ်တစ်ပါး၌နေချေ၊ ငါ သေလွန်မှ လာ၍ မင်းပြုလော့” ဟု အမိန့်ပေးလေ၏။

အိမ်ရှေ့မင်းလည်း အဖ အာဏာကို မလွန်ဆန်နိုင်သဖြင့် အဖကို ရှိခိုးပြီးလျှင် မယားနှင့်တကွ ဗာရာဏသီပြည်မှထွက်၍ ပစ္စန္တရာဇ်သို့ သွားပြီးလျှင် တောသို့ဝင်လျက် သစ်ရွက်မိုးသော ဇရပ်ဆောက်၍ သစ်သီး၊ သစ်မြစ်၊ သစ်ဥတို့ဖြင့် မျှတကာနေ၏။

အချစ်စမ်းကာ ရွှေတောင်းရာ

နောက်အဖို့၌ မင်းကြီးသည် ကွယ်လွန်ခဲ့၏။ အိမ်ရှေ့မင်းလည်း နက္ခတ်ကိုကြည့်လျက် မင်းကြီး ကွယ်လွန်သည်ကိုသိ၍ မယားကိုခေါ်ပြီးလျှင် ဗာရာဏသီပြည်သို့ ပြန်လာရာ ခရီးအကြားတွင် တောင်တစ်လုံးကိုမြင်၍ မယားသည် အိမ်ရှေ့မင်းအား “အရှင် ... ဤတောင် ရွှေဖြစ်ခဲ့သော် အကျွန်ုပ်အား အနည်းငယ် ပေးပါမည်လော” ဟု မေး၏။ အိမ်ရှေ့မင်းသည် မယားအား “ရှင်မ ... သင်ကား ဘယ်လိုမိန်းမနည်း၊ သင့်အား တစ်စုံတစ်ခုကိုမျှ ငါ မပေးနိုင်” ဟု ပြန်၍ ပြောလေ၏။ ထိုအခါ မယားသည် ငါကား ဤယောကျ်ား၌ ချစ်ခြင်းကို မဖြတ်နိုင်သောကြောင့် တော်သို့ လိုက်ခဲ့ရ၏။ သို့ဖြစ်လျက် ဤလိုဆိုဘိ၏။ အလွန်ခိုင်မာလှသော နှလုံးရှိ၏။ မင်းဖြစ်သော်လည်း ငါ့အား အဘယ်မှာလျှင် ကောင်းသောအမှုကို ပြုလိမ့်မည်နည်းဟု အောက်မေ့ကာ နှလုံးမသာ ရှိလေ၏။

အိမ်ရှေ့မင်းသည် ဗာရာဏသီပြည်သို့ရောက်လျှင် မင်းအဖြစ်ကို ရလေ၏။ မယားကို မိဖုရားကြီးအရာ၌ ထားခြင်း ဟူသော စည်းစိမ်မျှကိုသာ ပေး၏။ ထိုထက်အလွန်ပေးကမ်းခြင်း၊ မြတ်နိုးခြင်း မရှိလေ၏။ မယားရှိသည် ဟူ၍ပင် မသိ။

ထိုအခါ ပညာရှိအမတ်သည် ဤမိဖုရားကြီးကား မင်းကြီးအား အလွန် ကျေးဇူးများ၏။ အဆင်းရဲခံကာ တောသို့လိုက်၍ နေဘိ၏။ ဤမင်းကြီးကား ဤမိဖုရားကြီးကို မရေတွက်ဘဲ မိန်းမတစ်ပါးတို့နှင့်သာ မွေ့လျော်၍ နေဘိ၏။ မိဖုရားကြိးအား အလုံးစုံသော စည်းစိမ်ရအောင် ငါ ပြုလုပ်မည်ဟု ကြံစည်ကာနေ၏။

တစ်နေ့သ၌ ပညာရှိအမတ်သည် မိဖုရားကြီးသို့ ကပ်ပြီးလျှင် “အရှင် မိဖုရားကြီး ... အကျွန်ုပ်တို့သည် အရှင်တို့ထံမှ ထမင်းဖိုးမျှ မရဖူးပါ၊ အဘယ်ကြောင့် မေ့လျော့၍နေဘိသနည်း၊ အလွန် နှလုံးခိုင်မာဘိသနည်း” ဟု မေး၏။ “ဖခင် ... အကျွန်ုပ်တို့ အကယ်၍ ရပါမူ ဖခင်အားလည်း ပေးပါမည်၊ မရပါမူ အဘယ်ကို ပေးနိုင်မည်နည်း၊ ဤမင်းကြီးကား ယခုအခါ အဘယ်ဥစ္စာကို ပေးမည်နည်း၊ ပစ္စန္တရာဇ်မှ ပြန်လာရာ ခရီးအကြား၌ ဤတောင် ရွှေဖြစ်ခဲ့သော် အနည်းငယ် ပေးပါမည်လောဟု မေးသောအခါ ဘယ်လိုမိန်းမနည်း၊ တစ်စုံတစ်ရာကိုမျှ ငါ မပေးနိုင်ဟု ပြောခဲ့ဖူးပါသည်” ဟု ပြော၏။ “အရှင်မိဖုရား ...ဤလိုဖြစ်လျှင် ယခုပြောသောအတိုင်း မင်းကြီးထံမှာ ပြောဝံ့ပါမည်လော” ဟု မေးရာ “ဖခင် ... ပြောဝံ့ပါသည်” ဟု ပြော၏။ “အရှင် မိဖုရား ... ကောင်းပြီ၊ အကျွန်ုပ် မင်းကြီးထံသွား၍ နေနှင့်မည်၊ အရှင်မိဖုရား လာခဲ့ပါ၊ အကျွန်ုပ်က မေးလျှင် ဤအတိုင်း ပြောပါ” ဟု အချိန်းအချက်ထားလေ၏။

ချမ်းသာ ဆင်းရဲ တူမခွဲ

အမတ်လ်ညး မိဖုရားနှင့် ချိန်းချက်ထားပြီးလျှင် မင်းကြီးထံသို့သွား၍ ခစားလျက် နေနှင့်၏။ မိဖုရားကြီး ရောက်လာသောအခါ “အရှင်မိဖုရားကြီး ... အကျွန်ုပ်တို့သည် အရှင်တို့ထံမှ ထမင်းဖိုးကိုမျှ မရဖူးပါ” ဟု စတင်၍ မေးလျှောက်လေ၏။ မိဖုရားကြီးလည်း မင်းကြီးထံတော်မှာပင် ချိန်းချက်ထားသောအတိုင်း အစုံအလင် ပြန်ပြောလိုသဖြင့် -

“ဖခင် ... ခရီးအကြား၌ မြင်သော တောင်ကို တောင်းရာ စကားမျှဖြင့် မပေးနိုင်သော မင်းကြီးကား စင်စစ် ပေးစွန့်လွယ်သော အရာကို ပေးစွန့်နိုင်မည်မဟုတ်၊ အကျွန်ုပ် တောင်းအပ်သော အစီးအပွား မဖြစ်သေ တောင်ကိုပင် စကားမျှဖြင့် မပေးနိုင်” –

ဟု မကြောက်မရွံ့ အဟုတ်အမှန်အတိုင်း ပြောဆိုလေ၏။

ထိုအခါ မင်းကြီးသည် မိဖုရားကြိးစကားကို ကြားလျှင် -

“ပညာရှိအမတ် ... ပညာရှိသည် ပြုလုပ်သော အမှုကိုသာလျှင် ပြောဆိုရာ၏၊ မပြုလုပ်နိုင်သော အမှုကို မပြောဆိုရာ၊ ပြောဆိုပါလျက် မပြုလုပ်သောသူကို ပညာရှိတို့ သိကြကုန်၏” –

ဟု ပြောဆိုလေ၏။ ထိုစကားကို မိဖုရားကြီး ကြားလျှင် မင်းကြီးအား လက်အုပ်ချီကာ -

“အရှင်မင်းသား ... သင့်အား ရှိခိုးပါ၏ သင်သည် သစ္စာ၌ လည်းကောင်း၊ တရား၌ လည်းကောင်းတည်လျက် နေပေ၏။ တိုင်းပြည်မှ နှင်ထုတ်လျက် ပျက်စီးခြင်းသို့ရောက်သော သင်၏စိတ်သည် သစ္စာ၌ မွေ့လျော်ပေ၏”

ဟု မင်းကြီး၏ ဂုဏ်ကျေးဇူးကို ဆိုသော မိဖုရားကြီး၏ စကားကို ပညာရှိအမတ် ကြားလျှင် -

“ကျော်စောလှသော အရှင်မင်းကြီး ... လင်ဆင်းရဲသောအခါ ဆင်းရဲ၍၊ လင် ချမ်းသာသောအခါ ချမ်းသာသော မယားသည်သာ မယားမြတ် ဖြစ်ပါ၏။ ရွှေငွေဥစ္စာရှိသူအား မယားတို့ ပေါများခြင်းတို့မှာ အံ့ဖွယ်မဟုတ်ကုန်” –

ဟု မိဖုရားကြီး ကျေးဇူးကို ပြောဆိုပြီးလျှင် “အရှင်မင်းကြီး ... ဤမိဖုရားကြီးကား အရှင်မင်းကြီး ဆင်းရဲသောအခါ တော်၌နေလျက် အတူဆင်းရဲခံရ၏၊ ဤမိဖုရားကြီးအား ချီးမြှောက်သင့်၏” - ဟု လျှောက်ထားလေ၏။

မင်းကြီးလည်း ပညာရှိအမတ် လျှောက်သောစကားဖြင့် မိဖုရားကြီး၏ ဂုဏ်ကျေးဇူးကို အောက်မေ့မိပြီးဟု မိန့်တော်မူကာ မိဖုရားကြီးအား အလုံးစုံသော စည်းစိမ်တို့ကို ပေးလေ၏။ ပညာရှိအမတ်အားလည်း မိဖုရားကြီး၏ ဂုဏ်ကျေးဇူးကို အောက်မေ့စေသည်ဟု များစွာသော စည်းစိမ်တို့ကို ပေးလေ၏။

ဤဒေသနာတော်ကို ဆောင်တော်မူ၍ သစ္စာကိုပြတော်မူသည်၏အဆုံး၌ လင်မယား နှစ်ယောက်တို့သည် သောတာပတ္တိဖိုလ်၌ တည်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ သူကြွယ်။

မိဖုရားသည် - သူကြွယ်မ။

ပညာရှိအမတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဆင်းရဲချမ်းသာ၊ တူမကွာ၊ မှတ်ပါမယားမြတ်။

(၂) ကျေးဇူးသိမြင်၊ ခင်ပွန်းလင်၊ များဖြင့်စည်းစိမ်အပ်။

သုစဇဇာတ် ပြီး၏။

***

(၃၂၁) ကုဋိဒူသကဇာတ်

အရှင်မဟာကဿပ၏ ကုဋိ ကျောင်းငယ်ကို မီးရှို့ဖျက်ဆီးသည် ရဟန်း၏ အတိတ်ဘဝ မျောက်ဖြစ်စဉ်က ငှက်သိုက်ကို ဖျက်ဆီးခဲ့သော အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရဟန်းပေါ့ပျက် ဆုံးမခက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အရှင်မဟာကဿပမထေရ်သည် ရာဇဂြိုဟ်ပြည်ကို အမှီပြုကာ ကုဋီကျောင်း၌ နေတော်မူ၏။ ထိုမထေရ်အား ရဟန်းငယ်နှစ်ပါးတို့သည် လုပ်ကျွေးလျက် ရှိကုန်၏။ တစ်ပါးကား အရှင်မဟာကဿပအား ကျေးဇူးများ၏။ တစ်ပါးကား အဆုံးမခက်၏။ ကျေးဇူးများသော ရဟန်းငယ် ပြုလုပ်တိုင်း ပြုလုပ်တိုင်း အဆုံးမခက်သော ရဟန်းငယ်သည် အတုလိုက်၍ ပြုလုပ်လေ့ရှိ၏။ သူတစ်ပါး ပြုလုပ်ထားသော အမှုကို မိမိပြုလုပ်ထားလေဟန် ပြုလေ့ရှိ၏။

ကျေးဇူးများသော ရဟန်းငယ်သည် မျက်နှာသစ်ရေတည်ထားပြီးသောအခါ အဆုံးမခက်သော ရဟန်းငယ်သည် မထေရ်မြတ်ထံသွား၍ မျက်နှာသစ်တော်မူရန် လျှောက်ထား၏။ သောက်ရေ သုံးဆောင်ရေ တည်ထားရာ၌ လည်းကောင်း၊ တံမြက်လှည်းရာ၌ လည်းကောင်း၊ ဝတ်ကြီး ဝတ်ငယ် ဟူသမျှတို့၌ လည်းကောင်း ကျေးဇူးများသော ရဟန်းငယ် ပြုလုပ်ပြီးသောအခါ အဆုံးမခက်သော ရဟန်းငယ်သည် မထေရ်မြတ်ထံ ဦးဆောင်သွား၍ လျှောက်ထားကာ မျက်နှာယူလေ့ရှိ၏။

ဝတ်ပြည့်စုံမှု ထင်ရှားမှု

တစ်နေ့သ၌ ကျေးဇူးများသော ရဟန်းငယ်သည် ဤအဆုံးမခက်သော ရဟန်းငယ်ကား ငါပြုလုပ်ထားသမျှ သူပြုလုပ်ထားလေဟန် မျက်နှာယူလေ့ရှိသည်၊ ဤအမှုကို ထင်ရှားအောင် ပြုမည်ဟု ကြံစည်ကာ အဆုံးမခက်သော ရဟန်းငယ် အိပ်နေစဉ် မီးတင်းကုပ်၌ ချိုးရေကိုနွှေး၍ ထိုရေနွေးကို ရေချိုးအုံ ပြင်ပ၌ထားကာ တစ်မှုတ်စာမျှသော ရေနွေးကိုချန်၍ အိုးကို ခုံလှောက်ထက်တွင် ထားလေ၏။

ထိုအခါ အဆုံးမခက်သော ရဟန်းငယ်သည် အိပ်ရာမှ နိုး၍သွားကာ ရေနွေးအိုး၌ အငွေ့ထွက်နေသည်ကို မြင်လျှင် ရေနွေးအိုး ရေချိုးအုံ၌ထားသည် ဖြစ်လိမ့်မည်ဟု အောက်မေ့လျက် မျက်နှာရအောင် မထေရ်မြတ်ထံသွား၍ ရေချိုးရန်လျှောက်ထားလေ၏။ မထေရ်မြတ်လည်း ရေချိုးရန် ထိုရဟန်းနှင့်အတူ လိုက်လာရာ ရေချိုးအုံသို့ရောက်လျှင် ရေနွေးမမြင်၍ မေးသောအခါ လျင်မြန်စွာ မီးတင်းကုတ်သို့သွား၍ ရေနွေးအိုးတွင် ရေရှိသည်ထင်မှတ်လျက် ရေမှုတ်ကို ချ၏။ ရေမရှိသဖြင့် အိုးသည် ခေါက်ခေါက်မည်လေ၏။ ထိုအခါ မှစ၍ အဆုံးမခက်သော ရဟန်းငယ်အား ဥလုင်္ကသဒ္ဒ ဟူသော အမည်တွင်လေ၏။

ဆုံးမသည့်တွကက် အမျက်ထွက်

ထိုခဏ၌ ကျေးဇူးများသော ရဟန်းငယ်သည် ပြင်ပမှ ရေနွေးအိုးကို ယူခဲ့၍ မထေရ်မြတ်အား ရေချိုးရန် ကပ်လေ၏။ မထေရ်မြတ်သည် ရေချိုးစဉ် ဆင်ခြင်လတ်သော် ထိုအကြောင်ကိုသိ၍ ညချမ်းသောအခါ ဆည်းကပ်ရန်လာသော ဥလုင်္ကသဒ္ဒကို “ငါ့ရှင် ... ရဟန်း မည်သည်ကား မိမိ ပြုသောအမှုကိုသာ ပြုသည်ဟု ပြောဆိုရာ၏၊ မပြုသောအမှုကို ပြုသည်ဟု မပြောဆိုရာ၊ ဆိုခဲ့သော် မုသာဝါဒ ဖြစ်၏၊ ဤနေ့မှစ၍ ဤလိုအမှုမျိုးကို မပြုလင့်” ဟု ဆုံးမလေ၏။ ဥလုင်္ကသဒ္ဒသည် မထေရ်မြတ်အား အမျက်ထွက်၍ ရန်ငြိုးဖွဲ့ကာ မထေရ်မြတ်နှင့် ဆွမ်းအတူမခံတော့ပေ။

ရန်ငြိုးဖွဲ့ပြန် မနာခံ

ဥလုင်္ကသဒ္ဒသည် တစ်ပါးတည်း ဆွမ်းခံဝင်ကာ မထေရ်မြတ် အလုပ်အကျွေးအိမ်သို့ဝင်၍ ဒါယကာတို့ မထေရ်မြတ်ကို မေးရာ မကျန်းမာ၍ ကျောင်းမှာ နေရစ်သည်၊ မည်သည့်အာဟာရကို အလိုရှိသည်ဟု ပြောဆိုအလှူခံကာ မထေရ်မြတ်ကို မလှူဘဲ မိမ်ိ အလိုရှိတိုင်း စားလေ၏။ နောက်တစ်နေ့ မထေရ်မြတ်သည် အလုပ်အကျွေးအိမ် ကြွပြန်ရာ ဒါယကာတို့သည် မနေ့က မည်သည့်အာဟာရကို လှူလိုက်ကြောင်း လျှောက်ထားလေလျှင် ဆိတ်ဆိတ်သာနေ၍ ဆွမ်းဘုဉ်ပေးပြီးလျှင် ကျောင်းသို့ ပြန်ခဲ့၏။ ညချမ်းသောအခါ ဆည်းကပ်ရန်လာသော ဥလုင်္ကသဒ္ဒကို “ငါ့ရှင် ... သင်ကား မည်သည့်အိမ်မှ မည်သည့်အာဟာရကို မထေရ်မြတ်ဖို့ဆို၍ တောင်းရမ်းကာ စားသတတ်၊ ဝစီဝိညက် မည်သည်ကား မအပ်၊ ဤလိုအမှုကို ဤနေ့မှစ၍ မပြုလင့်” ဟု ဆုံးမပြန်၏။ ဥလုင်္ကသဒ္ဒသည် မနာယူဘဲ အမျက်ထွက်၍ ရန်ငြိုးဖွဲ့ပြန်၏။

ရဟန်းဒုဿီ မီးရှို့ပြီ

နောက်တစ်နေ့ မထေရ်မြတ် ဆွမ်းခံဝင်သည်ရှိသော် ဥလုင်္ကသဒ္ဒသည် လက်ရိုက်ဖြင့် မထေရ်မြတ်၏ အသုံးအဆောင်တို့ကို ရိုက်နှက်ထုချေကာ သစ်ရွက်မိုး ကုဋီကျောင်းကို မီးတိုက်၍ ပြေးလေ၏။ ထိုရဟန်းငယ်သည် အသက်ရှင်စဉ်လျှင် လူပြိတ္တာ ဖြစ်၍ သေလွန်သောအခါ အဝီစိငရဲ၌ ကျလေ၏။

ထိုအခါ အချို့ရဟန်းတို့သည် ရာဇဂြိုဟ်ပြည်မှ မြတ်စွာဘဘုရားထံ အဖူးအမြော်သွားကြရာ မြတ်စွာဘုရားသည် ပဋိသန္ဓာရ ပြုတော်မူပြီးလျှင် ရာဇဂြိုဟ်ပြည်မှ လာကြောင်းကိုသိ၍ ရှင်မဟာကဿပ အကြောင်းကို မေးတော်မူသောအခါ ရဟန်းတို့သည် ရှင်မဟာကဿပ၏တပည့် ဥလုင်္ကသဒ္ဒရဟန်း အကြောင်းကို လျှောက်ထားကြပြန်ရာ မြတ်စွာဘုရားသည် “ရဟန်းတို့ ... ဤရဟန်းငယ်သည် ယခုအခါ၌သာ ကုဋီကို ဖျက်သည် မဟုတ်၊ ရှေးအခါ၌လည်း ဖျက်ဖူးပြီ၊ ယခုအခါ၌လည်း ဆုံးမသောသူအား အမျက်ထွက်သည်မဟုတ်၊ ရှေးအခါ၌လည်း အမျက်ထွက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပညာမဲ့မျောက် အိမ်မဆောက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သိင်္ဂါလငှက်မျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ဟိမဝန္တာအရပ်ဝယ် နှစ်သက်ဖွယ်ရှိ၍ မိုးလုံသော အသိုက်ကို ပြုလုပ်ကာနေ၏။

ထိုအခါ မျောက်တစ်ကောင်သည် မိုးအခါ အယဉ်မပြတ် မိုးရွာလတ်သော် ချမ်းအေးခြင်းဖြင့် နှိပ်စက်သည်ဖြစ်၍ မေးခေါက်လျက် သိင်္ဂါလငှက်၏ အနီး၌နေ၏။ သိင်္ဂါလငှက်သည် ပင်ပန်း ဆင်းရဲနေသော မျောက်ကိုမြင်လျှင် -

“အို-မျောက် ... သင်၏ဦးခေါင်းသည် လူ၏ ဦးခေါင်းနှင့်တူ၏။ လက်ခြေတို့လည်း လူ၏ လက်ခြေနှင့် တူကုန်၏၊ သို့ပါလျက် သင်အား အဘယ်ကြောင့် အိမ်မရှိသနည်း”

ဟု မျောက်အား မေးလေ၏။ မျောက်သည် သိင်္ဂါလငှက်၏ စကားကို ကြားလျှင် -

“အို-သိင်္ဂါငှက် ... ငါ၏ဦးခေါင်းသည် လူ၏ ဦးခေါင်းနှင့် တူကုန်၏၊ သို့သော်လည်း လူတို့မှာ မွန်မြတ်သော ပညာရှိကုန်၏၊ ငါ့မှာကား မရှိပေ”

ဟု သိင်္ဂါလငှက်အားပြန်၍ ပြောဆိုလေ၏။ ထိုအခါ သိင်္ဂါလငှက်သည် -

“အို-မျောက် ... မတည်မကြည် ပေါ့ပျက်သည်ဖြစ်၍ ခင်ပွန်းကို ပြစ်မှားသောစိတ်ရှိလျက် သီလမရှိသောသူအား ချမ်းသာ မည်သည် မရှိလေ၊ အိုမျောက် - သင်ကား အားအစွမ်းကို ပြုလော့၊ သီလမရှိသော အဖြစ်ကို လွန်မြောက်စေလော့၊ အချမ်းလေကို ကာကွယ်နိုင်သောအိမ်ကို ဆောက်လုပ်လော့” –

ဟု မျောက်အား ပြောဆို တိုက်တွန်းပြန်၏။ ထိုအခါ မျောက်သည် ဤငှက်ကား မိုးမစိုရာ အရပ်တွင် နေရ၏။ ဤအသိုက်၌မနေစေရဟု ကြံစည်ကာ ငှက်ကို ဖမ်းလိုသည်ဖြစ်ရကား ပြေး၍လာ၏။ ငှက်သ ပျံ၍ တစ်နေရာသို့ သွားလေ၏။ မျောက်သည် အသိုက်ကို မှုန့်မှုန့်ညက်ညက်ကြေအောင် ဖျက်ဆီး၍သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မျောက်သည် - ယခုအခါ ကုဋီကို ဖျက်သော ရဟန်းငယ်။

သိင်္ဂါလငှက်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ခေါင်း, လက်, ခြေဟန်၊ လူသဏ္ဌာန်၊ ဉာဏ်မဲ့ မျောက်တို့မှာ။

(၂) ပေါ့,မတည်ငြား၊ ဆွေပြစ်မှား၊ မဲ့ငြားချမ်းသာ-ဒုဿီမှာ။

ကုဋိဒူသကဇာတ် ပြီး၏။

***

(၃၂၂) ဒုဒ္ဒုဘဇာတ်

ထန်းရွက်ပေါ် ဥသျှစ်သီး ကြွေကျရာ မြေပြိုပြီဟု ထင်၍ ပြေးသော ယုန်ငယ်နောက်သို့ တောတိရစ္ဆာန်အားလုံး အဆင်အခြင်မဲ့ကာ လိုက်ပြေးကြခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တိတ္ထိကျင့်နည်း အချည်းနှီး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာသနာတော်မှအပဖြစ်ကုန်သော တိတ္ထိတို့သည် ဇေတဝန်ကျောင်းတော်အနီးဝယ် ခင်းထားအပ်သော အခင်းတို့၌ အိပ်ကြကုန်၏။ ပဉ္စာတပ အကျင့်ကို ကျင့်ကြကုန်၏။ အထူးထူး အပြားပြားရှိသော မိစ္ဆာအကျင့်ကို ကျင့်ကြကုန်၏။

ထိုအခါ ရဟန်းတို့သည် မိစ္ဆာအကျင့်ကို ကျင့်ကုန်သော တိတ္ထိတို့ကိုမြင်လျှင် မြတ်စွာဘုရားအား လျှောက်ကြကုန်၏။ မြတ်စွာဘုရားသည် “ရဟန်းတို့ ... တိတ္ထိတို့ ကျင့်အပ်သော အကျင့်၌ အနှစ်သာရ မရှိ၊ အကျိုးစီးပွား မရှိ၊ ဆင်ခြင်သည်ရှိသော် မစင်စွန့်ရာအရပ်သို့သွားသော လမ်းခရီးနှင့် တူ၏၊ ယုန်ငယ်၏ ဒုဒ္ဒုဘအသံနှင့် တူ၏” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသနည်း။

အတိတ်ဝတ္ထု

မြေပြိုလိမ့်ငြား ယုန်ကြံမှား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ခြင်္သေ့မျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တောတစ်ခု၌ နေလေ၏။

ထိုအခါ အနောက်သမုဒ္ဒရာအနီးဝယ် ဥသျှစ်ပင်နှင့်ရောထွေး၍ ပေါက်နေသော ထန်းတောသည် ရှိလေ၏။ ယုန်ငယ်တစ်ကောင်သည် ဥသျှစ်ပင်အနီး ထန်းပင်ငယ်တစ်ခု၏ အရွက်အောက်တွင် နေ၏။ ထိုယုန်ငယ်သည် တစ်နေ့လုံး အစာရှာပြီးလျှင် မိမိနေရာ ထန်းရွက်အောက်တွင် ဝပ်၍နေကာ ဤမြေကြီးသည် အကယ်၍ ပြိုသွားပါမူ အဘယ်သို့ သွားရအံ့နည်းဟု ကြံစည်လေ၏။

ဒတ်ဒတ်သံကို မြေပြိုဆို

ထိုယုန်ငယ် ကြံစည်ခိုက်တွင် ဥသျှစ်သီးတစ်လုံးသည် ထန်းရွက်ပေါ်၌ ကျသဖြင့် “ဒတ်ဒတ်” ဟု မြည်လေ၏။ ထိုယုန်ငယ်သည် ဒတ်ဒတ်သံကိုကြားလျှင် ဤမြေကြီးသည် အမှန်ပြိုခဲ့ပြီဟု ခုန်၍ သေဘေးမှ ကြောက်သဖြင့် နောက်သို့ပင် လှည့်၍မကြည့်ဝံ့တော့ဘဲ တအားပြေးလေ၏။ အခြားယုန် မြင်၍မေးရော နောက်သို့ ပြန်မကြည့်တော့ဘဲ ဤနေရာ၌ မြေကြီး ပြိုခဲ့ပြီဆို၍ ပြေး၏။ ထိုယုန်ငယ်လည်း မစဉ်းစားဘဲ ထိုယုန်နောက်မှ လိုက်၍ပြေးလေ၏။ ထိုယုန်တို့ကို မြင်ပြန်လျှင် အခြားယုန်တို့လည်း ပြေးကြကုန်၏။ ဤသို့သောနည်းဖြင့် ယုန်တစ်သိန်းမျှ အစုလိုက် ပြေးကြကုန်၏။

ဆင့်ဆင့်မေးကာ ပြေးကြရာ

ယုန်တို့ကို သမင်တို့မြင်၍ မေးရော မြေပြိုသည်ဟု သတင်းရသဖြင့် ပြေးကြပြန်ကုန်၏။ ထိုနောက် အဆင့်ဆင့်မြင်၍ အဆင့်ဆင့်ပြောကာ ဝက်တို့သည် လည်းကောင်း၊ စိုင်တို့သည်လည်းကောင်း၊ ကျွဲတို့သည် လည်းကောင်း၊ နွားနောက်တို့သည် လည်းကောင်း၊ ကြံ့တို့သည်လည်းကောင်း၊ ကျားတို့သည် လည်းကောင်း၊ ခြင်္သေ့တို့သည် လည်းကောင်း၊ ဆင်တို့သည် လည်းကောင်း ပြေးကြကုန်၏။ ဤနည်းဖြင့် တစ်ယူဇနာမျှ အကျယ်အဝန်းရှိသော တိရစ္ဆာန်တို့သည် ပြေးကြကုန်၏။

ထိုအခါ ခြင်္သေ့မင်းသည် တိရစ္ဆာန်အပေါင်းတို့ ပြေးကြသည်ကိုမြင်၍ မေးလတ်သော် မြေပြိုသည်ဟု ကြားလျှင် မြေပြိုခြင်း မည်သည်ကား တစ်ရံတစ်ခါမှ မဖြစ်စဖူး၊ စင်စစ် ထိုသတ္တဝါတို့သည် တစ်စုံတစ်ခုသော အသံကို မကောင်းသဖြင့် ကြားကြသည် ဖြစ်လတ္တံ့၊ ငါသည် လုံ့လမပြုခဲ့သော် အလုံးစုံသော သတ္တဝါတို့သည် ပျက်စီးကြကုန်လတ္တံ့၊ ထိုသတ္တဝါတို့အား အသက်ကိုပေးမည်ဟု ပြေးသွား၍ ခြင်္သေ့၏ အဟုန်ဖြင့် တောင်ခြေက်ရင်းသို့ ပြေးသွား၍ သုံးကြိမ်ဟောက်လေ၏။ ပြေးနေသော သတ္တဝါတို့သည် ခြသေ့င်္မှ ကြောက်သဖြင့် နောက်သို့ပြန်လည်ကာ တစ်စုတစ်ဝေးတည်း တည်နေကြကုန်၏။

ယုန်ကိုစစ်ဆေး ခြင်္သေ့ပေး

ခြင်္သေ့မင်းသည် လာလတ်၍ သတ္တဝါတို့ အတွင်းသို့ ဝင်ပြီးလျှင် “အချင်းတို့ ... အဘယ်ကြောင့် ပြေးသနည်း” ဟု မေး၏။ “အရှင် ...မြေပြိုပါသည်” ဟု ပြော၏။ “အချင်းတို့ ... မြေပြိုသည်ကို အဘယ်သူ မြင်ခဲ့သနည်း” ဟု မေးပြန်ရာ ဆင်တို့ သိကုန်၏၊ ခြင်္သေ့တို့ သိကုန်၏ စသည် တစ်ဦးကို တစ်ဦး လွှဲချ၍နေကြရာ နောက်ဆုံးတွင် ရှေးဦးစွာပြေးသော ယုန်ငယ်ကို ဤယုန်ငယ် သိသည်ဟု ပြောကြကုန်၏။ ထိုအခါ ခြင်္သေ့မင်းသည် “အချင်း ... မြေပြိုသည်ဟူရာ ဟုတ်မှန်သလော” ဟု မေး၏။ “အရှင် .... ဟုတ်မှန်ပါသည်၊ အကျွနု်မြင်ခဲ့ပါသည်” ဟု ပြောလေ၏။ “အချင်း ... ဘယ်အရပ်နေ၍ မြင်သနည်း” ဟု မေးလေ၏။ “အရှင် ... အကျွန်ုပ်သည် အနောက်သမုဒ္ဒရာအနီး ဥသျှစ်ပင်နှင့် ရောထွေး၍ ပေါက်နေသော ထန်းတောဝယ် ထန်းပင်ငယ် တစ်ခု၏ အရွက်အောက်တွင်နေခဲ့ရာ ဤမြေကြီးသည် ပြိုခဲ့သော် အဘယ်သို့ သွားရအံ့နည်းဟု ကြံစည်၍နေခိုက် မြေပြိုသံကိုကြား၍ ပြေးပါသည်” ဟု အကြောင်းစုံကိုပြန်၍ ပြောလေ၏။

ဥသျှစ်ကြွေသံ မြေပြိုဟန်

ယုန်ငယ်၏စကားကို ကြားလျှင် ခြင်္သေ့သည် စင်စစ်သဖြင့် ထန်းရွက်ပေါ်သို့ ဥသျှစ်သီး ကြွေကျသဖြင့် “ဒတ်ဒတ်” မြည်သံကို ကြားလတ္တံ့၊ ထိုအခါ မြေပြိုသည် ဟူသော အမှတ်ဖြင့် ပြေးသည် ဖြစ်လတ္တံ့၊ အဟုတ်အမှန်အားဖြင့် ထိုအကြောင်းကို သိအောင်ပြုမည်ဟု ကြံစည်လျက် ယုန်ငယ်ကို သက်သာရာကို ရစေ၍ “အချင်းတို့ ... ငါသည် ဤယုန်ငယ်ကို ယူ၍ ၎င်းမြင်ရာအရပ်၌ မြေပြိုသည် မပြိုသည်ကို သိရအောင် ငါကိုယ်တိုင်သွား၍ စုံစမ်းမည်၊ သင်တို့ ငါလာသည့်တိုင်အောင် စောင့်ရစ်ကြလော့” ဟု မှာထားကာ ယုန်ငယ်ကို ကျော်ပေါ်တွင်တင်၍ ခြင်္သေ့၏အဟုန်ဖြင့် ပြေးသွားရာ ထိုအရပ်သို့ရောက်လျှင် ယုန်ငယ်ကိုချ၍ “အချင်း - ယုန်ငယ် ... လာလော့၊ သင် မြင်ရာအရပ်ကို ပြလော့” ဟု ပြော၏။ “အရှင် မပြဝံ့ပါ” ဟု ပြော၏။ “အချင်း ... မကြောက်လင့်၊ ပြသာပြပါ” ဟု ပြောလတ်သော် ယုန်ငယ်သည် ဥသျှစ်ပင်ရင်းသို့ မကပ်ဝံ့ရကား အဝေးမှရပ်ကာ-

“အရှင် ... အရှင်မှာ ကောင်းခြင်းမင်္ဂလာ ဖြစ်ပါစေ၊ ထိုအရပ်ကား အကျွန်ုပ်နေသောအရပ် ဖြစ်ပါ၏၊ ထိုအရပ်၌ ‘ဒတ်ဒတ်’ ဟု မြည်ပါ၏၊ မြည်ခြင်းအကြောင်းကိုကား အကျွန်ုပ်မသိပါ” –

ဟု ခြင်္သေ့မင်းအား မိမိနေရာကို ပြောဆို ညွှန်ပြလေ၏။

ခြင်္သေ့ကယ်မ ချမ်းသာရ

ခြင်္သေ့မင်းလည်း ယုန်ငယ်၏ စကားကိုကြားလျှင် ဥသျှစ်ပင်ရင်းသို့သွား၍ ထန်းပင်အောင် ယုန်ငယ်အိပ်ရာ အရပ်ကို လည်းကောင်း၊ ထန်းရွက်ပေါ်သို့ ကြွေကျသော ဥသျှစ်သီးကို လည်းကောင်း မြင်လျှင် မြေမပြိုကြောင်းကို အဟုတ်အမှန်အားဖြင့် သိခဲ့ပြီးလျှင် တစ်ဖန် ယုန်ငယ်ကို ကျော်ပေါ်သို့ တင်ကာ ခြင်္သေ့မင်း၏ အဟုန်ဖြင့် လျင်မြန်စွာ ပြေးသွား၍ သတ္တဝါအပေါင်းအထံသို့ရောက်လျှင် အလုံးစုံသော အကြောင်းကို ပြောကြားကာ အသင်တို့ မကြောက်ကြကုန်လင့်ဟု ပြောဆို ဆုံးမ၍ သားအပေါင်းတို့ကို သက်သာရာ ရစေကုန်လျက် လွှတ်လိုက်၏။ ထိုအခါက ခြင်္သေ့မင်း မရှိပါမူ သတ္တဝါအပေါင်းတို့ သမုဒ္ဒရာသို့ဝင်ကာ ပျက်စီးကြကုန်လတ္တံ့၊ အလုံးစုံသော သားတို့သည် ခြင်္သေ့မင်းကို မှီ၍သာ အသက်ချမ်းသာရာ ရကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ခြင်္သေ့မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အဆင်ခြင်ဘဲ၊ အရမ်းစွဲ၊ မရဲ, မကြောက်ရာ။

(၂) ရဲမှု, ကြောက်မှု၊ ဤနှစ်ခု၊ ထောက်မှုဉာဏ်ဖြင့်သာ။

(၃) ဒတ်ဒတ်မြည်သံ၊ မြေပြိုဟန်၊ ကြောက်လွန်ယုန်ပမာ။

ဒုဒ္ဒုဘဇာတ် ပြီး၏။

***

(၃၂၃) ဗြဟ္မဒတ္တဇာတ်

အလွန် ကြည်ညိုသော ဗြဟ္မဒတ်မင်းကြီးကိုပင် အကြည်ညိုပျက်မည် စိုးသဖြင့် ထီးဖိနပ်ကို အလိုရှိလျက် မတောင်းဘဲ နေခဲ့ရာ ၁၂နှစ်ကျော်မှ တောင်းဖြစ်သော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တောင်းရမ်းများမှု ကဲ့ရဲ့ပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် အာဠဝီပြည်ကိုမှီ၍ အဂ္ဂါဠဝ စေတီတော်၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် အတောင်းအရမ်းများကာ ဝိညတ်များကုန်လျက် နေကုန်၏။

ထိုအကြောင်းကို မြတ်စွာဘုရား သိတော်မူလျှင် ရဟန်းတို့ကို ကဲ့ရဲ့တော်မူ၍ “ရဟန်တို့ ... ရှေးပညာရှိတို့သည် ရေမြေကို အစိုးရသော မင်းသည် ပင့်ဖိတ်အပ်ကုန်လျက်လည်း သစ်ရွက်ထီးနှင့် လွှာချင်းဖိနပ်ကို တောင်းသည်ရှိသော် ဟီရိဩတ္တပ္ပ ပျက်စီးမည်ကို ကြောက်ခြင်းကြောင့် လူများအလယ်၌ မဆိုမူ၍ ဆိတ်ကွယ်ရာအရပ်၌ ဆိုဖူးကုန်ပြီ ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ရသေ့မြတ်ကို မင်းကြည်ညို

လွန်လေပြီးသောအခါ ကပိလတိုင်း ဥတ္တရာပဉ္စာလမြို့ဝယ် ဥတ္တရပဉ္စာလမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် နိဂုံးရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အလုံးစုံသော အတတ်ပညာတို့ကို သင်ကြားပြီးလျှင် နောက်အဖို့၌ ရသေ့ရဟန်းပြုကာ ဟိမဝန္တာအရပ်၌ သစ်သီးကြီးငယ်ဖြင့် မျှတလျက် ကြာမြင့်စွ နေလေ၏။

တစ်နေ့သ၌ ချဉ်ဆားမှီဝဲအံ့သောငှာ လူတို့နေရာသို့ လှည့်လတ်လတ်သော် ဥတ္တရာပဉ္စလမြို့သို့ ရောက်၍ မင်းကြီးဥယျာဉ်တော်၌ နေပြီးလျှင် နံနက်အခါ မြို့တွင်းသို့ ဆွမ်းခံဝင်လတ်သော် မင်းကြီး အိမ်တံခါးသို့ ရောက်လေ၏။ မင်းကြီးသည် ရသေ့၏ ငြိမ်သက်စွာသော ၌ကြည်ညို၍ မြတ်သော ပြာသာဒ်အပြင်သို့ ပင့်ဆောင်လျက် မင်းအားထိုက်တန်သော ဖဲဖွယ်ဘောဇဉ်တို့ကို ကပ်လှူပူဇော်ပြီးလျှင် အမြဲ သီတင်းသုံးရန် ဝန်ခံစေလျက် ဥယျာဉ်တော်၌ နေစေ၏။ ရသေ့လည်း နေ့တိုင်းနေ့တိုင်း မင်းကြီးအိမ်၌သာ ဆွမ်းဘုဉ်ပေးလေ၏။

ထိုအခါ ရသေ့သည် မိုးကာလလွန်လတ်သော် ဟိမဝန္တာသို့ သွားလို၍ ခရီးသွားသော ငါ့အား သစ်ရွက်ထီးနှင့် လွှာချင်း ဖိနပ်တစ်ရန်ကို ရခြင်းငှာ သင့်၏။ မင်းကြီးကို တောင်းမည်ဟု ကြံစည်ထားလေ၏။

တောင်းခံပေးမှု စဉ်းစားပြု

တစ်နေ့သ၌ ဥယျာဉ်တော်သို့ လာပြီးလျှင် ရှိခိုး၍ သော မင်းကြီးကို သစ်ရွက်ထီးနှင့် လွှာချင်းဖိနပ်တစ်ရန်ကို တောင်းတော့မည်ဟု ကြံစည်ပြန်ကာ တစ်ဖန် သူတစ်ပါးကို ဤဥစ္စာကို ပေးပါဟု တောင်းသောသူသည် ငိုသည်မည်၏။

မရှိဟု ဆိုသော ဥစ္စာရှင်လည်း အတူငိုသည် မည်၏။ ငိုသောငါနှင့် ငိုသော မင်းကြီးကို လူအများ မမြင်စေပါလင့်၊ ဆိတ်ကွယ်ရာအရပ်၌ ငါတို့နှစ်ဦးလုံး ငိုကြမည်ဟု ကြံစည်ကာ “မြတ်သောမင်းကြီး ... ဆိတ်ကွယ်ခြင်းကို အလိုရှိ၏” ဟု ပြောလေ၏။ မင်းကြီးလည်း ထိုစကားကိုကြားလျှင် မင်းချင်းယောကျ်ားတို့ကို ဖဲလေ၏။ ရသေ့သည် မင်းချင်းတို့ ဖဲလေလျှင် ငါ တောင်းလတ်သော် မင်းကြီးသည် မပေးပါမူ ငါ့အား အချစ်ပျက်လတ္တံ့၊ ထိုကြောင့် ငါ့ မတောင်းဟု ထိုနေ့၌ ထီး ဖိနပ် အမည်မျှကိုပင် ရခြင်းငှာ မတတ်နိုင်လျှင် “မြတ်သောမင်းကြီး ... သွားပါဦးလော့ နောက်နေ့မှ သိရမည်” ဟု ပြောလေ၏။

ဆယ့်နှစ်နှစ်တိုင်တိုင် မတောင်းနိုင်

နောက်တစ်နေ့ မင်းကြီး လာသော ကာလ၌လည်း ရှေးနည်းအတူလျှင် ဆိတ်ကွယ်ခြင်းကိုတောင်းကာ နှစ်ဦးတည်း ကျန်သောအခါ မတောင်းနိုင်ဘဲ ရှိပြန်၏။ တစ်ဖန် နောက်တစ်နေ့လည်း မတောင်းနိုင်ဘဲ ရှိပြန်၏။ ဤသို့ မတောင်းနိုင်လျှင်ဘဲ ဆယ့်နှစ်နှစ်တို့သည် လွန်ခဲ့ကုန်၏။ ထိုအခါ မင်းကြီးသည် ငါ၏ အရှင်ရသေ့သည် ဆိတ်ကွယ်ခြင်းကို အလိုရှိ၏ဟု တောင်းဆိုကာ မင်းချင်းတို့ ဖဲလတ်သော် တစ်စုံတစ်ရာ စကားကို မပြောဆိုဝံ့ချေ၊ ပြောဆိုခြင်းငှယ အလိုရှိသော အရှင်အား ယခုအခါ ဆယ့်နှစ်နှစ်တို့ လွန်ခဲ့ကုန်ပြီ၊ မြတ်သောအကျင့်ကို ကြာမြင့်စွာ ကျင့်ရသော ရသေ့အား ငြီးငွေ့ပျင်းရိသဖြင့် လူထွက်၍ စည်းစိမ်ခံစားလိုသည် ဖြစ်လိမ့်မည်၊ မင်းအဖြစ်၏ အမည်မျှကိုပင် မပြောဆိုဝံ့၍ ဆိတ်ဆိတ်နေဟန် တူ၏၊ ယနေ့ငါသည် အရှင်ရသေ့အား မင်းအဖြစ်ကို အစပြု၍ လိုရာဝတ္ထုကို လှူဒါန်းမည်ဟု ကြံစည်ကာ ရသေ့ထံသို့ ဆည်းကပ်ရန် သွားလေ၏။

ရသေ့လည်း မင်းကြီး ရောက်လာလျှင် ရှေးနည်းအတိုင်း ဆိတ်ကွယ်ရာကို အလိုရှိ၏ဟု တောင်းဆို၍ မင်းချင်းတို့ ဖဲသွားကြလျှင် စကားတစ်စုံတစ်ရာ မဆိုဝံ့ဘဲရှိပြန်သော် မင်းကြီးသည် ရသေ့အား “အရှင်ဘုရား ... အရှင်တို့သည် ဆယ့်နှစ်နှစ်တို့ပတ်လုံး ဆိတ်ကွယ်ရာ ရသော်လည်း စကားတစ်စုံတစ်ရာကို မပြောဝံ့ဘဲ ရှိခဲ့သည်၊ မင်းအဖြစ်မှ အစပြု၍ အလုံးစုံကို ဖိတ်ကြားပါ၏၊ ကြောက်ရွံ့ခြင်းမရှိဘဲ အလိုရှိရာ ဝတ္ထုကို တောင်းဆိုတော်မူပါ” ဟု လျှောက်လေ၏။

ထီး ဖိနပ် လိုမှု အလှူခံပြု

ထိုအခါ ရသေ့သည် “မြတ်သောမင်းကြီး ... ငါတောင်းဆိုရာ ဝတ္ထုကို ပေးမည်လော” ဟု မေး၏။ “အရှင်ဘုရား ပေးပါမည်” ဟု လျှောက်၏။ “ခရီးသွားသော ငါ့အား သစ်ရွက်ထီးနှင့် လွှာချင်း ဖိနပ်တစ်ရန်ကို အလိုရှိပါ၏” ဟု ပြော၏။ “အရှင်ဘုရား ... ဤမျှလောက်သော ဝတ္ထုကို ဆယ့်နှစ်နှစ်တို့ပတ်လုံး တောင်းဆိုရန် မဝံ့ဘဲ ရှိရာသလော” ဟု လျှောက်၏၊ “မြတ်သောမင်းကြီး ... မတောင်းဆိုဝံ့ပါ”ဟု ပြောသောအခါ၊ “အရှင်ဘုရား ... အဘယ်ကြောင့် မတောင်းဆိုဝံ့ဘဲ ရှိသနည်း” ဟု လျှောက်ပြန်၏။ ထိုအခါ ရသေ့သည် -

“မြတ်သောမင်းကြီး ... တောင်းသောသူသည် ဥစ္စာကို ရခြင်း မရခြင်း နှစ်ပါးသောသဘော ဖြစ်ရ၏၊ စင်စစ် တောင်းခြင်းမှာ ဤသို့ ရခြင်း မရခြင်းသဘောရှိရမြဲ ဖြစ်၏။

မြတ်သောမင်းကြီး ... ပညာရှိတို့သည် တောင်းခြင်းကို ငိုခြင်းဟု ပြောဆိုကုန်၏၊ တောင်းသောဥစ္စာကို မပေးဟု မြစ်ပယ်ခြင်းကိုလည်း အတုငိုခြင်းဟု ပြောဆိုကုန်၏။

ငိုသော ငါ့ကိုလည်းကောင်း၊ အတုငိုသော သင်မင်းကြီးကို လည်းကောင်း ပဉ္စာလတိုင်း၌

စည်းဝေးကုန်သော သူတို့ မမြင်ခြင်းငှာ အလိုရှိပါ၏၊ သို့အတွက်ငါသည် ဆိတ်ကွယ်ရာကို အလိုရှိပါ၏” –

ဟု မင်းကြီးအား မိန့်တော်မူ၏။ မင်းကြီးသည် ရသေ့၏စကားကို ကြားလျှင် ရိုသေခြင်းလက္ခဏာ၌ အလွန်ကြည်ညို၍ -

“အရှင်ရသေ့ . .. အရှင်ရသေ့အား နွားလားဥသဘနှင့်တကွ နီမြန်းသော နွားမတစ်ထောင်ကို ပေးပါ၏၊ စင်စစ် အရှင်မြတ်၏ တရားနှင့်ယှဉ်သော စကားတို့ကို ကြားနာ၍ မြတ်သောအကျင့်နှင့် ပြည့်စုံသူသည် မြတ်သောအကျင့်နှင့် ပြည့်စုံသူအား အဘယ်ကြောင့် မလှူဘဲ ရှိအံ့နည်း” –

ဟု ရသေ့အား လျှောက်ထားလေ၏။

ရသေ့လည်း မင်းကြီးစကားကို ကြားလျှင် “မြတ်သောမင်းကြီး ... ငါသည် ကိလေသာကာမ၊ ဝတ္ထုကာမတို့၌ အလိုမရှိ၊ ငါတောင်းသော ထီးနှင့် ဖိနပ်ကိုသာ ငါ့အား ပေးပါလော့” ဟု ဆို၍ သစ်ရွက်ထီးနှင့် လွှာချင်းဖိနပ်ကို အလှူခံတော်မူပြီးလျှင် “မြတ်သောမင်းကြီး ... ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ပါလင့်၊ အလှူကိုပေးလော့” ဟု မင်းကြီးကို အဆုံးအမပေး၍ မင်းကြီး တောင်းပန်စဉ်လျှင် ဟိမဝန္တာသို့ သွားပြီးလျှင် အဘိညာဉ် သမာပတ်ကို ဖြစ်စေလျက် သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပဉ္စာလမင်းသည် - ယခုအခါ အာနန္ဒာ။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) တောင်းခြင်းဟူက၊ ရ, မရ၊ မုချရှိမြဲသာ။

(၂) တောင်းသူလည်းငို၊ မပေးငို၊ ဆိုကြပညဝါ။

(၃) ဝစီဝိညက်၊ တောင်းရမ်းတတ်၊ သူမြတ်စက်ဆုပ်ရှာ။

ဗြဟ္မဒတ္တဇာတ် ပြီး၏။

***

(၃၂၄) စမ္မသာဋကဇာတ်

ဝှေ့ခတ်ရန် သိုး၏ နောက်ဆုတ်ခြင်းကို မိမိအား အရိုအသေပြုသည်ဟု ထင်၍ သိုးကို ချီးကျူးနေစဉ် သိုး ဝှေ့ခတ်သဖြင့် သေဆုံးရသည့် စမ္မသာဋကပုရပိုက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ချီးမြှောက်လွဲက ကဲ့ရဲ့ကြ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌သီတင်းသုံးတော်မူစဉ် ပုရပိုက် တစ်ယောက်သည် သားရေအဝတ်ကို ဝတ်ရုံလေ့ရှိ၏။ တစ်နေ့သ၌ ထိုစမ္မသာဋက ပုရပိုက်သည် မိမိအရံမှထွက်၍ သာဝတ္ထိပြည်တွင်း၌ ဆွမ်းခံသွားသည်ရှိသော် သိုးဝှေ့ရာ အရပ်သို့ ရောက်လေ၏။ သိုးသည် ပုရပိုက်ကို မြင်လျှင် ဝှေ့လိုသဖြင့် နောက်သို့ဆုတ်လေ၏။ ပုရပိုက်ကား ဤသိုးသည် ငါ့အား ရိုသေသော အမူအရာကို ပြသည်ဟု မှတ်ထင်ကာ နောက်သို့မဆုတ်ဘဲနေ၏။ ထိုအခါ သိုးသည် လျင်မြန်သော အဟုန်ဖြင့် ပြေးလာပြီးလျှင် ပုရပိုက်ပေါင်ကို ဝှေ့ကာ လဲစေ၏။

ထိုပုရပိုက်သည် သူတောင်ကောင်း မဟုတ်သောသိုးကို ချီးမြှောက်ခြင်းကိုပြုခြင်းသည် သံဃာဘောင်၌လည်း ထင်ရှားလေ၏။ တစ်နေ့သ၌ ရဟန်းတို့သည် တရားဘသင်၌ ထိုစမ္မသာဋက ပုရပိုက် အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ဤစမ္မသာဋက ပုရပိုက်သည် ယခုအခါ၌သာ သူတော်ကောင်း မဟုတ်သော သိုးကို ချီးမြျောက်ခြင်းကိုပြု၍ ပျက်စီးသည် မဟုတ်၊ ရှေးအခါ၌လည်း ပျက်စီးဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သိုးကိုထင်မှား ချီးမြှောက်ငြား

လွန်လေပြီးသောအါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကုန်သည်မျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ကုန်သွယ်ခြင်း အမှုကို ပြုလေ၏။

ထိုအခါ စမ္မသာဋက ပုရပိုက်တစ်ဥိးသည် ဗာရာဏသီပြည်၌ ဆွမ်းခံဝင်သည်ရှိသော် သိုးဝှေ့တတ်သော အရပ်သို့ ရောက်လျှင် ဝှေ့မည်ဟု အားယူရန် နောက်သို့ဆုတ်သော သိုးကိုမြင်၍ ဤသိုးသည ငါ့ကို ပူဇော်ဘိ၏ဟု နောက်သို့ မဆုတ်ဘဲနော ဤမျှလောက် လူတို့အထဲ၌ လူတစ်ဦး တစ်ယောက်မျှလည်း ဂုဏ်ကျေးဇူးကို မသိဟု ထိုသိုးအား လက်အုပ်ချီကာရပ်လျက် -

“အချင်းတို့ ... အခြံအရံများသော သိုးမြတ်သည် အမျိုးတြ်၍ ဗေဒင်တတ်သော ပုဏ္ဏားကို ပူဇော်ဘိ၏၊ အခြေလေးချောင်းရှိသော သိုးမြတ်သည် အလွန်ကောင်းသော သဘောရှိစွတကား၊ အလွန်ကောင်းသောကျေးဖူးရှိစွတကား၊ အလွန် သီလကို ချစ်ခင်ပေစွတကား” - ဟု သိုး၏ ဂုဏ်ကျေးဇူးကို ချီးကျူးကာနေလေ၏။ ထိုအရပ်၌နေသော ကုန်သည်ပညာရှိသည် -

“အို- ပုဏ္ဏား ပုရပိုက် ... တစ်ခဏချင်း မြင်ကာမျှဖြင့် အခြေလေးချောင်းရှိသော သိုးနှင့် အကျွမ်းမဝင်ပါလင့်၊ သိုးကား ပြင်းထန်စွာ ဝှေ့လိုသဖြင့် နောက်သို့ဆုတ်ဘိ၏၊ ထိုသိုးသည် သင့်ကို ဝှေ့လိမ့်မည်” –ဟု ပုရပိုက်ကို တားမြစ်၏။

မိုက်သူချီးမြှောက် ဘေးရန်ရောက်

ထိုသိုးသည် ကုန်သည်ပညာရှိ တားမြစ်စဉ်လျှင် လျင်မြန်သော အဟုန်ဖြင့် ပြေးလာပြီးလျှင် ထိုပုရပိုက်ပေါင်၌ဝှေ့၍ လဲစေ၏။ ပုရပိုက်လည်း ပြင်းထန်သော ဝေဒနာသို့ ရောက်လတ်သော် အိပ်လျက် -

“အချင်းတို့ ... ငါ့၏ ပေါင်ရိုးတို့သည် ကျိုးကုန်ပြီး၊ အရိက္ခာဖြင့် ပြည့်သော ဝန်ထုပ်သည် လိမ့်ခဲ့ပြီ၊ အလုံးစုံသော ဘဏ္ဍာသည် ကွဲခဲ့ပြီ၊ သိုးသည် ငါ့ကို ဝှေ့၍ သတ်ဘိ၏၊ သင်တို့သည် အမြန်ပြေးကြကုန်” ဟု လက်မောင်းနှစ်ဖက်တို့ကို မြှောက်ကာ ငိုကြွေးလေ၏။

ထိုနောက်တစ်ဖန် ပုရပိုက်သည် -

“အချင်းတို့ ... ယနေ့ ပညာမရှိသော ငါသည် သိုးဝှေ့၍ သေရသကဲ့သို့ ထို့အတူ မပူဇော်အပ် မချီးမွမ်းအပ်သောသူကို ပူဇော်ချီးမွမ်းသောသူသည် သေရ၏” –

ဟု ငိုကြွေးလျက် ထိုအရပ်မှာပင် သေရလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ စမ္မသာဋက ပုရပိုက်သည် - ယခုအခါလည်း စမ္မသာဋက ပုရပိုက်။

ကုန်သည်ပညာရှိသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မမြှောက်ထိုက်သူ၊ ချီးမြှောကမူ၊ ထိုသူပျက်စီးရာ။

(၂) သိုးကိုမြှောက်လိုက်၊ ပုရပိုက်၊ သိုးတိုက်သေရရှာ။

စမ္မသာဋကဇာတ် ပြီး၏။

***

(၃၂၅) ဂေါဓရာဇဇာတ်

မိမိအား နေ့စဉ် ရှိခိုးပူဇော်လေ့ရှိသော ဖွတ်မင်း၏ အသားကို စားလို၍ လက်ရိုက်ဖြင့် စောင့်နေသော ရသေ့ပျက် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အံ့ဖွယ်ထင်မှတ် ရဟန်းပြုလတ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အံ့ဖွယ်သရဲကို ပြုလုပ်တတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ [အောက် ဝတ္ထုများ၌ ချဲ့ခဲ့ပြီ။]

အတိတ်ဝတ္ထု

သူတော်ထင်ကာ ဆည်းကပ်ရှာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဖွတ်မျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ခွန်အားဗလနှင့် ပြည့်စုံကာ တော၌နေ၏။ ထိုတောတွင် သီလ မရှိသော ရသေ့ စဉ်းလဲ တစ်ပါးလည်း ထိုဖွတ်၏ နေရာအနီး၌ ကျောင်းဆောက်၍ နေလေ၏။

ထိုအခါ ဖွတ်မင်းသည် အစာရှာသွားလတ်သော် ရသေ့ကျောင်း၌ ရသေ့ကိုမြင်လျှင် သီလရှိသော ရသေ့ သူရဲကောင်း ဖြစ်လတ္တံ့ဟု နှလုံးသွင်းကာ ရသေ့ကို ရှိခိုးပြီးလျှင် မိမိနေရာသို့ သွားလေ၏။

တစ်နေ့သ၌ ရသေ့စဉ်းလဲသည် အလုပ်အကျွေး ဒါယကာအိမ်၌ ကောင်းစွာ စီရင်ချက်ပြုအပ်သော ဖွတ်သားကို စားရလျှင် “ဤအသားကား အဘယ်အသားနည်း” ဟု မေးမြန်းရာ “ဖွတ်သား” ဟု ပြောကြားအပ်သည်ရှိသော် ဖွတ်သား၌ တပ်စွန်းသော ရသတဏှာသည် နှိပ်စက်အပ်သည်ဖြစ်၍ ကျောင်းသို့ မပြတ်လာသော ဖွတ်ကြီးကို သတ်ပြီးလျှင် အလိုရှိတိုင်း ချက်ပြုတ်၍စားမည်ဟု ကြံစည်ကာ ထောပတ်နို့ဓမ်း စသော ဘဏ္ဍာတို့ကို ယူပြီးလျှင် ကျောင်းသို့ပြန်လေ၏။

ဖွတ်ကိုသတ်ရန် ရသေ့ကြံ

ကျောင်းသို့ရောက်လျှင် လက်ရိုက်ကိုကိုင်လျက် သင်္ကန်းဖြင့် ဖုံးလွှမ်းကာ ဖွတ်ကြီးလာခြင်းကိုမျှော်၍ ကျောင်းတံခါးဝတွင် ငြိမ်သက်စွာ နေလေ၏။ ဖွတ်မင်းလည်း ရသေ့ကို ရှိခိုးရန် လာလတ်သော် န္ဒြေပျက်နေသော ရသေ့စဉ်းလဲကိုမြင်လျှင် ဤရသေ့ကား ဖွတ်သားကို စားရသည် ဖြစ်လတ္တံ့၊ စုံစမ်းမည်ဟု လေအောက်မှရပ်၍ အနံ့ကို ခံလတ်သော် ဖွတ်သားနံ့ရ၍ ဖွတ်သား စားထားသည်ကိုရသိလျှင် အနားသို့ မချဉ်းကပ်တော့ဘဲ ဆုတ်ခွာ၍သွားလေ၏။

ရသေ့စဉ်းလဲလည်း ဖွတ်မင်း မလာသည်ကို သိလျှင် ကိုင်ထားသော လက်ရိုက်သည် ကိုင်၌မကျဘဲ အမြီးဖျား၌ ကျလေ၏။ ထိုအခါ ရသေ့စဉ်းလဲသည် “ဟယ်-ဖွတ် ... သွားလေတော့ ချော်လေ၏” ဟု ပြောဆိုလေ၏။ ဖွတ်မင်းသည် “ငါ့ကိုကား ချော်လေ၏၊ အပါယ်လေးပါးကိုကား မချော်လေ” ဟု ပြောဆိုလျက် ပြေးပြီးလျှင် ရသေ့၏ စင်္ကြံဦး၌ရှိသော တောင်ပို့သို့ဝင်၍ ကယ်ပေါက်မှ ဦးခေါင်းကိုထောင်လျက် -

ရသေ့ပျက်အား ဖွတ်ပြောကြား

“ဟယ်-ရသေ့ပျက် ... ကိုယ်နှုတ်, နှလုံးကို မစောင့်ရှောက်သော သင့်ကို ငါသည် ရသေ့ကောင်း ထင်မှတ်၍ ဆည်းကပ်မိ၏၊ သင်သည် ငါ့ကို လက်ရိုက်နှင့်ပစ်သော အခြင်းအရာကို မြင်သဖြင့် ရသေ့ကောင်းမဟုတ်မှန်း သိရ၏။

ဟယ် - ရသေ့ပျက် ... ပညာမဲ့သော သင့်အားဆံကျစ်တို့ဖြင့် အကျိုးမရှိ၊ သစ်နက်ရေဖြင့်လည်း အကျိုးမရှိ၊ သင့်ကိုယ်တွင်း၌ ကိလေသာ တောအုပ်ရှိ၏၊ အပ၌ ပြေပြစ်လှ၏” –

ဟု ရသေ့အား ပြောဆိုလေ၏။ ဖွတ်မင်း စကားကို ကြားလျှင် ရသေ့သည် -

ဟယ်-ဖွတ် ... ငါ့ထံ လာဦးလော့၊ ပြန်ခဲ့ဦးလော့၊ သလေးထမင်းကို စားလှည့်လော့၊ ငါ့အား ဆီများစွာသော စပ်သောဘဏ္ဍာလည်းရှိ၏” –

ဟု ဖွတ်မင်းလည်း ရသေ့၏စကားကို ကြားပြန်လျှင် -

ခြိမ်းခြောက်ပြောကာ မောင်းနှင်ရာ

“ဟယ် - ရသေ့ပျက် ... ငါကား အသူတစ်ရာ နက်သော တောင်ပို့တွင်းသို့ လျင်စွာ ဝင်တော့မည်၊ သင်သည် ဆီ၊ ဆား စသညက်ို ပြောကြားဘိ၏။ ငါ့အား ရှိန်ခို၊ ဇီယာ၊ ချင်း စသော များစွာသော အစပ်ဘဏ္ဍာသည် မလျောက်ပတ်” –

ဟု ပြောဆိုပြီးလျှင်

“ရသေ့ပျက် ... သင်သည် အကယ်၍ ဤအရပ်၌နေပါမူ သင့်ကို ဆွမ်းခံရွာ၌ လူတို့ကို ဤရသေ့ကား သူခိုး ဖြစ်သည်ဟု ဖမ်းစေပြီးလျှင် ဖောက်ပြန်ခြင်းသို့ ရောက်စေမည်၊ လျင်မြန်စွာ ပြေးလေတော့” ဟု ခြိမ်းခြောက်လေ၏။ ရသေ့စဉ်းလဲလည်း ကြောက်လန့်သဖြင့် ထိုအရပ်မှ လျင်စွာပြေးလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရသေ့စဉ်းလဲသည် - ယခုအခါ အံ့ဖွယ်သရဲကို ပြုတတ်သော ရဟန်း၏

ဖွတ်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အံ့ဖွယ်ဖြစ်ဆန်း၊ ဝတ်သင်္ကန်း၊ ကြမ်းတမ်း စိတ်, နှုတ်, ကိုယ်။

(၂) လက်ရိုက်ကိုင်ကာ၊ ဖွတ်မင်းလာ၊ လျင်စွာပစ်သကို။

(၃) ရသေ့စဉ်းလဲ၊ ပြုသည့်နဲ၊ ငရဲရောက်ဖို့ကို။

ဂေါဓရာဇဇာတ် ပြီး၏။

***

(၃၂၆) ကက္ကာရုဇာတ်

ကိုယ်ကျင့်သီလရှိခြင်း၊ စိတ်ထားမြင့်မြတ်ခြင်း စသော ဂုဏ်တို့နှင့်ပြည့်စုံသူမှသာ ပန်ဆင်ထိုက်သော ကက္ကာရုနတ်ပးန်ကို ဂုဏ်မရှိဘဲ ဂုဏ်ရှိပါသည်ဟု မုသားဆိုကာ နတ်သား ၄ဦးထံ တောင်းပန်၍ ပန်ဆင်ရာ ဆင်းရဲကြီးစွာ ခံစားရသော ပုရောဟိတ် ပုဏ္ဏားအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အံ့ဖွယ်ထင်မှတ် ရဟန်းပြုလတ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မုသားဆို၍ သံဃာကို သင်းခွဲခဲ့ရာ ပရိသတ်ကို အဂ္ဂသာဝက နှစ်ပါးတို့ ယူဆောင်သွားသဖြင့် ခံတွင်းမှ သွေးပုပ်အန်ထွက်လေ၏။

ထိုအခါ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ ဒေဝဒတ်သည် မုသားဆို၍ သံဃာကိုသင်းခွဲသဖြင့် ပြင်းထန်သော ရောဂါဝေဒနာကို ရ၏ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ဒေဝဒတ်သည် ယခုအခါ၌သာ မုသားဆို၍ ကြီးစွာသော ဆင်းရဲကို ရသည်မဟုတ်၊ ရှေးအခါ၌လည်း ရဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဗာရာဏသီပွဲတော နတ်တို့ပျော်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် တာဝတိံသာ နတ်ပြည်ဝယ် မထင်ရှားသော နတ်သား ဖြစ်လေ၏။

ထိုအခါ ဗာရာဏသီပြည်ဝယ် ကြီးစွာသော ပွဲသဘင်ဖြစ်၍ နဂါး၊ ဂဠုန်၊ ဘူမစိုး၊ နတ်များစွာတို့သည် လာ၍ ပွဲသဘင်ကို ရှုကြည့်ကြကုန်၏။ တာဝတိံသာ နတ်ပြည်မှ နတ်သားလေးယောက်တို့လည်း ကက္ကာရုနတ်ပန်းကုံးကို ပန်ဆင်ကာ ပွဲသဘင်ကြည့်ရှုရန် လာကြကုန်၏။ ဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီပြည်သည် နတ်တို့ ပန်းနံ့ဖြင့် မွှေးကြိုက် ပျံ့နှံ့လျက်ရှိ၏။ လူတို့သည် ဤပန်းနံ့ကား အဘယ်သူ၏ ပန်းနံ့ဖြစ်သနည်းဟု ဆင်ခြင်၍ သွားကြကုန်၏။ နတ်သား လေးယောက်တို့လည်း လူတို့ဆင်ခြင်၍ သွားသည်ကို သိကြကုန်၏။

နတ်ပန်းရနံ့ ပြည်လုံးနှံ့

ထိုနတ်သား လေးယောက်တို့သည် မင်းရင်ပြင်ဝယ် အထက်ကောင်းကင်၌ ကြီးစွာသော အာနုဘော်ဖြင့် ရပ်လျက် ကြည့်ရှုကြကုန်၏။ မင်းနှင့်တကွ တိုင်းသူပြည်သားတို့လည်း သူထက်ငါ ပွဲသဘင်ကို ကြည်ရှုကြကုန်၏။ ထိုအခါ လူတို့သည် နတ်သားလေးယောက်တို့ကိုမြင်လျှင် “အရှင်တို့ ... အဘယ်နတ်ပြည်မှ လာကြသနည်း” ဟု မေး၏။ “အချင်းတို့ ... တာဝတိံသာနတ်ပြည်မှ လာကြကုန်၏” ဟု ပြော၏။ “ဘယ်အတွက် လာကြသနည်း” ဟု မေးပြန်ရာ “ပွဲသဘင် ကြည့်ရှုရန် လာကြကုန်၏။” ဟု ပြော၏။ “သ်တို့ ပန်ဆင်ထားသော ပန်းတို့ကား အဘယ်ပန်းတို့နည်း” ဟု မေး၏။ “ကက္ကာရု နတ်ပန်းတို့ ဖြစ်ကုန်၏” ဟု ပြော၏။ “အကျွန်ုပ်တို့အား ပေးပါကုန်လော့” ဟု တောင်းကြ၏။ “ဤကက္ကာရု နတ်ပန်းကား အာနုဘော် ကြီးကနု်၏၊ နတ်တို့သာ ထိုက်တန်ကုန်၏၊ လူ့ပြည်၌ ယုတ်မာသူ, နှလုံးသွင်းမကောင်းသူ, ပညာမရှိသူ, သီလမရှိသူတို့နှင့် မထိုက်တန်ကုန်၊ မယုတ်မာသူ, နှလုံးသွင်းကောင်းသူ, ပညာရှိသူ, သီလရှိသူတို့သာ ထိုက်တန်ကုန်၏” ဟု ပြောဆိုပြီးလျှင် ထိုနတ်သားတို့တွင် နတ်သားကြီးသည် -

“အချင်းတို့ ... ကိုယ်ဖြင့် သူ့ဥစ္စာကို မခိုးသူ၊ နှုတ်ဖြင့် မုသားမဆိုသူ၊ စည်းစိမ်ချမ်းသာကို ရပြီး၍ မမေ့မလျော့သူတို့သာ စင်စစ် ကက္ကာရု နတ်ပန်းကို ပန်ဆင်ထိုင်၏”

ဟု လူတို့အား ပြောဆိုလေ၏။

တရားစောင့်မှ နတ်ပန်းရ

ထိုစကားကို ပုရောဟိတ် ကြားလျှင် ငါ့အား စင်စစ် ဤဂုဏ်ကျေးဇူးတို့တွင် တစ်စုံတစ်ခုသော ဂုဏ်ကျေးဇူးမျှ မရှိပေ၊ မုသားဆို၍ ထိုပန်းကို ပန်ဆင်လတ်သော်လူများသည် ငါ့ကို ဤပုဏ္ဏားကား ဤသို့သော ကျေးဇူးဂုဏ်နှင့် ပြည့်စုံသောသူ ဖြစ်သည်ဟု သိကြလတ္တံ့ဟု ကြံစည်ပြီးလဆင် နတ်တို့ကို အကျွန်ုပ်အား ဤဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံစေသည်ဟု မုသားပြောဆို၍ နတ်ပန်းကို ပေးစေပြီးလျှင် ပန်ဆင်ကာ နှစ်ယောက်မြောက် နတ်သားကို တောင်းပြန်၏။

ထိုအခါ ထိုနတ်သားသည် -

“အချင်း ပုဏ္ဏား ... တရားသဖြင့် ဥစ္စာကို ရှာမှီးသူ၊ စဉ်းလဲသဖြင့် ဥစ္စာကို မဆောင်ယူသူ၊ စည်းစိမ်ချမ်းသာကို ရပြီး၍ မမေ့မလျော့သူတိုသာ စင်စစ် ကက္ကာရု နတ်ပန်း ပန်ဆင်ထိုက်၏” –

ဟု ပုရောဟိတ်အား ပြောကြားပြန်၏။ ပုရောဟိတ်လည်း ဤဂုဏ်ကျေးဇူးတို့နှင့်လည်း ပြည့်စုံသည်ဟု မုသား ပြောဆို၍ နတ်ပန်းကို ပေးစေပြီးလျှင် ပန်ဆင်ကာ သုံးယောက်မြောက် နတ်သားကို တောင်းပြန်၏။ ထိုနတ်သားလည်း -

“အချင်း ပုဏ္ဏား ... နနွင်းရည် ဆိုးထားသကဲ့သို့ မဟုတ်ဘဲ စိတ်တည်ကြည်သူ၊ အနည်းငယ်မျှသော အကြောင်းဖြင့် မပျက်စီးဘဲ ကံ၊ ကံ၏အကျိုးကို ယုံကြည်သူ၊ ကောင်းသော ဘောဇဉ်ကို တစ်ယောက်တည်း မစားသူတို့သာ စင်စစ် ကက္ကာရု နတ်ပန်းကို ပန်ဆင်ထိုက်၏” -

ဟု ပုရောဟိတ်အား ပြောကြားပြန်၏။

မုသားလိမ်ကောက် ဆင်းရဲရောက်

ပုရောဟိတ်လည်း ဤဂုဏ်ကျေးဇူးတို့နှင့်လည်း ပြည့်စုံသည်ဟု မုသားပြောဆို၍ နတ်ပန်းကို ပေးစေပြီးလျှင် ပန်ဆင်ကာ လေးယောက်မြောက် နတ်သားကို တောင်းပြန်၏။ ထိုနတ်သားလည်း -

“အချင်း ပုဏ္ဏား .. မျက်မှောက် မျက်ကွယ်၌ သူတောင်ကောင်းတို့ကို မဆဲရေးသူ၊ ပြောဆိုတိုင်း ပြုလုပ်လေ့ ရှိသူတို့သာ စင်စစ် ကက္ကာရု နတ်ပန်းကို ပန်ဆင်ထိုက်၏” –

ဟု ပုရောဟိတ်အား ပြောကြားပြန်၏။ ပုရောဟိတ်လည်း ဤဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသည်ဟု မုသားဆို၍ နတ်ပန်းကို ပေးစေပြီးလျှင် ပန်ဆင်ပြန်၏။ ဤသို့လျှင် နတ်သားလေးယောက်တို့သည် နတ်ပန်းကုံး လေးခုတို့ကို ပုရောဟိတ်အား ပေး၍ နတ်ပြည်သို့ ပြန်ကြကုန်၏။

ထိုအခါ ပုရောဟိတ် ဦးခေါင်း၌ ကြီးစွာသော ဝေဒနာသည် ဖြစ်လေ၏။ အသွားထက်သောဆောက်ဖြင့် ဖြတ်သကဲ့သို့ လည်းကောင်း၊ သံပြားဖြင့် နှိပ်သကဲ့သို့ လည်းကောင်း ဖြစ်လေ၏။ မခံမရပ်နိုင် ဖြစ်သဖြင့် လူးလဲကာ ပုရောဟိတ်အား မေးကြလျှင် ပုရောဟိတ်သည် -

“အချင်းတို့ ... ငါကား ငါ့ကိုယ်တွင်း၌ မရှိသော ဂုဏ်ကျေးဇူးတို့ကို ရှိ၏ဟု မုသားပြောဆိုကာ နတ်ပန်းကုံးတို့ကို ဆောင်း၍ ပန်ဆင်မိ၏။ သို့အတွက် ငါ့အား ကြီးစွာ ဆင်းရဲခြင်းသို့ ရောက်ရ၏။ ထိုပန်းကုံးတို့ကို ငါ၏ဦးခေါင်းမှ ပယ်ရှားကြကုန်၏” –

ဟု ပြောဆိုလေ၏။ မည်သူမျှ မပယ်ရှားနိုင်။ ပန်းကုံးတို့သည် သံပြားဖြင့် ဖွဲ့သကဲ့သို့ ဖြစ်ကုန်၏။ ထိုအခါ ပုရောဟိတ်ကို ချီမကာ အိမ်သို့ ဆောင်ယူကြကုန်၏။ ခုနစ်ရက်ပတ်လုံး တစာစာ ဟစ်ကြွေးကာ နေရ၏။

နတ်တို့ရောက်လာ ဆုံးမရှာ

မင်းကြီးသည် အမတ်တို့နှင့် တိုင်ပင်၍ ဤပုရောဟိတ်ကား သီလမရှိသူ ဖြစ်လတ္တံ့၊ အဘယ်သို့ ပြုရအံ့နည်းဟု ဆိုလတ်သော် “မြတ်သောမင်းကြီး ... တစ်ဖန် ပွဲသဘင် ခံရမည်၊ နတ်တို့ လာကြပြန်ကုန်လတ္တံ့” ဟု လျှောက်ထားကုန်၏။ မင်းကြီးလည်း တစ်ဖန် ပွဲသဘင်ကို ခံစေပြန်၏။ ထိုအခါ နတ်သားတို့သည် လာကြပြန်ကုန်၍ ကောင်းကင်၌ရပ်လျက် တစ်မြို့လုံး မွှေးကြိုင်စေ၍ ပွဲသဘင် ကြည့်ရှုကြကုန်၏။

ထိုအခါ သီလမရှိသော ပုရောဟိတ်ကို ဆောင်ယူ၍ နတ်သားတို့ရှေ့မှာ ဝပ်စေကုန်၏။ ပုရောဟိတ်သည် ဝပ်လျက် “အရှင်နတ်သားတို့ ... အကျွန်ုပ် အသက်ကို ပေးကြပါကုန်” ဟု တောင်းပန်၏။ နတ်သားတို့လည်း “အချင်း ပုဏ္ဏား ... သီလမရှိ၊ ယုတ်မာသော သင့်အား ဤနတ်ပန်းကုံးတို့နှင့် မထိုက်တန်၊ သင်ကား ငါတို့ကို လှည့်စားလို၍ မုသားဆိုကာ ပန်ဆင်ဘိ၏၊ ယခုအခါ သင့်မှာ မုသားအကျိုးကို ခံစားရ၏” ဟု လူတို့အလယ်မှာ ကဲ့ရဲ့ရှုတ်ချကာ ပုဏ္ဏား၏ဦးခေါင်းမှ ပန်းကုံးတို့ကို ဖယ်ရှားပြီးလျှင် လူတို့ကို အဆုံးအမပေး၍ နတ်ပြည်သို့ ပြန်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုဏ္ဏားသည် - ယခုအခါ ဒေဝဒတ်။

နတ်သား တစ်ယောက်သည် - ကဿပ။

နတ်သားတစ်ယောက်သည် - မောဂ္ဂလာန်။

နတ်သားတစ်ယောက်သည် - သာရိပုတ္တရာ။

နတ်သားတစ်ယောက်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သီလကင်းကွာ၊ ကျင့်ယုတ်မာ၊ လူညာပုဏ္ဏားဖျင်း။

(၂) မုသားသုံးက၊ နတ်ပန်းရ၊ သေဝဆင်းရဲခြင်း။

ကက္ကာရုဇာတ် ပြီး၏။

***

(၃၂၇) ကာကဝတီဇာတ်

ဗြဟ္မဒတ်မင်းထံမှ ဆောင်ကြဉ်းခဲ့၍ ဂဠုန်မင်း သိမ်းပိုက်ထားစဉ်မှာပင် စောင်းသမားနှင့်တွေ့၍ ဖောက်ပြန်သော ကာကဝတီ မိဖုရားအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အံ့ဖွယ်ထင်မှတ် ရဟန်းပြုလတ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် ကိလေသာအစွမ်းဖြင့် သာသနာတော်၌ ငြီးငွေ့ပျင်းရိလေ၏။

မြတ်စွာဘုရားသည် ထိုရဟန်းအကြောင်းကို သိတော်မူလျှင် “ချစ်သားရဟန်း ... မိန်းမ မည်သည်ကား စောင့်ရှောက်ခြင်းငှာ မတတ်ကောင်း၊ ရှေးပညာရှိတို့သည် မိန်းမကို သမုဒ္ဒရာအလယ် လက်ပံပျိုပင် ဗိမာန်၌ထား၍ စောင့်ရှောက်သော်လည်း စောင့်ရှောက်ခြင်းငှာ မတတ်နိုင်ကုန်” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မိဖုရားဆောင်ကြဉ်း ဂဠုန်မင်း

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည် ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုရားကြိးဝမ်း၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် အဘမင်းကြီး သေလွန်သဖြင့် မင်းအဖြစ်ကို ရလေ၏။ ထိုမင်း၏ မိဖုရားကြီးကား ကာကဝတီ မည်၏။ နတ်သမီးကဲ့သို့ အလွန်ဆင်းလှ၏။ [ဤဇာတ် အတိတ်ဝတ္ထုကား ကုဏာလဇာတ်၌ ထင်စွာဖြစ်လတ္တံ့။]

ထိုအခါ ဂဠုန်မင်းတစ်ဦးသည် လူ့အသွင့်ဖြင့်လာ၍ ဗာရာဏသီမင်းနှင့် ကြွေအန်ကစားလတ်သော် ကာကဝတီမိဖုရားကြီးကိုမြင်လျှင် တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ ထိုမိဖုရားကြီးကို ယူပြီးလျှင် ဂဠုန်ပြည်သို့ဆောင်၍ အတူတကွ မွေ့လျော်ကာနေ၏။

စောင်းသမားရှာဖွေ ဂဠုန်ပြည်

မင်းကြီးသည် ကာကဝတီ မိဖုရားကြီးကို မမြင်လတ်သော် နဋကုဝေရ မည်သော စောင်းသမားကိုခေါ်၍ စုံစမ်းရန် စေခိုင်းလေ၏။ နဋကုဝေရ စောင်းသမားလည်း စုံစမ်းလတ်သော် ထိုအကြောင်းကိုသိ၍ ဂဠုန်မင်း လာသောအခါ မသိရအောင် အတောင်ကြား၌ စီး၍လိုက်ပြီးလျှင် အိုင်ငယ်တစ်ခုအနီး ပြိတ်မြက်တော၌ အိပ်လေ၏။ ဂဋုန်မင်း သွားသောအခါ အတောင်ကြား၌ စီး၍လိုက်ပြန်ကာ ဂဠုန်ပြည်သို့ရောက်လျှင် အတောင်ကြားမှထွက်၍ ကာကဝတီ မိဖုရားကြီးနှင့် အလိုရှိတိုင်း မွေ့လျော်ပြီးလျှင် ဂဠုန်မင်းဗာရာဏသီပြည်သို့ သွားသောအခါ အတောင်ကြား၌ စီး၍ လိုက်ပြန်၏။

စုံစမ်းသိမြင် မင်းလျှောက်တင်

ဂဠုန်မင်းသည် ဗာရာဏသီမင်းနှင့် ကြွေအန် ကစားသောအခါ စောင်းသမားသည် စောင်းကိုယူ၍ ကြွေအန်ကစားသောပွဲသို့ သွား၍ မင်းကြီးအထံ၌နေလျက်-

“အချင်းတို့ ... ဂဠုန်ပြည်မှာ င့ါမယားနေ၏၊ ဂဠုန်ပြည်မှ ဤနတ်နံ့သာကို လိမ်းကျံသော ကာကဝတီ မိဖုရား၏ ကိုယ်နံ့သည် မွှေးကြိုက်၏၊ ထိုကာကဝတီ မိဖုရားကြီး၌ ငါ၏စိတ်သည် မွေ့လျော်ဘိ၏၊ ထိုမိဖုရားကြီးသည် ဤဗာရာဏသီပြည်မှ ဝေးသောဂဠုန်ပြည်မှာ နေ၏” –

ဟု သီချင်းကို သီဆိုကာ စောင်းကို တီးလေ၏။ ထိုစကားကိုကြားလျှင် ဂဠုန်မင်းသည် -

“အို-စောင်းသမား ... သင်သည် သမုဒ္ဒရာကြီးကို ဘယ်လိုကူးသနည်း၊ သီဒါခုနစ်တန်ကို ဘယ်လိုကူးသတည်း၊ သီဒါခုနစ်တန်တို့ကို ကူးပြီးလျှင် လက်ပံပင်ကို ဘယ်လိုတက်သနည်း”

ဟု နဋကုဝေရ စောင်းသမားအား မေးလေ၏။ ထိုအခါ စောင်းသမားသည် -

ဂဠုန်မင်းမေး အဖြေပေး

“အို-ဂဠုန်မင်း ... အကျွန်ုပ်ကား သမုဒ္ဒရာကြီးကို သင့်ကိုယ်ဖြင့် ကူး၏၊ သီဒါ ခုနစ်တန်ကို သင့်ကိုယ်ဖြင့် ကူး၏၊ သီဒါခုနစ်တန်ကို ကူးပြီး၍ လက်ပံပင်ကို သင့်ကိုယ်ဖြင့် တက်၏”

ဟု ဂဠုန်မင်းအား ပြောဆိုပြန်၏။ ထိုနောက်မှ ဂဠုန်မင်းသည် -

“အို-စောင်းသမား ... ငါကား ငါ့မယား၏ သယောက်လင်ဖြင်သော စောင်းသမားကို ဂဠုန်ပြည်သို့ လည်းကောင်း၊ ဤလူ့ပြည်သို့ လည်းကောင်း ပို့ဆောင်ရ၏၊ ထို့ကြောင့် ကိုယ်ကြီးသော ငါ့ကို ကဲ့ရဲ့မိ၏၊ ပေါ့သည် လေးသည် အဖြစ်ကို မသိသော ငါ့ကို ကဲ့ရဲ့မိ၏” –

ဟု စောင်းသမားအား ပြောဆိုပြီးလျှင် ဂဠုန်မင်းသည် ကာကဝတီ မိဖုရားကြီးကို ဆောင်ယူဿ ဗာရာဏသီမင်းအား ပြန်ပေးပြီးလျှင် သွားလေ၏။ တစ်ဖန် ဗာရာဏသီပြည်သို့ မလာတော့ပြီ။

မြတ်စွာဘုရားသည် ဒေသနာတော်ကိုဆောင်၍ သစ္စာကိုပြသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ နဋကုဝေရ စောင်းသမားသည် - ယခုအခါ ငြီးငွေ့သောရဟန်း။

ဗာရာဏသီမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိန်းမမျိုးကား၊ လင်စောင်ထား၊ ဖောက်ပြား ကျင့်မိစ္ဆာ။

(၂) သမုဒ္ဒရာထဲ၊ ထားသော်လည်း၊ စောင့်စည်းမရပါ။

(၃) ဂဠုန်စီးသွား၊ စောင်းသမား၊ ညား၏မယ်ကာကာ။

ကာကဝတီဇာတ် ပြီး၏။

***

(၃၂၈) အနနုသောစိယဇာတ်

မောင်မယ်စုံတောထွက်၍ ရသေ့ ရဟန်းပြုနေရာ ရသေ့မ လွန်သောအခါတွင် အနည်းငယ်မျှ စိုးရိမှုမရှိသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မယားတွက်ဆွေး လွန်ငိုကြွေး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သူကြွယ်တစ်ယောက်သည် မယားသေလွန်သဖြင့် သောက နှိပ်စက်ကာ မစားနိုင်၊ မသောက်နိုင်၊ မအိပ်နိုင်ဘဲ သုသာန်သို့သွား၍ ငိုကြွေးလျက် လှည့်လည်သတတ်။ အိုး၌ထွန်းအပ်သော ဆီမီးကဲ့သို့ ထိုသူကြွယ်၏ သန္တာန်၌ကား သောတာပတ္တိမဂ်ဉာဏ်၏ အနိဿယသည် ထွန်းပလျက်ရှိ၏။

ထိုအခါ မြတ်စွာဘုရားသည် မိုးသောက်ထ ကာလ၌ လောကကို ကြည့်ရှုလတ်သော် သူကြွယ်ကို မြင်တော်မူ၍ ဤသူကြွယ်အား သောကကိုပယ်၍ သောတာပတ္တိမဂ်ဉာဏ်ကို ပေးရန် ငါမှတစ်ပါး တစ်စုံတစ်ယောက်သောသူ မရှိသည်ကို သိတော်မူ၍ ထိုသူကြွယ်အား ချီးမြှောက်လိုသဖြင့် ဆွမ်းဘုဉ်းပေးပြီးလျှင် နောက်ပါ ရဟန်းတစ်ပါးကို ခေါ်ကာ သူကြွယ်အိမ်သို့ကြွ၍ ခင်းထားအပ်သော နေရာ၌ နေတော်မူ၏။ သူကြွယ်လည်း မြတ်စွာဘုရားကို ရှိခိုးလျက်နေ၏။

မြတ်စွာဘုရားသည် သူကြွယ်အား “သီတင်းသည် ... သင်သည် ဆိတ်ဆိတ်နေသလော” ဟု မေး၏။ “အရှင်ဘုရား ... မှန်ပါ၏၊ အကျွန်ုပ်မှာ မယားသေလွန်သဖြင့် သော နှိပ်စက်၍ နေပါ၏” ဟု လျှောက်၏။ “သီတင်းသည် ... ပျက်စီးတတ်သော သဘောမည်သည် ပျက်စီးမြဲဖြစ်၏၊ ပျက်စီးသဖြင့် စိုးရိမ်သောက ဖြစ်ခြင်းသည် မသင့်၊ ရှေးပညာရှိတို့သည် မယား သေလွန်သော်လည်း စိုးရိမ်သောက မဖြစ်ကုန်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သားအိမ်ထောင်ဘက် ရွှေရုပ်နှင့်ထွက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အလုံးစုံသော အတတ်ပညာတို့ကို သင်ကြား၍ မိဘတို့အထံတွင် နေ၏။ ထိုသတို့သားသည် သူသယ်အဖြစ်မှစ၍ မြတ်သောအကျင့်ကိုသာ ကျင့်၏။

မိဘတို့သည် သားလုလင်အား မယားရှာပေးမည်ဟု ပြောကြားကြကုန်၏။ သတို့သားသည် “အိမ်ရာ ထောင်ခြင်းကို အကျွန်ုပ် အလိုမရှိပါ၊ မိဘတို့ သေလွန်လျှင် ရသေ့ရဟန်းပြုမည်” ဟု ပြောလေ၏။ မိဘတို့သည် အဖန်တလဲလဲ တောင်းပန်လတ်သော် ရွှေရုပ်တစ်ခုကို ထုလုပ်စေ၍ “ဤရွှေရုပ်နှင့်တူသော မိန်းမကိုရလျှင် အိမ်ရာထောင်မည်” ဟု ပြောလေ၏။ ထိုအခါ မိဘတို့သည် ရွှေရုပ်ကို ယာဉ်ပေါင်းချုပ်၌တင်၍ “ဇမ္ဗူဒိပ်ကျွန်း၌ လှည့်လည်ကြကုန်၊ ဤရွှေရုပ်နှင့်တူသော ပုဏ္ဏေးမငယ်ကို အကယ်၍ တွေ့ပါမူ ရွှေရုပ်ကိုပေးခဲ့၍ ထိုပုဏ္ဏေးမငယ်ကို ဆောင်ယူခဲ့ကြကုန်” ဟု မှာထားကာ အခြံအရံများစွာဖြင့် လူတို့ကို စေလွှတ်ကုန်၏။

ရွှေရုပ်အလား ပေးထိမ်းမြား

ထိုအခါ ကာသိတိုင်း နိဂုံးရွာဝယ် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏား၌ သမ္မိလဟာသိနီ မည်သော မင်းသမီး ပုဏ္ဏေးမငယ်တစ်ယောက် ရှိသတတ်။ ထိုပုဏ္ဏေးမငယ်သည် အသက် တစ်ဆယ့်ခြောက်နှစ် ရှိသောကာလ၌ အလွန်အဆင်းလှ၏၊ ကြည်ညိုဖွယ်ရှိ၏၊ နတ်သမီးနှင့်တူ၏၊ အလုံးစုံသော လက္ခဏာနှင့် ပြည့်စုံ၏။ ငယ်ရွယ်စဉ်မှစ၍ ကိလေသာစိတ်သည် မဖြစ်စဖူး၊ မြတ်သော အကျင့်ကိုသာ ကျင့်၍နေ၏။

ရွှေရုပ်ကို ယူဆောင်ကာ လှည့်လည်ကုန်သော သူတို့လည်း ထိုနိဂုံးရွာသို့ ရောက်ကြကုန်၏။ လူတို့သည် ရွှေရုပ်ကိုမြင်လျှင် ရွှေရုပ်မှန်းမသိကြ၍ “သမ္မိလဟာသိနီ အဘယ်ကြောင့် ဤ၌နေသနည်း” ဟု မေးကြကုန်၏။ ထိုအခါ လှည့်လည်သူတို့သည် အိမ်ကို မေးမြန်းကြကာ သွားကြ၍ မိဘတို့အား စေ့စပ်ပြောဆိုပြီးလျှင် သမ္မိလဟာသိနီကို တောင်းကြကုန်၏။

သမ္မိလဟာသိနီလည်း အကြောင်းကို ကြားလျှင် “အကျွန်ုပ် အိမ်ရာမထောင်လိုပါ၊ မိဘတို့ သေလွန်လျှင် ရသေ့ရဟန်းပြုပါမည်” ဟု မိဘတို့အားတောင်းပန်၏။ မိဘတို့သည် မနာယူကြဘဲ ရွှေရုပ်ကို သိမ်းဆည်းပြီးလျှင် သမ္မိလဟာသိနီကို များစွာသော အခြံအရံဖြင့် ပေးလိုက်ကြကုန်၏။ လှည့်လည်သူတို့လည်း သတို့သမီးကို ဆောင်ယူကာ မိမိတို့နေရာသို့ ပြန်ကြကုန်၏။ ထိုအခါ မိဘတို့သည် အလိုမရှိသော သားသမီးတို့ကို ထိမ်းမြားလက်ထပ်ကြကုန်၏။

စည်းစိမ်စွန့်ကာ တောထွက်ရာ

ထို ဇနီးမောင်နှံ နှစ်ယောက်တို့သည် တစ်နေရာတည်း၌ အိပ်ကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် ကိလေသာ စိတ်ဖြင့် မကြည့်ဖူးကြကုန်။ ရသေ့ရဟန်းတို့ကဲ့သို့ မြတ်သောအကျင့်ကိုသာကျင့်၍ နေကုန်၏။ သတို့သား၏ မိဘတို့ သေလွန်လတ်သော် သတို့သားသည် သမ္ဗိလဟာသိနီကို ခေါ်၍ “ရှင်မ ... သင်သည် ငါ့မိဘဥစ္စာ ကုဋေရှစ်ဆယ်နှင့် သင့်ဥစ္စာ ကုဋေရှစ်ဆယ် ဤကုဋေ တစ်ရာ့ခြောက်ဆယ်သော ဥစ္စာဖြင့် အသက်မွေးရစ်လော့၊ ငါကား ရသေ့ရဟန်း ပြုတော့မည်” ဟု ပြောဆို၏။ “အရှင့်သား ... သင် ရသေ့ရဟန်းပြုသော် အကျွန်ုပ်လည်း ရသေ့ရဟန်းပြုပါအံ့၊ အရှင့်သားကို စွန့်ခြင်းငှာ မတတ်နိုင်ပါ” ဟု ပြန်၍ ပြောလေ၏။ ထိုအခါ ဇနီးမောင်နှံတို့သည် နှစ်ဦးသဘောတူ အလုံးစုံသော စည်းစိမ်ဥစ္စာတို့ကို လှူဒါန်း စွန့်ကြဲပြီးလျှင် ရသေ့ရဟန်းပြု၍ ဟိမဝန္တာအရပ်၌ သစ်သီးကြီးငယ်ဖြင့် မျှတကာ နေကြကုန်၏။

ရသေ့မဝေဒနာ သေလွန်ရှာ

တစ်နေ့သ၌ နှစ်ယောက်သော ရသေ့တို့သည် ချဉ်ဆားမှီဝဲရန် လူတို့နေရာသို့ သွားလတ်သော် ဗာရာဏသီပြည်သို့ ရောက်၍ မင်းဥယျာဉ်၌ နေကြကုန်၏။ ထိုအခါ ရသေ့မအား ဩဇာမရှိ ရောနှောသောဆွမ်းကို စားရသဖြင့် ဝမ်းသွေးသွန်သော ရောဂါသည် ဖြစ်ပေါ်လေ၏။ သင့်လေျာ်သော ဆေးဝါးကို မရသဖြင့် အလွန်အားနည်းခဲ့လေ၏။ ရသေ့သည် ဆွမ်းခံချိန်၌ ရသေ့မကို ယူဆောင်ကာ မြို့တံခါးအနီးရှိ ဇရပ်တစ်ခု အင်းပျဉ်ပေါ်တွင် အသာထား၍ ဆွမ်းခံသွားလေ၏။ ရသေ့ မပြန်လာမီကပင် ရသေ့မသည် သေလွန်လေ၏။ လူတို့သည် ရသေ့မ၏ တင့်တယ်သော အဆင်းကိုမြင်လျှင်ငိုကြွေးကြကုန်၏။

ဖြစ်ပျက်ဆင်ခြင် သင်္ခါရတင်

ရသေ့သည် ဆွမ်းခံပြန်လာ၍ ရသေ့မ သေလွန်သောအဖြစ်ကိုသိလျှင် ပျက်စီးတတ်သော သဘောသည် ပျက်စီး၏၊ အလုံးစုံသော သင်္ခါရတို့သည် အမြဲမရှိကုန်ဟု ပြောဆိုလေ၏။ လူတို့သည် “အရှင်ဘုရား ... ဤရသေ့မသည် အရှင်ဘုရားနှင့် အဘယ်သို့ တော်စပ်သနည်း” ဟု မေးကြကုန်၏။ “အချင်းတို့ ... လူဖြစ်စဉ် ငါ၏ ခြေက်ရင်းအလုပ်အကျွေး ဖြစ်သည်” ဟု ပြော၏။ “အရှင်ဘုရား ... အကျွန်ုပ်တို့ပင် သဘောအားဖြင့် မတည်တံ့နိုင်ကုန် ငိုကြွေးမြည်တမ်းကြကုန်၏၊ အရှင်ဘုရားကား အဘယ်ကြောင့် မငိုကြွေးသနည်း” ဟု မေးလျှောက်ကုန်၏။ ထိုအခါ ရသေ့သည် “အချင်းတို့ ... ဤပုဏ္ဏေးမကား ငါတို့ကိုစွန့်၍ သူသေများစွာတို့ အတွင်းမှာ ဖြစ်ရ၏၊ ထိုသေသူပုဏ္ဏေးမသည် ငါနှင့် အဘယ်သို့ တစ်စုံတစ်ရာ တော်စပ်လိမ့်မည်နည်း၊ သို့အတွက် မယားဖြစ်ဖူးသော ဤသမ္မိလဟာသိနီကို ငါ မစိုးရိမ်”။

“အချင်းတို့ ... စိုးရိမ်သူအား သေတိုင်း၊ သေတိုင်းသော သူတို့သည် မရှိ၊ ချုပ်ကျက်ကုန်ပြီ၊ သေတိုင်း၊ သေတိုင်းသောသူတို့ကို အကယ်၍ စိုးရိမ်နေပါမူ စင်စစ် သေရမည်ဖြစ်သော မိမိကိုယ်ပင် စိုးရိမ်နေရာ၏”။

“အချင်းတို့ ... အာယုသင်္ခါရမည်သည် ရပ်နေသူကို မဆိုင်းငံ့ပေ၊ လျောင်းနေသူကိုလည်း မဆိုင်းငံ့ပေ၊ မေ့လျော့နေသူကိုလည်း မဆိုင်းငံ့ပေ၊ မျက်စိကို မှိတ်ရုံ ဖွင့်ရုံ ကာလအတွင်း၌ပင် အရွယ်သည် ဆုတ်ယုတ် ပျက်စီး၏”။

“သို့ဖြစ်၍ စင်စစ် မိမိကိုယ်၌ အရွယ်၏ချို့တဲ့ခြင်း ပျက်စဒီးခြင်း၌ ယုံမှားမရှိရာ၊ မသေသေးသော သူကိုသာ အနာရောဂါကင်းအောင်၊ ကြောင့်ကြကင်းအောင် မေတ္တာပြုရာ၏၊ သေလွန်ပြီးသောသူကို မစိုးရိမ်ရာ” –

ဟု လူအပေါင်းအား မမြဲသော အနိစ္စ အခြင်းအရာကို ပြလျက် တရားဟောလေ၏။ လူအပေါင်းလည်း ရသေ့မ၏ အလောင်းကို သဂြိ င်္ုဟ်ကြကုန်၏။ ရသေ့လည်း ဟိမဝန္တာအရပ်သို့ ပြန်၍ အဘိညာဉ် သမာပတ်ကို ဖြစ်စေလျက် သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားလေ၏။

မြတ်စွာဘုရားသည် ဒေသနာတော်ကို ဆောင်ပြီးလျှင် သစ္စာကို ပြသည်၏အဆုံး၌ မယား သေလွန်သော သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သမ္မိလဟာသနီသည် - ယခုအခါ ရာဟုလာ မယ်တော်။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သက်ရှိသူများ၊ သေခြင်းကား၊ မမှားမြဲသည်သာ။

(၂) သေတိုင်းသူကို၊ စိုးရိမ်ပို၊ ကိုယ်ကိုစိုးရိမ်ရာ။

(၃) မျက်စိမှိတ်ဖွင့်၊ ခါမလင့်၊ ရွယ်ရင့်ပျက်စီးရှာ။

(၄) သေသူကိုထား၊ ရှင်သူများ၊ ပွားများချစ်မေတ္တာ။

အနနုသောစိယဇာတ် ပြီး၏။

***

(၃၂၉) ကာဠဗာဟုဇာတ်

နှစ်လိုဖွယ်ပြုသဖြင့် နန်းတော်တွင် အစဉ်နေရသော ကျေးသားညီနောင်နှင့် နှစ်လိုဖွယ် မပြုသဖြင့် မကြာမီ အနှင်ခံရသော ကာဠဗာဟု မျောက်ညိုအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားရှင်ပြစ်မှား လာဘ်ကွယ်ငြား

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် အရာမဟုတ်သည်၌ မြတ်စွာဘုရားအား ပြစ်မှားသောအပြစ်သည် ထင်ရှားလာသောအခါ ရရှိပြီးသော လာဘသက္ကာရကို တည်မြဲအောင် မတတ်နိုင်၊ လာဘသက္ကာရ ပျောက်ကွယ်လေ၏။

ထိုအခါ ရဟန်းတို့သည် တရားသဘင်၌ ဒေဝဒတ်၏ အကြောင်း စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရားကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ဒေဝဒတ်သည် ယခုအခါ၌သာ လာဘသက္ကာရကို ပျောက်ကွယ်သည် မဟုတ်၊ ရှေးအခါ၌လည်း လာဘသက္ကာရပျောက်ကွယ်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကျေးညီနောင်များ မင်းမွေးထား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော ဘုရားအလောင်းသည် ကျေးမျိုး၌ဖြစ်၍ ကြီးသော ပြည့်ဖြိုးသောကိုယ် ရှိ၏၊ အမည်အားဖြင့် ရာဓ မညြ်၏၊ ညီကျေးကား ပေါဋ္ဌပါဒ မည်၏။

တစ်နေ့သ၌ မုဆိုးတစ်ယောက်သည် ထိုကျေးညီနောင်တို့ကို ဖမ်းယူခဲ့ပြီးလျှင် တန်ဆာဆင်ကာ ဗာရာဏသီ မင်းကြီးအား ဆက်သလေ၏။ မင်းကြီးသည် ကျေးညီနော်တို့ကို ရွှေချိုင့်၌ထားကာ ရွှေခွက်ဖြင့် ပျားရည် ပေါက်ပေါက်တို့ကို စားစေလျက် သကြားရည်ကို သောက်စေ၍ ကောင်းစွာမွေးမြူ၏။ ကျေးညီနောင်တို့အား များစွာ ပူဇော်သက္ကာရသည် ဖြစ်လေ၏။

ညီငယ်မျက်ထွက် လာဘ်အတွက်

ထိုအခါ မုဆိုးတစ်ယောက်သည် ကာဠဗာဟု မည်သော မျောက်ညိုကြီး တစ်ကောင်ကို ဖမ်းယူခဲ့ပြီးလျှင် မင်းကြီးအား ဆက်သပြန်၏။ ထိုမျောက်ညိုကြီးအား နောက်မှ ရောက်လာသည့်အတွက် အလွန်များပြားသော လာဘသက္ကာရသည် ဖြစ်လေ၏။ ကျေးသားတို့အား လာဘသက္ကာရသည် ဆုတ်ယုတ်လေ၏။

ရာဓကျေးသားသည် သည်းမခံနိုင်သဖြင့် တစ်စုံတစ်ခုသော စကားကို မဆိုလေ။ ပေါဋ္ဌပါဒ ကျေးသားကား မျောက်ညိုကြီးအား ဖြစ်သော လာဘသက္ကာရကို သည်းမခံနိုင်သဖြင့် -

“အစ်ကိုကြီး ... ရှေးအခါ အကျွန်ုပ်တို့သည် ဓနဉ္စယမင်း၏အထံမှ ကောင်းသော ထမင်းအဖျော်တို့ကို ရကုန်၏၊ ယခုအခါ မျောက်ညိုကြီးသာ ရကုန်၏၊ အစ်ကိုကြီး ... ဓနဉ္စယမင်းထံမှ ပူဇော်သက္ကာရကို မရကုန်သောကြောင့် ယခုအခါ တောသို့ သွားကြကုန်အံ့”

ဟု အစက်ိုကြီးအား ပြောကြားလေ၏။ ရာဓကျေးသားသည် ပေါဋ္ဌပါဒ ကျေးသား၏ စကားကိုကြားလျှင် -

လောကဓံပြ ဆိုဆုံးမ

“ညီထွေး ... လူတို့၌ လာဘ်ရခြင်း၊ မရခြင်း၊ စည်းစိမ်အခြံအရံရှိခြင်း၊ မရှိခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း ဤလောကဓံတရား ရှစ်ပါးတို့သည် မမြဲကုန်၊ မစိုးရိမ်လင့်၊ အဘယ်ကြောင့် စိုးရိမ်အံ့နည်း” –

ဟု ပေါဋ္ဌပါဒအား လောကဓံတရား ရှစ်ပါးကို ပြကာ တရားဟောလေ၏။ ပေါဋ္ဌပါဒလည်း အစ်ကိုကြီး တရားဟောသော်လည်း မျောက်ညိုကြီး၌ ငြူစူခြင်းကို မပယ်ဖျောက်နိုင်သည်ဖြစ်၍ -

“အစ်ကိုကြီး ... သင်ကား စင်စစ် ပညာရှိပေ၏၊ မိမိ၌ မရောက်လာကုန်သေးသော အကျိုးတို့ကို သိနိုင်၏၊ အဘယ်အကြောင်းဖြင့် ယုတ်မာသော မျောက်ညိုကြီးကို မင်းအိမ်မှ နှင်ထုတ်အပ်သည်ကို မြင်ရကုန်အံ့နည်း” –

ဟု ရာဓအား မေးမြန်းပြန်၏။ ထိုအခါ ရာဓကျေးသားသည် -

လာဘ်ဆုတ်ယုတ်မှု မိမိပြု

“ညီထွေး ... ဤမျောက်ညိုကြီးကား နားလှုပ်ခြင်း၊ မျက်မှောင်ကြုတ်ခြင်းကို ပြုတတ်၏၊ ခဏ ခဏ မင်းသားငယ်တို့ကို လန့်စေ၏၊ ထိုအကြောင်းဖြင့် လာဘသက္ကာရမှ ပျောက်ကွယ်ခြင်းကို မိမိကိုယ်တိုင်ပင် ပြုလုပ်လိ်မ့်မည်” –

ဟု ပေါဋ္ဌပါဒအား ပြောကြားလေ၏။ မျောက်ညိုကြီးသည် နှစ်ရက်၊ သုံးရက် လွန်လျှင် မင်းသားငယ်တို့၏ရှေ့မှ နားလှုပ်ခြင်း၊ နှာခေါင်းလှုပ်ခြင်း စသည်တို့ကို ပြုလုပ်လျက် မင်းသားငယ်တို့ကို ခြောက်လေ၏။ မင်းသားငယ်တို့သည် ထိတ်လန့်တုန်လှုပ်ကြလျက်ဟစ်အော် ငိုကြွေးကြကုန်၏။ မင်းကြီးသည် မင်းသားငယ်တို့အသံကိုကြား၍ မေးမြန်းရာ ထိုအကြောင်းကိုသိလျှင် ကာဠဗာဟု မျောက်ညိုကြိးကို မင်းအိမ်မှ နှင်ထုတ်စေကုန်၏။ ထိုအခါမှစ၍ ကျေးညီနောင်တို့အား ပကတိအတိုင်း လာဘသက္ကာရသသည် ပေါများ၍ လာပြန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကာဠဗာဟု မျောက်သည် - ယခုအခါ ဒေဝဒတ်။

ပေါဋ္ဌပါဒ ကျေးသားသည် - အာနန္ဒာ။

ရာဓကျေးသားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဖြစ်ပြီးလာဘ်မှာ၊ သူယုတ်မာ၊ မြဲရာမပြုနိုင်။

(၂) ကာဠဗာဟု၊ လာဘ်ပျက်မှု၊ ပြု၏သူ့ကိုယ်တိုင်။

ကာဠဗာဟုဇာတ် ပြီး၏။

***

(၃၃၀) သီလဝီမံသဇာတ်

သီလကို စုံစမ်းလို၍ ရွှေပန်းထိပ်သည်အိမ်မှ ဆက်ကာ ဆက်ကာ အသပြာ ခိုးယူသော ပုရောဟိတ်ပုဏ္ဏားအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သီလကြောင်းပြု စုံစမ်းမှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သီလကို စုံစမ်းသော ပုဏ္ဏားကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ ။ [ပစ္စုပ္ပန်၊ အတိတ်ဝတ္ထုတို့သည် အောက်၌ဆိုအပ်ပြီးသော ဇာတ်တို့နှင့် တူကုန်ပြီ။]

အတိတ်ဝတ္ထု

ပုဏ္ဏားစုံစမ်း သီလစွမ်း

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ပုဏ္ဏား ဖြစ်လေ၏။ ထိုပုရောဟိတ်ပုဏ္ဏားသည် တစ်နေ့သ၌ သီလကို စုံစမ်းလိုသည်ဖြစ်၍ နှစ်ရက်၊ သုံးရက်တို့ပတ်လုံး ရွှေပန်းထိမ်သည်၏ ပျဉ်ပြားမှ အသပြာတို့ကို ယူလေ၏။ ထိုအခါ ပုရောဟိတ်ပုဏ္ဏားကို သူခိုးဟု ဖမ်း၍ မင်းကြီးအား ပြကြကုန်၏။ မင်းကြီးထံသို့ရောက်လျှင် ပုရောဟိတ်ပုဏ္ဏားသည် - “အချင်းတို့ ... လောက၌ သီလသည်သာ ကောင်းသတတ်၊ သီလသည်သည် မွန်မြတ်သတတ်၊ ကြည့်ရှုကြကုန်၊ အဆိပ်ပြင်းသော မြွေကိုပင် သီလရှိသော မြွေဟူ၍ မညှဉ်းဆဲအပ်” –ဟု သီလ၏ ဂုဏ်ကကျေးဇူးကို ချီးမွမ်းပြီးလျှင် မင်းကြီးကို ရဟန်းပြုရန် ခွင့်ပန်ကာ သွားလေ၏။

သားတစ်ပမာ ယင်းတဏှာ

ထိုအခါ တစ်နေ့သ၌ စွန်တစ်ကောင်သည် အမဲစျေးမှ သားတစ်ကိုချီ၍ ကောင်းကင်၌ ပျံလေ၏။ အခြား စွန့်တို့သည် ဝန်းရံကာ ထိုးဆိတ်ကြကုန်၏။ ထိုသားတစ်ချီ၍ ပျံသော စွန်သည် သည်းမခံနိုင်သဖြင့် သားတစ်ကို စွန့်ချလေ၏။ စွန်တစ်ကောင်သည် ထိုသားတစ်ကိုချီ၍ ပျံပြန်၏။ အခြားစွန်တို့ ထိုးဆိတ်ကြပြန်လျှင် သည်းမခံနိုင်သဖြင့် စွန့်ချပြန်၏။ အခြားစွန်သည် ချီ၍ပျံပြန်၏။ ထိုးဆိတ်ကြပြန်သဖြင့် စွန့်ချရပြန်၏။ ဤသို့လျှင် သားတစ်ရှိသော ငှက်သည် ဆင်းရဲ၏။ သားတစ် မရှိသော ငှက်သည် ချမ်းသာ၏။ ဤကာမသည်ကား သားတစ်နှင့်တူ၏။ ထိုကာမကို ယူဆောင်သူတို့သည် ဆင်းရဲကုန်၏။ စွန့်ပစ်သူတို့သည် ချမ်းသာကုန်၏။ “အချင်းတို့ ... လောက၌ စွန်အား နှုတ်သီးဖြင့် ချီ၍ထားသော သားတစ်ရှိသမျှ ကာလပတ်လုံး ထိုစွန်ကို အခြား စွန်အပေါင်းတို့သည် ချဉ်းကပ်ကာ ထိုးဆိတ်ကုန်၏။ သားတစ်မရှိသော စွန်ကို အခြားစွန်အပေါင်းတို့သည် မထိုးဆိတ်ကြကုန်” –ဟု ကြံစည်တွေးတောလျက် သွားရာခရီးအကြားဝယ် ရွယ်ငယ်သို့ ညချမ်းသာအခါရောက်၍ အိမ်တစ်အိမ်တွင် အိပ်လေ၏။ ထိုအိမ်၌လည်း ပိင်္ဂလာမည်သော ကျွန်မသည် ညဉ့်အခါလာရန် ယောကျ်ားတစ်ယောက်နှင့် အချိ်န်းအချက်ပြုပြီးလျှင် အရှင်တို့ကို ဝတ်ကြီးဝတ်ငယ်ကိုပြု၍ အရှင်တို့ အိပ်လတ်သော် ထိုချိန်းချက်သော ယောကျ်ား လာလိမ့်မည်ဟု မျှော်မှန်းကာ တံခါးခုံ၌ မအိပ်ဘဲ ထိုင်လျက် စောင့်နေခဲ့ရာ မိုးလင်းသောအခါရောက်မှ မလာမှန်းသိ၍ လျောင်းကာ အိပ်ပျော်လေ၏။

အာသာစွန့်မှ ချမ်းသာရ

ထိုအခါ ပုရောဟိတ်သည် ထိုအကြောင်းကိုမြင်၍ ဤကျွန်မသည် ချိန်းချက်ထားသောယောကျ်ား လာလိမ့်မည်ဟူသော အမှတ်ဖြင့် ဤမျှလောက် ကာလပတ်လုံး ထိုင်လျက်နေ၏။ ယခုအခါ ထိုယောကျ်ား မလာမှန်းသိ၍ အာသာပြတ်ရကား ချမ်းသာစွာ အိပ်ရလေ၏။ ထိုကြောင့် ကိလေသာတို့၌ တောင့်တခြင်း အာသာရှိသောသူသည် ဆင်းရဲ၏၊ အာသာမရှိသောသူသည် ချမ်းသာ၏။ “အချင်တို့ ... အာသာပြတ်ခြင်းကြောင့် ချမ်းသာသွာ အိပ်ရ၏၊ အာသာအကျိုးကို ရခြင်းသည် ချမ်းသာ၏၊ ပိင်္ဂလာ မည်သော ကျွန်မသည် အာသာပြတ်ချင်းကိုပြု၍ ချမ်းသာသွာ အိပ်ရ၏” –ဟု ကြံစည်ပြန်၏။ ပုဏ္ဏားသည် နက်ဖြန် ထိုရွာမှထွက်၍ တောသို့ဝင်လတ်သော် စျာန်ဝင်စားနေသော ရသေ့တစ်ပါးကို မြင်ပြန်လျှင် - “အချင်တို့ ... ပစ္စုပ္ပန်၊ တမလွန် နှစ်တန်သော လောက၌ သမာဓိထက် လွန်မြတ်သော သုခတရား မရှိ၊ တည်ကြည်သူကား သူတစ်ပါးကို လည်းကောင်း၊ မိမိကိုယ်ကို လည်းကောင်း မညှဉ်းဆဲပေ” –ဟု ကြံစည်ပြန်၏။ ဤသို့ ကြံစည်ပြီးလျှင် ပုရောဟိတ်သည် တော်သို့ဝင်၍ ရသေ့ရဟန်း ပြုပြီးလျှင် စျာန်အဘိညာဉ်ကို ဖြစ်စေလျက် မယုတ်သောစျာန် ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာပြည်သို့ လားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုရောဟိတ်ပုဏ္ဏားသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကာမယူသူ၊ ဆင်းရဲပူ၊ စွန့်သူ ချမ်းသာသည်။

(၂) အာသာရှိသူ၊ ဆင်းရဲပူ၊ စွန့်သူ ချမ်းသာသည်။

(၃) သမာဓိသာ၊ မွန်မြတ်စွာ၊ ချမ်းသာယုခမည်။

(၄) ကိုယ်, သူတစ်ပါး၊ မညှဉ်းငြား၊ မှတ်သားတည်သူမည်။

သီလဝီမံသဇာတ် ပြီး၏။

***

(၃၃၁) ကောလိလဇာတ်

အချိန်အခါမရောက်မီ အသံပြုမိသဖြင့် ကျီးသိုက်မှ ကျီးမ၏ ထိုးဆွနှင်ထုတ်ခြင်းခံရသော ဥဩငှက်ကို သာဓကပြု၍ စကားများသော မင်းကို ဆုံးမသော အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကျိုးကြောင်းနှိုင်းယှဉ် အပြောဆင်ခြင်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောကာလိကကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ [ပစ္စုပ္ပန်ဝတ္ထုသည် ဆိုခဲ့ပြီးသော တက္ကာရိယဇာတ်နှင့် တူ၏။]

အတိတ်ဝတ္ထု

ကျီးသိုက်တွင်းမှ ဥဩငယ်ချ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မင်းကြီးအား ဆုံးမတတ်သော ပညာရှိအမတ် ဖြစ်လေ၏။ မင်းကြီးသည် စကားများ၏။ ပညာရှိအမတ်သည် ထိုင်မင်းကြီး စကားများသောအဖြစ်ကို တားမြစ်ရန် တစ်ခုသော ဥပမာကိုရှာ၍ နေ၏။

ထိုအခါ တစ်နေ့သ၌ မင်းကြီးသည် ဥယျာဉ်တော်သို့ သွား၍ မင်္ဂလာကျောက်ဖျာ၌နေ၏။ ကျောက်ဖျာထက်ရှိ သရက်ပင်လည်း ရှိ၏။ ထိုသရက်ပင်တွင် ကျီးသိုင်တစ်ခု၌ ဥဩမသည် မိမိဥကိုထား၍ သွားလေ၏။ ကျီးမသည် ဥဩဥကို မိမိဥမှတ်၍ စောင့်ရှောက်၏။ ကျီးမသည် င့ါသား ဟူသောအမှတ်ဖြင့် အစာကိုချီကာ ဥဩငယ်ကို မွေးမြူလေ၏။

ဥဩငယ်သည် အခါမဟုတ် အမွေးအတောင် မစုံမီကပင် ဥဩသံကို မြည်၏။ ထိုအခါ ကျီးမသည် ဤငှက်ငယ်ကား ယခုအခါကပင် အခြားငှက်သံကို မြည်ဘိ၏၊ ကြီးသောအခါ အသို့ ပြုလတ္တံ့နည်းဟု နှုတ်သီးဖြင့်ထိုးသတ်ကာ အသိုက်မှ ချလေ၏။ ဥဩငှက်ငယ်သည် မင်းကြီး၏ ခြေက်ရင်း၌ ကျလေ၏။

ဥပမာပြ လျှောက်ထားရ

ထိုအခါ မင်းကြီးသည် ပညာရှိအမတ်ကို “ပညာရှိ ...ဤဥဩငယ် ကျလာခြင်းကား အကြောင်း အသို့ရှိသနည်း” ဟု မေး၏။ ပညာရှိအမတ်သည် ငါကား မင်းကြီး စကားများသည်ကို တားမြစ်မည်ဟု ဥပမာတစ်ခိုကိုရှာနေရာ ယခုရခဲ့ပြီဟု ကြံစည်ကာ “အရှင်မင်းကြီး ... အလွန် နှုတ်ကြမ်း၍ အခါမဟုတ်သည်၌ စကားများသောသူတို့သည် ဤဥဩငှက်ငယ်ကဲ့သို့ ဆင်းရဲရမြဲ ဖြစ်ကုန်၏၊ ဤဥဩငယ်ကား ဥဩမ၏သား ဖြစ်သည်၊ အခါမဟုတ် အမွေးအတောင် မစုံမီက ဥဩသံကို မြည်မိသောကြောင့် ကျီးမသည် ဤငှက်ငယ်ကား ငါ့သားမဟုတ်ဟုသိ၍ နှုတ်သီးဖြင့် ထိုးသတ်သကာ အသိုက်မှ ချဘိ၏၊ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ အခါမဟုတ်သည်၌ စကားများသောသူတို့သည် ဤသို့သော ဆင်းရဲကို ရကုန်၏”ဟု လျှောက်ထားပြီးလျှင် -

“အရှင်မင်းကြီး ... အခါမဟုတ် အမွေးအတောင်မစုံမီ မြည်မိသော ဥဩငှက်ငယ်သည် သေရသကဲ့သို့၊ ထို့အတူ အခါကာလသို့ မရောက်မီ အပိုင်းအခြားကိုလွန်၍ စကားပြောဆိုမိသောသူသည် စင်စစ် သေရ၏”

“အရှင်မင်းကြီး ... မကောင်းသဖြင့် ဆိုအပ်သော စကားသည် ခဏချင်းသတ်သကဲ့သို့၊ ကောင်းစွာ သွေးထားအပ်သော ဓားသည် မသတ်ပေ၊ မကောင်းသဖြင့် ဆိုအပ်သော စကားသည် ခဏချင်း သတ်သကဲ့သို့၊ လတ်တလော သေစေတတ်သော အဆိပ်သည် မသတ်ပေ၊ ထိုကြောင့် ပညာရှိသည် အခါကာလ ဟုတ်သည်၌ လည်းကောင်း၊ မဟုတ်သည်၌ လည်းကောင်း စကားကို စောင့်ရှောက်ရာ၏၊ စင်စစ်သဖြင့် မိမိနှင့် သဘောတူသူထံ၌လည်း အပိုင်းအခြားကို လွန်၍ မပြောဆိုရာ” –

“ဂဠုန်မင်းသည် နဂါးကို ဖမ်းယူသကဲ့သို့၊ ဉာဏ်ပညာ ရှေ့သွားရှိသော ပညာရှိကား လျောက်ပတ်သောအခါ နှိုင်းယှဉ်အပ်သော စကားကို ဆိုရာ၏၊ ပညာရှိကား ရန်သူ အလုံးစုံကို ဖမ်းယူနိုင်၏” –

ဟု မင်းကြီးအား တရားဟောလေ၏။ မင်းကြီးလည်း ပညာရှိအမတ်၏ တရားစကားကို ကြားရလျှင် ထိုအခါမှစ၍ လျှောက်ပတ်သောအခါ အတိုင်းအရှည်ရှိသော စကားကိုသာ ပြောဆိုလေ၏။ ပညာရှိအမတ်အားလည်း ကြည်ညိုသဖြင့် စည်းစိမ်ဥစ္စာများစွာကို ပေးလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဥဩငှက်သည် - ယခုအခါ ကောကာလိက။

ပညာရှိအမတ်သည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) နှိုင်းယှဉ်, ပိုင်းခြား၊ ချိန်ရောက်ငြား၊ စကားကောင်းစွာဆို။

(၂) စကားဖြင့်သာ၊ ပညဝါ၊ လိုရာပြီးသကို။

(၃) စကားဖြင့်သာ၊ ယူယုတ်မာ၊ လျှင်စွာပျက်သကို။

ကောလိကဇာတ် ပြီး၏။

***

(၃၃၂) ရထလဋ္ဌိဇာတ်

ပုရောဟိတ်သည် လှည်းသမားကို နှင်တံဖြင့် ရိုက်နှက်ရာ ရထားဦးကို ခတ်မိပြီးမှ မိမိ နဖူးကို ပြန်လည် ခတ်မိပါလျက် မင်းထံ လှည်းသမားအား တရားစွဲဆိုရာ မဆင်မခြင် တစ်ဖက်သက် အပြစ်ဒဏ်ပေးသော မင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပုရောဟိတ်မာန်သုံး တရားရှုံး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီး၏ ပုရောဟိတ်ပုဏ္ဏားသည် မိမိစားသော ရွာသို့ ရထားဖြင့် သွားသည်ရှိသော် ကျဉ်းမြောင်းသော လမ်းခရီးဝယ် လှည်းတ်စစီးနှင့် ရင်ဆိုင်ဆုံမိလေ၏။

ထိုအခါ ပုရောဟိတ်သည် လှည်းကို အဖယ်ခိုင်းရာ ရုတ်တရက် မဖယ်နိုင်သဖြင့် အမျက်ထွက်၍ နှင့်တံခြင်း ရိုက်ရာ ရှေ့ဆုံးလှည်းဝယ် လှည်းမောင်းသမား မျက်စိကို ရိုက်မိပြီးလျှင် ရထားဦးကိုလည်း ရိုက်မိပြန်ကာ တစ်ဖန် ပုရောဟိတ်၏ နဖူးကို ရိုက်မိပြန်၏။ ထိုအခါ ပုရောဟိတ်နဖူး၌ ဖူးရောင်၍ ထလေ၏။

ပုရာဟိတ်သည် ပြန်၍ မိမိကို လှည်းသမား ရိုက်နျက်ကြောင်း မင်းကြီးအး လျှောက်ထားလေ၏။ မင်းကြီးသည် လှည်းသမားကို ခေါ်၍ စစ်မေးလတ်သော် လှည်းသမား၌ အပြစ်မရှိ၊ ပုရောဟိတ်၌သာ အပြစ်ရှိလေ၏။

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ပုရောဟိတ်နှင့် လှည်းသမား တရားဖြစ်ကြရာ ပုရောဟိတ် ရှုံးကြောင်း စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ဤပုရောဟိတ်သည် ယခုအခါ၌သာ ဤသို့သောအမှုကို ပြုသည်မဟုတ်၊ ရှေးအခါ၌လည်း ပြုဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပုဏ္ဏားလှည့်စား ဆုံးဖြတ်မှား

လွန်လေပြီးသောအခါ ဗာရာဥသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ တရားဆုံးဖြတ်သော အမတ်ဖြစ်လေ၏။

ထိုအခါ ပုရောဟိတ်သည် မိမိ စားရသော ရွာသို့ ရထားဖြင့်သွားသည်ရှိသော် ကျဉ်းမြောင်းသော လမ်းခရီးဝယ် လှည်းနှင့်ရင်ဆိုင်မိရာ အဖယ်ခိုင်း၍ မရသဖြင့် အမျက်ထွက်၍ နှင်တံဖြင့်ရိုက်ရာ လှည်းသမား၏ မျက်စိနှင့် ရထားဦးကို ရိုက်မိပြီးမှ နဖူးကို ရိုက်မိပြန်ကာ ဖူးဖူးရောင်၍ ထလေ၏။

ပုရောဟိတ်သည် ပြန်လာ၍ မင်းကြီးအား ထိုအကြောင်းကို လျှောက်ထား၏။ မင်းကြီးသည် ကိုယ်တိုင် တရားဆုံးဖြတ်သော နေရာ၌နေ၍ လှည်းသမားကို ခေါ်စေပြီးလျှင် အမှုကို မစစ်ဆေး မစုံစမ်းဘဲ သင်သည် ပုရောဟိတ်နဖူးကို ရိုက်သဖြင့် ဖူးဖူးရောင်စေသည် ဆို၍ လှည်းသမား၏ ပစ္စည်းဥစ္စာ အလုံးစုံကို သိမ်းယူစေဟု တစ်ဖက်သတ် ဆုံးဖြတ်ချက်ချလေ၏။

ပညာရှိလျှောက်မှ တရားမှန်ကျ

ထိုအခါ တရားဆုံးဖြတ်သော အမတ်သည် မင်းကြီး၏ ဆုံးဖြတ်ချက်ကို ကြားလျှင် တရားနည်းလမ်း မကျသည်ကို သိ၍ -

“မြတ်သောမင်းကြီး ... လောက၌ အချို့သူတို့သည် စင်စစ် မိမိတို့ကိုယ်ကိ မိမိတို့ပင် ရိုက်နှက်၍ သူတစ်ပါးရိုက်နှက်သည်ဟု ပြောဆိုတတ်ပါ၏၊ မိမိက အောင်နိုင်ပါလျက် သူတစ်ပါး အောင်နိုင်သည်ဟု ပြောဆိုတတ်ပါ၏၊ စင်စစ် တရားလို ပြောဆိုသောစကားကို မယုံကြည်ထိုက်ပါ။

ထိုကြောင့် ပညာရှိတို့ သဘောမှာ တရားခံ ပြောဆိုသော စကားကိုလည်း နားထောင်ရာ၏၊ တရားလို တရားခံ နှစ်ဦးတို့ စကားကို နားထောင်ပြီး၍ တရားနည်းလမ်း ကျနအောင် ဆုံးဖြတ်ရာ၏” –

“မြတ်သောမင်းကြီး ... ကာမစည်းစိမ် ခံစားသူသည် ပျင်းရိလျှင် မကောင်း၊ ရသေ့ရဟန်းသည် ဣန္ဒြေကို မစောင့်ရှောက်လျှင် မကောင်း၊ မင်းသည် မစူးစမ်း မဆင်ခြင်ဘဲပြုလျှင် မကောင်း၊ ပညာရှိသည် အမျက်ထွက်လျှင် မကောင်း” –

“မြတ်သောမင်းကြီး .... မင်းမည်သည် စူးစမ်းဆင်ခြင်၍ ပြုရာ၏၊ မစူးစမ်း မဆင်ခြင်ဘဲ မပြုရာ၊ စူးစမ်း ဆင်ခြင်၍ ပြုသော မင်းအား စည်းစိမ် အခြံအရံ အကျော်အစောသည် တိုးပွား၏” –

ဟု မင်းကြီးအား အကျိုးအကြောင်းပြကာ တရားဟောလေ၏။ မင်းကြိးလည်း တရားဆုံးဖြတ်သော အမတ်စကားကို ကြားလျှင် တရားလို တရားခံ နှစ်ဦးလုံးတို့၏ အဖြစ်အပျက် မေးမြန်စိစစ်ကာ တရားနည်းလမ်း ကျနစွာ ဆုံးဖြတ်လတ်သော် ပုရောဟိတ်အားသာလျှင် အပြစ်ရ၍ ရှုံးလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုဏ္ဏားသည် - ယခုအခါလည်း ပုဏ္ဏား။

ပညာရှိအမတ်သည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) တရားဘက်များ၊ ဆိုစကား၊ မှတ်သားနာယူရာ။

(၂) ဆင်ခြင်စူးစမ်း၊ တရားလမ်း၊ ဖြောင့်တန်းဆုံးဖြတ်ပါ။

(၃) စည်းစိမ်ခံစား၊ လူတို့ကား၊ ပျင်းငြားမကောင်းပါ။

(၄) ရဟန်းဖြစ်လည်း၊ မစောင့်စည်း၊ ချည်းနှီးမကောင်းပါ။

(၅) မင်းမြတ်ဘုရင်၊ မဆင်ခြင်၊ ပြုလျှင်မကောင်းပါ။

(၆) ပညာရှိလျက်၊ အမျက်ထွက်၊ သက်သက်မကောင်းပါ။

ရထလဋ္ဌိဇာတ် ပြီး၏။

***

(၃၃၃) ပက္ကဂေါဓဇာတ်

တောတွင်း မုဆိုးထံမှ ရအပ်သော ဖွတ်ကင်ကို မင်းသမီး ရေခပ်ယူခိက် အမြီးသာချန်၍ ဖွတ်ကင်အားလုံး စားပြီး “ဖွတ်တွင်းထဲ ဝင်သွား၍ဆွဲရာ အမြီးသာ ရလိုက်သည်” ဟု ပြောသော မင်းသားအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မယားလှည့်စား ဖွတ်ကင်စား

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကြွေးမြီတောင်း၍ ပြန်လာကြသော သူကြွယ်လင်မယားတို့အား ခရီးလမ်းအကြား၌ မုဆိုးတစ်ယောက်သည် လင်မယား နှစ်ယောက်လုံး စားကြကုန်ဟု မှာထားကာ ဖွတ်ကင်တစ်ခုကို ပေးလေ၏။ ထိုအခါ သူကြွယ်သည် မယားကို ရေယူခိုင်း၍ ဖွတ်ကင်တစ်ခုလုံး ကုန်အောင် စားပြီးလျှင် မယား လာသောအခါ “ရှင်မ ... ဖွင်ကင် ပြေးလေပြီ” ဟု ပြောလေ၏။ မယားလည်း “အရှင် ... ဖွင်ကင် ပြေးသည်ကို အဘယ်သို့ တတ်နိုင်မည်နည်း” ဟု ပြောလေ၏။ ထိုလင်မယားနှစ်ယောက်တို့သည် ဇေတဝန် ကျောင်းတော်သို့ ဝင်၍ ရေသောက်ပြီးလျှင် မြတ်စွာဘုရားထံ ဆည်းကပ်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် “သီတင်းသည်မ ... ဤသီတင်းသည် ယောကျ်ားသည် သင့်အစီးအပွားကို လိုလားပါ၏လော၊ သင့်အား ချစ်ပါ၏လော” ဟု မေးတော်မူ၏။ “အရှင်ဘုရား ... အကျွန်ုပ်သည် ဤသီတင်းသည်ယောကျ်ားအား ချစ်ပါ၏၊ ဤသီတင်းသည် ယောကျ်ားကား အကျွန်ုပ် အစီးအပွားကို မလိုလားပါ၊ အကျွန်ုပ်အား မချစ်ပါ” ဟု လျှောက်ထားလေ၏။ “သီတင်းသည်မ ... သင် လျှောက်ဆိုတိုင်း မှန်၏၊ မစိုးရိမ်လင့် ဤလိုပြုငြားသော်လည်း သင်၏ကျေးဇူးကို အောက်မေ့သောအခါ သင့်အား အလုံးစုံသော စည်းစိမ်ကို ပေးဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

တောမှပြန်လာ ဖွတ်ကင်ပါ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုမင်းကြီး၏ ပညာရှိအမတ် ဖြစ်လေ၏။ ထိုအခါ မင်းကြီးသည် သားတော် အိမ်ရှေ့မင်းကို ပြစ်မှားလိမ့်မည်ဟု ယုံမှားသံသယရှိသဖြင့် ငါသေလွန်မှ လာ၍ မင်းပြုရမည်ဟု တိုင်းပြည်မှနှင်ထုတ်ရာ မင်းသားသည် မိမိမယားကိုခေါ်ယူ၍ တောသို့သွား၍ နေရလေ၏။ မင်းကြီး သေလွန်သောအခါ မင်းသား၊ မင်းသမီးတို့သည် ဗာရာဏသီပြည်သို့ ပြန်လာကြရာ ခရီးလမ်းအကြား၌ မုဆိုးသည် ခရီးပန်းလာသော မင်းသား၊ မင်းသမီးတို့ကို မြင်လျှင် နှစ်ယောက်လုံး စားကြကုန်ဟု မှာထားကာ ဖွတ်ကင် တစ်ခုကို ပေးလေ၏။ မင်းသမီးသည် နွယ်ကြိုးဖြင့် ချည်၍ ဖွတ်ကင်ကို ဆောင်ယူခဲ့၏။ ထိုမင်းသား၊ မင်းသမီးတို့သည် ရေကန်တစ်ခုကိုမြင်လျှင် ခရီးလမ်းမှဖဲကာ ညောင်ဗုဒ္ဓဟေပင်ရင်းနား၌ နားကြကုန်၏။ မင်းသားသည် “ရှင်မ ... သွားချေ ပဒုမ္မာကြာရွက်ဖျင့် ရေကို ယူခဲ့လော့၊ ဖွတ်သားကို စားကြကုန်အံ့” ဟု စေခိုင်း၏။ မင်းသမီးသည် ဖွတ်ကင်ကို ညောင်းကိုင်းတွင်ဆွဲကာ ရေယူသွားလေ၏။

ဖွတ်ကင်စားကာ မိန်းမညာ

မင်းသားသည် မင်းသမီး သွားနေခိုက် ဖွတ်ကင် တစ်ခုလုံး စား၍ အမြီးဖျားကိုကိုင်ကာ မျက်နှာလွှဲ၍နေ၏။ မင်းသမီး ရေယူ၍လာလတ်သော် မင်းသားသည် “ရှင်မ ... ဖွတ်ကင်သည် ညောက်ခက်မှ ဆင်းကာ တောင်ပို့သို့ ဝင်သွား၏။ ငါ အပြေးလိုက်၍ဆွဲရာ အမြီးဖျားပြတ်၍ ကျန်ရစ်သည်” ဟု အမြီးဖျားကိုပြကာ ပြောလေ၏။ မင်းသမီးလည်း ဖွတ်ကင် ပြေး၍ တောင်ပို့တွင်း ဝင်သွားသည်ကို အဘယ်သို့ တတ်နိုင်မည်နည်း၊ ရှိပါစေတော့ဟု ပြန်၍ ပြေကာ လာ သွားကြစို့ဟု နှစ်ယောက်လုံး ရေသောက်ပြီး သွားကြလျှင် ဗာရာဏသီပြည်သို့ ရောက်ကြကုန်၏။

မိဖုရားတိုင်ပင် အမတ်လျှောက်တင်

အမတ်ကြီးူတို့သည် မင်းသားကို မင်းမြှောက်ကြကုန်၏။ မင်းသားသည် မင်းအဖြစ်ကို ရပြီးသော် မင်းသမီးကို မြတ်နိုးတနာပြုခြင်း မရှိ။ ပညာရှိအမတ်သည် ထိုအကြောင်းကို သိလျှင် မိဖုရားကြီးအား ကျေးဇူးများသဖြင့် စည်းစိမ်ဥစ္စာ ပေးစလိုခြင်း၊ မြတ်နိုးတနာ ပြုစေလိုခြင်း ရှိသည်ဖြစ်၍ မိဖုရားကြီးနှင့်တကွ မင်းကြီးထံ၌ ဆုံမိကြသောအခါ - “အရှင်မင်းကြီး ... အကျွန်ုပ်တို့သည် အရှင်မိဖုရားကြီးတို့ထံမှ တစ်စုံတစ်ခုမျှ မရဖူးပါကုန်၊ အကျွန်ုပ်တို့ကို မကြည့်ရှုကုန်ပြီလော” ဟု လျှောက်၏။ “ဖခင် ... အကျွန်ုပ်သည်ပင် မင်းကြီးထံမှ တစ်စုံတစ်ခုမျှ မရပါ၊ ဖခင်အား အဘယ်မှာ ပေးနိုင်ပါမည်နည်း၊ ဤမင်းကြီးသကား ယခုအခါ အကျွန်ုပ်အား အဘယ်ကို ပေးမည်နည်း၊ တောမှ နှစ်ယောက်အတူလာစဉ် ဖွတ်ကင်တစ်ခုရရာ အကျွန်ုပ် ရေခပ်သွားခိုက် ဖွတ်ကင်တစ်ခုလုံးစားပြီး ပြန်လာသောအခါ အမြီးဖျားကိုသာ ပြသည်” ဟု ပြော၏။ “မိဖုရားကြီး ...ဤလို မပြေပါလင့်၊ မင်းကြီးသည် ဤလိုပြောမည် မဟုတ်ပါ” ဟု လျှောက်ပြန်၏။ “ဖခင် ... ထိုစဉ်အခါက ဖြစ်သော အမှုမှာ ဖခင်တို့အား မထင်ရှားပါ၊ အကျွန်ုပ်နှင့် မင်းကြီးအားသာ ထင်ရှားပါ၏” ဟု ပြောဆိုပြီးလျှင် - “အို - တိုင်းသူပြည်သားတို့ အကြီးအမြတ် ဖြစ်သော အရှင်မင်းကြီး ... သန်လျက်ကိုလွယ်ကာ ချပ်တန်တဆာကိုဖွဲ့၍ သစ်ခွံအဝတ်ကို ဝတ်ဆင်ရသော အသင်မင်းကြီးလည်း ခရီးလမ်းအကြား၌ အကျွန်ုပ်အား မပေး၊ ညောင်ဗုဒ္ဓဟေခက်မှ ဆင်းကာ ဖွတ်ကင်ပြေးသည်ဟု ပြောဆိုဘိ၏၊ ဤအဖြစ်ကို သင်မင်းကြီး သိပါ၏” -ဟု မင်းကြီး ပြုသောအပြစ်ကို ပရိသတ်အလယ်၌ ထင်စွာပြု၍ ပြောဆိုလေသော် ပညာရှိအမတ်သည် မိဖုရားကြီးအား “အရှင်မိဖုရားကြီး ... မင်းကြီးသည် မချစ်သောကာလမှစ၍ နှစ်ယောက်လုံး မချမ်းသာခြင်းကိုပြုကာ အဘယ်ကြောင့် နေဘိသနည်း” ဟု လျှောက်ထားပြီးလျှင် - “အရှင်မိဖုရားကြီး ... မိမိသို့ ကိုင်းညွတ်သူအား ကိုင်းညွတ်ရမည်၊ မိမိသို့ ဆည်းကပ်သူအား ဆည်းကပ်ရမည်၊ မိမိ အမှုကိစ္စကို ပြုလုပ်သူ၏ အမှုကိစ္စကို ပြုလုပ်ရမည်၊ မိမိအကျိုးစီးပွားကို အလိုရှိသူ၏ အကျိုးစီးပွားကို အလိုရှိရမည်၊ မိမိသို့ မဆည်းကပ်သူသို့ မဆည်းကပ်ရ၊ မိမိကို ပယ်စွန့်သူကို ပယ်စွန့်ရမည်၊ ချစ်ခြင်းကို မပြုရ၊ တပ်စွန်းခြင်းကင်းသော စိတ်ဖြင့် မဆည်းကပ်ရာ၊ ငှက်သည် အသီးကုန်သော သစ်ပင်ကိုသိ၍ အခြား သစ်ပင်ကို ကြည့်ရှုရမည်၊ စင်စစ် လူတို့နေရာကား ကျယ်ဝန်းလှ၏” –ဟု မိဖုရားကြီးအား အကျိုးအကြောင်းပြကာ လျှောက်ထားလေ၏။

ကျေးဇူးဂုဏ်ရပ် စည်းစိမ်အပ်

မင်းကြီးသည် ပညာရှိအမတ် ပြောတိုင်း၊ ပြောတိုင်း မိဖုရားကြီး၏ ဂုဏ်ကျေးဇူးကို အောက်မေ့၍ “ရှင်မ ... ဤမျှလောက် ကာလပတ်လုံး သင်၏ ဂုဏ်ကျေးဇူးကို ငါ မအောက်မေ့မိ၊ ယခုအခါ ပညာရှိအမတ်၏ စကားဖြင့် အောက်မေ့မိပါပြီ၊ ငါ၏ အပြစ်ကို သည်းခံပါ၊ အလုံးစုံသော မင်းအဖြစ်ကို သင်မိဖုရားအား ငါ ပေးပါ၏” ဟု ဆို၍ - “အို - မိဖုရားကြီး ... ကျေးဇူးသိသည်၏ အဖြစ်ကို ကြည့်ရှုတတ်သော မင်းဖြစ်သော ငါသည် သင် မိဖုရားကြီးအား အစွမ်းသတ္တိအလျောက် ပြုစုပါမည်၊ သင်အလိုရှိလျှင် စည်းစိမ်အားလုံးကို ငါပေးပါ၏၊ သင့်အား အစိုးရခြင်း အလုံးစုံကိုလည်း ငါပေးပါ၏” –ဟု ပြောဆို တောင်းပန်ကာ မိဖုရားကြီးအား စည်းစိမ်အလုံးစုံကို ပေးလေ၏။ ဤပညာရှိအမတ်သည် မိဖုရားကြီး၏ ဂုဏ်ကျေးဇူးကို အောက်မေ့သတိရအောင် လျှောက်ထားပေ၏ဟု ကျေးဇူးတင်ကာ ပညာရှိအမတ်အားလည်း စည်းစိမ် များစွာကို ပေးလေ၏။ မြတ်စွာဘုရားသည် ဒေသနာတော်ကို ဆောင်ပြီးလျှင် သစ္စာကို ပြတော်မူသည်၏အဆုံး၌ သူကြွယ် လင်မယားနှစ်ယောက်တို့သည် သောတာပတ္တိဖိုလ်၌ တည်ကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -

ထိုအခါ မင်း၊ မိဖုရားတို့သည် - ယခုအခါ သူကြွယ်လင်မယား။

ပညာရှိအမတ်သည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကိုယ့်ကိုညွတ်သူ၊ ညွတ်တုံ့မူ၊ ကပ်သူ့ ကပ်ကြရာ။

(၂) ကိုယ့်ကိစ္စပြု၊ တုံ့ပြန်ပြု၊ လိုမှု ကျိုးလိုရာ။

(၃) ကိုယ့်ကိုစွန့်သူ၊ စွန့်ကြဟူ၊ ချစ်သူ, ချစ်ကြရာ။

(၄) အသီးကုန်ငြား၊ သစ်ပင်များ၊ စွန့်သွားငှက်ပမာ။

ပက္ကဂေါဓဇာတ် ပြီး၏။

***

(၃၃၄) ရာဇောဝါဒဇာတ်

မင်းစိုးရာဇာတို့ တရားကျင့်ခိုက် သစ်ဥသစ်သီး စသည်တို့ ဩဇာပြည့်ဝပုံ၊ မတရားကျင့်ခိုက် ဩဇာ မပြည့်ဝပုံကို ပညောင်သီးမှည့်ဖြင့် လက်တွေ့သာဓကပြုကာ မင်းအား ဆုံးမသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မင်းကျင့်တရား နတ်ပြည်သွား

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောလသမင်းကြီးကို ဆုံးမတော်မူ၏။ “မြတ်သောမင်းကြီး ... ရှေးမင်းတို့သည် ပညာရှိတို့၏ စကားကိုကြား၍ တရားသဖြင့် မင်းပြုကုန်လျက် နတ်ပြည်ကို ပြည့်စေသည်” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

[ပစ္စုပ္ပန်ဝတ္ထုသည် တေသကုဏဇာတ်၌ ထင်စွာဖြစ်လံတ္တံ့။]

အတိတ်ဝတ္ထု

မင်းကြီးရုပ်ဖျက် စုံစမ်းထွက်

လွန်လေပြီးသောအခါ ဗာရာဏီသပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အလုံးစုံသော အတတ်ပညာတို့ကို သင်ကြားပြီးလျှင် ရသေ့ရဟန်းပြုကာ အဘိညာဉ် သမာပတ်တို့ကို ြ်ဖစ်စေလျက် မွေ့လျော်ဖွယ်ရှိသော ဟိမဝန္တာအရပ်ဝယ် သစ်သီးကြီးငယ်တို့ကို သုံးဆောင်မှီဝဲကာ နေလေ၏။

ထိုအခါ ဗာရာဏသီမင်းကြီးသည် မိမိ၏ ကျေးဇူးမဲ့ကို ရှာလိုသောအကြောင့် ငါ၏ ကျေးဇူးမဲ့ ပြောဆိုတတ်သော တစ်စုံတစ်ယောက်သောသူ ရှိသလောဟု လှည့်လည် စုံစမ်းလတ်သော် နန်းတွင်း၊ နန်းပ၊ မြို့တွင်း၊ မြို့ပတို့၌ မိမိ၏ ကျေးဇူးမဲ့ ပြောဆိုသူကို မမြင်။ တစ်ဖန် ဇနပုဒ်သားတို့သည် ပြောဆိုကုန်သလောဟု မထင်ရှားသော အသွင်ဖြင့် လှည့်လည် စုံစမ်းသော်လည်း ကျေးဇူးမဲ့ ပြောဆိုသောသူကို မမြင်လေ။

မင်းကျင့်လုံခြုံ ဩဇာပြည့်စုံ

တစ်ဖန် ဟိမဝန္တာ အရပ်၌ ပြောဆိုကုန်သလောဟု တောသို့ဝင်ကာ လှည့်လည်စုံစမ်းပြန်သော် ရသေ့နေရာ ကျောင်းသို့ရောက်၍ ရသေ့ကိုရှိခိုးလျက် စကား ပဋိသန္ဓာရပြုပြီးလျှင် လျောက်ပတ်သောအရပ်၌ နေ၏။ ထိုအခါ ရသေ့သည် တောမှ ပညောင်သီးမှည့်တို့ကို ယူဆောင်ကာ သုံးဆောင်လေ၏။ ပညောင်သီးမှည့်တို့သည် ချိုကုန်၏။ ဩဇာရှိကုန်၏။ သကြားမှုန့်နှင့် တူကုန်၏။

ရသေ့သည် မင်းကြီးကိုခေါ်၍ “ဘုန်းကြီးသော ဒါယကာ ... ဤပညောင်သီးမှည့်ကိုစား၍ ရေသောက်လော့” ဟု ပြောလေ၏။ မင်းကြီးသည် ပညောင်သီးမှည့်တို့ကိုစား၍ ရေသောက်ပြီးလဆင် “အရှင်ဘုရား ... ဤပညောင်သီးမှည့်တို့သည် အဘယ်ကြောင့် အလွန်ချိုကုန်သနည်း” ဟု လျှောက်ထား၏။ “ဘုန်းကြီးသော ဒါယကာ ... မင်းတို့ တရားသဖြင့် မင်းပြုသောကြောင့် ချိုကုန်၏” ဟု ပြော၏။ “အရှင်ဘုရား ... မင်းတို့ တရားမစောင့်သောအခါ မချိုခြင်း ဖြစ်သလော” ဟု လျှောက်၏။ “ဘုန်းကြီးသော ဒါယကာ ... သင် ပြောဆိုတိုင်း မှန်၏။ မင်းတို့ တရားမစောင့်သည်ရှိသော် ဆီ၊ ပျား၊ တင်လဲ စသည်တို့သည် လည်းကောင်း၊ တောသစ်မြစ် သစ်သီးတို့သည် လည်းကောင်း၊ မချိုကုန်၊ ဩဇာမရှိကုန်။ တိုင်းပြည်အလုံးစုံသည် ဩဇာမရှိလေ။ မင်းတို့ တရားစောင့်သည်ရှိသော် အလုံးစုံသော အစာအာဟာရတို့သည် ချိုကုန်၏၊ ဩဇာရှိကုန်၏၊ တိုင်းပြည် အလုံးစုံလည်း ဩဇာရှိလေ၏” ဟု ပြောလေ၏။ “အရှင်ဘုရား ... အမိန့်တော်ရှိတိုင်း ဖြစ်ပေလိမ့်မည်” ဟု လျှောက်ထားလေ၏။

မင်းတရားဖျက် ရသာပျက်

မင်းကြီးသည် မင်းအဖြစ်ကို မသိစေဘဲ ရေ့ကို ရှိခိုး၍လာရာ ဗာရာဏသီပြည်သို့ ရောက်လတ်သော် ရသေ့စကားကို စုံစမ်းမည်ဟု ကြံစည်လျက် မတရားသဖြင့် မင်းပြုပြီးလျှင် ယခုပင် ဟုတ် မဟုတ် သိရလတ္တံ့ဟု အနည်းငယ်သောကာလကို လွန်စေလျက် ထိုရသေ့ကျောင်းသို့ တစ်ဖန်သွား၍ ရသေ့ကိုရှိခိုးက တင့်အပ် လျောက်ပတ်သော နေရာ၌နေ၏။ ရသေ့လည်း မင်းကြီးအား ရှေးနည်းအတူ ပြောဆိုကာ ပညောင်သီးမှည့်တို့ကို ပေးလေ၏။ မင်းကြီး စားလတ်သော် မချို ခါးသောအရသာရှိ၏။ ထိုအခါ မင်းကြီးသည် ပညောင်သီးမှည့်ကို တံတွေးနှင့်တကွ ထွေး၍ “အရှင်ဘုရား ... ရှေးအခါကဲ့သို့ မချိုပါ၊ ခါးသောအရသာ ရှိ၏” ဟု လျှောက်လေ၏။ ထိုအခါ ရသေ့သည် “ဘုန်းကြီးသော ဒါယကာ ... မင်း တရားမစောင့်သည် ဖြစ်လတ္တံ့၊ မင်း တရားမစောင့်သော ကာလ၌ အလုံးစုံသော အစာအာဟာရသည် မချို၊ ဩဇာမရှိ ဖြစ်ရ၏” ဟု မိန့်တော်မူပြီးလျှင် -

ရှေ့ဆောင်နွားလား မင်းတရား

“ဘုန်းကြီးသော ဒါယကာ ... မြစ်ကို ကူးသော နွားတို့တွင် ရှေ့ဆောင် နွားလားသည် အကယ်၍ ကောက်ကောက်သွားသည်ရှိသော် အလုံးစုံသော နောက်လိုက်နွားတို့သည် ကောက်ကောက် သွားကြကုန်၏။ ထို့အတူ လူတို့တွင် မွန်မြတ်သူဟု သမုတ်အပ်သော မင်းသည် အကယ်၍ တရားမစောင့်ပါမူ တစ်ပါးသော သူတို့သည် အဘယ်မှာ ဆိုဖွယ်ရှိရအံ့နည်း၊ မင်းတရားမစောင့်ပါမူ အလုံးစုံသော တိုင်းသူပြည်သားတို့သည် ဆင်းရဲစွာ နေကြရ၏။”

“ဘုန်းကြီးသော ဒါယကာ ... မြစ်ကို ကူးကုန်သော နွားတို့တွင် ရှေ့ဆောင် နွားလားသည် အကယ်၍ ဖြောင့်ဖြောင့်သွားသည်ရှိသော် အလုံးစုံသော နောက်လိုက်နွားတို့သည် ဖြောင့်ဖြောင့် သွားကြကုန်၏။ ထို့အတူ လူတို့တွင် မွန်မြတ်သည်ဟု သမုတ်အပ်သော မင်းသည် အကယ်၍ တရားစောင့်ပါမူ တစ်ပါးသော သူတို့သည် အဘယ်မှာ ဆိုဖွယ်ရာ ရှိအံ့နည်း၊ မင်းသည် တရားစောင့်ပါမူ အလုံးစုံသော တိုင်းသူပြည်သားသည် ချမ်းသာသွာ နေကြရ၏” –

ဟု မင်းကြီးအား တရားဟောလေ၏။ မင်းကြီးသည် ရသေ့၏ တရားစကားကို ကြားရလျှင် မိမိ မင်းအဖြစ်ကို သိစေ၍ “အရှင်ဘုရား ... ရှေးအခါ ပညောင်သီးမှည့်တို့ကို အကျွန်ုပ်ပင် ချိုအောင် ပြုပြီးလျှင် ယခုအခါ ခါးအောင် ပြုပါ၏၊ နောင်တစ်ဖန် ချိုအောင် ပြုပါဦးမည်” ဟု လျှောက်ထား၍ ရသေ့ကို ရှိခိုးပြီးလျှင် တိုင်းပြည်သို့ပြန်၍ တရားသဖြင့် မင်းပြုလေ၏။ ပညောင်သီးမှည့်တို့လည်း ရှေးကအတိုင်း ချိုမြဲ ချိုပြန်ကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းကြီးသည် - ယခုအခါ အာနန္ဒာ။

ရသေ့သည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရှေ့ဆောင်နွားလား၊ အကောက်သွား၊ နောက်နွားကောက်သလို။

(၂) မင်းမတရား၊ တိုင်းသူများ၊ တရားမကျင့်လို။

(၃) ရှေ့ဆောင်နွားလား၊ အဖြောင့်သွား၊ နောက်နွားဖြောင့်သလို။

(၄) မင်းတရားပြန်၊ တိုင်းသူမှန်၊ ကျင့်ကြံတရားကို။

(၅) တရားစောင့်ရာ၊ စားအစာ၊ ရသာဆိမ့်၍ချို။

(၆) တရားမစောင့်၊ ခါးရန်ကောင့်၊ စနောင့်ဆင်းရဲပို။

ရာဇောဝါဒဇာတ် ပြီး၏။

***

(၃၃၅) ဇမ္ဗုကဇာတ်

ခြင်္သေ့စားကြွင်းကိုစား၍ ခြင်္သေ့မာန်တက်ကာ ခြင်္သေ့ဟု တုမိသဖြင့် ဆင်၏ ခြေအောက်၌ အသက်ပျောက်ရသော ဇမ္ဗုကမြေခွေး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားပြိုင်မှု အတုပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရား အတုကိုပြု၍ နေသတတ်။ ထိုအခါ မြတ်စွာဘုရားသည် ရှင်သာရိပုတ္တရာကို မေးတော်မူရာ ဒေဝဒတ်အကြောင်းကို လျှောက်ထားသဖြင့် သိတော်မူလျှင် “ချစ်သား သာရိပုတ္တရာ ... ဒေဝဒတ်သည် ယခုအခါ၌သာ ငါဘုရား၏ အတုကိုပြု၍ ဆင်းရဲကို ခံရသည်မဟုတ်၊ ရှေးအခါ၌လည်း ခံရဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ခြင်္သေ့မွေးကျွေး တောမြေခွေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ခြင်္သေ့မျိုး၌ ဖြစ်၍ ဟိမဝန္တာအရပ်တွင် လိုက်ဂူတစ်ခု၌ နေလေ၏။

တစ်နေ့သ၌ ခြင်္သေ့မင်းသည် ကျွဲကိုသတ်၍ စားပြီးလျှင် ရေသောက်၍ လိုက်ဂူသို့ ပြန်လာရာ မြေခွေးတစ်ကောင်သည် ခြင်္သေ့မင်းကိုမြင်လျှင် မပြေးနိုင်ရကား ရင်ဖြင့်ဝပ်လေ၏။ ခြင်္သေ့မင်းသည် “မြေခွေး ... အဘယ်ကြောင့် ဝပ်သနည်း” ဟု မေး၏။ “အရှင် ... အရှင်ကို ခစားလို၍ ဝပ်ပါသည်” ဟု ပြော၏။ “မြေခွေး ... ကောင်းပြီ၊ လာလော့” ဟု ခေါ်ကာ မိမိနေရာ လိုဏ်ဂူသို ဆောင်ပြီးလျှင် နေ့တိုင်း နေ့တိုင်း အမဲသားကိုပေး၍ မွေးလေ၏။

မြေခွေးသည် တစ်နေ့တခြား ဝဖြိုးလာလတ်သော် မာန်မာနတက်ကြလတ်၍ ခြင်္သေ့သို့ ကပ်ပြီးလျှင် “အရှင် ...အကျွန်ုပ်သည် အခါခပ်သိမ်း အရှင်တို့ အလုပ်အကျွေးကို ခံရ၏၊ အခါခပ်သိမ်း အမဲသားကိုပေး၍ ကျွေးမွေးကြကုန်၏၊ ယနေ့ အရှင်သည် ဤလိုဏ်ဂူ၌ နေရစ်ပါ၊ အကျွန်ုပ်သည် ဆင်ကိုသတ်၍ အသားကို စားပြီးလျှင် အရှင်တို့ဖို့လည်း ဆောင်ယူခဲ့ပါမည်” ဟု ပြော၏၊ “မြေခွေး ... ဆင်သတ်ခြင်းအမှုကို သင် မနှစ်သက်လင့်၊ သင်ကား ဆင်ကို သတ်၍ စားသောအမျိုး၌ မဖြစ်ပေ၊ သင့်အား ငါ သတ်၍ ပေးမည်” ဟု ပြောဆိုပြီးလျှင် ငါ့စကားကို နားထောင်လော့ -

“မြေခွေး ... ဆင်ကား ကိုယ်ကြီး၏၊ အရပ်လည်း မြင့်၏၊ အစွယ်လည်း ရှည်၏၊ ခြင်္သေ့မျိုးသာ ဆင်ကို ဖမ်းနိုင်၏၊ သင်ကား ထိုခြေင်္သေ့မျိုး၌ မဖြစ်လေ” - ဟု မြေခွေးအား အကြောင်းပြကာ တားမြစ်လေ၏။

ခြင်္သေ့တုလေ ခွေးမိုက်လေ

မြေခွေးသည် ခြင်္သေ့မင်း တားမြစ်စဉ်လျှင် လိုက်ဂူမှ ထွက်ပြီးလျှင် သုံးကြိမ် ခွေးဟောင်သံကိုမြည်၍ တောင်ထိပ်၌ရပ်ကာ တောင်ခြေက်ရင်းကို ကြည့်လတ်သော် မည်းသော ဆင်တစ်ကောင်ကိုမြင်၍ ဆင်ဦးကင်း၍ ကျစေမည်ဟု ခုန်ချလေ၏။ ဦးကင်း၌ မကျဘဲ လိမ့်၍ ဆင်းခြေက်ရင်း၌ ကျလေ၏။ ထိုအခါ ဆင်သည် ခြေဖြင့် မြေခွေးဦးခေါင်းကို ညက်ညက်ကြေအောင် နင်းလေ၏။ မြေခွေးသည် ထိုအရပ်၌ပင် ညည်းညူလျက် သေရ၏။ ဆင်လည်း ကြိုးကြာသံမြည်လျက် ဖဲသွားလေ၏။

ခြင်္သေ့မင်းသည် တောင်ထိပ်၍ရပ်လျက် ကြည့်လတ်သော် ဆင်းရဲ ပျက်စီးနေသော မြေခွေးကိုမြင်လျှင် မြေခွေးသည် မိမိမာနကိုမှီ၍ ဆင်းရဲပျက်စီးရသည်ဟု ဆင်ခြင်ကာ -

“အချင်းတို့ ... ခြင်္သေ့မဟုတ်ပါဘဲလျက် ခြင်္သေ့မာန်ဖြင့် မိမိကိုယ်ကို ဖောက်ပြန်ခြင်းကိုပြုသော မြေခွေးသည် ဆင်ထံသို့ရောက်၍ ညည်းညူလျက် မြေ၌အိပ်ရ၏။ မြေခွေးသည် အစိုးရ၍ မွန်မြတ်သဖြင့် ကောင်းစွာတည်သော ပခုံးရှိလျက် ခွန်အားကြီးသော ခြင်္သေ့မင်း၏ အစွယ်အားရှိသည်ကို မဆင်ခြင်မိသောကြောင့် ဆင်ပြောင်သတ်အပ်သည်ဖြစ်၍ အိပ်လျက်သေရ၏။

ဤလောက၌ နှိုင်းယှဉ်၍ မိမိ၌ရှိသော အစွမ်းအားကို သိမြင်လျက် မန္တရားဖြင့် လည်းကောင်း၊ အတိုင်ပင်ဖြင့် လည်းကောင်း၊ ကောင်းစွာ ဆိုအပ်သော စကားဖြင့် လည်းကောင်း အမှုကိစ္စကို ပြုလုပ်သော ပညာရှိသည် အကျိုးများစွာ ဖြစ်နိုင်၏” -

ဟု လောက၌ ပြုလုပ်အပ်သည်နှင့်ယှဉ်သော အမှုကိစ္စကို ပြောဆိုလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြေခွေးသည် - ယခုအခါ ဒေဝဒတ်။

ခြင်္သေ့မင်းသည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ခြင်္သေ့တုလျင်း၊ မြေခွေးဖျင်း၊ ဆင်နင်းသေရသည်။

(၂) မိမိစွမ်းအင်၊ မဆင်ခြင်၊ မာန်ဝင်မှားတတ်သည်။

(၃) မန္တရားဖြင့်၊ တိုင်ပင်လင့်၊ ဆိုသင့်စကားရည်။

(၄) ဤသည့်သုံးပါး၊ မှုဆောင်ငြား၊ ကျိုးများပညာသည်။

ဇမ္ဗုကဇာတ် ပြီး၏။

***

(၃၃၆) ဗြဟာဆတ္တဇာတ်

ဗာရာဏသီမင်း ဥယျာဉ်သို့ ရသေ့အသွင်ဖြင့်လာ၍ အဘကောသလမင်း၏ ဥစ္စာများကို တူးဖော်ယူငင်ပြီး ထွက်ပြေးသော ဆတ္တမင်းသား ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အံ့ဖွယ်ရဟန်းပြု ဟောကြားမှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အံ့ဖွယ်သရဲကို ပြုလုပ်တတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အသက်လွတ်ရေး မင်းသားပြေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်းအား အကျိုးအကြောင်းကိုပြ၍ ဆုံးမတတ်သော ပညာရှိအမတ် ဖြစ်လေ၏။

ထိုဗာရာဏသီ မင်းကြီးသည် များစွာသော စစ်သည်ဗိုလ်ပါဖြင့် စစ်ထိုး၍ သာဝတ္ထိပြည်တွင်းသို့ ဝင်ပြီးလျှင် ကောသလမင်းကို ဖမ်းလေ၏။ ထိုကောသလမင်းအား ဆတ္တမည်သော သားတော်တစ်ယောက် ရှိလေ၏။ ထိုသားတော်သည် အဘမင်းကြီးကို ဖမ်းလတ်သော် မထင်ရှားသော အသွင်ဖြင့် တိမ်းရှောင် ထွက်ပြေးပြီးလျှင် တက္ကသိုလ်ပြည်၌ အတတ်ပညာ အလုံးစုံကို သင်ကြား တတ်မြောက်သောအခါ ထွက်ခဲ့၍ ပစ္စန္တရွာတစ်ခုသို့ ရောက်လေ၏။

ပညာရှိလိုမှု ရသေ့ပြု

ထိုပစ္စန္တရွာကို အမှီပြု၍ ရသေ့ငါးရာတို့သည် တော်တစ်ခုဝယ် သစ်ရွက်မိုးကျောင်းဆောက်၍ နေကြကုန်၏။ ဆတ္တမင်းသားသည် ရသေ့ငါးရာတို့ထံဝယ် တစ်စုံတစ်ခုသော အတတ်ပညာကို သင်ကြားရန် ရသေ့ရဟန်း ပြု၍ နေ၏။ အတတ်ပညာ သင်ကြားပြီးသော နောက်အဖို့၌ ရသေ့တို့၏ အကြီးအမှူးဂိုဏ်းဆရာ ဖြစ်လေ၏။

တစ်နေ့သ၌ ဆတ္တရသေ့သည် ရသေ့အပေါင်းကိုခေါ်၍ “အရှင်ဘုရားတို့ ... အဘယ်ကြောင့် မဇျ္စိမဒေသသို့ မသွားကြကုန်သနည်း” ဟု မေး၏။ “ငါ့ရှင် မဇျ္စိမဒေသ၌ လူတို့သည် ပညာရှိကုန်၏။ ထိုလူတို့သည် ပြဿနာကို မေးကုန်လတ္တံ့၊ အနုမောဒနာကို ပြုစေကုန်လတ္တံ့၊ မင်္ဂလာကို ရွတ်ဖတ်စေကုန်လတ္တံ့၊ မစွမ်းနိုင်သော် ကဲ့ရဲ့ကြကုန်လတ္တံ့၊ အကျွန်ုပ်တို့သည် ထိုဘေးမှ ကြောက်ရွံ့ကြသောကြောင့် မသွားပါကုန် ” ဟု ပြော၏။ “အရှင်ဘုရားတို့ ... မကြောက်ကြကုန်လင့်၊ အလုံးစုံသော အမှုကိစ္စတို့ကို အကျွန်ုပ် ပြုလုပ်မည်” ဟု ဝန်ခံကာ ရသေ့အတို့ကိုခေါ်၍သွားကြရာ ဗာရာဏသီပြည်သို့ ရောက်ကုန်၏။

ပြဿနာဖြေဆို မင်းကြည်ညို

ဗာရာဏသီမင်းကြီးသည် ကောသလမင်းကြီးကို ဖမ်း၍ သာဝတ္ထိပြည်တွင် မင်းချင်းတို့ကို ထားခဲ့၍ ပစ္စည်းဥစ္စာ အလုံးစုံကို ယူဆောင်ပြီးလျှင် ဗာရာဏသီပြည်သို့ပြန်ကာ ကြေးအိုးတို့၌ ထည့်သွင်းလျက် ဥယျာဉ်တော်၌ မြှုပ်နှံ၍ ဗာရာဏသီပြည်မှာပင် နေလေ၏။

ရသေ့တို့လည်း မင်းကြီး ဥယျာဉ်တော်၌နေကာ နံနက်အခါ မြို့တွင်းသို့ ဆွမ်းခံဝင်ကြရာ မင်းကြီး ဥပင့်ပြီးလျှင် မွန်မြတ်သော ယာဂု ခဲဖွယ်ဘောဇဉ်တို့ကို လှူဒန်း၏။ ဆွမ်းဘုဉ်းပေးသည်တိုင်အောင် ပြဿနာကို မေးလျှောက်၏။ ဆတ္တရသေ့လည်း ခပ်သိမ်းသော ပြဿနာတို့ကို ဖြေဆို၏။ ဆွမ်းဘုဉ်းပေးပြီးသောအခါ အနုမောဒနာ ပြု၏။ မင်းကြီးသည် အတိုင်းထက်အလွန် ကြည်ညိုသဖြင့် ပင့်ဖိတ်ကာ ဥယျာဉ်တော်၌ နေစေ၏။

ဥယျာဉ်တော်မှ ဥစ္စာယူကြ

ဆတ္တရသေ့သည် ဥစ္စာကို ထုတ်ဖော်နိုင်သော မတ္တရားတတ်၏။ ဤဥယျာဉ်တော်ဝယ် အဘယ်အရပ်၌ ငါ့အဘကောလမင်းကြီး၏ ဥစ္စာတို့ကို မြှုပ်နှံထားသနည်းဟု မန္တရားကို မန်းမှုတ်ကာ ကြည့်ရှုလတ်သော် ဥစ္စာမြှုပ်နှံရာအရပ်ကိုမြင်၍ ဤဥစ္စာကိုယူကာ ငါတို့တိုင်းပြည်ကိုယူမည်ဟု ကြံစည်ပြီးလျှင် ရသေ့တို့ကိုခေါ်၍ “အရှင်ဘုရားတို့ .... အကျွန်ုပ်ကား ကောသလမင်းကြီး၏ သားတော်ဖြစ်သည်၊ ဗာရာဏသီမင်းသည် အကျွန်ုပ် အဘကိုဖမ်း၍ တိုင်းပြည်ကိုယူသည်ရှိသော် မထင်ရှားသော အသွင်ဖြင့် ထွက်ပြေးတိမ်းရှောင်ကာ ဤမျှလောက် ကြာမြင့်အောင် အသက်ကို စောင့်၍နေ၏၊ ယခု အကျွန်ုပ်အဘ၏ ဥစ္စာတို့ကို ပြန်၍ရပြီ၊ ဥစ္စာတို့ကို ဖော်ထုတ်ကာ တိုင်းပြည်ကို ပြန်၍ယူမည်” ဟု ပြော၏။ “အရှင်ဘုရားတို့ ... အဘယ်သို့ ပြကြမည်နည်း” ဟု မေး၏။ “ငါ့ရှင် ... အကျွန်ုပ်တို့လည်း အရှင်နှင့်အတူ လူထွက်၍ လိုက်ကြမည်” ဟု ပြော၏။ “အရှင်ဘုရားတို့ ... ကောင်းပြီး လိုက်ခဲ့ကြပါ” ဟု တိုင်ပင်ပြောဆိုပြီးလျှင် ကြီးစွာသော သားရေအိတ်တို့ကို လုပ်စေ၍ ညဉ့်အခါ ဥစ္စာတို့ကို တူးဖော်၍ယူကာ အိတ်တို့၌ထည့်စေလျက် အိုးတို့၌ မြက်တို့ကို ထည့်ခဲ့ပြီးလျှင် ရသေ့ငါးရာနှင့်တကွ လူတို့ကို သယ်ယူစေ၍ သာဝတ္တိပြည်သို့ သွားလေ၏။

ဥစ္စာဆုံးရ မင်းသောက

သာဝတ္ထိပြည်သို့ရောက်လျှင် အလုံးစုံသော မင်းချင်းတို့ကို ဖမ်းစေ၍ တစ်ပြည်လုံး သိမ်းယူကာ ပစ္စင်၊ ရင်တား၊ တံတိုင်း စသည်တို့ကို ပြုလုပ်စေ၍ ရန်သူမင်း စစ်မထိုးနိုင်အောင် အခိုင်အလုံ စီမံ၍နေလေ၏။ ရသေ့တို့ကိုသွားလျှင် လူတို့သည် ဗာရာဏသီမင်းကြီးအား ဥယျာဉ်တော်မှ ဥစ္စာတို့ကို ရသေ့တို့ ယူသွားကြောင်း လျှောက်ကုန်၏။ ဗာရာဏသီ မင်းကြီးလည်း ဥယျာဉ်တော်သို့သွား၍ ကြီးစွာသော စိုးရိမ်ခြင်း ဖြစ်လျက် မြို့သို့ပြန်၍ “မြက်သာတည်း၊ မြက်သာတည်း” ဟု မြည်တမ်းကာ နေတော့၏။ မင်းကြီး၏ စိုးရိမ်သောကငြိမ်းအောင် မည်သူမျှ မတတ်နိုင်ချေ။

ပညာရှိဟောပြ ငြိမ်းချမ်းရ

ထိုအခါ ပညာရှိအမတ်သည် မင်းကြီးစိုးရိမ်သောက ဖြစ်နေသည်ကို မည်သူမျှ မတတ်နိုင်၊ ငါ ပယ်ဖျောက်၍ ချမ်းသာရာ ရစေမည်ဟု ကြံစည်လျက် တစ်နေ့သ၌ မင်းကြီးနှင့်တကွ ချမ်းသာစွာနေစဉ် မင်းကြီး မြည်တမ်းသောအခါ၌ -

“မြတ်သောမင်းကြီး .... သင် မင်းကြီးသည် ‘မြက်သာတည်း - မြက်သာတည်း’ ဟု မြည်တမ်းဘိ၏၊ သင်မင်းကြီး၏ မြက်ကို အဘယ်သူ ဆောင်ယူသနည်း၊ သင်မင်းကြီးအား မြက်ဖြင့် ပြုဖွယ်ကိစ္စ ရှိပါသလော၊ မြက်ကိုသာ မြည်တမ်းဘိ၏”

ဟု မင်းကြီးအား လျှောက်လေ၏။ မင်းကြီးသည် ပညာရှိအမတ်၏ စကားကိုကြားလျှင် -

“ပညာရှိ ... မြက်သောအကျင့်ကို ကျင့်၍ ကျယ်ပြန့်သော ဗဟုသုတရှိသော ဆတ္တ ရသေ့သည် ဤဗာရာဏသီပြည်သို့ လာခြ့၏။ ထိုရသေ့သည် စင်စစ်ဥစ္စာ အလုံးစုံတို့ကိုယူ၍ အိုးတို့၌ မြက်ကိုထည့်၍ သွား၏”

ဟု ပညာရှိ အမတ်အား ပြောကြားလေ၏။ ပညာရှိအမတ်သည် မင်းကြီးစကားကို ကြားပြန်လျှင် -

“မြတ်သောမင်းကြီး ... အနည်းငယ်သော မြက်ဖြင့် ဥစ္စာအလုံးစုံကို အလိုရှိသော ဆတ္တာ ရသေ့သည် မိမိဥစ္စာ အလုံးစုံကို ယူသွားခြင်းကို လည်းကောင်း၊ မြက်ကို အိုးတို့၌ ထည့်ကာ ထားခဲ့၍ မယူခြင်းကို လည်းကောင်း ပြုဘိ၏၊ ထိုသို့ပြုခြင်း၌ မြည်တမ်းနေခြင်းကား အဘယ်အကျိုးရှိမည်နည်း” –

ဟု မင်းကြီးအား လျှောက်ထားပြန်၏။ မင်းကြီးလည်း ပညာရှိအမတ် စကားကို ကြားပြန်လျှင် -

“ပညာရှိ ... သီလရှိသော သူတို့သည် ဤအမှုမျိုးကို မပြုလုပ်ကြကုန်၊ သူမိုက်တို့သာ ဤအမှုမျိုးကို ပြုလုပ်ကြကုန်၏၊ သီလမမြဲသော ဒုဿီလ ပုဂ္ဂိုလ်၌ ပညာ ဗဟုသုတ ရှိနေခြင်းကား ဘယ်အကျိုးရှိမည်နည်း” ဟု ပညာရှိအမတ်အား ပြောကြားကာ ဆတ္တရသေ့ကို ကဲ့ရဲ့လျက် ပညာရှိအမတ် ဆုံးမသော စကားဖြင့် စိုးရိမ်သောကငြိမ်းလျက် မင်းကြီးသည် တရားသဖြင့် မင်းပြုလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗြဟာဆတ္တ ရသေ့သည် - အံ့ဖွယ်သရဲကို ပြုလုပ်သော ရဟန်း။

ပညာရှိအမတ်သည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) စိုးရိမ်သောက၊ နှိပ်စက်က၊ ဒုက္ခရောက်တတ်သည်။

(၂) ပညာရှင်ဆေး၊ တရားပေး၊ ငြိမ်းအေးစေနိုင်သည်။

ဗြဟာဆတ္တဇာတ် ပြီး၏။

***

(၃၃၇) - ပီဌဇာတ်

မိမျိုး ဘမျိုးတို့၏ အလေ့အကျင့်ဖြင့် ရသေ့ရဟန်းတို့အား လှူဒါန်းပူဇော်သော သူဌေးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆွမ်းမရမှု ကဲ့ရဲ့ပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဇနပုဒ်မှလာသော ရဟန်းတစ်ပါးသည် သာမဏေငယ်၊ ရဟန်းငယ်တို့ကို သာဝတ္ထိပြည်သို့လာသော ရဟန်းတို့တွင် “အဘယ်ဒါယကာ ကျေးဇူးများသနည်း” ဟု မေးရာ အနာထပိဏ် သူဌေးကြီးနှင့် ဝိသာခါ ဒါယိကာမကြီးတို့ ကျေးဇူးများကြောင်း လျှောက်ထားကြလျှင် ထိုရဟန်းသည် နံနက်စောစော အနာထပိဏ်သူဌေးကြီး အိမ်တံခါး၌ ရပ်လေ၏။ စောလွန်း၍ အဘယ်သူမျှ မကြည့်၊ တစ်စုံတစ်ရာ မရလျှင် ဝိသာခါ ဒါယိကာမကြီး အိမ်တံခါး၌ ရပ်ပြန်၏။ စောလွန်း၍ အဘယ်သူမျှ မကြည့် တစ်စုံတစ်ခုကိုမျှ မရလေ။

ထိုရဟန်းသည် တစ်ဖန် ယာဂုကုန်ချိန်တွင် သွား၍ ရပ်ပြန်၏။ ဆွမ်းကုန်ချိန်တွင်လည်း သွား၍ရပ်ပြန်၏။ တစ်စုံတစ်ခုကိုမျှ မရလေ။ ကျောင်းသို့ရောက်သောအခါ ရဟန်းတို့အား ထိုဒါယကာတို့သည် သဒ္ဓါကြည်ညိုခြင်း မရှိကုန်ဟု အမျက်ထွက်ကာ ရှုတ်ချကဲ့ရဲ့လေ၏။

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... ဆွမ်းမရသောကြောင့် ဒါယကာတို့အား ကဲ့ရဲ့ရှုတ်ချသော ဇနပုဒ် ရဟန်းအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် ထိုရဟန်းအား “ချစ်သားရဟန်း ... အဘယ်ကြောင့် အမျက်ထွက်သနည်း၊ ရှေးအခါ၌ ရသေ့တို့သည်လည်း ဆွမ်းမရကြသော်လည်း အမျက်မထွက်ကုန်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သူဌေးမြင်မှ ဆွမ်းလှူရ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝာယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာတို့ကို သင်ကြားပြီးလျှင် နောက်အဖို့၌ ရသေ့ရဟန်းပြုကာ ဟိမဝန္တာအရပ်၌ နေလေ၏။

တစ်နေ့သ၌ ချဉ်ဆားမှီဝဲအံ့သောငှာ ဗာရာဏသီပြည်သို့သွား၍ မင်းကြီးဥယျာဉ်တော်၌နေပြီးလျှင် နံနက်အခါ မြို့တွင်းသို့ ဆွမ်းခံဝင်လေ၏။ ဗာရာဏသီသူဌေးသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ရသေ့လည်း လူတို့ကို မေးမြန်း၍ ဤသူဌေးသည် သဒ္ဓါတရားနှင့် ပြည့်စုံကြောင်း ပြောကြားသောကြောင့် သူဌေးအိမ်တံခါး၌ ရပ်၏။ ထိုခဏ၌ သူဌေးလည်း မင်းကြီးကို အခစားသွားခိုက် ဖြစ်လေ၏။ အိမ်သူအိမ်သားတို့လည်း ရသေ့ကို မမြင်ကြကုန်။ ရသေ့လည်း ပြန်၍သွားလေ၏။ ထိုအခါ သူဌေးသည် မင်းကြီးအိမ်မှ ပြန်လာလတ်သော် ရသေ့ကိုမြင်လျှင် ဝတ်ကြီးဝတ်ငယ် ပြုပြီးလျှင် ယာဂုခဲဖွယ်ကပ်၍ အနည်းငယ် ပဋိသန္ဓာရစကား ပြောကြားလေ၏။

ရသေ့အိမ်ရောက် တောင်းပန်လျှောက်

ထိုနောက် ဆွမ်းကပ်၍ ဘုဉ်းပေးပြီးသောအခါ “အရှင်ဘုရား ... အကျွန်ုပ်အိမ်သို့ ရောက်လာသော သူတောင်းစားနှင့် ရဟန်းပုဏ္ဏားတို့အား ပူဇော်သက္ကာရကို မရကုန်ဘဲ သွားကြရဖူးသည် မရှိပါ၊ အရှင်ဘုရားကိုကား အိမ်သူအိမ်သားတို့ မမြင်ကြသောကြောင့် နေရာခင်းခြင်း၊ သောက်ရေကပ်ခြင်း၊ ခြေဆေးခြင်း၊ ယာဂုဆွမ်းကပ်ခြင်းတို့ကို မရဘဲ သွားရပါ၏၊ ဤသို့မရခြင်းကား အကျွန်ုပ် အပြစ် ဖြစ်ပါသည်၊ ထိုအပြစ်ကို သည်းခံပါ” ဟု လျှောက်ထားပြီးလျှင် -

“မြတ်သော အကျင့်ရှိသော အရှင်ဘုရား ... အကျွန်ုပ်အိမ်သို့ ရောက်လာသော သူတောင်းစားနှင့် ရဟန်းပုဏ္ဏားတို့အား ပူဇော်သက္ကာရကို မရကုန်ဘဲ သွားကြရဖူးသည် မရှိပါ၊ အရှင်ဘုရားကိုကား အိမ်သူအိမ်သားတို့ မမြင်ကြသောကြောင့် နေရာခင်းခြင်း၊ သောက်ရေကပ်ခြင်း၊ ခြေဆေးခြင်း၊ ယာဂုဆွ်းကပ်ခြင်းတို့ကို မရဘဲ သွားရပါ၏၊ ဤသို့မရခြင်းကား အကျွန်ုပ်၏အပြစ် ဖြစ်ပါသည်၊ ထိုအပြစ်ကို သည်းခံပါ” ဟု လျှောက်ထားပြီးလျှင် -

“မြတ်သော အကျင့်ရှိသော အရှင်ဘုရား ... အရှင်ဘုရားအား နေရာကို မခင်းကြကုန်၊ သောက်ရေကိုမလှူကြကုန်၊ ဆွမ်းကို မလှူကြကုန်၊ ဤသို့မလှူကြခြင်းမှာ အကျွန်ုပ်၏အပြစ် ဖြစ်ပါ၏၊ ထိုအပြစ်ကို သည်းခံတော်မူပါ” –

ဟု ရသေ့အား တောင်းပန်လေ၏။ ရသေ့သည် သူဌေးစကားကိုကြားလျှင် -

“သူဌေး ... ငါသည် မစွန်းငြိပါ၊ အမျက်လည်း မထွက်ပါ၊ မုန်းခြင်းလည်း မရှိပါ၊ စင်စစ်ကား ဤသို့သော အလေ့အကျင့်ကား အမျိုး၏ အလေ့အကျင့်ဖြစ်လိမ့်မည်ဟု ငါ့အား စိတ်အကြံမျှသာ ဖြစ်ပါ၏” –

ဟု သူဌေးအား ပြောကြားလေ၏။ သူဌေးသည် ရသေ့၏စကားကိုကြားလျှင်-

“မြတ်သော အကျင့်ရှိသော အရှင်ဘုရား ... နေရာခင်းခြင်း၊ ရေလှူခြင်း၊ ခြေဆေးခြင်း စသော အလုံးစုံသော အလေ့အကျင့်ကား အကျွန်ုပ်တို့အမျိုး၌ အခါခပ်သိမ်း အဘိုး၊ အဘတို့ ဥစ္စာဖြစ်သော အလေ့အကျင့် ဖြစ်ပါ၏” –

“မြတ်သော အကျင့်ရှိသော အရှင်ဘုရား ... အကျွန်ုပ်တို့သည် မွန်မြတ်သော မိဘဆွေမျိုးကဲ့သို့ ရဟန်းပုဏ္ဏားတို့ကို ရိုသောစွာ လုပ်ကျွေးပါကုန်၏၊ ဤအလေ့အကျင့်ကား အကျွန်ုပ်တို့အမျိုး၌ အခါခပ်သိမ်း အဘိုး၊ အဘတို့ ဥစ္စာဖြစ်သော အလေ့အကျင့်ဖြစ်ပါ၏” –

ဟု ရသေ့အား လျှောက်ထားပြန်၏။ ရသေ့သည် နှစ်ရက် သုံးရက်နေ၍ ဗာရာဏသီသူဌေးအား တရားဟောပြီးလျှင် ဟိမဝန္တာသို့သွား၍ အဘိညာဉ် သာမပတ်တို့ကို ဖြစ်စေလျက် သေလွန်သောအခါ ဗြဟ္မာပြည်သို့ လားရ၏။

မြတ်စွာဘုရားသည် ဒေသနာတော်ကို ဆောင်ပြီးလျှင် သစ္စာကို ပြသည်၏အဆုံး၌ ရှုတ်ချကဲ့ရဲ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီ သူဌေးသည် - ယခုအခါ အာနန္ဒာ။

ရသေ့သည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မလှူသည့်တွက်၊ ဒကာထက်၊ မမျက်ရဟန်းမှာ။

(၂) ရဟန်းပုဏ္ဏား၊ ဆွေမျိုးလား၊ လေးစားသူတော်မှာ။

(၃) လှူဒါန်းဝတ်ကျေ၊ လွန်ရိုသေ၊ ရှိလေသူတော်မှာ။

ပိဌဇာတ် ပြီး၏။

***

(၃၃၈) ထုသဇာတ်

ကြွက်သည် ဆန်နှင့်ဖွဲ ခွဲခြား သိစေသာ ဆရာပေးလိုက်သည့် ၄ ခုသော ဂါထာကြောင့် ၄ကြိမ်တိုင်တိုင် အသက်ဘေးမှ လွတ်သော မင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ချင်ခြင်းပြေရေး သွေးဖောက်ပေး

အတိတ်ဝတ္ထု

ဆရာမှာထား ဂါထာများ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခ ဆရာဖြစ်၍ တပည့်များစွာတို့အား အတတ်ပညာ သင်ကြားကာနေ၏။ ထိုတပည့်တို့တွင် ဗာရာဏသီမင်းသားသည် အတတ်ပညာ အလုံးစုံကို သင်ကြားပြီးလျှင် ပြည်တော်သို့ပြန်ရန် ဆရာထံ ပန်ကြားလေ၏။

ထိုအခါ ဆရာသည် အင်္ဂဝိဇ္ဖာအတတ်ဖြင့် ကြည့်ရှုလတ်သော် ဤမင်းသားမှာ သားကိုမှီ၍ အသက်အန္တရာယ် ရှိသည်၊ ငါသည် ငါ၏အာနုဘော်ဖြင့် ကာကွယ်ပေးမည်ဟု ကြံစည်ကာ ဂါထာ လေးဂါထာကိုဖွဲ့၍ မင်းသားအား ပေးလိုက်၏။ “တပည့် ... ပထမ ဂါထာကို မင်းဖြစ်၍ သားတော် ဆယ့်ခြောက်နှစ် ရှိသောအခါ ထမင်းစားစဉ် ရွတ်လော့၊ ဒုတိယဂါထာကို များစွာသော မှူးမတ်ဗိုလ်ပါတို့ ခစားလာသောအခါ ရွတ်လော့၊ တတိယဂါထာကို ပြာသာဒ်သို့တက်သောအခါ စောင်းတန်းဦး၌ရပ်၍ ရွတ်လော့၊ စတုတ္ထဂါထာကို အိပ်ရာ ကျက်သရေတိုက်သို့ ဝင်သောအခါ တံခါးမုခ်၌ ရပ်၍ ရွတ်လော့” ဟု မှာထားလိုက်၏။

အဘသတ်ရန် မင်းသားကြံ

မင်းသားသည် ဆရာ ဆုံးမသောအတိုင်း မှတ်သားကာ ဆရာပေးသော လေးဂါထာကို သင်ယူပြီးလျှင် ဆရာကို ရှိခိုး၍ ဗာရာဏသီပြည်သို့ ပြန်လေ၏။ ရောက်လျှင် အိမ်ရှေ့မင်းအဖြစ်ကို ရ၏။ အဘမင်းကြီး သေလွန်သောအခါ မင်းအဖြစ်ကို ရလေ၏။ သားတော် မွေးဖွား၍ ဆယ့်ခြောက်နှစ် ရှိသောအခါ ဥယျာဉ်တော်သို့ ကစားရန် ထွက်သော မင်းကြီး၏ အသေရကိုမြင်လျှင် အဘကိုသတ်၍ မင်းအဖြစ်ကို ယူမည်ဟု မိမိ အလုပ်အကျွေးတို့ကို ပြောကြားလေ၏။ အလုပ်အကျွေးတို့လည်း အရှင်မင်းသား ကောင်းပြီ၊ အိုမှရသော မင်းစည်းစိမ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ တစ်စုံတစ်ခုသော ဥပါယ်ဖြင့် မင်းကြီးကိုသတ်၍ မင်းစည်းစိမ်ကို ယူရန် သင့်၏ဟု လျှောက်ထားကြကုန်၏။

ပထမဂါထာ မင်းရွတ်ရာ

မင်းသားသည် အဆိပ်ကျွေး၍ သတ်မည်ဟု အဘနင့် အတူ ညစာစးနေစဉ် အဆိပ်ကို ကိုင်၍နေ၏။ မင်းကြီးသည် ထမင်းစားရန် ပြင်ဆင်လျက် ဆရာပေးလိုက်သော ဂါထာတို့ကို သတိရ၍ ဆရာ မှာထားသောအတိုင်း ပထမဂါထာကို ရွတ်ဆို၏

ပထမဂါထာ၏ အဓိပ္ပါယ်

“ကြွက်တို့အား ဖွဲသည် ညဉ့်မှောင်မိုက်၌လည်း ဖွဲအဖြစ် ထင်ရှား၏။ ဆန်သည်လည်း ဆန်အဖြစ် ထင်ရှား၏။ ဖွဲတိုင်း၊ ဖွဲတိုင်းကို ဖယ်ရှားကြလျက် ဆန်ကိုသာ စားကြကုန်၏”။

ထိုအခါ မင်းသားသည် မင်းကြီးရွတ်ဆိုသော ဂါထာကိုကြားလျှင် မင်းကြီး သိချေပြီဟု ကြောက်၍ ထမင်းခွက်၌ အဆိပ်မထည့်ဝံ့တော့ဘဲ ထ၍ပြေးလေ၏။ ထိုအကြောင်းကို မိမိ အလုပ်အကျွေးတို့အား ပြောကြား၍ အကြံဉာဏ်တောင်းပြန်လျှင် အလုပ်အကျွေးတို့သည် ဥယျာဉ်တော်၌ ပုန်းကွယ်၍ တိုင်ပင်ကြကုန်လျက် မင်းသားအား “အရှင်မင်းသား ... သန်လျက်ကို ဝှက်၍ထားကာ မင်းကြီးအား များစွာသော မှူးမတ်ဗိုလ်ပါတို့ ခစားသောအခါ အမတ်တို့အတွင်းမှနေ၍ မင်းကြီးအမေ့တွင် သန်လျက်ဖြင့် ခုတ်၍သတ်ပါ” ဟု အကြံဉာဏ်ပေးကြကုန်၏။

ဒုတိယဂါထာ ရွတ်ပြတ်ရာ

မင်းသားလည်း သန်လျက်ကို ဝှက်၍ထားကာ မင်းကြီးအား များစွာသော မှူးမတ်ဗိုလ်ပါတို့ ခစားသောအခါ မင်းကြီးထံသွား၍ ခစား၏။ ထိုထိုဤဤ လှည့်လည်ကာ သတ်ခွင့်ကို စုံစမ်း၏။ ထိုခဏ၌ မင်းကြီးသည် ဆရာ မှာထားသောအတိုင်း ဒုတိယဂါထာကို ရွတ်ဆိုပြန်။

ဒုတိယဂါထာ၏ အဓိပ္ပါယ်

“ဥယျာဉ်၌ လည်းကောင်း၊ ရွာ၌လည်းကောင်း အနားအနီးသို့ကပ်၍ တိုးတိုးတိုင်ပင်ခြင်း၊ တိုင်ပင်တိုင်း, တိုင်ပင်တိုင်း ငါ့အား သတ်ရန် ကြံစည်ခြင်းအလုံးစုံတို့ကို သိ ပေ၏”။

ထိုအခါ မင်းသားသည် ခမည်းတော်ကား ငါ့ကို ရန်သူဖြစ်မှန်း သိချေပြီဟု ပြေး၍ ထိုအကြောင်းကို အလုပ်အကျွေးတို့အား ပြောကြားပြန်၏။ အလုပ်အကျွေးတို့လည်း ခုနစ်ရက်၊ ရှစ်ရက် လွန်လျှင် “အရှင်မင်းသား ... အရှင်၏ ခမည်းတော်သည် ရန်သူအဖြစ်ကို မသိချေ၊ သူ့ကိုယ်တိုင် ကြံစည်ခြင်းမျှသာ ဖြစ်သည်၊ သတ်ရန် ထပ်မံကြိုးစားပါ” ဟု တိုက်တွန်းကြပြန်၏။

တတိယဂါထာ စီးဖြန်းကာ

တစ်နေ့သ၌ မင်းသားသည် သန်လျက်ကို ကိုင်ကာ စောင်းတန်းဦး၌ရပ်၍ မင်းကြီး ပြာသာဒ်သို့တက်ရန် အလာကို စောင့်ကာနေ၏။ မင်းကြီး ရောက်လာရာ စောင်းတန်းဦး၌ရပ်၍ တတိယဂါထာကို ရွတ်ဆိုပြန်၏။

တတိယဂါထာ၏ အဓိပ္ပာယ်

“အဘမျောက်သည် မွေးဖွားလာသော မျောက်ငယ်၏ မျိုးစေ့ကို ‘ဝှေးစေ့’ ကို ငယ်ရွယ်စဉ်ကပင်လျှင် သဘောအားဖြင့် သွားတို့ဖြင့် ကိုက်ဖြတ်၍ ယောကျ်ားအဖြစ်ကို ဖျက်စီးဘိ၏”

ထိုအခါ မင်းသားသည် ခမည်းတော်ကား သိချေပြီ၊ ငါ့ကို ဖမ်းလို၏ဟု ကြောက်ရကား ပြေး၍ အလုပ်အကျွေးတို့အား ခမည်းတော်သည် ငါ့ကို ခြိမ်းခြောက်၏ဟု ပြောကြားပြန်၏။ အလုပ်အကျွေးတို့လည်း လခွဲလွန်လတ်သော် “အရှင်မင်းသား ... မင်းကြီး မသိပါ၊ အကယ်၍ သိပါမူ အရှင်သားကို ဖမ်းရာပြီ၊ သူ့အကြံအစည်ရှိတိုင်း ရွတ်ဆိုခြင်းသာဖြစ်၏၊ သတ်ရန် ထပ်၍ ကြိုးစားပါဦး” ဟု တိုက်တွန်းကြပါ၏။

လေးကြိမ်ရွတ်မှ ချမ်းသာရ

တစ်နေ့သ၌ မင်းသားသည် သန်လျက်ကိုယူ၍ မင်းကြီးအိပ်ရာ ကျက်သရေတိုက်သို့ ဝင်လာစဉ် သတ်မည်ဟု ကြံစည်ကာ ပြာသာဒ်သို့တက်၍ ကျက်သရေတိုက်သို့ ဝင်ပြီးလျှင် ပလ္လင်အောက်သို့ဝင်ကာ ပုန်းလျှိုး၍ စောင့်လင်၏။ မင်းကြီးလည်း ညစာစားပြီးသော် ပရိသတ်ကို လွှတ်လိုက်၍ အိပ်တော့မည်ဟု ကျက်သရေတိုက်သို့ ဝင်လတ်သော် တံခါးခုံ၌ ရပ်၍ စတုတ္ထဂါထာကို ရွတ်ဆိုပြန်၏။

စတုတ္ထဂါထာ၏ အဓိပ္ပာယ်

“သင်ကား မုန်ညင်းခင်းသို့ ဝင်သောအခါ ဆိတ်ကဲ့သို့ ကြောက်ခြင်းကြောင့် ထိုထိုဤဤ လှုပ်ရှား၏။ ယခုအခါ ငါ့ကိုသတ်မည်ဟု ပလ္လင်အောက်တွင် ပုန်းလျှိုးကာ နေဘိ၏။ ဤအလုံးစုံကို ငါ သိပေ၏။”

ဆရာ့ကျေးဇူး မင်းချီးကျူး

ဤသို့လျှင် မသိသည်သာလျှင် ဖြစ်သော မင်းကြီးရွတ်ဆိုသော ဂါထာသည် မင်းသားအား သိသည်ဟူသော အနက်ကို ပြဘိ၏။ ထိုကြောင့် မင်းသားသည် ငါ့ကို ခမည်းတော်မင်းကြီး သိချေပြီ၊ ယခု ငါ့ကို မုချ သတ်လိမ့်မည်ဟု အလွန် ကြောက်ရွံ့လှ၍ ပလ္လင်အောက်မှထွက်ကာ သန်လျက်ကို မင်းကြီးခြေက်ရင်း၌ ချပြီးလျှင် “ခမည်းတော်မင်းကြီး ... အကျွန်ုပ်အား သည်းခံတော်မူပါ” ဟု ခြေက်ရင်း၌ ရပ်ဖြင့်ဝပ်ကာ တောင်းပန်လေ၏။ မင်းကြီးလည်း သိယောင်ပြုကာ မင်းသားအား သင်ကား ငါ့အကြံအစည်ကို ဘယ်သူမျှ မသိဟု မှတ်ထင်ဘိ၏ဟု ခြိမ်းခြောက်ပြီးလျှင် မင်းသားကို သံခြေချင်းဖြင့် နှောင်ဖွဲ့၍ နှောင်အိမ်သို့သွင်းစေကာ အစောင့်အရှောက်ဖြင့် ထားလေ၏။

ထိုအခါ မင်းကြီးသည် တက္ကသိုလ်ဆရာ၏ ကျေးဇူးကို အမှတ်ရလေ၏။ နောက်အဖို့၌ မင်းကြီးသည် သေလွန်လေ၏။ အမတ်တို့သည် မင်းကြီး၏အလောင်းကို သင်္ဂြိုဟ်ခြင်း ကိစ္စကိုပြု၍ မင်းသားကို နှောင်အိမ်မှ ထုတ်ယူပြီးလျှင် အဘိသိက်သွန်းကာ မင်းမြှောက်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဒိသာပါမောက္ခဆရာသည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) စည်းစိမ်ထီးနန်း၊ ရမ္မက်လွှမ်း၊ သားကြမ်းသတ်မည်ပြု။

(၂) တက္ကသိုလ်ဆရာ၊ ပေးဂါထာ၊ ရွတ်ကာငြိမ်းစေမှု။

(၃) သားရင်းကိုပင်၊ ရွံရှာလျှင်၊ ပြည်နှင်နှောင်ဖွဲ့မှု။

ထုသဇာတ် ပြီး၏။

***

(၃၃၉) ဗာဝေရုဇာတ်

ငှက်မရှိသော ဗာဝေရု တိုင်းပြည်၌ ဦးစွာ ရောက်သော ကျီးငှက်သည် ဥဒေါင်းမရောက်မီ လာဘ်လာဘပေါများ၍ ဥဒေါင်းငှက် ရောက်သောအခါ လာဘ်လာဘ ဆုတ်ယုတ်ခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရားဂုဏ်ရောက် တိတ္ထိပျောက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တိတ္ထိတို့သည် ဘုရားမပွင့်မီ လာဘသက္ကာရကို များစွာရကုန်၏။ ဘုရားပွင့်တော်မူသည်ရှိသော် နေထွက်သောအခါ ပိုးစုန်းကြူးတို့ကဲ့သို့ လာဘသက္ကာရ ဆုတ်ယုတ်ကုန်၏။

ရဟန်းတို့သည် တရားသဘင်၌ တိတ္ထိတို့အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ယခုအခါ၌သာ ဂုဏ်ရှိသူတို့ မဖြစ်ပေါ်မီ ဂုဏ်မရှိသူ မြတ်သောလာဘ် မြတ်သော အခြံအရံကိုရ၍ ဂုဏ်ရှိသူတို့ ဖြစ်ပေါ်လာသောအခါ ပျောက်သော လာဘသက္ကာရ၊ ပျောက်သော အခြံအရံ ရှိသည်မဟုတ်၊ ရှေးအခါ၌လည်း ဤသို့ဖြစ်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကျီးမဲကိုပင် အလှဆုံးထင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဥဒေါင်းမျိုး၌ဖြစ်၍ ကြီးပြင်းလတ်သော် လှပတင့်တယ်လျက် တော၌ ကျက်စားကာ နေ၏။

ထိုအခါ အချို့ကုန်သည်တို့သည် ဒိသာကာက ကျီးကိုယူ၍ ဗာဝေရုတိုင်းသို့ သွားကြကုန်၏။ ထိအခါ ဗာဝေရုတိုင်းဝယ် ငှက်မည်သည် မရှိလေ။ လာတိုင်း၊ လာတိုင်းသော သူတို့သ် တောင်း၌ထားသော ကျီးကိုမြင်းလျှင် ဤငှက်သည် အဆင်းအင်္ဂါနှင့် ပြည့်စုံ၏ဟု ချီးမွမ်းကြကုန်လျက် ကုန်သည်တို့ကို “အဆွေတို့ ... ဤငှက်ကို အကျွန်ုပ်တို့အား ပေးခဲ့ကြပါကုန်၊ အဆွေတို့တိုင်းပြည်မှာ တစ်ပါးသော ငှက်ကို ရကြပါလတ္တံ့” ဟု ပြောကြ၏။ “အမောင်တို့ ... ယူလိုလျှင် အဖိုးဖြင့် ယူကြကုန်လော” ဟု ပြော၏။ “အမောင်တို့ ... မပေးနိုင်ပါ” ဟု ပြောသောအခါ၊ နှစ်သပြာ ပေးပါမည်၊ သုံးသပြာ ပေးပါမည် စသည်ဖြင့် အစဉ်အတိုင်း တိုး၍ တိုး၍ ပေးသွားရာ အသပြာတစ်ရာ တိုင်အောင် ပေး၍ ဝယ်ယူကြရကုန်၏။

ကျီးကိုရလျှင် ထိုဗာဝေရုတျိုင်းသားတို့သည် ရွှေချိုင့်တွင်ထည့်၍ အထူးထူးသော ငါး၊ အမဲ၊ သစ်သီးတို့ဖြင့် ကျွေးမွေးပြုစုကြကုနတ်၏။ အခြားငှက် မရှိရာအရပ်၌ မသူတော်တရား ဆယ်ပါးနှင့် ပြည့်စုံသော ကျီးသည်ပင်လျှင် မြတ်သော လာဘ်လာဘ အခြံအရံ အကျော်အစောကို ရလေ၏။

ဥဒေါင်းလိုရေး တစ်ထောင်ပေး

နောက်တစ်ဖန် ကုန်သည်တို့သည် ဥဒေါင်းတစ်ကောင်ကို ဖမ်းယူပြီးလျှင် လက်ဖျစ်တီးသံဖြင့် တွန်မြည်အောင်၊ လက်ခုပ်တီးသံဖြင့် ကအောင် သင်ပြကာ ဗာဝေရုတိုင်းသို့ ယူသွားကြပြန်၏။ လူအများ စည်းဝေးရောက်လာကြသော အခါ ထိုဥဒေါင်းသည် လှည်းဦးတွင် ရပ်ပြီးလျှင် သာယာစွာသော အသံဖြင့် တွန်မြည်ကာ ကလေ၏။ လူတို့သည် ဥဒေါင်းကိုမြင်လျှင် ဝမ်းမြောက်ကြကုန်၏။

ထိုအခါ လူတို့သည် “အဆွေတို့ ... ဤငှက်ကိုလည်း အကျွန်ုပ်တို့အား ပေးပါကုန်” ဟု တောင်းကြပြန်၏။ ကုန်သည်တို့သည် “အမောင်တို့ .... ကျီးကိုလည်း ယူကြပြီ၊ ယခု ဥဒေါင်းကိုလည်း တောင်းကြပြန်ပြီ၊ သင်တို့နေရာသို့ ငှက်ကို ယူမလာဝံ့အောင် ဖြစ်နေပြီ” ဟု ပြော၏။ “အဆွေတို့ ... မှန်ပါသည်၊ သို့သော်လည်း ဤငှက်ကို ပေးပါကုန်” ဟု တောင်းကြပြန်၏။ ထိုအခါ ကုန်သည်တို့သည် အဖိုးကို တဖြည်းဖြည်း တိုးပွားစေသဖြင့် အသပြာ တစ်ထောင်တိုင်အောင် ပေး၍ ဝယ်ကြရကုန်၏။

ဥဒေါင်းကိုမြင် ကျီးကိုနှင်

ဥဒေါင်းကိုကား ရတနာ ခုနစ်ပါးဖြင့် စီခြယ်အပ်သော ရွှေချိုင့်၌ထား၍ ငါး၊ အမဲ၊ သစ်သီးကြီးငယ်၊ ပျားရည်၊ ပေါက်ပေါက်၊ သကြား စသည်တို့ဖြင့် ကျွေးမွေး ပြုစုကြကုန်၏။ ဥဒေါင်းသည် မြတ်သော လာဘ်လာဘ အခြံအရံ အကျော်အစောတို့ကို ရလေ၏။ ဥဒေါင်းရောက်သောအခါမှ စ၍ ကျီးအား လာဘသက္ကာရ ဆုန်ယုတ်လေ၏။ ကြည့်ရှုရုံမျှပင် အလိုမရှိကြကုန်။ ကျီးသည် ခဲဖွယ်ဘောဇဉ်ကို မရလတ်သော် (ကာကာ) ဟု မြည်လျက် ပျံသွား၍ မစင်စွန့်ရာ မြေ၌ ကျက်စားရလေ၏။

မြတ်စွာဘုရားသည် နှစ်ပါးသော ဝတ္ထုတို့ကို ဆက်စပ်ပြီးလျှင် ဘုရားဖြစ်တော်မူသောအခါ -

“ရဟန်းတို့ ... ဦးစွန်းရှိ၍ အသံသာသော ဥဒေါင်းကို မမြင်ရသေးခြင်းကြောင့် ဗာဝေရုတိုင်းသားတို့သည် ကျီးကိုပင် ငါး၊ အမဲ၊ သစ်သီးကြီးငယ်တို့ဖြင့် ပူဇော်ကြကုန်ပြီ၊ ဦးစွန်းရှိ၍ အသံသာသော ဥဒေါင်းငှက် ဗာဝေရုတိုင်းသို့ ရောက်လာကြသောအခါ၌ကား ကျီးအား လာဘသက္ကာရ ဆုတ်ယုတ်ခဲ့၏၊ တရားမင်းဖြစ်၍ လောကသုံးပါး၌ အရောင်အဝါကို ပြုတတ်သော မြတ်စွာဘုရားသည် မပွင့်ပေါ်သေးသမျှ ကာလပတ်လုံး များစွာသော ရဟန်းပုဏ္ဏားတို့ကို ပူဇော်ကြကုန်၏၊ ဗြဟ္မာမင်း၏ အသံနှင့်တူသော သံရှိတော်မူသော မြတ်စွာဘုရားသည် သစ္စာလေးပါး တရာတော်ကို ဟောသောအခါ၌ကား တိတ္ထိတို့အား လာဘသက္ကာရသည် ဆုတ်ယုတ်ခဲ့၏” –

ဟု ရဟန်းတို့အား ဟောကြားဆုံးမမူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကျီးသည် - ယခုအခါ နိဂဏ္ဌနာဋပုတ္တ။

ဥဒေါင်းသည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဒေါင်းကိုမမြင်း၊ ကျီးကိုပင်၊ များဖြင်ပူဇော်ကာ။

(၂) ဒေါင်းရောက်လာငြား၊ ကျီးလာဘ်ပါး၊ ဒေါင်းအားပူဇော်ကာ။

(၃) ဘုရားပွင့်ငြား၊ တိတ္ထိများ၊ ယုတ်ပါးလာဘ်လာဘ။

(၄) ဘုရားကိုပင်၊ လာကတွင်၊ များဖြင့်ပူဇော်ကာ။

ဗာဝေရုဇာတ် ပြီး၏။

***

၃၄၀ - ဝိသယှဇာတ်

အလှူပေးလွန်း၍ ဆင်းရဲသဖြင့် သိကြားမင်း လာရောက် တာမြစ်ခြင်းကို ခံရသော ဝိသယှသူဌေး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဒါနပြုရေး နည်းလမ်းပေး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အနာထပိဏ်သူဌေးကြီးကို ခေါ်တော်မူ၍ “သူဌေးကြီး ... ရှေးပညာရှိတို့ကား အလှူကို လှူကုန်၏၊ သိကြားမင်း ကောင်းကင်၌ ရပ်လျက် တားမြစ်ပိတ်ပင်ခြင်းကိုပင် ပယ်လျက် လှူကြကုန်၏” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

တစ်နေ့လှူရေး ခြောက်သိန်းပေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော ဝိသယှ သူဌေးကြီး ဖြစ်လေ၏။ ထိုသူဌေးကြီးသည် ပဉ္စသီနှင့် ပြည့်စုံ၏။ အလှူပေး၏။ အလှူပေးခြင်း၌ မွေ့လျော်၏။ မြို့တစ်ခါး လေးမျက်နှာ မြို့လယ် အိမ်တံခါး ဤခြောက်ဌာနတို့၌ အလှူတင်းကုပ်တို့ကို ဆောက်လုပ်လျက် နေ့တိုင်း၊ နေ့တိုင်း အလှူတင်းကုပ် တစ်ဆောင်လျှင် တစ်သိန်းစီအားဖြင့် အသပြာ ခြောက်သိန်းတို့ကို အကုန်အကျခံကာ ပေးလှူ၏။ မိမ်ိ စားသောထမင်းနှင့် သူတောင်းစားတို့အား ပေးလှူသော ထမင်းသည် ထပ်တူထပ်မျှ ဖြစ်၏။

သိကြား ဝန်တိုမှု တားဆီးပြု

ထိုဝိသယှ သူဌေးကြီး၏ တန်ခိုးအာနုဘော်ကြောင့် သိကြားမင်း၏ ဘုံဗိမာန်သည် တုန်လှုပ်လျက် ပဏ္ဍုကမ္ပလာ ကျောက်နေရာသည် တင်းမာပူလောင်သော အခြင်းအရာကို ပြဘိ၏။ ထိုအခါ သိကြားမင်းသည် ငါ့ကို အဘယ်သူသည် ဤသိကြာမင်းနေရာမှ ရွေ့လျောစေဘိသနည်းဟု ကြည့်ရှု ဆင်ခြင်လတ်သော် ဝိသယှ သူဌေးကြီးကို မြင်လျှင် ဤသူဌေးကြီးကား ဇမ္ဗူဒိပ်ကျွန်း၌ အမှုကိစ္စ မလုပ်ဆောင်ရအောင် အကြီးအကျယ် လှူဒါန်းဘိ၏။ ဤအလှူဖြင့် သိကြားနေရာမှာ ရွေ့လျောစေဘိ၏။ သိကြားစည်းစိမ်ကို ယူလိုယောင်တကား၊ ထိုသူဌေးကြီး ဥစ္စာကို ဖျက်ဆီး၍ ဆင်းရဲစေပြီးလျှင် အလှူပေးနိုင်အောင် ပြုလုပ်မည်ဟု ကြံစည်ကာ သိကြားတန်ခိုးဖြင့် အလုံးစုံသော စည်းစိမ်ဥစ္စာ ကျေးကျွန် အခြံအရံတို့ကို ကွယ်ပျောက်စေ၏။

သူဌေစေတနာဟုန် စည်းစိမ်ကုန်

ထိုအခါ အလှူပေးခြင်း၌ အားထုတ် လုပ်ကိုင်နေသော သူတို့သည် သူဌေးကြီးထံ လာလတ်၍ “အရှင်သူဌေးကြီး အလှူတင်းကုပ်၌ အလှူဝတ္ထုတွေ မရှိတော့ပါ၊ ပျက်စီး၍ ကုန်ပါပြီ” ဟု ပြောကြကုန်၏။ “အမောင်တို့ ... မရှိလျှင် အိမ်မှ ရိက္ခာကို ဆောင်ယူကြကုန်၊ အလှူဝတ်ကို မဖြတ်ကြကုန်လင့်” ဟု ပြောဆိုကာ သူဌေးကတော်ကိုခေါ်၍ “ရှင်မ ... အလှူအတွက် ရိက္ခာကို ပေးလော့” ဟု ပြောဆိုသောအခါ သူဌေးကတော်သည် တစ်အိမ်လုံး၌ ရှာဖွေလတ်သော် တစ်စုံတစ်ခုသော အလှူဝတ္ထုကိုပင် မမြင်တော့သဖြင့် “အရှင်သူဌေးကြီး ... အကျွန်ုပ်တို့ကိုယ်တွင် ဝတ်ထားသော အဝတ်မှတစ်ပါး အိမ်၌ တစ်စုံတစ်ခုသော ဥစ္စာ မရှိတော့ပါ၊ အိမ်၌ အချည်းနှီး ဖြစ်နေပါပြီ” ဟု ပြောလေ၏။ ထိုအခါ သူဌေးကြီးသည် ရတနာတိုက်ကို ဖွင့်၍ကြည်ရာ တစ်စုံတစ်ရာသော ဥစ္စာကို မမြင်တော့ချေ။ သူဌေးကြီးနှင့် သူဌေးကတော်မှ တစ်ပါး ကျွန်အမှုလုပ်တို့ကိုလည်း မမြင်တော့ချေ။

မြက်ရိတ်လှူလတ် အစာပြတ်

တစ်ဖန် သူဌေးကတော်ကို ခေါ်၍ “ရှင်မ ... အလှူဝတ်ကို ဖြတ်ခြင်းငှာ မသင့်၊ အိမ်၌ တစ်စုံတစ်ခုသော ဥစ္စာကို ရလိုရငြား ကြည့်ရှုဦးလော့” ဟု ပြောဆိုကာ ရှာဖွေစေပြန်၏။ သူဌေးကတော်သည် အိမ်၌ နှံ့အောင် ရှာဖွေပြန်ရာ မြက်ရိတ်သမားပစ်၍ ထားခဲ့သော တံဇဉ်၊ ထမ်းပိုးနှင့် မြက်စည်းသော ကြိုးကို မြင်၍ သူဌေးကြီးကို ပြောကြားလေလျှင် သူဌေးကြီးသည် “ရှင်မ ... ငါသည် ဤမျှ ကာလပတ်လုံး မြက်ကို မရိတ်စဖူး၊ ယနေ့မှစ၍ မြက်ကိုရိတ်၍ ရောင်းချကာ ရသမျှကို လှူမည်” ဟု ပြောဆိုကာ တံဇဉ်ထမ်းပိုးနှင့် ကြိုးတို့ကို ယူပြီးလျှင် မြို့မှထွက်၍ မြက်တို့ကို ရိတ်ကာ စည်းနှောင်ထမ်းပိုးခဲ့၍ မြို့တံခါး၌ရောင်းလျှင် အသပြာ တစ်ပဲကို ရသဖြင့် ဆန်ဝ်၍ ထမင်းချက်ပြုတ်ပြီးလျှင် တစ်ဖို့ကို မိမိတို့စားရန်ထား၍ တစ်ဖို့ကို သူတောင်းစားတို့အား ပေးလှူလေ၏။ သူတောင်းစားတို့ များပြားလှသဖြင့် သူမရ၊ ငါမရ ဖြစ်နေပြန်ရာ ကျန်သောအဖို့ကိုလည်း လှူပြန်၏။ ထိုအခါ သူဌေးလင်းမယားတို့သည် အစာ အာဟာရ ပြတ်ကြကုန်၏။ ဤနည်းအတူ ခြောက်ရက်တို့ပတ်လုံး အစာအဟာရ ပြတ်ကြကုန်၏။

သိကြားမြစ်တား လှူမှုများ

ခုနစ်ရက်မြောက်သောနေ့၌ သူဌေးကြီးသည် မြက်ရိတ်၍ ပြန်အလာတွင် ဤကဲ့သို့သော အလုပ်ကြမ်းကို မလုပ်စဖူး တစ်သက်လုံး ချမ်းချမ်းသာသာ နေလာသူ ဖြစ်ပါလျက် မြက်ရိတ်ရ ထမ်းရသဖြင့် အလွန်ပင်ပန်းကာ အစာအာဟာရကိုလည်း ခုနစ်ရက်တိုင် မစားရ၍ မျက်နှာကို နေပူရှိန်ကလည်း ဟပ်ပြန်သဖြင့် မျက်စိ ပြာဝေလျက် မြက်ထုံးပေါ်တွင် လဲကာ မေ့မြော၍ သွားလေ၏။

ထိုအခါ သိကြားမင်းသည် သူဌေးကြီးကို စုံစမ်းလိုရကား ခဏချင်း လာလတ်၍ ကောင်းကင်၌ ရပ်တည်ကာ -

“အို-ဝိသယှသူဌေးကြီး ... ရှေးအခါ သင်သည် အလှူကို လှူခဲ့သောကြောင့် သင့်အား စည်းစိမ်ဥစ္စာတွေ ကုန်ခန်းခဲ့ပြီ၊ ဤအခါမှစ၍ နောက်အခါ၌ အလှူကို မလှူဘဲ စောင့်ရှောက် သိမ်းဆည်းပါမူ သင့်အား စည်းစိမ်ဥစ္စာကို တည်တံ့ပြန်လိမ့်မည်”

ဟု သူဌေးကြီးအား ပြောဆိုလေ၏။

သိကြား ပြစ်တင် သူဌေးနှင်

ထိုအခါ သူဌေးကြီးသည် မေ့မြောနေရာမှ ရုတ်တရက် သတိရ၍ သိကြားမင်း စကားကို ကြားလျှင် မျက်စိကိုအသာဖွင့်၍ ကောင်းကင်သို့ကြည့်ကာ “အသင် ဘယ်သူနည်း” ဟု မေး၏။ “အကျွန်ုပ် သိကြားမင်း ဖြစ်ပါသည်” ဟု ပြော၏။ သိကြားမင်း မည်သည်မှာ ကိုယ်တိုင် အလှူပေး၍ သီလဆောက်တည်ပြီးလျှင် *ကျင့်ဝတ်ခုနစ်ပါးကို ဖြည့်ကျင့်သောကြောင့် သိကြားမင်း ဖြစ်ရသည်၊ သို့ပါလျက် သင်သည် အလှူပေးခြင်းကို တားမြစ်ဘိ၏၊ ယုတ်မာသော အမှုကို ပြုဘိ၏ဟု ဆို၍ - “သိကြားမင်း ... အကျင့်စင်ကြယ်၍ အလွန်ဆင်းရဲသော သူသည်လည်း ယုတ်မာသော မပေးလှူခြင်းအမှုကို မပြုကျင့်အပ်ဟု အရိယာ သူတော်ကောင်းတို့ ဆိုကုန်၏။ စည်းစိမ်ဥစ္စာ အကြောင်းကြောင့် ငါတို့သည် သဒ္ဓါတရားကို စွန့်လွှတ်ရပါမူ ထိုစည်းစိမ်ဥစ္စာမျိုးသည် မဖြစ်ပါစေသတည်း”။ “သိကြားမင်း ... တစ်ုသော ရထားသည် သွားသော ခရီးလမ်းဖြင့် နောက်ရထားသည်လည်း သွား၏။ ငါသည် ရှေးဖြစ်သော အကျင့်ကို ဆောက်တည်အပ်ပါ၏။ ငါ ဆောက်တည်အပ်သော ကျင့်ဝတ်သာတည်ပါစေ၊ သင်တို့သည် မတည်ပါစေသတည်း၊ ဥစ္စာ ဖြစ်လာပါမူ ပေးလှူအံ့၊ ဥစ္စာ မဖြစ်လာပါမူ အဘယ်မှာ ပေးလှူနိုင်အံ့နည်း၊ ဤသို့ မြက်ရိတ်ရငြားသော်လည်း ပေးလှူပါအံ့၊ ပေးလှူခြင်းကို မမေ့နိုင်ပါ” –ဟု သိကြားမင်းအား ကဲ့ရဲ့ရှုတ်ချကာ ပြန်ကြား ပြောဆိုလေ၏။ သိကြားမင်းလည်း ဝိသယှ သူဌေးကြီးအား တားမြစ်ရန် မတတ်နိုင်ရကား “အို - သူဌေးကြီး ... အဘယ်အကျိုးငှာ ပေးလှူပါသနည်း” ဟု မေး၏။ “အို-သိကြားမင်း ... အကျွန်ုပ်ကား သိကြားမင်း အဖြစ်ကို လည်းကောင်း၊ ဗြဟ္မာမင်း အဖြစ်ကို လည်းကောင်း တောင့်တ၍ မပေးလှူပေ၊ သဗ္ဗညုတဉာဏ်တော်ကိုသာ တောင့်တ၍ ပေးလှူပေ၏” ဟု ပြောကြားလေ၏။

သဒ္ဓါထက်လှ စည်းစိမ်ရ

သိကြားမင်းသည် ဝိသယှ သူဌေးကြီး စကားကိုကြားလျှင် အလွန် နှစ်သက်သဖြင့် ကျောကုန်းကို လက်ဖြင့် ဆုပ်နယ်လေ၏။ ထိုခဏချင်း၌သာလျှင် သူဌေးကြီးအား စားရဘိသကဲ့သို့ ကိုယ်အလုံးသည် ပြည့်စုံ တောင့်တင်း၍ လာ၏။ သိကြားမင်း အာနုဘော်ကြောင့်လျှင် အလုံးစုံသော စည်းစိမ်ဥစ္စာ အခြံအရံသည် ရှေးပကတိအတိုင်း ဖြစ်၍ လာ၏။ ထိုအခါ သိကြားမင်းသည် “သူဌေးကြီး ...ဤနေ့မှ စ၍ နေ့တိုင်း၊ နေ့တိုင်း တစ်သန်းနှစ်သိန်းမျှ အသပြာတို့ကို စွန့်လွှတ်၍ အလှူပေးပါလော့” ဟု ပြောဆိုကာ သူဌေးကြီးအိမ်၌ မရေတွက်နိုင် အတိုင်းအရှည်မရှိသေ ဥစ္စာကို ပြုလုပ်ခဲ့ပြီးလျှင် သူဌေးကြီးကို လွှတ်လိုက်၍ မိမိနေရာ တာဝတိံသာနတ်ရွာသို့ ပြန်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သူဌေးကတော်သည် - ယခုအခါ ရာဟုလာမယ်တော်။

သူဌေးကြီးသည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အရိယများ၊ ဆင်းရဲငြား၊ လှူကားမစွန့်ပါ။

(၂) စည်းစိမ်ရနိုး၊ သဒ္ဓါမျိုး၊ စွန့်ရိုးမရှိပါ။

(၃) ရှေးသူတို့ငြမ်း၊ ကျင့်မြဲလမ်း၊ ဖြောင့်တန်းလိုက်အပ်စွာ။

(၄) သိကြားနတ်ညစ်၊ အလှူမြစ်၊ လှူလစ်ဝိသယှာ။

ဝိသယှဇာတ် ပြီး၏။

***

၃၄၁ -ကဏ္ဍရီဇာတ်

[ကဏ္ဍရီဇာတ်သည် ကုဏလဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။]

(၃၄၂) ဝါနရဇာတ်

ဥပါယ်တံမျဉ်ကောင်းလှသဖြင့် မိကျောင်းလက်တွင်းမှ ဘေးကင်းစွာ သဖန်းပင်သို့ ပြန်လာသော မျောက်မင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အသက်သေမှု ရန်ငြိုးပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရားကိုသတ်ရန် လုံ့လပြုနေသည်ကို အကြောင်းပြု၍ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

[ပစ္စုပ္ပန်ဝတ္ထု အကျယ်ကို အောက်၌ ပြဆိုခဲ့ပြီ။]

အတိတ်ဝတ္ထု

မျောက်မင်းသတ်လို ပရိယာယ်ဆို

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဟိမဝန္တာအရပ်ဝယ် မျောက်မျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ဂင်္ဂါမြစ်နား၌ နေလေ၏။

ထိုအခါ ဂင်္ဂါမြစ်၌ မိကျောင်းမ တစ်ကောင်သည် မျောက်မင်းကိုမြင်လျှင် နှလုံးသားကို စားလိုသော ချင်ခြင်းဖြစ်၍ မိကျောင်းဖိုအား ပြောလေ၏။ မိကျောင်းဖိုသည် မျောက်မင်းကို ရေတွင်နှစ်၍ သတ်ပြီးလျှင် နှလုံးသားကိုယူ၍ မိကျောင်းမအား ပေးမည်ဟု ကြံစည်ကာ မျောက်မင်းအား “အဆွေ ... လာပါ၊ ဂင်္ဂါမြစ်၏ အလယ်ကျွန်းမှာ သစ်သီးကြီးငယ်တို့ကို စားရန် သွားမည်” ဟု ပြော၏။ “အဆွေ ... ငါ အဘယ်လို သွားရအံ့နည်း”ဟု မေးလေ၏။ “အဆွေ ... ငါ့ကျော်ကုန်းပေါ်မှာ သင့်ကို စီးစေ၍ ဆောင်ယူပါမည်” ဟု ပြောဆိုလေ၏။

မိကျောင်းနိုင်ထုံး ဥပါယ်သုံး

မျောက်မင်းလည်း မိကျောင်း အကောက်ကြံထားသည်ကို မသိ၍ အဆွေ ကောင်းပြီဟု ပြောဆိုကာ မိကျောင်းကျောပေါ်သို့ ခုန်တက်၍ စီးလေ၏။ မိကျောင်းလည်း အနည်းငယ် သွားပြီးလျှင် ရေ၌ ငုပ်လေ၏။ မျောက်မင်းသည် “အဆွေ ... ငါ့ကို အဘယ်ကြောင့် ရေတွင် နှစ်ဘိသနည်း” ဟု မေး၏။ “ဟယ် မျောက် ... ငါသည် သင့်ကို သတ်၍ သင့်နှလုံးကို မိကျောင်းမအား ပေးမည်” ဟု ပြောဆိုပြန်လေ၏။ ထိုအခါ မျောက်မင်းသည် ပရိယာယ်ဖြင့် လွတ်စေမည်ဟု ကြံစည်လျက် “အဆွေ ... သင့်မှာ ပညာဉာဏ်နည်းပါး၍ ငါ၏ နှလုံးသားကို ရင်တွင်း၌ ရှိသည်ဟု ထင်မှတ်ဘိသည်” ဟု ပြောဆိုပြန်၏။ ထိုအခါ မိကျောင်းသည် အဟုတ်ထင်မှတ်၍ “အဆွေ ... ရင်တွင်း၌ မရှိလျှင် အဘယ်မှာ ထားနည်း” ဟု မေးပြန်၏။ “အဆွေ ... ရေသဖန်းပင်၌ ဆွဲထားသော နှလုံးသားတို့ကို သင်မမြင်သလော” ဟု ရေသဖန်းသီးတို့ကို ပြလေ၏။ “အဆွေ ... ငါ့အား ပေးမည်လော” ဟု မေး၏။ “အဆွေ ... ပေးပါမည်၊ ငါ့ကို လိုက်၍သာပို့ပါ” ဟု ပြောလေ၏။ ထိုအခါ မိကျောင်းသည်ပညာဉာဏ် နည်းပါးလှသဖြင့် အဟုတ်ထင်မှတ်ကာ မျောက်မင်းအား ရေသဖန်းပင် အနီးသို့ ပို့လေ၏။ မျောက်မင်းလည်း နီးလတ်သော် ရေသဖန်းပင်ရင်းသို့ ခုန်လွှား၍တက်ကာ -

“ဟယ် - မိကျောင်းမိုက် ... ငါသည် မိမိကိုယ်ကို ရေထဲမှ ကြည်းကုန်းသို့တက်ရန် စွမ်းဆောင်နိုင်ပေပြီ၊ ယခုတစ်ဖန် ငါကား သင်၏အလိုသို့ မလိုက်တော့ပေ။

သမုဒ္ဒရာ၏ တစ်ဖက်ကမ်းသို့ ကူးသွား၍ စားသောက်ရန်ဖြစ်သော သရက်သီး၊ ပိန္နဲသီး၊ သပြေသီးတို့ဖြင့် ငါ အလိုမရှိတော့ပြီ၊ ငါအား ရေသဖန်းသီးသည်သာ မွန်မြတ်လှ၏။

လတ်တလော ဖြစ်ပေါ်လာသော အမှုကိစ္စကို လျင်မြန်စွာ မသိသော သူတို့မှာ ရန်သူ၏အလိုသို့ လိုက်ရသဖြင့် နောက်အခါ ဆင်းရဲပူပန်ရတတ်၏။

လတ်တလော ဖြစ်ပေါ်လာသော အမှုကိစ္စကို လျင်မြန်စွာ သိသောသူတို့မှာကား ရန်သူ နှိပ်စက်ခြင်းမှ လွတ်မြောက်၍ နောက်အခါ မဆင်းရဲ မပူပန်ရပေ”

ဟု မိကျောင်းအား လူတို့ အမှုကိစ္စ ဖြစ်ခြင်း၏ အကြောင်းကို ရှင်းလင်းပြောဆိုပြီးလျှင် ချမ်းသာစွာ တောသို့ ဝင်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သူဌေးကတော်သည် - ယခုအခါ ရာဟုလာမယ်တော်။

သူဌေးကြီးသည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အရိယများ၊ ဆင်းရဲငြား၊ လှူကားမစွန့်ပါ။

(၂) စည်းစိမ်ရနိုး၊ သဒ္ဓါမျိုး၊ စွန့်ရိုးမရှိပါ။

(၃) ရှေးသူတို့ငြမ်း၊ ကျင့်မြဲလမ်း၊ ဖြောင့်တန်းလိုက်အပ်စွာ။

(၄) သိကြားနတ်ညစ်၊ အလှူမြစ်၊ လှူလစ်ဝိသယှာ။

ဝိသယှဇာတ် ပြီး၏။

***

(၃၄၃) ကုန္တိနီဇာတ်

မိမိ သားငယ်တို့အား သတ်ဖြတ်သည့် သူငယ်တို့ကို လက်စားချေ သတ်ဖြတ်စေသော ကြိုးကြာမ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မင်းတမန်လုပ်ရ ကြိုးကြာမ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီး နန်းတော်ဝယ် ကြိုးကြာမ တစ်ကောင်သည် မင်းကြီး၏တမန်သည်အမှုကို ပြုလေ့ရှိ၏။ ထိုကြိုးကြာမကား သားငယ် နှစ်ကောင်တို့လည်း ရှိကုန်၏။

မင်းကြီးသည် ကြိုးကြာမကို မင်းတစ်ပါးထံ အမှာစာပေးပို့ရန် စေလွှတ်လိုက်၏။ ကြိုးကြာမ မရှိခိုက် နန်းတော်၌ သူငယ်တို့သည် ကြိုးကြာငယ် နှစ်ကောင်တို့ကို လက်တို့ဖြင့် နှိပ်စက်၍ သတ်ကုန်၏။ ကြိုးကြာမ ပြန်လာ၍ သားငယ်တို့ကို မမြင်၍မေးရာ ဤသူငယ်တို့ သတ်ကြသည်ဟု ပြောကြကုန်၏။

သားကိုသတ်မှု အတုံ့ပြု

ထိုအခါ မင်းကြငီးနန်းတော်ဝယ် မွေးထားသော ကျားလည်း ရှိ၏။ ရုန့်ရင်း ကြမ်းတမ်း၏။ အနှောင်အဖွဲ့ဖြင့် ထားရ၏။ ထိုသူငယ်တို့သည် ကျားကိုကြည့်ရှုရန် သွားကြကုန်၏။ ကြိုးကြာမလည်း သူငယ်တို့နှင့် အတူတကွ သွားပြီးလျှင် ဤသူငယ်တို့သည် ငါ့သားငယ်တို့ကို သတ်သကဲ့သို့ သေစေမည်ဟု ကြံစည်ကာ သူငယ်တို့ကိုခေါ်၍ ကျားအနီးတွင် ထား၏။ ကျားသည် သူငယ်တို့ကို ဖမ်း၍ ကျွတ်ကျွတ်မြည်အောင် ဝါး၍စားလေ၏။

ကြိုးကြာမသည် ငါ၏ဟိတ်နှလုံး အလိုပြည့်ပြီဟု ပျံသန်းကာ ဟိမဝန္တာသို့ သွားလေ၏။ ထိုအကြောင်းကိုကြားလျှင် ရဟန်းတို့သည် တရားသဘင်၌ စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ဤကြိုးကြာမသည် ယခုအခါ၌သာ မိမိသားငယ်တို့ကို သတန်သော သူငယ်တို့ကို ကျားအနီး၌ထား၍ ဟိမဝန္တာသို့ ပျံသွားသည်မဟုတ်၊ ရှေးအခါ၌လည်း ဤနည်းအတူ သွားဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသသတည်း။

အတိတ်ဝတ္ထု

တမန်ပြုငြား မင်းခစား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဘုရားအလောင်းသည် တရားသဖြင့် မင်းပြုသည်ရှိသော် ထိုမင်းနန်းတော်၌ ကြိုးကြာမ တစ်ကောင်သည် မင်းကြီး၏ တမန်သည်အမှုကို ပြုလေ့ရှိ၏။ [စကား အလုံးစုံသည် ပစ္စုပ္ပန်ဝတ္ထုနှင့် တူပြီ။]

ကြိုးကြာမသည် ကျားကို သူငယ်တို့ကို သတန်စေပြီးလျှင် ယခုအခါ ငါသည် ဤအရပ်၌နေခြင်းငှာ မတ်ကောင်း၊ မင်းကြီးအား ပြောကြား၍ သွားတော့မည်ဟု ကြံစည်ပြီးလျှင် မင်းကြီးထံသို့ ချဉ်းကပ်၍ ရှိခိုးကာ -

မင်းကြီးလျှောက်ကြား တောသို့သွား

“အရှင်မင်းကြီး ... အရှင်တို့ပင် စေခိုင်း၍ မေ့လျော့သဖြင့် အကျွန်ုပ် သားငယ်တို့ကို သူငယ်တို့ သတ်ကြကုန်ပြီ၊ အကျွန်ုပ်လည်း အမျက်ဒေသကို သည်းမခံနိုင်သဖြင့် ထိုသူငယ်တို့ကို သတ်စားသတ်အပ်ပြီ၊ သို့အတွက် ယခုအခါ အကျွန်ုပ်သည် ဤအရပ်၌နေခြင်းငှာ မတ်ကောင်းသွားတော့မည်” ဟု လျှောက်ထား၍ -

“အရှင်မင်းကြီး ... အကျွန်ုပ်တို့မှာ အရှင်းမင်းကြီး နန်းတော်ဝယ် အမြဲမပြတ် ပူဇော်ခြင်းကို ခံယူကာ နေကြရပြီ၊ ယခုအခါ အရှင်မင်းကြီးပင်လျှင် အကျွန်ုပ်၏ နှလုံးမသာယာခြင်း၊ အမှုကို ပြုခဲ့ပြီ၊ ခွင့်ပြုပါ အကျွန်ုပ်သွားတော့မည်” –

ဟု မင်းကြငီးထံ ခွင့်ပန်လေ၏။ မင်းကြီးသည် ကြိုးကြာမ စကားကို ကြားလျှင် -

“ကြိုးကြာမ ... စင်စစ် မိမိသားငယ်တို့ကို သတ်သော သူတစ်ပါးကို မိမိကလည်း တစ်ဖန် သတ်စားသတ်လိုက်ရသည်ရှိသော် ငါသည် သတ်စားသတ်ရပေပြီဟု သိခဲ့၏၊ ဤမျှဖြင့် ထိုရန်သူသည် ငြိမ်းလေ၏၊ သင် မသွားပါလင့်” –

ဟု ကြိုးကြာမ အကျိုးအကြောင်းပြကာ မသွားရန်တားမြစ်လေ၏။ ကြိုးကြာမလည်း မင်းကြီး စကားကို ကြားလျှင် -

“မြတ်သော မင်းကြီး ... အနှိပ်စက်ခံရသူနှင့် နှိပ်စက်သူ နှစ်ယောက်တို့မှာ ချစ်ခြင်းသည် နောက်ထပ် တစ်ဖန် မစေ့စပ်နိုင်ပါ၊ အကျွန်ုပ်၏ စိတ်နှလုံးလည်း မနှစ်သက်ပါ၊ သွားမည်သာတည်း”

ဟု မင်းကြီးအား လျှောက်ထားပြန်၏။ မင်းကြီးလည်း -

“ကြိုးကြာမ ... အနှိပ်စက်ခံရသူနှင့် နှိပ်စက်သူနှစ်ယောက်တို့မှာ ပညာရှိတို့ ဖြစ်ပါမူ ချစ်ခြင်းသည် တစ်ဖန် စေ့စပ်နိုင်ပါ၏၊ သူမိုက်များ ဖြစ်ပါမူ တစ်ဖန်မစေ့စပ်နိုင်ပါ၊ နေသာနေပါ မသွားပါလင့်” –

ဟု ကြိုးကြာမအား ဆုံးမကာ တစ်မြစ်ပြန်၏။ ထိုအခါ ကြိုးကြာမသည် “အရှင်မင်းကြီး ... ဤသို့ဖြစ်ငြားသော်လည်း အကျွန်ုပ်သည် ဤအရပ်တွင် မနေလိုတော့ပါ” ဟု လျှောက်ထား တောင်းပန်ကာ မင်းကြီးကို ရှိခိုး၍ ပျံသန်းကာ ဟိမဝန္တာ အရပ်သို့ သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကြိုးကြာမသည် - ယခုအခါ ယခုအခါလည်း ကြိုးကြာမ။

သိကြားမင်းသည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပညာရှိမှန်၊ မုန်းခဲ့ပြန်၊ တစ်ဖန် စေ့စပ်မြဲ၊

(၂) သူမိုက်တို့အား၊ မုန်းခဲ့ငြား၊ ကွဲပြားကြစမြဲ။

(၃) မုန်းပြီးသူချင်း၊ စေ့စပ်လျင်း၊ ချစ်ခြင်းဖြစ်နိုင်ခဲ။

ကုန္တိနီဇာတ် ပြီး၏။

***

(၃၄၄) အမ္ဗဇာတ်

သရက်သီး ပျောက်ဆုံးသဖြင့် သူဌေးသမီး ၄ယောက်တို့အား အာရှက်တကွဲ ကျိန်ဆိုသော ရသေ့စဉ်းလဲ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သရက်သီးပျောက်မှု ကျန်ဆိုပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မထေရ်တစ်ပါးသည် အိုမင်းသော အခါမှ ရဟန်းပြုပြီးလျှင် ဇေတဝန်ကျောင်းတော် အစွန်ဖြစ်သော သရက်ဥယျာဉ်တောဝယ် ကျောင်းဆောက်ကာ နေ၏။ သရက်ဥယျာဉ်ကို စောင့်ရှောက်လျက် ကြွေကျသော သရက်သီးတို့ကိုလည်း စားလေ့ရှိ၏။ မိမိအထံသို့ ရောက်လာသူတို့အားလည်း သရက်သိးတို့ကို ပေးလေ့ရှိ၏။

မထေရ်အို ဆွမ်းခံဝင်စဉ် သူခိုးတို့သည် သရက်သီးတို့ကို ခိုးယူ၍ သွားကြကုန်၏။ ထိုအခိုက် သူဌေးသမီးလေးယောက်တို့သည် အစိရဝတီမြစ်မှ ရေချိုးပြီးလျှင် လှည့်လည်ကာ သရက်ဥယျာဉ်သို့ ဝင်ကြကုန်၏။ မထေရ်အိုလည်း ဆွမ်းခံရာမှ ပြန်လာ၍ သူဌေးသမီးတို့ကိုမြင်လျှင် “သူငယ်မတို့ ... သင်တို့သည် သရက်သီးကို စားကြသလော” ဟု မေး၏။ “အရှင်ဘုရား ... အကျွန်ုပ်တို့ ယခုပင် ရောက်လာကြပါ၏၊ မစားကြပါ” ဟု လျှောက်၏။ “သူငယ်မတို့ ... ငါ မယုံကြည်နိုင်၊ မစားကြလျှင် ကျိန်ဆိုကြလော့” ဟု ပြောဆိုလေ၏။

ထိုအခါ သူဌေးသမီးတို့သည် အသီး အသီး ကျိန်ဆိုကြကုန်၏။ မထေရ်အိုသည် သူဌေးသမီးတို့ကို ကျိန်ဆိုစေ၍ အရှက်ရစေပြီးလျှင် လွှတ်လိုက်၏။ ထိုအကြောင်းကို ကြားကြလျှင် ရဟန်းတို့သည် တရားသဘင်၌ စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ဤရဟန်းကြီးသည် ယခုအခါ၌သာ သူဌေးသမီး လေးယောက်တို့ကို ကျိန်စေ၍ အရှက်ကွဲစေပြီးလျှင် လွှတ်လိုက်သည် မဟုတ်၊ ရှေးအခါလည်း ကျိန်စေ၍ အရှက်ကွဲစေပြီးလျှင် လွှတ်လိုက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ရသေ့စဉ်းလဲ အကျင့်လွဲ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သိကြားမင်း ဖြစ်လေ၏။ ထိုအခါ ရသေ့စဉ်းလဲတစ်ပါးသည် ဗာရာဏသီပြည်ကို အမှီပြု၍ မြစ်အနီး သရက်ဥယျာဉ်တောဝယ် စောင့်ရှောက်ကာနေ၏။ ကြွေကျသော သရက်သီးတို့ကိုလည်း စား၏။ ရောက်လာသူတို့အားလည်း ပေး၏။ ဤသို့မှားသော အသက်မွေးခြင်းဖြင့် အသက်မွေးလေ့ရှိ၏။

ထိုအခါ သိကြားမင်းသည် လူ့ပြည်၌ အဘယ်သူသည် မိဘကို လုပ်ကျွေးသနည်း၊ အသက်အရွယ် ကြီးရင့်သူတို့ကို ရိုသေသနည်း၊ အလှူပေးသနည်း၊ သီလကို စောင့်ရှောက်သနည်း၊ ဥပုသ်ဆောက်တည်သနည်း၊ အဘယ်ရဟန်းသည် ရဟန်းတရားကို အားထုတ်ကုန်သနည်း၊ မကျင့်အပ်သော အကျင့်ကို ကျင့်သနည်းဟု လူ့ပြည်သို့ ကြည့်ရှူလတ်သော် သရက်ဥယျာဉ်တွင် အကျင့်အပ်သော အကျင့်ကို ကျင့်၍နေသော ရသေ့စဉ်းလဲကိုမြင်၍ ဤရသေ့စဉ်းလဲကား ... ကသိုဏ်း ပရိကံ စသော ရဟန်းတရားကို ပယ်ပြီးလျှင် သရက်ဥယျာဉ်ကို စောင့်၍ နေဘိ၏။ ထိုရသေ့စဉ်းလဲကို ထိတ်လန့်စေမည်ဟု ကြံစည်လျက် ရသေ့စဉ်းလဲ ဆွမ်းခံဝင်စဉ် သရက်သီးတို့ကို ကြွေကျစေ၍ သူခိုးတို့ ခိုးယူဘိသကဲ့သို့ ပြု၍ ထားနှင့်၏။

သူဌေးသမီးများရောက် ဥယျာဉ်တော်အောက်

ထိုအခိုက်တွင် ဗာရာဏသီပြည်မှ သူဌေးသမီး လေးယောက်တို့လာ၍ လှည့်လည်ကာ သရက်ဥယျာဉ်သို့ ဝင်ကြကုန်၏။ ရသေ့စဉ်းလဲ ပြန်လာ၍ သူဌေးသမီး လေးယောက်တို့ကို မြင်လျှင် “သူငယ်မတို့ ... သင်တို့ င့ါသရက်သီးတွေကို စားကြသလော” ဟု မေး၏။ “အရှင်ဘုရား ... အကျွန်ုပ်တို့ ယခုပင် လာကြပါ၏၊ အရှင် သရက်သီးတို့ကို မစားကြပါ” ဟု လျှောက်၏။ “သူငယ်မတို့ .... သင်တို့စကားကို ငါ မယုံကြည်နိုင်၊ မစားလျှင် ကျိန်ဆိုကြလော့” ဟု ပြော၏။ “အရှင်ဘုရား ... ကျိန်ဆိုလျှင် သွားခွင့်ရပါမည်လော” ဟု မေး၏။ “သူငယ်မတို့ သွားခွင့်ရကြမည်၊ ကျိန်ဆိုပါ” ဟု ပြောဆိုလေ၏။

လွတ်မြောက်စေမှု ကျိန်ဆိုပြု

ထိုအခါ သူဌေးသမီး လေးယောက်တို့တွင် အကြီးဆုံးဖြစ်သော သူဌေးသမီးသည် -

“အရှင်ဘုရား ... အကျွန်ုပ်သည် အရှင်ဘုရား သရက်သီးတို့ကို အကယ်၍ ခိုးယူမိပါမူ မည်းနက်သော ဆံပင်တို့အကြားဝယ် ပေါက်နေသော ဆံပင်ဖြူတို့ကို မွေးညှပ်ဖြင့် နုတ်သော ယောကျ်ား၏အလိုသို့ လိုက်ရပါစေသား” –

ဟု ကျိန်ဆိုလေ၏။ ရသေ့စဉ်းလဲသည် ထိုသူဌေးသမီးကို သင်ကား သင့်အရာအရပ်တွင် နေဦးလော့ဟု ဆို၍ နှစ်ယောက်မြောက် သူဌေးသမီးကို ကျိန်ဆိုစေပြန်၏။ ထိုသူဌေးသမီးလည်း -

“အရှင်ဘုရား ... အကျွန်ုပ်သည် အရှင်ဘုရား သရက်သီးတို့ကို အကယ်၍ ခိုးယူမိပါမူ မွေးသည်မှ အသက်နှစ်ဆယ် နှစ်ဆယ့်ငါးနှစ်၊ နှစ်ဆယ့်ကိုးနှစ်တိုင်အောင် ကြီးရင့်သော အရွယ်သို့ ရောက်၍လည်း လင်မရပါစေသား” –

ဟု ကျိန်ဆိုပြန်လေ၏။ ထိုသူဌေးသမီးလည်း ကျိန်ဆိုပြီး၍ သင့်ရာအရပ်၌ နေဦးလော့ ဆိုပြီးလျှင် သုံးယောက်မြောက် သူဌေးသမီးကို ကျိန်ဆိုစေပြန်၏။ ထိုသူဌေးသမီးလည်း -

“အရှင်ဘုရား ... အကျွန်ုပ်သည် အရှင်ဘုရား သရက်သီးတို့ကို အကယ်၍ ခိုးယူမိပါမူ လင်ကို တောင့်တလျက် လင်၏အထံသို့ သွားသောကြောင့် အတိသာရိက မိန်းမဖြစ်၍ တစ်ယောက်ထီးတည်း တစ်ဂါဝုတ် နှစ်ဂါဝုတ် ရှည်ဝေးသော ခရီးသို့ သွားရစေသား၊ လင်နှင့်ချိန်းဆိုရာ အရပ်တွင်လည့်း လင်ကို မမြင်ရစေသား” –

ဟု ကျိန်ဆိုပြန်၏။ ကျိန်ဆိုပြီးလျှင် သင့်ရာအရပ်၌ နေဦးလော့ ဆို၍ လေးယောက်မြောက် သူဌေးသမီးကို ကျန်ဆိုစေပြန်၏။ ထိုသူဌေးသမီးလည်း -

“အရှင်ဘုရား ... အကျွန်ုပ်သည် အရှင်ဘုရား သရက်သီးတို့ကို အကယ်၍ ခိုးယူမိပါမူ တန်ဆာဆင်လျက် ကောင်းစွာဝတ်လျက်၊ ပန်းပန်လျက်၊ စန္ဒကူးနံ့သာ လိမ်းကျံလျက် တစ်ယောက်ထီးတည်း အိပ်ရာတွင် အိပ်ရပါစေသား” –

ဟု ကျိန်ဆိုပြန်၏။

ရသေ့ခြိမ်းခြောက် သိကြားရောက်

ထိုအခါ ရသေ့စဉ်းလဲသည် သင်တို့ကား အလွန်ဝန်လေးသော ကျိန်စာတို့ကို ကျိန်ဆိုကြကုန်ပြီ။ သူတစ်ပါး ခိုးယူစားသည် ဖြစ်ရာ၏။ သင်တို့ အလိုရှိရာ သွားကြကုန်လော့ဟု သူဌေးသမီး လေးယောက်တို့ကို လွှတ်လိုက်၏။ သိကြားမင်းလည်း ကြောက်မက်ဖွယ်သော အာရုံကိုပြ၍ ရသေ့စဉ်းလဲကို ထိုသရက်ဥယျာဉ်မှ ပြေးစေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရသေ့စဉ်းလဲသည် - ယခုအခါ ရဟန်းအို။

သူဌေးသမီးလေးယောက်တို့သည် - သူဌေးသမီးလေးယောက်တို့ပင်။

သိကြားမင်းသည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) လင်ကိုမှီမှ၊ ကြီးပွားရ၊ မိန်းမဓမ္မတာ။

(၂) လင်ကိုမရ၊ မကောင်းရ၊ ဘဝဆုံးရှုံးရာ။

(၃) လင်ကောင်းကိုရွေး၊ ရဖို့ရေး၊ ဆွေးနွေးစဉ်းစားရာ။

(၄) လင်ရရှိက၊ လိုလိုက်ရ၊ ခယလုပ်ကျွေးရာ။

အမ္ဗဇာတ် ပြီး၏။

***

(၃၄၅) ရာဇကုမ္ဘဇာတ်

တစ်နေ့ တစ်နေ့ လက်တစ်သစ် လက်နှစ်သစ်ခန့်သာ သွားလေ့ရှိသော ရာဇကုမ္ဘငပျင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လုံ့လမရှိ ပျင်းရိဘိ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်သား ရဟန်းတစ်ပါးသည် သာသနာတော်၌ အသက်ကိုစွန့်၍ ရဟန်းပြုပါလျက် လုံ့လမရှိ ပျင်းရိလေ၏။

ထိုရဟန်းသည် ပါဠိသင်ခြင်း၊ အဋ္ဌကထာ သင်ခြင်း၊ အသင့်အတင့် နှလုံးသွင်းခြင်း၊ ဝတ်ကြီးဝတ်ငယ် ပြုခြင်း စသည်တို့၌ လုံ့လမပြုကြဘဲ နီဝရဏတရားဆိုးတို့ နှိပ်စက်သာ ကရိယာပုတ် လေးပါးတို့၌ ပျင်းရိ၍ အချိန်ကုန်စေ၏။

ထိုအခါ ရဟန်းတို့သည် တရားသဘင်၌ ထိုရဟန်းအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ဤရဟန်းသည် ယခုအခါ၌သာ ပျင်းရိသည် မဟုတ်၊ ရှေးအခါ၌လည်း ပျင်းရိဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဥယျာ်ပျော်မွေ့ လူပျင်းတွေ့

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုမင်း၏ ပညာရှိအမတ် ဖြစ်လေ၏။ မင်းကြီးသည် ပျင်းရိသော သဘောရှိ၏။ ပညာရှိအမတ်သည် မင်းကြီးကို သိစေမည်ဟု အကြောင်းဥပါယ်တစ်ခုကို ရှာလျက်နေ၏။

တစ်နေ့သ၌ မင်းကြီးသည် ဥယျာဉ်တော်သို့သွား၍ အမတ်အပေါင်း ခြံရံလျက် လှည့်လည်သည်ရှိသော် ရာဇကုမ္ဘ မည်သော ပျင်းရိသော သူတစ်ယောက်ကို မြင်လေ၏။ ထိုရာဇကုမ္ဘာကား ပျင်းရိလှ၍ တစ်နေ့လုံးသွားသော်လည်း လက်တစ်သစ်၊ နှစ်သစ်မျှသာ သွားလေ၏။ မင်းကြီးသည် ထိုလူပျင်းကိုမြင်လျှင် “ပညာရှိ ... ဤသူကား အဘယ်သူနည်း” ဟု မေး၏။ “မြတ်သော မင်းကြီး ... ရာဇကုမ္ဘာမည်ပါ၏၊ ပျင်းရိခြင်းသဘောရှိ၏၊ တစ်နေ့လုံး သွားသော်လည်း ပျင်းရိလှ၍ လက်တစ်သစ်၊ နှစ်သစ်သာ သွားလေ့ရှိပါ၏” ဟု လျှောက်ထားလေ၏။

ထိုအခါ မင်းကြီးသည် ထိုရာဇကုမ္ဘာကို -

မင်းကြီးစစ်ဆေး လူပျင်းမေး

“ပျင်းရိလှသောအချင်း ရာဇကုမ္ဘာ ... သင်ကား လုံ့လမရှိ နှေးကန်လှစွာ၏၊ အကယ်၍ မီးလောင်လာပါမူ သင် အဘယ်သို့ ပြုမည်နည်း” –

ဟု မေးလေ၏။ ရာဇကုမ္ဘာသည် မင်းကြီး စကားကို ကြားလျှင် -

“အရှင်မင်းကြီး ... များစွာသော သစ်ခေါင်းနှင့် ထူးတွင်းပေါင်တို့ ရှိပါကုန်၏၊ ထိုသစ်ခေါင်းနှင့် ထူးတွင်းပေါက်သို့ မရောက်နိုင်ခဲ့ပါမူ ငါတို့အား သေခြင်းသည် ဖြစ်ရပေလိမ့်မည်” –

ဟု မင်းကြီးအား လျှောက်ထားလေ၏။

ပညာရှိအမတ်သည် ရာဇကုမ္ဘ စကားကို ကြားပြန်လျှင် -

ပညာရှိဆုံးမ မင်းသတိရ

“အချင်း ရာဇကုမ္ဘ ... ဖြည်းညင်းစွာ ပြုရမည့်အခါ၌ လျင်မြန်စွာပြုသူ၊ လျင်မြန်စွာ ပြုရမည့်အခါ၌ ဖြည်းညင်းစွာ ပြုသူတို့ကား သစ်ရွက်ခြောက်ကို နင်း၍ ဖျက်ဆီးသကဲ့သို့ မိမိ အကျိုးစီးပွားကို ဖျက်ဆီးတတ်ကုန်၏ ”

“အချင်း ရာဇကုမ္ဘ ... ဖြည်းညင်းစွာ ပြုရမည်အခါ၌ ဖြည်းညင်းစွာပြုသူ၊ လျင်မြန်စွာ ပြုရမည့်အခါ၌ လျင်မြန်စွာ ပြုသူတို့ကား လဆန်းသည်မှစ၍ လသည် တဖြည်းဖြည်း ပြည့်ဖြိုးလာသကဲ့သို့ အကျိုးစီးပွားသည် ပြည့်ဖြိုးလာကုန်၏” –

ဟု မင်းကြီးအား လျှောက်ထား၏။ မင်းကြီးသည် ပညာရှိအမတ် စကားကို ကြားသောအခါမှစ၍ မပျင်းမရိ လုံ့လရှိတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရာဇကုမ္ဘာသည် - ယခုအခါ ပျင်းရိသော ရဟန်း။

ပညာရှိအမတ်သည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဖြည်းညင်းပြုရာ၊ လျင်မြန်စွာ၊ လျင်ရာဖြည်းညင်းသူ။

(၂) ရွက်ခြောက်နင်းလား၊ ကျိုးစီးပွား၊ မမှားပျက်၏ဟူ။

(၃) ဖြည်းညင်းပြုရာ၊ ဖြည်းညင်းစွာ၊ လျင်ရာလျင်ပြုသူ။

(၄) လပြည့်အလား၊ ကျိုးစီးပွား၊ မမှားပြည်ဖြိုးဟူ။

ရာဇကုမ္ဘဇာတ် ပြီး၏။

***

(၃၄၆) ကေသဝဇာတ်

ချစ်ကျွမ်းဝင်သူနှင့် ကွေးကွင်းရသဖြင့် အိမ်မရ စားမဝင် အစာမကြေ ဝမ်းသွေးသွန် စိတ္တဇရောဂါ စွဲကပ်ရာ ချစ်ကျွမ်းဝင်သူ ရသေ့နှင့် ပြန်တွေ့မှ စိတ္တဇရောဂါပျောက်သော ကေသဝရသေ့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အနာထပိဏ်အလှူ မင်းအတုယူ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အနာထပိဏ်သူဌေးကြီးအိမ်ဝယ် သံဃာငါးရာတို့အား မပြတ် ဆွမ်းလုပ်ကျွေး၏။ သူဌေးကြီးအိမ်သည် သံဃာတို့ ရေတွင်းသဖွယ်ဖြစ်၏။ သင်္ကန်းရောင်ဖြင့် ထွန်းပ၏။ ရဟန်းတို့ ကွေးခြင်း၊ ဆန့်ခြင်း စသည်တို့ကြောင့်ဖြစ်သော လေတို့ဖြင့် တိုက်ခတ်အပ်၏။

တစ်နေ့သဿ၌ ကောသလမင်းကြီးသည် မြို့တော်သို့လှည့်လည်လတ်သော် အနာထပိဏ် သူဌေးကြီးအိမ်၌ ရဟန်းသံဃာတော်တို့ကို မြင်တော်မူလျှင် “ငါသည်လည်း အရိယာသံဃာတော်တို့အား အမြဲမပြတ် ဆွမ်းလုပ်ကျွေးမည်” ဟု ကြံစည်လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် နေ့စဉ် နန်းတော်သို့ သံဃာတော် ငါးရာ ဆွမ်းဘုဉ်းပေး ကြွတော်မူရန် တောင်းပန်လျှောက်ထား၏။ မွှေး၍ မွန်မြန်သော သလေးဆွမ်းဖြင့် လုပ်ကျွေး၏။ ကျွမ်းဝင်ချစ်ခင် လေးမြတ်လျက် မိမိလက်ဖြင့် လှူသူကား မရှိ၊ မင်းချင်းယောက်ျားတို့ကို လှူစေ၏။

ချမ်းကျွမ်းဝင်းငြား လှူခံစား

ရဟန်းတို့သည် မင်းကြီး နန်းတော်၌ ချစ်ခင်ကျွမ်းဝင်သူ မရှိသဖြင့် ဆွမ်းမဘုဉ်းပေးလိုကုန်။ မွန်မြတ်သော ဆွမ်းဘောဇဉ်တို့ကို ယူဆောင်ကာ မိမိတို့ ချစ်ကျွမ်းဝင်ရာ အလုပ် အကျွေး ဒါယကာတို့အိမ်သို့သွား၍ အလုပ်အကျွေးဒါယကာတို့အား ပေးကာ မွန်မြတ်သည် ဖြစ်စေ၊ ရုန့်ရင်းသည် ဖြစ်စေ ထိုဒါယကာတို့လှူသော ဆွမ်းကိုသာ ဘုဉ်းပေးကြကုန်၏။

ထိုအခါ ကောလမင်းကြီးအား များစွာသော သစ်သီးကြီးငယ်တို့ကို ဆက်သလာကုန်၏။ မင်းကြီးသည် သံဃာတော်တို့အား လှူစေ၏။ မင်းချင်းတို့သည် အလှူတင်းကုပ်သို့ လှူရန်သွားကြရာ မတွေ့ကြောင်းကို မင်းကြီးအားလျှောက်ထားကြကုန်၏။ မင်းကြီးသည် ဤအချိန်ကား ဆွမ်းဘုဉ်းပေးချိန် မဟုတ်လောဟု မေးပြန်လျှင် မှန်ပါ၏၊ သို့သော်လည်း ရဟန်းတို့သည် နန်းတော်တွင် မဘုဉ်းပေးကြဘဲ အကျွမ်းဝင်ရာ၊ ချစ်ခင်ရာ ဒါယကာအိမ်သို့ သွား၍ ဘုဉ်းပေးကြကြောင်း လျှောက်ထားကုန်၏။

ကောလသမင်းကြီးသည် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး … ဘောဇဉ် မည်သည်ကား အကျွမ်းဝင်သူတို့ ပေးလှူအပ်သော ဘောဇဉ်သည် မြတ်၏၊ အကျွမ်းဝင်ခြင်းနှင့်တူသော တစ်ပါးသော အရသာမည်သည် မရှိ၊ အကျွမ်းမဝင်သူတို့ ပေးလှူအပ်သော စတုမဓုသည်ပင် ဟင်းရွက်လောက် မထိုက်တန်၊ ရှေးပညာရှိတို့သည် ရောဂါဖြစ်လတ်သော် ဆေးသမား ငါးယောက်တို့ ကြပ်မတ်ကုသပါလျက် ရောဂါမပျောက်ငြိမ်းနိုင်ဘဲ အကျွမ်းဝင်သူထံ ရောက်၍ ဆားမခတ်သော ရေဖြင့် ပြုတ်ဖျော်အပ်သော သစ်ရွက်ပြုတ် တို့ကို စားသုံးရ၍ ရောဂါပျောက်ငြိမ်းဖူးကုန်၏”ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ရသေ့နှစ်ဦးပင် ချစ်ကျွမ်းဝင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကတိုင်းဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ အမည်အားဖြင့် ကပ္ပဟု ထင်ရှားသတတ်။ ထိုကပ္ပလုလင်သည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညတို့ကို သင်ကြားပြီးလျှင် နောက်အဖို့၌ ရသေ့ရဟန်းပြုလေ၏။

ထိုအခါ ကောသဝ မည်သော ရသေ့သည် ရသေ့ငါးရာခြံရံကာ ဂိုဏ်းဆရာကြီးဖြစ်၍ ဟိမဝန္တာအရပ်၌ နေ၏။ ကပ္ပရသေ့သည် ကေသဝရသေ့ထံ ဆည်းကပ်ကာ ရေသေ့ငါးရာတို့ အကြီးအကဲတပည့် ဖြစ်လျက်နေ၏။ ကေသဝရသေ့ကြီးကား ကပ္ပရသေ့အား အလွန်ချစ်မြတ်နိုး၏။ အစီးအပွားကို အလိုရှိ၏။ ထို ဆရာ၊ တပည့် ရသေ့နှစ်ပါးတို့သည် အချင်းချင်း အလွန်အကျွမ်းဝင်ကြကုန်၏။

ချဉ်ဆားရှာသွား မင်းပင့်ထား

နောက်အဖို့၌ ကေသဝ ရသေ့ကြီးသည် ချဉ်၊ ဆား မှီဝဲလိုသဖြင့် တပည့်တို့ကို ခေါ်၍ သွားရာ ဗရာဏသီပြည်သို့ရောက်လျှင် မင်းကြီး ဥယျာဉ်တော်၌ နေ၏။ နောက်နေ့နံနက် ဆွမ်းခံဝင်လတ်သော် မင်းကြီး အိမ်တံခါးသို့ ရောက်လေ၏။ မင်းကြီးသည် မြင်လျှင် ရသေ့တို့ကို ပင့်၍ ဆွမ်းကပ်လှူပြီးလျှင် ဥယျာဉ်တော်၌ သီတင်းသုံးရန် တောင်းပန်လေ၏။

မိုးလလွန်လျှင် ကေသဝရသေ့သည် ဟိမဝန္တာသို့သွားရန် ပန်ကြား၏။ မင်းကြီးလည်း “အရှင်ဘုရားတို့ … အိုမင်းပါပြီ၊ အကျွန်ုပ်ထံ အမြဲ သီတင်းသုံးရစ်ပါ၊ တပည့်တို့ကို သာ ပြန်၍ လွှတ်တော်မူပါ” ဟု တောင်းပန်လျှောက်သဖြင့် ကေသဝရသေ့ကြီးလည်း တပည့်တို့ကို ဟိမဝန္တာအရပ်သို့လွှတ်ကာ မိမိမူကား ဥယျာဉ်တော်၌ သာ နေရစ်၏။ ကပ္ပရသေ့လည်း တပည့်အပေါင်း ခြံရံကာ ဟိမဝန္တာသို့ ပြန်၍ နေလေ၏။

ကျွမ်းဝင်သူကွဲ ရောဂါစွဲ

ကေသဝရသေ့သည် ကပ္ပရသေ့နှင့် ကွဲကွာလတ်သော် ငြီးငွေ့ ပျင်းရိကာ ကပ္ပရသေ့ကို မြင်လိုသောကြောင့် အိမ်၍ မပျော်လျှင် စားသော အစာသည် ကောင်းစွာအကြေ၊ ဝမ်းသွေးသွန်သောရောဂါ ဖြစ်လေ၏။ ဝေဒနာ သည်းထန်လတ်သော် မင်းကြီးသည် ဆေးသမားကြီး ငါးယောက်တို့ကို ခေါ်ကာ ကြပ်မတ် ကုသစေ၏။ ရောဂါကား မသက်သာလေ။

ထိုအခါ ရသေ့ကြီးသည် မင်းကြီးကို “မြတ်သောမင်းကြီး … သင်တို့သည် ငါ၏သေခြင်းကို အလိုရှိသလော၊ သို့မဟုတ် ရောဂါပျောက်ကင်းခြင်းကို အလိုရှိသလော” ဟု မေး၏။ “အရှင်ဘုရား … ရောဂါပျောက်ကင်းခြင်းကို အလိုရှိပါသည်” ဟု လျှောက်၏။ “မြတ်သောမင်းကြီး … သည်လိုဖြစ်လျှင် ငါ့ကို ဟိမဝန္တာသို့ပို့ပါ” ဟု ပြော၏။ “အရှင်ဘုရား …. ကောင်းပြီး” ဟု လျှောက်ထားပြီးလျှင် -

မိတ်ဆွေထံရောက် ရောဂါပျောက်

နာရ၏အမတ်ကိုခေါ်၍ လမ်းပြ မုဆိုးနှင့်တကွ ရသေ့ကြီးကို ဟိမဝန္တာသို့ ပို့ရန် စေခိုင်းတော်မူ၏။ နာရဒအတ်လည်း ရသေ့ကြီးကို ဟိမဝန္တာသို့ အရောက်ပို့ကာ ပြန်ခဲ့၏။

ကေသဝရသေ့ကြီး စိတ္တဇရောဂါသည် ကပ္ပရသေ့ကို မြင်ကာမျှ၌ ပင် ပျောက်ကင်းလေ၏။ ငြီးငွေ့ပျင်းရိခြင်းလည်း ပြေလေ၏။ ကပ္ပရသေ့သည် ကေသဝရသေ့ကြီးအား ဆားမခတ်သော ရေဖြင့် ပြုတ်ဖျော်အပ်သော သစ်ရွက်နှင့်တကွ ကြိတ်ဆန်၊ မြက်သီးဆန် ယာဂုကို ပေးလေ၏။ ခဏချင်းလျှင် ဝမ်းသွေးသွန်သော ရောဂါလည်း ငြိမ်းလေ၏။

ရောဂါပျောက်ငြား မင်းလျှောက်ထား

တစ်ဖန် မင်းကြီးသည် ကေသဝရသေ့ အကြောင်းကိုသိအောင် စုံစမ်းချေဟု နာရဒအမတ်အား ဟိမဝန္တာသို့ လွှတ်ပြန်၏။ နာရဒအမတ်လည်း သွား၍ စုံစမ်းရာ ရောဂါကင်းပျောက်နေသော ကေသဝရသေ့ကြီးကို မြင်လျှင် “အရှင်ဘုရား … ဗာရာဏသီမင်းကြီးသည် ဆေးသမား ငါးယောက်ကို ကြပ်မတ်၍ ကုသစေပါလျက် ရောဂါပျောက်ကင်းအောင် မတတ်နိုင်ဘဲ ကပ္ပရသေ့သည် အဘယ်သို့ ကုသပါသနည်း” ဟု မေးမြန်းပြီးလျှင် -

“အရှင်ဘုရား … ဘုန်းကြီးသော ကေသဝရသေ့သည် အလုံးစုံ လိုရာဝတ္ထုနှင့် ပြည့်စုံသော ဗာရာဏသီမင်းကြီးကို စွန့်လွှတ်၍ ကပ္ပရသေ့၏ သင်္ခမ်းကျောင်း၌ အဘယ်ကြောင့် မွေ့လျော်ဘိသနည်း”

ဟု သူတစ်ပါးနှင့် စကားပြောနေသည့်အလား ကေသဝရသေ့ကြီး၏ မွေ့လျော်ခြင်းအကြောင်းကို မေးလေ၏။

ရောဂါပျောက်ကြောင်း ဆေးနည်းကောင်း

ကေသဝရသေ့ကြီးလည်း နာရဒအမတ်စကားကို ကြားလျှင် -

“နာရဒအတ် … ကပ္ပရသေ့၏ သင်္ခမ်းကျောင်း၌ ကောင်းသော မွေ့လျော်ဖွယ်၊ ကြည်နူးဖွယ် သစ်ပင်များ ရှိကုန်၏၊ ကပ္ပရသေ့၏ ကောင်းသော စကားတို့သည်လည်း ငါ့ကို မွေ့လျော်စေကုန်၏” –

ဟု နာရဒအမတ်အား ပြောကြားပြီးလျှင် ငါ့ကို မွေ့လျော်စေသော ကပ္ပရသေ့သည် ဆားမခတ်သော ရေဖြင့် ပြုတ်ဖျောအပ်သော သစ်ရွက်နှင့် ကြိတ်ဆန်၊ မြက်သီး ဆန် ယာဂုကို သောက်စေသဖြင့် ငါ့ကိုယ်၌ စွဲကပ်သော ရောဂါသည် ပျောက်ကင်းလေ၏ဟု ပြောကြားပြန်၏။ ထိုအခါ နာရဒအမတ်သည် -

“အရှင်ဘုရား … စင်ကြယ်သော သလေးဆန် သားပြွမ်းဆွမ်းသည် အရှင်ကို မနှစ်သက်စေဘဲ အဘယ်မူ၍ ဆားမပါသော သစ်ရွက်ပြုတ် ကြိတ်ဆန်၊ မြက်သီးဆန် အာဟာရသည် နှစ်သက်စေဘိသနည်း” ဟု ကေသဝ ရသေ့ကြီးအား မေးမြန်းပြန်၏။

ကျွမ်းဝင်မိတ်ဟောင်း ရသာကောင်း

ထိုအခါ ကေသဝ ရသေ့ကြီးသည် -

“နာရဒအမတ် … အကျွမ်းဝင်သူရှိရာ၌ သာယာအပ်သော ဘောဇဉ်ဖြစ်စေ၊ မသာအုပ်သော ဘောဇဉ်ဖြစ်စေ၊ နည်းသော ဘောဇဉ်ဖြစ်စေ၊ များသော ဘောဇဉ် ဖြစ်စေ စားအပ်သော ဘောဇဉ်သည် ကောင်း၏၊ အရသာရှိ၏၊ အဘယ်ကြောင့်နည်းဟူမူ အကျွမ်းဝင်ခြင်းကား မွန်မြတ်သော အရသာ ဖြစ်ခြင်းကြောင့် ကောင်း၏၊ အရသာရှိ၏” –

ဟု နာရဒအမတ်အား အကျိုးအကြောင်း ပြကာ ပြောကြားလေ၏။ နာရဒအမတ်လည်း ကေသဝရသေ့ကြီး စကားကိုကြားလျှင် အကြောင်းစုံ သိရသဖြင့် ရသေ့တို့ကို ရှိခိုးပြီးလျှင် ဗာရာဏသီပြည်သို့ပြန်ကာ မင်းကြီးအား ကေသဝရသေ့ကြီး ပြောကြားလိုက်သော စကားလုံးစုံကို လျှောက်ထားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

နာရဒအမတ်သည် - သာရိပုတ္တရာ။

ကေသဝရသေ့သည် - ဗကဗြဟ္မာ။

ကပ္ပရသေ့သည် - ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဆိုး, ကောင်း, နည်း,များ၊ ဘောဇဉ်များ၊ သုံးစားကြလေရာ။

(၂) ကျွမ်းမဝဘိ၊ မွန်မြတ်ဘိ၊ မရှိအရသာ။

(၃) ကျွမ်းဝင်ဘိတောင်း၊ ဆိုးညံ့တောင်း၊ ကောင်း၏ အရသာ။

ကေသဝဇာတ် ပြီး၏။

***

(၃၄၇) - အယကူဋဇာတ်

လူတို့သည် သားကောင်များကို မသတ်ရဟု မင်းမိန့် ထုတ်သဖြင့် သွေးသား မစားသောက်ရသော ဘီလူးတို့ အမျက်ထွက်၍ မင်းကြီးဦးထိပ်ကို သံတူဖြင့် ခွဲမည်ပြုရာ သိကြားမင်း စောင့်ရှောက်ရခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လောကတ္ထစရိယ ကျင့်ကြံရ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လောက၏အကျိုးကို စီးပွားများရန် ကျင့်ခြင်းကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ [ပစ္စုပ္ပန်ဝတ္ထုသည် မဟာကဏှာဇာတ်၌ ထင်ရှားစွာ ဖြစ်လတ္တံ့။ ]

အတိတ်ဝတ္ထု

သက်သတ်သည့်ယဇ် မင်းတားမြစ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဗြဟ္မဒတ်မင်း၏ မိဖုရားကြီးဝမ်း၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် အတတ်ပညာ သင်ကြားပြီးလျှင် အဘမင်းကြီး သေလွန်သဖြင့် မင်းအဖြစ်ကို ရလေ၏။ တရားသဖြင့် မင်းပြုလေ၏။

ထိုအခါ လူတို့သည် ဆိတ်များစွာတို့ကို သတ်ဖြတ်ကာ နတ်တို့အား ပူဇော်ကြကုန်၏။ မင်းကြီးသည် အသက်မသတ်ရ ဟူသော စည်ကို လည်စေ၏။ ဘီလူးတို့သည် ပူဇော်ခြင်းကို မရကုန်လတ်သော် ဟိမဝန္တာဝယ် အစည်းအဝေးပြုကာ မင်းကြီးကိုသတ်ရန် အလွန်ကြမ်းကြုတ်သော ဘီလူးတစ်ယောက်ကို လွှတ်လိုက်၏။

ဘီလူးလာရေး မင်းကြီးမေး

ထိုဘီလူးသည် ကြီးမား၍ ပြောင်ပြောင်တောက်သော သံတူကို ယူပြီးလျှင် သတ်မည်ဟု မင်းကြီးထံသို့ လာလတ်သော် ညဉ့် မဇျ္စိမယံတွင် မင်းကြီးအိပ်ရာ အထက်ကောင်းကင်၌ ရပ်လျက်နေ၏။ ထိုခဏ၌ သိကြားမင်း သိလတ်၍ ဝရဇိန်လက်နက်ကို ယူပြီးလျှင် သွား၍ ဘီလူးအထက်၌ ရပ်လျက်နေ၏။ မင်းကြီးသည် ဘီလူးကို မြင်လတ်သော် “`ဤဘီလူးကား ငါ့ကို စောင့်ရှောက်လိုသလော၊ သို့မဟုတ် သတ်လိုသလော” ဟု တွေးတောကာ စကားပြောလိုရကား -

“အို … ရက္ခိုသ် … သင်ကား အလွန်ကြီးမား၍ ပြောင်ပြောင်တောက်သော သံတူကို ကိုင်ကာ ကောင်းကင်တွင် ရပ်လျက် နေဘိ၏။ ယနေ့သင်သည် ငါ့ကိုစောင့်ရှောက်ရန် စီရင်ဘိသလော၊ သို့မဟုတ် သတ်ရန် ကြိုးစားဘိသလော” –

ဟု ဘီလူးအား မေးလေ၏။ မင်းကြီးကား ဘီလူးကိုသာ မြင်၏၊ သိကြားမင်းကို မမြင်လေ၊ ဘီလူးလည်း သိကြားမင်းကို ကြောက်သောကြောင့် မင်းကြီးကို ပုတ်ခတ်ခြင်းငှာ မဝံ့ပေ။

မင်းအန္တရာယ် သိကြားကယ်

မင်းကြီး၏ စကားကို ကြားရလျှင် ဘီလူးသည် -

“မြတ်သော မင်းကြီး … ဤအရပ်၌ ရပ်တည်နေသော ငါကား ရက္ခိုသ်တို့တမန်ဖြစ်သော ဘီလူးဖြစ်၏၊ သင်အားသတ်ရန် ငါ့ကို စေလွှတ်လိုက်၏၊ သိကြား နတ်မင်းသည် သင့်ကိုစောင့်၍ နေဘိ၏၊ ထိုကြောင့် သင့်ဦးခေါင်းကို ငါ မခွဲဝံ့ပါ” –

ဟု မင်းကြီးအား မကွယ်မဝှက် အတိအလင်းပြောကြားလေ၏။ မင်းကြီးလည်း ဘီလူးစကားကိုကြားလျှင် -

“အို - ဘီလူး … နတ်တို့ကို အစိုးရသော သိကြားမင်းသည် ငါ့ကို အကယ်၍ စောင့်ရှောက်ပါမူ ဘီလူးအလုံးစုံတို့ ထင်ရှားစွာ အကယ်၍ ကြော်ငြာကြသော်လည်း ငါသည် မထိတ်လန့်တော့ပေ” ။

“အို - ဘီလူး … လျှို့ဝှက်သောအင်္ဂါ အိုးပမာဏရှိ၍ တံမြက်ချေးစွန့်ရာအရပ်၌ နေကုန်သော ကုမ္ဘဏ်တို့သည် အကယ်၍ သတ်ဖြတ်နေကုန်၊ ဘီလူးတို့ စစ်ထိုးရန် မစွမ်းနိုင်ကုန် ကြီးစွာ ကြောက်ရွံ့ထိတ်လန့်ခြင်း ဖြစ်ကုန်၏၊ ငါမူကား မကြောက်ရွံ့ပေ” –

ဟု ဘီလူးအား ရဲတင်းစွာ ပြောကြားလေ၏။ သိကြားမင်းလည်း ဘီလူးကို ပြေးစေပြီးလျှင် မင်းကြီးကို ဆုံးမ၍ “မြတ်သော မင်းကြီး … မကြောက်လင့်၊ ဤနေ့မှစ၍ သင်မင်းကြီးအား ငါတို့ စောင့်ရှောက်ကြမည်” ဟု မှာထားပြီးလျှင် မိမိနေရာ နတ်ရွာသို့ သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သိကြားမင်းသည် - ယခုအခါ အနုရုဒ္ဓါ။

ဗာရာဏသီမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အာဇာနည်မျိုး၊ လောကကျိုး၊ ကြိုးစားကျင့်ရသည်။

(၂) ကောင်းကျိုးပြုငြား၊ သူတော်အား၊ သိကြားစောင့် ရှောက်သည်။

အယကူဋဇာတ် ပြီး၏။

***

(၃၄၈) - အရညဇာတ်

မိန်းမဖျက်သော်လည်း သီလ မပျက်စီးသော တောတွင်းနေရသေ့ငယ် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိန်းမဖြားယောင်း ရဟန်းအကြောင်း

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အပျိုကြိး ဖြားယောင်း၍ သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသည်း။ [ပစ္စုပ္ပန်ဝတ္ထုသည် စူဠနာရဒကဿပဇာတ်၌ ထင်ရှားစွာ ဖြစ်လတ္တံ့။ ]

အတိတ်ဝတ္ထု

သီလကျင့်လျက် မိန်းမဖျက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သက်ကြားပြီးလျှင် အိမ်ရာထောင်ခြင်းကို ပြုလေ၏။ သားတစ်ယောက် မွေးဖွားပြီး၍ မယား သေလွန်သည်ရှိသော် သားကိုခေါ်ယူကာ ရသေ့ရဟန်းပြု၍ ဟိမဝန္တာအရပ်၌ နေလေ၏။

တစ်နေ့သ၌ ရသေ့ကြီးသည် သားငယ်ရသေ့ကို ကျောင်း၌ ထားခဲ့၍ သစ်သီးရှားသွားလေ၏။ ထိုအခါ သူခိုးတို့သည် ပစ္စန္တရွာကို လုယက်ပြီးလျှင် သတို့သမီးငယ် တစ်ယောက်သည် ပြေး၍ ရသေ့ကျောင်းသို့ရောက်လျှင် ရသေ့ငယ်ကို ဖြားယောင်းပြီးလျှင် သီလကို ဖျက်ဆီးလျက် မိမိနောက်သို့ လိုက်ရန် ခေါ်လေ၏။

တဏှာစွဲငင် ရွာထွက်ချင်

ရသေ့ငယ်လည်း “ငါ့အဘ ရသေ့ကြိး လာစေပါဦး၊ အဘကိုဖူးမြင်ခွင့်ရပြီးမှ လိုက်နိုင်မည်” ဟု ပြောလေ၏။ သတို့သမီးငယ်သည် “ကောင်းပြီ ခရီးလမ်းအကြား၌ ဆိုင်းငံ့၍ နေမည် လာခဲ့လော” ဟု မှာထား၍ သွားလေ၏။

ရသေ့ငယ်သည် အဘရသေ့ကြီး တောမှ ပြန်လာသည်ရှိသော် -

“ဖခင် … အကျွန်ုပ်သည် ဤတောမှ ရွာသို့ သွားတော့မည်၊ ဘယ်သို့သော သီလအကျင့်ရှိသူကို မှီဝဲဆည်းကပ်ရမည်နည်း၊ ဖခင်သည် အကျွန်ုပ် မေးမြန်းသော အကြောင်းကို ပြောကြားပါ” –

ဟု ဖခင်အား မေးမြန်းတောင်းပန်လေ၏။ ထိုအခါ အဘ ရသေ့ကြီးသည် -

“ချစ်သား … ဤတောအရပ်မှ ရွာသို့သွားသည်ရှိသော် သင့်ကို အကျွမ်းဝင်သူ၊ သင်၏ အကျွမ်းဝင်ခြင်းကို နှစ်သက်သူ၊ အကျွမ်းဝင်သော စကားကို နားထောင်လိုသူ၊ အပြစ်ကို သည်းခံသူတို့ကို မှီဝဲဆည်းကပ်ရမည်”။

“ချစ်သား … ကိုယ်, နှုတ်, နှလုံး သုံးပါးဖြင့် မကောင်းမှု ဒုစရိုက် မပြုသူကို ရင်ဝယ်တည်၍ ကြီးပွားသော သားကဲ့သို့ မှီဝဲဆည်းကပ်ရမည်”။

“ချစ်သား … နနွင်းရည်ကို ဆိုးသကဲ့သို့ မမြဲသော စိတ်ရှိသူ၊ မျောက်စိတ်ကဲ့သို့ လျင်မြန်သော စိတ်ရှိသူ၊ ခဏချင်း ချစ်ခင်တတ်, မုန်းတီးတတ်သူတို့ကို ဇမ္ဗူဒိပ်မြေပြင်ဝယ် လူမရှိငြားသော်လည်း မှီဝဲဆည်းကပ်ခြင်းကို မပြုလင့်” –

ဟု သားရသေ့ငယ်အား အဆုံးအမ ပေးလေ၏။

ဖခင်ဆုံးမ နောင်တရ

ရသေ့ငယ်လည်း ဖခင်၏အဆုံးအမကို နာယူရလျှင် “ဖခင် … အကျွန်ုပ်သည် ဤကဲ့သို့သော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသူကို အဘယ်မှာ ရနိုင်မည်နည်း၊ မသွားတော့ပါ ဖခင်ထံ၌ သာ နေပါတော့မည်” ဟု ပြောဆိုကာ သတို့သမီးနောက်သို့ မလိုက်တော့လေ။ ထိုအခါ ဖခင်သည် သားရသေ့ငယ်အား ကသိုဏ်းပရိကံကို ပြောကြား၏။ သား၊ အဘ နှစ်ယောက်လုံးပင် စျာန် အဘိညာဉ်ကို ရကြ၍ စျာန်မှ မဆုတ်ယုတ်ကြရကား သေလွန်သောအခါ ဗြဟ္မာပြည်သို့ လားကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ရသေ့ငယ်သည် - အပျိုကြီး ဖြားယောင်းသော ရဟန်း။

သတို့သမီးငယ်သည် - အပျိုကြီး။

အဘရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အကျွမ်းဝင်သူ၊ နှစ်သက်သူ၊ တစ်မူနားထောင်ပါ။

(၂) မကောင်းမှုကင်း၊ သည်းခံခြင်း၊ ထံရင်းဆည်းကပ်ပါ။

(၃) နနွင်းဆိုးနှယ်၊ မျောက်စိတ်နှယ်၊ မုန်းလွယ်, ချစ်လွယ်ပါ။

(၄) လူမရှိလျင်း၊ ဇမ္ဗူတွင်း၊ ရှောင်ကွင်းဝေးဝေးခွာ။

အရညဇာတ် ပြီး၏။

***

(၃၄၉) - သန္ဓိဘေဒဇာတ်

မြေခွေး ကုန်းချောသဖြင့် အချစ်ပြယ်ကာ အချင်းချင်းသတ်၍ သေကြရသော ခြင်္သေ့နှင့် နွားလားဥသဘ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ခိုက်ရန်ဖြစ်မှု ကဲ့ရဲ့ပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းတို့အား အချင်းချင်း ကုန်းတိုက်ကုန်၏။ ထိုကြောင့် မဖြစ်ကုန်သေးသော ခိုက်ရန် ငြင်းခုံခြင်းတို့လည်း ဖြစ်လာကုန်၏ ဖြစ်ပြီးသော ခိုက်ရန် ငြင်းခုံခြင်းတို့လည်း အတိုင်းထက်အလွန် တိုးပွား၍ လာကုန်၏။

ထိုအခါ မြတ်စွာဘုရား သိတော်မူလျှင် “ရဟန်းတို့ … ကုန်းတိုက်သောစကား မည်သည်ကား ထက်လှစွာသော ဓား လှံ လက်နက်နှင့် တူ၏။ ကုန်းတိုက်သော စကားဖြင့် လျင်မြန်စွာ ပျက်စီးတတ်၏”ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို တောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ခြင်္သေ့နှင့် နွားပင် ချစ်ကျွမ်းဝင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ သားဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာတို့ကို သင်ကြား တတ်မြောက်ပြီးလျှင် အဘမင်းကြီး သေလွန်သောအခါ မင်းအဖြစ်ကိုရ၍ တရားသဖြင့် မင်းပြုလေ၏။

ထိုအခါ နွားကျောင်းသားတစ်ယောက်သည် တောအရပ်ဝယ် နွားတို့ကို ခြံ၌ ထားလျက် စောင့်ရှောက်ကာနေ၏။ တစ်နေ့သ၌ ကျက်စားရာအရပ်မှ နွားတို့ကို ခြံသို့မောင်းနှင့်စုရုံးလာသည်ရှိသော် မေ့လျော့သဖြင့် ကိုယ်ဝန်ရှိသော နွားမတစ်ကောင် ကျန်ရစ်လေ၏။

ထိုနွားမသည် ခြင်္သေ့မတစ်ကောင်နှင့် ချစ်ကျွမ်းဝင်ကာ တောတွင်နေလေ၏။ ခြင်္သေ့မနှင့် နွားမတို့သည် မြဲမြံသော အဆွေခင်ပွန်းဖြစ်ကြလျက် အတူတကွ ကျစ်စားကြကုန်၏။ နောက်အဖို့၌ ခြင်္သေ့မသည် ခြင်္သေ့ငယ်ကို မွေးဖွား၍ နွားမလည်း နွားငယ်ကို မွေးဖွားလေ၏။ ခြင်္သေ့ငယ်နှင့် နွားငယ်တို့သည် အမိမှ ဆင်းသက်လာသော အဆွေခင်ပွန်းဖြစ်၍ အလွန် ချစ်ကျွမ်းဝင်လျက် အတူတကွ နေထိုင်ကာ ကျက်စားကြကုန်၏။

တောမြေခွေးမိုက် ကုန်းချောတိုက်

မုဆိုးတစ်ယောက်သည် တောသို့လာရာ ချစ်ကျွမ်းဝင်သော ခြင်္သေ့နှင့် နွားတို့ကို မြင်လျှင် မြို့သို့ ရောက်သောအခါ ထိုအကြောင်းကို မင်းကြီးအား လျှောက်ထားလေ၏။ ထိုအခါ ဉာဏ်ပညာ အမြော်အမြင်ရှိသော မင်းကြီးသည် မုဆိုးအား “သုံးယောက်မြောက် အဖော်သည် ဖြစ်လတ်သော် ဘေးဖြစ်လိမ့်မည်၊ သုံးယောက်မြောက် အဖော်ကိုမြင်လျှင် ငါ့ကို လျှောက်ထားလော့” ဟု မှာထားလေ၏။

တစ်နေ့သ၌ မြေခွေးတစ်ကောင်သည် ခြင်္သေ့နှင့် နွားဥသဘတို့ကို ခစားလျက် အဆွေခင်ပွန်းဖွဲ့၍ အတူတကွ ကျစ်စားလေ၏။ မကြာမီပင် ထိုမြေခွေးသည် “ငါကား ခြင်္သေ့သားကို လည်းကောင်း၊ ဥသဘသားကို လည်းကောင်း မစားဖူးလေ၊ သို့အတွက် ခြင်္သေ့နှင့် ဥသဘတို့ကို အချစ်ပျက်အောင် ကုန်းတိုက်ကာ အချင်းချင်း သတ်စေမည်” ဟု ကြံစည်၍ ခြင်္သေ့ထံကပ်ကာ ဥသဘသည် သင့်ကို ဤသို့ ပြော၏။ တစ်ဖန် ဥသဘထံကပ်ပြန်ကာ ခြင်္သေ့သည်သင့်ကို ဤသို့ ပြော၏” ဟု ခြင်္သေ့ ဥသဘတို့ အကြားတွင် ကုန်းတိုက်လေ၏။

ရန်သူထင်မှတ် မိတ်ဆွေသတ်

ခြင်္သေ့နှင့် ဥသဘတို့သည် မြေခွေးစကားကို ယုံကြည်၍ တစ်ဦးှနှင့်တစ်ဦး အချစ်ပျက်ပြီးလျှင် ခိုက်ရန်ဖြစ်လျက် အချင်းချင်းသတ်၍ သေခြင်းသို့ ရောက်ကုန်၏။ ထိုအခါ မြေခွေးသည် နှစ်သက်ရွှင်လန်းစွာ ခြင်္သေ့သားကို တစ်ကြိမ်း၊ ဥသဘသားကို တစ်ကြိမ် တစ်လှည့်စီ စားကာနေ၏။

မုဆိုးလည်း တောသို့ သွားပြန်ရာ ခြင်္သေ့ ဥသဘတို့ အကြားတွင် မြေခွေးကိုမြင်လျှင် မြို့သို့ပြန်၍ မင်းကြီးအား “မြတ်သော မင်းကြီး … ခြင်္သေ့နှင့် ဥသဘအပြင် သုံးယောက်မြောက် အဖော်ကိုမြင်ခဲ့ပါပြီ” ဟု လျှောက်ထားလေ၏။ မင်းကြီးသည် “အချင်းမဆိုး … အဘယ်တိရစ္ဆာန်နည်း” ဟု မေး၏။ “အရှင်မင်းကြီး … မြေခွေး ဖြစ်ပါသည်” ဟု လျှောက်၏။ “မုဆို … ခြင်္သေနှင့် ဥသဘတို့ကို မြေခွေးသည် အချစ်ပျက်အောင် ကုန်းတိုက်၍ သတ်စေလတ္တံ့၊ ယခုအခါ ခြင်္သေ့နှင့် ဥသဘတို့ သေသောအခါ သို့ ရောက်လောက်ပြီ၊ ငါတို့သွား၍ ကြည့်ရှုမည်” ဟု မိန့်ဆိုကာ ခဏချင်းပင် ရထားစီး၍ မုဆိုးကို လမ်းညွှန်စေလျက် ထိုအရပ်သို့ သွားလေ၏။

ခိုက်ရန်အမှု ဆုံးမပြု

မင်းကြီးသည် ခြင်္သေ့နှင့် ဥသဘတို့ သေ၍ ရွှင်လန်းနှစ်သက်စွာ တစ်ကြိမ်စီ စားနေသော မြေခွေးကိုမြင်လျှင် -

“အို - ရထားထိန်း … ဤခြင်္သေ့နှင့် နွားဥသဘတို့အား မိန်းမတို့၌ ဆက်ဆံခြင်းလည်း မရှိကုန်၊ အစာတို့၌ ဆက်ဆံခြင်းလည်း မရှိကုန်၊ ထိုသို့ဖြစ်လျက် အချစ်ကိုဖျက်စီးတတ်သော မြေခွေး၏ အလွန်အကြံကောင်းသည်ကို ရှုကြည့်လော့” –

ယုတ်မာသော မြေခွေးသည် ခြင်္သေ့နှင့် ဥသဘတို့ အကြားတွင် ကုန်းတိုက်လျက် ခြင်္သေ့သားကို လည်းကောင်း၊ နွားဥသဘသားကို လည်းကောင်း စားဘိ၏။ အလွန်ထက်သော သန်လျက်ကဲ့သို့ ကုန်းတိုက်ခြင်းကား အချစ်ကို ဖြတ်တတ်၏။ အချင်း ရထားထိန်း … ခြင်္သေ့နှင့် ဥသဘတို့၏ သေလျက်အိပ်ရခြင်းကို မြင်ပြီမဟုတ်လော၊ အချစ်ကို ဖျက်ဆီးတတ်သော ကုန်းတိုက်သူ၏စကားကို ယုံကြည်သော သူသည်လည်း ဤကဲ့သို့ သေလျက် အိပ်ရ၏၊ အချစ်ကို ဖျက်ဆီးတတ်သော ကုန်းတိုက်သူ၏ စကားကို မယုံကြည်သောသူသည် နတ်၏ စည်းစိမ်ချမ်းသာ ကဲ့သို့ စည်းစိမ်ချမ်းသာကို ရရှိ၏” –

ဟု ရထားထိန်းအား အကျိုးအကြောင်းပြ၍ ဆုံးမကာ ခြင်္သေ့၏ အစွယ်တို့ကို ယူခဲ့စေပြီးလျှင် မိမိနေရာ မြို့တော်သို့ ပြန်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကုန်းတိုက်စကား၊ သန်လျက်လား၊ မိတ်များပျက်တတ်သည်။

(၂) ကုန်းစကားယုံ၊ လူမိုက်နုံ၊ လုံးစုံပျက်စီးမည်။

(၃) ကုန်းကိုမယုံ၊ ဉာဏ်လောက်လုံ၊ ပြည့်စုံချမ်းသာမည်။

သန္ဓိဘေဒဇာတ် ပြီး၏။

***

၃၅၀-ဒေဝတာပဉှဇာတ်

[မဟာဥမင်္ဂဇာတ်နှင့် တူ၏]

(၃၅၁) မဏိကုဏ္ဍလဇာတ်

ပတ္တမြား နားတောင်းနှင့်တကွ ရွှေနန်းစည်းစိမ် ကုန်ဆုံးသော်လည်း စိုးရိမ်ပူဆွေးခြင်း မရှိသော ဗာရာဏသီမင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လော်လည်ဖောက်ပြား မင်းလျှောက်ထား

နတ်လူတို့ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီး၏ နန်းတော်တွင်း၌ ပြစ်မှားသော အမတ်ကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း [ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္ထုတို့ကို အောက်ပါ နိပါတ်တို့၌ ချဲ့ခဲ့ပြီ။ အထူးကိုသာ ရေးသားပေအံ့]

အတိတ်ဝတ္ထု

အမတ်နှင်ထုတ် မင်းရန်လုပ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုဗြဟ္မဒတ်မင်း၏ နန်းတော်၌ ပြစ်မှားသော အမတ်တစ်ယောက် ရှိသတတ်။ ထိုအမတ်ကို မင်းကြီးသည် တိုင်းပြည်မှ နှင်ထုတ်လေ၏။ ထိုအမတ်သည် ပြည်နီးချင်းဖြစ်သော ကောလမင်းကို ခစားကာ စစ်သည် ဗိုလ်ပါနှင့်တကွ ကောသလမင်းကို ဆောင်ယူလျက် ဗာရာဏသီပြည်သို့ရောက်လျှင် တစ်ပြည်လုံး သိမ်းယူစေ၍ ဗာရာဏသီ မင်းကြီးကိုလည်း နှောင်အိမ်၌ ထားစေ၏။

ကောသလမင်းမေး ပူပန်ရေး

ဗာရာဏသီမင်းကြီးသည် နှောင်အိမ်တွင်း၌ နေလျက်ပင် စျာန်ကို ဖြစ်စေ၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေကာနေ၏။ ထိုအခါ ကောသလမင်းကိုယ်၌ ပြင်းစွာ ပူလောင်ခြင်းသည် ဖြစ်လတ်သော် ဗာရာဏသီမင်းကြီးထံသို့ ချဉ်းကပ်၍ -

“မြတ်သောမင်းကြီး … သင် မင်းကြီးကား ယခုအခါ ရထား၊ မြင်း၊ ပတ္တမြား နားထောင်း၊ သား၊ မယားတို့ကို စွန့်ရဘိ၏၊ အကြွင်းအကျန်မရှိ စည်းစိမ်လုံးစုံတို့၌ ဆုံးရှုံးဘိ၏၊ အဘယ်ကြောင့် စိုးရိမ်ပူပန်သင့်သောအခါ ၌ မစိုးရိမ် မပူပန်ပါသနည်း” –

ဟု ဗာရာဏသီမင်းကြီးအား မေးမြန်းလေ၏။ ထိုစကားကို ကြားလျှင် ဗာရာဏသီမင်းကြီးသည် -

“ကောလသလမင်းကြီး … စည်းစိမ်တို့ကမူလည်း စည်းစိမ်ရှင် သတ္တဝါကို ရှေးဦးစွာ စွန့်ကုန်၏၊ စည်းစိမ်ရှင် သတ္တဝါကမူလည်း စည်းစိမ်တို့ကို ရှေးဦးစွာစွန့်၏၊ စည်းစိမ်နှင့် စည်းစိမ်ရှင်တို့သည် မမြဲသောကြောင့် ငါသည် စိုးရိမ်ပူပန်သင့်သောကာလ၌ မစိုးရိမ်မပူပန်ပါ” –

“ကောသလမင်းကြီး … ငါသည် လောကဓံတရားကို သိ၏၊ လမငးသည် ထွက်၍ လာ၏၊ ပြည့်၍ လာ၏၊ ဝင်၍ သွား၏၊ နေမင်းသည် အမိုက်မှောင်ကို ဖျက်ဆီးကာ ထွန်းပ၍ လာ၏၊ ဝင်၍ သွား၏၊ ဤအတူ စည်းစိမ်တို့သည် ဖြစ်တတ် ပျက်တတ်သောကြောင့် ငါသည် စိုးရိမ်ပူပန်သင့်သောကာလ၌ မစိုးရိမ်မပူပန်ပါ” ဟု ကောသလမင်းကြီးအား တရားဓမ္မ ပြောဟောဆုံးမပြီးလျှင် တစ်ဖန် မင်းကြီးကို ချီးမြှောက်လိုရကား -

“ကောသလမင်းကြီး … ကာမစည်းစိမ်ကို ခံစားသောသူသည် ပျင်းရိလျှင် မကောင်းပါ၊ ရသေ့ရဟန်းသည် မစောင့်စည်းလျှင် မကောင်းပါ၊ မင်းသည် မဆင်ခြင် မစူးစမ်းဘဲပြုလျှင် မကောင်းပါ၊ ပညာရှိသည် အမျက်ထွက်လျှင် မကောင်းပါ။

မင်းသည် ဆင်ခြင်စူးစမ်း၍ ပြုရမည်၊ မဆင်ခြင်မစူးစမ်းဘဲ မပြုရာ၊ ဆင်ခြင်စူးစမ်း၍ ပြုသော မင်းအား စည်းစိမ်ချမ်းသာ အခြံအရံ အကျော်အစောသည် တိုးပွား၍ လာ၏” –

ဟု ပြောဆိုပြန်၏။ ထိုအခါ ကောသလမင်းကြီးသည် ဗာရာဏသီမင်းကြီးကို ကန်တော့ တောင်းပန်၍ မင်းအဖြစ်ကို အပ်နှင်းပြီးလျှင် မိမိတိုင်းပြည်သို့ ပြန်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကောသလမင်းသည် - ယအခုအခါ အာနန္ဒာ။

ဗာရာဏသီမင်းသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဥစ္စာတို့ကား၊ အရှင်အား၊ စွန့်သွားရှေးဦးစွာ။

(၂) အရှင်သော်ငြား၊ ဥစ္စာအား၊ စွန့်သွားရှေးဦးစွာ။

(၃) ဥစ္စာ, အရှင်၊ နှစ်မျိုးပင်၊ ဖြစ်လျှင် ပျက်တတ်စွာ။

(၄) ပျက်မမြဲစု၊ ပူပန်မှု၊ မပြုပညာဝါ။

မဏိကုဏ္ဍလဇာတ် ပြီး၏။

***

(၃၅၂) သုဇာတဇာတ်

နွားသေကောင်ကို မြက်ကျွေးသောအားဖြင့် ဖခင်၏ စိုးရိမ်ပူဆွေး ငိုကြွေးခြင်းကို ကင်းဝေစေသော သုဇာတ သတို့သားအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အဘသေလွန် သောကမွှန်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သူကြွယ်တစ်ယောက်သည် အဘ သေလွန်လတ်သော် စိုးရိမ်သောကကို ပယ်ဖျောက်အံ့သောငှာ မတတ်နိုင်သဖြင့် ငိုကြွေးလျက် နေလေ၏။

မြတ်စွာဘုရားသည် ထိုသူကြွယ်၏ သောတာပတ္တိဖိုလ်ရခြင်း ဥပနိဿယကို မြင်တော်မူ၍ နောက်လိုက်ရဟန်းတစ်ပါးကို ခေါ်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ပြီးလျှင် သူကြွယ်အိမ်သို့ကြွ၍ ခင်းထားအပ်သော နေရာ၌ နေတော်မူ၏။ သူကြွယ်လည်း မြတ်စွာဘုရားထံ ချဉ်းကပ်၍ ရှိခိုးလျက်နေလျှင် “သီတင်းသည် ဒါယကာ … သင်သည် စိုးရိမ်ပူဆွေးသလော” ဟု မေး၏။ “အရှင်ဘုရား … စိုးရိမ်ပူဆွေးပါသည်” ဟု လျှောက်၏။ “ဒါယကာ … ရှေးပညာရှိတို့သည် ပညာရှိတို့စကားကို ကြားရ၍ အဘ သေလွန်သော်လည်း စိုးရိမ်ပူဆွေးခြင်း မရှိကြကုန်” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အဘသေရေး လွန်ပူဆွေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူကြွယ်မျိုး၌ ဖြစ်၍ အမည်အားဖြင့် သုဇာတဟု ခေါ်တွင်သတတ်။ ထိုသုဇာတ သတို့သားသည် အရွယ်သို့ ရောက်လတ်သော် အဘိုးသည် သေလွန်လေ၏။ * ဥပနိဿယ - အားကြီးသောအကြောင်း အထောက်အပံ့။

ထိုအခါ သုဇာတ၏အဘ သူကြွယ်သည် အဘ သေလွန်သည်ရှိသော် စိုးရိမ်သောက နှိပ်စက်လျက် သုသာန်သို့သွား၍ အရိုးတို့ကို ယူဆောင်ပြီးလျှင် မိမိဥယျာဉ်၌ မြေစေတီ တည်ထားကာ ထိုစေတီ၌ အရိးတို့ကို မြှုပ်နှံလေ၏။ ဥယျာဉ်သို့ ရောက်လာသောအခါ ထိုစေတီကို ပန်းတို့ဖြင့် ပူဇော်၍ ဆင်ခြင်စဉ် စားလျက် ငိုကြွေး၏။ ရေလည်းမချိုး၊ နံ့သာလည်း မလိမ်းကျံ၊ စားလည်း မစား၊ သောက်လည်း မသောက်၊ အမှုကိစ္စတို့ကို လည်း မစီရင်လ။

သူကြွယ်သိအောင် ဥပါယ်ဆောင်

သားဖြစ်သော သုဇာတသည် အဘကိုမြင်လျှင် “ငါ့ အဘကား ငါ့အဘိုး သေလွန်သော ကာလမှစ၍ သောကနှိပ်စက်ကာ နေဘိ၏၊ ငါမှတစ်ပါး အဘ၏သောကကို ငြိမ်းစေခြင်းငှာ စွမ်းနိုင်သူ မရှိ၊ ငါသည် ဥပါယ်တစ်ခုဖြင့် ငြိမ်းအောင်ပြုမည်” ဟု ကြံစည်လျက်နေခိုက် ရွာ၏အပ၌ နွားသေတစ်ကောင်ကိုမြင်လျှင် မြက်နှင့် ရေတို့ကို ယူဆောင်ကာ နွားသေ၏ရှေ့၌ ထား၍ “စားပါ၊ သောက်ပါ” ဟု ပြော ဆိုလျက်နေ၏။

လာတိုင်း၊ လာတိုင်းသော သူတို့သည် သုဇာတကိုမြင်ကြလျှင် “အချင်း သုဇာတ … သင်သည် နွားသေအား မြင်နှင့် ရေကို ပေးဘိ၏၊ သင် ရူးသလော”ဟု ဆိုကြကုန်၏။ သုဇာတသည် တစ်စုံတစ်ခုသော စကားကို ပြန်၍ မပြောလေ။ ထိုအခါ သုဇာတ၏ အဘထံသွားကြ၍ “သင့်သားသည် နွားသေအား မြက်နှင့်ရေကို ပေးဘိ၏၊ ရူးနေသည်” ဟု ပြောဆိုကြကုန်၏။ ထိုးစကားကြားလျှင် သူကြွယ်သည် အဘ၌ ဖြစ်သော စိုးရိမ်သောက ပြေပျောက်၍ သား၌ ဖြစ်သော စိုးရိမ်သောက တည်လေ၏။

သူကြွကေ မေး သတိပေး

သူကြွယ်သည် သားထံ အမြန်သွား၍ -

“ချစ်သား သုဇာတ … သင်ကား လျင်မြန်စွာ မြက်နှင့် ရေတို့ကို ယူဆောင်လျက် သေလွန်လေပြီးသော နွားအိုကို စားပါ၊ သောက်ပါ-ဟု အဘယ်ကြောင့် ပြောဆိုဘိသနည်း။

အစားကျွေးခြင်း ရေတိုက်ခြင်းတို့ဖြင့် နွားသေမှာ မထတော့ပေ၊ ပညာမရှိသောသူသည် ထိုစကားမျိုး ပြောဆိုဘိသကဲ့သို့ ထို့အတူ သင်သည်လည်း အချည်းနှီးသော စကားကို ပြောဆိုဘိ၏” –ဟု သား သုဇာတအား ပြောကြားလေ၏။ သား သုဇာတသည် အဘစကားကို ကြားလျှင် -

“ဖခင် … ဤနွားကား ဦးခေါင်းသည် ရှေးကကဲ့သို့ တည်ရှိသေး၏၊ လက်ခြေတို့လည်း ရှေးကကဲ့သို့ တည်ရှိကြကုန်သေး၏၊ အမြီးလည်း ရှေးကကဲ့သို့ တည်ရှိသေး၏၊ ထိုကြောင့် နွားသေသည် ထလာလိမ့်ဦးမည်”ဟု အကျွန်ုပ် အောက်မေ့မိ၏။

“ဖခင် … အဘိုး၏ ဦးခေါင်းသည် လည်းကောင်း၊ လက်ခြေတို့သည် လည်းကောင်း မထင်ကုန်၊ ထိုကြောင့် မြေစေတီ၌ ငို၍ နေသော သင်ဖခင်သာ ပညာမရှိသည် မဟုတ်ပါလော” –

ဟု ဖခင်အား ပြန်ကြား ပြောဆိုလေ၏။

သားပညာရှင် ကျေးဇူးတင်

ထိုအခါ အဘသူကြွယ်သည် ငါ့သားကား ပညာရှိပေ၏၊ ပစ္စုပ္ပန်လောက၊ တမလွန်လောက ကိစ္စကို သိပေ၏၊ ငါ့ကို သတိရစိမ့်သောငှာ ဤသို့သောအမှုကို ပြုဘိ၏ဟု ကြံစည်အောက်မေ့ပြီးလျှင် “အမောင် သုဇာတ … သင်ကား ပညာရှိပေ၏၊ ခပ်သိမ်းသော သင်္ခါရတို့ အမြဲမရှိသည်ကို ငါ သတိရပေပြီ၊ ယနေ့မှစ၍ ငါသည် မစိုးရိမ် မပူပန်တော့အံ့၊ အဘ၏ စိုးရိမ်သောကကို ပယ်ဖျောက်တတ်သော သားမည်သည်ကား သင်ကဲ့သို့ ဖြစ်ရာ၏” ဟု ပြောဆိုပြီးလျှင် -

“ချစ်သား သုဇာတ … ထောပတ်ဖြင့် သွန်းလောင်း အပ်သော မီးကို ရေဖြင့် သွန်းလောင်းသကဲ့သို့၊ သောကမီးဖြင့် ပြောင်ပြောင် တောက်နေသော ငါ့ကို သင်သုဇာတသည် ငြိမ်ပေစွတကား၊ အလုံးစုံသော သောကကို ငြိမ်းစေဘိ၏”။

“ချစ်သား သုဇာတ … သောက နှိပ်စက်နေသောငါ၏အဘ၌ စိုးရိမ်ခြင်းကို ပယ်ဖျောက်ပေ၏၊ ငါ၏ စိတ်နှလုံး၌ မှီ၍ နေသော သောက ဟူသော ငြောင့်ကို စင်စစ် နုတ်ပယ်အပ်ပေ၏”။

“ချစ်သား သုဇာတ … သင်၏စကားကို ကြားရ၍ ငါသည် သောကငြောင့်ကို နုတ်၍ ပြီးပေပြီ၊ စိုးရိမ်ခြင်း ကင်းပေပြီ၊ နောက်ကျူခြင်းကင်းပေပြီ၊ မစိုးရိမ်တော့ပါ၊ မငိုကြွေးတော့ပါ”။

“ချစ်သား သုဇာတသည် အဘကို စိုးရိမ်ခြင်းမှ ဆုတ်နစ်ပျောက်ကင်းစေသကဲ့သို့၊ ထို့အတူ သနားတတ်သော ပညာရှိတို့သည် လူတို့ကို စိုးရိမ်ခြင်းမှ ဆုတ်နစ် ပျောက်ကင်းစေကုန်၏”

ဤသို့လျှင် မြတ်စွဘုရားသည် ဒေသနာတော်ကိုတောင်၍ သစ္စာကို ပြတော်မူသည်၏အဆုံး၌ သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သုဇာတသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သောကတရား၊ နှိပ်စက်ငြား၊ နွမ်းပါးဆင်းရဲလေ။

(၂) သောကငြိမ်းရ၊ ဥပါယ်ပြ၊ ဆုံးမခေါင်ကဝေ။

(၃) ထောပတ်ဖြင့်မွေး၊ ရေဖြင့်အေး၊ မီးဘေးငြိမ်းသည့်နေ။

(၄) အဘသောက၊ သုဇာတ၊ သားလှငြိမ်းအေးစေ။

သုဇာတဇာတ် ပြီး၏။

***

(၃၅၃) - ဝေနသာခဇာတ်

အလက်အလက် ဝေဆာသော ပညောင်ပင်တွင် မင်းတစ်ထောင်ဆွဲ၍ သတ်သဖြင့် ဒုက္ခကြီးစွာ ခံစား၍ သေရေသော မင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဝန်တိုစိတ်ယုတ် မျက်စိထုတ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သံသုမာရဂိရိပြည်ကို အမှီပြု၍ ဘေသကဠာတော၌ သီတင်းသုံးတော်မူစဉ် သံသုမာရဂိရိမြို့၌ နေသော ဗောဓိမင်းသားကား ဥတေနမင်းကြီး၏ သားတော် ဖြစ်သတတ်။ ထိုမင်းသားသည် အလွန် တတ်မြောက်လိမ္မာသော လက်သမားကိုခေါ်စေ၍ မင်းတစ်ပါးတို့ ပြာသာဒ်နှင့် မတူအောင်ပြုကာ ကောကနဒ မည်ော ပြာသာဒ်တော်ကို ဆောက်လုပ်စေ၏။ ပြီးသောအခါ “ဤလက်သမားသည် မင်းတစ်ပါးတို့အား ဤကဲ့သို့သော ပြာသာဒ်တော်ကို ဆောက်လုပ်၍ ပေးလိမ့်ဦးမည်”ဟု ဝန်တိုသည်ဖြစ်၍ ထိုလက်သမား၏ မျက်စိတို့ကို ထုတ်စေ၏။ ထိုအကြောင်းသည် သံဃာ့ဘောင်၌ ထင်ရှားလေ၏။

ရဟန်းတို့သည် တရားသဘင်၌ ဗောဓိမင်းသားသည် လက်သမား၏မျက်စိကို ထုတ်စေသတ်၊ ရုန့်ရင်းကြမ်းကြုတ်သည်ဖြစ်၍ နိုင်ထက်ကလူ ပြုမူတတ်စွတကားဟု စကားစပ်မိ၍ ပြောဆိုနေကြရာ ပြုမူတတ်စွတကားဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ … ဤဗောဓိမင်းသားကား ယခုအခါ၌ သာ ရုန့်ရင်းကြမ်းကြုတ်သည်၊ နိုင်ထက်ကလူပြုမူတတ်သည် မဟုတ်၊ ရှေးအခါ၌ လည်း မင်းတစ်ထောင်တို့ မျက်စိတို့ကို ထုတ်ယူစေပြီးလျှင် သတ်၍ အသားတို့ဖြင့် နတ်ပူဇော်စေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပညာသင်သွား မင်း၏သား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခဆရာ ဖြစ်လေ၏။ ဇမ္ဗူဒိပ်ကျွန်း၌ မင်းသားလုလင်နှင့် ပုဏ္ဏားလုလင်တို့သည် ထိုဆရာအထံ၌ အတတ်ပညာ သင်ကြားကြကုန်၏။ ဗာရာဧသီမင်း၏ သားတော် ဗြဟ္မဒတ်မင်းသားလည်း ထိုဆရာအထံ၌ ပင် ဗေဒင်သုံးပုံကို သင်ကြားလေ၏။ ထိုမင်းသားကား ပကတိအားဖြင့် ရုန့်ရင်းကြမ်းကြုတ်၏၊ နိုင်ထက်ကလူ ပြုမူတတ်၏။

တပည့်မင်းသွေး ဆုံးမပေး

ဆရာသည် အင်္ဂဝိဇ္ဇာ အတတ်ဖြင့် ထိုမင်းသား၏ အကြောင်းကိုသိ၍ “အမောင် … သင်သည် ရုန့်ရင်းကြမ်းကြုတ်၏၊ နိုင်ထက်ကလူ ပြုမူတတ်၏၊ ကြမ်းကြုတ်သဖြင့် ရရှိသော စည်းစိမ်သည် တာရှည်စွာ မတည်နိုင် အစိုးရခြင်းလည်း ပျက်စီးတတ်၏၊ ကြမ်းကြုတ်သောသူသည် သမုဒ္ဒရာ အလယ်၌ လှေပျက်သောသူကဲ့သို့ ထောက်တည်ရာမရ ဖြစ်တတ်၏။ ထိုကြောင့် ဤသို့ ရုန့်ရင်းကြမ်းကြုတ်ခြင်းကို မပြုလင့်” ဟု ဆုံးမလိုသည် ဖြစ်၍ -

“ဗြဟ္မဒတ်မင်းသား … ခန္ဓာကိုယ်၌ ဘေးကင်းခြင်း၊ ဝပြောခြင်း၊ ချမ်းသာခြင်း၊ ဤအလုံးစုံကား အမြဲမရှိ ဖြစ်ရာ၏၊ အစိုးရခြင်း ကင်းလတ်သော် သမုဒ္ဒရာလယ်တွင် လှေပျက်သောကဲ့သို့ တွေတွေဝေဝေ မဖြစ်စေလင့်။

မည်သူမဆို မိမိတို့ ပြုလုပ်ခဲ့သော ကောင်းမှု၊ မကောင်းမှုတို့၏ အကျိုးကို ခံစားရသည်ရှိသော် မိမိတို့ကို ယ်တိုင် ထိုကောင်းမှု၊ မကောင်းမှုတို့ အကျိုးကို မြင်ရ၏၊ ကောင်းမှုကို ပြုလေ့ရှိသူသည် ကောင်းခြင်းကို မြင်ရ၏၊ မကောင်းမှုကို ပြုလေ့ရှိသူသည် မကောင်းခြင်းကို မြင်ရ၏၊ မိမိတို့စိုက်ပျိုးအပ်သော မျိုးစေ့နှင့် တူမျှသော အသီးကို ရရှိသကဲ့သို့ ဖြစ်၏”

ဟု အကျိုးအကြောင်းပြကာ ပြောဆို ဆုံးမလေ၏။

ပုဏ္ဏားဆွေးနွေး မင်းကြံပေး

ထို ဗြဟ္မဒတ်မင်းသားလည်း ဆရာကို ရှိခိုးခွင့်ပန်ပြီးလျှင် ဗာရာဏသီပြည်သို့ ပြန်ခဲ့၍ အိမ်ရှေ့မင်း အဖြစ်ကိုရပြီးလျှင် အဘမင်းကြီး သေလွန်သောအခါ မင်းအဖြစ်ကို ရလေ၏။ ထိုမင်းအား ပိင်္ဂလ မည်သော ပုရောဟိတ်ပုဏ္ဏားလည်း ရှိ၏။ ထိုပုရောဟိတ်လည်း ရုန့်ရင်းကြမ်းကြုတ်၏။ နိုင်ထက်ကလူ ပြုမူတတ်၏။

တစ်နေ့သ၌ ထိုပုရောဟိတ်ပုဏ္ဏားသည် စည်းစိမ်၌ တပ်မက်လှသဖြင့် “ငါသည် ဇမ္ဗူဒိတ်ကျွန်း အလုံးစုံ၌ ရှိသော မင်းတို့ကို ဖမ်းယူစေရမူ ကောင်း၏၊ မင်းကြီးလည်း ဧကရာဇ်မင်း ဖြစ်လတ္တံ့၊ ငါလည်း မြတ်သော ပုရောဟိတ် ဖြစ်လတ္တံ့” ဟု ကြံစည်၍ မင်းကြီးကို မိမိ အကြံအတိုင်း လိုက်နာစေ၏။

ပုဏ္ဏားနည်းပေး စစ်နိုင်ရေး

ဗာရာဏသီမင်းကြီးသည် ပုရောဟိတ်ပုဏ္ဏား အကြံပေးသည့်အတိုင်း စစ်သည်ဗိုလ်ပါနှင့်တကွ မြို့တော်မှထွက်၍ အခြား မင်းတစ်ပါးကို ဖမ်းယူ၏။ ထိုမင်း၏ ဗိုလ်ပါနှင့် ပေါင်းပြန်၍ အခြားမင်းကို ဖမ်းယူပြန်၏။ ဤသို့သောနည်းဖြင့် အလုံးစုံသော မင်းတို့ကို ဖမ်းယူပြီးလျှင် မင်းတစ်ထောင် ခြံရံကာ တက္ကသိုလ်မင်းကို ဖမ်းယူရန် တက္ကသိုလ်ပြည်သို့ သွားပြန်၏၏။ ဒိသာပါမောက္ခဆရာကြီးသည် သူတစ်ပါးတို့ မဖျက်ဆီးနိုင်အောင် မြို့ကို ပြုပြင်၍ ထားလင့်၏။

ဗာရာဏသီမင်းကြီးသည် ဂင်္ဂါမြစ်နားဝယ် ပညောင်ပင်ကြီးရင်း၌ တင်းတိမ်ကာရံ၍ အထက်က ဗိတာန်ကြက်ကာ အိပ်ရာတွင်နေ၏။ မင်းတစ်ထောင်ခြံရံကာ တက္ကသိုလ်ပြည်ကို စစ်ထိုးကြငြားသော်လည်း မအောင်မြင်သည်ဖြစ်၍ ပုရောဟိတ်ပုဏ္ဏားကို “ဆရာ … ငါတို့သည် မင်း တစ်ထောင် ခြံရံ၍ စစ်ထိုးကြသော်လည်း တက္ကသိုလ်ပြည်ကို မအောင်မြင်၊ ယခု အဘယ်သို့ ပြုအံ့နည်း”ဟု မေး၏။ “မြတ်သောမင်းကြီး … မင်းတစ်ထောင်တို့ မျက်စိကို ထုတ်ကာသတ်၍ ဝမ်းကိုခွဲပြီးလျှင် ကောင်းမြတ်သော အသားကိုယူ၍ ညောင်စောင့်နတ်အား ပူဇော်လျက် အအူတို့ဖြင့် ပညောင်ပင်ကိုရစ်၍ သွေးတို့ဖြင့် လက်ငါးချောင်းရာပေးသည်ရှိသော် အောင်မြင်လတ္တံ့”ဟု လျှောက်ထားလေ၏။

ကြမ်းကြုတ်စွာကျင့် ဒုက္ခသင့်

မင်းကြီးလည်း ကောင်းပြီဟု ဝန်ခံပြီးလျှင် ပုရောဟိတ်ပုဏ္ဏား စေခိုင်းတိုင်းပြု၍ စည်းကိုတီးလျက် စစ်ထိုးရန် သွားပြန်၏။ ထိုအခါ ဘီလူးတစ်ယောက် လာ၍ ဗာရာဏသီမင်း၏ လက်ယာမျက်စိကို ထုတ်၍ သွား၏။ ဗာရာဏသီမင်းသည် သည်းထန်သောဝေဒနာ ရလတ်သော် ပြန်လည်၍ လာကာ မိမိနေရာ ပညောင်ပင်ကြီးရင်းဝယ် အိပ်လေ၏။ ထိုအခါ လင်းတတစ်ကောင်သည် ပညောင်ပင် ခွကြား၌ နား၍ အသားကို စားပြီးလျှင် အခွန်ထက်လှစွာသော အရိုးတစ်ခုကို ပစ်ချရာ မင်းကြီး လက်ဝဲမျက်စိ၌ ကျ၍ သံတံကျင်လျှိုသကဲ့သို့ ဖြစ်ကာ မျက်စိပေါက်ပြန်၏။

ဆရာဆုံးမ နောင်တရ

ထိုအခါ မင်းကြီးသည် တက္ကသိုလ်ဆရာ၏ စကားကို သတိရလေ၏။ “မျိုးစေ့အားလျော်စွာ အသီးကို ရသကဲ့သို့ ကံအားလျော်စွာ ခံစားရ၏ဟု ဆိုသော ငါ့ဆရာစကား ယခုပင် ကြားယောင်တကား” ဟု ဆို၍ -

“ဗြဟ္မဒတ်မင်းသား … သင်ပြုအပ်ော မကောင်းမှုသည် နောက်အခါ ပူပန်စေရာ၏၊ ထို့ကြောင့် မကောင်းမှုကို မပြုလင့် ဟူသော ဤစကားမှာ ဆရာ၏စကား ဖြစ်၏၊ ထိုစကားကို ရှေးအခါက ငါ့ဆရာသည် ငါ့ကို ပြောဆိုခဲ့ဖူးပြီ၊ ငါသည် ပြန့်ကျယ်သော အခက်ရှိသော ဤပညောင်ပင်၌ သာလျှင် စန္ဒကူးနှစ်တို့ဖြင့် လိမ်းကျံအပ်သော မင်းပေါင်းတစ်ထောင်တို့ကို သတ်ခဲ့ပြီ၊ ထိုပညောင်ပင်၌ သာလျှင် ငါပြုလုပ်အပ်သော ဆင်းရဲသည် ငါ့ထံသို့ တစ်ဖန်ပြန်၍ လာပြန်ပြီ” –

ဟု ပြောဆိုကာ အဖန်ဖန် ငိုကြွေးမည်တမ်းလေ၏။ နောက်တစ်ဖန် မိမိ မိဖုရားကြီးကို အောက်မေ့ပြန်၍ -

“ငါ၏မိဖုရားကြီးကား ဝါဝင်းသော အဆင်းရှိ၏၊ ကိုယ်ကို စန္ဒကူး လိမ်းကျံအပ်၏၊ အထက်သို့ တက်၍ ဖြည်းငြင်းစွာ တိုက်ခတ်သော လေဖြင့် တုန်လှုပ်သော ဒန့်သလွန်ပင်၏ အခက်ကဲ့သို့ တင့်တယ်လှ၏၊ ထို မိဖုရားကြီးကို မမြင်ရဘဲ သေရတော့အံ့၊ ငါအား မိဖုရားကြီးကို မမြင်ရခြင်းသည် ဤသေရခြင်းထက် အလွန်ဆင်းရဲလှ၏” –

ဟု ငိုကြွေးမြည်တမ်းစဉ် လျှင် သေလွန်၍ ငရဲ၌ ဖြစ်လေ၏။ အစိုးရခြင်း၌ တပ်မက်မောသော ပုရောဟိတ်ပုဏ္ဏားလည်း မင်းကြီးကို ကာကွယ်ရန် မတတ်နိုင်လေ။ မင်းကြီးသေလွန်လျှင် စစ်သည် ဗိုလ်ပါ အပေါင်းသည် ပြိုကွဲကာ ပြေးလွှားကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းကြီးသည် - ယခုအခါ ဗောဓိမင်းသား။

ပိင်္ဂလ ပုရောဟိတ်သည် - ဒေဝဒတ်။

ဒိသာပါမောက္ခဆရာကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) နိုင်ထက်မူခြင်း၊ ကြမ်းကြုတ်ခြင်း၊ အလျဉ်းမပြုရာ။

(၂) မျိုးစေ့နှင့်တူ၊ အသီးမူ၊ စိုက်သူရမြဲသာ။

(၃) အကုပြုမျိုး၊ မကောင်းကျိုး၊ ကောင်းကျိုးကုပြုရာ။

(၄) ကောင်း,မကောင်းပင်၊ ခံစားစဉ် ၊ တွေ့မြင်ပြုသူမှာ။

ဝေနသာခဇာတ် ပြီး၏။

***

(၃၅၄) - ဥရဂဇာတ်

မြွေကိုက် သေလွန်သော သားအလောင်းကို စိုးရိမ်ပူဆွေး ငိုကြွေးခြင်း မရှိမူ၍ မရဏဿတိကိုပင် ပွားများနိုင်သော ပုဏ္ဏားနှင့် အိမ်သူအိမ်သား ၆ ဦးတို့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သားသေသောက ပူဆွေးလှ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သူကြွယ် တစ်ယောက်သည် သားသေလွန်သဖြင့် စိုးရိမ်သောက နှိပ်စက်၍ နေလေ၏။ [မယားသေသောဝတ္ထု၊ အဘသေသောဝတ္ထုများနှင့် တူပြီ။ ]

ထိုအခါ မြတ်စွာဘုရားသည် နောက်ပါ ရဟန်းတစ်ပါးနှင့် ထိုသူကြွယ်အိမ်သို့ ကြွတော်မူ၍ သူကြွယ်အား - “ဒါယကာ … ပြိုကွဲတတ်သော သဘောရှိသော ဝတ္ထုသည် ပြိုကွဲတတ်သည်သာတည်း၊ ပျက်စီးတတ်သော ဘောရှိသော ဝတ္ထုသည် ပျက်စီးတတ်သည်သားတည်း၊ ထိုပြိုကွဲပျက်စီးခြင်းသည်လည်း တစ်အိမ်၌ သာ မဟုတ်၊ စကြဝဋာအနန္တ၌ ရီသော သုံးဆယ့်တစ်ဘုံလုံး၌ ပြိုကွဲပျက်စီးကြကုန်၏၊ ရှေးပညာရှိတို့သည် သားသေသော်လည်း သေတတ်သော သဘောရှိသော ဝတ္ထုသည် သေမြဲဖြစ်၏၊ ပျက်စီးတတ်သော ဝတ္ထုသည် ပျက်စီးမြဲဖြစ်၏ဟု နှလုံးသွင်း၍ မစိုးရိမ်ကြကုန်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ခြောက်ယောက်အိမ်သူ အကျင့်တူ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဗာရာဏသီပြည် တံခါးရွာဝယ် ပုဏ္ဏးမျိုး၌ ဖြစ်၍ လယ်လုပ်သောအမှုဖြင့် အသက်မွေးလေ၏။ ထိုပုဏ္ဏားအား သားတစ်ယောက် သမီးတစ်ယောက်အားဖြင့် နှစ်ယောက် ဖြစ်ကုန်၏။ အရွယ်သို့ရောက်သော သားအား အမျိုးတူရာမှ သတို့သမီးကို ဆောင်၍ ပေးသဖြင့် ချွေးမတစ်ယောက် ဖြစ်ပြန်၏။ ဤသို့လျှင် တစ်အိမ်တည်း၌ ပုဏ္ဏားကြီး၊ ပုဏ္ဏေးမ၊ သား၊ သမီး၊ ချွေးမ၊ ကျွန်မ ဟူ၍ ခြောက်ယောက်တို့သည် အတူတကွ နေထိုင်ကြကုန်၏။

ပုဏ္ဏားကြီးသည် အိမ်သူ အိမ်သားတို့အား “သင်တို့သည် အလှူကို လှူကြကုန်၊ သီလကို စောင့်ကြကုန်၊ ဥပုသ်ကို ဆောက်တည်ကြကုန်၊ သေခြင်းတရားကို အောက်မေ့ကာ မရဏဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းကြကုန်” ဟု အမြဲဆုံးမလေ့ရှိ၏။ ခပ်သိမ်းသော သတ္တဝါတို့သည် မမြဲကုန် သေကြရကုန်လတ္တံ့၊ ခပ်သိမ်းသော သင်္ခါရတို့သည် မမြဲကုန် ပျက်တတ် ကုန်ဆုံးတတ်ကုန်၏၊ မမေ့မလျော့ သတိရှိကြကုန်လောဟု ဆုံးမလေ့ရှိ၏။ အိမ်သူအိမ်သားတို့သည် ဆုံးမတိုင်းလည်း လိုက်နာကြကုန်၏။

သားကိုမြွေခဲ မစိုးရိမ်ဘဲ

တစ်နေ့သ၌ ပုဏ္ဏားသည် သားနှင့်တကွ လယ်တောသို့သွားကာ လယ်ထွန်လေ၏။ သားလုလင်သည် အမှိုက်ကို စုံပုံကာ မီးတိုက်လေ၏။ ထိုအခါ အနီးရှိ တောင်ပို့၌ နေသော မြွေသည် မိုးခိုးဖြင့် မျက်စိကိုခတ်မိ၍ အလွန် အမျက်ထွက်ရကား တောင်ပို့မှထွက်ကာ သားလုလင်ကို ကိုက်လေ၏။ အလွန် အဆိပ်ပြင်းထန်လှသဖြင့် လုလင်သည် ပြန်၍ လဲလေ၏။ အဘပုဏ္ဏားကြီး မြင်၍ လာရာ အသက်မမီတော့ချေ။ ထိုခဏ၌ သားအလောင်းကို ချီမကာ သစ်ပင်ရင်းတစ်ခုဝယ် အသာထား၏။ ငိုကြွေးမြည်တမ်းခြင်း မရှိ၊ မျက်ရည်မျှပင် မယို၊ ထွန်မြဲတိုင်း ထွန်လေ၏။

အိမ်နီးယောကျ်ား မယားမှာကြား

ထိုအခါ လယ်အနီးဖြင့် သွားသော အိမ်နီးချင်း ယောကျ်ား တစ်ယောက်ကိုမြင်လျှင် “အမောင် … ငါတို့ အိမ်သို့ ရောက်အောင်သွားပါ၊ ပုဏ္ဏေးမကို ပြောပါ၊ ယနေ့ ခါတိုင်းကဲ့သို့ နှစ်ယောက်စာထမင်းကို မယူခဲ့တော့ဘဲ တစ်ယောက်စာသာ ယူခဲ့ပါ၊ ကျွန်မ တစ်ယောက်တည်းသာ မလွှတ်ဘဲ တစ်အိမ်လုံး လာခဲ့ကြပါ၊ အဝတ်သစ်တို့ကို ဝတ်ဆင်ကာ ပန်းနံ့သာတို့ကို လည်း ယူဆောင်ခဲ့ကြပါ” ဟု မှာကြားလိုက်၏။ အိမ်နီးချင်း ယောကျ်ားလည်း ကောင်းပြီဟု ဝန်ခံ၍ တစ်စုံတစ်ရာကို မမေးမြန်းတော့ဘဲ အိမ်ပြန်ရင်း ပုဏ္ဏားအိမ်သို့သွား၍ ပုဏ္ဏားကြီး မှာလိုက်သောအတိုင်း ပုဏ္ဏေးမအား ပြောကြားလေ၏။

သားသင်္ဂြိုဟ်ပြု ကမ္မဋ္ဌာန်းရှု

ထိုအခါ ပုဏ္ဏေးမသည် “အမောင် … ဘယ်သူမှာလိုက်သနည်း” ဟု မေး၏။ “အရှင်မ … ပုဏ္ဏားကြီး မှာလိုက်ပါ၏” ဟု ပြောဆိုလျှင် ဧကန် ငါ့သားသေခဲ့ပြီဟု သိလေ၏။ စိုးရိမ်ပူဆွေးခြင်း မရှိ၊ စိတ်မျှပင် မတုန်းလှုပ်လေ။ အိမ်သူအိမ်သားတို့ကို သာ ပုဏ္ဏားကြီး မှာလိုက်သောအတိုင်း အပြည့်အစုံ စီမံစေပြီးလျှင် လယ်တောသို့ သွားကြကုန်၏။ ရောက်လျှင် သားသေမှန်း သိသော်လည်း စိုးရိမ်ခြင်းမရှိ၊ အိမ်သားအားလုံးပင် စိုးရိမ်ခြင်းမရှိ၊ မရဏဿတိကမ္မဋ္ဌာန်းကိုသာ စီးဖြန်း၍ နေကြကုန်။

ပုဏ္ဏားလည်း သားအလောင်းထားသော သစ်ပင်ရိပ်မှာပင် ထမင်းစားလေ၏။ ပြီးလျှင် အိမ်သားအားလုံးကိုပင် ထင်းတို့ကို စုရုံးစေ၍ ထင်းပုံထက်သို့ အလောင်းကိုတင်လျက် ပန်းနံ့သာတို့ဖြင့် ပူဇော်ကာ မီးသင်္ဂြိုဟ်ကြကုန်၏။ တစ်ယောက်သောသူမျှလည်း မျက်ရည်ယိုစီးခြင်း မရှိ၊ မရဏဿတိကမ္မဋ္ဌာန်းကိုသာ ပွားများကြကုန်၏။

သိကြားရောက်လာ မေးမြန်းကာ

ထိုသူတို့ သီလတန်းခိုးကြောင့် သိကြားမင်း နေရာသည် ပူလောင်သော အခြင်းအရာကို ပြလေ၏။ ထိုအခါ သိကြားမင်းသည် ဆင်ခြင်ကြည့်ရှုလတ်သော် ပုဏ္ဏားအိမ်သားတစ်စုတို့ကို မြင်လျှင် ငါသည် ထိုသူတို့ထံသွား၍ မေးမြန်းပြောဆိုစေပြီးလျှင် အိမ်၌ ရတနာခုနစ်ပါးဖြင့် ပြည့်စေမည်ဟု ကြံစည်၍ အမြန်သွားကာ မီးသင်္ဂြိုဟ် ရာအနီး၌ ရပ်လျက် “အမောင်တို့ … ဘယ်အမှုကို ပြုကြသနည်း” ဟု မေး၏။ “လူတစ်ယောက်ကို မီးသင်္ဂြိုဟ်ပါသည်” ဟု ပြောသောအခါ “သင်တို့သည် လူကို မီးသင်္ဂြိုဟ်သည် မဟုတ်၊ သမင်ကို သတ်၍ ဖုတ်ကြယောင်တကား” ဟု မေးပြန်၏။ “မဟုတ်ပါ၊ လူကိုသာ မီးသင်္ဂြိုဟ်ကြပါသည်” ဟု ပြောပြန်၏။ “သင်တို့ရန်သူလား” ဟု မေး၏။ “မဟုတ်ပါ၊ ရင်၌ ဖြစ်သော သားအရင်း ဖြစ်ပါသည်” ဟု ပြော၏။ “မချစ်သောသား ဖြစ်သလော” ဟု မေး၏။ “အလွန်ချစ်သောသား ဖြစ်ပါသည်” ဟု ပြော၏။ “အလွန်ချစ်သောသား ဖြစ်လျက် အဘယ့်ကြောင့် မငိုကြွေးကြသနည်း” ဟု မေးလေ၏။ ထိုအခါ ပုဏ္ဏားကြီးသည် -

“အရှင် … မြွေသည် အရေဟောင်းကို စွန့်၍ သွားသကဲ့သို့၊ ငါ့သားကား ကိုယ်ကိုစွန့်၍ သွားပါ၏၊ ဤသို့ တမလွန်ဘဝသို့ သွားသည်ရှိသော် မီးသင်္ဂြိုဟ် အပ်သော သားသည် ဆွေးမျိုးတို့ ငိုကြွေးခြင်းကို မသိပါ၊ သားကား မိမိသွားရာ ဂတိသို့ သွားပေ၏၊ ထိုကြောင့် ငါသည် သားအတွက် မစိုးရိမ်ပါ၊ မငိုကြွေးပါ” - ဟု သိကြားအား မငိုကြွေးခြင်း မစိုးရိမ်ခြင်း၏ အကြောင်းကို ပြောပြလေ၏။

မိခင်မငိုကြွေး သိကြားမေး

ထိုအခါ သိကြားမင်းသည် ပုဏ္ဏားကြီး စကားကို ကြားလျှင် ပုဏ္ဏေးမအား - “မိခင် … သေသောသူနှင့် အဘယ်သို့ တော်သနည်း” ဟု မေး၏။ “အရှင် … ဆယ်လလွယ်၍ မွေးရသော သားအရင်းပါ” ဟု ပြော၏။ “မိခင် … အဘမူကား ယောကျ်ားဖြစ်၍ စိတ်နှလုံး ခိုင်သောကြောင့် မငိုကြွေးသည်ကား ရှိစေတော့၊ အမိမည်သည် စိတ်နှလုံး နူးညံ့လှသည်၊ အဘယ်ကြောင့် မငိုကြွေးသနည်း” ဟု မေးပြန်၏။ ထိုအခါ မိခင် ပုဏ္ဏေးမသည် -

“အရှင် … ငါ၏သားကား မခေါ်ယူရဘဲ ဘဝတစ်ပါးမှ အိမ်သို့ ရောက်လာ၏၊ ခွင့်မပြုဘဲ ဤအိမ်မှ ဘဝတစ်ပါးသို့ ပြောင်းသွားပြန်၏၊ အလိုအလျောက်လာ၍ အလိုအလျောက် ပြန်သွားရာ၌ ငိုကြွေးခြင်းမှာ အဘယ် အကျိုးရှိမည်နည်း၊ မီးသင်္ဂြိုဟ်အပ်သော သားသည် ဆွေမျိုးတို့ ငိုကြွေးခြင်းကို မသိပါ၊ မိမိ သွားရာ ဂတိသို့သာ သွားပေ၏၊ ထို့ကြောင့် သားအတွက် မစိုးရိမ်ပါ၊ မငိုကြွေးပါ” –

ဟု သိကြားမင်းအား မငိုကြွေးခြင်း အကြောင်းကို ပြောပြပြန်၏။

နှမ မငိုကြွေး သိကြားမေး

ထိုအခါ သိကြားမင်းသည် သေသူ၏နှမကို “မိခင် … သင်ကား သေသူနှင့် အဘယ်သို့ တော်စပ်သနည်း” ဟု မေး၏။ “အရှင် အကျွန်ုပ်၏ မောင်အရင်း ဖြစ်ပါ၏” ဟု ပြော၏။ “နှမမည်သည် မောင်ကို တစ်ချတ်၏၊ အဘယ်ကြောင့် မငိုကြွေးသနည်း” ဟု မေးပြန်၏၊ ထိုအခါ နှမသည် -

“အရှင် … အကျွန်ုပ် အကယ်ငို ငိုကြွေးပါမူ ပိန်ချုံးကြုံလှီရာ၏၊ အဘယ် အကျိုးရှိမည်နည်း၊ ဆွေမျိုးဉာတိ အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့အား အလွန်မွေ့လျော်ခြင်း ဖြစ်ကြပေရာ၏၊ မီးသင်္ဂြိုဟ်အပ်သော မောင်ကား ဆွေမျိုးတို့ငိုကြွေးခြင်းကို မသိပါ၊ မိမိသွားရာ လားရာ ဂတိကိုသာ သွားပေ၏၊ ထိုကြောင့် မောင်အတွက် မစိုးရိမ်ပါ၊ မငိုကြွေးပါ” –

ဟု သိကြားမင်းအား ပြောပြလေ၏။

လင်သေပူရေး မယားမေး

ထိုအခါ သိကြားမင်းသည် သေသူ၏မယားကို “မိခင် … သေသူသည် သင်နှင့် အဘယ်သို့ တော်သနည်း” ဟု မေးပြန်၏။ “အရှင် … လင်ယောကျ်ား ဖြစ်ပါ၏” ဟု ပြော၏။ “မိခင် … မိန်းမတို့မှာ လင်ယောကျ်ား သေလတ်သော် ကိုးကွယ်ရာမရှိကုန်၊ မုဆိုးမ ဖြစ်ကုန်၏၊ အဘယ်ကြောင့် မငိုကြွေးသနည်း” ဟု မေးပြန်၏။ ထိုအခါ အယားသည် -

“အရှင် .. သေသူကို စိုးရိမ် ငိုကြွေးနေသောသူသည် ကောင်းကင်၌ သွားနေသော လမင်းကိုမြင်၍ ပေးပါ၊ ပေးပါဟု တောင်းရမ်းကာ ငိုကြွေးနေသော သူငယ်ကဲ့သို့ ဖြစ်ပေ၏။ မီးသင်္ဂြိုဟ်အပ်သော လင်ယောကျ်ားသည် ဆွေမျိုးတို့ ငိုကြွေးခြင်းကို မသိပါ၊ မိမိ သွားရာ လားရာ ဂတိကိုသာ သွားပေ၏၊ ထိုကြောင့် လင်ယောကျ်ားအတွက် မစိုးရိမ်ပါ၊ မငိုကြွေးပါ” –

ဟု သိကြားမင်းအား ပြောကြားပြန်၏။

ကျွန်မ ငိုကြွေး သိကြားမေး

ထိုအခါ သိကြားမင်းသည် ကျွန်မကို “မိခင် … သေသူသည် သင်နှင့် အဘယ်သို့တော်သနည်း” ဟု မေးပြန်၏။ “အရှင် … အရှင်သခင် ဖြစ်ပါ၏” ဟု ပြော၏။ “မိခင် … သေသူသည် သင့်အား ရိုက်နှက်ပုတ်ခတ်သူ ဖြစ်လိမ့်မည်” ဟု မေး၏။ “အရှင် … ဤလို မပြောပါလင့်၊ အရှင်စကားသည် သေသူအား မလျောက်ပတ်ပါ၊ အကျွန်ုပ် အရှင်သည် ခန္တီ၊ မေတ္တာ၊ ကရုဏာနှင့် ပြည့်စုံပါ၏၊ ရင်မှ မွေးသော သားသမီးကဲ့သို့ အောက်မေ့ပါ” ဟု ပြော၏။ “မိခင် … ဤလိုဖြစ်ပါလျက် အဘယ်ကြောင့် မငိုကြွေးသနည်း” ဟု မေးပြန်၏။ ထိုအခါ ကျွန်မသည် -

“အရှင် … သေလွန်ပြီးသောသူကို စိုးရိမ်ငိုကြွေး နေခြင်းသည် ကွဲလေပြီးသော အိုးသည် တစ်ဖန်ပြန်၍ မစေ့စပ်သကဲ့သို့ ဖြစ်ပါ၏၊ မီးသင်္ဂြိုဟ်အပ်သော အရှင်သည် ဆွေမျိုးတို့ ငိုကြွေးခြင်းကို မသိပါ၊ မိမိသွားရာ လားရာဂတိကိုသာ သွား၏၊ ထိုကြောင့် အရှင်အတွက် မစိုးရိမ်ပါ၊ မငိုကြွေးပါ” –

ဟု သိကြားမင်းအား ပြောကြးာပြန်၏။

ဘာဝနာပွားရေး စည်းစိမ်ပေး

ထိုအခါ သိကြားမင်းသည် အလုံးစုံသောသူတို့ တရားစကားကို ကြားရ၍ ကြည်ညိုသောကြောင့် “အမောင်တို့ …. သင်တို့သည် မမေ့မလျော့ မရဏဿတိကမ္မဋ္ဌာန်း စီးဖြန်းကြကုန်လော့၊ ဤနေ့မှစ၍ မိမိတို့ လက်အမှုကို မပြုကြကုန်လင့်၊ ငါ့သည် သင်တို့အိမ်၌ မရေတွက်နိုင်သော ရတနာ ခုနစ်ပါးတို့ ပြည့်စုံအောင် ပြုလုပ်ပေးမည်၊ အလှူကို ပေးကြကုန်၊ သီလကို စောင့်ကြကုန်၊ ဥပုသ်ကို ဆောက်တည်ကြကုန်” ဟု အဆုံးအမပေး၍ အိမ်ကို မရေတွက်နိုင်သော ရတနာခုနစ်ပါးတို့ဖြင့် ပြည့်စေပြီးလျှင် မိမိနေရာ တာဝတိံသာ နတ်ရွာသို့ ပြန်လေ၏။

မြန်စွာဘုရားသည် ဤဒေသနာတော်ကို ဆောင်တော်မူ၍ သစ္စာကို ပြတော်မူသည်၏အဆုံး၌ သူကြွယ်သည် သောတာပတ္တဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကျွန်မသည် - ယခုအခါ ခုဇ္ဇုတ္တရာ။

သမီးသည် - ဥပ္ပလဝဏ်။

သားသည် - ရာဟုလာ။

အမိ ပုဏ္ဏေးမသည် - ခေမာ။

ပုဏ္ဏားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပျက်စီးတတ်လှ၊ သဘာဝ၊ မုချပျက်စီးရာ။

(၂) ပြိုကွဲတတ်လှ၊ သဘာဝ၊ မုချပြိုကွဲရာ။

(၃) သေလွန်ခိုက်ကြိမ်၊ ပျက်, ပြိုကြိမ်၊ စိုးရိမ်မရှိရာ။

(၄) မရဏဿတိ၊ စီးဖြန်းဘိ၊ ကဝိထုံးစဉ် လာ။

ဥရဂဇာတ် ပြီး၏။

***

(၃၅၅) - ဃဋဇာတ်

ရန်သူမင်း၏ အချုပ်အနှောင်ကို ခံနေရစဉ် မှာပင် စျာန်သမာပတ်ရသော ဃဋမည်သော မင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ချုပ်နှောင်တွင်းကြ တရားထူးရ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီးသည် မိမိအား ကျေးဇူးများသော အမတ်တစ်ယောက်အား စည်းစိမ်များစွာပေး၍ ချီးမြှောက်လေ၏။

တစ်နေ့သ၌ မင်းကြီးသည် ကုန်းတိုက်တတ်သော သူတို့ စကားကို ယုံကြည်ကာ ထိုအမတ်ကို နှောင်အိမ်၌ သွင်းစေ၏။ ထိုအမတ်သည် နှောင်အိမ်၌ နေလျက်ပင် သောတာပတ္တဖိုလ်ကို ဖြစ်စေ၏။ မင်းကြီးလည်း အမတ်၏ကျေးဇူးကို သတိရသဖြင့် နှောင်အိမ်မှ လွှတ်စေ၏။

ထိုအခါ အမတ်သည် ပန်းနံ့သာ လက်စွဲလျက် မြတ်စွာဘုရးထံ ဆည်းကပ်လေ၏။ မြတ်စွာဘုရားသည် အမတ်အား “ဒါယကာ … သင့်အား အကျိုးမဲ့ ဖြစ်သလော”ဟု မေး၏။ “အရှင်ဘုရား … အကျိုးမဲ့ကား ဖြစ်ပါ၏၊ သို့သော် ထိုအကျိုးမဲ့ဖြင့်သာ သောတာပတ္တဖိုလ်ကို ဖြစ်စေသဖြင့် အကျိုးရှိပါ၏” ဟု လျှောက်၏။ “ဒါယကာ … သင်သည်သာ ယခုအခါ အကျိုးမဲ့ဖြင့် အကျိုးကို ဆောင်သည် မဟုတ်၊ ရှေးအခါ ပညာရှိတို့သည် အကျိုးမဲ့ဖြင့် အကျိုးကို ဆောင်ဖူးကြပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အမတ်နှင့်ထုတ် ရန်ပြုလုပ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း၏ မိဖုရားကြီးဝမ်း၌ ဖြစ်၍ ဃဋ သတို့သား ဟူသော အမည်ကို မှည့်ကြကုန်၏။ ထိုဃဋမင်းသားသည် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှင် နောက်အဖို့၌ မင်းအဖြစ်ကိုရ၍ တရားသဖြင့် မင်းပြု၏။

ထိုအခါ ဃဋမင်းသည် နန်းတွင်း၌ ပြစ်မှားသော အမတ်တစ်ယောက် အပြစ်ကို ကိုယ်တိုင်မျက်မှောက်သိ၍ တိုင်းပြည်မှ နှင်ထုတ်လေ၏။ ထိုအမတ်သည် တိုင်းပြည်မှ ထွက်ပြီးလျှင် သာဝတ္တိပြည် ဇင်္ကမင်းကြီးထံ ခစားလေ၏။

ထိုအမတ်သည် ဇင်္ကမင်းကြီးကို မိမိအလိုသို့ပါအောင် သွေးဆောင်ကာ စစ်သည်ဗိုလ်ပါနှင့်တကွ ဗာရာဏသီပြည်သို့လာ၍ တစ်ပြည်လုံး သိမ်းယူစေပြီးလျှင် ဃဋမင်းကို သံခြေချင်းခတ်လျက် နှောင်အိမ်၌ သွင်းစေ၏။ ဃဋမင်းသည် နှောင်အိမ်တွင်း၌ နေလျက်ပင် စျာန်ကိုဖြစ်စေ၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေနေ၏။

တရားနှလုံးသွင်း ချုပ်နှောင်တွင်း

ထိုအခါ ဇင်္ကမင်း၏ကိုယ်၌ ပြင်းစွာပူလောင်လေ၏။ ဇင်္ကမင်းသည် ဃဋမင်းထံသွား၍ ပွင့်သော ပဒုမ္မာကြာအသွင် ရွှေကြေးမုံပြင်ကဲ့သို့ ကြည်လင်သော မျက်နှာကိုမြင်လျှင် -

“အို - ဃဋမင်းမြတ် …. တစ်ပါးသော သူတို့သည် စိုးရိမ်ကြကုန်၏၊ ငိုကြွေးကြကုန်၏၊ မျက်ရည်ယိုစီးသော မျက်နှာ ရှိကြကုန်၏၊ သင်မင်းတြ်ကား ကြည်လင်သော မျက်နှာ ရှိဘိ၏၊ အဘယ်ကြောင့် မစိုးရိမ်သနည်း”

ဟု ဃဋမင်းအား မေးလေ၏။ ထိုအခါ ဃဋမင်းသည် -

“အို - ဇင်္ကမင်းမြတ် … စိုးရိမ်ခြင်းကား လွန်ပြီးသော ချမ်းသာကို မဆောင်နိုင်၊ လာလတ္တံ့သော ချမ်းသာကိုလည်း မဆောင်နိုင်၊ ထိုကြောင့် အကျွန်ုပ်သည် မစိုးရိမ်ပါ၊ စျာန်ဟူသော အဖော်ကြောင့် စိုးရိမ်ခြင်း မရှိပါ။

စိုးရိမ်သူသည် ခန္ဓာကိုယ် ဖျော့တော့၏၊ ကြုံလှီပိန်ချုံး၏၊ အစာကိုလည်း မစားလို၊ စိုးရိမ်ခြင်းဟူသော ငြောင့် စူးဝင်၍ ဖောက်ပြန်သူအား ရန်သတို့သည် ဝမ်းမြောက်ကြကုန်၏။

ရွာ၌ ဖြစ်စေ၊ မြို့၌ ဖြစ်စေ၊ ချိုင့်ဝှမ်းရာ၌ ဖြစ်စေ၊ ကြည်းကုန်း၌ ဖြစ်စေ စိုးရိမ်ခြင်းကြောင့် ဖြစ်လာသော ပျက်စီးခြင်းကား၊ အကျွန်ုပ်ထံသို့ လာရောက်လိမ့်မည် မဟုတ်၊ အကျွန်ုပ်သည် ဤသို့ မြင်အပ်သော စျာန် ရှိပါ၏။

မည်သည့် မင်းအားမဆို အကျိုးစီးပွားကို ဆောင်သော အဆွေခင်ပွန်းတို့သည် ရှိကြကုန်၏၊ ထိုအဆွေခင်ပွန်းတို့တွင် တစ်ယောက်သော အဆွေခင်ပွန်းမျှ စျာန်ချမ်းသာ ဟူသော အလုံးစုံသော အရသာကို ဆောင်ခြင်းငှာ စွမ်းနိုင်မည် မဟုတ်၊ မြေပြင်အလုံးသည်လည်း ထိုမင်းအား စျန်ချမ်းသာကို ဆောင်လိမ့်မည် မဟုတ်” –

ဟု ဇင်္ကမင်းအား မစိုးရိမ်ခြင်း အကြောင်းကို ဟောကြား ဆုံးမလေ၏။

တိုင်းပြည်စွန့်ငြား တောထွက်သွား

ဇင်္ကမင်းသည် ဃဋမင်း၏ တရားတော်ကို ကြားနာရ၍ အလွန် ကြည်ညိုသဖြင့် ကန်တော့ တောင်းပန်ပြီးလျှင် တိုင်းပြည်ကို ပြန်လည်အပ်နှင်းကာ မိမိတိုင်းပြည်သို့ သွားလေ၏။

ဃဋမင်းလည်း အမတ်တို့အား တိုင်းပြည်ကို အပ်နှင့်ပြီးလျှင် ဟိမဝန္တာတောသို့သွား၍ ရသေ့ရဟန်းပြုကာ မယုတ်သော စျာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာပြည်သို့ လားရ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဇင်္ကမင်းသည် - ယခုအခါ အာနန္ဒာ။

ဃဋမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အကျိုးမဲ့ပြု၊ ကျိုးရှိမှု၊ ပြုကြပညဝါ။

(၂) စိုးရိမ်သောက၊ ဖြစ်လာက၊ ဒုက္ခရောက်မည်သာ။

(၃) စိုးရိမ်ခြင်းကား၊ လွန်, လာငြား၊ စီးပွားမဆောင်ပါ။

(၄) ဖျော့တော့ကြုံပိန်၊ စားမမြိန်၊ စိုးရိမ်သူတို့မှာ။

(၅) စိုးရိမ်ငြောင့်ရန်၊ စူးဝင်ပြန်၊ ရန်သူဝမ်းမြောက်မှာ။

ဃဋဇာတ် ပြီး၏။

***

(၃၅၆) - ကောရဏ္ဍိယဇာတ်

မြင်မြင်သမျှ လူတို့ကို သီလအစောင့်ခိုင်းသော တက္ကသိုလ်ဆရာကြီးအား သဘောမကျသဖြင့် ချောက်ကြီးကို ခဲလုံးငယ်တို့ဖြင့် ပစ်ကာ ပစ်ကာပြု၍ သတိပေးသော ကောရဏ္ဍိယလုလင် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သီလစောင့်လော တိုက်တွန်းပြော

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရှင်သာရိပုတ္တရာသည် မုဆိုး၊ တံငါ စသော ဒုဿီလတို့အား မြင်တိုင်း မြင်တိုင်း သီလကို ယူကုန်လော၊ သီလကို ယူကုန်လောဟု ပြောဆိုတိုက်တွန်းကာ သီလကို ပေးလေ့ရှိ၏။ ထိုသူတို့သည် မထေရ်ကို ရိုသေသဖြင့် စကားကို မပယ်ဝံ့ဘဲ သီလကို ခံယူကြကုန်၏။ ခံယူကြပြီးလျှင် မစောင့်ရှောက်ကြကုန်၏။ မိမိတို့ ပြုမြဲတိုင်း အမှုကိုသာ ပြုကြကုန်၏။

ထိုအခါ ရှင်သာရိပုတ္တရာသည် တပည့်တို့အား “ငါ့ရှင်တို့ … ဤမည် ဤမည်သော သူတို့သည် ငါ့ထံ၌ သီလယူကြကုန်လျက် မစောင့်ရှောက်ကြကုန်” ဟု ပြောကြား၏။ “အရှင်ဘုရား … အရှင်ဘုရားသည် အလိုမရှိဘဲလျက် သီလကို ပေးလေ၏၊ လူတို့သည် အရှင်ဘုရားကို ရိုသေသဖြင့် စကားကို မပယ်ဝံ့၍ သာ ခံယူကြရကုန်၏၊ ယနေ့မှစ၍ အလိုမရှိသော သူတို့အား သီလကို မပေးပါလင့်” ဟု လျှောက်ထားကြကုန်၏။ မထေရ်သည် နှစ်သက်တော်မမူ။

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ရှင်သာရိပုတ္တရာအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ … သာရိပုတ္တရာသည် ယခုအခါ၌ သာ မြင်တိုင်း မြင်တိုင်းသော သူတို့အား သီလကို ပေးသည်မဟုတ်၊ ရှေးအခါ၌ လည်း ပေးခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သီလစောင့်ရေး တိုက်တွန်းပေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြ`ဟမဒတ်မင်း မင်းပြုသည်ရှိသော ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အမည်အားဖြင့် ကောရဏ္ဍိယဟု ခေါ်ကြသတတ်။ ထိုကောရဏ္ဍိယသည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ဆရာကြီးထံ ပညာသင်ကြားလျက် တပည့်ကြီး ဖြစ်လေ၏။

ထိုတက္ကသိုလ်ဆရာကြီးသည် မြင်တိုင်း မြင်တိုင်းသော သူတို့အား သီလကို ယူကြကုန်လော၊ သီလကို ယူကြကုန်လော့ဟု တိုင်တွန်း၍ သီလကို ပေးလေ့ရှိ၏။ လူတို့သည် သီလယူပြီး၍ မစောင့်ရှောက်ကြကုန်။ ထိုအခါ ဆရာကြီးသည် တပည့်တို့အား ထိုအကြောင်းကို ပြောကြားလေ၏။ တပည့်တို့သည် “ဆရာကြီး … လူတို့ အလိုမရှိကုန်ဘဲလျက် သီလကို ပေးဘိ၏၊ ထိုကြောင့် လူတို့သည် မစောင့်ရှောက် ကြကုန်၊ ယနေ့ကစ၍ တောင်းသောသူတို့အားသာ သီလကို ပေးပါလော့၊ မတောင်းသောသူတို့အား မပေးပါလင့်” ဟု ပြောကြကုန်၏။ ဆရာကြိးသည် နှလုံးမသာ ဖြစ်လေ၏။ နောက်အခါ၌ လည်း မြင်တိုင်း မြင်တိုင်းသော သူတို့အား ပေးပြန်၏။

ဆရာပြောချင် ပရိယာယ်ဆင်

တစ်နေ့သ၌ လူတို့သည် ပုဏ္ဏားတို့အား မင်္ဂလာရွတ်ရန် ပင့်ဖိတ်ကြကုန်၏။ ဆရာကြီးသည် ကောရဏ္ဍိယကို ခေါ်၍ “အမောင် … မင်္ဂလာရွတ်ရာသို့ ငါ မလိုက်လို၊ ပုဏ္ဏားလုလင် ငါးရာကို ခေါ်၍ သင်သွားလေ၊ ပူဇော်သက္ကာရ အလှူဝတ်ကို ခံယူ၍ ငါ့အဖို့လည်း ဆောင်ယူခဲ့လော့” ဟု မှာကြားလိုက်၍ လွှတ်လိုက်၏။ ကောရဏ္ဍိယလုလင်သည် မင်္ဂလာရွတ်ရာသို့သွား၍ ပြန်လတ်သော် ခရီးလမ်းကြား၌ ချောက်တစ်ခု မြင်လျှင် ငါတို့ဆရာသည် မတောင်းဘဲ မြင်တိုင်း မြင်တိုင်းသော သူတို့အား သီလကို ပေးဘိ၏၊ ယနေ့မှစ၍ တောင်းသောသူတို့အားသာလျှင် သီလပေးအောင် ငါ ပြုမည်ဟု ကြံစည်ပြီးလျှင် တစ်ပါးသော လုလင်တို့ ချမ်းသာစွာနေကုန်စဉ် ထ၍ ကြီးစွာသော ကျောက်ခဲတို့ကို ချီ၍ ချောက်ထဲသို့ အဖန်ဖန် ချလေ၏။

ဆရာလောမေး အဖြေပေး

ထိုအခါ ကောရဏ္ဍိယလုလင်ကို တစ်ပါးသော လလင်တို့သည် “ဆရာ … အဘယ်ကြောင့် ဤသို့ ပြုဘိသနည်း” ဟု မေးကြသော်လည်း တစ်စုံတစ်ခုသော စကားကိုမျှ မဆို၊ ထိုအခါ လုလင်တို့သည် လျင်စွာ သွားကုန်၍ ဆရာကြီးအား ထိုအကြောင်းကို ပြောကြကုန်၏။ ဆရာကြီးလည်း လျင်စွာ လာလတ်၍ -

“ကောရဏ္ဍိယ … သင်သည် တော်ထဲ၌ လျင်မြန်စွာ ကျောက်ခဲကြီးတို့ကို ယူ၍ ယူ၍ အဖန်ဖန် ချောက်ထဲသို့ ချဘိ၏၊ ဤချောက်ကို ဖို့ရာ၌ သင့်အား အဘယ်အကျိုးရှိသနည်း”

ဟု ကောရဏ္ဍိယအား မေးလေ၏။ ကောရဏ္ဍိယသည် ဆရာကြီး၏ စကားကို ကြားလျှင် -

“ဆရာကြီး … မြစ်သမုဒ္ဒရာတို့ တည်ရာဖြစ်သော ဤမြေကြီးကို မြေတောင်ကျောက်တောင်တို့ကို ဖြို၍ လက်ဝါးပြင်ကဲ့သို့ ညီညွတ်အောင် ပြုမည်၊ ထို့ကြောင့် အကျွန်ုပ်သည် ကျောက်ခဲကြီးတို့ကို ယူ၍ ယူ၍ ချောက်ထဲသို့ ချပါ၏”

ဟု ဆရာကြီး ပြန်ကြားပြောဆိုလေ၏။

ဥပမာပြောမှ သတိရ

ကောရဏ္ဍိယ စကားကိုကြားလျှင် ဆရာကြီးသည် -

“ကောရဏ္ဍိယ … တစ်ယောက်တည်းသော လူသည် လက်ဖြင့်ပြုလုပ်၍ ညီညွတ်အောင် ပြုခြင်းငှာ မတတ်ကောင်း၊ ဤချောက်ကိုပြည့်စေခြင်းငှာ ကျောက်ခဲတို့ကို ရှာစဉ် သင်သည် အသက်ရှည်သော လူ့ပြည်ကို စွန့်ရလိမ့်မည်ဟု ငါထင်မိ၏ -

ဟု ကောရဏ္ဍိယအား အကြောင်းပြကာ ပြောဆိုပြန်၏။ ကောရဏ္ဍိယလုလင်သည် ထိုစကားကို ကြားလျှင် -

“ဆရာကြီး … လူတစ်ယောက်ဖြစ်သော အကျွန်ုပ်သည် ဤမြေကြီးကို ညီညွတ်အောင် ပြုခြင်းငှာ အကယ်၍ မစွမ်းနိုင်ပါမူ ဤအတူ ဆရာကြီးလည်း အထူးထူး အပြားပြား များစွာသော အယူရှိကုန်သော ဤသူတို့ကို သင့်အလိုသို့ ဆောင်ခြင်းငှာ စွမ်းနိုင်လိမ့်မည် မဟုတ် ” –

ဟု ဆရာကြီးကို ဥပမာ ဥပမေယျဖြင့် ပြောဆိုပြန်၏။

တပည့်ဉာဏ်စွမ်း ဆရာချီးမွမ်း

ထိုအခါ ဆရာကြီးသည် မိမိ၏ အမူအရာကို မနှစ်သက်၍ ပြုလုပ်ကြောာင် သိသဖြင့် “ကောရဏ္ဍိယ … သင်သည် သင့်လျော်သောစကားကို ဆိုဘိ၏၊ ယခုအခါ ငါသည် ဤသို့ သဘောရှိသောအမှုကို မပြုတော့အံ့” ဟု ဝန်ခံကာ မိမိကိုယ်ကို ဆန့်ကျင်သောအဖြစ်ကို သိသဖြင့် -

“ကောရဏ္ဍိယ … သင်ကား ငါ့ကို အကျဉ်းချုပ် ဥပမာဖြင့် အကျိုးစီးပွားကို ပြောဆိုဘိ၏၊ သင့်စကားသည် သင်ဆိုတိုင်း မှန်ပေ၏၊ ဤမြေကြီးကို ညီညွတ်အောင် ပြုခြင်းငှာ မတတ်ကောင်းသကဲ့သို့ ထို့အတူ လူတို့ကို ညီညွတ်အောင် ပြုခြင်းငှာ မတတ်ကောင်းပေ” –

ဟု ကောရဏ္ဍိယကိုလည်း ချီးမွမ်းပြီးလျှင် အိမ်သို့ခေါ်၍ သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ တက္ကသိုလ်ဆရာကြီးသည် - ယခုအခါ သာရိပုတ္တရာ။

ကောရဏ္ဍိယလုလင်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) တောင်းခံလာကြ၊ ကျင့်သီလ၊ ပေးမှသင့်သည်သာ။

(၂) မြင်မြင်တိုင်းလူ၊ ပေးပြန်မူ၊ စောင့်သူရခဲစွာ။

(၃) လူဟူသမျှ၊ ကျင့်သီလ၊ ညီမျှပြုခဲစွာ။

(၄) တောင်, ချိုင်, မြစ်တွေ၊ တည်သည့်မြေ၊ ညီစေပြုခဲစွာ။

ကောရဏ္ဍိယဇာတ် ပြီး၏။

***

(၃၅၇) - လဋုကိကဇာတ်

ရန်သူဖြစ်သည့် အားကြီးသော ဆင်ပြောင်ကြီးကိုပင် အားနည်းသော သူတို့နှင့် မိတ်ဆွေဖွဲ့ကာ သေအောင် ပြုစွမ်းနိုင်သော နှံစုတ်ငှက်မ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သနားကင်းမှု နိုင်ထက်ပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် ရုန့်ရင်းကြမ်းကြုတ်၏၊ နိုင်ထက်ကလူ ပြုမူတတ်၏၊ သတ္တဝါတို့၌ သနားခြင်း ကရုဏာမျှပင် မရှိ။

ထိုအခါ ရဟန်းတို့သည် တရားသဘင်၌ ဒေဝဒတ်အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်း သိတော်မူလျှင် “ရဟန်းတို့ … ဒေဝဒတ်သည် ယခုအခါ၌ သာ သနားခြင်း ကရုဏာ မရှိသည် မဟုတ်၊ ရှေးအခါ၌ လည်း သနားခြင်း ကရုဏာမရှိ”ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဝမ်းရေးအတွက် အစာရှာထွက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဆင်မျိုး၌ ဖြစ်၍ ကြည်ညိုဖွင်သောအဆင်းရှိ၏၊ ကြီးသောကိုယ်ရှိ၏၊ ဆင်အပေါင်း ရှစ်သောင်း ခြံရံလျက် ဆင်မင်းဖြစ်၍ ဟိမဝန္တာအရပ်၌ နေ၏။

ထိုအခါ နှံစုတ်ငှက်မတစ်ကောင်သည် ဆင်တို့သွားရာ အရပ်ဝယ် အသိုက်ပြုကာ အဥတို့ကို ထား၏။ ထိုအဥတို့သည် ရင့်လတ်သော် ငှက်ငယ်တို့ ပေါက်ဖွားကုန်၏။ အမွေး အတောင် မစုံသေး၍ မပျံနိုင်သေးမီလျှင် ဆင်မင်းသည် ဆင်ရှစ်သောင်း ခြံရံကာ အစာရှာသွားအံ့သောငှာ လာလတ်၏။

သားသမီးတွက် တောင်းပန်ချက်

နှံစုတ်ငှက်မသည် ဆင်မင်းကိုမြင်လျှင် ဤဆင်မင်းသည် ငါ့သားငယ်တို့ကို နင်း၍ သတ်လိမ့်မည်ဟု စိုးရိမ်သဖြင့် အရံအတား ဖြစ်စေရန် ဆင်မင်းကို တရားနှင့်ညီညွတ်သော အစောင့်အရှောက်ကို တောင်းမည်ဟု ကြံစည်လျက် အတောင်နှစ်ဖက်တို့ကို ယှက်ကာ ဆင်မင်း၏ရှေ့တွင် ရပ်တည်လျက် -

“အို ဆင်မင်း … နှစ်ပေါင်း ခြောက်ဆယ်ရှိသော ကာလ၌ အားယုတ်လျက် တော၌ ကျက်စားလေ့ရှိ၍ ဆင်အပေါင်းတို့ မင်းဖြစ်ကာ အခြံအရံများလှသော သင်ဆင်မင်းကို ရှိခိုးပါ၏၊ အတောင်နှစ်ဖက်တို့ဖြင့် လက်အုပ်ချီပါ၏၊ အားနည်းလှသော အကျွန်ုပ်၏ သားငယ်တို့ကို မသတ်ပါလင့်” –

ဟု ပြောဆိုကာ ဆင်မင်းအား ခယတောင်းပန်လေ၏။ မစိုးရိမ်ပါလင့်၊ သင့်သားငယ်တို့ကို ငါ စောင့်ရှောက်မည် ဆို၍ သားငယ်တို့အထက်၌ ရပ်လျက် ဆင်ရှစ်သောင်းတို့ကို သွားစေပြီးလျှင် နှံစုတ်ငှက်မကိုခေါ်၍ “အို - နှံစုတ်ငှက်မငယ် … ငါတို့နောက်၌ တစ်ကောင်တည်းသာ ကျက်စားလေ့ရှိသော ဆင်သည် လာလိမ့်မည်၊ ထိုဆင်သည် ငါတို့စကားကို နားမထောင်၊ ထိုဆင် လာလတ်သော် ရှိခိုးတောင်းပန်ကာ သားငယ်တို့ကို ချမ်းသာအောင် ပြုရစ်ပါလေ” ဟု မှာထား၍ သွားလေ၏။

တောင်းပန်သော်လည်း အချည်းနှီး

နှံစုတ်ငှက်မသည် တစ်ကောင်းတည်း ကျက်စားလေ့ရှိသော ဆင် လာသည်ကို မြင်ပြန်လျှင် ခရီးဦးကြိုဆို၍ အတောင်နှစ်ဖက်တို့ကို ယှက်ကာ လက်အုပ်ချီပြီးလျှင် -

“ဆင်မင်း … တစ်ကောင်တည်းသာ ကျက်စားလေ့ရှိ၍ တော၌ နေလျက် ကျောက်တောင် မြေတောင်တို့၌ အစာကိုယူလေ့ရှိသော သင်ဆင်မင်းကို အကျွန်ုပ်ရှိခိုးပါ၏၊ အတောင်နှစ်ဖက်တို့ဖြင့် လက်အုပ်ချီပါ၏၊ အားနည်းလှသော အကျွန်ုပ်၏ သားငယ်တို့ကို မသတ်ပါလင့်” –

ဟု ပြောဆိုကာ တောင်းပန်ပြန်၏။ ထိုတစ်ကောင်တည်း ကျက်စားလေ့ရှိသော ဆင်သည် နှံစုတ်ငှက်မစကားကို ကြားလျှင် -

“ဟယ် - နှံစုတ်ငှက်မငယ် - သင်၏သားတို့ကို ငါ သတ်မည်၊ သင်ကား အားနည်းလှ၏၊ ငါ့အား အဘယ်သို့ ပြုအံ့နည်း၊ သင်တို့လို ငှက်မမျိုး တစ်သိန်းတို့ကို လည်း ငါသည် လက်ဝဲခြေဖြင့် နင်း၍ သတ်မည်” –

ဟု ပြောဆို ကြိမ်းမောင်းကာ နှံစုတ်ငှက်မ၏သားငယ်တို့ကို ခြေဖြင့်နင်း၍ အပေါ်၌ ကျင်ငယ်စွန့်၍ ကျင်ငယ်တွင် မျောစေလျက် မြည်ဟည်းကာ သွားလေ၏။

ရန်တုံ့ချေမှု မိတ်ဆွေပြု

နှံစုတ်ငှက်မသည် သစ်ခက်၌ နားနေရင်း ထိုအခြင်းအရာကိုမြင်လျှင် “ဟယ် ဆင်မိုက် … သင်ကား ယခု မြည်ဟည်းလျက် သွား၏၊ နှစ်ရက် သုံးရက်ဖြင့် ငါ့အစွမ်းကို မြင်ရလိ်မ့်မည်၊ ကိုယ်အားထက် ဉာဏ်အားက ကြီးကြောင်းကို သင် မသိလေ၊ သင် နေနှင့်ဦး၊ သင့်ကို ငါသတ်မည်”

ဟု ခြိမ်းခြောက်ပြီးလျှင် -

“ဟယ် - ဆင်မင်းယုတ် … ကိစ္စအလုံးစုံ၌ ကိုယ်အားဖြင့်သာ ပြုလုပ်အပ်သည် မဟုတ်၊ စင်စစ် ကိုယ်အားမှာ လူမိုက်တို့အား သတ်ဖြတ်ဖို့ရန် ဖြစ်လာ၏၊ သင်သည် အားနည်းသော ငါ့သားငယ်တို့ကို သတ်ဘိ၏၊ သင့်အကျိုးမဲ့ကို ပြုလုပ်တော့မည်” –

ဟု ဆင်ကြီးအား ပြောဆိုပြီးလျှင် နှစ်ရက် သုံးရက် အတွင်းမှာပင် ကျီးကို ခစားကာ မိတ်ဖွဲ့လေ၏။

ဆင်ယုတ် သေအောင် ပရိယာယ်ဆောင်

ထိုအခါ ကျီးသည် အလွန်နှစ်သက်သဖြင့် “အဆွေ … ဘယ်အမှုကို ပြုရမည်နည်း” ဟု မေး၏၊ “အရှင် … အကျွန်ုပ်အား အခြား ပြုဖွယ်ကိစ္စ မရှိပါ၊ တစ်ကောင်းတည်း ကျက်စားသော ဆင်ကြီး မျက်စိတို့ကို နှုတ်သီးဖြင့်ဆိတ်၍ ဖောက်ပေးပါ” ဟု ပြော၏။ “အဆွေ … ကောင်းပြီ၊ စိတ်ချပါ” ဟု ဝန်ခံလေ၏။ နှံစုတ်ငှက်မသည် တစ်ဖန် ယင်မမဲရိုင်းကို ခစားကာ မိတ်ဆွေဖွဲ့ပြန်လေ၏။ ထိုအခါ ယင်မမဲရိုင်းသည် နှစ်သက်သဖြင့် “အဆွေ … ဘယ်အမှုကို ပြုရမည်နည်း” ဟု မေး၏။ “အရှင် … တစ်ကောင်တည်း ကျက်စားသော ဆင်ကြီးမျက်စိတို့ ပေါက်လတ်သော် ထိုအပေါက်တို့၌ ပိုးလောက်တို့ကို လွှတ်ပေးပါ” ဟု ပြောပြန်၏။ “အဆွေ … ကောင်းပြီ စိတ်ချပါ” ဟု ဝန်ခံပြန်လေ၏။ တစ်ဖန် ဖားကို ခစားကာ မိတ်ဖွဲ့ပြန်လေ၏။ ဖားလည်း နှစ်သက်သဖြင့် “အဆွေ … ဘယ်အမှုကို ပြုရမည်နည်း” ဟု မေး၏။ “အရှင် … တစ်ကောင်တည်း ကျက်စားတတ်သော ဆင်ကြီးသည် မျက်စိကန်း၍ ရေရှာလိမ့်မည်၊ ထိုအခါ တောင်ထိပ်ကနေ၍ အော်ပါ၊ နောက် ရေရှိသည်မှတ်၍ တောင်ထိပ်သို့ တက်လာသောအခါ ဆင်းသက်ပြီး တောင်ကမ်းပါးပြတ်ကနေ၍ အော်ပါ” ဟု ပြောပြန်၏။ “အဆွေ … ကောင်းပြီ စိတ်ချပါ” ဟု ဝန်ခံပြန်လေ၏။ နှံစုတ်ငှက်မသည် ဤသို့အသင့်စီမံပြီးလျှင် ဆင်ကြီး ပျက်စီးရန်ကိုသာ မျှော်လင့်ကာ နေလေ၏။

အားနည်းပေါင်းလေ အားရှိသေ

တစ်နေ့သောအခါ နှံစုတ်ငှက်မ စီမံသောအတိုင်း ကျီးသည် ထိုဆင်ကြီး မျက်စိတို့ကို နှုတ်သီးဖြင့် ဆိတ်၍ ဖောက်လေ၏။ အပေါက် ဖြစ်လာသောအခါ ယင်မမဲရိုင်းသည် ပိုးလောက်တို့ကို လွှတ်လေ၏။ ထိုအခါ ဆင်ကြီးသည် လောက်ကိုက်သဖြင့် မျက်စိကန်းလျက် ကြီးစွာသော ဆင်းရဲဝေဒနာသို့ ရောက်လေ၏။ ရေအလွန်ငတ်လှသဖြင့် ရှာဖွေလတ်သော် ဖားအော်သံ ကြားရာတွင် ရေရှိသည် ထင်မှတ်၍ တောင်ထိပ်သို့ တဖြည်းဖြည်း တက်လေ၏။ ဖားလည်း ဆင်ကြီး တောင်ထိပ်သို့ရောက်သောအခါ အောက်သို့ဆင်း၍ တောင်ကမ်းပါးပြတ် ချောက်ထဲကနေ၍ အော်ပြန်၏။ ထိုအခါ ဆင်ကြီးသည် တောင်ထိပ်တွင် ရေကို မတွေ့ရသဖြင့် ဖားအောင်သံကြားရာသို့ လိုက်ပြန်ရာ တောင်ကမ်းပါးပြတ်ကြီးမှ ချောက်ထဲသို့ကျကာ သေဆုံး ပျက်စီးခြင်းသို့ ရောက်လေ၏။

အားရှိ အားမဲ့ မေတ္တာဖွဲ့

ထိုအခါ နှံစုတ်ငှက်မသည် ဆင်သေသည် အဖြစ်ကို သိ၍ ရန်သူ ပျက်စီးခြင်းကို မြင်ရပေပြီဟု နှစ်သက်ဝမ်းမြောက်လျက် ဆင်ကြီးကျောပေါ်တွင် ခေါက်တုံ့ခေါက်ပြန် သွားလာလျက် အောင်ပွဲခံလေ၏။

မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူ၍ “ရဟန်းတို့ … ခိုက်န်မည်သည်ကို တစ်စုံတစ်ယောက်သောသူနှင့် မပြုအပ်၊ ဤသို့လျှင် ခွန်အားဗလနှင့် ပြည့်စုံသော ဆင်ကြီးကိုစဉ် လျက်လည်း အားနည်းသော သတ္တဝါလေးကောင်တို့သည် တပေါင်းတည်း ညီညွတ်လျက် သေကျေပျက်စီးခြင်းသို့ရောက်အောင် ပြုနိုင်စွမ်းကုန်၏” ဟု မိန့်တော်မူပြီးလျှင် -

“ရဟန်းတို့ … နှံစုတ်ငှက်၊ ကျီး၊ ဖား၊ ယင်မမဲရိုင်း ဤလေးကောင်သော သတ္တဝါတို့ကို ရှုကြလော့၊ ထိုလေးကောင်သော သတ္တဝါတို့သည် ဆင်ပြောင်ကြီးကို သတ်ကြကုန်၏၊ ရန်သူတို့ ခိုက်ရန်ဖြစ်ခြင်းကို ရှုကြလော့၊ ထိုကြောင့် မချစ်သော တစ်စုံတစ်ယောက်သောသူနှင့်တကွ ခိုက်ရန်ကို မပြုရာ”

ဟု ဟောတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ တစ်ကောင်တည်း ကျက်စားသော ဆင်သည် - ယခုအခါ ဒေဝဒတ်။

ဆင်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ခိုက်ရန်ပြုခြင်း၊ တုံ့မူခြင်း၊ ချင်းချင်းပျက်စီးရာ။

(၂) ကြီး, ငယ်မခြား၊ ခိုက်ရန်ကား၊ မီးပွားတူသည်သာ။

(၃) ကိုယ်အား ဉာဏ်အား၊ ပြိုင်ဆိုင်ငြား၊ ဉာဏ်အားသာမြဲရာ။

(၄) ဆင်ပြောင်နိုင်ရ၊ နှံစုတ်မ၊ ရ၍ မိတ်များစွာ။

လဋုကိကဇာတ် ပြီး၏။

***

(၃၅၈) စူဠဓမ္မပါလဇာတ်

မိဖုရားကို အမျက်ထွက်ကာမျှနှင့် ၇-နှစ်မျှသာရှိသော မိမိသားရင်း သည်းခံခြင်းနှင့် ပြည့်စုံသည့် ဓမ္မပါလမင်းသားအား လက်ခြေ ဖြတ်ကာ အသက်ကို အဆုံးစီရင်သဖြင့် မြေမြိုခံရသော မဟာပတာပမင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရန်ငြိုးဖွဲ့လတ် ဒေဝဒတ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရားကို သတ်ရန် လုံ့လပြုခြင်းကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မိမိသားပင် ရန်ငြိုးတင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် မဟာပတာပမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုမင်း၏ စန္ဒာဒေဝီမည်သော မိဖုရားကြီးဝမ်း% ဖြစ်၍ ဓမ္မပါလ ဟူသောအမည်ကို မှည့်ကြကုန်၏။

ထိုဓမ္မပါလမင်းသား ခုနစ်လအရွယ်သို့ ရောက်သောအခါ မယ်တော် မိဖုရားကြီးသည် သားတော်ကို နံ့သာရေဖြင့် ချိုးပြီးလျှင် ကစားလျက်နေ၏။ မင်းကြီးသည် မိဖုရားနေရာသို့ သွားလတ်သော် မိဖုရားသည် သားတော်နှင့်ကစားကာ သား၌ ချစ်ခြင်းဖြင့် မင်းကိုမြင်သော်လည်း နေရာမှ မထလေ။

ထိုအခါ မင်းကြီးသည် ဤမိဖုရားကား ယခုကပင်လျှင် သားတော်ကို အမှီပြု၍ ငါ့ကို မာနထားဘိ၏။ တစ်စုံတစ်ခုမျှ မမှတ်။ သားတော် ကြီးပြင်းလာလျှင် ကား ငါ့အပေါ်၌ လူဟူသောအမှတ်ကိုပင် ပြုလိမ့်မည် မဟုတ်၊ ယခုပင်လျှင် သားတော်ကို သတ်မည်ဟု ကြံစည်၍ ပြန်လည်ကာ မင်း၏နေရာ၌ နေ၍ မိမိ အစီအရင်ဖြင့် ငါ့ထံသို့လာစေဟု ခိုးသူသတ်ကို ခေါ်စေ၏။

သားကိုယူစေ အမိန့်ပေးလေ

ခိုးသူသတ်သည် ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ဆင်လျက် နီသောပန်းကို ပန်၍ ပုဆိန်ကို ပခုံ၌ ထားကာ စဉ်းတီတုံးကို ယူဆောင်လျက် မင်းကြီးထံသို့လာ၍ ရှိခိုးကာ - “အရှင်မင်းကြီး … အဘယ်မှုကို ပြုရအံ့နည်း” ဟု လျှောက်၏။ “အချင်း … အသရေရှိသော အိပ်ရာတိုက်ခန်းသို့သွား၍ ဓမ္မပါလ သတို့သားကို ဆောင်ယူချေလော့” ဟု အမိန့်ပေးလေ၏။

မိဖုရားကြီးလည်း မင်းကြီး အမျက်ထွက်၍ ပြန်သွားသောအဖြစ်ကိုသိ၍ ဓမ္မပါလ သတို့သားကို ရင်ခွင်၌ ထားကာ ငိုလျက်နေ၏။ ခိုးသူသတ်လည်း သွား၍ မိဖုရားကြီးကျောကို ပုတ်ခတ်လျက် ဓမ္မပါလ သတို့သားကို ယူပြီးလျှင် မင်းကြီးထံသွားကာ “အရှင်မင်းကြီး … အဘယ်သို့ ပြုရအံ့နည်း” လျှောက်ပြန်၏။ “အချင်း … ပျဉ်ချပ်တစ်ခုကို ယူဆောင်ကာ ရှေ့မှာချပြီးလျှင် ဓမ္မပါလကို အိမ်စေလော” ဟု အမိန့်ပေးပြန်၏။ ခိုးသူသတ်လည်း မင်းကြီး အမိန့်ပေးတိုင်း ပြုလေ၏။ စန္ဒာဒေဝီ မိဖုရားကြီးလည်း နောင်မှ ငိုလျက် လိုက်၍ လာ၏။

သားငယ်လက်တွေ ဖြတ်ခိုင်းလေ

တစ်ဖန် ခိုးသူသတ်သည် “အရှင်မင်းကြီး … အသို့ပြုရအံ့နည်း” ဟု လျှောက်ပြန်၏။ “အချင်း … ဓမ္မပါလ၏ လက်တို့ကို ဖြတ်လော့” ဟု အမိန့်ပေးပြန်၏။ စန္ဒာဒေဝီ မိဖုရားကြီးသည် “အရှင်မင်းကြီး … ခုနစ်လသာ ရှိသော အကျွန်ုပ်၏ သားငယ်ကလေးသည် တစ်စုံတစ်ခုကိုမျှ မသိပါ၊ သားငယ်ကလေးအား အပြစ်မရှိ၊ အပြစ်ဖြစ်ပါလျှင် အကျွန်ုပ်၌ သာ ဖြစ်ရာ၏၊ ထို့ကြောင့် အကျွန်ုပ်၏လက်တို့ကို ဖြတ်ပါ ဟု လျှောက်လိုရကား -

“အရှင်မင်းကြီး … အကျွန်ုပ်သာလျှင် အရှင်မင်းကြီး၏ အပြစ်ကို ပြုပါ၏၊ အကျိုးစီးပွားကို ဖျက်ဆီးပါ၏၊ အရှင်မင်းကြီး … ဤဓမ္မပါလကို လွှတ်ပါလော့၊ အကျွန်ုပ်လက်တို့ကို ဖြတ်ပါလော” –

ဟု မင်းကြီးကို လျှောက်ထားပြန်၏။ မင်းကြီးလည်း ခိုးသူသတ်ကို ကြည့်၏။

ထိုအခါ ခိုးသူသတ်သည် “အရှင်မင်းကြီး … အသို့ပြုရအံ့နည်း” ဟု လျှောက်၏။ “အချင်း … မကြာမြင့်စေလင့်၊ လက်တို့ကို ဖြတ်လော့” ဟု အမိန့်ပေးပြန်၏။ ထိုခဏ၌ ခိုးသူသတ်သည် ထက်လှစွာသော ပုဆိန်ဖြင့် နုလှစွာသော ဝါးညှောက်ကို ဖြတ်သကဲ့သို့ ဓမ္မပါလ၏ လက်တို့ကို ဖြတ်လေ၏။ မင်းသားသည် မျက်ရည်မယို မငိုကြွေးဘဲလျှင် ခန္တီမေတ္တာကို ရှေ့ထား၍ သည်းခံလေ၏။

ခြေနှစ်ဖက်ပါ ဖြတ်စေရာ

စန္ဒာဒေဝီ မိဖုရားကြီးကား ပြတ်သော လက်စွန်းတို့ကို ယူ၍ ခါးပိုက်၌ ထည့်ကာ သွေးလိမ်းကျံလျက် ငိုကြွေးကာ နေ၏။ တစ်ဖန် ခိုးသူသတ်သည် “အရှင်မင်းကြီး … အဘယ်သို့ ပြုရအံ့နည်း” ဟု လျှောက်ပြန်၏။ “အချင်း … ခြေနှစ်ဖက်တို့ကို ဖြတ်လော့” ဟု အမိန့်ပေးပြန်၏။ ထိုအခါ စန္ဒာဒေဝီ မိဖုရားကြီးသည် -

“အရှင်မင်းကြီး … အကျွန်ုပ်သာလျှင် အရှင်မင်းကြီး၏ အပြစ်ကို ပြုပါ၏၊ အကျိုးစီးပွားကို ဖျက်ဆီးပါ၏၊ ဤဓမ္မပါလကို လွှတ်ပါ၊ အကျွန်ုပ်၏ ခြေတို့ကို ဖြတ်ပါလော” –

ဟု လျှောက်ထားပြန်၏။ မင်းကြီးလည်း တစ်ဖန်သူသတ်ကို စေခိုင်းပြန်၏။ သူသတ်သည် ခြေနှစ်ဖက်တို့ကို လည်း ဖြတ်ပြန်၏။

ရက်စက်စွာလတ် ဦးခေါင်းဖြတ်

စန္ဒာဒေဝီ မိဖုရားကြီးသည် ခြေပြတ်တို့ကို ကောက်ကာ ခါးပိုက်၌ ထည့်ပြီးလျှင် ငိုကြွေးလျက် “အရှင်မင်းကြီး … လက်ခြေမရှိသော သားကို အမိ လုပ်ကျွေးရပါ၏၊ အကျွန်ုပ်လုပ်ကျွေးပါမည်၊ သားကို အကျွန်ုပ်အား ပေးပါ” ဟု လျှောက်ထားပြန်၏။ သူသတ်လည်း “အရှင်မင်းကြီး … အကျွန်ုပ်ကိစ္စ ပြီးပြီလော” ဟု လျှောက်ထားပြန်၏။ “အချင်း … မပြီးသေး” ဟု ပြောပြန်၏။ “အရှင်မင်းကြီး … အကျွန်ုပ်သာလျှင် အရှင်မင်းကြီး၏ အပြစ်ကို ပြုပါ၏၊ အကျိုးစီးပွားကို ဖျက်ဆီးပါ၏၊ ဤဓမ္မပါလကို လွှတ်ပါ၊ အကျွန်ုပ်၏ ဦးခေါင်းကို ဖြတ်ပါလော” –

ဟု လျှောက်ထားပြန်၍ မိမိဦးခေါင်းကိုစင်း၍ ခံလေ၏။ သူသတ်လည်း ဓမ္မပါလ၏ ဦးခေါင်းကို ဖြတ်ပြန်၏။

ခန္ဓာကိုယ်လေး သန်လျက်ကျွေး

စန္ဒာဒေဝီ မိဖုရားကြီးသည် ပြတ်သော ဦးခေါင်းကို ကောက်ယူကာ ခါးပိုက်တွင် ထည့်ပြန်၏။ တစ်ဖန်သူသတ်သည် - “အရှင်မင်းကြီး … အဘယ်သို့ပြုရမည်နည်း” ဟု လျှောက်ပြန်၏။ “အချင်း … သန်လျက်သွားဖြင့် ဓမ္မပါလကို ခံ၍ သန်လျက်ပန်း မည်သည်ကို ပြုလော့” ဟု အမိန့်ပေးပြန်၏။ သူသတ်လည်း ဓမ္မပါလကို ကောင်းကင်သို့ပစ်၍ သန်လျက်သွားဖြင့် အောက်ကခံကာ သန်လျက်ပန်း မည်သည်ကို ပြုလေ၏။ အသားအသွေးတို့သည် ပြာသာဒ်အပြင်ဝယ် ဖရိုဖရဲကြဲ၍ ကျလေ၏။

စန္ဒာဒေဝီ မိဖုရားကြီးလည်း ဓမ္မပါလ၏ အသားတို့ကို ကောက်ယူ၍ ခါးပိုက်တွင် ထည့်ကာ ပြာသာဒ်အပြင်၌ ငိုကြွေးမည်တမ်းလျက် -

“အချင်းတို့ … အကျွန်ုပ်တို့ မင်းကြီးကို အရှင်မင်းကြီး … ရင်သွေးဖြစ်သော သားတော်ကလေးကို မသတ်ပါလင့်ဟု ပြောဆို တားမြစ်ကြမည့် စိတ်နှလုံးနူးညံ့သော ဆွေးမျိုးဉာတိတို့ မရှိကုန်ယောင်တကား” - ဟု ဟစ်အော်လျက် ငိုကြွေးမြည်တမ်းကာ လက်နှစ်ဖက်တို့ဖြင့် ရင်သားကိုမလျက် -

မင်းယုတ်မာကို မြေကမျို

“အရှင်မင်းကြီး … ထီးမွေနန်းမွေခံဖြစ်သော ဓမ္မပါလ သတို့သားကလေး၏ စန္ဒကူးနှစ်တို့ဖြင့် လိမ်းကျံအပ်ကုန်သော လက်မောင်းနှစ်ဖက်တို့သည် မြေ၌ ပြတ်ကုန်၏၊ အရှင်မင်းကြီး … အကျွန်ုပ်၏ အသက်တို့သည် နာကျင်လှပါကုန်၏” –

ဟု ငိုကြွေးမြည်တမ်းစဉ် ငပင် စန္ဒာဒေဝီ မိဖုရားကြီး၏ နှလုံးသည် မီးလောင်သော ဝါးဝယ် ဝါးကွဲကဲ့သို့ ဖျန်းဖျန်းကွဲကာ သေဆုံးလေ၏။ မင်းကြီးလည်း ပြာသာဒ်အပြင်မှ မြေသို့ ကျလေ၏။ မြေကြီးလည်း မဟာပတာပ မင်းကြီး၏ ကျေးဇူးမဲ့ကို ရွက်ဆောင်ထားရန် မတတ်နိုင်တော့သဖြင့် နှစ်ဖြာကွဲ၍ ဟင်းလင်းဖြစ်လေ၏။

ထိုအခါ အဝီစိငရဲကြီးမှ မီးတောက် မီးလျှံ တက်လာပြီးလျှင် ကမ္ဗလာနီ ခြုံသကဲ့သို့ မဟာပတာပမင်းကြီးကို ယူ၍ အဝီစိငရဲကြီး၌ ပစ်ချလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မပာာပတာပ မင်းသည် - ယခုအခါ ဒေဝဒတ်။

စန္ဒာဒေဝီ မိဖုရားကြီးသည် - မဟာပဇာပတိ ဂေါတမီ။

ဓမ္မပါလမင်းသားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) နည်းနည်းများများ၊ အကုကား၊ လားကြောင်းအပါယ်သာ။

(၂) ခုနစ်လသား၊ ရင်၌ သား၊ သတ်ငြားရက်စက်စွာ။

(၃) မဟာပတာပ၊ ကြမ်းကြုတ်လှ၊ ခံရဝီစိမှာ။

စူဠဓမ္မပါလဇာတ် ပြီး၏။

***

(၃၅၉) -သုဝဏ္ဏမိဂဇာတ်

ရွှေသမင်မင်း ကျော့ကွင်း၌ မိရာ သမင်မသည် ထွက်မပြေးဘဲ သတ်မည်ပြုသော မုဆိုးအား လူ့ဘာသာစကား ပြောကြား၍ တောင်းပန်သဖြင့် အသက်ဘေးမှ ချမ်းသာရသော ရွှေသမင်မင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လက်ထပ်မှုရေး မျိုးနွယ်မေး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အမျိုးသမီးတစ်ယောက်သည် သာဝတ္ထိပြည်၌ အဂ္ဂသာဝက နှစ်ပါးတို့ အလုပ်အကျွေး ဖြစ်၏။ သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ရတနာသုံးပါးကို ကြည်ညိုမြတ်နိုး၏။ ပညာရှိ၏။ ကုသိုလ်ကောင်းမှု၌ မွေ့လျော်၏။

ထိုအမျိုးသမီးကို မိစ္ဆာဒိဋ္ဌိ အမျိုးသားအတွက် တောင်းလာ၏။ ထိုအခါ မိဘတို့သည် “ငါတို့သမီးကး ဗုဒ္ဓဘာသာအယူရှိ၏၊ သင်တို့သားကား မိစ္ဆာဒိဋ္ဌိ အယူရှိ၏၊ အယူချင်းမတူ။ ငါတို့သမီးကို ပေးလိုက်၍ သင်တို့အိမ်ရောက်လျှင် ကုသိုလ်ကောင်းမှုကို ပြုရတော့မည်မဟုတ်” ဟု ပြောဆိုကာ ငြင်းပယ်လေ၏။

အမျိုးသမီးလိမ္မာ ပင့်လျှောက်ကာ

မိစ္ဆာဒိဋ္ဌိအမျိုးတို့သည် “ငါတို့သားနှင့် သင်တို့သမီးမှာ အယူမတူသော်လည်း အိမ်သို့ရောက်လျှင် မတားမြစ်ပါ၊ အလိုရှိတိုင်း ကိုသိုလ်ကောင်းမှုကို ပြုခွင့်ပေးပါမည်” ဟု ဝန်ခံ၍ အမျိုးသမီးကိုတောင်းယူကာ အိမ်သို့ ဆောင်ယူကြကုန်၏။ အမျိုးသမီးသည် အိမ်သို့ရောက်လျှင် လင်ကို နတ်ကဲ့သို့ လုပ်ကျွေး၏။ ယောက္ခကို ဝတ်ကြီးဝတ်ငယ်ကိုလည်း မချွတ်ယွင်းရေအောင် ပြုစု၏။

တစ်နေ့သ၌ အမျိုးသမီးသည် ဆရာမထေရ်တို့အား အလှူပေးရန် လင်ယောကျ်ားထံ ခွင့်ပန်၍ အိမ်သို့ ပင့်ဖိတ်ကာ ကြီးစွာသော ပူဇော်သက္ကာရကိုပြု၏။ မထေရ်တို့ကို လည်း “အရှင်ဘုရားတို့ … အကျွန်ုပ် တောင်းပန်ပါ၏။ ဤအမျိုးကား မိစ္ဆာဒိဋ္ဌိအမျိုးဖြစ်ပါသည်၊ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို မသိပါ၊ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို သိလာသည်တိုင်အောင် ဤအိမ်သို့ အမြဲဆွမ်းခံကြွပါကုန်” ဟု လျှောက်ထားလေ၏။ မထေရ်တို့လည်း ဝန်းခံကာ နေ့စဉ် ဆွမ်းခံကြွလာကြလေကုန်၏။

တိုင်ပင်ညီကြ မဂ်ဖိုလ်ရ

ထိုအခါ အမျိုးသမီးသည် လင်ယောကျ်ားအား မထေရ်တို့ နေ့စဉ် ကြွလာကြောင်း၊ ဖူးမြော်ရန်ခေါ်၍ မထေရ်တို့ထံ ဆည်းကပ်ကြကုန်၏။ ပဋိသန္ဓာရပြုပြီးလျှင် ရှင်သာရိပုတ္တရာသည် တရားဟောလေ၏။ လင်ယောကျ်ားသည် မထေရ်တို့ကို ကြည်ညို၍ နေ့စဉ် ဝတ်ကြီးဝတ်ငယ်ပြုကာ မိစ္ဆာအယူကို ပယ်စွန့်၍ ဗုဒ္ဓဘာသာအယူကို ယူလေ၏။ တစ်နေ့သ၌ မထေရ်တို့သည် တရားဟော၍ သစ္စာကိုပြသည်၏အဆုံး၌ လင်မယားနှစ်ယောက်လုံး သောတာပတ္တိဖိုလ်၌ တည်ကြကုန်၏။ ထိုအခါမှစ၍ ယောကျ်ား၏ အမိအဖတို့ကို အစပြု၍ ကျေးကျွန် အမှုလုပ်တို့သည်လည်း မိစ္ဆာအယူကို ပယ်စွန့်၍ ဗုဒ္ဓဘာသာအယူကို ယူပြီးလျှင် ရတနာသုံးပါး၌ ကြည်ညိုလေးမြတ်ကြကုန်၏။

တစ်နေ့သောအခါ အမျိုးသမီး လင်မယားတို့သည် တစ်ဦးထံတစ်ဦး ခွင့်ပန်ပြီးလျှင် တိုင်ပင်ညီညွတ်၍ သာသနာတော်၌ ရဟန်းပြုကြပြီးလျှင် ဝိပဿနာကို ပွားများကြသဖြင့် မကြာမြင့်မီပင် အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ထိုရဟန်းမိန်းမငယ်၏ အကြောင်းကို စကားစပ်မိ၍ ပြောဆိုေနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်တို့ … ထိုရဟန်းငယ်မသည် ယခုအခါ၌ သာ လင်ကို ရာဂကျော့ကွင်းမှ လွတ်စေသည်မဟုတ်၊ ရှေးပညာရှိတို့ကို လည်း သေခြင်းတည်းဟူသော ကျော့ကွင်းမှ လွတ်စေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း

အတိတ်ဝတ္ထု

သမင်များဓိပတိ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သမင်မျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် အလွန်အဆင်းလှ၏။ ကြည်ညိုဖွယ်ရှိ၏။ ဆန်းကြယ်သော သမင်ရှစ်သောင်းတို့၏ အကြီးအမှူးမင်းဖြစ်၏။ ထိုသမင်မင်း၏ မယားလည်း နုပျို၏။ အလွန်အဆင်းလှ၏။ ကြည်ညိုဖွယ် ရှုချင်စဖွယ်ရှိ၏။

ထိုအခါ မုဆိုးတို့သည် သမင်တို့ သွားလာရာလမ်း၌ ကျော့ကွင်းတို့ကို ထောင်၍ ထားကြကုန်၏။ တစ်နေ့သ၌ သမင်မင်းသည် သမင်အပေါင်းတို့ရှေ့မှ သွားလတ်သော် ခြေ၌ ကျော့ကွင်းမိလေ၏။ ဖြတ်ရန် ဆွဲငင်ရုန်းကန်၏။ ထိုအခါ အရေသည် ပြတ်ခဲ့၏။ တစ်ဖန်ဆွဲငင်ပြန်လျှင် အသားသည် ပြတ်ခဲ့၏။ တစ်ဖန်ဆွဲငင်ပြန်လျှင် အကြောသည် ပြတ်ခဲ့၏။ ကျော့ကွင်းသည် အရိုးသို့ထိလေ၏။

သမင်မအားပေး လွတ်မြောက်ရေး

ထိုအခါ သမင်မင်းသည် ကျော့ကွင်းကို ဖြတ်အံ့သောငှာ မတတ်နိုင်သဖြင့် သေဘေးမှကြောက်ရကား ကျော့ကွင်းမိသောအသံမျိုးဖြင့် အော်လေ၏။ သမင်းအပေါင်းတို့သည် အော်သံကိုကြားလျှင် ပြေးကြကုန်၏။ မယား သမင်မလည်း ပြေးပြီးလျှင် သမင်းအပေါင်းတို့တွင် လင်ယောကျ်ားသမင်ကို ကြည်ရှုလတ်သော် မမြင်၍ ဤသေဘေးကား ငါ့ချစ်လင်အး ဖြစ်သောဘေး ဖြစ်ရာသည်ဟု လျင်မြန်စွာ ပြေးသွား၍ မျက်ရည်ယိုစီးကာ ငိုကြွေးလျက် -

“ရွှေအဆင်းနှင့်တူသော ခြေရှိသော သမင်မင်း … ဆွဲငင်ပါလော့၊ ဆွဲငင်ပါလော့၊ သားရေလွန်ကျော့ကွင်းကို ဖြတ်ပါလော့၊ အကျွန်ုပ်သည် တစ်ကောင်ထီးတည်း တော၌ မပျော်မွေ့နိုင်ပါ” –

ဟု တိုက်တွန်းအားပေးလေ၏။ သမင်မင်းသည် သမင်မစကားကို ကြားလျှင် -

“ရှင်မ … ငါသည် ဆွဲငင်ပါ၏။ သားရေကျော့ကွင်းကိုဖြတ်ရန် မတတ်နိုင်ပါ၊ ပြင်းသောအဟုတ်ဖြင့် မြေကို ကျောက်ကန်ပါ၏။ သားရေကျော့ကွင်းသည် မြဲမြံလှ၏။ ငါ၏ခြေပတ်လည်၌ အရေ အသား အကြောတို့ကို ဖြတ်ဘိ၏” –

ဟု သမင်မအား ပြောကြားလေ၏။

မုဆိုးတောင်းပန် လွှတ်ဖို့ရန်

ထိုအခါ သမင်မသည် “အရှင် … မကြောက်ပါလင့် အကျွန်ုပ်သည် မိမိကိုယ်စွမ်းဖြင့် မုဆိုးကို တောင်းပန်ကာ အရှင်၏အသက်ကို ချမ်းသာစေမည်၊ အကယ်၍ တောင်းပန်မရပါမူ အကျွန်ုပ်အသက်ကိုပေး၍ အရှင်၏အသက်ကို ကယ်ဆယ်ပါမည်” ဟု ပြောဆို၍ သမင်မင်းအား သက်သာရာကို ရစေပြီးလျှင် သမင်မင်းကို မိမိကိုယ်၌ မှီစေလျက် ရပ်တည်လေ၏။

မုဆိုးသည် သန်လျက်နှင့်လှံကိုယူ၍ ကမ္ဘာမီးလောင်သကဲ့သို့ လာလေ၏။ သမင်မသည် မုဆိုးကိုမြင်လျှင် “အရှင် … မုဆိုးလာချေပြီ မကြောက်ပါလင့်” ဟု အားပေးကာ မုဆိုးအား ခရီးဦးကြိုဆိုကာ ရှိခိုးလျက် “အရှင် … အကျွန်ုပ်၏လင် ရွှေသမင်မင်းသည် အကျင့်သီလနှင့် ပြည့်စုံပါ၏။ ရှစ်သောင်းသော သမင်တို့၏ မင်းဖြစ်ပါ၏” ဟု ရွှေသမင်၏ ဂုဏ်ကျေးဇူးကိုပြောဆို၍ လည်ပင်းကိုစင်းလျက် မိမိအား သတ်ခြင်းငှာ တောင်းပန်ပြီးလျှင် -

“အို - မုဆိုး … သင်သည် ပေါက်ဖက်တို့ကို ခင်းပါလော့၊ သန်လျက်ကို အိမ်မှထုတ်ပါလော့၊ ရှေးဦးစွာ အကျွန်ုပ်ကိုသတ်ပြီးမှ သမင်မင်းကို သတ်ပါ”

ဟု မုဆိုးကို လူတို့ဘာသာစကားဖြင့် သာယာစွာ ပြောကြားလေ၏။

မေတ္တာရှေ့ပြေး လွှတ်၍ ပေး

မုဆိုးကြားလျှင် လူဖြစ်သော မိန်းမသည်လည်း လင့်အတွက် အသက်ကို မစွန့်ပေ၊ တိရစ္ဆာန်ဖြစ်လျက် အသက်ကိုစွန့်ဘိ၏။ လူတို့ဘာသာစကားဖြင့်လည်း သာယာစွာပြောဆိုဘိ၏။ ယနေ့ ငါသည် သမင်မအား လည်းကောင်း သမင်မင်းအား လည်းကောင်း အသက်ကို ပေးတော့မည်ဟု ကြံစည်လျက် -

“ကောင်းမြတ်လိမ္မာသောရွှေသမင်မ … ငါသည် ဤအခါမှ ရှေး၌ လူတို့ဘာသာစကားကို ပြောဆိုသော သမင်မကို ကြားလည်း မကြားဖူး၊ မြင်လည်း မမြင်ဖူး၊ သင်လည်း ချမ်းသာပါစေ၊ ဤသမင်မင်းလည်း ချမ်းသာပါစေ” –

ဟု ပြန်ကြားပြောဆိုကာ သမင်မကို နှစ်သက်စေ၍ သမင်မင်းထံသို့ သွားပြီးလျှင် သားရေလွန်ကိုဖြတ်၍ ခြေ၌ ငြိသော သားရေကျော့ကွင်းကို မနာကျင်ရအောင် အသာဖြေ၍ အသား-အသားချင်း၊ အကြော-အကြောချင်း၊ အရေ-အရေချင်း ဆက်စပ်၍ ခြေကို လက်ဖြင့် ဆုပ်နယ်လေ၏။ ထိုခဏ၌ ပင်လျှင် သမင်မင်း၏ ခြေသည် ပါရမီ၏ အာနုဘော်ကြောင့်လည်းကောင်း၊ မုဆိုး၏ မေတ္တာကြောင့် လည်းကောင်း၊ သမင်မင်း၏ အဆွေခင်ပွန်း၌ စောင့်ရှောက်သော တရား၏ အာနုဘော်ကြောင့် လည်းကောင်း၊ အရေ၊ အသား၊ အကြောတို့သည် အချင်းချင်း ဆက်စပ်ပြီးလျှင် အနာပျောက်ကင်းလျက် ပကတိအတိုင်း ဖြစ်လေ၏။

မေတ္တာတုံ့ရေး ဥစ္စာပေး

သမင်မသည် ချမ်းသာသောလင် သမင်မင်းကို မြင်ရ၍ -

“အို - မုဆိုး … အကျွန်ုပ်သည် ယနေ့ကျော့ကွင်းမှ လွတ်မြောက်သော သမင်မင်းကို မြင်ရ၍ နှစ်သက်ဝမ်းမြောက်သကဲ့သို့၊ ထို့အတူ သင်မုဆိုးသည် ဆွေမျိုးဉာတိ အလုံးစုံတို့နှင့်တကွ နှစ်သက်ဝမ်းမြောက်ပါစေ” –

ဟု မုဆိုးအား အနုမောဒနာ ပြုလေ၏။ ထိုအခါ သမင်မင်းသည် ဤမုဆိုးကား ငါ၏ ကိုးကွယ်ရာ ဖြစ်ပေပြီ၊ ငါသည်လည်း မုဆိုး၏ ကိုးကွယ်ရာဖြစ်သင့်၏ဟု နှလုံးသွင်းကာ မိမိတို့ကျက်စားရာအရပ်၌ မြင်ခဲ့သော ပတ္တမြားတုံးတစ်ခုကို မုဆိုးအားပေး၍ “အသင်မုဆိုး …ယနေ့မှစ၍ ပါဏာတိပါတ စသည်ကို မပြုပါလင့်၊ ဤပတ္တမြားတုံးဖြင့် ဥစ္စာကို ဖြစ်စေ၍ သားမယားကို မွေးမြူကာ ကုသိုလ်ကောင်းမှုကို ပြုပါလော့” ဟု တိုက်တွန်းဆုံးမပြီးလျှင် တောသို့ဝင်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မုဆိုးသည် - ယခုအခါ ဆန္န။

ရွှေသမင်မသည် - ရဟန်းမိန်းမငယ်။

သမင်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိမိချစ်လင်၊ နိဗ္ဗာန်ခွင်၊ ဝင်စေမယားမြတ်။

(၂) မိ,တိရစ္ဆာန်၊ သက်စွန့်ပြန်၊ လွတ်ရန်ကျော့ကွင်းမှတ်။

သုဝဏ္ဏမိဂဇာတ် ပြီး၏။

***

(၃၆၀) - သုယောနန္ဒီဇာတ်

ဗာရာဏသီမင်းလက်မှ ဂဠုန်မင်း ဆောင်ကြဉ်းကာ မွေ့လျော်နေစဉ် မှာပင် သဂ္ဂခေါ်စောင်းသမားနှင့် မွေ့လျော်ပြန်သော သုယောနန္ဒီ မိဖုရား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တဏှာအရင်းပြု ပျင်းရိမှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တန်ဆာဆင်အပသော မိန်းမကိုမြင်၍ သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မိဖုရားဂဠုန်မြင် ချစ်ကြိုးငင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် တမ္ဗမင်း မင်းပြုသည်ရှိသော ထိုမင်းအား သုယောနန္ဒီ အမည်ရှိသော မိဖုရားကြီး ရှိလေ၏။ ထိုမိဖုရားကြီးသည် မြတ်သော အဆင်းကို ဆောင်၏။

ထိုအခါ ဘုရားအလောင်းသည် ဂဠုန်မျိုး၌ ဖြစ်၍ ရှေးအခါ [နာဂဒီပ] ထိုစဉ် အခါ [သေဒုမ] အမည်ရှိသော ကျွန်းဂဠုန်ပြည်၌ နေလေ၏။ ထိုဂဠုန်မင်းသည် ဗာရာဏသီပြည်သို့သွား၍ လုလင်အသွင် ဖန်ဆင်းကာ တမ္ဗမင်းကြီးနှင့်အတူ ကြွေအန်ကစားလေ့ရှိ၏။

အလုပ်အကျွေးတို့သည် ကြွေအန်ကစားသော လုလင်ကိုမြင်လျှင် သုယောနန္ဒီမိဖုရားကြီးအား ရုပ်ရည်လှပသော လုလင်တစ်ယောက်သည် အကျွန်ုပ်တို့ မင်းကြီးနှင့် မပြတ်ကြွေအန်ကစားလေ့ရှိ၏ဟု လျှောက်ထားကြကုန်၏။ ထိုအခါ မိဖုရားကြီးသည် ထိုလုလင်ကို မြင်လိုသဖြင့် တန်ဆာဆင်ကာ မင်းကြီး ကြွေအန်ကစားရာသို့ သွားလေ၏။ ဂဠုန်မင်းနှင့် သုယောနန္ဒီမိဖုရားကြီးတို့အချင်းချင်း မြင်ကြလျှင် အလွန်တပ်စွန်းသော စိတ်ရှိကြကုန်၏။

နန်းလုံးမိုက်မှောင် မိဖုရားဆောင်

ဂဠုန်မင်းသည် သုယောနန္ဒီကို ခိုးယူမည်ဟု ကြံစည်လျက် မိမိဂဠုန်တို့ အာနုဘော်ဖြင့် ဗာရာဏသီတစ်ပြည်လုံးကို လေပြင်းမုန်တိုင်းကျစေ၏။ နန်းတွင်းရှိလူတို့သည် နန်းတော်ကြီးတုန်လေ၏။ ထိုအခါ နန်းတွင်းရှိလူတို့သည် နန်းတော်ကြီး ပြိုလိမ့်မ်ညကို ကြောက်သောကြောင့် အလျင်အမြန် အပြင်သို့ ထွက်ကြကုန်၏။ ဂဠုန်မင်းသည် တစ်ဖန် အမိုက်မှောင်ကို ကျစေလျက် မိဖုရားကြီးကို ကောင်းကင်ခရီးဖြင့် ဆောင်ယူကာ ဂဠုန်ပြည် မိမိဗိမာန်၌ ထားလေ၏။ မိဖုရားကြီးရောက်ရာအရပ်ကို သိသောသူ မရှိလေ။

ဂဠုန်မင်းလည်း သုယောနန္ဒီနှင့်တကွ အလိုရှိတိုင်း မွေ့လျော်၍ တမ္ဗမင်းကြီးထံ သွားကာ ကြွေအန်ကစားမြဲ ကစားလေ၏။ တမ္ဗမင်းကြီးလည်း မိဖုရားကြီး ရောက်ရာအရပ်ကို မသိသဖြင့် သဂ္ဂ မည်သော စောင်းသမားကိုခေါ်၍ “အမောင် … မိဖုရားကြီး မည်သည့်အရပ်သို့ ရောက်နေသည်ကို မသိ၊ သို့အတွက် အမောင်၏ အစွမ်းဖြင့် အနှံ့အပြား ရှာဖွေလျက် မိဖုရားကြီး ရောက်ရာအရပ်ကို သိအောင် စုံစမ်းချေ” ဟု စေလွှတ်လိုက်လေ၏။

စောင်းသံအတွက် သင်္ဘောပျက်

သဂ္ဂစောင်းသမားသည် ရိက္ခာအပြည့်အစုံကိုယူ၍ မြို့တော်မှထွက်ကာ စုံစမ်းလျက် သွားလတ်သော် [ကုရုကစ္ဆ] သင်္ဘောဆိပ်သို့ ရောက်လေ၏။ ထိုအခါ ကုန်သည်တို့သည် သုဝဏ္ဏဘူမိသို့သွားရန် လှေတို့ကို ပြင်ဆင်လျက် ရှိကြကုန်၏။ သဂ္ဂစောင်းသမားသည် ကုန်သည်တို့ထံကပ်၍ “အရှင်တို့ … အကျွန်ုပ် စောင်းသမားဖြစ်ပါ၏။ လိုက်ပါရစေ၊ လှေခအတွက် စောင်းတီး၍ ပြပါမည်” ဟု တောင်းပန်လေ၏။ ကုန်သည်တို့လည်း ကောင်းပြီ လိုက်ခဲ့ဟု ခွင့်ပြုကာ သမုဒ္ဒရာ၌ အတူသွားကြကုန်၏။

ကုန်သည်တို့သည် အတော်သွားမိကြလျှင် စောင်းသံကို နားထောင်လိုသဖြင့် စောင်းသမားကိုခေါ်၍ “အမောင် … စောင်းတီးပါ နားထောင်လိုကြ၏” ဟု ပြော၏။ “အရှင်တို့ … အကယ်၍ အကျွန်ုပ်စောင်းတီးပါမူ ငါတို့ တုန်လှုပ်ချောက်ချားလာကြလိမ့်မည်၊ ထိုအခါ လှေပျက်စီးလိမ့်မည်” ဟု ပြောကြား၏။ “အမောင် … စောင်းတီးသဖြင့် ငါးတို့တုန်လှုပ်ချောက်ချားခြင်းမည်သည် မရှိခဲ့စဖူး၊ တီးသာတီးပါ” ဟု ပြော၏။ “အရှင်တို့ … ကောင်းပြီ၊ အမျက်မထွက်ကြလင့် တီးပါမည်” ဟု စောင်းသံကို လွှတ်ကာ သီချင်းဆို၍ တီးလေ၏။ စောင်းသံနှင့် သီချင်းသံသည် ကိုက်ညီလျက် အလွန်သာယာနာပျော်ဖွယ် ရှိလေ၏။

စောင်းသမားတွေ့ပြန် ကျင့်ဖောက်ပြန်

ထိုအခါ ငါးတို့သည် စောင်းသံဖြင့် အလွန်ယစ်ကုန်လျက် တုန်လှုပ်ချောက်ချားလာကုန်၏။ မကာန်းတစ်ကောင်သည် ခုန်သဖြင့် လှေတွင်း၌ ကျရကား လှေသည် ကွဲပျက်စီးကာ နစ်မြုပ်လေ၏။ သဂ္ဂ စောင်းသမားသည် ပျဉ်ချပ်တစ်ခုကိုရ၍ ပျဉ်ချပ်ပေါ်၌ အိပ်လျက် လေစုန်အတိုင်း သွားလတ်သော် သေဒုမကျွန်း ဂဠုန်မင်း၏ ဗိမာန်ဖြစ်သော ပညောင်ပင်ကြီးအနီးသို့ ရောက်လေ၏။ ဂဠုန်မင်းလည်း ကြွေအန်ကစားသွားခိုက် ဖြစ်လေ၏။

သုယောနန္ဒီသည် ဗိမာန်မှဆင်းသက်ကာ ကမ်းနား၌ လှည့်လတ်လတ်သော် သဂ္ဂစောင်းသမားကိုမြင်လျှင် သိ၍ “အချင်း … အသင် ဘယ်မှလာနည်း” ဟု မေးလေ၏။ စောင်းသမားလည်း အကြောင်းစုံအဖြစ်အပျက်ကို ပြောကြားလေ၏။ သုယောနန္ဒီလည်း “အကြောက်လင့်” ဟု အားပေး၍ စောင်းသမားကို လက်နှက်ဖက်တို့ဖြင့် ပိုက်ချီကာ ဗိမာန်သို့တင်၍ နံသာရေကို ချိုးစေလျက် နတ်တို့အဝတ်ကို ဝတ်စေကာ တစ်ဖန် နတ်တို့အိပ်ရာ၌ အိပ်စေပြီးလျှင် ကာမဂုဏ်ဖြင့် အလိုရှိတိုင်း မွေ့လျော်စေ၏။ ဂဠုန်မင်းလာသောအခါ ဖုံးလွှမ်း၍ ထားလျက် ဂဠုန်မင်း သွားသောအခါ စောင်းသမားနှင့် မွေ့လျော်လေ၏။

စောင်းသမားတွေ့ကြုံ မင်းလျှောက်ပုံ

စောင်းသမားလည်း လခွဲ တစ်လ လွန်သောအခါ ဗာရာဏသီပြည်မှ ကုန်သည်တို့ ရောက်လာပြန်သဖြင့် ထိုကုန်သည်တို့နှင့်အတူ လှေဖြင့် ဗာရာဏသီပြည်သို့ ပြန်လေ၏။ ရောက်လျှင် မင်းကြီးနှင့် ဂဠုန်မင်းတို့ ကြွှေအန်ကစားရာသို့သွား၍ စောင်းကိုတီးလျက် -

“အို - တမ္ဗမင်းကြီး … ဤဗာရာဏသီပြည်မှ ဝေးသော ဂဠုန်ပြည်၌ သုယောနန္ဒီနေပါ၏။ ထိုအရပ်၌ ပညောင်ပင်ကြီးကို ခြံရံ၍ ပေါက်နေသော ကြည်းပန်းတို့အနံ့သည် မွှေးကြိုက်လှ၏။ သမုဒ္ဒရာငယ်လည်း အလွန်မြည်ဘိ၏။ အကျွန်ုပ်ကို ကာမဂုဏ်တို့ ထိုးကျင့်လှပါ၏” –

ဟု သီချင်းဆိုကာ တမ္ဗမင်းကြီးအား လျှောက်ထားလေ၏။ သဂ္ဂ စောင်းသမားစကားကို ဂဠုန်မင်းကြားလျှင် -

“အို - သဂ္ဂစောင်းသမား … သင်ကား အဘယ်သို့ သမုဒ္ဒရာကို ကူးသနည်း၊ အဘယ်သို့ သေဒုမကျွန်းကို မြင်သနည်း၊ အဘယ်သို့ သုယောနန္ဒီနှင့် သင်တို့ ပေါင်းဖော်ရခြင်း ဖြစ်သနည်း” –

ဟု စောင်းသမားအား မေးလေ၏။

အဖြစ်ကုန်စင် လျှောက်ထားတင်

ထိုနောင်မှ စောင်းသမားသည် -

“အို-တဗ္ဗမင်းကြီး … အကျွန်ုပ်သည် ကုရုကစ္ဆသင်္ဘောဆိပ်မှ သွားသော ကုန်သည်တို့နှင့် လိုက်ပါသွားရာ မကာန်းတို့ကြောင့် လှေပျက်စီးခဲ့ရ၏။ ထိုအခါ ပျဉ်ချပ်တစ်ခုဖြင့် ကူးခဲ့၏”

“အို-တမ္ဗမင်းကြီး … အမြဲ စန္ဒကူးနံ့သာ လိမ်းကျံ၍ ရှုချင်စဖွယ် ကြည်ညိုဖွယ်ရှိသော သုယောနန္ဒီည် အကျွန်ုပ်ကို သိမ်မွေ့နူးညံ့သောစကားဖြင့် နှစ်သက်စေ၍ အမိသည် သားကို ချီမသကဲ့သို့ လက်နှစ်ဖက်တို့ဖြင့် ချီမခဲ့ပါ၏” ။

“အို - တမ္ဗမင်းကြီး … အမူအရာ နူးညံ့စွာ ကြည့်လေ့ရှိသော သုယောနန္ဒီသည် အကျွန်ုပ်ကို ထမင်းအဖျော် အဝတ်တန်ဆာ အိပ်ရာနေရာဖြင့် လည်းကောင်း၊ ကိုယ်အတွေ့ဖြင့် လည်းကောင်း မွေ့လျော် ရောင့်ရဲစေပါ၏။ သင်မင်းကြီးသည် ဤသို့ သိတော်မူပါလော့” –

ဟု တဗ္ဗမင်းကြီးအား လျှောက်ထားပြန်၏။ ဂဠုန်မင်းသည် စောင်းသမား ပြောဆိုနေစဉ် လျှင် နှလုံးမသာသည်ဖြစ်၍ ငါသည် ဂဠုန်ပြည်၌ နေလည်း မိန်းမကို စောင့်ရှောက်ခြင်းငှာ မတတ်နိုင်၊ သီလမရှိသော မိန်းမဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု သုယောနန္ဒီကို တစ်ဖန် ယူဆောင်ကာ တဗ္ဗမင်းကြီးအားပေး၍ ဂဠုန်ပြည်သို့ ပြန်လေ၏။ ထိုအခါမှစ၍ တစ်ဖန် မလာတော့ပြီ။

မြတ်စွာဘုရားသည် ဒေသနာတော်ကိုဆောင်၍ သစ္စာကိုပြသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ တမ္ဗမင်းသည် - ယခုအခါ အာနန္ဒာ။

ဂဠုန်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိန်းမမိညဲ၊ စောင့်နိုင်ခဲ၊ အမြဲကျင့်ယုတ်မာ။

(၂) သုယောနန္ဒီ၊ ကျင့်ပလီ၊ ဌာနီဂဠုန်ရွာ။

(၃) သဂ္ဂမည်ငြား၊ စောင်းသမား၊ ပျော်ပါးနှစ်ခြိုက်စွာ။

သုယောနန္ဒီဇာတ် ပြီး၏။

***

(၃၆၁) - ဝဏ္ဏာရောဟဇာတ်

မြေခွေး ကုန်းတိုက်သော်လည်း မယုံကြည် အချင်းချင်း တစ်ဦးအား တစ်ဦး ချီးမွမ်းစကား ပြောကြားကာ အသက်ထက်ဆုံး မိတ်ဆွေဖြစ်ကြသော ခြင်္သေ့နှင့်ကျား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကုန်းတိုက်လျှောက်ထား စားကြွင်းစား

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဂ္ဂသာဝက နှစ်ပါးတို့သည် ဤဝါတွင်းဝယ် ဆိတ်ငြိမ်ရာအရပ်၌ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းပွားများကြမည်ဟု မြတ်စွာဘုရားထံ ပန်ကြားပြီးလျှင် အခြံအရံကိုခွာ၍ ဇေတဝန်ကျောင်းတော်မှ ထွက်လျက် ပစ္စန္တရွာတစ်ခုကိုမှီ၍ တော်၌နေကြကုန်၏။

ထိုအခါ မထေရ်တို့ကို မှီ၍နေသော စားကြွင်းစား တစ်ယောက်သည် ရှိသတတ်။ ထိုစားကြွင်းစားသည် မထေရ်တို့ အညီအညွတ်နေခြင်းကိုမြင်၍ ဤမထေရ်တို့ကား အလွန်ညီညွတ်ကြကုန်၏။ အချင်းချင်း ကွဲပြားစိမ့်သောငှာ တတ်နိုင်ကောင်း၏ဟု ကြံစည်လျက် ရှင်သာရိပုတ္တရာထံ ဆည်းကပ်၍ - “အရှင်ဘုရား … အရှင်ဘုရားတို့အား ရှင်မောဂ္ဂလာန်နှင့် တစ်စုံတစ်ရာ ခိုက်ရန်ဖြစ်ဖူးပါသလား” ဟု လျှောက်၏။ “ဒါယကာ … အဘယ်သို့ ဆိုသနည်း” ဟု ပြော၏။ “အရှင်ဘုရား … အရှင်မောဂ္ဂလာန်သည် အကျွန်ုပ် ဆည်းကပ်သောအခါ၌ ရှင်သာရိပုတ္တရာကား အမျိုးအနွယ်ဇာတ်အားဖြင့် လည်းကောင်း၊ အကြားအမြင် ဉာဏ်ပညာအားဖြင့် လည်းကောင်း၊ တန်ခိုးအာနုဘော်အားဖြင့် လည်းကောင်း အဘယ်မှာ ထူခြားအံ့နည်းဟု အရှင်တို့ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုပါသည်” ဟု ကုန်းတိုက်လေ၏။ ရှင်သာရိပုတ္တရာသည် ပြုံး၍ “ဒါယကာ … သွားလော့” ဟု ဆိုလိုက်၏။

သာဝကနှစ်ပါးပင် ကွဲစေချင်

ထိုစားကြွင်းစားသည် နောက်အခါ ရှင်မောဂ္ဂလာန်ထံ ဆည်းကပ်ပြန်၍ ရှေးနည်းအတူ ကုန်းတိုက်ပြန်၏။ ရှင်မောဂ္ဂလာန်လည်း ပြုံး၍ “ဒါယကာ … သွားလော့” ဟု ဆိုလိုက်ပြန်၏။ ရှင်မောဂ္ဂလာန်သည် ရှင်သာရိပုတ္တရာထံ သွား၍ “အရှင်ဘုရား … ဤစားကြွင်းစားသည် အရှင်ဘုရားတို့ထံမှာ တစ်စုံတစ်ခုသော စကားကို ဆိုလာပါသလော” ဟု လျှောက်၏။ “ငါ့ရှင် … ဆိုလာသည်” ဟု ပြောကြားလျှင် “ထိုစားကြွင်းစားကို နှင်ထုတ်ရန်သင့်၏” ဟု တိုင်ပင်ကာ စားကြွင်းစားကို နှင်ထုတ်ပြီးလျှင် မထေရ်နှစ်ပါးတို့သည် ညီညွတ်စွာ နေကြကုန်၏။

နောက်အခါ မထေရ်နှစ်ပါးတို့သည် မြတ်စွာဘုရားထံ ဆည်းကပ်၍ ထိုစားကြွင်းစားအကြောင်းကို လျှောက်ထားကြရာ မြတ်စွာဘုရားသည် “ချစ်သားတို့ … ထိုစားကြွင်းစားသည် ယခုအခါ၌ သာ သင်တို့ကို ကွဲပြားအောင်မပြုလုပ်နိုင်သဖြင့် ထွက်ပြေးရသည်မဟုတ်၊ ရှေးအခါ၌ လည်း ထွက်ပြေးရဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ချစ်သူနှစ်ဦးကို ပျက်ပြားလို

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော ဘုရားအလောင်းသည် တောတစ်ခုဝယ် ရုက္ခစိုးနတ် ဖြစ်လေ၏။ ထိုအခါ ခြင်္သေ့နှင့် ကျားတို့သည် အဆွေခင်ပွန်းဖြစ်၍ လိုက်ဂူတစ်ခုတွင် နေကြကုန်၏။ မြေခွေးတစ်ကောင်သည် ခြင်္သေ့နှင့် ကျားတို့ကို ခစားကာ စာကြွင်းကိုစားလျက် ဝဖြိုးသောကိုယ်ရှိ၏။

တစ်နေ့သ၌ မြေခွေးသည် ငါကား ခြင်္သေ့နှင့် ကျားတို့အသားကို မစားစဖူး၊ ခြင်္သေ့နှင့် ကျားတို့ကို အချစ်ပျက်အောင် ကုန်းတိုက်မည်၊ တစ်ဦးတစ်ဦး ခိုက်ရန်ဖြစ်၍ ကိုက်သတ်ကြသည်ရှိသော် အသားတို့ကို စားရလိမ့်မည်ဟု ကြံစည်လျက် -

မြေခွေးယုတ်မိုက် ကုန်းချောတိုက်

ခြင်္သေ့ထံကပ်၍ “အရှင် … ကျားနှင့် တစ်စုံတစ်ရာ ခိုက်ရန်ဖြစ်ဖူးပါသလော” ဟု မေး၏။ “အချင်း … ခိုက်ရန် မဖြစ်ဖူးပါ” ဟု ပြော၏။ “အရှင် … ဤကျားကား အကျွန်ုပ်သွားသောအခါ အဆင်းသဏ္ဌာန် အလုံးအရပ် အမျိုး ဇာတိ လုံ့လဝီရိယအားဖြင့် ဆယ့်ခြောက်စိတ်စိတ်၍ ငါ့ကို တစ်စိတ်မျှ မမီနိုင်ဟု အရှင်၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုပါသည်” ဟု ကုန်းတိုက်လေ၏။ ထိုအခါ ခြင်္သေ့သည် “ဟယ် မြေခွေး … သင်သွားလော့၊ ကျားသည် ဤသို့ မပြောဆိုတန်ရာ” ဟု ခြိမ်းခြောက်လိုက်၏။

မြေခွေးသည် တစ်ဖန်ကျားထံသို့ ကပ်ပြန်၍ ရှေးနည်းအတူ ကုန်းတိုက်ပြန်၏။ ထိုအခါ ကျားသည် ခြင်္သေ့ထံ သွား၍ -

“အဆွေ ခြင်္သေ့မင်း … သင်သည် ကျားကား အဆင်းသဏ္ဌာန် အလုံးအရပ် အမျိုးဇာတိ လုံ့လဝီရိယ အားဖြင့် ငါ့ထက် မမြတ်လွန်းဟု ပြောဆိုမိပါသလော” - ဟု ခြင်္သေ့အား မေးလေ၏။

မိတ်ဆွေအတွက် ချစ်မပျက်

ထိုအခါ ခြင်္သေ့သည် ကျား၏ စကားကိုကြားလျှင် -

“အဆွေကျား … သင်နှင့် အညီအညွတ်နေသော ငါ့ကို မြေခွေးကုန်းတိုက်စကားကို ယုံကြည်၍ သင် ငါ့ကို ပြစ်မှားပါမူ ငါသည် ယခုအခါ သင်နှင့်အတူတကွ မနေလိုတော့ပြီ”။

“အဆွေကျား … သူတစ်ပါးတို့ ကုန်းတိုက်သော စကားကို အဟုတ်အမှန် ထင်မှတ်ကာ ယုံကြည်သော သူမိုက်၌ အဆွေခင်ပွန်းသည် လျင်မြန်စွာ ပျက်စီးရာ၏။ ရန်လည်း များစွာတိုးပွားရာ၏”။

“အဆွေကျား … အခါခပ်သိမ်း မမေ့မလျော့ သတိရှိသည်ဖြစ်၍ အဆွေခင်ပွန်း၏ ပျက်စီးခြင်းကို အလိုမရှိသောသူ၊ အဆွေခင်ပွန်း ပျက်စီးခြင်းကို ရွံရှာသောသူ၊ အဆွေခင်ပွန်း ပျက်စီးခြင်းအကြောင်းကို အစဉ် ရှုသော သူသည်သာ အဆွေခင်ပွန်းဖြစ်၏”။

“အဆွေကျား … သားသည် အမိရင်ခွင်၌ ရွံရှာခြင်းကင်းလျက် နေသကဲ့သို့ ရွံရှာခြင်းကင်းလျက်နေသောသူ၊ သူတစ်ပါးတို့ကြောင့် မကွဲပြားသောသူသည်သာ စင်စစ် အဆွေခင်ပွန်းဖြစ်၏”

ဟု ကျားအား အဆွေခင်ပွန်းတို့ ဂုဏ်ကျေးဇူးကို ပြောဆိုသည်ရှိသော် ကျားသည် ခြင်္သေ့မင်းအပေါ်၌ သံသယကင်းလျက် ငါ့အားသာ အပြစ်ရှိပေသည်ဟု ခြင်္သေ့မင်းကို ကန်တော့ တောင်းပန်လေ၏။ ထိုကျားနှင့် ခြင်္သေ့တို့သည် ရှေးနည်းအတူသာလျှင် အဆွေခင်ပွန်း မပျက်ကြဘဲ အညီအညွတ် နေကြကုန်၏။ ထိုအခါ မြေခွေးသည် မနေဝံ့သဖြင့် အရပ်တစ်ပါးသို့ ထွက်ပြေးလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြေခွေးသည် - ယခုအခါ စားကြွင်းစား။

ခြင်္သေ့သည် - သာရိပုတ္တရာ။

ကျားသည် - မောဂ္ဂလာန်။

ရုက္ခစိုးနတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကုန်းတိုက်စကား၊ မယုံငြား၊ ရှည်လျားချစ်မိတ်ဆွေ။

(၂) ကုန်းကိုယုံချက်၊ အဆွေပျက်၊ ရန်ဆက်ပွားတတ်သော။

(၃) မပျက်လိုမှု၊ ရွံရှာမှု၊ ကြောင်းရှုချစ်မိတ်ဆွေ။

(၄) ရွံရှာကင်းလစ်၊ ပေါင်းသင်းလစ်၊ စင်စစ်ချစ်မိတ်ဆွေ။

ဝဏ္ဏရောဟဇာတ် ပြီး၏။

***

(၃၆၂) - သီလဝီမံသဇာတ်

သီလ ရှိသောကြောင့် ငါ့အား မင်းကြီးချီးမြှောက်သလောဟု သီလကို စုံစမ်းလို၍ ရွှေပန်းထိမ်သည်၏ အသပြာကို ခိုးယူသော ပုရောဟိတ်ပုဏ္ဏား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သီလစောင့်မှု ကျေးဇူးပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သီလကို စုံစမ်းသောပုဏ္ဏားကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ [ပစ္စုပ္ပန်ဝတ္ထုအား အောက်၌ ပြဆိုခဲ့ပြီးသော သီလဝီမံသဇာတ်တို့နှင့်တူပြီ။ ]

အတိတ်ဝတ္ထု

သံသယရှိမှု စုံစမ်းပြု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှင် ဗာရာဏသီမင်းကြီး၏ ပုရောဟိတ်ပုဏ္ဏား ဖြစ်လေ၏။ ပဉ္စသီလကို အမြဲစောင့်ရှောက်၏။ မင်းကြီးလည်း ပုရောဟိတ်အား သီလရှိသောသူ ဖြစ်သည်ဟု အလေးအမြတ်ပြုကာ ကြည့်ရှုချီးမြှောက်၏။

ထိုအခါ ပုရောဟိတ်သည် မင်းကြီးသည် ငါ့ကို သီလနှင့် ပြည့်စုံ၏ဟု ကြည့်ရှုချီးမြှောက်သလော၊ သို့မဟုတ် အကြားအမြင်ပညာရှိသူဟု ကြည့်ရှုချီးမြှောက်သလောဟု စုံစမ်းလိုသည်ဖြစ်၍ တစ်နေ့သ၌ ရွှေပန်းထိမ်သည်၏ အသပြာကို သုံးကြိမ်တိုင်အောင် ခိုးယူ၏။ သုံးကြိမ်စေ့သောအခါ ရွှေပန်းထိမ်သည်သည် သည်းမခံနိုင်တော့သဖြင့် သူခိုးတည်းဟု ဖမ်းစီးချုပ်နှောင်လျက် မင်းကြီးထံ ပို့လေ၏။

သီလဂုဏ်ထူး ပုဏ္ဏားချီးကျူး

မင်းကြီးသည် ပုရောဟိတ်အား “ပုဏ္ဏား … အဘယ်ကြောင့် ခိုးသနည်း” ဟု မေးသောအခါ ပုရောဟိတ်သည် “အရှင်မင်းကြီး … အကျွန်ုပ်သည် မခိုးယူပါ၊ သီလနှင့် အကြားအမြင်ပညာသည် ဘယ်တရားက မွန်မြတ်သည်ကို စုံစမ်းလို၍ ယူခြင်းဖြစ်ပါသည်” ဟု လျှောက်ထားပြီးလျှင်

တစ်ဖန် -

“မြတ်သောမင်းကြီး … အကျွန်ုပ်အား သီလသည် မွန်မြတ်သလော၊ အကြားအမြင်ပညာသည် မွန်မြတ်သလောဟု ယုံမှားသံသယဖြစ်ခဲ့ပြီ၊ ယခုအခါ အကြားအမြင်ပညာထက် သီလက မွန်မြတ်ကြောင်းကို သိရပါပြီ၊ ယုံမှားသံသယ မရှိတော့ပါ”

“မြတ်သောမင်းကြီး … အမျိုးဇာတ် အဆင်းသဏ္ဌာန်သည် အကျိုးမရှိပါ၊ သီလသာလျှင် မွန်မြတ်၏။ သီလနှင့် ပြည့်စုံသောသူအား အကြားအမြင်ပညာဖြင့် အကျိုးမရှိပါ”။

“တရားနှင့် မပြည့်စုံသောမင်း၊ တရားနှင့် မပြည့်စုံသော ကုန်သည်၊ ဤနှစ်ဦးတို့ကား လူ့ပြည် နတ်ပြည်တို့ကို စွန့်ခွာကာ ဒုဂ္ဂတိ၌ ဖြစ်ကြရကုန်၏”။

“မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ သူဆင်းရဲ၊ စဏ္ဍာလ ပန်းမှိုက်သွန် ဤသူတို့ကား ဤပစ္စုပ္ပန်ဘဝ၌ တရားကို ကျင့်ကုန်၍ နတ်ပြည်၌ အတူတကွ ဖြစ်ကြရကုန်၏”။

“ဗေဒင်တို့သည် တမလွန်ဘဝ၌ စည်းစိမ်ချမ်းသာကို မပေးနိုင်ကုန်၊ အမျိုးဇာတ်သည်လည်း တမလွန်ဘဝ၌ စည်းစိမ်ချမ်းသာကို မပေးနိုင်ကုန်၊ ဆွေမျိုးလည်း တမလွန်ဘဝ၌ စည်းစိမ်ချမ်းသာကို မပေးနိုင်ကုန်၊ စင်ကြယ်သော မိမိ၏ သီလသည်သာလျှင် တမလွန်ဘဝ၌ စည်းစိမ်ချမ်းသာကို ပေးနိုင်ကုန်၏”

ဟု မင်းကြီးအား သီလ၏ ဂုဏ်ကျေးဇူးကို ချီးကျူးလျက် လျှောက်ထားပြီး၍ ရသေ့ရဟန်းပြုရန် ခွင့်တောင်းပြီး ဟိမဝန္တာတောသို့ဝင်ကာ ရသေ့ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေလျက် သေလွန်သောအခါ ဗြဟ္မာပြည်သို့လားရ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သီလကို စုံစမ်း၍ ရသေ့ရဟန်းပြုသော ပုရောဟိတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အဆင်းမျိုးဇာတ်၊ ပညာရပ်၊ မမြတ်မမွန်ပေ။

(၂) စည်းစိမ်ချမ်းသာ၊ မပေးရာ၊ နောက်ခါဘဝတွေ။

(၃) သီလမွန်မြတ်၊ စည်းစိမ်ရပ်၊ ပေးတတ်နောက်ဘဝေ။

သီလဝီမံသဇာတ် ပြီး၏။

***

(၃၆၃) - ဟိရိဇာတ်

အရှက်မရှိသော အဆွေခင်ပွန်းသည် စက်ဆုပ်ဖွယ်ရှိ၏ စသည်ဖြင့် အဆွေခင်ပွန်းကောင်းကို ညွန်ကြားသော ဗာရာဏသီသူဌေး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကျေးဇူးမသိလတ် ပျက်စီးတတ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အနာထပိဏ်သူဌေး၏ အဆွေခင်ပွန်းဖြစ်သော ပစ္စန္တရာဇ်သူဌေးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ ။ [ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္ထုတို့သည် ဧကကနိပါတ် နဝမဝဂ်အဆုံး ဇာတ်နှင့် တူကုန်ပြီ။ ]

အတိတ်ဝတ္ထု

ကျေးဇူးတုံ့လတ် မိတ်ဆွေမြတ်

ဤဟိရိဇာတ်၌ ကား ပစ္စန္တရာဇ်သူဌေး၏ လူတို့သည် ဥစ္စာပစ္စည်း အလုံးစုံကို အလုအယက် ခံကြရကုန်၍ ဗာရာဏသီပြည်မှ ထွက်ပြေးကြရကုန်၏ဟု ဗာရာဏသီသူဌးအား ကြားလျှောက်ကုန်သည်ရှိသော် ဗာရာဏီသိသူဌေးသည် မိမိထံသို့လာသောသူတို့အား ပြုအပ်သောကျေးဇူးကို တစ်ဖန်ပြန်၍ မပြုသောသူတို့မည်သည်ကား ကျေးဇူးတုံ့ပြုတတ်သော သူတို့ကို မရကုန်သည်သာတည်းဟု ပြောဆိုပြီး၍ -

“အချင်းတို့ … ရှက်ခြင်းကိုလွန်၍ အဆွေခင်ပွန်း အဖြစ်ကို စက်ဆုပ်အပ်သည်ဖြစ်၍ ငါကား သင်၏ အဆွေခင်ပွန်းဖြစ်၏ဟု စကားမျှကိုသာ ပြောဆိုလျက် မြတ်သော အမှုကိစ္စတို့ကို အပြုသောသူကို ဤသူကား ငါ၏အဆွေခင်ပွန်းမဟုတ်ဟု သိရာ၏။

ပြုလုပ်သော အမှုကိုသာ ပြောဆိုရာ၏။ မပြုလုပ်သော အမှုကို မပြောဆိုရာ၊ ပြောဆိုပါလျက် မပြုလုပ်သောသူကို ပညာရှိတို့ သိကြကုန်၏။

အခါခပ်သိမ်း မမေ့မလျော့သော သတိရှိသည်ဖြစ်၍ အဆွေခင်ပွန်း ပျက်စီးခြင်းကို အလိုမရှိသောသူ၊ အဆွေခင်ပွန်း ပျက်စီးခြင်းကို ရွံရှာသောသူ၊ အဆွေခင်ပွန်း ပျက်စီးခြင်းအကြောင်းကို အစဉ် ရှုသောသူတို့သာ အဆွေခင်ပွန်းဖြစ်၏။ ”

မိတ်ဆွေကျင့်မြတ် ကူညီအပ်

“သားသည် အမိ၏ရင်ခွင်၌ ရွံရှာခြင်းကင်းလျက် နေသကဲ့သို့ ရွံရှာခြင်းကင်းလျက်နေသောသူ၊ သူတစ်ပါးတို့ကြောင့် မကွဲပြားသောသူသည်သာ စင်စစ် အဆွေခင်ပွန်းဖြစ်၏”။

“အကျိုးအာနိသင်ကိုမြင်၍ ယောကျ်ားတို့ ရွက်ဆောင်အပ်သောတာဝန်ကို ရွက်ဆောင်သောသူသည် ဝမ်းမြောက်ခြင်းကို ပြုတတ်သော အကြောင်းကိုလည်းကောင်း၊ ချီးမွမ်းခြင်းကို ဆောင်တတ်သော ချမ်းသာကို လည်းကောင်း တိုးပွားစေ၏။ ပဝိဝေကကိုမှီ၍ ဖြစ်သော ဝမ်းမြောက်ခြင်း အရသာကို လည်းကောင်း၊ ကိလေသာငြိမ်းခြင်း၏ အစွမ်းဖြင့် ရအပ်သော ဝမ်းမြောက်ခြင်း အရသာကို လည်းကောင်း၊ ဓမ္မပီတိဟု ဆိုအပ်သော ဝိမုတ္တိအရသာကို လည်းကောင်းသောသူသည် ကိလေသာ ပူပန်ခြင်းမရှိ၊ အကုသိုလ်လည်းမရှိ” –

ဟု ယုတ်မာသော အဆွေခင်ပွန်းနှင့် ပေါင်းဖော်ခြင်းကြောင့် ထိတ်လန့်ခြင်းဖြစ်၍ ပဝိဝေက၏ အစွမ်းဖြင့် အမြိုက်နိဗ္ဗာန်သို့ ရောက်စေပြီးလျှင် ဒေသနာတော်၏ အထွက်ကို ယူကာ ပြောဆိုဆုံးမလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီသူဌေးသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ခင်ပွန်းဖြစ်ရန်၊ စက်ဆုပ်ပြန်၊ ကျော်လွန်အရှက်ကို။

(၂) စကားကောင်းနှုတ်၊ မှုမလုပ်၊ မဟုတ်ခင်ပွန်းဆို။

(၃) မပျက်လိုမှု၊ ရွံရှာမှု၊ ကြောင်းရှုခင်ပွန်းဆို။

(၄) ရွံရှာကင်းလစ်၊ ပေါင်းသင်းလစ်၊ စင်စစ်ခင်ပွန်းဆို။

ဟိရိဇာတ် ပြီး၏။

***

၃၆၄-ခဇ္ဇောပနကဇာတ်

[ဤ ခဇ္ဇောပနကဇာတ်သည် မဟာဥမင်္ဂဇာတ်၌ ထင်စွာဖြစ်လတံ့။]

(၃၆၅) - အဟိတုဏ္ဍိကဇာတ်

အလမ္ပာယ်သမားနှင့် မျောက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကိုယ်နှုတ်ကြမ်းကြုတ် လွန်စက်ဆုပ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းကြီးတစ်ပါးသည် ရွာသူသားငယ်ကို ရှင်သာမဏေ ပြုစေပြီးလျှင် ဆဲရေးပုတ်ခတ်၏။ သာမဏေငယ်သည် ပြေး၍ လူထွက်၏။ နှစ်ကြိမ်မြောက်လည်း ရှင်သာမဏေပြုစေ၍ ရှေးနည်းအတူ ပြုပြန်၏။ သုံးကြိမ်မြောက်လည်း ရှေးနည်းအတူ ပြုပြန်ဒ။ သာမဏေငယ်သည် လူထွက်၍ တစ်ဖန် တောင်းပန်သော်လည်း ထိုရဟန်းကြီးကို ကြည့်ရှုခြင်းငှာ အလိုမရှိပေ။

ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့ … ဤမည်သော ရဟန်းကြီးသည် သာမဏေငယ်နှင့် အတူတကွ နေခြင်းငှာလည်း မတတ်နိုင်၊ ကင်း၍ နေခြင်းငှာလည်း မတတ်နိုင်၊ သာမဏေငယ်သည် ရဟန်းကြီး၏ အပြစ်ကို မြင်၍ ကြည့်ရှုခြင်းငှာပင် အလိုမရှိပေ” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ … ဤသာမဏေငယ်သည် ယခုအခါ၌ သာ လိမ္မာသောစိတ်ရှိသဖြင့် တစ်ကြိမ် အပြစ်ကိုမြင်၍ ပြန်၍ ကြည့်ခြင်းငှာ အလိုမရှိသည်မဟုတ်၊ ရှေးအခါ၌ လည်း အလိုမရှိသည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မျောက်ကိုအပ်သွား အလမ္ပာယ်သမား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် စပါးကုန်သည်မျိုး၌ ဖြစ်၍ စပါးကိုရောင်းချကာ အသက်မွေးလေ၏။ ထိုအခါ အလမ္ပာယ်သမားတစ်ယောက်သည် မျောက်ကိုယူ၍ အတတ်ပညာသင်ပြီးလျှင် မြွေကို ကစားစေ၍ ဗာရာဏသီပြည်၌ ပွဲသဘင် ကြွေးကြော်လတ်သော် မျောက်ကို စပါးကုန်သည်ထံတွင် အပ်နှံကာ မြွေကို အလမ္ပာယ်ပြလျက် ခုနစ်ရက်ပတ်လုံး ပွဲသဘင်၌ လှည့်လည်လေ၏။ စပါးကုန်သည်လည်း ထိုမျောက်အား ခဲဖွယ်ဘောဇဉ်ကို ပေးလေ၏။

အလမ္ပာယ်သမားလည်း ခုနစ်ရက်မြောက်နေ့၌ ပြန်လာ၍ မျောက်ကို ဝါးခြမ်းဖြင့် သုံးကြိမ်ရိုက်နှက်၍ ယူပြီးလျှင် ဥယျာဉ်တစ်ခုသို့သွား၍ တစ်နေရာ၌ ချည်နှောင်ကာ အိပ်ပျော်လေ၏။ မျောက်လည်း ကြိုးကိုဖြေ၍ သရက်ပင်သို့ တက်ပြီးလျှင် သရက်သီးတို့ကို စားလျက်နေ၏။

ကြမ်းကြုတ်သူမှ ရွံမုန်းလှ

အလမ္ပာယ်သည် နိုး၍ သရက်ပင်မှ မျောက်ကိုမြင်လျှင် ထိုမျောက်ကို ဖြားယောင်းသွားဆောင်၍ ယူသင့်သည်ဟု ကြံစည်၍ -

“အို - ကောင်းသောမျက်နှာရှိသော မျောက် … ငါသည် ကြွေအန်ကစားကြူး၍ ရှုံးခဲ့၏။ သရက်သီးမှည့်တို့ကို ချပါလော့၊ သင်၏ လုံ့လကြောင့်ဖြစ်သော သရက်သီးမှည့်တို့ကို ငါစားလို၏” ဟု မျောက်အား စကားပြောဆိုကာ သွေးဆောင်ဖြားယောင်းလေ၏။ မျောက်သည် အလမ္ပာယ်စကားကို ကြားလျှင်

“အချင်း-အလမ္ပာယ် … သင်ကား ငါ့ကို မဟုတ် မမှန်သောစကားဖြင့် ချီးကျူးဘိ၏။ သင့်စကားသည် ချွတ်ယွင်းစွတကား၊ သင်ဘယ်အခါ ကောင်းသောမျက်နှာရှိသော မျောက်ကို ကြားလည်း ကြားဖူးပါသလော၊ မြင်လည်း မြင်ဖူးပါသလော” –

“သင်သည် စပါးစျေးသို့ဝင်ပြီးလျှင် ငါ့ကိုလွှတ်ခဲ့၍ မွတ်သိပ်ဆာဆောင်နေသော ငါ့ကိုရိုက်နှက်ဘိ၏။ ဤလို ရိုက်နှက်ခြင်းကို သင်သည် ယခုလည်း အမှတ်ရ၏လော” –

“ငါသည် ဆင်းရဲစွာအိပ်ရခြင်းကို အမှတ်ရ၏။ သင်သည် ငါ့ကိုဘေးဖြင့် ခြိမ်းခြောက်၏။ ထို့ကြောင့် သင်သည် ငါ့ကို မင်းဖြစ်အောင် ပြုလုပ်ပေးစေကာမူ ငါသည် တောင်းနေသောသင့်အား မပေးတော့သည်သာတည်း” –

“အမျိုးဇာတ်၌ ဖြစ်သော၊ ရောင့်ရဲသော၊ အထီးမကျန်သော၊ ဝန်မတိုသောသူကိုလည်း သိရာ၏။ ပညာရှိသည် ထိုသူနှင့် အဆွေခင်ပွန်းအဖြစ် မိတ်သဂ်ဟ အဖြစ်ကို ပြုခြင်းငှာထိုက်၏” –

ဟု အလမ္ပာယ်အး ပြောဆိုပြီးလျှင် တောသို့ လျင်မြန်စွာ ဝင်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ အလမ္ပာယ်သမားသည် - ယခုအခါ ရဟန်းကြီး။

မျောက်သည် - သာမဏေ။

စပါးကုန်သည်သည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရောင့်ရဲမျိုးမှန်၊ ထီးမကျန်၊ ပေါင်းရန်ဝန်မတို။

(၂) တစ်ကြိမ်ဖြင့်ပင်၊ အပြစ်မြင်၊ ရှောင်ကြည်အပ်သည်ကို။

(၃) တောမျောက်ဉာဏ်ကျယ်၊ အလမ္ပာယ်၊ ရှောင်ဖယ်သွားသလို။

အဟိတုဏ္ဍိကဇာတ် ပြီး၏။

***

(၃၆၆) - ဂုမ္ဗိယဇာတ်

ဂုမ္ဗိယ မည်သော ဘီလူးနှင့် လှည်းကုန်သည်တို့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အဆိပ်ပမာ ကိလေသာ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် တန်ဆာဆင်သော မိန်းမကိုမြင်၍ သာသနာတော်၌ ငြီးငွေ့ပျင်းရိလျက်နေ၏။

မြတ်စွာဘုရားသည် ထိုရဟန်းကိုခေါ်တော်မူ၍ “ချစ်သားရဟန်း … သာသနာတော်၌ ငြီးငွေ့ပျင်းရိ၏ဟူသည် မှန်သလော” ဟု မေးမြန်းတော်မူရာ မှန်ကြောင်းလျှောက်ထးလေလျှင် “ချစ်သားရဟန်း … ကာမဂုဏ်ငါးပါးတို့ကား ဂုမ္ဗိယဘီလူးသည် လတ်တလော သေစေတတ်သော အဆိပ်ကိုထည့်၍ ခရီးလမ်း၌ ထားအပ်သော ပျားရည်နှင့် တူကုန်၏” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဘီးလူးအဆိပ်ပျား မသိသူစား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် လှည်းကုန်သည်မျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ကုန်ရောင်းရန် လှည်းငါးရာတို့ဖြင့်သွား၍ တောအုပ်အဝင်ဝသို့ရောက်လျှင် လူတို့ကို စည်းဝေးစေ၍ “အချင်းတို့ … ဤလမ်းခရီး၌ အဆိပ်ရှိသော အရွက် အပွင့် အသီးတို့ ရှိကုန်၏။ လမ်းခရီး၌ လည်း ထားကုန်၏ သို့အတွက် ငါ့ကို မပန်ကြားဘဲ မည်သည့်အရွက် အပွင့် အသီး အစာအာဟာရကိုမျှ မစားကြလင့်” ဟု ပြောဆို ဆုံးမလေ၏။

ထိုအခါ ဂုမ္ဗီယဘီလူးသည် တောအုပ်အလယ်၌ သစ်ရွက်တို့ကို ခင်း၍ လတ်တလော သေစေတတ်သော အဆိပ်နှင့်ယှဉ်သော ပျားလပို့တို့ကို ထားလျက် မိမိမူကား လမ်းခရီးအနီး၌ ပျားရှာသကဲ့သို့ လည်းကောင်း၊ သစ်ပင်တို့ကို ပေါက်သကဲ့သို့ လည်းကောင်း လှည့်လည်လျက်နေ၏။ မသိသူတို့သည် ကုသိုလ်ရရန်ထားသည် ဖြစ်လိမ့်မည်ဟု မှတ်ထင်ကာ စားကြ၍ သေကျေပျက်စီးကြကုန်၏။ ထိုအခါ ဘီလူးတို့သည်လာ၍ လူသေတို့ကို စားကြကုန်၏။

ဆုံးမလိုက်နာ ချမ်းသာစွာ

လှည်းကုန်သည်တို့သည် ရောက်လာ၍ ထိုပျားလပို့တို့ကို မြင်ကြလျှင် ပညာမဲ့သူတို့သည် သည်းမခံနိုင်သဖြင့် စားနှင့်ကြကုန်၏။ ပညာရှိသူအချို့တို့သည် လှည်းမှူးကိုမေး၍ စားကြမည်ဟု သည်းခံကာ စောင့်ဆိုင်းကြကုန်၏။ လှည်းမှူးရောက်လာလျှင် လက်၌ ကိုင်ထားသော ပျားလပို့တို့ကို စွန့်စေကုန်၏။ ရှေးဦးစွာ အဝစားနှင့်သူတို့သည် သေကျေကုန်၏။ ထက်ဝက်စားဆဲသူတို့အား အန်ဆေးကို ကျွေး၍ အန်စေပြီးလျှင် စတုမဓုကို ကျွေးသဖြင့် အသက်ချမ်းသာကုန်၏။ လှည်းမှူးသည် လှည်းငါးရာတို့ဖြင့် မိမိလိုရာ အရပ်သို့သွားကာ ပါသော ဘဏ္ဍာတို့ကို ရောင်းချပြီးလျှင် မိမိတို့အိမ်သို့ ချမ်းသာစွာ ရောက်လေ၏။

ကာမဂုဏ်ဆိပ်ပျား ဘေးရန်များ

မြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူသောအခါ -

“ရဟန်းတို့ … ပျားရည်အဆင်း၊ ပျားရည်အနံ့၊ ပျားရည်အရသာရှိသော အဆိပ်မျိုးရှိ၏။ အစာကို ရှာသော ဂုမ္ဗိယဘီလူးသည် ထိုအဆိပ်မျိုးကို တော၌ ထားဘိ၏။

ထိုအဆိပ်ကို ပျားရည်ထင်မှတ်သဖြင့် စားကြသော သူတို့အား ထိုအဆိပ်တတ်ခြင်းကြောင့် သေကျေပျက်စီးကြကုန်၏။

ဉာဏ်ပညာဖြင့် ဆင်ခြင်၍ ထိုအဆိပ်ကို ရှောင်ကြဉ်သောသူတို့ကား သေကြ နာကြသောသူတို့အထဲမှ ချမ်းသာကုန်၏။ အဆိပ်သင့်သော သူတို့အထဲမှ ငြိမ်းအေးကုန်၏”။

“ဤအတူ လူတို့၌ ကာမဂုဏ်ငါးပါးသည် အဆိပ်မည်၏။ ထိုအဆိပ်သည် အာမိသလည်း ဖြစ်၏။ အနှောင့်အဖွဲ့လည်း ဖြစ်၏။ ခန္ဓာကိုယ် လိုဏ်ဂူ၌ ကိန်းအောင်း၍ နေသော သေမင်းနှင့်လည်း တူ၏။

ဤအတူလျှင် လုပ်ကျွေးတတ်သော ဤကာမဂုဏ် ငါးပါးတို့ကို ကြောက်ရွံ့သည်ဖြစ်၍ ဘယ်အခါမဆို ရှောင်ကြဉ်သောသူတို့ကား လောက၌ ကိလေသာကို လွန်မြောက်ကုန်၏” –

ဟု ရဟန်းတို့အား ကာမဂုဏ်ငါးပါးတို့၏ အပြစ်ကို ဟောကြားတော်မူ၏။

ဤဒေသနာတော်ကို ဆောင်တော်မူပြီးလျှင် သစ္စာကို ပြသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လှည်းကုန်သည်မှူးသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကာမဂုဏ်ငါး၊ အဆိပ်လား၊ လျင်လျားသေစေသည်။

(၂) အာမိသတူ၊ နှောင်ဖွဲ့တူ၊ ဂူအောင်းသေမင်းမည်။

(၃) ရှောင်သူချမ်းသာ၊ သုံးသူမှာ၊ ပူဆာပျက်စီးမည်။

(၄) ဂုမ္ဗဘီလူး၊ သားစားကြူး၊ ထားဖူးဆိပ်ပျားရည်။

ဂုမ္ဗိယဇာတ် ပြီး၏။

***

(၃၆၇) - သာလိယဇာတ်

မြွေကိုက်လျှင် ဆေးကုမည်ဟု ကြံစည်ကာ သူငယ်ချင်းအား မြွေကို ဆက်ရက်ဟု လိမ်လည်ပြီး သစ်ခေါင်းတွင် အနှိုက်ခိုင်းသော ဆေးသမား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဒေဝဒတ်ကြောင်းပြု မိန့်ဆိုမှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဆေးသမားလှည့်စား ကလေးများ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ရွာငယ်တစ်ခုတွင် သူကြွယ်မျိုး၌ ဖြစ်၍ ငယ်ရွယ်စဉ် အခါ မြေမှုန့်ကစားဖက်ဖြစ်သောသူတို့နှင့် ရွာတံခါးအနီးရှိ ပညောင်ပင်ရင်း၌ ကကားလျက်နေ၏။

ထိုအခါ ဆေးသမားတစ်ယောက်သည် ရွာတွင်း၌ တစ်စုံတစ်ယောက်သောသူကိုမျှ ဆေးမကုရသဖြင့် ဆေးဖိုးဝါးခမရဘဲ ရွာမှထွက်သည်ရှိသော် ထိုသူငယ်တို့ ကစားရာအရပ်သို့ရောက်၍ သစ်ခွကြားတွင် ဦးခေါင်းထွက်ကာ အိပ်နေသော မြွေကိုမြင်လျှင် ငါသည် ဤသူငယ်တို့ကို လှည့်ပတ်ကာ မြွေကိုကိုက်စေ၍ ဆေးဝါး ကု-မ-ရလျှင် ဆေးဖိုးဝါးခ ရပေမည်ဟု ကြံစည်ကာ သူကြွယ်သားသူငယ်ကို “အမောင် … ဆက်ရက်ငယ်ကို မြင်လျှင် ဖမ်းမည်လော” ဟု မေး၏။ “ဆရာကြီး … ဖမ်းမည်” ဟု ပြော၏။ “အမောင် … ကြည့်လော”ဟု ပြော၍ သစ်ခွကြားတွင် ဦးခေါင်းထွက်ကာ အိပ်နေသော မြွေကို ပြလေ၏။

စိတ်ယုတ်ကျင့်ဖောက် ကိုယ့်ကိုရောက်

သူငယ်လည်း မြွေမှန်းမသိသည်ဖြစ်၍ သစ်ပင်ထက်သို့ လျင်မြန်စွာတက်၍ မြွေ၏ လည်ပင်းကို ဆုပ်ကိုင်မိလျှင် မြွေမှန်းသိသဖြင့် ကြောက်လန့်ရကား မလွတ်ရအောင် ကိုင်ပြီးလျှင် သစ်ပင်ထက်မှ လျင်မြန်သောအဟုန်ဖြင့် အောက်သို့ ပစ်ချလိုက်၏။ ထိုမြွေသည် ဆေးသမား၏ လည်ပင်းပေါ်သို့ကျ၍ လည်ပင်းကို ရစ်ပတ်ကာ [ကရ - ကရ] ဟု မြည်လျက် ကိုက်၍ ဆေးသမားကို ထိုအရပ်၌ လဲစေပြီးလျှင် ပြေးလေ၏။ အနီးရှိလူတို့လည်း ခြံရံကာ ကြည့်ရှုကြကုန်၏။ ထိုအခါ သူကြွယ်သားသူငယ်သည် -

“အချင်းတို့ … မြွေဟောက်ကို ဆက်ရက်ငယ်ဟူ၍ လှည့်ပတ်ပြောဆိုကာ ဖမ်းယူစေ၏။ လှည့်ပတ်ပြောဆိုသော ဤဆေးသမားသည်ပင် ထိုမြွေဟောက်ကိုက်၍ သေရ၏။

မညှဉ်းဆဲ မသတ်ဖြတ်ထိုက်သူကို ညှဉ်းဆဲသတ်ဖြတ်ရန် အလိုရှိသော ဤဆေးသမားသည် သေ၍ အိပ်ရသကဲ့သို့ ထို့အတူ မညှဉ်းဆဲ မသတ်ဖြတ်ထိုက်သူကို ညှဉ်းဆဲသတ်ဖြတ်သူတို့လည်း သေ၍ အိပ်ကြရမည်။

လေညာသို့ ပစ်လွှင့်သော မြူမှုန်သည် ပစ်လွှင့်သူကိုသာ ပြန်၍ ညှဉ်းဆဲသကဲ့သို့၊ ထို့အတူ အပြစ်မရှိ စင်ကြယ်၍ မပြစ်မှားထိုက်သူကို ပြစ်မှားသော မကောင်းမှုသည် ပြစ်မှားသူ လူမိုက်ကိုသာ ပြန်၍ ညှဉ်းဆဲဘိ၏” –

ဟု ရောက်လာသော ပရိသတ်အား အကျိုးအကြောင်းပြကာ ဆုံးမဟောကြားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဆေးသမားသည် - ယခုအခါ ဒေဝဒတ်။

ပညာရှိသူငယ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သူတစ်ပါးမှန်၊ မကောင်းဖန်၊ ကိုယ်ဒဏ်ထိမည်သာ။

(၂) လေညာသို့မှု၊ လွှင့်သည့်မြူ၊ လွှင့်သူညှဉ်းဆဲရာ။

(၃) မသတ်ထိုက်သူ၊ သတ်ခဲ့မူ၊ သတ်သူသေသည်သာ။

(၄) မညှဉ်းထိုက်သူ၊ ညှဉ်းဆဲမူ၊ ညှဉ်းသူဆင်းရဲရာ။

ဂုမ္ဗိယဇာတ် ပြီး၏။

***

(၃၆၈) - တစသာရဇာတ်

ပညာရှိသူငယ်ကြောင့် သူငယ်အများအနှောင့်အဖွဲ့မှ လွတ်ခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပညာပါရမီတော် ချီးကျူးဖော်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် မြတ်စွာဘုရား၏ ပညာပါရမီတော်ကို ချီးကျူးပြောဆို၍ နေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ … ငါဘုရားသည် ယခုအခါ၌ သာ ပညာရှိသည်၊ ဥပါယ်၌ လိမ္မာသည်မဟုတ်၊ ရှေးအခါ၌ လည်း ပညာရှိသည်၊ ဥပါယ်၌ လိမ္မာသည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဖမ်းဆီးလာရေး မင်းကြီးမေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ရွာငယ်တစ်ခုတွင် သူကြွယ်မျိုး၌ ဖြစ်၍ ငယ်ရွယ်စဉ် အခါ မြေမှုန့်ကစားဖက်ဖြစ်သော သူတို့နှင့်အတူ ရွာတံခါးအနီးရှိ ပညောင်ပင်ကြီးရင်း၌ ကစားလျက်နေ၏။ [အလုံးစုံသော စကားအစဉ် သည် သာလိယဇာတ်နှင့်တူပြီ။ ]

ဤတစသာရဇာတ်၌ ကား အထူးအားဖြင့် ဆေးသမားသေသည်ရှိသော် ရွာ၌ နေကုန်သော လူတို့သည် သူငယ်တို့ကို လူသတ်သော သူငယ်တို့ဟူ၍ ဝါးလုံး တောက်တို့ဖြင့် နှောင်ဖွဲ့ကာ မင်းကြီးထံသို့ ဆောင်ယူကြကုန်၏။

သူကြွယ်သားသူငယ်သည် ခရီးအကြား၌ ကစားဖက်ဖြစ်သော သူငယ်အား “အမောင်တို့ … မကြောက်ကြကုန်လင့်၊ မင်းကြီးကို မြင်လျှင် လည်း မကြောက်ကြဘဲ ကြည်လင်သော မျက်နှာရှိကြကုန်လော့၊ မင်းကြီးသည် ငါတို့နှင့် ရှေးဦးစွာ စကားပြောလိမ့်မည်၊ ထိုအခါ ငါပြောမည်” ဟု အဆုံးအမပေးလေ၏။ သူငယ်တို့လည်း ပညာရှိသူငယ်ပြောတိုင်း နားထောင်ကြကုန်၏။

မင်းကြီးထံသို့ ရောက်သောအခါ မင်းကြီးသည် ကြည်လင်သော မျက်နှာရှိသော သူငယ်တို့ကို မြင်လျှင် -

“အို သူငယ်တို့ … သင်တို့ကား ရန်သူလက်သို့ ရောက်ကာ ဝါးလုံးတောက်တို့ဖြင့် နှောင်ဖွဲ့ခြင်းကို ခံရပါလျက် ကြည်လင်သောမျက်နှာ ရှိကြကုန်၏။ အဘယ်ကြောင့် မစိုးရိမ်ကြသနည်း” –

ဟု သူငယ်တို့အား ချီးမွမ်းအံ့ဩကာ မေးမြန်းကြလေ၏။

သူငယ်ပညာရှိ လျှောက်ထား၏

ပညာရှိသူငယ်သည် မင်းကြီးစကားကို ကြားလျှင် -

“မြတ်သောမင်းကြီး … စိုးရိမ်ခြင်း ငိုကြွေးခြင်းဖြင့် စင်စစ် အနည်းငယ်မျှသော အကျိုးကို မရရှိပေ၊ စိုးရိမ်ငိုကြွေးလျက် ဆင်းရဲနေသည်ကိုမြင်လျှင် ရန်သူတို့သည် ဝမ်းမြောက်ကြကုန်၏။

ဘေးရန်ဖြစ်လာသည်ရှိသော် အကျိုးစီးပွား အဆုံးအဖြတ်ကို သိမြင်သော ပညာရှိသည် မတုန်လှုပ်ပါ၊ ရန်သူတို့သည် မဖောက်မပြန် ပကတိအတိုင်း တည်ရှိသော မျက်နှာကိုမြင်လျှင် ဆင်းရဲကြကုန်၏။

ဖြစ်လာသော အမှုကိစ္စတို့၌ အကျိုးစီးပွားကို ရရာရကြောင်းဖြစ်သော မန္တာန်မန်းမှုတ်ခြင်း၊ ပညာရှိတို့နှင့် တိုင်ပင်ခြင်း၊ ချစ်ဖွယ်သောစကားကို ပြောဆိုခြင်း၊ တရားသူကြီးတို့အား တံစိုးလက်ဆောင်ပေးခြင်း၊ ဆွေမျိုးစဉ် ဆက်ကို ပြောဆိုခြင်းတို့ဖြင့် ရန်သူတို့ကို အောင်မြင်ရာ၏။ အကျိုးစီးပွားရရာ ရကြောင်းကို လုံ့လပြုရာ၏။

အကျွန်ုပ်သည် လည်းကောင်း၊ သူတစ်ပါးသည် လည်းကောင်း၊ အကျိုးစီးပွားကို မရတော့ပြီဟု သိမြင်သောအခါ ၌ ကား မစိုးရိမ်ကြဘဲ ကံသည် မြဲလှ၏။ ကံအတိုင်းဖြစ်ရသည်ကို အဘယ်သို့ ပြုလုပ်နိုင်မည်နည်းဟု နှလုံးသွင်းကာ သည်းခံရာ၏” –

ဟု မင်းကြီးအား မစိုးရိမ်ခြင်း၊ မငိုကြွေးခြင်း အကြောင်းကို လျှောက်ထားလေ၏။ မင်းကြီးလည်း ပညာရှိသူငယ်၏ တရားစကားကို ကြားရလျှင် အမှုကို စုံစမ်းစစ်ဆေးကာ သူငယ်တို့အား အပြစ်မရှိကြောင်းကိုသိ၍ ဝါးတောက်တို့ကို ဖြုတ်ပယ်စေပြီးလျှင် ပညာရှိသူငယ်အား ကြီးစွာသော စည်းစိမ်ကိုပေး၍ အကျိုးအကြောင်းပြ၍ ဆုံးမသော ပညာရှိအမတ်ရာထူးဖြင့် ချီးမြှောက်လေ၏။ ကြွင်းသောသူငယ်တို့အားလည်း ထိုက်တန်သော စည်းစိမ်ကိုပေး၍ ရာထူးဖြင့် ချီးမြှောက်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

သူငယ်တို့သည် - ထေရ်ကြီးထေရ်ငယ်များ။

ပညာရှိသူငယ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဘေးရန်နှင့်ကြိမ်၊ မစိုးရိမ်၊ တည်ငြိမ်ကြည်မျက်နှာ။

(၂) ဝမ်းသာရန်သူ၊ ဖောက်ပြန်မှု၊ တည်မှုဆင်းရဲမှာ။

(၃) အမှုကြုံပြန်၊ ကျိုးများရန်၊ မန္တာန်မန်းမှုတ်ပါ။

(၄) ဆွေစဉ် ပြောရေး၊ တံစိုးပေး၊ ဆွေးနွေးပညဝါ။

(၅) ချစ်ဖွယ်စကား၊ ပြောဆိုငြား၊ မမှားအောင်နိုင်ရာ။

(၆) ကျိုးမပြီးက၊ ကံကိုချ၊ ဒုက္ခသည်းခံပါ။

တစသာရဇာတ် ပြီး၏။

***

(၃၆၉ ) - မိတ္တဝိန္ဒကဇာတ်

နတ်သမီးတို့နှင့် ချမ်းသာစွာ ခံစားရပါလျက် အလိုကြီး၍ မရောင့်ရဲနိုင်သဖြင့် သင်တုန်းစက်ငရဲတွင် ဒုက္ခကြီးစွာ ခံစားရသော မိတ္တဝိန္ဒက အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရဟန်းပေါ့ပျက် ဆုံးမခက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆုံးမခက်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇတ်ကို ဆောင်တော်မူသည်း။ ။ [မဟာမိတ္တဝိန္ဒကဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ ]

အတိတ်ဝတ္ထု

အလိုကြီးလှ ငရဲကျ

ဤမိတ္တဝိန္ဒကဇာတ်၌ ကား မိတ္တဝိန္ဒကသည် သမုဒ္ဒရာ၌ ပစ်ချအပ်သည်ရှိသော် အလွန်အလိုကြီးသည်ဖြစ်၍ ငရဲသူသတ္တဝါတို့ဖြစ်ရာ ဥဿဒရက်ငရဲကို မြို့တစ်မြို့ဟူသော အမှတ်သညာဖြင့် ဝ၍ သွားလျှင် သင်တုန်းစက်ငရဲသို့ ရောက်လေ၏။

ထိုအခါ ဘုရားအလောင်းသည် နတ်သားဖြစ်၍ ဥဿဒရက် ငရဲကို ကြည့်ရှုရန် လှည့်လည်၏။ မိတ္တဝိန္ဒသည် နတ်သားကိုမြင်လျှင် -

“အရှင်နတ်သား … အကျွန်ုပ်သည် နတ်တို့အား အဘယ်အမှုကို ပြုမိသနည်း၊ သင်တုန်းစက်သည် အကျွန်ုပ်၏ ဦးခေါင်းထက်၌ နှိပ်၍ လည်ဘိ၏၊ အကျွန်ုပ်သည် အဘယ်မည်သော မကောင်းမှုကို ပြုမိသနည်း” ဟု နတ်သားအး မေးလေ၏။

တဏှာလိုလိုက် ဆင်းရဲဆိုက်

နတ်သားသည် မိတ္တဝိန္ဒက စကားကို ကြားလျှင် - “မိတ္တဝိန္ဒက … သင်သည် ဖန်ဖြင့်ပြီးသော ပြာသာဒ်၊ ငွေဖြင့်ပြီးသော ပြာသာဒ်၊ ပတ္တမြားဖြင့် ပြီးသော ပြာသာဒ်၊ ရွှေဖြင့်ပြီးသော ပြာသာဒ်တို့ကို ကျော်လွန်၍ အဘယ်ကြောင့် ဤငရဲသို့လာသနည်း” ဟု မိတ္တဝိန္ဒကအား တစ်ဖန် ပြန်၍ မေးလေ၏။ ထိုအခါ မိတ္တဝိန္ဒကသည် -

“အရှင်နတ်သား … ဤပြာသာဒ် လေးခုတို့၌ စည်းစိမ်ချမ်းသာထက် ထိုအရပ်၌ အလွန်များသော စည်းစိမ်ချမ်းသာတို့သည် ရှိပေလိမ့်မည် ဟူသော အမှတ်သညာဖြင့် လာမိ၍ ပျက်စီးခြင်းသို့ ရောက်ရသော အကျွန်ုပ်ကို ရှုကြည့်ပါလော” –

ဟု နတ်သားအား ပြောဆိုပြန်၏။ နတ်သားလည်း နောက်တစ်ဖန် -

“မိတ္တဝိန္ဒက … သင်ကား နတ်သမီး လေးယောက်၊ တစ်ဖန် ရှစ်ယောက်၊ တစ်ဖန် ဆယ့်ခြောက်ယောက်၊ တစ်ဖန် သုံးဆယ့်နှစ်ယောက်တို့ကို ရခဲ့၏၊ အလိုကြီးသည့်အတွက် သင်တုန်းစက်သို့ ရောက်ရ၏၊ အလို ရမ္မ နှိပ်စက်သော သင်၏ထိပ်ထက်၌ သင်တုန်းစက်သည် လည်ဘိ၏” –

“မိတ္တဝိန္ဒက … တဏှာကား အထက်၌ ကျယ်သဖြင့် ပြည့်နိုင်ခဲ၏၊ ပြန့်ပြူး၏၊ တဏှာဖြင့် အဖန်တလဲလဲ တပ်စွန်း၍ ယူမိသော သူတို့သည် သင်တုန်းစက်ကို ဆောင်ရွက်ရကုန်၏” –

ဟု မိတ္တဝိန္ဒကအား ပြောဆိုနေစဉ် လျှင် ထိုသင်တုန်းစက်သည် လည်လျက် လှည့်ဘိ၏။ တစ်ဖန်ပြန်၍ ပြောဆိုခြင်းငှာ မတတ်နိုင်လေ၏။ နတ်သားလည်း မိမိနေရာသို့ သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မိတ္တဝိန္ဒကသည် - ယခုအခါ အဆုံးမခက်သော ရဟန်း။

နတ်သားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အထက်ကျယ်စွာ၊ ပြန်ပြောစွာ၊ တဏှာပြည့်နိုင်ခဲ။

(၂) ရမ္မကြီးလှ၊ ဝိန္ဒက၊ ရောက်ရ ရံငရဲ။

(၃) ဦးခေါင်းအထက်၊ သင်တုန်းစက်၊ လည်လျက်ခံရမြဲ။

မိတ္တဝိန္ဒကဇာတ် ပြီး၏။

***

(၃၇၀) - ပလာသဇာတ်

ပေါက်ပင်ခွကြား၌ ပေါက်သော ပညောင်ပင်ကို ငယ်စဉ် က မနုတ်သဖြင့် မိမိဗိမာန်ပျက်စီး၍ ပူဆွေးရသော ပေါက်ပင်စောင့်နတ်။

ပစ္စုပ္ပန်ဝတ္ထု

လောဘအန္တရာယ် ရွံရှာဖွယ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကိလေသာ နှိပ်စက်သော ရဟန်းတို့သည် ရှိကုန်သတတ်။

မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို ခေါ်တော်မူ၍ “ရဟန်းတို့ … ကိလေသာ မည်သည် သေးငယ်သော်လည်း ရွံရှာအပ်၏၊ ကိလေသာမည်သည် ပညောင်ပင်ကဲ့သို့ ပျက်စီးခြင်းသို့ ရောက်စေတတ်၏၊ ရှေးပညာရှိတို့သည် ရွံရှာအပ်သည်တို့ကို ရွံရှာကုန်သည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဟင်္သာသတိပေး ညောင်ပင်လေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ရွှေဟင်္သာမျိုး၌ ဖြစ်၍ စိတ္တကုဋ်တောင် ရွှေဂူ၌ နေလျက် ဟိမဝန္တာဝယ် ဇာတဿရအိုင်၌ အလိုလိုပေါက်သော သလေးစပါးတို့ကို စားလေ့ရှိ၏။

ရွှေင်္ဟသာမင်း သွားလာသော ခရီးလမ်း၌ ပေါက်ပင်ကြီးတစ်ပင် ရှိသတတ်။ ရွှေဟင်္သာမင်းသည် ထိုပေါက်ပင်ကြီး၌ အသွားအပြန် အပန်ဖြေ နားလေ့ရှိ၏။ နားဖန်များသဖြင့် ပေါက်ပင်စောင့် ရုက္ခစိုးနှင့် အကျွမ်းတဝင် ဖြစ်လေ၏။

နောက်အခါ ငှက်မတစ်ကောင်သည် ညောင်သီးကို စားပြီးလျှင် ပေါက်ပင်သို့လာ၍ နားလျက် သစ်ခွကြားတွင် ကျင်ကြီးစွန့်လေ၏။ ထိုကျင်ကြီးမှ ညောင်ပင်ပေါက်၍ လက်လေးသစ်မျှ ရှိသောအခါ နီမြန်းသော အရွက် အညွန့်တို့ဖြင့် တယ့်တယ်လေ၏။ ရွှေဟင်္သာမင်းသည် လာ၍ ထိုညောင်ပင်ငယ်ကို မြင်လေလျှင် -

“အဆွေပေါက်ပင်စောင့်နတ် … သင်၏ ပေါက်ပင်ခွကြား၌ ပညောင်ပင် ပေါက်ခဲ့၏၊ ထိုပညောင်ပင်သည် ကြီးပွားလာသောအခါ သင့်ဗိမာန်ကို ဖျက်ဆီးလိမ့်မည်” –

ဟု ပေါက်ပင်စောင့်နတ်အား ပြောဆိုလေ၏။

ရုက္ခစိုးနောင်ရေး ဆုံးမပေး

ထိုစကားကိုကြားလျှင် ပေါက်ပင်စောင့်နတ်သည် ရွှေဟင်္သာမင်း စကားကို မနာယူလိုသဖြင့် -

“ရွှေဟင်္သာမင်း … ပညောင်ပင်သည် ကြီးပွားလာပါစေ၊ အမိ အဘတို့သည် သားသမီးတို့၏ တည်ရာ ဖြစ်သကဲ့သို့ ငါသည် ပညောင်ပင်၏ တည်ရာဖြစ်လိမ့်မည်၊ ပညောင်ပင်သည်လည်း ငါ၏တည်ရာ ဖြစ်လိမ့်မည်” –

ဟု ရွှေဟင်္သာမင်းအား ပြန်ကြား ပြောဆိုလေ၏။ ထိုနောင်မှ ရွှေဟင်္သာမင်းသည် -

“အဆွေ - ပေါက်ပင်စောင့်နတ် … သင်သည် ကြောက်မက်ဖွယ်ကောင်းသော ပညောင်ပင်ကို ပေါက်ပင်ခွကြား၌ ကြီးပွားစေဘိ၏၊ ထို့ကြောင့် သင့်ကို ပြောဆို၍ ငါတို့ သွားတော့အံ့၊ ပညောင်ပင် ကြီးပွားလာခြင်းကို ငါတို့ မနှစ်သက်ပါ” –

ဟု ပြောဆိုတာ စိတ္တကုဋ်တောင်သို့ ပြန်လေ၏။ နောက်ထပ်တစ်ဖန် မလာတော့ပြီ။

ဗိမာန်ပျက်ကျ ပူပန်လှ

နောက်အဖို့၌ ပညောင်ပင်သည် တဖြည်းဖြည်း ကြီးပွား၍ လာ၏။ ထိုအခါ ပညောင်ပင်၌ နေသော ရုက္ခစိုးနတ်သည် ဖြစ်၍ လာပြန်၏။ ထိုပညောင်ပင် အလွန်ကြီးပွားလာလတ်သော် ပေါက်ပင်သည် ပျက်စီးလေ၏။ အရွက် အခက်နှင့်တကွ ပေါက်ပင်စောင့် ရုက္ခစိုး၏ ဗိမာန်သည် အောက်သို့ကျလေ၏။

ထိုအခါ ပေါက်ပင်စောင့် ရုက္ခစိုးသည် ရွှေဟင်္သာမင်း စကားကို အမှတ်ရ၍ ဤလာမည့်ဘေးကို မြင်သော ရွှေဟင်္သာမင်းသည် ပြောဆိုဘိ၏။ ငါသည် ရွှေဟင်္သာမင်း စကားကို နားမထောင်မိ၍ ဤသို့ ဖြစ်ရသည်ဟု စဉ်းစားဆင်ခြင်ကာ -

“ယခုအခါ ငါ့ကို ပညောင်ပင်သည် ကြောက်စေဘိ၏၊ ရွှေဟင်္သာမင်း မြင်းမိုရ်တောင်နှင့် တူသော စကားကို မသိ၍ သာ ငါ့အား ကြီးစွာသော ဘေးသည် ဖြစ်လာခဲ့ပြီ” –

ဟု အဖန်ဖန် ငိုကြွေးမြည်တမ်းလေ၏။

မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူသောအခါ -

“ရဟန်းတို့ … ကြီးပွားသည်ရှိသော မိမိ၏ တည်ရာ မှီရာကို ဖျက်ဆီးတတ်သော တရားတို့၏ ကြီးပွားခြင်းကို ပညာရှိတို့သည် မချီးမွမ်းကြပေ၊ ထိုတရားတို့၏ ဖျက်ဆီးခြင်းကို ရွံရှာသော ပညာရှိတို့သည် အမြစ်ကိုဖြတ်ရန် လုံ့လပြုကုန်၏” –

ဟု ရဟန်းတို့အား ကိလေသာတရားသည် ပညောင်ပင်နှင့် တူကြောင်းကို ဥပမာဖြင့် ဟောကြားတော်မူ၏။

ဤဒေသနာတော်ကိုဆောင်၍ သစ္စာကို ပြသည်၏ အဆုံး၌ ငါးရာသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရွှေဟင်္သာမင်းသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကိလေသာမှာ၊ ကြီးပွားလာ၊ မှီရာဖျက်တတ်သည်။

(၂) အနည်းငယ်ပင်၊ ပညာရှင်၊ ပြစ်မြင်ရွံရှာသည်။

(၃) ပညောင်ပင်နှယ်၊ ငယ်စဉ် ဝယ်၊ နုတ်ပယ်အပ်လေသည်။

ပလာသဇာတ် ပြီး၏။

***

(၃၇၁) - ဒီဃီတိကောသလဇာတ်

အဘဖြစ်သော ဒီဃိတိကောသလမင်း၏ စကားကို နားထောင်ကာ ရန်သူ ဗြဟ္မဒတ်မင်းအား ရန်တုံ့မမူသဖြင့် ထီးနန်းရသော ဒီဃာဝုမင်းသား အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ငါ့သားဖြစ်က လိုက်နာကြ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ခိုက်ရန်ဖြစ်သော ကောသမ္ဗီ ရဟန်းတို့သည် မြတ်စွာဘုရားကို ကန်တော့ကြရန် ဇေတဝန်ကျောင်းတော်သို့ လာကြသောအခါ မြတ်စွာဘုရားသည် ထိုကောသမ္ဗီ ရဟန်းတို့ကို ခေါ်တော်မူ၍ “ရဟန်းတို့ … သင်တို့သည် ငါဘုရား၏ ရင်မှဖြစ်သော သားတော်တို့တည်း၊ သားတော်တို့မည်သည် အဘ ပေးအပ်သော အဆုံးအမကို မဖျက်ဆီးသင့်၊ သင်တို့ကား ငါဘုရား၏ အဆုံးအမကို မလိုက်နာကြကုန်၊ ရှေးပညာရှိတို့သည် အမိဘအကိုသတ်၍ တိုင်းပြည်ကိုယူသော ရန်သူမင်းကို မိမိလက်သို့ ရောက်လာပါလျက် ပေးအပ်သော အဆုံးအမကို လိုက်နာ၍ မသတ်ဘဲ အသက်ကို ချမ်းသာပေးဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဘေးရန်လွတ်ရေး တောရွာပြေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုလေသည်။ ထိုမင်းကား တိုင်းနိုင်ငံ ကျယ်ဝန်း၏။ စစ်သည်ဗိုလ်ပါ ဥစ္စာစည်းစိမ် ပေါများသဖြင့် ကြွယ်ဝချမ်းသာ၏။ ဒီဃာတိကောသလမင်းကား တိုင်းနိုင်ငံ သေးငယ်၏။ စစ်သည်ဗိုလ်ပါ ဥစ္စာ စည်းစိမ် နည်းပါးသဖြင့် ဆင်းရဲ၏။ တစ်နေ့သ၌ ဗြဟ္မဒတ်မင်းကြီးသည် ဒီဃီတိကောသလမင်းကို စစ်တိုက်ရန် စစ်အင်္ဂါလေးပါးဖြင့် တိုင်းပြည်မှ ထွက်လေ၏။

ဒီဃီတိကောသလမင်းသည် ဗြဟ္မဒတ်မင်းကြီး စစ်တိုက်ရန် ထွက်လာကြောင်းကို ကြားလတ်သော် ငါ့မှာ တိုင်းနိုင်ငံ သေးငယ်လှ၏။ စစ်သည်ဗိုလ်ပါ ဥစ္စာစည်းစိမ် နည်းပါးလှသဖြင့် ဆင်းရဲလှ၏။ ဗြဟ္မဒတ်မင်းကား တိုင်းနိုင်ငံ ကျယ်ဝန်းလှ၏။ စစ်သည်ဗိုလ်ပါ ဥစ္စာစည်းစိမ် ပေါများသဖြင့် ကြွယ်ဝချမ်းသာလှ၏။ ငါ ဘယ်နည်းနှင့်မျှ ခုခံတိုက်ခိုက်နိုင်မည် မဟုတ်။ ဗြဟ္မဒတ်မင်း မရောက်မီ တိုင်းပြည်မှ ထွက်၍ တစ်နေရာတွင် ပုန်းအောင်နေရမူ ကောင်းလိမ့်မည် ကြံပြီးလျှင် မိဖုရားကြီးကိုခေါ်ကာ တိုင်းပြည်မှထွက်၍ ဗာရာဏသီပြည်သို့သွား၍ တိုင်းစွန်ပြည်နား မထင်ရှားသော အရပ်ဝယ် အိုးထိန်းသည်အိမ်၌ ပုရပိုက်အသွင်ကိုယူလျက် မထင်မရှားနေလေ၏။

စစ်အင်္ဂါလေးရပ် ချင်ခြင်းတပ်

ဗြဟ္မဒတ်မင်းကြီးလည်း တိုင်းပြည်သို့ရောက်လျှင် ဒီဃီတိကောသလမင်းနှင့် မိဖုရားကြီးတို့ ထွက်ပြေးနှင့်သဖြင့် စစ်တိုက်ရန်ကိစ္စ မရှိတော့ဘဲ အောင်နိုင်သဖြင့် တိုင်းနိုင်ငံ စစ်သည် ဗိုလ်ပါ ဥစ္စာစည်းစိမ် အလုံးစုံကို သိမ်းပိုက်ပြီးလျှင် မင်းပြုကာ နေလေ၏။

မကြာမြင့်မီ ဒီဃီတိကောသလမင်း မိဖုရားကြီး၌ ပဋိသန္ဓေ ကိုယ်ဝန်တည်သဖြင့် “နေထွက်သောအခါ မြေပြင်ဝယ် ရပ်တည်နေသော စစ်အင်္ဂါလေးပါး ရှိသည်ကို မြင်လိုသော ချင်ခြင်းနှင့် သန်လျက်ဆေးရေကို သောက်လိုသော ချင်ခြင်း ဖြစ်ပါသည်” ဟု မင်းကြီးအား ပြောကြားလေ၏။

ထိုအခါ ဒီဃီတိကောသလမင်းသည် သူငယ်ချင်းဖြစ်သော ဗြဟ္မဒတ်မင်းကြီး၏ ပုရောဟိတ်ပုဏ္ဏားကို ပြောကြားသောအခါ ပုရောဟိတ်ပုဏ္ဏား၏ အကူအညီဖြင့် စစ်အင်္ဂါလေးပါး စစ်သည်ကို မြင်ရ၍ သန်လျက်ဆေးရေကိုလည်း သောက်ရ၍ မိဖုရားကြီးသည် ချင်ခြင်းပြေလေ၏။ နေ့လစေ့သောအခါ သားတော် ဖွားမြင်၍ ဒီဃာဝုမင်းသားဟု အမည်မှည့်လေ၏။

ဒီဃာဝုမင်းသား ပညာသင်ကြား

ဒီဃာဝုမင်းသား သိ ကြား လိမ္မာခြင်းသို့ ရောက်သောအခါ ဒီဃီတိကောသလမင်းသည် ဗြဟ္မဒတ်မင်းကား ငါတို့ အကျိုးမဲ့များစွာပြု၏၊ စစ်သည်ဗိုလ်ပါ ဥစ္စာစည်းစိမ် အလုံးစုံနှင့်တကွ တိုင်းပြည် တစ်ပြည်လုံးကို အနိုင်အထက် နှိပ်စက်ယူငင်၍ ထားဘိ၏၊ အကယ်၍ ငါတို့နေရာကိုသိလျှင် ငါတို့ သုံးဦးလုံးကို သတ်ဖြတ်စေရာ၏၊ သို့အတွက် ဒီဃာဝုမင်းသားကို မြို့ပြင်၌ ထား၍ အတတ်ပညာ သင်စေရလျှင် ကောင်းမည်ဟု ကြံစည်လျက် ဒီဃာဝုမင်းသားကို မြို့ပြင်သင့်လျော်ရာအရပ်၌ ထားလေ၏။ ဒီဃာဝုမင်းသားလည်း အတတ်ပညာ သင်ကြားလတ်သော် မကြာမီ လိမ္မာတတ်မြောက်ခြင်းသို့ ရောက်လေ၏။

မိဘဖမ်းသွား မင်းပြစ်ထား

ဒီဃီတိကောသလမင်း၏ ဆတ္တာသည်သည် ဗြဟ္မဒတ်မင်းအထံ၌ ခစားနေရာ တစ်နေ့သ၌ ဒီဃီတိကောသလမင်းနှင့် မိဖုရားကြီးတို့ကို တွေ့မြင်သဖြင့် ဗြဟ္မဒတ်မင်းကြီးအား သံတော်ဦးတင်လေ၏။ ဗြဟ္မဒတ်မင်းကြီးလည်း မင်းနှင့် မိဖုရားကို ဆောင်ယူ၍ မြဲမြဲတင်းကျပ်စွာ လက်ပြန်ကြိုးတုပ်ပြီးလျှင် ဦးပြည်း ခေါင်းတုံးရိတ်၍ အသံကြမ်းတမ်းသည် ထက်စည်ကိုတီးလျက် မြို့တောင် တောင်တံခါးဖြင့် ထုတ်ပြီးလျှင် ကိုယ်ကို လေးပိုင်းဖြတ်ကာ အသားတို့ကို လေးပုံပုံ၍ ထားကြကုန်ဟု အမိန့်ပေးလေ၏။

မင်းချင်းတို့လည်း ဗြဟ္မဒတ်မင်းကြီး အမိန့်အတိုင်း မင်းနှင့် မိဖုရားတို့ကို ဖမ်းဆီးတုပ်နှောင်လျက် မြို့တွင်းလမ်းဖြင့် ဆောင်ယူကြ၏။ ထိုအခါ ဒီဃာဝုမင်းသားသည် မိဘတို့ကို မဖူးမြင်ရသည်မှာ ကြာပြီဟု အဖူးအမြင်သွားရာ မရှုမလှ မင်းဒတ်ကို ခံနေရသော မိဘတို့နှင့် လမ်းတွင် ဆုံမိ၍ မထင်ရှားသော အသွင်ဖြင့် မိဘတို့ထံသို့ သွားလေ၏။

သားကိုမှာကြား ဆုံးမစကား

ဒီဃီတိကောသလမင်းသည် ဒီဃာဝုမင်းသား အဝေးမှ လာသည်ကို မြင်လျှင် -

“ချစ်သား ဒီဃာဝု … ရှည်သောရန်ကို မကြည့်လင့်၊ တိုသော မိတ်ကိုလည်း မကြည့်လင့်၊ ရန်တို့မည်သည်မှာ ရန်တုံ့မူသဖြင့် မငြိမ်းအေးကုန်၊ ရန်တုံ့မမူသဖြင့်သာ ငြိမ်းအေးကုန်၏” –

ဟု ဆုံးမစကား ပြောကြားလေ၏။ ထိုအခါ လူတို့သည် “ဤဒီဃီတိကောသလမင်းကား ရူးသဖြင့် ယောင်ယမ်းမြည်တမ်းခဲ့၏၊ ဤမင်းမှာ ဒီဃာဝု သတို့သား အဘယ်မှာ ရှိအံ့နည်း” ဟု ပြောဆိုကြ၏။

ထိုအခါ ဒီဃီတိကောသလမင်းသည် “အမောင်တို့ … ငါကား ရူးသဖြင့် ယောင်ယမ်းမြည်တမ်းခြင်း မဟုတ်၊ ငါ့စကားကို ပညာရှိတို့ သိကြလိမ့်မည်” ဟု ပြောဆိုလေ၏။

မင်းချင်းတို့လည်း လမ်းစဉ် အတိုင်း ဆောင်ယူသွားရာ တောင်တံခါးသို့ရောက်လျှင် မြို့ပြင်သို့ထုတ်၍ တောင်အရပ်ဝယ် မင်းနှင့် မိဖုရားတို့၏ ကိုယ်ကို လေးပိုင်း ပိုင်း၍ လေးပုံ ပုံပြီးလျှင် အစောင့်အရှောက်ထား၍ ပြန်သွားကြ၏။

မိဘနှစ်ပါးကို မီးသင်္ဂြိုဟ်

ဒီဃာဝုမင်းသားသည် ဗာရာဏသီမြို့တွင်းသို့ဝင်၍ သေအရက်တို့ကို ဆောင်ယူပြီးလျှင် အစောင့်အရှောက်တို့ကို တိုက်လေ၏။ အစောင့်အရှောက်တို့လည်း မူးယစ်မေ့လျော့ကာ လဲ၍ နေကြ၏။ ဒီဃာဝုမင်းသားသည် ထင်းတို့ကို ရုံးစု၍ ပုံပြီးလျှင် အမိအဘတို့ အလောင်းကိုတင်ကာ မီးသင်္ဂြိုဟ်၏။ လက်အုပ်ချီလျက် ထင်းပုံကို လက်ယာရစ် သုံးပတ်လှည့်လေ၏။

ပြာသာဒ်ထက်မှ ဗြဟ္မဒတ်မင်းကြီး မြင်လျှင် “လက်အုပ်ချီလျက် ထင်းပုံကို လက်ယာရစ် လှည့်နေသူကား အမှန်စင်စစ် ဒီဃီတိကောသလမင်း၏ ဆွေမျိုးဉာတိ၊ သို့မဟုတ် သားချင်း ဖြစ်ရမည်၊ ဩော် … ငါ့မှာ အကျိုးမဲ့စွတကား၊ ငါ့ထံ တစ်စုံတစ်ယောက်သောသူ လာ၍ အဘယ့်ကြောင့် မပြောကြားဘိသနည်း” ဟု အကြံဖြစ်လေ၏။

ရန်တုံ့ပြုရန် မင်းသားကြံ

ဒီဃာဝုမင်းသားလည်း မိဘတို့ကို မီးသင်္ဂြိုဟ်ပြီးလျှင် အလိုရှိတိုင်း ငိုကြွေးမြည်တမ်း၍ မျက်ရည်များကို သုတ်ပြီးလျှင် မြို့တွင်းသို့ဝင်လျက် ဆင်ဆရာထံသွား၍ ပညာသင်ကြားရန် နေလေ၏။ နံနက် အိပ်ရာထအခါ၌ လည်း သာယာစွာ သီချင်းဆို၍ စောင်းကိုတီးလေ၏။ မင်းကြီး ကြားလျှင် မိမိထံ ဖျော်ဖြေလုပ်ကျွေးရန် ခေါ်လေ၏။ မင်းကြီးလည်း ဝတ်ကြီးဝတ်ငယ်နှင့် ပြည့်စုံသော ဒီဃာဝုမင်းသားကို မကြာမြင့်မီ နန်းတွင်းဝယ် အကျွမ်းတဝင် ဆောင်ရွက်ရသော ရာထူး၌ ထားလေ၏။

တစ်နေ့သ၌ မင်းကြီးသည် ဒီဃာဝုမင်းသားကို ရထားမောင်းစေလျက် စစ်သည်ဗိုလ်ပါနှင့် သမင်တောသို့သွားလေ၏။ ဒီဃာဝု သတို့သားလည်း အခွင့်ကောင်းကို ရရှိသဖြင့် ရထားကို စစ်သည်ဗိုလ်ပါနှင့် တစ်လမ်းစီ ဖြစ်စေလျက် ဝေးသည်ထက် ဝေးအောင် မောင်းနှင်လေ၏။ အလွန်ဝေးလံသော တစ်နေရာသို့ရောက်လျှင် မင်းကြီးသည် ပင်ပန်းသည့်အတွက် တစ်ရေးအိမ်မည်ဟု ရထားကို အချွတ်ခိုင်းပြီးလျှင် မြေကြီးတွင် တင်ပျဉ်ခွေ၍ ထိုင်နေသော ဒီဃာဝုမင်းသား၏ ခါးပိုက်၌ ခေါင်းဆိုက်၍ စက်တော်ခေါ်ရာ မကြာမီ အိပ်ပျော်သွားလေ၏။

ရန်သူဖြစ်လင့် တုံ့မပြုနှင့်

ထိုအခါ ဒီဃာဝုမင်းသားသည် ဗြဟ္မဒတ်မင်းကား ငါတို့အကျိုးမဲ့များစွာပြု၏၊ စစ်သည်ဗိုလ်ပါ ဥစ္စာစည်းစိမ် အလုံးစုံနှင့်တကွ တိုင်းပြည် တစ်ပြည်လုံးကို အနိုင်အထက် နှိပ်စက်ယူငင်၍ ထားဘိ၏၊ ငါ၏ အမိအဘတို့ကို လည်း သတ်ဘိ၏၊ ယခုအခါ ရန်သူကိုသတ်ရန် အခါကောင်းတည်းဟု နှလုံးသွင်းကာ သန်လျက်အိမ်မှ သန်လျက်ကိုဆွဲ၍ ထုတ်လေ၏။ ထိုအခါ ဖခင် သေခါနီး ပြောသွားသော ဆုံးမစကားကို သတိရ၍ မသတ်ဘဲ သန်လျက်ကို သန်လျက်အိမ်၌ ပြန်သွင်းလေ၏။ ဤသို့လျှင် သုံးကြိမ်တိုင်အောင် သန်လျက်ကို ဆွဲထုတ်ချည် ပြန်သွင်းချည် ဖြစ်လေ၏။

ထိုအခါ ဗြဟ္မဒတ်မင်းသည် အိပ်ရာမှနိုး၍ ကြောက်လန့်တကြား ထလေ၏။ ဒီဃာဝုမင်းသားသည် မင်းကြီးကို အဘယ့်ကြောင့် ကြောက်လန့်တကြား ထရသနည်းဟု မေး၏။ “အချင်း … ဒီဃီတိကောသလမင်း၏ သားတော် ဒီဃာဝုမင်းသားသည် ငါ့ကို သန်လျက်ဖြင့် ခုတ်သတ်သည် ဟု အိပ်မက်မြင်မက်၍ ကြောက်လန့်တကြား ထသည်” ဟု ပြောဆိုလေ၏။

ဖခင်မှာကြား မင်းလျှောက်ထား

ထိုအခါ ဒီဃာဝုမင်းသားသည် ဗြဟ္မဒတ်မင်း ဦးသျှောင်ကို လက်ဝဲလက်ဖြင့် ကိုင်လျက် လက်ယာလက်ဖြင့် သန်လျက်ကိုင်ကာ “မင်းကြီး … ငါကား ဒီဃီကောသလမင်း၏ သားတော် ဒီဃာဝုမင်းသား ဖြစ်၏၊ သင်ကား ငါတို့အကျိုးမဲ့ကို များစွာပြုဘိ၏၊ စစ်သည်ဗိုလ်ပါ ဥစ္စာစည်းစိမ် အလုံးစုံနှင့်တကွ တိုင်းပြည်တစ်ပြည်လုံးကို အနိုင်အထက် နှိပ်စက်ယူငင်၍ ထားဘိ၏၊ ငါ၏ အမိအဘတို့ကို လည်း သတ်ဘိ၏၊ ရန်သူမင်းကို အပိုင်းအပိုင်းဖြတ်၍ သတ်တော့မည်-ဟု သန်လျက်ကို မိုးလတ်သော် ထိုခဏ၌ မိဘတို့ ပေးအပ်သော အဆုံးအမကို အမှတ်ရ၍ ငါ့အသက်ကို စွန့်ရသော်လည်း မိဘတို့ အဆုံးအမကို မဖျက်ဆီးတော့အံ့၊ စင်စစ်သော်ကား ရန်သူမင်းကို ခြိမ်းခြောက်မည်” ဟု ကြံစည်ကာ -

“အရှင်မင်းကြီး … ယခုအခါ အကျွန်ုပ်၏ လက်တွင်းသို့ ရောက်နေသော သင်မင်းကြီးအား အသက်ဘေးမှ လွတ်မြောက်ဖို့အကြောင်း တစ်စုံတစ်ရာ ရှိသေးသလော”

ဟု ဗာရာဏသီမင်းအား ကြုံးဝါးကာ ပြောဆိုလေ၏။ ထိုနောက်မှ ဗာရာဏသီမင်းကြီးသည် -

“အမောင် ဒီဃာဝု … ယခုအခါ သင်၏ လက်တွင်းသို့ ရောက်နေသော ငါ့အား အသက်ဘေးမှ လွတ်မြောက်ဖို့အကြောင်း တစ်စုံတစ်ရာ မရှိတော့ပါ” ဟု ဒီဃာဝုမင်းသားအား တောင်းပန်စကား ပြောကြား လေ၏။ ထိုအခါ ဒီဃာဝုမင်းသားသည် -

“အရှင်မင်းကြီး … သေခါနီးကာလ၌ မိဘတို့ ပေးအပ်သော အဆုံးအမ ဟူသော ဥစ္စာကိုသာ စောင့်ရှောက်အပ်ပါ၏၊ မိဘတို့ ပေးအပ်သော အဆုံးအမဟူသော သုစရိုက်၊ ကောင်းသော စကားကိုထား၍ တစ်ပါးသော ဥစ္စာကို အကျွန်ုပ် မမြင်ပါ” –

“အရှင်မင်းကြီး … ငါ့ကို ဆဲရေးပြီး ငါ့ကို ညှဉ်းဆဲပြီ၊ ငါ့ကို အောင်နိုင်ပြီ၊ ငါ့၏ ဥစ္စာကိုယူပြီဟု ရန်ငြိုးဖွဲ့သော သူတို့အား ရန်သည်မငြိမ်းလေ” –

“ငါ့ကို ဆဲရေးပြီ၊ ညှဉ်းဆဲပြီ၊ အောင်နိုင်ပြီ၊ ငါ့၏ ဥစ္စာကိုယူပြီဟု ရန်ငြိုးမဖွဲ့သော သူတို့အား ရန်သည် ငြိမ်းအေးလေ၏” –

“လောက၌ တစ်ရံတစ်ဆစ်မျှ ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းအေးကုန်၊ ရန်မတုံ့မမူသဖြင့်သာ ရန်တို့သည် ငြိမ်းအေးကုန်၏၊ ဤသို့ ရန်တုံ့မမူသဖြင့် ရန်ငြိမ်းအေးခြင်းကား ရှေး၌ ဖြစ်ခဲ့သော သဘောတည်း” –

ဟု မင်းကြီးအား ပြောဆိုပြီးလျှင် “မြတ်သော မင်းကြီး … အကျွန်ုပ်သည် သင်မင်းကြီး၌ မပြစ်မှားပါ၊ သင်မင်းကြီးအား အကျွန်ုပ်ကို သတ်မည်လော” ဟု မေး၍ သန်လျက်ကို ပေး၏။ မင်းကြီးလည်း “အမောင် … ငါလည်း သင်၌ မပြစ်မှားပါ” ဟု ပြောဆိုကာ နှစ်ဦးလုံး ကျိန်စာရွက်ပြီးလျှင် မြို့သို့ ပြန်ကြကုန်၏။

ဒီဃာဝုမင်း တိုင်းပြည်နှင်း

မင်းကြီးသည် အမတ်တို့ကို ခေါ်၍ “အမတ်တို့ … ဤသူကား သေလွန်လေပြီးသော ဒီဃီတိကောသလမင်း၏ သားတော် ဒီဃာဝုမင်းသားတည်း၊ ဤမင်းသားသည် ငါ့အား အသက်ကို ပေးအပ်ပေပြီ၊ ငါသည်လည်း ဤမင်းသားအား တစ်စုံတစ်ခု ပြုခြင်းငှာ မရတော့ပြီ” ဟု ပြောဆိုပြီးလျှင် မိမိ၏ သမီးတော်နှင့် လက်ထပ်၍ အဘ၏ဥစ္စာဖြစ်သော ကောသလမင်းအဖြစ်ကို ပေးလေ၏။

ထိုအခါမှစ၍ နှစ်ပါးသော မင်းတို့သည် ညီညွတ်ကုန်လျက် မင်းပြုကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မယ်တော် ခမည်းတော်များသည် - ယခုအခါ မြတ်သော မင်းမျိုးများ။

ဒီဃာဝု မင်းသားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အမိအဘ၊ ဆိုဆုံးမ၊ မခွလိုက်နာရာ။

(၂) ရန်စွန်းဟူက၊ တိုစေရ၊ ရှည်ကြမိတ်စွန်းမှာ။

(၃) ရန်လျှင် ရန်ချင်း၊ မတုံ့လျှင် ချက်ခြင်းငြိမ်းသည်သာ။

ဒီဃီတိကောသလဇာတ် ပြီး၏။

***

(၃၇၂) - မိဂပေါတကဇာတ်

သားအမှတ်ဖြင့် မွေးထားသော သမင်ငယ် သေသဖြင့် ပူဆွေးသော ရသေ့အား သိကြားမင်း လာ၍ တရားဟောခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တပည့်အတွက် သောကပွက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းကြီး တစ်ပါးသည် သူငယ်တစ်ယောက်ကို သာမဏေပြု၍ ထားလေ၏။ ထိုသာမဏေငယ်သည် ရဟန်းကြီးအား ရိုသေစွာ လုပ်ကျွေး၏။ နောက်အဖို့၌ သာမဏေငယ်သည် မကျန်းမာသဖြင့် သေလွန်လေ၏။

သာမဏေငယ် သေလွန်သည်ရှိသော် ရဟန်းကြီးသည် သောကနှိပ်စက်လျက် သည်းစွာသော အသံဖြင့် လှည့်လည်ကာ ငိုကြွေးမြည်တမ်းကာနေ၏။ သီတင်းသုံးဖော် ရဟန်းတို့သည် ရဟန်းကြီးအား သောကငြိမ်းအောင် တရားဟောခြင်းငှာ မတတ်နိုင်ကုန်၏။

တစ်နေ့သ၌ ရဟန်းတို့သည် တရားဘသင်၌ ထိုရဟန်းကြီးအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ … ဤရဟန်းကြီးသည် ယခုအခါ၌ သာ ဤသာမဏေငယ် သေလွန်လတ်သော် ငိုကြွေးမြည်တမ်းသည် မဟုတ်၊ ရှေးအခါ၌ လည်း ငိုကြွေး မြည်တမ်းဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သမင်ငယ်သေရေး ရသေ့ပူဆွေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သိကြားမင်း ဖြစ်လေ၏။ ထိုအခါ ကာသိတိုင်း၌ နေသော ပုဏ္ဏားတစ်ယောက်သည် ဟိမဝန္တာသို့ဝင်လျက် ရသေ့ရဟန်းပြု၍ သစ်သီးကြီးငယ်ဖြင့် မျှတကာနေ၏။

တစ်နေ့သ၌ ထိုရသေ့သည် တောမှ အမိသေသော သမင်ငယ်တစ်ကောင်ကို ရသဖြင့် ကျောင်းသို့ဆောင်ယူကာ သားအမှတ်ဖြင့် မွေးမြူထား၏။ ထိုသမင်သည် ကြီးပြင်းလတ်သော် အလွန် အဆင်းလှ၏။ ရှုချင်စဖွယ်ရှိ၏။ တစ်နေ့သ၌ များစွာသော မြက်ကို စားမိ၍ အစာမကြေသဖြင့် သေဆုံးလေ၏။ ထိုအခါ ရသေသည် သားသေ၏ဟု ငိုကြွေးမြည်တမ်းကာ လှည့်လည်လေ၏။

သံဝေဂရရေး သိကြား သတိပေး

သိကြားမင်းသည် လူ့ပြည်ကို ကြည့်ရှုလတ်သော် စိုးရိမ်သောကဖြင့် နှိပ်စက်နေသော ရသေ့ကိုမြင်၍ ထိုရသေ့ကို ငါသည် သံဝေဂရစေမည်ဟု ကြံစည်ကာ လာလတ်၍ ရသေ့အနီး ကောင်းကင်၌ ရပ်လျက် -

“ရှင်ရသေ့ … အရှင်သည် သေလေပြီးသူကို စိုးရိမ်ပူဆွေး ငိုကြွေးခြင်းကို ပြုဘိ၏။ ထိုစိုးရိမ် ပူဆွေးငိုကြွေးခြင်းကား အိပ်ရာမထောင် ရဟန်းဘောင်၌ နေသော ရှင်ရသေ့အား မကောင်းပါ” –

ဟု သတိပေး စကားပြောကြားလေ၏။ ရသေ့သည် သိကြားမင်းစကားကို ကြားလျှင် -

“သိကြားမင်း … အတူတကွ ပေါင်းဖော်ခြင်းကြောင့် လူသည် လည်းကောင်း၊ သားတိရစ္ဆာန်သည် လည်းကောင်း စိတ်နှလုံး၌ ချစ်ခြင်းသည် စင်စစ်ဖြတ်လတ်၏၊ ထိုချစ်အပ်သောသူကို မစိုးရိမ် မပူဆွေး မငိုကြွေးရန် မတတ်နိုင်ပါ” –

ဟု သိကြားမင်းအား ပြောကြားလေ၏။ ထိုနောင်မှ သိကြားမင်းသည် -

“ရှင်ရသေ့ … သေလေပြီးသောသူ၊ သေလတ္တံ့သောသူတို့ကို မျက်ရည်ယိုစီးသော ငိုကြွေးမြည်တမ်းနေသူတို့အား မျက်ရည်ပြတ်စဲသောနေ့ မည်သည် ရှိတော့မည် မဟုတ်၊ ထိုကြောင့် ရှင်ရသေ့သည် မငိုကြွေး မမြည်တမ်းပါလင့်၊ ငိုကြွေး မြည်တမ်းခြင်းကား အကျိုးမရှိဟု ပညာရှိတို့ ဆုံးမကုန်၏၊ ထိုကြောင့် ရှင်ရသေ့သည် မငိုကြွေး မမြည်တမ်းပါလင့်” –

“ရှင်ရသေ့ … ငိုကြွေး မြည်တမ်းသဖြင့် လက်ရှိ ဘဝမှ ကင်းပျောက်၍ သေလွန်ပြီးသော သူသည် အကယ်၍ ထလာပါမူ အလုံးစုံသော ငါတို့သည် စည်းဝေး၍ အချင်းချင်း၏ ဆွေးမျိုးဉာတိတို့ကို ငိုကြွေးမြည်တမ်းပါကုန်အံ့” –

ဟု ရသေ့အး တရားဟောပြန်၏။

သိကြားဟောပြ တရားရ

ထိုအခါ ရသေ့သည် သိကြားမင်း တရားဟောစဉ် လျှင် ငိုကြွေး မြည်တမ်းခြင်းကား အကျိုးမရှိဟု သတိရကာ -

“သိကြားမင်း … ထောပတ်ဖြင့် သွန်းလောင်း၍ မွှေးအပ်သော မီးကို ရေဖြင့် သွန်းလောင်းဘိသကဲ့သို့၊ စင်စစ် သောကမီး တောက်လောင်နေသော ငါ့ကို ငြိမ်းအေးစေ၏၊ အလုံးစုံ ပူပန်ခြင်းကို ငြိမ်းအေးစေ၏”

“သိကြားမင်း … သင်ကား သောကဖြင့် နှိပ်စက်နေသော ငါ၏ သား၌ စိုးရိမ်ခြင်းကို နုတ်ပယ်ဘိ၏၊ ငါ့အား စိတ်နှလုံး၌ စူးဝင်နေသော သောကတည်းဟူသော ငြောင့်ကို သင်သည် နုတ်ပယ်အပ်စွတကား” –

“သိကြားမင်း … သင်၏ တရားစကားကို ကြားနာရ၍ ငါသည် သောကတည်းဟူသော ငြောင့်ကို နုတ်ပြီးသည်ဖြစ်၍ စိုးရိမ်ခြင်းမရှိ၊ နောက်ကျခြင်းမရှိ၊ မစိုးရိမ်တော့ပါ၊ မငိုကြွေးတော့ပါ” –

ဟု ပြောဆိုကာ သိကြားမင်းအား ချီးကျူးလေ၏။ ထို့နောင် သိကြားမင်းလည်း ရသေ့အား တရားပြ၍ ဆုံးမပြီးလျှင် မိမိနေရာ တာဝတိံသာသို့ သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရသေ့သည် - ယခုအခါ ရဟန်းကြီး။

သမင်ငယ်သည် - သာမဏေငယ်။

သိကြားမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သေပြီး သေမည်၊ ငိုကြွေးသည်၊ မျက်ရည်မစဲရာ။

(၂) ဆွေသားမျိုးတူ၊ ငိုကြွေးဟူ၊ သေသူမထရာ၊

(၃) ငိုကြွေးသော်ငြား၊ ကျိုးမများ၊ တရားသက်ဝင်ရာ။

မိဂပေါတကဇာတ် ပြီး၏။

***

(၃၇၃) - မူသိကဇာတ်

ကြွက်သေကို အကြောင်းပြု၍ ဆရာသင်ပေးလိုက်သော ဂါထာကြောင့် စည်းစိမ်နှင့်အသက် မပျက်စီးသော မင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အန္တရာယ်ကင်းမှု သရဇ္စျယ်ပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဋူဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဇာတသတ်ကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ ။ [ပစ္စုပ္ပန်ဝတ္ထုသည် အောက်ကုသဇာတ်၌ ချဲ့ခဲ့ပြီ။ ]

အတိတ်ဝတ္ထု

တပည့်နောင်ရေး ဆရာတွေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် တက္ကသိုလ်ပြည်ဝယ် ပုဏ္ဏားအမျိုး၌ ဖြစ်၍ ဒိသာပါမောက္ခ ဆရာဖြစ်၍ တပည့်များစွာတို့ကို အတတ်ပညာ သင်ကြားပေးကာနေ၏။ ထိုတပည့်တို့တွင် ဗာရာဏသီမင်း၏ သားတော် ဝယ မည်သော မင်းသားလည်း အတတ်ပညာ သင်ကြားလျက်ရှိ၏။

ထိုဝယမည်သော မင်းသားသည် အတတ်ပညာ သင်ကြားပြီးလျှင် မိဘရပ်ထံသို့ပြန်ရန် ဆရာကို ပန်ကြား၏။ ဆရာသည် အင်္ဂဝိဇ္ဇာအတတ်၏အစွမ်းဖြင့် ကြည့်ရှုလတ်သော် သားကိုမှီ၍ အသက်အန္တရာယ် ဖြစ်မည်ကို သိသဖြင့် ထိုအန္တရာယ်ကိုပယ်ရန် အကြောင်းဥပါယ်ကို ရှာရာ မိမိတွင်ရှိသော မြင်းတစ်ကောင်ကို မြင်လေ၏။

ဥပါယ်တွေ့မြင် ဂါထာသင်

ထိုမြင်း၏ ခြေတွင် အနာပေါက်လျက်ရှိ၏။ ထိုအနာကို စောင့်ရှောက်ရန် မြင်းကို နှောင်အိမ်၌ သွင်း၍ ထားကုန်၏။ ထိုအခါ ကြွက်တစ်ကောင်သည် လာ၍ အနာကို ကိုက်၏။ မြင်းသည် သည်းမခံနိုင်အောင် နာကျက်၏။ တစ်နေ့သောအခါ ကိုက်ရန်လာသော ကြွက်ကို ခြေဖြင့်ခတ်၍ အနီးရှိ ရေတွင်းထဲသို့ ကျစေ၏။

မြင်းထိန်းတို့သည် ကြွက်ကို မမြင်ကုန်လတ်သော် “အချင်းတို့ … တစ်ပါးသောနေ့၌ မြင်းအနာကို ကိုက်ရန်လာသော ကြွက်ကို မြင်ရ၏၊ ယခုအခါ မမြင်၊ ကြွက်သည်အဘယ်သို့ သွားသနည်း” ဟု ပြောဆိုကုန်၏။ ဆရာသည် ကြွက်ကိုသတ်၍ ရေတွင်းထဲချသည်ကို ငါသာသိသည်၊ တစ်ပါးသောသူတို့ မသိကုန်ဟု ကြံစည်ပြီးလျှင် ထိုအကြောင်းကို ဥပမာပြု၍ ပထမဂါထာကို ဖွဲ့စီကာ မင်းသားအား ပေးလေ၏။

ရန်အောင်နိုင်ရေး ဂါထာပေး

နောက်တစ်ဖန် တစ်ပါးသော ဥပမာကို ရှာပြန်သော် အနာသည် အသားနုတက်ကာ အပြင်သို့ထွက်၍ မုယောခင်းသို့ သွားပြီးလျှင် မုယောစပါးကို စားမည်ဟု စောင်ရန်းပေါက်ဖြင့် နှုတ်သီးကို သွင်းထားသော မြင်းကို မြင်ပြန်၏။ ထိုအခါ ဆရာသည် ထိုအကြောင်းကိုပင် ဥပမာပြု၍ ဒုတိယ ဂါထာကို ဖွဲ့စီကာ မင်းသားအား ပေးပြန်၏။ တတိယ ဂါထာကိုကား မိမိဉာဏ်၏အစွမ်းဖြင့် ဖွဲ့စီ၍ ပေးပြန်၏။

ဤသို့ သုံးဂါထာတို့ကို ဖွဲ့စီပေးပြီးလျှင် မင်းသားအား “အမောင် … သင်သည် မင်းအဖြစ်၌ တည်၍ ညအခါ ရေချိုးရန် ရေကန်သို့ သွားလတ်သော် စောင်းတန်းဦးတိုင်အောင် ‘ပထမဂါထာ’ ကို ရွတ်၍ သွားလော့၊ သင်၏နေရာ ပြာသာဒ်သို့ ဝင်သည်ရှိသော် စောင်းတန်း ခြေရင်းတိုင်အောင် ‘ဒုတိယ ဂါထာ’ကို ရွတ်၍ သွားလော့၊ ထို့နောင်မှ စောင်းတန်းထိပ်တိုင်အောင် ‘တတိယဂါထာ’ ကို ရွတ်၍ သွားလော့” ဟု မှာထားကာ လွှတ်လိုက်၏။

ဖခင်စည်းစိမ် သားတော်ချိန်

မင်းသားလည်း ဆရာထံမှ ပြန်လာခဲ့၍ တိုင်းပြည်သို့ ရောက်လျှင် အိမ်ရှေ့မင်းအဖြစ်ကို ရလေ၏။ နောင် အဘမင်းကြီး သေလွန်လျှင် မင်းအဖြစ်ကို ရလေ၏။ ထိုဝယမင်းသားအား သားတစ်ယောက် ဖွားမြင်လေ၏။ ထိုသားတော်သည် တစ်ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သောအခါ ထီးနန်းစည်းစိမ်ကို တပ်စွန်းကာ အဘမင်းကို သတ်မည်ဟု ကြံစည်လျက် အလုပ်အကျွေးတို့အား “အမောင်တို့ … ငါ့အဘမင်းကား နိုပျိုသေး၏၊ ငါသည် အဘ သေလွန်သည်တိုင်အောင် စောင့်ခဲ့လျှင် အိုမင်းတော့မည်၊ အိုမင်း သောအခါ မှ ရအပ်သော ထီးနန်းစည်းစိမ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း” ဟု ပြော၏။ “အရှင်မင်းသား … ပစ္စန္တရာဇ်သို့ သွားကား သူပုန်ထနေရန် မဟုတ်၊ ခမည်းတော်ကို ဥပါယ်တံမျဉ်ဖြင့် သတ်၍ ထီးနန်းစည်းစိမ်ကိုယူလော့” ဟု အားပေး တိုက်တွန်းကြကုန်၏။

ဘေးရန်ကင်းမှု ဥပါယ်ပြု

မင်းသားလည်း ညအခါ မင်းကြီး ရေချိုးရာ ရေကန်အနီးသို့သွား၍ ထိုအရပ်၌ မင်းကိုသတ်မည်ဟု သန်လျက်ကိုကိုင်ကာ စောင့်၍ နေလေ၏။ ထိုအခိုက် မင်းကြီးလည်း ညချမ်းအခါ မူသိကာ မည်သော ကျွန်မကို သန်လျက်ကိုကိုင်စေ၍ ရေကန်ကို သုတ်သင်ပြီး လာခဲ့ဟု မှာ၍ လွှတ်လိုက်၏။ မူသိကာလည်း သွား၍ ရေကန်ကို သုတ်သင်သည်ရှိသော် မင်းသားကို မြင်လေ၏။ မင်းသားလည်း မိမိအမှု ပေါ်မည်ကို စိုးရိမ်၍ မူသိကာကို သန်လျက်ဖြင့် သတ်ဖြတ်ပြီးလျှင် ရေကန်၌ ချလေ၏။

မင်းကြီးလည်း ရေချိုးရန် သွားလေ၏။ လူတို့သည် မူသိကာကျွန်မ ပြန်မလာပြီ အဘယ်သို့ သွားသနည်းဟု ပြောဆိုကြကုန်၏။ ထိုအခါ မင်းကြီးသည် -

“မူသိကာသည် အဘယ်သို့သွားသနည်းဟု လူအများ ပြောဆိုမြည်တမ်းနေကြ၏၊ မူသိကာကို ရေကန်၌ သတ်၍ ချထားသည်ကို တစ်ယောက်တည်းသာ သိ၏” –

ဟု မထမဂါထာကို ရွတ်ဆိုလေ၏။ မင်းသားသည် မင်းကြီး ရွတ်ဆိုသော ဂါထာကို ကြားလျှင် ငါပြုအပ်သော အမှုကို ငါ့ဖခင်သည် ဧကန်သိချေပြီဟု ပြေး၍ ထိုအကြောင်းကို အလုပ်အကျွေးတို့အား ပြောကြားလေ၏။ အလုပ်အကျွေးတို့လည်း ခုနစ်ရက် လွန်လတ်သော် တစ်ဖန် မင်းသားကို “အရှင်မင်းသား … မင်းကြီးသည် အကယ်၍ သိပါမူ ဆိတ်နေမည် မဟုတ်၊ ကြံစည်၍ ပြောဆိုသောစကား ဖြစ်လိမ့်မည်၊ ခမည်းတော်ကို သတ်လော့” ဟု တိုက်တွန်းကြပြန်၏။

ဂါထာရွတ်ခြင်း အန္တရာယ်ကင်း

မင်းသားလည်း တစ်နေ့သ၌ သန်လျက်ကို စွဲကိုင်၍ စောင်းတန်း ခြေရင်းတွင် ပုန်းလျှိုးကာ ရပ်လျက် မင်းကြီးလာသောအခါ သတ်မည်ဟု ထိုထိုဤဤ ကြည့်၍ နေပြန်၏။ ထိုအခါ မင်းကြီးသည် -

“သင်ကား မုယောခင်း၌ မြည်းကဲ့သို့ ယဝမင်း၌ သတ်ခွင့်ကို ထိုထိုဤဤ​ ကြည့်ရလျက် နေဘိ၏၊ ရေကန်၌ မူသိကာကို သတ်၍ ချပြီးလျှင် ယဝမင်းကို သတ်လိုပြန်၏” –

ဟု ဒုတိယဂါထာကို ရွတ်ဆိုပြန်၏။ မင်းသားသည် ခမည်းတော် မြင်လေပြီဟု ထိတ်လန့်၍ ပြေးလေ၏။

သုံးကြိမ်ရွတ်မှ လက်နက်ချ

လခွဲ လွန်ပြန်ှလျှင် မင်းကြီးကို ယောက်မဖြင့် ရိုက်၍ သတ်မည်ဟု ရှည်သော အရိုးရှိသော ယောက်မကို ကိုင်၍ စောင့်နေပြန်၏။ ထိုအခါ မင်းကြီးသည် -

“ပညာမရှိသော မင်းသား … သင်ကား ငယ်၍ ပထမအရွယ်၌ တည်လျက် နုပျိုလှ၏၊ အရိုးရှည်သော ယောက်မကို ကိုင်ကာ ကောက်လျက် ရပ်တည်ဘိ၏၊ သင်၏အသက်ကို ငါ ပေးတော့မည် မဟုတ်”

ဟု တတိယဂါထာကို ရွတ်ဆိုပြန်၏။ မင်းသားသည် ပြေးရန် မတတ်နိုင်တော့သဖြင့် “အရှင်မင်းကြီး … အကျွန်ုပ်အား အသက်ကို ပေးတော်မူပါ” ဟု ခြေရင်း၌ ဝပ်လျက် တောင်းပန်လေ၏။

ဆရာ့ကျေးဇူး လွန်ချီးကျူး

မင်းကြီးသည် မသိသော်လည်း သိဟန်ပြုကာ မင်းသားကို ခြိမ်းခြောက်လျက် သံခြေကျဉ်းခတ်၍ နှောင်အိမ်သို့ သွင်းစေပြီးလျှင် မင်း၏နေရာတွင် နေလျက် ငါတို့ ဒိသာပါမောက္ခ ဆရာကြီးသည် ငါ၏အန္တရာယ်ကို မြင်သဖြင့် ဂါထာသုံးခု စီကုံး၍ ပေးပေသည်၊ ထိုဂါထာတို့ကြောင့် အန္တရာယ်မှ လွတ်မြောက်ပေသည်ဟု နှစ်သက် ရွှင်လန်းလျက် -

“အချင်းတို့ … သားမိုက်က သတ်ရန် တောင့်တနေသော ငါမင်းမြတ်သည် ကောင်းကင်ဘုံ၌ နေသဖြင့် သေဘေးမှ လွတ်မည်မဟုတ်၊ ကိုယ်အင်္ဂါနှင့်တူသော သား၏ ချစ်နှစ်သက်ခြင်းဖြင့်လည်း လွတ်မည် မဟုတ်၊ ဆရာ ဖွဲ့စီ၍ ပေးအပ်သော ဂါထာတို့ဖြင့်သာ လွတ်မြောက်ရပေ၏။ အယုတ်၊ အလတ်၊ အမြတ် မရွေး အလုံးစုံသော အကြားအမြင်ကို သင်ကြားရ၏၊ အကြားအမြင်၏ အကျိုးကိုလည်း သိကြရာ၏၊ အယုတ် အလတ် ဖြစ်သော အလုံးစုံသော အကြားအမြင်ကို မသင်ကြားကြရာ အကြားအမြင်၏ အကျိုးစီးပွားကို ဆောင်ရာသော ကာလသည် ရောက်လာပေ၏” –

ဟု ဥဒါန်းကျူးလေ၏။ နောက်အခါ မင်းကြီး သေလွန်သော် မင်းသားသည် မင်းအဖြစ်ကို ရလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဒိသာပါမောက္ခဆရာသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ယုတ်, လတ်, မြတ်ဟူ၊ ကြားမြင်မူ၊ သင်ယူကျိုးသိရာ။

(၂) အမြတ်ကိုထား၊ ယုတ်လတ်အား၊ သင်ကြားမပြုရာ။

(၃) အကျိုးဆောင်ပြ၊ ချိန်ကာလ၊ မုချရောက်တော့သာ။

မူသိကဇာတ် ပြီး၏။

***

(၃၇၄) - စူဠဓနုဂ္ဂဟဇာတ်

လင်ဖြစ်သော စူဠဓနုဂ္ဂဟနှင့် ခိုးသူကြီးတို့ သတ်ပုတ်လုံးထွေးနေရာ သူခိုးကို ချစ်ကြိုက်သဖြင့် လင်ကို ဓားသွားကမ်း၍ သူခိုးကို ဓားရိုးလှမ်းသော မိန်းမယုတ်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကိလေတောင့်တ ရဟန်းဘဝ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဋူဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မယားဟောင်းသည် ဖြားယောင်း သွေးဆောင်အပ်သည် ဖြစ်၍ သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပညာသင်ပြီး တောခရီး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သိကြားမင်း ဖြစ်လေ၏။ ထိုအခါ ဗာရာဏသီပြည်သား ပုဏ္ဏားလုလင် တစ်ယောက်သည် တက္ကသိုလ်ပြည်၌ အတတ်ပညာ အလုံးစုံကို သင်ကြား၍ လေးအတတ်၌ အပြီးသို့ ရောက်၏။ ထိုအခါ စူဠဓနုဂ္ဂဟ ပညာရှိဟု အမည်တွင်လေ၏။

တက္ကသိုလ် ဆရာကြီးသည် ထိုစူဠဓနုဂ္ဂဟ ပညာရှိအား ဤလုလင်ကား ငါကဲ့သို့ အတတ်ပညာကို တတ်မြောက်ပေ၏ဟု သမီးနှင့် ထိမ်းမြား လက်ထပ်လေ၏။ စူဠဓနုဂ္ဂဟသည် သတို့သမီးကိုခေါ်၍ ဗာရာဏသီပြည်သို့ပြန်ရာ ခရီးအကြားတွင် တောဆင်ကြီး တစ်ကောင် ထ ၍ နေသဖြင့် မည်သူမျှ မသွားဝံ့သော အရပ်သို့ ရောက်လေ၏။

ခိုးသားရန်ပြု တိုက်ခိုက်မှု

ထိုအခါ စူဠဓနုဂ္ဂဟ ပညာရှိအား တောဆင်ကြီးသည် လိုက်လေ၏။ စူဠဓနုဂ္ဂဟ ပညာရှိသည် မြားဖြင့် ပစ်ရာဆင်ကြီးသည် သေလေ၏။ နောက်တစ်ဖန် သွားပြန်ရာ သူခိုးငါးဆယ်တို့နေရာ တောအုပ်သို့ သွားပြန်ရာ သူခိုးငါးဆယ်တို့နေရာ တောအုပ်သို့ ရောက်ပြန်၏။ သူခိုးတို့သည် တန်ဆာဆင်အပ်သည်ဖြစ်၍ မယားနှင့်တကွ လာသော စူဠဓနုဂ္ဂဟ ပညာရှိကိုမြင်လျှင် ဖမ်းရန် အားထုတ် ကြကုန်၏။ သူခိုးကြီးသည် ပုရိသလက္ခဏာ၌ လိမ္မာသဖြင့် ဤယောကျ်ားကား မွန်မြတ်သော သူတည်းဟု သိ၍ ဖမ်းဆီးရန် အခွင့်မပြုလေ။

စူဠဓနုဂ္ဂဟပညာရှိသည် မယားအား သူခိုးတို့ထံ အမဲသားကင် တစ်ခုကို အတောင်းခိုင်း၏။ မယားလည်း သူခိုးတို့ထံသွား၍ တောင်းလေ၏။ သူခိုးကြီးလည်း အနဂ္ဃယောကျ်ား ဖြစ်ပေသည်ဟု ပေးစေ၏။ သူခိုးတို့လည်း ငါတို့ ကျက်ပြီးသော အမဲသားကင်ကို စားမည်ဟု မကျက်သေးသော အမဲသားကင်ကို ပေးလိုက်ကုန်၏။ စူဠဓနုဂ္ဂဟ ပညာရှိလည်း မိမိကိုယ်ကို ချီးကျူးကာ ငါ့အား မကျက်သော အမဲသားကင်ကို ပေးရမည်လားဟု သူခိုးတို့အား အမျက်ထွက်လေ၏။ သူခိုးတို့လည်း ဤသူကား တစ်ယောက်တည်းသာ ဖြစ်သည် အသို့ပြုနိုင်အံ့နည်း၊ ငါတို့လည်း မိန်းမ မဟုတ်ကုန်ဟု ခြိမ်းခြောက်ခါ ထကြကုန်၏။

ခိုးသားနှစ်ခြိုက် မယားမိုက်

စူဠဓနုဂ္ဂဟ ပညာရှိသည် မြားအစင်း ငါးဆယ်သာ ပါလေရာ တစ်စင်းမှာ တောဆင်အုပ်ကြီးကို ပစ်ခဲ့၍ လေးဆယ့်ကိုးစင်းသာ ကျန်တော့သဖြင့် သူခိုးတို့ကို ပစ်ရာ သူခိုးလေးဆယ့်ကိုးယောက် သေ၍ သူခိုးကြီး တစ်ယောက်သာ ကျန်လေ၏။ ထိုအခါ သူခိုးကြီးကို လုံးထွေးကာ လဲစေ၍ ရင်ဘတ်ပေါ်တွင်စီးလျက် မယားအား သန်လျက်ကို တောင်း၏။ မယားလည်း ခဏချင်း မြင်ရသော သူခိုးကြီး၌ တပ်စွန်းသဖြင့် သူခိုးကြီးလက်၌ သန်လျက်ရိုး၊ လင်လက်၌ သန်လျက်သွားကို ထားကာ ပေးလေ၏။ ထိုခဏတွင် သူခိုးကြီးသည် သန်လျက်ဖြင့် စူဠဓနုဂ္ဂဟ ပညာရှိကို ခုတ်၍ သတ်လေ၏။

မိန်းမယုတ် ရွံရှား စွန့်ပစ်သွား

သူခိုးကြီးသည် သတို့သမီးကို ခေါ်၍ သွားရာ အကြောင်းစုံကို မေးမြန်း၍ သိရသဖြင့် ဤမိန်းမကား အဘ ပေးစားသော လင်ကိုပင် သတ်သေး၏။ တစ်ပါးသော လင်ကို မြင်ပြန်လျှင် ငါ့ကိုလည်း သတ်ပြန်ရာ၏။ ဤမိန်းမကို စွန့်ပစ်၍ သွားမှ သင့်မည်ဟု ကြံစည်လျက် ရေပြည့်သော မြစ်ငယ်တစ်ခုသို့ ရောက်လျှင် “ရှင်မ … ဤမြစ်ငယ်၌ မိကျောင်း ရဲလှ၏၊ အဆင်တန်ဆာ အလုံးစုံကို အပေါ်ရုံဖြင့် ထုပ်၍ ပေးလော့၊ ရှေးဦးစွာ အထုပ်ကိုပို့ပြီးမှ သင့်ကို လာခေါ်မည်” ဟု ပြောဆိုလေ၏။ မိန်းမလည်း အဟုတ်မှတ်၍ အဆင်တန်ဆာတို့ကို ပေးကာ ကမ်းနားမှ စောင့်၍ နေနှင့်၏။ သူခိုးကြီးလည်း အထုပ်ကိုယူ၍ ကူးရာ တစ်ဖက်ကမ်းသို့ ရောက်လျှင် မိန်းမကို စွန့်ပစ်၍ သွားလေ၏။

ထိုအခါ မိန်းမသည် သူခိုးကြီးအား -

“အရှင်ပုဏ္ဏား … အရှင်ကား ဘဏ္ဍာ အလုံးစုံကိုယူ၍ မြစ်ကိုကူးသွားရာ ကမ်းတစ်ဖက်သို့ ရောက်ပေပြီ၊ လျင်စွာ ပြန်လာခဲ့ပါ၊ ယခုအခါ ဤဘက်ကမ်းမှ ကျွန်ုပ်ကိုလည်း ကူး၍ ဆောင်ယူပါ” –

ဟု ပြောဆို တောင်းပန်လေ၏။ သူခိုးကြီးသည် မိန်းမ၏ စကားကို ကြားလျှင် ကမ်းနားတွင်ရပ်လျက် -

“အို-ပုဏ္ဏေးမ … သင်ကား ကြာမြင့်စွာ ပေါင်းဖော်သော လင်ဖြင့် မပေါင်းဖော်ဖူးသေးသော ငါ့ကို လဲလှယ်၍ ယူဘိ၏၊ မြဲသော လက်ဖြင့် မမြဲသော ငါ့ကို လဲလှယ်၍ ယူပြန်ရာ၏၊ ငါကား ဤအရပ်မှ အလွန်ဝေးသောအရပ်သို့ သွားတော့မည်” –

ဟု ပြောဆို၍ ထိုမိန်းမ ငိုကြွေးနေစဉ် လျှင် သင်နေရစ်တော့ဟု ပြောဆိုလျက် ထမ်းပိုးထားသော ဘဏ္ဍာထုပ်ကို ယူ၍ ပြေးလေ၏။

သိကြား သိအောင် ဥပါယ်ဆောင်

ထိုအခါ မိုက်လှစွာသော မိန်းမသည် အလိုကြီးသောကြောင့် ပျက်စီးခြင်းသို့ ရောက်လျက် ကိုးကွယ်ရာ မရှိသဖြင့် သမန်းမြက် ခြုံတစ်ခုသို့ကပ်၍ ငိုကြွေးကာ နေလေ၏။

ထိုခဏ၌ သိကြားမင်းသည် လူ့ပြည်ကို ကြည့်လတ်သော် ထိုမိန်းမကိုမြင်လျှင် အကြောင်းကိုသိ၍ အရှက်ခွဲမည်ဟု ကြံစည်ကာ မာတလိနတ်သားနှင့် ပဉ္စသီခ နတ်သားတို့ကို ခေါ်၍ “မာတလိ … သင်က မြစ်တွင် ငါးလုပ်လေ၊ ပဉ္စသီခ … သင်က ငှက်လုပ်လေ၊ ငါက သားတစ်ကို ချီလာသော မြေခွေးလုပ်မည်၊ ငါ မိန်းမအနားရောက်လျှင် သင်က ရေထဲမှခုန်၍ ငါ့ရှေ့တွင်ကျလေ၊ ထိုအခါ ငါက သားတစ်ကိုချ၍ ငါးကို ဖမ်းရန် ပြေးလာမည်၊ သင်က ရေထဲသို့ ခုန်ချလေ၊ သင် ပဉ္စသီခက သားတစ်ကိုချီ၍ ပျံလေ” ဟု တိုင်ပင်ကာ သွားကြကုန်၏။

ရှေးဦးစွာ သိကြားမင်းက သားတစ်ကို ချီလာသော ခွေးအဟန်ဖြင့်သွားရာ ထိုမိန်းမအနီး ရောက်လျှင် မာတလိက ငါးအဟန်ဖြင့် ရေထဲမှ ခုန်တက်ကာ ခွေးအရှေ့တွင် ကျ၏။ မြေခွေးက အမဲတစ်ကိုချ၍ ငါးကိုဖမ်းမည်အပြုတွင် ပဉ္စသီခက ငှက်အဟန်ဖြင့် သားတစ်ချီ၍ ပြန်လေ၏။ ငါးကလည်း ရေထဲသို့ ခုန်ချလေ၏။ ထိုအခါ မြေခွေးသည် အမဲသားတစ်နှင့် ငါး နှစ်မျိုးလုံးမှ ဆုံးရှုံးသဖြင့် သမန်းမြက်ချုံကို ကြည့်ကာ မှိုင်၍ နေလေ၏။

ကိုယ်ကျင့်မမြင် အပြစ်တင်

မိန်းမသည် မြေခွေး၏ အဖြစ်အပျက်ကို မြင်လျှင် ဤမြေခွေးကား အလွန် အလိုရမ္မက် ကြီးလှ၏၊ အမဲသားတစ်ကိုလည်း မရ ငါးကိုလည်း မရလေဟု နှလုံးသွင်းလျက် အိုးကို ခွဲလိုက်သည့်အလား ကျယ်စွာသော အသံဖြင့် ရယ်လေ၏။ မြေခွေးသည် ရယ်သံကိုကြားလျှင် -

“သမန်းမြက်ချုံ၌ ဤမိန်းမကား ကျယ်လောင်စွာသော အသံဖြင့် ရယ်ဘိ၏၊ အဘယ်မိန်းမနည်း၊ ဤအရပ်မှာ ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်းလည်း မရှိခဲ့၊ ခါးကောင်း၍ တင့်တယ်သော ရှင်မ … သင်သည် ငိုကြွေးသင့်သောအခါ ၌ အဘယ့်ကြောင့် ကျယ်လောင်စွာ ရယ်ဘိသနည်း”-

ဟု မိန်းမအား မေးမြန်း ပြောဆိုလေ၏။ မိန်းမသည် မြေခွေးစကားကို ကြားလျှင် -

“ပညာမရှိ မိုက်မဲလှ၍ အစားကြီးလှသော မြေခွေး … သင်ကား ပညာမရှိသည့်အတွက် အမဲသားနှင့် ငါး နှစ်မျိုးလုံး ဆုံးရှုံးကာ ဥစ္စာတစ်ထောင် ရှုံးသူကဲ့သို့ ကြံမှိုင်ဘိ၏” –

ဟု မြေခွေးအား ပြစ်တင်ကဲ့ရဲ့ကာ ပြောဆိုလေ၏။

ထိုအခါ မြေခွေးသည် -

“ဟယ် အကျင့်ယုတ်မာ၍ သီလ မရှိသော မိန်းမ … သူတစ်ပါး အပြစ်ကို မြင်လွယ်၏၊ မိမိ အပြစ်ကိုကား မြင်ခဲ၏၊ သင်ကား အဘ ပေးစားသောလင်ကိုမှလည်းကောင်း၊ သယောက်လင်မှ လည်းကောင်း ဆုံးရှုံးသည်ဖြစ်၍ ကြံမှိုနေရသည် မဟုတ်လော” –

ဟု မိန်းမအား နှိပ်၍ အရှက်ခွဲကာ ပြောဆိုလေ၏။

မိန်းမပြစ်ပြော တရားဟော

ထိုအခါ မိန်းမသည် မြေခွေးစကားကို ကြားလျှင် -

“အို-သားတို့ဘုရင် မြေခွေးမင်း … ငါကား သင်ပြောဆိုသည့်အတိုင်း စင်စစ် မှန်ပါေ၏၊ ငါသည် ဤအရပ်မှ သွားသည်ရှိသော် နောက်ထပ် လင်ရခဲ့ပါလျှင် လင်၏အလိုသို့ လိုက်ပါတော့အံ့” –

ဟု ဝန်ခံပြောဆိုပြန်၏။ ထိုအခါ သိကြားမင်းသည် သီလ မရှိသော မိန်းမကစားကို ကြားပြန်လျှင် -

“အကျင့်ယုတ်မာလှသော မိန်းမ … သင်သည် အဘယ်သို့ ဆိုသနည်း၊ မြေခွက်ကို ခိုးဝံ့သူသည် ရွှေခွက်ကိုလည်း ခိုးဝံ့၏၊ သင်သည် မကောင်းမှုကို ပြုမည်သာတည်း၊ နောက်ထပ်တစ်ဖန် လင်ရပြန်လျှင် လည်း ဤကဲ့သို့ ပြုလိမ့်ဦးမည်” –

ဟု ပြောဆိုကာ ထိုမိန်းမကို ရှက်စေပြီးလျှင် ဖောက်ပြန်သော အခြင်းအရာသို့ ရောက်စေ၍ မိမိနေရာ တာဝတိံသာသို့ သွားလေ၏။

ဤဒေသနာတော်၏ အဆုံး၌ သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ စူဠဓနုဂ္ဂဟသည် - ယခုအခါ ငြီးငွေ့သော ရဟန်း။

မိန်းမသည် - မယားဟောင်း။

သိကြားမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အလိုရမ္မက်၊ လွန်နှိပ်စက်၊ ပျက်စီးဆုံးရှုံးရာ။

(၂) ငယ်ကချစ်လင်၊ သယောက်လင်၊ မကြင်လဲလှယ်ကာ။

(၃) သူခိုး၏လက်၊ ဓားရိုးဆက်၊ ဓားရွက်ချစ်လင်မှာ။

(၄) လင်နှစ်ဦးလုံး၊ မှိုင်၍ ချုံး၊ ဆုံးမနတ်မင်းလာ။

စူဠဓနုဂ္ဂဟဇာတ် ပြီး၏။

***

(၃၇၅) - ကပေါတဇာတ်

ခိုနှင့် မိတ်ဆွေဖွဲ့ကာ စားဖိုအိမ်တွင် အမဲသား ခိုးစားသဖြင့် ကြီးစွာဆင်းရဲ၍ သေပွဲဝင်ရသော ကျီးမိုက်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လျှပ်လော်လည်ပြု ဆုံးမမှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လျှပ်ပေါ်လော်လည်သော ရဟန်းတစ်ပါးကိ အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ယောင်ဆောင်သူခိုး ကျီးမိုက်မျိုး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ခိုငှက်မျိုး၌ ဖြစ်၍ ဗာရာဏသီသူဌေး၏ စားဖို အသိုက်တောင်း၌ နေလေ၏။ ထိုအခါ လျှပ်ပေါ်လော်လည်သော ကျီးတစ်ကောင်သည် ငါးအမဲ၌ တပ်စွန်းသဖြင့် ခိုနှင့် မိတ်ဖွဲ့ကာ ခိုနေသော အသိုက်တောင်း၌ လာ၍ နေ၏။

တစ်နေ့သ၌ ကျီးသည် ငါးအမဲများစွာကိုမြင်၍ ငါးအမဲကို စားမည်ဟု အလွန်ညည်းညူးကာ အသိုက်တောင်းတွင် အိပ်၏။ ခိုသည် အစာရှာသွားချိန်၌ ကျီးကိုသွားရန်ခေါ်၏။ ကျီးသည် အစာမကြေသောရောဂါရှိသည်ဟု ပြောဆိုကာ အစာရှာမသွားဘဲ အိပ်၏။ ခို သွားသောအခါ -

“ငါကား ယခုအခါ၌ ချမ်းသာ၏၊ အနာရောဂါမရှိ၊ ဆူးငြောင့်မရှိ၊ ခို ထွက်သွားခဲ့ပြီ၊ ယခုအခါ စိတ်အလိုအတိုင်း ငါ ပြုတော့မည်၊ ထိုကြောင့် အမဲသားဟင်း စားရအောင် အားထုတ်တော့မည်” –

ဟု ဝမ်းမြောက်ဝမ်းသာ မြည်တွန်ကာနေ၏။ စားဖိုသည်သည် ငါးအမဲတို့ကို ချက်ပြုတ်ပြီးလျှင် စားဖိုအိမ်မှထွက်၍ ကိုယ်ကို ချွေးသုတ်ကာနေ၏။ အလစ်ကို ချောင်းနေသော ကျီးသည် စားဖိုအိမ်သို့ဝင်ကာ အမဲဟင်းကို ဝမ်းပြည့်အောင် စားပြီးလျှင် အမဲထားသော တောင်း၌ နားကာ (ကိရိ-ကိရိ)ဟု မြည်လေ၏။

စဉ်းလဲပြုလေ့ ဆင်းရဲတွေ့

ကျီးသံကြား၍ စားဖိုသည် အမြန်လာ၍ ကျီးကိုဖမ်းကာ အမွေးအတောင် အကုန်နုတ်၍ ချင်စို မုန်ညင်းမှုန့်တို့ကို ရော၍ ရက်တက်ရည်တို့ဖြင့် ဖျော်လျက် တစ်ကိုယ်လုံး လိမ်းကာ အိုးခြမ်းကွဲကို လည်ပင်း၌ ဆွဲပြီးလျှင် အသိုက်တောင်း၌ ထားလေ၏။ ခိုသည် လာလတ်၍ ကျီးကို မြင်လျှင် -

“ဦးစွန်းရှိ၍ နေရာတောင်းကိုစိုးလျက် မိုးလျှင် အဖိုယောကျ်ားရှိသော ဤဗျိုင်းကား အဘယ်ဗျိုင်းနည်း၊ အို ဗျိုင်း … အတွင်းသို့ သွားပါလော့၊ ငါ့မိတ်တွေ ကျီးသည် ကြမ်းတမ်းလှ၏” –

ဟု ကျီးကို ပြက်ရယ်ပြုလေ၏။ ကျီးသည် ခိုစကားကို ကြားလျှင် -

“အဆွေ … စားဖိုသည်သည် အမွေး အတောင်တို့ကို နုတ်၍ ချင်းစို မုန်ညင်းမှုန့် ရက်တက်ပုပ်ဖြင့် ဖျော်၍ လိမ်းအပ်သော ငါ့ကိုမြင်၍ သင်သည် ပြက်ရယ်ပြုရန် မသင့်ပါ” –

ဟု ခိုအား ပြန်၍ ပြောဆိုလေ၏။ ခိုသည် တစ်ဖန် ကျီးစကားကို ကြားပြန်လျှင် -

“အဆွေ … သင့်မှာကား ကောင်းစွာ သုတ်သင်ရ၏၊ ကောင်းစွာ လိမ်းကျံရ၏၊ ထမင်း အဖျော်တို့ဖြင့် ရောင့်ရဲရ၏၊ သင်၏လည်ပင်း၌ ဝေဠုရိယ ပတ္တမြားကို ဆွဲရ၏၊ သင် ဗာရာဏသီ မြို့တွင်းသို့ ရောက်ခဲ့သသလော” –

ဟု ပြက်ရယ်ပြုပြန်၏။ ထိုအခါ ကျီးသည် -

“အဆွေ … သင်၏ အဆွေခင်ပွန်း ဖြစ်စေ၊ အဆွေခင်ပွန်း မဟုတ်သည်ဖြစ်စေ ဗာရာဏသီပြည်တွင်းသို့ မသွားစေလင့်၊ ထိုမြို့တွင်း၌ အမွေးအတေင်တို့ကို နုတ်၍ လည်ပင်း၌ အိုးခြမ်းကွဲကို ဆွဲကြကုန်၏” –

ဟု ပြန်၍ ပြောဆို၏။ ထိုအခါ ခိုသည် -

“အဆွေ … သင်ကား နောက်တစ်ဖန်လည်း ဤသို့သော ဆင်းရဲကို ရောက်ရလတ္တံ့၊ အမှန်မှာ သင်၏ အလေ့သည် လူတို့ အသုံးအဆောင်ကို စားခြင်းသဘောရှိ၏၊ လူတို့ အသုံးအဆောင်ကား ငှက်တို့အား သုံးဆောင်ရန် မလွယ်ကူပေ” –

ဟု ကျီးကို ဆုံးမပြီးလျှင် တစ်ဖန် ထိုအိမ်၌ မနေတော့ဘဲ အရပ်တစ်ပါးသို့ သွားလေ၏။ ကျီးလည်း ထိုအိမ်၌ ပင် သေဆုံးရလေ၏။

ဤဒေသနာတော်ကို ဆောင်တော်မူ၍ သစ္စာကို ပြသည်၏ အဆုံး၌ လျှပ်ပေါ်လော်လည်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကျီးသည် - ယခုအခါ လျှပ်ပေါ်သောရဟန်း။

ခိုသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) လျှပ်ပေါ်လော်လည်၊ မတည်ကြည်၊ သေမည်နောက်ဆုံးမှတ်။

(၂) မွေးတောင်နုတ်လျက်၊ လိမ်းရက်တက်၊ ကျီးပျက်သေသတတ်။

ကပေါတဇာတ် ပြီး၏။

***

ပဉ္စကနိပါတ် စကားပြေ ပြီး၏။

***

(၃၇၆) - အဝါရိယဇာတ်

မကောင်းမှုကို မပြုရန် ဆုံးမ တားမြစ်သည့် ရသေ့သူမြက်ကိုပင် လှေခအတွက် အသက် ဆုံးရှုံးစေသော ကူးတို့သမားအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကြမ်းကြုတ်လှငြား ကူးတို့သမား

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကူးတို့ဆိပ်တစ်ခုဝယ် ကူးတို့သမား တစ်ယောက်သည် မိုက်မဲ၏၊ ရုန့်ရင်းကြမ်းကြုတ်၏၊ နိုင်ထက်ကလူး ပြုမူတတ်၏။ ထိုအခါ ဇနပုဒ်၌ နေသော ရဟန်းတစ်ပါးသည် ဘုရားဖူးရန် ဇေတဝန်ကျောင်းတော်သို့ လာခဲ့ရာ အစီရဝတီမြစ် ကူးတို့ဆိပ်တစ်ခုသို့ရောက်၍ တစ်ဖက်ကမ်းသို့ ကူးလိုသဖြင့် ကူးတို့သမားအား ကူး၍ ပို့စေ၏။ ကူးတို့သမားသည် ရဟန်းကို လှေသို့ တင်ပြီးလျှင် ဖြောင့်စွာမသွားဘဲ အောက်သို့ ဆောင်ကာ မြစ်ထဲတွင် လှေကိုလှုပ်၍ ရဟန်း၏ သပိတ်သင်္ကန်းတို့ကို ရေစိုစေပြီးလျှင် မှောင်ကြီးမိုက်မှ လွှတ်လိုက်လေ၏။

ထိုရဟန်းသည် ဇေတဝန်ကျောင်းတော်သို့ရောက်၍ ညဉ့်နက်သဖြင့် နက်ဖြန်မှ မြတ်စွာဘုရားထံ ဆည်းကပ်၍ အကြောင်းစုံ လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းအား “ချစ်သား ရဟန်း … ဤကူးတို့သမားသည် ယခုအခါ၌ သာ ရုန့်ရင်းကြမ်းတမ်းသည်၊ နိုင်ထက်ကလူ ပြုမူတတ်သည် မဟုတ်၊ ရှေးအခါ၌ လည်း ပညာရှိတို့ကို ပင်ပန်းစေပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း

အတိတ်ဝတ္ထု

ချဉ်ဆားရှာသွား မင်းပင့်ထား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အလုံးစုံသော အတတ်ပညာတို့ကို သင်ကြားပြီးလျှင် ရသေ့ရဟန်းပြုကာ ဟိမဝန္တာအရပ်ဝယ် ကြာမြင့်စွာ သစ်သီး ကြီးငယ်တို့ဖြင့် မျှတကာနေ၏။

တစ်နေ့သ၌ ချဉ်ဆား မှီဝဲရန် လူတို့နေရာသို့ ဒေသစာရီ လှည့်လည်ခဲ့ရာ ဗာရာဏသီပြည်သို့ရောက်လျှင် ဥယျာဉ်၌ နေ၍ နက်ဖြန် ဆွမ်းခံဝင်သောအခါ မင်းရင်ပြင်သို့ရောက်လျှင် မင်းကြီး မြင်၍ ကြည်ညိုသဖြင့် နန်းတော်သို့ပင်လျက် ဆွမ်းဘောဇဉ် ကပ်လှူပြီးလျှင် ဥယျာဉ်တော်၌ ပင် အမြဲသီတင်းသုံးရန် လျှောက်ထား တောင်းပန်လေ၏။ ရသေ့လည်း ဝန်ခံကာ ဥယျာဉ်တော်၌ သီတင်းသုံးနေလေ၏။

ကြမ်းကြုတ်ဒေါသ ဆရာဆုံးမ

တစ်နေ့သ၌ မင်းကြီးသည် ရသေ့အား ခစားရန် ဥယျာဉ်တော်သို့ လာ၏။ ထိုအခါ ရသေ့သည် -

“မြတ်သော မင်းကြီး … သင်မင်းကြီးသည် အမျက်မထွက်ပါလင့်၊ ရထားစီးခြင်း မင်းတကာတို့ထက် မြတ်သော မင်းကြီး … သင်မင်းကြီးသည် အမျက်မထွက်ပါလင့်၊ အမျက်ထွက်သူကို တုံ့ပြန်၍ အမျက်မထွက်သော မင်းကို တိုင်းသူပြည်သားတို့သည် ပူဇော်ရာ၏” –

“မြတ်သော မင်းကြီး … မြို့ရွာအရပ်၌ လည်းကောင်း၊ တော်အရပ်၌ လည်းကောင်း၊ ချိုင့်ဝှမ်းရာ အရပ်၌ လည်းကောင်း၊ ကြည်းကုန်းအရပ်၌ လည်းကောင်း အလုံးစုံသော အရပ်တို့၌ သင်မင်းကြီးသည် အမျက်မထွက်ပါလင့်” –

ဟု ဤသို့လျှင် လာတိုင်း လာတိုင်း အမြဲဆုံးမလေ့ရှိ၏။ ထိုအခါ မင်းကြီးသည် အလွန် ကြည်ညိုသဖြင့် ရသေ့အား အခွန်တစ်သိန်း ထွက်သော ရွာမြတ်ကို လှူလေ၏။ ရသေ့လည်း အလိုမရှိ ပယ်လေ၏။ ဤသို့လျှင် ရသေ့သည် ဆယ့်နှစ်နှစ်ပတ်လုံး မင်းကြီး၏ ဥယျာဉ်၌ ပင် နေလေ၏။

လှည့်လည်လိုလှ ဥယျာဉ်မှကြွ

ဆယ့်နှစ်နှစ် လွန်သောအခါ ရသေ့သည် ငါကား ဤအရပ်၌ နေသည်မှာ အလွန် ကြာမြင့်ပြီ၊ ဇနပုဒ်သို့ လှည့်လည်ဦးမည်၊ နောက်မှ ပြန်လာမည်ဟု မင်းကြီးအား မပြောကြားဘဲ ဥယျာဉ်စောင့်ကိုခေါ်၍ “ဒါယကာ … ငါသည် ဤအရပ်၌ နေခဲ့သည်မှာ အလွန်ကြာမြင့်ပြီ၊ ငြီးငွေ့ပျင်းရိပြီ၊ ဇနပုဒ်သို့ လှည့်လည်၍ ပြန်လာမည်၊ မင်းကြီးအား ပြောကြားချေ” ဟု စေလွှတ်ပြီးလျှင် သွားလေသော် ဂင်္ဂါမြစ်ကူးတို့ဆိပ်တစ်ခုသို့ ရောက်လေ၏။

ထိုကူးတို့ဆိပ်ဝယ် ကူးတို့သမားကား အဝါရိယအဘမည်၏။ အလွန် မိုက်မဲ၏။ ရက်စက်ကြမ်းကြုတ်၏။ နိုင်ထက်ကလူ ပြုမူတတ်၏။ ကျေးဇူးကို မသိတတ်၊ အကြောင်းဥပါယ်ကိုလည်း မသိတတ်။ ဂင်္ဂါမြစ်ကို ကူးလိုသူတို့ကို ရှေးဦးစွာ ကူးစေပြီးလျှင် နောက်မှ လှေခကို တောင်းလေ့ရှိ၏။ အခမပေးသောသူတို့နှင့် ခိုက်ရန်ပြုလျက် ဆဲရေးသတ်ပုတ်ခြင်းသာ များ၏။ နည်းသော လာဘ်လောဘရှိ၏။

ကြီးပွားမှုရေး ကူးတို့ခပေး

ရသေ့သည် ကူးတို့သမားထံသွား၍ “ဒါယကာ … ငါ့ကို ဟိုဘက်ကမ်းသို့ ပို့ပေးပါ” ဟု ပြော၏။ “အခပေးမည်လော” ဟု မေး၏။ “ဒါယကာ … ဥစ္စာစည်းစိမ် တိုးပွားကြောင်းဖြစ်သော စကားကို ပြောကြားမည်” ဟု ပြောလေ၏။ ထိုအခါ ကူးတို့သမားသည် ဤရဟန်းကား ငါ့အား တစ်စုံတစ်ခုကို မချွတ် ပေးလတ္တံ့ဟု မှတ်ထင်ကာ လှေသို့တင်၍ ဟိုဘက်ကမ်းသို့ ပို့လေ၏။ ရောက်သောအခါ “ရဟန်း … လှေခ ပေးလော့” ဟု တောင်းလေ၏။ ထိုအခါ ရသေ့သည် “ဒါယကာ … ကောင်းပြီ ပေးမည်” ဟု ပြောဆို၍ -

“အို ကူးတို့သူကြီး … တစ်ဖက်ကမ်းသို့ မကူးမီလျှင် လှေခကို တောင်းပါ၊ အမှန်မှာ ကူးပြီးသူ၏ စိတ်သည် တစ်မျိုးတစ်ဖုံ ဖြစ်၍ ကူးလိုသူ၏ စိတ်သည် တစ်မျိုးတစ်ဖုံ ဖြစ်တတ်၏” –

ဟု ဥစ္စာစည်းစိမ် တိုးပွားကြောင်း ဖြစ်သော စကားကို ပြောဆို ဆုံးမလေ၏။ ထိုအခါ ကူးတို့သမားသည် ဤရသေ့ကား ငါ့အား ရှေးဦးစွာ အဆုံးအမပေးသည် ဖြစ်လိမ့်မည်၊ နောက်မှ လှေခ ပေးလိမ့်မည်ဟု ကြံစည်လျက်နေ၏။

တိုးပွားမှုတရား မလိုလား

ထို့နောင် ရသေ့သည် “ဒါယကာ … သင့်အား ဥစ္စာစည်းစိမ် တိုးပွားကြောင်း ဖြစ်သော စကားကို ပြောဆိုအပ်ပေပြီ၊ ယခုအခါ အကျိုးအကြောင်း၏ ပွားများကြောင်းဖြစ်သော စကားကို နာယူဦးလော” ဟု တိုက်တွန်းကာ -

“ကူးတို့သူကြီး … မြို့ရွာအရပ်၌ လည်းကောင်း၊ တောအရပ်၌ လည်းကောင်း၊ ချိုင့်ဝှမ်းအရပ်၌ လည်းကောင်း၊ အလုံးစုံသော အရပ်တို့၌ လည်းကောင်း သင် ကူးတို့သူကြီးသည် အမျက်မထွက်ပါလင့်” –

ဟု ဆုံးမပြန်၏။ ထိုအခါ မိုက်မဲ ယုတ်မာသော ကူးတို့သမားသည် အဖိုးအနဂ္ဃ ထိုက်တန်၍ အရိုအသေ ပြုအပ်သော အဆုံးအမဟု မအောက်မေ့ဘဲ “ရဟန်း … ဤအဆုံးအမကား ငါ့အား ပေးအပ်သော လှေခလော” ဟု မေး၏။ ရသေ့သည် “ဒါယကာ … မှန်ပေသည်” ဟု ပြော၏။ “ရဟန်း … ဤအဆုံးအမစကားကို အလိုမရှိ၊ တစ်ပါးသော ဝတ္ထုကို ပေးလော့” ဟု ပြော၏။ “ဒါယကာ … ငါ့အား ဤစကားကို ထား၍ ပေးစရာ တစ်ပါးသော ဝတ္ထု မရှိ” ဟု ပြောလေ၏။

ကြမ်းကြုတ်ရက်စက် ရိုက်ပုတ်နှက်

ထိုအခါ ကူးတို့သမားမိုက်သည် တစ်စုံတစ်ရာ ဝတ္ထုမရှိဘဲလျက် အဘယ်ကြောင့် လှေကို စီးသနည်းဟု ပြောဆိုလျက် ရသေ့ကို လဲပေးပြီးလျှင် ရင်ဘတ်ပေါ်တွင် တက်၍ စီးကာ မျက်နှာကို ပုတ်ခတ်လေ၏။ ထိုအခိုက် ကူးတို့သမား၏ မယားသည် ထမင်းပို့လာလတ်သော် မြင်၍ မိမိယောကျ်ားအား “အရှင် … ဤရသေ့ကား မင်းကြီး၏ဆရာ ဖြစ်သည်၊ မပုတ်ခတ်ပါလင့်” ဟု တားမြစ်လေ၏။ ကူးတို့သမားမိုက်သည် ရသေ့စဉ်းလဲအား ပုတ်ခတ်သည်ကို ပြောရပါမည်လားဟု အမျကထွက်၍ မိမိမယားကို သတ်ပုတ်ကာ လဲစေပြန်၏။ ထိုအခါ ထမင်းခွက်လည်း ကျ၍ ကွဲ၏။ အရင့်အမာဖြစ်သော ကိုယ်ဝန်လည်း မြေ၌ ကျလေ၏။ ထိုအခါ လူတို့သည် လာလတ်၍ ကူးတို့သမားမိုက်ကို လူသတ် သူခိုးဟု ဖမ်းဆီးချုပ်နှောင်လျက် မင်းကြီးထဲ ပို့ကြကုန်၏။ မင်းကြီးလည်း ထိုယောကျ်ားအား မင်းဒဏ်ကို ပြုစေ၏။

ဆုံးမသင့် မသင့် ချင့်ချိန်လင့်

မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ -

“ရဟန်းတို့ … ထမင်းခွက်လည်း ကွဲခဲ့၏၊ မယားလည်း သေခဲ့၏၊ ကိုယ်ဝန်လည်း ကျခဲ့၏၊ သားသမင်သည် ရွှေငွေဖြင့် မိမိ အကျိုးစီးပွားကို ဖြစ်စေရန် မစွမ်းနိုင်သကဲ့သို့၊ ထို့အတူ သူမိုက်သည်လည်း အဆုံးအမ စကားဖြင့် မိမိ အကျိုးစီးပွားကို ဖြစ်စေရန် မစွမ်းနိုင်” –

“ရဟန်းတို့ … ရသေ့အား အကြင် အဆုံးအမဖြင့်လျှင် မင်းကြီးသည် ရွာမြတ်ကို လှူ၏၊ ထိုအဆုံးအမဖြင့်လျှင် ကူးတို့သမားမိုက်သည် မျက်နှာကို ပုတ်ခတ်ဘိ၏” -

ဟု ဆုံးမတော်မူ၏။ ထို့ကြောင့် ပညာရှိတို့သည် ရသေ့၏ ထုံးကို နှလုံးပြု၍ ဆုံးမသင့်သူကိုသာ ဆုံးမအပ်၏။ မဆုံးမသင့်သူကို မဆုံးမအပ်။ အဆုံးအမ တစ်ခုတည်းဖြင့်ပင် မင်းကြီးအား ဆုံးမရာ ရွာမြတ်ကို ရ၍ ၊ ကူးတို့သမားမိုက်ကို ဆုံးမရာ မျက်နှာ၌ ပုတ်ခတ်ခြင်းကို ရခဲ့၏။ ထို့ကြောင့် ဆုံးမသင့်သူကိုသာ ဆုံးမကြရာ၏။

ဤသို့လျှင် ဒေသနာတော်ကို ဆောင်ပြီးလျှင် သစ္စာကို ပြတော်မူသည်၏အဆုံး၌ ဇနပုဒ်နေ ရဟန်းသည် သောတာပတ္တဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကူးတို့သမားမိုက်သည် - ယခုအခါလည်း ကူးတို့သမားမိုက်။

မင်းကြီးသည် - အာနန္ဒာ။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဆုံးမပေးသင့်၊ မပေးသင့်၊ ထောက်ချင့်ပညဝါ။

(၂) သင့်သူကျိုးရ၊ မသင့်က၊ ပြစ်ရတတ်သည်သာ။

(၃) ဆုံးမစကား၊ သုံးတတ်ငြား၊ ကျိုးများလှသည်သာ။

အဝါရိယဇာတ် ပြီး၏။

***

(၃၇၇) - သေတကေတုဇာတ်

မာနကြီး၍ ပျက်စီးရသော သေတကေတုမည်သောသူ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ထူးဆန်းအံ့ဖွယ် ပရိယာယ်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အံ့ဖွယ်သရဲကို ပြုလုပ်တတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း [ပစ္စုပ္ပန်ဝတ္ထုသည် ဥဒ္ဒါလဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။ ]

အတိတ်ဝတ္ထု

မျိုးဂုဏ်ဇောတ်ကြောင့် မနာရောက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗာရာဏသီပြည်၌ ပင် ဒိသာပါမောက္ခဆရာ ဖြစ်၍ တပည့်ငါးရာတို့အား အတတ်ပညာ သင်ကြားပေးကာနေ၏။ ထိုတပည့် ငါးရာတို့ အကြီးအမှူးဖြစ်သော သေတကေတုလုလင်ကား ဥဒိစ္စ ပုဏ္ဏားမျိုး၌ ဖြစ်၍ အမျိုကိုမှီ၍ မာနကြီး၏။

တစ်နေ့သ၌ ထိုသေတကေတုလုလင်သည် အခြားလုလင်တို့နှင့်အတူ သွားကြရာ မြို့သို့ဝင်လာသော စဏ္ဍာလကို မြင်လျှင် မေးမြန်းသောအခါ စဏ္ဍာလမှန်းသိ၍ ထိုစဏ္ဍာလကိုယ်ကို တိုက်ခတ်၍ လာသော လေသည် မိမိကိုယ်ကို တိုက်ခတ်မိမည်ကို ကြောက်သဖြင့် “သင်ကား … စဏ္ဍာလယုတ်ဖြစ်သည်၊ လေညာ၌ မနေလင့်” ဟု ဆို၍ ထိုသူ၏ လေညာသို့ လျင်စွာ သွားလေ၏။ စဏ္ဍာလလည်း သေတကေတု၏ လေညာသို့ လျင်စွာသွား၍ နေပြန်၏။ ထိုအခါ သေတကေတုသည် စဏ္ဍာလကို “သူယုတ် ပျက်စီးလော” ဟု လွန်စွာ ဆဲရေးလေ၏။

စဏ္ဍာလမေး အရှုံးပေး

စဏ္ဍာလသည် “သင်ကား ဘယ်သူဖြစ်သနည်း” ဟု မေး၍ ပုဏ္ဏား ဖြစ်ကြောင်းကို သိပြန်လျှင် သင်သည် ပုဏ္ဏားပင် ဖြစ်စေကာမူ “ငါမေးသော ပြဿနာကို ဖြေနိုင်မည်လော” ဟု မေး၏။ “ဖြေနိုင်၏” ဟု ပြော၏။ အကယ်၍ မဖြေနိုင်လျှင် ခြေမကြားဖြင့် ညှပ်၍ လှည့်မည် ပြောသောအခါ “မဖြေနိုင်လျှင် လှည့်လော့” ဟု ပြောလေ၏။ စဏ္ဍာလသည် သေတကေတု၏ စကားကို ပရိသတ်အား သက်သေပြု၍ “ပုဏ္ဏားလုလင် … အရပ်မျက်နှာ ဟူသည် အဘယ်နည်း” ဟု မေး၏။ “အချင်း … အရှေ့အရပ် စသော အရပ်လေးမျက်နှာတို့ ဖြစ်သည်” ဟု ဖြေ၏။ ထိုအခါ စဏ္ဍာလသည် “ငါကား ဤအရပ်မျက်နှာကို မမေး၊ သင် ဤမျှလောက်ုိမျှ မသိဘဲလျက် ငါ့ကိုယ်၌ တိုက်ခတ်သော လေကို စက်ဆုပ်ဘိသည်” ဟု ပြောဆိုပြီးလျှင် သေတကေတု၏ လည်ကုပ်၌ ကိုင်၍ ခြေမကြားဖြင့်ညှပ်ကာ လှည့်လေ၏။

မာနထောင်ရေး ရှက်၍ ပြေး

တပည့်လုလင်တို့သည် ဆရာကြီးအား ထိုအကြောင်းကို ပြောကြားကြကုန်၏။ ထိုအခါ ဆရာကြီးသည် သေတကေတုလုလင်ကို “အမောင် သေတကေတု … စဏ္ဍာလကို အမျက်မထွက်လင့်၊ စဏ္ဍာလသည် ပညာရှိ၏၊ သင် ဖြေကြားသော အရပ်မျက်နှာကို မမေး၊ တစ်ပါးသော အရပ်မျက်နှာကို မေး၏၊ သင်ကား မြင်ဖူး ကြားဖူး သိဖူးသော တရားထက် ပိုလွန်၍ မသိ၊ တရားသည် များပြားလှ၏” ဟု ပြောဆို၍ -

“အမောင် သေတကေတု … အမျက်မထွက်လင့်၊ အမျက်ထွက်ခြင်းသည် မကောင်း၊ သင် မမြင်ဖူး မကြားဖူးသော တရားကား များပြားလှ၏၊ မိဘတို့ကို အရှေ့အရပ်မျက်နှာ၊ ဆရာကို တောင်အရပ်မျက်နှာ မည်ကုန်၏ဟု ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့ ဟောကြားကုန်၏။

ထမင်း အဖျော် အဝတ်ကို လှူကုန်သော အိမ်နေလူတို့သည် တရားစောင့်သော ရဟန်းပုဏ္ဏားတို့ကို ပင့်ဖိတ်ကုန်၏၊ ထိုရဟန်းပုဏ္ဏားတို့ကို အထက်အရပ်မျက်နှာ မည်၏ဟု ဟောကြားကုန်၏၊ ဆင်းရဲသူတို့ ရောက်သွားလျှင် အလွန် ချမ်းသာလှသော နိဗ္ဗာန်ကို မွန်မြတ်သော အရပ်မျက်နှာ မည်၏ဟု ဟောကြား ကုန်၏” –

ဟု သေတကေတုလုလင်အား စဏ္ဍာလ၏ အမေး ပြဿနာကို ဖြေဆိုကာ ဆုံးမလေ၏။

သေတကေတုလုလင်လည်း စဏ္ဍာလသည် ခြေမကြားဖြင့် ညှပ်၍ လှည့်ဘိ၏ဟု အလွန်ရှက်သဖြင့် ထိုအရပ်တွင် မနေတော့ဘဲ ဒိသာပါမောက္ခ ဆရာကြီးကို ခွင့်ပန်ပြီးလျှင် တက္ကသိုလ်ပြည်သို့သွား၍ အတတ်ပညာ အလုံးစုံတို့ကို သင်ကြားပြန်၏။

ဆရာရသေ့ကို မင်းကြည်ညို

တစ်ဖန် တက္ကသိုလ်ဆရာကြီးထံမှ သွားပြန်ရာ ပစ္စန္တရာဇ် ရွာတစ်ခုကို မှီ၍ နေသော ရသေ့ငါးရာတို့ထံရောက်၍ ရသေ့ ရဟန်းပြုပြီးလျှင် ထိုရသေ့တို့အား အတတ်ပညာ သင်ပေးသဖြင့် ဂိုဏ်းဆရာကြီးဖြစ်၍ ရသေ့အပေါင်း ခြံရံလျက် ဗာရာဏသီပြည်သို့ သွားပြန်၏။ နံနက် ဆွမ်းခံဝင်၍ နန်းရင်ပြင်သို့ ရောက်လျှင် မင်းကြီးသည် ကြည်ညိုသဖြင့် နန်းတော်ပေါ်သို့ ပင်စေ၍ ဆွမ်းဘောဇဉ်တို့ကို ကပ်လှူပြီးလျှင် ဥယျာဉ်တော်၌ အမြဲ သီတင်းသုံးရန် တောင်းပန်သဖြင့် ခွင့်ပြုကာ ဥယျာဉ်တော်၌ ပင် နေကြကုန်၏။

မင်းကြည်ညိုအောင် အယောင်ဆောင်

မင်းကြီးသည် တစ်နေ့သ၌ “ဆွမ်းဘုဉ်းနေစဉ် အရှင်ဘုရားတို့ထံလာ၍ ဖူးမြင်လိုသည်” ဟု လျှောက်လေ၏။ ထိုအခါ သေတကေတုရသေ့သည် ဥယျာဉ်တော်သို့ ပြန်ပြီးလျှင် ရသေ့တို့ကို စည်းဝေးစေ၍ “ငါ့ရှင်တို့ … ယနေ့ မင်းကြီး လာလိမ့်မည်၊ မင်းမည်သည် တစ်ကြီမ် နှစ်သက်လျှင် တစ်သက်လုံး ချမ်းသာစေနိုင်၏၊ သို့အတွက် အချို့သောရသေ့တို့သည် လင်းနို့ကဲ့သို့ အထက်၌ တွဲလျားဆွဲကာ ကျင့်ကြကုန်၊ အချို့ဆူးပေါ်မှာ အိပ်ကြကုန်၊ အချို့ ပဉ္စာတပအကျင့်ကို ကျင့်ကြကုန်၊ အချို့ ဆောင့်ကြောင့်သွား၍ ကျင့်ကြကုန်၊ အချို့ ရေချိုး၍ ကျင့်ကြကုန်၊ အချို့ ဗေဒင်သရဇ္စျာယ်ကြကုန်” ဟု အသင့်စီမံလျက် ကျင့်စေကုန်၏။ မိမိမူကား ကျောင်းတံခါးဝယ် အမှီရှိသော အင်းပျဉ်၌ နေပြီးလျှင် အဆင်းငါးပါးရှိ၍ အခေါက် တစ်ထောင်ရှိသော ပုရပိုက်ကြီးကို ဆန်းကြယ်သော အခင်းပေါ်မှာ တင်လျက် ကောင်းစွာ သင်ကြားအပ်ပြီးသော လုလင်လေးယောက်ကို ပြဿနာ မေးစေ၍ မိမိက ဖြေဆိုကာ နေလေ၏။

ပုဏ္ဏား လျှောက်ချက် ကြည်ညိုပျက်

ထိုခဏ၌ မင်းကြီး လာလတ်၍ မိစ္ဆာအကျင့်ကို ကျင့်ကုန်သော ရသေ့တို့ကို မြင်လျှင် နှစ်သက်ကြည်ညိုခြင်း ဖြစ်၍ သေတကေတု ရသေ့သို့ ကပ်ပြီးလျှင် ရှိခိုး၍ သင့်တင့်သော အရပ်၌ နေလျက် -

“အို ပုဏ္ဏား … ခွါနှင့်တကွသော သစ်နက်ရေကို ဆောင်ကာ ဆံကျစ်ထုံးလျက် သွားချေးထူ၍ ညစ်နွမ်းသော အဆင်းရှိသော ဤရသေ့တို့ကား ဗေဒင်ကို သရဇ္စျာယ်ကြကုန်၏၊ လူတို့ ပြုအပ်သော ပယောဂ၌ တည်ကုန်သေ ရသေ့တို့သည် ဤလောကကို သိကုန်လျက် အပါယ်မှ လွတ်ကုန်သလော” –

ဟု ပုရောဟိတ်ပုဏ္ဏားအား မေးမြန်းလေ၏။ ပုရောဟိတ်သည် မင်းကြီး စကားကို ကြားလျှင် -

“မင်းမြတ် … မကောင်းမှုတို့ကို ပြုလုပ်ကာ အကြားအမြင် များသောသူသည်လည်း တရားကို မကျင့်မူ ဗေဒင်ကိုအစွဲပြုလျက် သီလ သမာပတ်သို့ မရောက်မူ၍ ဗေဒင်တစ်ထောင်တတ်သော သူသည်လည်း ဆင်းရဲမှ မလွတ်ရာ” –

ဟု မင်းကြီးအား ဖြေကြားလေ၏။ မင်းကြီးသည် ပုရောဟိတ် စကားကိုကြား၍ ရသေ့တို့၌ နှစ်သက်ကြည်ညိုခြင်းကို ပယ်ဖျောက်လေ၏။

ဆရာရသေ့မေး အဖြေပေး

ထို့နောင်မှ သေတကေတု ရသေ့သည် မင်းကြီး၏ နှစ်သက်ကြည်ညိုခြင်းကို ပုရောဟိတ်သည် ပဲခွပ်ဖြင့်ခုတ်၍ ဖြတ်သကဲ့သို့ ဖြတ်ဘိ၏။ ငါသည် ပုရောဟိတ်နှင့် စကားပြောရန် သင့်၏ဟု ကြံစည်ကာ -

“အို ပုဏ္ဏား … ဗေဒင်တစ်ထောင် တတ်သောသူသည်လည်း ထိုဗေဒင်ကို အစွဲပြုလျက် သီလ သမာပတ်သို့ မရောက်မူ၍ ဆင်းရဲမှ မလွတ်ခဲ့ပါမူ၊ သီလ သမာပတ်သာ မှန်သည် ဖြစ်ပါမူ ဗေဒင်တို့သည် အကျိုးမရှိဟု ငါ အောက်မေ့ မှတ်ထင်၏”

ဟု ပုရောဟိတ်အား ပြောကြားပြန်၏။ ပုရောဟိတ်သည် ရသေ့စကားကို ကြားလျှင် -

“ရှင်ရသေ့ … ဗေဒင်တို့သည် အကျိုးမရှိ မဟုတ်ကုန်၊ သို့သော်လည်း သီလ သမာပတ်သာ မှန်ကန်၏၊ ဗေဒင်တို့ကို စွဲ၍ ကျော်စောခြင်းသို့ ရောက်၏၊ သီလ သမာပတ်ဖြင့် ဆုံးမအပ်သောသူသည် နိဗ္ဗာန်သို့ရောက်၏” –

ဟု သေတကေတု ရသေ့၏ ဝါဒကိုဖျက်၍ ပြောဆိုကာ ရသေ့အလုံးစုံကို လူထွက်စေပြီးလျှင် ဓား လက်နက်တို့ကို ကိုင်စေလျက် မဟန္တတရက မည်သော မင်းခစားအရာ၌ ထား၍ မင်းကြီးကို လုပ်ကျွေးစေ၏။ ဤအနွယ်သည် မဟန္တတရကတို့၏ အနွယ် ဖြစ်သတတ်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သေတကေတု ရသေ့သည် - ယခုအခါ အံ့ဖွယ်သရဲကို ပြုလုပ်သော ရဟန်း။

စဏ္ဍာလသည် - သာရိပုတ္တရာ။

မင်းကြီးသည် - အာနန္ဒာ။

ပုရောဟိတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိစ္ဆာကျင့်ကား၊ ကျိုးမများ၊ လားလိမ့်အပါယ်ကို။

(၂) ဗေဒင်တို့ကား၊ လူတလွှား၊ ကျော်ကြားလိမ့်မည်ဆို။

(၃) သီလ, သမာ၊ ကျင့်သိက္ခာ၊ ရောက်ရာနိဗ္ဗာန်ကို။

သေတကေတုဇာတ် ပြီး၏။

***

(၃၇၈) - ဒရီမုခဇာတ်

ဒရီမုခ မည်သော ပုရောဟိတ်သည် ရဟန်းပြု၍ ရှင်ပစ္စေကဗုဒ္ဓါ ဖြစ်သောအခါ မင်းကြီးအား ကာမဂုဏ် အပြစ်ကို ဟောကြားခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

နိက္ခမကြောင်းပြု ဟောကြားမှု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မြတ်စွာဘုရား၏ တောထွက်တော်မူခြင်းကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဆရာပန်ကြား ခရီးသွား

လွန်လေပြီးသောအခါ ရာဇဂြိုဟ်ပြည်ဝယ် မဂဓမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုမဂဓမင်း၏ မိဖုရားကြီးဝမ်း၌ ဖြစ်၍ ဗြဟ္မဒတ် ဟူသော အမည်ကို မှည့်ကုန်၏။ တစ်နေ့တည်း ဖွားမြင်သော ပုရောဟိတ်၏သားကိုကား ရွှေအဆင်းကဲ့သို့ တင့်တယ်သော မျက်နှာ ရှိသဖြင့် ဒရီမုခ ဟူသောအမည်ကို မှည့်ကုန်၏။ ထိုသတို့သား နှစ်ယောက်တို့သည် မင်းအိမ်၌ သာ ကြီးပွားကုန်၏။ အချင်းချင်း အလွန်ချစ်ခင်သော အဆွေခင်ပွန်း ဖြစ်ကုန်၏။

ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သောအခါ တက္ကသိုလ်ပြည်၌ ပညာသင်ကြားပြီးလျှင် ဆရာကို ပန်ကြား၍ ဒေသန္တရဗဟုသုတ အလို့ငှာ မြို့ရွာ နိဂုံးတို့၌ လှည့်လည်ကြကုန်၏။ နက်ဖြန် ပြည်တွင်းသို့ ဝင်လတ်သော် ဆွမ်းကျွေး၍ မင်္ဂလာရွတ်ရန် စီမံထားသော အမျိုးတစ်ဦး ပင့်ဖိတ်လာ၍ လိုက်သွားကြရာ အိမ်၌ ဗြဟ္မဒတ်မင်းသား နေထိုင်ရန် အဝတ်ဖြူကို၊ ဒရီမုခ နေထိုင်ရန် အဝတ်နီို ခင်းထားကြကုန်၏။ ထိုအခါ ဒရီမုခသည် ခင်းထားသော အဝတ်တို့ကို မြင်လျှင် ယနေ့ ငါ့အဆွေခင်ပွန်းသည် မုချ မင်းဖြစ်မည်၊ ငါသည် ပုရောဟိတ်ဖြစ်မည်ကို သိနှင့်လေ၏။

စည်စိမ်ရွံရှာ ပုန်းအောင်းကာ

ထိုမင်းသားနှင့် ပုရောဟိတ် သားတို့သည် မင်္ဂလာရွတ်ခြင်းကိစ္စပြီး၍ အိမ်မှ အလှူဝတ်ကို ယူပြီးလျှင် ထွက်လာကြရာ ဥယျာဉ်တော်သို့ရောက်၍ မင်းသားသည် မင်္ဂလာကျောက်ဖျာ၌ အိပ်၏။ ပုရောဟိတ်သားသည် မင်းသား၏ ခြေတို့ကို ဆုပ်နယ်ကာနေ၏။ ထိုအခါ ဗာရာဏသီပြည်၌ မင်းကြီး သေလွန်၍ ခုနစ်ရက်မြောက်သောနေ့ ဖြစ်သတတ်။ မင်းကြီး၏ ပုရောဟိတ်သည် မင်းကောင်းမင်းမြတ်ကို ရရှိရန် ဖုဿရထားကို လွှတ်လေ၏။ ဖုဿရထားသည် စစ်အင်္ဂါလေးပါးဖြင့် ခြံရံကာ မြို့မှထွက်၍ ဥယျာဉ်တံခါးသို့ ရောက်လေ၏။ ဒရီမုခလည်း တူရိယာသံကို ကြားလေလျှင် အဆွေ ယနေ့ မင်းဖြစ်တော့မည်၊ ငါ့ကို စစ်သူကြီးရာထူးကို ပေးလိမ့်မည်၊ ငါ့မှာ အိမ်၌ နေသဖြင့် အကျိုးမရှိ၊ တောထွက်၍ ရဟန်းပြုတော့မည် ကြံစည်လျက် အဆွေကို မတိုင်ပင်ဘဲ အမှတ်မဲ့ သွားပြီးလျှင် တစ်နေရာတွင် ပုန်းအောင်၍ နေ၏။

ဗြဟ္မဒတ်မင်းသား မင်းမြှောက်ငြား

ပုရောဟိတ်သည် ဥယျာဉ်တံခါး၌ ဖုဿရထားကို ထားခဲ့၍ ဥယျာဉ်သို့ဝင်ရာ မင်္ဂလာကျော်ကဖျာတွင် အိပ်နေသော ဗြဟ္မဒတ်မင်းသားကို မြင်လျှင် ခြေတို့ကို ဖွင့်၍ ကြည့်သောအခါ လက္ခဏာကို မြင်ပြန်လျှင် “အချင်းတို့ … ဤသူကား ဘုန်းရှိသောသူ ဖြစ်သည်၊ ဤဗာရာဏသီပြည်ကို ထားဘိဦး ကျွန်းကြီး လေးကျွန်းကို အစိုးရသော စကြာမင်းပင် ဖြစ်နိုင်သည်၊ သို့သော်လည်း သမာဓိ ရှိသည် မရှိသည်ကို သိရအောင် တူရိယာ အလုံးစုံကို တစ်ပြိုင်နက် တီးမှုတ်ကြလော” ဟု စီမံလေ၏။

မင်းသားလည်း တူရိယာသံကို ကြားသောအခါ နိုးလတ်၍ မျက်စိကိုဖွင့်၍ ကြည့်ပြီးလျှင် အတန်ငယ် အိပ်ပြန်၍ တစ်ဖန် ထ ကာ ကျောက်ဖျာ၌ ထက်ဝယ်ဖွဲ့လျက်နေ၏။ ထိုအခါ ပုရောဟိတ်သည် ရှိခိုး၍ “အရှင်မင်းကြီး … အရှင်မင်းကြီးအား မင်းအဖြစ် ရောက်လာပါပြီ၊ မင်းပြုတော်မူပါ” ဟု တောင်းပန်ကြ၏။ “အချင်း … သင်တို့ မင်းကြီးမှာ သားတော် မရှိသလော” ဟု မေး၏။ “အရှင်မင်းကြီး … မရှိပါ” ဟု လျှောက်ထားသောအခါ “အချင်း … ကောင်းပြီ” ဟု ဝန်ခံလေ၏။ ထိုအခါ ပုရောဟိတ်သည် မင်းသားအား ဥယျာဉ်တော်၌ ပင် အဘိသိက်သွန်းကာ မင်းမြှောက်ကြကုန်၏။ မင်းသားလည်း အခြံအရံ များလှ၍ ဒရီမုခ အဆွေခင်ပွန်းကို အမှတ်မရတော့ပေ။ ရထားကိုစီး၍ နန်းတော်သို့ ဝင်ပြီးလျှင် မင်းပြုလေ၏။

မိတ်ဟောင်း သတိရ အောက်မေ့လှ

ဒရီမုခလည်း လူတို့ တိတ်ဆိတ်သောအခါ ဥယျာဉ်တော်သို့ ဝင်ပြန်၍ ကျောက်ဖျာထက်၌ နေလျက် မိမိရှေ့တွင် ကြွေကျသော ဖက်ရွက်လျော်၌ လက္ခဏာတင်ကာ ပစ္စေကဗောဓိဉာဏ်သို့ ရောက်လေ၏။ ထိုခဏ၌ လျှင် လူ၏အသွင် ကွယ်ပျောက်လျက် တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းဖြင့် ပစ္စေကဗုဒ္ဓါ ရဟန်းအဖြစ်ကို ရ၍ ကောင်းကင်ခရီးဖြင့် ဟိမဝန္တာ နန္ဒမူလိုဏ်သို့ ကြွလေ၏။

မင်းကြီးသည် စည်းစိမ်ယစ်ကာ အလွန် ချစ်ခင်သော ဒရီမုခကို နှစ်ပေါင်း လေးဆယ်လွန်မှ သတိရသဖြင့် “အချင်းတို့ … ငါ၏ အဆွေ ဒရီမုခ ရှိပါသေးသည်၊ မြင်လိုတွေ့လိုလှသည်၊ ဒရီမုခ နေရာအရပ်ကို ပြောဆိုနိုင်သူအား ကြီးစွာသော စည်းစိမ်ကိုပေးမည်”ဟု ပြောဆိုလေ၏။ ဤသို့ ဒရီမုခကို ရှာဖွေရင်းပင် မင်းကြီးအား နှစ်ပေါင်း ဆယ်နှစ် လွန်ပြန်လေ၏။

မင်းကို တရားပြ ဥယျာဉ်ကြွ

ထိုအခါ ဒရီမုခ ပစ္စေကဗုဒ္ဓါသည် နှစ်ပေါင်းငါးဆယ် လွန်မှ ဆင်ခြင်လတ်သော် အဆွေမင်းကြီးကို သတိရ၍ ငါ့အဆွေမင်းကြီး အိုခဲ့ပြီ၊ သားသမီးတို့လည်း ရှိခဲ့ပြီ၊ ငါသည် တရားဟော၍ အဆွေမင်းကြီးကို ရဟန်းပြုစေမည်ဟု ကြံစည်ကာ ဗာရာဏသီ ဥယျာဉ်တော်သို့ကြွ၍ ကျောက်ဖျာထက်တက်၍ ရွှေအဆင်းကဲ့သို့ ထိုင်တော်မူ၏။

ဥယျာဉ်စောင့် မြင်လျှင် ပစ္စေကဗုဒ္ဓါအား “အရှင်ဘုရား … ဘယ်အရပ်မှ လာသနည်း” ဟု လျှောက်၏။ “ဒါယကာ … နန္ဒမူလိုဏ်မှ လာသည်” ဟု ပြော၏။ “အဘယ်အမည်ရှိပါသနည်း” ဟု လျှောက်ပြန်၏။ “ဒရီမုခ အမည်ရှိသည်” ဟု ပြော၏။ “မင်းကြီးကို သိပါသလော” ဟု လျှောက်ပြန်၏။ “သိသည် လူဖြစ်စဉ် ငါ၏ အဆွေခင်ပွန်း ဖြစ်သည်” ဟု ပြော၏။ “အရှင်ဘုရား … ဆိုင်းငံ့တော်မူပါ၊ မင်းကြီးထံလျှောက်ထားပါဦးမည်” ဟု ပြောဆိုပြီးလျှင် မင်းကြီးထံသွား၍ အကြောင်းစုံ လျှောက်ထားလေ၏။

ကာမတပ်စွန်း လွန်စွဲလမ်း

မင်းကြီးသည် အလွန် ဝမ်းမြောက်လှသဖြင့် အခြံအရံဖြင့် ဥယျာဉ်တော်သို့ သွား၍ ဒရီမုခ ပစ္စေကဗုဒ္ဓဒါကို မြင်လျှင် ရှိခိုးလျက် ပဋိသန္ဓာရစကား ပြောကြားကာနေ၏။ ပစ္စေကဗုဒ္ဓါလည်း မင်းကြီးအား “မြတ်သောမင်းကြီး … သင်ကား အိုမင်းခဲ့ပြီ၊ ကာမတို့ကို စွန့်၍ ရဟန်းပြုချိန်တန်ပြီ” ဟု မိန့်ဆိုပြီးလျှင် -

“မင်းမြတ် … ကာမဂုဏ်တို့ည် မြက်မှော်စသည်နှင့် တူကုန်၏၊ ကြီးစွာသော ညွန်နှင့် တူကုန်၏၊ ဤကာမဂုဏ်တို့ကို အပြစ်သုံးပါးရှိသော ဘေးဟုဆိုရမည်၊ မြူ ဟူ၍ လည်းကောင်း, အခိုး ဟူ၍ လည်းကောင်း ဆိုရမည်၊ သင်သည် ကာမဂုဏ်တို့ကို စွန့်၍ ရဟန်းပြုလော့” –

ဟု မင်းကြီးအား ဆုံးမ တိုက်တွန်းလေ၏။ ထိုစကားကို ကြားလျှင် မင်းကြီးသည် မိမိအား ကိလေသ နှောင်ဖွဲ့အပ်သည်ကို ပြလို၍ -

“အရှင်ဘုရား … အကျွန်ုပ်သည် ကာမဂုဏ်တို့၌ ကပ်ငြိပါ၏၊ တပ်စွန်းပါ၏၊ အလွန် မက်မောပါ၏၊ ကာမဂုဏ်တို့ဖြင့် အသက်မွေးလိုသော အကျွန်ုပ်သည် အလွန်အားရှိသော ကာမဂုဏ်တို့ကို စွန့်ပယ်ရန် မစွမ်းနိုင်ပါ၊ ကောင်းမှုများစွာကို ပြုပါမည်” –

ဟု ပစ္စေကဗုဒ္ဓါအား လျှောက်ထားပြန်၏။

သန္ဓေစွဲကြောင့်း ဆင်းရဲပေါင်း

ထိုအခါ ပစ္စေကဗုဒ္ဓါသည် မင်းကြီး ရဟန်းပြုခြင်းငှာ မတတ်နိုင်ဟု လျှောက်ထားသည် ရှိသော် အလွန် ဆုံးမလိုသဖြင့် -

“မင်းမြတ် … အကျိုးစီးပွားကို အလိုရှိသူ၊ စောင့်ရှောက်သူတို့ ဆုံးမအပ်သည်ရှိသော် ထိုအဆုံးအမကို မလိုက်နာဘဲ ငါ့အယူသာ မြတ်န၏ဟု မှတ်ထင်တတ်၏၊ ထိုပညာနည်းသူသည် အဖန်တလဲလဲ ပဋိသန္ဓေနေရ၏၊ ပဋိသန္ဓေ နေရသောသူသည် ကြမ်းကြုတ်၍ အသုဘဟု ရှုအပ်သော မကောင်းသော ကျင်ကြီးကျင်ငယ်ပြည့်သော အမိဝမ်း ဟူသော ငရဲသို့ ရောက်ရ၏၊ မိမိကိုယ်၌ တပ်မက်မောခြင်းကို မစွန့်ကုန်သော သတ္တဝါတို့သည် ကာမဂုဏ်တို့၌ တပ်ခြင်းရာဂ မကင်းကုန် ” –

ဟု အမိဝမ်းသို့ သက်ရခြင်း ဆင်းရဲကို လည်းကောင်း၊ အမိဝမ်းဖြင့် ဆောင်ရခြင်း အရင်းရှိသော ဆင်းရဲကို လည်းကောင်း ပြဆိုပြီး၍ တစ်ဖန် ကိုယ်ဝန်မွေးဖွားခြင်း အရင်းရှိသော ဆင်းရဲကို ပြလိုပြန်သဖြင့် -

“မင်းမြတ် … ဤသတ္တဝါတို့ကား ကျင်ကြီးကျင်ငယ် သွေးသလိပ်တို့ဖြင့် လိမ်းကျံကာ ဖွားမြင်ရကုန်၏၊ အမှန်မှာ ထိုဖွားမြင်ရသော ခဏ၌ ကျင်ကြီး ကျင်ငယ် သွေးသလိပ်တို့သည် ကိုယ်ဖြင့် ထိကုန်၏၊ ကျင်ကြီး ကျင်ငယ် သွေးသလိပ် အလုံးစုံတို့မှာ မသာယာအပ်သည်ဖြစ်၍ သက်သက် ဆင်းရဲသော သဘောတို့သာတည်း” –

“မြတ်သောမင်းကြီး … ငါသည် ဤမျှလောက်သော တရားစကားတို့ကို ကိုယ်တိုင် မြင်၍ ဟောကြားပေ၏၊ သူတစ်ပါး၏ အထံမှကြား၍ ဟောကြားသည် မဟုတ်ပါ၊ ငါကား ရှေး၌ ဖြစ်ဖူးသော ဘဝများစွာကို အောက်မေ့နိုင်၏” –

ဟု ကာမဂုဏ်တို့၏ အပြစ်ကိုပြကာ မိမိစကားကို နာယူစေ၍ -

ဆရာ ပြန်ကြွမှ တရားရ

“မြတ်သောမင်းကြီး … ယခုအခါ ရဟန်းပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ ငါကား သင်မင်းကြီးအား ကာမဂုဏ်တို့၌ အပြစ်ကို လည်းကောင်း၊ ရဟန်းပြုခြင်း၌ အကျိုးကို လည်းကောင်း ဟောအပ်ပေပြီ၊ သင်မင်းကြီးသည် မမေ့မလျော့ နေရစ်လော့” ဟု ပြောဆိုပြီးလျှင် နန္ဒမူလိုဉ်သို့ ပြန်လေ၏။

မင်းကြီးလည်း ပစ္စေကဗုဒ္ဓကို ရှိခိုးလျက်ပင် မြင်ကောင်းရာ အရပ်သို့ လွန်သည်ရှိသော် သားတော်ကြီးကိုခေါ်၍ တိုင်းပြည်ကို အပ်နှင်းပြီးလျှင် လူအများ ငိုကြွေးစဉ် ကာမဂုဏ်ကို စွန့်ပယ်လျက် ဟိမဝန္တာသို့ဝင်၍ ရဟန်းပြုပြီးလျှင် စျာန် အဘိညာဉ်တို့ကို ဖြစ်စေလျက် အသက်၏ အဆုံး၌ ဗြဟ္မာ့ပြည်သို့ လားရ၏။

ဤဒေသနာတော်ကို ဆောင်ပြီးလျှင် သစ္စာကို ပြသည်၏အဆုံး၌ ရဟန်းများစွာတို့သည် သောတပတ္တိဖိုလ် အစရှိသည်တို့၌ တည်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းကြီးသည် ယခုအခါ - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မှော်ညွန်ဘေးတူ၊ အခိုး, မြူ၊ တူ၏ ကာမဂုဏ်။

(၂) မစွန့်နိုင်က၊ ဆင်းရဲလှ၊ စွန့်ကချမ်းသာကုန်။

ဒရီမုခဇာတ် ပြီး၏။

***

(၃၇၉) - နေရုဇာတ်

ဤ နေရုမည်သော ရွှေတောင်သည် အယုတ်အမြတ် မခွဲခြားတတ် ကျီးမည်းကို ရွှေရောင်ပေး၍ အလေးမူသည်ဟု ဆိုကာ ထွက်ခွာသွားသော ရွှေဟင်္သာ ညီနောင် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကျေးဇူး ရှိ မရှိ အကျင့်မသိ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မထင်ရှားသော ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံ ကမ္မဋ္ဌာန်းယူပြီးလျှင် ပစ္စန္တရာဇ် ရွာတစ်ခုသို့သွား၍ တောကျောင်း၌ နေ၏။ ပစ္စန္တရာဇ်ရွားသားတို့သည် အလွန် ကြည်ညိုကုန်လျက် ထိုရဟန်းအား ပူဇော်သက္ကာရကို ပြုကြကုန်၏။

ထိုအခါ သဿတ အယူရှိသူတို့ လာလတ်သော် ထိုရဟန်းကိုစွန့်၍ သဿတ အယူကို ယူကြလျက် သဿတအယူရှိသူတို့အား ပူဇော်သက္ကာရ ပြုကြပြန်၏။ ဥစ္ဆေဒအယူရှိသူတို့ လာပြန်သော် သဿတ အယူကို စွန့်၍ ဥစ္ဆေဒအယူ ရှိသူတို့အား ပူဇော်သက္ကာရပြုကြပြန်၏။ နောက် အစေလကအယူရှိသူတို့ လာပြန်သော် ဥစ္ဆေဒ အယူကို စွန့်၍ အစေလက အယူရှိသူတို့အား ပူဇော်သက္ကာရ ပြုကြပြန်၏။

ထိုရဟန်းသည် ကျေးဇူးရှိသည် မရှိသည်ကို မသိကုန်သော သူတို့အထံ၌ ဆင်းရဲစွာနေ၍ ဝါကျွတ်လတ်သော် ပဝါရဏာပြုပြီးလျှင် မြတ်စွာဘုရားထံသို့ ရောက်၍ ထိုအကြောင်းကို လျှောက်ထားရာ မြတ်စွာဘုရားသည် “ချစ်သား ရဟန်း … ရှေးပညာရှိတို့သည် တိရစ္ဆာန်မျိုး၌ ဖြစ်သော်လည်း ကျေးဇူးရှိသည် မရှိသည်ကို မသိကုန်သော သူတို့နှင့် အတူတကွ မနေကုန်၊ သင်သည် အဘယ်ကြောင့် အတူတကွ နေသနည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ငှက်တို့ဂုဏ်ဆောင် နေရုတောင်

လွန်လေပြီးသောအခါ ရာဇဂြိုဟ်ပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ရွှေဟင်္သာမျိုး၌ ဖြစ်၍ ညီဖြစ်သော ဟင်္သာတစ်ကောင်လည်း ရှိ၏။ ထိုဟင်္သာညီနောင်တို့သည် စိတ္တကု၌်တောင်၌ နေကြလျက် ဟိမဝန္တာဝယ် အလိုလိုပေါက်သော သလေးစပါးတို့ကို စားကုန်၏။

တစ်နေ့သ၌ ဟင်္သာညီနောင်တို့သည် ကျက်စားရာအရပ်မှ စိတ္တကုဋ်တောင်သို့ လာလတ်သော် လမ်းအကြားဝယ် နေရု မည်သော ရွှေတောင်တစ်ခု၌ နားကြကုန်၏။ ထိုတောင်ကို မှီ၍ နေကုန်သော သားငှက် အပေါင်းတို့သည် မိမိတို့ ကျက်စားရာ အရပ်၌ ထူးထူသော အဆင်းရှိကြသော်လည်း ရွှေတောင်သို့ ရောက်သောအခါ တစ်ဦးနှင့်တစ်ဦး တူမျှလျက် ရွှေအဆင်း ရှိကြကုန်၏။ ထိုအဆင်းကို မြင်လျှင် အကြောင်းကို မသိသော ညီဟင်္သာသည် -

“နောင်တော် … ဤတောင်သို့ ရောက်လာကြသော တောကျီး အိမ်ကျီး အပေါင်းတို့သည် လည်းကောင်း၊ ငှက်မြတ် ဖြစ်သော ငါတို့သည် လည်းကောင်း အလုံးစုံ တူမျှသောအဆင်း ရှိကြကုန်၏။

ဤတောင်၌ ခြင်္သေ့ ကျားတို့သည် လည်းကောင်း၊ အယုတ်ဆုံးဖြစ်သော မြေခွေးတို့သည် လည်းကောင်း အလုံးစုံ တူမျှသောအဆင်း ရှိကြကုန်၏၊ ဤတောင်ကား အဘယ်တောင်နည်း” –

ဟု နောင်တော် ဟင်္သာမင်းအး မေးလေ၏။

သူတော်မနေအပ် ထိုအရပ်

နောင်တော် ဟင်္သာမင်းသည် ညီတော် စကားကို ကြားလျှင် -

“ညီတော် … ဤတောင်၌ အလုံးစုံသော သတ္တဝါတို့သည် အဆင်းအားဖြင့် တူမျှကြကုန်လျက် နေကုန်၏၊ မွန်မြတ်သော ဤတောင်ကို နေရုရွှေတောင်ဟူ၍ လူတို့ ခေါ်ဆိုကြကုန်၏” –

ဟု ညီတော်အား ဖြေကြားလေ၏။ ထိုအခါ ညီတော်ဟင်္သာသည် နောင်တော် စကားကို ကြားလျှင် -

“နောင်တော် … သူတော်ကောင်းတို့အား ရိုသေခြင်း, ပူဇော်မြတ်နိုးခြင်း မရှိသော အရပ်၊ မထီမဲ့မြင် ပြုသောအရပ်၊ သူယုတ်မာတို့အား ရိုသေခြင်း, ပူဇော်မြတ်နိုးခြင်း ရှိသော အရပ်တို့၌ သူတော်ကောင်းတို့သည် မနေနိုင်ရာ။

ပျင်း၍ အတတ်ပညာ မရှိသောသူ၊ လိမ္မာသောသူ၊ ရဲရင့်သောသူ၊ ကြောက်သောသူတို့သည် တူမျှသော ရိုသေခြင်း၊ ပူဇော်မြတ်နိုးခြင်းကို ရရှိကုန်၏။ လူကို အထူး မပြုတတ်ကုန်၊ ထိုအရပ်၌ သူတော်ကောင်းတို့သည် မနေထိုင်ရာ။

ဤနေရုတောင်ကား အယုတ် အလတ် အမြတ်ဖြစ်ကုန်သော သူတို့ကို အထူးမပြုတတ်၊ အထူးပြုခြင်းမှ ကင်း၏။ ဤနေရုတောင်ကို လွတ်လွတ်စွန့်၍ သွားကြကုန်အံ့” –

ဟု ပြောဆို တိုင်ပြင်ပြီးလျှင် ရွှေဟင်္သာ ညီနောင်တို့သည် ပျံ၍ မိမိနေရာ စိတ္တကုဋ်တောင်သို့ သွားကြကုန်၏။

ဤဒေသနာတော်ကို ဆောင်၍ သစ္စာကို ပြတော်မူသည်၏ အဆုံး၌ ဇနပုဒ်၌ နေသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ညီဟင်္သာသည် - ယခုအခါ အာနန္ဒာ။

အစ်ကို ဟင်္သာမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကြောက်သူ, ရဲသူ၊ လိမ္မာသူ၊ မိုက်သူ မထူးခြား။

(၂) သူယုတ်, သူမွန်၊ မထူးပြန်၊ အမြန်စွန့်၍ သွား။

(၃) ဟင်္သာညီနောင်၊ နေရုတောင်၊ ရှောင်၍ သွားသည့်လား။

နေရုဇာတ် ပြီး၏။

***

(၃၈၀) - အာသင်္ကဇာတ်

ဟိမဝန္တာတောအတွင်း သိကြားမင်း ပေးသော ဖန်ပြာသာဒ် နတ်သမီးတမျှ လှပသော အာသင်္ကာ သတို့သမီးကို ဇွဲကောင်းသော မင်းတစ်ပါး သိမ်းပိုက်ရခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရဟန်းဘဝ ပျင်းရိလှ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မယားဟောင်း ဖြားယောင်းအပ်သည်ဖြစ်၍ သာသနာတော်၌ ငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ ။ [ပစ္စုပ္ပန်ဝတ္ထုသည် ဣန္ဒြိယဇာတ်၌ ထင်ရှားဖြစ်လတ္တံ့။ ]

အတိတ်ဝတ္ထု

ရသေ့ တွေ့မြင် ပဒုမရှင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကရွာဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှင် ရသေ့ရဟန်းပြု၍ ဟိမဝန္တာအရပ်၌ အဘိညာဉ် သမာပတ်ကို ဖြစ်စေလျက် တောသစ်သီး သစ်မြစ်တို့ဖြင့် မျှတကာနေ၏။

ထိုအခါ ဘုန်းသမ္ဘာနှင့် ပြည့်စုံသောသူ တစ်ဦးသည် တာဝတိံသာမှ စုတေ၍ ရေကန်တစ်ခုဝယ် ပဒုမ္မာကြာတိုက်၌ သံသေဒဇ ပဋိသန္ဓေဖြင့် သူငယ်မ ဖြစ်လေ၏။ ကြွင်းသောကြာတို့သည် ညှိုးနွမ်းသော်လည်း ထိုကြာငုံမှာ ကြီးထွားလျက် တည်မြဲတိုင်းသာ တည်လေ၏။ ရသေ့ကြီး မြင်လျှင် ဤပဒုမ္မာကြာငုံကား အကြောင်း အသို့ရှိသနည်းဟု ကြံစည်လျက် ရေသနုပ်ကိုဝတ်ကာ ကန်တွင်းသို့ ဆင်းသက်၍ ကြည့်ရှုလတ်သော် သူငယ်မကိုမြင်၍ ကျောင်းသို့ ယူဆောင်ပြီးလျှင် သမီးအမှတ်ဖြင့် မွေးမြူလေ၏။

သိကြားပေးပြန် ဖန်ဗိမာန်

ထိုသူငယ်မသည် ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သောအခါ အလွန် အဆင်းလှ၏။ မြတ်သော အဆင်းကို ဆောင်၏။ လူတို့အဆင်းကိုလွန်၍ နတ်သမီးတမျှ ဖြစ်၏။ တစ်နေ့သ၌ သိကြားမင်းသည် ရသေ့ကြီးထံ အခစား လာသောအခါ မြင်၍ “အရှင်ဘုရား … သတို့သမီးကို အဘယ်မှ ရသနည်း” ဟု လျှောက်၏။ “သိကြားမင်း … ပဒုမ္မာကြာအိုင်မှ ရသည်” ဟု ပြော၏။ “၎င်းအတွင် အဘယ်အရာကို စီရင်ပေးရမည်နည်း” ဟု လျှောက်၏။ “အဝတ်တန်ဆာဘောဇဉ် နေရာတို့ကို စီရင်၍ ပေးလော့” ဟု မိန့်တော်မူ၏။ သိကြားမင်းသည် ရသေ့ကြီး ကျောင်းအနီး၌ ဖန်ပြာသာဒ်ကို ဖန်ဆင်း၍ နတ်၌ ဖြစ်သော အဝတ်တန်ဆာ ထမင်းအဖျော် အိပ်ရာ နေရာတို့ကို ဖန်ဆင်း၍ ပေး၏။ ဖန်ပြာသာဒ်သည် သတို့သမီး ဆင်းသက်သောအခါ မြေ၌ တည်၍ တက်သောအခါ ကောင်းကင်၌ တည်၏။ သတို့သမီးသည် အဘ ရသေ့ကြီးအား ဝတ်ကြီးဝတ်ငယ်ကိုပြုလျက် ဖန်ပြာသာဒ်၌ နေ၏။

မုဆိုးလမ်းပြ မင်းကြီးကြွ

တစ်နေ့သ၌ မုဆိုးတစ်ယောက်သည် သတို့သမီးကို မြင်၍ ရသေ့ကြီးကို မေးမြန်းရာ သမီးမှန်းသိလျှင် ဗာရာဏသီ မင်းကြီးအား ထိုအကြောင်းကို လျှောက်ထားလေ၏။ မင်းကြီးလည်း ကြားကာမျှ၌ ပင် အလွန်မေတ္တာသက်ဝင်လျက် မုဆိုးကိုပင် ခရီးလမ်းညွန်ပြုကာ စစ်သည်ဗိုလ်ပါ ခြံရံလျက် ရသေ့ကြီးထံ သွားလေ၏။ ရောက်လျှင် ရှိခိုးလျက် “အရှင်ဘုရား … ရသေ့ ရဟန်းတို့ မည်သည်မှာ မိန်းမနှင့် မလျောက်ပတ်ပါ၊ ထိုသတို့သမီးကို အကျွန်ုပ်လုပ်ကျွေးပါမည်” ဟု လျှောက်ထား၍ သတို့သမီးကို တောင်းလေ၏။

အမည်သိမူ သမီးယူ

ရသေ့ကြီးသည် ဤပဒုမ္မာကြာငုံကား အကြောင်းအသို့ရှိသနည်းဟု တွေးတောရသည့်အတွက် သမီးကို အာသင်္ကာဟု အမည်မှည့်၍ ထားလေ၏။ မင်းကြီးအား ဤသတို့သမီးကို ယူ၍ သွားလော့ဟု ဖြောင့်မတ်စွာ မပြောဘဲ “အမည်ကိုသိလျှင် ယူ၍ သွားလော” ဟု ပြောလေ၏။ မင်းကြီးလည်း “အရှင်ဘုရား … အရှင်ဘုရားတို့ ပြောလျှင် သိရပါမည်” ဟု လျှောက်ထားပြန်ရာ၊ “မင်းကြီး … ငါသည် မပြောနိုင်၊ သိလျှင် ယူ၍ သွားလော့” ဟု ဆိုပြန်၏။ မင်းကြီးလည်း “ကောင်းပြီ” ဟု ဝန်ခကာ ထို့နေ့မှစ၍ အမတ်တို့နှင့် တိုင်ပင်ပြီးလျှင် သတို့သမီး၏ အမည်ကိုသာ ရှာကြံလျက်နေ၏။ အမည်အမျိုးမျိုးကို ကြံစည်၍ ရသေ့ကြီးထံ ပြောကြားသော်လည်း မဟုတ်သဖြင့် သတို့သမီးကို မရလေ။

နောက်ပါတပ်ပျက် အားလျှော့လျက်

တစ်နှစ်လွန်လျှင် ဆင် မြင်း လူ စစ်သည် ဗိုလ်ပါတို့ကို လည်း ခြင်္သေ့ ကျား စသော သတ္တဝါတို့ ဖမ်းကုန်၏။ မြွေတို့လည်း နှိပ်စက်ကုန်၏။ ဆင်၊ မြင်း၊ လူ များစွာတို့ သည် သေကျေ ပျက်စီးကုန်၏။ မင်းကြီးသည် ဤမိန်းမဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု စိတ်ပျက်၍ သွားလေ၏။ ထိုအခါ အာသင်္ကာသည် ဖန်ပြာသာဒ် တံခါးကိုဖွင့်ကာ ရပ်လျက် ကိုယ်ကို ပြ၏။ မင်းကြီး မြင်လျှင် “ငါတို့သည် သင့်အမည်ကို မသိနိုင်ကုန်၊ သင်သည် ဟိမဝန္တာ၌ သာ နေရစ်လော့၊ ငါတို့ သွားကုန်အံ့” ဟု ပြောလေ၏။

အမည်ဖော်ရေး မင်း အားပေး

ထိုအခါ အာသင်္ကာသည် “မြတ်သောမင်းကြီး … သွားသည်ရှိသော် အကျွန်ုပ်လို မိန်းမကို အဘယ်မှာ ရနိုင်အံ့နည်း၊ တာဝတိံသာနတ်ပြည် စိတ္တလတာဥယျာဉ်၌ အာသာဝတီနွယ်၏ အသီးသည် နှစ်ပေါင်း တစ်ထောင်ကြာမှ တစ်လုံးသာ သီး၏၊ ထိုအသီးအတွင်း၌ ရှိသော နတ်အဖျော်ကို သောက်ရသော နတ်တို့သည် လေးလပတ်လုံး မူးယစ်လျက် အိပ်ရ၏၊ သူရာကြူးသော နတ်တို့သည် အမြဲမပြတ် သွားရောက် ကြည့်ရှုကာ စောင့်မျှော်နေကြ၏၊ အရှင်မင်းကြီးကား တစ်နှစ်သာ ရှိသေးသည် မငြီးငွေ့ပါလင့်၊ တောင့်တအပ်သော အကျိုးပြီးခြင်းကား စိတ်ချမ်းသာ၏” ဟု ပြောဆိုလျှင် -

“မြတ်သောမင်းကြီး … စိတ္တလတာ ဥယျာဉ်၌ အာသာဝတီနွယ်၏ အသီးသည် အနှစ်တစ်ထောင်ကြာမှ တစ်လုံးသာ သီးလေ့ရှိ၏။ အချိန်အလွန်ကြာမြင်မှ သီပါလျက် ထိုအာသာဝတီနွယ်သီးကို နတ်တို့ အမြဲမပြတ် သွားရောက် ကြည့်ရှုကြကုန်၏၊ သင်မင်းကြီးလည်း တောင့်တရမည်သာတည်း၊ တောင့်တအပ်သော အကျိုးပြီးခြင်းကား စိတ်ချမ်းသာ၏” –

ဟု မင်းကြီးအား တစ်နှစ်မျှ စောင့်ဆိုင်းရသဖြင့် မငြီးငွေ့ရန် တိုက်တွန်းလေ၏။ မင်းကြီးသည် အာသင်္ကာ မင်းသမီး စကားကိုကြားလျှင် စွဲလမ်းကပ်ငြိပြန်၍ အမတ်တို့ကို စည်းဝေးစေပြီးလျှင် တစ်ဖန် နောက်တစ်နှစ်ပတ်လုံး အမည်ကို ရှာကြံလျက် နေပြန်၏။ ရသမျှ အမည်တို့ကို ပြောပြတိုင်း ရသေ့ကြီးက ပယ်ချပြန်သဖြင့် စိတ်ပျက်ကာ ဤမိန်းမဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ပြောဆိုပြီးလျှင် သွားပြန်၏။ အာသင်္ကာသည် လေသာ ပြတင်းပေါက်၌ ရပ်လျက်ကိုယ်ကို ပြပြန်၏။ မင်းကြီးသည် မြင်ပြန်လျှင် “သင် နေရစ်လော၊ ငါတို့ သွားကုန်အံ့” ဟု ပြောပြန်၏။

ယောကျ်ားလုံ့လ ဥပမာပြ

ထိုအခါ အာသင်္ကာသည် “မြတ်သောမင်းကြီး …. အဘယ်ကြောင့် သွားအံ့နည်း၊ တောင့်တခြင်းကား မပြည့်စုံသည် မရှိ၊ ပြည့်စုံမြဲ ဖြစ်၏။ ဗျိုင်းသည်ပင် တောင့်တသည်ကို ရသေး၏၊ သင်မင်းကြီးသည် အဘယ်ကြောင့် မရဘဲ ရှိအံ့နည်း” ဟု ပြော၏။ “အရှင်မင်းကြီး … ဗျိုင်းတစ်ကောင်သည် တစ်နေ့သ၌ တောင်ထိပ်၌ နေလျက် နက်ဖြန်နေ့၌ ငါသည် ဤတောင်ထိပ်မှာပင် အစာနှင့်ရေကိုရ၍ ချမ်းသာစွာနေရမူ ကောင်းလေစွ” ဟု တောင့်တ၏။ ထိုအခါ သိကြားမင်းသည် အသုရာတို့ကို စစ်နိုင်၍ နတ်စည်းစိမ်ကို ခံစးလျက် ငါကား နှလုံးအလို ပြည့်ပေပြီ၊ နှလုံးအလိုကို မပြည့်သောသူ ရှိသေးသလောဟု ကြည့်ရှုလတ်သော် ဗျိုင်းကိုမြင်လျှင် လာလတ်၍ ဗျိုင်း၏ နှလုံးအလိုကို ပြည့်အောင် လုပ်မည်ဟု မနီးမဝေးရှိ မြစ်မှ ရေအယဉ်ကို တောင်ထိပ်သို့ တက်၍ စီးစေ၏။ ဗျိုင်းသည် တောင်ထိပ်တွင် စီးသောမြစ်၌ ပင် ငါးတို့ကို စားကာ ရေကို သောက်ရသဖြင့် နှလုံးအလိုသည် ပြည့်လေ၏ဟု ပြောဆိုပြီးလျှင် -

“မြတ်သောမင်းကြီး … အလွန်ဝေးသော အကျိုးဖြစ်ပါလျက် ဗျိုင်းငှက်သည် တောင့်တတည်သာတည်း၊ ထိုဗျိုင်းငှက်အားလည်း တောင့်တသော အကျိုးသည် ပြည့်စုံ၏၊ သင်မင်းကြီးလည်း တောင့်တရမည်သာတည်း၊ တောင့်တသော အကျိုးကို ရခြင်းသည် ချမ်းသာ၏” –

ဟု မင်းကြီးအား နှစ်နှစ်မျှ စောင့်ဆိုင်းရရုံဖြင့် မငြီးငွေ့ရန် တိုက်တွန်းပြန်၏။ မင်းကြီးသည် အာသင်္ကာ၏ စကားကို ကြားပြန်လျှင် အားတတ်ကာ အမတ်တို့ကို စည်းဝေးစေပြန်၍ အမတ်တစ်ရာကို ရှာစေလျက် နောက်တစ်နှစ်နေပြန်၏။ သုံးနှစ် လွန်သောအခါ အမည်ကို မသိသဖြင့် သွားမည်ဟု ပြုပြန်၏။ အာသင်္ကာသည် ပြတင်းပေါက်မှ ကိုယ်ကိုပြပြန်၏။ မင်းကြီးသည် မြင်ပြန်လျှင် “သင် နေရစ်လော၊ ငါတို့ သွားကုန်အံ့” ဟု ပြောပြန်၏။

တဏှာစွဲချက် အကျိုးပျက်

ထိုအခါ အာသင်္ကာသည် ““မြတ်သောမင်းကြီး …. အဘယ်ကြောင့် သွားအံ့နည်း” ဟု မေးလေ၏။ “ရှင်မ … သင်ကား ငါ့ကို စကားဖြင့်သာ ရောင့်ရဲစေဘိ၏၊ ကာမနှင့်ယှဉ်သော မွေ့လျော်ခြင်းဖြင့် မရောင့်ရဲစေ၊ သင်၏ သာယာသော စကား၌ ကပ်ငြိနေသော ငါ့မှာ သုံးနှစ် လွန်ခဲ့ပြီ၊ ယခုအခါ သွားတော့မည်” ဟု နှုတ်ဆက်လျက် -

“ရှင်မ … သင်ကား အဆင်းသာရှိ၍ အနံ့မရှိသော လိပ်ဆူး၊ ရွှေပန်းကဲ့သို့ ငါ့ကို စကားဖြင့်သာ ရောင့်ရဲစေဘိ၏၊ ကာမဂုဏ်အမှုဖြင့် မရောင့်ရဲစေ” –

“ရှင်မ … အဆွေခင်ပွန်းတို့၌ စွန့်လွှတ်ပေးကမ်းရမည့် စည်းစိမ်ဥစ္စာကို မပေးဘဲလျက် အကျိုးမရှိ သာယာသော စကားကိုသာ ပြောဆို၍ နေသော အဆွေခင်ပွန်းနှင့်တကွ မိတ်ဖွဲ့ခြင်းသည် ပျက်စီးတတ်၏” –

“ရှင်မ … သင် ပြုလုပ်သော အမှုကိုသာ လျှင် ပြောဆိုရာ၏၊ မပြုလုပ်သော အမှုကို မပြောဆိုရာ၊ ပြောဆိုပါလျက် မပြုလုပ်သူကို ပညာရှိတို့ သိကြကုန်၏” –

“ရှင်မ .. စင်စစ် ငါ့အား စစ်သည်ဗိုလ်ပါလည်း ကုန်ခမ်းခဲ့ပြီး၊ စားနပ်ရိက္ခာလည်း မရှိတော့ပြီ၊ အသက်သေဆုံးခြင်း၌ ယုံမှားသင်္ကာ ရှိခဲ့၏၊ ယခု ငါသည် သွားတော့အံ့” –

ဟု အာသင်္ကာအား အဖြစ်အပျက် အလုံးစုံကို ပြောကြားလေ၏။

အမည်ဖော်ပြ သိမ်းမြန်းရ

အာသင်္ကာလည်း မင်းကြီးစကားကို ကြားပြန်လျှင် -

“မြတ်သောမင်းကြီး … သင်မင်းကြီးသည် အကျွန်ုပ်အမည်ကို မသိဟု ပြောသော်လည်း အကျွန်ုပ်အမည်ကိုပင် ပြောဆိုကာ နေဘိ၏တကား၊ ဆိုင်းပါဦး၊ အကျွန်ုပ် အဘနှင့် တိုင်ပင်ပါဦးမည်” –

ဟု မင်းကြီးအား ပြောဆိုပြန်၏။ ထိုအခါ မင်းကြီးသည် ရသေ့ကြီးထံသွား၍ “အရှင်ဘုရား … အရှင်တို့သမီး အမည်ကား (အာသင်္ကာ) ဖြစ်ပါ၏” ဟု ပြောလေ၏။ “မြတ်သောမင်းကြီး … မှန်ပေ၏၊ သမီးကို ယူသွားလေတော့” ဟု ခွင့်ပြုလေ၏။ ထိုအခါ မင်းကြီးသည် ဖန်ဗိမာန်သို့သွား၍ “ရှင်မ … သင့်အဘသည် သင့်အား ငါ့ကိုပေးအပ်ပြီ၊ လာပါ သွားမည်” ဟု ခေါ်လေ၏။ မင်းသမီးသည် “မြတ်သောမင်းကြီး … ခဏဆိုင်းပါဦး အဘနှင့်တိုင်ပင်ပါဦးမည်” ဟု ပြော၍ ပြာသာဒ်မှ ဆင်းသက်လျက် အဘရသေ့ထံသွား၍ ရှိခိုးခွင့်ပန်ပြီးလျှင် မင်းကြီးထံ လာလေ၏။

မင်းကြီးလည်း အာသင်္ကာ မင်းသမီးကိုယူ၍ ဗာရာဏသီပြည်သို့ သွားပြီးလျှင် မိဖုရားကြီးအရာ၌ ထားလေ၏။ ရသေ့လည်း မယုတ်သောစျာန် ရှိသည်ဖြစ်၍ ဗြဟ္မာပြည်သို့ လားရ၏။

သစ္စာကို ပြတော်မူသည်၏ အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ အာသင်္ကာသည် - ယခုအခါ မယားဟောင်း။

မင်းကြီးသည် - ငြီးငွေ့သောရဟန်း။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိန်းမတို့ညာဉ်၊ ကျိုးမဲ့ယှဉ်၊ အစဉ် ပြုကြမြဲ။

(၂) သုံးနှစ်မည်ရှာ၊ ဟေဝန္တာ၊ ရာဇာကိုယ်ကျိုးနည်း။

အာသင်္ကာဇာတ် ပြီး၏။

***

အမှတ်စဉ် (၃၈၁) - မိဂါလောပဇာတ်

အဘစကားကို မနာယူမူ၍ မြင့်စွာပျံသန်းသဖြင့် သေရသော မိဂါလောပလင်းတ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရဟန်းဖြစ်လျက် ဆိုနိုင်ခက်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆုံးမခက်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သားသက်ရှည်ရေး ဩဝါဒပေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် လင်းတမျိုး၌ ဖြစ်၍ အပနန္ဒ အမည်ရှိ၏။ လိုလင်းတ၏ သားကား မိဂါလောပ အမည်ရှိ၏။ လင်းတ တစ်သောင်း ခြံရံလျက် ဂိစ္ဈကုဋ်တောင်၌ နေ၏။ ထိုမိဂါလောပ လင်းတသည် တစ်ပါးသော လင်းတတို့ အပိုင်းအခြားကိုလွန်၍ အလွန်မြင့်စွာ ပျံသန်းလေ၏။

ထိုအခါ လင်းတတို့သည် အဘ လင်းတမင်းအား ထိုအကြောင်းကို ပြောကြားကြကုန်၏။ လင်းတမင်းသည် သားကိုခေါ်၍ -

“ချစ်သား မိဂါလောပ …သင်သည် အလွန်မြင့်စွာ ပျံသန်းဘိ၏၊ သင်သည် အရာ မဟုတ်သည်ကို မှီဝဲဘိ၏၊ သင် ထိုသို့ အလွန်မြင့်စွာ ပျံခြင်းသဘောကို ငါ မနှစ်သက်” –

“ချစ်သား မိဂါလောပ … ဤမြေကြီးသည် လေးထောင့်ရှိသော လယ်ကွက်ကဲ့သို့ ထင်မြင်လောဘိမူ ထိုအရပ်မှ ပျံလဲ့လော၊ ထိုထက်အလွန် မပျံသန်းလင့်” –

“ချစ်သား မိဂါလောပ … ကောင်းကင်သို့ သွားကုန်လျက် အတောင်လျှင် ယာဉ်ရှိကုန်သည်ဖြစ်၍ အမြဲတည်ရှိသည် မြေတောင် စသည်တို့နှင့်တူ၏ဟု မိမိကိုယ်ကို မှတ်ထင်ကုန်သော အခြား လင်းတတို့သည် လေအဟုန်အဖြင့် လွှင့်အပ်ကုန်သည် ဖြစ်၍ အသက်တစ်ထောင် မပြည့်ဘဲ ပျက်စီးကြရကုန်၏” –

ဟု သားအား အဆုံးအမ ပေးလေ၏။ သားလင်းတသည် အဆုံးအမကို မနာယူ၊ အဘစကားကို နားမထောင်ဘဲ အလွန်မြင့်စွာ ပျံသန်းသဖြင့် ကာလလေသို့ ရောက်လေ၏။ ထိုမှတစ်ဖန် ပျံတက်ပြန်သော် ဝေရမ္ဘလေဝသို့ ရောက်ပြန်လေ၏။

ဆုံးမခက်လှ သေဘေးကျ

ထိုအခါ ဝေရမ္ဘလေတို့သည် တိုက်ခတ်သဖြင့် မိဂါလောပ လင်းတသည် ကောင်းကင်၌ ပင် အပိုင်းပိုင်းပြတ်ကာ ကွယ်ပျောက်လေ၏။

သဗ္ဗညုမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ -

“ရဟန်းတို့ … မိဂါလောပ လင်းတသည် ကြီးသော အဘ အပနန္ဒ၏ အဆုံးအမကို မလိုက်နာသဖြင့် ပျံသန်းရာ ကာလလေကို ကျော်လွန်ကာ ဝေရမ္ဘလေသို့ ရောက်ခဲ့၏။

မိဂါလောပ လင်းတ၊ ၎င်း၏ သား မယား၊ ၎င်းကို မှီ၍ အသက်မွေးကြကုန်သော အလုံးစုံသော လင်းတတို့သည် အဆုံးအမကို နားမထောင်ကြသောကြောင့် ပျက်စီးခြင်းသို့ ရောက်ကုန်သကဲ့သို့ ထို့အတူ ငါဘုရား သာသနာတော်၌ ငါဘုရား၏ စကားတော်ကို မသိမမြင် အပိုင်းအခြားကိုလွန်၍ ကျင့်ကာ ကြမ်းတမ်းသော အလုံးစုံသော သူတို့သည် ငါဘုရား၏ အဆုံးအမကို နားမထောင်ကြသောကြောင့် ပျက်စီးခြင်းသို့ ရောက်ရကုန်၏” –

ဟု ဟောကြား ဆုံးမတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မိဂါလောပ လင်းတသည် - ယခုအခါ အဆုံးအမခက်သော ရဟန်း။

အပနန္ဒ လင်းတသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကောင်းသောဆုံးမ၊ ဩဝါဒ၊ မုချလိုက်နာပါ။

(၂) ဘုရားဆုံးမ၊ မလိုက်က၊ မုချပျက်စီးရာ။

(၃) အဆုံးမခက်၊ လင်းတပျက်၊ ပျံလျက်သေရရှာ။

မိဂါလောပဇာတ် ပြီး၏။

***

(၃၈၂) - သိရိကာဠကဏ္ဏိဇာတ်

သုစိပရိဝါရ မည်သော သူဌေးကြီးထံ မိမိတို့၏ ကိုယ်ရည်သွေးစကားကို ပြောဆို၍ အိပ်ရာ နေရာကို အပြိုင်အဆိုင် တောင်းကြသော သိရီနတ်သမီး ကာလကဏ္ဏီ နတ်သမီးတို့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သီလစောင့်မှု ညီညွတ်ပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အနာထပိဏ်သူဌေးသည် သောတာပန် ဖြစ်သည်မှစ၍ ပဉ္စသီလကို အမြဲစောင့်၏။ ထိုသူဌေး၏ မယား သားသမီး ကျွန်အမှုလုပ် အလုံးစုံတို့သည် စောင့်ကြကုန်၏။

ထိုအခါ ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင် … ထိုအနာထပိဏ်သူဌေးသည် ကိုယ်တိုင်လည်း စင်ကြယ်၏၊ စင်ကြယ်သော အခြံအရံလည်း ရှိ၏” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ … ယခုအခါ၌ သာ ပညာရှိတို့သည် ကိုယ်တိုင် စင်ကြယ်၍ စင်ကြယ်သော အခြံအရံ ရှိသည်မဟုတ်ကုန်၊ ရှေးအခါ၌ လည်း ပညာရှိတို့သည် ကိုယ်တိုင်စင်ကြယ်၍ စင်ကြယ်သော အခြံအရံ ရှိကုန်သည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အကျင့်မြတ်သူ အလေးမူ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဌေးဖြစ်၍ ကိုယ်တိုင် အလှူပေး၏။ သီလ စောင့်ရှောက်၏။ ဥပုသ်ဆောက်တည်၏။ ထိုသူဌေး၏ မယား၊ သားသမီး၊ ကျွန်အမှုလုပ် အလုံးစုံတို့လည်း အလှူပေးကြကုန်၏။ သီလစောင့်ရှောက်ကြ၏။ ဥပုသ်ဆောက်တည်ကြ၏။ ထို့ကြောင့် သူဌေးကြီးသည် သုစိပရိဝါရသူဌေးဟု ထင်ရှား၏။ ထိုသူဌေးသည် ငါ့ထက် သီလစင်ကြယ်သူ လာပါလျှင် ငါ၏ ပလ္လင်၌ အိပ်ရာပေးရန် မလျော်၊ မသုံးဆောင်သေးသော နေရာကို ပေးခြင်းငှာ လျော်၏ဟု မိမိနေရာခုံ ဘေးတစ်ဖက်၌ မသုံးဆောင်သေးသော ပလ္လင် အိပ်ရာနေရာကို အသင့်စီမံထား၏။

ရေချိုးဆိပ်သွား ငြင်းခုံငြား

ထိုအခါ ဝိရူပက္ခနတ်မင်းသမီး ကာလကဏ္ဏီနှင့် ဓတရဋ္ဌနတ်မင်းကြီးသမီး သိရီတို့သည် ပန်းများစွာတို့ကို ယူကြလျက် အနဝတတ်အိုင်သို့ ကစားရန် သွားကုန်၏။ ထိုအနဝတတ်အိုင်၌ များစွာသော ရေဆိပ်တို့သည် ရှိကုန်၏။ ထိုရေဆိပ်တို့တွင် မြတ်စွာဘုရားတို့ဆိပ်၌ မြတ်စွာဘုရားတို့သာ ချိုးကုန်၏။ ပစ္စေကဗုဒ္ဓါတို့ဆိပ်၊ ရဟန်းတို့ဆိပ်၊ ရသေ့တို့ဆိပ်၊ နတ်သားတို့ဆိပ်၊ နတ်သမီးတို့ဆိပ်တို့၌ လည်း သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့သာ ချိုးကုန်၏။

ထိုကာလကဏ္ဏီ နတ်သမီးနှင့် သိရီနတ်သမီးတို့လည်း မိမိတို့ သက်ဆိုင်ရာဆိပ်သို့ရောက်လျှင် သူအလျင်ချိုးမည်၊ ငါအလျင်ချိုးမည်ဟု ငြင်းခုံကြ၏။ ကာလကဏ္ဏီ နတ်သမီးသည် ငါကား လောကို စီရင်သောကြောင့် ငါ အလျင်ချိုးသင့်သည်ဟု ဆို၏။ သိရီ နတ်သမီးသည်လည်း ငါကား လူအများအား အစိုးရစေတတ်သော အကျင့်၌ တည်သောကြောင့် ငါအလျင်ချိုးသင့်ဟု ဆို၏။

ဆုံးဖြတ်မှုရေး သိကြားပေး

ထိုနောက် နတ်သမီး နှစ်ယောက်တို့သည် အလျင်ချိုးသင့်သူကို ဆုံးဖြတ်ရန် စတုမဟာရဇ် နတ်မင်းကြီး လေးယောက်ထံ သွားကုန်၏။ နတ်မင်းကြီးတို့သည် ဆုံးဖြတ်ရန် ဝိရူဠကနတ်မင်း ကုဝေရနတ်မင်းတို့ကို အပ်နှင်းကုန်၏။ ထိုနတ်မင်းကြီး နှစ်ပါးတို့လည်း မဆုံးဖြတ်နိုင်ကုန်သဖြင့် သိကြားမင်းထံ လွှတ်ကုန်၏။ သိကြားမင်းလည်း ငါ မဆုံးဖြတ်သင့်၊ ဗာရာဏသီပြည်ဝယ် သုစိပရိဝါရသူဌေးကြီးအိပ်၌ မသုံးဆောင်ရသေးသော အိပ်ရာနေရာကို ထိုင်ရ အိပ်ရသော နတ်သမီးသည် အလျင် ချိုးသင့်၏ဟု ဆုံးဖြတ်လေ၏။

သူဌေးထံသွား နတ်သမီးများ

သိကြားမင်း၏ အဆုံးအဖြတ်ကို ကြးလျှင် ကာလကဏ္ဏီ နတ်သမီးသည် ညိုမည်းသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် ညိုမည်းသော အရောင်ကို လွှတ်ကာ သူဌေးကြီး အိပ်ရာအနီး ကောင်းကင်၌ ရပ်၏။ သူဌေးကြီးမြင်လျှင် အနှစ်သက်သည်ဖြစ်၍ -

“အရှင်မ … အရှင်မသည် ညိုမည်းသော အဆင်းဖြင့် နှစ်သက်ဖွယ် မရှိပေ၊ သင်ကား အဘယ်အမည်ရှိသနည်း၊ အဘယ်သူနည်း၊ အဘယ်သူ၏ သမီးနည်း၊ ငါတို့ ဘယ်လို သိရမည်နည်း” –

ဟု ပြောဆို မေးမြန်းလေ၏။ ထိုစကားကို ကြားလျှင် ကာလကဏ္ဏီ နတ်သမီးသည် -

“သူဌေးကြီး … အကျွန်ုပ်ကား ဝိရူပက္ခ နတ်မင်းကြီး၏ ကြမ်းသော ကာလီမည်သော နတ်သမီး ဖြစ်ပါ၏၊ သီလပညာ မရှိ၊ ကာလကဏ္ဏီဟု လူတိုင်းသိကုန်၏၊ သင့်ထံမှာ နေထိုင်လို၍ နေရာတောင်းပါ၏၊ နေထိုင်ခွင့်ပြုပါ” –

ဟု ပြောကြားတောင်းပန်၏။ သူဌေးကြီးသည် -

“အို - ကာလီနတ်သမီး … သင်သည် အဘယ်သီလ ရှိ၍ အဘယ်အကျင့် ရှိသူကို နှစ်သက်သနည်း၊ ငါ မေးအပ်သည်ကို ပြောကြားပါ၊ ငါတို့ သင့်ကို အဘယ်သို့ သိနို်င်ကုန်အံ့နည်း” –

ဟု မေးမြန်းပြန်၏။

မိမိကျင့်သဘော သူဌေးပြော

ထို့နောင်မှ ကာလီ နတ်သမီးသည် -

“သူဌေးကြီး … အကျွန်ုပ်သည် ကျေးဇူးကို ချေဖျက်သူ၊ အပြိုင်ပြုသူ၊ အလွန်ပြုသူ၊ ငြူစူသူ၊ ဝန်တိုသူ၊ စဉ်းလဲသူ၊ ရတိုင်း၊ ရတိုင်းသော စည်းစိမ်ကို ဖျက်ဆီးသူ၊ ဤသူတို့ကို နှစ်သက်ပါ၏” –

“သူဌေးကြီး …အမျက်ထွက်သူ၊ ရန်ငြိုးဖွဲ့သူ၊ ကုန်းတိုက်သူ၊ အဆွေခင်ပွန်းကို ဖျက်ဆီးသူ၊ ဒေါသကြီးသူ၊ ကြမ်းကြုတ်သူ၊ ဤသူတို့ကို ဆိုအပ်ပြီးသော သူတို့ထက် အလွန် နှစ်သက်ပါ၏” –

“သူဌေးကြီး … မိမိ အမှုကိစ္စကို ယနေ့ပြုရမည် နက်ဖြန်ပြုရမည် မသိသူ၊ ဆိုဆုံးမသောအခါ အမျက်ထွက်သူ၊ မြတ်သောသူကို မထီမဲ့မြင် ပြုသူ၊ ကာမဂုဏ်တို့၌ မက်မောသူ၊ အဆွေခင်ပွန်း အလုံးစုံမှ ယုတ်သူ ဤသူတို့ကို အလွန်နှစ်သက်ပါ၏၊ ထိုသူတို့နှင့်အတူ အနာရောဂါကင်းလျက် နေပါ၏” –

ဟု မိမိ၏ အကျင့်စာရိတ္တ ဂုဏ်ကျေးဇူးကို ပြောကြားလေ၏။

အကျင့်မရှိ မောင်းနှင်ဘိ

ထိုအခါ သူဌေးကြီးသည် နတ်သမီးအား ကဲ့ရဲ့ရှုတ်ချလျက် -

“အို ကာလီနတ်သမီး … သင်သည် ဤအရပ်မှ ဖယ်သွားလော့၊ ငါတို့၌ ကျေးဇူးချေခြင်း စသော အမှုမရှိ၊ သင်ကား နဂုံး၊ မင်းနေပြည် ဇနပုဒ် တစ်ပါးသို့ သွားလော့” –

ဟု နှင်ထုတ်လေ၏။ ကာလီနတ်သမီးသည် သူဌေးကြီး စကားကို ကြားလျှင် -

“သူဌေးကြီး … အကျွန်ုပ်လည်း သင်တို့၌ ကျေးဇူးချေခြင်း စသော အမှုမရှိကြောင်းကို သိပါ၏၊ လောက၌ သီလ ပညာ မရှိသော သူတို့သည်လည်း ဥစ္စာများစွာကို ပေါင်းစုနိုင်ကုန်၏၊ ထိုဥစ္စာကို ငါနှင့် ငါ့မောင် ဒေဝ မည်သော နတ်မောင်နှမ နှစ်ယောက်တို့သည် ဖျက်ဆီးကုန်၏” –

ဟု ပြောဆိုပြီးလျှင် ဖယ်သွားလေ၏။

သူဌေးထံ ခညောင်း နေရာတောင်း

ထိုခဏ၌ သိရီ နတ်သမီးသည် ဝါ-ရွှေသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် ဝါ-ရွှေသော ကိုယ်ရောင်ကို လွှတ်ကာ ထွက်ရာတံခါး၌ ရိုသေစွာ ရှိခိုးလျက်ရပ်၏။ သူဌေးကြီးသည် သိရီနတ်သမီးကို မြင်လျှင် -

“အို - ရှင်မ … အရှင်မကား နတ်တို့အသွင်ဖြင့် မြေ၌ တည်ပေ၏၊ သင်သည် အဘယ်အမည် ရှိသနည်း၊ အဘယ်သူနည်း၊ အဘယ်သူ၏ သမီးနည်း၊ ငါတို့ သင့်ကို အဘယ်သို့ သိရကုန်အံ့နည်း” –

ဟု မေးမြန်းပြန်၏။ သိရီနတ်သမီးသည် သူဌေးကြီးစကားကို ကြားလျှင် -

“အို - သူဌေးကြီး … အကျွန်ုပ်ကား ပညာရှိသော ဓတရဋ္ဌ နတ်မင်းကြီး၏ သမီး ဖြစ်ပါ၏၊ အမည်ကား သိရီ ဟူ၍ လည်းကောင်း၊ လက္ခီ ဟူ၍ လည်းကောင်း ခေါ်ကြကုန်၏။ အကျွန်ုပ်ကို မြေကြီးနှင့်တူသော ပညာရှိသော နတ်သမီးဟူ၍ လည်း နတ်တို့ သိကြကုန်၏။ သင့်ထံမှာ နေထိုင်လို၍ တောင်းပန်ပါ၏၊ နေထိုင်ခွင့် ပြုပါ” –

ဟု ပြောကြား၍ နေရာကို တောင်းလေ၏။

အကျင့်ရှိရေး သူဌေးမေး

သူဌေးကြီးသည် -

“အို-လက္ခီ နတ်သမီး … သင်သည် အဘယ်သီလရှိ၍ အဘယ်အကျင့်ှိသူကို နှစက်သက်သနည်း၊ ငါ မေးအပ်သည်ကို ပြောကြားပါ၊ ငါတို့ သင့်ကို အဘယ်သို့ သိနိုင်ကုန်အံ့နည်း”-

ဟု မေးမြန်းပြန်၏။

“အို-သူဌေးကြီး …အချမ်း၊ အပူ၊ လေ၊ နေပူ၊ မှက်၊ ခြင်၊ မြွေ၊ ကင်း၊ သန်းတို့ ရှိသော်လည်း လုံ့လပြုသူ၊ အလုံးစုံ ဆာလောင် မွတ်သိပ်ခြင်းကို နှိပ်စက်၍ နေ့ညဉ့်မပြတ် လုံ့လပြုသူ၊ အချိန်ကာလရှိခိုက် အကျိုးမယုတ်စေသူ၊ ဤသူတို့ကို အကျွန်ုပ် နှစ်သက်ပါ၏၊ ထိုသူတို့၌ စိတ်ဝင်စားပါ၏။

အမျက်မထွက်သူ၊ အဆွေခင်ပွန်းကောင်းရှိသူ၊ စွန့်ကြဲခြင်းရှိသူ၊ သီလရှိသူ၊ မစဉ်းလဲသူ၊ ဖြောင့်မတ်သူ၊ သင်္ဂြီုဟ်ထောက်ပံ့သူ၊ ပြေပြစ်သူ၊ စကားသိမ်မွေ့သူ၊ ကြီးမြတ်သော အဖြစ်သို့ ရောက်သော်လည်း နှိပ့်ချသူ၊ ဤသူတို့ကို အလွန် နှစ်သက်ပါ၏။ သမုဒ္ဒရာလှိုင်းတံပိုး အဆင့်ဆင့်ကဲ့သို့ ဤသူတို့၌ စိတ်ဝင်စားပါ၏” –

ကိုယ်ကျင့်ရှိမှု လုံ့လပြု

“အဆွေခင်ပွန်းဟုတ်သူ၊ မဟုတ်သူ၊ မြတ်သူ၊ တူမျှသူ၊ ယုတ်နိမ့်သူ၊ အကျိုးစီးပွားကိုကျင့်သူ၊ အကျိုးမဲ့ကို ကျင့်သူ၊ ဤသူတို့၌ မျက်မှောက်မျက်ကွယ် သင်္ဂြီုဟ် ထောက်ပံ့ပါ၏။

တစ်ရံတစ်ဆစ်မျှ ကြမ်းတမ်းသော စကကို မဆိုသူ၊ သေအတူ ရှင်အတူ အဆွေခင်ပွန်းဖြစ်သူ၊ ထိုသူတို့တွင် နှစ်သက်ဖွယ် အသရေကိုရ၍ တစ်ပါးပါးသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသူ၏ အဆွေခင်ပွန်း ဖြစ်ပါ၏။ ပညာနည်းသူ၊ ကြမ်းကြုတ်သော သဘောရှိသဖြင့် မညီမညွတ် ကျင့်သောသူကို အကျွန်ုပ်သည် ကျင်ကြီးစွန့်ရာ အရပ်ကဲ့သို့ ရှောင်ကြဉ်ပါ၏။

သီလပညာ ရှိခြင်းကိုလည်း မိမိကိုယ်တိုင်ပင် ပြုလုပ်၏၊ သီလပညာ မရှိခြင်းကိုလည်း မိမိကိုယ်တိုင်ပင် ပြုလုပ်၏၊ အမှန်အားဖြင့် တစ်ယောက်သည် တစ်ယောက်၏ သီလ ပညာရှိခြင်း မရှိခြင်းကို မပြုလုပ်နိုင်ပါ” –

ဟု မိမိ အကျင့်စာရိတ္တ ဂုဏ်ကျေးဇူးကို ပြောကြားလေ၏။

အကျင့်ဖြောင့်မတ် စည်းစိမ်အပ်

သူဌေးကြီးသည် သိရီနတ်သမီး စကားကို ကြားလျှင် အကျင့်စာရိတ္တကို နှစ်သက်၍ “အရှင်မ … မသုံးဆောင်အပ်သေးသော ဤအိပ်ရာနေရာသည် အရှင်မအားသာ လျောက်ပတ်၏၊ အလိုရှိတိုင်း နေလော့” ဟု ခွင့်ပြုလေ၏။

သိရီနတ်သမီးသည် ထိုနေရာ၌ တစ်ညဉ့်မျှ နေပြီးလျှင် မိုးသောက်သောအခါ စတုမဟာရာဇ် နတ်ပြည်သို့သွား၍ အနဝတတ်အိုင်၌ ရှေးဦးစွာ ရေချိုးရ၏။ [ဤအိပ်ရာကား သိရီနတ်သမီး သုံးဆောင်သောကြောင့် (သိရီသယန) ကျက်ကရေရှိသော အိပ်ရာဟု တွင်လေ၏။ ] ဤသို့သော အကြောင်းကြောင့် အိပ်ရာ တိုက်ခန်းကိုလည်း ကျက်သရေတိုက် ကျက်သရေတိုက်ခန်းဟု ယခုတိုင်အောင် ခေါ်တွင်လျက်ရှိကြ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သိရီ နတ်သမီးသည် - ယခုအခါ ဥပ္ပလဝဏ်။

သုစိပရိဝါရ သူဌေးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပညာရှိပြီး၊ သီလမှီ၊ သိရီစောင့်သတတ်။

(၂) ပညာလည်းနည်း၊ သီလမွဲ၊ စောင့်မြဲကာလီမှတ်။

(၃) သိရီစောင့်ပေ၊ ကျက်သရေ၊ တက်နေထွန်းသို့မှတ်။

(၄) သိရီသာထိုက်၊ ကျက်သရေတိုက်၊ သမိုက်ခုတိုင်လတ်။

သိရိကာဠကဏ္ဏိဇာတ် ပြီး၏။

***

(၃၈၃) – ကုက္ကုဋဇာတ်

ကိလေသာဖြင့် လှည့်စားသော ကြောင်မကို ပြေးစေသော ကြက်မင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တဏှာစိတ်ဝင် လူထွက်ချင်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တန်ဆာဆင်အပ်သော မိန်းမကိုမြင်၍ သာသနာတော်၌ ငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကြောင်မလှည့်စား တောကြက်များ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မတဒ်မင်း မင်းပြုသည်ရှိသော ဘုရားအလောင်းသည် ကြက်မျိုး၌ ဖြစ်၍ ကြက်များစွာ ခြံရံကာ တောင်တစ်လုံးတွင် နေ၏။ အနီးတွင် ကြောင်မတစ်ကောင်လည် နေ၏။ ထိုကြောင်မသည် ကြက်မင်းကိုထား၍ ကြွင်းသော ကြက်တို့ကို ဥပါယ်ဖြင့် လှည့်ပတ်၍ စားလေ့ရှိ၏။ ကြက်မင်းသည် ထိုကြောင်မကို မလာစေလို။

ထိုအခါ ကြောင်မသည် ဤကြက်ကား အလွန်လိမ္မာလှ၏။ ငါတို့ဥပါယ်၌ လိမ္မာသည် အဖြစ်ကိုကား မသိလေ။ ငါသည် ဤကြက်ကို သင်၏မယားပြုမည် ဥပါယ်ဖြင့် သွေးဆောင်ဖြားယောင်း၍ မိမိအလိုသို့ ပါလာသောအခါ စားရန်သင့်၏ဟု ကြံစည်လျက် ကြက်မင်း နေသော သစ်ပင်ရင်းသို့ သွား၍ -

“အလွန်ဆန်းကြယ်သော အတောင်တို့ဖြင့် ဖုံးလွှမ်းအပ်သော ဦးစွန်းနီသော ငှက်မြတ် … သစ်ပင်မှ ဆင်းသက်ပါလော၊ အချည်းနှီး မေတ္တာရိ သင်၏ မယားပြုလုပ်ပါမည်” –

ဟု ကြက်မင်းအား ရှေးဦးစွာ ချီးမွမ်းသော စကားဖြင့် တောင်းပန်လေ၏။

တဏှာနှင့်ဖြား ကြည့်လှည့်စား

ကြက်မင်းသည် ကြောင်မ စကားကို ကြားလျှင် ဤကြောင်မကား ငါ၏ ဆွေမျိုး အလုံးစုံကို စားခဲ့ပြီ၊ ယခု ငါကို ဖြားယောင်း၍ စားလိုပြန်၏၊ ထိုကြောင်မကို လွှတ်လိုက်မည်ဟု ကြံစည်လျက် -

“ကောင်းမြတ်၍ စိတ်နှလုံးကို ပျော်မွေ့စေတတ်သော ကြောင်မ …သင်ကား ခြေလေးချောင်း ရှိ၏၊ ငါကား ခြေနှစ်ချောင်း ရှိ၏၊ သင်သည် ငှက်တို့နှင့် လင်မယား ဖြစ်ခြင်းငှာ မလျော်၊ တစ်ပါးသောလင်ကို ရှာဦးလော့”

ဟု ပြောလိုက်၏။ ကြောင်မသည် ကြက်မင်းစကားကို ကြားလျှင် ဤကြက်သည် အလွန် လိမ္မာ၏။ အကြောင်း တစ်စုံတစ်ခုဖြင့် ဖြားယောင်း၍ စားမည်ဟု ကြံစည်ပြန်၍ -

“အို - ကြက်မင်း … ငါသည် သင်၏ အပျိုစင် သူငယ်မ ဖြစ်၍ သာယာသော အသံရှိလျက် ချစ်ဖွယ်စော စကားကို ဆိုတတ်သော မယားအဖြစ် ပြုလုပ်ပါမည်၊ သင်သည် အပြစ်ကင်းသောရခြင်းဖြင့် ငါ့ကို ယူပါ၊ အကယ်၍ ကျွန်ပြုစေလိုပါမူ ဆယ့်နှစ်ယူဇနာကျယ်သော ဗာရာဏသီပြည်၌ ကျွန်ဖြစ်ကြောင်းကို ပြောကြားပါ” –

ဟု တစ်ဖန် သွေးဆောင် ဖြားယောင်းပြန်၏။

တဏှာပရိယာယ် ခြိမ်းခြောက်ပယ်

ထိုနောင်မှ ကြက်မင်းသည် ဤကြောင်မကို ခြိမ်းခြောက်၍ ပြေးစေမည်ဟု ကြံစည်လျက် -

“အကောင်ပုပ် စသည်ကို စား၍ အသွေးကိုသောက်ကာ ကြက်တို့ကို သတ်သော ဟယ် သူခိုးမ … သင်သည် အပြစ်ကင်းသော ရခြင်းဖြင့် ငါ့ကို လင်ပြုလုပ်ရန် အလိုမရှိလင့်” –

ဟု ပြောဆိုလိုက်၏။ ကြက်မင်း စကားကို ကြားလျှင် ကြောင်မသည် လျင်မြန်စွာ ပြေးလေ၏။ တစ်ဖန် ပြန်၍ မကြည့်ဝံ့တော့ချေ။

မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ -

“ရဟန်းတို့ … ကြောင်မသည် ကြက်မင်းကို သိမ်မွေ့နူးညံ့သော စကားတို့ဖြင့် ဖြားယောင်း သွေးဆောင်သကဲ့သို့ ထို့အတူ တင့်တယ်သော မိန်းမသည် မြတ်သော ယောကျ်ားကို မြင်လျှင် သိမ်မွေ့ နူးညံ့သော စကားဖြင့် ဖြားယောင်းသွေးဆောင်ဘိ၏” –

“ရဟန်းတို့ … ဖြစ်လတ္တံ့သော အကျိုးကို လျင်စွာ မသိသောသူသည် ရန်သူ၏အလိုသို့ လိုက်ရ၏၊ နောင်အခါ ပူပန်ရ၏၊ ဖြစ်လတ္တံ့သော အကျိုးကို လျင်စွာသိသောသူသည် ကြောင်မမှလွတ်သော ကြက်မင်းကဲ့သို့ ရန်သူတို့ ပြုလုပ်အပ်သော ကျဉ်းမြောင်းရာ အရပ်မှ လွတ်ရ၏” –

ဟု ဥပမေယျဖြင့် ဆုံးမတော်မူ၏။

ဤဒေသနာတော်ကို ဆောင်၍ သစ္စာကို ပြသည်၏အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကြက်မင်းသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိန်းမတို့မူ၊ လိုပါမူ၊ ပြုမူပျက်စီးရန်။

(၂) ဖြစ်မည်အကျိုး၊ မသိနိုး၊ လိုက်ရိုးရန်သူထံ။

(၃) ဖြစ်မည်ကျိုးဆက်၊ သိမြင်လျက်၊ လွတ်ထွက်ရန်သူထံ။

(၄) ကြက်မင်းပဂေး၊ ကြောင်မဘေး၊ လွတ်ရေးထုံးမှတ်ရန်။

ကုက္ကဋဇာတ် ပြီး၏။

***

(၃၈၄) – ဓမ္မဓဇဇာတ်

မိမိကိုယ်ကို သီလစောင့်သူ တရားရှိသူဟု ထင်မှတ်ရန် တရားတံခွန် အလံထူ၍ ငှက်ငယ်နှင့် ငှက်များကို စားသောက်သည့် ကောက်ကျစ်စဉ်းလဲသော ကျီးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တဏှာစိတ်ဝင် လူထွက်ချင်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အံ့ဖွယ်သရဲကို ပြုတတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အံ့ဖွယ်ထူးလုပ် ကျီးကျင့်ယုတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ငှက်မျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ငှက်အပေါင်း ခြံရံလျက် သမုဒ္ဒရာအလယ် ကျွန်းငယ်တစ်ခုတွင်နေ၏။

ထိုအခါ ကာသိတိုင်းသား ကုန်သည်တို့သည် ဒိသာကာက ကျီးကို ယူဆောင်ကြလျက် လှေဖြင့် သမုဒ္ဒရာသို့သွားကြရာ သမုဒ္ဒရာအလယ်တွင် လှေပျက်သည်ရှိသော် ထိုကျီးသည် ကျွန်းငယ်သို့ရောက်လျှင် ဤငှက်အပေါင်းကား များလှ၏၊ ငါသည် အံ့ဖွယ်သရဲကို ပြု၍ ငှက်ဥနှင့် ငှက်ငယ်တို့ကို စားမည်ဟု ကြံစည်ပြီးလျှင် ခြေတစ်ချောင်းဖြင့် မြေမှာထောက်၍ ရပ်ကာ ခံတွင်းကိုဖွင့်လျက်နေ၏။

ယောင်ဆောင်တရား ကျင့်ယုတ်မှား

ငှက်တို့မြင်လျှင် ကျီးထံသို့ ကပ်ကုန်၍ “အရှင် … အဘယ်အမည် ရှိသနည်း” ဟု မေး၏။ “အဆွေတို့ … ဓမ္မိက အမည်ရှိ၏” ဟု ပြော၏။ “အဘယ်ကြောင့် ခြေတစ်ချောင်းဖြင့် ရပ်သနည်း” ဟု မေးကြ၏။ “နှစ်ချောင်းဖြင့်ရပ်လျှင် ဤမြေကြီးသည် ဆောင်နိုင်မည် မဟုတ်” ဟု ပြော၏။ “အဘယ်ကြောင့် ခံတွင်းကိုဖွင့်၍ နေသနည်း” ဟု မေးကြပြန်၏။ “ငါသည် အခြားသော အစာကို မစား၊ လေကိုသာ စား၏” ဟု ပြောဆိုပြီးလျှင် ငှက်တို့ကို ခေါ်၍ သင်တို့ကို ငါ ဆုံးမမည်၊ နားထောင်ကုန်လော့” ဟု ပြောဆိုကာ -

“အို-ဆွေမျိုး ဖြစ်သော ငှက်တို့ … သင်တို့သည် ကာယသုစရိုက် စသော တရားကို ကျင့်ကြကုန်၊ အဖန်တလဲလဲ ကျင့်ကြကုန်၊ သင်တို့အား ကောင်းခြင်းမင်္ဂလာ ဖြစ်လိမ့်မည်၊ တရားကို ကျင့်သောသူသည် ဤလောကနှင့် တမလွန်လောက၌ ချမ်းသာစွာနေရ၏” –

ဟု တရားဟောကာ အဆုံးအမ ပေးလေ၏။

ကျီးကိုယုံငြား ငှယ်ငယ်စား

ထိုအခါ ငှက်တို့သည် ငှက်ဥနှင့် ငှက်ငယ်ကို စားလိုသဖြင့် အံ့ဖွယ်သရဲပြုကာ ကျီး၏ ကောက်ကျစ်စဉ်းလဲသော အကြံကို မသိကြသဖြင့် -

“အချင်းတို့ … ဤကျီးငှက်ကား ကောင်းစွတကား၊ မြတ်သောသဘော ရှိစွတကား၊ ခြေတစ်ချောင်းဖြင့် ရပ်လျက် တရားကိုသာ ဟောပြောဆုံးမပေ၏” –

ဟု ချီးမွမ်းကြကုန်၏။

ထိုအခါမှစ၍ ငှက်တို့သည် သီလမရှိသောကျီးကို ယုံကြည်ကြလျက် အစာရှာသွားသောအခါ ငှက်ဥနှင့် ငှက်ငယ်တို့ကို ကြည့်ရှုစောင့်ရှောက်ရန် အပ်နှင်း၍ သွားကြကုန်၏။ ကျီးယုတ်မာသည် ငှက်တို့ သွားသောအခါ ငှက်ဥနှင့် ငှက်ငယ်တို့ကို ဝမ်းပြည့်အောင် စား၍ ငှက်တို့ ပြန်လာသောအခါ ငြိမ်သက်တည်ကြည်လျက် ခြေတစ်ချောင်းတည်းဖြင့် ထောက်၍ ရပ်ကာ ခံတွင်းကိုဖွင့်လျက် နေပြန်၏။ ငှက်တို့ပြန်လာကြသောအခါ ငှက်ဥနှင့် ငှက်ငယ်တို့ကို မမြင်ကြလျှင် ဘယ်သူစားသနည်းဟု ကျယ်လောင်စွာ မြည်တမ်းကြကုန်၏။ ကျီးကိုကား တရားစောင့်သည် ဟူသော အမှတ်ဖြင့် တွေးတောခြင်းကိုမျှ မပြုကုန်။

ဘေးရန်စုံစမ်း ကျီးကိုဖမ်း

တစ်နေ့သ၌ စားဖန် များလတ်သော် ငှက်မင်းသည် ဤအရပ်၌ ရှေးအခါ တစ်စုံတစ်ရာ ဘေးရန်မရှိ၊ ဤကျီးရောက်လာသောအခါ မှစ၍ ဖြစ်၏၊ ဤကျီးကို စုံစမ်းမည်ဟု ကြံစည်လျက် ငှက်တို့ကျက်စားရာသို့ သွားသည်ရှိသော် အတူတကွ သွားဟန်ပြုလျက် ပြန်လည်ကာ ပုန်းကွယ်ရာ အရပ်တွင် နေလေ၏။ ကျီးယုတ်မာသည် ငှက်တို့မရှိကုန်ဟု ယုံမှားကင်းလျက် ငှက်ဥနှင့် သားငယ်တို့ကို စားပြီးလျှင် ရှေးနည်းတူ နေမြဲနေပြန်၏။

ငှက်မင်းသည် ကိုယ်တိုင်မြင်၍ ငှက်တို့ ပြန်လာသည်ရှိသော် ငှက်အလုံးစုံတို့ကို စည်းဝေးစေ၍ “အချင်တို့ … ငါသည် ငှက်ဥနှင့် ငှက်ငယ်တို့ ရန်သူကို စုံစမ်းလတ်သော် ဤကျီးယုတ် စားသည်ကို ငါကိုယ်တိုင် မြင်၏။

သူတော်ယောင်လုပ် ဝိုင်းသတ်ပုတ်

ဤကျီးယုတ်ကို မပြေးစေလင့်၊ ဖမ်းကြကုန်” ဟု ပြောဆိုကာ ငှက်အပေါင်းတို့ကို ခြံရံစေလျက် -

“အို-ငှက်အပေါင်းတို့ … သင်တို့ကား ထိုကျီး၏ သီလမရှိသည် အဖြစ်ကို မသိကြသဖြင့် ချီးမွမ်းကြကုန်၏၊ ဤကျီးသည် ငှက်ဥနှင့် ငှက်ငယ်တို့ကို စား၍ ပါးစပ်က တရား တရားဟု ပြောဆိုဘိ၏။

နှုတ်ဖြင့် တစ်မျိုး ပြောဆို၏၊ ကိုယ်ဖြင့် တစ်မျိုးပြုလုပ်၏၊ နှုတ်ဖြင့် တရားကိုကျင့်၏၊ ကိုယ်ဖြင့် တရားကို မကျင့်၊ တရား၌ လည်း မတည်။

နှုတ်ဖြင့် ပြေပြစ်၏၊ စိတ်ဖြင့် သက်ဝင်ရန်ခက်၏၊ ဖုံးလွှမ်းသော တွင်းထဲမှာ တည်ရှိသော မြွေဟောက်ကဲ့သို့၊ တရားကို တံခွန်ပြုသော ကျီးသည် မြို့ရွာနိဂုံး ဇနပုဒ်တို့၌ သူတော်ကောင်းဟု ထင်ရှား၏၊ ဤကျီးယုတ်ကို ပညာနည်းသူသည် သိနိုင်ခဲ၏” –

“အို-ငှက်အပေါင်းတို့ … ဤရန်သူ ကျီးယုတ်ကို နှုတ်သီး၊ အတောင်၊ ခြေတို့နှင့် ညှဉ်းဆဲကြကုန်၊ သတ်ဖြတ် ဖျက်ဆီးကြကုန်၊ ဤကျီးယုတ်နှင့် ငါတို့ အတူတကွ မနေထိုက်ကုန်” –

ဟု ကြိမ်းမောင်းပြောဆိုကာ ကိုယ်တိုင် ခုန်လွှား၍ ကျီးယုတ် ဦးခေါင်းကို နှုတ်သီးဖြင့် ထိုးဆိတ်လေ၏။ ကြွင်းသော ငှက်တို့လည်း ဝိုင်းအုံကာ နှုတ်သီးတို့ဖြင့် ထိုးဆိတ်ကြကုန်၏။ အတောင်တို့ဖြင့် ရိုက်ခတ်ကြကုန်၏။ ခြေတို့ဖြင့် ကုတ်ဖဲ့ ညှဉ်းဆဲ သတ်ဖြတ်ကြကုန်၏။ ကျီးယုတ်သည် ထိုအရပ်တွင် သေလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကျီးယုတ်သည် - ယခုအခါ အံ့ဖွယ်သရဲကို ပြုလုပ်သော ရဟန်း။

ငှက်မင်းသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အံ့ဖွယ်သရဲ၊ ပြုသူလည်း၊ မိုက်မဲယုတ်မာသည်။

(၂) နှုတ်ဖြင့်တစ်မျိုး၊ ကိုယ်တစ်မျိုး၊ မရိုးစိတ်ကောက်သည်။

(၃) နှုတ်ကားပြစ်ပြေ၊ တွင်းအောင်းမြွေ၊ စိတ်နေသိခက်သည်။

(၄) ငှက်ဥနှင့်သား၊ စောင့်နှယ်စား၊ ကျီးကားမာယာသည်။

ဓမ္မဓဇဇာတ် ပြီး၏။

***

(၃၈၅) နန္ဒိယမိဂဇာတ်

မိဘ လုပ်ကျွေးခြင်းနှင့် မေတ္တာတန်ခိုးကြောင့် မင်း၏ ဘေးမဲ့ဆုကိုရသော နန္ဒိယသမင်မင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိဘလုပ်ကျွေး ချီးမွမ်းဆေး

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် အမိအဘကို လုပ်ကျွေး၍ နေသတတ်။ ထိုအခါ ရဟန်းတို့သည် ထိုရဟန်းအား လူကို လုပ်ကျွေးသော ရဟန်းဟု ကဲ့ရဲ့ကြကုန်၏။

မြတ်စွာဘုရား သိတော်မူလျှင် ခေါ်တော်မူ၍ “ချစ်သား ရဟန်း … သင်သည် လူကို လုပ်ကျွေး၏ ဟူသည် မှန်သလော” ဟု မေးတော်မူ၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား … မှန်ပါ၏” ဟု လျှောက်၏။ “ရဟန်း … အဘယ်သူကို လုပ်ကျွေးသနည်း” ဟု မေးပြန်၏။ “မြတ်စွာဘုရား … အမိအဘတိုပကို လုပ်ကျွေးပါ၏” ဟု လျှောက်၏။ “ရဟန်း … ကောင်းပေစွ၊ ကောင်းပေစွ၊ ရှေးပညာရှိတို့ အနွယ်ကို စောင့်ရှောက်ပေ၏။ ရှေးပညာရှိတို့သည် တိရစ္ဆာန်မျိုး၌ ဖြစ်သော်လည်း အမိအဘတို့အား အသက်ကို ပေးဖူးကုန်၏” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မင်းကြီးပျော်ပိုက် သမင်လိုက်

လွန်လေပြီးသောအခါ ကောသလတိုင်း သာကေတပြည်ဝယ် ကောသလမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သမင်မျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် အမည်အားဖြင့် နန္ဒိယ မည်၏။ အကျင့်သီလနှင့် ပြည့်စုံ၏။ အမိအဘတို့ လုပ်ကျွေး၏။

ထိုအခါ ကောသလမင်းသည် သမင်ကို နှစ်သက်၏။ လူတို့ကို ခေါ်၍ တောသို့သွားကာ သမင်လိုက်လေ့ရှိ၏။ လူတို့သည် ကုန်သွယ်ခြင်း လယ်လုပ်ခြင်း စသော အမှုတို့ကို မပြုလုပ်ရကုန်။ လူတို့သည် စည်းဝေးကြကုန်လျက် သမင်လိုက် မခေါ်ရအောင် ပြုလုပ်မည်ဟု တိုင်ပင်ညီညွတ်ကြပြီးလျှင် ဖောက်ကြံ့တော ဥယျာဉ်ကို စည်းအလုံကာရံလျက် တံခါးတပ်၍ ဥယျာဉ်တွင်း၌ ရေကန်ကိုတူးဖော်၍ မြက်တို့ကို စိုက်ပျိုးကြကုန်၏။ အလုံးစုံ စီမံ၍ ပြီးလျှင် လှံကန်ဆောက်ပုတ် စသည်တို့ကို ကိုင်ဆောင်ကာ သမင်တောကို တစ်ယူဇနာ တိုင်အောင် ခြံရံဝိုင်းဝန်းကုန်လျက် တောချုံတို့ကို ပုတ်ခတ်ခြောက်လှန့်ကာ သမင်တို့ကို မောင်းနှင့်ရုံးစုကြကုန်၏။

သမင်မင်းဥပါယ် မိဘကယ်

ထိုခဏ၌ နန္ဒိယသမင်မင်းသည် အမိအဘအိုတို့ကို ယူဆောင်၍ ချုံငယ်တစ်ခုတွင် ပုန်းအောင်းလျက်နေ၏။ သမင်ခြောက်သောလူတို့သည် အနီးသို့ ရောက်လတ်သော် သမင်မင်းသည် လူတို့ကို မြင်လျှင် ယနေ့ ငါသည် မိဘတို့အား အသက်ကို ပေးလှူတော့မည်ဟု ကြံစည်ပြီးလျှင် အမိအဘတို့ကို ရှိခိုးလျက် “မိခင် ဖခင်တို့ … လူတို့သည် အနီးသို့ ရောက်ချေပြီ၊ သုံးကောင်လုံး ဤချုံတွင် ဝပ်၍ နေလျှင် လူတို့တွေ့၍ သုံးကောင်လုံး သေပေရမည်၊ မိခင် ဖခင်တို့ အသက်ရှင်အောင် အကျွန်ုပ် အသက်ကို လှူပါမည်၊ လူတို့လာသောအခါ ချုံစွန်းတွင် ရပ်၍ ပြလျက် ပုတ်ခတ်သော အခါ ထွက်၍ ပြေးပါမည်၊ ထိုအခါ ဤချုံကား ငယ်၏၊ သမင်တစ်ကောင်သာ ရှိသည်ဟု မှတ်ထင်ကာ ချုံတွင်းသို့ မဝင်ကြလတ္တံ့၊ သတိနှင့် နေရပ်ပါ” ဟု မိဘတို့အား မှာထားပြီးလျှင် ကန်တော့၍ အသင့်ပြင်ဆင်လျက်နေ၏။

ဥယျာဉ်မောင်းထား သမင်များ

လူတို့သည် ချုံကို ပုတ်ခတ်လတ်သော် နန္ဒိယသမင်မင်းသည် ထွက်၍ လူတို့မြင်စဉ် လျှင် သမင်တို့နှင့်အတူ ပြေးလေ၏။ လူတို့သည် နန္ဒိယမမင်မင်း ပြေးသည်ကို မြင်လျှင် ဤချုံငယ်၌ သမင်ကုန်ပြီဟု မှတ်ထင်၍ မကြည့်ရှုကြတော့ဘဲ ရှေ့သို့သာ သွားကြကုန်၏။ ဤသို့ သမင်တို့ကို တဖြည်းဖြည်း စုရုံးကာ နွားတို့ကို ခြံသို့ သွင်းကုန်သကဲ့သို့ သမင်တို့ကို အသင့်စီမံထားသော ဥယျာဉ်ခြံသို့သွင်း၍ တံခါးပိတ်ပြီးလျှင် မင်းကြီးအား လျှောက်ထား၍ အိမ်သို့ ပြန်ကြကုန်၏။ သမင်တို့သည် ဥယျာဉ်တွင်း၌ သာ မြက်ကိုစား၍ ရေကိုသောက်လျက် နေရကုန်၏။ မင်းကြီးသည် ထိုအခါမှစ၍ လူတို့ကို သမင်တောသို့ မခေါ်တော့ဘဲ အလိုရှိသောအခါ ဥယျာဉ်သို့ ကိုယ်တိုင်သွား၍ ပစ်သတ်ကာ ယူလေ၏။ သမင်တို့လည်း တိုင်ပင်ညီညွတ်ကြ၍ အလှည့်ကျအတိုင်း အသတ်ခံကြရကုန်၏။

သားကိုမြင်လို မိဘအို

နန္ဒိသမင်မင်း အလှည့်သို့ကား မရောက်သေးချေ။ နေ့ရက်များစွာ ကုန်လွန်လတ်သော် အမိအဘအိုတို့ သည် သားဖြစ်သော နန္ဒိာသမင်မင်းကို လွမ်းဆွတ်ကာ တွေ့မြင်လိုကြကုန်သဖြင့် သားထံ သတင်းစကား မှာကြားမည်ဟု ကြံစည်ကာ လူတို့ခရီးအနီးတွင်ရပ်လျက် စောင့်ဆိုင်းနေရာ ခရီးသွား ပုဏ္ဏားတစ်ယောက်ကို မြင်လျှင် -

“အို-ပုဏ္ဏားကြီး … သာကေတမြို့သို့ အကယ်၍ သွားပါမူ ထိုမြို့ရှိ ဖောက်ကြံ့တော ဥယျာဉ်ဝယ် အကျွန်ုပ်တို့ သားရင်းဖြစ်သော နန္ဒိသမင်မင်းသည် ရှိသတတ်၊ ထိုသမင်မင်းကို သင့်မိဘတို့သည် အိုမင်းကုန်ပြီ၊ သင့်ကို မြင်လိုကြကုန်၏ဟု ပြောဆိုပါလေ” –

ဟု သတင်းစကား မှာကြားလေ၏။ ပုဏ္ဏားကြီးလည်း သမင်အိုတို့ စကားကို ကြားလျှင် “ကောင်းပြီ” ဟု ဝန်ခံ၍ သွားရ သာကေတမြို့သို့ရောက်၍ နံနက်အခါ ဥယျာဉ်သို့ သွားပြီးလျှင် အတွင်းသို့ဝင်၍ နန္ဒိယသမင်မင်းကို မေးမြန်းကာ သိလျှင် အနီးသို့သွားလျက် မိအိုဘအိုတို့ မှားထားလိုက်သော သတင်းစကားကို ပြောကြားလေ၏။

မေတ္တာစိတ်သွင်း ဘေးရန်ကင်း

နန္ဒိသမင်မင်းလည်း ပုဏ္ဏားကြီးစကားကိုကြားလျှင် -

“ပုဏ္ဏားကြီး … အကျွန်ုပ်သည် မင်းကြီး၏ ရိက္ခာဖြစ်သော မြက် ရေ တို့ကို စားသောက်အပ်၏၊ ထို မြက် ရေ တို့သည် ကြွေးမြီဖြစ်၍ နေ၏၊ ထိုကြွေးမြီတို့ကို မဆပ်ဘဲ မင်းကြီးကို စွန့်သွားခြင်းငှာ မစွမ်းနိုင်ပါ” –

“ပုဏ္ဏားကြီး … ငါသည် ထိုမင်းကြီး ပစ်အပ်သော မြားတို့ကို လက်ယာနံပါးဖြင့် ခံဦးမည်၊ ထိုအခါ ငါသည် ဘေးမှလွတ်၍ ချမ်းသာစွာ မိဘအိုတို့ကို မုချ ဖူးမြင်ရမည်” –

ဟု ပုဏ္ဏားကြီးအား ပြန်ကြားပြောဆိုလေ၏။ ထိုအခါ ပုဏ္ဏားကြီးလည်း သွားလေ၏။ နောက်အဖို့၌ နန္ဒိယသမင်မင်း အလှည့်သည် ရောက်၍ သင့်တင့်ရာအရပ်၌ နေ၏။ မင်းကြီးသည် အခြံအရံ များစွာဖြင့် ဥယျာဉ်သို့လာ၍ သမင်ကိုပစ်ရန် စဉ်းသွားကိုဖွဲ့၏။ သမင်မင်းသည် တစ်ပါးသော သမင်တို့ကဲ့သို့ မပြေးမူ၍ မကြောက်မရွံ့ မေတ္တာရှေ့ထားလျက် လက်ယာနံပါးဖြင့်ခံကာ မတုန်မလှုပ်နေ၏။ မင်းကြီးသည် သမင်မင်း၏ မေတ္တာအာနုဘော်ကြောင့် မြားကို လွှတ်ရန်ပင် မတတ်နိုင်လေ။

သမင်မင်း တရားပြ ဘေးလွတ်ကြ

ထိုအခါ သမင်မင်းသည် “အရှင်မင်းကြီး … အဘယ်ကြောင့် မြားကို မလွှတ်သနည်း၊ လွှတ်ပါလော့” ဟု ပြောကြားလေ၏။ “သမင်မင်း … မြားကိုလွှတ်ရန် မတတ်နိုင်ပါ” ဟု ပြော၏။ “အရှင်မင်းကြီး … ဂုဏ်ကျေးဇူးရှိသော သူတို့၏ ဂုဏ်ကျေးဇူးကို သိပါသလော” ဟု ပြောလေ၏။ ထိုအခါ မင်းကြီးသည် သမင်မင်းကို ကြည်ညို၍ လေးကို စွန့်လွှတ်ပြီးလျှင် စိတ်မရှိသော မြားစဉ် လျက် သမင်မင်း၏ ဂုဏ်ကျေးဇူးကို သိပေ၏၊ “အကျွန်ုပ်ကား စိတ်ရှိသောလူဖြစ်ပါလျက် ဂုဏ်ကျေးဇူးကို မသိပေ၊ သည်းခံပါ၊ သမင် မင်းအား ဘေးမဲ့ပေးပါ၏” ဟု ပြောဆိုလေ၏။

သမင်မင်းသည် မင်းကြီးအား မိမိ တစ်ကိုယ်တည်းပင် မဟုတ်ဘဲ ဥယျာဉ်တွင်းရှိ သမင်ပေါင်းမှစ၍ အလုံးစုံသော သား၊ ငှက်၊ ငါး လိပ်တို့အား ဘေးမဲ့ပေးစေ၍ ငါးပါး သီလ၌ တည်စေလျက် အဂတိလိုက်စားခြင်းကို စွန့်ပယ်စေပြီးလျှင် မင်းကျင့်တရား ဆယ်ပါးနှင့် ညီညွတ်စွာ မင်းပြုရန် အဆုံးအမပေး၍ သတ္တဝါတို့အား ဘေးမဲ့ပေးကြောင်းကို တစ်မြို့လုံး စည်လည်စေပြီးလျှင် ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ရန် သတိပေးခဲ့၍ နှစ်ရက် သုံးရက် နေပြီးလျှင် ခွင့်ပန်ကာ မိဘတို့ထံ ဖူးမြင်ရန် သွားလေ၏။

မေတ္တာကျေးဇူး တရားထူး

မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ -

“ရဟန်းတို့ … ရှေးအခါ ငါဘုရားသည် ကောသလမင်း၏ နေပြည်တော်ဝယ် အလွန်အဆင်းလှသော နန္ဒိယမည်သော သမင်မင်း ဖြစ်ခဲ့ဖူးပြီ၊ ထိုကောသလမင်းသည် ဖောက်ကြံ့တော ဥယျာဉ်၌ သမင်မင်းကိုသတ်ရန် လေးညှို့နှင့်တကွ မြားကိုဖွဲ့လာခဲ့ပြီ၊ သမင်မင်းသည် ကောသလမင်း၏ နံပါးတစ်ဖက်ဝယ် ပစ်အပ်သော မြားတို့ကို ခံခဲ့ပြီ၊ ထိုအခါ သမင်မင်းသည် သေဘေးမှလွတ်၍ ချမ်းသာစွာ မိဘအိုတို့ကို ဖူးမြင်ရန် လာခဲ့ပြီ” –

ဟု အတိတ်ကို ဆောင်တော်မူ၏။ သစ္စာကို ပြသည်၏အဆုံး၌ အမိအဘကို လုပ်ကျွေးသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မိဘတို့သည် - ယခုအခါ မြတ်သော မင်းမျိုး။

ပုဏ္ဏားကြီးသည် - သာရိပုတ္တရာ။

မင်းကြီးသည် - အာနန္ဒာ။

နန္ဒိယသမင်မင်းသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကျေးဇူးကြီးလှ၊ မိနှင်ဘ၊ နိစ္စလုပ်ကျွေးရာ။

(၂) ပညာရှိနွယ်၊ သူတော်နွယ်၊ စောင့်ဖွယ်ကျွေးသူမှာ။

(၃) တိရစ္ဆာန်လျက်၊ မိ,ဘတွက်၊ အသက်စွန့်ဖူးရှာ။

နန္ဒိယမိဂဇာတ် ပြီး၏။

***

(၃၈၆) - ခရပုတ္တဇာတ်

အလုံးစုံသော သတ္တဝါတို့၏ စကားသံကို သိသည့်(သဗ္ဗရုတညုဇာနန)မန္တာန်ကို ရသော သေနကမင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မယားဖြားယောင်း ငြီးငွေ့ကြောင်း

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မယားဟောင်းသည် ဖြားယောင်းအပ်သဖြင့် သာသနာတော်၌ ငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

နဂါးဘေးဖြစ် မင်းတားမြစ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် သေနကမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သိကြားမင်း ဖြစ်လေ၏။ ထိုသေနကမင်းသည် နဂါးမင်းတစ်ဦးနှင့် အဆွေခင်ပွန်း ဖြစ်လေ၏။

ထိုနဂါးမင်းသည် နဂါးပြည်မှထွက်၍ လူ့ပြည်၌ ကျက်စား၏။ ထိုအခါ ရွာသူသားငယ်တို့မြင်လျှင် မြွေကြီး မြွေကြီးဟု အော်ဟစ်ကာ ခဲတုတ် လှံကန်တို့ဖြင့် ပစ်ခတ်ကြကုန်၏။ အော်ဟစ်ကာ ခဲတုတ် လှံကန်တို့ဖြင့် ကြုံသဖြင့် မေးမြန်းရာ ထိုအကြောင်းကိုသိလျှင် ပစတ်ခတ်ခွင့်မပေးဘဲ ထိုအရပ်မှ သူငယ်တို့ကို ပြေးစေ၏။

အသက်ကယ်မှု ကျေးဇူးပြု

နဂါးမင်းသည် အသက်ချမ်းသာခွင့်ရ၍ နဂါးပြည်သို့ ပြန်ပြီးလျှင် ငါ့မှာ မင်းကြီးကြောင့် အသက်ချမ်းသာရာရပေသည်ဟု ကျေးဇူးတင်၍ ရတနာများစွာကို ယူဆောင်လျက် သေနကမင်းကြီး၏ တိုက်ခန်းသို့ဝင်၍ ရတနာတို့ကို ပြပြီးလျှင် “မြတ်သောမင်းကြီး … အကျွန်ုပ်ကား သင်မင်းကြီးတို့ကြောင့် အသက်ချမ်းသာရပေသည်” ဟု ပြောဆိုကာ ရတနာတို့ကို ဆက်သပြီးလျှင် မင်းကြီးနှင့်တကွ အဆွေခင်ပွန်းဖွဲ့၍ အဖန်ဖန် လာရောက် ဖူးမြော်လေ၏။ ကာမဂုဏ်၌ မရောင့်ရဲသော နဂါးလုလင်ငယ်မ တစ်ဦးကိုလည်း မင်းကြီးကို စောင့်ရှောက်ရန်ထား၏။ ထိုနဂါးလုလင်ငယ်မကို မမြင်သောအခါ မန်းမှုတ်ရန် မန္တရားကိုလည်း ပေးခဲ့၏။

မင်းဆုံးမလိုက် ကုန်းချောတိုက်

တစ်နေ့သ၌ သေနကမင်းကြီးသည် နဂါးလုလင်ငယ်မနှင့်အတူ ဥယျာဉ်သို့သွား၍ ရေကန်၌ ရေကစားလေ၏။ နဂါးလုလင်ငယ်မသည် ရေမြွေကိုမြင်လျှင် မိမိအတ္တဘောကိုစွန့်၍ ရေမြွေနှင့် မေထုန်မှီဝဲ၏။ မင်းကြီးသည် နဂါးမကို မမြင်သဖြင့် မန္တရားကို မန်းမှုတ်လေသော် ရေမြွေနှင့် မေထုန်မှီဝဲနေသည်ကို မြင်သဖြင့် ဝါးဖြမ်းစိတ်ဖြင့် ရိုက်နှက်လေ၏။

နဂါးမငယ်သည် အမျက်ထွက်၍ နဂါးပြည်သို့ပြန်ပြီးလျှင် နဂါးမင်းကြီးအား သေနကမင်းကြီးက မိမိကျောကို ဝါးခြမ်းစိတ်ဖြင့် ရိုက်နှက်၍ လွှတ်ကြောင်း လျှောက်ထားကာ ဒဏ်ရာကိုပြ၏။ နဂါးမင်းကြီးလည် မဆင်မခြင်ဘဲ အဆွေခင်ပွန်းကိုအမျက်ထွက်၍ ယခုသွား၍ သတ်ချေရမည်ဟု အမိန့်ပေးပြီးလျှင် သေနကမင်းကြီးထံ နဂါးလုလင်လေးဦးကို လွှတ်လိုက်၏။

မင်း၏စကားကြား ပြန်လျှောက်ထား

နဂါးလုလင်တို့လည်း သွား၍ သေနကမင်းကြီး ကျက်သရေတိုက်သို့ အိပ်ရန် ဝင်သောကာလ ဝင်ကြကုန်၏။ ထိုအခါ သေနကမင်းကြီးသည် မိဖုရားအား “နဂါးငယ်မ သွားရာအရပ်ကို သိသလော” ဟု မေးမြန်းရာ၊ “မသိပါ” ဟု လျှောက်ထားလျှင် ဤနဂါးငယ်မသည် ဥယျာဉ်ရေကန်၌ ရေကစားစဉ် မိမိအတ္တဘောကိုစွန့်၍ ရေမြွေနှင့် မထုန်မှီဝဲသဖြင့် နောက်အခါ ဤသို့မပြုရန် ဆုံးမသောသဘောနှင့် ဝါးခြမ်းစိတ်ဖြင့် ကျောကို ရိုက်နှက်လိုက်ရာ နဂါးပြည်သို့ပြန်၍ အဆွေခင်ပွန်းအား ကုန်းတိုက်သဖြင့် အချစ်ပျက်ခဲ့သော် ငါ့အား တစ်စုံတစ်ရာသောဘေးရန် ဖြစ်လိမ့်မည်ဟု မိဖုရားနှင့် တီးတိုးတိုင်ပင် ပြောဆိုလေ၏။ နဂါးလုလင်တို့သည် သေနကမင်းကြီးစကားကိုကြားလျှင် မသတ်ဝံ့တော့ဘဲ နဂါးပြည်သို့ပြန်ကာ နဂါးမင်းကြီးအား အကြောင်းမျိုးစုံ လျှောက်ထားကြကုန်၏။

ပြစ်မှားမိရေး ဂါထာပေး

နဂါးမင်းကြီးလည်း အကြောင်းရင်းမှန်ကို သိရလျှင် အလွန် ထိတ်လန့်သဖြင့် ခဏချင်းလျှင် သေနကမင်းကြီး အိပ်ရာတိုက်ခန်းသို့သွားကာ အကြောင်းကြား၍ ကန်တော့ပြီးလျှင် “အရှင်မင်းကြီး … အကျွန်ုပ်အပြစ် ဖြစ်ပါ၏၊ သို့အတွက် (သဗ္ဗရုတညုဇာနန)မည်သော မန္တရားကို ယူတော်မူပါ၊ ဤမန္တရား ပိုး ရွ စသော တိရစ္ဆာန် အလုံးစုံတို့၏အသံကို သိပါသည်၊ အဖိုးမဖြတ်နိုင်ပါ၊ သူတစ်ပါးကို မပေးပါလင့်၊ ပေးမိလျှင် မီးထဲသို့ ဆင်း၍ သေပါလော့” ဟု မှာခဲ့၍ မန္တရားကို ပေးခဲ့၏။ သေနကမင်းကြီးလည်း ဝန်ခံ၍ ယူလိုက်၏။ ထိုအခါမှစ၍ တိရစ္ဆာန်အသံကို သိ၏။

သတ္တဝါစကားသိ ရယ်ပြုံးမိ

တစ်နေ့သ၌ သေနကမင်းကြီးသည် ပြာသာဒ်ထက်ဝယ် မုန့်ကို ပျားတင်လဲနှင့်ထိုးကာ စားလေ၏။ ထိုအခါ ပျားရည်တစ်စက်၊ တင်လဲတစ်စက်နှင့် မုန့်ပဲ့တစ်ခုသည် မြေသို့ ကျလေ၏။ ပိုးရွတစ်ကောင်သည် ကျသော ပျားရည် စက်၊ တင်လဲစက်၊ မုန့်ပဲ့တို့ကို မြင်လျှင် “အချင်းတို့ … ပြာသာဒ်ထက်၌ ပျားရည်အိုး၊ တင်လဲအိုးတို့ ကွဲယောင်တကား၊ မုန့်လှည်း မှောက်ယောင်တကား၊ စားသောက်ရန် လာလှည့်ကြကုန်လော့” ဟု မြည်လျက် သွားလေ၏။ မင်းကြီးသည် ပိုးရွအသံကိုကြားလျှင် ရယ်လေ၏။ ထိုအခါ မိဖုရားသည် မင်းကြီး ရယ်သံကိုကြားလျှင် မင်းကြီး ဘာကိုမြင်၍ ရယ်ပါလိမ့်မည်နည်းဟု စဉ်းစားလေ၏။

နောက်တစ်ဖန် ပလ္လင်ပေါ်၌ နေသည်ရှိသော် ယင်တစ်ကောင်သည် ယင်မအား “ရှင်မ … လာလော့၊ မွေ့လျော်ကြမည်” ဟု ခေါ်ရာ ယင်ဖိုကို ယင်မသည် “အရှင် … သည်းခံပါဦးလော့၊ မင်းကြီး နံ့သာလိမ်းသောအခါ နံ့သာမှုန့် ကျလိမ့်မည်၊ ထိုနံ့သာမှုန့်ကိုလူး၍ မင်းကြီးကျောပေါ်၌ မွေ့လျောကြမည်” ဟု ပြောလေ၏။ ထိုအခါ မင်းကြီးသည် ယင်လင်မယားတို့ အသံကိုကြားလျှင် ရယ်ပြန်၏။ မိဖုရားလည်း ဘာကို ရယ်ပါလိမ့်နည်းဟု စဉ်းစားပြန်၏။

နောက်တစ်ဖန် မင်းကြီးသည် ညစာ ထမင်းစားစဉ် ထမင်းတစ်လုံးသည် မြေ၌ ကျလေ၏။ ထိုအခါ ပိုးရွ တစ်ကောင်သည် “အချင်းတို့ …. မင်းအိမ်၌ ထမင်းလှည်းကျိုးဘိ၏၊ လာ၍ စားကြကုန်လော့” ဟု မြည်လျက် သွားလေ၏။ မင်းကြီးလည်း ထိုအသံကိုကြားလျှင် ရယ်ပြန်၏။ မိဖုရားလည်း လုပ်ကျွေးပြုစုသော ငါ့ကိုပင် ရယ်လေသလောဟု တွေးတောပြန်၏။

ဂါထာသင်ပေး မင်းညှဉ်းမေး

မင်းကြီးနှင့် မိဖုရားတို့သည် ကျက်သရေတိုက်သို့ဝင်၍ အိပ်ကြသောအခါ မိဖုရားသည် “အရှင်မင်းကြီး … နေ့အခါ အဘယ်ကြောင့် ရယ်သနည်း” ဟု လျှောက်၏။ “မိဖုရား … ငါရယ်သောအကြောင်းဖြင့် သင် အဘယ်သို့ ပြုအံ့နည်း ” ဟု ပြောဆို၏။ မိဖုရားလည်း အဖန်ဖန် နှိပ်စက်၍ မေးပြန်၏။ ထိုအခါ မင်းကြီးသည် ရယ်ခြင်းအကြောင်းကို ပြောရလေ၏။ မိဖုရားသည် မန္တရားကို တောင်း၏။ မင်းကြီးသည် အဖန်ဖန် ပယ်၏။ မိဖုရားလည်း အဖန်ဖန် နှိပ်စက်၍ တောင်း၏။ ထိုအခါ မင်းကြီးသည် “ငါသည် ဤမန္တရားကို သင့်အား ပေးမိလျှင် မုချ ငါသေရမည်” ဟု ပြော၏။ “အရှင်မင်းကြီး … သေရသော်လည်း အကျွန်ုပ်အား ပေးပါ” ဟု နှိပ်စက်၍ တစာစာ တောင်းနေသဖြင့် မိန်းမ၏ အလိုသို့ လိုက်ကာ “ပေးပါတော့မည်” ဟု ဝန်ခံရလေ၏။ ထိုနောက် မန္တရားပေးရန် ရထားဖြင့် ဥယျာဉ်သို့ သွားကြကုန်၏။

သိကြားလူ့ဘောင် ဥပါယ်ဆောင်

ထိုခဏ၌ သိကြားမင်းသည် လူ့ပြည်သို့ ကြည့်လတ်သော် ထိုအကြောင်းကိုမြင်၍ ဤမင်းမိုက်ကိုမှီ၍ မီးထဲသို့ဝင်မည်ဟု သွားချေပြီ၊ ငါ အသက်ကိုပေးမည်ဟု သုဇာတာကိုခေါ်၍ ဆိတ်ဖိုနှင့် ဆိတ်မအဟန် ဖန်ဆင်းကာ မင်းကြီးသာ မြင်စေသတည်းဟု အဓိဋ္ဌာန်၍ ရထားရှေ့တွင် ရပ်လေ၏။ မင်းကြီးနှင့် သိန္ဓောမြင်းတို့သာ မြင်ရကုန်၏။ ဆိတ်ဖိုသည် စကားဖြစ်စေရန် ဆိတ်မ၌ မေထုန်မှီဝဟန်ပြု၏။ သိန္ဓောမြင်း မြင်လျှင် -

“အဆွေ ဆိတ် … ရှေးပညာရှိတို့သည် ဆိတ်သည် မိုက်မဲ၏ ဆိုသောစကားသည် မှန်ပေသတတ်၊ ကြည့်ရှုလော၊ ဆိတ်မိုက်သည် လူတို့မျက်မှောက်၌ မေထုန်အမှုကို ပြုဘိ၏၊ ဆိတ်ကွယ်ရာ၌ ပြုရမည်ဟု မသိလေ” –

ဟု ဆိတ်အား ကဲ့ရဲ့ရှုတ်ချလေ၏။ ဆတ်ဖိုသည် သိန္ဓောမြင်း စကားကို ကြားလျှင် -

“မြည်း၏ သားဖြစ်သော အဆွေသိန္ဓောမြင်း … ထမ်းပိုး၌ ကြိုးဖြင့် လည်ပင်းကို ဖွဲ့အပ်သဖြင့် နှုတ်သီးကောက်၍ အောက်သို့ချသော မျက်နှာရှိသော သင်သာလျှင် ငါ့ထက် မိုက်မဲလှ၏ဟု သိပါလော၊ အဆွေသိန္ဓောမြင်း …. သင်သည် ရထားမှ လွတ်သော အခါ၌ လည်း မပြေးလေ၊ ထိုသို့ မပြေးခြင်းသည် သင်၏ မိုက်မဲခြင်း ဖြစ်၏၊ သင် ရုန်းဆွဲ၍ သွားရသော သေနကမင်းကြီးကား သင့်ထက်ပင် မိုက်မဲလှသေး၏” –

ဟု သိန္ဓောမြင်းအား ပြန်၍ ပြောဆိုကာ ရှုတ်ချကဲ့ရဲ့ပြန်၏။

မင်းကိုပြစ်ပြ ကဲ့ရဲ့ကြ

မင်းကြီးလည်း မြင်းနှင့် ဆိတ်တို့ စကားကိုကြားလျှင် သိသည်ဖြစ်၍ နားထောင်လျက် ရထားကို ဖြည်းဖြည်း နှင်စေ၏။ တစ်ဖန် သိန္ဓောမြင်းသည် ဆိတ်စကားကို ကြားပြန်လျှင် -

“အဆွေဆိတ်မင်း …. အဆွေ ပြောဆိုသည့်အတိုင်း ငါကား တိရစ္ဆာန် ဖြစ်သောကြောင့် မိုက်မဲသည်ဟု သိနိုင်ပါ၏၊ သေနကမင်းကြီး မိုက်မဲသောအကြောင်းကို မေးလိုပါ၏၊ ငါ့အား ပြောကြားပါလော့” –

ဟု ဆိတ်အား ပြန်၍ မေး၏။ ဆိတ်လည်း -

“အဆွေ သိန္ဓောမြင်း … သေနကမင်းကြီးကား မွန်မြတ်သော အကျိုးရှိသော (သဗ္ဗရုတညုဇာနန) မန္တရားကို ရခြင်းကြောင့် မိမိအသက်ကို စွန့်ရလတ္တံ့၊ မိဖုရားသည်လည်း သေနကမင်း၏ မိဖုရား မဖြစ်တော့ဘဲ စွန့်ရလတ္တံ့ ” –

ဟု သိန္ဓောမြင်းအား မင်းကြီး မိုက်မဲခြင်းအကြောင်းကို ပြောကြားလေ၏။

ဆိတ် ပြောပြမှ သတိရ

မင်းကြီးသည် ဆိတ်စကားကို ကြားပြန်လျှင် “ဆိတ်မင်း … ငါတို့ ချမ်းသာကို သင်သည်ပင် ပြုရလတ္တံ့၊ ငါတို့အား ရှေးဦးစွာ ပြုရမည့် အမှုကိစ္စကို ပြောကြားပါလော့” –

ဟု ဆို၏။ ထိုအခါ ဆိတ်မင်းသည် -

“မြတ်သော မင်းကြီး … သင်တို့ကဲ့သို့သော သူသည် ဤဘဏ္ဍာကို မချစ်အပ်ဟု ကိုယ်နှင့်အသက်ကို စွန့်၍ ချစ်အပ်သော ဘဏ္ဍာတို့ကို မမှီဝဲရာ၊ ကိုယ်အသက်သာ မွန်မြတ်၏၊ အလွန် မြတ်လှ၏၊ ဥစ္စာ စည်းစိမ်နှင့် ပြည့်စုံသော ယောကျ်ားမှာ နောက်အခါ မယားကို ရနိုင်ပါ၏” –

ဟု မင်းကြီးအး အကျိုးအကြောင်းပြ၍ ဆုံးမပြန်၏။

မင်းကယ်ဆယ်ရေး သိကြား နည်းပေး

ထိုအခါ မင်းကြီးသည် အလွန်နှစ်သက်၍ ဆိတ်မင်းအား “ဆိတ်မင်း … ဘယ်အရပ်မှ လာသနည်း” ဟု မေး၏။

“မြတ်သောမင်းကြီး … ငါကား ဆိတ် မဟုတ်၊ သိကြားမင်းတည်း၊ သင်မင်းကြီးကို သနား၍ သေဘေးမှလွတ်ရန် လာခဲ့၏” ဟု ပြောလေ၏။ “အရှင် သိကြားမင်း … ထိုမိန်းမကို မန္တရားပေးမည်ဟု ကတိပေးခဲ့မိ၏၊ အဘယ်သို့ ပြုရအံ့နည်း” ဟု မေး၏။ “မြတ်သောမင်းကြီး … မိဖုရားကို ငါသေသော်လည်း သေပါစေ၊ သို့သော်လည်း မန္တရား၌ ပူဇော်ခြင်းကို ပြုရမည်ဟု ပြောဆို၍ တုတ်ဖြင့် နှစ်ချက်တန်သည်၊ သုံးချက်တန်သည် ရိုက်နှက်လော့၊ နာကျင်သော အခါ မယူဘဲ နေလိမ့်မည်” ဟု အကြံပေးကာ တာဝတိံသာ နတ်ရွာသို့ သွားလေ၏။

ဂါထာဉာဏ်ကွန့် မတောင်းဝံ့

မင်းကြီးလည်း ဥယျာဉ်သို့ရောက်လျှင် မိဖုရားကို ခေါ်စေ၍ “ရှင်မိဖုရား … မန္တရားကို ယူမည်လော” ဟု မေး၏။ မိဖုရားလည်း “ယူပါမည်” ဟု လျှောက်ထား၏။ “အရှင်မိဖုရား … သို့ဖြစ်လျှင် မန္တရားကို ပူဇော်လော့” ဟု ပြော၏။ “အဘယ်သို့ ပူဇော်ရမည်နည်း” ဟု လျှောက်လေ၏။ “ကျော၌ အချက်ပေါင်း တစ်ရာ ရိုက်သော်လည်း အသံမပြုရ” ဟု ပြော၏။ မိဖုရားသည် မန္တရား၌ တပ်စွန်းလှသဖြင့် “ကောင်းပြီ” ဟု ဝန်ခံလေ၏။ မင်းကြီးသည် သူသတ်ကိုခေါ်၍ မိဖုရားကို နံပါးနှစ်ဖက်၌ ကြိမ်ဖြင့် ရိုက်စေ၏။ မိဖုရားသည် နှစ်ချက် သုံးချက်လောက်သာ အသံမပြုဘဲ သည်းခံနိုင်၍ အလွန်ရိုက်လတ်သော် “မန္တရားကို အလိုမရှိတော့ပါ” ဟု လျှောက်ထားလေ၏။ ထိုအခါ မင်းကြီးသည် မိဖုရားကို “သင်ကား ငါ့ကိုသတ်၍ မန္တရားကို လိုချင်ဘိသည်” ဟု ခြိမ်းခြောက်ကာ ကျော၌ အရေမရှိအောင် ပြုစေ၍ လွှတ်လိုက်၏။ ထိုအခါမှစ၍ မိဖုရားလည်း တစ်ဖန် မန္တရားကို မတောင်းဝံ့တော့လေ၏။

ဤသို့လျှင် မြတ်စွာဘုရားသည် ဒေသနာတော်ကို ဆောင်၍ သစ္စာကို ပြသည်၏အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သေနကမင်းသည် - ယခုအခါ ငြီးငွေ့သောရဟန်း။

မိဖုရားသည် - မယားဟောင်း။

သိန္ဓောမင်းသည် - သာရိပုတ္တရာ။

သိကြားမင်းသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိန်းမနှင့်ပေါင်း၊ သူတော်ကောင်း၊ စိတ်ထောင်းကိုယ်ကြေမှာ။

(၂) မိန်းမနိုင်ငံ၊ လိုက်သူမှန်၊ ဧကန်ပျက်စီးရာ။

(၃) ကျိုးမဲ့ပြုရိုး၊ မိန်းမမျိုး၊ ဆိုးဝါးဓမ္မတာ။

(၄) မင်းကိုမခင်၊ မန္တန်မင်၊ ကျောပြင်အရေကွာ။

ခရပုတ္တဇာတ် ပြီး၏။

***

(၃၈၇) - သူစိဇာတ်

အပ်လုပ်သည့် ပန်းပဲရွာသို့ အပ်ရောင်းလာသော လုလင်၏ ထူးဆန်းသော အပ်ကြောင့် သမီးကညာ ရရှိသော အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပညာတော်ကျေးဇူး လွန်ချီးကျူး

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မြတ်စွာဘုရား၏ ပညာပါရမီကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပန်းပဲသမီးအလှ ချီးကျူးကြ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကတိုင်းဝယ် ပန်းပအမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ပန်းပဲအတတ်၌ အပြီးတိုင် တတ်မြောက်၏။ အမိအဘတို့ကား ဆင်းရဲ နွမ်းပါးကုန်၏။

ထိုပန်းပဲရွာအနီး၌ အိမ်ခြေတစ်ထောင်ရှိသော ပန်းပဲရွာကြီးလည်း တည်ရှိ၏။ အကြီးအကဲ ဖြစ်သော ပန်းပဲသူကြီးသည် မင်းနှင့် အကျွမ်းဝင်၏။ ကြွယ်ဝ၏။ များစွာသော ဥစ္စာရှိ၏။ ထိုပန်းပဲသူကြီး၏ သမီးသည် အဆင်းလှ၏။ နတ်သမီးနှင့်တူ၏။ မိန်းမကောင်းတို့ လက္ခဏာနှင့် ပြည့်စုံ၏။

အနီးရှိ ရွာတို့၌ လူတို့သည် ဓား ပဲခွပ် ပုဆိန် ခက်ရင်း ထွန်သွား စသည်တို့ကို ပြုလုပ်လို၍ ထိုရွာသို့ သွားသည်ရှိသော် များသောအားဖြင့် ထိုသတို့သမီးကို မြင်ကြကုန်၏။ ထိုလူတို့သည် မိမိတို့ရွာသို့ ပြန်လာလတ်သော် ထိုထိုအရပ်၌ ထိုသတို့သမီးကို ချီးမွမ်းကုန်၏။

သံကိုကောင်းစွာ ပန်းပဲလိမ္မာ

ပညာရှိ ပန်းပဲလုလင်သည် ချီးမွမ်းစကားကို ကြားကာမျှဖြင့်လျှင် တပ်စွန်းသောစိတ် ရှိသဖြင့် ထိုသတို့သမီးကို အလုပ်အကျွေးပြုမည်ဟု ကြံစည်လျက် မွန်မြတ်သော သံကို ယူ၍ သိမ်မွေ့လှသော အပ်တစ်ချောင်းကို ပြုလုပ်၏။ နဖားကိုထွင်း၍ ရေ၌ ပေါ်အောင် ပြုလုပ်၏။ အပ်နှင့်တူစွာ နဖားကိုထွင်းလျက် ခုနစ်ထပ်သော အပ်အိမ်တို့ကို ပြုလုပ်၍ ထည့်၏။ အဘယ်သို့ ပြုလုပ်နိုင်မည်းဟု ပြောဆိုခြင်းငှာ မတတ်ကောင်း၊ အလောင်းတော်တို့အား ပညာဉာဏ်ကြီးသောကြောင့် အလိုရှိတိုင်း ပြည့်စုံလေ၏။

ထိုပညာရှိသည် အပ်ကိုယူ၍ ထိုရွာကြီးသို့ သွားကာ ပန်းပဲသူကြီးအိမ်ကို မေး၍ ဝင်ပြီးလျှင် အိမ်တံခါး၌ ရပ်လျက် -

“အချင်းတို့ … အကာမရှိ သိမ်မွေ့၍ သွေးကျောက်ဖြင့် ပွတ်အပ်လျက် နဖားထွင်းအပ်သည် ဖြစ်၍ အဖျားချွန်ထက်သော အပ်ကို အဘယ်သူ ဝယ်လိုသနည်း” ဟု မိမိပြုအပ်သော အပ်၏အကြောင်းကိုသာ ပြောဆို ချီးမွမ်း၏။ နောက်ထပ်တစ်ဖန်လည်း -

“အချင်းတို့ … ကုရုဝိန္ဒက မည်သော ကျောက်မှုန့်ဖြင့် ကောင်းစွာ ပွတ်အပ်သည်ဖြစ်၍ နဖား ကောင်းစွာ ထွင်းအပ်ျက် အစဉ် သဖြင့် ကောင်းစွာ လုံး၍ တူဖြင့်ထုလျှင် ပေကို ထုတ်ချင်း ထွင်းဖောက်နိုင်အောင် မာကျောလှသော အပ်ကို အဘယ်သူ ဝယ်လိုသနည်း” –

ဟူ တစာစာ ပြောဆိုကာ ချီးမွမ်းပြန်၏။

ကိုယ့်ကိုထင်ကြီး ပန်းပဲသမီး

ထိုခဏ၌ ထန်းရွက်ယပ်ကို ခပ်ကာ ဖျော်ဖြေ၍ နေသော သတို့သမီး ကြားလတ်သော် စိုသော အသားစိုင်ဖြင့် နှလုံးကို ခတ်မိသကဲ့သို့ လည်းကောင်း၊ ရေအိုးတစ်ထောင်ဖြင့် သွန်းလောင်းသကဲ့သို့ လည်းကောင်း အေးချမ်းစေလျက် ဤသူကား သာယာစွာသော အသံဖြင့် ချီးကျူးကာ ပန်းပဲရွာသို့လာ၍ အပ်ကို ရောင်းဘိ၏။ အဘယ်သူနည်း၊ အဘယ်ကိစ္စဖြင့် လာသနည်း၊ ထိုသူကို မေးမည်ဟု ထန်းရွက်ယပ်ကို ချခဲ့၍ အိပ်ပသို့ထွက်ကာ အိမ်ဦး၌ ရပ်လျက် -

“အို-လုလင် … သင်သည် တစ်နေ့လုံး အပ်၏ ကျေးဇူးကို ပြောဆိုနေသော်လည်း သင့်အပ်ကို မည်သူမျှ ဝယ်ကြလိမ့်မည် မဟုတ်၊ တစ်ပြည်လုံး ဤရွာသို့လာ၍ အပ်ဝယ်ကြရသည်၊ ပန်းပဲရွာသို့ လာ၍ အပ်ရောင်းခြင်းမှာ မိုက်မဲ၍ သာ ဖြစ်သည်” –

ဟု စကားစ၍ ပြောလေ၏။

ကဲ့ရဲ့ပြောဆို လုလင်ကို

ပန်းပဲ ပညာရှိလည်း ရည်ရွယ်၍ လာသော သတို့သမီးကိုယ်တိုင် စကားလာ၍ ပြောသဖြင့် လိုအင်ဆန္ဒ ပြည့်စုံလေ၏။ သတို့သမီးလည်း နောက်တစ်ဖန် “အို လုလင် … အဖိုးငွေကို အလိုရှိလျှင် အခြားရွာသို့ သွား၍ ရောင်းလော” ဟု ပြောဆိုပြီးလျှင် -

“အို လုလင် … ယခုအခါ ဤရွာမှ အပ်တို့သည်လည်းကောင်း၊ သံကောက်တို့သည် လည်းကောင်း ထွက်ကုန်၏၊ ဤသို့သော ပန်းပဲရွာ၌ အပ်ကို ရောင်းလိုသူကား အဘယ်သူတဲ့နည်း” –

“အို လုလင် … ဤရွာမှ တံစည်း၊ စူး၊ ဆောက် စသော ဘဏ္ဍာကို ရောင်းဝယ် ဖောက်ကားကုန်သော လှည်းကုန်သည်တို့သည် လည်းကောင်း၊ များစွာသော အမှုလုပ်တို့သည် လည်းကောင်း ထွက်ကုန်၏၊ ဤသို့သော ပန်းပဲရွာ၌ အပ်ရောင်းလိုသူကား အဘယ်သူတဲ့နည်း” –

ဟု ပြောဆိုကာ ကဲ့ရဲ့ရှုတ်ချပြန်လေ၏။

လုလင် ပြောရေး သူကြီး ခေါ်မေး

ပန်းပဲပညာရှိသည် သတို့သမီး ပြောဆိုသောစကားကို ကြားလျှင် -

“နှမ … ပညာရှိ ယောကျာ်းသည် အပ်ကို ပန်းပဲရွာ၌ ပင် ရောင်းရမည်၊ ပြုလုပ်စီမံပုံ ကောင်းသည် မကောင်းသည်ကို ပန်းပဲဆရာတို့သာ သိကုန်၏” –

“နှမ … ငါသည် ပြုလုပ်စီမံအပ်သဖြင့် သတ္တိထူးရှိသော ဤအပ်ကို အကယ်၍ သင့်ဖခင် သိပါမူ သင် နှမဖြင့်လည်း ငါ့ကို ဖိတ်ရာ၏၊ ဤအိမ်၌ သင်နှမမှ တစ်ပါးသော ဥစ္စာဖြင့်လည်း ဖိတ်ရာ၏” –

ဟု မိမိ၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းကာ သတို့သမီးအား ပြန်ကြား ပြောဆိုလေ၏။ ထိုအခါ ပန်းပဲသူကြီးသည် သမီးနှင့် လုလင်တို့ ပြောဆိုနေသော စကားအလုံးစုံကို ကြားလျှင် “ချစ်သမီး … အဘယ်သူနှင့ စကားပြောသနည်း” ဟု မေး၏။ “ဖခင် … အပ်လာရောင်းသူ တစ်ယောက်နှင့် စကားပြောပါသည်” ဟု ပြော၏။ “ချစ်သမီး … အပ်ရောင်းလာသူကို ခေါ်ခဲ့ပါ” ဟု စေခိုင်းလေ၏။ သတို့သမီးလည်း သွား၍ ခေါ်လေ၏။ ပန်းပဲပညာရှိလည်း အိမ်သို့ဝင်၍ ပန်းပဲသူကြီးကို ရှိခိုးကာနေ၏။

အပ်ကိုကြည့်ရန် စည်းဝေးပြန်

ထိုအခါ ပန်းပဲသူကြီးသည် ပဋိသန္တရာက စကားကို ပြောဆိုပြီးလျှင် “အမောင် … ဘယ်အတွက် လာသနည်း” ဟု မေး၏။ “အရှင် … အပ်ရောင်းလို၍ လာပါသည်” ဟု ပြော၏။ “အမောင် …. သင့်အပ်ကို ကြည့်လိုသည် ပြပါ” ဟု ပြော၏။ ပန်းပဲပညာရှိသည် မိမိကျေးဇူးကို တစ်ရွာလုံး သိစေလိုသဖြင့် “အရှင် … တစ်ယောက်တည်း ကြည့်ခြင်းထက် လူတို့အလယ်မှာ ကြည့်ခြင်းသည် သင့်မြတ်ပါ၏” ဟု ပြောဆိုလေ၏။ ထိုအခါ ပန်းပဲသူကြီးသည် တစ်ရွာလုံး စည်းဝေးစေ၍ “အမောင် … အပ်ကို ထုတ်၍ ပြပါ၊ ကြည့်လိုကြသည်” ဟု ပြော၏။ “အရှင် … ပေတစ်ခုနှင့် ရေပြည့်သော ကြေးခွက်တစ်ခုကို အလိုရှိပါ၏” ဟု ပြောပြန်၏။ “အမောင် … ကောင်းပြီ” ဟု ဆို၍ ယူဆောင်စေ၏။

အပ်ကိုကြည့်ရန် စည်းဝေးပြန်

ထိုခဏ၌ ပန်းပဲပညာရှိသည် အပ်ကျည်ကို ထုတ်၍ ပေး၏။ ပန်းပဲသူကြီးသည် အပ်ကျည်မှ အပ်ကို ထုတ်၍ “အမောင် … ဤကား အပ်လော” ဟု ပြော၏။ “အရှင် … မဟုတ်ပါ၊ အပ်ကျည် ဖြစ်ပါ၏” ဟု ပြော၏။ ပန်းပဲ သူကြီးသည် စုံစမ်းသော်လည်း အစနှင့် အဆုံးကို မမြင်လေ။ ထိုအခါ ပန်းပဲပညာရှိသည် ယူ၍ အစဉ် သဖြင့် လက်သည်းဖြင့် အပ်အိမ်ကို ပယ်၍ ချလေ၏။ အပ်လောဟု မေးပြန်၏။ နောက် အိမ်တစ်ထပ်ကို ခွာ၍ ချပြန်၏။ အပ်လောဟု မေးပြန်၏။ ဤနည်းဖြင့် ခုနစ်ကြီးတိုင်အောင် ခွာ၍ ချလေ၏။ နောက် အပ်ကိုယူ၍ ဤသည်လျှင် အပ်ဖြစ်ပါသည်ဟု ပြောကာ ပန်းပဲသူကြီးလက်၌ ထားလေ၏။ ပန်းပဲတစ်ထောင်တို့သည် လက်ဖျားခါကြကုန်၏။ ဦးရစ်ပုဆိုးတို့ကို ပစ်ကြကုန်၏။

အပ်၏စွမ်းပြ အံ့ဩရ

ထိုအခါ ပန်းပဲသူကြီးသည် အပ်ကိုကြည့်၍ “အမောင် … ဤအပ်ဖြင့် အဘယ် အကျိုးရှိသနည်း” ဟု မေး၏။ “အရှင် … ပေအောက်တွင် ရေခွက်ထား၍ ပေပေါ်တင်ကာ အားကောင်းသော ယောကျ်ားကို ထုပါစေ” ဟု ဆို၏။ ပန်းပဲသူကြီးလည်း ပြောဆိုသည့်အတိုင်း ပြုလေ၏။ အပ်သည် တူဖြင့် ထုသောအခါ ပေကိုဖောက်၍ ရေ၌ ကျပြီးလျှင် မနစ်ဘဲကန့်လန့်ပေါ်၍ တည်၏။ ပန်းပဲတို့ မြင်ကြလျှင် ငါတို့သည် ဤမျှလောက်ကာလတိုင်အောင် ပန်းပဲတို့မည်သည် ဤသို့သဘော ရှိကုန်၏ဟု ပြောသော စကားမျှကိုပင် မကြားစဖူးကုန်၊ အလွန်အံ့ဩ ချီးမွမ်းကြလျက် လက်ဖျားခါကြကုန်၏။ ဦးရစ်ပုဆိုးတို့ကို ပစ်ကြပြန်ကုန်၏။

ထိုနောက် ပန်းပဲသူကြီးသည် သမီးကိုခေါ်၍ ပရိသတ်အလယ်မှာပင် ပန်းပဲပညာရှိနှင့် ထိမ်းမြားလက်ထပ်လေ၏။ ထိုပန်းပဲပညာရှိသည် နောက်အဖို့၌ ပန်းပဲသူကြီး သေလွန်သောအခါ ပန်းပဲသူကြီး ဖြစ်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပန်းပဲသူကြီး သမီးသည် - ရာဟုလာမယ်တော်

ပန်းပဲပညာရှိသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပညာဉာဏ်စွမ်း၊ အံ့ဘနန်း၊ ချီးမွမ်းမကုန်နိုင်။

(၂) ပညာပြည့်ကြွယ်၊ လူအလယ်၊ တင့်တယ်ကြီးပွားနိုင်။

(၃) ပန်းပဲလိမ္မာ၊ အပ်လုပ်ရာ၊ ကညာရပိုင်ပိုင်။

သူစိဇာတ် ပြီး၏။

***

(၃၈၈) - တုဏ္ဍိလဇာတ်

တစ်ပြည်လုံးကြားအောင် တရားဟောစွမ်းနိုင်သော မဟာတုဏ္ဍိလ ဝက်မင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သေဘေးအတွက် လွန်ကြောက်လျက်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်သား ရဟန်းတစ်ပါးသည် သေဘေးမှ အလွန်ကြောက်သတတ်။ အနည်းငယ် လှုပ်ရှားခြင်းကို မြင်၍ လည်းကောင်း၊ အသံကြား၍ လည်းကောင်း ဝမ်းတွင်းသို့ ဝင်၍ သွားဘိသကဲ့သို့ အလွန်ကြောက်ရွံ့ တုန်လှုပ်၏ သတ္တဝါတို့အား သေခြင်းသည် မြဲ၏၊ အသက်ရှည်ခြင်းသည် မမြဲဟု အသင့်အတင့် နှလုံးသွင်းခြင်း မရှိ။

ရဟန်းတို့သည် တရားသဘင်၌ ထိုရဟန်း၏ ကြောက်ရွံ့တုန်လှုပ်သော အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ … ဤရဟန်းသည် ယခုအခါ၌ သာ သေဘေးမှ ကြောက်တတ်သည်မဟုတ်၊ ရှေးအခါ၌ လည်း ကြောက်တတ်သည် သာတည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သားမှတ်မွေးလှောင် ဝက်ညီနောင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဝက်မဝမ်း၌ ပဋိသန္ဓေနေ၍ ဝက်မသည် ကိုယ်ဝန်ရင့်လတ်သော် ဝက်ငယ်နှစ်ကောင်တို့ကို မွေးဖွားလေ၏။

တစ်နေ့သ၌ ဝက်မသည် သားငယ်နှစ်ကောင်နှင့်တကွ ကျင်းတစ်ခုတွင် ဝပ်၍ နေ၏။ ထိုအခိုက် ဗာရာဏသီမြို့ တံခါး၌ နေသော မိန်းမအို တစ်ယောက်သည် တောင်ဝှေးကို ထောက်၍ လာ၏။ ဝက်မသည် တောင်ဝှေးသံကို ကြားလတ်သော် သေဘေးမှ ကြောက်သဖြင့် သားငယ်ကိုစွန့်၍ ပြေးလေ၏။

မိန်းမအိုသည် ဝက်ငယ်တို့ကို မြင်လျှင် သားအမှတ်ဖြင့် တောင်း၌ ထည့်၍ အိမ်သို့ယူဆောင်ကာ မွေးမြူလျက် အကြီးကို မဟာတုပဏ္ဍိလ အငယ်ကို စူဠတူဏ္ဍိလဟု အမည်မှည့်၏။ ထိုဝက်ငယ်တို့သည် နောက်အဖို့၌ ကြီးထွားသောကိုယ်ရှိကုန်၏။ အဖိုးဖြင့် ဝယ်သော်လည်း သားဟူသော အမှတ်ဖြင့် တစ်စုံတစ်ယောက်သောသူအား မရောင်းလေ။

ဖွားအိုရောင်းစား သေကြူးများ

ဗာရာဏသီပြည်ဝယ် ပွဲသဘင် ကျင်းကသဖြင့် သေသောက်ကြူးတို့သည် သေရည်ကို သောက်ကြရာ အမဲသားကုန်လေ၏။ ရှာဖွေစုံစမ်းလတ်သော် သူအိုမအိမ်၌ ဝက်နှစ်ကောင် ရှိသည်ကိုသိ၍ အိမ်သို့သွားကာ အဖိုးဖြင့် ဝယ်ကြကုန်၏။ သူအိုမသည် မရောင်းလေ။ ထိုအခါ သူအိုမအား သေရည် အနည်းငယ်ကို တိုက်ကြကုန်၏။ မူးယစ်၍ သတိမေ့လတ်သော် သေသောက်ကြူးတို့သည် သူအိုမထံ ဝက်တစ်ကောင် အဖိုးပေး၍ ဝယ်ကြကုန်၏။ သူအိုမသည် အသပြာကိုယူ၍ စူဠတုဏ္ဍိလကို ရောင်းလေ၏။

သေသောက်ကြူးတို့သည် စူဠတုဏ္ဍိလကို ဖမ်းရန် အိမ်တံခါးရှိ စားကျင်းတွင် အစာအပြည့်ထည့်၍ ကျော့ကွင်းလက်နက်တို့ကို ကိုင်ကာ အသင့် ပြင်ဆင်ထားကုန်၏။ သူအို်မလည်း စားကျင်းအနီး၌ နေ၍ “ချစ်သား … စူဠတုဏ္ဍိလ လာလော့၊ ထမင်းစားလှည့်လော့” ဟု ခေါ်လေ၏။

သေဘေးကြောက်လှ ကုဏ္ဍိလ

မဟာတုဏ္ဍိလသည် အမိအို ခေါ်သံကို ကြားလျှင် “ငါတို့အမိသည် ဤမျှသော ကာလပတ်လုံး အစာကျွေးသောအခါ စူဠတုဏ္ဍိလကို ရှေးဦး ခေါ်လေ့မရှိ၊ င့ါကိုသာ ရှေးဦးစွာ ခေါ်လေ့ရှိ၏၊ ယနေ့ ငါတို့အား မချွတ် သေဘေးရောက်လတ္တံ့” ဟု သိ၍ စူဠတုဏ္ဍိလကို ခေါ်ပြီးလျှင် “ညီထွေး … သင့်ကို အမိအို ခေါ်နေသည်၊ သွား၍ စုံစမ်းချေ” ဟု စေခိုင်း၏။ စူဠတုဏ္ဍိလသည် ချုံမှထွက်၍ စုံစမ်းရာ ထမင်းစားကျင်းအနီး၌ သေသောက်ကြူးတို့ကို မြင်လျှင် ယနေ့ ငါ့အား သေဘေးရောက်ပြီဟု အလွန်ကြောက်ရွံ့ တုန်လှုပ်လျက် အစ်ကိုထံလာ၍ လည်လေ၏။

ညီငယ် ဆုံးမ တရားပြ

ထိုအခါ မဟာတုဏ္ဍိလသည် “ညီထွေး … ယခုအခါ သင်သည် လည်ဘိ၏၊ ပြေးဝင်ရာအရပ်ကိုကြည့်၍ အဘယ်ကြောင့် လည်သနည်း” ဟု မေးလေ၏။ စူဋတုဏ္ဍိလသည် -

“နောင်တော် … ယခုအခါ စားကျင်းဝယ် အစာသစ်တို့ဖြင့် ပြည့်လျှံ၍ နေ၏၊ ငါတို့ အမိအိုလည်း စားကျင်းအနီး၌ နေ၏၊ ကျော့ကွင်း လက်နက်ကိုင်တို့လည်း စားကျင်းအနီး၌ အများအပြားရှိကုန်၏၊ ဤအစာကို မနှစ်သက် မစားလိုပါ” –

ဟု မိမိ မြင်ရသော အကြောင်းကို ပြောဆိုလေ၏။

မဟာတုဏ္ဍိလသည် စူဠတုဏ္ဍိလကို စကားကိုကြားလျှင် -

“ညီထွေး … သင်ကား ထိတ်လန့်ဘိ၏၊ လည်ဘိ၏၊ ပုန်းအောင်းရာကို ရှာလို၏၊ ကိုးကွယ်ရာမရှိပေ၊ အဘယ်သို့ သွားမည်နည်း၊ ကြောင့်ကြမရှိ စားပါ၊ ငါတို့ကို အသားအတွက် မွေးမြူအပ်ကုန်၏၊ ညီထွေး … ညွန်မရှိသော ရေကန်သို့ သက်ဆင်းလော့၊ အလုံးစုံသော ချွေး အညစ်အကြေးတို့ကို ဆေးကြောလော့၊ အမြဲမပြတ် မွှေးကြိုင်နေသော နံ့သာသစ်ကို လိမ်းကျံလော့” –

ဟု အကျိုးအကြောင်းပြကာ တရားဟော၏။

ဝက်မင်းတရား ပြည်လုံးကြား

ပါရမီဆယ်ပါးကို ဆင်ခြင်လျက် မေတ္တာပါရမီကို ရှေ့ထားကာ တရားဟောသော မဟာတုဏ္ဍိလ အသံသည် တစ်ဆယ့်နှစ်ယူဇနာရှိ ဗာရာဏသီပြည်အလုံးကို လွှမ်း၍ သွားလေ၏။ အိမ်ရှေ့မင်း စသော ကြားတိုင်း ကြားတိုင်းသောသူတို့သည် စည်းဝေးရောက်လာ၍ တရားနာကြကုန်၏။ မလာသော သူတို့လည်း အိမ်၌ နေလျက် တရားနာကြကုန်၏။ မင်းပရိသတ်တို့သည် ချုံကို သုတ်သင်၍ မြေကိုညှိပြီးလျှင် သဲဖြူခင်းကြကုန်၏။ သေသောက်ကြူးတို့လည်း သေရည် အမူးပြေလျက် ကျော့ကွင်း လက်နက်တို့ကို စွန့်ပစ်ကာ တရားနာကြကုန်၏။ သူအိုမလည်း သေရည်အမူးပြေလေ၏။

စူဋတုဏ္ဍိလသည် အစ်ကို ဟောသော တရားကိုကြားလျှင် ငါတို့အမျိုးအနွယ်၌ ရေကန်သို့ဆင်း၍ ချွေး အညစ်အကြေးကို ဆေးကြောခြင်း၊ နံ့သာသစ်ကို လိမ်းကျံခြင်းမည်သည် အဘယ်အခါကမျှ မရှိခဲ့စဖူး၊ ငါ့အစ်ကိုသည် အဘယ်ကိုရည်၍ ဟောသနည်းဟု ကြံစည်ကာ -

“နောင်တော် … ညွန်မရှိသော ရေကန်ကား အဘယ်ပါနည်း၊ ချွေးအညစ်အကြေးကား အဘယ်ပါနည်း၊ အမြဲမပြတ် မွှေးကြိုင်သော နံ့သာသစ်ကား အဘယ်ပါနည်း” –

ဟု နောင်တော်အား မေးလေ၏။

ဝက်မင်းတရားပြ ချီးမြှောက်ကြ

ထိုအခါ မဟာတုဏ္ဍိလသည် ညီတော် စူဠတုဏ္ဍိလ စကားကို ကြားလျှင် -

“ညီထွေး … နိဗ္ဗာန်တရားကို ညွှန်မရှိသော ရေကန်ဟုဆိုပါ၏၊ မကောင်းမှုကို ချွေးအညစ်အကြေးဟု ဆိုပါ၏၊ သီလကို နံ့သာသစ်ဟု ဆိုပါ၏၊ ထိုသီလကား အမြဲမပြတ် မွှေးကြိုင်၍ နေပါ၏၊ သတ္တဝါကို သတ်သောသူတို့သည် နှစ်သက်ကြကုန်၏။ အသတ်ခံရသော သတ္တဝါတို့သည် မနှစ်သက်ကြကုန်၊ လပြည့်နေ့၌ မွေ့လျော်ကုန်လျက် သီလအကျင့်နှင့် ပြည့်စုံသူတို့သည် အသက်ကို စွန့်ကုန်၏” –

ဟု စူဠတုဏ္ဍိလအား သဗ္ဗညုဘုရားကဲ့သို့ သာယာစွာသော အသံဖြင့် တရားဟောလေ၏။

လူတို့သည် လက်ဖျားခါကုန်၏။ ဦးရစ်၊ ပုဆိုးတို့ကို ပစ်လွှင့်ကုန်၏။ ကောင်းချီးသံ စသည် ကောင်းကင်တစ်ခုလုံး ပြည့်၍ နေ၏။ ဗာရာဏသီမင်းသည် မဟာတုဏ္ဍိလအား မင်းအဖြစ်ဖြင့် ပူဇော်၍ သူအိုမအားလည်း စည်းစိမ်များစွာ ပေးပြီးလျှင် ဝက်နှစ်ကောင်တို့ု နံ့သာချိုးစေ၍ နံ့သာ လိမ်းကျံစေပြီးလျှင် သားအရာ၌ ထား၍ အခြံအရံများစွာဖြင့် လုပ်ကျွေး မွေးမြူလေ၏။

ပြည်အလုံး ဆုံးမ တောဝင်ကြ

မဟာတုဏ္ဍိလ ဝက်မင်းသည် မင်းကြီးနှင့်တကွ လူတို့ကို ပဉ္စသီကို ပေး၏။ လူအများကိုလည်း တရားဟောလေ၏။ အဂတိ မလိုက်စားဘဲ တရားဆုံးဖြတ်၏။ ထိုအခါ ကောက်ကျစ် စဉ်းလဲ၍ တရားပြုသောသူ မည်သည်မရှိ၊ နောက်အဖို့၌ မင်းကြီး သေလွန်လတ်သော် ဝက်မင်းသည် သင်္ဂြိုဟ်ခြင်း ကိစ္စကို ပြုပြီးလျှင် တရားဆုံးဖြတ်နည်း ဖြတ်ထုံးတို့ကို ပေ၌ ရေးစေ၍ “ဤစာကို ကြည့်ပြီးလျှင် တရားဆုံးဖြတ်ကြလော့” ဟု မှာထား ဆုံးမခဲ့၍ တောသို့ ဝင်လေ၏။ ထိုမဟာတုဏ္ဍိလ ဝက်မင်း၏ အဆုံးအမသည် အနှစ်ခြောက်သောင်း တည်ရစ်လေ၏။

သစ္စာကို ပြသည်၏အဆုံး၌ သေဘေးမှ ကြောက်ရွံ့ထိတ်လန့်သော ရဟန်းသည် သေတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

စူဋတုဏ္ဍိလသည် - သေဘေးကို ကြောက်သော ရဟန်း။

မဟာတုဏ္ဍိလသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အကု-ညစ်ကြေး၊ တရားအေး၊ ညွန်စေမဲ့ရေခေါ်။

(၂) သီလ နံ့သာ၊ လိမ်းကျံပါ၊ ခါခါမွှေးသနော်။

(၃) မဟာတုဏ္ဍိလ၊ ဆုံးအမ၊ ဝဿမြောက်သောင်းပေါ်။

တုဏ္ဍိလဇာတ် ပြီး၏။

***

(၃၈၉) - သုဝဏ္ဏကက္ကဋဇာတ်

မြွေဟောက် ကိုက်သဖြင့် မြွေဆိပ်တက်သော မိတ်ဆွေပုဏ္ဏားကို မြွေဆိပ်ပြယ်စေပြီး မြွေနှင့် ကျီးကို မိမိလက်မဖြင့် ညှပ်၍ သတ်သော ရွှေပုစွန် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အာနန္ဒာကျေးဇူး လွန်ချီးကျူး

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အာနန္ဒာ မထေရ်သည် မြတ်စွာဘုရားအတွက် အသက်စွန့်ခြင်းကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပုဏ္ဏားရွှေပုစွန် ချစ်ကျွမ်းလွန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဗာရာဏသီပြည် အရှေ့မျက်နှာ၌ သာလိခိယ မည်သော ရွာဝယ် လယ်လုပ်သော ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ထိုရွာ အရှေ့မြောက် အရပ်၌ ပယ်တစ်ထောင်မျှ ကျယ်ဝန်းသော လယ်တို့ကို ထွန်စေ၏။

ပုဏ္ဏားလုလင်သည် တစ်နေ့သ၌ လယ်တောသို့သွား၍ အမှုလုပ်တို့အား ထွန်စေပြီးလျှင် လယ်အနီးရှိ ထုံးအိုင်ကြီး၌ မျက်နှာသစ်လေ၏။ ထိုထုံးအိုင်၌ လည်း ရွှေပုစွန်တစ်ကောင်သည် နေ၏။ အလွန် အဆင်းလှ၍ ကြည်ညိုဖွယ်ရှိ၏။ ပုဏ္ဏားလုလင်သည် ဒန်ပူ စားပြီး၍ မျက်နှာသစ်သောအခါ ရွှေပုစွန်ကိုမြင်လျှင် ဖမ်းယူကာ အပေါ်ရုံ ပုဆိုးအတွင်း၌ အိပ်စေ၍ အမှုကိစ္စပြီးလျှင် ရွှေပုစွန်ကို ထုံးအိုင်၌ လွှတ်၍ အိမ်သို့ပြန်၏။ ဤနည်းဖြင့် လက်တောသို့ လာတိုင်း လာတိုင်း ပြုလုပ်၏။ သို့အတွက် ပုဏ္ဏားလုလင်နှင့် ရွှေပုစွန်တို့သည် အလွန် ချစ်ကျွမ်းဝင်ကြကုန်၏။

ပုဏ္ဏားမျက်စိ ကျီးအလိုရှိ

လယ်တောသို့ မပြတ်လာသော လုလင်၏ ကြည်လင်တောက်ပသော မျက်လုံးတို့ကို လယ်အစွန်းရှိ ထန်းပင်ဖျားဝယ် အသိုက်၌ နေသော ကျီးမတစ်ကောင် မြင်လျှင် စားလိုသော ချင်ခြင်း ဖြစ်သဖြစ် ကျီးဖိုအား ပြောကြားပူဆာလေ၏။ ကျီးဖိုသည် ငါ မတတ်နိုင်ဟု ပြောကြားလေ၏။ ကျီးမသည် ထန်းပင်အနီးရှိ တောင်ပို့တွင်နေသော မြွေဟောက်နှင့် မိတ်ဖွဲ့၍ ကိုက်စေရလျှင် ပုဏ္ဏားလုလင် သေလိမ့်မည်၊ ထိုအခါ မျက်လုံးကို ယူ၍ ပေးပါဟု အကြံပေးလေ၏။

ထိုအခါ ကျီးဖိုသည် မြွေဟောက်ထံသွား၍ ခစားကာ မိတ်ဖွဲ့လေ၏။ ကျီးဖိုလည်း ကျီးမ ချင်ခြင်းဖြစ်ကြောင်းကို ပြောကြားပြီးလျှင် “အရှင့်အာနုဘော်ဖြင့် ပုဏ္ဏားျက်စိတို့ကို ရလိုပါ၏၊ သို့အတွက် ပုဏ္ဏားလာသောအခါ ကိုက်သတ်ပေးပါ” ဟု တောင်းပန်လေ၏။ မြွေဟောက်သည် “ကောင်းပြီ” ဟု ဝန်ခံ၍ နက်ဖြန်နေ့ဝယ် ပုဏ္ဏားလာရာ လမ်းခရီးဖြစ်သော လယ်ကန်သင်းရှိ မြက်ဖုတ်ဖြင့် ဖုံးလွှမ်းကာ ပုဏ္ဏားအလာကို စောင့်၍ နေ၏။

မြွေနှင့်ပေါင်းမှ ကျီးလိုကျ

နက်ဖြန်နေ့ဝယ် ပုဏ္ဏားလုလင် လယ်တောသို့ လာလတ်သော် ရှေးဦးစွာ သွားနေကျဖြစ်သော ထုံးအိုင်သို့သွား၍ မျက်နှာသစ်ပြီးလျှင် ရွှေပုစွန်ကို ဖမ်း၍ အပေါ်ရုံကြား၌ အိပ်စေလျက် လယ်တောသို့ သွားလေ၏။ မြွေဟောက်သည် အနီးသို့ရောက်လျှင် လျင်မြန်စွာထ၍ ပုဏ္ဏားလုလင်၏ ခြေဖနောင့်သားကို ကိုက်၍ တောင်ပို့သို့ ပြေးလေ၏။ ပုဏ္ဏားလုလင်သည် ထိုအရပ်တွင်လဲ၍ မေ့မြောလျက် နေ၏။ ရွှေပုစွန်လည်း အပေါ်ရုံကြားမှထွက်၍ ကျလေ၏။ ကျီးလည်း လာ၍ ပုဏ္ဏားလုလင်၏ ရင်ဘတ်ပေါ်၌ နား၍ နှုတ်သီးဖြင့် မျက်စိတို့ကို ထိုးဆိတ်လေ၏။

မိတ်ဆွေရန်ပြု ကယ်ဆယ်မှု

ထိုအခါ ရွှေပုစွန်သည် အဆွေခင်ပွန်းအား ဘေးဖြစ်သည်ကိုသိ၍ ကျီး၏လည်ပင်းကို တက်မဖြင့် မြဲစွာညှပ်၏။ ကျီးသည် နာကျင်သဖြင့် အော်လေ၏။ ပုစွန်သည် အနည်းငယ် လျှော့ထား၏။ ထိုအခါ ကျီးသည် -

“အို … အဆွေမြွေ … ရှည်သော မျက်လုံးရှိ၍ အရိုးဟူသော အရေဖုံးလျက် ရေ၌ နေသော အမွေးမရှိသော ရွှေပုစွန်သည် ငါ့ကို တက်မဖြင့် ညှပ်သဖြင့် ဆင်းရဲစွာ ငိုကြွေးရ၏၊ သင် အဘယ်ကြောင့် ငါ့ကို စွန့်ပစ်၍ သွားသနည်း” –

ဟု မြွေကို ပြောဆိုကာ ကူညီရန် ခေါ်လေ၏။ မြွေလည်း ကျီးစကားကိုကြားလျှင် ပြန်လည်၍ ပါးပျဉ်းထောင်ကာ အဆွေကျီးကို ကူညီရန်လာ၏။

ထိုအခါ ရွှေပုစွန်သည် တက်မ တစ်ဖက်ဖြင့် မြွေ၏ လည်ပင်းကို ညှပ်ပြန်၏။ မြွေသည် ပုစွန်တို့မည်သည်ကား ကျီးသားကိုလည်း မစားကုန်၊ မြွေသားကိုလည်း မစားကုန်၊ သို့ဖြစ်ပါလျက် အဘယ်ကြောင့် ဖမ်းယူဘိသနည်းဟု ကြံစည် တွေးတောလျက် -

“အို- ရှည်သော မျက်လုံးရှိသော ပုစွန် … သင်ကား စားလို၍ ကျီးကိုလည်း မဖမ်းယူရာ၊ မြွေကိုလည်း မဖမ်းယူရာ၊ သို့ဖြစ်လျက် ငါတို့နှစ်ဦးကို အဘယ်ကြောင့် ဖမ်းယူဘိသနည်း” –

ဟု ရွှေပုစွန်အား မေးလေ၏။ ထိုအခါ ရွှေပုစွန်သည် -

“အို - မြွေဟောက် … ဤယောကျ်ားကား ငါ့ကို ယူ၍ ရေအိုင်သို့ ပို့ဆောင်ပေ၏။ ငါ၏ အကျိုးစီးပွားကို အလိုရှိပေ၏၊ ထိုယောကျ်ား သေလတ်သော် င့ါအား များစွာသောဆင်းရဲ ဖြစ်လိမ့်မည်၊ ငါနှင့် ဤယောကျ်ား နှစ်ယောက်လုံး ရှိကြမည် မဟုတ်။

ကိုယ်ကြီးသော ငါ့ကိုမြင်၍ လူအများသည် သတ်ဖြတ် ညှဉ်းဆဲလိုရာ၏၊ ကောင်းမြတ် ဆူဖြိုး၍ နူးညံ့သော အသားရှိသော ငါ့ကို ကျီးတို့မြင်လတ်သော် ညှဉ်းဆဲကုန်ရာ၏” –

ဟု မြွေဟောက်အား ပြောကြားလေ၏။

မြွေဥပါယ်လှည့် ပုစွန်သိ

ထိုအခါ မြွေဟောက်သည် ဥပါယ်တံမျဉ်ဖြင့် လှည့်စား၍ ငါနှင့် ကျီးကို လွှတ်စေမည်ဟု ကြံစည်လျက် -

“အဆွေပုစွန် … ဤယောကျ်ား၏ အကြောင်းကြောင့် ငါတို့နှစ်ဦးကို အကယ်၍ ဖမ်းပါမူ ထိုယောကျ်ား၌ အဆိပ်မရှိအောင် ငါသည် အဆိပ်ကို စုပ်ယူပါမည်၊ အဆိပ်ပြင်းထန်စွာ မတတ်မီ ငါ့ကို လည်းကောင်း၊ ကျီးကို လည်းကောင်း လွှတ်ပါ” –

ဟု ဖြားယောင်း ပြောဆိုပြန်၏။ ထိုအခါ ပုစွန်သည် မြွေကား တစ်ခုသော အကြောင်းဥပါယ်ဖြင့် သတ္တဝါနှစ်ဦးတို့ကို ငါ့ကို မသိလေယောင်တကား၊ ငါသည် မြွေဟောက်ကို အဆိပ် စုပ်နိုင်ရုံမျှသာ လျှော့၍ ပေးမည်၊ ကျီးကိုကားလွှတ်မည်မဟုတ်ဟု ကြံစည်ပြန်လျက် -

“အဆွေမြွေဟောက် … သင့်ကို ရှေးဦးစွာ လွှတ်မည်၊ ကျီးကို မလွှတ်သေး၊ ကျီးကား ရှေးဦးစွာ ဝန်ခံသူဖြစ်၏၊ ချမ်းသာ၍ အနာရောဂါ မရှိသော ယောကျ်ားကို မြင်ရသည်ရှိသော် မြွေကို လွှတ်သကဲ့သို့ပင် ကျီးကိုလည်း လွှတ်ပါမည်”-

ဟု ပြောဆိုပြီးလျှင် အဆိပ်ကို စုပ်ယူရန် မြွေကို ညှပ်ထားသော တက်မကို အနည်းငယ် လျှော့လိုက်၏။

မိတ်ဆွေရန်စွယ် သုတ်သင်ပယ်

ထိုအခါ မြွေဟောက်သည် ကိုက်ရာအရပ်မှတစ်ဖန် အဆိပ်ကို စုပ်ယူလေ၏။ ပုဏ္ဏားလုလင်သည် မြွေဆိပ်မရှိလျှင် အနာရောဂါမရှိ ပကတိအတိုင်း ဖြစ်လေ၏။ ထိုနောက်ပုစွန်သည် ဤနှစ်ဦးသော သတ္တဝါတို့အား အကယ်၍ အသက်ကို ချမ်းသာပေးအံ့၊ င့ါအဆွေ အကျိုးစီးပွား ဖြစ်လိမ့်မည် မဟုတ်၊ ထိုသတ္တဝါ နှစ်ဦးလုံးကိုပင် သတ်ဖြတ် ဖျက်ဆီးမည်ဟု ကြံစည်ပြီးလျှင် ကတ်ကြေးဖြင့် ကြာရိုး ကြာစွယ်ကို ဖြတ်သည့်အလား သတ္တဝါ နှစ်ဦးလုံးတို့၏ လည်ပင်းတို့ကို တိတိပါအောင် ဖြတ်လေ၏။ ကျီးနှင့်မြွေဟောက်တို့လည်း ထိအရပ်မှာပင် သေကျေ ပျက်စီးကြကုန်၏။

ကျီးမလည်း ထိုအရပ်မှ ပြေးလေ၏။ ပုဏ္ဏားလုလင်လည်း မြွေသေကို တုတ်ဖြင့်ကော်၍ တောင်ပို့တွင်း၌ ချ၏။ ရွှေပုစွန်ကိုလည်း ထုံးအိုင်၌ လွှတ်၍ ညအခါ ချမ်းသာစွာ မိမိရွာသို့ ပြန်လေ၏။ ထိုအခါမှစ၍ ပုဏ္ဏားလုင်နှင့် ရွှေပုစွန်တို့သည် အတိုင်းထက်အလွန် ချစ်ကျွမ်းဝင်ကုန်၏။

အတိတ်ကို ဆောင်တော်မူပြီး၍ သစ္စာကို ပြသည်၏ အဆုံး၌ များစွာသော ရဟန်းတို့သည် သောတာပတ္တဖိုလ် အစရှိသည်တို့၌ တည်ကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကျီးဖိုသည် - ယခုအခါ ဒေ​ဒတ်။

ကျီးမသည် - စိဉ္စမာနဝိကာ။

မြွေဟောက်သည် - မာရ်နတ်။

ရွှေပုစွန်သည် - အာနန္ဒာ။

ပုဏ္ဏားလုလင်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပုစွန်စဉ် လျက်၊ လူ့အသက်၊ မပျက်ကယ်ဖူးသည်။

(၂) ပုစွန်တိရစ္ဆာန်၊ ဥပါယ်ဉာဏ်၊ ရင့်သန်ကြီးလှသည်။

(၃) မြွေဟောက်နှင့်ကျီး၊ ဆွေရန်မီး၊ အပြီးငြိမ်းစေသည်။

သုဝဏ္ဏက္ကဋဇာတ် ပြီး၏။

***

(၃၉၀) - မယှကဇာတ်

ပုဗ္ဗစေတနာ ကောင်းမှုကြောင့် ပစ္စည်းဥစ္စာ ကြွဝချမ်းသာ၍ ပရစေတနာ ယုတ်မှုကြောင့် စည်းစိမ်း မခံစားရ၊ အစ်ကို့သားကို သတ်ခဲ့ဖူး၍ သားသမီး မရသော သူဌေးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဥစ္စာနှမြောလှ အာဂန္တုက

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်၌ အာဂန္တုက သူဌေးသည် စည်းစိမ်ဥစ္စာ အလွန်ကြွယ်ဝချမ်းသာ၏။ စည်းစိမ်ဥစ္စာတို့ကို မိမိလည်း မသုံးဆောင်၊ သူတစ်ပါးတို့အားလည်း မပေးရက်၊ ကောင်းမြတ်သော ဘောဇဉ်, အဝတ်တန်ဆာ, ယာဉ်ရထား, ရွှေထီး စသည်တို့ကို မသုံးဆောင်၊ မကောင်းသော ဆန်ကွဲ ထမင်း, ပအုန်းရည်, ပုဆိုးကြမ်း, သစ်သားလှည်း, သစ်ရွက်ထီး စသည်တို့ကို သာ သုံးဆောင်လေ့ရှိ၏။ အသက်ထက်ဆုံး တစ်စုံတစ်ခုသော ကောင်းမှုကိုမျှလည်း မပြုဖူးဘဲ သေလွန်သောအခါ ရောရုဝငရဲ၌ ဖြစ်ရလေ၏။

အခြံရနည်းမှု လျှောက်ထားပြု

ထိုအခါ ကောသလမင်းကြီးသည် အာဂန္တုကသူဌေး သေလွန်လျှင် သားသမီး အမွေခံ မရှိသဖြင့် ရှိသမျှ ပစ္စည်း ဥစ္စာတို့ကို မင်းအိမ်သို့ ခုနစ်ရက်ပတ်လုံး ဆောင်ယူ သိုမှီးစေပြီးလျှင် မြတ်စွာဘုရားထံ ချဉ်းကပ်၍ မြတ်စွာဘုရားအား အာဂန္တုကသူဌေးသည် ဝန်တို၍ ဘုန်းကံနည်းပါးပါလျက် ဥစ္စာရခြင်း အကြောင်း၊ ဥစ္စာ ရှိပါလျက် မသုံးဆောင်ရခြင်း အကြောင်း၊ သားသမီး မရခြင်းအကြောင်းတို့ကို လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ကောသလမင်းကြီး … အာဂန္တုကသူဌေး၏ ဥစ္စာရခြင်း၊ မသုံးဆောင်ရခြင်း၊ သားသမီးမရခြင်းတို့ကား သူတစ်ပါးတို့ ပြုလုပ်အပ်သည် မဟုတ်၊ ထိုသူဌေး ကိုယ်တိုင်ပင် ပြုလုပ်အပ်သည်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်တို့ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဥစ္စာရ၍ မသုံးဆောင်ရခြင်း

ပုဗ္ဗစေတနာ ကြည်ညိုစွာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြ`ဟမဒတ်မင်း မင်းပြုသည်ရှိသော် ဗာရာဏသီ သူဌေးသည် သစ္စာတရား မရှိ ဝန်တို၏၊ တစ်စုံတစ်ခုသော ဝတ္ထုကိုမျှ မပေးလှူဖူးလေ၊ မည်သူ့အလိုသို့မျှ မလိုက်လေ။

ထိုသူဌေးသည် မင်းကြီးထံ ခစားသွားသည်ရှိသော် ဆွမ်းခံကြွလာသော တဂ္ဂရသိခိ မည်သော ပစ္စေကဗုဒ္ဓါကို မြင်လျှင် ရှိခိုး၍ “အရှင်ဘုရား … ဆွမ်းရပါ၏လော” ဟု လျှောက်၏။ “သူဌေးကြီး … ရလိမ့်မည်ဟူ၍ လှည့်လည်၏” ဟု မိန့်တော်မူလျှင် အှုလုပ်ယောကျ်ားအား “အမောင် …ဤပစ္စေကဗုဒ္ဓါကို ငါတို့အိမ်သို့ပင့်၍ ငါနေရာပလ္လင်၌ သီတင်းသုံးစေလျက် ငါ့အဖို့ စီရင်ထားသော ထမင်းဘောဇဉ်ကို လှူချေလော့” ဟု စေခိုင်း၏။ ထိုအခါ အမှုလုပ်ယောကျ်ားသည် ပစ္စေကဗုဒ္ဓါကိုပင့်၍ အိမ်သို့သွားကာ သူဌေးကတော်အား သူဌေးကြီး မှာလိုက်တိုင်း ပြောကြားလေ၏။ သူဌေးကတော်လည်း ပစ္စေကဗုဒ္ဓါအား မွန်မြတ်သော ဆွမ်းဘောဇဉ်ကို လှူဒါန်းလေ၏။

ဆွမ်းကိုကြည့်လျက် စေတနာပျက်

ပစ္စေကဗုဒ္ဓါသည် သူဌေးအိမ်မှထွက်၍ လမ်းလယ်သို့ ရောက်လတ်သော် မင်းကြီးအိမ်မှ ပြန်လာသော သူဌေးနှင့် တွေ့ပြန်၍ ရှိခိုးကာ “အရှင်ဘုရား … ဆွမ်းရပါ၏လော” ဟု လျှောက်လေ၏။ “သူဌေးကြီး … ရခဲ့ပါ၏”ဟု မိန့်တော်မူလျှင် သူဌေးကြီးလည်း ဆွမ်းကိုကြည့်၍ စိတ်ကြည်ညိုခြင်းငှာ မတတ်နိုင်ဘဲ “ငါသည် ဤထမင်းကို ကျွန်အမှုလုပ်တို့အား စားစေရသော် ခက်ခဲသော အမှုကိုလည်း ပြုလုပ်ကြကုန်ရာ၏၊ ငါ့အား ရှုံးလေစွတကား” ဟု အောက်မေ့ကာ ပရစေတနာ ပျက်လေ၏။

[အလှူတို့မည်သည်မှာ ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ ပရစေတနာဟု သုံးမျိုးရှိရာ မလှူမီ ရှေးအဖို့ခဏ၌ ဝမ်းမြောက် ဝမ်းသာဖြစ်ခြင်းသည် ပုဗ္ဗစေတနာ၊ လှူဆဲခဏ၌ ဝမ်းမြောက်ဝမ်းသာခြင်းသည် မုဉ္စစေတနာ၊ လှူပြီးသောခဏ၌ ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းသည် ပရစေတနာ ဖြစ်သည်။ လှူဒါန်းကြရာ၌ ဤစေတနာ သုံးပါးလုံး ပြည့်စုံပါမှ အလှူပြည့်စုံ၍ အကျိုးကြီးသည်။ ]

ဤအာဂန္တုက သူဌေးကား တဂ္ဂရသိခိ ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူခဲ့ဖူးသောကြောင့် စည်းစိမ်ဥစ္စာကို များစွာရရှိသည်။ ပရစေတနာ ပျက်သောကြောင့် စည်းစိမ်ဥစ္စာ ရရှိသော်လည်း မသုံးဆောင် မခံစားရလေ။

သားသမီး မရခြင်း

အစ်ကို စွန့်သွား စည်းစိမ်များ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော သူဌေးမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် မိဘ သေလွန်သဖြင့် ပစ္စည်းဥစ္စာတို့ကို စီမံအုပ်ချုပ်ကာ ညီကိုလည်း သင်္ဂြိုဟ်ထောက်ပံ့၏။ အိမ်တံခါး၌ အလှူတင်းကုပ် ဆောက်လုပ်လျက် အမြဲမပြတ် လှူဒါန်း၏။

အစ်ကို သူဌေးသည် သားတစ်ယောက် မွေးဖွား၍ ခြေဖြင့်သွားတတ်သောအခါ ကာမဂုဏ်အပြစ်ကို မြင်၍ သားမယားနှ့် ပစ္စည်းဥစ္စာ အလုံးစုံကို ညီအား အပ်နှင်းပြီးလျှင် တောထွက်ကာ ရသေ့ရဟန်းပြု၍ အဘိညာဉ်သမာပတ်တို့ကို ဖြစ်စေလျက် ဟိမဝန္တာအရပ်၌ သစ်သီးကြီးငယ်ဖြင့် မျှတကာနေ၏။

အမွေမပေးလိုလတ် တူကိုသတ်

ထိုအခါ ညီ သူဌေးလည်း သားတစ်ယောက်ကို မွေးဖွားပြန်၏။ သူဌေးသည် မိမိသားကိုမြင်၍ ငါ၏အစ်ကိုသား အသက်ရှည်သည်ရှိသော် ဥစ္စာကို နှစ်စုခွဲဝေရသည် ဖြစ်လတ္တံ့၊ သတ်မည်ဟု ကြံစည်၍ တစ်နေ့သ၌ မြစ်သို့ ရေချိုးခေါ်သွားကာ ရေတွင်နှစ်၍ သတ်ခဲ့၏။ အိမ်သို့ပြန်လာရာ မရီးသည် “ငါ့သား ဘယ်မှာနည်း” ဟု မေးလျှင် “မြစ်ဆိပ်၌ ရေကစား၏၊ ရှာ၍ မတွေ့ပြီ” ဟု ပြန်၍ ပြောလျှင် မရီးလည်း ငိုကြွေးမြည်တမ်းကာ တစ်စုံတစ်ရာ မပြောဝံ့တော့ဘဲ ဆိတ်ဆိတ်သာ နေရရှာ၏။

ထိုအကြောင်းကို အစ်ကိုရသေ့ သိလျှင် ငါသည် ဤအမှုကို ထင်ရှားအောင် ပြုမည်ဟု ကြံစည်ပြီးလျှင် ကောင်းကင် ခရီးဖြင့် လာ၍ ဗာရာဏသီပြည်သို့ရောက်လျှင် မြို့တွင်းသို့ ဆွမ်းခံဝင်ကာ ညီသူဌေး အိမ်တံခါး၌ ရပ်၍ အလှူတင်းကုပ်ကို မမြင်လျှင် ဤသူယုတ်မာကား အလှူတင်းကုပ်ကိုလည်း ဖျက်ဆီးဘိ၏ဟု ကြံစည်မိလေ၏။ ညီသူဌေးသိလျှင် ပြာသာဒ်ထက်သို့ပင့်၍ ကောင်းသော ခဲဖွယ်ဘောဇဉ်ဖြင့် လုပ်ကျွေးလေ၏။

ညီကိုဆုံးမ ပမာပြ

အစ်ကိုရသေ့သည် ဆွမ်းဘုဉ်းပေးပြီးလျှင် ညီသူဌေးအား “ညီထွေး … ငါ့သားကို မမြင်ပါတကား၊ အဘယ်မှာနည်း” ဟု မေး၏။ “အစ်ကို … သေပါပြီ” ဟု လျှောက်၏။ “အဘယ်ကြောင့် သေသနည်း” ဟု မေး၏။ “ရေကစားရာ၌ သေပါ၏”ဟု လျှောက်၏။ “အဘယ်အကြောင်းကြောင့် သေသနည်း” ဟု မေးပြန်၏။ “မသိပါ” ဟု ပြောသောအခါ “ဟယ် သူယုတ် … သင် အဘယ်မှာ သိမည်နည်း၊ သင်ပြုသောအမှုကို ငါ သိ၏၊ သင်သည် ဥစ္စာကို နှစ်စုခွဲရမည်ကို စိုးရိမ်၍ သတ်သည်မဟုတ်လော၊ သင်သည် ရန်သူမျိုး ပါးပါး ဖျက်ဆီးခဲ့သော် ဥစ္စာကို စောင့်ရှောက်နိုင်မည်လော၊ သင်ကား မယှကငှက်နှင့် တူလှ၏တကား” ဟု ပြောဆိုပြီးလျှင် တစ်ဖန် ရသေ့သည် ဘုရား၏ တင့်တယ်ခြင်းကဲ့သို့ တင့်တယ်ခြင်းဖြင့် -

“ညီထွေး … တောင်ချောက်ကြား၌ ကျက်စားသော မယှကငှက်သည် အသီးမှည့်သော ညောင်ကြပ်ပင်၌ နားကာ ငါ့ဥစ္စာ ငါ့ဥစ္စာဟု မြည်တမ်းကာနေ၏။

ထိုငှက် မြည်တမ်းနေစဉ် ငှက်အပေါင်းတို့ စည်းဝေးရောက်လာကြလျက် ညောင်ကြပ်သီးတွေကို စားသောက်၍ ပျံကြကုန်၏။ ထိုငှက်ကား မြည်တမ်းကာသာ နေ၏။

ပစ္စည်းစွဲလမ်းမှု ကဲ့ရဲ့ပြု

ဤအတူ လောက၌ အချို့သောသူသည် ပစ္စည်း ဥစ္စာကို စုရုံးကာ မိမိလည်း မစားရက်၊ ဆွေမျိုး ဉာတိတို့အားလည်း မပေးရက်၊ ထိုက်သည်အားလျော်စွာလည်း မခွဲဝေရက်၊ အဝတ် အရုံကိုလည်း မသုံးဆောင်၊ ထမင်း အဖျော်ကိုလည်း မစားသောက်၊ ပန်းကိုလည်း မပန်ဆင်၊ နံ့သာကိုလည်း မလိမ်းကျံ၊ တစ်ကြိမ်မျှလည်း တစ်စုံတစ်ခုကို မသုံးဆောင်၊ ဆွေမျိုးတို့အားလည်း မထောက်ပံ့။

ငါ့ဥစ္စာ ငါ့ဥစ္စာဟု မြည်တမ်းကာ စောင့်ရှောက်နေသူ၏ ပစ္စည်းဥစ္စာတို့ကို အမွေခံဆိုး မင်းသူခိုး စသည်တို့သာ ယူ၍ သွားကုန်၏။ ထိုသူမှာကား မြည်တမ်းကာသာ နေရ၏။

ပညာရှိတို့သဘောမှ ပစ္စည်းဥစ္စာတို့ကို ရ၍ ဆွေမျိုးဉာတိတို့ကို ထောက်ပံ့၏။ ထို့ကြောင့် ပညာရှိတို့ကား ကျော်စောခြင်းသို့ ရောက်ကုန်၏။ တမလွန် ဘဝ၌ လည်း နတ်ပြည်၌ မွေ့လျော်ကုန်၏။ တမလွန်ဘဝ၌ လည်း နတ်ပြည်၌ မွေ့လျော်ရကုန်၏။ ” –

ဟု ညီသူဌေးအား တရားဟော၏။ ပကတိအတိုင်း အလှူတင်းကုပ်ကို ဆောက်စေ၍ လှူဒါန်းစေ၏။ ရသေ့သည် ညီသူဌေးကို အဆုံးအမ ပေးပြီးလျှင် ဟိမဝန္တာသို့ ကြွကာ မယုတ်လျော့သော စျာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာပြည်သို့ လားရ၏။

ဤအာဂန္တုကသူဌေးကား အစ်ကိုသားကို သတ်မိသောကြောင့် ဤမျှလောက် ကာလပတ်လုံး သားသမီးကို မရလေ။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ညီသူဌေးသည် - ယခုအခါ အာဂန္တုက သူဌေး။

အစ်ကိုရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ငါ့ဟာ ငါ့ဟာ၊ ပစ္စည်းမှာ၊ မိုက်စွာစွဲလမ်းသူ။

(၂) မသုံးစားရက်၊ မပေးရက်၊ စွဲမက်မစ္ဆေကူ။

(၃) အမွေခံဆိုး၊ မင်းသူခိုး၊ ယူမျိုးစောင့်ခဲဟူ။

(၄) ပေးချင်,လှူချင်၊ ပညာရှင်၊ ပေါ်ထင်နတ်ဖြစ်ဟူ။

မယှကဇာတ် ပြီး၏။

***

(၃၉၁) - ဝိဇ္ဇာဓရဇာတ်

မိဖုရားအား ပြစ်မှားသော ဝိဇ္ဇာဓိုရ်ကို ရဟန်းဟု မှတ်၍ ရဟန်းတို့ကို ဖမ်းစေရာ ရဟန်းများ တခြားတိုင်းပြည်သို့ သွားကြသဖြင့် တရားပြသ ဆုံးမသူ ကင်းသောကြောင့် တစ်ပြည်လုံး ရုန်းရင်းခြင်းကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လောကအကျိုးစု ကျင့်ကြံမှု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် မြတ်စွာဘုရားသည် လောက၏ အကျိုးငှာ ကျင့်တော်မူခြင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ … ငါဘုရားသည် ယခုအခါ၌ သာ လောက၏အကျိုးငှာ ကျင့်တော်မူသည်မဟုတ်၊ ရှေးအခါ၌ လည်း လောက၏အကျိုးငှာ ကျင့်တော်မူဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

နန်းတွင်းကျော်သူ အမှတ်သားယူ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သိကြားမင်းဖြစ်လေ၏။ ထိုအခါ ဝိဇ္ဇာဓိုရ် တစ်ယောက်သည် ညဉ့်သန်းခေါင်းယံဝယ် မန္တရားကို မန်းမှုတ်ကာ လာလတ်၍ ဗာရာဏသီမင်း၏ မိဖုရားနှင့်တကွ မွေ့လျော်၏။ မိဖုရားကြီး အလုပ်အကျွေးတို့သည် သိကုန်၏။

မိဖုရားကြီးသည် မိမိအလိုလိုသာ မင်းကြီးထံကပ်၍ “အရှင်မင်းကြီး … ညဉ့်သန်းခေါင်းယံ၌ ကျက်သရေတိုက်သို့ဝင်၍ အကျွန်ုပ်ကို ဖျက်ဆီးပါသည်” ဟု လျှောက်၏။ “အမှတ်အသား တစ်စုံတစ်ခုကို ပြုနိုင်ပါမည်လော” ဟု မေး၏။ “ပြုနိုင်ပါသည်” ဟု လျှောက်ထားပြီးလျှင် ဟင်္သာပဒါးစစ်ကို ခွက်ဖြင့်ဆောင်စေ၍ ညဉ့်သန်းခေါင်ယံ၌ လာ၍ မွေ့လျော်သော ယောကျ်ား၏ကျောကို အမှတ်မဲ့ဟင်္သာပဒါး လက်ငါးချောင်းရာ ရိုက်၍ လွှတ်လိုက်ပြီးလျှင် နံနက်လင်းသောအခါ မင်းကြီးအား ထိုအကြောင်းကို လျှောက်ထားလေ၏။

မင်းကြီးထင်မှား ရဟန်းများ

မင်းကြီးလည်း မင်းချင်းတို့အား “ကျော၌ ဟင်္သာပဒါး လက်ငါးချောင်းရာရှိသူကို ရှာဖွေ၍ ဖမ်းဆီးကြကုန်” ဟု အမိန့်ပေး၍ စေလွှတ်၏။ မင်းချင်းတို့လည်း သုသာန်သို့ ရောက်လျှင် ခြေတစ်ဖက်ဖြင့် ရပ်လျက် နေကို ရှိခိုးနေသော ဝိဇ္ဇာဓိုရ်ကို မြင်လျှင် ဖမ်းဆီးရန် ခြံရံကြကုန်၏။ ဝိဇ္ဇာဓိုရ်လည်း ငါ့အမှု ပေါ်ချေပြီဟု သိ၍ မန္တရားကို မန်းမှုတ်ကာ ကောင်းကင်ဖြင့် ပျံသွားလေ၏။ မင်းချင်းတို့လည်း ဖမ်း၍ မမိကြကုန်၏။

မင်းကြီးသည် မင်းချင်းတို့ကို မြင်လျှင် “အမောင်တို့ … ဖျက်ဆီးသောသူကို တွေ့မြင်ကြကုန်၏လော” ဟု မေး၏။ “အရှင်မင်းကြီး … တွေ့မြင်ပါကုန်၏၊ လူ မဟုတ် ရဟန်းဖြစ်ပါသည်၊ ညဉ့်အခါ လွန်ကျူးသော အကျင့်ကိုကျင့်၍ နေ့အခါ ရဟန်းအသွင်ဖြင့် နေပါသည်” ဟု လျှောက်ကုန်၏။ မင်းကြီးသည် ရဟန်းတို့အပေါ်၌ အမျက်ထွက်၍ မှားယွင်းသော အယူကို ယူလျက် နိုင်ငံအတွင်းရှိ ရဟန်းတို့ကို နှင်ထုတ်စေ၏။ ရဟန်းတို့ကို တွေ့မြင်ရာအရပ်၌ မင်းဒဏ်ပြုမည် ဟူ၍ လည်း စည်လည်စေ၏။

သိကြား သိမြင် ဥပါယ်ဆင်

ရဟန်းတို့သည် မင်းဒဏ်ကို ကြောက်သဖြင့် ကာသိတိုင်းတွင် မနေဝံ့ကြတော့ဘဲ တိုင်းတစ်ပါးသို့ ပြေးကြကုန်၏။ တရားစောင့်သော ရဟန်းပုဏ္ဏးာတို့ အဆုံးအမကို မရကြသော တိုင်းသူပြည်သားတို့သည် ရုန့်ရင်းကြမ်းကြုတ်ကုန်၏။ အလှူဒါန သီလကို စွန့်ပစ်ကြကုန်၏။ သေတိုင်း သေတိုင်းသော သူတို့သည် အပါယ်လားကြကုန်၏။ နတ်ပြည်၌ နတ်သားသစ်တို့သည် မဖြစ်လာကြကုန်၏။

ထိုအခါ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကိုသိ၍ ငါသည် မင်းကြီး၏ မှားသောအယူကို ဖျက်ဆီးမည်၊ မင်းကြီးနှင့်တကွ တိုင်းသူပြည်သားတို့ ကိုးကွယ်ရာ ဖြစ်မည်ဟု ကြံစည်ကာ ဟိမဝန္တာ နန္ဒမူလှိုင်သို့ သွား၍ ပစ္စေဗုဒ္ဓါတစ်ပါးကို ပင့်ရာ သဃထေရ်ကိုရ၍ ပင့်ဆောင်ပြီးလျှင် ပစ္စေကဗုဒ္ဓါကို ရှေ့မှ ကြွစေလျက် မိမိကား အလွန်အဆင်းလှသော လုလင်ငယ်အသွင် ဖန်ဆင်းပြီးလျှင် လက်အုပ်ချီကာ နောက်မှလိုက်လျက် မြို့တွင်းသို့ သုံးပတ်လှည့်၍ မင်းအိမ်တံခါး ကောင်းကင်တွင် ရပ်လေ၏။

လုလင်နှင့်ရဟန်း မင်းမေးမြန်း

အမတ်တို့မြင်ရ၍ လျှောက်ထားကြလျှင် မင်းကြီးလည်း လေသာပြတင်းပေါက်တွင် ရပ်လျက် ကြည့်ရှုကာ -

“အို-လုလင် … သင်ကား အလွန်ဆင်းလှပါလျက် အဆင်းမလှသော ရဟန်းကို ရှေ့ကထားလျက် လက်အုပ်ချီကာ ရှိခိုးဘိ၏။ ထိုရဟန်းအား သင့်ထက် မြတ်သလော၊ သို့မဟုတ် တူမျှသလော၊ ရဟန်း၏ လည်းကောင်း၊ သင်၏လည်းကောင်း အမည်ကို ပြောဆိုပါ” –

ဟု လုလင်နှင့် စကားပြောဆို မေးမြန်းလေ၏။ ထိုစကားကို ကြားလျှင် သိကြားမင်းသည် -

“မြတ်သော မင်းကြီး … အရဟတ္တဖိုလ်သို့ ရောက်၍ မဂ္ဂင်ရှစ်ပါးဖြင့် နိဗ္ဗာန်သို့ ရောက်ပြီးသော ရဟန်းတို့၏ အမည် အနွယ်ကို မခေါ်ဝေါ်ကောင်းပေ၊ ငါ၏ အမည်ကို ပြောမည်၊ ငါကား နတ်တို့ကို အစိုးရသော သိကြားမင်း ဖြစ်၏” –

ဟု ရဟန်း၏ ဂုဏ်ကျေးဇူးကို ပြ၍ မိမိအမည်ကို ပြောဆိုလေ၏။

သံဃာ့ကျိုးသဘော မင်းကိုဟော

ထိုအခါ မင်းကြီးသည် -

“သိကြားမင်း … အကျင့်သီလနှင့် ပြည့်စုံသော ရဟန်းကို မြင်လျှင် ရှေ့သွားပြုကာ လက်အုပ်ချီလျက် ရှိခိုးသောသူသည် ဤဘဝမှ သေလွန်ခဲ့သော် အဘယ်ချမ်းသာကို ရပါသနည်း၊ အကျွန်ုပ် မေးသော စကားကို ဖြေပါ” –

ဟု ပြောဆို မေးမြန်းပြန်၏။ သိကြားမင်းသည် -

“မြတ်သော မင်းကြီး … အကျင့်သီလနှင့် ပြည့်စုံသောရဟန်းကို မြင်လျှင် ရှေ့သွားပြ၍ လက်အုပ်ချီလျက် ရှိခိုးသောသူသည် ဤဘဝ၌ ချီးမွမ်းခြင်းခံရ၍ သေလွန်သည်မှ နောင်ဘဝ၌ နတ်ပြည်သို့ ရောက်ရ၏” –

ဟု ဖြေကြား၏။

သံဃာဆည်းကပ် မင်းမွန်မြတ်

ထိုအခါ မင်းကြီးသည် မိမိမှားသောအယူကို ဖျက်ဆီး၍ အလွန်နှစ်သက်သောစိတ် ရှိရကး -

“သိကြားမင်း … အကျွန်ုပ်၏ ဘုန်းကျက်သရေသည် ထင်ရှား ဖြစ်လာ၏၊ နတ်တို့ကို အစိုးရသော သိကြားမင်းကိုလည်း မြင်ရပေ၏၊ ရဟန်းမြတ်ကို လည်းကောင်း၊ သိကြားမင်းကို လည်းကောင်း မြင်ရ၍ အကျွန်ုပ်သည် ကုသိုလ်ကောင်းမှု များစွာကို ပြုပါတော့အံ့” –

ဟု ပြောဆို ဝန်ခံလေ၏။ ထိုအခါ သိကြားမင်းသည် -

“မြတ်သောမင်းကြီး … စင်စစ် သဒ္ဒါတရားရှိသူ အကြားအမြင် ပညာရှိရှိ၍ အကြောင်း အားလျော်စွာ ကြံစည်နိုင်သူတို့ကို မှီဝဲ ဆည်းကပ်ရမည်၊ ရဟန်းမြတ်ကို လည်းကောင်း၊ အကျွန်ုပ်ကို လည်းကောင်း မြင်ရ၍ ကိုသိုလ်ကောင်းမှု များစွာကို ပြုပါလော” –

ဟု ကုသိုလ်ပြုရန် တိုက်တွန်းပြန်၏။ မင်းကြီးသည် -

“သိကြားမင်း … သင်၏ တရားစကားတို့ကို ကြားနာရ၍ အမျက်မထွက် အမြဲကြည်ညိုသော စိတ်ရှိလျက် ဧည့်သည် အာဂန္တု ရဟန်းပုဏ္ဏားတို့အား ပေးကမ်းလှူဒါန်းကာ စိတ်ဖြင့် မပြစ်မှားဘဲ ရိုသေစွာ ရှိခိုးပါတော့အံ့” –

ဟု ပြောဆိုပြီးလျှင် ပြာသာဒ်ထက်မှ ဆင်းသက်၍ ပစ္စေကဗုဒ္ဓါကို ရိုသေစွာ ရှိခိုးလျက် လျောက်ပတ်သော အရပ်၌ နေ၏။

သာသနာပွားရေး ဆုံးမပေး

ပစ္စေကဗုဒ္ဓါလည်း “မြတ်သောမင်းကြီး … ညဉ့်အခါ သင့်နန်းတွင်း၌ ကျူးလွန်သောသူကား ရဟန်းမဟုတ်၊ ဓိဇ္ဇာဓိုရ်ယောကျ်ား ဖြစ်သည်၊ ဤနေ့မှစ၍ လောကသည် အချည်းနှီး မဟုတ်၊ တရားစောင့်သော ရဟန်းပုဏ္ဏားတို့လည်း ရှိသေး၏ဟု သိမြင်၍ အလှူပေးလော့၊ သီလကို စောင့်လော့၊ ဥပုသ်ကို ဆောက်တည်လော့” ဟု ဆုံးမတော်မူ၏။ သိကြားမင်းလည်း မင်းကြီးနှင့်တကွ တိုင်းသူ ပြည်သားတို့အား ဆုံးမ၍ “ပြေးသော ရဟန်းတို့သည် တိုင်းပြည်သို့ ပြန်၍ လာစေကုန်သတည်းဟု စည်လည်စေတော့” ဟု ဆုံးမပြီးလျှင် မိမိနေရာသို့ သွားလေ၏။ ပစ္စေကဗုဒ္ဓါလည်း နန္ဒမူလိုဏ်သို့ ကြွလေ၏။

မင်းကြီးလည်း ပစ္စေကဗုဒ္ဓါနှင့် သိကြားမင်း အဆုံးအမ၌ တည်၍ စည်လည်စေပြီးလျှင် များစွာသော ကုသိုလ်ကောင်းမှုတို့ကို ပြုတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းကြီးသည် - ယခုအခါ အာနန္ဒာ။

သိကြားမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိမိစီးပွား၊ ကျင့်သူကား၊ များပြားလှတော့သည်။

(၂) သူ၏စီးပွား၊ ကျင့်သူကား၊ ရှားပါးလှတော့သည်။

(၃) သက်စွန့်ကြိုးပမ်း၊ သူ့စီးပွား၊ ကျင့်ငြားအာဇာနည်။

ဝိဇ္ဇာဓရဇာတ် ပြီး၏။

***

(၃၉၂) - သိင်္ဃပုပ္ဖဇာတ်

ကြာပန်းကို အဝေးမှ နမ်းကာမျှနှင့် နံ့သာခိုးဟု စွပ်စွဲသော နတ်သမီးနှင့် အစွပ်စွဲခံရသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ထိတ်လန့်မှုသဘော နတ်သမီးပြော

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မထင်ရှားသော ရဟန်းတစ်ပါးသည် ကောသလတိုင်း တောတစ်ခုကို မှီ၍ နေရာ တစ်နေ့သ၌ ပဒုမ္မာကြာအိုင်၌ ဆင်းသက်၍ လေအောက်၌ နေကာ ကြာနံ့ကို ခံယူ၏။ ထိုအခါ တောစောင့် နတ်သမီးသည် ထိုရဟန်းအား “အရှင်ရဟန်း … အရှင်ပြုလုပ်သော အမှုကား အနံ့ကို ခိုးခြင်းပင် ဖြစ်သည်” ဟု ထိတ်လန့်စေ၏။

ရဟန်းသည် ထိုအကြောင်းကို မြတ်စွာဘုရားထံ လျှောက်ထားလတ်သော် “ချစ်သား ရဟန်း … နတ်သမီးသည် ယခုအခါ၌ သာ ထိတ်လန့်စေသည် မဟုတ်၊ ရှေးအခါ၌ လည်း ပညာရှိတို့ကို ထိတ်လန့်စေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကဲ့ရဲ့မှုရေး နတ်သမီးမေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကရွာငယ်တစ်ခုဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြား၍ နောက်အဖို့၌ ရသေ့ရဟန်းပြုပြီးလျှင် ပဒုမ္မာကြာအိုင်တစ်ခုကိုမှီ၍ နေလေ၏။

တစ်နေ့သ၌ ရသေ့သည် ပဒုမ္မာကြာအိုင်သို့ ဆင်းသက်ပြီးလျှင် အနံ့ကို ခံယူလျက် ရပ်၏။ ထိုအခါ နတ်သမီးတစ်ယောက်သည် သစ်ပင်ပင်စည်တို့ကို ဖွင့်လှစ်၍ ရပ်လျက် -

“ရှင်ရဟန်း … ရေ၌ ပေါက်သော ကြာပန်း၏ အနံ့ကို အရှင်မပေးဘဲ နမ်းဘိ၏၊ ထိုသို့နမ်းခြင်းကား ခိုးခြင်းတွင် တစ်ခုအပါအဝင် ဖြစ်၏၊ သင်ကား အနံ့သူခိုး ဖြစ်သတည်း” –

ဟု ရသေ့အား ထိတ်လန့်စေ၏။ ရသေ့လည်း နတ်သမီး စကားကို ကြားလျှင် -

“အိုနတ်သမီး … ငါကား ကြားပန်းကိုလည်း မယူ၊ ချိုးလည်း မချိုး၊ အဝေးမှနမ်းသူသာ ဖြစ်ပါလျက် အဘယ်ကြောင့် အနံ့သူခိုးဟု ဆိုဘိသနည်း” –

ဟု နတ်သမီးအား မေးလေ၏။

ကြမ်းကြုတ်သူကို မဆိုလို

ထိုခဏ၌ ယောကျ်ားတစ်ယောက်သည် ထိုအိုင်၌ ပင် ကြာစွယ် ကြာရင်းတို့ကို တူး၏၊ ကြာပန်းတို့ကို လည်း ချိုး၏၊ ထိုယောကျ်ားကို ရသေ့ မြင်ပြန်လျှင် တစ်ဖန် -

“အို-နတ်သမီး … ကြာစွယ် ကြာရင်းတို့ကို တူး၍ ကြာပန်းတို့ကို ချိုး၍ ကြမ်းကြုတ်သော အမှုကို ပြုလုပ်သော ယောကျ်ားကိုကား အဘယ်ကြောင့် သူခိုးဟု မဆိုပါသနည်း” –

ဟု ထပ်၍ မေးပြန်၏။ နတ်သမီးသည် -

“ရှင်ရသေ့ … ကြမ်းကြုတ်သောအမှုဖြင့် ရောပြွမ်းနေသော ထိုယောကျ်ားကား ကျင်ငယ် ကျင်ကြီးစသည်တို့ဖြင့် လိမ်းကျံနေသော နို့ထိန်းကျွန်မ ဝတ်သော အဝတ်ကဲ့သို့ မကောင်းမှုဖြင့် လိမ်းကျံဘိ၏၊ ထိုသူ၌ ဆိုဖွယ်မရှိ၊ သင့်ကိုကား ဆိုခြင်းငှာ ထိုက်၏” –

“အပြစ်မရှိ အမြဲ စင်ကြယ်မှုကို ရှာကြံနေသောသူအား သားမြီးဖျားမျှ ဖြစ်သော မကောင်းမှုသည်ပင် တိမ်တိုက်ကြီး ပမာဏကဲ့သို့ ထင်၏” –

ဟု ယောကျ်ားအား မဆိုခြင်း အကြောင်းနှင့် ရသေ့အား ဆိုရခြင်းအကြောင်းကို ရှင်းလင်းစွာ ပြောကြားလေ၏။

ကိုယ်ကျိုးရှိမှု မိမိပြု

ဤသို့ နတ်သမီး ထိတ်လန့်စေသည် ရှိသော် ရသေ့သည် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ -

“အို -နတ်သမီး … သင်ကား ငါ့ကို အမှန် သိဘိ၏၊ သို့အတွက် ငါ့ကို စောင့်ရှောက်ပါလော့၊ အို-နတ်သမီး … သင်သည် ဤသို့ သဘောရှိသော မကောင်းမှုကို မြင်သောအခါ နောင်တစ်ဖန်လည်း ပြောဆိုပါဦးလော့” –

ဟု ပြောဆိုရန် ဖိတ်ကြားပြန်၏။ ထိုအခါ နတ်သမီးသည်-

“အို-ရှင်ရသေ့ … အကျွန်ုပ်သည် သင့်ကို မှီ၍ အသက်မမွေးပေ၊ သင်၏ ကျွန်အမှုလုပ်လည်း မဟုတ်ပေ၊ ရှင်ရသေ့ သုဂတိသို့ သွားရောက်ရာ ဖြစ်သော ကောင်းမှုကို သင်ကိုယ်တိုင်ပင် သိပါလေ” –

ဟု ရသေ့အား ပြောကြား ဆုံးမပြီးလျှင် မိမိဗိမာန်သို့ ဝင်လေ၏။ ရသေ့လည်း သတိရကာ စျာန်ကို ဖြစ်စေ၍ သေလွန်သောအခါ ဗြဟ္မာပြည်သို့ လားရ၏။

မြတ်စွာဘုရားသည် ဒေသနာတော်ကို ဆောင်၍ သစ္စာကို ပြတော်မူသည် အဆုံး၌ နတ်သမီး ထိတ်လန့်စေသောရဟန်းသည် သေတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ နတ်သမီးသည် - ယခုအခါ ဥပ္ပလဝဏ်။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) စင်ကြယ်သူဝယ်၊ ပြစ်နည်းငယ်၊ မိုးလယ်တိမ်တိုက်သွင်။

(၂) အပြစ်ပြွမ်းတီး၊ လူ့လက်နှီး၊ ကြီးလည်းမပေါ်လွင်။

(၃) ကြီး,ငယ် မဟူ၊ အပြစ်မြူ၊ ဖြူအောင်သတိဆင်။

သိင်္ဃပုပ္ဖဇာတ် ပြီး၏။

***

(၃၉၃) - ဝိဃာသာဒဇာတ်

တော၌ နေသော ပျော်ပါးနေသော ရသေ့ညီနောင်တို့အား စွားကြွင်းစား စကားဖြင့် အရှက်ရစေသော အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကစားပျော်ပါး ရဟန်းများ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် ကစားလေ့ရှိသော ရဟန်းတို့ကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

တောလယ်ပျော်ပါး ရသေ့များ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သိကြားမင်း ဖြစ်လေ၏။ ထိုအခါ မထင်ရှားသော ကာသိကရွာဝယ် ညီနောင် ခုနစ်ယောက်တို့သည် ကာမဂုဏ်၌ အပြစ်ကိုမြင်၍ တောထွက်ကာ ရသေ့ရဟန်း ပြုကြကုန်လျက် တောအလယ်၌ ကမ္မဋ္ဌာန်းကို အားမထုတ်ကြဘဲ အများအားဖြင့် ကိုယ်လက်ကျန်းမာ ဆူဖြိုးအောင် အားထုတ်ကုန်လျက် ကစားနည်း အမျိုးမျိုးတို့ဖြင့် ကစားကာ နေကြကုန်၏။

ထိတ်လန့်စကား ကျေးပြောကြား

ထိုအခါ သိကြားမင်းသည် ရသေ့ညီနောင်တို့ကို ထိတ်လန့်စေမည်ဟု ကြံစည်လျက် ကျေးသားအဟန် ဖန်ဆင်းပြီးလျှင် ထိုအရပ်သို့သွား၍ သစ်ပင်တစ်ခု၌ နားနေလျက် -

“အချင်းတို့ … စားကြွင်းစား ဖြစ်ကုန်သော သူတို့သည် ချမ်းသာစွာ အသက်မွေးရကုန်၏၊ ထိုသူတို့သည် ယခုဘဝ၌ လည်း ချီးမွမ်းထိုက်ကုန်၏၊ တမလွန် ဘဝ၌ လည်း နတ်ပြည်၌ ဖြစ်ရကုန်၏” –

ဟု ပြောဆိုကာ ရသေ့တို့ကို ထိတ်လန့်စေ၏။

ထိုအခါ ရသေ့တို့တွင် ရသေ့တစ်ပါးသည် ကျေးသား၏ စကာကိုကြား၍ ကြွင်းသော ရသေ့တို့ကို ခေါ်ကာ -

“တစ်မိဝမ်းမှ ပေါက်ဖွားကုန်သော ပညာရှိတို့ … လူတို့ ဘာသာစကားဖြင့် ပြောဆိုသော ကျေးသား၏ စကားကို မကြားကြကုန်သလော၊ နားထောင်ကြကုန်လော့၊ ဤကျေးသားကား ငါတို့ကို ချီးမွမ်းဘိ၏” –

ဟု ပြောဆိုလေ၏။

ရသေ့များ ကျင့်ကို ကဲ့ရဲ့သို့

ထိုအခါ ကျေးသားသည် ရသေ့တို့ကို ပယ်လိုသည်ဖြစ်၍ -

“အို-ရသေ့တို့ … အကျွန်ုပ်သည် သင်တို့ကို မချီးမွမ်း၊ သားကောင်ပုပ်ကို စားသော သင်တို့သည် အကျွန်ုပ် စကားကို နားထောင်ကြကုန်၊ သင်တို့ကား တစ်ပါးသော သတ္တဝါတို့ စားကြွင်းကို စားကုန်၏၊ စားကြွင်းစား မဟုတ်ကုန်” –

ဟု ပြောဆိုပြန်၏။ အလုံးစုံသော ရသေ့တို့သည် ကျေးသား စကားကို ပြန်ကြားမေးမြန်းလို၍ -

“ကျေးသား … ရဟန်းပြု၍ ခုနစ်နှစ် ရှိပြီ၊ ဦးစွန်းရှိသော ငါတို့ကား တောအလယ်၌ ခြင်္သေ့စားကြွင်း, ကျားစားကြွင်းတို့ဖြင့်သာ မျှတကာ နေကြပါလျက် အမောင်ကျေးသားသည် ငါတို့ကို ကဲ့ရဲ့ကုန်ငြားအံ့၊ အဘယ်သူတို့ကို ချီးမွမ်းသနည်း” –

ဟု ကျေးသားအား မေးကြကုန်၏။

ရသေ့များရှက်ဖွယ် ကျေးငြင်းပယ်

ကျေးသားသည် ရသေ့တို့ကို ရှက်စေလိုသည်ဖြစ်၍ -

“အို-ရသေ့တို့ … သင်တို့သည် ခြင်္သေ့, ကျား သားရဲတို့၏ စားကြွင်းကိုစားကုန်လျက် သုံးအပ်ပြီးသော အစာဖြင့် မျှတကာ နေကြကုန်သော်လည်း စားကြွင်းစားဟု မမှတ်ကြကုန်လင့်” –

ဟု ရသေ့တို့အား ဖြေဆိုပြန်၏။ ထိုအခါ ရသေ့တို့သည် တစ်ဖန် ငါတို့ စားကြွင်းစား မဟုတ်ကုန်သော် အဘယ်သူတို့သည် စားကြွင်းစား ဖြစ်ကုန်သနည်းဟု မေးကြပြန်ကုန်၏။ ထိုအခါ ကျေးသားသည် -

“အို-ရသေ့တို့ … ရဟန်းအား လည်းကောင်း၊ ပုဏ္ဏားအား လည်းကောင်း၊ တစ်ပါးသော သူတောင်းစားအား လည်းကောင်း ပေးလှူ၍ အကြွင်းကိုစားသော သူတို့သည်သာ စားကြွင်းစား မည်ကုန်၏” –

ဟု အကြောင်းပြ၍ ဖြေဆိုလျက် ရသေ့တို့အား ရှက်စေပြီးလျှင် မိမိနေရာ တာဝတိံသာသို့ သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရသေ့ညီနောင် ခုနစ်ယောက်သည် - ယခုအခါ ကစားတတ်သော ရဟန်းများ။

သိကြားမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရသေ့ရဟန်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပွားများရာ။

(၂) စား, သောက်, အိပ်လျက်၊ မြူးထူးလျက်၊ နေ့ရက် မဖြုန်းရာ။

ဝိဃာသာဒဇာတ် ပြီး၏။

***

(၃၉၄) - ဝဋ္ဋကဇာတ်

ကြုံလှီရခြင်း အကြောင်းကို ဆိုသောကျီးနှင့် ဆူဖြိုးရခြင်း အကြောင်းကို ဆိုသော ငုံးတို့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ထူးဆန်းအံ့ဖွယ် ပရိယာယ်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လျှပ်ပေါ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အစားလောဘ သိမ်းမရ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ငုံးမျိုး၌ ဖြစ်၍ တောအရပ်ဝယ် ခြောက်ကပ်သော မြက်သီးကို စားလျက်နေ၏။ ထိုအခါ ဗာရာဏသီပြည်၌ လျှပ်ပေါ်သော ကျီးတစ်ကောင်သည် ဆင်သေကာင်ပုပ် စသည်တို့ဖြင့် မရောင့်ရဲနိုင်ဘဲ ထို့ထက်အလွန် ရလိမ့်ဦးမည်ဟု နှလုံးသွင်းကာ တောသို့ဝင်ပြီးလျှင် သစ်သီးကြီးငယ်တို့ကို စားလျက်နေ၏။

တစ်နေ့သ၌ ထိုကျီးသည် ငုံးကိုမြင်လျှင် ဤငုံးကား အလွန်ဆူဖြိုးလှ၏၊ ဤငုံးကို မေးမြန်း၍ ကောင်းသော အစာကို စားကာ ဆူးဖြိုးအောင် ပြုမည်ဟု ကြံစည်လျက် ငုံး၏အထက်၌ ဖြစ်သော သစ်ခက်တွင် နားလေ၏။ ငုံးသည် ကျီးကိုမြင်လျှင် -

“အို-ဦးရီ…သင်ကား မွန်မြတ်၍ လူတို့အစာ ဖြစ်သော ထမင်း ထောပတ် ဆီဥကို စားရဘိ၏၊ သို့ပါလျက် အဘယ်ကြောင့် ကြုံလှီသနည်း” –

ဟု ရှေးဦးစွာ ပဋိသန္ဓာရစကား ပြောဆို မေးမြန်းလေ၏။

ငုံးဝဖြိုးရေး ကျီးကမေး

ကျီးသည် ငုံး၏ စကားကိုကြားလျှင် -

“အို-ငုံး … ရန်သူတို့အလယ်မှာနေ၍ ရန်သူတို့ အစာကို ရှာမီးစားသောက်လျက် အမြဲ စိတ်မှာ ကြောက်ရွံ့ ထိတ်လန့်နေသော ငါကျီးအား အဘယ်မှာ ဆူဖြိုးနိုင်ပါမည်နည်း” –

“အို-ငုံး… ကျီးတို့ကား စိတ်မှာအမြဲ ကြောက်ရွံ့ထိတ်လန့်ကုန်၏၊ လူတို့အစာကို လုယက်ခြင်း ဟူသော ယုတ်မာသောအမှုဖြင့် ရအပ်သော အစာသည် မနှစ်သက်စေနိုင်၊ သို့အတွက် ကြုံလှီပါ၏” –

“အို-ငုံး … သင်ကား ခြောက်ကပ်၍ အဆီဩဇာနည်းသော မြက်သီးစေ့တို့ကို စားရဘိ၏၊ သို့ပါလျက် အဘယ်ကြောင့် ဆူဖြိုးပါသနည်း” –

ဟု ငုံးအား ပြန်၍ ပြောဆိုမေးမြန်း၏။

ရောင့်ရဲအစာမျိုး လွန်ဝဖြိုး

ငုံးသည် ကျီး၏စကားကိုကြားလျှင် -

“အို-ဦးရီး … အလိုဆန္ဒနည်းပါးခြင်း၊ အဝေးသို့မသွားခြင်း၊ ရရသမျှသော အစာအာဟာရဖြင့် မျှတရောင့်ရဲခြင်းတို့ကြောင့် အကျွန်ုပ်ကား ဆူဖြိုးပါ၏။

အမှန်အားဖြင့် အလိုဆန္ဒ နည်းပါ၍ အကြံအစည် နည်းပါးသဖြင့် ချမ်းသာခြင်းရှိလျက် စိတ်ကို ကောင်းစွာ ချီးမြှောက်သူ၏ အသက်မွေးမှုကား ချမ်းသာခြင်း ဖြစ်လွယ်၏” –

ဟု မိမိ ဆူဖြိုးခြင်း အကြောင်းကို ပြောကြားလေ၏။

မြတ်စွာဘုရားသည် ဒေသနာတော်ကို ဆောင်၍ သစ္စာကို ပြသည်၏ အဆုံး၌ လျှပ်ပေါ်သော ရဟန်းသည် သေတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လျှပ်ပေါ်သော ကျီးသည် - ယခုအခါ လျှပ်ပေါ်သော ရဟန်း။

ငုံးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) လို, ကြံ, နည်းပါး၊ ဝေးမသွား၊ စားငြား စာရရာ။

(၂) ချမ်းသာစိတ်, ကိုယ်၊ ချီးမြှောက်လို၊ နိုပျို ဝဖြိုးလာ။

ဝဋ္ဋကဇာတ် ပြီး၏။

***

(၃၉၅) - ပါရာဝတဇာတ်

အမွေးအတောင် နုတ်၍ လည်ပင်းတွင် အိုးခြမ်းကွဲ အဆွဲခံရသော ကျီးနှင့် ခိုတို့ စကားပြောဆိုခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

လျှပ်ပေါ်သမှု ကဲ့ရဲ့ပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လျှပ်ပေါ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ယောင်ဆောင်အကျင့် ဒုက္ခသင့်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ခိုမျိုး၌ ဖြစ်၍ ဗာရာဏသီသူဌေး၏ စားဖိုအိမ် အသိုက်တောင်း၌ နေ၏။ လျှပ်ပေါ်သော ကျီးတစ်ကောင်လည်း ခိုနှင့် အဆွေခင်ပွန်းဖွဲ့ပြီးလျှင် ၎င်းအိမ်မှာပင် အသိုက်တောင်းတစ်ခု၌ နေ၏။

တစ်နေ့သ၌ ကျီးသည် ခို အစာရှာသွားခိုက် စားဖိုအိမ်၌ ငါးအမဲဟင်းတို့ကို ခိုး၍ စားသဖြင့် စားဖိုသည်သည် ဖမ်း၍ အမွေး အတောင်းတို့ကို ပြောအောင်နုတ်လျက် မုန့်ညက်ဖြင့် လိမ်းကျံကာ လည်ပင်းတွင် အိုးခြမ်းကွဲကို ဖောက်၍ ဆွဲပြီးလျှင် အသိုက်တောင်း၌ ထားလေ၏။

ရှက်ဖွယ်ထင်မှု ပြက်ရယ်ပြု

အစာရှာသော အရပ်မှ ပြန်လာသော ခိုသည် ကျီးကိုမြင်လျှင် -

“အဆွေကျီး … သင့်မှာ လည်ရွဲတန်ဆာ ဆွဲထားသည်ကို ကြာမြင့်မှ မြင်ရပေ၏၊ အဆွေမှာ မုတ်ဆိတ်ကို ကောင်းစွာ ပြုပြင်ထားသည့်အတွက် အလွန် တင့်တယ်စွတကား” –

ဟု ပျက်ရယ်ပြုလေ၏။ ကျီးသည် ခို ပြက်ရယ်ပြုသည်ကို ကြားလျှင် -

“အဆွေခို … ငါသည် အမှုကိစ္စတို့၌ အားထုတ်လုပ်ကိုင်လျက် အခွင့်မရသဖြင့် ချုံကဲ့သို့ ရှုတ်ထွေးသော အမွေးအတောင် ခြေသည်းတို့ ရှိခဲ့၏၊ ကြာမြင့်မှ ဆတ္တာသည်ကို ရသဖြင့် ယခု အမွေးအတောင်တို့ကို နုတ်ပယ်ရတော့၏” –

ဟု ခိုအား ပြောဆို၏။

ယောင်ဆောင်သူပေါင်း ရှက်ဖွယ်ကောင်း

ထိုအခါ ခိုသည် ကျီးစကားကို ကြားပြန်လျှင် -

“အဆွေကျီး … သင့်မှာ အလွန်ရခဲသော ဆတ္တာသည်ကို ရသဖြင့် အမွေးအတောင်တို့ကို နုတ်ပယ်ရပေ၏၊ ထို့ပြင် သင်၏လည်ပင်း၌ ပတ္တမြားသည် အဘယ်ကြောင့် (ကြိန်ကြိန်) မြည်ဘိသနည်း” –

ဟု ပြက်ရယ်ပြုပြန်၏။ ထို့နောင်မှ ကျီးသည် -

“အဆွေခို … သိမ်မွေ့နူးညံ့သော လူတို့၏ လည်ပင်းတို့၌ ပတ္တမြားကို ဆွဲဘိ၏၊ ငါကား ထိုလူတို့ကို အတုခိုး၍ ဆွဲသည် မမှတ်ပါလင့်၊ ရယ်မြူးလိုသော လူသရော်တို့ ပြုလုပ်ထားခြင်း ဖြစ်ပါ၏” –

“အဆွေခို … ကောင်းစွာ ပြုပြင်အပ်သော ဤမုတ်ဆိတ်မွေး အတူ အကယ်၍ ပြုပြင်လိုပါမူ သင့်အား ပြုပြင်ပေးပါအံ့၊ ပတ္တမြားကိုလည်း ပေးပါအံ့” –

ဟု အဆွေဖြစ်သော ခိုအား ပြောပြန်၏။

တွင်းစိတ်မရိုး သေဘေးဆိုး

ထိုအခါ ခိုသည် အဆွေကျီး ပြောသော စကားကို ကြားပြန်လျှင် -

“အဆွေကျီး … ပတ္တမြားသည် သင့်အားသာလျောက်ပတ်၏၊ ကောင်းစွာ ပြုပြင်အပ်သော မုတ်ဆိတ်လည်း သင့်အားသာ လျောက်ပတ်၏၊ ငါကား သင့်ကိုသာ ကြည့်လို၏၊ ငါကားသင့်ကို သိစေပြီးလျှင် ပန်ကြား၍ သွားတော့အံ့” –

ဟု ပြောဆိုပြီးလျှင် ပျံသန်း၍ အရပ်တစ်ပါးသို့ သွားလေ၏။ လျှပ်ပေါ်သော ကျီးသည် ထိုအရပ်၌ ပင် သေလေ၏။

ဤဒေသနာတော်ကိုဆောင်၍ သစ္စာကို ပြသည်၏ အဆုံး၌ လျှပ်ပေါ်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လျှပ်ပေါ်သော ကျီးသည် - ယခုအခါ လျှပ်ပေါ်သော ရဟန်း။

ခိုသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) လော်လည်လျှပ်ပေါ်၊ သူပြက်ချော်၊ မလျော်ပျက်စီးရာ။

(၂) မွေးတောင်နုတ်မြဲ၊ အိုးခြမ်းဆွဲ၊ လည်ဆွဲပြုလုပ်ကာ။

(၃) ငါးအမဲခိုး၊ ကျီးမိုက်မျိုး၊ ကျိုးနည်း သေရရှာ။

ပါရာဝတဇာတ် ပြီး၏။

***

(၃၉၆) - ကုက္ကုဇာတ်

အိမ်အထွက်၊ ရှောက်သီး၊ ကြာပွင့်တို့ကို ပမာပြ၍ ပညာရှိအမတ် ဆိုးဆုံးမအပ်သော ဗြဟ္မဒတ်မင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဥပါယ်ကြောင်းပြ မင်းဆုံးမ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မင်းအား ဆုံးမခြင်းကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အထွက်တည်ရေး ပညာရှိမေး

လွန်လေပြီးသောအခါ ဗြဟ္မဒမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ အကျိုးအကြောင်းကိုပြ၍ ဆုံးမတတ်သော ပညာရှိအမတ် ဖြစ်လေ၏။ ထို ဗြဟ္မဒတ်မင်းသည် အဂတိ လိုက်စားကာ မတရားသဖြင့် မင်းပြု၏။ တိုင်းပြည်ကို နှိပ်စက်၍ ဥစ္စာကိုယူ၏။ ပညာရှိအမတ်သည် မင်းကို ဆုံးမလို၍ ဥပမာတစ်ခုကို စုံစမ်းရှာဖွေလျက်နေ၏။

ထိုအခါ ဥယျာဉ်ဝယ် အထွက်တင်၍ အခြင်ကြဲကာမျှဖြစ်၍ မပြီးသေးသော အိမ်သည် ရှိ၏။ မင်းကြီးသည် ဥယျာဉ်ကစားသွားရာ ဆောက်လုပ်ဆဲ အိမ်ကို မော်၍ ကြည့်လတ်သော် အထွက်ဝန်းကိုမြင်လျှင် မိမိအပေါ်သို့ ကျလာမည်ဟု ကြောက်သဖြင့် အပြင်သို့ထွက်၍ တစ်ဖန် ကြည်ရှုပြန်၏။ အထွက်ကား အဘယ်ကိုမှိ၍ တည်သနည်း၊ အခြင်တို့ကား အဘယ်ကိုမှီ၍ တည်ကုန်သနည်းဟု ကြံစည်လျက် -

“ပညာရှိ … အိမ်၏အထွက်ကား အစောက်အားဖြင့် တစ်ထောင့်ထွာ၊ အလုံးအားဖြင့် ရှစ်ထွာ ရှိခဲ့၏။ အကာမရှိ ရင်းတိုက်နှစ် ဖြစ်ခဲ့၏။ အဘယ်ကိုမှီ၍ တည်နေသဖြင့် အောက်သို့ မကျသနည်း” –

ဟု ပညာရှိအမတ်အား အထွက်တည်ခြင်း အကြောင်းကို မေးလေ၏။

ဥပမာကိုထောက် မင်းကိုလျှောက်

ပညာရှိအမတ်လည်း မင်းကို ဆုံးမရန် ဥပမာကိုရှာနေရာ ရပေပြီဟု ဝမ်းမြောက်ဝမ်းသာ -

“မြတ်သော မင်းကြီး … အကာမရှိ အနှစ်ဖြစ်သော အခြင်သုံးဆယ်တို့ ထက်ဝန်းကျင်မှ ကြဲထားကုန်၏၊ ထိုအခြင်တို့သည် ဖိညှပ်ကာ ထောက်ပံ့၍ ထားသဖြင့် အထွက်သည် တည်နေနိုင်ပါ၏၊ အောက်သို့ မကျပါ -

ထို့အတူ ပညာရှိသော မင်းသည် ခိုင်ခိုင်မြဲမြဲ မကွဲမပြားဘဲ စင်ကြယ်ကုန်လျက် အတိုင်အပင်၌ လိမ္မာကုန်သော အဆွေခင်ပွန်းတို့သည် ကောင်းစွာ ထောက်ပံ့ကြသဖြင့် အခြင်တို့ ထောက်ပံ့၍ ထားသော အထွက်ကဲ့သို့ ဘုန်း ကျက်သရေမှ မလျော့ကျနိုင်ပါ” –

ဟု မင်းကြီးကို အထွက်နှင့် အဆွေခင်ပွန်းတို့ကို အခြင်တို့နှင့် ဥပမာပြုကာ လျှောက်ထားလေ၏။

အမတ်လျှောက်သိ ဆင်ခြင်မိ

မင်းကြီးသည် ပညာရှိအမတ် ဆိုတိုင်း ဆိတိုင်း မိမိ၏ အမူအရာကို မှတ်သား၍ အခြင်မရှိသော် အထွက်သည် မတည်နိုင်၊ အထွက် မရှိသော် အခြင်လည်း မတည်နိုင်၊ အချင်းချင်း မှီ၍ တည်နိုင်ကြကုန်၏။ တစ်ခု ပျက်သော် နှစ်ခုလုံး ပျက်ရသည်။ ထို့အတူ တရားမစောင့်သော မင်းသည် မထောက်ပံ့သဖြင့် မှူးမတ် စသည်တို့ ပျက်စီးသည်ရှိသော် ထိုသူတို့ အထောက်အပံ့ကို မခံရပြန်သဖြင့် မင်းလည်း အစိုးရခြင်းမှ ဆုတ်ယုတ်ရာ၏။ သို့အတွက် မင်းသည် တရားစောင့်ရာ၏ဟု ကြံစည်မိလေ၏။

ရှောက်သီးစားနည်း ပမာမှီး

ထိုခဏ၌ မင်းကြီးအား ရှောက်သီးကို လက်ဆောင် ဆက်သကြကုန်၏။ မင်းကြီးသည် ပညာရှိအမတ်အား ပေး၏။ ထိုအခါ ပညာရှိအမတ်သည် ရှောက်သီးကိုယူ၍ -

“မြတ်သောမင်းကြီး … ကြမ်းတမ်း ထူထဲသော အခွံရှိသော ရှောက်သီးကို ဓားဖြင့် အခွံကိုမခွာဘဲ စားသောသူသည် ရှောက်သီးကို ခါးအောင် ပြုသည်မည်၏၊ အခွံကို ပါးပါးခွာ၍ စားသောသူသည် မကောင်းအောင် ပြုသည် မည်၏၊ အခွံကို ကောင်းစွာခွာ၍ စားသောသူသည် ကောင်းအောင်ပြုသည် မည်၏။

ထိုအတူ ပညာရှိသော မင်းသည် ရွာနိဂုံးတို့၌ အလိုရမ္မက် မကြီးဘဲ မင်းကျင့်တရား ဆယ်ပါးနှင့် လျော်စွာကျင့်၍ ပစ္စည်းဥစ္စာတို့ကို စုဆောင်းသည် ရှိသော် သူတစ်ပါးတို့ကို မညှဉ်းဆဲဘဲ ကြီးပွားအောင်ပြုသည် မည်၏” –

ဟု ပစ္စည်းဥစ္စာ စုဆောင်းခြင်း၌ ရှောက်သီးကို ဥပမာပြုကာ လျှောက်ထားပြန်၏။

ကြာပွင့်ကိုပြ မင်းဆုံးမ

ထိုနောက် မင်းကြီးသည် ပညာရှိအမတ်နှင့် ရေကန်နားသို့သွား၍ ရေ၊ ညွန်၊ မြူ တို့ဖြင့် မလိမ်းကျံဘဲ လှပစွာပွင့်သော ကြားပန်းကိုမြင်လျှင် အကြောင်းကို မေးပြန်၏။ ထိုအခါ ပညာရှိအမတ်သည် -

“မြတ်သောမင်းကြီး … ရေကန်၌ ပေါက်ပွားဖြစ်ထွန်းလျက် နေအရောင်ကြောင့် ပွင့်၍ စင်ကြယ်သန့်ရှင်းသော ကြာပန်းသည် ရေ၊ ညွန်၊ မြူတို့ဖြင့် မလိမ်းကျံ။

ထို့အတူ တရားစောင့်သော မင်းသည် ထားအပ်သော မင်းကျင့်တရား၌ တည်လျက် သူတစ်ပါးတို့အား နိုင်ထက်မမူ စင်ဖြူသော အမှုကို ပြုသည်ရှိသော် ကမ္မကိလေသ မည်သော အကိုသိုလ်တရားတို့ဖြင့် မလိမ်းကျံပါ” –

ဟု တစ်ဖန် ဆုံးမပြန်၏။ မင်းကြီးသည် ပညာရှိအမတ်၏ တရားစကားကို ကြားရလျှင် ထိုအခါမှစ၍ အဂတိလေးပါး မလိုက်စားဘဲ မင်းကျင့်တရား ဆယ်ပါးနှင့် ညီညွတ်စွာ မင်းပြုလျက် ကုသိုလ် ကောင်းမှုတို့ကို ပြု၍ သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းကြီးသည် - ယခုအခါ အာနန္ဒာ။

ပညာရှိအမတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အခြင်,အထွက်၊ ထောက်ပံ့လတ်၊ မတ်မတ်တည်သလို။

(၂) မှူးမတ်နှင့်မင်း၊ အချင်းချင်း၊ ရိုင်းပင်းတည်သလို။

(၃) အခွံခွာငြား၊ ရှောက်မခါး၊ စား၍ ကောင်းသကို။

(၄) ရမ္မက်ကင်းမှု၊ တရားမှု၊ စုကြဥစ္စာကို။

(၅) ကြာပန်း၌ မူ၊ ရေ, ညွန်, မြူ၊ စင်ဖြူ မလိမ်းလို။

(၆) တရားတည်ဖွယ်၊ မှုစင်ကြယ်၊ မတွယ် အကုသိုလ်။

ကုက္ကုဇာတ် ပြီး၏။

***

(၃၉၇) - မနောဇဇာတ်

ယုတ်မာသော မြေခွေးနှင့် ပေါင်းသင်းသဖြင့် မကြာမီ သေပွဲဝင်ရသော မနောဇခြင်္သေ့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆန့်ကျင့်မိတ်ဆွေ ရှောင်ကြဉ်လေ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဆန့်ကျင်ဘက်ဖြစ်သော အဆွေခင်ပွန်းကို မှီဝဲသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မိဘလုပ်ကျွေး အသက်မွေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ခြင်္သေ့မျိုး၌ ဖြစ်၍ သားနှင့် သမီး နှစ်ကောင်တို့ကို မွေးဖွားပြီးလျှင် သားကို မနောဇ ဟူသောအမည်ကို မှည့်လေ၏။ ထိုမနောဇသည် အရွယ်သို့ရောက်လတ်သော် ခြင်္သေ့မ တစ်ကောင်ကို ယူ၏။ ထိုအခါ အမိ၊ အဘ၊ နှမ၊ မယား၊ မနောဇ အားဖြင့် ခြင်္သေ့ငါးကောင်တို့သည် အတူတကွ နေကြကုန်၏။ မနောဇသည် သားတို့ကို သတ်၍ အမိ၊ အဘ၊ အဘ၊ နှမ၊ မယားတို့ကို ကျွေးမွေး၏။

မြေခွေးပေါင်းငြား မဖင်တား

တစ်နေ့သ၌ မနောဇသည် ကျက်စားရာအရပ်သို့ သွားသည်ရှိသော် ဝီရိယ မည်သော မြေခွေးသည် ခြင်္သေ့ကိုမြင်လျှင် မပြေးဝံ့သဖြင့် ရင်ဖြင့်ဝပ်လေ၏။ ထိုအခါ မနောဇသည် မြေခွေးအား “အဆွေ … အဘယ်ကြောင့် ဝပ်သနည်း” ဟု မေးလျှင် “အရှင် … ခစားလို၍ ဝပ်ပါသည်” ဟု ပြောကြားရာ၊ “ကောင်းပြီ” ဆို၍ မိမိနေရာ လိုက်ဂူသို့ ခေါ်သွားလေ၏။ အဘခြင်္သေ့မင်း မြင်လျှင် “ချစ်သား မနောဇ … မြေခွေးတို့မည်သည် သီလ မရှိ၊ ယုတ်မာသော အကျင့်ရှိ၏၊ အရာဌာန မဟုတ်သည်၌ ယှဏ်စေ၏၊ အတူမနေလင့်” ဟု တားမြစ်သော်လည်း နားမထောင်လေ။

ဖခင်ပြောရာ မလိုက်နာ

တစ်နေ့သ၌ မြေခွေးသည် မနောဇအား “အရှင် … မြင်းသားကိုထား၍ မစားဖူးသော အသားမည်သည် မရှိ၊ မြင်းကို ဖမ်းကြမည်”ဟု ပြော၏။ “အဆွေ … မြင်းတို့အဘယ်မှာရှိသနည်း” ဟု မေး၏။ “အရှင် … ဗာရာဏသီ မြစ်နားမှာ ရှိပါသည်” ဟု ပြောလေ၏။ ထိုအခါ မနောဇသည် မဆင်ခြင်ဘဲ မြေခွေးစကားကို နားထောင်ကာ မြေခွေးနှင့်အတူ မြစ်နားသို့သွား၍ ရေချိုးသော မြင်းတို့တွင် မြစ်တစ်ကောင်ကို ကိုက်ချီ၍ လာကာ ဂူဝတွင် ချ၏။ ထိုအခါ အဘ ခြင်္သေ့မင်းသည် “ချစ်သား … မြင်းတို့မည်သည် မင်း၏ယာဉ် ဖြစ်ကုန်၏။ မင်းတို့လည်း မာယာများကုန်၏၊ လေးသမားတို့ကို လွှတ်၍ ပစ်စေလိမ့်မည်၊ ဤနေ့မှစ၍ မြင်းကို မဖမ်းလင့်” ဟု တားမြစ်ပြန်၏။ မနောဇလည်း မနာယူဘဲ ဖမ်းမြဲတိုင်း ဖမ်း၍ သာနေ၏။

လေးသမားစောင့်နေ ပစ်ခတ်လေ

မင်းကြီးသည် မြင်းတို့ကို ခြင်္သေ့ ဖမ်းသည်ဟု ကြားလျှင် မြို့တွင်း၌ ရေကန်တူးစေ၏။ မြို့တွင်းသို့ဝင်၍ ဖမ်းပြန်၏။ ထိုအခါ မြင်းတင်းကုပ် ဆောက်လုပ်စေ၍ မြင်းတင်းကုပ်မှာပင် မြက် ရေတို့ကို ထားစေပြန်၏။ မြို့တံတိုင်းကို ကျော်လွှားကာ မြင်းတင်းကုပ်သို့ဝင်၍ ဖမ်းပြန်၏။ ထိုအခါ မင်းကြီးသည် အက္ခဝေဓိ မည်သော လေးသမား တစ်ယောက်ကိုခေါ်၍ ခြင်္သေ့ကို အပစ်ခိုင်းလေ၏။ လေးသမားလည်း ခြင်္သေ့လာရာ တံတိုင်းကိုမှိီ၍ လင့်စင်ဆောက်လျက် အသင့်စောင့်၍ နေ၏။ ခြင်္သေ့လည်း လာမြဲတိုင်း လာ၍ မြင်းကို ဖမ်းကာ အပြန်တွင် ပစ်လေ၏။ မြားသည် ခြင်္သေ့ကိုယ်တွင် နောက်ပိုင်းမှဝင်၍ ရှေ့ပိုင်းသို့ ထွက်လေ၏။ ခြင်္သေ့လည်း နာကျင်လှသဖြင့် အော်လေ၏။ လေးသမားလည်း မိုးကြိုးသံကဲ့သို့ လေးညှို့ကို ခတ်လေ၏။

မင်းဒဏ်သင့်လေ ခြင်္သေ့သေ

မြေခွေးသည် ခြင်္သေ့မင်း အော်သံနှင့် လေးညှို့ခတ်သံကို ကြားလျှင် မြှားမှန်၍ ခြင်္သေ့ သေသည် ဖြစ်လိမ့်မည်၊ သူသေနှင့် အဆွေခင်ပွန်းဖွဲ့ခြင်း မည်သည် မရှိ၊ မိမိနေရာတောသို့ သွားတော့အံ့ဟု ကြံစည်လျက် -

“လေးသည် ညွန်ဘိ၏၊ လေးညှို့လည်း မြည်ဘိ၏၊ ငါ၏အဆွေခင်ပွန်း မနောဇ မည်သော ခြင်္သေ့မင်းကို သတ်ကြယောင်တကား။

ယခု ငါသည် အလိုအလျောက် တောသို့သွားအံ့၊ ဤသို့သော သူသေနှင့် အဆွေခင်ပွန်း မဖြစ်နိုင်၊ င့ါမှာ အသက်ရှည်သည်ရှိသော် အဆွေခင်ပွန်းတို့ကို ရရာ၏”

ဟု မိမိကိုယ်ကို ပြောကြားလျက် နေရာတောသို့ သွားလေ၏။

ခြင်္သေ့လည်း မြားမှန်သော ဒဏ်ရာ ရှိလျက်ပင် မြင်းကိုယူကာ မိမိနေရာ ဂူဝတွင်ချ၍ လဲလျက် သေခြင်းသို့ ရောက်လေ၏။

ယုတ်မာသူပေါင်း သေရကြောင်း

ထိုအခါ မနောဇ၏ အမိ အဘ ဆွေမျိုးတို့သည် ဂူမှထွက်၍ သွေးအလိမ်းလိမ်း ကပ်လျက် သေနေသော မနောဇကိုမြင်လျှင် -

“အချင်းတို့ … အဆွေခင်ပွန်းယုတ်ကို ပေါင်းသင့်းသူကား စင်စစ် ချမ်းသာသုခကို မရနိုင်၊ မြေခွေး၏ စကားကို နားထောင်မိသဖြင့် သေလျက် အိပ်ရသော မနောဇကို ရှုကြလော့၊ အဆွေခင်ပွန်းယုတ်ကို ပေါင်းသင်းခြင်းကြောင့် အမိသည် သားကို မချစ်နိုင်တော့ပြီ၊ မိမိသွေး၌ နစ်မွန်းကာ သေလျက် အိပ်ရသော မနောဇကို ရှုကြည့်ကြလော့။

စင်စစ် အကျိုးစီးပွားကို မြော်မြင်၍ အကျိုးစီးပွားကို အလိုရှိသော သူတို့၏စကားကို နားမထောင်သော သူသည် မနောဇကဲ့သို့ ယုတ်မာသော မကောင်းမှုကို ရရှိလျက် ဆင်းရဲခြင်းသို့ ရောက်ရ၏။

ယုတ်မာသောအကျင့် ရှိသူကို ပေါင်းဖော်သော မြတ်သောသူသည်လည်း ဤသို့သော ဆင်းရဲသို့ ရောက်ရ၏၊ ယုတ်မာသော အကျင့်ရှိသူကို ပေါင်းသင်းမိသဖြင့် မြားမှန်၍ သေနေသော ခွန်အားကြီးသော မနောဇ ခြင်္သေ့ကို ရှုကြည့်ကြလော့” –

ဟု မနောဇ ခြင်္သေ့၏ အမိ အဘ ဆွေမျိုးတို့သည် ပြောဆိုကြကုန်၏။

မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ -

“ရဟန်းတို့ … မိမိအောက် ယုတ်သူကို ပေါင်းဖော်သူသည် ယုတ်မာ၍ လာ၏၊ မိမိနှ့် တူမျှသူကို ပေါင်းဖော်သူသည် ဘယ်အခါမျှ မယုတ်မာ၊ မိမိထက် မြင့်မြတ်သူကို ပေါင်းဖော်သောသူသည် လျင်စွာ မြင့်မြတ်လာ၏၊ တိုးပွားလာ၏၊ ထို့ကြောင့် မြင့်မြတ်သူကို ပေါင်းဖော်ကြကုန်လော့” –

ဟု ဟောကြား ဆုံးမတော်မူ၏။

ဤဒေသနာတော်ကို ဆောင်၍ သစ္စာကိုပြသည့်အဆုံး၌ ဆန့်ကျင်ဘက်ဖြစ်သော အဆွေခင်ပွန်းကို မှီဝဲသော ရဟန်းသည် သောတာပတ္တဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းကြီးသည် - မနောဇသည် - ယခုအခါ ဆန့်ကျင်သော အဆွေခင်ပွန်းကို မှီဝဲသော ရဟန်း။

နှမသည် - ဥပ္ပလဝဏ်။

မယားသည် - ခေမာ။

အမိသည် - ရာဟုလာ မယ်တော်။

အဘသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကိုယ့်အောက်ယုတ်သူ၊ ပေါင်းသင်မူ၊ ထိုသူယုတ်၍ လာ။

(၂) ကိုယ်နှင့်တူတန်၊ ပေါင်းသင်းပြန်၊ တစ်ရံမယုတ်မာ။

(၃) ကိုယ့်ထက်မြင့်မြတ်၊ ပေါင်းသင်းလတ်၊ မြင့်မြတ်တိုးပွားရာ။

မနောဇဇာတ် ပြီး၏။

***

(၃၉၈) - သုတနုဇာတ်

အမိအတွက် အသက်စွန့်ကာ ဘီလူးထံ ထမင်းပို့သော သုတနုလုလင် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိဘလုပ်ကျွေး သတင်းမွှေး

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အမိကို လုပ်ကျွေးသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကိုယ့်တာ သူ့တာ တောလိုက်ရာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဆင်းရဲမျိုး၌ ဖြစ်၍ သုတနု ဟူသောအမည်ကို မှည့်ကုန်၏။ ထိုသုတနုလုလင်သည် အရွယ်သို့ရောက်လတ်သော် သူရင်းငှားလုပ်၍ အမိ အဘကို လုပ်ကျွေးနေစဉ် အဘ သေဆုံးလတ်သော် အမိကိုသာ လုပ်ကျွေးလျက်နေ၏။

ထိုအခါ ဗာရာဏသီမင်းကြီးသည် သမင်ကို သတ်လေ့ရှိ၏။ တစ်နေ့သ၌ အခြံအရံများစွာဖြင့် တောသို့ သမင်းလိုက်သွားရာ ပတ်ပတ်လည် တာဝေ၍ အစောင့်ချထားလျက် သမင်ထွက်ရာ တာ၏ တာစောင့်ကို မင်းဒဏ်ပေးမည်ဟု အမိန့်ပေးပြီးလျှင် အသီးအသီးစောင့်၍ နေကြ၏။

မင်းကြီးတာဘက် သမင်ထွက်

လူတို့သည် သားတို့နေရာအရပ်၌ တုတ် လှံကန်တို့ဖြင့် ရိုက်ပုတ်၍ ဟစ်အော် ခြောက်လှန့်ကြ၏။ ဧဏီသား တစ်ကောင်သည် မင်းကြီး၏ နေရာအရပ်သို့ ပြေးလေ၏။ မင်းသည် မြားဖြင့် ပစ်၏။ ဧဏီသားသည် မိဂမာယာ၌ လိမ္မာသည်ဖြစ်၍ မြားမှန်သကဲ့သို့ လဲလေ၏။ မင်းသည် မြားမှန်သည်ထင်၍ ဖမ်းမည်ဟု ပြေး၏။ သားသည် ထ၍ လေကဲ့သို့ လျင်မြန်သောအဟုန်ဖြင့် ပြေးလေ၏။ အမတ်စသည်တို့သည် မင်းကို ပြက်ရယ်ပြုကုန်၏။ မင်းကြီးသည် ရှက်လှ၍ သားကို အတင်းလိုက်ရာ မိ၍ သားကို သတ်ဖြတ်ပြီးနောက် အပန်းဖြေရန် ပညောင်ပင်ရိပ်သို့ဝင်၍ လျောင်းစက်သော် အိပ်ပျော်ခြင်းသို့ ရောက်လေ၏။

သားလိုက်မောပန်း ဘီလူးဖမ်း

ထိုပညောင်ပင်ကို စောင့်သော မဃဒေဝ မည်သော ဘီလူးသည် ရှိ၏။ ထိုဘီလူးသည် ပညောင်ပင်ရိပ်သို့ဝင်သော သူတို့ကို စားရန် ဝေဿဝဏ် နတ်မင်းကြီးထံမှ အခွင့်ရ၏။ မင်းကြီးလည်း အိပ်ရာမှ နိုးလတ်သော် ထ၍ သွားလေ၏။ ထိုအခါ ဘီလူးသည် မင်းကြီးကို “အသင်လူသား ရပ်လော့၊ သင် ငါ့အစာဖြစ်ပြီ” ဟု လက်ကိုကိုင်၍ ထား၏။ မင်းကြီးသည် “သင် အဘယ်သူနည်း” ဟု မေး၏။ “ငါ ပညောင်ပင်စောင့် ဘီလူး ဖြစ်သည်၊ ဤပညောင်ပင်ရိပ်သို့ ဝင်သောသူတို့ကို စားရန် အခွင့်ရသည်” ဟု ပြောလေ၏။ ထိုအခါ မင်းကြီးသည် သတိထား၍ “သင်သည် ယနေ့သာ စားလိုသလော၊ နေ့တိုင်း စားလိုသလော” ဟု မေး၏။ “ငါ နေ့တိုင်းစားလိုသည်” ဟု ပြော၏။ “ယနေ့ သမင်သားကို စား၍ ငါ့ကိုလွှတ်ပါ၊ ငါသည် နက်ဖြန်မှစ၍ လူတစ်ယောက်ကို နေ့တိုင်း ထမင်းပို့လွှတ်မည်” ဟု တောင်းပန်၏၊ “ကောင်းပြီ ကတိတည်ပါစေ၊ မပို့လာသောနေ့၌ သင့်ကို လာ၍ စားမည်” ဟု ပြော၏။ “ငါသည် ဗာရာဏသီမင်းတည်း၊ မရှိသောအရာမည်သည် မရှိ” ဟု ပြောလေ၏။ ထိုအခါ ဘီလူးသည် ကတိထားပြီးလျှင် မင်းကြီးကို လွှတ်လိုက်၏။

ဘီလူးထံပို့ရ တစ်ယောက်ကျ

မင်းကြီးသည် မြို့သို့ရောက်လျှင် ထိုအကြောင်းကို ယုံကြည်ရသော အမတ်တစ်ယောက်ကို ပြောကြားလေ၏။ အမတ်သည် မင်းကြီးအား “နေ့အပိုင်းအခြားကို ပြုခဲ့၏လော” ဟု မေး၏။ မင်းကြီးသည် “အပြုခဲ့” ဟု ပြော၏။ သင်မင်းကြီးသည် မသင့်သည်ကို ပြုခဲ့၏။ သို့သော်လည်း မစိုးရိမ်လင့် နှောင်အိမ်၌ လူများစွာရှိသည်။ ကောင်းပြီ ထိုအမှုကို သင်သည်ပင်ပြု၍ ငါ့အား အသက်ကို ပေးလော့ဟု ပြောဆိုကာ အပ်နှင်း၏။ အမတ်လည်း နေ့တိုင်း နှောင်အိမ်မှ လူတို့ကို ထုတ်၍ ဘီလူးထံ ထမင်းပို့ခိုင်း၏။ ဘီလူးလည်း လာတိုင်း လာတိုင်းသော သူတို့ကို ထမင်းနှင့်တကွစား၏။ နောက်အဖို့၌ နှောင်အိမ်၌ လူကုန်လတ်သော် ထမင်းပို့သူကို မရသဖြင့် အသပြာတစ်ထောင်ကို ဆင်ကျောတွင်တင်၍ ဘီလူးထံ ထမင်းပို့သွားဝံ့သူကို အသပြာတစ်ထောင် ပေးမည်ဟု ကြွေးကြော်လျက် ထမင်းပို့သူကို စည်လည်၍ ရှာလေ၏။

မိခင်လုပ်ကျွေး ဆင်းရဲသားလေး

ထိုအခါ စည်လည်သော အသံကို သုတနုလုလင် ကြားလတ်သော် ငါကား သူရင်းငှားလုပ်၍ ပဲဝက် ပဲဝက်သော ဥစ္စာကို စုဆောင်းကာ ငြိုငြင်သဖြင့် အမိကို လုပ်ကျွေးရ၏။ အသပြာတစ်ထောင်ကို အမိအားပေး၍ ဘီလူးထံ ထမင်းပို့သွားမည်၊ ဘီလူးကို ဆုံးမနိုင်ပါမူ အပြစ်မရှိ၊ မဆုံးမနိုင်ပါမူ သေသော်လည်း ငါ့အမိ ချမ်းသာစွာ အသက်မွေးရမည်ဟု ကြံစည်ပြီးလျှင် အမိကို ခွင့်ပန်လေ၏။ အမိလည်း ခွင့်မပေးလေ။ တစ်ကြိမ် နှစ်ကြိမ်မှာနေသေး၏။ သုံးကြိမ်စေ့သောအခါ အသပြာတစ်ထောင်ကိုယူ၍ အမိအား ပေးပြီးလျှင် “အမိ … မစိုးရိမ်လင့်၊ အကျွန်ုပ်သည် ဘီလူးကို ဆုံးမပြီးလျှင် လူအများ ချမ်းသာအောင် ပြုမည်” ဟု မှာထား၍ မင်းကြီးထံ သွားလေ၏။

ပွဲတော်အုပ်ထမ်း လုလင်စွမ်း

မင်းကြီးသည် သုတနုလုလင်ကို မြင်လျှင် ဘီလူးထံ ထမင်းပို့သွားမည်သူဟုသိ၍ “အမောင် … အလိုရှိရာကို တောင်းပါ” ဟု ပြော၏။ သုတနုလုလင်လည်း ပရိယာယ်မာယာ၌ လိမ္မာသော ပညာရှိ ဖြစ်သည့်အားလျော်စွာ မိမိ ပရိယာယ်ပြုနိုင်ရန် ကြံစည်၍ “ခြေနင်း၊ ထီး၊ သန်လျက်တို့ကို ပေးပါ၊ ထမင်းကိုလည်း ရွှေခွပ်ဖြင့် ထည့်၍ ပေးပါ” ဟု တောင်းလေ၏။ မင်းကြီးလည်း တောင်သမျှ အလုံးစုံ ပေးစေ၏။

သုတနုလုလင်သည် ခြေနင်းကိုစီး၍ ထီးကိုဆောင်လျက် သန်လျက်ကို လွယ်ပြီးလျှင် ထမင်းခွက်ကိုကိုင်ကာ “အရှင်မင်းကြီး … မကြောက်လင့်၊ အကျွန်ုပ်သည် ဘီလူးကို ဆုံးမ၍ အရှင်မင်းကြီးနှင့်တကွ လူအပေါင်းကို အသက်ချမ်းသာအောင်ပြုမည်” ဟု လျှောက်ထားပြီးလျှင် ထမင်းပို့သွားရန် အခြံအရံနှင့်တကွ မြို့မှထွက်လေ၏။ ပညောင်ပင် အနီးသို့ရောက်လျှင် အခြံအရံ လူများကို ထားခဲ့၍ ထမင်းခွက်ကိုကိုင်လျက် ဘီလူးအထံသို့ သွားလေ၏။

ဘီလူးခေါ်ကြွေး ပွဲတော်ပေး

ဘီလူးသည် အချိန်တန်၍ ထမင်းပို့လာသော လမ်းခရီးကို ကြည့်လတ်သော် သုတနုလုလင်ကိုမြင်လျှင် ဤနေ့လာသူကား တစ်ပါးသောနေ့တို့၌ လာသောသူကဲ့သို့ မလာ၊ အကြောင်း အသို့ရှိသနည်းဟု ကြံစည်နှင့်လေ၏။ သုတနုလုလင်လည်း ပညောင်ပင်သို့ရောက်လျှင် ထမင်းခွက်ကို အရိပ်တွင်း၌ ချ၍ မိမိမူကား အရိပ်စွန်း၌ ရပ်လျက် -

“အို-ပညောင်ပင်စောင့် ဘီလူး … မင်းကြီးသည် သင့်အဖို့ စင်ကြယ် သန့်ရှင်းသော သားပြွမ်းထမင်းကို ပို့စေ၏၊ လာပါ ထွက်ခဲ့ပါ စားပါ” –

ဟု ဘီလူးအား ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိ ပြောဆိုလေ၏။ သုတနုလုလင် စကားကိုကြားလျှင် ဘီလူးလည်း လှည့်စား၍ အရိပ်တွင်းသို့ ဝင်သည်ရှိသော် စားမည်ဟု ကြံစည်လျက် -

“အို-လုလင် … အမြဲပို့နေကျ ထမင်းကို ဟင်းနှင့်အပြည့်အစုံယူပြီး ဤဘက်သို့ လာပါ၊ သင်လည်း ငါ့အစာဖြစ်ရမည်၊ ထမင်းနှင့် ဟင်းတို့လည်း ငါ့အစာ ဖြစ်ရမည်” –

ဟု သုတနုလုလင်အား ပြောဆိုလေ၏။

ရဲရင့်စွာဆို ဘီလူးကို

ထိုအခါ သုတနုလုလင်သည် သူ၏အစွမ်းကို ပြောလို၍ ပညောင်ပင်၏ အရိပ်စွန်းတွင်ရပ်လျက် -

“အို-ဘီလူး … သင်ကား အနည်းငယ်မျှသော အကြောင်းဖြင့် ကြီးစွာသော အကျိုးကို စွန့်လွှတ်ရလိမ့်မည်၊ လူတို့သည် သေရလိမ့်မည်ဟု မှတ်ထင်ကာ သင့်အား ထမင်းပို့ကြလိမ့်မည် မဟုတ်”

“အို-ဘီလူး … ငါကား သင့်အဖို့စင်ကြယ် မွန်မြတ်၍ အရသာနှင့် ပြည့်စုံသော အမြဲပို့နေကျ ထမင်းကို လာ၍ ပို့ပါ၏၊ ငါ့ကို စားသည်ရှိသော် သင့်ထံ ထမင်းပို့မည်သူ ဤဗာရာဏသီပြည်ဝယ် ရတော့မည်မဟုတ်” –

ဟု ဘီလူးအား ပြောဆိုပြီးလျှင် နောက်တစ်ဖန် “အို-ဘီလူး … ဤဗာရာဏသီပြည်ဝယ် ငါကဲ့သို့ ပညာရှိသောသူမည်သည် မရှိပေ၊ ငါ့ကို စားသည်ရှိသော် ဘီလူးသည် သုတနုလုလင်ကိုစဉ် လျက် စားဝံ့သေးသည် အခြားသူကို အဘယ်မှာမစားဝံ့ဘဲ ရှိအံ့နည်းဟု ထမင်းပို့သူကို ရတော့မည် မဟုတ်၊ မရခဲ့သော် သင် ထမင်းငတ်လိမ့်မည်” ဟု ပြော၏။

မိမိမာန်လျောက် ဘီလူးခြိမ်းခြောက်

“အို-ဘီလူး … ငါတို့ မင်းကြီးကိုလည်း သင့်သစ်ပင်ရိပ်တွင်း၌ နေသူမဟုတ်၍ မစားနိုင်၊ ငါ့အား အကယ်၍ လွှတ်လိုက်ပါမူ ငါသည် မင်းကြီးအား လျှောက်ထား၍ နေ့တိုင်း ထမင်းကို ပို့စေမည်၊ ငါကား သင့်ကို အကျိုးအကြောင်ပြ၍ ပြောဆို တောင်းပန်ခြင်းသာ ဖြစ်သည်၊ စင်စစ် အမှန်မှာ ငါသည် သင့်မြေပေါ်မှာ မနင်း၊ ခြေနင်းပေါ်မှာသာ နင်းသည်၊ သင့်ပညောင်ပင်ရိပ်မှာ မနေ၊ ထီးရိပ်အောက်မှာ နေသည်၊ သို့အတွက် ငါ့ကိုလည်း သင် မစားနိုင်၊ သင်နှင့် စစ်ထိုးရလျှင် လည်း ငါ မကြောက်၊ ငါသည် သင့်ကို ခုတ်သတ်ရန် သန်လျက်ကို အသင့် ဆောင်ယူလာသည်” ဟု ဘီလူးအား ခြိမ်းခြောက်လေ၏။

ယောကျ်ားစွမ်းပြ သဘောကျ

ထိုအခါ ဘီလူးသည် ဤလုလင်ကား အကျိုးအကြောင်း ဆက်စပ်၍ သင့်မြတ်သော စကားကို ဆိုပေသည်ဟု အောက်မေ့လျက် ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ -

“အို-သုတနုလုလင် … သင်ပြောဆိုသော စကားတို့ကား ငါ၏ အကျိုးငှာ ပြောဆိုသော စကားတို့ဖြစ်ပါ၏၊ ငါသည် သင့်ကို မစားတော့ပါ၊ ခွင့်ပြုပါမည်၊ ပြန်၍ ချမ်းသာစွာ သင့်မိခင်ကို ဖူးမြင်ပါ” –

“အို- သုတနုလုလင် … သန်လျက်၊ ထီး၊ ရွှေခွက်တို့ကို ယူ၍ ပြန်သာပြန်ပါလေ၊ သင့်မိခင်သည် သင့်ကို ချမ်သာစွာ ရှုကြည့်ပါစေ၊ သင်သည်လည်း သင့် မိခင်ကို ချမ်းသာစွာ ဖူးမြင်ပါလော” –

ဟု သုတနုလုလင်အား ချမ်းသာစေကြောင်းကို ဆုတောင်းလျက် အိမ်သို့ပြန်၍ လွှတ်လေ၏။ ဘီလူးစကားကို ကြားလျှင် သုတနုလုလင်သည် ငါ၏အမှုကိစ္စ ပြီးပေပြီ၊ ဘီလူးကိုလည်း ဆုံးမအပ်ပေပြီ၊ ဥစ္စာများစွာကိုလည်း ရအပ်ပေပြီ၊ မင်းကြီး စေခိုင်းတိုင်းလည်း ပြုအပ်ပေပြီ - ဟု အလွန်နှစ်သက်ဝမ်းမြောက်သောစိတ် ရှိသည်ဖြစ်၍

“အို-ဘီလူး … ငါကား ဥစ္စာကိုလည်း ရအပ်ပေပြီ၊ မင်းကြီး၏ စကားကိုလည်း ပြုလုပ်အပ်ပေပြီ၊ ငါသည် ချမ်းသာသကဲ့သို့ သင်သည် ဆွေမျိုးအလုံးစုံနှင့်တကွ ချမ်းသာပါစေ” –

ဟု ဘီလူးအား ဆုတောင်းမေတ္တာပို့ကာ အနုမောဒနာပြုလေ၏။

တရားဟောကာ ဘီလူးခေါ်လာ

ထိုနောက် သုတနုလုလင်သည် ဘီလူးကိုခေါ်၍ “အဆွေ … သင်ကား ရှေးရှေးဘဝတို့က အကုသိုလ်ကံတွေကို ပြုခဲ့၍ ရုန့်ရင်းကြမ်းကြုတ်ခဲ့သည်၊ သူတစ်ပါးကို အသားအသွေးကို စားသောက်ကာ အသက်မွေးခဲ့ရသည်၊ ဤနေ့မှစ၍ ပါဏာတိပါတ စသည်ကို မပြုပါလင့်” ဟု သီလ၏အကျိုးအပြစ်တို့ကို ဟောကြား၍ ပဉ္စသီလတို့၌ တည်စေပြီးလျှင် “အဆွေ … သင်ကား တော၌ နေသဖြင့် အကျိုးမရှိ၊ မြို့တံခါးအနီးတွင် သင့်ရာအရပ်၌ နေစေ၍ ထမင်းဦး ဟင်းဦးတို့ကို ရစေမည်” ဟု ဆုံးမ၍ ဘီလူးကို သန်လျက်ထမ်းကာ နောက်လိုက် ပြုစေပြီးလျှင် ဗာရာဏသီမြို့တော်သို့ လာလေ၏။

မိဘကျေးဇူး စည်းစိမ်ထူး

မင်းကြီးလည်း သုတနုလုလင်သည် ဘီလူးကိုခေါ်၍ လာသည်ဟု ကြားလျှင် ဝမ်းမြောက်တော်မူလှ၍ အမတ်အပေါင်း ခြံရံလျက် ခရီးဦးကြိုဆိုတော်မူ၏။ ဘီလူးကိုလည်း မြို့တံခါး၌ နေစေပြီးလျှင် နေ့တိုင်း ထမင်းဦး ဟင်းဦးတို့ကို ဆက်သ၍ ပူဇော်ကြရန် တစ်မြို့လုံး စည်လေစေ၏။ သုတနုလုလင်အားလည်း ဂုဏ်ကျေးဇူးကို ပြောဆို ချီးကျူးကာ စစ်သူကြီးရာထူးကို ပေးလေ၏။ မိမိကိုယ်တိုင်လည်း သုတနုပညာရှိ၏ အဆုံးအမ၌ တည်၍ ကုသိုလ် ကောင်းမှုတို့ကို ပြုလျက် သေသည့်အခြားမဲ့၌ နတ်ပြည်သို့လားလေ၏။

ဤဒေသနာတော်ကို ဆောင်၍ သစ္စာကို ပြသည်၏အဆုံး၌ အမိကိုလုပ်ကျွေးသော ရဟန်းသည် သေတာပတ္တဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မာဃဒေဝ ဘီလူးသည် - ယခုအခါ အင်္ဂုလိမာလ။

ဗာရာဏသီမင်းသည် - အာနန္ဒာ။

သုတနုလုလင်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကျေးဇူးကြီးလှ၊ မိနှင့်ဘ၊ နိစ္စလုပ်ကျွေးရာ။

(၂) သူတော်အားလုံး၊ လုပ်ကျွေးထုံး၊ လက်သုံးဓမ္မတာ။

(၃) ဘေးရန်ကင်းရိုး၊ စည်းစိမ်တိုး၊ ကျော်ဟိုးဂုဏ်တေဇာ။

သုတနုဇာတ် ပြီး၏။

***

(၃၉၉) - မာတုပေါသကဂိဇ္စျဇာတ်

မိအို၊ ဘအိုတို့ကို အစာရှာဖွေ ယူဆောင်ကျွေးသော လင်းတမင်း ကျော့ကွင်းမိခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိဘကျွေးမွေး ရဟန်းကလေး

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အမိကို လုပ်ကျွေးသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကျော့ကွင်းမိရေး သောကဆွေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် လင်းတမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် မျက်မမြင် အမိအဘအိုတို့ကို တောင်ဂူတစ်ခု၌ ထား၍ နွားသား စသည်တို့ု ရှာဖွေလျက် လုပ်ကျွေး၏။

ထိုအခါ မုဆိုးတစ်ယောက်သည် သုသာန်ဝယ် လင်းတတို့ကျရာအရပ်၌ ကျော့ကွင်းတို့ကို ထောင်၍ ထား၏။ တစ်နေ့သ၌ လင်းတမင်းသည် အစာရှာဖွေရန် သုသာန်သို့ ဝင်လတ်သော် ကျော့ကွင်း၌ မိလေ၏။ ထိုအခါ လင်းတမင်းသည် မိမိ သေရမည်ကို အရေးမကြီးဘဲ မျက်မမြင် မိဘအိုတို့ကို ကိုးကွယ်ရာမဲ့ သေကြရမည်ကို အရေးတကြီး စိုးရိမ်လှသဖြင့် -

“အို-မိခင် ဖခင်တို့ … အကျွန်ုပ်အား ကျော့ကွင်း၌ မိခဲ့၏၊ အကျွန်ုပ်သည် နိလီယမုဆိုး၏ အလိုသို့ လိုက်ရ၏၊ အိုမင်းသဖြင့် တောင်လိုဏ်ဂူတွင် နေရစ်ကြသော မျက်မမြင်မိဘတို့သည် အသို့ပြုကြမည်နည်း” –

ဟု မိဘအိုတို့ အကျိုးငှာ ငိုကြွေးမြည်တမ်းလေ၏။

လင်းတငိုကြွေး မုဆိုးမေး

ထိုအခါ မုဆိုးသည် လင်းတမင်း ငိုသံကို ကြားလျှင် -

“အို-လင်းတမင်း … သင်သည် အဘယ်သို့ ငိုကြွေးသနည်း၊ သင်၏ ငိုကြွေးခြင်းကား အဘယ်ပါနည်း၊ လူတို့ ဘာသာစကားကို ပြောဆိုတတ်သော လင်းတငှက်ကို ငါသည် ဘယ်အခါမျှ မမြင်ဖူးပါ၊ ကြားလည်း မကြားဖူးပါ” –

ဟု လင်းတမင်းနှင့် ပဋိသန္ဓာရစကား ပြောဆိုလေ၏။

ထိုနောင်မှ လင်းတမင်းသည် -

“အို-မုဆိုး … ငါသည် အိုမင်းသဖြင့် တောင်လိုဏ်ဂူ၌ နေရစ်ကြသော မျက်မမြင် မိဘတို့ကို လုပ်ကျွေး၍ နေပါ၏၊ သင်မုဆိုး၏ အလိုသို့ လိုက်ရသည်ရှိသော် မျက်မမြင် မိဘအိုတို့သည် အဘယ်သို့ ပြုကြမည်နည်း”-

ဟု မုဆိုးအား မိမိအကြောင်းနှင့် မျက်မမြင် မိအိုဘအိုတို့ အကြောင်းကို ပြောကြားလေ၏။

အသက်ကုန်ဘိ ဘေးမသိ

မုဆိုးသည် လင်းတမင်း စကားကို ကြားလျှင် -

“အို-လင်းတမင်း …. လင်းတတို့မည်သည် ယူဇနာတစ်ရာကိုလွန်၍ တည်ရှိသော အကောင်ပုပ်ကို မြင်နိုင်၏ဟု လူတို့ ပြောဆိုကြ၏၊ သို့ပါလျက် သင်သည် ကွန်ကျော့ကါင်းတို့ကို အနီးသို့ ရောက်စေပါလျက် အဘယ်ကြောင့် မမြင်ပါသနည်း” –

“အို-မုဆိုး … သင်ပြောသော စကားသည် မှန်ပါ၏၊ အသက်ကုန်၍ ပျက်စီးခြင်းသို့ ရောက်လိုသော သူသည် ကွန်ကျော့ကွင်းတို့ကို အနီးသို့ ရောက်နေပါလျက်လည်း မမြင်နိုင်ပါ” –

ဟု အကြောင်းပြကာ ပြောဆိုပြန်၏။

မုဆိုးစိတ်ညွတ် ကျော့ကွင်းလွတ်

မုဆိုးသည် လင်းတမင်း တရားစကားကို ကြားနာရသဖြင့် ဤပညာရှိသော လင်းတမင်းကား ငိုကြွေးသော်လည်း မိမိအတွက် မငိုကြွေး၊ မျက်မမြင် မိဘတို့အတွက်သာ ငိုကြွေးပေ၏၊ ဤလင်းတမင်းကို သတ်ရန်မသင့်ဟု ကြံလျက် အလွန် ကြည်ညိုနှစ်သက်လှ၍ -

“အို-လင်းတမင်း … သင်သည် အိုမင်းသဖြင့် တောင်လိုဏ်ဂူ၌ နေရစ်ကြသော မျက်မမြင် မိဘအိုတို့အား လုပ်ကျွေးမွေးမြူပါလော့၊ အကျွန်ုပ်သည် သင့်ကို အခွင့်ပြုပါ၏၊ ဆွေမျိုးတို့ကို ချမ်းချမ်းသာသာ တွေ့မြင်ကြည့်ရှုပါလော့” –

ဟု ပြောဆို ခွင့်ပြုလျက် ချစ်ခင်နူးညံ့သော စိတ်ဖြင့် အသာအယာ ကျော့ကွင်းကိုဖြေ၏။

ချီးကျူးထုတ်ဖော် သာဓုခေါ်

သေမင်း ခံတွင်းမှ လွတ်မြောက်သဖြင့် ချမ်းသာရာ ရရှိသော လင်းတမင်းသည် -

“အို-မုဆိုး … အကျွန်ုပ်သည် ဝမ်းမြောက်သကဲ့သို့ သင်သည်လည်း ဆွေမျိုးဉာတိ အလုံးစုံတို့နှင့်တကွ ဝမ်းမြောက်ပါလေ၊ အကျွန်ုပ်လည်း အိုမင်းသဖြင့် တောင်လိုဏ်ဂူ၌ နေရစ်ကြသော မျက်မမြင် မိဘတို့အား လုပ်ကျွေးမွေးမြူပါအံ့” –

ဟု မုဆိုးအား သာဓုအနုမောဒနာပြုပြီးလျှင် မိဘအိုတို့အတွက် အသားတို့ကို ယူဆောင်၍ လုပ်ကျွေးမွေးမြူလေ၏။

ဤဒေသနာတော်ကိုဆောင်၍ သစ္စာကို ပြသည်၏ အဆုံး၌ အမိကို လုပ်ကျွေးသော ရဟန်းသည် သောတာပတ္တဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မုဆိုးသည် - ယခုအခါ ဆန္နထေရ်။

အမိအဘတို့သည် - မြတ်သော မင်းမျိုး။

လင်းတမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကျေးဇူးကြီးလှ၊ မိနှင်ဘ၊ နိစ္စလုပ်ကျွေးရာ။

(၂) ပျက်စီးချိန်တန်၊ သေချိန်တန်၊ ဘေးရန်မမြင်ပါ။

(၃) ယူဇနာရာမြင်၊ လင်းတပင်၊ မမြင်ကျော့ကွင်းမှာ။

မာတုပေါသကဂိဇ္စျဇာတ် ပြီး၏။

***

(၄၀၀) - ဒဗ္ဘပုပ္ဖဇာတ်

ငြင်းခုံနေသော ဖျံနှစ်ကောင်အား ငါးကြင်းအမြီးပိုင်းနှင့် ခေါင်းပိုင်းကို ပေး၍ တရားသူကြီး လုပ်ခ အလယ်ပိုင်းကို ယူပြေးသော သမန်းမြက်ပွင်း အဆင်းရှိသည့် မြေခွေးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သင်္ကန်းခွဲဝေ ဥပနံထေရ်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာကီဝင်မင်းမျိုးဖြစ်သော ဥပနန္ဒ မထေရ်သည် အလိုနည်းခြင်း အပ္ပိစ္ဆတာစသော အရိယဝံသပဋိပတ်ကို ကျင့်ကြံ အားထုတ်ရမည် ဖြစ်သော သာသနာတော်၌ ရဟန်းပြုပါလျက် အလိုရမ္မက်ကြီး၏။ ပစ္စည်းလေးပါ ပေါများအောင် နည်းပရိယာယ် အမျိုးမျိုးဖြင့် ရှာဖွေစုဆောင်းလေ့ရှိ၏။

ထိုဥပနန္ဒမထေရ်သည် ပဝါရဏာပြု၍ ပြီးလတ်သော် ရရသမျှသော သင်္ကန်း သပိတ် စသော ပရိက္ခရာပစ္စည်းတို့ကို ယာဉ်ဖြင့် တင်ဆောင်၍ သွားရာ ခရီးအကြားတွင် သွားရင် ခြေ၌ နွယ်ငြိသဖြင့် နိမိတ်ကောင်းလှသည် ဤကျောင်းသို့ ဝင်လျှင် မုခ လာဘ်ရမည်ဟု နှလုံးသွင်းလျက် အနီးရှိ ကျောင်းသို့ ဝင်၏။ ထိုကျောင်းတွင်လည်း ရဟန်းကြီးနှစ်ပါးတို့သည် ရုန့်ရင်းသော သင်္ကန်းလျာ နှစ်ထည်နှင့် သိမ်မွေ့သော ကမ္ဗလာ တစ်ထည်ကို မဝေခွဲတတ်ဘဲရှိရာ ဥပနန္ဒမထေရ် လာခိုက်ကြုံသဖြင့် အညီအမျှ ခွဲဝေပေးရန် တောင်းပန်ကြကုန်၏။

ကောင်းတာခွဲမူ ဆရာယူ

ထိုအခါ ဥပနန္ဒမထေရ်သည် ရုန့်ရင်းသော သင်္ကန်းလျာ နှစ်ထည်ကို ရဟန်းကြီးတို့အား တစ်ထည်စီ ခွဲဝေပေးပြီးလျှင် ဤသိမ်မွေ့သော ကမ္ဗလာ တစ်ထည်ကား ခွဲဝေပေးသော ဝိနည်းဓိုရ် တရားသူကြီးနှင့်သာ ထိုက်သည်ဆို၍ ကမ္ဗလာကို ယူကာ ဖယ်သွားလေ၏။ ရဟန်းကြီးနှစ်ပါးတို့လည်း မကျေမနပ်ဖြစ်လျက် ကမ္ဗလာ၌ တပ်စွန်းသောစိတ် ရှိကြသဖြင့် ဇေတဝန်ကျောင်းတော်သို့ ရောက်အောင် လိုက်၍ ဥပနန္ဒမထေရ်သည် ကမ္ဗလာကို လုယက်၍ ယူသွားကြောင်း လျှောက်ထားကြကုန်၏။

ရဟန်းတို့သည် တရားသဘင်ဝယ် စကားစပ်မိ၍ ဥပနန္ဒ မထေရ်အကြောင်း ပြောဆိုနေကြရာ မြတ်စွာဘုရားကြွလာတော်မူလျှင် ထိုအကြောင်းကို သိတော်မူ၍ “ရဟန်းတို့ … ဥပနန္ဒမထေရ်သည် ယခုအခါ၌ သာ လောဘကြီး၍ လုယက်တတ်သည် မဟုတ်၊ ရှေးအခါ၌ လည်း လောဘကြီး၍ လုယက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မြေခွေးမအတွက် ရှာဖွေထွက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ရုက္ခစိုးနတ် ဖြစ်လေ၏။ ထိုအခါ မြေခွေးတစ်ကောင်သည် မာယာဝီမည်သော မယားမြေခွေးမနှင့်အတူ မြစ်ကမ်းနးဝယ်နေ၏။

တစ်နေ့သ၌ မာယာဝီ မည်သော မြေခွေးမသည် မြေခွေးဖိုအား “အရှင် … အကျွန်ုပ်သည် ငါးကြင်းသားစိုကို စားလိုသော ချင်ခြင်းဖြစ်ပါသည်၊ ရှာပေးပါ” ဟု ပူဆာလေ၏။ မြေခွေးဖိုသည် “ရှင်မ … စိတ်သာချပေတော့၊ ရအောင်ရှာပေးမည်” ဟု ပြောဆို၍ မြစ်ကမ်း၌ လှည့်လည်လတ်သော် ခြေ၌ နွယ်ငြိသဖြင့် ငါ့မှာ နိမိတ်ကောင်းလှသည်၊ မုချ လာဘ်ကြီးရလိမ့်မည်ဟု နှလုံးသွင်းလျက် သွားလေ၏။

ငါးကြမ်းဖမ်းဆောင် ဖျံနှစ်ကောင်

ထိုခဏ၌ ဖျံနှစ်ကောင်တို့သည် တိုင်ပင်ညီညွတ်လျက် တစ်ကောင်ကား မြစ်ကမ်းနားတွင် ငါးတို့ကို ရှာ၍ တစ်ကောင်ကား ရေနက်တွင် ငါးတို့ကို ရှာ၏။ ထို ဖျံနှစ်ကောင်တို့တွင် ရေနက်တွင် ရှာသော ဖျံသည် ငါးကြင်းကြီးကိုမြင်လျှင် အတင်းလိုက်၍ အမြီးကို ကိုက်၏။ အားကြီးသော ငါးသည် လျင်စွာ သွားလေ၏။ ထိုအခါ ငါးကြင်းကြီးကို အလွှတ်ဘဲ အတင်းကိုက်ကာ မိမိတစ်ကောင်းတည်း မဆွဲနိုင်သဖြင့် -

“အဆွေ … သင့်အား ကောင်းခြင်း မင်္ဂလာ ဖြစ်ပါစေ၊ ငါ့မှာ ငါးကြင်းကြီးတစ်ကောင်ကို မိ၍ အမြီးကို ကိုက်ထားရာ ငါးကြီးသည် လျင်စွာ ငါ့ကို ဆွဲသွားပါ၏၊ အဆွေ ကူညီ၍ ငါ့အမြီးကို ဆွဲပါ” –

ဟု ကမ်းနားတွင် ငါးရှာသော ဖျံအားပြော၍ ခေါ်လေ၏။ ထိုဖျံလည်း ခေါ်သံကိုကြားလျှင် လျင်စွာလာ၍ -

“အဆွေ … သင်အား ကောင်းခြင်းမင်္ဂလာ ဖြစ်ပါစေ၊ သင်မိသော ငါးကြင်းကြီးကို မြဲမြဲ ကိုက်ထားပါ၊ ဂဠုန်သည် နဂါးကို သုတ်ယူသကဲ့သို့ သင့်ကို ငါ ဆွဲယူပါမည်” –

ဟု ပြောဆိုကာ ရေနက်တွင် ငါးရှာသော ဖျံ၏အမြီးကို ကိုက်၍ ကူညီလေ၏။ ထိုအခါ ဖျံနှစ်ကောင်တို့သည် အတူတကွ ဆွဲငင်ပြီးလျှင် ငါးကြင်းကြီးကိုသတ်၍ ကမ်းနားတွင်ချကာ “သင်ဝေလော့၊ သင်ဝေလော့၊ အမြီးပိုင်း ရသင့်သည်၊ ခေါင်းပိုင်းရသင့်သည်” ဟု အဝေမညီဘဲ ငြင်းခုံ၍ နေကြကုန်၏။

ငါးကြင်းဝေစု

ထိုအခါ မြေခွေးသည် ငြင်းခုံရာ အရပ်သို့ ရောက်သည်ရှိသော် ဖျံတို့သည် မြင်၍ ခရီးဦး ကြိုဆိုပြီးလျှင် “အဆွေမြေခွေး … အကျွန်ုပ်တို့ အတူတကွ ရှာဖွေကြရာ ဤငါးကြင်းကြီးကို ရကြ၏၊ အဝေမတည့်ဘဲ ငြင်းခုံ၍ နေကြ၏၊ ညီမျှအောင် ဝေပေးပါ” ဟု ပြောဆိုကာ ဝေပေးရန် အပ်နှင်းလိုသည်ဖြစ်၍ -

“သမန်းမြတ်ပွင့် အဆင်းရှိသော အဆွေမြေခွေး … ကျွန်ုပ်တို့ စကားကို နားထောင်ပါ၊ အကျွန်ုပ်တို့အား ငြင်းခုံ၍ နေကြကုန်၏၊ ထိုငြင်းခုံခြင်းကို ငြိမ်းအေးပါစေလော” –

ဟု တရားဆုံးဖြတ်ရန် တောင်းပန်ကြကုန်၏။

အကောင်းဆုံးမူ မြေခွေးယူ

ထိုအခါ မြေခွေးလည်း ငါးကြင်းစိုရဖို့အကြောင်း ပေါ်လာပြီဟု ဝမ်းမြောက်လှသဖြင့် -

“အဆွေ ဖျံတို့ … ငါကား ရှေးအခါ တရားဆုံးဖြတ်သော အမတ်ကြီး ဖြစ်ခဲ့ဖူးပြီ၊ တရားများစွာကို ဆုံးဖြတ်ခဲ့ဖူးပြီ၊ ငြင်းခုံခြင်း များစွာကို ငြိမ်းအေးစေခဲ့ဖူးပြီ၊ သင်တို့၏ ငြင်းခုံခြင်းသည် ငြိမ်းစေသနည်း” –

ဟု မိမိ အစွမ်းသတ္တိကို ပြောဆို ပြသပြီးလျှင် ငါးကြင်းကြီးကို သုံးပိုင်း ကိုက်ဖြတ်၍ -

“အဆွေဖျံတို့ … သင်တို့ နှစ်ကောင်တွင် သင်ကား ကမ်းနားတွင် ရှာဖွေသော ဖျံဖြစ်၍ အမြီးပိုင်းကို ယူလေ၊ သင်ကား ရေနက်တွင်း ရှာဖွေသော ဖျံဖြစ်၍ ခေါင်းပိုင်းကိုယူလေ၊ အလယ်ပိုင်းကား တရားသူကြီးအဖို့ ဖြစ်၏” –

ဟု ပြောဆို၍ ခွဲဝေပေးကာ “သင်တို့နှစ်ကောင်သည် ငြင်းခုံခြင်းကို မပြုကြလင့်၊ တစ်ကောင်က အမြီးပိုင်း တစ်ကောင်က ခေါင်းပိုင်းကို စားရစ်ကြလော့” ဟု ပြောဆိုပြီးလျှင် အလယ်ပိုင်းကို ချီ၍ ပြေးလေ၏။

ချင်းချင်းငြင်းခုံ ဆုတ်ယုတ်ပုံ

ထိုအခါ ဖျံနှစ်ကောင်တို့သည် အသပြာတစ်ထောင် ဆုံးရှုံးသော ယောကျ်ားကဲ့သို့ မျက်နှာမသာ ဖြစ်ကုန်လျက် -

“အဆွေ … ငါတို့နှစ်ကောင်သည် အကယ်၍ မငြင်းခုံကြပါမူ ငါးကြင်းကြီးသည် နှစ်ရက် သုံးရက် စားရပေရာ၏၊ ယခုတော့ ငြင်းခုံကြသည့်အတွက် အမြီးနှင့် ခေါင်းမှတစ်ပါး အကောင်းဆုံး အလယ်ပိုင်းကြီးကို မြေခွေး ယူ၍ သွားချေပြီ” –

ဟု ယူကျုံးမရ တမ်းတပူဆွေး၍ နေကြရကုန်၏။ မြေခွေးလည်း ယနေ့ ငါ့မယားအား ငါးကြင်းသားကို စားစေမည်ဟု ဝမ်းသာအားရ မြေခွေးမထံ သွားလေ၏။

ငါးကြင်းရရေး မြေခွေးမမေး

မြေခွေးမလည်း ပြန်လာသော မြေခွေးဖိုကို မြင်လျှင် ဝမ်းမြောက်လှသဖြင့် -

“အရှင် … မင်းသည် မင်းအဖြစ်ကိုရ၍ နှစ်သက်ဝမ်းမြောက်သကဲ့သို့၊ ထို့အတူ အကျွန်ုပ်လည်း ယနေ့ ခံတွင်းပြည်မျှ ငါးကြင်းသားကို ကိုက်ချီလာသော လင်ကိုမြင်ရ၍ နှစ်သက် ဝမ်းမြောက်လှပါ၏” –

ဟု လင်မြေခွေးအား ချီးကျူးနှုတ်ဆက်ကာ တစ်ဖန် -

“အရှင် … အရှင်ကား ကြည်းကုန်း၌ ကျက်စား သူ ဖြစ်လျက် ရေ၌ ကျက်စားသော ငါးကို အဘယ်သို့ ရခဲ့သနည်း၊ အကျွန်ုပ် မေးသည်ကို ပြောကြားပါ” –

ဟု ငါးကြင်းသားစိုကို ရခဲ့ခြင်း အကြောင်းရင်းကို မေးမြန်းပြန်၏။

ငြင်းခုံသူများ အရှုံးများ

ထိုအခါ မြေခွေးဖိုသည် မိမိ ရခဲ့သော ငါးကြင်းသား အကြောင်းစုံကို ပြောကြားလို၍ -

“အို-မာယာဝီ … ငြင်းခုံခြင်းကြောင့် ပိန်ချုံး၏၊ ငြင်းခုံခြင်းကြောင့် ဥစ္စာကုန်ခန်း၏၊ ဖျံနှစ်ကောင်တို့ ငြင်းခုံနေစဉ် အမြီးပိုင်းနှင့် ခေါင်းပိုင်းကို တစ်ကောင်စီ ဝေပေးခဲ့၍ အလယ်ပိုင်းကို ငါ တရားသူကြီးအဖို့ဆိုပြီး ယူလာခဲ့၏၊ စားပါလော့” –

ဟု မြေခွေးမအား ငါးကြင်းသားစို အလယ်ပိုင်းကို ရခဲ့ခြင်း အကြောင်းကို ပြောကြားပြီးလျှင် စားရန် ပေးလေ၏။ မြေခွေးမလည်း ငါးကြင်းသားစိုကို စားရသဖြင့် ချစ်ခြင်း ငြိမ်းအေးလေ၏။

မြတ်စွာဘုရားသည် ဘုရား ဖြစ်တော်မူသောအခါ -

“ရဟန်းတို့ … လောက၌ ငြင်းခုံခိုက်ရန်ဖြစ်လာလျှင် တရားသူကြီးထံ သွားကြရကုန်၏၊ စင်စစ် ထိုတရားသူကြီးကား ငြင်းခုံခိုက်ရန်ဖြစ်ခြင်းကို ငြိမ်းအေးစေသောသူ ဆုံးဖြတ်သောသူ ဖြစ်၏၊ ငြင်းခုံ ခိုက်ရန်ပြုသောသူတို့သည် တရားသူကြီးထံ၌ ဥစ္စာ ကုန်ဆုံးကြကုန်၏၊ မင်း၏ ဘဏ္ဍာတိုက်မူကား ဥစ္စာတိုးပွား၏” –

ဟု ဟောကြား ဆုံးမတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြေခွေးသည် - ယခုအခါ ဥပနန္ဒမထေရ်။

ဖျံနှစ်ကောင်သည် - ရဟန်းကြီးနှစ်ပါး။

အကြောင်းကို မျက်မြင်သိသော ရုက္ခစိုးနတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဝမ်းမြောက်ဝမ်းသာ၊ ညီညွတ်ရာ၊ ဥစ္စာလွန်တိုးတက်။

(၂) ခိုက်ရန်ငြင်းခုံ၊ ကိုယ်ပိန်ကြုံ၊ လုံးစုံဥစ္စာပျက်။

(၃) တရားဆင်ပြန်၊ ပျက်ကိုယ့်ထံ၊ မင်းထံဥစ္စာတက်။

ဒဗ္ဘပုပ္ဖဇာတ် ပြီး၏။

***

၄၀၁ - ပဏ္ဏကဇာတ်

မိဖုရားကို ပေးပြီးမှ စိုးရိမ်ပူဆွေးလွန်၍ သွေးသွန်ရောဂါ ဖြစ်နေသော မင်းအား ဥပါယ်တံမျဉ်ဖြင့် ရောဂါပျောက်စေသော ပညာရှိအမတ် သုံးဦး အကြောင်း

ပစ္စုပ္ပန်ဝတ္ထု

ဘဝညစ်နွမ်း စိတ်စွဲလမ်း

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မယားဟောင်းသည် ဖြားယောင်းအပ်သည်ဖြစ်၍ သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မိဖုရားလိုမူ မင်းကြီးလှူ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် မဒ္ဒဝမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ ထိုဘုရားအလောင်းအား သေနက သတို့သားဟု အမည်မှည့်ကုန်၏။ သေနက သတို့သားသည် အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာတို့ကို သင်ကြားပြီးလျှင် ဗာရာဏသီပြည်၌ အတတ်ပညာတို့ကို သင်ကြားပြီးလျှင် ဗာရာဏသီ၌ ပင် မဒ္ဒဝမင်းအား အကျိုးအကြောင်းကို ပြ၍ ဆုံးမတတ်သော ပညာရှိအမတ် ဖြစ်လေ၏။ မြို့အလုံး၌ နေ, လကဲ့သို့ ထင်ရှား၏။

ထိုအခါ ပုရောဟိတ်သားသည် မင်းကြီးကို ခစားအံ့သောငှာ သွားသည်ရှိသော် တန်ဆာဆင်အပ်သော မြတ်သော အဆင်းရှိသော မင်းကြီး မိဖုရားကို မြင်လျှင် အလွန်တပ်စွန်းသောစိတ် ရှိသဖြင့် အိမ်သို့ ရောက်သောအခါ အစာအာဟာရကိုဖြတ်ကာ အိပ်၍ သာနေ၏။ အဆွေခင်ပွန်းတို့ မေးသောအခါ ထိုအကြောင်းကို ပြောကြား၏။ မင်းကြီးလည်း အခစားလာသည်ကို မမြင်၍ မေးပြန်ရာ ထိုအကြောင်းကို ပြောကြားသဖြင့် ပုရောဟိတ်သားကို ခေါ်စေ၍ “အမောင် … ငါသည် သင့်အား မိဖုရားကို ခုနစ်ရက် ပေးထားမည်၊ ခုနစ်ရက် စေ့သောအခါ ပြန်၍ ငါ့ထံခေါ်ခဲ့” ဟု မှာထား၍ မိဖုရားကို ပေးလိုက်၏။

မိဖုရား လွမ်းဆွတ် ရောဂါကပ်

ပုရောဟိတ်သားသည် ဝမ်းမြောက်ဝမ်းသာ မိဖုရားကို ဆောင်ယူ၍ သွားလျှင် အိမ်တွင် မိဖုရားနှင့်တကွ အလိုရှိတိုင်း မွေ့လျော်၍ နေရာ တစ်ဦးနှင့်တစ်ဦး အလွန်တပ်စွန်းသောစိတ် ရှိသဖြင့် မခွဲနိုင်ကြတော့ဘဲ ခုနစ်ရက် မလည်မီပင် မိဖုရားနှင့် တိုင်ပင်ညီညွတ်၍ တစ်စုံတစ်ယောက်သောသူမျှ မသိရအောင် တိုင်းတစ်ပါးသို့ ထွက်ပြေးကြကုန်၏။ လူတို့သည် လေသွားရာလမ်းကို မသိသကဲ့သို့ ၎င်းတို့သွားရာလမ်းကို မသိကြကုန်၏။

မင်းကြီးလည်း ပုရောဟိတ်သားနှင့် မိဖုရားတို့ ထွက်ပြေးကြောင်းကို သိတော်မူလျှင် တစ်မြို့လုံး စည်လည်စေ၍ ရှာဖွေစေသော်လည်း မတွေ့မမြင်တော့ချေ။ ထိုအခါ မင်းကြီးအား မိဖုရားကို လွမ်းဆွတ်သဖြင့် သည်စွာသော စိုးရိမ် ပူဆွေးခြင်းသည် ဖြစ်ခဲ့၏။ စိတ်နှလုံး ပူလောင်သည့်အတွက် သွေးယိုစီးလျက် ဝမ်းသွေးသွန်သော ရောဂါသည် ဖြစ်လေ၏။ အလွန် တက်မြောက် လိမ္မာသော သမားတော်ကြီးတို့လည်း မကုသနိုင်ကုန်၏။

ရောဂါကုစဉ် ဥပါယ်ဆင်

ထိုအခါ သေနက အမတ်သည် ဤမင်းကား အနာရောဂါ မရှိ၊ မိဖုရားကိုမှီ၍ ဖြစ်သော စိတ္တဇရောဂါသာ ရှိ၏။ ငါသည် ဥပါယ်တံမျဉ်ဖြင့် ပျောက်အောင် ကုစားမည်ဟု ကြံစည်လျက် အာယုရနျင့် ပက္ကုသ ပညာရှိအမတ် နှစ်ယောက်ကိုခေါ်၍ “အမတ်မင်းတို့ … အကျွန်ုပ်တို့မင်းကြီးမှာ မိဖုရားကိုမှီ၍ စိတ္တဇရောဂါ စွဲကပ်ခဲ့ပြီ၊ မင်းကြီးသည် အလွန် ကျေးဇူးများ၏၊ အကျွန်ုပ်တို့ ပျောက်ကင်းအောင် ကုသကြမည်၊ မင်းရင်ပြင်၌ ပွဲသဘင်ကြီးကို ပြုလုပ်၍ သန်လျက် မျိုတတ်သူတို့ကို အမျိုခိုင်းမည်၊ ထိုအခါ မင်းကြီးသည် မြင်လျှင် သန်လျက်မျိုသည်ထက် ခက်ခဲသောအမှု ရှိသေးသလောဟု မေးလိမ့်မည်၊ ထိုအခါ အဆွေ အာယုရက ဤမည်သော ဥစ္စာကို ပေးမည်ဟု ဆိုခြင်းသည် သန်လျက်မျိုခြင်းထက် ခက်ခဲသောအမှု ဖြစ်ပါသည်ဟု ဖြေဆိုပါ၊ နောက် ထိုထက် ခက်ခဲသောအမှု ရှိသေးသလောဟု မေးလိမ့်ဦးမည်၊ ထိုအခါ အဆွေပက္ကုသက ပေးမည်ဟု ဝန်ခံထားသောအတိုင်း ပေးခြင်းသည် ထိုထက် ခက်ခဲသောအမှု ဖြစ်ပါသည်ဟု ဖြေဆိုပါ၊ ထိုထက် အလွန်မေးလျှင် အကျွန်ုပ် ဖြေဆိုမည်” ဟု တိုင်ပင်ကြကုန်၏။

သန်လျက်မျိုအတတ် မင်းမေးလတ်

ပညာရှိ အမတ်ကြီး သုံးဦးတို့သည် တိုင်ပင်ညီညွတ်သည့်အတိုင်း မင်းရင်ပြင်၌ သဘင်ကြီးကို ပြုလုပ်စေကုန်၏။ မင်းကြီးထံသွား၍ စိတ်ဆင်းရဲခြင်း ပျောက်ကင်း ချမ်းသာရန် ပွဲသဘင်သို့ ပင့်ဆောင်ကြကုန်၏။ မင်းကြီးလည်း ပညာရှိအမတ် သုံးဦးနှင့်အတူ လေသာပြတင်းကို ဖွင့်လျက် ပွဲသဘင်ကို ကြည့်ရှုလေ၏။ များစွာသော လူတို့သည် မိမိတို့ ကျွမ်းကျင်တတ်မြောက်သော အတတ်ပညာကို ပြကြကုန်၏။ ယောကျ်ားတစ်ယောက်သည် လက်သုံးဆယ့်သုံးသစ် ရှည်လျား၍ အသွားထက်လှသော သန်လျက်ကို မျိုလေ၏။ မင်းကြီးမြင်လျှင် အလွန်အံ့ဩကာ -

“အို-အာယုရ ပညာရှိ …ပဏ္ဏကတိုင်းသားဖြစ်သော ယောကျ်ားတစ်ယောက်သည် အသွားထက်လျက် သွေးကို သောက်တတ်သော သန်လျက်ကြီးကို ပရိသတ် အလယ်မှာ မျိုဘိ၏၊ ထိုသန်လျက်ကို မျိုခြင်းထက် ခက်ခဲသော အရာဌာန ရှိသေးသလော၊ ငါ့အား ပြောကြားပါ” –

ဟု အာယုရ ပညာရှိအား မေးလေ၏။

အမတ်လျှောက်မှ သက်သာရာရ

အာယုရ ပညာရှိအမတ်လည်း မင်းကြီးအား စိုးရိမ်မှု သက်သာရာရစေလို၍ -

“မဒ္ဒဝ အနွယ်ဖြစ်သော အရှင်မင်းကြီး … ထိုယောကျ်ားအား လောဘကြောင့် သွေးကို သောက်တတ်သော သန်လျက်ကြီးကို မျိုချရာ၏၊ တစ်စုံတစ်ယောက်သော သူသည် ပေးမည် ဟူသော စကားကို ဆိုရာ၏၊ ထိုပေးမည် ဟူသော စကားကို ဆိုခြင်းသည် သန်လျက်ကြီးကို မျိုချခြင်းထက် ခက်ခဲပါ၏၊ အလုံးစုံအခြားဖြစ်သော အရာဌာနကား လွယ်ကူ၏ဟု သိတော်မူပါ” –

ဟု မင်းကြီးအား ဖြေကြားလေ၏။ မင်းကြီးသည် အာယုရ ပညာရှိစကားကို ကြားလျှင် ငါသည် ပုရောဟိတ်သားအား မိမိ မိဖုရားကို ပေးမည်ဟု ဆိုခဲ့၏။ စင်စစ် ငါသည် အလွန်ခက်ဲသော အရာဌာနကို ပြုခဲ့၏ဟု စဉ်းစားဆင်ခြင်စဉ် လျှင် မင်းကြီး၏ စိုးရိမ်ပူဆွေးခြင်း စိတ္တဇရောဂါသည် အနည်းငယ် သက်သာလေ၏။

နောက်ထပ်တစ်ဖန် မင်းမေးပြန်

ထိုနောင်မှ မင်းကြီးသည် ပေးမည် ဟူသော စကားကို ဆိုခြင်းထက် ခက်ခဲသော အရာဌာန ရှိသေးသလောဟု ကြံစည်ပြန်ကာ -

“အို-ပက္ကုသ ပညာရှိ … တရား၌ လိမ္မာသော အာယုရ ပညာရှိသည် ပြဿနာကို ဖြေဆိုအပ်ပြီ၊ ယခု သင် ပက္ကုသကို မေးဦးမည်၊ ထို ပေးမည် ဟူသောစကားကို ဆိုခြင်းထက် အလွန်ခက်ခဲသော အရာဌာန ရှိသေးသလော၊ ငါ့အား ဖြေကြားပါ”-

ဟု ပက္ကုသ ပညာရှိအား မေးပြန်၏။ ထိုအခါ ပက္ကုသ ပညာရှိသည် -

“အို-မဒ္ဒဝ အနွယ်ဖြစ်သော မင်းကြီး … လူတို့သည် အကျိုးမရှိသော စကားကိုမှီ၍ အသက်မမွေးကြကုန်၊ ပေးပြီး၍ လည်း မတပ်စွန်းပြန်ရာ၊ ပေးခြင်းကား ဤမည်သော ဥစ္စာကို ပေးမည်၊ ဟူသော စကားကို ဆိုခြင်းထက် ခက်ခဲပါ၏၊ အလုံးစုံ အခြားဖြစ်သော အရာဌာနကား လွယ်ကူ၏ဟု သိတော်မူပါ” –[k မင်းကြီးအား ဖြေကြားပြန်၏။ ထိုအခါ မင်းကြီးသည် ငါကား ပုရောဟိတ်သားအား မိဖုရားကို ပေးမည်ဟူသော စကားကို ဆိုသည့်အတိုင်း ပေးခဲ့ပေ၏။ စင်စစ် ငါသည် ခက်ခဲသော အရာဌာနကို ပြုပေ၏ဟု စဉ်းစားဆင်ခြင်စဉ် လျှင် မင်းကြီး၏ စိတ္တဇရော(ါသည် အလွန် သက်သာ၍ လာလေ၏။

မင်းကြီး အမေးကို သေနက ဖြေဆို

ထိုနောင် သေနက သုခမိန်ထက် ပညာရှိသောသူမည်သည် မရှိ၊ ၎င်းအား မေးဦးမည်ဟု ကြံစည်လျက် -

“အို-သေနက ပညာရှိ … တရား၌ လိမ္မာသော ပက္ကုသ ပညာရှိသည် ပြဿနာကို ဖြေဆိုအပ်ပြီ၊ ယခု အခါ သေနက ပညာရှိကို မေးဦးမည်၊ ပေးခြင်းထက် ခက်ခဲသော အရာဌာန ရှိသေးသလော၊ ငါ့အား ဖြေကြားပါ” –

ဟု သေနက ပညာရှိအား မေးပြန်၏။ သေနကပညာရှိသည် -

“မဒ္ဒဝ အနွယ်ဖြစ်သော မင်းကြီး … အနည်းငယ်ဖြစ်စေ၊ အများဖြစ်စေ အလှူကို လှူဒါန်းရာ၏၊ လှူပြီး၍ ကား နောင်တတစ်ဖန် ပူပန်ခြင်းကို မပြုရာ၊ ပေးခြင်းထက် နောင်တတစ်ဖန် မပူပန်ခြင်းကား ခက်ခဲလှပါ၏၊ အလုံးစုံ အခြားဖြစ်သော အရာဌာနကား လွယ်ကူ၏ဟု သိတော်မူပါ” –

ဟု မင်းကြီးအား ဖြေကြားပြန်၏။

စိုးရိမ်ငြိမ်းအေး စည်းစိမ်ပေး

ထိုအခါ မင်းကြီးသည် ငါကား ပုရောဟိတ်သားအား မိဖုရားကို ပေးပြီး၍ မိမိစိတ်ကို ခိုင်ခံ့အောင် မထားနိုင်၊ စိုးရိမ်ပူပန်မိ၏၊ စိုးရိမ် ပူပန်ခြင်းကား မလျောက်ပတ်၊ မိဖုရားသည် ငါ့ကိုချစ်ပါမူ ဤစည်းစိမ်ကိုစွန့်၍ မပြေးပေရာ၊ ငါ့ကိုမချစ်၍ ပြေးလေသော မိဖုရားဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ကြံစည်လျက် -

“အို-ပညာရှိတို့ … အာယုရ ပညာရှိသည် ပြဿနာကို ဖြေဆိုအပ်ပြီ၊ ထိုနောင် ပက္ကုသ ပညာရှိလည်း ပြဿနာကို ဖြေဆိုအပ်ပြီ၊ ထိုသို့ ဖြေဆိုကြသော်လည်း သေနက ပညာရှ ပြဿနာကို ဖြေဆိုခြင်းကား အလုံးစုံသော ပညာရှိတို့ ဖြေဆိုခြင်းကို လွှမ်းမိုး၍ တည်ပေ၏” –

ဟု သေနက ပညာရှိအား ချီးမွမ်းအံ့ဩလေ၏။ များစွာသော စည်းစိမ် ဥစ္စာတို့ကို လည်း ပေးလေ၏။

ဤဒေသနာတော်ကိုဆောင်၍ သစ္စာကို ပြသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မိဖုရားကြီးသည် - ယခုအခါ မယားဟောင်း။

မဒ္ဒဝမင်းကြီးသည် - ငြီးငွေ့သောရဟန်း။

ပက္ကုသ ပညာရှိသည် - သာရိပုတ္တရာ။

သေနက ပညာရှိသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မယားပေးပြီး၊ အပူကြီး၊ မင်းကြီးမဒ္ဒဝ။

(၂) စိတ်ကြောင့်ဖြစ်လျက်၊ ဝမ်းသွေးဆင်း၊ ထန်ပြင်းရောဂါရ။

(၃) ပညာရှိများ၊ သုံးဦးသား၊ ကုစားချမ်းသာရ။

ပဏ္ဏကဇာတ် ပြီး၏။

***

၄၀၂ - သတ္တုဘသ္တဇာတ်

ခရီးသွား ပုဏ္ဏားအို၏ သားရေအိတ်ထဲတွင် ရန်သူမြွေဟောက် ဝင်ရောက်နေသည်ကိုစွဲ၍ “လမ်းမှာနေလျှင် သင်သေမည်၊ အိမ်သို့ရောက်လျှင် သင့်မယားသေမည်” ဟု ရုက္ခစိုးနတ် ပြောသော စကားကို ဖြေရှင်းသော ပညာရှိအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပညာရှိအရာ လွန်ကဲစွာ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မြတ်စွာဘုရား၏ ပညာပါရမီကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မင်းဆရာ ပုဏ္ဏား ဟောညွှန်ကြား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဇနကမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ ထိုဘုရားအလောင်းအား သေနက သတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုသေနက သတို့သားသည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှင် ဗာရာဏသီပြည်သို့ ပြန်လာ၍ မင်းကြီးထံ ခစားဖူးမြင်သောအခါ မင်းကြီးသည် အမတ်ရာထူးကိုပေး၍ များစွာသော စည်းစိမ်ကိုလည်း ပေးလေ၏။

ထိုသေနက အမတ်နသည် မင်းကြီးအား အကျိုးအကြောင်းကို ပြ၍ ဆုံးမတတ်သော ပညာရှိအမတ် ဖြစ်၏။ နူးညံ့သာယာသော စကားရှိ၏။ တရားဟော ဓမ္မကထိက ဖြစ်၏။ အလှူပေးခြင်း သီလဆောက်တည်ခြင်း စသော ကုသိုလ် ကမ္မပထတို့၌ တည်စေ၏။ တိုင်းပြည်အလုံးသည် ဘုရားပွင့်သော အခါကဲ့သို့ ဖြစ်၏။ လဆုတ်ပက္ခ၊ လဆန်းပက္ခတို့၌ မင်းကြီးနှင့်တကွ တိုင်းသူပြည်သားတို့ကို စည်းဝေးစေ၍ ရတနာပလ္လင် ထက်၌ နေကာ ဘုရား၏တင့်တယ်ခြင်း ကဲ့သို့ တရားဟော၏။

မရောင့်ရဲခြင်းတရား ဆယ့်ခြောက်ပါး

ထိုအခါ ပုဏ္ဏားအို တစ်ယောက်သည် ဗာရာဏသီပြည်၏အနီး ဖြစ်သော ပုဏ္ဏားရွာတစ်ခုတွင် နေ၏။ မယားပုဏ္ဏေးမကား အသက်အရွယ် ငယ်လှ၏။ ကာမဂုဏ်အကျင့်ဝယ် လင်အိုကြီးနှင့် မရောင့်ရဲနိုင်သဖြင့် ပုဏ္ဏားတစ်ယော်နှင့် လွန်ကျူးသောအကျင့်ကို ကျင့်လေ့ရှိ၏။

မရောင့်ရဲနိုင်သော ဝတ္ထု ၁၆ ပါး

မရောင့်ရဲသော ဝတ္ထုတို့ကား -

(၁) သမုဒ္ဒရာသည် ခပ်သိမ်းသော မြစ်ရေတို့ဖြင့် မရောင့်ရဲခြင်း။

(၂) မီးသည် မီးစာဖြင့် မရောင့်ရဲခြင်း။

(၃) မင်းသည် တိုင်းပြည်ဖြင့် မရောင့်ရဲခြင်း။

(၄) သူမိုက်သည် ယုတ်မာသော အကျင့်ဖြင့် မရောင့်ရဲခြင်း။

(၅) မိန်းမသည် မေထုန်မှီဝဲခြင်း၊ တန်ဆာဆင်ခြင်း၊ သားဖွားခြင်းတို့ဖြင့် မရောင့်ရဲခြင်း။

(၆) ပုဏ္ဏားသည် ဗေဒင်ဖြင့် မရောင့်ရဲခြင်း။

(၇) စျာန်ရ ပုဂ္ဂိုလ်သည် သမာပတ်ဖြင့် မရောင့်ရဲခြင်း။

(၈) သေက္ခပုဂ္ဂိုလ်သည် နိဗ္ဗာန်ဖြင့် မရောင့်ရဲခြင်း။

(၉) အလိုနည်းသော ပုဂ္ဂိုလ်သည် ဓုတင်ဖြင့် မရောင့်ရဲခြင်း။

(၁၀) လုံ့လရှိသော ပုဂ္ဂိုလ်သည် လုံ့လဖြင့် မရောင့်ရဲခြင်း။

(၁၁) တရားဟောသော ပုဂ္ဂိုလ်သည် ဆွေးနွေးခြင်းဖြင့် မရောင့်ရဲခြင်း။

(၁၂) ရဲရင့်သော ပုဂ္ဂိုလ်သည် ပရိသတ်ဖြင့် မရောင့်ခြင်း။

(၁၃) သဒ္ဒါတရားရှိသော ပုဂ္ဂိုလ်သည် သံဃာကို လုပ်ကျွေးခြင်းဖြင့် မရောင့်ရဲခြင်း။

(၁၄) အလှူပေးသော ပုဂ္ဂိုလ်သည် စွန့်ကြဲခြင်းဖြင့် မရောင့်ရဲခြင်း။

(၁၅) ပညာရှိသည် တရားနာခြင်းဖြင့် မရောင့်ရဲခြင်း။

(၁၆) ပရိသတ် လေးပါးသည် ဘုရားကို ဖူးမြင်ခြင်းဖြင့် မရောင့်ရဲခြင်း -

ဟူ၍ တစ်ဆယ့်ခြောက်ပါး ရှိကုန်၏။

ပရိယာယ် ခိုင်းဆို ပုဏ္ဏားအို

ထိုပုဏ္ဏေးမငယ်လည်း မေထုန်အကျင့်ဖြင့် မရောင့်ရဲနိုင်လေ။ ပုဏ္ဏားကြီးကို အရပ်တစ်ပါးသို့ သွားစေ၍ ယုတ်မာသော အကျင့်ကို လွတ်လွတ်လပ်လပ် ကျင့်လို၏။ တစ်နေ့သ၌ မျက်နှာမသာသဖြင့် အိပ်သည်ရှိသော် ပုဏ္ဏားကြီးက မေးလျှင် ကျွန်မိန်းမ ကျွန်ယောကျ်ား အလိုရှိကြောင်းကို ပြောဆိုလေ၏။ ထိုအခါ ပုဏ္ဏားကြီးသည် ငါတို့မှာ ပစ္စည်းဥစ္စာ မရှိဟု ပြောဆိုလျှင် အလှူခံထွက်၍ ရသော ဥစ္စာဖြင့် ဝယ်ယူခဲ့ရမည်ဟု ပြောဆိုပြန်၏။ ပုဏ္ဏားကြီးသည် ကောင်းပြီ၊ ရိက္ခာကို စီရင်လော့ဟု ပြောဆို၏။ ပုဏ္ဏေးမလည်း မုန့်ဆုပ်တို့ကို ပြုလုပ်စေပြီးလျှင် သားရေအိပ်၌ ထည့်၍ ပေးလေ၏။

ပုဏ္ဏားအိုအိတ်ကို မြွေဝင်ခို

ပုဏ္ဏားကြီးသည် သားရေအိပ်ကို ယူဆောင်လျက် အိမ်မှထွက်၍ မြို့ရွာနိဂုံးတို့၌ လှည့်လည်ကာ အလှူခံလတ်သော် အသပြာ ခုနစ်ရာရ၍ ဤအသပြာ ခုနစ်ရာဖြင့် ကျွန်မိန်းမ ကျွန်ယောကျ်ားကို ဝယ်လောက်ပြီဟု မိမိနေရာ ရွာသို့ ပြန်လာသည်ရှိသော် ရေချမ်းသာရာအရပ်သို့ ရောက်လျှင် သစ်ပင်ရင်းတွင် သားရေအိပ်ကိုချ၍ အိတ်ကိုဖြေကာ မုန့်ကိုစားပြီးလျှင် သားရေအိတ်ကို မပိတ်ခဲ့ဘဲ ရေအိုင်သို့ ရေသောက်ရန် သွား၏။ ထိုအခါ သစ်ပင်ခေါင်း၌ နေသော မြွေဟောက်သည် မုန့်နံ့ရ၍ ထွက်လာပြီးလျှင် သားရေအိပ်တွင်းသို့ ဝင်၍ မုန့်ကိုစားလျက် အိပ်လေ၏။ ပုဏ္ဏားကြီးလည်း ရေသောက်ရာမှ ပြန်လာလျှင် အိပ်တွင်းသို့ မကြည့်မူ၍ အမှတ်မဲ့ အိတ်ကိုပိတ်ကာ ယူဆောင်၍ သွားလေ၏။

ရုက္ခစိုး သတိပေး ပုဏ္ဏားဘေး

ခရီးလမ်းအကြားဝယ် သစ်ပင်တစ်ခုတွင် နေသော ရုက္ခစိုးနတ်သည် သစ်ခွ၌ ထိုင်လျက် “အို-ပုဏ္ဏားကြီး … ဤခရီးလမ်းအကြားတွင် နေပါမူ သင်ပုဏ္ဏားကြီး သေရလိမ့်မည်၊ ယနေ့ အိမ်သို့ရောက်အောက် သွားပါမူ မယား သေရလိမ့်မည်” ဟု ပြောဆိုပြီးလျှင် ကွယ်ပျောက်လေ၏။ ပုဏ္ဏားကြီးသည် ကြည့်ရှုလတ်သော် ရုက္ခစိုးနတ်ကို မမြင်၊ သေရမည့်ဘေးမှ ကြောက်သောကြောင့် မကြံတတ်၊ ထောက်တည်ရာ မရေတော့ဘဲ ငိုကြွေးလျက်သွားရာ၊ ဗာရာဏသီမြို့တော် တံခါးသို့ ရောက်လေ၏။

ထိုနေ့ကား ပန္နရသီ ဥပုသ်နေ့ဖြစ်၍ သေနကသုခမိန်သည် တရားဟောလျက်နေ၏။ ပုဏ္ဏားကြီးသည် တရားနာသွားသူတို့ကို မြင်လျှင် မေးလေ၏။ လူတို့သည် သေနကသုခမိန်သည် တရားဟောလျက်နေ၏၊ တရားနာရန် သွားကြကြောင်းကို ပြောဆိုကြကုန်၏။ ထိုအခါ ပုဏ္ဏားကြီးသည် လူတို့စကားကိုကြားလျှင် ပညာရှိ တရားဟောသတတ်၊ ပညာရှိတို့ မည်သည်မှာ စိုးရိမ်ပူဆွေးခြင်းကို ပယ်ဖျောက်နိုင်၏၊ ငါ သွား၍ တရားနာရလျှင် ကောင်းမည်ဟု ကြံစည်ကာ တရားပွဲသို့သွား၍ ပရိသတ်အလယ်သို့ဝင်ကာ တရားဟောပလ္လင်အနီးတွင် သားရေအိပ်ကို ထမ်းပိုးကာ ငိုကြွေးလျက်နေ၏။

စိုးရိမ်ပူဆွေး ပညာရှိမေး

သေနက သုခမိန်လည်း ရေတံခွန် ကျဆင်းသည့်အလား တရားကိုဟောလေ၏။ လူအများသည် ဝမ်းမြောက်ဝမ်းသာ ကောင်းချီးပေးကြကုန်၏။ ထိုအခိုက် သားရေအိပ်ကို ထမ်းပိုးကာ ငိုလျက်နေသော ပုဏ္ဏားကြီးကိုမြင်လျှင် တရားဟောမည်ဟု ပုဏ္ဏားကြီးကိုခေါ်၍ -

“အို- ပုဏ္ဏားကြီး … သင့်ကို ငါ တိုက်တွန်း၏၊ သင်ကား စိတ်မတည်ကြည်၊ ဣန္ဒြေပျက်လှ၏၊ မျက်စိလည်း ပျက်လှ၏၊ ရေပေါက်ကဲ့သို့ မျက်ရည်ပေါက်တို့သည် ယိုစီးဘိ၏၊ သင့်မှာ ဘယ်ဥစ္စာ ပျက်စီးဆုံးရှုံးသနည်း၊ ဤအရပ်သို့ ဘာကို တောင့်တ၍ လာသနည်း ပြောဆိုပါ” –

ဟု ပုဏ္ဏားကြီးအား သာယာစွာသော အသံဖြင့် ပြောဆို မေးမြန်းလေ၏။ ထိုအခါ ပုဏ္ဏားကြီးသည် -

“အို-သေနကသုခမိန် … အကျွန်ုပ်အား ရုက္ခစိုးနတ်သည် - အို ပုဏ္ဏားကြီး ယနေ့ မယားနှင့် သင်တို့ နှစ်ယောက်သည် သေကြရလိမ့်မည်၊ အိမ်သို့ ရောက်အောင် သွားပါမူ မယား သေရလိမ့်မည်၊ မသွားဘဲ ဤခရီးလမ်းတွင် နေပါမူ သင်ပုဏ္ဏားကြီး သေရလိမ့်မည်ဟု ပြောဆိုပါ၏၊ သို့အတွက် အကျွန်ုပ် ဆင်းရဲ ပင်ပန်းလှပါ၏၊ အကျွန်ုပ်အား ထိုသေရခြင်းအကြောင်းကို ပြောပါ” –

ဟု သေနက သုခမိန်အား မိမိ စိုးရိမ် ဆင်းရဲခြင်းအကြောင်းကို ပြောဆိုကာ ရုက္ခစိုးနတ် ပြောသော စကားအဓိပ္ပာယ်ကို မေးမြန်းလေ၏။

ပညာရှိဆင်ခြင် ခြင်းရာမြင်

သေနက သုခမိန်သည် ပုဏ္ဏားကြီး စကားကိုကြားလျှင် ဉာဏ်ကွန်ရက်ကို ဖြန့်၍ ကြည့်ရှုဆင်ခြင်လတ်သော် သတ္တဝါတို့ သေရခြင်း အကြောင်းကား များလှ၏၊ သို့ပင် များသော်လည်း ဤပုဏ္ဏားကြီးမှာ ယနေ့ ခရီးကြားတွင် နေလျှင် အဘယ်ကြောင့် သေရမည်နည်း၊ အိမ်သို့သွားလျှင် အဘယ်ကြောင့် မယားသေရမည်နည်းဟု ကြံစည်စဉ် စားလေ၏။ ထိုသို့ ကြံစည်စဉ်းစားလျှင် သားရေအိပ်ကို မြင်၏။ ဤသားရေအိပ်တွင်း၌ မုချ မြွေဟောက် ဝင်၍ နေသည် ဖြစ်လိမ့်မည်၊ ပုဏ္ဏားကြီးသည် အိတ်ကိုဖွင့်၍ မုန့်ကိုစားပြီးလျှင် မပိတ်ဘဲ ရေသောက်ရန် သွားလိမ့်မည်၊ ထိုအခါ မြွေသည် မုန့်နံ့ရ၍ အိတ်တွင်းသို့ဝင်လျက် မုန့်ကို စားလိမ့်မည်၊ ရေသောက်ပြီး ပြန်လာသောအခါ အိတ်တွင်းသို့ မကြည့်ရဘဲ အိတ်ကိုပိတ်၍ ယူဆောင်သွားလိမ့်မည်၊ ခရီးလမ်းကြားတွင်နေ၍ တစ်ဖန် အိတ်ကိုဖွင့်၍ မုန့်ကိုစားပြန်လျှင် မြွေကိုက်၍ ပုဏ္ဏားကြီး သေလိမ့်မည်၊ အိမ်သို့ ရောက်သွားပြန်လျှင် လည်း ရောက်လျှင် အိတ်ကို မယားလက်သို့ ပေးသောအခါ မယားသည် ဖွင့်ကြည့်ပြန်လျှင် လည်း မြွေကိုက်၍ မယား သေလိမ့်မည်၊ သို့အတွက် ရုက္ခစိုးနတ် ပြောသည် ဖြစ်လိမ့်မည်ဟု ထက်မြက်သောဉာဏ်ဖြင့် ထိုးထွင်းကာ အကြောင်းမှန်ကို ဒိဗ္ဗစက္ခုဉာဏ်ဖြင့် သိမြင်သည့်အလား ပိုင်းခြား သိမြင်လေ၏။

အမတ်ကြံတွေး ဖြစ်ကြောင်းမေး

ထိုနောက် သေနက သုခမိန်သည် ပုဏ္ဏားကြီး သင်မယား သေရမည့် အကြောင်းမှန်ကို ပိုင်းခြား၍ သိပြီးလျှင် ပရိသတ်လေးပါးတို့အလယ်၌ -

“အို- ပုဏ္ဏားကြီး … သတ္တဝါတို့ သေရခြင်း အကြောင်းကား များစွာရှိသည်ကို ကြံစည်စဉ် စားမိ၏၊ သို့ရာတွင် သင်တို့လင်မယား သေရခြင်းအကြောင်းကား အခြား မဟုတ်၊ သင်ပုဏ္ဏား မသိခိုက် သားရေအိတ်တွင်းသို့ မြွေဟောက် ဝင်နေသည်ဟု ငါ ကြံစည်အောက်မေ့၏” –

ဟု ပုဏ္ဏားကြီးအား သေရခြင်း၏ အကြောင်းဖြစ်သော အမေးပြဿနာကို ဖြေကြားလေ၏။ မိမိ ထင်မြင် ယူဆသောအတိုင်း မှန်သည် မမှန်သည်ကို သိမြင် ထင်ရှားစေလိုသဖြင့် -

အိတ်ကိုဖွင့်ပြ မြွေတွေ့ရ

တစ်ဖန် ပုဏ္ဏားကြီးအား - “အို ပုဏ္ဏားကြီး … သင့်အိပ်တွင်း၌ မုန့်ရှိသလား” ဟု မေး၏။ “ရှိပါသည်” ဟု ပြော၏။ “ယနေ့နံနက်စာ မုန့်ကို စားသလား” ဟု မေး၏။ “စားပါသည်” ဟု ပြော၏။ “ဘယ်အရပ်၌ စားသနည်း” ဟု မေး၏။ “သစ်ပင်ရင်း၌ စားပါသည်” ဟု ပြော၏။ “မုန့်စားပြီး ရေသောက်သွားသောအခါ အိတ်ကို ပိတ်ခဲ့သလား” ဟု မေး၏။ “မပိတ်ခဲ့ပါ” ဟု ပြော၏။ “ပြန်လာ၍ အိတ်ကို ပိတ်သောအခါ အိတ်ကို ကြည့်သလား” ဟု မေး၏။ “မကြည့်မိပါ” ဟု ပြော၏။ ဤသို့ မေးမြန်းပြီးလျှင် “ပုဏ္ဏားကြီး သင် ရေသောက်သွားခိုက် မုန့်နံ့ရ၍ မုချ မြွေဟောက် ဝင်နေပြီ” ဟု ပြောဆို ဆုံးဖြတ်ကာ ပရိသတ်အလယ်မှာပင် -

“အို - ပုဏ္ဏားကြီး … လှံကန်တစ်ခုကိုယူ၍ အိတ်ကို ပုတ်လော့၊ အဆိပ်တံတွေးများ၍ လျှာနှစ်ခွရှိသော မြွေဟောကို ကြည့်ရှုလော့၊ ယခု သင်၏ ယုံမှားတွေးတောခြင်းကို ပယ်ဖျောက်လော့၊ သင် မုန့်အိတ်ကိုဖြေ၍ မြွေဟောက်ကို ရှုကြည့်လော့” –

ဟု ပုဏ္ဏားကြီးအား အိတ်တွင်း၌ မြွေဟောက် ရှိကြောင်းကို လက်တွေ့ပြလေ၏။

ပညာရှိ ချီးမွမ်း အံ့မခန်း

ပုဏ္ဏားကြီးလည်း သေနက သုခမိန် စကားကိုကြားလျှင် အလွန် ထိတ်လန့် ကြောက်ရွံ့လျက် သားရေိတ်ကို ချ၍ ဖွင့်ပြီးလျှင် လှံကန်ဖြင့် ပုတ်ခတ်လေ၏။ မြွေဟောက်သည် အိတ်တွင်းမှထွက်ကာ ပါးပျဉ်းထောင်၍ လူအများကို ကြည့်ရှုလျက်နေ၏။ ထိုအခါ သုခမိန် ဖြေကြားခြင်းကား သဗ္ဗညုဘုရား၏ ဖြေကြားခြင်းကဲ့သို့ ဖြစ်လေ၏။ လူအများလည်း သုခမိန်အး ချီးကျူးကြကုန်၏။ ကောင်းချီးပေးကြကုန်၏။ ပူဇော်သောအားဖြင့် ပုဆိုးဦးရစ် ခေါင်းပေါင်းစသည်တို့ကို ပစ်ကြကုန်၏။ အံ့ဩကာ လက်ဖျားခါကြကုန်၏။ တစ်ခဲနက်သော မိုးကြီး ရွာသွန်းသည့်အလား ရတနာမိုးကြီး ရွာသွန်းလေ၏။ ကောင်းချီးပေးသောအသံကား မြေကြီးကွဲမျှ ဖြစ်လေ၏။

ဤသို့လျှင် သေနက သုခမိန်သည် ပုဏ္ဏားကြီး၏ ခက်ခဲ နက်နဲသော ပြဿနာကို ဖြေဆိုပြီးသည်ရှိသော် အလမ္ပာယ် ယောကျ်ားတစ်ယောက်သည် မြွေဟောက်၏ခံတွင်းကို ဖွဲ့ချည်ပြီးလျှင် မြွေဟောက်ကိုယူ၍ တောထဲတွင် လွတ်လိုက်၏။

ပုဏ္ဏားအိုချီးမွမ်း အကုန်ပေးကမ်း

ထိုနောင် ပုဏ္ဏားကြီးသည် မင်းကြီးသို့ ချဉ်းကပ်၍ အောင်စေသတည်း၊ အောင်စေသတည်းဟု လက်အုပ်ချီလျက် -

“မြတ်သောမင်းကြီး … အရှင်မင်းကြီးကား ကောင်းမွန် မြင့်မြတ်သော ပညာဉာဏ်ရှိသော သေနက သုခမိန်ကို တွေ့မြင်ခွင့်ရပေ၏၊ သေနက သုခမိန်ကို တွေ့မြင်ရခြင်းကား အရှင်မင်းကြီးအား ကောင်းသောရခြင်း ဖြစ်ပေ၏” –

ဟု ဇနကမင်းကြီးအား ချီးကျူးပြီးလျှင် သားရေအိပ်မှ အသပြာ ခုနစ်ရာတို့ကို ထုတ်၍ -

“အို-သေနက သုခမိန် … သင်ကား ကိလေသာမရှိ၊ တရားအလုံးစုံကို သိမြင်သော သဗ္ဗညုဘုရားပင် ဖြစ်လေသလား၊ သင်၏ ပညာဉာဏ်ကား အလွန်အံ့ဖွယ်သရဲ ဖြစ်သော သဗ္ဗညုတ ဉာဏ်ကဲ့သို့ပင် အားရှိလေသလား၊ ငါ့၌ ရှိသော ဤခုနစ်ရာသော အသပြာတို့ကို သင်အား ပေးလှူပါ၏၊ အမှန်အားဖြင့် သင်ပေးသောကြောင့် ငါ့အသက်ကို ယနေ့ ရအပ်ပေပြီ၊ ထို့ပြင် မယား၏ ချမ်းသာခြင်းကိုလည်း သင်သည်ပင် ပြုအပ်ပေပြီ”

ဟု သုခမိန်အား ချီးကျူး၍ နှစ်သက်ဝမ်းသာ ပေးခြင်းဖြင့် အသပြာ ခုနစ်ရာတို့ကို ပေးလှူလေ၏။

ထိုနောင် “အို-သုခမိန် … အကျွန်ုပ်မှာ နောက်ထပ် အလှူခံ လှည့်လည်လျှင် ဤအသပြာ ခုနစ်ရာမျှလောက်ကို ရရှိဖို့ မခဲယဉ်းပါ၊ ယူတော်မူပါ” ဟု အတင်း တောင်းပန်လေ၏။

အသပြာသိမ်းမှု မှာကြားပြု

သုခမိန်သည် ပုဏ္ဏားကြီး စကားကိုကြားလျှင် အလှူခံရလာသော အသပြာကို သိမ်းဆည်းထားရန် မှာကြားလို၍ -

“အို- ပုဏ္ဏားကြီး … ပညာရှိ သုခမိန်တို့ မည်သည်ကား ဆန်းကြယ်၍ ကောင်းစွာ ပြောဆိုပ်သော စကားတို့ဖြင့် အဖိုးအခကို မယူကြကုန်၊ အိ ပုဏ္ဏားကြီး … င့ါထံမှ သုံးရာသော အသပြာတို့ကို ပင် သင့်အား ပေးပါ၏၊ သင်သည် ထိုအသပြာတို့ကို လည်း ယူ၍ အိမ်သို့သွားပါလော့” –

ဟု ပြောဆိုကာ မိမိကပင် အသပြာ သုံးရာ ဖြည့်၍ ပုဏ္ဏားကြီးအား အသပြာ တစ်ထောင်ပြည့်အောင် ပေးလေ၏။ ထိုနောင်မှ သုခမိန်သည် ပုဏ္ဏားကြီးအား - “ပုဏ္ဏားကြီး … သင့်ကို ဘယ်သူ ဥစ္စာရှာခိုင်းသနည်း” ဟု မေး၏။ “သုခမိန် … မယား ခိုင်းပါသည်” ဟု ပြော၏။ “မယားမှာ အသက်ကြီးပြီလား” ဟု မေး၏။ “ငယ်ပါသေးသည်” ဟု ပြော၏။ “ငယ်လျှင် လင်ငယ်နှင့် လွန်ကျူးခြင်းကိုပြုရာ လွတ်လွတ်လပ်လပ် ပြုလို၍ သင့်ကို ဥစ္စာရှာခိုင်းသည်၊ ဤအသပြာ တစ်ထောင်ကို အိမ်သို့ယူသွားလျှင် မယားသည် လင်ငယ်အား ပေးလိမ့်မည်၊ ထိုကြောင့် တစ်နေရာရာမှာ ထားခဲ့၍ အိမ်သို့သွားလော့” ဟု မှာထား၍ ပုဏ္ဏားကြီးကို လွှတ်လိုက်၏။

မယားပြောမူ လင်ငယ်ယူ

ပုဏ္ဏားကြီးလည်း သွား၍ ရွာအနီးသို့ရောက်လျှင် သစ်ပင်ရင်းတစ်ခု၌ ဥစ္စာကိုထား၍ ညအခါ အိမ်သို့သွား၏။ မယားလည်း လင်ငယ်နှင့် မွေ့လျော်ကာနေ၏။ ပုဏ္ဏားကြီးလည်း အိမ်တံခါးသို့ရောက်လျှင် ရှင်မဟု လှမ်း၍ ခေါ်၏။ မယားလည်း ပုဏ္ဏားကြီးအသံကို ကြား၍ ပြန်လာမှန်းသိလျှင် ဆီမီးတိုင်ကို ငြိမ်း၍ အိမ်တံခါးကိုဖွင့်၏။ ပုဏ္ဏားကြီးဝင်လာသည်ရှိသော် လင်ငယ်ကို အမှတ်ပေးကာ အပြင်သို့ ထွက်စေ၏။ မယားလည်း ပုဏ္ဏားကြီး အိတ်ကို ဖွင့်၍ ကြည့်ရာ တစ်စုံတစ်ခုကို မမြင်၍ “အရှင် … အလှူခံ၍ အဘယ်မျှ ရခဲ့သနည်း” ဟု မေး၏။ “ရှင်မ … အသပြာ တစ်ထောင်ရခဲ့သည်” ဟု ပြော၏။ “ဘယ်မှာနည်း” ဟု မေး၏။ “ရွာ၏အပြင် မည်သည့် သစ်ပင်ရင်းတွင် ထားခဲ့သည်၊ နက်ဖြန်မှ ယူပေးမည်” ဟု ပြောလေ၏။ မယားလည်း သွား၍ လင်ငယ်အား ဥစ္စာထားရာအရပ်ကို ပြောကြား၏။ လင်ငယ်လည်း သွား၍ ယူလေ၏။

ပညာရှိနည်းပေး ပြန်ရရေး

ပုဏ္ဏားကြီးလည်း နံနက် မိုးလင်းသောအခါ ထားခဲ့သော ဥစ္စာကို သွား၍ ယူသည်ရှိသော် ဥစ္စာ မရှိတော့သဖြင့် သုခမိန်ထံသို့ သွားပြန်၏။ သုခမိန်လည်း ပုဏ္ဏားကြီး လာသည်ကိုမြင်လျှင် “ပုဏ္ဏားကြီး… အဘယ်ကြောင့်လာသနည်း”ဟု မေး၏။ “သုခမိန် … ဥစ္စာ မရှိတော့ပါ” ဟု ပြော၏။ “သင့်မယားကို ပြောကြားသလော” ဟု မေး၏။ “ပြောမိပါသည်” ဟု ပြောလျှင် မယားသည် လင်ငယ်အား ပြောကြားသောအဖြစ်ကို သိ၍ “ပုဏ္ဏားကြီး … သင့်မယားအား ဆရာပုဏ္ဏား ရှိသလော” ဟု မေး၏။ “ရှိပါသည်” ဟု ပြော၏။ “သင့်မှာရော ဆရာပုဏ္ဏား ရှိသလော” ဟု မေး၏။ “ရှိပါသည်” ဟု ပြော၏။ ထိုအခါ သုခမိန်သည် ပုဏ္ဏားကြီးအား ခုနစ်ရက်စာ လုံလောက်အောင် ရိက္ခာတို့ကို ပေးပြီး၍ “ပုဏ္ဏားကြီး … ရှေ့ဦးနေ့၌ သင့်ဆရာ ပုဏ္ဏား ခုနစ်ယောက်၊ သင့်မယားဆရာ ပုဏ္ဏား ခုနစ်ယောက် အားလုံး ဆယ့်လေးယောက်တို့ကို ပင့်ဖိတ်၍ ဆွမ်းကျွေးလော နောက်နောက်သော နေ့တို့၌ သင့်ဘက်က တစ်ယောက် မယားဘက်က တစ်ယောက်စီ လျှော့၍ ကျွေး၊ နောက်ဆုံး ခုနစ်ရက်မြောက်နေ့ဝယ် သင့်ဘက်က တစ်ယောက်၊ မယားဘက်က တစ်ယောက်သာ ကျန်လိမ့်မည်၊ နေ့စဉ် လာ၍ စားသော ပုဏ္ဏားကို မှတ်၍ ငါ့အား ပြောကြားပါ” ဟု လွှတ်လိုက်ပြန်၏။

ပညာရှိအစွမ်း သူခိုးဖမ်း

ပုဏ္ဏားကြီးလည်း သုခမိန် နည်းပေးသောအတိုင်း ဆွမ်းကျွေးပြီးလျှင် တစ်ဖန် သုခမိန်ထံလာ၍ နေ့စဉ် မပြတ်စားသော ပုဏ္ဏားကို မည်သည့် ပုဏ္ဏားဖြစ်ကြောင်း ပြောကြား၏။ သုခမိန်လည်း ထိုပုဏ္ဏားကို မင်းချင်းတို့ကို စေလွှတ်၍ ဖမ်းစေပြီးလျှင် “ပုဏ္ဏား … သင်သည် ဤမည်သော သစ်ပင်ရင်းမှ ဤပုဏ္ဏားကြီး၏ အသပြာတစ်ထောင်ကို ယူသလော” ဟု မေး၏။ “ပညာရှိ မယူပါ” ဟု ပြော၏။ “ပုဏ္ဏား … ငါ့ကို သေနက သုခမိန် ဖြစ်သည်ကို မသိသလော၊ သင့်ထံမှ ယခု ယူဆောာင်စေမည်၊ မှန်မှန်ပြော” ဟု ခြိမ်းခြောက်လေလျှင် ၊ “ပညာရှိ … ယူမိပါသည်” ဟု ဟုတ်မှန်သောအတိုင်း ပြောကြားရလေ၏။

ဥစ္စာပြန်ရ ဆိုဆုံးမ

ထိုအခါ သုခမိန်သည် ပုဏ္ဏားကြီးအား “ပုဏ္ဏားကြီး… ဤပုဏ္ဏေးမငယ်ကိုပင် မယား ပြုလိုသလော၊ အခြား ပုဏ္ဏေးမကို မယားပြုလိုသလော”ဟု မေး၏။ “သုခမိန် … ဤပုဏ္ဏေးမငယ်ကိုပင် မယားပြုလိုပါသည်” ဟု လျှောက်ထားလျှင် သုခမိန်သည် ပုဏ္ဏေးမငယ်ကို ခေါ်စေ၍ ပုဏ္ဏားကြီးအား အပ်နှင်းပြီးလျှင် အသပြာ တစ်ထောင်ကိုလည်း သူခိုးပုဏ္ဏားလက်မှ ယူဆောင်စေကာ ပြန်အပ်နှင်းပြီးလျှင် မြို့တော်၌ စည်လည်စေ၍ သူခိုးပုဏ္ဏားအား မင်းဒဏ်ကို ပြုစေပြီးလျှင် ပုဏ္ဏေးမငယ်အားလည်း နောက်နောင်အခါ၌ ဤကဲ့သို့ယုတ်မာသော အမှုကို မပြုကျင့်ရန် မင်းအာဏာကိုပြ၍ ပုဏ္ဏားကြီးအားလည်း ကြီးစွာသော အခြံအရံကို ပေး၍ မိမိထံ၌ နေစေ၏။

ဤဒေသနာတော်ကိုဆောင်၍ သစ္စာကို ပြသည်၏အဆုံး၌ များစွာသော ရဟန်းတို့သည် သောတာပတ္တဖိုလ် စသည်တို့၌ တည်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုဏ္ဏားကြီးသည် - ယခုအခါ အာနန္ဒာ။

ရုက္ခစိုးနတ်သည် - သာရိပုတ္တရာ။

ပရိသတ်သည် - ဘုရားပရိသတ်။

သေနက သုခမိန်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပညာရှိကား၊ လူအများ၊ အားထားကိုးကွယ်ရာ။

(၂) ပညာမျက်စိ၊ အမြင်ရှိ၊ သိရခက်ခဲစွာ။

(၃) ပညာရှိထံ၊ ဆည်းကပ်ပြန်၊ ဘေးရန်လွတ်မြဲသာ။

(၄) သေနကဘက်၊ ပုဏ္ဏားပျက်၊ အသက်ချမ်းသာရှာ။

သတ္တုဘသ္တဇာတ် ပြီး၏။

***

၄၀၃ - အဋ္ဌိသေနကဇာတ်

ဖိတ်ကြားသော်လည်း တောင်းလျှင် မုန်းတတ်သည်ဖြစ်၍ မတောင်းဘဲနေသော အဋ္ဌိသေနရသေ့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တောင်းခံမှုများ မလိုလား

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် အာဠာဝီပြည်ကို အမှီပြု၍ အဂ္ဂါဠစေတီ၌ သီတင်းသုံးတော်မူစဉ် ကုဋိကာရ သိက္ခာပုဒ်ကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ရသေ့မြတ်ကို မင်းကြည်ညို

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် နိဂုံးရွာတစ်ခုဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ အဋ္ဌိသေန ဟူသော အမည်ကို မှည့်ကုန်၏။ ထိုအဋ္ဌိသေန သတို့သားသည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှင် နောက်အဖို့၌ ကာမဂုဏ်တို့၏ အပြစ်ကိုမြင်၍ တောထွက်ကာ ရသေ့ရဟန်းပြု၍ စျာန်အဘိညာဉ်တို့ကို ဖြစ်စေပြီးလျှင် ဟိမဝန္တာအရပ်တွင် ကြာမြင့်စွာနေလေ၏။

တစ်နေ့သ၌ ချဉ်ဆား မှီဝဲအံ့သောငှာ ဗာရာဏသီပြည်သို့ သွား၍ မင်းဥယျာဉ်၌ တည်းခိုလျက် နက်ဖြန် မြို့တွင်းသို့ ဆွမ်းခံဝင်လတ်သော် မင်းရင်ပြင်သို့ ရောက်လေ၏။ မင်းကြီးသည် မြင်လျှင် ရသေ့၏ ဣရိယာပုတ်တို့၌ ကြည်ညိုသဖြင့် ပြာသာဒ်ပေါ်သို့ ပင့်ပြီးလျှင် ဆွမ်းဘောဇဉ်တို့ဖြင့် လုပ်ကျွေး၍ ဥယျာဉ်တော်၌ အမြဲသီတင်းသုံးရန် ပင့်ဖိတ်၏။

ဆရာရသေ့အး မင်းဖိတ်ကြား

အဋ္ဌိသေန ရသေ့သည် ဆိတ်ဆိတ်နေလျက် ဝန်ခံတော်မူ၏။ ဆွမ်းဘဉ်းပေးပြီးလျှင် ဥယျာဉ်တော်သို့ ကြွလေ၏။ မင်းကြီးသည် ဆရာရသေ့ထံ တစ်နေ့ နှစ်ကြိမ် သုံးကြိမ် ခစား၏။ တရားတော်ကို ကြားနာရသဖြင့် ကြည်ညို၍ “အရှင်ဘုရား … မင်းအဖြစ်မှစ၍ အလိုရှိရာ ဝတ္ထုကို တောင်းတော်မူပါ၊ လှူဒါန်းပါမည်” ဟု ဖိတ်မန်လေ၏။ ရသေ့ကား ဤဝတ္ထုကို အလိုရှိသည်ဟု ဘယ်အခါမျှ မတောင်းလေ။ သူတောင်းစားတို့ကား အလိုရှိရာဝတ္ထုကို တောင်းကြကုန်၏။ မင်းကြီးလည်း ငြိတွယ်ခြင်းမရှိဘဲ ပေးလှူ၏။

မင်းကြီးလျှောက်ထား ကြောင်းရာများ

တစ်နေ့သ၌ မင်းကြီးသည် သူတောင်းစားတို့ကား အလိုရှိရာ ဝတ္ထုကို တောင်းကြကုန်၏၊ အရှင် အဋ္ဌိသေန ရသေ့ကား ဖိတ်မန်သောနေ့မှစ၍ ယနေ့တိုင် မည်သည့် ဝတ္ထုကိုမျှ မတောင်းလေ၊ ဤအရှင်ကား ပညာရှိ၏၊ ဥပါယ်၌ လိမ္မာ၏၊ အကြောင်းကိုမေးမည်ဟု ကြံစည်လျက် ရသေ့ထံသို့ ရောက်လျှင် -

“အရှင် အဋ္ဌိသေန … အကျွန်ုပ်တို့ မသိကုန်သော သူတောင်းစားတို့သည် အကျွန်ုပ်ထံ အညီအညွတ် လာကြ၍ လိုရာဝတ္ထုကို တောင်းကြကုန်၏၊ အရှင် အဋ္ဌိသေနကား အဘယ်ကြောင့် အကျွန်ုပ်ကို မတောင်းပါသနည်း” –

ဟု ရသေ့အား မေးလျှောက်လေ၏။

ရသေ့မိန့်ကြား တောင်းမှုများ

ရသေ့လည်း မင်းကြီး လျှောက်ထားသော စကားကိုကြားလျှင် -

“မင်းကြီး … တောင်းသောသူကို ပေးသောသူသည် မချစ်မနှစ်သက်အပ်ပါ၊ မပေးသော သူကိုလည်း တောင်းသောသူသည် မချစ်မနှစ်သက်အပ်ပါ၊ ထို့ကြောင့် ငါသည် မမုန်းပါစေသတည်းဟု သင်မင်းကြီးကို မတောင်းပါ” –

ဟု မင်းကြီးအား မတောင်းခြင်း အကြောင်းကို မိန့်ကြားတော်မူ၏။

သဒ္ဒါတရားရှိမှု လျှောက်ထားပြု

ထိုအခါ မင်းကြီးသည် ရသေ့၏စကားကိုကြားလျှင် -

“အရှင် အဋ္ဌိသေန … တောင်း၍ အသက်မွေးသော ရဟန်းပုဏ္ဏားကား တောင်းသင့်သောအခါ ၌ တောင်းသင့်သော ဝတ္ထုပစ္စည်းကို မတောင်း၊ ထိုမတောင်းသောသူသည် သူတစ်ပါးအား ကောင်းမှုကို ယုတ်လျော့စေ၏၊ မိမိလည်း ချမ်းသာစွာ အသက်မမွေးရ”

“အရှင် အဋ္ဌိသေန … တောင်း၍ အသက်မွေးသော ရဟန်းပုဏ္ဏားကား တောင်းသင့်သောအခါ ၌ တောင်းကာ သင့်သော ဝတ္ထုပစ္စည်းကို တောင်း၏၊ ထိုတောင်းသောသူသည် သူတစ်ပါးအား ကောင်းမှုကို ရရှိစေ၏၊ မိမိလည်း ချမ်းသာစွာ အသက်မွေးရ၏”။

“အရှင် အဋ္ဌိသေန … သူတော်ကောင်းတို့သည် လာကုန်သော သူတောင်းစားတို့ကို မြင်၍ အမျက်မထွက်ကုန်၊ အကျွန်ုပ်ည် မြတ်သော အကျင့်ရှိသော အရှင်ဘုရားကို ကြည်ညိုပါ၏၊ အရှင်ဘုရားသည် အလိုရှိရာ ဝတ္ထုပစ္စည်းကို တောင်းတော်မူပါ၊ မြတ်သောမင်းအဖြစ်ကိုပင် အလိုရှိပါမူ ပေးလှူပါမည်” –

ဟု ရသေ့အား လျှောက်ထားကာ ဖိတ်မန်လေ၏။

အရိယာကျင့်မှု နှလုံးပြု

ရသေ့သည် တစ်စုံတစ်ခုသော ဝတ္ထု ပစ္စည်းကိုမျှ မတောင်းလေဟု မိမိအလိုကို လျှောက်ထားသည်ရှိသော် ရသေ့သည် မင်းကြီး တောင်းခြင်းမှာ ရဟန်းတို့ အလေ့အကျင့်မဟုတ်၊ လူတို့ အလေ့အကျင့်သာ ဖြစ်ကြောင်း ရဟန်းတို့မှာ အလွန် အသက်မွေး ဖြူစင်ကြောင်းကို ပြလိုသည်ဖြစ်၍ -

“မင်းကြီး … စင်စစ် ဘုရား စသော ပညာရှိတို့ကား မတောင်းကုန်၊ ပညာရှိသော ဒါယကာတို့သည် ရဟန်းတို့အလိုကို သိကြရမည်၊ အရိယာ သူတောင်ကောင်းတို့အား ရည်ညွန်း၍ ရပ်လေ့ရှိကုန်၏၊ ဤသို့ ရပ်ခြင်းမှာ အရိယာတို့တောင်းခြင်း ဖြစ်၏” –

ဟု မင်းကြီးအား ဘုရား စသော အရိယာ သူတော်ကောင်းတို့၏ အလေ့အကျင့်ကို ဟောတော်မူ၏။

မင်း၏လှူပြု ငြင်းပယ်မှု

မင်းကြီးသည် ရသေ့၏ တရားစကားကို ကြားနာရလျှင် “အရှင်ဘုရား … ပညာရှိသော ဒါယကာသည် ရဟန်းတို့အလိုကိုသိ၍ လှူရပါမူ အကျွန်ုပ်သည်လည်း အရှင်ဘုရားတို့အား ဤမည်သော ဝတ္ထုပစ္စည်းကို လှူဒါန်းပါမည်” ဟု လျှောက်ထားလိုပြန်သဖြင့် -

“အရှင်ဘုရား … အရှင်ဘုရားအား နွားလားဥသဘနှင့်တကွ နွားနီမ တစ်ထောင်ကို လှူဒါန်းပါ၏၊ အရှင်ဘုရား၏ တရားစကားတို့ကို ကြားနာရ၍ မြတ်သော အကျင့်ရှိသောသူသည် မြတ်သော အကျင့်ရှိသော အရှင်ဘုရားအား အဘယ်ကြောင့် မပေးလှူဘဲ ရှိပါအံ့နည်း” –

ဟု တစ်ဖန် လျှောက်ထားပြန်၏။ ထိုအခါ အဋ္ဌိသေနရသေ့သည် “မင်းကြီး … ငါကား ရဟန်းဖြစ်သည်၊ ပလိဗောဓ ကြောင့်ကြမရှိ” ဟု အလှူမခံဘဲ မြစ်ပယ်တော်မူ၏။

မင်းကြီးလည်း ရသေ့၏အဆုံးအမ၌ တည်၍ ကုသိုလ်ကောင်းမှုတို့ကို ပြုကာ သေလွန်သည့် အခြားမဲ့၌ နတ်ပြည်သို့ လားရ၏။ ဆရာရသေ့လည်း မယုတ်သောစျာန်ရှိသည် ဖြစ်၍ သေလွန်သည့်အခါ ဗြဟ္မာပြည်သို့ လားရ၏။

ဤဒေသနာတော်ကိုဆောင်၍ သစ္စာကို ပြတော်မူသည်၏အဆုံး၌ များစွာသော ရဟန်းတို့သည် သောတာပတ္တိဖိုလ်စသည်တို့၌ တည်ကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းကြီးသည် - ယခုအခါ အာနန္ဒာ။

အဋ္ဌိသေန ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) တောင်းသူမုန်းမြဲ၊ မပေးလည်း၊ မုန်းမြဲဓမ္မတာ။

(၂) အခါ, ပုဂ္ဂိုလ်၊ ဝတ္ထုကို၊ တောင်းလိုဆင်ခြင်ရာ။

(၃) တောင်းခြင်းလူလေ့၊ ရဟန်းလေ့၊ ရပ်၍ ရည်ညွန်းကာ။

(၄) အလိုကိုသိ၊ ပညာရှိ၊ လှူဘိသင့်လျော်ရာ။

အဋ္ဌိသေနဇာတ် ပြီး၏။

***

(၄၀၄) - ကပိဇာတ်

ရန်သူရှိသည်ကိုသိသဖြင့် ဥယျာဉ်မှာ ထွက်ခွာသွားသော မျောက်မင်းနှင့် မထွက်ခွာဘဲနေသော မျောက်တို့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဒေဝဒတ် ပျက်စီးမှု ဟောကြားပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြေမျိုသည်ရှိသော် ပရိသတ်နှင့်တကွ ပျက်စီးလေ၏။ ရဟန်းတို့သည် တရားသဘင်ဝယ် ဒေဝဒတ် ပရိသတ်နှင့်တကွ ပျက်စီးခြင်း၏ အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူလျှင် ထိုအကြောင်းကို သိတော်မူ၍ “ရဟန်းတို့ … ယခုအခါ၌ သာ ဒေဝဒတ်သည် ပရိသတ်နှင့်တကွ ပျက်စီးသည် မဟုတ်၊ ရှေးအခါ၌ လည်း ပျက်စီးဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မျောက်ယုတ်ကျင့်မှု ရန်ငြိုးပြု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မျောက်မျိုး၌ ဖြစ်၍ မျောက်ငါးရာ ခြံရံကာ မင်းဥယျာဉ်တော်၌ နေ၏။ ဒေဝဒတ်အလောင်း မျောက်သည်လည်း မျောက်ငါးရာခြံရံကာ မင်းဥယျာဉ်တော်၌ ပင် နေ၏။

တစ်နေ့သ၌ ပုရောဟိတ်သည် ဥယျဉ်တော်သို့သွားကာ ရေချိုး၍ တန်ဆာဆင်ပြီး ထွက်လတ်သော် လျှပ်ပေါ်သော မျောက်တစ်ကောင်သည် ဥယျာဉ်တော် တံခါးတိုင်ထိပ်မှနေ၍ ပုဏ္ဏား၏ထိပ်၌ ကျင်ကြီးစွန့်၍ ချ၏။ တစ်ဖန် မော်၍ ကြည့်ပြန်လျှင် မျက်နှာ၌ စွန့်၍ ချပြန်၏။ ထိုအခါ ပုဏ္ဏားသည် “ယခုအခါ င့ါအပေါ် ကျင့်ကြီးစွန့်၍ ချခဲ့သည် ရှိစေဦး၊ မကြာမီ သိစေမည်” ဟု မျောက်တို့၌ ရန်ငြိုးဖွဲ့ကာ ခြိမ်းခြောက်ပြီးလျှင် တစ်ဖန် ရေချိုး၍ ပြန်လေ၏။

မျောက်မင်းလိမ္မာ ရွှေ့ပြောင်းကာ

မျောက်မင်းသည် ပုဏ္ဏား ခြိမ်းခြောက်၍ မျောက်တို့၌ ရန်ငြိုးဖွဲ့သွားကြောင်း သိလေလျှင် မျောက်တို့ကို ခေါ်၍ “အမောင်တို့ … ရန်သူတို့ နေရာအရပ်၌ နေခြင်းငှာမသင့်၊ အရပ်တစ်ပါးသို့ သွားကြကုန်” ဟု ပြောဆိုဆုံးမ၍ မျောက်တစ်ထောင်ကို ဥယျာဉ်တော်မှ နှင်ထုတ်၏။ အဆုံးမခက်သော မျောက်သည် မိမိ အခြံအရံ မျောက်ငါးရာကို ယူ၍ နောက်မှ သိရမည်ဟု ဥယျာဉ်တော်၌ သာ နေ၏။ မျောက်မင်းကား မိမိ အခြံအရံ ငါးရာကိုယူ၍ တောသို့ဝင်၏။

ဆင်မီးလောင်နာ ဆေးနည်းရှာ

တစ်နေ့သ၌ စပါးထောင်းသော ကျွန်မသည် စပါးကို နေပူလှန်းထားရာ ဆိတ်တစ်ကောင် လာ၍ စားလျှင် မီးစဖြင့် ထ၍ ရိုက်လေ၏။ ဆိတ်သည် ကိုယ်ကို မီးလောင်သဖြင့် ပူလောင်လတ်သော် ပြေးလွှားကာ ဆင်တင်းကုန်အနီးတွင် မှီလျက်ရှိသော မြက်ကုဋိနံရံကို ကိုယ်ဖြင့် ပွတ်သပ်လေ၏။ ထိုအခါ ဆိတ်မွေး၌ လောင်နေသော မီးသည် မြက်ကုဋိကို ကူးစက်၍ လောင်လေ၏။ ၎င်းမှတစ်ဖန် ဆင်တင်းကုပ်ကို ကူးစက်၍ လောင်ပြန်၏။ ထိုအခါ ဆင်တို့ ကျောက်ကုန်းများကို လောင်ပြန်၏။ ဆင်ဆရာတို့သည် မီးလောင်နာတို့ကို ကုစားကြသော်လည်း မပျောက်ကင်းနိုင်သဖြင့် မင်းကြီးအား လျှောက်ထားကြကုန်၏။

မျောက်တို့သတ်ရန် ပုဏ္ဏားကြံ

ပုရောိဟတ်လည်း မျောက်တို့ကို ဖမ်း၍ သတ်ရန်နည်းလမ်းကို စုံစမ်းရှာဖွေ၍ နေစဉ် မင်းကြီးထံ အခစားရောက်လျှင် မင်းကြီးသည် “ဆရာ … ဆင်တို့ မီးလောင်နာတို့ကို ဆင်ဆရာတို့ မကုစားနိုင်သဖြင့် လျှောက်ထားလာကြသည်၊ ဆင်ဆေးကို သိပါသလော” ဟု မေးလေ၏။ ထိုအခါ ပုရောဟိတ်သည် အချက်ကောင်းရပြီဟု အောက်မေ့ကာ “အရှင်မင်းကြီး … သိပါသည်၊ ဆင်နာကို ကုသရာဝယ် မျောက်ဆီထက်ကောင်းသော ဆေးမရှိပါ”ဟု လျှောက်ထားလေ၏။ မင်းကြီးလည်း အဟုတ်မှတ်ထင်ကာ လေးသမားတို့ကို ဆင့်ဆိုပြီးလျှင် ဥယျာဉ်တော်ရှိ မျောက်တို့ကို သတ်၍ မျောက်ဆီကို ယူစေ၏။

ပျက်စီးသမှု ညည်းညူပြု

ထိုအခါ လေးသမားတို့သည် ငါးရာသော မျောက်တို့ကို ပစ်၍ သတ်ကြကုန်၏။ မျောက်ကြီးတစ်ကောင်သည် မြှားမှန်သော်လည်း ရုတ်တရက် မလဲဘဲ မျောက်မင်းရှိရာသို့လာ၍ လဲလျက်သေလေ၏။ မျောက်တို့သည် ထိုအကြောင်းကို မျောက်မင်းအား ပြောကြားကုန်၏။ ထိုအခါ မျောက်မင်းသည် မျောက်အပေါင်းတို့ကို အလယ်၌ ထား၍ -

“အို-မျောက်အပေါင်းတို့ … ပညာရှိ မည်သည် ရန်သူရှိရာအရပ်၌ တစ်ရက် နှစ်ရက်မျှလည်း မနေရာ၊ ရန်သူရှိရာအရပ်၌ နေခြင်းသည် ဆင်းရဲလှ၏။

စင်စစ် ပေါ့ပျက်သော စိတ်ရှိသော ထိုစိတ်ပေါ့ပျက်သောသူ၏ အတုကိုယူ၍ ကျင့်သောသူအား ဘေးရန်သည် ဖြစ်၏၊ မျောက်တစ်ကောင်ကြောင့် မျောက်အပေါင်း ပျက်စီးခြင်းကို ပြုအပ်၏။

မိုက်လျက် ပညာရှိဟု မှတ်ထင်ကာ မျောက်အပေါင်းကို ဆောင်သောသူသည် မိမိအလိုသို့ လိုက်၍ သေသည်ကို မြင်ရသကဲ့သို့ ဤမျောက်သေသည်ကို ကြည့်ရှုကုန်လော” –

ကျိုးနှစ်ဖြာသိ ပညာရှိ

“အားရှိသော မျောက်အပေါင်းကို ဆောင်သော သူမိုက်သည် မကောင်း၊ ငှက်တိန်ညင်ကဲ့သို့ ဆွေမျိုးတို့ စီးပွားမဲ့ကို ဆောင်၏၊ အားရှိသော မျောက်အပေါင်းကို ဆောင်သော ပညာရှိကား ကောင်း၏၊ တာဝတိံသာ နတ်တို့ အရှင်ဖြစ်သော သိကြားမင်းကဲ့သို့ ဆွေမျိုးတို့ အစီးအပွားကိုဆောင်၏။

မိမိ၏ သီလ၊ ပညာ၊ အကြားအမြင်ကို သိမြင်သောသူသည် မိမိ သူတစ်ပါး နှစ်ပါးစုံတို့၏ အကျိုးစီးပွားကို ကျင့်နိုင်၏။

ထိုကြောင့် မိမိကိုယ်တိုင် သီလ၌ လည်းကောင်း၊ ပညာ၌ လည်းကောင်း၊ အကြားအမြင်၌ လည်းကောင်း နှိုင်းယှဉ်၍ ပညာရှိသည် အပေါင်းအဖော်ကိုလည်း ဆောင်ရာ၏၊ တစ်ယောက်ထီးတည်း ကျင့်ရာ၏” –

ဟု မျောက်အပေါင်းအား နည်းပရိယာယ်ဖြင့် ဟောကြားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဆိုနိုင်ခက်သော မျောက်သည် - ယခုအခါ ဒေဝဒတ်။

ဆိုနိုင်ခက်သော မျောက်၏ပရိသတ်သည် - ဒေဝဒတ်၏ ပရိသတ်။

မျောက်ပညာရှိ၏ ပရိသတ်သည် - ငါဘုရား၏ ပရိသတ်။

မျောက်ပညာရှိသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ရန်သူရှိပေ၊ အရပ်မြေ၊ မနေပညဝါ။

(၂) ပညာရှိမူ၊ အများသူ၊ ဆောင်ယူထိန်းသိမ်းရာ။

(၃) သူမိုက်တို့မူ၊ အများသူ၊ မယူမထိန်းရာ။

(၄) သူမိုက်ဦးစီး၊ ကျိုးမပြီး၊ ကျိုးပြီးပညာဝါ။

ကပိဇာတ် ပြီး၏။

***

(၄၀၅) - ဗကဇာတ်

အယူလွဲမှားသော ဗကဗြဟ္မာအား အတိတ်က ဖြစ်ခဲ့သော အကြောင်းအရာ အထ္ထုပ္ပတ်ကို ဟောပြခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဗကဗြဟ္မာအယူ မြဲ၏ဟူ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အာဘဿရဘုံ၌ ဖြစ်သော ဗကဗြဟ္မာကြီးအား ဤတရားသည် မြဲ၏၊ စုတေခြင်း သဘောမရှိ၊ ဤတရားမှတစ်ပါး ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဖြစ်သော နိဗ္ဗာန်မည်သည် မရှိ၊ ဤသို့စသော အယူကိုယူ၏။

ထိုဗကဗြဟ္မာကြီးသည် အောက်စျာန်ကိုရ၏၊ ရှေး၌ စျာန်ကိုပွားစေ၍ ဝေဟပ္ဖိုလ်ဘုံ၌ ဖြစ်၏။ ထိုဘုံမှတစ်ဖန် သုဘကိဏှာဘုံ၌ ဖြစ်၏၊ ထိုဘုံမှတစ်ဖန် အာဘဿရဘုံ၌ ဖြစ်၏။ ထိုဘုံ၌ အထက်ဗြဟ္မာဘုံမှ စုတေ့ကို မအောက်မေ့နိုင်၊ ပဋိသန္ဓေကိုလည်း မအောက်မေ့နိုင်၊ ထိုနှစ်ပါးသောစုတေ့ ပဋိသန္ဓေကို မမြင်၍ ဤသို့သော အယူကို ယူ၏။

ဗကအမှား ညွန်ပြကြား

မြတ်စွာဘုရားသည် ထိုဗကဗြဟ္မဒာ၏ စိတ်အကြံကို သိတော်မူလျှင် ဗြဟ္မာဘုံသို့ ကြွတော်မူ၏။ ဗကဗြဟ္မာသည် မြတ်စွာဘုရားကို မြင်တော်မူလျှင် “အရှင်ဘုရား … ကြွလာတော်မူပါ၊ ကြွလာတော်မူခြင်းသည် ကောင်းပါ၏၊ မကြွလာသည်မှာ ကြာမြင့်ပြီ” ဟု ပဋိသန္ဓာရစကား လျှောက်ထားပြီးလျှင် “အရှင်ဘုရား … ဤတရားသည် မြဲ၏၊ စုတေခြင်း မရှိ၊ ပဋိသန္ဓေ မနေ၊ မအို၊ တစ်ဖန် မဖြစ်၊ စုတေခြင်းမရှိ၊ ပဋိသန္ဓေ မနေ၊ မအို၊ တစ်ဖန် မဖြစ်၊ ဤတရားထက် လွန်မြတ်သော ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဖြစ်သော နိဗ္ဗာန်တရားမည်သည် မရှိ” ဟု မိမိအယူရှိသည့် အတိုင်း လျှောက်ထားလေ၏။

မြတ်စွာဘုရားသည် ဗကဗြဟ္မာ၏ စကားကို ကြား၍ “အချင်းတို့ … ဗကဗြဟ္မာသည် အဝိဇ္ဇာနှင့် ပြည့်စုံစွာတကား၊ အနိစ္စသာလျှင် ဖြစ်ပါလျက် နိစ္စဟု ဆိုဘိ၏၊ တစ်ပါးသော ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော တရား ထင်ရှားရှိပါလျက် မရှိဟု ဆိုဘိ၏” ဟု မိန့်တော်မူ၏။

ဗက ထင်မှား ဘုရားလျှောက်ကြား

ဗကဗြဟ္မာသည် မြတ်စွာဘုရား စကားကိုကြားလျှင် အရှင် ဂေါတမသည် မေးစိစစ်လိမ့်မည်ဟု ကြံစည်ကာ အားနည်းသော သူခိုးသည် နှစ်ချက် သုံးချက် ရိုက်ကာမျှဖြင့် ငါသည်ပင်လျှင် သူခိုးလော၊ ဤသူလည်း သူခိုးတည်း၊ ဤသူလည်း သူခိုးတည်းဟု အပေါင်းအဖော် အလုံးစုံ ပြောကြားသကဲ့သို့ မိမိနှင့် အယူဝါဒ တူကုန်သော အပေါင်းအဖော် အလုံးစုံတို့ကို ပြောကြားလိုသည်ဖြစ်၍ =

“အို-အရှင်ဂေါတမ … ကုသိုလ်ကောင်းမှုရှိသော ခုနစ်ကျိပ် ရှစ်ယောက်သော အကျွန်ုပ်တို့သည် မိမိတို့ အလိုအတိုင်း ဖြစ်ကြကုန်၏၊ ပဋိသန္ဓေနေခြင်း, အိုခြင်းမှ လွန်မြောက်ကြကုန်၏၊ ပညာဖြင့် ရောက်အပ်သော ဤဗြဟ္မာပြည်၌ ဖြစ်ခြင်းကား အဆုံးစွန်သော ဖြစ်ခြင်းတည်း၊ လူများစွာတို့သည် အကျွန်ုပ်ကဲ့သို့ ဖြစ်ရလို၏ဟု တောင့်တကြကုန်၏” –

ဟု မြတ်စွာဘုရားအား လျှောက်ထားလေ၏။

အသက်ပိုင်းခြင်း ဘုရားဟောကြား

ထို့နောင် မြတ်စွာဘုရားသည် ဗကဗြဟ္မာ၏ မမြဲသော အဖြစ်ကို သိစေလိုသဖြင့် -

“အို- ဗကဗြဟ္မာ … သင်ကား သင်၏အသက်ကို ရှည်လှ၏ဟု အောက်မေ့ မှတ်ထင်နေ၏၊ သင်၏ အသက်ကား တိုတောင်းလှ၏၊ ရှည်သည် မဟုတ်”။

“အို- ဗကဗြဟ္မာ … ငါသည် သင်၏အသက်ကို နိရဗ္ဗုဒ တစ်သိန်းရှိသော အဟဟမျှ အတိုင်းအရှည်မျှသာ ကြွင်း၏ဟု သိ၏” –

ဟု အသက်အပိုင်းအခြားကို မိန့်တော်မူ၏။

အတိတ်လျှောက်ထား ဘုရားဟောကြား

ထိုအခါ ဗကဗြဟ္မာသည် သူ၏ နောက်အတိတ် အကြောင်းကို လျှောက်ထားလို၍ -

“အို-ရှင်ဂေါတမ … သင်တို့သည် ငါကား အဆုံးမရှိသော တရားကို မြင်သော ဘုရားဖြစ်၏၊ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ စိုးရိမ်ပူဆွေးခြင်းတို့ကို လွန်မြောက်၏ဟု ဝန်ခံဘိ၏။

ထိုသို့ဖြစ်ခဲ့သော် အကျွန်ုပ်၏ ရှေး၌ ဖြစ်ဖူးသော အကျင့်သီလကား အဘယ်နည်း၊ ထိုအကျင့်သီလကို အကျွန်ုပ်လည်း သိရာ၏၊ ထိုအကျင့်သီလကို ပြောကြားတော်မူပါ” –

ဟု လျှောက်ထား တောင်းပန်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ဗကဗြဟ္မာအား အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကုန်သည်များဒုက္ခ ရသေ့ကယ်မ

လွန်လေပြီးသောအခါ တစ်ခုသော ကမ္ဘာ၌ သင် ဗကဗြဟ္မာသည် ရသေ့ဖြစ်၏။ ထိုအခါ သဲကန္တာရ၌ နေလျက် သဲကန္တာရ၌ သွားကုန်သော များစွာသောသူတို့အား ရေကိုဆောင်၍ ပေးလေ့ရှိ၏။

တစ်နေ့သ၌ လှည်းကုန်သည်တစ်ဦးသည် လှည်းငါးရာတို့နှင့် ထိုသဲကန္တာရသို့ သွား၏။ လူတို့သည် ကျယ်ဝန်းသော သဲကန္တာရ၌ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်မျက်နှာတို့ကို မမှတ်မိနိုင်ဘဲ ခုနစ်ရက်ပတ်လုံး အစာအာဟာရပြတ်လျက် အပူဖြင့် နှိပ်စက်သဖြင့် ငါတို့ မုချ သေကြရမည်ဟု အောက်မေ့လျက် နွားတို့ကို ချွတ်ပြီးလျှင် လှည်းအောက်၌ အိပ်ကြကုန်၏။

ထိုအခါ ရသေ့သည် ဆင်ခြင်လတ်သော် လှည်းကုန်သည်တို့ကို မြင်၍ ဤလှည်းကုန်သည်တို့သည် ငါ၏ မျက်မှောက်၌ မပျက်စီးကုန်သတည်းဟု နှလုံးသွင်းကာ မိမိတန်ခိုးအာနုဘော်ဖြင့် ဂင်္ဂါမြစ်ရေကို အပေါ်သို့ ပျံ၍ လှည်းကုန်သည်တို့ ရှေးရှုစီးစေပြီး အနီးဖြစ်သော အရပ်၌ လည်း တောအုပ်တစ်ခု ဖန်ဆင်းလေ၏။

လူတို့သည် ရေကို အလိုရှိတိုင်း သောက်ချိုးလျက် ရောင့်ရဲစေပြီးလျှင် တောအုပ်မှ မြက်တို့ကို ရိတ်ကာ နွားတို့ကို ကျွေး၍ ရေတို့ကို တိုက်ကြကုန်၏။ ထင်းတို့ကို ယူကာ ထိုတောအုပ်ကိုမှတ်၍ သဲကန္တာရကို လွန်မြောက်စေကုန်၏။

အတိတ်ဆောင်ပြ နောင်ဘဝ

ထိုအကြောင်းရည်၍ မြတ်စွာဘုရားသည် ဗကဗြဟ္မာကို ဆုံးမလိုသဖြင့် -

“အို- ဗကဗြဟ္မာ … သင်သည် ရေငတ်၍ အပူဖြင့် အလွန်နှိပ်စက်ကာ ပင်ပန်းသော လူများစွာတို့ကို ရေသောက်စေ၏၊ သင်၏ ရှေး၌ ဖြစ်သော ထိုအကျင့် သီလကို ငါဘုရား၏ အိပ်မက်မြင်၍ အိပ်ရာမှ နိုးသော ယောကျ်ားကဲ့သို့ အောက်မေ့၏” –

ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဝတ္ထုတစ်ခုကို ဆောင်တော်မူ၏။

နောက်အခါ ထိုရသေ့သည် ပစ္စန္တရာဇ် ရွာတစ်ခုကို အမှီပြုကာ မြစ်အနီး တောအုပ်၌ နေပြန်၏။ တစ်နေ့သ၌ တောင်ပေါ်၌ နေသော သူခိုးတို့သည် အောက်သို့ ဆင်းသက်ကြလျက် ရွာကို လုယက်ဖျက်ဆီးကာ လူများစွာတို့ကို ဖမ်းကုန်၍ တောင်ပေါ်သို့ တက်စေပြီးလျှင် ခရီးအကြားတွင် သူလျှိုကိုထားကာ တောင်ခေါင်းသို့ဝင်၍ ထမင်းချက်လျက် နေကြကုန်၏။

ရသေ့ပရိယာယ် လူများကယ်

ထိုအခါ ရသေ့သည် ကျွဲ နွား စသည်တို့၏ လည်းကောင်း၊ ယောကျ်ား, မိန်းမ, သူငယ် စသည်တို့၏ လည်းကောင်း ကျယ်စွာသော ညည်းညူသံကို ကြား၍ ဤသတ္တဝါတို့သည် ငါမြင်စဉ် မပျက်စီးစေကုန်သတည်းဟု အောက်မေ့ဆင်ခြင်လျက် မိမိ၏ တန်ခိုး အာနုဘော်ဖြင့် ကိုယ်ခန္ဓာ အတ္တဘောကို စွန့်၍ မင်းအသွင် ဖန်ဆင်းကာ အင်္ဂါလေးပါးရှိသော စစ်သည်ဖြင့် ခြံရံကာ စစ်ထိုးစည်ကို တီးစေလျက် ထိုသူတို့ နေရာအရပ်သို့ သွားလေ၏။

သူလျှိုတို့မြင်လျှင် သူခိုးတို့အား ပြောကြားကုန်၏။ ထိုအခါ သခိုးတို့သည် ငါတို့အား မင်းနှင့်တကွ စစ်ထိုးခြင်းငှာ မသင့်ဟု ဆောင်ယူခဲ့သော ဥစ္စာအလုံးစုံကို စွန့်လွှတ်၍ ထမင်းကိုပင် မစားနိုင်ကြတော့ဘဲ အမြန်ပြေးကြ ကုန်၏။

ဗကဆုံးမ အတိတ်ပြ

ရသေ့သည် အလုံးစုံသော သူတို့ကို ဆောင်ယူပြီးလျှင် မိမိတို့ရွာ၌ တည်စေကုန်၏။ ထိုအကြောင်းကိုရည်၍ မြတ်စွာဘုရားသည် -

“အို - ဗကဗြဟ္မာ … သင်သည် ဧဏီမြစ်နား၌ ဖမ်းဆီးကာ ယူဆောင်ထားသော သူအပေါင်းကို လွတ်စေခဲ့ပြီ၊ သင်၏ ရှေး၌ ဖြစ်သော အိပ်ရာမှ နိုးသောယောကျ်ားကဲ့သို့ အောက်မေ့နိုင်၏” –

ဟု မိန့်တော်မူကာ အတိတ်ဝတ္ထုတစ်ခုကို ဆောင်တော်မူပြန်၏။

နောက်အခါ ထိုရသေ့သည် ဂင်္ဂါမြစ်နား၌ နေပြန်၏။ ထိုအခါ လူတို့သည် လှေနှစ်စင်း သုံးစင်းကို ဖောင်ဖွဲ့၍ ဖောင်ပေါ်တွင် ပန်းမဏ္ဍပ် ဆောက်လုပ်ပြီးလျှင် ထမင်း ငါးအမဲ အရက်သေစာတို့ကို သောက်စားကုန်လျက် ကမ်းတစ်ဖက်သို့ သွားကုန်၏။ စားကြွင်းသောက်ကြွင်း ဖြစ်သော ထမင်း ငါး အမဲ သေရည်တို့ကို လည်း ဂင်္ဂါမြစ်၌ ပင် ချကြကုန်၏။

ဂဠုန်သဖွယ် နဂါးရန်ကယ်

ဂင်္ဂါမြစ်၌ နေသော နဂါးမင်းသည် လူတို့ စားကြွင်းသောက်ကြွင်းတို့ကို ငါ၏ အထက်၌ ချရမည်လားဟု အမျက်ထွက်လျက် လူခမ်းသိမ်းကိုဖမ်း၍ ဂင်္ဂါမြစ်၌ နှစ်ကာသတ်မည်ဟု ပိန်းကောလှေကြီး ပမာဏရှိသော ကိုယ်အတ္တဘောကို ဖန်းဆင်း၍ ရေကိုခွဲလျက် ပါးပျဉ်းကိုထောင်ကာ လူတို့ရှေ့တွင် သွားလေ၏။ လူတို့သည် နဂါးမင်းကို မြင်လျှင် သေရမည့်ဘေးမှ ကြောက်သဖြင့် တစ်ပြိုင်နက် သည်းစွာသော အသံဖြင့် ငိုကြွေး အော်ဟစ်ကြကုန်၏။

ရသေ့သည် ထိုလူတို့ ငိုကြွေးအော်ဟစ်ကြသောအသံကိုကြားလျှင် နဂါးမင်း အမျက်ထွက်သည်ကို သိ၍ ငါ့မျက်မှောက်တွင် မပျက်စီးစေသတည်းဟု ကြံစည်ကာ လျင်မြန်စွာ စျာန်ဝင်စား၍ မိမိ၏ တန်ခိုးအာနုဘော်ဖြင့် ဂဠုန်သဏ္ဌာန် ဖန်ဆင်း၍ နဂါးရျိရာသို့ သွားလေ၏။ နဂါးမင်းလည်း ဂဠုန်ကိုမြင်လျှင် သေဘေးမှ ကြောက်သဖြင့် ရေတွင်ငုပ်လေ၏။

နောက်ကြောင်းဘဝ ထုတ်ဖော်ပြ

ထိုအခါ လူတို့သည် အသက်ဘေးမှ ချမ်းသာရာ ရကြကုန်၏။ ထိုအကြောင်းကိုရည်၍ မြတ်စွာဘုရားသည် -

“အို-ဗကဗြဟ္မာ … သင်သည် ဂင်္ဂါရေအယဉ်၌ ကြမ်းကြုတ်သေ နဂါးသည် လူတို့ကို ပျက်စီးစေရန် အားအစွမ်းဖြင့် ဖမ်းမည့်လှေကို လွတ်မြောက်စေပြီ၊ သင်၏ ရှေး၌ ဖြစ်သော သီလအကျင့်ကို ငါဘုရားသည် အိပ်မက်မြင်၍ အိပ်ရာမှ နိုးသော ယောကျ်ားကဲ့သို့ အောက်မေ့နိုင်၏” –

ဟု မိန့်တော်မူကာ အတိတ်ဝတ္ထု တစ်ခုကို ဆောင်တော်မူပြန်၏။

ထိုနောက် သင်ဗကဗြဟ္မာသည် ကေသဝရသေ့ ဖြစ်သောအခါ ၌ ငါဘုရားသည် တပည့်ကြီး ကပ္ပရသေ့ ဖြစ်၏၊ အမှုကြီးငယ်ကို ဆောင်ရွက်၏၊ သင့်အား နာရဒအမတ်သည် ဗာရာဏသီပြည်မှ ဟိမဝန္တာသို့ ဆောင်ယူခဲ့ရာ အနာရောဂါကို ပျောက်စေ၏။

အမတ်မေးငြား ရသေ့ဖြေကြား

ထို နာရဒအမတ်သည် နှစ်ကြိမ်မြောက် ဟိမဝန္တာသို့ လာသောအခါ အနာရောဂါ ပျောက်ကင်းနေသော ကေသဝရသေ့ကိုမြင်၍ -

“ဘုန်းတော်ကြီးသော အရှင် ကေသဝရသေ့ … အလိုရှိရာ ဝတ္ထုအလုံးစုံနှင့် ပြည့်စုံသော လူမင်းကို စွန့်၍ အဘယ်ကြောင့် ကပ္ပရသေ့၏ သင်္ခမ်းကျောင်း၌ မွေ့လျော်ပါသနည်း” –

ဟု လျှောက်ထား၏။ ထိုအခါ ကေသဝရသေ့သည် -

“အို-နာရဒ အမတ် … ကပ္ပရသေ့၏ သင်္ခမ်းကျောင်း၌ ကောင်းမြတ်၍ နှလုံးမွေ့လျော်ဖွယ်ဖြစ်သော သစ်ပင်တို့သည် ရှိကုန်၏၊ ကောင်းစွာ ပြောဆိုအပ်သော ကပ္ပရသေ့၏ စကားသည်လည်း ငါ့ကို မွေ့လျော်စေ၏” =

ဟု နာရဒ အမတ်အား ပြန်ကြားပြောဆိုလေ၏။ ဤသို့လျှင် မြတ်စွာဘုရားသည် ကပ္ပရသေ့ဖြစ်စဉ် ရောဂါပျောက်ငြိမ်းစေသည့် အဖြစ်ကို ပြတော်မူ၏။ ဤသို့ ပြတော်မူခြင်းဖြင့် ဗကဗြဟ္မာကို လူ့ပြည်၌ ပြုခဲ့ဖူးသော ကောင်းမှုကုသိုလ် အလုံးစုံကို မှတ်စေတော်မူ၏။

ဗကဗြဟ္မာ ရှုံးရ ကန်တော့ဝန်ချ

ထိုအခါ ဗကဗြဟ္မာသည် မိမိ ပြုခဲ့ဖူးသော ကောင်းမှုကုသိုလ် အလုံးစုံကို သတိရသဖြင့် -

“အို-အရှင်ဂေါတမ … သင်သည် အကျွန်ုပ်၏ အသက်အတိုင်းအရှည်ကို စင်စစ် သိမြင်ပေ၏၊ တစ်ပါးသော တရားကိုလည်း သိမြင်ပေ၏၊ ထို့ကြောင့် ဘုရား ဖြစ်တော်မူ၏၊ အရှင်ဘုရား၏ ဤထွန်းပသော ကိုယ်ရောင်တော်သည် ဗြဟ္မာပြည်၌ လည်း ထွန်းပစေလျက် တည်တော်မူ၏” –

ဟု မြတ်စွာဘုရားအား ချီးကျူးကာ လျှောက်ထားပြန်၏။

ဤသို့လျှင် မြတ်စွာဘုရားသည် ကိုယ်တော်၏ ဂုဏ်ကျေးဇူးတော်ကို သိစေလျက် တရားဟောတော်မူ၍ သစ္စာကို ပြသည်၏အဆုံး၌ ဗြဟ္မာ တစ်သောင်းတို့သည် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝေါတရား လေးပါးတို့မှ ကင်းလွတ်ကုန်၏။

ထိုနောင် မြတ်စွာဘုရားသည် ဗြဟ္မာများစွာတို့၏ ကိုးကွယ်ရာ ဖြစ်၍ ဗြဟ္မာပြည်မှ ဇေတဝန်ကျောင်းတော်သို့ ကြွတော်မူပြီးလျှင် ထိုဓမ္မဒေသနာတော်ကို ဗြဟ္မာတို့အား ဟောကြားသောနည်းဖြင့် ရဟန်းတို့အား ဟောကြားတော်မူပြန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကေသဝရသေ့သည် - ယခုအခါ ဗကဗြဟ္မာ။

ကပ္ပရသေ့သည်-ငါဘုရား ဖြစ်လာပြီ-

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အမြဲတည်နေ၊ မစုတေ၊ သန္ဓေမရှိပါ။

(၂) ဝဋ်မှထွက်ရန်၊ တရားမှန်၊ ဧကန်မရှိပါ။

(၃) အယူလွဲမှား၊ ဗကအား၊ ဘုရားချွတ်သည်သာ။

ဗကဇာတ် ပြီး၏။

***

(၄၀၆) - ဂန္ဓာရဇာတ်

ဆားထုပ် သိုမှီးသည်ကို ကဲ့ရဲ့ပြစ်တင် ဆိုဆုံးမသော ဂန္ဓာရဆရာရသေ့အား ပြန်လှန်ပြောဆိုမိ၍ ကန်တော့ တောင်းပန်သော ဝေဒေဟရသေ့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သန္နိဓိအမှု ကဲ့ရဲ့ပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အရှင်ပိလိန္ဒဝစ္ဆမထေရ်သည် အရံစောင့်ကို လွတ်စေလိုသဖြင့် ဗိမ္ဗိသာရမင်းကြီးအား တန်ခိုးပြတော်မူသောကြောင့် လူတို့ ကြည်ညိုသဖြင့် ငါးပါးသော ဆေးတို့ကို လှူဒါန်းကုန်၏။ ထိုအခါ အရှင်ပိလိန္ဒဝစ္ဆမထေရ်သည် ထိုဆေးပစ္စည်းတို့ကို မိမိ ပရိသတ်အား ပေးကမ်း ချီးမြှောက်လေ၏။

အရှင်ပိလိန္ဒဝစ္ဆ မထေရ်၏ ပရိသတ်သည် သုံးစား၍ မကုန်နိုင်သဖြင့် များစွာသော ဆေးပစ္စည်းတို့ကို နက်ဖြန် သန်ဘက် ဆုံးဆောင်ဖို့ရန် သိုမှီး၍ ထားကြကုန်၏။ လူတို့ကို မြင်လျှင် ကဲ့ရဲ့ပြစ်တင်ကြသောကြောင့် မြတ်စွာဘုရားသည် (သန္နိဓိကာရ) သိက္ခာပုဒ်ကို ပညတ်တော်မူ၍ “ရဟန်းတို့ … ရှေးပညာရှိတို့သည် ပဉ္စသီလမျှကိုသာ စောင့်သုံးသော သာသနာပရသေ့ ဖြစ်လျက် ဆားမျှကိုပင် သိုမှီးခြင်းကို ကဲ့ရဲ့ပြစ်တင်ကုန်သေး၏၊ သာသနာတော်တွင်း၌ ရဟန်း ဖြစ်ပါလျက် နက်ဖြန် သန်ဘက် အလို့ငှာ ဆေးပစ္စည်းတို့ကို သိုမှီးခြင်းသည် မသင့်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လကိုကြည့်စွမ်း ရာဟုဖမ်း

လွန်လေပြီးသောအခါ ဂန္ဓာရတိုင်းဝယ် ဘုရားအလောင်းသည် ဂန္ဓာရမင်း ဖြစ်၍ တရားသဖြင့် မင်းပြု၏။ ထိုအခါ ဝေဒေဟတိုင်း၌ လည်း ဝေဒေဟမင်းသည် မင်းပြုလျက် ရှိလေ၏။ ထိုမင်းနှစ်ပါးတို့သည် တစ်ဦးနှင့်တစ်ဦး မမြင်ဖူးကြကုန်သော်လည်း အလွန် ချစ်ကျွမ်းဝင်သော (အဒိဋ္ဌိသဟာယ)အဆွေခင်ပွန်း ဖြစ်ကြကုန်သတတ်။

ထိုအခါ လူတို့သည် အနှစ်သုံးသောင်း အသက်ရှည်ကြကုန်၏။ ရံခါ ဂန္တာရမင်းသည် လပြည့်နေ့တွင် ဥပုသ်ဆောက်တည်လျက် ပြာသာဒ်အပြင်၌ နေ၍ လေသာပြတင်းကို ဖွင့်ပြီးလျှင် အရှေ့လောကဓာတ်ကို ကြည့်လျက် အမတ်တို့အား တရားနှင့်စပ်သောစကားကို ပြောဟောကာနေ၏။ ထိုခဏ၌ အလွန် ကြည်လင်တောက်ပသော လပြည့်ဝန်းကို ရာဟုဖမ်းလေ၏။ လရောင်သည် ကွယ်ပျောက်ခဲ့၏။ အမတ်တို့သည် လရောင်ကို မမြင်လတ်သော် ရာဟု ဖမ်းသည့်အဖြစ်ကို မင်းကြီးအား လျှောက်ထားကြကုန်၏။

လ ပမာရှု ရဟန်းပြု

မင်းကြီးသည် လကိုကြည့်စဉ် လျှင် ဤလရောင်သည် အာဂန္တုက ဖြစ်သော အညစ်အကြေးဖြင့် ညစ်နွမ်းဘိ၏၊ ငါးအားလည်း မင်းစည်းစိမ်သည် အညစ်အကြေး ဖြစ်၏၊ ငါသည် ရာဟုလမ်းသော လကဲ့သို့ ညစ်နွမ်းရာ၏၊ မလျောက်ပတ်၊ ထွန်းလင်းသော လပြည့်ဝန်းကဲ့သို့ ဖြစ်လာအောင် မင်းစည်းစိမ်ကို စွန့်လွှတ်၍ ရဟန်းပြုမည်၊ သူတစ်ပါးတို့ကို ဆုံးမ၍ နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ မင်းစည်းစိမ်၌ ငြိတွယ်ခြင်း မရှိ၊ မိမိကိုယ်ကိုသာ ဆုံးမတော့မည်၊ ဤအကျင့်သာလျှင် လျောက်ပတ်၏ဟု ကြံစည်၍ အမတ်တို့အးာ မင်းစည်းစိမ်းကို အပ်နှင်းပြီးလျှင် ရသေ့ရဟန်းပြု၍ စျာန်အဘိညာဉ်ကို ဖြစ်စေလျက် ဟိမဝန္တာအရပ်၌ နေလေ၏။

မိတ်ဆွေရဟန်းပြု နောက်လိုက်မှု

ဝေဒေဟ မင်းလည်း ကုန်သည်တို့နှင့် ကြုံကြိုက်၍ အဆွေခင်ပွန်း ဖြစ်သော ဂန္တာရမင်းကြီး အကြောင်းကို မေးမြန်းရာ ရသေ့ရဟန်းပြုကြောင်း သိလေလျှင် ဂန္ဓာရမင်းကြီးနည်းတူ ထီးနန်းစည်းစိမ်ကို စွန့်လွှတ်ကာ ရသေ့ရဟန်းပြုပြီးလျှင် ဟိမဝန္တာအရပ်၌ နေလေ၏။ ထိုရသေ့နှစ်ပါးတို့သည် နောက်အဖို့၌ အတူတကွ ပေါင်းမိကြကုန်၏။ အဆွေခင်ပွန်း အဖြစ်ကိုကား မသိကြကုန်၏။ နှစ်သက်ဝမ်းမြောက်လျက် အညီအညွတ် ကောင်းသော အကျင့်ကို ကျင့်ကြကုန်၏။

မိတ်ဆွေချင်းတွေ့ တောပျော်မွေ့

တစ်နေ့သ၌ ဝေဒေဟ ရသေ့သည် ဂန္ဓာရရ ရသေ့ထံ ခစား၏။ သစ်ပင်ရင်းဝယ် လပြည့်နေ့၌ အကြောင်းအကျိုးှနှင့် စပ်ယှဉ်သော စကားတို့ကို ပြောဆိုနေကြစဉ် ထွန်းလင်းသော လမင်းကို ရာဟုဖမ်းလေ၏။ ဝေဒေဟ ရသေ့သည် လကို ရာဟုဖမ်းသည်ကို မြင်လျှင် “ဆရာ … လကို ဖမ်းသူသည် အဘယ်သူနည်း” ဟု မေး၏။ “တပည့် .. ရာဟုဖြစ်သည်၊ လ၏ တစ်ခုတည်းသော အညစ်အကြေးတည်း၊ လကို မထွန်းပစေ၊ ငါသည် တစ်ညသောအခါ ရာဟုဖမ်းသော လကို မြင်၍ အကျွတ်တရားကိုရကား မင်းစည်းစိမ်ကို စွန့်လွှတ်၍ ရသေ့ရဟန်းပြုခဲ့သည်” ဟု ပြော၏။ “ဆရာ … သင်သည် ဂန္ဓာရမင်းလော” ဟု ပြော၏။ မှန်သည်။ “ဆရာ… အကျွန်ုပ်လည်း ဝေဒေဟမင်းတည်း၊ ဆရနှင့် အကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦး မမြင်ဖူးဘဲ အဆွေခင်ပွန်း ဖြစ်ကြသည် မဟုတ်လော ” ဟု ပြော၏။ “တပည့် … သင်သည် အဘယ်ကို အကြောင်းပြု၍ ရသေ့ရဟန်းပြုသနည်း” ဟု မေး၏။ “ဆရာ … အကျွန်ုပ်သည် ဆရာတို့ ရသေ့ရဟန်းပြုသည်ဟု ကြားလျှင် ရသေ့ရဟန်း အဖြစ်ကား အလွန်ကျေးဇူးကြီးလှသည်ဟု ယုံကြည်ကာ ဆရာတို့ကို အကြောင်းပြု၍ ထီးနန်းစည်းစိမ်ကို စွန့်လွှတ်၍ ရသေ့ရဟန်း ပြုပါသည်” ဟု ပြောဆိုလေ၏။ ထိုအခါမှစ၍ ရသေ့နှစ်ပါးတို့သည် ရှေးအခါကပင် အဆွေခင်ပွန်း ဖြစ်ခဲ့ဖူးကြောင်းကိုသိ၍ အတိုင်းထက်အလွန် ညီညွတ်ဝမ်းမြောက်စွာ နေကြကုန်၏။

ချဉ်ဆားကျန်များ သိုမှီးထား

နောက်အခါ ရသေ့နှစ်းပါးတို့သည် ချဉ်ဆား မှီဝဲလို၍ ပစ္စန္တ ရွာတစ်ခုသို့ သွားကြကုန်၏။ လူတို့သည် ဣရိယာပုတ်တို့၌ ကြည်ညိုကုန်၍ သစ်ရွက်မိုးကျောင်း ဆောက်လုပ် လှူဒါန်းကာ ဆွမ်းဘောဇဉ်တို့ကို လှူဒါန်းကြကုန်၏။ ခရီးအကြား၌ ဆွမ်းစားဇရပ်ကိုလည်း ဆောက်လုပ်ကြကုန်၏။ ရသေ့တို့သည် ဆွမ်းစားပြီးလျှင် မိမိတို့နေရာ အရပ်သို့ သွားကုန်၏။ လူတို့သည် ဆွမ်းအာဟာရကို လှူဒါန်းသည်ရှိသော် ရံခါ ခွက်၌ ဆေးကိုထည့်၍ လှူဒါန်းကြကုန်၏။ ရံခါ သစ်ရွက်၌ ဆားကိုထုပ်၍ လှူဒါန်းကြကုန်၏။ ရံခါ ဆားမပါသော အာဟာရကို လှူဒါန်းကြကုန်၏။ ဝေဒေဟ ရသေ့သည် တစ်နေ့သ၌ ဆားထုပ်ကို ဆွမ်းစားဇရပ်သို့ ယူဆောင်ခဲ့၍ သုံးဆောင်ပြီးလျှင် ကြွင်းကျန်သော ဆားကို နက်ဖြန် သန်ဘက်အတွက် ရည်မှန်းကာ ဇရပ် ခေါင်မိုး၌ ထိုး၍ ထားလေ၏။

ပလိဗောဓမှု ကဲ့ရဲ့ပြု

တစ်နေ့သ၌ ဆားမရှိသော အာဟာရကို ရသည်ရှိသော် ဝေဒေဟ ရသေ့သည် ဆွမ်းခွက်ကို ဂန္ဓာရ ရသေ့အား ပေး၍ ဇရပ်ခေါင်းမိုးကြားတွင်းထားသော ဆားကိုယူ၍ ဆရာအား ပေးပြန်၏။ ထိုအခါ ဂန္ဓာရ ရသေ့သည် “တပည့် ယနေ့ လူတို့ ဆားမလှူကုန်၊ အဘယ်မှ ရသနည်း” ဟု မေး၏။ “ဆရာ … ရှေးအခါ လူတို့ ဆားများစွာ လှူကြသည်၊ ထိုအခါ အကျွန်ုပ်သည် ဆားမရှိသောနေ့၌ အသင့်ရရှိရန်ဟု ကြွင်းကျန်သော ဆားကို သိုမှီး၍ ထား၏” ဟု ပြောဆိုလေ၏။ ထိုအခါ ဂန္ဓာရ ရသေ့သည် “မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သောသူ - သင်သည် ယူဇနာသုံးရာရှိသော ဝေဒေဟ တိုင်းကြီးကို စွန့်လွှတ်ပြီး ရသေ့ရဟန်းပြုကာ ပလိဗောဓ မရှိသည့်အဖြစ်သို့ ရောက်နေပါလျက် ဘာမဟုတ်သော ဆား၌ တပ်စွန်းဘိသည်” ဟု ခြိမ်းခြောက်လျက် -

“အို-ဝေဒေဟရသေ့ … သင်သည် ပြည့်သောရွာမပေါင်း သောင်းခြောက်ထောင်နှင့် ရတနာ ရွှေငွေဆန်ရေစပါး ပြည့်သော ကျီကျတို့ကို စွန့်လွှတ်ခဲ့ပါလျက် ယခုအခါ နည်းငယ်မျှသော ဆားကို သိုမှီးသိမ်းထားခြင်းကို ပြုဘိ၏” –

ဟု ကဲ့ရဲ့ ပြစ်တင် ဆုံးမလေ၏။

ဆရာ ဆုံးမပြန် သည်းမခံ

ထိုအခါ ဝေဒေဟ ရသေ့သည် ကဲ့ရဲ့ပြစ်တင်ခြင်းကို သည်းမခံနိုင်တော့ဘဲ ဆန့်ကျင်ဘက် ဖြစ်ကာ -

“ဆရာ … ဆရာလည်း သူတစ်ပါးကို မဆုံးမလို မိမိကိုယ်ကိုသာ ဆုံးမတော့မည်ဟု ရတနာ ရွှေငွေတို့ဖြင့်ပြည့်သော ဂန္ဓာရတိုင်းကြီးကို စွန့်လွှတ်ကာ ရဟန်းပြုခဲ့ပါလျက် ယခုအခါ အဘယ်ကြောင့် အကျွန်ုပ်ကို ဆုံးမသနည်း” –

ဟု ဂန္ဓာရ ရသေ့အား ပြန်လှန်၍ စောဒနာလေ၏။

ဂန္ဓာရ ရသေ့သည် ဝေဒေဟ ရသေ့ စကားကို ကြားလျှင် -

“အို - ဝေဒေဟ ရသေ့ … ငါကား တရားသဘောကိုသာ ပြောဆိုပေ၏၊ တရားသဘော မဟုတ်သည်ကို မနှစ်သက်၊ တရားသဘောကို ပြောဆိုသော ငါ့အား မကောင်းမှုသည် မလိမ်းကျံပေ” –

ဟု ထပ်မံ၍ ပြောဆို ဆုံးမပြန်၏။

ဆုံးမခက်လှ ဝေဒေဟ

ထိုအခါ ဝေဒေဟ ရသေ့သည် ဆရာ ဆုံးမမှုကို ပယ်လိုစိတ် ရှိသည်ဖြစ်၍ -

“ဆရာ … တစ်စုံတစ်ခုသော အကြောင်းဖြင့် သူတစ်ပါးအား အမျက်ထွက်စေ၏၊ အကယ်၍ အကျိုးများသော်လည်း ထိုကဲ့သို့သော စကားကို ပညာရှိတို့ မပြောဆိုရာ” –

ဟု ဆရာ ဂန္ဓာရ ရသေ့အား ချုပ်ချယ်သော စကား၊ ကြမ်းကြုတ်သော စကားကို မပြောဆိုသင့်ကြောင်းကို တစ်ဖန် ထပ်မံ၍ ပြောဆိုပြန်၏။ ထိုအခါ ဂန္ဓာရ ရသေ့သည် -

“အို- ဝေဒေဟ ရသေ့ … အဆုံးမ ခံရသော သူသည် အမျက်ထွက်သည် ဖြစ်စေ၊ မထွက်သည် ဖြစ်စေ၊ ဖွဲကဲ့သို့ လွင့်သည်ဖြစ်စေ တရားသဘောကို ပြောဆိုသော ငါ့အား မကောင်းမှုသည် မလိမ်းကျံပေ” –

ဟု ဝေဒေဟ ရသေ့အား ထပ်မံပြောဆို ဆုံးမပြန်၏။

ဆရာဆုံးမ တောင်းပန်ရ

ထို့နောက် ဂန္ဓာရ ရသေ့သည် အိုးထိန်းသည်သည် အိုးတို့ကို အဖန်ဖန် ခတ်၍ စိမ်းသော အိုးတို့ကို မယူဘဲ ကျက်သော အိုးတို့ကို ယူသကဲ့သို့ အဖန်ဖန်နှိပ်၍ ဆုံးမလိုပြန်သဖြင့် -

“အို- ဝေဒေဟ ရသေ့ … ဤသတ္တဝါတို့အား ဉာဏ်ပညာသည် လည်းကောင်း၊ ပညာရှိ အဆုံးအမကို မှီ၍ ကောင်းစွာကျင့်သော အကျင့်သည် လည်းကောင်း အကယ်၍ မရှိငြားအံ့၊ များစွာသော လူအပေါင်းသည် တောထဲ၌ ကျွဲကန်းကဲ့သို့ ဖောက်လွဲဖောက်ပြန် ကျင့်ရာ၏၊ ဤလောက၌ အချို့သောသူတို့သည် ဆရာသမားတို့ထံ၌ ကောင်းစွာ သင်ကြားအပ်ကုန်၏၊ ထိုကြောင့် ဆုံးမအပ်ပြီးသော ဝိနည်းရှိသည်ဖြစ်၍ ကောင်းမွန်တည်ကြည့်စွာ မတိမ်းမစောင်း ကျင့်နိုင်ကုန်၏” –

ဟု ဆုံးမပြန်၏။ ထိုအခါ ဝေဒေဟ ရသေ့သည် ဆုံးမသော တရားစကားကို ကြည်ညိုလှသဖြင့် “ဆရာ … ဤနေ့မှာစ၍ အကျွန်ုပ်အား ဆုံးမပါ၊ အဖန်ဖန် ဆုံးမပါ၊ အကျွန်ုပသည် သည်းမခံတတ်သော သဘောရှိသည်ဖြစ်၍ ဆရာကို ပြန်လှန် ပြောဆိုမိပါ၏၊ အကျွန်ုပ် အပြစ်ကို သည်းခံပါ” ဟု ရှိခိုး၍ ကန်တော့လေ၏။

ပရိကံပြုကြ သမာပတ်ရ

ထိုရသေ့နှစ်ပါးတို့သည် ညီညွတ်စွာ နေကုန်လျက် တစ်ဖန် ဟိမဝန္တာသို့ ပြန်ကြကုန်၏။ ဟိမဝန္တာသို့ ရောက်လျှင် ဂန္ဓာရ ရသေ့သည် ဝေဒေဟ ရသေ့အား ကသိုဏ်းပရိကံကို သင်ပြ၏။ ဝေေ၏ဟ ရသေ့လည်း သင်ပြသောနည်းအတိုင်း ကသိုဏ်း ပရိကံကို အးထုတ်သဖြင့် အဘိညာဉ် သမာပတ်ကို ဖြစ်စေ၏။ ]

ဤသို့ နှစ်ပါးသော ရသေ့တို့သည် မယုတ်လျော့သော စျာန် ရှိကုန်သည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မပြည်သို့ လားကြရကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဝေဒေဟရသေ့သည် - ယခုအခါ အာနန္ဒာ။

ဂန္ဓာရသေ့သည်-ငါဘုရား ဖြစ်လာပြီ-

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပစ္စည်းအများ၊ သိုမှီးထား၊ လူများအလေ့သာ။

(၂) ကြောင့်ကြမထား၊ ပစ္စည်းများ၊ စွန့်သွားရဟန်းမှာ။

(၃) ဆားမျှသော်လည်း၊ မသိမ်းဆည်း၊ အရည်းပီသစွာ။

ဂန္ဓာရဇာတ် ပြီး၏။

***

(၄၀၇) - မဟာကပိဇာတ်

မိမိကိုယ်ကို နွယ်ကြိုးဖြင့်ချည်လျက် မျောက်အပေါင်းကို ဘေးရန်မှ လွတ်စေသော မျောက်မင်းနှင့် မျောက်မင်းအပေါ် အမြင့်ပေါ်မှ ခုန်ချသော မျောက်ယုတ်မာတို့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆွေမျိုးအတွက် ကျင့်ကြံလျက်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် တရားသဘင်ဝယ် မြတ်စွာဘုရား၏ ဆွေတော်မျိုးတော်တို့ အကျိုးငှာ ကျင့်ခြင်းအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ … ငါဘုရားသည် ယခုအခါ၌ သာ ဆွေတော် မျိုးတော်တို့၏ အကျိုးကို ကျင့်သည် မဟုတ်၊ ရှေးအခါ၌ လည်း ကျင့်တော်မူဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

သရက်ပင် မှီစား မျောက်အများ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မျောက်မျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် လုံးရ်သဏ္ဍာန် အားအစွမ်းနှင့် ပြည့်စုံ၏။ ဆင်ပြောင်းငါးစီးအားကို ဆောင်နိုင်၏။ မျောက်ရှစ်သောင်း အခြံအရံ ရှိသည်ဖြစ်၍ ဟိမဝန္တာ၌ နေ၏။ ဂင်္ဂါမြစ်အနီးဝယ် အခက်အရွက်နှင့်ပြည့်စုံ၍ တောင်ထွက်ကဲ့သို့ ကြီးမားသော သရက်ပင်ကြီး(ပညောင်ပင်ကြီး … ဟူ၍ လည်း ဆိုကြသည်)လည်း တည်ရှိ၏။ ထိုသရက်ပင်ကြီး၌ နတ်၌ ဖြစ်သော အနံ့အရသာနှင့်ပြည့်စုံသော အသီးတို့သည် ရှိကုန်၏။ ထိုအသီးတို့သည် အလွန်ကြီးသဖြင့် အချို့အိုးစရည်းပမာဏ ရှိကုန်၏။

ထိုသရက်ပင်ကြီး၌ အကိုင်းအခက်များစွာ ရှိခဲ့ရာ တစ်ခုသော အကိုင်းအခက်မှ အသီးတို့သည် ကြည်းကုန်း၌ ကျကုန်၏။ တစ်ခုသောအကိုင်းအခက်မှ အသီးတို့သည် ဂင်္ဂါမြစ်၌ ကျကုန်၏။ နှစ်ခုသော အကိုင်းအခက်တို့ အလယ်၌ ဖြစ်သော အသီးတို့သည် သစ်ပင်ရင်း၌ ကျကုန်၏။

သရက်သီးထူးများ စောင့်ရှောက်ထား

မျောက်မင်းသည် မျောက်အပေါင်းနှင့်တကွ သရက်သီးတို့ကို စား၍ နေ၏။ တစ်ပါးသော ရေ၌ ကျသော သရက်သီးကိုမှီ၍ ငါတို့အား ဘေးရန်ဖြစ်လတ္တံ့ဟုသိ၍ ရေထက်၌ ရှိသော အကိုင်းအခက်ကို အသီးတစ်လုံးမျှ မကြွင်းကျန်စေဘဲ အပွင့်မှစ၍ စားလည်း စားစေ၏။ ဆွန်ခူး၍ လည်း ပစ်စေ၏။ ဤသို့ပြုလုပ်စေငြားသော်လည်း မျောက်ရှစ်သောင်းတို့ မမြင်နိုင်သော ခါချဉ်ထုပ်အတွင်းမှ သရက်သီးမှည့် တစ်လုံးသည် မြစ်ရေ၌ ကြွေကျလေ၏။

ရသာထူးကဲ သရက်သီးစွဲ

ထိုသရက်သီးသည် မြစ်ရေစုန်၌ မျောလတ်သော် မြစ်၏ အထက်အောက်၌ ကွန်ဖြင့်ဖွဲ့ကာ ရေကစားနေသော ဗာရာဏသီမင်းကြီး၏ အထက်၌ ဖွဲ့သော ကွန်၌ မိလေ၏။ မင်းကြီး ရေကစားပြီး၍ တံငါတို့သည် ရေထဲမှ ကွန်ကို ဖော်လတ်သော် သရက်သီးကြီးကို ရသဖြင့် မင်းကြီးအား ဆက်သကုန်၏။ မင်းကြီးသည် ဤအသီးကား မည်သည့်အသီးနည်းဟု မေးသော်လည်း မသိကြကုန်။ မုဆိုးတို့ကို ခေါ်၍ မေးပြန်သော် သရက်သီး ဖြစ်ကြောင်း လျှောက်ထားကြကုန်၏။ မင်းကြီးသည် ဋ္ဌားငယ်ဖြင့်ခွဲ၍ မုဆိုးတို့ကို ရှေးဦးစွာ စားစေ၏။ နောက်မှ မိမိ သုံးဆောင်တော်မူ၏။ နောက်မှ မောင်းမများနှင့် အမတ်ကြီးများ နည်းနည်းစီ စားစေ၏။ သရက်သီး အရသာသည် စားလျှင် စားချင်း မင်းကြီး၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍ တည်လေ၏။

မင်းကိုယ်တိုင်ရောက် သရက်ပင်စောင့်

မင်းကြီးသည် သရက်သီး အရသာ၌ အလွန် တပ်နှစ်သက်သဖြင့် သရက်ပင်ရှိရာ အရပ်ကို မုဆိုးတို့ကို မေးလေ၏။ မုဆိုးတို့လည်း မင်းကြီးအား ဟိမဝန္တာအရပ် ဂင်္ဂါမြစ်အနီး၌ ရှိကြောင်းကို လျှောက်ထားကြကုန်၏။ မင်းကြီးသည် မုဆိုးတို့ကို လမ်းညွန်ပြစေလျက် လှေဖောင်တို့ကို ဖွဲ့၍ စစ်သည်ဗိုလ်ပါအပေါင်း ခြံရံလျက် မြစ်ညာသို့ ဆန်တက်၍ သွားလေ၏။ သရက်ပင်သို့ရောက်လျှင် မုဆိုးတို့သည် ညွန်ပြကြကုန်၏။ မင်းကြီးသည် လှေဖောင်တို့ကို မြစ်ကမ်း၌ ထားခဲ့၍ သရက်ပင်ရှိရာအရပ်သို့ သွားပြီးလျှင် သရက်ပင်အောက်တွင် အိပ်လျက် သရက်သီးတို့ကို စားလေ၏။ ညဉ့်အခါ၌ မီးညှိထွန်း၍ အရပ်လေးမျက်နှာတို့၌ အစောင့်အရှောက်တို့ကို ထား၏။

မျောက်မင်းသည် ညဉ့်အခါ လူတို့အိပ်ပျော်စဉ် မျောက်ရှစ်သောင်းနှင့်တကွ သရက်ပင်သို့သွား၍ သရက်သီးတို့ကို စား၏။ မင်းကြီး နိုး၍ လေးသမားတို့ကို ခေါ်ပြီးလျှင် “အမောင်တို့ … မျောက်တို့ မပြေးနိုင်အောင် စောင့်ကြကုန်၊ နက်ဖြန် သရက်သီးနှင့် မျောက်တို့ကို စားမည်” ဟု အမိန့်ပေးလေ၏။ လေးသမားတို့လည်း လေးမြားတို့ကို အသင့်ပြင်ကာ စောင့်၍ နေကြကုန်၏။

မျောက်မင်းကြံပြု ကယ်ဆယ်မှု

မျောက်တို့သည် လေးသမားတို့ စောင့်နေသည်ကို မြင်လျှင် သေဘေးမှ ကြောက်သဖြင့် မျောက်မင်းထံကပ်၍ လေးသမားတို့ စောင်းနေကြောင်း ပြောကြားကုန်၏။ မျောက်မင်းလည်း အမောင်တို့ မကြောက်ကြလင့်၊ ငါသည် သင်တို့အား အသက်ကို ပေးမည်ဟု ပြောဆိုကာ ဖြောင့်ဖြောင့်တက်သော သစ်ကိုင်းသို့တက်၍ အဖျားသို့ရောက်လျှင် မည်မျှလောက် ကွားဝေးသည်ဟု တိုင်းထွာရင်း ခုန်ချရာ လေးအပြန်တစ်ရာ ဝေးကွာသော ဂင်္ဂါတစ်ကမ်းရှိ ချုံတစ်ခုအထက်၌ ကျလေ၏။ ချုံမှ ဆင်းသက်ပြီးလျှင် ခုန်ချရာအရပ်ကား မည်မျှလောက် ဝေးသည်ဟု တိုင်းထွားပြီး ဖြစ်၍ ကြိမ်နွယ်တစ်ခုကို ဖြတ်၍ ယူပြီးလျှင် ဤမျှသည် ကောင်းကင်ထက်၌ တည်လိမ့်မည်၊ ဤမျှသည် သစ်ပင်အမြင့်၌ တည်လိမ့်မည်ဟု နှစ်ပါးသော အရပ်ကိုသာ မှတ်၍ မိမိခါးတွင် ဖွဲ့ချည်ရာအရပ်ကို မမှတ်မိ သတိမရချေ။

အမျိုးဘေးကင်းမှု တံတားပြု

မျောက်မင်းသည် ကြိမ်နွယ်ကို ယူ၍ အစွန်းတစ်ခုကို ခိုင်ခံ့သော သစ်ပင်တစ်ခု၌ ဖွဲ့ချည်လျက် အစွန်းတစ်ခုကို မိမိခါး၌ ဖွဲ့ချည်ပြီးလျှင် လေဖြင့်ဖြတ်သော တိမ်တိုက်ကဲ့သို့ သရက်ပင်ကြီးသို့ ခုန်တက်လေ၏။

ထိုအခါ မိမိခါးတွင်ချည်သော အရပ်ကို မမှတ်မိ သတိမရသောကြောင့် ကြိမ်နွယ် တိုနေသဖြင့် သရက်ပင်ကြီး၏ အကိုင်းကို တိုက်ရိုက် မချည်နိုင်တော့ဘဲ ကိုယ်တစ်ပြန်စာမျှ ဝေးကွာနေရကား သရက်ကိုင်းကို လက်နှစ်ဖက်တို့ဖြင့် မြဲမြဲစွာ ကိုင်ထားလျက် မိမိကိုယ်ပါဆက်၍ တံတားခင်းထားသည့်အလား ဖြစ်နေသဖြင့် အသက်ကို စွန့်ကာ မျောက်အပေါင်းကို မိမိကျောပေါ်က လျှောက်၍ ကြိမ်နွယ်တန်းဖြင့် ပြေးကြရန် အမိန့်ပေးလေ၏။

အပေါင်းလွတ်ဘိ မျောက်မင်းမိ

မျောက်တို့လည်း မျောက်မင်းကို ရှိခိုး ကန်တော့ကုန်လျက် ကျောပေးကလျှောက်၍ ကြိမ်နွယ်တန်းဖြင့်ပြေးကာ ဂင်္ဂါမြစ်တစ်ဖက်သို့ ကူးသဖြင့် အသက်ချမ်းသာရာ ရကြကုန်၏။ ထိုအခါ မျောက်ရှစ်သောင်းတို့တွင် အပါအဝင်ဖြစ်သော ဒေဝဒတ်အလောင်း မျောက်သည် ဤအခါ ငါ့ရန်သူ ပျက်စီးသည်ကို မြင်ရတော့မည်ဟု နှလုံးသွင်းလျက် ရိုးရိုးမလျှောက်ဘဲ မြင့်သောသစ်ကိုင်းသို့တက်၍ မျောက်မင်း ကျောပေါ်သို့ တအား ခုန်ချကာ ဖယ်သွားလေ၏။

မျောက်မင်းလည်း ထိုဒဏ်ရာဖြင့် နှလုံးကွဲလျက် သည်းထန်စွာသော ရောဂါဝေဒနာသို့ရောက်၍ အဖော်မရှိ တစ်ကောင်တည်းသာ ကျန်ရစ်လေ၏။

မျောက်မင်းစေတနာ ကြည်ညိုစွာ

ဗာရာဏသီ မင်းကြီးသည် မအိပ်ဘဲ မျောက်တို့ ပြုလုပ်သော အမူအရာ အလုံးစုံကိုမြင်၍ ဤမျောက်ကြီးကား မိမိအသက်ကိုပင် မမာဏမထားဘဲ ပရိသတ်ကို ချမ်းသာအောင် ပြုပေသည်ဟု ကြံစည်လျက် အိပ်လေ၏။ အိပ်ရာမှနိုး၍ မိုးလင်းလတ်သော် မျောက်မင်းကို အလွန်နှစ်သက် ကြည်ညိုသဖြင့် မျောက်မင်းကို သတ်ရန်မသင့်၊ ဥပါယ်တံမျဉ်ဖြင့် သက်သာရာရစေ၍ လုပ်ကျွေးမည်ဟု မြစ်တွင်း၌ ဖောင်ကိုထားကာ ဖော်ပေါ်၌ ငြမ်းဆင်ပြီးလျှင် မျောက်မင်းကို ဖြည်းညင်းသာယာစွာ ချစေ၍ ကျောကုန်း၌ ဖန်ရည်ဖြင့် ကျပ်ထုပ်ထိုး၍ ရေကို သောက်စေပြီးလျှင် သွေ့ခြောက်သေကိုယ်ကို အကြိမ်တစ်ထောင်ချက်သော ဆီဖြင့် လိမ်းကျံဆုပ်နယ်စေလျက် အိပ်ရာအပြင်ဝယ် နူးညံ့သော သိုးရေကို ခင်းစေ၍ အိပ်စေပြီးလျှင် မိမိမူကား နိမ့်သော နေရာ၌ နေလျက် -

“အို-မျောက်မင်း … အသင်ကား ကိုယ်တိုင် တံတားပြု၍ ဤမျောက်တို့ကို အသက်ဘေးမှ ချမ်းသာအောင် ကူးသွားစေ၏၊ သင်သည် ထိုမျောက်တို့နှင့် အဘယ်သို့ တော်စပ်သနည်း၊ ထိုမျောက်တို့လည်း သင်နှင့် အဘယ်သို့ တော်စပ်သနည်း” –

ဟု မျောက်မင်းကို မေးမြန်းလေ၏။

ကယ်ဆယ်မှုလုံ့လ မင်းပြောပြ

မျောက်မင်းလည်း မင်းကြီး စကားကို ဖြေကြားလိုသည် ဖြစ်၍ -

“ရန်သူကို နှိမ်နှင်းသော မင်းကြီး … အကျွန်ုပ်သည် မျောက်အပေါင်းကို ရွက်ဆောင်လျက် မျောက်တို့ကို အစိုးရသောမင်း ဖြစ်၏၊ သင်မင်းကြီးတို့ကို ကြောက်သဖြင့် စိုးရိမ်ခြင်း နှိပ်စက်သော မျောက်တို့၏ အကျိုးငှာ မိမိကိုယ်ကို လေးအပြန်တစ်ရာ ကွာဝေးသော အရပ်သို့ ခုန်လွှား၍ ထိုအရပ်မှ ကြိမ်နွယ်စွန်းတစ်ခုကို ခါး၌ ဖွဲ့ချည်ကာ လေကြောင့်ပြတ်သော တိမ်တိုက်ပမာ လျင်သော အဟုန်ဖြင့် ခုန်လွှားကာ သရက်ပင်သို့ ကပ်ပါ၏၊ သို့သော်လည်း သရက်ပင်သို့ မရောက်နိုင်သဖြင့် ကောင်းကင်၌ ကိုယ်ကိုဆန့်၍ လက်တို့ဖြင့် သရက်ကိုင်းကို ဆွဲထားရပါ၏။

စောင်း၌ သီအပ်သော စောင်းညှို့ကဲ့သို့ နွယ်နှင့် သရက်ကိုင်းကို ဆွဲငင်လျက်ရှိသော အကျွန်ုပ် ကိုယ်ကို မျောက်အပေါင်းတို့ ဖြေဖြင့် နင်းကုန်လျက် ချမ်းသာရာ အရပ်သို့ သွားကြကုန်၏”။

မျောက်မင်း ဆုံး မသေဆုံးရ

အကျွန်ုပ်သည် မျောက်တို့ မင်းအဖြစ်ကို ပြုအပ်ပြီ၊ ထိုမျောက်တို့၏ ချမ်းသာရာကို ပြုလုပ်အပ်ပြီ၊ ထိုကြောင့် ကြိမ်နွယ်ဖြင့် ဖွဲ့ချည်ခြင်းသည် အကျွန်ုပ်ကို မပူပန်စေပါ၊ သတိရှိသော အကျွန်ုပ်အား သေခြင်းသည် ပူပန်စေမည် မဟုတ်ပါ။

“ရန်သူတို့ကို ဆုံးမတတ်သော မင်းကြီး … သင်မင်းကြီးအား ဤဥပမာကို ပြောဆိုအပ်ပြီ၊ ထိုဥပမာကို နာယူပါလော့၊ မင်းမည်သည် တိုင်းနိုင်ငံသူ၊ ယာဉ်စီးသူရဲ၊ စစ်သည်ဗိုလ်ပါ ရွာနိဂုံး အလုံးစုံသော သူတို့၏ ချမ်းသာကို ရှာရမည်၊ မင်းမည်သည် ဉာဏ်ပညာနှင့် ပြည့်စုံသည် ဖြစ်ရမည်”-

ဟု မင်းကြီးအား အကြောင်းအကျိုးပြ၍ ဆုံးမပြီးလျှင် သေလွန်လေ၏။

ခေါင်းခွံချီမ ပူဇော်ကြ

ထိုအခါ မင်းကြီးသည် အမတ်တို့ကို ခေါ်စေ၍ ဤမျောက်မင်း၏ အလောင်းကို “မင်း၏ အလောင်းကို သင်္ဂြိုဟ်သကဲ့သို့ သင်္ဂြိုဟ်ကုန်လော့” ဟု အမိန့်ပေးပြီးလျှင် မောင်းမ အပေါင်းကိုလည်း အဝတ်နီကို ဝတ်၍ ဆံပင်ကို ဖရိုဖရဲကြဲလျက် ဆီမီးတိုင် လက်စွဲကာ “မျောက်မင်းကို ခြံရံ၍ သုသာန်သို့ လိုက်ကြကုန်လော့”ဟု အမိန့်ပေးလေ၏။

အမတ်တို့နျင့် မင်းမောင်းမတို့လည်း မင်းကြီးအမိန့်အတိုင်း ပြုလုပ်ကြလျက် ထင်းအစည်းတစ်ရာတို့ဖြင့် မျောက်မင်း၏ အလောင်းကို မီးသင်္ဂြိုဟ်ပြီးလျှင် ဦးခေါင်းခွံကိုယူ၍ မင်းကြီးအား ဆက်သကြကုန်၏။ မင်းကြီးသည် မျောက်မင်း၏ ဦးခေါင်းခွံကို ရွှေချကာ လှံဖျား၌ ထား၍ ရှေ့တော်မှ ဆောင်ယူစေပြီးလျှင် ပန်းနံ့သာတို့ဖြင့် ပူဇော်၍ မြို့တော်သို့ ရောက်လျှင် လှံကို မင်းအိမ်တံခါး၌ ထား၍ မြို့အလုံးကို တန်ဆာဆင်ကာ ခုနစ်ရက်ပတ်လုံး ပူဇော်ပြန်၏။

ထိုနောင်မှ ဦးခေါင်းခွံဓာတ်ကိုယူ၍ စေတီတည်ပြီးလျှင် အသက်ထက်ဆုံး ပန်းနံ့သာတို့ဖြင့် ပူဇော်လျက် မျောက်မင်း၏ အဆုံးအမ၌ တည်၍ ကုသိုလ်ကောင်းမှုတို့ကို ပြုလျက် တရားသဖြင့် မင်းပြုကာ သေလွန်သည်အဆုံး၌ နတ်ပြည်သို့ လား၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

ပြစ်မှားသော မျောက်သည် - ဒေဝဒတ်။

မျောက်မင်းပရိသတ်သည် - ဘုရားပရိသတ်။

မျောက်မင်းသည် - ငါဘုရား ဖြစ်လာပြီ-

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မင်းမည်သည်ကား၊ လူအများ၊ စီးပွားဆောင်ရွက်ရာ။

(၂) စိုးရိမ်ပူဆွေး၊ အသက်ဘေး၊ ကယ်ရေးမင်းတို့တာ။

(၃) ဆွေမျိုးအတွက်၊ စွန့်အသက်၊ ဆောင်ရွက်မျောက်ပမာ။

မဟာကပိဇာတ် ပြီး၏။

***

(၄၀၈) - ကုမ္ဘကာရဇာတ်

မင်း ၄ ဦးတို့ ပစ္စေကဗုဒ္ဓါ ဖြစ်ခြင်းအကြောင်းနှင့် အိုးထိန်းသည် လင်မယား ရဟန်းပြု၍ တောထွက်ခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆွေမျိုးအတွက် ကျင့်ကြံလျက်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်သား အမျိုးသား ရဟန်းငါးရာတို့သည် ညဥ့်သန်းခေါင်းယံအခါ ကာမဝိတတ်ကို ကြံစည်လျက် ကိလေသာ နှိပ်စက်ကုန်၏။

ထိုအခါ မြတ်စွာဘုရား သိတော်မူ၍ အာနန္ဒာကို ခေါ်ပြီးလျှင် ရဟန်းတို့ကို စည်းဝေးစေ၍ “ရဟန်းတို့ … ကိလေသာ အလိုသို့ မလိုက်သင့်၊ ကိလေသာ ပွားသည်ရှိသော် ပျက်စီးတတ်၏၊ ရဟန်းမည်သည် အနည်းငယ်သော ကိလေသာကိုပင် နှိပ်စက်အပ်၏၊ ရှေးပညာရှိတို့သည် အနည်းငယ်သော အာရုံကို မြင်ကုန်၍ ကိုယ်တွင်း၌ ရှိသော ကိလေသာကို နှိပ်စက်ကာ ပစ္စေကဗောဒိဉာဏ်ကို ဖြစ်စေဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အသီးများလှ ပျက်စီးရ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဗာရာဧသီမြို့တံခါးရွာတွင် အိုးထိန်းသည် အမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ပစ္စည်းဥစ္စာကို ဖြစ်စေ၍ အိမ်ထောင်ပြုလျက် အိုးထိန်းသည် အမှုဖြင့် အသက်မွေး၍ သား တစ်ယောက်နှင့် သမီးတစ်ယောက်ကို ရလေ၏။

ထိုအခါ ကလိင်္ဂတိုင်း ဒန္တပုရမြို့၌ ကရဏ္ဍကမင်းသည် အခြံအရံများစွာဖြင့် ဥယျာဉ်တော်သို့ သွားသည်ရှိသော် ဥယျာဉ်တံခါးဝယ် အသီးမှည့်သော သရက်ပင်ကိုမြင်လျှင် ဆင်ပေါ်မှ သရက်သီး တစ်ိုင်ကို ဆွန်ခူးကာ မင်္ဂလာကျောက်ဖျာ၌ သုံးဆောင်၏။ မှူး၊ မတ်၊ ပုဏ္ဏား စသော သူတို့လည်း မင်းကြီးသည် ဦးဦးဖျားဖျား သုံးဆောင်ပြီးပြီဟု သရက်သီးတို့ကို ပစ်ခတ်ဆွတ်ခူး၍ စားသောက်ကြကုန်၏။ သရက်ပင်သည် အကိုင်းအခက်တို့ ကျိုးပဲ့ကာ စနောင့်စနင်းဖြစ်လျက်နေ၏။

ခြံရံများလှ သံဝေရ

မင်းကြီးလည်း တစ်နေ့ပတ်လုံး ဥယျာဉ်ကစားပြီးလျှင် ညချမ်းအခါ ဥယျာဉ်တော်မှ ထွက်သည်ရှိသော် အကိုင်းအခက် စနောင့်စနင်းဖြစ်၍ မတင့်တယ်သော သရက်ပင်ကိုမြင်လျှင် သရက်ပင်ရင်း၌ ရပ်လျက် ဤသရက်ပင်ကား နံနက်အခါက အကိုင်းအခက် အရွက်အသီးနှင့် ပြည့်စုံလျက် တင့်တယ်လှသည်၊ ယခုအခါ အကိုင်းအခက်တို့ စနောင့်စနင်း ဖြစ်လျက် မတင့်တယ်ဟု ကြံစည်၍ အရပ်တစ်ပါးသို့ ကြည့်ပြန်လျှင် အသီးမရှိသော သရက်ပင်ကို မြင်ပြန်၍ ဤသရက်ပင်ကား အသီးမရှိ၍ မပျက်စီး၊ အကိုင်းအခက် အရွက်နှင့် ပြည့်စုံလျက် ပတ္တမြားတောင်းကဲ့သို့ တင့်တယ်စွာ တည်ပေ၏၊ ဤသရက်ပင်ကား အသီးရှိ၍ ပျက်စီးရပေ၏၊ လူ့အဖြစ်သည် အသီးရှိသော သရက်ပင်နှင့် တူ၏၊ ရဟန်းအဖြစ်သည် အသီးမရှိသော သရက်ပင်နှင့် တူ၏၊ ရဟန်းအဖြစ်သည် အသီးမရှိသော သရက်ပင်နှင့် တူ၏၊ ဥစ္စာရှိသူအား ဘေးရှိ၏၊ ဥစ္စာမရှိသူအား ဘေးမရှိ၊ ငါလည်း အသီးမရှိသော သရက်ပင်ကဲ့သို့ ဖြစ်ရာ၏ ဟု အသီးရှိသော သရက်ပင်ကို အာရုံပြုကာ ဝိပဿနာကို ပွားလတ်သော် ပစ္စေကဗောဓိဉာဏ်ကိုရ၍ ပစ္စေကဗုဒ္ဓါ ဖြစ်လေ၏။

ထီးနန်းစွန့်ငြား ဟိမဝန္တာသွား

ထိုအခါ အမတ်တို့သည် သရက်ပင်၌ ရပ်နေသော မင်းကြီးကို “အရှင်မင်းကြီး … ရပ်နေသည်မှာ ကြာမြင့်ပြီ” ဟု မေး၏။ “အမတ်တို့ … ငါ မင်း မဟုတ်ပြီ၊ ပစ္စေကဗုဒ္ဓါတည်း” ဟု ပြော၏။ “အရှင်မင်းကြီး … ပစ္စေကဗုဒ္ဓါတို့ကား အရှင်မင်းကဲ့သို့ မဟုတ်ကုန်” ဟု ပြော၏။ “အမတ်တို့ … အဘယ်သို့သဘော ရှိကုန်သနည်း” ဟု မေး၏။ “အရှင်မင်းကြီး … ဆံ မုတ်ဆိတ် မရှိ၊ ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ကုန်၏” ဟု လျှောက်ထားကြကုန်၏။ ထိုခဏ၌ ပင် မင်းကြီးသည် လက်ဖြင့် ဦးခေါင်းကို သုံးသပ်လတ်သော် လူ၏အသွင်ပျောက်လျက် သင်္ကန်းသုံးထည်ကို ဝတ်ရုံကာ သိပတ်၊ ပဲကွပ်၊ အပ်၊ ခါးပန်း၊ ရေစစ်၊ ပရိက္ခရာ ရှစ်ပါးနှင့်တကွ ဝါခြောက်ဆယ် ရပြီး မထေရ်ကြီးကဲ့သို့ ရဟန်းအသွင် ထင်ရှားဖြစ်လာ၏။ ထိုနောက် ကောင်းကင်၌ ရပ်လျက် လူအများကို အဆုံးအမ ပေးကာ ကောင်းကင် ခရီးဖြင့်ပင် ဟိမဝန္တာ နန္ဒမူလိုဏ်သို့ ကြွလေ၏။

လက်ကောက်သံကြားမှု သံဝေဂပြု

ထိုမှတစ်ပါး ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်ဝယ် နဂ္ဂဇိမင်းသည် ပြတ်သော ပြာသာဒ် အပြင်ဝယ် လက်တစ်ဖက် တစ်ဖက်၌ ပတ္တမြားလက်ကောက် တစ်ခုစီဝတ်လျက် နံ့သာ သွေးနေသော မိန်းမငယ်တစ်ယောက်ကို မြင်လျှင် ဤလက်ကောက်တို့ကား တစ်ခုစီဖြစ်၍ အချင်းချင်း မိသောကြောင့် မမြည်ကြကုန်ဟု အောက်မေ့လျက် ကြည့်ရှု၍ နေ၏။ ထိုအခိုက် မိန်းမငယ်သည် လက်ယာဘက်မှ လက်ကောက်ကို လက်ဝဲဘက်၌ ဝတ်ကာ နံ့သာသွေးပြန်၏။ ထိုအခါ လက်ဝဲဘက်ရှီ လက်ကောက်သည် အဖော်ရသဖြင့် (ချက်ချက်) အသံကို ပြုလေ၏။ မင်းကြီးသည် လက်ကောက်နှစ်ခုတို့ ထိခိုက်သဖြင့် အချင်းချင်း အသံပြုသည်ကို ကြားလျှင် -

ဖြစ်ပျက်ဆင်ခြင် ဗောဓိဉာဏ်မြင်

ဤလက်ကောက်တို့ကား တစ်ခုစီ ဝတ်ထားသောအခါ မထိ၊ အသံမပြု၊ အဖော်ကို စွဲ၍ ထိ၏၊ အသံပြု၏။ ထိုအတူ သတ္တဝါတို့လည်း တစ်ယောက်ထီးတည်း နေလျှင် မထိကုန်၊ ရန်မဖြစ်ကုန်။ နှစ်ယောက် သုံးယောက် နေကြလျှင် ထိကုန်၏၊ ရန်ဖြစ်ကုန်၏။ ငါလည်း ဂန္ဓာရတိုင်း၌ နှစ်ပြည်ထောင်သောသူတို့ကို စီရင်ရ၏။ တစ်ခုတည်းသော လက်ကောက်အသွင် သူတစ်ပါးကို မစီရင်တော့ဘဲ မိမိ ကိုယ်ကိုသာ စီရင်၍ နေရန်သင့်၏ဟု နှလုံးသွင်းကာ ထိသော လက်ကောက်ကို အာရုံပြု၍ လက္ခဏာရေး သုံးပါးသို့တင်ကာ ဝိပဿနာကို ပွားလတ်သော် ထိုင်မြဲတိုင်းပင် ပစ္စေကဗုဒ္ဓါ ဖြစ်၍ လူအများကို အဆုံးအမ ပေးပြီးလျှင် နန္ဒမူလိုဏ်သို့ ကြွလေ၏။

သားတစ်ပမာ ယင်းတဏှာ

ထိုမှတစ်ပါး ဝေဒေဟတိုင်း မိဓိလာပြည်ဝယ် နိမိမင်းသည် နံနက်စာ စားပြီးသော် အမတ်ပေါင်း ခြံရံလျက် ဖွင့်ထားသော လေသာပြတင်းပေါက်ဖြင့် ခရီးအကြားကို ကြည့်ရှုလျက်နေ၏။ ထိုအခါ စွန်တစ်ကောင်သည် အမဲစျေးမှ သားတစ်ကိုချီ၍ ပျံသွားရာ လင်းတ စသော ငှက်တို့သည် သားတစ်ဟူသော အကြောင်းကြောင့် ခြံရံကုန်လျက် နှုတ်သီးဖြင့်ဆိတ် အတောင်ဖြင့်ခတ် ခြေသည်းဖြင့်ကုပ်၍ လိုက်ကြကုန်၏။ ထိုအခါ သားတစ်ကိုချီသော စွန်သည် သည်းမခံနိုင်တော့သဖြင့် သားတစ်ကို ချ၍ ပြေး၏။ ငှက်တစ်ကောင် ကောက်၍ ချီပြန်၏။ လိုက်ကြပြန်၏။ ချ၍ ပြေးပြန်၏။ တစ်ကောင် ကောက်၍ ချီပြန်၏။ လိုက်ကြပြန်၏။ ချ၍ ပြေးပြန်၏။

တဏှာစွန့်ပစ် ဘုရားငယ်ဖြစ်

ဤသို့သော အခြင်းအရာကိုမြင်၍ ဤငှက်တို့တွင် သားတစ်ကို ချီသော ငှက်သည် ဆင်းရဲရ၏၊ သားတစ်ကို ပစ်ချသော ငှက်သည် ချမ်းသာ၏။ ထိုအတူ ကာမဂုဏ် ငါးပါးကို ယူသောသူသည် ဆင်းရဲ၏၊ မယူသောသူသည် ချမ်းသာ၏။ ငါ့မှာလည်း တစ်သောင်းခြောက်ထောင်သော မောင်းမတို့ ရှိ၏။ စွန်သည် သားတစ်ကို စွန့်လွှတ်သကဲ့သို့ ငါသည်လည်း ကာမဂုဏ်ငါးကါးကို စွန့်လွှတ်ရန် သင့်သည်ဟု နှလုံးသွင်းကာ ဝိပဿနာကို ပွားလတ်သော် ပစ္စေကဗုဒ္ဓါ ဖြစ်၍ လူအများကို အဆုံးအမပေးပြီးလျှင် နန္ဒမူလိုဏ်သို့ ကြွလေ၏။

တဏှာအတွက်ပေ အသက်သေ

ထိုမှတစ်ပါး ဥတ္တရပဉ္စလတိုင်း ကပိလမြို့ဝယ် ဒုမ္မုခမင်းသည် နံနက်စာ စားပြီးသော် အမတ်အပေါင်း ခြံရံလျက် လေသာပြတင်းကိုဖွင့်ကာ မင်းရင်ပြင်သို့ ကြည့်ရှုလျက် နေ၏။ ထိုအခိုက် နွားခြံကို ဖွင့်ကုန်၏။ နွားလားဥသဘတို့ ခြံမှထွက်ကာ ကိလေသာ အစွမ်းဖြင့် နွားမတစ်ကောင်ကို ဝိုင်းအုံ၍ လိုက်ကြကုန်၏။ ထိုဥသဘတို့တွင့် ဦးချိုရှိသော ဥသဘကြီး တစ်ကောင်သည် ကိလေသာ၌ ဝန်တိုခြင်း နှိပ်စက်သဖြင့် ဥသဘ တစ်ကောင်၏ ပေါင်ကြား၌ ဝှေ့၏။ အဝှေ့ခံရသော ဥသဘ၏ ဝှေ့ရာအရပ်မှ အူတို့သည် ထွက်ကုန်၏။ ထိုဥသဘသည် ထိုအရပ်၌ ပင် သေလေ၏။

ကာမဂုဏ် စွန့်မိ ပစ္စေကဗောဓိ

မင်းကြီးသည် သေသော ဥသဘကိုမြင်၍ ဤသတ္တဝါတို့ကား တိရစ္ဆာန်ကို အစပြု၍ ကိလေသာကြောင့် ဆင်းရဲခြင်းသို့ ရောက်ရကုန်၏။ ဤဥသဘသည် ကိလေသာကို မှီ၍ သေရ၏။ တစ်ပါးသော သတ္တဝါတို့လည်း ကိလေသာ အစွမ်းဖြင့် တုန်လှုပ်ကုန်၏။ ငါသည်လည်း တုန်လှုပ်စေတတ်သော ကိလေသာကို ပယ်ခြင်းငှာ သင့်၏ဟု ကြံစည်ကာ ဝိပဿနာကို ပွားသည်ရှိသော် ပစ္စေကဗုဒ္ဓါဖြစ်၍ လူအများကို အဆုံးအမပေးပြီးလျှင် နန္ဒမူလိုဏ်သို့ ကြွလေ၏။

ပစ္စေက လေးပါး မေးလျှောက်ကြား

ထိုအခါ တစ်နေ့သ၌ ပစ္စေကဗုဒ္ဓါ လေးဆူတို့သည် ဟိမဝန္တာ နန္ဒမူလိုဏ်မှ ကောင်းကင်ခရီးဖြင့် ဆွမ်းခံကြွလာကြရာ ဗာရာဏသီမြို့ တံခါးအနီး အိုးထိန်းသည် အိမ်တံခါးသို့ ရောက်ကြကုန်၏။ အိုးထိန်းသည်လည်း ပစ္စေကဗုဒ္ဓါတို့ကို မြင်လျှင် အလွန်ကြည်ညိုသဖြင့် အိမ်ပေါ်သို့ပင့်လျက် ဆွမ်း ခဲဖွယ် ဘောဇဉ်တို့ဖြင့် လုပ်ကျွေးလေ၏။ ဆွမ်းဘဉ်းပေးပြီးလျှင် အိုးထိန်းသည်သည် မထေရ်ကြီးမှစ၍ တစ်ဆူစီမထေရ် လေးဆူတို့အား “အရှင်ဘုရားသည် အဘယ်အာရုံကို မြင်၍ ရဟန်းပြုသနည်း” ဟု လေးဆူလုံး စေ့အောင် လျှောက်ထားလေ၏။

အာရုံမြင်ရ ပြန်ဟောပြ

ထိုပေစ္စကဗုဒ္ဓါ လေးဆူတို့တွင် မထေရ်ကြီးဖြစ်သော ကရဏ္ဍက ပစ္စေကဗုဒ္ဓါသည် -

“အိုးထိန်းသည် … ငါကား ကရဏ္ဍကမင်း ဖြစ်၏၊ ဥယျာဉ်တော်ဝယ် သရက်တော အလယ်၌ စိမ်းညိုစည်ပင်လျက် အသီးနှင့် ပြည့်စုံသော သရက်ပင်ကို အသီးကြောင့် စနောင့်စနင်း ပျက်စီးနေသည်ကို မြင်ခဲ့၏၊ ထိုသရက်ပင်ကိုမြင်၍ ရဟန်းပြုကာ ဆွမ်းခံသော အကျင့်ကို ကျင့်ပေ၏” –

ဟု အိုးထန်းသည်အား ဟောကြားလေ၏။

မထေရ်အာရုံ ဟောမိန့်ပုံ

ထို့နောက် ဒုတိယ မထေရ်ဖြစ်သော နဂ္ဂဇိ ပစ္စေကဗုဒ္ဓါသည် -

“အိုးထိန်းသည် .. ငါကား နဂ္ဂဇိမင်း ဖြစ်၏၊ နံ့သာသွေးသော မိန်းမငယ်သည် ပြေပြစ်သော ပတ္တမြား လက်ကောက်ကို တစ်ဖက် တစ်ခုစီ ဝတ်ဆင်ထားသောအခါ အသံမပြု၊ တ်စဖက်တည်းပေါင်း ဝတ်ဆင်ထားသောအခါ အဖော်ကိုစွဲ၍ အသံပြု၏၊ ထို လက်ကောက်ကိုမြင်၍ ရဟန်းပြုကာ ဆွမ်းခံသော အကျင့်ကို ကျင့်ပေ၏” –

ဟု အိုးထိန်းသည်အား ဟောကြားပြန်၏။

နောက်ကြောင်းနိမိတ် ဟောဖော်မိန့်

ထို့နောက် တတိယမထေရ် ဖြစ်သော နိမိပစ္စေကဗုဒ္ဓါသည် -

“အိုးထိန်းသည် … ငါကား နိမိမင်း ဖြစ်၏၊ သားတစ်ကို ချီ၍ ပျံသော စွန်တစ်ကောင်ကို သားတစ်ကြောင့် ငှက်အပေါင်းတို့လိုက်၍ ထိုးဆိတ် ပုတ်ခတ်ကုတ်ဖဲ့ကြကုန်၏၊ ထိုငှက်ကိုမြင်၍ ရဟန်းပြုကာ ဆွမ်းခံသောအကျင့်ကို ကျင့်ပေ၏” –

ဟု အိုးထိန်းသည်အား ပြောကြားပြန်၏။

တရားဟောပြ ဝမ်းမြောက်လှ

ထို့နောက် စတုတ္ထ မထေရ်ဖြစ်သော ဒုမ္မုခပစ္စေကဗုဒ္ဓါသည် -

“အိုးထိန်းသည် - ငါကား ဒုမ္မုခမင်း ဖြစ်၏၊ ကိလေသာ၏အစွမ်းဖြင့် နွားမတစ်ကောင်ကို ဝိုင်းအုံကာ လိုက်နေသော ဥသဘတို့တွင် အားနှင့်ပြည့်စုံ၍ တုန်လှုပ်သော လဘို့ရှိသော ဥသဘကြီးသည် ကိလေသာ၌ ဝန်တို၍ ဥသဘ တစ်ကောင်ကို ဝှေ့သည်ကို မြင်ရ၏၊ ထိုဥသဘကိုမြင်၍ ရဟန်းပြုကာ ဆွမ်းခံသော အကျင့်ကို ကျင့်ပေ၏” –

ဟု အိုးထိန်းသည်အား ဟောကြားပြန်၏။

ထိုအခါ အိုးထိန်းသည်သည် ပစ္စေကဗုဒ္ဓါ လေးဆူတို့ တရားတော်ကို ကြားနာရ၍ အရှင်ဘုရားတို့သည် ကောင်းကုန်စွ၊ ကောင်းကုန်စွ၊ ထိုထိုအာရုံကား အရှင်ဘုရားတို့နှင့်သာ လျောက်ပတ်၏ဟု ချီးကျူး၏။ ပစ္စေကဗုဒ္ဓါ လေးဆူတို့သည် တရားဟောပြီးလျှင် ကြွကုန်၏။

မယားတိုင်ပင် ရဟန်းပြုချင်

အိုးထိန်းသည်လည်း ပစ္စေကဗုဒ္ဓါတို့ ကြွကုန်လတ်သော် မယားကိုခေါ်၍ “ရှင်မ … ဤ ပစ္စေကဗုဒ္ဓါ လေးဆူတို့သည် မင်းအဖြစ်ကိုစွန့်၍ ရဟန်းပြုကြသည်၊ ငါတို့မှာ အခစားလုပ်၍ အသက်မွေးရကုန်၏၊ အိမ်၌ နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ သင်သည် သားသမီးငယ်တို့ကို ကျွေးမွေးထောက်ပံ့ကာ အိမ်၌ နေရစ်လော” ဟု ပြောဆိုလိုရကား -

“အို-ရှင်မ … ကလိင်္ဂတိုင်းကို အစိုးရသော ကရဏ္ဍကမင်း၊ ဂန္တာရတိုင်းကို အစိုးရသော နဂ္ဂဇိမင်း၊ ဝေဒဟတိုင်းကို အစိုးရသော နိမိမင်း၊ ပဉ္စာလတိုင်းကို အစိုးရသော ဒုမ္မုခမင်း၊ ဤမင်းလေးပါးတို့သည် တိုင်းနိုင်ငံကို စွန့်လွှတ်၍ ပလိဗောဓ မရှိ ရဟန်းပြုကြကုန်ပြီ”။

“အို-ရှင်မ … ဤပစ္စေကဗုဒ္ဓါ အလုံးစုံတို့ကား ဝိသုဒ္ဓိနတ် ဖြ်စသော ရှေးရှေး ပစ္စေကဗုဒ္ဓါတို့နှင့် တူကုန်၏၊ ရှေးရှေး ပစ္စေကဗုဒ္ဓါ အတူ လာကုန်၏၊ မီးလျှံသည် တောက်ပသကဲ့သို့ တောက်ပကုန်၏၊ ရှင်မ ငါလည်း ရူပါရုံ အစရှိသော ကာမဂုဏ်တို့ကို စွန့်လွှတ်၍ ရဟန်းပြုကာ တစ်ယောက်ထီးတည်း ကျင့်တော့အံ့” –

ဟု မယားအား ပြောကြားလေ၏။

နှစ်ဦးညီညာ ရဟန်းပြုရှာ

မယားလည်း လင် အိုးထိန်းသည် ပြောကြားသော စကားကို ကြားလျှင် -

“အို-အရှင် … အကျွန်ုပ်လည်း နောက်ကာလ၌ အဆုံးအမကိုရသည် မဖြစ်ရာ၊ ထို့ကြောင့် ဤ ရဟန်းပြုရအံ့သော ကာလသည် ရှိခဲ့၏၊ တစ်ပါးသောကာလသည် မရှိသည်သာတည်း၊ ငှက်ခတ်ယောကျ်ား လက်မှ လွတ်သော ငှက်မကဲ့သို့ အကျွန်ုပ်သည်လည်း ရဟန်းပြုကာ တစ်ယောက်ထီးတည်း ကျင့်တော့အံ့” –

ဟု လင်အား ပြန်၍ ပြောကြား၏။ လင်ယောကျ်ားလည်း မယားစကားကို ကြားလျှင် ဆိတ်ဆိတ်သာနေ၏။ မယားကား ငါသည် လင်ယောကျ်ားကို လှည့်စား၍ ရှေးဦးစွာ ရဟန်းပြုတော့မည်ဟု နှလုံးသွင်းလျက် “အရှင် … ရေဆိပ်သို့ သွားမည်၊ သူငယ်တို့ကို ကြည့်ရှုရစ်ပါ” ဟု ပြောဆိုလျက် အိုးကိုယူ၍ ရေခပ်သွားသကဲ့သို့ ပြုလျက် ထွက်ပြေး၍ မြို့အနီးဖြစ်သော ပုရပိုက်မတို့ကျောင်းသို့သွား၍ ပုရပိုက် ရဟန်းပြုလေ၏။

သားသမီးငယ်များ အပ်နှင်းသွား

အိုးထိန်းသည်လည်း မယား ပြန်မလာတော့သည်ကို သိ၍ သူငယ်တို့အား ကောင်းစွာ စောင့်ရှောက် မွေးမြူ၏၊ နောက်အခါ သူငယ်တို့ ကြီး၍ ဆားပေါ့၊ ဆားငန်၊ အကောင်း၊ အဆိုး၊ ဆင်းရဲချမ်းသာကို သိမြင် လိမ္မာလာသောအခါ ဤသူငယ်တို့ကား မိမိ ဓမ္မတာအားဖြင့် အသက်ရှည်စွာ မွေးမြူနိုင်လောက်ပြီ၊ ငါလည်း ရဟန်းပြုဖို့ အချိန်တန်ပြီဟု ကြံစည်လျက် သားနှင့် သမီးတို့ကို ဆွေမျိုးဉာတိတို့အား အပ်နှင်းခဲ့ပြီးလျှင် ဆွေမျိုးဉာတိတို့ ငိုကြွေးစဉ် လျှင် မြို့မှထွက်၍ ရဟန်းပြုကာ မြို့အနီး၌ ပင် နေလေ၏။

စျာန်ချမ်းသာခံစား ဗြဟ္မာရွာလား

တစ်နေ့သ၌ ဗာရာဏသီမြို့တွင်း၌ ဆွမ်းခံသွားစဉ် ပုရပိုက်မကို တွေ့လေ၏။ ပုရပိုက်မသည် ရှိခိုး၍ “အရှင် ဘုရား … သားသူငယ်တို့ကို ဖျက်ဆီးအပ်ကုန်ယောင်တကားဟု လျှောက်ထားလေ၏။ လင်ရဟန်းလည်း -

“နှမ … ငါကား သူငယ်တို့ကို မဖျက်ဆီးပါ၊ အစိမ်း၊ အကျက်၊ ဆားပေါ့၊ ဆားငန်၊ ချမ်းသာဆင်းရဲကိုသိသော သူငယ်တို့ အမူအရာကိုမြင်၍ အသက်မွေးနိုင်လောက်ပြီဟု စွန့်လွှတ်ကာ ရဟန်းပြုခဲ့၏၊ သင်သည် ဆွမ်းခံသော အကျင့်ကို ကျင့်လော့၊ ငါလည်း ကျင့်ပါအံ့” –

ဟု ပရပိုက်မကို ဆုံးမ၍ လွှတ်လိုက်၏။ ပုရပိုက်မလည်း ရှိခိုး၍ မိမိအလိုရှိရာအရပ်သို့ သွားလေ၏။ ထိုနေ့မှစ၍ ရဟန်းယောကျ်ားနှင့် ရဟန်းမိန်းမတို့သည် အချင်းချင်း မတွေ့မြင်ကြရကုန်။ အိုးထိန်းရဟန်းလည်း စျာန်အဘိညာဉ်ကို ဖြစ်စေ၍ သေလွန်သောအခါ ဗြဟ္မာပြည်သို့ လားရ၏။

မြတ်စွာဘုရားသည် ဓမ္မဒေသနာကိုဆောင်၍ သစ္စာကို ပြသည်၏အဆုံး၌ ငါးရာသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သမီးသည် - ယခုအခါ ဥပ္ပလဝဏ်။

သားသည် - ရာဟုလာ။

ပုရပိုက်မသည် - ရာဟုလာ မယ်တော်။

ပုရပိုက်သည် - ငါဘုရား ဖြစ်လာပြီ-

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) နည်းပါးကိလေ၊ မပွားစေ၊ သေအောင်သတ်ကြရာ။

(၂) ကိလေသာပွား၊ ဆင်းရဲများ၊ လည်းငြားသံသရာ။

(၃) အိုးထိန်းလင်မယား၊ တောထွက်သွား၊ အားကျ ပစ္စေကာ။

ကုမ္ဘကာရဇာတ် ပြီး၏။

***

(၄၀၉) - ဒဠှဓမ္မဇာတ်

အမှုကိစ္စကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်နိုင်သောအခါ ချီးမြှောက်၍ မထမ်းဆောင်နိုင်သောအခါ ပစ်ပယ်နှိမ့်ချသော ဒဠှဓမ္မမင်းအား အပြစ်ဆိုသော ဆင်မအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆွေမျိုးအတွက် ကျင့်ကြံလျက်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကောသမ္ဗီပြည်ကို အမှီပြု၍ ဃောသိတာရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် ဥဒေနမင်း၏ ဘဒ္ဒဝတီ ဆင်မသည် အမှုကိစ္စသို့ မဆောင်ရွက်နိုင်၍ အိုမင်းသော ကာလ၌ မင်းထံမှ အခြံအရံ ပူဇော်သက္ကာရကို မရတော့သဖြင့် ကိုးကွယ်ရာ မရှိသည်ဖြစ်၍ တောအရပ်၌ ဆပ်သွားတို့ကို စားလျက် အသက်မွေးရ၏။

တစ်နေ့သ၌ ထိုဆင်မသည် မြတ်စွာဘုရား ဆွမ်းခံကြွလာသည်ကိုမြင်လျှင် ခြေတော်ရင်း၌ ဝပ်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား … အကျွန်ုပ်သည် နုပျို၍ အမှုကိစ္စကို ရွက်ဆောင်နိုင်သော ကာလ၌ ငါ့မှာ ဤဆင်မကိုမှီ၍ အသက်ကို လည်းကောင်း၊ တိုင်းပြည်ကို လည်းကောင်း၊ မိဖုရားကို လည်းကောင်း၊ ရပေ၏ဟု များစွာသော စည်းစိမ် အခြံအရံကို ပေး၍ ပူဇော်သက္ကာရကို ပြုဘိ၏။ အမှုကိစ္စကို မဆောင်ရွက်နိုင်၍ အိုမင်းသောကာလ၌ စည်းစိမ်အခြံအရံပူဇော်သက္ကာရကိုဖြတ်၍ ထားသဖြင့် ကိုးကွယ်ရာမရှိဖြစ်ကာ တော်၌ ဆင်းဆင်းရဲရဲ အသက်မွေးရပါ၏။ ထိုဥဒေနမင်းအား ပြုမြဲတိုင်း စည်းစိမ် အခြံအရံ ပူဇော်သက္ကာရကို ပြုအောင် မိန့်တော်မူပါ” ဟု ငိုကြွေးကာ တောင်းပန် လျှောက်ထားလေ၏။

ဘုရားမိန့်ဟ စည်းစိမ်ရ

ထိုအခါ မြတ်စွာဘုရားသည် ဘဒ္ဒဝတီ ဆင်းမအား သင်သွားလေ၊ ရှေးပကတိအတိုင်း ပြုအောင် အမိန့်ပေးမည်ဟု ဝန်ခံတော်မူ၍ ဥဒေနမင်း၏ အိမ်တံခါးသို့ ကြွတော်မူ၏။ ဥဒေနမင်းသည် မြတ်စွာဘုရားနှင့်တကွ သံဃာတော်တို့ကို ပင့်၍ ဆွမ်းကပ်လှူ၏။ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်ပေး၍ အနုမောဒနာပြုပြီးလျှင် ဥဒေနမင်းအား “မင်းကြီး … ဘဒ္ဒဝတီဆင်မ ဘယ်မှာနည်း” ဟု မေး၏။ “အရှင်ဘုရား … မသိပါ” ဟု လျှောက်၏။ “မင်းကြီး … ကျေးဇူးများသော သူတို့အား အခြံအရံကိုပေး၍ အိုမင်းသောအခါ အခြံအရံကို သိမ်းယူခြင်းသည် မသင့်လျော်၊ သူ့ကျေးဇူးကို သိခြင်းငှာ ဆပ်ခြင်းငှာ သင့်၏။ ယခုအခါ ဘဒ္ဒဝတီ ဆင်မသည် ဆင်းဆင်းရဲရဲ ဖြစ်၍ အသက်မွေးရသည်၊ ပေးမြဲတိုင်း စည်းစိမ် အခြံအရံကိုပေး၍ ပူဇော်သက္ကာရကို ပြုလော့” ဟု မိန့်တော်မူပြီးလျှင် ကျောင်းတော်သို့ ပြန်ကြွလေ၏။ မင်းကြီးလည်း မြတ်စွာဘုရား မိန့်တော်မူသောအခါ ဘဒ္ဒဝတီ ဆင်မ၏ ကျေးဇူးကို သတိရ၍ ပေးမြဲတိုင်းသော စည်းစိမ်အခြံအရံကို ပေးစေ၍ ပူဇော်သက္ကာရကို ပြုတော်မူ၏။ ထိုအခါမှစ၍ ဘဒ္ဒဝတီ ဆင်မအား ချမ်းချမ်းသာသာ အသက်မွေးရ၏။

ရဟန်းတို့သည် တရားသဘင်၌ ဘဒ္ဒဝတီ ဆင်မအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ … ငါဘုရားသည် ယခုအခါ၌ သာ ဘဒ္ဒဝတီ ဆင်မ၏ ကျေးဇူးကို ဖော်ပြ၍ ပကတိအတိုင်း စည်းစိမ် အခြံအရံကို ရစေသည်မဟုတ်၊ ရှေးအခါ၌ လည်း ရစေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကျေးဇူမသိငြား မင်းပစ်ထား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဒဠဓမ္မမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုမင်းထံ၌ အမတ် ဖြစ်လေ၏။ ထိုမင်းအား အားအစွမ်းနှင့် ပြည့်စုံသော ဩဋ္ဌဗျာဓိ မည်သော ဆင်မတစ်ကောင်လည်း ရှိ၏။ တစ်နေ့ချင်း ယူဇနာ တစ်ရာကို သွားနိုင်၏။ တပန်သည်တို့ အမှုကို ပြု၏။ စစ်ထိုး၏။ ရန်သူတို့ကို နှိမ်နင်း၏။

မင်းကြီးသည် ဩဋ္ဌဗျာဓိ ဆင်မအား အလွန်ကျေးဇူးများသည်ဟု များစွာသော စည်းစိမ်အခြံအရံကို ပေး၏။ ပူဇော်သက္ကာရကို ပြု၏။ အိုးမင်းသော ကာလ၌ ကား ပေးပြီးသော စည်းစိမ်အခြံအရံကို သိမ်းယူတော်မူ၏။ ထိုအခါ ဩဋ္ဌဗျာဓိ ဆင်မသည် ကိုးကွယ်ရာမရှိ ဖြစ်၍ တောအရပ်ဝယ် မြက် သစ်ရွက်တို့ကို စားကာ ဆင်းဆင်းရဲရဲ အသက်မွေးရ၏။

ဆင်မ ဖမ်းလေ မင်းခိုင်းစေ

ထိုအခါ မင်းကြီးအိမ်၌ အိုးတို့သည် မလောက်ကုန်။ မင်းကြီးလည်း အိုးထိန်းသည်ကို ခေါ်စေ၍ “အချင်း … အိုးမလောက်သတ်” ဟု ပြော၏။ “အရှင်မင်းကြီး … မှန်ပါ၏၊ နွားချေး ဆောင်ယူသောလှည်း၌ တပ်၍ မောင်းဖို့ နွားမရပါ” ဟု လျှောက်၏။ “အချင်း … ဩဋ္ဌဗျာဓိ ဆင်မ ဘယ်မှာနည်း” ဟု မေး၏။ “အရှင်မင်းကြီး … တော်၌ အလိုလို လှည့်လည်နေပါ၏” ဟု ပြော၏။ “အချင်း … ထိုဆင်မကိုယူ၍ နွားချေးလှည်း၌ တပ်၍ မောင်းလော့” ဟု အမိန့်ပေး၏။ အိုးထိန်းသည်လည်း ဆင်မကိုယူ၍ နွားချေးလှည်း၌ တပ်လျက် မောင်းလေ၏။ ဩဋ္ဌဗျာဓိ ဆင်မလည်း အလွန်ဆင်းရဲ၏။

ကျေးဇူးသိရန် အမတ် တောင်းပန်

တစ်နေ့သ၌ ဩဋ္ဌဗျာဓိ ဆင်မသည် မြို့မှထွက်၍ ညအခါ မြို့သို့ပြန်ဝင်သော အမတ်ကြီးကို မြင်လျှင် ခြေရင်း၌ ဝပ်ကာ ရှိခိုး၍ “အရှင် … မင်းကြီးသည် အကျွန်ုပ်ကို နုပျိုသောကာလ၌ စည်းစိမ် အခြံအရံကိုပေး၍ ယခု အိုမင်းသော ကာလ၌ ကား ပေးပြီးသော စည်းစိမ် အခြံအရံကို ရုပ်သိမ်း၍ ထားပါ၏၊ အမှတ်မရပါ၊ ကိုးကွယ်ရာမရှိ၊ တော၌ မြက်သစ်ရွက်တို့ကို စား၍ အသက်မွေးရပါ၏၊ သည်တွင်မကသေး နွားချေးလှည်းကို ဆွဲရန် အိုးထိန်းသည်လက်သို့ ပေးထားပါ၏။

အရှင်မှတစ်ပါး ကိုးကွယ်ရာမရှိပါ၊ မင်းကြီးသည် အကျွန်ုပ်၏ ကျေးဇူးကို သတိရ၍ ပေးမြဲတိုင်းသော စည်းစိမ်အခြံအရံကို ပကတိအတိုင်း ပြန်၍ ပေးအောင် စောင့်ရှောက်တော်မူပါ” ဟု ပြောဆို တောင်းပန်ကာ -

“အရှင် … အကျွန်ုပ်သည် အမှုကိစ္စကို ရွက်ဆောင်၍ ရင်၌ သန်လျက်ကိုဖွဲ့လျက် စစ်ထိုးရာ၌ လုံ့လပြုခြင်းကား ဒဠှဓမ္မမင်း၏ စိတ်ကို အကယ်၍ မနှစ်သက်စေပါမူ အဘယ်သူသည် နှစ်သက်စေနိုင်ပါမည်နည်း။

အကျွန်ုပ်၏ အားထုတ်အပ်သော ယောကျ်ားကောင်း အမှုကို လည်းကောင်း၊ စစ်ထိုးရာ၌ ကောင်းစွာ ပြုလုပ်အပ်သည်ကို လည်းကောင်း၊ တစ်နေ့ ယူဇနာတစ်ရာ အရောက်သွား၍ ပြုအပ်သော တပန်သည်အမှုကို လည်းကောင်း ဒဠှဓမ္မမင်းသည် မသိယောင်တကား။

အကျွန်ုပ်မှာ အဆွေခင်ပွန်း မရှိ။ ကိုးကွယ် အားထားရာ မရှိ၍ သေရယောင်တကား၊ ထိုကြောင့် နွားချေးလှည်းကို ရုန်းရသော အမှုကိစ္စကို ဆောင်ရွက်ရန် မင်းကြီးသည် အိုးထိန်းသည်အား ပေးအပ်ထား၏” -

ဟု အမတ်ကြီးအား ပြောကြားလေ၏။

ကျေးဇူးသိအောင် ရှေးရှုဆောင်

အမတ်ကြီးလည်း ဩဋ္ဌဗျာဒိ ဆင်မ၏ စကားကို ကြားလျှင် “ဩဋ္ဌဗျာဓိ …မစိုးရိမ်လင့်၊ ငါသည် မင်းကြီးအား ပြောဆို၍ သင့်အား ပေးမြဲတိုင်းသော စည်းစိမ် အခြံအရံကို ပြန်၍ ရစေမည်” ဟု ပြောဆိုကာ မြို့တွင်းသို့ ဝင်၍ နံနက်စာ စားပြီးသော် မင်းကြီးထံ ဆည်းကပ်၍ ဩဋ္ဌဗျာဓိ ဆင်မ၏ ဂုဏ်ကျေးဇူးတို့ကို ပြောဆိုပြီးလျှင် “အရှင်မင်းကြီး … ဩဋ္ဌဗျာဓိ ဆင်မ အဘယ်မှာနည်း” ဟု မေး၏။ “အမတ်ကြီး … နွားချေးလှည်း ရုန်းရန် အိုးထိန်းသည်အား ပေးထား၏” ဟု ပြော၏။ “အရှင်မင်းကြီး … အရှင်မင်းကြီးတို့ ပြုအပ်သော အမှုသည် အလျောက်ပတ်” ဟု ပြစ်တင် ပြောဆိုပြီးလျှင် -

“အရှင်မင်းကြီး … လူတို့သည် မိမိတို့ လိုလားတောင့်တသူကို လိုလားတောင့်တနေသမျှ ကာလပတ်လုံး ဆည်းကပ် ပေါင်းသင်းကုန်၏။ သင်မင်းကြီးသည် ဩဋ္ဌဗျာဓိကို စွန့်ပစ်သကဲ့သို့၊ အကျိုးမရှိသောအခါ စွန့်ပစ်ကြကုန်၏” –

“အရှင်မင်းကြီး … ရှေးဦးစွာ မိမိ အကျိုးစီးပွားကို ဆောင်ရွက်ဖူးသော ကျေးဇူးရှင်အား ပြန်လှန်ပေးဆပ်ရမည်၊ ကျေးဇူးတုံ့ကို မသိသောသူ၏ လိုလားတောင့်တအပ်သော အကျိုးစီးပွားသည် ဆုတ်ယုတ်ပျက်စီးကုန်၏၊ ရှေးဦးစွာ မိမိ အကျိုးစီးပွာကို ဆောင်ရွက်ဖူးသော ကျေးဇူးရှင်အား ပြန်လည် ပေးဆပ်ရမည့် ကျေးဇူးတုံ့ကို သိသောသူ၏ လိုလားတောင့်တအပ်သော အကျိုးစီးပွားတို့သည် ဖြစ်ထွန်း တိုးပွားကုန်၏”။

ဩဋ္ဌဗျာဓိ ဆင်မ စည်းစိမ်ပြန်ရ

“အို - အချင်းတို့ …ငါသည် ထိုအကြောင်းကြောင့် သင်တို့အား ပြောဆိုပေ၏။ ဤအရပ်သို့ စည်းဝေးရောက်လာကြကုန်သော သင်တို့ အလုံးစုံသည် သူပြုဖူးသော ကျေးဇူးကို သိကုန်လော၊ နတ်ပြည်၌ ကြာမြင့်စွာ နေကြကုန်လော” –

ဟု မင်းကြီးမှ စ၍ စည်းဝေး ရောက်လာကြသော သူတို့အား အဆုံးအမပေးလေ၏။ မင်းကြီးလည်း အမတ်ကြီး၏ ဆုံးမစကားကို ကြားလျှင် မိမိ၌ ပြုခဲ့ဖူးသော ကျေးဇူးကို သတိရ၍ ဩဋ္ဌဗျာဓိ ဆင်မအား ပေးမြဲတိုင်းသော စည်းစိမ် အခြံအရံကို ပကတိအတိုင်း ပြန်၍ ပေးတော်မူ၏။ အမတ်ကြီး၏ အဆုံးအမ၌ တည်လျက် ကြာမြင့်စွာ ကုသိုလ်ကောင်းမှုကို အားထုတ် ဆည်းပူး၍ သေလွန်သည့် အခြားမဲ့၌ နတ်ပြည်သို့ လားရ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဩဋ္ဌဗျာဓိသည် - ယခုအခါ ဘဒ္ဒဝတီ။

မင်းကြီးသည် - အာနန္ဒာ။

အမတ်ကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မလိုမပေါင်း၊ လိုရုံပေါင်း၊ မိတ်ကောင်း မဟုတ်ပါ။

(၂) ကျေးဇူးရှိသား၊ မသိငြား၊ ကျိုးကားပျက်စီးရာ။

(၃) ကျေးဇူးရှိသား၊ သိပြန်ငြား၊ ကျိုးကားဖြစ်ထွန်းရာ။

ဒဠှဓမ္မဇာတ် ပြီး၏။

***

(၄၁၀) - သောမဒတ္တဇာတ်

သားအဖြစ် မွေးမြူထားသော “သောမဒတ္တ” ဆင်ငယ် သေဆုံး၍ ငိုကြွေးပူဆွေးနေသော ရသေ့အား သိကြားမင်း တရားပြခြင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တပည့်ကြောင်းပြု ပူဆွေးမှု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မထင်ရှားသော ရဟန်းကြီး တစ်ပါးသည် မိမိ ရှင်ပြုထား၍ ကျေးဇူးများသော သာမဏေ သေလွန်သည်ရှိသော် မရဏဿတိ ကမ္မဋ္ဌာန်းကို မစီးဖြန်းနိုင်ဘဲ ငိုကြွေးမြည်တမ်း၍ သာနေ၏။

ရဟန်းတို့သည် တရားသဘင်၌ ထိုရဟန်းကြီး အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ … ဤရဟန်းကြီးသည် ယခုအခါ၌ သာ ဤသာမဏေ သေလွန်သည်ရှိသော် ငိုကြွေးမည်တမ်းသည်မဟုတ်၊ ရှေးအခါ၌ လည်း ငိုကြွေး မြည်တမ်းဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဆင်ငယ်မွေးထား သေလွန်ငြား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် တာဝတိံသာနတ်ပြည်၌ သိကြားမင်း ဖြစ်လေ၏။ ထိုအခါ ကာသိကရွာ၌ နေသော ပုဏ္ဏားတစ်ယောက်သည် များစွာသော စည်းစိမ် ဥစ္စာ ရှိ၏။ တစ်နေ့သ၌ ကာမဂုဏ် စွန့်လွှတ်၍ တောထွက်ပြီးလျှင် ဟိမဝန္တာသို့ဝင်ကာ ရသေ့ရဟန်းပြု၍ တော၌ ဖြစ်သော သစ်သီးကြီးငယ်ဖြင့်သာ မျှတကာနေ၏။

တစ်နေ့သ၌ သစ်သီးကြီးငယ် ရှာဖွေရန် သွားသည်ရှိသော် ဆင်ငယ်တစ်ကောင်ကိုတွေ့၍ ကျောင်းသို့ဆောင်ယူလျက် သားအမှတ်ဖြင့် မွေးမြူလေ၏။ ထိုဆင်ငယ်အား သောမဒတ် ဟူသော အမည်ကိုမှည့်၍ မြက် သစ်ရွက်တို့ကို စားစေ၏။ အရွယ်သို့ ရောက်လတ်သော် ကြီးသောကိုယ်ရှိ၏။ တစ်နေ့သ၌ အစားများသဖြင့် အစာမကြေခြင်းကြောင့် အားနည်းသောရောဂါ ဖြစ်လေ၏။ ရသေ့လည်း ဆင်ကို ကျောင်း၌ ထား၍ သစ်သီးကြီးငယ် ရှာဖွေရန် သွား၏။ ရသေ့ ပြန်မရောက်သေးမီ ဆင်ငယ်သည် သေလွန်လေ၏။

ရသေ့သောက ပူဆွေးလှ

ရသေ့သည် သစ်သီးကြီးငယ် ရှာဖွေသွားရာမှ ပြန်လာသောအခါ ခရီးဦးကြိုဆိုနေကြ ဖြစ်သော ဆင်ငယ်သောမဒတ်ကို မမြင်လျှင် -

“အလုံး အရပ်နှင့် ပြည့်စုံသော အို - ချစ်သား သောမဒတ် … သင်သည် ရှေးအခါ ငါ့ကို တော်၌ ဝေးစွာလာ၍ ခရီးဦးကြိုဆိုခဲ့၏၊ ယခုအခါ သင့်ကို ငါ မမြင်၊ အဘယ်အရပ်သို့ သွားသနည်း” –

ဟု ငိုကြွေးမြည်တမ်းလျက် လာလတ်သော် စင်္ကြံဦး၌ လဲ၍ သေနေသော ဆင်ကို မြင်လျှင် လည်ဖက်၍ -

“အို-သောမဒတ် … သေ၍ အိပ်နေသော ဆင်ကား အခြားဆင် မဟုတ်ပေ၊ သင် သောမဒတ် ဖြစ်ခဲ့၏တကား၊ မာလောနွယ် ညွန့်ကြီးကို ဖြတ်ကာ မြေ၌ ချထားသကဲ့သို့ သင် သောမဒတ်သည် မြေ၌ အိပ်၍ ဩော် … သေခဲ့လေပြီတကား” –

ဟု ငိုကြွေး မြည်တမ်းပြန်၏။

သံယောဇဉ်စွဲလှ ဖြေမရ

ထိုခဏ၌ သိကြားမင်းသည် လူ့ပြည်သို့ ကြည့်လတ်သော် ငိုကြွေးနေသော ရသေ့ကိုမြင်လျှင် ဤရသေ့ကား သားမယားကို စွန့်၍ ရဟန်းပြုခဲ့ပါလျက် ဤဆင်ငယ်ကို သားအမှတ်ဖြင့် ငိုကြွေဘိ၏၊ သံဝေဂရစေ၍ သတိဖြစ်စေမည်ဟု ရသေ့ကျောင်းသို့သွား၍ ကောင်းကင်၌ တည်လျက် -

“အို-ရသေ့ … သေလေပြီးသောသူကို စိုးရိမ်ပူဆွေး ငိုကြွေး မြည်တမ်းခြင်းသည် လူအဖြစ်မှ လွတ်၍ ရဟန်းအဖြစ်နှင့် ပြည့်စုံသော သင့်အား မကောင်းပါ” –

ဟု ရသေ့အား ပြောဆို သတိပေးလေ၏။ ရသေ့လည်း သိကြားမင်း စကားကို ကြားလျှင် -

“အို-သိကြားမင်း … လူ ဖြစ်စေ၊ သားငှက်တိရစ္ဆာန်ဖြစ်စေ ပေါင်းဖော်ခြင်းကြောင့် စိတ်နှလုံး၌ ချစ်ခြင်း ဖြစ်နေသော သတ္တဝါကို မစိုးရိမ်ခြင်းငှာ မတတ်နိုင်ပါ” –

ဟု သိကြားမင်းအား ပြောဆိုပြန်၏။

စိုးရိမ်မှုရေး သိပေး

ထိုအခါ သိကြားမင်းသည် ရသေ့ ငိုကြွေးနေသည့် အဖြစ်ကို သတိပေးလို၍ -

“အို-ရသေ့ … သေဆဲဖြစ်သောသူ၊ သေပြီးသောသူ၊ သေလတ္တံ့သောသူတို့ုကို ငိုကြွေး မြည်တမ်းလျက် မျက်ရည်ယိုစီးသော သူတို့ကား မျက်ရည်ပြတ်သောနေ့ မည်သည် မရှိခဲ့ရာ၊ ငိုကြွေးမြည်တမ်းခြင်းကို အကျိုးမရှိဟု ပညာရှိသူတော်ကောင်းတို့ ပြောဆိုကြသောကြောင့် သင်သည် မငိုကြွေး မမြည်တမ်းပါလင့်”

“အို-ရသေ့ … စင်စစ် ငိုကြွေး မြည်းတမ်းသဖြင့် ပစ္စုပ္ပန်ဘဝမှ ကင်းပြတ်ေ သေလွန်ပြီးသော သူသည် အကယ်၍ ထလာပါမူ ငါတို့ အလုံးစုံသည် စည်းဝေး၍ အချင်းချင်း၏ ဆွေမျိုးဉာတိတို့ကို ငိုကြွေးမြည်တမ်းပါကုန်အံ့” –

ဟု ရသေ့အား ဆုံးမပြန်၏။

သိကြား ဟောပြ တရားရ

ရသေ့သည် သိကြားမင်း စကားကို ကြားလျှင် သတိရ​၍ စိုးရိမ်သောက ကင်းပျောက်လျက် မျက်ရည်တို့ကို သုတ်ကာ -

“အို-သိကြားမင်း … ထောပတ်ဖြင့် သွန်းလောင်းအပ်သော မီးကို ရေဖြင့် သွန်းလောင်းသကဲ့သို့ စင်စစ် သောကမီးဖြင့် ပြောင်ပြောင် တောက်နေသောငါ့ကို အလုံးစုံသော စိုးရိမ်ခြင်းကို ငြိမ်းစေဘိ၏။

သင် သိကြားမင်းသည် သောကဖြင့် နှိပ်စက်သော ငါ၏သား၌ စိုးရိမ်ခြင်းကို ပယ်ဖျောက်ပေ၏။ ငါ့အား စိတ်နှလုံး၌ စူးဝင်နေသော သောကတည်းဟူသော ငြောင့်ကို သင် သိကြားမင်းသည် နုတ်အပ်စွတကား” –

“အို-သိကြားမင်း … သင်၏ စကားကို ကြားနာရ၍ ငါသည် သောကတည်းဟူသော ငြောင့်ကို နုတ်အပ်ပေပြီ၊ စိုးရိမ်သောက ကင်းပေပြီ၊ စိတ်နောက်ကျူခြင်း မရှိ၊ မစိုးရိမ် မပူဆွေး မငိုကြွေးတော့ပါ” –

ဟု သိကြားမင်းအား ချီးကျူးစကား ပြောကြားလေ၏။ သိကြားမင်းလည်း ရသေ့ကို ဆုံးမပြီး၍ မိမိနေရာ တာဝတိံသာသို့ သွားလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ဆင်ငယ်သည် - ယခုအခါ သာမဏေငယ်။

ရသေ့သည် - ရဟန်းကြီး။

သိကြားမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သေပြီးသေမည်၊ ငိုကြွေးမည်၊ မျက်ရည်မစဲရာ။

(၂) ဆွေသားမျိုးတူ၊ ငိုကြွေးမူ၊ သေသူမထရာ။

(၃) ငိုကြွေးသော်ငြား၊ ကျိုးမများ၊ တရားသက်ဝင်ရာ။

သောမဒတ္တဇာတ် ပြီး၏။

***

(၄၁၁) - သုသီမဇာတ်

ဗြဟ္မဒတ်မင်းသည် မယ်တော့်အလိုပြည့်ရန် ထီးနန်းစွန့်၍ သုသီမ ပုရောဟိတ်နှင့် မယ်တော်တို့အား နန်းတင်ရာ မကြာမီ သုသီမမင်း တောထွက်သွားခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တောထွက်မှုများ ချီးမွမ်းငြား

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မြတ်သော တောထွက်ခြင်းကို အကြောင်းပြု၍ အောက်ပ် အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သားတော် ဖွားဘက် ချစ်ခင်လျက်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုမင်း၏ ပုရောဟိတ် မယားဝမ်း၌ ဖြစ်လေ၏။ ဖွားမြင်သောနေ့၌ မင်းကြီးအားလည်း သားတော် ဖွားမြင်လေ၏။ ထိုသူငယ် နှစ်ယောက်တို့တွင် ပုရောဟိတ်သားအား သုသီမ သတို့သား၊ မင်းသားအား ဗြဟ္မဒတ္တ သတို့သားဟု အမည်မှည့်ကြကုန်၏။ ဗာရာဏသီမင်းလည်း သားတော်နှင့် တစ်နေ့တည်း ဖွားမြင်သော ပုရောဟိတ်သားကိုယူ၍ သားတော်နှင့်အတူ နို့ထိန်းတို့ထံ အပ်နှံ၍ အတူတကွ ကြီးစေကုန်၏။

သားတော် မင်းပြု မြို့ကြည့်ရှု

သတို့သား နှစ်ယောက်တို့သည် အရွယ်သို့ ရောက်လတ်သော် နတ်သားတို့တမျှ အလွန် အဆင်းလှကုန်၏။ တက္ကသိုလ်ပြည်၌ လည်း အတူတကွ ပညာသင်ကြားကုန်၏။ ပညာတတ်မြောက်၍ မင်းသား အိမ်ရှေ့မင်း ဖြစ်သောအခါ ၌ အတူတကွ စားသောက်ကုန်၏။ မင်းကြီး သေလွန်၍ မင်းသား မင်းအဖြစ်ကို ရသောအခါ ဖွားဖက်တော် ဖြစ်သော ပုရောဟိတ်သား သုသီမကို ပုရောဟိတ် ရာထူး၌ ထား၏။ များစွာသော စည်းစိမ်အခြံအရံကို ပေးလေ၏။ တစ်နေ့သ၌ မင်းကြီးသည် မြို့ကို တန်ဆာဆင်စေ၍ မင်္ဂလာဆင်တော်၌ ပုရောဟိတ်နှင့်အတူ စီးပြီးလျှင် လက်ယာရစ် လှည့်တော်မူ၏။

ပုဏ္ဏား စွဲလမ်းသော် မင်းမယ်တော်

ထိုအခါ မယ်တော် မိဖုရားကြီးသည် သားတော် မင်းမြတ်၏ အသရေကို ကြည့်ရှုမည်ဟု လေသာပြတင်းကို ဖွင့်၍ ကြည့်ရှုလတ်သော် ပုရောဟိတ်ကိုမြင်၍ အလွန် တပ်စွန်း တိမ်းညွတ်သောစိတ် ရှိသည်ဖြစ်၍ ပုရောဟိတ်ကို မရလျှင် အသေခံတော့မည်ဟု နှလုံးသွင်းလျက် အိပ်ရာတိုက်ခန်းသို့ ဝင်ကာ အစာအာဟာရကို ဖြတ်၍ မထသော အိပ်ခြင်းဖြင့် အိပ်လေ၏။

မင်းကြီးလည်း မယ်တော်ကို မမြင်၍ မေးရာ မကျန်းမာကြောင်း လျှောက်ကြလျှင် အိပ်ခန်းသို့ ကိုယ်တော်တိုင် သွားလျက် ရှိခိုး၍ မေးမြန်းလျှင် မာ်တော်သည် ရှက်၍ တစ်စုံတစ်ရာ မပြောကြားဘဲ ဆိတ်ဆိတ်သာနေသဖြင့် အိပ်ခန်းတွင်းမှထွက်၍ မင်းနေရာ၌ နေပြီးလျှင် မိဖုရားကြီးအား မေးမြန်းစေ၏။

မိခင်စိတ်သွင် မင်းစီစဉ်

ဖိဖုရားကြီးလည်း မယ်တော်ထံသွား၍ ကျောကုန်းကို ဆုပ်နယ်လျက် မေးလေ၏။ မိန်းမတို့သည် မိန်းမတို့အား လျှို့ဝှက်အပ်သော စကားကို မလျှို့ဝှက်ကြကုန်။ ထို့ကြောင့် မယ်တော်သည် ချွေးမတော် မိဖုရားကြီးအား ဟုတ်မှန်သောအတိုင်း ပြောကြားလေ၏။ မိဖုရားကြီးလည်း အကြောင်းမှန်ကိုသိရလျှင် မင်းကြီးအား လျှောက်ထားလေ၏။ မင်းကြီးသည် “ထိုသို့ဖြစ်စေ ပုရောဟိတ်ကို မင်းမြှောက်ကာ မယ်တော်ကို မိဖုရားကြီး ပြုစေမည်၊ မယ်တော်ကို နှစ်သိပ့်စေလော” ဟု မိဖုရားကြီးကို စေခိုင်းပြန်၏။ မိဖုရားကြီးလည်း မယ်တော်ထံ တစ်ဖန်သွားလျက် မင်းကြီး မှာလိုက်တိုင်း ပြောကြား၍ နှစ်သိပ့်စေ၏။

ပုဏ္ဏားနှင့် မိခင် မင်းမြှောက်တင်

မင်းကြီးလည်း ပုရောဟိတ်ကို ခေါ်စေ၍ အကြောင်းစုံကို ပြောကြားပြီးလျှင် “အဆွေ … ငါ့အမိ အသက်ကို ကယ်ပါ၊ သင့်ကို မင်းမြှောက်မည်၊ အမိကို မိဖုရားကြီး မြှောက်မည်၊ ငါ အိမ်ရှေ့မင်းလုပ်မည်” ဟု ပြောဆိုလေ၏။ ပုရောဟိတ်လည်း “အရှင်မင်းကြီး … မလျော်ပါ၊ ဤသို့ ပြုလုပ်ရန် မတတ်နိုင်ပါ” ဟု ငြင်းပယ်လေ၏။ အဖန်ဖန် တောင်းပန်၏။ ပုရောဟိတ်လည်း အဖန်ဖန် ငြင်းပယ်လေ၏။ နောက်ဆုံးတွင် ပုရောဟိတ်သည် ဝန်ခံလေ၏။ မင်းကြီးသည် ပုရောဟိတ်ကို မင်းမြှောက်လေ၏။ မိမိမူကား မင်းအဖြစ်ကို စွန့်လွှတ်၍ အိမ်ရှေ့မင်း အဖြစ်ကို ယူ၏။

ပုဏ္ဏားပြစ်မြင် တောထွက်ချင်

နောက်အခါ၌ ပုရောဟိတ်သည် မင်းစည်းစိမ်ကို ခံစားနေသော်လည်း နေက္ခမ ဓာတ်ခံအားကြီးသော ယောကျ်ားဖြတ် ဖြစ်သည် အားလျော်စွာ အာရုံငါးပါး ကာမဂုဏ်တရားတို့၌ မွေ့လျော်ခြင်း မရှိ ငြီးငွေ့လှသဖြ့် ရသေ့ရဟန်းပြုရန်ကိုသာ စိတ်တော်ညွတ်လျက် မိဖုရားကြီးနှင့် မမွေ့လျော်တော့ဘဲ တစ်ယောက်ထီးတည်းသာ နေတော်မူ၏။ နန်းတော်၌ နေရသော်လည်း နှောင်အိမ်၌ နေရသော သူကဲ့သို့ လည်းကောင်း၊ ချိုင့်၌ နေရသော ကြက်ကဲ့သို့ လည်းကောင်း အလွန် ကျပ်တည်းကျဉ်းမြောင်းလျက် ရှိလေ၏။

ပရိယာယ်ပြောဆို မွေ့လျော်လို

ထိုအခါ မိဖုရားကြီးသည် “ဤမင်းကြီးကား ငါနှင့် မမွေ့လျော် တစ်ယောက်တည်းသာ နေ၏၊ ဤမင်းကြီးကား အသက်အရွယ် ငယ်သေး၏၊ နုပျိုသေး၏၊ ငါကား ကြီးရင့်အိုမင်းလှ၏၊ ငါ့ဦးခေါင်း၌ ဆံဖြူတို့သည် ထင်ကုန်၏၊ အကယ်၍ ငါသည် မင်းကြီး ဦးခေါင်း၌ ဆံဖြူထင်သည်ဟု မုသားဆို၍ တစ်ခုသော ဥပါယ်ကိုပြုကာ သိစေ၍ ငါနှင့် မွေ့လျော်ရစေမူကား ကောင်းလေစွ” ဟု ကြံစည်၏။ တစ်နေ့သ၌ မိဖုရားကြီးသည် မင်း၏ ဦးခေါင်း၌ သန်းရှာသကဲ့သို့ ပြု၍ “အရှင်မင်းကြီး … အရှင်မင်းကြီးအား အိုမင်းပြီ၊ ဦးခေါင်း၌ ဆံဖြူသည် ထင်လာ၏” ဟု လျှောက်၏။ “အရှင်မ … ဆံဖြူသည် ထင်လျှင် နုတ်၍ ငါ့လက်၌ ထားလော့” ဟု ဆို၏။ ထိုအခါ မိဖုရားကြီးသည် မင်း၏ဦးခေါင်းမှ ဆံပင်နက်တစ်ခကိုနုတ်၍ စွန့်ပစ်ပြီးလျှင် မိမိဦးခေါင်းမှ ဆံပင်ဖြူကိုနုတ်၍ မင်းကြီးလက်၌ ထားလေ၏။

ဆံဖြူကိုပြ သံဝေဂ

မင်းကြီးသည် ဆံဖြူကိုမြင်လျှင် အလွန် ထိတ်လန့်တုန်လှုပ်သော စိတ်ရှိသည်ဖြစ်၍ ရွှေပြားနှင့်တူသော နဖူးမြင်မှ ချွေးတို့သည် တဖြိုင်ဖြိုင် ကျဆင်းကုန်လျက် -

“အို-သုသီမ … ရှေးအခါ သင်၏ ဦးခေါင်း၌ ဆံပင်တို့သည် မည်းနက်သော အဆင်းရှိကုန်၏၊ ယခုအခါ ဖြူသောအဆင်း ရှိကုန်၏၊ ထိုဆံဖြူတို့ကို မြင်၍ ကုသိုလ်ကမ္မပထတရား ဆယ်ပါးတို့ကို ကျင့်လော့၊ မြတ်သောအကျင့်ကို ကျင့်သုံးရန် အချိန်တန်ပြီ” –

ဟု မိမိကိုယ်ကို တိုက်တွန်းနှိုးဆော်ကာ မြတ်သော အကျင့်ကို ကျင့်ခြင်း၏ ဂုဏ်ကျေးဇူးတို့ကို ချီးကျူးမြွက်ဆိုလေ၏။

မိဖုရားလိမ်ဉာဏ် လျှောက်တောင်းပန်

ထိုအခါ မိဖုရားကြီးသည် “ငါကား မင်းကြီးကို တပ်စွန်းအောင် ပြုလုပ်မည်ဟု ကြံစည်၍ ပြုလုပ်ပါလျက် မတပ်စွန်းအောင် ပြုလုပ်ရာသို့ ရောက်နေပေပြီ” ဟု ထိတ်လန့်တုန်လှုပ်လျက် -

“အရှင်မင်းကြီး … ဤဆံဖြူကား အကျွန်ုပ်၏ ဆံဖြူ ဖြစ်ပါ၏၊ မင်းကြီး၏ ဆံဖြူ မဟုတ်ပါ၊ အကျွန်ုပ်၏ ဦးခေါင်း၌ ပေါက်သော ဆံဖြူ ဖြစ်ပါ၏၊ အကျွန်ုပ်သည် အကျိုးကို ပြုမည်ဟု မုသားဆိုမိပါ၏၊ အပြစ်ကို သည်းခံတော်မူပါ” –

“အရှင်မင်းကြီး … ပေါက်သစ်စ ဖြစ်သော အညှောက်သည် ရှုချင်စဖွယ် ရှိသကဲ့သို့ အရှင်မင်းကြီးသည်လည်း နုပျို၍ ရှုချင်စဖွယ် ရှိပါ၏၊ မင်းအဖြစ်ကိုလည်း ပြုတော်မူပါ၊ အကျွန်ုပ်ကိုလည်း ကြည့်ရှုတော်မူပါ၊ နောင်အခါမှ အကျိုးရှိသော ရဟန်းအဖြစ်ကို မပြုပါလင့်” –

ဟု မင်းကြီးအား နုပျိုသော အကြောင်းကို ချီးကျူးကာ ရဟန်းမပြုရန် တောင်းပန်လေ၏။

တဏှာချစ်ခင် အပြစ်မြင်

မင်းကြီးသည် မိဖုရားကြီး၏ စကားကို ကြားလျှင် “ရှင်မ … သင် ဆိုတိုင်း ဖြစ်ခဲ့၏တကား၊ ငါ အရွယ်အိုလာသောအခါ ဆံပင်တို့သည် ပိုက်ဆံလျှော်ကဲ့သို့ ဖြူဖွေးသည် ဖြစ်ရာ၏၊ ရှင်မ သူငယ်တို့၏ လည်းကောင်း၊ အဆင်းအရွယ်နှင့်ပြည့်စုံသော မင်းသမီးတို့၏ လည်းကောင်း အဆင်း ဖောက်ပြန် ပျက်စီးခြင်းကို ငါ မြင်ရ၏၊ ခန္ဓာကိုယ်သည် ပျက်စီးခြင်း အဆုံးရှိ၏” ဟု ပြောဆိုပြီးလျှင် တစ်ဖန် ဘုရား၏ တင့်တယ်ခြင်းဖြင့် -

“အရှင်မ … ငါကား တစ်ကိုယ်လုံး ပြေပြစ်သော အဆင်းရှိ၍ ကောင်းသောကိုယ်, ကောင်းသောခါး ရှိသော သတို့သမီးကို မြင်ရ၏၊ လေပြည်လေညင်း တိုက်ခတ်အပ်သော် ထိုမှ ဤမှ လှုပ်ရှားသော သန္တာမည်းကဲ့သို့ရှိသော ထိုမိန်းမသည် ယောကျ်ားတို့၌ ကိလေသာ၏ အစွမ်းဖြင့် ဖြားယောင်းသကဲ့သို့ ဖြစ်၏၊ မွေးဖွားသည်မှ နောက်အခါ၌ အသက်ရှစ်ဆယ်ရွယ် ကိုးဆယ်ရွယ် ရှိသော ထိုမိန်းမကို တောင်ဝှေး လက်စွဲကာ တုန်တုန်လှုပ်လှုပ် အိမ်အခြင်ကဲ့သို့ ကုန်းကွသောကိုယ် ရှိသည်ဖြစ်၍ သွားလေသည်ကို မြင်ရ၏” –

ဟု မိဖုရားကြီးအား မိန်းမတို့၌ သာယာဖွယ် ဟူသော အဿဒ၊ အပြစ် ဟူသော အာဒီနဝကို ဟောကြားလေ၏။

ထီးနန်းစွန့်လျက် တောသို့ထွက်

နောက်တစ်ဖန် မိမိသည် မင်းစည်းစိမ်ကို စွန့်လွှတ်၍ နန်းတော်၌ မနေလိုသဖြင့် -

“ရှင်မ … ငါသည် ထိုမိန်းမတို့၏ အဿဒ၊ အာဒီနဝတို့ကို ကြံစည်လျက် အိပ်ရာအလယ်၌ တစ်ယောက်တည်း ရှု၏၊ ငါသည်လည်း ထိုအတူ ဖြစ်ရမည်ဟု ရှုလျက် အိမ်၌ မမွေ့လျော်ပေ၊ မြတ်သော အကျင့်ကို ကျင့်ရမည့်အခါ ဖြစ်၏၊ အိမ်၌ နေသော သူတို့၏ မွေ့လျော်ခြင်းကား စွဲလမ်းရာ ဖြစ်သော ကြိုးနှင့်တူ၏၊ ပညာရှိတို့ကား ထိုကာမဂုဏ်၌ မွေ့လျော်ခြင်းကို ဖြတ်၍ ကာမဂုဏ်ချမ်းသာကို စွန့်လွှတ်ကြလျက် မငဲ့ကွက်ဘဲ သွားကြကုန်၏” –

ဟု တရားဟောကာ အဆွေ ဗြဟ္မဒတ်မင်းကို ခေါ်၍ မင်းအဖြစ်ကို အပ်နှင်းပြီးလျှင် ဆွေမျိုးဉာတိတို့ ငိုကြွေးစဉ် လျှင် မင်းစည်းစိမ်ချမ်းသာတိုပကို စွန့်လွှတ်ကာ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြုပြီးလျှင် စျာန်အဘိညာဉ်ကို ဖြစ်စေလျက် မယုတ်လျော့သောစျာန် ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားရ၏။

ဤဒေသနာတော်ကိုဆောင်ကာ သစ္စာကိုပြ၍ များစွာသော လူအပေါင်းတို့အား အမြိုက်အဖျော်ကို တိုက်ကေမးတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မိဖုရားကြီးသည် - ယခုအခါ ရာဟုလာမယ်တော်။

ဗြဟ္မဒတ်မင်းသည် - အာနန္ဒာ။

သုသီမမင်းကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကာမဂုဏ်ငြီး၊ ကျွတ်လုနီး၊ မင်းကြီးသုသီမ။

(၂) သက်ကြီးသောမူ၊ မှတ်စေဟူ၊ ဆံဖြူလိမ်၍ ပြ။

(၃) ကျိုးပြုသော်ငြား၊ မိဖုရား၊ ကျိုးကားဘယ်မှာရ။

(၄) ဆံဖြူကိုမြင်၊ သံဝေဝင်၊ အလျင်တောသို့ကြွ။

သုသီမဇာတ် ပြီး၏။

***

(၄၁၂) - ကောဋသိမ္ဗလိဇာတ်

ဂဠုန်ငှက်ကြီး နားသည်ကို မကြောက်ရွံ့ မတုန်လှုပ်၊ ညောင်သီးစားသည့် ငှက်မငယ် နားကာမှ ကြောက်ရွံတုန်လှုပ်သော လက်ပံပင်စောင့် ရုက္ခစိုး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ညောင်ပင်ပမာ ကိလေသာ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကိလေသာနှိပ်စက်သော ရဟန်းငါးရာတို့ကို မြင်တော်မူလျှင် စည်းဝေးစေ၍ “ရဟန်းတို့ … ရွံရှာအပ်သည်နှင့် ယှဉ်သောအရာ၌ ရွံရှာအပ်၏၊ ကိလေသာတို့မည်သည် တိုးပွားသည်ရှိသော် ညောင်ပင်သည် အခြား သစ်ပင်တို့ကို လွှမ်းမိုးသကဲ့သို့ လွှမ်းမိုးတတ်ကုန်၏” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

နဂါးဂဠုန်သုတ် ညောင်ပင်ပြုတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကြီးစွာသော လက်ပံပင်ဝယ် ရုက္ခစိုးနတ် ဖြစ်လေ၏။ ထိုအခါ ဂဠုန်တစ်ကောင်သည် ကိုယ်ခန္ဓာ အတ္တဘောကို ယူဇနာတစ်ရာ့ငးါဆယ် ရှိအောင် ဖန်ဆင်း၍ သမုဒ္ဒရာရေကို နှစ်ဖြာကွဲစေပြီးလျှင် အလံတစ်ထောင် ရှည်လျားသော နဂါးမင်းတစ်ကောင်ကို အမြီးမှ သုတ်ယူ၍ စားပြီးသော အစာတို့ကို အန်ထွက်စေပြီးလျှင် လက်ပံပင်ကြီးသို့ ပျံလေ၏။ နဂါးမင်းသည် ကိုယ်ကို တွဲလျားချ၍ လိုက်ရာ ဂဠုန်မင်းလက်မှ လွတ်မြောက်ရန် လမ်း၌ ရှိသော ပညောင်ပင်ကြီးကို ကိုယ်ဖြင့်ရစ်ပတ်ကာ ဆွဲထား၏။ ဂဠုန်မင်းသည် တအားဆွဲရာ ပညောင်ပင်နှင့်တကွ ကျွတ်၍ ပါလေ၏။

ငှက်မ အန္တရာယ် တုန်လှုပ်ဖွယ်

လက်ပံပင်ကြီးသို့ရောက်လျှင် နဂါးမင်း၏ ဝမ်းကိုခွဲကာ နဂါးဆီကို ဝအောင်စား၍ ကြွင်းကျန်သော အကောင်ကို သမုဒ္ဒရာ၌ ပစ်ချ၏။ ပညောင်ပင်၌ ပါလာသော ငှက်မတစ်ကောင်သည် ပညောင်ပင်မှ လွတ်လပ်သော် `ရုက္ခစိုးနတ်နေရာ လက်ပံပင်ကြီး ခွကြားတွင် နားလေ၏။

ထိုအခါ ရုက္ခစိုးနတ်သည် ငှက်မကိုမြင်လျှင် “ဤငှက်မငယ်ကား ငါ၏ သစ်ပင်ခွကြား၌ ကျင်ကြီး စွန့်လတ္တံ့၊ ထိုကျင်ကြီးမှ ပညောင်ပင်, သို့မဟုတ် ညောင်ကြပ်ပင်သည် မုချ ပေါက်လတ္တံ့၊ ထိုညောင်ပင်သည် ကြီးပွား၍ အလုံးစုံလွှမ်းမိုးလတ်သော် လက်ပံ့ပင်ကြီး ပျက်စီးလတ္တံ့၊ ထိုအခါ ငါ၏ဗိမာန် ပျက်စီးလတ္တံ့” ဟု ကြံစည်ကာ ထိန်လန့်သဖြင့် တုန်လှုပ်လေ၏။ ရုက္ခစိုးနတ် တုန်လှုပ်ခြင်းကြောင့် လက်ပံပင်ကြီးလည်း အမြစ်ရင်းတိုင်အောင် တုန်လှုပ်လေ၏။

လက်ပံပင်လှုပ်ရေး ဂဠုန်မင်းမေး

ထိုအခါ ဂဠုမင်းသည် တုန်လှုပ်သော လက်ပံပင်စောင့် ရုက္ခစိုးနတ်ကို မြင်လျှင် -

“အို-လက်ပံပင်စောင့် ရုက္ခစိုး … ငါကား အလံ တစ်ထောင် ရှည်လျားသော နဂါးကြီးကို ယူ၍ လာ၏၊ ကိုယ်ကြီးလှသော နဂါးနှင့် ဆောင်ယူလာသော ငါ့ကိုမြင်၍ သင်သည် မထိတ်လန့် မတုန်လှုပ်ပါဘဲလျက် ငါ ဆောင်ယူခဲ့သော ပညောင်ပင်တွင် ပါလာသော ငှက်မငယ်ကို မြင်၍ အဘယ်ကြောင့် ထိတ်လန့် တုန်လှုပ်ဘိသနည်း” –

ဟု ရုက္ခစိုး နတ်မင်းအား ဣန္ဒြေမဆည်နိုင်အောင် တုန်လှုပ်ခြင်း၏ အကြောင်းရင်းကို မေးလေ၏။

ဖြစ်ဆဲအန္တရာယ် တားမြစ်ဖွယ်

ထိုအခါ ရုက္ခစိုးနတ်မင်းသည် နောင် မိမိ ဖြစ်လတ္တံ့သော အန္တရာယ်ကို တားမြစ်လို၍ -

“အို- ဂဠုမင်း … သင်ကား အသားကို စား၏၊ ဤငှက်မကား အသီးကို စား၏၊ ဤငှက်မငယ်သည် ပေညာင်စေ့, ညောင်ဗုဒ္ဓဟေစေ့, ညောင်ကြပ်စေ့, ရေသဖန်းစေ့တို့ကို စားပြီး၍ ငါ၏ လက်ပံပင်ခွကြား၌ ကျင်ကြီး စွန့်လတ္တံ့။

ငါ၏အနီး လေဆိတ်ရာ လက်ပံပင် ခွကြားဝယ် ထိုပညောင်ပင်, ညောင်ဗုဒ္ဓဟေပင်, ညောင်ကြပ်ပင်, ရေသဖန်းပင်တို့သည် ပေါက်ကုန်လတ္တံ့၊ ထိုသစ်ပင်တို့သည် လက်ပံပင်ကြီးကို မြှေးယှက် လွှမ်းမိုးကုန်လတ္တံ့၊ ငါ့ကို သစ်ပင်မရှိအောင် ဗိမာန်မရှိအောင် ပြုကုန်လတ္တံ့” –

ရောက်ဆဲဒုက္ခ တားမြစ်ရ

“မျိုးစေ့ကို ဆောက်ယူခဲ့သော ဤငှက်မငယ်မှဖြစ်သော ညောင်ပင် စသော သစ်ပင်တို့သည် လွှမ်းမိုးသတ်ဖြတ်အပ်သော မြေတောင် စသည်တို့၌ ပေါက်၍ အမြစ် ပင်စည်နှင့် ပြည့်စုံသော အခြား သစ်ပင်တို့လည်း ရှိကုန်၏။

အခွကြား၌ ပေါက်သော ပညောင်ပင် စသော သစ်ပင်တို့သည် ကြီးမားစွာသော တောစိုးပင်ကိုလည်း လွှမ်းမိုးနိုင်ကုန်၏၊ ဂဠုမင်း … ငါသည် ထိ လာလတ္တံ့သော ဘေးကို မြင်သောကြောင့် ထိတ်လန့်တုန်လှုပ်ပါ၏” –

ဟု ဂဠုမင်းအား မိမိ ထိတ်လန့် တုန်လှုပ်ခြင်းအကြောင်းရင်းကို ပြောကြားလေ၏။ ထိုအခါ ဂဠုမင်းသည် -

“အို-ရုက္ခစိုး … ရွံရှာအပ်သည်ကို ရွံရှာ၏၊ လာလတ္တံ့သော ဘေးကို စောင့်ရှောက်ရာ၏၊ ပညာရှိသည် လာလတ္တံ့သောဘေးဖြင့် ပစ္စုပ္ပုန် တမလွန် လောကနှစ်ပါးကို ရှုရာ၏” –

ဟု ရုက္ခစိုး နတ်မင်းအား ပြောဆို ချီးကျူးပြီးလျှင် မိမိ အာနုဘော်ဖြင့် ငှက်မငယ်ကို လက်ပံပင်မှ ပြေးစေ၏။

မြတ်စွာဘုရားသည် ဒေသနာတော်ကိုဆောင်၍ သစ္စာကို ပြသည်အဆုံး၌ ရဟန်းငါးရာတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဂဠုန်မင်းသည် - ယခုအခါ သာရိပုတ္တရာ။

ရုက္ခစိုးနတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) နည်းပင်သော်ငြား၊ ကိလေကား၊ ပွားလျှင် ပျက်စီးရာ။

(၂) ရွံရှာသင့်က၊ ရွံရှာရ၊ ရှေးကပညဝါ။

(၃) နဂါးဖမ်းတက်၊ ဂဠုန်ငှက်၊ ကြီးလျက် မရွံရှာ။

(၄) လက်ပံခွဝယ်၊ နားငှက်ငယ်၊ ကြီးကျယ်ကြောက်ရွံရှာ။

ကောဋသိမ္ဗလိဇာတ် ပြီး၏။

***

(၄၁၃) - ဓူမကာရိဇာတ်

ရှေးက ဖြစ်ဖူးသော ဓူမကောရီပုဏ္ဏား ဝတ္ထုကို ညွန်ပြလျက် စစ်သည်သူရဲကောင်းတို့ကို ချီးမြှောက်လျှင် စစ်အောင်မြင်နိုင်ကြောင်း မင်းအားဆိုဆုံးမသောအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သူရဲသစ်မြှောက်စား စစ်ရှုံးငြား

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီးသည် အစဉ် အဆက် လာသော သူရဲဟောင်းတို့အား ချီးမြှောက်ထောက်ပံ့ခြင်း မပြုဘဲ အသစ်ရောက်လာသော အာဂန္တုက သူရဲတို့အားသာ ချီးမြှောက်ထောက်ပံ့ခြင်းကို ပြု၏။

ထိုအခါ ပစ္စန္တရာဇ်ဝယ် သူခိုးတို့ ဖျက်ဆီးသည်ရှိသော် မင်းကြီးသည် စစ်သည်ဗိုလ်ပါနှင့်တကွ သွား၍ စစ်ထိုးရာ သူရဲဟောင်းတို့သည် ချီးမြှောက်ထောက်ပံ့ခြင်းကို ရသော သူရဲသစ်တို့ စစ်ထိုးလိမ့်မည်၊ သူရဲသစ်တို့လည်း သူရဲဟောင်းတို့ စစ်ထိုးလိမ့်မည်ဟု တစ်ဦးတစ်ဦး တွက်ကပ်ကာ စစ်မထိုးဘဲ နေကြကုန်၏။ သူခိုးတို့သည် မင်းကြီးကို အောင်မြင်ကုန်၏။

မင်းကြီးသည် ငါကား သူရဲသစ်တို့အား ချီးမြှောက်ထောက်ပံ့ခြင်းကြောင့် စစ်ရှုံးကြောင်းကိုသိလျှင် သာဝတ္ထိပြည်သို့ ပြန်ခဲ့၍ နံနက်စာ စားပြီးသော် မြတ်စွာဘုရားထံ ချဉ်းကပ်လျက် မိမိ စစ်ရှုံးခဲ့ခြင်း အကြောင်းရင်းကို လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး … ထောက်ပံ့ခြင်းကြောင့် စစ်ရှုံးသည် မဟုတ်၊ ရှေးအခါ မင်းတို့လည်း စစ်ရှုံးဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ချင်းချင်းငြင်းကြ စစ်ရှုံးရ

လွန်လေပြီးသောအခါ ကုရုတိုင်း ဣန္ဒပတ္တနဂိုရ်ပြည်ဝယ် ယုဓိဋ္ဌိလအနွယ်ဖြစ်သော ဓနဉ္စယကောရဗျမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုရောဟိတ်အမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် အတတ်ပညာ သင်ကြားပြီးလျှင် အဘပုရောဟိတ် လွန်သဖြင့် ထိုဓနဉ္စယကောရဗျမင်း၏ အကျိုးအကြောင်းကိုပြ၍ ဆုံးမတတ်သော ပုရောဟိတ် ဖြစ်လေ၏။ ထိုပုရောဟိတ်ကို ဝိဓုရ ပညာရှိဟု အမည်မှည့်ကုန်၏။

ထိုအခါ ဓနဉ္စယမင်းသည် သူရဲကောင်း တို့အား ချီးမြှောက် ထောက်ပံ့ခြင်းကို မပြုဘဲ သူရဲသစ်တို့အားသာ ချီးမြှောက်ထောက်ပံ့လေ၏။ တစ်နေ့သ၌ ပစ္စန္တရာဇ် သူခိုးတို့ ဖျက်ဆီးလတ်သော် မင်းကြီးသည် စစ်သည်ဗိုလ်ပါနှင့် တကွသွား၍ စစ်ထိုးရာ သူရဲဟောင်းတို့သည် သူရဲသစ်တို့ စစ်ထိုးလိမ့်မည်၊ သူရဲသစ်တို့လည်း သူရဲဟောင်းတို့ စစ်ထိုးလိမ့်မည်ဟု အချင်းချင်း တွက်ကပ်ကြလျက် စစ်မထိုးကြသဖြင့် မင်းကြီးသည် ရှုံးနိမ့်လေ၏။

စိုးရိမ်မှုတွေး ပညာရှိမေး

ထိုအခါ မင်းကြီးသည် ဣန္ဒပတ္တနဂိုရ်ပြည်သို့ ပြန်၍ “ငါကား သူရဲဟောင်းတို့အား မချီးမြှောက် မထောက်ပံ့ဘဲ သူရဲသစ်တို့အားသာ ချီးမြှောက ထောက်ပံ့သောကြောင့် စစ်ရှုံးရသည်” ဟု ကြံစည်အောက်မေ့လျေက်နေ၏။

တစ်နေ့သ၌ မင်းကြီးသည် “ငါသာလျှင် ဤသို့ပြုမိ၍ ရှုံးသလော၊ အခြားမင်းတို့လည်း ဤသို့ပြုကြ၍ ရှုံးဖူးသေးသလော” ဟု ကြံစည်ကာနေခိုက် မင်းကြီးကို ခစားရန်လာသော ဝိဓုရပညာရှိကို မြင်လျှင် -

“အို-ပုရောဟိတ် ပုဏ္ဏား … အဘယ်သူ တစ်ယောက်သည် များစွာ စိုးရိမ်သနည်း၊ သင်ပုဏ္ဏားသည် သိပါ၏လော ” –

ဟု ယုဓိဋ္ဌိလ အနွယ်၌ ဖြစ်၍ သုစရိုက်တရားကို ချစ်ခင်သော ကောရဗျမင်းကြီးသည် ပုရောဟိတ် ပုဏ္ဏားကို မေးလေ၏။

ပုရောဟိတ်သည် မင်းကြီး၏ စကားကို ကြားလျှင် “မင်းကြီး … သင်မင်းကြီးတို့ စိုးရိမ်ခြင်းသည် အဘယ်မျှလောက် စိုးရိမ်ဘိသနည်း၊ သင်ကဲ့သို့ စိုးရိမ်သူများလည်း ရှေးအခါ ရှိခဲ့ဖူးသည်” ဟု လျှောက်ထားပြီးလျှင် အောက်ပါဝတ္ထုကို ဆောင်လေ၏။

အသစ်ချီးမြှောက် သေဘေးရောက်

ရှေးအခါ ဓူမကာရီ မည်သော ဆိတ်ထိန်းပုဏ္ဏားသည် ဆိတ်များစွာတို့ကို ယူဆောင်၍ တောအရပ်၌ ထိန်းကျောင်းလျက် လုံခြုံသော ချုံကို ပြုလုပ်၍ ထား၏။ မှက် ခြင် ယင်ရဲတို့ မကိုက်အောင် မိီးကို လည်းကောင်း၊ အခိုးကို လည်းကောင်း ပြုလုပ်၍ ချီးမြှောက်ထောက်ပံ့၏။ ဆိတ်တို့မှရသောနို့ရည်ကို စားသောက် သုံးဆောင်ကာနေ၏။ ထိုအခါ ထိုအရပ်သို့ ရွှေအဆင်းရှိသော သရဘမည်သော သားတို့သည် လာကြကုန်၏။ ပုဏ္ဏားသည် သရဘ မည်သော သားတို့ကို မြင်လျှင် ဆိတ်တို့အား ချီးမြှောက်ထောက်ပံ့ခြင်းကို မပြုတော့ဘဲ အသစ်ရောက်လာသော သရဘ မည်သော သားတို့အားသာ ချီးမြှောက်ထောက်ပံ့ခြင်းကို ပြုလေ၏။

ဆိတ်တို့လည်း ပုဏ္ဏားထံမှ ချီးမြှောက်ထောက်ပံ့ခြင်းကို မရလတ်သော် ပျက်စီးကြကုန်၏။ သရဘ မည်သော သားတို့လည်း တန်ဆောင်မုန်းလအခါ ရောက်လတ်သော် ပြေး၍ ဟိမဝန္တာသို့ ဝင်ကုန်၏။ ဓူမကာရီ ပုဏ္ဏားသည် သရဘသားတို့ကို မမြင်ရလျှင် စိုးရိမ်ပူဆွေးကာ ဖျော့တော့သော အနာစွဲကပ်လျက် နောက်ဆုံးတွင် သေခြင်းသို့ရောက်လေ၏။

မိတ်ဟောင်းပစ်ထား ပျက်စီးငြား

မြတ်သောမင်းကြီး ထိုဓူမကာရီ ပုဏ္ဏားသည် သင်မင်းကြီးတို့ထက် အဆပေါင်း ရာထောင်မျှ စိုးရိမ်ပူဆွေးခြင်းသို့ ရောက်ကာ ပျက်စီးဖူးကြောင်းကို ဥဒါန်းဆောင်၍ ပြလိုသဖြင့် -

“မြတ်သောမင်းကြီး … ဝါသေဋ္ဌ အနွယ် ဖြစ်သော ဓူမကာရီ ပုဏ္ဏားသည် ဆိတ်အပေါင်းနှင့်တကွ များစွာသော မီးစာတို့ကို ယူဆောင်လျက် တော၌ နေ၍ နေ့ညဉ့်ပတ်လုံး မပျင်းမရိ အခိုးကို ပြုဘိ၏” –

“ထိုဓူမကာရီ ပုဏ္ဏား၏ အခိုးနံ့ကြောင့် မှက်ခြင် ယင်ရတို့ နှိပ်စက်ခြင်းကို ခံရသော သရဘသားတို့သည် မိုးလပတ်လုံးနေရန် ထိုပုဏ္ဏားထံသို့ လာကြကုန်၏။

ပုဏ္ဏားသည် ထိုသရဘသားတို့ကို ချစ်ခင်၍ ချီးမြှောက် ထောက်ပံ့သဖြင့် ဆိတ်တို့ သွားခြင်း လာခြင်းကို မသိကုန်၊ ဆိတ်တို့သည် ပျက်စီးကြကုန်၏။ ” ။

မိတ်သစ်ရှောင်လျှင် သေပွဲဝင်

ထိုသရဘသားတို့သည် တန်ဆောင်မုန်းလအခါတော၌ မှက် ခြင် ယင်ရဲတို့ မရှိလတ်သော် တောင်ချောက်ကြားသို့ လည်းကောင်း၊ မြစ်တို့၏ အမွန်အစသို့ လည်းကောင်း ပြေးဝင်ကုန်၏။

ထိုပုဏ္ဏားသည် သွားလေသော သရဘသားတို့ကို လည်းကောင်း၊ ပျက်စီးလေပြီးသော ဆိတ်တို့ကို လည်းကောင်း မြင်၍ ပိန်ချုံးကာ အဆင်းမလှ ဖျော့တော့သော အနာ စွဲကပ်လေ၏။

ဤသို့ အတွင်းသား လူဟောင်းတို့ကို ပြင်ပ ပြု၍ အပြင်ပမှလာသော လူသစ်ကို ချစ်ခင်သဖြင့် ချီးမြှောက် ထောက်ပံ့သော သူသည် ဓူမကာရီ ပုဏ္ဏားကဲ့သို့ တစ်ယောက်ထီးတည်း များစွာ စိုးရိမ်ရ၏” –

ဟု မင်းကြီးအား ဓူမကာရီ ပုဏ္ဏား ဝတ္ထုဖြင့် ဆုံးမကာ သတိရစေ၏။

ပညာရှိ ဆုံးမ ကြည်ညိုလှ

မင်းကြီးသည် ဝိဓုရ ပညာရှိအား အလွန် ကြည်ညိုသဖြင့် စည်းစိမ်ဥစ္စာ များစွာကို ပေးလေ၏။ မင်းကြီးသည် ထိုအခါမှစ၍ အတွင်းသားဖြစ်သော သူဟောင်းတို့အား ချီးမြှောက် ထောက်ပံ့ခြင်းကို ပြု၏။ ဒါန သီလ စသော ကုသိုလ်ကောင်းမှုတို့ကို ပြု၍ သေလွန်သောအခါ နတ်ပြည်သို့ လားရ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ကောရဗျမင်းသည် - ယခုအခါ အာနန္ဒာ။

ဓူမကာရီ ပုဏ္ဏားသည် - ကောသလမင်း။

ဝိဓုရ ပညာရှိသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) တွင်းလူ ပြင်လူ၊ ရှိပြန်မူ၊ တွင်းလူ ချီးမြှောက်ရာ။

(၂) ပြင်လူမြှောက်ချီး၊ မှုမပြီး၊ ချည်းနှီး ပျက်တတ်စွာ။

(၃) တွင်းပြင်မျှတ၊ ချီးမြှောက်က၊ ကိစ္စပြီးကြောင်းသာ။

ဓူမကာရိဇာတ် ပြီး၏။

***

(၄၁၄) - ဇာဂရဇာတ်

“နိုးသောသူတို့အတွင်း၌ အိပ်သောသူ၊ အိပ်သောသူတို့အတွင်း၌ နိုးသောသူသည် အဘယ်သူ ဖြစ်သနည်း” ဟု ရုက္ခစိုး မေးသော ပြဿနာကို ဖြေဆိုသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကိုယ်ကျိုးပြည့်စုံ အများလုံခြုံ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သောတာပန် သီတင်းသည် တစ်ယောက်သည် လှည်းငါးရာဖြင့် သာဝတ္ထိပြည်မှ တစ်ခုသော ကန္တာရ ခရီးသို့ သွား၏။ ထိုကန္တာရဝယ် ရေချမ်းသာရာ အရပ်သို့ရောက်လျှင် နွားတို့ကို ချွတ်၍ လှည်းစခန်းချလေ၏။ လှည်းသမားတို့သည် ချက်ပြုတ်စားသောက်ပြီးလျှင် မောပန်းသဖြင့် အိပ်ကြကုန်၏။ သီတင်းသည်ကား လှည်းစခန်းအနီး သစ်ပင်ရင်း၌ ညဉ့်သုံးယံပတ်လုံး ဆောက်တည်လျက် စင်္ကြံသွားကာနေ၏။

လှည်းသမား သတိပေး ခိုးသားပြေး

ထိုအခါ လက်နက်အပြည့်အစုံ ယူဆောင်ကာ လုယက်သတ်ဖြတ်ရန် လာကြသော သူခိုးတို့သည် စင်္ကြံသွားနေသော သီတင်းသည်ကို မြင်၍ ထိုသူအိပ်မှ လုယက် သတ်ဖြတ်ကြမည်ဟု ဝိုင်းရံ၍ စောင့်ကြကုန်၏။ သီတင်းသည်သည် တစ်ညဉ့်လုံး မအိပ်ပေ။ နံနက် မိုးသောက်သောအခါ သူခိုးတို့သည် လုယက်သတ်ဖြတ်ခွင့် မရသဖြင့် ယူခဲ့တိုင်းသော လက်နက်တိ့ကို စွန့်ပစ်ကာ “အို - လှည်းသမားတို့ … သင်တို့သည် တစ်ညဉ့်လုံး စင်္ကြံသွားနေသော ယောကျ်ားကြောင့် ချမ်းသာရာ ရကြသည်၊ ထိုယောကျ်ားကို ပူဇော်ချီးမြှောက်ကြလော့” ဟု အော်ဟစ်ပြောဆိုကာ ဖယ်သွားကြကုန်၏။

ကျေးဇူးကြီးလှ ကြည်ညိုကြ

လူတို့လည်း အိပ်ရာမှ နိုး၍ သူခိုးတို့ စွန့်ပစ်ခဲ့သော လက်နက်တို့ကို မြင်လျှင် အလွန် ထိတ်လန့်ကာ ငါတို့မှာ ဤသတင်းသည်ကြောင့် အသက်စည်းစိမ် ရပေသည်ဟု ကျေးဇူးတင်ကာ သီတင်းသည်အား များစွာသော ပူဇော်သက္ကာရကို ပြုကြကုန်၏။ သီတင်းသည် မိမိတို့ လိုရာအရပ်သို့သွားကာ ကိစ္စပြီးလျှင် သာဝတ္ထိပြည်သို့ ပြန်ရောက်၍ မြတ်စွာဘုရားထံ ဆည်းကပ်ကာ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို လျှောက်လေ၏။ မြတ်စွာဘုရားသည် “သီတင်းသည် … သင်သည်ပင်လျှင် မအိပ်ဘဲ စောင့်ရှောက်၍ ကျေးဇူးအထူးကို ရသည် မဟုတ်၊ ရှေးအခါ ပညာရှိတို့လည်း နိုးကြားသည်ဖြစ်၍ ကျေးဇူးအထူးကို ရဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လူ့ဘောင်စွန့်ခွာ တရားရှာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှင် အိပ်ထောင်ပြုကာ နေ၏။ နောက်အဖို့၌ တောထွက်၍ ရသေ့ရဟန်းပြုလျက် စျာန်အဘိညာဉ်ကို ဖြစ်စေပြီးလျှင် ဟိမဝန္တာအရပ်ဝယ် ရပ်ခြင်း သွားခြင်း ဣရိယာပုတ် နှစ်ခုဖြင့်သာ အချိန်ကုန်စေ၍ ညဉ့်အခါ မအိပ်ဘဲ စင်္ကြံသွားလျက်သာနေ၏။

ပြဿနာမေးရန် နတ်တောင်းပန်

စင်္ကြံဦးရှိ သစ်ပင်၌ နေသော ရုက္ခစိုး နတ်သမီးသည် ရသေ့ကို အလွန်ကြည်ညို၍ သစ်ခွ၌ နေလျက် -

“အို-ရှင်ရသေ့ … ဤလောက၌ အဘယ်သူသည် နိုးသူတို့ အတွင်း၌ အိပ်သူ မည်သနည်း၊ အဘယ်သူသည် အိပ်သူတို့ အတွင်း၌ နိုးသူ မည်သနည်း၊ အကျွန်ုပ် မေးသော ပြဿနာကို သိပါသလား၊ အဘယ်သူ ဖြေဆိုနိုင်ပါသနည်း” –

ဟု ရသေ့အား ပြဿနာကို မေးလေ၏။ ရသေ့လည်း ရုက္ခစိုး နတ်သမီးစကားကို ကြားလျှင် -

“အို-ရုက္ခစိုး နတ်သမီး … ငါကား နိုးသော ရဟန္တာတို့ အတွင်း၌ အိပ်သောသူ မည်၏၊ အိပ်သော ပုထုဇဉ်တို့ အတွင်း၌ နိုးသောသူ မည်၏၊ ငါသည် သင်မေးသော ပြဿနာကို သိ၏၊ ငါသည် သင့် ပြဿနာကို ဖြေဆိုနိုင်၏” –

ဟု ရုက္ခစိုး နတ်သမီးအား ဖြေကြားလေ၏။

ပြဿနာ မေးငြား ရသေ့ဖြေကြား

ထိုအခါ နတ်သမီးသည် အရှင်ရေသေ့အား ပြဿနာကို လျှောက်ထားလိုသဖြင့် -

“အို-ရှင်ရသေ့ … သင်သည် နိုးသောသူတို့ အတွင်း၌ အဘယ်သို့ အိပ်သောသူ မည်းသနည်း၊ အိပ်သောသူတို့ အတွင်း၌ အဘယ်သို့ နိုးသောသူမည်းသနည်း၊ သင်သည် အဘယ်သို့လျှင် အကျွန်ုပ်မေးသော ပြဿနာ သိသနည်း၊ အဘယ်သို့လျှင် ကျွန်ုပ်၏ ပြဿနာကို ဖြေဆိုနိုင်သနည်း” –

ဟု ရသေ့အား တစ်ဖန် ခွဲခြား၍ မေးပြန်၏။ ရသေ့လည်း -

“အို-နတ်သမီး … မဂ်ဖြင့်လာသော သီလ၊ ဣန္ဒြိယ သံဝရသီလ၊ လောကုတ္တရာတရား ကိုးပါးကို မသိသော ပုထုဇဉ်တို့သည် အိပ်ပျော်ခြင်းဖြင့် မေ့လျော့သောသူတို့ မည်ကုန်၏။ ထိုသူတို့ အတွင်း၌ ငါကား နိုးသောသူ မည်၏။

ရာဂ၊ ဒေါသ၊ မောဟ စသော ကိလေသာတို့ ကင်းကုန်သော ရဟန္တာတို့သည် နိုးသောသူတို့ မည်ကုန်၏၊ ထိုသူတို့အတွင်း၌ ငါကား အိပ်ပျော်သောသူမည်၏၊ ဤသို့ နိုးသော ရဟန္တာတို့ အတွင်း၌ ငါကား အိပ်ပျော်၏၊ အိပ်ပျော်သော ပုထုဇဉ်တို့ အတွင်း၌ ငါကား နိုးကြား၏၊ ငါသည် ဤသို့ သင်၏ ပြဿနာကို သိ၏၊ ငါသည် ဤသို့ သင့်ပြဿနာကို ဖြေဆိုနိုင်၏” –

ဟု နတ်သမီးအား တစ်ဖန် ခွဲခြား၍ ဖြေဆိုသည် ရှိသော် -

ပြဿနာဖြေဆို လွန်ကြည်ညို

နတ်သမီးသည် ရသေ့ ဖြေကြားသော စကားကို နာကြားရသဖြင့် အလွန်နှစ်သက်သည်ဖြစ်၍ -

“အို-ရှင်ရသေ့ … ကောင်းစွ၊ သင်သည် နိုးသော ရဟန္တာတို့ အတွင်း၌ အိပ်ပျော်၏၊ အို-ရှင်ရသေ့ … ကောင်းစွ၊ သင်သည် အိပ်ပျော်သော ပုထုဇဉ်တို့ အတွင်း၌ နိုးကြား၏။ အို-ရှင်ရသေ့ … ကောင်းစွ၊ အကျွန်ုပ်မေးသော ပြဿနာကို သိပေ၏။ အို-ရှင်ရသေ့ … ကောင်းစွ၊ အကျွန်ုပ်၏ ပြဿနာကို ဖြေဆိုနိုင်ပေ၏” –

ဟု ရသေ့အာ ချီးကျူး ထောမနာပြုကာ မိမိဗိမာန်တွင်းသို့ ဝင်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ နတ်သမီးသည် - ယခုအခါ ဥပ္ပလဝဏ်။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ပုထုဇဉ်လေ့၊ ကုသိုလ်မေ့၊ အိပ်၍ နေသူမည်။

(၂) ကုသိုလ်မမေ့၊ ရိယာလေ့၊ နိုး၍ နေသူမည်။

(၃) နိုးသူအထဲ၊ အိပ်သော်လည်း၊ အိပ်ထဲနိုးသူမည်။

ဇာဂရဇာတ် ပြီး၏။

***

(၄၁၅) - ကုမ္မာသပိဏ္ဍိဇာတ်

မင်းကြီး၏ ထီးနန်းစည်းစိမ်ကိုရခြင်း၊ မိဖုရား၏ လှပတင့်တယ်ခြင်း အကြောင်းရင်းများကား မုယောမုန့် လှူခဲ့ခြင်းနှင့် သီလစောင့်ထိန်းခဲ့ခြင်းတို့ပင်တည်း ဟု ဇာတိဿရဉာဏ်ဖြင့် အမှန် သိမြင်ကြသော မင်းမိဖုရားတို့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဘုရား လှူဒါန်း ပီတိပြွမ်း

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလ မင်းကြီး၏ မလ္လိကာ မိဖုရားကြီးကား သာဝတ္ထိပြည်ဝယ် ပန်းသည်ကြီး တစ်ဦး၏ သမီး ဖြစ်၏။ ထိုသတို့သမီးကား မြတ်သော အဆင်းကို ဆောင်၏။ အလွန် ပညာကြီး၏။

တစ်ဆယ့်ခြောက်နှစ်အရွယ် ရှိသောအခါ တစ်နေ့သ၌ သူငယ်မတို့နှင့်အတူ ပန်းဥယာဉ်သို့ သွားလတ်သော် ပန်းတောင်း၌ မုယောမုန့် သုံးဆုပ်ကို ထည့်၍ သွား၏။ မလ္လိကာသည် မြို့တွင်းမှ ထွက်သောအခါ ကိုယ်ရောင်တော်ကိုလွှတ်လျက် ရဟန်းအပေါင်း ခြံရံကာ ဆွမ်းခံကြွလာသော မြတ်စွာဘုရားကိုမြင်လျှင် အလွန် ကြည်ညိုသဖြင့် ပါလာသော မုယောမုန့် သုံးဆုပ်ကို လှူ၏။ မြတ်စွာဘုရားလည်း အလှူခံတော်မူ၏။ မလ္လိကာလည်း လှူပြီးလျှင် ခြေတော်အစုံကို ရှိခိုး၍ နှစ်သက်ခြင်း ပီတိကို ဖြစ်စေလျက် လျောက်ပတ်သော အရပ်၌ တည်နေ၏။

ဘုရား ပြုံးမှု ဗျာဒိတ်ပြု

ထိုအခါ မြတ်စွာဘုရားသည် မလ္လိကာကို ကြည့်တော်မူပြီးလျှင် ပြုံးတော်မူ၏။ ရှင်အာနန္ဒာသည် ပြုံးတော်မူခြင်း အကြောင်းကို လျှောက်ထား၏။ မြတ်စွာဘုရားသည် ချစ်သား အာနန္ဒာ ဤမလ္လိကာသည် မုယောမုန့် လှူရသော ကုသိုလ်ကောင်းမှုကြောင့် ယနေ့ပင်လျှင် ကောသလမင်းကြီး၏ မိဖုရားကြီး ဖြစ်လတ္တံ့ ဟု ဗျာဒိတ်ကြားတော်မူ၏။ မလ္လိကာလည်း ပန်းအရံသို့ သွားလေ၏။ မြတ်စွာဘုရားလည်း ဆွမ်းခံကြွတော်မူ၏။

မင်းကြီး မြင်ကောက် မိဖုရားမြှောက်

ထိုနေ့ ကောသလမင်းကြီးသည် အဇာတသတ်မင်းနှင့် စစ်ထိုး၍ ရှုံးသဖြင့် မြင်းစီး၍ ပြေးလေရာ ပန်းအရံအနီးသို့ရောက်လျှင် မလ္လိကာ၏ သီချင်းသံကို ကြားရကား အလွန်တပ်စွန်းသောစိတ် ရှိသဖြင့် ပန်းအရံအတွင်းသို့ မြင်းကိုမောင်းနှင်၍ သွား၏။ ဘုန်းတန်ခိုး ကြီးမားသော မလ္လိကာသတို့သမီးကား မင်းကြီးကို မြင်သော်လည်း မပြေးဘဲ မြင်း၏ နှာခေါင်းကို ဆီးကြို၍ ကိုင်၏။

မင်းကြီးလည်း အရှင်ရှိသလောဟု မေးရာ မရှိကြောင်းကို လျှောက်ထားလျှင် မြင်းပေါ်မှ ဆင်းသက်၍ မလ္လိကာ၏ ရင်ခွင်ဝယ်အိပ်လျက် တစ်ခဏမျှ အပန်းဖြေ၏။ အပန်းပြေလျှင် မလ္လိကာကို မြင်းပေါ်၌ တင်ဆောင်လျက် မြို့တွင်းသို့ ဝင်ပြီးလျှင် မိဘအိမ်သို့ ပို့၏။ ညအခါ ယာဉ်ဖြင့် နန်းတော်သို့ ယူစေပြီးလျှင် ရတနာအစု၌ ထား၍ မိဖုရားကြီး မြှောက်လေ၏။ မလ္လိကာ ကား မိဖုရားကြီး ဖြစ်ပြီးလျှင် လင်ကို နတ်ကဲ့သို့ ရိုသေ၏။ မင်းကြီးလည်း အလွန် ချစ်မြတ်နိုးတော်မူ၏။

တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် မလ္လိကာသည် မုယောမုန့် သုံးဆုပ်ကို လှူခြင်းကြောင့် မိဖုရားကြီး ဖြစ်ရကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် ရဟန်းတို့ မလ္လိကာမှာ သဗ္ဗညုတဘုရားအား လှူဒါန်းရခြင်းကြောင့် မိဖုရားကြီး ဖြစ်သည်မှာ မအံ့ဩလောက်သေး၊ ရှေးအခါ ပစ္စေကဗုဒ္ဓအား လှူရခြင်းကြောင့် ယူဇနာသုံးရာရှိသော ကာသိတိုင်း၌ မင်းစည်းစိမ်ကို ရဖူးပြီ ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မုန့်ဆွမ်းလှူလောင်း ဆုမွန်တောင်း

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဆင်းရဲမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် သူဌေးတစ်ဦးကို အမှီပြုကာ အခစားလုပ်၍ အသက်မွေးရ၏။

တစ်နေ့သ၌ သူဆင်းရဲသည် ငါ့မှာ နံနက်စာဖို့ ဖြစ်လိမ့်မည်ဟု စျေးမှ မုယောမုန့် လေးခုတို့ကို ယူ၍ အမှုလုပ်ရာသို့ သွားသည်ရှိသော် ဗာရာဏသီပြည်သို့ ဆွမ်းခံသွားသော ပစ်စကေဗုဒ်ဓါ လေးဆူတို့ကို မြင်လျှင် သဲတို့ကို လေးပုံပုံ၍ အထက်၌ သစ်ခက်တို့ကို ခင်းပြီးလျှင် ပစ်စကေဗုဒ်ဓါတို့ကို ပင့်၍ အစဉ် အတိုင်း သီတင်းသုံးစေပြီးလျှင် သစ်ရွက်တို့ဖြင့် ရေကိုဆောင်ယူကာ ရေစက်ချ၍ ပစ်စကေဗုဒ်ဓါ တစ်ဆူအား မုယောမုန့်ကို တစ်ဆုပ်စီ လှူပြီးလျှင် ရှိခိုး၍ အရှင်ဘုရားတို့ အကြှနျုပျသညျ ဤမုယောမုန့်ဆုပ်တို့ကို လှူရသော ကောင်းမှုကြောင့် ဘဝဆက်တိုင်း သူဆင်းရဲတို့ အမျိုး၌ မဖြစ်ရပါစေ၊ သဗ္ဗညုတဉာဏ်ကို သိခြင်း၏ အကြောင်း ဖြစ်ပါစေ ဟု ဆုတောင်းလေ၏။

ဆုတောင်းပြည့်လှ အတိတ်ဉာဏ်ရ

ပစ်စကေဗုဒ်ဓါ လေးဆူတို့လည်း မုယောမုန့်တို့ကို သူဆင်းရဲ ရှေ့မှာပင် ဘုဉ်းပေးပြီးလျှင် အနုမောဒနာပြု၍ နန္ဒမူလိုဏ်သို့ ကြွကုန်၏။ သူဆင်းရဲလည်း ပစ်စကေဗုဒ်ဓါတို့ကို မျက်စိတဆုံး ဖူးမြော်ပြီးလျှင် မိမိအလှူကို အောက်မေ့၍ ပီတိဖြစ်ကာ အမှုလုပ်ရာသို့ သွားလေ၏။ ထိုနေ့မှစ၍ ထိုကောင်းမှုကို အသက်ထက်ဆုံး အောက်မေ့၍ သေလွန်သောအခါ မုယောမုန့် လှူသော ကောင်းမှုကြောင့် ဗြဟ္မဒတ် မင်းကြီး၏ မိဖုရားကြီးဝမ်း၌ ဖြစ်၍ ဗြဟ္မဒတ္တ သတို့သားဟု အမည်မှည့်ကုန်၏။ ထိုဗြဟ္မဒတ်မင်းသားသည် ခြေဖြင့်သွားနိုင်သောအခါ မှစ၍ ငါကား ဤဗာရာဏသီပြည်မှာပင် သူရင်းငှား ဖြစ်၍ အမှုလုပ်သွားရာ ပစ်စကေဗုဒ်ဓါလေးဆူတို့ကို မွငျ၍ မုယောမုန့် လေးဆုပ်တို့ကို လှူသောကောင်းမှုကြောင့် မင်းမျိုး၌ ဖြစ်ရ၏ ဟု ကြည်လင်သော ကြေးမုံပြင်ဝယ် မျက်နှာရိပ် ထင်သကဲ့သို့ ရှေးဘဝတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာ အလုံးစုံကို ဇာတိဿရဉာဏ်ဖြင့် သိမြင်လေ၏။

အတိတ်ကံကြောင်းပြု ဝမ်းမြောက်မှု

ထိုမင်းသားသည် အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာတို့ကို သင်ကြားပြီးလျှင် အိမ်ရှေ့မင်းအဖြစ်ကိုရ၍ နောက်အခါ အဘမင်းကြီး သေလွန်လျှင် မင်းအဖြစ်ကို ရလေ၏။ ကောသလငမ်း၏ သမိးတော်ကို ဆောင်ယူကာ မိဖုရားကြီး ပြုလေ၏။ နန်းတက်မင်္ဂလာ ပြုသောနေ့၌ မြို့အလုံးကို နတ်မြို့ကဲ့သို့ နတ်ဆာဆင်၍ ထီးဖြူဆောင်းမိုးအပ်သော ရာဇပလ္လင်ပေါ်တွင်နေလျက် ငါ့မှာ ထီးနန်းစည်းစိမ် ဂုဏ်သိန်ကျက်သရေ အခြွေအရံတို့ကို ရခြင်းကား တခြားအကြောင်းကြောင့် မဟုတ်၊ ရှငျပစေ်စကဗုဒ်ဓါ လေးဆူတို့အား မုယောမုန့် လေးဆုပ်ကို လှူခဲ့ဖူးသော ကောင်းမှုကုသိုလ်ကြောင့် ရပေသည်ဟု ဝမ်းမြောက်ဝမ်းသာ ဖရဏာပီတိ ဂွမ်းဆိထိသကဲ့သို့ တစ်ကိုယ်လုံး ပျောင်းအိလျက် လူအပေါင်းတို့ အလယ်၌ -

အချင်းတို့ မြတ်သော ပစ္စေကဗောဓိဉာဏ်အမြင်ရှိသော ပစ်စကေဗုဒ်ဓါတို့၌ လက်အုပ်ချီခြင်း၊ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ အရိုအသေပြုခြင်း၊ လှူဒါန်းခြင်း စသည်တို့ကား နည်းသောအကျိုးရှိသည် မဟုတ်၊ အစေးမရှိ တင်လဲ မထည့်ဘဲ လုပ်သော မုယောမုန့်၏ အကျိုးကို ကြည့်ရှုပါလော။

များစွာသော ဆင်၊ နွား၊ မြင်း၊ ပတ္တမြား စသော ဥစ္စာ ခုနစ်ပါးသော စပါးမျိုး အလုံးစုံသောမြေပြင် နတ်သမီးနှင့်တူသော မိန်းမများ ဤဆိုအပ်ပြီးသော အကျိုးတို့ကို ကြည့်ရှုပါလော၊ ဤအကျိုးတို့ကား မုယောမုန့်ကို လှူဒါန်းခြင်းကြောင့် ရသော အကျိုးတို့သည်

ဟု ပြောဆိုကာ ဥဒါန်းကျုးလေ၏။ ထိုနေ့မှစ၍ မင်းကြီး သီဆိုသော ဥဒါန်းသီချင်းကိုသာ လျှင် ဤသီချင်းကား ငါတို့မင်းကြီး နှစ်သက်မြတ်နိုးသော သီချင်း ဖြစ်သည်ဟု စွဲလမ်းကာ တိုင်းသူပြည်သားတို့လည်း ထိုထိုအရပ် ဇာတ်ပွဲသဘင်တို့၌ သီဆိုကြကုန်၏။ ဤသို့ ကာလရှည်လျားလတ်သော် မိဖုရားကြီးသည် ထိုသီချင်းဂါထာ၏ အနကျအဓိပ္ပါယျကို သိလိုသော်လည်း မင်းကြီးကို မမေးဝံ့၊ ဆိတ်ဆိတ်သာ နေရ၏။

မင်းကြီး ဂါထာကို ဆုယူလို

တစ်နေ့သ၌ မင်းကြီးသည် မိဖုရားကြီးအား ဂုဏ်ကျေးဇူး တစ်စုံတစ်ခု၌ ကြည်ညိုနှစ်သက်သဖြင့် ရှင်မ သင့်အား ငါ ဆုပေးမည်၊ လိုရာဆုကို ယူလော ဟု ပြော၏။ အရှင်မင်းကြီး ကောင်းပြီ ယူမည်ဟု ပြော၏။ သင့်အား ဆင် မြင်း စသည်တို့တွင် အဘယ်ကိုပေးရမည်နည်း ဟု မေး၏။ အရှင်မင်းကြီး အကြှနျုပျအား မပြည့်စုံခြင်း မည်သည် မရှိပါ၊ ဆင် မြင်း စသည်တို့ကို အလိုမရှိပါ၊ အကယ်၍ ပေးလိုပါမူ သင်မင်းကြီးတို့ သီဆိုအပ်သော သီချင်းဂါထာ၏ အနကျအဓိပ္ပါယျကိုသာ ပြောကြားပါ ဟု လျှောက်၏။ ရှင်မ ဤဆုဖြင့် ဘယ်အကျိုးရှိမည်နည်း၊ တစ်ပါးသောဆုကို ယူပါ ဟု ပြော၏။ အရှင်မင်းကြီး တစ်ပါးသော ဆုကို အလိုမရှိပါ၊ ဤဆုကိုသာ အလိုရှိပါ၏ ဟု လျှောက်၏။ ရှင်မ ကောင်းပြီ ပြောဆိုမည်၊ သို့သော်လည်း သင်တစ်ယောက်တည်းအား ဆိတ်ကွယ်ရာ၌ မပြောဆိုလို၊ မြို့အလုံး၌ စည်လည်စေ၍ မင်းအိမ်တံခါး၌ ရတနာ မဏ္ဍပ် ဆောက်လုပ်ပြီးလျှင် ရတနာ ပလ္လင်ကို ခင်းစေ၍ ပလ္လင်ထက်၌ နေလျက် အလုံးစုံသော သူတို့အား ပြောဆို ဟောကြားမည် ဟု ဝန်ခံလေ၏။

မိဖုရား လျှောက်ထား မင်းဟောကြား

မိဖုရားကြီးလည်း မင်းကြီး ပြောဆိုသည့်အတိုင်း ပြုလုပ်စေပြီးလျှင် အရှင်မင်းကြီး စီမံ၍ ပြီးပါပြီ၊ ကြွတော်မူပါ ဟု ပင့်ဖိတ်၍ ပလ္လင်၌ နေစေပြီးလျှင် -

ကုသိုလ်ကို အလိုရှိ၍ တိုင်းနိုင်ငံကို ကြီးပွားစေတတ်သော အရှင်မင်းကြီး အရှင်မင်းကြီးသည် သီချင်းဂါထာကို အလွန် နှစ်သက်ဝမ်းမြောက်စွာ အမြဲမပြတ် ဆိုဘိ၏၊ ထိုသီချင်းဂါထာ၏ အနက်ကို မေးမြန်းပါ၏၊ ဖြေကြားတော်မူပါ

ဟု မင်းကြီးအား ပရိသတ်ဗိုလ်ထု၏ အလယ်တွင် လျှောက်ထားလေ၏။ ထိုအခါ မင်းကြီးသည် -

ရှင်မ ငါသည် ရှေးအခါ ဤဗာရာဏသီပြည်၌ ပင်လျှင် အထင်ရှားသော သူဆင်းရဲမျိုး၌ ဖြစ်၍ သူတစ်ပါး အမှုကိစ္စ၌ အခစား ပြုလုပ်ကာ အသက်မွေးလျက် သီလကို စောင့်သုံးခဲ့ဖူးပြီ။

ရှင်မ ငါသည် အမှုလုပ်ရာသို့ သွားသည်ရှိသော် မဂ်ဖိုလ်မှလာသော အကျင့်သီလနှင့် ပြည့်စုံလျက် အာသဝေါတရားလေးပါး မရှိ ငြိမ်းချမ်းသော အရှငျပစေ်စကဗုဒ်ဓါ လေးဆူတို့ကို ဖူးမြင်ရပြီ။

ရှင်မ ငါသည် ထိုပစ်စကေဗုဒ်ဓါ လေးဆူတို့၌ စိတ်ကို ကြည်ညိုစေလျက် သစ်ရွက်အခင်း၌ သီတင်းသုံးစေပြီးလျှင် မိမိလက်တို့ဖြင့် မုယောမုန့် လေးဆုပ်တို့ကို လှူဒါန်းခဲ့ဖူးပြီ။

ရှင်မ ငါ၏ ဤသို့သော သဘောရှိသော အကျိုးသည် မုယောမုန့် လေးဆုပ်ကို လှူဒါန်းသော ကုသိုလ်၏အကျိုး ဖြစ်သည်၊ မြေအပြင်ကို အစိုးရ၍ ပြည့်စုံမွန်မြတ်သော ဤမင်းစည်းစိမ်ကို ခံစားရပြီ

ဟု မိဖုရားကြီး အမှူးရှိသော ပရိသတ်တို့အား ကောင်းကင် အလယ်တွင် လပြည့်ဝန်းကို ထင်စေဘိသကဲ့သို့ ထင်ရှားစွာ သီချင်းဂါထာ၏ အနက် အဓိပ္ပါယျကို ဟောကြားလေ၏။

မင်းကြီး စေတနာ ချီးကျူးကာ

ထိုအခါ မိဖုရားကြီးသည် မင်းကြီး၏ တရားစကားကို ကြားနရလျှင် ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ -

ကုသိုလ်ကို အလိုရှိသော အရှင်မင်းကြီး လှူဒါန်း၍ သာ စာတော်မူပါ၊ ဒါန စသော ကုသိုလ်ကောင်းမှုတို့၌ မမေ့လျော့ပါလင့်၊ ပဋိရူပဒေသဝါသ စသော စက်လေးပါးကိုလည်း လည်ပါစေလော့၊ တရားကို စောင့်ပါလော့-

ဟု မင်းကြီးအား ချီးကျူးကာ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ရန် တိုက်တွန်းလေ၏။

အို-တင့်တယ်လှပသော ကောသလမင်းကြီး၏ သမီးတော် ငါသည် အရိယာတို့ သွားလာလော့ကျက်အပ်သော ဒါန ဟူသော လမ်းခရီးကို အဖန်တလဲလဲ သွားပါအံ့၊ ငါသည် ရဟန္တာတို့ကို ဖူးမြင်ခြင်းငှာ နှစ်သက် မြတ်နိုးလှပါ၏

ဟု မိဖုရားကြီးအား ပြောဆို ဝန်ခံလေ၏။

မိဖုရား အတိတ်ကံ စစ်မေးပြန်

ထိုအခါ မင်းကြီးသည် မိဖုရားကြီး၏ လှပတင့်တယ်ခြင်း၊ စည်းစိမ် အခြံအရံ ပေါများခြင်းကို ကြည့်ရှုပြီးလျှင် ရှင်မ ငါ၏ ရှေးက ပြုခဲ့ဖူးသော ကုသိုလ်ကောင်းမှုကို ပြောကြားအပ်ပြီ

အို-လှပတင့်တယ်သော ကောသလမင်းကြီး၏ သမီးတော် သင်သည် နတ်သမီးနှင့် တူ၏၊ မောင်းမတို့ အလယ်၌ သိကြားမင်း၏ မိဖုရားကဲ့သို့ တင့်တယ်လှ၏၊ ရှေးအခါ အဘယ်ကောင်းမှုကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကြောင့် အဆင်းလှသနည်း

ဟု မိဖုရားကြီးကို တစ်ဖန် မေးမြန်းပြန်၏။

ရှေးအတိတ်ကံများ အကျိုးခံစား

မိဖုရားကြီးလည်း မင်းကြီးကဲ့သို့ပင် ရှေးဘဝက အဖြစ်အပျက်ကို သိနိုင်သော ဇာတိဿရဉာဏ်ကို ရရှိပေ၏။ ထိုကြောင့် မင်းကြီး မေးသောစကားကို ကြားလျှင် -

အရှင်မင်းကြီး အကျွန်ပ်လည်း ရှေးအခါ သူကြွယ်မျိုး၏ အစေအပါး ကျွန်မ ဖြစ်၍ ကိုယ် နှုတ် နှလုံး သုံးပါးကို စောင့်ရှောက်ခဲ့ပြီ၊ သီလနှင့် ပြည့်စုံခဲ့ပြီ၊ တရားသဖြင့် အသက်မွေးခဲ့ပြီ၊ ထိုကြောင့် လှပတင့်တယ် ရှုချင်စဖွယ် အဆင်းရှိပါ၏။

အရှင်မင်းမြတ် ထိုအခါ အရှင်စ္စေကဗုဒ္ဓါအား ဆွမ်းခံကြွလာစဉ် ဝေစုရသော ထမင်းကို ကိုယ်ပိုင်နှစ်သက်ဝမ်းမြောက်စွာ လှူဒါန်းခဲ့ဖူးပြီ၊ အကြှနျုပျ၏ ဤသို့ သဘောရှိသော အကျိုးသည် ဝေစုရသော ထမင်းကို လှူဒါန်းရသော ကုသိုလ်ကောင်းမှု၏ အကျိုးဖြစ်ပါ၏

ဟု မင်းကြီးအား မိမိ ရှေးဘဝက ပြုခဲ့ဖူးသော ကောင်းမှုကံကို ထင်ရှားစွာ ဖြေဆိုလေ၏။

နှစျဦးသဒ်ဒါ လွန်ကဲစွာ

ဤသို့လျှင် မင်းကြီးနှင့် မိဖုရားကြီးတို့သည် မိမိ မိမိတို့၏ ကောင်းမှုကံကို အကျယ်အားဖြင့် ပြောဆိုပြီးလျှင် မြို့တံခါး လေးမျက်နှာ မြို့တော် နန်းတော်တံခါး ဤခြောက်ဌာနတို့၌ အလှူတင်းကုပ် ခြောက်ဆောင်တို့ကို ဆောက်လုပ်နေစဉ် ဇမ္ဗူဒိပ် တစ်ကျွန်းလုံး ကျော်ကြားစေလျက် အလှူကြီးကို ပေးလှူကုန်၏။ သီလကို ဆောက်တည်ကုန်၏။ ဥပုသ်ကို စောင့်သုံးကုန်၏။ အသက်၏ အဆုံး၌ နတ်ပြည်သို့ လားကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မိဖုရားကြီးသည် - ယခုအခါ ရာဟုလာမယ်တော်။

မင်းကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အလှူပေးကြ၊ စောင့်သီလ၊ သုံးကြဥပုသ်ကို။

(၂) သူတော်အများ၊ နိဗ္ဗာန်သွား၊ မမှားလမ်းရိုးကို။

(၃) ဘဝသံသရာ၊ ကျင်လည်ကာ၊ လိုရာပြည့်သကို။

ကုမ္မာသပိဏ္ဍိဇာတ် ပြီး၏။

***

(၄၁၆) - ပရန္တပဇာတ်

သတ္တဝါတို့၏ စကားသံကို သိသော မင်းသားနှင့် မင်းကြီးကိုသတ်သော ပရန္တပကျွန်တို့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဒေဝဒတ်ကြံမှု သတ်ရန်ပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရားအား သတ်ရန် ကြံစည်အားထုတ်ခြင်းကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သားကိုပြစ်ရှာ သတ်ဖို့ရာ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုရားကြီးဝမ်း၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်သို့သွား၍ ဒိသာပါမောက္ခဆရာကြီးထံ၌ အလုံးစုံသော အတတ်ပညာတို့ကို သင်ကြား၏။ အထူးအားဖြင့် *သဗ္ဗရုတဇာနန မန္တရားကိုလည်း သင်ကြား၏။ တတ်မြောက်သောအခါ ဆရာအဖို့ဖြစ်သော အသပြာတို့နှင့် ပူဇော် ကန်တော့ပြီးလျှင် ဗာရာဏသီပြည်သို့ ပြန်၏။ အဘမင်းကြီးသည် သားတော် ပြန်ရောက်လာလျှင် အိမ်ရှေမင်းအရာ ထား၏။ သို့သော်လည်း မင်းသားကို သတ်ရန် ကြံစည်လျက်သာ နေ၏။ အနည်းငယ်မျှ မမြင်လို။

*(သဗ္ဗရုတဇာနနမန္တရား အလုံးစုံသော လူ တိရစ္ဆာန် သတ္တဝါတို့မြည်တွင် ပြောဆိုသော ဘာသာစကားကို သိနားလည်သော မန္တရား-ဂါထာ)

မြေခွေးစကား မင်းသား ကြား

ထိုအခါ မြေခွေးမ တစ်ကောင်သည် ညအခါ လူတို့အိပ်ကုန်စဉ် သားငယ်နှစ်ကောင်တို့ကို ခေါ်ယူလျက် ရေပြွန်ပေါက်ဖြင့် မြို့တွင်းသို့ဝင်၍ ကျက်စားလေ၏။ အိမ်ရှေ့မင်း၏ နန်းပြာသာဒ် အိပ်ရာတိုက်ခန်းအနီး၌ ဇရပ်တစ်ဆောင်ရှိ၏။ ထိုဇရပ်၌ ခရီးသွား ဧည့်သည်ယောက်ျားသည် သားရေ ဖိနပ်ကိုချွတ်၍ အင်းပျဉ်တွင် အိပ်၏။ မြေခွေးမသည် ချစ်သားတို့ အသံမပြုကြလင့်၊ ခရီးသွား ယောက်ျား အိပ်ပျော်သောအခါ ဖိနပ်ကို စားရလိမ့်မည် ဟု မိမိဘာသာဖြင့် ပြောလေ၏။

မင်းသား မြတ်လတ် မြေခွေးငတ်

အိမ်ရှေ့မင်းသည် မန္တရားကို အနုဘော်ဖြင့် မြေခွေးမပြောသော စကားကို သိနားလည်၍ လေသာပြတင်းကို ဖွင့်၍ ဇရပ်၌ လူရှိသလောဟု မေးရာ ရှိကြောင်း လျှောက်ထားလျှင် သင်၏ဖိနပ်ကို မြေ၌ ချွတ်ထားလျှင် ယူ၍ အပေါ်မှာ ဆွဲထားပါလေ ဟု အမိန့်ပေးသဖြင့် ခရီးသွား ယောက်ျားလည်း ဖိနပ်ကိုယူ၍ ဆွဲထားလိုက်၏။ မြေခွေးမလည်း အိမ်ရှေ့မင်းအား အမျက်ထွက်လေ၏။

သားငယ်ငြိမ်လို ခွေးမ ဆို

တစ်နေ့သ၌ မြေခွေးမသည် ရှေးနည်းအတူ မြို့သို့ဝင်၍ ကျက်စားပြန်၏။ ထိုအခိုက် သူရာယစ်သောသူ တစ်ယောက်သည် ရေသောက်မည်ဟု ရေကန်သို့ ဆင်းသက်ရာ ရေနစ်၍ သေဆုံးလေ၏။ ထိုယောက်ျား၌ ဝတ်ထားသော ပုဆိုးနှစ်ထည်၊ အသပြာ တစ်ထောင်၊ လက်စွပ်တစ်ကွင်း ရှိ၏။ ထိုအခါ မြေခွေးမသည် ငတ်မွတ်၍ မြည်နေသော သားငယ်တို့ကို ချစ်သားတို့ အသံမပြုကြလင့်၊ ရေကန်တွင်း၌ လူတစ်ယောက် သေဆုံး၏၊ ၎င်း၌ ပုဆိုးနှစ်ထည်၊ အသပြာ တစ်ထောင်၊ လက်စွပ်တစ်ကွင်း ရှိ၏၊ ထိုလူသော အသားကို စားရလိမ့်မည် ဟု ပြောလေ၏။

သူသေဆယ်ငြား မြှုပ်နှံထား

အိမ်ရှေ့မင်းလည်း ရှေးနည်းအတူ မြေခွေးမ ပြောသော စကားကိုသိ၍ ပြတင်းပေါက်ကို ဖွင့်ပြီးလျှင် ဇရပ်တွင် လူရှိသလော မေး၍ ရှိကြောင်းကို လျှောက်ထားရာ အမောင် ရေကန်တွင်း၌ လူတစ်ယောက် သေဆုံး၍ နေသည်၊ ၎င်း၌ ပါသော ပုဆိုးနှစ်ထည်၊ အသပြာတစ်ထောင်၊ လက်စွပ်တစ်ကွင်းကိုယူ၍ အလောင်းကောင်ကိုလည်း မပေါ်နိုင်အောင် ရေတွင်မြှုပ်လော့ ဟု ပြောလေ၏။ ခရီးသွား ယောက်ျားလည်း ထ၍ ရေကန်တွင်းသို့ ဆင်းပြီးလျှင် ပုဆိုးနှစ်ထည်၊ အသပြာ တစ်ထောင်၊ လက်စွပ်တစ်ကွင်းကို ယူ၍ လူသေကောင်ကို ရေတွင် မပေါ်နိုင်အောင် မြှုပ်၍ ထားခဲ့၏။

ရန်ငြိုးဖွဲ့လောက် ခွေးခြိမ်းခြောက်

ထိုအခါ မြေခွေးမသည် အိမ်ရှေ့မင်းသား သင့်အတွက်ကြောင့် ယခင်နေ့၌ လည်း သားငယ်တို့သည် သားရေဖိနပ်ကို မစားရကုန်၊ ယနေ့လည်း သူကောင်ကို မစားရကုန်၊ သုံးရက်မြောက်နေ့၌ သင်တို့ တိုင်းပြည်ကို စစ်ထိုးရန် ပြည်နီးချင်းမင်း လာ၍ ဝိုင်းလိမ့်မည်၊ အဘမင်းကြီးက သင့်ကို စစ်ထိုးခိုင်းလိမ့်မည်၊ စစ်ထိုးရာ၌ သင့်ဦးခေါင်း ပြတ်လိမ့်မည်၊ ထိုအခါ ငါ သင့်လည်ချောင်းသွေးကို သောက်၍ ရန်တုံ့ကို ဖြေမည်ဟု ပြောဆိုကာ ပြင်းစွာ အမျက်ထွက်လျက် ရန်ငြိုးဖွဲ့၍ အိမ်ရှေ့မင်းကို ခြိမ်းခြောက်ပြီးလျှင် သွားလေ၏။

မင်းသားရှောင်လျက် မြို့ပြင်ထွက်

နောက်သုံးရက်မြောက်နေ့၌ မြေခွေးမ ပြောသော အတိုင်း ပြည်နီးချင်းမင်းသည် စစ်သည် ဗိုလ်ပါနှင့်တကွလာ၍ စစ်ထိုးရန် မြို့ကို ဝိုင်း၏။ ထိုအခါ အဘမင်းကြီးသည် အိမ်ရှေ့မင်းအား အမောင် စစ်ထိုးသွားချေ ဟု ပြော၍ ခမည်းတော် အကြှနျုပျသညျ မကောင်းသောနိမိတ်တစ်ခုကို မြင်ရ၏၊ မသွားဝံ့ပါ၊ အသက်ဘေးကို ကြောက်ရသည် ဟု လျှောက်၏။ အမောင် သေသော်လည်းကောင်း၊ မသော် လည်းကောင်း ငါ့အား ကိစ္စမရှိ၊ သွားသာ သွားလော့ ဟု အတင်းအဓမ္မ စေခိုင်းလေ၏။

အိမ်ရှေ့မင်းသည် ဗိုလ်ပါပရိသတ်ကိုယူ၍ ရန်သူမင်းရှိရာ တံခါးဖြင့် မထွက်ဘဲ အခြား တံခါးဖြင့် ထွက်လေ၏။ တစ်မြို့လုံး အိမ်ရှေ့မင်းနောက်သို့ လိုက်၍ ထွက်ကြသဖြင့် တိတ်ဆိတ်လျက် အချည်းနှီး ဖြစ်လေ၏။

တိုင်းပြည်ဆုံးရှုံး မင်းကြီးပုန်း

အိမ်ရှေ့မင်းလည်း သင့်တင့်ရာအရပ်၌ သစ်တပ်တည်၍ နေ၏။ မင်းကြီးလည်း အိမ်ရှေ့မင်းထွက်၍ အချည်းနှီးဖြစ်သော မြို့ကိုမြင်လျှင် ကြံရာမရသဖြင့် ငါ့အသက်ကို ငါ စောင့်ရှောက်တော့မည်ဟု မိဖုရားကြီး၊ ပုရောဟိတ်၊ ခြေရင်း အလုပ်အကျွေး ပရန္တပကျွန်တို့ကို ခေါ်၍ ညတွင်းချင်းပင် မထင်ရှားသော အသွင်ဖြင့် မြို့မှထွက်၍ တောသို့ ဝင်လျက် ပုန်းလျှိုး၍ နေ၏။ အိမ်ရှေ့မင်းလည်း အဘမင်းကြီး ထွက်ပြေးသည်ကို သိလျှင် မြို့သို့ဝင်၍ စစ်ထိုးကာ ရန်သူမင်းကို ပြေးစေပြီးလျှင် တိုင်းပြည်အလုံးကို သိမ်ယူကာ မင်းပြုလေ၏။

မိဖုရားဖောက်ပြန် မင်းသတ်ရန်

အဘမင်းကြီးလည်း တောသို့ရောက်လျှင် မြစ်ကမ်းနားဝယ် သစ်ရွက်မိုးဇရပ် ဆောက်လုပ်၍ သစ်သီးကြီးငယ်ဖြင့် မျှတကာနေ၏။ နေ့စဉ် ပုရောဟျိတျနှငျ့ မင်းကြီးသည် သစ်သီးရှာ သွားရ၏။ ပရန္တပကျွန်နှင့် မိဖုရားကြီးသည် ဇရပ်တွင် နေရစ်ရ၏။ မင်းကြီးကိုစွဲ၍ မိဖုရားကြီး၌ ကိုယ်ဝန်တည်လေ၏။ မိဖုရားကြီးသည် ပရန္တပကျွန်နှင့် မပြတ်ပေါင်းဖော်ရခြင်းကြောင့် အလွန် အကျွမ်းဝင်လေ၏။ တစ်နေ့သ၌ မိဖုရားကြီးသည် ပရန္တပကျွန်အား မင်းကြီး သိလတ်သော် သင်နှင့်ငါ မုချ သေရလတ္တံ့၊ သို့အတွက် မင်းကြီးကို သတ်ရမည်၊ အရှင်မိဖုရား အဘယ်သို့ သတ်မည်နည်း ဟု မေး၏။ အမောင် မင်းကြီးသည် သန်လျက်နှင့် ရေလဲကို ယူစေ၍ သင့်ကို ရေချိုးခေါ်သွားသောအခါ သင်သည် မင်းကြီး မေ့လျော့နေစဉ် သန်လျက်ဖြင့် ခုတ်၍ သတ်ပြီးလျှင် မြေ၌ မြှုပ်၍ လာခဲ့လော့ ဟု အကြံဉာဏ်ပေးလေ၏။

မင်းကြီးသတ်ကာ ကျွန်ပြန်လာ

တစ်နေ့သ၌ ပုရောဟိတ်သည် သစ်သီးရှာသွားလတ်သော် မင်းကြီး ရေချိုးနေကျ ဆိပ်အနီးရှိ သစ်ပင်တစ်ပင်သို့ တက်၍ သစ်သီးကို ဆွတ်ခူးလျက်နေ၏။ ထိုအခိုက် မင်းကြီးသည် ပရန္တပကျွန်ကို သန်လျက် ရေလဲကို ယူခဲ့စေ၍ ရေချိုးရန် မြစ်ဆိပ်သို့ သွားလေ၏။ မင်းကြီး ရေချိုး၍ မေ့လျော့နေစဉ် မင်းကြီးကို သတ်ရန် လည်းပင်းကို မြဲစွာကိုင်၍ သန်လျက်ကို မိုး၏။ မင်းကြီးလည်း သေဘေးမှ ကြောက်သဖြင့် ဟစ်အော်၏။ ပုရောဟိတ်ကြား၍ ကြည့်လတ်သော် မင်းကြီးကို သတ်နေသော ပရန္တပကျွန်ကို မြင်လျှင် ထိတ်လန့်သဖြင့် ကိုင်ထားသော သစ်ခက်ကိုလွှတ်ကာ အောက်သို့ဆင်း၍ ချုံတစ်ခုတွင် ပုန်းအောင်း၍ နေ၏။ ပရန္တပကျွန် သည် ပုရောဟိတ် လွှတ်လိုက်သော သစ်ခက်သံကို ကြား၍ မင်းကြီးကို သတ်ပြီးလျှင် မြေ၌ မြှုပ်၍ သစ်ခက်သံကြားရာ အရပ်သို့ သွား၍ စုံစမ်းလတ်သော် တစ်စုံတစ်ရာကို မမြင်သဖြင့် ရေချိုးပြီးလျှင် ဇရပ်သို့ ပြန်လေ၏။

ပုဏ္ဏား မမြင်ယောင် ကန်းဟန်အောင်

ပုရောဟိတ်သည် ပရန္တပ ပြန်သွားသောအခါ ပုန်းအောင်းရာမှ ထွက်၍ လာလတ်သော် မင်းကြီး သတ်၍ မြှုပ်သောတွင်းကို သိ၍ ရေချိုးပြီးလျှင် သေဘေးမှ ကြောက်သဖြင့် ကန်းဟန်းဆောင်ကာ ဇရပ်သို့ပြန်လေ၏။ ထိုအခါ ပရန္တပသည် ပုဏ္ဏားကိုမြင်လျှင် ပုဏ္ဏားကြီး အသင် ဘာဖြစ်လာသနည်း ဟု မေးသောအခါ ပုဏ္ဏားကြီးသည် မမြင် မသိဟန်ဆောင်၍ အရှင်မင်းကြီး အကြှနျုပျသညျ သစ်သီးရှာရင်း တောင်ပို့တစ်ခုတွင် နားနေရာ မြွေမှုတ်လိုက်သဖြင့် မျက်စိ မမြင်တော့ပါဈ ကန်းပါပြီ ဟု ပြော၏။ ပရန္တပလည်း ငါ့ကို မသိတော့၍ မင်းကြီးပင် မှတ်ထင်နေသည်ဟု ယုံကြည်လျက် ပုဏ္ဏား မစိုးရိမ်နှင့်၊ သင်တို့ကို ငါ လုပ်ကျွေးမည် ဟု ဝန်ခံပြီးလျှင် သစ်သီးကြီးငယ် ရှာဖွေကာ ကျွေးမွေးလေ၏။

ချင်းချင်းမေးငြား ပုဏ္ဏားကြား

တစ်နေ့သ၌ မိဖုရားကြီးသည် သားယောက်ျားကို ဖွားမြင်၏။ သားတော်လည်း သိကြား လိမ္မာသောအခါ ပရန္တပကျွန်ကိုပင် အဘရင်းဟု မှတ်ထင်၍ နေလေ၏။ တစ်နေ့သ၌ မိုးသောက်သောအခါ မိဖုရားသည် ပရန္တပကျွန်အား မင်းကြီးကို သတ်သောအခါ တစ်စုံတစ်ယောက်သူ မြင်သလော ဟု မေး၏။ ထိုအခါ ပရန္တပကျွန်သည် -

အရှင်မ အကြှနျုပျကို တစ်စုံတစ်ယောက်မျှ မမြင်ပါ၊ စင်စစ်ကား မင်းကြီးကို သတ်သောအခါ သစ်လက်လှုပ်သံ ကြားလိုက်ရ၏။ လူကြောင့် လှုပ်သည်၊ တိရစ္ဆာန်ကြောင့် လှုပ်သည်ကို မသိပါ၊ ထိုကြောင့် သစ်ခက်လှုပ်ရာမှ အကြှနျုပျအား မကောင်းကျိုးသည် ရောက်လာလတ္တံ့၊ ဘေးသည် ရောက်လာလတ္တံ့

ဟု မိဖုရားကြီးအား ဖြစ်သမျှ အကြောင်းကို ပြောကြားလေ၏။ ပရန္တပကျွန်နှင့် မိဖုရားကြီးတို့သည် ပုရောဟိတ် အိပ်ပျော်နေသည်မှတ်၍ ပြောကြားကြကုန်၏။ ပုရောဟိတ်ကား အိပ်မပျော်ချေ။ ပြောသမျှစကား အလုံးစုံကို ကြားရ၏။

ပရိယာယ်သိလို ပုဏ္ဏားဆို

တစ်နေ့သ၌ ပုရောဟိတ်သည် ပရန္တပကျွန် သစ်သီးရှာ သွားလတ်သော် မိမိ ပုဏ္ဏေးမကို အောက်မေ့ သတိရ၍ မြည်တမ်းသည့်အလား -

အချင်းတို့ လှုပ်သော သစ်ခက်သည် ပရန္တပကျွန်ကို ကြုံလှီဖျော့တော့အောင် ပြုသကဲ့သို့၊ နှစ်ယူဇနာ သုံးယူဇနာထကျ၌ နသေော ပုဏ္ဏေးမ၌ တစ်စွန်းခြင်း ကာမသည် စင်စစ် ငါ့ကို ကြံလှီ ဖျော့တော့အောင် ပြုလိမ့်မည်တကား

ဟု ပုဏ္ဏားကြီးသည် ပါဠိဂါထာကိုသာ သီဆိုမြည်တမ်း၏။ အနက်ကိုကား မသီဆိုလေ။ ထို့ကြောင့် ဂါထာ၏ အနကျအဓိပ္ပါယျသညျ မိဖုရားကြီး၌ မထင်ရှားလေ။ ထိုအခါ မိဖုရားကြီးသည် ပုဏ္ဏားကြီး အဘယ်သို့ ဆိုဘိသနည်း ဟု မေးသောအခါ အနက် အဓိပ္ပါယျကို လှီးလွှဲကာ ပြောကြားလေ၏။

ဥပါယ်နည်းကြံ သီဆိုပြန်

တစ်ဖန် တစ်နေ့သောအခါ ပုဏ္ဏားကြီးသည် ပရိယ်ာနည်းဖြင့် ပရန္တပကျွန် ပြုလုပ်သော အမှုကို ပြောလိုသဖြင့်-

အချင်းတို့ လှုပ်သော သစ်ခက်သည် ပရန္တပကျွန်ကို ကြုံလှီဖျော့တော့အောင် ပြုသကဲ့သို့ ရွာ၌ နေရစ်၍ ကဲ့ရဲ့ဖွယ်မရှိ၊ နှစ်သက်ဖွယ် အဆင်းရှိသော မယား ပုဏ္ဏေးမသည် ငါ့ကို စိုးရိမ်အောင် ကြုံလှီဖျော့တော့အောင် ပြုလိမ့်မည်တကား

ဟု ပါဠိဂါထာကို သီဆိုမြည်တမ်းပြန်၏။ တစ်ဖန် တစ်နေ့သောအခါ ၌ လည်း ပုရောဟိတ်သည် -

အချင်းတို့ လှုပ်သော သစ်ခက်သည် ပရန္တပကျွန်ကို ကြုံလှီဖျော့တော့အောင် ပြုသကဲ့သို့ မျက်ရေးကွက်ထားသဖြင့် စိမ်းညိုသော မျက်တောင်ရှိသော စကားတို့သည် ငါ့ကို ကြုံလှီဖျော့တော့အောင် ပြုလိမ့်မည်တကား - ဟု ပါဠိဂါထာကို သီဆို မြည်တမ်းပြန်၏။

ဖြစ်ကြောင်း သဘော မင်းသားငယ်ပြော

နောက်အဖို့၌ မင်းသားသည် တစ်ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သောအခါ ပုရောဟိတ်သည် မင်းသားကို တောင်ဝှေးစွန်းကို ကိုင်စေ၍ ရေချိုးဆိပ်သို့သွားကာ မျက်စိတို့ကို ဖွင့်၍ ကြည့်လေ၏။ မင်းသားသည် ပုရောဟိတ်၏ မျက်စိတို့ကို မြင်လျှင် ပုဏ္ဏားကြီး သင်၏ မျက်စိ ကန်းသည် မဟုတ်လော ဟု မေး၏။ အရှင်မင်းသား မကန်းပါ၊ အသက်ကို စောင့်ရှောက်လို၍ ကန်းဟန်ဆောင်နေပါသည် ဟု ပြောပြီးလျှင် အရှင်မင်းသား . သင့်အဘကို သိ၏လော၊ အဘယ်သူနည်း ဟု မေး၏။ ပုဏ္ဏားကြီး ပရန္တပ ဖြစ်ပါသည် ဟု ပြော၏။ အရှင်မင်းသား သင့်အဘကား ပရန္တပ မဟုတ်၊ ဗာရာဏသီ မင်းကြီး ဖြစ်သည်၊ ပရန္တပကား သင်တို့ အစေခံကျွန် ဖြစ်သည်၊ သင့်အမိသည် ပရန္တပနှင့် မှားယွင်းသော အကျင့်ကို ကျင့်ကာ ဤအရပ်၌ သင့်အဘ မင်းကြီးကိုသတ်၍ မြှုပ်စေ၏၊ အရိုးတို့ကို ကြည့်လော့ ဟု ဖော်ထုတ်၍ ပြလေ၏။ မင်းသားအား ကြီးစွာသော စိုးရိမ်ပူဆွေးခြင်းသည် ဖြစ်လေ၏။

ကျွန်ကိုသတ်ရေး ပုဏ္ဏား နည်းပေး

ထိုအခါ မင်းသားသည် ပုဏ္ဏားကြီး ယခု အဘယ်သို့ ပြုရအံ့နည်း ဟု မေး၏။ အရှင့်သား ပရန္တပသည် ဤအရပ်၌ လျှင် သင့်အဘကို သန်လျက်ဖြင့် သတ်ဘိ၏၊ သင်လည်း ထိုပရန္တပကို ဤအရပ်၌ ပင် သန်လျက်ဖြင့် သတ်လော ဟု အကြောင်းအလုံးစုံကို ပြောကြားပြီးလျှင် မင်းသားကို နှစ်ရက် သုံးရက် သန်လျက်ကိုင်နည်း ခုန်နည်းတို့ကို သင်ပြလေ၏။

ကျွန်ဆက်ဓားတင် ကြိမ်းမောင်းစဉ်

တစ်နေ့သ၌ မင်းသားသည် သန်လျက်နှင့် ရေလဲကို ယူ၍ ပရန္တပအား ရေချိုးသွားရန် ပြောကြား၏။ ပရန္တပလည်း ချစ်သား သွားမည် ဟု ဆို၍ လိုက်လေ၏။ ရေဆိပ်သို့ရောက်လျှင် ပရန္တပသည် ရေချိုးရန် မြစ်သို့ သက်ဆင်း၏။ ထိုအခါ မင်းသားသည် လက်ယာလက်ဖြင့် သန်လျက်ကိုကိုင်၍ လက်ဝလက်ဖြင့် ဦးသျှောင်ကို မြဲစွာ ကိုင်လျက် ဟယ် - ကျွန်ယုတ် သင်သည် ဤအရပ်၌ လျှင် ငါ့အဘကို ဦးသျှောင်ကိုကိုင်၍ ဟစ်အော်စဉ် ပင် သန်လျက်ဖြင့် ခုတ်၍ သတ်ဘိ၏၊ ငါလည်း သင့်ကို ထိုနည်းအတူ ပြုလုပ်မည် ဟု ကြိမ်းမောင်း၏။

သေဘေးကြောက်ပြန် ကျွန်တောင်းပန်

ပရန္တပကျွန်လည်း သေဘေးမှ ကြောက်သဖြင့် မိမိပြုခဲ့သော အမှုကို မင်းသားအား တောင်းပန်လို၍ -

အမောင် သစ်ခက်လှုပ်သော အသံသည် သင့်ထံသို့ လာလေယောင်တကား၊ သင်ခက်လှုပ်သော အသံသည် သင့်အား ပြောကြားလာယောင်တကား၊ သစ်ခက် လှုပ်စေသောသူသည် သင့်အား ထိုအကြောင်း ကို ပြောကြားယောင်တကား

သစ်ခက် လှုပ်သောအခါ လူကြောင့် လှုပ်သည် တိရစ္ဆာန်ကြောင့် လှုပ်သည်ဟု ငါ မသိခဲ့၊ ထိုကြောင့် မိုက်စွာသော ငါ့အား ဘေးဖြစ်လိမ့်မည်ဟု အကြံဖြစ်ခဲ့ဖူး၏။ ထိုဘေးသည် သင့်နှင့်တကွ လာယောင်တကား

ဟု ငိုကြွေး မြည်တမ်းလေ၏။

ကျွန်ကိုသုတ်သင် တိုင်းပြည်ဝင်

ထိုနောင်မှ မင်းသားသည် ပရန္တပကျွန်အား မိမိဖခင် သတ်သကဲ့သို့ ပြုလုပ်လိုသဖြင့် -

ဟယ် ပရန္တပကျွန် ထိုအတူ သင် သိဘိ၏၊ သင်သည် ငါ၏အဘကို သတ်ဘိ၏၊ သတ်ပြီး၍ သစ်ခက်တို့ဖြင့် ဖုံးလွှမ်းဘိ၏၊ သင့်အား ဘေးသည် ရောက်လိမ့်မည်

ဟု ကြိမ်းမောင်းပြီးလျှင် ထိုအရပ်၌ ပင် သန်လျက်ဖြင့် ခုတ်သတ်၍ မြေ၌ မြှုပ်ကာ သစ်ခက်တို့ဖြင့် ဖုံးလွှမ်းခဲ့၍ သန်လျက်ကို ရေဆေး၍ ရေချိုးပြီးလျှင် ဇရပ်သို့ ပြန်လေ၏။ ရောက်လျှင် ပုရောဟိတ်အား ပရန္တပကို သတ်ခဲ့သော အကြောင်းကို ပြောကြားပြီးလျှင် အမိကိုလည်း ဆဲရေးလေ၏။ ထိုနောက် ဤအရပ်၌ နေ၍ အကျိုးမရှိဟု ပြောဆို တိုင်ပင်ပြီးလျှင် အမိနှင့် ပုရောဟိတ်ကိုခေါ်၍ ဗာရာဏသီပြည် အစ်ကို မင်းကြီးထံ သွားလေ၏။ အစ်ကို မင်းကြီးလည်း ညီတော် မင်းသား ရောက်လျှင် အိမ်ရှေ့မင်းရာထူးကိုပေး၍ ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကာ သေလွန်သည့် အခြားမဲ့၌ နတ်ပြည်သို့ လားရ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ အဘမင်းကြီးသည် - ယခုအခါ ဒေဝဒတ်။

အိမ်ရှေ့မင်းသားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဖခင်ဖြစ်လျက်၊ သားကိုမျက်၊ ပျက်ဖို့ကြံရက်လေ။

(၂) သားကားပြည်စိုး၊ ဘလူဆိုး၊ ကျွန်မျိုးသတ်၍ သေ။

(၃) သူ့မကောင်းကြံ၊ ကိုယ့်ဘေးဒဏ်၊ အမှန်ထိမြဲပေ။

ပရန္တပဇာတ် ပြီး၏။

***

(၄၁၇) - ကစ္စာနိဇာတ်

တရားသေပြီဟု ဆို၍ သုသာန်၌ သပိတ်သွတ်နေသော ကစ္စည်းအနွယ်ဝင် အမယ်အိုကို သိကြားမင်း မေးမြန်းခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အမိ မြတ်နိုးလှ နတ်တမျှ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်၌ အမျိုးသားငယ် တစ်ယောက်သည် အကျင့်သီလနှင့် ပြည့်စုံ၏။ အဘ သေလွန်သောအခါ အမိကို အိမ်ဦးနတ်ကဲ့သို့ အရိုအသေ လုပ်ကျွေး၏။

အမျိုးသားငယ်၏ အမိသည် “ချစ်သား … သင့်အား တစ်ပါးသော အိမ်ထောင်မှုကိစ္စ ရှိသေးသည်၊ အမျိုးသမီးတစ်ယောက်ကို ယူပါ” ဟု ပြော၏။ “မိခင် … အကျွန်ုပ်သည် မိမိ စီးပွားချမ်းသာကို မတောင့်တပါ၊ မိခင်ကိုသာ လုပ်ကျွေးလိုပါ၏၊ အကျွန်ုပ်မှတစ်ပါး မိခင်ကို အဘယ်သူ လုပ်ကျွေးမည်နည်း” ဟု ပြော၏။ “ချစ်သား … အမျိုး၏ တိုးပွားခြင်းကို ပြုသင့်၏ မဟုတ်လော” ဟု မေး၏။ “မိခင် … အမျိုး၏ တိုးပွားခြင်းကို အလိုမရှိပါ၊ အမိ သေလွန်လျှင် ရဟန်းပြုပါမည်” ဟု ပြောဆို၏။ မိခင်သည် သားကို အဖန်ဖန် တောင်းပန်၍ အမျိုးသမီး တစ်ယောက်ကို အိမ်သို့ ယူဆောင်ပြီး လက်ထပ်လေ၏။

မိခင် ရိုသေ လင်ချစ်လေ

နောက်အခါ အမျိုးသမီးသည် ငါ့လင်ကား အမိကိုအလွန် အားထုတ်၍ လုပ်ကျွေးပေသည်၊ သို့အတွက် ငါသည် လင်ကိုယ်စားပြု၍ လုပ်ကျွေးမည်၊ ထိုသို့ လုပ်ကျွေးလျှင် လင်သည် ငါ့ကို နှစ်သက်မြတ်နိုး၍ ငါ ပြောဆိုတိုင်း လိုက်နာပေမည်ဟု ကြံစည်လျက် ယောက္ခမအား အလွန်အားထုတ်လျက် လုပ်ကျွေးလေ၏။ အမျိုးသားလည်း မိမိ မိခင်ကို လုပ်ကျွေးသော မယားအား နှစ်သက်မြတ်နိုးသဖြင့် ရသမျှသော ပစ္စည်းဥစ္စာတို့ကို မယားအားသာ အပ်နှင်းလေ၏။ ထိုအခါ မယားသည် ပစ္စည်းဥစ္စာ ဟူသမျှ ငါ့ကိုပင် အပ်နှင်းဘိသည်၊ ဧကန် မိခင်ကို နှင်ထုတ်လိုသည် ဖြစ်လိမ့်မည်ဟု အထင်လွဲ၍ မိခင်အား ဆန့်ကျင်ဘက် ပြုလေ၏။

ချွေးမစိတ်ယုတ် ဆန့်ကျင်လုပ်

တစ်ရံတစ်ခါ အလွန်အေးသော ထမင်း ယာဂု ခဲဖွယ်ကို ပေး၏။ အေးလှသည် ဆိုပြန်လျှင် အလွန်ပူသော ထမင်းယာဂု ခဲဖွယ်ကို ပေးပြန်၏။ တစ်ရံတစ်ခါ အလွန် ဆားပေါ့သော အစာအာဟာရကို ပေးပြန်၏။ တစ်ရံတစ်ခါ အလွန်အေးသော ရေကို ချိုးစေ၏။ အေးသည် ဆိုပြန်လျှင် အလွန်ပူသော ရေကို ချိုးစေပြန်၏။ ဤသို့ စသည်ဖြင့် ဆန့်ကျင်ဘက်ကိုသာ ပြုလုပ်၍ နေ၏။ မိခင်က အေးသည်ပူသည် စသည်ကို ပြောပြန်လျှင် လည်း လုပ်ပေးသမျှ မကျေနပ်နိုင်၊ ချေးများလှသည်၊ ဤသက်ကြီးအိုမနှင့် ဘယ်သူမျှ အတူ နေနိုင်မည် မဟုတ်၊ စသည်ဖြင့် အိမ်နီးချင်း ကြားလောက်အောင် ရေရွတ်အော်ဟစ်၏။

မယားစိတ်မိုက် လင်ကုန်းတိုက်

တစ်နေ့သ၌ ချွေးမသည် ယနေ့ သက်ကြီးအိုမှအား သားနှင့် မုန်းတီးအောင် ရန်တိုက်မည်ဟု ကြံစည်လျက် လင်ယောက်ျား သွားခိုက် တစ်အိမ်လုံး နှပ်၊ တံတွေး၊ ချွဲခန်း စသော အညစ်ကြေးတို့ဖြင့် ပေကျံအောင် ပြုလုပ်ထား၏။ . လင်ယောက်ျား လာသောအခါ “အရှင် … အရှင့်မိခင် ပြုလုပ်ထားသည်ကို ကြည့်ရှုလော၊ နေ့ရှိသမျှ ဆန့်ကျင်ဘက်ချည်း ပြုလုပ်နေသည်၊ သူ သဘောကျအောင် မလုပ်ကျွေးတတ်တော့ပြီ၊ မည်သူမျှ သည်းခံနိုင်မည် မဟုတ်၊ ဤလို ယုတ်မာသောသူနှင့် တစ်အိမ်တည်း မနေနိုင်၊ သို့အတွက် ဤသက်ကြီးအိုမကိုလည်း အိမ်မှ နှင်ထုတ်လော၊ သို့မဟုတ် အကျွန်ုပ်လည်း နှင်ထုတ်လော” ဟု မိခင်ကို အပြစ်ဖို့လျက် လုပ်ကြံပြောဆို ကုန်းတိုက်လေ၏။

သားအမိနှင့် ခွဲမရ ကန်တော့ဝန်ချ

အမျိုးသားသည် မယားယုတ် စကားကို ကြားလျှင် အကျင့်သီလနှင့် ပြည့်စုံသူ ဖြစ်၍ မယားယုတ် ကုန်းတိုက်တိုင်း ယုံကြည်ခြင်းမရှိဘဲ မယားအား “ရှင်မ … သင်ကား ငယ်ရွယ်သေး၏၊ တစ်နေရာမှာ သွား၍ အသက်မွေးနိုင်သည်၊ မိခင်ကား အားနည်းလှ၏၊ ငါမှတစ်ပါး ကိုးကွယ်ရာမရှိ၊ သို့အတွက် မနေနိုင်လျှင် သင် ဆင်းသွားလော့” ဟု အိမ်မှ နှင်ထုတ်လေ၏။ ထိုအခါ မယားသည် လင့်စကားကို ကြားလျှင် ဤသားအမိကို ငါ အချစ်ပျက်အောင် ကုန်းမတိုက်နိုင်၊ ငါသည် မိဘအိမ်၌ နေပြန်ကလည်း မုဆိုးမ၏ နေခြင်းမျိုးဖြင့် ဆင်းဆင်းရဲရဲ နေရပေမည်၊ သို့အတွက် ငါသည် ရှေးနည်းအတိုင်း လုပ်ကျွေးတော့မည်ဟု ကြံစည်ကာ အိမ်မှမဆင်းဘဲ အလွန်အားထုတ်၍ လုပ်ကျွေးမြဲ လုပ်ကျွေးပြန်၏။

ထိုနောင် အမျိုးသားသည် မြတ်စွာဘုရားထံ ဆည်းကပ်၍ မိမိ မယားအကြောင်းကို လျှောက်ထား၏။ မြတ်စွာဘုရားသည် “သီတင်းသည် … သင်သည် ယခုအခါ ထိုမိန်းမ စကားကို မလိုက်နာပေ၊ ရှေးအခါ၌ ကား ထိုမိန်းမ စကားကို လိုက်နာ၍ မိခင်အိုကို နှင်ထုတ်ထားရာ ငါ့ကိုမှီ၍ တစ်ဖန် အိမ်သို့ဆောင်ယူပြီးလျှင် လုပ်ကျွေးဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မိဘဝတ်ပြု ချစ်ခင်မှု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် မထင်ရှားသော အမျိုးသား တစ်ယောက်သည် အဘ သေလွန်သောအခါ အမိကို အိမ်ဦးနတ်ကဲ့သို့ ရိုသေစွာ လုပ်ကျွေး၏။ အမိသည် အိမ်ထောင်ပြုရန် အလိုမရှိသော သားအား အဖန်တလဲလဲ တောင်းပန်ကာ အမျိုးသမီး တစ်ယောက်ကို အိမ်သို့ဆောင်ယူ၍ အိမ်ထောင်ပြုစေ၏။ အမျိုးသမီးသည် ရှေးဦးစွာ လင်၏အမိကို အထူးဂရုစိုက်၍ လုပ်ကျွေး၏။ လင်လည်း မြတ်နိုးသဖြင့် ပစ္စည်းဥစ္စာ အလုံးစုံကို အပ်နှင်း၏။

အမိနှင့် သားမိုက် မယားကုန်းတိုက်

မယားသည် နောင်အခါ အမိအိုကို နှင်ထုတ်စေလိုသဖြင့် ကောက်ကြံကာ ဆန့်ကျင်ဘက် ပြု၍ သာ နေ၏။ ကောင်းစွာ မလုပ်ကျွေးလေ။ အမိအိုကို အပြစ်ရှာ၍ သာ ယောက်ျားအား အချစ်ပျက်အောင် ကုန်းတိုက်၏။ တစ်နေ့သောအခါ မယားသည် အမိအို အပြစ်ကို လီဆယ်၍ ပြကာ “အရှင် … အရှင့်အမိသည် ယုတ်မာလှ၏၊ အတူမနေနိုင် အိမ်မှ အရှင့်အမိအိုကိုလည်း နှင်ထုတ်လော၊ သို့မဟုတ် အကျွန်ုပ်ကိုလည်း နှင်ထုတ်လော” ဟု ကုန်းတိုက်ပြန်လေ၏။

မိခင်နှင်လိုက် သားလူမိုက်

ထိုအခါ ယောက်ျားသည် မယားယုတ် စကားကို ယုံကြည်၍ အမိအား “မိခင် … သင်သည် ဤအိမ်၌ အမြဲခိုက်ရန်ပြုဘိ၏၊ ဤအိမ်မှထွက်၍ အလိုရှိရာအရပ်၌ နေလေ” ဟု ပြောဆိုကာ နှင်ထုတ်လေ၏။ အမိအိုလည်း ကောင်းပြီဟု ပြောဆိုကာ ငိုကြွေးလျက် အိမ်မှထွက်၍ သူကြွယ်တစ်ဦး အိမ်၌ အခစား အစေခံလုပ်ကာ ဆင်းရဲစွာ အသက်မွေးရရှာ၏။

ယောက္ခမ အိမ်မှထွက်သောကာလ၌ ချွေးမ၌ ကိုယ်ဝန်တည်လေ၏။ ချွေးမလည်း အပြစ်ကိုရှာနေရာ ပြောစရာ အချက်ကောင်း ရသည့်အနေဖြင့် ယုတ်မာသော သက်ကြီးအိုမ အိမ်၌ နေသောအခါ ကိုယ်ဝန်မရ၊ မနေသောအခါ ကိုယ်ဝန်ရခဲ့၏ဟု လင်ယောက်ျားအား လည်းကောင်း အိမ်နီးချင်းတို့အား လည်းကောင်း အမြဲပြောဆိုလျက်နေ၏။

တရားသေသင်္ဂြိုဟ် အမယ်အို

နောက်အခါ သားယောက်ျားကို ဖွားမြင်၍ မယားသည် လင်ယောက်ျားကို “အရှင် … အရှင့်အမိ သက်ကြီးအိုမ အိမ်၌ နေသောအခါ သားမရ၊ မနေသောအခါ မှ ရသည်၊ သို့အတွက် သင့်အမိ ယုတ်မာသည် အဖြစ်ကို သိပါလော” ဟု အပြစ်ကိုပြ၍ ပြောဆိုပြန်၏။

ယောက္ခမ သက်ကြီးအိုမလည်း မိမိကို အိမ်မှ နှင်ထုတ်သောကာလ၌ သားရသည်ဟု ကြား၍ “လောက၌ မုချ တရားသေသည် ဖြစ်လိမ့်မည်၊ အမိကို သတ်ပုတ်ညှဉ်းဆဲကာ အိမ်မှနှင်ထုတ်၍ သားမရပေရာ၊ ချမ်းသာ၍ အသက်မရှည်တန်ရာ၊ ငါသည် တရားသေ၍ ဆွမ်းသွတ်မည်” ဟု ကြံစည်၍ မုန့်၊ ဆန်၊ ထင်း၊ အိုး၊ ယောက်မ စသည် အစုံအလင် ယူ၍ သုသာန်သို့သွားရာ လူသေဦးခေါင်းခွံသုံးခုကို ခုံလောက်လုပ်ကာ မီးမွှေးပြီးလျှင် ရေသို့ဆင်းသက်ကာ ဦးခေါင်းလျှောက်၍ အဝတ်ဖြူကိုဝတ်လျက် ခုံလောက်ထားရာ သို့လာကာ ဆံထုံးကိုဖြေ၍ ဆန်ဆေးရန် ပြင်ဆင်လျက် နေ၏။

အမယ်အိုပြုရေး သိကြားမေး

ထိုအခါ သိကြားမင်းသည် လူ့ပြည်သို့ ကြည့်လတ်သော် သုသာန်ဝယ် တရားသေ ဆွမ်းသွတ်ရန် ဆန်ဆေးနေသော သက်ကြီးအိုမကိုမြင်လျှင် ငါသည် ထိုသက်ကြီးအိုမကို ကြည့်ရှုစောင့်ရှောက်မည်ဟု ကြံစည်ကာ ပုဏ္ဏားအသွင်ဖြင့် အနီးတွင်ရပ်လျက် -

“အို-ကစ္စည်းအနွယ် ဖြစ်သော ရှင်မ … သင်သည် စင်ကြယ်သော အဝတ်ဖြူကို ဝတ်၍ စိုစွတ်သော ဆံရှိလျက် လူ့ဦးခေါင်းခွံ ခုံလောက်တို့၌ ထမင်းအိုးကို တည်ထားကာ နှမ်းတို့ကို ကြိတ် ဆန်တို့ကို ဆေးကြောကာ ဘယ်အတွက်ကြောင့် နှမ်းထမင်း ချက်သနည်း” –

ဟု သက်ကြီးအိုမအား မေးလေ၏။

သိကြား အမေး အဖြေပေး

သက်ကြီးအိုမသည် သိကြားမင်း မေးသော စကားကိုကြားလျှင် မိမိ ပြုလုပ်သော အမှုကို ကြားလို၍ -

“အို-ပုဏ္ဏား … ကောင်းစွာ ချက်အပ်သော ဤနှမ်းထမင်းသည် စားရလိမ့်မည် မဟုတ်၊ တရားသည် သေလွန်ခဲ့၏၊ ယနေ့ ငါသည် သုသာန်အလယ်၌ တရားသေ၍ ဆွမ်းသွတ်ခြင်းကိုပြုမည်” –

ဟု သိကြားမင်းအား ပြောကြားလေ၏။ ထိုအခါ သိကြားမင်းသည် -

“အို-ကစ္စည်းအနွယ် ဖြစ်သော ရှင်မ … သင်သည် စိစစ်၍ အမှုကိစ္စကိုပြုလော၊ တရားသေသည်ဟူ၍ သင့်အား အဘယ်သူ ပြောကြားသနည်း၊ အတုမရှိ အာနုဘော်ရှိ၍ တရားမင်းမြတ် ဖြစ်လျက် မျက်စိအမြင် တစ်ထောင်ကိုဆောင်သော သိကြားမင်း ဘယ်အခါမျှ မသေပါ”

ဟု သက်ကြီးအိုမအား တရား မသေကြောင်းကို ပြောကြားလေ၏။

ဖြစ်ကြောင်းဘဝ ရှင်းလင်းပြ

ထိုအခါ မိမိ ဖြစ်ပျက်သော အကြောင်း ပုဏ္ဏားအား ပြောလိုသဖြင့် သက်ကြီးအိုမသည် -

“အို-ပုဏ္ဏား … ဤတရားသေရာ၌ ငါ့မှာ ယုံမှားကင်းခြင်းသည် မြဲ၏၊ တရားသေရာ၌ ယုံမှားမရှိ၊ ယခုအခါ ယုတ်မာသော တရားရှိသော သူတို့သည်သာလျှင် ချမ်းသာကြကုန်၏၊ အမှန်အားဖြင့် ငါ့ချွေးမသည် မြုံခဲ့၏၊ ထိုချွေးမသည် ငါ့ကိုသတ်ပုတ်ညှဉ်းဆဲ၍ အိမ်မှ နှင်ထုတ်သောကြောင့် သားကို ဖွားမြင်သည် ဖြစ်အံ့၊ သားနှင့်တကွ ပြာကဲ့သို့ လွင့်ပျောက် ပျက်စီးအောင် ပြုပါလော” –

ဟု သက်ကြီးအိုမအား တရား မသေကြောင်းကို ရှင်းလင်း၍ ပြောဆိုပြန်၏။ ထိုအခါ သက်ကြီးအိုမသည် -

“အို-သိကြားမင်း … သင်သည် ငါ၏အတွက်သာ ဤအရပ်သို့ အကယ်၍ လာခဲ့သည် ဖြစ်ပါအံ့၊ ငါ၊ ငါ၏သား၊ ငါ၏ချွေးမ၊ ငါ၏မြေး ဤလေးယောက်လုံးပင် အိမ်၌ ဝမ်းမြောက်ဝမ်းသာ နေလိုပါကုန်၏” –

ဟု သိကြားမင်းအား မိမိ အလိုရှိရာ ဆန္ဒကို ပြောကြားပြန်၏။

မေတ္တာစိတ်သွင်း သည်းခံခြင်း

သိကြားမင်းလည်း မေတ္တာတရား ဟောကြား၍ အမယ်အိုအား မှာကြားလို၍ -

“အို-ကစ္စည်းအနွယ်ဖြစ်သော ရှင်မ … သင်တို့ လေးယောက် အိမ်၌ ဝမ်းမြောက်ဝမ်းသာ နေလိုပါအံ့၊ သတ်ပုတ် နှင်ထုတ်သော်လည်း သယ်သူတို့၌ သင်သည် မေတ္တာတရားကို မစွန့်ပါအံ့၊ သင်, သင်၏သား, သင်၏ချွေးမ, သင်၏မြေး ဤလေးယောက်တို့သည် အိမ်၌ ဝမ်းမြောက်ဝမ်းသာ နေကြလော့” –

ဟု သက်ကြီးအိုမအား ပြောဆိုပြီးလျှင် မိမိ၏ အာနုဘော်ဖြင့် ကောင်းကင်၌ ရပ်လျက် “အရှင်မ … သင်သည် မကြောက်လင့်၊ သင့်သားနှင့် ချွေးမတို့သည် ငါ၏ အာနုဘော်ဖြင့် သင့်ထံသို့ လိုက်လာ၍ ကန်တော့ဝန်ချံပြီးလျှင် အိမ်သို့ ခေါ်ယူကြလိမ့်မည်၊ သတိနှင့်နေလော” ဟု မှာထား၍ မိမိနေရာ တာဝတိံသာသို့ သွားလေ၏။

ချင်းချင်းတူနေ ပျော်ရွှင်ပေ

သားနှင့် ချွေးမတို့လည်း သိကြားမင်း၏ အာနုဘော်ဖြင့် မိမိ၏ ဂုဏ်ကျေးဇူးကို သတိရ၍ ငါတိုအမိသည် အဘယ်မှာနည်းဟု သုသာန်သို့သွား၍ အမိကိုမြင်လျှင် ခြေရင်း၌ ဝပ်ကုန်၍ “မိခင် … အကျွန်ုပ်တို့ အပြစ်ကို သည်းခံတော်မူပါ” ဟု ကန်တော့ တောင်းပန်ကြ၏။ အမိသည် မြေးငယ်ကိုယူ၍ ချီပွေ့ကာ အိမ်သို့ပြန်ပြီးလျှင် သားအမိ မြေးအဘွား လေးယောက်တို့သည် ထိုအခါမှစ၍ ဝမ်းမြောက်ဝမ်းသာ ညီညွတ်စွာ နေကြကုန်၏။

မြတ်စွာဘုရားသည် ဒေသနာတော်ကိုဆောင်၍ သစ္စာကို ပြသည်၏အဆုံး၌ သီတင်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

· ထိုအခါ အမိလုပ်ကျွေးသောသူသည် - ယခုအခါ အမိကိုလုပ်ကျွေးသော သီတင်းသည်။

· မယားသည် - သီတင်းသည်၏ မယား။

· သိကြားမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိ,ဘနှစ်ဆူ၊ လုပ်ကျွေးမူ၊ သူမြတ်ဓမ္မတာ။

(၂) မိခင်, ဖခင်၊ ကျွေးမွေးလျှင် ၊ ဘေးစင်ရန်ပေါင်းကွာ။

(၃) ကျေးဇူးသိငြား၊ သမီးသား၊ ကြီးပွားချမ်းသာစွာ။

ကစ္စာနိဇာတ် ပြီး၏။

***

(၄၁၈) - အဋ္ဌသဒ္ဒဇာတ်

ညဉ့်အိပ်ချိန်ဝယ် အသံကြီး ၈ ပါးကိုကြား၍ ကြောက်လန့်သဖြင့် ယဇ်ပူဇော်ပွဲပြုရန် စီရင်သော ဗာရာဏသီမင်းအား အသံ ၈ ပါး၏ အကြောင်းရင်းအမှန်ကို ရသေ့သူမြတ် ညွန်ပြခြင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ညဉ့်ခါသံကြား မင်းလျှောက်ထား

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလ မင်းကြီးသည် ညဉ့်သန်းခေါင်းယံတွင် ကြားအပ်သော ကြောက်မက်ဖွယ်သော အသံကြီး ရှစ်မျိုးတို့ကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မင်းကြည်ညိုလေ ဥယျာဉ်နေ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှင် အမိအဘတို့ သေလွန်သောအခါ စည်းစိမ်ဥစ္စာ အလုံးစုံကို စွန့်ပယ်၍ ဟိမဝန္တာသို့ ဝင်ပြီးလျှင် ရသေ့ရဟန်းပြုကာ စျာန်အဘိညာဉ်ကို ဖြစ်စေလျက် သစ်သီးကြီးငယ်ဖြင့် မျှတကာနေ၏။ နောက်အခါ ချဉ်ဆား မှီဝဲလိုသဖြင့် လူတို့နေရာသို့ သွားလတ်သော် ဗာရာဏသီပြည်သို့ ရောက်၍ မင်းကြီး၏ ဥယျာဉ်တော်မှာပင် နေ၏။

ညဉ့်အခါ မင်းကြား အသံများ

ထိုအခါ ဗာရာဏသီ မင်းကြီးသည် အသရေရှိသော အိမ်ရာတွင် အိပ်နေစဉ် ညဉ့်သန်းခေါင်းယံ အခါ၌ ကြောက်မက်ဖွယ်သော အသံကြီး ရှစ်မျိုးတို့ကို ကြားရ၏။ ထိုအသံကြီး ရှစ်မျိုးတို့ကား -

(၁) ဥယျာဉ်တော်၌ ဗျိုင်းမြည်သော အသံ။

(၂) ဆင်တင်းကုပ် တုရိုဏ်တိုင်၌ ကျီးမ မြည်သောအသံ။

(၃) နန်းတော်အထွက်၌ နေသော ယုဏ မြည်သော ပိုးမြည်သောအသံ။

(၄) နန်းတော်၌ မွေးထားသော ဥဩမ မြည်သောအသံ။

(၅) နန်းတော်၌ မွေးထားသော သမင် မြည်သောအသံ။

(၆) နန်းတော်၌ မွေးထားသော မျောက် မြည်သောအသံ။

(၇) နန်းတော်၌ မွေးထားသော ကိန္နရာ မြည်သောအသံ။

(၈) နန်းတော်အထက်၌ ပစ်စကေဗုဒ်ဓါ ဥဒါန်းကျူးသောအသံတို့ ဖြစ်ကုန်၏။

ပုဏ္ဏားတို့လျှောက်တင် ယဇ်စီရင်

မင်းကြီးသည် ထိုအသံကြီး ရှစ်မျိုးတို့ကို ကြား၍ အလွန် ထိန်လန့်ရကား နက်ဖြန်နံနက်၌ ပုဏ္ဏားတို့ကို မေးလေ၏။ ပုဏ္ဏားတို့သည် သင်မင်းကြီး အန္တရာယ် ဖြစ်လိမ့်မည်၊ အန္တရာယ် လွတ်ငြိမ်းအောင် သဗ္ဗစတုက္ကယဇ်ကို ပူဇော်လော့ဟု လျှောက်ထားကြကုန်၏။ မင်းကြီးလည်း ပုဏ္ဏားတို့အား အလိုရှိတိုင်း ပြုကြကုန်ဟု ခွင့်ပြုလေ၏။ ပုဏ္ဏားတို့လည်း နှစ်သက်ရွှင်လန်းသည်ဖြစ်၍ မင်းကြီးနန်းတော်မှ ထွက်ပြီးလျှင် ယဇ်ပူဇော်ရန် စီရင်အားထုတ်ကြကုန်၏။ ထိုယဇ်ကို စီရင်သော ပုဏ္ဏားတို့တွင် အကြီးဖ်စြသော ပုဏ္ဏား၏တပည့် ပုဏ္ဏားလုလင်သည် ပညာဉာဏ်ရှိ၏။ လိမ္မာ၏။

ပုဏ္ဏားပညာရှိ မြစ်တားဘိ

ထိုပုဏ္ဏားလုလင်သည် ဆရာကြီး ဤသို့ ရုန့်ရင်းကြမ်းကြုတ်စွာ သတ္တဝါများစွာ ပျက်စီးခြင်းအမှုကို မပြုပါလင့် ဟု ပြော၏။ အမောင် သင်သည် ဘာကို သိသနည်း၊ ယဇ်ပူဇော်ခြင်းကား တစ်စုံတစ်ရာ အကျိုးမရှိသော်လည်း ငါးအမဲ များစွာကို စားသောက်ကြရလတ္တံ့ ဟု ပြော၏။ ဆရာကြီး ဝမ်းကိုမှီ၍ ငရဲများသော အမှုကို မပြုသင့်ပါ ဟု တားမြစ်လေ၏။ ထိုအခါ ပုဏ္ဏားလုလင်သည် အခြားပုဏ္ဏားတို့ကို ကြောက်ရွံ့သဖြင့် သည်လိုဆိုလျှင် သင်တို့သာ ငါးအမဲ များများစားရသော အမှုကို ပြုလုပ်ရစ်ကြကုန်၊ အကြှနျုပျကား မပြုလုပ်လို ဆို၍ မြို့မှထွက်ကာ တားမြစ်နိုင်သော တရားစောင့်သော ရဟန်းပုဏ္ဏားတို့ကို ရှာဖွေလျက် သွားရာ ဥယျာဉ်တော်သို့ ရောက်လေ၏။

ရသေ့မြတ်ထံသွား မေးလျှောက်ကြား

ရသေ့ကိုမြင်လျှင် လုလင်ပုဏ္ဏားသည် ရှိခိုး၍ အရှင်ဘုရား အရှင်ဘုရားတို့အား သတ္တဝါတို့၌ သနားခြင်း အဘယ်ကြောင့် မရှိပါသနည်း၊ ယခုအခါ မင်းကြီးသည် များစွာသော သတ္တဝါတို့ကို သတ်၍ ယဇ်ပူဇော်စေပါ၏ ဟု လျှောက်၏။ လုလင် အဘယ်ကြောင့် ယဇ်ပူဇော်စေသနည်း ဟု မေး၏။ အရှင်ဘုရား ညဉ့်သန်းခေါင်းယံ အခါ အသံကြီး ရှစ်မျိုးကို ကြားရ၍ ကြောက်ရွံ့ထိတ်လန့်သဖြင့် ပုဏ္ဏားတို့ကို မေးမြန်းရာ အန္တရာယ် ဖြစ်လိမ့်မည်၊ လွတ်ငြိမ်းအောင် ယဇ်ပူဇော်ရမည်ဆို၍ ပူဇော်စေပါ၏၊ အသံကြီးရှစ်မျိုး ဖြစ်ခြင်း အကြောင်းရင်းကို သိပါသလော ဟု လျှောက်၏။ လုလင် ငါသိ၏၊ သို့သော် မင်းကြီးကို ငါ မသိ၊ လာ၍ မေးလျှင် ငါ ပြောကြားမည် ဟု ပြော၏။ အရှင်ဘုရား သည်လိုဆိုလျှင် ဤနေရာ၌ ငံ့ဆိုင်းတော်မူပါ၊ အကြှနျုပျ သွား၍ ခေါ်ပါမည် ဟု လျှောက်ထားပြီးလျှင် မင်းကြီးထံ အမြန်သွား၍ မင်းကြီးကို အကျိုးအကြောင်းကို ပြောဆိုလျှောက်ထားကာ ရသေ့ထံ ခေါ်၍ လာလေ၏။

အသံ၏သဘော အသီးသီးဟော

မင်းကြီးသည် ရသေ့ထံသို့ ရောက်လျှင် ရိုသေစွာ ရိခိုး၍ ပဋိသန္ဓာရစကား ပြောကြားပြီးလျှင် အရှင်ဘုရား အရှင်ဘုရားတို့သည် အကြှနျုပျ ကြားသော အသံကြီးရှစ်မျိုးတို့ ဖြစ်ခြင်း အကြောင်းရင်းကို သိကုန်၏ဟူသည် မှန်ပါသလော ဟု လျှောက်၏။ မြတ်သော မင်းကြီး မှန်ပါသည် ဟု ပြော၏။ အရှင်ဘုရား သိလျှင် အကြှနျုပျအား မိန့်ကြားတော်မူပါ ဟု လျှောက်ထား တောင်းပန်လေ၏။ ထိုအခါ ရသေ့သည် အဘိညာဉ်ဖြင့် ကြည့်ရှုဆင်ခြင်၍ အစဉ် အတိုင်း ပြောကြားလေ၏။

ဗျိုင်းမြည်သည်

မင်းကြီး ပထမ အသံကြီးကား - သင်၏ ဥယျာသ်ဟောင်းဝယ် ဗျိုင်းတစ်ကောင် ရှိ၏၊ ထိုဗျိုင်းသည် အစာကို မစားရ၍ ဆာမွတ်ခြင်း နှိပ်စက်သောကြောင့် မြည်တွန်ခြင်း ဖြစ်၏။ ထိုအသံကို ကြားရခြင်းကြောင့် မင်းကြီး၌ တစ်စုံတစ်ရာ အန္တရာယ်မရှိပါ။

အဓိပ္ပါယျ

ဤရေကန်ကား ရှေးအခါ ချိုင့်ဝှမ်း၍ ငါးများစွာရှိခဲ့၏၊ ရေပြွန်ဖြင့် သွင်းအပ်သော ရေလည်း များပြားလှ၏၊ ငါ၏ အဘိုးဖြစ်သော ဗျိုင်းမင်း၏ နေရာ ဖြစ်ပေ၏၊ ယခု ငါ့မှာ ဖားဖြင့်သာ မျှတ တင်းတိမ်ရ၏၊ ဤနေရာကို စွန့်၍ လည်း မသွားနိုင်။

မင်းကြီး ဗျိုင်းသည်ငတ်မွန်ခြင်းဖြင့် နှိပ်စက်ခြင်းကြောင့် မြည်တွန်ခြင်း ဖြစ်၏။ သို့အတွက် ဥယျာဉ်ကို သုတ်သင်ကာ ကန်ကို ရေပြည့်အောင် သွင်းလော့ ဟု မိန့်တော်မူ၏။ မင်းကြီးသည် ရသေ့ အမိန့်ရှိတိုင်း ပြုလုပ်ရန် အမတ်တစ်ယောက်ကို စေခိုင်းလေ၏။

ကျီးမ မြည်သံ

မင်းကြီး ဒုတိယ အသံကြီးကား - သင်၏ ဆင်တင်းကုပ် တုရိုဏ်တိုင်၌ နေသော ကျီးမတစ်ကောင်သည် မိမိ၏ သားငယ်တို့၌ စိုးရိမ်ခြင်းကြောင့် မြည်တွန်းခြင်း ဖြစ်၏၊ တစ်စုံတစ်ရာ အန္တရာယ်မရှိပါ

အဓိပ္ပါယျ

သီလမရှိသော ဗန္ဓရဆင်ထိန်း၏ ကျန်သော မျက်စိတစ်ဖက်ကို ဘယ်သူ ဖောက်ပါအံ့နည်း၊ ငါ, ငါ၏ သားသမီး, ငါ၏အသိုက်တို့ကို အဘယ်သူသည် ချမ်းသာအောင် ပြုပါအံ့နည်း။

မင်းကြီး သင်၏ ဆင်တင်းကုပ် တုရိုဏ်တိုင်၌ နေသော ကျီးမတစ်ကောင်ရှိ၏။ တုရိုဏ်တိုင်၌ အသိုက်ပြုလုပ်၍ အဥတို့ကို ဥထားရာ သားငယ်တို့ပေါက်၍ နေကုန်၏။ မျက်စိတစ်ဖက်ကန်း၊ ဗန္ဓရ မည်သော ဆင်ထိန်းသည် အထွက်အဝင် အသိုက်ကို ပုတ်ခတ်မိ၏။ ကျီးမသည် မိမိ သားငယ်တို့ကို စိုးရိမ်သောကြောင့် ဆင်ထိန်းကို ဆဲရေးကာ မြည်တွန်ဘိ၏။ သင် မင်းကြီးသည် ကျီးမကို သနားလျှင် ဆင်ထိန်းကို တားမြစ်လော့ ဟု မိန်းတော်မူ၏။ မင်းကြီးလည်း ဗန္ဓရကို ခေါ်၍ ဆဲရေးပုတ်ခတ်ကာ ရာထူးမှချပြီးလျှင် တစ်ပါးသောသူကို ဆင်ထိန်း ခန့်လေ၏။

ဃုဏပိုးအသံ

မင်းကြီး တတိယ အသံကြီးကား - သင်၏ ပြာသာဒ်အထွက်၌ ဃုဏ မည်သော ပိုးတစ်ကောင် နေခဲ့၏။ ထိုပိုးသည် အကာကိုစား၍ အကာကုန်လျှင် အနှစ်ကိုလည်း မစားနိုင်၊ အစားမစားရ၍ ထွက်လည်း မထွက်နိုင်၊ ထိုကြောင့် မြည်တွန်ခြင်း ဖြစ်၏။ တစ်စုံတစ်ရာ အန္တရာယ် မရှိပါ

အဓိပ္ပါယျ

ပြာသာဒ်အထက်၌ အကာတွေ ရှိ၏၊ ထိုအကာဟူသမျှ ကုန်ခြဲ့ပီ၊ အကာကိုစား၍ ကုန်သော ဃုဏမည်သော ငါသည် အနှစ်ကိုစား၍ မမွေ့လျော်နိုင်။

မင်းကြီး ပိုးသည် အစာစားစရာမရှိ၍ ထိုအရပ်မှ ထွက်လိုသော်လည်း မထွက်နိုင်သောကြောင့် မြည်တွန်ဘိ၏၊ ထိုပိုးကို ထုတ်စေလော့ ဟု မိန့်တော်မူ၏။ မင်းကြီးလည်း ယောက်ျားတစ်ယောက်ကိုခေါ်၍ ထိုပိုးကို ဥပါယ်တံမျဉ်ဖြင့် ထုတ်စေ၏။

ဥသွမ အသံ

မင်းကြီး စတုတ္ထ အသံကြီးကား - သင်၏နန်းတော်၌ မွေးထားသော ဥဩမတစ်ကောင် ရှိ၏၊ ထိုဥဩမသည် မိမိ နေဖူးသော တောအုပ်ကို အမှတ်ရ၍ ပျင်းရိသဖြင့် ဘယ်အခါ ချိုင့်မှထွက်၍ တောအုပ်သို့ သွားရပါအံ့နည်းဟု မြည်တွန်ခြင်း ဖြစ်၏၊ တစ်စုံတစ်ရာ အန္တရာယ် မရှိပါ ။

အဓိပ္ပါယျ

ငါသည် မင်းကြီး၏ နန်းတော်မှ လွတ်မြောက်၍ သွားပြီးလျှင် သစ်ခက်တို့၌ နားနေရသည်ဖြစ်၍ မိမိကိုယ်ကို ဘယ်အခါ မွေ့လျော် ပျော်ပါးစေရအံ့နည်း။

မင်းကြီး ဥဩမသည် ငြီးငွေ့ ပျင်းရိ၏၊ ထိုဥဩမကို ချိုင့်တွင်းမှ လွှတ်လော့ ဟု မိန့်တော်မူ၏။ မင်းကြီးလည်း ဥဩမကို လွှတ်စေ၏။

သမင်မ အသံ

မင်းကြီး ပဉ္စမအသံကြီးကား - သင်၏နန်းတော်၌ မွေးထားသော သမင်တစ်ကောင် ရှိ၏၊ ထိုသမင်သည် မိမိ မယား သမင်မကို အောက်မေ့ လွမ်းဆွတ်၍ ပျင်းရိသောကြောင့် မြည်တွန်းခြင်း ဖြစ်၏၊ တစ်စုံတစ်ရာ အန္တရာယ် မရှိပါ ။

အဓိပ္ပါယျ

ငါသည် မင်း၏နန်းတော်မှ လွတ်မြောက်၍ သွားပြီးလျှင် သမင်အပေါင်း၏ ရှေ့မှသွားလျက် ရေဦးတို့ကို အဘယ်အခါ သောက်ရပါအံ့နည်း။

မင်းကြီး ထိုသမင်ကို လွှတ်လော့ ဟု မိန့်တော်မူ၏။ မင်းကြီးလည်း သမင်ကို လွှတ်စေ၏။

မျောက် အသံ

မင်းကြီး ဆဋ္ဌမအသံကြီးကား - သင်၏ နန်းတော်၌ မွေးထားသော မျောက်တစ်ကောင် ရှိ၏၊ ထိုမျောက်သည် ဟိမဝန္တာဝယ် မျောက်မနှင့် ကာမဂုဏ်၌ မက်မော၍ သွားနေခိုက် ဘဒ္ဒကမုဆိုးသည် ဖမ်းယူခဲ့ပြီ၊ ယခုအခါ ပျင်းရိ၍ ဟိမဝန္တာသို့ သွားလိုသောကြောင့် မြည်တွန်းခြင်း ဖြစ်၏၊ တစ်စုံတစ်ရာ အန္တရာယ်မရှိပါ ။

အဓိပ္ပါယျ

ကာမဂုဏ်တို့ဖြင့် အလွန်ရစ်၍ ကာမဂုဏ်တို့ဖြင့် တပ်စွန်းလျက် ကာမဂုဏ်တို့ဖြင့် တွေဝေနေသော ငါ့ကို တိုင်းပြည်၏ ပြည်ပ၌ ဖြစ်သော မုဆိုးသည် တောမှ ဖမ်းယူခဲ့ပြီ၊ သင့်အား ကောင်းခြင်းမင်္ဂလာ ဖြစ်ပါစေ။

မင်းကြီး မျောက်ကိုလည်း လွှတ်လော့ ဟု မိန့်တော်မူ၏။ မင်းကြီးလည်း မျောက်ကို လွှတ်စေ၏။

ကိန္နရာ အသံ

မင်းကြီး သတ္တမ အသံကြီးကား - သင်၏နန်းတော်၌ မွေးထားသော ကိန္နရာတစ်ကောင်ရှိ၏၊ ထိုကိန္နရာသည် တော၌ နေစဉ် တစ်နေ့သောအခါ တောင်ထိပ်သို့တက်၍ ပန်းနံ့သာတို့ဖြင့် ပျော်မြူးနေခိုက် နေဝင်၍ မှောင်လတ်သော် တောင်အောက်သို့ဆင်းရာ ကိန္နရာမသည် ကြင်နာစွာ လက်ကိုကိုင်၍ မချွတ်ချော်ရအောင် ဆင်းစေသော ကျေးဇူးကို အောက်မေ့သဖြင့် ကိလေသာနှင့် စပ်ကာ ကိန္နရာမကို လွမ်းဆွတ်သောကြောင့် မြည်တွန်ခြင်း ဖြစ်၏၊ တစ်စုံတစ်ရာ အန္တရာယ်မရှိပါ ။

အဓိပ္ပါယျ

ငါ့မယား ကိန္နရီမသည် ငါ့ကို မမြင်အောင် ပြုလုပ်သော မှောင်မိုက်ထဲ၌ မြင့်မောက်လှေသော တောင်ထွက်မှဆင်းရာ သခင် ကျောက်၌ ခြေမချော်စေလင့်ဟု နူးညံ့သောစကားဖြင့် ပြောဆိုကာ လက်ဖြင့် ကိုင်၍ ဆင်းသက်စေပြီ။

မင်းကြီး ကိန္နရာဖိုသည် ကိန္နရာမကို လွမ်းဆွတ်၍ နေသည်၊ လွှတ်လော့ ဟု မိန့်တော်မူ၏။ မင်းကြီးလည်း ကိန္နရာဖိုကို လွှတ်စေ၏။

ပစ္စကေဗုဒ္ဓါ ဥဒါန်းကျူးသံ

မင်းကြီး အဋ္ဌမ အသံကြီးကား - ပစ္စကေဗုဒ္ဓါ တစ်ဆူသည် အာယုသင်္ခါရ လွှတ်ချိန်ဝယ် အလောင်း သင်္ဂြုိဟ်သည့်အတွက် သတ္တဝါများ အကျိုးရှိအောင် ကြွတော်မူလာရာ သင်၏နန်းတော်ထက်ဝယ် ကောင်းကင်သို့ ရောက်သောအခါ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်ခြင်း ဖြစ်၏၊ တစ်စုံတစ်ရာ အန္တရာယ် မရှိပါ ။

အဓိပ္ပါယျ

နိဗ္ဗာန်ကို မြင်ပြီးသော ငါကာ - စင်စစ် နောက်ထပ်တစ်ဖန် အမိဝမ်း၌ ပဋိသန္ဓေ နေရခြင်း မရှိတော့ပြီ၊ ယခုဘဝ ငါ၏ အမိဝမ်း၌ ပဋိသန္ဓေ နေရခြင်းကား အဆုံးစွန် ဖြစ်သော ပဋိသန္ဓေ နေရခြင်းပေတည်း၊ ငါ့အား နောက်ဘသစ်၌ ဖြစ်ခြင်းငှာ သံသရာ အစဉ် သည် ကုန်ဆုံးခဲ့ပြီ။

မင်းကြီး ပစ်စကေဗုဒ်ဓါ အရှင်သည် ယခုအခါ သင်၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် ပြုပေလိမ့်မည် ဟု မိန့်တော်မူကာ မင်းကြီး ခေါ်၍ သွားရာ ပစ်စကေဗုဒ်ဓါ၏ အလောင်းကို ပန်းနံ့သာတို့ဖြင့် ပူဇော်၍ နံ့သာထင်းပုံထက်၌ တင်ကာ မီးသင်္ဂြုိဟ်ပြီးလျှင် ဓာတ်တော်တို့ကို လမ်းခရီး လေးဆုံ၌ လူနတ်တို့ အကျိုးငှာ စေတီတည်ထား ကိုးကွယ်လေ၏။

သေဘေးလွတ်ဖွယ် ရသေ့ကယ်

မင်းကြိးသည် မိမိ ကြားသော အသံကြီး ရှစ်မျိုး၏ ဖြစ်ခြင်း အကြောင်းရင်းကို သက်သေ သာဓကနှင့်တကွ ကြားနာ တွေ့မြင်ရသဖြင့် ယုံကြည်ကာ ယဇ်ပူဇော်ခြင်းကို စွန့်ပယ်တော်မူ၍ အလုံးစုံသော သတ္တဝါတို့ကို မသတ်ရ ဟု ဘေးမဲ ပေးတော်မူ၏။ တစ်ပြည်လုံး သိအောင် စည်လည်စေ၏။ သတ္တဝါတို့လည်း ရသေ့ကို အမှီပြု၍ အသက်ဘေးမှ ချမ်းသာကုန်၏။ ရသေ့လည်း မင်းကြီးကို အဆုံးအမ ပေးပြီးလျှင် ဟိမဝန္တာသို့ ပြန်လေ၏။ မယုတ်သော စျာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားရ၏။

ကောသလမင်းကြီးလည်း ကြားရသော အသံကြီးတို့ကြောင့် တစ်စုံတစ်ရာ ဘေးအန္တရာယ် မရှိကြောင်း သိလျှင် ယဇ်ပူဇော်ခြင်းကို စွန့်ပယ်စေ၍ သတ္တဝါတို့အား ဇီဝိတဒါန ပေးတော်မူ၏။ မြို့ကိုလည်း စည်လည်စေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

ပုဏ္ဏားလုလင်သည် - သာရိပုတ္တရာ။

ရသေ့သ် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သက်သတ်၍ သာ၊ ပူဇော်ရာ၊ ပယ်ရွာရောက်ကြောင်းမှတ်။

(၂) ပုဏ္ဏားထိုထို၊ လာဘ်ကိုလို၊ ယဇ်ကိုပူဇော်တတ်။

(၃) ပညာရှိများ၊ ဟောညွန်ကြာ၊ အများသေဘေးလွတ်။

အဋ္ဌသဒ္ဒဇာတ် ပြီး၏။

***

(၄၁၉) - သုလသာဇာတ်

မိမိအားသတ်မည့် ခိုးသားကြီးကို မိန်းမတို့၏ တင်္ခဏုပ္ပတ္တိဉာဏ်ဖြင့် ခိုးသားကြီးကို သတ်နိုင်သောကြောင့် တောင်စောင့်နတ် ချီးကျူးခြင်းခံရသော သုလသာ ပြည့်တန်ဆာမ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဥယျာဉ်ပျော်ပါး ကျွန်မသွား

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အနာထပိဏ်သူဌေး၏ သုလသာမည်သော ကျွန်မတစ်ယောက် ရှိသတတ်။ ထိုကျွန်မသည် အလွန် ခွန်အားကြီး၏။ တစ်နေ့သ၌ ပွဲသဘင် ခံနေစဉ် ကျွန်မသည် မိမိသခင် ဖြစ်သော ပုညလက္ခဏဒေဝီ သူဌေးမထံ အဖိုးတစ်သိန်း ထိုက်တန်သော တန်ဆာကို ငှားရမ်းဝတ်ဆင်လျက် ကျွန်မ ငါးရာ ခြံရံလျက် ပျော်ပါးကစားရန် ဥယျာဉ်သို့ သွားလေ၏။

တန်ဆာယူလို ခိုးသားဆို

ထိုအခါ သူခိုးတစ်ယောက်သည် သုလသာ၌ ဆင်မြန်းထားသော တန်ဆာတို့ကို သုလသာကို သတ်၍ ခိုးယူလိုသဖြင့် စကားပြောလျက် အတူလိုက်၏။ ဥယျာဉ်တော်သို့ ရောက်လျှင် ငါး၊ အမဲ၊ သေအရက်တို့ကို ပေး၏။ သုလသာလည်း မိမိကို ကိလေသာဖြင့် မွေ့လျော်လို၍ ပေးသည်ဟု ထင်မှတ်ကာ ယူ၍ စားသောက်လျက် ဥယျာဉ်ကစား၏။ သုလသာသည် စုံစမ်းမည်ဟု ညချမ်းအခါ ကျွန်မအပေါင်း အိပ်လတ်သော် သူခိုးထံ ချဉ်းကပ်၏။ သူခိုးသည် “ရှင်မ … ဤနေရာကား လျှို့ဝှက်သောနေရာ မဟုတ်၊ ရှေ့သို့သွားဦးမည်” ဟု လီဆယ်၍ ပြောလေ၏။

ခိုးသားသတ်ကာ သုလသာ

သုလသာလည်း ဤအရပ်ကား လျှို့ဝှက်သောအမှုကို ပြုခြင်းငှာ သင့်လျော်ပါလျက် ဧကန် ငါ့ကိုသတ်၍ ဆင်ထားသော တန်ဆာကို ယူလိုသည် ဖြစ်လိမ့်မည်၊ ရှိစေဦး၊ ထိုယောကျ်ားကို ဆုံးမမည်ဟု ကြံစည်လျက် “အရှင် … သူရာ မူးယစ်သဖြင့် တစ်ကိုယ်လုံး ချောက်ချား၍ နေ၏၊ ရေသောက်ပါရစေဦး” ဆိုကာ ရေတွင်း၌ ရေခပ်ရန် အိုးနှင့်ကြိုးကို ပေးလိုက်၏။ သူခိုးလည်း အဟုတ်မှတ်၍ ကြိုးဖြင့် အိုးကိုချည်၍ ရေငင်ရန် ရေတွင်းထဲသို့ချ၏။ ကိုယ်ကိုကုန်း၍ ရေငတ်လတ်သော် ခွန်အားကြီးသော သုလသာ ကျွန်မသည် လက်နှစ်ဖက်တို့ဖြင့် သူခိုး၏ တင်ပါးကို တအားတွန်းကာ ရေတွင်းထဲသို့ ဇောက်ထိုး ကျစေပြီးလျှင် “ငမိုက်ခွေး … သင် ဤမျှဖြင့် မသေသေး” ဆို၍ အုတ်ခဲကြီးတစ်ခုကိုယူကာ သူခိုး ဦးခေါင်းပေါ်သို့ ချပြန်၏။ သူခိုးလည်း ရေတွင်းထဲမှာပင် သလေ၏။

ဖြစ်ကြောင်းသဘော သခင်မပြော

ထိုနောက် အိမ်သို့ပြန်လာ၍ သခင်မအား တန်ဆာတို့ကို ပြန်ပေးပြီးလျှင် “သခင်မ ယနေ့ အကျွန်မှာ ဤတန်ဆာတို့ကြောင့် သေလုမတတ် ဖြစ်ရသည်” ဟု ပြောဆိုကာ အကြောင်းစုံ ပြန်၍ ပြောကြားလေ၏။ အနာထပိဏ် သူဌေးကြီး ကြားလျှင် မြတ်စွာဘုရားထံ သွား၍ လျှောက်ထားပြန်၏။ ထိုအခါ မြတ်စွာဘုရားသည် “သူဌေးကြီး … ဤကျွန်မသည် ယခုအခါ၌ သာ ခဏချင်းဖြစ်သော ပညာနှင့် ပြည့်စုံသည် မဟုတ်၊ ရှေးအခါ၌ လည်း ပြည့်စုံဖူးပြီ၊ သခိုးကို ဤကျွန်မသည် ယခုအခါ၌ သာ သတ်သည် မဟုတ်၊ ရှေးအခါ၌ လည်း သတ်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သခိုးဖမ်းရေး မင်းမိန့်ပေး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် သုလသာ မည်သော ပြည့်တန်ဆာမသည် အခြံအရံ ငါးရာ ရှိ၏။ အသပြာတစ်ထောင် ပေး၍ တစ်ညဉ့်အဖို့ သွားလာရကုန်၏။

ထိုဗာရာဏသီပြည်၌ ပင် သတ္တုက မည်သော သူခိုးကြီးလည်း ရှိ၏။ ဆင်ပြောင်ငါးစီးအားကို ဆောင်နိုင်၏။ ညဉ့်အဖို့ မင်းအိမ်သို့ဝင်ကာ အလိုရှိတိုင်း ခိုးယူလေ့ရှိ၏။ ပြည်သူတို့သည် စည်းဝေး၍ မင်းကြီးအား လျှောက်ထားကြကုန်၏။ မင်းကြီးလည်း မြို့စောင့်ကိုခေါ်၍ သူခိုးကြီးကို မိအောင်ဖမ်း၍ ဦးခေါင်းကို ဖြတ်ကြကုန်ဟု အမိန့်ပေးလေ၏။

ခိုးသားမြင်စွမ်း သုလသာ စွဲလမ်း

မြို့စောင့်လည်း ထိုထိုအရပ်၌ လူကိုစုထား၍ ဖမ်းဆီးစေရာ သူခိုးကြီးကို မိလျှင် လက်ပြန်ကြိုးချည်လျက် ခရီးလေးဆုံတိုင်းတို့၌ ကြိမ်လုံးဖြင့် ရိုက်နှက်၍ သုသာန်သို့ဆောင်၏။ ထိုအခါ သူခိုးကြီးကို မိပြီဟု တစ်မြို့လုံး ချောက်ချားသွား၏။ သုလသာလည်း လေသာပြတင်းဖြင့် ကြည့်ရှုလတ်သော် လမ်းလယ်၌ သူခိုးကြီးကိုမြင်လျှင် အလွန် တစ်စွန်းသောစတ် ရှိသည်ဖြစ်၍ မိမိထံလာ၍ ညစဉ် အသပြာတစ်ထောင်ပေး၍ မွေ့လျော်နေကျဖြစ်သော သူဌေးသားကို လှည့်ပတ် ဖြားယောင်း၍ ညတွင်းချင်းပင် ခိုးသူသတ်ထံ အသပြာတစ်ထောင် ပေးစေ၍ သူခိုးကြီးကို လွတ်အောင် ဆောင်ရွက်စေ၏။

မိန်းမမရိယာယ် ခိုးသားလဲလှယ်

ခိုးသူသတ်လည်း အသပြာ တစ်ထောင်ကို ယူကာ ပေးလာသော သူဌေးသားကို သူခိုးကြီး ပြုလုပ်၍ သတ်ပြီးလျှင် သူခိုးကြီးကိုကား လွှတ်၍ သုလသာ ပြည့်တန်ဆာထံ သွားစေ၏။ သူခိုးကြီးလည်း အသက်ဘေးမှ လွတ်မြောက်လျှင် ကျေးဇူးရှင် သုလသာထံ သွားကာ သုလသာနှင့်အတူ လင်မယား အဖြစ်ဖြင့် ပေါင်းသင်းကာ နေ၏။ သုလသာလည်း သူခိုးကြီး ရောက်သောအခါ မှစ၍ ပြည့်တန်ဆာမ အမှုကို ပယ်စွန့်ကာ မိန်းမကောင်းပြု၍ သူခိုးကြီးနှင့် အညီအညွတ်နေ၏။

မယားလှည့်စား ခေါ်၍ သွား

သူခိုးကြီးသည် သုလသာနှင့်နေ၍ သုံးလေးရက် လွတ်လတ်သော်ငါသည် ဤအရပ်၌ မနေနိုင်၊ လက်ချည်းသက်သက်လည်း မပြေးနိုင်၊ သုလသာ၏ တန်ဆာလည်း အဖိုးတစ်သိန်း ထိုက်တန်၏။ ၎င်းကိုသတ်၍ ယူပြေးမည်ဟု ကြံစည်လျက် တစ်နေ့သ၌ သုလသာနှင့် အတူနေစဉ် “ရှင်မ … ငါ့ကို သူသတ် ဆောင်ယူသွားသောအခါ ဤမည်သော တောင်၌ ရှိသော ရုက္ခစိုးနတ်ကို အကျွန်ုပ်အား စောင့်ရှောက်ပါ၊ လွတ်မြောက်လာလျှင် ပူဇော်ပါမည်ဟု ဝန်ခံကတိပြုထား၏၊ ထိုရုက္ခစိုးနတ်သည် မပူဇော်သဖြင့် ငါ့အား ခြိမ်းခြောက်ဘိ၏၊ သို့အတွက် ပူဇော်ဖွယ်တို့ကို စီမံပါ” ဟု လီဆယ်၍ ပြောလေ၏။ သုလသာလည်း အဟုတ်တကယ် မှတ်၍ ပူဇော်ဖွယ်တို့ကို စီမံပြီးလျှင် အဝတ်တန်ဆာ ဆင်ဝတ်ကာ သတ္တုကကိုခေါ်၍ အခြွေအရံနှင့်တကွ ပူဇော်ရန် သွားကြ၏။

လိမ်လည်၍ ခေါ် တောင်ထိပ်ပေါ်

တောင်ခြေရင်းသို့ရောင်လျှင် သတ္တုကသည် “ရှင်မ … ရုက္ခစိုးနတ်သည် လူအများကိုမြင်သော် ပူဇော်သက္ကာရကို ခံမည် မဟုတ်၊ တို့လင်မယား နှစ်ယောက်တည်း သွားမည်” ဟု အခြွေအရံတို့ကို တောင်ခြေရင်း၌ နေခဲ့စေ၍ သုလသာအား ကန်တော့ပွဲကို ရွက်စေ၍ မိမိမူကား လက်နက်ငါးပါးကို ယူဆောင်လျက် တောင်ထိပ်သို့ တက်ပြီးလျှင် အသူတစ်ရာမျှနက်သော တောင်ကမ်းပါးပြတ်၌ မှီ၍ ပေါက်နေသော သစ်ပင်းရင်းသို့ ရောက်သောအခါ ကန်တော့ပွဲကို ချစေ၏။

ထိုအခါ သုလသာသည် “အရှင် … ရုက္ခစိုးနတ်ကို ပူဇော်မည်လော” ဟု မေး၏။ “ရှင်မ … ငါသည် ရုက္ခစိုးအား ပူဇော်ရန် လာသည် မဟုတ်၊ သင့်ကိုသတ်၍ တန်ဆာတို့ကို ယူရန်လာ၏။ ယခု ချွတ်၍ အပေါ်ရုံပုဆိုးနှင့် ထုပ်လော့” ဟု ပြော၏။ “အရှင် … အဘယ့်ကြောင့် သတ်မည်နည်း” ဟု မေး၏။ “ဥစ္စာကို လိုချင်သောကြောင့် သတ်မည်” ဟု ပြောဆိုလေ၏။

ကျေးဇူးပြောလည်း အချည်းနှီး

ထိုအခါ သုလသာသည် “အရှင် … အသက်ကို ကယ်ဆယ်ခဲ့သော ကျေးဇူးကို အောက်မေ့ပါ” ဟု ပြောဆိုပြီးလျှင် -

“အရှင် … အရှင့်အား ကောင်းခြင်းမင်္ဂလာ ဖြစ်ပါစေ၊ အရှင့်အား ရွှေလည်ရွဲတန်ဆာကို လည်းကောင်း၊ များစွာသော ပုလဲ ကျောက်မျက်ရွဲ တန်ဆာတို့ကို လည်းကောင်း ယူပါ၊ အကျွန်ုပ်ကိုလည်း ကျွန်မိန်းမဟု လူတို့အလယ် ပြောကြားပြီး ပေါင်းသင်းဆက်ဆံပါ” –

ဟု သတ္တုကအား ပြုခဲ့ဖူးသော ကျေးဇူးကိုသိစေရန် ပစ္စည်းကိုယူ၍ လူကိုလည်း ပေါင်းသင်းရန် အပ်နှင်းကာ တောင်းပန်လေ၏။ ထိုအခါ သတ္တုကသည် -

“အို-ကောင်းခြင်း လက္ခဏာနှင့် ပြည့်စုံသော ရှင်မ … သင်သည် ဝတ်ဆင်ထားသော တန်ဆာတို့ကို ချွတ်လော၊ ပြင်းထန်စွာ မငိုကြွေးလင့်၊ ငါကား ဥစ္စာရှင်ကို မသတ်ဘဲ ဥစ္စာကို ယူဖူးသည်မရှိ” –

ဟု သုလသာအား ကျေးဇူးကိုမသိ၊ ငဲ့ညှာခြင်းလည်း မရှိဘဲ အာဏာသံဖြင့် တင်းမာစွာ ပြောလေ၏။

ခိုးသားချော့ပြော ပရိယာယ်နှော

ထိုအခါ သုလသာလည်း ဉာဏ်ပညာနှင့် ပြည့်စုံ၍ ပရိယာယ်ကို နားလည်သူ ဖြစ်ရကား တစ်ခဏချင်းဖြစ်သောဉာဏ်ဖြင့် အကြောင်းကို ပြောပြလျက် ရှိခိုး၍ တောင်းပန်သော်လည်း အသက်ကို ချမ်းသာပေးမည် မဟုတ်၊ ငါသည် ဥပါယ်တံမျဉ်ဖြင့် ကမ်းပါးဖြတ်သို့ တွန်းချ၍ သူခိုးကြီးကို သတ်မည်ဟု ကြံစည်လျက် -

“အရှင် … အကျွန်ုပ်သည် ငယ်ရွယ်စဉ် သတိရနိုင်သော အခါမှစ၍ သိကြားလိမ္မာသော အရွယ်သို့ရောက်သည် တိုင်အောင် အရှင်ထက် ချစ်ခင်သော လင်ယောကျာ်းကို မတွေ့ခဲ့ဖူးပါ” ။

“အရှင် … လာပါဦးလော၊ အရှင့်ကို လည်ဖက်ပါဦးမည်၊ လက်ယာရစ် လှည့်ပါဦးမည်၊ ယခုအခါ နောက်ထပ်တစ်ဖန် အကျွန်ုပ်နှင့် အရှင် ပေါင်းသင်းမွေ့လျော်နိုင်ခြင်း ရှိတော့မည် မဟုတ်ပါ” –

ဟု လှည့်ကာ ပတ်ကာ ပြောဆို ဖြားယောင်းလေ၏။ သတ္တုကလည်း အလိုကို မသိ၍ အဟုတ်ထင်မှတ်လျက် လည်ကို အဖက်ခိုင်းလေ၏။

ဥပါယ်ဆင်လတ် ခိုးသားသတ်

သုလသာလည်း လည်ကိုဖက်ကာ သုံးကြိမ် လက်ယာရစ် လှည့်ပြီးလျှင် “အရှင် … ယခုအခါ အရှင့်ကို အရပ်လေးမျက်နှာတို့၌ ရှိခိုးဦးမည်” ဟု ဆို၍ ဖြေဖမိုး၌ ဦးတင်ကာ သတ္တုက၏ မောင်းတို့ကို ရှိခိုးလျက် နောက်သို့ဆုတ်၍ ရှိခိုးယောင် ပြုပြီးလျှင် အဝေးကိုကြည့်လျက် ခိုးသူကြီး၏ နောက်မှ ခြေနှစ်ဖက်တို့ကို ကိုင်ကာ ဦးစောက်ထား၍ အသူတစ်ရာ နက်သော ချောက်သို့ တွန်းချလိုက်၏။ ခိုးသူကြီးလည်း ချောက်ထဲတွင် မှုန့်မှုန့်ညက်ညက်ကြေ၍ သေဆုံးလေ၏။

ပရိယာယ်ကြံကောင်း အောင်မြင်ကြောင်း

ထိုအခါ တောင်ထိပ်၌ နေသော ရုက္ခစိုးနတ်သည် သုလသာ ပြုလုပ်သော အမူအရာကိုမြင်၍ -

“အချင်းတို့ … အရာခပ်သိမ်းတို့၌ ယောကျ်ားသာလျှင် ပညာရှိသည် မဟုတ်၊ မိန်းမလည်း ပညာရှိပေ၏၊ ထိုထိုအရာ၌ အထူးသဖြင့် မြော်မြင်ပေ၏။

အရာခပ်သိမ်းတို့၌ ယောကျ်ားသာလျှင် ပညာရှိသည် မဟုတ်၊ မိန်းမသည်လည်း ပညာရှိပေ၏၊ လျင်မြန်စွာ အကျိုးစီးပွားကို ကြံစည်နိုင်ပေ၏။

မိမိကိုယ်တိုင် သေဝပါးနီးဖြစ်လျက် စင်စစ် ထိုခိုးသူကြီး၏ သေကြောင်းကို လျင်မြန်စွာ ကြံစည်နိုင်ပေ၏။ မြားဖြင့် သားကောင်ကို ပစ်သတ်သကဲ့သို့ သုလသာလည်း သတ္တုကကို သတ်လေ၏။

ရုက္ခစိုး ချီးမွမ်း ပညာစွမ်း

ဤလောက၌ အကျိုးစီးပွားကို လျင်မြန်စွာ မသိမမြင်ပညာနုံ့နှေးသောသူသည် တောင်ကမ်းပါး၌ ခိုးသူကြီးကဲ့သို့ သေရ၏။

“ဤလောက၌ အကျိုးစီးပွားကို လျင်မြန်စွာ သိမြင်နိုင်သောသူသည် (သုလသာသည်) သတ္တုကမှ လွတ်မြောက်သကဲ့သို့ ရန်သူဘေးမှ လွတ်မြောက်ရ၏” –

ဟု သုလသာအား ချီးကျူးလေ၏။ သုလသာလည်း ခိုးသူကြိးကို သတ်ပြီးလျှင် တောင်ထိပ်မှ ဆင်းသက်ကာ မိမိ အခြွေအရံများထံ သွားလတ်သော် အခြွေအရံတို့က “အရှင့်သားကား အဘယ်မှာနည်း” ဟု မေးမြန်းကြလျှင် “အရှင့်သားကို မမေးကြလင့်” ဟု ပြောဆိုပြီးလျှင် ရထားစီး၍ မြို့တွင်းသို့ ဝင်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

• ထိုအခါ သုလသာသည် - ယခုအခါ သုလသာကျွန်မ။

• သတ္တုကသည် - ခိုးသူကြီး။

• တောင်စောင့်နတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ခပ်သိမ်းသောအရာ၊ ယောကျ်ားသာ၊ ပညာရှိမဟူ။

(၂) မိန်းမသည်ပင်၊ အထူးမြင်၊ ဉာဏ်ရှင်ဖြစ်၏ဟူ။

(၃) သေဝနီးပါး၊ ဘေးရန်များ၊ လွတ်ငြားဥပါကူ။

(၄) အကျိုးဖြစ်အင်၊ လျင်စွာမြင်၊ သက်ရှင်ကြီးပွားဟူ။

(၅) ဖြစ်မည့်အရေး၊ ဉာဏ်မြင်သေး၊ ဘေးတွေ့ပျက်လိမ့်ဟူ။

သုလသာဇာတ် ပြီး၏။

***

(၄၂၀) - သုမင်္ဂလဇာတ်

သုမင်္ဂလ မည်သော ဥယျာဉ်စောင့်သည် မင်းကြီး ကိုးကွယ်ထားသော အရှင်ပစ္စေကဗုဒ္ဓါကို ပစ်သတ်ပါလျက် ဒေါသထွက်စဉ် အပြစ်ဒဏ် မစီရင်သော မင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကျိုးကြောင်းစဉ်းစား မင်းကျင့်တရား

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရာဇောဝါဒသုတ်ကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပစ္စေကဗုဒ္ဓါ မင်းကြီးလှူ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဗြဟ္မဒတ်မင်း၏ မိဖုရားကြီးဝမ်း၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် အဘမင်းကြီး သေလွန်သဖြင့် မင်းအဖြစ်ကို ရလေ၏။ မင်းကြီးသည် အလှူကြီးကို ဖြစ်စေ၏။ ထိုမင်းကြီးအား သုမင်္ဂလ မည်သော ဥယျာင်စောင့်သည် ရှိလေ၏။

ထိုအခါ ပစ္စေကဗုဒ္ဓါ တစ်ဆူသည် ဟိမဝန္တာ နန္ဒမူလိုဏ်မှာ ဒေသစာရီ လှည့်လည်တော်မူရာ ဗာရာဏသီပြည်သို့ ရောက်လျှင် ဥယျာဉ်တော်၌ တည်းခို၍ နံနက်အခါ မြို့တွင်းသို့ ဆွမ်းခံဝင်လတ်သော် မင်းကြီးအိမ်တံခါးသို့ ရောက်လျှင် မင်းကြီး မြင်တော်မူ၍ အလွန်ကြည်ညိုသဖြင့် နန်းတော်သို့ ပင့်ဖိတ်ကာ ဆွမ်းခဲဖွယ် ဘောဇဉ်တို့ကို ကပ်လှူလေ၏။ ပစ္စေကဗုဒ္ဓါလည်း ဆွမ်းအနုမောဒနာ ပြုတော်မူ၏။

မင်းကြည်ညိုလတ် နိစ္စဘတ်

မင်းကြီးသည် အနုမောဒနာကို ကြားရလျှင် အလွန် ကြည်ညို၍ အမြဲ ကိုးကွယ်လိုသဖြင့် ဥယျာဉ်တော်၌ သီတင်းသုံး၍ နန်းတော်၌ အမြဲ ဆွမ်းဘုဉ်းပေးရန် လျှောက်ထားလေ၏။ ပစ္စေကဗုဒ္ဓါလည်း မင်းကြီး အကျိုးစီးပွားကို ငဲ့ညှာတော်မူသဖြင့် သည်းခံခွင့်ပြုတော်မူ၏။ မင်းကြီးလည်း ပစ္စေကဗုဒ္ဓါ ဥယျာဉ်တော်သို့ကြွလျှင် ကိုယ်တိုင်လိုက်ပါ၍ နေ့သန့်ရာ ညဉ့်သန့်ရာ နေရာထိုင်ခင်း အဆောက်အဦတို့ကို စီရင်စေ၍ ပစ္စေကဗုဒ္ဓါအား အမြဲ လုပ်ကျွေးရန် ဥယျာဉ်စောင့် သုမင်္ဂလအား အင်နှင်းလေ၏။ သုမင်္ဂလလည်း ရိုသေစွာ လုပ်ကျွေးလေ၏။

အရံစောင့်ပန်ကြား ခရီးသွား

တစ်နေ့သ၌ ပစ္စေကဗုဒ္ဓါသည် သုမင်္ဂလကိုခေါ်၍ “ဒါယကာ … ငါသည် ဤမည်သောရွာသို့ သွားလိုသည်၊ နှစ်ရက် သုံးရက် နေ၍ ပြန်လာမည်၊ မင်းကြီးအား ပြောကြားပါ” ဟု မှာထား၍ ကြွလေ၏။ ပစ္စေကဗုဒ္ဓါလည်း နှစ်ရက် သုံးရက် ထိုရွာ၌ နေပြီးလျှင် ညချမ်းသောအခါ နေဝင်လတ်သော် ဥယျာသ်တော်သို့ ပြန်ရောက်လေ၏။ သင်္ကန်း သပိတ်ကို သိုမှီးကာ ကျောက်ဖျာ၌ ထိုင်လျက် နေ၏။ သုမင်္ဂလလည်း ပစ္စေကဗုဒ္ဓါ ပြန်ရောက်လာသည်ကို မသိလေ။

သားကောင်ထင်မှား ပစ်ခတ်ငြား

ထိုနေ့တွင် သုမင်္ဂလအိမ်သို့ ဧသည့်သည်တို့သည် ရောက်လာကြကုန်၏။ သုမင်္ဂလလည်း ဟင်းလျားအတွက် ဥယျာဉ်တော်၌ ဘေးမဲ့ပေးထားသော သမင်တို့ကို ပစ်မည်ဟု လေးမြားကို ယူ၍ ဥယျာဉ်တော်သို့ သွား၏။ ပစ္စေကဗုဒ္ဓါကို မြင်လျှင် သမင်ကြီး ဖြစ်လိမ့်မည်ဟု ထင်မှတ်၍ လေးဖြင့် ပစ်လေ၏။ ပစ္စေကဗုဒ္ဓါလည်း မြားမှန်လတ်သော် ဦးခေါင်းခြုံကိုဖွင့်ကာ သုမင်္ဂလ-ဟု လှမ်း၍ ခေါ်တော်မူ၏။

မြားဒဏ်ထိမှု ပရိနိဗ္ဗာန်ပြု

သုမင်္ဂလလည်း ထိုအခါမှ ပစ္စေကဗုဒ္ဓါမှန်းသိ၍ အလွန်ကြောက်ရွံ့ထိတ်လန့်လျက် ရှိခိုးကာ “အရှင်ဘုရား … အရှင်ဘုရား ပြန်ရောက်သည်ကို မသိပါ၊ သမင်ကြီး ထင်မှတ်၍ ပစ်မိပါ၏၊ အပြစ်မယူ သည်းခံတော်မူပါ” ဟု ဝမ်းနည်းစွာ လျှောက်ထား တောင်းပန်လေ၏။ ပစ္စေကဗုဒ္ဓါလည်း “သုမင်္ဂလ … ပစ်မိသည် ဖြစ်စေတော့၊ ယခုအခါ အဘယ်သို့ ပြုအံ့နည်း၊ လာ၍ မြားကိုသာ နုတ်ပေလော့” ဟု မိန့်တော်မူ၏။ သုမင်္ဂလလည်း ရှိခိုး၍ မြားကိုနုတ်၏။ ပစ္စေကဗုဒ္ဓါလည်း အားကြီးသော ဝေဒနာဖြင့် ခဏချင်းပင် ပရိနိဗ္ဗာန်ပြုလေ၏။

စျာပနသပ္ပါယ် စေတီတည်

သုမင်္ဂလလည်း မင်းဒဏ်ကို ကြောက်သဖြင့် သားမယားနှင့်တကွ အရပ်တစ်ပါးသို့ပြေးလျက် ပုန်းလျှိုး၍ နေရှာလေ၏။ နတ်တို့ အာနုဘော်ကြောင့် ပစ္စေကဗုဒ္ဓါ ပရိနိဗ္ဗာန် ပြုလေပြီဟု တစ်မြို့လုံး တစ်ပြိုင်နက်တည်း အုတ်အုတ် ကျက်ကျက် ဖြစ်လေ၏။ လူတို့သည် ဥယျာဉ်တော်သို့ သွားကြ၍ ဥယျာဉ်စောင့်ကို မမြင်လျှင် ဥယျာဉ်စောင့်သည် ပစ္စေကဗုဒ္ဓါကို သတ်၍ ပြေးကြောင်းကို မင်းကြီးအား လျှောက်ထားကြကုန်၏။ မင်းကြီးလည်း စစ်သည်ဗိုလ်ပါနှင့်တကွ ဥယျာဉ်တော်သို့သွားကာ ခုနစ်ရက်ပတ်လုံး အလောင်းတော်ကို များစွာ ပူဇော်သက္ကာရ ပြုပြီးလျှင် မီးသင်္ဂြိုဟ်၍ ဓာတ်တော်တို့ကို ယူကာ စေတီတည်၍ ကိုးကွယ်လေ၏။

မင်းကြီး စိတ်ပြေ ခေါ်ခိုင်းလေ

သုမင်္ဂလလည်း တစ်နှစ် လွန်လတ်သော် မင်းကြီးကို စုံစမ်းရန် အမတ်တစ်ယောက်ကို စေလွှတ်၏။ အမတ်လည်း မင်းကြီးထံ သုမင်္ဂလ၏ ဂုဏ်ကျေးဇူးကို ပြောဆိုလေ၏။ မင်းကြီးလည်း ဆိတ်ဆိတ်သာနေ၏။ နှစ်နှစ် လွန်ပြန်သော် စုံစမ်းစေပြန်၏။ ဆိတ်ဆိတ်သာ နေပြန်၏။ သုံးနှစ်လွန်၍ စုံစမ်းသောအခါ မင်းကြီး၏စိတ်သည် နူးညံ့လျက် အမျက်ပြေနေသည်ကိုသိ၍ သုမင်္ဂလအား ခေါ်စေ၏။ မင်းကြီးလည်း ဥယျာဉ်စောင့် ပဋိသန္ဓာရစကား ပြောကြားပြီးလျှင် “သုမင်္ဂလ … ငါ၏အရှင် ပစ္စေကဗုဒ္ဓါကို အဘယ်ကြောင့် သတ်သနည်း” ဟု မေး၏။ “အရှင်မင်းကြီး … အကျွန်ုပ်သည် ပစ္စေကဗုဒ္ဓါကို မသတ်ဝံ့ပါ၊ စင်စစ်ကား သမင်ကြီး ထင်မှတ်၍ ပစ်မိကြောင်း” ကို လျှောက်ထားလေ၏။ ထိုအခါ မင်းကြီးသည် ယုံကြည်သဖြင့် ဥယျာဉ်စောင့် ခန့်မြဲတိုင်း ခန့်တော်မူ၏။

ကျိုးကြောင်း ကြည့်ရှု မင်းကျင့်မှု

ထိုအခါ အမတ်သည် မင်းကြီးအား “မြတ်သောမင်းကြီး … မင်းကြီးတို့သည် နှစ်ကြိမ်တိုင်အောင် သုမင်္ဂလ၏ သတင်းစကား ကြားသောအခါ ဆိတ်ဆိတ်သာနေ၍ သုံးကြိမ်မြောက် ကြားသောအခါ မှ ခေါ်စေပြီး ချီးမြှောက်တော်မူသနည်း” ဟု လျှောက်၏။ ထိုအခါမှ မင်းကြီးသည် -

“အမတ်မင်း … မင်းမည်သည် မိမိကိုယ်ကို အမျက်ထွက်နေသည်ကို သိလျှင် အလျင်အမြန် ဒဏ်ကို မပေးရာ၊ အကြောင်းမဟုတ် မလျောက်ပတ်သော ဒဏ်ကို ပြုကြကုန်ဟု ဆိုမိလျှင် သူတစ်ပါးအား ပြင်းစွာ ဆင်းရဲခြင်းကို ဆိုမိရာ၏။

မိမိ၏စိတ် ကြည်လင်ခြင်းကို သိ၍ သူတစ်ပါး၏ အကျိုးနှင့် အပြစ်ကို ဆင်ခြင်နိုင်သောအခါ ဤသည်ကား အကျိုးဖြစ်သည်၊ ဤသည်ကား အပြစ်ဖြစ်သည်ဟု ကိုယ်တိုင် ဆင်ခြင်ပြီးနောက်မှ သူတစ်ပါး အပြစ်အားလျော်စွာ ဒဏ်ကို ပေးရာ၏”

အဂတိလိုက်စား အပါယ်လား

“လောက၌ မင်းမည်သည် အဂတိလေးပါးသို့ မလိုက်စားသည် ဖြစ်၍ သင့်သည် မသင့်သည်ကို စူးစမ်းဆင်ခြင်ရာ၏၊ ထိုမင်းသည် မိမိကို လည်းကောင်း၊ သူတစ်ပါးကို လည်းကောင်း မပူလောင်စေ၊ ဂုဏ်ကျေးဇူး အခြံအရံ အကျော်အစောကို စောင့်ရှောက်သော မင်းသည် ကျက်သရေမှ မဆုတ်ယုတ်လေ။

မစူးစမ်း မဆင်ခြင်ဘဲ အဂတိ လေးပါးသို့ လိုက်စားကာ အလျင်အမြန် ဒဏ်ပေးသော မင်းတို့သည် ဂုဏ်ကျေးဇူးမဲ့ကုန်လျက် အသက်ကို စွန့်ကြရကုန်၏၊ ဤပစ္စုပ္ပန်ဘဝမှ သေလွန်သည်ရှိသော် ဒုဂ္ဂတိဘဝသို့ လားကြားရကုန်၏။ ”

ကျိုးနှစ်ပါးကြည့်ရှု ချီးကျူးမှု

“ကောင်းသော အကျင့်စာရိတ္တ ရှိသော ရှေးမင်းတို့ ကျင့်မြဲဖြစ်သော မင်းကျင့်တရား ဆယ်ပါး၌ မွေ့လျော်သော မင်းတို့သည် ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရတိုဖြင့် ကြီးမြတ်ကုန်၏၊ ငြိမ်းချမ်းခြင်း သီလသမာဓိ၌ တည်သော မင်းတို့သည် နှစ်ပါးသော လူ့ပြည် နတ်ပြည်သို့ လားကြရကုန်၏။

ငါကား ယောကျ်ား မိန်းမတို့ကို အစိုးရသော မင်းဖြစ်၏၊ အကယ်၍ အမျက်ထွက်လာပါမူ မိမိကိုယ်ကို တားမြစ်၍ ထားဦးမည်၊ သင့်သောအကြောင်းဖြင့် လူအပေါင်းကို သနားညှာတာလျက် ဒဏ်ကို ပေးလေ၏” –

ဟု အမတ်အား မိမိ၏ ဂုဏ်ကျေးဇူးကို ပြောကြားလေ၏။ ဂုဏ်ကျေးဇူးကိုသာ ချီးကျူးကြကုန်၏။

မင်းချီးကျူးပြု ဆုတောင်းမှု

ထိုအခါ သုမင်္ဂလ ဥယျာဉ်စောင့်သည် မင်းကြီးကို ရှိခိုး၍ လက်အုပ်ချီကာ -

“မြတ်သော မင်းကြီး … အရှင်မင်းကြီးကို အခြံအရံနှင့် ပြည့်စုံခြင်း သိရီသည် လည်းကောင်း၊ ဘုန်းပညာ ဖြစ်သော လက္ခီသည် လည်းကောင်း ဘယ်အခါမျှ မစွန့်ပါစေတသည်း။

အရှင်မင်းကြီးသည် အမျက်မထွက် စိတ်တော်ကြည်လက်လျက် မဆင်းရဲဘဲ နှစ်ပေါင်းတစ်ရာပတ်လုံး စောင့်ရှောက်နိုင်ပါစေသတည်း”။

“မြတ်သော မင်းကြီး … အရှင်မင်းကြီးသည် ဆိုအပ်ခဲ့ပြီးသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံလျက် မင်းကျင့်တရား ဆယ်ပါး၌ တည်ကာ ဆိုလွယ် လျှောက်လွယ်သော စကားရှိသည်ဖြစ်၍ အမျက်မထွက်ဘဲ ချမ်းသာစွာ မိမိ စိုးပိုင်သော တိုင်းနိုင်ငံကို မနှိပ်စက်မူ၍ ဤဘဝမှာ သေလွန်သည်ရှိသော် သုဂတိဘဝသို့ လားပါစေသတည်း။ ”

သည်းထန်စွာ ရွာသွန်းသော မိုးသည် မိုးရေဖြင့် မြေကြီးကို ငြိမ်းအေးစေသကဲ့သို့၊ ထို့အတူ ကောင်းစွာ ဆောင်အပ်သော အကြောင်းဖြင့် လည်းကောင်း၊ ကောင်းသော စကားဖြင့် လည်းကောင်း ကုသိုလ်ကမ္မပထ ဆယ်ပါးဖြင့် လည်းကောင်း၊ အသင့်အတင့်သော အကြောင်းဥပါယ်၌ လိမ္မာသဖြင့် လည်းကောင်း ဆိုဆုံးမလျက် ချောက်ချားနေသော လူအပေါင်းကို ငြိမ်းအေးအောင် ပြုနိုင်ပါစေသတည်း” –

ဟု မင်းကြီး၏ ဂုဏ်ကျေးဇူးကိုပင် ချီးကျူးလျက် ဆုတောင်းမေတ္တာ ပို့လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

• ထိုအခါ သုမင်္ဂလသည် - ယခုအခါ အာနန္ဒာ။

• မင်းကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အမျက်ထွက်ပြန်၊ လျင်အမြန်၊ မင်းဒဏ်မပေးရာ။

(၂) စိတ်၌ ကြည်လင်၊ ကျိုး,ပြစ်မြင်၊ ဆင်ခြင်ပေးကြရာ။

(၃) အဂတိများ၊ မလိုက်စား၊ တရားစောင့်ကြရာ။

(၄) အပါယ်လမ်းကြဉ်၊ နတ်လမ်းယှဉ်၊ အစဉ် မင်းတို့မှာ။

သုမင်္ဂလဇာတ် ပြီး၏။

***

(၄၂၁) - ဂင်္ဂမာလဇာတ်

၁၂ ယူဇနာတွင်ရှိသော ပဲဝက်မျှ အသပြာကို ယူဆောင်ရန်သွားသည့် ရေသည် ယောကျ်ားအား မင်းစည်းစိမ် ထက်ဝက်ခွဲပေးသော ဥဒယမင်းနှင့် ဂင်္ဂါမာလ ဆတ္တာသည် ရှင်ပေစ္စကဗုဒ္ဓါတို့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

သီလစောင့်မှု ဟောကြားပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဥပုသ်စောင့်သောသူတို့ကို ခေါ်တော်မူ၍ “သီတင်းသည်တို့ … သင်တို့ ဥပုသ်စောင့်သုံးခြင်းကား ကောင်းသောအမှုကို ပြုပေ၏၊ အလှူကိုလည်း ပေးကြကုန်၊ သီလကိုလည်း ဆောက်တည်ကြကုန်၊ မေတ္တာ ဘာဝနာကိုလည်း ပွားများကြကုန်၊ ရှေးပညာရှိတို့သည် နေ့ထက်ဝက် စောင့်သုံးရသော ဥပုသ်ကံကို အမှီပြု၍ ကြီးစွာသော မင်းစည်စိမ်ကို ရဖူးကုန်ပြီ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

သူဌေးအိမ် ရှိသမျှ သီလစောင့်ကြ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုပြည်၌ သုစိပရိဝါရ မည်သော သူဌေးသည် ရှိသတတ်။ ထိုသူဌေးသည် ဥစ္စာကုဋေရှစ်ဆယ် ကြွယ်ဝ၏။ ကုသိုလ်ကောင်းမှု၌ မွေ့လျော်၏။ သူဌေးသည် လည်းကောင်း၊ သူဌေးကတော်သည် လည်းကောင်း၊ အယုတ်သဖြင့် နွားကျောင်းသားတို့သည် လည်းကောင်း၊ တစ်အိမ်လုံး လဆန်း၌ ရှစ်ရက်, ဆယ့်တစ်ရက်, လပြည့် အားဖြင့် သုံးရက်၊ ထို့အတူ လဆုတ်၌ လည်း သုံးရက်အားဖြင့် တစ်လဝယ် ခြောက်ရက်သော နေ့တို့၌ ဥပုသ်စောင့် သုံးလေ့ ရှိကုန်၏။

သူဆင်းရဲ အခစား အလုပ်သွား

ဘုရားအလောင်းသည် သူဆင်းရဲ ဖြစ်၍ အခစားပြုလုပ်လျက် ငြိုငြင်သဖြင့် အသက်မွေးရ၏။ တစ်နေ့သ၌ သုစိပါရိဝါရ သူဌေးအိမ်သို့သွား၍ သူဌေးကြီးထံ ခစားရှိခိုး၍ အခစားလုပ်ရန် ခွင့်ပန်၏။ သူဌေးကြီးလည်း လုပ်ရန် ခွင့်ပြု၏။ အခြားသူတို့ အမှုလုပ်လို၍ လက်ခံ ခွင့်ပြုသော်လည်း သူဆင်းရဲကို တစ်စုံတစ်ရာ မပြောဆိုဘဲ လက်ခံ ခွင့်ပြုလိုက်၏။

သူဆင်းရဲသည် ထိုအခါမှစ၍ သူဌေးအိမ် ရှိသမျှ အမှုကိစ္စတို့ကို မခိုမကတ်ဘဲ သက်စွန့်ကြိုးပမ်း ဆောင်ရွက်၏။ နံနက်စောစောထ၍ အမှုလုပ်ရာ အရပ်သို့ သွားပြီးလျှင် ညချမ်းမှ အိမ်သို့ပြန်ရ၏။ ဥပုသ်နေ့ ရောက်လတ်သော် တစ်အိမ်လုံး စောစောက ထမင်းချက်၍ စားသောက်ကြပြီးလျှင် ဥပုသ်ဆောက်တည်ကာ မိမိတို့ နေရာ၌ နေ၍ သီလကို ဆင်ခြင်ကြကုန်၏။

နေ့ဝက်တွင်မှီ သီလဆောက်တည်

သူဆင်းရဲလည်း ဥပုသ်နေ့မှန်း ဥပုသ်ဆောက်တည်ရမှန်း မသိ၍ စောစောကလျှင် အမှုလုပ်ရာအရပ်သို့ သွား၍ အမှုလုပ်ပြီး ညချမ်းအခါ အိမ်သို့ပြန်လာရာ “အချင်းတို့ … ယနေ့ တစ်အိမ်လုံး တိတ်ဆိတ်နေသည်၊ အဘယ်သို့ သွားကြသနည်း” ဟု မေး၏။ “အမောင် … ဥပုသ်ဆောက်တည်ကြသဖြင့် သီလကို ဆင်ခြင်၍ နေသည်” ဟု ပြောကြကုန်၏။

သူဆင်းရဲလည်း ထိုအခါမှ ထိုအိမ်တွင် ဥပုသ်ဆောက်တည်မှန်းသိ၍ သီလရှိသူတို့အထဲ၌ ငါတစ်ယောက်တည်း ကြောက်တက်တက်နေ၍ မလျော်၊ ညရောက်ပြီ၊ ဥပုသ်ဆောက်တည်၍ ဖြစ်ဦးမည်လောဟု ကြံစည်ကာ သူဌေးကြီးထံ သွား၍ မေးလေ၏။ ထိုအခါ သူဌေးကြီးသည် နေ့တစ်ဝက်ဥပုသ် ရသေးကြောင်း ပြောဆိုသဖြင့် သူဆင်းရဲသည် သူဌေးကြီးထံမှာပင် ဥပုသ်ဆောက်တည်ကာ မိမိနေရာသို့ သွား၍ သီလကို ဆင်ခြင်လျက် နေ၏။

ကိုယ့်သက်မထောက် သီလစောင့်

ညဉ့် မိစ္ဆိမယံသို့ ရောက်လတ်သော် သူဆင်းရဲသည် အလုပ်လုပ်ရသည်ကလည်း အလွန်မောပန်းလျက် နံနက်စောစောမှစ၍ အစာလည်း အနည်းငယ်မျှပင် မစားရသဖြင့် ကမ္မဇဝမ်းမီး တောက်လောင်လျက် *သတ္ထကလေတို့သည် ထကြွ သောင်းကျန်းကုန်၏။ သူဌေးကြီးက ဆေးတို့ကို ယူဆောင်၍ အစားခိုင်းသော်လည်း နေ့ထက်ဝက် ဥပုသ်မျှကို မဖျက်လို၊ အသက်သေသည်တိုင်အောင် နေ့ထက်ဝက် ဥပုသ်မျှကို မဖျက်လို၊ အသက်သေသည်တိုင်အောင် ဥပုသ်ဆောက်တည်တော့မည်ဟု ပြောဆို၍ မစားဘဲနေ၏။ အရုဏ်တက်လတ်သော် သတိမရတော့ဘဲ မေ့မြော၍ သွားလေ၏။ အိမ်သားတို့လည်း သေတော့မည်ဆဲဆဲ ဖြစ်သဖြင့် အိမ်ရှေ့ခန်းသို့ ထုတ်၍ ထားကြကုန်၏။

* သတ္ထကလေ - ဓားလက်နက်နှင့်တူသော လေ၊ လေသင်တုန်း။

သီလတန်ခိုး တိုင်းပြည်စိုး

ထိုအခါ ဗာရာဏသီ မင်းကြီးသည် မင်း၏အသရေဖြင့် မြို့ကိုလှည့်လည်၍ လာတော်မူရာ သူဌေးကြီး အိမ်ရှေ့သို့ ရောက်လေ၏။ သူဆင်းရဲလည်း မင်းကြီး၏ အသရေကို မြင်လျှင် လိုချင်သော လောဘဖြစ်၍ တောင့်တမိ၏။ ထိုအခိုက် စုတေ့လျှင် နေ့တစ်ဝက် ဥပုသ်ဆောက်တည်ရသော ကုသိုလ်ကံကြောင့် ဗာရာဏသီ မင်းကြီး၏ မိဖုရားကြီးဝမ်း၌ ဖြစ်လေ၏။ ဆယ်လစေ့၍ ဖွားမြင်လတ်သော် သတို့သားကို ဥဒယမင်းသားဟု အမည်မှည့်ကုန်၏။

ထိုဥဒယမင်းသားသည် အရွယ်သို့ရောက်လတ်သော် ရှေးဘဝက အဖြစ်အပျက်ကို သိမြင်နိုင်သော ဇာတိဿရဉာဏ်ဖြင့် ဆင်ခြင်သောအခါ နေ့တစ်ဝက် စောင့်သုံးခဲ့ဖူးသော ဥပုသ်ကံကို သတိရ၍ “ငါရရှိသော အကျိုးကား ကြီးကျယ် မြင့်မြတ်လှ၏၊ ကုသိုလ်ကံကား သေးနုပ်လှ၏” ဟု မပြတ် ဥဒါန်းကျုးရင့်၏။ အဘမင်းကြီး လွန်လတ်သော် မင်းအဖြစ်ကိုရ၍ ကြီးကျယ်မြင့်မြတ်လှသော မင်း၏အသရေကိုကြည့်ပြီးလျှင် ထိုဥဒါန်းကို မကြာမကြာ ကျူးရင့်လေ့ရှိ၏။

ပဲဝက်စုထား ရေထမ်းသမား

တစ်နေ့သ၌ မြို့တော်ဝယ် ပွဲသဘင် ခံကြကုန်၏။ လူအများလည်း သူ့ထက်ငါ မြူးတူးပျော်ပါးလျက် ပွဲသဘင်ကို ကြည့်ရှုကြကုန်၏။ ထိုအခါ မြို့တော်၏ မြောက်ဘက်တံခါး၌ နေ၍ ရေထမ်း၍ ရောင်းချလျက် ဆင်းဆင်းရဲရဲ အသက်မွေးရရှာသော ရေသည်ယောကျ်ားတစ်ယောက်သည် ခဲခဲယဉ်းယဉ်း စုဆောင်းထားသော ပဲဝက်မျှ အသပြာကို နောင် လိုခါရစေ့တော့ဟု မြောက်တံခါး အုတ်ခဲကြားတါင် ထားခဲ့ပြီးလျှင် တောင်တံခါးသို့ သွား၍ ရေထမ်း၍ ပင် ရောင်းချလျက် အသက်မွေးပြန်၏။

မောင်မယ် ရေရောင်း အတူပေါင်း

ထိုမြို့တော်မှာပင် တောင်တံခါး၌ နေကာ ရေခပ်၍ ရောင်းချလျက် ဆင်းဆင်းရဲရဲ အသက်မွေးရသော ရေသည်မိန်းမတစ်ယောက်လည်း ရှိ၏။ ထိုရေသည်မလည်း ရေရောင်း၍ ရသော ပဲဝက်မျှ အသပြာကို နောင်ခါ အရေးအကြောင်းရှိလျှင် ရစေတော့ဟု ခြစ်ခြစ်ခြုတ်ခြုတ် စုဆောင်းလျက် မိမိနေရာ တောင်တံခါးတွင် အုတ်ခဲကြား၌ ထား၏။ မြောက်တံခါးနေ ရေသည်ယောကျ်ားနှင့် တောင်တံခါးနေ ရေသည်မိန်းမတို့သည် ဆုံတွေ့ကြရာ အတန်းအစားတူ ဖြစ်ကြသဖြင့် သင့်မြတ်ကာ အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြကုန်၏။

တူစုံမောင်နှံ ပျော်ပါးရန်

ထိုအခါ ရေသည်မသည် မိမိ လင်ယောကျ်ားအား “အရှင် …. မြို့တော်ဝယ် ပွဲသဘင် ခံကြကုန်၏၊ သူ့ထက်ငါ မြူးတူးပျော်ပါး ကစားကြကုန်၏၊ ငါတို့လည်း ကစားလိုကြသည်၊ သင့်အား တစ်စုံတစ်ရာ ပစ္စည်းဥစ္စာ ရှိပါသလား” ဟု မေး၏။ “ရှင်မ … ရှိပေသည်” ဟု ပြော၏။ “ဘယ်လောက်များ များသလဲ” ဟု မေး၏။ “ပဲဝက်မျှ ဖြစ်သည်” ဟု ပြော၏။ “ဘယ်မှာလဲ” ဟု မေး၏။ “မြောက်တံခါးတိုင် အုတ်ကြားထဲမှာ ထားခဲ့သည်” ဟု ပြော၏။ “ရှင်မ … သင့်မှာကော ပစ္စည်းဥစ္စာ ဘယ်မျှရှိသနည်း” ဟု မေး၏။ “အရှင် … ရှိပါသည်” ဟု ပြော၏။ “ဘယ်လောက် များသလဲ” ဟု မေး၏။ “ပဲဝက်မျှသာ ဖြစ်သည်” ဟု ပြော၏။ “ဘယ်မှာလဲ” ဟု မေး၏။ “တောင်တံခါးတိုင် အုတ်ခဲကြားထဲမှာ ထားသည်” ဟု ပြော၏။ “သင်၏ဥစ္စာက ပဲဝက်၊ ငါ၏ ဥစ္စာက ပဲဝက် အားဖြင့် တို့မှာ ဥစ္စာ တစ်ပဲ ရှိခဲ့၏၊ ထိုတစ်ပဲကို လေးပုံပုံ၊ တစ်ပုံ ပန်းဝယ်။ တစ်ပုံ နံ့သာဝယ်၊ တစ်ပုံ သေအရက်ဝယ်၍ ပွဲသဘင် ကစားကြကုန်အံ့၊ ယခု အမြန်သွား၍ ယူပါ” ဟု ပြောလေ၏။

ပင်ပန်းပြေးလွှား ရေထမ်းသမား

ရေသည်ယောကျ်ားသည် ငါကား မယားထံမှ စကားကို ရပေပြီဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်၍ “ရှင်မ … မစိုးရိမ်လင့်၊ သင့်အလိုပြည့်အောင် ယခု ငါသွား၍ ရှာယူမည်” ဟု ပြောဆိုကာ အိမ်မှထွက်သွားလေ၏။ ခရီးလမ်းကား နီးလှသည်မဟုတ်၊ တစ်ဆယ့်နှစ်ယူဇနာ ဝေးကွာ၏။ ဆင်ပြောင်အားကဲ့သို့ အားကြီးလှသော ရေသည်ယောကျ်ားလည်း ခြောက်ယူဇနာမျှ လွန်သောအခါ နေ့မွန်းတည့်ချိန် ဖြစ်၍ မီးကျီးအခင်းကဲ့သို့ ပူပြင်းလှသော သဲပင်ကိုနင်းလျက် ဥစ္စာလောဘဖြင့် အလွန် ရွှင်လန်းအူမြူး၍ ဖန်ရည်ဆိုးသော အဝတ်ကိုဝတ်ကာ ထန်းရွက်နားထောင်းကို ပန်းဆင်လျက် ပုဆိုးတည်ထည်ကိုခြုံ၍ သီချင်းတကြော်ကြော် သီဆိုကာ မင်းရင်ပြင် လမ်းခရီးဖြင့် သွားလေ၏။

ရေသည်ပျော်မွေ့ မင်းနှင့်တွေ့

ထိုအခိုက် မင်းကြီးသည် ပြတင်းပေါက်မှမြင်လျှင် ဤယောကျ်ားကား နေပူသဲပူကို ဂရုမစိုက်၊ သီချင်းတကြောင်ကြော် သီဆိုကာ ရွှင်လန်းနှစ်သက်စွာ အဘယ်ကြောင့် သွားနိုင်သနည်း ခေါ်၍ မေးမည်ဟု ကြံစည်လျက် မင်းချင်းတစ်ယောက်ကို အခေါ်ခိုင်း၏။ မင်းချင်းလည်း အမြန်ပြေး၍ ခေါ်ရာ ရေသည်ယောကျ်ားသည်ငါနှင့် မင်းကြီး အဘယ်သို့မျှ မတော်စပ်၊ ငါလည်း မသိဟု ပြောဆို၍ သွားမြဲသွားလေ၏။ ထိုအခါ မင်းချင်းလည်း ဗလက္ကာရဖြင့် ဆောင်ယူသဖြင့် မင်းကြီးထံရောက်၍ သင့်တင့်သောနေရာ၌ နေ၏။

လုလင်ချင်းအရာ မင်းမေးကာ

ထိုအခါ မင်းကြီးသည် လုလင်ယောကျ်ား နေပူကြဲကြဲ မမောဘဲ ပြေးလွှား သီဆိုလာသည်ကို မေးလိုသဖြင့် -

“အို - ယောကျ်ား … မြေကြီးကား မီးကျီးကဲ့သို့ ပူလျက် ပြာပူသဖွယ် ဖြစ်သော သဲပူနှင့်တကွ ဖြစ်ခဲ့၏၊ သို့ပါလျက် ပုဆိုးတစ်ထည်ကိုခြုံကာ သီချင်းဆိုဘိ၏၊ သင့်မှာ ထိုအပူသည် မပူလောင်ဘဲ ရှိသလော၊ ပူလောင်ပဲ နေသလော။

အထက်မှာ နေကပူ၏၊ အောက်မှာ မြေကြီးနှင့် သဲပူက ပူ၏၊ သို့ပါလျက် သင်သည် ပုဆိုးတစ်ထည်ကို ခြုံလျက် သီချင်းဆိုဘိ၏၊ သင့်မှာ နေပူသဲပူတို့ မပူလောင်ဘဲ ရှိသလော” –

ဟု ရေသည်ယောကျ်ားအား အလွန်အံ့ဩလျက် မေးမြန်းလေ၏။

ရေသည်လျှောက်ကြား သူ့စိတ်ထား

ရေသည်ယောကျ်ားလည်း မင်းကြီးစကားကို ကြားလျှင် -

“အရှင်မင်းကြီး … အကျွန်ုပ်ကို နေပူ သဲပူတိုပသည် မပူလောင်စေပါ၊ ဝတ္ထုကာမ ကိလေသာကာမတို့သာ ပူလောင်စေကုန်၏၊ ထိုဝတ္ထုကာမ ကိလေသာကာမကို အမှီပြု၍ ဖြစ်သော အမှုကိစ္စကား များပြားလှ၏၊ ထိုကိစ္စတို့သည် အကျွန်ုပ်ကို ပူလောင်စေကုန်၏၊ နေပူ သဲပူတို့သည် မပူလောင်စေပါ” –

ဟု မင်းကြီးအား လျှောက်ထား၏။

နေပူထက်သာ ကာမတဏှာ

ထိုအခါ မင်းကြီးသည် ရေသည်ယောကျ်ားအား “အို-ယောကျ်ား … သင်၏ ကိစ္စကား အဘယ်ကိစ္စနည်း” ဟု မေး၏။ “အရှင်မင်းကြီး … အကျွန်ုပ်ကား တောင်တံခါးဝယ် ဆင်းရဲစွာသော မိန်းမနှင့် အိမ်ထောင်ကျလျက် နေရပါ၏၊ ပွဲသဘင်၌ ကစားရန် မိန်းမကား မြောက်တံခါးအုတ်ခဲကြားတွင်ထားသော ဥစ္စာကို ယူချေဟု ခိုင်းစေသဖြင့် လာခဲ့ပါ၏၊ မိန်းမ၏ ပွဲကစားမည်ဆိုသော စကားမှာ အကျွန်ုပ် စိတ်ထဲမှာ စွဲ၍ နေပါ၏၊ ထို ကာမအပူသည် အကျွန်ုပ်ကို ပူလောင်စေပါ၏” ဟု လျှောက်ထား၏။

အလွန်စွဲမက် ငွေပဲဝက်

“အို-ယောကျ်ား … ဤကဲ့သို့ နေပူ သဲပူကြီးထဲ၌ ဂရုမစိုက်ဘဲ ရွှင်လန်းစွာ သွားနိုင်ပေ၏၊ ထိုရွှင်လန်းနိုင်ခြင်းအကြောင်းကား အဘယ်နည်း” ဟု မေး၏။ “အရှင်မင်းကြီး …. ထိုဥစ္စာကို ယူခဲ့၍ မိန်းမနှင့် မွေ့လျော် ပျော်ပါးရတော့မည် ဖြစ်သောကြောင့် ရွှင်လန်းပါ၏” ဟု လျှောက်ထား၏။ “အို-ယောကျ်ား … သင့်ဥစ္စာကား တစ်သိန်းလော” “မဟုတ်ပါ” “ငါးသောင်းလော” “မဟုတ်ပါ” လေးသောင်း၊ သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်း စသည်ဖြင့် တစ်ပဲတိုင်မေးရာ မဟုတ်ပါ မြစ်ပယ်သဖြင့် “ပဲဝက်လော” ဟု မေးရာ “ဟုတ်ပါသည်” ဟု လျှောက်ထားလေ၏။

ထီးနန်းနှင့်လဲလေ ပဲဝက်ငွေ

ထိုအခါ မင်းကြီးသည် အလွန်အံ့ဩလျက် “အို-ယောကျ်ား … မသွားလေနှင့်၊ သင့်အား ပဲဝက်သော ဥစ္စာကို ငါကပင် ပေးမည်” ဟု ပြော၏၊ “အရှင်မင်းကြီး … ပေးတော်မူသော ဥစ္စာကိုလည်း ယူပါမည်၊ အကျွန်ုပ် ဥစ္စာကိုလည်း မစွန့်နိုင်ပါ၊ သွားပါမည်” ဟု လျှောက်ထား၏။ ထိုအခါ မင်းကြီးသည် တစ်ပဲ၊ နှစ်ပဲ စသည်ဖြင့် တဖြည်းဖြည်း တက်၍ ကုဋေတစ်ရာ၊ သူဌေးရာထူး၊ အိမ်ရှေ့မင်း ရာထူးကျအောင် ပေးသော်လည်း ဝန်မခံ သွား၍ ယူဦးမည်သာ လျှောက်ထား၏။ ထီးနန်းစည်းစိမ်ကို တစ်ဝက်ပေးမည်ဟု ပြောရာမှ သွား၍ မယူတော့ပါဟု ဝန်ခံလေ၏။

အဖုမာသကာ မင်းအဖြစ်ရ

ထိုအခါ မင်းကြီးသည် အဆွေခင်ပွန်းအား မုတ်ဆိတ်ဆံပင်တို့ကို ပြုပြင်၍ နံ့သာရေ ချိုးစေပြီးလျှင် အဘိသိက်သွန်းကာ မင်းမြှောက်လေ၏။ ရေသည် ယောကျ်ားသည် မင်းဖြစ်ပြီး၍ လည်း ပဲဝက်သော အသပြာကို သွား၍ ယူသည်သာတည်း။ ထိုကြောင့် အဖုမာသကမင်းဟု ခေါ်ဝေါ်ကြကုန်၏။ ထိုမင်းနှစ်ပါးတို့သည် တိုင်းပြည်ကို တစ်ဝက်စီ ခွဲဝေကာ အုပ်ချုပ်လျက် အညီအညွတ် ဝမ်းမြောက်ဝမ်းသာနေကြကုန်၏။ အခါကာလ ကြာမြင့်လတ်သော် မင်းနှစ်ပါးတိုပသည် တစ်နေ့သ၌ ဥယျာဉ်စကားရန် အတူတကွ သွားကြကုန်၏။

လောဘဖောက်ပြန် သတ်ဖိုကြံ

ဥယျာဉ်တော်သို့ရောက်လျှင် ဥဒယမင်းသည် အဖုမာသကမင်း၏ ပေါင်ပေါ်၌ ခေါင်းအုံး၍ အိပ်၏။ အိပ်ပျော်လတ်သော် အခြံအရံ လူတို့သည် ထိုထိုအရပ်သို့ သွားနေခိုက်တွင် အဖုမာသကမင်းသည် ငါ့မှာ အခါခပ်သိမ်း တိုင်းပြည် တစ်ဝက်ကို မင်းပြုရသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဤဥဒယမင်းကိုသတ်၍ တစ်တိုင်းပြည်လုံး မင်းပြုမည်ဟု အအိမ်မှ သန်လျက်ကို ထုတ်၏။ တစ်ဖန် ဤမင်းကား ဆင်းရဲစွာသော ငါ့အား ကိုယ်နှင့်အတူပြု၍ မင်းစည်းစိမ်ကို ပေးဘိ၏၊ စည်းစိမ်ပေးသော ကျေးဇူးရှင် မင်းမြတ်ကို သတ်၍ စည်းစိမ်ကိုယူရန်ဖြစ်သော အလိုရမ္မက်ဆိုးသည် စင်စစ် မကောင်းဟု သတိရလျက် သန်လျက်ကို အအိမ်သို့ ပြန်သွင်း၏။ ဤသို့ နှစ်ကြိမ် သုံးကြိမ် ကြံစည်ကာ သန်လျက်ကို ထုတ်တုံ သွင်းတုံ ပြုလေ၏။

မိမိအမှားပြင် ကာမနှင်

ထိုနောင်မှ အဖုမာသကမင်းသည် ငါ့မှာ ဤစိတ်မျိုး အဖန်ဖန် ဖြစ်နေလျှင် မုချ မကောင်းမှုအကုသိုလ် ဖြစ်ပေလိမ့်မည်၊ သတိတရားရကာ သန်လျက်ကိုချ၍ ဥဒယမင်းကို အိပ်ရာမှ ထစေပြီးလျှင် “မြတ်သောမင်းကြီး … သည်းခံတော်မူပါ” ဟု တောင်းပန်ကာ မြေ၌ ဝပ်၏။ “သင်၌ အပြစ်မရှိသည် မဟုတ်ပါလော” ဟု မေး၏။ “အပြစ်ရှိပါသည်၊ အကျွန်ုပ်သည် ဤမည်သော အမှုကို ပြုလုပ်မိပါသည်” ဟု ပြော၏။ “ဤလိုဖြစ်လျှင် သင့်အား ငါ သည်းခံ၏၊ သင် အလိုရှိသော် မင်းပြုပါ၊ ငါ အိမ်ရှေ့မင်းပြုမည်” ဟု ပြော၏။ “အကျွန်ုပ် မင်းအဖြစ် အလိုမရှိပါ၊ ဤတဏှာသည် အပါယ်ဘုံ၌ ဖြစ်စေလတ္တံ့၊ သင်မင်းကြီးသာ မင်းပြုရစ်ပါ၊ အကျွန်ုပ် ရဟန်းပြုတော့မည်၊ ကာမဂုဏ်အပြစ်ကို မြင်ပေပြီ၊ ဤကာမဂုဏ်ကား ကြံစည်လေလေ ပွားများလေလေ ဖြစ်၏၊ ဤအခါမှစ၍ ကာမဂုဏ်ကို မကြံစည်တော့အံ့” ဟု ပြောဆိုပြီးလျှင် -

“ဟယ်-ကာမ … သင်၏ အမြစ်အရင်းကို ငါ မြင်အပ်ပြီ၊ သင်ကား ကြံစည်သဖြင့် ဖြစ်လာ၏၊ သင့်ကို မကြံစည်တော့ပေ၊ ဤသို့ မကြံစည်သည်ရှိသော် ငါ့ကိုယ်စိတ်အတွင်း၌ သင်သည် မဖြစ်နိုင်လတ္တံ့” –

ဟု ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးလေ၏။

ထီးနန်းပြစ်မြင် တောသို့ဝင်

ထိုနောက်တစ်ဖန် ထီးနန်း၌ စွဲလမ်းသော ကာမတဏှာကို စွန့်လို၍ -

“မြတ်သောမင်းကြီး … နည်းပါးကုန်သော ဝတ္ထုကာမ၊ ကိလေသာကာမ တို့သည်လည်း လူများအား မလောက်နိုင်ကုန်၊ များသော ကာမတို့ဖြင့်လည်း လူများသည် မရောင့်ရဲနိုင်ကုန်၊ ကာမတို့ကား မသာယာအပ်သော တရားတို့တည်း၊ လူမိုက်တို့ကို ငါ့ဟာ ငါ့ဥစ္စာဟု စွဲလမ်းစေကုန်၏၊ ဤကာမတို့ကို ဗောဓိပက္ခိယတရား ပွားသောသူသည် ပယ်ရှားနိုင်ရာ၏” –

ဟု ကာမ၌ လုံ့လပြု၍ နေသောသူတို့အား တရားဟော၏၊ ဤသို့လျှင် အဖုမာသကမင်းသည် လူအများကို တရားဟောပြီးလျှင် မင်းအဖြစ်ကို ဥဒယမင်းအား အပ်နှင်း၍ ဟိမဝန္တာသို့ဝင်ကာ ရသေ့ရဟန်းပြုပြီးလျှင် စျာန်အဘိညာဉ်ကို ဖြစ်စေ၏။

ဥဒါန်းမကျူးရ မသိကြ

ဥဒယမင်းသည် အဖုမာသကမင်း ရဟန်းပြုပြီးသောအခါ ၌ ဥဒယမင်းသည် ဥဒါန်းကျူးလိုသဖြင့် -

“အချင်းတို့ … ငါ၏ ကြီးကျယ်မြင့်မြတ်သော အကျိုးကား အနည်းငယ်မျှ နေ့တစ်ဝက် ဥပုသ်ကံ၏ အကျိုးဖြစ်၏၊ ဥဒယမင်းသည် ကြီးကျယ်မြင့်မြတ်သော မင်းစည်းစိမ်ကို ရခဲ့၏၊ အဖုမာသကမင်းသည် ကာမကိုပယ်၍ ရဟန်းပြုခဲ့၏၊ ထိုအဖုမာသကမင်းအား စင်စစ် လူ့အဖြစ်ကို အရတော်ပေ၏” –

ဟု အပြည့်အစုံ ဥဒါန်းကျူးလေ၏။ ထိုဥဒါန်း၏ အနက်အဓိပ္ပါယ်ကို တစ်စုံတစ်ယောက်သောသူမျှ မသိ၏။

မင်းကြီး မုတ်ဆိတ် သုတ်သင်ရိတ်

တစ်နေ့သောအခါ မိဖုရားကြီးသည် မင်းကြီးအား ဥဒါန်းဂါထာ၏ အနက်အဓိပ္ပါယ်ကို မေးလျှောက်လေ၏။ မင်းကြီးကား တစ်စုံတစ်ရာ မပြောဆို။ ထိုအခါ မင်းကြီးအား ဂင်္ဂမာလ မည်သော ဆတ္တာသည် ရှိခဲ့၏။ ထိုဆတ္တာသည်သည် မင်းကြီး၏ မုတ်ဆိတ် ဆံပင်ကို ပြုပြင်သည်ရှိသော် ရှေးဦးစွာ ဆံပင်ကို ရိတ်၏။ နောက်မှ မုတ်ဆိတ်ကို နုတ်၏။ မင်းကြီးသည် ဆံပင်ရိတ်သောအခါ ချမ်းသာ၏။ မုတ်ဆိတ် နုတ်သောအခါ ဆင်းရဲ၏။ မင်းကြီး၏ သဘောကား ရှေးဦးစွာ မုတ်ဆိတ်ကို နုတ်စေလို၏။ နောက်မှ ဆံပင်ကို ရိတ်စေလို၏။

မိဖုရားအကြံမှီ ဆတ္တာသည်

တစ်နေ့သ၌ မင်းကြီးနှင့် မိဖုရားကြီးတို့ စကားပြောနေကြရာ မင်းကြီးသည် “ရှင်မ … ဂင်္ဂမာလကား အလွန်မိုက်၏” ဟု ပြော၏။ “အရှင်မင်းကြီး … ဘယ်လို ပြုစေလိုသနည်း” ဟု မေး၏။ “ရှင်မ … မုတ်ဆိတ်ကို ရှေးဦးစွာ နုတ်ပြီး ဆံပင်ကို ရိတ်လျှင် ကောင်းမည်” ဟု ပြောလေ၏။ မိဖုရားကြီးလည်း ဂင်္ဂမာလကို ခေါ်၍ “အမောင် … မင်းကြီး၏ ဆံ မုတ်ဆိတ်ကို ပြုပြင်သည်ရှိသော် ရှေးဦးစွာ မုတ်ဆိတ်ကို နုတ်လေ၊ နောက်မှ ဆံပင်ကို ရိတ်လေ၊ ဤလိုပြုလျှင် သင့်အား ဆုပေးလိမ့်မည်၊ ပေးသောအခါ အခြားဆုကို မယူလင့်၊ ရွတ်ဆိုနေကျ ဥဒါန်းဂါထာ၏ အနက် အဓိပ္ပါယ်ကို ကြားနာလိုသော ဆုကိုသာ ယူလေ၊ သင့်အား ဥစ္စာများစွာပေးမည်” ဟု မှာထားလေ၏။

မင်းဆုရက တောင်းပန်ရ

ဂင်္ဂမာလသည် မင်းကြီး၏ မုတ်ဆိတ် ဆံပင်ကို ပြုပြင်သည်ရှိသော် ရှေးအခါကလို မဟုတ်ဘဲ မုတ်ဆိတ်ကို ရှေးဦးစွာ နုတ်၏။ ဆံပင်ကို နောက်မှ ရိတ်၏။ မင်းကြီးသည် အလွန် နှစ်သက်တော်မူသဖြင့် ဂင်္ဂမာလအား လိုရာဆုကိုယူလော့ဟု ပေး၏။ ဂင်္ဂမာလလည်း မိဖုရားကြီး မှာထားသောအတိုင်း “ဥဒါန်းဂါထာ၏ အနက်အဓိပ္ပါယ်ကို နာကြားရသောဆုကို လိုသည်၊ အခြားဆုကို မလို” ဟု လျှောက်ထား၏။ မင်းကြီးသည် ဆုပေးပြီးဖြစ်၍ မငြင်းသာတော့ဘဲ ပေးမည်ဟု ဝန်ခံရလေ၏။

မင်းကြီး ဟောကြား ဥဒါန်းများ

မင်းကြီးသည် ရတနာမဏ္ဍပ်နှင့် ရတနာပလ္လင် အစရှိသည်တို့ကို စီရင်စေပြီးလျှင် လူအများကို စည်းဝေးစေ၍ ရတနာပလ္လင်၌ တင့်တယ်စွာနေလျက် မြတ်စွာဘုရား၏ တင့်တယ်ခြင်းဖြင့် -

“အချင်းတို့ … ငါသည် ရှေးဘဝတွင် ဗာရာဏသီပြည်ဝယ် သူဆင်းရဲ ဖြစ်၍ သုစိပရိဝါရ မည်သော သူဌေးကြီးအိမ်၌ အခစားလုပ်စဉ် နေ့တစ်ဝက် စောင့်သုံးခဲ့ဖူးသော ကောင်းမှု ကုသိုလ်ကံကြောင့် ဤကောင်းမှုကား အလွန် နည်းပါးလှ၏၊ အကျိုးကား ကြီးကျယ် မြင့်မြတ်လှ၏၊ ငါ၏ အဆွေခင်ပွန်း အဖုမာသကမင်းကား ကာမကို စွန့်ပယ်၍ ရသေ့ရဟန်း ပြုဘိ၏၊ ငါမူကား မေ့လျော့၍ မင်းပြုကာ နေခဲ့၏” –

ဟု ဇာတိဿရ ဉာဏ်ဖြင့် ဥဒါန်းဂါထာ၏ အနက်အဓိပ္ပါယ်ကို ဟောကြားလေ၏။ မိဖုရားကြီးမှစ၍ လူအများသည် ဥဒါန်းဂါထာ၏ါ အနက်အဓိပ္ပါယ်ကို သိရှိနားလည်ကြ၏။

ဆတ္တာသည် ခွင့်ပန် ရဟန်းပြုပြန်

ဂင်္ဂမာလ ဆတ္တာသည်လည်း မင်းကြီး၏ အကြောင်းအတ္ထုပ္ပတ်ကို ကြားရလျှင် နည်းပါးလှသော နေ့တစ်ဝက် ဥပုသ်ကံကြောင့် ကြီးကျယ်မြင့်မြတ်သော မင်းစည်းစိမ်ကို ရရှိပေသေး၏၊ ကုသိုလ်မည်သည် ပြုကောင်းသည်သာတည်း၊ ငါလည်း ရဟန်းပြု၍ မိမိ၏ ထောက်တည်ရာကို ပြုလျှင် ကောင်းမည်ဟု ကြံစည်၍ စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်ပြီးလျှင် မင်းကြီးကို ခွင့်ပန်၍ ဟိမဝန္တာသို့ဝင်ကာ ရသေ့ရဟန်း ပြုလေ၏။ မကြာမီ ဝိပဿနာကို ပွားသဖြင့် ပစ္စေကဗုဒ္ဓါ အဖြစ်သို့ရောက်၍ နန္ဒမူလိုင်၌ နေလေ၏။

မင်းသတိပေး အမည်ခေါ်ပေး

ငါးနှစ် ကြာသောအခါ ဗာရာဏသီ မင်းကြီးကို ကြည့်ရှုမည်ဟု ဗာရာဏသီပြည်သို့ ကြွလာ၍ ဥယျာဉ်တော် ကျောက်ဖျာ၌ နေတော်မူ၏။ မင်းကြီးလည်း ကြားတော်မူလျှင် ပစ္စေကဗုဒ္ဓါကို ရှိခိုးမည်ဟု မြို့တော်မှ ထွက်လေ၏။ မယ်တော်လည်း သားတော်နှင့်အတူ ထွက်လေ၏။ ပစ္စေကဗုဒ္ဓါအထံသို့ရောက်လျှင် ရှိခိုး၍ နေလတ်သော် မင်းကြီးကို ပဋိသန္ဓာရပြုသောအခါ “ဗြဟ္မဒတ် … သင် မေ့လျော့နေသလော၊ တရားသဖြင့် မင်းပြု၏လော၊ ကောင်းမှုကို ပြု၏လော” စသည်ဖြင့် မင်း၏အမည်ကိုခေါ်၍ ပဋိသန္ဓာရ ပြုလေ၏။

ဂုဏ်ကို မသိ အမျက်ထွက်မိ

ထိုအခါ မယ်တော်သည် အမျိုးယုတ်သည် အမျိုးမြတ်သော ငါ့သားကို ဗြဟ္မဒတ်ဟု အမည်ကို ထုတ်ဖော် ခေါ်ရပါမည်လောဟု အမျက်ထွက်သဖြင့် -

“ဂင်္ဂမာလ … သတ္တဝါတိုပသည် အကျင့်ဖြင့် ယုတ်မာသောအမှုကို စွန့်ကုန်၏၊ ဆတ္တာသည် … သတ္တဝါတို့သည် အကျင့်ဖြင့် အမျက်ထွက်သော အဖြစ်ကိုစွန့်ကုန်၏၊ ဂင်္ဂမလာ … ယခု သင်သည် အကျင့်ဖြင့် ငါ့သားကို နှိပ်စက်၍ ဗြဟ္မဒတ် အမည်ဖြင့် ခေါ်သင့်သလော” –

ဟု ပစ္စေကဗုဒ္ဓါအား မေးလေ၏။

သီလကျိုးပြ မင်းဆုံးမ

ထိုအခါ မင်းကြီးသည် သီလရှိသော ပုဂ္ဂိုလ်တို့၏ အကျိုးကို ပြလိုသဖြင့် -

“အို-မိခင် … ခန္တီသီလ၏ အကျိုးကား အလုံးစုံသော သူတို့၏ ရှိခိုးခြင်းကို ခံရ၏၊ မင်း, အမတ်နှင့်တကွ ဖြစ်သော ငါတို့သည် ထို ပစ္စေကဗုဒ္ဓါကို ရှိခိုးရကုန်၏၊ ခန္တီသီလ၏ မျက်မှောက်ဖြစ်သော အကျိုးကို သင်တို့ ရှုကြကုန်လော့” –

ဟု မယ်တော်ကို တားမြစ်ကာ ပစ္စေကဗုဒ္ဓါ၏ ဂုဏ်ကျေးဇူးကို ချီးကျူးလေ၏။

သီလကျေးဇူး ပုဂ္ဂိုလ်ထူး

မယ်တော်ကို တားမြစ်သည်ရှိသော် ကြွင်းသော လူတို့သည် တစ်ဖန် ထ၍ “မြတ်သော မင်းကြီး … အမျိုးယုတ်သောသူက အရှင်မင်းကြီးကို အမည်အားဖြင့် မခေါ်သင့်” ဟု ပြောဆိုကြပြန်၏။ ထိုအခါ မင်းကြီးသည် -

“အို-အချင်းတို့ … သင်တို့သည် ရဟန်း၏ ဗောဓိပက္ခိယတရား ဟူသော အကျင့်ကို ကျင့်သော အရှင်ဂင်္ဂမလာကို တစ်စုံတစ်ခုသော စကားကိုမျှ မဆိုကြလင့်၊ စိုးရိမ်ခြင်းကင်းသော ရဟန္တာတို့ ကူးသွားရာဖြစ်သော သမုဒ္ဒရာကို အရှင် ဂင်္ဂမလာသသည် ကူးမြောက်ပေပြီ” –

ဟု လူအများကိုလည်း တားမြစ်ပြန်၍ ပစ္စေကဗုဒ္ဓါ၏ ဂုဏ်ကျေးဇူးကို ချီးကျူးပြန်၏။

ပစ္စေကဆုံးမ တောပြန်ကြွ

ထိုနောက် မင်းကြီးသည် ပစ္စေကဗုဒ္ဓါကို ရှိခိုးပြီးလျှင် “အရှင်ဘုရား … မယ်တော်အား သည်းခံတော်မူပါ” ဟု လျှောက်ထားလေ၏။ ပစ္စေကဗုဒ္ဓါလည်း “မင်းကြီး … ငါသည်ခံ၏” ဟု မိန့်တော်မူ၏။ တစ်ဖန် မင်းပရိသတ်ကို ကန်တော့စေ၏။ မိမိအထံ၌ သီတင်းသုံးရန် လျှောက်ထားပြန်၏။ ပစ္စေကဗုဒ္ဓါလည်း ခွင့်ပြုတော်မမူဘဲ မင်းကြီးနှင့်တကွ ပရိသတ်အများ ဖြစ်စဉ် လျှင် ကောင်းကင်ခရီးဖြင့် နန္ဒမူလိုဏ်သို့ ကြွတော်မူ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

• ထိုအခါ အဖုမာသကမင်းသည် - ယခုအခါ အာနန္ဒာ။

• မယ်တော်သည် - မဟာမာယာ။

• မိဖုရားကြီးသည် - ရာဟုလာမယ်တော်။

• ဥဒယမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကိလေကာမ၊ မြစ်မူလ၊ ကြံကပွားသည်သာ။

(၂) နည်းမလောက်ဘဲ၊ များသော်လည်း၊ ရောင့်ရဲမရှိပါ။

(၃) လူတွင်မိုက်မဲ၊ ငါ့ဟာပဲ၊ စွဲလမ်းစေတော့သာ။

(၄) ကုသိုလ်ဘက်ကား၊ နည်းသော်ငြား၊ ကြီးမားကျိုးတို့မှာ။

ဂင်္ဂမာလဇာတ် ပြီး၏။

***

(၄၂၂) - စေတိယဇာတ်

စေတိယမင်းသည် ပညာသင်ဘက် သူငယ်ချင်းကို ငဲ့ကွက်ကာ ပုရောဟိတ်ရာထူးပေးလို၍ အကြီးကို အငယ်၊ အငယ်ကို အကြီးဟု မုသားဆိုသဖြင့် မြေမျိုခြင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

အဝိစီကျလတ် ဒေဝဒတ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မုသားဆို၍ မြေမျိုကာ အဝီစိငရဲကြီး၌ လားရခြင်းကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

နတ်များခြံရံ ထီးနန်းစံ

လွန်လေပြီးသောအခါ ကမ္ဘာဦးအခါ၌ လူတို့သည် အသင်္ချေယျတိုင်အောင် အသက်ရှည်ကြကုန်၏။ ရှေးဦးစွာသော မင်းကား မဟာသမ္မတ မည်၏။ ထိုမင်း၏ သားတော်အစဉ် အဆက်တို့ကား ဥပဝရ မည်သော စေတိယမင်းတိုင်အောင် ဆယ့်တစ်ဆက်တို့ ဖြစ်ကုန်၏။

ထိုစေတိယမင်းကား စေတိယတိုင်း သောတ္တိယမြို့၌ မင်းပြုတော်မူ၏။ ထိုမင်း၏ တန်ခိုးကား -

(၁) ကောင်းကင်ဖြင့် သွားနိုင်ခြင်း၊

(၂) နတ်သား လေးယောက်တို့သည် သန်လျက်ကို ကိုင်စွဲကာ အရပ်လေးမျက်နှာမှ စောင့်ရခြင်း။

(၃) ကိုယ်မှ စန္ဒကူးနံ့ မွှေးခြင်း။

(၄) ခံတွင်းမှ ကြာညိုနံ့ မွှေးခြင်း။

ဟု လေးပါးတို့ ဖြစ်ကုန်၏။ ပုရောဟိတ် ပုဏ္ဏားကား ကပိလ မည်၏။ ထိုပုရောဟိတ်၏ ညီကား ကောရကလမ္ဗက မည်၏။

ပုရောဟိတ် ရဟန်းပြု အသစ်တင်မှု

ထိုမင်းသည် ငယ်စဉ် အခါက ကောရကလမ္ဗကအား မိမိနှင့် အတတ်ပညာ သင်ကြားဖက်ဖြစ်၍ ငါ မင်းအဖြစ်သို့ရောက်လျှင် သင့်အား ပုရောဟိတ်ရာထူးကို ပေးမည်ဟု ဝန်ခံကတိပြုခဲ့ဖူး၏။

ထိုစေတိယမင်းသည် မင်းအဖြစ်သို့ရောက်သော်လည်း အဘ လက်ထက် ပုရောဟိတ် ဖြစ်သော ကပိလအားရာထူးမှ ကျစိမ့်သောငှာ မတတ်နိုင်။ မိမိထံ ပုရောဟိတ် အခစားလာသောအခါ ၌ ကား ပူဇော်သော အခြင်းအရာကိုပြ၏။ ထိုအခါ ပုရောဟိတ်သည် ဤမင်းကား အရွယ်တူသော သူကိုသာ ခစားစေလို၏ဟု ရသေ့ရဟန်းပြုပြီးလျှင် စျာန်အဘိညာဉ်ကို ဖြစ်စေ၍ သားကို အမှီပြုကာ ဥယျာဉ်တော်မှာပင် နေလေ၏။

ပုရောဟိတ်ထားရန် မင်းကြီးကြံ

ကောရကလမ္ဗကလည်း အစ်ကိုကား ရဟန်းပြု၍ သွားသော်လည်း ငါ့အား ပုရောဟိတ် ရာထူးကို မပေးခဲ့ဟု ရန်ငြိုးဖွဲ့လေ၏။ မင်းကြီးသည် တစ်နေ့သ၌ ကောရကလမ္ဗကအား “အချင်း … သင့် ပုရောဟိတ် ရာထူးကို မရဘူးလော” ဟု မေး၏။ “မှန်လှပါ မရပါ” ဟု ပြော၏။ “အဘယ်ကြောင့် မရသနည်း” ဟု မေး၏။ “မင်းကြီး … အစ်ကိုသည် ပုရာဟိတ် ပြုပေ၏” ဟု ပြောသောအခါ “အချင်း … သင့်အစ်ကို ရဟန်းပြုပြီ မဟုတ်လော” ဟု မေး၏။ “ရဟန်းပြုပါပြီ၊ သို့သော်လည်း ရာထူးကို သားအားပေးခဲ့ပါ၏” ဟု ပြောပြန်၏။ “အချင်း … သင်သည်ပင် ပုရောဟိတ် ရာထူးကို ယူလော့” ဟု ပြော၏။ “အနွယ်အဆက်မှ လာသော အစ်ကိုကို ပယ်၍ အကျွန်ုပ် ပုရောဟိတ် ရာထူးကို ယူခြင်းငှာ မတတ်ကောင်းပါ” ဟု ပြော၏။ “ငါသည် သင့်ကို အစ်ကိုပြုလုပ်၍ သင့်အစ်ကိုကို ညီ ပြုလုပ်မည်” ဟု ပြော၏။ “အဘယ်အကြောင်းဖြင့် ပြုလုပ်မည်နည်း” ဟု မေး၏။ “မုသား ဆို၍ ပြုလုပ်မည်” ဟု ပြောလေ၏။

မင်း၌ ရောက်ဖွယ် အန္တရာယ်

“အရှင်မင်းကြီး … သိတော်မူသည် မဟုတ်ပါလော၊ အစ်ကိုကား ကြီးစွာသော အံ့ဖွယ်သရဲ ဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏၊ အတတ်ကို ဆောင်၍ အံ့ဖွယ်သရဲ ဖြစ်သော ဂုဏ်ကျေးဇူးဖြင့် သင်မင်းကြီးကို လှည့်စားလိမ့်မည်၊ နတ်သား လေးယောက်တို့ကို ကွယ်စေလိမ့်မည်၊ ကိုယ်နှင့် ခံတွင်းမှ မကောင်းသောအနံ့ ဖြစ်စေလိမ့်မည်၊ ကောင်းကင်မှ မြေသို့ ကျစေလိမ့်မည်၊ မြေမျိုလိမ့်မည်၊ ထိုအခါ သင်မင်းကြီးတို့သည် မိမိစကား၌ မိမိ မတည်နိုင်လတ္တံ့” ဟု ပြော၏။ “အချင်း … သင်သည် ဤလို မမှတ်လင့်၊ ငါသည်ပြုလုပ်ခြင်းငှာ တတ်နိုင်လိမ့်မည်” ဟု ပြော၏။ “ဘယ်အခါ၌ ပြုလုပ်အံ့နည်း” ဟု မေး၏။ “ယနေ့မှစ၍ ခုနစ်ရက်မြောက်သောနေ့၌ ပြုလုပ်အံ့” ဟု ပြောဆိုလေ၏။

မုသားအနံ့ ပြည်လုံးနှံ့

ထိုမုသား ဆိုမည်ဆိုသော စကားသည် ခဏချင်းတစ်မြို့လုံး ပျံ့နှံ့၍ သွား၏။ မင်းကြီးသည် မုသားဆို၍ အကြီးကို အငယ်၊ အငယ်ကို အကြီး ပြုလုပ်၍ ရာထူးကို ပေးလိမ့်မည်၊ မုသား မည်သည် အဘယ်သို့နည်း၊ အဖြူလော, အမည်းလော စသည်ဖြင့် ကြံစည်ကြကုန်သတတ်၊ ထိုအခါ လူတို့သည် မှန်သော စကားကို ဆိုသောကာဖြစ်၍ မုသားကား ဘယ်ပုံနေသည်ဟု မသိကြကုန်။

ပုရောဟိတ်သားသည် ထိုစကားကိုကြားလျှင် အဘရသေ့ထံသွား၍ “ခမည်းတော် … မင်းကြီးသည် မုသားဆိုကာ ဖခင်ကို အငယ်ပြု၍ ဘထွေးကို ဘကြီးပြုပြီးလျှင် ပုရောဟိတ် ရာထူးကို ဘထွေးအား ပေးလိမ့်မည်” ဟု ပြော၏။ “အမောင် … မုသားဆို၍ ပေးခြင်းငှာ တတ်နိုင်မည် မဟုတ်” ဟု ပြော၏။ “ဘယ်နေ့၌ ဆိုလိမ့်မည်နည်း” ဟု ပြော၏။ “ထိုနေ့၌ ငါ့ကိုလာ၍ ပြောကြားလော” ဟု ရသေ့သည် သားအား မှာထားလိုက်၏။

မင်းကြီးမုသား ရသေ့တား

လူတို့လည်း ခုနစ်ရက်မြောက်သောနေ့၌ မုသားကို ကြည့်ရှုမည်ဟု မင်းရင်ပြင်၌ ညောင်စောင်း အဆင့်ဆင့်ခင်းကာ နေကြကုန်၏။ ပုရောဟိတ်သားလည်း အဘရသေ့ကို ပြောကြားလေ၏။ ရသေ့လည်း လာ၍ မင်းကြီးရှေ့မှ နိသီဒိုက်ကိုခင်း၍ ထက်ဝယ်ဖွဲ့ခွေနေတော်မူလျက် “မင်းကြီး … သင်သည် မုသားဆိုကာ အငယ်ကို အကြီးပြု၍ ပုရောဟိတ် ရာထူးကို ပေးမည် ကြားရသည်၊ မှန်သလော” ဟု မေး၏။ “ဆရာ … မှန်ပါသည်” ဟု လျှောက်ထားလေ၏။ ထိုအခါ ရသေ့သည် -

“မြတ်သောမင်းကြီး … မုသားကို ဆိုသည်ရှိသော် တရားကိုသတ်သည် မည်၏၊ စင်စစ် သင်သတ်အပ်သော် ကြီးသူတို့အား အရိုအသေပြုခြင်း တရားသည် မိမိကိုယ်ကို ပြန်၍ သတ်၏၊ မသတ်အပ်သောတရားသည် တစ်စုံတစ်ယောက်သော သူကိုမျှမသတ်၊ ထို့ကြောင့် တရားကို မသတ်ရာ၊ အသတ်ခံရသော တရားသည် သင့်ကိုပြန်၍ မသတ်ပါစေလင့်” –

ဟု မင်းကြီးကို အဆုံးအမ ဩဝါဒပေးလေ၏။ ထို့နောက် တစ်ဖန် -

“မြတ်သောမင်းကြီး … ပြဿနာကို အမေးခံရသော သင်မင်းကြီးသည် ထိုပြဿနာကို သိလျက် မဟုတ်မမှန် ပြောကြားငြားအံ့၊ မဟုတ်မမှန်သော စကား ဆိုသော သင်မင်းကြီးအား အစောင့်နတ် လေးပါးတို့ ဖယ်သွားကြလိမ့်မည်၊ ကိုယ်နှင့် ခံတွင်းမှ အပုပ်နံ့ နံလာလိမ့်မည်၊ ကောင်းကင်မှ မြေသို့ ကျလိမ့်မည်” –

ဟု မုသားအပြစ်ကို ပြကာ ဆုံးမလေ၏။

မုသားဆိုဖွယ် တန်ခိုးကွယ်

မင်းကြီးသည် ရသေ့စကားကိုကြားလျှင် ထိတ်လန့်ကြောက်ရွံ့ရကား ကောရကလမ္ဗကကို ကြည့်လေ၏။ ကောရကလမ္ဗကလည်း “မင်းကြီး … မကြောက်လင့်၊ ရှေးမဆွကပင် ဤလို ဖြစ်လိမ့်မည်ဟု အကျွန်ုပ် ပြောအပ်သည် မဟုတ်ပါလော” ဟု အားပေးလေ၏။ မင်းကြီးလည်း ရှေးအခါက မိမိ စီစဉ် ထားသောအတိုင်း (အရှင်ဘုရား … အရှင်ဘုရားကား ညီငယ် ဖြစ်၏၊ ကောရကလမ္ဗကကား အစ်ကိုကြီး ဖြစ်၏) ဟု မဟုတ်မမှန် မုသားကို ဆိုလေ၏။ မုသားဆိုခြင်းကြောင့် နတ်သားလေးယောက်တို့သည် မုသား ဆိုသော မင်းကြီးအား မစောင့်ရှောက်လိုကုန်ဟု သန်လျက်တို့ကို မင်းကြီးခြေရင်း၌ ချကာ ဖယ်သွားကြကုန်၏။ ခံတွင်းမှ ကြက်ဥပုပ်နံ့၊ ကိုယ်မှ မစင်နံ့တို့သည် နံကုန်၏။ ကောင်းကင်မှ မြေသို့ လျှောကျ၏။ ဤသို့ တန်ခိုးလေးပါးတို့သည် ကါယ်ပျောက်ကုန်၏။

မုသားဆိုပြန် မြေမျိုခံ

ထိုအခါ ပုရောဟိတ် ဖြစ်ဖူးသော ရသေ့ကြိးသည် မင်းကြီး၏ မုသားဆိုသော အဖြစ်ကို တားဆီးလို၍ -

“စေတိယ မည်သော မင်းမြတ် … သင်မင်းမြတ်သည် ဟုတ်မှန်သော စကားကို အကယ်၍ ဆိုငြားအံ့၊ ရှေး၌ ကဲ့သို့ ဖြစ်စေလော့၊ မဟုတ်မမှန်သော စကားကို အကယ်၍ ဆိုငြားအံ့၊ မြေ၌ တည်လော့” –

ဟု မင်းကြီးအား အလုံးစုံသော တန်ခိုးတို့ကို ပကတိအတိုင်းပြုမည်ဟု ပြောဆို၏။ နောင်တစ်ဖန် “မြတ်သော မင်းကြီး … သင် ရှုလော့၊ ရှေးဦးစွာ မုသားဆိုခြင်းကြောင့် တန်ခိုးလေးပါးတို့သည် ကွယ်ပျောက်ကုန်၏၊ ယခုလည်း ရှေးကပတိအတိုင်း ပြုခြင်းငှာ တတ်ကောင်းသေး၏” ဟု ပြောဆို ဆုံးမသော်လည်း မနာယူဘဲ (သင်ကား ညီငယ်ဖြစ်၏၊ ကောရကလမ္ဗကကား အစ်ကိုကြီး ဖြစ်၏) ဟု နှစ်ကြိမ်မြောက် မုသားဆိုပြန်၏။ ထိုအခါ စေတိယမင်းအား ဖမျက်တိုင်အောင် မြေမျိုလေ၏။

မင်းမုသားပြော ရသေ့ဟော

ထိုအခါ ရသေ့ကြီးသည် မုသားပြောခြင်းကြောင့် မင်းကြီး၌ ရောက်လတ္တံ့သော အပြစ်တို့ကို ပြောလို၍ -

“မြတ်သောမင်းကြီး … ပြဿနာကို အမေးခံရသော သင်မင်းကြီးသည် သိလျက် မဟုတ်မမှန် ဖြေဆိုငြားအံ့၊ ထိုမင်း၏ တိုင်းနိုင်ငံ၌ မရွာသင့်သော အချိန်၌ မိုးရွာတတ်၏၊ ရွာသင့်သော အချိန်၌ ကား မိုးမရွာလေ” –

ဟု အပြစ်ပြ၍ ဆုံးမပြန်၏။ မင်းကြီးသည် မနာယူလေ။ ရသေ့ကြီးသည် တစ်ဖန် -

“စေတိယမည်သော မင်းမြတ် … သင်မင်းမြတ်သည် ဟုတ်မှန်သော စကားကို အကယ်၍ ဆိုငြားအံ့၊ ရှေး၌ ကဲ့သို့ ဖြစ်လော့၊ မဟုတ်မမှန်သော စကားကို ဆိုငြားအံ့၊ မြေ၌ ဝင်လော့” –

ဟု မင်းကြီးအား ရှေးပကတိအတိုင်း ပြုမည်ဟု ပြောဆို ဆုံးမပြန်၏။ မင်းကြီးလည်း မနာယူဘဲ (သင်ကား ညီငယ် ဖြစ်၏၊ ကောရကလမ္ဗကကား အစ်ကိုကြီး ဖြစ်၏)ဟု သုံးကြိမ်မြောက် မုသားဆိုပြန်၏။ ထိုအခါ မင်းကြီးအား ပုဆစ်တိုင်အောင် မြေမျိုလေ၏။

ခါးထိမြေမျို မုသားဆို

ထိုအခါ ရသေ့ကြီးသည် တစ်ဖန် မုသားဆိုသဖြင့် အကျိုးခံစားရသော ဥပမာကို ပြလို၍ -

“မြတ်သောမင်းကြီး … ပြဿနာကို အမေးခံရသော သင်မင်းသည် သိလျက် ထိုပြဿနာကို မဟုတ်မမှန် ဖြေဆိုငြားအံ့၊ ထိုမင်း၏လျှာသည် မြွေ၏ လျှာကဲ့သို့ နှစ်ခွ ဖြစ်၏”။

“စေတိယ မည်သော မင်းမြတ် … ဟုတ်မှန်သော စကားကို ကအယ်၍ ဆိုငြားအံ့၊ ရှေး၌ ကဲ့သို့ ဖြစ်လော့၊ မဟုတ်မမှန်သော စကားကို ဆိုငြားအံ့၊ အလွန် မြေသို့ ဝင်လော့” –

ဟု မင်းကြီးအား အပြစ်ပြ၍ ဆုံးမပြန်၏။ မင်းကြီးသည် မနာယူဘဲ (သင်ကား ညီငယ် ဖြစ်၏၊ ကောရကလမ္ဗကကား အစ်ကိုကြီး ဖြစ်၏) ဟု လေးကြိမ်မြောက် မုသားကို ဆိုပြန်၏။ ထိုအခါ ခါးတိုင်အောင် မြေမျိုလေ၏။

မုသားဆိုလုပ် ချက်တိုင်မြုပ်

ထိုအခါ ရသေ့ကြီးသည် နောက်ထပ်တစ်ဖန် မုသားဆို ကျူးလွန်သောသူအား ငါးနှင့် ဥပမာပြလိုသဖြင့် ဝ

“မြတ်သော မင်းကြီး … ပြဿနာကို အမေးခံရသော မင်းသည် သိပါလျက် ထိုပြသနာကို မဟုတ် မမှန် ဖြေဆိုငြားအံ့၊ ငါးအား လျှာသည် မဖြစ်သကဲ့သို့ ထိုမင်းအား လျှာသည် မဖြစ်ပါ” ။

“စေတိယမည်သော မင်းမြတ် … ဟုတ်မှန်သော စကားကို အကယ်၍ ပြောဆိုငြားအံ့၊ ရှေးအခါ၌ ကဲ့သို့ ဖြစ်လော့၊ မဟုတ်မမှန်သော စကားကို အကယ်၍ ပြောဆိုငြားအံ့၊ အလွန် မြေထဲသို့ ဝင်လော့ ”-

ဟု မင်းကြီးအား အပြစ်ပြ၍ ဆုံးမပြန်၏။ မင်းကြီးသည် မနာယူဘဲ (သင်ကား ညီငယ် ဖြစ်၏၊ ကောရကလမ္ဗကကား အစ်ကိုကြီး ဖြစ်၏)ဟု ငါးကြိမ်မြောက် မုသားကို ဆိုပြန်၏။ ထိုအခါ ချက်တိုင်အောင် မြေမျိုလေ၏။

ဆုံးမ မလိုက် မင်းအမိုက်

ထိုအခါ ရသေ့ကြီးသည် နောက်ထပ်တစ်ဖန် မုသားဆိုသော သူအား သားယောကျ်ား မဖွားမြင်သော အဖြစ်ကို ဆုံးမလိုသဖြင့် -

“မြတ်သော မင်းကြီး … ပြဿနာကို အမေးခံရသော သင်မင်းကြီးသည် သိပါလျက် ထိုပြဿနာကို မဟုတ်မမှန် ဖြေဆိုငြားအံ့၊ ထိုမင်း၏ အမျိုး၌ သားမိန်းမတို့သာ ဖွားမြင်ကုန်၏။ သားယောကျ်ားတို့ မဖွားမြင်ကုန်”။

“စေတိယမည်သော မင်းမြတ် … ဟုတ်မှန်သော စကားကို အကယ်၍ ပြောဆိုငြားအံ့၊ ရှေးအခါ၌ ကဲ့သို့ ဖြစ်လော့၊ မဟုတ်မမှန်သော စကားကို အကယ်၍ ပြောဆိုငြားအံ့၊ လွန်စွာ မြေသို့ ဝင်လော့” –

ဟု မင်းကြီးအား အပြစ်ပြ၍ ဆုံးမပြန်၏။ မင်းကြီးလည်း မနာယူဘဲ ရှေးနည်းအတူ ခြောက်ကြိမ်မြောက် မုသားဆိုပြန်၏။ ထိုအခါ သားမြတ်တိုင်အောင် မြေမျိုလေ၏။

မုသားပြစ်ဒဏ် အဝီစိခံ

ထိုအခါ ရသေ့ကြီးသည် နောက်ထပ်တစ်ဖန် မုသားကျူးလွန်ခြင်း အမှုသည် အပါယ်ငရဲသို့ ကျတတ်သော အဖြစ်ကို ဆုံးမလို၍ -

“မြတ်သော မင်းကြီး … ပြဿနာကို အမေးခံရသော သင်မင်းကြီးသည် သိပါလျက် ထိုပြဿနာကို မဟုတ်မမှန် ဖြေဆိုငြားအံ့၊ ထိုမင်းအား သားယောကျ်ားတို့ မမွေးဖွားကုန်၊ မွေးဖွားပါကုန်သော်လည်း မိဘတို့အား ကျေးဇူးမပြုကြဘဲ ထိုထိုအရပ်သို့ ဖယ်သွားကုန်၏”။

“စေတိယမည်သော မင်းမြတ် … ဟုတ်မှန်သော စကားကို အကယ်၍ ပြောဆိုငြားအံ့၊ ရှေးအခါ၌ ကဲ့သို့ ဖြစ်လော့၊ မဟုတ်မမှန်သော စကားကို အကယ်၍ ပြောဆိုငြားအံ့၊ လွန်စွာ မြေထဲသို့ ဝင်ဦးလော့” -

ဟု မင်းကြီးအား ဆုံးမပြန်၏။ မင်းကြီးလည်း မနာယူဘဲ ရှေးနည်းအတိုင်း ခုနစ်ကြိမ်မြောက် မုသားကိုဆိုပြန်၏။ ထိုအခါ မင်းကြီးအား မြေကြီးသည် ဟင်းလင်းဖွင့်၍ ပေး၏။ အဝီစိငရဲမှ ငရဲမီးလျှံတက်ကာ ယူ၍ သွားလေ၏။

မင်း၏ သားများ ရသေ့ထံသွား

ထိုမင်းသားတို့တွင် အကြီးဆုံး မင်းသားကို “အမောင် … အရှေ့တံခါးဖြင့် ထွက်၍ သွားလော့၊ ဆင်ဖြူရတာနာကို မြင်ရာအရပ်၌ မြို့တည်လော့၊ ထိုမြို့သည် ဟတ္ထိပုရမြို့ ဖြစ်လိမ့်မည်”။ ဒုတိယမင်းသားကို “အမောင် … တောင်တံခါးဖြင့်ထွင်၍ သွားလော့၊ မြင်းဖြူရတနာကို မြင်ရာအရပ်၌ မြို့တည်လော့၊ အဿပုရမြို့ ဖြစ်လိမ့်မည်” ။ တတိယ မင်းသားကို “အမောင် … အနောင်တံခါးဖြင့် ထွက်၍ သွားလော့၊ ကေသရာဇာခြင်္သေ့ကို မြင်ရာအရပ်၌ မြို့တည်လော့၊ သီဟပုရမြို့ ဖြစ်လိမ့်မည်”။ စတုတ္ထမင်းသားကို “အမောင် … မြောက်တံခါးဖြင့် ထွင်၍ သွားလော့၊ ရတနာအလုံးစုံပြည့်သော ရထားလှည်းအိမ်ကို မြင်ရာအရပ်၌ မြို့တည်လော့၊ ဥတ္တရပဉ္စာလမြို့ ဖြစ်လိမ့်မည်” ။ ပဉ္စမမင်းသားကို “အမောင် … ဤမြို့၌ ကြီးစွာသော စေတီကို တည်ပြီးလျှင် မြို့မှထွက်၍ အနောက်မြောက်အရပ်ဝယ် တောင်ချင်းခတ်၍ ဒတ်-ဒတ် အသံပြုရာအရပ်၌ မြို့တည်လော့၊ ဒဒ္ဒရ မည်သောမြို့ ဖြစ်လိမ့်မည်” ဟု အသီးအသီး အမိန့်ပေးလေ၏။ မင်းသား ငါးယောက်တို့လည်း ဆရာရသေ့ကြီး အမိန့်အတိုင်း သွားကာ မြို့တည်၍ နေကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

• ထိုအခါ စေတိယမင်းသည် - ယခုအခါ ဒေဝဒတ်။

• ကပိလပုဏ္ဏားသည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကိုယ်နှင့်ခံတွင်း၊ ပုပ်နံ့ညှဉ်း၊ ချွတ်ယွင်းဆိုမုသား။

(၂) နတ်မစောင့်လို၊ မြေကျမျို၊ ပြောဆိုလိမ်မုသား။

(၃) ချိန်မဲ့မိုးရွာ၊ ချိန်မရွာ၊ ဆိုကာလိမ်မုသား။

(၄) လျှာနှစ်ခွ၊ လျှာမဲ့ရာ၊ ဆိုကာလိမ်မုသား။

(၅) သမီးသာရ၊ သားမရ၊ ဆိုကလိမျမုသား။

(၆) သားသမီးမဲ့၊ ရပြန်ခဲ့၊ ဘဲခဲ့ဆိုမုသား။

စေတိယဇာတ် ပြီး၏။

***

(၄၂၃) - ဣန္ဒြိယဇာတ်

ဣန္ဒြေအလိုလိုက်၍ ပြည့်တန်ဆာမတို့၌ တပ်စွန်းမိသဖြင့် စျာန်လျှောသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရသာစွဲလျက် မယားမက်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည် အမျိုးသား တစ်ယောက်သည် စည်းစိမ်ဥစ္စာ သားမယားကို စွန့်လွှွတ်ကာ မြတ်စွာဘုရားထံတော်၌ ရဟန်းပြုလေ၏။

ထိုအမျိုးသားရဟန်းသည် ဆရာဥပဇ္စျာယ်တို့နှင့်တကွ နေလတန်သော် ထေရ်ဝါငယ်သဖြင့် ယုတ်ညံ့သော ပစ္စည်းလာဘ်လာကိုသာ သုံးဆောင်ရ၏။ ရဟန်းကြီးသည် ရသတဏှာဖြင့် နှောင့်ဖွဲ့အပ်သည် ဖြစ်၍ မယားဟောင်းကိုပင် မစွန့်လွှတ်နိုင်ချေ။

မယားစုံစမ်းမှု ပရိယာယ်ပြု

တစ်နေ့သောအခါ ၌ မယားဟောင်းသည် ဤရဟန်းကြီးကား ငါ့ကို နှောင်ဖွဲ့အပ်သည် မဖွဲ့သည်ကို စုံစမ်းမည်ဟု ဇနပုဒ်သားတို့ကို အိမ်၌ ဧည့်ခံကျွေးမွေးလျက် အိမ်ရှေ့ဝယ် လှည်းတို့၌ နွားတို့ကို အသင့်တပ်၍ ပြင်ဆင်လျက်ထား၏။ ထိုအခိုက်တွင် ရဟန်းကြီးသည် အိမ်ရှေ့သို့လာ၍ တံခါးတွင်ရပ်၏။

ထိုအခါ ယောကျ်ားတစ်ယောက်သည် အိမ်ရှင်မအား အိမ်ရှေ့တွင် ရဟန်းကြီးတစ်ပါး ဆွမ်းရပ်နေကြောင်း ပြောကြား၏။ အိမ်ရှင်မလည်း မသိချင်ဟန်ပြု၍ ကန်တော့ဆွမ်းပါ၊ အခြားအိမ်ကြွ၍ ရပ်တော်မူပါ-ဟု အလျှောက်ခိုင်း၏။ ယောကျ်ားလည်း အိမ်ရှင်မ ခိုင်းတိုင်း သွား၍ ရှိခိုးကာလျှောက်၏။ ရဟန်းကြီးသည် အကြိမ်ကြိမ် လျှောက်သော်လည်း မကြွဘဲ ရပ်မြဲတိုင်း ရပ်လေ၏။ ထိုယောကျ်ားသည် အိမ်ရှင်မအား ရဟန်းကြီးသည် လျှောက်သော်လည်း မရ၊ အခြားသို့ မကြွကြောင်း ပြောကြားပြန်၏။

ပရိယာယ်သဘော မယားပြော

ထိုအခါ မယားဟောင်း အိမ်ရှင်မသည် အိမ်တွင်းမှ ထွက်၍ “အို ဖခင် … အခြားရဟန်းကြီး မဟုတ်၊ ကလေးတို့အဖေ ဖြစ်သည်” ဟု ပြောဆိုလျက် အိမ်မှ ဆင်းသက်၍ သပိတ်ကို လှမ်းယူပြီးလျှင် အိမ်ပေါ်သို့ပင့်၍ ဆွမ်းလုပ်ကျွေး၏။ ဆွမ်းဘုဉ်းပေးပြီးလျှင် ရှိခိုး၍ “အရှင်ဘုရား … အရှင်တို့ကား ဤသာဝတ္ထိပြည်မှာပင် ပရိနိဗ္ဗာန်ပြုရစ်ပါ၊ အကျွန်ုပ်ကား အိမ်ထောင်ပြုပါမည်၊ အိ်မ်ထောင်မရှိက မတင့်တယ်ပါ၊ အိမ်ထောင်ပြု၍ အခြားဇနပုဒ်သို့သွားပါအံ့၊ အပြစ်ရှိက သည်းခံတော်မူပါ” ဟု ဖြားယောင်း၍ လျှောက်ထားလေ၏။

တဏှာနှစ်သက် ရဟန်းထွက်

ရဟန်းကြီးသည် မယား စကားကို ကြားလျှင် နှလုံးကွဲသကဲ့သို့ ဖြစ်၍ “ရှင်မ … သင့်ကို ငါ စွန့်ခြင်းငှာ မတတ်နိုင်၊ အိမ်ထောင်မပြုပါလင့်၊ သွားလည်း မသွားပါလင့်၊ ငါ ယခုပင် လူထွက်မည်၊ ငါ့အဝတ် ပုဆိုးတို့ကို ပေးလော့၊ သပိတ် သင်္ကန်းတို့ကို ဆရာဥပဇ္စျာယ်တို့ထံ အပ်နှင်းကာ အကျိုးအကြောင်းကို လျှောက်ထား၍ ပြန်လာမည်” ဟု ပြောဆိုမှာထားပြီးလျှင် ကျောင်းသို့ပြန်ခဲ့၏။

ကျောင်းသို့ရောက်လျှင် ဆရာဥပဇ္စျာယ်တို့ကို အကြောင်းစုံ လျှောက်ထားလေ၏။ ဆရာဥပဇ္စျာယ်တို့လည်း လူထွက်လိုသော ရဟန်းကြီးကို ခေါ်ဆောင်လျက် မြတ်စွာဘုရားထံ သွားကြကုန်၏။ မြတ်စွာဘုရားလည်း လူထွက်လိုကြောင်းကို သိတော်မူလျှင် “ရဟန်း … သင့်ကို သာသနာတော်၌ အဘယ်သူ ငြီးငွေ့စေသနည်း” ဟု မေး၏။ “အရှင်ဘုရား … မယားဟောင်း ငြီးငွေ့စေပါသည်” ဟု လျှောက်၏။ “ရဟန်း … ထိုမိန်းမသည် ယခုအခါ၌ သာလျှင် သင်၏ အကျိုးမဲ့ကို ပြုသည် မဟုတ်၊ ရှေးအခါ၌ လည်း ပြုဖူးပြီ၊ ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လူ့ဘောင်စွန့်မှု ရသေ့ပြု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုရောဟိတ်ပုဏ္ဏား၏ ပုဏ္ဏေးမဝမ်း၌ ဖြစ်၍ ဖွားမြင်တော်မူသောနေ့၌ တစ်မြို့လုံး လက်နက်ရောင် တောက်သောကြောင့် ဇောတိပါလဟု အမည်မှည့်ကုန်၏။

ထိုဇောတိပါလ လုလင်သည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှင် မင်းကြီးအား အတတ်ပညာတို့ကို ပြ၍ စည်းစိမ်ဥစ္စာတို့ကို ပယ်စွန့်ပြီးလျှင် တစ်စုံတစ်ယောက်ကိုမျှ မသိစေဘဲ မြို့မှထွက်၍ တောသို့ဝင်ကာ သိကြားပေးသော ကဝိဋ္ဌက မည်သော ကျောင်း၌ ရသေ့ရဟန်းပြု၍ စျာန်အဘိညာဉ်ကို ဖြစ်စေ၏။ များစွာသော ရသေ့အရာတို့သည် ခြံရံကြကုန်၏။ အစည်းအဝေးကြီးလည်း ဖြစ်၏။ တပည့်ကြီး ခုနစ်ဦးတို့လည်း ရှိကုန်၏။

အခြံအရံစုံစွာ ပျော်မွေ့ကာ

ထိုတပည့်ကြီးတို့တွင် သာလိဿရ ရသေ့သည် အရှေ့ဇနပုဒ် သောတောဒိက မြစ်နား၌ အထောင်မကသော ရသေ့တို့ ခြံရံလျက်နေ၏။ မဏ္ဍိဿာရ ရသေ့သည် ပဉ္စာလမင်းနိုင်ငံ ကလမ္ဗစူဠက နိဂုံးကိုမှီ၍ အထောင်မကသော ရသေ့တို့ ခြံရံလျက်နေ၏။ ပဗ္ဗတရသေ့သည် တောအုပ်၌ ရှိသော ဇနပုဒ်ကိုမှီ၍ အထောင်မကသော ရသေ့တို့ ခြံရံလျက်နေ၏။ ကာလဒေဝိလ ရသေ့သည် အဝန္တီဒက္ခိဏပထ၌ တစ်ခဲနက်သော တောအုပ်ကိုမှီ၍ အထောင်မကသော ရသေ့တို့ကို ခြံရံလျက်နေ၏။ ကိဿဝစ္ဆရသေ့သည် ဒဏ္ဍကီမင်း၏ ကုမ္ဘဝတီမြို့ကိုမှီ၍ ဥယျာဉ်တော်ဋ တစ်ယောက်တည်းသာ နေ၏။ အနုပိယရသေ့သည် ဆရာဖြစ်သော သရဘင်္ဂ ရသေ့ကို လုပ်ကျွေးလျက်နေ၏။ ကာလဒေဝီလ ရသေ့၏ ညီဖြစ်သော နာရဒရသေ့သည် မဇ္စျိမဒေသ အဉ္စနဂိရိ တောင်ကွန်ရက်ကြားတွင် လိုဏ်ဂူတစ်ခု၌ တစ်ယောက်တည်းသာနေ၏။

ပြည့်တန်ဆာတပ်စွမ်း ရသေ့စွဲလမ်း

အဉ္စနဂိရိတောင်၏အနီး၌ လူတို့ဖြင့် ရောပြွမ်းသောနိဂုံးရွာတစ်ခု ရှိ၏။ တောင်နှင့် နိဂုံး အကြား၌ လည်း မြစ်ကြီးရှိ၏။ ထိုမြစ်ကြီး၌ လူများစွာတို့သည် ကူးကုန်၏။ ပြည့်တန်ဆာမတို့လည်း ဝတ်စားတန်ဆာတို့ကို ဆင်ယင်ကြလျက် လာလာသမျှ ယောကျ်ားတို့ကို ဖြားယောင်းသွေးဆောင်၍ မြစ်ကမ်းနားမှာပင် နေကြကုန်၏။

ထိုအခါ နာရဒရသေ့သည် ပြည့်တန်ဆာမတစ်ယောက်၌ တပ်စွမ်းသော စိတ်ရှိသည်ဖြစ်၍ စျာန်ကို ကွယ်စေလျက် ကိလေသာ၏အလိုသို့ လိုက်လျက် ခြောက်ကပ်သောကိုယ်ရှိသည်ဖြစ်၍ အစာအာဟာရကိုပင် မသုံးဆောင်တော့ဘဲ ခုနစ်ရက်ပတ်လုံး ကျောင်းတွင်သာ အိပ်လျက်နေ၏။

မိတ်ဆွေကယ်မ တောမှကြွ

ကာလဒေဝီလ ရသေ့သည် အဘိညာဉ်ဖြင့် ဆင်ခြင်လတ်သော် ထိုအကြောင်းကိုသိ၍ နာရဒရသေ့ထံလာကာ လိုဏ်ဂူသို့ ဝင်၏။ နာရဒရသေ့သည် ကာလဒေဝီလရသေ့ကိုမြင်၍ “အရှင် … အဘယ်ကြောင့် လာသနည်း” ဟု မေး၏။ “အရှင် … အချမ်းသာသည်ကို ကုစားရန်လာ၏” ဟု ပြော၏။ “အရှင်သည် … မဟုတ်မမှန်သော စကားကို ဆို၏” ဟု မုသာဝါဒဖြင့် နှိပ်စက်၏။

ကာလဒေဝီလ ရသေ့သည် သာလိဿရ ရသေ့၊ မဏ္ဍိသာရ ရသေ့၊ ပဗ္ဗတရသေ့တို့ကို ပင့်ပြန်၏။ ထိုရသေ့ သုံးဦးတို့ကို လည်း မုသာဝါဒဖြင့် နှိပ်စက်ပြန်၏။

မိတ်ဆွေဆုံးမ တရားပြ

ထိုအခါ သရဘင်္ဂ ရသေ့ကြီးကို ပင့်ဆောင်ပြန်၏။ သရဘင်္ဂ ရသေ့သည် နာရဒရသေ့ကို ဣန္ဒြေတို့၏ အလိုသို့ လိုက်သည်ကိုသိ၍ -

“အို- နာရဒရသေ့ … ကိလေသာ၏ အစွမ်းဖြင့် ဣန္ဒြေတို့၏အလိုသို့ လိုက်မှားသောသူသည် နှစ်ပါးသော လူ့ပြည် နတ်ပြည်တို့ကို စွန့်၍ ငရဲစသည်တို့၌ ဖြစ်ရ၏၊ အသက်ရှည်စဉ် လည်း ခြောက်ကပ်ပိန်ချုံး၏” –

ဟု နာရဒရသေ့ကို ဆုံးမ၏။ ထိုအခါ နာရဒရသေ့သည် “ဆရာ … ကာမကို မှီဝဲခြင်း မည်သည်ကား ချမ်းသာ၏၊ ဤသို့သော ချမ်းသာကို ဆရာသည် အဘယ်ကိုရည်၍ ဆင်းရဲသည်ဟု ဆိုဘိသနည်း” ဟု လျှောက်ထားလေ၏။

တဏှာဖြစ်ပြော တရားဟော

သရဘင်္ဂ ဆရာသည် ကာမချမ်းသာသည် အပါယ်ငရဲစသော မကောင်းသော ဒုဂ္ဂတိသို့သာ ခံစားရကြောင်း ပြောလို၍ -

“အို- နာရဒရသေ့ … သတ္တဝါတို့သည် ကာမချမ်းသာ၏ အဆုံး၌ ငရဲ စသော ဆင်းရဲသို့ ရောက်ရကုန်၏၊ သီလကို စောင့်ရှောက်သော ဆင်းရဲ၏အဆုံး၌ လူ့ပြည် နတ်ပြည် နိဗ္ဗာန်ချမ်းသာသို့ ရောက်ရကုန်၏၊ သတ္တဝါ ဖြစ်သော သင်လည်း စျာန်ချမ်းသာ၏ အဆုံး၌ ကာမချမ်းသာကို မှီ၍ ဖြစ်သော စိတ်ဆင်းရဲခြင်းသို့ ရောက်ရ၏၊ မြတ်သော စျာန်ချမ်းသာကို အလိုရှိဦးလော့” –

ဟု ဆုံးမပြန်၏။ နာရဒရသေ့သည် ဆရာ၏ဆင်းရဲကား သည်းခံနိုင်ခဲ၏၊ အကျွန်ုပ် သည်းမခံနိုင်ဟု လျှောက်ထားပြန်၏။

တဏှာစွန့်မှ ချမ်းသာရ

ထိုအခါ သရဘင်္ဂ ရသေ့သည် ကိလေသာ၏ အလိုသို့ လိုက်ခြင်းသည် ဆုတ်ယုတ်၏။ စွန့်ခြင်းသည် ဆင်းရဲအပေါင်းမှ လွန်မြောက်၏ဟု ပြောလို၍ -

“အို- နာရဒရသေ့ … ဆင်းရဲ ဖြစ်လာသောအခါ ၌ ထိုဆင်းရဲကို သည်းခံလျက် ဆင်းရဲ၏အလိုသို့ မလိုက်သော ပညာရှိသည် ဆင်းရဲ၏အဆုံးဖြစ်သော ယောဂ ဟူသော ချမ်းသာကို ကောင်းစွာရနိုင်၏” –

ဟု ဆုံးမပြန်၏။ နာရဒရသေ့သည် “ဆရာ … ကာမချမ်းသာကား မြတ်သော ချမ်းသာ ဖြစ်၏၊ ထိုချမ်းသာကို အကျွန်ုပ် မစွန့်နိုင်ပါ” ဟု လျှောက်ထားပြန်၏။ ထိုအခါ သရဘင်္ဂရသေ့သည် -

“အို- နာရဒရသေ့ … ဝတ္ထုကာမတို့ကို တောင့်တသဖြင့် တရားမှ ရွေ့လျောခြင်းငှာ မထိုက်၊ အကျိုးမဲ့ဖြစ်သဖြင့် တရားမှ ရွေ့လျောခြင်းငှာ မထိုက်၊ ဤမည်သော အကျိုး ဖြစ်လိမ့်မည်ဟု အကျိုးကို လိုချင်ခြင်း အကြောင်းကြောင့်လည်း တရားမှ ရွေ့လျောခြင်းငှာ မထိုက်၊ ဖြစ်ပြီးသောစျာန်ကို ဖျက်ဆီး၍ တရားမှ ရွေ့လျောခြင်းငှာ မထိုက်” –

ဟု သရဘင်္ဂ ဆရာသည် လေးဂါထာတို့ဖြင့် ဆုံးမပြီး၍ -

ဆင်းရဲချမ်းသာ သည်းခံရာ

ကာလဒေဝီလ ရသေ့သည် ကိလေသာကိုမှီ၍ ငိုကြွေးဆင်းရဲခြင်းကို တားမြစ်လိုသဖြင့် -

“အို- နာရဒရသေ့ … အိမ်ရှင်တို့၏ မပျင်းမရိ လိမ္မာခြင်းသည် ကောင်း၏၊ တရားစောင့်သော ရသေ့ ရဟန်းတို့နှင့် ဝေဖန် သုံးဆောင်ခြင်းသည် ကောင်း၏၊ စည်းစိမ်ဥစ္စာ ရသောအခါ မပေါ်လွင် မရွှင်လန်းခြင်းသည် ကောင်း၏၊ စည်းစိမ်ဥစ္စာ ပျက်စီးသောအခါ ၌ လည်း မဆင်းရဲ မပင်ပန်းခြင်းသည် ကောင်း၏” –

ဟု နာရဒရသေ့ကို ဆုံးမပြန်၏။ ထိုနောက် သရဘင်္ဂဆရာသည် နာရဒရသေ့ကိုခေါ်၍ “အို- နာရဒရသေ့ … ရှေးဦးစွာ ပြုလုပ်ထားရမည့် လုပ်ငန်းကိစ္စကို ပြုလုပ်မထားသောသူသည် တောသို့ဝင်ကာ လုလင်ကဲ့သို့ စိုးရိမ်ပူဆွေး ငိုကြွေးရ၏” ဟု ပြောဆိုပြီးလျှင် အတိတ်ကို ဆောင်ပြန်၏။

အတိတ်ဝတ္ထု

လုလင်ယောကျ်ား သားသတ်စား

လွန်လေပြီးသောအခါ ကာသိနိဂုံးဝယ် ကုဏ္ဏားလုလင်တစ်ယောက် ရှိသတတ်။ အဆင်းလှ၏။ ဆင်ပြောင်အားကဲ့သို့ အားနှင့် ပြည့်စုံ၏။ ထိုလုလင်သည် လယ်လုပ်ခြင်းစသော အမှုကို ပြုလုပ်ကာ မိဘကို လုပ်ကျွေးသဖြင့် အကျိုးရှိအံ့နည်း၊ သားမယားကို လုပ်ကျွေးသဖြင့် အကျိုးရှိအံ့နည်း၊ ကုသိုလ်ကောင်းမှုကို ပြုသဖြင့် လုပ်ကျွေးသဖြင့် အကျိုးရှိအံ့နည်း၊ ငါသည် တောသို့ဝင်ကာ သားတို့ကို သတ်၍ စားလျက် မိမိကိုယ်ကိုသာ မွေးမြူအံ့ဟု ကြံစည်ပြီးလျှင် လက်နက်ငါးပါးကို ယူဆောင်လျက် တောသို့ဝင်ကာ သားတို့ကို သတ်၍ မီးကျီးတွင်ကပ်၍ စားသောက်လျက် အသက်မွေးလေ၏။

အကုကျိုးပြစ် ပြိတ္တာဖြစ်

တစ်နေ့သ၌ ငါကား အခါခပ်သိမ်း အားနှင့် ပြည့်စုံနေမည် မဟုတ်၊ အားနည်းသောအခါ စားဖို့ဟု အထူးထူးသော သားတို့ကို တောင်ကွန်ရက်သို့ သွင်းလျက် တံခါးဖွဲ့ကာ လှောင်၍ ထားပြီးလျှင် လိုရာသားကို ပစ်၍ စားလေ၏။ နောက်အခါ သားတို့ကို သတ်သော အကုသိုလ်ကံသည် အထွတ်အထိပ်သို့ရောက်၍ မျက်မှောက်မှာပင် အကျိုးပေးလေ၏။ လက် ခြေတို့သည် ထိုထိုဤဤ ရွေ့လျားရန် မတတ်နိုင်ကုန်။ တစ်စုံတစ်ခုသော ခဲဖွယ်ဘောဇဉ် သောက်ရေကို မမြင်။ ကိုယ်အလုံးသည် ညှိုးနွမ်းလျက် လူပြိတ္တာဖြစ်လေ၏။ နွေအခါ တစ်ကိုယ်လုံး မြေကြီးကဲ့သို့ အက်ကွဲ၏။ အရေတို့လည်း စုတ်ပြတ်ကုန်၏။ ကြီးစွာသော ဆင်းရဲကို ခံရ၏။

မင်းနှင့်တွေ့ကာ လူပြိတ္တာ

တစ်နေ့သ၌ သိဝိမင်းကြီးသည် တောသို့ဝင်ကာ သမင်သားကို မီးကျီဖြင့်ကင်၍ စားမည်ဟု ကြံစည်လျက် တိုင်းပြည်ကို အမတ်တို့အား အပ်နှင်းခဲ့၍ တောသို့ဝင်ကာ လူပြိတ္တာနှင့် တွေ့လေ၏။ ကြောက်၍ ထွီထွီဟု တံတွေးထွေး၏။ မင်းကြီးသည် ထိုလူပြိတ္တာအား “အမောင် … အဘယ်သူနည်း” ဟု မေး၏။ “အရှင် … အကျွန်ုပ်ကား လူပြိတ္တာဖြစ်ပါ၏၊ သမင်သားကို သတ်၍ စားသဖြင့် ဤကဲ့သို့ ဒိဋ္ဌဓမ္မ အကျိုးခံစားရပါ၏၊ အရှင်လည်း အဘယ်သူနည်း” ဟု ပြန်၍ မေး၏။ “အမောင် … ငါကား သိဝိမင်း ဖြစ်၏” ဟု ပြောသောအခါ “အရှင် … မင်းဖြစ်ပါလျက် အဘယ်ကြောင့် ဤအရပ်သို့ လာသနည်း” ဟု မေး၏။ “အမောင် … သမင်သားကို စားလို၍ လာသည်” ဟု ပြောသောအခါ “အရှင် … အကျွန်ုပ်လည်း သမင်သားကို စာလို၍ လာသောကြောင့် ဤကဲ့သို့ လူပြိတ္တာ ဖြစ်ရသည်” ဟု အကြောင်းစုံကို ပြောဆိုလေ၏။

အကုသိုလ်ကံများ မင်းလျှောက်ထား

ထိုနောက် တစ်ဖန် မိမိ၏ ပြုခဲ့သော ကုသိုလ်ကံအကျိုး ခံစားရပုံကို လျှောက်ထားလို၍ -

“အရှင် သိဝိမင်းကြီး … အကျွန်ုပ် ကဲ့သို့သော သူသည် ရန်သူလက်၌ ပျက်စီးခြင်းသို့ ရောက်သကဲ့သို့ ရောက်ရ၏။ အသက်မွေးခြင်းအမှု၊ အတတ်ပညာ၊ အလိမ္မာဉာဏ်၊ အကျင့်သီလ နူးညံ့သော အဆွေ ခင်ပွန်း ဟူသော စည်းစိမ်ကို ရစေတတ်သော သဘောတို့ကို စွန့်ပယ်၍ မိမိ ပြုလုပ်အပ်သော မကောင်းမှုကံဖြင့် အသပြာ တစ်ထောင်မှ ရှုံးသောသူကဲ့သို့ အဆွေခင်ပွန်း မရှိ၊ မှီခိုအားထားရာ မရှိဘဲ လူပြိတ္တာ ဖြစ်ရ၏၊ အကျွန်ုပ်သည် မြတ်သောအကျင့်ကို ဖယ်ကြဉ်ကာ လူပြိတ္တာ ဖြစ်ရသော အခြင်းအရာဖြင့် ချမ်းသာကို အလိုရှိသော သတ္တဝါတို့ကို ဆင်းရဲစေသောကြောင့် ယခုလို ဆင်းရဲအစုကို ရောက်ရ၏၊ မီးကျီးဖြင့် ပတ်ပတ်လည် ခြံရံသကဲ့သို့ ပူလောင်နေသဖြင့် ချမ်းသာကို မရခဲ့ပါ” –

ဟု မင်းကြီးအား ပြောဆိုပြီးလျှင် -

မင်းကိုတောင်းပန် ကသိုလ်ပြုရန်

အရှင်မင်းကြီး အကျွန်ုပ်၏ အဖြစ်ကို ကြည့်ရှုပါလော့၊ မကောင်းမှုကို မပြုပါလင့်၊ တိုင်းပြည်သို့ပြန်၍ ဒါန သီလ စသော ကုသိုလ်ကောင်းမှုတို့ကို ပြုပါလော့ ဟု တောင်းပန်လေ၏။ မင်းကြီးလည်း လူပြိတ္တာ ပြောသော စကားကို ကြားရ၍ တိုင်းပြည်သို့ ပြန်ပြီးလျှင် ကုသိုလ်ကောင်းမှုတို့ကို ပြုလျက် သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရ၏။

ဤသို့လျှင် သရဘင်္ဂဆရာသည် အတိတ်ဝတ္ထုကိုဆောင်ကာ ဆုံးမသဖြင့် နာရဒရရသေ့သည် သံဝေဂရ၍ ပျောက်ပြီးသောစျာန်ကို တစ်ဖန်ပြန်ရအောင် အားထုတ်လေ၏။ သရဘင်္ဂဆရာလည်း နာရဒရရသေ့အား နေမြဲလိုဏ်ဂူ၌ မနေစေဘဲ မိမိနေရာသို့ ခေါ်၍ သွားလေ၏။

ဤဒေသနာတော်ကိုဆောင်၍ သစ္စာကို ပြသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

• ထိုအခါ နာရဒရသေ့သည် - ယခုအခါ ငြီးငွေ့သော ရဟန်း။

• ပြည့်တန်ဆာမသည် - မယားဟောင်း။

• သာလိဿရရသေ့သည် - သာရိပုတ္တရာ။

• မဏ္ဍိဿရရသေ့သည် - ကဿပ။

• ပဗ္ဗတရသေ့သည် - အနုရုဒ္ဓါ။

• ကာလဒေဝိလရသေ့သည် - ကစ္စည်း။

• အနုပိယရသေ့သည် - အာနန္ဒာ။

• ကိဿဝစ္ဆရသေ့သည် - မောဂ္ဂလာန်။

• သရဘင်္ဂရသေ့သည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဣန္ဒြေလိုလိုက်၊ ငရဲဆိုက်၊ လူ၌ ဆင်းရဲရာ။

(၂) ချမ်းသာဆုံးလည်း၊ ဆင်းရဲမြဲ၊ ဆင်းရဲဆုံးချမ်းသာ။

(၃) အိမ်နေဟူဘိ၊ မပျင်းရိ၊ ကောင်း၏ထုံးအလာ။

(၄) တရားကျင့်ခြင်း၊ ဝေဖန်လျှင်း၊ သုံးခြင်းကောင်းသည်သာ။

(၅) ဥစ္စာရလျှင် ၊ မပျော်ရွှင်၊ လူတွင်ကောင်းသည်သာ။

(၆) ဥစ္စာပျက်လည်း၊ ဝမ်းမနည်း၊ တစ်နည်းကောင်းသည်သာ။

ဣန္ဒြေိယဇာတ် ပြီး၏။

***

(၄၂၄) - အာဒိတ္တဇာတ်

အလှူဒါနသည် မီးလောင်နေသော အိမ်မှ မလောင်မီ ထုတ်ဆောင်ထားသော ပစ္စည်းနှင့်တူသည် စသည်ဖြင့် ဟောကြားသော ရှင်ပစ္စေကဗုဒ္ဓါနှင့် မင်းတို့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပုဂ္ဂိုလ်ရွေးချယ် လှူဒါန်းဖွယ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီးသည် ခုနစ်ရက်ပတ်လုံး အသဒိသဒနကို ပေးလှူသောအခါ အလှူခံပုဂ္ဂိုလ်ကို စိစစ်၍ ပေးလှူ၏။

ထိုအခါ ရဟန်းတို့သည် တရားဘင်၌ “ငါ့ရှင်တို့ … ကောသလမင်းကြီးကား စိစစ်ရွေးချယ်၍ ကောင်းမှု၏ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်သော ဘုရားအမှူးရှိသော သံဃာအားသာ ပေးလှူ၏” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ … ယခုအခါ ကောသလမင်းကြီးသည် စိစစ်ရွေးချယ်၍ အလှူကြီးကို ပေးလှူသည်မှာ အံ့ဖွယ်မရှိသေး၊ ရှေးပညာရှိတို့လည်း စိစစ်ရွေးချယ်၍ အလှူကြီးကို ပေးဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မင်းကြီးလှူစဉ် မိဖုရားတိုင်ပင်

လွန်လေပြီးသောအခါ သိဝိတိုင်း ရောရုဝမြို့ဝယ် ရောရုဝမင်း မင်းပြုသည်ရှိသော် မင်းကျင့်တရား ဆယ်ပါး၌ တည်လျက် လူတို့ကို သင်္ဂဟတရား လေးပါးတို့ ချီးမြှောက်ကာ တိုင်းသူပြည်သားတို့ မိဘအရာ၌ တည်၍ ဆင်းရဲသောသူ ခရီးသွားသောသူ ဖုန်းတောင်းယာစကာတို့အား အလှူကြီးကို ပေးလေ့ရှိ၏။ ထိုမင်း၏ မိဖုရားကြီးကား သမုဒ္ဒရာ ဝိဇယာ မည်၏။ ပညာဉာဏ်နှင့် ပြည့်စုံ၏။

တစ်နေ့သ၌ ရောရုဝ မင်းကြီးသည် အလှူတင်းကုပ်ကို ကြည့်ရှုလတ်သော် ငါ၏အလှူကို သီလမရှိ လျှပ်ပေါ်သောသူတို့သာ စားကြကုန်၏။ ထိုအလှူသည် ငါ့ကို မနှစ်သက်စေနိုင်၊ သီလရှိသော ပစ္စေကဗုဒ္ဓါတို့ကို သာ လှူလို၏၊ အဘယ်သူသည် ပင့်ဖိတ်၍ ဆောင်ကြဉ်းပါမည်နည်း၊ အဘယ်သူကို စေလွှတ်ရပါမည်နည်းဟု ကြံစည်ပြီးလျှင် ထိုအကြောင်းကို မိဖုရားကြီးအား ပြောကြားလေ၏။

ပြည်လုံးစည်လည် သီလဆောက်တည်

ထိုအခါ မိ်ဖုရားကြီးသည် “အရှင်မင်းကြီး … စိုးရိမ်တော်မမူပါလင့်၊ အကျွန်ုပ်တို့အလှူ၏ အာနုဘော်၊ သီလ၏ အာနုဘော်၊ သစ္စာ၏ အာနုဘော်ဖြင့် ပန်းတို့ကို စေလွှတ်၍ ပင့်ပါမည်၊ ရောက်လာသောအခါ ပရိက္ခရာအလုံးစုံတို့ဖြင့် ပြည့်သောအလှူကို ပေးလှူမည်” ဟု လျှောက်ထားလေ၏။ မင်းကြီးလည်း ကောင်းပြီဟု ဝန်ခံ၍ တစ်မြို့လုံး ဥပုသ်ဆောက်တည်ကြရန် စည်လည်စေပြီးလျှင် မိမိကိုယ်တိုင်လည်း ပရိသတ်နှင့်တကွ ဥပုသ်ဆောက်တည်၍ ကြီးစွာသော လှူဖွယ်ဝတ္ထုတို့ကို စီရင်စေ၏။

မုလေးပန်းတို့ဖြင့် ပစ္စေကဗုဒ္ဓါတို့ကို ပင့်ခြင်း

ဓိဋ္ဌာန်ပန်းပွင့် ပစ္စေကပင့်

ထို့နောက် ရွှေုပ်တါင် မုလေးပန်း အပြည့်ထည့်လျက် ပြာသာဒ်ပေါ်မှ ဆင်းသက်က မင်းရင်ပြင်၌ ရပ်၍ အရှေ့အရပ်သို့ ရှေးရှုပြီးလျှင် အင်္ဂါငါးပါးတို့ကို မြေ၌ တည်စေလျက် ရှိခိုး၍ “အကျွန်ုပ်တို့၌ တစ်စုံတစ်ခုသော ဂုဏ်ကျေးဇူးသည် အကယ်၍ ရှိငြားအံ့၊ သနားစောင့်ရှောက်တော်မူသဖြင့် အကျွန်ုပ်တို့ဆွမ်းကို အလှူခံတော်မူပါ” ဟု လျှောက်ဆိုလျက် အရှေ့မျက်နှာသို့ ပန်းဆုပ်တို့ကို ပစ်လေ၏။ အရှေ့အရပ်၌ ပစ္စေကဗုဒ္ဓါတို့ မရှိသောကြောင့် နက်ဖြန်နေ့၌ မကြွလာကုန်။

နှစ်ရက်မြောက်နေ့၌ တောင်အရပ်သို့ ပန်းဆုပ်တို့ကို ပစ်ပြန်၏။ ထိုအရပ်မှလည်း မကြွလာကုန်။ သုံးရက်မြောက်နေ့၌ အနောက်အရပ်သို့ ပန်းဆုပ်တို့ကို ပစ်ပြန်၏။ ထိုအရပ်မှလည်း မကြွလာကုန်။ လေးရက်မြောက်နေ့၌ ကား မြောက်အရပ်ကို ရှိခိုး၍ “မြောက်ဟိမဝန္တာ၌ သီတင်းသုံးကုန်သော ပစ္စေကဗုဒ္ဓါတို့သည် အကျွန်ုပ်တို့၏ ဆွမ်းကို အလှူခံတော်မူပါကုန်” ဟု လျှောက်ဆိုကာ ပန်းခုနစ်ဆုပ်တို့ကို ပစ်ပြန်၏။ ပန်းတို့သည် သွားကုန်၍ နန္ဒမူလှိုဏ်၌ ပစ္စေကဗုဒ္ဓါ ခုနစ်ဆူတို့ ထံပါး၌ ကျကုန်၏။

အလှူခံကြွလာ ဝမ်းမြောက်စွာ

ပစ္စေကဗုဒ္ဓါတို့သည် ဆင်ခြင်လတ်သော် ရောရုဝ မင်းကြီး ပင့်ဖိတ်သည် အဖြစ်ကိုသိ၍ နက်ဖြန် သံဃာ့ထေရ်သည် ပစ္စေကဗုဒ္ဓါတို့ကို ခေါ်၍ “အရှင်တို့ … ရောရုဝမင်းကြီးအား သင်္ဂြုိဟ်ထောက်ပံ့ကြပါ” ဟု အကြောင်းကြားလေ၏။ ပစ္စေကဗုဒ္ဓါ ခုနစ်ဆူတို့ ကောင်းကင်ခရီးဖြင့်ကြွ၍ မင်းအိမ် တံခါး၌ ဆင်းသက်ကြကုန်၏။ မင်းကြီးသည် ပစ္စေကဗုဒ္ဓါတို့ကို မြင်လျှင် အလွန်ဝမ်းမြောက်လျက် ရှိခိုး၍ ပြာသာဒ်ထက်သို့ပင့်ကာ ကြီးစွာသော ပူဇော်သက္ကာရကို ပြု၍ ဆွမ်းဘုဉ်းပေးပြီးသော အဆုံး၌ ခြောက်ရပ်တိုင် ပင့်စရာဖိတ်ပြီးလျှင် နေ့စ၌ ပူဇော်သက္ကာရကို ပြုလေ၏။

ခုနစ်ရက်မြောက်သောနေ့၌ အလုံးစုံသော ပရိက္ခရာတို့ကို စီရင်၍ ရတနာခုနစ်ပါးဖြင့် ပြီးသော ညောင်စောင်းတို့ကို ခင်းလျက် ပစ္စေကဗုဒ္ဓါ ခုနစ်ပါးတို့ကို ညောင်စောင်းပေါ်၌ သီတင်းသုံးစေပြီးလျှင် ပရိက္ခရာတို့ကို ရှေ့၌ ထား၍ ဆွမ်းဘုဉ်းပေးပြီးလျှင် အလုံးစုံသော ပရိက္ခရာတို့ကို ပစ္စေကဗုဒ္ဓါတို့အား လှူဒန်းလေ၏။

သံဃာ့ထေရ် ဆုံးမ တောပြန်ကြွ

ထိုအခါ သံဃာ့ထေရ်သည် မင်းနှင့် မိဖုရားတို့၏ အလှူကိုခံ၍ အနုမောဒနာ ပြုလို၍ -

“မြတ်သောမင်းကြီး … မီးလောင်၍ ပြောင်ပြောင်တောက်နေသောအိမ်၌ ယူငင်ထုတ်ဆောင်၍ ရသော အသုံးအဆောင်ကား မီးမလောင်ပေ၊ ထိုအသုံးအဆောင်သည် အိမ်ရှင်တို့အကျိုးငှာ ဖြစ်သကဲ့သို့၊ ထို့အတူ လောက၌ အိုခြင်းမီး သေခြင်းမီးဖြင့် တပြောင်ပြောင် တောက်လောင်၍ နေ၏၊ အသုံးအဆောင်တို့ကို လှူဒါန်းရသဖြင့် ထုတ်ဆောင်ရာ၏၊ ပေးလှူရသော အလှူဝတ္ထုသည်သာ ယူငင်ထုတ်ဆောင်၍ ရသော အသုံးအဆောင် မည်၏” –

ဟု အနုမောဒနာ ပြုတော်မူ၏။ ဤသို့ အနုမောဒနာပြုပြီးလျှင် မင်းကြီးအား ဆုံးမ၍ ကောင်းကင်သို့ပြန်၍ ပြာသာဒ်အထွက်ကို နှစ်ဖြာခွဲကာ နန္ဒမူလိုဏ်သို့ ကြွလေ၏။ သံဃာ့ထေရ်၏ ပရိက္ခရာတို့သည် သံဃာ့ထေရ်နှင့်အတူပြန်၍ နန္ဒမူလိုဏ်သို့ လိုက်၏။

ကံကို အာရုံပြု လှူဒါန်းမှု

မင်းကြီးနှင့် မိဖုရားတို့၏ ကိုယ်လုံးသည် ပီတိဖြင့် ပြည့်လေ၏။ ကြွင်းသော ပစ္စေကဗုဒ္ဓါတို့လည်း -

“မြတ်သောမင်းကြီး … ရဟန္တာပုဂ္ဂိုလ်ကို အစပြု၍ ဝိပဿနာ ပွားများနေသော ယောဂီပုဂ္ဂိုလ် တိုင်အောင် တရားထူးကိုရသော ပုဂ္ဂိုလ်အား လုံ့လဖြင့်ရသော ဝတ္ထုပစ္စည်း အဦးအဖျားကိုယူ၍ လှူဒါန်းသောသူသည် ယမမင်းနိုင်ငံ ဖြစ်သော ငရဲမှ လွတ်မြောက်၍ နတ်ပြည်သို့ ရောက်ရ၏”။

“မြတ်သောမင်းဘကီး … အလှူပေးခြင်း၊ စစ်ထိုးခြင်းတို့ကို တူမျှသည်ဟု ပညာရှိတို့ ဆိုကုန်၏။ စစ်သည်တို့ သဘောကား နည်းသော်လည်း များသောစစ်သည်တို့ကို အောင်နိုင်၏။ အလှူတို့ သဘောလည်း နည်းသော်လည်း များသော ဝန်တိုခြင်း စသော ကိလေသာတို့ကို အောင်နိုင်၏။ နည်းသော အလှူဝတ္ထုကိုလည်း ကံ ကံ၏ အကျိုးကို ယုံကြည်လျက် အကယ်၍ လှူဒါန်းငြားအံ့၊ ထိုအလှူသည် တမလွန်ဘဝ၌ ချမ်းသာနှင့် ပြည့်စုံ၏” –

ရှက်ကြောက်မှုသိ ပညာရှိ

“မြတ်သောမင်းကြီး … အလှူဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့ကို စိစစ် ရွေးချယ်၍ လှူသော အလှူကို ဘုရား စသော သူတော်ကောင်းတို့ ချီးမွမ်းအပ်၏၊ ဤလူ့ပြည်၌ ရှိသော ဘုရား စသော မြတ်သော အလှူခံ ပုဂ္ဂိုလ်တို့၌ အလှူတို့သည် လယ်ယာမြေကောင်းတို့၌ စိုက်ပျိုးအပ်သော မျိုးစေ့ကဲ့သို့ အကျိုးကြီးကုန်၏” ။

“မြတ်သောမင်းကြီး … သက်ရှိ သတ္တဝါတို့ကို သနားကြင်နာသဖြင့် မညှဉ်းဆဲဘဲ ကျင့်သောသူသည် သူတစ်ပါးတို့ စွပ်စွဲမည်ကို ကြောက်သောကြောင့် မကောင်းမှုကို မပြုပါ၊ သူတစ်ပါးတို့ စွပ်စွဲမည်မှ ကြောက်သောသူကို ပညာရှိတို့ ချီးမွမ်းကုန်ကြ၏၊ သူတစ်ပါးတိုပ စွပ်စွဲခြင်း၌ ရဲရင့်သောသူကို မချီးမွမ်းကြကုန်၊ သူတစ်ပါးတို့ စွပ်စွဲမည်ကို ကြောက်သောကြောင့်လျှင် သူတော်ကောင်းတို့သည် မကောင်းမှုကို မပြုကြကုန်” ။

အမြတ်ဆုံးအမှု ဝိပဿနာရှု

“မြတ်သောမင်းကြီး … ယုတ်နိမ့်သော သီလဟူသော ဗြဟ္မစရိယ အကျင့်ဖြင့် မင်းမျိုး၌ ဖြစ်ရ၏၊ အလယ်အလတ်ဖြစ်သော စျာန်သမာပတ် ဟူသော ဗြဟ္မစရိယ အကျင့်ဖြင့် နတ်ပြည် ဗြဟ္မာ့မြည်သို့ ရောက်ရ၏၊ မွန်မြတ်သော အရဟတ္တဖိုလ် ဟူသော ဗြဟ္မစရိယ အကျင့်ဖြင့် ကာမမှ လည်းကောင်း၊ ဝဋ်ဆင်းရဲမှ လည်းကောင်း စင်ကြယ်ရ၏” ။

“မြတ်သောမင်းကြီး … စင်စစ် အလှူဒါနကိုသာ အများအားဖြင့် ချီးမွမ်းအပ်၏၊ အလှူဒါနထက် သမာထဝိပဿနာ တရားအစုသည် မြတ်၏၊ အမှန်စင်စစ်ကား - ဤကမ္ဘာ၏ ရှေးဦး၌ ဖြစ်သော ကဿပဘုရား စသော သူတော်ကောင်းတို့သည် လည်းကောင်း၊ အလွန် ရှေးဖြစ်သော ဝေဿဘူ ဘုရား စသော သူတော်ကောင်းတို့သည် လည်းကောင်း သမထဝိပဿနာကို ပွားစေ၍ နိဗ္ဗာန်သို့ ရောက်ကြကုန်ပြီ” –

ဟု မင်းကြီးအား အမြို့်နိဗ္ဗာန်ကို ဟောတော်မူပြီးလျှင် သံဃာ့ထေရ်နည်းတူ ပရိက္ခရာနှင့်တကွ မိမိတို့နေရာသို့ ကြွကုန်၏။

မင်းကြီးနှင့် မိဖုရားတို့လည်း ပစ္စေကဗုဒ္ဓါတို့ အဆုံးအမ၌ တည်ကာ အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုတို့ကို ပြုကြကုန်လျက် သေလွန်သောအခါ နတ်ပြည်သို့ လားကြရကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

• ထိုအခါ သမုဒ္ဒဝိဇယာ မိဖုရားကြီးသည် - ယခုအခါ ရာဟုလာမယ်တော်။

• ရောရုဝမင်းကြီးသည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မီးလောင်အိမ်မှ၊ ထုတ်ယူရ၊ သုံးရသုံးဆောင်နှယ်။

(၂) အို,သေမီးမှ၊ ထုတ်ယူရ၊ ဒါနလှူဒါန်းဖွယ်။

(၃) အလှူခံမြတ်၊ ပေးလှူလတ်၊ ရောက်တတ်နတ်တို့နယ်။

(၄) အလှူပေးခြင်း၊ စစ်ထိုးခြင်း၊ မယွင်းတူလှဖွယ်။

(၅) လှူစစ်နည်းငြား၊ အောင်အများ၊ နှစ်ပါးစွမ်းကြီးကျယ်။

(၆) လှူခံ, ဝတ္ထု၊ စိစစ်မှု၊ ချီးကျူ့ကျိုးများဖွယ်။

(၇) ချီးကျူးလှူတာ၊ ဘာဝနာ၊ ကဲသာမွန်မြတ်ဖွယ်။

(၈) သမထ, ဝိပသ်၊ သူတော်မြတ်၊ ရောက်လတ်နိဗ္ဗာန်နယ်။

အာဒိတ္တဇာတ် ပြီး၏။

***

(၄၂၅) - အဋ္ဌာနဇာတ်

လောက၌ မဖြစ်နိုင်သော အကြောင်းအရာ များစွာကို ပမာဆောင်လျက် ပြည့်တန်ဆာမနှင့် ပေါင်းဖော်ရန် ငြင်းပယ်သော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ကျေးဇူးပြစ်မှား မိန်းမများ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် မိန်းမ၌ စွန်းငြိခြင်း ကိလေသာ၏ အလိုသို့လိုက်၍ သာသနာတော်၌ ငြီးငွေ့လေ၏။

မြတ်စွာဘုရား သိတော်မူလျှင် “ချစ်သား ရဟန်း … မိန်းမတို့ မည်သည်ကား အကျွမ်းမဝင်အပ်၊ ကျေးဇူးကို မသိတတ်၊ အဆွေခင်ပွန်းကို ပြစ်မှားတတ်၏။ ရှေးပညာရှိတို့သည် နေ့တိုင်း နေ့တိုင်း အသပြာတစ်ထောင် ပေးငြားသော်လည်း မိန်းမတို့ကို မနှစ်သက်စေနိုင်ကုန်။ တစ်နေ့သောအခါ အသပြာတစ်ထောင်ကို မရ၍ လည်ပင်း၌ ကိုင်ကာ ငင်ထုတ်စေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

တစ်ထောင်ပေးပျော်ပါး သူဌေးသား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထို ဗြဟ္မဒတ်မင်း၏ သားတော်ကား ဗြဟ္မဒတ္တ သတို့သား မည်၏။ ဗာရာဏသီ သူဌေး၏သားကား မဟာဓန မည်၏။ ထိုသူငယ် နှစ်ယောက်တိုပသည် မြူမှုန်ကစားဘက် အဆွေခင်ပွန်း ဖြစ်ကြကုန်၏။ ဆရာတစ်ဦးတည်း၌ အတတ်ပညာ သင်ကြားကြကုန်၏။

မင်းသားသည် အဘ သေလွန်လျှင် မင်းအဖြစ်ကို ရ၏။ သူဌေးသားသည် ထိုမင်းအထံမှာပင် နေ၏။ သူဌေးကြီး သေလွန်လျှင် သူဌေးရာထူးကိုရ၏။ ဗာရာဏသီပြည်၌ လည်း အလွန်အဆင်းလှသော ပြည့်တန်ဆာမ တစ်ယောက်ရှိ၏။ တစ်ညလျှင် အသပြာတစ်ထောင်ပေး၍ သွားလာရ၏။ ထိုသူဌေးသည် သူဌေသားအဖြစ်မှစ၍ သူဌေးကြီးဖြစ်သည်တိုင်အောင် နေ့တိုင်း နေ့တိုင်း အသပြာတစ်ထောင်ပေး၍ ထိုပြည့်တန်ဆာမနှင့် မွေ့လျော် ပျော်ပါးကာနေ၏။

အသပြာ ခုမရ ဆွဲထုတ်ကြ

ထိုသူဌေးကြီးသည် တစ်နေ့ သုံးကြိမ် မင်းကြီးထံ ခစားသွားလေ့ရှိ၏။ တစ်နနေ့သ၌ မင်းကြီးထံမှ အပြန်တွင် ညဉ့်မိုက်၍ နေသဖြင့် အိမ်သို့ပြန်၍ အသပြာ တစ်ထောင်ကို မယူတော့ဘဲ အလုပ်အကျွေးတို့ကို အိမ်သို့လွှတ်လိုက်၍ မိမိမူကား ပြည့်တန်ဆာအိမ်သို့ သွား၏။ ပြန်တန်ဆာမမြင်လျှင် “အရှင့်သား … အသပြာတစ်ထောင် ပါ၏လော” ဟု မေး၏။ “ရှင်မ … ယနေ့ မိုးချုပ်သဖြင့် အိမ်သို့သွားကာ မယူနိုင်၍ မပါခဲ့ပါ၊ နက်ဖြန်မှ နှစ်ထောင်ပေးပါမည်” ဟု ပြောလေ၏။

ထိုအခါ ပြည့်တန်ဆာမသည် ယနေ့ ငါသည် အကယ်၍ ခွင့်ပြုငြားအံ့၊ နောက်နေ့တိုင်း၌ လည်း လက်ချည်းသာ လာခဲ့ရာ၏၊ ထိုသို့လာခဲ့သော် ငါ့အား လာဘ်လာဘ ဆုတ်ယုတ်လတ္တံ့၊ ခွင့်ပြုခြင်းငှာ မသင့်ဟု ကြံစည်၍ “အရှင့်သား … အကျွန်ုပ်တို့ ပြည့်တန်ဆာမ မည်သည်ကား အသပြာ တစ်ထောင်ကို မပေးမူ၍ မွေ့လျောရခြင်းမည်သည် မရှိ၊ အသပြာ တစ်ထောင်ကို ဆောင်ယူချေလော့” ဟု ဆို၏။ သူဌေးကြီးသည် အဖန်တလဲလဲ တောင်းပန်၏။

မိန်းမပြစ်မြင်ကာ တောထွက်ရှာ

ထိုအခါ ပြည့်တန်ဆာမသည် နေ့တိုင်း ပေးနေသော ကျေးဇူးကို မထောက်ထားဘဲ ကျွန်မတို့အား “လည်ပင်းကို ကိုင်၍ ငင်ထုတ်ပြီးလျှင် တံါးပိတ်ကြလော့” ဟု အမိန့်ပေးလေ၏။ ကျွန်မတို့လည်း ပြည့်တန်ဆာမ စေခိုင်းသောအတိုင်း သူဌေးကြီးကို လည်ကိုကိုင်၍ ငင်ထုတ်ပြီးလျှင် တံခါးကို ပိတ်ကြကုန်၏။

သူဌေးကြီးလည်း ငါကား ဤမိန်းမနှင့်သာ ကုဋေရှစ်ဆယ်ဥစ္စာကို ခံစားခဲ့၏။ တစ်နေ့မျှ လက်ချည်းလာသည်ကိုမြင်၍ လည်ပင်းကိုကိုင်၍ နှင်ထုတ်စေ၏၊ ဤမိန်းမကား အရှက်မရှိ, ကျေးဇူးမသိ, အဆွေခင်ပွန်းကို ပြစ်မှားတတ်၏ဟု ကြံစည်ကာ တပ်စွန်းခြင်းကင်းလျက် စက်ဆုပ်ရွံရှာဖွယ် ဟူသော သညာကိုရ၍ အိမ်ရာထောင်ခြင်း၌ ငြီးငွေ့လျက် အိမ်သို့လည်း မပြန်၊ မင်းကြီးကိုလည်း မပန်ကြားတော့ဘဲ တောထွက်၍ ရသေ့ရဟန်းပြုပြီးလျှင် စျာန်အဘိညာဉ် ဖြစ်စေလျက် ဂင်္ဂါမြစ်နား၌ သစ်သီးကြီးငယ်တို့ဖြင့် မျှတကာနေ၏။

ကျေးဇူးချေလျက် မိန်းမပျက်

မင်းကြီးလည်း သူဌေးကြီးကို မမြင်လတ်သော် မေးတော်မူ၏။ ပြည့်တန်ဆာမသည် လည်ကိုကိုင်၍ နှင်ထုတ်ခြင်း အကြောင်းကား တစ်မြို့လုံး ထင်ရှားနေသဖြင့် လူတိုင်းသိကြ၍ ရှင်ခြင်းကြောင့် အိမ်သို့မပြန်တော့ဘဲ တောထွက်၍ ရသေ့ရဟန်း ပြုလိမ့်မည်ဟု လျှောက်ထားကြကုန်၏။ ထိုအခါ မင်းကြီးသည် ပြည့်တန်ဆာမကို ခေါ်စေ၍ မေးရာ ဟုတ်မှန်ကြောင်း လျှောက်ထားသဖြင့် အကြောင်းမှန်ကို သိတော်မူလျှင် “ဟယ် - ကျွန်ယုတ်မ … သင်သည် ခု အမြန်သွား၍ ငါ့အဆွေခင်ပွန်းကို ခေါ်ဆောင်လာရမည်၊ ခေါ်ဆောင်မလာနိုင်လျှင် သင့်အသက်ကို သုတ်မည်” ဟု ကြိမ်းမောင်း၍ တစ်ချက်လွှတ် အမိန့်ပေးလေ၏။

သေဘေးကြောက်လျက် ပင့်ဆောင်ထွက်

ပြည့်တန်ဆာမလည်း သေဘေးမှ ကြောက်သဖြင့် ရထားစီးလျက် အခြံအရံ များစွာဖြင့် မြို့မှထွက်၍ သတင်းကို မေးမြန်း၍ လိုက်လံရှာဖွေရာ ရသေ့အထံသို့ရောက်လျှင် ရှိခိုး၍ “အရှင်ဘုရား … အကျွန်ုပ် အပြစ်ကို သည်းခံတော်မူပါ” ဟု လျှောက်၏။ “ရှင်မ … ငါသည် သည်းခံပါ၏၊ သင်နှင့်ကပါ ရန်ငြိုးဖွဲ့ခြင်း မရှိ” ဟု ပြောကြား၏။ “အရှင်ဘုရား … သည်းခံတော်မူပါ၊ အကျွန်ုပ်နှင့်အတူ ရထားစီး၍ လိုက်တော်မူပါ၊ အကျွန်ုပ်အိမ်သို့ ရောက်လျှင် အလုံးစုံသော ပစ္စည်းဥစ္စာတို့ကို အရှင်ဘုရားအား ပေးပါမည်” ဟု တောင်းပန် လျှောက်ထားလေ၏။

လိပ်မွေးစောင်ဖြစ် ပေါင်းဖော်သင့်

ထိုအခါ ရသေ့သည် ပြန်တန်ဆာမ စကားကို ကြားလျှင် -

“နှမ … ဂင်္ဂါမြစ်တို့သည် ကုမုဒြာကြာတို့ဖြင့် ဖုံးလွှမ်းလျက် မစီးသွားဘဲ ငြိမ်သက်စွာ တည်နေကုန်ရာ၏၊ ဥဩငှက်တို့သည် ခရုသင်းကဲ့သို့ ဖြူဖွေးသော အဆင်းရှိကုန်ရာ၏၊ သပြေပင်တို့သည် ထန်းသီးကို သီးကုန်ရာ၏၊ ထိုအခါ သင်နှင့်ငါ ပေါင်းဖော်ခြင်း ဖြစ်နိုင်မည် မသိ” ။

“နှမ … လိမ်မွေး ပန်းပွင့်ဖြင့် ရက်အပ်သော ခြုံစောင်၊ လိမ်မွေးသက်သက်ဖြင့် ရက်အပ်သော ခြုံစောင်၊ နှစ်ပါးစုံဖြင့် ရက်အပ်သော ခြုံစောင်၊ ဤသို့ သုံးပါးသော ခြုံစောင်တို့ ဖြစ်ကုန်ရာ၏၊ ဆောင်းလ အခါ ခြုံကောင်းကုန်ရာ၏၊ ထိုအခါ သင်နှင့်ငါ စင်စစ် ပေါင်းဖော်ခြင်း ဖြစ်တန်ရာ၏” ။

ယုန်ချိုအိမ်ဖြစ် ပေါင်းဖော်သင့်

“နှမ … မှက်ခြင်းတို့ ခြေထောက်ဖြင့် ကောင်းစွာပြုလုပ်အပ်သော ပြအိုး ပစ္စင်သည် လူတစ်ရာတက်၍ စစ်ထိုးနိုင်လောက်အောင် မတုန်မလှုပ် ခိုင်ခံ့သည်ဖြစ်ရာ၏၊ ထိုအခါ သင်နှင့်ငါ စင်စစ် ပေါင်းဖော်ခြင်း ဖြစ်တန်ရာ၏” ။

“နှမ … ကြွက်တို့သည် ယုန်ချို စောင်းတန်းလှေကားဖြင့် တက်ကုန်လျက် လမင်းကို ခဲစားကုန်ရာ၏၊ ရာဟု အသုရိန်ကိုလည်း ပြေးစေကုန်ရာ၏၊ ထိုအခါ သင်နှင့်ငါ စင်စစ် ပေါင်းဖော်ခြင်းဖြစ်တန်ရာ၏” ။

ယင်ပေါင်းမီးဆင်း ပေါင်းသင့်ခြင်း

“နှမ … တစ်ပေါင်းတစ်စုတည်း ကျက်စားလေ့ရှိကုန်သော ယင်တို့သည် သေရည်အိုး တစ်လုံးစီ သောက်ပြီးလျှင် မူးယစ်ကုန်လျက် မီးကျီးထဲ၌ နေခြင်းကို ပြုလုပ်နိုင်ကုန်၏၊ ထိုအခါ သင်နှင့်ငါ စင်စစ်ပေါင်းဖော်ခြင်း ဖြစ်တန်ရာ၏” ။

“နှမ … ကျီးအာသီမှည့်ကဲ့သို့ နီမြန်းသော နှုတ်သီးရှိလျက် ကောင်းသော မျက်နှာရှိသော မြည်းတို့သည် ကခြင်း သီခြင်း၌ လိမ္မာကုန်ရာ၏၊ ထိုအခါ သင့်နှင့်ငါ စင်စစ် ပေါင်းဖော်ခြင်း ဖြစ်တန်ရာ၏” ။

တောင်ကိုငှက်ချီ ပေါင်းသင့်ပြီ

“နှမ … ကျီးငှက်တို့နှင့် ခင်ပုပ်ငှက်တို့သည် ဆိတ်ကွယ်ရာ အရပ်သို့ ကပ်ကုန်လျက် အချင်းချင်း တိုင်ပင်ကုန်ရာ၏၊ ချစ်ခင်ကုန်ရာ၏၊ ထိုအခါ သင်နှင့်ငါ စင်စစ် ပေါင်းဖော်ခြင်းဖြစ်တန်ရာ၏”။

“နှမ … မိုးကို ကာကွယ်ခြင်းငှာ ကြာရွက်တို့ဖြင့် ပြုလုပ်အပ်သော ထီးတို့သည် အလွန် ခိုင်ခံ့ကုန်ရာ၏၊ ထိုအခါ သင်နှင့်ငါ စင်စစ် ပေါင်းဖော်ခြင်းဖြစ်တန်ရာ၏” ။

မိန်းမယုတ်ညစ် ပယ်စွန့်ပစ်

“နှမ … သူငယ်သည် သမုဒ္ဒရာ၌ ပြေးသွားနိုင်သော ယန္တရားစက် တပ်ဆင်ကာ အလံတံခွန်နှင့်တကွ အလုံးစုံသော အဆောက်အဦနှင့် ပြည့်စုံသော သင်္ဘော လှေကြီးကို လက်ဖြင့်ယူ၍ သွားနိုင်ရာ၏၊ ထိုအခါ သင်နှင့်ငါ စင်စစ် ပေါင်းဖော်ခြင်းဖြစ်တန်ရာ၏” –

ဟု ပြည့်တန်ဆာမအား လောက၌ မဖြစ်နိုင်ကောင်းသော အကြောင်းအရာတို့ကို ကြံစည်၍ ဥပမာပြုကာ ပြောဆို ဆုံးမလေ၏။ ပြည့်တန်ဆာမလည်း ရသေ့၏စကားကို ကြားလျှင် ရှိခိုးကန်တော့ပြီးလျှင် မြို့သို့ပြန်၍ မင်းကြီးအား အကြောင်းစုံ လျှောက်ကြားထားလျက် အသက်ကို ချမ်းသာပေးရန် တောင်းပန်လေ၏။

ဤဒေသနတော်ကိုဆောင်၍ သစ္စာကို ပြသည်အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

• ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

• ရသေ့သည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဂုဏ်ကျေးဇူးနည်း၊ ဖြစ်လွန်ကဲ၊ မိညဲဓမ္မတာ။

(၂) အသက်ရကြောင်း၊ ခေါ်ဖြားယောင်း၊ ညစ်လှောင်းပြည့်တန်ဆာ။

(၃) မဖြစ်နိုင်ငြား၊ အကြောင်းများ၊ ကြား၍ မြစ်ပယ်ရှာ။

အဋ္ဌာနဇာတ် ပြီး၏။

***

(၄၂၆) ဒီပိဇာတ်

ကြမ်းတမ်းယုတ်မာသော သစ်ထံပါးတွင်း ကြောင်းကျိုးပြ၍ အသနားခံသော်လည်း အချည်းနှီး ဖြစ်ရသော ဆိတ်မ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

တောင်ကြားကျက်စား ဆိတ်ကုလားများ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရှင်မောဂ္ဂလာန်သည် တောင်တို့ဖြင့် ခြံရံအပ်သဖြင့် တံခါးတစ်ခုသာရှိသော ဂိရိဗ္ဗဇ ကျောင်း၌ သီတင်းသုံးတော်မူ၏။ ထိုတံခါးအနီး၌ စင်္ကြံတစ်ခုလည်း ရှိ၏။

ဆိတ်ကျောင်းသားတို့သည် ဆိတ်ကုလားတို့ကို တောင်ကြားသို့သွင်းလျက် ကစား၍ နေကြကုန်၏။ ညချမ်းသောအခါ ဆိတ်ကုလားတို့ကို ရုံးစု၍ သွားကြရာ ဆိတ်ကုလားမ တစ်ကောင်သည် အဝေးတွင် ကျက်စားနေသဖြင့် ကျန်ရစ်ခဲ့၏။ သစ်တစ်ကောင်သည် နောက်ဆုံးမှ ထွက်လာသော ဆိတ်ကုလားမကို မြင်လျှင် စားမည်ဟု တောင်ခြံတံခါး၌ ရပ်၏။

သစ်ဘေးလွတ်အောင် လုံ့လဆောင်

ဆိတ်ကုလားမလည်း ဟိုဟိုသည်သည် ကြည့်လတ်သော် သစ်ကိုမြင်၍ ဤသစ်ကား ငါ့ကိုစားလို၍ ရပ်နေဟန်တူသည်၊ အကယ်၍ ပြေးပါမူ မုချ သေရမည်၊ ယနေ့ ငါသည် ယောကျ်ားတကာတို့ ပြုရာသော လုံ့လကိုပြု၍ အသက်ဘေးမှ လွတ်အောင် ကြံမည်ဟု ဦးချိုတို့ကို ချီးမြှောက်လျက် သစ်ရှိရာသို့ ရှေးရှုပြေး၍ လျင်မြန်သော အဟုန်ဖြင့် တောကိုဖြတ်ပြီးလျှင် ဆိတ်ကုလားမအုပ်အတွင်းသို့ ဝင်လေ၏။ သစ်လည်း ဖမ်းမည်ဟု အားထုတ်စဉ် ပင် မမိလိုက်ဘဲ ကျန်ရစ်လေ၏။

ထိုအခါ ရှင်မောဂ္ဂလာန်သည် သစ်နှင့် ဆိတ်ကုလားမတို့ အခြင်းအရာကိုမြင်လျှင် နက်ဖြန် မြတ်စွာဘုရားထံ သွား၍ ထိုအကြောင်းကို လျှောက်ထား၏။ မြတ်စွာဘုရားသည် “ချစ်သား မောဂ္ဂလာန် … သစ်သည် ယခုအခါ၌ သာ ထို ဆိတ်ကုလားမကို မဖမ်းနိုင်၊ ရှေးအခါ၌ ကား မြည်တမ်းစဉ် လျှင် ဖမ်း၍ စားဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ရသေ့ကျောင်းနီးနား ဆိတ်ကုလားများ

လွန်လေပြီးသောအခါ မဂဓတိုင်း၌ ဘုရားအလောင်းသည် တစ်ခုသောအရွယ် စည်းစိမ်ဥစ္စာ ကြွယ်ဝသောအမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ကာမဂုဏ်တို့ကို စွန့်ပယ်၍ ရသေ့ရဟန်းပြုကာ စျာန်အဘိညာဉ်ကို ဖြစ်စေလျက် ကြာမြင့်စွာ ဟိမဝန္တာအရပ်၌ နေလေ၏။

တစ်နေ့သ၌ ရသေ့သည် ချဉ်ဆားမှီဝဲလိုသဖြင့် ဒေသစာရီ လှည့်လည်လတ်သော် ရာဇဂြိုဟ်ပြည်သို့ ရောက်၍ ဂိရိဗ္ဗဇအရပ်၌ လျှင် သစ်ရွက်မိုးသော ကျောင်းသင်္ခမ်း ဆောက်လုပ်ကာနေ၏။ ထိုအခါ ဆိတ်ကျောင်းသားတို့သည် ဂိရဗ္ဗဇအရပ်မှာပင် ဆိတ်ကုလားတို့ကို ကျောင်းကုန်၏။ ညချမ်းအခါ ဆိတ်ကုလားတို့ကို မောင်းနှင်၍ ပြန်ကြရာ ဆိတ်ကုလားမတစ်ကောင်သည် ကျန်ရစ်လေ၏။

သစ်ဘေးလွတ်ဖွယ် ဆိတ်မဥပါယ်

သစ်တစ်ကောင်သည် ဆိတ်ကုလားမကို မြင်လျှင် စားမည်ဟု တံခါးတွင်ရပ်ကာ နေ၏။ ထိုဆိတ်ကုလားမသည် သစ်ကိုမြင်လျှင် ယနေ့ ငါ့မှာ အသက်ရှိမည် မဟုတ်၊ စင်စစ် ငါသည် လွတ်မြောက်အောင် လုံ့လပြုသင့်သည်၊ ဥပါယ်တစ်ခုဖြင့် သစ်နှင့်စကားပြော၍ စိတ်နှလုံးနူးညံ့အောင် ပြုမည်ဟု ကြံစည်ကာ -

“ဦးရီး … သင့်မှာ ကျန်းမာပါလော၊ မျှတပါ၏လော၊ အကျွန်ုပ် အမိသည် သင်၏ချမ်းသာခြင်းကို အလိုရှိပါ၏ဟု ပြောဆိုပါသည်၊ အကျွန်ုပ်တို့သည် သင်၏ ချမ်းသာခြင်းကို အလိုရှိပါကုန်၏” –

ဟု သစ်အား ပဋိသန္ဓာရစကား ပြောကြားလေ၏။

ဆိတ်မပြစ်ရှာ စားလိုရာ

သစ်သည် ဆိတ်ကုလားမ စကားကိုကြားလျှင် ငါ့ကို ဦးရီးဟု စကားဖြင့် လှည့်စားဘိ၏။ ငါ၏ ကြမ်းကြုတ်သည့်အဖြစ်ကို မသိလေဟု ကြံစည်ကာ -

“ဟယ်-ဆိတ်ကုလားမ … သင်သည် ငါ၏အမြီးကို နင်း၍ ပုတ်ခတ်ကာ လာဘိ၏၊ ယနေ့ သင်ကား ငါ့ကို ဦးရီးခေါ်သဖြင့် အသက်ဘေးမှ လွတ်လိမ့်မည် မှတ်ထင်သလော” –

ဟု ဆိတ်ကုလားမအား ပြန်ကြား ပြောဆိုလေ၏။ ထိုအခါ ဆိတ်ကုလားမသည် -

“ဦးရီး … သင်ကား အရှေ့သို့ မျက်နှာပြု၍ နေဘိ၏၊ ငါကား သင့်ရှေ့မျက်နှာသို့ လာခဲ့၏၊ ငါသည် သင်၏ နောက်၌ တည်ရှိသော အမြီးကို အဘယ်သို့ နင်းနိုင်မည်နည်း” –

ဟု တစ်ဖန် ပြောဆိုပြန်၏။

ထိုအခါ အသက်ဘေးမှ လွတ်မြောက်ရန် တောင်းပန်သော ဆိတ်မကို အပြစ်ရှာလိုသော သစ်သည် -

“ဟယ် - ဆိတ်ကုလားမ … တော, တောင်, သမုဒ္ဒရာနှင့်တကွ ကျွန်းကြီး လေးကျွန်းတို့သည် တည်ရှိကုန်၏၊ ထိုမျှလောက်သော အရပ်ကို ငါ၏အမြီးသည် ပတ်ရံကာ တည်ခဲ့၏၊ သင် ဘယ်လို ကြဉ်ရှောင်နိုင်မည်နည်း” –

ဟု ဘယ်နေရာမျှ အမြီးနှင့် မလွတ်အောင် ပြောဆိုပြန်၏။ ထိုအခါ ဆိတ်ကုလားမသည် သစ်၏စကားကို ကြားပြန်လျှင် -

“ဦးရီး … ရှေးအခါ၌ လျှင် မိဘမောင်းဘွားတို့သည် ပြစ်မှားသော သစ်၏ အမြီးသည် ရှည်လှ၏ဟု ပြောဆိုသော စကားကို ငါတို့ ကြားဖူးကုန်၏၊ ထို့ကြောင့် ငါသည် ကောင်းကင်ဖြင့် လာခဲ့ပါ” –

ဟု အပြစ်လွတ်ရာ လွတ်ကြောင်းကို တောင်းပန်ပြောဆိုပြန်၏။

ဆင်ခြေပေးလည်း အချည်းနှီး

ထိုအခါ သစ်သည် စားလို၍ ဆိတ်ကုလားမအား မလွတ်နိုင်အောင် အပြစ်ရှာလိုပြန်သဖြင့် -

“ဟယ် - ဆိတ်ကုလားမ … ကောင်းကင်၌ လာသော သင့်ကိုမြင်၍ ငါ့အစာဖြစ်သော သားအပေါင်းတို့သည် ပြေးကြကုန်ပြီ၊ သို့အတွက် သင်သား ငါ၏ အစာကို ဖျက်ဆီးဘိ၏” –

ဟု ပြောဆို စွပ်စွဲပြန်၏။ ဆိတ်ကုလားမသည် ထိုစကားကိုကြားလျှင် သေဘေးမှ ကြောက်သဖြင့် အကြောင်း တစ်ပါး မရှာနိုင်တော့ရကား “ဦးရီး … ကြမ်းကြုတ်သော အမှုကို မပြုပါလင့်၊ ငါ့အား အသက်ကို ချမ်းသာပေးပါလော” ဟု တောင်းပန်ကာ မြည်တမ်းလေ၏။ သစ်လည်း ဆိတ်ကုလားမ မြည်တမ်းစဉ် ပင်လျှင် ကိုက်သတ်၍ စားလေ၏။

ကြမ်းကြုတ်သူမိုက် လုံ့လစိုက်

သဗ္ဗညု မြတ်စွာဘုရားလည်း ဘုရားဖြစ်တော်မူပြီး၍ -

“ရဟန်းတို့ … သတ္တဝါတို့ အသွေးအသားကို သောက်စားသော သစ်သည် ဤသို့ မြည်တမ်းစဉ် လျှင် ဆိတ်ကုလားမ၏ လည်ပင်းကို ကိုက်ဝါးလေ၏၊ ပြစ်မှား ကြမ်းကြုတ်သောသူ၌ ကောင်းစွာဆိုအပ်သော စကားသည့် အကျိုးမရှိချော၊ ပြစ်မှားကြမ်းကြုတ်သောသူ၌ အကြောင်းလည်း မရှိချေ၊ တရားသဘောလည်း မရှိချေ၊ ကြမ်းကြုတ်ပြစ်မှားသူ၌ လုံ့လပြုရာ၏၊ ကြမ်းကြုတ်ပြစ်မှားသူသည် စကားကောင်းကို မနှစ်သက်” –

ဟု ရဟန်းတို့အား ဆုံးမတော်မူ၏။ ထိုစဉ် အခါ ရသေ့လည်း ထိုဆိတ်ကုလားမနှင့် သစ်တို့၏ အဖြစ်အပျက် အမူအရာ အလုံးစုံကို ကိုယ်တိုင်မြင်ရလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

• ထိုအခါ ဆိတ်ကုလားမသည် - ယခုအခါလည်း ဆိတ်ကုလားမ။

• သစ်သည် - သစ်။

• ရသေ့သည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကြမ်းကြုတ်ပြစ်မှား၊ သူ့ထံပါး၊ စကားဆိုကျိုးကွာ။

(၂) သဘောတရား၊ ကင်းမဲ့ငြား၊ ကြိုးစားလွတ်အောင်သာ။

(၃) စကားကောင်းလျက်၊ မနှစ်သက်၊ သူပျက်ဘေးကင်းကွာ။

ဒီပိဇာတ် ပြီး၏။

***

အဋ္ဌကနိပါတ် စကားပြေ ပြီး၏။

***

၄၂၇ - ဂိဇ္စျဇာတ်

ဖခင် လင်းတ၏ အဆုံးအမကို မနာယူဘဲ အလွန်မြင့်စွာ ပျံသဖြင့် ဝေရမ္ဘလေဝှေ့၍ သေရသော လင်းတ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆရာဆုံးမပြန် လက်မခံ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆုံးအမခက်သော ရဟန်းပျိုတစ်ပါး ရှိလေ၏။ ထိုရဟန်းသည် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော သာသနာတော်၌ ရဟန်းပြုပါလျက် ဆုံးမလွယ်သော သောဝစ္စဿတာဂုဏ်နှင့် မပြည့်စုံလေ။

ဆရာဥပဇ္စျာယ် သီတင်းသုံးဖော်တို့ကို ကိုယ် နှုတ် နှလုံး သုံးပါးလုံးတို့၌ စောင့်ရှောက်ထိန်းသိမ်းရန် အကျိုးအကြောင်းပြ၍ ဆိုဆုံးမသောအခါ မနာယူဘဲ မိမိကို မဆုံးမထိုက်လေ]န် မိမိနှင့် မသက်ဆိုင်လေဟန်ဖြင့် ပြုလုပ်ကာ နေ၏။

ထိုအခါ ရဟန်းတို့သည် ထိုရရဟန်း၏ အဆုံးမခက်သော အကြောင်းကို တရားသဘင်၌ စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူလျှင် သိတော်မူ၍ “ရဟန်း … သင်သည် အကျိုးစီးပွားကို လိုလား၍ ဆုံးမသောသူတို့စကားကို အဘယ်ကြောင့် နားမထောင် မနာယူ ဘိသနည်း၊ သင် ရှေးအခါ၌ လည်း ပညာရှိတို့ စကားကို နားမထောင်သဖြင့် ဝေရမ္ဘလေဦး၌ မှုန့်မှုန့်ညက်ညက်ဖြစ်၍ သေဖူးပြီး” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဖခင် ဆုံးမ သားလင်းတ

လွန်လေပြီးသောအခါ ဂိဇ္စျကုဋ်တောင်၌ ဘုရားအလောင်းသည် လင်းတမျိုး၌ ဖြစ်၏။ သားဖြစ်သော လင်းတမင်းကား သုပတ္တ အမည်ရှိ၏။ အထောင်မကသော လင်းတတို့ဖြင့် ခြံရံ၏။ အားအစွမ်းနှင့် ပြည့်စုံ၏။ မိဘအိုတို့အား လုပ်ကျွေးမွေးမြူ၏။ အားအစွမ်းနှင့် ပြည့်စုံသောကြောင့် အလွန်ဝေးလံသော အရပ်သို့ ပျံသန်းလေ့ရှိ၏။

ထိုအခါ အဘ လင်းတအိုသည် သား လင်းတမင်းအား “အမောင် … ဤမည်သော အရပ်ကို လွန်၍ မပျံအပ်၊ ပျံလျှင် ဝေရမ္ဘလေဦးသို့ ရောက်၍ မှုန့်မှုန့်ညက်ညက်ကြေ၍ သေရတတ်သည်” ဟု ဆုံးမလေ၏။

ဆုံးမ မလိုက်နာ ပျက်စီးရာ

လင်းတမင်းသည် အဘ၏ရှေ့တွင်ကား ကောင်းပြီဟု ဝန်ခံ၏။ နောက်နေ့၌ လင်းတမင်းသည် မိုးရွာပြီးသည်ရှိသော် လင်းတအပေါင်း ခြံရံလျက် ကောင်းကင်သို့ ပျံတက်လေ၏။ အဘ စကားကို နားမထောင်ဘဲ အခြားလင်းတတို့ကို ထားခဲ့၍ အလွန်ဝေးလံမြင့်မားသောအရပ်သို့ ပျံတက်သည်ရှိသော် ဝေရမ္ဘလေဦးသို့ရောက်၍ မှုန့်မှုန့်ညက်ညက် ကြေ၍ သေရလေ၏။

ဘုရားဟောပြ နောက်ဘဝ

သဗ္ဗညု မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ -

“ရဟန်းတို့ … ရှေးအခါ ဂိဇ္စျကုဋ်တောင်ထိပ်ဝယ် ပရိသင်္ကုပထ မည်သော ခရီးလမ်းသည် ရှိခဲ့၏၊ ထိုခရီးလမ်း၌ လင်းတမင်းသည် ဖြစ်ခဲ့၏၊ ထိုလင်းတမင်းသည် မိဘအိုတို့ကို လုပ်ကျွေးမွေးမြူခဲ့၏။

ထိုလင်းတမင်းသည် မိဘအိုတို့ စားသောက်ရန် များစွာသော စပါးကြီးမြွေ အဆီတို့ကို ဆောင်၏။ အဘသည် သား လင်းတမင်းကို အဝေးသို့ ပျံသန်းသည်ကို သိ၏။

အဘသည် - ယောကျ်ားတို့ အားအစွမ်းနှင့် ပြည့်စုံ၍ အဝေးသို့ ပျံသန်းတက်သော သုပတ္တ မည်သော သားကို အမောင် … ရေတွင်ပေါ်သော ကြာကဲ့သို့ မြေကြီးကို မြင်ရသောအခါ , ဘေးပတ်လည်မှ သမုဒ္ဒရာရေ ခြံရံလျက် စက်ဝန်းကဲ့သို့ မြေကြီးကို မြင်ရသောအခါ အောက်သို့ ဆင်းခဲ့လော့၊ ထိုထက်လွန်၍ မပျံလင့်ဟု ဆိုဆုံးမပြီ” ။

ဆုံးမခက်လှ ပျက်စီးရ

“အားအစွမ်းနှင့် ပြည့်စုံလျက် အတောင်ရှိသော လင်းတမင်းသည် လျင်မြန်သောအဟုန်ဖြင့် ပျံသန်းရာ အဘ ဆုံးမထားသောအရပ်သို့ ရောက်ခဲ့၏၊ အောက်သို့ ကြည့်လတ်သော် တောတောင်တို့ကို မြင်ရ၏။

လင်းတမင်းသည် အဘ ဆုံးမထားသော အခြင်းအရာဖြင့် ဘေးပတ်လည်မှ သမုဒ္ဒရာရေ ခြံရံလျက် စက်ဝန်းကဲ့သို့ မြေကြီးကို မြင်ရ၏။

လင်းတမင်းသည် ထိုအရပ်ကိုလည်း လွန်၍ အထက်သို့ ပျံတက်၏။ ထိုအခါ အားအစွမ်းနှင့် ပြည့်စုံသော လင်းတမင်းကို ထက်လှစွာသော ဝေရမ္ဘလေညွန့်တို့သည် မှုန့်မှုန့်ညက်ညက် ကြေအောင် တိုက်ခတ်လေ၏။

အလွန်ဝေးလံသော အရပ်သို့ ပျံတက်သော လင်းတမင်းသည် တစ်ဖန် ပျံတက်အံ့သောငှာ မတတ်နိုင်ချေ။ ဝေရမ္ဘလေတို့၏ နိုင်ငံသို့ရောက်သော ထိုလင်းတမင်းသည် ပျက်စီးခြင်းသို့ ရောက်ရလေ၏”

လင်းတပမာပြ ဆိုဆုံးမ

“လင်းတမင်းသည် အဘ၏ အဆုံးအမကို မလိုက်နာသောကြောင့် ထိုလင်းတမင်း၏ သားမယားတို့သည် လည်းကောင်း၊ မှီ၍ အသက်မွေးကြကုန်သော အခြား လင်းတတို့သည် လည်းကောင်း၊ အလုံးစုံသော လင်းတတို့သည် ပျက်စီးခြင်းသို့ ရောက်ရကုန်၏။

အဆုံးအမကို မလိုက်နာသော လင်းတမင်းကဲ့သို့ ဤသာသနာတော်၌ နေသောသူသည်လည်း ကြမ်းကြုတ်စွာ အပိုင်းအခြားကို လွန်၍ ကျင့်လျက် အကျိုးစီးပွားကို အလိုရှိ, ကြီးကုန်သော သူတို့၏ ဆုံးမစကားကို မလိုက်နာ၊ ထိုအဆုံးအမ စကားကို မလိုက်နာသောကြောင့် အလုံးစုံသော သူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကုန်၏” –

ဟု ရဟန်းတို့အား ဟောကြား ဆုံးမတော်မူ၏။ ထိုနောက် မြတ်စွာဘုရားသည် အဆုံးမခက်သော ရဟန်းအား “ချစ်သား ရဟန်း … သင်သည် လင်းတမင်းကဲ့သို့ မပြုလင့်၊ အကျိုးစီးပွားကို လိုလားသောသူတို့ ဆုံးမအသော စကားကို လိုက်နာလေ” ဟု ထပ်မံ သတိပေးပြန်၏။ ထိုရဟန်းလည်း မြတ်စွာဘုရား ဆုံးမတော်မူသောအခါ မှစ၍ သောဝစ္စဿတာဂုဏ်နှင့် ပြည့်စုံကာ အဆုံးအမ လွယ်ကူလေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

• ထိုအခါ လင်းတမင်းသည် - ယခုအခါ အဆုံးအမ ခက်သော ရဟန်း။

• အဘ လင်းတသည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အကျိုးလိုလား၊ ဆုံးမငြား၊ မှတ်သားလိုက်နာပါ။

(၂) အဆုံးမခက်၊ သူမိုက်ပျက်၊ အသက်ဆုံးရရှာ။

(၃) လေဝေရမ္ဘ၊ တိုက်သေရ၊ လင်းတမင်းပမာ။

ဂိဇ္စျဇာတ် ပြီး၏။

***

(၄၂၈) -ကောသမ္ဗိဇာတ်

[ပဉ္စကနိပါတ် ဍ္ဎဝဂ် ဒီဃိတိ ကောသလမင်းနှင့် တူပြီ]

ပစ္စုပ္ပန်ဝတ္ထု

ရှေ့ဆောင်နေငြား မထေရ်နှစ်ပါး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် ဝိနည်းဆောင် သုတ္တန်ဆောင် ရဟန်းနှစ်ပါးတို့သည် ကျောင်းတိုက်တစ်ခုတည်း၌ မိမိတို့၏ ပရိသတ်နှင့်တကွ နေကြကုန်၏။ တစ်နေ့သ၌ သုတ္တန်ဆောင် ရဟန်းသည် ကိုယ်လက်သုတ်သင်ရန် သန့်သက်အိမ်သို့ ဝင်၍ ရေခွက်၌ သန့်သက်ရေကြွင်းကို အမှတ်မဲ့ထားခဲ့၏။

အပြစ်မြင်တွေ့ သည်းခံလေ့

ထိုနောက် ဝိနည်းဆောင် ရဟန်း ဝင်ပြန်လျှင် ထိုသန့်သက်ရေကြွင်းကို တွေ့ခဲ့၍ သုတ္တန်ဆောင် ရဟန်းအား “ငါ့ရှင် … သင် သန့်သက်ရေကြွင်းကို ထားခဲ့သလော” ဟု မေး၏။ “ငါ့ရှင် … ထားခဲ့မိပါသည်” ဟု ပြော၏။ “ငါ့ရှင် … သန့်သက်ရေကြွင်း ထားခဲ့သည်၌ အာပတ်သင့်သည်ကို သင် မသိသလော” ဟု မေး၏။ “ငါ့ရှင် … မသိပါ” ဟု ပြော၏။ “ငါ့ရှင် … သိသည် ဖြစ်စေ၊ မသိသည်ဖြစ်စေ သန့်သက်ရေကြွင်း ထားရာ၌ အာပတ်သင့်သည်” ဟု ပြော၏။ “ငါ့ရှင် … စေတနာမရှိ သတိလွတ်၍ ပြုမိငြားအံ့၊ အာပတ် မသင့်” ဟု ပြောဆိုလေ၏။ သုတ္တန်ဆောင် ရဟန်းလည်း အာပတ်မသင့်ဟု ယူဆလျက် နေ၏။

အာပတ်နှင့်စွဲ ချင်းချင်းကွဲ

ထိုနောက် ဝိနည်းဆောင် ရဟန်းသည် မိမိ တပည့်တို့အား “သုတ္တန်ဆောင် ရဟန်းကား အာပတ်သင့်လျက် မသိ” ဟု ပြောဆိုလေ၏။ ဝိနည်းဆောင်ရဟန်း တပည့်တို့သည် သုတ္တန်ဆောင်ရဟန်း တပည့်တို့ကို မြင်လျှင် “သင်တို့ ဆရာကား အာပတ်သင့်လျက် သင့်မှန်းမသိ” ဟု ကဲ့ရဲ့ကြကုန်၏။ ထိုအခါ သုတ္တန်ဆောင် ရဟန်း တပည့်တို့သည် ထိုအကြောင်းကို မိမိတို့ ဆရာအား လျှောက်ထားကြကုန်၏။ သုတ္တန်ဆောင် ရဟန်းသည် ဝိနည်းဆောင် ရဟန်းကား ရှေးအခါ၌ အာပတ်မသင့်ဟု ပြောဆိုပြီး၍ ယခုအခါ အာပတ်သင့်၏ဟု ပြောကြားပြန်၏။ တပည့်တို့လည်း ဝိနည်းဆောင် ရဟန်း တပည့်တို့ကို မြင်လျှင် “သင်တို့ ဆရာကား မုသားဆိုဘိ၏” ဟု ကဲ့ရဲ့ကြကုန်၏။ ဤသို့လျှင် တစ်ဖက်နှင့် တစ်ဖက် အပြစ်ပြောဆိုကာ ခိုက်ရန်ဖြစ်ကြကုန်၏။

ရဟန်းတို့ စွဲ နတ်လူပါကွဲ

နောက်အခါ ဝိနည်းဆောင် ရဟန်းသည် အခွင့်ကောင်းကိုရ၍ သုတ္တန်ဆောင် ရဟန်းအား ဥက္ခေပနိယကံကို ပြုလေ၏။ ထိုအခါမှစ၍ နှစ်ဖက်သော ရဟန်းတို့သည် လည်းကောင်း၊ ပစ္စည်းလေးပါး ဒါယကာတို့သည် လည်းကောင်း၊ အဆုံးအမခံသော ဘိက္ခူနီမတို့သည် လည်းကောင်း၊ အဆွေ ခင်ပွန်းတို့သည် လည်းကောင်း၊ နတ်, ဗြဟ္မာတို့သည် လည်းကောင်း နှစ်စုနှစ်သင်း ကွဲကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား တစ်ဦးနှင့်တစ်ဦး တစ်ဖက်နှင့် တစ်ဖက် မကွဲမပြား တစ်သားတည်း ညီညွတ်ကြရန် ဆုံးမတော်မူ၏။ ဆုံးမသော်လည်း မနာယူဘဲ ကွဲမြဲသာ ကွဲကြကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့အား သင့်တင့်ညီညွတ်ကြရန် အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

[အတိတ်ဇာတ်ကား - ဒီဃိတိ ကောသလဇာတ် ဖြစ်၏။ ထိုဇာတ်ကို ပဉ္စကနိပါတ် အဍ္ဎဝဝဂ်၌ အကျယ်ပြဆိုခဲ့ပြီ။ ]

ထက်ကောင်းကင်ကြွ ဘုရားဆုံးမ

ထိုသို့ ဒီဃိတိ ကောသလဇာတ်ကို ဟောတော်မူသော်လည်း သင့်တင့် ညီညွတ်ခြင်းမရှိ၊ ဆုံးမအပ်သော စကားတော်ကို မနာယူသော ရဟန်းတို့ကို မြင်တော်မူလျှင် ဖယ်ကြဉ်တော်မူခဲ့၍ နက်ဖြန် ဆွမ်းခံရွာမှ အပြန်တွင် ဂန္ဓကုဋိတိုက်၌ ခေတ္တ အပန်းဖြေပြီးလျှင် ကျောင်းအိပ်ရာ နေရာတို့ကို သိုမှီးခဲ့၍ ကိုယ်တော်တိုင် သပိတ်သင်္ကန်းကို ယူတော်မူပြီးလျှင် သံဃာတော်တို့အလယ် ကောင်းကင်၌ ရပ်တော်မူလျက် -

“ရဟန်းတို့ … စိတ်တူကိုယ်မျှ ဖြစ်သော ရဟန်းအပေါင်းသည် ကျယ်သောအသံ ရှိ၏၊ တစ်စုံတစ်ယောက်သော ရဟန်းမျှလည်း ငါမိုက်၏ဟု မအောက်မေ့၊ သံဃာသည် လွန်စွာ ကွဲသည်ရှိသော် ငါ့ကြောင့် သံဃာကွဲ၏ဟူသော တစ်ပါးသော အကြောင်းကို မအောက်မေ့ကြကုန်။

သတိလွတ်ကုန်လျက် ပညာရှိယောင်ပြုကာ နှုတ်ဖြင့် စကားပြောဆိုရန်ကိုသာ အာရုံပြုကုန်သော ရဟန်းတို့သည် ခံတွင်းကို ဖွင့်ဟနိုင်သလောက် ဖွင့်ဟကာ ပြောဆိုကြကုန်၏၊ ခိုက်ရန်သည် အရှက်မဲ့ခြင်းကို ဆောင်၏၊ ခိုက်ရန် အပြစ်ရှိ၏ဟု မသိကြကုန်” ။

ဆဲရေးခြင်းပြု သည်းခံမှု

“ငါ့ကို ဆဲရေးပြီ၊ ငါ့ကို သတ်ပုတ်ညဉ်းဆဲပြီ၊ ငါ့ကို အောင်နိုင်ပြီ၊ ငါ၏ဥစ္စာကို ဆောင်ယူပြီ ဟူသော အခြင်းအရာဖြင့် ရန်ငြိုးဖွဲ့သော သူတို့အား ရန်သည် မငြိမ်းလေ။

ငါ့ကို ဆဲရေးပြီ၊ ငါ့ကို သတ်ပုတ်ညှဉ်းဆဲပြီ၊ ငါ့ကို အောင်နိုင်ပြီ၊ ငါ၏ဥစ္စာကို ဆောင်ယူပြီ ဟူသော အခြင်းအရာဖြင့် ရန်ငြိုးဖွဲ့သော သူတို့အား ရန်သည် ငြိမ်းအေး၏။

စင်စစ်သဖြင့် ဤလောက၌ ရန်သူတို့သည် ရန်တုံ့မူသဖြင့် တစ်ရံတစ်ဆစ်မျှ မငြိမ်းအေးကုန်။ ရန်တုံ့မမူသဖြင့်သာလျှင် ငြိမ်းအေးကုန်၏။ ဤတရားသဘောကား ရှေး၌ ဖြစ်သော တရားသဘောတည်း” ။

ခိုက်ရန်ဖြစ်ခြင်း မပေါင်းသင်း

“သူမိုက်တို့သည် ဤသံဃာ အလယ်၌ ခိုက်ရန်ငြင်းငုံ ပြုကုန်သည်ရှိသော် ငါတို့ကား ယမမင်းနိုင်ငံသို့ လိုက်ရလိမ့်မည်ဟု မသိကြကုန်၊ ထိုရဟန်းတို့တွင် ငါတို့ကား ယမမင်းနိုင်ငံသို့ လိုက်ရကုန်၏ဟု သိကုန်သော ရဟန်းတို့အား ရန်တို့သည် ငြိမ်းကုန်၏။

မင်းတို့သည် သတ်အပ်သော မိဘတို့ အရိုးရှိကုန်၏။ သတ်အပ်သော မိဘတို့ အသက်ရှိကုန်၏၊ ယူဆောင်အပ်သော နွား ကျွဲ မြင်း စသော ဥစ္စာရှိကုန်၏၊ တိုင်းနိုင်ငံကို လုယက် ဖျက်ဆီးကုန်၏၊ ထိုမင်းတို့အားလည်း ပေါင်းဖော်ခြင်း ဖြစ်နိုင်သေး၏၊ သင်တို့အား အဘယ်ကြောင့် ပေါင်းဖော်ခြင်း မဖြစ်နိုင်သနည်း” ။

အများမညီလင့် တစ်ယောက်တည်းကျင့်

“ပညာရှိလျက် အတူကျင့်ဘက်ဖြစ်၍ ကောင်းစွာနေလေ့ရှိသဖြင့် တည်ကြည်သော အဆွေခင်ပွန်းကို အကယ်၍ ရငြားအံ့၊ ဘေးရန်အလုံးစုံကို နှိပ်စက်၍ ထိုအဆွေခင်ပွန်းနှင့်တကွ ဝမ်းမြောက်ဝမ်းသာ သတိရှိလျက် ကျင့်ရာ၏။

ပညာရှိလျက် အတူကျင့်ဘက်ဖြစ်၍ ကောင်းစွာနေလေ့ရှိသဖြင့် တည်ကြည်သော အဆွေခင်ပွန်းကို အကယ်၍ မရငြားအံ့၊ မဟာဇနကမင်း အရိန္ဒမမင်းတို့သည် တိုင်းနိုင်ငံကို ပယ်စွန့်၍ တစ်ယောက်ထီးတည်း ကျင့်သကဲ့သို့ လည်းကောင်း၊ အမိကို လုပ်ကျွေးသော သီလဝဆင်, ပါလိလေယျကဆင်တို့သည် တော၌ တစ်စီးတည်း ကျင့်ကြသကဲ့သို့ လည်းကောင်း တစ်ယောက်တည်း ကျင့်ရာ၏” ။

ထီးတည်းကျင့်မှု ဟောကြားပြု

“တစ်ယောက်တည်း ကျင့်ခြင်းသည် မြတ်၏၊ သူမိုက်၌ အဆွေခင်ပွန်း၏ အဖြစ်သည် မရှိ၊ တော၌ ဆင်ပြောင်ကြီးကဲ့သို့ ကြောင့်ကြမဲ့ တစ်ယောက်တည်း ကျင့်ရာ၏၊ မကောင်းမှုတို့ကို မပြုရာ” –

ဟု ရဟန်းတို့ကို ဆုံးမတော်မူပြီးလျှင် ရဟန်းတို့ကို သင့်တင့်ညီညွတ်ရန် အတတ်နိုင်ရကား ဗာလရွာသို့ ကြွတော်မူ၍ အာသဘမထေရ်ကြီး တစ်ယောက်တည်းနေခြင်း၏ အကျိုးကို ဟောတော်မူပြီး၍ ထိုမှတစ်ဖန် သုံးယောက်သော အမျိုးကောင်းသားတို့ထံသို့ ကြွတော်မူ၍ သင့်တင့်ညီညွတ်ခြင်း အကျိုးကို ဟောတော်မူပြီးလျှင် ထိုမှတစ်ဖန် ပါလိလေယျကတောသို့ကြွ၍ ပါလိလေယျက ဆင်မင်း၏ အလုပ်အကျွေးကို ခံယူကာ သုံးလ သီတင်းသုံးတော်မူပြီး၍ ကောသမ္ဗီပြည်သို့ မကြွဘဲ သာဝတ္ထိပြည်သို့ ကြွတော်မူ၏။

ရဟန်းများညီမှု ကတိဝတ်ပြု

ထိုအခါ ကောသမ္ဗီပြည် သီတင်းသည်တို့သည် စည်းဝေးကုန်၍ ဤကောသမ္ဗီပြည်သား ရဟန်းတို့သည် ခိုက်ရန်ငြင်းခုံ ပြုကုန်၏၊ ၎င်းတို့ နှိပ်စက်၍ မြတ်စွာဘုရားလည်း ကြွတော်မူရ၏၊ ငါတို့ အကျိုးမဲ့ကို ပြုလုပ်ကုန်၏။ ထို့ကြောင့် ထိုရဟန်းတို့ကို ရှိမခိုးကုန်၊ ခရီးဦးမကြိုဆိုကုန်၊ ဆွမ်းမလှူကုန်၊ အရိုအသေပြုကုန်၊ ဤသို့ ပြုသည်ရှိသော် ခိုက်ရန်ငြိမ်းကုန်လတ္တံ့၊ သင့်တင့်ညီညွတ်ကြကုန်လတ္တံ့၊ ဘုရားထံသွား၍ ကန်တော့ကြကုန်လတ္တံ့၊ မြတ်စွာဘုရားသည် ဆုံးမတော်လတ္တံ့ဟု တိုင်ပင်ကာ ကတိကဝတ်ကုန်၏။

ဆွမ်းဝတ်မရ ညီညွတ်ကြ

သီတင်းသည်တို့သည် ကတိကဝတ်အတိုင်း ပြုကုန်သည်ရှိသော် ကောသမ္ဗီပြည်တွင် အရိုအသေမရ၊ ဆွမ်း မစားရကုန်သဖြင့် မနေနိုင်တော့ဘဲ ကောသမ္ဗီပြည်သို့သွား၍ မြတ်စွာဘုရားကို ကန်တော့ကြကုန်၏။ ခိုက်ရန် ပြေငြိမ်းကြကုန်၏။ သင့်တင့်ညီညွတ်ကြကုန်၏။

ဇာတ်ပေါင်း

[ဇာတ်ပေါင်းလည်း ဒီဃီတိကောသလဇာတ်နှင့် တူပြီ။ ]

(၄၂၉) မဟာသုဝဇာတ်

အလွန် ရောင့်ရဲနိုင်၍ ရေသဖန်းပင် ခြောက်မှုန့်ကို စားကာနေသော ကျေးမင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ဆွမ်းပင်ပန်းရေး မဂ်ဖိုလ်ဝေး

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မထင်ရှားသော ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံတော်၌ ကမ္မဋ္ဌာန်းကို ယူ၍ ကောသလဇနပုဒ်ဝယ် ပစ္စန္တရာဇ်ရွာကို မှီကာ တောကျောင်း၌ နေ၏။ ရွာသားတို့သည် ထိုရဟန်းအား မွန်မြတ်သော ဆွမ်းကို မလှူနိုင်ကုန်။ လျောက်ပတ်သော ကျောင်းကို ရပါလျက် ဆွမ်းပင်ပန်းကာ မဂ်, ဖိုလ်ကို မရလေ။

ဝါတွင်းသုံးလ လွန်သဖြင့် မြတ်စွာဘုရားကို ဖူးမြော်အံ့သောငှာ သွားလတ်သော် မြတ်စွာဘုရားသည် ထိုရဟန်းအား ပဋိသန္ဓာရပြုပြီးလျှင် လျောက်ပတ်၏လောဟု မေးတော်မူလျှင် “အရှင်ဘုရား … ကျောင်းကား လျှောက်ပတ်ပါ၏၊ ဆွမ်းကား မလျောက်ပတ်ပါ” ဟု လျှောက်၏။

လောဘနည်းမှု ခြိုးခြံပြု

ထိုအခါ မြတ်စွာဘုရားသည် “ချစ်သား ရဟန်း … လျောက်ပတ်သော ကျောင်းကို ရသည်ရှိသော် လောဘကို ပယ်၍ ရရသမျှသော ပစ္စည်းဖြင့် ရောင့်ရဲလျက် ရဟန်းတရားကို အားထုတ်သင့်၏။ ရှေးပညာရှိတို့သည် တိရစ္ဆာန်မျိုး၌ ဖြစ်၍ လည်း မိမိနေရာ၌ သစ်ပင်ခြောက်လတ်သော် အမှုန့်တို့ကို စားလျက် လောဘကိုပယ်က ရောင့်ရဲတင်းတိမ်သည် ဖြစ်၍ အဆွေခင်ပွန်းအင်္ဂါကို မဖျက်ဆီးဘဲ အရပ်တစ်ပါးသို့ မသွားကုန်၊ သင်ကား ဆွမ်းကို သုံးဆောင်ရပါလျက် ကြမ်း၏ဟု အဘယ်ကြောင့် လျောက်ပတ်သော ကျောင်းကို စွန့်ဘိသနည်း” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ရောင့်ရဲကျင့်မှု ကျေးမင်းပြု

လွန်လေပြီးသောအခါ ဟိမဝန္တာဝယ် ဂင်္ဂါမြစ်အနီး ရေသဖန်းပင်၌ အရာမသော ကျေးသားတို့သည် နေကြကုန်၏။ ထိုကျေးတို့တွင် ကျေးမင်းကား မိမိနေရာ ရေသဖန်းပင်၏အသီးတို့ ကုန်လတ်သော် အစဉ် အတိုင်း ကြွင်းကျန်ရစ်သော အညွန့်၊ အရွက်၊ အခေါက်အပွေးတို့ကို စား၍ ဂင်္ဂါရေကို သောက်လျက် အလွန်မြတ်သော အလိုနည်းခြင်းဖြင့် ရောင့်ရဲတင်းတိမ်ကာ တစ်ရပ်တစ်ပါးသို့ မသွားချေ။

ကျေးမင်းကျင့်များ သိကြား လေးစား

ထိုကျေးမင်း၏ အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်းတို့ကြောင့် သိကြားမင်း၏ နေရာသည် တုန်လှုပ်လေ၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ကျေးမင်းကိုမြင်၍ စုံစမ်းအံ့သောငှာ ရေသဖန်းပင်ကို ခြောက်စေ၏။ ရေသဖန်းပင်သည် အငုတ်မျှသာ ရှိလေ၏။ အပေါက်ကြီးငယ်တို့ပေါက်လျက် လေတိုက်သည်ရှိသော် တူရိယာကို တီးမှုတ်သကဲ့သို့ မြည်၏။ အပေါက်တို့မှ အမှုန့်တို့သည် ထွက်ကုန်၏။ ကျေးမင်းသည် အမှုန့်တို့ကို စား၍ ဂင်္ဂါရေကိုသောက်လျက် အရပ်တစ်ပါးသို့ မသွားဘဲ လေနေပူတို့ကို ဂရုမစိုက်သည်းခံကာ ရေသဖန်းပင်ငုတ်၌ သာ နေ၏။

ကျေးမင်းနေရေး ဟင်္သာမေး

သိကြားမင်းသည် ကျေးမင်း၏ အလိုနည်းခြင်းကို သိ၍ အဆွေခင်ပွန်းတို့၏ တရားကို ဟောစေပြီးလျှင် ဆုပေးကာ ရေသဖန်းပင်ကို အမြိုက်အဆီဖြစ်အောင် ပြုမည်ဟု ကြံစည်ပြီးလျှင် ဟင်္သာမင်းအသွင် ဖန်ဆင်းလျက် သုဇာတာကို ရှေးသွားပြု၍ အနီးရှိ သစ်ပင်၏ အခက်၌ နား၍ -

“ကျေးမင်း … ငှက်တို့သည် သစ်ပင်ကို အသီးနှင့် ပြည့်စုံသောအခါ ၌ တစ်ခက်မှ တစ်ခက်သို့ ပြောင်းရွှေ့၍ စားသောက်ကြကုန်၏၊ အသီးကုန်ပြီဟု သိသောအခါ ထိုသစ်ပင်မှ အရပ်တစ်ပါးသို့ ပျံသွားကြကုန်၏” –

ဟု ကျေးမင်းအား ဤသို့သော စကားကို ပြောဆိုပြီးလျှင် တစ်ဖန် -

“နီးသော နှုတ်သီးရှိသော ကျေးမင်း … အရပ်တစ်ပါးသို့ သွားပါလော၊ မသေစေလင့်၊ သင်သည် အဘယ်ကြောင့် ခြောက်သွေ့သော သစ်ပင်၌ ကြံမိုင်ကာ နေဘိသနည်း၊ မိုးကာလ၌ တောအုပ်ပမာ စိမ်းညိုသော အဆင်းရှိသော ကျေးမင်း … ငါ တိုက်တွန်းပါ၏၊ ပြောဆိုပါဦး၊ အဘယ်ကြောင့် ခြောက်သွေ့သော သစ်ပင်ကို မစွန့်နိုင်သနည်း” –

ဟု တိုက်တွန်း မေးမြန်းပြန်၏။

သူတော်စိတ်စွဲ ဖော်မခွဲ

ထိုအခါ ကျေးမင်းသည် သိကြားမင်း စကားကို ကြားလျှင် -

“ဟင်္သာမင်း … အဆွေခင်ပွန်းတို့ကား အဆွေခင်ပွန်းတို့၏ ချမ်းသာဆင်းရဲတို့၌ အသက်ကိုစွန့်ရာ၏၊ သူတော်ကောင်းတို့သည် သူတော်ကောင်းတို့တရားကို အောက်မေ့လျက် အဆွေခင်ပွန်းကို ဥစ္စာကုန်ပြီ ဟူ၍ လည်းကောင်း၊ မကုန်သေး ဟူ၍ လည်းကောင်း မစွန့်လွှတ်ကြကုန်” ။

“ဟင်္သာမင်း … ငါသည် သူတော်ကောင်းတို့တွင် တစ်ယောက် အပါအဝင် ဖြစ်၏၊ ရေသဖန်းပင်ကား ငါ၏ ဆွေမျိုးလည်း ဖြစ်၏၊ အဆွေခင်ပွန်းလည်း ဖြစ်၏၊ အသက်မွေးလိုသော ငါသည် အသီးကုန်ပြီဟု သိသော်လည်း ထိုရေသဖန်းပင်ကို မစွန့်လွှတ်နိုင်၊ စွန့်လွှတ်ခြင်းကား သူတော်ကောင်းတို့တရား မဟုတ်” –

ဟု သိကြားမင်းအား သူတော်ကောင်းတို့ တရားကို ဟောကြားလေ၏။

ကျေးမင်းကြည်ညို ဆုပေးလို

သိကြားမင်းလည်း ကျေးမင်းစကားကို ကြားလျှင် အလွန် နှစ်သက်သည်ဖြစ်၍ -

“ကျေးမင်း … အဆွေခင်ပွန်း၏ အဖြစ်သည် ကောင်း၏၊ အဆွေခင်ပွန်းနှင့်တကွ နေခြင်း ပေါင်းဖော်ခြင်းသည် ကောင်း၏၊ သင်သည် ထိုသူတော်ကောင်း တရားကို အကယ်၍ နှစ်သက်ငြားအံ့၊ ပညာရှိတို့သည် ချီးမွမ်းထိုက်၏၊ အတောင်ရှိ၍ ကောင်းကင်၌ သွားလျက် လည်ပင်းကောက်သော ကျေးမင်း … သင်သည် အမှတ်မရှိသော ဆုကို စိတ်ဖြင့် အလိုရှိအံ့၊ ငါ ပေးပါမည်၊ ထိုဆုကို တောင်းပါလော့” –

ဟု ကျေးမင်းအား လိုရာဆုကို တောင်းစေ၏။

မိမိလိုကြောင်း ဆုကိုတောင်း

ကျေးမင်းလည်း မိမိ လိုလားအပ်သော ရေသဖန်းပင်၏ ပြည့်စုံခြင်း၏ ဆုကို ဆောင်းလို၍ -

“ဟင်္သာမင်း … သင်သည် ငါ့အား ဆုကို အကယ်၍ ပေးငြားအံ့၊ ဤရေသဖန်းပင်သည် တစ်ဖန် အသက်ကို ရစေလို၏၊ အကိုင်းအခက် အသီး ပတ်ဝန်းကျင်မှ ပေါက်သော ပင်စည် ရွက်နု ပျားငယ်ကဲ့သို့ ချိုမြိန်သော အသီးတို့နှင့် ပြည့်စုံလျက် တင့်တင့်တယ်တယ် တည်ရှိစေလို၏” –

ဟု သိကြားမင်းအား မိမိ အလိုရှိရာဆိုကို ပြောကြား၍ တောင်းလေ၏။

ကျေးမင်းလိုသမျှ သိကြားမ

ထိုအခါ သိကြားမင်းသည် ကျေးမင်း၏ အလိုဆန္ဒကို ဖြည့်လို၍ -

“ကျေးမင်း … သင်သည် အသီးနှင့်၊ ပြည့်စုံမွန်မြတ်သော ရေသဖန်းပင်ကို ရှုပါလော့၊ သင့်အား ရေသဖန်းပင်နှင့် အတူနေပါလော့၊ ထိုရေသဖန်းပင်သည် အကိုင်းအလက် အသီး ပတ်ဝန်းကျင်မှ ပေါက်သော ပင်စည်ရွက်နု ပျားငယ်ကဲ့သို့ ချိုမြိန်သော အသီးတို့နှင့် ပြည့်စုံလျက် တင့်တင့်တယ်တယ် တည်ရှိပါစေလော့” –

ဟု ပြောဆိုလျက် ဟင်္သာမင်း၏ ကိုယ်ကိုစွန့်၍ မိမိ၏ လည်းကောင်း၊ သုဇာတာ၏ လည်းကောင်း တန်ခိုးအာနုဘော်ကိုပြ၍ ဂင်္ဂါမြစ်မှရေကို လက်ဖြင့်ယူ၍ ရေသဖန်းငုတ်ကို သွန်းလောင်း၏။ လက်ဖြင့် သုံးသပ်၏။ ခဏချင်းလျှင် အကိုင်းအခက် အရွက် အသီး ပင်စည်နှင့်ပြည့်စုံလျင် ရေသဖန်းပင်ကြီးသည် တင့်တင့်တယ်တယ် ပတ္တမြားညိုတောင်ကြီးပမာ တည်ရှိလာလေ၏။

ကျေးသားဆုရ ဝမ်းမြောက်လှ

ကျေးမင်းသည် ရေသဖန်းပင်ကြီးကိုမြင်လျှင် အလွန် ဝမ်းမြောက်သည်ဖြစ်၍ -

“အို-သိကြားမင်း … ယနေ့ ငါသည် အသီးစသည်တို့နှင့် ပြည့်စုံသော ရေသဖန်းပင်ကြီးကို မြင်ရသဖြင့် ချမ်းသာသကဲ့သို့ သင်သည်လည်း အလုံးစုံသော ဆွေမျိုးဉာတိတို့နှင့်တကွ ချမ်းသာပါစေ” –

ဟု သိကြားမင်းအား ချီးကျူးလျက် မေတ္တာပို့လေ၏။ သိကြားမင်းလည်း ကျေးမင်း လိုသောဆုကို ပေးပြီးလျှင် သုဇာတာနှင့်တကွ မိမိနေရာ တာဝတိံသာနတ်ပြည်သို့ သွားလေ၏။

မြတ်စွာဘုရားသည် ထိုရဟန်းအား “ချစ်သားရဟန်း … ရှေးပညာရှိတို့သည် တိရစ္ဆာန်စဉ် လျက် လောဘကိုပယ်၍ ရောင့်ရဲနိုင်သေး၏၊ သင်ကား ရဟန်းဖြစ်လျက် အဘယ့်ကြောင့် မရောင့်ရဲနိုင်သနည်း” ဟု မိန့်တော်မူလျှင် ရဟန်းသည်လည်း မိမိနေရာ အရပ်သို့သွား၍ ကမ္မဋ္ဌာန်းတရားကို အားထုတ်သဖြင့် အရဟတ္တဖိုလ်သို့ ရောက်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

• ထိုအခါ သိကြားသည် - ယခုအခါ အနုရုဒ္ဓါ။

• ကျေးမင်းသည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ချမ်းသာဆင်းရဲ၊ တူမကွဲ၊ နေမြဲခင်ပွန်းမည်။

(၂) သဖန်းငုတ်ကြွင်း၊ မစွန့်လျှင်း၊ ကျေးမင်းနေဖူးပြီ။

(၃) ရောင့်ရဲသည်းခံ၊ ချမ်းသာမှန်၊ ဧကန်ရတော့သည်။

မဟာသုဝရာဇဇာတ် ပြီး၏။

***

(၄၃၀) - စူဠသုဝဇာတ်

[မဟာသုဝဇာတ်နှင့် မထူးပြီ။ ]

ပစ္စုပ္ပန်ဝတ္ထု

လောဘနည်းဖွယ် ရောင့်ရဲလွယ်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် တရားဘင်၌ “ငါ့ရှင်တို့ … မြတ်စွာဘုရားသည် ဝေရဉ္ဇာပြည်၌ ဝါဆိုတော်မူစဉ် မာရ်နတ်မင်း လှည့်ဖြားခြင်းကြောင့် ဆွမ်းမရလတ်သော် ဝါတွင်းသုံးလပတ်လုံး မြင်းကုန်သည်တို့ လှူဒါန်းသော တစ်ကွမ်းစားမျှသော မုယောဆွမ်းဖြင့် မျှတတော်မူလျက် အရပ်တစ်ပါးသို့ ကြွတော်မမူ၊ အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်းသည် အံ့ဖွယ်ရှိပေစွ” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ … ယခုအခါ ငါဘုရား၏ အလိုနည်းခြင်း, ရောင့်ရဲခြင်းသည် အံ့ဖွယ်မရှိသေး၊ ရှေးအခါ တိရစ္ဆာန်ဖြစ်လျက် အလိုနည်းခြင်း, ရောင့်ရဲလွယ်ခြင်းသည် ဖြစ်ခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

[အတိတ်ဝတ္ထု အလုံးစုံသည် ဆိုခဲ့ပြီးသော မဟာသုဝရာဇာတ်နှင့် တူပြီ၊ စကားအသုံးအနှုန်း ထူးနိုးရာ ဂါထာစကားအဓိပ္ပါယ်မျှသာ ပြမည်။ အဓိပ္ပါယ်ကား မထူးပြီ။ ]

သူတော်ကျင့်မြတ် မခွဲခွာအပ်

“အို-ကျေးမင်း … အရွက်အခက် စိမ်းညို၍ အသီးများစွာ ရှိကုန်လျက် မြေတောင်၌ ပေါက်ရောက်သော သစ်ပင်များစွာတို့သည် ရှိကုန်၏၊ လေတိုက်သည်ရှိသော် တူရိယာသံကဲ့သို့ မြည်နေသော ရေသဖန်းပင်၌ အသင်ကျေးမင်း၏စိတ်သည် အဘယ်ကြောင့် အမြဲမွေ့လျော်စွာ နေဘိသနည်း”။

“အို-ဟင်္သာမင်း … မရေအတွက်နိုင် နှစ်ပေါင်းများစွာ ကာလပတ်လုံး ငါတို့သည် ထိုရေသဖန်းပင်၏အသီးကို စားကြရကုန်ပြီ၊ အသီးမရှိသည်ကို သိ၍ လည်း ရှေးအခါ၌ ကဲ့သို့ ချစ်မြတ်နိုးပါကုန်၏”။

ကျိုးနှစ်ပါးမသိက စွန့်ခွာကြ

“အို-ကျေးမင်း … ခြောက်သွေ့လျက် လေတိုက်သည်ရှိသော် တူရိယာသံကဲ့သို့ မြည်ကာ အရွက် အညွန့် မရှိ အသီးမရှိ မြေ၌ ပေါက်ရောက်သော ရေသဖန်းပင်ကို ငှက်တို့သည် စွန့်လွှတ်၍ သွားကြကုန်၏၊ ကျေးမင်း … သင်သည် သွားခြင်း၌ အဘယ်အပြစ်ကို မြင်သနည်း” –

“အို-ဟင်္သာမင်း … အသီး ဟူသော အကြောင့်ကြောင့် ထိုရေသဖန်းပင်ကို ဆည်းကပ်ကုန်သော ငှက်တို့သည် အသီးမရှိသည်ကို သိလတ်သော် ထိုငှက်တို့သည် စွန့်လွှတ်၍ သွားကြကုန်၏၊ ထိုငှက်တို့ကား မိမိအကျိုးငှာ ပညာရှိကုန်သော်လည်း သူတစ်ပါးအကျိုးငှာ ပညာမရှိကုန်၊ မိမိအကျိုးသာ လိုလားကုန်၏”။

ကျေးမင်းကျင့်ကို လွန်ကြည်ညို

“အို-ကျေးမင်း … အဆွေခင်ပွန်း၌ ဖြစ်သော ချစ်ခြင်းသည် ကောင်း၏၊ အဆွေခင်ပွန်းဖြစ်ခြင်း ပေါင်းဖော်ခြင်းသည် ကောင်း၏၊ သင်သည် ထိုတရားသဘောကို အကယ်၍ နှစ်သက်သည်ဖြစ်အံ့၊ ပညာရှိတို့ ချီးမွမ်းကြကုန်၏” ။

“အတောင်ယာဉ်ရှိ၍ ကောင်းကင်ဖြင့် သွားလျက် လည်းပင်းကောက်သော အို-ကျေးမင်း … သင်သည် အမှတ်မရှိသော ဆုကို အကယ်၍ အလိုရှိပါအံ့၊ ငါပေးပါမည်၊ ထိုဆုကို တောင်းပါလော့” ။

မိမိဆန္ဒကို ဆုယူလို

“အို-ဟင်္သာမင်း … ငါသည် ထိုရေသဖန်းပင်ကြီးကို အရွက် အသီး ရှိသည်ကို အကယ် မြင်ရငြားအံ့၊ ရွှေအိုးရသော သူဆင်းရဲကဲ့သို့ ထိုရေသဖန်းပင်ကို အဖန်ဖန် နှစ်သက်ရာ” –

ထိုနောင်မှ သိကြားမင်းသည် အမြိုက်ရေစင်ကို ယူ၍ ထိုရေသဖန်းပင်ကို သွန်းလောင်း၏။ အကိုင်း အခက်တို့ဖြင့် စည်ပင်သော ထိုရေသဖန်းပင်၏ အေးမြသော အရိပ်သည် နှလုံးမွေ့လျော်ဖွယ် ရှိ၏။

ကျေးမင်း လိုသရွေ့ သိကြားဖြည့်

“အို-သိကြားမင်း … ယနေ့ ငါသည် အသီးရှိသော ရေသဖန်းပင်ကို မြင်ရ၍ ချမ်းသာသကဲ့သို့ ထို့အတူ သင်သည်လည်း အလုံးစုံသော ဆွေးမျိုးဉာတိနှင့်တကွ ချမ်းသာပါစေ” –

ဟု သိကြားမင်းသည် ကျေးမင်းအားလည်း ဆုကို ပေးပြီး၍ ရေသဖန်းပင်ကို အသီးရှိသည်ကို ပြုပြီး၍ မယားနှင့်တကွ တာဝတိံသာနတ်ပြည် နန္ဒဝန်ဥယျာဉ်သို့ သွားလေ၏။

ဆောင်ပုဒ်

(၁) ချမ်းသာဆင်းရဲ၊ တူမကွဲ၊ နေမြဲခင်ပွန်းမည်။

(၂) သဖန်းငုတ်ကြွင်း၊ မစွန့်လျှင်း၊ ကျေးမင်းနေဖူးပြီ။

(၃) ရောင့်ရဲသည်းခံ၊ ချမ်းသာမှန်၊ ဧကန်ရတော့သည်။

မဟာသုဝရာဇဇာတ် ပြီး၏။

***

(၄၃၁) - ဟရိတစဇာတ်

မိဖုရား၏ ကိုယ်တွင်းသားကိုမြင်ရ၍ စျာန်လျှောပြီးလျှင် ကာမဂုဏ် လွန်ကျူးမိသော ဟရိတစ ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိန်းမကြောင်းပြု စွဲလမ်းမှု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တန်ဆာဆင်သော မိန်းမကိုမြင်၍ တပ်စွန်းကာ သာသနာတော်၌ ငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ဥစ္စာပုံကြည့်ရှု သံဝေပြု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် နိဂုံးရွာတစ်ခုတွင် ကုဋေရှစ်ဆယ် ကြွယ်ဝသော အမျိုး၌ ဖြစ်၍ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အဆင်းရှိသောကြောင့် ဟရိတစဟူသော အမည်ကို မှည့်ကြကုန်၏။

အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှင် ဥစ္စာပစ္စည်းစကို ဖြစ်စေ၍ “မိ်ဘတို့ ကွယ်လွန်သောအခါ ဥစ္စာပစ္စည်းပုံကြီးကိုကြည့်၍ ဤဥစ္စာပစ္စည်းပုံကြီးသာလျှင် ရှိတော့၏၊ ဥစ္စာပစ္စည်းကို ရှာဖွေစုဆောင်းကြသော ဥစ္စာရှင်တို့ကား မရှိတော့ကုန်၊ ငါသည်လည်း သေမင်း၏ ခံတွင်း၌ မှုန့်မှုန့်ညက်ညက် ကြေကာ သေရတလတ္တံ့” ဟု သတိသံဝေဂဖြစ်၍ သေဘေးမှ ကြောက်သဖြင့် ရှိရှိသမျှ ဥစ္စာပစ္စည်းပုံကြီးကို ပေးလှူ စွန့်ကြဲပြီးလျှင် ဟိမဝန္တာသို့ဝင်လျက် ရသေ့ရဟန်းပြု၍ ခုနစ်ရက်မျှ ရှိသောအခါ စျာန်အဘိညာဉ်ကို ရလေ၏။

မင်းပင့်ထားလေ ဥယျာဉ်နေ

တစ်နေ့သ၌ ချဉ်ဆား မှီဝဲအံ့သောငှာ ဟိမဝန္တာမှ ထွက်၍ ဒေသစာရီ ကြွချီလတ်သော် ဗာရာဏသီပြည်သို့ ရောက်လေ၏။ နံနက် မြို့တွင်းသို့ ဆွမ်းခံဝင်လတ်သော် မင်းအိမ်တံခါးသို့ရောက်၏။ ထိုအခါ မင်းကြီးမြင်၍ ဣန္ဒြေ၌ အလွန်ကြည်ညိုသဖြင့် ပြာသာဒ်ထက်သို့ ပင့်ဆောင်ကာ ဆွမ်းကပ်လှူ ပူဇော်ပြီးလျှင် ဥယျဉ်တော်၌ သီတင်းသုံးလျက် နေ့စဉ် နန်းတော်သို့ကြွ၍ ဆွမ်းဘုဉ်းပေးရန် လျှောက်ထား တောင်းပန်လေ၏။ ရသေ့လည်း ခွင့်ပြု၏။ မင်းကြီးလည်း ဥယျာဉ်တော်၌ ကျောင်းသင်္ခမ်း ဆောက်လုပ်၍ ကိုးကွယ်လေ၏။ ရသေ့လည်း မင်းကြီး၏နန်းတော်၌ ဆွမ်းဘုဉ်းပေး၍ ဆယ့်နှစ်နှစ်တိုင်အောင် ဥယျာဉ်တော်၌ ပင် သီတင်းသုံးလေ၏။

ခိုးသားနှိမ်သွား မင်းမှာကြား

ထိုအခါ ပစ္စန္တရာဇ်ကို ခိုးသူတို့သည် ဖျက်ဆီးကုန်၏။ မင်းကြီးလည်း ဆရာရသေ့ကို ကိုယ်တိုင် ပြုစုလုပ်ကျွေးရစ်ရန် မိဖုရားကြီးကို အပ်နှင်းမှာထား၍ စစ်သည်ဗိုလ်ပါနှင့်တကွ ပစ္စန္တရာဇ်သို့ သွားလေ၏။ မိဖုရားကြီးလည်း မင်းကြီးမှာထားခဲ့သောအတိုင်း ဆရာရသေ့အား မိမိလက်ဖြင့် နေ့စဉ် လုပ်ကျွေးလေ၏။

မိဖုရားနေရာထ ကိုယ်ဝတ်ကျွတ်ကျ

တစ်နေ့သ၌ မိဖုရားကြီးသည် ဆွမ်းဘောဇဉ်တို့ကို ပြည့်စုံစွာ စီမံပြီးလျှင် နံ့သာရေချိုး၍ ပြေပြစ်ချောမွေ့သော အဝတ်ကို ဝတ်ဆင်ကာ လေသာပြတင်းကိုဖွင့်လျက် ညောင်စောင်းငယ်၌ လျောင်းစက်ကာ ဆရာရသေ့ ကြွလာအံ့သည်ကို မျှော်လင့်ကြည့်ရှု၍ နေ၏။ ထိုအခိုက် ရသေ့သည် ဆွမ်းဘုဉ်းပေးရန် ကောင်းကင်ခရီးဖြင့် ကြွလာ၏။ မိဖုရားကြီးလည်း လျှောက်တေသင်္ကန်းသံကိုကြား၍ ဆရာရသေ့ ကြွလာမှန်း သိသဖြင့် အိပ်ရာမှထလတ်သော် နူးညံ့ပြေပြစ်သော ကိုယ်ဝတ်သည် ကျွတ်၍ ကျလေ၏။

တဏှာဆီးမရ ဝီတိက္ကမ

ကြွလာသော ဆရာရသေ့သည် ပြတင်းပေါက်မှလှမ်း၍ မြတ်လတ်သော် ဝိသဘာဂရူပါရုံနှင့် စက္ခုပသာဒ ပေါင်းဆုံမိကြသဖြင့် နှစ်ကုဋေ အသိန်း ကာလများစွာက ငြိမ်ဝပ်၍ နေသော အနုသယကိလေသာတို့သည် ကြုတ်၌ ထည့်၍ ထားသော မြွေဟောက်ကဲ့သို့ ထကြွ သောင်းကျန်းလာသဖြင့် ပရိယုဋ္ဌာန ကိလေသာအဖြစ်သို့ ရောက်လျက် စျာန်အဘိညာဉ်ကို ကွယ်ပျောက်စေ၏။ ရသေ့သည် သတိကို ဖြစ်စေခြင်းငှာ မတတ်နိုင်ရကား မိဖုရားကြီးလက်ကို ဆွဲလေ၏။ ထိုခဏ၌ တင်းတိမ် ဝန်းရံကုန်၏။ ရှေ့သို့တစ်ဆင့်တက်ကာ ဝီတိက္ကမ ကိလေသာ အဖြစ်သို့ ရောက်ပြန်သဖြင့် မိဖုရားကြီးနှင့်တကွ မေထုန်အကျင့်ကို ကျင့်လေ၏။ ဆွမ်းဘုဉ်းပေးပြီးလျှင် ဥယျာဉ်တော်သို့ ပြန်၏။

မင်းကိုလျှောက်ထား ပြည်သူများ

ဟရိတစ ရသေ့နှင့် မိဖုရားကြီးတို့ ပြုကျင့်သော အမှုသည် တစ်မြို့လုံး ထင်ရှားလေ၏။ အမတ်တို့လည်း ထိုအကြောင်းကို မင်းကြီးထံ လျှောက်လွှာ ဆက်ကုန်၏။ မင်းကြီးလည်း ဟရိတစ ရသေ့ကို ဖျက်ဆီးလို၍ ကုန်းတိုက်ကြသည်ဟု ထင်မှတ်လျက် ယုံကြည်ခြင်း မရှိလေ။

ထိုနောက် မင်းကြီးသည် ပစ္စန္တရာဇ်ကို ငြိမ်းအေးစေပြီးလျှင် မြို့တော်သို့ပြန်၍ မြို့တော်ကို လက်ယာရစ်လှည့်ပြီးလျှင် နန်းတော်သို့ဝင်ကာ မိဖုရားကြီးထံသို့သွား၍ ထိုအကြောင်းကို မေးလေ၏။

မင်းကြီး မယုံစား ရသေ့မေးငြား

မိဖုရားကြီးလည်း ဟုတ်မှန်ကြောင်းကို လျှောက်ထားလျှင် ယုံကြည်လျက် ဥယျာဉ်တော်သို့သွား၍ ရသေ့ထံသို့ ရောက်လျှင် လျောက်ပတ်သောနေရာ၌ နေပြီးလျှင် -

“ဗြဟ္မာကြီးသဖွယ်ဖြစ်သော အရှင်ဘုရား … သင် ဟရိတစ ရသေ့သည် စင်ကြယ်စွာ နေပါ၏လော၊ ကာမဂုဏ်တို့ကို ခံစား၏ ဟူသောစကားကို အကျွန်ုပ် ကြားအပ်ပါ၏၊ ထိုစကားသည် မှန်သလော၊ အသို့နည်း အရှင်ဘုရားသည် စင်ကြယ်စွာ နေပါ၏လော” –

ဟု ရသေ့အား တိုက်ရိုက် လျှောက်ထား မေးမြန်းလေ၏။

မှန်ကန်မှုသစ္စာ ရသေ့ဖြေကာ

ဟရိတစ ရသေ့သည် မင်းကြီး၏ စကားကိုကြားလျှင် ငါသည် ကာမဂုဏ်ကို မုချယုံကြည်မည် ဖြစ်၏၊ သို့သော်လည်း ဤလောက၌ သစ္စာနှင့်တူသော ကိုးကွယ်ရာမည်သည် မရှိ၊ သစ္စာကို စွန့်သောသူတို့သည် ဗောဓိပင်ရင်း၌ နေသော်လည်း ဘုရားမဖြစ်နိုင်၊ ငါသည် မှန်သောစကားကို ပြောဆိုခြင်းငှာ သင့်၏ဟု ကြံစည်ပြီးလျှင် -

“မြတ်သောမင်းကြီး … သင်မင်းကြီး ကြားအပ်သော စကားသည် ကြားတိုင်းမသွေ မှန်ပေ၏၊ ငါသည် မိုက်စေတတ်သော ကာမဂုဏ်တို့၌ မက်မောမိ၍ ခရီးမှား၌ သွားမိပေပြီ” –

ဟု မင်းကြီးအား မထိမ်မချန် ဟုတ်မှန်သည့်အတိုင်း ဝန်ခံလေ၏။

တဏှာယုတ်ကြမ်း ဉာဏ်မစွမ်း

မင်းကြီးလည်း မှန်ကန်စွာ ပြောဆိုသော ရသေ့၏ စကားကို ကြားလျှင် -

“အရှင်ဘုရား … ဖြစ်ပေါ်လာသော ရာဂစိတ်ကို ပညာဖြင့် အဘယ်ကြောင့် မဖျောက်နိုင်သနည်း၊ ဤသို့ မဖျောက်နိုင်ခဲ့သော် သိမ်မွေ့သော ကောင်းသော အကျိုးစီးပွားကို ကြံတတ်သော ပညာကား အဘယ် အကျိုးရှိမည်နည်း” –

ဟု ရသေ့အား လျှောက်ပြန်၏။ ထိုအခါ ရသေ့သည် -

“မြတ်သော မင်းကြီး … လောက၌ ရာဂ - ဒေါသ - မဒ - မောဟ ဤလေးပါးသော တရားတို့သည် အလွန် အားကြီးကုန်၏၊ ပြင်းထန်ကုန်၏၊ ထို လေးပါးသော တရားတို့၌ ပညာဉာဏ်သည် ထောက်တည်ရာ မရနိုင်” –

ဟု ပညာဉာဏ် မဖြစ်နိုင်ခြင်း အကြောင်းကို ပြောကြားလေ၏။

မကောင်းမှုအာရုံ နှိပ်စက်ပုံ

တစ်ဖန် မင်းကြီးသည် ဆရာရသေ့၏ ကိလေသာကို ဖျက်ဆီးတတ်သော ဉာဏ်ပညာကို မေးလို၍ -

“အရှင်ဘုရား … အရှင်ဘုရားသည် ပစ္စည်း လေးပါးကို ခံထိုက်၏၊ သီလနှင့် ပြည့်စုံ၏၊ စင်ကြယ်စွာ ကျင့်၏၊ ကိလေသာကို ဖျက်ဆီးတတ်သော ပညာရှိ၏၊ အကျိုးအကြောင်းကိုသိသော ပညာလည်းရှိ၏ဟု ငါတို့သည် အရှင်ဘုရားကို သမုတ်အပ်ပါ၏” =

ဟု ရသေ့၏ဂုဏ်ကို ချီးကျူး၍ လျှောက်ထားပြန်၏။

တစ်ဖန် ရသေ့သည် -

“မြတ်သော မင်းကြီး … ယုတ်မာသဖြင့် တင့်တယ်သော အာရုံဟု ယူ၍ ဖြစ်ကုန်သော ရာဂနှင့် စပ်ကုန်သော ဝိတက်တို့သည် ရသေ့၏ တရားကျေးဇူး၌ မွေ့လျော်သော ပညာရှိတို့အား ညှဉ်းဆဲကုန်၏” –

ဟု ပညာရှိတို့အား ညှဉ်းဆဲတတ်သော တရားတို့ကို ညွန်ပြပြန်၏။

ပညာဉာဏ်စက် ရာဂဖျက်

တစ်ဖန် မင်းကြီးသည် ဆရာရသေ့၏ ရာဂ စသော အယုတ်တရားတို့ကို ပယ်သော ပညာဉာဏ်ကို ချီးမွမ်းလို၍ -

“အရှင်ဘုရား … အရှင်ဘုရားအား ကိုယ်မှဖြစ်သော အဆင်းကျေးဇူးကို ဖျက်ဆီးတတ်သော ဤရာဂတရားသည် ဖြစ်ပေါ်လာ၏၊ ထိုရာဂတရားကို အရှင်ဘုရားသည် ပယ်ပါလော့၊ အရှင်ဘုရားအား ကောင်းခြင်းမင်္ဂလာ ဖြစ်ပါစေ၊ အရှင်ဘုရားကို များစွာသော လူအပေါင်းသည်လည်း ပညာရှိဟု သမုတ်အပ်ပါ၏” –

ဟု ရာဂကို စွန့်ပယ်ရန် သတိပေး လျှောက်ထားပြန်၏။ တစ်ဖန် ရသေ့သည် -

“မြတ်သော မင်းကြီး … ကန်းအောင်ပြုလုပ်တတ်သဖြင့် ဆင်းရဲများစွာရှိ၍ အဆိပ်ပြန့်သော ကာမဂုဏ်တို့ကို စွန့်ပါယ်ပါတော့အံ့၊ ထိုကာမဂုဏ်တို့၏ မသင့်တင့် နှလုံးသွင်းခြင်း ဟူသော အပြစ်ရင်းကိုလည်း ရှာဖွေပါတော့အံ့၊ အနှောင့်အဖွဲ့နှင့်တကွ ဖြစ်သော ရာဂတရားကို ဖြတ်ပယ်ပါတော့အံ့” –

ဟု ကာမဂုဏ်တို့၏ အပြစ်ကို သတိရကာ စွန့်ပယ်တော့မည်ဟု ဝန်ခံလေ၏။

မင်းကိုဆုံးမ တောပြန်ကြွ

ရသေ့သည် ထိုစကားကို ပြောဆိုပြီးလျှင် “မင်းကြီး … ငါ့အား ခွင့်ပြုပါဦးလော” ဟု ခွင့်တောင်းကာ ကျောင်းတွင်းသို့ဝင်၍ ကသိုဏ်းဝန်းကို ကြည့်ရှုစီးဖြန်းလျက် ပျောက်လေပြီးသော စျာန် အဘိညာဉ်ကို တစ်ဖန် ပြန်ရစေပြီးလျှင် ကျောင်းပြင်သို့ထွက်၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေနေလျက် မင်းကြီးအား တရားဟောပြီးလျှင် “မြတ်သောမင်းကြီး … ငါသည် မနေအပ်သော အရပ်၌ နေမိ၍ လူတို့အလယ်၌ အကဲ့ရဲ့ခဲ့ရ၏၊ သင်မင်းကြီးတို့သည် မမေ့မလျော့ ကုသိုလ်ကောင်းမှုကို ပြုလုပ် အားထုတ်ကြကုန်လော့၊ ငါမူကား မိန်းမတို့နှင့် မနီးသော တောအုပ်သို့ သွားတော့မည်”ဟု ပြောဆိုပြီးလျှင် မင်းကြီး ငိုကြေါးစဉ် ဟိမဝန္တာသို့သွား၍ မယုတ်သော စျာန်ရှိလျက် သေလွန်သည်ရှိသော် ဗြဟ္မာ့ပြည်သို့ လားရလေ၏။

ဤဒေသနာတော်ကိုဆောင်၍ သစ္စာကို ပြသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

• ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

• ဟရိတစ ရသေ့သည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ကာမဂုဏ်ကား၊ မက်မောငြား၊ လမ်းမှားလိုက်တတ်စွာ။

(၂) ကာမဂုဏ်ကား၊ အဆိပ်လား၊ ကန်းငြားဆင်းရဲစွာ။

(၃) မသင့်တင့်ခြင်း၊ နှလုံးသွင်း၊ မြစ်ရင်းဖြတ်လေပါ။

(၄) ရာ, ဒေါ, မောဟံ၊ မာန်လေးတန်၊ ပြင်းထန်အားကြီးစွာ။

(၅) ဤလေးပါးထံ၊ ပညာဉာဏ်၊ တန်ရန်မရပါ။

ဟရိတစဇာတ် ပြီး၏။

***

(၄၃၂) ပဒကုသလမာဏဝဇာတ်

ပစ္စုပ္ပန်ဝတ္ထု

ခုနစ်နှစ်အရွယ်ပင် လက္ခဏာမြင်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်၌ သူကြွယ်၏ သားငယ်တယောက်သည် ခုနှစ်နှစ်အရွယ်ကပင်ခြေရာ၌ လိမ္မာသတတ်၊ အဘသည် သူငယ်ကိုစုံစမ်းလို၍ သူငယ်မသိစဉ် လျှင် အဆွေခင်ပွန်း၏အိမ်သို့သွား၏ သူငယ်လည်း အဘသွားရာအရပ်ကို မမေးဘဲ ခြေရာကို အစဉ် လျှောက်၍ အဘရှိရာ အိမ်သို့လိုက်၏၊ ထိုအခါအဘသည် သားသူငယ်အား“ချစ်သားငါသည် သင်မသိအောင် သွားပါလျက် ငါ၏နေရာအရပ်ကို အဘယ်ကြောင့်သိသနည်း”ဟု မေး၏၊ ဘခင်အကျွန်ုပ်သည် ဘခင်၏ခြေရာကို သိပါ၏၊ ခြေရာ၌ လိမ္မာ၏”ဟု ပြောဆိုလေ၏။

ဖခင်နောက်လိုက်ကျောင်းတော်ဆိုက်

တနေ့သ၌ အဘသည် သားငယ်ကိုစုံစမ်းဦးမည်ဟု ကြံစည်ကာနံနက်စာစားပြီးသော်သားငယ်မသိစဉ် လျှင် အိမ်မှ ထွက်၍ အိမ်နီးချင်းအိမ်သို့သွား၍ တဘန်သုံးခုမြောက်အိမ်သို့ဝင်ပြန်၍ တဘန်မိမိအိမ်သို့ပြန်လာပြီးလျှင် တဘန်မြောက်တံခါးမှထွက်၍ ဇေတဝန်တော်သို့သွား၍ မြတ်စွာဘုရားထံ တရားနာလျက်နေ၏၊ သူငယ်သည် အဘကို မမြင်လျှင် ဘယ်သွားသနည်း မေးရာငါတို့မသိကုန်ဟုဆိုလတ်သော်အဘခြေရာကိုအစဉ် လျှောက်ကာ အိမ်နီးချင်းအိမ်မှစ၍ ဇေတဝန်ကျောင်းတော်တိုင်အောင် အရောက်လိုက်ပြီးလျှင် အဘထံ၌ နေလေ၏။

ထိုအခါအဘသည် “ချစ်သားသင်သည် ငါဤအရပ်သို့ လာသည့်အဖြစ်ကို သင့်ဘယ်သူပြောသနည်း”ဟု မေး၏။ “ဘခင်အကျွန်ုပ်သည် ဘခင်ခြေရာကို သိပါ၏။ ခြေရာအစဉ် အတိုင်းလျှောက်၍ လိုက်လာပါ၏”ဟု ပြောလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “သီတင်းသည် မြေကြီး၌ ခြေရာကိုသိခြင်းသည် အံ့ဘွယ်မရှိသေး၊ ရှေးပညာရှိတို့သည် ကောင်းကင်၌ ပင်ခြေရာကိုသိဘူးကုန်ပြီ”ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ကျိန်ဆိုသမျှဘီလူးဖြစ်ရ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ်ဗြဟ္မဒတ်မင်း မင်းပြုသည် ရှိသော်မိဖုရားသည် လွန်ကျူးသောအကျင့်ကိုကျင့်လေ့ရှိ၏၊ မင်းကြီးသည် သိ၍ မေးမြန်းလတ်သော် “မြတ်သောမင်းကြီးအကျွန်ုပ်သည် မင်းကြီးကိုအကယ်၍ လွန်ကျူး၍ ကျင့်မိပါအံ့၊ အဿမုခီမည်သောဘီလူးမကြီးဖြစ်ရပါလို၏”ဟု ကျိန်ဆို၏၊ ထိုမိဖုရားသေလွန်သည် ရှိသော် ကျိန်ဆိုမိအတိုင်း တောင်ခြေရင်း၌ အဿမုခီမည်သောဘီလူးမကြီးဖြစ်၍ လိုဏ်တခုတွင်နေ၏။ တောအုပ်ကြီးဝယ်အရှေ့စွန်းမှအနောက်စွန်းသို့သွားသောသူတို့ကို ဖမ်း၍ စားရ၏၊ သုံးနှစ်ပတ်လုံး ဝေဿဝဏ်နတ်မင်းကြီးထံ ခစား၍ အလျားယူဇနာသုံးဆယ်အနံငါးယူဇနာရှိသော အရပ်အတွင်း၌ လာသမျှသောသူတို့ကို စားခြင်းအခွင့်ရသတတ်။

ခရီးသွားပုဏ်ဏားပေါင်းသင်းငြား

တနေ့သ၌ စည်းစိမ်ဥစ္စာကြွယ်ဝ၍ အဆင်းအင်္ဂါလက္ခဏာနှင့်ပြည့်စုံသော ပုဏ္ဏားလုလင်တယောက်သည် အခြံအရံများစွာဖြင့် ခရီးသွားရာထိုတောအုပ်သို့ရောက်လေ၏။ အဿမုခိဘီလူးမသည် ပုဏ္ဏားလုလင်ကို မြင်လျှင် ဖမ်းရန် တဟုန်တည်း ပြေးသွားလေ၏၊ အခြံအရံလူတို့သည် ဘီလူးမကိုမြင်လျှင် သေဘေးမှကြောက်သဖြင့်ပြေးကြကုန်၏။ ပုဏ္ဏားလုလင်ကား မပြေးနိုင်သဖြင့် ကျန်ရစ်ခဲ့၏။ ဘီလူးမလည်း ပုဏ္ဏားလုလင်ကို ဖမ်းယူကျောပိုးလိုဏ်ဂူသို့ သွား၍ ရောက်လျှင် ယောက်ျားအတွေ့ကိုရ၍

ကိလေသာ၏ အစွမ်းဖြင့် ချစ်ကျွမ်းဝင်လျက် သတ်၍ မစားရက်ဘဲ လင်ယောက်ျားပြု၍ ထား၏၊ ထိုအခါမှစ၍ ဘီလူးမနှင့် ပုဏ္ဏားလုလင်တို့သည် သင့်တင့်ညီညွတ်စွာ ပေါင်းသင်းနေထိုင်ကြကုန်၏။

ဘီလူးနှင့်လူသားသားတယောက်ဖွား

ဘီလူးမသည် လုလင်အားလိုဏ်ဂူ၌ ထား၍ လုပ်ကျွေး၏၊ သွားသောအခါ လုလင်မထွက်နိုင်အောင် ကြီးစွာသော ကျောက်ဖျာကို ပိတ်၍ သွား၏၊ မိမိမူကားလူသားကိုစား၏ လုလင်အတွက်မူကားဆန်ဆီအဝတ်ပုဆိုးတို့ကို ယူဆောင်ကာ အထူးထူးသော ဘောဇဉ်တို့ဖြင့် လုပ်ကျွေး၏။ ကြာမြင့်စွာနေလတ်သော် ပုဏ္ဏားလုလင်ကိုစွဲ၍ သားတယောက် မွေးဘွား၏၊ ဘီလူးမသည် လင်၌ ၎င်း၊ သား၌ ၎င်းအလွန်ချစ်ခင်သဖြင့် နှစ်ယောက်လုံးကိုပင် လိုလေသေးမရှိရအောင် ရှာဖွေကာလုပ်ကျွေး၏၊ သားကြီးလတ်သော် မိမိသွားသောအခါ သားအဘ နှစ်ယောက်လုံးမသွားနိုင်အောင် ကျောက်ဂူကြီးကိုပိတ်၍ ထားခဲ့၏။

တောမှပြေးရန်သားအဖကြံ

တနေ့သ၌ သားသည် အမိဘီလူးမသွားသောအခါ ကျောက်ဖျာကို ဖွင့်၍ အဘကို လိုဏ်ပြင်ပ၌ ထားလေ၏၊ ဘီလူးမ ပြန်လာ၍ မေးရာသားသည် “မိခင်မှောင်မိုက်လှ၍ ကျွန်ုပ်ဖွင့်သည် ”ဟု ပြောလျှင် သား၌ ချစ်သဖြင့်တစုံတရာ မပြောဆိုချေ။

တနေ့သောအခါ သားသည် မိခင်ဘီလူးမသွားသည် ရှိသော်အဘအား ဘခင်အဘယ်ကြောင့် မိခင်၏မျက်နှာသည် တမျိုး၊ သင်ဘခင်၏မျက်နှာသည် တမျိုဖြစ်၍ နေသနည်း”ဟု မေး၏။ “ချစ်သား သင့်မိခင်ကားလူသားကို စားသောဘီလူးမဖြစ်သည်။ ဘခင်ကား လူသားဖြစ်သည်၊ ချစ်သားလည်း လူသားပင်ဖြစ်သည်”ဟု ပြောလေ၏။

“ဘခင်အဘယ်ကြောင့်ဤအရပ်၌ နေသနည်း၊ လူနေရာ အရပ်သို့သွားကုန်အံ့”ဟု ပြောလေ၏။ “ချစ်သား ငါတို့ သားအဘ နှစ်ယောက်တို့သည် အကယ်၍ ထွက်ပြေးကြငြားအံ့၊ သင့်မိခင်သည် တို့ကို စားလတံ”ဟု ပြော၏။ ဘခင် မကြောက်လင့် လူတို့နေရာသို့ ဆောင်ယူရန် အကျွန်ုပ်တာဝန်ထားပါ”ဟု ဘခင်အား နှစ်သိမ့်စေ၏။

ဘီလူးမလိုက်ရှာပြန်ခေါ်လာ

နက်ဖြန်နေ့၌ အမိသွားလတ်သော်သားသည် အဘကိုယူ၍ ပြေးလေ၏။ ဘီလူးမပြန်လာသောအခါ မမြင်၍ လေကဲ့သို့ လျင်မြန်သော အဟုန်ဖြင့်လိုက်ရာ ခရီးအကြားတွင် သားအဘနှစ်ယောက်လုံး ဖမ်းမိလေ၏။ ထိုအခါဘီလူးမသည် “အရှင်အဘယ့်ကြောင့် ပြေးသနည်း၊ ဤအရပ်၌ မရသော ဝတ္ထုပစ္စည်းရှိပါသလား”ဟု မေး၏။ “ရှင်မအကျွန်ုပ်ကို မမေးလင့်၊ သင့်သားယူ၍ သွားသည် ”ဟု ပြောလေ၏။ ထိုအခါဘီလူးမသည် သား၌ အလွန်ချစ်သဖြင့် တစုံတရာမပြောဆိုတော့ဘဲသားအဘနှစ်ယောက်လုံးခေါ်၍ ပြန်ခဲ့၏၊ နှစ်ရက်သုံးရက်လွန်ပြန်လျှင် သားသည် အဘကိုယူ၍ ပြေးပြန်၏၊ ဘီလူးမသိ၍ လိုက်ပြန်ရာနှစ်ယောက်လုံးကိုမိ၍ ခေါ်လာပြန်၏။

မိခင်ပိုင်စားသားပြောကြား

ထိုအခါသားသည် ငါ့အမိပိုင်ဆိုင်သောအရပ်သည် အပိုင်းအခြားရှိတန်ရာ၏။ ပိုင်ဆိုင်ရာအရပ်၌ သာအာဏာလည်း ပျံနှံ့ရာ၏၊ ငါသိအောင်မေး၍ မှတ်သားပြီးလွတ်အောင်သွားမည်ဟု ကြံစည်လေ၏။ တနေ့သ၌ သားအမိနှစ်ယောက် သင့်တင့်စွာ နေလတ်သော်သားသည် မိခင်သားတို့မည်သည် အမိ၏ဥစ္စာကိုပိုင်ဆိုင်မြို့ဖြစ်၏၊ သို့အတွက် မိခင်ပိုင်ဆိုင်ရာ အရပ်အပိုင်းအခြားကို သိလိုပါသည် ပြောကြားပါ”ဟု မေးလေ၏၊ ဘီလူးမသည် ပတ်ဝန်းကျင်တို့၌ အမှတ်အသားနှင့်တကွအလျားယူဇနာသုံးဆယ်၊ အနံငါးယူဇနာရှိအရပ်ကို မိမိပိုင်ဆိုင်ရာ အရပ်ဖြစ်ကြောင်းကို သားအားပြောကြားလေ၏။

ဖခင်ထမ်းပြေးလွတ်မြောက်ရေး

ထို့နောက် နှစ်ရက်သုံးရက်လွန်ပြန်၍ အမိဘီလူးမတောအုပ်သို့ သွားသောအခါ အဘပုဏ္ဏားကို ပခုံးဖြင့် ထမ်းပိုး၍ မိခင် ပြောထားသော အမှတ်အသားဖြင့် လေကဲ့သို့လျင်မြန်သော အဟုန်ဖြင့် ပြေးသွားရာ အမိဘီလူးမ ပိုင်ဆိုင်ရာ နယ်အဆုံး မြစ်ကမ်းနား ရောက်လေ၏၊ အဿမုဒီဘီလူးမလည်း ပြေးမှန်းသိ၍ ရှာဖွေရာ သားအဘနှစ်ယောက်ကို မြင်လျှင် အတင်းလိုက်လေ၏၊ သားလည်း မိခင်ဘီလူးမလိုက်သည် ကိုမြင်ပြန်လျှင် အဘကိုထမ်းပိုး၍ မြစ်လယ်၌ ကူးလေ၏။

တောမှာမနေလိုသားမောင်ဆို

မိခင်လည်းလာလတ်၍ မိမိပိုင်ဆိုင်သောအပိုင်းအခြား လွန်နေသည် ကိုသိလျှင် မြစ်မဆင်းဘဲကမ်းနား၌ ရပ်လျက် “အမောင်... အမောင်တို့ သားအဘပြန်ခဲ့ကြပါ၊ ငါမှာ အဘယ်အပြစ် ရှိပါသနည်း၊ မပြည့်စုံသောအရာ ရှိပါသလားပြန်ခဲ့ကြပါ”ဟု ပြော၏၊ သားသည် အဘနှင့်အတူ မြစ်လယ်၌ နေ၍ “မိခင်အပြစ်မရှိပါ၊ အကျွန်ုပ်တို့ကား လူသားဖြစ်ကုန်၏၊ မိခင်ကား ဘီလူးဖြစ်ပါ၏၊ ​သို့အတွက် အတူမနေနိုင်ပါ”ပြော၏။ “အမောင်... အမောင်တို့ သားအဘ မပြန်ကြတော့ဘူးလား”ဟု -မေးပြန်၏၊ မိခင်မပြန်ကြတော့ပါ”ဟု ပြောလေ၏။

လူ့ဘောင်သက်မွေးဂါထာပေး

“အမောင်အကယ်၍ မပြန်ကြတော့ပါလျှင် လူတို့နေရာ၌ အတတ်ပညာမရှိလျှင် အသက်မွေးရန်မလွယ်ကူပါ၊ ငါသည် စိန္တာမဏိ မန္တရားကို တတ်၏၊ မန္တရား၏အာနုဘော်ကားလွန်ခဲ့သောဆယ့်နှစ်နှစ်အတွင်း၌ ခိုးယူထားသောပစ္စည်းနှင့်ခြေရာအစဉ်ကို သိခြင်းငှါ စွမ်းနိုင်၏။ အဘိုးအနဂ္ဃထိုက်တန်၏၊ ဤမန္တရားကို သင်ယူပါဦး၊ ငါ့သားအသက်မွေးဘို့ဖြစ်လိမ့်မည်”ဟု ပြောဆို၍ သောက နှိပ်စက်လျက် အလွန်ဆင်းရဲနေလင့်ကစားသား၌ အလွန်ချစ်သဖြင့် မန္တရားကို သင်ပေးလေ၏။

သားလင်ခွဲလေရင်ကွဲသေ

သားလည်းရေလယ်၌ ရပ်၍ ရိုသေစွာမိခင်ကိုရှိခိုးလျက် မန္တရားကိုသင်ယူလေ၏၊ မန္တရားကို နှုတ်တက်ရာအခါ မိခင်ကို ရှိခိုးကန်တော့ပြီးလျှင် “မိခင်ပြန်ပါ”ဟု ပြောလေ၏၊ မိခင်ကြီးလည်း“အမောင် အမောင်တို့ သားအဘ ပြန်မလိုက်ကြပါလျှင် ငါ့မှာအသက်ချမ်းသာတော့မည်မဟုတ်”ဟု ပြောဆိုပြီးလျှင် ဘီလူးမသည် သားနှင့်လင်သောက နှိပ်စက်သဖြင့် ငိုယိုမြည်တမ်းလျက် ရင်ကိုထု၍ မိန်းမောတွေဝေကာလဲလျက် ရင်ကွဲပြီး ခဏခြင်း သေလွန်လေ၏။

မန္တန်တတ်စွမ်းမင်းမှုထမ်း

သားလည်းမိခင်သေဆုံးသည် ကိုသိလျှင် အဘကိုခေါ်၍ သွားကာ မိခင်၏အလောင်းကိုတောပန်းတို့ဖြင့် ပူဇော်၍ ထင်းပုံထက်သို့ တင်၍ မီးသင်္ဂြိုဟ်ပြီးလျှင် ရှိခိုးကန်တော့၍ ငိုကြွေးလျက်အဘနှင့်အတူ ဗာရာဏသီပြည်သို့ သွားလေ၏၊ ရောက်လျှင် စိန္တာမဏိမန္တ ရားတတ်သဖြင့်ခြေရာတို့၌ လိမ္မာသောပဒကုသလလုလင်သည် မင်းကြီးထံဝင်၍ ခစားလေ၏။ မင်းကြီးလည်း“အမောင်ဘယ်ပညာကို တတ်သနည်း”ဟု မေး၏၊ “အရှင်မင်းကြီးလွန်ခဲ့သော ဆယ့်နှစ်နှစ်အတွင်းက ခိုးယူထားသောဥစ္စာနှင့် ခြေရာအစဉ်ကို သိစွမ်းနိုင်ပါသည်”ဟု ပြော၏၊ “အမောင်ကောင်းပြီ ခစားလော့”ဟု ပြောသောအခါ “အရှင်မင်းကြီး တနေ့ ဥစ္စာတထောင်ရမှ ခစားနိုင်ပါမည်”ဟု လျှောက်ထားလေ၏။ မင်းကြီးလည်း သဘောတူခွင့်ပြုသဖြင့် ခစားလေ၏။

လုလင်အစွမ်းမင်းကြီးစမ်း

တနေ့သ၌ ပုရောဟိတ်သည် မင်းကြီးထံခစား၍ “မြတ်သောမင်းကြီး လုလင်ငယ်ကို တနေ့ဥစ္စာတထောင် ပေးရသည်၊ လုလင်၏အတတ်ပညာစွမ်းကိုလည်း မသိရ၊ သိအောင် စုံစမ်းမည်ဟု လျှောက်ထားလေ၏။ ထိုအခါ မင်းကြီးသည် သဘောတူ၍ နှစ်ဦးတိုင်ပင်လျက် ကြက်သရေတိုက်ခန်းမှရတနာဥစ္စာနှစ်တို့ကို ယူ၍ နန်းပြာသာဒ်မှ ဆင်းသက်ကာ မင်းအိမ်တံခါး၌ သုံးကြိမ်လှည့်ပတ်လျက် လှေကားထောင်ကာ တံတိုင်းအထက်ဖြင့် ပြင်ပသို့ဆင်း သက်၍ တရားစီရင်ရာ တင်းကုပ်သို့ဝင်ပြီးလျှင် ထိုတင်းကုပ်၌ နေ၍ လှေကားထောင်ကာ တံတိုင်းအထက်ဖြင့် ဆင်းသက်၍ နန်းတွင်းရေကန်သို့ သွားကာသုံးကြိမ် လက်ျာရစ် လှည့်ပတ်၍ ဆင်းသက်ကာရေထဲတွင် ရတနာဥစ္စာထုပ်ကို ထားခဲ့ပြီးလျှင် နန်းပြာသာဒ်သို့တက်ကြ၏။

ဥစ်စာပျောက်ရေးလုလင်မေး

နက်ဖြန်နေ့၌ နန်းတော်တွင်းမှ ရတနာဥစ္စာတော်ပျောက်သည် သူခိုးခိုးသည် ဟုတမြို့လုံးတပြိုင်နက် အုတ်အုတ်ကျက်ကျက် ဖြစ်လေ၏။ ထိုအခါမင်းကြီးသည် မသိဟန်ပြု၍ ပဒကုသလလုလင်ကိုခေါ်ကာ“အမောင်နန်းတော်မှ ရတနာဥစ္စာတို့သူခိုးခိုးယူသည်၊ ယခုရအောင်ရှာဖွေလော့”ဟု အမိန့်ပေးလေ၏၊ လုလင်လည်း အရှင်မင်းကြီးလွန်ခဲ့သော ဆယ့်နှစ်နှစ်အတွင်းက ခိုးယူထားသော ဥစ္စာနှင့် ခြေရာအစဉ်ကို သိနိုင်သော အကျွန်ုပ်အား ယနေ့ခိုးယူသော ဥစ္စာနှင့်ခိုးသူကို သိရန်မခဲယဉ်းပါ စိုးရိမ်တော်မမူပါလင့်”ဟု ပြောလေ၏၊ “အမောင်ကောင်းပြီ ယခုရှာဖွေလော့ဟု အမိန့်ပေးလေ၏။

လုလင်ပညာစွမ်းလွန်ချီးမွမ်း

ပဒကုသလလုလင်သည် ကျေးဇူးရှင် မိခင်ဘီလူးမကို ရှိခိုး၍ စိန္တာမဏိမန္တရားကို မန်းမှုတ်ကာ ပြာသာဒ်အပြင်၌ ရပ်လျက် ကြည့်ရှုဆင်ခြင်လေ၏၊ ထိုအခါ သူခိုးနှစ်ယောက်တို့ ခြေရာကိုမြင်၍ “မြတ်သော မင်းကြီးသူခိုးနှစ်ယောက်ရှိ ခြေရာကို မြင်ရပါ၏”ဟု လျှောက်ထားပြီးလျှင် ကြက်သရေတိုက်ခန်းမှစ၍ ခြေရာအစဉ် အတိုင်းလိုက်ရာ တံတိုင်းအထက်တွင် ကောင်းကင်၌ ခြေရာကိုပင် မြင်၍ လှေခါးဖြင့်တက်၍ အစဉ် အတိုင်းလိုက်ပြန်ရာနန်းတွင်းရေကန်သို့ ရောက်၍ ရေကန်တွင်းသို့ ဆင်းသက်ပြီးလျှင် ရတနာထုပ်ကို ယူစေ၍ မင်းကြီးအားပေးပြီးလျှင် “မြတ်သောမင်းကြီး သူခိုးနှစ်ယောက်တို့ကား ထင်ရှားသော သူခိုးကြီးဖြစ်သည်၊ ဤခရီးလမ်းဖြင့် နန်းပြာသာဒ်သို့ တက်ကြသည်”ဟု ခြေရာအစဉ် ကိုပြလေ၏။ ထိုအခါလူတို့သည် အလွန်နှစ်သက် ဝမ်းမြောက်ကြလျက် ကောင်းချီးပေးကြကုန်၏၊ လက်ဖျားခါကြကုန်၏၊ ဦးရစ်ပုဆိုးတို့ကို ပစ်ကြကုန်၏။

ခိုးသားလူရိုင်းမင်းဖမ်းခိုင်း

မင်းကြီးသည် ဤလုလင်ကား သူခိုး၏ခြေရာကိုအစဉ် လျှောက်ကာဥစ္စာထားရာကိုသာ သိ၏၊ သူခိုးကိုကားမသိဟု ကြံစည်လျက် “အမောင်ဥစ္စာကိုယူ၍ ပေးသဖြင့်ရပေပြီ။ သူခိုးကိုလည်းဖမ်း၍ ပေးပါဦး”ဟု ပြော၏၊ မင်းကြီး ဥစ္စာရပြီမဟုတ်လော၊ သူခိုးကို ဖမ်းခြင်းဖြင့် ဘယ်အကျိုးရှိအံ့နည်း၊ သူခိုးတို့ကား ဤအရပ်မှာပင်ရှိကြ၏၊ အဝေး၌ မရှိကုန်”ဟု ပြော၏ အမောင်အဘယ်သူတို့နည်း ညွှန်ပြ”ဟု မေး၏၊ “မင်းကြီးဥစ္စာကို လိုချင်သူတို့ဖြစ်ပါသည်၊ သူခိုးကို ညွှန်ပြသဖြင့် အကျိုးမရှိပါ၊ မေးတော်မမူပါလင့်”ဟု ပြောသောအခါ “အမောင်ငါသည် သင့်အား တနေ့ဥစ္စာတထောင်ပေးရ၏၊ ယခုသူခိုးကိုဖမ်း၍ ပေးလော့”ဟု ပြော၏။

ပရိယာယ်သိလောက်မင်းကိုလျှောက်

မင်းကြီး“ဥစ္စာကိုရပြီးသော်၊ သူခိုးဖြင့်အဘယ်အကျိုးရှိအံ့နည်း”ဟု ပြော၏။ အမောင်ဥစ္စာထက်သူခိုးက ပို၍ အရေးကြီးသည်”ဟု ပြော၏။ “မင်းကြီးသည် လိုဖြစ်လျှင် အရှင်မင်းတို့အားဤသူကားသူခိုးဖြစ်သည် တိုက်ရိုက်မလျှောက်လိုပါ၊ မလျှောက်ဘဲ သိနိုင်ရန် ရှေးအခါဖြစ်ဘူးသော ဥဒါဟရုဏ်တခုကို လျှောက်ပါမည်၊ ဉာဏ်ပညာဖြင့် သိတော်မူပါကုန်”ဟု ပြောဆိုကာ အောက်ပါ ဥဒါဟရုဏ်ကို ဆောင်လေ၏။

ကိုးကွယ်ရာဖြစ်သောရေ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်မှ မနီးမဝေးမြစ်နား၌ ပါဋလိမည်သောသဘင်သည်သည် သားမယားနှင့်တကွနေ၏။ ထိုသဘင်သည်သည် ပွဲသဘင်ခံသောနေ့၌ မယားကိုခေါ်၍ သွားကာစောင်းတီးခြင်း သီဆိုခြင်းဖြင့် ဥစ္စာရလေ၏၊ ပွဲသဘင်ပြီး လတ်သော် များစွာသောထမင်းနှင့်သုရာတို့ကို ယူ၍ အိမ်သို့ပြန်ရာမြစ်ကမ်းသို့ ရောက်လျင်ထမင်းစား၏၊ သုရာကိုလည်း များစွာ သောက်၏။ အလွန်မူးယစ်လတ်သော် မယားကိုခေါ်၍ စောင်းကိုလွယ် လျက်မြစ်ကိုကူး၏၊ စောင်းပေါက်မှရေဝင်၍ လေးသော

အခါရေတွင်နစ်လေ၏။ မယားသည် လင်ယောက်ျားရေနစ်သည်ကိုသိလျှင် ကမ်းတဘက်သို့ ကူးပြီးလျှင် ကမ်းပေါ်၌ ရပ်လျက်ငါ၏ လင်မှာရေနစ်၍ မုချသေရတော့မည်၊ မသေမီသီချင်းတပုဒ်ကို တောင်းယူကာသီဆို၍ အသက်မွေးရစ်မည်ဟု ကြံစည်လျက်-“အရှင်ငါ့ကိုယူဆောင်လျက် အကြားအမြင်များ၍ ချီးမွမ်းဖွယ်ရှိသော သင်ပါဋလိကိုဂင်္ဂါရေသည် မျောခဲ့၏၊ သင့်အားကောင်းခြင်း မင်္ဂလာဖြစ်ပါစေ၊ ငါ့အား အသက်မွေးရစ်ဘို့ သီချင်းတပုဒ်ကိုပေးခဲ့ပါ”ဟု ရေနစ်၍ သေလုမျောပါးနေသော လင်ထံ သီချင်းတောင်းလေ၏၊ ပါဋလိသည်-“ရှင်မဆင်းရဲသူကို ရေဖြင့်သွန်းလောင်းရ၏ ကြင်နာသူကို ရေဖြင့်သွန်းလောင်းရ၏၊ ငါကားထိုရေအလယ်၌ သေရအံ့၊ ကိုးကွယ်ရာဖြစ်သော ရေမှဘေးဖြစ်ခဲ့ပြီဟုမယားအား ပြောကြားဘူးလေ၏။

“မြတ်သောမင်းကြီးရေကား လူအများကိုးကွယ်ရာဖြစ်သကဲ့သို့ မင်းလည်းလူအများ ကိုးကွယ်ရာဖြစ်ပါ၏။ မင်းထံမှ ဘေးဖြစ်သည်ရှိသော် ဘယ်သူမျှ ကာကွယ်နိုင်မည် မဟုတ်ပါ၊ “မြတ်သောမင်းကြီး ဤဖုံးလွှမ်းသော ဥဒါဟရုဏ်ဖြင့် ပညာရှိသော အရှင်မင်းကြီးကို သူခိုးကို သိလောက်ပါပြီ”ဟု လျှောက်ထားလေ၏။ မင်းကြီးသည် ကျေနပ်တော်မမူသဖြင့်“အမောင်ငါကား ဖုံးလွှမ်းသော စကားကိုမသိ၊ သွယ်ဝိုက်၍ လျှောက်မနေလင့်၊ သူခိုးကို တိုက်ရိုက်ဖမ်း၍ ပေးလော့”ဟု မိန့်ဆိုပြန်၏။

ဥပါယ်တမျိုးထွင် မင်းလျှောက်တင်

ထိုအခါပဒကုသလလုလင်သည် မင်းကြီးအားအောက်ပါ ဥဒါဟရုဏ်တခုကို ဆောင်ပြန်၏။

ကိုးကွယ်ရာဖြစ်သောမြေ

လွန်လေပြီးသောအခါ ဗာရာဏသီပြည် တံခါးရွာဝယ် အိုးထိန်းသည် တယောက်နေသတတ်၊ ထိုအိုးသည်သည် အိုးလုပ်ရန်မြေကို ယူလတ်သော် တနေရာတည်း၌သာ ယူသဖြင့် လိုဏ်ခေါင်းကြီးဖြစ်၍ နေ၏၊ တနေ့သ၌ မြေကိုယူနေစဉ် အခါမဲ့မိုဃ်းကြီး ရွာသဖြင့် လိုဏ်ခေါင်းတွင်းသို့ ရေဝင်ကာမြေပြိုကျသဖြင့် ခေါင်းပေါ်သို့ပိ၍ မထွက်နိုင်ဘဲ ရှိလေ၏။ ထိုအခါအိုးထိန်းသည်သည်-

“အချင်းတို့မြေ၌ မျိုးစေ့တို့သည်ပေါက်ရောက်ကြကုန်၏၊ မြေ၌ သတ္တဝါတို့သည်တည်နေကြရကုန်၏၊ ထိုမြေသည် ငါ၏ခေါင်းကိုဖေါက်ခွဲခဲ့၏။ ငါအားကိုးကွယ်ရာဖြစ်သော မြေမှဘေးဖြစ်ခဲ့”ဟု ငိုကြွေးမြည်တမ်းခဲ့ဘူးပြီ။

“မြတ်သောမင်းကြီးလူများ၏ကိုးကွယ်ရာဖြစ်သောမြေသည် အိုးထိန်းသည်၏ ဦးခေါင်းကိုဖေါက်ခွဲသကဲ့သို့ လူအများ၏ကိုးကွယ်ရာဖြစ်သောမင်းသည် ထ၍ ခိုးမှုကို ပြုလတ်သော် အဘယ်သူ တားမြစ်နိုင်အံ့နည်း၊ မြတ်သောမင်းကြီးသူခိုးကိုသိလောက်ပါပြီ”ဟု လျှောက်ထားပြန်၏ မင်းကြီးလည်း မကျေနပ်သဖြင့် “အမောင်ဖုံးလွှမ်းသော စကားကိုအလိုမရှိ၊ ဤသူကားသူခိုးဖြစ်သည် ဟုဖမ်း၍ ပေးလော့”ဟု မိန့်ဆိုပြန်၏။

ဥပါယ်နည်းကျသူခိုးညွှန်ပြ

ထိုအခါပဒကုသလလုလင်သည် အောက်ပါဥဒါဟရုဏ်တခုကို ဆောင်ပြန်၏။

ကိုးကွယ်ရာဖြစ်သောမီး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ်အိမ်တလုံး မီးလောင်သည်ရှိသော် အိမ်ရှင်ယောက်ျားသည် ယောက်ျားတယောက်ကို အိမ်တွင်းရှိ ဥစ္စာတို့ကို ထုတ်ယူရန် စေခိုင်း၏၊ ထိုယောက်ျားသည် အိမ်တွင်းသို့ဝင်၍ ဥစ္စာတို့ကို ထုတ်ယူလတ်သော် အိမ်တံခါးသည် ပိတ်ခဲ့၏၊ မီးခိုးမွှန်သဖြင့် ထွက်ရာလမ်းမရဘဲ ကြီးစွာသော ဆင်းရဲဒုက္ခရောက်လျက် အိမ်တွင်း၌ ရပ်၍ -

“အချင်းတို့ထမင်းတို့ကို မီးဖြင့် ချက်ရကုန်၏၊ ချမ်းအေးခြင်းတို့ကို မီးဖြင့် ပယ်ဖျောက်ရကုန်၏၊ ထိုမီးသည် ငါ၏ကိုယ်ကို လောင်ကျွမ်းခဲ့၏။ ငါ့အားကိုးကွယ်ရာဖြစ်သော မီးမှ ဘေးဖြစ်ခဲ့ပြီ”-ဟုငိုကြွေးမြည်တမ်းလေ၏။

“မြတ်သောမင်းကြီး မီးကဲ့သို့ ကိုးကွယ်ရာဖြစ်သောသူသည် ဤရတနာထုပ်ကို ခိုးယူဘိ၏၊ မမေးပါလင့်”ဟု လျှောက်ထား ပြန်၏၊ မင်းကြီးသည် “အမောင်အားသူခိုးကိုသာ ဖမ်း၍ ပေးလော့”ဟု မိန့်ဆိုပြန်၏။

ထမင်းပမာပြမင်းလျှောက်ရ

ထိုအခါပဒကုသလလုလင်သည် အောက်ပါဥဒါဟရုဏ်တခုကို ဆောင်ပြန်၏။

ကိုးကွယ်ရာဖြစ်သောထမင်း

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ပင်ယောက်ျားတယောက်သည် အလွန်များစွာသောထမင်းကိုစားပြီးလျှင် အစာကြေခြင်းငှါ မတတ်နိုင်ရကားပြင်းထန်စွာ ဆင်းရဲဝေဒနာသို့ရောက်၍ -

“အချင်းတို့ များစွာကုန်သော မင်းပုဏ္ဏားတို့သည် ထမင်းဖြင့် မျှတကြရကုန်၏။ စားအပ်သော ထိုထမင်းသည် ငါ့ကိုသတ်ဘိ၏၊ ငါ့​အားကိုးကွယ်ရာဖြစ်သော ထမင်းမှ ဘေးဖြစ်ခဲ့ပြီ”ဟု ငိုကြွေးမြည်တမ်းလေ၏။

“မြတ်သောမင်းကြီး ထမင်းကဲ့သို့ ကိုးကွယ်ရာဖြစ်သောသူသည် ဥစ္စာကိုခိုးယူဘိ၏”ဟု လျှောက်ထားပြန်၏၊ မင်းကြီးသည် မကျေနပ်သဖြင့် “အမောင်သင်စွမ်းနိုင်လျှင် သူခိုးကိုသာ ဖမ်း၍ ပေးလော့”ဟု မိန့်ဆိုပြန်၏။

ကိုးကွယ်ရာဖြစ်သောလေ

ထိုအခါပဒကုသလလုလင်သည် ကိုးကွယ်ရာမှအောက်ပါ ဥဒါဟရုဏ်တခုကိုဆောင်ပြန်၏။

ကိုးကွယ်ရာမှဘေးရောက်ရ

လွန်လေပြီးသောအခါ ဤဗာရာဏသီပြည်၌ ပင်လူတယောက်၏ ကိုယ်၌ လေထိုးကျင်သောရောဂါသည် ဖြစ်ခဲ့၏။ ထိုအခါထိုသူသည် ပြင်းထန်သောဆင်းရဲဝေဒနာရောက်လျက် သည်းမခံနိုင်တော့ဘဲ” အချင်းပညာရှိတို့သည် နွေဥတုတို့၏ နောက်ဆုံးဖြစ်သော လ၌ လေပြေလေအေးကို အလိုရှိကြကုန်၏၊ ထိုလေသည် ငါ၏ကိုယ်၌ ထိုးကျင်ဖျက်ဆီးခဲ့၏။ ငါ့အားကိုးကွယ်ရာ လေမှဘေးသည် ဖြစ်ခဲ့ပြီ”ဟု ငိုကြွေးမြည်တမ်းလေ၏။

“မြတ်သောမင်းကြီး ကိုးကွယ်ရာမှ ဘေးဖြစ်သည်။ သူခိုးကိုဖမ်း၍ မပေးလိုပါ”ဟု လျှောက်ထားပြန်၏။ မင်းကြီးသည် “အမောင်သူခိုးကိုသာ ဖမ်း၍ ပေးပါ”ဟု မိန့်ပြန်၏။

အားထားရာမင့်ဘေးရန်သင့်

ပဒကုသလလည်း အောက်ပါ ဥဒါဟရုဏ်တခုကို ဆောင်၍ ပြုပြန်သတည်း။

ကိုးကွယ်ရာဖြစ်သောသစ်ပင်ကြီး

လွန်လေပြီးသောအခါ ဟိမဝန္တာအရပ်ဝယ်အကိုင်းအခက်ပင်စည်နှင့် ပြည့်စုံသော သစ်ပင်ကြီးသည် ရှိလေ၏။ အပွင့်အသီးနှင့် လည်းပြည့်စုံ၏။ ငှက်အပေါင်းတို့သည် အမြဲနေထိုင်ကြကုန်၏။ တနေ့သ၌ သစ်ကိုင်းနှစ်ခုတို့သည် အချင်းချင်း ပွတ်တိုက်ခြင်းကြောင့် မီးခိုးထွက်လာ၏၊ ထိုအခါငှက်မင်းသည် မီးတို့ကို မြင်လျှင် -

“ငှက်အပေါင်းတို့ငါတို့သည် အကြင်သစ်ပင်ကြီးကို မှီ၍ နေကြရကုန်၏၊ ထိုသစ်ပင်ကြီးမှ မီးခိုးတို့သည် ထွက်လာကုန်၏၊ ငှက်အပေါင်းတို့တခြားအရပ်ဘဲကြကုန်လော့၊ ငါတို့အားကိုးကွယ်ရာဖြစ်သော သစ်ပင်ကြီးမှဘေးဖြစ်ခဲ့”-ဟု ငှက်အပေါင်းတို့ ပြောင်းရွှေ့ကြရန် သတိပေးခဲ့ဘူး၏။

“မြတ်သောမင်းကြီးကိုးကွယ်ရာဖြစ်သောမင်းသည် ခိုးမှုပြုသည်ရှိသော် အဘယ်သူတတ်နိုင်အံ့နည်း၊ ခိုးသူကို ဖမ်းရန် အလိုမရှိပါလင့်”ဟု လျှောက်ထားပြန်၏၊ မင်းကြီးလည်း နှစ်သက်တော်မမူသဖြင့် “အမောင်သူခိုးကိုသာ ဖမ်းပေးလေ”ဟု မိန့်ဆိုပြန်၏။

သားမှီခိုနေဘေးဖြစ်လေ

ထိုအခါပဒကုသလလုလင်သည် အောက်ပါဥဒါဟရုဏ် တခုကို ဆောင်ပြန်၏။

ကိုးကွယ်ရာမှဘေးဖြစ်သောချွေးမ

လွန်လေပြီးသောအခါ ကာသိကရွာ၌ အမျိုးတဦး၏ အိမ်သည် ရှိလေ၏၊ ထိုအိမ်၏နောက်ဖေး၌ ကြမ်းကြုတ်သော မိကျောင်းလည်းရှိ၏၊ ထိုအိမ်၌ အဘသေလွန်သဖြင့် သားသည် အမိကိုလုပ်ကျွေးမွေးမြု၏၊ အမိလည်း သားအလိုမရှိဘဲ အမျိုးသမီးတယောက်ကို ခေါ်ယူကာသားနှင့် လက်ထပ်လေ၏၊ ချွေးမသည် ယောက္ခမကိုရိုသေစွာ လုပ်ကျွေး၏၊ နောက်အဘို့သားသမီးတို့ပွားများလတ်သော် ယောက္ခမအိုကို အိမ်မှနှင်ထုတ်လို၏။ တနေ့သ၌ ချွေးမသည် အကြောင်းရှာကာလင်ကိုမုန်းတီးအောင်ကုန်းတိုက်၍ “အရှင်အရှင့်အမိအိုကို ငါမလုပ်ကျွေးနိုင်၊ သတ်ပါလော့”ဟု ပြော၏။ “ရှင်မလူကိုသတ်ခြင်းကား လွယ်ကူသည် မဟုတ်၊ ဝန်လေးလှ”ဟု ပြော၏။

“အရှင်အိပ်ပျော်နေသောအခါ ညောင်စောင်းပါယူ၍ မိကျောင်းရဲသောမြစ်၌ ချမည်၊ ထိုအခါ မိကျောင်းကိုက်၍ သေလိမ့်မည်”ဟု ပြောလေ၏။ “ရှင်မကောင်းပြီ၊ သင့်အမိအိုဘယ်မှာနည်း”ဟု မေး၏။ “အရှင် အရှင့်အမိအိုထံမှာပင် အိပ်၏”ဟု ပြော၏၊ “ရှင်မလူမှားနေမည်၊ သင်သွား၍ အမိအိုညောင်စောင်းကို ကြိုးချီ၍ မှတ်ထားပါ”ဟု ပြောလေ၏၊ မယားလည်း လင်ခိုင်းသည့်အတိုင်း ညောင်စောင်း၌ ကြိုးချီ၍ မှတ်ထားလေ၏။ လူခြေတိတ်၍ အိပ်သောအခါ လင်မယားနှစ်ယောက်တို့သည် ကြိုးအမှတ် ပြုထားသော ညောင်စောင်းကို ချီမ၍ မြစ်တွင်းသို့ ချလေ၏၊ မယား၏အမိအိုသည် မိကျောင်းကိုက်၍ သေလေ၏၊ နံနက်လင်းသောအခါ မယားသည် မိမိအအိုသေသည့်အဖြစ်ကို သိ၍ ယောက်ျားထံသွားကာ “အရှင်အကျွန်ုပ်အမိအိုသေချေပြီ၊ သင့်အမိအိုကို သတ်ဦးလော”ဟု ပြော၏။ “ရှင်မ ဘယ်လိုသတ်မည်နည်း”ဟု မေးပြန်၏၊ “အရှင်သုသာန်၌ ထင်းပုံပြီးလျှင် မီးရှို့၍ သတ်မည်”ဟု ပြောဆိုတိုင်ပင်ကြကုန်၏။

ညအခါ လင်၏အမိအိုအိပ်သည် ရှိသော်လင်မယားနှစ်ယောက်တို့သည် ညောင်စောင်းနှင့်တကွ ယူဆောင်၍ သုသာန်သို့ သွားကုန်၏၊ ရောက်လျှင် လင်သည် “ရှင်မ ရှို့ဘို့ မီးယူခဲ့၏”ဟု မေး၏၊ “အရှင်မယူခဲ့ပါ”ဟု ပြော၏၊ “ရှင်မသင်သွားယူချေ”ဟု ပြောလျှင် “အရှင်ငါသွား၍ လည်းမယူဝံ့၊ သုသာန်၌ လည်းစောင့်၍ မနေဝံ့”ဟု ပြောသောအခါ အိမ်သို့ လင်မယားနှစ်ယောက်လုံး မီးယူသွားကြကုန်၏။

ထိုအခါသက်ကြီးအိုမသည် လေတိုက်၍ နိုးလာရာ သုသာန်ရောက်နေမှန်းသိ၍ သားနှင့် ချွေးမတို့သည် ငါ့ကိုသတ်လို၍ မီးယူသွားဟန်တူသည်၊ သူတို့ ငါ့ဉာဏ်စွမ်းကိုမသိကြဟု ထင်းတုံးတခုကို ညောင်စောင်းပေါ်သို့ တင်ကာအပေါ်က ပုဆိုးနွမ်းဖုံး၍ ထားခဲ့ပြီးလျှင် သုသာန်ရှိ အုတ်ဂူတခုတွင်ဝင်၍ နေ၏၊ လင်မယားနှစ်ယောက်တို့လည်းမီးကိုယူခဲ့ပြီးလျှင် သက်ကြီးအိုမဖြစ်မည်ဟု မှတ်ထင်ကာထင်းတုံးကြီးကို မီးတိုက်၍ အိမ်သို့ ပြန်ကြကုန်၏။

သူခိုးတယောက်သည် အုတ်ဂူတွင်ထားခဲ့သောဥစ္စာထုပ်ကို ယူမည်ဟု လာရာအုတ်ဂူတွင်း၌ သက်ကြီးအိုမကိုမြင်လျှင် ဘီလူးမဖြစ်မည်၊ ငါ့ဥစ္စာကိုသိမ်းဆည်းထားပုံရသည်ဟု အောက်မေ့လျက်ဆေးသမားတယောက်ကိုခေါ်၍ လာပြန်၏၊ ဆေးသမားလည်း မန္တရားကို မန်းမှုတ်လျက်အုတ်ဂူသို့ ဝင်၏၊ ထိုအခါသက်ကြီးအိုမသည် ဆေးသမားကို “အမောင် ငါဘီလူးမမဟုတ်၊ သင်လာပါ ငါတို့နှစ်ယောက် ဥစ္စာထုပ်ကို ဝေ၍ ယူကြမည်”ဟု ပြောသောအခါ “အဘယ်သို့ သင့်စကားကို ယုံကြည်ရအံ့နည်း”ဟု ပြော၏၊ “မယုံလျှင် သင့်လျှာကို ငါ့လျှာပေါ်၌ တင်ထား”ကောင်းပြီဆို၍ လျှာကိုတင်၍ ထား၏၊ သက်ကြီးအိုမသည် ဆေးသမား၏

လျှာကိုကိုက်၍ လဲစေ၏၊ ဆေးသမားသည် “စင်စစ်ဘီလူးမ ဖြစ်သည်”ဟု အော်ဟစ်ကာ လျှာ၌ သွေးယိုစီးလျက်ပြေးလေ၏။

သက်ကြီးအိုမလည်း မိုးသောက်သောအခါ ပြေပြစ်သော အဝတ်ကို ဝတ်ဆင်လျက် ဥစ္စာထုပ်ကိုယူကာ အိမ်သို့သွား၏၊ ချွေးမသည် ယောက္ခမအိုကိုမြင်လျှင် “မိခင်ဥစ္စာကို ဘယ်လိုရသနည်း”ဟု မေး၏။ “အရှင်မ-သုသာန်၌ ငါလိုမီးတိုက်ခံလျင်ရသည် ”ဟု ပြောလေ၏၊ ထိုအခါ ချွေးမမိုက် တကယ်မှတ်၍ ဥစ္စာကို လိုချင်သဖြင့် မိမိလင်ယောက်ျားကိုဆို၍ သုသာန်၌ မိမိကို မီးတိုက်ရန် ပြောလေ၏၊ လင်မိုက်လည်းမယားနှင့် သုသာန်သို့သွား၍ မယားကိုမီးတိုက်၍ ပြန်ခဲ့၏။ နက်ဖြန်မိုးသောက်သောအခါ မိန်းမ ပြန်မလာလျှင် မိခင်အား“မိခင်နှင့် ချွေးမပြန်မလာပါလား”ဟု မေး၏။ “ဟယ်-သားမိုက် ယုတ်မာသော မိန်းမကား

အဘယ်မှာ ပြန်လာနိုင်အံ့နည်း”ဟု ခြိမ်းချောက်၍ -

“ဟယ်-သားမိုက် မိန်းမကို ဝမ်းမြောက်ခြင်းကို ဖြစ်စေ၍ ပန်းနံ့သာလိမ်းကျံ၍ ဆောင်ယူခဲ့၏။ ထိုမိန်းမသည် ငါ့ကို အိမ်မှနှင်ထုတ်ဘိ၏၊ ငါ့အားကိုးကွယ်ရာဖြစ်သော ချွေးမမှဘေးဖြစ်လာခဲ့ပြီ”ဟု သားမိုက်အား ပြောကြားလေ၏။

“မြတ်သောမင်းကြီး ကိုးကွယ်ရာမှ ဘေးဖြစ်လာသော် အဘယ်သူ တတ်နိုင်အံ့နည်း”ဟု လျှောက်ထားပြန်၏။ မင်းကြီးသည် မနှစ်သက်၍ သူခိုးကိုသာ အတင်းအဖမ်း ခိုင်းလေ၏။

ဖခင်နှင့်လိုက်သားလူမိုက်

ပဒကုသလလုလင်သည် မင်းကြီးကိုစောင့်ရှောက်လိုသဖြင့် အောက်ပက်ဥဒါဟရုဏ်တခုကို ဆောင်ပြန်၏။

ကိုးကွယ်ရာမှဖြစ်သောသား

လွန်လေပြီးသောအခါ ဗာရာဏသီပြည်မှာပင် သူတယောက်သည် သားဆုကိုတောင်းသဖြင့် သားတယောက် ရခဲ့၏၊ မွေးဖွားသောအခါ ငါ့မှာသားရပြီဟုဝမ်းမြောက်၏၊ အရွယ်သို့ ရောက်သောအခါ အမျိုးသမီးတယောက်ကို ဆောင်ယူ၍ လက်ထပ်၏၊ အိုမင်း၍ အလုပ်မလုပ်နိုင်သောအခါ သားမိုက်သည် အဘကိုအိမ်မှနှင်ထုတ်၏၊ အဘအိုသည် ဆင်းရဲငြိုငြင်စွာအသက်မွေးလျက်-

“အချင်းတို့သားယောက်ျားမွေးဖွားလာသောအခါ နှစ်သက်ဝမ်းမြောက်ရ၏၊ သားယောက်ျားဖြစ်ထွန်းကြီးပွားခြင်းကို အလိုရှိရ၏။ ထိုသားသည် ငါ့ကိုအိမ်မှနှင်ထုတ်ဘိ၏၊ ငါ့အားကိုးကွယ်ရာဖြစ်သောသားမှဘေးဖြစ်ခဲ့ပြီ”ဟု ငိုကြွေးမြည်တမ်းလေ၏။

“မြတ်သောမင်းကြီးစွမ်းနိုင်သောသားသည် အဘအိုကို စောင့်ရှောက်အပ်သကဲ့သို့မင်းနှင့် ပုရောဟိတ်တို့သည် အလုံးစုံသော ဇနပုဒ်သားတို့ကို စောင့်ရှောက်အပ်ကုန်၏၊ ဤဘေးကား မင်းထံမှဖြစ်သော ဘေးတည်း၊

ဤအကြောင်းဖြင့် ဤသူကား သူခိုးဖြစ်သည်ဟု သိတော်မူလော”ဟု လျှောက်ထားပြန်၏။ မင်းကြီးသည် စောင့်ရှောက်ထိန်းသိမ်း လိုသဖြင့် ပုံဥဒါဟရုဏ်အမျိုးမျိုးတို့ကို ထုတ်ဆောင်၍ လျှောက်ထားသော်လည်း နားမထောင်ဘဲ အကုသိုလ်ကံနှိုးဆော်၍ လားမသိ ပဒကုသလလုလင်အား အတင်းသာ သူခိုးကို အဖမ်းခိုင်းလေ၏။

နန်းတွင်းသူခိုးစစ်မင်းပုဏ္ဏားဖြစ်

ထိုအခါပဒကုဿလလုလင်သည် မိမိစောင့်ရှောက်ရန် ခွင့်ဝတ်ကုန်ပြီဟု နှလုံးသွင်းကာ“မြတ်သောမင်းကြီး ပရိသတ်အလယ်တွင် သူခိုးကို ဖမ်း၍ ပြရမည်လော”ဟု မေး၏၊ “အမောင်ဖမ်း၍ ပြပါ”ဟု မိန့်တော်မူ၏၊

ထိုအခါပဒကုသလလုလင်သည် “အို-စည်းဝေးရောက်လာကြသော ဇနပုဒ်သူဇနပုဒ်သား နိဂုံးသူ နိဂုံးသားအပေါင်းတို့ ကျွန်ုပ်ပြောဆိုသောစကားကို နားထောင်ကြပါ၊ မီးမရှိသော ရေမှ မီးတောက်ဘိ၏၊ ဘေးမရှိသော မင်းမှ ဘေးဖြစ်လာဘိ၏။

မင်းကြီးသည် ၎င်းပုရောဟိတ်ပုဏ္ဏားသည်၎င်း၊ တိုင်းနိုင်ငံကို လုယက်ဖျက်ဆီးဘိ၏၊ ခိုးမှုကို ပြုဘိ၏၊ သင်တို့သည် မိမိကိုယ်ကို မိမိတို့စောင့်ရှောက်၍ နေကြကုန်လော့၊ ကိုးကွယ်ရာမှ ဘေးဖြစ်ခဲ့ပြီ”ဟု ပြောဆိုကာ တိုင်းသူပြည်သားတို့ကို တိုင်ကြားပြီးလျှင် “အချင်းတို့ မင်းမည်သည်ကား လူတို့၏ကိုးကွယ်ရာ ဖြစ်၏၊ မင်းမှ ဘေးဖြစ်လာချေပြီ၊ မင်းကြီးနှင့် ပုရောဟိတ်တို့သည် ဤရတနာထုပ်ကို ခိုးယူကြကုန်၏၊ ဖမ်းဆီးကြကုန်လော့၊ သူခိုးဖြစ်သော မင်းကြီးနှင့် ပုရောဟိတ်တို့ကို ဖမ်းဆီးချုပ်နှောင်၍

ပြုထိုက်သော ဒဏ်အမှုကို ပြုကြကုန်လော့”ဟု မင်းကြီးနှင့် ပုရောဟိတ်တို့ကို ဖမ်းဆီး၍ ဒဏ်ပြုစေ၏။

မင်းပုဏ်ဏားသတ်ထီးနန်းအပ်

ထိုအခါ စည်းဝေးရောက်လာသောသူတို့သည် ပဒကုသလလုလင်စကားကိုကြားလျှင် မင်းကားစောင့်ရှောက်ရမည့် သူဖြစ်လျက်မစောင့်ရှောက်ဘဲသူတပါးအပေါ်၌ အပြစ်ကိုတင်ကာမိမိဥစ္စာကိုပင်မိမိခိုးယူ၍ ရေကန်ထဲ၌ ဝှက်ထားလျက် သူခိုးကို ရှာစေဘိ၏။ ယခုအခါမှစ၍ နောက်ထပ် တဘန် မခိုးနိုင်အောင် ဤမင်းယုတ်ကိုသတ်မည်ဟု ကြံစည်ကြလျက်တုတ်-တောင်ဝှေး-ဆောက်ပုတ်စသော လက်နက်တို့ကို ကိုင်ကုန်လျက်မင်းနှင့် ပုရောဟိတ်ကို ဖမ်းဆီး၍ သတ်ပုတ်ညှဉ်းဆဲကြကုန်၏၊ မင်းနှင့် ပုရော

ဟိတ်ကိုလည်းထိုနေရာမှာပင်သေကြကုန်၏။ ထိုအခါစည်းဝေးရောက်လာကြသောသူတို့သည် မင်းယုတ်နှင့် ပုရောဟိတ်ယုတ်တို့ကို သတ်ပြီးလျှင် ပဒကုသလလုလင်ကိုပင် အဘိသိက်သွန်း၍ မင်းမြှောက်ကြကုန်၏။ မြတ်စွာဘုရားသည် ဒေသနာတော်ကိုဆောင်၍ သစ္စာကိုပြသည် အဆုံး၌ သီတင်းသည်နှင့် သီတင်းသည်သားတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်ပစ္စုပ္ပန်နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်-

ရဟန်းတို့-

ထိုအခါပဒကုသလလုလင်အဘသည်-ယခုအခါကဿပ။

ပဒကုသလလုလင်သည်-ငါဘုရားဖြစ်လာပြီ-ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁)ရေ,မြေ,လေ,မီး သစ်ပင်ကြီး စားပြီးတမင်းသာ။

(၂)သား ချွေးမရှစ် ကိုးရာစစ် ဘေးဖြစ်ဥပမာ။

(၃)မင်းနှင့် ပုဏ္ဏား ကိုးရာထား ဘေးကားဖြစ်၍ လာ။

(၄)ဆယ့်နှစ်နှစ်တွင် ခြေရာစဉ် မြင်နိုင်ခိုးဥစ္စာ။

(၅)မိခင်ဘီလူး မန္တန်ထူး သားဦးပေးခဲ့ရှာ၊

ပဒကုသလမာဏဝဇာတ်ပြီး၏။

***

(၄၃၃) လောမသကဿပဇာတ်

ပစ္စုပ္ပန်ဝတ္ထု

ကိလေသာပျော်မွေ့လွန်ငြီးငွေ့

နတ်လူတို့ဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေတဝန်ကျောင်းသီတင်းသုံးတော်မူစဉ် ကိလေသာအစွမ်းဖြင့် သာသနာတော်၌ ငြီးသောရဟန်းတပါးကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လောကပြစ်ရှုရသေ့ပြု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ်ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော်ထိုဗြဟ္မဒတ်မင်း၏သားကား ဗြဟ္မဒတ္တသတို့သား မည်၏၊ ပုရောဟိတ်၏သားကား လောမသကဿပ သတို့သားမည်၏၊ ထိုသတိုသားတို့သည် ငယ်ရွယ်စဉ် ကပင်အဆွေခင်ပွန်းဖြစ်၍ ဆရာတဦးတည်းထံမှာပင်အတတ်ပညာကိုသင်ကြားကြကုန်၏။ နောက်အဖို့၌ အဘလွန်လက်သော်မင်းသားသည် မင်းအဖြစ်ကိုရ၏။ ထိုအခါကဿပသည် ငါ၏အဆွေခင်ပွန်းကားမင်းအဖြစ်ကိုရပေပြီ၊ ငါ့ကိုလည်းများစွာသော စည်းစိမ်ဥစ္စာကိုပေးလတံ့၊ စည်းစိမ်ဥစ္စာဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ကြံစည်ပြီးလျှင် အမိအဘနှင့် မင်းကြီးတို့ကို ပန်ကြား၍ ဟိမဝန္တာသို့ ဝင်ကာ ရသေ့ရဟန်းပြုပြီးလျှင် ခုနစ်ရက်မြောက်သောနေ့၌ အဘိညာဥ်သမာပတ်ကိုရလေ၏၊ ဆွမ်းခံသွား၍ မျှတ၏၊ အမည်ကို လောမသကဿပရသေ့ဟု အများသိကြကုန်၏။

သိကြားမင်းဆင်းသက်သီလဖျက်

ထိုအခါရသေ့၏ပြင်းထန်သောအကျင့်တန်ခိုးကြောင့် သိကြားမင်း၏ နေရာသည် တုန်လှုပ်လေ၏၊ သိကြားမင်းသည် ဆင်ခြင်လတ်သော်ထိုအကြောင်းသိ၍ ဤရသေ့ သိကြား၏ နေရာကိုပင် တုန်လှုပ်စေနိုင်၏၊ အကျင့်သီလကို ဖျက်ဆီးရပါမူ ကောင်းလိမ့်မည်ဟု ကြံစည်လျက် ညဉ့်သန်းခေါင်ယာမ်အခါ ဗာရာဏသီမင်း၏ ကြက်သရေတိုက်ခန်းသို့ သွား၍ ကောင်းကင်၌ ရပ်တည်လျက် “မြတ်သောမင်းကြီး သင်သည် လောမသကဿပရသေ့ကို ပင့်ဆောင်ကာ အခြေလေးချောင်းတို့ကို သတ်၍ ယဇ်ပူဇော်စေငြားအံ့၊ သင့်အားဇမ္ဗူဒိပ်တကျွန်းလုံး ဧကရာဇ်မင်းဖြစ်လိမ့်မည်။ သိကြားမင်းကဲ့သို့ မအိုမသေနေရလိမ့်မည်”-ဟု မင်းကြီးအား ပြောဆိုလေ၏။

မင်းယုံကြည်လင့်ရသေ့ပင့်

မင်းကြီးလည်းသိကြားမင်းကိုယ်တိုင်လာ၍ ပြောကြားသည့်အတွက် အလွန်ယုံကြည်သဖြင့် နက်ဖြန်နေ့၌ သေယှအမတ်ကို ခေါ်စေ၍ အချင်းလောမသကဿပ ရသေ့ထံသွား၍ စကားဖြင့် လျှောက်ထားလေပါ”ဟု ပြော၏။

“အရှင်ဘုရားအရှင်သည် ခြေလေးချောင်းသတ္တဝါတို့ကို သတ်၍ အကယ်၍ ယစ်ပူဇော်အံ့၊ မင်းကြီးသည် ဇမ္ဗူဒိပ်ကျွန်းလုံး ဧကရာဇ်မင်းဖြစ်လိမ့်မည်။ မအိုမသေနေရလိမ့်မည်၊ အရှင်ဘုရားတို့လည်းလိုရာကိုရလိမ့်မည်၊ သို့အတွက်ယင်ပူဇော်ရန်အကျွန်ုပ်နှင့် အတူလိုက်ခဲ့”ဟု လျှောက်ထားရန်မှာကြား၍ သေယှအမတ်ကို စေလွှတ်လိုက်၏။

လေဘအပြစ်ရှုကျင့်ကြံမှု

သေယှအမတ်လည်း လမ်းသိသောမူဆိုးတဦးကိုရှေ့ဆောင်ပြုကာ လောမသကဿပ ရသေ့ထံ သွားလေ၏၊ ရောက်လျှင် မင်းကြီးမှာလိုက်သောအတိုင်း အကြောင်းစုံကို လျှောက်ထားလေ၏၊ ထိုအခါ လောမသကဿပရသေ့သည်-

အို-သေယှအမတ်-ငါကားကဲ့ရဲဘွယ်နှင့် တကွဖြစ်လျက် သမုဒ္ဒရာအခြံအရံနှင့် တကွဖြစ်၍ သမုဒ္ဒရာ၏ နားဍောင်းသဘွယ်ဖြစ်သော ဤမြေကို အလိုမရှိဟု သိပါလော။

“အို-သေယှအမတ်ငရဲသို့ ကျစေတတ်သောအမှုဖြင့်၎င်း, အဓမ္မမှုကို ပြုကျင့်ခြင်းဖြင့်၎င်း, ဥစ္စာရခြင်းစည်းစိမ်ရခြင်းဟူသော ကြီးပွားခြင်းကို ငါစက်ဆုပ်လှ၏”

ဆွမ်းခံကျင့်လေ့လွန်ပျော်မွေ့

“အို-သေယှအမတ်အဓမ္မမှုကို ပြုကျင့်ခြင်းဖြင့်ပစ္စည်း ဥစ္စာရှာမှီးခြင်းထက် ရသေ့ရဟန်းပြု၍ သပိတ်ကိုလက်စွဲကာ ဆွမ်းခံသွား၍ အသက်မွေးရခြင်းသည် မွန်မြတ်လှ၏ “အို-သေယုအမတ် လောက၌ သူတပါးကိုမညှဉ်းဆဲဘဲ ရသေ့ရဟန်းပြု၍ သပိတ်ကို လက်စွဲကာ ဆွမ်းခံသွားရခြင်းသည် မင်းအဖြစ်ထက်မွန်မြတ်လှ၏”-ဟုသေယှအမတ်ကို ဆုံးမလေ၏။ ထိုအခါ သေယှအမတ်သည် ရသေ့စကားကို ကြားနာရလျှင် မိမိအလိုသို့ မလိုက်မှန်းသိ၍ ဗာရာဏသီပြည်သို့ ပြန်ကာ ထိုအကြောင်းကို မင်းကြီးအား လျှောက်ထားလေ၏၊ မင်းကြီးသည် မလာသော် အဘယ်သို့ ပြုနိုင်အံ့နည်းဟု နှလုံးသွင်းလျက် ဆိတ်ဆိတ်သာနေလေ၏။

သိကြားလိုတိုင်းမင်းကိုခိုင်း

သိကြားမင်းသည် နောက်တဖန်သန်းခေါင်ယာမ်၌ လာလတ်၍ ကောင်းကင်တွင်ရပ်ကာ “မြတ်သောမင်းကြီး လောမသကဿပရသေ့ကို ပင့်ဆောင်ကာယဇ်ပူဇော်စေ၏လော”ဟု မေး၏၊ “သိကြားမင်း အကျွန်ုပ်ပင့်ရန် စေလွှတ်သော်လည်း မလာပါ”ဟု ပြော၏၊ “မြတ်သောမင်းကြီးသမီးတော်စန္ဒဝတီကိုတန်ဆာဆင်စေပြီးလျှင် သေယှအမတ်နှင့် အတူစေလွှတ်၍ ရသေ့ထံရောက်သောအခါ “အရှင်ဘုရားအရှင်သည် အကျွန်ုပ်နှင့် အတူလိုက်၍ အကယ်၍ ယဇ်ပူဇော်ငြားအံ့၊ ဤစန္ဒဝတီမင်းသမီးကို ပေးပါလိမ့်မည်ဟု လျှောက်ထားခိုင်းပါ၊ လောမသကဿပရသေ့သည် မင်းသမီး၌ တပ်စွန်းသဖြင့် ဧကန်လိုက်လာပါလိမ့်မည်”ဟု မင်းကြီးအားပြောဆိုပြန်၏၊ မင်းကြီးလည်းနက်ဖြန်မိုးသောက်သောအခါ သေယှအမတ်ကိုခေါ်ပြန်၍ သိကြားမင်း အကြံပေးအတိုင်း မှာထားကာ စန္ဒဝတီမင်းသမီးကို သေယှအမတ်လက်သို့ အပ်နှင်း၍ ရသေ့ထံလွှတ်ပြန်၏။

တဏှာနှစ်ခြိုက်တောမှလိုက်

အမတ်လည်းမင်းသမီးကိုယူ၍ ရသေ့ထံသွား၍ ရှိခိုးလျက်နေ၏၊ ရသေ့လည်းမင်းသမီးကိုဣန်ဒရေဖျက်၍ ကြည့်သဖြင့် တပ်စွန်းသော စိတ်ရှိရကား ဈာန်မှကွယ်လေ၏။ အမတ်လည်း ရသေ့ကို အကဲခတ်ရာ တပ်စွန်းသောစိတ်ရှိသည် ကိုသိလျင် “အရှင်ဘုရား အရှင်ဘုရားတို့သည် အကျွန်ုပ်နှင့် လိုက်၍ ယဇ်ပူဇော်ငြားအံ့၊ မင်းကြီးသည် အရှင်ဘုရားတို့အား ဤစန္ဒဝတီမင်းသမီးကို အလုပ်အကျွေးပြုရန် ပေးပါလိမ့်မည်”ဟု လျှောက်ထားလေ၏၊ ရသေ့လည်း ကိလေသာဖြင့် တုန်လှုပ်ချောက်ချားလျက် “အမတ်မင်း ကောင်းပြီ မင်းသမီးကို ရမည်ဖြစ်လျှင် ယဇ်ပူဇော်မည်”ဟု ဝန်ခံကာ ရထားပေါ်သို့ တက်၍ လိုက်လေ၏။

သ္မီးတော်လိုမှုဝန်ခံပြု

မင်းကြီးလည်း ရသေ့လိုက်လာကြောင်းကို ကြားလျှင် ယဇ်တွင်းတို့ကို တူးစေပြီးလျှင် ယဇ်ပူဇော်ဘွယ်အလုံးစုံတို့ကို အသင့်စီမံ၍ ထားနှင့် ၏၊ လောမသကဿပရသေ့ ရောက်လာသည်ကိုမြင်လျှင် “ရှင်ရသေ့အားလုံးစီမံပြီးပြီ၊ ယဇ်ပူဇော်လော့၊ ပူဇော်သည်ရှိသော်ငါ့မှာသိကြားနှင့်တူသည် ဖြစ်လတံ့၊ သင့်အားလည်းယဇ်ပူဇော်ပြီးသောအခါ ဤမင်းသမီးကိုပေးအံ့”ဟု ပြောဆိုလေ၏။

နက်ဖြန်နေ့ဝယ် မင်းကြီးသည် လောမသကဿပရသေ့နှင့် စန္ဒဝတီမင်းသမီးတို့ကို ခေါ်၍ ယစ်ပူဇော်ရန်ယဇ်တွင်းသို့သွားလေ၏ယဇ်တွင်း၌ လည်းဆင်မြင်း,ဥသဘစသော အခြေလေးချောင်းရှိ သတ္တဝါတို့ကို အစဉ်အတိုင်းထားအပ်ကုန်၏၊ လောမသကဿပရသေ့လည်းသတ္တဝါတို့ကို ဆောင်ယူပြီးလျှင် သတ်၍ ယစ်ပူဇော်ရန်ပြင်ဆင်လျက်နေ၏။

တိုင်းပြည်လူများရသေ့တား

ထိုအခါလူအများသည် စည်းဝေးရောက်လာကုန်လျက် ငိုကြွေးမြည်တမ်းလျက်“လောမသကဿပရသေ့" သင်သည် ရသေ့တန်မဲ့၊ အဘယ့်ကြောင့် မသင့်လျော်သော အမှုကိုပြုဘိသနည်း”ဟု ဆိုပြီးလျှင် -

“အို-ရသေ့ကြီးလောက၌ လမင်းသည် အားရှိ၏၊ နေမင်းသည် အားရှိ၏၊ ရဟန်းပုဏ္ဏားတို့သည် အားရှိကုန်၏၊ သမုဒ္ဒရာ၏ကမ်းသည် အားရှိ၏၊ သို့သော်လည်း စန္ဒဝတီမင်းသမီးကား အဘမင်းကြီး၏ အကျိုးပြင်းထန်သော အကျင့်ငြိမ်သက်သော ရှိသော လောမသကဿပ ရသေ့ကြီးကိုပင် ယဇ်ပူစေဘိ၏၊ ထို့ကြောင့် မိန်းမသည်သာ အားအရှိဆုံးဖြစ်၏”ဟု ငိုကြွေးကား အပြစ်တင်ကြကုန်၏။

ယဇ်ပူဇော်ဆဲသန်လျက်ဆွဲ

လောမသကဿပရသေ့လည်း မင်္ဂလာဆင်တော်၏လည်ပင်းကို ဖြတ်မည်ဟု ရတနာသန်လျက်ကိုမိုး၏၊ ဆင်သည် သေဘေးမှ ကြောက်သဖြင့် သည်းစွာသောအသံကို မြည်ဟည်း၏၊ ဆင်မြည်သံကို ကြား၍ ကြွင်းသောသတ္တဝါတို့လည်း သေဘေးမှကြောက်သဖြင့် အသီးအသီး မြည်ဟည်းကြကုန်၏၊ လူများလည်း မြည်တမ်းကြကုန်၏။ ထိုအခါ လောမသကဿပရသေ့လည်း အုတ်အုတ်ကျက်ကျက် ဟစ်ကြွေးမြည်ဟည်းသံကြီးကို ကြားရ၍ ထိတ်လန့်တုန်လှုပ်လျက် ရှေးဦးစွာ မိမိဆံကျစ်တို့ကို ကြည့်မိ၏။ ရသေ့အား ဆံကျစ်မုတ်ဆိတ် လက်ကတီးမွေးတို့ကို မြင်ရ၏။

တဏှာပြစ်မြင်သတိဝင်

ထိုအခါရသေ့သည် သတိရ၍ နှလုံးမသာဖြစ်ကာငါသည် စင်စစ်မသင့်လျော်သော အမှုကိုပြုဘိ၏တကားဟု သတိသံဝေဂရလျက်-

“မြတ်သောမင်းကြီးငါသည် ထက်မြက်သောအကျိုးရှိသည် ဖြစ်၍ ကာမဂုဏ်လျှင် အကြောင်းရင်းရှိသော ယဇ်ပူဇော်ခြင်းအမှုကို စန္ဒဝတီမင်းသမီးကို လိုချင်သောလောဘသည် ပြုအပ်ပေ၏၊ ထိုလောဘ၏ အမြစ်အရင်းကိုငါသည် ရှာမှီးတော့အံ့၊ အနှောင်အဖွဲ့နှင့် တကွ ရာဂကို ဖြတ်တော့အံ့”ဟု မင်းကြီးအား ပြောကြားလေ၏၊ ထိုအခါမင်းကြီးသည် “ရှင်ရသေ့မကြောက်လင့်၊ ယခုသင့်အား စန္ဒဝတီမင်းသမီးကို၎င်း၊ ရတနာခုနစ်ပါးကို၎င်း ပေးပါမည်၊ ယင်းကိုသာ ပြီးအောင် ပူဇော်ပါလော့”ဟု တိုက်တွန်း အားပေးပြန်၏။

တဏှာမြစ်ပြုတ်ဈာန်မယုတ်

ထိုအခါလောမသကဿပရသေ့သည် “မြတ်သော မင်းကြီးလောက၌ အလွန်များပြားသော ကာမဂုဏ်တို့ကို စက်ဆုပ်လှ၏၊ ကာမဂုဏ်တို့ထက်အကျင့်သီလသာလျင် မွန်မြတ်လှ၏၊ ငါသည် ကာမဂုဏ်တို့ကို စွန့်ပယ်၍ အကျင့် သီလကိုသာ ကျင့်တော့အံ့၊ တိုင်းပြည်နှင့် စန္ဒဝတီမင်းသမီးသည် သင်မင်းကြီး၏ဥစ္စာသာလျှင် ဖြစ်ပါစေတော့”ဟု မင်းကြီးအားပြောဆိုဆုံးမပြီးလျှင် ကသိုဏ်းပရိကံကိုအားထုတ်ကာခဏခြင်းလျှင် ပျောက်ကွယ်ပြီးသော ဈာန်ကိုရစေ၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေနေပြီးလျှင်

မင်းကြီးအားကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ဖြစ်ရစ်လောဟုသတိပေး၍ ယဇ်တွင်းတို့ကို ဖျက်စေပြီးလျှင် သတ္တဝါတို့ကို ဘေးမဲ့ပေးစေ၍ မင်းကြီးနှင့် လူအများတောင်းပန်စဉ် လျှင် မိမိနေရာသို့သွားလေ၏၊ မယုတ်သောဈာန်ရှိသည် ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာပြည်သို့လားရ၏။ မြတ်စွာဘုရားသည် ဒေသနာတော်ကို ဆောင်ပြီးလျှင် သစ္စာကိုပြသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်,ပစ္စုပ္ပန်နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်-

ရဟန်းတို့-

ထိုအခါသေယှအမတ်သည်-ယခုအခါသာရိပုတ္တရာ၊

လောမသကဿပရသေ့သည်-ငါဘုရားဖြစ်လာပြီ-'ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁)လ,နေ,ရဟန်း သမုဒ်ကမ်း အားစွမ်းကြီးလှသည်။

(၂)သို့စဉ် ကြီးမား မိန်းမကား အားတွင်ကဲလွန်သည်။

(၃)ကျော်စောကင်းဘွယ် ညစ်နွမ်းဘွယ်ပျောက်ကွယ်ဈာန်မတည်။

(၄)မုန်တိုင်းအလား တိုက်ခတ်ငြားထွားထွားကြေစေသည်

(၅)သတိကြီးစွာ ပညာဝါ တည်ရာရချိမ့်မည်။

လောမသကဿပဇာတ်ပြီး၏။

***

(၄၃၄) စက္ကဝါကဇာတ်

ပစ္စုပ္ပန်ဝတ္ထု

လျှပ်ပေါ်လည်မှုဆုံးမပြု

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လျှပ်ပေါ်လော်လည်သော ရဟန်းတပါးရှိလေ၏၊ ထိုရဟန်းသည် ပစ္စည်းလာဘ်လာဘ၌ တပ်မက်မောလျက် ဆရာဥပဇ္ဈာယ်တို့ ဝတ်ကြီးဝတ်ငယ်ကို စွန့်လွှတ်ကာ နံနက်စောစောက ဝိသာခါ, အနာထပိဏ်, စူဠအနာထပိဏ်, ကောသလမင်းကြီး စသောဒါယကာတို့ အိမ်များသို့ လှည့်လည်လျက် ကောင်းနိုးရာရာ ဆွမ်းခဲဘွယ်ဘောဇဉ်တို့ကို ရှာဖွေစားသောက်လျက် နေ၏။

ရဟန်းတို့သည် တရားသဘင်၌ စကားစပ်မိ၍ ထိုရဟန်း၏ လျှပ်ပေါ်လော်လည်သော အကြောင်းကို ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူသောအခါ ထိုရဟန်းကို ခေါ်တော်မူပြီးလျှင် ရဟန်းသင်သည် အဘယ့်ကြောင့် လျှပ်ပေါ်လော်လည်ဘိသနည်း၊ ရှေးအခါ၌ လည်း သင်သည် ဗာရာဏသီပြည်တွင် ကျက်စား၍ အားမရနိုင်ဘဲ ဂင်္ဂါမြစ်နား၌ ကျက်စားလျက် ဟိမဝန္တာသို့ဝင်ဘူးပြီ”ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

လျှပ်ပေါ်လည်လှ ကျီးလောဘ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် လျှပ်ပေါ်လော်လည်သော ကျီးတကောင်သည် ဗာရာဏသီပြည်ဝယ် အကောင်ပုတ်တို့ကို စားလျက်မရောင့်ရဲနိုင်သဖြင့် ဂင်္ဂါမြစ်နားသို့သွား၍ ငါးအမဲတို့ကို စားပြီးလျှင် နှစ်ရက်သုံးရက်နေ၍ သစ်သီးကြီးငယ်တို့ကို စားကာသွားပြန်ရာ ဟိမဝန္တာဝယ် ငါးလိပ်တို့ ပေါများသော ပဒုံမာကြာအိုင်ကြီးသို့ ရောက်ပြန်၏။ ထိုအိုင်ကြီး၌ ရွှေအဆင်းရှိသော စက္ကဝက်ငှက်နှစ်ကောင်တို့ကို မြင်ပြန်လျှင် ဤငှက်တို့သည် အလွန်အဆင်းလှကုန်၏၊ တင့်တယ်ကုန်၏၊ ၎င်းတို့စားသော အစာလည်းနှစ်သက်ဘွယ်ရှိပေလိမ့်မည်ဟု ကြံစည်လျက်-

တင့်တယ်ဆင်သွေးအမည်ပေး

ထိုစက္ကဝက်ငှက်တို့ အထံသို့သွား၍ ပဋိသန္ဓာရပြုလိုသဖြင့် သစ်ခက်တွင်နားလျက်-ရွှေအဆင်းကဲ့သို့ဝါဝင်းသော အဆင်းရှိကုန်လျက် နှစ်ကောင်နှစ်ကောင်တွဲကာ သွားလာကြလျက် အလွန်နှစ်သက်ကြသော သင်တို့ကို ငါမေးလိုပါ၏၊ အို-ငှက်တို့သင်တို့ကို ချီးမွမ်းသော သူတို့သည် အဘယ်ငှက်ဟုပြောဆိုကာ ချီးမွမ်းကြကုန်သနည်း၊ တိုက်တွန်းပါ၏၊ သင်တို့၏အမျိုးကိုပြောဆိုပါ”ဟု ပဋိသန္ဓာရစကား ပြောကြားကာမေးမြန်းလေ၏။

ကိုယ်ကျင့်သဘောအမည်ပြော

ထိုအခါစက္ကဝက်ငှက်တို့သည် မိမိတို့၏အမည်နှင့်ကိုယ် ကျင့်တရားတို့ကို ပြောလို၍ -“လူတို့ကို ညှဉ်းဆဲတတ်သောအို-ကျီးငါတို့ကို အချင်းချင်းအစဉ် လိုက်ကုန်သောစက္ကဝက်ငှက်တို့ဟူ၍ ခေါ်ကြကုန်၏၊ ငှက်အပေါင်းတို့တွင် ငါတို့ကို ကောင်းသောငှက်ဟူ၍ သမုတ်အပ်ကုန်၏၊ ငါတို့သည် အစာအာဟာရကြောင့် မကောင်းမှုကို မပြုကြကုန်၊ ထို့ကြောင့်ငါတို့သည်ပဒုမာကြာအိုင်၌ အလွန်အဆင်းလှကုန်လျက်သွားလာကြကုန်၏ဟု ကျီးအားပြန်ကြားပြော ဆိုကုန်၏။

ကိုယ်ကျင့်တရားအသားမစား

ထိုအခါကျီးသည်တဘန်စားသော အစာကို မေးလိုပြန်သဖြင့်-အို-စက္ကဝက်ငှက်တို့သင်တို့သည်ပဒုမာကြာအိုင်၌ အဘယ်အသီးကိုစားကြသနည်း၊ အဘယ်အသားကို စားကြသနည်း၊ မပြတ်မလပ် အဘယ်ဘောဇဉ်ကို စားကြသနည်း၊ သင်တို့၏ အသားသည်၎င်း၊ အဆင်းသည်၎င်း များသောသဘောရှိကုန်၏ဟု မေးမြန်းပြန်၏၊

ထိုအခါစက္ကဝက်ငှက်တို့သည်-

“ အို-ကျီးပဒုမာကြာအိုင်၌ အသီးတို့မရှိကုန်၊ စက္ကဝက်ငှက်၌ စားသောအသားသည် အဘယ်မှာရှိအံ့နည်း၊ ငါတို့ကား ရေမှော်ကိုသာ စားကြ၏၊ ရေမှော်ကိုစားကြသော ငါတို့သည် အစာအာဟာရဟူသော အကြောင်းကြောင့် မကောင်းမှုကိုမပြုကြကုန်”-ဟု ပြန်ကြား ပြောဆိုပြန်ကုန်၏။

အဆီစားလည်းအချည်းနှီး

ထိုနောက်စက္ကဝက်ငှက်တို့အား မိမိစားသောအစာအာဟာရကို ပြောလိုသော ကျီးသည်-

“အို-စက္ကဝက်ငှက်တို့ငါသည် ဤအစာကိုမနှစ်သက်နိုင်၊ ထိုစက္ကဝက်ငှက်ဘဝ၌ အစာနှင့် တူသောအဆင်းရှိသည်ဟု ရှေးအခါ ငါ့အားအကြံဖြစ်မိ၏၊ အကြံဖြစ်သည်မှတပါး တခြားသာဖြစ်၏၊ သင်တို့အဆင်း၌ ငါ့အား ယုံမှားခြင်းဖြစ်၏၊ ငါသည်ဆားဆီတို့နှင့် စပ်ကုန်သော အသားအသီး အရွက်ထမင်းတို့ကို စားရ၏။ သူရဲကောင်းသည် စစ်မြေပြင်ဦးကို အောင်မြင်၍ စားရသကဲ့သို့ ငါသည် လူတို့ စားသော အစာကို စားရပါ၏၊ “အို-စက္ကဝက်တို့ အရှင်တိုကဲ့သို့ ငါ့အား တူသောသဘောရှိသော အဆင်းသည်မဖြစ်ပါ”ဟု စက္ကဝက်ငှက်တို့အားပြောဆိုပြန်၏။

ကျီးမိုက်ကျင့်ယုတ်အဆင်းပုပ်

ထိုအခါစက္ကဝက်ငှက်တို့သည် ကျီးများ၏ ကိုယ်ကျင့်တရားမရှိသော အဖြစ်ကို ပြောလို၍ -“မေ့လျော့သောခဏ၌ ကျနားလေ့ရှိသောအို-ကျီး သင်သည် မသန့်ရှင်းသော အစာကို စား၏။ သင်သည် ငြိုငြင်သဖြင့် ထမင်းအဖျော်ကို ရ၏။ သင်သည် အသီးတို့ဖြင့် မနှစ်သက်၊ သင်သည် သုဿာန်လယ်၌ အသားတို့ကို ချစ်မြတ်နိုး၏”။

“မေ့လျော့သော ခဏ၌ ကျနားလေ့ရှိသော အို-ကျီး အနိုင်အထက်နှိပ်စက်သဖြင့် စည်းစိမ်တို့ကို ရ၍ သုံးဆောင်ခံစားရသော သတ္တဝါသည် ဆဲရေးခြင်း ကဲ့ရဲ့ခြင်းကို ခံရ၏၊ ဆဲရေးခြင်း ကဲ့ရဲ့ခြင်းကို ခံနေရသော သတ္တဝါကား အဆင်းအားကို စွန့်ရ၏”။

ကိုယ်ကျင့်ရှိကအလွန်လှ

“ပညာရှိသည်အနည်းငယ်မျှပင် ဖြစ်သော်လည်းသူတပါးတို့ကို မနှိပ်စက်သဖြင့် ငြိမ်းအေးသောအစာကိုအကယ်၍ စားရငြားအံ့၊ သူတပါးအား မနှိပ်စက်သောပညာရှိအား အားနှင့် အဆင်းသည်ဖြစ်လာ၏၊ စင်စစ်အလုံးစုံသော အဆင်းသည်အစာအာဟာရဖြင့် ပြီးသည်မဖြစ်နိုင်”ဟု ကျီးအဆင်းလှခြင်းအကြောင်းကိုပြောကြားပြီးလျှင် နောက်ထပ်တဘန်“အို-ကျီးအဆင်းမည်သည်ကား အစာအာဟာရကြောင့်သာဖြစ်သည်မဟုတ်၊ ကံ-စိတ်ဥတုကြောင့်လည်းဖြစ်၏”ဟု ပြောဆိုပြန်၏။

ဤသို့လျှင် စက္ကဝက်ငှက်သည်ကျီးကိုများစွာသော အကြေင်းတို့ဖြင့် ကဲ့ရဲ၏၊ ထိုအခါကျီးလည်း ရှက်သောကြောင့် ငါ့အား သင်၏အဆင်းဖြင့် အလိုမရှိဟုပြောဆို၍ကာ-ဟု မြည်လျက်ပြေးလေ၏။

မြတ်စွာဘုရားသည်ဓမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာကို ပြသည်၏အဆုံး၌ လျှပ်ပေါ်လော်လည်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည်အတိတ်,ပစ္စုပ္ပန်နှစ်တန်သောဝတ္ထုတို့ကို အသန္ဓေဆက်စပ်တော်မူလျက်-

ရဟန်းတို့-

ထိုအခါ လော်လည်သော ကျီးသည်- ယခုအခါလော်လည်သောရဟန်း၊

စက္ကဝက်ငှက်မသည်- ရာဟုလာမယ်တော်။

စက္ကဝက်ငှက်သည်-ငါဘုရားဖြစ်လာပြီ-ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁)အဝတ်အစား လော်လည်းငြား နွမ်းပါးဆင်းရမည်။

(၂)သူတပါးအား မညှဥ်းငြား စီးပွားရှာရမည်။

(၃)မလော်လည်ငြား အဆင်းအား တိုးပွားလှပမည်။

စက္ကဝါကဇာတ်ပြီး၏။

***

(၄၃၅) ဟလိဒ္ဒိရာဂဇာတ်

ပစ္စုပ္ပန်ဝတ္ထု

အပျိုကြီးမှီပြု ငြီးငွေ့မှု

နတ်လူတို့ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အပျိုကြီးဖျားယောင်းသဖြင့် သာသနာတော်၌ ငြီးငွေသောရဟန်းကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ရသေ့ငယ်လှည့်စားဖြားယောင်းငြား

လွန်လေပြီးသောအခါ အမျိုးသမီးတယောက်သည်ရသေ့ငယ်၏ သီလကိုဖျက်ဆီး၍ မိမိအလိုသို့ပါသည်အဖြစ်ကို သိလျှင် ရသေ့ငယ်ကိုလှည့်စား၍ လူနေရာသို့ခေါ်ဆောင်၍ သွားမည်ဟု ကြံစည်လျက်-

“အို-ရသေ့ငယ်တောအရပ်၊ မြို့ရွာမှဝေးသော တောကျောင်း၌ နေသော ရသေ့သည် သည်းခံလွယ်၏ မြို့ရွာနေလျက် သည်းခံကုန်သော ရသေ့တို့ကား သင်တို့ထက် မွန်မြတ်ကုန်၏”-ဟု တောမှာ နေခြင်းထက် မြို့ရွာမှာ နေခြင်းက မွန်မြတ်လေဟန် ပြောဆိုကာ ဖြားယောင်းသွေးဆောင်လေ၏။

လိုက်ရန်မှာကြားရှေ့ကသွား

ထိုစကားကိုကြားလျှင် ရသေ့ငယ်လည်း ဗဟုသုတနည်းပါးသဖြင့် အဟုတ်အမှန် မှတ်ထင်လျက်“နှမ ငါ၏ အဘရသေ့ကြီးကား သစ်သီးရှာသွား၏၊ ပြန်လာသောအခါ အဘကို တောင်းပန်၍ သင့်နောက်သို့ လိုက်မည်”ဟု ပြောဆိုလေ၏။ ထိုအခါ အမျိုးသမီးသည် ရသေ့ငယ်၏ စကားကိုကြားလျှင် ရသေ့ငယ်ကား အဘရှိပေသည်၊ အဘရသေ့ကြီး ပြန်လာသောအခါ အကယ်၍ ငါ့ကိုမြင်ငြားအံ့၊ ထမ်းပိုးစွန်းဖြင့် ရိုက်နှက်ကာ ပျက်စီးခြင်းသို့ရောက်စေရာ၏၊ ငါသည် ရသေ့ကြီး မလာမီ ရှေးဦးစွာသွားနှင့်လျှင် ကောင်းမည်ဟု ကြံစည်လျက်“အို-ရသေ့ငယ်ရှေးဦးစွာသွားနှင့်မည်၊ ငါသွားသောလမ်းခရီး၌ အမှတ်အသားပြုခဲ့မည်။ သင်လိုက်လိုလျှင် အမှတ်အသားကြည့်၍ လိုက်ခဲ့ပါ”ဟု ပြော၍ သွားလေ၏။

မြို့ရွာနေလိုသားပြောဆို

ရသေ့ငယ်လည်း သတို့သမီးသွားသောအခါ လွမ်းဆွတ်ကာ ငြီးငွေပျင်းရိလျက် ထင်းလည်းမသယ် ရေလည်းမခပ် ငိုင်လျက်သာနေ၏၊ အဘရသေ့ကြီး ပြန်လာသောအခါ ၌ လည်း ခရီးဦးမကြိုဆိုလေ၊ အဘရသေ့ကြီးရောက်၍ သားရသေ့ငယ်ကိုမြင်လျှင် ငါ့သား မိန်းမ၏ အလိုလိုက်မိပေပြီဟု သိ၍ “ချစ်သားသင်သည်အဘယ်ကြောင့်အလုပ်မလုပ်ဘဲမှိုင်နေသနည်း”ဟု မေး၏။

“ဘခင်တော၌ စောင့်ရှောက်အပ်သောသီလသည်အကျိုးမကြီး၊ မြို့ရွာ၌ စောင့်ရှောက်အပ်သောသီလသာ အကျိုးကြီး၏၊ သို့အတွက် အကျွန်ုပ်သည် မြို့ရွာသို့သွားမည်၊ အဘော်သည်ရှေ့မှသွား၍ စောင့်နှင့်၏၊ ထိုအဖော်နှင့်အတူလိုက်မည်”ပြောလျက်-

လူ့ရွာနေရေးဖခင်မေး

လူ့တိုနေရာ၌ အဘယ်ကဲ့သို့သောသူနှင့် ပေါင်းရမည်ကိုမေးလိုသဖြင့်-“ဘခင်အကျွန်ုပ်သည် တောမှ မြို့ရွာသို့ သွားသည်ရှိသော် ဘယ်လိုသီလ ဘယ်လိုအကျင့်ရှိသောသူကို ပေါင်းဘော်မှီဝဲရမည်နည်း၊ ဘခင်သည် မေးမြန်းသော အကျွန်ုပ်အား ထိုအကြောင်းကို ပြောကြားပါ”-ဟု မေးမြန်း တောင်းပန်လေ၏။

ပေါင်းဖော်မှုများသားမှာကြား

ရသေ့ငယ် မေးကြားသော စကားကိုကြားလျှင် အဘရသေ့ကြီးသည်-“ချစ်သား သင်သည် ဤအရပ်မှ သွားသည်ရှိသော် သင့်ကို ချစ်ကျွမ်းဝင်သောသူ၊ သင်က ချစ်ကျွမ်းဝင်သည်ကို နှစ်သက်သောသူ၊ သင့်စကားကိုနားထောင်သူ၊ သင့်ကိုသည်းခံသောသူတို့ကို ပေါင်းဘော်မှီဝဲလော့”။

“ချစ်သားသင်သည် ဤအရပ်မှ သွားသည်ရှိသော်ကိုယ်, နှုတ်,စိတ်သုံးပါးတွင်တပါးပါးဖြင့် မကောင်းမှုကို မပြုသောသူကို မိဘရင်းကဲ့သို့ပေါင်းမှီဝဲလော့”

စိတ်ပြောင်းလွယ်သူရှောင်ရှားမှု

“ချစ်သားသင်သည်ဤအရပ်မှသည်ရှိသော်သုစရိုက် တရားကိုပြုကျင့်သူ၊ သုစရိုက်တရားကို ပြုကျင့်သော်လည်း မာန်မာနမရှိသောသူ၊ စင်ကြယ်သောကုသိုလ်ကမ္မပထကိုပြုလုပ်လျက် ပညာရှိသောသူတို့ကို ပေါင်းဖော်မှီဝဲလော့”

“ချစ်သား သင်သည် နနွင်းဆိုးသကဲ့သို့ သဘောရှိသောသူ၊ မျောက်စိတ်ကဲ့သို့ စိတ်မတည်ကြည်သောသူ၊ ချစ်လွယ် မုန်းလွယ်သောသူတို့ကို ကားဇမ္ဗူဒိပ်ကျွန်း၌ ပေါင်းဖော်မှီဝဲစရာ လူမရှိသော်လည်း မပေါင်းဘော်မမှီဝဲရာ”

လူမိုက်ရှောင်ကွင်းပေါင်းဖော်ခြင်း

“ချစ်သားမြွေဟောက်ကဲ့သို့ အမျက်ထွက်တတ်သောသူတို့ကို ယာဉ်ဖြင့် သွားသောသူသည် မစင်လိမ်းကျံ၍ မညီညွတ်သော လမ်းမကြီးကို ရှောင်ကြဉ်သကဲ့သို့ အဝေးမှရှောင်ကြဉ်ပါလော့။

“ချစ်သားသူမိုက်ကို ပေါင်းမှီဝဲသောသူတို့အား အကျိုးမဲ့တို့သည်တိုးပွားကုန်၏၊ သင်သည်သူမိုက်နှင့် မပေါင်းဘော်လင့်၊ သူမိုက်နှင့် ပေါင်းဖော်ခြင်းသည်အခါခပ်သိမ်း ရန်သူနှင့် ပေါင်းဘော်ခြင်းနှင့် တူ၏”။

“ထို့ကြောင့် ချစ်သား ငါသည် သင့်ကို တောင်းပန်၏၊ စကားကို လိုက်နာလော့၊ သင်သည်သူမိုက်နှင့် မပေါင်းတော်လေလင့်၊ သူမိုက်နှင့် ပေါင်းဘော်ခြင်းသည်ဆင်းရဲကိုဖြစ်စေ၏”-ဟု ရသေ့ငယ်အား ပေါင်းတော်ရမည့်သူနှင့် မပေါင်းရမည့်သူတို့ကို ကြားလျက်ဆုံးမလေ၏။

ဆုံးမနာယူကဈာန်ကိုရ

ရသေ့ငယ်သည်ဘခင်ရသေ့ကြီးဆုံးမအပ်သည်ရှိသော် “ဘခင်ကျွန်ုပ်သည်လူတို့နေရာကိုသွားသည်ရှိသော် ဘခင်ကဲ့သို့သော ပညာရှိသူတော်ကောင်းကို ရမည်မဟုတ် ထို့ကြောင့် လူတို့နေရာသို့ သွားရန် ကြောက်လှ၏၊ ဘခင်တို့ အထံမှာပင်နေပါတော့မည်”ဟု ပြောဆိုလေ၏။

ထိုအခါ အဘရသေ့ကြီးသည် သားရသေ့ငယ်အား အမျိုးမျိုး အကြောင်းပြ၍ ဆုံးမပြီးလျှင် ကသိုဏ်း ပရိကံညွှန်ကြား၍ သမထကို ပွားစေလျှင် ရသေ့ငယ်သည် မကြာမြင့်မီလျှင် အဘိညာဉ်သမာပတ်ကို ဖြစ်စေ၏၊ ရသေ့သားအဘနှစ်ယောက်တို့သည် မဆုတ်ယုတ်သောဈာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာပြည်သို့ လားရကုန်၏။

မြတ်စွာဘုရားသည်ဒေသနာတော်ကိုဆောင်၍ သစ္စာကိုပြသည်၏အဆုံး၌ ငြီးငွေသောရဟန်းသည်သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည်အကိတ်,ပစ္စုပ္ပန်နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်-

ရဟန်းတို့-

ထိုအခါရသေ့ဝယ်သည်-ယခုအခါငြီးငွေ့သောရဟန်း။

သတို့သမီးသည်အပျိုကြီး၊

အဘရသေ့သည်-ငါဘုရားဖြစ်လာပြီ-ဟုဇာတ်ကို ပေါင်းတော်မူသတည်း၊

ဆောင်ပုဒ်

(၁)သင့်ကိုနှစ်သက် ချစ်နှစ်သက် နာလျက်သည်းခံသူ။

(၂)ကိုယ်,နှုတ်,စိတ်ဟု မကောင်းမှု မပြုကင်းစင်သူ။

(၃)သုစရိုက်ယှဉ် မာန်မဝင် ပညာရှိသသူ။

(၄)ဤသူတို့အား ပေါင်းသော်ငြား ကျိုးများနိုင်၏ဟူ၊

(၅)နနွင်းဆိုးနှယ် မျောက်စိတ်နှယ် ချစ်လွယ်မုန်းလွယ်သူ။

(၆)အမျက်ကြီးသား သူမိုက်များ ရှောင်ရှားဝေးဝေးဟူ။

(၇)သူမိုက်နှင့် တွဲ ရန်သူနဲ ဆင်းရဲလိမ့်မည်ဟူ။

ဟလိဒ္ဓိရာဂဇာတ်ပြီး၏။

***

(၄၃၆) သမုဂ္ဂဇာတ်

ပစ္စုပ္ပန်ဝတ္ထု

ကာမလိုလေ့စိတ်ငြီးငွေ့

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန် ကျောင်း၌ သီတင်းသုံးတော်မူစဉ် မိန်းမကို တောင့်တလျက် သာသနာတော်၌ ငြီးငွေ့သောရဟန်းတပါးကိုအကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

တောကျောင်းအနီး၌ ဒါနောရက္ခိုသ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည်ကာမဂုဏ်ကိုပယ်ပြီးလျှင် ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြုကာ အဘိညာဉ်သမာပတ်ကို ဖြစ်စေလျက်သစ်သီးကြီးငယ်ဖြင့် မျှတကာနေ၏၊ ရသေ့ကျောင်းအနီး၌ တဦးသော ဒါနောရက္ခိုသ်သည်နေလေ၏၊ ထိုဒါနောသည်ရံခါရံခါ ရသေ့ထံဆည်းကပ်၍ တရားနာ၏။

လမ်းခရီးသွားဖမ်း၍ စား

တောအုပ်၌ လာတိုင်းလာတိုင်းသောသူတို့ကို ဖမ်း၍ စားလေ့ရှိ၏၊ အဆင်းအင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက် ပစ္စန်တရွာ၌ နေသော မထင်ရှားသော အမျိုးသမီးတယောက်သည် တနေ့သ၌ မိဘတို့ကို ဖူးမြင်၍ ပြန်လာသောအခါ အခြံအရံများနှင့် အတူလာ၏၊ ထိုတောအုပ်သို့ရောက်လျှင် အခြံအရံလူတို့သည်ဒါနောရက္ခိုသ်ကိုမြင်သောအခါ သေဘေးမှကြောက်သဖြင့် ပြေးကြကုန်၏။

မယားချစ်ပုံကြုတ်နှင့်ငုံ

ဒါနောရက္ခိုသ်သည် လူတို့ပြေးကြလျယာဉ်၌ နေသော အမျိုးသမီးကိုမြင်၍ တပ်စွန်းသောစိတ်ရှိရကား မိမိအလိုသို့ ပါအောင်ဆောင်ကာ မယားပြု၍ ထားလေ၏၊ ဆန်,ထောပတ်,ဆီ,ဆား၊ ငါး၊ အမဲ,သစ်သီးကြီးငယ်တို့ကို ယူဆောင်လျက်မယားကိုမွေးပြု၏၊ ထိုမိန်းမကိုစောင့်ရှောက်လိုသဖြင့် တန်ဆာဆင်၍ ကြုတ်၌ ထည့်လျက် ကြုတ်ကိုမျိုး၍ ဝမ်းဗိုက်၌ ထား၏။

ဝိဇ္ဇာဓိုရ်နှစ်ခြိုက်ရေချိုးခိုက်

တနေ့သ၌ ရေချိုးလိုသောကြောင့် ကန်တခုသို့သွား၍ ကြုတ်ကို အန်ပြီးလျှင် ဖွင့်၍ မိန်းမကိုရေချိုးစေ၍ နံ့သာလူးစေလျက် အနည်းငယ် အငွေ့ယူစေတော့ဟု ကြုတ်၏အနီး၌ ထားခဲ့၍ ရေချိုးသွား၏၊ ရေဆိပ်သိုဆင်းပြီးလျှင် မိန်းမကို ယုံကြည်သဖြင့် အနည်းငယ်အဝေးသို့ သွား၍ ချိုးလေ၏။

ထိုအခိုက် ဝါယုပုတ္တဝိဇ္ဇာဓိုရ်သည် သန်လျက်ကို လွယ်ကာ ကောင်းကင်ဖြင့် သွား၏၊ ထိုမိန်းမမြင်လျှင် လက်ရပ်၍ခေါ်၏၊ ဝိဇ္ဇာဓိုရ်သည် လျင်မြန်စွာဆင်းသက်၍ ရှေးဦးစွာ ကြုတ်တွင်း ဝင်လင့်၏၊ ဒါနောရက္ခိုသ်လာသောအခါ မိမိကိုယ်ကိုပြ၍ ကြတ်တွင်းသို့ဝင်ကာ ဝိဇ္ဇာဓိုရ်အပေါ်၌ အိပ်လျက် မိမိအဝတ်ကိုခြုံ၍ နေ၏။

မယားငုံထားဆရာထံသွား

ဒါနောရက္ခိုသ်ရောက်လျှင် ကြုတ်တွင်း၌ မကြည့်ဘဲ မိမိမိန်းမတဦးတည်းသာ ရှိသည်မှတ်ထင်၍ ကြုတ်ကိုမျိုးပြီးလျှင် မိမိနေရာသို့ သွားလတ်သော်ငါကား-ရသေ့ကိုမဖူးမြင်ရသည်မှာ ကြာမြင့်ပြီ၊ ဖူးမြင်ဦးမည်ဟု ကြံစည်လျက် ရသေ့ထံသို့ ဝင်ရန်သွား၏။

ရသေ့လည်း အဝေးမှ လာသော ဒါနောရက္ခိုသ်ကိုမြင်လျှင် -

“အို-လူသုံးယောက်တို့ သင်တိုကား အဘယ်အရပ်မှ လာကြသနည်း၊ သင်တို့လာခြင်းကား ကောင်းသောလာခြင်းတည်း၊ လာ၍ နေရာ၌ ထိုင်ကြလော့၊ သင်တို့အား အနာရောဂါကင်းကြပါ၏လော၊ သင်တို့သည် ငါ့အထံသို့ ကြာမြင့်မှ လာကြကုန်၏”ဟု အဝေးမှပင် နှုတ်ဆက်လေ၏။

ဆရာပြောငြားမေးလျှောက်ထား

ထိုအခါ ဒါနောရက္ခိုသ်သည် ဆရာရသေ့ပြောဆိုသော စကားကိုကြားလျှင် -

“အရှင်ဘုရားယခုအရှင်ဘုရားထံသို့အကျွန်ုပ်တယောက်ထည်းသာလာပါ၏၊ အကျွန်ုပ်အား တစုံတယောက်သော အဖော်မရှိပါ၊ သို့ပါလျက် အို-လူသုံးယောက်တို့ သင်တို့ကား အဘယ်အရပ်မှ လာကြသနည်းဟု ဆိုရာ အရှင်ဘယ်ကိုရည်၍ ဆိုပါသနည်း”-ဟု မကျေမနပ်ဖြစ်၍ မေးလေ၏။

နှုတ်ငုံမယားလင်ငယ်ထား

ထိုအခါရသေ့သည်ဒါနောရက္ခိုသ်အား“ဒါနောရက္ခိုသ် သင့်အားမိန်းမရှိသည်မဟုတ်လော”ဟု မေး၏။ “အရှင်ဘုရားမှန်ပေ၏”ဟု လျှောက်၏။ “ကောင်းပြီနားထောင်လော့”ဟု ဆို၍ -“အို-ဒါနောရက္ခိုသ်သင်ကားတယောက်။

သင်သည် ချစ်လှစွာသောမယားကိုကြုတ်၌ ထည့်ကာမျို၍ ဝမ်းတွင်ထားအပ်၏၊ သင်အခါခပ်သိမ်းစောင့်ရှောက်လို၍ ဝမ်း၌ ထားအပ်သောမယားသည် ဝမ်းတွင်း၌ ပင် ဝါယုပုတ္တဝိဇ္ဇာဓိုရ်နှင့် မွေ့လျော်ပျော်ပါး၍ နေဘိ၏”-ဟု မိမိဉာဏ်ဖြင့် သိမြင်တိုင်း ပြောလေ၏။

ဒါနောအန်ထုတ်လွန်စက်ဆုတ်

ထိုအခါဒါနာရက္ခိုသ်သည် ဝိဇ္ဇာဓိုရ်ကား မာယာများလှ၏၊ အကယ်၍ သန်လျက်ပါငြားအံ့၊ ငါ၏ဝမ်းဗိုက်ကိုခွဲ၍ ထွက်လတံ့ဟု အလွန်ကြောက်ရွံ့သည်ဖြစ်၍ အမြန်ကြုတ်ကို အန်ထုတ်ပြီးလျှင် ရှေ့တွင်ထားလေ၏၊ ကြုတ်ကိုဖွင့်လျှင် ဝိဇ္ဇာမိုရ်သည် မန္တန်ကိုမန်းမှုတ်၍ သန်လျက်ကိုကိုင်ကာ ကောင်းကင်သို့ ပျံတက်လေ၏။

ဒါနောရက္ခိုသ်သည် ဝိဇ္ဇာဓိုရ်ကိုမြင်လျှင် ရသေ့အား အလွန်နှစ်သက်ကြည်ညိုလှသဖြင့်-

“အရှင်ဘုရားခြိုးခြံသော အကျင့်ရှိသော အရှင်ဘုရားသည် ဤအကြောင်းကို ကောင်းစွာမြင်အပ်ပေ၏၊ မိန်းမအလိုသို့ လိုက်သောသူတို့သည်ယုတ်မာကုန်၏၊ အကျွန်ုပ်သည် မိန်းမတို့ကို အသက်ကဲ့သိုဝမ်းတွင်း၌ ထား၍ စောင့်ရှောက်အပ်၏။ အကျွန်ုပ်၌ ပြစ်မှား၍ ယောက်ျားတပါးနှင့် မွေ့လျော်ဘိ၏”။

မိန်းမချစ်ခင်အပြစ်မြင်

“တော၌ နေသောရသေ့သည်မီးကို လုပ်ကျွေးသကဲ့သို့ အကျွန်ုပ်သည်မိန်းမကို နေ့ညတို့၌ လုပ်ကျွေး၏၊ မိန်းမသည် တရားကိုလွန်၍ တရားမဟုတ်သည်ကိုကျင့်ဘိ၏၊ မိန်းမတို့နှင့် ပေါင်းဘော်ခြင်းကိုမပြုအပ်”

“အကျွန်ုပ်သည်ယုတ်မာ၍ ကိုယ်နှုတ်နှလုံး မစောင့်ရှောက်သော မိန်းမကိုဤမိန်းမကား ငါ့ဝမ်းတွင်း၌ တည်၏ဟူ၍ မှတ်ထင်မိ၏၊ ထိုမိန်းမသည် တရားကိုလွန်၍ တရားမဟုတ်သည်ကို ကျင့်ဘိ၏၊ မိန်းမတို့နှင့် ပေါင်းတော်ခြင်းကို မပြုအပ်”

ကြုတ်ငုံထားလျက်ကျင့်ဖောက်ဖျက်

“အကျွန်ုပ်သည်ကောင်းစွာ စောင့်ရှောက်ခြင်းကို ပြုအပ်ပေပြီဟုပညာရှိသည် အဘယ်သို့ အကျွမ်းဝင်ရာအံ့နည်း၊ ဤမာတုဂါမ၌ တဘန်စောင့်ရှောက်ခြင်းသည် များစွာဆန်းကျယ်၏၊ အမှန်ကား မိန်းမတို့သည် သမုဒ္ဒရာ၌ ဗလဝမုခဝဲနှင့် တူကုန်၏၊ မေ့လျော့သောသူသည် ပျက်စီးခြင်းသို့ ရောက်ရ၏။

ထိုကြောင့် ပညာရှိတို့သည် မိန်းမတို့နှင့် ကင်း၍ ကျင့်ကုန်၏ ပညာရှိတို့သည် ချမ်းသာကုန်၏၊ စိုးရိမ်ကင်းကုန်၏၊ မွန်မြတ်ငြိမ်သက်သော ဈာန်ချမ်းသာကို တောင့်တသော သူသည်မိန်းမတို့နှင့် ပေါင်းဖော်ခြင်းကိုမပြုရာ”-ဟုမိန်းမတို့ အပြစ်ကို ဆိုကာ ရသေ့၏ ခြေတို့ကို ရှိခိုး၍ -

မိန်းမကျင့်ပျက် စောင့်ရှောက်ခက်

“အရှင်ဘုရားအရှင်ဘုရားတို့ကို မှီ၍ အကျွန်ုပ်သည် အသက်ကိုရအပ်၏။ ဤမိန်းမယုတ်သည် အကျွန်ုပ်အား ဝိဇ္ဇာဓိုရ်ကို သတ်စေ၏”ဟု ပြောဆိုကာရသေ့အား ချီးကျူးလေ၏။

ရသေ့သည် ဒါနောရက္ခိုသ်ကို တရားဟော၍ ၍ မိန်းမအား တစုံတရာအပြစ်မပြုလင့်၊ သီလကိုသာ စောင့်ရှောက်လော့ဟု ဆုံးမပြီးလျှင် ပဉ္စသီလ၌ တည်စေ၏၊ ဒါနောရက္ခိုက်သည်“ငါးကားဝမ်းဖြင့် လွယ်၍ စောင့်ရှောက်ပါလျက် မိန်းမကိုစောင့်ရှောက်ခြင်းငှာ မတတ်နိုင်၊ အခြားသူတို့ကား အဘယ်မှာ တတ်နိုင်ကုန်အံ့နည်း”ဟု မိန်းမကိုလွှတ်လိုက်၍ မိမိနေရာတောသို့သွားလေ၏။

ဤဒေသနာတော်ကိုဆောင်၍ သစ္စာကိုပြသည်၏ အဆုံး၌ ငြီးငွေ့သောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်ပစ္စုပ္ပန်နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်-

ရဟန်းတို့-

ထိုအခါဒိဗ္ဗစက္ခုရသေ့သည်-ယခုအခါဘုရားဖြစ်လာပြီ-

ဟုဇာတ်ကိုပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁)ဗလဝါမုခ ဝဲတမျှ မိန်းမဓမ္မတာ။

(၂)ဝမ်းတွင်းမှာထား စောင့်ရှောက်ငြား လွဲမှားကျင့်သည်သာ။

(၃)မိန်းမနှင့်ကင်း ချမ်းသာခြင်း ကင်း၏စိုးရိမ်မှာ။

(၄)ဈာန်အဘိညာဉ် တောင့်တလျှင် ရှောင်ကြဉ်ဝေးဝေးခါ။

သမုဂ္ဂဇာတ်ပြီး၏။

***

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)...

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...