Skip to main content

နိဗ္ဗာနဂါမိနိပဋိပဒါ - စတုတ္ထတွဲ

နိဗ္ဗာနဂါမိနိပဋိပဒါ - စတုတ္ထတွဲ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

နိဒါနကထာ

နိဒါနကထာ = အကြောင်းပြစာတမ်းလွှာ

ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ

ဘုရားရှင်သည် ဓမ္မသင်္ဂဏီပါဠိတော် (အဘိ၊၁၊၇၂။) စသည်တို့၌ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ စသော ကျင့်စဉ်များကို ဟောကြားတော်မူခဲ့၏။ အဋ္ဌကထာကလည်း ယင်း ဟောကြားတော်မူချက်နှင့် ပတ်သက်၍ အောက်ပါ အတိုင်း ဖွင့်ဆိုသွားတော်မူခဲ့၏။ (အဘိ၊ဋ္ဌ၊၁၊၂၆၀-၂၆၁။)

လောကီစျာန်သော်မှလည်း စျာန်သို့ရောက်ကြောင်း ကျင့်စဉ်နှင့် ကင်း၍ အကယ်၍လည်း မပြီးစီးနိုင်- သည်ကား မှန်၏။ လောကီစျာန်၏သော်မှလည်း ပဋိပဒါကျင့်စဉ်နှင့် ကင်း၍ မပြီးစီးနိုင်သည်မှာ မှန်သော်လည်း ဤလောကုတ္တရာစျာန်အရာ၌ သုဒ္ဓိကနယ = သုဒ္ဓိကနည်းကို ပယ်၍ လောကုတ္တရာစျာန်ကို ပဋိပဒါကျင့်စဉ်နှင့် အတူတကွသာလျှင် အလေးဂရုပြု၍ ဟောကြားတော်မူခြင်းငှာ အလိုရှိတော်မူသည့်အတွက် ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ စသော စကားတော်ကို ဘုရားရှင်သည် ဟောကြားတော်မူပေသည်။ ထို ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ စသော စကားရပ်၌ အဆုံးအဖြတ်ကား ဤသို့တည်း။ ---

အကြင် ယောဂါဝစရပုဂ္ဂိုလ်သည်ကား အစမှစ၍သာလျှင် ကိလေသာတို့ကို ခွာလတ်သော် ကိလေသာတို့ကို ပယ်ခွာဖို့ရန် ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်းကို ပြုသောအခါ ခဲခဲယဉ်းယဉ်း ပြုရ၏၊ ကိလေသာတို့ကို ပယ်ခွာဖို့ရန် ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်းဟူသော သင်္ခါရ, ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂနှင့်တကွသော အကြောင်းအပေါင်းဖြင့် ကိလေသာတို့ကို ပင်ပင်ပန်းပန်း ပယ်ခွာရ၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်သို့ ရောက်ကြောင်းဖြစ်သော အကျင့်သည် ဒုက္ခာပဋိပဒါ ဖြစ်၏။

အကြင် ယောဂါဝစရပုဂ္ဂိုလ်သည်ကား ပယ်ခွာအပ်ပြီးသော ကိလေသာရှိသည်ဖြစ်၍ = ကိလေသာကို ပယ်ခွာပြီးလတ်သော် ဝိပဿနာကို ကျင့်သုံးခြင်းကို ကျင့်သုံးလတ်သော် ကြာမြင့်မှ အရိယမဂ်၏ ထင်ရှား ဖြစ်ခြင်းသို့ ရောက်ရှိလာ၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ လေးနှေးသော နှေးကွေးသော ထူးသော အဘိညာဏ် အသိဉာဏ်သည် = ဒန္ဓာဘိညာသည် ဖြစ်၏။ ဤသို့လျှင် အမှတ်မထား တစ်ပါးပါးသော ဝါရကို ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ အမည်ရှိ၏ဟူ၍ ရှေးအဋ္ဌကထာ ဆရာတော်တို့က ပြုတော်မူအပ်ခဲ့လေသည်။ (တစ်ကြိမ် ပယ်ခွာ လိုက်လျှင် ကိလေသာတို့မှ ကွာသွားသော သကိံ ဝိက္ခမ္ဘနဝါရ, နှစ်ကြိမ်ပယ်ခွာပါမှ ကိလေသာတို့မှ ကွာသွားသော ဒွိက္ခတ္တုံ ဝိက္ခမ္ဘနဝါရ, သုံးကြိမ်ပယ်ခွာပါမှ ကိလေသာတို့မှ ကွာသွားသော တိက္ခတ္တုံဝိက္ခမ္ဘနဝါရ, လေးကြိမ်ပယ်ခွာပါမှ ကိလေသာတို့မှ ကွာသွားသော စတုက္ခတ္တုံ ဝိက္ခမ္ဘနဝါရ, အကြိမ်များစွာ ပယ်ခွာပါမှ ကိလေသာတို့မှ ကွာသွားသော အနေကက္ခတ္တုံ ဝိက္ခမ္ဘနဝါရ, ဤဝါရတို့တွင် မည်သည့်ဝါရကိုမဆို ဒုက္ခပဋိပဒ ဒန္ဓာဘိည မည်၏ဟု ရှေးအဋ္ဌကထာ ဆရာတော်တို့က နာမည်ပြုအပ်ရာရောက်နေသည် ဟူလိုသည်။)

ဤဝါရတို့တွင် အဘယ်ဝါရကို အဋ္ဌကထာဆရာတော်တို့က ဒုက္ခပဋိပဒ ဒန္ဓာဘိညဝါရဟု နှစ်သက်တော် မူကြကုန်သနည်းဟူမူ --- အကြင်ဝါရ၌ တစ်ကြိမ်ခွာအပ်ပြီးကုန်သော ကိလေသာတို့သည် နောက်ထပ် တစ်ဖန် အထက်အထက်၌ ဖြစ်ပေါ်လာပြီး၍, ဒုတိယအကြိမ်မြောက်လည်း ထပ်မံ၍ ခွာအပ်ကုန်ပြီးသော ကိလေသာ တို့သည် နောက်ထပ်တစ်ဖန် အထက်အထက်၌ ဖြစ်ပေါ်လာကြပြန်ကုန်၏။ တစ်ဖန် သုံးကြိမ်မြောက် ကိလေသာ တို့ကို ခွာအပ်ပြီးကုန်သော်ကား ယင်းကိလေသာတို့ကို ခွာမြဲတိုင်း ခွာထားအပ်ပြီးသည်ကိုသာပြု၍ အရိယမဂ် ဖြင့် အကြွင်းမဲ့ ပယ်သတ်အပ်ကုန်သည်၏ အဖြစ်သို့ ရောက်စေ၏။ ဤဝါရကို အဋ္ဌကထာဆရာတော်တို့က ဒုက္ခပဋိပဒ ဒန္ဓာဘိညဝါရဟု နှစ်သက်တော်မူကြကုန်၏၊ ဤ ဝါရကို ဒုက္ခပဋိပဒါ ဒန္ဓာဘိညာဟူသော အမည်ကို ပြုတော်မူအပ်ပြီ။ (သုံးကြိမ်တိုင်အောင် ခွာအပ်ပါမှ ကိလေသာတို့ နောက်ထပ်မဖြစ်ဘဲ အရိယမဂ်တရားကို ပေါ်လာစေနိုင်သော ဝါရကို ဒုက္ခပဋိပဒါ ဒန္ဓာဘိညာဟု ရှေးဆရာမြတ်တို့က နှစ်သက်တော်မူကြ၏၊ သုံးကြိမ် ထက်ပို၍ ကိလေသာတို့ကို ခွာရသော ဝါရတို့၏ ဒုက္ခပဋိပဒါ ဖြစ်ကြောင်းမှာ ဆိုဖွယ်ရာပင် မလိုတော့ပေ၊ ကိလေသာတို့ကို တစ်ကြိမ်ခွာရုံ နှစ်ကြိမ်ခွာရုံဖြင့် ကိလေသာတို့ကို အရိယမဂ်တရားဖြင့် ပယ်သတ်နိုင်သော ဝါရတို့ကိုကား သုခပဋိပဒါဟု ဆိုလို၏။)

ဤမျှ အတိုင်းအရှည်ရှိသော စကားဖြင့်ကား ထင်ရှားသည် မဖြစ်သေး၊ ထိုကြောင့် ဤဒုက္ခပဋိပဒါ ဒန္ဓာဘိညာ --- စသောစကားရပ်၌ ဤဆိုလတ္တံ့သောနည်းဖြင့် အစမှစ၍ ထင်စွာ ဖြစ်စေခြင်းကို သိရှိအပ်၏။ အကျယ် မှာ ဤသို့ ဖြစ်၏။ ---

ယော ဟိ စတ္တာရိ မဟာဘူတာနိ ပရိဂ္ဂဟေတွာ ဥပါဒါရူပံ ပရိဂ္ဂဏှာတိ၊ အရူပံ ပရိဂ္ဂဏှာတိ။ ရူပါရူပံ ပန ပရိဂ္ဂဏှာန္တော ဒုက္ခေန ကသိရေန ကိလမန္တော ပရိဂ္ဂဟေတုံ သက္ကောတိ၊ တဿ ဒုက္ခာ ပဋိပဒါ နာမ ဟောတိ။ ပရိဂ္ဂဟိတရူပါရူပဿ ပန ဝိပဿနာပရိဝါသေ မဂ္ဂပါတုဘာဝဒန္ဓတာယ ဒန္ဓာဘိညာ နာမ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၂၆၀။)

အကြင် ယောဂါဝစရပုဂ္ဂိုလ်သည် မဟာဘုတ်ဓာတ်ကြီးလေးပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားကာ ယူပြီး၍ သိမ်းဆည်းပြီး၍ ဥပါဒါရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏။ နာမ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏။ တစ်ဖန် ရုပ်နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူသော် သိမ်းဆည်းလတ်သော် ခဲခဲယဉ်းယဉ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာ သိမ်းဆည်းခြင်းငှာ စွမ်းနိုင်၏။ ထိုပုဂ္ဂိုလ်၏ ကျင့်စဉ်ပဋိပဒါသည် ဒုက္ခပဋိပဒါ မည်၏။ တစ်ဖန် --- ရုပ်နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီးသော သိမ်းဆည်းပြီးသော ယောဂါဝစရ- ပုဂ္ဂိုလ်၏ ဝိပဿနာကို ကျင့်သုံးရာအခါ၌ အရိယမဂ်၏ ထင်ရှားဖြစ်ခြင်း၏ လေးနှေးသည်၏ အဖြစ်ကြောင့် ဒန္ဓာဘိညာ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၂၆၀။)

ပရိဂ္ဂဟေတွာ ပရိဂ္ဂဏှာတိ ---ရူပါရူပါနံ လက္ခဏာဒီဟိ ပရိစ္ဆိန္ဒိတွာ ဂဟဏံ ရူပါရူပပရိဂ္ဂဟော။ (မူလဋီ၊၁၊၁၁၂။)

လက္ခဏရသပစ္စုပဋ္ဌာနပဒဋ္ဌာနဝသေန နာမရူပပရိဂ္ဂဟော ဒိဋ္ဌိဝိသုဒ္ဓိ နာမ။ (အဘိဓမ္မတ္ထသင်္ဂဟ၊၁၅၈။)

ရုပ်ကိုဖြစ်စေ နာမ်ကိုဖြစ်စေ လက္ခဏ - ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန်တို့ဖြင့် ဉာဏ်ဖြင့် ပိုင်းခြား၍ယူခြင်း သိမ်းဆည်းခြင်းကို ပရိဂ္ဂဟေတွာဟုလည်းကောင်း, ပရိဂ္ဂဏှာတိဟုလည်းကောင်း ဆိုသည်။ ဤစကားရပ်ဖြင့် ဒိဋ္ဌိဝိသုဒ္ဓိကို ပြ၏။ ထိုသို့ ဉာဏ်ဖြင့် ပိုင်းခြား၍ယူရာ သိမ်းဆည်းရာ၌ ခက်ခက်ခဲခဲ ယူရလျှင် သိမ်းဆည်းရလျှင် ဒုက္ခပဋိပဒါ ဖြစ်၏၊ ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြား၍ယူတုန်းက လွယ်ကူခဲ့စေကာမူ နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြား၍ ယူရာ၌ ခဲယဉ်းနေပြန်လျှင် ဒုက္ခပဋိပဒါပင်တည်း။ ဤသို့လျှင် ပဋိပဒါ နယ်မကုန်သမျှ တစ်နေရာရာ၌ ခဲယဉ်း နေလျှင် ဒုက္ခပဋိပဒါဟုချည်း ခေါ်ရသည်။ ဤစကားရပ်ဖြင့် ---

၁။ ရူပပရိဂ္ဂဟ = ရုပ်ကို သိမ်းဆည်းခြင်း,

၂။ အရူပပရိဂ္ဂဟ = နာမ်ကို သိမ်းဆည်းခြင်း,

၃။ ရူပါရူပပရိဂ္ဂဟ = ရုပ်နာမ်ကို သိမ်းဆည်းခြင်း,

ဤပရိဂ္ဂဟ = သိမ်းဆည်းခြင်း သုံးမျိုးကို ဖော်ပြသည်ဟု မှတ်ပါ။

ယောပိ ရူပါရူပံ ပရိဂ္ဂဟေတွာ နာမရူပံ ဝဝတ္ထပေန္တော ဒုက္ခေန ကသိရေန ကိလမန္တော ဝဝတ္ထပေတိ၊ ဝဝတ္ထာပိတေ စ နာမရူပေ ဝိပဿနာပရိဝါသံ ဝသန္တော စိရေန မဂ္ဂံ ဥပ္ပါဒေတုံ သက္ကောတိ၊ တဿာပိ ဒုက္ခာ ပဋိပဒါ ဒန္ဓာဘိညာ နာမ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၂၆၀။)

နာမရူပမတ္တမေတံ၊ န အညော ကောစိ သတ္တာဒိကောတိ ဝဝတ္ထာပနံ နာမရူပဝဝတ္ထာပနံ။ (မူလဋီ၊၁၊၁၁၂။)

ဤသဘောတရားသည် နာမ်ရုပ်မျှသာတည်း၊ နာမ်ရုပ်မှ အခြားတစ်ပါးသော တစ်စုံတစ်ယောက်သော ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ လူ နတ် ဗြဟ္မာ မရှိဟု ဉာဏ်ဖြင့် ပိုင်းခြားမှတ်သားခြင်းသည် နာမရူပဝဝတ္ထာပန = နာမရူပဝဝတ္ထာနဉာဏ် မည်၏။

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည်လည်း ရုပ်နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးနောက် ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ လူ နတ် ဗြဟ္မာ မရှိ၊ ရုပ်နာမ်မျှသာရှိ၏ဟု နာမ်ရုပ်ကို ပိုင်းခြားမှတ်သားလေသော် ခဲခဲယဉ်းယဉ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ဉာဏ်ဖြင့် ပိုင်းခြားမှတ်သားရ၏၊ ယင်းသို့ နာမ်ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားမှတ်သား ပြီးနောက် ဝိပဿနာ ကျင့်သုံးခြင်းကို ကျင့်သုံးလတ်သော် ကြာမြင့်မှ အရိယမဂ်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်၏၊ ထိုပုဂ္ဂိုလ်၏ ပဋိပဒါသည်လည်း ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ မည်သည်သာ ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၂၆၀။)

ဤစကားရပ်ဖြင့် ---

၄။ နာမရူပဝဝတ္ထာနဉာဏ်ကို ပြ၏။ ဒိဋ္ဌိဝိသုဒ္ဓိ နယ်ပင်တည်း။ နာမရူပပရိစ္ဆေဒဉာဏ်ပင်တည်း။

အပရော နာမရူပမ္ပိ ဝဝတ္ထပေတွာ ပစ္စယေ ပရိဂ္ဂဏှန္တော ဒုက္ခေန ကသိရေန ကိလမန္တော ပရိဂ္ဂဏှာတိ၊ ပစ္စယေ စ ပရိဂ္ဂဟေတွာ ဝိပဿနာပရိဝါသံ ဝသန္တော စိရေန မဂ္ဂံ ဥပ္ပါဒေတိ၊ ဧဝမ္ပိ ဒုက္ခာ ပဋိပဒါ ဒန္ဓာဘိညာ နာမ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၂၆၀။)

အခြားတစ်ယောက်သော ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်ရုပ်ကို ပိုင်းခြားမှတ်သားပြီး၍လည်း နာမ်ရုပ်၏ အကြောင်းတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူလတ်သော် သိမ်းဆည်းလတ်သော် ခဲခဲယဉ်းယဉ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ဉာဏ်ဖြင့် ပိုင်းခြားမှတ်သားယူရ၏၊ သိမ်းဆည်းရ၏။ ဉာဏ်ဖြင့် ပိုင်းခြားကာယူပြီး၍လည်း သိမ်းဆည်းပြီး၍လည်း ဝိပဿနာကျင့်သုံးခြင်းကို ကျင့်သုံးလတ်သော် ကြာမြင့်မှ အရိယမဂ်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်၏၊ ထိုပုဂ္ဂိုလ်၏ ပဋိပဒါသည်လည်း ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ မည်သည်သာ ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၂၆၀။)

ဤစကားရပ်ဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်ကို ပြ၏။ ကင်္ခါဝိတရဏဝိသုဒ္ဓိ စခန်းတည်း။

၅။ ပစ္စယပရိဂ္ဂဟ,

၆။ အဒ္ဓါနပရိဂ္ဂဟ,

ဤပရိဂ္ဂဟ နှစ်မျိုးလုံး ပါဝင်၏။

အပရော ပစ္စယေပိ ပရိဂ္ဂဟေတွာ လက္ခဏာနိ ပဋိဝိဇ္ဈန္တော ဒုက္ခေန ကသိရေန ကိလမန္တော ပဋိဝိဇ္ဈတိ၊ ပဋိဝိဒ္ဓလက္ခဏော စ ဝိပဿနာပရိဝါသံ ဝသန္တော စိရေန မဂ္ဂံ ဥပ္ပါဒေတိ၊ ဧဝမ္ပိ ဒုက္ခာ ပဋိပဒါ ဒန္ဓာဘိညာ နာမ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၂၆၁။)

အခြားတစ်ယောက်သော ယောဂါဝစရပုဂ္ဂိုလ်သည် အကြောင်းတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပြီးသော်လည်း သိမ်းဆည်းနိုင်ပြီးသော်လည်း ယင်း ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတို့ကို ထိုးထွင်း၍ သိလတ်သော် ခဲခဲယဉ်းယဉ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ဉာဏ်ဖြင့် ထိုးထွင်း သိရ၏။ ထိုသို့ သင်္ခါရတရားတို့၏ လက္ခဏာရေးသုံးတန်တို့ကို ဉာဏ်ဖြင့် ထိုးထွင်းသိပြီးနောက်လည်း ဝိပဿနာ ကျင့်သုံးခြင်းကို ကျင့်သုံးလတ်သော် ကြာမြင့်မှ အရိယမဂ်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်၏၊ ဤသို့လည်း ထိုပုဂ္ဂိုလ်၏ ပဋိပဒါသည် ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ မည်သည်သာ ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၂၆၁။)

လက္ခဏာနိ ပဋိဝိဇ္ဈန္တော = လက္ခဏာရေးသုံးတန်တို့ကို ဉာဏ်ဖြင့် ထိုးထွင်းသိမြင်လတ်သော် --- ဟူသော ဤစကားရပ်ဖြင့် သမ္မသနဉာဏ်ကို ပြ၏။

အပရော လက္ခဏာနိပိ ပဋိဝိဇ္ဈိတွာ ဝိပဿနာဉာဏေ တိက္ခေ သူရေ ပသန္နေ ဝဟန္တေ ဥပ္ပန္နံ ဝိပဿနာနိကန္တိံ ပရိယာဒိယမာနော ဒုက္ခေန ကသိရေန ကိလမန္တော ပရိယာဒိယတိ၊ နိကန္တိဉ္စ ပရိယာဒိယိတွာ ဝိပဿနာပရိဝါသံ ဝသန္တော စိရေန မဂ္ဂံ ဥပ္ပါဒေတိ၊ ဧဝမ္ပိ ဒုက္ခာ ပဋိပဒါ ဒန္ဓာဘိညာ နာမ ဟောတိ။ ဣမံ ဝါရံ ရောစေသုံ ဣမဿ ဝါရဿ ဧတံ နာမံ ကတံ၊ ဣမိနာဝ ဥပါယေန ပရတော တိဿော ပဋိပဒါ ဝေဒိတဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၂၆၁။)

အခြားတစ်ယောက်သော ယောဂါဝစရပုဂ္ဂိုလ်သည်ကား သင်္ခါရတရားတို့၏ လက္ခဏာရေးသုံးတန်တို့ကို ဉာဏ်ဖြင့် ထိုးထွင်းကာ သိပြီးသည့်နောက်၌လည်း ဝိပဿနာဉာဏ်သည် ထက်မြက်စူးရှ ရဲရင့် ကြည်လင်မှုကို ရွက်ဆောင်လတ်သော် ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဩဘာသ = အရောင်အလင်း စသည်တို့၌ သာယာတပ်မက်လျက်ရှိသော ဝိပဿနာ၏ ညစ်ညူးကြောင်းဖြစ်သော နိကန္တိကို ထက်ဝန်းကျင် ဉာဏ်ဖြင့် ပိုင်းခြားယူလျက် လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းဖြင့် ကုန်ခန်းစေလတ်သော် ခဲခဲယဉ်းယဉ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ကုန်ခန်းစေရ၏။ တစ်ဖန် ယင်းနိကန္တိကို ဝိပဿနာ ဉာဏ်ဖြင့် ကုန်ခန်းစေပြီးနောက် ဝိပဿနာ ကျင့်သုံးခြင်းကို ကျင့်သုံးလတ်သော် ကြာမြင့်မှ အရိယမဂ်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်၏။ ဤသို့လည်း ထိုပုဂ္ဂိုလ်၏ ပဋိပဒါသည် ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ မည်သည်သာ ဖြစ်၏။ ဤဝါရကို အဋ္ဌကထာဆရာတော်တို့က နှစ်သက်တော်မူကြ၏၊ ဤဝါရကိုပင် ဒုက္ခပဋိပဒါ ဒန္ဓာဘိညာဟူသော အမည်ကို ပြုတော်မူကြ၏။ ဤနည်းအတိုင်းပင် နောက်ပိုင်း၌ ဘုရားရှင် ဟောကြားထားတော်မူအပ်ကုန်သော ပဋိပဒါ သုံးမျိုးတို့ကိုလည်း နည်းမှီး၍ သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၂၆၁။)

ဘုရားရှင်သည် ဓမ္မသင်္ဂဏီပါဠိတော်ဝယ် လောကုတ္တရာကုသိုလ်တရားတို့ကို ခွဲခြားဝေဖန်၍ ဟောကြားတော်မူရာ၌ ---

၁။ ဒုက္ခပဋိပဒါ ဒန္ဓာဘိညာပုဂ္ဂိုလ်၊

၂။ ဒုက္ခပဋိပဒါ ခိပ္ပါဘိညာပုဂ္ဂိုလ်၊

၃။ သုခပဋိပဒါ ဒန္ဓာဘိညာပုဂ္ဂိုလ်၊

၄။ သုခပဋိပဒါ ခိပ္ပါဘိညာပုဂ္ဂိုလ်ဟု ---

ဤသို့လျှင် ပုဂ္ဂိုလ် (၄)မျိုး ခွဲခြားဝေဖန်၍ ဟောကြားတော်မူခဲ့ပေသည်။ (အဘိ၊၁၊၇၂-၈၅။)

ဤသို့ ဟောကြားတော်မူရာ၌ ---

၁။ ပဋိပဒါပိုင်း

၂။ အဘိညာပိုင်းဟု ခွဲခြားလျက် ---

ပုဂ္ဂိုလ် တစ်မျိုး တစ်မျိုးလျှင် ပဋိပဒါပိုင်း အဘိညာပိုင်းဟု နှစ်ပိုင်းစီ နှစ်ပိုင်းစီ ခွဲ၍ ဟောကြားထားတော် မူ၏။ ထိုတွင် ---

၁။ ရူပပရိဂ္ဂဟ = ရုပ်တရားကို သိမ်းဆည်းခြင်း၊

၂။ အရူပပရိဂ္ဂဟ = နာမ်တရားကို သိမ်းဆည်းခြင်း၊

၃။ ရူပါရူပပရိဂ္ဂဟ = ရုပ်နာမ်ကို သိမ်းဆည်းခြင်း၊

၄။ နာမရူပဝဝတ္ထာန = နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း ---

ဟူသော လုပ်ငန်းခွင် လေးရပ်ကား နာမရူပပရိစ္ဆေဒဉာဏ်တည်း။

၁။ ပစ္စုပ္ပန်၌ သို့မဟုတ် ပစ္စုပ္ပန်ကို ဗဟိုထား၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်း ပစ္စယပရိဂ္ဂဟ၊

၂။ အတိတ် အနာဂတ်၌လည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်း အဒ္ဓါနပရိဂ္ဂဟ၊

ဤ ပရိဂ္ဂဟနှစ်မျိုးကား ပစ္စယပရိဂ္ဂဟဉာဏ်တည်း။ ဤအထက်ပါ ---

၁။ နာမရူပပရိစ္ဆေဒဉာဏ်

၂။ ပစ္စယပရိဂ္ဂဟဉာဏ်နှင့် တကွ

၃။ သမ္မသနဉာဏ်

၄။ ဥပက္ကိလေသ ( = ဝိပဿနာ၏ ညစ်ညူးကြောင်းတရား) တို့မှ လွတ်မြောက်သည်တိုင်အောင်သော ဥဒယဗ္ဗယဉာဏ် = မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ တိုင်အောင်သော ဉာဏ်စဉ်ပိုင်းကို ပဋိပဒါပိုင်းဟု သတ်မှတ်ထားတော်မူ၏။

ဥပက္ကိလေသ (= ဝိပဿနာ၏ ညစ်ညူးကြောင်းတရား) တို့မှ လွတ်မြောက်သွားသော ---

၁။ ဥဒယဗ္ဗယဉာဏ် (အရင့်ပိုင်း)

၂။ ဘင်္ဂဉာဏ်

၃။ ဘယဉာဏ်

၄။ အာဒီနဝဉာဏ်

၅။ နိဗ္ဗိန္ဒဉာဏ်

၆။ မုစ္စိတုကမျတာဉာဏ်

၇။ ပဋိသင်္ခါဉာဏ်

၈။ သင်္ခါရုပေက္ခာဉာဏ်

၉။ အနုလောမဉာဏ်

ဤဝိပဿနာဉာဏ် (၉)မျိုးတို့ကား ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိပိုင်းတည်း။

၁၀။ အရိယမဂ်ဉာဏ်

ဤ အရိယမဂ်ဉာဏ်ပိုင်းကား ဉာဏဒဿနဝိသုဒ္ဓိပိုင်းတည်း။ (ဤ ဉာဏ်စဉ်များ၏ အနက် အဓိပ္ပါယ်သည် ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။) ဤ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိပိုင်းနှင့် ဉာဏဒဿနဝိသုဒ္ဓိပိုင်းကို အဘိညာပိုင်းဟု အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့က သတ်မှတ်ထားတော်မူပေသည်။ ထိုတွင် ---

၁။ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ပဋိပဒါပိုင်းတွင်လည်းကောင်း အဘိညာပိုင်းတွင်လည်းကောင်း နှစ်ပိုင်းလုံး၌ ခဲခဲယဉ်းယဉ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ကျင့်ရ၏၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ ပုဂ္ဂိုလ်မျိုး မည်၏။

၂။ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည်ကား ပဋိပဒါပိုင်းတွင် ခဲခဲယဉ်းယဉ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ကျင့်ရ၏၊ သို့သော် အဘိညာပိုင်းတွင်ကား ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ မပင်မပန်း ကျင့်၍ရ၏။ ထိုပုဂ္ဂိုလ်မျိုးသည် ဒုက္ခပဋိပဒါ ခိပ္ပါဘိညာ ပုဂ္ဂိုလ်မျိုး မည်၏။

၃။ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည်ကား ပဋိပဒါပိုင်းတွင် ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ မပင်မပန်း ကျင့်၍ရ၏၊ သို့သော် အဘိညာပိုင်းသို့ ရောက်သောအခါ၌ကား ခဲခဲယဉ်းယဉ်း ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ကျင့်ရ၏၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် သုခပဋိပဒါ ဒန္ဓာဘိညာ ပုဂ္ဂိုလ်မျိုး မည်၏။

၄။ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည်ကား ပဋိပဒါပိုင်းတွင်လည်း ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ မပင်မပန်း ကျင့်၍ရ၏။ အဘိညာပိုင်းတွင်လည်း ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ မပင်မပန်း ကျင့်၍ရ၏။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည်ကား သုခပဋိပဒါ ခိပ္ပါဘိညာ ပုဂ္ဂိုလ်မျိုး မည်၏။

ဤကား အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းတည်း။ ထိုတွင် ပဋိပဒါပိုင်း၌ ရုပ်- နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် သိမ်းဆည်းရန် ညွှန်ကြားထားတော်မူ၏။

အဘယ်ကြောင့် ထိုကဲ့သို့ သိမ်းဆည်းနေရပါသနည်းဟု မေးရန်ရှိ၏၊ အဖြေကိုသိလိုပါက အောက်ပါ --

၁။ မဟာဗုဒ္ဓဝင်၏ ဖွင့်ဆိုချက်နှင့်

၂။ တိပိဋက ပါဠိ-မြန်မာ အဘိဓာန်တို့၏ ဖွင့်ဆိုချက် ----

ဤဖွင့်ဆိုချက် ရှင်းလင်းချက်တို့ကို အသင်သူတော်ကောင်းသည် ဆက်လက်၍ ဖတ်ရှုကြည့်ပါ။

မဟာဗုဒ္ဓဝင်၏ ဖွင့်ဆိုချက် - ဃနလေးပါး

မဟာဗုဒ္ဓဝင်၏ ဖွင့်ဆိုချက် - ဃနလေးပါး

ဤအရာ၌ (၁) သန္တတိဃန (၂) သမူဟဃန (၃) ကိစ္စဃန (၄) အာရမ္မဏဃနဟူ၍ ဃနလေးပါး ရှိသည်။

၁။ ထိုလေးပါးတို့တွင် ေ့ရှနောက်ဖြစ်သော ရုပ်နာမ်တရားတို့၏ အခြားမရှိ အကြားမထင်သောအားဖြင့် တရားလုံး တစ်ခုတည်းကဲ့သို့ ထင်မှတ်ယူရအောင် ဖြစ်ပွားခြင်း စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းသည် သန္တတိ ဃန မည်၏။

ဤ၌ အခြားမရှိသောအားဖြင့် ဖြစ်ခြင်းဟူသည်မှာ ေ့ရှတရား၏ ဘင်ခဏနှင့် ပြိုင်လျက် နောက်တရားက ဖြစ်ခြင်း, တစ်နည်း --- ေ့ရှတရားချုပ်သည်၏ အခြားမဲ့မှာပင် နောက်တရားက ထင်ရှားဖြစ်ခြင်းကို ဆိုလိုသည်။၎င်းင်းကို (ပုရိမပစ္ဆိမာနံ နိရန္တရတာ = ေ့ရှတရား နောက်တရားတို့၏ အကြားမရှိသည်၏ အဖြစ်) ဟူ၍ ဋီကာဆရာတော်ကြီးများ ခေါ်ဆို အသုံးပြုတော်မူကြသည်။ ယင်းကဲ့သို့ အခြားမရှိ အကြားမထင်အောင် ဖြစ်ပွားခြင်းဖြင့် အဖြစ်တရားဘက်က အားရှိကာ ဖုံးလွှမ်းထားအပ်သကဲ့သို့ ဖြစ်၍ အပျက်တရားဘက်က မထင်ရှားသောကြောင့် ယခု တွေ့မြင်ရသောတရားသည် ယခင် တွေ့မြင်ရသော တရားပင်တည်းဟု မှတ်ယူသောအနေဖြင့် လူများ အပေါင်းတို့ ဖောက်ပြန်ထွေပြား အထင်မှား အမှတ်မှားကြရလေသည်။ ဤသဘောကို ထင်းမီးစ တစ်ခုကို ကိုင်၍ ဝှေ့ရမ်းလျှင် မီးဝိုင်းကြီးဟု ထင်ရမှုက သက်သေခံလျက် ရှိသည်။ (ဤကား သန္တတိဃနတည်း။)

၂။ ဖဿ အစရှိသော နာမ်တရား, ပထဝီအစရှိသော ရုပ်တရားတို့၏ ထိုထို နာမ်ကလာပ် ရုပ်ကလာပ်တို့၌ တစ်ပေါင်းတည်း တစ်စုတည်းအနေဖြင့် ပရမတ္ထတရားသား တစ်ခုတည်းကဲ့သို့ ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းသည် သမူဟဃန မည်၏။

နာမ်တရား ရုပ်တရားတို့သည် ဖြစ်ပွားကြသောအခါ တရားလုံး (သဘာဝသတ္တိ) တစ်ခုတည်းသာ ဖြစ်ကြ သည်မဟုတ်၊ နာမ်တရားဘက်ကလည်း အနည်းဆုံး ရှစ်မျိုး (စက္ခုဝိညာဏ်နှင့် သဗ္ဗစိတ္တသာဓာရဏစေတသိက် ခုနစ်ပါးကို ဆိုလိုသည်။) ရုပ်တရားဘက်ကလည်း အနည်းဆုံး ရှစ်မျိုးပင် (အဋ္ဌကလာပ်ရုပ်ကို ရည်ညွှန်းသည်၊၊) ဖြစ်ပွားကြသည်၊ ယင်းကဲ့သို့ အနည်းဆုံး သဘာဝသတ္တိ ရှစ်မျိုးတို့ သဘာဝသတ္တိ တစ်မျိုးတည်းဟု ထင်မှတ်ယူ ရအောင် စုလျက် ပေါင်းလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းကို သမူဟဃန ခေါ်သည်ဟု ဆိုလိုသည်။ (ဤကား သမူဟဃနတည်း။)

၃။ နာမ်ကလာပ် တစ်ခုတစ်ခု ရုပ်ကလာပ် တစ်ခုတစ်ခု၌ ပါရှိကြသည့် နာမ်တရား ရုပ်တရား အသီးသီးတို့သည် ဆိုင်ရာဆိုင်ရာ မိမိ မိမိတို့၏ ကိစ္စအလုပ်ကို ပြီးပြေစေကြလျက် ဖြစ်ပွားကြလေသည်၊ ထိုသို့ ဖြစ်ပွားကြရာ၌ (အဘိဓမ္မာ ဉာဏ်ပညာမျက်စိ မရှိသောသူတို့အဖို့မှာ) ဤကား ဖဿ၏ အလုပ်ကိစ္စ, ဤကား ဝေဒနာ၏ အလုပ် ကိစ္စ, ဤကား သညာ၏ အလုပ်ကိစ္စ စသည်ဖြင့်လည်းကောင်း, ဤကား ပထဝီ၏ ကိစ္စ, ဤကား အာပေါ၏ကိစ္စ, ဤကား တေဇော၏ ကိစ္စ, ဤကား ဝါယော၏ ကိစ္စ စသည်ဖြင့်လည်းကောင်း အလုပ်ကိစ္စ အထူးကို သိဖို့ရန် ခဲယဉ်းလှကုန်၏၊ ယင်းသို့ နာမ်တရား ရုပ်တရားတို့၏ မိမိ မိမိတို့၏ ဆိုင်ရာကိစ္စ အထူးကို သိနိုင်ခဲသော အနေဖြင့် တရားလုံးတစ်ခုတည်းဟု ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားမှုကို ကိစ္စဃန ခေါ်သည်။ (ဤကား ကိစ္စဃနတည်း။)

၄။ နာမ်ကလာပ် တစ်ခုတစ်ခု၌ ပါရှိသော ထိုထို နာမ်တရားတို့၏ အာရုံတစ်ခုကို စု၍ပေါင်း၍ အာရုံပြုသော အနေဖြင့်လည်းကောင်း, ရုပ်ကလာပ် တစ်ခုတစ်ခု၌ ပါရှိသော ထိုထို ရုပ်တရားတို့၏ အာရုံတစ်ခုတည်း အနေဖြင့်လည်းကောင်း, ပရမတ္ထတရားသား (သဘာဝသတ္တိ) တစ်ခုတည်းဟု ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းကို အာရမ္မဏဃန ခေါ်သည်။ (ဤကား အာရမ္မဏဃနတည်း။)

အချုပ်အားဖြင့် အကြောင်းပစ္စည်းတရား အကျိုးပစ္စယုပ္ပန်တရား အနေဖြင့် ဖြစ်ပွားကြသည့် များစွာသော ရုပ်နာမ်တရားတို့၏ ကာလအားဖြင့် သဘာဝအားဖြင့် ကိစ္စအားဖြင့် အာရုံသဘောအားဖြင့် အထူးအပြားကို သိနိုင်ခဲသော အနေအားဖြင့် တရားလုံးတရားသား တစ်ခုတည်းကဲ့သို့ ထင်မှတ်ယူရအောင် ဖြစ်ပွားခြင်းကို အစဉ်အတိုင်း သန္တတိဃန, သမူဟဃန, ကိစ္စဃန, အာရမ္မဏဃနဟူ၍ ခေါ်ဆိုအပ်လေသည်။ [ဤ ဃနလေးပါး အကြောင်းကို ဓမ္မသင်္ဂဏီ မူလဋီကာ စာမျက်နှာ (၆၀)နှင့် ဓမ္မသင်္ဂဏီ အနုဋီကာ စာမျက်နှာ (၆၆)တို့မှ ထုတ်နုတ် ဖေါ်ပြအပ်ပါသည်။]

ငရုပ်စေ့၌၊ စိတ်တွေ့သတ်သတ်၊ အစပ်ကိုတည့်၊ ရှုမျှော်ကြည့်သို့၊ သတ္တိကိုမျှ၊ ရှုကြည့်ရ၊ ပရမတ္ထမှာ။ ---

ဟူသောအတိုင်း ထိုထို နာမ်ရုပ်တရားတို့၏ သဘာဝသတ္တိကို ဉာဏ်မျက်စိဖြင့် ရှုကြည့်နိုင်မှ ပရမတ္ထသို့ အမြင်ဆိုက်ရောက်သည်။ ပရမတ္ထသို့ အသိဉာဏ် အမြင်ဆိုက်ရောက်မှ ဃနပြိုသည်၊ ဃနပြိုမှ အနတ္တအသိဉာဏ်ကို ရနိုင်သည်။ သဘာဝသတ္တိကို ဉာဏ်မျက်စိဖြင့် မရှုကြည့်က ပရမတ္ထသို့ အမြင်မဆိုက်၊ ပရမတ္ထသို့ အသိဉာဏ်အမြင် မဆိုက်လျှင် ဃန မပြို၊ ဃန မပြိုလျှင် အနတ္တအသိဉာဏ်ကို မရနိုင်၊ ထိုကြောင့် အနတ္တ လက္ခဏာကို ဃနဖုံးသည်ဟု ပညာရှိတို့ မိန့်ဆိုတော်မူကြသည်။ (မဟာဗုဒ္ဓဝင် စတုတ္ထတွဲ၊ စာမျက်နှာ-၃၂၃-၃၂၅။)

တိပိဋက ပါဠိ-မြန်မာ အဘိဓာန်၏ ဖွင့်ဆိုချက်

တိပိဋက ပါဠိ-မြန်မာ အဘိဓာန်၏ ဖွင့်ဆိုချက်

ဃနဝိနိဗ္ဘောဂ --- (ပု) ---- [ဃန + ဝိနိဗ္ဘောဂ။ ဝိနိဘုဉ္ဇနံ ဝိနိဗ္ဘောဂဿ ကရဏံ ဝိနိဗ္ဘောဂေါ၊ ဉာဏံ။ ဓမ္မာနံ ဃနဿ ဧကတ္တဿ ဝိနိဗ္ဘောဂေါ ဃနဝိနိဗ္ဘောဂေါ ။ အဋ္ဌသာ၊ ယော။ ၇၆ ။ ဝိနိဘုဇ္ဇနံ ပုထက္ကရဏံ ဝိနိဗ္ဘောဂေါ၊ ဃနဿ သမူဟဿ ဝိနိဗ္ဘောဂေါ ဃနဝိနိဗ္ဘောဂေါ။ သမ္မော၊ ယော။ ၁၄၇။]

အပေါင်းအစုကို ခွဲခြား-ဝေဖန်-စိတ်ဖြာ၍ သိခြင်း၊ တစ်စုတစ်ပေါင်းတည်းဟု ထင်မှုကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ တစ်စုတစ်ပေါင်းတည်းဟူသော အယူကို ဖြိုခွဲဖျက်ဆီးခြင်း။

ပရမတ္ထတရားတို့သည် ဝီထိစိတ် အစဉ်အရ ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ စသည် ဖြင့် အစဉ်အတိုင်း ဖြစ်နေကြ၏၊ ယင်းသို့ ဖြစ်နေရာ၌ ေ့ရှစိတ်နောက်စိတ်တို့သည် တစ်ခုတည်း မဟုတ်သော် လည်း ထိုစိတ်တို့၏ အကြားကာလ အခြားမရှိသောကြောင့် တစ်စိတ်တည်းကဲ့သို့ ဖြစ်သွားခြင်းသည် သန္တတိဃန မည်၏။

တစ်စိတ်တည်းကဲ့သို့ (ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌) မထင်ဘဲ --- ဤကား ပဉ္စဒွါရာဝဇ္ဇန်း, ဤကား စက္ခုဝိညာဏ် စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနဝိနိဗ္ဘောဂ (သန္တတိဃနကို ခွဲခြမ်း စိတ်ဖြာ ၍သိခြင်း၊ သန္တတိဃနကို ဖြိုခွဲဖျက်ဆီးခြင်း) မည်၏။

စိတ်တစ်လုံးတစ်လုံး၌ ဖဿ ဝေဒနာ သညာစသည်ဖြင့် စေတသိက်များစွာ ယှဉ်၏၊ စိတ်တစ်လုံးတစ်လုံးသည် ဖဿ ဝေဒနာ သညာစသော စေတသိက်များစွာနှင့် အတူတကွဖြစ်၏၊ ထိုသို့ တစ်ပေါင်းတည်း အတူတကွ ဖြစ်နေကြသောကြောင့် ဖဿ ဝေဒနာ သညာစသည်ဖြင့် ခွဲခြားမသိတော့ဘဲ ဓမ္မတစ်ခုတည်းကဲ့သို့ ဖြစ်၍နေခြင်းသည် သမူဟဃန မည်၏။

ဓမ္မတစ်ခုတည်းကဲ့သို့ မထင်ဘဲ ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ --- စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနဝိနိဗ္ဘောဂ = သမူဟဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ သမူဟဃနကို ဖြိုခွဲ ဖျက်ဆီးခြင်း မည်၏။

ဖဿ ဝေဒနာစသော တရားများ၌ ဖဿသည် သံဃဋ္ဋနကိစ္စ, ဝေဒနာသည် အနုဘဝနကိစ္စ စသည်ဖြင့် ကိစ္စ အသီးအသီး ကွဲပြားကြ၏၊ ယင်းသို့ ကိစ္စကွဲပြားသော်လည်း စိတ်တစ်လုံးတည်းဝယ် အတူတကွ ယှဉ်၍ ဖြစ်ကြရာ၌ ထိုထိုတရားတို့၏ ကိစ္စအထူးကို မသိနိုင်လောက်အောင် ကိစ္စအားဖြင့် တစ်ခုတည်း ဖြစ်နေခြင်းသည် ကိစ္စဃန မည်၏။

ကိစ္စတစ်ခုတည်းကဲ့သို့ မထင်ဘဲ ဖဿသည် သံဃဋ္ဋနကိစ္စ ရှိ၏၊ ဝေဒနာသည် အနုဘဝနကိစ္စ ရှိ၏ စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနဝိနိဗ္ဘောဂ = ကိစ္စဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ ကိစ္စဃနကို ဖြိုခွဲဖျက်ဆီးခြင်း မည်၏။

စက္ခုဒွါရဝီထိ၌ ဖြစ်ကြသော စိတ် စေတသိက် တစ်စဉ်တစ်တန်းလုံးသည် ရူပါရုံ တစ်ခုတည်းကို အာရုံပြုသည့်အတွက် တစ်ခုတည်းမဟုတ်သော်လည်း တစ်ခုတည်းကဲ့သို့ တစ်ခဲနက် ဖြစ်နေခြင်းသည် အာရမ္မဏဃန မည်၏။

အာရုံတူ၍ တစ်ခုတည်းဖြစ်နေသော်လည်း တစ်ခုတည်းကဲ့သို့မထင်ဘဲ ဤကား ပဉ္စဒွါရာဝဇ္ဇန်း, ဤကား စက္ခုဝိညာဏ် စသည်ဖြင့်လည်းကောင်း၊ ဤကား ဖဿ, ဤကား ဝေဒနာ စသည်ဖြင့်လည်းကောင်း ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနဝိနိဗ္ဘောဂ = အာရမ္မဏဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ အာရမ္မဏဃနကို ဖြိုခွဲ ဖျက်ဆီးခြင်း မည်၏။ (နေတ္တိ၊ဋ္ဌ၊၁၅၄။ သံ၊ဋီ၊၁၊၂၇၁။ မူလဋီ၊၁၊၆၀။)

အနတ္တလက္ခဏာကို ဘုရားပွင့်ရာ သာသနာတွင်းမှာသာ ထင်မြင်နိုင်သည်၊ သာသနာပ၌် မထင်မြင်နိုင်။ (အဘိ၊ဋ္ဌ၊၂၊၄၆။)

အနတ္တလက္ခဏာကို သန္တတိစသော ဃန ဖုံးလွှမ်းမှုကြောင့် မသိနိုင် မမြင်နိုင် မထင်နိုင်ခြင်း ဖြစ်၏၊ ဃနကို ဖြိုခွဲဖျက်ဆီးနိုင်လျှင်ကား အနတ္တလက္ခဏာလည်း ဟုတ်မှန်သောသဘောအတိုင်း ထင်မြင်လာတော့သည်။ (အဘိ၊ဋ္ဌ၊၂၊၄၇။)

ယထာ ပဏိဟိတံ ဃနဝိနိဗ္ဘောဂံ ကတွာ။ (မ၊ဋ္ဌ၊၁၊၂၇၆။ ဝိသုဒ္ဓိ၊၁၊၃၄၃။)

နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၂၊၄၇။ ဝိသုဒ္ဓိ၊၂၊၂၇၆။)

ဃနဝိနိဗ္ဘောဂန္တိ သန္တတိသမူဟကိစ္စဃနာနံ ဝိနိဗ္ဘုဇနံ ဝိဝေစနံ။ (မ၊ဋီ၊၁၊၃၆၅။ ဝိသုဒ္ဓိ၊ဋီ၊၁၊၄၂၈။)

ဃနဝိနိဗ္ဘောဂေ ကတေတိ သမူဟဃနေ, ကိစ္စာရမ္မဏဃနေ စ ပဘေဒိတေ။ (ဝိသုဒ္ဓိ၊ဋီ၊၂၊၄၃၇။)

ဃနဝိနိဗ္ဘောဂံ ကတွာတိ ကမ္မဋ္ဌာနံ ဂဟေတွာ သမူဟာဒိဃနဂ္ဂဟဏံ ဘိန္ဒိတွာ။ (ဝိသုဒ္ဓိ၊ဋီ၊၂၊၄၅၄။)

(တိပိဋက ပါဠိ-မြန်မာ အဘိဓာန်၊က-ဝဂ်-အတွဲ-၆၊စာမျက်နှာ-၉၈၆-၉၈၇။)

[မှတ်ချက် --- ဤကား မဟာဗုဒ္ဓဝင်ကျမ်းနှင့် တိပိဋက ပါဠိ-မြန်မာ အဘိဓာန်ကျမ်းကြီးတို့၌ လာရှိသော ဃနလေးပါး အကြောင်းအရာများ ဖြစ်ကြပါသည်။ နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်း၏ ဃနလေးပါးနှင့် ပတ်သက်သော ရှင်းလင်းချက်များကို ပထမတွဲတွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပါသည်။]

ယောဂါဝစရပုဂ္ဂိုလ်သည် ပရမတ္ထဓမ္မတို့ကို ပရမတ္ထဓမ္မသို့ ဉာဏ်အမြင် ဆိုက်ရေးအတွက် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော ရုပ်ဃန နာမ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် သိမ်းဆည်းရှုပွားရတော့မည် ဖြစ်၏။ ထိုသို့ သိမ်းဆည်းရာ၌ ဃနပြိုရေး ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ရေးအတွက် အသင်သူတော်ကောင်းသည် မလွှဲမရှောင်သာ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်နာမ်တို့ကို သိမ်းဆည်းရတော့မည်သာ ဖြစ်၏၊ ဉာဏ်ဖြင့် ပိုင်းခြားယူရတော့မည်သာ ဖြစ်၏။ ဘုရားရှင်၏ တရားစစ် တရားမှန်ကို လိုလားတောင့်တလျက်ရှိသော သူတော်ကောင်းအပေါင်းတို့သည် နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်ခြင်း၏ ဧကန်အကြောင်းရင်းစစ် တစ်ခုဖြစ်သော ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို ပရမတ္ထသို့ ဉာဏ်အမြင် ဆိုက်အောင် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတည်းဟူသော ရုပ်ဃန နာမ်ဃနများကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် သိမ်းဆည်းနိုင်ကြ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် ကြပါစေကုန်သတည်း။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

လက္ခဏ - ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန်တို့ကို ရှုသင့်ပုံ

လက္ခဏ - ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန်တို့ကို ရှုသင့်ပုံ

ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကျင့်စဉ်

ဣဓ ဘိက္ခဝေ ဘိက္ခု ----

၁။ ဣတိ ရူပံ၊ ဣတိ ရူပဿ သမုဒယော၊ ဣတိ ရူပဿ အတ္ထင်္ဂမော။

၂။ ဣတိ ဝေဒနာ၊ ဣတိ ဝေဒနာယ သမုဒယော၊ ဣတိ ဝေဒနာယ အတ္ထင်္ဂမော။

၃။ ဣတိ သညာ၊ ဣတိ သညာယ သမုဒယော၊ ဣတိ သညာယ အတ္ထင်္ဂမော။

၄။ ဣတိ သင်္ခါရာ၊ ဣတိ သင်္ခါရာနံ သမုဒယော၊ ဣတိ သင်္ခါရာနံ အတ္ထင်္ဂမော။

၅။ ဣတိ ဝိညာဏံ၊ ဣတိ ဝိညာဏဿ သမုဒယော၊ ဣတိ ဝိညာဏဿ အတ္ထင်္ဂမော။ (ဒီ၊၂၊၂၃၉။)

= ရဟန်းတို့ ...ဤ သာသနာတော်၌ ယောဂါဝစရ ရဟန်းတော်သည် ---

၁။ (က) ဤကား ရုပ်တရားတည်း၊

( ခ ) ဤကား ရုပ်တရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊

( ဂ ) ဤကား ရုပ်တရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

၂။ (က) ဤကား ဝေဒနာတရားတည်း၊

( ခ ) ဤကား ဝေဒနာတရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊

( ဂ ) ဤကား ဝေဒနာတရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

၃။ (က) ဤကား သညာတရားတည်း၊

( ခ ) ဤကား သညာတရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊

( ဂ ) ဤကား သညာတရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

၄။ (က) ဤကား သင်္ခါရ (စေတသိက်သင်္ခါရ) တရားတို့တည်း၊

( ခ ) ဤကား သင်္ခါရတရားတို့၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊

( ဂ ) ဤကား သင်္ခါရတရားတို့၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

၅။ (က) ဤကား ဝိညာဏ် (အသိစိတ်ဝိညာဏ်) တရားတည်း၊

( ခ ) ဤကား ဝိညာဏ်တရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊

( ဂ ) ဤကား ဝိညာဏ်တရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

ဤသို့လျှင် ဥပါဒါနက္ခန္ဓာ (၅) ပါးတည်းဟူသော ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ (ဒီ၊၂၊၂၃၉။ မဟာသတိပဋ္ဌာနသုတ္တန်၊ ဓမ္မာနုပဿနာ ခန္ဓပဗ္ဗ။)

ဤအထက်ပါ သတိပဋ္ဌာန်ကျင့်စဉ် ဒေသနာတော်၌ ---

၁။ ဣတိ ရူပံ = ဤကား ရုပ်တရားတည်း။

၂။ ဣတိ ဝေဒနာ = ဤကား ဝေဒနာတရားတည်း။

၃။ ဣတိ သညာ = ဤကား သညာတရားတည်း။

၄။ ဣတိ သင်္ခါရာ = ဤကား သင်္ခါရတရားတို့တည်း။

၅။ ဣတိ ဝိညာဏံ = ဤကား ဝိညာဏ်တရားတည်း။

ဤသို့ ဥပါဒါနက္ခန္ဓာ (၅)ပါးတည်းဟူသော ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားဟု အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်၍နေရန် ယောဂါဝစရ ရဟန်းတော်အား ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏။

ယင်း ညွှန်ကြားတော်မူချက်၏ ဆိုလိုရင်း အနက်သဘောတရားကို အဋ္ဌကထာ-ဋီကာတို့က အောက်ပါ အတိုင်း ဖွင့်ဆိုထားတော်မူကြ၏။ ---

တတ္ထ ဣတိ ရူပန္တိ ဣဒံ ရူပံ, ဧတ္တကံ ရူပံ, ဣတော ဥဒ္ဓံ ရူပံ နတ္ထီတိ ရုပ္ပနသဘာဝဉ္စေဝ ဘူတုပါဒါယဘေဒဉ္စ အာဒိံကတွာ လက္ခဏရသပစ္စုပဋ္ဌာနပဒဋ္ဌာနဝသေန အနဝသေသရူပပရိဂ္ဂဟော ဝုတ္တော။ ပ ။

ဣတိ ဝေဒနာတိအာဒီသုပိ အယံ ဝေဒနာ, ဧတ္တကာ ဝေဒနာ, ဣတော ဥဒ္ဓံ ဝေဒနာ နတ္ထိ။ အယံ သညာ။ ဣမေ သင်္ခါရာ။ ဣဒံ ဝိညာဏံ, ဧတ္တကံ ဝိညာဏံ, ဣတော ဥဒ္ဓံ ဝိညာဏံ နတ္ထီတိ ဝေဒယိတ-သဉ္ဇာနန-အဘိသင်္ခရဏ-ဝိဇာနနသဘာဝဉ္စေဝ သုခါဒိ-ရူပသညာဒိ-ဖဿာဒိ-စက္ခုဝိညာဏာဒိဘေဒဉ္စ အာဒိံကတွာ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန-ပဒဋ္ဌာနဝသေန အနဝသေသဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏပရိဂ္ဂဟော ဝုတ္တော။ (ဒီ၊ဋ္ဌ၊၂၊၅၃။ သံ၊ဋ္ဌ၊၂၊၄၄-၄၅။)

လက္ခဏ-ရသ-ပစ္စုပဋ္ဌာန-ပဒဋ္ဌာနဝသေနာတိ ကက္ခဠာဒိလက္ခဏဝသေန, သန္ဓာရဏာဒိရသဝသေန, သမ္ပဋိစ္ဆနာဒိပစ္စုပဋ္ဌာနဝသေန, ဘူတတ္တယာဒိပဒဋ္ဌာနဝသေန စ။ (သံ၊ဋီ၊၂၊၅၈။)

အမေး --- ဘုရားရှင်သည် --- ဤကား ရုပ်တရားတည်း။ ဤကား ဝေဒနာတရားတည်း။ ဤကား သညာ တရားတည်း။ ဤကား သင်္ခါရတရားတို့တည်း။ ဤကား ဝိညာဏ်တရားတည်းဟု ဤဥပါဒါနက္ခန္ဓာ (၅) ပါးတို့၌ အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်၍ နေထိုင်ရန် ယောဂါဝစရ ရဟန်းတော်အား ညွှန်ကြားထားတော်မူ၏။ ဤသို့ ညွှန်ကြားတော်မူရာဝယ် ယောဂါဝစရ ရဟန်းတော်သည် ယင်းဥပါဒါနက္ခန္ဓာ (၅) ပါးတို့ကို မည်သို့မည်ပုံ သိရမည်နည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ရှုရမည်နည်းဟု မေးရန်ရှိ၏။

အဖြေ --- အဖြေမှာ ဤသို့ ဖြစ်၏။

၁။ ဤကား ရုပ်တရားတည်း၊ ရုပ်တရားကား ဤမျှသာတည်း၊ ဤထက် အပိုအလွန်မရှိဟု အအေးအပူ စသော အကြောင်းတရားတို့ကြောင့် ရှေးရှေး ဖြစ်ပေါ်သွားသော ရုပ်သန္တတိ = ဖြစ်စဉ်နှင့် မတူသော နောက်နောက်သော ရုပ်သန္တတိ = ဖြစ်စဉ်၏ ပုံစံအမျိုးမျိုး ပြောင်းလဲ၍ ဖြစ်မှုဟူသော ရုပ္ပနသဘာဝ = ဖောက်ပြန်ခြင်းသဘောကိုလည်း ကောင်း, ဘူတရုပ် ဥပါဒါရုပ်တည်းဟူသော ထူးထွေကွဲပြားသော (၂၈)မျိုးသော ရုပ်ကိုလည်းကောင်း အစပြု၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းကို ဟောတော်မူလိုရင်း ဖြစ်သည်။ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ရုပ်အားလုံးကို ကုန်စင်အောင် သိရမည်၊ သိအောင် ရှုရမည်ဟု ဆိုလိုသည်။

ဤကား ဝေဒနာတရားတည်း စသည်တို့၌လည်း ---

၂။ ဤကား ဝေဒနာတရားတည်း၊ ဝေဒနာတရားကား ဤမျှသာတည်း၊ ဤထက် အပိုအလွန် ဝေဒနာမည် သည် မရှိ။

၃။ ဤကား သညာတရားတည်း။ ပ ။

၄။ ဤသည်တို့ကား သင်္ခါရတရားတို့တည်း။ ပ ။

၅။ ဤကား ဝိညာဏ်တရားတည်း၊ ဝိညာဏ်တရားသည် ဤမျှသာတည်း၊ ဤထက်အပိုအလွန် ဝိညာဏ်တရား မည်သည် မရှိဟု ---

၂။ ဝေဒနာက္ခန္ဓာ၏ အာရုံ၏ အရသာကို ခံစားမှုသဘော,

၃။ သညာက္ခန္ဓာ၏ အာရုံကို အမှတ်ပြု၍ သိမှုသဘော,

၄။ သင်္ခါရက္ခန္ဓာ၏ မိမိအကြောင်းတရားတို့သည် အညီအညွတ် ပြီးစေအပ်သော အကျိုးတရားကို ဖြစ်ပေါ် လာအောင် ပြုပြင်တတ် ပြီးစေတတ်သောသဘော,

၅။ ဝိညာဏက္ခန္ဓာ၏ အာရုံကို ပိုင်းခြားယူတတ်မှု သိမှုသဘောကိုလည်းကောင်း,

၂။ ဝေဒနာက္ခန္ဓာ၏ သုခဝေဒနာ စသည်ဖြင့် ကွဲပြားမှု,

၃။ သညာက္ခန္ဓာ၏ ရူပသညာ စသည်ဖြင့် ကွဲပြားမှု,

၄။ သင်္ခါရက္ခန္ဓာ၏ ဖဿ စေတနာ စသည်ဖြင့် ကွဲပြားမှု,

၅။ ဝိညာဏက္ခန္ဓာ၏ စက္ခုဝိညာဏ် စသည်ဖြင့် ကွဲပြားမှုကိုလည်းကောင်း ---

အစပြု၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ဝေဒနာ -သညာ-သင်္ခါရ-ဝိညာဏ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းကို ဟောတော်မူလိုရင်း ဖြစ်သည်။ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်တရားအားလုံးကို အကြွင်းအကျန် မရှိ ကုန်စင်အောင်သိရမည် သိအောင်ရှုရမည်ဟု ဆိုလိုသည်။ (ဒီ၊ဋ္ဌ၊၂၊၅၃။ သံ၊ဋ္ဌ၊၂၊၄၄-၄၅။)

အထက်ပါ အဋ္ဌကထာများ၌ --- အနဝသေသရူပပရိဂ္ဂဟော ဝုတ္တော။ ပ ။ အနဝသေသဝေဒနာသညာ သင်္ခါရဝိညာဏပရိဂ္ဂဟော ဝုတ္တော --- ဟူသော စကားများကို သတိပြုပါ။ ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ် ဟူသော ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရန် ညွှန်ကြားထားတော်မူ၏။

၁။ ရုပ်တရား တစ်လုံးလောက်ကိုသာ, သို့မဟုတ်

၂။ နာမ်တရား တစ်လုံးလောက်ကိုသာ, သို့မဟုတ်

၃။ ရုပ်တရားဘက်ကလည်း တစ်လုံးလောက်, နာမ်တရားဘက်ကလည်း တစ်လုံးလောက်ကိုသာ ---

လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရမည် ဟူ၍ကား မညွှန်ကြားပေ။ အနဝသေသ = ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်တို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် သိမ်းဆည်းရမည် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် ဟူ၍သာ ညွှန်ကြားထားတော်မူ၏။ ထိုကြောင့် ရုပ်ဓာတ် တစ်လုံးလောက်ကို ရှုလျှင်, သို့မဟုတ် နာမ်ဓာတ် တစ်လုံးလောက်ကို ရှုလျှင်, သို့မဟုတ် ရုပ်ဓာတ်ဘက်ကလည်း တစ်လုံးလောက်, နာမ်ဓာတ်ဘက်ကလည်း တစ်လုံးလောက်ကို ရှုလျှင် ကိစ္စပြီးနိုင်သည် နိဗ္ဗာန်သို့ ရောက်ရှိနိုင်သည်ဟူသော အဆိုအမိန့်များမှာ ဒေသနာမျဉ်းကြောင်းမှ တိမ်းစောင်းချွတ်ချော်နေသော အယူအဆတို့သာ ဖြစ်ကြသည်ဟု မှတ်သားနာယူလေရာသည်။

အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ညွှန်ကြားတော်မူချက်နှင့်အညီ ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ---

၁။ ဘူတရုပ် ဥပါဒါရုပ်ဟူသော ရုပ် (၂၈)ပါးကိုလည်းကောင်း, ပထဝီ-အာပေါ-တေဇော-ဝါယော စသော ရုပ်တရား တစ်လုံးစီ တစ်လုံးစီ၏ ဆိုင်ရာ ဆိုင်ရာ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း,

၂။ သုခဝေဒနာ, ဒုက္ခဝေဒနာ, သောမနဿဝေဒနာ, ဒေါမနဿဝေဒနာ, ဥပေက္ခာဝေဒနာကိုလည်းကောင်း, ယင်းဝေဒနာ အသီးအသီး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း,

၃။ ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္ဓသညာဟူသော သညာအပြားကို လည်းကောင်း, ယင်းသညာ အသီးအသီး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း,

၄။ ဖဿ-စေတနာ-ဧကဂ္ဂတာ-ဇီဝိတ-မနသိကာရ စသော သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သော စေတသိက် အလုံး (၅၀)ကိုလည်းကောင်း, ယင်းစေတသိက် အသီးအသီး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်း ကောင်း,

၅။ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်, မနောဝိညာဏ်ဟူသော ဝိညာဏ်အပြားကိုလည်းကောင်း, ယင်းအသီးအသီးသော ဝိညာဏ်၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း သိအောင် ရှုရမည်။

ဤအချက်ကိုကား တရားစစ် တရားမှန်ကို လိုလားတောင့်တလျက်ရှိသော အသင်သူတော်ကောင်းသည် ဦးထိပ်ထက်၌ သံမှိုနှက်သကဲ့သို့ စွဲမြဲစွာ မှတ်သား နာယူထားပါ။

မနှိုင်းယှဉ်သင့်ပါ

မနှိုင်းယှဉ်သင့်ပါ

အရှင်သာရိပုတ္တမထေရ်အလောင်း ဖြစ်တော်မူသော ဥပတိဿပရိဗိုဇ်သည် အရှင်အဿဇိ မထေရ်မြတ် ထံမှ --- ယေ ဓမ္မာ ဟေတုပ္ပဘဝါ --- စသော တရားဒေသနာ ဂါထာတစ်ခုကို ကြားနာရရုံမျှဖြင့် သောတာပတ္တိဖိုလ်၌ တည်ခဲ့၏။ အရှင်မဟာမောဂ္ဂလ္လာန်အလောင်းဖြစ်တော်မူသော ကောလိတပရိဗိုဇ်သည်လည်း အရှင်သာရိပုတ္တထံမှပင် ယင်း --- ယေ ဓမ္မာ ဟေတုပ္ပဘဝါ --- စသော တရားဂါထာကိုပင် ကြားနာရ၍ သောတာပတ္တိဖိုလ်၌ တည်ခဲ့၏။ အရှင်ဗာဟိယဒါရုစိရိယ အလောင်းလျာသည်လည်း ဘုရားရှင်ထံမှ (ရှေး နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် တင်ပြခဲ့သည့်အတိုင်း) ဒိဋ္ဌေ ဒိဋ္ဌမတ္တံ --- ကျင့်စဉ် အကျဉ်းချုပ်ကို နာကြားရရုံမျှဖြင့် အရဟတ္တဖိုလ်၌ တည်တော် မူခဲ့၏။

ဤအရှင်မြတ်ကြီးတို့သည် အဘယ်မှာလျှင် ရုပ်တရား နာမ်တရားတို့ကို အသေးစိတ် ရှုပွားသုံးသပ်ဖို့ရန် အချိန်ရရှိနိုင်ပါအံ့နည်း၊ အဘယ်မှာလျှင် ရုပ်တရား နာမ်တရားတိုင်းကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် တစ်လုံးစီ တစ်လုံးစီ သိမ်းဆည်း ရှုပွားဖို့ရန် အချိန်ရနိုင်ပါအံ့နည်းဟု မေးမြန်းကြပြန်၏၊ ဆင်ခြေပေးကြပြန်၏။ ဤအချက်နှင့် ပတ်သက်၍ အသင်သူတော်ကောင်းသည်လည်း သံသယမကင်း ရှိနေသေးသည် ဖြစ်ငြားအံ့၊ အောက်ပါ စကားရပ်များကို ဖတ်ရှုကြည့်ပါ။

စတေဿာပိ စေတာ ပဋိသမိ႓ဒါ ဒွီသု ဌာနေသု ပဘေဒံ ဂစ္ဆန္တိ သေက္ခဘူမိယဉ္စ အသေက္ခဘူမိယဉ္စ။

တတ္ထ အဂ္ဂသာဝကာနံ မဟာသာဝကာနဉ္စ အသေက္ခဘူမိယံ ပဘေဒဂတာ။ အာနန္ဒတ္ထေရ-စိတ္တဂဟပတိ ဓမ္မိကဥပါသက-ဥပါလိဂဟပတိ-ခုဇ္ဇုတ္တရာဥပါသိကာဒီနံ သေက္ခဘူမိယံ။ ဧဝံ ဒွီသု ဘူမီသု ပဘေဒံ ဂစ္ဆန္တိယောပိ စေတာ အဓိဂမေန ပရိယတ္တိယာ သဝနေန ပရိပုစ္ဆာယ ပုဗ္ဗယောဂေန စာတိ ဣမေဟိ ပဉ္စဟာကာရေဟိ ဝိသဒါ ဟောန္တိ။ ပ ။ ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။ ပ ။

တတ္ထ ဗုဒ္ဓါ စ ပစ္စေကဗုဒ္ဓါ စ ပုဗ္ဗယောဂဉ္စေဝ အဓိဂမဉ္စ နိဿာယ ပဋိသမိ႓ဒါ ပါပုဏန္တိ။ သာဝကာ သဗ္ဗာနိပိ ဧတာနိ ကာရဏာနိ။ (ဝိသုဒ္ဓိ၊၂၊၇၂။)

ယာဝ အနုလောမဂေါတြဘုသမီပန္တိ သင်္ခါရုပေက္ခာဉာဏမာဟ။ တဥှိ တေသံ သမီပပ္ပဝတ္တံ။ (မဟာဋီ၊၂၊၈၄။)

အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန်တို့ကဲ့သို့သော အဂ္ဂသာဝကတို့သည် အဂ္ဂသာဝကဗောဓိဉာဏ်ကို ရရှိရေးအတွက် အဂ္ဂသာဝကအလောင်းလျာဘဝဖြင့် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီတော် များကို ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့ရ၏။ အရှင်ဗာဟိယဒါရုစိရိယအလောင်းလျာသည်လည်း ခိပ္ပါဘိည ဧတဒဂ် ဘွဲ့ထူးကို ရရှိသည့် မဟာသာဝကတစ်ဦး ဖြစ်ရေးအတွက် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီတော်များကို ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့ရ၏။ ဤအရှင်မြတ်ကြီးတို့ကား ဤဂေါတမဘုရားရှင်၏ သာသနာတော်တွင်း၌ ပဋိသမိ႓ဒါ လေးပါးကို ရရှိတော်မူကြသည့် ပဋိသမိ႓ဒါပတ္တ ရဟန္တာအရှင်မြတ်ကြီးတို့ ဖြစ်ကြ၏။

ဤ ပဋိသမိ႓ဒါ လေးပါးတို့သည်ကား သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော အောက်မဂ် အောက်ဖိုလ်တို့ဖြင့် ထုံမွမ်းထားအပ်သော စိတ်အစဉ်ဟူသော သေက္ခဘုံ၌လည်းကောင်း, အသေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော အရဟတ္တမဂ် အရဟတ္တဖိုလ်တို့ဖြင့် ထုံမွမ်းထားအပ်သော စိတ်အစဉ်ဟူသော အသေက္ခဘုံ၌လည်းကောင်း ဤနှစ်မျိုးသော ဘုံဌာနတို့၌ ထိုထို အထူးအပြားကို အဟုတ်အမှန်သိခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်သို့ ရောက်ရှိကြကုန်၏။

ထိုနှစ်ပါးသော အရာတို့တွင် အဂ္ဂသာဝကတို့၏လည်းကောင်း, မဟာသာဝကတို့၏လည်းကောင်း ပဋိသမိ႓ဒါဉာဏ်တို့သည် အသေက္ခဘုံ၌ ထိုထို အထူးအပြားကို အဟုတ်အမှန် သိခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်သို့ ရောက်ရှိကြကုန်၏ = ရဟန္တာအဖြစ်သို့ ဆိုက်ရောက်တော်မူသည်နှင့် တစ်ပြိုင်နက် ပဋိသမိ႓ဒါဉာဏ် လေးပါးတို့ကိုလည်း ရရှိတော်မူကြ၏။

အရှင်အာနန္ဒာမထေရ်မြတ်, စိတ္တသူကြွယ်, ဓမ္မိကဥပါသကာ, ဥပါလိသူကြွယ်, ခုဇ္ဇုတ္တရာဥပါသိကာမ --- အစရှိသော ပုဂ္ဂိုလ်တို့၏ ပဋိသမ္ဘိဒါဉာဏ်တို့သည်ကား သေက္ခဘုံ၌် ထိုထို ပဋိသမ္ဘိဒါဉာဏ်ဖြင့် ထိုးထွင်းသိရမည့် ထိုထို အထူးအပြားကို အဟုတ်အမှန် သိခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်သို့ ရောက်ရှိကြကုန်၏။

[အရှင်အာနန္ဒာ မထေရ်မြတ်သည် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို ရရှိတော်မူသောအခါ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့ကိုပါ ရရှိတော်မူ၏။ စိတ္တသူကြွယ် ဓမ္မိကဥပါသကာကြီးတို့သည် အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိကြသောအခါ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့ကိုပါ ရရှိသွားကြ၏။ ဥပါလိသူကြွယ်နှင့် ခုဇ္ဇုတ္တရာ ဥပါသိကာမတို့သည်လည်း သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိသောအခါ ပဋိသမ္ဘိဒါဉာဏ်တို့ကိုပါ ရရှိ သွားကြ၏။]

ဤသို့လျှင် သာဝကတို့သည် သေက္ခဘုံ, အသေက္ခဘုံ နှစ်မျိုးတို့၌ ပဋိသမ္ဘိဒါဉာဏ် အထူးအပြားသို့ ရောက်ရှိနိုင်ကြကုန်သော်လည်း ထိုပဋိသမ္ဘိဒါဉာဏ်တို့သည် ---

၁။ အဓိဂမ = အရဟတ္တဖိုလ်လျှင် အဆုံးအပိုင်းအခြားရှိသော မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိခြင်းကြောင့်လည်းကောင်း,

၂။ ပရိယတ္တိ = ဘုရားရှင်၏ ပရိယတ်တရားတော်ကို သင်ယူခြင်း ရွတ်ဖတ်သရဇ္ဈာယ်ခြင်းကြောင့်လည်းကောင်း,

၃။ သဝန = ထိုပါဠိတော်၏ အနက် အဋ္ဌကထာကို နာကြားခြင်းကြောင့် သို့မဟုတ် တရားနာခြင်းကြောင့် လည်းကောင်း,

၄။ ပရိပုစ္ဆာ = ပါဠိတော် အဋ္ဌကထာစသည်တို့၌ ပဒတ္ထ = ပုဒ်နက်သဘောအားဖြင့် အသိခက်သောပုဒ်, အဓိပ္ပါယတ္ထ = အနက်အဓိပ္ပါယ်အားဖြင့် အသိခက်သော ပုဒ်တို့ကို မေးမြန်းလျှောက်ထားခြင်း ဆုံးဖြတ် ခြင်းကြောင့်လည်းကောင်း, (ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ် စသည်တို့နှင့်စပ်သော အနက် အဓိပ္ပါယ်တို့ကို မေးမြန်းလျှောက်ထားခြင်း ဆုံးဖြတ်ခြင်းကြောင့်လည်းကောင်း,)

၅။ ပုဗ္ဗယောဂ = ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ ဆွမ်းခံ အသွားအပြန်တို့၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်း = ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်လျက် အနုလောမဉာဏ် ဂေါတြဘုဉာဏ်တို့၏ အနီးအပါး၌ဖြစ်သော မုဉ္စိတုကမျတာဉာဏ်, ပဋိသင်္ခါဉာဏ်, သင်္ခါရုပေက္ခာဉာဏ်တိုင်အောင် ဝိပဿနာ ဘာဝနာကို ပွားများ အားထုတ်ခဲ့ဖူးခြင်းကြောင့်လည်းကောင်း ---

ဤ (၅)မျိုးသော အကြောင်းတရားတို့ကြောင့် စင်ကြယ်သန့်ရှင်းကုန်၏။ ထိုတွင် ---

၁။ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့သည်လည်းကောင်း,

၂။ ပစ္စေကဗုဒ္ဓ ဘုရားရှင်တို့သည်လည်းကောင်း ---

၁။ ပုဗ္ဗယောဂဟူသော ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်း၌ သင်္ခါရုပေက္ခာဉာဏ်တိုင်အောင် ဝိပဿနာဘာဝနာကို ပွားများ အားထုတ်ခဲ့ဖူးခြင်းကြောင့််လည်းကောင်း,

၂။ အဓိဂမဟူသော အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ်ကို ရရှိတော်မူခြင်းကြောင့်လည်းကောင်း ---

ဤ အကြောင်းတရား နှစ်မျိုးကို အမှီပြု၍ ပဋိသမ္ဘိဒါဉာဏ်တို့သို့ ရောက်ရှိတော်မူကြကုန်၏။ သာဝက တို့သည်ကား အထက်တွင်ဖော်ပြထားသော ထိုအကြောင်းတရား (၅)ပါးလုံးတို့ကိုပင် အမှီပြု၍ ပဋိသမ္ဘိဒါဉာဏ် တို့သို့ ရောက်ရှိသွားကြကုန်၏။ (ဝိသုဒ္ဓိ၊၂၊၇၂။)

၁။ ဒုက္ခသစ္စာ၌ သိသောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် မည်၏၊ အကြောင်း၏အကျိုး၌ သိသောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် မည်၏။

၂။ ဒုက္ခသစ္စာ၏အကြောင်း သမုဒယသစ္စာ၌ သိသောဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ် မည်၏။ အကြောင်းတရား၌ သိသောဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ်မည်၏။

၃။ ထိုဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော အတ္ထ ဓမ္မ သဘာဝတရားတို့၌ အခေါ်အဝေါ် အသုံးအနှုန်းကို ကျွမ်းကျင်လိမ္မာသော ဉာဏ်သည် အထူးသဖြင့် မာဂဓဘာသာစကား၌ ကျွမ်းကျင်လိမ္မာသော ဉာဏ်သည် နိရုတ္တိပဋိသမ္ဘိဒါဉာဏ် မည်၏။

၄။ အတ္ထပဋိသမ္ဘိဒါဉာဏ်, ဓမ္မပဋိသမ္ဘိဒါဉာဏ်, နိရုတ္တိပဋိသမ္ဘိဒါဉာဏ်တို့ကို တစ်ဖန်ပြန်၍သိသော ဉာဏ်သည် ပဋိဘာနပဋိသမ္ဘိဒါဉာဏ် မည်၏။ (အဘိ၊၂၊၃၀၇-၃၀၈။ ဝိသုဒ္ဓိ၊၂၊ရဝ-၇၂။)

အထက်တွင် တင်ပြထားသော အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အရှင်ဗာဟိယဒါရုစိရိယ မထေရ်မြတ်ကြီးတို့ကား အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူသည်နှင့် တစ်ပြိုင်နက် ပဋိသမ္ဘိဒါ ဉာဏ်တို့ကိုပါ တစ်ပါတည်း ရရှိတော်မူကြသော သူတော်ကောင်းကြီးများ ဖြစ်တော်မူကြ၏။ ထိုကဲ့သို့သော အသိထူး ဉာဏ်ထူးကြီးများကို ရရှိတော်မူနိုင်ရန် အဂ္ဂသာဝကကြီး နှစ်ပါးတို့သည် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလ ပတ်လုံး, အရှင်ဗာဟိယဒါရုစိရိယ ကိုယ်တော်မြတ်ကြီးသည် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ရှေးရှေး ဘုရားရှင် တို့၏ သာသနာတော်တွင်း၌ အထက်တွင် တင်ပြထားသော အကြောင်းတရား အချို့တို့ကို ဖြည့်ကျင့် ဆည်းပူးတော် မူခဲ့ကြပြီး ဖြစ်တော်မူကြ၏။ ထိုအကြောင်းတရား (၅)ပါးတို့တွင် ဤ၌ အထူး အလေးဂရုပြု၍ ပြောဆိုလိုသော အကြောင်းတရားကား ပုဗ္ဗယောဂ ဟူသော အကြောင်းတရားပင် ဖြစ်၏။ ထိုအရှင်မြတ်ကြီးတို့သည် ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်း၌ အနုလောမဉာဏ် ဂေါတြဘုဉာဏ်တို့၏ အနီးအပါး၌ ဖြစ်လေ့ရှိသော သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် သင်္ခါရတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် ကြိတ်ချေတော်မူခဲ့ဖူးကြ၏။ တစ်နည်းအားဖြင့် ဆိုရသော် ---

၁။ ဒုက္ခသစ္စာ အမည်ရသော --- အတိတ်-အနာဂတ်-ပစ္စုပ္ပန်-အဇ္ဈတ္တ-ဗဟိဒ္ဓ-ဩဠာရိက-သုခုမ-ဟီန-ပဏီတ- ဒူရ-သန္တိကဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခဲ့ဖူး၏၊ သိခဲ့ဖူး၏၊ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ယင်းတရားများကို ဉာဏ်ဖြင့် ကြိတ်ချေခဲ့ဖူး၏၊ နင်းနယ်ခဲ့ဖူး၏။

၂။ သမုဒယသစ္စာ အမည်ရသော -- ကြောင်း-ကျိုးဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခဲ့ဖူး၏၊ သိခဲ့ဖူး၏၊ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ယင်းပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကို ဉာဏ် ဖြင့် ကြိတ်ချေခဲ့ဖူး၏၊ နင်းနယ်ခဲ့ဖူး၏။

၃။ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော -- ယင်းသင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာဉာဏ်ဖြင့် ကြိတ်ချေခဲ့ဖူး၏၊ နင်းနယ်ခဲ့ဖူး၏၊ ယင်းသင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို ဝိပဿနာသမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ခဲ့ဖူး၏၊ သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို လျစ်လျူရှုနိုင်သော ဥဒါသိန်မူနိုင်သော သင်္ခါရုပေက္ခာဉာဏ်သို့ ဆိုက်အောင် လုံ့လကြိုးကုတ် အားထုတ်ခဲ့ဖူး၏။

ဤအချက်တို့ကား ထိုသူတော်ကောင်းကြီးတို့၏ ပုဗ္ဗယောဂတည်း။ ထိုကြောင့် ထိုသူတော်ကောင်းကြီး တို့တွင် အဂ္ဂသာဝကကြီး နှစ်ဦးသားတို့သည် ဤဘဝဝယ် သောတာပန် မဖြစ်မီ အချိန်၌, အရှင်ဗာဟိယဒါရုစိရိယသည် အရဟတ္တဖိုလ်သို့ မဆိုက်မီ အချိန်၌ သင်္ခါရတရားတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် မကြိတ်ချေလိုက်ရသော်လည်း ကြိတ်ချေဖို့ရန် အချိန် မရလိုက်သော်လည်း ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်း၌ကား ယင်းသင်္ခါရတရားတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ဉာဏ်ဖြင့် ကြိတ်ချေခဲ့ဖူးသည်သာ ဖြစ်ကုန်၏၊ နင်းနယ်ခဲ့ဖူးသည်သာ ဖြစ်ကုန်၏။ ထိုကဲ့သို့ ဉာဏ်ဖြင့် ကြိတ်ချေ နင်းနယ် ခဲ့ဖူးခြင်းသည်ပင်လျှင် သစ္စာလေးပါးကို ထွင်းဖောက်သိမြင်ရေး၌ အားကြီးသောမှီရာ ဥပနိဿယ အကြောင်းတရား တစ်ခု ဖြစ်လာရပေသည်။

ထိုကဲ့သို့ ပြည့်စုံလုံလောက်သော ပုဗ္ဗယောဂရှိပြီးသူ သူတော်ကောင်းကြီးများနှင့် အသင်သူတော်ကောင်းသည် ပခုံးချင်းတက်၍ မယှဉ်ပြိုင်သင့်လှပေ။ အကယ်၍ ပခုံးချင်းယှဉ်ပြိုင်လိုသည် ဖြစ်အံ့၊ ထိုသူတို့သည်ပင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ရုပ်-နာမ်တို့ကို မသိမ်းဆည်းဘဲ မဂ် ဖိုလ် နိဗ္ဗာန်ကို ရသွားကြ၏၊ ငါသည်လည်းပဲ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ရုပ်-နာမ်တို့ကို မသိမ်းဆည်းလျှင်လည်း မဂ် ဖိုလ် နိဗ္ဗာန်ကို ရနိုင်သည်ဟု အထင်ရောက်ခဲ့သည် ဖြစ်အံ့၊ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးတို့ သောတာပန် ဖြစ်တော်မူသွားကြသည့် တရားဂါထာလေးကို နာကြားကြည့်ပါ၊ သို့မဟုတ် ဖတ်ရှုကြည့်ပါ။

ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ။

တေသဉ္စ ယော နိရောဓော၊ ဧဝံ ဝါဒီ မဟာသမဏော။

၁။ အကြင် ဒုက္ခသစ္စာတရားတို့သည် သမုဒယသစ္စာတရားလျှင် အမွန်အစ ရှိကြကုန်၏၊ ထို ဒုက္ခသစ္စာတရား တို့ကိုလည်းကောင်း,

၂။ ထို ဒုက္ခသစ္စာတရားတို့၏ အကြောင်းရင်း သမုဒယသစ္စာတရားကိုလည်းကောင်း,

၃။ ထို ဒုက္ခသစ္စာ (သမုဒယသစ္စာ) တရားတို့၏ ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း နိရောဓသစ္စာတရားကိုလည်းကောင်း,

၄။ ထို နိရောဓသစ္စာ = နိဗ္ဗာန်သို့ ဆိုက်ရောက်ကြောင်း မဂ္ဂသစ္စာတရားကိုလည်းကောင်း ---

တထာဂတ အမည်ရတော်မူသော ဘုရားရှင်သည် ဤ သစ္စာလေးပါးတရားကို ဟောကြားတော်မူ၏။ မဟာသမဏ အမည်ရတော်မူသော ရဟန်းမြတ် ဖြစ်တော်မူသော ဂေါတမ ရှင်တော်မြတ်ဘုရားသည် ဤကဲ့သို့သော အယူဝါဒ ရှိတော်မူ၏။ (ဝိ၊၃၊၅၁။ ခု၊၃၊၂၇။)

ဤအထက်ပါ တရားဂါထာ တစ်ပုဒ်ကို ကြားနာရရုံမျှဖြင့် အဂ္ဂသာဝကကြီး နှစ်ဦးတို့သည် သောတာပတ္တိဖိုလ်၌ တည်တော်မူခဲ့ကြ၏။ အသင်သူတော်ကောင်းသည်လည်းပဲ ဤအထက်ပါ ဂါထာဒေသနာတော်ကို ကြားနာရရုံမျှဖြင့် သို့မဟုတ် ဖတ်ရှုကြည့်ရရုံမျှဖြင့် သောတာပတ္တိမဂ် ဖိုလ်၌ တည်သည် မတည်သည်ကို မိမိကိုယ် ကို မိမိ ဆန်းစစ်ကြည့်ပါ၊ မေးမြန်းကြည့်ပါ။ အကယ်၍ သောတာပန် မဖြစ်ပါဟု အဖြေပေးနိုင်လျှင်ကား လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သင်္ခါရတရားတို့ကို ဉာဏ်ဖြင့် ကြိတ်ချေရမည်ဟူသော ကျမ်းဂန် အဆိုအမိန့် များကို ပြန်လည်၍ ဆန်းစစ်သင့်လှပေသည်။

တစ်ဖန် ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြထားခဲ့သော အရှင်ဗာဟိယဒါရုစိရိယ အလောင်းလျာအား ဘုရားရှင် ဟောကြားပေးတော်မူသည့် --- ဒိဋ္ဌေ ဒိဋ္ဌမတ္တံ --- ကျင့်စဉ်ကို နာကြားကြည့်ပါ၊ သို့မဟုတ် ဖတ်ရှုကြည့်ပါ။ ထိုတရားတော်ကို နာကြားပြီးသောအခါ သို့မဟုတ် ဖတ်ရှုပြီးသောအခါ မိမိသည်လည်းပဲ အရှင် ဗာဟိယဒါရုစိရိယကဲ့သို့ အရဟတ္တဖိုလ်၌ တည်-မတည်ကို မိမိကိုယ်ကို မိမိ မေးကြည့်ပါ။ အကယ်၍ --- အရဟတ္တဖိုလ်၌ မတည်ပါ --- ဟု အဖြေထွက်ခဲ့လျှင်ကား အရှင်ဗာဟိယဒါရုစိရိယ မထေရ်မြတ်နှင့်ကား ပခုံးချင်း တက်၍ မယှဉ်ပြိုင်သင့်လှပေ။ သိတော်မူ မြင်တော်မူ၍ ဟောကြားထားတော်မူသော ဘုရားရှင်၏ တရားတော်၌ လည်းကောင်း, တရားတော်၏ အနက်အဓိပ္ပါယ်ကို သိလွယ်အောင် ဖွင့်ဆိုထားတော်မူကြသော အဋ္ဌကထာတို့ အပေါ်၌လည်းကောင်း တရားစစ်တရားမှန်ကို လိုလားတောင့်တလျက်ရှိသော အမျိုးကောင်းသား အမျိုးကောင်း သမီး မှန်သမျှသည် ယုံကြည်ကိုးစားသော စိတ်ထား ဖြူစင် ဖြောင့်စင်းသော မနသိကာရတရား ထင်ရှားရှိသင့်လှ ပေသည်။

လက္ခဏ - ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန် အဓိပ္ပါယ်

လက္ခဏ - ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန် အဓိပ္ပါယ်

လက္ခဏာဒီသု ဟိ တေသံ တေသံ ဓမ္မာနံ သဘာဝေါ ဝါ သာမညံ ဝါ လက္ခဏံ နာမ၊ ကိစ္စံ ဝါ သမ္ပတ္တိ ဝါ ရသော နာမ၊ ဥပဋ္ဌာနာကာရော ဝါ ဖလံ ဝါ ပစ္စုပဋ္ဌာနံ နာမ။ အာသန္နကာရဏံ ပဒဋ္ဌာနံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

၁။ လက္ခဏ --- သဘာဝလက္ခဏာ သာမညလက္ခဏာဟု လက္ခဏာ နှစ်မျိုးရှိ၏။ အနိစ္စလက္ခဏာ ဒုက္ခ လက္ခဏာ အနတ္တလက္ခဏာဟူသော လက္ခဏာ သုံးပါးတို့သည် သင်္ခါရတရားအားလုံးတို့နှင့် သက်ဆိုင်သော ကြောင့် အများဆိုင် သာမညလက္ခဏာ မည်၏။ ယင်းအများဆိုင် သာမညလက္ခဏာကား ဝိပဿနာပိုင်းနှင့်သာ သက်ဆိုင်သဖြင့် ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ ယောဂါဝစရပုဂ္ဂိုလ်သည် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ် တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုရမည် ဖြစ်၏။

ရုပ်တရားအားလုံးတို့၏ အပူအအေးစသော ဆန့်ကျင်ဘက် အကြောင်းတရားတို့ကြောင့် ရှေးကဖြစ်သွားသော ရုပ်သန္တတိအစဉ်နှင့် မတူသော နောက်နောက်သော ရုပ်သန္တတိအစဉ်၏ ဖြစ်ခြင်းဟူသော ဖြစ်ပုံအခြင်းအရာ မတူညီဘဲ ပုံစံအမျိုးမျိုး ပြောင်းလဲ၍ဖြစ်ခြင်း = ရုပ္ပနလက္ခဏာသည် ရုပ်တရားအားလုံးတို့နှင့် သက်ဆိုင်သော အများဆိုင် သာမညလက္ခဏာပင် ဖြစ်၏။ နာမ်တရားအားလုံးတို့၏လည်း မိမိတို့အာရုံပြုရာ ဆိုင်ရာဆိုင်ရာ အာရုံဘက်သို့ ညွတ်ကိုင်းရှိုင်းခြင်းသဘော = နမနလက္ခဏာသည်လည်း နာမ်တရားအားလုံးတို့နှင့် သက်ဆိုင်သော အများဆိုင် သာမညလက္ခဏာပင် ဖြစ်၏။ ဤရုပ်တရား နာမ်တရားတို့၏ ရုပ္ပနလက္ခဏာ, နမနလက္ခဏာဟူသော သာမညလက္ခဏာကား ဤ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းနှင့် သက်ဆိုင်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ဤ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌ပင် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုရမည် ဖြစ်၏။

ထိုထို ရုပ်တရား နာမ်တရားတို့၏ အများနှင့် မဆက်ဆံသော မိမိ၏ ကိုယ်ပိုင်အမှတ် အသား သဘောရင်းကို သဘာဝလက္ခဏာဟု ခေါ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ဤ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌ ယင်းပရမတ္ထဓမ္မ အသီးအသီး၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ရှုရမည် ဖြစ်၏။

၂။ ရသ --- ကိစ္စံ ဝါ သမ္ပတ္တိ ဝါ ရသော နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။) ရသော တေဿဝ အတ္တနော ဖလံ ပတိ ပစ္စယဘာဝေါ။ (ဒီ၊ဋီ၊၂၊၅၃။)

ထိုထို ရုပ်တရား နာမ်တရား၏ မိမိ၏အကျိုးကို အစွဲပြု၍ ကျေးဇူးပြုတတ်သည်၏ အဖြစ်ကို ရသ ဟု ခေါ်ဆိုသည်။ ယင်း ရသသည်လည်း ပရမတ္ထ ဓာတ်သားတရားတို့၏ ပြုဖွယ်ကိစ္စဟူသော ကိစ္စရသ, အကြောင်း စုံညီ၍ ဖြစ်ပုံဟူသော သမ္ပတ္တိရသ, တစ်နည်း ထင်ရှားရှိနေသော ဂုဏ်ဟူသော သမ္ပတ္တိရသဟု ရသနှစ်မျိုး ရှိ၏။ထိုတွင် အချို့တရား၌ ကိစ္စရသ ထင်ရှား၍ အချို့တရား၌ သမ္ပတ္တိရသ ထင်ရှား၏။ ထို ရသများသည် ဆိုင်ရာ တရား၌ ထင်ရှားလတ္တံ့။

၃။ ပစ္စုပဋ္ဌာန် --- ဥပဋ္ဌာနာကာရော ဝါ ဖလံ ဝါ ပစ္စုပဋ္ဌာနံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။) ဥပဋ္ဌာနာကာရောတိ ဂဟေတဗ္ဗဘာဝေန ဉာဏဿ ဥပဋ္ဌဟနာကာရော။ ဖလံ ပန အတ္တနော ကာရဏံ ပဋိစ္စ တပ္ပဋိဗိမ္ဗဘာဝေန, ပဋိမုခံ ဝါ ဥပဋ္ဌာတီတိ ပစ္စုပဋ္ဌာနံ။ (မူလဋီ၊၁၊၆၄။) ပစ္စုပဋ္ဌာနံ တဿ ပရမတ္ထတော ဝိဇ္ဇမာနတ္တာ ယာထာဝတော ဉာဏဿ ဂေါစရဘာဝေါ။ (ဒီ၊ဋီ၊၂၊၅၃။)

ထိုထို ရုပ်တရား နာမ်တရား၏ ပရမတ္ထအားဖြင့် ထင်ရှားရှိသည်၏ အဖြစ်ကြောင့် ဟုတ်တိုင်းမှန်စွာ ဉာဏ်၏ ကျက်စားရာအာရုံ၏ အဖြစ်ကို ပစ္စုပဋ္ဌာန်ဟု ခေါ်၏။ ထိုပစ္စုပဋ္ဌာန်သည်လည်း ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန် ဖလ ပစ္စုပဋ္ဌာန်ဟု (၂)မျိုး ရှိ၏။ ထိုတွင် ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်ဟူသည် ထိုထို ပရမတ္ထဓာတ်သား တရားတစ်ခုခုကို ရှုဆင်ခြင်သည့်အခါ ဉာဏ်ဖြင့် ယူထိုက်သည်၏ အဖြစ်ကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်အား ထင်လာမြင်လာသော အခြင်းအရာတည်း။ ဖလပစ္စုပဋ္ဌာန်ဟူသည် မိမိ၏ အကြောင်းတရားကို အစွဲပြု၍ ထိုအကြောင်းတရားနှင့် တူသည်၏ အဖြစ်ဖြင့် အကြောင်းသို့ ရှေးရှုတည်နေတတ်သော သဘောတည်း။ ကိစ္စရသကြောင့် ရထိုက်သော အကျိုးတရားပင်တည်း။

၄။ ပဒဋ္ဌာန် --- အာသန္နကာရဏံ ပဒဋ္ဌာနံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။) ပဒဋ္ဌာနံ အာသန္နကာရဏံ၊ တေနဿ ပစ္စယာယတ္တဝုတ္တိတာ ဒဿိတာ။ (ဒီ၊ဋီ၊၂၊၅၃။)

ထိုထို ပရမတ္ထဓာတ်သားကို ဖြစ်ပေါ်စေတတ်သော ဝေးသောအကြောင်းတရား နီးသောအကြောင်းတရား ဟူသော အကြောင်းတရား များစွာတို့တွင် အနီးကပ်ဆုံးသော အကြောင်းတရားသည် ပဒဋ္ဌာန် မည်၏။ ထိုပဒဋ္ဌာန် ဟူသော စကားဖြင့် ထိုပရမတ်တရား၏ အကြောင်းတရားနှင့်စပ်သော ဖြစ်ခြင်းရှိသည်၏ အဖြစ်ကို ညွှန်ပြလျက် ရှိ၏။

ကြိုတင်သိမှတ်ရန်

ကြိုတင်သိမှတ်ရန်

ရုပ်တရား နာမ်တရားတို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်၏ အစွမ်းဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် သိမ်းဆည်းရမည် ရှုပွားရမည်ဖြစ်ရာ, ရုပ်တရား နာမ်တရားတို့မည်သည် မှာလည်း တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအင်သတ္တိ မရှိဘဲ ရုပ်ကလာပ် နာမ်ကလာပ်ဟူသော အုပ်စုလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိသည့်အလျောက် ရုပ်ကလာပ် နာမ်ကလာပ်များကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ပါမှ ပရမတ်သို့ဆိုက်အောင် ဓာတ်ခွဲနိုင်ပါမှ ဤ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်ကို ပြည့်ပြည့်စုံစုံ ပုံစံမှန် သဘောပေါက်နိုင်မည် ရှုနိုင်မည် ဖြစ်ပေသည်။

ဤ လက္ခဏာဒိစတုက္ကပိုင်းတွင် ပါဠိကျက်လိုသူတို့အတွက် ပါဠိသက်သက်ကိုလည်း ဖော်ပြထား၏၊ ပါဠိ ကို မကျွမ်းကျင်သူတို့အတွက် မြန်မာပြန်သက်သက်ကိုလည်း အတိုကောက် ကျက်မှတ်လွယ်ကူရန် ရေးသားထား၏။ ထိုတွင် ---

၁။ လက္ခဏ,

၂။ ရသ,

၃။ ပစ္စုပဋ္ဌာန်,

၄။ ပဒဋ္ဌာန် ---

ဤသို့ အစဉ်အတိုင်း အသီးအသီး မှတ်ပါ။ ဘာသာပြန်ဆိုရာ၌ ပြည်ဆရာတော်ဘုရားကြီး၏ ဝိသုဒ္ဓိမဂ် နိဿယနှင့် ထိုထို ကျမ်းဆရာမြတ်တို့၏ ဘာသာပြန် အမျိုးမျိုးတို့ကို မှီငြမ်းပြု၍ အတိုဆုံး အလွယ်ဆုံးဖြစ်အောင် ကျက်မှတ်၍ လွယ်ကူအောင် စီစဉ်ထား၏။ ပါဠိတစ်ချက် အနက်တစ်ချက် ဘာသာပြန်ဆိုနည်းမှာ ပါဠိကို ကျွမ်းကျင်သူများအတွက် အလွန်ကောင်းမွန်သော အလွန်တိကျသော ဘာသာပြန်ဆိုနည်း တစ်ခုပင် ဖြစ်သော်လည်း ပါဠိစာပေ၌် မကျွမ်းကျင်သူများအဖို့ကား ကျက်မှတ်ရန် မလွယ်ကူလှသဖြင့် မြန်မာပြန်သက်သက်ကိုသာ ရေးသားတင်ပြထား၏။

ရုပ် (၂၈) ပါး = ရူပက္ခန္ဓကထာ အခန်း

ရုပ် (၂၈) ပါး = ရူပက္ခန္ဓကထာ အခန်း

၁။ ပထဝီဓာတ်

၁။ ကက္ခဠတ္တလက္ခဏာ ပထဝီဓာတု၊

၂။ ပတိဋ္ဌာနရသာ၊

၃။ သမ္ပဋိစ္ဆနပစ္စုပဋ္ဌာနာ၊

၄။ အဝသေသဓာတုတ္တယပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။ ဝိသုဒ္ဓိ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၃။)

၁။ ပထဝီဓာတ်သည်

၁။ ပထဝီဓာတ်သည်

၁။ ခက်မာခြင်း ( = တောင့်မာခြင်း, ခိုင်မာခြင်း) သဘောလက္ခဏာ ရှိ၏။

၂။ မိမိမှကြွင်းသော ကလာပ်တူ ရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း (ကိစ္စ) ရသ ရှိ၏။

၃။ မိမိမှကြွင်းသော ကလာပ်တူ ရုပ်တရားတို့ကို အောက်ကခံထားတတ်သော သဘောတရားဟု ယောဂီ၏ ဉာဏ်တွင် ရှေးရှူထင်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။

၄။ မိမိမှကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါးလျှင် နီးစွာသောအကြောင်း ပဒဋ္ဌာန် ရှိ၏။

မှတ်ချက် --- အထက်ပါ ဘာသာပြန်ဆိုချက်မှာ အတိုဆုံး ဘာသာပြန်ဆိုချက် တစ်မျိုးပင် ဖြစ်သည်၊ ထို ဘာသာပြန်ကို နားလည်ရန် ထပ်မံရှင်းလင်းချက်များကား လိုအပ်နေမည်သာ ဖြစ်သည်။ သို့သော် စာနေ ကျဉ်းရန်လည်းကောင်း, နောက်နောက် လက္ခဏ-ရသ စသည်တို့၌ နည်းတူမှတ်ရန်လည်းကောင်း ရည်ရွယ်၍ အနည်းငယ် တိုတောင်းသော ဘာသာပြန်ဆိုမှု တစ်ခုကို ထပ်မံ တင်ပြအပ်ပါသည်။ အတိုကောက်ပင် ရေးသား ထားသော်လည်း အထက်ပါ ဘာသာပြန်အတိုင်း အရကျက်လိုက ကျက်ပါ။ သဘောအဓိပ္ပါယ်ကိုမူကား အထက် ပါ ဘာသာပြန်အတိုင်းသာ မှတ်ပါ။ ကြွင်းကျန်သော လက္ခဏ-ရသ စသည်တို့၌လည်း နည်းတူ မှတ်ပါ။

၁။ ပထဝီဓာတ်

၁။ ပထဝီဓာတ်

၁။ ခက်မာခြင်း ( = တောင့်မာခြင်း, ခိုင်မာခြင်း) သဘော လက္ခဏ၊

၂။ မိမိမှ ကြွင်းသော ကလာပ်တူ ရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း (ကိစ္စ) ရသ၊

၃။ မိမိမှ ကြွင်းသော ကလာပ်တူ ရုပ်တရားတို့ကို အောက်ကခံထားတတ်သောသဘောတရား - ပစ္စုပဋ္ဌာန်၊

၄။ မိမိမှ ကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါး ပဒဋ္ဌာန်။

ရှုပုံနည်းစနစ်

ရှုပုံနည်းစနစ်

(၆)ဒွါရ, (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်ကလာပ်တိုင်း၌လည်းကောင်း, ရုပ်အတုများ ပါဝင်သော စိတ္တဇကလာပ် ဥတုဇကလာပ် အာဟာရဇကလာပ်တိုင်း၌လည်းကောင်း ပထဝီဓာတ်သည် အမြဲတမ်း ပါဝင်လျက် ရှိ၏။ ခန္ဓာအိမ်အတွင်းဝယ် တစ်စိတ်သားခန့်မျှရှိသော ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ရှိသော ပထဝီဓာတ်တိုင်း ပထဝီဓာတ်တိုင်းကိုကား သာဝကတို့သည် ကုန်စင်အောင် မရှုနိုင်ပေ။ သို့သော် ရုပ်တုံးရုပ်ခဲဟူသော ရုပ်ဃန အတုံးအခဲ ပြိုရေး ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ရေးအတွက် ယင်း (၆)ဒွါရ, (၄၂)ကောဋ္ဌာသတို့၌ ရှိသော ရုပ်ကလာပ်အမျိုးအစားတိုင်း၌ ပါဝင်သော ပထဝီဓာတ်တိုင်းကိုကား လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်ရမည် ဖြစ်၏။

သို့အတွက် မိမိသိမ်းဆည်းလိုသည့် ပထဝီဓာတ်ပါဝင်သည့် ရုပ်ကလာပ်ကို ရှေးဦးစွာ ဓာတ်ခွဲပြီးလျှင် ရုပ်ပရမတ် သဘောတရားသက်သက်ကို မြင်သောအခါမှ မိမိရှုပွား သိမ်းဆည်းလိုသော ပထဝီဓာတ်ကို ရွေးထုတ်၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်၏ အစွမ်းဖြင့် သိမ်းဆည်းပါ။

သို့သော် ပို၍ကောင်းသော စနစ်တစ်ခုမှာ ရုပ်ကလာပ်အလိုက် (၁၀)လုံးရှိက (၁၀)လုံး, (၉) လုံးရှိက (၉) လုံး, (၈)လုံးရှိက (၈)လုံးသော ရုပ်သဘောတရားတို့ကို ကုန်စင်အောင် ရှုခြင်းက ပို၍ကောင်းပေသည်။ စက္ခုဒွါရ = မျက်စိဌာန၌ ရုပ်ကလာပ် အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးရှိရာ ယင်း (၅၄)မျိုးသော ရုပ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် သိမ်းဆည်းပါ။ အဇ္ဈတ္တ၌ (၅၄)မျိုးသော ရုပ်တရားတို့ကို သိမ်းဆည်းပြီးသောအခါ ဗဟိဒ္ဓ၌လည်း ယင်း (၅၄)မျိုးသော ရုပ်တရားတို့ကို နည်းတူ ဆက်လက်၍ သိမ်းဆည်းပါ။ ထိုနောင် သောတဒွါရ စသည်တို့၌လည်းကောင်း, (၄၂)ကောဋ္ဌာသတို့၌လည်းကောင်း ပုံစံတူပင် ဆက်လက်သိမ်းဆည်းပါ။ ထိုကဲ့သို့ သိမ်းဆည်းနိုင်ရေးအတွက် အသင်သူတော်ကောင်းသည် ရုပ် (၂၈)ပါးတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ရှေးဦးစွာ အလွတ်ရရှိထားဖို့ ကျေညက်နေဖို့ လိုအပ်ပေသည်။ သို့မှသာလျှင် ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို ကုန်စင်အောင် ဃနပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းနိုင်မည် ဖြစ်သည်။

ဥပမာ --- စက္ခုဒွါရဝယ် စက္ခုဒသကကလာပ်၌ တည်ရှိနေသော ရုပ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် သိမ်းဆည်းလိုသည် ဖြစ်အံ့၊ မိမိ သိမ်းဆည်းရှုပွားလိုသော စက္ခုဒသကကလာပ်၌ (၁၀)မျိုးသော ရုပ်ပရမတ် သဘောတရားတို့ကို ရှေးဦးစွာ သိမ်းဆည်းပါ။ မျက်စိ၌ စက္ခုဒသကကလာပ်ပေါင်းများစွာ ရှိရာဝယ် မိမိ သိမ်းဆည်းလိုသော စက္ခုဒသကကလာပ်၌သာ (၁၀)မျိုးသော ရုပ်ပရမတ် သဘောတရားတို့ကို ရှေးဦးစွာ သိမ်းဆည်းရန် ဖြစ်သည်။ ထိုသို့ သိမ်းဆည်းပြီးမှ ထို (၁၀)မျိုးသော ရုပ် သဘောတရားများမှ ပထဝီဓာတ်ကို ရွေးထုတ်၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် ယင်းပထဝီ ဓာတ်ကို ထပ်မံ၍ သိမ်းဆည်းပါ။ ထိုနောင် ယင်းစက္ခုဒသကကလာပ်၌ တည်ရှိသော ပထဝီမှကြွင်းသော အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ-ဇီဝိတ-စက္ခုပသာဒ ဟူသော (၉)မျိုးသော ရုပ်တရားတို့ကိုလည်း တစ် လုံးစီ တစ်လုံးစီ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်၏ အစွမ်းဖြင့် ဆက်လက်၍ အစဉ်အတိုင်း သိမ်းဆည်းပါ။ အလားတူပင် စက္ခုဒွါရ၌ တည်ရှိကြသော ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, စိတ္တဇအဋ္ဌကလာပ်, ဥတုဇအဋ္ဌကလာပ်, အာဟာရဇအဋ္ဌကလာပ်တို့၌လည်း အစဉ်အတိုင်း ဆက်လက် သိမ်းဆည်းပါ။ ရုပ်ကမ္မဋ္ဌာန်း ပိုင်းတွင် ရေးသားထားသော ရုပ်ကမ္မဋ္ဌာန်း ဇယားများအတိုင်း (၅၄)မျိုးသော ရုပ်တရားတို့ကို အဇ္ဈတ္တ-ဗဟိဒ္ဓ နှစ်ဌာနတို့၌ ကုန်စင်အောင် သိမ်းဆည်းပါ။ (၆)ဒွါရ, (၄၂)ကောဋ္ဌာသ စသည်တို့၌ ပုံစံတူပင် သိမ်းဆည်းရမည် ဖြစ်သည်။

ပထဝီဓာတ် --- စက္ခုဒသက ကလာပ်ဝယ် ရုပ်ပရမတ် သဘောတရား (၁၀)မျိုးထဲမှ ပထဝီဓာတ်ကို ရွေး ထုတ်၍ မာမှုသဘော = ခက်မာခြင်းသဘောကို မြင်အောင်ရှုပါ။ ပထဝီဓာတ်၏ သဘာဝလက္ခဏာပင်တည်း။ မဟာရာဟုလောဝါဒသုတ္တန် စသည်တို့၌ ပထဝီဓာတ်ကို ကက္ခဠံ ခရိဂတံဟု မာမှုသဘော ကြမ်းမှုသဘော သဘောနှစ်မျိုး ဟောထားတော်မူ၏။ နှစ်မျိုးလုံးကိုပင် ရှုနိုင်ပါသည်။ တစ်ဖန် ယင်းပထဝီဓာတ်သည် မိမိမှ ကြွင်းသော (၉)မျိုးသော ကလာပ်တူရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း လုပ်ငန်းကိစ္စကို ရွက်ဆောင်လျက် ရှိ၏။ ကိစ္စရသတည်း။ ယင်း သဘောတရားကိုလည်း မြင်အောင်ရှုပါ။ စက္ခုဒွါရ၌ စက္ခုဒသကကလာပ်ပေါင်းများစွာ ရှိရာ ယင်းပထဝီဓာတ်သည် ကလာပ်တူရုပ်တရားတို့၏သာ တည်ရာဖြစ်ခြင်း ကိစ္စ ရှိ၏၊ ကလာပ်ကွဲပြားကုန်သော ကလာပ်ပြား ရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း လုပ်ငန်းကိစ္စကို မရွက်ဆောင်နိုင်။ မိမိမှကြွင်းသော ကလာပ်တူ ရုပ်တရားတို့၏သာ တည်ရာဖြစ်ခြင်း လုပ်ငန်းကိစ္စရပ်ကို ရွက်ဆောင်ပေးနိုင်၏။ ကြွင်းရုပ်ကလာပ်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။

ထိုသို့ ပထဝီဓာတ်သည် မိမိမှကြွင်းသော ကလာပ်တူရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း လုပ်ငန်းကိစ္စကို ရွက်ဆောင်နေသောကြောင့်ပင်လျှင် ထိုပထဝီဓာတ်ကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝတွင် ယင်းပထဝီဓာတ်သည် မိမိမှကြွင်းသော ကလာပ်တူ ရုပ်တရားတို့ကို အောက်က ခံထားတတ်သော သဘောတရား = အောက်က ခံလင့်သော အခြင်းအရာအားဖြင့် ဖြစ်နေသော သဘောတရားဟု ထင်လာ၏။ ပစ္စုပဋ္ဌာန်တည်း။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။ ပထဝီဓာတ်သည် မိမိမှကြွင်းသော ကလာပ်တူ ရုပ်တရားတို့၏တည်ရာဖြစ်ခြင်း လုပ်ငန်းကိစ္စကို ရွက်ဆောင်နေသဖြင့် ပထဝီဓာတ်က အောက်က, ကြွင်းကလာပ်တူ ရုပ်တရားတို့က ပထဝီဓာတ် ကို မှီနေသည့် အပေါ်က တည်နေသည့် သဘောတရားများအဖြစ် ယင်းပထဝီဓာတ်ကို ရှုနေသော ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်ဝတွင် ရှေးရှူထင်လာသည်ဟု ဆိုလိုသည်။ ဉာဏ်ဖြင့် မြင်အောင် ရှုပါ။

ပထဝီဓာတု အာပေါသင်္ဂဟိတာ တေဇောအနုပါလိတာ ဝါယောဝိတ္ထမ္ဘိတာ တိဏ္ဏံ မဟာဘူတာနံ ပတိဋ္ဌာ ဟုတွာ ပစ္စယော ဟောတိ။ (ဝိသုဒ္ဓိ၊၁၊၃၆၅။)

ပထဝီဓာတ်သည် မိမိမှကြွင်းသော ကလာပ်တူ ဓာတ်ကြီး (၃)ပါးလျှင် နီးစွာသောအကြောင်း ရှိ၏။ အာ ပေါဓာတ်က ကလာပ်တူ ရုပ်တရားတို့ကို ပေါင်းစု ဖွဲ့စည်းပေးပါမှ, တေဇောဓာတ်ကလည်း မိမိ၏ အပူဓာတ်ငွေ့ ဖြင့် ကလာပ်တူ ရုပ်တရားတို့ကို ရင့်စေ ကျက်စေသည်၏ အစွမ်းဖြင့် စောင့်ရှောက်ပေးပါမှ, ဝါယောဓာတ်ကလည်း ကလာပ်တူ ရုပ်တရားတို့ကို ထောက်ကန်ပေးပါမှ, ပထဝီဓာတ်သည် ကလာပ်တူ မဟာဘုတ်တို့နှင့် တကွသော ရုပ်တရားတို့အား တည်ရာအဖြစ်ဖြင့် ကျေးဇူးပြုပေးနိုင်၏။ ကလာပ်တူ ရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း လုပ်ငန်း ရပ်ကိုလည်း ရွက်ဆောင်ပေးနိုင်၏။ ကျန်ဓာတ် (၃)ပါး မပါဘဲ မိမိချည်းသက်သက် ကလာပ်တူရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း လုပ်ငန်းကိစ္စကို မရွက်ဆောင်နိုင်။ သို့အတွက် ပထဝီဓာတ်သည် မိမိမှကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါးလျှင် အနီးကပ်ဆုံးသော အကြောင်းတရားရှိသော တရား ဖြစ်ရပေသည်။ ပဒဋ္ဌာန်ပင်တည်း။

တစ်ဖန် အာပေါဓာတ်ဖြင့် ဖွဲ့စည်းထားအပ်သော, တေဇောဓာတ်ငွေ့ဖြင့် အစဉ်စောင့်ရှောက်ထားအပ်သော, ဝါယောဓာတ်ဖြင့် ထောက်ကန်ထားအပ်သော ပထဝီဓာတ်ကလည်း အာပေါ-တေဇော-ဝါယောဟူသော မိမိမှ ကြွင်းသော ကလာပ်တူ ဓာတ်ကြီး (၃)ပါးတို့၏ တည်ရာ ဖြစ်၍ ထိုဓာတ်ကြီး (၃)ပါးတို့အား တည်ရာအဖြစ်ဖြင့် ကျေးဇူးပြုပေးပြန်၏။ ပထဝီဓာတ်က ယင်းကဲ့သို့ တည်ရာအဖြစ်ဖြင့် ကျေးဇူးပြုပေးခြင်းကြောင့်လည်း အာပေါ ဓာတ်က ကလာပ်တူ ရုပ်တို့ကို ဖွဲ့စည်းနိုင်၏။ တေဇောဓာတ်က ကလာပ်တူ ရုပ်တို့ကို ပူစေ အေးစေ ရင့်ကျက်စေ နိုင်၏။ ဝါယောဓာတ်ကလည်း ပထဝီ၌ ရပ်တည်ရသဖြင့် ကလာပ်တူ ရုပ်တရားတို့ကို ထောက်ကန်ထားနိုင်၏။ အိမ်တစ်အိမ်ကို ကျားခေါ်သည့် သစ်သားချောင်းတစ်ချောင်းဖြင့် ထောက်ကန်ရာ၌ ထောက်ကန်မည့် သစ်သားချောင်း၏ ရပ်တည်ဖို့ရန် မြေနေရာကား လိုအပ်လျက်ပင်ရှိ၏၊ သစ်တုံးတစ်တုံးကို တစ်နေရာမှ တစ်နေရာသို့ ရွေ့သွားအောင် တွန်းကန်ရာ၌လည်း တွန်းကန်မည့်သူများ ရပ်တည်နေဖို့ရန် မြေနေရာကား လိုအပ်လျက်ပင် ရှိ၏။ ဤဥပမာများအတူ မှတ်ပါ။

ဤသို့လျှင် ဓာတ်ကြီးလေးပါးတို့သည် အချင်းချင်း တစ်ပါးသည် တစ်ပါးအား ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဟူ၏သို့ အပြန်အလှန် ကျေးဇူးပြုလျက်ရှိ၏။ ယင်းသို့သော ကျေးဇူးပြုမှုကိုပင် ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် ပဋ္ဌာန်းဒေသနာတော်၌ ဤသို့ ဟောကြားထားတော်မူ၏။ ---

စတ္တာရော မဟာဘူတာ အညမညံ သဟဇာတပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၅။)

ဤကဲ့သို့ ပရမတ္ထတရား တစ်ခုနှင့်တစ်ခု ဆက်သွယ်လျက် သဟဇာတ အညမည နိဿယစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုမှုကိုပင် အဋ္ဌကထာကြီးများက ပဒဋ္ဌာန်ဟု ခေါ်ဝေါ်သုံးစွဲထားခြင်းဖြစ်၏။ သို့အတွက် ပဒဋ္ဌာန်ကို ဘုရားမဟောပါဟု တစ်ဖက်သတ် အယူသန်နေပါလျှင် အသင်သူတော်ကောင်းအတွက် အခွင့် ကောင်းကြီးများ ဆုံးရှုံးသွားနိုင်၏။ အလွန် နက်နဲသိမ်မွေ့သော ပရမတ္ထသစ္စာနယ်၌ ကျက်စားနိုင်သော စွမ်းအင် သတ္တိထူး ရှိသော အသင်သူတော်ကောင်း၏ ဉာဏ်သည် ကျက်စားခွင့် ကွန့်မြူးစမ္ပာယ်ခွင့်ကို မရရှိ ဖြစ်သွားနိုင် ပေသည်။ ပညာရှိသော်လည်း သတိဖြစ်ခဲ၏။

၂။ အာပေါဓာတ်

၂။ အာပေါဓာတ်

၁။ အာပေါဓာတု ပဂ္ဃရဏလက္ခဏာ၊

၂။ ဗြူဟနရသာ၊

၃။ သင်္ဂဟပစ္စုပဋ္ဌာနာ၊

၄။ အဝသေသဓာတုတ္တယပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။ ဝိသုဒ္ဓိ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၃။)

၂။ အာပေါဓာတ်

၂။ အာပေါဓာတ်

၁။ ယိုစီးခြင်းသဘော လက္ခဏ၊

၂။ အတူဖြစ်သော ရုပ်တရားတို့ကို တိုးပွားစေခြင်း (ကိစ္စ) ရသ၊

၃။ ကလာပ်တူ ရုပ်တရားတို့ကို ဖွဲ့စည်းခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိမှ ကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါး ပဒဋ္ဌာန်။

ဝိဿန္ဒနဘာဝေန တံ တံ ဌာနံ အပ္ပေါတိ (ပပ္ပေါတီ)တိ အာပေါ။ ကမ္မသမုဋ္ဌာနာဒိဝသေန နာနာဝိဓေသု အာပေသု ဂတန္တိ အာပေါဂတံ။ ကိံ တံ? အာပေါဓာတုယာ အာဗန္ဓနလက္ခဏံ။ (ဝိသုဒ္ဓိ၊၁၊၃၄၅။)

ဝိဿန္ဒနဘာဝေနာတိ ပဂ္ဃရဏသဘာဝေန။ အပ္ပေါတီတိ ဝိသရတိ။ ပပ္ပေါတီတိ ပါပုဏာတိ၊ သသမ္ဘာရအာပဝသေန စေတံ ဝုတ္တံ။ သော ဟိ ဝိဿန္ဒနဘာဝေန သသမ္ဘာရပထဝီသင်္ခါတံ တံ တံ ဌာနံ ဝိသရတိ ပါပုဏာတိ စ၊ လက္ခဏာပဝသေနေဝ ဝါ။ သောပိ ဟိ သဟဇာတ-အညမည-နိဿယာဒိပစ္စယတာယ သေသဘူတတ္တယသင်္ခါတံ တံ တံ ဌာနံ ဒြဝဘာဝသိဒ္ဓေန ဝိဿန္ဒနဘာဝေန အာဗန္ဓတ္တံ, အာသတ္တတ္တံ, အဝိပ္ပကိဏ္ဏဉ္စ ကရောန္တံ အပ္ပေါတိ ပပ္ပေါတီတိ ဝတ္တဗ္ဗတံ အရဟတီတိ။ (မဟာဋီ၊၁၊၄၃၀။)

ယိုစီးခြင်းသဘောဖြင့် ထိုထို ဌာနသို့ (တစ်နည်း --- ကြွင်းသောဓာတ်သုံးပါးဟု ဆိုအပ်သော ဌာနထိုထိုသို့) ရွေ့သွားတတ် ရောက်သွားတတ်သောကြောင့် အာပေါဟု ခေါ်ဆိုသည်။ သသမ္ဘာရ အာပေါဓာတ်၏ အစွမ်းဖြင့် ဤစကားကို ပြောဆိုခြင်း ဖြစ်သည်။ မှန်ပေသည် --- ထိုသသမ္ဘာရ အာပေါဓာတ်သည် အရည်အဖြစ်ဖြင့် သို့မဟုတ် ယိုစီးခြင်းသဘောဖြင့် သသမ္ဘာရ ပထဝီဟု ခေါ်ဆိုအပ်သော ထိုထို အရပ်သို့ ရွေ့တတ် ရောက်တတ်၏။

ယင်းသို့ဖြစ်သော် ပရမတ္ထဓမ္မသဘာဝ ဟူသမျှသည် ဖြစ်သည့်နေရာမှာပင် ပျက်တတ်ရကား ဖြစ်သည့်နေရာမှ အခြားတစ်နေရာသို့ မရွေ့သည်မဟုတ်လောဟု မေးမြန်းဖွယ်ရာရှိ၍ မဟာဋီကာဆရာတော်က သသမ္ဘာရ အာပေါဓာတ်၏ အစွမ်းဖြင့် အထက်ပါ စကားရပ်ကို အဋ္ဌကထာဆရာတော်က မိန့်ဆိုသွားတော်မူ၏ဟု ရှင်းပြ ထား၏။

သသမ္ဘာရအာပေါ --- ဟူသည်မှာ သန္တတိဃနစသည့် ပညတ်များ လုံးဝမစင်သေးသော အာပေါ ဖြစ်သည်။ ယင်းသို့ဖြစ်သော် လက္ခဏအာပေါသည်လည်း ယိုစီးမှုသဘော မရှိတော့ပြီလောဟု မေးဖွယ်ရာ ရှိလာပြန်၏။ထိုအမေးကို ဖြေဆိုခြင်းငှာ --- လက္ခဏာပဝသေနေဝ ဝါ စသည်ဖြင့် မဟာဋီကာဆရာတော်က တစ်နည်း ထပ်မံ၍ ဖွင့်ဆိုတော်မူပြန်သည်။

သန္တတိဃန, သမူဟဃန, ကိစ္စဃနဟူသော ရုပ်တုံး ရုပ်ခဲ ရုပ်ဃနပြိုပြီးသော ပညတ်ကင်းစင်ပြီးသော ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော ပရမတ်အစစ် ဓာတ်အနှစ် ဖြစ်သော အာပေါဓာတ်သည် လက္ခဏ အာပေါ မည်၏။ ယင်းလက္ခဏ အာပေါဓာတ်သည်လည်း သဟဇာတ အညမည နိဿယစသော ပစ္စယသတ္တိ တို့ဖြင့် ကြွင်းဓာတ် (၃)ပါးတို့၏ အပေါင်းဟု ဆိုအပ်သော ကလာပ်တူ ရုပ်တရားတို့အား ကျေးဇူးပြုပေးတတ်သဖြင့် ကလာပ်တူ ကြွင်းဓာတ် (၃)ပါးတို့၏ အပေါင်းဟု ဆိုအပ်သော ထိုထို ဌာနသို့ မိမိ၏ ပျောင်းပျော့သော အရည် အဖြစ်ဖြင့်ပြီးသော ယိုစီးပျံ့နှံ့သောသဘောဖြင့် ဖွဲ့စည်းမှုကိုလည်းကောင်း, ငြိကပ်မှုကိုလည်းကောင်း, ဖရိုဖရဲ မရှိခြင်းကိုလည်းကောင်း ပြုသည် ဖြစ်၍ ရွေ့၏ ရောက်၏ဟု ဆိုအပ်သည်၏ အဖြစ်ကို ထိုက်သောကြောင့် ရွေ့၏ ရောက်၏ဟု ဆိုသင့်သည် ဟူလိုသော်။ (မဟာဋီ၊၁၊၄၃၀။)

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုချက်အရ ပကတိရေများ စီးသွားသကဲ့သို့ ယိုစီးမှုသဘောကို တွေ့လျှင် သသမ္ဘာရအာပေါကို တွေ့သည်မှတ်ပါ။ ပညတ်ကား လုံးဝ မစင်သေးပေ။ ဓာတ်ကမ္မဋ္ဌာန်းဖြင့် စတင်၍ သမာဓိကို ထူထောင်ခိုက်၌ သို့မဟုတ် အာနာပါနကမ္မဋ္ဌာန်းစသည့် ကမ္မဋ္ဌာန်း တစ်ခုခုဖြင့် စတုတ္ထစျာန်သမာဓိသို့, (သို့မဟုတ် ဥပစာရသမာဓိ, အပ္ပနာသမာဓိ တစ်ခုခုသို့) ဆိုက်အောင် သမာဓိကို ထူထောင်ပြီးသောအခါ ရုပ်တရား တို့ကို သိမ်းဆည်းလို၍ ဓာတ်ကြီး (၄)ပါးကို စတင်၍ ရှုခိုက်၌ ရုပ်ကလာပ်များကို ဉာဏ်ဖြင့် မတွေ့မြင်ရသေးသည့် အချိန်ဝယ် ယောဂါဝစရပုဂ္ဂိုလ်သည် သသမ္ဘာရပထဝီဓာတ်, သသမ္ဘာရအာပေါဓာတ်, သသမ္ဘာရတေဇောဓာတ်, သသမ္ဘာရဝါယောဓာတ်တို့ဖြင့် ပြည်တည်၍ သမာဓိကို စတင်ပြုစုပျိုးထောင်ရ၏။ သမာဓိဒီဂရီ စံချိန်မီ၍ ရုပ်ကလာပ်များကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် ရှုနိုင် ဓာတ်ခွဲနိုင်သောအခါတွင်မူ လက္ခဏပထဝီ, လက္ခဏအာပေါ, လက္ခဏတေဇော, လက္ခဏဝါယောသို့ ဆိုက်ပြီ ဖြစ်၏။ ယင်း လက္ခဏပထဝီ စသည်တို့ကား အညစ်အကြေး ကင်းစင်ပြီးသော လှော်ပြီး ဦးပြီးသော ရွှေစင်ကဲ့သို့ သန္တတိဃန သမူဟဃန ကိစ္စဃနဟူသော ရုပ်အတုံးအခဲ ဃနပညတ်များ လုံးဝ စင်ပြီးသော ပရမတ်အစစ် ဓာတ်အနှစ်တို့ ဖြစ်ကြ၏။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြသော ရုပ်ပရမတ်တရား အသီးအသီးကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် စနစ်တကျ သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် ရှုနိုင်သောအခါ သန္တတိဃန သမူဟဃနတို့နှင့်တကွ ကိစ္စဃနပါ ပြိုသွားပြီဖြစ်၍ ပညတ်အညစ်အကြေးများ လုံးဝ ကင်းစင်သွားပြီ ဖြစ်၏။ ထိုသို့ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ရှိသော ပထဝီ-အာပေါ-တေဇော-ဝါယောတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်သောအခါ လက္ခဏပထဝီ လက္ခဏအာပေါ လက္ခဏတေဇော လက္ခဏဝါယောသို့ ဆိုက်ပြီ ဖြစ်၏။

ယင်း လက္ခဏအာပေါကား ပကတိရေများ စီးသွားသကဲ့သို့ စီးဆင်းသွားသည်ကား မဟုတ်, မိမိနှင့် အတူ ဖြစ်သော ကလာပ်တူ ကျန်ဓာတ် (၃)ပါးသို့ မိမိ၏ အရည်အဖြစ်ဖြင့် ပြီးသော ယိုစီးမှုသဘော စွတ်စိုမှုသဘော၏ ပျံ့နှံ့စိမ့်ဝင်မှုသဘောကို ဆိုလိုသည်။ ယင်း ဓာတ်သဘောတရားမှာ မိမိနှင့် အတူဖြစ်သော ကလာပ်တူ ဓာတ် (၃)ပါးကို သို့မဟုတ် ကလာပ်တူ ရုပ်တရားတို့ကို ဖွဲ့စည်းမှု ငြိကပ်မှု ဖရိုဖရဲ မကျဲအောင် ပြုမှုပင်တည်း။ ထိုကြောင့် ယံ အာဗန္ဓနလက္ခဏံ၊ အယံ အာပေါဓာတု -- (ဝိသုဒ္ဓိ၊၁၊၃၄၆။) -- အာပေါဓာတ်သည် ကလာပ်တူ ရုပ်တရား တို့ကို ဖွဲ့စည်းတတ်သော သဘောလက္ခဏာ ရှိ၏ -- ဟု တစ်မျိုးအားဖြင့် ဖွင့်ဆိုရပြန်လေသည်။ သို့သော် ပကတိသော ရေများ၏ ပျံ့နှံ့စီးသွားခြင်းမှာလည်း ဤ အာပေါဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော များစွာသော ရုပ်ကလာပ်တို့၏ ပေါင်းစုမိခြင်း တိုးပွားများပြားခြင်းကြောင့် ရုပ်ကလာပ်တို့၏ ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ်ဖြစ်ခြင်း သဘောတရားပင်တည်း။

ဤအာပေါဓာတ်သည် အတူဖြစ်သော သဟဇာတ် ရုပ်တရားတို့ကို တိုးပွားစေခြင်း ကိစ္စရသ ရှိ၏။ ဤအာပေါဓာတ်၏ ကိစ္စကြောင့် ရုပ်တရားများ တိုးပွားကြသဖြင့် သစ်ပင်တောတောင်များ စည်ကားပုံ, သတ္တဝါများ ကြီးထွားလာပုံ, ဝဖြိုးလာပုံကို ဆင်ခြင်လေ။ သစ်ပင်များကား တေဇောဓာတ် = ဥတု၏ အစီးအပွားပင်တည်း။ သို့သော် ယင်းတေဇောဓာတ်သည် ပထဝီဓာတ် အာပေါဓာတ် ဝါယောဓာတ်တို့၏ အထောက်အပံ့ကို ရပါမှ သဟဇာတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးမှုကို ဆက်ခံရပါမှ ဥတုဇဩဇဋ္ဌမကရုပ် အသစ်အသစ်တို့ကို အဆင့်ဆင့် ဖြစ်ပေါ်စေနိုင်၏။ ပထဝီရသ, အာပေါရသရည်များကို သောက်သုံးရပါမှ သစ်ပင်များ ကြီးထွားလာနိုင်၏။ အလားတူပင် အာဟာရကို မှီဝဲကြကုန်သော သက်ရှိသတ္တဝါတို့၏ သန္တာန်ဝယ် အာဟာရဇရုပ်တို့၏ တိုးပွားမှုမှာလည်း အာပေါရသရည်၏ ကျေးဇူးပြုမှု အထောက်အပံ့ကို ရရှိပါမှသာလျှင် တိုးပွားနိုင်ပုံကို သဘော ပေါက်ပါလေ။

ပကတိသောရေသည် မုန့်မှုန့်စသည်ကို ဖရိုဖရဲ မကျဲသွားအောင် မလွင့်ပါးသွားရအောင် ပေါင်းစည်း ဖွဲ့စည်းထားသကဲ့သို့ အလားတူပင် ဤအာပေါဓာတ်သည်လည်း မိမိနှင့်အတူဖြစ်သော ကလာပ်တူ သဟဇာတ် ရုပ်တရားတို့ကို ဖရိုဖရဲ မကျဲသွားရအောင် ပေါင်းစည်း ဖွဲ့စည်းထားတတ်သည်ဟု ယင်းအာပေါဓာတ်ကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူထင်လာ၏။ ပစ္စုပဋ္ဌာန်တည်း။ ဤ သင်္ဂဟပစ္စုပဋ္ဌာန်ကိုပင် အထက်၌ ဖော်ပြခဲ့သော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက --- အာဗန္ဓနလက္ခဏ = မိမိနှင့်အတူဖြစ်သော ကလာပ်တူ သဟဇာတ် ရုပ်တရားတို့ကို ပေါင်းစည်းခြင်း ဖွဲ့စည်းခြင်း ဖွဲ့ထားခြင်း ဖွဲ့စည်းထားတတ်သော သဘောလက္ခဏာ ရှိ၏။-- ဟု ဆိုလေသည်။

အာပေါဓာတု ပထဝီပတိဋ္ဌိတာ တေဇောအနုပါလိတာ ဝါယောဝိတ္ထမ္ဘိတာ တိဏ္ဏံ မဟာဘူတာနံ အာဗန္ဓနံ ဟုတွာ ပစ္စယော ဟောတိ။ (ဝိသုဒ္ဓိ၊၁၊၃၆၅။)

ပထဝီဓာတ်၌ ထောက်ရာ တည်ရာ မှီရာကို ရရှိသော, ပူမှု အေးမှု တေဇောဓာတ်ငွေ့၏ စောင့်ရှောက်မှုကို ရရှိသော, ဝါယောဓာတ်၏ ထောက်ကန်ပေးမှု ထောက်ပံ့ထားမှုကို ရရှိသော အာပေါဓာတ်သည် ပထဝီ တေဇော ဝါယောဟူသော ကလာပ်တူ ဓာတ် (၃)ပါးတို့ကို ဖွဲ့စည်းလျက် ကျေးဇူးပြုပေးတတ်၏။ ဖရိုဖရဲ မကျဲစေခြင်းဖြင့် တွဲသွားအောင် ပြုလုပ်ပေးတတ်၏။ ယင်းသို့ ပြုလုပ်ပေးခြင်းကိုပင် အာပေါဓာတ်က ကလာပ်တူ ကျန်ဓာတ် (၃)ပါးအား သဟဇာတ အညမည နိဿယစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးသည်ဟု ဆိုသည်။

တစ်ဖန် အာပေါဓာတ်သည်လည်း ဖွဲ့စည်းမှုသဘောကို ဖွဲ့စည်းစရာ အဖွဲ့စည်းခံ ကလာပ်တူ ဓာတ် (၃) ပါး ရှိပါမှသာလျှင် ပြုလုပ်နိုင်၏၊ ဖွဲ့စည်းတတ်သော သဘောတရားသည် အဖွဲ့စည်းခံ = ဖွဲ့စည်းအပ်သော သဘောတရား မရှိက မဖြစ်နိုင်။ ထိုကြောင့် ကလာပ်တူ ကျန်ဓာတ် (၃)ပါးကလည်း အာပေါဓာတ် ရပ်တည် နိုင်အောင် ကျေးဇူးပြုလျက်ပင် ရှိ၏၊ ပထဝီဓာတ်က တည်ရာအဖြစ်ဖြင့် ကျေးဇူးပြုပေး၏၊ တေဇောဓာတ်က ပူမှု အေးမှုဖြင့် ရင့်ကျက်အောင် စောင့်ရှောက်ပေး၏၊ မပုပ်သိုးအောင် စောင့်ရှောက်ပေး၏၊ ဝါယောဓာတ်က ထောက်ကန်မှုဖြင့် ထောက်ပံ့ထား၏၊ ထိုကြောင့် အာပေါဓာတ်လည်း ရပ်တည်နိုင်၏၊ ရုပ်တရားတို့ကို တိုးပွားအောင် ပြုလုပ်ခြင်းဟူသော မိမိ၏ လုပ်ငန်းကိစ္စရပ်ကိုလည်း ရွက်ဆောင်နိုင်၏။ ထိုကြောင့် မိမိမှကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါးသည် အာပေါဓာတ်၏ အနီးကပ်ဆုံးသော အကြောင်းတရား ပဒဋ္ဌာန် ဖြစ်ပေသည်။ပထဝီဓာတ်နည်းတူပင် ဤ အာပေါဓာတ်ကိုလည်း မိမိ သိမ်းဆည်း ရှုပွားလိုသော ရုပ်ကလာပ်ကို ဓာတ်ခွဲလျက် ပရမတ် ရုပ်သဘောတရားများထဲမှ အာပေါဓာတ်ကို ရွေးထုတ်ပြီးလျှင် သိမ်းဆည်း ရှုပွားပါ။

၃။ တေဇောဓာတ်

၃။ တေဇောဓာတ်

၁။ တေဇောဓာတု ဥဏှတ္တလက္ခဏာ၊

၂။ ပရိပါစနရသာ၊

၃။ မဒ္ဒဝါနုပ္ပဒါနပစ္စုပဋ္ဌာနာ၊

၄။ အဝသေသဓာတုတ္တယပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။ ဝိသုဒ္ဓိ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၃။)

၃။ တေဇောဓာတ်

၃။ တေဇောဓာတ်

၁။ ပူမှုသဘော (အေးမှုသဘော) လက္ခဏ၊

၂။ ကလာပ်တူ ရုပ်တရားတို့ကို ရင့်ကျက်စေခြင်း (ကိစ္စ) ရသ၊

၃။ ကလာပ်တူ ရုပ်တရားတို့ကို နူးညံ့အောင် လျော်စွာ ပြုပြင်ပေးတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိမှကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါး ပဒဋ္ဌာန်။

တေဇနဝသေန တေဇော၊ ဝုတ္တနယေနေဝ တေဇေသု ဂတန္တိ တေဇောဂတံ။ ကိံတံ? ဥဏှတ္တလက္ခဏံ။ (ဝိသုဒ္ဓိ၊၁၊၃၄၅။)

တေဇနဝသေနာတိ နိသိတဘာဝေန တိက္ခဘာဝေန။ ဝုတ္တနယေနာတိ ကမ္မသမုဋ္ဌာနာဒိဝသေန နာနာဝိဓေသူတိ အာပေါဓာတုယံ ဝုတ္တနယေန။ (မဟာဋီ၊၁၊၄၃၀။)

တေဇေတိ ပရိပါစေတီတိ တေဇော -- ပကတိသော မီးသည် ထိုထိုဝတ္ထုကို ကျက်စေသကဲ့သို့လည်းကောင်း, ပူလောင်စေသကဲ့သို့လည်းကောင်း, လောင်ကျွမ်းစေသကဲ့သို့လည်းကောင်း ထို့အတူ ကလာပ်တူ ရုပ်တရားတို့ကို ရင့်ကျက်စေတတ် ပူစေတတ် လောင်ကျွမ်းစေတတ်သော အငွေ့ဓာတ်သဘောသည် တေဇော မည်၏။

တေဇောဓာတု ပထဝီပတိဋ္ဌိတာ အာပေါသင်္ဂဟိတာ ဝါယောဝိတ္ထမ္ဘိတာ တိဏ္ဏံ မဟာဘူတာနံ ပရိပါစနံ ဟုတွာ ပစ္စယော ဟောတိ။ (ဝိသုဒ္ဓိ၊၁၊၃၆၅။)

ယင်း တေဇောဓာတ်သည် ပထဝီဓာတ်တည်းဟူသော (လောင်စာ) ထောက်တည်ရာကို ရရှိပါမှ, စွတ်စိုမှု အာပေါဓာတ်က ဖွဲ့စည်းပေးပါမှ (လောင်ဆီရှိပါမှ), ဝါယောဓာတ်၏ ထောက်ကန်ပေးမှု (လေဓာတ်၏ မှုတ် ပေးမှု)ကို ရရှိပါမှ မိမိမှကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါးတို့ကို ရင့်ကျက်စေသည် ဖြစ်၍ ကျေးဇူးပြုပေးနိုင်၏။ ထိုကြောင့် မိမိမှကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါးသည်လည်း တေဇောဓာတ်၏ အနီးကပ်ဆုံးသော အကြောင်း တရား ပဒဋ္ဌာန် ဖြစ်ရပြန်၏။

အသိတပီတာဒိပါစကာ စေတ္ထ ဥသုမာကာရဘူတာ ဥဏှတ္တလက္ခဏာ တေဇောဓာတု ပထဝီပတိဋ္ဌိတာ အာပေါသင်္ဂဟိတာ ဝါယောဝိတ္ထမ္ဘိတာ ဣမံ ကာယံ ပရိပါစေတိ၊ ဝဏ္ဏသမ္ပတ္တိဉ္စဿ အာဝဟတိ။ တာယ စ ပန ပရိပါစိတော အယံ ကာယော န ပူတိဘာဝံ ဒေဿတိ။ (ဝိသုဒ္ဓိ၊၁၊၃၆၁။)

စားမျိုလိုက်သော အစာ သောက်သုံးလိုက်သော အရည် စသည်တို့ကို ကြေကျက်စေတတ်သော ကိုယ်၌ ဖြစ်သော အပူအငွေ့ဓာတ် အခြင်းအရာသို့ ရောက်သော ပူသည်၏ အဖြစ်တည်းဟူသော လက္ခဏာ ရှိသော တေဇောဓာတ်သည် ပထဝီဓာတ်၌ ရပ်တည်ရသည်ဖြစ်၍, အာပေါဓာတ်သည် ဖွဲ့စည်းသောအားဖြင့် ပေါင်းရုံးစပ်လျက် ယူအပ်သည်ဖြစ်၍, ဝါယောဓာတ်သည် ထောက်ပံ့ထားအပ်သည် ထောက်ကန်ထားအပ်သည် ဖြစ်၍ ဤ ရုပ်တရားအပေါင်းကို (= တေဇောဓာတ်တိုင်းက ကလာပ်တူ ရုပ်တရားအပေါင်းကို) ကျက်စေ၏၊ ပူနွေးစေ၏၊ ကောင်းစွာ ထက်စေ၏။ ထိုရူပကာယ = ရုပ်တရားအပေါင်း၏ အရောင်အဆင်းနှင့် ပြည့်စုံခြင်းကိုလည်း ရွက်ဆောင်ပေးတတ်၏။ အကျိုးထူးကား --- ထိုသို့ သဘောရှိသော တေဇောဓာတ်က ကျက်စေအပ်သော ပူနွေးစေအပ်သော ထက်စေအပ်သော ဤ ရူပကာယ = ရုပ်တရားအပေါင်းသည် ပုပ်သောအဖြစ်ကိုလည်း ထင်ရှား မပြတော့ပေ။ (ဝိသုဒ္ဓိ၊၁၊၃၆၁။)

ပကတိသောမီးသည် ချိပ် ဖယောင်းစသည်ကို နူးညံ့အောင် ပြုနိုင်သကဲ့သို့ ဤတေဇောဓာတ် မီးသည်လည်း ကလာပ်တူ ရုပ်တရားများကို နူးညံ့ပျော့ပျောင်းအောင် ပြုလုပ်ပေးတတ်သော သဘောတရားဟု ယင်းတေဇောဓာတ်ကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူ ထင်လာ၏။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။ ဤ တေဇောဓာတ်၏ သတ္တိကြောင့်ပင်လျှင် တေဇောဓာတ်ငွေ့ ကောင်းသူတို့သည် အသားအရေ နူးညံ့ပျော့ပျောင်းလျက် ရှိကြပေသည်။

ခန္ဓာကိုယ်၌ ပကတိရိုးရာရှိသော ကိုယ်ငွေ့ကို ဥသ္မာတေဇောဟု ခေါ်၏၊ ဆောင်းအခါ၌ နွေး၍ နွေအခါ၌ အေးသော အငွေ့ဓာတ်တည်း။ ယင်း ဥသ္မာတေဇောအပြင် သန္တပ္ပန စသော တေဇော (၄)မျိုး ရှိသေး၏။

ထိုတွင် ဥသ္မာတေဇောဓာတ်သည် ဖောက်ပြန်လာသည့်အခါ အပူဒီဂရီ တိုးတက်လျက် တစ်ရက်ခြား နှစ်ရက်ခြား စသည်ဖြင့် ဖျားစေတတ်သော တေဇောဓာတ်သည် သန္တပ္ပနတေဇော မည်၏။ ထို သန္တပ္ပနတေဇော ထက်ပင် အပူဒီဂရီ လွန်တက်၍ ပူလှ၏ ပူလှ၏ စသည်ဖြင့် ညည်းညူလျက် အကြိမ် (၁၀၀) ချက်၍ ရေအေး၌ အအေးခံထားအပ်သော ထောပတ်, ဂေါသီသစန္ဒကူး စသည်တို့ကို လိမ်းကျံမှုကို လိုလားတောင့်တသော, ယပ်လေ ခတ်မှုကို လိုလားတောင့်တသော အလွန်ပူသော တေဇောဓာတ်သည် ဍာဟတေဇော မည်၏။ မီးကဲ့သို့ လောင် ကျွမ်းတတ်သော တေဇောတည်း။ ဆံဖြူအောင်, သွားကျိုးအောင်, မျက်စိမွဲအောင်, အသားအရေတွန့်အောင်, အရွယ်ယိုယွင်း၍ အိုမင်းအောင် ပြုတတ်သော တေဇောဓာတ်သည် ဇိရဏတေဇော မည်၏။

ဤသန္တပ္ပန, ဍာဟ, ဇိရဏ အမည်ရသော တေဇောဓာတ် (၃)မျိုးတို့သည် ခန္ဓာကိုယ်၌ အမြဲပါရှိကြသည် မဟုတ်၊ သန္တပ္ပနနှင့် ဍာဟတေဇောသည် ဖျားနာသောအခါ၌သာ မူလကိုယ်ငွေ့ ပျက်လျက် အပူဒီဂရီ တက်လာသော တေဇောတည်း။ ဇိရဏတေဇောနှင့် ပတ်သက်၍ကား ဤသို့ ဖွင့်ဆိုထားတော်မူကြ၏။

ယေန စ ဇီရီယတီတိ ယေန အယံ ကာယော ဇီရတိ၊ ဣန္ဒြိယဝေကလ္လတံ ဗလပရိက္ခယံ ဝလိပလိတာဒိဘာဝဉ္စ ပါပုဏာတိ။ (ဝိသုဒ္ဓိ၊၁၊၃၄၅။)

ဇီရတီတိ ဇိဏ္ဏော ဟောတိ။ တေဇောဓာတုဝသေန လဗ္ဘမာနာ ဣမသ္မိံ ကာယေ ဇရာပဝတ္တိ, ပါကဋဇရာဝသေန ဝေဒိတဗ္ဗာတိ ဒေဿတုံ ဣန္ဒြိယဝေကလ္လတန္တိအာဒိ ဝုတ္တံ။ (မဟာဋီ၊၁၊၄၃၀။)

ဇိရဏတေဇောဓာတ်ကြောင့် ဤရူပကာယ = ရုပ်တရားအပေါင်းသည် အရွယ်ယိုယွင်း၍ အိုမင်းလာ၏၊ မျက်စိမွဲခြင်း နားထိုင်းခြင်း စသည်ဖြင့် ဣန္ဒြေချို့တဲ့ခြင်းသို့ ရောက်ရှိလာ၏၊ ခွန်အားဆုတ်ယုတ် ကုန်ခန်းခြင်းသို့ ရောက်ရှိလာ၏၊ အသားအရေတွန့်ခြင်း ဆံဖြူခြင်း စသည်တို့၏ အဖြစ်သို့ ရောက်ရှိလာ၏။ (ဝိသုဒ္ဓိ၊၁၊၃၄၅။)

တေဇောဓာတ်၏အစွမ်းဖြင့် ရရှိအပ်သော ဤရူပကာယ၌ အိုမင်းရင့်ရော်မှု ဇရာ၏ဖြစ်ခြင်းကို ထင်ရှားသော ပါကဋဇရာ၏ အစွမ်းဖြင့် သိရှိပါလေဟု ညွှန်ပြတော်မူခြင်းငှာ အထက်ပါ စကားရပ်ကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ (မဟာဋီ၊၁၊၄၃၀။)

ဤသို့လျှင် မဟာဋီကာဆရာတော်က ဇိရဏတေဇောကို ထင်ရှားသော ပါကဋဇရာကို ရည်ရွယ်ကြောင်း ဖွင့်ဆိုထား၏။ ရောဂါတစ်ခုခု အမြဲစွဲကပ်သည့်အခါ သို့မဟုတ် အရွယ် ဆုတ်ယုတ်ချိန် အခါဝယ် ဤခန္ဓာအိမ် အတွင်းဝယ် ရုပ်ကလာပ် အချို့၌ ရှိသော မူလကိုယ်ငွေ့မှ ဖောက်ပြန်လာသော တေဇောတည်း။ သို့သော် အရွယ်ကား အမြဲဆုတ်ယုတ်နေပေ၏။

ပါစကတေဇော

ပါစကတေဇော

ယေန စ အသိတပီတခါယိတသာယိတံ သမ္မာ ပရိဏာမံ ဂစ္ဆတီတိ ယေနေတံ အသိတံ ဝါ ဩဒနာဒိ, ပီတံ ဝါ ပါနကာဒိ, ခါယိတံ ဝါ ပိဋ္ဌခဇ္ဇကာဒိ, သာယိတံ ဝါ အမ္ဗပက္ကမဓုဖာဏိတာဒိ သမ္မာ ပရိပါကံ ဂစ္ဆတိ၊ ရသာဒိဘာဝေန ဝိဝေကံ ဂစ္ဆတီတိ အတ္ထော။ (ဝိသုဒ္ဓိ၊၁၊၃၄၅။)

ရသာဒိဘာဝေနာတိ ရသ-ရုဓိရ-မံသ-မေဒ-နှာရု-အဋ္ဌိ-အဋ္ဌိမိဉ္ဇ-သုက္ကဝသေန။ ဝိဝေကန္တိ ပုထုဘာဝံ အညမညဝိသဒိသဘာဝံ။ အသိတာဒိဘေဒဿ ဟိ အာဟာရဿ ပရိဏာမေ ရသော ဟောတိ၊ တံ ပဋိစ္စ ရသဓာတု ဥပ္ပဇ္ဇတီတိ အတ္ထော။ ဧဝံ ရသဿ ပရိဏာမေ ရုဓိရန္တိအာဒိနာ သဗ္ဗံ နေတဗ္ဗံ။ (မဟာဋီ၊၁၊၄၃၀။)

စားအပ် သောက်အပ် ခဲအပ် လျက်အပ်သော အစာဟူသမျှသည် ယင်းအစာအာဟာရကို အညီအမျှ ကျက်စေတတ်သော ဂဟဏီအမည်ရသော ပါစကတေဇောဓာတ် ဝမ်းမီး၏ စွမ်းအင်ကြောင့် ကြေကျက်ခြင်းသို့ ရောက်ရှိသွား၏။ အကယ်၍ ပါစကဓာတ်မီးသည် စားမျိုအပ်သော အစာအာဟာရကို အညီအမျှ မကျက်စေတတ်လျှင်လည်း ထိုအညီအမျှ မကျက်စေတတ်သော ပါစကဝမ်းမီး၏ စွမ်းအင်ကြောင့်ပင် ထိုအစာအာဟာရသည် (အတော်အသင့်) ကြေကျက်ခြင်းသို့ ရောက်ရှိသွား၏။ ကြေကျက်သွားသော ထိုအာဟာရသည် ရင့်ကျက်ခဲ့သော်-

၁။ ရသ = ရသာရည်

၂။ ယင်း ရသရည်သည် ရင့်ကျက်ခဲ့သော် ရုဓိရ = အသွေး

၃။ ယင်း အသွေးသည် ရင့်ကျက်ခဲ့သော် မံသ = အသား

၄။ ယင်း အသားသည် ရင့်ကျက်ခဲ့သော် မေဒ = အဆီခဲ

၅။ ယင်း အဆီခဲသည် ရင့်ကျက်ခဲ့သော် နှာရု = အကြော

၆။ ယင်း အကြောသည် ရင့်ကျက်ခဲ့သော် အဋ္ဌိ = အရိုး

၇။ ယင်း အရိုးသည် ရင့်ကျက်ခဲ့သော် အဋ္ဌိမိဉ္ဇ = ရိုးတွင်းခြင်ဆီ

၈။ ယင်း ရိုးတွင်းခြင်ဆီသည် ရင့်ကျက်ခဲ့သော် သုက္က = သုက်သွေး

ဤသို့ အဆင့်ဆင့် အသီးအသီး ပြောင်းလဲသွား၏။ ဤကား သမုတိသစ္စာနယ်သုံး ဝေါဟာရတည်း။ (ပရမတ္ထသစ္စာနယ်၌ကား ရုပ်ကလာပ် အမှုန်များသာလျှင် အဆင့်ဆင့် ပြောင်းလဲသွားခြင်း ဖြစ်၏။ ရုပ်ကလာပ်တို့၏သာလျှင် ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေခြင်းသာ ဖြစ်၏။)

ဂဟဏီ အမည်ရသော ပါစကတေဇောဓာတ် ဝမ်းမီး၏ အစာကိုကြေကျက်အောင် ချက်ပေးမှု အထောက်အပံ့ကို ရရှိပါမှသာလျှင် စားမျိုလိုက်သော အစာအာဟာရသည် ရသဓာတ်ရည် အဖြစ်သို့ ရောက်ရှိနိုင်၏။ ယင်း ရသဓာတ်ရည်လည်း တစ်ဖန် ပါစကဝမ်းမီး၏ အရှိန်ကြောင့် = အားပေးထောက်ပံ့မှုကြောင့် ရင့်ကျက်ခြင်း ပြောင်းလဲခြင်းသို့ ရောက်လတ်သော် ယင်းရင့်ကျက်ပြောင်းလဲလာသော ရသဓာတ်ရည်ကို အစွဲပြု၍ အသွေးသည် = သွေးသည် ဖြစ်ပေါ်လာရ၏။ ဤသို့စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲသွားမှုကို သုက်သွေးတိုင်အောင် သဘောပေါက်ပါလေ။

ထို ပါစကတေဇောဓာတ်ကား ခန္ဓာကိုယ်၌ အမြဲတည်ရှိ၏၊ အစာအိမ်ဝန်းကျင် စသည်တို့၌ တည်ရှိ၏၊ ဇီဝိတလျှင် (၉)ခုမြောက် ရှိသော ဇီဝိတနဝက ကလာပ်ရုပ်တို့တွင် ပါဝင်သော တေဇောဓာတ်ပင်တည်း။ ရှေးကံကြောင့်ဖြစ်သော ကမ္မဇရုပ်တရားတို့သာ ဖြစ်ကြ၏။ ကံအားလျော်စွာ အချို့သူတို့၌ ဝမ်းမီးကောင်း၏၊ စားသမျှ အစာကို မှန်မှန်ချက်နိုင်၏။ အချို့သူတို့၌ ဝမ်းမီးညံ့၏၊ အစာကို မှန်မှန်ကြေကျက်အောင် မချက်နိုင်။ အချို့ သူတို့၌ ဝမ်းမီးကား လွန်ကဲနေတတ်ပြန်၏။ လွန်ကဲနေသူ ညံ့နေသူတို့၌ ဝမ်းမီး၏ အနီးအပါးဝယ် တည်ရှိကြသော စိတ္တဇ-ဥတုဇ-အာဟာရဇ တေဇောဓာတ်တို့ကို တတ်သိနားလည်သော ဆရာသမားတို့နှင့် တိုင်ပင်နှီးနှော၍ စိတ်-ဥတု-အာဟာရတို့ကို ပြုပြင်ပေးပါက ပါစကတေဇောဓာတ်ဝမ်းမီးမှာ အထောက်အပံ့ကောင်းကို ရနိုင်စရာ ရှိသည်။ စိတ်ဓာတ်ကို ပြုပြင်ပေးရာ၌ ထိုစိတ်အစဉ်တွင် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကဲ့သို့ သော လွန်ကဲမြင့်မြတ်သော အဓိစိတ္တများသာ ဆက်တိုက်ဖြစ်ခွင့် ရရှိနေပါက ထိုစိတ်များမှာ (ပုထုဇန် သေက္ခတို့၏ သန္တာန်ဝယ်) ကုသိုလ်ဇောစိတ်များပင် ဖြစ်ကြ၏။ ပစ္စုပ္ပန် ကုသိုလ်ကံတရားတို့ပင်တည်း။ အားကောင်းသော ပစ္စုပ္ပန် ကုသိုလ်ကံ၏ အထောက်အပံ့ကောင်း အမှီကောင်းကို ရရှိပါက အတိတ်က အားပျော့နေသော ပျော့ညံ့ညံ့ ဖြစ်နေသော မှေးမှိန်နေသော ကုသိုလ်ကံများသည်လည်း အကျိုးပေးရန် အခွင့်သာကောင်း သာလာတတ်ပါသည်။ ထိုသို့ အခွင့်သာလာခဲ့သော် ကံကောင်းထောက်မမှုကို ရရှိလာသော ပါစကတေဇောဓာတ် ဝမ်းမီးသည်လည်း အားကောင်းလာနိုင်ဖွယ်ရာ ရှိတတ်ပေသည်။ သို့သော် အတိတ်ကံကိုကားလှမ်း၍ ပြုပြင်လို့ မရနိုင်ပေ။ အကျိုး ပေးဖို့ရန် အခါအခွင့် မသင့်သေးသော အတိတ်ကံများကိုသာလျှင် အကျိုးပေးဖို့ရန် အခါအခွင့်သင့်လာအောင် ပစ္စုပ္ပန်တွင် အားကောင်းသော ကုသိုလ်ကံများကို ခပ်များများ ထူထောင်လျက် လမ်းဖွင့်ပေးရ၏။ ထိုသို့ ပစ္စုပ္ပန်ကံ၏ အထောက်အပံ့ကို ရရှိသော အကျိုးပေးဖို့ရန် အခါအခွင့်မသင့် ဖြစ်နေသော ကံများသည်လည်း အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာတတ်၏။ အတိတ်ကံက အကျိုးပေးဖို့ရန် အခါအခွင့်သင့်လာလျှင် အတိတ်ကံကြောင့်သာ ဖြစ်ရသည့် ကမ္မဇရုပ်တို့တွင် ပါဝင်သော ပါစကတေဇောဓာတ် ဝမ်းမီးမှာလည်း အားကောင်းလာတတ်ပေသည်။ ယင်း ပါစကဝမ်းမီးကား အတိတ်ကံ၏ အရာသာ ဖြစ်သည်။

စိတ်ဓာတ်ကို ကုသိုလ်တရားတို့ဖြင့် အထူးသဖြင့် သမထ ဝိပဿနာ ဘာဝနာကုသိုလ်တို့ဖြင့် ထုံမွမ်းလျက် ပြုပြင်ပေးရသကဲ့သို့ , ထိုသို့ ပြုပြင်ပေးလိုက်သဖြင့် ခန္ဓာအိမ်ဝယ် မွန်မြတ်သော ပဏီတ စိတ္တဇရုပ်တို့သည်လည်း အဖြစ်များလာသကဲ့သို့ အလားတူပင် သပ္ပါယမျှတသော ဥတု, သပ္ပါယမျှတသော ဆေးဝါးဓာတ်စာများကို မှီဝဲ ခြင်းဖြင့် မွန်မြတ်သော မျှတသော ဥတုဇရုပ် အာဟာရဇရုပ်များ ဖြစ်ပေါ်လာအောင်လည်း ပြုပြင်ပေးရ၏။ မွန်မြတ်သော စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့၏ အထောက်အပံ့ကောင်းကို ရရှိသောအခါ ကမ္မဇတေဇောဓာတ် ပါစကဝမ်းမီးသည်လည်း အရှိန်အဝါ အားကောင်းလာတတ်ပေသည်။

ဤတေဇောဓာတ်၏ လက္ခဏ-ရသ စသည်ကို ရှုရာ၌ကား (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ ရှိသော ရုပ်ကလာပ် တိုင်း၌လည်းကောင်း, ရုပ်အတုများ ပါဝင်သည့် စိတ္တဇ ဥတုဇ အာဟာရဇရုပ်ကလာပ်တို့၌လည်းကောင်း ထိုထို မိမိသိမ်းဆည်း ရှုပွားလိုသည့် ရုပ်ကလာပ်များကို ဓာတ်ခွဲပြီးလျှင် တေဇောဓာတ်ကို ရွေးထုတ်၍ ရှုပါ။ ပထဝီဓာတ်၌ ရေးသားတင်ပြခဲ့သည့်အတိုင်း ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ရှိသော ရုပ်တရားများကို တစ်လုံးပြီးတစ်လုံး အစဉ်အတိုင်း ကုန်စင်အောင် သိမ်းဆည်းရှုပွားခြင်းက ပို၍ကောင်းပေသည်။

၄။ ဝါယောဓာတ်

၄။ ဝါယောဓာတ်

၁။ ဝါယောဓာတု ဝိတ္ထမ္ဘနလက္ခဏာ၊

၂။ သမုဒီရဏရသာ၊

၃။ အဘိနီဟာရပစ္စုပဋ္ဌာနာ၊

၄။ အဝသေသဓာတုတ္တယပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။ ဝိသုဒ္ဓိ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၃။)

၁။ ထောက်ကန်မှုသဘော = တောင့်မာစေမှုသဘော လက္ခဏ၊

၂။ တွန်းကန်ခြင်း = ရွေ့ရှားစေခြင်း (ကိစ္စ) ရသ၊

၃။ အတူဖြစ်သော ရုပ်တရားတို့ကို တစ်နေရာမှတစ်နေရာသို့

ရှေးရှူ သယ်ဆောင်ပေးတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိမှကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါး ပဒဋ္ဌာန်။

ဝါယနဝသေန ဝါယော၊ ဝုတ္တနယေနေဝ ဝါယေသု ဂတန္တိ ဝါယောဂတံ။ ကိံတံ? ဝိတ္ထမ္ဘနလက္ခဏံ။ (ဝိသုဒ္ဓိ၊၁၊၃၄၅။)

ဝါယတီတိ ဝါယော။ (ဝိသုဒ္ဓိ၊၁၊၃၆၀။)

ဝါယတီတိ သမီရေတိ၊ ဒေသန္တရုပ္ပတ္တိဟေတုဘာဝေန ဘူတသင်္ဃာတံ ဂမေတီတိ အတ္ထော။ (မဟာဋီ၊၁၊၄၄၄။)

ဝိတ္ထမ္ဘနလက္ခဏာ = အတူဖြစ်သော ရုပ်တရားတို့ကို လျော့လျော့ရဲရဲ မရှိရအောင် တောင့်မာစေခြင်းသဘော = ထောက်ကန်ထားမှုသဘောသည် ဝါယောဓာတ်၏ အမှတ်အသား လက္ခဏာပင်တည်း။ ဤဝါယောဓာတ် လွန်ကဲမြောက်မြား (= မြောက်မြား)နေသည့်အခါ ခန္ဓာကိုယ်၌ အကြောများ တောင့်တင်းနေပုံကို လည်း ကောင်း, မီးအုံပျံ ဘောလုံး စသည်တို့၌ အတွင်းက လေများ၏ တွန်းထိုး ထောက်ကန် တောင့်ထားမှုကြောင့် ဖောင်းပွ ခိုင်မာနေပုံကိုလည်းကောင်း သတိပြု၍ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပါဝင်သော ဝါယောဓာတ်၏ ထိုထို ရုပ်ကလာပ် အတွင်း၌ရှိသော ကလာပ်တူရုပ်တရားများကို တောင့်ထားနိုင်မည့် အကြောင်းကို သဘောပေါက် သင့်ပြီ။

သမုဒီရဏရသ --- အတူဖြစ်သော ရုပ်တရားတို့ကို ရွေ့ရှားစေခြင်းကိစ္စဟူရာ၌ ရွေ့ရှားစေခြင်းဟူသည်မှာ တွန်းကန်မှုသဘောသာ ဖြစ်၏၊ တွန်းကန်မှု ရှိမှ လှုပ်ရှားမှု ရွေ့ရှားမှုများ ဖြစ်နိုင်၏၊ တွန်းကန်မှု မရှိလျှင် လှုပ်ရှား မှု ရွေ့ရှားမှုများ မဖြစ်နိုင်။ သို့အတွက် ရွေ့ရှားစေမှုဟူသည်မှာ တွန်းကန်မှုသဘောသာ ဖြစ်၏။ ထိုကြောင့် ပြည်ဆရာတော်ဘုရားကြီးက မိမိ ဝိသုဒ္ဓိမဂ်နိဿယ ဒုတိယတွဲ (၅၂၁)၌ သမုဒီရဏရသာ = တွန်းခြင်းကိစ္စရှိ၏ ဟုပင် ဘာသာပြန်ဆိုထားပေသည်။

အဘိနီဟာရပစ္စုပဋ္ဌာနာ --- အတူဖြစ်သော စတုဇရုပ်အပေါင်းကို မူလဖြစ်သည့်နေရာ၌ ထပ်၍ အသစ် မဖြစ်စေဘဲ အရပ်တစ်ပါးဟူသော နေရာအသစ်အသစ်၌ ပြောင်းရွှေ့ ဥပါဒ်ခြင်း၏ = ဖြစ်ခြင်း၏ အကြောင်းတရား အဖြစ်ဖြင့် မိမိနှင့်အတူ ဥပါဒ်သော မဟာဘုတ် ရုပ်တရားအပေါင်းကို အရပ်တစ်ပါးသို့ ရောက်စေတတ်သော ကြောင့် ဝါယောမည်၏ --- ဟူသော အထက်တွင် တင်ပြထားသော (ဝိသုဒ္ဓိ၊၁၊၃၆၀။) အဆိုနှင့်အညီ --- မူလဖြစ် သည့် နေရာမှ စဉ်းငယ် ရွေ့ကာရွေ့ကာ ရွှေ့ကာရွှေ့ကာ နေရာ အသစ်အသစ်၌ ရုပ်ကလာပ်များ ဥပါဒ်ခြင်းသည် ထိုအသစ်အသစ် ဥပါဒ်သော ရုပ်ကလာပ်တွင် ပါဝင်သော ဝါယောဓာတ်၏ စွမ်းအင်သတ္တိပေတည်း။ ရှေး ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ဝိညတ်ရုပ်နှင့် ပတ်သက်သည့် အဋ္ဌသာလိနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်များကို ရှင်းလင်းတင်ပြ ထား၏။ မနောဒွါရိကဇောစိတ်တို့ကသာလျှင် ဣရိယာပထရုပ် = ဝိညတ်ရုပ်ကို ဖြစ်စေနိုင်ကုန်၏။ ထို မနောဒွါရိက ဇော (၇)တန်တို့တွင် ပထမဇောမှသည် ဆဋ္ဌဇောတိုင်အောင်သော ရှေးဇော (၆)တန်တို့ကြောင့် ဖြစ်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်သည် ထိုခဏ၌ ရုပ်တရားတို့ကို နေရာ အသစ်အသစ်၌ ပြောင်းရွှေ့ ဥပါဒ်စေခြင်းငှာကား မစွမ်းနိုင်ပေ။ သတ္တမဇောစိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်တို့ကသာလျှင် ရုပ်တရားတို့ကို နေရာ အသစ်အသစ်၌ ပြောင်းရွှေ့ ဥပါဒ်စေခြင်းငှာ စွမ်းနိုင်ကြ၏။

လှုပ်ရှားခြင်းဟူသည် ရုပ်ကလာပ်တို့၏ မူလဖြစ်ရာအရပ်မှ အခြားအရပ်၌ = နေရာအသစ်အသစ်၌ နောက်ထပ် အသစ်အသစ် ဥပါဒ်ခြင်းတည်း = ဖြစ်ခြင်းတည်း။ ထိုသို့ နေရာပြောင်းရွှေ့၍ ဥပါဒ်နိုင်ခြင်း ဥပါဒ်ရ ခြင်းမှာလည်း ရှေးရှေးဇော (၆)တန်တို့ကြောင့် ဖြစ်သော ရှေးရှေးရုပ်ကလာပ်များတွင် ပါဝင်သော ဝါယောဓာတ် ၏ အားပေးထောက်ပံ့တတ်သော စွမ်းအင်သတ္တိထူးကို ဆက်ခံရသော သတ္တမဇောစိတ်ကြောင့် ဖြစ်သော နောက်နောက်သော ရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်၏ စွမ်းအင်သတ္တိကြောင့် ဖြစ်ရ၏။ သတ္တမ ဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝါယောဓာတ်သည်ကား အောက်၌ (၆)ပါးကုန်သော ဇောစိတ်တို့ကြောင့် ကောင်းစွာ ဖြစ်ပေါ်လာသော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝါယောဓာတ်ဟူသော ထောက်ပံ့တတ်သော အကြောင်းတရားကို ရရှိသည့်အတွက် မိမိနှင့် အတူတကွ ဖြစ်သော ရူပကာယ = ရုပ်တရားအပေါင်းကို ---

၁။ ကောင်းစွာ တောင့်ထားခြင်းငှာလည်းကောင်း,

၂။ ကောင်းစွာ ဆောင်ထားခြင်းငှာလည်းကောင်း,

၃။ လှုပ်ရှားစေခြင်းငှာလည်းကောင်း,

၄။ ရှေးသို့ သွားစေခြင်းငှာလည်းကောင်း,

၅။ နောက်သို့ ဆုတ်စေခြင်းငှာလည်းကောင်း,

၆။ ရှေ့တည့်တည့်သို့ ကြည့်စေခြင်းငှာလည်းကောင်း,

၇။ စောင်း၍ ကြည့်စေခြင်းငှာလည်းကောင်း,

၈။ ကွေးစေခြင်းငှာလည်းကောင်း,

၉။ ဆန့်စေခြင်းငှာလည်းကောင်း ---

စွမ်းနိုင်၏။ ထို (၇)ခုမြောက် ဇောစိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်၏ ထိုသို့ စွမ်းနိုင်ခြင်းကြောင့် သွားခြင်းမည်သည် ဖြစ်ပေါ်လာ၏၊ ပြန်လာခြင်းမည်သည် ဖြစ်ပေါ်လာ၏၊ သွားခြင်း ပြန်လာခြင်းမည်သည် ဖြစ်ပေါ်လာ၏ တစ်ယူဇနာရှိသော အရပ်သို့ ရောက်ပြီ၊ ဆယ်ယူဇနာရှိသော အရပ်သို့ ရောက်ပြီ၊ တစ်ယူဇနာ တိုင်တိုင် သွားပြီးပြီ၊ ဆယ်ယူဇနာတိုင်တိုင် သွားပြီးပြီဟု ပြောဆိုထိုက်သည်၏ အဖြစ်သို့ ရောက်စေ၏။ (အဘိ၊ဋ္ဌ၊၁၊၁၂၄။)

ယင်း ဝါယောဓာတ်၏ စွမ်းအင်သတ္တိကိုပင် --- အဘိနီဟာရပစ္စုပဋ္ဌာန် = အတူဖြစ်သော ရုပ်တရားတို့ကို တစ်နေရာမှ တစ်နေရာသို့ ရှေးရှူ သယ်ဆောင်ပေးတတ်သော သဘောတရားဟု ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်တွင် ရှေးရှူ ထင်လာ၏ --- ဟု ဆို၏။ ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ဝါယောလေဓာတ် ပရမတ်တရားကို ဉာဏ်ဖြင့် ရှုလိုက်ပါက ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ထိုသဘောတရားများ ထင်ရှားနေမည် ဖြစ်သည်။သို့သော် ပရမတ်တရားတို့မည်သည် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ ဖြစ်ရိုးဓမ္မတာ မရှိသောကြောင့် အတူဖြစ်သော ရုပ်တရားအပေါင်းကို တကယ်တမ်း တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်နေသည်ကား မဟုတ်ပေ၊ အဟုတ်သော်ကား အထက်ဖော်ပြပါ ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင်ကြောင့် ရုပ် အသစ် အသစ်တို့၏ နေရာအသစ်အသစ်၌ ပြောင်းရွှေ့ ဥပါဒ်ခြင်းသာတည်း။

ပဒဋ္ဌာန် --- အင်္ဂမင်္ဂါနုသဋာ စေတ္ထ သမုဒီရဏဝိတ္ထမ္ဘနလက္ခဏာ ဝါယောဓာတု ပထဝီပတိဋ္ဌိတာ အာပေါသင်္ဂဟိတာ တေဇာအနုပါလိတာ ဣမံ ကာယံ ဝိတ္ထမ္ဘေတိ။ တာယ စ ပန ဝိတ္ထမိ႓တော အယံ ကာယော န ပရိပတတိ၊ ဥဇုကံ သဏ္ဌာတိ။ အပရာယ ဝါယောဓာတုယာ သမဗ္ဘာဟတော ဂမနဋ္ဌာနနိသဇ္ဇာသယနဣရိယာပထေသု ဝိညတ္တိံဒေဿတိ၊ သမိဉ္ဇေတိ၊ သမ္ပသာရေတိ၊ ဟတ္ထပါဒံ လာဠေတိ။ (ဝိသုဒ္ဓိ၊၁၊၃၆၁။)

ကိုယ်အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်၍နေသော တွန်းကန်ခြင်း-ထောက်ကန်ခြင်း သဘောလက္ခဏာ ရှိသော ဝါယောဓာတ်သည် ပထဝီဓာတ်တည်းဟူသော ထောက်ရာတည်ရာကို ရခဲ့သော်, အာပေါဓာတ်က ဖွဲ့စည်းပေးခဲ့သော်, တေဇောဓာတ်က အငွေ့ဓာတ်ဖြင့် စောင့်ရှောက်ပေးခဲ့သော် ဤရူပကာယ = ရုပ်တရားအပေါင်းကို ထောက်ပံ့ ခိုင်ခံ့စေ၏ = ခိုင်ခံ့အောင် ထောက်ကန်ထားနိုင်၏။ ထိုဝါယောဓာတ်က ခိုင်ခံ့အောင် တည်ငြိမ်အောင် ထောက်ကန်ထားသဖြင့် ဤရူပကာယ ခန္ဓာကိုယ်ကြီးသည် မလဲကျတော့ဘဲ ဖြောင့်ဖြောင့်မတ်မတ် ရပ်တည်နေနိုင်၏။ သွားလျှင် သွားသည့်အတိုင်း, ရပ်လျှင် ရပ်သည့်အတိုင်း, ထိုင်လျှင် ထိုင်သည့်အတိုင်း, အိပ်လျှင် အိပ်သည့်အတိုင်း မပြိုမလဲဘဲ ကောင်းစွာ တည်နေနိုင်၏၊ ငြိမ်သက်စွာ တည်နေနိုင်၏။ ဤ ခန္ဓာကိုယ်ကြီးကို တစ်နည်း ဆိုသော် ဤရူပကာယ = ရုပ်တရားအပေါင်းကို သွားလျှင် သွားသည့်အတိုင်း, ရပ်လျှင် ရပ်သည့်အတိုင်း, ထိုင်လျှင် ထိုင်သည့်အတိုင်း, အိပ်လျှင် အိပ်သည့်အတိုင်း တည်တံ့အောင် ငြိမ်နေအောင် မပြိုမလဲအောင် ထိန်းထား ထောက်ထားသော သဘောတရားကား ဝါယောဓာတ်၏ ဝိတ္ထမ္ဘနသဘောတရားပင် ဖြစ်၏။

ရှေးရှေးသော မနောဒွါရိကဇော (၆)တန်တို့ကြောင့် ဖြစ်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော စိတ္တဇ ဝါယောဓာတ်တို့၏ အထောက်အပံ့ကောင်းကို ရရှိထားသော သတ္တမဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်ကလာပ် တို့တွင် ပါဝင်သော သမုဒီရဏ = တွန်းကန်ခြင်း သဘောလက္ခဏာ ရှိသော စိတ္တဇဝါယောဓာတ်ဟူသော အခြား ဝါယောဓာတ်က ဤရူပကာယ = ရုပ်တရားအပေါင်းကို ကောင်းစွာဆောင်ခဲ့သော် = စတုသမုဋ္ဌာနိက ရုပ်တရား အပေါင်းကို မူလဖြစ်သည့်နေရာမှ အခြားတစ်ပါးသော နေရာဟူသော အရပ်တစ်ပါး၌ ရွှေ့ကာရွှေ့ကာ အသစ်အသစ် ဥပါဒ်အောင် ဖြစ်အောင် တွန်းကန်ပေးခဲ့သော် သွား-ရပ်-ထိုင်-လျောင်းဟူသော ထိုထို ဣရိယာပုထ်တို့၌ ဝိညတ်ရုပ်ကို ထင်ရှားစေ၏ = ထင်ရှားပြ၏။ ထိုထို နေရာ အသစ်အသစ်၌ ရွှေ့ကာရွှေ့ကာ အဆက်မပြတ် အသစ်အသစ် ထပ်ကာထပ်ကာ ဥပါဒ်နေသော စိတ္တဇရုပ်ကလာပ်များတွင် ပါဝင်သော တွန်းကန်ခြင်း သဘော လက္ခဏာ ရှိသော (= တွန်းကန်ခြင်း လုပ်ငန်းကိစ္စ ရှိသော) ဝါယောဓာတ်က သွား-ရပ်-ထိုင်-လျောင်း စသော ကိုယ်အမူအရာ ဝိညတ်ရုပ်ကို ဖြစ်ပေါ်စေ၏။ တွန်းကန်ခြင်း သဘောလက္ခဏာ ရှိသော စိတ္တဇဝါယောဓာတ်က ဝိညတ်ရုပ်ကို ဖြစ်စေသဖြင့် ကွေးမှု ဖြစ်ပေါ်လာ၏၊ ဆန့်မှု ဖြစ်ပေါ်လာ၏၊ လက်ခြေကို လှုပ်ရှားစေခြင်း = စံပယ်စေခြင်းကို ဖြစ်စေ၏။ ထိုသို့ ဝါယောဓာတ်က ပြုလုပ်နိုင်ခြင်းမှာ ပထဝီဓာတ်တည်းဟူသော ထောက်ရာ တည်ရာကို ရရှိပါမှ, အာပေါဓာတ်က ကလာပ်တူရုပ်တို့ကို ဖွဲ့စည်းပေးပါမှ စုစည်းပေးပါမှ, တေဇောဓာတ်က အငွေ့ဓာတ်ဖြင့် စောင့်ရှောက်ပေးပါမှသာလျှင် ပြုလုပ်နိုင်၏။ ထိုကြောင့် ဝါယောဓာတ်သည် မိမိမှ ကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါးလျှင် အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန် ရှိသော တရား ဖြစ်ရပေသည်။

သတိပြုရန် --- အထက်ပါ ပစ္စုပဋ္ဌာန်ပိုင်းတွင် မနောဒွါရိက သတ္တမဇောစိတ်ကြောင့် ဖြစ်ပေါ်လာသော စိတ္တဇဝါယောဓာတ်ကို ပဓာနထား၍ တင်ပြထားသော်လည်း ရှေးရှေး ဇောစိတ်များကြောင့် ဖြစ်ပေါ်သွားကြကုန်သော စိတ္တဇဝါယောဓာတ်တို့၏ အားပေးထောက်ပံ့မှု မကင်းသည်ကိုလည်း သတိပြုပါ။ တစ်ဖန် မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟု ခေါ်ဆိုသတ်မှတ်ထားသော အလွန်တိုတောင်းသော အချိန်ကာလအတွင်း၌ သတ္တမဇောပေါင်းလည်း အကြိမ်ပေါင်းများစွာ ဖြစ်နိုင်သည်ကိုလည်းကောင်း ယင်းသတ္တမဇောများကြောင့် စိတ္တဇ ရုပ်ကလာပ်ပေါင်းလည်း အဆက်မပြတ် များစွာဖြစ်နိုင်သည်ကိုလည်းကောင်း သဘောပေါက်ပါ။ ဤအရာဝယ် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် မည်သည့်သတ္တမဇောစိတ်ကြောင့်ဖြစ်သော စိတ္တဇဝါယောဓာတ်က အတူဖြစ်သော ရုပ်တရားတို့ကို တစ်နေရာမှ တစ်နေရာသို့ ရှေးရှူသယ်ဆောင်နေသည်ဟု သိဖို့ရန်မှာ လိုရင်းမဟုတ်ပါ။ လိုရင်းမှာ စိတ္တဇဝါယောဓာတ်က အတူဖြစ်သော ရုပ်တရားတို့ကို တစ်နေရာမှ တစ်နေရာသို့ ရှေးရှူ သယ်ဆောင်နေသည် ဟု မိမိ၏ဉာဏ်တွင် ထင်မြင်လာဖို့သာ အဓိက ဖြစ်သည်။

တစ်ဖန် စိတ္တဇဝါယောဓာတ်မှာသာ အတူဖြစ်သော ရုပ်တရားတို့ကို တစ်နေရာမှ တစ်နေရာသို့ ရောက်အောင် ရှေးရှူ သယ်ဆောင်ပါသလော၊ ကမ္မဇဝါယောဓာတ်, ဥတုဇဝါယောဓာတ်, အာဟာရဇဝါယောဓာတ်တို့ ကလည်း အတူဖြစ်သော ရုပ်တရားတို့ကို တစ်နေရာမှ တစ်နေရာသို့ရောက်အောင် ရှေးရှူ မသယ်ဆောင်တော့ပြီလော။ စိတ္တဇဝါယောဓာတ်မှာသာလျှင် အဘိနီဟာရပစ္စုပဋ္ဌာန် ရှိလေသလော၊ ကမ္မဇ-ဥတုဇ-အာဟာရဇ ဝါယောဓာတ်တို့၌လည်း အဘိနီဟာရပစ္စုပဋ္ဌာန် မရှိတော့ပြီလောဟု မေးရန် ရှိလာပြန်၏။ ရှိပါသည်ဟူ၍ပင် ဖြေဆိုလေရာ၏။

အတူဖြစ်သော ရုပ်တရားတို့ကို တစ်နေရာမှ တစ်နေရာသို့ ရှေးရှူ သယ်ဆောင်ရာ၌, တစ်နည်းဆိုသော် ရုပ်တရားတို့ကို နေရာအသစ်အသစ်၌ အဆက်မပြတ် အထပ်ထပ် ဖြစ်စေရာ၌ စိတ္တဇဝါယောဓာတ်က ပြဓာန်းလျက် ရှိ၏၊ ထိုကြောင့် ပဓာနနည်းအားဖြင့် ဖွင့်ဆိုခြင်းဖြစ်သည်ဟု မှတ်ပါ။

စိတ္တသမုဋ္ဌာနိကေ ပန ကာယေ စလန္တေ တိသမုဋ္ဌာနိကော စလတိ န စလတီတိ။ သောပိ တထေဝ စလတိ, တံဂတိကော တဒနုဝတ္တကောဝ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၁၂၆။)

စိတ္တသမုဋ္ဌာန်ဖြစ်သော = စိတ်ကြောင့်ဖြစ်သော ရုပ်တရားအပေါင်းသည် လှုပ်ရှားလတ်သော် တစ်နေရာမှ တစ်နေရာသို့ ရွေ့ရှားလတ်သော် ကမ္မဇရုပ်-ဥတုဇရုပ်-အာဟာရဇရုပ်ဟူသော သုံးမျိုးသော အကြောင်းတရားကြောင့်ဖြစ်သော တိသမုဋ္ဌာနိကရုပ်သည်လည်း လှုပ်ရှားလေသလော မလှုပ်ရှားလေသလော၊ တစ်နေရာမှ တစ်နေရာသို့ ရွေ့ရှားလေသလော မရွေ့ရှားလေသလောဟု မေးရန်ရှိ၏။ ကံ-ဥတု-အာဟာရဟူသော သုံးမျိုးသော အကြောင်းတရားကြောင့် ဖြစ်သော တိသမုဋ္ဌာနိက ရုပ်တရားအပေါင်းသည်လည်း ထိုစိတ်ကြောင့်ဖြစ်သည့် စိတ္တသမုဋ္ဌာန်ရုပ် အတူပင်လျှင် လှုပ်ရှား၏၊ တစ်နေရာမှ တစ်နေရာသို့ ရွေ့၏၊ ထိုစိတ်ကြောင့်ဖြစ်သည့် စိတ္တသမုဋ္ဌာန် ရုပ်တရားအပေါင်း၏ ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းရှိသည်သာ ဖြစ်၏၊ ထိုစိတ်ကြောင့်ဖြစ်သည့် စိတ္တသမုဋ္ဌာန် ရုပ်တရားအပေါင်းသို့ အစဉ်လိုက်ရသည်သာ ဖြစ်၏။

ဥပမာ မြစ်တစ်ခု၏ အတွင်းဝယ် မြစ်ရေသည် စီးဆင်းနေသည် ဆိုကြစို့၊ မြစ်ရေသည် စီးဆင်းနေလတ်သော် မြစ်ရေ၌ (မြစ်ထဲ၌်) ကျရောက်လျက်ရှိကြကုန်သော သစ်ကိုင်းခြောက်, မြက်ခြောက်, သစ်ရွက်ခြောက် စသည်တို့သည်လည်း ရေနှင့်တစ်ပါတည်း စီးဆင်းသွားရကုန်သကဲ့သို့၊ ထိုရေသည် သွားလတ်သော် သွားရကုန် သကဲ့သို့ ထိုရေသည် ရပ်လတ်သော် ရပ်ရကုန်သကဲ့သို့ ဤသို့ မချွတ်မယွင်း ပြီးစီးခြင်းရှိသော နှိုင်းခိုင်းဖွယ်ရာ ဤဥပမေယျကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၁၂၆။)

ထိုကြောင့် စိတ္တသမုဋ္ဌာန်ဖြစ်သည့် စိတ္တဇဝါယောဓာတ်၌သာ အတူဖြစ်သော ရုပ်တရားတို့ကို တစ်နေရာမှ တစ်နေရာသို့ရောက်အောင် ရှေးရှူသယ်ဆောင်တတ်သော အဘိနီဟာရပစ္စုပဋ္ဌာန် ရှိသည်မဟုတ်၊ ကမ္မဇဝါယောဓာတ် ဥတုဇဝါယောဓာတ် အာဟာရဇဝါယောဓာတ်တို့၌လည်း အဘိနီဟာရပစ္စုပဋ္ဌာန် ရှိသည်သာဟု မှတ်ပါ။ (ဤ၌ ဝါယောဓာတ်က အတူဖြစ်သော ရုပ်တရားအပေါင်းကို တစ်နေရာမှ တစ်နေရာသို့ရောက်အောင် ရှေးရှူ သယ်ဆောင်၏ဟူသည် နေရာအသစ်အသစ်၌ ဥပါဒ်စေခြင်း ဖြစ်စေခြင်းကိုသာ ဆိုလိုသည် မှတ်ပါ။ အကျယ်ကို ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။)

၅။ စက္ခုပသာဒ

၅။ စက္ခုပသာဒ

၁။ (က) ရူပါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ,

( ခ ) ဒဋ္ဌုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏံ ဝါ စက္ခု၊

၂။ ရူပေသု အာဝိဉ္ဆနရသံ၊

၃။ စက္ခုဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနံ၊

၄။ ဒဋ္ဌုကာမတာနိဒါနကမ္မဇဘူတပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၄၉။ ဝိသုဒ္ဓိ၊၂၊၇၄။)

၁။ (က) ရူပါရုံ၌ (၏) ရှေးရှူ ထိခိုက်ခြင်းကို ထိုက်သော, (ရှေးရှူ ရိုက်ခတ်ခြင်းငှာ ထိုက်သော)

မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော လက္ခဏ၊

( ခ ) ရူပါရုံကို မြင်တွေ့လိုသော ရူပတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်

ဖြစ်သော မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော လက္ခဏ၊

၂။ ရူပါရုံတို့၌ (ရူပါရုံတို့ဘက်သို့) ပုဂ္ဂိုလ်ကိုလည်းကောင်း, ဝီထိစိတ်အစဉ်ကိုလည်းကောင်း

ဆွဲဆောင်သွားခြင်း (ကိစ္စ) ရသ၊

၃။ စက္ခုဝိညာဏ်၏ တည်ရာဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ရူပါရုံကို မြင်တွေ့လိုသော ရူပတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ဖြစ်သော

(စက္ခုပသာဒ၏ မှီရာ) ကလာပ်တူ မဟာဘုတ် ပဒဋ္ဌာန်။

စက္ခုဒွါရဝယ် စက္ခုဒသကကလာပ် အတွင်း၌ရှိသော (၁၀)မျိုးသော ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းပါ၊ ထိုရုပ်တရားများထဲမှ စက္ခုပသာဒကို ရွေးထုတ်၍ ရှုရန် ဖြစ်သည်။ မျက်စိ၌ စက္ခုပသာဒ ကာယပသာဒဟု အကြည်ဓာတ် (၂)မျိုး ရှိနေ၏။ စက္ခုပသာဒကား စက္ခုဒသကကလာပ်တွင် ပါဝင်၏၊ ကာယပသာဒ ကား ကာယဒသကကလာပ်တွင် ပါဝင်၏။ ထိုနှစ်မျိုးတို့တွင် ရူပါရုံ၌ သို့မဟုတ် ရူပါရုံ၏ ရှေးရှူ ရိုက်ခတ်ခြင်း ထိခတ်ခြင်း ထိခိုက်ခြင်းငှာထိုက်သော စက္ခုဒသကကလာပ် အတွင်း၌ ရှိသော မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့ကို ကြည်လင်စေခြင်းသဘောကား စက္ခုပသာဒ၏ ကိုယ်ပိုင်သဘာဝလက္ခဏာတည်း။ ရူပါရုံ၌ (၏) ရှေးရှူ ရိုက်ခတ် သည် ဖြစ်စေ, မရိုက်ခတ်သည် ဖြစ်စေ ရှေးရှူ ရိုက်ခတ်ခြင်းငှာထိုက်သော သဘောသည်သာလျှင် စက္ခုပသာဒ၏ လက္ခဏ ဖြစ်ပေသည်။

အဘိဃာတ = ရှေးရှူရိုက်ခတ်ခြင်း = ထိခတ်ခြင်း

အဘိဃာတ = ရှေးရှူရိုက်ခတ်ခြင်း = ထိခတ်ခြင်း

အဘိဃာတော စ ဝိသယဝိသယီနံ အညမညံ အဘိမုခီဘာဝေါ ယောဂျဒေသာဝဋ္ဌာနံ အဘိဃာတော ဝိယာတိ ကတွာ။ သော ရူပေ စက္ခုဿ, ရူပဿ ဝါ စက္ခုမှိ ဟောတိ။ (မဟာဋီ၊၂၊၈၉။)

ရှေးရှူရိုက်ခတ်ခြင်း ထိခတ်ခြင်း ထိခိုက်ခြင်းဟူသည် --- တုတ်နှစ်ချောင်းတို့ကို ရိုက်ခတ်လိုက်သဖြင့် ထိ ခိုက်ခြင်းကဲ့သို့ -- ရူပါရုံနှင့် စက္ခုပသာဒ = စက္ခုဒွါရတို့သည် တကယ်တမ်း ထိခိုက်ကြသည်ကား မဟုတ်၊ အာရုံနှင့် ဒွါရတို့ ရှေးရှူရိုက်ခတ်သကဲ့သို့ ထိခတ်သကဲ့သို့ ထိခိုက်သကဲ့သို့ ဖြစ်မှုကို ဆိုလိုသည်။ ရူပါရုံနှင့် စက္ခုဒွါရတို့၏ အချင်းချင်း ရှေးရှူမျက်နှာချင်းဆိုင်ဖြစ်မှု သင့်လျော်သောအရပ်၌ တည်နေမှုကိုပင် အဘိဃာတ = ရှေးရှူရိုက်ခတ် သကဲ့သို့ ဖြစ်၍, ရှေးရှူထိခတ်သကဲ့သို့ ဖြစ်၍, ရှေးရှူထိခိုက်သကဲ့သို့ ဖြစ်၍ ရူပါရုံ၌ (၏) ရှေးရှူထိခိုက်ခြင်း သဘောလက္ခဏာ ရှိ၏ဟု ခေါ်ဝေါ်သုံးနှုန်းထားခြင်း ဖြစ်၏။ ထို ရှေးရှူထိခိုက်ခြင်းသည် ---

၁။ ရူပါရုံ၌ စက္ခုပသာဒ၏ ရှေးရှူထိခိုက်ခြင်း,

၂။ ရူပါရုံ၏ စက္ခုပသာဒ၌် ရှေးရှူထိခိုက်ခြင်း ---

ဤသို့ ရှေးရှူထိခိုက်ခြင်း နှစ်မျိုးရှိရာ နှစ်မျိုးလုံးကိုပင် သဘာဝ လက္ခဏဟု ဆိုလိုပေသည်။ (အဘိ၊ဋ္ဌ၊ ၁၊၁၅၇ - ကြည့်။) ဤကား စက္ခုပသာဒ၏ သဘောလက္ခဏာကို နှစ်နည်း ဖွင့်ဆိုရာဝယ် ပထမနည်းအဖွင့်၏ ဆိုလိုရင်း အဓိပ္ပါယ်တည်း။

ဒုတိယနည်း --- ဒဋ္ဌုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏံ ဝါ စက္ခု။

= ရူပါရုံကို မြင်တွေ့လိုသော ရူပတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ဖြစ်သော စက္ခုပသာဒနှင့် ကလာပ်တူ မဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေခြင်း သဘောလက္ခဏာရှိ၏ဟု စက္ခုပသာဒ၏ လက္ခဏာကို တစ်နည်း ထပ်မံဖွင့်ဆိုထား၏။ ဤ ထပ်မံဖွင့်ဆိုချက်နှင့် ပတ်သက်၍ ဋီကာဆရာတော်များက အောက်ပါအတိုင်း ဆိုလိုရင်းကို ရှင်းလင်း တင်ပြထားတော်မူကြ၏။

ပရိပုဏ္ဏာပရိပုဏ္ဏာယတနတ္တဘာဝနိဗ္ဗတ္တကဿ ကမ္မဿ နိဒါနဘူတာ ကာမတဏှာ, ရူပတဏှာ စ တဒါယတနိကဘဝပတ္ထနာဘာဝတော ဒဋ္ဌုကာမတာဒိဝေါဟာရံ အရဟတီတိ ဒုတိယနယော သဗ္ဗတ္ထ ဝုတ္တော။ (မူလဋီ၊၁၊၁၄၇။ မဟာဋီ၊၂၊၈၉။)

ပြည့်စုံသော အာယတန, မပြည့်စုံသော အာယတနရှိသော ခန္ဓာကိုယ် အတ္တဘောကို ဖြစ်စေတတ်သော ကံ၏အကြောင်းရင်းဖြစ်သော သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုကို လိုလားတပ်မက်သော လိုလားတောင့်တသော ကာမတဏှာသည်လည်းကောင်း, ရူပါရုံကို လိုလားတပ်မက်သော ရူပတဏှာ (သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာ) သည်လည်းကောင်း ထိုစက္ခာယတန (သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန, မနာယတန) စသော အာယတနရှိသော ဘဝကို တောင့်တမှုရှိသောကြောင့် ရူပါရုံကို မြင်ခြင်းငှာ အလိုရှိမှုစသော ဝေါဟာရကို ခေါ်ဝေါ်သုံးစွဲခြင်းငှာ ထိုက်ပေသည်။ ထိုကြောင့် စက္ခုပသာဒ၏ ကိုယ်ပိုင်သဘာဝ လက္ခဏာကို အဋ္ဌကထာဆရာတော်က ဒုတိယတစ်နည်း ထပ်မံ၍ ဖွင့်ဆိုတော်မူပြန်သည်။ သောတပသာဒ စသည်တို့၌လည်း နည်းတူမှတ်ပါ။ (မူလဋီ၊၁၊၁၄၇။ မဟာဋီ၊၂၊၈၉။)

ရူပါရုံကို မြင်လိုသည့် ရည်ရွယ်ချက်, သဒ္ဒါရုံကို ကြားလိုသည့် ရည်ရွယ်ချက် --- ဤသို့စသော ထိုထိုအာရုံကို မြင်လို ကြားလိုမှုစသော ရည်ရွယ်ချက်ဖြင့် ကောင်းမှုကုသိုလ် သင်္ခါရကံကို အားထုတ်သည်ပင်ဖြစ်စေ၊ ထိုထိုရူပါရုံ စသော စက္ခာယတနစသော ပြည့်စုံသော အာယတနရှိသော ကာမသုဂတိဘဝ, မပြည့်စုံသော အာယတနရှိသော ဗြဟ္မာဘဝ ဤသို့စသော ဘဝတစ်ခုခုကို ရည်ရွယ်တောင့်တမှုဖြင့် သင်္ခါရကံကို အားထုတ်သည်ပင်ဖြစ်စေ၊ ထိုကဲ့သို့သော တောင့်တမှုမျိုးကို ရူပါရုံကို မြင်ခြင်းငှာ အလိုရှိသည်, သဒ္ဒါရုံကို ကြားခြင်းငှာ အလိုရှိသည် --- ဤသို့ စသည်ဖြင့် ခေါ်ဝေါ်ပြောဆိုခြင်းငှာ ထိုက်သည်သာ ဖြစ်ပေသည်ဟု ဆိုလိုရင်း ဖြစ်သည်။ ရူပါရုံကို မြင်လိုသည့် ရည်ရွယ်ချက်စသည်ဖြင့် ကံကို ဆည်းပူးသည်ပင် ဖြစ်စေ၊ ထိုထို အာယတနတို့ ပြည့်စုံသည့်ဘဝ မပြည့်စုံသည့် ဘဝကို ရည်ရွယ်တောင့်တ၍ ကံကို ဆည်းပူးသည်ပင်ဖြစ်စေ၊ ထိုကဲ့သို့သော တောင့်တမှုဖြင့် ပြုစုပျိုးထောင် ထားသော ပြုစုပျိုးထောင်လိုက်သောကံမှာ ကာမတဏှာ ရူပတဏှာစသည်လျှင် အကြောင်းရင်းခံရှိသော ကံဟုပင် ခေါ်ဆိုနိုင်ပေသည်။ ယင်းကံကြောင့် ဖြစ်ပေါ်လာသော စက္ခုဒသကကလာပ် (သောတဒသကကလာပ် ဃာန ဒသကကလာပ် ဇိဝှါဒသကကလာပ် ကာယဒသကကလာပ် အသီးအသီး) ၏ မှီရာ ကလာပ်တူ ဓာတ်ကြီး (၄) ပါးကို ကြည်လင်စေတတ်သော သဘောကား စက္ခုပသာဒဟူသော အမည်ကို ရရှိသည်သာ ဖြစ်ပေသည်။ (သောတပသာဒစသည် အမည်ရရှိပုံကိုလည်း နည်းတူ သဘောပေါက်ပါ။)

ဒဋ္ဌုကာမတာ --- ရူပါရုံကို မြင်တွေ့လိုသည့် တဏှာကို ရူပတဏှာဟု ခေါ်ဆို၏၊ သဒ္ဒါရုံကို ကြားလိုသည့် တဏှာကို သဒ္ဒတဏှာဟု ခေါ်ဆို၏ - ဤသို့စသည်ဖြင့် ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာတို့ ကိုလည်း သဘောပေါက်ပါ။ ထိုရူပတဏှာစသော တဏှာ (၆)မျိုးတို့သည် ထိုအတ္တဘောတည်းဟူသော ရုပ်နာမ်ကို ဖြစ်စေတတ်သော ကံကို အားထုတ်ဆဲခဏ ပြုလုပ်ဆဲခဏမှ ရှေးအဖို့၌ ကြိုတင်၍ ဖြစ်ခဲ့လျှင်ကား ပြောဖွယ်ရာ ပင် မလိုတော့ပေ။ အကယ်၍ ထိုထို အတ္တဘောတည်းဟူသော ခန္ဓာအိမ်ရုပ်နာမ်ကို ဖြစ်စေတတ်သော ကံကို အားထုတ်ဆဲ ပြုလုပ်ဆဲခဏမှ ရှေးအဖို့၌ ကြိုတင်၍ မဖြစ်ခဲ့လျှင်ကား ထိုထိုတဏှာကို ဆိုင်ရာဆိုင်ရာ အရိယမဂ် တရားဖြင့် အကြွင်းမဲ့ မပယ်သတ်ရသေးခြင်းသည်ပင်လျှင် အနုသယဓာတ်အနေဖြင့် ကိန်းဝပ်တည်နေခြင်းသည် ပင်လျှင် အကြောင်းတရားဖြစ်သည်ဟု မှတ်ပါ။ ဆိုလိုသည်မှာ တဏှာအစိုဓာတ် အစေးဓာတ်ဟူသော ကိလေသဝဋ် ကြောင့် ကမ္မဝဋ် ဖြစ်နိုင်ရကား ရူပတဏှာ စသော ကိလေသာ အစိုဓာတ် အစေးဓာတ်သည် ထိုထိုကံကို အား- မထုတ်မီ ကြိုတင်၍ ဖြစ်ရိုးဓမ္မတာ ရှိ၏။ သို့သော် ထိုထိုကံ ဟူသော ကမ္မဝဋ်ကို အားမထုတ်မီက ရူပတဏှာ စသော ကိလေသဝဋ် အစိုဓာတ် အစေးဓာတ်တို့သည် ကြိုတင်၍ မဖြစ်ခဲ့သော် ထိုရူပတဏှာ စသည့် ကိလေသာ တို့ကို အရိယမဂ်တရားဖြင့် မပယ်ရှားရသေးလျှင် ထို မပယ်သတ်ရသေးသော အနုသယဓာတ်သတ္တိသည်ပင် ထိုထိုကမ္မဝဋ်ကို ဖြစ်စေရာ၌လည်းကောင်း, ထိုထိုကမ္မဝဋ်က ထိုထိုအာယတနများ ပြည့်စုံသည့် ဘဝ, ထိုထိုအာယတနများ မပြည့်သည့်ဘဝစသော ထိုထို ဝိပါကဝဋ်ကို ဖြစ်စေခြင်း၌လည်းကောင်း လုံလောက်သော အကြောင်း- တရား ဖြစ်နိုင်ကြသည် ဟူလိုသည်။ (မဟာဋီ၊၂၊၈၉-ကြည့်။)

ထိုထိုကံကို အားထုတ်ဆဲခဏမှ ရှေးအဖို့၌ ရူပတဏှာ စသည်တို့၏ ထိုထို ရုပ်နာမ်အစဉ်၌ ထင်ရှားဖြစ်ခဲ့ ခြင်းသည် ဥပ္ပန္နတာ = ကိလေသဝဋ် ထင်ရှားဖြစ်ခြင်း အကြောင်းတရားဟု ခေါ်ဆို၏။ ထိုထိုကံကို အားထုတ်ဆဲ ခဏမှ ရှေးအဖို့၌ ရူပတဏှာ စသည်တို့သည် ထိုထိုရုပ်နာမ်သန္တာန် အစဉ်၌ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မဖြစ်ခဲ့သော်လည်း အရိယမဂ်တရားဖြင့် မပယ်ရှားရသေးသည့်အတွက် အနုသယဓာတ် = အငုပ်ဓာတ် အနေအားဖြင့် ကိန်းဝပ်၍ တည်နေကြပေ၏။ ထိုကဲ့သို့ အနုသယဓာတ်သဘော အနေအားဖြင့် ကိန်းဝပ်တည်နေ ခြင်းသည် အတ္ထိတာ = အနုသယဓာတ် အနေအားဖြင့် ထင်ရှားရှိခြင်း အကြောင်းတရားဟု ခေါ်ဆို၏။ ယင်းဥပ္ပန္နတာ အကြောင်းတရား, အတ္ထိတာ အကြောင်းတရား နှစ်မျိုးလုံးသည်ပင် ကမ္မဝဋ် အမည်ရသော ကံတရားက ဆိုင်ရာ မိမိ၏ အကျိုးတရား၏ အကြောင်းတရားအဖြစ်သို့ ကပ်ရောက်နိုင်ခြင်းကြောင့် ရူပတဏှာ စသည်တို့သည် ထင်ရှားရှိသော တရားသာလျှင် ဖြစ်၏ဟု ခေါ်ဆိုနိုင်ပေသည်။ (မဟာဋီ၊၂၊၈၉။)

ထိုကြောင့် ရူပါရုံကို မြင်လိုသည့် ရူပတဏှာ စသည်တို့ကို အရင်းခံ၍ ကံကို အားထုတ်ခဲ့သည်ပင်ဖြစ်စေ၊ ရူပါရုံကို မြင်လိုသည့် ရူပတဏှာ စသည်တို့သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမဖြစ်ခဲ့ကြသော်လည်း ရူပတဏှာ စသည်တို့ကို ဆိုင်ရာဆိုင်ရာ အရိယမဂ်တရားက မပယ်ရှားရသေးသဖြင့် အနုသယဓာတ်သဘော အားဖြင့် ထင်ရှားရှိနေစဉ်ဝယ် ကံကို အားထုတ်ခဲ့သည်ပင်ဖြစ်စေ၊ ထိုကံကို ရူပတဏှာစသည်လျှင် အကြောင်းရင်းခံ ရှိသော ကံဟုပင် ဆိုနိုင်သည်။ ထို ကံကြောင့်ဖြစ်သော ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေတတ်သောသဘောမှာ စက္ခုပသာဒစသော အမည်ကို ရရှိနိုင်သည်သာ ဖြစ်သည်။

တစ်ခါတစ်ရံ အချို့အချို့သော ယောဂီများသည် အတိတ်အကြောင်းတရားများကို ရှာဖွေရာဝယ် ဆိုင်ရာ ဆိုင်ရာ အကျိုးရုပ်နာမ်တို့ကို ဖြစ်စေတတ်သော ဆိုင်ရာအကျိုးကို ပေးနေသောကံ၏ ရှေးအဖို့၌ အဝိဇ္ဇာ-တဏှာ- ဥပါဒါန်တို့ကို ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ပီပီပြင်ပြင် ဖြစ်ခဲ့သည်ကို ရှာဖွေ၍ မတွေ့ရှိ ဖြစ်နေတတ်၏၊ သို့သော် ထိုကံကလည်း အကျိုးပေးနေသည်ကို ထင်ထင်ရှားရှား အကြောင်း-အကျိုး ဆက်စပ်၍ ရနေတတ်၏။ ထိုကဲ့သို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ကမ္မဝဋ်၏ အကြောင်းရင်းဖြစ်သော ကိလေသဝဋ်မှာ အရိယမဂ်တရားဖြင့် မပယ်ရှားရသေး၍ အနုသယဓာတ်အနေဖြင့် အငုပ်ဓာတ်အနေဖြင့် ကိန်းဝပ်တည်နေသော အဝိဇ္ဇာ-တဏှာ- ဥပါဒါန်တို့၏ ထင်ရှားရှိခြင်းဟူသော အတ္ထိတာ အကြောင်းတရားပင် ဖြစ်သည်။

နော စေ ဘိက္ခဝေ စေတေတိ၊ နော စေ ပကပ္ပေတိ၊ အထ စေ အနုသေတိ၊ အာရမ္မဏမေတံ ဟောတိ ဝိညာဏဿ ဌိတိယာ။ (သံ၊၁၊၂၉၅။ စေတနာသုတ္တန်။)

ဤ စေတနာသုတ္တန်နှင့်အညီ ကံကို ပြုစုပျိုးထောင်ခဲ့စဉ်က ဆိုင်ရာ ကိလေသဝဋ်တရားများသည် ထိုကံ၏ ရှေးအဖို့၌ ကြိုတင်၍ ဥပါဒ်-ဌီ-ဘင်အနေအားဖြင့် ထင်ရှားမဖြစ်ခဲ့သော်လည်း အနုသယဓာတ်သဘောအားဖြင့် တည်ရှိနေသေးလျှင်လည်း ထိုအနုသယဓာတ် ကိန်းဝပ်လျက် ရှိနေသေးသော ထိုပုဂ္ဂိုလ်၏ ပြုစုပျိုးထောင်လိုက်သော ကံသည် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စွမ်းအားရှိသော ကမ္မဝိညာဏ်အဖြစ် ရပ်တည်နေဖို့ရန် အကြောင်းတရားပင် ဖြစ်ပေသည်။ (အကျယ်ကို ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ပြန်ကြည့်ပါ။)

(ကိစ္စ) ရသ --- ရူပေသု ပုဂ္ဂလဿ, ဝိညာဏဿ ဝါ အာဝိဉ္ဆနရသံ။ (မူလဋီ၊၁၊၁၄၇။ မဟာဋီ၊၂၊၉၀)

စက္ခုအကြည်ဓာတ်သည် အာဝဇ္ဇန်း = ပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင်စိတ်စသော စက္ခုဒွါရဝီထိစိတ်, တဒနုဝတ္တက = နောက်လိုက် မနောဒွါရဝီထိစိတ်, ရူပါရုံကို ဆက်လက် အာရုံယူသော သုဒ္ဓမနောဒွါရဝီထိစိတ်ဟူသော ဝိညာဏ်ကို ရူပါရုံဘက်သို့ ဆွဲဆောင်သွား၏။ စိတ်ကို ဆွဲဆောင်သွားလျှင် စိတ်က သတ္တဝါကိုပါ ဆွဲဆောင်သွား သောကြောင့် ဌာနျူပစာရအားဖြင့် စက္ခုအကြည်ဓာတ်ရှိရာ သတ္တဝါကို ရူပါရုံဘက်သို့ ဆွဲဆောင်သည်ဟု ဆိုသည်။ ထိုကြောင့် ကာမဘုံသား သတ္တဝါတို့သည် စက္ခုပသာဒ၏ ဆွဲဆောင်မှုကြောင့် ရူပါရုံကို ကြည့်မိကြကုန်၏၊ မကြည့် ပါဘူးဟု စောင့်စည်းနေသော်လည်း စိတ်ကို မထိန်းနိုင်သူတို့ကား ရုတ်ခနဲဆိုလျှင် ခေတ္တခဏဖြစ်စေ ကြည့်မိတတ် ကြသေး၏။ သောတပသာဒစသည်တို့က ဆွဲဆောင်သွားခြင်းကြောင့် သဒ္ဒါရုံကို နားထောင်မိပုံ, ဂန္ဓာရုံကို မကောင်းမှန်းသိသော်လည်း နမ်းမိပုံ, အရသာတစ်ခုခုကို မကောင်းမှန်းသိလျက် မြည်းကြည့်မိတတ်ပုံ, မူးယစ်ဆေးဝါးများကို မကောင်းမှန်းသိလျက် မှီဝဲတတ်ပုံ, မကောင်းမှန်းသိလျက် ဒုက္ခရောက်မည်ဟု သိလျက် ဖောဋ္ဌဗ္ဗာရုံများကို တို့ကြည့်မိပုံ ခံစားမိပုံများကို လောကမျက်မြင်အားဖြင့် ဆင်ခြင် သဘောပေါက်ပါလေ။

အမေး --- အဘယ်ကြောင့် စက္ခုအကြည်ဓာတ်စသော အကြည်ပသာဒရုပ်များက ဆိုင်ရာဆိုင်ရာ ဝီထိစိတ် အစဉ်များကို ထိုထိုအာရုံဘက်သို့ ဆွဲဆောင်သွားနိုင်ပါသနည်းဟု မေးဖွယ်ရာ ရှိ၏။

အဖြေ --- ယင်းပသာဒရုပ် = အကြည်ဓာတ်တို့ကား အဝိဇ္ဇာ-တဏှာ-ဥပါဒါန် အရင်းခံသည့် ကံကြောင့် ဖြစ်သော ကမ္မဇရုပ်များ ဖြစ်ကြ၏။ ယင်း တဏှာမှာ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း အာရုံ (၅)ပါး ကာမဂုဏ် တရားတို့ကို မြင်လို ကြားလို နမ်းလို လျက်လို ထိလိုသော = ခံစားလိုသော ကာမတဏှာ ဖြစ်ရကား အာရုံကို ခံစားလိုသော ဦးတည်ချက်ဖြင့် ပြုစုပျိုးထောင်ခဲ့သော ကံက ဖြစ်စေသော အကျိုးတရားများ ဖြစ်ခြင်းကြောင့် ယင်းအကြည်ဓာတ်တို့သည် ထိုထိုအာရုံဘက်သို့ ထိုထိုအကြည်ဓာတ်ရှိရာ သတ္တဝါနှင့် ထိုထိုသတ္တဝါ၏ စိတ်အ စဉ်ကို ဆွဲဆောင်သွားနိုင်ခြင်း ဖြစ်ပေသည်။ ထိုသို့ အဆွဲဆောင် မခံရမီ၌ ဖြစ်စေ, သို့မဟုတ် အဆွဲဆောင်ခံရသော အခါ၌ ဖြစ်စေ ---

၁။ မြင်အပ်သောတရား, မြင်တတ်သောတရား,

၂။ ကြားအပ်သောတရား, ကြားတတ်သောတရား,

၃။ ထိအပ်သောတရား, ထိတတ်သောတရား,

၄။ သိအပ်သောတရား, သိတတ်သောတရား ---

ဤရုပ်နာမ် ပရမတ်တရားတို့ကို အကြောင်းတရားနှင့်တကွ, အချိန်မီ ဝိပဿနာ မရှုနိုင်ပါက နောက်ထပ် ကာမတဏှာများ ပွားစီးနေကြဦးမည် ဖြစ်သည်။ အာရုံကိုတပ်မက်သည့် အာရုံကိုခံစားလိုသည့် ယင်းကာမတဏှာကို အခြေခံ၍ ဘဝသစ်ကို ပြုစီမံတတ်သည့် အဘိသင်္ခါရကံများသည် အသစ်ထပ်မံ၍ ဖြစ်ပေါ်လာကြ ဦးမည် ဖြစ်သည်။ ယင်းကံကြောင့် နောက်ထပ်တစ်ဖန် ဘဝသစ်၌ စက္ခုအကြည်ဓာတ် စသော အကြည်ရုပ်များ လည်း ထပ်မံ၍ ဖြစ်လာကြဦးမည်သာ ဖြစ်ပေသည်။ ဤသို့လျှင် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ဦးဆောင်သည့် အနုသယကိလေသာဓာတ်တို့ကို အချိန်မီ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် မပယ်သတ်နိုင်ပါက ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်ကြီးသည် မရပ်မနား ဆက်ကာဆက်ကာ လည်ပတ်၍ နေဦးမည်သာ ဖြစ်ပေသည်။

ပစ္စုပဋ္ဌာန် --- စက္ခုဝိညာဏာဒီနံ ယထာရဟံ ဝတ္ထုဒွါရဘာဝံ သာဓယမာနံ တိဋ္ဌတိ။ (ဝိသုဒ္ဓိ၊၂၊၇၆။)

စက္ခုဝိညာဏဿ ဝတ္ထုဘာဝံ နိဿယဘာဝတော အာဝဇ္ဇနသမ္ပဋိစ္ဆနာဒီနံ တဒါရမ္မဏာဝသာနာနံ ဒွါရဘာဝံ သမဝသရဋ္ဌာနတော (သမဝသရဒါနတော) (မဟာဋီ၊၂၊၉၄။)

စက္ခုပသာဒသည် စက္ခုဝိညာဏ်၏ မှီ၍ဖြစ်ရာ ဝတ္ထုရုပ် ဖြစ်၏။ သို့အတွက် စက္ခုပသာဒသည် စက္ခုဝိညာဏ်အား မှီရာ နိဿယသတ္တိဖြင့် ကျေးဇူးပြုပေး၏။ စက္ခုပသာဒ မရှိလျှင် စက္ခုပသာဒကို မမှီရလျှင် (မျက်စိ ကာဏ်းနေလျှင်) စက္ခုဝိညာဏ်သည် မဖြစ်နိုင်ရကား စက္ခုဝိညာဏ် ဖြစ်ရေးအတွက် စက္ခုပသာဒသည် မရှိလျှင် မဖြစ်သော အကြောင်းတရား တစ်ခုပင် ဖြစ်၏။ ယင်းအကြောင်းမျိုးကို နိဿယအကြောင်းတရားဟု ခေါ်ဆိုသည်။ ယင်းနိဿယ အကြောင်းတရားကိုပင် စက္ခုပသာဒက စက္ခုဝိညာဏ်အား နိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး သည်ဟု ဟောတော်မူခြင်း ဖြစ်သည်။

တစ်ဖန် စက္ခုပသာဒ မရှိက စက္ခုဝိညာဏ်သာမက ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံဟူသော စက္ခုဒွါရဝီထိစိတ်များလည်း မဖြစ်နိုင်ကြပေ။ ရူပါရုံက စက္ခုအကြည်နှင့် ဘဝင်မနောအကြည်တို့ ကို ပြိုင်တူရိုက်ခတ်ပါမှ ယင်းစက္ခုဒွါရဝီထိစိတ်များ ဖြစ်ခွင့် ရနိုင်ကြ၏။ စက္ခုအကြည်ဓာတ် မရှိက စက္ခုဝိညာဏ်နှင့် သမ္ပယုတ်တရားများလည်း မဖြစ်နိုင်ကြ၊ စက္ခုသမ္ဖဿလည်း မဖြစ်နိုင်။ စက္ခုသမ္ဖဿက ကျေးဇူးပြုပေးပါမှသာလျှင် သမ္ပဋိစ္ဆိုင်းစသော စက္ခုဒွါရဝီထိစိတ်များလည်း ဖြစ်နိုင်ကြ၏။ သို့အတွက် စက္ခုဒွါရဝီထိစိတ်များ ဖြစ်နိုင်ရေးအတွက်လည်း စက္ခုပသာဒက ကျေးဇူးပြုပေးလျက်ပင် ရှိ၏။ ယင်းသို့ ကျေးဇူးပြုပေးမှုကို သမဝသရဋ္ဌာန = စက္ခု ပသာဒသည် စက္ခုဒွါရဝီထိစိတ်တို့၏ ကောင်းစွာသက်ရောက်ရာ ဌာန ဖြစ်သည်၊ သမဝသရဒါန = စက္ခုပသာဒက စက္ခုဒွါရဝီထိစိတ်တို့အား ကောင်းစွာသက်ရောက်မှုကို ပေးသည်ဟု ဆိုသည်။ ယင်းသို့ စက္ခုပသာဒက စက္ခုဒွါရ ဝီထိစိတ်တို့၏ ကောင်းစွာသက်ရောက်ရာ ဖြစ်ခြင်းကြောင့်, စက္ခုပသာဒသည် စက္ခုဒွါရဝီထိစိတ်တို့အား ကောင်းစွာ သက်ရောက်မှုကို ပေးခြင်းကြောင့် စက္ခုပသာဒကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ---

၁။ စက္ခုပသာဒသည် စက္ခုဝိညာဏ်၏တည်ရာ ဖြစ်ခြင်းသဘောတရားဟုလည်း ထင်လာ၏။

၂။ စက္ခုဝိညာဏ်နှင့် တကွသော စက္ခုဒွါရဝီထိစိတ်တို့၏ ဖြစ်ကြောင်း = ဒွါရ သဘောတရားဟုလည်း ထင် လာ၏။

စက္ခုဝိညာဏ်သည် မည်သည့်စက္ခုအကြည်ဓာတ်ကို

စက္ခုဝိညာဏ်သည် မည်သည့်စက္ခုအကြည်ဓာတ်ကို

မှီ၍ ဖြစ်ပါသနည်း

ရှေး ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် သသမ္ဘာရစက္ခု ပသာဒစက္ခု အကြောင်းများကို ပရမတ္ထသစ္စာနယ်မှ ရှင်းလင်း တင်ပြခဲ့၏။ ဤတွင် ထပ်မံ၍ အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။

သမ္ဘရီယတိ ဧတေဟီတိ သမ္ဘာရာ --- စက္ခုအကြည်ဓာတ် = စက္ခုပသာဒကို ကောင်းစွာမွေးမြူကြောင်း ဆောင်ကြောင်း ဖြစ်စေကြောင်းဖြစ်သော သတ္တိကြောင့် အထောက်အပံ့ဖြစ်သော မျက်စိ၌ ဥပါဒ်ကြသော ကမ္မဇ -စိတ္တဇ-ဥတုဇ-အာဟာရဇဖြစ်သော စတုသမုဋ္ဌာနိက ရုပ်အစဉ်သန္တတိဟူသော အစိတ်အစိတ်သော အဆောက်အဦ အကြောင်းတို့သည် သမ္ဘာရမည်၏။

သဟ သမ္ဘာရေဟီတိ သသမ္ဘာရံ၊ တဒေဝ စက္ခူတိ သသမ္ဘာရစက္ခု --- စက္ခုပသာဒကို ထောက်ပံ့တတ် ကုန်သော စတုသမုဋ္ဌာနိက ရုပ်အစဉ်သန္တတိဟူသော အဆောက်အဦ အကြောင်းတရားတို့နှင့် အတူတကွ ဖြစ်တတ်သော သတ္တိကြောင့် သသမ္ဘာရ မည်၏။ ပရမတ္ထသစ္စာနယ်မှ ဆိုရသော် စက္ခုပသာဒနှင့် တကွသော စက္ခုဒွါရ၌ တည်ရှိသော (၅၄)မျိုးသော ရုပ်တရား အပေါင်းအစုပင်တည်း။

သမုတိသစ္စာနယ်မှ ဆိုရသော် --- ညိုသော မျက်မွေးတို့ဖြင့် ထက်ဝန်းကျင် ပြွမ်းသော, မျက်နက်ဝန်း မျက်ဖြူဝန်းတို့ဖြင့် ဆန်းကြယ်သော ကြာညိုပွင့်ချပ်နှင့် တူသော အသားစိုင်ကို စက္ခု = မျက်လုံးဟူ၍ သတ္တလောက၌် ခေါ်ဆို၏။

သသမ္ဘာရစက္ခုကား ပသာဒစက္ခုကို ထောက်ပံ့တတ်သော အကြောင်းတရားပင် ဖြစ်၏။ ပသာဒစက္ခုသည် ထောက်ပံ့တတ်သောအကြောင်း အဆောက်အဦနှင့်တကွဖြစ်၍ သသမ္ဘာရစက္ခုဟု ဆိုအပ်သော ထိုမျက်လုံးအိမ်၏ မျက်ဖြူဝန်းတို့ဖြင့် ခြံရံအပ်သော မျက်နက်ဝန်း၏ အလယ်၌ ရှေးရှူ မျက်နှာချင်းဆိုင် အရပ်၌ တည်ရှိကြ ကုန်သောသူတို့၏ ကိုယ်သဏ္ဌာန် အရိပ်ထင်ရာ အရပ်၌ ဝါဂွမ်းလွှာ (၇)ထပ်တို့ဝယ် သွန်းလောင်းအပ်သော ဆီ သည် ဝါဂွမ်းလွှာ (၇)ထပ်တို့ကို နှံ့စေသကဲ့သို့ မျက်လွှာ (၇)ထပ်တို့ကို နှံ့စေ၍, ချီပိုးခြင်း, ရေချိုးပေးခြင်း, တန်ဆာ ဆင်ယင်ပေးခြင်း, ယပ်ခတ်ပေးခြင်း ကိစ္စကို ဆောင်ရွက်ပေးကြကုန်သော အထိန်းတော် (၄)ဦးတို့သည် ပြုလုပ်ပေးအပ်သော မွေးမြူခြင်းရှိသော မင်းသားကဲ့သို့ ကလာပ်တူ ဖြစ်ကြကုန်သော အတူဖြစ်ကြကုန်သော ဓာတ်ကြီး (၄)ပါးတို့တွင် ---

၁။ ပထဝီဓာတ်က တည်ရာကိစ္စဖြင့် ကောင်းစွာဆောင်ထားခြင်းကိစ္စ,

၂။ အာပေါဓာတ်က ဖွဲ့စည်းထားခြင်းကိစ္စ,

၃။ တေဇောဓာတ်က အပူငွေ့ဖြင့် ရင့်ကျက်စေခြင်းကိစ္စ,

၄။ ဝါယောဓာတ်က တွန်းကန်ထားခြင်းကိစ္စ ---

ဤ လုပ်ငန်းကိစ္စကြီး (၄)ရပ်တို့ဖြင့် အတူဖြစ်သော ကလာပ်တူ ဓာတ်ကြီး (၄)ပါးတို့က ကျေးဇူးပြုပေးအပ် သည် ဖြစ်၍ ကလာပ်ပြား ကလာပ်ခြား ဖြစ်ကုန်သော သသမ္ဘာရစက္ခု အမည်ရသော ဥတုဇရုပ် စိတ္တဇရုပ် အာဟာရဇရုပ်တို့က ထောက်ပံ့ထားအပ်သည် ဖြစ်၍, တစ်နည်းဆိုသော် ကလာပ်ပြား ကလာပ်ခြား ဖြစ်ကုန်သော သသမ္ဘာရစက္ခု အမည်ရသော ဥတုဇရုပ် စိတ္တဇရုပ် အာဟာရဇရုပ်တို့ကို ဖြစ်စေတတ်ကုန်သော စိတ်-ဥတု- အာဟာရတို့က ထောက်ပံ့အပ်သည် ဖြစ်၍ (မဟာဋီ၊၂၊၉၃-၉၄။) ကလာပ်တူ ရုပ်ဇီဝိတက စောင့်ရှောက်အပ် သည် ဖြစ်၍, အတူဖြစ်သော ကလာပ်တူ ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာတို့သည် ခြံရံအပ်သည် ဖြစ်၍ ပမာဏအားဖြင့် သန်းဦးခေါင်းမျှသော ပမာဏရှိသောအရပ်၌ ပျံ့နှံ့၍ တည်သည်ဖြစ်၍ စက္ခုဝိညာဏ်၏ မှီရာဝတ္ထုဖြစ်ခြင်း, စက္ခုဝိညာဏ်နှင့် တကွသော စက္ခုဒွါရဝီထိစိတ်တို့၏ ဖြစ်ကြောင်းဒွါရဖြစ်ခြင်း လုပ်ငန်းကိစ္စရပ်ကို ပြီးစေလျက် တည်နေပေသည်။ (ဝိသုဒ္ဓိ၊၂၊၇၅-၇၆။)

သတ္တအက္ခိပဋလဗျာပနဝစနေနေဝ စက္ခုဿ အနေကကလာပဂတဘာဝံ ဒေဿတိ။ ပ ။ တံ ပနေတံ စက္ခု အဓိဋ္ဌာနဘေဒတော, တတ္ထာပိ ပစ္စေကံ အနေကကလာပဂတဘာဝတော အနေကမ္ပိ သမာနံ သာမညနိဒ္ဒေသေန အာဝဇ္ဇနာယ ဧကတ္တာ, ဧကသ္မိံ ခဏေ ဧကေဿဝ စ ကိစ္စကရတ္တာ ဧကံ ကတွာ ဝုတ္တံ။ ဧဝမ္ပိ ဗဟူသု ကထမေကေဿဝ ကိစ္စကရတ္တံ။ ယံ တတ္ထ ဝိသဒံ ဟုတွာ ရူပါဘိဃာတာရဟံ၊ တံ ဝိညာဏဿ နိဿယော ဟောတီတိ ဂဟေတဗ္ဗံ။ ဖောဋ္ဌဗ္ဗဝိသေသော ဝိယ ကာယဝိညာဏဿ အာရမ္မဏဘာဝေ။ (မဟာဋီ၊၂၊၉၄။)

စက္ခုပသာဒသည် မျက်လွှာ (၇)လွှာတို့ကို ပျံ့နှံ့လျက် တည်နေကြောင်းကို အဋ္ဌကထာက ဖွင့်ဆိုထား၏။ ယင်းသို့ ဖွင့်ဆိုသော စကားရပ်ဖြင့် စက္ခုပသာဒရုပ်၏ တစ်ပါးမက များပြားလှစွာကုန်သော ရုပ်ကလာပ်တို့၌ တည်သည်၏ အဖြစ်ကို ညွှန်ပြ၏။ [စက္ခုပသာဒသည် မျက်လွှာ (၇)လွှာတို့ကို ပျံ့နှံ့၍ တည်ခြင်းကြောင့် စက္ခု ဒသက ကလာပ် (၇)ခုသာ ရှိသည်ဟူသော အဆိုအမိန့်များမှာ ဤမဟာဋီကာ၏ အဖွင့်နှင့်ကား မညီ ဖြစ်နေပေ သည်။]

စက္ခုဝိညာဏ်သည် စက္ခုပသာဒကို မှီ၍ ဖြစ်၏ဟု ဆိုရာ၌ မျက်စိဝယ် မျက်လုံးအိမ် နှစ်ခု ရှိနေသဖြင့် မျက်လုံးနှစ်ဘက်ဟူသော တည်ရာလည်း ကွဲပြားလျက် ရှိ၏။ မျက်လွှာ (၇)လွှာတို့ကို ပျံ့နှံ့၍ စက္ခုပသာဒများ တည်နေကြောင်းကိုလည်းကောင်း, သန်းဦးခေါင်းမျှ ပမာဏရှိသော အရပ်၌ စက္ခုဒသကကလာပ်ပေါင်းများစွာ တည်ရှိကြောင်းကိုလည်းကောင်း အထက်ပါ အဋ္ဌကထာ ဋီကာတို့က ဖွင့်ဆိုထားတော်မူကြ၏၊

ထို ဖွင့်ဆိုထားတော်မူချက်များအရ ---

၁။ မျက်လုံးနှစ်လုံးဟူသော တည်ရာကွဲပြားခြင်း,

၂။ မျက်လုံး တစ်လုံးတစ်လုံး၌လည်း စိတ္တက္ခဏ တစ်ခုအတွင်း၌ တစ်ချိန်တည်း ပြိုင်တူ ဥပါဒ်ကြသော စက္ခု ဒသကကလာပ်ပေါင်း များစွာရှိခြင်းကြောင့် --

စက္ခုပသာဒပေါင်းလည်း များစွာပင် ရှိနေ၏၊ စက္ခုပသာဒပေါင်းများစွာတို့သည် ပြိုင်တူ ဥပါဒ်လျက် ရှိကြ၏။ ထိုမျှများပြားသော စက္ခုပသာဒတို့တွင် စက္ခုပသာဒတစ်ခုသည် စက္ခုဝိညာဏ်၏ တည်ရာ မှီရာ လုပ်ငန်းကိစ္စရပ်ကို ရွက်ဆောင်ပေးနိုင်သည်သာ ဖြစ်သည်။ထိုသို့ ရွက်ဆောင်ပေးနိုင်သဖြင့် စက္ခုဝိညာဏ်သည် မည်သည့်စက္ခုပသာဒ ရုပ်ကို မှီ၍ ဖြစ်ပါသနည်းဟု မေးဖွယ်ရာရှိ၏။ အဖြေမှာ ဤသို့ဖြစ်၏ ---

မျက်လုံးနှစ်ဘက်ဟူသော တည်ရာအားဖြင့် ကွဲပြားမှုရှိခြင်း, မျက်လုံး တစ်လုံးတစ်လုံး၌လည်း စက္ခုဒသက ကလာပ်ပေါင်းများစွာ ရှိခြင်းကြောင့် စက္ခုပသာဒပေါင်းလည်း များပင်များသော်လည်း စက္ခုပသာဒချင်း တူညီ သဖြင့် တူညီရာ စုပေါင်းညွှန်ပြသော သာမညနိဒ္ဒေသနည်းအားဖြင့် ရူပါရုံကို ဆင်ခြင်တတ်သော ပဉ္စဒွါရာဝဇ္ဇန်း စိတ်၏ စက္ခုဒွါရတစ်ဝီထိ အတွင်း၌ တစ်ခုတည်းသာ ဖြစ်သောကြောင့်လည်းကောင်း, စက္ခုဝိညာဏ်ဟူသော စိတ္တက္ခဏ တစ်ခုအတွင်း၌ တစ်ခုတည်းသော စက္ခုပသာဒကသာလျှင် စက္ခုဝိညာဏ်၏ တည်ရာဖြစ်ခြင်း လုပ်ငန်း ကိစ္စရပ်ကို ပြုတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း (စက္ခုပသာဒပေါင်းများစွာကို) တစ်ခုတည်းပြု၍ ဖွင့်ဆို ထား၏။ ဤသို့ပင် ဖွင့်ဆိုထားသော်လည်း များစွာကုန်သော စက္ခုပသာဒတို့တွင် စက္ခုပသာဒ တစ်ခုတည်း၏သာ လျှင် စက္ခုဝိညာဏ်၏တည်ရာ လုပ်ငန်းကိစ္စကို ပြုတတ်သည်၏ အဖြစ်ကို အဘယ်သို့ ယူဆရမည်နည်း ---

ထိုများစွာသော စက္ခုပသာဒရုပ်တို့တွင် တစ်ခု တစ်ခုသော စက္ခုပသာဒကား အထူးကြည်လင်သန့်ရှင်း၍ ရူပါရုံ ရှေးရှူရိုက်ခတ်ခြင်း ထိခိုက်ခြင်းငှာ ထိုက်နေ၏၊ ထိုကဲ့သို့သော စက္ခုပသာဒသည် စက္ခုဝိညာဏ်၏ မှီရာ နိဿယ ဖြစ်ပေသည်ဟု ယူပါ။ အဘယ်ကဲ့သို့ မှတ်သားရမည်နည်းဟူမူ --- ကာယအကြည်ဓာတ်ခေါ် ကာယပသာဒများသည် ခန္ဓာကိုယ် တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိနေကြ၏၊သို့သော်လည်း ထူးကဲသော ဖောဋ္ဌဗ္ဗဓာတ် တို့၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော ကာယပသာဒသည်သာလျှင် ကာယဝိညာဏ်၏မှီရာ နိဿယဖြစ်နိုင် သကဲ့သို့တည်းဟု မှတ်ပါ။ တစ်ကိုယ်လုံး၌ ကာယဒသကကလာပ်ပေါင်းကား များစွာရှိနေသဖြင့် ကာယပသာဒ ပေါင်းလည်း များစွာပင် ရှိနေ၏။ တစ်ကိုယ်လုံး၌ ကာယပသာဒ = ကာယအကြည်ဓာတ်များသည် အနှံ့အပြားပင် တည်ရှိနေသော်လည်း ထိုကာယအကြည်ဓာတ်အားလုံးကို မှီ၍ ကာယဝိညာဏ်စိတ် တစ်ခုသည် ဖြစ်ပေါ်လာ သည်ကား မဟုတ်။ ဖောဋ္ဌဗ္ဗဓာတ် (ပထဝီ-တေဇော-ဝါယော) တို့၏ ထိခိုက်မှု ထင်ရှားသည့် နေရာ၌ တည်ရှိသော ကာယအကြည်ဓာတ်ကိုသာ မှီ၍ ကာယဝိညာဏ်စိတ် ဖြစ်သကဲ့သို့ မှတ်ပါ။ (မဟာဋီ၊၂၊၉၄။)

လက်တွေ့စမ်းသပ်ကြည့်သင့်သည်

လက်တွေ့စမ်းသပ်ကြည့်သင့်သည်

ဤ မဟာဋီကာဆရာတော်၏ အယူအဆ အဆိုအမိန့်များကို အသင်သူတော်ကောင်းသည် တကယ်လက်တွေ့ စမ်းသပ်ကြည့်သင့်၏၊ တကယ်လက်တွေ့ သုတေသန ပြုလုပ်သင့်၏။ အချို့သော ဆရာမြတ်တို့ကား ဤ မဟာဋီကာဆရာတော်၏ အယူအဆကို လက်မခံလိုကြပေ။ စက္ခုပသာဒပေါင်း များစွာကိုပင် စက္ခုဝိညာဏ်သည် မှီဖြစ်ရ၏ဟု အယူရှိတော်မူကြ၏။ သို့သော် ဉာဏ်ထက်မြက်သူ အချို့အချို့သော ယောဂါဝစရ သူတော်ကောင်း တို့ကား မဟာဋီကာဆရာတော်၏ အယူအဆကို လက်ခံလျက်ပင် ရှိကြပေသည်။

ပဒဋ္ဌာန် --- ရူပါရုံကို မြင်တွေ့လိုသော ရူပတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ဖြစ်သော စက္ခုပသာဒ၏ မှီရာ ကလာပ်တူ မဟာဘုတ်ဓာတ်ကြီး (၄)ပါးလျှင် အနီးကပ်ဆုံးသော အကြောင်းတရား ရှိ၏။ မျက်စိ၌ စက္ခုဒသကကလာပ်ပေါင်း များစွာရှိရာ စက္ခုပသာဒသည် မိမိနှင့်ကလာပ်တူ မဟာဘုတ်ဓာတ်ကြီး (၄)ပါးကိုသာ မှီ၏၊ ကလာပ်ပြား ကလာပ်ခြားလျက်ရှိသော မဟာဘုတ်ဓာတ်ကြီး (၄)ပါးကို မမှီပေ။ အကြောင်းမူ စက္ခုပသာဒဟူသည် ထိုထို မိမိတို့၏မှီရာ မဟာဘုတ်ဓာတ်ကြီး (၄)ပါးကိုသာ ကြည်လင်စေတတ်သော သဘော ဖြစ်ခြင်းကြောင့်တည်း။

ဤစက္ခုပသာဒ၏ ( ခ ) အမှတ်ပြ လက္ခဏာနှင့် ဤပဒဋ္ဌာန် ရှုကွက်တို့ကား ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် တင်ပြထား သော ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိထားပြီးသူ သူတော်ကောင်းတို့သာ ရှုနိုင်သည့် ရှုကွက်များ ဖြစ်ကြ၏။ အတိတ် ဘဝက ဤလူ့ဘဝသို့ ရောက်ကြောင်း ကံကို ပြုစုပျိုးထောင်ရာဝယ် လူ့ဘဝ ခန္ဓာ (၅)ပါးကို လိုလားတပ်မက်သော ကာမတဏှာက အရင်းခံလျက် ရှိခဲ့သော်, ထိုကာမတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ပင် ဤလူ့ဘဝ ခန္ဓာ (၅)ပါးတို့ကို ရရှိခဲ့သော် ထိုခန္ဓာ (၅)ပါးတို့တွင် ရူပါရုံလည်း ပါဝင်လျက်ပင် ရှိ၏။ ထိုကြောင့် လူ့ဘဝ လူ့ ခန္ဓာကို လိုလားတပ်မက်လျှင် ရူပါရုံကို လိုလားတပ်မက်မှုလည်း အကျုံးဝင်လျက်ပင် ရှိ၏။ သို့သော် အချို့ဆရာမြတ်တို့ကား ဤ၌ ရူပါရုံအတွက် သီးသန့် ရည်ရွယ်တောင့်တမှုမျိုးကို ဆိုလိုသည်ဟု အဆိုပြုတော်မူကြပြန်၏။ အသင်သူတော်ကောင်း၏ အတိတ်ဘဝ ရုပ်နာမ်သန္တာန်အစဉ်၌ ဤလူဘဝ ရောက်ကြောင်း ကာမတဏှာ အရင်းခံ သည့် အဘိသင်္ခါရကုသိုလ်ကံကို ပြုစုပျိုးထောင်ခဲ့စဉ်က ရူပါရုံကို မြင်တွေ့လိုကြောင်း သီးသန့် တောင့်တချက် သည် ရှိချင်လည်း ရှိမည်၊ မရှိသော်လည်း ဖြစ်ချင်ဖြစ်မည်။ အမျိုးသားဘဝ သို့မဟုတ် အမျိုးသမီးဘဝကို လိုလား တပ်မက်မှု လိုလားတောင့်တမှုကား = ကာမတဏှာကား ဥပါဒ်-ဌီ-ဘင် အနေအားဖြင့်သော်လည်းကောင်း, အနုသယဓာတ် အနေအားဖြင့်သော်လည်းကောင်း ထင်ရှားဖြစ်ခဲ့သည်သာတည်း၊ ထင်ရှားတည်ရှိခဲ့သည်သာ တည်း။ ထိုကြောင့် အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ခြံရံထားအပ်သော သင်္ခါရ-ကံကြောင့် တစ်နည်းဆိုရသော် အတိတ်အကြောင်းတရား (၅)ပါးကြောင့် စက္ခုပသာဒ၏မှီရာ မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့ ဖြစ်ပေါ်လာပုံကို ရှေးဦးစွာ ဉာဏ်ဖြင့် မြင်အောင် ရှုပါ သိမ်းဆည်းပါ။ ယင်းစက္ခုပသာဒ၏မှီရာ ကမ္မဇ မဟာဘုတ်တို့ကို ဉာဏ်ဖြင့် မြင်သောအခါ ယင်းမဟာဘုတ်တို့ကို ကြည်လင်စေတတ်သောသဘော = စက္ခုပသာဒကို မြင်အောင် တစ်ဖန်ဆက်၍ ရှုပါ။ ထိုအခါတွင် ကာမတဏှာ အရင်းခံသည့် ကံကြောင့် ဖြစ်သော ကမ္မဇမဟာဘုတ် (= စက္ခုပသာဒ၏မှီရာ ကမ္မဇမဟာဘုတ်) တို့ကို ကြည်လင်စေတတ်သော သဘောလက္ခဏာ ရှိသော စက္ခုပသာဒကိုလည်းကောင်း, စက္ခုပသာဒ၌ မိမိနှင့်ကလာပ်တူ ယင်းကမ္မဇမဟာဘုတ်လျှင် အနီးကပ် ဆုံးသော အကြောင်းပဒဋ္ဌာန် ရှိမှုကိုလည်းကောင်း အသင်သူတော်ကောင်းသည် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်မည် ဖြစ်ပေသည်။

စက္ခုပသာဒ၏ (က) အမှတ်ပြ လက္ခဏာကား ပစ္စယပရိဂ္ဂဟဉာဏ် မရရှိသေးသော်လည်း ယောဂါဝစရ ပုဂ္ဂိုလ်သည် ရှုနိုင်သည်သာ ဖြစ်သည်။ အမှတ် (ခ) လက္ခဏာနှင့် ပဒဋ္ဌာန်တို့ကား ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိသော သူတော်ကောင်းသည်သာလျှင် ရှု၍ ရနိုင်သော ရှုကွက်ဖြစ်သည်။ ထိုကြောင့် နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရှိသော ဤကျမ်း၌ကား လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်ကို အချို့အချို့သော ပရမတ္ထဓာတ်သားတို့ကို ငဲ့၍ ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိပြီးသူတို့ ရှုရန် တင်ပြထားခြင်း ဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ အဝင်အပါ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းပြီးသော အခါ၌လည်း တစ်ဖန်ပြန်၍ ---

၁။ ရုပ်တရားကို သိမ်းဆည်းခြင်း (ရူပပရိဂ္ဂဟ)

၂။ နာမ်တရားကို သိမ်းဆည်းခြင်း (အရူပပရိဂ္ဂဟ)

၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း (ရူပါရူပပရိဂ္ဂဟ)

၄။ နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း (နာမရူပဝဝတ္ထာန)

၅။ ပစ္စုပ္ပန်၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်း (ပစ္စယပရိဂ္ဂဟ)

၆။ အတိတ် အနာဂတ်၌လည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်း (အဒ္ဓါနပရိဂ္ဂဟ)

ဤလုပ်ငန်းရပ်ကြီးတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းရဦးမည်သာ ဖြစ်သည်။ အောက်ပါ ဋီကာစကားရပ်ကို ဖတ်ရှုကြည့်ပါ။

နာမရူပပရိစ္ဆေဒေါ, တဿ စ ပစ္စယပရိဂ္ဂဟော န ပဌမာဘိနိဝေသမတ္တေန ဟောတိ၊ အထ ခေါ အပရာပရံ ဉာဏုပ္ပတ္တိသညိတေန အနု အနု ဗုဇ္ဈနေန။ (ဒီ၊ဋီ၊၂၊၈၉-၉၀။)

နာမ်ရုပ်ကို ပိုင်းခြားသိတတ်သော နာမရူပပရိစ္ဆေဒဉာဏ်သည်လည်းကောင်း, ထိုနာမ်ရုပ်၏ အကြောင်း တရားကို ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်သည်လည်းကောင်း, ပထမအကြိမ် နှလုံး သွင်းရုံမျှဖြင့် ရရှိနိုင်သည် ပြည့်စုံနိုင်သည်ကားမဟုတ်၊ စင်စစ်မှာမူ တပြောင်းပြန်ပြန် ဉာဏ်ဖြစ်ခြင်းဟု ခေါ်ဆို အပ်သော ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ထိုးထွင်း သိခြင်းဖြင့်သာလျှင် ဖြစ်ပေါ်လာနိုင်၏၊ တစ်ကြိမ်တစ်ခါ သိရုံမျှဖြင့် လိုရင်းကိစ္စမပြီး၊ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ သိရှိပါမှ လိုရင်းကိစ္စ ပြီးစီးနိုင်သည်။ ထိုကြောင့် ယင်းဉာဏ် (၂)ပါးကို အနုဗောဓဉာဏ်ဟု ခေါ်ဆို၏။ (ဒီ၊ဋီ၊၂၊၈၉-၉၀။)

သောတပသာဒ စသည်တို့၌လည်း ဤစက္ခုပသာဒ၌ ရှင်းလင်းတင်ပြထားသော ရှင်းတမ်းများကို နည်းမှီး၍ သဘောပေါက်ပါလေ။

၆။ သောတပသာဒ

၆။ သောတပသာဒ

၁။ (က) သဒ္ဒါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ၊

( ခ ) သောတုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏံ ဝါ သောတံ၊

၂။ သဒ္ဒေသု အာဝိဉ္ဆနရသံ၊

၃။ သောတဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနံ၊

၄။ သောတုကာမတာနိဒါနကမ္မဇဘူတပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၄၉။ ဝိသုဒ္ဓိ၊၂၊၇၄။)

၁။ (က) သဒ္ဒါရုံ၌ (၏) ရှေးရှူထိခိုက်ခြင်းကို ထိုက်သော (ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော)

မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော လက္ခဏ၊

( ခ ) သဒ္ဒါရုံကို ကြားလိုသော သဒ္ဒတဏှာလျှင် အကြောင်းရင်းခံရှိသော

ကံကြောင့်ဖြစ်သော မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော လက္ခဏ၊

၂။ သဒ္ဒါရုံတို့၌ (သဒ္ဒါရုံတို့ဘက်သို့) ဝီထိစိတ်အစဉ်ကို ဆွဲဆောင်သွားခြင်း (ကိစ္စ) ရသ၊

၃။ သောတဝိညာဏ်၏ တည်ရာဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သဒ္ဒါရုံကို ကြားလိုသော သဒ္ဒတဏှာလျှင် အကြောင်းရင်းခံရှိသော

ကံကြောင့်ဖြစ်သော (သောတပသာဒ၏ မှီရာ) မဟာဘုတ် ပဒဋ္ဌာန်။

သောတသည် သသမ္ဘာရသောတ, ပသာဒသောတဟု နှစ်မျိုးရှိကြောင်းကို ရှေးရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းပြ ခဲ့ပြီး ဖြစ်၏။ သောတပသာဒသည် သမုတိသစ္စာနယ်သုံး ဝေါဟာရအားဖြင့် ဆိုရသော် သသမ္ဘာရသောတဟု ဆိုအပ်သော နားပေါက်၏ အတွင်းဝယ် စိုပြည်နုပျိုသိမ်မွေ့သော နီစွာသော အမွေးစီရရီ ပေါက်ရောက်နေသော လက်စွပ်သဏ္ဌာန်ရှိသော အရပ်၌ တည်နေ၏။ ပထဝီဓာတ်က တည်ရာဖြစ်၍ ကောင်းစွာဆောင်ထားခြင်းကိစ္စ, အာပေါဓာတ်က ဖွဲ့စည်းထားခြင်းကိစ္စ, တေဇောဓာတ်က အပူငွေ့ဖြင့် ရင့်ကျက်စေခြင်းကိစ္စ, ဝါယောဓာတ်က တွန်းကန်ခြင်းကိစ္စတို့ဖြင့် ကျေးဇူးပြုပေးအပ်သည် ဖြစ်၍, အားပေးထောက်ပံ့တတ်သော စိတ္တဇရုပ်-ဥတုဇရုပ်-အာဟာရဇရုပ်တို့ကို ဖြစ်စေတတ်ကုန်သော စိတ်-ဥတု-အာဟာရတို့က အားပေးထောက်ပံ့အပ်သည် ဖြစ်၍, ကလာပ်တူ ရုပ်ဇီဝိတက စောင့်ရှောက်အပ်သည် ဖြစ်၍ ကလာပ်တူ ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာတို့ဖြင့် ခြံရံအပ်သည် ဖြစ်၍ သောတဝိညာဏ်၏ မှီရာဝတ္ထုဖြစ်ခြင်း, သောတဝိညာဏ်နှင့် တကွသော သောတဒွါရဝီထိစိတ်တို့၏ ဖြစ်ကြောင်းဒွါရ ဖြစ်ခြင်းကိစ္စကို ထိုက်သည့်အားလျော်စွာ ပြီးစီးစေလျက် တည်နေပေသည်။ (ဝိသုဒ္ဓိ၊၂၊၇၆။)

၇။ ဃာနပသာဒ

၇။ ဃာနပသာဒ

၁။ (က) ဂန္ဓာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ၊

( ခ ) ဃာယိတုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏံ ဝါ ဃာနံ၊

၂။ ဂန္ဓေသု အာဝိဉ္ဆနရသံ၊

၃။ ဃာနဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနံ၊

၄။ ဃာယိတုကာမတာနိဒါနကမ္မဇဘူတပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၄၉။ ဝိသုဒ္ဓိ၊၂၊၇၄။)

၁။ (က) ဂန္ဓာရုံ၌ (၏) ရှေးရှူထိခိုက်ခြင်းကို ထိုက်သော (ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော)

မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော လက္ခဏ၊

( ခ ) ဂန္ဓာရုံကို နမ်းရှူလိုသော ဂန္ဓတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ဖြစ်သော

မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော လက္ခဏ၊

၂။ ဂန္ဓာရုံတို့၌ (ဂန္ဓာရုံတို့ဘက်သို့) ဝီထိစိတ်အစဉ်ကို ဆွဲဆောင်သွားခြင်း (ကိစ္စ) ရသ၊

၃။ ဃာနဝိညာဏ်၏တည်ရာ ဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဂန္ဓာရုံကို နမ်းရှူလိုသော ဂန္ဓတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ဖြစ်သော

(ဃာနပသာဒ၏မှီရာ) မဟာဘုတ် ပဒဋ္ဌာန်။

ဃာနအကြည်ဓာတ်သည် ပသာဒဃာန သသမ္ဘာရဃာန အမည်ရ၍ ကြွင်းကျန်သော (၅၃) မျိုးသော ရုပ်တရားများသည် သသမ္ဘာရဃာန အမည်ရကြောင်း ရှေးရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းပြခဲ့၏။ ယင်းရှင်းလင်းချက်မှာ ပရမတ္ထသစ္စာနယ်မှ ရှင်းလင်းချက်တည်း။ သမုတိသစ္စာနယ်၌ကား ဃာနပသာဒသည် သသမ္ဘာရဃာနဟု ဆိုအပ် သော နှာခေါင်း၏အတွင်းဝယ် ဆိတ်ခြေခွာသဏ္ဌာန်ရှိသော အရပ်၌ တည်နေ၏။ ပထဝီဓာတ်က တည်ရာဖြစ်လျက် ဆောင်ထားခြင်းကိစ္စ, အာပေါဓာတ်က ဖွဲ့စည်းခြင်းကိစ္စ, တေဇောဓာတ်က အပူငွေ့ဖြင့် ရင့်ကျက်စေခြင်းကိစ္စ, ဝါယောဓာတ်က တွန်းကန်ခြင်းကိစ္စတို့ဖြင့် ကျေးဇူးပြုပေးအပ်သည်ဖြစ်၍, အားပေးထောက်ပံ့တတ်သော စိတ္တဇရုပ် -ဥတုဇရုပ်-အာဟာရဇရုပ်တို့ကို ဖြစ်စေတတ်ကုန်သော စိတ်-ဥတု-အာဟာရတို့က အားပေးထောက်ပံ့အပ်သည် ဖြစ်၍, ကလာပ်တူ ဇီဝိတရုပ်က စောင့်ရှောက်အပ်သည်ဖြစ်၍, ကလာပ်တူ ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာတို့ဖြင့် ခြံရံ အပ်သည်ဖြစ်၍ ဃာနဝိညာဏ်၏ မှီရာဝတ္ထုဖြစ်ခြင်း, ဃာနဝိညာဏ်နှင့် တကွသော ဃာနဒွါရဝီထိစိတ်တို့၏ ဖြစ်ကြောင်း ဒွါရဖြစ်ခြင်းကိစ္စကို ပြီးစီးစေလျက် တည်နေပေသည်။ (ဝိသုဒ္ဓိ၊၂၊၇၆။)

၈။ ဇိဝှါပသာဒ

၈။ ဇိဝှါပသာဒ

၁။ (က) ရသာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏာ၊

( ခ ) သာယိတုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏာ ဝါ ဇိဝှါ၊

၂။ ရသေသု အာဝိဉ္ဆနရသာ၊

၃။ ဇိဝှါဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနာ။

၄။ သာယိတုကာမတာနိဒါနကမ္မဇဘူတပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၄၉။ ဝိသုဒ္ဓိ၊၂၊၇၄။)

၁။ (က) ရသာရုံ၌ (၏) ရှေးရှူ ထိခိုက်ခြင်းကို ထိုက်သော (ရှေးရှူ ရိုက်ခတ်ခြင်းငှာ ထိုက်သော)

မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော လက္ခဏ၊

( ခ ) ရသာရုံကို လျက်လို စားလို သောက်လိုသော ရသတဏှာလျှင် အကြောင်းရင်းခံရှိသော

ကံကြောင့်ဖြစ်သော မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော လက္ခဏ၊

၂။ ရသာရုံတို့၌ (ရသာရုံတို့ဘက်သို့) ဝီထိစိတ်အစဉ်ကို ဆွဲဆောင်သွားခြင်း (ကိစ္စ) ရသ၊

၃။ ဇိဝှါဝိညာဏ်၏ တည်ရာဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ရသာရုံကို လျက်လို စားလို သောက်လိုသော ရသတဏှာလျှင် အကြောင်းရင်းခံရှိသော

ကံကြောင့်ဖြစ်သော (ဇိဝှါပသာဒ၏ မှီရာ) မဟာဘုတ် ပဒဋ္ဌာန်။

ဇိဝှါပသာဒသည် လျှာလယ်၏ အထက်၌ အလယ်ပြတ်သော ကြာရွက်၏ အဖျားပိုင်းသဏ္ဌာန် ရှိသော အရပ်၌ -- ပထဝီဓာတ်က တည်ရာဖြစ်လျက် ကောင်းစွာဆောင်ထားခြင်းကိစ္စ, အာပေါဓာတ်က ဖွဲ့စည်းခြင်းကိစ္စ, တေဇောဓာတ်က အပူငွေ့ဖြင့် ရင့်ကျက်စေခြင်းကိစ္စ, ဝါယောဓာတ်က တွန်းကန်ခြင်းကိစ္စတို့ဖြင့် ကျေးဇူးပြုပေး အပ်သည်ဖြစ်၍, အားပေးထောက်ပံ့တတ်ကုန်သော စိတ္တဇရုပ်-ဥတုဇရုပ်-အာဟာရဇရုပ်တို့ကို ဖြစ်စေတတ် ကုန်သော စိတ်-ဥတု-အာဟာရတို့က အားပေးထောက်ပံ့အပ်သည် ဖြစ်၍, ကလာပ်တူ ဇီဝိတရုပ်က စောင့်ရှောက် အပ်သည်ဖြစ်၍, ကလာပ်တူ ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာတို့ဖြင့် ခြံရံအပ်သည် ဖြစ်၍ ဇိဝှါဝိညာဏ်၏ မှီရာဝတ္ထု ဖြစ်ခြင်း, ဇိဝှါဝိညာဏ်နှင့်တကွသော ဇိဝှါဒွါရဝီထိစိတ်တို့၏ ဖြစ်ကြောင်း ဒွါရဖြစ်ခြင်း လုပ်ငန်းကိစ္စကို ပြီးစီးစေလျက် တည်နေပေသည်။ (ဝိသုဒ္ဓိ၊၂၊၇၆။)

၉။ ကာယပသာဒ

၉။ ကာယပသာဒ

၁။ (က) ဖောဋ္ဌဗ္ဗာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏော၊

( ခ ) ဖုသိတုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏော ဝါ ကာယော။

၂။ ဖောဋ္ဌဗ္ဗေသု အာဝိဉ္ဆနရသော၊

၃။ ကာယဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနော၊

၄။ ဖုသိတုကာမတာနိဒါနကမ္မဇဘူတပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၃၅၀။ ဝိသုဒ္ဓိ၊၂၊၇၄။)

၁။ (က) ဖောဋ္ဌဗ္ဗာရုံ၌ (၏) ရှေးရှူထိခိုက်ခြင်းကို ထိုက်သော (ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော)

မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော လက္ခဏ၊

( ခ ) ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိလိုသော ဖောဋ္ဌဗ္ဗတဏှာလျှင် အကြောင်းရင်းခံရှိသော

ကံကြောင့်ဖြစ်သော မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော လက္ခဏ၊

၂။ ဖောဋ္ဌဗ္ဗာရုံတို့၌ (ဖောဋ္ဌဗ္ဗာရုံတို့ဘက်သို့) ဝီထိစိတ်အစဉ်ကို ဆွဲဆောင်သွားခြင်း (ကိစ္စ) ရသ၊

၃။ ကာယဝိညာဏ်၏ တည်ရာဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိလိုသော ဖောဋ္ဌဗ္ဗတဏှာလျှင် အကြောင်းရင်းခံရှိသော

ကံကြောင့်ဖြစ်သော (ကာယပသာဒ၏ မှီရာ) မဟာဘုတ် ပဒဋ္ဌာန်။

ဥပါဒိန္နက အမည်ရသော ကမ္မဇရုပ်များသည် ခန္ဓာကိုယ်တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိနေ၏။ ထိုကမ္မဇရုပ်များ တည်ရှိရာ ကိုယ်အရပ်တိုင်း၌ ကာယာယတနခေါ် ကာယပသာဒ = ကိုယ်အကြည်ဓာတ်သည် ဝါဂွမ်း လွှာဝါဂွမ်းစိုင်၌ ဆီအစေးသည် ပျံ့နှံ့စိ့မ်ဝင်၍ တည်နေသကဲ့သို့ ပထဝီဓာတ်က တည်ရာအဖြစ်ဖြင့် ကောင်းစွာ ဆောင်ထားခြင်းကိစ္စ, အာပေါဓာတ်က ဖွဲ့စည်းထားခြင်းကိစ္စ, တေဇောဓာတ်က အပူငွေ့ဖြင့် ရင့်ကျက်စေခြင်းကိစ္စ, ဝါယောဓာတ်က တွန်းကန်ထားခြင်းကိစ္စတို့ဖြင့် ကျေးဇူးပြုပေးအပ်သည် ဖြစ်၍, အားပေးထောက်ပံ့တတ်ကုန်သော စိတ္တဇရုပ်-ဥတုဇရုပ်-အာဟာရဇရုပ်တို့ကို ဖြစ်စေတတ်ကုန်သော စိတ်-ဥတု-အာဟာရတို့က အားပေးထောက်ပံ့ အပ်သည်ဖြစ်၍, ကလာပ်တူ ဇီဝိတရုပ်က စောင့်ရှောက်အပ်သည်ဖြစ်၍, ကလာပ်တူ ဝဏ္ဏ-ဂန္ဓ-ရသ- ဩဇာတို့ဖြင့် ခြံရံအပ်သည်ဖြစ်၍, ကာယဝိညာဏ်၏ မှီရာဝတ္ထုဖြစ်ခြင်း, ကာယဝိညာဏ်နှင့် တကွသော ကာယဒွါရဝီထိစိတ် တို့၏ဖြစ်ကြောင်း ဒွါရဖြစ်ခြင်းကိစ္စကို ပြီးစီးစေလျက် တည်နေပေ၏။ (အဘိ၊ဋ္ဌ၊၁၊၃၄၈။)

မေးမြန်းဖွယ် အချက်တစ်ရပ်

မေးမြန်းဖွယ် အချက်တစ်ရပ်

ကာယာယတန = ကာယပသာဒသည် ခန္ဓာကိုယ်ဝယ် ဥပါဒိန္နက အမည်ရသည့် ကမ္မဇရုပ်တည်ရှိရာ တစ်ကိုယ်လုံး၌ ဝါဂွမ်းလွှာ၌ ပျံ့နှံ့၍ တည်နေသော ဆီအစေးကဲ့သို့ ပျံ့နှံ့၍ တည်နေခဲ့သော် မျက်လုံးအတွင်း နားအတွင်း နှာခေါင်းအတွင်း လျှာလယ်အရပ်တို့၌လည်း တည်နေရမည် ဖြစ်သောကြောင့် ဒွါရချင်း ဆက်ကပ် လျက် ဆက်စပ်လျက် ရှိရကား အခြားအခြားသော စက္ခုဒသကကလာပ်စသော ထိုထိုရုပ်ကလာပ်တို့၌ ပါဝင်သော ရုပ်တရားတို့နှင့် လက္ခဏာချင်း ရောနှော၍ မသွားနိုင်ပြီလော၊ ကာယာယတနသည် ဥပါဒိန္နက = ကမ္မဇရုပ် တည်ရှိရာ ခန္ဓာကိုယ်တစ်ခုလုံး၌ ပျံ့နှံ့နေလျှင်, စက္ခုပသာဒ၏ အတွင်း၌ ကာယာယတနက ထိုးဖောက်ဝင်ရောက် နေစရာ ရှိသောကြောင့် စက္ခုပသာဒဝယ် ကာယာယတနသဘောလည်း ပါဝင်လျက် နေရာ၏၊ ထိုသို့ ပါဝင်နေလျှင် စက္ခုပသာဒမှာလည်း ဖောဋ္ဌဗ္ဗာရုံ၏ ထင်ရာအရိပ်အယောင် ရှိနေ၍, ကာယာယတနမှာလည်း ရူပါရုံ၏ ထင်ရာ အရိပ်အယောင် ရှိနေရကား စက္ခုပသာဒနှင့် ကာယပသာဒ = ကာယာယတနတို့သည် လက္ခဏာချင်း ရောနှော ဖွယ်ရာ မရှိပြီလောဟု မေးရန်ရှိ၏။

အဖြေ -- မှီရာ မဟာဘုတ်ချင်းအားဖြင့်လည်းကောင်း, လက္ခဏာချင်းအားဖြင့်လည်းကောင်း ကွဲပြားသည့် အတွက် ကာယပသာဒနှင့် စက္ခုပသာဒ စသည်တို့သည် ရောယှက်ဖွယ်မရှိပါ ဟူပေ။

အဘယ်ကြောင့်နည်း -- ကလာပ်ချင်း ရောနှောမှု မရှိသောကြောင့် ဖြစ်သည်။ ကာယဒသကကလာပ်နှင့် စက္ခုဒသကကလာပ်စသော ထိုထိုကလာပ်တို့သည် ဆန်မှုန့် နှင့် နနွင်းမှုန့်ကို သမအောင် ရောနှောထားဘိသကဲ့သို့ ခန္ဓာအိမ်ဝယ် ရောနှောပျံ့နှံ့၍ နေသည်ကားမှန်၏၊ သို့သော် ဆန်မှုန့်နှင့် နနွင်းမှုန့်တို့သည် သမအောင်ရောနှော၍ ထားအပ်သော်လည်း ဆန်မှုန့်ကားတခြား, နနွန်းမှုန့်ကားတခြား အမှုန့်ချင်း တခြားစီသာ ဖြစ်ကြ၏။ အလားတူပင် ကမ္မဇရုပ်ကလာပ်ရှိရာတိုင်း၌ ကာယဒသကကလာပ်များ ပျံ့နှံ့နေသည်မှန်သော်လည်း ပျံ့နှံ့၍ဖြစ်နိုင်ရာ ဒွါရကိုသာ ရည်ရွယ်၍ ပြောဆိုခြင်း ဖြစ်သည်။ ရုပ်ကလာပ်တိုင်းသည် အားလုံး ကာယဒသကကလာပ်ချည်းဟု ဆိုနေသည် ကား မဟုတ်ပေ။ ခန္ဓာအိမ်ဝယ် ထိမှု = ဖောဋ္ဌဗ္ဗဓာတ်ကို သိနိုင်သည့် = ကာယဝိညာဏ်စိတ် မှီဖြစ်နိုင်သည့် နေရာတိုင်း၌ ကာယပသာဒနှင့် တကွသော ကာယဒသကကလာပ်များ တည်ရှိနိုင်ပုံကိုသာ ဆိုလိုရင်း ဖြစ်သည်။ ထိမှုကို သိနိုင်သည့် နေရာတိုင်း၌ ကာယအကြည်ဓာတ်ကား ရှိလျက်ပင် ဖြစ်သည်။ သို့အတွက် ခြေသည်းဖျား, လက်သည်းဖျား, ဆံဖျားစသော ထိုထိုဒွါရမှလွဲလျှင် တစ်ကိုယ်လုံးလိုလို၌ ကာယဒသကကလာပ်များသည် ပျံ့နှံ့၍ အခြားအခြားသော ရုပ်ကလာပ်များနှင့် ရောနှောလျက် တည်ရှိနေပေသည်။ တစ်ကိုယ်လုံး၌ ကာယဒသက ကလာပ်ချည်းသက်သက် ရှိသည်ဟူ၍ကား မမှတ်လင့်။ ပရမတ္ထ သဘောအားဖြင့်မူ အခြားအခြားသော ရုပ်ကလာပ်များ လုံးဝမရှိဘဲ တစ်ကိုယ်လုံး၌ ကာယာယတနချည်းသက်သက် မတည်နိုင်သောကြောင့် ဖြစ်၏။ စက္ခု ပသာဒရှိရာ သန်းဦးခေါင်းခန့် ပမာဏရှိသော အလွန်သေးငယ်သော အရပ်ဒေသ၌်ပင်လျှင် ကာယပသာဒနှင့် စက္ခုပသာဒတို့သည် ကာယဒသကကလာပ် စက္ခုဒသကကလာပ်အနေဖြင့် ရုပ်ကလာပ်အမှုန်ချင်း ရောနှော ပေါင်းစပ်လျက် တည်ရှိနေပေ၏။ အခြားအခြားသော နေရာဌာန၌ကား ပြောဖွယ်ရာပင် မလိုတော့ပေ။

ကလာပ်အမှုန်ချင်း ရောနှော ပေါင်းစပ်နေသော်လည်း ကလာပ်အမှုန်ချင်းကား တစ်ခုစီသာ ဖြစ်၏၊ သဲမှုန်ချင်း ရောနှောနေသော်လည်း တစ်မှုန်စီသာ ဖြစ်သကဲ့သို့ မှတ်ပါ။ ထိုသို့ ရုပ်ကလာပ်ချင်း ရောယှက်မှုမရှိဘဲ သီးသန့် ကလာပ်တစ်ခုစီသာ ဖြစ်သောကြောင့် ကာယပသာဒ၏မှီရာ မဟာဘုတ်နှင့် စက္ခုပသာဒစသည်တို့၏ မှီရာ မဟာဘုတ်တို့လည်း အချင်းချင်း မရောယှက်ဘဲ တစ်ခြားစီသာ ဖြစ်ကြ၏။ ကာယပသာဒသည် မိမိနှင့် ကလာပ်တူ ကာယဒသကကလာပ်၌ တည်ရှိသော မဟာဘုတ်ဓာတ်ကြီး (၄)ပါးကိုသာ မှီ၏။ စက္ခုပသာဒစသည် သည်လည်း အလားတူပင် မိမိနှင့်ကလာပ်တူ စက္ခုဒသကကလာပ်စသည်၌ တည်ရှိသော မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့ကိုသာ မှီ၏။ စက္ခုဒသကကလာပ်၌ တည်ရှိသော စက္ခုပသာဒ၏မှီရာ မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့ကို ကာယပသာဒက မမှီ၊ အလားတူပင် ကာယပသာဒ၏မှီရာ ကာယဒသကကလာပ်၌ တည်ရှိသော မဟာဘုတ် ဓာတ်ကြီး (၄)ပါးတို့ကိုလည်း စက္ခုပသာဒ စသည်တို့က မမှီကြပေ။ မိမိ မိမိတို့၏ ဆိုင်ရာ မှီရာ မဟာဘုတ် ကိုယ်စီ ပါလျက် ရှိ၏။ ဤသို့လျှင် ကာယပသာဒနှင့် စက္ခုပသာဒ စသည်တို့သည် မှီရာ မဟာဘုတ်ချင်းကလည်း ကွဲပြား ခြားနားလျက် ရှိကြ၏။ အထက်တွင် ရေးသားတင်ပြထားသည့်အတိုင်း ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင်သဘာဝ လက္ခဏာချင်းကလည်း ကွဲပြားခြားနားလျက် ရှိကြ၏။ ထိုသို့ မှီရာမဟာဘုတ်ချင်း မတူကွဲပြားခြင်း ဆိုင်ရာ ဆိုင်ရာ ကိုယ်ပိုင်သဘာဝလက္ခဏာချင်း ကွဲပြားခြင်းကြောင့် ပသာဒချင်းလည်း ရောယှက်မှု မရှိ၊ ကွဲပြားလျက်ပင် ရှိ၏ဟု မှတ်ပါ။

ထိုကြောင့် စက္ခုဒသကကလာပ် စသော ကလာပ်တို့မှ သီးခြားထုတ်နုတ်၍ ကာယဒသကကလာပ်ချည်း သက်သက် တည်ရှိရာ အရပ်ကို ပညတ်တင်၍ ပြောပြခြင်းငှာ မတတ်နိုင်သဖြင့် ကမ္မဇရုပ်များ ပျံ့နှံ့လျက် တည်ရှိရာ နေရာတိုင်းလိုလို၌ ကာယာယတန တည်ရှိနိုင်သည်ဟူ၍သာ ဖွင့်ဆိုခြင်း ဖြစ်သည်။

ထိုသို့ ရုပ်ကလာပ်ချင်း မရောယှက်သဖြင့် ကလာပ်တစ်ခုစီ တစ်ခုစီ သီးသန့်တည်ရှိရကား ရုပ်ကလာပ်များ ကို ဓာတ်ခွဲလျက် ပရမတ်သို့ဆိုက်အောင် ရုပ်တရားတို့ကို သိမ်းဆည်းနိုင်ပါက ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါက ကာယဒသကကလာပ်စသော ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ စသော ကလာပ်တူ ရုပ်တရားတို့၏သော်မှလည်း ကိုယ်ပိုင်သဘာဝလက္ခဏာအချင်းချင်း ရောယှက်မှုမရှိ၊ မတူထူးခြား ကွဲပြားမှုရှိသည်ကို သဘောပေါက်နိုင်ရာသည်။ ကလာပ်တူရုပ်တရားတို့၏သော်မှလည်း ရုပ်တရားအချင်းချင်း ကိုယ်ပိုင်သဘာဝလက္ခဏာချင်း မတူထူးခြား ကွဲပြားမှုရှိသေးလျှင် ကလာပ်ကွဲပြားကုန်သော ရုပ်တရားတို့၏ သဘာဝလက္ခဏာတို့၏ ရောယှက်မှုမရှိ၊ မတူထူးခြား ကွဲပြားမှုရှိပုံမှာ ဆိုဖွယ်ရာပင်မရှိ ဖြစ်တော့၏။ (အဘိ၊ဋ္ဌ၊၁၊၃၄၉-၃၅၃- စသည်၌ ကြည့်ပါ။)

၁၀။ ရူပါရုံ

၁၀။ ရူပါရုံ

၁။ စက္ခုပဋိဟနနလက္ခဏံ ရူပံ၊

၂။ စက္ခုဝိညာဏဿ ဝိသယဘာဝရသံ၊

၃။ တေဿဝ ဂေါစရပစ္စုပဋ္ဌာနံ၊

၄။ စတုမဟာဘူတပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၅၅။ ဝိသုဒ္ဓိ၊၂၊၇၆။)

၁။ စက္ခုပသာဒ၌ (ကို) ထိခိုက်ခြင်းသဘော = ရိုက်ခတ်ခြင်းသဘော လက္ခဏ၊

၂။ (က) စက္ခုဝိညာဏ်၏ အာရုံဖြစ်ခြင်း = (စက္ခုဝိညာဏ်အား အာရမ္မဏပစ္စယသတ္တိဖြင့်

ကျေးဇူးပြုခြင်း) (ကိစ္စ) ရသ၊

( ခ ) စက္ခုဝိညာဏ်အား ကျေးဇူးပြုတတ်သော အာရမ္မဏပစ္စယသတ္တိနှင့် ပြည့်စုံခြင်း

(= အာရမ္မဏပစ္စယသတ္တိဟူသောဂုဏ်) (သမ္ပတ္တိ) ရသ၊

၃။ စက္ခုဝိညာဏ်၏ကျက်စားရာ အာရုံစားကျက်ဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိ (ရူပါရုံ)၏ မှီရာ ကလာပ်တူ မဟာဘုတ် (၄)ပါး ပဒဋ္ဌာန်။

ဝိသယနှင့် ဂေါစရ

ဝိသယနှင့် ဂေါစရ

ဝိသယဘာဝေါ အာရမ္မဏပစ္စယတာ။ ကာမံ သာ ဧဝ ဂေါစရတာ၊ တထာပိ ဝိသယဂေါစရာနံ အယံ ဝိသေသော အနညတ္ထဘာဝေါ တဗ္ဗဟုလစာရိတာ စ စက္ခုဝိညာဏဿ။ (မဟာဋီ၊၂၊၉၄။)

ဝိသယဂေါစရာနံ ဝိသေသော အနညတ္ထဘာဝေါ တဗ္ဗဟုလစာရိတာ စ စက္ခုဝိညာဏဿ။ (မူလဋီ၊၁၊၁၅၀။)

စက္ခုဝိညာဏ်၏ ရူပါရုံမှ အခြားတစ်ပါးသော အာရုံ၌ မဖြစ်ခြင်း (= အနညတ္ထဘာဝ) သဘောသည် ဝိသယ မည်၏။ စက္ခုဝိညာဏ်၏ အထူးသဖြင့် ဖြစ်ရာအာရုံဟု ဆိုလိုသည်။ စက္ခုဝိညာဏ်၏ ထိုရူပါရုံ၌ များစွာဖြစ်ခြင်း ရှိသည်၏အဖြစ် (တဗ္ဗဟုလစာရိတာ) သည် ဂေါစရ မည်၏။

နွားအများ၏ ကျက်စားရာစားကျက်ကို နွားမှတစ်ပါးသော အခြားသတ္တဝါများသည် သွားလာကျက်စား၍ နေသော်လည်း နွားတို့၏ ကျက်စားရာအဖြစ်က များသောကြောင့် တဗ္ဗာဟုလ္လနည်းအားဖြင့် ဂေါစရဟု ခေါ်ရသကဲ့ သို့ စက္ခုဝိညာဏ်၏သာ အများဆုံးကျက်စားရာဖြစ်၍, သမ္ပဋိစ္ဆိုင်း စသည်တို့ကား ဤရူပါရုံ၌လည်း ကျက်စား လိုက် အခြားအာရုံများ၌လည်း ကျက်စားလိုက် ဖြစ်သောကြောင့် ရူပါရုံကို စက္ခုဝိညာဏ်၏ ဂေါစရဟု တဗ္ဗာ ဟုလ္လ နည်းအားဖြင့် ခေါ်ဆိုလေသည်။

ရူပါရုံ အမည်ရခြင်း

ရူပါရုံ အမည်ရခြင်း

ဝဏ္ဏဝိကာရံ အာပဇ္ဇမာနံ ဟဒယင်္ဂတဘာဝံ ရူပယတီတိ ရူပံ၊ ရူပမိဝ ပကာသံ ကရောတိ သဝိဂ္ဂဟမိဝ ဒေဿတီတိ အတ္ထော။ အနေကတ္ထတ္တာ ဝါ ဓာတူနံ ပကာသနတ္ထော ဧဝ ရူပသဒ္ဒေါ ဒဋ္ဌဗ္ဗော။(မဟာဋီ၊၂၊၈၇။)

ရူပယတိ ဟဒယင်္ဂတဘာဝံ ပကာသေတီတိ ရူပံ --- အဆင်း၏ ဖောက်ပြန်ခြင်းသို့ ရောက်ရှိသည်ဖြစ်၍ စိတ်၌ဖြစ်သောသဘောကို ထင်ရှားပြတတ်သောကြောင့် ရူပါရုံ မည်၏။ အဆင်း၏ ဖောက်ပြန်ခြင်းသို့ ရောက် လတ်သည်ရှိသော် အရုပ်ကိုယ်ကဲ့သို့ ထင်ရှားသည်ကို ပြုလုပ်တတ်၏၊ အထည်ကိုယ်ရှိသော အရာဝတ္ထုကဲ့သို့ ထင်ရှားပြတတ်၏။ သောမနဿဖြစ်နေသည့်အခါ အဆင်းကြည်လင်၍ ဒေါမနဿဖြစ်နေသည့်အခါ အဆင်း နီမြန်းခြင်း ညှိုးနွမ်းခြင်း စသည်ဖြင့် စိတ်၌ ဖြစ်ပေါ်နေသော သဘောကို အပြင်ဘက် အဆင်းအရောင်က ထင်ရှားပြတတ်သည် ဟူလို။ ဤသဘောမှာ သက်ရှိသတ္တဝါတို့၏ ရူပါရုံအရောင်နှင့်သာ လျော်ရကား သက်ရှိ သက်မဲ့ ရူပါရုံအားလုံးနှင့် သက်ဆိုင်အောင် တစ်နည်း ကြံတော်မူကြပြန်၏။

ရူပယတိ ဒဗ္ဗံ ပကာသေတီတိ ရူပံ --- တည်ရာဒြပ်ကို ထင်ရှားပြတတ်သောကြောင့် ရူပါရုံမည်၏။ အဆင်း၏ တည်ရာဝတ္ထု ဒြပ်စုသည် = ရုပ်ကလာပ်အမှုန်များသည် အဆင်းအရောင်ကြောင့်သာ ထင်ရှားရသည် ဟူလိုသည်။အဖြူ အနီ အကြောင်အကျား အနက် စသော အဆင်းအရောင် အမျိုးမျိုးကို ရူပဟု မှတ်ပါ။

တတ္ထ ယသ္မာ ဒီဃာဒီနိ ဖုသိတွာ သက္ကာ ဇာနိတုံ၊ နီလာဒီနိ ပနေဝံ န သက္ကာ၊ တသ္မာ န နိပ္ပရိယာယေန ဒီဃံ ရူပါယတနံ၊ တထာ ရဿာဒီနိ။ (အဘိ၊ဋ္ဌ၊၁၊၃၅၄။)

အတို အရှည်စသော ပုံသဏ္ဌာန်တို့ကိုကား မျက်စိဖြင့် = စက္ခုဝိညာဏ်ဖြင့် မမြင်ရသော်လည်း တွေ့ထိ ကြည့်သော် ကိုင်တွယ်စမ်းသပ်ကြည့်သော် သိနိုင်၏၊ ထိုကြောင့် မုချအားဖြင့် အရှည် အတိုစသော ပုံသဏ္ဌာန်သည် ရူပါရုံမဟုတ်ဟု မှတ်ပါ။ အရာဝတ္ထု တစ်ခုခု၏ အဖြူ အနီစသော အရောင်အဆင်းကိုကား တွေ့ထိကြည့်ရုံ သက်သက်မျှဖြင့် ကိုင်ကြည့်ရုံ သက်သက်မျှဖြင့် ဖြူသည်-နီသည် စသည်ဖြင့် မသိနိုင်။ မကိုင်ကြည့်သော်လည်း စက္ခုဝိညာဏ်ဖြင့်ကား အဖြူ-အနီစသည့် အရောင်အဆင်းကို သိနိုင်၏၊ ထိုကြောင့် အရောင်အဆင်းသည်သာ ရူပါရုံမည်၏။ ရုပ်ကလာပ်တို့ကို ယောဂါဝစရပုဂ္ဂိုလ်များ မြင်တွေ့ရခြင်းသည် ထိုထို ရုပ်ကလာပ်တွင် တည်ရှိသော ရူပါရုံအရောင်က ထင်ရှားပြသောကြောင့်သာ မြင်တွေ့ရခြင်း ဖြစ်၏။ အရောင်အဆင်း အမျိုးမျိုးဟူသော ရူပါရုံက ရုပ်ကလာပ်ဟူသော ဒြပ်ကို ထင်ရှားပြနေသောကြောင့် ဖြစ်၏။ တစ်ဖန် ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကလာပ်ကို မြင်တွေ့ပါမှလည်း ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်မည် ဖြစ်သည်။ ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို ဃနခေါ်သည့် ရုပ်တုံး ရုပ်ခဲများပြိုအောင် အသီးအသီး ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ပါမှသာလျှင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည် ဖြစ်၏။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပါမှလည်း အနတ္တလက္ခဏာသည် ဟုတ်မှန်တိုင်းသော သဘောလက္ခဏာ အားဖြင့် ထင်ရှားလာမည် ဖြစ်၏။ လက္ခဏာရေးသုံးတန် ဉာဏ်အမြင် သန့်ရှင်းပါမှ မဂ် ဖိုလ် နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်မည် ဖြစ်သည်။ ထိုကြောင့် ဘူတရုပ်နှင့် ဥပါဒါရုပ်တို့သည် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုနေ ကြသည်ဟု ရှေးတွင် ရှင်းပြခဲ့ခြင်း ဖြစ်သည်။ ဘူတရုပ်ကို ထင်ရှားမသိက ဥပါဒါရုပ်ကို ထင်ရှားမသိနိုင်၊ ဥပါဒါရုပ်ကို ထင်ရှားမသိကလည်း ဘူတရုပ်ကို ထင်ရှားမသိနိုင်ဟူသော အဆိုကို သဘောပေါက်နိုင်လောက်ပေပြီ။

၁၁။ သဒ္ဒါရုံ

၁၁။ သဒ္ဒါရုံ

၁။ သောတပဋိဟနနလက္ခဏော သဒ္ဒေါ၊

၂။ သောတဝိညာဏဿ ဝိသယဘာဝရသော၊

၃။ တေဿဝ ဂေါစရပစ္စုပဋ္ဌာနော၊

၄။ စတုမဟာဘူတပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၃၅၆။ ဝိသုဒ္ဓိ၊၂၊၇၇။)

၁။ သောတပသာဒ၌ (ကို) ထိခိုက်ခြင်း (ရိုက်ခတ်ခြင်း) သဘော လက္ခဏ၊

၂။ (က) သောတဝိညာဏ်၏ အာရုံဖြစ်ခြင်း = သောတဝိညာဏ်အား အာရမ္မဏပစ္စယသတ္တိဖြင့်

ကျေးဇူးပြုခြင်း (ကိစ္စ) ရသ၊

၂။ ( ခ ) သောတဝိညာဏ်အား ကျေးဇူးပြုတတ်သော အာရမ္မဏပစ္စယသတ္တိနှင့် ပြည့်စုံခြင်း

= အာရမ္မဏပစ္စယ သတ္တိဟူသောဂုဏ် (သမ္ပတ္တိ) ရသ၊

၃။ သောတဝိညာဏ်၏ ကျက်စားရာ အာရုံစားကျက်ဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိ (သဒ္ဒါရုံ) ၏ မှီရာ ကလာပ်တူ မဟာဘုတ် (၄)ပါး ပဒဋ္ဌာန်။

သပ္ပတီတိ သဒ္ဒေါ၊ ဥဒါဟရီယတိ, သကေဟိ ဝါ ပစ္စယေဟိ သပ္ပီယတိ သောတဝိညေယျဘာဝံ ဥပနီယတီတိ အတ္ထော။ (မဟာဋီ၊၂၊၈၇။)

ရွတ်ဆိုအပ်သောကြောင့် သဒ္ဒ မည်၏။ တစ်နည်း --- မိမိဆိုင်ရာ အကြောင်းတရားတို့က နားဖြင့် ကြားအပ် သည်၏ အဖြစ်သို့ = သောတဝိညာဏ်သည် သိအပ်သည်၏ အဖြစ်သို့ ရောက်စေအပ် ကပ်၍ ဆောင်အပ်သော ကြောင့် သဒ္ဒ မည်၏။ သောတဝိညာဏ်၏ အာရုံဖြစ်သမျှ သက်ရှိသက်မဲ့ အသံအားလုံးကို သဒ္ဒဟု ခေါ်ဆို၏။

၁၂။ ဂန္ဓာရုံ

၁၂။ ဂန္ဓာရုံ

၁။ ဃာနပဋိဟနနလက္ခဏော ဂန္ဓော၊

၂။ ဃာနဝိညာဏဿ ဝိသယဘာဝရသော၊

၃။ တေဿဝ ဂေါစရပစ္စုပဋ္ဌာနော၊

၄။ စတုမဟာဘူတပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၃၅၆။ ဝိသုဒ္ဓိ၊၂၊၇၇။)

၁။ ဃာနပသာဒ၌ (ကို) ထိခိုက်ခြင်း = (ရိုက်ခတ်ခြင်း) သဘော လက္ခဏ၊

၂။ (က) ဃာနဝိညာဏ်၏ အာရုံဖြစ်ခြင်း = (ဃာနဝိညာဏ်အား အာရမ္မဏပစ္စယသတ္တိဖြင့်

ကျေးဇူးပြုခြင်း) (ကိစ္စ) ရသ၊

( ခ ) ဃာနဝိညာဏ်အား ကျေးဇူးပြုတတ်သော အာရမ္မဏပစ္စယသတ္တိနှင့်

ပြည့်စုံခြင်း = (အာရမ္မဏပစ္စယသတ္တိဟူသော ဂုဏ်) (သမ္ပတ္တိ) ရသ၊

၃။ ဃာနဝိညာဏ်၏ ကျက်စားရာ အာရုံစားကျက်ဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိ (ဂန္ဓာရုံ) ၏ မှီရာ ကလာပ်တူ မဟာဘုတ် (၄)ပါး ပဒဋ္ဌာန်။

ဂန္ဓယတီတိ ဂန္ဓော၊ အတ္တနော ဝတ္ထုံ သူစယတိ အပါကဋံ ဣဒံ သုဂန္ဓံ, ဒုဂ္ဂန္ဓန္တိ ပကာသေတိ၊ ပဋိစ္ဆန္နံ ဝါ ပုပ္ဖဖလာဒိံ ဣဒမေတ္ထ အတ္ထီတိ ပေသုညံ ကရောန္တံ ဝိယ ဟောတီတိ အတ္ထော။ (မဟာဋီ၊၂၊၈၈။)

မိမိ၏တည်ရာ ဝတ္ထုဒြပ်ကို ဤဝတ္ထုသည် ကောင်းသောအနံ့ ရှိ၏၊ ဤဝတ္ထုသည် မကောင်းသောအနံ့ ရှိ၏ဟု မထင်ရှားသော ဝတ္ထုကို ထင်ရှားအောင် ပြတတ်သောကြောင့် ဂန္ဓ မည်၏။ နှင်းဆီပန်း စသော ဝတ္ထုကို ဖုံးဝှက်၍ ထားသော်လည်း ရနံ့သင်းလာလျှင် ဝှက်၍ မရတော့ဘဲ ထိုရနံ့က မိမိ၏ တည်ရာ နှင်းဆီပန်းဒြပ်ကို ထင်ရှားပြတော့၏၊ ဒူးရင်းသီးကို ဖုံးဝှက်၍ ထားသော်လည်း ရနံ့သင်းလာလျှင် ဖုံးဝှက်၍ မရတော့ဘဲ ထိုရနံ့က မိမိ၏တည်ရာ ဒူးရင်းသီးဒြပ်ကို ထင်ရှားပြတော့၏။ ထိုကြောင့် အပွင့်အသီး စသည်ကို ဖုံးဝှက်၍ ထားအပ်ပါ သော်လည်း ဤအသီးအပွင့်သည် ဤနေရာမှာ ရှိ၏ဟု ကုန်းမတိုက်တတ်သော်လည်း ကုန်းတိုက်ခြင်းကို ပြုလုပ်သကဲ့သို့ ဖြစ်သောကြောင့်လည်း ဂန္ဓ မည်၏။ တဒ္ဓမ္မူပစာ ဥပရိက္ချာ စကားမျိုးတည်း၊ စကားကြီး စကား ကျယ် တင်စား၍ ဆိုသောစကားတည်း။ ကောင်းကောင်းဆိုးဆိုး အနံ့ဟူသမျှကို ဂန္ဓဟု ခေါ်သည်။

၁၃။ ရသာရုံ

၁၃။ ရသာရုံ

၁။ ဇိဝှါပဋိဟနနလက္ခဏော ရသော၊

၂။ ဇိဝှါဝိညာဏဿ ဝိသယဘာဝရသော၊

၃။ တေဿဝ ဂေါစရပစ္စုပဋ္ဌာနော၊

၄။ စတုမဟာဘူတပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၃၅၇။ ဝိသုဒ္ဓိ၊၂၊၇၇။)

၁။ ဇိဝှါပသာဒ၌ (ကို) ထိခိုက်ခြင်း (= ရိုက်ခတ်ခြင်း) သဘော လက္ခဏ၊

၂။ (က) ဇိဝှါဝိညာဏ်၏ အာရုံဖြစ်ခြင်း = ဇိဝှါဝိညာဏ်အား အာရမ္မဏပစ္စယသတ္တိဖြင့်

ကျေးဇူးပြုခြင်း (ကိစ္စ) ရသ၊

( ခ ) ဇိဝှါဝိညာဏ်အား ကျေးဇူးပြုတတ်သော အာရမ္မဏပစ္စယသတ္တိနှင့်

ပြည့်စုံခြင်း (= အာရမ္မဏပစ္စယသတ္တိဟူသော ဂုဏ်) (သမ္ပတ္တိ) ရသ၊

၃။ ဇိဝှါဝိညာဏ်၏ ကျက်စားရာ အာရုံစားကျက်ဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိ (ရသာရုံ) ၏ မှီရာ ကလာပ်တူ မဟာဘုတ် (၄)ပါး ပဒဋ္ဌာန်။

ရသန္တိ တံ သတ္တာတိ ရသော၊ အသာဒေန္တီတိ အတ္ထော။ (မဟာဋီ၊၂၊၈၈။)

ထိုရသာကို သတ္တဝါတို့သည် သာယာတတ်ကုန်သောကြောင့် ကောင်းသည်ဖြစ်စေ, ဆိုးသည်ဖြစ်စေ ဇိဝှါ ဝိညာဏ်ဖြင့် သာယာအပ်သမျှ အာရုံပြုအပ်သမျှ အရသာမှန်သမျှကို ရသဟု ခေါ်ဆိုသည်။ ချို-ချဉ်-ငန်-စပ်- ဖန်-ခါးဟူသော အရသာ (၆)ပါးလုံးပင်တည်း။

ကံ၏ စွမ်းအင်သာ ဖြစ်သည်

ကံ၏ စွမ်းအင်သာ ဖြစ်သည်

ဤအထက်တွင် ရှင်းလင်းတင်ပြထားသော ပသာဒရုပ် အကြည်ဓာတ်များမှာ မိမိ မိမိတို့၏ မှီရာ ကလာပ်တူ ဓာတ်ကြီး (၄)ပါးတို့ကို ကြည်လင်စေတတ်သော သဘောတရားများသာ ဖြစ်ကြ၏။ မိမိ မိမိတို့၏ မှီရာ ကလာပ်တူ ဓာတ်ကြီး (၄)ပါးတို့ကို ကြည်လင်စေတတ်မှု သဘောတရားချင်းကား တူညီလျက်ပင် ရှိ၏။ ယင်းသို့ တူညီနေလျှင် ဤကား စက္ခုပသာဒ, ဤကား သောတပသာဒဟု ဤသို့စသည်ဖြင့် ကွဲပြားအောင် ထူးခြားအောင် ပြုလုပ်ပေး တတ်သော အကြောင်းထူးကား အဘယ်ပါနည်းဟု မေးဖွယ်ရာ ရှိ၏။

ကမ္မမေဝ နေသံ ဝိသေသကာရဏံ၊ တသ္မာ ကမ္မဝိသေသတော ဧတေသံ ဝိသေသော၊ န ဘူတဝိသေသတော။ (အဘိ၊ဋ္ဌ၊၁၊၃၅၀။)

ပသာဒ = အကြည်ဓာတ်ချင်း တူညီပါသော်လည်း ဤကား စက္ခုအကြည်ဓာတ်, ဤကား သောတအကြည် ဓာတ် စသည်ဖြင့် အချင်းချင်း တစ်ခုနှင့်တစ်ခု မတူထူးခြားအောင် ပြုလုပ်ပေးတတ်သော ထူးခြားသော အကြောင်း တရားကား ကံပင် ဖြစ်သည်။ ကံထူးခြားမှုကြောင့်သာ ထိုအကြည်ဓာတ်များ တစ်ခုနှင့်တစ်ခု မတူကွဲပြား ထူးခြား ရသည်။ မိမိတို့၏ မှီရာ ဆိုင်ရာမဟာဘုတ် ထူးခြားကွဲပြားမှုကြောင့် အကြည်ဓာတ်များ ကွဲပြားကြရသည်ကား မဟုတ်ပေ။

အကြည်ဓာတ်ချင်း တူသော်လည်း စက္ခုအကြည်ဓာတ်မှာ ရူပါရုံ၏ ရှေးရှူရိုက်ခတ်ခြင်း ထိခိုက်ခြင်းကို ခံရတတ်သော သဘော ရှိ၏၊ အသံ သဒ္ဒါရုံ စသည်တို့၏ ရှေးရှူ ရိုက်ခတ်မှု ထိခိုက်မှုကို ခံရတတ်သော သဘောကား မရှိပေ။ တစ်ဖန် သောတအကြည်ဓာတ်မှာ အသံသဒ္ဒါရုံ၏ ရှေးရှူရိုက်ခတ်ခြင်း ထိခိုက်ခြင်းကို ခံရတတ်သော သဘောရှိ၏၊ ရူပါရုံ၏ ရှေးရှူရိုက်ခတ်ခြင်း ထိခိုက်ခြင်းကို ခံရတတ်သော သဘောကား မရှိပေ။ ဤသို့ စသည်ဖြင့် မတူကွဲပြားမှုကို သဘောပေါက်ပါ။ အကြည်ဓာတ်ချင်း တူညီပါလျက် ဓာတ်ကြီး (၄)ပါးတို့ကို ကြည်လင်စေတတ် သော သဘောတရားချင်း တူညီပါလျက် ဤသို့လျှင် အကြည်ဓာတ် တစ်ခုနှင့်တစ်ခု အချင်းချင်း မတူကွဲပြားမှု ရှိအောင် ပြုပြင်ပေးတတ်သော အကြောင်းတရားမှာ အကြည်ဓာတ်အမျိုးမျိုးတို့ အပါအဝင်ဖြစ်သည့် ခန္ဓာအိမ်ကို လိုလားတပ်မက်သည့် တဏှာလျှင် အကြောင်းရင်းခံ ရှိသော အတိတ်က ပြုစုပျိုးထောင်ခဲ့သော ကံတရားပင် ဖြစ်သည်။ ကံသည်ပင်လျှင် အကြောင်းရင်းစစ် ဖြစ်သည်။ ထိုထို အာယတနတို့နှင့် ပြည့်စုံသော, မပြည့်စုံသော ခန္ဓာကိုယ် အတ္တဘောတည်းဟူသော ဘဝကို လိုလားတောင့်တသည့် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ခြံရံအပ်သော သင်္ခါရ-ကံကား အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ချယ်လှယ်သည့်ပုံစံအတိုင်း ထိုထိုအာယတနများကို ရရှိအောင် ဖန်တီး ပေးနေသည်။ ထိုကြောင့် မဟာဘုတ်တို့ ထူးထွေကွဲပြားမှုကြောင့် အကြည်ဓာတ်များ ထူးထွေကွဲပြားရသည် မဟုတ် ဘဲ ကံကြောင့်သာလျှင် အကြည်ဓာတ်များ ထူးထွေကွဲပြားရသည်ဟု မှတ်ပါ။ ပသာဒရုပ်တို့ကား ကံအမျိုးမျိုးကြောင့် လည်း ဖြစ်နိုင်၏၊ ကံတစ်ခုတည်းကြောင့်လည်း ဖြစ်နိုင်၏၊ ကံအမျိုးမျိုးကြောင့်ဖြစ်သော ပသာဒရုပ်တို့၏ ထူးထွေ ကွဲပြားမှုကား အကြောင်းကွဲပြားခြင်းကြောင့် အကျိုးကွဲပြားရသဖြင့် ဆိုဖွယ်မရှိ၊ ကံတစ်ခုတည်းကြောင့်ဖြစ်သော ပသာဒရုပ်တို့၏ ထူးထွေကွဲပြားမှုကား ထိုကံ၏အကြောင်းရင်းဖြစ်သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့၏ ထူးထွေ ကွဲပြားမှုကြောင့် ဖြစ်ရပေသည်။ (အနုဋီ၊၁၊၁၅၈ - ကြည့်။)

သမ္ပတ္တ - အသမ္ပတ္တ

သမ္ပတ္တ - အသမ္ပတ္တ

ကံထူးခြားမှုကြောင့် ထူးခြားမှု ရှိကြကုန်သော ထို ပသာဒရုပ်တို့တွင်--- အသမ္ပတ္တဝိသယဂ္ဂါဟကရုပ်, သမ္ပတ္တဝိသယဂ္ဂါဟကရုပ် --- ဟု နှစ်မျိုးရှိရာ စက္ခုပသာဒနှင့် သောတပသာဒတို့ကား အသမ္ပတ္တဝိသယဂ္ဂါဟက ရုပ်တို့တည်း။ ဃာနပသာဒ, ဇိဝှါပသာဒ, ကာယပသာဒတို့ကား သမ္ပတ္တဝိသယဂ္ဂါဟကရုပ်တို့တည်း။

အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ စက္ခု စသော ပသာဒရုပ် (၅)မျိုးကို ဂေါစရဂ္ဂါဟက = အာရုံကိုယူတတ်သော ရုပ်ဟု ဖွင့်ဆိုထား၏။ အဋ္ဌသာလိနီအဋ္ဌကထာ (၃၅၀-၃၅၁။) ၏ အဖွင့်များနှင့် အညီပင်တည်း။ စက္ခုဝိညာဏ်က ရူပါရုံကို အာရုံယူရာ = ရူပါရုံကိုသိရာ၌ စက္ခုပသာဒကို မှီ၍သာလျှင် ရူပါရုံကို အာရုံယူရ ယူနိုင်သောကြောင့် ဌာနီဖြစ်သော စက္ခုဝိညာဏ်၏ ရူပါရုံကို အာရုံယူတတ်မှုသဘောကို ဌာနဖြစ်သော စက္ခုပသာဒအပေါ်၌ တင်စား၍ ဌာနျူပစာရအားဖြင့် စက္ခုပသာဒကိုပင် ဂေါစရဂ္ဂါဟက = အာရုံကို ယူတတ်သောရုပ်ဟု ဆိုထားသည်။ တစ်နည်း --- စက္ခုပသာဒကား စက္ခုဝိညာဏ်၏ ဝတ္ထုပုရေဇာတနိဿယပစ္စည်း အကြောင်းတရားတည်း။ စက္ခုဝိညာဏ်ကား ဝတ္ထုပုရေဇာတနိဿယပစ္စယုပ္ပန် အကျိုးတရားတည်း။ မှီရာအကြောင်းတရားနှင့် မှီတတ်သော အကျိုးတရား တည်း။ စက္ခုပသာဒက မှီရာအကြောင်းတရားဖြစ်၍ စက္ခုဝိညာဏ်က မှီရာစက္ခုပသာဒရှိ၍ ဖြစ်ပေါ်လာရသော အကျိုးတရား ဖြစ်သောကြောင့် အကျိုးစက္ခုဝိညာဏ်၏ ရူပါရုံကိုယူတတ်သော ဂေါစရဂ္ဂါဟကဟူသော အမည်ကို မှီရာအကြောင်းစက္ခုပသာဒ အပေါ်၌ တင်စား၍ ဖလူပစာရအားဖြင့် အကြောင်းစက္ခုပသာဒကို ဂေါစရဂ္ဂါဟက ဟုဆိုသည်။ သောတပသာဒ စသည်တို့၏ ဂေါစရဂ္ဂါဟက အမည်ရပုံကိုလည်း နည်းတူသဘောပေါက်ပါ။

ထိုသို့ အာရုံကိုယူကြရာ၌ စက္ခုသောတတို့ကား မိမိတို့မှီရာ မဟာဘုတ်ထံသို့ မရောက်လာသော ရူပါရုံ သဒ္ဒါရုံတို့ကို ယူတတ်သောကြောင့် အသမ္ပတ္တဝိသယဂ္ဂါဟကရုပ်တို့ မည်ကြ၏။ ဃာနပသာဒ ဇိဝှါပသာဒ ကာယပသာဒတို့ကား မိမိတို့၏မှီရာ မဟာဘုတ်တို့ထံသို့ ထိကပ် ငြိကပ် ဆိုက်ရောက်လာသော ဂန္ဓာရုံ-ရသာရုံဖောဋ္ဌဗ္ဗာရုံတို့ကို အသီးအသီး ယူတတ်သောကြောင့် သမ္ပတ္တဝိသယဂ္ဂါဟကရုပ်တရားတို့ မည်ကြ၏။

ဤ၌ သမ္ပတ္တ-အသမ္ပတ္တ သဒ္ဒါတို့သည် ရူပါရုံ စသည်တို့၏ လာခြင်း မလာခြင်းအဓိပ္ပါယ်ကို မပြ၊ အာရုံ တို့သည် မဟာဘုတ်အဆက်ဆက် ရိုက်ခတ်လျက် မဟာဘုတ်အဆက်ဆက်အားဖြင့် လာသည်ဖြစ်စေ၊ မလာသည် ဖြစ်စေ၊ ဆိုင်ရာပသာဒ၏မှီရာ ဆိုင်ရာ မဟာဘုတ်သို့ ထိမိသောအားဖြင့် ငြိကပ်သောအားဖြင့် ရောက်ခြင်း မရောက်ခြင်း အဓိပ္ပါယ်ကိုသာ ပြသည်။

ဧဝံ ကမ္မဝိသေသတော ဝိသေသဝန္တေသု စ ဧတေသု စက္ခုသောတာနိ အသမ္ပတ္တဝိသယဂ္ဂါဟကာနိ၊ အတ္တနော နိဿယံ အနလ္လီနနိဿယေ ဧဝ ဝိသယေ ဝိညာဏဟေတုတ္တာ။ ဃာနဇိဝှါကာယာ သမ္ပတ္တဝိသယဂ္ဂါဟကာ၊ နိဿယဝသေန စေဝ, သယဉ္စ အတ္တနော နိဿယံ အလ္လီနေယေဝ ဝိသယေ ဝိညာဏဟေတုတ္တာ။ (အဘိ၊ဋ္ဌ၊၁၊၃၅၀-၃၅၁။)

ဤအဆင့်သို့တိုင်အောင် အသိဉာဏ် ပေါက်ရောက်လျက်ရှိသော အသင်သူတော်ကောင်းသည် ရုပ်ကမ္မဋ္ဌာန်းပိုင်း နာမ်ကမ္မဋ္ဌာန်းပိုင်းတို့ကို ကျေညက်ပြီးဖြစ်သဖြင့် ရုပ်တရား နာမ်တရားတို့၏ ရုပ်ကလာပ် နာမ်ကလာပ် ဟူသော ဓမ္မပုဉ္ဇ = တရားအစုအပုံအလိုက် အုပ်စုအလိုက်သာ ဖြစ်နိုင်ပုံကို ပြန်လည်၍ အာရုံယူထားပါ။ စက္ခု ပသာဒသည်လည်း စက္ခုဒသကကလာပ် အနေဖြင့်သာ ဖြစ်ရိုးဓမ္မတာ ရှိ၏၊ ယင်းရုပ်ကလာပ်ကို ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ ရှုပါက ရုပ်သဘောတရား (၁၀)မျိုး ပါဝင်နေသည်ကို တွေ့ရှိနိုင်၏။ တစ်ဖန် အာရုံဖြစ်သော ရူပါရုံမှာ လည်း ရုပ်ကလာပ်အနေဖြင့်သာ ဖြစ်ရိုးဓမ္မတာ ရှိ၏၊ အဋ္ဌကလာပ် နဝကကလာပ် ဒသကကလာပ်စသော အုပ်စုအလိုက်သာ ဖြစ်၏။ မိမိအာရုံယူလိုက်သော ရူပါရုံမှာ ထိုရုပ်ကလာပ်တို့တွင် တစ်မျိုးမျိုး၌ ပါဝင်သော ရူပါရုံ ဖြစ်၏။ (၈)မျိုး (၉)မျိုး (၁၀)မျိုး စသော ပရမတ်ရုပ်တရားတို့တွင် ပါဝင်သော ရူပါရုံသာ ဖြစ်၏။

စက္ခုပသာဒဘက်၌လည်း စက္ခုပသာဒ၏မှီရာ ဓာတ်ကြီး (၄)ပါး ရှိနေ၏။ ရူပါရုံဘက်၌လည်း ရူပါရုံ၏မှီရာ ဓာတ်ကြီး (၄)ပါး ရှိနေ၏။ ဤအချက်ကို သတိပြုထားပါ။

ရူပါရုံသည် စက္ခုပသာဒ၌ ထိခိုက်လာသောအခါ ထင်လာသောအခါ ရူပါရုံ၏မှီရာ မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့က စက္ခုပသာဒ၏မှီရာ မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့၌ မငြိမကပ် မထိမစပ်ဘဲ ထိခိုက်ထင်လာသည်။

သဒ္ဒါရုံဟူသည်မှာလည်း အသံသဒ္ဒါရုံလျှင် (၉)ခုမြောက် ရှိသော သဒ္ဒနဝကကလာပ် အနေဖြင့် ဖြစ်ရိုး ဓမ္မတာတည်း။ (ရုပ်အစစ်တို့ကိုသာ ဦးစားပေး၍ ဆိုနေသည်ကို သတိပြုပါ။) သဒ္ဒါရုံသည် သောတပသာဒ၌ ထိခိုက်လာသောအခါ ထင်လာသောအခါ သဒ္ဒါရုံ၏မှီရာ မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့က သောတပသာဒ၏ မှီရာ မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့၌ မငြိမကပ် မထိမစပ်ဘဲ ထင်လာသည်။

ထိုကြောင့် စက္ခုပသာဒ သောတပသာဒတို့သည် မိမိ၏မှီရာမဟာဘုတ်သို့ မငြိမကပ် မထိမစပ်သော မှီရာမဟာဘုတ်ရှိသော = အနလ္လီနနိဿယဖြစ်သော ရူပါရုံ သဒ္ဒါရုံကို အာရုံယူကြသည်ဟု ဆိုခြင်း ဖြစ်သည်။ အဘယ်ကြောင့်နည်း? အကြောင်းကား ဤသို့တည်း ---

မိမိစက္ခုပသာဒ၏ မှီရာမဟာဘုတ်, မိမိသောတပသာဒ၏ မှီရာမဟာဘုတ်သို့ မငြိမကပ် မထိမစပ်သည် သာဖြစ်သော မှီရာမဟာဘုတ်ရှိသည့် ရူပါရုံ သဒ္ဒါရုံ၌ စက္ခုဝိညာဏ် သောတဝိညာဏ်တို့ ဖြစ်ခြင်းကြောင့်တည်း။ စက္ခုပသာဒ သောတပသာဒတို့၏ မှီရာမဟာဘုတ်သို့ ရူပါရုံ သဒ္ဒါရုံတို့၏ မှီရာမဟာဘုတ်က မငြိမကပ် မထိမစပ်ဘဲ ထင်လာသောအခါ ထိုသို့ မဟာဘုတ်အချင်းချင်း ငြိကပ်မှု ထိစပ်မှုမရှိသော ရူပါရုံ သဒ္ဒါရုံသည် စက္ခုဝိညာဏ် သောတဝိညာဏ်တို့ ဖြစ်ရန်လုံလောက်သော အကြောင်းတရား တစ်ခုဖြစ်သည်ဟု ဆိုလိုသည်။ စက္ခုဝိညာဏ် သောတဝိညာဏ်တို့ ဖြစ်ပေါ်လာဖို့ရန် အကြောင်းတရားများစွာ ရှိနေ၍ အကြောင်းတရားတစ်ခုဟု ဆိုခြင်း ဖြစ်သည်။ ဉာဏ်နုံ့သူများအတွက် ထပ်မံ၍ အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည် ---

အသင်သူတော်ကောင်းသည် ပဋိစ္စသမုပ္ပါဒ်ပိုင်းကို ပြန်လည်၍ အာရုံယူထားပါ။ စက္ခုဝိညာဏ်သည် ---

၁။ စက္ခုပသာဒက ဝတ္ထုပုရေဇာတနိဿယပစ္စယသတ္တိ = ရှေးဦးအစအတီတဘဝင်နှင့် ဥပါဒ်ချင်းပြိုင်၍ဖြစ် သော စက္ခုဝိညာဏ်၏ ရှေးကဖြစ်သော စက္ခုပသာဒက မှီရာအကြောင်းတရားအဖြစ် ကျေးဇူးပြုပေးခြင်း,

၂။ ရူပါရုံက အာရမ္မဏ ပစ္စယသတ္တိဖြင့် = အာရုံအကြောင်းတရား အဖြစ်ရပ်တည်၍ ကျေးဇူးပြုပေးခြင်း,

၃။ ဖဿ စသော ယှဉ်ဖက် စေတသိက်တရားစုတို့က သဟဇာတစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးခြင်း,

၄။ အာလောက = အရောင်အလင်းက အားကြီးသော မှီရာဥပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးခြင်း,

၅။ မနသိကာရ အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရားစုက အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေးခြင်း,

၆။ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ခြံရံထားသော သင်္ခါရကံက နာနာက္ခဏိက ကမ္မပစ္စယသတ္တိ ဥပနိဿယယပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးခြင်း,

ဤသို့စသော အကြောင်းတရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ် တည်နေရ၏။

ထိုတွင် ရူပါရုံသည် စက္ခုပသာဒ၌ ရောက်ထိ ငြိကပ် ပိညပ်နေလျှင် အာလောက အရောင်အလင်းအင်္ဂါ ပျက်ကွက်သွားရာ၏။ လက်ညှိုးနှင့် လက်မအဖျားကို ထိကပ်၍ကြည့်ပါ။ ထိုသို့ ပွတ်ချုပ်ထိကပ်နေသော လက်ညှိုးနှင့်လက်မ နှစ်ခုအကြား၌ အရောင်အလင်း မရနိုင်သည်ကို ကြည့်ပါ။ အလားတူပင် ရူပါရုံသည် စက္ခု ပသာဒ၌ ထိစပ် ငြိကပ် ပိညပ်နေလျှင် ယင်းရူပါရုံနှင့် စက္ခုပသာဒ အကြားဝယ် အရောင်အလင်းကို မရရှိနိုင်၊ ရူပါရုံသည် စက္ခုပသာဒ၌ မထိမစပ် မငြိမကပ် မပိမညပ်မှသာလျှင် အာလောကအင်္ဂါကို ရနိုင်၏။ ထိုကြောင့် စက္ခုဝိညာဏ်၏မှီရာ စက္ခုပသာဒသည် မိမိသို့ မရောက်မထိ မငြိမကပ်သည့် ရူပါရုံကိုသာ ယူနိုင်လေသည်။

တစ်ဖန် သောတဝိညာဏ်ဖြစ်ဖို့ရန် အကြောင်းအင်္ဂါသည် ---

၁။ သောတပသာဒ,

၂။ သဒ္ဒါရုံ,

၃။ ဖဿ စသော ယှဉ်ဖက်သမ္ပယုတ်တရားစု,

၄။ အာကာသ = အကြားအပေါက်,

၅။ မနသိကာရ = ပဉ္စဒွါရာဝဇ္ဇန်း သမ္ပယုတ်တရားစု,

၆။ အတိတ် အကြောင်းတရား ဖြစ်ကြသည့် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ ---

ဤသို့သော အကြောင်းအင်္ဂါရပ်များ ရှိကြ၏။ ထိုတွင် သဒ္ဒါရုံသည် သောတပသာဒ၌ ရောက်ထိ ငြိကပ် ပိညပ်နေလျှင် အာကာသ = အပေါက်အကြားအင်္ဂါရပ်သည် ပျက်ကွက်သွားလေရာ၏။ သဒ္ဒါရုံနှင့် သောတပသာဒ အကြားတွင် အာကာသ = အကြားအပေါက် ရှိပါမှလည်း သောတဝိညာဏ်က သဒ္ဒါရုံကို ကြားနိုင်၏။ ထိုကြောင့် သဒ္ဒါရုံသည် သောတပသာဒ၌ မထိမစပ် မငြိမကပ် မပိမညပ်မှသာ အာကာသအင်္ဂါကို ရနိုင်သောကြောင့် သောတ ဝိညာဏ်၏မှီရာ သောတပသာဒသည် မိမိထံမှောက်သို့ မရောက်မထိ မငြိမကပ်ခင်သာ သဒ္ဒါရုံကို ယူနိုင်လေသည်။ ထိုကြောင့် စက္ခုပသာဒနှင့် သောတပသာဒတို့သည် အသမ္ပတ္တဝိသယဂ္ဂါဟကရုပ်တို့ ဖြစ်ကြ၏။

ဃာနပသာဒ, ဇိဝှါပသာဒ, ကာယပသာဒတို့ကား မိမိတို့ထံမှောက်သို့ ရောက်ထိငြိကပ်သော အာရုံကိုသာ ယူနိုင်ကြ၏။

ဂန္ဓာရုံသည် ဃာနပသာဒ၌ ထိခိုက်ထင်လာသောအခါ ဂန္ဓာရုံ၏မှီရာ မဟာဘုတ်တို့က ဃာနပသာဒ၏ မှီရာ မဟာဘုတ်တို့၌ ငြိမိ ကပ်မိ ထိမိ စပ်မိမှ ထိခိုက်ထင်လာ၏။ ရသာရုံသည် ဇိဝှါပသာဒ၌ ထိခိုက်ထင်လာသောအခါ ရသာရုံ၏မှီရာ မဟာဘုတ်တို့က ဇိဝှါပသာဒ၏မှီရာ မဟာဘုတ်တို့၌ ငြိမိ ကပ်မိ ထိမိ စပ်မိမှ ထိခိုက် ထင်လာ၏။

ဃာနဝိညာဏ်ဖြစ်ဖို့ရန် အကြောင်းအင်္ဂါများမှာ ---

၁။ ဃာနပသာဒ,

၂။ ဂန္ဓာရုံ,

၃။ ဖဿ စသော ယှဉ်ဖက်သမ္ပယုတ်တရားစု,

၄။ ဝါယောဓာတ်,

၅။ မနသိကာရ = ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရားစု,

၆။ အတိတ်အကြောင်းတရား (၅)ပါး ---

ဤသို့စသည့် အင်္ဂါရပ်တို့ ဖြစ်ကြ၏။ ထိုတွင် ဂန္ဓာရုံသည် နှာခေါင်း၏အနီးအပါး၌ ရောက်ရှိနေသော်လည်း နှာခေါင်းကို ပိတ်ထားလိုက်လျှင် အနံ့မရသေး၊ နှာခေါင်းကို ဖွင့်ပြီးလျှင် ဗဟိဒ္ဓလေက ဆောင်သွင်း၍ အသက် ရှူခြင်း = ဝင်သက်လေရှိမှသာလျှင် ဂန္ဓာရုံရုပ်ကလာပ်၌ပါသော ဂန္ဓာရုံ၏မှီရာ မဟာဘုတ်များနှင့် ဃာနဒသက ကလာပ်၌ ပါသော ဃာနပသာဒ၏မှီရာ မဟာဘုတ်တို့သည် မဟာဘုတ်အချင်းချင်း ထိမိ ကပ်မိကြသည်၊ ထိုသို့ ရောက်ထိ ငြိကပ်မှသာ ဃာနပသာဒက ဂန္ဓာရုံကို ယူနိုင်သည်။

တစ်ဖန် ဇိဝှါဝိညာဏ်၏ ဖြစ်ဖို့ရန် အကြောင်းအင်္ဂါရပ်များမှာ ---

၁။ ဇိဝှါပသာဒ,

၂။ ရသာရုံ,

၃။ ဖဿ စသော ယှဉ်ဖက်သမ္ပယုတ်တရားစု,

၄။ အာပေါဓာတ်,

၅။ မနသိကာရ = ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရားစု,

၆။ အတိတ်အကြောင်းတရား (၅)ပါး ---

ဤသို့စသည့် အင်္ဂါရပ်တို့ ဖြစ်ကြ၏။ ထိုတွင် အနီးအပါးဝယ် စားသောက်ဖွယ်ရာများ ရောက်နေသော်လည်း အရသာကို မသိသေး၊ ဇိဝှါပသာဒ၏မှီရာ မဟာဘုတ်ပေါ်သို့ ရသာရုံ၏မှီရာ မဟာဘုတ်များ = စားသောက်ဖွယ် ရာများ ရောက်ထိငြိကပ်မှသာ အာပေါဓာတ်ခေါ်သည့် လျှာရည်က စိုစွတ်အောင်ပြုသဖြင့် အရသာကို သိရှိရ လေသည်၊ ဇိဝှါဝိညာဏ်စိတ် ဖြစ်ရလေသည်။

ထိုကြောင့် ဃာနပသာဒ ဇိဝှါပသာဒတို့သည် မိမိတို့၏မှီရာ မဟာဘုတ်သို့ ဂန္ဓာရုံ ရသာရုံတို့၏မှီရာ မဟာဘုတ်တို့က ငြိကပ်ထိစပ်လျက် ထိခိုက်ထင်လာသော ဂန္ဓာရုံ ရသာရုံကိုသာ အာရုံယူကြသည်၊ ထိုဂန္ဓာရုံ ရသာရုံမျိုး ၌သာ ဃာနဝိညာဏ် ဇိဝှါဝိညာဏ်တို့ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ထိုဂန္ဓာရုံ ရသာရုံမျိုးသည်သာ ဃာနဝိညာဏ် ဇိဝှါဝိညာဏ်တို့ ဖြစ်ပေါ်လာရန် အကြောင်းတစ်ခု ဖြစ်ပေသည်။

ဖောဋ္ဌဗ္ဗာရုံဟူသည်ကား ပထဝီ-တေဇော-ဝါယော ဓာတ် (၃)ပါးတည်း။ ယင်း ဓာတ် (၃)ပါးသည်သာလျှင် တွေ့ထိ၍ ရစကောင်းသောကြောင့် ဖောဋ္ဌဗ္ဗဓာတ်ဟူသော အမည်ကို ရရှိပေသည်။ ဖောဋ္ဌဗ္ဗာရုံသည် မိမိကိုယ် တိုင်က မဟာဘုတ်ဓာတ် (၃)ပါး ဖြစ်သောကြောင့် ကာယပသာဒ၏မှီရာ မဟာဘုတ်၌ ကိုယ်တိုင် ငြိကပ် ထိစပ် နိုင်၏။ ထိုကြောင့် ကာယပသာဒသည် မိမိ၏မှီရာ မဟာဘုတ်တို့သို့ ကိုယ်တိုင်ငြိကပ် ထိစပ်လာသော ဖောဋ္ဌဗ္ဗာရုံ ကို အာရုံယူ၏ဟု ဆိုပေသည်။

ကာယဝိညာဏ်၏ ဖြစ်ဖို့ရန် အကြောင်းအင်္ဂါရပ်များသည် ---

၁။ ကာယပသာဒ,

၂။ ဖောဋ္ဌဗ္ဗာရုံ,

၃။ ဖဿ စသော ယှဉ်ဖက်သမ္ပယုတ်တရားစု,

၄။ ပထဝီဓာတ် (ကာယပသာဒ၏မှီရာ ပထဝီဓာတ်),

၅။ မနသိကာရ = ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရားစု,

၆။ အတိတ်အကြာင်းတရား (၅)ပါး ---

ဤသို့စသည့် အင်္ဂါရပ်တို့ ဖြစ်ကြ၏။ ထိုတွင် တွေ့ထိဖွယ်ရာ ဖောဋ္ဌဗ္ဗာရုံများသည် အနီးအပါး၌ ရောက်ရှိနေ သော်လည်း မသိနိုင်သေး၊ ကာယဝိညာဏ်စိတ် မဖြစ်နိုင်သေး၊ ကာယပသာဒ၏မှီရာ မဟာဘုတ်၌ ယင်း ဖောဋ္ဌဗ္ဗာရုံက ထိခိုက်မှသာလျှင် ယင်းဖောဋ္ဌဗ္ဗာရုံ၏သဘောကို သိနိုင်လေသည်၊ ကာယဝိညာဏ်စိတ် ဖြစ်နိုင်လေသည်။

ကာယပသာဒဟူသည်လည်း ကာယဒသကကလာပ် အနေဖြင့်သာ ဖြစ်ရိုးဓမ္မတာတည်း၊ ကာယဒသက ကလာပ်၌ ရုပ်ပရမတ် သဘောတရား (၁၀)မျိုးရှိရာ ယင်းတို့တွင် ဓာတ်ကြီး (၄)ပါးတို့ ပါဝင်လျက် ရှိကြ၏။ ကာယပသာဒ၏ မှီရာ မဟာဘုတ်တို့တည်း။ ယင်း မဟာဘုတ်တို့ကို ကြည်လင်စေတတ်သော သဘောကား ကာယပသာဒတည်း။ ယင်း ကာယပသာဒကို ဉာဏ်ဖြင့် ပိုင်းခြားယူထားပါ သိမ်းဆည်းထားပါ။

တစ်ဖန် အာရုံဖြစ်သော ဖောဋ္ဌဗ္ဗဓာတ် (၃)ပါးတို့သည်လည်း ရုပ်ကလာပ်အနေဖြင့်သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏၊ အဋ္ဌကလာပ် နဝကကလာပ် ဒသကကလာပ် စသည်တို့တွင် တစ်မျိုးမျိုးသော ကလာပ်တည်း။ သို့သော် အသင်သူတော်ကောင်း သိမ်းဆည်းထားသော ကာယပသာဒနှင့် အာရုံဖြစ်သည့် ဖောဋ္ဌဗ္ဗဓာတ်တို့မှာ ကလာပ်တူ ရုပ်တရားများ မဟုတ်ကြပေ၊ ကလာပ်ပြား ကလာပ်ခြား ကလာပ်ကွဲပြားသော ရုပ်တို့သာ ဖြစ်ကြ၏။

အသင်သူတော်ကောင်းသည် ကာယပသာဒကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသောအခါ [ဥပမာ သမုတိသစ္စာနယ်သုံး ဝေါဟာရအရ တရားထိုင်လျက် နှလုံးသွင်းနေခိုက် လက်နှစ်ခုကို ထပ်ထားလေရာ အောက် လက်ဖဝါးတွင် တည်ရှိသော (၄၄)မျိုးသော ရုပ်တရားများထဲမှ ကာယပသာဒကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်း ဆည်းပြီးသောအခါ] ယင်းကာယပသာဒနှင့် အနီးကပ်ဆုံးဖြစ်ကြသည့် (ထပ်ထားသော အပေါ်လက်ခုံ၌ တည် ရှိသော (၄၄)မျိုးသော ရုပ်တရားများထဲမှ) ဖောဋ္ဌဗ္ဗဓာတ်များကို အာရုံယူကြည့်ပါ ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်း ဆည်းပါ။

ပထဝီ-တေဇော-ဝါယောဟူသော ယင်း ဖောဋ္ဌဗ္ဗဓာတ် တစ်ခုခုက သို့မဟုတ် ဖောဋ္ဌဗ္ဗဓာတ် (၃)ပါးတို့က မိမိ သိမ်းဆည်းထားသော ကာယပသာဒ၏ မှီရာ မဟာဘုတ်သို့ ကိုယ်တိုင်ငြိကပ် ထိစပ်လျက် ထင်လာသောအခါ ယင်း ငြိကပ်ထိစပ်လာသော ဖောဋ္ဌဗ္ဗဓာတ်ကို အာရုံယူ၍ ကာယဝိညာဏ်စိတ် ဖြစ်ပေါ်လာပုံကို ဆက်လက် သိမ်းဆည်းပါ၊ သို့မှသာလျှင် ကာယပသာဒ၏ မိမိသို့ ငြိကပ် ထိစပ် ပိညပ်လာသော ဖောဋ္ဌဗ္ဗာရုံကို အာရုံယူ တတ်သည့် သမ္ပတ္တဝိသယဂ္ဂါဟကရုပ် ဖြစ်ပုံကို သဘောကျနိုင်မည်။

မဟာဘုတ် အချင်းချင်းသာ

မဟာဘုတ် အချင်းချင်းသာ

ဤအရာဝယ် ငြိကပ်မှု ထိစပ်မှုနှင့်ပတ်သက်၍ သတိပြုရန် အချက်တစ်ရပ်ကား --- ငြိကပ် ထိစပ်ရာ၌ မဟာဘုတ်အချင်းချင်းသာ ငြိကပ်နိုင် ထိစပ်နိုင်၏၊ ဖောဋ္ဌဗ္ဗာရုံမှတစ်ပါးသော အာရုံနှင့် ပသာဒတို့ကား ဖောဋ္ဌဗ္ဗ သဘော မရှိသောကြောင့် မငြိကပ် မထိစပ်နိုင်၊ ထိုကြောင့် မှီရာ မဟာဘုတ်အချင်းချင်း ငြိကပ် မငြိကပ် ထိစပ် မထိစပ်ကိုသာ ဆိုရခြင်း ဖြစ်သည်ဟု မှတ်ပါ။

ပထဝိသန္နိဿိတ

ပထဝိသန္နိဿိတန္တိ ကာယပသာဒပစ္စယံ ပထဝိသန္နိဿယံ လဒ္ဓါဝ ဥပ္ပဇ္ဇတိ၊ န တေန ဝိနာ။ ကာယဒွါရသ္မိဥှိ ဗဟိဒ္ဓါမဟာဘူတာရမ္မဏံ အဇ္ဈတ္တိကံ ကာယပသာဒံ ဃဋ္ဋေတွာ ပသာဒပစ္စယေသု မဟာဘူတေသု ပဋိဟညတိ။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)

ကာယဝိညာဏ်စိတ် ဖြစ်ပေါ်လာဖို့ရန် အကြောင်းတရားစုတို့တွင် ပထဝီဓာတ်လည်း ပါဝင်လျက် ရှိ၏။ ယင်းပထဝီဓာတ်မှာ ဖောဋ္ဌဗ္ဗာရုံ ရှေးရှူရိုက်ခတ်လာသော ကာယပသာဒ၏မှီရာ ကလာပ်တူမဟာဘုတ် (၄)ပါး တို့တွင်ပါဝင်သော ပထဝီဓာတ်တည်း။ ကာယပသာဒအား ကလာပ်တူ ဓာတ်ကြီး (၄)ပါးတို့က သဟဇာတစသော ပစ္စယသတ္တိတို့ဖြင့်ကျေးဇူးပြုပေးလျက်ရှိ၏။ ကလာပ်တူဓာတ်ကြီး (၄)ပါးကို အမှီရပါမှ ကာယပသာဒသည် ဖြစ်နိုင်၏။ ထိုကြောင့် ကလာပ်တူ ဓာတ်ကြီး (၄)ပါးတို့သည် ကာယပသာဒ၏မှီရာ နိဿယအကြောင်းတရားတို့ ဖြစ်ကြ၏။ ယင်းကာယပသာဒ၏မှီရာ နိဿယအကြောင်းဖြစ်သော ပထဝီဓာတ်ဟူသော မှီရာကို ရရှိပါမှသာလျှင် ကာယဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာနိုင်၏။ ထိုပထဝီဓာတ်နှင့် ကင်း၍ကား မဖြစ်နိုင်။ ကာယပသာဒ ကာယဒွါရ၌ ဗဟိဒ္ဓ မဟာဘုတ် ဖောဋ္ဌဗ္ဗာရုံသည် ရှေးရှူရိုက်ခတ်သောအခါ အဇ္ဈတ္တဖြစ်သော ကာယပသာဒကို ထိခိုက်၍ ယင်းကာယပသာဒ၏မှီရာ အကြောင်းတရားဖြစ်ကုန်သော မဟာဘုတ်တို့၌ ထိခိုက်၏၊ ကာယပသာဒတွင်သာမက ကာယပသာဒ၏မှီရာ မဟာဘုတ်သို့တိုင်အောင် ထိခိုက်ပေ၏။ ယင်းမဟာဘုတ်တို့တွင် ပထဝီဓာတ်သည် အပြဓာန်းဆုံးသော ဓာတ်တစ်ပါး ဖြစ်၏။ အကြောင်းတစ်ခု ဖြစ်၏။ ထိုကြောင့် ပထဝီဓာတ်ကို ကာယဝိညာဏ်၏ အကြောင်းတစ်ခုအဖြစ် ဆိုသည်။

ဖောဋ္ဌဗ္ဗာရုံ ထင်မှု

ဖောဋ္ဌဗ္ဗာရုံ ထင်မှု

ကိံ ပနေတာနိ တီဏိ မဟာဘူတာနိ ဧကပ္ပဟာရေနေဝ အာပါထံ အာဂစ္ဆန္တိ၊ ဥဒါဟု နောတိ? အာဂစ္ဆန္တိ။ ဧဝံ အာဂတာနိ ကာယပသာဒံ ဃဋ္ဋေန္တိ န ဃဋ္ဋေန္တီတိ? ဃဋ္ဋေန္တိ။ ဧကပ္ပဟာရေနေဝ တာနိ အာရမ္မဏံ ကတွာ ကာယဝိညာဏံ ဥပ္ပဇ္ဇတိ နုပ္ပဇ္ဇတီတိ? နုပ္ပဇ္ဇတိ၊ အာဘုဇိတဝသေန ဝါ ဟိ ဥဿဒဝသေန ဝါ အာရမ္မဏကရဏံ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၃၆၉။)

ဖောဋ္ဌဗ္ဗဓာတ် အမည်ရသော မဟာဘုတ်ဓာတ် (၃)မျိုးတို့သည် ကာယပသာဒနှင့် ဘဝင်မနောအကြည် ဓာတ်ဟူသော ယင်းဖောဋ္ဌဗ္ဗဓာတ်တို့ကို အာရုံပြုနိုင်လောက်ရာ အရပ်သို့ ရှေးရှူကျရောက် နေခြင်းကို အာပါတဂမနဟု ခေါ်သည်။ တစ်နည်းအားဖြင့် ကာယပသာဒ = ကာယအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်၌ ယင်းဖောဋ္ဌဗ္ဗဓာတ်တို့ ထင်နေမှုကို အာပါထဂမနဟု ခေါ်သည်။ ထိုသို့ ရှေးရှူကျရောက်မှု ထင်နေမှုမှာ ဖောဋ္ဌဗ္ဗ ဓာတ်သုံးပါးလုံးသည် တစ်ပြိုင်တည်း ရှေးရှူကျရောက်နိုင်ပါသလားဟူမူ အဖြေမှာ ရှေးရှူကျရောက်နိုင်သည် ထင်နိုင်သည် ဟူ၏။

ထိုသို့ ရှေးရှူကျရောက်ရုံမျှဖြင့် ကာယပသာဒ၌ ထိခိုက်မှု မထိခိုက်မှုမှာ မသေချာသေးသဖြင့် ရှေးရှူ ကျရောက်လာကုန်သော ဖောဋ္ဌဗ္ဗာရုံ မဟာဘုတ်တို့သည် ကာယပသာဒ၌ တစ်ပြိုင်နက်တည်း ထိခိုက်ကြပါ သလောဟူမူ --- အဖြေမှာ --- ထိခိုက်ကြသည် --- ဟူ၍ ဖြစ်၏။

တစ်ပြိုင်နက်တည်း ထိခိုက်ကြသော်လည်း နှလုံးသွင်းမှု မနသိကာရ မရှိလျှင် (= ပဉ္စဒွါရာဝဇ္ဇန်း စိတ်- စေတသိက် နာမ်တရားစုတို့ မဖြစ်ကြလျှင်) ကာယဝိညာဏ်စိတ်သည် မဖြစ်နိုင်သေးရကား ထိုဖောဋ္ဌဗ္ဗဓာတ် (၃)ပါးတို့ကို ကာယဝိညာဏ်စိတ်သည် တစ်ပြိုင်နက်တည်း အာရုံပြု၍ ဖြစ်နိုင်ပါသလား = ကာယဝိညာဏ် စိတ္တက္ခဏ တစ်ခုတည်းဖြင့် သိနိုင်ပါသလားဟူမူ မဖြစ်နိုင် မသိနိုင်ဟူ၍ ဖြေဆိုရာ၏။

အာဘုဇိတ = နှလုံးသွင်းမှု၏ စွမ်းအင်ကြောင့်သော်လည်းကောင်း, ဥဿဒ = ယင်းဖောဋ္ဌဗ္ဗဓာတ် (၃)မျိုး တို့တွင် ဓာတ်သဘာဝ တစ်ခုခု၏ သတ္တိ ထက်မြက် များပြားခြင်း၏ စွမ်းအင်ကြောင့်သော်လည်းကောင်း, ကာယပသာဒ၏ များပြားသည်၏ စွမ်းအားကြောင့်သော်လည်းကောင်း, အာရုံပြုခြင်း, အာရုံကို သိခြင်း သဘောတရား သည် ဖြစ်ပေါ်လာ၏။

အာဘုဇိတ = နှလုံးသွင်းမှု၏ စွမ်းအင်

အာဘုဇိတ = နှလုံးသွင်းမှု၏ စွမ်းအင်

သပိတ်တွင် ဆွမ်းအပြည့် ထည့်၍ ဆောင်ယူလာခဲ့သော် ဆွမ်းလုံးတစ်လုံးကို ကိုင်၍ မာသလော ပျော့သလော = နပ်သလော မနပ်သလောဟု စူးစမ်းသောပုဂ္ဂိုလ်သည် ထိုဆွမ်းလုံး၌ တေဇောဓာတ်လည်း အကယ်၍ကား ရှိနေ၏၊ ဝါယောဓာတ်လည်း အကယ်၍ကား ရှိနေ၏၊ ထိုသို့ပင် ရှိပါသော်လည်း ထမင်းလုံးကို စမ်းကြည့်သူက ကြမ်းသလား, နုသလား, မာသလား, ပျော့သလား, နပ်သလား, မနပ်သလား -- ဟု စမ်းကြည့်သောကြောင့် ပထဝီဓာတ်ကိုသာ နှလုံးသွင်းနေ၏၊ ထိုသို့ နှလုံးသွင်းခဲ့သော် ကာယဝိညာဏ်စိတ်သည် ကာယဝိညာဏ် စိတ္တက္ခဏ တစ်ခု အတွင်း၌ ပထဝီဓာတ်ကိုသာ သိ၏၊ ပထဝီဓာတ်ကိုသာ အာရုံပြု၏။

ရေနွေး၌ လက်ကိုချ၍ နှစ်၍ စူးစမ်းသော ပုဂ္ဂိုလ်သည် ရေနွေးဟူသည် ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်း အစုသာ ဖြစ်ခြင်းကြောင့် ထိုရေနွေး၌ ပထဝီဓာတ်လည်း အကယ်၍ကားရှိနေ၏၊ ဝါယောဓာတ်လည်း အကယ်၍ ကားရှိနေ၏၊ ထိုသို့ပင် ရှိပါသော်လည်း စမ်းကြည့်သောသူသည် ပူသလော အေးသလောဟု သိလိုစိတ်ဖြင့်သာ စမ်းကြည့်သောကြောင့် တေဇောဓာတ်ကိုသာ နှလုံးသွင်းနေ၏၊ ထိုသို့ တေဇောဓာတ်ကိုသာ နှလုံးသွင်းခဲ့သော် ကာယဝိညာဏ်စိတ်သည် ကာယဝိညာဏ်စိတ္တက္ခဏ တစ်ခုအတွင်း၌ တေဇောဓာတ်ကိုသာ သိ၏၊ တေဇောဓာတ် ကိုသာ အာရုံပြု၏။

လေသောက်ပြူတင်းကို ဖွင့်လျက် လေကို မိမိကိုယ်ကို တိုက်ခတ်စေလျက် တည်နေ ရပ်နေသော ပုဂ္ဂိုလ် သည် လေပြည်လေညင်း တိုက်ခတ်လတ်သော် --- လေပြည်လေညင်းဟူသည်မှာလည်း ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်ခြင်းကြောင့် --- ထိုလေ၌ ပထဝီဓာတ်သည်လည်း အကယ်၍ကား ရှိပေ၏၊ တေဇောဓာတ် သည်လည်း အကယ်၍ကား ရှိပေ၏၊ ထိုသို့ပင် ရှိပါသော်လည်း လေတိုက်ခံနေသူက ဝါယောဓာတ်ကိုသာလျှင် နှလုံးသွင်းနေ၏၊ ဝါယောဓာတ်ကိုသာ အာရုံပြုနေ၏၊ ထိုကြောင့် ထိုသူ၏ ကာယဝိညာဏ်စိတ်သည် (ထိုကာယဝိညာဏ်စိတ္တက္ခဏ တစ်ခုအတွင်း၌) ဝါယောဓာတ်ကိုသာ သိ၏၊ ဝါယောဓာတ်ကိုသာ အာရုံပြုနေ၏။

ဤသို့လျှင် နှလုံးသွင်းမှု၏ စွမ်းအင်ကြောင့် ကာယဝိညာဏ်စိတ်သည် နှလုံးသွင်းသည့် ဖောဋ္ဌဗ္ဗဓာတ် အာရုံကိုသာ အာရုံပြုသည် မည်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၃၆၉။)

ဥဿဒ = အာရုံ၏ စွမ်းအင်များပြားမှု (က)

ဥဿဒ = အာရုံ၏ စွမ်းအင်များပြားမှု (က)

ပုဂ္ဂိုလ်တစ်ဦးဦးသည် ချော်မူလည်း လဲငြားအံ့ ၊ ဦးခေါင်းဖြင့် သစ်ပင်ကိုသော်လည်း တိုက်မိငြားအံ့၊ ထမင်း စားစဉ် ကျောက်ခဲကိုသော်လည်း ကိုက်မိငြားအံ့၊ ထိုပုဂ္ဂိုလ်သည် ထိုသို့ချော်လဲရာ, သစ်ပင်ကို တိုက်မိရာ, ကျောက်ခဲ ကို ကိုက်မိရာ၌ --- ချော်လဲမိရာ မြေ, တိုက်မိရာ သစ်ပင်, ကိုက်မိရာ ကျောက်ခဲဟူသည် ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုသာ ဖြစ်ခြင်းကြောင့် --- ထိုမြေ ထိုသစ်ပင် ထိုကျောက်ခဲ၌ တေဇောဓာတ်လည်း အကယ်၍ကား ရှိနေ၏၊ ဝါယောဓာတ်လည်း အကယ်၍ကား ရှိနေ၏၊ ထိုသို့ပင် ရှိငြားသော်လည်း ထိုမြေ, ထိုသစ်ပင်, ထိုကျောက်ခဲ တို့၌ ပထဝီဓာတ်၏ စွမ်းအင်သတ္တိက များပြားခြင်းကြောင့် ကာယဝိညာဏ်စိတ်သည် ပထဝီဓာတ်ကိုသာ အာရုံပြု သည်။ (ဤ၌ -- များပြားခြင်း -- ဟူရာဝယ် ရုပ်အရေအတွက်များခြင်း, ရာခိုင်နှုန်း အချိုးအစားများခြင်း မဟုတ်၊ မြေ-သစ်ပင်-ကျောက်ခဲတို့၌ ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲ ထက်မြက် များပြားခြင်းတည်း။)

မီးကျီးခဲဟူသည် တေဇောဓာတ်၏ သဘာဝသတ္တိ စွမ်းအင်လွန်ကဲနေသော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် တို့၏ အပေါင်းအစုသာတည်း။ မီးကျီးခဲကို နင်းမိသောသူသည်လည်း ထိုမီးကျီးခဲ၌ ပထဝီဓာတ်သည်လည်း အကယ်၍ကား ရှိ၏၊ ဝါယောဓာတ်သည်လည်း အကယ်၍ကား ရှိ၏၊ ထိုသို့ပင် ရှိငြားသော်လည်း တေဇောဓာတ်၏ သဘာဝသတ္တိစွမ်းအင်က လွန်ကဲ ထက်မြက် များပြားသည့် စွမ်းအားကြောင့် ကာယဝိညာဏ်သည် တေဇောဓာတ် ကိုသာ အာရုံပြု၏၊ နင်းမိသော ထိုအချိန်၌ ပူမှု တေဇောဓာတ်ကိုသာ သိနေပေ၏။

တိုက်ခတ်နေသော လေပြင်းမုန်တိုင်းဟူသည်မှာလည်း ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲ ထက်မြက်နေသော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တို့၏ အပေါင်းအစုသာ ဖြစ်၏။ အလွန်အားကြီးသော လေပြင်း မုန်တိုင်းသည် နားရွက်ကို ပုတ်ခတ်၍ နားထိုင်း နားပင်းသူ ဖြစ်အောင် ပြုလုပ်သကဲ့သို့ တိုက်ခတ်လာ၏၊ ရိုက်ခတ် လာ၏၊ ထိုအားကြီးသောလေ၌ ပထဝီဓာတ်သည်လည်း အကယ်၍ကား ရှိ၏၊ တေဇောဓာတ်သည်လည်း အကယ်၍ကား ရှိ၏၊ ထိုသို့ပင် ရှိငြားသော်လည်း ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင်က လွန်ကဲထက်မြက် များပြား နေသည့် စွမ်းအားကြောင့် ကာယဝိညာဏ်သည် ဝါယောဓာတ်ကိုသာ အာရုံပြု၏၊ ထိုအချိန်၌ ဝါယောဓာတ်ကိုသာ သိနေ၏။ ဤကား ဖောဋ္ဌဗ္ဗာရုံ၏ စွမ်းအင် အနည်းအများသို့လိုက်၍ ကာယဝိညာဏ်စိတ် ဖြစ်ပုံတည်း။ (အဘိ၊ဋ္ဌ၊၁၊၃၇၀။)

ဥဿဒ = ကာယပသာဒ၏ များပြားမှုစွမ်းအင် (ခ)

ဥဿဒ = ကာယပသာဒ၏ များပြားမှုစွမ်းအင် (ခ)

ပထဝီ-တေဇော-ဝါယောဟူသော ဖောဋ္ဌဗ္ဗအာရုံတို့၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲများပြားမှုကို အာရုံ ယူ၍ လွန်ကဲရာ ဓာတ်သဘာဝသတ္တိကိုသာ အာရုံပြုလျက် ကာယဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာသည် မဟုတ် သေး၊ ကာယပသာဒ = ကာယအကြည်ဓာတ် များပြားမှုကိုလည်း အကြောင်းပြု၍ ကာယဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာပေသည်။ ပထဝီ-တေဇော-ဝါယော ဓာတ်တစ်ခုခုကို အာရုံပြုသော ပုဂ္ဂိုလ်၏ သန္တာန်ဝယ် ထိုဖောဋ္ဌဗ္ဗ ဓာတ်တို့သည် ပြိုင်တူ ကာယအကြည်ဓာတ်များစွာကို ထိမိရာ၌ ကာယအကြည်ဓာတ်တိုင်းကို မှီ၍ ကာယ ဝိညာဏ် စိတ်ပေါင်းများစွာ ပြိုင်တူ မဖြစ်ကြပေ။ အပ်ချောင်းများကို စုပေါင်းစည်းထားသော အပ်စည်းဖြင့် အထိုးခံရသူ၏ သန္တာန်ဝယ် တစ်ပြိုင်နက်တည်း ကိုယ်ကို = ကာယအကြည်ဓာတ်ပေါင်းများစွာကို အပ်စည်းသည် ထိခိုက်မိ၏၊ ထိုသို့ပင် တစ်ပြိုင်နက် ထိခိုက်အပ်ပါသော်လည်း အကြင်အကြင် ထိရာအရပ်၌ ကာယပသာဒ အကြည်ဓာတ်များသည် များပြား၏၊ ထိုထို အကြည်ဓာတ်များပြားရာ အပ်၏ ထိမိရာ အရပ်၌သာလျှင် ကာယ ဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာ၏။ မှန်ပေသည် --- အကြင်အကြင် အရပ်၌ ဖောဋ္ဌဗ္ဗဓာတ်၏ ထိခိုက်ခြင်းဟူသော ပွတ်တိုက်ခြင်းသည် အားရှိ၏၊ ထိုထိုအရပ်၌ ကာယဝိညာဏ်စိတ်သည် ရှေးဦးစွာ ဖြစ်ပေါ်လာ၏။

ကြက်တောင်ဖြင့် အနာကို ဆေးကြောအပ်သော် ထိုထိုကြက်တောင်မျှင် ကြက်တောင်မျှင်သည် ကာယ- ပသာဒကို ထိခိုက်၏၊ ထိုသို့ပင် ထိခိုက်ပါသော်လည်း အကြင်အကြင် အရပ်၌ ကာယပသာဒသည် များပြား၏၊ ထိုကာယပသာဒ များပြားရာအရပ်၌သာလျှင် ကာယဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာပေသည်။ ဤကား ကာယအ- ကြည်ဓာတ် များပြားမှုကို အကြောင်းပြု၍လည်း ကာယဝိညာဏ်စိတ် ဖြစ်ပေါ်လာပုံတည်း။ (အဘိ၊ဋ္ဌ၊၁၊၃၇၀၊၊)

စိတ်၏ အာရုံအမျိုးမျိုးသို့ ပြောင်းယူပုံ

စိတ်၏ အာရုံအမျိုးမျိုးသို့ ပြောင်းယူပုံ

ဤတွင် နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းရှုပွားပုံနှင့် ကွင်းဆက်အဖြစ် သိသင့်သော အချက်တစ်ရပ်ကား အသိစိတ်၏ အာရုံတစ်ခုမှ အာရုံတစ်ခုသို့ ပြောင်းရွှေ့ခြင်းပင် ဖြစ်သည်။ စိတ်သည် ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်း အားဖြင့် အာရုံတစ်ခုမှ အာရုံတစ်ခုသို့ ပြောင်းရွှေ့သွားပါသနည်း --- ဤအချက်နှင့် ပတ်သက်၍ အဋ္ဌသာလိနီ အဋ္ဌကထာက အောက်ပါအတိုင်း ရှင်းပြထား၏။

ကထံ ပန စိတ္တဿ အာရမ္မဏတော သင်္ကန္တိ ဟောတီတိ? ဒွီဟာကာရေဟိ ဟောတိ အဇ္ဈာသယတော ဝါ ဝိသယာဓိမတ္တတော ဝါ။ (အဘိ၊ဋ္ဌ၊၁၊၃၇၀။)

၁။ အတွင်းသဘောအလို အဇ္ဈာသယဓာတ်ခံကြောင့်သော်လည်းကောင်း,

၂။ အာရုံ၏ လွန်ကဲမှုကြောင့်သော်လည်းကောင်း ---

ဤနှစ်မျိုးသော အကြောင်းတရားတို့ကြောင့် စိတ်၏ အာရုံတစ်ခုမှ အာရုံတစ်ခုသို့ ပြောင်းရွှေ့ခြင်းသည် ဖြစ်၏၊ စိတ်သည် အာရုံတစ်ခုမှ အာရုံတစ်ခုသို့ ပြောင်းရွှေ့ အာရုံယူသွား၏။

အဇ္ဈာသယကြောင့် ပြောင်းပုံ

အဇ္ဈာသယကြောင့် ပြောင်းပုံ

ကျောင်းပူဇော်ပွဲ ဘုရားပူဇော်ပွဲ စသည်တို့၌ ထိုထိုစေတီတော်တို့ကိုလည်းကောင်း, ထိုထိုရုပ်ပွားဆင်းတုတော် တို့ကိုလည်းကောင်း ရှိခိုးဝတ်ပြုအံ့ ၊ ထို့ပြင် လှပစွာ ပြုလုပ်စီမံ ရေးဆွဲထားအပ်သော ပန်းချီဆေးရေးရုပ် = ပန်းချီကားချပ်, အဆန်းတကြယ် ပြုလုပ်ထားအပ်သော ခြူးပန်းခြူးနွယ်တို့ကိုလည်း ကြည့်ရှုအံ့ --- ဟု ဤကဲ့သို့သော အလိုအဇ္ဈာသယ ဆန္ဒဓာတ်ဖြင့် ဘုရားပွဲတော်, ကျောင်းပူဇော်ပွဲတော် စသောပူဇော်ပွဲသို့ သွားသောသူသည် စေတီတော်တစ်ဆူကို သို့မဟုတ် ရုပ်ပွားဆင်းတုတော်တစ်ဆူကို ရှိခိုးဝတ်ပြုပြီး၍သော်လည်း အခြားသော စေတီ တော်တစ်ဆူကို သို့မဟုတ် ရုပ်ပွားဆင်းတုတော်တစ်ဆူကို ရှိခိုးဝတ်ပြုခြင်းငှာ သွားနေသည်သာ ဖြစ်၏။ ပန်းချီ ကားတစ်ချပ်ကို ကြည့်ရှုပြီး၍သော်လည်း အခြားသော ပန်းချီကားချပ် အရုပ်တစ်ခုကို ကြည့်ရှုခြင်းငှာ သွားနေ သည်သာ ဖြစ်၏။ ဤသို့လျှင် စိတ်သည် အတွင်းသဘောအလိုဆန္ဒ အဇ္ဈာသယဓာတ်ကြောင့် အာရုံတစ်ခုမှ အာရုံတစ်ခုသို့ ပြောင်းရွှေ့သွားသည် မည်ပေသည်။ (ယခုကာလဝယ် ဘုရားဖူးယာဉ်ဖြင့် တစ်ပြည်လုံးအနှံ့ ဘုရား ဖူးသွားရာ၌ ဘုရားဖူးသွားသူ၏ စိတ်ဓာတ်များသည် အာရုံတစ်ခုမှ အာရုံတစ်ခုသို့ ပြောင်းရွှေ့သွားခြင်းမှာ ဘုရားဖူးလှည့်လည်နေသူ၏ အတွင်းအဇ္ဈာသယဓာတ်ကြောင့် ဖြစ်ရသကဲ့သို့ မှတ်ပါ။) (အဘိ၊ဋ္ဌ၊၁၊၃၇၀။)

ဝိသယာဓိမတ္တ = အာရုံ၏ လွန်ကဲမှုကြောင့် ပြောင်းပုံ

ဝိသယာဓိမတ္တ = အာရုံ၏ လွန်ကဲမှုကြောင့် ပြောင်းပုံ

ကေလာသတောင်ထွဋ်နှင့် တူတော်မူသော မဟာစေတီတော်ကို ကြည့်ရှုဖူးမြော်လျက် ရပ်တည်နေသည် ဖြစ်ပါသော်လည်း နောက်ဘက်တစ်နေရာမှ အလုံးစုံသော တူရိယာတို့ကို တစ်ပြိုင်နက် ဆူညံစွာ တီးအပ်ကုန် လတ်သော် မူလဖူးမြော်နေသော မဟာစေတီတော်၏ ရူပါရုံကို စွန့်လွှတ်၍ သဒ္ဒါရုံဘက်သို့ စိတ်သည် ပြောင်း- ရွှေ့သွား၏။ [ဧကတ္တနည်းအရ စိတ်ချင်းတူ၍ ဆိုခြင်းတည်း။ စိတ်၏ တကယ်တမ်းအားဖြင့် ပြောင်းရွှေ့သွားမှု- ကို ဆိုလိုရင်း မဟုတ်၊ ပရမတ်တရားတို့မည်သည် ဖြစ်သည့်နေရာ၌သာ ပျက်ရိုးဓမ္မတာ ရှိသောကြောင့် ဖြစ်၏။ သို့သော် နာမ်သန္တတိအစဉ်အားဖြင့် ဖြစ်ပေါ်နေသော စိတ်အစဉ်သည် ရူပါရုံကို အာရုံပြုသော စိတ်အစဉ်များ ချုပ်ပျောက်သွားပြီးနောက် သဒ္ဒါရုံကို အာရုံပြုသော စိတ်အစဉ်များ ဆက်လက် ဖြစ်ပေါ်လာမှုကိုသာ ဆိုလိုရင်း ဖြစ်ပေသည်။]

နှစ်လိုမြတ်နိုးးဖွယ် အနံ့ရှိကုန်သော ပန်းတို့ကိုသော်လည်းကောင်း, နံ့သာတို့ကိုသော်လည်းကောင်း ဘုရားရှင် အား ပူဇော်ရန်အတွက် ဆောင်ယူလာလတ်ကုန်သော် တူရိယာသံဟူသော သဒ္ဒါရုံကို စွန့်လွှတ်၍ ဂန္ဓာရုံဘက် သို့ စိတ်သည် ပြောင်းရွှေ့သွား၏။ (သဒ္ဒါရုံကို အာရုံပြုနေသော စိတ်အစဉ်များ မဖြစ်တော့ဘဲ ဂန္ဓာရုံကို အာရုံ ပြုသော စိတ်အစဉ်များသည် ဆက်လက်ဖြစ်ပေါ်လာကြသည် ဟူလိုသည်။) ဤသို့လျှင် အာရုံ၏ လွန်ကဲမှုကြောင့် စိတ်သည် အာရုံတစ်ခုမှ အာရုံတစ်ခုသို့ ပြောင်းရွှေ့သွားသည် မည်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၃၇၀။)

အသင်သူတော်ကောင်းအတွက် ဆေးကောင်း တစ်ခွက်

အသင်သူတော်ကောင်းအတွက် ဆေးကောင်း တစ်ခွက်

ဤအထက်ပါ အဆိုအမိန့်များမှာ ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းနေသော ယောဂါဝစရပုဂ္ဂိုလ် များသည်, အထူးသဖြင့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပတ်တကုတ် စီးဖြန်းပွားများ အားထုတ်နေသော ယောဂါဝစရပုဂ္ဂိုလ်များသည် အထူးအလေးဂရုပြု၍ နာယူမှတ်သားကြရမည့် အချက်များပင် ဖြစ်ကြသည်။

မိမိက ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းလိုပါက ဝိပဿနာ ရှုလိုပါက မိမိ၏အလို အဇ္ဈာသယ ဆန္ဒဓာတ်အတိုင်း အချိန်မရွေး သိမ်းဆည်းနိုင် ရှုပွားနိုင်သည်သာ ဖြစ်၏။ အလားတူပင် သဒ္ဒါရုံစသည်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းလို ဝိပဿနာရှုလိုပါကလည်း မိမိ၏အလို အဇ္ဈာသယ ဆန္ဒဓာတ်အတိုင်းပင် အချိန်မရွေး သိမ်းဆည်းနိုင် ဝိပဿနာ ရှုပွားနိုင်သည်သာ ဖြစ်သည်။ အာရုံ (၆)ပါးတို့တွင် မည်သည့်အာရုံကိုမဆို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို မိမိအလိုရှိလျှင် အလိုရှိသည့်အခါ၌ သိမ်းဆည်းနိုင် ဝိပဿနာရှုပွားနိုင်သည်သာ ဖြစ်သည်။ ပေါ်ရာကို စောင့်ဆိုင်း၍ ရှုနေရန်ကား မလိုပါ။

ထိုသို့ မိမိ၏အလို အဇ္ဈာသယ ဆန္ဒဓာတ်အတိုင်း ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရား တို့ကို သိမ်းဆည်း ရှုပွားပြီးနောက် သဒ္ဒါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို ဆက်လက်သိမ်း ဆည်း ရှုပွားလိုက သိမ်းဆည်းနိုင် ရှုပွားနိုင်သည်သာ ဖြစ်သည်။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါ။

အကယ်၍ ထိုသို့ မိမိ၏အလိုဆန္ဒ အဇ္ဈာသယအတိုင်း ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်နေကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းနေခိုက် ဝိပဿနာ ရှုနေခိုက်ဝယ် သဒ္ဒါရုံ၏ လွန်ကဲမှုကြောင့် သဒ္ဒါရုံဘက်သို့ စိတ်အစဉ် ပြောင်းရွှေ့သွားသောအခါ သဒ္ဒါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကိုလည်း ပြောင်း၍ သိမ်းဆည်းလိုက ဝိပဿနာရှုလိုက သိမ်းဆည်းနိုင် ဝိပဿနာရှုနိုင်သည်သာ ဖြစ်သည်။

ထိုသို့ မဟုတ်ဘဲ မိမိက စိတ်ကို နိုင်နိုင်နင်းနင်း ထိန်းကွပ်နိုင်၍ ထိန်းချုပ်နိုင်၍, အာရုံလွန်ကဲမှုနောက်သို့ မိမိ၏စိတ်ကို မလိုက်ပါစေဘဲ, မိမိ သိမ်းဆည်းရှုပွားလိုသည့် အာရုံတစ်ခုခုကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကိုသာ ဝီထိ တစ်ခုပြီးတစ်ခု ဆက်လက်သိမ်းဆည်း ရှုပွားလိုပါက အာယတန ဒွါရအလိုက်လည်း သိမ်းဆည်းနိုင် ရှုပွားနိုင်သည်သာ ဖြစ်ပေသည်။ (သိမ်းဆည်းပုံ နည်းစနစ်များကို နာမ်ကမ္မဋ္ဌာန်းပိုင်း၌ ရေးသား တင်ပြခဲ့ပြီ။)

ဓာတ်ကြီး (၄) ပါးတို့၏ စွမ်းအင်

ဓာတ်ကြီး (၄) ပါးတို့၏ စွမ်းအင်

ဤနေရာတွင် ဖောဋ္ဌဗ္ဗာရုံ၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ဆက်လက်၍ ရေးသားတင်ပြရမည့် အပိုင်း ဖြစ်သည်။ သို့သော် ဖောဋ္ဌဗ္ဗာရုံဟူသည် ပထဝီဓာတ်-တေဇောဓာတ်-ဝါယောဓာတ်တို့သာ ဖြစ်ကြသဖြင့် အထက်၌ ရေးသားတင်ပြခဲ့သည့် အတိုင်းသာ မှတ်သားပါ။ ဤတွင် အခွင့်သင့်၍ ဓာတ်ကြီး (၄)ပါးတို့၏ စွမ်းအင် အကြောင်းကို ဆက်လက် တင်ပြအပ်ပါသည်။

အာပေါဓာတ် --- ပထဝီဓာတ် အစရှိသော ဘူတရုပ်ကို ဖွဲ့စည်းတတ်သော အစိုဓာတ် အစေးဓာတ် သ- ဘောသည် အာပေါဓာတ်တည်း။

သံတွေခဲ အစရှိသည်တို့ကို အာပေါဓာတ်သည် ဖွဲ့စည်း၍ တစ်လုံးတစ်ခဲ တစ်တွဲတည်း ဖြစ်၍ ကျစ်လျစ် နေသည်တို့ကို ပြုလုပ်တတ်၏၊ အတုံးအခဲဖြစ်အောင် ပြုလုပ်တတ်၏။ ထိုအာပေါဓာတ်သည် ဖွဲ့စည်းအပ်သည်၏ အဖြစ်ကြောင့် ထိုသံတွေခဲ အစရှိသော ဝတ္ထုတို့သည် တစ်လုံးတစ်ခဲ တစ်တွဲတည်း ဖြစ်၍ ကျစ်ကျစ်လျစ်လျစ် အတုံးအခဲကြီးတို့ ဖြစ်နေကြကုန်၏။ ကျောက်တောင်, ထန်းစေ့, ဆင်စွယ်, နွားဦးချို အစရှိသည်တို့၌လည်း ဤနည်းပင်တည်း။ မှန်ပေသည် ဤကျောက်တောင် အစရှိသော အစိုင်အခဲ အတုံးအခဲ အားလုံးတို့ကို အာပေါ ဓာတ်ကသာလျှင် ဖွဲ့စည်း၍ တစ်လုံးတစ်ခဲ တစ်တွဲတည်း ဖြစ်၍ ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင် ပြုလုပ်ထား၏၊ အာပေါဓာတ်က ဖွဲ့စည်းထားသည့် အတွက်ကြောင့်သာလျှင် တစ်လုံးတစ်ခဲ တစ်တွဲတည်း ဖြစ်၍ ကျစ်ကျစ်လျစ်- လျစ် အတုံးအခဲကြီးတို့ ဖြစ်နေကြကုန်၏။ (အဘိ၊ဋ္ဌ၊၁၊၃၇၁။)

သံတွေခဲ စသည်တို့၌ တည်ရှိသော ပထဝီဓာတ်သည် ထိုကဲ့သို့ သံတွေခဲ စသည်ဖြစ်အောင် ဖွဲ့စည်းထား တတ်သော အာပေါဓာတ်က မဖွဲ့စည်းအပ်သည် ဖြစ်လတ်သော် ပြန့်ကျဲနေလေရာ၏၊ ထိုကြောင့် အထက်ပါ စကားရပ်ကို အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူခြင်း ဖြစ်သည်။ ဥပမာ --- သင့်လျော်သော ပမာဏရှိသော ရေသည် မြေမှုန်တို့ကို ဖွဲ့စည်း၍ မြေညက်စိုင်ခဲကို ပြုလုပ်၍ ထားနိုင်၏။ (ရေက နည်းနေလျှင်လည်း ဖွဲ့မထားနိုင်၊ ရေက များလွန်းနေလျှင်လည်း အရည် ဖြစ်သွားလိမ့်မည်။ ထိုကြောင့် သင့်လျော်သော ပမာဏ ရှိသော ရေဟု ဆိုသည်။ ဘိလပ်မြေ-သဲ-ကျောက်ခဲတို့ကို သင့်လျော်သော အချိုးအတိုင်း ရေဖြင့် ဖွဲ့စပ်ပေးပါက ခိုင်မာသည့် အင်္ဂတေတုံးကြီး တစ်ခုကို ရနိုင်၏။) ဤဥပမာအတူပင် သံတွေခဲ စသည်တို့၌လည်း ထိုအခဲဖြစ်ခြင်းအား လျော် သော အကြောင်းတို့ကြောင့် ထိုအခဲ၌ပင် ပါဝင်ဖြစ်ပေါ်နေသော အာပေါဓာတ်သည် ထိုအခဲအဖြစ်ဖြင့် ဖွဲ့စည်း၍ ထား၏ဟု မှတ်ပါ။ (မူလဋီ၊၁၊၁၅၄။)

ဧဝန္တိ ယထာ သသမ္ဘာရုဒကံ သသမ္ဘာရပထဝိယာ အာဗန္ဓကံ၊ ဧဝံ ပရမတ္ထုဒကံ ပရမတ္ထပထဝိယာတိ ဒေဿတိ။ တဒနုရူပပစ္စယေဟီတိ အတ္တနော အာဗန္ဓနာနုဂုဏေဟိ အာဗန္ဓိယမာနေဟိ သန္ဓာရဏာဒိကိစ္စေဟိ ပုရိမေဟိ စ ပထဝီအာဒီဟိ။ (အနုဋီ၊၁၊၁၆၇။)

အထက်တွင် သံတွေခဲဖြစ်အောင် မြေစိုင်ခဲဖြစ်အောင် အဆောက်အဦနှင့် တကွသော သသမ္ဘာရ ပထဝီ ဓာတ်ကို အဆောက်အဦနှင့် တကွသော ရေဟူသော သသမ္ဘာရ အာပေါရေဓာတ်က ဖွဲ့စည်းထားသဖြင့် သံတွေခဲ မြေစိုင်ခဲစသည့် အတုံးအခဲကြီးများ ဖြစ်နေပုံကို အဋ္ဌကထာနှင့် မူလဋီကာတို့က ဖွင့်ဆိုထား၏။

သသမ္ဘာရပထဝီဟူသည် ကလာပ်တူ ရုပ်တရားတို့နှင့် အတူတကွ သံတွေခဲ မြေစိုင်ခဲ စသည့် အတုံးအခဲ ကြီးများ ဖြစ်အောင် ပေါင်းစုတည်နေသော ရုပ်ကလာပ်ပေါင်းများစွာတို့၌ တည်ရှိသော ပထဝီဓာတ်တည်း။ သသမ္ဘာရအာပေါဓာတ်ဟူသည်လည်း ကလာပ်တူရုပ်တရားတို့နှင့် တကွသော အရည်အဖြစ်ဖြင့် တည်နေသော ရုပ်ကလာပ်ပေါင်းများစွာတို့၌ တည်ရှိသော အာပေါဓာတ်တည်း။

သသမ္ဘာရအာပေါဓာတ်က သသမ္ဘာရပထဝီဓာတ်ကို သံတွေခဲ မြေစိုင်ခဲ စသည်ဖြစ်အောင် ဖွဲ့စည်းထား သကဲ့သို့ အလားတူပင် ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ပရမတ်အာပေါဓာတ်ကလည်း မိမိနှင့် ကလာပ်တူ ပရမတ်ပထဝီဓာတ်ကို တစ်နည်း --- ကလာပ်တူ ဘူတရုပ်ကို ဖွဲ့စည်းထားသည်ဟု ယင်းအဋ္ဌကထာ ဋီကာ စကားရပ်တို့က ညွှန်ပြလျက် ရှိ၏။

ပရမတ္ထသစ္စာနယ်၌ကား သံတွေခဲ မြေစိုင်ခဲဟူသည် မရှိ။ သံတွေခဲ မြေစိုင်ခဲဟူသည် ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့၏ အပေါင်းအစုသာ ဖြစ်၏။ ရုပ်ကလာပ် တစ်ခုတစ်ခု၌ ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာဟု ရုပ်သဘောတရား (၈)မျိုးစီ ရှိ၏။ ယင်းရုပ်ကလာပ် တစ်ခုတစ်ခု၌ တည်ရှိသော ပထဝီ ကား ပရမတ္ထပထဝီတည်း။ ယင်းရုပ်ကလာပ် တစ်ခုတစ်ခု၌ တည်ရှိသော အာပေါဓာတ်ကား ပရမတ္ထအာပေါဓာတ် တည်း။

မိမိဟူသော အာပေါဓာတ်၏ ဖွဲ့စည်းခြင်းကိစ္စအားလျော်သော ဂုဏ်ရှိကုန်သော, အာပေါဓာတ်က ဖွဲ့စည်း ဖွယ်ဖြစ်ကုန်သော ကလာပ်တူရုပ်တရားတို့ကို တည်ရာအဖြစ်ဖြင့် ကောင်းစွာဆောင်ထားခြင်း သန္ဓာရဏ စသောကိစ္စရှိကုန်သော ထိုရုပ်ကလာပ်တွင် ပါဝင်သော ကလာပ်တူပထဝီဓာတ် စသည်ကိုလည်းကောင်း, ထိုရုပ်ကလာပ်မဖြစ်မီ ေ့ရှအဖို့၌ဖြစ်ကုန်သော ရှေးရှေးကလာပ်၌ တည်ရှိကုန်သော ပထဝီဓာတ် စသည်တို့ကိုလည်းကောင်း သံတွေခဲ မြေစိုင်ခဲစသော အစိုင်အခဲဖြစ်ခြင်းအားလျော်သော အကြောင်းတရားတို့ဟူ၍ မှတ်ပါ။ ယင်းအကြောင်း တရားတို့ကြောင့်ပင် အာပေါဓာတ်က သံတွေခဲ မြေစိုင်ခဲ စသည် အတုံးအခဲကြီးများ ဖြစ်လာသည့်တိုင်အောင် ကလာပ်တူ ရုပ်တရားတို့ကို ဖွဲ့စည်းထား၏ဟု ဆိုလိုသည်။ (အနုဋီ၊၁၊၁၆၇။)

အသင်သူတော်ကောင်းသည် ဗဟိဒ္ဓလောက၌ သက်ရှိသက်မဲ့ ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်သောအခါ သံတွေခဲ မြေစိုင်ခဲ စသည်တို့၌လည်း ဓာတ်ကြီး (၄)ပါးကို မြင်အောင် ဆက်ရှုပါ။ ရုပ်ကလာပ် အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်၏။ ယင်းရုပ်ကလာပ်တို့ကို ဓာတ်ခွဲကြည့်ပါက ပရမတ်ရုပ်သဘောတရား (၈)မျိုးစီကိုသာ တွေ့ရှိ နိုင်မည် ဖြစ်၏။ ယင်းရုပ်တရားတို့ကား ကလာပ်တစ်ခုတွင် တည်ရှိသော တေဇောဓာတ်ကြောင့် = ဥတုကြောင့် ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ်ဖြစ်နေသော ဥတုဇဩဇဋ္ဌမကရုပ်တို့သာတည်း။ ယင်းတေဇောဓာတ် = ဥတု၏ ကျေးဇူးပြုမှု အရှိန်အဝါမကုန်သေးသမျှ အထပ်ထပ် ဖြစ်နေဦးမည်သာ ဖြစ်၏။ ရုပ်တရားတို့သည် စိတ္တက္ခဏ (၁၇)ချက် သက်တမ်းရှည်ကြသဖြင့် ရှေးရှေးရုပ်များ မချုပ်ဆုံးမီ သက်တမ်းမကုန်ဆုံးသေးမီ နောက် နောက်အသစ်အသစ်သော ရုပ်ကလာပ်များ = ရုပ်တရားများသည် အဆက်မပြတ် အထပ်ထပ် ဖြစ်နေကြ၏၊ ရုပ်တို့၏ ဓမ္မတာပင်တည်း။ အလားတူပင် သံတွေခဲ စသည်တို့၌ တည်ရှိကြသော ရုပ်တရားတို့သည်လည်း ရှေးရှေး ရုပ်တရားများ သက်တမ်းမကုန်ဆုံးသေးမီ နောက်နောက် ရုပ်တရားတို့သည် အဆက်မပြတ် အထပ်ထပ် ဖြစ်နေ ကြ၏။ ယင်းသို့ဖြစ်နေကြသော ရုပ်တရားတို့တွင် သက်တမ်းမကုန်ဆုံးသေးသဖြင့် ရုပ်၏ ဌီကာလသို့ ရောက်ရှိနေ ကြသော ရှေးရှေးရုပ်ကလာပ်တို့တွင် ပါဝင်သော ပထဝီဓာတ်စသော အကြောင်းတရားတို့ကြောင့်လည်းကောင်း အသစ်အသစ် ဥပါဒ်ကြသော ရုပ်ကလာပ်တို့တွင် ပါဝင်သော ကလာပ်တူ ပထဝီဓာတ် စသော အကြောင်းတရား တို့ကြောင့်လည်းကောင်း ဤသို့ဖြစ်သော လျော်သော အကြောင်းတရားတို့ကြောင့် အာပေါဓာတ်သည် ကလာပ်တူ ရုပ်တရားတို့ကို သံတွေခဲစသည့် အစိုင်အခဲများဖြစ်အောင် ဖွဲ့စည်းထားနိုင်ပေသည်။ ပထဝီဓာတ်စသော ဖွဲ့စည်း စရာရှိပါမှ ဖွဲ့စည်းမှုသဘောတရား ဖြစ်နိုင်သည်။ ထိုကြောင့် ရှေးရှေးကလာပ်, မိမိအာပေါဓာတ်နှင့် ကလာပ်တူ နောက်နောက်ကလာပ်တို့၌ တည်ရှိသော ပထဝီဓာတ်စသော မဟာဘုတ်တို့သည် အာပေါဓာတ်၏ ဖွဲ့စည်းမှု လုပ်ငန်းကိစ္စကို ပြုလုပ်နိုင်ရန် လျော်သောအကြောင်းတရားများ ဖြစ်ကြ၏။ သံတွေခဲစသည်တို့၌ ရုပ်ကလာပ်တို့၏ အကြားအပေါက် အာကာသဓာတ်မှာ စိပ်၏၊ ကလာပ်တစ်ခုနှင့် ကလာပ်တစ်ခု အလွန် နီးနီးကပ်ကပ် ပွတ်ချုပ် ထိခိုက်လျက်ဖြစ်၏။ သိပ်သည်း၏၊ အလေးချိန်စီး၏။ မြေစိုင်ခဲ၌ကား ကလာပ်တို့၏ အကြားအပေါက် အာကာသ ဓာတ်မှာ ကျဲ၏။ ထိုကြောင့် သံတွေခဲကဲ့သို့ အလေးချိန်မစီးပေ။

ပထဝီဓာတ် --- ပထဝီဓာတ်သည် ကြွင်းသော ဓာတ် (၃)ပါးတို့၏ တည်ရာ ဖြစ်သလော မဖြစ်သလောဟူမူ ဖြစ်၏ ဟူပေ။ ပထဝီဓာတ်သည် ကလာပ်တူ ကျန်ဓာတ် (၃)ပါးတို့နှင့် တွေ့ထိ၍ တည်ရာ ဖြစ်သလော, သို့မဟုတ် မတွေ့ထိမူ၍ တည်ရာ ဖြစ်သလော?

တစ်နည်း --- အာပေါဓာတ်သည် ကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါးတို့ကို ဖွဲ့စည်းလတ်သော် တွေ့ထိ၍ ဖွဲ့စည်းသလော၊ သို့မဟုတ် မတွေ့ထိမူ၍ ဖွဲ့စည်းသလော?

ပထဝီဓာတ်သည် မတွေ့မထိမူ၍သာလျှင် အာပေါဓာတ်၏ တည်ရာဖြစ်၏။ (အာပေါဓာတ်သည် တွေ့ထိ၍ မရကောင်းသော အဖောဋ္ဌဗ္ဗရုပ် ဖြစ်ခြင်းကြောင့် ပထဝီဓာတ်သည် အာပေါဓာတ်ကို မထိမူ၍သာလျှင် အာပေါဓာတ်၏ တည်ရာဖြစ်ခြင်းကိစ္စကို ရွက်ဆောင်ပေး၏။)

ပထဝီဓာတ်သည် ကလာပ်တူ တေဇောဓာတ်ကိုလည်းကောင်း ဝါယောဓာတ်ကိုလည်းကောင်း တွေ့ထိ၍ တေဇောဓာတ်၏လည်းကောင်း ဝါယောဓာတ်၏လည်းကောင်း တည်ရာဖြစ်၏။

တစ်ဖန် --- အာပေါဓာတ်သည် ကလာပ်တူ ပထဝီဓာတ်ကိုလည်းကောင်း တေဇောဓာတ် ဝါယောဓာတ်တို့ကို လည်းကောင်း မတွေ့မထိမူ၍သာလျှင် ဖွဲ့စည်း၏။ အကယ်၍ အာပေါဓာတ်သည် ကလာပ်တူဓာတ် (၃)ပါးကို တွေ့ထိ၍ ဖွဲ့စည်းသည် ဖြစ်ငြားအံ့၊ ဤသို့တွေ့ထိ၍ ဖွဲ့စည်းလတ်သော် အာပေါဓာတ်သည် ဖောဋ္ဌဗ္ဗာယတန မည်သည် ဖြစ်လေရာ၏။ (အဘိ၊ဋ္ဌ၊၁၊၃၇၁။)

မှန်ပေသည် --- ဖောဋ္ဌဗ္ဗာရုံ ဖြစ်ကုန်သော ဓာတ် (၃)ပါးတို့၏ တွေ့ထိထိုက်သည်၏အဖြစ်ဖြင့် အချင်းချင်း မှီရာ၏ အဖြစ်သည် ဖြစ်သကဲ့သို့ ဤအတူ ဖောဋ္ဌဗ္ဗဓာတ်, ဖောဋ္ဌဗ္ဗမဟုတ်သော အာပေါဓာတ်တို့၏ တွေ့ထိထိုက် သည်၏အဖြစ်ဖြင့် အချင်းချင်း မှီရာ၏အဖြစ်သည် မဖြစ်နိုင်ပေ။ ဤသို့သော အဋ္ဌကထာဆရာတော်၏ ဆိုလိုသော သဘောကို သိပါ။ တစ်ဖန် အသီးအသီး တစ်လုံးစီတစ်လုံးစီ ခွဲခြား၍ဖြစ်ခြင်း မရှိကြကုန်သော အချင်းချင်း တစ်ပါးသည် တစ်ပါးအား အညမညပစ္စယသတ္တိဖြင့် အပြန်အလှန် ကျေးဇူးပြုနေကြကုန်သော ကလာပ်တူ မဟာဘုတ် (၄)ပါးတို့၌ အချင်းချင်းမှီရာ၏အဖြစ်ကို တားမြစ်ခြင်းငှာ မတတ်ကောင်း၊ အသီးအသီး တစ်လုံးစီတစ်လုံးစီ ရုပ်ကလာပ်တစ်ခု အတွင်း၌ ခွဲခြား၍မဖြစ်နိုင်သည့် အဝိနိဗ္ဘောဂရုပ်တို့ ဖြစ်ခြင်းကြောင့် ရုပ်ကလာပ်တစ်ခု အတွင်း၌ တစ်ပေါင်းတည်းဖြစ်၍ ဖြစ်ကုန်သော အတူတကွဖြစ်ကုန်သော ဘူတရုပ် ဥပါဒါရုပ်တို့၌လည်း ထိခြင်း မထိခြင်း တို့ကို စိစစ်ခြင်းငှာ မသင့်ကုန်ဟု မှတ်ပါ။ (မူလဋီ၊၁၊၁၅၄-၁၅၅။) ထိခြင်း-မထိခြင်းဟူသည် ကလာပ်မတူသော ရုပ်များ၌ စိစစ်၍ရကောင်းသော သဘောတည်း။ ကလာပ်တူရုပ်တို့၌ တစ်ကလာပ်တည်း အတွင်းဝယ် ဖောဋ္ဌဗ္ဗာရုံ မဟာဘုတ် (၃)ပါးနှင့် အာပေါ မဟာဘုတ်တို့၏လည်းကောင်း, ဖောဋ္ဌဗ္ဗာရုံ မဟာဘုတ်အချင်းချင်းလည်းကောင်း ထိခြင်း မထိခြင်းကို စိစစ်ခြင်းငှာ မသင့်ပါ ဟူလိုသည်။

တေဇောဓာတ် ဝါယောဓာတ် --- တေဇောဓာတ် ဝါယောဓာတ်တို့၏လည်း ကြွင်းကုန်သော ပထဝီဓာတ် အာပေါဓာတ်တို့၌ မိမိ မိမိ၏ ကိစ္စကိုပြုခြင်း၌ ဤနည်းပင်တည်း။ --- တေဇောဓာတ်သည် ကလာပ်တူ ပထဝီဓာတ် ကို ထိ၍ လောင်မြိုက်၏၊ ကျက်စေ၏၊ ထိုသို့ပင် ထိ၍ လောင်မြိုက်ပါသော်လည်း ထိုပထဝီဓာတ်သည် ပူသည် ဖြစ်၍ လောင်မြိုက်သည်မဟုတ်၊ ကျက်သည်မဟုတ်။ အကယ်၍ ပထဝီဓာတ်သည် အပူဖြစ်၍ လောင်မြိုက်သည် ဖြစ်အံ့၊ ကျက်သည် ဖြစ်အံ့၊ ဤသို့ဖြစ်လတ်သော် ပထဝီဓာတ်သည် ဥဏှတ္တလက္ခဏာ = ပူသောလက္ခဏာရှိသည် ဖြစ်လေရာ၏။ (အဘိ၊ဋ္ဌ၊၁၊၃၇၁။)

ပထဝီဓာတ်သည် ပူသည်ဖြစ်၍ လောင်မြိုက်သည်မဟုတ် ကျက်သည်မဟုတ်ဟူသော ဤစကားရပ်ဖြင့် ပထဝီဓာတ်၌ တေဇောဓာတ်၏ သဘာဝလက္ခဏာ ရှိမှုကိုသာလျှင် ပယ်မြစ်၏၊ ပထဝီဓာတ်၌ အေးမှုရှိသည်၏ အဖြစ်ကို ခွင့်မပြုပါ။ ပထဝီဓာတ််၌ တေဇောဓာတ်၏ ဥဏှတ္တလက္ခဏာဟူသော သဘာဝလက္ခဏာ ရှိမှုကို ပယ် မြစ်ကြောင်းဖြစ်သော -- န ဥဏှာ ဟုတွာ စျာယတိ = ပထဝီဓာတ်သည် ပူသည်ဖြစ်၍ လောင်မြိုက်သည် မဟုတ် ကျက်သည်မဟုတ်ဟူသော စကားဖြင့်ပင် ပထဝီဓာတ်၌ သီတတေဇော၏ သဘာဝလက္ခဏာ ဖြစ်သော အေးမှု ရှိသည်၏ အဖြစ်ကိုလည်း ပယ်မြစ်အပ်ပြီးသာ ဖြစ်တော့၏။ မှန်ပေသည် --- တေဇောဓာတ်သည်ပင် သီတ = အအေး ဖြစ်၏။ (သီတ = အေးမှုဟူသည် တေဇောဓာတ်ပင်တည်း။) အဘယ်ကြောင့် သိနိုင်ပါသနည်း? ဆီးနှင်းကျရာအခါ စသည်တို့၌ သီတတေဇော၏ ထက်ဝန်းကျင် ထိုထိုအရာဝတ္ထုကို ကျက်အောင် ချက်တတ် သည်၏ အဖြစ်ကို တွေ့မြင်ရခြင်းကြောင့် သိနိုင်ပါ၏ဟူပေ။ (ရေခဲပြင်များ၌ သားငါးတို့ကို မြှုပ်ထားပါက ကျက်သွားသော ဟူ၏။)

သီတတေဇော ဥဏှတေဇောတို့၏ အချင်းချင်း ဆန့်ကျင်ဘက်တို့၏ အဖြစ်ကြောင့် ဥဏှတေဇောနှင့် အတူတကွ သီတဟူသော မဟာဘုတ်တစ်မျိုးသည် ရုပ်ကလာပ်တစ်ခုအတွင်း၌ မဖြစ်နိုင်၊ ထိုကြောင့် တေဇောသည် ပင်လျှင် သီတ = အအေးဖြစ်၏ဟူသော စကားသည် သင့်မြတ်၏။ တစ်ဖန် ဥဏှတေဇော လွန်ကဲသော ရုပ်ကလာပ် ၌ သီတတေဇော၏ မဖြစ်ခြင်းသည်လည်းကောင်း, သီတတေဇော လွန်ကဲသော ရုပ်ကလာပ်၌ ဥဏှတေဇော၏ မဖြစ်ခြင်းသည်လည်းကောင်း, သီတတေဇော ဥဏှတေဇော နှစ်မျိုးတို့၏ အချင်းချင်း ဆန့်ကျင်ဘက်တို့၏ အဖြစ် ကြောင့် သီတတေဇော ဥဏှတေဇောဟု တေဇောဓာတ်၏ နှစ်မျိုးနှစ်စားအားဖြင့် ထူးထူးထွေထွေ ဖြစ်ခြင်း၌ သင့်မြတ်သည်သာဟု မှတ်ပါ။ (မူလဋီ၊၁၊၁၅၅။)

အပူဖျား ဖျား၍ အပူရှိန်မြင့်မားနေရာမှ အပူရှိန်လျော့ကျသွားသောအခါ ကိုယ်အေးပြီဟု အသိအမှတ် ပြုကြ၏။ ဤဥပမာအတူ ဥဏှသဘော နုံ့သွားသောအခါ အားပျော့သွားသောအခါ နုံ့သောအားပျော့သော ဥဏှ သဘောတရား၌ သီတ = အအေးဟု အသိအမှတ်ပြုသောကြောင့် (များများပူသည်ကို အပူဟု အသိအမှတ်ပြု၍ နည်းနည်းပူသည်ကို အအေးဟု အသိအမှတ်ပြုသောကြောင့်) တေဇောသည်ပင် သီတတည်းဟု ဆိုသည်။ ဤသဘောတရားကို အဘယ်သို့လျှင် သိနိုင်ပါသနည်းဟူမူ --- ဤမှာဘက်ကမ်းနှင့် ထိုမှာဘက်ကမ်းကဲ့သို့ ---သီတ = အအေးဟု သိခြင်း အသိအမှတ်ပြုခြင်း၏ အခိုက်အတန့် ပိုင်းခြားသတ်မှတ်အပ်သော သဘောတရား ဖြစ်ခြင်းကြောင့် သိအပ်ပါ၏။ ထင်ရှားစေအံ့ --- နေပူထဲ၌ ရပ်တည်ပြီးနောက် အရိပ်ထဲသို့ ဝင်ရောက်လာကုန်သော သူတို့အား သီတ = အအေးဟု သိခြင်းသည် ဖြစ်ပေါ်လာ၏။ ထိုအရိပ်၌ပင်လျှင် မြေတိုက်တွင်းမှ ထွက်လာသော သူတို့အား ဥဏှ = အပူဟုသိခြင်းသည် ဖြစ်ပေါ်လာ၏ဟု သိပါ။ (အနုဋီ၊၁၊၁၆၈။)

မြစ်၏ အေ့ရှဘက်ကမ်း၌ တည်နေသူအဖို့ မြစ်၏ အနောက်ဘက်ကမ်းသည် ထိုမှာဘက်ကမ်းတည်း၊ မြစ်၏ အေ့ရှဘက်ကမ်းသည် ဤမှာဘက်ကမ်းတည်း။ မြစ်၏ အနောက်ဘက်ကမ်း၌ တည်နေသူအဖို့ အေ့ရှ ဘက်ကမ်းသည် ထိုမှာဘက်ကမ်းတည်း၊ အနောက်ဘက်ကမ်းသည် ဤမှာဘက်ကမ်းတည်း။ အလားတူပင် သစ်ပင်ရိပ်သည် နေပူမှလာသူအတွက် အေး၏ဟု အသိအမှတ်ပြုနိုင်သော်လည်း မြေတိုက်ထဲမှလာသူအဖို့ ပူ၏ဟု အသိအမှတ်အပြုခံရပြန်၏။ ထိုကြောင့် သီတဟု အသိအမှတ်ပြုခြင်းသည် အခိုက်အတန့်အားဖြင့် ပိုင်းခြား သတ်မှတ်အပ်သော သဘောတရား ဖြစ်ခြင်းကြောင့် --- တေဇောသည်ပင် သီတ, သီတသည်လည်း တေဇောဟု သိနိုင်ပါသည်ဟု ဆိုလိုသည်။ သို့သော် သီတတေဇောနှင့် ဥဏှတေဇောတို့သည် ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ ကား နှစ်မျိုးလုံး မရနိုင်။ ထက်မြက်သော တေဇော အပူဓာတ်လွန်ကဲသော တေဇောကို ဥဏှ, နုံ့သောတေဇောကို သီတဟု ဆို၏။ ကလာပ်တစ်ခုအတွင်း၌ နှစ်မျိုးလုံးကား ပြိုင်တူမဖြစ်နိုင်။ ဥဏှနှင့် သီတတို့သည် ရုပ်ကလာပ်တစ်ခု ၏ အတွင်း၌ ပြိုင်တူဖြစ်ခဲ့သော် ဥဏှကား တေဇောဓာတ်ဖြစ်သဖြင့် သီတမှာ အာပေါဓာတ် ဝါယောဓာတ်တို့၏ သဘောဟု ယုံမှားဖွယ် ရှိ၏။ အာပေါဓာတ် ဝါယောဓာတ်တို့၏ သီတသဘောဟူသည် မရှိနိုင်။ အာပေါဓာတ်နှင့် ဝါယောဓာတ်သည် သီတသဘော ဖြစ်ခဲ့မူ သီတသဘောတရားသည် ဥဏှသဘောတရားနှင့် အတူတကွ တစ်ခုတည်းသော ရုပ်ကလာပ်အတွင်း၌ ရလေရာ၏။ သို့သော် ရကား မရအပ်ပေ။ ဤရုပ်ကလာပ်တို့တွင် အာပေါဓာတ် ၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်၌လည်းကောင်း, ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်၌လည်းကောင်း သီတသဘော၏ အမြဲ မရှိလေသောကြောင့် ထိုကဲ့သို့ အာပေါဓာတ် ၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော အချို့သော ရုပ်ကလာပ်, ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲ သော အချို့သော ရုပ်ကလာပ်၌ သီတသဘောကို မရအပ် မရနိုင်ရကား သီတသဘောတရားသည် အာပေါဓာတ် ဝါယောဓာတ်တို့၏ သဘောတရား မဟုတ်ဟု သိနိုင်ပေ၏။ (အနုဋီ၊၁၊၁၆၈။)

အာပေါဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရေပူ၌် = ရေပူဟု ခေါ်ဝေါ်သမုတ်အပ်သော ရုပ်ကလာပ်တို့၏ အပေါင်းအစု၌ သီတသဘောကား မရှိ။ ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော နွေအခါဝယ် ကွင်းပြောင်ကြီး သဲသောင်ပြင်ကြီးတို့ကို ဖြတ်ကျော်တိုက်ခတ်လာသော လေပူ၌ = လေပူဟု ခေါ်ဝေါ် သမုတ်အပ်သော ရုပ်ကလာပ်တို့၏ အပေါင်းအစု၌ သီတသဘောကား မရှိ။ ထိုကြောင့် သီတသဘောသည် အာပေါဓာတ် ဝါယောဓာတ်တို့၏ သဘောမဟုတ်ဟု သိနိုင်၏။ အကယ်၍ သီတသဘောသည် အာပေါဓာတ် ဝါယောဓာတ်တို့၏ သဘောတရားဖြစ်ခဲ့လျှင် ဥဏှသဘောနှင့် ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ ရရှိလေရာ၏၊ ရကားမရ ဖြစ်နေ၏။ ထိုကြောင့် သီတသဘောသည် တေဇောဓာတ်၏ သဘောသာဖြစ်သည်ဟု မှတ်ပါ။ ဤကား ဆိုလိုရင်းတည်း။

ကြံရည်ကိုချက်၍ တင်လဲခဲ ကြံသကာခဲကို ပြုလုပ်လိုက်သော် အာပေါဓာတ်သည် ခက်မာသွားသလော မသွားသလောဟူမူ အာပေါဓာတ်သည် ခက်မာသည် မဖြစ်။ မှန်ပေသည် --- ထိုအာပေါဓာတ်သည် ယိုစီးခြင်း သဘောလက္ခဏာ ရှိ၏၊ ပထဝီဓာတ်သည် ခက်မာခြင်း သဘောလက္ခဏာ ရှိ၏။ ထိုသို့ပင် ဖြစ်ပါသော်လည်း သဘာဝသတ္တိစွမ်းအင် ညံ့သော နုံ့သော အတိုင်းအရှည်ရှိသော အာပေါဓာတ်သည် သဘာဝသတ္တိစွမ်းအင် လွန်ကဲ သော ပထဝီဓာတ်၏ ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းရှိသည် ဖြစ်ရလေပြီ။ (အာပေါဓာတ်၏ သဘာဝသတ္တိစွမ်းအင်က ညံ့သောကြောင့် သဘာဝသတ္တိစွမ်းအင် လွန်ကဲသော ပထဝီဓာတ်သို့လိုက်၍ တင်လဲခဲဖြစ်ရသည် ဟူလို။)

မှန်ပေသည် --- ထိုအာပေါဓာတ်သည် အရည်ဟူသော အခြင်းအရာအားဖြင့် တည်သည်၏ အဖြစ်ကိုကား စွန့်၏ (= ကြံရည်ဖြစ်စဉ်က အရည်အဖြစ်ဖြင့် တည်နေသော သဘောတရားကို တင်လဲခဲ ကြံသကာခဲ ဖြစ်လာသော အခါ စွန့်လိုက်၏။) ယိုစီးခြင်း ပဂ္ဃရဏ သဘောလက္ခဏာကိုကား မစွန့်။ တင်လဲခဲသည် အရည်ဖြစ်၍ ကြေမွသွား ပါသော်လည်း ပထဝီဓာတ်သည် အရည်ဖြစ်သွားသည် ကြေမွသွားသည် မဟုတ်။ မှန်ပေသည် --- ပထဝီဓာတ်သည် ခက်မာခြင်း ကက္ခဠလက္ခဏာ ရှိ၏၊ အာပေါဓာတ်သည် ယိုစီးခြင်း ပဂ္ဃရဏလက္ခဏာ ရှိ၏။ ထိုသို့ပင် ဖြစ်ပါသော်လည်း သဘာဝသတ္တိစွမ်းအင် ညံ့သော နုံ့သော အတိုင်းအရှည်ရှိသော ပထဝီဓာတ်သည် သဘာဝသတ္တိ စွမ်းအင် လွန်ကဲသော အတိုင်းအရှည်ရှိသော အာပေါဓာတ်၏ ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းရှိ၏။ (သဘာဝသတ္တိ စွမ်းအင် ညံ့သော နုံ့သော ပထဝီဓာတ်သည် သဘာဝသတ္တိစွမ်းအင် လွန်ကဲသော အာပေါဓာတ်သို့လိုက်၍ တင်လဲရည်ဖြစ်ရသည် ဟူလို။) ထိုပထဝီဓာတ်သည် အခဲဟူသော အခြင်းအရာအားဖြင့် တည်နေသောသဘောကို စွန့်လိုက်၏။ ခက်မာခြင်း = ကက္ခဠ လက္ခဏာကိုကား မစွန့်ပေ။

စတုန္နံ ဟိ မဟာဘူတာနံ ဘာဝညထတ္တမေဝ ဟောတိ၊ လက္ခဏညထတ္တံ နာမ နတ္ထိ။ တဿ အဘာဝေါ အဋ္ဌာနပရိကပ္ပသုတ္တေန ဒီပိတော။ ဝုတ္တေဥှတံ --- သိယာ အာနန္ဒ စတုန္နံ မဟာဘူတာနံ အညထတ္တံ ပထဝီဓာတုယာ အာပေါဓာတုယာ တေဇောဓာတုယာ ဝါယောဓာတုယာ၊ နတွေဝ ဗုဒ္ဓေ အဝေစ္စပ္ပသာဒေန သမန္နာဂတဿ အရိယသာဝကဿ သိယာ အညထတ္တန္တိ။

အယေဥှတ္ထ အတ္ထော --- အာနန္ဒ ကက္ခဠတ္တလက္ခဏာ ပထဝီဓာတု ပရိဝတ္တိတွာ ပဂ္ဃရဏလက္ခဏာ အာပေါဓာတု နာမ ဘဝေယျ၊ အရိယသာဝကဿ ပန အညထတ္တံ နာမ နတ္ထီတိ။ ဧဝမေတ္ထ အဋ္ဌာနပရိကပ္ပေါ အာဂတော။ (အဘိ၊ဋ္ဌ၊၁၊၃၇၂။)

ဘာဝညထတ္တန္တိ ခရာနံ ဂုဠာဒီနံ ဒဝတာ မုဒုတာ ရသာဒီနဉ္စ ဒဝါနံ ခရတာ ပစ္စယဝိသေသေဟိ ဩမတ္တာဓိမတ္တပထဝီဓာတုအာဒိကာနံ ဥပ္ပတ္တိ။ လက္ခဏညထတ္တံ ကက္ခဠာဒိလက္ခဏဝိဇဟနံ၊ တံ ဧတေသံ န ဟောတိ၊ ဩမတ္တာဓိမတ္တတာသင်္ခါတံ ဘာဝညထတ္တံယေဝ ဟောတီတိ အတ္ထော။ (မူလဋီ၊၁၊၁၅၅။)

ဘာဝညထတ္တ --- ဘာဝသဒ္ဒါသည် ပရမတ္ထ အထည်ကိုယ်သဘောကို ဟော၏၊ ပရမတ္ထ သဘာဝသတ္တိ စွမ်းအင် ညံ့နေသော နုံ့နေသော ဓာတ်တစ်မျိုးသည် ပရမတ္ထသဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဓာတ်တစ်မျိုး နောက်သို့ လိုက်ပါရခြင်းသည် ဘာဝညထတ္တ မည်၏။ ပင်ကိုယ်က ခက်မာနေသော တင်လဲခဲသည် ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင်က ညံ့လာသဖြင့် နုံ့လာသဖြင့် အာပေါဓာတ်၏ သဘာဝသတ္တိစွမ်းအင်က လွန်ကဲလာသော အခါ အရည်ဖြစ်လာ၏၊ ထိုသို့ အရည်ဖြစ်လာခြင်းသည် ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင် ညံ့လာခြင်း နုံ့ လာခြင်း, အာပေါဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲလာခြင်းဟူသော ဘာဝညထတ္တတည်း။ ပင်ကိုယ်က အရည်ဖြစ်နေသော ကြံရည်စသည်တို့၏ အတုံးအခဲဖြစ်၍ မာလာခြင်းသည် ပထဝီဓာတ်၏ သဘာဝသတ္တိ စွမ်းအင်က လွန်ကဲလာ၍ အာပေါဓာတ်၏ သဘာဝသတ္တိစွမ်းအင်က ညံ့လာခြင်း နုံ့လာခြင်းဟူသော ဘာဝညထတ္တတည်း။ ဤသို့ စသည်ဖြင့် သိပါ။

လက္ခဏညထတ္တ --- လက္ခဏာတစ်မျိုးမှ လက္ခဏာတစ်မျိုးသို့ ပြောင်းလဲခြင်းသည် လက္ခဏညထတ္တ မည်၏။ ဓာတ်ကြီး (၄)ပါးတို့၌ ထိုလက္ခဏညထတ္တကား မဖြစ်နိုင်။ ပထဝီဓာတ်သည် မိမိ၏ ခက်မာမှု ကက္ခဠ လက္ခဏာကို မစွန့်၊ အာပေါဓာတ်သည် မိမိ၏ယိုစီးမှု ပဂ္ဃရဏ လက္ခဏာကို မစွန့်၊ တေဇောဓာတ်သည် မိမိ၏ ပူမှု ဥဏှတ္တ လက္ခဏာကို မစွန့်၊ ဝါယောဓာတ်သည် မိမိ၏ ထောက်ကန်မှု ဝိတ္ထမ္ဘန လက္ခဏာကို မစွန့်။ မှန်ပေသည် --- ဓာတ်ကြီး (၄)ပါးတို့၌ မိမိ မိမိ၏ ကိုယ်ပိုင် သဘာဝသတ္တိစွမ်းအင်၏ ယုတ်မှု ညံ့မှု နုံ့မှုသဘောနှင့် လွန်ကဲမှု သဘောဟူသော ဘာဝညထတ္တသာလျှင် ရှိ၏၊ မိမိ မိမိ၏ကိုယ်ပိုင် သဘာဝသတ္တိစွမ်းအင်ဟူသော လက္ခဏာတစ် မျိုးမှ လက္ခဏာတစ်မျိုးသို့ ပြောင်းလဲခြင်း = လက္ခဏညထတ္တမည်သည် မရှိသည်သာတည်း။ ထိုလက္ခဏညထတ္တ၏ မရှိနိုင်ခြင်းကို အဋ္ဌာနပရိကပ္ပသုတ် (အံ၊၁၊၂၂၃။)ဖြင့် ရှေးရှေး အဋ္ဌကထာဆရာတော်တို့က ထုတ်ဆောင်ပြတော် မူ၏ ----

အာနန္ဒာ ...ပထဝီဓာတ်၏လည်းကောင်း, အာပေါဓာတ်၏လည်းကောင်း, တေဇောဓာတ်၏လည်း- ကောင်း, ဝါယောဓာတ်၏လည်းကောင်း အညထတ္တ = လက္ခဏညထတ္တ = လက္ခဏာတစ်မျိုးမှ လက္ခဏာတစ်မျိုးသို့ ပြောင်းလဲခြင်းဟူသော တစ်မျိုးတစ်ဖုံ၏ အဖြစ်သည် ဖြစ်သော်လည်း ဖြစ်တန်ရာ၏။ (အမှန်အားဖြင့်ကား မဖြစ် နိုင်ပါ ဟူလို။) သမ္မာသမ္ဗုဒ္ဓဘုရား၌ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် သက်ဝင်၍ တည်နေသော ယုံကြည်ခြင်း သဒ္ဓါတရားနှင့် ပြည့်စုံသော အရိယသာဝက၏ သမ္မာသမ္ဗုဒ္ဓဘုရား၌ ယုံကြည်သော အခြင်းအရာမှတစ်ပါး, မယုံကြည်သော အခြင်းအရာဟူသော တစ်မျိုးတစ်ဖုံ၏ အဖြစ်သည် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ရာ။ (တိကအင်္ဂုတ္တိုရ်, အာနန္ဒဝဂ်, နိဝေသကသုတ်။)

မှန်ပေသည် ဤဆိုလတ္တံ့သည်ကား ဤသုတ်၌ ဆိုလိုရင်း အနက်သဘောတည်း။ --- အာနန္ဒာ ... ခက်မာခြင်း ကက္ခဠလက္ခဏာ ရှိသော ပထဝီဓာတ်သည် ပြောင်းလဲ၍ ယိုစီးခြင်း ပဂ္ဃရဏလက္ခဏာ ရှိသော အာပေါဓာတ်မည်သည် ဖြစ်သော်လည်း ဖြစ်ရာသေး၏၊ အရိယသာဝက၏ကား သမ္မာသမ္ဗုဒ္ဓဘုရားရှင်၌ သမ္မာဒိဋ္ဌိ ဉာဏ်ဖြင့် သက်ဝင်၍ယုံကြည်ခြင်းမှတစ်ပါး မယုံကြည်ခြင်းဟူသော တစ်မျိုးတစ်ခြား၏ အဖြစ်မည်သည် မရှိနိုင် သည်သာတည်း ---- ဟုဆိုလို၏။ ဤသို့လျှင် ဤသုတ်ပါဠိတော်၌ ဖြစ်ဖို့ရန်အကြောင်းမဟုတ်သည်ကို ကြံဆခြင်း သည် လာရှိ၏။ (အဘိ၊ဋ္ဌ၊၁၊၃၇၁-၃၇၂။ မူလဋီ၊၁၊၁၅၅။)

၁၄။ ဣတ္ထိန္ဒြေ = ဣတ္ထိဘာဝရုပ်

၁၄။ ဣတ္ထိန္ဒြေ = ဣတ္ထိဘာဝရုပ်

၁။ ဣတ္ထိဘာဝလက္ခဏံ ဣတ္ထိန္ဒြိယံ၊

၂။ ဣတ္ထီတိ ပကာသနရသံ၊

၃။ ဣတ္ထိလိင်္ဂနိမိတ္တကုတ္တာကပ္ပါနံ ကာရဏဘာဝပစ္စုပဋ္ဌာနံ၊

၄။ စတုမဟာဘူတပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၅၈။ ဝိသုဒ္ဓိ၊၂၊၇၇။)

၁။ ဣတ္ထိ = အမျိုးသ္မီး ဖြစ်ကြောင်းသဘော လက္ခဏ၊

၂။ ဤသူကား အမျိုးသ္မီးဟုထင်ရှားပြခြင်း (ကိစ္စ) ရသ၊

၃။ (က) ဣတ္ထိလိင်္ဂ = အမျိုးသ္မီး အသွင်သဏ္ဌာန်

( ခ ) ဣတ္ထိနိမိတ္တ = အမျိုးသ္မီးဟုသိကြောင်း အမှတ်အသား

( ဂ ) ဣတ္ထိကုတ္တ = အမျိုးသ္မီး အပြုအမူ

(ဃ) ဣတ္ထိအာကပ္ပ= အမျိုးသ္မီးအသွင်အပြင်တို့၏ အကြောင်းဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဣတ္ထိန္ဒြေ၏မှီရာ ကလာပ်တူ ကမ္မဇမဟာဘုတ် ပဒဋ္ဌာန်။

(က) ဣတ္ထိလိင်္ဂ ---- လိင်္ဂေတိ ဂမေတိ ဗောဓေတီတိ လိင်္ဂံ = အမျိုးသ္မီးဟု သိစေတတ်သော အသွင်သဏ္ဌာန် ---- ရုပ်ကလာပ်အများ စုပေါင်း၍ တည်နေခြင်းကိုပင် သဏ္ဌာန = သဏ္ဌာန်ဟု ခေါ်သည်။ ယင်းရုပ်ကလာပ်တို့တွင် ဣတ္ထိဘာဝရုပ်ပါဝင်သော ဘာဝဒသကကလာပ်များလည်း တစ်ကိုယ်လုံး အနှံ့အပြား တည်နေလျက် များစွာ ပါဝင်နေကြ၏၊ ယင်းဣတ္ထိဘာဝရုပ် ပါဝင်သည့် ဘာဝဒသကကလာပ်နှင့် တကွသော ရုပ်ကလာပ်တို့၏ စုပေါင်း၍ တည်နေခြင်းကိုပင် ဣတ္ထိလိင်္ဂ = အမျိုးသ္မီး အသွင်သဏ္ဌာန်ဟု ခေါ်၏။ အမျိုးသ္မီး၏ လက်, ခြေ, လည်ပင်း, ရင်ဘတ် စသည်တို့၏ ပုံသဏ္ဌာန်သည် အမျိုးသား၏ လက်, ခြေ, လည်ပင်း, ရင်ဘတ် စသည်တို့၏ ပုံသဏ္ဌာန်ကဲ့သို့ မဟုတ်ပေ။ မှန်ပေသည် ---- အမျိုးသ္မီးတို့၏ အောက်ပိုင်းကိုယ်သည် ရှင်းရှင်းလင်းလင်း ရှိ၏၊ အထက်ပိုင်းကိုယ်ကား မရှင်းလင်းပေ။ လက်ခြေတို့ကား ငယ်ကုန်၏၊ မျက်နှာကား သေးငယ်၏။ (အဘိ၊ဋ္ဌ၊၁၊၃၅၇။)

( ခ ) ဣတ္ထိနိမိတ္တ ---- အမျိုးသ္မီးဟု သိကြောင်း အမှတ်အသား ---- အမျိုးသ္မီးတို့၏ ရင်သားကား မရှင်းလင်း၊ မျက်နှာကား မုတ်ဆိတ်ကျင်စွယ် ပါးမျိုင်းမွေးမရှိ၊ ဆံထုံးပုံ အဝတ်ကို ကိုင်တွယ်ပုံသည်လည်း အမျိုးသားတို့၏ ဆံထုံးပုံ အဝတ်ကိုင်ပုံကဲ့သို့ မဟုတ်ပေ။ ဤသည်တို့ကား အမျိုးသ္မီးဟုသိကြောင်း အမှတ်အသားတို့တည်း။ (အဘိ၊ဋ္ဌ၊၁၊၃၅၇။)

( ဂ ) ဣတ္ထိကုတ္တ ---- အမျိုးသ္မီးတို့၏ အပြုအမူ ---- အမျိုးသ္မီးတို့သည် ငယ်ရွယ်စဉ်အခါ၌ ဗန်းငယ် ကျည်ပွေ့ ငယ်တို့ဖြင့် ကစားတတ်ကြကုန်၏။ ဆန်းကြယ်သော ယမင်းရုပ်ငယ်တို့ဖြင့် ကစားတတ်ကြကုန်၏၊ မတ္တိကဝါက အမည်ရသော လျှော်ဖြင့် ချည်မျှင်ငယ် မည်သည်ကို ငင်တတ်ကြကုန်၏။ ဤသည်တို့ကား အမျိုးသ္မီးတို့၏ အပြု အမူတည်း။ (အဘိ၊ဋ္ဌ၊၁၊၃၅၇။)

(ဃ) ဣတ္ထိအာကပ္ပ ---- သွားပုံလာပုံစသော အခြင်းအရာ အသွင်အပြင် ---- အမျိုးသ္မီးတို့သည် သွားကုန် လတ်သော် မရှင်းမလင်း သွားတတ်ကြကုန်၏။ ရပ်ကုန်လတ်သော် မရှင်းမလင်း ရပ်တတ်ကြကုန်၏၊ လျောင်းကုန် လတ်သော် မရှင်းမလင်း လျောင်းစက်တတ်ကြကုန်၏။ ထိုင်ကုန်လတ်သော် မရှင်းမလင်း ထိုင်တတ်ကြကုန်၏၊ ခဲဖွယ်ကို ခဲကုန်လတ်သော် မရှင်းမလင်း ခဲတတ်ကြကုန်၏၊ စားဖွယ်ကို စားကုန်လတ်သော် မရှင်းမလင်း စားတတ် ကြကုန်၏။ မှန်ပေသည် ---- မရှင်းမလင်း သွားလာနေထိုင်တတ်သူ အမျိုးသား တစ်ဦးဦးကိုတွေ့သော် မိန်းမသွား သွား၏၊ မိန်းမရပ် ရပ်၏၊ မိန်းမအိပ် အိပ်၏၊ မိန်းမထိုင် ထိုင်၏၊ မိန်းမခဲ ခဲ၏၊ မိန်းမစား စား၏ ---- ဤသို့ စသည်ဖြင့် ပြောဆိုတတ်ကြကုန်၏။ (အဘိ၊ဋ္ဌ၊၁၊၃၅၇-၃၅၈။)

ဣတ္ထိဘာဝ = ဣတ္ထိသဘာဝ = အမျိုးသ္မီးဟုသိကြောင်း ထင်ရှားသော အမှတ်အသားသည် ဣတ္ထိဘာဝရုပ် မည်၏။ ပုရိသဘာဝ = ပုရိသသဘာဝ = အမျိုးသားဟုသိကြောင်း ထင်ရှားသော အမှတ်အသားသည် ပုရိသ ဘာဝရုပ် မည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၅၈။)

အယံ ကမ္မဇော ပဋိသန္ဓိသမုဋ္ဌိတော။ ဣတ္ထိလိင်္ဂါဒီနိ ပန ဣတ္ထိန္ဒြိယံ ပဋိစ္စ ပဝတ္တေ သမုဋ္ဌိတာနိ။ (အဘိ၊ဋ္ဌ၊၁၊၃၅၈။)

သကေန သကေန ကမ္မစိတ္တာဒိနာ ပစ္စယေန သမုဋ္ဌိတာနိပိ ဣတ္ထိလိင်္ဂါဒီနိ ဣန္ဒြိယသဟိတေ သရီရေ ဥပ္ပဇ္ဇမာနာနိ တံတဒါကာရာနိ ဟုတွာ ဥပ္ပဇ္ဇန္တီတိ ဣတ္ထိန္ဒြိယံ ပဋိစ္စ သမုဋ္ဌဟန္တီတိ ဝုတ္တာနိ။ (မူလဋီ၊၁၊၁၅၀။)

သတ္တဝါတို့သည် ရှေးရှေးဘဝဝယ် ဤလူဘဝသို့ ရောက်ကြောင်းဖြစ်သည့် ကံကို ပြုစုပျိုးထောင်စဉ် ကာလ၌ အမျိုးသ္မီးဖြစ်သူက မိမိ၌ရှိသော ဣတ္ထိလိင်္ဂ-နိမိတ္တ-ကုတ္တ-အာကပ္ပတို့ကို သဘောကျသော တဏှာ အရင်းခံ၍ ကံကို ပြုစုပျိုးထောင်ခဲ့၏၊ ထိုတဏှာမှာလည်း အမျိုးသ္မီးဟု အသိမှားမှု အဝိဇ္ဇာအပေါ်၌ အခြေတည်စိုက်လျက် ရှိ၏၊ ထိုကံသည် အမျိုးသ္မီး၏ လိင်္ဂ-နိမိတ္တ-ကုတ္တ-အာကပ္ပ စသည်တို့ ဖြစ်ပေါ်လာဖို့ရန် အကြောင်းရင်း ဖြစ်၏။

အလားတူပင် အမျိုးသားဖြစ်သူကလည်း မိမိ၏ ပုရိသလိင်္ဂ-နိမိတ္တ-ကုတ္တ-အာကပ္ပတို့ကို နှစ်သက်သဘော ကျသော တဏှာကို အရင်းခံ၍ ဤလူ့ဘဝရောက်ကြောင်းကံကို ပြုစုပျိုးထောင်ခဲ့၏၊ ယင်းတဏှာသည်လည်း အမျိုးသားဟု အသိမှားမှု အဝိဇ္ဇာအပေါ်၌ အခြေတည်လျက်ပင် ရှိ၏။ ထိုကံသည် ပုရိသလိင်္ဂ စသည်တို့ ဖြစ်ပေါ် လာဖို့ရန် အကြောင်းရင်း ဖြစ်၏။

အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ အရင်းခံသည့် အကြောင်းရင်းကံသည် ဣတ္ထိဘာဝရုပ် (ပုရိသဘာဝရုပ်) ကို ဖြစ်စေ၏။ ယင်းဘာဝရုပ်သည် ပဋိသန္ဓေအခါမှစ၍ စိတ္တက္ခဏတိုင်း၏ ဥပါဒ်-ဌီ-ဘင် ခဏငယ်တိုင်း ခဏငယ် တိုင်း၌ ကံအရှိန်မကုန်သေးသမျှ ကာလပတ်လုံး ဘဝတစ်လျှောက်လုံးဝယ် ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် အနေအထားဖြင့် ဖြစ်ပေါ်လျက် ရှိ၏။

ဤသို့လျှင် ဘာဝရုပ်သည် ပဋိသန္ဓေအခါမှစ၍ ဖြစ်ပေါ်ခဲ့သော်လည်း ဣတ္ထိလိင်္ဂ စသည်, ပုရိသလိင်္ဂ စသည်တို့ကား ပဝတ္တိအခါကျမှသာ ဖြစ်ပေါ်ခွင့် ရကြကုန်၏။ ယင်းသို့ဖြစ်ရာ၌ ဣတ္ထိန္ဒြေ အမည်ရှိသော ဣတ္ထိဘာဝရုပ်ရှိသူ၏ သန္တာန်၌သာ ဣတ္ထိလိင်္ဂ-နိမိတ္တ-ကုတ္တ-အာကပ္ပတို့ ဖြစ်ကြ၏။ ပုရိသိန္ဒြေ အမည်ရှိသော ပုရိသဘာဝရုပ်ရှိသူ၏ သန္တာန်၌သာ ပုရိသလိင်္ဂ-နိမိတ္တ-ကုတ္တ-အာကပ္ပတို့ ဖြစ်ကြ၏။ အဘယ်ကြောင့်နည်းဟူမူ ကံချင်း မတူညီကြသောကြောင့် ဖြစ်၏။ အဘယ်ကြောင့် ကံချင်းမတူကြသနည်းဟူမူ ကံ၏အကြောင်းရင်းခံဖြစ်သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်ချင်း မတူညီသောကြောင့် ဖြစ်၏။ အမျိုးသ္မီးဖြစ်လိုသည့် စိတ်ဓာတ်, အမျိုးသားဖြစ်လိုသည့် စိတ်ဓာတ်ဟူသော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ဆန်းကြယ်သလောက် ကံဆန်းကြယ်၏၊ ကံဆန်းကြယ်သဖြင့် ကံ၏အကျိုးဖြစ်သော ဘာဝရုပ်ချင်း မတူညီကြခြင်း ဖြစ်၏။ ဘာဝရုပ်ချင်း မတူညီကြသောကြောင့် ဣတ္ထိဘာဝ ရုပ်ကို အစွဲပြု၍ ဣတ္ထိလိင်္ဂ-နိမိတ္တ-ကုတ္တ-အာကပ္ပတို့ ဖြစ်ကြ၏၊ ပုရိသဘာဝရုပ်ကို အစွဲပြု၍ ပုရိသလိင်္ဂ-နိမိတ္တ -ကုတ္တ-အာကပ္ပတို့ ဖြစ်ကြ၏။

ဤသို့လျှင် အဝိဇ္ဇာ အရင်းခံသည့် တဏှာ ချယ်လှယ်ထားသော ကံ၏ ဆန်းကြယ်မှုကြောင့် အထီးနှင့် အမ၏ လိင်္ဂ စသည်တို့သည် မတူညီကြသော်လည်း ထိုလိင်္ဂ စသည်တို့သည် ဣတ္ထိန္ဒြိယ (= ဣတ္ထိဘာဝရုပ်) ရှိသူ၌သာ ဣတ္ထိလိင်္ဂ စသည်တို့၏ ဖြစ်ခြင်း, ပုရိသိန္ဒြိယ (= ပုရိသဘာဝရုပ်) ရှိသူ၌သာ ပုရိသလိင်္ဂ စသည်တို့၏ ဖြစ်ခြင်းကြောင့် - ဣတ္ထိန္ဒြိယံ ပဋိစ္စ ဣတ္ထိလိင်္ဂါဒီနိ သမုဋ္ဌဟန္တိ = ဣတ္ထိန္ဒြေ (= ဣတ္ထိဘာဝရုပ်) ကို အကြောင်းပြု၍ ဣတ္ထိလိင်္ဂ စသည်တို့သည် ဖြစ်ပေါ်လာကြကုန်၏ဟု ဆိုသည်။ (အဘိ၊ဋ္ဌ၊၁၊၃၅၇-၃၅၈။ မူလဋီ၊၁၊၁၅၀။)

ဥပမာ --- မျိုးစေ့ရှိသော် မျိုးစေ့ကို အစွဲပြု၍ သစ်ပင်သည် တဖြည်းဖြည်း ကြီးပွားလာရ၏၊ သစ်ပင်သည် ကြီးပွားလာလတ်သော် အခက်အခွနှင့် ပြည့်စုံလာ၏။ အခက်အခွသည် တဖြည်းဖြည်း ပြည့်စုံလာသော် ကောင်းကင်ကို ပြည့်စေ၍ သစ်ပင်သည် တည်လာရသကဲ့သို့ ဤဥပမာအတူပင် ဣတ္ထိဘာဝရုပ်ဟူသော ဣတ္ထိန္ဒြေသည် ရှိလတ်သော် ဣတ္ထိလိင်္ဂ စသည်တို့ ဖြစ်ပေါ်လာကုန်၏။ ပုရိသဘာဝရုပ်ဟု ဆိုအပ်သော ပုရိသိန္ဒြေသည် ထင်ရှားရှိ လတ်သော် ပုရိသလိင်္ဂ စသည်တို့သည် ဖြစ်ပေါ်လာကုန်၏။

ဣတ္ထိန္ဒြေ ပုရိသိန္ဒြေကား ဗီဇ = မျိုးစေ့နှင့် တူ၏။ ဗီဇ = မျိုးစေ့ကို အစွဲပြု၍ ကြီးပွားတိုးတက်ပြီး ကောင်းကင် အပြည့်တည်နေသော သစ်ပင်ကဲ့သို့ ဣတ္ထိန္ဒြေ ပုရိသိန္ဒြေတို့ကို အစွဲပြု၍ ဣတ္ထိလိင်္ဂ စသည်တို့, ပုရိသလိင်္ဂ စသည်တို့ ဖြစ်ပေါ်လာပုံသည် တူ၏ဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၃၅၈။)

ရုပ်တရားတို့ကို ဖြစ်ပေါ်စေတတ်သော မူရင်း အကြောင်းတရားတို့မှာ ကံ-စိတ်-ဥတု-အာဟာရ တို့ပင်တည်း။ ယင်းရုပ်တရားတို့သည် အမျိုးသ္မီး ခန္ဓာအစဉ်ဝယ် စုဝေးတည်နေပုံ, အမျိုးသား ခန္ဓာအစဉ်ဝယ် စုဝေးတည်နေပုံ သဏ္ဌာန်ချင်းလည်း မတူကြ။ ဆံထုံးပုံ အဝတ်ဝတ်ပုံ, ကစားပုံ, သွားပုံ , လာပုံ စသည်တို့သည် လည်း မတူညီကြ။ ထိုမတူညီမှုများကို အဝိဇ္ဇာတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ဖြစ်သော ဘာဝရုပ်က ချယ်လှယ်ထား၏၊ စိုးမိုးထား၏၊ ချုပ်ကိုင်ထား၏။ ဣတ္ထိဘာဝရုပ်က ဣတ္ထိလိင်္ဂ စသည့်အခြင်းအရာအားဖြင့် ဖြစ်အောင်, ပုရိသလိင်္ဂ စသည့်အခြင်းအရာအားဖြင့် မဖြစ်အောင်, ပုရိသဘာဝရုပ်ကလည်း ပုရိသလိင်္ဂ စသည့် အခြင်းအရာအားဖြင့်သာ ဖြစ်အောင် ဣတ္ထိလိင်္ဂ စသည့်အခြင်းအရာအားဖြင့် မဖြစ်အောင် စိုးမိုးအုပ်ချုပ်ထား၏။ အကြီးအကဲအဖြစ် ချုပ်ကိုင်ထား၏။ ထိုကြောင့် ဣတ္ထိဘာဝရုပ်ကို ဣတ္ထိန္ဒြေ, ပုရိသဘာဝရုပ်ကို ပုရိသိန္ဒြေဟု ခေါ်ဆိုရခြင်း ဖြစ်၏။ (မူလဋီ၊၁၊၁၅၀။)

ဣန္ဒြိယပစ္စည်း မထိုက်ခြင်း

ဣန္ဒြိယပစ္စည်း မထိုက်ခြင်း

ဣတ္ထိဘာဝရုပ်က ဣတ္ထိလိင်္ဂ စသောအခြင်းအရာ ရှိသော ရုပ်တို့ကို ဖြစ်စေရာ၌ အကြောင်းတစ်ပါးဖြစ်လျှင်, ပုရိသဘာဝရုပ်က ပုရိသလိင်္ဂ စသောအခြင်းအရာ ရှိသော ရုပ်တို့ကိုဖြစ်စေရာ၌ အကြောင်းတစ်ပါးဖြစ်လျှင် အဘယ်ကြောင့် ဣန္ဒြိယပစ္စည်း, ဣန္ဒြိယတ္ထိပစ္စည်း, ဣန္ဒြိယအဝိဂတပစ္စည်း အဖြစ်ဖြင့် မဟောအပ်ပါသနည်းဟု မေးမြန်းဖွယ်ရာ ရှိ၏။ အဖြေကား ဤသို့တည်း --- ပဋ္ဌာန်းပစ္စည်းတပ်ရာ၌ ပဋ္ဌာန်းပစ္စယသတ္တိဖြင့် ကျေးဇူးပြုရာ၌-

၁။ တိုက်ရိုက်ဖြစ်စေတတ်သော အကြောင်းတရားဟူသော ဇနကသတ္တိ,

၂။ အားပေးထောက်ပံ့တတ်သော အကြောင်းတရားဟူသော ဥပတ္ထမ္ဘကသတ္တိ သို့မဟုတ် စောင့်ရှောက်တတ် သော အနုပါလကသတ္တိ ---

ဤသတ္တိ တစ်မျိုးမျိုး ရှိရ၏။ ဤဘာဝရုပ်သည် ကလာပ်တူဖြစ်သော ဘာဝဒသကကလာပ်၌သော်မှလည်း ကလာပ်တူရုပ်တရားတို့ကို ဖြစ်စေတတ်သော ဇနကသတ္တိ မရှိ။ ထိုဘာဝဒသကကလာပ်အတွင်း၌ ရှိသော ဘာဝရုပ် နှင့်တကွသော ရုပ်တရားတို့ကို အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ-တဏှာ အရင်းခံသည့် ကံကသာလျှင် တိုက်ရိုက် ဖြစ်စေတတ်သော ဇနကသတ္တိဖြင့် ကျေးဇူးပြုပေးနေ၏။ ထိုရုပ်တို့သည် ကံကြောင့်သာ ဖြစ်နေကြရ သော ကမ္မဇရုပ်တို့သာ ဖြစ်ကြ၏။ တစ်ဖန် ရုပ်ဇီဝိတိန္ဒြေသည် ကလာပ်တူ ကမ္မဇရုပ်များကို အနုပါလကသတ္တိဖြင့် စောင့်ရှောက်တတ်သကဲ့သို့ ဘာဝရုပ်သည် ကလာပ်တူရုပ်များကို စောင့်ရှောက်တတ်သော အနုပါလကသတ္တိလည်း မရှိ။ အာဟာရသည် (= အာဟာရဇဩဇာသည်) အခြားအခြားသော ရုပ်ကလာပ်၌ တည်ရှိသော ကလာပ်ပြား ရုပ်များကို --- (ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် တင်ပြခဲ့သည့်အတိုင်း) ထောက်ပံ့တတ်သကဲ့သို့ ဘာဝရုပ်သည် ကလာပ်တူ ရုပ်တရားတို့ကို ထောက်ပံ့တတ်သော ဥပတ္ထမ္ဘကသတ္တိလည်း မရှိ။ ကလာပ်ပြား ဖြစ်ကြကုန်သော ရုပ်တရားတို့ကို လည်း ဇနကသတ္တိ, အနုပါလကသတ္တိ , ဥပတ္ထမ္ဘကသတ္တိတို့ဖြင့် ဘာဝရုပ်က ကျေးဇူးမပြုနိုင်။ ထိုကြောင့် ဣန္ဒြိယ, အတ္ထိ, အဝိဂတပစ္စည်း အဖြစ်ဖြင့် ဘုရားရှင်သည် ဟောတော်မမူအပ်။ (မူလဋီ၊၁၊၁၅၀- ၁၅၁။) (ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင်လည်း ရှင်းပြခဲ့၏။)

စက္ခုဝိညေယျ - မနောဝိညေယျ

စက္ခုဝိညေယျ - မနောဝိညေယျ

တတ္ထ ဣတ္ထိန္ဒြိယံ န စက္ခုဝိညေယျံ၊ မနောဝိညေယျမေဝ။ ဣတ္ထိလိင်္ဂါဒီနိ စက္ခုဝိညေယျာနိပိ မနောဝိညေယျာနိပိ။ (အဘိ၊ဋ္ဌ၊၁၊၃၅၈။)

လိင်္ဂါဒိအာကာရေသု ရူပေသု ရူပါယတနဿ စက္ခုဝိညေယျတ္တာ လိင်္ဂါဒီနံ စက္ခုဝိညေယျတာ ဝုတ္တာ။ (မူလဋီ၊၁၊၁၅၁။)

ဣတ္ထိဘာဝရုပ် ပုရိသဘာဝရုပ်ကိုကား စက္ခုဝိညာဏ်ဖြင့် မမြင်နိုင် မသိနိုင်။ ဘာဝရုပ်တို့သည် စက္ခုဝိညာဏ်ဖြင့် သိနိုင် မြင်နိုင်သည့် စက္ခုဝိညေယျတရားများ မဟုတ်ကြကုန်။ (ဘာဝရုပ်သည် တစ်ကိုယ်လုံး အနှံ့အပြား ရှိသော ရုပ်တစ်မျိုး ဖြစ်သဖြင့် မျက်စိ၌ တည်ရှိသော ဘာဝရုပ်ကို ပကတိမျက်စိဖြင့် မြင်နိုင် မမြင်နိုင်ကို စမ်းသပ် ကြည့်ပါ။) ယင်းဘာဝရုပ်ကို မနောဝိညာဏ်စိတ်ဖြင့်သာလျှင် သိနိုင်၏၊ မြင်နိုင်၏။ ဣတ္ထိလိင်္ဂ ပုရိသလိင်္ဂ စသည်တို့ ကိုကား စက္ခုဝိညာဏ်ဖြင့်လည်း သိထိုက်ကုန်၏၊ သိနိုင်ကုန်၏၊ မနောဝိညာဏ်ဖြင့်လည်း သိထိုက်ကုန်၏၊ သိနိုင် ကုန်၏။

ဣတ္ထိလိင်္ဂ, ပုရိသလိင်္ဂ စသည်တို့ကား ရုပ်ကလာပ်တို့၏ အပေါင်းအစုသာ ဖြစ်ကြောင်းကို ရှေး၌ ရှင်းပြခဲ့၏။ယင်း ဣတ္ထိလိင်္ဂ, ပုရိသလိင်္ဂ စသောအခြင်းအရာတို့၌ တည်ရှိကြကုန်သော ရုပ်တရားစုတို့၌ = ရုပ်ကလာပ်တို့၌, ယင်းရုပ်ကလာပ် အသီးအသီးကို ဓာတ်ခွဲကြည့်သော် ရုပ်ကလာပ်တိုင်း၌ ရူပါယတန = ရူပါရုံလည်း ပါဝင်လျက်ပင် ရှိ၏။

ယင်း ရူပါယတန = ရူပါရုံကိုကား သို့မဟုတ် ရူပါရုံတို့၏ အပေါင်းအစုကိုကား စက္ခုဝိညာဏ်ဖြင့်လည်း သိနိုင်၏ မြင်နိုင်၏၊ မနောဝိညာဏ်ဖြင့်လည်း သိနိုင်၏ မြင်နိုင်၏။ ထိုကြောင့် ဣတ္ထိလိင်္ဂ ပုရိသလိင်္ဂ စသည်ကို စက္ခုဝိညေယျတရား = စက္ခုဝိညာဏ်ဖြင့်လည်း သိနိုင်သောတရား, မနောဝိညေယျတရား = မနောဝိညာဏ် ဖြင့်လည်း သိနိုင်သောတရားဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၁၊၃၅၈။ မူလဋီ၊၁၊၁၅၁။)

၁၅။ ပုရိသဘာဝရုပ်

၁၅။ ပုရိသဘာဝရုပ်

၁။ ပုရိသဘာဝလက္ခဏံ ပုရိသိန္ဒြိယံ၊

၂။ ပုရိသောတိ ပကာသနရသံ၊

၃။ ပုရိသလိင်္ဂနိမိတ္တကုတ္တာကပ္ပါနံ ကာရဏဘာဝပစ္စုပဋ္ဌာနံ၊

၄။ စတုမဟာဘူတပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၅၈။ ဝိသုဒ္ဓိ၊၂၊၇၇။)

၁။ အမျိုးသားဖြစ်ကြောင်းသဘော လက္ခဏ၊

၂။ ဤသူကား အမျိုးသားဟု ထင်ရှားပြခြင်း (ကိစ္စ) ရသ၊

၃။ (က) ပုရိသလိင်္ဂ = အမျိုးသား အသွင်သဏ္ဌာန်,

( ခ ) ပုရိသနိမိတ္တ = အမျိုးသားဟုသိကြောင်း အမှတ်အသား,

( ဂ ) ပုရိသကုတ္တ = အမျိုးသား အပြုအမူ,

(ဃ) ပုရိသအာကပ္ပ = အမျိုးသား အသွင်အပြင်တို့၏ အကြောင်းဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ပုရိသိန္ဒြေ၏မှီရာ ကမ္မဇ မဟာဘုတ် ပဒဋ္ဌာန်။

(က) ပုရိသလိင်္ဂ --- အမျိုးသား၏ လက် , ခြေ , လည်ပင်း, ရင်ဘတ် စသည်တို့၏ အသွင်သဏ္ဌာန်သည် အမျိုးသ္မီးကဲ့သို့ မဟုတ်၊ အမျိုးသ္မီးနှင့် မတူပေ။ အမျိုးသားတို့၏ အထက်ပိုင်းကိုယ်ကာယကား ရှင်းလင်း၏၊ အောက်ပိုင်း ကိုယ်ကာယကား မရှင်းလင်းပေ။ လက်ခြေတို့ကား ကြီးကုန်၏၊ မျက်နှာကား ကြီး၏။

( ခ ) ပုရိသနိမိတ္တ --- အမျိုးသားဟုသိကြောင်း အမှတ်အသား --- အမျိုးသားတို့၏ ရင်သားကား ရှင်းလင်း၏၊ မုတ်ဆိတ် ပါးမျိုင်းမွေး ကျင်စွယ်တို့ ပေါက်ရောက်ကုန်၏၊ ဆံထုံးပုံ အဝတ်ဝတ်ပုံသည် အမျိုးသ္မီးတို့နှင့် မတူညီပေ။

( ဂ ) ပုရိသကုတ္တ --- အမျိုးသားတို့၏ အပြုအမူ --- ငယ်ရွယ်စဉ်အခါဝယ် ရထားငယ် ထွန်ငယ် စသည်တို့ဖြင့် လယ်ထွန်တမ်း ကူးသန်းရောင်းဝယ်တမ်း စသည်ဖြင့်ကစားခြင်း, သဲကန်ပေါင်ရိုး ပြုလုပ်၍ ရေကန်တူးတမ်း ကစားခြင်း စသည်ကား အမျိုးသားတို့၏ အပြုအမူတည်း။

(ဃ) ပုရိသအာကပ္ပ --- အမျိုးသား အသွင်အပြင် --- အမျိုးသားတို့၏ သွားဟန်လာဟန် စားဟန် သောက်ဟန် စသောအပြုအမူကား အမျိုးသ္မီးတို့ကဲ့သို့ မဟုတ်ဘဲ သန့်သန့်ရှင်းရှင်း ရှိကြကုန်၏။ ရှင်းရှင်းလင်းလင်း သွားတတ် လာတတ်သော ပြုမူတတ်သော အမျိုးသ္မီးကိုတွေ့သော် အမျိုးသားလိုပင် သွားလာ၏ --- စသည်ဖြင့် ပြောဆိုတတ် ကြပေသည်။ (အဘိ၊ဋ္ဌ၊၁၊၃၅၈။)

ရှုကွက် --- (၆)ဒွါရနှင့် (၄၂)ကောဋ္ဌာသတို့တွင် ဘာဝဒသကကလာပ် ရနိုင်ရာ ကောဋ္ဌာသတို့၌ ဘာဝဒသကကလာပ်၌ ရှိသော (၁၀)မျိုးသော ရုပ်တရားတို့ကို ဓာတ်ခွဲလျက် ဘာဝရုပ်ကို ရွေးထုတ်၍ အထက်တွင်ဖော်ပြ ထားသည့်အတိုင်း မိမိ၏ ဘာဝရုပ်၏ လက္ခဏ-ရသ စသည်တို့ကို ဉာဏ်ဖြင့် မြင်အောင်ရှုပါ။

ဤဘာဝရုပ်ကား ကာယဒသကကလာပ်ကဲ့သို့ပင် တစ်ကိုယ်လုံး အနှံ့အပြား တည်ရှိ၏၊ ကိုယ်အင်္ဂါ အစိတ် အပိုင်း တစ်နေရာ၌သာ တည်ရှိသော ရုပ်တရားမျိုး မဟုတ်ပေ။ ထိုကြောင့် (၆)ဒွါရတို့၌လည်းကောင်း ထိုက် သင့်ရာ ရသင့််ရာ ကောဋ္ဌာသတို့၌လည်းကောင်း ဘာဝဒသကကလာပ် ရှိရာဌာနတိုင်း၌ ရှုပါ။

ဤဘာဝရုပ်သည် တစ်ကိုယ်လုံး အနှံ့အပြား တည်ရှိသော်လည်း ဘာဝဒသကကလာပ် အနေဖြင့်သာ တည်ရှိသဖြင့် ကာယဒသကကလာပ်စသော အခြားအခြားသော ရုပ်ကလာပ်တို့နှင့် ကလာပ်ချင်း မရောယှက်ပေ။ ရုပ်ကလာပ်ချင်း မရောမယှက် သီးခြားတည်ရှိသောကြောင့် မှီရာမဟာဘုတ်ချင်းလည်း မရောမယှက် သီးခြားစီ တည်ရှိ၏၊ မှီရာမဟာဘုတ်ချင်း မရောမယှက်ခြင်းကြောင့် အခြားအခြားသော ရုပ်တရားတို့နှင့်လည်း သဘာဝ သတ္တိ စွမ်းအင်ချင်း မရောမယှက် သီးသန့်သာ တည်ရှိ၏။

ဗဟုသုတရေးရာ အဖြာဖြာ

ဗဟုသုတရေးရာ အဖြာဖြာ

ဤ ဣတ္ထိန္ဒြေ ပုရိသိန္ဒြေ နှစ်မျိုးလုံးသည် ကမ္ဘာဦးကာလ၌ ဖြစ်ကြသော လူသားတို့၏ သန္တာန်ဝယ် ပဝတ္တိ အခါကျမှ ဖြစ်ပေါ်လာရ၏။ (မြေဆီ-မြေလွှာ-နွယ်ချိုတို့ ကွယ်ပျောက်ပြီးနောက် သလေးဆန်ကို စားသုံးကြသော အခါမှ ကျင်ကြီး ကျင်ငယ်စွန့်ရန် လမ်းများ ပေါ်ပေါက်လာ၏၊ ထိုအခါကျမှ ဣတ္ထိဘာဝရုပ် ပုမ္ဘာဝရုပ်များလည်း ဖြစ်လာကြ၏။) ကမ္ဘာဦးကာလမှ နောက်ပိုင်းကာလ၌ကား ပဋိသန္ဓေအခါ၌ ဘာဝရုပ်သည် စ၍ ဖြစ်၏။ (ဒီ၊၃၊ရဝ-၇၃)

ပဋိသန္ဓေအခါ၌ ဖြစ်သော ဘာဝရုပ်ပင် (ဣတ္ထိန္ဒြေ ပုရိသိန္ဒြေပင်) ဖြစ်သော်လည်း = ပဋိသန္ဓေက စ၍ အဆက်မပြတ် ဖြစ်ပေါ်လာသော ဘာဝရုပ်ပင်ဖြစ်သော်လည်း ပဝတ္တိအခါ၌ လှုပ်ရှားတတ်၏၊ ပြောင်းလဲတတ်၏၊ ပဝတ္တိအခါ၌ အဆက်မပြတ် ဖြစ်နေသော ဘာဝရုပ်သည်လည်း ပဝတ္တိအခါ၌ပင် လှုပ်ရှားတတ်၏၊ပြောင်းလဲ တတ်၏။

တေန ခေါ ပန သမယေန အညတရဿ ဘိက္ခုနော ဣတ္ထိလိင်္ဂံ ပါတုဘူတံ ဟောတိ။ တေန ခေါ ပန သမယေန အညတရိဿာ ဘိက္ခုနိယာ ပုရိသလိင်္ဂံ ပါတုဘူတံ ဟောတိ။ (ဝိ၊၁၊၄၃။)

ထိုအခါ၌ မထင်ရှားသော ရဟန်းတစ်ပါး၏ သန္တာန်ဝယ် ဣတ္ထိလိင်သည် (ဣတ္ထိဘာဝရုပ်သည်) ထင်ရှား ဖြစ်ပေါ်လာ၏။ ထိုအခါ၌ မထင်ရှားသော ဘိက္ခုနီမတစ်ပါး၏ သန္တာန်ဝယ် ပုရိသလိင်သည် (= ပုရိသဘာဝ ရုပ်သည်) ထင်ရှား ဖြစ်ပေါ်လာ၏။ (ဝိ၊၁၊၄၃။)

ဤသို့လျှင် ပဝတ္တိအခါ၌ကား လိင်အပြောင်းအလဲ ရှိတတ်၏။ အမျိုးသားသည်လည်း အမျိုးသ္မီး ဖြစ်သွား တတ်၏၊ အမျိုးသ္မီးသည်လည်း အမျိုးသား ဖြစ်လာတတ်၏။

တစ်ဖန် ဤနှစ်မျိုးသော လိင်တို့တွင် ပုရိသလိင်သည် မြတ်၏၊ ဣတ္ထိလိင်သည် ယုတ်ညံ့၏၊ ထိုကြောင့် ပုရိသလိင်သည် အားကောင်းသော အားရှိသော အကုသိုလ်ကြောင့် ကွယ်ပျောက်ရ၏၊ ဣတ္ထိလိင်သည် အားမရှိ သော အားနည်းသော ကုသိုလ်ကြောင့် တည်လာရ၏။ ဣတ္ထိလိင်သည်ကား ကွယ်ပျောက်လတ်သော် အားနည်း သော အားမရှိသော အကုသိုလ်ကြောင့် ကွယ်ပျောက်သွားရ၏၊ ပုရိသလိင်သည် အားကောင်းသော အားရှိသော ကုသိုလ်ကြောင့် တည်လာရ၏။ ဤသို့လျှင် လိင်နှစ်မျိုးလုံးသည် အကုသိုလ်ကြောင့် ကွယ်ပျောက်ရ၏၊ ကုသိုလ် ကြောင့် တည်လာရ၏ဟု သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၃၅၉။)

သုဂတိဘဝကို ရည်ရွယ်၍ --- ကုသိုလ်ကြောင့် တည်လာရ၏ --- ဟု ဆိုသည်။ ဒုဂ္ဂတိဘဝ၌ကား --- အကုသိုလ်ကြောင့်ပင် မူလလိင် ကွယ်ပျောက်၍ အကုသိုလ်ကြောင့်ပင် လိင်အသစ် ဘာဝရုပ်အသစ်သည် တည်လာရ၏ဟု မှတ်ပါ။ အဘယ်ကြောင့်နည်း --- ထိုဒုဂ္ဂတိဘုံ၌ ဘာဝရုပ်ကား အကုသိုလ်ကံကြောင့် ဖြစ်သော ကမ္မဇရုပ်ဖြစ်သောကြောင့်တည်း။ ဒုဂ္ဂတိဘုံ၌ ပဋိသန္ဓေ တည်နေရခြင်းသည် အကုသိုလ်ကြောင့်သာ ပဋိသန္ဓေ တည်နေရသဖြင့် ပဋိသန္ဓေအခါ၌ ဘာဝရုပ်သည် အကုသိုလ်ကြောင့်သာ ဖြစ်ရသကဲ့သို့ အလားတူပင် ပဝတ္တိအခါ ၌လည်း ဘာဝရုပ်သည် ဖြစ်ပေါ်လာလတ်သော် အကုသိုလ်ကြောင့်သာ ဖြစ်ပေါ်လာရ၏။ (မူလဋီ၊၁၊၁၅၁။)

လိင်ပြောင်းသွားသော်

လိင်ပြောင်းသွားသော်

ဘာဝရုပ် ပြောင်းသွားသောအခါ ဘာဝရုပ်၏ အကျိုးဆက်ဖြစ်သော လိင်္ဂနိမိတ္တတို့လည်း ပြောင်းကြရ၏။ ကုတ္တအာကပ္ပတို့ကား အနည်းငယ်ခန့် ကြာပြီးမှ မသိမသာ တဖြည်းဖြည်း ပြောင်းသွားကြ၏။ ဘာဝရုပ်သည် ကမ္မဇရုပ် ထုံးစံအတိုင်း ဘဝတစ်လျှောက်ဝယ် (စုတိခါနီးကာလမှလွဲလျှင်) စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း, ဌီကာလတိုင်း, ဘင်ကာလတိုင်း၌ အဆက်မပြတ် အထပ်ထပ် ဖြစ်၍နေရာ လိင်ပြောင်းခါနီး အခါဝယ် အစဉ်အတိုင်း အဆက်မပြတ် ဖြစ်၍လာသော မူလဘာဝရုပ်သည် အဖြစ်ရပ်၍, အသစ်ဘာဝရုပ်သည် ကံကြောင့် ဆက်၍ ဖြစ်၏။ မူလဘာဝရုပ် အဖြစ်ရပ်သည်နှင့် တစ်ပြိုင်နက် လိင်္ဂနိမိတ္တတို့နှင့်ဆိုင်သော ကမ္မဇရုပ်- စိတ္တဇရုပ်-ဥတုဇရုပ်-အာဟာရဇရုပ်တို့လည်း အဖြစ်ရပ်ကြ၍, အသစ်ဘာဝရုပ်၏ အကျိုးဆက်ဖြစ်သော လိင်္ဂနိမိတ္တ တို့နှင့်ဆိုင်သော ကမ္မဇရုပ်-စိတ္တဇရုပ်-ဥတုဇရုပ်-အာဟာရဇရုပ်များသည် ဆက်လက်၍ ဖြစ်ကြ၏။ ဤသို့ ရုပ်အပြောင်းအလဲ ဖြစ်ခြင်းကို လိင်ပြန်ခြင်းဟု ခေါ်ကြရသည်။

ဥဘတောဗျည်း

ဥဘတောဗျည်း

အမျိုးသ္မီးဖြစ်ထိုက်သောကံ = ဣတ္ထိလိင်ဖြစ်ထိုက်သောကံ, အမျိုးသားဖြစ်ထိုက်သောကံ = ပုရိသလိင် ဖြစ်ထိုက်သောကံဟူသော နှစ်ပါးစုံသော ကံကြောင့်ဖြစ်သော အင်္ဂါဇာတ်ရှိသူ = ဥဘတောဗျည်း၏ သန္တာန်၌ ဣတ္ထိန္ဒြေ သို့မဟုတ် ပုရိသိန္ဒြေဟူသော ဣန္ဒြေတစ်မျိုးသာ ဖြစ်သလော၊ သို့မဟုတ် ဣတ္ထိန္ဒြေ ပုရိသိန္ဒြေဟူသော ဣန္ဒြေနှစ်မျိုးလုံးတို့ပင် ဖြစ်ကုန်သလော --- ဤကား အမေးတည်း။

အဖြေ --- လိင်နှစ်မျိုးရှိသော ဥဘတောဗျည်း၏ သန္တာန်၌ ဣန္ဒြေ တစ်မျိုးသာ ရှိ၏ = (ဘာဝရုပ် တစ်မျိုး သာရှိ၏။) မိန်းမဥဘတောဗျည်း၏ သန္တာန်၌ ဣတ္ထိန္ဒြေ = ဣတ္ထိဘာဝရုပ်သာ ရှိ၏။ ယောက်ျားဥဘတောဗျည်း၏ သန္တာန်၌ ပုရိသိန္ဒြေ = ပုရိသဘာဝရုပ် တစ်မျိုးသာ ရှိ၏။ ဤကား အဖြေတည်း။

ဤသို့ ဥဘတောဗျည်း၌ ဣန္ဒြေတစ်ပါးသာ = ဘာဝရုပ်တစ်မျိုးသာ ရှိလတ်သော် နှစ်ခုမြောက်သောဗျည်း၏ (= နှစ်ခုမြောက်သော အင်္ဂါဇာတ် နိမိတ်၏) မရှိခြင်းသည် ဖြစ်လေရာ၏။ အဘယ်ကြောင့်နည်း ဣတ္ထိန္ဒြေ ပုရိသိန္ဒြေ = ဣတ္ထိဘာဝရုပ် ပုရိသဘာဝရုပ်ကို ဗျည်းဖြစ်ခြင်း၏ အကြောင်းဟူ၍ (အင်္ဂါဇာတ်ဖြစ်ခြင်း၏ အကြောင်းဟူ၍) ဆိုခဲ့ပြီ (= ဣတ္ထိန္ဒြေသည် ဣတ္ထိဗျည်းဖြစ်ခြင်း၏ ပုရိသိန္ဒြေသည် ပုရိသဗျည်းဖြစ်ခြင်း၏ အကြောင်းဟုဆိုခဲ့ပြီ။) ထို ဒုတိယဣန္ဒြေသည်လည်း ထိုဥဘတောဗျည်း၏ သန္တာန်၌ မရှိ ဖြစ်ခဲ့၏၊ ထိုကြောင့် ထိုဥဘတောဗျည်း သန္တာန်၌ ဒုတိယဗျည်း၏ မရှိခြင်းသည် ဖြစ်လေရာ၏။ ဤကား အမေးတည်း။

အဖြေ --- ထိုဥဘတောဗျည်းအတွက် ဣန္ဒြေသည် = ဘာဝရုပ်သည် ဗျည်းဖြစ်ခြင်း၏ အကြောင်းတရား မဟုတ်ပေ။ အဘယ်ကြောင့်နည်းဟူမူ --- အခါခပ်သိမ်း မရှိခြင်းကြောင့်တည်း။ ထပ်မံ ရှင်းလင်းတင်ပြပေအံ့ -အမျိုးသ္မီး ဥဘတောဗျည်း၏ သန္တာန်၌ အကြင်အခါဝယ် အခြားအမျိုးသ္မီး တစ်ဦးအပေါ်၌ ရာဂစိတ် = တပ်မက် သောစိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုအခါ၌သာလျှင် ထိုအမျိုးသ္မီး ဥဘတောဗျည်း၏ သန္တာန်၌ ယောက်ျားဗျည်း = ယောက်ျားနိမိတ်သည် ထင်ရှားလာ၏။ ဣတ္ထိဗျဉ္ဇနံ ပဋိစ္ဆန္နံ ဂုဠှံ ဟောတိ --- အမျိုးသ္မီးဗျည်းသည် = အမျိုးသ္မီးနိမိတ်သည် ဖုံးကွယ်နေ၏၊ လျှို့ဝှက်နေ၏။

အကယ်၍ ယင်းအမျိုးသ္မီး ဥဘတောဗျည်း၏ သန္တာန်၌ အကြင်အခါဝယ် အမျိုးသားတစ်ဦးအပေါ်၌ ရာဂစိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုအခါ၌သာလျှင် ထိုအမျိုးသ္မီး ဥဘတောဗျည်း၏ သန္တာန်၌ မိန်းမဗျည်း = မိန်းမနိမိတ်သည် ထင်ရှားဖြစ်ပေါ်လာ၏။ ယောက်ျားဗျည်းသည် = ယောက်ျားနိမိတ်သည် ဖုံးကွယ်နေ၏၊ လျှို့ဝှက် နေ၏။

ယောက်ျားဥဘတောဗျည်းသည် အကြင်အခါဝယ် အမျိုးသ္မီးတစ်ဦးအပေါ်၌ ရာဂစိတ် ဖြစ်နေ၏၊ ထိုအခါ မျိုး၌သာလျှင် ထိုယောက်ျားဥဘတောဗျည်း၏ သန္တာန်၌ ယောက်ျားဗျည်း = ယောက်ျားနိမိတ်သည် ထင်ရှားလာ ၏။ မိန်းမဗျည်း = မိန်းမနိမိတ်သည် ဖုံးကွယ်နေ၏၊ လျှို့ဝှက်နေ၏။

အကယ်၍ ယောက်ျားဥဘတောဗျည်းသည် အကြင်အခါဝယ် အခြားယောက်ျားတစ်ဦး အပေါ်၌ ရာဂစိတ် ဖြစ်နေ၏၊ ထိုအခါမျိုး၌သာလျှင် ထိုယောက်ျားဥဘတောဗျည်း၏ သန္တာန်၌ မိန်းမဗျည်း = မိန်းမနိမိတ် သည် ထင်ရှားလာ၏။ ယောက်ျားဗျည်း = ယောက်ျားနိမိတ်သည် ဖုံးကွယ်နေ၏၊ လျှို့ဝှက်နေ၏။

တစ်ဖန် ထိုဥဘတောဗျည်းတို့၏ ဣန္ဒြေသည် = ဘာဝရုပ်သည် ဒုတိယဗျည်း = ဒုတိယနိမိတ် ဖြစ်ဖို့ရန် အကြောင်းတရားသည် အကယ်၍ ဖြစ်ငြားအံ့၊ ဤသို့ ဖြစ်လတ်သော် အခါခပ်သိမ်းလည်း ဗျည်းနှစ်မျိုးလုံး = နိမိတ်နှစ်ခုလုံးသည် တည်နေလေရာ၏၊ စင်စစ် တည်ကားမတည်။ ထိုကြောင့် ထိုဥဘတောဗျည်း၏ ထိုဣန္ဒြေသည် (= ထိုဘာဝရုပ်သည်) ဗျည်း = နိမိတ်ဖြစ်ဖို့ရန် အကြောင်းမဟုတ်ပေ။ (အဘိ၊ဋ္ဌ၊၁၊၃၅၉။)

ကမ္မသဟာယံ ပန ရာဂစိတ္တမေဝေတ္ထ ကာရဏံ။ (အဘိ၊ဋ္ဌ၊၁၊၃၅၉။)

အလျော်အားဖြင့်ဆိုရမူ ကံဟူသော အဖော်သဟဲ (= အဖော်သဟာယ်) ရှိသော ရာဂစိတ်သည်သာလျှင် ဤဒုတိယနိမိတ် ဖြစ်ရာ၌ အကြောင်းတရားပင်တည်း။ (အဘိ၊ဋ္ဌ၊၁၊၃၅၉။)

ယသ္မာ တဿ ဧကမေဝ ဣန္ဒြိယံ ဟောတိ၊ တသ္မာ ဣတ္ထိဥဘတောဗျဉ္ဇနကော သယမ္ပိ ဂဗံ႓ ဂဏှာတိ၊ ပရမ္ပိ ဂဏှာပေတိ။ ပုရိသဥဘတောဗျဉ္ဇနကော ပရံ ဂဗံ႓ ဂဏှာပေတိ၊ သယံ ပန န ဂဏှာတီတိ။ (အဘိ၊ဋ္ဌ၊၁၊၃၅၉။)

ဆက်၍ ဆိုဦးအံ့ --- ထိုဥဘတောဗျည်း၏ သန္တာန်၌ (= သဏ္ဌာန်၌) ဣန္ဒြေတစ်မျိုး = ဘာဝရုပ်တစ်မျိုးသာ ရှိသောကြောင့် မိန်းမဥဘတောဗျည်းသည် ကိုယ်တိုင်လည်း (အခြားယောက်ျားတို့နှင့် ပေါင်းဖော်ခဲ့သော်) ကိုယ်ဝန် ကို ယူနိုင်၏။ အခြားအမျိုးသ္မီး တစ်ဦးကိုလည်း (မိမိနှင့် ပေါင်းဖော်ခြင်းဖြင့်) ကိုယ်ဝန်ကို ယူစေနိုင်၏။

ယောက်ျားဥဘတောဗျည်းကား (အခြားအမျိုးသ္မီးတစ်ဦးကို ပေါင်းဖော်ခြင်းဖြင့်) သူတစ်ပါးကို ကိုယ်ဝန်ကို ယူစေနိုင်၏။ မိမိကိုယ်တိုင်ကား (အခြားယောက်ျားတို့နှင့် ပေါင်းဖော်ခြင်းဖြင့်) ကိုယ်ဝန်ကို မယူနိုင်ဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၃၅၉။)

န ပန တိဋ္ဌတိ = အခါခပ်သိမ်း မတည်ဟူသည်

န ပန တိဋ္ဌတိ = အခါခပ်သိမ်း မတည်ဟူသည်

အခါခပ်သိမ်း နိမိတ်နှစ်ခုသည် မတည်ဟု ဆိုသော်လည်း အထင်အရှား မတည်ခြင်းကို ဆိုလိုဟန်တူသည်။ ဘာကြောင့်နည်း။ ရှေး၌ --- ပုရိသဗျဉ္ဇနံ ပါကဋံ ဟောတိ၊ ဣတ္ထိဗျဉ္ဇနံ ပဋိစ္ဆန္နံ ဂုဠှံ ဟောတိ = မိန်းမဥဘတောဗျည်းသည် အခြားအမျိုးသ္မီးတစ်ဦး အပေါ်၌ ရာဂစိတ် ဖြစ်ပေါ်နေသောအခါ ယောက်ျားဗျည်း = နိမိတ်သည် ထင်ရှားလာ၏၊ မိန်းမဗျည်း = နိမိတ်သည် ဖုံးကွယ်နေ၏၊ လျှို့ဝှက်နေ၏ -- ဟု ဆိုခဲ့သောကြောင့်တည်း။ ထိုကြောင့် ယောက်ျားဥဘတောဗျည်း၌ ယောက်ျားနိမိတ် ထင်ရှား၍ မိန်းမနိမိတ်က မထင်မရှား ရှိနေ၏ဟုလည်းကောင်း, မိန်းမဥဘတောဗျည်း၌ မိန်းမနိမိတ်က အထင်အရှားရှိ၍ ယောက်ျားနိမိတ်က မထင်မရှား ရှိ၏ဟုလည်းကောင်း မှတ်ယူထိုက်သည်။ (အဋ္ဌသာလိနီဘာသာဋီကာ၊၄၊၁၀။)

ဣန္ဒြေတစ်မျိုးသာ ရှိနိုင်ပုံ

ဣန္ဒြေတစ်မျိုးသာ ရှိနိုင်ပုံ

တယိဒံ ဒွယံ ယသ္မာ သန္တာနေ သဟ န ပဝတ္တတိ ယဿ ဣတ္ထိန္ဒြိယံ ဥပ္ပဇ္ဇတိ၊ တဿ ပုရိသိန္ဒြိယံ ဥပ္ပဇ္ဇတီတိ? နောတိအာဒိဝစနတော။ တသ္မာ ဥဘတောဗျဉ္ဇနကဿပိ ဧကမေဝိန္ဒြိယံ ဟောတီတိ ဝုတ္တံ။ (မူလဋီ၊၁၊၁၅၁။)

ဣတ္ထိန္ဒြေ , ပုရိသိန္ဒြေဟူသော ဘာဝရုပ်နှစ်မျိုးလုံးသည် သတ္တဝါတစ်ယောက်၏ သန္တာန်၌ အတူတကွကား မဖြစ်နိုင်၊ အဘယ်ကြောင့် သိနိုင်ပါသနည်းဟူမူ --- ဘုရားရှင်သည် ဣန္ဒြိယယမိုက်ပါဠိတော်၌ ---

ယဿ ဣတ္ထိန္ဒြိယံ ဥပ္ပဇ္ဇတိ၊ တဿ ပုရိသိန္ဒြိယံ ဥပ္ပဇ္ဇတီတိ? နော။ (အဘိ၊၇၊၁၁၇။)

အကြင်ပုဂ္ဂိုလ်၏ သန္တာန်၌ ဣတ္ထိန္ဒြေသည် ဖြစ်နေဆဲ ဖြစ်၏၊ ထိုဣတ္ထိန္ဒြေ ဖြစ်နေဆဲ (ထင်ရှားရှိနေဆဲ) ပုဂ္ဂိုလ်၏ သန္တာန်၌ ပုရိသိန္ဒြေသည် ဖြစ်ဆဲလောဟု မေးခဲ့သော် ဖြစ်ဆဲမဟုတ်ဟု ဖြေဆိုရာ၏။

ဤသို့စသော စကားတော်ကို ဟောကြားထားတော်မူသောကြောင့် သိနိုင်ပါ၏ ဟူပေ။ ထိုသို့ သတ္တဝါ တစ်ဦး၏ သန္တာန်၌ ဣန္ဒြေနှစ်မျိုး = ဘာဝရုပ်နှစ်မျိုးတို့၏ ပြိုင်တူမဖြစ်နိုင်ခြင်းကြောင့် ဥဘတောဗျည်း၏ သန္တာန် ၌လည်း တစ်မျိုးသာလျှင်ဖြစ်သော ဣန္ဒြေသည် = ဘာဝရုပ်သည် ဖြစ်နိုင်၏ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆို သွားတော်မူခြင်း ဖြစ်သည်။ (မူလဋီ၊၁၊၁၅၁။)

ဆရာဝန်ကြီးများ၏ စွမ်းအင်

ဆရာဝန်ကြီးများ၏ စွမ်းအင်

မျက်မှောက်ခေတ်ဝယ် ဆရာဝန်ကြီးများသည် ထိုကဲ့သို့သော ဗျည်းနှစ်ခုရှိသူ ဥဘတောဗျည်းအား ဗျည်းနှစ်ခု ရှိသူ၏ ကြိုက်နှစ်သက်ရာ ဗျည်းတစ်ခုတည်းရှိသူဖြစ်အောင် ခွဲစိတ်ကုသနိုင်ကြသောဟူ၏။ ဘာဝရုပ်သည် ကမ္မဇရုပ် ဖြစ်သဖြင့် ကံကြောင့်သာ ပြောင်းလဲနိုင်၏ဟု တစ်ဖက်သတ် အယူမသီးသင့်ပေ။

အထက်တွင် တင်ပြခဲ့သည့်အတိုင်း ကံ၏အဖော်သဟဲကို ရရှိသော ရာဂစိတ်၏ စွမ်းအင်ကြောင့် ဥဘတော ဗျည်း၏ သန္တာန်ဝယ် ဗျည်းနိမိတ်တစ်ခုခု ထင်ရှားလာနိုင်ကြောင်း အဆိုကိုလည်း သတိပြုပါ။

တစ်ဖန် ဥဘတောဗျည်းသည် အတိတ်ဘဝဝယ် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်လျှင်အရင်းခံရှိသော ဗျည်းနှစ်ခုကို ရရှိစေနိုင်သော ကံကို ပြုစုပျိုးထောင်ခဲ့၏။ ထိုကံသည် ကာလ-ဂတိ-ပယောဂ-ဥပဓိဟူသော ပစ္စုပ္ပန် အကြောင်း တရားတို့နှင့် ပေါင်းဖော်မိပါမှ အကျိုးပေးဖို့ရန် အခွင့်အလမ်း သာလာ၏။

ထိုဥဘတောဗျည်းသည် တစ်ဘက်က ဗျည်းနှစ်ခုကိုရစေနိုင်သော ကံကို အားထုတ်ခဲ့ငြားသော်လည်း တစ်ဘက်ကလည်း ယခုကဲ့သို့ ခွဲစိတ်ကုသပါက ဗျည်းတစ်ခုကိုသာ ရရှိနိုင်စေသော ကံမျိုးကိုလည်း ထူထောင်ခဲ့သူ ဖြစ်လေရာ၏။ ဗျည်းနှစ်ခုကို ရစေနိုင်သော ကံ၏စွမ်းအင်ကို သို့မဟုတ် ကံ၏အကျိုးတရားကို ဗျည်းတစ်ခုကိုသာ ရစေနိုင်သော ကံက အနိုင်ယူနိုင်သော စွမ်းအင်ရှိလာချိန်ဝယ် ဥဘတောဗျည်းရှိသူ၏ ဆရာဝန်နှင့် ခွဲစိတ်ကုသခြင်း ဟူသော ပယောဂ = ကြိုးစား အားထုတ်မှုကို အမှီရသဖြင့် ဗျည်းတစ်ခုကိုသာ ရစေနိုင်သော ကံ၏စွမ်းအင်ကြောင့် ဗျည်းတစ်ခုသာ ရရှိသွားခြင်းဖြစ်သည်ဟု မှတ်ပါ။ ကာလ-ဂတိ-ပယောဂ-ဥပဓိဟူသော အကြောင်းတရားတို့နှင့် ပေါင်းဖော်ရသဖြင့် ဗျည်းတစ်ခုကိုသာ ရစေနိုင်သောကံက အကျိုးပေးခြင်းပင် ဖြစ်သည်။ ဘာဝရုပ်သည် ကမ္မဇရုပ် ဧကန်ဖြစ်သဖြင့် ကံအကြောင်းတရားနှင့် အဆက်အသွယ် မကင်းနိုင်သည်ကိုကား သတိပြုရမည် ဖြစ်ပေသည်။ ထိုသို့ ခွဲစိတ်ကုသရာ၌ နိမိတ္တ-ကုတ္တ-အာကပ္ပတို့မှာ ခွဲစိတ်ပြီးလျှင်ပြီးခြင်း ပြောင်းလဲမှု မဖြစ်သေးဘဲ တစ်နေ့တစ်ခြား တဖြည်းဖြည်း ပြောင်းလဲသွားသည်ဟု ဆို၏။

၁၆။ ရုပ်ဇီဝိတ

၁၆။ ရုပ်ဇီဝိတ

၁။ သဟဇာတရူပါနုပါလနလက္ခဏံ ဇီဝိတိန္ဒြိယံ၊

၂။ တေသံ ပဝတ္တနရသံ၊

၃။ တေသညေဝ ဌပနပစ္စုပဋ္ဌာနံ၊

၄။ ယာပယိတဗ္ဗဘူတပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၅၉။ ဝိသုဒ္ဓိ၊၂၊၇၇။)

၁။ အတူဖြစ်သော ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်ခြင်းသဘော လက္ခဏ၊

၂။ ထိုကလာပ်တူ ကမ္မဇရုပ်တို့ကို ဥပါဒ်မှသည် ဘင်သို့တိုင်အောင်

ဖြစ်စေခြင်း = မျှစေခြင်း = အသက်ရှည်စေခြင်း (ကိစ္စ) ရသ၊

၃။ ထိုကလာပ်တူ ကမ္မဇရုပ်တို့ကို ဘင်မတိုင်မီ အသက်ရှည်အောင်

တည်အောင် ထားတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိသည် ဖြစ်စေအပ် မျှစေအပ် အသက်ရှည်စေအပ်သော ကလာပ်တူ ကမ္မဇမဟာဘုတ် ပဒဋ္ဌာန်။

လက္ခဏ --- ဤရုပ်ဇီဝိတိန္ဒြေသည် ရုပ်ကလာပ်တစ်ခု အတွင်း၌ တည်ရှိသော မိမိနှင့် အတူဖြစ်ဖက် ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်သောကြောင့် ကမ္မဇရုပ်များ၏ အသက်ပေတည်း။ ရုပ်ဇီဝိတသည် ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်သော်လည်း ကလာပ်ပြား ကမ္မဇရုပ်တို့ကိုကား မစောင့်ရှောက်နိုင်။ စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်တို့သည် မိမိ မိမိတို့၏ ဆိုင်ရာဆိုင်ရာ အကြောင်းတရားများ ဖြစ်ကြသည့် စိတ်-ဥတု-အာဟာရတို့သည် ထင်ရှားရှိနေခိုက်မှာပင် ဖြစ်ကြရသောကြောင့် --- အမိထင်ရှားရှိနေသော သားကို နို့ထိန်းစသည့် သူတစ်ပါးက စောင့်ရှောက်ဖွယ် မလိုတော့သကဲ့သို့ တစ်ပါးသော တရားတို့က စောင့်ရှောက်ဖွယ်မလို၊ စိတ်-ဥတု-အာဟာရတို့ကပင် မိမိတို့ ဆိုင်ရာ ရုပ်တရားများကို တည်တံ့အောင် စောင့်ရှောက်နိုင်ကြလေသည်။ ဤကမ္မဇရုပ်တို့မှာ မိမိတို့ကို တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဇနကအကြောင်းကံ ချုပ်ဆုံးပြီးနောက် တော်တော် ကြာမှ, အချို့သော ကမ္မဇရုပ်များကား အကြောင်းရင်းကံနှင့် ဘဝပေါင်းများစွာ ကွာခြားပြီးမှ ယင်းကံ၏ အကျိုး တရားအဖြစ်ဖြင့် ဖြစ်ပေါ်လာရကား --- အမိမဲ့သားကို နို့ထိန်းက အသက်ရှည်အောင် စောင့်ရှောက်ရသကဲ့သို့ ယင်းကမ္မဇရုပ်တို့ကိုလည်း စိတ္တက္ခဏ (၁၇)ချက်ဟူသော ရုပ်တရားတို့၏ သက်တမ်းဓမ္မတာ အချိန်စေ့အောင် တည်တံ့နိုင်ရေးအတွက် ရုပ်ဇီဝိတိန္ဒြေက စောင့်ရှောက်ပေးရလေသည်။ ထိုကြောင့် တစ်ခုသော စက္ခုဒသကကလာပ်၌ ပါရှိသော ဇီဝိတက ထိုရုပ်ကလာပ်၌ပင် ပါဝင်ကြသော (၉)မျိုးသော ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်၏။ တစ်ခုသော သောတဒသကကလာပ်၌ ပါဝင်သော ဇီဝိတက ထိုကလာပ်၌ပင် ပါဝင်ကြသော (၉)မျိုးသော ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်၏၊ ဤသို့စသည်ဖြင့် ကမ္မဇရုပ်ကလာပ်တိုင်း၌ ပါဝင်သော ဇီဝိတက မိမိ၏ ကလာပ်တူ ကမ္မဇရုပ်များကို စောင့်ရှောက်သည်ဟု သိရှိပါလေ။ ကမ္မဇရုပ်ကလာပ်တိုင်း၌ ဤဇီဝိတကား ပါမြဲဓမ္မတာတည်း။

ကိစ္စရသ --- ပဝတ္တနရသ --- ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ရှိသော အတူဖြစ်သော ကလာပ်တူ ကမ္မဇ ရုပ်တို့ကို ဥပါဒ်မှသည် ဘင်သို့တိုင်အောင် ဖြစ်စေခြင်းဟူသည် မျှစေခြင်း အသက်ရှည်စေခြင်းပင်တည်း။ မကွယ် မပျောက်သေးဘဲ ထင်ရှားရှိစေခြင်းကို ဆိုလိုပေသည်။

ဇီဝိတသည် အတူဖြစ်သော ကလာပ်တူ ကမ္မဇရုပ်တို့ကို အစဉ်စောင့်ရှောက်ခြင်း အနုပါလနလက္ခဏ, မျှစေ အသက်ရှည်စေခြင်း = ပဝတ္တနရသစသော အစီအရင် ထင်ရှားရှိသော်လည်း -- ရေသည် ကြာ စသည်တို့ကို ထင်ရှားရှိခိုက်၌သာလျှင် စောင့်ရှောက်သကဲ့သို့ --- ဇီဝိတသည်လည်း စောင့်ရှောက်အပ်သော ကလာပ်တူ ကမ္မဇရုပ် တရားတို့ ထင်ရှားရှိနေခိုက်၌သာလျှင် ထိုအတူဖြစ်သော ကလာပ်တူ ကမ္မဇရုပ်တရားတို့ကို စောင့်ရှောက်ပေသည်။

နို့ထိန်းသည် သူတစ်ပါးမွေးသော မင်းသားကို စောင့်ရှောက်သကဲ့သို့ မိမိ မိမိတို့၏ ကိုယ်ပိုင်ဥစ္စာဖြစ်သော ကံကြောင့်ဖြစ်သော ကလာပ်တူ ကမ္မဇရုပ်တရားတို့ကို ကလာပ်တူ ဇီဝိတက စောင့်ရှောက်ပေး၏။ ထိုသို့ စောင့် ရှောက်သော်လည်း --- လှေသူကြီးသည် လှေကို ကမ်းတစ်ဘက်သို့ရောက်အောင် လှော်ခတ်ရာ၌ လှေနှင့် စပ်နေ သော မိမိကိုယ်ကိုလည်း ကမ်းတစ်ဘက်သို့ ရောက်စေသကဲ့သို့ = ကမ်းတစ်ဘက်သို့ ရောက်စေအပ်သော လှေနှင့် ဆက်စပ်သဖြင့်သာလျှင် မိမိသည်လည်း ကမ်းတစ်ဘက်သို့ ရောက်ရသကဲ့သို့ --- အလားတူပင် ဇီဝိတသည်လည်း မိမိသည် မျှစေအပ် အသက်ရှည်စေအပ်သော ကလာပ်တူကမ္မဇရုပ်နှင့် ဆက်စပ်သဖြင့်သာလျှင် ဖြစ်ပေါ်လာနိုင်၏၊ မျှနိုင်၏၊ အသက်ရှည်နိုင်၏။ မိမိတစ်ဦးချင်း မိမိချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအင်သတ္တိ မရှိ။ သို့အတွက် အတူဖြစ်ဖက် ကမ္မဇရုပ်တို့ကို စောင့်ရှောက်ခြင်းဖြင့် မိမိကိုယ်ကို စောင့်ရှောက်ခြင်းကိစ္စလည်း ပြီးစီးသွားပေသည်။

အကယ်၍ ကမ္မဇရုပ်တို့၏ ရပ်တည်မှုသည် ဇီဝိတိန္ဒြေနှင့် ဆက်စပ်မှု ရှိနေလျှင် အဘယ်ကြောင့် ဇီဝိတ သည် ကမ္မဇရုပ်များကို အခါခပ်သိမ်းတည်အောင် မထားနိုင်ပါသနည်းဟု မေးဖွယ်ရာ ရှိ၏၊ အကြောင်းကား ဤသို့တည်း --- ဘင်ကာလမှအထက်၌ ဇီဝိတက အတူဖြစ်သော ကလာပ်တူကမ္မဇရုပ်တို့ကို မမျှစေနိုင် အသက် မရှည်စေနိုင်။ အကြောင်းမူ မိမိ ဇီဝိတသည်လည်းကောင်း, မိမိသည် မျှစေအပ် အသက်ရှည်စေအပ်သော ကလာပ် တူ ကမ္မဇရုပ်တို့သည်လည်းကောင်း ဘင်ကာလမှနောက်၌ မတည်ကြတော့သောကြောင့် ဖြစ်၏။

ထိုသို့ ဘင်ခဏ၏အထက်၌ မမျှစေနိုင် အသက်မရှည်စေနိုင်ဆိုသော်လည်း --- ဇီဝိတသည် အတူဖြစ်ဖက် ကလာပ်တူ ကမ္မဇရုပ်တို့ကို အစဉ်စောင့်ရှောက်ခြင်း, မျှစေခြင်း, အသက်ရှည်စေခြင်း, ဥပါဒ်မှသည် ဘင်သို့မတိုင်မီ တည်အောင်ထားခြင်း, တည်စေခြင်း အာနုဘော်မှ လုံးဝကင်းသွားသည်ကား မဟုတ်ပေ။ အဘယ်ကြောင့်နည်းဟူမူ ဆိုအပ်ခဲ့ပြီးသော ဥပါဒ်မှသည် ဘင်သို့မတိုင်မီ ထိုထို ခဏတိုင်း ခဏတိုင်း၌ အသစ်အသစ် ထပ်ကာထပ်ကာ အဆက်မပြတ် ဖြစ်ပေါ်လာသော ထိုထို အတူဖြစ်ဖက် ကလာပ်တူ ကမ္မဇရုပ်တို့ကို ထိုထိုကလာပ်တူ ဇီဝိတက စောင့်ရှောက်ခြင်း မျှစေခြင်း အသက်ရှည်စေခြင်းစသော ကိစ္စလုပ်ငန်းရပ်ကို ပြီးစီးစေသောကြောင့် ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၇၇။)

အနိစ္စ - ဒုက္ခ - အနတ္တ သဘော

အနိစ္စ - ဒုက္ခ - အနတ္တ သဘော

ဇီဝိတသည်လည်းကောင်း, မိမိဇီဝိတသည် မျှစေအပ် အသက်ရှည်စေအပ်သော ကမ္မဇရုပ်တို့သည်လည်း ကောင်း ဘင်ကာလမှ နောက်၌ အဘယ်ကြောင့် မတည်နိုင်ကြပါသနည်း ဟူမူ ---

ရူပံ ဘိက္ခဝေ အနိစ္စံ၊ ယောပိ ဟေတု ယောပိ ပစ္စယော ရူပဿ ဥပ္ပါဒါယ၊ သောပိ အနိစ္စော၊ အနိစ္စသမ္ဘူတံ ဘိက္ခဝေ ရူပံ ကုတော နိစ္စံ ဘဝိဿတိ။ (သံ၊၂၊၂၀။)

ရဟန်းတို့ ... ရုပ်တရားသည် အနိစ္စတည်း။ ရုပ်တရား၏ ဖြစ်ပေါ်လာဖို့ရန် တိုက်ရိုက်ဖြစ်စေတတ်သော အကြင် ဟေတုအကြောင်းတရား = ဇနကအကြောင်းတရားသည်လည်း ရှိ၏၊ အကြင် အားပေးထောက်ပံ့တတ် သော ဥပတ္ထမ္ဘကအကြောင်းတရား ပစ္စယအကြောင်းတရားသည်လည်း ရှိ၏။ ထိုဇနကအကြောင်းတရား ဥပတ္ထမ္ဘက အကြောင်းတရားသည်လည်း အနိစ္စသာတည်း။ ရဟန်းတို့ ...အနိစ္စဖြစ်သည့် အကြောင်းတရားများကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ရုပ်တရားသည် အဘယ်မှာလျှင် နိစ္စ ဖြစ်နိုင်ပါအံ့နည်း။ (သံ၊၂၊၂၀။) ဒုက္ခဖြစ်ပုံ အနတ္တဖြစ်ပုံကိုလည်း ပုံစံတူပင် ဟောကြားထားတော်မူ၏။

ရုပ်တရားတို့၏ ဟေတုအကြောင်း ဇနကအကြောင်းတရားများမှာ အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့ သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ပင် ဖြစ်ကြ၏။ အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်း ပစ္စယအကြောင်းတရားတို့မှာ စိတ်ဥတုအာဟာရတို့ ဖြစ်ကြ၏။ ရုပ်ဇီဝိတသည် အတူဖြစ်ဖက် ကလာပ်တူ ကမ္မဇရုပ် တို့ကို အနုပါလကသတ္တိဖြင့် စောင့်ရှောက်တတ်သော အနုပါလကအကြောင်းတရားပင် ဖြစ်၏။

မိမိတို့ကို ဖြစ်စေတတ်, အားပေးထောက်ပံ့တတ်, စောင့်ရှောက်တတ်သော အကြောင်းတရားတို့ ကိုယ်တိုင်က အနိစ္စ-ဒုက္ခ-အနတ္တတရားတို့သာ ဖြစ်ကြခြင်းကြောင့် ယင်း အနိစ္စ-ဒုက္ခ-အနတ္တတရားတို့ကြောင့် ထင်ရှားဖြစ်ပေါ် လာကြရသော ဇီဝိတသည်လည်းကောင်း, ဇီဝိတနှင့် ကလာပ်တူ ကမ္မဇရုပ်တို့သည်လည်းကောင်း အနိစ္စ-ဒုက္ခ -အနတ္တတရားတို့သာ ဖြစ်ကြရ၏။ ထိုကြောင့် ဇီဝိတသည်လည်းကောင်း, မိမိဇီဝိတသည် မျှစေအပ် အသက်ရှည် စေအပ်သော ကမ္မဇရုပ်တို့သည်လည်းကောင်း ဘင်ကာလမှနောင်၌ မတည်ရှိနိုင်ကြခြင်း ဖြစ်၏။

ထို အတူဖြစ်ဖက် ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်ခြင်း အနုပါလနကိစ္စ = ဥပါဒ်မှသည် ဘင်သို့ မတိုင်မီ ကလာပ်တူ ကမ္မဇရုပ်တို့ကို မျှစေခြင်း အသက်ရှည်စေခြင်း ပဝတ္တနကိစ္စစသော ထိုထိုကိစ္စကို ပြီးစေခြင်း မှာလည်း ဇီဝိတ၏ အသက်ရှင်မှုဟူသော ထူးခြားချက် အကြောင်းတရားကြောင့် ဖြစ်သည်။ ဣန္ဒြိယဗဒ္ဓ အမည် ရသော စက္ခုစသော ဣန္ဒြေတို့နှင့် ဆက်စပ်နေသော ရုပ်တရား၏ မတရူပ အမည်ရသော သူသေအလောင်းကောင် ၏ ရုပ်မှ ထူးခြားမှုကိုလည်းကောင်း, ကမ္မဇရုပ်နှင့် ကမ္မဇရုပ်သို့ အစဉ်လိုက်၍ဖြစ်သော ရုပ်၏ စိတ္တဇရုပ်-ဥတုဇရုပ် အာဟာရဇရုပ်တို့မှ ထူးခြားမှုကိုလည်းကောင်း ဇီဝိတိန္ဒြေက ပြုလုပ်၍ပေးသည်။ ဇီဝိတိန္ဒြေကြောင့်သာလျှင် ထိုရုပ် တရားတို့၏ အချင်းချင်း ထူးခြားမှု ရှိနေကြခြင်း ဖြစ်၏။ တစ်ဖန် ဇီဝိတိန္ဒြေသည် အတူဖြစ်ဖက် ကမ္မဇရုပ်တရားတို့ ၏ ဥပါဒ်မှသည် ဘင်သို့မတိုင်မီ တစ်ခဏမျှ တည်နေနိုင်ရေး ခဏဋ္ဌိတိ အတွက်သက်သက်သာ အကြောင်းတရား ဖြစ်သည် မဟုတ်သေး၊ ကမ္မဇရုပ် သန္တတိအစဉ်၏ မပြတ်မစဲ အမြဲပင် ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်ပေါ်ရေးအတွက်လည်း အကြောင်းတရားဖြစ်သည်ဟု မှတ်ပါ။ အကယ်၍ ကမ္မဇရုပ် သန္တတိအစဉ်၏ မပြတ်မစဲ အမြဲတမ်း ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်ပေါ်ရေးအတွက်လည်း အကြောင်းတရား မဟုတ်ပါဟု ယူဆခဲ့လျှင် အသက်ကုန်ခြင်းကြောင့် သေခြင်း = အာယုက္ခယမရဏဟူသည် မသင့်လေရာ မရှိလေရာ မဖြစ် နိုင်လေရာ။ (မဟာဋီ၊၂၊၉၆။) ရှေးရှေးကမ္မဇရုပ်များ မချုပ်ဆုံးမီ နောက်နောက်ကမ္မဇရုပ်များ အသစ်အသစ် ဥပါဒ်လျက် အထပ်ထပ်ဖြစ်ပေါ်၍ တည်နေခြင်းကို ပဗန္ဓဌိတိ = ပဗန္ဓာနုပစ္ဆေဒဟု ခေါ်၏။ ဇီဝိတိန္ဒြေသည် ကလာပ်တူ ကမ္မဇရုပ်တရားတို့ကို အနုပါလကသတ္တိဖြင့်သာ ကျေးဇူးပြုသည် မဟုတ်သေး၊ ပဗန္ဓဌိတိ အတွက် လည်း ကျေးဇူးပြုသည်ဟု ဆိုလိုသည်။

ဤ ဇီဝိတိန္ဒြေသည်လည်း စားအပ် ခဲအပ် လျက်အပ် သောက်အပ်သော အစာကို ကြေကျက်စေတတ်သော ပါစကဝမ်းမီးဟု ခေါ်ဆိုအပ်သော ပါစကတေဇောဓာတ်နှင့်တကွသော ကမ္မဇရုပ်ကလာပ်တို့၌လည်းကောင်း, ဆံဖျား အမွေးဖျား ခြေသည်းဖျား လက်သည်းဖျား ခြောက်သွေ့သော အရေဖျားကို ချန်ထား၍ ကြွင်းသော တစ်ကိုယ်လုံး၌ တည်ရှိသော ကမ္မဇရုပ်ကလာပ်တိုင်း၌လည်းကောင်း နှံ့စေလျက် တည်ရှိပေသည်။ မိမိရှုလိုသည့် ကမ္မဇရုပ်ကလာပ်ကို ဓာတ်ခွဲလျက် ဇီဝိတကို ရွေးထုတ်၍ လက္ခဏ-ရသ စသည်ကို အထက်တွင် ရေးသားတင်ပြ ထားသည့်အတိုင်း ရှုပါ။

၁၇။ ဟဒယဝတ္ထု

၁၇။ ဟဒယဝတ္ထု

၁။ မနောဓာတုမနောဝိညာဏဓာတူနံ နိဿယလက္ခဏံ ဟဒယဝတ္ထု။

၂။ တာသညေဝ ဓာတူနံ အာဓာရဏရသံ၊

၃။ ဥဗ္ဗဟနပစ္စုပဋ္ဌာနံ၊

၄။ စတုမဟာဘူတပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၇၇။)

၁။ မနောဓာတ် + မနောဝိညာဏဓာတ်တို့၏ မှီရာဖြစ်ခြင်းသဘော လက္ခဏ၊

၂။ ထိုဓာတ်နှစ်ပါးတို့၏သာလျှင် တည်ရာဖြစ်ခြင်း (ကိစ္စ) ရသ၊

၃။ ထိုဓာတ်နှစ်ပါးတို့ကို ထမ်းဆောင်ထားတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိ (ဟဒယဝတ္ထု)၏မှီရာ ကလာပ်တူ ကမ္မဇမဟာဘုတ် ပဒဋ္ဌာန်။

နှလုံးအိမ်အတွင်းဝယ် ပုန်းညက်စေ့ခန့် ပမာဏရှိသော တွင်းငယ်၌ တည်ရှိသော တစ်လက်ဖက်ဝက်မျှသော သွေးကို အမှီပြု၍ ---

၁။ ပထဝီဓာတ်က တည်ရာအဖြစ် ကောင်းစွာ ဆောင်ထားခြင်းကိစ္စ,

၂။ အာပေါဓာတ်က ဖွဲ့စည်းပေးခြင်းကိစ္စ,

၃။ တေဇောဓာတ်က ရင့်ကျက်စေခြင်းကိစ္စ,

၄။ ဝါယောဓာတ်က တွန်းကန်ပေးခြင်းကိစ္စ,

ဤကိစ္စတို့ဖြင့် ကျေးဇူးပြုအပ်သည် ကျေးဇူးပြုပေးသည် ဖြစ်၍ အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက သတ္တိ ရှိကုန်သော ဥတုဇရုပ်-စိတ္တဇရုပ်-အာဟာရဇရုပ်တို့ကို ဖြစ်စေတတ်ကုန်သော ဥတု-စိတ်-အာဟာရတို့က အားပေးထောက်ပံ့အပ်သည် ဖြစ်၍ ဇီဝိတိန္ဒြေက စောင့်ရှောက်ပေးအပ်သည် ဖြစ်၍ မနောဓာတ် မနောဝိညာဏ ဓာတ်တို့နှင့်တကွ ယှဉ်ဖက်စိတ်စေတသိက် သမ္ပယုတ်တရားတို့၏ မှီရာဝတ္ထု ဖြစ်ခြင်းကိစ္စကို ပြီးစီးစေလျက် တည်နေပေသည်။ (ဝိသုဒ္ဓိ၊၂၊၇၈။)

မနောဓာတ် + မနောဝိညာဏဓာတ်နှစ်ပါးကို ဟဒယဝတ္ထုရုပ်က မှီရာ နိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေး၏၊ ထိုသို့ နိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေရကား ထိုဓာတ်နှစ်ပါးတို့၏ တည်ရာဖြစ်သောကြောင့် ဝိပဿနာဉာဏ်ဖြင့် ရှုဆင်ခြင်လိုက်သည့်အခါ ဓာတ်နှစ်ပါးကို မိမိဟဒယဝတ္ထု၏ အထက်ပေါ်မှာတင်လျက် ထမ်း ဆောင်ထားသကဲ့သို့ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ရှေးရှူထင်လာပေသည်။ (မဟာဋီ၊၂၊၉၈။)

ဟဒယဒသကကလာပ်၌ (၁၀)မျိုးသော ရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီးနောက် ဟဒယဝတ္ထုကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည်တို့ကို ရှုပါ။

ဝသန္တိ စိတ္တစေတသိကာ ဧတ္ထာတိ ဝတ္ထု၊ ဟဒယမေဝ ဝတ္ထု ဟဒယဝတ္ထု။ --- ဟဒယဝတ္ထုရုပ်သည် မနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီရာဖြစ်ခြင်း လက္ခဏာ ရှိရကား ထိုဓာတ်နှစ်ပါးဟူသော စိတ် စေတသိက် တို့၏ နေရာဖြစ်သည် ဟူလိုသည်။ လောက၌ တစ်စုံတစ်ခုသော ဝတ္ထုသည် တစ်စုံတစ်ခုသော ဝတ္ထု၌ တည်သည် နေသည်ကဲ့သို့ (အဆောက်အအုံ တစ်ခုပေါ်၌ လူတစ်ယောက် ရပ်တည်နေသကဲ့သို့) စင်စစ်အားဖြင့် တည်သည် နေသည် မဟုတ်၊ ပရမတ်တရားတို့သည် ကြောင့်ကြမဲ့သော နိဗျာပါရဓမ္မ ဖြစ်သောကြောင့် တရားတစ်ပါးနှင့် တရားတစ်ပါး စပ်၍ဖြစ်ကာမျှကိုပင် တည်သည် နေသည် ဆိုသတည်း။ အရာရာတိုင်း၌ နည်းတူတည်း။ (ပြည်-ဝိသုဒ္ဓိမဂ်နိဿယ၊၃၊၂၁၆။)

နှလုံးသား နှင့် နှလုံးသွေး

နှလုံးသား နှင့် နှလုံးသွေး

ဟဒယမည်သော နှလုံးသား = နှလုံးအိမ်သည် အရောင်အဆင်းအားဖြင့် ပဒုမ္မာကြာပွင့်၏ ပြင်ဘက်၌ရှိ သော အရောင်အဆင်းကဲ့သို့ ဖျော့တော့ကြော့သွေးသော အရောင်အဆင်း ရှိ၏ (= နီဖျော့ဖျော့ရောင် ဟူလိုသည်၊) ပုံသဏ္ဌာန်အားဖြင့် အပေါ်ပွင့်ချပ်ကို ခွာ၍ စောက်ထိုးဆွဲထားသော ပဒုမ္မာကြာပုံသဏ္ဌာန် ရှိ၏။ အပြင်အပ သားကား ပြေပြစ်ချောမြေ့၏၊ အတွင်းသားကား သပွတ်သီးအူကဲ့သို့ ရှုပ်ထွေး၏၊ ပညာရှိသသူအား အထက်ထိပ်ဖျား အနည်းငယ် ပွင့်ယောင်ရှိ၏။ ပညာမဲ့သသူ ပညာနုံ့သသူအား အထက်ထိပ်ဖျား ငုံယောင် ရှိ၏။ ယင်းနှလုံးသား ၏ အတွင်း၌ ပုန်းညက်စေ့ တည်ရာမျှလောက်သော တွင်းငယ်ဝယ် တစ်လက်ဆွမ်းခွဲမျှလောက်သော သွေးသည် တည်နေ၏။ ယင်းသွေး၌ ဟဒယဒသကကလာပ်ပေါင်း များစွာရှိ၏၊ (ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့် အတိုင်း ရုပ်ကလာပ် အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုး ရှိ၏။) ယင်း ဟဒယဒသကကလာပ်တို့တွင် ဟဒယဝတ္ထုရုပ် ပါဝင်၏။ ယင်းဟဒယဝတ္ထုရုပ်ကို မှီ၍ မနောဓာတ် မနောဝိညာဏဓာတ်တို့သည် ဖြစ်ပေါ်ကြ ကုန်၏။ ထိုသွေးသည် ---

၁။ ရာဂ ထူပြောသောသူအား နီသောအဆင်း ရှိ၏။

၂။ ဒေါသ ထူပြောသောသူအား မည်းသောအဆင်း ရှိ၏။

၃။ မောဟထူပြောသောသူအား သားဆေးရည်နှင့် တူသောအဆင်း ရှိ၏။

၄။ ဝိတက် ထူပြောသောသူအား ပဲကုလားပြုတ်ရည်နှင့် တူသောအဆင်း ရှိ၏။

၅။ သဒ္ဓါ ထူပြောသောသူအား မဟာလှေကားပန်းပွင့်နှင့် တူသောအဆင်း ရှိ၏။

၆။ ပညာ ထူပြောသောသူအား ကျောက်ရည်တိုးစိမ့်သောငှာ ကောင်းစွာသွေးအပ်ပြီးသော အကြွင်းမဲ့ ဆေး ကြောပွတ်တိုက်ထားအပ်သော ပတ္တမြားစစ်ကဲ့သို့ အရောင်ရှိသည်, ကြည်လင်သည် အထူးသဖြင့် ကြည်လင် သည် မနောက်ကျုသည် ဖြူစင်သည် ထက်ဝန်းကျင် စင်ကြယ်သည်ဖြစ်၍ တောက်ပသော အရောင်ရှိ၏ (အဘိ၊ဋ္ဌ၊၂၊၂၂၈။ ဝိသုဒ္ဓိ၊၁၊၂၄၈။)

ဤသို့ စရိုက် (၆)ပါးနှင့်လျော်သော အရောင်အဆင်းရှိသော ထိုနှလုံးသွေးကိုမှီ၍ နှလုံးသား၏ အတွင်း၌ တည်သော ပရမတ္ထတရားကိုယ် အနက်သဘောအားဖြင့် ဟဒယမည်သော ရုပ်သည်ပင်လျှင် မနောဓာတ် + မနောဝိညာဏဓာတ်ဟူသော စိတ်-စေတသိက်တို့၏ တည်ရာဖြစ်သည် ဟူလို။ ထိုသွေးများကို ပြန့်နှံ့လျက် တည်နေ သော ဝတ္ထုရုပ်တစ်မျိုးကို ဟဒယဟု ခေါ်ဆိုခြင်းသည် ဧကဒေသူပစာရ စကားတည်း။

ဟဒယန္တိ ဟဒယမံသံ။ (အဘိ၊ဋ္ဌ၊၂၊၂၂၈၊ ဝိသုဒ္ဓိ၊၁၊၂၄၈။)

နှလုံးသား နှလုံးအိမ်တစ်ခုလုံးကို ဟဒယဟု ဆို၏။ အပေါင်းဖြစ်သော နှလုံးသား နှလုံးအိမ်တစ်ခုလုံး၏ ဟဒယဟူသော အမည်ကို အစိတ်ဖြစ်သော နှလုံးအိမ်အတွင်း တွင်းငယ်၌ တည်ရှိသော သွေးများကို ပြန့်နှံ့လျက် တည်နေသော ဝတ္ထုရုပ်တစ်စိတ်၌ တင်စား၍ အစိတ်ဖြစ်သော ဝတ္ထုရုပ်တစ်စိတ်ကို ဟဒယဟု ခေါ်ဝေါ်ထား သောကြောင့် ဧကဒေသူပစာရ စကားတည်း။ (ဧကဒေသျူပစာဟုလည်း ဆိုကြ၏။)

ဟဒယဝတ္ထုကို ဘုရားရှင် ဟောတော်မူပါသည်

ဟဒယဝတ္ထုကို ဘုရားရှင် ဟောတော်မူပါသည်

ဤရုပ်ကို ဟဒယဝတ္ထုဟု နာမည်တပ်၍ တိုက်ရိုက် ဟောကြားထားတော်မူသော ပါဠိတော်ကား မရှိ၊ ဓမ္မသင်္ဂဏီ ရူပကဏ္ဍ ပါဠိတော်သည် ရုပ်ဟူသမျှကို ထုတ်ဆောင် ဟောကြားထားတော်မူသော ပါဠိတော်ပင် ဖြစ်၏။ ထိုပါဠိတော်၌သော်မှ ထုတ်ပြခြင်း မရှိ၊ သို့သော် ထိုထို ပါဠိတော်များကို သဲလွန်စပြု၍ ဤဝတ္ထုရုပ် ရှိ ထိုက်ကြောင်းကို အဋ္ဌကထာ ဋီကာတို့က လက်ခံထားတော်မူကြလေသည်။

သဲလွန်စပါဠိတော် --- ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၅။)

အကြင်ရုပ်တရားကို မှီ၍ မနောဓာတ်သည်လည်းကောင်း, မနောဝိညာဏဓာတ်သည်လည်းကောင်း ဖြစ်ကြ ကုန်၏၊ ထိုရုပ်သည် မနောဓာတ်အားလည်းကောင်း, မနောဝိညာဏဓာတ်အားလည်းကောင်း, ထိုမနောဓာတ် မနောဝိညာဏဓာတ်တို့နှင့် ယှဉ်ဖက် စေတသိက်တို့အားလည်းကောင်း မှီရာ နိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

ဤကား အာဂမယုတ္တိတည်း။ အာဂုံ ပါဠိတော်ပင်တည်း။ ဟဒယဝတ္ထုသည် မနောဓာတ် မနောဝိညာဏ ဓာတ်တို့၏ မှီရာလက္ခဏာရှိ၏ဟူသော အဆိုအမိန့်နှင့် ပတ်သက်၍ အာဂုံပါဠိအားဖြင့်လည်းကောင်း, အကြောင်း ယုတ္တိအားဖြင့်လည်းကောင်း နှစ်မျိုးအားဖြင့် သိသင့်ရာ အထက်ပါ ပါဠိတော်မှာ ဟဒယဝတ္ထုရုပ်ရှိကြောင်း အာဂုံ ပါဠိတော်ပင် ဖြစ်သည်။ ဤပါဠိတော်ကို ထောက်ထားလျှင် ---

၁။ စက္ခုဝိညာဏ်၏မှီရာ စက္ခုဝတ္ထု,

၂။ သောတဝိညာဏ်၏မှီရာ သောတဝတ္ထု,

၃။ ဃာနဝိညာဏ်၏မှီရာ ဃာနဝတ္ထု,

၄။ ဇိဝှါဝိညာဏ်၏မှီရာ ဇိဝှါဝတ္ထု,

၅။ ကာယဝိညာဏ်၏မှီရာ ကာယဝတ္ထုများ ရှိသကဲ့သို့,

၆။ မနောဓာတ် မနောဝိညာဏဓာတ်တို့၏မှီရာ ဝတ္ထုရုပ်တစ်မျိုး ရှိသည်ဟု ယူဆရပေမည်။

ဓမ္မသင်္ဂဏီပါဠိတော်၌ မဟောခြင်း၏ အကြောင်း

ဓမ္မသင်္ဂဏီပါဠိတော်၌ မဟောခြင်း၏ အကြောင်း

ထိုဆိုခဲ့သည့်အတိုင်း မနောဓာတ် မနောဝိညာဏဓာတ်တို့၏မှီရာ ဝတ္ထုရုပ်တစ်မျိုး ရှိသင့်လျှင် ဓမ္မသင်္ဂဏီ ရူပကဏ္ဍပါဠိတော်၌ အဘယ်ကြောင့် ဟဒယဝတ္ထုရုပ်ကို ဟောတော်မမူပါသနည်းဟု မေးဖွယ်ရှိ၏။ အဖြေကား ဓမ္မသင်္ဂဏီ ရူပကဏ္ဍပါဠိတော်၌ကား အာရမ္မဏ ဒုကဒေသနာ ပျက်မည်စိုးသောကြောင့် ဝတ္ထုဒုက်ကိုလည်း ဟောတော်မမူဘဲ ချန်လှပ်ထားတော်မူသည်။

စက္ခုဝိညာဏ် စသည်တို့သည် ဧကန်အားဖြင့် စက္ခုဝတ္ထု စသည်လျှင်မှီရာရှိကုန်သကဲ့သို့ ဤအတူ မနော ဝိညာဏ်သည် ဧကန်အားဖြင့် ဟဒယဝတ္ထုလျှင် မှီရာရှိသည်ကား မဟုတ်ပေ။ (ပဉ္စဝေါကာရဘုံဝယ် မနောဝိညာဏ် သည် ဟဒယဝတ္ထုရုပ်ကိုမှီ၍ ဖြစ်ငြားသော်လည်း စတုဝေါကာရဘုံ၌ မနောဝိညာဏ်သည် ဟဒယဝတ္ထုရုပ်ကိုမှီ၍ မဖြစ်ပေ။) ဤသည်မှာလည်း အကြောင်းတစ်ရပ် ဖြစ်၏။

တစ်ဖန် ရူပကဏ္ဍပါဠိတော်၌ ဧကက-ဒုက-တိကမှစ၍ ဧကာဒသကတိုင်အောင် ရုပ်တရားတို့ကို နည်းအမျိုး မျိုးဖြင့် စုပုံလျက် ဟောကြားထားတော်မူ၏။

ထိုတွင် ဝတ္ထုဒုက စသော ဒေသနာတော်သည် မှီတတ်သောတရားနှင့် စပ်သဖြင့် ဖြစ်ပေါ်လာရ၏။ ဒုက ဒေသနာတော်၌ ---

၁။ အတ္ထိ ရူပံ စက္ခုဝိညာဏဿ ဝတ္ထု၊ အတ္ထိ ရူပံ စက္ခုဝိညာဏဿ န ဝတ္ထု။

၂။ အတ္ထိ ရူပံ သောတဝိညာဏဿ ဝတ္ထု၊ အတ္ထိ ရူပံ သောတဝိညာဏဿ န ဝတ္ထု။

၃။ အတ္ထိ ရူပံ ဃာနဝိညာဏဿ ဝတ္ထု၊ အတ္ထိ ရူပံ ဃာနဝိညာဏဿ န ဝတ္ထု။

၄။ အတ္ထိ ရူပံ ဇိဝှါဝိညာဏဿ ဝတ္ထု၊ အတ္ထိ ရူပံ ဇိဝှါဝိညာဏဿ န ဝတ္ထု။

၅။ အတ္ထိ ရူပံ ကာယဝိညာဏဿ ဝတ္ထု၊ အတ္ထိ ရူပံ ကာယဝိညာဏဿ န ဝတ္ထု။ (အဘိ၊၁၊၁၄၆။)

၁။ အတ္ထိ ရူပံ စက္ခုဝိညာဏဿ ဝတ္ထု = စက္ခုဝိညာဏ်၏မှီရာ ဝတ္ထုရုပ်သည် ရှိ၏။ (စက္ခုဝတ္ထုကို ပြတော်မူ လိုသည်။) အတ္ထိ ရူပံ စက္ခုဝိညာဏဿ န ဝတ္ထု = စက္ခုဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်များသည်လည်း ရှိ၏။ (စက္ခုဝတ္ထုရုပ်မှ ကြွင်းသမျှ ရုပ်အားလုံးကို ပြတော်မူလိုသည်။)

ဤသို့စသည်ဖြင့် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ်တို့၏ အသီးအသီးသော မှီရာဝတ္ထုရုပ် ဖြစ်ကြသည့် သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ရုပ်တရားတို့ကိုလည်းကောင်း, ယင်းဝိညာဏ် အသီးအသီး၏ မှီရာဝတ္ထု မဟုတ်သော ရုပ်တရားတို့ကိုလည်းကောင်း ခွဲခြား၍ ဟောကြားထားတော်မူ၏။ ဤသို့ ဟောကြားတော်မူပြီးလျှင် --- မနောဓာတ် + မနောဝိညာဏဓာတ် အမည်ရသော အကြင်မနောဝိညာဏ် သည်လည်း (ပဉ္စဝေါကာရဘုံဝယ်) ဧကန်အားဖြင့် ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်၏၊ ထိုမနောဝိညာဏ်နှင့် စပ်သဖြင့်လည်း ---

၆။ အတ္ထိ ရူပံ မနောဝိညာဏဿ ဝတ္ထု။ အတ္ထိ ရူပံ မနောဝိညာဏဿ န ဝတ္ထု။ = မနောဝိညာဏ်၏ မှီရာဖြစ်သော ဝတ္ထုရုပ်သည် ရှိ၏။ (ဟဒယဝတ္ထုတည်း။) မနောဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။ (ဟဒယဝတ္ထုမှကြွင်းသော ရုပ်အားလုံးတည်း။)

ဤ (၆)ခုမြောက် ဒုက်ကို ဟောပြတော်မူသင့်ပါလျက် ဘုရားရှင်သည် ဟောပြတော် မမူပေ။

အကယ်၍ ဟောတော်မူလျှင် --- အတ္ထိ ရူပံ မနောဝိညာဏဿ ဝတ္ထု = မနောဝိညာဏ်၏ မှီရာဖြစ်သော ဝတ္ထုရုပ်သည် ရှိ၏ --- ဟူသော ဤစကားအရ မနောဝိညာဏ်၏မှီရာ ဟဒယဝတ္ထုရုပ်ကို ကောက်ယူ၍, အတ္ထိ ရူပံ မနောဝိညာဏဿ န ဝတ္ထု = မနောဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏ဟူသော ဤစကားအရ ဟဒယဝတ္ထုမှ ကြွင်းသမျှ ရုပ်အားလုံးကို ကောက်ယူရပေလိမ့်မည်။ ဤသို့ ကောက်ယူ၍ ရနိုင်ဖွယ်ရာ ရှိသော် လည်း, ယင်း ဝတ္ထုဒုက်နှင့် တစ်ဆက်တည်း ဟောရမည့် အာရမ္မဏဒုက် စသည်တို့သည် ဝတ္ထုဒုက်နှင့် လျော်ညီ သော ဒုက် စသည်တို့ မဖြစ်နိုင်ကုန်။

မလျော်ညီပုံကို ထပ်မံ၍ ရှင်းလင်း တင်ပြအပ်ပါသည်။

၁။ အတ္ထိ ရူပံ စက္ခုဝိညာဏဿ အာရမ္မဏံ၊

အတ္ထိ ရူပံ စက္ခုဝိညာဏဿ နာရမ္မဏံ။

၂။ အတ္ထိ ရူပံ သောတဝိညာဏဿ အာရမ္မဏံ၊

အတ္ထိ ရူပံ သောတဝိညာဏဿ နာရမ္မဏံ။

၃။ အတ္ထိ ရူပံ ဃာနဝိညာဏဿ အာရမ္မဏံ၊

အတ္ထိ ရူပံ ဃာနဝိညာဏဿ နာရမ္မဏံ။

၄။ အတ္ထိ ရူပံ ဇိဝှါဝိညာဏဿ အာရမ္မဏံ၊

အတ္ထိ ရူပံ ဇိဝှါဝိညာဏဿ နာရမ္မဏံ။

၅။ အတ္ထိ ရူပံ ကာယဝိညာဏဿ အာရမ္မဏံ၊

အတ္ထိ ရူပံ ကာယဝိညာဏဿ နာရမ္မဏံ။ (အဘိ၊၁၊၁၄၆-၁၄၇။)

၁။ စက္ခုဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ရူပါရုံတည်း။) စက္ခုဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (ရူပါရုံမှ ကြွင်းသော ရုပ်အားလုံးတည်း။)

၂။ သောတဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည်ရှိ၏။ (သဒ္ဒါရုံတည်း။) သောတဝိညာဏ်၏ အာရုံမဟုတ် သော ရုပ်သည် ရှိ၏။ (သဒ္ဒါရုံမှ ကြွင်းသော ရုပ်အားလုံးတည်း။)

၃။ ဃာနဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ဂန္ဓာရုံတည်း။) ဃာနဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (ဂန္ဓာရုံမှ ကြွင်းသော ရုပ်အားလုံးတည်း။)

၄။ ဇိဝှါဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ရသာရုံတည်း။) ဇိဝှါဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (ရသာရုံမှ ကြွင်းသော ရုပ်အားလုံးတည်း။)

၅။ ကာယဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ဖောဋ္ဌဗ္ဗာရုံတည်း။) ကာယဝိညာဏ်၏ အာရုံမဟုတ် သော ရုပ်သည် ရှိ၏။ (ဖောဋ္ဌဗ္ဗာရုံမှ ကြွင်းသော ရုပ်အားလုံးတည်း။)

ဤဒုက် (၅)ဒုက်တို့ကို ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ ဤဒုက် (၅)ဒုက်ကို ဟောကြားတော် မူပြီးနောက် ---

၆။ အတ္ထိ ရူပံ မနောဝိညာဏဿ အာရမ္မဏံ၊

အတ္ထိ ရူပံ မနောဝိညာဏဿ နာရမ္မဏံ။

= မနောဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။

မနောဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။

ဤသို့ ဟောတော်မူခြင်းငှာ မတတ်ကောင်းဖြစ်နေ၏။ အကြောင်းမူ မနောဝိညာဏ်၏ အာရုံဖြစ်သောရုပ်မှာ ရုပ်တရားအားလုံးဖြစ်၍ မနောဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်မှာ မရှိကောင်းသောကြောင့် ဖြစ်၏။ ထိုကြောင့် ဤ (၆)ခုမြောက် အာရမ္မဏဒုက်အတွက် တစ်ဘက် = တစ်ခြမ်း ပျက်ဖွယ်ရာ ရှိ၏။ ယင်းသို့ဖြစ်သော် ဝတ္ထုဒုက်နှင့် အာရမ္မဏဒုက်တို့သည် ကွဲပြားသော ဂတိ = ကွဲပြားသော အသွားအလာ ရှိကုန်သည် ဖြစ်လေကုန်ရာ၏။ ဒေသနာတော်သည် တူသောကိစ္စ ရှိသည် တူသောရသ ရှိသည် မဖြစ်လေရာ။ တူသောရသ ရှိသော တူသောကိစ္စ ရှိသော ဒေသနာတော်ကို ဟောပြတော်မူခြင်းငှာ အလိုရှိသော ဆန္ဒဓာတ်တော်သည် ဤဒုကဒေသနာတော်အရာ၌ (= ဤရူပကဏ္ဍ၌) ဘုရားရှင်၏အလို အဇ္ဈာသယဓာတ်တော်ပင်တည်း။ ဤအာရမ္မဏဆဋ္ဌဒုက် တစ်ဘက်ပျက်မည့် အရေးကို မြင်တော်မူသောကြောင့် ဝတ္ထုဒေသနာတော်နှင့် အာရမ္မဏဒေသနာတော်ကို အသွားအလာတူထား၍ ဟောပြတော်မူပါမှ ကျွတ်ထိုက်သသူ ဝေနေယျတို့သည် နားလည်ဖွယ်ရှိရကား အာရမ္မဏဒေသနာ၌ ဆဋ္ဌဒုက် မရအတူတူ ဝတ္ထုဒေသနာမှာလည်း ဆဋ္ဌဒုက်ကို ရသင့်ပါလျက် ဘုရားရှင်သည် ချန်လှပ်ထားတော်မူခဲ့သည်။ ထိုကြောင့် ထိုဓမ္မသင်္ဂဏီ ရူပကဏ္ဍပါဠိတော်၌ ဟဒယဝတ္ထုကို ဘုရားရှင်သည် ဟောတော်မမူအပ်၊ မရသင့်သော ကြောင့် ဟောတော်မမူခဲ့သည်ကား မဟုတ်ဟု မှတ်ပါ။ (မဟာဋီ၊၂၊၉၆-၉၇။)

ဒုက = ဒုက် --- ဟူသည် ပရမတ္ထဓမ္မ အမည်ရကြသော စိတ်-စေတသိက်-ရုပ်-နိဗ္ဗာန်တရားတို့ကို နှစ်ဖို့ နှစ်စု ပြု၍ နှစ်ပုံ ပုံ၍ ဟောကြားထားတော်မူသော ဒေသနာတော်များတည်း။ ဤ ရူပကဏ္ဍ၌ကား ရုပ်တရားတို့ကို နှစ်ဖို့နှစ်စု ပြု၍ ဟောကြားထားတော်မူ၏။ ယင်းဒေသနာမျိုးကို ဒုက်ဟု ခေါ်ဆိုသည်။ အာဂမယုတ္တိဟူသော ပါဠိတော် အာဂုံနည်းအားဖြင့် ဟဒယဝတ္ထု ရှိသင့်ကြောင်းကို တင်ပြပြီး၍ ယခုအခါ သဘာဝယုတ္တိ = အကြောင်း ယုတ္တိအားဖြင့် ဟဒယဝတ္ထုရှိသင့်ပုံကို ဆက်လက်၍ တင်ပြအပ်ပါသည။

သဘာဝယုတ္တိဖြင့် နှိုင်းချိန်ကြည့်ပါ

သဘာဝယုတ္တိဖြင့် နှိုင်းချိန်ကြည့်ပါ

အထက်တွင် တင်ပြထားသော --- ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ ---ဟူသော ဒေသနာတော်နှင့်အညီ မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော မနောဝိညာဏ်၏မှီရာ = မှီ၍ဖြစ်ရာ ရုပ်တစ်မျိုးကား ရှိသည်ဟုပင် ယူဆရပေမည်။ ဤဝတ္ထုရုပ်ဟူသည် မဟာဘုတ်ကြီး (၄)ပါးလည်း မဖြစ်လေရာ၊ အဘယ်ကြောင့်နည်း --- မဟာဘုတ်တို့ကို ဥပါဒါရုပ်များက မှီပြီးဖြစ်သောကြောင့်တည်း။ ထိုကြောင့် ထိုဝတ္ထုရုပ်ဟူသည် ဥပါဒါရုပ်တို့တွင် မည်သည့်ရုပ် ဖြစ်သင့်ကြောင်းကို စိစစ်ဖွယ်ရှိ၏။ ဥပါဒါရုပ် (၂၄)ပါးတွင်လည်း အနိပ္ဖန္နရုပ်တို့မှာ အထည်ကိုယ် (ပရမတ္ထအထည်ကိုယ်) ထင်ရှားသော ရုပ်များကား မဟုတ်ကြ၊ ပရမတ်အစစ်လည်း မဟုတ်သောကြောင့် အနိပ္ဖန္နရုပ်တို့ဝယ် စိစစ်ဖွယ် မလို၊ ပရမတ်အစစ် ဖြစ်သော နိပ္ဖန္နဥပါဒါရုပ် (၁၄)ပါး၌သာ စဉ်းစားဖွယ် ရှိတော့သည်။

ပရမတ်အစစ်ဖြစ်သော နိပ္ဖန္နဥပါဒါရုပ် (၁၄)ပါးတွင် စက္ခု-သောတ-ဃာန-ဇိဝှါ-ကာယဟူသော ပသာဒရုပ် = အကြည်ရုပ် (၅)ပါးမှာ စက္ခုဝိညာဏ်စသော ဝိညာဏဓာတ် (၅)ပါး၏ မှီရာဖြစ်သောကြောင့် မနောဓာတ် မနောဝိညာဏဓာတ်တို့က ပသာဒရုပ် (၅)ပါးကို မှီ၍ မဖြစ်နိုင်ကုန်။ ရူပ-သဒ္ဒ-ဂန္ဓ-ရသနှင့် ဩဇာရုပ်တို့ကိုလည်း မှီ၍ မဖြစ်နိုင်ကုန်။ အဘယ်ကြောင့်နည်းဟူမူ --- ထို ရူပ-သဒ္ဒ-ဂန္ဓ-ရသ-ဩဇာတို့ကား စက္ခုစသော ဣန္ဒြေနှင့် စပ်သော သက်ရှိသတ္တဝါတို့၏ ရုပ်နာမ်သန္တာန်အစဉ်မှ အပြင်အပဖြစ်သော သက်မဲ့လောက၌လည်း ဖြစ်ကြသော ကြောင့်တည်း။ သစ်ပင်-ရေ-မြေ-တောတောင်စသော ဣန္ဒြေနှင့် မစပ်သည့် သက်မဲ့ရုပ်လောက၌ မနောဓာတ် မနောဝိညာဏဓာတ် နှစ်ပါးတို့သည်လည်း မတည် ဖြစ်ကုန်၏။ ထိုကြောင့် ထိုရူပ-သဒ္ဒ-ဂန္ဓ-ရသ-ဩဇာတို့ကို ထိုဓာတ်နှစ်ပါးတို့က မှီ၍ ဖြစ်မှုမှာလည်း မသင့်သာ ဖြစ်၏။

ဘာဝရုပ် နှစ်မျိုးလုံး မရှိကြသည့် နပုံး ပဏ္ဍုက်တို့၏ သန္တာန်၌လည်း ဤမနောဓာတ် မနောဝိညာဏဓာတ် များလည်း ဖြစ်နေကြသောကြောင့် ဣတ္ထိန္ဒြေ ပုရိသိန္ဒြေဟူသော ဘာဝရုပ်တို့ကို ဤဓာတ်နှစ်ပါးတို့၏ မှီ၍ဖြစ်မှု မှာလည်း မသင့်သာ ဖြစ်ပြန်၏။ တစ်ဖန် ဤဓာတ်နှစ်ပါးသည် ဇီဝိတိန္ဒြေကိုလည်း မမှီနိုင်။ အဘယ်ကြောင့်နည်း --- ဇီဝိတိန္ဒြေမှာ အတူဖြစ်ဖက် ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်ရခြင်း အလုပ်ကိစ္စတစ်မျိုး ရှိပြီးဖြစ်သော ကြောင့်တည်း။ အလုပ်ကိစ္စတစ်ခု ရှိနေသူသည် အခြားကိစ္စတစ်ခုကို မရွက်ဆောင်နိုင်သကဲ့သို့, ဇီဝိတရုပ်မှာ မလွှဲမရှောင်သာသော ကိစ္စက ရှိပြီးဖြစ်၍ သူတစ်ပါး၏ အမှီကို မခံနိုင်တော့ပြီဟု ဆိုလို၏။

ထိုကြောင့် အကြွင်းကိုယူရသော ပါရိသေသနည်းအားဖြင့် ဤမနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီရာ ဝတ္ထုရုပ်သည် ဟဒယဝတ္ထုရုပ်ပင်တည်းဟု သိအပ် သိနိုင်ပေ၏။ (မဟာဋီ၊၂၊၉၇။)

မှန်ပေသည် --- မနောဓာတ် မနောဝိညာဏဓာတ် နှစ်ပါးအပေါင်းကို နိပ္ဖန္နဥပါဒါရုပ်လျှင် မှီရာရှိ၏ဟူ၍ ဆိုခြင်းငှာ တတ်ကောင်း၏။ အဘယ်ကြောင့်နည်းဟူမူ --- ပဉ္စဝေါကာရဘုံ၌ နာမ်တရား၏ ရုပ်တရားနှင့်ဆက်စပ် သော ဖြစ်ခြင်းရှိသည်၏ အဖြစ်ကြောင့်တည်း။ မှန်ပေသည် --- အကြင်အကြင် ဝိညာဏ်သည် ရုပ်တရားနှင့် ဆက်စပ်သော ဖြစ်ခြင်းရှိ၏၊ ထိုထို ဝိညာဏ်ကို နိပ္ဖန္နဥပါဒါရုပ်လျှင် တည်ရာ မှီရာ ရှိသည်ကို မြင်တွေ့ရ၏၊ ဥပမာ --- စက္ခုဝိညာဏဓာတ်ကဲ့သို့တည်း။ ပဉ္စဝေါကာရဘုံ၌ --- ဟူသော အထက်ပါ အထူးပြု၍ ပြောဆိုထားသော စကားကို မနောဝိညာဏဓာတ်၏ အစွမ်းဖြင့် ဝိသေသနပြုထားသည်ဟု မှတ်ပါ။ ပဉ္စဒွါရာဝဇ္ဇန်း-သမ္ပဋိစ္ဆိုင်းဒွေး ဟူသော မနောဓာတ်သည်ကား စတုဝေါကာရဘုံ၌ မရှိသည်သာ ဖြစ်၏။ (မဟာဋီ၊၂၊၉၇။)

အမေး --- ပဉ္စဝေါကာရဘုံဝယ် ဟဒယဝတ္ထုသည် မနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီ၍ဖြစ်ရာ ဝတ္ထုရုပ်ဖြစ်ခဲ့လျှင် ဣန္ဒြိယနိဿယပစ္စည်း အဖြစ်ကိုလည်း ပြီးစီးစေခြင်းကြောင့် = ဣန္ဒြိယပစ္စယသတ္တိ နိဿယ- ပစ္စယသတ္တိတို့ဖြင့် ဟဒယဝတ္ထုက မနောဝိညာဏ်အား ကျေးဇူးပြုပေးမှုကို ပြီးစီးစေခြင်းကြောင့် ဟဒယဝတ္ထု ဟူသော အကြောင်းတရားသည် ပဋ္ဌာန်းဒေသနာတော် ဣန္ဒြိယပစ္စည်း အကြောင်းတရားနှင့် ဆန့်ကျင်သော အကြောင်းတရား ဖြစ်ရာသည် မဟုတ်လော --- ဤကား အမေးတည်း။

အဖြေ --- ဟဒယဝတ္ထုက ဓာတ်နှစ်ပါးတို့အား ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်းကို တားမြစ်ထားမှုကို တွေ့မြင်အပ်သည်၏ အဖြစ်ကြောင့် ဆန့်ကျင်သော အကြောင်းတရား မဖြစ်ပါ ဟူ၏။

အကျယ်မှာ ဤသို့ဖြစ်၏ --- စက္ခုပသာဒ၏ ကြည်လင်မှုစွမ်းအင်, ကြည်လင်သောစက္ခုပသာဒ၏ အရေ အတွက်များမှု စွမ်းအင်အားကောင်းခဲ့သော် ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်၏ စွမ်းအင်မှာ ထက်မြက် စူးရှလာ၏။ အလွန်သေးငယ်သော ရူပါရုံတို့ကိုသော်လည်း ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်း ရှိလာ၏။ စက္ခုပသာဒ၏ ကြည်လင်မှုစွမ်းအင် လျော့နည်းသွားလျှင်, ကြည်လင်သော စက္ခုပသာဒ၏ အရေအတွက် စွမ်းအင်လျော့နည်း သွားလျှင် ရူပါရုံကိုမြင်တတ်သော စက္ခုဝိညာဏ်၏ စွမ်းအင်မှာလည်း နုံ့သွားတတ်၏။ ထင်ရှားသော ရူပါရုံကိုပင် မှုန်ဝါးဝါး မြင်တတ်၏။ စက္ခုပသာဒ၏ အားနည်းမှု စက္ခုပသာဒရုပ်တို့၏ ဖြစ်မှု အရေအတွက် နည်းပါးလာမှုကြောင့် ဖြစ်၏။ ဤသို့လျှင် စက္ခုဝိညာဏ်၏ မှီရာဖြစ်သော စက္ခုဝတ္ထုရုပ်သည် စက္ခုဝိညာဏ်၏ နုံ့သည်၏အဖြစ် ထက်မြက် သည်၏အဖြစ်ကို စီရင်တတ်၏။

စက္ခုဝတ္ထုရုပ်သည် စက္ခုဝိညာဏ်၏ နုံ့သည်၏အဖြစ်, ထက်မြက်သည်၏အဖြစ်ကို စီရင်ခြင်းကဲ့သို့ ဟဒယ ဝတ္ထုရုပ်သည် မနောဓာတ် မနောဝိညာဏဓာတ် နှစ်ပါးအပေါင်း၏ နုံ့သည်၏အဖြစ် ထက်မြက်သည်၏အဖြစ် စသည်ကို မစီရင်နိုင်၊ ဤသို့ မစီရင်နိုင်ခြင်းကြောင့် ဟဒယဝတ္ထု၏ ဤ ဣန္ဒြိယပစ္စည်းဖြစ်မှုကို တားမြစ်ချက်ကို တွေ့မြင်ရ၏။ ထိုကြောင့်ပင်လျှင် ထိုဟဒယဝတ္ထု၏ ဣန္ဒြိယပစ္စယသတ္တိဖြင့် မနောဓာတ် မနောဝိညာဏဓာတ်တို့ အား ကျေးဇူးပြုမှုကို ပဋ္ဌာန်းဒေသနာတော်၌ ဘုရားရှင်သည် ဟောတော်မမူခဲ့ပေ။ ထိုသို့ မဟောခြင်းဖြင့် ဟဒယ ဝတ္ထု၏ ထိုဓာတ်နှစ်ပါး အပေါင်း၏ နုံ့သည်၏အဖြစ် ထက်သည်၏အဖြစ်ကို စီရင်ခြင်းဟု ဆိုအပ်သော သဟဇာတိန္ဒြယနိဿယပစ္စယသတ္တိ, ဝတ္ထုပုရေဇာတိန္ဒြိယနိဿယပစ္စယသတ္တိဖြင့် ထိုဓာတ်နှစ်ပါးအား ကျေးဇူးပြုတတ် သည်၏အဖြစ်ကို တားမြစ်အပ်၏။ (တားမြစ်ပြီးပင် ဖြစ်တော့၏။) (မဟာဋီ၊၂၊၉၇။)

အမေး --- မနောဓာတ် မနောဝိညာဏဓာတ်ဟူသော ဓာတ်နှစ်ပါးအပေါင်း၏ မှီရာဖြစ်သော ရုပ်သည် ဟဒယဝတ္ထုရုပ်သည်လည်းကောင်း, ဥပါဒါရုပ်သည်လည်းကောင်း ဖြစ်ချင်ဖြစ်ပါစေ၊ သို့သော် ဤ ဟဒယဝတ္ထု ရုပ်သည် ကံလျှင်ဖြစ်ကြောင်းရှိသော ကမ္မသမုဋ္ဌာန်ရုပ် ဖြစ်၏။ သီးခြား ကိန်းသေမြဲသော ကိစ္စရှိ၏၊ (မနောဓာတ် မနောဝိညာဏဓာတ်တို့၏ တည်ရာဖြစ်ခြင်း ကိစ္စကို ဆိုလိုသည်။) နှလုံးသားအရပ်၌သာလျှင် = နှလုံးအိမ်၏ အတွင်း၌ရှိသော သွေးအရပ်၌သာလျှင် တည်၏ --- ဤသို့ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းဖြင့် သိနိုင်ပါသနည်း၊ ဤကား အမေးတည်း။

အဖြေ --- ဟဒယဝတ္ထုသည် မှီရာဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် စက္ခုဝတ္ထုရုပ်ကဲ့သို့ ကံလျှင်ဖြစ်ကြောင်း ရှိသော ကမ္မသမုဋ္ဌာန်ရုပ် ဖြစ်၏၊ ထိုကြောင့်ပင်လျှင် ကိန်းသေမြဲသော ကိစ္စ ရှိ၏။ ဤ၌ မှီရာဝတ္ထုရုပ် ဖြစ်ခြင်းဟူသည် မနောဝိညာဏ်၏ မှီရာဖြစ်မှုကို ဆိုလိုပေသည်။ (မဟာဋီ၊၂၊၉၇-၉၈။)

[ဤအပိုင်းကား အသင်သူတော်ကောင်းကိုယ်တိုင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်အောင် ရှုရမည့် အပိုင်းပင်ဖြစ်သည်၊ သို့မှသာလျှင် အထက်ပါ မဟာဋီကာ၏ အဖြေကို သဘောကျ လက်ခံနိုင်မည်။]

အဋ္ဌိံ ကတွာ မနသိ ကတွာ သဗ္ဗစေတသာ သမန္နာဟရိတွာ ကိဉ္စိ စိန္တေန္တဿ ဟဒယဿ ခိဇ္ဇနတော တတ္ထေတမဝဋ္ဌိတန္တိ ဝိညာယတိ။ (မဟာဋီ၊၂၊၉၈။)

ဤသို့ ရေးသားတင်ပြခဲ့သော ပါဠိတော်နှင့် ယုတ္တိများအရ ဝတ္ထုရုပ်တစ်မျိုး ရှိထိုက်ကြောင်းကား ထင်ရှား ပေပြီ၊ ထိုဝတ္ထုရုပ်၏ နှလုံးအိမ်အတွင်း၌ တည်ရှိကြောင်းကိုလည်း ဤသို့ သိရာ၏ ---

တစ်စုံတစ်ခုသော အကြံအစည်ကို လေးလေးနက်နက် စိတ်ပါလက်ပါ စူးစူးစိုက်စိုက် ကြံစည်စဉ်းစား သောအခါ (အထူးသဖြင့် စိတ်မချမ်းမြေ့ဖွယ်ရာ အာရုံကို စူးစူးစိုက်စိုက် ကြံစည်မိသည့်အခါ) ကြံစည်သူ၏ နှလုံးသား၏ ပင်ပန်းခြင်းကြောင့် ဤဟဒယဝတ္ထုသည် ထိုနှလုံးသား အရပ်၌ တည်၏ဟု သိနိုင်ပါ၏။ (မဟာဋီ၊၂၊၉၈။)

တစ်စုံတစ်ခုသော စိတ်မချမ်းမြေ့ဖွယ်ရာ အာရုံကို စူးစူးစိုက်စိုက် ကြံစည်မိသည့်အခါ ယင်းဒေါသမူစိတ် ကြောင့် စိတ္တဇရုပ်တို့သည်လည်း အဆက်မပြတ် ဖြစ်ပေါ်လာရာ ယင်းစိတ္တဇရုပ်တို့တွင် ပါဝင်သော (စိတ္တဇရုပ်ကလာပ်တိုင်း၌ ပါဝင်သော) တေဇောဓာတ်၏ အပူရှိန် သဘာဝသတ္တိစွမ်းအင်သည် ထက်မြက်စူးရှလာ၏။ ယင်း တေဇောဓာတ်၏ အပူရှိန် စွမ်းအင်သည် မိမိနှင့် နီးစပ်ရာ ရုပ်ကလာပ်များ၌ တည်ရှိသော တေဇောဓာတ်ကို ထပ်ဆင့် အားပေးလျက် ရှိ၏။ အပူရှိန်ဓာတ်ငွေ့သည် နီးစပ်ရာ မဟာဘုတ်များသို့ ကူးစက်ပျံ့နှံ့သွား၏။ ယင်း စိတ်၏မှီရာ ဝတ္ထုရုပ်များသို့လည်း ကူးစက်သွား၏။ သမုတိသစ္စာနယ်မှ ဆိုရသော် စိတ်၏မှီရာ ဟဒယဝတ္ထုနှင့် တကွသော ဟဒယဒသကကလာပ်များ၏ ပျံ့နှံ့ရာ နှလုံးအိမ်အတွင်း၌ တည်ရှိသော သွေးများသို့လည်း ကူးစက်ပျံ့နှံ့ သွား၏။ ထိုသို့ ကူးစက်သဖြင့် ရင်များ ပူလာတတ်၏။

မမျှော်လင့််ဘဲ ဗြုန်းကနဲ ပြင်းထန်သော အသံတစ်ခုကို ကြားရာ၌လည်းကောင်း, တစ်စုံတစ်ယောက်က ခြောက်လှန့်လိုက်သည့် အခါတို့၌လည်းကောင်း စိတ်ဓာတ်တုန်လှုပ်သဖြင့် နှလုံးသွေးနှင့် ရင်များ ခုန်နေတတ်၏။

အပြင်းအထန် သောက နှိပ်စက်သည့်အခါ နှလုံးကွဲတတ်၏ = ရင်ကွဲတတ်၏၊ မနောပဒေါသိက နတ်တို့ကဲ့သို့ သေကျေ ပျက်စီးသွားတတ်၏။ အလွန်ပျော်ရွှင်သည့်အခါ၌လည်း ရင်ထဲ၌ တစ်မျိုးတစ်ဖုံ ခံစားနေရတတ်၏။

ဤအချက်များကို ထောက်ဆ၍ မနောဝိညာဏ်စိတ်၏ မှီရာ ဤ ဟဒယဝတ္ထုရုပ်သည် နှလုံးအိမ်အတွင်း၌ တည်ရှိသည်ဟု ယုံကြည်ထိုက်လှပေပြီ၊ ဤသို့ နှလုံးအိမ်အတွင်း၌ တည်ရှိသောကြောင့်ပင်လျှင် ဤဝတ္ထုရုပ်ကို ဟဒယဝတ္ထုဟု နာမည်တပ်ရလေသည်။ (သင်္ဂြိုဟ်ဘာသာဋီကာ၊၄၀၀-၌လည်း ကြည့်ပါ။)

နှလုံးအိမ်ကို အစားထိုး၍ ကုသမှု

နှလုံးအိမ်ကို အစားထိုး၍ ကုသမှု

မျက်မှောက်ခေတ် ဆရာဝန်ကြီးများသည် နှလုံးအိမ်ကို အစားထိုး၍ ကုသနိုင်စွမ်း ရှိလာကြ၏။ အောင်မြင်မှု ရှိတန်သလောက်လည်း ရှိကြ၏။ ဤအချက်နှင့်ပတ်သက်၍ ဗုဒ္ဓအဘိဓမ္မာ ရှုထောင့်မှ ရှင်းလင်းတင်ပြဖို့ရန် အခွင့်အလမ်းကြီးကား ဆိုက်ရောက်လာပေပြီ။

ကျမ်းပြုအကျော်အမော် ဖြစ်တော်မူကြသော ဆရာတော်ဘုရားကြီးများ၏ အယူအဆများကိုလည်း အသင် သူတော်ကောင်းသည် သိရှိပြီး ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ဤတွင် ဤကျမ်း၏ သုံးသပ် ဝေဖန်ချက်ကိုလည်း အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။

အန္တော စဿ ပုန္နာဂဋ္ဌိပတိဋ္ဌာနမတ္တော အာဝါဋကော ဟောတိ၊ ယတ္ထ အဍ္ဎပသတမတ္တံ လောဟိတံ သဏ္ဌာတိ၊ ယံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ။ (အဘိ၊ဋ္ဌ၊၂၊၂၂၈။ ဝိသုဒ္ဓိ၊၁၊၂၄၈။)

အထ ဝါ ယသ္မိံ ရူပကလာပေ ဟဒယဝတ္ထု၊ တမ္ပိ လောဟိတဂတိကမေဝ ဟုတွာ တိဋ္ဌတီတိ ယံ နိဿာယာတိ ဝုတ္တံ။ (မဟာဋီ၊၁၊၃၀၆-၃၀၇။)

= ယင်းနှလုံးသား၏ အတွင်း၌ ပုန်းညက်စေ့တည်ရာမျှလောက်သော တွင်းငယ်သည် ရှိ၏။ ယင်းတွင်းငယ် ဝယ် တစ်လက်ဆွမ်းခွဲမျှလောက်သော = တစ်လက်ဖက်၏ ထက်ဝက် အတိုင်းအရှည် ရှိသော = လက်ခုပ်ဝက်မျှ လောက်သော သွေးသည် တည်နေ၏။ ယင်းသွေး၌ ဟဒယဒသကကလာပ်ပေါင်းများစွာ ပျံ့နှံ့၍ တည်နေ၏၊ ယင်းဟဒယဒသကကလာပ်တို့တွင် ဟဒယဝတ္ထုရုပ် ပါဝင်၏၊ ယင်းဟဒယဝတ္ထုရုပ်ကို မှီ၍ မနောဓာတ် မနော- ဝိညာဏဓာတ်တို့သည် ဖြစ်ပေါ်ကြကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၂၂၈။ ဝိသုဒ္ဓိ၊၁၊၂၄၈။ မဟာဋီ၊၁၊၃၀၆-၃၀၇။)

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ရှင်းလင်း ဖွင့်ဆိုချက်များနှင့်အညီ မနောဓာတ် မနောဝိညာဏဓာတ် တို့၏ မှီရာဖြစ်သော ဟဒယဝတ္ထုရုပ်သည် နှလုံးအိမ်၏ အတွင်းဝယ် တွင်းငယ်၌ တည်ရှိသော သွေးတို့၌ ပျံ့နှံ့လျက် ဥပါဒ်သော ဟဒယဒသကကလာပ်တို့၌ တည်ရှိသည်ဟု မှတ်သားထားပါ။ ဟဒယဝတ္ထုသည် နှလုံးအိမ်၌ တည်ရှိ သည်မဟုတ်၊ နှလုံးအိမ်အတွင်း တွင်းငယ်၌ တည်ရှိသော သွေး၌သာ ပျံ့နှံ့လျက် တည်ရှိသည်ဟူသော ဆိုလိုရင်း သဘောကို အထူးဂရုပြု၍ မှတ်သားထားပါ။

လောဟိတ = သွေးနှစ်မျိုး

လောဟိတ = သွေးနှစ်မျိုး

လောဟိတန္တိ ဒွေ လောဟိတာနိ သန္နိစိတလောဟိတဉ္စ သံသရဏလောဟိတဉ္စ။ တတ္ထ သန္နိစိတလောဟိတံ ဝဏ္ဏတော နိပက္ကဗဟလလာခါရသဝဏ္ဏံ၊ သံသရဏလောဟိတံ အစ္ဆလာခါရသဝဏ္ဏံ။ သဏ္ဌာနတော ဥဘယမ္ပိ ဩကာသသဏ္ဌာနံ။ ဒိသတော သန္နိစိတလောဟိတံ ဥပရိမာယ ဒိသာယ ဇာတံ၊ ဣတရံ ဒွီသု ဒိသာသု ဇာတံ။ ဩကာသတော သံသရဏလောဟိတံ ဌပေတွာ ကေသလောမဒန္တနခါနံ မံသဝိနိမုတ္တဋ္ဌာနဉ္စေဝ ထဒ္ဓသုက္ခစမ္မဉ္စ ဓမနီဇာလာနုသာရေန သဗ္ဗံ ဥပါဒိန္နကသရီရံ ဖရိတွာ ဌိတံ၊ သန္နိစိတလောဟိတံ ယကနဋ္ဌာနဿ ဟေဋ္ဌာဘာဂံ ပူရေတွာ ဧကပတ္ထပူရမတ္တံ ဟဒယဝက္ကပပ္ဖါသာနံ ဥပရိ ထောကံ ထောကံ ပဂ္ဃရန္တံ ဝက္ကဟဒယယကနပပ္ဖါသေ တေမယမာနံ ဌိတံ။ တသ္မိဥှိ ဝက္ကဟဒယာဒီနိ အတေမေန္တေ သတ္တာ ပိပါသိတာ ဟောန္တိ။ (အဘိ၊ဋ္ဌ၊၂၊၂၃၃။ ဝိသုဒ္ဓိ၊၁၊၂၅၃။)

သွေးသည် ---

၁။ ကောင်းစွာ စုဝေးတည်နေသော သန္နိစိတသွေး,

၂။ အကြောတို့ကို လျှောက်သွားနေသော သံသရဏသွေးဟု

သွေး (၂)မျိုးတို့ ရှိကုန်၏။ ထိုသွေး (၂)မျိုးတို့တွင် ကောင်းစွာ စုဝေးတည်နေသော သန္နိစိတသွေးသည် အရောင်အဆင်းအားဖြင့် ကျက်ပြီးသော ပျစ်ချွဲသော ချိပ်ရည်အဆင်း ရှိ၏။ အကြောတို့ကို လျှောက်သွားနေသော သံသရဏသွေးသည် ကြည်သော ချိပ်ရည်အဆင်း ရှိ၏။ ပုံသဏ္ဌာန်အားဖြင့် သွေး (၂)မျိုးလုံးသည် တည်ရာအရပ် နှင့် တူသော ပုံသဏ္ဌာန်ရှိ၏။ ဖြစ်ရာ အရပ်ဒေသအားဖြင့် ကောင်းစွာ စုဝေး တည်နေသော သန္နိစိတသွေးသည် ခန္ဓာကိုယ်၏ အထက်ပိုင်း အရပ်၌ ဖြစ်၏။ အကြောတို့ကို လျှောက်သွားနေသော သံသရဏသွေးသည် ဆံပင်- မွေးညင်း-သွား-ခြေသည်း-လက်သည်းတို့၏ အသားမှ လွတ်ရာဌာနကိုလည်းကောင်း, ကြမ်းတမ်းခြောက်သွေ့သော အရေထူ အရေပါးကိုလည်းကောင်း ချန်လှပ်ထား၍ အကြော၏ အတွင်းဝယ် အကြောတည်းဟူသော ကွန်ယှက်ကို = ကွန်ရက်ကို အစဉ်လိုက်သောအားဖြင့် ဥပါဒိန္နကသရီရ အမည်ရသော တဏှာ-မာန-ဒိဋ္ဌိတို့က ငါ့ကိုယ်ဟု စွဲလမ်းမှတ်ယူအပ်သော တစ်ကိုယ်လုံးကို ပျံ့နှံ့၍ တည်၏။

ကောင်းစွာ စုဝေးတည်နေသော သန္နိစိတသွေးကား အသည်းတည်ရာ ဌာန၏ အောက်ဘက် အဖို့ဘာဂကို ပြည့်စေ၍ တစ်ကွမ်းစားပြည့် = တစ်သပိတ်ပြည့်ခန့် အတိုင်းအရှည် ရှိသည်ဖြစ်၍ နှလုံးအိမ်, အညှို့ = ကျောက်ကပ်, အဆုတ်တို့၏ အထက်၌ အနည်းငယ် အနည်းငယ် ယိုချလျက် ယိုစီးလျက်, အညှို့ = ကျောက်ကပ်, နှလုံး, အသည်း, အဆုတ်တို့ကို စိုစွတ်စေလျက် တည်နေ၏။ မှန်ပေသည် ထိုသွေးသည် အညှို့ = ကျောက်ကပ်, နှလုံးအိမ် စသည်တို့ကို မစိုစွတ်စေလတ်သော် သတ္တဝါတို့သည် ရေမွတ်သိပ် ဆာလောင်လာကြကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၂၃၃။ ဝိသုဒ္ဓိ၊၁၊၂၅၃။)

ဤအထက်ပါ အဋ္ဌကထာ အဖွင့်များနှင့်အညီ နှလုံးအိမ်အတွင်းဝယ် တွင်းငယ်၌ တည်ရှိသော သွေးသည် အကြောတို့ကို လျှောက်သွားနေသော သံသရဏသွေး အမျိုးအစားတွင် ပါဝင်သည်ဟု မှတ်သားထားပါ။

ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်းဝယ် (၄၂)ကောဋ္ဌာသတို့ လာရှိ၏။ (အဘိ၊၂၊၈၆။ ဝိသုဒ္ဓိ၊၁၊၃၅၉။) ယင်း (၄၂)ကောဋ္ဌာသတို့တွင် ဝါယောကောဋ္ဌာသ (၆)ပါး လာရှိ၏။ ယင်း ဝါယောကောဋ္ဌာသ (၆)မျိုးတို့တွင် အင်္ဂမင်္ဂါနုသာရိနော ဝါတာဟူသော ဝါယောကောဋ္ဌာသ တစ်မျိုး ပါရှိ၏။

အင်္ဂမင်္ဂါနုသာရိနော ဝါတာတိ ဓမနီဇာလာနုသာရေန သကလသရီရေ အင်္ဂမင်္ဂါနိ အနုသဋာ သမိဉ္ဇနပသာရဏာဒိနိဗ္ဗတ္တကာ ဝါတာ။ (အဘိ၊ဋ္ဌ၊၂၊၆၆-၆၇။)

အင်္ဂမင်္ဂါနုသာရိနော ဝါတာဟူသည် အကြောတည်းဟူသော ကွန်ရက် (= ကွန်ယှက်)ကို အစဉ်လျှောက်သောအားဖြင့် တစ်ကိုယ်လုံး၌ အင်္ဂါကြီးငယ်တို့သို့ အစဉ် ပျံ့နှံ့ကုန်သော ကွေးခြင်း ဆန့်ခြင်း အစရှိသည်ကို ဖြစ်စေတတ်ကုန်သော လေတို့တည်း။ (အဘိ၊ဋ္ဌ၊၂၊၆၆-၆၇။)

အကြောတို့ကို လျှောက်သွားနေသော သွေးသည် အထက်ပါ အင်္ဂမင်္ဂါနုသာရိနော ဝါတာဟူသော အကြောတည်းဟူသော ကွန်ရက်ကို အစဉ်လျှောက်သောအားဖြင့် တစ်ကိုယ်လုံး၌ အင်္ဂါကြီးငယ်တို့သို့ အစဉ်ပျံ့နှံ့ကုန်သော လေတို့၏ စွမ်းအင်သတ္တိကြောင့် တစ်ကိုယ်လုံးသို့ အကြောအတွင်းမှနေ၍ လည်ပတ် သွားလာနေခြင်း ဖြစ်၏။ ဤကား သမုတိသစ္စာနယ်မှ ရှင်းလင်းချက် ဖြစ်သည်။

သွေးဟူသည် လေဟူသည်

သွေးဟူသည် လေဟူသည်

ဤတွင် ပရမတ္ထသစ္စာနယ်မှ အဆိုအမိန့်များကို ဆက်လက်၍ တင်ပြပါရစေ ---

ဧဝံ စတုသမုဋ္ဌာနေသု စတုဝီသတိကောဋ္ဌာသေသု စတုစတ္တာလီသ စတုစတ္တာလီသ ရူပါနိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

ဤသို့လျှင် ကံ-စိတ်-ဥတု-အာဟာရတည်းဟူသော အကြောင်းတရား (၄)ပါးတို့ကြောင့် ထင်ရှားဖြစ်ပေါ် လာကြကုန်သော စတုသမုဋ္ဌာန်ဖြစ်ကုန်သော (၂၄)မျိုးသော ကောဋ္ဌာသတို့၌ (၄၄)မျိုး (၄၄)မျိုးသော ရုပ်တရား တို့သည် ရှိကြကုန်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

ဤအထက်ပါ (၂၄)ကောဋ္ဌာသတို့၌ သွေးကောဋ္ဌာသလည်း ပါဝင်လျက် ရှိ၏။ အသင်သူတော်ကောင်း သည်, ရှေးရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်း တင်ပြထားခဲ့သည့်အတိုင်း, သွေး၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်၏။ ယင်းရုပ်ကလာပ်တို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။

၁။ ကာယဒသကကလာပ် ၁၀

၂။ ဘာဝဒသကကလာပ် ၁၀

၃။ စိတ္တဇအဋ္ဌကလာပ် ၈

၄။ ဥတုဇအဋ္ဌကလာပ် ၈

၅။ အာဟာရဇအဋ္ဌကလာပ် ၈

အားလုံးပေါင်းသော် ၄၄

ရုပ်ကလာပ်အမျိုးအစား (၅)မျိုး, ရုပ်အမျိုးအစား (၄၄)တို့သည် သွေး၌ တည်ရှိကြ၏။ သို့သော် နှလုံးအိမ် အတွင်းဝယ် ပုန်းညက်စေ့ခန့် ပမာဏရှိသော တွင်းငယ်၌ တည်ရှိကြသော သွေး၌ကား ရုပ်ကလာပ် အမျိုးအစားနှင့် ရုပ်အမျိုးအစားတို့မှာ အောက်ပါအတိုင်းဖြစ်ကြ၏။

မနောဒွါရေ ဟဒယဝတ္ထုကာယဘာဝဒသကဝသေန စေဝ ဥတုသမုဋ္ဌာနာဒိဝသေန စ စတုပဏ္ဏာသမေဝ။ (ဝိသုဒ္ဓိ၊၂၊၂၅၉)

၁။ ဟဒယဒသကကလာပ် ၁၀

၂။ ကာယဒသကကလာပ် ၁၀

၃။ ဘာဝဒသကကလာပ် ၁၀

၄။ စိတ္တဇအဋ္ဌကလာပ် ၈

၅။ ဥတုဇအဋ္ဌကလာပ် ၈

၆။ အာဟာရဇအဋ္ဌကလာပ် ၈

အားလုံးပေါင်းသော် ၅၄

ဤသို့လျှင် နှလုံးအိမ်အတွင်းဝယ် ပုန်းညက်စေ့ခန့် ပမာဏရှိသော တွင်းငယ်၌ တည်ရှိသော သွေး၌ကား ရုပ်ကလာပ် အမျိုးအစား (၆)မျိုး ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြ၏။

ပရမတ္ထသစ္စာနယ်၌ကား နှလုံးဟူသည် နှလုံးအိမ်ဟူသည် သွေးဟူသည် မရှိ၊ (၅၄)မျိုးကုန်သော ပရမတ္ထ ရုပ်သဘောတရားတို့သာ တည်ရှိကြ၏၊ အမျိုးအစားကိုသာ (၅၄)မျိုးဟုဆိုသည်၊ အရေအတွက်ကိုကား မဆိုလိုပါ။ တစ်မျိုး တစ်မျိုး၌ ရုပ်အရေအတွက်ကား များစွာရှိနိုင်၏။ ယင်းပရမတ္ထ ရုပ်တရားတို့ကား ဖြစ်ပြီးသည်နှင့် တစ်ပြိုင်နက် ပျက်သွားကြကုန်၏။ မျက်စိတစ်မှိတ်, လျှပ်တစ်ပြက်, လက်ဖျစ်တစ်တွက်, တစ်စက္ကန့်ဟူသော အချိန် ကာလကို ကုဋေ (၅၀၀၀)ကျော်ခန့် ပုံလျှင် တစ်ပုံခန့်လောက်သာ သက်တမ်းရှည်ကြ၏။ စိတ္တက္ခဏအားဖြင့် (၁၇)ချက်, ခဏငယ်အားဖြင့် (၅၁)ချက်သာ သက်တမ်းရှိကြ၏။ သက်တမ်းကား အလွန်တိုတောင်း၏။

ရူပဓမ္မာပိ ယတ္ထ ဥပ္ပဇ္ဇန္တိ၊ တတ္ထေဝ ဘိဇ္ဇန္တိ၊ န ဒေသန္တရံ သင်္ကမန္တိ။ (အနုဋီ၊၁၊၁၆၂။)

ရုပ်တရားတို့မည်သည်မှာလည်း ဖြစ်သည့်နေရာ၌သာလျှင် ပျက်သွားကြ၏၊ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့သွားရိုး, ပြောင်းရွှေ့နိုင်ရိုး ဓမ္မတာ မရှိကြ။ ပရမတ္ထသစ္စာနယ်တည်း။

တစ်ဖန် အင်္ဂမင်္ဂါနုသာရိနော ဝါတာ = အကြောတည်းဟူသော ကွန်ရက်ကို အစဉ်လျှောက်သောအားဖြင့် တစ်ကိုယ်လုံး၌ အင်္ဂါကြီးငယ်တို့သို့ အစဉ်ပျံ့နှံ့ကုန်သော ကွေးခြင်း ဆန့်ခြင်း, သွေးကိုလည်ပတ်စေခြင်း စသည်တို့ကို ဖြစ်စေတတ်ကုန်သော အကြော၏ အတွင်း၌ တည်ကုန်သော လေတို့ဟူသည် (၃၃)မျိုးသော ရုပ်တရားတို့၏ အစုအပုံတို့သာတည်း။

သေသေသု စတုသမုဋ္ဌာနေသု အဋ္ဌသု ဇီဝိတနဝကဉ္စေဝ တီဏိ စ ဩဇဋ္ဌမကာနီတိ တေတ္တိံသ ရူပါနိ ပါကဋာနိ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

အထက်ပါ အကြောအတွင်း၌ တည်သော ဝါယောကောဋ္ဌာသ၌ ---

၁။ ဇီဝိတနဝကကလာပ် ၉

၂။ စိတ္တဇအဋ္ဌကလာပ် ၈

၃။ ဥတုဇအဋ္ဌကလာပ် ၈

၄။ အာဟာရဇအဋ္ဌကလာပ် ၈

အားလုံးပေါင်းသော် ၃၃

ရုပ်ကလာပ် အမျိုးအစား (၄)မျိုး, ရုပ်အမျိုးအစား (၃၃)မျိုးတို့တည်း။ အသင်သူတော်ကောင်းသည် အကြော အတွင်း၌ တည်နေသော ယင်းလေကောဋ္ဌာသကို ရှေးဦးစွာ ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည် စွမ်းအင်ဖြင့် မြင်အောင်ရှုပါ။ လေကိုမြင်သောအခါ ယင်းလေ၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို လွယ်ကူစွာပင် တွေ့ရှိမည်ဖြစ်သည်။ ယင်းရုပ်ကလာပ်တို့ကို ဓာတ်ခွဲကြည့်ပါက အထက်ပါ (၃၃)မျိုးသော ရုပ်တရားတို့ကို တွေ့ရှိနိုင်ပေသည်။ ယင်းရုပ်တရားတို့၌ ရုပ်ကလာပ်တိုင်းတွင် ပါဝင်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင်သည် လွန်ကဲလျက် ရှိ၏၊ ထက်မြက်လျက် ရှိ၏၊ စူးရှလျက် ရှိ၏။ သို့သော် ယင်း ရုပ်တရားတို့မှာလည်း အနိစ္စတရားတို့သာ ဖြစ်ရကား ဖြစ်ပြီးသည်နှင့် ပျက်သွားကြ၏။ သို့သော် ---

၁။ အကြောတို့ကို လျှောက်သွားနေသော သံသရဏသွေးဟု ခေါ်ဆိုသော ရုပ်တရားတို့သည်လည်းကောင်း,

၂။ အကြောအတွင်းမှ ကိုယ်အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်သွားနေသော အင်္ဂမင်္ဂါနုသာရိနော ဝါတာဟု ခေါ်ဆိုသော ရုပ်တရားတို့သည်လည်းကောင်း ---

မိမိတို့ကို ဖြစ်ပေါ်စေတတ်ကုန်သော ကံ-စိတ်-ဥတု-အာဟာရတည်းဟူသော အကြောင်းတရားတို့က အဆက်မပြတ် ကျေးဇူးပြုပေးနေသမျှ ကာလပတ်လုံး အကျိုးတရား ဖြစ်ကြရကုန်သော မိမိတို့ ရုပ်တရားတစ်စု တို့သည်လည်း အကြောင်းမကုန်သေးသမျှ ဖြစ်ပျက်သန္တာန်အစဉ်အားဖြင့် ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေကြရသည်သာ ဖြစ်၏၊ အထပ်ထပ် ဖြစ်နေကြရဦးမည်သာ ဖြစ်၏။

ယင်းသို့ ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေရသော ပရမတ္ထဓမ္မ သဘာဝတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာမျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိ မမြင်သေးသူတို့ကား သွေးဟု သိကြ၏၊ လေဟု သိကြ၏။ သမုတိသစ္စာနယ်တည်း။ ထိုကြောင့် သမုတိသစ္စာနယ်သုံး ဝေါဟာရနှင့်အညီ ဆက်လက်၍ ရှင်းလင်း တင်ပြအပ်ပါသည်။

ယင်းနှလုံးအိမ်၏ အတွင်းဝယ် ပုန်းညက်စေ့ခန့် ပမာဏရှိသော တွင်းငယ်၌ တည်ရှိသော ဟဒယဝတ္ထုနှင့် တကွသော ဟဒယဒသကကလာပ်ရုပ်တို့၏ ပျံ့နှံ့၍ တည်ရာဖြစ်သော သွေးသည် အကြောတို့ကို လျှောက်သွားနေသော သံသရဏသွေးဖြစ်၏။ နှလုံးအိမ် အတွင်း၌ အမြဲတည်နေသော သွေးကား မဟုတ်ပေ။ ယင်းသွေးများ သည် အကြောများအတွင်းမှ တစ်ကိုယ်လုံးသို့ လည်ပတ် သွားလာနေရသဖြင့် ဟဒယဝတ္ထုရုပ်များလည်း သွေးသွားရာနောက်သို့ လိုက်ပါ၍ ဖြစ်နေကြသည်ဟူ၍ကား မယူဆလေရာ။ နှလုံးအိမ်၏ အတွင်းဝယ် တွင်းငယ်၌ တည်ခိုက် သွေးတို့၌သာ ပျံ့နှံ့လျက် ဟဒယဒသကကလာပ်အနေဖြင့် ဟဒယဝတ္ထုရုပ်များသည် အနိစ္စ အနေအထားအားဖြင့် ဖြစ်နေကြ၏ဟုသာ မှတ်သားထားပါ။

အင်္ဂမင်္ဂါနုသာရိနော ဝါတာဟူသော အကြော၏အတွင်းသို့ အစဉ်လျှောက်သွားနေသော ဝါယောဓာတ်၏ တွန်းကန်ပေးနေသည့် စွမ်းအင်ကြောင့် သံသရဏသွေးများသည် တစ်ကိုယ်လုံးသို့ လည်ပတ်သွားလာနေခြင်း ဖြစ်၏။ ယင်းသို့ တွန်းအားပေးနေသော ဝါယောဓာတ်တို့မှာ ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား (၄)ပါးကြောင့် ဖြစ်ပေါ်လာကြကုန်သော စတုသမုဋ္ဌာနိက ဝါယောဓာတ်တို့ပင် ဖြစ်ကြ၏။

ထိုအကြောင်းတရားတို့တွင် သံသရဏသွေး၌ ပါဝင်သော ကမ္မဇရုပ်, အကြောအတွင်း၌ တည်သော လေ၌ ပါဝင်သော ကမ္မဇရုပ်တို့ကို ဖြစ်စေတတ်သော ကံ၏ အကျိုးပေးပုံကို အနည်းငယ် ရှင်းလင်း တင်ပြအပ်ပါသည်။

ကာလောပဓိပယောဂါနံ၊ ဂတိယာ စ ယထာရဟံ။

သမ္ပတ္တိဉ္စ ဝိပတ္တိံ စ၊ ကမ္မမာဂမ္မ ပစ္စတိ။ (အဘိဓမ္မာဝတာရအဋ္ဌကထာ။)

အတိတ်ဘဝက ပြုစုပျိုးထောင်ထားသော ကုသိုလ်ကံသည် ---

၁။ ကာလသမ္ပတ္တိ = အကျိုးပေးဖို့ရန် အချိန်ကာလနှင့် ပြည့်စုံခြင်း,

၂။ ဥပဓိသမ္ပတ္တိ = အကျိုးပေးဖို့ရန် ဥပဓိရုပ်နှင့် ပြည့်စုံခြင်း,

၃။ ပယောဂသမ္ပတ္တိ = အကျိုးပေးဖို့ရန် လုံ့လပယောဂနှင့် ပြည့်စုံခြင်း,

၄။ ဂတိသမ္ပတ္တိ = အကျိုးပေးဖို့ရန် ဂတိဘဝနှင့် ပြည့်စုံခြင်း,

ဤအကြောင်းတရားတို့နှင့် ပေါင်းဆုံမိလတ်သော် အကျိုးပေးဖို့ရန် အခွင့်အလမ်းများသည် ပွင့်လန်း သာယာလျက် ရှိ၏။ သို့သော် ကာလဝိပတ္တိ, ဥပဓိဝိပတ္တိ, ပယောဂဝိပတ္တိ, ဂတိဝိပတ္တိဟူသော အကြောင်းတို့နှင့် ပေါင်းဆုံမိလတ်သော် အကျိုးပေးဖို့ရန် အခါအခွင့်မသင့် ဖြစ်တတ်၏။ အခွင့်အလမ်းများ ပိတ်ဆို့နေတတ်၏။ (အကျယ်ကို သင်္ခါရက္ခန္ဓာပိုင်းတွင် ကြည့်ပါ။)

အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော ကုသိုလ်ကံသည် ယင်း ကာလ-ဥပဓိ-ပယောဂ-ဂတိတည်းဟူသော သမ္ပတ္တိစက်တို့၏ အထောက်အပံ့ကောင်းကို ရရှိခဲ့သော် သံသရဏသွေးနှင့် အကြောအတွင်း၌ တည်သော လေ (အင်္ဂမင်္ဂါနုသာရိနော ဝါတာ)တို့တွင် ပါဝင်သော ကမ္မဇရုပ်တို့ကို အချိုးတကျ ဖြစ်စေမည်သာ ဖြစ်၏။

အကယ်၍ ကုသိုလ်ကံက ကမ္မဇရုပ်တို့ကို အချိုးတကျ ဖြစ်စေလျှင်, စိတ်-ဥတု-အာဟာရတို့ကလည်း စိတ္တဇရုပ်-ဥတုဇရုပ်-အာဟာရဇရုပ်တို့ကို အချိုးတကျ ဖြစ်စေနိုင်လျှင် --- ကံ-စိတ်-ဥတု-အာဟာရတည်း ဟူသော အကြောင်းတရားတို့ကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ယင်း သံသရဏသွေးနှင့် အကြောအတွင်း၌ တည်သော လေတို့သည်လည်း အချိုးကျကျ လည်ပတ်နေကြမည်သာ ဖြစ်ပေသည်။ ယင်းသို့ လည်ပတ်ရာ၌ နှလုံးအိမ်ကား အရေးကြီးသော ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုပင် ဖြစ်၏။

နှလုံးအိမ်သည် သံသရဏသွေးကို တစ်ကိုယ်လုံးသို့ လည်ပတ်စေတတ်သော တွန်းကန်ခြင်း လုပ်ငန်းကိစ္စကို ရွက်ဆောင်ပေးတတ်သော အင်္ဂမင်္ဂါနုသာရိနော ဝါတာ အမည်ရသော ဝါယောဓာတ်တို့ကို အားကောင်းလာအောင် ထောက်ပံ့တတ်သော ကိရိယာတစ်မျိုး ဖြစ်၏။

ဆရာဝန်ကြီးများသည် နှလုံးအိမ်ကို အစားထိုး၍ ကုသရာ၌ ယင်းသံသရဏသွေးကို လည်ပတ်နေအောင် အကြောအတွင်းမှ ကိုယ်အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်နေသော အင်္ဂမင်္ဂါနုသာရိနော ဝါတာ အမည်ရသော ဝါယောဓာတ်များ အားကောင်းလာအောင် နှလုံးကဲ့သို့ပင် အားပေး ထောက်ပံ့တတ်သော စက်ကိရိယာ တစ်မျိုးကို အသုံးပြုကြရ၏။

ယင်းစက်ကိရိယာ၏ တွန်းကန်နေသော လေဟူသည် ပရမတ္ထသစ္စာနယ်မှ ဆိုရသော် ဥတုဇဩဇဋ္ဌမက ရုပ်တရားတို့၏ အစုအပုံသာ ဖြစ်၏။ ယင်း ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဝါယောဓာတ်က တွန်းကန်ခြင်း သမုဒီရဏကိစ္စဖြင့် အားပေးထောက်ပံ့လိုက်သောအခါ အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်နေသော အကြောအတွင်း ၌ တည်ရှိသော အင်္ဂမင်္ဂါနုသာရိနော ဝါတာ အမည်ရသော လေသည် အားကောင်းမြဲ အားကောင်းလျက်ပင် ရှိ၏။ သံသရဏသွေးကို လည်ပတ်စေနိုင်သော စွမ်းအင်များ ဆက်လက် တည်ရှိလျက်ပင် ရှိနေ၏။

နှလုံးအိမ် ခေတ္တ မရှိသော်လည်း သံသရဏသွေး၏ လည်ပတ်မှုနှင့် အကြောအတွင်း၌ရှိသော ဝါယော ဓာတ်တို့၏ တွန်းကန်မှုမှာ ပုံမပျက်ပင်ရှိနေ၏။ ယင်း အင်္ဂမင်္ဂါနုသာရိနော ဝါတာဟူသော ဝါယောဓာတ်၏ စွမ်းအားကြောင့် သံသရဏသွေး အမည်ရသော ရုပ်တရားတို့သည် နေရာအသစ်အသစ်၌ ပြောင်း၍ ဥပါဒ်နိုင်ခြင်းပင် ဖြစ်၏။

အတိတ်ကံကြောင့် ဖြစ်ပေါ်လာရသော ကမ္မဇရုပ်ဖြစ်သည့် ဟဒယဝတ္ထုရုပ်သည်လည်း ဟဒယဒသက ကလာပ်အနေဖြင့် ယင်းသွေးတို့၌ ပျံ့နှံ့လျက် အသစ်အသစ် ဥပါဒ်လျက်ပင် ရှိ၏။ နှလုံးအိမ် အတွင်း၌ ဖြတ်သန်း သွားလာရာမှ ခေတ္တအားဖြင့် မူလ နှလုံးအိမ်အတွင်း သံသရဏသွေးများ ဖြစ်နေကျနေရာ ဝန်းကျင်တွင်ပင် ယင်းသံသရဏသွေးများ၌ ပျံ့နှံ့လျက် ဆက်လက်၍ ဥပါဒ်လျက်ပင် ရှိ၏၊ အတိတ်ကံ အရှိန်မကုန်သေးသမျှ ဆက်လက်၍ ဥပါဒ်နေကြဦးမည်သာ ဖြစ်ကြ၏။ ထိုကြောင့် ထိုအချိန်တွင် မနောဓာတ်-မနောဝိညာဏဓာတ်တို့လည်း ထိုက်သလို ဖြစ်နေကြမည်သာ ဖြစ်သည်။

နှလုံးအိမ်ကို အစားထိုးပြီးသောအခါ၌ကား သံသရဏသွေးများသည် ယင်းနှလုံးအိမ်အသစ်ကို ဖြတ်သန်း၍ အင်္ဂမင်္ဂါနုသာရိနော ဝါတာ ဟူသော ဝါယောဓာတ်၏ တွန်းကန်သည့် စွမ်းအင်ကြောင့် ဆက်လက်၍ လည်ပတ်နေ မည်သာ ဖြစ်ပေသည်။ ကံအရှိန် မကုန်သမျှ ဤနည်းအတိုင်းပင် ဖြစ်နေမည် ဖြစ်သည်။ ကံအရှိန်ကုန်လျှင်ကား ရပ်ဆိုင်းသွားပေလိမ့်မည်။

၁။ ဆရာဝန်များ၏ ကုသပေးနိုင်သည့် အချိန်ကာလ, လူနာ၏လည်း ကုသမှုကို ခံယူနိုင်သည့် အချိန်ကာလ ဟူသော ကာလသမ္ပတ္တိ,

၂။ ကုသပေးနိုင်သည့် နေရာဒေသ, ကုသမှုကို ခံယူနိုင်သည့် နေရာဒေသဟူသော ဂတိသမ္ပတ္တိ,

၃။ ဆရာဝန်ကြီးများ၏ ကြိုးစားအားထုတ်မှု လုံ့လပယောဂ, လူနာ၏ ကြိုးစားအားထုတ်မှု လုံ့လပယောဂ ဟူသော ပယောဂသမ္ပတ္တိ,

၄။ လူနာ၏ ကုသမှုကို ခံယူနိုင်သည့် ဥပဓိသမ္ပတ္တိ = ကိုယ်ခံအားနှင့် ပြည့်စုံခြင်း ---

ဤကဲ့သို့သော အကြောင်းအထောက်အပံ့ကောင်းများကို ရရှိသည့်အတွက် အတိတ်ကံသည် ဟဒယဝတ္ထုနှင့် တကွသော ကမ္မဇရုပ်တို့ကို ဆက်လက် ဖြစ်စေနိုင်ခြင်း ဖြစ်၏။ ကမ္မဇရုပ်တည်းဟူသော အထောက်အပံ့ကောင်းကို ရရှိသည့်အခါ စိတ္တဇရုပ်-ဥတုဇရုပ်-အာဟာရဇရုပ်တို့သည်လည်း ဖြစ်မြဲပင် ဖြစ်နေကြပေလိမ့်မည်။

ဤ ရှင်းလင်းချက်များအရ နှလုံးအိမ်ဟူသည် သံသရဏသွေး အမည်ရသော စတုသမုဋ္ဌာနိက ရုပ်တရား တို့၏ ဖြတ်သန်းသွားလာရာ လမ်းကြောင်း ဖြစ်သည်ကိုကား သဘောပေါက်သင့်ပြီ။ နှလုံးအိမ်ကို ခွဲစိတ်ကုသရာ၌ ယင်း သံသရဏသွေးတွင် ပါဝင်တည်ရှိသော ဟဒယဝတ္ထု ရုပ်များသည် မူလဖြစ်နေကျနေရာ၌ မဥပါဒ်ဘဲ နေရာ အသစ်အသစ်၌ ပြောင်းရွှေ့ ဥပါဒ်မှုကို သဘောကျသင့်ပေ၏။ ကာယဝိညတ်ရုပ်၏ စွမ်းအားကြောင့် တစ်နည်း ဆိုသော် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ကာယဝိညတ်နှင့် တကွသော မဟာဘုတ်တို့၏ စွမ်းအင်ကြောင့် ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား (၄)ပါးတိ့ုကြောင့် ဖြစ်သော စတုသမုဋ္ဌာနိက ရုပ်တရားအပေါင်းသည် (သွားရာ, လာရာ, ကွေးရာ, ဆန့်ရာ စသည်တို့၌) နေရာ အသစ်အသစ်၌ ပြောင်းရွှေ့ ဥပါဒ်ကြသကဲ့သို့ မှတ်ပါ။

အယူအဆတစ်မျိုး

အယူအဆတစ်မျိုး

ဟဒယံ သရီရဗ္ဘန္တရေ ဥရဋ္ဌိပဉ္ဇရမဇ္ဈံ နိဿာယ ဌိတံ။ (အဘိ၊ဋ္ဌ၊၂၊၅၇။ ဝိသုဒ္ဓိ၊၁၊၃၅၁။)

ဥရဋ္ဌိသင်္ဃာဋော ပဉ္စရသဒိသတာယ ဥရဋ္ဌိပဉ္ဇရန္တိ ဝုတ္တော။ (မဟာဋီ၊၁၊၄၄၀။)

နှလုံးသားသည် ခန္ဓာကိုယ်၏အတွင်း ရင်ရိုးချိုင့် = ရင်ဘတ်ရိုးချိုင့်၏ အလယ်ကိုမှီ၍ တည်၏။ ရင်ဘတ်ရိုး၏ အောက်နား၌ အချိုင့်ရှိ၏၊ ထိုချိုင့်၏ အလယ်ကိုမှီ၍ ဟဒယ = နှလုံးသည် တည်၏။ ထီး၏ ခရိုင်များ ပေါင်းဆုံရာ အရပ်ကို ထီးချိုင့်ဟု ခေါ်ဝေါ်သုံးစွဲသကဲ့သို့ ရင်ဘတ်ရိုးတို့၏ ပေါင်းဆုံရာအရပ်ကို ထီးချိုင့်နှင့် တူသောကြောင့် ဥရဋ္ဌိပဉ္ဇရ = ရင်ရိုးချိုင့် = ရင်ဘတ်ရိုးချိုင့်ဟု ခေါ်၏။ (အဘိ၊ဋ္ဌ၊၂၊၅၇။ ဝိသုဒ္ဓိ၊၁၊၃၅၁။ မဟာဋီ၊၁၊၄၄၀။)

ဤ အထက်ပါ အဋ္ဌကထာ၏ အဖွင့်ကို ကြည့်၍ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားက မိမိ၏ သမ္မောဟဝိနောဒနီ ဘာသာဋီကာတွင် အောက်ပါအတိုင်း မှတ်ချက်ချထား၏။

ဤအဆိုကို ကြည့်၍ ပါဠိ၌ သုံးအပ်သော ဟဒယ = နှလုံးသားဟူသည် ယခုခေတ် ဆရာဝန်တို့ စမ်းသပ် အပ်သော ရင်ဘတ်၏ ဝဲဘက်၌ သားမြတ်အောက်နားဝယ် တည်သော နှလုံးသားမဟုတ်ဟု ခွဲခြားမှတ်သားပါ။ သို့သော် ထိုနှလုံးသား၏ အဆက်အသွယ်ကား ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ (သမ္မောဟဝိနောဒနီဘာသာဋီကာ၊၁၊၁၇၈။)

ထိုရင်ချိုင့် အရပ်ဝယ် နှလုံးအိမ်နှင့် ဆက်သွယ်နေသော သွေးကြောကြီးများ ရှိနေကြ၏။ အခြား အခြား သော သွေးကြောများလည်း ထိုက်သလို ရှိနေကြ၏။ ယင်းသွေးကြောကြီးတို့၏ အတွင်း၌ သွေးလေတို့၏ လှုပ်ရှားမှု စွမ်းအင် ကြီးမားလာသောအခါ ရင်တွင်း၌ လှုပ်ရှားမှုများ ပိုမို၍ ပြင်းထန်လာတတ်၏။ သွေးလေတို့၏ လှုပ်ရှားမှု ပြင်းထန်ရခြင်းမှာလည်း ကံ-စိတ်-ဥတု-အာဟာရတို့ အပေါ်၌ အခြေစိုက်လျက် ရှိ၏။ သွေးလေတို့၏ လှုပ်ရှားမှု ပြင်းထန်ရခြင်းမှာ ကံကြောင့်လည်း ဖြစ်နိုင်၏၊ စိတ်ကြောင့်လည်း ဖြစ်နိုင်၏၊ ဥတုကြောင့်လည်း ဖြစ်နိုင်၏၊ အာဟာရကြောင့်လည်း ဖြစ်နိုင်၏၊ စိတ်လှုပ်ရှားမှု ပြင်းထန်လာလျှင် နှလုံးသွေး၌တည်သော စိတ္တဇဩဇဋ္ဌမက ကလာပ်တို့တွင် ပါဝင်သော စိတ္တဇဝါယောဓာတ်, အင်္ဂမင်္ဂါနုသာရိနော ဝါတာဟူသော အကြောအတွင်းရှိ လေ၌ တည်သော စိတ္တဇဩဇဋ္ဌမကကလာပ်တို့တွင် ပါဝင်သော စိတ္တဇဝါယောဓာတ်သည် စွမ်းအင်သတ္တိ ထက်မြက် လာ၏၊ စူးရှလာ၏၊ လွန်ကဲလာ၏။ ထိုအခါတွင် ထိုစိတ္တဇဝါယောဓာတ်၏ စွမ်းအင်ကြီးမားမှုကြောင့် အတူဖြစ်ဖက် သဟဇာတ ရုပ်တရားများ ဖြစ်ကြသည့် စတုသမုဋ္ဌာနိက ရုပ်တရားများ ဖြစ်ကြသော သွေး-လေတို့သည်လည်း လှုပ်ရှားမှု ပြင်းထန်လာကြ၏၊ တုန်ခါမှုစွမ်းအင်များ ကြီးထွားလာကြ၏။ ထိုအခါတွင် ရင်ချိုင့်အတွင်း၌ ရှိသော သွေးလေတို့၏ လှုပ်ရှားမှုမှာလည်း ပြင်းထန်လာ၏။ ဤကား နှလုံးအိမ်နှင့် ရင်ရိုးချိုင့်အတွင်း သွေးကြောကြီး တို့၌ တည်ရှိသော သွေးလေတို့၏ အဆက်အသွယ် မကင်းပုံတည်း။

အကယ်၍ ရင်ချိုင့်အတွင်းဝယ်ရှိသော သွေးကြောကြီးတို့၏ အတွင်း၌ တည်သော သွေးတို့ကို မှီ၍ ဟဒယ ဝတ္ထုရုပ်များသည် ဖြစ်နေကြသည်ဟု လက်ခံငြားအံ့၊ နှလုံးအိမ်ကို အစားထိုး၍ ကုသမှုမှာ ဟဒယဝတ္ထုနှင့် အလှမ်းကွာသွားပြီ ဖြစ်၏။ မနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီရာ ဟဒယဝတ္ထုနှင့် ပတ်သက်၍ အငြင်း ပွားမှုမှာလည်း ဝေးကွာသွားဖွယ်ရာ ရှိ၏။

သို့သော် -- ဟဒယသည် ခန္ဓာကိုယ်၏အတွင်း ရင်ရိုးချိုင့်၏ အလယ်ကိုမှီ၍ တည်၏ -- ဟူသော စကားကို သမီပူပစာရအားဖြင့် ဖွင့်ဆိုသောစကားဟု ယူသင့်၏။

ဂင်္ဂါယံ သဿံ တိဋ္ဌတိ = ဂင်္ဂါမြစ်၌ ကောက်ပင်သည် တည်ရှိ၏ --- ဟု ဆိုရာဝယ် ဂင်္ဂါမြစ် အတွင်း၌ ကောက်ပင်ကား မတည်နိုင်။ ဂင်္ဂါမြစ်၏ ကမ်းပါး၌သာ ကောက်ပင်သည် တည်နိုင်၏။ ကောက်ပင်၏ အနီးအပါး၌ တည်ရှိသော ဂင်္ဂါမြစ်၏ ဂင်္ဂါဟူသော အမည်ကို ဂင်္ဂါမြစ်နှင့် နီးကပ်သော ကမ်းနားဒြပ်၌ တင်စား၍ အနီးဖြစ်သော ကမ်းနားဒြပ်ကို ဂင်္ဂါဟု ခေါ်ဆိုသကဲ့သို့ --- အလားတူပင် နှလုံးအိမ်အတွင်း ပုန်းညက်စေ့ခန့် ပမာဏရှိသော တွင်းငယ်၌ ဟဒယဝတ္ထုရုပ်တို့၏ ပျံ့နှံ့တည်ရှိရာ သွေးနှင့် ရင်ရိုးချိုင့်အလယ် သွေးကြောတို့ အတွင်း၌ တည်ရှိသော သွေးတို့ကား ဂင်္ဂါမြစ်နှင့် ဂင်္ဂါမြစ်ကမ်းပါးကဲ့သို့ အလွန်နီးကြ၏။ နှလုံးအိမ်အတွင်း တွင်းငယ်၌ တည်ရှိသော သွေးတို့၌ ပျံ့နှံ့လျက်ရှိသော ဟဒယဝတ္ထုရုပ်တို့၏ ဟဒယဟူသော အမည်ကို အနီးဖြစ်သော ရင်ရိုးချိုင့်အတွင်း သွေးကြောတို့၌ တည်သော သွေး၌ တင်စား၍ ယင်းသွေးကို ဟဒယဟု ခေါ်ဆိုထားခြင်း ဖြစ်သည်။ တစ်နည်း --- ပကတိသော နှလုံးသား၏ ဟဒယဟူသော အမည်ကို အနီးဖြစ်သော ရင်ရိုးချိုင့်အတွင်း သွေးကြောတို့၌ တည်သော သွေး၌ တင်စား၍ ယင်းသွေးကြောတို့အတွင်း၌ တည်သော သွေးကိုလည်း သမီပူပစာရအားဖြင့် ဟဒယဟု ခေါ်ဆိုထားသည် မှတ်ပါ။

အကြောင်းမှာ အထက်တွင် တင်ပြခဲ့သည့်အတိုင်း ယင်း သမ္မောဟဝိနောဒနီအဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့၌ပင် အဋ္ဌကထာဆရာတော်ကိုယ်တိုင်က --- နှလုံးအိမ်အတွင်း ပုန်းညက်စေ့၏ တည်ရာမျှလောက်သော တွင်းငယ်၌ တစ်လက်ဆွမ်းခွဲမျှလောက်သော သွေး၌ မနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီရာ ဟဒယဝတ္ထု ရုပ်သည် ပျံ့နှံ့လျက် တည်ရှိ၏ --- ဟု ဖွင့်ဆိုထား၏။ (အဘိ၊ဋ္ဌ၊၂၊၂၂၈။ ဝိသုဒ္ဓိ၊၁၊၂၄၈။)

ရင်ရိုးချိုင့်၏ အလယ်၌ ထိုမျှလောက်သော သွေးများ၏ တည်ရာ တွင်းငယ်လည်း မတည်ရှိ ဖြစ်နေ၏။ ကြီးမားသော သွေးကြောတို့သာ တည်ရှိနေ၏။ ဤသည်မှာလည်း အကြောင်းတစ်ရပ် ဖြစ်၏။ ယောဂီအများစုကို သုတေသနပြုကြည့်ရာ နှလုံးအိမ်အတွင်း၌ အခန်း (၄)ခန်းရှိရာ သွေးလွှတ်ကြောကြီးနှင့် အနီးကပ်ဆုံးဖြစ်သည့် လက်ဝဲဘက် အောက်ဆုံး အခန်းဖြစ်သည့် တွင်းငယ်ဝယ် တည်ရှိသော သွေး၌သာ မနောဓာတ် မနောဝိညာဏဓာတ်တို့၏မှီရာ ဟဒယဝတ္ထုရုပ်ကို တွေ့ရှိကြောင်း ဝန်ခံကြ၏။ ထိုကြောင့် --- ဟဒယသည် ခန္ဓာကိုယ်၏ အတွင်း ရင်ရိုးချိုင့်၏ အလယ်ကို မှီ၍ တည်၏ --- ဟူသော အဋ္ဌကထာစကားကို သမီပူပစာရစကားဟု ဆိုခြင်းဖြစ်သည်။

စေတီနှင့် စေတီအိမ်

စေတီနှင့် စေတီအိမ်

ဓာတ်တော်မွေတော်များကား စေတီတည်း။ ဓာတ်တော်မွေတော်တို့၏ ကိန်းဝပ်ရာ အဆောက်အအုံကား စေတီအိမ်တည်း။ စေတီတော်ကို ပြန်လည် တည်ဆောက်သည်ဟူရာ၌ ဓာတ်တော်မွေတော်တို့၏ ကိန်းဝပ်ရာ စေတီအိမ်ကိုသာ အသစ်ပြန်လည် တည်ဆောက်ခြင်း ဖြစ်၏။ ဓာတ်တော်မွေတော်တို့ကို အသစ်ပြန်လည် တည်ဆောက်သည်ကား မဟုတ်။

ဓာတ်တော်မွေတော်နှင့် ဟဒယဝတ္ထုရုပ်ကား တူ၏၊ စေတီအိမ်နှင့် နှလုံးအိမ်ကား တူ၏။ နှလုံးအိမ်ကို အစားထိုး၍ ကုသခြင်းသည် စေတီအိမ်ကို အသစ် ပြန်လည်တည်ဆောက်ခြင်းနှင့် တူ၏။ စေတီအိမ်ကို အသစ် ပြန်လည်တည်ဆောက်၍ ရနိုင်သော်လည်း ဓာတ်တော်မွေတော်တို့ကို အသစ် ပြန်လည်တည်ဆောက်ဖို့ရန် မဖြစ် နိုင်သကဲ့သို့ အလားတူပင် နှလုံးအိမ်ကို အသစ် ပြန်လည်တည်ဆောက်၍ ရနိုင်သော်လည်း ဟဒယဝတ္ထုရုပ်ကို ကမ္မဇရုပ် ဧကန်ဖြစ်နေသည့်အတွက် ပြန်လည်တည်ဆောက်၍ မရနိုင်သည်ကိုကား သဘောကျသင့်လေရာသည်။ရှေးဦးစွာ ဟဒယဒသကကလာပ်တွင် ပါဝင်သော (၁၀)မျိုးသော ပရမတ် ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ထိုနောင် မနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီရာဖြစ်သော ဟဒယဝတ္ထုရုပ်ကို ရွေးထုတ်၍ အထက်တွင် ရေးသားတင်ပြ ထားသည့်အတိုင်း လက္ခဏ-ရသ စသည်ကို ရှုပါ။

၁၈။ ကဗဠီကာရ အာဟာရ

၁၈။ ကဗဠီကာရ အာဟာရ

၁။ ဩဇာလက္ခဏော ကဗဠီကာရော အာဟာရော၊

၂။ ရူပါဟရဏရသော၊

၃။ ဥပတ္ထမ္ဘနပစ္စုပဋ္ဌာနော၊

၄။ ကဗဠံ ကတွာ အာဟရိတဗ္ဗဝတ္ထုပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။ ဝိသုဒ္ဓိ၊၂၊၈၀။)

၁။ စားမျိုအပ်သော အစာအာဟာရ၏ အဆီအစေး ဩဇာသဘော လက္ခဏ၊

၂။ အာဟာရဇရုပ်ကို ဆောင်ခြင်း တည်စေခြင်း (ကိစ္စ) ရသ၊

၃။ အာဟာရဇရုပ်ကို ဖြစ်စေခြင်းဖြင့် ရူပကာယကိုထောက်ပံ့

ခိုင်ခံ့စေတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ စားမျိုအပ်သော အစာအာဟာရ ပဒဋ္ဌာန်။

ဩဇာလက္ခဏောတိ ဧတ္ထ အင်္ဂမင်္ဂါနုသာရိနော ရသဿ သာရော ဥပတ္ထမ္ဘဗလကာရော ဘူတနိဿိတော ဧကော ဝိသေသော ဩဇာတိ။ (မူလဋီ၊၁၊၁၅၄။ မဟာဋီ၊၂၊၁၀၄။)

အင်္ဂမင်္ဂါနုသာရိနော ရသဿ သာရောတိ ရသဟရဏီဓမနိဇာလာနုသာရေန သရီရာဝယဝေ အနုပ္ပဝိဋ္ဌဿ အာဟာရရသဿ အဗ္ဘန္တရာဟာရပစ္စယော သ္နေဟော၊ ယော လောကေ ရသဓာတူတိ ဝုစ္စတိ။ (အနုဋီ၊၁၊၁၆၆။)

အာဟာရဟူသည် စားမျိုအပ်သော ထမင်းစသော ဝတ္ထုတို့၌ပါသော အဆီအစေး ဩဇာတည်း။ ယင်းစားမျိုအပ်သော ထမင်းစသော ဝတ္ထုတို့သည် ဥတုဇဩဇဋ္ဌမကရုပ်တို့သာ ဖြစ်ကြောင်းကို ရှေးရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ဆိုခဲ့ပြီ။ အိုး ခွက် ပုဂံ စသည်တို့၌ စားဖွယ်သောက်ဖွယ်အဖြစ် တည်နေခိုက်၌လည်း ဥတုဇဩဇဋ္ဌမကရုပ်တို့သာ ဖြစ်ကြ၏။ စားမျိုပြီး၍ ခန္ဓာအိမ်အတွင်းသို့ မပျံ့နှံ့ခင် အစာသစ် ကောဋ္ဌာသအဖြစ်ဖြင့် တည်ရှိခိုက်၌လည်း ဥတုဇဩဇဋ္ဌမကရုပ်တို့သာ ဖြစ်ကြ၏။ အသင်သူတော်ကောင်းသည် စားမျိုအပ်သော အစာအာဟာရ၌, သို့မဟုတ် အစာသစ် ကောဋ္ဌာသအဖြစ်ဖြင့် တည်ရှိနေသေးသော အစာသစ်၌ ပါဝင်တည်ရှိသော ဓာတ်ကြီး (၄)ပါးကို ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို လွယ်ကူစွာ တွေ့ရှိနိုင်ပေမည်။ ယင်းရုပ်တရားတို့မှာ ကလာပ်တစ်ခုတွင် တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် ဆင့်ကဲ ဖြစ်ပွားနေကြသော ဩဇာလျှင် (၈)ခု မြောက်ရှိသော ဥတုဇဩဇဋ္ဌမကရုပ်တို့သာတည်း။ ယင်း ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုကိုပင် ထမင်း-အစာသစ် ဤသို့ စသည်ဖြင့် ခေါ်ဝေါ်နေခြင်း ဖြစ်၏။ ယင်း ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် အကျုံးဝင်သော ဩဇာကို သို့မဟုတ် ဩဇာချည်းသက်သက်ကို ထမင်းကဲ့သို့ အလုတ်ပြုလုပ်၍ မလွေးနိုင်၊ မစားနိုင်၊ ဩဇာ၏ တည်ရာဝတ္ထုဖြစ်သော ဩဇဋ္ဌမကရုပ်ကလာပ်တို့၏ အပေါင်းအစုဖြစ်သော ထမင်းစသည့် ဝတ္ထုကိုသာလျှင် အလုတ်ပြု၍ ထမင်းဆုပ်ပြု၍ လွေးနိုင် စားနိုင်သည်။ အဘယ်ကြောင့်နည်းဟူမူ --- ဥတုဇဩဇဋ္ဌမကရုပ်တို့ကား ကလာပ် တစ်ခုတစ်ခု၌ ရုပ်သဘောတရား (၈)မျိုးစီရှိရာ ကလာပ်တစ်ခု အတွင်း၌ တည်ရှိကြသော ရုပ်တို့သည် တစ်ခုစီ တစ်ခုစီ ခွဲထုတ်ယူ၍ မရစကောင်းသော အဝိနိဗ္ဘောဂရုပ်များ ဖြစ်သောကြောင့် ဩဇာချည်းသက်သက် အလုတ်အလွေး ပြု၍ လွေးမရ စားမရနိုင်။

ဣဒံ ပန သဝတ္ထုကံ ဩဇံ ဒေဿတုံ ဝုတ္တံ။ (မဟာဋီ၊၂၊၁၀၄။)

ဧဝံ ဝတ္ထုဝသေန နာမံ ဥဒ္ဓရိတွာ ...(အဘိ၊ဋ္ဌ၊၁၊၃၆၆။)

ထိုကြောင့် --- ကဗီဠကာရော အာဟာရော --- ဟူသော ပါဌ်ဖြင့် ဩဇာကို တိုက်ရိုက်မပြဘဲ ဩဇာ၏ တည်ရာဝတ္ထုဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုဟူသော အလုတ်အလွေးပြု၍ ရစကောင်းသော ထမင်းစသော ဝတ္ထုကို ညွှန်ပြသည်။ ဤသို့ ညွှန်ပြလိုသောကြောင့် ဤဩဇာကို ကဗဠီကာရ အာဟာရဟူသော အမည်ဖြင့် ဘုရားရှင်သည် ထုတ်ဆောင်၍ ဟောကြားတော်မူသည်။ ထိုကြောင့် အာဟာရအရ ဩဇာကို ဌာနျူပစာရအားဖြင့် ကောက်ယူရသည်။ ဌာနီဖြစ်သော ဩဇာဓာတ်၏ အာဟာရဟူသော အမည်ကို ဌာနဖြစ်သော ဩဇဋ္ဌမကရုပ်ကလာပ်တို့၏ အပေါင်းအစုဟူသော ထမင်းစသော ဝတ္ထု၌ တင်စား၍ ထမင်းစသော ဝတ္ထုကိုပင် ဩဇာဟု ခေါ်ဝေါ်သုံးစွဲထားသည် ဟူလိုသည်။ ယင်းဩဇာဓာတ်သည်လည်း အလုတ်အလွေးပြု၍ စားမျိုအပ်သော်သာလျှင် အာဟာရ ကိစ္စကို ပြီးစီးစေနိုင်၏၊ အလုတ်အလွေးပြု၍ မစားမျိုခဲ့သော်ကား အာဟာရကိစ္စကို မပြီးစီးစေနိုင်၊ ထိုကြောင့်ပင် ယင်းအာဟာရ-ဩဇာကို ကဗဠီကာရ သဒ္ဒါဖြင့် ကူစွက်၍ ဟောတော်မူသည်။

[မှတ်ချက် --- ဤအရာ၌ ထပ်မံ၍ အနည်းငယ် ရှင်းလင်း တင်ပြပါရစေ --- ရှေးရှေး ဆရာတော်ကြီးများက ကဗဠီကာရ အာဟာရဟူသော စကားလုံးကို အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော အာဟာရဟု ဘာသာပြန်ဆိုထားတော်မူခဲ့ကြ၏။ ထိုဘာသာပြန်မှာ အလွန်အဆင့်မြင့်သော ဘာသာပြန်ဆို ချက် ဖြစ်၏။ရုပ်တို့မည်သည် = ပရမတ်တရားတို့မည်သည် ဖြစ်သည့်နေရာ၌သာ ပျက်သွားကြ၏။ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့သွားရိုး ဓမ္မတာ မရှိကြပေ။ ဝါးနေစဉ် စားနေစဉ်၌ အစာအာဟာရဟု ခေါ်ဝေါ်သမုတ် အပ်သော ဥတုဇဩဇဋ္ဌမကရုပ်တို့ကား တစ်မျိုးတစ်ခြား တစ်ပါးသာတည်း။ မျိုချစဉ် အစာအာဟာရဟု ခေါ်ဝေါ်သမုတ်အပ်သော ဥတုဇဩဇဋ္ဌမကရုပ်တို့ကား တစ်မျိုးတစ်ခြား တစ်ပါးသာတည်း။ စားမျို ဝါးမျိုပြီး၍ အစာသစ် ကောဋ္ဌာသအဖြစ် တည်ရှိနေကြသော အစာအာဟာရဟု ခေါ်ဝေါ်သမုတ်အပ်သော ဥတုဇ ဩဇဋ္ဌမကရုပ်တို့ကား တစ်မျိုးတစ်ခြား တစ်ပါးသာတည်း။ ယင်းပရမတ် ရုပ်တရားတို့သည် ဝါးမျို စားမျိုလောက် သည်တိုင်အောင် ရပ်တန့် တည်တံ့နိုင်သော အချိန်ကာလ သက်တမ်းရှိသော တရားမျိုးတို့ကား မဟုတ်ကြပေ။ ထိုကြောင့် ကဗဠီကာရ အာဟာရ အမည်ရသော ယင်း ဥတုဇဩဇဋ္ဌမကရုပ်တို့ကို တကယ်တမ်းမျို၍ ရနိုင် လောက်အောင် သက်တမ်းမရှိသဖြင့်လည်း ယင်း ကဗဠီကာရ အာဟာရ ဟူသောပုဒ်ကို အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော အာဟာရဟု ဘာသာပြန်ဆိုတော်မူကြသည်။ ယင်းပရမတ် ရုပ်- တရားတို့ကား မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟူသော အချိန်ကာလကို ကုဋေ (၅၀၀၀) ကျော်ခန့် ပုံလျှင် တစ်ပုံခန့်လောက်သာ သက်တမ်း တည်ရှိသော ပရမတ်တရားတို့ ဖြစ်ကြ၏။ စားမျို ဝါးမျိုနိုင် လောက်အောင် အချိန်ပေးနိုင်သော ပရမတ်တရားတို့ကား မဟုတ်ကြပေ။ သို့သော် ရှေး ရုပ်သန္တတိအစဉ်နှင့် နောက်နောက် ရုပ်သန္တတိအစဉ်တို့သည်ကား တစ်ထပ်တည်း တူညီနေသော ဥတုဇဩဇဋ္ဌမကရုပ်တို့သာ ဖြစ်နေ ကြသဖြင့် ဧကတ္တနည်းအရ စားမျို ဝါးမျိုအပ်သော ကဗဠီကာရာဟာရဟု ဆိုခြင်းဖြစ်သည်။ တစ်ဖန် အထက် တွင် ရှင်းပြထားသည့် အတိုင်း ယင်းဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာချည်း သက်သက် ကလာပ်တူ ရုပ်တရားများ မပါဘဲလည်း စားမျို ဝါးမျို၍လည်း မရနိုင်၊ ကလာပ်တူ ရုပ်တရားတည်းဟူသော ဝတ္ထုနှင့်တကွ သာလျှင် စားမျို ဝါးမျို၍ ရနိုင်၏။ ထိုကြောင့်လည်း --- အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့ သော အာဟာရဟု ရှေးရှေး ဆရာတော်ဘုရားကြီးတို့က ဘာသာပြန်ဆိုတော်မူကြခြင်း ဖြစ်သည်။ ဧကတ္တနည်း အရ ကဗဠီကာရ အာဟာရ အမည်ရသော ယင်းဩဇာဓာတ်သည်လည်း အလုတ်အလွေးပြု၍ စားမျိုအပ်သော် သာလျှင် အာဟာရကိစ္စကို ပြီးစီးစေနိုင်၏ = အာဟာရဇရုပ်ကို ဖြစ်စေနိုင်၏၊ အလုတ်အလွေးပြု၍ မစားမျိုခဲ့သော်ကား အာဟာရကိစ္စကို မပြီးစီးစေနိုင် = အာဟာရဇရုပ်ကို မဖြစ်စေနိုင်။ ထိုကြောင့်ပင် ယင်းအာဟာရ ဩဇာကို ကဗဠီကာရ-သဒ္ဒါဖြင့် ကူစွက်၍ ဟောတော်မူသည်။]

ထင်ရှားစေအံ့ --- အလုတ်အလွေးပြု၍ စားမျို ဝါးမျိုလိုက်သော ထမင်းစသော ဝတ္ထုဟူသော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်သော ဩဇာဓာတ်သည် အစာအိမ်ဝန်းကျင် စသည်တို့၌ တည်ရှိသော (ဇီဝိတ နဝကရုပ်ကလာပ်တို့တွင် အကျုံးဝင်သော) အစာကို ကြေကျက်စေတတ်သော ပါစကတေဇောဓာတ် ဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ ဩဇာလျှင် (၈)ခုမြောက်ရှိသော ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏၊ ယင်းအသစ်အသစ်သော ဩဇဋ္ဌမကရုပ်ကလာပ်တို့ကို သမုတိသစ္စာနယ်သုံး ဝေါဟာရဖြင့် ပြောဆိုရလျှင် ရသဟရဏီ အမည်ရသော အရသာကို ဆောင်ယူတတ်သော အကြောကွန်ရက် = အကြောကွန်ယှက်သို့ အစဉ် လျှောက်သဖြင့် ကိုယ်အင်္ဂါကြီးငယ် အစိတ်အပိုင်း အရပ်ရပ်၌ စိမ့်ဝင်ပျံ့နှံ့လျက် တည်နေသော ရသဓာတ်ရည်များ ဟုခေါ်၏။ ယင်းရသဓာတ်ရည်၏ အဆီအနှစ်သည် ဩဇာမည်၏။ ဤကား သမုတိသစ္စာနယ်သုံး ဝေါဟာရတည်း။ ပရမတ္ထသစ္စာနယ်၌ကား ယင်းရသဓာတ်ရည်တို့မှာ ဩဇဋ္ဌမကရုပ်ကလာပ်တို့၏ အစုအပုံသာ ဖြစ်ကြ၏။ ထမင်း စသော ဝတ္ထု၌ တည်သော မူလ ဥတုဇဩဇာ၏ သားသ္မီးများပင်တည်း။

ယင်း ရသဓာတ်ရည်ဟူသော ဩဇဋ္ဌမကရုပ်တို့ကား, ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို ရရှိသော် ထမင်း စသော စားမျိုအပ်သော ဝတ္ထု၌တည်သော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာကြောင့် ဖြစ်ပေါ်လာ ရသောကြောင့် (= ကဗဠီကာရ အာဟာရ ဩဇာကြောင့် ဖြစ်ပေါ်လာရသောကြောင့်) ယင်းရသဓာတ်ရည်ဟူသော အသစ်အသစ်သော ဩဇဋ္ဌမကရုပ်ကလာပ်တို့ကို အာဟာရဇဩဇဋ္ဌမကရုပ်များဟု ခေါ်ဆို၏။

တစ်ကိုယ်လုံး အင်္ဂါကြီးငယ် အသွယ်သွယ်သို့ ရသဟရဏီ အကြောကွန်ရက်တို့မှတစ်ဆင့် စိမ့်ဝင်ပျံ့နှံ့လျက် တည်နေသော ယင်း အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ယင်း အာဟာရဇဩဇာသည် ---

၁။ ကမ္မဇရုပ်ကလာပ်တို့တွင် ပါဝင်သော ကမ္မဇဩဇာ,

၂။ စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော စိတ္တဇဩဇာ,

၃။ ဥတုဇရုပ်ကလာပ်တို့တွင် ပါဝင်သော ဥတုဇဩဇာ,

၄။ ကလာပ်ပြား အာဟာရဇရုပ်ကလာပ်တို့တွင် ပါဝင်သော အာဟာရဇဩဇာ,

ဤ အသီးအသီးသော ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ တည်ရှိသော အသီးအသီးသော ဩဇာကို အားပေးထောက်ပံ့တတ်၏၊ ခွန်အားကို ပြုလုပ်ပေးတတ်၏၊ အားရှိအောင် ထောက်ပံ့တတ်၏။ (ရုပ်ကမ္မဋ္ဌာန်းပိုင်းကို ပြန်ကြည့်ပါ။) ယင်းသို့ အားပေးထောက်ပံ့တတ်သော ခွန်အားကို ပြုလုပ်ပေးတတ်သော မိမိ မိမိဆိုင်ရာ ကလာပ်တူ မဟာဘုတ် (၄)ပါးကို မှီ၍ ဖြစ်သော အဆီအစေးဟူသော တစ်ခုသော ရုပ်အထူးသည် ဩဇာ မည်၏။ ယော လောကေ ရသဓာတူတိ ဝုစ္စတိ = ယင်းဩဇာကို လောက၌ ရသဓာတ်ရည်ဟု ခေါ်ဆိုသည်။ (မူလဋီ၊၁၊၁၅၄။ အနုဋီ၊၁၊၁၆၆။)

ဤအဖွင့်များအရ --- အရသာကို ဆောင်ယူတတ်သော ရသဟရဏီ အကြောများသို့ အစဉ်လျှောက်၍ သွားသော ခန္ဓာအိမ်အတွင်း ကိုယ်အင်္ဂါကြီးငယ် အသွယ်သွယ်၌ စိမ့်ဝင်ပျံ့နှံ့လျက် တည်နေသော ရသဓာတ်ရည် အမည်ရသော, အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့၌ အကျုံးဝင်သော, ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား (၄)ပါးကြောင့် ဖြစ်ပေါ်နေသော စတုသမုဋ္ဌာနိကဩဇာအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်သော စွမ်းအင်ရှိသော အာဟာရဇဩဇာသည်သာလျှင် မုချအားဖြင့် ကဗဠီကာရာဟာရ = ကဗဠီကာရအာဟာရ ဟူသော အမည်ကို ရရှိပေသည်ဟု မှတ်ပါ။

ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၇။)

ကဗဠီကာရ အာဟာရသည် ဤစတုသမုဋ္ဌာနိကရူပကာယအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေး၏။ (ပဋ္ဌာန၊၁၊၇။)

ဤသို့ ဟောကြားထားတော်မူ၏။ ထမင်း စသောဝတ္ထု၌ တည်သော မူလ ဥတုဇဩဇဋ္ဌမကရုပ်တို့၌ အကျုံး ဝင်သော ဥတုဇဩဇာသည် စတုသမုဋ္ဌာနိကရူပကာယအား အာဟာရပစ္စယသတ္တိဖြင့် တိုက်ရိုက် ကျေးဇူးပြု၍ မပေးနိုင်။ ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို ရရှိသော ယင်းဥတုဇဩဇာကြောင့် ထပ်ဆင့် ဖြစ်ပွားလာကြသော ရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာကသာလျှင် စတုသမုဋ္ဌာနိက ရုပ်တရားတို့အား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်၏။ ယင်းသို့ အာဟာရဇဩဇာက စတုသမုဋ္ဌာနိက ဩဇာ အသီးအသီးအား အာဟာရပစ္စယသတ္တိဖြင့် အားပေးထောက်ပံ့လိုက်သောအခါ စတုသမုဋ္ဌာနိက ဩဇာ အသီးအသီးသည် အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ထပ်မံ ဖြစ်စေပြန်၏။ ဤသို့ ဖြစ်စေနိုင် သည့် စွမ်းအင်ကိုပင် စတုသမုဋ္ဌာနိကဩဇာသည် ဤ စတုသမုဋ္ဌာနိကရူပကာယ = ရုပ်တရားအပေါင်းအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ဟု ဆိုသည်။ ထိုကြောင့် ပဋ္ဌာန်းအဋ္ဌကထာ၌ အောက်ပါအတိုင်း ဖွင့်ဆို ထား၏။

ကဗဠီကာရော အာဟာရောတိ စတုသန္တတိသမုဋ္ဌာနေ ရူပေ ဩဇာ အာဟာရော နာမ။ (အဘိ၊ဋ္ဌ၊၃၊၃၇၇။)

စတုသမုဋ္ဌာနိက ရုပ်သန္တတိအစဉ်၌ တည်ရှိသော ဩဇာသည် ကဗဠီကာရ အာဟာရ မည်၏ ----- ဟု ဖွင့် ဆိုထား၏။

ဤအထက်ပါ အရပ်ရပ်သော ဖွင့်ဆိုချက်များအရ ---

၁။ စားမျိုအပ်သော ထမင်းစသော ဝတ္ထုတို့၌ = ဥတုဇဩဇဋ္ဌမကရုပ်တို့၌ တည်သော ဩဇာကိုလည်း ကဗဠီကာရ အာဟာရဟု ခေါ်၏။ (ဌာနျူပစာရတည်း။)

၂။ ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို ရရှိသော ထမင်း စသောဝတ္ထု၌ တည်သော ဥတုဇဩဇာကြောင့် ဖြစ် ပေါ်လာရသော ရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့၌ တည်ရှိသော ဩဇာကိုလည်း ကဗဠီကာရ အာဟာရဟု ခေါ်၏။ (ကာရဏူပစာရတည်း။)

၃။ ယင်း အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိသော, အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ် ကို ထပ်မံ ဖြစ်စေနိုင်သော စတုသမုဋ္ဌာနိက ရုပ်သန္တတိအစဉ်၌ တည်ရှိသော အသီးအသီးသော စတုသမုဋ္ဌာနိကဩဇာကိုလည်း ကဗဠီကာရ အာဟာရဟု ခေါ်၏။ (ကာရဏူပစာရတည်း။)။

ဤသို့ အသီးအသီး မှတ်သားပါ။ ထိုတွင် ဌာနျူပစာရ ဖြစ်ပုံကို အထက်တွင် ရေးခဲ့ပြီ၊ ကာရဏူပစာရ ဖြစ်ပုံကို ဤသို့ မှတ်ပါ။

အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့ကား ကမ္မဇ ဝမ်းမီး၏ အထောက်အပံ့ကို ရရှိသော စားမျိုလိုက်သော ထမင်း စသည်၌ တည်သော ဥတုဇဩဇာကြောင့် ဖြစ်ပေါ်လာရ၏။ ထိုကြောင့် ယင်း ဥတုဇဩဇာက အကြောင်းတရား, ရသဓာတ်ရည် အမည်ရသော အာဟာရဇ ဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာကား အကျိုးတရားတည်း။ အကြောင်းတရားဖြစ်သော ဥတုဇဩဇာ၏ ကဗဠီကာရ အာဟာရဟူသော အမည်ကို အကျိုးဖြစ်သော အာဟာရဇဩဇာ၌ တင်စား၍ အကျိုးဖြစ်သော အာဟာရဇဩဇာကိုလည်း ကဗဠီကာရ အာဟာရဟု ကာရဏူပစာရအားဖြင့် ခေါ်ဆို၏။

တစ်ဖန် ရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် အကျုံးဝင်သော အာဟာရဇ ဩဇာက အားပေးထောက်ပံ့ပါမှသာလျှင် အသီးအသီးသော စတုသမုဋ္ဌာနိကဩဇာသည် အသစ်အသစ်သော ဩဇဋ္ဌမကရုပ်တို့အား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်၏ ဖြစ်ပေါ်စေနိုင်၏၊ ထိုသို့ ဖြစ်ပေါ်စေခြင်းဖြင့် စတုသမုဋ္ဌာနိက ရူပကာယအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုနိုင်၏ ခိုင်ခံ့အောင် အားပေးထောက်ပံ့နိုင်၏။ ထိုကြောင့် ရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့၌ တည်ရှိသော အာဟာရဇဩဇာက အကြောင်းတရား, ယင်း အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိသော စတုသမုဋ္ဌာနိကဩဇာ အသီးအသီးက အကျိုးတရားတည်း။ အားပေးထောက်ပံ့တတ်သော အကြောင်းတရားဖြစ်သော အာဟာရဇဩဇာ၏ ကဗဠီကာရ အာဟာရဟူသော အမည်ကို အထောက်ပံ့ခံရသော အကျိုးတရားဖြစ်သော စတုသမုဋ္ဌာနိကဩဇာ၌ တင်စား၍ အကျိုးဖြစ်သော စတုသမုဋ္ဌာနိကဩဇာကိုလည်း ကဗဠီကာရ အာဟာရဟု ကာရဏူပစာရအားဖြင့် ခေါ်ဆိုထား၏။ တစ်နည်း ---

ကဗဠံ ကရိတွာ အဇ္ဈောဟရိတဗ္ဗဝတ္ထုကတ္တာ ဝါ ကဗဠီကာရောတိ နာမမေတံ တဿ။ (အဘိ၊ဋ္ဌ၊၃၊၃၇၇။)

အလုတ်အလွေးပြု၍ စားမျိုအပ်သော ကဗဠီကာရ အာဟာရလျှင် တည်ရာဝတ္ထု ရှိသောကြောင့် ကဗဠီကာရ အာဟာရဟူသော ဤအမည်သည် ထို စတုသမုဋ္ဌာနိကဩဇာ၏ အမည်ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၃၊၃၇၇။)

အဓိဝစနံ နာမံ ရှိရာ ဥပစာဟူသော ပရိဘာသာနှင့်အညီ ဤအထက်ပါ ပဋ္ဌာန်းအဋ္ဌကထာ၏ အဖွင့်စကား များသည် ဥပစာ စကားချည်းသာတည်း။ ဌာနဖြစ်သော အလုတ်အလွေးပြု၍ စားမျိုအပ်သော ထမင်းစသော ဝတ္ထုဟူသော ဥတုဇဩဇဋ္ဌမကရုပ်တို့၌ တည်သော ဥတုဇဩဇာ၏ ကဗဠီကာရ အာဟာရဟူသော အမည်ကို ဌာနီဖြစ်သော စတုသမုဋ္ဌာနိကဩဇာ၌ တင်စား၍ ဌာနီဖြစ်သော စတုသမုဋ္ဌာနိကဩဇာကိုလည်း ဌာနူပစာရ အားဖြင့် ကဗဠီကာရအာဟာရဟု ခေါ်ဆိုသည် ဟူလိုသည်။ အလုတ်အလွေးပြု၍ စားမျိုအပ်သော ကဗဠီကာရ အာဟာရ၌ ရပ်တည်ရပါမှ စတုသမုဋ္ဌာနိကဩဇာသည် စတုသမုဋ္ဌာနိကရူပကာယအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုနိုင်သည်။ ထိုကြောင့် ဌာနူပစာ ဆိုသည်။

ဝတ္ထုနှင့် ဩဇာ

ဝတ္ထုနှင့် ဩဇာ

အာဟာရ = ဩဇာရုပ်ဟူသည် စားမျိုအပ်သော ထမင်းစသည်ဖြင့် ခေါ်ဝေါ်အပ်သော ဥတုဇဩဇဋ္ဌမက ရုပ်တို့၌ တည်သော အဆီအစေး အနှစ်ဩဇာတည်း။ ထိုဩဇာကို ဩဇာချည်းသက်သက် သီးသန့် ထုတ်နှုတ်၍ ထမင်း စသည်ကဲ့သို့ အလုတ်ပြု၍ မလွေးနိုင် မစားနိုင်၊ ဩဇာ၏ တည်ရာဝတ္ထုဖြစ်သော ထမင်းစသည်ကိုသာ တစ်နည်းဆိုရသော် ထမင်း စသည်ဖြင့် ခေါ်ဝေါ်ထားသော ဩဇာနှင့်တကွသော ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုကိုသာ အလုတ်ပြု၍ လွေးနိုင် စားနိုင်သည်။ ယင်းဩဇာ၏ တည်ရာ ထမင်း စသည်ကို ဝတ္ထုဟု ခေါ်ဆိုသည်။ တစ်နည်းဆိုသော် စားမျိုအပ်သော ထမင်း စသည်ဖြင့် ခေါ်ဝေါ်အပ်သော ဥတုဇဩဇဋ္ဌမက ရုပ်တို့တွင် ဩဇာမှတစ်ပါးသော ရုပ်တရားတို့ကို ဩဇာ၏ တည်ရာဝတ္ထုဟု ခေါ်သည်။ သတ္တဝါတို့သည် ဩဇာနှင့် တကွသော ထမင်းစသော ဝတ္ထုကို စားမျို ဝါးမျိုလိုက်၏။ ထိုအခါ ဝတ္ထု၏ လုပ်ငန်းကိစ္စနှင့် ဩဇာ၏ လုပ်ငန်းကိစ္စကို (အဘိ၊ဋ္ဌ၊၁၊၃၆၆။)၌ ဤသို့ ခွဲခြား ပြသထား၏။

အမေး --- ဤဝတ္ထုနှင့် ဩဇာတို့တွင် ထမင်းစသော ဝတ္ထု၏ ကိစ္စကား အဘယ်နည်း၊ ဩဇာ၏ ကိစ္စကား အဘယ်နည်း --- ဤကား အမေးတည်း။

အဖြေ --- ဝတ္ထုသည် ဘေးရန်ကို ပယ်ရှားခြင်းကိစ္စကို ပြုလုပ်၏၊ ဩဇာသည် စောင့်ရှောက်ခြင်းကိစ္စကို ပြုလုပ်၏။ အကျယ်မှာ ဤသို့ဖြစ်၏။ ---

ထမင်းစသော ဝတ္ထုသည် ဘေးရန်ကို ပယ်ရှားနိုင်၏၊ စောင့်ရှောက်ခြင်းငှာ မစွမ်းနိုင်။ ဩဇာသည် စောင့်ရှောက်နိုင်၏၊ ဘေးရန်ကို ပယ်ရှားခြင်းငှာ မစွမ်းနိုင်။ ဝတ္ထုနှင့် ဩဇာ နှစ်မျိုးလုံးတို့သည်လည်း တစ်ပေါင်းတည်း ဖြစ်၍ စောင့်ရှောက်ခြင်းငှာလည်းကောင်း, ဘေးရန်ကို ပယ်ရှားခြင်းငှာလည်းကောင်း စွမ်းနိုင်ကုန်၏။

ဤဘေးရန်မည်သည် အဘယ်နည်း? --- ကံကြောင့်ဖြစ်သော ကမ္မဇတေဇောဓာတ် ဝမ်းမီးတည်း။ ထမင်း စသော ဩဇာ၏ တည်ရာဝတ္ထုသည် ကမ္မဇတေဇောဓာတ်ဟူသော ကမ္မဇဝမ်းမီး၏ ဘေးရန်ကို ပယ်ရှားခြင်း လုပ်ငန်းကိစ္စကို ပြုလုပ်၏။ ဝမ်းတွင်း၌ ထမင်းစသော ဝတ္ထုသည် မရှိလတ်သော် ကမ္မဇတေဇောဓာတ် ဝမ်းမီးသည် ထလာ၍ လောင်စရာ အစာမရှိသဖြင့် ဝမ်းလွှာဝမ်းရေကို = အစာအိမ်ကို အရဖမ်းယူလေ၏ လောင်မြိုက်လေ၏။ငါဆာ၏၊ အစာပေးကြကုန်ဟု ပြောဆိုစေ၏။ အစာကို ထည့်ပေးလိုက်သောအခါ အစာကို စားပြီးရာအခါ၌ကား ဝမ်းလွှာ ဝမ်းရေ = အစာအိမ်ကို လွှတ်လိုက်၍ ထည့်ပေးလိုက်သော ထမင်းစသော ဝတ္ထုကို လောင်မြိုက်ပြန်၏။ ထိုအခါ ထိုသတ္တဝါသည် စိတ်တည်ကြည်မှုကို ရရှိနိုင်ပေသည်။

ဩဇာကား ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, ကလာပ်ပြား အာဟာရဇဩဇာတို့ကို အားပေး ထောက်ပံ့တတ်၏။ (ရသဓာတ်ရည်အဆင့်သို့ ရောက်သွားသော ဩဇာကို ဆိုလိုသည်။) ယင်းဩဇာ၏ အားပေး ထောက်ပံ့မှုကြောင့် စတုသမုဋ္ဌာနိကဩဇာ အသီးအသီးသည် ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ ပြန်၏။ ဤသို့ ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေခြင်းဖြင့် စတုသမုဋ္ဌာနိက ရူပကာယ ရုပ်တရား အပေါင်းကို စောင့်ရှောက်ပေး၏၊ အရှည်ခိုင်ခံ့ တည်တံ့အောင် ခွန်အားကို ပြုလုပ်ပေး၏၊ သို့သော် ကမ္မဇဝမ်းမီး၏ လောင်မြိုက်မှု ဘေးရန်ကိုကား အကာအကွယ်မပေးနိုင်။ သို့အတွက် ဝတ္ထုနှင့်ဩဇာ နှစ်ခုပေါင်းမှသာလျှင် ကမ္မဇ ဝမ်းမီး၏ ဘေးရန်ကိုလည်း ကာကွယ်နိုင်၏၊ စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကိုလည်း အဓွန့် ရှည်စွာ ဆက်လက် တည်တံ့အောင် စောင့်ရှောက်နိုင်၏။ (အဘိ၊ဋ္ဌ၊၁၊၃၆၆-၃၆၇ - ကြည့်။)

တစ်နည်း ဖွင့်ဆိုပုံ

တစ်နည်း ဖွင့်ဆိုပုံ

ရူပံ ဝါ အာဟရတီတိပိ အာဟာရော။ (အဘိ၊ဋ္ဌ၊၁၊၃၆၆။)

ဩဇဋ္ဌမကရုပ်အပေါင်းကို ဆောင်တတ်သောကြောင့်လည်း အာဟာရ မည်ပေသည်။ ဤ၌ ဆောင်တတ်၏ ဟူသည် စားမျိုလိုက်သော ထမင်းစသော ဝတ္ထု၌ တည်သော ဥတုဇဩဇာ၏ ပါစကတေဇောဓာတ် ဝမ်းမီး၏ အကူအညီဖြင့် ဩဇဋ္ဌမကအာဟာရဇ ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေခြင်းပင်တည်း။ ယင်းသို့ ဖြစ်စေမှုကိုပင် ရူပါဟရဏရသော = အာဟာရဇရုပ်ကို ဆောင်ခြင်း တည်စေခြင်း ကိစ္စရသ ရှိ၏ဟု ဆိုပေသည်။

အသင်သူတော်ကောင်းသည် ကဗဠီကာရ အာဟာရမည်သော ဩဇာ၏ လက္ခဏ ရသ စသည်ကို ရှုရာ၌ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ဩဇာ (၃)မျိုးကို ခွဲ၍ ရှုပါ။

၁။ အလုတ်အလွေးပြု၍ စားမျိုအပ်သော ထမင်းစသော ဝတ္ထုဟု ခေါ်ဆိုသော ဥတုဇဩဇဋ္ဌမကရုပ်တို့၌ ပါဝင်တည်ရှိသော ဩဇာကိုယူ၍ ရှုပါက ယင်းဩဇာ၏ ကိစ္စရသမှာ အထက်ပါအတိုင်းပင် ဖြစ်၏ = ကမ္မဇ ဝမ်းမီး၏ အထောက်အပံ့ဖြင့် ရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့ကို ဖြစ်စေခြင်း အာဟာရဇရုပ်ကို ဆောင်ခြင်း တည်စေခြင်း ကိစ္စရသပင် ဖြစ်၏။ ဤကား ပထမ ကဗဠီကာရ အာဟာရ ဩဇာတည်း။

၂။ ဒုတိယ ကဗဠီကာရ အာဟာရဩဇာ --- အထက်ပါ ရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဩဇာကိုအာရုံယူ၍ ရှုပါ။ ရသဓာတ်ရည် အမည်ရသော အာဟာရဇ ဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာ၏ အထောက်အပံ့ကို ရရှိသော ကလာပ်ပြားသော အာဟာရဇဩဇဋ္ဌမက ရုပ်တို့တွင် ပါဝင်တည်ရှိသော ဩဇာသည်လည်း ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေခြင်းဖြင့် အာဟာရဇရုပ်ကို ဆောင်ခြင်း တည်စေခြင်း ကိစ္စရသ ရှိ၏။

၃။ တတိယ ကဗဠီကာရ အာဟာရဩဇာ --- ကမ္မဇဩဇာ , စိတ္တဇဩဇာ , ဥတုဇဩဇာ, ကလာပ်ပြား အာဟာရဇဩဇာဟူသော စတုသမုဋ္ဌာနိကဩဇာ အသီးအသီးကိုလည်း အာရုံယူ၍ ရှုပါ။ ရသဓာတ်ရည် အမည် ရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် အကျုံးဝင်သော ဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ ---

(က) ကမ္မဇဩဇာကလည်း ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏၊

( ခ ) စိတ္တဇဩဇာကလည်း ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏၊

( ဂ ) ဥတုဇဩဇာကလည်း ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏၊

(ဃ) ကလာပ်ပြားသော အာဟာရဇဩဇာကလည်း ကလာပ်ပြားသော ရသဓာတ်ရည် အမည်ရသော ဩဇဋ္ဌမကရုပ်တို့တွင် အကျုံးဝင်သော ဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏၊

ဤသို့ ဖြစ်စေခြင်းဖြင့် အာဟာရဇရုပ်ကို ဆောင်ခြင်း တည်စေခြင်း ကိစ္စရသပင် ရှိ၏။ ဤ၌ ကမ္မဇဩဇာ စသည်ဖြင့် (၄)မျိုးရှိရာ တစ်မျိုးစီ ခွဲရှုပါ။ အာဟာရဇဩဇာမှာ အမှတ် (၂)တွင်လည်း ပါဝင်၍ ဤအမှတ် (၃)၌ ထပ်ပါနေ၏။ အထောက်ပံ့ ခံရသော အာဟာရဇဩဇာနှင့် ထောက်ပံ့တတ်သော အာဟာရဇဩဇာတို့မှာ ကလာပ်ချင်း မတူ၊ ကွဲပြားကြသည်ဟု မှတ်ပါ။ ဤ အာဟာရဇရုပ်မှာ (၁၀)ကြိမ် (၁၂)ကြိမ်သော်လည်းကောင်း, ထိုထက်အလွန်သော်လည်းကောင်း ဖြစ်နိုင်၍ ခွဲဆိုခြင်းဖြစ်သည်။ (ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။)

ပစ္စုပဋ္ဌာန် --- ဥပတ္ထမ္ဘနပစ္စုပဋ္ဌာနော = အာဟာရဇရုပ်ကို ဖြစ်စေခြင်းဖြင့် ရူပကာယ = ရုပ်တရားအပေါင်းကို ထောက်ပံ့ခိုင်ခံ့စေတတ်သော သဘောတရားဟု ယင်းဩဇာကို ရှုနေေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူထင်လာ၏။ --- စားမျိုလိုက်သော ထမင်းစသော ဝတ္ထု၌တည်သော ဩဇာကြောင့် ရသဓာတ်ရည်များ ဖြစ်လာ၏၊ ယင်းရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာက ကမ္မဇဩဇာ စသည့် စတုသမုဋ္ဌာနိကဩဇာ အသီးအသီးအား အားပေးထောက်ပံ့လိုက်သောအခါ ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်များ ဆင့်ကဲ ဆင့်ကဲ ဖြစ်ပွားလာကြ၏။ တစ်ကြိမ် စားလိုက်သော အစာအာဟာရသည် (၇)ရက် ပတ်လုံးသော်လည်းကောင်း, ထိုထက် အလွန်သော်လည်းကောင်း အာဟာရဇဩဇဋ္ဌမကရုပ်တို့ကို ဖြစ်စေခြင်းဖြင့် ဤ ရူပကာယ = ရုပ်တရားအပေါင်းကို အရှည်ခိုင်ခံ့ တည်တံ့အောင် ထောက်ပံ့ထားနိုင်သည့် စွမ်းအားရှိ၏။ အကြိမ်ကြိမ် မျှတအောင် စားသုံးနေသော အာဟာရကား ဆိုဖွယ်ရာပင် မရှိတော့ပြီ။ ယင်းသို့ အာဟာရဇ ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်တို့သည် ဖြစ်ပွားလာကြသဖြင့် တိုးပွားလာကြသဖြင့် များပြားလာကြသဖြင့် ရူပကာယကြီး တစ်ခုလုံးသည် ခိုင်ခံ့လာ၏၊ တောင့်တင်း ခိုင်မာလာ၏၊ ခွန်အားကောင်းလာ၏၊ ယင်းသို့ ရူပ- ကာယကြီး တစ်ခုလုံးကို ခိုင်ခံ့အောင် ခွန်အားကောင်းအောင် ထောက်ပံ့တတ်သော သဘောတရားဟု ဝိပဿနာ ဉာဏ်ပညာဖြင့် ခွဲခြားစိတ်ဖြာ၍ ယင်းဩဇာရုပ်ကို ရှုပွား သိမ်းဆည်းနေသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်ဝ၌ ရှေးရှူထင်လာပေသည်။

ဖလူပစာရစကား

ဖလူပစာရစကား

ကဗဠီကာရ အာဟာရ --- ဩဇာအရ စားမျိုအပ်သော စားမျိုလိုက်သော ထမင်းစသော ဝတ္ထု၌တည်သော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် အကျုံးဝင်သော ဩဇာကို အာရုံယူ၍ ရှုသည်ဖြစ်အံ့ --- ယင်းဥတုဇဩဇာက စတုသမုဋ္ဌာနိက ရူပကာယဟူသော ဤရုပ်တရားအပေါင်းကို တိုက်ရိုက် အားပေးထောက်ပံ့မှုကို မပြုနိုင် = စတုသမုဋ္ဌာ- နိကဩဇာအား အာဟာရပစ္စယသတ္တိဖြင့် တိုက်ရိုက် ကျေးဇူးပြုမှု ထောက်ပံ့မှုကို မပြုနိုင်။ အထက်တွင် အကြိမ် ကြိမ် ရှင်းပြခဲ့သည့်အတိုင်း ယင်းဥတုဇဩဇာသည် ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို ရရှိသောအခါ ရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်များကို ဖြစ်စေ၏။ တစ်ကိုယ်လုံးသို့ ပျံ့နှံ့ ဖြစ်ပွားစေ၏။ ရသဓာတ် ရည် အမည်ရသော ယင်းအာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် အကျုံးဝင်သော ဩဇာကသာလျှင် စတုသမုဋ္ဌာနိက ဩဇာ အသီးအသီးအား အားပေးထောက်ပံ့နိုင်၏၊ အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုနိုင်၏။ ယင်းသို့ ကျေးဇူးပြု ပေးသဖြင့် စတုသမုဋ္ဌာနိကဩဇာ အသီးအသီးက ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ထပ်မံ ဖြစ်စေပြန်၏။ ထိုအခါတွင် စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းသည် ခိုင်ခံ့လာ၏၊ ခွန်အား ကြီးမားလာ၏။

ထိုကြောင့် ရသဓာတ်ရည် မည်သော အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာနှင့် စတုသမုဋ္ဌာနိကဩဇာတို့ကသာလျှင် စတုသမုဋ္ဌာနိကရူပကာယ ရုပ်တရားအပေါင်းကို အားပေးထောက်ပံ့နိုင်၏။ သို့သော် ယင်း ဩဇာဓာတ်တို့က စတုသမုဋ္ဌာနိကရုပ်တရားတို့အား ထောက်ပံ့နိုင်မှုသည် စားမျိုလိုက်သော ထမင်း စသော ဝတ္ထု၌ တည်သော ကဗဠီကာရ အာဟာရ မည်သော ဥတုဇဩဇာ၏ အကြောင်း အထောက်အပံ့ကား မကင်းပေ။ (မကင်းပုံကို သဘောပေါက်သင့်ပြီ။)

ထိုကြောင့် အကျိုးဖြစ်သော ရသဓာတ်ရည်မည်သော အာဟာရဇဩဇဋ္ဌမကရုပ်တို့၌တည်သော အာဟာရဇ ဩဇာနှင့် စတုသမုဋ္ဌာနိကဩဇာတို့၏ ရူပကာယ = ရုပ်တရားအပေါင်းအား ခိုင်ခံ့အောင် တည်တံ့အောင် အားပေး ထောက်ပံ့တတ်သော စွမ်းအင်သတ္တိကို အကြောင်းဖြစ်သော စားမျိုလိုက်သော ထမင်းစသော ဝတ္ထု၌ တည်သော ဥတုဇဩဇာဟူသော ကဗဠီကာရ အာဟာရ၌ တင်စား၍ ယင်း ကဗဠီကာရ အာဟာရကပင် စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို အားပေးထောက်ပံ့တတ်သည်ဟုဆိုသော ဖလူပစာရစကားတည်းဟု မှတ်ပါ။ အကယ်၍ ရသဓာတ်ရည် မည်သော အာဟာရဇဩဇဋ္ဌမကရုပ်တို့၌ တည်သော ဩဇာနှင့် စတုသမုဋ္ဌာနိကဩဇာ တို့ကို ကဗဠီကာရ အာဟာရအဖြစ် အာရုံယူ၍ ရှုခဲ့သော် ဖလူပစာရ ကြံဖွယ် မလိုတော့ပြီ။ ယင်းဩဇာတို့က ဩဇဋ္ဌမကရုပ်တို့ကို ဖြစ်စေခြင်းဖြင့် စတုသမုဋ္ဌာနိက ရုပ်တရားတို့အား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုတတ် အားပေး ထောက်ပံ့တတ်သောကြောင့်တည်း။

ပဒဋ္ဌာန် --- ကဗဠံ ကတွာ အာဟရိတဗ္ဗဝတ္ထုပဒဋ္ဌာနော = အလုတ်အလွေးပြု၍ စားမျိုအပ်သော အစာ အာဟာရလျှင် အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန် ရှိ၏။ --- ဤပဒဋ္ဌာန်မှာ အရသာကို ဆောင်ယူတတ်သော အကြောကွန်ရက်တို့သို့ အစဉ်လျှောက်လျက် ခန္ဓာကိုယ်၏ အင်္ဂါကြီးငယ် အသွယ်သွယ်သို့ စိမ့်ဝင်ပျံ့နှံ့လျက် တည်နေသော ရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့၌ တည်သော ဩဇာနှင့် စတုသမုဋ္ဌာနိက ဩဇာ အသီးအသီး၏ အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန် တစ်ခုပင် ဖြစ်သည်။ ယင်းဩဇာ အသီးအသီးသည် မိမိ မိမိ၏ ကလာပ်တူ မဟာဘုတ်ကိုလည်း မှီရသည်သာ ဖြစ်သဖြင့် ကလာပ်တူ မဟာဘုတ်သည်လည်း အနီးကပ် ဆုံးသော အကြောင်းတရားပင် ဖြစ်နိုင်၏၊ သို့သော် အနီးကပ်ဆုံးသော အကြောင်းများစွာထဲက အထူးခြားဆုံးသော အကြောင်းတစ်ခုကို ပဒဋ္ဌာန်အဖြစ် ထုတ်ပြသည်ဟု မှတ်ပါ။

တစ်ဖန် စားမျိုအပ်သော ထမင်းစသော ဝတ္ထု၌ တည်သော ဥတုဇဩဇဋ္ဌမကရုပ်တို့၌ အကျုံးဝင်သော ဥတုဇဩဇာ၏ အနီးကပ်ဆုံးသော ပဒဋ္ဌာန်မှာ မိမိ၏မှီရာ ကလာပ်တူ မဟာဘုတ်ပင် ဖြစ်သည်။ ယင်း ကလာပ်တူ မဟာဘုတ်တို့ကိုပင် ကဗဠံ ကတွာ အာဟရိတဗ္ဗဝတ္ထု = အလုတ်အလွေးပြု၍ စားမျိုအပ်သော ဝတ္ထု -ဟု သမုတိ သစ္စာနယ်မှ ဆိုသည်။

ထိုကြောင့် ကဗဠီကာရ အာဟာရဩဇာ အားလုံးတို့၏ အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန်ကို အလုတ် အလွေးပြု၍ စားမျိုအပ်သော ထမင်းစသော ဝတ္ထုဖြစ်ကြောင်း အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်၏။ သို့သော် ရသ ဓာတ်ရည် အမည်ရသော အာဟာရဇဩဇာနှင့် စတုသမုဋ္ဌာနိကဩဇာ အသီးအသီး၏ အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန်မှာ ယင်း စားမျိုအပ်သော ထမင်းစသော ဝတ္ထု၌တည်သော ဥတုဇဩဇာသာ လိုရင်း ပဓာန ဖြစ်သည်။ ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကိုရသော ယင်းဥတုဇဩဇာကသာလျှင် ရသဓာတ်ရည် အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့ကို ဖြစ်စေလျက် စတုသမုဋ္ဌာနိကဩဇာ အသီးအသီးအား ထပ်ဆင့် အားပေးထောက်ပံ့တတ်သောကြောင့် ဖြစ်သည်။

၁၉။ အာကာသဓာတ်

၁၉။ အာကာသဓာတ်

၁။ ရူပပရိစ္ဆေဒလက္ခဏာ အာကာသဓာတု၊

၂။ ရူပပရိယန္တပ္ပကာသနရသာ၊

၃။ (က) ရူပမရိယာဒပစ္စုပဋ္ဌာနာ၊

( ခ ) အသမ္ဖုဋ္ဌဘာဝဆိဒ္ဒဝိဝရဘာဝပစ္စုပဋ္ဌာနာ ဝါ၊

၄။ ပရိစ္ဆိန္နရူပပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၈။)

၁။ ရုပ်ကလာပ်တို့ကို ပိုင်းခြားတတ်သောသဘော လက္ခဏ၊

၂။ ရုပ်ကလာပ်တို့၏ အဆုံးအပိုင်းအခြားကို ထင်ရှားပြခြင်း (ကိစ္စ) ရသ၊

၃။ (က) ရုပ်ကလာပ်တို့၏ နယ်ခြားဒေသ သဘောတရား,

( ခ ) မဟာဘုတ်တို့၏ မထိအပ်သည်၏အဖြစ် ဟူသော သဘောတရား,

( ဂ ) ရုပ်ကလာပ်တို့၏ အပေါက်အကြား၏အဖြစ် ဟူသော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ အပိုင်းခြားခံရသော ရုပ်ကလာပ်များ ပဒဋ္ဌာန်။

ယာယ ပရိစ္ဆိန္နေသု ရူပေသု ဣဒမိတော ဥဒ္ဓံ၊ အဓော၊ တိရိယန္တိ စ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၃၆၂။)

ယင်း အာကာသဓာတ်က ပိုင်းခြားအပ်ကုန်သော ရုပ်ကလာပ်တို့၌ ဤရုပ်ကလာပ်သည် ဤရုပ်ကလာပ်မှ အထက်၌ ဖြစ်၏၊ အောက်၌ ဖြစ်၏၊ ဘေးပတ်ဝန်းကျင်၌ ဖြစ်၏ ဤသို့ ထင်ရှားခြင်းသည်လည်း ဖြစ်ပေါ် လာ၏၊ ဤအာကာသဓာတ်ကသာ ပိုင်းခြား၍မထားလျှင် ရုပ်ကလာပ်အားလုံးတို့သည် တစ်ပြင်တည်း ဖြစ်သွားဖွယ် ရှိသောကြောင့် အထက် အောက် ဘေးဟု မရှိတော့လေရာ။

အယံ ဟိ အာကာသဓာတု တံ တံ ရူပကလာပံ ပရိစ္ဆိန္ဒန္တီ ဝိယ ဟောတိ။ ပ ။ ယာယ ပရိစ္ဆိန္နေသူတိအာဒိနာ အာကာသဓာတုယာ တံတံကလာပါနံ ကလာပန္တရေဟိ အသင်္ကရကာရဏတံ ဒေဿတိ။ (မဟာဋီ၊၂၊၁၀၁။)

လက္ခဏ --- ကောင်းကင်ပြင်ဟူသော အဇဋာကာသ, အိုးပေါက် နံရံပေါက် လေသာပြူတင်းပေါက် စသော တစ်စုံတစ်ခုသော အရာဝတ္ထုဖြင့် ထက်ဝန်းကျင် ကာရံပိုင်းခြားထားအပ်သော ပရိစ္ဆန္နာကာသ, အာကာသာနဉ္စာယတနစျာန်ပိုင်း၌လာသော ကသိုဏ်းပညတ်ကို ခွာ၍ရအပ်သော ကသိဏုဂ္ဃါဋိမာကာသဟူသော အာကာသ (၃)မျိုးကို ဤ၌မဆိုလို၊ ရုပ်ကလာပ်တစ်ခုနှင့် အခြားရုပ်ကလာပ်တစ်ခုကို မရောယှက်အောင် = ရုပ်ကလာပ်တစ်ခု၌ တည်သော ရုပ်တရားတို့နှင့် အခြားသော ရုပ်ကလာပ်တစ်ခု၌ တည်သော ရုပ်တရားတို့ကို မရောယှက်အောင် ပိုင်းခြားတတ်သော ရုပ်ကလာပ်တို့၏ အကြားအပေါက်ဟူသော ပရိစ္ဆေဒါကာသကိုသာ ဤ၌ အာကာသဓာတ် အာကာသရုပ်ဟု ဆိုလိုသည်။

စက္ခုဒသကကလာပ် စသော ထိုထို ရုပ်ကလာပ်တို့ကို ကာယဒသကကလာပ် စသော အခြားအခြားသော ရုပ်ကလာပ်တို့နှင့် ရောယှက်ခြင်း ရောစပ်ခြင်းသို့ မရောက်စေသောအားဖြင့် အာကာသဓာတ်က ပိုင်းခြားပေး၏။ ထိုသို့ ရုပ်ကလာပ်ချင်း မရောယှက်အောင် ရောစပ်မှု မရှိအောင် ပိုင်းခြားပေးခြင်းဖြင့် ထိုထို ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်သော ရုပ်တရားတို့နှင့် အခြားအခြားသော ရုပ်ကလာပ်တို့၌ တည်သော ရုပ်တရားတို့သည်လည်း ရောယှက်မှု မရှိကြပေ။ ရုပ်ကလာပ် တစ်ခုအတွင်း၌ တည်ရှိသော ရုပ်တရားအချင်းချင်း ရောယှက်မှု မရှိအောင်ကား ယင်းရုပ်တရား အသီးအသီး၏ ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီး စသည်က ပိုင်းခြား ပေးနေ၏။ ထိုကြောင့် ရုပ်ကလာပ်အချင်းချင်းလည်း ရောယှက်မှု မရှိ၊ ရုပ်အချင်းချင်းလည်း ရောယှက်မှု မရှိဟု မှတ်ပါ။

အာကာသဓာတ်သည် မိမိက ရုပ်ကလာပ်တို့ကို တစ်ခုနှင့် တစ်ခု မရောယှက်အောင် ပိုင်းခြားတတ်သကဲ့သို့ ထို ရုပ်ကလာပ်တို့ကလည်း အာကာသဓာတ်ဟူသော မိမိကို ပိုင်းခြားပေး၏။ ရုပ်ကလာပ်တို့ကြောင့်ပင် ရုပ်ကလာပ် တို့၏ အကြားအပေါက် အာကာသသည်လည်း ဖြစ်ပေါ်လာရ၏။ အာကာသဓာတ်က ထိုထို ရုပ်ကလာပ်တို့ကို မရောယှက်အောင် ပိုင်းခြားတတ်၏။ ဤသို့စသော စကားဖြင့် အာကာသဓာတ်၏ ထိုထို ရုပ်ကလာပ်တို့၏ အခြားအခြားသော ရုပ်ကလာပ်တို့နှင့် မရောယှက်ခြင်း၏ အကြောင်းတရားဖြစ်မှုကို ညွှန်ပြလျက် ရှိပေသည်။

ရသ --- အာကာသဓာတ်သည် ဤသို့ ရုပ်ကလာပ်တို့ကို ပိုင်းခြားသကဲ့သို့ ဖြစ်ခြင်းကြောင့်ပင် --- ဤကား ရုပ်ကလာပ်တို့၏ အထက်အဖို့, ဤကား အောက်အဖို့, ဤကား ေ့ရှ နောက် ဝဲယာ ဖီလာ အဖို့ဟု ရုပ်တို့၏ အစွန်အဆုံး အပိုင်းအခြားကို ထင်ရှားပြခြင်းကိစ္စ ရှိပေသည်။ ကိစ္စရသတည်း။ မည်မျှလောက်ပင် ရုပ်ကလာပ် အချင်းချင်း ကပ်၍ ထပ်၍ စပ်၍ စေ့၍ နေသော်လည်း ရုပ်ကလာပ်တစ်ခု တစ်ခု၏ အဆုံးအပိုင်းအခြားကား ရှိရသေး၏၊ ထိုအဆုံးအပိုင်းအခြားကို အာကာသဓာတ်က ထင်ရှားပြသည်။ အာကာသဓာတ်ကသာ ပိုင်းခြား၍ မထားလျှင် ရုပ်ကလာပ်အားလုံးတို့သည် တစ်ပြင်တည်း တစ်ဆက်တည်း ဖြစ်သွားဖွယ်ရှိသောကြောင့် အထက်, အောက်, ဘေးဟု မရှိတော့လေရာ။ အာကာသဓာတ်က ရုပ်ကလာပ်တို့ကို ပိုင်းခြားသည်ဟူရာ၌ တကယ် ပိုင်းခြားသည်ကား မဟုတ်၊ လက်နှစ်ချောင်းတို့ကို ပူးကပ်လိုက်သော် လက်ချောင်း နှစ်ခုတို့၏ အကြားအပေါက်ဟူသော အာကာသသည် ဖြစ်ပေါ်လာသကဲ့သို့ ရုပ်ကလာပ်တို့ စုပေါင်းဖြစ်ပေါ်လာသောအခါ ရုပ်ကလာပ်တို့၏ အကြား အပေါက်သည်လည်း ဖြစ်ပေါ်လာပေ၏။ ထိုကြောင့် အာကာသဓာတ်က ရုပ်ကလာပ်တို့ကို ပိုင်းခြားသကဲ့သို့ ဖြစ်၏ဟု ဆိုသည်။ တဒ္ဓမ္မူပစာရတည်း။

ပစ္စုပဋ္ဌာန် --- (က) ရူပမရိယာဒပစ္စုပဋ္ဌာနာ --- ယင်း အာကာသဓာတ်ကို ဝိပဿနာဉာဏ်ဖြင့် ရှုပွား သုံးသပ်လိုက်သော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင်, တိုင်းပြည် တစ်ပြည်နှင့် တိုင်းပြည် တစ်ပြည်ကို ပိုင်းခြား ထားသော နယ်ခြားဒေသကဲ့သို့, ရုပ်ကလာပ်တို့၏ နယ်ခြားဒေသ သဘောတရားဟု ရှေးရှူထင်လာ၏။ တရားကိုယ် အနက်သဘောအားဖြင့်ကား ယင်း အာကာသဓာတ်ကို ရုပ်ကလာပ်တို့၏ အပိုင်းအခြားမျှ ဖြစ်၍ ဉာဏ်ဖြင့် ယူအပ်၏။ ရုပ်ကလာပ်တို့၏ အပိုင်းအခြားမျှသာဟု ရှုနေသော ဝိပဿနာဉာဏ်ဖြင့် ယူအပ်၏။ (မဟာဋီ၊၂၊ ၁၀၁။) ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ထင်လာသော ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်ပင်တည်း။

( ခ ) အသမ္ဖုဋ္ဌဘာဝဆိဒ္ဒဝိဝရဘာဝပစ္စုပဋ္ဌာနာ ဝါ --- ဤ၌

၁။ အသမ္ဖုဋ္ဌဘာဝ ပစ္စုပဋ္ဌာန်,

၂။ ဆိဒ္ဒဝိဝရဘာဝ ပစ္စုပဋ္ဌာန် ---

ဤသို့ နှစ်မျိုးခွဲပါ။ အသမ္ဖုဋ္ဌဘာဝ ပစ္စုပဋ္ဌာန်ကား ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။ ဆိဒ္ဒဝိဝရဘာဝ ပစ္စုပဋ္ဌာန်ကား ဖလပစ္စုပဋ္ဌာန်တည်း။

၁။ အသမ္ဖုဋ္ဌဘာဝ ပစ္စုပဋ္ဌာန် --- ရုပ်ကလာပ်တို့၏ အကြားအပေါက်ဟူသော အာကာသဓာတ်ကို ဝိပဿနာ ဉာဏ်ဖြင့် ရှုဆင်ခြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ထိုထိုရုပ်ကလာပ်များ၏ အတွင်း၌ တည်ရှိသော မဟာဘုတ်တို့သည် ယင်းအာကာသဓာတ်ကို မထိအပ် မထိနိုင်သော သဘောတရားအဖြစ်ဖြင့် ရှေးရှူ ထင်လာ၏။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်ပင်တည်း။

အသမ္ဖုဋ္ဌံ စတူဟိ မဟာဘူတေဟီတိ ယသ္မိံ ကလာပေ ဘူတာနံ ပရိစ္ဆေဒေါ၊ တေဟေဝ အသမ္ဖုဋ္ဌံ။ ဝိဇ္ဇမာနေပိ ဟိ ကလာပန္တရဘူတာနံ ကလာပန္တရဘူတသမ္ဖုဋ္ဌဘာဝေ တံတံဘူတဝိဝိတ္တတာ ရူပပရိယန္တော အာကာသောတိ ယေသံ ယော ပရိစ္ဆေဒေါ၊ တေဟိ သော အသမ္ဖုဋ္ဌောဝ၊ အညထာ ပရိစ္ဆိန္နဘာဝေါ န သိယာ တေသံ ဘူတာနံ ဗျာပိတဘာဝါပတ္တိတော။ အဗျာပိတာ ဟိ အသမ္ဖုဋ္ဌတာတိ။ (မူလဋီ၊၁၊၁၅၂။)

အနေကေသံ ကလာပါနံ ဧကတော ဟုတွာ ဧကဃနပိဏ္ဍဘာဝေန ပဝတ္တနတော ကလာပန္တရဘူတာနံ ကလာပန္တရဘူတေဟိ သမ္ဖုဋ္ဌဘာဝေါ ဝုတ္တော။ ယတော တေသံ ဒုဝိညေယျနာနတ္တံ၊ န ပန အဝိနိဗ္ဘုတ္တဘာဝတော။ တံတံဘူတဝိဝိတ္တတာတိ တေသံ တေသံ ဘူတာနံ ဝိဘတ္တဘာဝေါ ကလာပန္တရဘူတေဟိ ဝိဘတ္တသဘာဝတာ အသံကိဏ္ဏတာတိ အတ္ထော။ ယသ္မာ ပန ယထာဝုတ္တာ ဝိဝိတ္တတာ ရူပါနံ ဩသာနံ ဟောတိ၊ တသ္မာ ရူပပရိယန္တောတိ ဝုတ္တံ။ အထ ဝါ တံတံဘူတသုညတာ။ ယေသဥှိ ပရိစ္ဆေဒေါ အာကာသော၊ တေသံ ပရိယန္တတာယ တေဟိ သုညဘာဝေါတိ လက္ခိတဗ္ဗော။ တတောယေဝ စ သော ဘူတန္တရေဟိ ဝိယ တေဟိ အသမ္ဖုဋ္ဌောတိ ဝုစ္စတီတိ။ အညထာတိ ပရိစ္ဆိန္ဒိတဗ္ဗေဟိ အသမ္ဖုဋ္ဌဘာဝါဘာဝေ။ (အနုဋီ၊၁၊၁၆၅။)

ဓမ္မသင်္ဂဏီ ပါဠိတော် စာပိုဒ် (၆၃၇)ဝယ် အာကာသဓာတ်ကို ဝေဖန် ဟောကြားတော်မူရာ၌ -- အသမ္ဖုဋ္ဌံ စတူဟိ မဟာဘူတေဟိ = ယင်း အာကာသဓာတ်ကို မဟာဘုတ်လေးပါးတို့သည် တွေ့ထိ၍ မရနိုင်ကြောင်းကို ထည့်သွင်း ဟောကြားထားတော်မူခဲ့၏။ အာကာသဓာတ်က ရုပ်ကလာပ်များကို မရောယှက်အောင် ပိုင်းခြားပေး၏၊ ယင်း အပိုင်းခြားခံရသော ရုပ်ကလာပ်တို့တွင် တည်ရှိသော အသီးအသီးသော မဟာဘုတ်တို့သည် မိမိတို့ကို ကလာပ်ချင်း မရောယှက်အောင် ပိုင်းခြားပေးနေသော အာကာသဓာတ်ကို မတွေ့ထိအပ် မတွေ့ထိနိုင်။ အကြင် ရုပ်ကလာပ်၌ မဟာဘုတ်တို့၏ အဆုံးအပိုင်းအခြားသည် ရှိ၏။ ထိုကလာပ်၌ မဟာဘုတ်တို့သည်ပင် မိမိတို့၏ အဆုံးအပိုင်းအခြားဖြစ်သည့် ယင်း အာကာသဓာတ်ကို မထိအပ် မထိနိုင်။

များစွာကုန်သော ရုပ်ကလာပ်တို့သည် တစ်ပေါင်းတည်း တစ်စုတည်း ဖြစ်ကြ၍ တစ်လုံးတစ်ခဲတည်း အတုံးအခဲအဖြစ်ဖြင့် ဖြစ်ကြခြင်းကြောင့် အချင်းချင်း ကပ်လျက် ထပ်လျက် စပ်လျက် စေ့လျက် ဆက်စပ် တည်နေ ကြကုန်သော ရုပ်ကလာပ်တို့တွင် ကလာပ်တစ်ခု အတွင်း၌ တည်ကြကုန်သော မဟာဘုတ်တို့သည် အခြားကလာပ် တို့၌ တည်ကြကုန်သော မဟာဘုတ်တို့နှင့် မဟာဘုတ် အချင်းချင်းကား ထိစပ်မှုရှိသည်သာ ဖြစ်၏။ ထိုသို့ပင် ဆက်စပ်တည်နေကြသော ကလာပ်တို့ဝယ် မဟာဘုတ်အချင်းချင်း ထိခိုက်နေပါသော်လည်း = ထိခိုက်မှု ထင်ရှား ရှိနေပါသော်လည်း ထိုထို မဟာဘုတ်တို့မှ ကင်းဆိတ်သည်၏ အဖြစ်ဟူသော ရုပ်ကလာပ်တို့၏ အဆုံးအပိုင်း- အခြားသည် ရှိ၏၊ ယင်း အဆုံးအပိုင်းအခြားကား အာကာသဓာတ်ပင်တည်း။ ထိုကြောင့် ယင်းမဟာဘုတ်တို့၏ အဆုံးအပိုင်းအခြားဟူသော ယင်းအာကာသဓာတ်ကို ယင်းမဟာဘုတ်တို့က မထိအပ် မထိနိုင်သည်သာ ဖြစ်၏။

ထိုသို့ မယူဆဘဲ အာကာသဓာတ်ကို ထိုထို ရုပ်ကလာပ် အတွင်း၌ တည်ရှိကုန်သော မဟာဘုတ်တို့က ထိအပ် ထိနိုင်သည်ဟု အနက်အဓိပ္ပါယ်ကို ယူဆခဲ့သော် ရုပ်ကလာပ်တို့ကို ပိုင်းခြားခြင်း, ရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိကြကုန်သော ရုပ်တရားတို့၏ အပိုင်းအခြားခံရခြင်း သဘောတရားသည် မဖြစ်နိုင်တော့လေရာ။ အဘယ်ကြောင့်နည်းဟူမူ --- ထိုထို ရုပ်ကလာပ် အသီးအသီး၌ တည်ရှိကြသော မဟာဘုတ်တို့၏ (ဗျာပိတဘာဝ) = ပျံ့နှံ့ခြင်း ရှိကုန်သည်၏ အဖြစ်သို့ ရောက်ရှိသွားခြင်းကြောင့်တည်း။ (ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော မဟာဘုတ်တို့နှင့် အခြား ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော မဟာဘုတ်တို့သည် ဤသည်တို့ကား ဤရုပ်ကလာပ်၏ မဟာဘုတ်၊ ဤသည်တို့ကား ဤရုပ်ကလာပ်၏ မဟာဘုတ် ဤသို့ စသည်ဖြင့် ခွဲမရအောင် တွဲလျက် ခဲလျက် တစ်ပြင်တည်း တစ်စပ်တည်း ဖြစ်ခြင်းသို့ ရောက်ရှိသွားလေရာသည် ဟူလို။)

အဘယ်ကြောင့် ထိုထို ရုပ်ကလာပ် အသီးအသီး၌ တည်ရှိကြသော မဟာဘုတ်တို့၏ ပျံ့နှံ့ခြင်း ရှိကုန် သည်၏ အဖြစ်သို့ ရောက်သွားကုန်သနည်းဟူမူ --- ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော မဟာဘုတ်တို့နှင့် အခြား ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော မဟာဘုတ်ဟူသော ထိုထို မဟာဘုတ်တို့၏ ကလာပ်ပြား မဟာဘုတ်အချင်းချင်း ပျံ့နှံ့ခြင်း မရှိမှု တွဲမှု ခဲမှု မရှိမှုသည်သာ အာကာသဓာတ်ကို မဟာဘုတ်တို့က မထိအပ် မထိနိုင်မှု ဖြစ်သောကြောင့်တည်း။

ဆိုလိုသည်မှာ --- အာကာသဓာတ်ကို မဟာဘုတ်တို့က မထိအပ် မထိနိုင်မှုမှာ မဟာဘုတ်တို့က အာကာသ ဓာတ်သို့တိုင်အောင် ပျံ့နှံ့မှု မရှိသောကြောင့် ဖြစ်သည်။ အကယ်၍ မဟာဘုတ်တို့သည် အာကာသဓာတ်သို့ တိုင်အောင် ပျံ့နှံ့မှုရှိပါသည်ဟု ယူဆခဲ့လျှင် မဟာဘုတ်တို့က အာကာသဓာတ်ကို တွေ့ထိကောင်းသည်ဟု အနက် အဓိပ္ပါယ် ထွက်နေ၏။ (ဘုရားဟောနှင့်ကား အလွဲကြီး လွဲသွားပြီ ဖြစ်၏။) ယင်းသို့ မဟာဘုတ်တို့က အာကာသ ဓာတ်ကို တွေ့ထိကောင်း၍ အာကာသဓာတ်သို့တိုင်အောင် မဟာဘုတ်တို့သည် ပျံ့နှံ့ တည်နေကြသည် ဖြစ်ခဲ့လျှင် အာကာသဓာတ်က ရုပ်ကလာပ်တို့ကို ပိုင်းခြားမှုသည်လည်း မဖြစ်လေရာ၊ အပိုင်းအခြားခံရသော ရုပ်ဟူသည်လည်း မရှိနိုင်လေရာ၊ ရုပ်ကလာပ်အချင်းချင်း ကလာပ်ပြားရုပ် အချင်းချင်း ရောယှက် ရောစပ် ပျံ့နှံ့နေသောကြောင့် ဖြစ်သည်။ ဤသို့လျှင် မလိုလားအပ်သော အနက်သဘောများ ကျရောက်လာဖွယ်ရာ ရှိသဖြင့် အာကာသဓာတ်ကို အပိုင်းအခြားခံရသော ရုပ်ကလာပ်များ၏ အတွင်း၌ တည်ရှိကြသော မဟာဘုတ်တို့က မတွေ့ထိအပ် မတွေ့ထိနိုင် ဟုသာ အဓိပ္ပါယ်ယူပါ ဟူလိုသည်။

ယင်းသို့ အဓိပ္ပါယ် ယူဆပါမှသာလျှင် ရုပ်ကလာပ်တို့ကို ပိုင်းခြားတတ်သော = ပိုင်းခြားသကဲ့သို့ ဖြစ်သော အာကာသဓာတ်ဟူသည်လည်း ရှိ၏၊ အပိုင်းအခြားခံရသော ရုပ်ကလာပ်များ ရုပ်တရားများလည်း ရှိ၏ဟု သဘော ကျနိုင်မည်။

သို့သော် --- ဤသည်တို့ကား ဤရုပ်ကလာပ်၏ မဟာဘုတ်တို့တည်း၊ ဤသည်တို့ကား ဤရုပ်ကလာပ်၏ မဟာဘုတ်တို့တည်း --- ဤသို့စသည်ဖြင့် ကလာပ်ခြားကုန်သော ကလာပ်ပြားကုန်သော မဟာဘုတ်တို့၏ ကွဲပြားမှု အထူးအပြားကိုကား သိနိုင်ခဲလှ၏။ (သိနိုင်ခဲ၏ဟုသာ ဆိုသည်၊ မသိနိုင်ဟုကား မဆိုသည်ကို သတိပြုပါ။)

ထိုသို့ သိနိုင်ခဲသည် မှန်သော်လည်း --- ရုပ်ကလာပ် တစ်ခု၏ အတွင်း၌ တည်ရှိကြသော ရုပ်တရားတို့ သည်သာ ခွဲခြား၍ မရနိုင်သော ခွဲခြား၍ မဖြစ်နိုင်သော အဝိနိဗ္ဘောဂတရားများ ဖြစ်ကြသဖြင့် ကလာပ်ခြား ကုန်သော ကလာပ်ပြားကုန်သော ရုပ်ကလာပ် တစ်ခြားစီ၌ တည်ရှိကြကုန်သော ကလာပ်ပြား မဟာဘုတ်တို့၏ ခွဲခြား၍ မရနိုင်သော ခွဲခြား မဖြစ်နိုင်သော အဝိနိဗ္ဘောဂရုပ်တရားများ မဟုတ်ကြသောကြောင့် ရုပ်ကလာပ်တစ်ခု ၌ တည်သော မဟာဘုတ်တို့က အခြားရုပ်ကလာပ်တစ်ခု၌ တည်သော မဟာဘုတ်တို့ကို တွေ့ထိနိုင်ကြောင်းကို မူလဋီကာဆရာတော်က (မူလဋီ၊၁၊၁၅၂။)၌ ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။

ရုပ်ကလာပ်တစ်ခု၌ တည်ရှိကြသော မဟာဘုတ်တို့နှင့် အခြားရုပ်ကလာပ်တစ်ခု၌ တည်ရှိကြကုန်သော မဟာဘုတ်တို့ကား ရောယှက်မှု မရှိကြပေ။ ထိုသို့ ရောယှက်မှု မရှိနိုင်သော်လည်း ကလာပ်ပြား မဟာဘုတ် အချင်းချင်းကား တွေ့ထိကောင်း၏ ထိခိုက်နိုင်၏။ (လက်ဝါးနှစ်ဖက်ကို တွေ့ထိကြည့်ပါ။ တွေ့ထိ၍ကား ရနိုင်၏၊ လက်ဝါးချင်းကား တစ်ခုတည်း အဖြစ်သို့ ရောနှော၍ မသွား၊ လက်ဝါး တစ်ခုစီသာ ဖြစ်သကဲ့သို့ မှတ်ပါ။) ထိုသို့ပင် ဆက်စပ်တည်နေကြကုန်သော ကလာပ်ပြား မဟာဘုတ် အချင်းချင်း ထိခိုက်နိုင်ပါသော်လည်း ထိုထို မဟာဘုတ်တို့မှ ကင်းဆိတ်သည်၏ အဖြစ်ဟူသော ရုပ်ကလာပ်တို့၏ အဆုံးအပိုင်းအခြားကား ရှိသည်သာဖြစ်၏။ ယင်း အဆုံးအပိုင်းအခြားကား အာကာသဓာတ်ပင်တည်း။ (အနုဋီ၊၁၊၁၆၅။)

တစ်နည်း --- အကြင် အကြင် မဟာဘုတ်တို့၏ အပိုင်းအခြားဖြစ်သော = အကြင် အကြင် မဟာဘုတ်တို့ကို ကလာပ်ပြား မဟာဘုတ် အချင်းချင်း မရောယှက်အောင် ပိုင်းခြားတတ်သော အာကာသဓာတ်ဟူသည် ရှိ၏၊ ထိုအာကာသဓာတ်ဟူသည် ထိုထို မဟာဘုတ်တို့၏ ကင်းဆိတ်မှုသဘော = သုညသဘောသာ ဖြစ်၏။ ထိုမဟာဘုတ်တို့၏ အဆုံးအပိုင်းအခြား ဖြစ်သောကြောင့် အာကာသဓာတ်ဟူသည် ထိုမဟာဘုတ်တို့မှ ကင်းဆိတ်မှု သုညသဘောတရားဟု မှတ်သားသင့်၏။ ထိုကြောင့်ပင်လျှင် ထိုအာကာသဓာတ်ကို အခြားသော ကလာပ်ပြား မဟာဘုတ်တို့က မထိခိုက်အပ်သကဲ့သို့ (အာကာသဓာတ်ဖြင့် အပိုင်းအခြားခံရသော) ထိုမဟာဘုတ်တို့က မထိအပ် မထိနိုင်ဟု ဆိုခြင်းဖြစ်သည်ဟု မှတ်ပါ။ (အနုဋီ၊၁၊၁၆၅။)

ယင်း အာကာသဓာတ်ကား ဖောက်ပြန်တတ်သည့် ရုပ္ပနလက္ခဏာရှိသည့် တကယ့်ရုပ်အစစ်ကား မဟုတ်၊ ဖောက်ပြန်တတ်သည့် ရုပ္ပနလက္ခဏာရှိသည့် တကယ့်ရုပ်အစစ်များနှင့် ပူးတွဲပါလာသောကြောင့်သာ မကင်း စကောင်းသော အဝိနာဘာဝနည်းအားဖြင့် ဖောက်ပြန်တတ်သော ရုပ္ပနလက္ခဏာရှိသည့် ရုပ်စာရင်းတွင် ထည့်သွင်း၍ ရုပ်တရားဟု ခေါ်ဝေါ် သုံးစွဲထားခြင်းဖြစ်သည်။ ဖောက်ပြန်တတ်သောသတ္တိ မရှိပါဘဲလျက် ဖောက်ပြန် တတ်သောသတ္တိ ရှိသကဲ့သို့ တင်စား၍ ခေါ်ဆိုထားသော တဒ္ဓမ္မူပစာရစကားဟု မှတ်ပါ။

သို့သော် ယင်း အာကာသဓာတ်ကို သိမ်းဆည်း ရှုပွားရန် ဘုရားရှင် ကိုယ်တော်တိုင်က မဟာရာဟုလောဝါဒ သုတ္တန် (မ၊၂၊၈၆။)တွင် အရှင်ရာဟုလာအား ရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူ၏။ ဓာတုဝိဘင်္ဂသုတ္တန် (မ၊၃၊၂၈၅။)တွင်လည်း ပုက္ကုသာတိ အမျိုးကောင်းသား ရဟန်းတော်အား ဓာတ် (၆)ပါး ကမ္မဋ္ဌာန်းကို ညွှန်ကြား ပြသရာ၌ အာကာသဓာတ်ကို သိမ်းဆည်းရှုပွားရန် ထည့်သွင်း ဟောကြားထားတော်မူ၏။ အဘိဓမ္မာ ဓာတုဝိဘင်း ပါဠိတော် (အဘိ၊၂၊၈၆။)၌လည်း အာကာသဓာတ်ကို သိမ်းဆည်း ရှုပွားရန် ညွှန်ကြားထားတော်မူ၏။ အဋ္ဌကထာ ကလည်း ဤသို့ ရှင်းပြထား၏။

အထ အာကာသဓာတုံ ကသ္မာ ဝိတ္ထာရေသီတိ။ ဥပါဒါရူပဒဿနတ္ထံ။ ဟေဋ္ဌာ ဟိ စတ္တာရိ မဟာဘူတာနေဝ ကထိတာနိ၊ န ဥပါဒါရူပံ။ တသ္မာ ဣမိနာ မုခေန တံ ဒေဿတုံ အာကာသဓာတုံ ဝိတ္ထာရေသိ။ အပိစ အဇ္ဈတ္တိကေန အာကာသေန ပရိစ္ဆိန္နရူပမ္ပိ ပါကဋံ ဟောတိ။

အာကာသေန ပရိစ္ဆိန္နံ၊ ရူပံ ယာတိ ဝိဘူတတံ။

တေဿဝံ အာဝိဘာဝတ္ထံ၊ တံ ပကာသေသိ နာယကော။ (မ၊ဋ္ဌ၊၃၊၉၇။)

ဤ မဟာရာဟုလောဝါဒသုတ္တန်ဝယ် အာကာသဓာတ်ကို အဘယ်ကြောင့် အကျယ်ချဲ့၍ ဟောကြားထား တော်မူပါသနည်းဟူမူ --- ဥပါဒါရုပ်ကို သိမ်းဆည်း ရှုပွားရန် ညွှန်ကြား ပြသတော်မူလိုသည့်အတွက် ဟောကြား တော်မူခြင်း ဖြစ်၏။ မှန်ပေသည် ရှေးပိုင်းဝယ် ရုပ်ပိုင်းဆိုင်ရာ၌ မဟာဘုတ် (၄)ပါးတို့ကိုသာ ဟောကြားတော်မူ အပ်ကုန်သေး၏။ ဥပါဒါရုပ်ကို သိမ်းဆည်း ရှုပွားရန် မဟောကြားရသေး။ ထိုကြောင့် ဤ အာကာသဓာတ်ကို အဦးမူသဖြင့် ထိုဥပါဒါရုပ်ကို သိမ်းဆည်း ရှုပွားဖို့ရန် ညွှန်ပြတော်မူလိုရကား အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူသည်။ တစ်နည်း --- ယင်း အာကာသဓာတ်ကို ဉာဏ်ဖြင့် မြင်အောင် ရှုနိုင်ပါက ယင်း အဇ္ဈတ္တိက အာကာသဓာတ်ဖြင့် အပိုင်းအခြားခံရသော ရုပ်တရားအပေါင်းသည်လည်း ထင်ရှားခြင်းသို့ ရောက်ရှိလာနိုင်၏၊ ထို အာကာသဓာတ်ဖြင့် ဤသို့ အပိုင်းအခြားခံရသည့် ရုပ်တရားအပေါင်းသည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ထင်ရှားခြင်းသို့ ရောက်ရှိလာနိုင်ပုံကို ထင်ရှားပြတော်မူခြင်း အကျိုးငှာ လူသုံးပါးတို့၏ နိဗ္ဗာန်သို့ သွားရာ၌ ဦးစီးဦးကိုင် အကြီးအမှူး ဖြစ်တော်မူသော ဘုရားရှင်သည် ထိုအာကာသဓာတ်ကို သိမ်းဆည်း ရှုပွားရန် ညွှန်ကြား ပြသတော်မူရလေသည်။ (မ၊ဋ္ဌ၊၃၊၉၇။)

ဤ အာကာသဓာတ်ကား ရုပ်ကလာပ်တစ်ခုနှင့် ရုပ်ကလာပ်တစ်ခုကို မရောယှက်အောင် ပိုင်းခြားပေးသော ရုပ်ဖြစ်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း အာကာသဓာတ်ကို သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် မြင်သိပါမှ ရုပ်ကလာပ်ကို မြင်နိုင်မည်။ ရုပ်ကလာပ်ကို မြင်ပါမှ ဓာတ်ခွဲနိုင်ပါမှ, ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်းနိုင် ရှုပွားနိုင်ပါမှ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည်၊ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါမှ အနတ္တဉာဏ်အမြင်သို့ ဆိုက်မည်။ အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာဟူသော လက္ခဏာရေးသုံးတန် ဉာဏ်အမြင် သန့်ရှင်းပါမှ မဂ် ဖိုလ် နိဗ္ဗာန်သို့ ဆိုက်နိုင်မည်။ ထိုကြောင့် အာကာသဓာတ်ကို သိမ်းဆည်း ရှုပွားရန် ဘုရားရှင် ကိုယ်တော်တိုင်က ညွှန်ကြား ပြသတော်မူရခြင်း ဖြစ်ပေသည်။

၂၀။ ကာယဝိညတ်

၂၀။ ကာယဝိညတ်

၁။ အဘိက္ကမာဒိပဝတ္တက-စိတ္တသမုဋ္ဌာန-ဝါယောဓာတုယာ သဟဇရူပကာယ-ထမ္ဘန-သန္ဓာရဏ-စလနဿ ပစ္စယော (ဝါယောဓာတုအဓိကာနံ စိတ္တဇမဟာဘူတာနံ) အာကာရဝိကာရော ကာယဝိညတ္တိ၊

၂။ အဓိပ္ပါယပ္ပကာသနရသာ၊

၃။ ကာယဝိပ္ဖန္ဒနဟေတုဘာဝပစ္စုပဋ္ဌာနာ၊

၄။ စိတ္တသမုဋ္ဌာနဝါယောဓာတုပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၇၈။)

၁။ ေ့ရှသို့တက်ခြင်း စသည်ကို ဖြစ်စေတတ်သော စိတ္တဇဝါယောဓာတ်၏ အတူဖြစ်သော

ရူပကာယကို ထောက်ပံ့ ခိုင်ခံ့စေခြင်း, ကောင်းစွာ တည်စေခြင်း, လှုပ်ရှားစေခြင်း၏

အကြောင်းဖြစ်သော (ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲကုန်သော စိတ္တဇ

မဟာဘုတ်တို့၏) အမူအရာ အထူးသဘော လက္ခဏ၊

၂။ လှုပ်ရှားသောသူ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးအား ထင်ရှားပြခြင်း (ကိစ္စ) ရသ၊

၃။ ကိုယ်တုန်လှုပ်ခြင်း၏ အကြောင်းဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ စိတ်ကြောင့်ဖြစ်သော စိတ္တဇဝါယောဓာတ် ပဒဋ္ဌာန်။

ထိုကာယဝိညတ်ကို, ကိုယ်ကို လှုပ်ရှားပြခြင်းဖြင့် လှုပ်ရှားပြသူ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးအား သိစေခြင်း၏ အကြောင်းဖြစ်သောကြောင့်လည်းကောင်း, မိမိဟူသော ဝိကာရရုပ် ကိုယ်တိုင်က လှုပ်ရှားပြသော ကိုယ်ဟု ခေါ်ဆိုအပ်သော ရူပကာယ = ရုပ်တရားအပေါင်းသို့ အစဉ်လျှောက်သဖြင့် (= လှုပ်ရှားသော ကိုယ်ကို မှတ်ယူကြောင်း ဝီထိသို့ အစဉ်လိုက်သဖြင့်) သိအပ်သော ရုပ်တရား ဖြစ်သောကြောင့်လည်းကောင်း ကာယဝိညတ်ဟူ၍ ခေါ်ဆိုအပ်ပေသည်။

ထိုကာယဝိညတ်ရုပ်သည် မိမိက လှုပ်ရှားစေအပ်ကုန်သော, တစ်နည်း မိမိ ပါဝင်တည်ရှိသော ဝါယော ဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲကုန်သော မဟာဘုတ်တို့ကြောင့် အလှုပ်အရှား ခံရကုန်သော, ယင်းစိတ္တဇ ရုပ်တို့နှင့် အတူတကွ ခန္ဓာအိမ်တစ်ခု အတွင်းဝယ် ဆက်စပ်တည်နေကြ ဖြစ်နေကြကုန်သော ဥတုဇရုပ် ကမ္မဇရုပ် အာဟာရဇရုပ်တို့သည်လည်း စိတ္တဇရုပ်သည် လှုပ်ရှားခဲ့သော် အတူရော၍ လှုပ်ရှားကြရကုန်၏။ ထိုသို့ လှုပ်ရှား ခြင်းကြောင့် ေ့ရှသို့တက်ခြင်း စသည်တို့သည် ဖြစ်ပေါ်လာကုန်၏ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၇၈။)

ဝိညတ်ခေါ်ပုံ --- အဓိပ္ပါယံ ဝိညာပေတီတိ ဝိညတ္တိ --- လက်ခြေ စသည်ကို လှုပ်ပြသူ စကားပြောသူတို့၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သော ထူးခြားသော အမူအရာ တစ်မျိုးသည် ဝိညတ် မည်၏။ ထိုထူးခြားသော အမူအရာသည် ပရမတ္ထအားဖြင့် အထင်အရှားရှိသော သီးခြားရုပ်တစ်မျိုး မဟုတ် သော်လည်း ယခု လောက၌ လိမ္မာပါးနပ်သူတို့က ထိုအမူအရာထူးကို သိနိုင်သောကြောင့် ---- ဝိညာယတီတိ ဝိညတ္တိ --- အရ လှုပ်ရှားလာသော ရုပ်တရားအပေါင်းကို မြင်တွေ့ရ ကြားရခြင်းဖြင့် ယင်းဝိညတ်ရုပ်ကို သိအပ် သိနိုင်သောကြောင့် ဝိညတ် မည်၏။

ကာယဝိညတ် --- အယေဥှတ္ထ အတ္ထော --- ဝိညာပေတီတိ ဝိညတ္တိ၊ ကိံဝိညာပေတိ? အဓိပ္ပါယံ၊ ကေန? ကာယေန၊ ကီဒိသေန? ဝိပ္ဖန္ဒမာနေနာတိ။ ဒုတိယနယေ ပန ယထာဝုတ္တေန ကာယေန ဝိညာယတီတိ ကာယဝိညတ္တိ။ (မဟာဋီ၊၂၊၁၀၀။)

ဝိပ္ဖန္ဒမာနေန ကာယေန အတ္တနော ဘာဝံ = အဓိပ္ပါယံ ဝိညာပေတီတိ ဝိညတ္တိ --- လက်ယပ်၍ခေါ်ခြင်း စသည်၌ လက်ယပ်သော အခြင်းအရာအားဖြင့် လှုပ်ရှားသောကိုယ်၏ အစိတ်အပိုင်းကို ကာယ = ကိုယ်ဟု ဧကဒေသူပစာရအားဖြင့် ဆိုထားသည်။ ရူပကာယ တစ်ခုလုံး၏ ကာယ = ကိုယ်ဟူသော အမည်ကို လှုပ်ရှား ပြသော လက်စသော ကိုယ်၏ အစိတ်အပိုင်း၌ တင်စား၍ လှုပ်ရှားပြသော လက်စသော ကိုယ်၏ အစိတ်အပိုင်း ကိုလည်း ကာယ = ကိုယ်ဟု ခေါ်ဆိုထားသည်ဟု ဆိုလိုသည်။ ထို ကိုယ်ဖြင့် မိမိ၏ လာစေလိုခြင်း စသော အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သောကြောင့် ဝိညတ် မည်၏။ ထိုသို့ မိမိ၏အတွင်း သဘော အလိုဆန္ဒကို ကိုယ်အမူအရာထူးဖြင့် သူတစ်ပါးတို့အား သိစေရာ၌ လူတို့သည်သာမက တိရစ္ဆာန်တို့သော်မှလည်း ထိုအလိုကို သိနိုင်ကြ၏။ အလားတူပင် တိရစ္ဆာန်တို့၏ အတွင်းသဘော အလိုဆန္ဒကိုလည်း တိရစ္ဆာန် အချင်းချင်းသာမက လူတို့သော်မှလည်း သိနိုင်ကြ၏၊ ထိုသို့ သိနိုင်ခြင်းမှာ ဤ ဝိညတ်ရုပ်ကြောင့်ပင် ဖြစ်၏။

ေ့ရှသို့ တက်အံ့ ၊ နောက်သို့ ဆုတ်အံ့ ၊ ကွေးအံ့၊ ဆန့်အံ့၊ လက်ယပ်ခေါ်အံ့၊ --- ဤသို့ စသော စိတ်သည် ဖြစ်ပေါ်လာလတ်သော် ထိုစိတ်သည် စိတ္တဇဩဇဋ္ဌမကရုပ်များကို ဖြစ်စေ၏။ ထို စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ်တို့၏ အတွင်း၌ ဝါယောဓာတ်သည် ရှိ၏၊ ထိုဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင်ကား လွန်ကဲထက်မြက် စူးရှလျက် ရှိ၏၊ ထိုဝါယောဓာတ်က မိမိနှင့် အတူတကွ ဖြစ်ဖက်ဖြစ်သော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို ကောင်းစွာ တောင့်တင်း ခိုင်မာအောင် ထောက်ပံ့ထား၏၊ ထောက်ကန်ထား၏၊ လိုရာဘက်သို့ ကောင်းစွာ ရှေးရှူ ဆောင်ထား၏၊ လှုပ်ရှားစေ၏၊ ေ့ရှသို့ သွားစေ၏၊ နောက်သို့ ဆုတ်စေ၏၊ ကွေးစေ၏၊ ဆန့်စေ၏၊ လက်ယပ် ခေါ်စေ၏၊ ဤသို့စသည့် ကိုယ်အမူအရာထူးများကို ဖြစ်စေ၏။

ထိုသို့ ဖြစ်စေရာ၌ ပဉ္စဒွါရဝီထိစိတ်တို့ကား ဝိညတ်ရုပ်ကို မဖြစ်စေနိုင်ကြကုန်၊ မနောဒွါရဝီထိစိတ်တို့ကသာ ဝိညတ်ရုပ်ကို ဖြစ်စေနိုင်ကြကုန်၏။ ထို မနောဒွါရိက ဇောစိတ်တို့တွင် ဇော (၇)ကြိမ်တို့အနက် ေ့ရှဇော (၆)တန် တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇဝါယောဓာတ်တို့သည် မိမိနှင့် အတူတကွဖြစ်ဖက် ဖြစ်ကုန်သော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို ကောင်းစွာ တောင့်ထားခြင်း ထောက်ကန်ထားခြင်းငှာလည်းကောင်း, ကောင်းစွာ ဆောင်ထားခြင်းငှာလည်းကောင်း စွမ်းနိုင်ကုန်၏၊ ထိုမှ ဤှမှ လှုပ်ရှားစေခြင်းငှာကား မစွမ်းနိုင်ကုန်။ သို့သော် သတ္တမဇောစိတ်ကြောင့်ဖြစ်သော စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝါယောဓာတ်သည်ကား ေ့ရှဇော (၆)တန်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ်တို့၌ တည်ရှိကြသော ဝါယောဓာတ်တို့၏ အားပေးထောက်ပံ့တတ်သော အကြောင်းကို ရရှိသည်ဖြစ်၍ မိမိနှင့်အတူဖြစ်ဖက် ဖြစ်ကုန်သော စတုသမုဋ္ဌာနိက ရူပကာယ ရုပ်တရားအပေါင်းကို (သွားမည့်ဘက်သို့ ရှေးရှူလျက်) ထောက်ကန်ထားခြင်းငှာလည်းကောင်း, ကောင်း စွာ ရှေးရှူ ခေါ်ဆောင်ထားခြင်းငှာလည်းကောင်း, လှုပ်ရှားစေခြင်းငှာလည်းကောင်း, ေ့ရှသို့ သွားစေခြင်းငှာလည်း ကောင်း, နောက်သို့ ဆုတ်စေခြင်းငှာလည်းကောင်း, ေ့ရှတည့်တည့်သို့ ကြည့်စေခြင်းငှာလည်းကောင်း, စောင်း၍ ကြည့်စေခြင်းငှာလည်းကောင်း, ကွေးစေခြင်းငှာလည်းကောင်း, ဆန့်စေခြင်းငှာလည်းကောင်း စွမ်းနိုင်၏။ ထို သတ္တမဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇဝါယောဓာတ်၏ စွမ်းအင်သတ္တိကြောင့် သွားခြင်းမည်သည် ဖြစ်ပေါ်လာ၏၊ ပြန်လာခြင်းမည်သည် ဖြစ်ပေါ်လာ၏၊ သွားခြင်း ပြန်လာခြင်းမည်သည် ဖြစ်ပေါ်လာ၏၊ တစ်ယူဇနာရှိသော အရပ်သို့ ရောက်ပြီ၊ ဆယ်ယူဇနာရှိသော အရပ်သို့ရောက်ပြီ --- ဤသို့ ပြောဆိုထိုက်သည်၏ အဖြစ်သို့ ရောက်ရှိ ပေသည်။ (ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော ရုပ်ကလာပ်များ အကြိမ်များစွာ ဖြစ်သောအခါ တစ်ယူဇနာရှိသော အရပ်သို့ ရောက်ပြီ၊ ဆယ်ယူဇနာရှိသော အရပ်သို့ ရောက်ပြီဟု ဆိုနိုင်စေသည်၊ ဝါယော ဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော ရုပ်ကလာပ် အနည်းငယ် ဖြစ်ရုံမျှဖြင့်ကား ထိုမျှလောက် မရောက်စေနိုင်ပါ ဟူလိုသည်။) (အဘိ၊ဋ္ဌ၊၁၊၁၂၄-၁၂၅။)

ထို စတုသမုဋ္ဌာနိက ရုပ်တရားအပေါင်းတို့တွင် စိတ်ကြောင့်ဖြစ်ကုန်သော စိတ္တသမုဋ္ဌာနိက ရုပ်တရားတို့ကား ဝိညတ် မဟုတ်ပါ။ ထိုစိတ္တသမုဋ္ဌာနိက ဩဇဋ္ဌမက ရုပ်ကလာပ်အပေါင်းတို့တွင် တည်ရှိသော ဝါယောဓာတ်၏ တစ်နည်းဆိုသော် --- ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲကုန်သော မဟာဘုတ်တို့၏ အတူဖြစ်ဖက် ဖြစ်ကုန်သော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို ကောင်းစွာတောင့်ထားခြင်း ထောက်ကန် ထားခြင်းငှာလည်းကောင်း, လိုရာဘက်သို့ ရှေးရှူ ဆွဲဆောင်ထားခြင်းငှာလည်းကောင်း, လှုပ်ရှားစေခြင်းငှာလည်းကောင်း အကြောင်းတရားဖြစ်စေခြင်းငှာ စွမ်းနိုင်သော တစ်မျိုးသော ထူးခြားသော အမူအရာသည် ရှိ၏၊ ဤအမူအရာထူးသည်သာ ဝိညတ် မည်၏။ (အဘိ၊ဋ္ဌ၊၁၊၁၂၅။)

ထိုဝိညတ်သည် စိတ္တဇဩဇဋ္ဌမက ရုပ်တရားတို့ကဲ့သို့ စိတ်ကြောင့် ဖြစ်သည်ကားမဟုတ်၊ (ရုပ်အစစ် မဟုတ် သောကြောင့် စိတ္တသမုဋ္ဌာန်ရုပ် မဟုတ်ဟု ဆိုလိုသည်။) ထိုသို့ပင် စိတ်ကြောင့်ဖြစ်သည့် စိတ္တသမုဋ္ဌာန်ရုပ် မဟုတ် သော်လည်း --- အနိစ္စ ဒုက္ခ အနတ္တဖြစ်ကုန်သော သင်္ခတတရားတို့၏ ဇရာ မရဏ၏ အဖြစ်ကြောင့် ဇရာ မရဏကိုလည်း အနိစ္စ သင်္ခတ စသည်ဖြင့် ဟောကြားတော်မူသကဲ့သို့ --- အလားတူပင် စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တသမုဋ္ဌာန် ရုပ်တရားတို့၏ ဝိညတ်ဟူသော ဝိကာရ = ထူးခြားသော အမူအရာ၏ အဖြစ်ကြောင့် ထိုဝိညတ် သည်လည်း စိတ်ကြောင့်ဖြစ်သည့် စိတ္တသမုဋ္ဌာန်ရုပ် အမည်ရတော့သည်သာ ဖြစ်သည်။ (ဌာနဖြစ်သော စိတ္တဇ ဩဇဋ္ဌမက ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်း၏ စိတ္တသမုဋ္ဌာန အမည်အစစ်ကို ဌာနီဖြစ်သော ဝိကာရရုပ် ဝိညတ်ပေါ်၌ တင်စား၍ ဝိညတ်ကိုလည်း ဌာနူပစာရအားဖြင့် စိတ္တသမုဋ္ဌာန်ရုပ်ဟု ခေါ်ဆိုသည် ဟူလို။) (အဘိ၊ဋ္ဌ၊၁၊၁၂၅။)

ဤ အမူအရာထူး = ဝိကာရကို သိစေတတ်သည်၏ အဖြစ်ကြောင့် ဝိညတ်ဟု ခေါ်ဆို၏၊ အဘယ်ကို သိစေတတ်သနည်း ဟူမူ ---

ဧကံ ကာယိကကရဏံ။ (အဘိ၊ဋ္ဌ၊၁၊၁၂၅။)

ကာယဒွါရပ္ပဝတ္တံ စိတ္တကြိယံ၊ အဓိပ္ပါယန္တိ အတ္ထော။ (မူလဋီ၊၁၊၇၂။)

ကာယဒွါရ၌ဖြစ်သော စိတ်ကြောင့်ဖြစ်သော အမူအရာ ကြိယာထူးကို သိစေတတ်၏ ဟူလိုသည်။ ထိုအမူအရာ ကြိယာဟူသည်လည်း စိတ်၏ အတွင်းသဘော အလိုဆန္ဒကို သိစေတတ်သော အမူအရာ ကြိယာတည်း။

စက္ခုဝိညေယျ မနောဝိညေယျ

စက္ခုဝိညေယျ မနောဝိညေယျ

စက္ခုပသာဒ၏ လမ်းကြောင်းကျရာ၌ တည်သောသူသည် လက်ကိုသော်လည်းကောင်း, ခြေကိုသော် လည်းကောင်း မြှောက်လိုက်အံ့ ၊ ဦးခေါင်းကိုသော်လည်းကောင်း မျက်ခုံးကိုသော်လည်းကောင်း လှုပ်စေအံ့၊ လက် ခြေ ဦးခေါင်း မျက်လုံးတို့၏ ဤ မြှောက်ခြင်း လှုပ်ခြင်းဟူသော အမူအရာသည် စက္ခုဝိညာဏ်ဖြင့် သိအပ် သိနိုင်၏၊ ဝိညတ်ရုပ်ကိုကား စက္ခုဝိညာဏ်ဖြင့် မသိအပ် မသိနိုင်၊ မနောဝိညာဏ်ဖြင့်သာ သိအပ် သိနိုင်၏။ မှန်ပေသည် စက္ခုဖြင့် = စက္ခုဝိညာဏ်ဖြင့် လက်၏ ထူးခြားသော အမူအရာ စသည်တို့၏ အစွမ်းဖြင့် လှုပ်ရှားသော အဆင်းဟူသော ရူပါရုံကိုသာလျှင် မြင်နိုင်၏။ (ထို လှုပ်ရှားသော လက်ဟူသည် ရုပ်ကလာပ်တို့၏ အပေါင်းအစု မျှသာ ဖြစ်၏၊ ထိုလှုပ်ရှားသော ရုပ်ကလာပ်တို့၏ အတွင်း၌ တည်သော ဝဏ္ဏဓာတ် ရူပါရုံတို့၏ အပေါင်းအစုကိုသာ စက္ခုဝိညာဏ်က မြင်နိုင်သည် ဟူလိုသည်။) ဝိညတ်ရုပ်ကိုကား မနောဒွါရိကစိတ်ဖြင့် ကြံစည် စဉ်းစား၍ ----- ဤသူသည် ဤမည် ဤမည်သော အမှုကိုလည်း ပြုစေလိုယောင်တကား --- ဟု သိ၏။ (အဘိ၊ဋ္ဌ၊၁၊၁၂၅။)

ကာယဝိညတ္တီတိ ဧတ္ထ တာဝ ကာယေန အတ္တနော ဘာဝံ ဝိညာပေန္တာနံ တိရစ္ဆာနေဟိပိ ပုရိသာနံ, ပုရိသေဟိ ဝါ တိရစ္ဆာနာနမ္ပိ ကာယဂဟဏာနုသာရေန ဂဟိတာယ ဧတာယ ဘာဝေါ ဝိညာယတီတိ ဝိညတ္တိ။ သယံ ကာယဂဟဏာနုသာရေန ဝိညာယတီတိပိ ဝိညတ္တိ။ ကာယေန သံဝရော သာဓူတိအာဒီသု အာဂတော စောပနသင်္ခါတော ကာယောဝ ဝိညတ္တိ ကာယဝိညတ္တိ။ ကာယဝိပ္ဖန္ဒနေန အဓိပ္ပါယဝိညာပနဟေတုတ္တာ, သယဉ္စ တထာ ဝိညေယျတ္တာ ကာယေန ဝိညတ္တီတိပိ ကာယဝိညတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၃၆၀။)

ဘာဝဿ ဂမနံ ပကာသနံ စောပနံ။ (မူလဋီ၊၁၊၁၅၁။)

ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော ရုပ်ကလာပ်၏ ထူးခြားသောအမူအရာ ဝိကာရရုပ်ကို လည်းကောင်း, ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော ရုပ်ကလာပ်၏ ထူးခြားသောအမူအရာ ဝိကာရ ရုပ်ကိုလည်းကောင်း ဝိညတ်ခေါ်ကြောင်းကို သတိပြုထားပါ။

(က) လက်ယပ်၍ခေါ်ခြင်း စသည်၌ လက်ယပ်သော အခြင်းအရာအားဖြင့် လှုပ်ရှားသော ကိုယ်၏ အစိတ် အပိုင်းဟူသော ကိုယ်ဖြင့် မိမိ၏ လာစေလိုသော အတွင်းသဘော အလိုဆန္ဒ စသည်ကို သိစေတတ်ကြကုန်သော လူသားတို့၏ အတွင်းသဘော အလိုဆန္ဒကို ထိုလူသားတို့၏ လှုပ်ရှားသော ကိုယ်ကို မှတ်ယူကြောင်း ဝီထိသို့ အစဉ်လိုက်သဖြင့် အာရုံယူအပ်သော ဤထူးခြားသော အမူအရာ ဝိကာရဖြင့် လူသားတို့သည်လည်းကောင်း, တိရစ္ဆာန်တို့မှသော်လည်းကောင်း သိအပ်သောကြောင့် သိနိုင်သောကြောင့် ဝိညတ် မည်၏။

လှုပ်ရှားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းဟူသော ကိုယ်ဖြင့် မိမိ၏ အတွင်းသဘော အလိုဆန္ဒကို သိစေတတ် ကြကုန်သော တိရစ္ဆာန်တို့၏ အတွင်းသဘော အလိုဆန္ဒကို ထိုတိရစ္ဆာန်တို့၏ လှုပ်ရှားသောကိုယ်ကို မှတ်ယူကြောင်းဝီထိသို့ အစဉ်လိုက်သဖြင့် အာရုံယူအပ်သော ဤထူးခြားသော အမူအရာ ဝိကာရဖြင့် တိရစ္ဆာန်တို့သည် လည်းကောင်း, လူသားတို့သည်သော်လည်းကောင်း သိအပ်သောကြောင့် သိနိုင်သောကြောင့် ဝိညတ် မည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၆၀။)

ပြည်ဆရာတော်ဘုရားကြီး၏ သုံးသပ်ချက်

ပြည်ဆရာတော်ဘုရားကြီး၏ သုံးသပ်ချက်

ထို ကာယဝိညတ်ကို စတုတ္ထ မနောဒွါရဝီထိဖြင့် မြင်သူ သူတစ်ပါး သိအပ်၏။ ထိုစကားကို ထင်ရှားဆိုအံ့၊ ပဉ္စဒွါရ၌ ရူပါရုံစသော အာရုံထင်ခြင်းသို့ ရောက်လတ်သော် အကြောင်းအားလျော်စွာ ကုသိုလ်, အကုသိုလ်ဇော သည် ဖြစ်၍ ဘဝင်သို့ သက်လတ်သော် တဒနုဝတ္တက မနောဒွါရိကဇောသည် ထိုပဉ္စဒွါရိကဝိညာဉ်၏ အာရုံကို ပင်လျှင် ယူ၍ ဘဝင်သို့ သက်၏၊ တစ်ဖန် ထိုပဉ္စဒွါရ၌ပင်လျှင် ထင်ရှားသော အာရုံကို ဆုံးဖြတ် မှတ်သား၍ သုဒ္ဓမနောဒွါရဇောသည် ဘဝင်သို့ သက်၏။ ထိုကြောင့် စက္ခုဒွါရိကဇော၏ အခြားမဲ့၌ ဖြစ်ကုန်သော နှစ်ပါးကုန်သော မနောဒွါရိကဇောဝါရတို့၏ အခြားမဲ့၌ တတိယဝါရ၌ ဖြစ်သော မနောဒွါရဝီထိဖြင့်သာလျှင် ကာယ- ဝိညတ်ကို သိအပ်ရကား ပဉ္စဒွါရဝီထိနှင့်တကွ လေးဝီထိမှ သိသတည်း။ ထို စတုတ္ထဝီထိဖြင့် သိအပ်သော ကာယ- ဝိညတ်ဖြင့် ပဉ္စမဝါရ၌ မနောဒွါရဇောဝီထိဖြင့် လှုပ်သောသူ၏ အလိုကို သူတစ်ပါး သိအပ်သတည်း။ (ပြည်-ဝိသုဒ္ဓိမဂ်-နိဿယ၊၃၊၂၁၇။)

အထက်ပါ ပြည်ဆရာတော်ဘုရားကြီး၏ မိန့်ဆိုချက်ကား အောက်ပါ မိုင်းခိုင်းဆရာတော်ဘုရားကြီး၏ မိန့်ဆိုချက်နှင့် တစ်ထပ်တည်း တူညီလျက်ရှိ၏။

မိုင်းခိုင်းဆရာတော်ဘုရားကြီး၏ သုံးသပ်ချက်

မိုင်းခိုင်းဆရာတော်ဘုရားကြီး၏ သုံးသပ်ချက်

ဝိညတ်အလိုကိုသိသော ဝီထိဖြစ်ပုံကို --- ဒွါရမူလဋီကာ, ရုပ်ပိုင်းမဏိမဉ္ဇူတို့နှင့်အညီ ပြအံ့။

၁။ လက် ခြေ ဦးခေါင်း လှုပ်၍ပြခြင်း စသည်တို့၌ လှုပ်သော လက် ခြေစသည်၌ တည်သော ပစ္စုပ္ပန် ရူပါရုံကို အာရုံပြု၍ ရှေးဦးစွာ စက္ခုဒွါရဝီထိ ဖြစ်သည်။

၂။ ထိုနောင် အတိတ် ရူပါရုံကို အာရုံပြု၍ တဒနုဝတ္တက မနောဒွါရဝီထိ၊

၃။ ထိုနောင် အတိတ် ရူပါရုံကို အညို အရွှေ စသည်ဖြင့် ဆုံးဖြတ်တတ်သော တတိယ သုဒ္ဓမနောဒွါရဝီထိ၊

၄။ ထိုနောင် ဝိညတ်ကိုသိသော စတုတ္ထ မနောဒွါရဝီထိ၊

၅။ ထိုနောင် ဤပုဂ္ဂိုလ်သည် ဤအမှုကို ပြုစေလို၏ဟု ပုဂ္ဂိုလ်၏ အလိုကိုသိသော ပဉ္စမ မနောဒွါရဝီထိ ဖြစ်သည်။ (ဝီထိပုံ-ဘုံစဉ်-ဆန်းပုံ-သိမ်ပုံ-ကျမ်း၊၂၉။)

လူတစ်ယောက်သည် လူတစ်ယောက်အား ရိုက်ပုတ်နေ၏။ မြင်ရသူတို့က ထိုသို့ရိုက်ပုတ်နေသည့် အမူအရာရုပ်သို့ အစဉ်လျှောက်၍ အာရုံယူတတ်သော ဝီထိစိတ်တို့ဖြင့် ထို ရိုက်ပုတ်နေသူ၏ သန္တာန်ဝယ် ဒေါသ ဖြစ်နေကြောင်း အတွင်းသဘောကို သိနိုင်၏။ လူတစ်ယောက်သည် ငြိမ်သက်စွာ ထိုင်၍ တရားနှလုံးသွင်းနေ၏၊ ထိုပုဂ္ဂိုလ်၏ ထိုကိုယ်အမူအရာကို ကြည့်၍ မြင်ရသူတို့က ထိုင်နေသူ၏ သန္တာန်ဝယ် တရားနှလုံးသွင်းနေကြောင်းကို သိနိုင်၏။ ထိုသို့ သိနိုင်မှုမှာ မြင်သူသန္တာန်ဝယ် စက္ခုဒွါရ (၁) ဝီထိ, မနောဒွါရ (၄) ဝီထိသို့ ရောက်မှ အတွင်းသ- ဘောကို သိနိုင်၏။ အနည်းဆုံး ပမာဏတည်း။ ထိုထက်အလွန်ဖြစ်သော ဝီထိတို့ဖြင့်လည်း သိနိုင်သည်သာတည်း။ ခွေးနှစ်ကောင် ကိုက်နေကြရာဝယ် ခွေးအချင်းချင်းကလည်း တစ်ကောင်၏ ဒေါသကို တစ်ကောင်က သိနေ၏၊ မြင်ရသူ လူတို့ကလည်း ခွေးတို့၏ ဒေါသကို သိနိုင်ကြ၏။ ထိုသို့ အတွင်းသဘောကို သိနိုင်မှုမှာ ထိုထို မြင်တွေ့ ရသော သတ္တဝါတို့၏ ထိုထို ကိုယ်အင်္ဂါ အစိတ်အပိုင်းဟု ခေါ်ဝေါ်သမုတ်အပ်သော ရုပ်တရားအပေါင်း၏ ရူပါရုံကို အာရုံယူတတ်သော စက္ခုဒွါရဝီထိ မနောဒွါရဝီထိ စသည်သို့ အစဉ်လျှောက်သဖြင့် ဤထူးခြားသော အမူအရာ ဝိကာရဖြင့် အတွင်းသဘောကို သိအပ်ရကား ---

ဝိညာယတိ ဘာဝေါ ဧတာယာတိ ဝိညတ္တိ။

လှုပ်ရှားသော အခြင်းအရာအားဖြင့် ဖြစ်သော ရူပကာယ = ရုပ်တရားအပေါင်းတွင် ပါဝင်တည်ရှိသော စိတ္တဇဝါယောဓာတ်၏ အမူအရာ အခြင်းအရာထူးဟူသော ဝိညတ်ရုပ်ဖြင့် လှုပ်ရှားသောသူ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးတို့က စက္ခုဒွါရဝီထိမှစ၍ ရေတွက်သော် ပဉ္စမမြောက် မနောဒွါရဝီထိ စိတ်အစဉ်ဖြင့် သိအပ်သောကြောင့်လည်း ထို ကိုယ်အမူအရာ အခြင်းအရာထူး ဝိကာရကို ဝိညတ်ဟူ၍လည်း ခေါ်သည်။

ကာယေန ဝိညတ္တိ ကာယဝိညတ္တိ။

ကိုယ်အမူအရာ အခြင်းအရာထူးဖြင့် မိမိ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးတို့က စက္ခုဒွါရဝီထိမှ စ၍ ရေတွက်သော် စတုတ္ထ မနောဒွါရဝီထိဖြင့် ဝိညတ်ရုပ်ကို ပဉ္စမ မနောဒွါရဝီထိဖြင့် အတွင်းသဘော အလိုဆန္ဒကို သိအပ်သောကြောင့် ကာယဝိညတ် မည်၏ ဟူလိုသတည်း။

( ခ ) သယံ ဝိညာယတီတိ ဝိညတ္တိ၊ ကာယောဝ ဝိညတ္တိ ကာယဝိညတ္တိ။

ဤနည်း၌ --- ကာယအရ လှုပ်ရှားသော လက်စသည် တစ်ခုလုံးကို ရသော်လည်း တစ်ခုလုံးကို မယူဘဲ ထိုလှုပ်ရှားသော လက်စသော ရူပကာယ = ရုပ်တရားအပေါင်းတွင် ပါဝင်တည်ရှိသော စိတ္တဇဝါယောဓာတ်၏ အမူအရာ အခြင်းအရာထူးဟူသော ဝိကာရရုပ်ကိုသာ ဧကဒေသူပစာရအားဖြင့် ကောက်ယူ၍ ထိုကာယသည် ပင်လျှင် အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးတို့က ကာယသို့ အစဉ်လိုက်သော ပဉ္စမ မနောဒွါရဝီထိဖြင့် သိအပ် သိနိုင်သောကြောင့် ကာယဝိညတ် မည်၏ ဟူလိုသည်။

( ဂ ) အဓိပ္ပါယံ ဝိညာပေတီတိ ဝိညတ္တိ။ ။ဝိညာယတီတိ ဝိညတ္တိ။ ကာယေန ဝိညတ္တိ ကာယဝိညတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၃၆၀။)

လှုပ်ရှားသောကိုယ်ဖြင့် အတွင်းသဘော အလိုဆန္ဒကို သိစေခြင်း၏ အကြောင်းဖြစ်သောကြောင့်လည်းကောင်း, မိမိဝိကာရရုပ်ကိုယ်တိုင်က ထိုလှုပ်ရှားသောကိုယ်ဖြင့် သိအပ်သော ရုပ်တရားဖြစ်ခြင်းကြောင့် လည်း ကောင်း ---

၁။ လှုပ်ရှားသောကိုယ်ဖြင့် အတွင်းသဘော အလိုဆန္ဒကို သိစေတတ်သော အမူအရာ ဖြစ်သောကြောင့်,

၂။ သိအပ်သော အမူအရာဖြစ်သောကြောင့်လည်း ကာယဝိညတ်မည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၆၀။)

ရသ -- ကိစ္စရသ -- တုတ် စသည်ဖြင့် ခြောက်လှန့်ခဲ့သော် လူကိုပင် မဆိုထားဘိ တိရစ္ဆာန်တို့သော်မှလည်း ငါတို့ကို ပုတ်ခတ်လို၏ဟု သိ၍ ဟိုဟို ဒီဒီ ထိုထို ဤဤ ပြေးသွားကြ၏။ ထိုသို့ အတွင်းသဘော အလိုဆန္ဒကို သိခြင်းမှာ ဤဝိညတ်ရုပ်ကြောင့် ဖြစ်၏။ ထိုကြောင့် ဤ ဝိညတ်ရုပ်သည် --- အဓိပ္ပါယပကာသနရသာ = အတွင်းသဘော အလိုဆန္ဒကို ထင်ရှားပြခြင်း ကိစ္စရသရှိ၏ဟု ဖွင့်ဆိုခြင်း ဖြစ်သည်။

ပစ္စုပဋ္ဌာန် --- လှေတစ်စင်းကို လိုရာအရပ်သို့ ဖြောင့်ဖြောင့်ရောက်အောင် ပဲ့က ထိန်းပေးသကဲ့သို့ မိမိ၏ ရူပကာယ = ရုပ်တရားအပေါင်းတည်းဟူသော ကိုယ်ကို မိမိ၏ အတွင်းသဘော အလိုဆန္ဒအတိုင်း တုန်လှုပ်အောင် လှုပ်ရှားအောင် ဤဝိညတ်ရုပ်က ထိန်းပေးနေ၏။ သွားလိုရာအရပ်သို့ ရောက်အောင် သွားလိုရာအရပ်သို့ ရှေးရှူလျက် စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို သွားသောအခြင်းအရာအားဖြင့် ဖြစ်အောင် ဝိညတ် ရုပ် က ပဲ့ကိုင်ပေးနေ၏။ ပရမတ်တရားတို့မည်သည် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့သွားနိုင်ရိုး ဓမ္မတာ မရှိ၊ ပြောင်းရွှေ့သွားနိုင်လောက်သည့် သက်တမ်း အချိန်ကာလလည်း မရှိ၊ ဖြစ်သည့်နေရာ၌သာ ပျက်ရိုးဓမ္မတာ ရှိ၏၊ သို့သော် နေရာအသစ်အသစ်၌ အသစ်အသစ်သော ရုပ်တရားများသည် သန္တတိအစဉ်အားဖြင့် ေ့ရှနှင့် နောက် ဆက်စပ်လျက် အထပ်ထပ်ကား ဥပါဒ်လျက် ရှိ၏။ တစ်ခုသော ရုပ်၏ ဥပါဒ်ကာလဝယ် ---

၁။ ဥပါဒ်ချင်းပြိုင်၍ ဖြစ်နေကြသော အခြားသော ရုပ်တရားများလည်း များစွာရှိကြ၏။

၂။ စိတ္တက္ခဏ (၁၇)ချက် သက်တမ်းအချိန်ကာလ ကုန်ဆုံးသွားကြသဖြင့် ပျက်သွားကြသော ရုပ်တရားများလည်း များစွာရှိကြ၏။

၃။ စိတ္တက္ခဏ (၁၇)ချက် သက်တမ်း မကုန်ဆုံးကြသေးသဖြင့် ရုပ်၏ ဌီကာလသို့ ရောက်ရှိနေကြသော ရုပ်တရားများလည်း များစွာရှိကြ၏။

ဤသို့ သန္တတိအစဉ်အားဖြင့် ေ့ရှနှင့်နောက် ဆက်စပ်လျက် အထပ်ထပ်ဖြစ်နေသော ရုပ်တရားတို့သည် နောက်ထပ် အသစ်အသစ် ထပ်၍ထပ်၍ ဥပါဒ်သောအခါ မူလ ဥပါဒ်နေကျနေရာတွင် ထပ်၍ မဥပါဒ်တော့ဘဲ နေရာအသစ်အသစ်၌ အသစ်အသစ်သော ရုပ်တရားများသည်သာ အဆက်မပြတ် ထပ်ကာ ထပ်ကာ ဥပါဒ်ခြင်း ကား ဖြစ်နိုင်၏။ ယင်းသို့ နေရာအသစ်အသစ်၌ အသစ်အသစ်သော ရုပ်များ ဥပါဒ်အောင်, သက်တမ်းမကုန် ဆုံးသေးသော ရုပ်၏ ဌီကာလသို့ ရောက်ရှိလာသော ရှေးရှေး စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်ကြောင့် ဖြစ်ပေါ်လာသော ဝိညတ်ရုပ်က ပဲ့ကိုင်၍ပေးနေ၏။ ထိုကြောင့် သွားသော အခြင်းအရာအားဖြင့် ဖြစ်အောင် ဝိညတ်ရုပ်က ပဲ့ကိုင်ပေးနေ၏ဟု ဆိုခြင်း ဖြစ်၏။ ဤ အကြောင်းပရိယာယ်အားဖြင့် ဤကာယဝိညတ်ရုပ်ကို စတုသမုဋ္ဌာနိကရူပကာယ= ရုပ်တရားအပေါင်းတည်း ဟူသော ခန္ဓာကိုယ်လှုပ်ရှားခြင်း တုန်လှုပ်ခြင်း၏ အကြောင်းတရားဖြစ်ခြင်း သဘောတရားဟု ထိုဝိညတ်ရုပ်ကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ရှေးရှူ ထင်လာပေသည်။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။

မိမိ ဝိညတ်ရုပ်နှင့် ကလာပ်တူဖြစ်သော စိတ္တသမုဋ္ဌာန် ဝါယောဓာတ်ကား ယင်းဝိညတ်ရုပ်၏ အနီးကပ်ဆုံး သော အကြောင်းတရား ပဒဋ္ဌာန် ဖြစ်ရပေသည်။

ကာယဝိညတ်ပါဝင်သော ကာယဝိညတ္တိ နဝကကလာပ်, ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ်တို့ကို ဓာတ်ခွဲလျက် (၉)မျိုး သို့မဟုတ် (၁၂)မျိုးသော ရုပ်ပရမတ်တရားတို့ကို ရှေးဦးစွာ သိမ်းဆည်းပါ။ ထိုနောင် ကာယဝိညတ်ရုပ်ကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည်ကို ရှုပါ။ သို့သော် ဤ၌ ဝါယောဓာတ်သည် ကျန်ဓာတ်သုံးပါး၏ အားပေးထောက်ပံ့မှုကို မရရှိပါက မိမိတစ်ဦးတည်း၏ အစွမ်းဖြင့် မိမိကိစ္စကို မရွက်ဆောင် နိုင်ရကား ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲကုန်သော စိတ္တဇမဟာဘုတ်တို့၏ အမူအရာထူး အခြင်းအရာထူးဟု ဆိုထားသည်။

၂၁။ ဝစီဝိညတ်

၂၁။ ဝစီဝိညတ်

၁။ ဝစီဘေဒပဝတ္တကစိတ္တသမုဋ္ဌာနပထဝီဓာတုယာ ဥပါဒိဏ္ဏဃဋ္ဋနဿ ပစ္စယော (ပထဝီဓာတုအဓိကာနံ စိတ္တဇမဟာဘူတာနံ) အာကာရဝိကာရော ဝစီဝိညတ္တိ၊

၂။ အဓိပ္ပါယပ္ပကာသနရသာ၊

၃။ ဝစီဃောသဟေတုဘာဝပစ္စုပဋ္ဌာနာ၊

၄။ စိတ္တသမုဋ္ဌာနပထဝီဓာတုပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၇၈။)

၁။ စကားသံအထူးကို ဖြစ်စေတတ်သော, စကားသံဖြစ်ရာဌာန၌ တည်သော ကမ္မဇ-

ပထဝီဓာတ်ကို ထိခိုက်ခြင်း၏ အကြောင်းဖြစ်သော ပထဝီဓာတ်၏ သဘာဝသတ္တိ

စွမ်းအင်လွန်ကဲကုန်သော စိတ္တဇမဟာဘုတ်တို့၏ ထူးခြားသောအမူအရာ သဘော လက္ခဏ၊

၂။ စကားပြောဆိုသူ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးအား ထင်ရှားပြခြင်း (ကိစ္စ) ရသ၊

၃။ စကားသံ ဖြစ်ပေါ်ခြင်း၏ အကြောင်းဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ စိတ်ကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ် ပဒဋ္ဌာန်။

ဝစီဘေဒ ဟူသည်

ဝစီဘေဒ ဟူသည်

ဝစိယာ ဘေဒေါ ဝစီဘေဒေါ။ သော ပန န ဘင်္ဂေါ။ ပဘေဒဂတာ ဝါစာ ဧဝါတိ ဉာပနတ္ထံ ဝါစာ ဝစီ- ဘေဒေါတိ ဝုတ္တံ။ ဣမေဟိ သဗ္ဗေဟိပိ ပဒေဟိ သဒ္ဒဝါစာဝ ဒဿိတာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၁။)

ပဘေဒဂတာ ဝါစာ ဧဝါတိ တိဿ ဖုဿာတိ ပဘေဒဂတာ။ အထ ဝါ ဝစီသင်္ခါရေဟိ ဝိတက္ကဝိစာရေဟိ ပရိဂ္ဂဟိတာ သဝနဝိသယဘာဝံ အနုပနီတတာယ အဘိန္နာ တဗ္ဘာဝံ နီယမာနာ ဝါစာ ဝစီဘေဒေါတိ ဝုစ္စတိ။ (မူလဋီ၊၁၊၁၅၁။)

တိဿ ဖုဿ ဤသို့ စကားလုံးအားဖြင့် ကွဲပြားခြင်းသို့ ရောက်သော စကားသံ အထူးသည်ပင် ဝစီဘေဒ မည်၏။ (ဝစီဘေဒဟူသည် ဤ၌ ပျက်ခြင်း ဘင်ကို မဆိုလို။) တစ်နည်းအားဖြင့် စကားသံကို ပြုစီမံတတ်သည် ဖြစ်၍ ဝစီသင်္ခါရ ဟု ခေါ်ဆိုအပ်သော ဝိတက် ဝိစာရတို့ဖြင့် မည်သည့်စကားကို ပြောဆိုမည်ဟု ကြံစည်နေခိုက်၌ အသံမထွက်မီ တလှုပ်လှုပ် လှုပ်နေစေကာမူ သောတဝိညာဏ်၏ အာရုံအဖြစ်သို့ မရောက်သေးသောကြောင့် ကွဲကွဲပြားပြား မရှိရကား ဝစီဟုသာ ခေါ်ရ၏၊ ဝစီဘေဒဟု မခေါ်နိုင်။ သောတဝိညာဏ်၏ အာရုံအဖြစ်သို့ ရောက်မှ စကားသံ ကွဲကွဲပြားပြား ဖြစ်သောကြောင့် ထိုသောတဝိညာဏ်၏ အာရုံအဖြစ်သို့ရောက်အောင် ဆောင်ပို့ အပ်သော စကားသံ အထူးကို ဝစီဘေဒဟု ခေါ်ဆိုသည်။

ယင်း ဝစီဘေဒကား ဝိညတ် မဟုတ်သေး၊ ယင်း ဝစီဘေဒကို ဖြစ်စေတတ်သော စောပနဟူသော ပြောပြ ပြောဆိုသော စကားတွင် ပါဝင်သော အတွင်းသဘောအလိုဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သော, သူတစ်ပါး တို့ကလည်း ထိုစကားသံဖြင့်ပင် ပြောဆိုသူ၏ အတွင်းသဘောအလိုဆန္ဒကို သိအပ် သိနိုင်သော ထူးခြားသော အမူအရာကိုသာ ဝစီဝိညတ်ဟု ခေါ်ဆိုပေသည်။ ယင်း ထူးခြားသော အမူအရာဟူသည် စိတ္တဇပထဝီဓာတ်နှင့် စတုဇပထဝီဓာတ်တို့၏ (= ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းလေးပါးကြောင့် ဖြစ်သော ပထဝီဓာတ် တို့၏) အထူးသဖြင့် ကံကြောင့်ဖြစ်သော ကမ္မဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ထိုထို အက္ခရာ အသံဖြစ်ရာ ဌာန၌ ရှိကြကုန်သော ကမ္မဇပထဝီဓာတ်တို့၏ ပထဝီဓာတ်အချင်းချင်း အသံထွက်ပေါ်လာနိုင်လောက်အောင် ပွတ်ချုပ်ထိခိုက်လျက် အလွန်နီးကပ်စွာ ဥပါဒ်ခြင်းသဘော ဖြစ်၏၊ ယင်းသဘောကိုပင် ဝိညတ္တိဃဋ္ဋနာ = ပွတ်ချုပ် ထိခိုက်သော အခြင်းအရာအားဖြင့် ဖြစ်သော ဝစီဝိညတ်ရုပ်ဟု ခေါ်သည်။

(က) ဝါစာယ အတ္တနော ဘာဝံ ဝိညာပေန္တာနံ တိရစ္ဆာနေဟိပိ ပုရိသာနံ, ပုရိသေဟိ ဝါ တိရစ္ဆာနာနမ္ပိ ဝစီဂဟဏာနုသာရေန ဂဟိတာယ ဧတာယ ဘာဝေါ ဝိညာယတီတိ ဝိညတ္တိ။

( ခ ) သယဉ္စ ဝစီဂဟဏာနုသာရေန ဝိညာယတီတိပိ ဝိညတ္တိ။ သာဓု ဝါစာယ သံဝရောတိအာဒီသု အာဂတာ စောပနသင်္ခါတာ ဝစီ ဧဝ ဝိညတ္တိ ဝစီဝိညတ္တိ။

( ဂ ) ဝစီဃောသေန အဓိပ္ပါယဝိညာပနဟေတုတ္တာ, သယဉ္စ တထာ ဝိညေယျတ္တာ ဝါစာယ ဝိညတ္တီတိပိ ဝစီဝိညတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၃၆၁။)

(က) ဝိညာယတိ ဘာဝေါ ဧတာယာတိ ဝိညတ္တိ။

စကားသံဖြင့် မိမိ၏ အတွင်းသဘော အလိုဆန္ဒကို သိစေကြကုန်သောသူတို့၏ အတွင်းသဘော အလို ဆန္ဒကို အခြားသူတို့သည်လည်းကောင်း, တိရစ္ဆာန်တို့သည်လည်းကောင်း (= တိရစ္ဆာန်တို့ပင်သော်လည်းကောင်း), အော်မြည်ကြကုန်သော တိရစ္ဆာန်တို့၏ အတွင်းသဘော အလိုဆန္ဒကို အခြားတိရစ္ဆာန်တို့သည်လည်းကောင်း လူတို့ပင်သော်မှလည်းကောင်း ထိုပြောဆိုသူ၏ ထိုအော်မြည်သူ၏ စကားသံကို အော်မြည်သံကို မှတ်ယူကြောင်း ဝီထိသို့ အစဉ်လိုက်သဖြင့် အာရုံယူအပ်သော ဤထူးခြားသော အမူအရာ ဝိကာရဖြင့် အတွင်းသဘော အလိုဆန္ဒ (= ဘာဝ)ကိုသိအပ်၏၊ သိနိုင်၏၊ ထိုသို့ သိကြောင်းဖြစ်သောကြောင့် ထို ထူးခြားသော အမူအရာ ဝိကာရသည် ဝိညတ် မည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၆၁။)

၁။ ခေါ်ဝေါ်ပြောကြားခြင်း စသည်ကို ပြုသောသူ၏ အသံကို ကြားသောသူအား ပစ္စုပ္ပန် သဒ္ဒါရုံကို (= ကြားနေ သော အသံကို) အာရုံပြု၍ ရှေးဦးစွာ သောတဒွါရဝီထိ ဖြစ်၏။

၂။ ထိုနောင် ထိုအတိတ်သဒ္ဒါရုံကို အာရုံပြု၍ တဒနုဝတ္တကမနောဒွါရဝီထိ၊

၃။ ထိုနောင် အမည်နာမပညတ်ကို အာရုံပြု၍ တတိယ သုဒ္ဓမနောဒွါရဝီထိ၊

၄။ ထိုနောင် ဝစီဝိညတ်ကို အာရုံပြု၍ စတုတ္ထ မနောဒွါရဝီထိ၊

၅။ ထိုနောင် (ပြောဆိုသော) ပုဂ္ဂိုလ်၏ အလိုကိုသိသော ပဉ္စမ မနောဒွါရဝီထိ ဖြစ်၏။ (ဝီထိပုံ-ဘုံစဉ်-ဆန်းပုံ-သိမ်ပုံ-ကျမ်း၊၂၉။)

( ခ ) သယံ ဝိညာယတီတိ ဝိညတ္တိ၊ ဝစီ ဧဝ ဝိညတ္တိ ဝစီဝိညတ္တိ။

မိမိဟူသော (ဝစီဝိညတ်) ဝိကာရရုပ် ကိုယ်တိုင်ကလည်း စကားသံကို မှတ်ယူကြောင်း ဝီထိသို့ အစဉ်လိုက် သဖြင့် သိအပ်သောတရား ဖြစ်သောကြောင့်လည်း ဝိညတ် မည်၏။ --- ဝါစာယ သံဝရော သာဓု = ဝစီဒွါရဖြင့် စောင့်စည်းခြင်းသည် ကောင်း၏ --- ဤသို့ အစရှိသော ပါဠိရပ်တို့၌ လာရှိသော, ပြောပြသော စကားတွင် ပါဝင်သော ထူးခြားသော အမူအရာ = စောပနဟု ဆိုအပ်သော စကားသံသည်ပင် ဝစီဝိညတ် မည်၏။

( ဂ ) အဓိပ္ပါယံ ဝိညာပေတီတိ ဝိညတ္တိ၊ ဝိညာယတီတိ ဝိညတ္တိ။ ဝါစာယ ဝိညတ္တိ ဝစီဝိညတ္တိ။

ပြောဆိုလိုက်သော စကားသံဖြင့် ပြောဆိုသောမိမိ၏ အတွင်းသဘော အလိုဆန္ဒကို ကြားနာသူ သူတစ်ပါး တို့ကို သိစေခြင်း၏ အကြောင်းဖြစ်သောကြောင့်လည်းကောင်း မိမိဟူသော ဝိကာရရုပ်ကိုယ်တိုင် ထိုပြောပြသော စကားသံဖြင့် သိအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း စကားသံဖြင့် အတွင်းသဘော အလိုဆန္ဒ = ဘာဝကို သိစေတတ်သော အမူအရာ အထူးဖြစ်သောကြောင့် ဝစီဝိညတ် မည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၆၁။)

ဝိညတ္တိ ဃဋ္ဋနာ

ဝိညတ္တိ ဃဋ္ဋနာ

ဣဒံ ဝက္ခာမိ ဧတံ ဝက္ခာမီတိ ဥပ္ပဇ္ဇမာနံ ပန စိတ္တံ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတု ဝဏ္ဏော ဂန္ဓော ရသော ဩဇာတိ အဋ္ဌ ရူပါနိ သမုဋ္ဌာပေတိ။ တေသံ အဗ္ဘန္တရေ စိတ္တသမုဋ္ဌာနာ ပထဝီဓာတု ဥပါဒိန္နကံ ဃဋ္ဋယမာနာဝ ဥပ္ပဇ္ဇတိ။ တေန ဓာတုသင်္ဃဋ္ဋနေန သဟေဝ သဒ္ဒေါ ဥပ္ပဇ္ဇတီတိ အယံ စိတ္တသမုဋ္ဌာနသဒ္ဒေါ နာမ။ အယံ န ဝိညတ္တိ၊ တဿာ ပန စိတ္တသမုဋ္ဌာနာယ ပထဝီဓာတုယာ ဥပါဒိန္နကဃဋ္ဋနဿ ပစ္စယဘူတော ဧကော အာကာရဝိကာရော အတ္ထိ။ အယံ ဝစီဝိညတ္တိ နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၂၉။)

ဝိညတ္တိပစ္စယာ ဃဋ္ဋနာ ဝိညတ္တိဃဋ္ဋနာ ဝိညတ္တိ ဧဝ ဝါ။ ဃဋ္ဋနာကာရပဝတ္တဘူတဝိကာရော ဟိ ဃဋ္ဋနာတိ ဝုတ္တော။ သင်္ဃဋ္ဋနေန သဟေဝ သဒ္ဒေါ ဥပ္ပဇ္ဇတိ, န ပုဗ္ဗာပရဘာဝေန။ (မူလဋီ၊၁၊၇၆။)

ပုရိမစိတ္တသမုဋ္ဌာနာယ ဥပတ္ထမ္ဘနကိစ္စမ္ပိ နတ္ထိ။ (အဘိ၊ဋ္ဌ၊၁၊၁၂၉။)

ဥပတ္ထမ္ဘနကိစ္စမ္ပိ နတ္ထီတိ ဥပတ္ထမ္ဘနေန ဝိနာ ပဌမစိတ္တသမုဋ္ဌာနာပိ ဃဋ္ဋနာကာရေန ပဝတ္တတီတိ ဃဋ္ဋနတ္ထံ ဥပတ္ထမ္ဘနေန ပယောဇနံ နတ္ထိ၊ လဒ္ဓါသေဝနေန စိတ္တေနေဝ ဃဋ္ဋနဿ ဗလဝဘာဝတော စာတိ အဓိပ္ပါယော။ ဥပတ္ထမ္ဘနံ နတ္ထိ အတ္ထီတိ ဝိစာရေတွာ ဂဟေတဗ္ဗံ။ (မူလဋီ၊၁၊၇၆။)

လဒ္ဓါသေဝနေနာတိ လဒ္ဓပုဗ္ဗာဘိသင်္ခါရေန။ စိတ္တေနေဝါတိ ပဌမစိတ္တေနေဝ။ သတ္တ ဇဝနာနိ သတ္တ အက္ခရာနိ နိဗ္ဗတ္တေန္တီတိ ဝါဒံ ပဋိက္ခိပိတွာ ဧကဇဝနဝါရပရိယာပန္နာနိ စိတ္တာနိ ဧကမက္ခရံ နိဗ္ဗတ္တေန္တီတိ ဝဒန္တိ။ ကိဉ္စာပိ ပဌမစိတ္တေနပိ ဃဋ္ဋနာ နိပ္ဖဇ္ဇတိ၊ ဧကေဿဝ ပန ဗဟုသော ပဝတ္တနေန အတ္ထိ ကောစိ ဝိသေသောတိ ပုရိမဇဝနသမုဋ္ဌိတာဟိ ဃဋ္ဋနာဟိ ပဋိလဒ္ဓါသေဝနေန သတ္တမဇဝနေန သမုဋ္ဌိတာ ဃဋ္ဋနာ ပရိဗျတ္တမက္ခရံ နိဗ္ဗတ္တေ- တီတိ ဥပတ္ထမ္ဘနံ နတ္ထီတိ န သက္ကာ ဝတ္တုံ။ လဒ္ဓါဘိသင်္ခါရေန ပန ပဌမစိတ္တေနပိ ဃဋ္ဋနာ ဗလဝတီ ဟောတီတိ အဋ္ဌကထာယံ ဥပတ္ထမ္ဘနကိစ္စံ နတ္ထီတိ ဝုတ္တံ သိယာ၊ သဗ္ဗမေတံ ဝီမံသိတွာ ဂဟေတဗ္ဗံ။ (အနုဋီ၊၁၊၈၂-၈၃။)

ဤ အထက်ပါ အဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်းကား ဤသို့တည်း။

ဤစကားကို ဆိုအံ့၊ ထိုစကားကို ဆိုအံ့ဟု ဖြစ်ပေါ်လာသော စိတ်သည် ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာဟူသော ဩဇာလျှင် ရှစ်ခုမြောက်ရှိသော ဩဇဋ္ဌမကရုပ်တို့ကို = ဩဇဋ္ဌမကရုပ်ကလာပ်ပေါင်း များစွာကို ဖြစ်စေ၏။ ထိုရုပ်တရားတို့၏ အတွင်း၌ စိတ္တသမုဋ္ဌာန် ပထဝီဓာတ်သည် = စိတ်ကြောင့် ဖြစ်သည့် ပထဝီဓာတ်သည် ဥပါဒိန္နက အမည်ရသော စတုသမုဋ္ဌာနိကရုပ်တရားအပေါင်းကို (= ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရား လေးမျိုးကြောင့်ဖြစ်သော ရုပ်တရားအပေါင်းကို) ထိခိုက်လျက်သာလျှင် ဖြစ်ပေါ်လာ၏။

[မှတ်ချက် --- ဥပါဒိန္နဟု ဆိုရာ၌ ကမ္မဇရုပ်ကိုသာ ရ၏။ ဥပါဒိန္နကဟု ဆိုရာ၌ကား ထိုကမ္မဇရုပ် ပါရှိသော ခန္ဓာကိုယ်၌ ရှိသမျှ ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ် လေးမျိုးလုံး ရ၏။ (အဋ္ဌသာလိနီဘာသာဋီကာ၊ ၂၊၁၅၈။) ထို ရုပ်လေးမျိုးလုံးသည်ပင် ဆိုင်ရာ အကြောင်းတရားများ မကုန်သေးသမျှ ဖြစ်-တည်-ပျက်-ရုပ် သန္တတိအစဉ်အားဖြင့် အဆက်မပြတ် ဖြစ်လျက်ရှိရာ ဤစကား ထိုစကားကို ပြောဆိုလိုသော စိတ်ကြောင့် ဖြစ်ကုန်သော ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော စိတ္တဇရုပ်ကလာပ်များ ဖြစ်ပေါ်လာသောအခါ အတူပါလာသော ဝိကာရဝစီဝိညတ်ရုပ်၏ စွမ်းအင်ကြောင့် မူလရှိရင်း ကမ္မဇ-စိတ္တဇ-ဥတုဇ-အာဟာရဇ ရုပ်များနှင့် အထူးသဖြင့် ယင်းရုပ်တရားတို့တွင် ပါဝင်သော ပထဝီဓာတ်နှင့် စိတ္တသမုဋ္ဌာန် ပထဝီဓာတ်သည် ပွတ်ချုပ် ထိခိုက်လျက် ဖြစ်ပေါ်လာပေသည် ဟူလို။]

ထိုသို့ စိတ္တသမုဋ္ဌာန် ပထဝီဓာတ်နှင့် စတုသမုဋ္ဌာန် ပထဝီဓာတ်တို့ ပွတ်ချုပ် ထိခိုက်လျက် ဖြစ်ပေါ်လာသည် နှင့်တစ်ပြိုင်နက် --- မာကျောသော တုတ်ချောင်း နှစ်ချောင်း၏ အချင်းချင်း ပွတ်ချုပ်ထိခိုက်မိသောအခါ ရိုက်ခတ် မိသောအခါ ဖြစ်ပေါ်လာသော အသံကဲ့သို့ --- အသံ သဒ္ဒရုပ်သည်လည်း ထွက်ပေါ်လာလေသည်။ ဤသဒ္ဒရုပ်ကား စိတ်ကြောင့်ဖြစ်သော စိတ္တသမုဋ္ဌာန် သဒ္ဒရုပ် မည်၏။ ဤ သဒ္ဒရုပ်သည် ဝစီဝိညတ်ရုပ် မဟုတ်ပေ။ (အဘိ၊ဋ္ဌ၊၁၊၁၂၉။)

အဟုတ်မှာမူ -- ထိုစိတ္တသမုဋ္ဌာန် ပထဝီဓာတ်၏ ဥပါဒိန္နက အမည်ရသော စတုဇပထဝီဓာတ်ကို (= စတုသမုဋ္ဌာန် ပထဝီဓာတ်ကို) အထူးသဖြင့် ကမ္မဇပထဝီဓာတ်ကို ပွတ်ချုပ် ထိခိုက်ခြင်း၏ အကြောင်းတရားဖြစ်၍ ဖြစ်သော တစ်မျိုးသော ထူးခြားသောအမူအရာသည် ရှိ၏၊ ဤထူးခြားသော (ဤစကား-ထိုစကားကို ပြောဆိုသည့်) အမူအရာသည်သာလျှင် ဝစီဝိညတ် မည်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၂၉။)

စာလန --- ဃဋ္ဋန --- ဤတွင် စာလန အသုံးအနှုန်းနှင့် ဃဋ္ဋန အသုံးအနှုန်း နှစ်မျိုးကို မူလဋီကာ၌ ခွဲခြား ဖော်ပြထား၏။

န ဟိ စာလနံ ဥပါဒိန္နဃဋ္ဋနန္တိ။ စာလနဥှိ ဒေသန္တရုပ္ပါဒနပရမ္ပရတာ၊ ဃဋ္ဋနံ ပစ္စယဝိသေသေန ဘူတ- ကလာပါနံ အာသန္နတရုပ္ပါဒေါတိ။ (မူလဋီ၊၁၊၇၆။)

ကာယဝိညတ္တိပိုင်း = ကာယဒွါရပိုင်း၌ --- ရှေးရှေး ရုပ်ကလာပ်၌ ပါဝင်တည်ရှိသော ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင်ကြောင့် နောက်နောက် ရုပ်ကလာပ်တို့ ဥပါဒ်ကြသောအခါ မူလနေရာ၌ အသစ်အသစ် ထပ်၍ မဥပါဒ်နိုင်ကြဘဲ အဆင့်ဆင့် နေရာရွှေ့၍ အသစ်အသစ် ရုပ်ကလာပ်တို့ကို ဥပါဒ်စေခြင်းကို စာလန လှုပ်ရှားစေခြင်းဟု ဆို၏။ ဆိုလိုရင်းမှာ ဥပါဒ်ပြီးသော ရုပ်ကလာပ်ဟူသမျှတို့သည် မိမိဖြစ်ရာအရပ်မှ ပရမတ်တို့၏ ဓမ္မတာအတိုင်း မရွှေ့ပြောင်းနိုင်။ ထိုကြောင့် ဆက်ကာ ဆက်ကာ အရပ်တစ်ပါး၌ ရွှေ့၍ ရွှေ့၍ အသစ်အသစ် ဥပါဒ်စေခြင်းကို စာလန = လှုပ်ရှားစေခြင်းဟု ခေါ်သည် ဟူလို။

[မှတ်ချက် --- မနောဒွါရိက ဇောစိတ်တို့ကသာ လှုပ်ရှားမှု = ဣရိယာပထရုပ် = ဝိညတ်ရုပ်ကို ဖြစ်စေနိုင်ကြ ကုန်၏။ ထိုမနောဒွါရိက ဇောဝီထိတို့တွင်လည်း ဇော (၇)တန် ရှိသည့်အနက် ရှေးဇော (၆)တန်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇဝါယောဓာတ်တို့ကား အတူဖြစ်ဖက် = သဟဇာတ ရုပ်တရားအပေါင်းကို လှုပ်ရှားစေခြင်းငှာ မစွမ်းနိုင်ကြကုန်။ ယင်းရှေးဇော (၆)တန်တို့ကြောင့် ဖြစ်ကုန်သော ရှေးရှေး ရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိ ကြကုန်သော စိတ္တဇဝါယောဓာတ်တို့ကား သတ္တမဇောစိတ်ကြောင့် ဖြစ်ကြကုန်သော နောက်နောက်သော ရုပ်ကလာပ်တို့ကို နေရာ အသစ်အသစ်၌ ဥပါဒ်အောင် အားပေးထောက်ပံ့နိုင်သော စွမ်းအားကား ရှိကြ၏။ယင်းရှေးဇော (၆)တန်တို့ကြောင့် ဖြစ်ကြကုန်သော ရှေးရှေးသော စိတ္တဇရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိကြသော ရှေးရှေးသော စိတ္တဇဝါယောဓာတ်တို့၏ အထောက်အပံ့ကောင်းကို ရရှိသော သတ္တမဇောစိတ်ကြောင့် ဖြစ်ကုန်သော နောက်နောက်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိကြသော စိတ္တဇဝါယောဓာတ်တို့သည် မိမိနှင့် အတူဖြစ်ဖက် သဟဇာတဖြစ်ကြသော စတုသမုဋ္ဌာနိကရူပကာယ ရုပ်တရားအပေါင်းကို နေရာ အသစ်အသစ်၌ ပြောင်းရွှေ့ ဥပါဒ်စေခြင်းငှာ စွမ်းနိုင်ကြ၏။ ယင်းသို့ နေရာ အသစ်အသစ်၌ ပြောင်းရွှေ့ဥပါဒ် စေခြင်းကိုပင် စာလန = လှုပ်ရှားစေခြင်းဟု ခေါ်သည်။ ထိုကြောင့် --- သတ္တမစိတ္တေန ပန သမုဋ္ဌိတာ ဝါယော- ဓာတု ဟေဋ္ဌာ ဆဟိ စိတ္တေဟိ သမုဋ္ဌိတံ ဝါယောဓာတုံ ဥပတ္ထမ္ဘနပစ္စယံ လဘိတွာ အတ္တနာ သဟဇာတံ ရူပ- ကာယံ။ ပ ။ စာလေတုံ။ ပ ။ သက္ကောတိ။ (အဘိ၊ဋ္ဌ၊၁၊၁၂၄။) === သတ္တမဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇ ဝါယောဓာတ်သည် ရှေးဇော (၆)တန်တို့ကြောင့် ဖြစ်သော စိတ္တဇဝါယောဓာတ်ဟူသော အားပေးထောက်ပံ့တတ် သော အကြောင်းတရားကို ရရှိသည်ဖြစ်၍ မိမိနှင့် အတူဖြစ်ဖက် သဟဇာတ စတုသမုဋ္ဌာနိကရူပကာယ = ရုပ်တရားအပေါင်းကို လှုပ်ရှားစေခြင်းငှာ စွမ်းနိုင်၏ဟု ဖွင့်ဆိုထား၏။]

ဝစီဝိညတ်ပိုင်း၌ကား စာလနဟု မသုံးဘဲ ဃဋ္ဋနဟု သုံးစွဲထားသည်။ ဝစီဝိညတ်ဟူသော ကျေးဇူးပြုမှုကြောင့် စိတ္တဇဘူတရုပ်နှင့် စတုဇဘူတရုပ်တို့၏ (အထူးသဖြင့် ကမ္မဇဘူတရုပ်တို့၏) အသံထွက်ပေါ်လာလောက်အောင် အလွန်နီးကပ်စွာ ဥပါဒ်ခြင်းဖြစ်ခြင်းကို ဃဋ္ဋန = ပွတ်ချုပ်ထိခိုက်ခြင်းဟု ခေါ်ဆိုသည်။ မှန်ပေသည် ပွတ်ချုပ် ထိခိုက်သော အခြင်းအရာအားဖြင့်ဖြစ်သော ဘူတရုပ်တို့၏ ထူးခြားသော အမူအရာကို ဃဋ္ဋနာဟူ၍ ဆိုအပ် ပေသည်။ ပွတ်ချုပ် ထိခိုက်သည်နှင့် အတူတကွ တစ်ပြိုင်နက် အသံသည် ဖြစ်ပေါ်လာ၏၊ ေ့ရှနောက် အဖြစ်ဖြင့် ဖြစ်သည်ကား မဟုတ်။ (မူလဋီ၊၁၊၇၆။)

မည်သည့် စိတ်နည်း?

မည်သည့် စိတ်နည်း?

ထို ဝစီဝိညတ်ရုပ်ကို ဖြစ်ပေါ်စေတတ်သော စိတ္တသမုဋ္ဌာန် ပထဝီဓာတ်ကို တစ်နည်းဆိုရသော် စိတ္တသမုဋ္ဌာန် ပထဝီဓာတ် အဝင်အပါဖြစ်သော စိတ္တဇဩဇဋ္ဌမကရုပ်များကို ဖြစ်ပေါ်စေသော အကြောင်းရင်းစိတ်သည် မည်သည့် စိတ်ပါနည်းဟု မေးဖွယ်ရာရှိ၏။ အဖြေမှာ ပုထုဇန်သေက္ခများအတွက် ကုသိုလ်ဇော အကုသိုလ်ဇောများ ထိုက်သလို ပါဝင်သည့် မနောဒွါရိကဇောဝီထိစိတ် အစဉ်များပင် ဖြစ်ကြ၏။

အဋ္ဌကထာဆရာတော်ကား ပထမဇောကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ်က စ၍ ထိုထို အက္ခရာဖြစ်ရာ လည်ချောင်း အာစောက် စသည့် ဌာန၌ တည်ရှိသော စတုဇပထဝီဓာတ်နှင့် အထူးသဖြင့် ကမ္မဇပထဝီဓာတ်နှင့် ထိခိုက်လျှင်ပင် အသံဖြစ်သည်ဟု အယူရှိတော်မူ၏။

ထိုသို့ ပထမဇောကစ၍ ဖြစ်သော စိတ္တဇပထဝီဓာတ်နှင့် အက္ခရာဖြစ်ရာ ဌာန၌ တည်ရှိကြသော စတုဇ ပထဝီဓာတ်တို့သည် အထူးသဖြင့် ကမ္မဇပထဝီဓာတ်တို့သည် ထိခိုက်လျှင်ပင် အသံဖြစ်သော် ဝီထိတိုင်းမှာပင် ဇော (၇)ချက်အတွက် အသံ (၇)ဆင့် = အက္ခရာ (၇)လုံးစီ ဆိုသောသူလည်း ဆိုရလေရာ၏၊ နာသောသူလည်း ကြားရလေရာ၏၊ ထိုသို့လည်း မဆိုရ မကြားရခဲ့။ ထိုကြောင့် အဋ္ဌကထာဆရာတော်၏ ဝါဒကို ဋီကာဆရာတော် တို့က စူးစမ်းဆင်ခြင်၍ ယူရန် မိန့်မှာတော်မူကြသည်။ (အနုဋီ၊၁၊၈၂-၈၃ - ကြည့်။)

ထောက်ပံ့ဖွယ်ကိစ္စ မရှိပုံ

ထောက်ပံ့ဖွယ်ကိစ္စ မရှိပုံ

ရှေးရှေး ဇောဝီထိများက ရွတ်ဆိုလို၍ စိတ်ကူးခြင်းကို ပုဗ္ဗာဘိသင်္ခါရဟု ခေါ်၏။ ရွတ်ဆိုဖို့ရန် ပြုစုပျိုး ထောင်မှုတည်း။ ထို ပုဗ္ဗာဘိသင်္ခါရကိုပင် သုတ္တန်နည်းအရ အာသေဝနဟု ခေါ်ဆိုထားသည်။ ပဋ္ဌာန်းဒေသနာတော်၌ကား ဝီထိခြားရာ၌ အာသေဝနပစ္စည်းကို ဘုရားရှင် ဟောတော်မမူသောကြောင့် သုတ္တန်နည်းဟု ဆိုသည်။

ကာယကမ္မဒွါရကထာဟူသော ကာယဝိညတ်ပိုင်း၌ ရှေးရှေးဇော (၆)တန်ကြောင့် ဖြစ်သော ဝါယောဓာတ်က သတ္တမဇောကြောင့်ဖြစ်သော ဝါယောဓာတ်ကို ထောက်ပံ့ပုံကို ဖွင့်ဆိုသကဲ့သို့ ဤဝစီကမ္မဒွါရကထာဟူသော ဝစီ ဝိညတ်ပိုင်း၌ ရှေးရှေးဇောကြောင့်ဖြစ်သော ပထဝီဓာတ်က ဝစီဝိညတ်ကို ဖြစ်စေမည့် စိတ္တဇပထဝီဓာတ်ကို ထောက်ပံ့ဖွယ် မလိုဟု အဋ္ဌကထာဖွင့်ဆိုရာ၌ စိတ္တဇပထဝီဓာတ်နှင့် စတုဇပထဝီဓာတ်တို့သည် အထူးသဖြင့် ကမ္မဇပထဝီဓာတ်တို့သည် ပထဝီဓာတ်အချင်းချင်း ထိခိုက်ရာဝယ် သုတ္တန်နည်းအားဖြင့် ပုဗ္ဗာဘိသင်္ခါရဟု ခေါ်ဆို အပ်သော ရှေးရှေးသော မနောဒွါရိကဇောဝီထိစိတ်တို့၏ အာသေဝန အကြောင်းအထောက်အပံ့ကို ရခဲ့ပြီးဖြစ် သောကြောင့် ပထမဇောကြောင့်ဖြစ်သော ပထဝီဓာတ်သည်ပင် စတုဇပထဝီဓာတ်တို့နှင့် အထူးသဖြင့် ကမ္မဇ ပထဝီဓာတ်တို့နှင့် ပွတ်ချုပ် ထိခိုက်နိုင်ရကား ယင်း ပထဝီဓာတ်တို့ အချင်းချင်း ပွတ်ချုပ် ထိခိုက်ကြဖို့ရန် ရှေးရှေး ပထဝီဓာတ်တို့က အထောက်အပံ့ ပေးနေဖွယ်မလိုဟု ဆိုလိုပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၂၉ - ကြည့်။)

စူးစမ်းဆင်ခြင်၍ ယူပါ

စူးစမ်းဆင်ခြင်၍ ယူပါ

ဥပတ္ထမ္ဘနံ နတ္ထိ အတ္ထီတိ ဝိစာရေတွာ ဂဟေတဗ္ဗံ။ (မူလဋီ၊၁၊၇၆။)

မူလဋီကာဆရာတော်သည် --- ပုရိမစိတ္တသမုဋ္ဌာနာယ ဥပတ္ထမ္ဘနကိစ္စမ္ပိ နတ္ထိ = ပြောဆိုလိုသောအခါ ပထမဆုံးစိတ်ကြောင့်ဖြစ်သော ပထဝီဓာတ်သည်လည်း အခြားပထဝီဓာတ်နှင့် အချင်းချင်း ထိခိုက်မိ၏။ ထိုကြောင့် မထိခိုက်မီ ထိခိုက်ဖို့ရန် ရှေးရှေး စိတ်ကြောင့်ဖြစ်သော ပထဝီဓာတ်က နောက်နောက် စိတ်ကြောင့်ဖြစ်သော ပထဝီဓာတ်အား ထောက်ပံ့နေဖွယ် ကိစ္စသည်လည်း မရှိ။ (အဘိ၊ဋ္ဌ၊၁၊၁၂၉။) ဟူသော အဋ္ဌကထာဆရာတော်၏ စကားကို နှစ်သက်ဟန် မတူ။ မူလဋီကာဆရာတော်ကား မထိခိုက်မီ ထောက်ပံ့နေသော ပထဝီဓာတ်ရှိသေး၏ဟု ယူလိုဟန် တူ၏။ ထိုကြောင့် -- ဝိစာရေတွာ ဂဟေတဗ္ဗံ = ရှေးရှေးစိတ်ကြောင့် ဖြစ်သော ပထဝီဓာတ်က နောက် နောက် စိတ်ကြောင့် ဖြစ်သော ပထဝီဓာတ်အား အားပေးထောက်ပံ့မှု = ဥပတ္ထမ္ဘနကိစ္စ ရှိ-မရှိကို စူးစမ်းဆင်ခြင်၍ လက်ခံရန် ဖွင့်ဆိုထား၏။ (မူလဋီ၊၁၊၇၆။)

ဤအရာတွင် အနုဋီကာဆရာတော်က မူလဋီကာဆရာတော်၏ အဆိုကို ထောက်ခံလျက် ဤသို့ ရှင်းလင်း တင်ပြထား၏။

ပထမဇောစိတ်ကြောင့်လည်း အထက်တွင် ရှင်းပြထားသည့်အတိုင်း ထိုပထဝီဓာတ်တို့ အချင်းချင်း ပွတ်ချုပ် ထိခိုက်ခြင်းကိစ္စသည် ပြီးစီးနိုင်သည်ကား မှန်၏၊ သို့သော် တစ်ခုသော အက္ခရာ၏ အကြိမ်များစွာ ထပ်၍ ထပ်၍ ဖြစ်ရခြင်းအားဖြင့် တစ်စုံတစ်ခုသော အနည်းငယ် ထူးခြားချက်ကား ရှိနိုင်၏၊ ထို ရှေးရှေး ဇောစိတ်တို့ကြောင့် ဖြစ်ရကုန်သော စိတ္တဇပထဝီဓာတ်တို့နှင့် စတုဇပထဝီဓာတ်တို့၏ ပထဝီဓာတ်တို့ အချင်းချင်း ကြိမ်ဖန်များစွာ ပွတ်ချုပ်ထိခိုက်ခြင်းတို့မှ ရအပ်သော အာသေဝနပစ္စည်း အထောက်အပံ့ရှိသော သတ္တမဇောစိတ်ကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ်နှင့် စတုဇပထဝီဓာတ်တို့၏ (အထူးသဖြင့် ကမ္မဇပထဝီဓာတ်တို့၏) ပထဝီဓာတ်တို့ အချင်းချင်း ပွတ်ချုပ်ထိခိုက်ခြင်းသည် ထင်ရှားသော အက္ခရာ အသံကို ဖြစ်စေနိုင်၏၊ ထိုကြောင့် ရှေးရှေး ဇောစိတ်တို့ကြောင့် ဖြစ်သော ပထဝီဓာတ်က နောက်နောက် ဇောစိတ်ကြောင့်ဖြစ်သော ပထဝီဓာတ်အား အားပေးထောက်ပံ့ဖွယ် = ဥပတ္ထမ္ဘနကိစ္စ မရှိပါဟု ပြောဆိုခြင်းငှာ မတတ်ကောင်းပေ။ (ဥပတ္ထမ္ဘနကိစ္စ ရှိရမည်သာ ဟူလိုသည်။) သို့သော် ဤအဆို အားလုံးကိုပင် စူးစမ်းဆင်ခြင်၍သာ ယူပါ။ (အနုဋီ၊၁၊၈၂-၈၃။)

တောင်မြို့ဆရာတော်ဘုရားကြီး၏ အဆို

တောင်မြို့ဆရာတော်ဘုရားကြီး၏ အဆို

ဧကဿပိ အက္ခရဿ အနေကေဟိ ဇဝနေဟိ နိဗ္ဗတ္တေတဗ္ဗတ္တာ တထာ နိဗ္ဗတ္တိယမာနတာယ အသမတ္ထသဘာဝတ္တာ န ဝိညာတဝိသေသာ န ဘိန္နာ ဧဝါတိ အာဟ သဝ။ ပ ။ ဘိန္နာတိ။ (အနုဋီ၊၁၊၁၆၄။)

မူလဋီကာဆရာတော်, အနုဋီကာဆရာတော် နှစ်ပါးလုံးတို့ပင် ရှေးရှေးသော စိတ္တဇပထဝီဓာတ်တို့က နောက် နောက်သော စိတ္တဇပထဝီဓာတ်တို့အား အားပေး ထောက်ပံ့တတ်သော ဥပတ္ထမ္ဘနကိစ္စမရှိဟူသော အဋ္ဌကထာ ဆရာတော်၏ အဆိုကို အားရကျေနပ်ဟန် မရှိကြပေ။ သို့သော် တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက မိမိ၏ အဋ္ဌသာလိနီဘာသာဋီကာ (၂၊၅၈၉။)တွင် ဤသို့ မိန့်ဆိုထားတော်မူ၏။

အက္ခရာတစ်လုံးသည် ရဿအက္ခရာပင် ဖြစ်စေကာမူ လက်ဖျောက်တစ်ချက်တီးခန့် အချိန်ကြာမြင့်ရကား ထိုအက္ခရာ အသံပီသစွာ ထွက်ပေါ်သည့်တိုင်အောင် (ရွတ်ဆိုလိုသော ရွတ်ဆိုသော) ဇောဝီထိစိတ် အစဉ်ပေါင်း များစွာ ဖြစ်ရပေလိမ့်မည်။ ထိုကြောင့် ရှေးရှေး ဇောဝီထိတို့ကြောင့်ဖြစ်သော (စိတ္တဇ) ပထဝီဓာတ်တို့က (ထိုထို အက္ခရာ အသံဖြစ်ရာ ဌာန၌ တည်ရှိကြသော စတုဇပထဝီဓာတ်တို့နှင့် အထူးသဖြင့် ကမ္မဇပထဝီဓာတ်တို့နှင့် ပထဝီဓာတ် အချင်းချင်း) အထပ်ထပ် ထိခိုက်နေရာဝယ် အသံ မပီသသေးမီ ထောက်ပံ့နေသည်ဟု ဆိုရသော်လည်း အသံပီသမှု အတွက်သာ ထောက်ပံ့နေရခြင်းဖြစ်၍ ထိခိုက်မှု = ဃဋ္ဋနာအတွက်မှာ ထောက်ပံ့စရာ မလိုသော ကြောင့် ဥပတ္ထမ္ဘနကိစ္စံ နတ္ထိ = ရှေးရှေး ဇောစိတ်တို့ကြောင့်ဖြစ်သော ပထဝီဓာတ်က (နောက်နောက်သော ဇော စိတ်ကြောင့် ဖြစ်သော ပထဝီဓာတ်အား) ထောက်ပံ့ဖွယ် မလိုဟု အဋ္ဌကထာ ဆိုပါသည်။ ထိုကြောင့် အဋ္ဌကထာ စကားသည် အသင့်ပင်ဖြစ်၏ဟု ထင်၏။ (အဋ္ဌသာလိနီဘာသာဋီကာ၊၂၊၅၈၉။)

အသံသည် ပြောဆိုလိုသူ၏ စိတ်ကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ်နှင့် အသံဖြစ်ရာဌာန၌ တည်ရှိကြသော စတုဇပထဝီဓာတ်တို့၏ (အထူးသဖြင့် ကမ္မဇပထဝီဓာတ်တို့၏) ပထဝီဓာတ် အချင်းချင်း ထိခိုက်မှုကြောင့် ဖြစ်ရိုး မှန်သော်လည်း ဆိုလိုရာ အသံထင်ရှားအောင် ဖြစ်ပေါ်လာမှုမှာ ဝိညတ်၏ အတွက်သာ ဖြစ်သောကြောင့် = ထိုထို ပြောဆိုလိုသော ပြောဆိုနေသော စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် တည်ရှိသော သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ပထဝီဓာတ်နှင့် တကွသော မဟာဘုတ်တို့ကြောင့် ဖြစ်သော ဝစီဝိညတ်၏ ပဲ့ကိုင်ပေးမှုအတွက် ထင်ရှားလာရသောကြောင့် အဓိပ္ပါယံ ဝိညာပေတိအရ ဝစီဝိညတ်က ပြောဆိုသူ၏ အတွင်း သဘောအလိုဆန္ဒကို သိစေသည်ဟု ဆိုရလေသည်။ အရက်ဆိုင်၌ ဆိုင်းဘုတ်ကို မြင်ပြီးမှ အတွင်း၌ အရက်ရှိ ကြောင်းကို သိရသကဲ့သို့ ဝစီဝိညတ်ဟူသော ဆိုင်းဘုတ်ကို သိပြီးမှ အတွင်းသဘော အလိုဆန္ဒကို ကြားရသူက သိနိုင်သောကြောင့် ဝိညာယတီတိ ဝိညတ္တိအရ နာကြားရသူက မနောဒွါရဝီထိ စိတ်အစဉ်ဖြင့် ထိုဝစီဝိညတ် ကိုလည်း သိအပ်ပုံကို သတိပြုပါလေ။ ပြောဆိုသူ၏ အတွင်းသဘောအလိုဆန္ဒကို ကြားနာသူအား သိစေတတ် သောကြောင့်လည်းကောင်း, ကြားနာသူက ထိုပြောဆိုသူ၏ အတွင်းသဘောအလိုဆန္ဒကို သိအပ်သောကြောင့် လည်းကောင်း ဝိညတ်မည်၏ ဟူလိုသည်။

ပြည်ဆရာတော်ဘုရားကြီး၏ မှတ်ချက်

ပြည်ဆရာတော်ဘုရားကြီး၏ မှတ်ချက်

ဝစီဝိညတ်သည် ဤစကား ထိုစကားကို ဆိုလိုသောသူအား နှုတ်မြွက်၍ ဆိုခြင်းကို ပြုတတ်သော သတ္တမ ဇောစိတ်ကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ်နှင့် ထိုထို (အသံဖြစ်ရာ) ဌာန်၌ ရှိလင့်သော ကမ္မဇပထဝီဓာတ်၏ ထိခိုက်ခြင်းကြောင့် ထိုစိတ္တဇပထဝီဓာတ်၏ ဖောက်ပြန်ခြင်း (= ဝိကာရ = အမူအရာထူး) ဟူသော လက္ခဏာရှိရကား သဝိညာဏကသတ္တဝါတို့၏ အသံဟု ဆိုအပ်သော စကားဖြင့် ထိုစကားကို ပြောဆိုသောသူတို့၏ အလိုကို ဤသူ သည် ဤအမှုကို ပြုစေလို၏, ဤသည်ကား ဤသူ၏ အလိုတည်းဟု သူတစ်ပါးတို့ကို သိစေတတ်သော သတ္တိ ကြောင့်လည်းကောင်း, ဝစီဝိညတ်ဟူသော မိမိကိုလည်း ထိုပြောဆိုသော စကားဖြင့် အလိုကို ဆင်ခြင်၍ မသိမီ လက်ဦးကပင် စတုတ္ထမနောဒွါရိကစိတ်ဖြင့် သူတစ်ပါးတို့ သိအပ်သော သတ္တိကြောင့်လည်းကောင်း ဤစကားကို ထိုစကားကို ပြောဆိုအံ့ဟု ကြံစည်သောသူအား နှုတ်မြွက်၍ ပြောဆိုခြင်းကို ပြုတတ်သော သတ္တမဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇပထဝီဓာတ်၏ (၁) လည်ချောင်း, (၂) အာစောက်, (၃) လျှာထိပ်, (၄) သွား, (၅) နှုတ်ခမ်း ဟူသော အက္ခရာဖြစ်ရာ ဌာန်ငါးပါးတို့၌ ရှိလင့်သော ကမ္မဇပထဝီဓာတ်နှင့် ထိခိုက်ခြင်း၏ အကြောင်း ဖြစ်သော (၁) ပြောဆိုသောစကား, (၂) ပြောဆိုခြင်းကိရိယာ, (၃) ပြောဆိုကြောင်းဖြစ်သော ပထဝီဓာတ်တို့မှ အလွတ်အသီး ဖြစ်သော ကြီးစွာသော ကျောက်ကို ချီကြွသော အားရှိသောယောက်ျား၏ အားကုန် ကိုင်ယူသော အခါ၌ အားထုတ်သော ဗျာပါရ အခြင်းအရာ အထူးကဲ့သို့ ပြောဆိုခြင်း၏ အကြောင်းအဖြစ်ဖြင့် ရအပ်သော စိတ္တဇပထဝီဓာတ်၏ ဖောက်ပြန်ခြင်း (= ဝိကာရ)သည် ဝစီဝိညတ် မည်၏ ဟူလိုသည်။ ထို ဝစီဝိညတ်သည် နားဖြင့်ကြား၍ သိအပ်သော သောတဝိညေယျတရား မဟုတ်၊ စိတ်ဖြင့်သာ ဆင်ခြင်၍ သိအပ်သော မနော- ဝိညေယျတရားတည်း။ သစ်ပင် တော တောင် စသော အဝိညာဏက = (သက်မဲ့) အသံ၌လည်း မဖြစ်၊ လူ တိရစ္ဆာန် စသော သဝိညာဏက (= သက်ရှိ) အသံ၌သာ ဖြစ်သတည်း။ ခဲစွ။

ဤသို့ ပြုအံ့ , ဤသို့ မူအံ့ , ဤသို့ ဆိုအံ့ , ဤသို့ ပြောအံ့ဟု ကြံသောသူအား အတီတဘဝင် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ မနောဒွါရာဝဇ္ဇန်း ဇောခုနစ်ချက် တဒါရုံနှစ်ချက် ထိုနောင် ဘဝင်။ ဤ မနောဒွါရဝီထိ အစဉ်ကျရာ၏။ ထိုဝီထိ၌ ဇောခုနစ်ချက်တွင် သတ္တမဇောသည် ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ ဤရုပ် ရှစ်ပါးကို ဖြစ်စေ၏။ ထိုရုပ်အစု၌ပါသော စိတ္တဇဝါယောဓာတ်သည်သာ ကာယဝိညတ်နှင့်တကွ ဖြစ်၍ လက်ခြေလှုပ်ခြင်း စသည်ကို ဖြစ်စေတတ်၏။ ပထမဇောစသော ဇောခြောက်ချက်ကြောင့်ဖြစ်သော ဝါယောဓာတ်တို့သည် ကား ယခင် ဝါယောဓာတ်အား အထောက်အပင့်မျှသာဖြစ်၍ လက်ခြေလှုပ်ခြင်း စသည်ကို မဖြစ်စေကုန်၊ ဤကား ကာယဝိညတ်ဖို့။ ။ ထိုရုပ်အစု၌ ပါသော စိတ္တဇပထဝီဓာတ်သည်သာ ထိုထို အက္ခရာဖြစ်ရာ ဌာန်၌ ရှိလင့်သော ကမ္မဇပထဝီဓာတ်နှင့် ထိခိုက်သည်ဖြစ်၍ က-ခ စသော အက္ခရာအသံကို ဖြစ်စေတတ်၏။ ပထမဇော စသော ဇောခြောက်ချက်ကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ်တို့သည်ကား ယခင် (သတ္တမဇောစိတ်ကြောင့် ဖြစ်သော) ပထဝီဓာတ်၏ အထောက်အပင့်မျှသာ ဖြစ်၍ က-ခ စသော အက္ခရာအသံကို မဖြစ်စေနိုင်ကုန်၊ ဤကား ဝစီဝိညတ်ဖို့။

ဤအရာ၌ ထမ်းပိုးခုနစ်ဆက်ကသော လှည်းတွင် သတ္တမ ထမ်းပိုး၌ကသော နွားတို့သာ လှည်းကို လှုပ်စေ ရွေ့စေနိုင်သည်၊ အကြွင်း ခြောက်ဆက်၌ကသော နွားကိုကား အထောက်အပင့်မျှသာ လှည်းကို မလှုပ်မရွေ့ စေနိုင်သကဲ့သို့ဟု လောကူပမာ ဆောင်သည်။

ဝစီဝိညတ်၌ သတ္တမဇောကြောင့်ဖြစ်သော ပထဝီဓာတ်မှာမှ အသံဖြစ်သည်ဟု ဆိုခဲ့သော ဤအယူကား ဋီကာဆရာတို့ ဝါဒတည်း။ အဋ္ဌကထာဆရာကား ပထမဇောကြောင့်ဖြစ်သော ပထဝီဓာတ်က စ၍ ကမ္မဇပထဝီဓာတ်နှင့် ထိခိုက်လျှင်ပင် အသံဖြစ်သည် အယူရှိသည်။

ထိုသို့ ပထမဇောက စ၍ဖြစ်သော ပထဝီဓာတ်နှင့် ထိခိုက်လျှင်ပင် အသံဖြစ်သော် ဝီထိတိုင်းမှာပင် ဇော (၇)ချက်အတွက် အသံ (၇)ဆင့် အက္ခရာ (၇)လုံးစီ ဆိုသောသူလည်း ဆိုရလေရာ၏၊ နာသောသူလည်း ကြားရလေ ရာ၏၊ ထိုသို့လည်း မဆိုရ မကြားရခဲ့၊ ထိုကြောင့် အဋ္ဌကထာဆရာဝါဒကို ဋီကာဆရာတို့ ဆင်ခြင်လေကုန်သည်။

၁။ ဤ ဝိညတ်ဒွေး၌ လှုပ်ရှားသောကိုယ်, ဆိုသောစကားကို စက္ခုဝိညာဏ်, သောတဝိညာဏ်ဟူသော ပထမ စိတ်ဖြင့် (= စက္ခုဒွါရဝီထိ, သောတဒွါရဝီထိ ဟူသော ပထမ ဝီထိစိတ်ဖြင့်) လက်ဦးစွာ မြင်ရ ကြားရသည်။

၂။ ထိုနောင် ဤ အမူ, ဤ အသံသော် ဤသို့ ဖြစ်မြဲဟူ၍ ဒုတိယ မနောဒွါရိကစိတ်ဖြင့် အတိတ်ဖြစ်သော သင်္ကေတအမှတ်ကို ဆင်ခြင်၍ သိသည်။

၃။ ထိုနောင် ဤအရာ၌လည်း ဤသို့ ဖြစ်သည်ဟု သင်္ကေတအမှတ်ရှိတိုင်း တတိယ မနောဒွါရိကစိတ်ဖြင့် ပစ္စုပ္ပန် အကြောင်းအရာကို ဆင်ခြင်၍ သိသည်။

၄။ ထိုနောင် ထိုအကြောင်းအရာနှင့် စပ်သော ဖောက်ပြန်ခြင်း အထူးကို စတုတ္ထ မနောဒွါရိကစိတ်ဖြင့် ဆင်ခြင် ၍ ဤသို့ ဖောက်ပြန်ခြင်းကား ဝိညတ်ဖြစ်သည်ဟု သိသည်။

၅။ ထိုနောင် ထိုသို့ ဖောက်ပြန်ခြင်း အထူးကိုထောက်၍ ပဉ္စမ မနောဒွါရိကစိတ်ဖြင့် ကိုယ်လက်လှုပ်ခြင်း, စကားမြွက်ဆိုခြင်းကို ပြုသောသူတို့၏ အလို (ဘာဝ)ကို သိသည်။

ဤသို့ ဝိညတ်နှင့်အလိုကို သိသောအစဉ်၌ (သဒ္ဒံ ပဌမစိတ္တေန၊ တီတံ ဒုတိယ စေတသာ။ နာမံ တတိယ စိတ္တေန၊ အတ္ထံ စတုတ္ထ စေတသာ။) ဟူသော ဂါထာကိုမှီ၍ ယူလေ။

နွေလအခါ ရေရှားပါးရာ၌ ရေရှိသည်ကို သိစိမ့်သောငှာ တံခွန် ထန်းရွက်စသော အမှတ်ကို စိုက်ထူသော် ထိုအမှတ်ကို လက်ဦးစွာ မြင်သည်၊ ထိုနောင် ရေရှိရာ၌ မှတ်ထားမြဲဟု အတိတ်ကို သိသည်၊ ထိုနောင် ဤမှာလည်း ရေရှိသည်ဟု ပစ္စုပ္ပန်ကို သိသည်၊ ထိုနောင် ထိုသို့ ရေရှိကြောင်းကို အမှတ်ထားခြင်း အမူအထူးကို သိသည်၊ ထိုနောင် ရေကို သုံးဆောင်စေလို၍ ထားသတည်းဟု ထားသောသူတို့၏ အလိုကို သိသည်။ ဤသို့ ဝိညတ်နှင့် အလိုကို ယူလွယ်စေခြင်းငှာ လောကူပမာ ဆောင်သတည်း။ (ဝိသုဒ္ဓိမဂ်နိဿယ၊၃၊၂၂၀-၂၂၂။)

တိုက်တွန်းပါရစေ

တိုက်တွန်းပါရစေ

ဤတွင် ဝိညတ်ရုပ်များနှင့် ပတ်သက်သည့် ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ မိန့်ဆိုတော်မူချက် ဖွင့်ဆို တော်မူချက်များနှင့် ရှေးရှေး ဆရာမြတ်တို့၏ မှတ်ချက်များ ဝေဖန် သုံးသပ်ချက်များကို တင်ပြ ပြီးလေပြီ။ ဤ အကြောင်းအရာတို့ကား အတက္ကာဝစရဟု ခေါ်ဆိုသော အတွေးအခေါ်ပညာရှင်တို့၏ ကျက်စားရာ နယ်မြေကား မဟုတ်ပါ။ အနုဗောဓဉာဏ် ပဋိဝေဓဉာဏ် ဟူသော သမ္မာဒိဋ္ဌိဉာဏ်တို့ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးပမ်းရမည့် နယ်မြေသာ ဖြစ်ပေသည်။ ထိုကြောင့် အသင်သူတော်ကောင်းသည် မိမိကိုယ်ကို မိမိ အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်ဟူသော သမ္မာဒိဋ္ဌိဉာဏ်ပညာကို ရရှိထားပြီးသူဟု ယုံကြည်ပါလျှင် ကိုယ်တိုင် လက်တွေ့ စမ်းသပ်ကြည့်သင့်သော စူးစမ်းကြည့်သင့်သော အကြောင်းအရာသာ ဖြစ်သည်။ ဘုရားရှင်၏ တရား များသည် သန္ဒိဋ္ဌိကဂုဏ်တော်နှင့် ပြည့်စုံတော်မူသော တရားတော်များသာ ဖြစ်သဖြင့် မိမိ၏ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ထိုးထွင်းသိအောင် ကြိုးပမ်းခြင်းဖြင့်သာ အမှန်တရားကို ရှာဖွေပါဟု တိုက်တွန်းပါရစေ။

ဝစီဝိညတ် အရာဝယ် ---

၁။ စိတ္တဇပထဝီဓာတ်က ကမ္မဇပထဝီဓာတ်ကို ပွတ်ချုပ်ထိခိုက်သည်ဟူသော စကားတစ်ရပ်,

၂။ စိတ္တဇပထဝီဓာတ်က စတုဇပထဝီဓာတ်ကို ပွတ်ချုပ်ထိခိုက်သည်ဟူသော စကားတစ်ရပ်,

ဤသို့ စကားနှစ်ရပ် လာရှိရာ အချင်းချင်း မဆန့်ကျင်ပြီလောဟု မေးရန်ရှိ၏။ မဆန့်ကျင်ပါဟူ၍ ဖြေဆို လေရာ၏။

စိတ္တဇပထဝီဓာတ်က ကမ္မဇပထဝီဓာတ်ကို ပွတ်ချုပ်ထိခိုက်သည်ဟူသော စကားရပ်မှာ ပဓာနနည်းအားဖြင့် ဖွင့်ဆိုတော်မူခြင်း မိန့်ဆိုတော်မူခြင်း ဖြစ်၏။ ပဓာန = ပြဓာန်းသော ကမ္မဇပထဝီဓာတ်ကို ဆိုသဖြင့် မပြဓာန်းသော စိတ္တဇပထဝီ, ဥတုဇပထဝီ, အာဟာရဇပထဝီတို့ကိုလည်း ကောက်ယူရသော နည်းအားဖြင့် မိန့်ဆိုခြင်း ဖြစ်၏။

အသံကောင်းမှု အသံမကောင်းမှုတို့မှာ အတိတ်ကံနှင့် ဆက်သွယ်လျက် ရှိ၏။ ဒီဃနိကာယ် ပါထိကဝဂ် ပါဠိတော် လက္ခဏသုတ္တန်ဝယ် (ဒီ၊၃၊၁၄၁။) ဘုရားသည် ဗြဟ္မဿရ = ဗြဟ္မာမင်း၏ အသံနှင့်တူသော အင်္ဂါ ရှစ်ဖော်နှင့် ပြည့်စုံတော်မူသော အသံတော်ရှိခြင်းတည်း ဟူသော မဟာပုရိသ လက္ခဏာတော်ကို အတိတ်ဘဝ ထိုထိုဝယ် သမ္မာသမ္ဗောဓိ ဉာဏ်တော်မြတ်၏ အဆောက်အဦ ဖြစ်တော်မူသော ပါရမီတရားအပေါင်းတို့ကို ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့စဉ်က ရုန့်ရင်းကြမ်းတမ်းသော ဖရုသဝါစာ စကားမှ ရှောင်ကြဉ်တော်မူခြင်းတည်းဟူသော ဝိရတိပြဓာန်းသော မဟာကုသိုလ်စေတနာ, သိမ်မွေ့နူးညံ့ ပျော့ပျောင်းသည့် ချစ်ခင်မြတ်နိုးဖွယ် စကားကို ပြောဆို ကြောင်းဖြစ်သော မေတ္တာပြဓာန်းသော မဟာကုသိုလ်စေတနာ --- ဤ ကုသိုလ်စေတနာတို့ကြောင့် ရရှိတော် မူကြောင်း လာရှိ၏။

ထိုကြောင့် အသံကောင်းခြင်း မကောင်းခြင်းတို့မှာ အတိတ်ကံနှင့် ဆက်သွယ်လျက် ရှိ၏။ အတိတ်ကံသည် အသံဖြစ်ရာ ဌာန၌ ကမ္မဇရုပ်တို့ကို ဖြစ်စေနိုင်သည့် စွမ်းအားရှိ၏။

၁။ ကမ္မဇပထဝီဓာတ်တို့ကား တုံး (= အုန်းမောင်း)နှင့် တူ၏။

၂။ စိတ္တဇပထဝီဓာတ်ကား လက်ရိုက်နှင့် တူ၏။

၃။ ယင်း စိတ္တဇပထဝီဓာတ်နှင့် အတူဖြစ်သော စိတ္တဇဝါယောဓာတ်ကား ရိုက်သောလက် = ခေါက်သောလက်နှင့် တူ၏။

ဤ အင်္ဂါသုံးချက် စုံညီလျှင် အချိုးကျ အဆင်ပြေလျှင် ကောင်းမွန်လျှင် အသံကောင်း၏။ အင်္ဂါရပ် တစ်ခုခု သော်လည်းကောင်း, နှစ်ခုသော်လည်းကောင်း, သုံးခုလုံးသော်လည်းကောင်း ချို့တဲ့ပါက အသံကောင်း ထွက်လာ ဖို့ရန် မလွယ်ကူပေ။ ထိုအင်္ဂါ (၃)ရပ်တို့တွင် (၂-၃)အင်္ဂါရပ် နှစ်မျိုးတို့ကား လူသားတိုင်း၌ ရနိုင်၏။ အမှတ် (၁) အင်္ဂါရပ်ကား အတိတ်ကံနှင့် ဆက်သွယ်လျက်ရှိ၏။ ထိုကြောင့် အတိတ်ကံ၏ စွမ်းဟုန်ကြောင့် ဖြစ်ပေါ်လာရသော ကမ္မဇပထဝီဓာတ်မှာ အသံဖြစ်ပေါ်လာရေးအတွက် ပြဓာန်းသော အကြောင်းတရားတစ်ခု ဖြစ်နေ၏။

သို့သော် လည်ချောင်း စသော အသံဖြစ်ရာ ထိုထို ဌာန၌ ကမ္မဇရုပ်-စိတ္တဇရုပ်-ဥတုဇရုပ်-အာဟာရဇရုပ် တို့ကား ဆန်မှုန့်နှင့် နနွင်းမှုန့်ကို သမအောင် ရောမွှေထားသကဲ့သို့ ပွတ်ချုပ်ထိခိုက်လျက် အလွန် နီးနီးကပ်ကပ် ဖြစ်နေကြ၏။ ရုပ်ကလာပ်တို့မှာလည်း အလွန့်အလွန် သိမ်မွေ့ သေးငယ်သော ပရမာဏုမြူခန့်လောက်ရှိသော သို့မဟုတ် ပရမာဏုမြူထက် အဆပေါင်းများစွာ သေးငယ်ဖွယ်ရာရှိသော အမှုန်ကလေးတို့သာ ဖြစ်ကြ၏။ ယင်းသို့ အလွန်နီးကပ်စွာ ဥပါဒ်နေကြသော ရုပ်ကလာပ်တို့တွင် စိတ္တဇပထဝီဓာတ်က ထိုထို အသံဖြစ်ရာဌာန၌ တည်ရှိသော ကမ္မဇပထဝီဓာတ်ကို ပွတ်ချုပ်ထိခိုက်မိပါက ရိုက်ခတ်မိပါက အလွန်နီးကပ်နေသော စိတ္တဇပထဝီ, ဥတုဇပထဝီ, အာဟာရဇပထဝီဓာတ်တို့ကိုလည်း ရိုက်ခတ်မိသည်သာ ဖြစ်၏။ ထိုကြောင့် ပြဓာန်းသော ကမ္မဇပထဝီဓာတ်ကို ကောက်ယူသဖြင့် မပြဓာန်းသော စိတ္တဇပထဝီ, ဥတုဇပထဝီ, အာဟာရဇပထဝီဓာတ်တို့ကိုလည်း ကောက်ယူရသော ပဓာနနည်းအားဖြင့် မိန့်ဆိုခြင်း ဖြစ်ကြောင်းကို အထက်၌ ဆိုခဲ့ခြင်း ဖြစ်၏။ ထိုကြောင့် စိတ္တဇပထဝီဓာတ်က စတုဇပထဝီဓာတ်ကို ပွတ်ချုပ်ထိခိုက်သည့်အတွက် ရိုက်ခတ်သည့်အတွက် အသံဖြစ်ပေါ်လာရသည်ဟူသော စကားမှာ ပဓာန အပဓာန = ပြဓာန်း မပြဓာန်း ရုပ်အားလုံးကို သိမ်းကျုံး၍ အကြွင်းအကျန်မရှိ ကုန်စင်အောင် အနာဝသေသ နည်းအားဖြင့် ဖွင့်ဆိုသော စကားဟု မှတ်ပါ။

ဥပါဒါရုပ် မည်နိုင်ပါသလား?

ဥပါဒါရုပ် မည်နိုင်ပါသလား?

ကာယဝိညတ်သည် စိတ္တဇဝါယောဓာတ်၏ ဖောက်ပြန်ခြင်း = အမူအရာထူး = ဝိကာရရုပ်ဖြစ်၍ ဝစီဝိညတ် သည် စိတ္တဇပထဝီဓာတ်၏ ဖောက်ပြန်ခြင်း = အမူအရာထူး = ဝိကာရရုပ်ဖြစ်ရကား ဝိညတ်ဒွေးသည် မဟာဘုတ် (၄)ပါးလုံးကို စွဲ၍ မဖြစ်သောကြောင့် ဥပါဒါရုပ် မမည်သင့်ဟု စောဒနာ ငြားအံ့ ---

ဝိညတ်ဒွေးသည် မဟာဘုတ် (၄)ပါးလုံးကိုပင် စွဲမှီ၍ ဖြစ်သည်၊ လှုပ်ရှားစေသော အရာ၌ ဝါယောဓာတ်သာ လွန်ကဲသောကြောင့်, အသံဖြစ်စေသော အရာ၌လည်း ပထဝီဓာတ်သာ လွန်ကဲသောကြောင့် ဥက္ကဋ္ဌနည်းအားဖြင့် ယခင် ဓာတ်နှစ်ပါး၏ ဖောက်ပြန်ခြင်းမျှသာ ဆိုသည်။ မသီးမခြားကောင်းသော အဝိနိဗ္ဘောဂရုပ် ဖြစ်ရကား မဟာဘုတ် (၄)ပါးလုံးကို စွဲ၍ ဖြစ်သောကြောင့် ဝိညတ်ဒွေးသည် ဥပါဒါရုပ် မည်သင့်သည်သာ ဖြေလေ။ (ပြည်-ဝိသုဒ္ဓိမဂ် နိဿယ၊၃၊၂၂၂။)

ထမ္ဘနာတိ ဝါယောဓာတုအဓိကာနံ ဘူတာနံ ထမ္ဘနာကာရော ဝိညတ္တီတိ အတ္ထော။ (မူလဋီ၊၁၊၁၅၁၊၊)

ဤ မူလဋီကာနှင့် အညီတည်း။ ရှုကွက် --- ဝစီဝိညတ်ပါသော ဝစီဝိညတ္တိဒသက ကလာပ်, သို့မဟုတ် ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသက ကလာပ်ဟူသော မိမိ ရှုလိုသည့် ရုပ်ကလာပ်ကို ဓာတ်ခွဲလျက် ဝစီဝိညတ် ရုပ်ကို ရွေးထုတ်၍ အထက်တွင် ရေးသားထားသည့်အတိုင်း ဝစီဝိညတ်၏ လက္ခဏ ရသ စသည်ကို ရှုပါ။

၂၂။ ရူပဿ လဟုတာ

၂၂။ ရူပဿ လဟုတာ

၁။ အဒန္ဓတာလက္ခဏာ ရူပဿ လဟုတာ၊

၂။ ရူပါနံ ဂရုဘာဝဝိနောဒနရသာ၊

၃။ လဟုပရိဝတ္တိတာ ပစ္စုပဋ္ဌာနာ၊

၄။ လဟုရူပပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၈။)

၁။ (က) စိတ်ကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ မလေးမလံ မနှေးကံမှုသဘော

= ပေါ့ပါးမှုသဘော,

( ခ ) ဥတုကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ မလေးမလံ မနှေးကံမှုသဘော

= ပေါ့ပါးမှုသဘော,

( ဂ ) အာဟာရကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ မလေးမလံ မနှေးကံမှုသဘော

= ပေါ့ပါးမှုသဘော လက္ခဏ၊

၂။ ထိုရုပ်တို့၏ လေးလံမှုကို ပယ်ဖျောက်ခြင်း (ကိစ္စ) ရသ၊

၃။ ထိုရုပ်တို့၏ ပေါ့ပေါ့ပါးပါး လျင်လျင်မြန်မြန် ပြောင်းရွှေ့ပြန်လှန်၍ ဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ပေါ့ပါးသော ထိုရုပ်များ ပဒဋ္ဌာန်။

၂၃။ ရူပဿ မုဒုတာ

၂၃။ ရူပဿ မုဒုတာ

၁။ အထဒ္ဓတာလက္ခဏာ ရူပဿ မုဒုတာ၊

၂။ ရူပါနံ ထဒ္ဓဘာဝဝိနောဒနရသာ၊

၃။ သဗ္ဗကိရိယာသု အဝိရောဓိတာပစ္စုပဋ္ဌာနာ၊

၄။ မုဒုရူပပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၈။)

၁။ (က) စိတ်ကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ မခက်ထန် မကြမ်းတမ်းမှုသဘော

= နူးညံ့မှုသဘော လက္ခဏ၊

( ခ ) ဥတုကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ မခက်ထန် မကြမ်းတမ်းမှုသဘော

= နူးညံ့မှုသဘော လက္ခဏ၊

( ဂ ) အာဟာရကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ မခက်ထန် မကြမ်းတမ်းမှုသဘော

= နူးညံ့မှုသဘော လက္ခဏ၊

၂။ ထိုရုပ်တို့၏ ခက်ထန်ကြမ်းတမ်းမှုကို ပယ်ဖျောက်ခြင်း (ကိစ္စ) ရသ၊

၃။ အလုံးစုံသော ကိုယ်မှုကိစ္စတို့၌ မဆန့်ကျင်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ နူးညံ့သော ထိုရုပ်များ ပဒဋ္ဌာန်။

၂၄။ ရူပဿ ကမ္မညတာ

၂၄။ ရူပဿ ကမ္မညတာ

၁။ သရီရကိရိယာနုကူလကမ္မညဘာဝလက္ခဏာ ရူပဿ ကမ္မညတာ၊

၂။ အကမ္မညတာဝိနောဒနရသာ၊

၃။ အဒုဗ္ဗလဘာဝပစ္စုပဋ္ဌာနာ၊

၄။ ကမ္မညရူပပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၈-၇၉။)

၁။ စိတ်+ဥတု+အာဟာရကြောင့် ဖြစ်ကုန်သော ရုပ်အစစ်တို့၏ ကိုယ်မှုကိစ္စတို့အားလျော်စွာ

အမှု၌ ခံ့ညားမှု အချိုးကျ အဆင်ပြေမှုသဘော လက္ခဏ၊

၂။ (ဝါယောဓာတ် ပျက်ပြားသဖြင့်) ကိုယ်မှုကိစ္စ၌ မခံ့ညားမှုကို ပယ်ဖျောက်ခြင်း (ကိစ္စ) ရသ၊

၃။ ရုပ်တို့၏ အားမနည်းသည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ အမှု၌ ခံ့ညားသော ထိုရုပ်များ ပဒဋ္ဌာန်။

ဤ လဟုတာ မုဒုတာ ကမ္မညတာ ရုပ်သုံးခုအပေါင်းသည် အချင်းချင်း မစွန့်ကြပေ၊ တစ်ပါးဖြစ်လျှင် ကျန်နှစ်ပါးသည် ဖြစ်မြဲတည်း။ စိတ္တဇရုပ်၌ဖြစ်စေ, ဥတုဇရုပ်၌ဖြစ်စေ, အာဟာရဇရုပ်၌ဖြစ်စေ ပါဝင်လျက် အတူဖြစ်ခဲ့သော် ပြိုင်တူပင် ဖြစ်လေ့ရှိကြ၏။ ထိုသို့ ပြိုင်တူဖြစ်သဖြင့် ယင်းရုပ်တို့၏ တစ်ခုနှင့်တစ်ခု မတူ ထူးခြားမှုကိုလည်း သိနိုင်ခဲသော သဘောရှိ၏။ ထိုသို့ သိနိုင်ခဲသော်လည်း ဆိုင်ရာ သဘာဝလက္ခဏာများကား ကွဲပြားလျက်ပင် ရှိပေသည်။

ဓာတုက္ခောဘော ဝါတပိတ္တသေမှပကောပေါ၊ ရသာဒိဓာတူနံ ဝါ ဝိကာရာဝတ္ထာ။ ဒွိဓာ ဝုတ္တောပိ အတ္ထတော ပထဝီဓာတုအာဒီနံ ဓာတူနံယေဝ ဝိကာရောတိ ဒဋ္ဌဗ္ဗော။ ပဋိပက္ခပစ္စယာ သပ္ပါယဥတုအာဟာရာဝိက္ခိတ္တစိတ္တတာ။ (မဟာဋီ၊၂၊၁၀၁။)

ဤ လဟုတာစသော ရုပ်များကား သက်ရှိသတ္တဝါတို့၏ သန္တာန်၌သာ အထူးသဖြင့် ကာမသတ္တဝါတို့၏ သန္တာန်၌သာ ဖြစ်ကြ၏။ စိတ်ဓာတ်များ မကြည်မလင်ရှိခြင်း, ပျံ့လွင့်နေခြင်း, ဥတု မမျှတခြင်း, အာဟာရ မမျှတခြင်းဟူသော အကြောင်းတရားတို့ကြောင့် ဤခန္ဓာအိမ်၌ တည်ရှိကြသော လေ-သည်းခြေ-သလိပ်တို့သည် ပျက်ပြားကုန်လတ်သော် ဓာတ်ကြီး (၄)ပါးတို့သည်လည်း ချောက်ချားလာကုန်၏။ အထူးသဖြင့် အာဗန္ဓန = ဖွဲ့စည်းခြင်း သဘောရှိသော အာပေါဓာတ်သည် ဖောက်ပြန် ပျက်ပြားခဲ့သော် သို့မဟုတ် လွန်ကဲခဲ့သော် စိတ္တဇ- ဥတုဇ-အာဟာရဇရုပ်တို့သည် နုံးချည့်လျက်ရှိခြင်း သို့မဟုတ် လေးလံလျက်ရှိခြင်းကြောင့် ထိုအခါမျိုး၌ လဟု တာရုပ် မဖြစ်နိုင်ချေ။

ကက္ခဠ = ခက်မာခြင်း သဘောရှိသော ပထဝီဓာတ်များ ပျက်ပြားခဲ့လျှင် သို့မဟုတ် လွန်ကဲခဲ့လျှင် စိတ္တဇ- ဥတုဇ-အာဟာရဇဟူသော တိဇနိပ္ဖန္နရုပ်များသည် ခိုင်မာမှု လျော့ရဲလျက်ရှိခြင်း, သို့မဟုတ် ကြမ်းတမ်း ခိုင်မာ လျက် တောင့်တင်းလျက် ရှိခြင်းကြောင့် ထိုအခါမျိုး၌ နူးညံ့မှု မုဒုတာ မဖြစ်နိုင်ချေ။

ဝိတ္ထမ္ဘန = ထောက်ကန်ခြင်း တောင့်တင်းခိုင်မာစေခြင်း သဘောလက္ခဏာရှိသော ဝါယောဓာတ် ပျက်ပြား လျှင် သို့မဟုတ် လွန်ကဲလျှင် ယင်း တိဇနိပ္ဖန္နရုပ်များ (= စိတ်-ဥတု-အာဟာရကြောင့်ဖြစ်သော ရုပ်များ) သည် လှုပ်ရှားမှု တွန်းကန်မှု အားနည်းလျက်ရှိခြင်း, သို့မဟုတ် အားများလျက်ရှိခြင်းကြောင့် ထိုအခါမျိုး၌ ကမ္မညတာ မဖြစ်နိုင်ချေ။ (တေဇောဓာတ်ကား ဥတုဇရုပ်ကို ဖြစ်စေနိုင်သော ဥတုဖြစ်၍ ဖောက်ပြန်မှု အားလုံး၌ အလိုက်သင့် ပါဝင်လျက် ရှိ၏။)

အကြင်အခါ၌ကား စိတ်ဓာတ်ကြည်လင်မှု မပျံ့လွင့်မှု တည်ကြည်မှုရှိခြင်း, ဥတု မျှတခြင်း, အာဟာရ မျှတခြင်းဟူသော အကြောင်းအထောက်အပံ့ကောင်းတို့ကြောင့် လေ-သည်းခြေ-သလိပ်တို့သည် မျှတ ညီညွတ် ကြ၏၊ လမ်းမှန်စည်းကျ တည်နေကြ၏။ စိတ္တဇမဟာဘုတ်, ဥတုဇမဟာဘုတ်, အာဟာရဇမဟာဘုတ်တို့သည်လည်း မျှတ ညီညွတ်ကြကုန်၏။

ထိုအခါမျိုး၌ အနာရောဂါ ကင်းသောသူ၏ = ကျန်းမာနေသော ပုဂ္ဂိုလ်၏ ကိုယ်လက်များသည် ပေါ့ပါး သွက်လက်သကဲ့သို့ စိတ္တဇ ဥတုဇ အာဟာရဇဟူသော တိဇနိပ္ဖန္နရုပ်တို့၏ ပေါ့ပေါ့ပါးပါး လျင်လျင်မြန်မြန် သွက်သွက်လက်လက် ချက်ချက်ချာချာ ပြောင်းရွှေ့ပြန်လှန်၍ ဖြစ်နိုင်ခြင်း မလေးမလံ မနှေးမကန် မနုံ့မနှေးသော သဘောများ ထူးထူးခြားခြား ထင်ရှားလာပေသည်။ ဤကဲ့သို့သော တိဇရုပ်တို့၏ ပေါ့ပါးမှု အမူအရာထူးသည် ဝိကာရရုပ် မည်၏။ ထိုဝိကာရရုပ်သည် ရူပဿ လဟုတာ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၆၂။)

ထိုအခါမျိုး၌ ထို တိဇနိပ္ဖန္နရုပ်တို့၏ ကောင်းစွာနယ်ထားအပ်သော သားရေ၏ နူးညံ့မှုကဲ့သို့ နူးညံ့မှု ပျော့ပျောင်းမှုသဘော, ခပ်သိမ်းသော ပြုဖွယ်ကိစ္စထူး ဟူသမျှတို့၌ အလိုဆန္ဒရှိတိုင်း ပြုလုပ်နိုင်မှု သဘောတရား များသည်လည်း ထူးခြားစွာ ထင်ရှားလာကုန်၏။ (တန်ခိုးဣဒ္ဓိပါဒ်များကို အသုံးပြုသောအခါ၌ အလိုရှိသလို နိုင်နိုင်နင်းနင်း အသုံးပြုနိုင်သကဲ့သို့ တရားထိုင်သည့်အခါ ခန္ဓာကိုယ်ကို တောင့်အောင် သီးသန့့် တမင် ထောက် ကန်ပေးနေရမှု တောင့်ပေးနေရမှု မရှိဘဲ အလိုရှိသလို အလိုက်သင့် စိတ်တိုင်းကျ ထိုင်နိုင်မှုမျိုး စသည်ကို ဆိုလိုသည်၊၊) ဤကဲ့သို့သော တိဇနိပ္ဖန္နရုပ်တို့၏ ပျော့ပျောင်း နူးညံ့မှု အမူအရာထူးသည် ရူပဿ မုဒုတာ ဝိကာရ ရုပ် မည်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၃၆၂-၃၆၃။)

ထိုအခါမျိုး၌ လှော်ပြီး ဦးပြီးသောရွှေသည် မိမိပြုလုပ်လိုရာ ပုတီး နားဍောင်း စသော ပြုဖွယ်ရာ ဟူသမျှ၌ ကောင်းမွန်ခံ့ညားသကဲ့သို့ ကိုယ်ဖြင့်ပြုလုပ်ရမည့် ဒါန သီလ ဘာဝနာစသော ထိုထို ပြုလုပ်ဖွယ်ရာ လုပ်ငန်း ကိစ္စရပ်တို့၌ တွန့်တို ဆုတ်နစ်ခြင်း မရှိဘဲ ကောင်းမွန်ခံ့ညားခြင်း သဘောတရားများသည်လည်း ထူးထူးခြားခြား ထင်ရှားလာကုန်၏။ ဤကဲ့သို့သော တိဇနိပ္ဖန္နရုပ်တို့၏ ကောင်းမွန် ခံ့ညားမှု အမူအရာထူးသည် ကမ္မညတာ ဝိကာရရုပ် မည်ပေသည်။ ဤကား ယင်း ဝိကာရရုပ် သုံးမျိုးတို့၏ မတူကွဲပြားမှုဆိုင်ရာ အမှတ်အသားများတည်း။ (အဘိ၊ဋ္ဌ၊၁၊၃၆၂-၃၆၃။ ဝိသုဒ္ဓိ၊၂၊၇၉။)

၁။ လဟုတာသည် အနာရောဂါကင်းသူနှင့် တူ၏။

၂။ မုဒုတာသည် ကောင်းစွာ ကြိတ်နယ်ထားအပ်ပြီးသော သားရေနှင့် တူ၏။

၃။ ကမ္မညတာသည် လှော်ပြီး ဦးပြီးသော ရွှေစင်နှင့် တူ၏။

ဤအရာ၌ ကောင်းစွာ ကြိတ်နယ်ထားအပ်ပြီးသော သားရေဥပမာနှင့် ကောင်းစွာ လှော်ပြီး ဦးပြီးသော ကောင်းစွာ မှုတ်လွှင့်ထားအပ်သော အညစ်အကြေးရှိသော ရွှေဥပမာတို့ကို ပုံစံထုတ်ယူခြင်း ဆိုခြင်းသည် မုဒုတာ ရုပ်၏ နူးညံ့မှုသဘော, ကမ္မညတာရုပ်၏ အမှု၌ ခံ့ညားမှုသဘောတို့နှင့် တူညီသော ရုပ်ကို ပုံစံတူ ပြခြင်းမျှ အတွက်သာ ဆိုခြင်းဖြစ်သည်။ သားရေနှင့် ရွှေတို့၌ ဤဝိကာရရုပ် အရာဝယ် အလိုရှိအပ်သော မုဒုတာရုပ် ကမ္မညတာရုပ်တို့ ရှိသောကြောင့် ဆိုသည်ကား မဟုတ်ပါ။ လဟုတာ မုဒုတာ ကမ္မညတာရုပ်တို့ကား ဣန္ဒြိယဗဒ္ဓ အမည်ရသော စက္ခုစသော ဣန္ဒြေနှင့်စပ်သော သက်ရှိ ရုပ်သန္တတိအစဉ်၌သာ တည်ရှိ၍ အနိန္ဒြိယဗဒ္ဓဖြစ်သော သက်မဲ့လောက ရုပ်သန္တတိအစဉ်၌ မတည်ရှိသောကြောင့် ဖြစ်သည်။ (မဟာဋီ၊၂၊၁၀၂။)

ပဋိပက္ခပစ္စယာ သပ္ပါယဥတုအာဟာရာဝိက္ခိတ္တစိတ္တတာ။ တေ စ တံတံဝိကာရဿ ဝိသေသပစ္စယဘာ- ဝတော ဝုတ္တာ၊ အဝိသေသေန ပန သဗ္ဗေ သဗ္ဗေသံ ပစ္စယာ။ ယတော နေသံ အညမညာဝိဇဟနံ။ (မဟာဋီ၊၂၊၁၀၁-၁၀၂။)

၁။ ဥတုမျှတခြင်းသည် = သပ္ပါယမျှတသော ဥတုကို မှီဝဲရခြင်းသည် ဥတုဇရုပ်ဖြစ်ကုန်သော လဟုတာ မုဒုတာ ကမ္မညတာတို့၏ ထူးကဲသော အကြောင်းတရား ဖြစ်၏။

၂။ အာဟာရမျှတခြင်း = သပ္ပါယဖြစ်သော အာဟာရကို မှီဝဲရခြင်းသည် အာဟာရဇရုပ်ဖြစ်ကုန်သော လဟုတာ မုဒုတာ ကမ္မညတာရုပ်တို့၏ ထူးကဲသော အကြောင်းတရား ဖြစ်၏။

၃။ စိတ်ဓာတ်ကြည်လင်ခြင်း စိတ်မပျံ့လွင့်ခြင်း စိတ်တည်ကြည်မှုရှိခြင်းသည် စိတ္တဇရုပ်ဖြစ်ကုန်သော လဟုတာ မုဒုတာ ကမ္မညတာတို့၏ ထူးကဲသော အကြောင်းတရား ဖြစ်၏။

သို့သော် အထူးမမ သာမညအားဖြင့် ဆိုရမူ အထက်ပါ သုံးမျိုးကုန်သော အလုံးစုံကုန်သော အကြောင်း တရားတို့သည်ပင် အလုံးစုံကုန်သော ဥတုဇ, အာဟာရဇ, စိတ္တဇဖြစ်ကုန်သော လဟုတာ မုဒုတာ ကမ္မညတာတို့၏ တစ်နည်း ရုပ်အားလုံးတို့၏ အကြောင်းတရားတို့ပင် ဖြစ်ကြသည်။ ယင်းသို့ ဖြစ်ခြင်းကြောင့်ပင် ထိုရုပ်တရားတို့၏ အချင်းချင်း တစ်ပါးသည် တစ်ပါးကို မစွန့်လွှတ်နိုင်ခြင်းပင် ဖြစ်သည်။ (မဟာဋီ၊၂၊၁၀၁-၁၀၂။)

သက်မဲ့လောကနှင့် ကမ္မဇရုပ်လောက

သက်မဲ့လောကနှင့် ကမ္မဇရုပ်လောက

လဟုတာ မုဒုတာ ကမ္မညတာရုပ်တို့သည် ဣန္ဒြိယဗဒ္ဓဖြစ်သော စက္ခုစသော ဣန္ဒြေနှင့် စပ်သော သက်ရှိ ရုပ်လောက၌သာ ရှိသည်ဖြစ်လတ်သော် လဲ, ဝါဂွမ်း စသည်တို့၌ လဟုတာ စသည်တို့သည် ရှိကြသည် မဟုတ်လော ဟူမူ --- ထို လဲ, ဝါဂွမ်း စသည်တို့၌ ပရမတ္ထအားဖြင့် လဟုတာ စသည်တို့သည် မရှိကုန်။ သို့သော် လေးလံမှု စသည်တို့၏ အကြောင်းဖြစ်သော မဟာဘုတ်တို့၏ မရှိခြင်းကြောင့် ထို လဲ, ဝါဂွမ်း စသည်တို့၌ ပေါ့ပါးမှုစသော ပညတ်မျှသာ ရှိသည် ဟူပေ။

ဣန္ဒြိယဗဒ္ဓေပိ ရူပဘဝေ န သန္တိ ဒန္ဓတ္တကရာဒိဓာတုက္ခောဘာဘာဝတော။ (မဟာဋီ၊၂၊၁၀၂။)

စက္ခုစသော ဣန္ဒြေတို့နှင့်စပ်သော ဖြစ်ခြင်းရှိသော ရူပဘဝ = ရူပါဝစရ ရုပ်လောက၌လည်း လေးလံမှု စသည်ကို ပြုလုပ်ပေးတတ်သော ဓာတ်ချောက်ချားခြင်း၏ ထင်ရှားမရှိခြင်းကြောင့် ယင်း လဟုတာစသော ရုပ်တို့ သည် မရှိကြကုန်။ (မဟာဋီ၊၂၊၁၀၂။)

ကသ္မာ ပန ကမ္မဇရူပေသု လဟုတာဒယော န ဟောန္တီတိ? ပစ္စုပ္ပန္နပစ္စယာပေက္ခတ္တာ။ အညထာ သဗ္ဗဒါဘာဝီဟိ လဟုတာဒီဟိ ဘဝိတဗ္ဗံ သိယာတိ။ (မဟာဋီ၊၂၊၁၀၂။)

ထို လဟုတာစသော ရုပ်သုံးမျိုးတို့သည် ကမ္မဇရုပ်တို့၌ မရှိကြကုန်၊ စိတ္တဇ ဥတုဇ အာဟာရဇရုပ်တို့၌သာ ရှိကြကုန်၏၊ အဘယ်ကြောင့်နည်းဟူမူကား --- ကံကား အတိတ်၊ ဤ ရုပ်တို့ကား ပစ္စုပ္ပန်အကြောင်းကို ငဲ့သော ကြောင့်တည်း။ ထိုသို့ မယူဆဘဲ ကမ္မဇရုပ်တို့၌လည်း လဟုတာ စသည်တို့သည် ရှိကြကုန်၏ဟု ယူဆခဲ့လျှင် လဟုတာ စသည်တို့သည် ခန္ဓာအိမ်၌ အမြဲတမ်း ဖြစ်နေကြဖွယ်ရာသာ ရှိပေတော့သည်၊ ထိုသို့ကား မရှိဖြစ်ခဲ့၏၊ တစ်ခါတစ်ရံသာ အကြောင်းညီညွတ်မှု ရှိပါမှ လဟုတာ စသည်တို့သည် ဖြစ်ခွင့်ရကြသည်။ ထိုကြောင့် တိဇရုပ်တို့ ၌သာ လဟုတာ စသည်တို့သည် ရှိကြသည်ဟူပေ။ (မဟာဋီ၊၂၊၁၀၂။)

ရှုကွက် --- စိတ္တဇ ဥတုဇ အာဟာရဇ ရုပ်ကလာပ်တို့ရှိရာ (၆)ဒွါရနှင့် ထိုထို ကောဋ္ဌာသတို့၌ အခါအခွင့် အားလျော်စွာ ရနိုင်ရကား မိမိ သိမ်းဆည်းရှုပွားလိုသော ယင်းလဟုတာ စသည်တို့ပါသော ရုပ်ကလာပ်တစ်ခုကို ဓာတ်ခွဲလျက် ရုပ်ပရမတ်တရားတို့ကို ရှေးဦးစွာ သိမ်းဆည်းပါ၊ ထိုရုပ်ပရမတ်တရားတို့မှ လဟုတာ စသည်ကို ရွေးထုတ်၍ လက္ခဏ-ရသ စသည်ကို ရှုပါ။

၂၅။ ရူပဿ ဥပစယ

၂၅။ ရူပဿ ဥပစယ

၁။ အာစယလက္ခဏော ရူပဿ ဥပစယော၊

၂။ ပုဗ္ဗန္တတော ရူပါနံ ဥမ္မုဇ္ဇာပနရသော၊

၃။ (က) နိယျာတနပစ္စုပဋ္ဌာနော၊

( ခ ) ပရိပုဏ္ဏဘာဝပစ္စုပဋ္ဌာနော ဝါ၊

၄။ ဥပစိတရူပပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၃၆၃-၃၆၄။ ဝိသုဒ္ဓိ၊၂၊၇၉။)

၁။ (က) ဘဝတစ်ခု၌ ရုပ်အစစ်တို့၏ ရှေးဦးအစ ဖြစ်ခြင်းသဘော,

( ခ ) ဣန္ဒြေပြည့်စုံသည့်တိုင်အောင် အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်းသဘော လက္ခဏ၊

၂။ ရှေးအဖို့မှ = ရှေးဖြစ်သော အနာဂတ်အဖို့မှ = မဖြစ်မီ ရှေးအစွန်းမှ ရုပ်တရားတို့ကို

ပေါ်လှာစေသကဲ့သို့ ဖြစ်ခြင်း (ကိစ္စ) ရသ၊

၃။ (က) ဤသည်တို့ကား ရုပ်တရားတို့တည်းဟု ထိုရုပ်တရားတို့က ဆောင်နှင်းပြသကဲ့သို့

ဖြစ်ခြင်း သဘောတရား = အပ်နှင်းတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

( ခ ) တစ်နည်း - ရုပ်အစစ်တို့၏ ပြည့်ပြည့်စုံစုံဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဖြစ်ဆဲရုပ်များ ပဒဋ္ဌာန်။

၂၆။ ရူပဿ သန္တတိ

၂၆။ ရူပဿ သန္တတိ

၁။ ပဝတ္တိလက္ခဏာ ရူပဿ သန္တတိ၊

၂။ အနုပ္ပဗန္ဓနရသာ၊

၃။ အနုပစ္ဆေဒပစ္စုပဋ္ဌာနာ၊

၄။ အနုပ္ပဗန္ဓရူပပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၄။ ဝိသုဒ္ဓိ၊၂၊၇၉။)

၁။ ဣန္ဒြေပြည့်စုံပြီးနောက် ရုပ်အစစ်တို့၏ ေ့ရှနောက် အစဉ်မပြတ် ဆက်ကာ ဆက်ကာ

ဖြစ်ခြင်းသဘော လက္ခဏ၊

၂။ ေ့ရှနောက် အစဉ်မပြတ် အဆင့်ဆင့် ဖွဲ့စပ်ခြင်း (ကိစ္စ) ရသ၊

၃။ ေ့ရှနောက် အစဉ်မပြတ် စေ့စပ် ဖွဲ့ယှက်တတ်သော သဘောတရား

= (အဆက်မပြတ် ဖြစ်တတ်သော သဘောတရား) ပစ္စုပဋ္ဌာန်၊

၄။ ေ့ရှနောက် အစဉ်မပြတ် ဖွဲ့စပ်အပ်သကဲ့သို့ဖြစ်သော ရုပ်တရား ပဒဋ္ဌာန်။

အာစယ - ဥပစယ - သန္တတိ

အာစယ - ဥပစယ - သန္တတိ

ဤအရာတွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက (အဋ္ဌသာလိနီအဋ္ဌကထာကို ကိုးကား၍) အောက်ပါအတိုင်း မှတ်ချက် ချ၍ ရှင်းလင်း တင်ပြထား၏။ (ဝိသုဒ္ဓိ၊၂၊၇၉-၈၀။)

ဤ ဥပစယ သန္တတိ ဟူသော ရုပ်နှစ်ပါး အပေါင်းသည်လည်း ဇာတိရုပ် တစ်ခုတည်း၏သာလျှင် အမည် ဖြစ်ပေသည်၊ သို့ဖြစ်သော်ငြားလည်း ဖြစ်ပုံအခြင်းအရာ ထူးသောအားဖြင့်လည်းကောင်း, ကျွတ်ထိုက်သသူ ဝေနေယျတို့၏ အလိုအဇ္ဈာသယအားဖြင့်လည်းကောင်း ဥပစယ သန္တတိဟူ၍ အကျဉ်းညွှန်ပြကြောင်း ဥဒ္ဒေသဒေသနာကို ဘုရားရှင်သည် ပြုတော်မူပေသည်။ ဤ ဥပစယ သန္တတိ နှစ်ပါးတို့၌ ပရမတ္ထတရားကိုယ် အနက်သဘောအား ဖြင့်ကား ပရမတ် ရုပ်အစစ်တို့၏ဖြစ်မှု ဥပါဒ်ချည်းသာ ဖြစ်၍ ထူးခြားမှုကား မရှိပေ။ ထိုကြောင့် ဤ ဥပစယ သန္တတိ ပုဒ်တို့ကို အကျယ်ဝေဖန် ဟောပြတော်မူရာ နိဒ္ဒေသဒေသနာတော်၌ ---

ယော အာယတနာနံ အာစယော၊ သော ရူပဿ ဥပစယော၊ ယော ရူပဿ ဥပစယော၊ သာ ရူပဿ သန္တတိ။ (အဘိ၊၁၊၁၇၁-၁၇၈။)

ဤသို့ ဟောကြားထားတော်မူ၏၊ ယင်း ပါဠိတော်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

= ရုပ် အာယတန (၁၀-ပါးခွဲ)တို့၏ ရှေးဦးဖြစ်စ ဖြစ်သောကြောင့် အကြင် ဥပါဒ်ဖြစ်သော အခိုက်အတန့်ကို အာစယဟူ၍ ဟောတော်မူအပ်၏၊ ထိုအာစယဟူ၍ ဟောတော်မူအပ်သော ဥပါဒ်ဖြစ်သော အခိုက်အတန့် သည်ပင် ရူပဿ ဥပစယ မည်၏၊ ရှေးဦးဖြစ်စ ဥပါဒ် အခိုက်အတန့် ဖြစ်သောကြောင့်တည်း။ --- အာဒိတော စယော ဥပစယော --- ဟု ပြုပါ။ ဥပသဒ္ဒါသည် ပထမတ္ထတည်း။ ရုပ်အစစ်တို့၏ ရှေးဦးအစ ပထမဥပါဒ် အခိုက်အတန့်သည် ဥပစယ မည်၏ ဟူလိုသည်။

တစ်ဖန် ထိုရုပ်အာယတန (၁၀-ပါးခွဲ)တို့တွင်သာလျှင် နောက်ထပ် ဖြစ်ကုန်သော အာယတနတို့၏ အကြင် ဥပါဒ်ဖြစ်သော အခိုက်အတန့်ကို အထက်အထက်၌ ပွားစီးခြင်း၏ အကြောင်းဖြစ်သောကြောင့် ရူပဿဥပစယ ဟူ၍ ဟောတော်မူအပ်၏၊ ထို အထက်အထက်၌ ပွားစီးခြင်း၏ အကြောင်းဖြစ်သောကြောင့် ဥပစယဟူ၍ ဟော တော်မူအပ်သော ထိုဖြစ်ခြင်းဥပါဒ် အခိုက်အတန့်သည်ပင်လျှင် သန္တတိ မည်၏၊ ေ့ရှနောက် အစဉ်မပြတ် စေ့စပ် ဖွဲ့ယှက်သောအားဖြင့် ဖြစ်ခြင်းသဘော ရှိသောကြောင့်တည်း။

ဤကား အထက်ပါ ပါဠိတော်၏ ဆိုလိုရင်းတည်း။ အဋ္ဌကထာ (အဘိ၊ဋ္ဌ၊၁၊၃၆၃။) ၌လည်း ---

အာစယော နာမ နိဗ္ဗတ္တိ၊ ဥပစယော နာမ ဝဍ္ဎိ၊ သန္တတိ နာမ ပဝတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၃၆၃။)

ရှေးဦးအစ ဖြစ်ခြင်းသည် အာစယ မည်၏။ ရှေးဦးအစ ဖြစ်ခြင်းသည်လည်းကောင်း, အထက်၌ တိုးပွားခြင်း သည်လည်းကောင်း = အထက် အထက်၌ တိုးပွား၍ ဖြစ်ခြင်းသည်လည်းကောင်း ဥပစယ မည်၏။ အစဉ်မပြတ် စေ့စပ်ဖွဲ့ယှက်လျက် ဖြစ်ခြင်းသည် သန္တတိ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၆၃။)

ဤသို့ ဖွင့်ဆိုပြီး၍ အောက်ပါ ဥပမာကို ပြုတော်မူသည်။

နဒိတီရေ ခတကူပသ္မိဥှိ ဥဒကုဂ္ဂမနကာလော ဝိယ အာစယော နိဗ္ဗတ္တိ၊ ပရိပုဏ္ဏကာလော ဝိယ ဥပစယော ဝဍ္ဎိ၊ အဇ္ဈောတ္ထရိတွာ ဂမနကာလော ဝိယ သန္တတိ ပဝတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၃၆၃။)

၁။ မြစ်ကမ်း သဲခုံ၌ တူးအပ်သော လက်ယက်တွင်းငယ်၌ ရေစ၍ထွက်ရာ ကာလကဲ့သို့ ရုပ်တို့၏ ဖြစ်စသည် အာစယ မည်၏။

၂။ ရေပြည့်ရာကာလကဲ့သို့ ရုပ်တို့၏ အထက်အထက်၌ တိုးပွားခြင်းသည် = တိုးပွား၍ ဖြစ်ခြင်းသည် ဥပစယ မည်၏။

၃။ တွင်းငယ်ကို ရေလွှမ်းလျှံ၍ စီးသွားသောကာလကဲ့သို့ ရုပ်တို့၏ အစဉ်မပြတ် စေ့စပ်ဖွဲ့ယှက်လျက် အထပ်ထပ် ဖြစ်ခြင်းသည် သန္တတိ မည်၏။

ဤ ဥပမာကို ပြုအပ်ပေသည်။ ဤ ဥပမာ စကားရပ်၏ အဆုံး၌လည်း ---

ဧဝံ ကိံကထိတံ ဟောတီတိ? အာယတနေနဟိ အာစယော ကထိတော၊ အာစယေန အာယတနံ ကထိတံ။ (အဘိ၊ဋ္ဌ၊၁၊၃၆၃။)

ဤသို့ ဆက်လက် ဖွင့်ဆိုထားတော်မူ၏။ ဤအဖွင့်၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏။ ဓမ္မသင်္ဂဏီပါဠိတော်ဝယ် ဥပစယ သန္တတိတို့ကို အကျယ်ဖွင့်ဆို ဟောကြားတော်မူရာ၌ အထက်တွင် တင်ပြထားသည့်အတိုင်း ---

ယော အာယတနာနံ အာစယော၊ သော ရူပဿ ဥပစယော။ ယော ရူပဿ ဥပစယော၊ သာ ရူပဿ သန္တတိ။ (အဘိ၊၁၊၁၇၁-၁၇၈။)

ဤသို့စသည်ဖြင့် ဟောကြားထားတော်မူ၏။ (ပါဠိတော်၏ ဆိုလိုရင်းကို အထက်၌ ရေးခဲ့ပြီ။) ထိုသို့ ဟော ကြားတော်မူရာဝယ် အာယတနာနံဟု အာယတနသဒ္ဒါဖြင့် အာယတနရုပ်တရားတို့ကို တိုက်ရိုက် ဟောကြားတော်မူလိုက်သဖြင့် ထို အာယတနတို့၏ ဥပါဒ်ခြင်းဟူသော အာစယကိုလည်း ဌာနူပစာရအားဖြင့် ဟောပြီး ဖြစ်တော့သည်။ (ဌာနဖြစ်သော ပရမတ် ရုပ်အစစ်တို့၏ အာယတနဟူသော အမည်ကို ဌာနီဖြစ်သော ယင်းရုပ် အစစ်တို့၏ ဥပါဒ်ခြင်းသဘော၌ တင်စား၍ ယင်းရုပ်အစစ်တို့၏ ဥပါဒ်ခြင်းသဘောကိုလည်း ဌာနူပစာရအားဖြင့် အာယတနဟု ဟောကြားထားတော်မူပြီးပင် ဖြစ်သည်ဟူလို။) ထိုကြောင့် အာယတနေန အာစယော ကထိတော = အာယတနဖြင့် အာစယကိုပါ ဟောပြီးဖြစ်၏ဟု ဆိုသည်။

အဘယ်ကြောင့်နည်းဟူမူ အာစယ ဥပစယ သန္တတိတို့သည် ရုပ်တို့၏ ဖြစ်ခြင်းဥပါဒ်ချည်း ဖြစ်သောကြောင့် အာစယ အမည်ရသည်သာ ဖြစ်ရကား အာယတနတို့ဖြင့် အာစယ ဥပစယ သန္တတိတို့ကို ပြအပ်သည် ဖြစ်သောကြောင့် ထိုအာယတနတို့ဖြင့် (= ထိုအာယတနတို့ကို ဟောတော်မူခြင်းဖြင့်) အာစယကို ဟောတော်မူပြီး ဖြစ်တော့၏ ဟူလိုသည်။ (မဟာဋီ၊၂၊၁၀၃ - ကြည့်။)

တစ်ဖန် အာစယ = ဖြစ်ခြင်းဟူရာ၌လည်း ဖြစ်တတ်သော ရုပ်အာယတနတို့ မရှိကြဘဲ ဖြစ်ခြင်းဟု မရှိနိုင်။ ဖြစ်မှုဟူသည် ရုပ်အစစ်တို့၏ တစ်နည်းဆိုရသော် သင်္ခတ ပရမတ်တရားတို့၏ ဥပါဒ်-ဌီ-ဘင်ဟူသော သင်္ခတလက္ခဏာ (၃)မျိုးတို့တွင် ဥပါဒ်ဟူသော အမှတ်အသား လက္ခဏ တစ်မျိုးမျှသာ ဖြစ်၏၊ တကယ့် ရုပ်အစစ်ကား မဟုတ်ပေ။ ဖြစ်မှု အာစယကို တိုက်ရိုက် ဟောကြားတော်မူလိုက်သဖြင့် ဖြစ်တတ်သော တရားဟူသော အာစယ၏တည်ရာ ရုပ်အာယတနကိုလည်း ဌာနျူပစာရအားဖြင့် ဟောပြီးဖြစ်တော့၏။ (ဌာနီဖြစ်သော ရုပ်အစစ် တို့၏ဖြစ်မှု ဥပါဒ်၏ အာစယဟူသော အမည်ကို ဌာနဖြစ်သော ရုပ်အစစ် = အာယတနတို့အပေါ်၌ တင်စား၍ ဌာနဖြစ်သော အာယတနတို့ကိုလည်း ဌာနျူပစာရအားဖြင့် အာစယဟု ဟောတော်မူသည် ဟူလိုသည်။) ထိုကြောင့် အာစယေန အာယတနံ ကထိတံ = အာစယဖြင့်လည်း အာယတနကို ဟောပြီးပင်ဖြစ်၏ဟူပေ။ ဤ၌ ဥပစယနှင့် သန္တတိတို့သည်လည်း ရုပ်အစစ်တို့၏ ဖြစ်ခြင်း ဥပါဒ်ချည်း ဖြစ်သောကြောင့် အာစယော အရ၌ ဥပစယနှင့် သန္တတိတို့သည်လည်း အကျုံးဝင်သည်ဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၃၆၃။ ဝိသုဒ္ဓိ၊၂၊၇၉။) ဤကား အဋ္ဌကထာတို့၏ ဆိုလိုရင်းတည်း။

တသ္မာ ယာ ရူပါနံ ပဌမာဘိနိဗ္ဗတ္တိ၊ သာ အာစယော။ ယာ တေသံ ဥပရိ အညေသမ္ပိ နိဗ္ဗတ္တမာနာနံ နိဗ္ဗတ္တိ၊ သာ ဝဍ္ဎိအာကာရေန ဥပဋ္ဌာနတော ဥပစယော။ ယာ တေသမ္ပိ ဥပရိ ပုနပ္ပုနံ အညေသံ နိဗ္ဗတ္တမာနာနံ နိဗ္ဗတ္တိ၊ သာ အနုပဗန္ဓာကာရေန ဥပဋ္ဌာနတော သန္တတီတိ စ ပဝုစ္စတီတိ ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၇၉-၈၀။)

ထိုကြောင့် ရုပ်အာယတန ဖြစ်ကြကုန်သော ရုပ်အစစ်တို့၏ ဘဝတစ်ခု၌ အသစ်စက်စက် ရှေးဦးအစ ဖြစ်ခြင်းသည် အာစယ မည်၏။ ထိုတစ်ဘဝတွင်ပင် အသစ်စက်စက် ရှေးဦးအစ ဖြစ်ကုန်သော ရုပ်တို့၏ အထက် အထက်၌ ဖြစ်ကုန်သော တစ်ပါးသော ရုပ်တို့၏လည်း ဖြစ်စဖြစ်သော ဥပါဒ် အခိုက်အတန့်သည် ရှိ၏၊ ထိုဖြစ်ခြင်း ဥပါဒ်သည် ရှေးဖြစ်လင့်သော ရုပ်ပေါ်တွင် ပွားစီးသော အခြင်းအရာအားဖြင့်ဖြစ်သော သဘောတရားဟု ယောဂီ ပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ရှေးရှူ ထင်လာသောကြောင့် ဥပရိ စယော ဝဍ္ဎိ = အထက် အထက်၌ တိုးတက်၍ ဖြစ်ခြင်း ဟူသော အနက်သဘောအရ ဥပစယ မည်၏။

ထိုအာစယ ဥပစယဟူသော ရုပ်တို့၏လည်း အထက်၌ အဖန်ဖန် အထပ်ထပ် စုတိတိုင်အောင် ဖြစ်ကုန်သော တစ်ပါးသော ရုပ်တို့၏ အကြင် ဖြစ်စဖြစ်သော ဥပါဒ် အခိုက်အတန့်သည် ရှိ၏၊ ထိုဖြစ်စဖြစ်သော ဥပါဒ်သည် ရုပ်တို့၏ ေ့ရှနောက် အစဉ်မပြတ် စေ့စပ်ဖွဲ့ယှက်သော အခြင်းအရာအားဖြင့် ဖြစ်နေသော သဘောတရားဟု ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်ဝ၌ ရှေးရှူ ထင်လာသောကြောင့် သန္တတိ မည်၏။ ဤသို့လည်း ဆိုသင့်သည်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၇၉-၈၀။)

အာဒိတော စယော အာစယော၊ ပဌမုပ္ပတ္တိ။ ဥပရိ စယော ဥပစယော။ ပဗန္ဓော သန္တတိ။ (မူလဋီ၊၁၊၁၅၂။)

အစစွာ စီခြင်း = ဖြစ်ခြင်းသည် အာစယ မည်၏၊ ရှေးဦးစွာ ဖြစ်ခြင်းတည်း။ အထက်၌၊ တစ်နည်း --- နောက်ထပ်ဖြစ်ခြင်းသည် ဥပစယ မည်၏။ အဆက်မပြတ် ဖွဲ့စပ်ဖြစ်ခြင်းသည် သန္တတိ မည်၏။ ဤကား ဤသုံးမျိုး တို့၏ အထူးတည်း။

ဤအလိုသော် အာစယ-ဥပစယ-သန္တတိ သုံးထွေပြားသည်ဟု မှတ်ပါ။

ဥပစယ - သန္တတိ

ဥပစယ - သန္တတိ

ယင်းသို့ အာစယ ဥပစယ သန္တတိ သုံးမျိုးဖြစ်သင့်သော် အဘယ်ကြောင့် ဘုရားရှင်သည် ဓမ္မသင်္ဂဏီ ဥဒ္ဒေသပါဠိတော်၌ ဥပစယ သန္တတိ နှစ်မျိုးကိုသာ ဟောကြားတော်မူအပ်ပါသနည်း? အဖြေမှာ ဤသို့ ဖြစ်၏။

တတ္ထ ဥဒ္ဒေသေ အဝုတ္တောပိ အာစယော ဥပစယသဒ္ဒေနေဝ ဝိညာယတိ။ (မူလဋီ၊၁၊၁၅၂။)

ဥဒ္ဒေသပါဠိတော်၌ ဘုရားရှင်သည် မဟောကြားထားအပ်ပါသော်လည်း ဟောကြားထားအပ်သော ဥပစယ သဒ္ဒါဖြင့် အာစယကိုပါ သိအပ်သောကြောင့် အာစယကို ဥပစယ၌ ထည့်သွင်း၍ ဟောကြားတော်မူပါသည် ဟူပေ။ (မူလဋီ၊၁၊၁၅၂။)

ပါဠိယံ ပန ဥပ-သဒ္ဒေါ ပဌမတ္ထော ဥပရိအတ္ထော စ ဟောတီတိ အာဒိစယော ဥပစယော၊ ဥပရိစယော သန္တတီတိ အယမတ္ထော ဝိညာယတီတိ။ အညထာ ဟိ အာစယသင်္ခါတဿ ပဌမုပ္ပါဒဿ အဝုတ္တတာ အာပဇ္ဇေယျ။ (မူလဋီ၊၁၊၁၅၂။)

အာစယောတိ ဥပစယမာဟ၊ ဥပစယောတိ စ သန္တတိံ။ (မူလဋီ၊၁၊၁၅၃။)

ဓမ္မသင်္ဂဏီ ပါဠိတော်၌ ဟောကြားထားတော်မူအပ်သော ဥပစယ ပုဒ်ဝယ် ဥပ-သဒ္ဒါသည် ---

၁။ ပဌမတ္ထ = အာဒိဟူသော ရှေးဦးအစ အနက်ကိုလည်း ဟော၏။

၂။ ဥပရိအတ္ထ = အထက်ဟူသော အနက်ကိုလည်း ဟော၏။

ထိုကြောင့် အာစယ ဥပစယဟု နှစ်ပုဒ်ဟောသော်လည်း --- အာဒိတော စယော ဥပ္ပတ္တိ = နိဗ္ဗတ္တိ ဥပစယော အရ ရုပ်အစစ်တို့၏ ရှေးဦးအစဖြစ်ခြင်း အာစယဖြင့် ဥပစယကို ယူပါ။ ဤသို့ယူသော် ဤ ဥပစယ၌ ဥပ-သဒ္ဒါ ကား ပဌမတ္ထ = ရှေးဦးအစ အနက်ဟောတည်း။

ဥပရိစယော ဝဍ္ဎိ သန္တတိ --- အရ ဥပရိ အနက်ဟော ဥပသဒ္ဒါ ရှေးရှိသော ဥပစယဖြင့် အထက်အထက်၌ တိုးပွား၍ ဖြစ်ခြင်း သန္တတိကို ယူပါ။ ထိုကြောင့် အာစယ ဥပစယဟု နှစ်ပုဒ် ဟောကြားထားတော်မူသော်လည်း အာဒိတော စယော ဥပ္ပတ္တိ အာစယော, ဥပရိ စယော ဝဍ္ဎိ ဥပစယော မူ၍ အာစယဖြင့် ဥပစယကိုယူ, ဥပစယဖြင့် သန္တတိကိုယူက ကိစ္စကုန်၏။ ဥပစယော သန္တတိ ဟောသော်လည်း အာဒိတော စယော ဥပစယော မူ၍ ဥပစယဖြင့် အာစယကိုယူ, သမ္ဗန္ဓော ဟုတွာ တနီယတေ သန္တတိ၊ ပမ္ဗန္ဓော = ေ့ရှနောက် ဖွဲ့ယှက်လျက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာသော ဖွဲ့စပ်သော ရုပ်အစဉ်သည် သန္တတိတည်းဟု ယူ၍ ယင်းသန္တတိဖြင့် ဥပစယကို ယူက ကိစ္စကုန်၏။ (ပြည်-ဝိသုဒ္ဓိမဂ်နိဿယ၊၃၊၂၂၈ - ကြည့်ပါ။)

ဥပသဒ္ဒါ၏ အာဒိအနက်ဟူသော ပထမ ရှေးဦးအစဖြစ်ခြင်း အနက်ဟောမှုကို မယူဘဲ ဥပရိအနက်ဟူသော အထက်အထက်၌ တိုးတက်၍ ဖြစ်မှုကိုသာ ယူခဲ့ပါမူ အာစယ = ရုပ်အစစ်တို့၏ ရှေးဦးအစ ပထမဦးစွာ ဖြစ်မှု = ပဌမုပ္ပတ္တိကို ဘုရားရှင် မဟောကြားရာ ရောက်လေရာသည်။ (မူလဋီ၊၁၊၁၅၂။)

အဋ္ဌသာလိနီ အဋ္ဌကထာနှင့် ဋီကာအဖွင့်များ

အဋ္ဌသာလိနီ အဋ္ဌကထာနှင့် ဋီကာအဖွင့်များ

အာစယောတိ နိဗ္ဗတ္တိ။ သော ရူပဿ ဥပစယောတိ ယော အာယတနာနံ အာစယော ပုနပ္ပုနံ နိဗ္ဗတ္တမာနာနံ၊ သောဝ ရူပဿ ဥပစယော နာမ ဟောတိ၊ ဝဍ္ဎီတိ အတ္ထော။ ယော ရူပဿ ဥပစယော၊ သာ ရူပဿ သန္တတီတိ ယာ ဧဝံ ဥပစိတာနံ ရူပါနံ ဝဍ္ဎိ၊ တတော ဥတ္တရိတရံ ပဝတ္တိကာလေ သာ ရူပဿ သန္တတိ နာမ ဟောတိ၊ ပဝတ္တီတိ အတ္ထော။ (အဘိ၊ဋ္ဌ၊၁၊၃၆၃။)

ပါဠိယံ ပန ဥပ-သဒ္ဒေါ ပဌမတ္ထော ဥပရိအတ္ထော စ ဟောတီတိ အာဒိစယော ဥပစယော၊ ဥပရိစယော ဥပစယောတိ အယမတ္ထော ဝိညာယတီတိ။ အညထာ ဟိ အာစယသင်္ခါတဿ ပဌမုပ္ပါဒဿ အဝုတ္တတာ အာပဇ္ဇေယျ။ (မူလဋီ၊၁၊၁၅၂။)

ယော အာယတနာနံ အာဒိစယတ္တာ အာစယော ပုနပ္ပုနံ နိဗ္ဗတ္တမာနာနံ၊ သောဝ ရူပဿ ဥပရိစယတ္တာ ဥပစယောတိ အဓိပ္ပေတံ အတ္ထံ ပါဠိယံ ယောဇေတွာ ဒေဿတုံ ပါဠိယံ ပနာတိအာဒိ ဝုတ္တံ။ ဥပသဒ္ဒေါ ပဌမတ္ထော ဒါနံ ဘိက္ခဝေ ပဏ္ဍိတုပညတ္တန္တိအာဒီသု ဝိယ။ ဥပရိအတ္ထော စ သမ္မဋ္ဌေ ဥပသိတ္တေ စ၊ တေ နိသီဒိံသု မဏ္ဍပေတိအာဒီသု ဝိယ။ (အနုဋီ၊၁၊၁၆၆။)

ဓမ္မသင်္ဂဏီ ပါဠိတော်၌ --- ယော အာယတနာနံ အာစယော၊ သော ရူပဿ ဥပစယော --- ဟု အာစယနှင့် ဥပစယကို အရတူ ဟောတော်မူ၏။

တစ်ဖန် ယော ရူပဿ ဥပစယော, သာ ရူပဿ သန္တတိ --- ဟု ဥပစယနှင့် သန္တတိကို အရတူပင် ဟောကြားထားတော်မူ၏။ အဋ္ဌကထာဆရာတော်ကား ဤသို့ ခွဲထား သတ်မှတ်တော်မူ၏။

ပါဠိတော်၌ အာစယသဒ္ဒါကို ဥဒ္ဒေသဝယ် မဟောအပ်ပါသော်လည်း ဥပစယော၌ ဥပသဒ္ဒါသည် - (၁)ပထမ အနက်, (၂) ဥပရိအနက် ဤအနက် (၂)မျိုးကို ဟောသောကြောင့် ---

၁။ အာဒိစယ --- ဖြစ်သော ဥပစယ၊

၂။ ဥပရိစယ --- ဖြစ်သော ဥပစယ၊

ဤသို့ အနက် (၂)မျိုးကို သိနိုင်၏။

၁။ အာဒိစယဖြစ်သော ဥပစယ --- ဒါနံ ဘိက္ခဝေ ပဏ္ဍိတုပညတ္တံ = (ပဏ္ဍိတ-ဥပညတ္တံ) = ရဟန်းတို့ ...ဒါနကို ပညာရှိသူတော်ကောင်းတို့က ရှေးဦးအစ ပညတ်ထားအပ်၏။ (အံ၊၁၊၁၄၉။) ဤ ပါဠိတော်၌ ဥပညတ္တံ-ဝယ် ဥပသဒ္ဒါသည် အစဟူသော အနက်ကို ဟောသကဲ့သို့ ဤ ဥပစယ၌ ဥပသဒ္ဒါသည်လည်း အစဟူသော အနက်ကို ဟော၏။ ဘဝတစ်ခုဝယ် ပဋိသန္ဓေခဏ၌ ဂဗ္ဘသေယျက သတ္တဝါတို့၏ ကာယ ဘာဝ ဝတ္ထုဒသကတို့ အစဆုံး ဥပါဒ်ခြင်းကိုလည်းကောင်း , သံသေဒဇ ဩပပါတိက သတ္တဝါတို့၏ စက္ခု သောတ စသော ဒသက (၇)ပါးတို့၏ အစဆုံး ဥပါဒ်ခြင်းကိုလည်းကောင်း --- အာဒိတော စယော အာစယော၊ ပဌမုပ္ပတ္တိ = အာဒိစယော ဥပစယော --- (မူလဋီ၊၁၊၁၅၂။) ဟူသည်နှင့်အညီ အာစယလည်း မည်၏၊ ဥပစယလည်း မည်၏။ ဘဝတစ်ခု၌ ရထိုက်သမျှ ရုပ်အစစ်တို့၏ ပထမအဦးဆုံး အစဆုံး ဥပါဒ်ခြင်းသဘောတည်း။ ဤ ပထမဖြစ်ခြင်း အနက်ရှိသော ဥပစယနှင့် မြစ်ကမ်းပါး၌ လက်ယက်တွင်းတူးရာ ပထမဦးစွာ ရေထွက်ခြင်းသည် တူ၏။

၂။ ဥပရိစယော ဥပစယော --- သမ္မဋ္ဌေ ဥပသိတ္တေ စ၊ တေ နိသီဒိံသု မဏ္ဍပေ = တံမြက်လှည်းထားအပ်သည် လည်း ဖြစ်သော, အထက်၌ ရေသွန်းဖျန်းထားအပ်သည်လည်း ဖြစ်သော မဏ္ဍပ်၌ ထိုသူတို့သည် ထိုင်နေကုန်ပြီ ဤပါဠိတော်ဝယ် ဥပသိတ္တေ-၌ ဥပသဒ္ဒါသည် ဥပရိအတ္ထ = အထက်ဟူသော အနက်ကိုလည်း ဟောသကဲ့သို့ (= တံမြက်လှည်းပြီးသား မြေပေါ်၌ ထပ်မံ၍ ရေသွန်းဖျန်းမှုကို ဥပသိတ္တေ၌ ဥပသဒ္ဒါက ညွှန်ပြသကဲ့သို့) ဤ ဥပစယ၌ ဥပသဒ္ဒါသည် ဥပရိအတ္ထ = အထက်ဟူသော အနက်ကိုလည်း ဟော၏၊ ထိုကြောင့် တစ်ဘဝအတွက် ရထိုက်သမျှ ရုပ်တို့၏ အထက်အထက်၌ ဖြစ်ခြင်း = အဖန်ဖန် အထပ်ထပ် ဖြစ်ခြင်း = တိုးတက်၍ ဖြစ်ခြင်းကိုလည်း ဥပစယဟုပင် ခေါ်၏။ မြစ်ကမ်းပါးဝယ် လက်ယက်တွင်းတူးရာ၌ ပထမဦးဆုံး ရေထွက်လာခြင်းသည် အာဒိအနက် = ပထမအနက်ရှိသော ဥပစယနှင့် တူ၍ တစ်တွင်းလုံး ရေပြည့်သည်တိုင်အောင် အထက်အထက်၌ တိုးတက်၍ ထွက်လာခြင်းသည် ဥပရိအနက်ရှိသော ဥပသဒ္ဒါနှင့်ယှဉ်သော ဥပစယနှင့် တူ၏။ ဤဥပမာအရ --- တစ်ဘဝ အတွက် ရထိုက်သမျှရုပ်များ မစုံခင် အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်း = တစ်ဘဝအတွက် ရထိုက်သမျှရုပ်များ ပြည့်စုံသည်တိုင်အောင် အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်းကိုလည်း ဥပစယဟုပင် ခေါ်၏ဟု မှတ်ပါ။ ဂဗ္ဘသေယျက = အမိဝမ်း၌ ကိန်းအောင်းလျက် ပဋိသန္ဓေ တည်နေကြရသော သတ္တဝါတို့၌ (၁၁)သတ္တာဟ (ဋီကာကျော်အလို သတ္တမသတ္တာဟ) လောက်ကြာမှ စက္ခု သောတ ဃာန ဇိဝှါဒသကတို့ ဖြစ်ကြ၏၊ ထိုအခါကျမှ တစ်ဘဝအတွက် ရထိုက်သမျှ ရုပ်များ စုံသည်။ ထိုကြောင့် စက္ခု သောတ ဃာန ဇိဝှါ ဒသကတို့ ဖြစ်သည့်တိုင် အောင် အတွင်း၌ အားလုံးသော ရုပ်တို့၏ ဖြစ်ခြင်းဥပါဒ်ကို ဥပစယဟုချည်း မှတ်ပါ။

သံသေဒဇ, ဩပပါတိက သတ္တဝါတို့၌ ရှေးဦးအစ ပဋိသန္ဓေစိတ်နှင့် အတူဥပါဒ်ကြသော ကမ္မဇရုပ်တို့၏ အစဦးစွာ ပထမ ဖြစ်ခြင်းဥပါဒ်ကို အာဒိအနက် = ပထမအနက် ရှိသော အာစယ = ဥပစယဟုလည်းကောင်း, ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်ဟူသော စတုသမုဋ္ဌာနိက ရုပ်တရားအားလုံးတို့၏ ပြည့်စုံ သည်တိုင်အောင် အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်းဥပါဒ်ကို ဥပရိအနက် ရှိသော ဥပစယဟုလည်းကောင်း မှတ်ပါ။

၃။ သန္တတိ --- သမ္ဗန္ဓော ဟုတွာ တနီယတေ သန္တတိ = သမ္ဗန္ဓာ တတိ သန္တတိ --- ဤသို့လျှင် တစ်ဘဝ၌ ရထိုက်သမျှ ရုပ်ကလာပ်များ ပြည့်စုံသည်တိုင်အောင် ရုပ်တရားတို့၏ အကြင် တိုးပွားလာခြင်းသည် ရှိ၏၊ ထိုတိုးပွား ခြင်းထက် သာ၍လွန်စွာ တစ်ဘဝ၌ ရထိုက်သမျှရုပ်များ ပြည့်စုံပြီးနောက် ဆက်၍ ဖြစ်ရာအခါ၌ ရုပ်တရားတို့၏ တိုးပွားခြင်းကို သန္တတိဟု ခေါ်၏။ မြစ်ကမ်းပါး၌ လက်ယက်တွင်းတူးရာ တွင်းပြည့်အောင် ရေထွက်ပြီးနောက် တွင်းကိုလျှံ၍ ရေများစီးထွက်သွားခြင်းသည် သန္တတိနှင့် တူ၏ဟု အဋ္ဌကထာတို့၌ ဥပမာပြ၏။

ထိုကြောင့် အမိဝမ်းဝယ် ကိန်းအောင်းလျက် ပဋိသန္ဓေ တည်နေကြရကုန်သော ဂဗ္ဘသေယျက သတ္တဝါတို့ သန္တာန်၌ စက္ခုဒသကကလာပ် စသည်ရုပ်ကလာပ်တို့ ပထမအကြိမ်ဖြစ်ပြီးနောက် တစ်နည်းဆိုရသော် ဣန္ဒြေ ပြည့်စုံသည်တိုင်အောင် စတုသမုဋ္ဌာနိက ရုပ်တရားတို့ ဖြစ်ပြီးနောက် အထက်အထက်၌ ဆက်ကာ ဆက်ကာ ရုပ်ကလာပ်များစွာတို့၏ မသေမချင်း ဥပါဒ်မှုကို သန္တတိဟုချည်း ခေါ်၏။ အညှိကိုစွဲ၍ ဖြစ်ကြရသော သံသေဒဇ သတ္တဝါ, ကိုယ်ထင်ရှားဖြစ်ကြရသော ဩပပါတိက သတ္တဝါတို့၌လည်း စတုသမုဋ္ဌာနိက ရုပ်တရားတို့ စုံစုံလင်လင် ဖြစ်ပြီးသည်မှ အထက် အထက်၌ နောက်ထပ်၍ ဥပါဒ်သမျှကို သန္တတိဟုပင် ခေါ်သည်။ (အဘိ၊ဋ္ဌ၊၁၊၃၆၃။ မူလဋီ၊၁၊၁၅၂ - ကြည့်။)

ဤအဖွင့်များအရ အာစယ, ဥပစယ, သန္တတိတို့သည် အာယတနတို့၏ ဖြစ်ခြင်း ဥပါဒ်အားဖြင့် တူကြ၏၊ ဥပါဒ်ခြင်း၏ တည်ရာ အာယတနချင်းကား မတူကြဟု မှတ်ပါ။

၁။ အစဆုံးဖြစ်သော အာယတန,

၂။ ရုပ်မစုံခင် = ရုပ်စုံသည့်တိုင်အောင် ဖြစ်သော အာယတန,

၃။ ရုပ်စုံပြီးနောက် ဆက်၍ ကျယ်ပြန့်သော အာယတန,

ဤသို့ ကွဲပြားကြသည် ဟူလို။ (သင်္ဂြိုဟ်ဘာသာဋီကာ၊၄၁၀-၄၁၁။ အဋ္ဌသာလိနီဘာသာဋီကာ၊၄၊၂၂-၂၃ - ကြည့်ပါ။)

ပြည်ဆရာတော်ဘုရားကြီး၏ မှတ်ချက်

ပြည်ဆရာတော်ဘုရားကြီး၏ မှတ်ချက်

သမ္ဗန္ဓော ဟုတွာ တနီယတေ သန္တတိ။ ။ သမ္ဗန္ဓော ဟုတွာ = အဆင့်ဆင့် စေ့စပ်ဖွဲ့ယှက်သည် ဖြစ်၍။ တနီယတေ = ကျယ်ခြင်း ပြန့်ခြင်း။ သန္တတိ = အဆင့်ဆင့် စေ့စပ်ဖွဲ့ယှက်သည် ဖြစ်၍ ကျယ်ခြင်း ပြန့်ခြင်း။ သံပုဗ္ဗ = သံရှေးရှိသော တနု-ဓာတ် တိ-ပစ္စည်း ဘာဝသာဓ်တည်း။

၁။ တစ်ဘဝတည်းတွင် ရှေးက မဖြစ်ဖူးသေးသော ရုပ်တို့၏ ဖြစ်စသည် ဥပစယ မည်၏၊ တစ်ကြိမ် ဖြစ်ဖူး၍ တစ်ဖန် ထိုနောက် ရုပ်တို့၏ ဖြစ်စဉ်သည် သန္တတိမည်ရကား ဂဗ္ဘသေယျကသတ္တဝါတို့၏ ကာယဒသက, ဝတ္ထု ဒသက, ဘာဝဒသက ကမ္မဇကလာပ် သုံးစည်းတို့၏ ရှေးဦး ဖြစ်စသည် ဥပစယ၊ တစ်ဖန်ထပ်၍ ဖြစ်စဉ်သည် သန္တတိ။

၂။ ပဋိသန္ဓေ၏ ဌီကာလ၌ ဥတုဇရုပ်တို့၏ ဖြစ်စသည် ဥပစယ၊ ယင်းရုပ်တို့၏ ထပ်၍ ဖြစ်စဉ်သည် သန္တတိ။

၃။ ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပ္ပါဒက္ခဏ = ဥပါဒ်ခဏ၌ စိတ္တဇရုပ်တို့၏ ဖြစ်စသည် ဥပစယ၊ ယင်းရုပ်တို့၏ ဒုတိယဘဝင် စသည်၌ ဖြစ်စဉ်သည် သန္တတိ။

၄။ ဗဟိဒ္ဓဩဇာ နှံ့သကာလ၌ အာဟာရဇရုပ်တို့၏ ဖြစ်စသည် ဥပစယ၊ ယင်းရုပ်တို့၏ နောက်ပြီး တစ်ဖန် ဆက်ကာဆက်ကာ ဖြစ်စဉ်သည် သန္တတိ။

၅။ မိမိကာလရောက်၍ စက္ခုဒသက, သောတဒသက, ဃာနဒသက, ဇိဝှါဒသကတို့၏ ရှေးဦးဖြစ်စသည် ဥပစယ၊ နောက်ပြီး တစ်ဖန် ဆက်ကာဆက်ကာ ဖြစ်စဉ်သည် သန္တတိမည်၏ ဟူလိုသည်။ ဤဆိုခဲ့ပြီးသော ဥပစယ, သန္တတိကို ဂဗ္ဘသေယျက သတ္တဝါအား ရည်၍ ဆိုသတည်း။

၆။ သံသေဒဇ ဩပပါတိကသတ္တဝါတို့၌ကား ပဋိသန္ဓေခဏဝယ် ရုပ်တို့၏ ဥပါဒ်သည် ဥပစယ မည်၏။ ထိုမှ နောက်၌ စုတိတိုင်အောင် နိပ္ဖန္နရုပ်တို့၏ ဖြစ်စဉ်သည် အဆင့်ဆင့် စေ့စပ်သဖြင့် ကျယ်ခြင်း, ပြန့်ခြင်းဟူသော ဖြစ်စဉ် ဖြစ်သောကြောင့် သန္တတိ မည်၏ မှတ်လေ။ (ပြည်-ဝိသုဒ္ဓိမဂ်နိဿယ၊၃၊၂၂၆-၂၂၇။)

ပြည်ဆရာတော်ဘုရားကြီး၏ ဤ ခွဲထားသတ်မှတ်ချက်များမှာ အာဒိစယော ဥပစယော၊ ဥပရိစယော သန္တတိ --- (မူလဋီ၊၁၊၁၅၂။) လက်ရှိမူ စကားရပ်ကို ကိုးကား၍ သတ်မှတ်ထားသော မှတ်ချက်များ ဖြစ်ကြ၏။ သို့သော် တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကား ယင်း မူလဋီကာ စကားရပ်၌ --- အာဒိစယော ဥပစယော၊ ဥပရိစယော သန္တတိဟု မရှိသင့်ဘဲ --- အာဒိစယော ဥပစယော၊ ဥပရိစယော ဥပစယောဟုသာ ရှိသင့်ကြောင်းကို အောက်ပါအတိုင်း ဆုံးဖြတ်ထား၏။

စာအုပ်များ၌ --- ဥပရိစယော သန္တတိဟု တွေ့ရ၏၊ ဥပရိစယသည် သန္တတိ မဟုတ်သေး၊ ဥပစယ၏ နောက်၌ အဆက်ဆက်ဖြစ်ခြင်းကိုသာ သန္တတိဟု ခေါ်၏၊ ထိုကြောင့် --- အာဒိစယော ဥပစယော၊ ဥပရိစယော ဥပစယောတိဟုသာ ရှိသင့်၏။ ထိုသို့ ရှိသင့်ကြောင်းကို --- အညထာ ဟိ အာစယသင်္ခါတဿ ပဌမုပ္ပါဒဿ အဝုတ္တတာ အာပဇ္ဇေယျ = ဥပသဒ္ဒါ၏ အာဒိအနက် = ပထမရှေးဦး အစဖြစ်ခြင်းအနက် ဟောမှုကို မယူဘဲ ဥပရိအနက်ဟူသော အထက်အထက်၌ တိုးတက်၍ ဖြစ်မှုကိုသာ ယူခဲ့ပါမူ အာစယ = ရုပ်အစစ်တို့၏ ရှေးဦးအစ ပထမဦးစွာဖြစ်မှု = ပဌမုပ္ပတ္တိကို ဘုရားရှင်သည် မဟောကြားရာ ရောက်လေရာသည် --- ဟူသော နောက် လဒ္ဓဒေါသဝါကျ = ရရှိနိုင်သော အပြစ်ကို ဖော်ပြသော ဝါကျကိုထောက်လျှင် သာ၍ သိသာသည်။ (အဋ္ဌသာလိနီဘာသာဋီကာ၊၄၊၃၄၃-၃၄၄။)

ဤ တောင်မြို့ဆရာတော်၏ မှတ်ချက်များမှာလည်း ---

အာဒိတော စယော အာစယော၊ ပဌမုပ္ပတ္တိ။ ဥပရိစယော ဥပစယော။ ပဗန္ဓော သန္တတိ။ (မူလဋီ၊၁၊၁၅၂။)

= အစ၌ဖြစ်ခြင်း ပထမဦးစွာဖြစ်ခြင်းသည် အာစယ မည်၏။ အထက်၌ဖြစ်ခြင်း နောက်ထပ်ဖြစ်ခြင်းသည် ဥပစယ မည်၏။ အဆက်မပြတ် ဖွဲ့စပ်လျက် ဖြစ်ခြင်းသည် သန္တတိ မည်၏။ (မူလဋီ၊၁၊၁၅၂။)

ဤဖွင့်ဆိုချက်များနှင့် နှီးနှောမိလျက်ပင် ရှိပါသည်။ မြစ်ကမ်းပါးဝယ် တူးအပ်သော လက်ယက်တွင်း၌ ရေထွက်လာပုံ ဥပမာနှင့်လည်း နှီးနှောမိလျက်ပင် ရှိသည်။ ဤအာစယ ဥပစယ သန္တတိတို့မှာ ရုပ်အာယတနတို့၏ ဖြစ်မှု ဥပါဒ်ချည်းသာ ဖြစ်ကြသဖြင့် --- မိမိသိမ်းဆည်း ရှုပွားလိုသော ရုပ်အစစ် တစ်မျိုးမျိုး၏ ---

၁။ ဘဝတစ်ခု၌ ခေါင်ဆုံးဖြစ်မှု ဥပါဒ်ကိုလည်းကောင်း,

၂။ ထိုရုပ်၏ နောက်ထပ် အဆက်ဆက်ဖြစ်မှု ဥပါဒ်ကိုလည်းကောင်း,

ဉာဏ်ဖြင့်မြင်အောင် သိမ်းဆည်း၍ အထက်တွင် တင်ပြထားသည့်အတိုင်း လက္ခဏ-ရသ စသည်ကို ရှုပါက လုံလောက်သည်သာ ဖြစ်ပါသည်။

တသ္မာ ယာ ရူပါနံ ပဌမာဘိနိဗ္ဗတ္တိ၊ သာ အာစယော။ ယာ တေသံ ဥပရိ အညေသမ္ပိ နိဗ္ဗတ္တမာနာနံ နိဗ္ဗတ္တိ၊ သာ ဝဍ္ဎိအာကာရေန ဥပဋ္ဌာနတော ဥပစယော။ ယာ တေသမ္ပိ ဥပရိ ပုနပ္ပုနံ အညေသံ နိဗ္ဗတ္တမာနာနံ နိဗ္ဗတ္တိ၊ သာ အနုပဗန္ဓာကာရေန ဥပဋ္ဌာနတော သန္တတီတိ စ ပဝုစ္စတီတိ ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၇၉-၈၀။)

ပြည်ဆရာတော်ဘုရားကြီးကား အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့်အညီ ---

၁။ ဘဝတစ်ခု၌ ရုပ်အာယတနတို့၏ အသစ်စက်စက် ရှေးဦးအစဖြစ်ခြင်းသည် အာစယ မည်၏။ ပထမအကြိမ် ဖြစ်ခြင်းတည်း။

၂။ ထိုရုပ်အာယတနတို့၏ ဒုတိယအကြိမ် ထပ်ဖြစ်ခြင်းသည် ဥပစယ မည်၏။

၃။ ထိုရုပ်အာယတနတို့၏ တတိယအကြိမ်မှစ၍ စုတိတိုင်အောင် အထပ်ထပ် ဆက်စပ်ဖွဲ့ယှက်လျက် ဖြစ် ခြင်းသည် သန္တတိ မည်၏။

ဤသို့ ခွဲခြား သတ်မှတ်တော်မူလို၏။ (ပြည်-ဝိသုဒ္ဓိမဂ်နိဿယ၊၃၊၂၂၉ - ကြည့်။) (အထက်ပါ အဋ္ဌကထာ၏ ဘာသာပြန်ကို အထက်၌ ရေးသားတင်ပြခဲ့ပြီ။)

ပစ္စုပဋ္ဌာန် --- ဥပစယ၏ ပစ္စုပဋ္ဌာန် နှစ်မျိုးရှိရာဝယ် ---

၁။ နိယျာတနပစ္စုပဋ္ဌာနော = ဤသည်တို့ကား ရုပ်တရားတို့တည်းဟု ထိုရုပ်တို့က ဆောင်နှင်းပြသကဲ့သို့ ဖြစ်ခြင်းသဘောတရား = အပ်နှင်းတတ်သော သဘောတရားဟု ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူ ထင်လာမှုကား အာဒိစယ - အနက်ဟော = ရှေးဦးအစ ဖြစ်ခြင်းအနက်ဟော ဥပစယ၏ ပစ္စုပဋ္ဌာန်တည်း။

၂။ ပရိပုဏ္ဏဘာဝပစ္စုပဋ္ဌာနော = ရုပ်အစစ်တို့၏ ပြည့်ပြည့်စုံစုံ ဖြစ်လာမှု သဘောတရားဟု ယောဂါဝစရ ပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူထင်လာမှုကား ဥပရိစယ = အထက်အထက်၌ တိုးပွား၍ဖြစ်ခြင်း အနက်ဟော ဥပစယ၏ ပစ္စုပဋ္ဌာန်တည်း။

ရှုကွက် --- ဥပစယ၏ လက္ခဏ-ရသ-စသည်ကို သိမ်းဆည်းလိုပါက ရှေးဦးစွာ ပဋိသန္ဓေအခါ၌ဖြစ်စေ, ထိုထို သတ္တာဟ၌ဖြစ်စေ ခေါင်ဆုံးစ၍ ဥပါဒ်သော မိမိရှုလိုသည့် ရုပ်ကလာပ်ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် ရုပ်ပရမတ်တရားတို့ကို သိမ်းဆည်းလျက် ယင်းရုပ်ပရမတ်အစစ်တို့၏ ဖြစ်မှု ဥပါဒ်ကို အာရုံယူ၍ သိမ်းဆည်း ရှုပွားပါ။ သန္တတိ၏ လက္ခဏ-ရသ စသည်ကို သိမ်းဆည်းရှုပွားလိုပါက ယ္ခုတရားထိုင်နေဆဲ အချိန်၌ ရုပ်ကလာပ် တစ်ခု၏အတွင်း၌ တည်ရှိကြသော ရုပ်တရားတို့၏ သို့မဟုတ် ရုပ်ကလာပ် အများစု၏ အတွင်း၌ တည်ရှိကြသော ရုပ်တရားတို့၏ ဖြစ်ခြင်း ဥပါဒ်ကို အာရုံယူ၍လည်း ရှုနိုင်၏။ ဘဝတစ်ခုဝယ် တစ်ကြိမ်ဖြစ်ပြီးနောက် သို့မဟုတ် နှစ်ကြိမ်ဖြစ်ပြီးနောက် အထက် အထက်၌ တိုးတက်၍ တိုးပွား၍ ဖြစ်နေသော ရုပ်ကလာပ်တစ်ခု၏ သို့မဟုတ် ရုပ်ကလာပ် အများစု၏ အတွင်း၌ တည်ရှိကြသော ရုပ်တရားတို့၏ ဖြစ်မှု ဥပါဒ်ကို အာရုံယူ၍လည်း ရှုနိုင်ပါ၏။ ဉာဏ်မငုံမိပါက ရုပ်ကလာပ် တစ်ခုခုကို ဦးတည်၍ ယင်းရုပ်ကလာပ် အတွင်း၌ တည်ရှိသော ရုပ်တရားတို့၏ (၁) ရှေးဦးအစဖြစ်မှုကို အာရုံယူ၍ ဥပစယကိုလည်းကောင်း, (၂) တစ်ကြိမ်ဖြစ်ပြီးနောက် သို့မဟုတ် နှစ်ကြိမ်ဖြစ် ပြီးနောက် ယင်းရုပ်တရားတို့၏ ရှေးနှင့်နောက် ဆက်စပ်ဖွဲ့ယှက်လျက် အထပ်ထပ်ဖြစ်ခြင်း ဥပါဒ်ကို အာရုံယူ၍ သန္တတိကိုလည်းကောင်း လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် သိမ်းဆည်းပါ။

၂၇။ ရူပဿ ဇရတာ

၂၇။ ရူပဿ ဇရတာ

၁။ ရူပပရိပါကလက္ခဏာ ရူပဿ ဇရတာ၊

၂။ ဥပနယနရသာ၊

၃။ သဘာဝါနပဂမေပိ နဝဘာဝါပဂမပစ္စုပဋ္ဌာနာ, ဝီဟိပုရာဏဘာဝေါ ဝိယ၊

၄။ ပရိပစ္စမာနရူပပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၅။)

၁။ ရုပ်အစစ်တို့၏ ရင့်ကျက်ခြင်း ဟောင်းခြင်းသဘော လက္ခဏ၊

၂။ ပျက်ခြင်း ဘင်သို့ = မရဏသို့ ကပ်၍ဆောင်ခြင်း (ကိစ္စ) ရသ၊

၃။ ဆိုင်ရာသဘာဝလက္ခဏာ မကင်းသေးသော်လည်း အသစ်၏ အဖြစ်မှ (အသစ်၏

အဖြစ်ဟု ဆိုအပ်သော ဖြစ်ခြင်း အခိုက်အတန့်မှ) ကင်းခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

(ကောက်စပါးတို့၏ ဟောင်းကုန်သည်၏ အဖြစ်ကဲ့သို့ မှတ်ပါ။)

၄။ ရင့်ကျက်ဆဲရုပ်များ ပဒဋ္ဌာန်။

ကိစ္စရသ --- ဇရာသို့ရောက်သော ရုပ်အား ဘင်သည် မချွတ်ဖြစ်လတ္တံ့သော = အဝဿံဘာဝီ ဖြစ်၍ ဥပနယနရသာ = ဘင်၏အနီးသို့ = ပျက်ခြင်း သေခြင်း မရဏ၏အနီးသို့ ကပ်၍ဆောင်ခြင်း ကိစ္စရှိ၏ ဟူပေသည်။

ပစ္စုပဋ္ဌာန် --- သဘာဝါနပဂမေပီတိ ကက္ခဠတာဒိသဘာဝဿ အဝိဂမေပိ။ ဌိတိက္ခဏေ ဟိ ဇရာ၊ န စ တဒါ ဓမ္မော သဘာဝံ ဝိဇဟတိ နာမ။ နဝဘာဝေါ ဥပ္ပါဒါဝတ္ထာ၊ တဿ အပဂမဘာဝေန ဂယှတီတိ အာဟ နဝဘာဝါပဂမပစ္စုပဋ္ဌာနာတိ။ (မဟာဋီ၊၂၊၁၀၃။)

ရုပ်တရားတို့၏ ကက္ခဠတ္တ = ခက်မာခြင်း စသော ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင်သဘာဝလက္ခဏာသည် ဇရာ ဟူသော ဌီကာလ ဌီခဏ၌ တည်ရှိတုန်းပင် တည်ရှိနေဆဲပင် ဖြစ်သည်။ ထိုဌီကာလ၌ ပရမတ်တရားတို့သည် မိမိတို့ဆိုင်ရာ ကိုယ်ပိုင်သဘာဝလက္ခဏာများကို မစွန့်လွှတ်သေးပေ။ ထိုဌီကာလ၌ ပရမတ်တို့၏ ဖြစ်မှု ဥပါဒ် သဘောကား ကင်းပြီးဖြစ်၏၊ ယင်းဥပါဒ် အခိုက်အတန့်ကိုပင် --- နဝဘာဝ = အသစ် အဖြစ် --- ဟု ခေါ်ဆိုရသည်။ ဌီကာလ = ဌီခဏ၌ကား ယင်းဖြစ်ခြင်း = ဥပါဒ်ဟူသော အသစ်အဖြစ်မှ ကင်းခြင်းသဘောတရားဟု ယောဂါဝစရ ပုဂ္ဂိုလ်၏ဉာဏ်တွင် ရှေးရှူထင်နေပေသည်။ ကောက်စပါးသည် ဟောင်းသွားသည့်အခါ စပါး၏သဘော မပြောင်း သေးသော်လည်း အသစ်သဘောမှ အဟောင်းသဘောသို့ ပြောင်းသကဲ့သို့, ဇရာ၏ဖြစ်ရာ သက်ရှိသက်မဲ့ ရုပ်တရား တို့၌ မူလဆိုင်ရာ ကိုယ်ပိုင်သဘာဝလက္ခဏာ မပြောင်းသေးသော်လည်း ဥပါဒ်ဟူသော အသစ်သဘောမှ ဇရာ ဟူသော ဌီကာလ = ရင့်ကျက်ခြင်းသဘောသို့ ပြောင်းသွား၏၊ ထိုကြောင့် ဆိုင်ရာသဘာဝလက္ခဏာ မကင်းသေး သော်လည်း အသစ်၏ အဖြစ်မှ (= အသစ်၏အဖြစ်ဟု ဆိုအပ်သော ဖြစ်ခြင်း ဥပါဒ် အခိုက်အတန့်မှ) ကင်းခြင်း သဘောတရားဟု ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူထင်လာ၏ဟု ဆိုခြင်းဖြစ်သည်။ [ပရမတ်အစစ် ဖြစ်ကြ ကုန်သော နိပ္ဖန္နရုပ်တို့သည် စိတ္တက္ခဏအားဖြင့် (၁၇)ချက်, ခဏငယ်အားဖြင့် (၅၁)ချက် သက်တမ်း ရှည်ကြ၏။ ထိုတွင် ဖြစ်မှု ဥပါဒ်နှင့် ပျက်မှု ဘင်ကို နှုတ်၍ ကြွင်းကျန်သော ခဏငယ် (၄၉)ချက် အချိန်ကာလကား ယင်းရုပ် တရားတို့၏ ဌီကာလ ဖြစ်၏။ ယင်းဌီကာလကိုပင် ဇရာဟု ခေါ်ဆို၏။ ယင်းဇရာကို ရည်ညွှန်းထားသော ရှင်းလင်း ချက်များတည်း။]

သုတ္တန်နည်း - ဇာတိ - ဇရာ - မရဏ

သုတ္တန်နည်း - ဇာတိ - ဇရာ - မရဏ

အချို့သော သုတ္တန္တဘာဇနီယနည်းများ အလိုအားဖြင့် အမိဝမ်းဝယ် ကိန်းအောင်း တည်နေရခြင်းသည် ဇာတိ = ပဋိသန္ဓေ တည်နေရခြင်း မည်၏။ ဖြစ်ဆဲဘဝမှ ရွေ့လျောရ သေရခြင်းသည် မရဏ မည်၏၊ မသေမီ အတွင်း၌ တည်နေရခြင်းသည် ဇရာ မည်၏။ ထိုဇာတိ ဇရာ မရဏတို့ကား ပရမတ္ထသစ္စာ အသုံးအနှုန်း မဟုတ်ကုန်။ သမ္မုတိသစ္စာနယ်သုံး ပညတ်သုံးမျှသာဖြစ်၍ သမ္မုတိ ဇာတိ ဇရာ မရဏတို့တည်း။

ထိုတွင် ဇရာသည် သွားကျိုး ဆံဖြူ နားအူ မျက်မွဲ အရေတွန့်တွဲအောင် မထင်ရှားသေးခင် ရင့်ရော်နေခြင်း သည် ပဋိစ္ဆန္နဇရာ မည်၏။ ဖုံးကွယ်နေသော အိုခြင်းသဘောတရားဟူလို။ သွားကျိုး ဆံဖြူ စသည်ထင်ရှားအောင် ရင့်ရော်ယိုယွင်း အိုမင်းခြင်းသည် ပါကဋဇရာ မည်၏။ ထင်ရှားသော အိုခြင်းသဘောတရား ဟူလိုသည်။ ဤ၌ လည်း သွားကျိုး ဆံဖြူ နားအူ မျက်မွဲ အရေတွန့်တွဲခြင်းတို့ကား ဇရာမဟုတ်၊ ဤကိစ္စတို့သည် ဇရာကြောင့် ဖြစ် ရကား ဇရာသည် ပြုအပ်သော ကိစ္စဖြစ်၏။ သို့အတွက် သွားကျိုး ဆံဖြူ နားအူ မျက်မွဲ အရေတွန့်တွဲခြင်းတို့ကို ဇရာဟု ခေါ်ဝေါ်ခြင်းမှာ အကျိုးဖြင့် အကြောင်းဇရာကို ညွှန်ပြသော ဖလူပစာရစကားဟု မှတ်ပါ။ အကြောင်းမူ --- န ဟိ ဇရာ စက္ခုဝိညေယျာ = ဇရာတရားအစစ်ကို စက္ခုဝိညာဏ်ဖြင့် မမြင်အပ် မမြင်နိုင်သောကြောင့် ဖြစ်သည်။ ယင်းတို့ကား ဇရာကြောင့် ရောက်ထိုက် ရထိုက်သော အကျိုးတရားများပင် ဖြစ်ကြသည်။ (အဘိ၊ဋ္ဌ၊၁၊၃၆၄။)

အသက်ကြီးသူတို့၌ အိုမှု ထင်ရှားပုံ

အသက်ကြီးသူတို့၌ အိုမှု ထင်ရှားပုံ

ဤအရာ၌ - အသက်အရွယ် ငယ်သူ ကြီးသူ ဟူသမျှ၌ပင် ခဏဇရာ သန္တတိဇရာ = ဤဇရာ နှစ်ပါး ထင်ရှား ဖြစ်ရှိကြပါလျက် အသက်အရွယ် ငယ်သူတို့မှာမူ ဆံဖြူခြင်း သွားကြွေခြင်း အသားအရေတွန့်လိပ်ခြင်း စသော ဇရာသဘော မပေါ်လွင် မထင်ရှားမူ၍ အဘယ်ကြောင့် အသက်အရွယ်ကြီးရင့်သောသူတို့မှာမှ ထို ဆံဖြူခြင်း သွားကြွေခြင်း အသားအရေတွန့်လိပ်ခြင်း စသော ဇရာသဘော ပေါ်ပေါ်လွင်လွင် ထင်ရှားရသနည်း ဟု မေးမြန်းဖွယ် ရှိ၏။

အဖြေကား - ဇရာဒဏ်ချက် အနှိပ်စက်နာသောကြောင့် အသက်ကြီးရင့်သူတို့မှာသာ ထိုဆံဖြူခြင်း, သွားကြွေ ခြင်း, အသားအရေတွန့်လိပ်ခြင်း စသော ဇရာသဘောတို့ ပေါ်ပေါ်လွင်လွင် ထင်ရှားကြကုန်၏ - ဟု ဖြေဆိုရာ၏။

ချဲ့ဦးအံ့ --- ကလလရေကြည် ပဋိသန္ဓေတည်နေချိန်မှ အစပြု၍ သတ္တဝါတို့မှာ အစဉ်သဖြင့် ရှေးရှေးရုပ် များ၏ ဌီခဏတည်းဟူသော ဇရာသို့ ရောက်သောအချိန်၌ အသစ်အသစ် ဥပါဒ် ဖြစ်ပေါ်လာကြရသည့် နောက် နောက် ရုပ်များသည် ရှေးရှေး ရင့်ရော်ပြီးသော ရုပ်များ၏ သဘောအားလျော်စွာ ရင့်ရော်ကြကာ အထူးသဖြင့် ရင့်ရော်ကြကာ ထိုထက် အထူးသဖြင့် ရင့်ရော်ကြကာ ဥပါဒ်ထင်ရှား ဖြစ်ပွား၍ လာကြရလေသည်။ ထိုကြောင့် တစ်ရက်ထက် တစ်ရက်, တစ်လထက် တစ်လ, တစ်နှစ်ထက် တစ်နှစ်, တစ်ရွယ်ထက် တစ်ရွယ် အစဉ်သဖြင့် အလွန့်အလွန် ရင့်ရော်သော ရုပ်များ၏ ရင့်ရော်ချိန်ဟု ခေါ်ဆိုအပ်သော ဌီခဏ၌ နောက်ထပ်အသစ် ဥပါဒ် ဖြစ်ပွားကြရသော ရုပ်တရားများသည် ဆံဖြူခြင်း သွားကြွေခြင်း အသားအရေတွန့်လိပ်ခြင်း အစရှိသော ဇရာ သဘော ပေါပေါပေါ်လွင်လျက် ထင်ရှား ဥပါဒ်ကြရလေသည်။ ထိုကြောင့် အသက်ကြီးရင့်သူတို့မှာသာ ထိုဆံဖြူ ခြင်း သွားကြွေခြင်း အသားအရေတွန့်ခြင်း စသော ဇရာသဘောတို့ ပေါပေါပေါ်လွင် ထင်ရှားကြကုန်သည်။

ထိုဆံဖြူခြင်း သွားကြွေခြင်း အသားအရေတွန့်လိပ်ခြင်းများသည် မျက်စိဖြင့်ကြည့်၍ မြင်အပ်သော စက္ခုဝိညေယျတရားများဖြစ်ကြ၍ ဇရာတရားအစစ် မဟုတ်ကြကုန်၊ ဇရာတရား၏ ဒဏ်ချက်များသာ ဖြစ်ကြလေသည်။ ဇရာတရားအစစ်ကား စိတ်ဖြင့်သာ ကြံဆ၍ သိအပ်သော မနောဝိညေယျတရား ဖြစ်လေသည်။ (စက္ခုဒွါရိကဝီထိစိတ်ဖြင့် မသိနိုင်၊ မနောဒွါရိကဝီထိစိတ်များဖြင့်သာ သိနိုင်သည်ဟူလို။)

ထင်ရှားစေဦးအံ့ --- ရေကြမ်းတိုက်စား၍သွားသော ရေသွားလမ်း, မီးအကြီးအကျယ် လောင်ကျွမ်း၍ သွားသော မီးသွားလမ်းတို့၌ ရေဒဏ် မီးဒဏ်ကြောင့် မြက်သစ်ပင်များ ကျိုးပြတ်ပျက်စီး၍ ကျန်ရစ်ခြင်း, မီးသွေး ပြာများသာ ကြွင်းကျန်ရစ်ခြင်း စသည်တို့ကို မြင်ရ၍ တိုက်စီးသွားသောရေ, လောင်ကျွမ်းသွားသောမီးတို့ကိုကား စိတ်ဖြင့်ကြံဆကာသာ သိရလေသည်။ (ရေကြမ်းတိုက်စားလျက် ဖြတ်ကျော်စီးဆင်းသွားပြီးနောက် ရေမစီးသော အခါမှ ရေသွားလမ်းကို သွားကြည့်ခြင်း, မီးအကြီးအကျယ် လောင်ကျွမ်းသွားပြီးနောက် မီးငြိမ်းပြီးသောအခါမှ မီးမရှိတော့သောအခါမှ မီးသွားလမ်းတို့ကို သွားရောက်ကြည့်ခြင်းတို့ကို ရည်ညွှန်းထားသည်ဟု မှတ်ပါ။)

ထိုအတူ ဇရာတည်းဟူသော ရေကြမ်း ဇရာတည်းဟူသော မီးကြီး တိုက်စား လောင်ကျွမ်း၍သွားသော လမ်းခရီးဟု ဆိုအပ်သော အလွန့်အလွန် ရင့်ရော်သော ရင့်ရော်သောရုပ်တရားတို့၌ ဖြစ်ပေါ်ကြသည့် မျက်စိဖြင့် မြင်ကောင်းသော ဆံဖြူခြင်း သွားကြွေခြင်း အသားအရေတွန့်လိပ်ခြင်း သို့မဟုတ် ဖြူသောဆံများ ကျိုးပဲ့သော သွားများ တွန့်လိပ်သော အသားအရေများ စသည့်သဘောများကို ဇရာရေကြမ်း ဇရာမီးကြီးတို့ နှိပ်စက်တိုက်စား လောင်ကျွမ်းသွားသော ဒဏ်ချက်များဟူ၍သာ မှတ်ယူအပ်ကုန်၏။ ထိုဒဏ်ချက်များကို မြင်ရသဖြင့် ဇရာရေကြမ်း ဇရာမီးကြီးတို့ကို စိတ်ဖြင့် မှန်းဆ၍ သိအပ်ကုန်၏။ (အဘိ၊ဋ္ဌ၊၁၊၃၆၄။ အဘိ၊ဋ္ဌ၊၂၊၉၂။ မဟာဗုဒ္ဓဝင်၊၅၊၇၃၃-၇၃၄ - ကြည့်။)

ထပ်မံရှင်းလင်းချက်များ

ထပ်မံရှင်းလင်းချက်များ

န စ ခဏ္ဍိစ္စာဒီနေဝ ဇရာတိ ကလလကာလတော ပဘုတိ ပုရိမရူပါနံ ဇရာပတ္တက္ခဏေ ဥပ္ပဇ္ဇမာနာနိ ပစ္ဆိမရူပါနိ ပရိပက္ကရူပါနုရူပါနိ ပရိဏတပရိဏတာနိ ဥပ္ပဇ္ဇန္တီတိ အနုက္ကမေန သုပရိဏတရူပပရိပါကကာလေ ဥပ္ပဇ္ဇမာနာနိ ခဏ္ဍိစ္စာဒိသဘာဝါနိ ဥပ္ပဇ္ဇန္တိ။ တာနိ ဥဒကာဒိမဂ္ဂေသု တိဏရုက္ခသံဘဂ္ဂတာဒယော ဝိယ ပရိပါကဂတမဂ္ဂသင်္ခါတေသု ပရိပက္ကရူပေသု ဥပ္ပန္နာနိ ဇရာယ ဂတမဂ္ဂေါ ဣစ္စေဝ ဝုတ္တာနိ, န ဇရာတိ။ (မူလဋီ၊၁၊၁၅၃။)

ရုပ်တရားတို့ကား စိတ္တက္ခဏ (၁၇)ချက်, ခဏငယ် (၅၁)ချက် သက်တမ်းရှည်ကြ၏။ ပဋိသန္ဓေ၏ ဥပါဒ် ကာလမှစ၍ ကမ္မဇရုပ်တို့သည် စိတ္တက္ခဏတိုင်း၏ ဥပါဒ်-ဌီ-ဘင် ခဏငယ်တိုင်း၌ ဘဝတစ်လျှောက်လုံးဝယ် ကံအရှိန် မကုန်သမျှ ဖြစ်နေကြ၏။ ဥတုဇရုပ်တို့သည်လည်း ပဋိသန္ဓေ၏ ဌီကာလမှစ၍ = ပဋိသန္ဓေနှင့် ဥပါဒ်ချင်း ပြိုင်၍ ဖြစ်ကြသော ကမ္မဇရုပ်တို့၏ ဌီကာလမှစ၍ ရုပ်၏ ဌီကာလသို့ ရောက်တိုင်း ရောက်တိုင်း ထိုထို ဌီကာလသို့ ရောက်ရှိလာသော ထိုထို ရုပ်ကလာပ်တိုင်း၌ ပါဝင်သော တေဇောဓာတ် ဥတုကြောင့် ဖြစ်ပေါ်လာကြ၏။ စိတ္တဇရုပ် တို့သည်လည်း ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်ကာလမှစ၍ မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော စိတ်တို့၏ ဥပါဒ်ကာလတိုင်း ဥပါဒ်ကာလတိုင်း၌ ဖြစ်ကြ၏။ အာဟာရဇရုပ်တို့သည်လည်း ဩဇာပျံ့နှံ့ရာ အချိန် ကာလမှ စ၍ ထိုထို ရုပ်ကလာပ်တွင် ပါဝင်သော ဩဇာ၏ ရုပ်၏ ဌီကာလသို့ ရောက်ရှိတိုင်း ရောက်ရှိတိုင်း ဩဇဋ္ဌမကရုပ်များ ဖြစ်ပွားလာကြ၏။ ယင်းသို့ဖြစ်သော ရုပ်တရားတိုင်းသည် စိတ္တက္ခဏကြီး (၁၇)ချက်, ခဏငယ် (၅၁)ချက် သက်တမ်းရှည်သည်သာ ဖြစ်၏။ ထိုကြောင့် ယခုကဲ့သို့ တရားထိုင်နေဆဲ ရုပ်တရားတို့ကို သိမ်းဆည်း နေဆဲ ပစ္စုပ္ပန် အခိုက်အခါမျိုး၌ တစ်ခုသော စိတ္တက္ခဏ၏ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏငယ် သုံးခုတို့တွင် တစ်ခုခုမှ စောင့်ကြည့်လျှင် ---

၁။ အသစ် စ၍ ဥပါဒ်သော ရုပ်တရားများကိုလည်း တွေ့နိုင်၏၊

၂။ စိတ္တက္ခဏ (၁၇)ချက်, ခဏငယ် (၅၁)ချက် သက်တမ်းစေ့၍ ချုပ်ဆုံးသွားသော ဘင်ကာလသို့ ရောက်ရှိ သော ရုပ်တရားများကိုလည်း တွေ့နိုင်၏။

၃။ ရှေးရှေးသော စိတ္တက္ခဏများက, ရှေးရှေးသော စိတ္တက္ခဏ၏ ခဏငယ် အခိုက်အတန့်က ဖြစ်ခဲ့ကြသဖြင့် စိတ္တက္ခဏ (၁၇)ချက်, ခဏငယ် (၅၁)ချက် သက်တမ်းမစေ့သေးသဖြင့် ဆက်လက်ဖြစ်ဆဲ တည်ဆဲ ဌီကာ- လ၌ တည်ရှိခိုက် ရုပ်တရားများကိုလည်း တွေ့နိုင်၏။ (ဤ သဘောတရားကို ဉာဏ်ဖြင့်မြင်အောင် အာရုံ ယူထားပါ။)

ပဋိသန္ဓေ ကလလရေကြည် တည်စခိုက်မှစ၍ ရုပ်တရားတို့ ဖြစ်လာကြရာဝယ် ရှေးရှေး၌ ဖြစ်ကုန်သော ရုပ်တရားတို့၏ ဇရာဟူသော ဌီကာလသို့ ရောက်ဆဲခဏ၌ အသစ်အသစ်သော ရုပ်တရားတို့သည် ဥပါဒ်ထင်ရှား ဖြစ်ပွားလာကြကုန်၏၊ ယင်းသို့ နောက်ထပ်ဖြစ်ပေါ်လာကုန်သော အသစ်အသစ်သော ရုပ်တရားတို့သည် မိမိတို့ ရှေးက ဖြစ်နှင့်ပြီးသော ရင့်ကျက်ခြင်း ဇရာအခိုက် ဌီအခိုက်သို့ ရောက်နေကြသော ရုပ်တရားတို့သို့ အစဉ်လိုက်၍ ဖြစ်ကြရ၏။ ယင်းသို့ ရင့်ကျက်သော ရုပ်တရားများသို့ အစဉ်လိုက်၍ ဖြစ်ကြရသော နောက်နောက်သော အသစ်အသစ် ရုပ်တို့သည် ရင့်ကျက်သည်ထက် သာ၍ ရင့်ကျက်ကုန်သော ရုပ်တရားတို့ ဖြစ်လာကြရကုန်၏။ ထိုနည်း အားဖြင့် အစဉ်အတိုင်း ဖြစ်လာကြရာ အလွန်ရင့်ကျက်သော ရုပ်တို့၏ ရင့်ကျက်ရာ ဟာနိဒသက = အားအင် ဆုတ်ယုတ်သည့် အသက် (၅၀)ကျော်အရွယ် စသည့် အချိန်ပိုင်းကာလ၌ ဖြစ်ပေါ်လာကြကုန်သော ရုပ်တရားတို့သည် သွားကျိုး ဆံဖြူ စသော သဘောအားဖြင့် ဖြစ်ပေါ်လာကြရကုန်၏။

လောက ဥပမာ

လောက ဥပမာ

လောက ဥပမာကား --- ရေများ ဖြတ်ကျော်စီးဆင်းမှု ရေလွှမ်းမိုးသွားမှု ဒဏ်ကို ခံရသော တောတောင် မြက်သစ်ပင် စသည်တို့သည် ထိုရေ၏ ချိုးဖျက်မှု ဒဏ်ကို ခံကြရကုန်၏။ မြက်သစ်ပင် စသည်တို့သည် ရေကြောင့် ကျိုးပျက်ကြရ၏။ တောမီးလောင်ခဲ့သော် တောတွင်း၌ရှိသော မြက်သစ်ပင်အပေါင်းကို တောမီးက ချိုးဖဲ့ ဖျက်ဆီး လေသည်။ မီးကြောင့် တောသစ်ပင်အပေါင်းတို့သည် ကျိုးပဲ့ ပျက်စီးကြရကုန်၏၊ လောင်ကျွမ်းသွားကြရကုန်၏။ ရေဖြတ်ကျော်စီးဆင်းသွားသော လမ်းသည်လည်း ထင်ရှားကျန်ရစ်၏၊ မီးတိုက်စား လောင်မြိုက်သွားသော မီးဖြတ် ကျော်သွားသော လမ်းသည်လည်း ထင်ရှားကျန်ရစ်၏။ ထိုသို့ပင် ရေသွားလမ်း မီးသွားလမ်းသည် ထင်ရှားကျန်ရစ် ပါသော်လည်း ထိုရေသွားလမ်းသည် ရေမဟုတ်၊ ထိုမီးသွားလမ်းသည် မီးမဟုတ်။ (ရေကျသွားပြီးရာအချိန်, မီးလောင်ပြီးရာအချိန်, မီးငြိမ်းပြီးရာအချိန်ကို အာရုံယူကြည့်ပါ။)

ရေသွားလမ်းသည် ရေမဟုတ်သကဲ့သို့, မီးသွားလမ်းသည် မီးမဟုတ်သကဲ့သို့ ဤဥပမာအတူ --- ရင့်ကျက် သော ဇရာ၏ သွားအပ်သောလမ်းဟု ဆိုအပ်ကုန်သော ရင့်ကျက်သော ရုပ်တို့၌ ဖြစ်ပေါ်လာကြရကုန်သော ရုပ်တို့ကိုလည်း ဇရာ၏ ဖြတ်ကျော်သွားရာ လမ်းဟူ၍သာလျှင် ခေါ်ဆိုအပ်ကုန်သည်။ ဇရာကား မဟုတ်။ ယင်း ရင့်ကျက်သော ရုပ်တို့၏ ဌီကာလကိုသာ ဇရာဟု ခေါ်သည်။ ယင်း ဌီကာလဟူသော ဇရာကား မနောဝိညာဏ် ဖြင့်သာ = ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့်သာ သိနိုင်သော မနောဝိညေယျတရားသာ ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၁၊၃၆၄။ အဘိ၊ဋ္ဌ၊၂၊၉၂။ မူလဋီ၊၁၊၁၅၃။)

ဤ သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်လိပ်ခြင်းတို့ကား ကာလကြာသောအခါ၌ ဖြစ်ပေါ်လာကုန်သော ဇရာ၏ လုပ်ငန်းကိစ္စတို့တည်း။ အသက်တမ်း ဆုတ်ယုတ်လာခြင်း, စက္ခုစသော ဣန္ဒြေတို့၏ ရင့်ကျက်လာခြင်း တို့ကား ဇရာကြောင့် ရောက်ထိုက်သော အကျိုးတရား = ပကတိတရားတို့ပင်တည်း။ ကာလကြာညောင်းမှ ထင်ရှားလာသော ပကတိ သဘောတရားများပင်တည်း။ အိုခြင်း = ဇရာသို့ ရောက်ရှိလာသော ပုဂ္ဂိုလ်၏ သက်တမ်း သည် တဖြည်းဖြည်း ဆုတ်ယုတ်လာ၏။ ငယ်ရွယ်စဉ်အခါ၌ အလွန်ကြည်လင်ကုန်သော အလွန်သိမ်မွေ့သော မိမိဆိုင်ရာအာရုံကို လွယ်လွယ်ကူကူ ယူခြင်းငှာ စွမ်းနိုင်ကုန်သော စက္ခုစသော ဣန္ဒြေတို့သည် အိုခြင်းဇရာသို့ ဆိုက်ရောက်လာသော ပုဂ္ဂိုလ်၏ သန္တာန်၌ ရင့်ရော်လာကုန်၏၊ ရှုပ်ပွေနေတတ်ကုန်၏၊ မရှင်းမလင်း ဖြစ်လာကုန်၏၊ အလွန်ထင်ရှားသည့် မိမိ၏ ဆိုင်ရာအာရုံကိုသော်မှ အာရုံယူခြင်းငှာ မစွမ်းနိုင် ဖြစ်နေကြကုန်၏။ ထိုကြောင့် အသက်တမ်းဆုတ်ယုတ်လာခြင်း ဣန္ဒြေရင့်ကျက်ခြင်းတို့ကား ဇရာကြောင့် ရရှိလာသော အကျိုးတရားတို့ပင်တည်း။ ယင်း သက်တမ်းဆုတ်ယုတ်ခြင်း ဣန္ဒြေရင့်ကျက်ခြင်းတို့ကိုလည်း ဇရာဟုပင် ဘုရားရှင် ဟောကြားတော်မူခြင်းမှာ ဖလူပစာရ စကားဟု မှတ်ပါ။ အကျိုး၏ အမည်ကို အကြောင်း၌ တင်စား၍ အကြောင်းဇရာကို ညွှန်ပြသော ဖလူပစာရ စကားချည်းတည်း။ (အဘိ၊ဋ္ဌ၊၁၊၃၆၄။ အဘိ၊ဋ္ဌ၊၂၊၉၃။)

တစ်ဖန် ထိုဇရာသည် ပါကဋဇရာ = ထင်ရှားသောဇရာ၊ ပဋိစ္ဆန္နဇရာ = ဖုံးကွယ်အပ်သော မထင်ရှားသော ဇရာဟု နှစ်မျိုးရှိ၏။ ထိုနှစ်မျိုးတို့တွင် သွားကျိုးခြင်း စသည်တို့ကား မြင်ရခြင်းကြောင့် ရုပ်တရားတို့၌ ဇရာသည် ပါကဋဇရာ = ထင်ရှားသောဇရာ မည်၏။ တစ်ဖန် နာမ်တရားတို့၌ ဇရာကား သွားကျိုးခြင်း ဆံဖြူခြင်း စသည်တို့ ကဲ့သို့သော ရှုမြင်အပ် ရှုမြင်နိုင်သော ထူးခြားသော အမူအရာဖောက်ပြန်ခြင်းကို မတွေ့မမြင်ရခြင်းကြောင့် နာမ်တရားတို့ဇရာ = ဌီကာလသည် ပဋိစ္ဆန္နဇရာ = ဖုံးကွယ်အပ်သော မထင်ရှားသောဇရာ မည်၏။ ထိုတွင် ဆံဖြူခြင်း သွားကျိုးခြင်း စသော ထိုထို အခြင်းအရာအားဖြင့် ဖြစ်နေကြကုန်သော ရုပ်တရား အပေါင်းအစုတို့၏ ရူပါရုံအရောင်အဆင်းကို စက္ခုဝိညာဏ်ဖြင့်ကား မြင်နိုင်၏။ ထိုအရောင်အဆင်းကား သိလွယ်သောကြောင့် ဖြစ်၏။ ထိုအရောင်အဆင်းကို စက္ခုဝိညာဏ်ဖြင့် မြင်တွေ့ပြီးမှ မနောဒွါရဖြင့် ကြံစည်စိတ်ကူး၍ ဤသွားတို့ကို ဇရာ တရားက ပုတ်ခတ်အပ်ကုန်ပြီ ဟု ဇရာကို သိရှိ၏။ တောတွင်း ရေရှိရာ အရပ်၌ ဖွဲ့ချည်ထားအပ်သော နွားချို စသည်တို့ကို တွေ့မြင်ရသော် အောက်အရပ်၌ ရေရှိကြောင်းကို သိရခြင်းကဲ့သို့ မှတ်ပါ။ (အဘိ၊ဋ္ဌ၊၂၊၉၃။)

တစ်ဖန် အဝီစိဇရာ သဝီစိဇရာဟုလည်း နှစ်မျိုးရှိပေသည်။ ရှေးဇရာနှင့် နောက်ဇရာတို့၏ အကြားကို သိဖို့ရန် မလွယ်ကူသောကြောင့် အကြားမရှိဟုပင် ထင်ရသော = တစ်ဆက်တည်းဖြစ်နေသည်ဟု ထင်ရသော ဇရာကို အဝီစိဇရာဟု ခေါ်၏။ ဥပမာ ပတ္တမြား-ရွှေ-ငွေ-သန္တာ-လ-နေ စသည်တို့၌ တည်ရှိသော ဇရာမျိုးတည်း။ ပတ္တမြား စသည်သည် သင်္ခါရထုံးစံအတိုင်း ဖြစ်-တည်-ပျက် သင်္ခတလက္ခဏာရှိသော တရားဖြစ်၍ ရင့်ကျက်မှုဇရာ ရှိနေသော်လည်း ထိုရင့်ရော်ခြင်း ဇရာနှစ်ခု၏ အကြားကို သာမန်မျက်စိဖြင့် မသိမမြင်ရသဖြင့် ရင့်ရော်သည်ဟု လွယ်ကူစွာ မသိရ မသိနိုင်သကဲ့သို့တည်း။

ဤ လက္ခဏ-ရသ စသည်ကို သိမ်းဆည်းရှုပွားနိုင်သော ဤအဆင့်သို့ ရောက်ရှိလာသော အသင်သူတော်ကောင်းသည် ယင်းပတ္တမြား၌ တည်ရှိကြသော ဓာတ်ကြီးလေးပါးတို့ကို မြင်အောင် စိုက်ရှုပါ။ ထိုသို့ ရှုလိုက်နိုင်သော် ရုပ်ကလာပ်အမှုန်များကို လွယ်ကူစွာပင် တွေ့ရှိလာနိုင်ပါသည်။ ရုပ်ကလာပ်များကို လွယ်လွယ်ကူကူ မတွေ့ခဲ့သော် အာကာသဓာတ်ကို မြင်အောင် စိုက်ရှုလိုက်ပါက ရုပ်ကလာပ်များကို တွေ့ရှိနိုင်ပါသည်။ ယင်းရုပ်ကလာပ် အသီးအသီး၌ ဓာတ်ခွဲကြည့်ပါက ဩဇာလျှင် (၈)ခုမြောက်ရှိသော ဩဇဋ္ဌမကရုပ်များကိုသာ တွေ့ရှိမည် ဖြစ်၏။ ယင်း ရုပ်တရားတို့မှာ ကလာပ်တစ်ခု၌ တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် ဆင့်ကဲဖြစ်ပွားလာကြသော ဥတုဇရုပ် တို့သာတည်း။ ယင်းရုပ်တရားတို့မှာလည်း စိတ္တက္ခဏ (၁၇)ချက်ပင် သက်တမ်းရှည်ကြ၏။ ခဏငယ် (၅၁)ချက် သက်တမ်းရှည်ကြ၏။ ဌီကာလမှာ ခဏငယ် (၄၉)ချက်ပင် ဖြစ်၏။ ကလာပ်တစ်ခု၏ ဌီကာလနှင့် ယင်းကလာပ်၏ အတွင်း၌ရှိသော တေဇောဓာတ်ကြောင့်ပင် ဆင့်ကဲဖြစ်ပွားလာရသော ဒုတိယရုပ်ကလာပ်၏ ဌီကာလတို့မှာ သာမန် ပကတိမျက်စိဖြင့် မမြင်နိုင်။ ဝိပဿနာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာမျက်စိဖြင့်သာ သိနိုင် မြင် နိုင်၏။ ထိုကြောင့် ပတ္တမြား စသည်သည် သင်္ခတတရားတို့ ဖြစ်ကြ၍ သင်္ခါရထုံးစံအတိုင်း ဖြစ်-တည်-ပျက် သင်္ခတလက္ခဏာရှိသဖြင့် ရင့်ကျက်မှု ဇရာ ထင်ရှားရှိနေပါသော်လည်း ထိုရင့်ရော်ခြင်း ဇရာနှစ်ခု၏ အကြားကို သာမန် ပကတိမျက်စိဖြင့် မသိ မမြင်နိုင်ရကား ရင့်ရော်သည်ဟု လွယ်ကူစွာ မသိနိုင်သော ဇရာမျိုး တည်ရှိသော တရားမျိုးတည်း။

လူတို့၏ မန္ဒဒသက = ပညာနုံ့သော (၁၀)နှစ်တွင်းအရွယ်နှင့် ခိဋ္ဋဒသက = မြူးထူးပျော်ပါး ကစားတတ်သည့် အသက် (၂၀)တွင်း အရွယ်သည်လည်းကောင်း၊ ပန်း သစ်သီး ရွက်နုတို့၏ အဆင်းအရောင်သည်လည်းကောင်း ေ့ရှနောက် အရွယ်ချင်း, အရောင်အဆင်းချင်း မတူကြသောကြောင့် ရင့်ရော်လာပုံ ထင်ရှားရကား သဝီစိ = သိလွယ်သော အကြားရှိသော ဇရာမည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၆၄-၃၆၅။ အဘိ၊ဋ္ဌ၊၂၊၉၃။)

၂၈။ ရူပဿ အနိစ္စတာ

၂၈။ ရူပဿ အနိစ္စတာ

၁။ ပရိဘေဒလက္ခဏာ ရူပဿ အနိစ္စတာ၊

၂။ သံသီဒနရသာ၊

၃။ ခယဝယပစ္စုပဋ္ဌာနာ၊

၄။ ပရိဘိဇ္ဇမာနရူပပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၅။ ဝိသုဒ္ဓိ၊၂၊၈၀။)

၁။ ရုပ်အစစ်တို့၏ ထက်ဝန်းကျင်အားဖြင့် ပြိုပျက်ခြင်းသဘော လက္ခဏ၊

၂။ (ဌီကာလသို့ရောက်သော ရုပ်ကို ဖျက်ဆီးသည်၏ အဖြစ်ဖြင့်)

ရုပ်အစစ်တို့ကို နစ်မြုပ်စေခြင်း (ကိစ္စ) ရသ၊

၃။ ရုပ်အစစ်တို့၏ ကုန်ခြင်း ပျက်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ထက်ဝန်းကျင်အားဖြင့် ပြိုပျက်ဆဲသော ရုပ်များ ပဒဋ္ဌာန်။

ကိစ္စရသ --- သာ ပန ယသ္မာ ဌိတိပ္ပတ္တံ ရူပံ ဝိနာသဘာဝေန သံသီဒန္တီ ဝိယ ဟောတီတိ ဝုတ္တံ သံသီဒနရသာတိ။ (မဟာဋီ၊၂၊၁၀၃-၁၀၄။)

ရုပ်တရားတို့၏ ခဏဘင်ဟူသော ပျက်ခြင်းသဘောသည် မြဲသော သဘောတရား မဟုတ်သောကြောင့် = မမြဲသော သဘောတရား ဖြစ်ခြင်းကြောင့် အနိစ္စ မည်၏။ ထိုအနိစ္စဖြစ်သော ရုပ်၏ အနိစ္စဖြစ်ကြောင်းဖြစ်ရာ မမြဲခြင်း လက္ခဏာသည် အနိစ္စတာ = ရူပဿ အနိစ္စတာ မည်၏။ ထိုရူပဿ အနိစ္စတာသည် ဌီကာလသို့ ရောက်ရှိနေသော ရုပ်တရားကို ဖျက်ဆီးသည်၏ အဖြစ်ဖြင့် စင်စစ် မနစ်မြုပ်စေသော်လည်း နစ်မြုပ်စေသကဲ့သို့ ဖြစ်ခြင်းကြောင့် ရုပ်တို့ကို နစ်မြုပ်စေခြင်း ကိစ္စ ရှိ၏ဟု ဆိုသည်။ ပျက်သွားသော ရုပ်တရားများကား လုံးဝ ကွယ်ပျောက်သွားကြ၏၊ ထိုသို့ လုံးဝ ကွယ်ပျောက်သွားမှုသည် နစ်မြုပ်သွားသကဲ့သို့ ဖြစ်သည် ဟူလိုသည်။

ပစ္စုပဋ္ဌာန် --- ရုပ်တရားတို့၏ ဘင်ကာလ ဖြစ်သောကြောင့် ကုန်တတ်ပျက်တတ်သော အခြင်းအရာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်က ယူသောကြောင့် ရုပ်အစစ်တို့၏ ကုန်တတ်ပျက်တတ်သော သဘောတရားဟု ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူထင်လာသည်ဟူပေ။

ရှုပုံ နည်းစနစ်

ရှုပုံ နည်းစနစ်

ရုပ် (၂၈)ပါးတို့၏ လက္ခဏ-ရသ စသည်တို့ကား ဤတွင် ပြီးဆုံးပြီ ဖြစ်ပေသည်။

၁။ သန္တတိဃန = ရုပ်အစဉ်အတန်း အတုံးအခဲ,

၂။ သမူဟဃန = ရုပ်အပေါင်းအစု အတုံးအခဲ,

၃။ ကိစ္စဃန = ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲ,

ဤသုံးမျိုးသော ရုပ်ဃနဟူသော ရုပ်တုံး ရုပ်ခဲ အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်ရေးအတွက် ဤ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်များကို ပိုက်စိပ်တိုက်၍ ရှုပါ။ စက္ခုဒွါရ မျက်စိ၌ ရုပ်ကလာပ် (၆) မျိုး ရုပ် (၅၄)မျိုးရှိရာ ထိုရုပ်တရားအားလုံးကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ရှုပါ။

စက္ခုဒသကကလာပ်တွင် ရုပ်သဘောတရား (၁၀)မျိုးရှိရာ ပထဝီမှစ၍ စက္ခုပသာဒသို့တိုင်အောင် (၁၀) မျိုးသော ရုပ်တရားတို့ကို တစ်လုံးစီ အစဉ်အတိုင်း ရှုပါ။ အစဉ်အတိုင်းဟူသည် --- ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ, ဇီဝိတ, စက္ခုပသာဒ ဟူသော ဇယားတွင် ဖော်ပြထားသည့် အစဉ်ကို ဆိုလို ပေသည်။

စက္ခုဒသကကလာပ်၌ရှိသော (၁၀)မျိုးသော ရုပ်တရားတို့ကို အစဉ်အတိုင်း တစ်လုံးစီ တစ်လုံးစီ၌ လက္ခဏ-ရသ စသည်ဖြင့် သိမ်းဆည်းပြီးသောအခါ အလားတူပင် စက္ခုဒွါရ မျက်စိ၌ ကာယဒသကကလာပ်၌ တည်ရှိသော (၁၀)မျိုးသော ရုပ်တရားတို့ကိုလည်း လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် ပထဝီမှသည် ကာယပသာဒသို့တိုင်အောင် အသီးအသီး ဆက်လက်၍ သိမ်းဆည်းပါ။ ဤနည်းအားဖြင့် စက္ခုဒွါရ၌ (၅၄)မျိုးသော ရုပ်တရားတို့ကို ကုန်စင်အောင် ရှုပါ။ အကယ်၍ စက္ခုဒွါရ၌ ဇီဝိတနဝကကလာပ် ရုပ်တရားတို့ကိုပါ ထည့်သွင်း၍ ရှုပါက ပို၍ ကောင်းမွန်သည်သာ ဖြစ်သည်။ စက္ခုဒသကကလာပ်၌ ရှိသော ပထဝီဓာတ်ကို ရှုပြီးဖြစ်၍ ထိုစက္ခုဒွါရ မျက်စိ၌ပင် ကာယဒသကကလာပ် စသည်၌ရှိသော ပထဝီဓာတ်ကိုလည်း မရှုဘဲ မနေပါနှင့်၊ (၅၄)မျိုးသော, ဇီဝိတနဝကကလာပ် ရုပ်တရားတို့နှင့်ပေါင်းသော် (၆၃)မျိုးသော ရုပ်တရားတို့ကို ရုပ်တရားတိုင်း ရုပ်တရားတိုင်း၌ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် သိမ်းဆည်းပါ။ ရုပ်ကလာပ် အသီးအသီး၌ ရုပ်ဃန = အတုံးအခဲ အသီးအသီးကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် သိမ်းဆည်းရှုပွားနေသော လုပ်ငန်းခွင်ကြီး တစ်ခု ဖြစ်၏၊ မွန်မြတ်သော ကျင့်စဉ်ကောင်းကြီး တစ်ခု ဖြစ်၏။ လေးဘက်ပုတ်ထားသော သစ်တုံးကြီး တစ်တုံးကို လေးဘက်လေးတန်မှ လှည့်ပတ်၍ ကြည့်ရှုသုံးသပ်နေသကဲ့သို့ ပရမတ်တရား တစ်လုံးကို လေးဘက်လေးတန်မှ လှည့်၍ ဉာဏ်ဖြင့် ကြည့်ရှုသုံးသပ်နေသော ပရမတ္ထဉာဏစက္ခုကို ဖြူစင်သန့်ရှင်းစေသော, ပရမတ္ထသစ္စာနယ်၌ ကျက်စားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ကို စင်ကြယ်သည်ထက် စင်ကြယ်, သန့်ရှင်းသည်ထက် သန့်ရှင်း, လင်းသထက် လင်း, ရှင်းသထက် ရှင်းစေသော သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထုတ်ဆောင်ကယ်တင်နိုင်သည့် စွမ်းအင် အပြည့်အဝရှိသော နိယျာနိက အကျင့်ကောင်းကြီး တစ်ခုပင် ဖြစ်သည်။

စက္ခုဒွါရ၌ ရှုသကဲ့သို့ သောတဒွါရ စသည်တို့၌လည်း ပုံစံတူပင် ရှုပါ။ (၄၂ )ကောဋ္ဌာသတို့၌လည်းကောင်း၊ စိတ္တဇကလာပ် (၈)စည်း, ဥတုဇကလာပ်(၄)စည်း, အာဟာရဇကလာပ် (၂)စည်းတို့၌လည်းကောင်း ပုံစံတူပင် ရုပ်တရားတိုင်း ရုပ်တရားတိုင်း၌ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် ဆက်လက် သိမ်းဆည်းပါ။ထိုနောင် လက္ခဏရုပ် (၄)မျိုးကို ဆက်လက်၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် အားဖြင့် သိမ်းဆည်း ရှုပွားပါ။ ဥပစယနှင့် သန္တတိကို အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ခွဲခြားသတ်မှတ်၍ ရှုပါ။ ဇရတာကို ရုပ်ကလာပ်တစ်ခု အတွင်း၌ တည်ရှိသော ရုပ်တရားတို့၏ တည်မှု ဌီကာလကို အာရုံယူ၍ ရှုပါ။ အနိစ္စတာကို ယင်းရုပ်တရားတို့၏ ပျက်မှု ဘင်ကို အာရုံယူ၍ ရှုပါ။

အဇ္ဈတ္တ၌ အထက်ပါအတိုင်း ရုပ်အစစ် ရုပ်အတုတို့ကို ကုန်စင်အောင် သိမ်းဆည်း ရှုပွားပြီးသောအခါ ဗဟိဒ္ဓ၌လည်း နည်းတူပင် ရှုပါ။ ရံခါ အဇ္ဈတ္တ ရံခါ ဗဟိဒ္ဓ တစ်လှည့်စီ လှည့်၍ ရှုပါ။ အတိတ် အနာဂတ် ရုပ်တရားတို့၌လည်း နည်းတူရှုနိုင်ပါက ပို၍ ကောင်းသည်သာ ဖြစ်သည်၊ တိုင်းထက်အလွန် တံခွန်နှင့်ဘုရား ဖြစ်ချေသည်။

နှစ်စုအားဖြင့် ရုပ်တို့ကို ခွဲတမ်းချပုံ

နှစ်စုအားဖြင့် ရုပ်တို့ကို ခွဲတမ်းချပုံ

၁။ ဤသို့လျှင် မဟာဘုတ်ဓာတ်ကြီး (၄)ပါး, ဥပါဒါရုပ် (၂၄)ပါးအားဖြင့် ရုပ် (၂၈)ပါးသည် ပါဠိတော်၌တိုက် ရိုက်လာ၏။ ထိုရုပ် (၂၈)ပါးလုံးသည် လောဘ စသော ဟိတ်တရားလည်း မဟုတ်၊ ယှဉ်ဖက်ဟိတ် မရှိ၊ ဟိတ်နှင့် မယှဉ်သည့် ဟေတုဝိပ္ပယုတ္တတရား ဖြစ်ကြ၏။ ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရားနှင့်တကွ ဖြစ်သောတရား အကြောင်းရှိသောတရားတည်း။ လောကီ၌ အကျုံးဝင်သည့် လောကီတရား ဖြစ်၏။ အာသဝေါတရား တို့သည် အာရုံယူအပ်သော သာသဝတရား ဖြစ်၏။ ဤသို့ စသောအားဖြင့် တစ်မျိုးသာ ရှိ၏။

၂။ ထို (၂၈)မျိုးသော ရုပ်တရားသည် ---

(က) အဇ္ဈတ္တိက, ဗာဟိရ,

( ခ ) ဩဠာရိက, သုခုမ,

( ဂ ) ဒူရ, သန္တိက,

(ဃ) နိပ္ဖန္န, အနိပ္ဖန္န,

( င ) ပသာဒရူပ, န ပသာဒရူပ,

( စ ) ဣန္ဒြိယ, အနိန္ဒြိယ,

(ဆ) ဥပါဒိဏ္ဏ, အနုပါဒိဏ္ဏ ---

ဤသို့ စသောအားဖြင့် ခွဲတမ်းချလိုက်သော် နှစ်မျိုး နှစ်မျိုးစီ ရှိ၏။

(က) စက္ခုစသော ပသာဒရုပ် ငါးပါးသည် အတ္တဘာဝ = အတ္တဘောကို အစွဲပြု၍ ဖြစ်သည်၏ အဖြစ်ကြောင့် အဇ္ဈတ္တိကရုပ် မည်၏။ အဇ္ဈတ္တိကရုပ် (၅)မျိုးမှ ကြွင်းသော (၂၃)ပါးသော ရုပ်သည် ထိုအဇ္ဈတ္တိကမှအပ ဖြစ်သောကြောင့် ဗာဟိရရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၈၁။)

အာဟိတော အဟံ မာနော ဧတ္ထာတိ အတ္တာ၊ အတ္တဘာဝေါ။ တံ အတ္တာနံ အဓိကိစ္စ ဥဒ္ဒိဿ ပဝတ္တာ အဇ္ဈတ္တာ၊ ဣန္ဒြိယဗဒ္ဓဓမ္မာ၊ တေသု ဘဝံ အဇ္ဈတ္တိကံ၊ စက္ခာဒိ။ (မဟာဋီ၊၂၊၁၀၆။)

ငါ - ဟူသော ထောင်လွှားတတ်သော မာနကိုထားရာ အတ္တဘောသည် = ခန္ဓာကိုယ် အတ္တဘောသည် အတ္တ မည်၏။ ယင်းအတ္တကို အစွဲပြု၍ ရည်၍ဖြစ်သော စက္ခုစသော ဣန္ဒြေနှင့်စပ်သော တရားအပေါင်းသည် အဇ္ဈတ္တ မည်၏။ ယင်း (နိယကဇ္ဈတ္တဟူသော) အဇ္ဈတ္တတို့၌ဖြစ်သော စက္ခုစသော ပသာဒရုပ် ငါးပါးသည် အဇ္ဈတ္တိက မည်၏။ (မဟာဋီ၊၂၊၁၀၆။) အဋ္ဌကထာနည်း၌ကား အဇ္ဈတ္တနှင့် အဇ္ဈတ္တိက တူ၏။ ဏိက-ပစ္စည်း အနက်မရှိ။

( ခ ) ပသာဒရုပ် (၅)ပါး, အာရုံရုပ် (၇)ပါး, ပေါင်းသော် (၁၂)မျိုးသော ရုပ်တရားသည် ဝိသယီ ဝိသယ = အကြည်ရုပ် = အခံဓာတ်ရုပ်နှင့် အာရုံရုပ် = အတိုက်ဓာတ်ဖြစ်၍ ထိခိုက်သည်၏ အစွမ်းဖြင့် ယောဂါဝစရ ပုဂ္ဂိုလ်သည် အာရုံယူအပ်သည်၏ အဖြစ်ကြောင့် ဩဠာရိက = ရုန့်ရင်းကြမ်းတမ်းသောရုပ် မည်၏။ (ဃဋ္ဋနဝသေန ဂဟေ တဗ္ဗတော-ဝိသုဒ္ဓိ၊၂၊၈၁။) ကြွင်းသော (၁၆)မျိုးသော ရုပ်သည် ဒွါရနှင့် အာရုံ (= ဝိသယီနှင့် ဝိသယ) ထိခိုက်သည်၏ အစွမ်းဖြင့် ယောဂါဝစရပုဂ္ဂိုလ်သည် အာရုံမယူအပ်သောကြောင့် သုခုမရုပ် မည်၏။ (အသင်သူတော်ကောင်းသည် ရုပ်ကမ္မဋ္ဌာန်းပိုင်း ရှုကွက်များကို ပြန်လည်၍ အာရုံ ယူထားပါ။ ရူပါရုံအရောင်၏ ရှေးရှူရိုက်ခတ်မှုကို ခံယူရသော အကြည်ဓာတ်ကို စက္ခုအကြည်ဟု ဤသို့ စသည်ဖြင့် သိမ်းဆည်းမှုမျိုးကို ဆိုလိုသည်။) (ဝိသုဒ္ဓိ၊၂၊၈၁။)

( ဂ ) ထိုသုခုမရုပ်သည်ပင်လျှင် သိမ်မွေ့သည်ဖြစ်၍ ထိုးထွင်း၍ သိနိုင်ခဲသော သဘောရှိသည်၏ အဖြစ်ကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ ရှုနေသောဉာဏ်နှင့် ဝေးရကား ဒူရေရုပ် မည်၏။ ရုန့်ရင်းကြမ်းတမ်းသော ဩဠာရိကရုပ်ကား ရုန့်ရင်းကြမ်းတမ်းသည်ဖြစ်၍ ထိုးထွင်း၍ သိလွယ်သော သဘောရှိသည်၏ အဖြစ်ကြောင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၏ အနီး၌ ဖြစ်ရကား သန္တိကေရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၈၁။)

(ဃ) ရုပ်အစစ် (၁၈)မျိုးသည် ---

၁။ ရုပ်ကလာပ်တို့ကို ပိုင်းခြားတတ်သော ပရိစ္ဆေဒရုပ် မဟုတ်ခြင်း,

၂။ ရုပ်အစစ်တို့၏ အမူအရာထူး = ဝိကာရ မဟုတ်ခြင်း,

၃။ ရုပ်အစစ်တို့၏ ဖြစ်တည်ပျက် - လက္ခဏ မဟုတ်ခြင်းကြောင့်

မိမိ၏ ကက္ခဠတ္တ = ခက်မာခြင်းစသော ကိုယ်ပိုင် သဘာဝသတ္တိစွမ်းအင်ကို အာရုံပြုသောအားဖြင့်သာလျှင် ယောဂါဝစရပုဂ္ဂိုလ်က ဉာဏ်ဖြင့် ပိုင်းခြား၍ ယူအပ်သည်၏ အဖြစ်ကြောင့် ကံ-စိတ်-ဥတု-အာဟာရ တည်းဟူသော ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့က ပြီးစေအပ်သော နိပ္ဖန္နရုပ် မည်၏။ နိပ္ဖန္နရုပ် (၁၈)မျိုးမှ ကြွင်းသော ရုပ် အတု (၁၀)မျိုးသည် မိမိသဘောအားဖြင့် ပိုင်းခြား၍ မယူအပ်သည်၏ အဖြစ်ကြောင့် အသီးအခြား ကံစသော အကြောင်းကြောင့် မပြီးသော အနိပ္ဖန္နရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၈၁။)

အာကာသဓာတ်ဟူသည် ရုပ်ကလာပ်တို့၏ အကြားအပေါက်မျှသာ ဖြစ်၏။ ဝိညတ်ရုပ်တို့သည် စိတ္တဇ ရုပ်တို့၏, လဟုတာ မုဒုတာ ကမ္မညတာရုပ်တို့သည် စိတ္တဇ ဥတုဇ အာဟာရဇရုပ်တို့၏ အမူအရာထူး ဝိကာရမျှသာ ဖြစ်၏။ ဥပစယ သန္တတိ ဇရတာ အနိစ္စတာတို့သည် ရုပ်အစစ်တို့၏ ဖြစ်မှု တည်မှု ပျက်မှု သဘောမျှသာဖြစ်၏။ ထိုကြောင့် ဤ (၁၀)မျိုးသော ရုပ်တို့သည် ရုပ်အစစ်တို့မပါဘဲ မိမိတို့ချည်းသက်သက် အသီးအခြား ဖြစ်နိုင်ကြ သော ရုပ်တရားတို့ မဟုတ်ကြပေ။ ရုပ်တရားတို့ကို ဖြစ်စေတတ်သော ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်း တရားကြောင့် ရုပ်အစစ်တို့မပါဘဲ မိမိတို့ချည်းသက်သက် ပြီးစီးလာသော ရုပ်တရားတို့လည်း မဟုတ်ကြပေ။ ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်အစစ်များကို အာရုံမယူဘဲ ယင်းရုပ်အတုတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ သက်သက်ကိုသာ အာရုံယူ၍ သိမ်းဆည်းခဲ့သော် သိမ်းဆည်း၍ ဉာဏ်ဖြင့် ပိုင်းခြား၍ မယူနိုင်။ ရုပ်အစစ်တို့နှင့်သာ ပူးကပ်၍ သိမ်းဆည်းရှုပွားပါမှ ရရှိနိုင်သည် ဟူလိုသည်။

( င ) စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ၊ ဣတရံ တတော ဝိပရီတတ္တာ နပသာဒရူပံ။ (ဝိသုဒ္ဓိ၊၂၊၈၁။)

သောတာဒီနမ္ပိ စက္ခုနော ဝိယ ပသန္နသဘာဝတ္တာ ဧဝ ယထာသကံ ဝိသယဂ္ဂဟဏပစ္စယတာတိ ဒ- ေဿန္တော အာဟ စက္ခာဒိ။ ပ ။ ပသာဒရူပန္တိ။ (မဟာဋီ၊၂၊၁၀၇။)

စက္ခု သောတ ဃာန ဇိဝှါ ကာယ ဟူသော ရုပ် (၅)မျိုးသည် မိမိတို့ဆိုင်ရာ အသီးအသီးသော ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကို အာရုံယူခြင်း၏ အကြောင်းဖြစ်သောကြောင့်, ကြေးမုံအပြင်ကဲ့သို့ အထူးသဖြင့် ကြည်လင်သည်၏ အဖြစ်ကြောင့် ပသာဒရုပ် မည်၏။ ပသာဒရုပ်မှ တစ်ပါးသော (၂၃)မျိုးသော ရုပ်သည် ပသာဒရုပ်တို့ကဲ့သို့ အာရုံကိုယူခြင်း၏ အကြောင်းတရားလည်း မဟုတ်သောကြောင့်, ပသာဒရုပ်တို့ကဲ့သို့ ကြည်လင် သော ရုပ်တရားတို့လည်း မဟုတ်ကြသောကြောင့် = မကြည်သော ရုပ်တို့သာ ဖြစ်ကြသောကြောင့် ပသာဒ မဟုတ်သောရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၈၁။)

အထူးသတိပြု၍ မှတ်သားပါ

အထူးသတိပြု၍ မှတ်သားပါ

ဤအထက်ပါ စကားရပ်၌ --- အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ = ပသာဒရုပ်တို့သည် ကြေးမုံအပြင်ကဲ့သို့ ကြည်လင်ကြောင်း ဖွင့်ဆိုချက်ကို အထူးဂရုပြု၍ မှတ်သားပါ။ ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်း ရှုပွားရာ၌ အလွန် အရေးကြီးသော မှတ်တိုင်ကြီးတစ်ခု ဖြစ်၏။ ပသာဒရုပ် = အကြည်ရုပ် (၅)မျိုးတို့တွင် ---

၁။ စက္ခုပသာဒ = စက္ခုအကြည်သည် မျက်စိ၌သာ ရှိ၏။

၂။ သောတပသာဒ = သောတအကြည်သည် နား၌သာ ရှိ၏။

၃။ ဃာနပသာဒ = ဃာနအကြည်သည် နှာခေါင်း၌သာ ရှိ၏။

၄။ ဇိဝှါပသာဒ = ဇိဝှါအကြည်သည် လျှာ၌သာ ရှိ၏။

၅။ ကာယပသာဒ = ကာယအကြည်သည်ကား မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံး (၆)ဒွါရလုံး၌ = တစ်ကိုယ်လုံး၌ ပျံ့နှံ့လျက် ရှိ၏။

ယောဂါဝစရပုဂ္ဂိုလ်သည် ခန္ဓာကိုယ်၌ ဓာတ်ကြီး (၄)ပါးတို့ကို အာရုံယူ၍ ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ သမာဓိကို ထူထောင်လိုက်သောအခါ ကြေးမုံအပြင်ကဲ့သို့ ကြည်လင်နေသော အတုံးအခဲ အပြင်ကြီးကို ဥပစာရသမာဓိ နယ်မြေသို့ ဆိုက်ရောက်စအချိန်မှ စ၍ သို့မဟုတ် ဆိုက်ရောက်ခါနီးအချိန်မှ စ၍ တွေ့တတ်၏။ ဃနဟူသည့် ရုပ်တုံးရုပ်ခဲများ မပြိုမီ ပရမတ္ထအစစ်သို့ ဉာဏ်အမြင် မဆိုက်သေးမီ အကြည်ရုပ် (၅)မျိုးတို့ကို အတုံးလိုက် အခဲလိုက် အပြင်လိုက် ကြေးမုံအပြင်ကဲ့သို့ တွေ့မြင်ခြင်းပင် ဖြစ်သည်။ အထူးသဖြင့် ကာယအကြည်မှာ တစ်ကိုယ်လုံး၌ အနှံ့အပြားတည်ရှိသဖြင့် ဃနမပြိုမီ အကြည်ဓာတ်များကို ပြင်လိုက်ကြီး တွေ့မြင်ခြင်းပင် ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်၏ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ယင်းကဲ့သို့ တွေ့မြင်ခြင်းမှာ အထက်ပါ အဋ္ဌကထာစကားရပ် ဋီကာစကားရပ်တို့နှင့်လည်း ဂင်္ဂါရေနှင့် ယမုနာရေ ရောသကဲ့သို့ တစ်သားတည်း ညီညွတ်လျက် ရှိ၏။ အောက်ပါ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူအပ်သော ဓမ္မသင်္ဂဏီပါဠိတော်မြတ်ကြီးနှင့်လည်း ရေပူနှင့် ရေအေး ရောသကဲ့သို့ တစ်သားတည်းပင် ညီညွတ်လျက် ရှိပေ၏။

၁။ ယံ စက္ခု စတုန္နံ မဟာဘူတာနံ ဥပါဒါယ ပသာဒေါ ...

၂။ ယံ သောတံ စတုန္နံ မဟာဘူတာနံ ဥပါဒါယ ပသာဒေါ ...

၃။ ယံ ဃာနံ စတုန္နံ မဟာဘူတာနံ ဥပါဒါယ ပသာဒေါ ...

၄။ ယာ ဇိဝှါ စတုန္နံ မဟာဘူတာနံ ဥပါဒါယ ပသာဒေါ ...

၅။ ယော ကာယော စတုန္နံ မဟာဘူတာနံ ဥပါဒါယ ပသာဒေါ ... (အဘိ၊၁၊၁၅၇-၁၆၁။)

စက္ခု-သောတ-ဃာန-ဇိဝှါ-ကာယတို့သည် မိမိ မိမိ၏ကလာပ်တူ မဟာဘုတ်တို့ကိုမှီ၍ ဖြစ်ပေါ်လာသော ပသာဒရုပ် = အကြည်ရုပ်များ ဖြစ်ကြကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင်ပင် အဓိပ္ပါယ်ရှိရှိဖြင့် ထိထိမိမိ ဟော ကြားထားတော်မူခဲ့၏။ သိတော်မူ မြင်တော်မူ၍ ဟောကြားထားတော်မူသော ဘုရားရှင်၏ ရွှေနှုတ်တော်မှ တိုက် ရိုက် ထွက်ပေါ်လာသော မုခပါဌ်တော်များပင် ဖြစ်ကြသည်။ ယင်း အကြည်ပြင်၌ အာကာသဓာတ်ကို မြင်အောင် စိုက်ရှုပါက ရုပ်ကလာပ်အမှုန်များကို စတင်တွေ့ရှိမည် ဖြစ်ပေသည်။

( စ ) ပသာဒရုပ် ငါးပါးနှင့် ဣတ္ထိန္ဒြေ ပုရိသိန္ဒြေ ဇီဝိတိန္ဒြေ ဤရုပ် (၈)မျိုးသည် အစိုးရသည်၏ အဖြစ်တည်း ဟူသော သဘောကြောင့် ဣန္ဒြိယရုပ် မည်၏။ (ဣန္ဒြိယပစ္စည်းပိုင်း၌ ပြန်ကြည့်ပါ။) ကြွင်းသောရုပ် (၂၀)သည် အစိုးရသည်၏ အဖြစ်တည်းဟူသော သဘောမရှိသောကြောင့် အနိန္ဒြိယရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၈၁။)

(ဆ) ဤရုပ်သည် ငါ၏အကျိုးတည်းဟု ကံသည် မိမိ၏ အကျိုး၏အဖြစ်ဖြင့် စွဲယူအပ်သည်၏ အဖြစ်ကြောင့် ကမ္မဇရုပ်သည် ဥပါဒိဏ္ဏ = ဥပါဒိန္နရုပ် မည်၏။ စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်သည် ကံသည် မိမိ ၏ အကျိုး၏အဖြစ်ဖြင့် မစွဲယူအပ်သည်၏ အဖြစ်ကြောင့် အနုပါဒိဏ္ဏ = အနုပါဒိန္နရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၈၁။)

သုံးစုအားဖြင့် ရုပ်တို့ကို ခွဲတမ်းချပုံ

သုံးစုအားဖြင့် ရုပ်တို့ကို ခွဲတမ်းချပုံ

၁။ ရူပါရုံသည် မြင်အပ်သည်၏ အဖြစ်နှင့်တကွ ဖြစ်သော, ထိပါးအပ်သည်နှင့်တကွ ဖြစ်သော သနိဒဿန သပ္ပဋိဃရုပ် မည်၏။

၂။ ရူပါရုံမှ ကြွင်းသော ဩဠာရိကရုပ် (၁၁)မျိုးသည် မြင်အပ်သည်၏အဖြစ် မရှိ၊ ထိပါးအပ်သည်၏အဖြစ်နှင့် တကွ ဖြစ်သော အနိဒဿန သပ္ပဋိဃရုပ် မည်၏။

၃။ သုခုမရုပ် (၁၆)ပါးသည် မြင်အပ်သည်၏အဖြစ် မရှိ၊ ထိပါးအပ်သည်၏အဖြစ် မရှိသော အနိဒဿန အပ္ပဋိဃရုပ် မည်၏။ (ဤ၌ စက္ခုဝိညာဏ်ဖြင့် မြင်မှု မမြင်မှုကိုသာ ဆိုလိုသည်။ မနောဝိညာဏ်ဖြင့် မြင်မှု မမြင်မှုကို မဆိုလို။) (ဝိသုဒ္ဓိ၊၂၊၈၁။)

၁။ ဣန္ဒြိယရုပ် (၈)မျိုးနှင့် ဟဒယဝတ္ထုရုပ် (၁)မျိုး --- အားလုံးပေါင်းသော် ဤရုပ် (၉)မျိုးသည် ကံကြောင့်သာ ဧကန်ဖြစ်သောကြောင့် ဧကန် ကမ္မဇရုပ် မည်၏။ ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ အာကာသ --- ဤရုပ် (၉)မျိုးသည် အနေကန်အားဖြင့်သာ ကံကြောင့် ဖြစ်သောကြောင့် အနေကန် ကမ္မဇရုပ် မည်၏။

၂။ စိတ်ကြောင့်ဖြစ်သောရုပ်, ဥတုကြောင့်ဖြစ်သောရုပ် အာဟာရကြောင့်ဖြစ်သောရုပ်သည် ကံမှ တစ်ပါးသော အကြောင်းကြောင့်ဖြစ်သော အကမ္မဇရုပ် မည်၏။

၃။ ဥပစယ, သန္တတိ, ဇရတာ, အနိစ္စတာ ဟူသော လက္ခဏရုပ် လေးပါးသည် ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရား လေးပါးတို့တွင် မည်သည့် တစ်စုံတစ်ခုသော အကြောင်းကြောင့်မှ မဖြစ်သော နေဝကမ္မဇံ နာကမ္မဇံရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၈၁။)

၁။ စိတ်ကြောင့်ဖြစ်သော ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ဟူသော အဝိနိဗ္ဘောဂရုပ် (၈)မျိုး, အသံ = သဒ္ဒါရုံ, အာကာသဓာတ်, ကာယဝိညတ်, ဝစီဝိညတ်, လဟုတာ မုဒုတာ ကမ္မညတာ -ဤ (၁၅)မျိုးသောရုပ်သည် စိတ္တဇရုပ် မည်၏။

၂။ ကမ္မဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်သည် စိတ်ကြောင့်မဖြစ်သော အစိတ္တဇရုပ် မည်၏။

၃။ လက္ခဏရုပ် လေးမျိုးသည် နေဝစိတ္တဇံ နာစိတ္တဇံရုပ် မည်၏။

၁။ အာဟာရကြောင့်ဖြစ်သော ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာဟူသော အဝိနိဗ္ဘောဂရုပ် (၈)မျိုး, အာကာသဓာတ်, လဟုတာ, မုဒုတာ, ကမ္မညတာ --- ဤ (၁၂) မျိုးသောရုပ်သည် အာဟာရကြောင့် ဖြစ်သော အာဟာရဇရုပ် မည်၏။

၂။ ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ်သည် အာဟာရကြောင့် မဖြစ်သော အနာဟာရဇရုပ် မည်၏။

၃။ လက္ခဏရုပ် (၄)မျိုးသည် နေဝအာဟာရဇံ နအနာဟာရဇံရုပ် မည်၏။

၁။ ဥတုကြောင့် ဖြစ်သော ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာဟူသော အဝိနိဗ္ဘောဂရုပ် (၈)မျိုး, အသံ = သဒ္ဒါရုံ, အာကာသဓာတ်, လဟုတာ မုဒုတာ ကမ္မညတာ --- ဤ (၁၃)မျိုးသော ရုပ်သည် ဥတုကြောင့်ဖြစ်သော ဥတုဇရုပ် မည်၏။

၂။ ကမ္မဇရုပ် စိတ္တဇရုပ် အာဟာရဇရုပ်သည် ဥတုကြောင့် မဖြစ်သော အနုတုဇရုပ် မည်၏။

၃။ လက္ခဏရုပ် (၄)မျိုးသည် နေဝဥတုဇံ နအနုတုဇံရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၈၁။)

လေးစုအားဖြင့် ရုပ်တို့ကို ခွဲတမ်းချပုံ

လေးစုအားဖြင့် ရုပ်တို့ကို ခွဲတမ်းချပုံ

၁။ ရူပါယတန = ရူပါရုံသည် စက္ခုဝိညာဏ်၏ အာရုံဖြစ်သောကြောင့် ဒိဋ္ဌ မည်၏။

၂။ သဒ္ဒါယတန = သဒ္ဒါရုံသည် သောတဝိညာဏ်၏ အာရုံဖြစ်သောကြောင့် သုတ မည်၏။

၃။ ဂန္ဓာယတန-ရသာယတန-ဖောဋ္ဌဗ္ဗာယတန = ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံသည် မိမိတို့ ထံမှောက်သို့ ဆိုက် ရောက်လာသော အာရုံကိုယူတတ်သော ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေတို့၏ အာရုံဖြစ်သောကြောင့် မုတ မည်၏။

(က) ဃာနဝိညာဏ်သည် ဃာနိန္ဒြေသို့ ဆိုက်ရောက်လာသော ဂန္ဓာရုံကို,

( ခ ) ဇိဝှါဝိညာဏ်သည် ဇိဝှိန္ဒြေသို့ ဆိုက်ရောက်လာသော ရသာရုံကို,

( ဂ ) ကာယဝိညာဏ်သည် ကာယိန္ဒြေသို့ဆိုက်ရောက်လာသော ဖောဋ္ဌဗ္ဗာရုံကို, အာရုံယူတတ်၏။ ထိုကြောင့် ယင်းအာရုံ သုံးမျိုးသည် မုတ မည်၏။

၄။ ကြွင်းသော (၂၁)မျိုးသောရုပ်သည် မနောဝိညာဏ်၏သာလျှင် အာရုံဖြစ်သောကြောင့် ဝိညာတ မည်၏။

၁။ နိပ္ဖန္နရုပ် (၁၈)ပါးသည် ရူပရူပရုပ် မည်၏။

၂။ အာကာသဓာတ်သည် ပရိစ္ဆေဒရုပ် မည်၏။

၃။ ကာယဝိညတ် ဝစီဝိညတ် လဟုတာ မုဒုတာ ကမ္မညတာ --- ဤရုပ် (၅)မျိုးသည် ဝိကာရရုပ် မည်၏။

၄။ ဇာတိ ဇရာ ဘင်္ဂ = ဥပစယ သန္တတိ ဇရတာ အနိစ္စတာ --- ဤ (၄)မျိုးသည် လက္ခဏရုပ် မည်၏။

၁။ ဟဒယရုပ်သည် ဝတ္ထုရုပ် မည်၏၊ ဒွါရရုပ် မမည်။

၂။ ကာယဝိညတ် ဝစီဝိညတ် နှစ်မျိုးသည် ဒွါရရုပ် မည်၏၊ ဝတ္ထုရုပ် မမည်။

၃။ ပသာဒရုပ် (၅)မျိုးသည် ဝတ္ထုရုပ်လည်း မည်၏၊ ဒွါရရုပ်လည်း မည်၏။

၄။ ကြွင်းသော (၂၀)မျိုးသောရုပ်သည် ဝတ္ထုရုပ်လည်း မမည်၊ ဒွါရရုပ်လည်း မမည်။ (ဝိသုဒ္ဓိ၊၂၊၈၁။)

ငါးစုအားဖြင့် ရုပ်တို့ကို ခွဲတမ်းချပုံ

ငါးစုအားဖြင့် ရုပ်တို့ကို ခွဲတမ်းချပုံ

၁။ ဟဒယဝတ္ထုနှင့် ဣန္ဒြိယရုပ် (၈)မျိုးသည် ကံကြောင့်သာလျှင်ဖြစ်သော = ကံဟူသော အကြောင်းတစ်မျိုး တည်းကြောင့်သာဖြစ်သော ဧကဇရုပ် မည်၏။

ဝိညတ်ရုပ် နှစ်မျိုးသည် စိတ်ကြောင့်သာဖြစ်သော = စိတ်ဟူသော အကြောင်းတစ်မျိုးတည်းကြောင့်သာ ဖြစ်သော ဧကဇရုပ် မည်၏။

၂။ သဒ္ဒါယတန = သဒ္ဒါရုံသည် စိတ်ကြောင့်လည်း ဖြစ်၏၊ ဥတုကြောင့်လည်း ဖြစ်၏။ ထိုကြောင့် ထိုသဒ္ဒါရုံသည် အကြောင်း နှစ်မျိုးကြောင့်ဖြစ်သော ဒွိဇရုပ် မည်၏။

၃။ လဟုတာ, မုဒုတာ, ကမ္မညတာ --- ဤရုပ် (၃)မျိုးသည် စိတ်ကြောင့်လည်း ဖြစ်၏၊ ဥတုကြောင့်လည်း ဖြစ်၏၊ အာဟာရကြောင့်လည်း ဖြစ်၏။ ထိုကြောင့် ထိုရုပ် (၃)မျိုးသည် အကြောင်း (၃)မျိုးကြောင့်ဖြစ်သော တိဇရုပ် မည်၏။

၄။ ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ဟူသော အဝိနိဗ္ဘောဂရုပ် (၈)မျိုးနှင့် အာကာသဓာတ်သည် --- ကံကြောင့် ဖြစ်သည်လည်း ရှိ၏၊ စိတ်ကြောင့် ဖြစ်သည်လည်း ရှိ၏၊ ဥတုကြောင့် ဖြစ်သည် လည်း ရှိ၏၊ အာဟာရကြောင့် ဖြစ်သည်လည်း ရှိ၏။ ထိုကြောင့် ဤရုပ် (၉)မျိုးသည် အကြောင်း (၄)မျိုးကြောင့်ဖြစ်သော စတုဇရုပ် မည်၏။

၅။ လက္ခဏရုပ် (၄)မျိုးသည် မည်သည့်အကြောင်းကြောင့်မျှ မဖြစ်သောကြောင့် နကုတောစိဇာတရုပ် = နကုတောစိသမုဋ္ဌာန်ရုပ် မည်၏။

ရုပ်အစစ်တို့၏ ဖြစ်မှု ဥပါဒ်သည် ဥပစယ သန္တတိဟု နှစ်မျိုးခွဲထားသော ဇာတိတည်း။ ဥပါဒ်၏ ဥပါဒ်သည် = ဇာတိ၏ ဇာတိသည် မရှိကောင်းပေ၊ မရှိသည်သာ ဖြစ်၏။ ဥပါဒ်ပြီးသော ရုပ်၏ ရင့်ခြင်းမျှသည်သာ ဇရာဖြစ်၏၊ ပျက်ခြင်းမျှသည်သာ မရဏဖြစ်၏။ ထိုကြောင့် လက္ခဏရုပ် (၄)မျိုးသည် တစ်စုံတစ်ခုသော မည်သည့် အကြောင်း ကြောင့်မျှ မဖြစ်သည့် နကုတောစိဇာတရုပ် မည်၏။

ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ အာကာသဓာတု အာပေါဓာတု ရူပဿ လဟုတာ, ရူပဿ မုဒုတာ, ရူပဿ ကမ္မညတာ, ရူပဿ ဥပစယော, ရူပဿ သန္တတိ, ကဗဠီကာရော အာဟာရော၊ ဣမေ ဓမ္မာ စိတ္တသမုဋ္ဌာနာ။ (အဘိ၊၁၊၂၃၉။)

ဤသို့စသော ပါဠိတော်တို့၌ ဥပစယ သန္တတိဟူသော ဇာတိရုပ်ကို တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်မှုကို ခွင့်ပြုထားတော်မူ၏။ ထို တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်မှုကိုလည်း ရုပ်ကို ဖြစ်စေတတ်ကုန် သော ကံ-စိတ်-ဥတု-အာဟာရ ဟူသော ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့၏ မိမိ မိမိကိစ္စကို ပြီးစေသော အာနုဘော်၏ ထင်ရှားရှိသောခဏ၌ ယင်းရုပ်တရားတို့၏ ဇာတိသဘောတရား၏ မြင်အပ်သည်၏ အဖြစ်ကြောင့် ခွင့်ပြုတော်မူအပ်၏ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၈၂။)

ယောဂါဝစရပုဂ္ဂိုလ်သည် ---

၁။ ကံကြောင့် ကမ္မဇရုပ် ဖြစ်ပုံ,

၂။ စိတ်ကြောင့် စိတ္တဇရုပ် ဖြစ်ပုံ,

၃။ ဥတုကြောင့် ဥတုဇရုပ် ဖြစ်ပုံ,

၄။ အာဟာရကြောင့် အာဟာရဇရုပ် ဖြစ်ပုံ ဟူသော

ဆိုင်ရာဆိုင်ရာ အကြောင်းတရားကြောင့် ဆိုင်ရာဆိုင်ရာ အကျိုးရုပ်တရားတို့၏ ဖြစ်ပုံကို သမ္မာဒိဋ္ဌိဉာဏ် ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုရာ၌ ထိုထို အကြောင်းတရားတို့၏ ထိုထို အကျိုး တရားတို့ကို ဖြစ်ပေါ်လာအောင် မိမိ မိမိ၏ကိစ္စကို ရွက်ဆောင်နေဆဲခဏ၌ မိမိ မိမိ၏ကိစ္စကို ပြီးစေသော အာနုဘော် ထင်ရှားရှိနေဆဲခဏ၌ ရုပ်တရားတို့၏ ဖြစ်မှု ဇာတိကို ယောဂါဝစရပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် တွေ့မြင် နေ၏။ ထိုသို့ ကံ-စိတ်-ဥတု-အာဟာရတည်းဟူသော ရုပ်ကိုဖြစ်စေတတ်သော အကြောင်းတရားတို့၏ မိမိ မိမိ၏ ကိစ္စကို ပြီးစေသော အာနုဘော် ထင်ရှားရှိနေဆဲခဏ၌ ယင်း ဇာတိသဘောကို ယောဂါဝစရပုဂ္ဂိုလ်က ဉာဏ်ဖြင့် တွေ့မြင်အပ်သောကြောင့် တစ်စုံတစ်ခုသော အကြောင်းတရားကြောင့် ယင်းဇာတိရုပ်၏ ဖြစ်မှုကို ဘုရားရှင်သည် ခွင့်ပြုတော်မူအပ်ပေသည်။ ဆိုင်ရာ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာကြရသော ရုပ်တရားတို့ကို ဉာဏ်ဖြင့် တွေ့မြင်ရသကဲ့သို့ ယင်းရုပ်တရားတို့ကို ဉာဏ်ဖြင့် မြင်သောအခါ ယင်းရုပ်တရားတို့၏ ဖြစ်မှု ဇာတိကိုလည်း မြင်တွေ့ရသည်သာ။ ဤအကြောင်းပရိယာယ်ကြောင့် ဘုရားရှင် ခွင့်ပြုတော်မူခြင်း ဖြစ်သည်။ (မဟာဋီ၊၂၊၁၁၁ - ကြည့်။)

ရူပက္ခန္ဓကထာ အခန်း ပြီး၏။

ရူပက္ခန္ဓကထာ အခန်း ပြီး၏။

__________

ဝိညာဏက္ခန္ဓကထာ အခန်း

ဝိညာဏက္ခန္ဓကထာ အခန်း

ရူပက္ခန္ဓာမှ တစ်ပါးသော နာမ်ခန္ဓာ (၄)ပါးတို့တွင် ---

၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် စသည်အားဖြင့် (၁၁)မျိုး ပြားသော အာရုံ၏ အရသာကို ခံစားခြင်း သဘောလက္ခဏာရှိသော သဘောတရားအားလုံးသည် ဝေဒနာက္ခန္ဓာ မည်၏။

၂။ အတိတ် အနာဂတ် ပစ္စုပ္ပန် စသည်အားဖြင့် (၁၁)မျိုး ပြားသော အာရုံကို အမှတ်ပြု၍သိခြင်း အာရုံကို ရယူခြင်း သဘောလက္ခဏာရှိသော သဘောတရားအားလုံးသည် သညာက္ခန္ဓာ မည်၏။

၃။ အတိတ် အနာဂတ် ပစ္စုပ္ပန် စသည်အားဖြင့် (၁၁)မျိုး ပြားသော ပြုပြင်ခြင်း, အားထုတ်ခြင်း ကြောင့်ကြ ဗျာပါရသို့ ရောက်ခြင်း သဘောလက္ခဏာရှိသော သဘောတရား အားလုံးသည် သင်္ခါရက္ခန္ဓာ မည်၏။

၄။ အတိတ် အနာဂတ် ပစ္စုပ္ပန် စသည်အားဖြင့် (၁၁)မျိုး ပြားသော သညာ ပညာတို့ သိပုံမှ ထူးသောအာရုံကို ရယူခြင်း သိခြင်း သဘောလက္ခဏာရှိသော သဘောတရားအားလုံးသည် ဝိညာဏက္ခန္ဓာ မည်၏။

ထိုနာမ်ခန္ဓာ လေးပါးတို့တွင် ဝိညာဏက္ခန္ဓာကို သိအပ်ပြီးသော် ကျန်နာမ်ခန္ဓာ သုံးပါးတို့သည် သိလွယ်သော သဘောရှိကုန်၏၊ ထိုကြောင့် ဝိညာဏက္ခန္ဓာကို လက်ဦးမူ၍ ဖွင့်ဆိုကြောင်း သံဝဏ္ဏနာကို ပြုပေတော့အံ့။ (ဝိသုဒ္ဓိ၊၂၊၈၂။)

ဝိဇာနနလက္ခဏ

ဝိဇာနနလက္ခဏ

ဝိဇာနာတိ ဝိဇာနာတီတိ ခေါ အာဝုသော တသ္မာ ဝိညာဏန္တိ ဝုစ္စတိ။ (မ၊၁၊၃၆၆။)

ဝိညာဏံ စိတ္တံ မနောတိ အတ္ထတော ဧကံ။ (ဝိသုဒ္ဓိ၊၂၊၈၂။)

အထက်ပါ အဖြေမှာ အရှင်မဟာကောဋ္ဌိက မထေရ်မြတ်ကြီး၏ အမေးကို ဖြေဆိုထားတော်မူသော အရှင် သာရိပုတ္တရာ မထေရ်မြတ်ကြီး၏အဖြေ ဖြစ်၏။ မဟာဝေဒလ္လသုတ္တန်၌ လာရှိ၏။

ငါ့ရှင် ကောဋ္ဌိက ...အာရုံကို သိတတ်၏ အာရုံကို ရယူတတ်၏၊ ထိုကြောင့် ဝိညာဏ်ဟု ဆိုအပ်၏။ (မ၊၁၊၃၆၆။)

၁။ ဝိညာဏ = ဝိညာဏ်

၂။ စိတ္တ = စိတ်

၃။ မန = မနော = စိတ်

ဤသုံးမျိုးကား တရားကိုယ် အနက်သဘောအားဖြင့် အတူတူပင် ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၈၂။)

ပရမတ္ထဓမ္မသဘာဝဟူသည် အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာရသော ပဝတ္တိဓမ္မတည်းဟု ပြခြင်းငှာ ဝိဇာနနလက္ခဏံဟု ဘာဝသာဓနအားဖြင့် ဆိုသည်။ ဓမ္မသဘောမှလွတ်သော တစ်စုံတစ်ခုသော သိတတ်သော ပြုလုပ်တတ်သော ကတ္တားမည်သည် မရှိ၊ ထိုကြောင့် ဓမ္မ၏သာလျှင် ကတ္တားအဖြစ်ကို ပြခြင်းငှာ ဝိဇာနာတိ ဟူ၏။ အာရုံကိုယူတတ်သော အကြင်သဘောတရားသည် ဝိဇာနနတ္ထ = အာရုံကိုသိခြင်း အနက်သဘောအားဖြင့် ဝိညာဏ် မည်၏၊ ထိုသဘောသည်ပင် စိန္တနတ္ထ = အာရုံကိုကြံစည်ခြင်း အနက်သဘော စသောအားဖြင့် စိတ် မည်၏၊ မနနတ္ထ = သိခြင်း အနက်သဘောအားဖြင့် မနော မည်၏။ ဤသို့သော ပရိယာယ်အားဖြင့်လည်း--- (၁) ဝိညာဏံ = ဝိညာဏ်, (၂) စိတ္တံ = စိတ်, (၃) မနော = မန --- ဤသုံးပုဒ်သည် တရားကိုယ် အနက်သဘော အားဖြင့် တစ်ခုတည်းသာဟု ထိုဝိညာဏ်ကို သိစေသည်။ (ပြည်-ဝိသုဒ္ဓိမဂ်နိဿယ၊၃၊၂၄၁။)

ဝိဂြိုဟ် (၃) မျိုး

ဝိဂြိုဟ် (၃) မျိုး

ပရမတ္ထတရားစုကို ဟောပြသော ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ --- စသော သဒ္ဒါတို့၌ များသောအားဖြင့် ကတ္တုသာဓန, ကရဏသာဓန, ဘာဝသာဓနဟု (၃)ဝိဂြိုဟ် ပြုနိုင်၏။ ထိုတွင် ကတ္တုသာဓနနှင့် ကရဏသာဓနသည် ပရမတ္ထသဘောကို ထိမိသော ဝိဂြိုဟ်များ မဟုတ်၊ အတ္တစွဲလမ်းသူတို့၏ အယူကို ပယ်ဖျက် ဖို့ရန် ပရိယာယ်ဆင် ဥပစာတင်၍ ပြုရသော ဝိဂြိုဟ်များတည်း။ (ပရမတ္ထ ဓမ္မသဘာဝ တစ်ခု၏ ဆိုလိုသော အနက်သဘောတရားကို သဒ္ဒါနည်းအရ ရှင်းလင်းပြသော စကားစုကို ဝိဂြိုဟ်ဟု ဆိုလိုသည်။)

ပရမတ်၌ မကျွမ်းကျင်သော ပုထုဇန် အချို့က --- ထိုထိုအမှုကို ပြုလုပ်စီမံတတ်သော ကာရက, အကျိုး ကိုလည်း ခံစားတတ်သော ဝေဒကဟု ခေါ်ဆိုရသော အတ္တသည် (= အသက်ကောင် လိပ်ပြာကောင် ဝိညာဏ် ကောင် အတ္တကောင်သည်) ခန္ဓာကိုယ်တွင်း၌ ရှိ၏။ အာရုံကို သိရာ၌ သိခြင်းကြိယာကား စိတ်တည်း၊ ထိုသိခြင်း ကြိယာကို ဖြစ်စေတတ် = ပြီးစေတတ် = သိတတ်သော ကတ္တားမှာ ယခင်အတ္တပင် ဖြစ်သည်ဟု စွဲလမ်းမှတ်ထင် ကြလေသည်၊ ထိုယူမှားချက်ကို ပယ်ဖျက်ဖို့ရာ စိတ်၌ သိတတ်သော ကတ္တုသတ္တိ မရှိသော်လည်း ရှိသကဲ့သို့ တင်စား၍ --- ဝိဇာနာတီတိ ဝိညာဏံ = အာရုံကိုသိတတ်သောကြောင့် ဝိညာဏ်မည်၏ဟု ကတ္တုသာဓနဝိဂြိုဟ် ဖြင့် ရှင်းလင်းဖွင့်ဆိုရပေသည်။ ဤစကားမျိုးကို --- သိတတ်သော သတ္တိမရှိပါဘဲလျက် ရှိသကဲ့သို့ တင်စား၍ ပြောဆိုထားသော စကားမျိုးဖြစ်သဖြင့် တဒ္ဓမ္မူပစာရစကားဟု ခေါ်ဆိုသည်။ ယုန်၌ ဦးချိုမရှိပါဘဲလျက် ရှိသကဲ့သို့ တင်စား၍ ယုန်ချိုဟု ဆိုသော စကားကဲ့သို့ မှတ်ပါ။ ဆိုလိုသည်မှာအာရုံကိုသိရာ၌ အတ္တက သိသည်မဟုတ်, အတ္တပင် အထင်အရှား မရှိ, စိတ်ကသာ သိသည်, စိတ်ဟူသော သဘောတရားမှတစ်ပါး အခြားသိတတ်သော ကတ္တားတစ်မျိုး မရှိတော့ပြီ ဟူလိုသည်။

အချို့ကလည်း ဖဿ စသောတရားတို့သည် အတ္တကြောင့်သာ အာရုံကို သိကြရ၏၊ အတ္တသည် သိခြင်း ကြိယာကို ပြီးစေနိုင်သော ကြိယာသာဓကတမသတ္တိ ရှိ၏ဟု စွဲလမ်းကြပြန်၏၊ ထိုစွဲလမ်းချက်ကို ပယ်ဖျက်ဖို့ရာ စိတ်၌ သိကြောင်းသတ္တိ မရှိသော်လည်း ရှိသကဲ့သို့ တဒ္ဓမ္မူပစာရအားဖြင့် ဝိဇာနာတိ ဧတေနာတိ ဝိညာဏံ = စိတ်သည် အာရုံကို သိကြောင်းဖြစ်သောကြောင့် ဝိညာဏ်မည်၏ဟု ကရဏသာဓနဝိဂြိုဟ် တစ်နည်းဆိုလျက် ရှင်းပြရပြန်သည်။ ဖဿ စသည်တို့၏ အာရုံကို သိခြင်း၏ အကြောင်းမှာ အတ္တမဟုတ်, အတ္တပင် အထင်အရှား မရှိ၊ စိတ်သည်သာလျှင် ဖဿ စသည်တို့၏ အာရုံကို သိကြောင်းတရားဖြစ်သည်ဟု ဆိုလိုသည်။

ဤသို့လျှင် အတ္တစွဲလမ်းချက်ကို ပယ်ဖျက်လို၍ ကတ္တုသာဓန ကရဏသာဓန ဝိဂြိုဟ် ပြဆိုရသော်လည်း စိတ်၌ သိတတ်သောကတ္တုသတ္တိ, သိကြောင်းကရဏသတ္တိ နှစ်မျိုးလုံးပင် မရှိရကား ထိုဝိဂြိုဟ်များသည် ပရမတ္ထ တရားကိုယ်ဓာတ်သားကို ထိမိသော ဝိဂြိုဟ် မဟုတ်၊ စင်စစ်မှာမူ --- စိတ်ဟူသည် အာရုံကိုသိခြင်း အမူအရာ ကြိယာသာ ဖြစ်သောကြောင့် --- စိန္တနံ စိတ္တံ = ဝိဇာနနံ ဝိညာဏံ --- ဟူသော ဘာဝသာဓနဝိဂြိုဟ်ဖြင့်လည်း စိတ်၏စွမ်းအင်ကို ရှင်းလင်း တင်ပြရပြန်သည်။ အာရုံကိုသိခြင်း အာရုံကိုရယူခြင်း သဘောသက်သက်သည်သာ ဝိညာဏ် မည်၏, စိတ် မည်၏ ဟူလိုသည်။ ယင်း ဘာဝသာဓနသည်သာ ပရမတ္ထတရားကိုယ် ဓာတ်သားကို ထိမိသော ဝိဂြိုဟ် ဖြစ်သည်။ ပရမတ္ထတရားတို့ကား ဗျာပါရကင်းသော နိဗျာပါရတရားတို့သာ ဖြစ်ကြသည်။

ဝိညာဏ်အပြားနှင့် ကုသိုလ်အပြား

ဝိညာဏ်အပြားနှင့် ကုသိုလ်အပြား

ထိုဝိညာဏ်သည် အာရုံကိုသိခြင်း အာရုံကိုရယူခြင်း ဝိဇာနနလက္ခဏာအားဖြင့် တစ်မျိုးသာ ရှိ၏။ ဇာတ်၏ အစွမ်းဖြင့်ကား ကုသိုလ်, အကုသိုလ်, အဗျာကတဟု သုံးမျိုးရှိ၏။ ထိုတွင် ကုသိုလ်သည် ဘူမိဘေဒ = ဘုံအပြား အားဖြင့် --- ကာမာဝစရကုသိုလ်, ရူပါဝစရကုသိုလ်, အရူပါဝစရကုသိုလ်, လောကုတ္တရာကုသိုလ်အားဖြင့် (၄)မျိုး ပြား၏။ ထိုတွင် ကာမာဝစရကုသိုလ်သည် (= မဟာကုသိုလ်သည်) (၈)မျိုး ပြား၏။ (နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။) ယင်းစိတ်တို့ ဖြစ်ပေါ်လာပုံကို ထင်ရှားဆိုပေအံ့ ---

၁။ အကြင်အခါ၌ လှူဖွယ်ဝတ္ထု၏ ပြည့်စုံခြင်း, အလှူခံပုဂ္ဂိုလ်၏ ပြည့်စုံခြင်း, ပဋိရူပဒေသဝါသ --- ဟူသော သူတော်သူမြတ်တို့ရှိရာ အရပ်၌ နေထိုင်ရခြင်း, ကုသိုလ်ဖြစ်နိုင်လောက်သည့် အချိန်ကာလကောင်းနှင့် ပြည့်စုံခြင်း, မိတ်ကောင်းဆွေကောင်း မိကောင်းဖကောင်း ဆရာကောင်းသမားကောင်းနှင့် ပေါင်းသင်းရခြင်းစသော သမ္ပတ္တိစက် တို့ကိုလည်းကောင်း, အခြားအခြားသော သဒ္ဓါတရားထူပြောခြင်း, စင်ကြယ်သော သမ္မာဒိဋ္ဌိဉာဏ်ရှိခြင်း, ကုသိုလ် ပြုခြင်း၌ အကျိုးအာနိသံသကို ရှုမြင်လေ့ရှိခြင်း, သောမနဿ ပဋိသန္ဓေဖြင့် ပဋိသန္ဓေတည်နေခဲ့ရခြင်း, ပီတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား အစရှိကုန်သော သောမနဿ ဖြစ်နိုင်လောက်သည့် အကြောင်းတရားကိုလည်း ကောင်း အစွဲပြု၍ အလွန်ရွှင်လန်းသည်ဖြစ်၍ --- အတ္ထိ ဒိန္နံ = အလှူဒါန၏ အကျိုးတရားသည် ထင်ရှားရှိ၏ - ဤသို့ စသောနည်းဖြင့် ဖြစ်ပေါ်လာသော သမ္မာဒိဋ္ဌိဉာဏ်ကို ေ့ရှသွားပြု၍ မဆုတ်မနစ်မူ၍ သူတစ်ပါးတို့က (မိမိကိုယ်ကိုလည်း မိမိက) မတိုက်တွန်း မနှိုးဆော်အပ်သည်ဖြစ်၍ ဒါန သီလ သမထ ဝိပဿနာ အစဖြာသည့် ပုညကုသိုလ်တို့ကို ပြုလုပ်၏။ ထိုအခါဝယ် ထိုပုညကုသိုလ် စေတနာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏သန္တာန်ဝယ် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ်သည် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၂၊၈၃၊၊)

၂။ အကြင်အခါ၌ကား ဆိုခဲ့ပြီးသည့် နည်းလမ်းအတိုင်းပင် အလွန် ရွှင်လန်းတက်ကြွသော စိတ်ဓာတ်ဖြင့် သမ္မာဒိဋ္ဌိဉာဏ်ကိုပင် ေ့ရှသွားပြု၍ လွတ်လွတ်ကျွတ်ကျွတ် စွန့်ကြဲလိုသောစိတ်ဓာတ် မရှိမူ၍, တွန့်တိုဆုတ်နစ်သော စိတ်ဓာတ်ရှိသည်ဖြစ်၍, သူတစ်ပါးတို့က တိုက်တွန်းအပ်သည်ဖြစ်၍ ဒါနကို ပြု၏၊ အလားတူပင် သီလကုသိုလ်, ဘာဝနာကုသိုလ် အရာ၌လည်း စိတ်ပါလက်ပါဖြင့် စိတ်ဓာတ် တက်တက်ကြွကြွ မရှိမူ၍ စိတ်မပါ့တပါဖြင့် မိမိ ကိုယ်ကို မိမိက တိုက်တွန်းအပ်သည်ဖြစ်၍, သူတစ်ပါးတို့ကသော်လည်း တိုက်တွန်းအပ်သည်ဖြစ်၍ သီလကုသိုလ် ဘာဝနာကုသိုလ်တို့ကို ပြုစုပျိုးထောင်၏။ ထိုအခါ၌ ထိုသူတော်ကောင်း၏ သန္တာန်ဝယ် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်စိတ်သည် ဖြစ်ပေါ်လာ၏။

ဣမသ္မိဥှိ အတ္ထေ သင်္ခါရောတိ ဧတံ အတ္တနော ဝါ ပရေသံ ဝါ ဝသေန ပဝတ္တဿ ပုဗ္ဗပယောဂဿာ- ဓိဝစနံ။ (ဝိသုဒ္ဓိ၊၂၊၈၃။)

ဤအရာဝယ် သင်္ခါရဟူသည် အဘယ်နည်း? --- ထိုထို ဒါန သီလ သမထ ဝိပဿနာဟူသော ကုသိုလ်ကိစ္စ လုပ်ငန်းရပ်တို့၌ တွန့်တို ဆုတ်နစ်နေသော စိတ်ဓာတ်ကို မတွန့်တို မဆုတ်နစ်စေခြင်းငှာ မိမိကိုယ်ကို မိမိက တိုက်တွန်းရခြင်း သူတစ်ပါးတို့က တိုက်တွန်းရခြင်းဟူသော စိတ်ဓာတ်ကို ရှေးဦးစွာ ပြုပြင်ပေးခြင်း = ပုဗ္ဗပယောဂကိုလည်းကောင်း, ထိုပုဗ္ဗပယောဂကြောင့် နောက်စိတ်၏ ထက်သန်ခြင်းဟူသော တိက္ခဘာဝကိုလည်း ကောင်း သင်္ခါရဟု ဆိုသည်။ သင်္ခါရက ရှေးကဖြစ်၍ ကုသိုလ်က နောက်မှဖြစ်သောကြောင့် ဆိုသည်ကား မဟုတ်။ (ဝိသုဒ္ဓိ၊၂၊၈၃။ မဟာဋီ၊၂၊၁၁၇။)

၃။ အကြင်အခါ၌ကား မိဘစသော ဆွေမျိုးအပေါင်း၏ ပေးလှူပူဇော်ခြင်း ရှိခိုးခြင်း စသော အကျင့်ကို မြင် သဖြင့် မိဘစသည့် ဆွေမျိုးအပေါင်း၏ ပေးလှူခြင်း ရှိခိုးခြင်း စသော အမူအရာကို အတုလိုက်၍ ဖြစ်ပေါ် လာသော လေ့ကျက်ခြင်းရှိကုန်သော မသိ မလိမ္မာသေးကုန်သော ကလေးသူငယ်တို့သည် ရဟန်းတော်တို့ကို မြင်၍ ဖြစ်ပေါ်လာသော ဝမ်းမြောက်ခြင်း ရှိကုန်သည်ဖြစ်၍ အဆောတလျင် တစ်စုံတစ်ခုသာလျှင်ဖြစ်သော လက်ထဲ၌ ရှိသော လှူဖွယ်ဝတ္ထုကို ပေးလှူမူလည်း ပေးလှူကုန်၏၊ ရှိမူလည်း ခိုးကုန်၏။ ထိုအခါ၌ တတိယ မဟာကုသိုလ်စိတ်သည် ဖြစ်ပေါ်လာ၏။ (သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကုသိုလ် စိတ် ဟူလိုသည်။ မသိ မလိမ္မာသေးသဖြင့် ဉာဏ်မယှဉ်သော ကုသိုလ်မျိုးတည်း။) (ဝိသုဒ္ဓိ၊၂၊၈၃။)

၄။ အကြင်အခါ၌ ထိုကလေးသူငယ်တို့ကို -- သင်တို့သည် ပေးလှူကြကုန်၊ ရှိခိုးကြကုန်၊ ဆွမ်းလောင်းလိုက်၊ ရှိခိုးလိုက် --- ဤသို့စသည်ဖြင့် မိဘစသော ဆွေမျိုးတို့က တိုက်တွန်းအပ်ကုန်သည်ဖြစ်၍ ဤသို့ပေးလှူခြင်း ရှိခိုးခြင်းစသော အခြင်းအရာအားဖြင့် ထိုကလေးသူငယ်တို့သည် ပြုကျင့်ကြကုန်၏။ ထိုအခါ၌ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်စိတ် = စတုတ္ထစိတ်သည် ဖြစ်ပေါ်လာ၏။

၅-၈။ အကြင်အခါ၌ကား လှူဖွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ် စသည်တို့၏ မပြည့်စုံခြင်းကိုလည်းကောင်း, သောမနဿ ဖြစ်နိုင်လောက်သည့် အခြားအခြားသော အကြောင်းတရားတို့၏ မရှိမှုကိုလည်းကောင်း အစွဲပြု၍ အထက်ပါ ကုသိုလ်လေးမျိုးတို့၌ သောမနဿကင်းကုန်သည်ဖြစ်၍ ဒါန သီလ သမထ ဝိပဿနာ စသော ကောင်းမှုကုသိုလ်ကို ပြုကုန်ငြားအံ့၊ ထိုအခါ၌ ဥပေက္ခာသဟဂုတ် မဟာကုသိုလ်စိတ် (၄)မျိုးတို့သည် ဖြစ်ပေါ်လာကုန်၏။ (ပေါင်းသော် မဟာကုသိုလ်စိတ် (၈)မျိုးတည်း။) (ဝိသုဒ္ဓိ၊၂၊၈၃။)

ရူပါဝစရကုသိုလ်သည် ပဉ္စကနည်းအားဖြင့် စျာန်အင်္ဂါတို့နှင့်ယှဉ်သော အပြားအားဖြင့် (၅)မျိုး ပြား၏။ အရူပါဝစရကုသိုလ်သည် အာရုပ္ပစျာန် (၄)မျိုးတို့နှင့် ယှဉ်ခြင်း၏ အစွမ်းဖြင့် (၄)မျိုး ပြား၏။ (နာမ်ကမ္မဋ္ဌာန်းပိုင်း၌ ပြန်ကြည့်ပါ။)

လောကုတ္တရာကုသိုလ်သည် သောတာပတ္တိမဂ်, သကဒါဂါမိမဂ်, အနာဂါမိမဂ်, အရဟတ္တမဂ်ဟူသော လေးပါးသော အရိယမဂ်တို့နှင့် ယှဉ်သောအားဖြင့် (၄)မျိုး ပြား၏။ ဤသို့လျှင် ကုသိုလ်ဝိညာဏ်သည် ---

၁။ မဟာကုသိုလ်စိတ် = ကာမာဝစရကုသိုလ်စိတ် ( ၈ ) မျိုး,

၂။ ရူပါဝစရကုသိုလ်စိတ် ( ၅ ) မျိုး,

၃။ အရူပါဝစရကုသိုလ်စိတ် ( ၄ ) မျိုး,

၄။ လောကုတ္တရာကုသိုလ်စိတ် ( ၄ ) မျိုး,

အားလုံးပေါင်းသော် (၂၁) မျိုးတည်း။ (ဝိသုဒ္ဓိ၊၂၊၈၃-၈၄။)

အကုသိုလ်စိတ် (၁၂) ပါး

အကုသိုလ်စိတ် (၁၂) ပါး

အကုသိုလ်ဝိညာဏ်သည် ဘုံအားဖြင့် တစ်မျိုးသာ ရှိ၏။ အကုသိုလ်မှန်သမျှ ကာမာဝစရတရားသာတည်း။ အရင်းအမြစ် မူလသဘောအားဖြင့် လောဘမူလစိတ်, ဒေါသမူလစိတ်, မောဟမူလစိတ်ဟု (၃)မျိုး ပြား၏။ထိုတွင် လောဘမူစိတ်သည် (၈)မျိုး ပြား၏။ (နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။)

လောဘမူစိတ် (၈) မျိုး ဖြစ်ပေါ်လာပုံ

လောဘမူစိတ် (၈) မျိုး ဖြစ်ပေါ်လာပုံ

၁။ အကြင်အခါ၌ ကာမဂုဏ်တို့၌ အပြစ်မရှိ၊ ကာမဂုဏ်တို့ကို မှီဝဲခြင်း သုံးဆောင်ခံစားခြင်းတို့၌ အပြစ်မရှိ ဤသို့ စသောနည်းဖြင့် ဥစ္ဆေဒဒိဋ္ဌိစသော မိစ္ဆာအယူကို ေ့ရှသွားပြု၍ အလွန်ရွှင်လန်းသည်ဖြစ်၍ ပင်ကိုသဘောအားဖြင့်သာလျှင် ထက်မြက်နေသော ထက်သန်နေသော မတိုက်တွန်းအပ်သောစိတ်ဖြင့် ကာမဂုဏ်တို့ကိုမူလည်း မှီဝဲသုံးဆောင်၏။ (ယခုကာလ ချဲသမားတို့ ချဲနံပါတ်ကောက်သကဲ့သို့) ဒိဋ္ဌမင်္ဂလာ = အမြင်မင်္ဂလာ, သုတမင်္ဂလာ = အကြားမင်္ဂလာ, မုတမင်္ဂလာ = အတွေ့မင်္ဂလာတို့ကိုလည်း အနှစ်သာရအားဖြင့် အမြတ်ထားလျက် ယုံကြည်၏။ (လောကီမင်္ဂလာတို့ကို လေ့လာလိုက်စားမှုများ၏။ ဗေဒင် ယတြာ ဓာတ်ရိုက် ဓာတ်ဆင်တို့ကို အနှစ်သာရအားဖြင့် ယုံကြည်၏။ အလေးဂရုပြု၏။) ထိုအခါမျိုး၌ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက ပထမ လောဘမူစိတ် ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၈၄။)

ဘဝဟူသည် ပုခက်နှင့် ခေါင်း အကြားမှာသာ ရှိ၏၊ သေလျှင် ပြတ်၏၊ ခေါင်းဟိုဘက် ဘာမျှ မရှိ --- ဤသို့စသော ဥစ္ဆေဒဒိဋ္ဌိ စသည်နှင့်ယှဉ်သော မိစ္ဆာအယူကို ေ့ရှတန်းတင်၍ ထိုမိစ္ဆာအယူဖြင့် ဖောက်ပြန်သော စိတ်ဓာတ်ရှိကုန်သော သတ္တဝါတို့သည် ဧတာဝကော ဇီဝဝိသယော ယာဝဣန္ဒြိယဂေါစရော = ဇီဝ ဟူသော သတ္တဝါ၏ တည်ရာနယ်ပယ်ကား စက္ခုစသော ဣန္ဒြေတို့ ကျက်စားနိုင်သော နယ်ပယ်မျှလောက်သာတည်း --- ဟု တမလွန်လောကရှိမှုကို လက်မခံဘဲ ပယ်လှန်၍ ကာမတို့၌ အပြစ်ဟူသည် မရှိဟု လက်ခံ၍ အပြစ်ရှိ မရှိ မရွေးချယ်တော့ဘဲ ကာမဂုဏ်တို့ကို စိတ်ကြိုက် ခံစား၏။

သားသ္မီး၏ မျက်နှာကို မြင်ရခြင်းဟူသော အကြင်လမ်းဖြင့် သားသ္မီးရသော သူတို့သည် စိုးရိမ်ကင်းသော နတ်ပြည်နိဗ္ဗာန်သို့ ရောက်ကုန်၏၊ သားသ္မီး၏ မျက်နှာကို မြင်ရခြင်းဟူသော ဤလမ်းသည် နတ်ပြည်သို့ သွားရာ၌ မချွတ်မယွင်း ဖြောင့်စင်းမှန်ကန်သော လမ်းပေတည်း။ ထိုလမ်းကို သားတိရစ္ဆာန်တို့သည်လည်းကောင်း, ငှက်တို့ သည်လည်းကောင်း မြင်သိကုန်၏။ ထိုသို့ မြင်သိခြင်းကြောင့် ထိုသားငှက်တို့သည် အမိရင်း၌သော်လည်း မေထုန် အကျင့်ကို ပြုကျင့်ကုန်၏

ဤသို့ စသောနည်းဖြင့် သား၏မျက်နှာကို မြင်ရခြင်းတည်းဟူသော ပုတ္တမုခဒဿနလမ်းစဉ်သည် နတ်ရွာ နိဗ္ဗာန်သို့ရောက်ကြောင်း လမ်းပေတည်း --- ဤသို့စသော မှားသောအယူကို ယူသောသူ၏ သန္တာန်၌ ကာမဂုဏ်ကို အလိုရှိသလို စိတ်တိုင်းကျ ခံစားနေသောအခါ သာယာနေသောအခါတို့၌လည်း သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက ပထမစိတ်မျိုးပင် ဖြစ်နေပေသည်။ (မဟာဋီ၊၂၊၁၂၀။)

သူတစ်ပါးတို့၏ ပစ္စည်းကို မတရားယူခြင်း အဒိန္နာဒါနအရာ၌ ဗြာဟ္မဏတို့၏ ရွှေကို ခိုးယူခြင်းသည်သာလျှင် အပြစ်ရှိ၏၊ အခြားသော ခိုးယူခြင်းသည် အပြစ်မရှိ၊ ဤကဲ့သို့သော မိစ္ဆာဂါဟ အယူမှားဖြင့် သူတစ်ပါး၏ ပစ္စည်းကို မတရားယူခြင်း၌ ယင်းပစ္စည်းတို့အပေါ် သာယာတပ်မက်သော လောဘမူစိတ်မှာလည်း ဤပထမလောဘမူစိတ် အမျိုးအစားပင် ဖြစ်၏။ ဆရာသမားတို့အတွက် မုသားပြောခြင်း, နွားတို့အတွက် မုသားပြောခြင်း, မိမိအတွက် မုသားပြောခြင်း, အသက်အတွက် မုသားပြောခြင်း, သ္မီးကိုထိမ်းမြားခြင်း မင်္ဂလာကိစ္စအတွက် မုသားစကားပြောခြင်း ဤမုသားစကားပြောခြင်းသည် အပြစ်မရှိ၊ အခြားသော မုသားစကားသည်သာ အပြစ်ရှိ၏။ ယင်းဆရာသမား စသူတို့အတွက် ကုန်းချောခြင်းသည် အပြစ်မရှိ၊ အခြားသော ကုန်းချောစကားသည် အပြစ်ရှိ၏။ ဘာရတမင်းတို့၏ စစ်ထိုးခြင်း, သီတာဒေဝီကို ဆောင်ခြင်း စသည်ကိုဆိုသော စကားသည် မကောင်းမှုကို ငြိမ်းစေခြင်းငှာ ဖြစ်၏။ --- ဤသို့စသော မိစ္ဆာဂါဟ အယူမှားဖြင့် မုသားစကား ကုန်းစကား ဘာရတမင်းတို့၏ စစ်ထိုးခန်း သီတာဒေဝီ- ကို ဆောင်ခန်းစကားတို့ကို ပြောကြားရာ၌ ယင်းမုသားစကား ကုန်းစကား စသည်တို့၌ သာယာတပ်မက်သော စိတ်မှာလည်း ဤလောဘမူ ပထမစိတ်ပင် ဖြစ်၏။ (မဟာဋီ၊၂၊၁၂၁။)

၂။ အကြင်အခါ၌ကား နုံ့သော မထက်သော စိတ်သိပ်မထက်သန်သော, မိမိသည်လည်းကောင်း သူတစ်ပါး သည်လည်းကောင်း တိုက်တွန်းအပ်သောစိတ်ဖြင့် မှားယွင်းသောခံယူချက် မိစ္ဆာဒိဋ္ဌိကို ေ့ရှသွားပြု၍ ရွှင်ရွှင် လန်းလန်းပင် ကာမဂုဏ်တို့ကိုမူလည်း သုံးဆောင် ခံစား၏၊ ဒိဋ္ဌမင်္ဂလာ စသည်တို့ကိုမူလည်း အနှစ်သာရအားဖြင့် ယုံကြည်၏။ ထိုအခါမျိုး၌ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက ဒုတိယလောဘမူ အကုသိုလ် စိတ်သည် ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၈၄။)

၃။ အကြင်အခါ၌ကား မှားယွင်းသောခံယူချက် မိစ္ဆာဒိဋ္ဌိကို ေ့ရှသွား မပြုမူ၍ မိစ္ဆာဒိဋ္ဌိနှင့် မရောမယှက် သက် သက် အလွန်ရွှင်လန်းသည် ဖြစ်၍ ပင်ကိုသဘောအားဖြင့်သာလျှင် ထက်သန်လျက်ရှိသော မတိုက်တွန်းအပ်သော စိတ်ဖြင့် မေထုန်ကိုမူလည်း မှီဝဲ၏၊ သူတစ်ပါး၏ စည်းစိမ်ကိုမူလည်း တပ်မက်သောအားဖြင့် မတရားသော နည်းလမ်း အမျိုးမျိုးဖြင့် ရရှိအောင် ရှေးရှူ ကြံစည်၏၊ ပိုင်ရှင်က ကြည်ကြည်ဖြူဖြူ ကျေကျေနပ်နပ် မပေးသော သူ့ဥစ္စာကိုမူလည်း ခိုးယူ၏၊ အနိုင်အထက် လုယူ၏၊ ဓားပြတိုက်၏၊ လာဘ်စား၏၊ ထိုအခါမျိုး၌ သောမနဿ- သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက တတိယလောဘမူစိတ်သည် ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၈၄။)

၄။ အကြင်အခါ၌ကား နုံ့သော မထက်သော စိတ်သိပ်မထက်သန်သော မိမိသည်လည်းကောင်း, သူတစ်ပါး သည်လည်းကောင်း တိုက်တွန်းအပ်သောစိတ်ဖြင့် မှားယွင်းသောခံယူချက် မိစ္ဆာဒိဋ္ဌိကို ေ့ရှသွားမပြုမူ၍ မိစ္ဆာဒိဋ္ဌိနှင့် မရောမယှက် သက်သက် ရွှင်ရွှင်လန်းလန်းပင် မေထုန်ကိုသော်လည်း မှီဝဲ၏၊ သူတစ်ပါး၏ စည်းစိမ်ကိုမူလည်း တပ်မက်သောအားဖြင့် တပ်မက်သောစိတ်ထားဖြင့် မတရားသောနည်းလမ်း အမျိုးမျိုးဖြင့် ရရှိအောင် ရှေးရှူ ကြံစည်၏၊ ပိုင်ရှင်က ကြည်ကြည်ဖြူဖြူ ကျေကျေနပ်နပ် မပေးသော သူ့ဥစ္စာကိုလည်း ခိုးယူ၏၊ အနိုင်အထက် လုယူ၏၊ ဓားပြတိုက်၏၊ လာဘ်စား၏၊ ( မိမိက အလိုမရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လာဘ်ယူမိ၏၊၊) ထိုအခါမျိုး၌ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက စတုတ္ထလောဘမူစိတ်သည် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၂၊၈၄။)

၅-၈။ အကြင်အခါ၌ကား သုံးဆောင်အပ်သော ကာမဂုဏ်တို့၏လည်း မပြည့်စုံခြင်းကို အကြောင်းပြု၍, အခြား တစ်ပါးကုန်သော သောမနဿဖြစ်နိုင်လောက်သည့် အကြောင်းတရားတို့၏လည်း မရှိခြင်းကြောင့် ဒိဋ္ဌိဂတသမ္ပယုတ်ဖြစ်ခြင်း, ဒိဋ္ဌိဂတဝိပ္ပယုတ်ဖြစ်ခြင်း, သသင်္ခါရိကဖြစ်ခြင်း, အသင်္ခါရိကဖြစ်ခြင်းဟူသော စိတ် (၄)မျိုးလုံးတို့ ၌ပင် သောမနဿ ကင်းကုန်သည်ဖြစ်၍ အထက်တွင် ဖော်ပြထားသည့်အတိုင်း လောဘနှင့်ယှဉ်သည့် မကောင်းမှု အကုသိုလ်ကို ပြုလုပ်ကြကုန်၏။ ထိုအခါမျိုး၌ ကြွင်းကုန်သော လေးမျိုးကုန်သော ဥပေက္ခာသဟဂုတ် လောဘမူ အကုသိုလ်စိတ်တို့သည် ဖြစ်ပေါ်လာကြကုန်၏။ (ဝိသုဒ္ဓိ၊၂၊၈၄။)

ဒေါသမူစိတ် (၂) မျိုး ဖြစ်ပေါ်လာပုံ

ဒေါသမူစိတ် (၂) မျိုး ဖြစ်ပေါ်လာပုံ

၁။ ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက ဒေါသမူစိတ်,

၂။ ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိက ဒေါသမူစိတ် ---

ဤသို့ ဒေါသမူစိတ်သည် နှစ်မျိုးသာရှိ၏။

သူ့အသက် လျင်စွာချခြင်း = သတ်ခြင်း, သူ့ပစ္စည်းကို မတရားယူခြင်း, မုသားစကား ပြောကြားခြင်း, ကုန်းချောစကား ပြောကြားခြင်း, ကြမ်းတမ်းသောစကားကို ပြောကြားခြင်း, ပြိန်ဖျင်းသောစကားကို ပြောကြားခြင်း, သူတစ်ပါးတို့ သေကျေပျက်စီးဖို့ရန် သူတစ်ပါးတို့ကို သတ်ဖို့ရန် ကြံစည် စိတ်ကူးခြင်း စသည့် အကုသိုလ်အမှုတို့ကို ပြုလုပ်ရာဝယ် ပင်ကိုယ်သဘောအားဖြင့် ထက်ထက်သန်သန် ဖြစ်နေသော ဒေါမနဿဝေဒနာနှင့် အတူတကွ ဖြစ်သော, စိတ်ခက်ထန်ကြမ်းတမ်းမှု ပဋိဃနှင့်ယှဉ်သော, မိမိသည်လည်းကောင်း သူတစ်ပါးတို့သည်လည်းကောင်း မတိုက်တွန်းရသော စိတ်သည် ပထမဒေါသမူစိတ် အမျိုးအစားတည်း။ ယင်းအကုသိုလ်မှုတို့ကို ပြုရာဝယ် နုံ့သော မထက်သော စိတ်ဓာတ် သိပ်မပြင်းထန်သော ဒေါသမူစိတ်သည် မိမိသည်လည်းကောင်း သူတစ်ပါးတို့သည် လည်းကောင်း တိုက်တွန်းအပ်သော ဒုတိယဒေါသမူစိတ်မျိုးတည်း။ (ဝိသုဒ္ဓိ၊၂၊၈၄။ မဟာဋီ၊၂၊၁၂၁။)

အထက်ပါ ဒေါသဖြစ်လောက်သည့် အကုသိုလ်မှု အမျိုးမျိုးတို့ကို လွန်ကျူးရာ၌ နုံ့သော မထက်သန်လွန်း သော နုံ့သည်ဖြစ်၍ ဖြစ်ပေါ်လာသော ဒေါသမူစိတ်သည် ဧကန်အားဖြင့် သသင်္ခါရိကသာလျှင် ဖြစ်၏ဟု ဤသို့ သိဖို့ရန်ကား မတတ်ကောင်းပေ။ အကြင် ဒေါသမူစိတ်သည် မိမိကလည်းကောင်း သူတစ်ပါးတို့ကလည်းကောင်း တိုက်တွန်းခြင်းနှင့်တကွ ဖြစ်၏၊ အားထုတ်ခြင်း လုံ့လပယောဂနှင့်တကွ ဖြစ်၏၊ ထိုဒေါသမူစိတ်မျိုးသည် နုံ့သည် သာလျှင် ဖြစ်၏၊ ဤသို့ နှလုံးပိုက်တော်မူ၍ အထက်ပါအတိုင်း နုံ့သော ဒေါသမူစိတ်ကို သသင်္ခါရိကဖြစ်ကြောင်း အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ (မဟာဋီ၊၂၊၁၂၁။)

မောဟမူစိတ် (၂) မျိုး ဖြစ်ပေါ်လာပုံ

မောဟမူစိတ် (၂) မျိုး ဖြစ်ပေါ်လာပုံ

၁။ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ် မောဟမူစိတ်,

၂။ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ် မောဟမူစိတ် ---

ဤသို့လျှင် မောဟမူစိတ်သည် နှစ်မျိုးရှိ၏။ သမ္မာသမ္ဗုဒ္ဓဘုရားစစ် ဘုရားမှန်, သဗ္ဗညု သမ္မာသမ္ဗုဒ္ဓဘုရားရှင် ဟောကြားထားတော်မူအပ်သော မဂ်-ဖိုလ်-နိဗ္ဗာန်-ဓမ္မက္ခန်ဟု ခေါ်ဆိုအပ်သော တရားစစ် တရားမှန်, သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ အရိယသံဃာစစ် သံဃာမှန်, ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရား စသည့် ဝိစိကိစ္ဆာ ဖြစ်နိုင်သည့် အရာဌာနတို့၌ အမှန်အတိုင်း ဆုံးဖြတ်ချက် မချနိုင်သော ကာလ၌ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ် မောဟမူစိတ် ဖြစ်၏။ သဗ္ဗညု သမ္မာသမ္ဗုဒ္ဓဘုရားရှင် ဟောကြားထားတော်မူအပ်သော ရုပ်တရား နာမ်တရားတို့ကို သာဝကတို့သည် ရှု၍ မရနိုင်၊ အတိတ် အနာဂတ်ကို ဝိပဿနာ မရှုကောင်း --- ဤသို့စသော ယုံမှားသံသယရှိနေသော စိတ်မျိုးပင်တည်း။ စိတ်မငြိမ်မသက် ဖြစ်ရာအခါ = အာရုံ အမျိုးမျိုးပေါ်သို့ စိတ်ပျံ့လွင့် နေရာအခါ၌ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ် မောဟမူစိတ်သည် ဖြစ်ပေါ်လာ၏။

လောဘမူစိတ်၌ လောဘ-မောဟဟူသော အကုသလမူလတရား နှစ်ပါးရှိ၏။ ဒေါသမူစိတ်၌ ဒေါသ-မောဟဟူသော အကုသလမူလတရား နှစ်ပါး ရှိ၏။ ဤမောဟမူစိတ် နှစ်မျိုး၌ကား မောဟဟူသော အကုသလ မူလတရား တစ်မျိုးသာ ရှိ၏။ လောဘ ဒေါသဟူသော အခြားသော အကုသလမူလတရားများနှင့် ကင်းနေ၏။မောဟဟူသော ဟိတ်တစ်မျိုးသာရှိသော မောဟမူစိတ်သည် အခြားသော အကုသလမူလတရားမှ ကင်းနေသော ကြောင့် အလွန်တွေဝေသည်လည်းကောင်း, ဝိစိကိစ္ဆာ, ဥဒ္ဓစ္စနှင့် အသီးအသီး ယှဉ်ခြင်းကြောင့် အလွန်လှုပ်ရှားသည် လည်းကောင်း ဖြစ်၏၊ ထိုကြောင့် သောမနဿဝေဒနာနှင့် မယှဉ်ဘဲ ဥပေက္ခာဝေဒနာနှင့်သာ ယှဉ်ရပေသည်။ထို မောဟမူစိတ်သည် တစ်ရံတစ်ဆစ်မျှသော်လည်း ပင်ကိုယ်သဘောအတိုင်း ထက်မှုမရှိ။ မှန်ပေသည် ဝိစိကိစ္ဆာ သမ္ပယုတ်စိတ်သည် ဝိစိကိစ္ဆာဖြစ်ရာ အာရုံအမျိုးမျိုး၌ ယုံမှားလျက် ရွေ့ရှားသည်၏ အစွမ်းဖြင့် ဖြစ်တတ်၏၊ ဥဒ္ဓစ္စသမ္ပယုတ်စိတ်သည် အာရုံအမျိုးမျိုး၌ စိတ်ပျံ့လွင့်ခြင်း၏ အစွမ်းအားဖြင့် ဖြစ်တတ်၏။ ယင်းသို့ဖြစ်နေသော ဤစိတ်နှစ်မျိုး၏ အဘယ်မည်သော အမှုကိစ္စ၌ ပင်ကိုယ်သဘောအားဖြင့် ထက်မြက်သည့်သဘောသည်လည်းကောင်း, မိမိကိုယ်တိုင်ကဖြစ်စေ သူတစ်ပါးတို့ကဖြစ်စေ တိုက်တွန်းအပ်သည်၏ အဖြစ်သည်လည်းကောင်း ဖြစ်သင့်ပါအံ့နည်း။ ထိုကြောင့် ထိုမောဟမူစိတ်၌ သသင်္ခါရ အသင်္ခါရ ကွဲပြားမှု မရှိပေ။

တစ်ဖန် ဥဒ္ဓစ္စစေတသိက်သည် အကုသိုလ်စိတ် (၁၂)မျိုး၌ ယှဉ်သော အကုသလသာဓာရဏစေတသိက် တစ်မျိုးဖြစ်၏။ ယင်းဥဒ္ဓစ္စသည် မောဟမူ ဥဒ္ဓစ္စသမ္ပယုတ်စိတ်မှ တစ်ပါးကုန်သော အခြားအခြားကုန်သော အကုသိုလ်စိတ် (၁၁)မျိုးတို့၌ ရအပ်ပါသော်လည်း ဥဒ္ဓစ္စသည် အထူးအားဖြင့် ဤမောဟမူ ဥဒ္ဓစ္စသမ္ပယုတ်စိတ်၌သာလျှင် ဗလဝ ဖြစ်၏ အင်အားကြီးမား၏၊ ထိုသို့ အင်အားကြီးမားသောကြောင့်ပင်လျှင် ယှဉ်ဖက် သမ္ပယုတ်တရား (၁၆)မျိုးတို့၌ ပဓာန = ပြဓာန်းသော တရားတစ်ခု ဖြစ်လာရ၏၊ ထိုကြောင့် ဤစိတ်ကိုသာလျှင် ဥဒ္ဓစ္စဖြင့် အထူးပြု၍ ဥဒ္ဓစ္စသမ္ပယုတ်စိတ်ဟု မိန့်ဆိုခြင်း ဖြစ်၏။ ထိုကြောင့်ပင်လျှင် ဓမ္မသင်္ဂဏီပါဠိတော် (အဘိ၊၁၊၁၀၃။)၌လည်း ဤစိတ်၌ပင်လျှင် ဥဒ္ဓစ္စသည် သရုပ်အားဖြင့် လာရှိ၏။ ဤသို့လျှင် ---

၁။ အခြားအခြားသော အကုသိုလ်စိတ်တို့၌ မဆက်ဆံသော ဝိစိကိစ္ဆာတရား,

၂။ ပဓာန = ပြဓာန်းသော ဥဒ္ဓစ္စတရား,

ဤတရားနှစ်မျိုးတို့၏ အစွမ်းဖြင့် မောဟမူစိတ်ကို ---

၁။ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ်စိတ်,

၂။ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ်စိတ်,

ဤသို့ နှစ်မျိုးရှိ၏ဟူ၍ ဟောတော်မူသည်ဟု မှတ်သားပါလေ။ ဝိစိကိစ္ဆာစေတသိက်၏ အာရုံကို မဆုံးဖြတ် နိုင်ခြင်းဟူသည် ယုံမှားသံသယပင်တည်း။ ဥဒ္ဓစ္စစေတသိက်၏ အာရုံအမျိုးမျိုး၌ ပျံ့လွင့်ခြင်းဟူသည် စိတ်မငြိမ်သက်ခြင်းပင်တည်း၊ စိတ်လှုပ်ရှားမှု သဘောတည်း။ ဤသို့လျှင် အကုသိုလ်ဝိညာဏ်သည် (၁၂)မျိုး ပြား၏။ ထို အကုသိုလ်စိတ် (၁၂)မျိုးသည် အာရုံ (၆)မျိုးတွင် အာရုံတစ်မျိုးမျိုးကို အာရုံပြု၍ ဥပေက္ခာသဟဂုတ်-အဟိတ် ကြိယာ မနောဝိညာဏဓာတ်၏ အခြားမဲ့၌ (= ပဉ္စဒွါရ၌ ဝုဋ္ဌော, မနောဒွါရ၌ မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌) ကာယဒွါရ ဝစီဒွါရ မနောဒွါရဟူသော ဒွါရသုံးပါးတို့ဖြင့် ကာယကံ ဝစီကံ မနောကံတို့၏ အစွမ်းဖြင့် ထိုက်သည့် အားလျော်စွာ ပါဏာတိပါတ အစရှိသော ကမ္မပထ၏ အစွမ်းအားဖြင့်လည်းကောင်း, ကမ္မပထ မမြောက်သော ကံ၏ အစွမ်းဖြင့်လည်းကောင်း ဖြစ်ပေါ်လာ၏ဟု သိရှိပါလေ။ ထို (၁၂)မျိုးသော အကုသိုလ်စိတ်တို့တွင် ဥဒ္ဓစ္စ သဟဂုတ်စိတ်မှ တစ်ပါးသော အကုသိုလ်စိတ် (၁၁)မျိုးသည် အပါယ် (၄)ဘုံတို့၌ ပဋိသန္ဓေကျိုး ပဝတ္တိကျိုးကို ပေးနိုင်သော စွမ်းအားရှိ၏။ သုဂတိဘုံ၌ ပဝတ္တိကျိုးကို ပေးနိုင်သော စွမ်းအားရှိ၏။ ဥဒ္ဓစ္စသဟဂုတ်စိတ်ကား ဒုဂ္ဂတိ သုဂတိ နှစ်ဌာနတို့၌ ပဝတ္တိကျိုးကိုသာလျှင် ပေးနိုင်သော စွမ်းအားရှိ၏။ (မဟာဋီ၊၂၊၁၂၂။)

ဝိပါက် အဗျာကတ ဝိညာဏ်

ဝိပါက် အဗျာကတ ဝိညာဏ်

ဇာတိဘေဒ = ဇာတ်ကွဲပြားမှု သဘောအားဖြင့် ဝိပါက်အဗျာကတ, ကိရိယာအဗျာကတဟု နှစ်မျိုး ပြား၏။ ထိုတွင် ဝိပါက်အဗျာကတ ဝိညာဏ်သည် ဘူမိဘေဒ = ဘုံအပြားအားဖြင့် --- ကာမာဝစရဝိပါက် ဝိညာဏ်, ရူပါ ဝစရဝိပါက် ဝိညာဏ်, အရူပါဝစရဝိပါက် ဝိညာဏ်, လောကုတ္တရာဝိပါက် ဝိညာဏ်ဟု (၄)မျိုး ပြား၏။ ထိုတွင် ကာမာဝစရဝိပါက် ဝိညာဏ်သည် ကုသလဝိပါက် ဝိညာဏ်, အကုသလဝိပါက် ဝိညာဏ်ဟု နှစ်မျိုး ပြား၏။ကုသလဝိပါက် ဝိညာဏ်သည်လည်း အဟိတ်ကုသလဝိပါက် ဝိညာဏ်, သဟိတ်ကုသလဝိပါက် ဝိညာဏ်ဟု နှစ်မျိုး ပြား၏။

၁။ အဟိတ်ကုသလဝိပါက် ဝိညာဏ် (၈)မျိုး

၂။ သဟိတ်ကုသလဝိပါက် ဝိညာဏ် (၈)မျိုး

ပေါင်းသော် ကုသလဝိပါက် ဝိညာဏ် (၁၆)မျိုးတည်း။ (နာမ်ကမ္မဋ္ဌာန်းပိုင်း၌ ပြန်ကြည့်ပါ။)

မဟာကုသိုလ်နှင့် မဟာဝိပါက်

မဟာကုသိုလ်နှင့် မဟာဝိပါက်

သမ္ပယုတ္တဓမ္မာနဉ္စ ဝိသေသေ အသတိပိ အာဒါသတလာဒီသု မုခနိမိတ္တံ ဝိယ နိရုဿာဟံ ဝိပါကံ၊ မုခံ ဝိယ သဥဿာဟံ ကုသလန္တိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၈၆။)

နိရုဿာဟန္တိ ဧတ္ထ ဥဿာဟော နာမ အနုပစ္ဆိန္နာဝိဇ္ဇာတဏှာမာနသန္တာနေ ဝိပါကုပ္ပါဒနသမတ္ထတာသင်္ခါတော ဗျာပါရော၊ သော ဝိပါကေသု နတ္ထီတိ တံ နိရုဿာဟံ။ ကုသလေသု ပန အဘိညာဝသပဝတ္တေသုပိ အတ္ထေဝါတိ တံ သဥဿာဟံ။ (မဟာဋီ၊၂၊၁၂၇။)

အချို့သော ဆရာတို့၏ အလိုအားဖြင့် မဟာဝိပါက်စိတ်တို့၏ သသင်္ခါရိကဖြစ်မှု, အသင်္ခါရိကဖြစ်မှု၌ အာဂမန အကြောင်း, ပစ္စယ အကြောင်းဟု နှစ်မျိုး ရှိ၏။

၁။ အာဂမန အကြောင်း --- အာဂမနအကြောင်းဟူသည် ဝိပါက်စိတ်တို့လာခဲ့ရာ ကံအကြောင်းကို ဆိုလိုသည်။ အချို့သော ဆရာတို့၏ အလိုအားဖြင့် မျက်နှာသည် လှုပ်ရှားလတ်သော် မှန်အပြင်၌ ထင်နေသော မျက်နှာရိပ်၏ လှုပ်ခြင်းကဲ့သို့ အသင်္ခါရကုသိုလ်၏ အကျိုးဝိပါက်သည် အသင်္ခါရ ဖြစ်၏၊ သသင်္ခါရကုသိုလ်၏ အကျိုးဝိပါက်သည် သသင်္ခါရ ဖြစ်၏၊ ဤသို့လျှင် လာခဲ့ရာကံလမ်းကြောင်း၏ အစွမ်းဖြင့် မဟာဝိပါက်စိတ်တို့၌ သသင်္ခါရ, အသင်္ခါရ ဖြစ်မှုကို အလိုရှိတော်မူကြ၏။ (မဟာဋီ၊၂၊၁၂၇။)

၂။ ပစ္စယ အကြောင်း --- စွမ်းအင်အားကောင်းကုန်သော ထင်ရှားကုန်သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အကြောင်းတရားတို့ကြောင့် ပဋိသန္ဓေ-ဘဝင်-စုတိဟူသော ဝိပါက်ဝိညာဏ်တို့၌ သသင်္ခါရိက အသင်္ခါရိက ဖြစ်မှုကို လည်းကောင်း, မွန်မြတ်သော ဥတု ဘောဇဉ် စသောအကြောင်း, မိမိ၏ရှေးတွင် တည်ရှိသော ဇော၏ သသင်္ခါရိက ဖြစ်မှု အသင်္ခါရိကဖြစ်မှုဟူသော အကြောင်းတရားတို့ကြောင့် တဒါရုံ ဝိပါက်ဝိညာဏ်၏ သသင်္ခါရိကဖြစ်မှု အသင်္ခါရိကဖြစ်မှုကိုလည်းကောင်း အချို့သော ဆရာမြတ်တို့က အလိုရှိတော်မူကြ၏။ (မဟာဋီ၊၂၊၁၂၇။)

အသင်္ခါရိကကုသိုလ် သသင်္ခါရိကကုသိုလ်စိတ်တို့တွင် အသင်္ခါရိကကုသိုလ်စိတ်ဖြင့် ဖြစ်စေ, သသင်္ခါရိက ကုသိုလ်စိတ်ဖြင့် ဖြစ်စေ ကုသိုလ်ကံကို အားထုတ်ပြီးလတ်သော် ထိုကံ အကျိုးပေးတော့မည့် နောက်ကာလဝယ် ပြုပြင်မှု မရှိဘဲ အားထုတ်မှု မရှိဘဲ (အကျိုးပေးတော့မည့် ယင်းကံ၏ စွမ်းအင်ကြောင့်ပင်လျှင်) ကံ-ကမ္မနိမိတ်-ဂတိနိမိတ်တို့တွင် တစ်မျိုးမျိုးသော နိမိတ်သည် ထင်လာလတ်သော် ထိုကံကြောင့် ဖြစ်ပေါ်လာသော ပဋိသန္ဓေသည် အသင်္ခါရိက ဖြစ်၏။ ပြုပြင်မှုနှင့်တကွ အားထုတ်မှုနှင့်တကွ ကံ-ကမ္မနိမိတ်-ဂတိနိမိတ်တို့တွင် တစ်မျိုးမျိုးသော နိမိတ်သည် ထင်လာလတ်သော် ထိုကံကြောင့်ဖြစ်သော ပဋိသန္ဓေဝိပါက်ဝိညာဏ်သည် သသင်္ခါရိက ဖြစ်၏။ ဘဝင် စုတိ ဝိပါက်ဝိညာဏ်တို့ကား ပဋိသန္ဓေနှင့် တူကုန်၏။ (မိမိလုံ့လ သူတစ်ပါးလုံ့လဖြင့် ကြောင့်ကြမပြုရဘဲ ထင်လာသော ကံစသော အာရုံနိမိတ် သုံးမျိုးတို့တွင် တစ်မျိုးမျိုးကို အာရုံပြု၍ ဖြစ်ပေါ်လာသော ပဋိသန္ဓေ ဘဝင် စုတိတို့သည် အသင်္ခါရိက ဖြစ်ကုန်၏။ ကြောင့်ကြပြု၍ ထင်လာသော ကံစသော နိမိတ်တစ်မျိုးမျိုးကို အာရုံပြု၍ ဖြစ်ပေါ်လာသော ပဋိသန္ဓေ ဘဝင် စုတိတို့သည် သသင်္ခါရိက ဖြစ်ကုန်၏ဟု ဆိုလိုသည်။) မိမိရှေးက ကုသိုလ် အကုသိုလ်ဇောက အသင်္ခါရိကဖြစ်လျှင် တဒါရုံသည်လည်း အသင်္ခါရိက ဖြစ်၏၊ ယင်းဇောက သသင်္ခါရိက ဖြစ်လျှင် တဒါရုံသည်လည်း သသင်္ခါရိကဖြစ်၏။ ဤသို့ မှတ်သားပါ။ (မူလဋီ၊၁၊၁၂၇။)

နိရုဿာဟ - သဥဿာဟ

နိရုဿာဟ - သဥဿာဟ

မဟာကုသိုလ်နှင့် မဟာဝိပါက်တို့၌ ယှဉ်ဖက်စေတသိက် အရေအတွက်ကား ကွဲပြားမှုမရှိ တူညီလျက်ပင် ရှိ၏။ ထိုသို့ပင် ထူးထွေကွဲပြားမှု မရှိသော်လည်း ကြေးမုံအပြင် စသည်တို့၌ မျက်နှာရိပ်ကဲ့သို့ ဝိပါက်ဝိညာဏ်သည် နိရုဿာဟ = ဥဿာဟမရှိ = ဗျာပါရကင်း၏။ ကုသိုလ်ဝိညာဏ်ကား မျက်နှာကဲ့သို့ ဥဿာဟရှိ၏၊ ဗျာပါရရှိ၏။

ဥဿာဟ --- ဥဿာဟ မည်သည်ကား အရဟတ္တမဂ်ဖြင့် မပယ်သတ်အပ်သေးသောကြောင့် မပြတ်စဲ သေးသော အဝိဇ္ဇာ တဏှာ မာန ရှိသော ရုပ်နာမ် သန္တာန်အစဉ်၌ အကျိုးဝိပါက်ဝိညာဏ်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်ဟု ဆိုအပ်သော ဗျာပါရတည်း။ ထိုဗျာပါရသည် ဝိပါက်ဝိညာဏ်တို့၌ မရှိ၊ ထိုကြောင့် ထို ဝိပါက်ဝိညာဏ်သည် နိရုဿာဟ မည်၏။ ကုသိုလ်ဝိညာဏ်တို့၌မူကား အဘိညာဏ်၏ အစွမ်းဖြင့် ဖြစ်ကုန် သော ကုသိုလ်ဝိညာဏ်တို့၌သော်လည်း ထိုအကျိုးဝိပါက်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်ဟု ဆိုအပ်သော ဗျာပါရသည် ရှိလျက်ပင် ဖြစ်သည်။ ထိုကြောင့် ထိုကုသိုလ်ဝိညာဏ်သည် သဥဿာဟမည်၏။ (ဝိသုဒ္ဓိ၊၂၊၈၆။ မဟာဋီ၊၂၊၁၂၇။)

အကုသလဝိပါက်ကား အဟိတ်တရားသာ ဖြစ်၏။ အဟိတ်ကုသလဝိပါက် သဟိတ်ကုသလဝိပါက်ဝိညာဏ် တို့ကား ဣဋ္ဌာရုံ ဣဋ္ဌမဇ္ဈတ္တာရုံတို့ကို အာရုံပြုကုန်၏။ အကုသလဝိပါက်ဝိညာဏ်ကား အနိဋ္ဌာရုံ-အနိဋ္ဌမဇ္ဈတ္တာရုံ တို့ကို အာရုံပြုကုန်၏။

၁။ အဟိတ် အကုသလဝိပါက် ( ၇ )ပါး,

၂။ အဟိတ် ကုသလဝိပါက် ( ၈ )ပါး,

၃။ သဟိတ် ကုသလဝိပါက် ( ၈ )ပါး,

အားလုံးပေါင်းသော် ကာမာဝစရဝိပါက် (၂၃)ပါးတည်း။

ရူပါဝစရကုသိုလ်ကဲ့သို့ပင် ရူပါဝစရဝိပါက်သည်လည်း (၅)မျိုးပင် ရှိ၏။ စိတ် စေတသိက် သမ္ပယုတ္တဓမ္မ အရေအတွက်အားဖြင့်လည်းကောင်း, အာရုံအားဖြင့်လည်းကောင်း ရူပါဝစရကုသိုလ်နှင့် ရူပါဝစရဝိပါက်သည် တူညီ၏။ သို့သော် ရူပါဝစရကုသိုလ်ဝိညာဏ်ကား သမာပတ်၏ အစွမ်းဖြင့် ဇောဝီထိ စိတ်အစဉ်၌ ဖြစ်၏။ ဤ ရူပါဝစရဝိပါက်ဝိညာဏ်ကား ဆိုင်ရာဆိုင်ရာ ရူပါဝစရ ဥပပတ္တိဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိ၏ အစွမ်းဖြင့် ဖြစ်၏။

တစ်ဖန် အရူပါဝစရကုသိုလ်ကဲ့သို့ပင် အရူပါဝစရဝိပါက်ဝိညာဏ်သည်လည်း လေးမျိုးပင် ပြား၏။ ဆိုင်ရာ ဆိုင်ရာ အရူပါဝစရ ဥပပတ္တိဘဝ၌ ယင်းအရူပဝိပါက်ဝိညာဏ်သည် ပဋိသန္ဓေ ဘဝင် စုတိ၏ အစွမ်းဖြင့် ဖြစ်၏။ အာကာသာနဉ္စာယတန ကုသိုလ်ကြောင့် ဖြစ်ပေါ်လာရသော အာကာသာနဉ္စာယတန ဝိပါက်ဝိညာဏ်သည် အာကာသာနဉ္စာယတန ဥပပတ္တိဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိ၏ အစွမ်းဖြင့် ဖြစ်၏၊ ဤသို့ စသည်ဖြင့် သဘော ပေါက်ပါ။

လောကုတ္တရာဝိပါက်ဝိညာဏ်သည် လေးပါးကုန်သော အရိယမဂ်တို့နှင့်ယှဉ်သော ကုသိုလ်စိတ်၏ အကျိုး ဖြစ်သောကြောင့် လေးမျိုးပင် ပြား၏။

၁။ သောတာပတ္တိမဂ် ကုသိုလ်ကြောင့် သောတာပတ္တိဖိုလ် ဝိပါက်ဝိညာဏ်,

၂။ သကဒါဂါမိမဂ် ကုသိုလ်ကြောင့် သကဒါဂါမိဖိုလ် ဝိပါက်ဝိညာဏ်,

၃။ အနာဂါမိမဂ် ကုသိုလ်ကြောင့် အနာဂါမိဖိုလ် ဝိပါက်ဝိညာဏ်,

၄။ အရဟတ္တမဂ် ကုသိုလ်ကြောင့် အရဟတ္တဖိုလ် ဝိပါက်ဝိညာဏ် ---

ဤသို့ အသီးအသီး ဖြစ်၏။ ယင်း လောကုတ္တရာဝိပါက်ဝိညာဏ်သည် မဂ္ဂဝီထိ၏ အစွမ်းဖြင့်လည်းကောင်း, ဖလသမာပတ္တိဝီထိ၏ အစွမ်းဖြင့်လည်းကောင်း နှစ်မျိုးသော အပြားအားဖြင့် ဖြစ်၏။

ဤသို့လျှင် ကာမ, ရူပ, အရူပ, လောကုတ္တရာဟူသော ဘုံလေးပါးတို့၌ အားလုံးပေါင်းလိုက်သော် ဝိပါက် ဝိညာဏ် (၃၆)မျိုး ဖြစ်၏။ (သို့သော် အသင်သူတော်ကောင်း၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ နယ်မြေအတွင်း ၌ကား ရူပါဝစရဝိပါက်, အရူပါဝစရဝိပါက်, လောကုတ္တရာဝိပါက်ဝိညာဏ်တို့ မပါဝင်နိုင်ပေ။ လောကုတ္တရာဝိပါက် ဝိညာဏ်ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ မဟုတ်သောကြောင့် ဖြစ်၏။ ရူပါဝစရဝိပါက်ဝိညာဏ်, အရူပါဝစရဝိပါက်ဝိညာဏ်တို့ကား ရူပါဝစရသတ္တဝါ အရူပါဝစရသတ္တဝါတို့ သန္တာန်၌သာ ရူပါဝစရဘုံ အရူပါဝစရဘုံ၌သာ ဖြစ်ကြသော ဝိပါက်ဝိညာဏ်တို့ ဖြစ်ကြ၏။ ယင်း ရူပ အရူပ ဝိပါက်ဝိညာဏ်တို့ကို ဗဟိဒ္ဓ ခန္ဓာငါးပါး ရုပ်နာမ်တရား တို့ကို ဝိပဿနာရှုပွားရာ၌ ဗဟိဒ္ဓချင်း တူညီ၍ သာမန်အားဖြင့် ပေါင်းစုခြုံငုံ၍ ရှုရာ၌ကား ရောနှော၍ ဝိပဿနာ ရှုရမည့် အရှုခံအာရုံများ ဖြစ်ကြသော်လည်း လူသားတစ်ဦးမျှသာ ဖြစ်နေသေးသော အသင်သူတော်ကောင်း အနေဖြင့် ယင်း ဝိပါက်ဝိညာဏ်တို့ချည်း သီးသန့် ထုတ်နုတ်၍ကား မရှုနိုင်ဟု မှတ်ပါ။

လာဘိနော ဧဝ ပန မဟဂ္ဂတစိတ္တာနိ သုပါကဋာနိ ဟောန္တိ။ (မဟာဋီ၊၂၊၃၅၃။)

မဟဂ္ဂုတ်တရားတို့ကား ရရှိသူ၏ သန္တာန်၌သာ ကောင်းစွာထင်ရှားကုန်၏ဟု မိန့်ဆိုထားသောကြောင့် ရူပါဝစရဝိပါက် အရူပါဝစရဝိပါက်ဟူသော မဟဂ္ဂုတ်စိတ်တို့သည်လည်း ယင်းဝိပါက်စိတ်တို့ကို ရရှိသူတို့၏ သန္တာန် ၌သာ ကောင်းစွာထင်ရှားနိုင်သောကြောင့် ဖြစ်၏။

ကိရိယ အဗျာကတ ဝိညာဏ်

ကိရိယ အဗျာကတ ဝိညာဏ်

ကိရိယ အဗျာကတဝိညာဏ်သည် ကာမာဝစရ ကိရိယာ, ရူပါဝစရ ကိရိယာ, အရူပါဝစရ ကိရိယာဟု ဘူမိဘေဒအားဖြင့် သုံးမျိုး ပြား၏။

၁။ ပဉ္စဒွါရာဝဇ္ဇန်း မနောဒွါရာဝဇ္ဇန်း ဟသိတုပ္ပါဒ် ဟူသော အဟိတ်ကာမာဝစရ ကိရိယာ (၃)ပါး,

၂။ မဟာကိရိယာစိတ် (၈)ပါး, = (ကာမာဝစရ မဟာကိရိယာစိတ်)

၃။ ရူပါဝစရ ကိရိယာစိတ် (၅)ပါး,

၄။ အရူပါဝစရ ကိရိယာစိတ် (၄)ပါး,

ဤသို့လျှင် ကိရိယာစိတ် အမျိုးအစား (၂၀) ရှိ၏။ ပဉ္စဒွါရာဝဇ္ဇန်း မနောဒွါရာဝဇ္ဇန်း ဟူသော အဟိတ် ကိရိယာစိတ် (၂)မျိုးကလွဲလျှင် ကြွင်းကျန်သော ကိရိယာစိတ် (၁၈)မျိုးတို့သည် ရဟန္တာအရှင်မြတ်ကြီးတို့၏ သန္တာန် ၌သာ ဖြစ်နိုင်သော စိတ်အမျိုးအစားတို့ ဖြစ်ကြ၏။ ဤသို့လျှင် ---

၁။ ကုသိုလ်စိတ် ၂၁ မျိုး

၂။ အကုသိုလ်စိတ် ၁၂ မျိုး

၃။ ဝိပါက် အဗျာကတစိတ် ၃၆ မျိုး

၄။ ကိရိယာ အဗျာကတစိတ် ၂၀ မျိုး

အားလုံးပေါင်းသော် ၈၉ မျိုးတည်း။

(၉၀)ပြည့်ရန် တစ်ခု ယုတ်လျော့နေသဖြင့် စိတ် တစ်ခုယုတ် (၉၀)ဟု ခေါ်ဝေါ် အသုံးပြုသည်။

ဝိညာဏ်တို့၏ လုပ်ငန်းကိစ္စ (၁၄) မျိုး

ဝိညာဏ်တို့၏ လုပ်ငန်းကိစ္စ (၁၄) မျိုး

ယင်းဝိညာဏ်တို့၏ လုပ်ငန်းကိစ္စသည် ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, အာဝဇ္ဇန်းကိစ္စ, ဒဿနကိစ္စ, သဝနကိစ္စ, ဃာယနကိစ္စ, သာယနကိစ္စ, ဖုသနကိစ္စ, သမ္ပဋိစ္ဆနကိစ္စ သန္တီရဏကိစ္စ, ဝေါဋ္ဌဗ္ဗနကိစ္စ, ဇဝနကိစ္စ, တဒါရမ္မဏကိစ္စ, စုတိကိစ္စတို့၏ အစွမ်းဖြင့် (၁၄)မျိုး ရှိ၏။ ဤ (၁၄)မျိုးသော အခြင်းအရာတို့ဖြင့် ယင်းစိတ်တို့သည် ဖြစ်ပေါ်လာကြ ကုန်၏။ (ဝိသုဒ္ဓိ၊၂၊၈၇။)

၁။ ပဋိသန္ဓေကိစ္စ

၁။ ပဋိသန္ဓေကိစ္စ

မဟာကုသိုလ် အမည်ရသော ကာမာဝစရကုသိုလ် (၈)မျိုးတို့၏ စွမ်းအင်ရှိန်စော် အာနုဘော်ကြောင့် နတ်ပြည် လူ့ပြည်တို့၌ သတ္တဝါတို့သည် အကြင်အခါ၌ ဖြစ်ပေါ်လာကြရကုန်၏။ ထိုအခါဝယ် ထိုသတ္တဝါတို့၏ သန္တာန်၌ သေခါနီးကာလဝယ် ရှေးရှူထင်လာသော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်တို့တွင် တစ်မျိုးမျိုးသော အာရုံကို အာရုံပြု၍ သဟိတ်ကာမာဝစရမဟာဝိပါက် (၈)မျိုး, လူ့ပြည်လောကတို့၌ နပုံးပဏ္ဍုက် စသည့်ဘဝသို့ ကပ်ရောက် ကြရကုန်သော သတ္တဝါတို့အား အားနည်းသော ဒွိဟိတ်ကုသိုလ်၏ အကျိုးဖြစ်သော အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ (၁)မျိုး --- ဤသို့လျှင် (၉)မျိုးသော စိတ်တို့သည် ပဋိသန္ဓေ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာကြကုန်၏။

အကြင်အခါ၌ကား ရူပါဝစရကုသိုလ် အရူပါဝစရကုသိုလ်တို့၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် ရူပဘုံ အရူပဘုံတို့၌ သတ္တဝါတို့သည် ဖြစ်ပေါ်လာကြရကုန်၏၊ ထိုအခါမျိုး၌ ပွားများထားအပ်ပြီးသော ရူပါဝစရစျာန် အရူပါဝစရစျာန်ရှိသော သတ္တဝါတို့အား သေခါနီး ကာလ၌ ရှေးရှူထင်လာသော အာနာပါနပဋိဘာဂနိမိတ်, ကသိုဏ်းပဋိဘာဂနိမိတ်စသော ကမ္မနိမိတ် အာရုံကိုသာလျှင် အာရုံပြု၍ (၉)ပါးကုန်သော ရူပါဝစရဝိပါက် ဝိညာဏ် အရူပါဝစရဝိပါက် ဝိညာဏ်တို့သည် ပဋိသန္ဓေ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာကြကုန်၏။

အကြင်အခါ၌ကား အကုသိုလ်၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် အပါယ်ဘုံ၌ သတ္တဝါတို့သည် ဖြစ်ကြရကုန်၏၊ ထိုအခါမျိုး၌ ပြုအပ်ပြီးသော အကုသိုလ်ကံရှိသော သတ္တဝါတို့အား သေခါနီး ကာလ၌ ရှေးရှူ ထင်လာသော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်တို့တွင် တစ်မျိုးမျိုးသော အာရုံကို အာရုံပြု၍ တစ်ခုသော အဟိတ်အကုသလဝိပါက် ဥပေက္ခာသန္တီရဏ မနောဝိညာဏဓာတ်သည် ပဋိသန္ဓေ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် ရှေးဦးစွာ ဤဝိညာဏက္ခန္ဓာ နိဒ္ဒေသပိုင်း၌ (၁၉)မျိုးသော ဝိပါက်ဝိညာဏ်တို့၏ ပဋိသန္ဓေ၏ အစွမ်းဖြင့် ဖြစ်ခြင်း ကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၈၇-၈၈။)

ဘဝဟောင်းနှင့် ဘဝသစ်ကို, ဘဝဟောင်းခန္ဓာနှင့် ဘဝသစ်ခန္ဓာကို ဆက်စပ်ပေးခြင်းကိစ္စ, ကမ္မဘဝဟူသော အကြောင်းကံနှင့် ဥပပတ္တိဘဝဟူသော အကျိုးဝိပါက်ကို ဆက်စပ်ပေးခြင်းကိစ္စကို ပဋိသန္ဓေကိစ္စဟု ဆိုသည်။

၂။ ဘဝင်ကိစ္စ

၂။ ဘဝင်ကိစ္စ

တစ်ဖန် ပဋိသန္ဓေဝိညာဏ်သည် ချုပ်ပြီးလတ်သော် ထိုထို ချုပ်လေပြီးသော ပဋိသန္ဓေဝိညာဏ်သို့ အခြားမဲ့၌ ဖြစ်သောအားဖြင့် အစဉ်လိုက်သော ထိုထို ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံ၏သာလျှင် အကျိုးဖြစ်၍ ဖြစ်သော, ပဋိသန္ဓေဝိညာဏ်၏ပင်လျှင် အာရုံဖြစ်သော ထိုကံ-ကမ္မနိမိတ်-ဂတိနိမိတ် သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံ ၌သာလျှင် ထိုပဋိသန္ဓေဝိညာဏ်နှင့် ဖြစ်စေတတ်သော အကြောင်းတရား, ယှဉ်ဖက်စေတသိက် သမ္ပယုတ်တရား အားဖြင့် တူသည်သာလျှင်ဖြစ်သော ဘဝင်ဝိညာဏ်မည်သည် ဖြစ်ပေါ်လာ၏။ (ပဋိသန္ဓေဝိညာဏ်နှင့် ဘဝင် ဝိညာဏ်သည် အာရုံအားဖြင့်လည်း တူ၏၊ ဖြစ်စေတတ်သော အကြောင်းတရားအားဖြင့်လည်း တူ၏၊ ယှဉ်ဖက် စေတသိက် အရေအတွက်အားဖြင့်လည်း တူ၏။) နောက်ထပ်လည်း ထိုပဋိသန္ဓေဝိညာဏ်နှင့်တူသော ဘဝင် ဝိညာဏ်သည် ဖြစ်ပြန်၏ဟု မှတ်ပါ။ ဤနည်းအားဖြင့် ဘဝင်အစဉ်ကို နစ်စေတတ်သော ပဉ္စဒွါရဝီထိ၌ ပဉ္စဒွါရာဝဇ္ဇန်း, မနောဒွါရဝီထိ၌ မနောဒွါရာဝဇ္ဇန်းဟု ဆိုအပ်သော အာဝဇ္ဇန်းစိတ်+စေတသိက်သည် မရှိလတ်သော် ဖြစ်ပေါ်မလာလတ်သော် တသွင်သွင် စီးဆင်းနေသော မြစ်ရေအယဉ်ကဲ့သို့ အိပ်မက်ကို မမြင်မက်သော သတ္တဝါ၏ သန္တာန်ဝယ် အိပ်မွေ့ခြင်း အိပ်ပျော်ခြင်းသို့ သက်ရောက်သောအခါ စသည်တို့၌ အတိုင်းအရှည်မှ ကင်းသော, အတိုင်းအရှည်မရှိသော အရေအတွက်ရှိသော, မရေတွက်နိုင်သော ဘဝင်အယဉ်သည်လည်း ဖြစ်၍နေသည် သာတည်းဟု မှတ်သားပါ။ ဤနည်းဖြင့် ပဋိသန္ဓေဝိညာဏ်နှင့် အမျိုးတူသည်သာလျှင် ဖြစ်ကုန်သော ဝိပါက် ဝိညာဏ်တို့၏သာလျှင် ဘဝင်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသည်ဟု သိရှိပါလေ။ (ဥပပတ္တိဘဝ၏ မပြတ်မစဲ အမြဲ ဆက်လက် ဖြစ်ရေးအတွက် အကြောင်းအဖြစ်ဖြင့် ဖြစ်ခြင်းကိစ္စကို ဘဝင်ကိစ္စဟု ဆိုသည်။ ဝီထိစိတ်များ မဖြစ် ခဲ့သော် စိတ်အစဉ် မပြတ်စဲရေးအတွက် ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံ၏စွမ်းဟုန်ကြောင့်ပင် ပဋိသန္ဓေနှင့် အာရုံချင်းလည်းတူ၍ စေတသိက် ယှဉ်ဖက် အရေအတွက်ချင်းလည်း တူညီသောစိတ်တည်း။ ဝီထိစိတ် ဖြစ်သောအခါ ယင်းဘဝင်အယဉ်သည် ရပ်သွား၏၊ ဝီထိစိတ် မဖြစ်သောအခါ ဝီထိစိတ်အစဉ် ဆုံးသွားသောအခါ ယင်း ဘဝင်စိတ်သည် ပြန်ဖြစ်ပြန်၏။) (ဝိသုဒ္ဓိ၊၂၊၈၈။)

၃။ အာဝဇ္ဇန်း ကိစ္စ

၃။ အာဝဇ္ဇန်း ကိစ္စ

တစ်ဖန် ဤဆိုအပ်ပြီးသောနည်းဖြင့် ဘဝင်အစဉ်သည် ဖြစ်လတ်သော် အကြင်အခါ၌ သတ္တဝါတို့၏ သန္တာန်ဝယ် စက္ခုစသော ဣန္ဒြေတို့သည် ရူပါရုံစသော အာရုံကို ယူခြင်းငှာ စွမ်းနိုင်ကုန်၏။ ထိုအခါ၌ စက္ခုပသာဒဝယ် ရူပါရုံသည် ရှေးရှူထင်ခြင်း ရှေးရှူကျရောက်ခြင်းသို့ ရောက်လတ်သော် ရူပါရုံကို အစွဲပြု၍ စက္ခုပသာဒအား ထိပါးခြင်းသည် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၂၊၈၈။)

ဃဋ္ဋနာ = ထိပါးခြင်း = ရိုက်ခတ်ခြင်း = တိုက်ခိုက်ခြင်း --- သင့်လျော်သောအရပ်၌ တည်နေသော ရူပါရုံ က စက္ခုပသာဒအား ရှေးရှူရိုက်ခတ်ခြင်း ထိခိုက်ခြင်းကြောင့် မျက်လွှာ စသည်တို့၏ အောက်သို့ကျခြင်း အထက် သို့ တက်ခြင်း တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းစသည့် ကြောင့်ကြဗျာပါရ အစရှိသော အမူအရာထူး ဝိကာရနှင့် အတူတကွဖြစ်သော စက္ခုပသာဒ၏ မှီရာ မဟာဘုတ်၌ အာရုံ၏ ဣဋ္ဌအဖြစ် အနိဋ္ဌအဖြစ်ဖြင့် ချီးမြှောက်ခြင်းသည်လည်းကောင်း ရှေးရှူထိခတ်ခြင်းသည်လည်းကောင်း ဃဋ္ဋနာတည်း။ (မဟာဋီ၊၂၊၁၃၂။)

ထိုစက္ခုပသာဒအား ရူပါရုံ ထိခိုက်သည်၏ အခြားမဲ့၌ ထိခိုက်သည်၏ စွမ်းအားကြောင့် ဘဝင်သည် လှုပ်လာ၏။ (ထိုလှုပ်သော အခြင်းအရာအားဖြင့် နှစ်ကြိမ် ဖြစ်ခြင်းဖြင့် ဘဝင်အယဉ် ဘဝင်အစဉ်နှင့် မတူသော ဝီထိစိတ်၏ အကြောင်းတရား ဖြစ်မှုသို့ ကပ်ရောက်ခြင်းကိုပင် ဘဝင်္ဂစလန = ဘဝင်လှုပ်သည်ဟု ဆိုလိုသည်။ မှန်ပေသည် ထိုဘဝင်စိတ်သည် စိတ်အစဉ်၏ ရှေးအခိုက်အတန့်မှ ကွဲပြားသော ဝီထိစိတ် အခိုက်အတန့်၏ အကြောင်းတရားဖြစ်သောကြောင့် လှုပ်သကဲ့သို့ ဖြစ်နေ၏၊ ထိုကြောင့် ဘဝင်္ဂစလနဟူ၍ ဆိုသည်။) ထိုအခါ၌ ဘဝင်စိတ်သည် ချုပ်ပြီးလတ်သော် ထိုဘဝင်လှုပ်ခြင်း၏ အကြောင်းဖြစ်သော ရူပါရုံကိုပင်လျှင် အာရုံပြု၍ ဘဝင်ကို ဖြတ်ဘိသကဲ့သို့ ရူပါရုံကို ဆင်ခြင်ခြင်း အာဝဇ္ဇန်းကိစ္စကို ပြီးစီးစေလျက် ကိရိယမနောဓာတ် အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ဖြစ်ပေါ်လာ၏။ သောတဒွါရ စသည်တို့၌လည်း ဤနည်းကိုပင် သိအပ်ပေသည်။ တစ်ဖန် မနောဒွါရ၌ အာရုံ (၆)မျိုးတို့တွင် တစ်မျိုးမျိုးသည် ထင်လာလတ်သော် ဘဝင်လှုပ်သည်၏ အခြားမဲ့၌ ဘဝင် အယဉ်ကို ဖြတ်သကဲ့သို့ ထင်လာသော အာရုံကို ဆင်ခြင်ခြင်း အာဝဇ္ဇန်းကိစ္စကို ပြီးစီးစေလျက် ဥပေက္ခာသဟဂုတ် အဟိတ် ကိရိယ မနောဝိညာဏဓာတ်သည် = မနောဒွါရာဝဇ္ဇန်းစိတ်သည် ဖြစ်ပေါ်လာ၏ဟု မှတ်ပါ။ ဤသို့လျှင် ကိရိယ ဝိညာဏ် (၂)မျိုးတို့၏ အာရုံကို ဆင်ခြင်တတ်သော အာဝဇ္ဇန်းကိစ္စအားဖြင့် ဖြစ်ပုံကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၈၈၊)

[ပဉ္စဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ စက္ခုဝိညာဏ်၏ ဒဿနကိစ္စ = ရူပါရုံကိုမြင်ခြင်းကိစ္စ စသည်ကို ဆိုသင့်သော် လည်း မဆိုသေးမူ၍ အာဝဇ္ဇန်းကိစ္စချင်း တူညီသောကြောင့် မနောဒွါရာဝဇ္ဇန်းကိုယူ၍ အာဝဇ္ဇန်း (၂)မျိုးလုံးကို တစ်ပေါင်းတည်း ဖွင့်ဆိုထားသည်။ ကိစ္စ (၁၄)မျိုးကို ဆိုခဲ့သော အကျဉ်း ဥဒ္ဒေသစကားနှင့် ကိစ္စများကို အစဉ် အတိုင်း ဖွင့်ပြလိုသောကြောင့် ဖြစ်၏။ (မဟာဋီ၊၂၊၁၃၂။)]

၄-၈။ ဒဿန သဝန ဃာယန သာယန ဖုသနကိစ္စ

၄-၈။ ဒဿန သဝန ဃာယန သာယန ဖုသနကိစ္စ

ဘဝင်ကို ဖြတ်သကဲ့သို့ ဖြစ်ပေါ်လာသော (ရူပါရုံကို) ဆင်ခြင်တတ်သော ပဉ္စဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ရှေးဦးစွာ စက္ခုဒွါရ၌ ဒဿနကိစ္စ = ရူပါရုံကို မြင်သိခြင်းကိစ္စကို ပြီးစီးစေလျက် စက္ခုပသာဒလျှင် မှီရာဝတ္ထုရှိသော ရူပါရုံကို သိမြင်တတ်သော စက္ခုဝိညာဏ်စိတ်သည် ဖြစ်ပေါ်၍ လာ၏။

သောတဒွါရ၌ သဝနကိစ္စ = သဒ္ဒါရုံကို ကြားသိခြင်းကိစ္စကို ပြီးစီးစေလျက် သောတပသာဒလျှင် မှီရာ ဝတ္ထုရှိသော အသံ သဒ္ဒါရုံကို ကြားသိတတ်သော သောတဝိညာဏ်စိတ်သည်, ဃာနဒွါရ၌ ဃာယနကိစ္စ = အနံ့ ဂန္ဓာရုံကို နံသိခြင်းကိစ္စကို ပြီးစီးစေလျက် ဃာနပသာဒလျှင် မှီရာဝတ္ထုရှိသော အနံ့ ဂန္ဓာရုံကို နံသိတတ်သော ဃာနဝိညာဏ်စိတ်သည်, ဇိဝှါဒွါရ၌ သာယနကိစ္စ = အရသာ = ရသာရုံကို လျက်သိခြင်းကိစ္စကို ပြီးစီးစေလျက် ဇိဝှါပသာဒလျှင် မှီရာဝတ္ထုရှိသော အရသာ = ရသာရုံကို လျက်သိတတ်သော ဇိဝှါဝိညာဏ်စိတ်သည်, ကာယဒွါရ၌ ဖုသနကိစ္စ = ဖောဋ္ဌဗ္ဗာရုံကို ထိသိခြင်းကိစ္စကို ပြီးစီးစေလျက် ကာယပသာဒလျှင် မှီရာဝတ္ထုရှိသော ဖောဋ္ဌဗ္ဗာရုံကို ထိသိတတ်သော ကာယဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာ၏။[ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်း အကြားဌာနကို ပဉ္စဝိညာဏဌာန = ပဉ္စဝိညာဏ်စိတ်တို့ ဖြစ်ရာဌာနဟု ဆို၏။ ဌာနချင်းတူညီ၍ ဤအရာ၌ စုပေါင်း၍ပြခြင်း ဖြစ်သည်။ ဝီထိချင်းကား တစ်ဝီထိစီသာ ဖြစ်သည်။ စက္ခုဒွါရဝီထိဝယ် စက္ခုဝိညာဏ်ဖြစ်သည့် နေရာ၌ သောတဒွါရဝီထိ စသည်ဝယ် သောတဝိညာဏ် စသည်တို့ အသီးအသီးဖြစ်ခြင်းကြောင့် စုပေါင်းဖွင့်ဆိုထားသည် ဟူလိုသည်။]

ထိုပဉ္စဝိညာဏ်တို့သည် ဣဋ္ဌာရုံ ဣဋ္ဌမဇ္ဈတ္တာရုံ = (အလိုရှိအပ်သော ဣဋ္ဌာရုံ, အလယ်အလတ် အလိုရှိ အပ်သော ဣဋ္ဌမဇ္ဈတ္တာရုံ) တို့၌ ကုသလဝိပါက် ဝိညာဏ်တို့ ဖြစ်ကုန်၏။ အလိုမရှိအပ်သော အနိဋ္ဌာရုံ, အလယ် အလတ် အလိုမရှိအပ်သော အနိဋ္ဌမဇ္ဈတ္တာရုံတို့၌ အကုသလဝိပါက် ဝိညာဏ်တို့ ဖြစ်ကုန်၏။ ဤသို့လျှင် (၁၀)ပါး ကုန်သော ဝိပါက်ဝိညာဏ်တို့၏ = ဒွေးပဉ္စဝိညာဏ် (၁၀)တို့၏ ဒဿနကိစ္စ, သဝနကိစ္စ, ဃာယနကိစ္စ, သာယန- ကိစ္စ, ဖုသနကိစ္စ၏ အစွမ်းဖြင့် ဖြစ်ခြင်းကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၈၈။)

၉။ သမ္ပဋိစ္ဆိုင်းကိစ္စ

၉။ သမ္ပဋိစ္ဆိုင်းကိစ္စ

စက္ခုဝိညာဏဓာတုယာ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓသမနန္တရာ ဥပ္ပဇ္ဇတိ စိတ္တံ မနော မာနသံ တဇ္ဇာ မနောဓာတု။ (အဘိ၊၂၊၉၁။)

= စက္ခုဝိညာဏဓာတ်၏ ဖြစ်ပြီး၍ ချုပ်ပြီးသည်၏ အခြားမဲ့၌ သိတတ်သော မာနသဟု ဆိုအပ်သော ထို စက္ခုဝိညာဏ်အား လျောက်ပတ်သော မနောဓာတ်ဟု ဆိုအပ်သော စိတ်သည် ဖြစ်ပေါ်လာ၏။(အဘိ၊၂၊၉၁။)

ဤသို့စသော စကားတော်ကို ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူသောကြောင့် စက္ခုဝိညာဏ် စသည်တို့၏ အခြားမဲ့၌ ထိုပဉ္စဝိညာဏ်တို့၏သာလျှင် အာရုံကို ခံလင့်သကဲ့သို့သော ကုသလဝိပါက် ပဉ္စဝိညာဏ်၏ အခြားမဲ့၌ ကုသလဝိပါက် ဖြစ်သော, အကုသလဝိပါက် ပဉ္စဝိညာဏ်၏ အခြားမဲ့၌ အကုသလဝိပါက် ဖြစ်သော သမ္ပဋိစ္ဆိုင်း = မနောဓာတ်သည် ဖြစ်ပေါ်လာ၏။ ဤသို့သော အခြင်းအရာအားဖြင့် နှစ်မျိုးကုန်သော ကုသလဝိပါက် သမ္ပဋိစ္ဆိုင်း မနောဓာတ်ဝိညာဏ်, အကုသလဝိပါက် သမ္ပဋိစ္ဆိုင်း မနောဓာတ်ဝိညာဏ်တို့၏ သမ္ပဋိစ္ဆနကိစ္စ = အာရုံကို ခံလင့်သကဲ့သို့သော ကိစ္စ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာပုံကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၈၈-၈၉။)

(ဟဒယဝတ္ထု ရှိမှုကို လက်မခံသကဲ့သို့ သမ္ပဋိစ္ဆိုင်းစသော ဝီထိစိတ်တို့၏ ဖြစ်မှုကိုလည်း ခွင့်မပြုနိုင်သူတို့ အတွက် ပါဠိတော်ကို ထုတ်ဆောင်ကိုးကား၍ သမ္ပဋိစ္ဆိုင်းစသော ဝီထိစိတ်တို့ ထင်ရှားရှိကြောင်းကို သာဓကပြ၍ ဖွင့်ဆိုခြင်း ဖြစ်၏။ ပါဠိတော်ကို တားမြစ်ခြင်းငှာ မတတ်ကောင်းသည်သာ ဖြစ်ပေသည်။ မဟာဋီ၊၂၊၁၃၂။)

၁၀။ သန္တီရဏကိစ္စ

၁၀။ သန္တီရဏကိစ္စ

မနောဓာတုယာပိ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓသမနန္တရာ ဥပ္ပဇ္ဇတိ စိတ္တံ မနော မာနသံ တဇ္ဇာ မနောဝိညာဏဓာတု။ (အဘိ၊၂၊၉၂။)

= သမ္ပဋိစ္ဆိုင်းဝိပါက် မနောဓာတ်၏လည်း ဖြစ်ပြီး၍ ချုပ်သည်၏ အခြားမဲ့၌ သိတတ်သော မာနသဟု ဆို အပ်သော ထိုသမ္ပဋိစ္ဆိုင်း မနောဓာတ်ဝိညာဏ်အား လျောက်ပတ်သော မနောဝိညာဏဓာတ်ဟု ဆိုအပ်သော စိတ်သည် ဖြစ်ပေါ်လာ၏။ (အဘိ၊၂၊၉၂။)

ဤသို့ ဘုရားရှင်သည် ဟောကြားထားတော်မူသောကြောင့် သမ္ပဋိစ္ဆိုင်းဝိပါက် မနောဓာတ်သည် လက်ခံ အပ်သော အာရုံကိုပင်လျှင် စုံစမ်းလျက် အကုသလဝိပါက် သမ္ပဋိစ္ဆိုင်း မနောဓာတ်၏ အခြားမဲ့၌ အနိဋ္ဌာရုံ အနိဋ္ဌမဇ္ဈတ္တာရုံ၌ အကုသိုလ်၏ အကျိုးဖြစ်သော အကုသလဝိပါက် အဟိတ် မနောဝိညာဏဓာတ် = ဥပေက္ခာ သန္တီရဏစိတ်သည်, ကုသလဝိပါက်ဖြစ်သော သမ္ပဋိစ္ဆိုင်း မနောဓာတ်၏ အခြားမဲ့၌ ဣဋ္ဌာရုံ၌ ကုသလဝိပါက် သောမနဿသဟဂုတ် အဟိတ်မနောဝိညာဏဓာတ် = ကုသလဝိပါက် သောမနဿသန္တီရဏစိတ်သည်, ဣဋ္ဌ မဇ္ဈတ္တာရုံ၌ ဥပေက္ခာသဟဂုတ် အဟိတ်ကုသလဝိပါက် မနောဝိညာဏဓာတ်သည် = အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်သည် ဖြစ်ပေါ်လာ၏ဟု မှတ်ပါ။ ဤသို့လျှင် သုံးပါးကုန်သော ဝိပါက် ဝိညာဏ်တို့၏ (= အကုသလဝိပါက် ဥပေက္ခာသန္တီရဏ, ကုသလဝိပါက် သောမနဿသန္တီရဏ, ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ဟူသော သုံးပါးကုန်သော ဝိပါက်ဝိညာဏ်တို့၏) သန္တီရဏကိစ္စ = အာရုံကို စုံစမ်းခြင်းကိစ္စ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာပုံကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၈၉။)

၁၁။ ဝေါဋ္ဌဗ္ဗနကိစ္စ = ဝုဋ္ဌောကိစ္စ

၁၁။ ဝေါဋ္ဌဗ္ဗနကိစ္စ = ဝုဋ္ဌောကိစ္စ

တစ်ဖန် သန္တီရဏစိတ်၏ အခြားမဲ့၌ ထိုသန္တီရဏစိတ်သည် စုံစမ်းအပ်သော အာရုံကိုပင်လျှင် ကောင်းစွာ ပိုင်းခြား မှတ်သားလျက် = ကောင်းစွာပိုင်းခြား မှတ်သားသကဲ့သို့သော ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယမနော ဝိညာဏဓာတ်သည် = မနောဒွါရာဝဇ္ဇန်းဟူသော ဝုဋ္ဌောစိတ်သည် ဖြစ်ပေါ်လာ၏ဟု မှတ်ပါ။ ဤသို့လျှင် တစ်ခု သော အဟိတ်ကိရိယဝိညာဏ်၏ ဝေါဋ္ဌဗ္ဗနကိစ္စ = အာရုံကို ဆုံးဖြတ်ချက်ချခြင်း ကိစ္စ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ ပုံကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၈၉။)

၁၂။ ဇဝနကိစ္စ = ဇောကိစ္စ

၁၂။ ဇဝနကိစ္စ = ဇောကိစ္စ

တစ်ဖန် ဝုဋ္ဌော၏ အခြားမဲ့၌ များသော ဝီထိစိတ္တုပ္ပါဒ်တည်းဟူသော အသက်ရှိသော = ဇောဆုံးသည့် တိုင်အောင် တည်နိုင်သော သက်တမ်းရှိနေသေးသော = မဟန္တာရုံ ဖြစ်သော ရူပါရုံစသော အာရုံသည် အကယ်၍ ဖြစ်ငြားအံ့ --- ထိုသို့ မဟန္တာရုံ ဖြစ်လတ်သော် ဝုဋ္ဌောစိတ်သည် ပိုင်းခြား မှတ်သားအပ်ပြီးသော အကြင်အကြင် အာရုံ၌ပင်လျှင် ---

၁။ မဟာကုသိုလ်စိတ် ( ၈ )မျိုး,

၂။ အကုသိုလ်စိတ် (၁၂)မျိုး,

၃။ ကာမကိရိယာစိတ် (ဇောစိတ်) ( ၉ )မျိုး,

ဤ (၂၉)မျိုးသော စိတ်တို့တွင် တစ်မျိုးမျိုးသော စိတ်သည် လျင်လျင်မြန်မြန်ဖြစ်ခြင်း = အာရုံ၏ အရသာကို လျင်လျင်မြန်မြန် ခံစားခြင်း ဇဝနကိစ္စ = ဇောကိစ္စကို ရွက်ဆောင်လျက် (၆)ကြိမ်လည်းကောင်း, (၇)ကြိမ်လည်း ကောင်း စောလေ၏။ ဤကား ပဉ္စဒွါရ၌ နည်းတည်း။ (ဝိသုဒ္ဓိ၊၂၊၈၉။)

[မှတ်ချက် --- ဤ၌ ရူပါရုံစသော အာရုံသည် စိတ္တက္ခဏအားဖြင့် (၁၇)ချက်, ခဏငယ် (၅၁)ချက်ပင် အသက်ရှည်၏။ သို့သော် မိမိစဖြစ်လျှင် ဖြစ်ခြင်း ဆိုင်ရာဒွါရ၌ မထင်သေးဘဲ မိမိ ဥပါဒ်ပြီးနောက် စိတ္တက္ခဏ (၂)ချက် (၃)ချက်ခန့်လွန်မှ စက္ခုဒွါရစသော ဆိုင်ရာ ဒွါရ၌ ထင်လာ၏။ စက္ခုဒွါရဝီထိစသော ဝီထိများ ဖြစ်ရာဝယ် တဒါရုံဆုံးသည့်တိုင်အောင် မိမိ၏သက်တမ်းမှာ မကြွင်းကျန်တော့သဖြင့် ဇောဆုံးသည့်တိုင်ရုံသာ သက်တမ်း တည်ရှိနိုင်သဖြင့် ယင်းအာရုံကို မဟန္တာရုံဟု သတ်မှတ်ခြင်း ဖြစ်၏။]

မနောဒွါရ၌ကား မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ထို (၂၉)မျိုးသော စိတ်တို့တွင် တစ်မျိုးမျိုးသော ကာမ ဇောစိတ်, ပရိကံ, ဥပစာ အနုလုံ, ဂေါတြဘုဟူသော ကာမာဝစရ ဥပစာရ သမာဓိဇောတို့၏ အထက်၌ ရူပါဝစရ ကုသိုလ်စိတ် (၅)မျိုး, ကိရိယာစိတ် (၅)မျိုး, အရူပါဝစရကုသိုလ်စိတ် (၄)မျိုး, ကိရိယာစိတ် (၄)မျိုး, လောကုတ္တရာ မဂ်စိတ် (၄)မျိုး, ဖိုလ်စိတ် (၄)မျိုး --- ဤ (၅၅)မျိုးသော ဇောစိတ်တို့တွင် အကြင်အကြင် ဇောစိတ်သည် ယောနိသော မနသိကာရ အစရှိသော ရအပ်သော အကြောင်းအထောက်အပံ့ ရှိ၏၊ ထိုထို ရအပ်သော ယောနိသောမနသိကာရ စသော ရအပ်သော အကြောင်းအထောက်ပံ့ ရှိသော ဇောသည် စောလေ၏။ ဤသို့လျှင် (၅၅)မျိုးသော ကုသိုလ် အကုသိုလ် ကိရိယာ ဖိုလ်ဝိပါက်ဝိညာဏ်တို့၏ ဇဝနကိစ္စ = အဟုန်ပြင်းပြင်း တင်းတင်းထန်ထန် လျင်လျင် မြန်မြန် ဖြစ်ခြင်းကိစ္စ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာပုံကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၈၉။)

၁၃။ တဒါရုံကိစ္စ

၁၃။ တဒါရုံကိစ္စ

တစ်ဖန် ဇော၏အဆုံး၌ ပဉ္စဒွါရဝယ် အတိမဟန္တာရုံ, မနောဒွါရဝယ် ဝိဘူတာရုံ = ထင်ရှားသော အာရုံသည် အကယ်၍ ဖြစ်ငြားအံ့ ။ ထိုသို့ အတိမဟန္တာရုံ ဝိဘူတာရုံဖြစ်လတ်သော် ကာမာဝစရသတ္တဝါတို့အား ကာမာဝစရ ဇော၏ အဆုံး၌သာလျှင် ---

၁။ ဣဋ္ဌာရုံ ဣဋ္ဌမဇ္ဈတ္တာရုံ, အနိဋ္ဌာရုံ အနိဋ္ဌမဇ္ဈတ္တာရုံတို့၏ အစွမ်းကြောင့်လည်းကောင်း,

၂။ ရှေးရှေး ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့သော ကံ၏ စွမ်းအင်ကြောင့်လည်းကောင်း,

၃။ ဇောစိတ် စသည်တို့၏ စွမ်းအင်ကြောင့်လည်းကောင်း,

အကြင်အကြင် အကြောင်းအထောက်အပံ့သည် ရအပ်ပြီး ဖြစ်၏၊ ထိုထို အကြောင်း၏ စွမ်းအင်ကြောင့် တဒါရုံ (၁၁)မျိုးတို့တွင် တစ်မျိုးမျိုးသော ဝိပါက်ဝိညာဏ်သည် --- အထက်အညာသို့ ဆန်တက်သော လှေနောက်သို့ စိုးစဉ်း အနည်းငယ်သော ခဏပတ်လုံး အစဉ်လိုက်ပါသွားသော ရေကဲ့သို့ --- ဘဝင်စိတ်၏ အာရုံမှ အခြားတစ်ပါးသောအာရုံ၌ စောသော ဇော၏နောက်သို့ အစဉ်လိုက်လျက် တစ်ကြိမ် နှစ်ကြိမ် ဖြစ်ပေါ်လာ၏။ ထိုဝိပါက် ဝိညာဏ်ကို ဇော၏အဆုံး၌ မူလဘဝင်၏အာရုံ၌ ဖြစ်ခြင်းငှာထိုက်သည် ဖြစ်ပါသော်လည်း ထိုဇော၏ အာရုံကို မိမိက အာရုံပြု၍ ဖြစ်သောကြောင့် တဒါရုံဟူ၍ ဆိုအပ်၏။ ဤသို့လျှင် (၁၁)ပါးကုန်သော ဝိပါက်ဝိညာဏ်တို့၏ တဒါရုံကိစ္စ = ဇောယူသည့် အာရုံကို ဆက်လက် အာရုံပြုခြင်းကိစ္စ၏ အစွမ်းဖြင့် ဖြစ်ခြင်းကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၈၉-၉၀။)

အထက်တွင် တဒါရုံဖြစ်ဖို့ရန် စွမ်းအင် (၃)မျိုးကို ဖော်ပြထား၏။ ထိုတွင် ---

တယိဒံ အာရမ္မဏေန ဝေဒနာပရိဝတ္တိဒဿနတ္ထံ ဝုတ္တံ။ (မဟာဋီ၊၂၊၁၃၃။)

အာရုံဖြင့် ဝေဒနာပြောင်းလဲပုံကို ပြခြင်းငှာ အာရုံ၏ စွမ်းအင်ကြောင့် တဒါရုံဖြစ်မှုကို ဆိုသည်။

၁။ ဣဋ္ဌာရုံဖြစ်လျှင် သောမနဿတဒါရုံ (၅)မျိုး ဖြစ်၏။

၂။ ဣဋ္ဌမဇ္ဈတ္တာရုံဖြစ်လျှင် ကုသလဝိပါက် ဥပေက္ခာတဒါရုံ (၅)မျိုး ဖြစ်၏။

၃။ အနိဋ္ဌာရုံဖြစ်လျှင် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ ဖြစ်၏။

ဤသို့ ဝေဒနာ အပြောင်းအလဲကို သိစေလို၍ အာရုံ၏ အစွမ်းဖြင့် ဝေဒနာဖြစ်ပုံကို ဆိုသည်။ တစ်ဖန် ကံ၏ စွမ်းအင်ကြောင့် တဒါရုံ ဖြစ်ပုံကိုလည်း ဤသို့ဖွင့်ဆိုထား၏။ ---

ပုရိမကမ္မဝသေနာတိ ဣဒံ တဒါရမ္မဏဝိသေသဒဿနတ္ထံ။ န ဟိ ပဋိသန္ဓိဇနကမေဝ ကမ္မံ တဒါရမ္မဏံ ဇနေတိ၊ အထ ခေါ အညကမ္မမ္ပိ၊ တံ ပန ပဋိသန္ဓိဒါယိနာ ကမ္မေန နိဗ္ဗတ္တေတဗ္ဗတဒါရမ္မဏတော ဝိသဒိသမ္ပိ နိဗ္ဗတ္တေတီတိ။ (မဟာဋီ၊၂၊၁၃၃-၁၃၄။)

ရှေးကံစွမ်းအင်ကြောင့်လည်း တဒါရုံဖြစ်ပုံကို ပြဆိုသော ဤစကားကား တဒါရုံ ထူးထွေကွဲပြားမှုကို ပြခြင်း အကျိုးငှာ ဆိုခြင်း ဖြစ်၏။ မှန်ပေသည် ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံသည်သာလျှင် တဒါရုံကို ဖြစ်စေသည် မဟုတ်သေး၊ စင်စစ်သော်ကား ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံမှ အခြားတစ်ပါးသော ကံသည်လည်း တဒါရုံကို ဖြစ်စေနိုင်သည်သာ ဖြစ်၏။ ထိုအခြားတစ်ပါးသော ကံကား ပဋိသန္ဓေကို ဖြစ်စေတတ်သော = ပဋိသန္ဓေကျိုးကို ပေးတတ်သော ကံသည် ဖြစ်စေအပ်သော တဒါရုံမှ အခြားတစ်ပါးသော မတူသော တဒါရုံကိုလည်း ဖြစ်စေ၏ဟု သိပါလေ။ (မဟာဋီ၊၂၊၁၃၃-၁၃၄။)

အချို့ ဆရာမြတ်တို့၏ အယူ

အချို့ ဆရာမြတ်တို့၏ အယူ

ဧတ္ထ စ ကေစိ ပဋ္ဌာနေ ကုသလာကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတီတိ ဝိပါကဓမ္မဓမ္မာနံ ဧဝ အနန္တရံ တဒါရမ္မဏံ ဝုတ္တန္တိ ကိရိယဇဝနာနန္တရံ န ဣစ္ဆန္တိ။ (မဟာဋီ၊၂၊၁၃၄။)

ဤအရာ၌ အချို့သော ဆရာမြတ်တို့သည် ပဋ္ဌာန်းဒေသနာတော်၌ ကုသလာကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ (အဘိ၊၈၊၁၃၃။) = ကုသိုလ် အကုသိုလ်ဇောသည် ချုပ်ပြီးလတ်သော် ဝိပါက်ဝိညာဏ်သည် တဒါရုံ အဖြစ်ဖြင့် ဖြစ်ပေါ်လာ၏ --- ဤသို့လျှင် အကျိုးဝိပါက်ကို ဖြစ်စေနိုင်သော စွမ်းအင်ရှိသော ဝိပါကဓမ္မဓမ္မ အမည်ရသည့် ကုသိုလ် အကုသိုလ်ဇောတို့၏သာလျှင် အခြားမဲ့၌ တဒါရုံကို ဘုရားရှင်သည် ဟောကြားထားတော် မူ၏၊ ထိုကြောင့် ကိရိယာဇော၏ အခြားမဲ့၌ တဒါရုံကို အလိုရှိတော်မမူကြကုန်။ (မဟာဋီ၊၂၊၁၃၄။)

အကြောင်းပြချက်မှာ ဤသို့ဖြစ်၏ --- ကြမ်းတမ်းသော လှုပ်ရှားခြင်းရှိသော လှေ၏ နောက်သို့သာ မြစ်ရေ အယဉ်သည် အစဉ်လိုက်သကဲ့သို့ ကြမ်းတမ်းသော လှုပ်ရှားခြင်းရှိသော ဇော၏နောက်သို့သာ ဘဝင်သည် အစဉ် လိုက်၏ (= တဒါရုံ ကျနိုင်၏။)။ ဖက်ခွက်နောက်သို့ မြစ်ရေယဉ်သည် အစဉ်မလိုက်သကဲ့သို့ ဆဠင်္ဂုပေက္ခာနှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်ဝယ် ငြိမ်ငြိမ်သက်သက် ဖြစ်ခြင်းသဘောရှိသော ကြိယာဇော၏ နောက်သို့ မူကား ဘဝင်သည် အစဉ်မလိုက်နိုင် (= တဒါရုံ မကျနိုင် = ဇောယူသည့် အာရုံကို ယူတတ်သော အာရုံပြုသော ဝိပါက်ဝိညာဏ်သည် ဇော၏ အခြားမဲ့၌ မဖြစ်နိုင်။) --- ဤကား အသင့်ယုတ္တိတည်း။ --- ဤကား ကြိယာဇော နောက်၌ တဒါရုံကို အလိုမရှိကြသော ဆရာမြတ်တို့၏ အကြောင်းပြချက်တည်း။ (မဟာဋီ၊၂၊၁၃၄။)

ထိုစကားကို စူးစမ်းဆင်ခြင်သင့်ပေသည်ဟု မဟာဋီကာဆရာတော်က မှတ်ချက်ချထား၏ --- ရသင့် ရ- ထိုက်သော တရားပင် ဖြစ်လင့်ကစား တစ်စုံတစ်ခုသော အဓိပ္ပါယ်ဖြင့် အချို့သောအရာ၌ ဟောတော်မမူခြင်းကို ပါဠိတော်ဝယ် တွေ့မြင်နေရ၏။ ပုံစံထုတ်၍ ဆိုရသော် ဓမ္မသင်္ဂဏီပါဠိတော်ဝယ် အကုသိုလ်တရားကို အကျယ် ဝေဖန်၍ ဟောကြားတော်မူရာ အကုသလနိဒ္ဒေသ၌ ရသင့်ရထိုက်သော်လည်း အဓိပတိကို ဟောတော်မမူ သကဲ့သို့တည်း။ သည်မျှသာမကသေး အကြင်ဖက်ခွက်ကို ပုံတူအဖြစ်ဖြင့် ညွှန်ပြထား၏၊ ထိုဖက်ခွက်သည်လည်း ပုံတူအဖြစ်ဖြင့် ပြအပ်သော ကြိယာဇောနှင့် တူသည်ကားမဖြစ်။ လှေနှင့် ဖက်ခွက်တို့၏ မြစ်ရေယဉ်ကို လည်စေခြင်း သည်လည်းကောင်း သွားခြင်းသည်လည်းကောင်း အချင်းချင်း မတူပေ။ ထိုကြောင့် လှေနောက်သို့ မြစ်ရေယဉ်၏ အစဉ်လိုက်ခြင်းသည်လည်းကောင်း, ဖက်ခွက်နောက်သို့ မြစ်ရေယဉ်၏ အစဉ်မလိုက်ခြင်းသည်လည်းကောင်း သင့်ပေ၏။ သို့သော်လည်း ဤ တဒါရုံအရာ၌ ကြိယာဇောနှင့် ကြိယာဇောမှ တစ်ပါးကုန်သော ကုသိုလ်ဇော အကုသိုလ်ဇောတို့၏ ဘဝင်အယဉ်ကို လည်စေခြင်းသည်လည်းကောင်း သွားခြင်းသည်လည်းကောင်း = ဇော ကိစ္စကို ရွက်ဆောင်လျက် ဖြစ်သွားခြင်းသည်လည်းကောင်း တူညီ၏။ ထိုကြောင့် ဤကြိယာဇောသို့ တဒါရုံ၏ အစဉ်မလိုက်ခြင်းသည်လည်းကောင်း, ကုသိုလ်ဇော အကုသိုလ်ဇောနောက်သို့သာ တဒါရုံ၏ အစဉ်လိုက်ခြင်းသည် လည်းကောင်း မသင့်ပေ။ ထိုကြောင့် စူးစမ်း ဆင်ခြင်သင့်ပေသည်။ (မဟာဋီ၊၂၊၁၃၄။)

မဟာဋီကာဆရာတော်ကား အောက်ပါ မူလဋီကာ၏ အဆိုကို မနှစ်သက်၍ အထက်ပါ စကားရပ်များကို ဖွင့်ဆိုသွားခြင်း ဖြစ်၏။

မူလဋီကာဆရာတော်၏ ဝါဒ

မူလဋီကာဆရာတော်၏ ဝါဒ

တဿ ကုသလတော စတ္တာရိ သောမနဿသဟဂတာနိ, အကုသလတော စတ္တာရိ, ကိရိယတော ပဉ္စာတိ ဣမေသံ တေရသန္နံ စိတ္တာနံ အညတရေန ဇဝိတပရိယောသာနေ တဒါရမ္မဏံ ပတိဋ္ဌဟမာနံ သောမနဿ- သဟဂတအသင်္ခါရိကတိဟေတုကစိတ္တမ္ပိ ဒုဟေတုကစိတ္တမ္ပိ ပတိဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၁၊၃၂၃။)

ကိရိယတော ပဉ္စာတိ ဣမေသံ။ ပ ။ ပတိဋ္ဌာတီတိ ကိရိယဇဝနာနန္တရဉ္စ တဒါရမ္မဏံ ဝုတ္တံ။ ပဋ္ဌာနေ (အဘိ၊၈၊၃၆၆။) ပန ကုသလာကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတီတိ ဝိပါကဓမ္မဓမ္မာနမေဝ အနန္တရာ တဒါရမ္မဏံ ဝုတ္တံ။ ကုသလတ္တိကေ စ သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ ကုသလံ အနိစ္စတောတိအာဒိနာ (အဘိ၊၈၊၁၃၃။) ကုသလာကုသလဇဝနမေဝ ဝတွာ တဒနန္တရံ တဒါရမ္မဏံ ဝုတ္တံ, န အဗျာကတာနန္တရံ၊ န စ ကတ္ထစိ ကိရိယာနန္တရံ တဒါရမ္မဏဿ ဝုတ္တဋ္ဌာနံ ဒိဿတိ။ ဝိဇ္ဇမာနေ စ တသ္မိံ အဝစနေ ကာရဏံ နတ္ထိ၊ တသ္မာ ဥပပရိက္ခိတဗ္ဗော ဧသော ထေရဝါဒေါ။ ဝိပ္ဖါရိကဥှိ ဇဝနံ နာဝံ ဝိယ နဒီသောတော ဘဝင်္ဂံ အနုဗန္ဓတီတိ ယုတ္တံ၊ န ပန ဆဠင်္ဂုပေက္ခဝတော သန္တဝုတ္တိံ ကိရိယဇဝနံ ပဏ္ဏပုဋံ ဝိယ နဒီသောတောတိ။ (မူလဋီ၊၁၊၁၃၄။)

အဋ္ဌကထာ၌ (အဘိ၊ဋ္ဌ၊၁၊၃၂၃။) မောရဝါပီအရပ်၌ သီတင်းသုံးတော်မူသော မဟာဒတ္တမထေရ်မြတ်ကြီး ၏ဝါဒကို တင်ပြထား၏။ ထိုမထေရ်မြတ်ကြီး၏ ဝါဒ၌ --- သောမနဿသဟဂုတ်တိဟိတ် အသင်္ခါရိက စိတ်ဖြင့် ကံကို အားထုတ်ပြီးလတ်သော် ထိုကံကြောင့် သောမနဿသဟဂုတ် တိဟိတ် အသင်္ခါရိက ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေ တည်နေလာသော ပုဂ္ဂိုလ်၏ သန္တာန်၌ ---

၁။ မဟာကုသိုလ် သောမနဿဇော (၄)မျိုး

၂။ လောဘမူ သောမနဿဇော (၄)မျိုး

၃။ မဟာကြိယာ သောမနဿဇော (၄)မျိုး

၄။ ဟသိတုပ္ပါဒ် ကြိယာဇော (၁)မျိုး

ဤ (၁၃)မျိုးသော ဇောတို့၏ အဆုံး၌ တဒါရုံသည် တည်လတ်သော် ---

၁။ သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာဝိပါက်စိတ်,

၂။ သောမနဿ သဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာဝိပါက်စိတ်,

ဤ နှစ်မျိုးတွင် တစ်မျိုးမျိုးသော မဟာဝိပါက်စိတ်သည် တဒါရုံအဖြစ် ရပ်တည်လာ၏ဟု မိန့်ဆိုထား၏။ (အဘိ၊ဋ္ဌ၊၁၊၃၂၃။)

ဤအရာတွင် မဟာဒတ္တမထေရ်မြတ်ကြီးက ကာမကြိယာဇော (၅)မျိုး၏နောင် တဒါရုံ ကျနိုင်ကြောင်းကို မိန့်ဆိုထားတော်မူ၏။ အလားတူပင် အဘိဓမ္မတ္ထသင်္ဂဟ အမည်ရသော သင်္ဂြိုဟ်ကျမ်း၌လည်း အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကလည်း --- သောမနဿသဟဂတကြိယာဇဝနာဝသာနေ သောမနဿသဟဂတာနေဝ တဒါ- ရမ္မဏာနိ ဘဝန္တိ = သောမနဿသဟဂုတ် ကြိယာဇော၏ အဆုံး၌ သောမနဿသဟဂုတ်သာလျှင် ဖြစ်ကုန်သော တဒါရုံတို့သည် ဖြစ်နိုင်ကြောင်းကို ဖွင့်ဆိုထား၏။ ထိုအဆိုကို စူးစမ်း ဆင်ခြင်ထိုက်ကြောင်းကို မူလဋီကာဆရာ- တော်က ဖွင့်ဆိုထား၏ --- မူလဋီကာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ---

ပဋ္ဌာန်းဒေသနာတော်၌ --- ကုသလာကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ = ကုသိုလ်ဇော အကုသိုလ်ဇောသည် ချုပ်ဆုံးပြီးလတ်သော် ဝိပါက်စိတ်သည် တဒါရုံအဖြစ်ဖြင့် ဖြစ်ပေါ်လာ၏ --- ဟု ပဋ္ဌာန်း ဒေသနာတော် (အဘိ၊၈၊၃၆၆။)၌ ဝိပါကဓမ္မဓမ္မ အမည်ရသောအကျိုးပေးခြင်းသဘောရှိသော ကုသိုလ်တရား အကုသိုလ်တရားတို့၏သာလျှင် အခြားမဲ့၌ တဒါရုံကို ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ ကုသလတိက် ၌လည်း (အဘိ၊၈၊၁၃၃။) --- သေက္ခပုဂ္ဂိုလ်တို့သည်လည်းကောင်း, ပုထုဇန်ပုဂ္ဂိုလ်တို့သည်လည်းကောင်း ကုသိုလ် တရားကို အနိစ္စအားဖြင့်လည်းကောင်း, ဒုက္ခအားဖြင့်လည်းကောင်း, အနတ္တအားဖြင့်လည်းကောင်း = အနိစ္စဟု လည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း ဝိပဿနာရှုပွား သုံးသပ်တော်မူကြကုန်၏။ ဝိပဿနာဇောဝီထိသည် ချုပ်ပျက်လတ်သော် ဝိပဿနာဇော၏အဆုံး၌ ဝိပါက်စိတ်သည် တဒါရုံအဖြစ်ဖြင့် ဖြစ်ပေါ် လာ၏ --- ဤသို့ စသောနည်းဖြင့် ကုသိုလ်ဇော အကုသိုလ်ဇောကိုသာလျှင် ဟောတော်မူပြီး၍ ထိုကုသိုလ် အကုသိုလ်၏ အခြားမဲ့၌ တဒါရုံကို ဟောကြားထားတော်မူ၏။ အဗျာကတတရားတို့၏ အခြားမဲ့၌ တဒါရုံကို ဟောကြားထားတော်မမူ။ တစ်စုံတစ်ခုသော ပါဠိတော် စကားရပ်၌လည်း ကြိယာဇော၏ အခြားမဲ့၌ တဒါရုံ၏ ဟောတော်မူအပ်ရာဌာနကို မတွေ့မြင်အပ်၊ ထိုကြိယာဇော၏ နောက်၌ တဒါရုံသည် ထင်ရှားရှိလျက်လည်း ဟောတော်မမူခြင်း၌ အကြောင်းတရားသည် မရှိဖြစ်ခဲ့၏၊ ထိုကြောင့် ထိုမဟာဒတ္တမထေရ်မြတ်ကြီး၏ ဝါဒကို စူးစမ်းဆင်ခြင်ထိုက်၏။

မှန်ပေသည် --- လှေ၏ နောက်သို့ မြစ်ရေအယဉ်သည် အစဉ်လိုက်သကဲ့သို့ ထို့အတူ မငြိမ်မသက် လှုပ် လှက်ခြင်းရှိသော ဇောသို့ ဘဝင်သည် အစဉ်လိုက်၏၊ ဤသို့ဖြစ်ခြင်းသည် သင့်၏ ယုတ္တိရှိ၏။ ပြောင်းပြန်အားဖြင့် ဆိုရမူ --- မျောလာသော ဖက်ခွက်၏နောက်သို့ မြစ်ရေအယဉ်သည် အစဉ်မလိုက်သကဲ့သို့ ထို့အတူ ဆဠင်္ဂုပေက္ခာနှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်၌ ငြိမ်သက်သော ဖြစ်ခြင်းရှိသော ကြိယာဇော၏နောက်သို့ တဒါရုံသည် အစဉ်မလိုက်ပေ။ ဤသို့ မှတ်သားပါလေ။ ထိုကြောင့် ထိုမဟာဒတ္တမထေရ်မြတ်၏ ဝါဒကို စူးစမ်းဆင်ခြင်ထိုက် ပေသည်။ (မူလဋီ၊၁၊၁၃၄။)

ဤမူလဋီကာဆရာတော် အရှင်အာနန္ဒမထေရ်မြတ်၏ အယူအဆကို မဟာဋီကာဆရာတော် အရှင်ဓမ္မပါလ မထေရ်က မနှစ်သက်သဖြင့် မဟာဋီကာ၌သာမဟုတ် အနုဋီကာ (အနုဋီ၊၁၊၁၄၁)၌လည်း မဟာဋီကာ၌ကဲ့သို့ပင် အလားတူ ပြန်လည် ချေပထားပေသည်။

ဆဠင်္ဂုပေက္ခာ

ဆဠင်္ဂုပေက္ခာ

တတ္ထ ယာ ဣဓ ဘိက္ခဝေ ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ နေဝ သုမနော ဟောတိ၊ န ဒုမ္မနော၊ ဥပေက္ခကော စ ဝိဟရတိ သတော သမ္ပဇာနောတိ ဧဝမာဂတာ ခီဏာသဝဿ ဆသု ဒွါရေသု ဣဋ္ဌာနိဋ္ဌဆဠာရမ္မဏာပါထေ ပရိသုဒ္ဓပကတိဘာဝါဝိဇဟနာကာရဘူတာ ဥပေက္ခာ၊ အယံ ဆဠင်္ဂုပေက္ခာ နာမ။ (ဝိသုဒ္ဓိ၊၁၊၁၅၅။)

= ဤသာသနာတော်၌ အာသဝေါကုန်ပြီးသော ရဟန်းတော်သည် စက္ခုဖြင့် ရူပါရုံကိုမြင်၍ ဝမ်းမြောက်မှုလည်း မဖြစ်၊ ဝမ်းနည်းမှုလည်း မဖြစ်၊ သတိနှင့် ပြည့်စုံသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုကာ သာလျှင် နေ၏ (အံ၊၂၊၂၄၇။) ဤသို့ ပါဠိတော်၌ လာရှိသော အာသဝေါကုန်ပြီးသော ရဟန္တာအရှင်မြတ်၏ သန္တာန်၌ ဒွါရ (၆)ပါးတို့၌ ဣဋ္ဌ အနိဋ္ဌဖြစ်သော အာရုံ (၆)ပါးသည် ထင်လာလတ်သော် ထက်ဝန်းကျင် စင်ကြယ် သော ပြကတေ့သဘောကို မစွန့်သော အခြင်းအရာဖြစ်သော အာရုံကို အညီအမျှ လျစ်လျူရှုတတ်သော တတြမဇ္ဈတ္တတာ စေတသိက်ဟု ဆိုအပ်သော အကြင် ဥပေက္ခာသည် ရှိ၏၊ ရဟန္တာအရှင်မြတ်တို့၏ ဤ ဥပေက္ခာသည် ဆဠင်္ဂုပေက္ခာ မည်၏။ (ဝိသုဒ္ဓိ၊၁၊၁၅၅။)

ရဟန္တာ အရှင်မြတ်တို့သည် စိတ်ကို နိုင်နင်းတော်မူသဖြင့် ဣဋ္ဌဖြစ်သော အာရုံ (၆)ပါးကို အနိဋ္ဌကဲ့သို့ ရှုတော်မူနိုင်၏။ အနိဋ္ဌဖြစ်သော အာရုံ (၆)ပါးကိုလည်း ဣဋ္ဌကဲ့သို့ ရှုတော်မူနိုင်၏။ ဒွါရ (၆)ပါးတို့၌ ထင်လာသော အာရုံ (၆)ပါးတို့၌ စိတ်ကို အလယ်အလတ် အခြင်းအရာ၌ ထားတော်မူနိုင်၏။ အညီအမျှ လျစ်လျူရှုနိုင်၏။ တရားကိုယ်မှာ တတြမဇ္ဈတ္တတာ စေတသိက်တည်း။ ဤ စေတသိက်ကိုပင် ဆဠင်္ဂုပေက္ခာဟု ခေါ်သည်။

၁၄။ စုတိကိစ္စ

၁၄။ စုတိကိစ္စ

တဒါရုံ၏ အဆုံး၌ကား တစ်ဖန် ဘဝင်သည်သာလျှင် ဖြစ်ပြန်၏။ (ပဝတ္တိ အခါကိုသာ ရည်၍ ဆိုသည်၊ တဒါရုံနောင် စုတိမကျကောင်း ဘဝင်သာကျကောင်းသည်ဟု ဆိုလိုရင်း မဟုတ်ပါ။ --- မဟာဋီ၊၂၊၁၃၄။) ယင်း ဘဝင်အယဉ်သည် ပြတ်လတ်ပြီးပြန်သော် တစ်ဖန် အာဝဇ္ဇန်း အစရှိသော ဝီထိစိတ်တို့သည် ဖြစ်ပြန်ကုန်၏။ ဤသို့သောနည်းဖြင့် ရအပ်သော အကြောင်းရှိသော စိတ်အစဉ်သည် ဘဝင်၏ အခြားမဲ့၌ အာဝဇ္ဇန်းသည်လည်း ကောင်း, အာဝဇ္ဇန်း၏ အခြားမဲ့၌ ရူပါရုံကို မြင်သိခြင်း = ဒဿနကိစ္စရှိသော စက္ခုဝိညာဏ်စသော စိတ်တို့သည် လည်းကောင်း ဤသို့ စသည်ဖြင့် စိတ်တို့၏ ကိန်းသေမြဲသော စိတ္တနိယာမ၏ အစွမ်းဖြင့်သာလျှင် အဖန်တလဲလဲ တစ်ခုသောဘဝ၌ ဘဝင်မကုန်သေးသမျှ ကာလပတ်လုံး ဘဝင်ကုန်ဆုံးသည်တိုင်အောင် ဖြစ်ပေါ်နေပေ၏။ မှန်ပေသည် --- ဘဝတစ်ခု၌ အလုံးစုံသော စိတ်တို့၏ နောက်ဆုံးဖြစ်သောဘဝင်စိတ်ကိုပင် ထိုထိုဘဝမှ ရွေ့လျော- သွားခြင်းကြောင့် စုတိဟူ၍ ဆိုအပ်၏။ ထိုကြောင့် ထိုစုတိစိတ်သည်လည်း (ပဋိသန္ဓေဝိပါက်ဝိညာဏ်နှင့် ဘဝင် ဝိပါက်ဝိညာဏ်ကဲ့သို့ပင်) (၁၉)မျိုးပင် ရှိ၏။ ဤသို့လျှင် (၁၉)မျိုးသော ဝိပါက်ဝိညာဏ်တို့၏ စုတိ၏ အစွမ်းဖြင့် ဖြစ်ခြင်းကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၉၀။)

စုတိမှ တစ်ဖန် (ဘဝသစ်၌) ပဋိသန္ဓေသည် ဖြစ်ပြန်၏၊ ပဋိသန္ဓေမှ တစ်ဖန် ဘဝင်သည် ဖြစ်ပြန်၏၊ ဤ- သို့ချည်းနှင်နှင်အားဖြင့် သုံးပါးသော ဘဝ, ငါးပါးသော ဂတိ, ခုနစ်ပါးသော ဝိညာဏဋ္ဌိတိ, ကိုးပါးသော သတ္တာဝါသ တို့၌ တလုံလဲလဲ ကျင်လည်ကုန်သော သတ္တဝါတို့၏ သန္တာန်ဝယ် မပြတ်မစဲသော စိတ်အစဉ်သည် တလည်လည် ဖြစ်နေသည်သာတည်း။

သံသရာစက် ပြတ်ပုံ --- ဤ ဆိုအပ်ပြီးသောနည်းဖြင့် တပြောင်းပြန်ပြန် ကျင်လည်ကုန်သော ထိုသတ္တဝါ တို့တွင် အကြင်သတ္တဝါသည် မဇ္ဈိမပဋိပဒါ = နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ကောင်းမွန်မှန်ကန်သည့် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို အစွဲပြု၍ အရဟတ္တဖိုလ်သို့ ရောက်ရှိသွား၏၊ ထိုရဟန္တာပုဂ္ဂိုလ်မြတ်၏ စုတိစိတ်တော် သည် ချုပ်ပြီးလတ်သော် စိတ်သည် ချုပ်သည် ပီပီသာလျှင် ဖြစ်ပေသတည်း။ (ဝိသုဒ္ဓိ၊၂၊၉၀။)

ဤတွင် ပဋိသန္ဓေမှ စုတိသို့တိုင်အောင် ဘဝတစ်လျှောက်အတွင်း ဖြစ်ပေါ်သွားကြသော စိတ်တို့၏ အလုပ် လုပ်ပုံ လုပ်ငန်းကိစ္စ (၁၄)မျိုး အကြောင်းကို အကျဉ်းချုပ်၍ ရေးသားတင်ပြပြီးလေပြီ။ ယခုအခါ၌ ဝိညာဏက္ခန္ဓာ၏ လက္ခဏ-ရသ စသည်တို့ကို ဆက်လက်တင်ပြပေအံ့။

၁။ ဝိညာဏက္ခန္ဓာ

၁။ ဝိညာဏက္ခန္ဓာ

အာရမ္မဏံ စိန္တေတီတိ စိတ္တံ၊ ဝိဇာနာတီတိ အတ္ထော။ (အဘိ၊ဋ္ဌ၊၁၊၁၀၆။)

၁။ ဝိဇာနနလက္ခဏံ စိတ္တံ၊

၂။ ပုဗ္ဗင်္ဂမရသံ၊

၃။ သန္ဒဟနပစ္စုပဋ္ဌာနံ၊

၄။ နာမရူပပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၁၅၅။)

နာမပဒဋ္ဌာနံ။ (အရူပဘုံအတွက်။)

၁။ အာရုံကို သိခြင်း = အာရုံကို ရယူခြင်းသဘော လက္ခဏ၊

၂။ အာရုံကို သိမှု၌ ပဓာန ေ့ရှသွားခေါင်းဆောင်ဖြစ်ခြင်း (ကိစ္စ) ရသ၊

၃။ စိတ်အစဉ်အဆက် မပြတ်ရအောင် နောက်နောက်စိတ်ကို ဖွဲ့စပ်တတ်သော သဘောတရား - ပစ္စုပဋ္ဌာန်၊

၄။ နာမ်+ရုပ် (အရူပဘုံအတွက် --- နာမ်) ပဒဋ္ဌာန်။

ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ။ (မူလဋီ၊၁၊၈၇။) ဟူသော မူလဋီကာနှင့် အညီ သိခြင်းဟူသည် အာရုံကို အာရုံယူ၍ရခြင်း = ရယူခြင်းသဘော ဖြစ်သည်။

လက္ခဏ --- စတုဘူမကစိတ္တဥှိ နော ဝိဇာနနလက္ခဏံ နာမ နတ္ထိ၊ သဗ္ဗံ ဝိဇာနနလက္ခဏမေဝ။ (အဘိ၊ဋ္ဌ၊၁၊၁၅၅။)

ကာမ, ရူပ, အရူပ, လောကုတ္တရာဟူသော ဘုံ (၄)ပါး အတွင်း၌ရှိသော စိတ်ဟူသမျှသည် အာရုံကိုသိမှု ဝိဇာနနလက္ခဏာ မရှိသည်မည်သည် မရှိပေ၊ အလုံးစုံသော စိတ်ဟူသမျှသည် အာရုံကိုသိမှု ဝိဇာနနလက္ခဏာ ရှိသည်သာ ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၅၅။)

ဘဝင်စိတ်ကို မသိစိတ်ဟု ဘာသာပြန်ဆိုချက်မှာ, တစ်နည်းဆိုရသော် မသိစိတ်တစ်မျိုး ရှိသည်ဟူသော အယူအဆများမှာ ဤအထက်ပါ အဋ္ဌကထာအဖွင့်နှင့် တစ်နည်းဆိုရသော် ဗုဒ္ဓအဘိဓမ္မာနှင့်ကား ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်နေ၏။ ဘဝင်စိတ်သည်လည်း လွန်ခဲ့သော အတိတ်ဘဝ သေခါနီး ကာလဝယ် ထင်ခဲ့သော မရဏာသန္နဇောသည် ယူခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံ သုံးမျိုးတို့တွင် တစ်မျိုးမျိုးကို သိမြဲ ဓမ္မတာဖြစ်ရကား ပစ္စုပ္ပန် အာရုံ (၆)မျိုးတို့တွင် တစ်မျိုးမျိုးကို မသိမှုကို အကြောင်းပြု၍ မသိစိတ်ဟု ဆိုရန်မသင့် သည်သာ ဖြစ်ပေသည်။

ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ။ (မူလဋီ၊၁၊၈၇။)

တံ အာရမ္မဏူပလဒ္ဓိသင်္ခါတံ ဝိဇာနနံ လက္ခဏံ ဧတဿာတိ ဝိဇာနနလက္ခဏံ။ (မဟာဋီ၊၂၊၁၁၂။)

သိခြင်း --- ဟူသည် အာရုံကို ရယူခြင်းသဘောတည်း။ စက္ခုအကြည်ဓာတ်ကို လှမ်း၍ အာရုံယူရာ စက္ခု အကြည်ဓာတ်ကို အာရုံယူ၍ရလျှင် စက္ခုအကြည်ဓာတ်ကို သိသည်ဟု ခေါ်ဆိုရ၏၊ အကယ်၍ စက္ခုအကြည် ဓာတ်ကို လှမ်း၍ အာရုံယူကြည့်ရာ အာရုံယူ၍ မရဖြစ်လျှင် စက္ခုအကြည်ဓာတ်ကို သိသည်ဟု မခေါ်ဆိုနိုင်ပေ။ ထိုကြောင့် အာရုံကို ရယူခြင်း သဘောကိုပင် သိသည်ဟု ဆိုပေသည်။ ထိုစိတ်ဝယ် ထိုအာရုံကို ရယူခြင်းဟု ဆိုအပ်သော သိမှုသဘော လက္ခဏာသည် ရှိ၏၊ ထိုကြောင့် ထိုစိတ်သည် အာရုံကို ရယူခြင်း အာရုံကိုသိခြင်း ဝိဇာနနလက္ခဏာ ရှိပေသည်။

ပုဗ္ဗင်္ဂမရသ --- ပုရေစာရိက ပုဗ္ဗင်္ဂမ, ပဓာန ပုဗ္ဗင်္ဂမဟု ပုဗ္ဗင်္ဂမ နှစ်မျိုးရှိ၏။

ရှေးဦးစွာဖြစ်၍ ေ့ရှကသွားရသော ေ့ရှကဖြစ်ရသော ေ့ရှသွားခေါင်းဆောင်သည် ပုရေစာရိက ပုဗ္ဗင်္ဂမ မည်၏။ အချုပ် ပဓာန နာယက အကြီးအမှူးဖြစ်၍ ပြဓာန်းသော ေ့ရှသွားခေါင်းဆောင်သည် ပဓာနပုဗ္ဗင်္ဂမ မည်၏။ ထိုသို့ ပုဗ္ဗင်္ဂမ နှစ်မျိုးရှိရာ စိတ်နှင့် စေတသိက် နှစ်မျိုးတို့တွင် စိတ်သည် တကယ်ေ့ရှက ဖြစ်သွားရသည် မဟုတ်၊ စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ စိတ်နှင့်စေတသိက်တို့သည် ပြိုင်တူသာ ဖြစ်ကြရ၏၊ ပြိုင်တူသာ တည်ကြ ရ၏၊ ပြိုင်တူသာ ပျက်ကြရ၏။ သို့သော် ယင်းစိတ်စေတသိက် တရားစုတို့တွင် စိတ်သည် အာရုံကိုသိမှု အာရုံကို ရယူမှု၌ ပဓာန = ပြဓာန်းသော ေ့ရှသွားခေါင်းဆောင် တရားပင် ဖြစ်၏။ ထိုကြောင့် ပုဗ္ဗင်္ဂမရသ = အာရုံကို သိမှု အာရုံကို ရယူမှု၌ ပဓာန = ပြဓာန်းသော ေ့ရှသွားခေါင်းဆောင်ဖြစ်ခြင်း ကိစ္စ ရသ ရှိ၏ဟု ဆိုသည်။ မနော ပုဗ္ဗင်္ဂမာဟူသော ဒေသနာတော်များနှင့် အညီပင်တည်း။

စက္ခုစသော ဒွါရသို့ ရူပါရုံစသော အာရုံများ ဆိုက်ရောက်လာသောအခါ အာရုံကို ထင်စွာဖြစ်စေရာ၌ စိတ်သည် ပြဓာန်းသော ပဓာန ေ့ရှသွားခေါင်းဆောင် ဖြစ်၏။ မှန်ပေသည် ---

စက္ခုဒွါရ = မျက်စိဖြင့် မြင်ထိုက်သော ရူပါရုံကို စိတ်ဖြင့်သာလျှင် သိ၏။

သောတဒွါရ = နားဖြင့် ကြားထိုက်သော သဒ္ဒါရုံကို စိတ်ဖြင့်သာလျှင် သိ၏။

ဃာနဒွါရ = နှာခေါင်းဖြင့် နမ်းရှူထိုက်သော ဂန္ဓာရုံကို စိတ်ဖြင့်သာလျှင် သိ၏။

ဇိဝှါဒွါရ = လျှာဖြင့် သာယာထိုက်သော ရသာရုံကို စိတ်ဖြင့်သာလျှင် သိ၏။

ကာယဒွါရ = ကိုယ်ဖြင့် တွေ့ထိထိုက်သော ဖောဋ္ဌဗ္ဗာရုံကို စိတ်ဖြင့်သာလျှင် သိ၏။

မနောဒွါရဖြင့် သိထိုက်သော ဓမ္မာရုံကို မနောဝိညာဏ်စိတ်ဖြင့်သာလျှင် သိ၏။

ဤသို့လျှင် ဒွါရသို့ ဆိုက်ရောက်လာသော အာရုံကို ထင်စွာဖြစ်စေရာ၌ စိတ်သည်သာလျှင် ပဓာန = ပြဓာန်းသော ေ့ရှသွားခေါင်းဆောင် ဖြစ်ပေသည်။ ထိုကြောင့် စိတ်သည် အာရုံကို သိမှု၌ ပဓာန = ပြဓာန်းသော ေ့ရှသွားခေါင်းဆောင် ဖြစ်ရပေသည်။ ထိုကြောင့် စိတ်သည် အာရုံသိမှု၌ ပြဓာန်းသော ေ့ရှသွားခေါင်းဆောင်ဖြစ်ခြင်း ကိစ္စရှိ၏ဟု ဆိုသည်။ (အဘိ၊ဋ္ဌ၊၁၊၁၅၅-၁၅၆။)

နဂရဂုတ္တိကဿ ဝိယ စိတ္တဿ အာရမ္မဏဝိဘာဝနမတ္တံ ဥပဓာရဏမတ္တံ ဥပလဒ္ဓိမတ္တံ ကိစ္စံ၊ အာရမ္မဏပဋိဝေဓနပစ္စာဘိညာဏာဒိ ပန ကိစ္စံ ပညာသညာဒီနန္တိ ဝေဒိတဗ္ဗံ။ (မူလဋီ၊၁၊၈၇။)

နဂရဂုတ္တိကမည်သော မြို့စောင့်ယောက်ျားသည် မြို့လယ်လမ်းဆုံ လမ်းခွ၌ ထိုင်၍ --- ဤသူကား မြို့ နေသူတည်း၊ ဤသူကား ဧည့်သည်တည်း --- ဟု ရောက်လာတိုင်း ရောက်လာတိုင်းသော လူကို စူးစမ်းမှတ်သား၏၊ ပိုင်းခြားသတ်မှတ် ဆုံးဖြတ်၏။ ထိုမြို့စောင့်ယောက်ျားကဲ့သို့ပင် စိတ်၏ အာရုံကို ထင်စွာ ဖြစ်စေခြင်းမျှသည် ကပ်၍ ဆောင်ခြင်းမျှသည် အာရုံကို ရယူခြင်းမျှသည် စိတ်၏ လုပ်ငန်းကိစ္စပင်တည်း။ ပရမတ္ထဓမ္မတည်းဟူသော အာရုံ၏ သဘောမှန်ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိခြင်းသည် ပညာ၏ လုပ်ငန်းကိစ္စတည်း။ ရှေးအမှတ်ဖြင့် နောက်ထပ် အာရုံကို သိခြင်းသည် သညာ စသည်တို့၏ လုပ်ငန်းကိစ္စတည်း။ ဤသို့ သိပါ။ (မူလဋီ၊၁၊၈၇။)

ဝိဇာနာတီတိ သညာပညာကိစ္စဝိသိဋ္ဌံ ဝိသယဂ္ဂဟဏံ အာဟ။ (မူလဋီ၊၁၊၆၅။)

သညာပညာကိစ္စံ သညာဏကရဏပဋိဝိဇ္ဈနာနိ၊ တဒုဘယဝိဓုရာ အာရမ္မဏူပလဒ္ဓိ ဝိဇာနာတီတိ ဣမိနာ ဝုစ္စတီတိ အာဟ သညာ။ ပ ။ ဂဟဏန္တိ။ (အနုဋီ၊၁၊ရဝ။)

အာရုံကို သိရာ၌ သညာသိ ပညာသိ ဝိညာဏ်သိဟု ကွဲပြားလျက် ရှိ၏၊ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ မှတ်မိရုံသာ သိခြင်း မှတ်သိ သိခြင်း မှတ်သားထားသည့်အတိုင်း သိခြင်းသည် သညာသိတည်း။ ပရမတ္ထဓမ္မ သဘာဝတို့၏ သဘောမှန်ကို အစမှ ဆုံးသည်တိုင်အောင် = (နာမရူပပရိစ္ဆေဒဉာဏ်မှစ၍ အရဟတ္တမဂ် အရဟတ္တဖိုလ်သို့တိုင်အောင်) ကမ်းကုန်အောင် အမှားမရှိ အမှန်အတိုင်း သိခြင်းသည် ပညာသိတည်း။ အာရုံ တစ်ခုခုကို ရအောင်ယူခြင်းသည် ဝိညာဏ်သိတည်း။ ဤသို့လျှင် အသိ (၃)မျိုး ကွဲပြားရာ သညာ ပညာတို့ သိပုံမှ တစ်မျိုးတစ်ဖုံ ထူးခြားသော အသိကိုပင် ဝိဇာနန အမည်ရသော ဝိညာဏ်သိဟု မှတ်ပါ။

ပစ္စုပဋ္ဌာန် --- တဒေတံ ပစ္ဆိမံ ပစ္ဆိမံ ဥပ္ပဇ္ဇမာနံ ပုရိမံ ပုရိမံ နိရန္တရံ ကတွာ သန္ဒဟနမေဝ ဥပဋ္ဌာတီတိ သန္ဒဟနပစ္စုပဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၁၅၆။)

ထိုစိတ်သည် နောက်နောက်၌ ဖြစ်လတ်သော် ရှေးရှေး၌ ဖြစ်သော စိတ်ကို အကြားမရှိသည်ကို ပြု၍ စိတ်အစဉ်အဆက် မပြတ်ရအောင် ဖွဲ့စပ်တတ်သော သဘောတရား ဖြစ်သည်ဟု ယင်းစိတ်ကို ဝိပဿနာ သမ္မာဒိဋ္ဌိ ဉာဏ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ဉာဏ်တွင် ရှေးရှူထင်လာ၏။ ခဏိကမရဏ သဘောအားဖြင့် ဥပါဒ်-ဌီ-ဘင် သက်တမ်းစေ့၍ ချုပ်ပျက်သွားလေသော ရှေးစိတ်က မိမိ၏ အခြားမဲ့၌ ဆက်လက်၍ အသစ် ဖြစ်ပေါ်လာ သော နောက်စိတ်အား အနန္တရ သမနန္တရ စသော ပစ္စယသတ္တိတို့ဖြင့် စိတ်အစဉ် မပြတ်အောင် ကျေးဇူးပြုပေးသည် ဟူလိုသည်။

သန္ဒဟနံ စိတ္တန္တရဿ အနုပ္ပဗန္ဓနံ။ (မူလဋီ၊၁၊၈၇။)

သန္ဒဟန = ဆက်စပ်လျက် ဖြစ်ခြင်းဟူသည် တစ်ပါးသောစိတ်ကို အစဉ်မပြတ်အောင် ဖွဲ့စပ်ခြင်းတည်း။ နောက်စိတ်တစ်ခု ဖြစ်ခြင်းသည် ချုပ်ပြီးသော ရှေးစိတ်နှင့် အကြားမရှိအောင် ဖွဲ့စပ်ခြင်းပင် ဖြစ်သည်။ ယင်းသို့ အကြားမရှိအောင် ဆက်စပ်လျက် နောက်စိတ်ဖြစ်ပေါ်လာအောင် ချုပ်ပြီးသော ရှေးစိတ်က နောက်စိတ်အား အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးသည်။

ပဒဋ္ဌာန် --- စိတ်တို့မည်သည် ယှဉ်ဖက်စေတသိက် မပါဘဲ မိမိ စိတ်ချည်းသက်သက် ဖြစ်နိုင်သည့်စွမ်းအင် မရှိရကား ယှဉ်ဖက်စေတသိက် နာမ်တရားများသည် စိတ်ဖြစ်ပေါ်လာဖို့ရန် အနီးစပ်ဆုံးသော အကြောင်းတရားများ ဖြစ်ကြ၏။ တစ်ဖန် စိတ်သည် (နာမ်တရားတို့သည်) ခန္ဓာငါးပါးရှိသော ပဉ္စဝေါကာရဘုံ၌ မှီရာဝတ္ထုရုပ် မရှိပါက မဖြစ်နိုင်သဖြင့် မှီရာဝတ္ထုရုပ်သည်လည်း စိတ်ဖြစ်ပေါ်လာဖို့ရန် အနီးစပ်ဆုံး အကြောင်းတစ်ခုပင် ဖြစ်၏။ တစ်ဖန် အသိစိတ်တို့၏ သိစရာအာရုံသည် ရူပါရုံကဲ့သို့သော ရုပ်တရားဖြစ်မူ ထိုအာရုံရုပ်သည်လည်း စိတ်၏ အနီးစပ်ဆုံး အကြောင်းတရားပင် ဖြစ်၏၊ သိစရာအာရုံ ရှိပါမှ သိမှုသဘော ဖြစ်နိုင်၏။ မှီရာဝတ္ထုရုပ်များက ဝတ္ထုပုရေဇာတ နိဿယသတ္တိဖြင့် အာရုံရုပ်များက အာရမ္မဏပစ္စယသတ္တိဖြင့် စိတ်ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏၊ ထိုကြောင့် ပဉ္စဝေါကာရဘုံဝယ် စိတ်၏ အနီးစပ်ဆုံးအကြောင်းတရားမှာ နာမ်ရုပ် ဖြစ်ရပေသည်။ အရူပဘုံ၌ကား ရုပ်တရား မရှိသောကြောင့် အရူပဘုံ၌ စိတ်၏ အနီးစပ်ဆုံးအကြောင်းတရားမှာ ယှဉ်ဖက်စေတသိက် နာမ်ပင် ဖြစ်သည်။

ဤဖော်ပြပါ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကား ဝိညာဏက္ခန္ဓာ၌ အကျုံးဝင်သော ဝိညာဏ်အားလုံး အတွက် ခြုံငုံ၍ဆိုသော စကားများ ဖြစ်ကြသည်။ ခွဲ၍ ရှုခဲ့သော်အောက်ပါ အတိုင်း ရှုပါ။

၂။ ပဋိသန္ဓေစိတ်

၂။ ပဋိသန္ဓေစိတ်

၁။ ကမ္မ-ကမ္မနိမိတ္တ-ဂတိနိမိတ္တာနံ အညတရာရမ္မဏဝိဇာနနလက္ခဏံ ပဋိသန္ဓိစိတ္တံ၊

၂။ ပဋိသန္ဓာနရသံ၊

၃။ သန္ဒဟနပစ္စုပဋ္ဌာနံ၊

၄။ နာမရူပပဒဋ္ဌာနံ။

၁။ အတိတ်ဘဝ မရဏာသန္နဇောသည် ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော

အာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ဘဝနှစ်ခုကို = ေ့ရှနောက် စိတ်အစဉ်ကို ဆက်စပ်ပေးခြင်း (ကိစ္စ) ရသ၊

၃။ ဘဝနှစ်ခုကို = ေ့ရှနောက် စိတ်အစဉ်ကို ဆက်စပ်ပေးတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ယှဉ်ဖက် စေတသိက် နာမ် + မှီရာဝတ္ထုရုပ် ပဒဋ္ဌာန်။

၃။ ဘဝင်စိတ်

၃။ ဘဝင်စိတ်

၁။ ကမ္မ-ကမ္မနိမိတ္တ-ဂတိနိမိတ္တာနံ အညတရာရမ္မဏဝိဇာနနလက္ခဏံ ဘဝင်္ဂစိတ္တံ၊

၂။ ဘဝင်္ဂရသံ၊

၃။ သန္ဒဟနပစ္စုပဋ္ဌာနံ၊

၄။ နာမရူပပဒဋ္ဌာနံ။

၁။ အတိတ်ဘဝ မရဏာသန္နဇောသည် ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော

အာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ေ့ရှနောက် စိတ်အစဉ်မပြတ်ရအောင် ဘဝ၏ အကြောင်းတရားအဖြစ်

တည်နေခြင်း = (ဘဝင်ကိစ္စ) (ကိစ္စ) ရသ၊

၃။ ေ့ရှနောက် စိတ်အစဉ်မပြတ်ရအောင် စိတ်အစဉ်ကို ဆက်စပ်ပေးတတ်သော သဘောတရား - ပစ္စုပဋ္ဌာန်၊

၄။ ယှဉ်ဖက် စေတသိက် နာမ် + မှီရာဝတ္ထုရုပ် ပဒဋ္ဌာန်။

ဤ ပဋိသန္ဓေစိတ်နှင့် ဘဝင်စိတ်တို့ဝယ် ကိစ္စအရ ပဋိသန္ဓေကိစ္စနှင့် ဘဝင်ကိစ္စကို ဖော်ပြထားပါသည်။ ပုဗ္ဗင်္ဂမရသဟု ဆိုကလည်း ရရှိသည်သာ ဖြစ်ပါသည်။ စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသည့် သမ္ပယုတ်တရားစုတို့တွင် အာရုံကို သိမှု အာရုံကို ရအောင်ယူမှု၌ ဝိညာဏက္ခန္ဓာမှာ အမြဲ ပြဓာန်းလျက်ပင် ရှိသောကြောင့် ဖြစ်၏။

၄။ ပဉ္စဒွါရာဝဇ္ဇန်း = ကိရိယာ မနောဓာတ်

၄။ ပဉ္စဒွါရာဝဇ္ဇန်း = ကိရိယာ မနောဓာတ်

၁။ စက္ခုဝိညာဏာဒိပုရေစရရူပါဒိဝိဇာနနလက္ခဏာ မနောဓာတု၊

၂။ အာဝဇ္ဇနရသာ၊

၃။ ရူပါဒိအဘိမုခဘာဝပစ္စုပဋ္ဌာနာ၊

၄။ ဘဝင်္ဂဝိစ္ဆေဒပဒဋ္ဌာနာ။ (သာ ဥပေက္ခာ ယုတ္တာဝ ဟောတိ။) (ဝိသုဒ္ဓိ၊၂၊၈၆။)

၁။ စက္ခုဝိညာဏ် စသည်တို့၏ ေ့ရှသွားဖြစ်၍ (ေ့ရှကဖြစ်၍) ရူပါရုံစသည့် အာရုံတို့ကို

သိခြင်းသဘော = ရယူခြင်းသဘော လက္ခဏ၊

၂။ (ရူပါရုံစသည့် ပဉ္စာရုံကို) နှလုံးသွင်းခြင်း = ဆင်ခြင်ခြင်း (ကိစ္စ) ရသ၊

တစ်နည်း --- စိတ်အစဉ်ကို ရှေးဖြစ်သော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာ-

အားဖြင့် ဖြစ်ပေါ်လာအောင် မူလအာရုံဟောင်းကို စွန့်စေခြင်း (ကိစ္စ) ရသ၊

၃။ ရူပါရုံစသည့် အာရုံဘက်သို့ ရှေးရှူ မျက်နှာမူသည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဘဝင်စိတ်အစဉ် ပြတ်စဲခြင်း = ဘဝင်စိတ် ချုပ်ပျက်သွားခြင်း ပဒဋ္ဌာန်။

မနောဓာတ် -- အယံ ပန မနောဝိညာဏတော ဥပ္ပန္နာပိ ဝိသိဋ္ဌမနနကိစ္စာဘာဝေန မနောမတ္တာ ဓာတူတိ မနောဓာတု။ (မဟာဋီ၊၂၊၁၂၉။)

ဤပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် မနောဝိညာဏ်မှ ဖြစ်ပေါ်လာသော်လည်း (= ဘဝင်မနောဝိညာဏ် ချုပ်ပျက်ပြီးမှ ဘဝင်မနောဝိညာဏ်က အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးသဖြင့် ဖြစ်ပေါ်လာသော မနောဝိညာဏ် ဖြစ်သော်လည်း) ဝိသိဋ္ဌမနနကိစ္စ ဟူသော အာရုံကို ပိုင်ပိုင်နိုင်နိုင် ရယူနိုင်မှု မရှိသေးပေ။ ရူပါရုံ စသည်ကို ရူပါရုံ စသည်ဟုပင် မသိသေး = အာရုံ မယူနိုင်သေးပေ။ မနောဒွါရနှင့် စက္ခုဒွါရ၌ ထိုရူပါရုံ ရှေးရှူ ကျရောက်လာမှုလောက်မျှကိုသာ သိသေးသော ဓာတ်သဘာဝဖြစ်သဖြင့် မနောဓာတ်ဟုခေါ်ဆိုခြင်း ဖြစ်သည်။ (မနောဒွါရနှင့် သောတဒွါရစသည့် ဒွါရတို့၌ သဒ္ဒါရုံစသည့် ဆိုင်ရာအာရုံတို့ ရှေးရှူကျရောက်လာရာ၌လည်း နည်းတူပင်တည်း၊၊)

ရသ --- အာဝဇ္ဇနရသာတိ အာဘောဂရသာ၊ စိတ္တသန္တာနဿ ဝါ ပုရိမာကာရတော အညထာ ဩဏောဇနရသာ။ (မဟာဋီ၊၂၊၁၂၉။)

အာရုံကို နှလုံးသွင်း ဆင်ခြင်ခြင်းသည် ယင်းစိတ်၏ လုပ်ငန်းကိစ္စရပ် ဖြစ်သည်။ ဒွါရ၌ ရှေးရှူကျရောက် လာသော အာရုံကို --- အဘယ် အရာပါလိမ့် --- ဟု ဆင်ခြင်မှု နှလုံးသွင်းမှုမျှသာ ဖြစ်သည်။ ပိုင်ပိုင်နိုင်နိုင် စူးစမ်းဆင်ခြင်မှု နှလုံးသွင်းမှုမျိုးကား မဟုတ်သေးပေ။ ဤရှင်းလင်းချက်မျှဖြင့် အားရကျေနပ်မှု မရနိုင်သေး၍ မဟာဋီကာဆရာတော်က နောက်တစ်နည်း ထပ်မံ၍ ရှင်းပြတော်မူပြန်သည်၊ ထိုရှင်းလင်းချက်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

ဤအာဝဇ္ဇန်းစိတ် = (ပဉ္စဒွါရာဝဇ္ဇန်းစိတ်) မဖြစ်မီ ဘဝင်စိတ်များ အဆက်မပြတ် ဖြစ်နေ၏။ ဘဝင်အယဉ်ဟု ခေါ်၏၊ ယင်းဘဝင်စိတ်သည် အတိတ်ဘဝ မရဏာသန္နဇောက ယူခဲ့သည့် အာရုံကိုသာ အာရုံယူသော အခြင်း အရာအားဖြင့် ဖြစ်နေ၏။ ဤသည်ကိုပင် ပုရိမာကာရ = ရူပါရုံ စသည့်အာရုံတို့၏ ဆိုင်ရာဒွါရတို့၌ ရှေးရှူ မကျရောက်မီ = မထင်မီ ရှေး၌ ဖြစ်နေသော အခြင်းအရာဟု ခေါ်၏။ ယင်း စိတ်အစဉ်၏ ရှေး၌ ဖြစ်နေသော အခြင်းအရာသည် ဆိုင်ရာ ဒွါရ၌ ရူပါရုံ စသည့်အာရုံတို့ ရှေးရှူကျရောက်လာသောအခါ = ထင်လာသောအခါ ဘဝင်အယဉ် ရပ်စဲသွားချိန်တွင် ရပ်စဲသွား၏၊ ဘဝင်ရပ်သည်နှင့် တစ်ပြိုင်နက် တစ်ချက်တည်း အတိတ်ဘဝ မရဏာသန္နဇောက ယူခဲ့သည့် အာရုံကို = (ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံကို) အာရုံယူမှု အခြင်းအရာကိုလည်း စွန့်လွှတ်ပြီး ဖြစ်သွား၏။ ဘဝင် ရပ်စဲသွားမှုသည် အာဝဇ္ဇန်းစိတ် မဥပါဒ်မီ = ဥပါဒ်ကာလသို့ မရောက်မီ ဘဝင်္ဂုပစ္ဆေဒ အမည်ရသော ဘဝင်၏ ဘင်ကာလ၌ ရပ်စဲသွားခြင်း ဖြစ်၏။ အာဝဇ္ဇန်းစိတ် ဖြစ်ပေါ်လာသောအခါ စိတ်အစဉ်သည် မူလဘဝင်၏ အာရုံဖြစ်သော အတိတ်ဘဝ မရဏာသန္နဇောက ယူခဲ့သည့် အာရုံကို မယူတော့ဘဲ နောက်ထပ် ဆိုင်ရာဒွါရ၌ ထင်လာသည့် ရူပါရုံ အစရှိသော ပစ္စုပ္ပန်အာရုံကို လှမ်း၍ အာရုံယူ၏။ ထိုသို့ စိတ်အစဉ်၏ မူလအာရုံယူနေသည့် အာရုံဟောင်းကို အာရုံယူနေသည့် အခြင်းအရာမှ အာရုံသစ်တစ်ခုကို လှမ်း၍ အာရုံယူသည့် အခြင်းအရာသို့ ပြောင်းသွားအောင် အာဝဇ္ဇန်းစိတ်က ဆောင်ရွက်ပေးသည်။ ဤသည်ကိုပင် အာဝဇ္ဇန်းစိတ်၏ လုပ်ငန်းကိစ္စ = စိတ်အစဉ်၏ ရှေး၌ဖြစ်သော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာအောင် မူလအာရုံဟောင်းကို စွန့်စေခြင်း ကိစ္စရှိ၏ဟု ဆိုပေသည်။ရှေးဖြစ်သော အခြင်းအရာမှ အခြားတစ်မျိုးသော အခြင်းအရာအားဖြင့် စိတ်အစဉ်သည် ဖြစ်ပေါ်လာသောအခါ ရှေး၌ဖြစ်ခဲ့သော အခြင်းအရာကို စွန့်လွှတ်စေ၍ နောက်ထပ်ဖြစ်သော အသစ်အခြင်းအရာကို ယူစေသည် = မူလအာရုံကို စွန့်လွှတ်စေ၍ နောက်ထပ်ထင်လာသော အာရုံသစ်ကို ယူစေသည်ဟု ဆိုလိုသည်။ သို့သော် မူလ အာရုံကိုယူသော စိတ်ကားတခြား, အာရုံသစ်ကိုယူသော စိတ်ကား တခြားသာ ဖြစ်၏။ ဧကတ္တနည်းအားဖြင့် စိတ်အစဉ်အတန်း တစ်ခုတည်းဟု ယူ၍ ဆိုခြင်းဖြစ်သည်။

ပဒဋ္ဌာန် --- ဘဝင်အစဉ် ဘဝင်အယဉ် ပြတ်စဲမှ အာဝဇ္ဇန်းစိတ် ဖြစ်ခွင့်ရနိုင်၏။ ဘဝင်အစဉ် ဘဝင်အယဉ် မရပ်စဲသေးသမျှ အာဝဇ္ဇန်းစိတ် ဖြစ်ခွင့်မရနိုင်။ စိတ္တက္ခဏ တစ်ခုအတွင်း၌ နှစ်မျိုးသော စိတ်တို့သည် ပြိုင်တူ မဥပါဒ်နိုင် မဖြစ်နိုင်သောကြောင့် ဖြစ်၏။ ထိုကြောင့် အာဝဇ္ဇန်းစိတ်ဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းတရားမှာ ဘဝင်အယဉ် ပြတ်စဲခြင်းပင် ဖြစ်၏၊ တစ်နည်းဆိုရသော် ဘဝင်္ဂုပစ္ဆေဒ အမည်ရသော ဘဝင်ပင် ဖြစ်၏။ ယင်း ဘဝင်္ဂုပစ္ဆေဒ အမည်ရသော ဘဝင်စိတ်က အာဝဇ္ဇန်းစိတ်အား အနန္တရစသော ပစ္စယသတ္တိတို့ဖြင့် ဖြစ်ပေါ်လာ အောင် ကျေးဇူးပြုပေး၏။ (ဝိသုဒ္ဓိ၊၂၊၁၁၉ - ကြည့်။)

ဥပေက္ခာဝေဒနာ --- အပုဗ္ဗာရမ္မဏာ သကိဒေဝပဝတ္တမာနာ သဗ္ဗထာ ဝိသယရသံ အနုဘဝိတုံ န သက္ကောတီတိ ဣဋ္ဌာဒီသု သဗ္ဗတ္ထ ဥပေက္ခာယုတ္တာဝ ဟောတိ။ (မဟာဋီ၊၂၊၁၂၉။)

ဤအာဝဇ္ဇန်းစိတ်သည် ယခုမှ ထင်လာသော အာရုံသစ်ကိုသာ ဦးစွာ အာရုံပြုရသော စိတ်ဖြစ်၏၊ ထိုသို့ အာရုံသစ်ကိုသာ ဦးစွာ အာရုံပြုရ၍ တစ်ကြိမ်သာ ဖြစ်ရသဖြင့် အချင်းခပ်သိမ်း နည်းမျိုးစုံဖြင့် အာရုံ၏ အရသာကို အားရှိပါးရှိ ခံစားခြင်းငှာ မစွမ်းနိုင်သေးပေ။ သို့အတွက် ဣဋ္ဌ, ဣဋ္ဌမဇ္ဈတ္တ, အနိဋ္ဌ, အနိဋ္ဌမဇ္ဈတ္တဖြစ်သော အာရုံ အားလုံးတို့၌ပင် ဥပေက္ခာဝေဒနာနှင့်သာ ယှဉ်၍ ဖြစ်ရပေသည်။ (မဟာဋီ၊၂၊၁၂၉။)

ဉာဏ်ပညာရင့်ကျက်သူ ပရိယတ္တိ အခြေခံရှိသူတို့ကား ဤရှင်းလင်းချက်မျှဖြင့် ဤအာဝဇ္ဇန်းစိတ်၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ရှုကွက်ကို သဘောပေါက်နိုင်မည် ဖြစ်ပေသည်။ သို့သော် အဘိဓမ္မာအရာ၌ ပရိယတ္တိ အခြေခံ အားနည်းသူတို့ကား သဘောပေါက်နိုင်ဖွယ်ရာရှိမည် မဟုတ်သေးပေ။ ထိုပုဂ္ဂိုလ်တို့အတွက် ထပ်မံ၍ အနည်းငယ် ရှင်းလင်း တင်ပြအပ်ပါသည်။

ဤ ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဟူသော ပဉ္စာရုံ = အာရုံ ငါးမျိုးကို အာရုံပြု၏။ ထိုအာရုံ ငါးမျိုးတို့သည်လည်း ပဉ္စဒွါရာဝဇ္ဇန်း စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ ဆိုင်ရာဒွါရဝယ် အားလုံး ပြိုင်တူ ထင်လာကြသည်ကား မဟုတ်ပေ။ ဤပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် မိမိ၏ ဥပါဒ်-ဌီ-ဘင်ဟူသော အချိန်ကာလ အတွင်းဝယ် ယင်းအာရုံ ငါးမျိုးတို့အနက် အာရုံ တစ်မျိုးမျိုးကိုသာ အာရုံပြုနိုင်ပေသည်။ ထိုကြောင့် အာရုံအလိုက် ခွဲ၍ သီးသန့် ရှုရမည် ဖြစ်သည်။ ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော အာဝဇ္ဇန်းစိတ်ကို ပုံစံထုတ်၍ ယင်းလက္ခဏ -ရသ စသည့်ရှုကွက်ကို တင်ပြအပ်ပါသည်။

ပဉ္စဒွါရာဝဇ္ဇန်း - ရူပါရုံကို အာရုံပြုသည်။

ပဉ္စဒွါရာဝဇ္ဇန်း - ရူပါရုံကို အာရုံပြုသည်။

၁။ စက္ခုဝိညာဏ်၏ ရှေးကဖြစ်၍ ရူပါရုံကို သိခြင်း = ရူပါရုံ အာရုံကို ရယူခြင်းသဘော လက္ခဏ၊

၂။ ရူပါရုံကို နှလုံးသွင်း ဆင်ခြင်ခြင်း (ကိစ္စ) ရသ၊

တစ်နည်း --- စိတ်အစဉ်ကို ရှေးဖြစ်သော အခြင်းအရာမှ တစ်ပါးသော

အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာအောင် ဘဝင်အာရုံကို စွန့်စေခြင်း (ကိစ္စ) ရသ၊

၃။ ရူပါရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဘဝင်အယဉ် ပြတ်စဲခြင်း = ဘဝင်္ဂုပစ္ဆေဒ = ရပ်သောဘဝင် ပဒဋ္ဌာန်။

ရှုကွက် --- အသင်သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများကို ပြန်လည်၍ အာရုံယူထားပါ။ ပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင်စိတ်၌ စိတ်စေတသိက် (၁၁)လုံးရှိရာ ယင်းနာမ်တရားစုမှ အသိစိတ်ကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည့် ရှုကွက်ကို ရှုပါ။ သို့သော် တကယ်လက်တွေ့ ရှုရာ၌ကား ယှဉ်ဖက် စေတသိက် (၁၀) လုံးတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် အသီးအသီးကိုလည်း တစ်ဆက်တည်း ရှုခြင်းက ပို၍ကောင်း ပေသည်။ စိတ္တက္ခဏတိုင်း၌ ဃန အသီးအသီး ပြိုရေးအတွက်ပင် ဖြစ်သည်။ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ပဉ္စဒွါရာဝဇ္ဇန်း အသီးအသီး၌လည်း ဤနည်းပင်တည်း။ နည်းမှီး၍သာ ရှုပါ။ စက္ခုဝိညာဏ်စသော ဝီထိစိတ္တက္ခဏတို့၌လည်း စိတ်စေတသိက် နာမ်တရားစုတို့ကို တစ်ဆက်တည်း ကုန်စင်အောင် ရှုခြင်းက ပို၍ ကောင်းပေသည်။

၅။ စက္ခုဝိညာဏ်

၅။ စက္ခုဝိညာဏ်

၁။ စက္ခုသန္နိဿိတရူပဝိဇာနနလက္ခဏံ စက္ခုဝိညာဏံ၊

၂။ ရူပမတ္တာရမ္မဏရသံ၊

၃။ ရူပါဘိမုခဘာဝပစ္စုပဋ္ဌာနံ၊

၄။ ရူပါရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။ ဝိသုဒ္ဓိ၊၂၊၈၅။)

၁။ စက္ခုဝတ္ထုကို မှီဖြစ်၍ ရူပါရုံကို သိခြင်း ရယူခြင်းသဘော လက္ခဏ၊

၂။ ရူပါရုံ အရောင်မျှကိုသာ သိခြင်း အာရုံယူခြင်း (ကိစ္စ) ရသ၊

၃။ ရူပါရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ရူပါရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် = အာဝဇ္ဇန်းစိတ် ကင်းချုပ်ခြင်း ပဒဋ္ဌာန်။

စက္ခုဝိညာဏ် အမည်ရခြင်း

စက္ခုဝိညာဏ် အမည်ရခြင်း

စက္ခုဝိညာဏန္တိ ကာရဏဘူတဿ စက္ခုဿ ဝိညာဏံ၊ စက္ခုတော ဝါ ပဝတ္တံ, စက္ခုသ္မိံ ဝါ နိဿိတံ ဝိ- ညာဏန္တိ စက္ခုဝိညာဏံ။ ပရတော သောတဝိညာဏာဒီသုပိ ဧသေဝ နယော။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။)

ရူပါဒီနံ ပစ္စယာနံ အညဝိညာဏသာဓာရဏတ္တာ အသာဓာရဏေန ဝတ္ထုနာ စက္ခုဝိညာဏံ သောတဝိညာဏန္တိ နာမံ ဥဒ္ဓဋံ။ စက္ခာဒီနံ တိက္ခမန္ဒဘာဝေ ဝိညာဏာနံ တိက္ခမန္ဒဘာဝါ ဝိသေသပစ္စယတ္တာ စ။ (မူလဋီ၊၁၊၁၂၄။)

ဝိသေသပစ္စယတ္တာတိ အဓိကပစ္စယတ္တာ။ (အနုဋီ၊၁၊၁၃၂။)

စက္ခုဝိညာဏ်စိတ် ဖြစ်ပေါ်လာရေးအတွက် အတိတ်အကြောင်းတရား ပစ္စုပ္ပန်အကြောင်းတရားများ ရှိကြ၏။ (ပဋိစ္စသမုပ္ပါဒ်ပိုင်းကို ပြန်၍ အာရုံယူထားပါ။) ပစ္စုပ္ပန်အကြောင်းတရားတို့တွင် စက္ခုပသာဒ, ရူပါရုံ, အာလောက, မနသိကာရ စသော အကြောင်းတရားများ ပါဝင်ကြ၏။ ယင်း အကြောင်းတရားတို့တွင် ရူပါရုံသည် စက္ခုဝိညာဏ်၏သာ အာရုံအကြောင်းတရား ဖြစ်သည်မဟုတ်သေး၊ ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်းစသော စက္ခုဒွါရဝီထိ စိတ်များနှင့် ရူပါရုံကိုပင် ဆက်လက်၍ အာရုံပြုကြ သိကြသော နောက်လိုက် မနောဒွါရဝီထိ သုဒ္ဓမနောဒွါရ ဝီထိစိတ်များ၏လည်း အာရုံအကြောင်းတရားလည်း ဖြစ်နိုင်၏။ သို့အတွက် ရူပါရုံဖြင့် သတ်မှတ်၍ ယင်းစိတ်ကို အမည်တပ်ရန်မှာလည်း စိတ်အများစုနှင့် ဆက်ဆံနေသော အမည်မျိုးဖြစ်၍ ခွဲခြားသိဖို့ရန် မလွယ်ကူပေ။ စက္ခု ပသာဒကား စက္ခုဝိညာဏ်စိတ် တစ်မျိုးနှင့်သာ ဆက်ဆံ၏၊ စက္ခုပသာဒသည် စက္ခုဝိညာဏ်စိတ် တစ်မျိုးတည်း ၏သာ မှီရာဝတ္ထု နိဿယ အကြောင်းတရားဖြစ်၏၊ ထိုကြောင့် အခြားတရားတို့နှင့် မဆက်ဆံသော စက္ခုပသာဒ ဟူသော အကြောင်းဖြင့်သာ နာမည်တပ်လို၍ စက္ခုဝိညာဏံ =

၁။ မှီ၍ ဖြစ်ရာ အကြောင်းတရားဖြစ်သော စက္ခုပသာဒ၏ ဝိညာဏ်,

၂။ စက္ခုပသာဒကြောင့် ဖြစ်ပေါ်လာသော ဝိညာဏ်,

၃။ စက္ခုပသာဒ၌ မှီဖြစ်သော ဝိညာဏ်ဟု

ဤသို့ မိန့်တော်မူသည်။ ဘေရိသဒ္ဒေါ = စည်သံ။ သဒ္ဒ သဒ္ဒါသည် အသံအားလုံးနှင့် ဆက်ဆံသော်လည်း သဒ္ဒေ့ရှက ဘေရိပုဒ်ဖြင့် အထူးပြုလိုက်၍ ဘေရိသဒ္ဒဟု ဖြစ်လာသောအခါ အသံအားလုံးကို မယူရတော့ဘဲ (ဘေရိ = စည် + သဒ္ဒ = အသံ) စည်သံကိုသာ ယူရသကဲ့သို့, အင်္ကုရသဒ္ဒါသည် အညွန့်အားလုံးကို ဟောသော်လည်း ရှေးက ယဝပုဒ်ဖြင့် အထူးပြု၍ ယဝင်္ကုရဟု ဖြစ်လာသောအခါ မုယောညွန့်ကိုသာ ယူရသကဲ့သို့ အလားတူပင် စက္ခုဝိညာဏ်ဟု အမည်တပ်ရာ၌လည်း အများနှင့် မဆက်ဆံသော အသာဓာရဏနည်းအားဖြင့် နာမည် တပ်ထားသည်ဟု မှတ်ပါ။

မူလဋီကာ၌ကား အသာဓာရဏနည်းအပြင် အဓိကနည်းအားဖြင့်လည်း စက္ခုဝိညာဏ်ဟု ခေါ်ဆိုထား ကြောင်းကို အကြောင်းပြထားသေး၏။ စက္ခုပသာဒ အားကောင်းလျှင် ထက်မြက်စူးရှကြည်လင်လျှင် စက္ခုဝိညာဏ် ၏ အသိအမြင်လည်း အားကောင်း၏ ထက်မြက်စူးရှ၏၊ စက္ခုပသာဒကနုံ့လျှင် အားသေးလျှင် သိပ်မကြည်လျှင် စက္ခုဝိညာဏ်၏ အသိအမြင်လည်း အားသေး၏၊ မှုန်ရီရီ ဖြစ်နေတတ်၏၊ သို့အတွက် စက္ခုပသာဒသည် စက္ခု ဝိညာဏ်ဖြစ်ဖို့ရန် အခြားအကြောင်းတရားတို့ထက် သာလွန်ထူးကဲသော အကြောင်းတရား ဖြစ်သောကြောင့်လည်း စက္ခုဝိညာဏ်ဟု စက္ခုဖြင့် အထူးပြု၍ နာမည်တပ်ရသည်။ ဤအလိုသော် အဓိကနည်းဟု မှတ်ပါ။ သောတ ဝိညာဏ် စသည်တို့၌လည်း ဤနည်းပင်တည်း။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။ မူလဋီ၊၁၊၁၂၄။ အနုဋီ၊၁၊၁၃၂။)

လက္ခဏ --- စက္ခုသန္နိဿိတဉ္စ တံ ရူပဝိဇာနနဉ္စာတိ စက္ခုသန္နိဿိတရူပဝိဇာနနံ၊ စက္ခုသန္နိဿိတရူပဝိဇာနနံ လက္ခဏံ ဧတဿာတိ စက္ခုသန္နိဿိတရူပဝိဇာနနလက္ခဏံ။

စက္ခုသန္နိဿိတ = စက္ခုဝတ္ထုကို မှီ၍ ဖြစ်သောစိတ် --- ဟူသော စကားရပ်ဖြင့် ရူပါရုံကို အာရုံပြုသော စက္ခုဝိညာဏ်မှ တစ်ပါးသော စက္ခုဒွါရဝီထိစိတ် မနောဒွါရဝီထိစိတ်များကို ပယ်လိုက်ပြီး ဖြစ်၏။ စက္ခုဝိညာဏ်မှ တစ်ပါးသော စက္ခုဒွါရဝီထိစိတ်များနှင့် နောက်လိုက် မနောဒွါရဝီထိ စသော ဝီထိစိတ်များသည် ရူပါရုံကို အာရုံ ပြုကြသည် သိကြသည် မှန်သော်လည်း စက္ခုဝတ္ထု = စက္ခုပသာဒကို မှီ၍ ဖြစ်သော စိတ်များကား မဟုတ်ကြပေ။ စက္ခုဝိညာဏ်စိတ် တစ်မျိုးတည်းသာလျှင် စက္ခုဝတ္ထု = စက္ခုပသာဒကို မှီ၍ ဖြစ်သည်။ ထိုကြောင့် စက္ခုဝတ္ထုကို မှီ၍ ဖြစ်သောစိတ်ဟု ဆိုသဖြင့် စက္ခုဝတ္ထုကို မှီ၍ မဖြစ်သော စိတ်အားလုံးကို ပယ်ပြီးဖြစ်ပေသည်။

ရူပဝိဇာနန = ရူပါရုံကိုသိခြင်းဟူသော စကားရပ်ဖြင့် စက္ခုပသာဒကို မှီ၍ စက္ခုဝိညာဏ်နှင့် အတူယှဉ်တွဲ ဖြစ်ကြကုန်သော ဖဿစသော သမ္ပယုတ်တရားတို့ကို နစ်စေ၏။ ဖဿစသော သမ္ပယုတ်တရားတို့သည် စက္ခု ဝိညာဏ်နှင့် ယှဉ်ခိုက် ရူပါရုံကိုပင် အာရုံပြုကြသော်လည်း ထို ဖဿစသော တရားတို့သည် ရူပါရုံကိုသိခြင်း = ရူပါရုံကို ရယူခြင်း ရူပဝိဇာနနလက္ခဏာ မရှိကြပေ။ ရူပါရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း ဖုသနလက္ခဏာစသည့် လက္ခဏာသာ ရှိကြကုန်၏။ ထိုကြောင့် စက္ခုသန္နိဿိတ = စက္ခုဝတ္ထုကို မှီ၍ဖြစ်ခြင်း, ရူပဝိဇာနန = ရူပါရုံကိုသိခြင်း ရယူခြင်းသည် စက္ခုဝိညာဏ် တစ်မျိုးတည်းနှင့်သာ သက်ဆိုင်သော ကိုယ်ပိုင်သဘာဝ လက္ခဏာ ဖြစ်ပေသည်။ ဤ စက္ခုသန္နိဿိတ + ရူပဝိဇာနန ဟူသော စကားနှစ်ရပ်ဖြင့် စက္ခုဝတ္ထုက နိဿယ ပစ္စယသတ္တိဖြင့် ရူပါရုံက အာရမ္မဏပစ္စယသတ္တိဖြင့် စက္ခုဝိညာဏ်ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးသည်ဟုလည်း ထင်ရှားပြလျက် ရှိ၏။ (မူလဋီ၊၁၊၁၂၄-ကြည့်။)

ကိစ္စရသ --- ရူပမတ္တဿ အာရမ္မဏဿ ဂဟဏံ ကိစ္စမေတဿာတိ ရူပမတ္တာရမ္မဏရသံ။ (မူလဋီ၊၁၊၁၂၄။)

စက္ခုဝိညာဏ်သည် ရူပါရုံအရောင်မျှကိုသာ အာရုံပြုခြင်း သိခြင်း ရယူခြင်း ကိစ္စရသ ရှိ၏၊ အရောင်ကလွဲ၍ တစ်စုံတစ်ခုသော ကုသိုလ်တရား အကုသိုလ်တရားကိုမျှ မသိပေ။ မတ္တ = မျှ = ရူပါရုံအရောင်မျှ --- ဟူသော စကားဖြင့် ရူပါရုံမှ တစ်ပါးသောအာရုံကို စက္ခုဝိညာဏ်က အာရုံပြုမှု ရယူမှုကို နစ်စေသကဲ့သို့ အလားတူပင် ရူပါရုံ၌လည်း ရသင့်ကုန်သော အချို့ကုန်သော အညို အရွှေစသည့် အထူးတို့ကို သိမှုကို နစ်စေသည်။ မှန်ပေသည် စက္ခုဝိညာဏ်သည် ဝဏ္ဏ = အရောင်အဆင်းမျှကိုသာ သိ၍ အရောင်အဆင်းမှ တစ်ပါးသော တစ်စုံတစ်ခုသော, ထိုအဆင်း၌တည်သော အညို အရွှေစသော အထူးကို အာရုံယူခြင်းငှာ မစွမ်းနိုင်ပေ။ ထိုကြောင့် ဘုရားရှင်သည်-

ပဉ္စဟိ ဝိညာဏေဟိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ အညတြ အဘိနိပါတမတ္တာ။ (အဘိ၊၂၊၃၂၃။)

= ပဉ္စဝိညာဏ်တို့ဖြင့် (ဆိုင်ရာ) အာရုံသို့ ရှေးရှူကျရောက်ခြင်းမှတစ်ပါး အခြား တစ်စုံတစ်ခုသော တရားကို မသိ။ (အဘိ၊၂၊၃၂၃။)

ဤသို့ ဘုရားရှင်သည် ဟောကြားထားတော်မူပေ၏။

န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ = တစ်စုံတစ်ခုသော တရားကို မသိဟူသည် မနောပုဗ္ဗင်္ဂမာ ဓမ္မာ --- ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူအပ်သော တစ်စုံတစ်ခုလည်း ဖြစ်သော ကုသိုလ်ကိုသော်လည်းကောင်း, အကုသိုလ်ကိုသော်လည်းကောင်း မသိပေ။

အညတြ အဘိနိပါတမတ္တာတိ အညတြ အာပါတမတ္တာ။ (အဘိ၊၂၊၃၃၃။)

ရူပါရုံ စသည်တို့၌ ပဉ္စဝိညာဏ်တို့၏ ရှေးရှူကျရောက်ခြင်းမျှကို ထား၍ တစ်နည်း ရူပါရုံ စသည်တို့သို့ ပဉ္စဝိညာဏ်တို့၏ ရှေးရှူကျရောက်ခြင်းမျှကို ထား၍ တစ်စုံတစ်ခုသော ကုသိုလ်တရား အကုသိုလ်တရား စသည်ကို ပဉ္စဝိညာဏ်တို့က မသိပေ။ ဤ၌ ရူပါရုံ စသည်တို့၌ ရှေးရှူကျရောက်ခြင်းဟူသည်လည်း ပဉ္စဝိညာဏ်တို့နှင့် ရူပါရုံ စသည်တို့၏ ပေါင်းဆုံခြင်းပင်တည်း။ ရူပါရုံ စသည်ကို သိခြင်းမျှကို အဘိနိပါတမတ္တ-ဟု ဆိုသည်။

ဆိုလိုရင်းသဘော --- အလွန်ပညာရှိသော ယောက်ျားပင် ဖြစ်ချင်ဖြစ်ပါစေ၊ ထိုယောက်ျားသော်မှလည်း စက္ခုပသာဒ စသည်သို့ ရှေးရှူကျရောက်လာကုန်သော ရူပါရုံ စသည်တို့ကို ထား၍ အခြား တစ်စုံတစ်ခုသော ကုသိုလ်တရား အကုသိုလ်တရားတို့တွင် တစ်ခုသောတရားကိုမျှလည်း ပဉ္စဝိညာဏ်တို့ဖြင့် မသိပေ။ ဤ ပဉ္စဝိညာဏ်တို့တွင် ---

၁။ စက္ခုဝိညာဏ်သည် ရူပါရုံကို မြင်ကာမတ္တ မြင်ရုံမျှသာ ဖြစ်၏၊

၂။ သောတဝိညာဏ်သည် သဒ္ဒါရုံကို ကြားကာမတ္တ ကြားရုံမျှသာ ဖြစ်၏၊

၃။ ဃာနဝိညာဏ်သည် ဂန္ဓာရုံကို နံကာမတ္တ နံရုံမျှသာ ဖြစ်၏၊

၄။ ဇိဝှါဝိညာဏ်သည် ရသာရုံကို သာယာကာမတ္တ သာယာရုံမျှသာ ဖြစ်၏၊

၅။ ကာယဝိညာဏ်သည် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိကာမတ္တ တွေ့ထိရုံမျှသာ ဖြစ်၏၊

ထိုပဉ္စဝိညာဏ်တို့၏ မြင်ခြင်းစသော အတိုင်းအရှည်မှလွတ်သော အခြားတစ်စုံတစ်ခုသော ကုသိုလ် စသည်ကို သိခြင်းမည်သည် မရှိပေ။ (အဘိ၊ဋ္ဌ၊၂၊၃၈၇-၃၈၈။)

ယာ ပနာယံ ပါဠိ ပဉ္စဟိ ဝိညာဏေဟိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ အညတြ အဘိနိပါတမတ္တာတိ၊ တဿာ ရူပါဒီနံ အာပါတမတ္တံ မုဉ္စိတွာ အညံ ကဉ္စိ ဓမ္မသဘာဝံ န ပဋိဝိဇာနာတီတိ အယမတ္ထော ဒိဿတိ။ န ဟိ ရူပံ ပဋိဂ္ဂဏှန္တမ္ပိ စက္ခုဝိညာဏံ ရူပန္တိ စ ဂဏှာတီတိ။ (မူလဋီ၊၂၊၂၀၁။)

အညန္တိ ရူပံ နီလန္တိ ဧဝမာဒိဓမ္မဝိသေသံ။ တေနာဟ ဓမ္မသဘာဝန္တိ။ ရူပန္တိ စ န ဂဏှာတီတိ ရူပါရမ္မဏမ္ပိ သမာနံ ရူပံ နာမေတန္တိ န ဂဏှာတိ။ (အနုဋီ၊၂၊၂၀၂။)

ဤဋီကာများ၏ ဖွင့်ဆိုချက်အရ စက္ခုဝိညာဏ်သည် အရောင်မျှကိုသာ သိသည်ဆိုသော်လည်း အရောင်ဟု = ရူပါရုံဟုလည်းကောင်း, အညိုရောင် အရွှေရောင် စသည်ဖြင့်လည်းကောင်း ဓမ္မသဘာဝ တစ်စုံတစ်ရာကို မသိ။ စက္ခုဝိညာဏ်နှင့် ရူပါရုံတို့၏ ရှေးရှူပေါင်းဆုံမိခြင်းမျှသာ ဖြစ်၏။ စက္ခုဝိညာဏ်သည် ရူပါရုံကို ခံယူပါသော် လည်း ရူပါရုံဟူ၍ပင် မခံယူနိုင် မသိနိုင်သောကြောင့် ဖြစ်သည်။ သောတဝိညာဏ် စသည်တို့၌လည်း ဤနည်း ပင်တည်း။ (မူလဋီ၊၂၊၂၀၁။ အနုဋီ၊၂၊၂၀၂။)

ပစ္စုပဋ္ဌာန် --- စက္ခုဝိညာဏ်သည် ဖြစ်ပေါ်လာခဲ့သော် ရူပါရုံကို အာရုံပြု၍သာလျှင် ဖြစ်ပေါ်လာ သောကြောင့် ထိုစက္ခုဝိညာဏ်ကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ထိုရူပါရုံဘက်သို့ ရှေးရှူမျက်နှာမူ တတ်သော သဘောတရား အဖြစ်ဖြင့် ရူပါရုံကို အာရုံယူတတ်သောတရားဟု ထင်လာရကား --- ရူပါဘိမုခဘာဝပစ္စုပဋ္ဌာနံ = ရူပါရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရားဟု ယောဂီဉာဏ်တွင် ရှေးရှူထင်လာ၏ဟု ဆိုခြင်းဖြစ်သည်။ (မဟာဋီ၊၂၊၁၂၅။)

ပဒဋ္ဌာန် --- ဤ၌ ကိရိယမနောဓာတ်ဟူသည် ပဉ္စဒွါရာဝဇ္ဇန်းစိတ်တည်း။ စက္ခုပသာဒနှင့် ဘဝင်မနော အကြည်ဓာတ်သို့ = စက္ခုဒွါရနှင့် မနောဒွါရသို့ ရှေးရှူ ကျရောက်လာသော ရူပါရုံကို ဦးစွာ ဆင်ခြင်သော အာဝဇ္ဇန်းစိတ် = ဆင်ခြင်စိတ် ဖြစ်၏။

ကောင်းစွာ ချုပ်ပျက်သွားကြကုန်သော နာမ်တရားတို့သည် မိမိ၏ အခြားမဲ့၌ မိမိချုပ်ပြီးလျှင် ချုပ်ပြီးခြင်း ဆက်လက်ဖြစ်ပေါ်လာကြမည့် နာမ်တရားတို့အား ဖြစ်ခွင့်ကိုပေးသောအားဖြင့် အနန္တရ သမနန္တရ နတ္ထိ ဝိဂတ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးတတ်ကုန်ရကား --- မှီရာ ဝတ္ထုရုပ်နှင့် အာရုံတရားတို့သည် ဆိုင်ရာ နာမ်တရားတို့၏ အနီးစပ်ဆုံး အကြောင်းတရားများ ဖြစ်ကြကုန်သကဲ့သို့ အလားတူပင် ယင်းအာဝဇ္ဇန်းစိတ် ကင်းချုပ်မှ စက္ခုဝိညာဏ်စိတ်သည် ဖြစ်ခွင့်ရသောကြောင့် အာဝဇ္ဇန်း၏ ကင်းချုပ်ခြင်းကို စက္ခုဝိညာဏ်ဖြစ်ဖို့ရန် အနီးစပ်ဆုံးသော အကြောင်းပဒဋ္ဌာန်ဟု ဆိုပေသည်။ သောတဝိညာဏ် စသည်တို့၌လည်း ဤဆိုခဲ့ပြီးသည့် နည်းအတိုင်းပင် ဆိုလိုရင်း အနက်သဘောတရားကို သိရှိပါလေ။ (မဟာဋီ၊၂၊၁၂၅။)

စက္ခုဝိညာဏ်နှင့် တကွသော နာမ်တရားစု အားလုံးတို့၏ ပစ္စုပ္ပန် အကြောင်းတရားများ ဖြစ်ကြသော (၁) စက္ခုပသာဒ, (၂) ရူပါရုံ, (၃) အာလောက, (၄) မနသိကာရဟူသော အကြောင်းတရား (၄)ပါးတို့တွင် မနသိကာရဟူသော အကြောင်းတရား တစ်ခုကိုသာ ဤ၌ ပဒဋ္ဌာန်အဖြစ် ထုတ်ပြထားသည်။

၁။ စက္ခုပသာဒ၏ မပျက်စီးခြင်း --- သေလေပြီးသောသူ၏ စက္ခုပသာဒသည်လည်း ပျက်စီးပြီးပင် ဖြစ်၏။ အသက်ရှင်နေသေးသော ပုဂ္ဂိုလ်၏ ဥပါဒ်-ဌီ-ဘင် သက်တမ်းစေ့၍ ချုပ်လေပြီးသော စက္ခုပသာဒသည်လည်း ပျက်စီးပြီးပင် မည်၏။ သည်းခြေသည်သော်လည်းကောင်း, သလိပ်သည်သော်လည်းကောင်း, သွေးသည်သော် လည်းကောင်း မြှေးယှက်ထားအပ်သည်ဖြစ်၍ စက္ခုဝိညာဏ်၏ အကြောင်းတရားဖြစ်ဖို့ရန် မစွမ်းနိုင်သော စက္ခု ပသာဒသည်လည်း ပျက်စီးပြီးပင် မည်၏။ စက္ခုဝိညာဏ်၏ မှီရာအကြောင်းတရား ဖြစ်ဖို့ရန် စွမ်းနိုင်သော စက္ခု ပသာဒသည် အသမိ႓န္န = မပျက်စီးသည် မည်၏။ သောတပသာဒ စသည်တို့၌လည်း ဤနည်းပင်တည်း။

၂။ ရူပါရုံ၏ ထင်ခြင်း --- စက္ခုပသာဒသည် မပျက်စီးပါသော်လည်း အပြင်အပ ဗဟိဒ္ဓ၌တည်သော ရူပါရုံသည် (= ဗာဟိရာယတန = အပြင်အာယတနဖြစ်သော ရူပါရုံသည်) စက္ခုဒွါရ၌ ရှေးရှူကျခြင်းသို့ မရောက်လတ်သော် စက္ခုဝိညာဏ်သည် ဖြစ်ပေါ်မလာနိုင်။

၃။ အရောင်အလင်းဟူသော မှီရာ --- တစ်ဖန် ထိုရူပါရုံသည် စက္ခုဒွါရ (မနောဒွါရ)၌ ရှေးရှူကျခြင်းသို့ ထင်ခြင်းသို့ ရောက်ရှိလာပါသော်လည်း အရောင်အလင်းဟူသော မှီရာသည် မရှိလတ်သော် စက္ခုဝိညာဏ်သည် ဖြစ်ပေါ်မလာနိုင်။

၄။ မနသိကာရ အကြောင်းရင်းရှိမှု --- ထိုအရောင်အလင်းသည် ထင်ရှားရှိသော်လည်း ကိရိယမနောဓာတ် အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် (= ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရားစုသည်) ဘဝင်ကို မလည်စေအပ်သော် မရပ်စေနိုင်သော် စက္ခုဝိညာဏ်သည် ဖြစ်ပေါ်မလာနိုင်။ ဘဝင်ကို လည်စေအပ်သော်သာလျှင် ရပ်စေနိုင်သော် သာလျှင် စက္ခုဝိညာဏ်သည် ဖြစ်ပေါ်လာနိုင်၏။ ယင်း ပဉ္စဒွါရာဝဇ္ဇန်းကိုပင် (ဝီထိပဋိပါဒက) မနသိကာရဟု ခေါ်သည်။

ဤသို့ ဖြစ်ပေါ်လာသော စက္ခုဝိညာဏ်သည် သမ္ပယုတ်တရားတို့နှင့် အတူတကွသာလျှင် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် ဤအကြောင်းတရား (၄)ပါးတို့ကို ရရှိ၍ စက္ခုဝိညာဏ်သည် (= စက္ခုဝိညာဏ်နှင့်တကွသော နာမ်တရား စုသည်) ဖြစ်ပေါ်လာပေ၏။ (အဘိ၊ဋ္ဌ၊၁၊၃၂၁။) စက္ခုဝိညာဏ်နှင့်တကွသော သမ္ပယုတ်တရားစု၏ အကြောင်း တရားကို ဖော်ပြသောအရာဖြစ်၍ ဖဿစသော သမ္ပယုတ် အကြောင်းတရား လျော့သွားသည်ဟု မှတ်ပါ။ (ပဋိစ္စသမုပ္ပါဒ်ပိုင်းကို ပြန်ကြည့်ပါ။)

ရှုကွက် --- စက္ခုဝိညာဏ် စိတ္တက္ခဏ၌ စက္ခုဝိညာဏ်နှင့်တကွ နာမ်တရား (၈)လုံးရှိရာ ယင်းနာမ်တရား (၈)လုံးမှ စက္ခုဝိညာဏ်ကို ရွေးထုတ်၍ ရှုရန်ဖြစ်သည်။

ပဏ္ဍရ = ဖြူစင်ပါသည်

ပဏ္ဍရ = ဖြူစင်ပါသည်

နိဒ္ဒေသဝါရေ စက္ခုဝိညာဏံ ပဏ္ဍရန္တိ ဝတ္ထုတော ဝုတ္တံ။ ကုသလဥှိ အတ္တနော ပရိသုဒ္ဓတာယ ပဏ္ဍရံ နာမ၊ အကုသလံ ဘဝင်္ဂနိဿန္ဒေန၊ ဝိပါကံ ဝတ္ထုပဏ္ဍရတ္တာ။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။)

ဝတ္ထုပဏ္ဍရတ္တာတိ သယံ ကဏှဓမ္မာနံ အပ္ပဋိပက္ခတ္တာ သဘာဝပရိသုဒ္ဓါနံ ပသာဒဟဒယဝတ္ထုနိဿယာနံ ဝသေန ပဏ္ဍရသဘာဝံ ဇာတန္တိ အဓိပ္ပါယော။ အယံ ပန နယော စတုဝေါကာရေ န လဗ္ဘတီတိ တတ္ထ ဘဝင်္ဂဿ တတော နိက္ခန္တာကုသလဿ စ ပဏ္ဍရတာ န သိယာ၊ တသ္မာ တတ္ထ ပဏ္ဍရတာယ ကာရဏံ ဝတ္တဗ္ဗံ။ သဘာဝေါ ဝါယံ စိတ္တဿ ပဏ္ဍရတာတိ။ (မူလဋီ၊၁၊၁၂၅။)

ဓမ္မသင်္ဂဏီပါဠိတော် နိဒ္ဒေသဝါရ (အဘိ၊၁၊၁၀၅။)၌ စက္ခုဝိညာဏ်ကို ပဏ္ဍရ = ဖြူစင်၏ဟူ၍ မှီရာဝတ္ထု အားဖြင့် ဟောကြားထားတော်မူ၏။ နာမ်တရားတို့၏ မှီရာဝတ္ထုရုပ်များ ဖြစ်ကြသည့် ပသာဒရုပ်များနှင့် ဟဒယ ဝတ္ထုတို့သည် မိမိတို့က ကဏှဓမ္မ အမည်ရကြသည့် မည်းညစ်ကုန်သော အကုသိုလ်တရားတို့၏ ဆန့်ကျင်ဘက် မဟုတ်ကြသောကြောင့် ကုသိုလ်ကဲ့သို့ ဆန့်ကျင်ဘက် (အကုသိုလ်)ကို ထောက်၍ ပဏ္ဍရ = ဖြူစင်ကြသည်ကား မဟုတ်ကြပေ။ ရုပ်တရားများ ဖြစ်ကြ၍ ပင်ကိုယ်သဘောအတိုင်း ဖြူစင်ကြသည်။ ထိုဖြူစင်သော ပသာဒရုပ်, ဟဒယဝတ္ထုကို မှီရခြင်းကြောင့် ဝိပါက်စိတ်တို့သည်လည်း ရွှေပင်နားတော့ရွှေကျေး ဟူ၏သို့ ပဏ္ဍရ = ဖြူစင်ကြ ရ၏။

ကုသိုလ်တရားသည် မိမိဟူသော ကုသိုလ်၏ ထက်ဝန်းကျင် စင်ကြယ်သည်၏ အဖြစ်ကြောင့် ပဏ္ဍရ = ဖြူစင်သည် မည်၏။ အကုသိုလ်တရားသည် ဘဝင်၏အကျိုးဆက်ကြောင့် ပဏ္ဍရ = ဖြူစင်သည် မည်၏။ ဝိပါက် ဝိညာဏ်သည် မှီရာဝတ္ထု၏ ဖြူစင်သည်၏ အဖြစ်ကြောင့် ပဏ္ဍရ = ဖြူစင်သည် မည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။)

ဤအဋ္ဌကထာ၌ ဖွင့်ဆိုထားသော နည်းကား စတုဝေါကာရဘုံ၌ = အရူပဘုံ၌ မရနိုင်။ မှီရာဝတ္ထုရုပ် မရှိ သော အရူပဘုံ၌ ဝတ္ထုပဏ္ဍရဟူသော မှီရာဝတ္ထု၏ ဖြူစင်ခြင်းဟူသော အကြောင်းတရားကို မရနိုင်။ အရူပဘုံ ၌လည်း ပဋိသန္ဓေ ဘဝင် စုတိ စသော ဝိပါက်ဝိညာဏ်များ ရှိခဲ့၏။ ဝိပါကံ ဝတ္ထု ပဏ္ဍရတာယ = မှီရာဝတ္ထုရုပ်၏ ဖြူစင်ခြင်းကြောင့် ဝိပါက်ဝိညာဏ်၏ ဖြူစင်ကြောင်းကိုလည်း အထက်ပါ အဋ္ဌကထာ၌ ဖွင့်ဆိုလျက် ရှိ၏။ ထို အဋ္ဌကထာအရမူ ဝတ္ထုရုပ်ကို မမှီရသော အရူပ ဘဝင်ဝိပါက် ဝိညာဏ်သည်လည်း ပဏ္ဍရ = ဖြူစင်မှု မဖြစ်နိုင်ဟု အဓိပ္ပါယ်သက်ရောက်လျက် ရှိ၏။ ထိုဘဝင်မှထွက်သော အကုသိုလ်၌ကား အဘယ်မှာလျှင် ပဏ္ဍရ = ဖြူစင်မှု ဖြစ်နိုင်တော့ပါအံ့နည်း။ ထိုကြောင့် စတုဝေါကာရ အမည်ရသော နာမ်ခန္ဓာ လေးပါးသာရှိသော အရူပဘုံ၌ ထို ဝိပါက်တရား, ထို အကုသိုလ်တရားတို့အတွက် ပဏ္ဍရ = ဖြူစင်မှု ဖြစ်ရခြင်း၏ အကြောင်းကို ရှာသင့်သေး၏၊ ဆိုသင့်သေး၏။ (မူလဋီ၊၁၊၁၂၅။)

မူလဋီကာ၏ ဝါဒ --- မိမိ မူလဋီကာဆရာတော်၏ ဝါဒမှာ ဤသို့ဖြစ်၏။

ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ။ တဉ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ။ (အံ၊၁၊၉။)

ရဟန်းတို့ ...စိတ်သည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလျက် ရှိ၏၊ အာဂန္တုက အကုသိုလ် အညစ်အကြေးတို့ကြောင့်သာ ညစ်နွမ်းရ၏ --- (အံ၊၁၊၉။)

ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် စိတ်သည် ပင်ကိုယ်သဘောအားဖြင့် ဖြူစင်၏၊ အာဂန္တုက အကုသိုလ် အညစ်အကြေးတို့ကြောင့်သာ ညစ်နွမ်းရသည်၊ ထိုကြောင့် ပဏ္ဍရ = ဖြူစင်ခြင်း - ဟူသော အမည်သည် စိတ်၏ ပင်ကိုယ်သဘောအတိုင်း ရအပ်သော အမည်သာ ဖြစ်ပါသည်။ မှီရာဝတ္ထု စသည်ကြောင့် ပဏ္ဍရ ဖြစ်ရသည် = ဖြူစင်ရသည် မဟုတ်ပါ။ ဤကား မူလဋီကာဆရာတော်၏ အယူတည်း။ (မူလဋီ၊၁၊၁၂၅၊၊)

၆။ သောတဝိညာဏ်

၆။ သောတဝိညာဏ်

၁။ သောတသန္နိဿိတသဒ္ဒဝိဇာနနလက္ခဏံ သောတဝိညာဏံ၊

၂။ သဒ္ဒမတ္တာရမ္မဏရသံ၊

၃။ သဒ္ဒါဘိမုခဘာဝပစ္စုပဋ္ဌာနံ၊

၄။ သဒ္ဒါရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။ ဝိသုဒ္ဓိ၊၂၊၈၅။)

၁။ သောတဝတ္ထုကို မှီဖြစ်၍ သဒ္ဒါရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ သဒ္ဒါရုံ အသံမျှကိုသာ သိခြင်း = အာရုံယူခြင်း (ကိစ္စ) ရသ၊

၃။ သဒ္ဒါရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သဒ္ဒါရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် = အာဝဇ္ဇန်းစိတ်၏

ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ပဒဋ္ဌာန်။

၁။ သောတပသာဒ၏ မပျက်စီးသေးခြင်းကြောင့်လည်းကောင်း,

၂။ သဒ္ဒါရုံတို့၏ သောတဒွါရ၌ ရှေးရှူကျရောက်ခြင်းကြောင့်လည်းကောင်း,

၃။ အာကာသကို မှီသည်လည်းကောင်း (= အာကာသသန္နိဿိတ),

၄။ မနသိကာရလျှင် အကြောင်းရှိသည်လည်းကောင်း,

ဤ (၄)မျိုးသော အကြောင်းတရားတို့ကြောင့် သမ္ပယုတ်တရားတို့နှင့် အတူတကွ သောတဝိညာဏ်သည် ဖြစ်ပေါ်လာ၏။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။) ဤ (၄)မျိုးသော အကြောင်းတရားတို့တွင် မနသိကာရဟူသော အကြောင်း တရားကို ပဒဋ္ဌာန်အဖြစ် ဤ၌ ထုတ်ပြထားသည်။

တတ္ထ အာကာသသန္နိဿိတန္တိ အာကာသသန္နိဿယံ လဒ္ဓါဝ ဥပ္ပဇ္ဇတိ၊ န ဝိနာ တေန။ န ဟိ ပိဟိတကဏ္ဏစ္ဆိဒ္ဒဿ သောတဝိညာဏံ ပဝတ္တတိ။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)

ထို (၄)မျိုးသော အကြောင်းတရားတို့တွင် သောတပသာဒနှင့် သဒ္ဒါရုံ၏ အကြားတွင် အာကာသရှိဖို့ လိုအပ်၏။ ဟာလာဟင်းလင်း, ကောင်းကင် အာကာသဟူသော မှီရာကို ရရှိပါမှသာလျှင် သောတဝိညာဏ်သည် ဖြစ်ပေါ်လာနိုင်၏၊ ထိုအာကာသဓာတ်နှင့် ကင်း၍ သောတဝိညာဏ်သည် ဖြစ်ပေါ်မလာနိုင်။ မှန်ပေသည် ---နား၏ အပေါက်ဟူသော နားခလောင်းကို ပိတ်ဆို့ထားသူ၏ သန္တာန်၌ သောတဝိညာဏ်စိတ်သည် မဖြစ်ပေါ် လာနိုင်။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)

၇။ ဃာနဝိညာဏ်

၇။ ဃာနဝိညာဏ်

၁။ ဃာနသန္နိဿိတဂန္ဓဝိဇာနနလက္ခဏံ ဃာနဝိညာဏံ၊

၂။ ဂန္ဓမတ္တာရမ္မဏရသံ၊

၃။ ဂန္ဓာဘိမုခဘာဝပစ္စုပဋ္ဌာနံ၊

၄။ ဂန္ဓာရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။ ဝိသုဒ္ဓိ၊၂၊၈၅။)

၁။ ဃာနဝတ္ထုကို မှီဖြစ်၍ ဂန္ဓာရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ဂန္ဓာရုံ = အနံ့မျှကိုသာ သိခြင်း = အာရုံယူခြင်း (ကိစ္စ) ရသ၊

၃။ ဂန္ဓာရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဂန္ဓာရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် = အာဝဇ္ဇန်းစိတ်၏

ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ပဒဋ္ဌာန်။

၁။ ဃာနပသာဒ၏ မပျက်စီးသေးခြင်းကြောင့်လည်းကောင်း,

၂။ ဂန္ဓာရုံတို့၏ ဃာနဒွါရ၌ ရှေးရှူကျရောက်ခြင်းကြောင့်လည်းကောင်း,

၃။ ဝါယောဓာတ်ကို မှီရသည်လည်းကောင်း (= ဝါယောသန္နိဿိတ),

၄။ မနသိကာရလျှင် အကြောင်းရှိသည်လည်းကောင်း,

ဤ (၄)မျိုးသော အကြောင်းတရားတို့ကြောင့် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဃာနဝိညာဏ်သည် ဖြစ်ပေါ်လာ၏။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။) ဤ (၄)မျိုးသော အကြောင်းတရားတို့တွင် မနသိကာရဟူသော အကြောင်း တရားကို ပဒဋ္ဌာန်အဖြစ် ထုတ်ပြထားသည်။

တတ္ထ ဝါယောသန္နိဿိတန္တိ ဃာနဗိလံ ဝါယုမှိ ပဝိသန္တေယေဝ ဥပ္ပဇ္ဇတိ၊ တသ္မိံ အသတိ နုပ္ပဇ္ဇတီတိ အတ္ထော။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)

ထို (၄)မျိုးသော အကြောင်းတရားတို့တွင် ဝါယောသန္နိဿိတ = ဝါယောဓာတ်ကို မှီသည် ဟူသည် နှာခေါင်းပေါက်၏ အတွင်းသို့ အနံ့ ဂန္ဓာရုံကို သယ်ဆောင်လာသောလေသည် ဝင်ရောက်လာပါမှသာလျှင် ဃာနဝိညာဏ် သည် = ဃာနဝိညာဏ်နှင့်တကွသော သမ္ပယုတ်တရားစုသည် ဖြစ်ပေါ်လာနိုင်၏၊ ထိုလေ၏ ဝင်ရောက်လာခြင်း သည် မရှိလတ်သော် မဖြစ်နိုင်ဟု ဆိုလို၏။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)

၈။ ဇိဝှါဝိညာဏ်

၈။ ဇိဝှါဝိညာဏ်

၁။ ဇိဝှါသန္နိဿိတရသဝိဇာနနလက္ခဏံ ဇိဝှါဝိညာဏံ၊

၂။ ရသမတ္တာရမ္မဏရသံ၊

၃။ ရသာဘိမုခဘာဝပစ္စုပဋ္ဌာနံ၊

၄။ ရသာရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။ ဝိသုဒ္ဓိ၊၂၊၈၅။)

၁။ ဇိဝှါဝတ္ထုကို မှီဖြစ်၍ ရသာရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ရသာရုံ = အရသာမျှကိုသာ သိခြင်း = အာရုံယူခြင်း (ကိစ္စ) ရသ၊

၃။ ရသာရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ရသာရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် = အာဝဇ္ဇန်းစိတ်၏

ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ပဒဋ္ဌာန်။

၁။ ဇိဝှါပသာဒ၏ မပျက်စီးသေးခြင်းကြောင့်လည်းကောင်း,

၂။ ရသာရုံတို့၏ ဇိဝှါဒွါရ၌ ရှေးရှူကျရောက်ခြင်းကြောင့်လည်းကောင်း,

၃။ အာပေါဓာတ်ကို မှီရသည်ဖြစ်၍လည်းကောင်း (= အာပေါသန္နိဿိတ),

၄။ မနသိကာရလျှင် အကြောင်းရှိသည်လည်းကောင်း,

ဤ (၄)မျိုးသော အကြောင်းတရားတို့ကြောင့် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဇိဝှါဝိညာဏ်သည် ဖြစ်ပေါ် လာ၏။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။) ထိုတွင် မနသိကာရကို ပဒဋ္ဌာန်အဖြစ် ထုတ်ပြထားသည်။

တတ္ထ အာပေါသန္နိဿိတန္တိ ဇိဝှါတေမနံ အာပံ လဒ္ဓါဝ ဥပ္ပဇ္ဇတိ၊ န ဝိနာ တေန။ သုက္ခဇိဝှါနဥှိ သုက္ခခါဒနီယေ ဇိဝှါယ ဌပိတေပိ ဇိဝှါဝိညာဏံ နုပ္ပဇ္ဇတေဝ။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)

ထို (၄)မျိုးသော အကြောင်းတရားတို့တွင် အာပေါသန္နိဿိတ = အာပေါဓာတ်ကို အမှီရသည်ဟူသည် လျှာကို စွတ်စိုစေတတ်သော ဟင်းရည် သွားရည်စသော အာပေါဓာတ် ရသရည်ကို ရရှိပါမှသာလျှင် ဇိဝှါဝိညာဏ် သည် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်ပေါ်လာ၏၊ ထို အာပေါဓာတ် ရသဓာတ်ရည်နှင့် ကင်း၍ ဖြစ်ပေါ် မလာနိုင်။ မှန်ပေသည် ခြောက်သွေ့နေသော လျှာရှိသူတို့၏ သန္တာန်၌ ခြောက်သွေ့သော ခဲဖွယ်ကို လျှာပေါ်၌ တင်ထားအပ်ပါသော်လည်း ဇိဝှါဝိညာဏ်သည် မဖြစ်နိုင်သည်သာတည်း။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)

၉။ ကာယဝိညာဏ်

၉။ ကာယဝိညာဏ်

၁။ ကာယသန္နိဿိတဖောဋ္ဌဗ္ဗဝိဇာနနလက္ခဏံ ကာယဝိညာဏံ၊

၂။ ဖောဋ္ဌဗ္ဗမတ္တာရမ္မဏရသံ၊

၃။ ဖောဋ္ဌဗ္ဗာဘိမုခဘာဝပစ္စုပဋ္ဌာနံ၊

၄။ ဖောဋ္ဌဗ္ဗာရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။ ဝိသုဒ္ဓိ၊၂၊၈၅။)

၁။ ကာယဝတ္ထုကို မှီဖြစ်၍ ဖောဋ္ဌဗ္ဗာရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိမျှကိုသာ သိခြင်း = အာရုံယူခြင်း (ကိစ္စ) ရသ၊

၃။ ဖောဋ္ဌဗ္ဗာရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဖောဋ္ဌဗ္ဗာရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် = အာဝဇ္ဇန်းစိတ်၏

ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ပဒဋ္ဌာန်။

၁။ ကာယပသာဒ၏ မပျက်စီးသေးခြင်းကြောင့်လည်းကောင်း,

၂။ ဖောဋ္ဌဗ္ဗာရုံတို့၏ ကာယဒွါရ၌ ရှေးရှူကျရောက်ခြင်းကြောင့်လည်းကောင်း,

၃။ ပထဝီဓာတ်ကို အမှီရသည်ဖြစ်၍လည်းကောင်း,

၄။ မနသိကာရလျှင် အကြောင်းရှိသည်ဖြစ်၍လည်းကောင်း,

ဤ (၄)မျိုးသော အကြောင်းတရားတို့ကြောင့် သမ္ပယုတ်တရားတို့နှင့် အတူတကွ ကာယဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာ၏။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။) ဤ (၄)မျိုးသော အကြောင်းတရားတို့တွင် မနသိကာရဟူသော အကြောင်း တရားကို ပဒဋ္ဌာန်အဖြစ် ထုတ်ပြထားသည်။

တတ္ထ ပထဝိသန္နိဿိတန္တိ ကာယပသာဒပစ္စယံ ပထဝိသန္နိဿယံ လဒ္ဓါဝ ဥပ္ပဇ္ဇတိ၊ န တေန ဝိနာ။ ကာယဒွါရသ္မိဥှိ ဗဟိဒ္ဓါမဟာဘူတာရမ္မဏံ အဇ္ဈတ္တိကံ ကာယပသာဒံ ဃဋ္ဋေတွာ ပသာဒပစ္စယေသု မဟာဘူတေသု ပဋိဟညတိ။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)

ထို (၄)မျိုးသော အကြောင်းတရားတို့တွင် ပထဝီဓာတ်ကို အမှီရသည်ဟူသည် ကာယပသာဒနှင့် ကလာပ်တူ ဖြစ်သော မိမိ ကာယပသာဒ၏ မှီရာ နိဿယ အကြောင်းတရားဖြစ်သော ဓာတ်ကြီး (၄)ပါးတို့တွင် အကျုံးဝင်သော ပထဝီဓာတ်ဟူသော မှီရာကို ရရှိပါမှသာလျှင် သမ္ပယုတ်တရားတို့နှင့်တကွသော ကာယဝိညာဏ်သည် ဖြစ်ပေါ်လာ နိုင်၏။ မှန်ပေသည် ကာယပသာဒ = ကာယဒွါရ၌ ဗဟိဒ္ဓဖြစ်သော = ကလာပ်ပြားဖြစ်သော ပထဝီ, တေဇော, ဝါယောဟူသော ဖောဋ္ဌဗ္ဗဓာတ် မဟာဘုတ်အာရုံသည် အဇ္ဈတ္တိကဖြစ်သော ကာယပသာဒ = ကာယဒွါရကို ထိခိုက် သည် ဖြစ်လတ်သော် ကာယပသာဒ ကာယဒွါရ၌သာ တန့်ရပ်မနေဘဲ ယင်းကာယပသာဒ = ကာယဒွါရ၏မှီရာ ကလာပ်တူ မဟာဘုတ်တို့၌ ထိခိုက်မိ၏ = ကလာပ်တူ မဟာဘုတ်တို့သို့တိုင်အောင် ထိခိုက်မိ၏။ ထိုအထိခိုက် ခံရသော မဟာဘုတ်တို့တွင် ပထဝီဓာတ်ကား ပြဓာန်းလျက် ရှိ၏။ ကာယပသာဒ၏မှီရာ ပထဝီဓာတ် မဟာဘုတ်ကို ထိထိမိမိ ထိခိုက်မိပါမှသာလျှင် သမ္ပယုတ်တရားနှင့် တကွသော ကာယဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာနိုင်၏။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။) ဤ၌ အဇ္ဈတ္တိကမဟာဘုတ် ဗဟိဒ္ဓမဟာဘုတ်ဟူသော ဝေါဟာရ အသုံးအနှုန်းနှင့် ပတ်သက် ၍ နားရှင်းအောင် အောက်ပါ အကြောင်းအရာကို ဆက်ဖတ်ပါ။

ပဉ္စဝိညာဏ်တို့၌ ဝေဒနာ

ပဉ္စဝိညာဏ်တို့၌ ဝေဒနာ

ကေဝလဥှိ စက္ခုဝိညာဏာဒီသု ဥပေက္ခာ ဘာဇိတာ၊ ကာယဝိညာဏေ သုခန္တိ အယမေတ္ထ ဝိသေသော။ သောပိ စ ဃဋ္ဋနဝသေန ဟောတီတိ ဝေဒိတဗ္ဗော။ စက္ခုဒွါရာဒီသု ဟိ စတူသု ဥပါဒါရူပမေဝ ဥပါဒါရူပံ ဃဋ္ဋေတိ၊ ဥပါဒါရူပေယေဝ ဥပါဒါရူပံ ဃဋ္ဋေန္တေ ပဋိဃဋ္ဋနာနိဃံသော ဗလဝါ န ဟောတိ၊ စတုန္နံ အဓိကရဏီနံ ဥပရိ စတ္တာရော ကပ္ပါသပိစုပိဏ္ဍေ ဌပေတွာ ပိစုပိဏ္ဍေဟေဝ ပဟတကာလော ဝိယ ဖုဋ္ဌမတ္တမေဝ ဟောတိ၊ ဝေဒနာ မဇ္ဈတ္တဋ္ဌာနေ တိဋ္ဌတိ။ ကာယဒွါရေ ပန ဗဟိဒ္ဓါ မဟာဘူတာရမ္မဏံ အဇ္ဈတ္တိကကာယပသာဒံ ဃဋ္ဋေတွာ ပသာဒပစ္စယေသု မဟာဘူတေသု ပဋိဟညတိ၊ ယထာ အဓိကရဏီမတ္ထကေ ကပ္ပါသပိစုပိဏ္ဍံ ဌပေတွာ ကူဋေန ပဟရန္တဿ ကပ္ပါသပိစုပိဏ္ဍံ ဆိန္ဒိတွာ ကူဋံ အဓိကရဏိံ ဂဏှာတီတိ နိဃံသော ဗလဝါ ဟောတိ၊ ဧဝမေဝ ပဋိဃဋ္ဋနာနိဃံသော ဗလဝါ ဟောတိ။ ဣဋ္ဌေ အာရမ္မဏေ သုခသဟဂတံ ကာယဝိညာဏံ ဥပ္ပဇ္ဇတိ၊ အနိဋ္ဌေ ဒုက္ခသဟဂတံ။ (အဘိ၊ဋ္ဌ၊၁၊၃၀၄။)

ဧတ္ထ စ ဗဟိဒ္ဓါတိ ဧတံ နိဒဿနမတ္တံ။ အဇ္ဈတ္တမ္ပိ ဟိ အာရမ္မဏံ ဟောတီတိ။ ဝိညာဏဓာတုနိဿယဘူတေဟိ ဝါ အညံ ဗဟိဒ္ဓါတိ ဝုတ္တံ။ ပဋိဃဋ္ဋနာနိဃံသော ဗလဝါ ဟောတိ၊ တတော ဧဝ ဣဋ္ဌာနိဋ္ဌဖောဋ္ဌဗ္ဗသမာယောဂေ သုခဒုက္ခပစ္စယာ ဓာတုအနုဂ္ဂဟဓာတုက္ခောဘာ စိရံ အနုဝတ္တန္တိ။ (မူလဋီ၊၁၊၁၂၅။)

စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ်တို့၌ ဥပေက္ခာဝေဒနာကို ဝေဖန်ဟောကြား ထားတော်မူ၏။ ကာယဝိညာဏ်၌ကား ဣဋ္ဌာရုံ၌ သုခဝေဒနာကို အနိဋ္ဌာရုံ၌ ဒုက္ခဝေဒနာကို ဝေဖန်ဟောကြား ထားတော်မူ၏။ ထိုကဲ့သို့ ပဉ္စဝိညာဏ်တို့၌ ဝေဒနာများ မတူထူးခြားမှုမှာ ဒွါရနှင့် အာရုံတို့၏ ထိခိုက်မှုနှင့် စပ်သဖြင့် မတူထူးခြားမှု ဖြစ်ရသည်ဟု သိပါ။

စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရတို့၌ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံဟူသော အသီးအသီးသော ဥပါဒါရုပ်ကသာလျှင် မိမိဆိုင်ရာ စက္ခုပသာဒ သောတပသာဒ ဃာနပသာဒ ဇိဝှါပသာဒဟူသော အသီးအသီး သော ဥပါဒါရုပ်ကိုသာလျှင် ထိခိုက်ပေသည်။ ဥပါဒါရုပ်၌ပင်လျှင် ဥပါဒါရုပ်က ထိခိုက်လတ်သော် ထိခိုက်မှုဟူသော ရုပ်ချင်းပွတ်တိုက်မှုသည် အားမရှိ ဖြစ်နေ၏။ ပေ (၄)ခုတို့၏ အထက်၌ ဝါဂွမ်းစိုင် (၄)ခုတို့ကို အသီးအသီး တင်ထား၍ နောက်ထပ် ဝါဂွမ်းစိုင်တို့ဖြင့်ပင်လျှင် ပုတ်ခတ်ရာအခါကဲ့သို့ ဥပါဒါရုပ်ချင်း ထိခိုက်မှုအားသည်လည်း တွေ့ထိအပ်ကာမျှသည်သာ ဖြစ်၏၊ ထိုကြောင့် စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ်တို့၌ ဆိုင်ရာအာရုံ၏ အရသာကို ခံစားမှုဝေဒနာသည် အလယ်အလတ် ဥပေက္ခာအရာ၌သာ တည်နေပေသည်။

သို့သော် ကာယဒွါရ၌ကား ဗဟိဒ္ဓဖြစ်သော = ကာယဝိညာဏ်၏ မှီရာကာယပသာဒနှင့် ကလာပ်ပြား ဖြစ်သော ပထဝီ တေဇော ဝါယောဟူသော မဟာဘုတ် ဖောဋ္ဌဗ္ဗာရုံသည် အဇ္ဈတ္တိက ကာယပသာဒကို ထိခိုက်၍ ကာယပသာဒ၏ မှီရာ အကြောင်းတရား ဖြစ်ကုန်သော ကလာပ်တူ မဟာဘုတ်တို့၌ သွားရောက်ထိခိုက်မိ၏။ ပေ၏ အထက်၌ ဝါဂွမ်းစိုင်ကို တင်ထား၍ သံတူဖြင့် ပုတ်ခတ်လတ်သော် ဝါဂွမ်းစိုင်ကို ကျော်ဖြတ်၍ သံတူသည် ပေကို သွားရောက်ထိ၏၊ ထိုကြောင့် ထိခိုက်မှု ပွတ်တိုက်မှု စွမ်းအားသည် အလွန်အားရှိသကဲ့သို့ --- ဤ ဥပမာ အတူပင်လျှင် ကာယပသာဒ၌ ဖောဋ္ဌဗ္ဗာရုံ၏ ထိခိုက်ခြင်းဟူသော ပွတ်တိုက်မှုစွမ်းအားသည် ကာယပသာဒတွင် သာမက ကာယပသာဒ၏ မှီရာမဟာဘုတ်ကိုပါ သွားရောက်ထိခိုက်သဖြင့် ပွတ်ချုပ်ထိခိုက်မှု စွမ်းအားသည် အလွန်ကြီးမားပေသည်။ ထိုကြောင့် ဣဋ္ဌာရုံ၌ သုခသဟဂုတ် ကာယဝိညာဏ်, အနိဋ္ဌာရုံ၌ ဒုက္ခသဟဂုတ် ကာယ ဝိညာဏ်သည် ဖြစ်ပေါ်လာပေ၏။ (အဘိ၊ဋ္ဌ၊၁၊၃၀၄။)

ဤ၌ အဋ္ဌကထာဆရာတော်က --- ဗဟိဒ္ဓါ မဟာဘူတာရမ္မဏံ = ဗဟိဒ္ဓ မဟာဘုတ် ဖောဋ္ဌဗ္ဗာရုံက ကာယပသာဒကို ထိခိုက်ကြောင်း ဖွင့်ဆိုခြင်းမှာ နိဒဿနနည်း ဥပလက္ခဏနည်းဟု မှတ်ပါ။ သဘောပေါက် လွယ်ကူစေရန် ပုံစံတစ်ခုကို ထုတ်၍ ညွှန်ပြခြင်းသာ ဖြစ်သည်။ အဇ္ဈတ္တ ရုပ်ကလာပ်များ၌ တည်ရှိသော ပထဝီ တေဇော ဝါယောဟူသော ဖောဋ္ဌဗ္ဗာရုံ မဟာဘုတ်များသည်လည်း အဇ္ဈတ္တကာယပသာဒကို ပွတ်ချုပ်ထိခိုက်မှု ရှိသည်သာ ဖြစ်ပေသည်။ (မူလဋီ၊၁၊၁၂၅။)

တစ်နည်း --- ကာယဝိညာဏဓာတ်သည် ကာယပသာဒဝတ္ထုရုပ်ကို မှီ၍သာ ဖြစ်ရ၏၊ တစ်ဖန် ထိုကာယ ပသာဒဝတ္ထုရုပ်သည် ဥပါဒါရုပ်ဖြစ်ရကား မိမိနှင့် ကလာပ်တူဖြစ်သော မဟာဘုတ်ဓာတ်ကြီး (၄)ပါးကိုသာ မှီ၍ ဖြစ်ရ၏၊ ထိုကာယပသာဒ၏ မှီရာ ကလာပ်တူ မဟာဘုတ်ကား မိမိကာယပသာဒကို လာရောက်ထိခိုက်သော ဖောဋ္ဌဗ္ဗာရုံ မဟာဘုတ် မဟုတ်ပေ။ ထိုကြောင့် ကာယဝိညာဏ်၏ အဆင့်ဆင့် မှီရာမဟာဘုတ်မှ တစ်ပါးသော ကလာပ်မတူသော ကလာပ်ကွဲပြားသော ကလာပ်ပြားမဟာဘုတ် ဖောဋ္ဌဗ္ဗာရုံကို မိမိခန္ဓာကိုယ်တွင်း အဇ္ဈတ္တ၌ပင် ရှိသည်ဖြစ်စေ, ခန္ဓာကိုယ်၏ပြင်ပ ဗဟိဒ္ဓ၌ပင် ရှိသည်ဖြစ်စေ ဗဟိဒ္ဓမဟာဘုတ် ဖောဋ္ဌဗ္ဗာရုံဟုပင် ခေါ်ဆိုသည်။ ကာယဝိညာဏ်၏ စွဲမှီ၍ဖြစ်ရာ ဖြစ်သော ကာယပသာဒ၏ မှီရာမဟာဘုတ်နှင့် ဖောဋ္ဌဗ္ဗာရုံ မဟာဘုတ်တို့သည် မဟာဘုတ်အမည်ချင်း တူညီသော်လည်း ကလာပ်ချင်း မတူ၊ ကွဲပြားကြသည် ဟူလိုသည်။ (မူလဋီ၊၁၊၁၂၅။)

ဝေဒနာ ကြာမြင့်စွာ ဖြစ်ပုံ

ဝေဒနာ ကြာမြင့်စွာ ဖြစ်ပုံ

ကာယပသာဒနှင့် ဖောဋ္ဌဗ္ဗာရုံတို့၏ ထိခိုက်ခြင်းဟူသော ပွတ်တိုက်ခြင်းသည် အားရှိ၏၊ ထိုသို့ အားရှိသော ကြောင့်ပင်လျှင် ကောင်းသောအတွေ့အထိကို တွေ့ထိရခြင်း စသည်ဖြင့် ဣဋ္ဌဖောဋ္ဌဗ္ဗာရုံနှင့် ပေါင်းဆုံ ထိခိုက်မိ သောအခါ သုခဝေဒနာ၏ အကြောင်းရင်းဖြစ်သော --- (၁) ကာယပသာဒ, (၂) ဣဋ္ဌဖောဋ္ဌဗ္ဗာရုံ, (၃) ဖဿစသော ယှဉ်ဖက်သမ္ပယုတ်တရားများ --- ဤသို့စသော မှီရာ နိဿယဓာတ်တို့သည် သုခဝေဒနာ အဆက်ဆက် ဖြစ်ပေါ် လာဖို့ရန် အကြောင်းတရားများ ဖြစ်ကြကုန်၏။ ယင်း မှီရာ နိဿယဓာတ်တို့က အားပေးထောက်ပံ့ ချီးပင့်လျက် ရှိကြသဖြင့် သုခဝေဒနာတို့သည် အချိန်ကြာမြင့်စွာ ဖြစ်ပေါ်လာကြရကုန်၏။ သုခဝေဒနာ အဆက်ဆက် ဖြစ်ဖို့ရန် အားပေးထောက်ပံ့ ချီးပင့်တတ်သော အကြောင်းတရားတို့က အချိန်ကြာမြင့်စွာ ဖြစ်ကြသောကြောင့် အကျိုး သုခဝေဒနာသည်လည်း အချိန်ကြာမြင့်စွာ အဆက်ဆက် ဖြစ်ပေါ်ရပေသည်။ (အကြောင်းတရားတို့တွင် အတိတ် အကြောင်းတရားတို့လည်း ပါဝင်လျက်ရှိသည်ကို သတိပြုပါ။)

တစ်ဖန် တစ်စုံတစ်ခုသော အရာဝတ္ထုနှင့် ထိခိုက်မိခြင်း စသည်ဖြင့် အနိဋ္ဌဖောဋ္ဌဗ္ဗာရုံနှင့် ပေါင်းဆုံမိသောအခါ၌လည်း ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော (၁) ကာယပသာဒ, (၂) အနိဋ္ဌဖောဋ္ဌာဗ္ဗာရုံ, (၃) ဖဿ စသော ယှဉ်ဖက်သမ္ပယုတ်တရားများ --- ဤသို့စသော မှီရာ နိဿယဓာတ် = နိဿယအကြောင်းတရားတို့သည် ဒုက္ခဝေဒနာ အဆက်ဆက် ဖြစ်ဖို့ရန် ချောက်ချား ဖောက်ပြားသော ဓာတ်များအဖြစ်ဖြင့် ကြာမြင့်စွာ ဖြစ်ကြလေ သည်။ (ဤ၌လည်း အကြောင်းတရားစုတွင် အတိတ်အကြောင်းတရားများလည်း ပါဝင်ကြသည်သာ ဖြစ်ကုန်၏။ ဘုရားရှင် သန္တာန်တော်၌ ဦးခေါင်းတော် ခဲတော်မူရခြင်း, ခါးတော်နာရခြင်း စသော ကာယိကဒုက္ခဝေဒနာများကို သတိပြုပါ။) ဒုက္ခဝေဒနာ အဆက်ဆက် ဖြစ်ပေါ်လာဖို့ရန် အားပေးထောက်ပံ့ ချီးပင့်တတ်သော အကြောင်းတရား တို့က အချိန်ကြာမြင့်စွာ ဖြစ်ကြသောကြောင့် အကျိုးဒုက္ခဝေဒနာသည်လည်း အချိန်ကြာမြင့်စွာ အဆက်ဆက် ဖြစ်ပေါ်ရလေသည်။ (မူလဋီ၊၁၊၁၂၅။)

ဃဋ္ဋန = ထိခိုက်မှု

ဃဋ္ဋန = ထိခိုက်မှု

ရူပါရုံက စက္ခုပသာဒကို ထိခိုက်မှု, သဒ္ဒါရုံက သောတပသာဒကို ထိခိုက်မှု, ဂန္ဓာရုံက ဃာနပသာဒကို ထိခိုက်မှု, ရသာရုံက ဇိဝှါပသာဒကို ထိခိုက်မှု, ဖောဋ္ဌဗ္ဗာရုံက ကာယပသာဒကို ထိခိုက်မှုဟူသည် ဝိသယဖြစ်သော အာရုံ၏ ဝိသယီဖြစ်သော ပသာဒနှင့် သင့်လျော်လျောက်ပတ်သော အရပ်၌ ရှေးရှူရင်ဆိုင် ရပ်တည်မှုကို ဆိုလို ပေသည်။ ဖောဋ္ဌဗ္ဗာရုံသည် ကာယပသာဒကို ထိခိုက်ပြီးလျှင် ကာယပသာဒ၏ မှီရာမဟာဘုတ်တို့၌လည်း ထိခိုက် ၏ဟူသော စကားရပ်၌လည်း ပရမတ္ထဝေါဟာရအားဖြင့်မူ မိမိဖောဋ္ဌဗ္ဗာရုံကိုယ်တိုင်က တစ်စုံတစ်ခုသော တရားကို သွားရောက်ထိခိုက်သည်ကား မဟုတ်ပါ၊ အခြားတစ်စုံတစ်ခုသော တရားကလည်း ထိခိုက်စေသည် ထိခိုက်ပေး သည်လည်း မဟုတ်ပါ၊ ဖောဋ္ဌဗ္ဗာရုံမှ တစ်ပါးသော အခြား တစ်စုံတစ်ခုသောတရား၌ ဖောဋ္ဌဗ္ဗသဘော မရှိသောကြောင့် = မတွေ့ထိတတ်သော အဖောဋ္ဌဗ္ဗသဘောသာ ရှိသောကြောင့် ဖြစ်၏။

အဟုတ်အမှန်မူကား ဝိသယဖြစ်သော အာရုံရုပ်နှင့် ဝိသယီဖြစ်သော ပသာဒရုပ် = အကြည်ဓာတ်တို့၏ ဖြစ်ပေါ်ကြခြင်းသည် တစ်ခုနှင့်တစ်ခု ရှေးရှူရင်ဆိုင်အဖြစ်သို့ ရောက်ရှိခြင်းကြောင့် ဆိုင်ရာဝိညာဏ်သည် ဖြစ်ပေါ် လာရ၏။ ထိုသို့ ဝိညာဏ်ဖြစ်ပေါ်ခြင်း၏ အကြောင်းတရားအဖြစ်ဖြင့် ထူးခြားသည်၏အဖြစ်သို့ ရောက်ရှိခြင်းကိုပင် ထိခိုက်အပ် - ထိခိုက်တတ်သည်၏ အဖြစ်ဖြင့် = ထိခိုက်အပ်သောတရား, ထိခိုက်တတ်သောတရားဟု ခေါ်ဝေါ် သုံးစွဲခြင်း ဖြစ်သည်။ ထိုကြောင့် ယင်းရုပ်တရားတို့ကို သပ္ပဋိဃရုပ်တရားတို့ဟူ၍ ဓမ္မသင်္ဂဏီပါဠိတော်၌ (အဘိ၊ ၁၊၂၁၄။) ဟောကြားထားတော်မူ၏။ (သနိဒဿနသပ္ပဋိဃရုပ် အနိဒဿနသပ္ပဋိဃရုပ်ဟု ဟောကြားထားတော် မူ၏ဟု ဆိုလိုသည်။)

ဥပါဒါရုပ်က ဥပါဒါရုပ်ကို ထိခိုက်၏, မဟာဘုတ်က ဥပါဒါရုပ်ကို ထိခိုက်၏ --- ဤသို့စသော စကားများကို ထိခိုက်တတ်သော သတ္တိမရှိပါဘဲလျက် သတ္တိရှိသကဲ့သို့ တင်စား၍ တဒ္ဓမ္မူပစာရအစွမ်းဖြင့် ခေါ်ဝေါ်သုံးစွဲထား သည်ဟု သိပါ။ (အနုဋီ၊၁၊၁၃၂။)

ကာယဒွါရ၌ ဗဟိဒ္ဓဖြစ်သော မဟာဘုတ်ဖောဋ္ဌဗ္ဗာရုံသည် အဇ္ဈတ္တိက ကာယပသာဒကို ထိခိုက်ပြီး၍ ကာယပသာဒ၏ မှီရာအကြောင်းတရား ဖြစ်ကုန်သော ကာယပသာဒနှင့် ကလာပ်တူ မဟာဘုတ်တို့၌ ထိခိုက်၏ဟု အဋ္ဌကထာ၌ (အဘိ၊ဋ္ဌ၊၁၊၃၀၄။) ဖွင့်ဆိုထား၏။ ဤ၌ ကာယပသာဒကို ထိခိုက်မှုနှင့် ကာယပသာဒ၏ မှီရာ မဟာဘုတ်တို့ကို ထိခိုက်မှုမှာ သမာနကာလ = တူညီသောကာလ ရှိ၏။ ဖောဋ္ဌဗ္ဗာရုံသည် ကာယပသာဒနှင့် ကာယပသာဒ၏ မှီရာ မဟာဘုတ်ကို ပြိုင်တူရိုက်ခတ်၏။ ပေ၏ အထက်၌ တင်ထားသော ဝါဂွမ်းစိုင်နှင့် ပေကို သံတူဖြင့် ရိုက်ခတ်ခြင်း ဥပမာကို အဋ္ဌကထာ (အဘိ၊ဋ္ဌ၊၁၊၃၀၄။)၌ ပြထား၏။ ဤဥပမာကို ဝါဂွမ်းစိုင်နှင့်ပေ နှစ်မျိုးလုံးကို သံတူက ထိခိုက်ပုံကို ပြခြင်းအကျိုးငှာသာ အဋ္ဌကထာက မိန့်ဆိုတော်မူခြင်း ဖြစ်၏၊ မှီတတ်သော ဝါဂွမ်းစိုင်ကို ထိခိုက်ခြင်း, မှီရာပေကို ထိခိုက်ခြင်းတို့၏ ေ့ရှ-နောက်၏ အဖြစ်ကို ပြခြင်းအကျိုးငှာ ဖွင့်ဆိုအပ်သည်ကား မဟုတ်ပေ။ (မူလဋီ၊၁၊၁၂၅။)

မဟာဘုတ်ဖောဋ္ဌဗ္ဗာရုံက ကာယပသာဒ၏ မှီရာဖြစ်ကုန်သော ကလာပ်တူမဟာဘုတ်တို့၌ ထိခိုက်ကုန် လတ်သော် ကာယပသာဒကိုလည်း ထိခိုက်ပြီး မည်သည် ဖြစ်၏။ ---- ဤသို့ဆို၍ ပသာဒနှင့် မဟာဘုတ်ကို ထိ-ခိုက်မှုကို ဆိုသော စကားကို စူးစမ်းဆင်ခြင်သင့်ကြောင်း --- ဆရာမြတ်တို့က မိန့်ဆိုကြပြန်၏။ (အနုဋီ၊၁၊၁၃၃။)

ဤအကြောင်းအရာတို့ကား ပဉ္စဝိညာဏ်နာမ်တရားစုတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် သိမ်းဆည်းရာ၌ သိထားသင့်သော အကြောင်းအရာတို့ပင် ဖြစ်ကြသည်။ ဤ လက္ခဏာဒိစတုက္ကပိုင်း၌ အဋ္ဌကထာ ဆရာတော်သည် အချို့ အချို့သော တရားတို့၌ ပဒဋ္ဌာန်ကို ထုတ်ပြထားတော်မမူပေ။ ထိုအခါ၌ နည်းမှီးနိုင်ရန် အလို့ငှာ မနောဝိညာဏ်နာမ်တရားစုတို့၏ ပစ္စုပ္ပန်အကြောင်း တရားတို့ကိုလည်း အခွင့်ကြုံခိုက် ဆက်လက်၍ တင်ပြအပ်ပါသည်။

မနောဝိညာဏ်နာမ်တရားစုတို့၏ ပစ္စုပ္ပန်အကြောင်း

မနောဝိညာဏ်နာမ်တရားစုတို့၏ ပစ္စုပ္ပန်အကြောင်း

မနောဝိညာဏ် အမည်ရသော ဝိပါက်နာမ်တရားစုတို့၌ အတိတ်အကြောင်း, ပစ္စုပ္ပန်အကြောင်း နှစ်မျိုးလုံး ရှိ၏။ ကုသိုလ် အကုသိုလ် ကြိယာ နာမ်တရားစုတို့၌ကား အတိတ်အကြောင်းတရား မရှိ၊ ပစ္စုပ္ပန် အကြောင်း တရားသာရှိသည်။ ပစ္စုပ္ပန်အကြောင်းတရားပိုင်းတွင် ပဉ္စဝေါကာရဘုံဝယ် မနောဝိညာဏ် အားလုံးတို့နှင့် သက် ဆိုင်သော အကြောင်းတရားတို့ကို အဋ္ဌကထာတွင် ဤသို့ တင်ပြထား၏။

အသမိ႓န္နတ္တာ မနဿ, အာပါထဂတတ္တာ ဓမ္မာနံ, ဝတ္ထုသန္နိဿိတံ, မနသိကာရဟေတုကံ စတူဟိ ပစ္စယေဟိ ဥပ္ပဇ္ဇတိ မနောဝိညာဏံ သဒ္ဓိံ သမ္ပယုတ္တဓမ္မေဟိ။ တတ္ထ မနောတိ ဘဝင်္ဂစိတ္တံ။ တံ နိရုဒ္ဓမ္ပိ, အာဝဇ္ဇနစိတ္တဿ ပစ္စယော ဘဝိတုံ အသမတ္ထံ မန္ဒထာမဂတမေဝ ပဝတ္တမာနမ္ပိ သမိ႓န္နံ နာမ ဟောတိ၊ အာဝဇ္ဇနဿ ပန ပစ္စယော ဘဝိတုံ သမတ္ထံ အသမိ႓န္နံ နာမ။ အာပါထဂတတ္တာ ဓမ္မာနန္တိ ဓမ္မာရမ္မဏေ အာပါထဂတေ။ ဝတ္ထုသန္နိဿိတန္တိ ဟဒယဝတ္ထုသန္နိဿယံ လဒ္ဓါဝ ဥပ္ပဇ္ဇတိ၊ န တေန ဝိနာ။ အယမ္ပိ ပေဥှာ ပဉ္စဝေါကာရဘဝံ သန္ဓာယ ကထိတော။ မနသိကာရဟေတုကန္တိ ကိရိယမနောဝိညာဏဓာတုယာ ဘဝင်္ဂေ အာဝဋ္ဋိတေယေဝ ဥပ္ပဇ္ဇတီတိ အတ္ထော။ (အဘိ၊ဋ္ဌ၊၁၊၃၂၂-၃၂၃။)

၁။ ဘဝင်စိတ်၏ = မနောဒွါရ၏ မပျက်စီးသေးသည်၏ အဖြစ်ကြောင့်လည်းကောင်း,

၂။ မနောဒွါရဝယ် ဓမ္မာရုံတို့၏ ရှေးရှူကျရောက်လာခြင်းကြောင့်လည်းကောင်း,

၃။ ဟဒယဝတ္ထုကို မှီရသည်ဖြစ်၍လည်းကောင်း,

၄။ မနသိကာရဟူသော အကြောင်းရှိသည် ဖြစ်၍လည်းကောင်း --

ဤ (၄)မျိုးသော အကြောင်းတရားတို့ကြောင့် ယှဉ်ဖက်စေတသိက် သမ္ပယုတ်တရားတို့နှင့် အတူတကွ မနောဝိညာဏ်သည် ဖြစ်ပေါ်၍လာ၏။ ထိုတွင် မန ဟူသည်ကား ဘဝင်စိတ်ပင်တည်း။ မနောဒွါရပင်တည်း။ ဥပါဒ်-ဌီ-ဘင် သက်တမ်းစေ့၍ ချုပ်လေပြီးသော ဘဝင်စိတ်သည်လည်း မနောဒွါရာဝဇ္ဇန်းစိတ်၏ အနန္တရပစ္စည်း အကြောင်းတရားဖြစ်ဖို့ရန် မစွမ်းနိုင်။ မနောဒွါရာဝဇ္ဇန်းစိတ်၏ အနန္တရအကြောင်းတရားအဖြစ်သို့ မကပ်ရောက်မူ၍ မိမိ၏ ပင်ကိုယ်ဖြစ်နေကျ သဘာဝအတိုင်း ဖြစ်နေသော နုံ့သော အားအစွမ်းရှိသည်၏ အဖြစ်သို့ ရောက်သည် သာလျှင်ဖြစ်သော ဘဝင်စိတ်သည်လည်း မနောဒွါရာဝဇ္ဇန်းစိတ်အား အနန္တရပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူး မပြုနိုင်။ ယင်းသို့ အာဝဇ္ဇန်းစိတ်အား ဖြစ်ပေါ်လာအောင် အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးမပြုနိုင်သော ဘဝင်စိတ်သည် သမ္ဘိန္န = ပျက်စီးသော ဘဝင်စိတ် မည်၏။

မန္ဒထာမဂတံ နာမ ကိရိယစိတ္တဿ ပစ္စယဘာဝံ အနုပဂန္တွာ သယမေဝ ပဝတ္တမာနံ။ (မူလဋီ၊၁၊၁၃၄။)

အိပ်ပျော်နေရာအခါ၌ ဘဝင်များကဲ့သို့ နိုးနေရာအခါ၌လည်း အာဝဇ္ဇန်းဖြစ်အောင် ကျေးဇူးမပြုနိုင်သော ဘဝင်များကို --- မန္ဒထာမဂတ --- ဟုဆိုသည်။ မှန်၏ --- ရှေးဝီထိနှင့် နောက်ဝီထိ၏ အကြား၌ ဘဝင်များစွာ ခြား၍ နေရခြင်းမှာ ယင်းဘဝင်တို့က အာဝဇ္ဇန်းဖြစ်အောင် ကျေးဇူးမပြုနိုင်သောကြောင့်တည်း။ အာဝဇ္ဇန်းစိတ်အား ဖြစ်ပေါ်လာအောင် အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်သော ဘဝင်သည် အသမိ႓န္န = မပျက်စီးသော ဘဝင် မည်၏။

ယင်း အသမိ႓န္နဖြစ်သော မနောဒွါရ၌ ဓမ္မာရုံ အမည်ရသော တရားစုတို့၏ ရှေးရှူကျရောက်လာခြင်း ထင်ခြင်းသည်လည်း မနောဝိညာဏ် နာမ်တရားစုတို့ဖြစ်ရန် အကြောင်းတရား တစ်ခုပင် ဖြစ်၏။

တစ်ဖန် ယင်း မနောဝိညာဏ် နာမ်တရားစုသည် ဟဒယဝတ္ထုရုပ်ကို မှီတွယ်ရမှသာလျှင် ဖြစ်ပေါ်လာနိုင်၏၊ ဟဒယဝတ္ထုနှင့် ကင်း၍ကား မဖြစ်နိုင်။ ဤ ဟဒယဝတ္ထုဟူသော အကြောင်းတရားကို ပဉ္စဝေါကာရဘုံကိုသာ ရည်၍ ဆိုသည်ဟု မှတ်ပါ။

တစ်ဖန် ကိရိယမနောဝိညာဏဓာတ် အမည်ရသော မနောဒွါရာဝဇ္ဇန်းကို ဤ၌ မနသိကာရဟု ဆိုသည်။ မနသိကာရ အမည်ရသော ထိုမနောဒွါရာဝဇ္ဇန်းက ဘဝင်ကို လည်စေနိုင်မှသာလျှင် မနောဝိညာဏ်သည် ဖြစ်ပေါ် လာနိုင်၏။ ဤကား မနောဝိညာဏ်နှင့်တကွသော နာမ်တရားစု၏ ဖြစ်ပေါ်လာရန် အကြောင်းတရား (၄)မျိုးတည်း။ (အဘိ၊ဋ္ဌ၊၁၊၃၂၂-၃၂၃။)

ဤအကြောင်းတရားတို့သည် ထိုက်သည့်အားလျော်စွာ မနောဝိညာဏ် နာမ်တရားစု၏ ပဒဋ္ဌာန်များ ဖြစ်နိုင် ကြ၏ဟု ကြိုတင်၍ မှတ်သားထားပါ။ သို့သော် ဤအကြောင်းတရားတို့မှာ အထူးသဖြင့် ပဉ္စဝေါကာရဘုံဝယ် မနောဝိညာဏ် နာမ်တရားအားလုံးတို့နှင့် ဆက်ဆံသော အကြောင်းတရားများ ဖြစ်နေခြင်းကြောင့် အဋ္ဌကထာ များ၌ ရံခါ အချို့အချို့သော နာမ်တရားတို့၏ ပဒဋ္ဌာန်ကို ထုတ်ဆောင်၍ မပြခြင်း ဖြစ်သည်။ ပဒဋ္ဌာန် မရှိ၍ကား မဟုတ်ဟု ကြိုတင် မှတ်သားထားပါ။

၁၀။ သမ္ပဋိစ္ဆိုင်း = လက်ခံ (ဝိပါက်မနောဓာတ်)

၁၀။ သမ္ပဋိစ္ဆိုင်း = လက်ခံ (ဝိပါက်မနောဓာတ်)

၁။ စက္ခုဝိညာဏာဒီနံ အနန္တရံ ရူပါဒိဝိဇာနနလက္ခဏာ မနောဓာတု၊

၂။ ရူပါဒီနံ သမ္ပဋိစ္ဆနရသာ ( = ရူပါဒိသမ္ပဋိစ္ဆနရသာ။)

၃။ တထာဘာဝပစ္စုပဋ္ဌာနာ ( = ရူပါဒိသမ္ပဋိစ္ဆနဘာဝ ပစ္စုပဋ္ဌာနာ။)

၄။ စက္ခုဝိညာဏာဒိအပဂမပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၀၄။ ဝိသုဒ္ဓိ၊၂၊၈၅။)

၁။ စက္ခုဝိညာဏ် စသည်တို့၏ အခြားမဲ့၌ဖြစ်၍ ရူပါရုံစသည်ကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ရူပါရုံစသည့် အာရုံကို လက်ခံခြင်း (ကိစ္စ) ရသ၊

၃။ ရူပါရုံစသည့် အာရုံကို လက်ခံတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ စက္ခုဝိညာဏ် စသည်တို့၏ ကင်းချုပ်ခြင်း ပဒဋ္ဌာန်။

ဤအထက်ပါ လက္ခဏ-ရသ စသည်တို့မှာ အာရုံ (၅)ပါးအတွက် ခြုံ၍ ရေးသားထားချက် ဖြစ်၏။ ဤ စိတ်သည် စိတ္တက္ခဏတစ်ခု အတွင်း၌ အာရုံ (၅)မျိုးလုံးကို ပြိုင်တူမသိပေ။ ထိုကြောင့် လက္ခဏ-ရသ စသည်ကို ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အာရုံအလိုက် ခွဲ၍ တစ်ခုစီ သီးသန့်ရှုပါ။ ရူပါရုံကို လက်ခံသော သမ္ပဋိစ္ဆိုင်း- စိတ်ကို ပုံစံထုတ်၍ ထပ်မံရေးသားတင်ပြအပ်ပါသည်။ သမ္ပဋိစ္ဆိုင်း၌ စိတ်စေတသိက် နာမ်တရား (၁၁)လုံး ရှိရာ ယင်းနာမ်တရားစုမှ အသိစိတ်ဝိညာဏ်ကို ရွေးထုတ်၍ ရှုပါ။ သဒ္ဒါရုံ စသည်ကို အာရုံပြုသော သမ္ပဋိစ္ဆိုင်း၌လည်း နည်းမှီး၍ ရှုပါ။

၁။ စက္ခုဝိညာဏဿ အနန္တရံ ရူပါရမ္မဏဝိဇာနနလက္ခဏာ မနောဓာတု၊

၂။ ရူပါရမ္မဏသမ္ပဋိစ္ဆနရသာ၊

၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊

၄။ စက္ခုဝိညာဏာပဂမပဒဋ္ဌာနာ။

၁။ စက္ခုဝိညာဏ်၏ အခြားမဲ့၌ဖြစ်၍ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ရူပါရုံကို လက်ခံခြင်း (ကိစ္စ) ရသ၊

၃။ ရူပါရုံကို လက်ခံတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ စက္ခုဝိညာဏ်၏ ကင်းချုပ်ခြင်း ပဒဋ္ဌာန်။

မနောဓာတ် --- သဘာဝသုညတနိဿတ္တဋ္ဌေန မနောယေဝ ဓာတု မနောဓာတု။ (အဘိ၊ဋ္ဌ၊၁၊၃၀၄။)

အတ္တနော သဘာဝံ ဓာရေတီတိ ဓာတု --- နှင့်အညီ မိမိသဘောကို ဆောင်နေသောကြောင့် = မိမိသဘော အတိုင်း ထင်ရှားသောကြောင့် ဓာတ်ဟု ဆို၏။ ဓာတ်ဟုဆိုလျှင် ပရမတ္ထအားဖြင့် ထင်ရှားရှိသောတရား, အတ္တမှ ကင်းဆိတ်သောတရား, သတ္တဝါမဟုတ်သောတရားဟု အဓိပ္ပါယ် နက်ထွက်၏။ ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်းဒွေး သည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော သဘာဝတရားလည်း ဖြစ်၏၊ အတ္တမှကင်းဆိတ်သော တရားလည်း ဖြစ်၏၊ သတ္တဝါမဟုတ်သော တရားလည်း ဖြစ်၏။ ယင်း စိတ် (၃)မျိုးသည် ဓာတ်ဟူသော အမည်ကို ရရှိ၏။ သို့သော် ယင်းစိတ် (၃)မျိုးသည် ဆိုင်ရာအာရုံကို သိကာမတ္တ သိရုံမျှသာဖြစ်၍ အခြားအခြားသော ဝိညာဏ် များလောက် သိမှု အားမကောင်းသောကြောင့် မနောယေဝ ဓာတု မနောဓာတု --- အရ သိကာမတ္တ သိရုံမျှသာ ဖြစ်သောဓာတ် = မနောဓာတ် မည်ပေသည်။

အမေး --- ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်းနှစ်မျိုးဟူသော စိတ် (၃)မျိုးသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော သဘာဝအနက်, အတ္တမှ ကင်းဆိတ်သော သုညတအနက်, သတ္တဝါမဟုတ်သော နိဿတ္တအနက် သဘောတရား ရှိသောကြောင့် အာရုံကို သိကာမတ္တ သိရုံမျှဖြစ်သော မနောဓာတ် မည်၏ဟု အဋ္ဌကထာ၌ ဖွင့်ဆိုထား၏၊ ထိုသို့ ဖြစ်လျှင် ပဉ္စဝိညာဏ် မနောဝိညာဏ် အမည်ရသော အခြားစိတ်များ၏လည်း သဘာဝဓမ္မ သုညတဓမ္မ နိဿတ္တဓမ္မ ဖြစ်သောကြောင့် မနောဓာတ်ဟူသော အမည်သည် ဖြစ်သင့်သည် မဟုတ်ပါလော၊ ဤသို့ မေးငြားအံ့ ---

အဖြေ --- ပဉ္စဝိညာဏ် မနောဝိညာဏ်တို့က မနောဓာတ်ထက် ထူးခြားသော သိခြင်းကိစ္စ ရှိသောကြောင့် မနောဓာတ် ဟူသော သာမညအမည်သည် မဖြစ်သင့်ဟု ဖြေဆိုရာ၏။

အကျယ်အဖြေ --- စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ်၏ စက္ခုဝတ္ထုစသည့် မိမိဆိုင်ရာ ဝတ္ထု၌သာမှီခြင်း, အမြဲဖြစ်ရာ ရူပါရုံစသော အာရုံ၌သာ မြင်ခြင်းစသော ကိစ္စကို ပြု၍ ဖြစ်ရခြင်းသည် မနောဓာတ်မှ ထူးခြားပုံတည်း။

ပဉ္စဝိညာဏ်သည် မိမိနှင့် မှီရာ မတူသော ဟဒယဝတ္ထုကို မှီ၍ဖြစ်သော ပဉ္စဒွါရာဝဇ္ဇန်းစိတ် ေ့ရှသွားရှိ၏၊ သမ္ပဋိစ္ဆိုင်းသည် မိမိနှင့် မှီရာမတူသော စက္ခုဝတ္ထု စသည်ကို မှီသော ပဉ္စဝိညာဏ် ေ့ရှသွားရှိ၏၊ သန္တီရဏစသော မနောဝိညာဏ်သည်ကား မှီရာတူသော ဟဒယဝတ္ထုရုပ်ကိုချည်း မှီသော သမ္ပဋိစ္ဆိုင်းစသော စိတ်သာလျှင် ေ့ရှသွား ရှိ၏။ ထိုကြောင့် သန္တီရဏစသော မနောဝိညာဏ်သည် ဟဒယဝတ္ထုရုပ်ကိုချည်း မှီ၍ ဖြစ်သော မှီရာတူသော ရှေးစိတ်မှ အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုမှု အရှိန်အဝါကို ဆက်ခံရသောကြောင့် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်းတို့ထက် အာရုံကို ထူးထူးခြားခြား သိခြင်းကိစ္စ ရှိ၏။

ပဉ္စဒွါရာဝဇ္ဇန်းသည် မှီရာ မတူသော ပဉ္စဝိညာဏ်အားလည်းကောင်း, ပဉ္စဝိညာဏ်သည် မှီရာ မတူသော သမ္ပဋိစ္ဆိုင်းအားလည်းကောင်း အနန္တရစသော ပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးရ၏၊ သန္တီရဏ စသည့် မနောဝိညာဏ်ကား ထိုကဲ့သို့မဟုတ်၊ မှီရာ တူသော ဝုဋ္ဌော စသည်အားသာ အနန္တရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးရ၏။ ထိုကြောင့် သန္တီရဏစသော မနောဝိညာဏ်သည် ပဉ္စဒွါရာဝဇ္ဇန်းထက်လည်းကောင်း, ပဉ္စဝိညာဏ်ထက်လည်းကောင်း အာရုံကို ထူးထူးခြားခြား သိခြင်းကိစ္စ ရှိ၏။

မနောဒွါရဟူသည် ဘဝင်စိတ်တည်း၊ ဝီထိစိတ် (= ပဉ္စဒွါရဝီထိစိတ်) ဖြစ်သောအခါ ပဉ္စဒွါရာဝဇ္ဇန်းသည် စ၍ ဖြစ်ရ၏၊ ထိုကြောင့် ထို ပဉ္စဒွါရာဝဇ္ဇန်းသည် မနောဒွါရနိဂ္ဂမနမုခ = မနောဒွါရမှ ထွက်ကြောင်း အစအဝ ဖြစ်၏။ ပဉ္စဒွါရာဝဇ္ဇန်းသည် မနောဒွါရမှ ထွက်ကြောင်း အစအဝ ဖြစ်သကဲ့သို့ သန္တီရဏစသော မနောဝိညာဏ် တို့သည် မနောဒွါရမှ ထွက်ကြောင်း အစအဝ မဖြစ်ကြပေ။ ထိုကြောင့် ပဉ္စဒွါရာဝဇ္ဇန်းထက် အာရုံကို ထူးထူးခြားခြား သိခြင်းကိစ္စ ရှိ၏။

ဤပြခဲ့သော အကြောင်းတို့ကြောင့် မနောဝိညာဏဓာတ်သည် အာရုံကို သိမှု၌ ထူးခြားသော သိခြင်းကိစ္စ ရှိရကား ---

မနော = သိ

ဝိညာဏ = အထူးသိ

ဤ မနော + ဝိညာဏဟူသော အမည်နှစ်ရပ်ကို ပေါင်းစပ်၍ --- မနောဝိညာဏဓာတ် = အာရုံကို အလွန်အကြူး အထူးသိတတ်သောဓာတ် --- ဟု အမည်ရသည်။ ယင်းမနောဝိညာဏဓာတ်သည် အာရုံကို အလွန် အကြူး အထူးသိခြင်းကိစ္စ ရှိပေသည်။ မနောဓာတ် ပဉ္စဝိညာဏဓာတ်တို့မှ ထူးခြားမှုတည်း။

ထိုသို့ ထူးသော သိခြင်းကိစ္စမှ ကင်းသော အာရုံကို သိကာမတ္တ သိရုံမျှဖြစ်သော ဓာတ်သည် မနောဓာတ် မည်၏၊ ထိုကြောင့် ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်း နှစ်မျိုးဟူသော (၃)မျိုးသောစိတ်ကို မနောဓာတ်ဟူ၍သာ ခေါ်ဆို၏၊ ထူးသော မန ဟူ၍ မဆို။ ထိုကြောင့် - မနော ဧဝ ဓာတု မနောဓာတု - ၌ ဧဝ-သဒ္ဒါသည် မတ္တ = မျှ ဟူသော အနက်ရှိ၏ဟု မှတ်ပါ။ ထို ဧဝသဒ္ဒါသည် ဝိညာဏ်၏ ထူးသော သိခြင်းကိစ္စကို နစ်စေခြင်း အနက်ရှိသော ကြောင့်တည်း။ ပဉ္စဝိညာဏ် မနောဝိညာဏ်တို့၏ ထူးသော သိခြင်းမျိုးသည် ထိုမနောဓာတ်၌ မရှိ ဟူလိုသည်။

တစ်ဖန် --- ပဉ္စဒွါရာဝဇ္ဇန်းသည် ဘဝင်ဟူသော မနောဒွါရမှ ထွက်ကြောင်း အစအဝ ဖြစ်၏၊ သမ္ပဋိစ္ဆိုင်းကား သန္တီရဏစသော မနောဝိညာဏ်သို့ ဝင်ကြောင်း အစအဝ ဖြစ်၏၊ ဤသို့ ထွက်ကြောင်း အဝ, ဝင်ကြောင်း အဝ ဖြစ်သောကြောင့် မနောဓာတ် (၃)ပါးမှာ အာရုံကို အထူးသိခြင်း အလွန်အကြူးသိခြင်း အသိကြီးသိခြင်းဟူသော ဝိဇာနနကိစ္စမှ ကင်းရသည်။

ထိုကဲ့သို့ ဝိဇာနနကိစ္စမှ ကင်းသောကြောင့် ယင်းဓာတ် (၃)ပါးကို ဝိညာဏသဒ္ဒါဖြင့် အထူးပြု၍ မနောဝိညာဏ်ဟုလည်း မဆိုအပ်၊ စက္ခုဝိညာဏ် စသည်တို့ကဲ့သို့ ဝိညာဏ်ဟုလည်း မဆိုအပ်။ မှန်ပေသည် --- ထို မနောဓာတ်မည်သော ဝိညာဏ်သည် (ပဉ္စဒွါရာဝဇ္ဇန်းသည်) ဘဝင်တည်းဟူသော မနကြောင့် ဖြစ်ရ၍ မနအား ကျေးဇူးပြုရသည်ကား မဟုတ်၊ ပဉ္စဝိညာဏ်ကို ကျေးဇူးပြုနေရ၏။ သမ္ပဋိစ္ဆိုင်း မနောဓာတ်သည် သန္တီရဏဟူသော မနအား ကျေးဇူးပြုရသော်လည်း ရှေးက မနကြောင့် မဖြစ်ရ, ပဉ္စဝိညာဏ်ကြောင့်သာ ဖြစ်ရ၏။

ပဉ္စဒွါရာဝဇ္ဇန်းသည် ဒဿနကိစ္စ = မြင်ခြင်းကိစ္စ စသည်ကို အသီးအသီး ရွက်ဆောင်သော ပဉ္စဝိညာဏ်အား ကျေးဇူးပြုရ၍ သမ္ပဋိစ္ဆိုင်းကား ထိုပဉ္စဝိညာဏ်တို့ကြောင့် ဖြစ်ရသည့်အတွက် မနောဓာတ်တို့တွင် ပဉ္စဒွါရာဝဇ္ဇန်း သည် ထိုဝိညာဏ်တို့၏ ေ့ရှသွားဖြစ်၍ သမ္ပဋိစ္ဆိုင်းက ထိုဝိညာဏ်တို့၏ နောက်လိုက် ဖြစ်ရသည်။ ထိုကြောင့် မနောဓာတ်တို့မှာ အာရုံကို အထူးသိခြင်းဟူသော ဝိသေသဝိဇာနနကိစ္စ မရှိရကား မနောဟုသာ နာမည်ရသော ဓာတ်တစ်မျိုး ဖြစ်ရသည်။ (မူလဋီ၊၁၊၁၂၅-၁၂၆။)

၁၁။ သန္တီရဏ (= အဟိတ်ဝိပါက် မနောဝိညာဏဓာတ်)

၁၁။ သန္တီရဏ (= အဟိတ်ဝိပါက် မနောဝိညာဏဓာတ်)

၁။ အဟေတုကဝိပါကာ သဠာရမ္မဏဝိဇာနနလက္ခဏာ ဒုဝိဓာပိ သန္တီရဏာဒိကိစ္စာ မနောဝိညာဏဓာတု၊

၂။ သန္တီရဏာဒိရသာ၊

၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊

၄။ ဟဒယဝတ္ထုပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၀၅။ ဝိသုဒ္ဓိ၊၂၊၈၅။)

သောမနဿ ဥပေက္ခာအားဖြင့် နှစ်မျိုးပြားသော သန္တီရဏ စသော လုပ်ငန်းကိစ္စကို ရွက်ဆောင်သော အဟိတ်ဝိပါက် မနောဝိညာဏဓာတ်သည် ---

၁။ အာရုံ (၆)ပါးကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ အာရုံကို စူးစမ်းခြင်း စသော (ကိစ္စ) ရသ၊

၃။ အာရုံကို စူးစမ်းတတ်သော သဘောတရား စသည် ပစ္စုပဋ္ဌာန်၊

၄။ မှီရာ ဟဒယဝတ္ထုရုပ် ပဒဋ္ဌာန်။

အဟိတ်ကုသလဝိပါက် မနောဝိညာဏဓာတ်ကို ဓမ္မသင်္ဂဏီ ပါဠိတော်၌ ဘုရားရှင်သည် သောမနဿနှင့် ဥပေက္ခာ နှစ်မျိုးခွဲ၍ ဟောကြားထားတော်မူခဲ့၏။ ယင်း ပါဠိတော်နှင့်အညီ အထက်ပါ လက္ခဏ-ရသ စသည်၌ အဋ္ဌကထာက ဒုဝိဓာဟု နှစ်မျိုးခွဲ၍ ဖော်ပြထားခြင်း ဖြစ်၏။ အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ကား ယင်းစိတ် နှစ်မျိုးလုံး ကိုပင် အဟိတ်ကုသလဝိပါက် သောမနဿ သန္တီရဏ, အဟိတ်ကုသလဝိပါက် ဥပေက္ခာ သန္တီရဏဟု အမည် တပ်ထားပေသည်။ ယင်းအမည်မှာ အသိများသဖြင့် ယင်းအမည်သို့လိုက်၍ အထက်၌ သန္တီရဏစိတ်ဟု အမည် တပ်ထားပေသည်။ သန္တီရဏစိတ်ဟု အမည်တပ်ထားသော်လည်း ခေါ်ဝေါ် လွယ်ကူစေရန်အတွက်သာ ထိုကဲ့သို့ အမည်တစ်ခု တပ်ထားခြင်း ဖြစ်၏၊ သန္တီရဏ = စူးစမ်းသည့် အလုပ်တစ်ခုတည်းကိုသာ ပြုလုပ်သည်ဟူ၍ကား မယူဆစေလို။

အဟိတ်ကုသလဝိပါက် သောမနဿသဟဂုတ် မနောဝိညာဏဓာတ် = သောမနဿ သန္တီရဏစိတ်သည် ဣဋ္ဌာရုံ၌သာလျှင် ဧကန်ဖြစ်ခြင်း သဘောရှိသောကြောင့် သောမနဿဝေဒနာနှင့် အမြဲယှဉ်၍ ပဉ္စဒွါရဝီထိများ၌ သန္တီရဏကိစ္စနှင့် ဇော၏နောင် တဒါရုံကိစ္စ --- ဤ ကိစ္စ နှစ်မျိုးကို ဆောင်ရွက်သည်၊ သန္တီရဏဌာန တဒါရုံဌာန ဟူသော နှစ်ဌာန၌ ဖြစ်သည်။

အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် မနောဝိညာဏဓာတ်သည် = ဥပေက္ခာ သန္တီရဏသည် ဣဋ္ဌမဇ္ဈတ္တာရုံ၌ ဖြစ်ခြင်းသဘောရှိသောကြောင့် ဥပေက္ခာဝေဒနာနှင့် ယှဉ်သည်ဖြစ်၍ သန္တီရဏကိစ္စ တဒါရုံကိစ္စ ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စအားဖြင့် (၅)ကိစ္စ ပြုလုပ်ဆောင်ရွက်သဖြင့် သန္တီရဏဌာန, တဒါရုံဌာန, ပဋိသန္ဓေ ဌာန, ဘဝင်ဌာန, စုတိဌာနဟူသော (၅)ဌာန၌ ထိုက်သလို ဖြစ်သည်။

အဟိတ်အကုသလဝိပါက် မနောဝိညာဏဓာတ်လည်း တစ်မျိုး ရှိသေး၏။ ယင်းစိတ်ကို သင်္ဂြိုဟ်ကျမ်းက အကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ်ဟု အမည်တပ်ထားပေသည်။ ယင်းစိတ်သည်လည်း အပါယ်လေးဘုံ၌ ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စကို ဆောင်ရွက်၍ ပဝတ္တိအခါဝယ် ကာမ (၁၁)ဘုံ၌ အနိဋ္ဌာရုံနှင့် တွေ့ကြုံခိုက် သန္တီရဏကိစ္စ တဒါရုံကိစ္စတို့ကို ထိုက်သလို ဆောင်ရွက်သည်။

ယင်းကုသလဝိပါက် အကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ်တို့၏ ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စကို ရွက်ဆောင်ခိုက် လက္ခဏ-ရသ ရှုကွက်ကို အထက်တွင် ရေးသားခဲ့သည့် ပဋိသန္ဓေဘဝင်တို့ကို နည်းမှီး၍ ရှုပါ။ယင်းသန္တီရဏစိတ် သုံးမျိုးတို့၏ သန္တီရဏကိစ္စ တဒါရုံကိစ္စကို ရွက်ဆောင်ခိုက်၌ လက္ခဏ-ရသ စသည့် ရှုကွက်ကို ဤအပိုင်းတွင် တင်ပြမည် ဖြစ်သည်။ ရှေးဦးစွာ သန္တီရဏကိစ္စကို ရွက်ဆောင်ခိုက် လက္ခဏ-ရသ စသည့် ရှုကွက်ကို ထပ်မံ၍ တင်ပြပါသည်။ အထက်တွင် သန္တီရဏစိတ် အမျိုးအစားချင်း တူညီ၍ အာရုံ (၆)ပါးကို အာရုံပြုသော သန္တီရဏစိတ်အားလုံးကို စုပေါင်း၍ အဋ္ဌကထာက ဖော်ပြသွားခြင်း ဖြစ်၏။ လက်တွေ့ရှုရာ၌ကား ကုသလဝိပါက် သန္တီရဏက ဣဋ္ဌာရုံကို အာရုံပြု၏၊ အကုသလဝိပါက် သန္တီရဏက အနိဋ္ဌာရုံကို အာရုံပြု၏။ သန္တီရဏစိတ် တစ်ခုတည်းကလည်း စိတ္တက္ခဏတစ်ခု အတွင်းဝယ် ဣဋ္ဌ အနိဋ္ဌ စသည်ပြားသော အာရုံ (၆)ပါးလုံးကို တစ်ပြိုင် နက်တည်း အာရုံမပြုနိုင် ဖြစ်ခဲ့၏၊ ထိုကြောင့် အာရုံအလိုက် တစ်ခုစီ ခွဲ၍ ရှုရမည် ဖြစ်သည်။ ခွဲရှုပုံကို ရူပါရုံကို ပုံစံထား၍ ဖော်ပြပေအံ့။

အဟေတုကဝိပါကာ သန္တီရဏကိစ္စာ မနောဝိညာဏဓာတု ---

၁။ ရူပါရမ္မဏဝိဇာနနလက္ခဏာ၊

၂။ သန္တီရဏရသာ၊

၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊

၄။ ဟဒယဝတ္ထုပဒဋ္ဌာနာ။

အဟိတ်ဝိပါက် သန္တီရဏကိစ္စကို ရွက်ဆောင်သော မနောဝိညာဏဓာတ်သည် ---

၁။ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ရူပါရုံကို စူးစမ်းဆင်ခြင်ခြင်း (ကိစ္စ) ရသ၊

၃။ ရူပါရုံကို စူးစမ်းဆင်ခြင်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိ၏ မှီ၍ ဖြစ်ရာ ဟဒယဝတ္ထု ပဒဋ္ဌာန်။

သဒ္ဒါရုံ စသည်ကို အာရုံပြုသော သန္တီရဏစိတ် စသည်ကိုလည်း နည်းမှီ၍ ရှုပါ။ ဤ သန္တီရဏစိတ် (၃) မျိုးသည် သန္တီရဏကိစ္စတပ်ခိုက် ရူပါရုံမှ ဖောဋ္ဌဗ္ဗာရုံတိုင်အောင်သော အာရုံ (၅)ပါးကို ထိုက်သလို အာရုံပြု၏။ တဒါရုံ ကိစ္စတပ်ခိုက်၌ကား အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၏။ ဤသန္တီရဏစိတ်၌ သောမနဿဖြစ်လျှင် ပီတိယှဉ်၍ စိတ်စေတသိက် (၁၂)လုံး ရှိ၏။ ဥပေက္ခာဖြစ်လျှင် ပီတိမယှဉ်၍ စိတ်စေတသိက် (၁၁)လုံး ရှိ၏။ ယင်းနာမ်တရားစုမှ အသိစိတ်ကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည့် ရှုကွက်ကို ရှုပါ။ တဒါရုံကိစ္စကို ရွက်ဆောင်ခိုက် လက္ခဏ-ရသ စသည့် ရှုကွက်ကို တဒါရုံပိုင်း၌ တင်ပြပါမည်။ ဤတွင် ဝီထိစိတ်အစဉ်အတိုင်း သန္တီရဏနောင်၌ ဆက်လက်၍ဖြစ်သော ဝုဋ္ဌောစိတ်၏ လက္ခဏ-ရသ စသည်ကို ဆက်လက် တင်ပြအပ်ပါသည်။

၁၂။ ဝုဋ္ဌော (= သာဓာရဏာ ကိရိယ မနောဝိညာဏဓာတ်)

၁၂။ ဝုဋ္ဌော (= သာဓာရဏာ ကိရိယ မနောဝိညာဏဓာတ်)

၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု သဠာရမ္မဏဝိဇာနနလက္ခဏာ၊

၂။ ကိစ္စဝသေန ပဉ္စဒွါရမနောဒွါရေသု ဝေါဋ္ဌဗ္ဗနာဝဇ္ဇနရသာ၊

၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊

၄။ အဟေတုကဝိပါက မနောဝိညာဏဓာတု ဘဝင်္ဂါနံ အညတရာပဂမပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၈၇။)

ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယာ မနောဝိညာဏဓာတ်သည် ---

၁။ အာရုံ (၆)ပါးကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ပဉ္စဒွါရ၌ အာရုံကို ဆုံးဖြတ်ခြင်း

မနောဒွါရ၌ အာရုံကို ဆင်ခြင်ခြင်း (ကိစ္စ) ရသ၊

၃။ ပဉ္စဒွါရ၌ အာရုံကို ဆုံးဖြတ်တတ်သော သဘောတရား

မနောဒွါရ၌ အာရုံကို ဆင်ခြင်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ပဉ္စဒွါရ၌ အဟိတ်ဝိပါက် မနောဝိညာဏဓာတ် = သန္တီရဏစိတ်၏ ချုပ်ပျက်ခြင်း,

မနောဒွါရ၌ ဘဝင်၏ ချုပ်ပျက်ခြင်း ပဒဋ္ဌာန်။

အဟိတ်ကိရိယာစိတ်သည် (၃)မျိုး ရှိ၏။ ---

၁။ ကိရိယ မနောဓာတ်ဟူသော ပဉ္စဒွါရာဝဇ္ဇန်း,

၂။ ပုထုဇန်, သေက္ခ, အသေက္ခ အားလုံးနှင့်ဆက်ဆံသော ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယ မနောဝိညာဏဓာတ်ဟူသော မနောဒွါရာဝဇ္ဇန်း,

၃။ ပုထုဇန်, သေက္ခတို့နှင့် မဆက်ဆံသော အသေက္ခ ရဟန္တာအရှင်မြတ်တို့နှင့်သာ ဆက်ဆံသော သောမနဿသဟဂုတ် အဟိတ်ကိရိယ မနောဝိညာဏဓာတ်ဟူသော ဟသိတုပ္ပါဒ် ---

ဤသို့လျှင် အဟိတ်ကိရိယာစိတ် (၃)မျိုး ရှိ၏။ ထိုတွင် ပဉ္စဒွါရာဝဇ္ဇန်း = မနောဓာတ်၏ လက္ခဏ-ရသ စသည်ကို ရှေး၌ ရေးခဲ့ပြီ။ မနောဒွါရာဝဇ္ဇန်း၏ လက္ခဏ-ရသ စသည်ကို ယခု တင်ပြနေခြင်း ဖြစ်၏။ မနောဒွါရာဝဇ္ဇန်းကား ပဉ္စဒွါရ၌ ဝုဋ္ဌောကိစ္စ, မနောဒွါရ၌ အာဝဇ္ဇန်းကိစ္စကို ပြုလုပ်ဆောင်ရွက်သဖြင့် ယင်းစိတ်ကို (၂)ကိစ္စ, (၂)ဌာနတွဲ၍ အဋ္ဌကထာဆရာတော်က ရေးသား တင်ပြထား၏။ သို့သော် လက္ခဏ-ရသ စသည်ကို လက်တွေ့ ရှုလိုသော ယောဂါဝစရပုဂ္ဂိုလ်သည်ကား ပဉ္စဒွါရ၌ ဝုဋ္ဌောကိစ္စကို ဆောင်ရွက်သော စိတ်ကို သတ်သတ်ရှု၍ မနောဒွါရ၌ အာဝဇ္ဇန်းကိစ္စကို ဆောင်ရွက်သော စိတ်ကို သတ်သတ်ခွဲ၍ ရှုပါ။ စိတ္တက္ခဏချင်းလည်း မတူသော ကြောင့်လည်းကောင်း, အာရုံမှာ တူညီမှု ရှိသည့်အခါ ရှိနိုင်၍ ကွဲပြားမှု ရှိသည့်အခါလည်း ရှိနိုင်သောကြောင့် လည်းကောင်း ခွဲရှုပါမှသာလျှင် အသိဉာဏ် သန့်ရှင်းနိုင်မည်။ တစ်ဖန် ဝုဋ္ဌောစိတ် တစ်ခုတည်းက စိတ္တက္ခဏ တစ်ခုအတွင်း၌ ရူပါရုံစသည့် အာရုံ (၅)မျိုးလုံးကို ပြိုင်တူ မသိနိုင်ပေ။ ထိုကြောင့် ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ် လာသော ဝုဋ္ဌောစိတ်ကို ပုံစံတစ်ခုအဖြစ် ထပ်မံ၍ ရေးသား တင်ပြအပ်ပါသည်။ သဒ္ဒါရုံ စသည်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝုဋ္ဌော စသည်၌လည်း နည်းမှီး၍ ရှုပါလေ။

၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု ရူပါရမ္မဏဝိဇာနနလက္ခဏာ၊

၂။ ဝေါဋ္ဌဗ္ဗနရသာ၊

၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊

၄။ အဟေတုကဝိပါကမနောဝိညာဏဓာတူနံ အညတရာပဂမပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၈၇။)

ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယ မနောဝိညာဏဓာတ် = ဝုဋ္ဌောသည် ---

၁။ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ရူပါရုံကို (ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့်) ဆုံးဖြတ်ခြင်း (ကိစ္စ) ရသ၊

၃။ သန္တီရဏ ယူထားသည့် အာရုံကိုပင် (ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့်)

ဆုံးဖြတ်သကဲ့သို့ဖြစ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ အဟိတ်ဝိပါက် မနောဝိညာဏဓာတ် = သန္တီရဏစိတ်တို့တွင် တစ်မျိုးမျိုး၏

ကင်းချုပ်ခြင်း = ချုပ်ပျက်ခြင်း ပဒဋ္ဌာန်။

ဝေါဋ္ဌဗ္ဗနာဝဇ္ဇနရသာတိ ပဉ္စဒွါရေ သန္တီရဏေန ဂဟိတာရမ္မဏံ ဝဝတ္ထပေန္တီ ဝိယ ပဝတ္တနတော ဝေါဋ္ဌဗ္ဗနရသာ၊ မနောဒွါရေ ပန ဝုတ္တနယေန အာဝဇ္ဇနရသာ။ (မဟာဋီ၊၂၊၁၂၉-၁၃၀။)

သန္တီရဏစိတ်က စူးစမ်းထားသည့် ယူထားသည့် အာရုံကိုပင် ဣဋ္ဌဖြစ်သည် သို့မဟုတ် အနိဋ္ဌဖြစ်သည် စသည်ဖြင့် မှတ်တတ် ဆုံးဖြတ်တတ်သကဲ့သို့ ဖြစ်သောကြောင့် ဆုံးဖြတ်ခြင်း ကိစ္စ-ရသ ရှိ၏ဟု ဆိုခြင်းဖြစ်သည်။ စက္ခုဒွါရဝီထိစသည့် ပဉ္စဒွါရဝီထိ နာမ်တရားစုတို့သည် ရူပါရုံစသည့် ဆိုင်ရာပဉ္စာရုံတို့နှင့် ရှေးရှူရင်ဆိုင် ကျရောက် ခြင်း သဘောမျှသာ ဖြစ်၏။ အာရုံကို ပိုင်ပိုင်နိုင်နိုင် သိနိုင်ကြသည်လည်း မဟုတ်သေးပေ။ အာရုံ၏ အရသာကို ပိုင်ပိုင်နိုင်နိုင် (မနောဒွါရဝီထိများကဲ့သို့) ခံစားနိုင်ကြသည်လည်း မဟုတ်သေးပေ။ ထိုကြောင့် ပဉ္စဒွါရဝီထိ၌ အကျုံးဝင်သော ဝုဋ္ဌောသည်လည်း အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချခြင်းငှာလည်း မစွမ်းနိုင်သေးပေ။ စက္ခုဝိညာဏ်သည် အရောင်မျှကိုသာ သိသကဲ့သို့ အရောင်မျှကိုသာ အာရုံပြုနိုင်သေးသကဲ့သို့ ဝုဋ္ဌောသည်လည်း အရောင်မျှကိုသာ သိသေးသော အရောင်မျှကိုသာ အာရုံပြုနိုင် နှလုံးသွင်းနိုင်သေးသော အဆင့်တွင်သာ ရှိသေး၏။ ထိုကြောင့် ဝုဋ္ဌောသည် ထင်လာသော အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် တကယ်တမ်း ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် မချနိုင်သေးသည့်အတွက် --- ဝဝတ္ထပေန္တီ ဝိယ ပဝတ္တနတော = သန္တီရဏက စူးစမ်း ထားသည့် ယူထားသည့် အာရုံကိုပင် ဣဋ္ဌဖြစ်သည် သို့မဟုတ် အနိဋ္ဌဖြစ်သည် စသည်ဖြင့် မှတ်တတ် ဆုံးဖြတ်တတ် သကဲ့သို့ဖြစ်သည် --- ဟု မဟာဋီကာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်ပေသည်။ သို့သော် ဤအရာဌာန ကား ပညာရှိသူတော်ကောင်းများသည် ပညာဉာဏ်ဖြင့် စူးစမ်းဆင်ခြင်၍ ယူသင့်သော အရာမျိုးသာ ဖြစ်ပေသည်။

ထပ်ဆင့်မေးခွန်းတစ်ခု

ထပ်ဆင့်မေးခွန်းတစ်ခု

ဤအရာ၌ အချို့ သူတော်ကောင်းများက ထပ်ဆင့်၍ မေးကြပြန်၏။ ဝုဋ္ဌော၌ ယှဉ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရားစုမှာ ဝီရိယ အဝင်အပါ (၁၂)လုံး ရှိ၏၊ ထိုတွင် အာရုံကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်ရာ၌ ဝုဋ္ဌောစိတ်က ဆုံးဖြတ်လေသလော၊ သမ္ပယုတ်တရားဖြစ်သည့် အဓိမောက္ခ စေတသိက်ကပင် ဆုံးဖြတ်လေသလောဟု မေးကြပြန်၏။

စတုဘူမကစိတ္တဥှိ နော ဝိဇာနနလက္ခဏံ နာမ နတ္ထိ၊ သဗ္ဗံ ဝိဇာနနလက္ခဏမေဝ။ (အဘိ၊ဋ္ဌ၊၁၊၁၅၅။)

ကာမ-ရူပ-အရူပ-လောကုတ္တရာဟူသော ဘုံ (၄)ပါး အတွင်း၌ ရှိသော စိတ်ဟူသမျှသည် အာရုံကိုသိခြင်း ဝိဇာနနလက္ခဏာ မရှိသော စိတ်မည်သည် မရှိ၊ စိတ်အားလုံးသည် အာရုံကိုသိခြင်း ဝိဇာနနလက္ခဏာ ရှိသည် ချည်းသာ ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၁၅၅။)

ဝုဋ္ဌောစိတ်ကား ရူပါရုံစသည့် အာရုံကို သိခြင်း = ရယူခြင်း သဘောလက္ခဏာသာ ရှိ၏။ ဝုဋ္ဌောနှင့်ယှဉ်သော အဓိမောက္ခ စေတသိက်ကား အာရုံကို ဆုံးဖြတ်ချက်ချခြင်း သန္နိဋ္ဌာနလက္ခဏာ ရှိ၏။

အထက်ပါ မဟာဋီကာက ဖွင့်ဆိုထားတော်မူသည့်အတိုင်း ဝုဋ္ဌောစိတ်က သန္တီရဏ ယူထားသည့် အာရုံ ကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့် တကယ်တမ်း ဆုံးဖြတ်ချက်ချသည်ကား မဟုတ်ပေ။ ပိုင်းခြားမှတ်တတ် ဆုံးဖြတ်သကဲ့သို့သာ ဖြစ်ခြင်း ဖြစ်သည်။ ဝုဋ္ဌောစိတ်၏ သဘာဝလက္ခဏာမှာ အာရုံကို သိခြင်း = အာရုံကို ရယူ ခြင်း သဘောလက္ခဏာမျှသာ ဖြစ်သည်။ အဓိမောက္ခစေတသိက်ကသာလျှင် အာရုံကို သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက် ချ၏။ သို့သော် ဝုဋ္ဌောစိတ်မပါဘဲ ယင်းအဓိမောက္ခစေတသိက်ချည်းသက်သက် ဖြစ်နိုင်သည်ကား မဟုတ်။ အသိစိတ်တို့သည် --- ပုဗ္ဗင်္ဂမရသံ --- ဟူသည်နှင့်အညီ ယှဉ်ဖက်စေတသိက်များ၏ အာရုံကို ရယူမှု၌ ပဓာန အချုပ်ပြဓာန်းသော အလုပ်ကိစ္စကို ပြုလုပ်ကြသဖြင့် ဤ၌လည်း ဝုဋ္ဌောစိတ်သည် ရူပါရုံစသည့် အာရုံကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့် သိမှု၌, ယှဉ်ဖက်စေတသိက်တရားတို့၏လည်း ဣဋ္ဌအခြင်းအရာ သို့မဟုတ် အနိဋ္ဌ အခြင်းအရာအားဖြင့် ထိုအာရုံကို အာရုံယူမှု၌ ပဓာန အချုပ်ခေါင်းဆောင်ပင် ဖြစ်ရကား သဟစရဏနည်းအားဖြင့် ဝုဋ္ဌောစိတ်က ဣဋ္ဌ သို့မဟုတ် အနိဋ္ဌစသည်ဖြင့် ဆုံးဖြတ်သည်ဟု ဆိုထားခြင်းပင် ဖြစ်သည်။ တကယ်တမ်း အာရုံကို ဆုံးဖြတ်ချက်ချခြင်းသည် သန္နိဋ္ဌာနလက္ခဏာရှိသော အဓိမောက္ခစေတသိက်၏ အရာသာဖြစ်သည်။ အဓိမောက္ခစေတသိက်၏ လုပ်ငန်းကိစ္စ၌ ဝုဋ္ဌောစိတ်က ဦးဆောင်လျက်ရှိ၍ ဝုဋ္ဌောစိတ်က ဆုံးဖြတ်သည်ဟု ဆိုထားခြင်း ဖြစ်သည်။

သို့သော် အထက်တွင် ဆိုခဲ့သည့်အတိုင်း ဝုဋ္ဌောနှင့် ယှဉ်ဖက် အဓိမောက္ခစေတသိက် နှစ်မျိုးလုံးတို့သည်ပင် မဟာဋီကာဆရာတော် ဖွင့်ဆိုထားတော်မူသည့်အတိုင်း အာရုံကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့် တကယ်တမ်း ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချနိုင်သည်ကား မဟုတ်သေးပေ။ ဆုံးဖြတ်သကဲ့သို့သာ ဖြစ်နိုင်သေးသည်ဟု မှတ်ပါ။ အာရုံကို တကယ်တမ်း ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချနိုင်သည့် စွမ်းအားမှာ အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု ကြသည့် မနောဒွါရိကဇောဝီထိ နာမ်တရားစုတို့၌ အကျုံးဝင်သော အဓိမောက္ခစေတသိက်၏ အရာသာ ဖြစ်ပေသည်။

ရှုကွက် --- ဝုဋ္ဌော၌ နာမ်တရား (၁၂)လုံး ရှိသဖြင့် ယင်းတရားစုတို့မှ အသိစိတ်ကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည်ကို ရှုပါ။

၁၃။ ဇော - ကုသိုလ်ဇော

၁၃။ ဇော - ကုသိုလ်ဇော

၁။ အနဝဇ္ဇသုခဝိပါကလက္ခဏံ ကုသလံ၊

၂။ အကုသလဝိဒ္ဓံသနရသံ၊

၃။ ဝေါဒါနပစ္စုပဋ္ဌာနံ၊

၄။ ယောနိသောမနသိကာရပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

၁။ အဝဇ္ဇပဋိပက္ခတ္တာ ဝါ အနဝဇ္ဇလက္ခဏမေဝ ကုသလံ၊

၂။ ဝေါဒါနဘာဝရသံ၊

၃။ ဣဋ္ဌဝိပါကပစ္စုပဋ္ဌာနံ၊

၄။ ယောနိသောမနသိကာရပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

၁။ အပြစ်မရှိခြင်း ကောင်းသောအကျိုးကို ပေးခြင်းသဘော လက္ခဏ၊

၂။ အကုသိုလ်ကို ဖျက်ဆီးခြင်း (ကိစ္စ) ရသ၊

၃။ ဖြူစင်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

၄။ ယောနိသောမနသိကာရ ပဒဋ္ဌာန်။

တစ်နည်း သာဝဇ္ဇ = အပြစ်နှင့်တကွ ဖြစ်သော အကုသိုလ်၏ ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ---

၁။ အပြစ်မရှိခြင်းသာလျှင် ဖြစ်သောသဘော လက္ခဏ၊

၂။ ဖြူစင်ခြင်း (သမ္ပတ္တိ) ရသ၊

၃။ ကောင်းမြတ်သော ဣဋ္ဌဝိပါက အကျိုးတရားရှိမှု (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ ယောနိသောမနသိကာရ ပဒဋ္ဌာန်။

ကုသိုလ်ဟူသည်

ကုသိုလ်ဟူသည်

ယုတ်မာကုန်သော အကုသိုလ်တရားတို့ကို လှုပ်ရှားစေတတ် ဖျက်ဆီးတတ်ကုန်သည်၏ အဖြစ်ကြောင့် ကုသိုလ်မည်ကုန်၏။ (ကုသိုလ်စိတ်နှင့်တကွသော ယှဉ်ဖက်သမ္ပယုတ်တရား အားလုံးကို ရည်ညွှန်းထားသည်။) ယင်းကုသိုလ် နာမ်တရားစုတို့သည် စက်ဆုပ်အပ်ကုန်သော ယုတ်မာကုန်သော အကုသိုလ်တရားတို့ကို တဒင်္ဂပဟာန်ဖြင့်လည်း လှုပ်ရှားစေတတ်ကုန်၏၊ ဝိက္ခမ္ဘနပဟာန်ဖြင့်လည်း လှုပ်ရှားစေတတ်ကုန်၏၊ သမုစ္ဆေဒပဟာန် ဖြင့်လည်း အကြွင်းမဲ့ ဖျက်ဆီးတတ်ကုန်၏။ ထိုသို့ စက်ဆုပ်ဖွယ် အကုသိုလ်တရားတို့ကို ပဟာန် (၃)ပါးတို့ဖြင့် လှုပ်ရှားစေတတ် ဖျက်ဆီးတတ်ကုန်သည်၏ အဖြစ်ကြောင့် ထိုနာမ်တရားစုတို့သည် ကုသိုလ်တရားတို့ မည်ကုန်၏။ (အဘိ၊ဋ္ဌ၊၁၊၈၁။)

တစ်နည်း --- အကုသိုလ်တရားတို့သည် စက်ဆုပ်ဖွယ်ကောင်းသော ရွံရှာဖွယ်ကောင်းသော အခြင်းအရာ အားဖြင့် သတ္တဝါတို့၏ သန္တာန်၌ ကိန်းဝပ်တတ် ဖြစ်တတ်ကုန်သည်၏ အဖြစ်ကြောင့် ကုသတို့ မည်ကုန်၏။အကြင် နာမ်တရားစုတို့သည်ကား စက်ဆုပ်ဖွယ် ရွံရှာဖွယ်ကောင်းသော အခြင်းအရာအားဖြင့် သတ္တဝါတို့၏ သန္တာန်၌ ကိန်းဝပ်တည်နေကြကုန်သော ကုသမည်သော အကုသိုလ်တရားတို့ကို ဖြတ်တောက်ပစ်တတ်ကြကုန်၏၊ ထိုကြောင့် ထိုနာမ်တရားစုတို့သည် ကုသိုလ်တို့ မည်ကုန်၏။ အကုသိုလ်တရားတို့သည် ရာဂ ဒေါသ မောဟ မာန်မာန စသော မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် တရားဆိုးတို့နှင့် ယှဉ်ကုန်သောကြောင့်လည်းကောင်း, အပါယ် သံသရာဝဋ်ဆင်းရဲ အစရှိသော ဆင်းရဲဒုက္ခ အမျိုးမျိုး၏ အကြောင်းဖြစ်သောကြောင့်လည်းကောင်း ရွံရှာစက်ဆုပ်ဖွယ် တရားတို့ ဖြစ်ကြ၏။ ထို ရွံရှာစက်ဆုပ်ဖွယ် အကုသိုလ်တရားတို့ကို ဖြတ်တတ်ကုန်၏ ဟူသည် တဒင်္ဂပဟာန် ဝိက္ခမ္ဘနပဟာန် သမုစ္ဆေဒပဟာန်တို့ဖြင့် ထိုက်သည့်အားလျော်စွာ ပယ်သတ်ခြင်းတည်း။ ဝိပဿနာဉာဏ် ပြဓာန်းသော မဟာကုသိုလ်သည် တဒင်္ဂအားဖြင့်, မဟဂ္ဂုတ်ကုသိုလ်သည် ဝိက္ခမ္ဘနအားဖြင့်, လောကုတ္တရာ မဂ်ကုသိုလ်သည် သမုစ္ဆေဒအားဖြင့် ရွံရှာစက်ဆုပ်ဖွယ် အကုသိုလ်တရားတို့ကို ပယ်ရှားနိုင်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၈၁။)

တစ်နည်း စက်ဆုပ်အပ်ကုန်သော အကုသိုလ်တရားတို့ကို တဒင်္ဂပဟာန် ဝိက္ခမ္ဘနပဟာန်ဖြင့် နည်းပါးအောင် ပြုတတ်သည်၏ အဖြစ်ကြောင့်, သမုစ္ဆေဒပဟာန်ဖြင့် အဆုံးကို ပြုတတ်သည်၏ အဖြစ်ကြောင့် ဉာဏ်သည် ကုသ မည်၏။ ဝိပဿနာ မဟာကုသိုလ်နှင့် ယှဉ်သော ဉာဏ်သည် ရွံရှာစက်ဆုပ်ဖွယ် အကုသိုလ်တရားတို့ကို တဒင်္ဂပဟာန်ဖြင့် နည်းပါးအောင် ခေါင်းပါးအောင် ပြုတတ်၏။ ရူပါဝစရစျာန်ကုသိုလ် အရူပါဝစရစျာန်ကုသိုလ်နှင့် ယှဉ်သောဉာဏ်သည် ရွံရှာစက်ဆုပ်ဖွယ် အကုသိုလ်တရားတို့ကို ဝိက္ခမ္ဘနပဟာန်အားဖြင့် ခပ်ကြာကြာ ခွာထား နိုင်၏၊ နည်းပါးအောင် ခေါင်းပါးအောင် ပြုနိုင်၏။ လောကုတ္တရာမဂ်ကုသိုလ်နှင့် ယှဉ်သော အရိယမဂ်ဉာဏ်သည် ရွံရှာစက်ဆုပ်ဖွယ် အကုသိုလ်တရားတို့ကို အကြွင်းမဲ့ပယ်သတ်ခြင်း သမုစ္ဆေဒပဟာန်ဖြင့် အဆုံးကို ပြုတတ်၏။ ထိုကြောင့် ယင်းဉာဏ် အသီးအသီးသည် ကုသ မည်၏။ ကုသမည်သော ဉာဏ်သည် ရယူထိုက်ကုန်သည်၏ အဖြစ်ကြောင့် ဖြစ်စေထိုက်ကုန်သည်၏ အဖြစ်ကြောင့် ထိုနာမ်တရားစုတို့သည် ကုသိုလ်တို့ မည်ကုန်၏။ ဤ၌ ဖြစ်စေဟူသည်လည်း ဉာဏ်က ဉာဏသမ္ပယုတ် ကုသိုလ်တရားတို့ကို သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေးခြင်း ဖြစ်စေခြင်း, ဉာဏဝိပ္ပယုတ် ကုသိုလ်တရားတို့ကို ပကတူပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးခြင်း ဖြစ်စေခြင်းတည်း။ (အဘိ၊ဋ္ဌ၊၁၊၈၁။)

တစ်နည်း --- သမန်းမြက်တို့ကို လက်ဖြင့် ဆုပ်ကိုင်လိုက်သောအခါ ယင်းသမန်းမြက်တို့သည် ဆုပ်ထားသော လက်၏ အတွင်းဘေး (၂)ဘက်၌ တည်သော လက်၏ အစိတ်အပိုင်းအရပ်ကို ဖြတ်တတ်ကုန်သကဲ့သို့ ရှတတ် ကုန်သကဲ့သို့ ဤဥပမာအတူပင် --- ဤကုသိုလ်တရားတို့သည်လည်း ဖြစ်ပြီးသော ကိလေသာ, မဖြစ်သေးသော ကိလေသာတို့၏ အဖြစ်ဖြင့် နှစ်ဘက်သော အဖို့၌ ဖြစ်သော ကိလေသာ အသင်းအပင်းကို သမန်းမြက်တို့ကဲ့သို့ ဖြတ်တတ်ကုန်သည်၏ အဖြစ်ကြောင့်လည်း ကုသိုလ်တို့ မည်ကုန်၏။

၁။ အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊

၂။ ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။ (မ၊၁၊၈၉။)

၁။ မဖြစ်ကုန်သေးသော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့၏ မဖြစ်ခြင်းငှာ ဆန္ဒကို ဖြစ်စေ၏၊ ကြိုးစား အားထုတ်၏၊ ဝီရိယကို ဖြစ်စေ၏၊ စိတ်ကို ချီးမြှောက်၏၊ လုံ့လ ကြိုးကုတ်၏။

၂။ ဖြစ်ပြီးကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို ပယ်ခြင်းငှာ ဆန္ဒကို ဖြစ်စေ၏၊ ကြိုးစား အားထုတ်၏၊ ဝီရိယကို ဖြစ်စေ၏၊ စိတ်ကို ချီးမြှောက်၏၊ လုံ့လ ကြိုးကုတ်၏။ (မ၊၁၊၈၉။)

သမ္မပ္ပဓာန် (၄)ပါးတို့တွင် ဤသမ္မပ္ပဓာန် (၂)ပါးကို သတိပြုပါ။ ထိုသမ္မပ္ပဓာန်၌ သမ္မာဝါယာမမဂ္ဂင် အဆင့်သို့ ရောက်ရှိလာသော ဝီရိယသည် ဖြစ်ပြီးသော အကုသိုလ်ကိုပယ်ခြင်း, မဖြစ်သေးသော အကုသိုလ်ကို မဖြစ်စေခြင်း အားဖြင့် ကိစ္စ နှစ်ပါးကို ရွက်ဆောင်သကဲ့သို့ ကုသိုလ်တရားတို့သည်လည်း ဖြစ်ပြီးသောကိလေသာ မဖြစ်သေးသော ကိလေသာတို့၏ အဖြစ်ဖြင့် နှစ်ဘက်သော အဖို့၌ ဖြစ်သော ကိလေသာ အသင်းအပင်းကို ဖြတ်တတ်ကုန်၏။ (အဘိ၊ဋ္ဌ၊၁၊၈၁။)

တစ်နည်း အဖွင့်များ

တစ်နည်း အဖွင့်များ

အပိစ အာရောဂျဋ္ဌေန, အနဝဇ္ဇဋ္ဌေန, ကောသလ္လသမ္ဘူတဋ္ဌေန စ ကုသလံ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

အာရောဂျဋ္ဌ --- အရောဂဿ ဘာဝေါ အာရောဂျံ --- ဟူသည်နှင့်အညီ အနာရောဂါကင်း၍ ကျန်းမာခြင်း ဂုဏ်ကို --- အာရောဂျဟု ခေါ်၏။ အရောဂ၌ ရောဂါဟူသည် (၁) အာတုရတာ = ကျင်နာခြင်းဟူသော ညောင်းညာကိုက်ခဲခြင်း = သွားကိုက်ခြင်း, နားကိုက်ခြင်း, ခါးကိုက် ခါးနာခြင်း စသည်တည်း။ (၂) ဂေလည = မကျန်းမမာ ဖျားနာခြင်း = ငှက်ဖျား အပူဖျား ပုလိပ်ဖျား စသော အဖျားရောဂါများတည်း။ (၃) ဗျာဓိ = အနာ ဖြစ်ခြင်း ဤ (၃)မျိုးလုံးနှင့် ဆိုင်၏။ ထိုကြောင့် အာရောဂျ၏ သရုပ်ကိုပြရာ၌ --- အနာတုရတာယ, အဂေလညေန, နိဗျာဓိတာယ --- ဟု ထို (၃)မျိုးလုံး၏ မရှိခြင်းကို ပြသည်။

ကစ္စိ နု ဘောတော ကုသလံ (ခု၊၅၊၃၂၇။ ခု၊၆၊၇၇။) = အရှင်အား ကျန်းမာခြင်းဂုဏ်သည် ထင်ရှားရှိပါ ၏လော (= ကျန်းမာပါ၏လော) --- ဟူသော မဟာဟံသဇာတ် ပါဠိတော်၌ ရူပကာယ ခန္ဓာကိုယ်၌ ကျင်နာခြင်း မရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, အဖျားမရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, အနာမရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း ထို (၃)မျိုးသော ရောဂါမရှိသည်၏ အဖြစ်ဟူသော အနက်ကြောင့် ကုသလသဒ္ဒါကို ဟောတော်မူအပ်သကဲ့သို့ အလားတူပင် နာမ်တရား၌လည်း ကိလေသာတည်းဟူသော ထိုးကျင့် နာကျင် ကိုက်ခဲခြင်းရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, ကိလေသာတည်းဟူသော မကျန်းမာသူ၏ အဖြစ်၏လည်းကောင်း, ကိလေသာတည်းဟူသော အနာ၏လည်းကောင်း မရှိသည့်အတွက် ထို (၃)မျိုးသော ရောဂါမရှိသည်၏ အဖြစ် ဟူသော အနက်ကြောင့် ကုသလဟူ၍ သိရှိပါလေ။ ဤအလို ကုသိုလ်ဟူသည် ကိလေသာတည်းဟူသော ထိုးကျင့် ဖျားနာရောဂါ မရှိသောတရား ဟူလိုသည်။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

အနဝဇ္ဇဋ္ဌ --- ကိလေသာတည်းဟူသော အပြစ်, ကိလေသာတည်းဟူသော အညစ်အကြေး ဒေါသ, ကိလေသာတည်းဟူသော ပူပန်မှု ပူလောင်မှု၏ မရှိခြင်းကြောင့် = မရှိသည့်အတွက် ကုသိုလ်တရားစုတို့သည် အနဝဇ္ဇတရား အပြစ်မရှိသော တရားတို့ ဖြစ်ကြ၏။ ထိုသို့ အပြစ်မရှိသည်၏ အဖြစ်ဟူသော အနက်သဘော ကြောင့်လည်း ကုသိုလ် မည်၏။

ကောသလ္လဋ္ဌ --- ကုသလ သဒ္ဒါသည် ---

၁။ အာရောဂျ = ကျန်းမာခြင်း အနာကင်းခြင်း အနက်,

၂။ အနဝဇ္ဇ = အပြစ်မရှိခြင်း အနက်,

၃။ သုခဝိပါက = ကောင်းသော ချမ်းသာသော အကျိုးကိုပေးခြင်း အနက်,

၄။ ဆေက = လိမ္မာခြင်း အနက်တို့ကို ဟော၏။

ကုသလဿ ဘာဝေါ ကောသလ္လံ --- ဟု ပြုသောအခါ ယင်း ကောသလ္လ-သဒ္ဒါသည် အာရောဂျဂုဏ် အနဝဇ္ဇဂုဏ် သုခဝိပါကဂုဏ်တို့ကိုလည်း ဟောခွင့်ရှိ၏။ ဆေက = ကျွမ်းကျင်နားလည်သူ ဖြစ်ကြောင်းဖြစ်ရာ ဉာဏ်ပညာ အနက်ကိုလည်း ဟော၏။ ထိုကြောင့် --- ကောသလ္လံ ဝုစ္စတိ ပညာ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)ဟု အဋ္ဌ ကထာက ဖွင့်ဆိုထား၏။

ကျွမ်းကျင်နားလည်သူ ဖြစ်ကြောင်းဖြစ်ရာ ဉာဏ်ပညာကို ကောသလ္လဟူ၍ ဆို၏။ ကုသိုလ်နာမ်တရားစု တို့သည် ကောသလ္လ အမည်ရသော ဉာဏ်ပညာကြောင့် ကောင်းစွာ ဖြစ်ပေါ်လာကြရ၏။ ဉာဏ်ပညာကြောင့် ကောင်းစွာ ဖြစ်သည်၏ အဖြစ်ဟူသော အနက်ကြောင့် ယင်းနာမ်တရားစုသည် ကုသိုလ် မည်၏။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

ဧကဒေသူပစာရ --- ကုသိုလ်တရားအားလုံးတို့၏ ကောသလ္လဟူသော အမည်ကို ယင်း ကုသိုလ်တရား တို့တွင် အကျုံးဝင်သော အစိတ်ဖြစ်သော ပညာ၌ တင်စား၍ အစိတ်ဖြစ်သောပညာကို ကောသလ္လဟူ၍ ဖွင့်ဆို ထားသော ဧကဒေသူပစာရစကားဟု မှတ်ပါ။

ဉာဏသမ္ပယုတ် = ဉာဏ်နှင့်ယှဉ်သော ကုသိုလ်သည် ဤသို့လျှင် ကောသလ္လ အမည်ရသော ဉာဏ်ပညာ ကြောင့် ကောင်းစွာဖြစ်ပေါ်လာရသည်၏ အဖြစ်ဟူသော အနက်သဘောကြောင့် ကုသလမည်သည် ရှိပါစေဦးတော့၊ ဉာဏဝိပ္ပယုတ် = ဉာဏ်နှင့်မယှဉ်သော ကုသိုလ်သည် အဘယ်နည်းဖြင့် ကုသလမည်သည် ဖြစ်နိုင်ပါ သနည်း။ ဤကား အမေးတည်း။ (ဉာဏဝိပ္ပယုတ်ကုသိုလ်ကား ဉာဏ်မပါသော ကုသိုလ်မျိုး ဖြစ်သဖြင့် ဉာဏ် ကြောင့်ဖြစ်သည်ဟု မဆိုနိုင်သည့်အတွက် ထိုသို့မေးခြင်း ဖြစ်သည်။)

ဥပမာ --- တာလဝဏ္ဋဟူသော အမည်သည် ထန်းရွက်ယပ်ဝန်း၏ အမည်ဖြစ်သည်။ ထန်းရွက်တို့ဖြင့် မပြုလုပ်ဘဲ နှီး စသည်တို့ဖြင့် ပြုလုပ်ထားသော ယပ်ဝန်းကိုလည်း ထိုထန်းရွက်ယပ်ဝန်းနှင့် တူသည့်အတွက် တင်စား၍ --- တာလဝဏ္ဋ = ထန်းရွက်ယပ် --- ဟု ခေါ်ဆိုသကဲ့သို့ --- အလားတူပင် ဉာဏဝိပ္ပယုတ်ကုသိုလ် နာမ်တရားစုကိုလည်း ကုသိုလ်ဟူ၍သာလျှင် သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

မုချအားဖြင့် မှတ်ရန်

မုချအားဖြင့် မှတ်ရန်

ပရိယာယ်မဖက် မုချသက်သက်အားဖြင့်ကား ဉာဏသမ္ပယုတ် ကုသိုလ်သည် ---

၁။ အာရောဂျဋ္ဌ = အနာရောဂါကင်းခြင်းဟူသော အနက်,

၂။ အနဝဇ္ဇဋ္ဌ = အပြစ်မရှိခြင်းဟူသော အနက်,

၃။ ကောသလ္လသမ္ဘူတဋ္ဌ = ကောသလ္လ အမည်ရသော ဉာဏ်ပညာကြောင့် ဖြစ်ရခြင်းဟူသော အနက် ---

ဤ (၃)မျိုး အပြားရှိသော အနက်သဘောကြောင့် ကုသိုလ် မည်၏။ ဉာဏဝိပ္ပယုတ်ကုသိုလ်ကား ---

၁။ အာရောဂျဋ္ဌ = အနာရောဂါကင်းခြင်းဟူသော အနက်,

၂။ အနဝဇ္ဇဋ္ဌ = အပြစ်မရှိခြင်းဟူသော အနက် ---

ဤ (၂)မျိုးသော အနက်ကြောင့်သာလျှင် ကုသိုလ်ဟူသော အမည်ကို ရရှိပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၀၅၊၊)

အနဝဇ္ဇသုခဝိပါကလက္ခဏ --- ကုသိုလ်၏ လက္ခဏ-ရသ စသည်ကို ပြဆိုရာဝယ် အဋ္ဌကထာ၌ (၂)နည်း တင်ပြထား၏။ ပထမနည်း၌ ကုသိုလ်၏ လက္ခဏကို ပြဆိုရာဝယ် အနဝဇ္ဇဟူသော စကား, သုခဝိပါကဟူသော စကား --- ဤစကား နှစ်ပုဒ်တို့ဖြင့် သတ်မှတ်၍ ပြဆိုထား၏။

ဤကုသိုလ်တရားတို့ဝယ် ပြောဆို ကဲ့ရဲ့ထိုက်သော အပြစ်အနာအဆာ မရှိသောကြောင့် ဤကုသိုလ်တရား တို့သည် အနဝဇ္ဇ မည်၏။ ကဲ့ရဲ့ထိုက်သည်၏အဖြစ်ဟူသော အပြစ်မှကင်းကုန်သော တရား, ကိလေသာ အပြစ် အနာအဆာ မရှိကုန်သော တရားတို့ဟု ဆိုလို၏။

ထိုအနဝဇ္ဇဟူသော ပုဒ်ဖြင့် ထိုကုသိုလ်တရားတို့၏ မကဲ့ရဲ့ထိုက်ကုန်သည်၏ အဖြစ်ကို ညွှန်ပြ၏။ ကဲ့ရဲ့ဖွယ် အပြစ်၏ ကင်းခြင်းမျှကို ညွှန်ပြသည်ကား မဟုတ်။ ကုသိုလ်မှ အခြားတစ်ပါးလည်း ဖြစ်ကုန်သော ကိလေသာ အပြစ်အနာအဆာ မရှိကြကုန်သော ဝိပါက်အဗျာကတတရား, ကိရိယအဗျာကတတရားတို့သည်လည်း ရှိကြကုန်သေးသည်သာတည်း။ ထိုကြောင့် အနဝဇ္ဇ-ဟူသော စကားမျှဖြင့် ကုသိုလ်တရားတို့သည် အနဝဇ္ဇလက္ခဏာ ရှိကုန်၏ဟု ဤမျှသာ ဆိုလိုက်လျှင် အဗျာကတတရားတို့သည်လည်း ကိလေသာအပြစ် မရှိသောကြောင့် အနဝဇ္ဇ ပင်ဖြစ်ရကား ထိုအဗျာကတတရားတို့သည်လည်း ကုသိုလ်ဖြစ်မှု၌ လျဉ်းပါးဖွယ် = ယုံမှားဖွယ်ရှိသောကြောင့် အဗျာကတတရားတို့၏ ကုသိုလ်၏ အဖြစ်သို့ ရောက်ခြင်းဟူသော အပြစ်ကို မြင်၍ ထိုအပြစ်ကို ပယ်ရှားခြင်းငှာ သုခဝိပါကဟူသော စကားတစ်ရပ်ကို အဋ္ဌကထာဆရာတော်က ထပ်ဆင့်၍ဖွင့်ဆိုရပြန်သည်။ (မူလဋီ၊၁၊၃၁၊၊)

တစ်နည်း --- မဇ္ဈိမပဏ္ဏာသပါဠိတော် ဗာဟိတိကသုတ္တန် (မ၊၂၊၃၁၈။)၌ ဘုရားရှင်၏ ကာယသမာစာရ, ဝစီသမာစာရ, မနောသမာစာရကို အနဝဇ္ဇဟု အရှင်အာနန္ဒာ မထေရ်မြတ်က မိန့်ဆိုထား၏။ ထိုသုတ္တန်၌ --အဝဇ္ဇ-၏ ဆန့်ကျင်ဘက်အနက်ကို အနဝဇ္ဇဟု မဆိုရ၊ မနောသမာစာရတို့တွင် ပဋိပဿဒ္ဓိပဟာနသတ္တိ = အရိယ မဂ်တရားဖြင့် ပယ်ရှားအပ်ပြီးသော ကိလေသာ အပူမီးတို့ကို အငြိမ်းကြီးငြိမ်းအောင် ထပ်၍ ငြှိမ်းသတ်သော သတ္တိဖြင့် ကဲ့ရဲ့ဖွယ် အပြစ်တို့မှ ငြိမ်းပြီးသော အရိယဖိုလ်တရားတည်းဟူသော မနောသမာစာရအထူးကိုလည်းကောင်း, ကဲ့ရဲ့ဖွယ် အပြစ်တို့မှ ကင်းသော သမာစာရသာမည သုံးပါးလုံးကိုလည်းကောင်း အနဝဇ္ဇဟု ဆိုသည်။ ဤ၌-အနဝဇ္ဇကား ထိုဗာဟိတိကသုတ်၌လာသော အနဝဇ္ဇမျိုး မဟုတ်။ အကုသလာ၌ အ (=န)သည် ဆန့်ကျင်ဘက် ပဋိပက္ခ-အနက်ကို ဟောသကဲ့သို့ ဤ-အနဝဇ္ဇ၌ န-သဒ္ဒါသည်လည်း အဝဇ္ဇပဋိပက္ခ = အပြစ်၏ ဆန့်ကျင်ဘက်ဖြစ်သော အနဝဇ္ဇ ဖြစ်၏။ ထိုသို့ အပြစ်ရှိသော အဝဇ္ဇတရားတို့၏ ထိပ်တိုက်ဆန့်ကျင်ဘက် ပဋိပက္ခတရား တို့ကို အနဝဇ္ဇဟု ဆိုသောကြောင့် ပဋိပက္ခ = ဆန့်ကျင်ဘက်တရားမှန်လျှင် ပယ်သတ်အပ်သော တရားသဘော = အပယ်သတ်ခံရသော တရားသဘောနှင့် ပယ်သတ်တတ်သော တရားသဘောသာ ရှိသဖြင့် ထိုအနဝဇ္ဇသဒ္ဒါဖြင့် ကုသိုလ်တရားတို့က အဝဇ္ဇ = အကုသိုလ် အပြစ်တို့ကို ဖျက်ဆီးသတ်ဖြတ်နိုင်သည့် စွမ်းအင်သတ္တိရှိသည်၏ အဖြစ်ကို ပြအပ်ပြီးပင် ဖြစ်တော့သည်။ (မူလဋီ၊၁၊၃၁။)

တစ်ဖန် အနဝဇ္ဇသဒ္ဒါဖြင့် ကုသိုလ်တရားတို့သည် အကုသိုလ်တရားတို့ကို သတ်တတ်သောတရားဟု အဓိပ္ပါယ်ပြပြီးဖြစ်လျှင် ကုသိုလ်အတွက် အကုသိုလ် အဗျာကတတို့နှင့် မဆက်ဆံသော သီးခြားလက္ခဏာကို ပြပြီးဖြစ်သောကြောင့် လိုအပ်သော အနက်ပြည့်စုံပြီး ဖြစ်ပါလျက် အဘယ်အကျိုးငှာ --- သုခဝိပါကလက္ခဏာ ကို ဆိုရပြန်ပါသနည်းဟု မေးဖွယ် ရှိလာပြန်၏။ ---

အကျိုးကို ပေးခြင်း = အကျိုးကို ဖြစ်စေခြင်း ဟူသော သဝိပါက လက္ခဏာသည် အဗျာကတတရားတို့မှ ထူးခြားသော လက္ခဏာ ဖြစ်စေကာမူ ကုသိုလ် အကုသိုလ် နှစ်မျိုးလုံးနှင့် ဆက်ဆံသော လက္ခဏာ ဖြစ်၏။ ထို လက္ခဏာ၌ ကုသိုလ်၏ သုခဝိပါကလက္ခဏာ = ကောင်းသော အကျိုးကိုပေးခြင်း သဘောလက္ခဏာသည် အကုသိုလ်၏ ဒုက္ခဝိပါကလက္ခဏာ = မကောင်းသော အကျိုးကိုပေးခြင်း သဘောလက္ခဏာမှ ထူး၏။ ထိုအထူးကို ပြခြင်းငှာ သုခဝိပါက-ဟူသော စကားရပ်ကို ကူစွက်ရပြန်ပေသည်။ (မူလဋီ၊၁၊၃၁။)

ကုသိုလ်တရားတို့၏ ကောင်းမြတ်သော ဣဋ္ဌအကျိုးတရားသည်ကား ထင်ရှားနေသည်သာ ဖြစ်၏၊ ထိုကြောင့် ထိုကုသိုလ်တရားတို့သည် သုခဝိပါက = ကောင်းမြတ်သော ဣဋ္ဌအကျိုးရှိသော တရားတို့ မည်ကုန်၏။ အကျိုးပေးနိုင်ခြင်း = အကျိုးကို ဖြစ်စေနိုင်ခြင်းဟူသော ဝိပါကသဘောသည် ကုသိုလ် အကုသိုလ် နှစ်မျိုးလုံးနှင့် ဆက်ဆံသော သာမညသဘော ဖြစ်၏။ ထိုကြောင့် --- သုခဝိပါက --- အတွက် ကောင်းသော ဣဋ္ဌအကျိုးရှိ၏ ဟူသော အနက်ကိုသာ တိုက်ရိုက်ရသော်လည်း ထိုသုခဝိပါက သဒ္ဒါက ကောင်းသော ဣဋ္ဌအကျိုးရှိခြင်းမျှကိုသာ ညွှန်ပြသည် မဟုတ်၊ ထိုကောင်းသော ဣဋ္ဌအကျိုးကို ဖြစ်စေနိုင်သောစွမ်းအင် ကမ္မသတ္တိရှိ၏ဟူသော အနက် တိုင်အောင် ညွှန်ပြသည်၊ ဆိုလိုရင်းကား သုခဝိပါကသဒ္ဒါဖြင့် ကုသိုလ်တရားတို့မှာ ဖြစ်ဆဲခဏ၌ပင် နောင်အခါ အကျိုးကို ဖြစ်စေနိုင်သော စွမ်းအင် ကမ္မသတ္တိ ရှိနေသည်ဟူသော အနက်သဘောကို ညွှန်ပြသည်ဟူလို။ (ကုသိုလ် တရားတို့သည် ဥပါဒ်-ဌီ-ဘင် သက်တမ်းစေ့၍ ချုပ်ပျက်သွားသော်လည်း ယင်းစွမ်းအင်ကမ္မသတ္တိကား ရုပ်နာမ် သန္တာန်အစဉ်၌ အကျိုးမပေးရသေးသမျှ များသောအားဖြင့် ပျောက်ပျက်မသွားဘဲ ကြွင်းကျန်လျက်ပင် ရှိပေသည်၊၊) (မူလဋီ၊၁၊၃၁။)

အပြစ်မရှိသော တရားတို့လည်း ဟုတ်၏၊ ထိုအပြစ်မရှိသော တရားတို့ဟူသည် ကောင်းသော အကျိုးရှိသော တရား = ကောင်းသော အကျိုးကို ဖြစ်စေတတ်သော တရားတို့လည်း ဟုတ်၏၊ ထိုနှစ်ပါးသော သတ္တိကြောင့် ကုသိုလ်တရားတို့သည် အနဝဇ္ဇသုခဝိပါကတရားတို့ မည်ကုန်၏။ ထိုကြောင့် ကုသိုလ်တရားတို့သည် အပြစ်မရှိ ကောင်းသော အကျိုးကိုပေးခြင်း သဘောလက္ခဏာ ရှိကုန်၏။

အနဝဇ္ဇဟူသောစကား, သုခဝိပါကဟူသော စကား နှစ်ရပ်တို့တွင် အနဝဇ္ဇဟူသော စကားရပ်ဖြင့် ပဝတ္တိသုခ = ကုသိုလ်တရားတို့၏ ဖြစ်တုန်းဖြစ်ဆဲ အခိုက်မှာပင် ချမ်းသာခြင်းသုခ ရှိမှုသဘောကို ပြ၏။ သုခဝိပါကဟူသော စကားရပ်ဖြင့် ဝိပါကသုခ = ထိုကုသိုလ်က အကျိုးပေးသောအခါ ကောင်းမြတ်သော ဣဋ္ဌအကျိုးကိုပေး၏ဟူသော အနက်သဘောကို ပြ၏။ မှန်ပေသည် -- အနဝဇ္ဇဟူသော စကားရပ်သည် မိမိဟူသော ကုသိုလ်တရား၏ ကိလေသာ အပြစ်အနာအဆာ ကင်းကင်းရှင်းရှင်းဖြင့် ဖြစ်ခြင်း သဘောတရား = ဖြစ်ပေါ်ပုံ သဘာဝ၏ အစွမ်းဖြင့် ကုသိုလ်၏ လက္ခဏာအဖြစ်ကို ညွှန်ပြသော စကားတည်း။ သုခဝိပါကဟူသော စကားရပ်သည် ကုသိုလ်စိတ္တုပ္ပါဒ် ဖြစ်ရာ ကာလမှ တစ်ပါးသော နောက်ကာလ၌ ကောင်းမြတ်သော ဣဋ္ဌဝိပါက်အကျိုးတရားကို ဖြစ်စေခြင်း၌ ကုသိုလ် တရား၌ စွမ်းအင် ကမ္မသတ္တိရှိသည်၏ အဖြစ်အားဖြင့် လက္ခဏာ၏ အဖြစ်ကို ပြသော စကားတည်း။ (မူလဋီ၊၁၊၃၁။)

ထို့ပြင် အနဝဇ္ဇဟူသော စကားရပ်ဖြင့် ကုသိုလ်တရားတို့၏ အတ္တသုဒ္ဓိ = မိမိ ကုသိုလ်တရားကိုယ်တိုင်က ကိလေသာ အညစ်အကြေး ကင်းစင်သဖြင့် စင်ကြယ်မှုရှိခြင်းကို ဖော်ပြ၏၊ သုခဝိပါကဟူသော စကားရပ်ဖြင့် ကုသိုလ်တရားတို့၏ စင်ကြယ်သော အကျိုးရှိကုန်သည်၏ အဖြစ်ကို ဖော်ပြ၏။

ထို့ပြင် အနဝဇ္ဇဟူသော စကားရပ်ဖြင့် ကုသိုလ်တရားကို အကုသိုလ်၏ သဘောမှ နစ်စေ၏။ (ကုသိုလ်တရား တို့သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်ပေါ်လာခိုက်ဝယ် ထိုကုသိုလ်စိတ္တုပ္ပါဒ်၌ စိတ်စေတသိက်တို့သည် (၃၄-၃၃-၃၂) စသည်ဖြင့် ပြိုင်တူဖြစ်ကြရာဝယ် ထိုစိတ်စေတသိက်အုပ်စု၌ ရာဂ-စသော ကိလေသာ အပြစ်အနာအဆာ အညစ်အကြေးများသည် လုံးဝ မပါရှိသဖြင့် ကုသိုလ်တရားတို့သည် ဖြစ်ခိုက်၌လည်း အပြစ်ကင်းသော သဘောရှိသောကြောင့် ကုသိုလ်တရားကို အကုသိုလ်သဘောမှ နစ်စေ၏ဟု ဆိုသည်။) သုခဝိပါကဟူသော နောက်စကားရပ်ဖြင့် ဣဋ္ဌဝိပါကဟူသော ကောင်းမြတ်သော အကျိုးရှိသည်၏ အဖြစ်ကို ပြတတ်သောကြောင့် အကျိုးပေးမှုသဘော မရှိသော အဗျာကတသဘောမှလည်း နစ်စေ၏။ (မူလဋီ၊၁၊၃၂။)

တစ်နည်း --- အနဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် ကုသိုလ်တရားတို့၏ ကိလေသာ အပြစ်အနာအဆာတို့၏ ဆန့်ကျင်ဘက် အဖြစ်ကို ပြခြင်းကြောင့် လုပ်ငန်းကိစ္စ အနက်သဘောရှိသော ရသအားဖြင့် အကုသိုလ်ကို ဖျက်ဆီးခြင်း ကိစ္စရသရှိမှုကို ဖော်ပြ၏။ သုခဝိပါကဟူသော နောက်စကားရပ်ဖြင့် ပြည့်စုံခြင်း အနက်သဘောရှိသော သမ္ပတ္တိရသအားဖြင့် ကောင်းမြတ်သောအကျိုးနှင့် ပြည့်စုံပုံ သမ္ပတ္တိရသ ရှိမှုကို ဖော်ပြ၏။ (မူလဋီ၊၁၊၃၂။)

ထို့ပြင် --- အနဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်အား ရှေးရှူထင်လာသော အခြင်းအရာဟူသော ဥပဋ္ဌာနာကာရ အနက်သဘောရှိသော ပစ္စုပဋ္ဌာန်အားဖြင့် ယင်းကုသိုလ်တရား သည် ဖြူစင်သော ဝေါဒါနတရားဟု ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်၌ ရှေးရှူထင်လာမှု ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန် ရှိမှုကို ဖော်ပြ၏။ သုခဝိပါကဟူသော နောက်စကားရပ်ဖြင့် အကျိုး = ဖလ အနက်သဘောရှိသော ပစ္စုပဋ္ဌာန် အားဖြင့် ယင်းကုသိုလ်တရားတို့၏ ကောင်းမြတ်သော ဣဋ္ဌဝိပါက အကျိုးရှိမှု = ဖလပစ္စုပဋ္ဌာန်ကို ဖော်ပြ၏။ (မူလဋီ၊၁၊၃၂။)

ထို့ပြင် --- အနဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် ယောနိသောမနသိကာရ = နှလုံးသွင်းမှန်မှုဟူသော ကုသိုလ် တရားတို့၏ အနီးကပ်ဆုံးသော အကြောင်း = ပဒဋ္ဌာန်ကို ထင်ရှားစွာ ဖော်ပြ၏။ ထို ယောနိသောမနသိကာရ ဟူသော အာရုံကို နည်းမှန်လမ်းမှန် နှလုံးသွင်းမှုကြောင့်ပင် ထိုကုသိုလ်တရားတို့သည် အပြစ်မရှိသော ကိလေသာ အပြစ် ကင်းသော တရားတို့ ဖြစ်ကြရ၏။ သုခဝိပါကဟူသော နောက်စကားရပ်ဖြင့် ကုသိုလ်တရားတို့က အခြားသော ကုသလဝိပါက်တရားတို့၏ အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန် ဖြစ်မှုကို ဖော်ပြ၏။ မှန်ပေသည် --- ထိုကုသိုလ်တရားတို့သည် ကောင်းမြတ်သော ဝိပါက်အကျိုးတရားတို့၏ အကြောင်းတရားတို့ ဖြစ်ကြကုန်၏။ (မူလဋီ၊၁၊၃၂။) ထိုကြောင့် အနဝဇ္ဇဟူသော စကားရပ် သုခဝိပါကဟူသော စကားရပ် --- ဤစကား နှစ်ရပ်တို့ဖြင့် ကုသိုလ်၏ သဘာဝလက္ခဏာကို အဋ္ဌကထာဆရာတော်က ညွှန်ပြ ဖွင့်ဆိုတော်မူရသည်ဟု မှတ်ပါ။

အဋ္ဌကထာဝယ် ကုသိုလ်၏ လက္ခဏ-ရသ စသည်ကို (၂)နည်း ဖွင့်ဆိုရာဝယ် နောက်နည်း၌ လက္ခဏအရ အနဝဇ္ဇလက္ခဏာ တစ်ခုတည်းကိုသာ ဖော်ပြ၍ သုခဝိပါကကို --- ဣဋ္ဌဝိပါကပစ္စုပဋ္ဌာနံ = ကောင်းမြတ်သော ဣဋ္ဌအကျိုးတရားရှိမှု သဘောတရားဟု ဖလပစ္စုပဋ္ဌာန်အဖြစ်ဖြင့် ပြဆိုထားပေသည်။ ပထမနည်း၌ ရသဝယ် အကုသလဝိဒ္ဓံသနရသံ = အကုသိုလ်ကို ဖျက်ဆီးခြင်းရသမှာ ကုသိုလ်၏ ကိစ္စရသ ဖြစ်၏။ ဒုတိယနည်း၌ ဝေါဒါနဘာဝရသံ = ဖြူစင်သည်၏ အဖြစ်ဟူသော ရသမှာ သမ္ပတ္တိရသ ဖြစ်၏။ ကိစ္စရသကြောင့် ရရှိလာသော ပြည့်စုံ လာသော ဂုဏ်တစ်မျိုးပင် ဖြစ်သည်။

၁၃။ ဇော - အကုသိုလ်ဇော

၁၃။ ဇော - အကုသိုလ်ဇော

ကိလေသာတုရတာယ အနာရောဂျဋ္ဌေန ကိလေသဝဇ္ဇသဗ္ဘာဝတော သာဝဇ္ဇဋ္ဌေန အဝိဇ္ဇာသမ္ဘူတတာယ အကောသလျသမ္ဘူတဋ္ဌေန အကုသလန္တိ စ ---

၁။ သာဝဇ္ဇဒုက္ခဝိပါကလက္ခဏံ အကုသလံ၊

၂။ အနတ္ထဇနနရသံ၊

၃။ သံကိလေသပစ္စုပဋ္ဌာနံ၊

၄။ အယောနိသောမနသိကာရပဒဋ္ဌာနံ။

၁။ ဂါရယှဘာဝတော ဝါ သာဝဇ္ဇလက္ခဏံ၊

၂။ သံကိလေသဘာဝရသံ၊

၃။ အနိဋ္ဌဝိပါကပစ္စုပဋ္ဌာနံ၊

၄။ အယောနိသောမနသိကာရပဒဋ္ဌာနံ။ (အနုဋီ၊၁၊၁၂၆။)

၁။ အပြစ်နှင့်တကွဖြစ်ခြင်း မကောင်းသော အကျိုးရှိခြင်းသဘော လက္ခဏ၊

၂။ အကျိုးမဲ့ကို ဖြစ်စေခြင်း = မကောင်းကျိုးကို ဖြစ်စေခြင်း (ကိစ္စ) ရသ၊

၃။ စိတ်အစဉ်ကို ညစ်နွမ်းစေတတ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

၄။ အယောနိသောမနသိကာရ = အာရုံကို နည်းမှားလမ်းမှား နှလုံးသွင်းခြင်း ပဒဋ္ဌာန်။

တစ်နည်း --- အကုသိုလ်တရားတို့သည် စင်စစ် ကဲ့ရဲ့ထိုက်သောကြောင့် ---

၁။ အပြစ်နှင့်တကွ ဖြစ်ခြင်းသဘော လက္ခဏ၊

၂။ စိတ်အစဉ် ညစ်နွမ်းသည်၏ အဖြစ်နှင့် ပြည့်စုံခြင်း (သမ္ပတ္တိ) ရသ၊

၃။ မကောင်းသော အနိဋ္ဌဝိပါက အကျိုးရှိမှု (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ အယောနိသောမနသိကာရ = အာရုံကို နည်းမှားလမ်းမှား နှလုံးသွင်းခြင်း ပဒဋ္ဌာန်။

ကိလေသာတည်းဟူသော ထိုးကျင့်ကိုက်ခဲမှု ရှိနေသည့်အတွက်ကြောင့် အကုသိုလ်တရားတို့သည် အနာ ရောဂါ မကင်းသည့် ကိလေသာအနာရောဂါ ထင်ရှားရှိနေသည့် တရားတို့ ဖြစ်ကြ၏။ အနာရောဂျတရားတို့ ဖြစ်ကြ၏။ ကိလေသာ အပြစ်အနာအဆာများ ထင်ရှားရှိနေသော သဘောတရားများ ဖြစ်ခြင်းကြောင့် သာဝဇ္ဇ တရားတို့လည်း ဖြစ်ကြ၏။ ကုသိုလ်အရာ၌ ပညာသည် ကောသလ္လတရား ဖြစ်သကဲ့သို့ အကုသိုလ်အရာ၌ အဝိဇ္ဇာ = မောဟသည် အကောသလ္လတရား ဖြစ်၏။ အဝိဇ္ဇာသည် အကုသိုလ်တရားတို့၏ အရင်းအမြစ် မူလတရား တစ်ခု ဖြစ်၏။ အခြေခံအကျဆုံးသော အကြောင်းရင်း ဖြစ်၏။ ထိုကြောင့် အကုသိုလ်တရားတို့သည် အကောသလ္လ မည်သော အဝိဇ္ဇာကြောင့် ထင်ရှားဖြစ်ပေါ်လာကြရသော အကောသလ္လတရားတို့လည်း ဖြစ်ကြ၏။

ကိလေသာတည်းဟူသော ထိုးကျင့်ကိုက်ခဲမှု ရှိနေသည့်အတွက် ကိလေသာ အနာရောဂါ ထင်ရှားရှိနေသော သဘောတရား ဖြစ်ခြင်းကြောင့်လည်းကောင်း, ကိလေသာ အပြစ်အနာအဆာ ထင်ရှားရှိနေသည့် သဘောတရား ဖြစ်သည့်အတွက် အပြစ်နှင့်တကွ ဖြစ်သော သာဝဇ္ဇသဘောတရား ဖြစ်ခြင်းကြောင့်လည်းကောင်း, မလိမ္မာသည့် အကောသလ္လ အမည်ရသော အဝိဇ္ဇာကြောင့် ထင်ရှားဖြစ်ပေါ်လာရသည့်အတွက် အကောသလ္လတရားကြောင့် ထင်ရှားဖြစ်ရခြင်းဟူသော အနက်သဘောကြောင့်လည်းကောင်း အကုသိုလ် မည်၏။

သာဝဇ္ဇဒုက္ခဝိပါကလက္ခဏာတိ ဧတ္ထ စ ဝုတ္တဝိဓိအနုသာရေန အတ္ထော စ ယောဇနာ စ ယထာသမ္ဘဝံ ဝေဒိတဗ္ဗာ။ (မူလဋီ၊၁၊၃၂။)

အကုသိုလ်၏ လက္ခဏာကို ပြဆိုရာ၌ ကုသိုလ်ဝယ် ဆိုအပ်ပြီးသော အစီအစဉ်ကို အစဉ်လိုက်၍ အနက် အဓိပ္ပါယ်ကိုလည်းကောင်း, အနက်အဓိပ္ပါယ် ယှဉ်စပ်ပုံ ယောဇနာကိုလည်းကောင်း သိရှိပါလေ --- ဟု အထက်ပါ အတိုင်း မူလဋီကာဆရာတော်က အမိန့်ရှိထား၏။ ထိုသို့ မိန့်ဆိုရာ၌ ယထာသမ္ဘဝံ = ဖြစ်သင့်သည့်အားလျော်စွာဟု မိန့်ဆိုထားတော်မူသောကြောင့် ဖြစ်သင့်သလို အနက်အဓိပ္ပါယ် ယှဉ်တွဲပုံကို (အနုဋီကာ၊၁၊၃၁-၃၂။)တို့၌ ဖော်ပြ ထားသည်။

သာဝဇ္ဇဒုက္ခဝိပါကလက္ခဏာ အကုသလာ။ (အဘိ၊ဋ္ဌ၊၁၊၈၂။)

အကုသိုလ်တရားတို့သည် အပြစ်နှင့်တကွ ဖြစ်ခြင်း, မကောင်းသော အကျိုးရှိခြင်း = မကောင်းသော အကျိုးကိုပေးခြင်း သဘောလက္ခဏာရှိကြောင်းကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုထားတော်မူ၏။ ထိုတွင် သာဝဇ္ဇ --- ဟူသော ရှေးစကားရပ်ဖြင့် အကုသိုလ်တရားတို့၏ ကဲ့ရဲ့ထိုက်သည့် ရာဂစသော ကိလေသာအပြစ် ရှိမှုသဘောကို ညွှန်ပြ၏။ အကုသိုလ်မှ တစ်ပါးကုန်သော အခြားအခြားဖြစ်ကုန်သော အကုသိုလ်၏ အကျိုးဝိပါက် အဗျာကတ တရားတို့သည်လည်း ရှိကြ၏၊ ထိုအကုသလဝိပါက် အဗျာကတတရားတို့သည်လည်း မကောင်းသော အလိုမရှိအပ် သော အနိဋ္ဌအကျိုးတရားတို့သာ ဖြစ်ရကား ကဲ့ရဲ့ထိုက်သော သဘောများသာ ဖြစ်ကြသောကြောင့် --- အကယ်၍ အကုသိုလ်တရားတို့၏ သဘာဝလက္ခဏာကို ဖော်ပြရာ၌ သာဝဇ္ဇ စကားရပ်တစ်ခု သက်သက်မျှဖြင့်သာ ဖော်ပြ ခဲ့လျှင် ထိုအကုသလဝိပါက် အဗျာကတတရားတို့၏လည်း အကုသိုလ်အဖြစ်သို့ ရောက်ဖွယ်ရာ အပြစ်ဒေါသကို မြင်တော်မူ၍ ထိုအပြစ်ကို ရှောင်လွှဲဖို့ရန်အတွက် အဋ္ဌကထာဆရာတော်သည် ဒုက္ခဝိပါကဟူသော နောက်စကားရပ်ကိုလည်း ထပ်မံ ဖွင့်ဆိုတော်မူရပြန်သည်။ (အနုဋီ၊၁၊၃၁။)

တစ်နည်း --- သာဝဇ္ဇ၌ အဝဇ္ဇ သဒ္ဒါသည် ရာဂ အစရှိကုန်သော ဧကန် အကုသိုလ်တရားတို့၌သာ ထင်၏။ ထိုကြောင့် ထိုရာဂစသော တရားတို့နှင့် အတူဖြစ်ကြကုန်သော တရားတို့သည်သာလျှင် သာဝဇ္ဇ = အပြစ်ရှိသော တရားတို့ ဖြစ်ကြ၏။ ယင်းသို့ဖြစ်သော်လည်း ကုသိုလ်အဗျာကတတရားတို့မှ အကုသိုလ်တရားတို့၏ ထူးခြားမှုကို သာဝဇ္ဇဟူသော စကားရပ်ဖြင့်ပင်လျှင် ပြပြီးဖြစ်၏၊ ထိုသို့ပင်ဖြစ်သော်လည်း အဗျာကတတရားတို့မှ ထူးခြားသော ကုသိုလ် အကုသိုလ်တရားတို့၏ ကုသိုလ် အကုသိုလ် နှစ်ခုလုံးနှင့် ဆက်ဆံသော သဝိပါကတာလက္ခဏာ = အကျိုးရှိခြင်း = အကျိုးကိုဖြစ်စေခြင်း သဘောလက္ခဏာရှိသောကြောင့် ထိုလက္ခဏာ၌ ကုသိုလ်တရားနှင့် အကုသိုလ်တရားတို့၏ မတူကွဲပြားမှု ထူးခြားမှုကို ဖော်ပြခြင်းငှာ ဒုက္ခဝိပါကလက္ခဏံ = မကောင်းသောအကျိုးရှိခြင်း = မကောင်းသောအကျိုးကိုပေးခြင်း သဘောလက္ခဏာရှိကြောင်းကို ထပ်လောင်း၍ ဖွင့်ဆိုတော်မူရပြန်ပေသည်။ (အနုဋီ၊၁၊၃၁။)

ဤ၌ --- ဒုက္ခဝိပါက --- အတွက် မကောင်းသော အနိဋ္ဌအကျိုးရှိ၏ --- ဟူသော အနက်ကိုသာ တိုက်ရိုက် ရသော်လည်း ထိုဒုက္ခဝိပါက သဒ္ဒါက မကောင်းသော အကျိုးရှိခြင်းမျှကိုသာ ညွှန်ပြသည် မဟုတ်၊ ထိုမကောင်းသော အနိဋ္ဌအကျိုးတရားကို ဖြစ်စေနိုင်သော စွမ်းအင် ကမ္မသတ္တိသည် အကုသိုလ်တရား၌ ထင်ရှားရှိ၏ဟူသော အနက်တိုင်အောင် ညွှန်ပြသည်။ ဆိုလိုရင်းကား ဒုက္ခဝိပါက သဒ္ဒါဖြင့် --- အကုသိုလ်တရားတို့မှာ ဖြစ်ဆဲခဏ၌ပင် နောင်အခါ မကောင်းသော အနိဋ္ဌအကျိုးကို ဖြစ်စေနိုင်သော စွမ်းအင် ကမ္မသတ္တိသည် ထင်ရှားရှိနေသည် ဟူသော အနက်သဘောကို ညွှန်ပြသည် ဟူလို။

သတိ သံသာရပ္ပဝတ္တိယာ အဟောသိကမ္မံ နာမ န ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၃၆။)

အပရာပရိယဝေဒနိယကံ အမည်ရသော အလယ်ဇော (၅)တန်တို့၏ စွမ်းအင်ကမ္မသတ္တိကား သံသရာခရီး၌ ဆက်လက်ဖြစ်ရခြင်းသည် ထင်ရှားရှိခဲ့ပါမူ အကျိုးကို မဖြစ်စေနိုင်သည့် အဟောသိကံမည်သည် မဖြစ်စကောင်းပေ။ (ဝိသုဒ္ဓိ၊၂၊၂၃၆။)

အနက်အဓိပ္ပါယ် ယှဉ်စပ် ယောဇနာပုံ

အနက်အဓိပ္ပါယ် ယှဉ်စပ် ယောဇနာပုံ

သာဝဇ္ဇဒုက္ခဝိပါကလက္ခဏာဟူသော စကားရပ်ဝယ် သာဝဇ္ဇဟူသော ေ့ရှစကားရပ်ဖြင့် အကုသိုလ်တရား တို့၏ ဖြစ်တုန်းဖြစ်ဆဲ အခိုက်မှာပင် ဒုက္ခရှိမှုသဘောကို ညွှန်ပြ၏။ ဒုက္ခဝိပါကဟူသော နောက်စကားရပ်ဖြင့် ထိုအကုသိုလ်က အကျိုးပေးသောအခါ ကာယိကဒုက္ခ စေတသိကဒုက္ခဟူသော ဆင်းရဲသည့် မကောင်းကျိုးကို ပေး၏ဟူသော အနက်သဘောကို ညွှန်ပြ၏။ (ပါဏာတိပါတစသော ထိုထို ဒုစရိုက်ကို လွန်ကျူးဆဲခဏ၌ ကာယိ ကဒုက္ခ စေတသိကဒုက္ခ ဖြစ်ပုံကိုလည်းကောင်း, ထိုအကုသိုလ်ကံက အကျိုးပေးသောအခါ အပါယ်ဝဋ်ဆင်းရဲ ဒုက္ခ အစရှိသော ဆင်းရဲဒုက္ခ အမျိုးမျိုးကို ရရှိနိုင်ပုံကိုလည်းကောင်း မြော်ခေါ်လေ။) (အနုဋီ၊၁၊၃၂။)

မှန်ပေသည် --- သာဝဇ္ဇဟူသော ရှေးစကားရပ်သည် မိမိဟူသော အကုသိုလ်တရား၏ ဖြစ်ခြင်းသဘော = ဖြစ်ပေါ်ပုံ သဘောတရား၏ အစွမ်းဖြင့် လက္ခဏာကိုပြကြောင်း စကားဖြစ်၏။ ဒုက္ခဝိပါကဟူသော နောက်စကားရပ်သည် အကုသိုလ်စိတ္တုပ္ပါဒ် ဖြစ်ရာကာလမှ တစ်ပါးသော နောက်ကာလ၌ မကောင်းသော အနိဋ္ဌဝိပါက် အကျိုး တရားကို ဖြစ်စေခြင်း၌ အကုသိုလ်တရားဝယ် စွမ်းအင် ကမ္မသတ္တိရှိမှု လက္ခဏာကို ပြသော စကားရပ် ဖြစ်သည်။ (အနုဋီ၊၁၊၃၂။)

ထို့ပြင် သာဝဇ္ဇဟူသော ပထမစကားရပ်ဖြင့် အကုသိုလ်တရားတို့၏ အဝိသုဒ္ဓဘာဝ = မစင်ကြယ်သော သဘာဝရှိမှုကို ဖော်ပြ၏။ ဒုက္ခဝိပါကဟူသော နောက်စကားရပ်ဖြင့် အဝိသုဒ္ဓဝိပါက = မစင်ကြယ်သော အကျိုး ဝိပါက်ရှိမှုကို ဖော်ပြ၏။

ထို့ပြင် သာဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် အကုသိုလ်တရားတို့ကို ကုသိုလ်၏သဘောမှ နစ်စေ၏။ အကုသိုလ်တရားတို့ ဖြစ်ခိုက်၌ ထိုအကုသိုလ်စိတ္တုပ္ပါဒ်ဝယ် သောဘဏ အမည်ရသော တင့်တယ်ကောင်းမြတ်သော စိတ်တို့နှင့် ယှဉ်တွဲဖြစ်လေ့ရှိသော သောဘဏ အမည်ရသော အကောင်းစေတသိက်များသည် မပါဝင်နိုင်ကြပေ။ ကုသိုလ်တရားနှင့် အကုသိုလ်တရားတို့သည် စိတ္တက္ခဏ တစ်ခုအတွင်း၌လည်းကောင်း, ဝီထိစဉ် တစ်ခုအတွင်း၌ လည်းကောင်း ပြိုင်တူ ဖြစ်ရိုးဓမ္မတာလည်း မရှိကြ။ အကုသိုလ်ဖြစ်ခိုက် ယင်းအကုသိုလ်စိတ်ဝယ် အပြစ်ကင်းလတ် ဖြူစင်ကောင်းမြတ်သော အလောဘ အဒေါသ အမောဟစသော ကုသိုလ်သဘောတရားများ မပါဝင်နိုင်ကြပေ။ ထိုကြောင့် သာဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် အကုသိုလ်တရားတို့ကို ကုသိုလ်၏သဘောမှ နစ်စေ၏ဟု ဆိုသည်။ ဒုက္ခဝိပါကဟူသော နောက်စကားရပ်ဖြင့် ဒုက္ခဝိပါကဟူသော ဆင်းရဲသော အကျိုးရှိမှုကို ဖော်ပြသောကြောင့် အကုသိုလ်တရား၏ အကျိုးပေးမှုသဘော မရှိသော အဗျာကတ သဘောမှလည်း နစ်စေ၏။ သောဘဏ စေတသိက်တို့သည် အချို့ အချို့သော ဝိပါက်ကြိယာ အဗျာကတတရားတို့၌လည်း ယှဉ်တွဲ၍ ဖြစ်လေ့ရှိကြ၏။ သို့သော် အဗျာကတတရားတို့ကား သောဘဏစေတသိက်များနှင့် ယှဉ်တွဲဖြစ်တတ်သော်လည်း အကျိုးကို ဖြစ်စေခြင်းသဘော မရှိပေ။ (အနုဋီ၊၁၊၃၂။)

ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန်

ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန်

တစ်နည်း --- သာဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် အကုသိုလ်တရားတို့၏ ကိလေသာ အပြစ်အနာအဆာများ ရှိမှုကို ထင်ရှားဖော်ပြခြင်းကြောင့် လုပ်ငန်းကိစ္စ အနက်သဘောရှိသော ရသအားဖြင့် အကျိုးမဲ့ကိုဖြစ်စေမှု ကိစ္စရသ ရှိမှုကို ထင်ရှားပြ၏။ ဒုက္ခဝိပါကဟူသော နောက်စကားရပ်ဖြင့် သမ္ပတ္တိ အနက်သဘောရှိသော ရသအားဖြင့် အနိဋ္ဌဝိပါကဟူသော အလိုမရှိအပ် မနှစ်သက်အပ်သော မကောင်းသောအကျိုး ဆင်းရဲသောအကျိုးနှင့် ပြည့်စုံပုံ သမ္ပတ္တိရသ ရှိမှုကို ဖော်ပြ၏။ (အနုဋီ၊၁၊၃၂။)

ထို့ပြင် သာဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်အား ရှေးရှူထင်လာသော အခြင်းအရာဟူသော ဥပဋ္ဌာနာကာရ အနက်သဘောရှိသော ပစ္စုပဋ္ဌာန်အားဖြင့် ယင်းအကုသိုလ်တရား သည် စိတ်အစဉ်ကို ညစ်ညူးစေတတ် ညစ်နွမ်းစေတတ်သော ညစ်ညူးကြောင်း သံကိလေသတရားဟု ယောဂီတို့၏ ဉာဏ်အား ရှေးရှူထင်လာမှု ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန် ရှိမှုကို ဖော်ပြ၏။ ဒုက္ခဝိပါကဟူသော နောက်စကား ရပ်ဖြင့် အကျိုး = ဖလ အနက်သဘောရှိသော ပစ္စုပဋ္ဌာန်အားဖြင့် ယင်းအကုသိုလ်တရားတို့၏ ဒုက္ခဝိပါက = မကောင်းသော ဆင်းရဲသော အကျိုးရှိမှု ဖလပစ္စုပဋ္ဌာန်ကို ဖော်ပြ၏။ (အနုဋီ၊၁၊၃၂။)

ထို့ပြင် သာဝဇ္ဇဟူသော ရှေးစကားရပ်ဖြင့် အယောနိသောမနသိကာရ = နှလုံးသွင်းမှားမှုဟူသော အကုသိုလ် တရားတို့၏ နီးစွာသောအကြောင်း ပဒဋ္ဌာန်ကို ထင်ရှားစွာ ဖော်ပြ၏။ ထိုနှလုံးသွင်းမှားမှု အယောနိသောမနသိကာရကြောင့်ပင် ထိုအကုသိုလ်တရားတို့သည် အပြစ်ရှိသော အကုသိုလ်တရားတို့ ဖြစ်ကြရ၏။ ဒုက္ခဝိပါကဟူသော နောက်စကားရပ်ဖြင့် အကုသိုလ်တရားတို့က အခြားသော အကုသလဝိပါက် အကျိုးတရားတို့၏ နီးစွာသော အကြောင်းတရား ပဒဋ္ဌာန် ဖြစ်မှုကို ထင်ရှားစွာ ဖော်ပြ၏။ အကြောင်းမူ ထိုအကုသိုလ်တရားတို့သည် ဒုက္ခဝိပါက = မကောင်းသောအကျိုးတရား = ဆင်းရဲသော အကျိုးတရား၏ အကြောင်းတရားပင် ဖြစ်ကြသည်။ ထိုကြောင့် အဋ္ဌကထာဆရာတော်သည် အကုသလ = အကုသိုလ်၏ သဘာဝလက္ခဏာကို ဖွင့်ဆိုရာ၌ သာဝဇ္ဇဟူသော စကားရပ်, ဒုက္ခဝိပါကဟူသော စကားရပ် ဤစကား နှစ်ရပ်တို့ဖြင့် ဖွင့်ဆို ပြသတော်မူခြင်း ဖြစ်ပေသည်။ (အနုဋီ၊၁၊၃၂။)

ပစ္စုပဋ္ဌာန် ရှုကွက်

ပစ္စုပဋ္ဌာန် ရှုကွက်

ဤအထက်ပါ အကုသိုလ်တရားတို့၏ ဣဋ္ဌဝိပါက ပစ္စုပဋ္ဌာန် = အလိုရှိအပ် ကောင်းမြတ်သော အကျိုး တရားရှိမှု ဖလပစ္စုပဋ္ဌာန်, အကုသိုလ်တရားတို့၏ အနိဋ္ဌဝိပါက ပစ္စုပဋ္ဌာန် = အလိုမရှိအပ်သော ဆင်းရဲသော အကျိုးတရားရှိမှု ဖလပစ္စုပဋ္ဌာန် --- ဤပစ္စုပဋ္ဌာန် ရှုကွက်တို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် အသင်သူတော်ကောင်းသည် ပစ္စယပရိဂ္ဂဟဉာဏ်ကို တစ်စိတ်တစ်ဒေသအားဖြင့် ရထားပြီးဖြစ်ဖို့ လိုအပ်ပေသည်။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားသည့် ကုသိုလ်ကံကြောင့် ကောင်းသောအကျိုးတရားများ ရရှိပုံကိုလည်းကောင်း, အကုသိုလ်ကံကြောင့် အပါယ်ပဋိသန္ဓေစသည့် မကောင်းသောအကျိုးတရားများ အတိတ်ဘဝထိုထို၌ ရရှိခဲ့ပုံကိုလည်းကောင်း သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပါမှ သဘောကျနိုင်မည့် ကျေနပ်လက်ခံနိုင်မည့် အရာဌာနမျိုးပင် ဖြစ်သည်။ ပစ္စယပရိဂ္ဂဟဉာဏ်ကို တစ်စိတ်တစ်ပိုင်းမျှ ရရှိထားပြီးဖြစ်ပါမှ ဤဖလပစ္စုပဋ္ဌာန် ကိုလည်း ကိုယ်တိုင်မျက်မှောက် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ထွင်းဖောက်သိမြင်အောင် သိမ်းဆည်း ရှုပွားနိုင်မည် ဖြစ်ပေသည်။ ဤကဲ့သို့သော အကြောင်းအရာ အချို့ကို ငဲ့ကွက်၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်ကို ပစ္စယပရိဂ္ဂဟဉာဏ် တစ်စိတ်တစ်ဒေသ ရရှိထားပြီးသည့် နောက်ပိုင်း၌ ရှုရန် ရေးသားတင်ပြခြင်း ဖြစ်ပါသည်။

လက္ခဏနှင့် ရသ

လက္ခဏနှင့် ရသ

စိတ်အားလုံးသည် အာရုံကိုသိမှု အာရုံကိုရယူမှု ဝိဇာနန သဘောလက္ခဏာ ရှိကြသည်ချည်းသာ ဖြစ်ကြ၏။ ကုသိုလ်ဇောစိတ်, အကုသိုလ်ဇောစိတ်တို့သည်လည်း အာရုံကိုသိမှု အာရုံကိုရယူမှု သဘောလက္ခဏာ ရှိကြသည် သာ ဖြစ်ကြ၏။ သို့သော် အခြားအခြားသော ဝိညာဏ်တို့ထက် ထူးကဲသောစွမ်းအင် ကမ္မသတ္တိထူးရှိသော သဘာဝ လက္ခဏာကို ထင်ရှားဖော်ပြလို၍သာ အထက်ပါအတိုင်း ကုသိုလ် အကုသိုလ်ဝိညာဏ်တို့၏ သဘာဝလက္ခဏာ များကို ဖွင့်ဆိုထားသည်ဟု မှတ်ပါ။

အာရမ္မဏေန ပန ပသာဒေ ဃဋ္ဋိတေ တွံ အာဝဇ္ဇနံ နာမ ဟောဟိ။ ပ ။ တွံ ဇဝနံ နာမ ဟောဟီတိ ကောစိ ကတ္တာ ဝါ ကာရေတာ ဝါ နတ္ထိ။ အတ္တနော အတ္တနော ပန ဓမ္မတာယ ဧဝ အာရမ္မဏေန ပသာဒဿ ဃဋ္ဋိတကာလတော ပဋ္ဌာယ ကိရိယမနောဓာတုစိတ္တံ ဘဝင်္ဂံ အာဝဋ္ဋေတိ၊ စက္ခုဝိညာဏံ ဒဿနကိစ္စံ သာဓေတိ၊ ဝိပါကမနောဓာတု သမ္ပဋိစ္ဆနကိစ္စံ သာဓေတိ၊ ဝိပါကမနောဝိညာဏဓာတု သန္တီရဏကိစ္စံ သာဓေတိ၊ ကိရိယမနောဝိညာဏဓာတု ဝေါဋ္ဌဗ္ဗနကိစ္စံ သာဓေတိ၊ ဇဝနံ အာရမ္မဏရသံ အနုဘဝတီတိ အယံ စိတ္တနိယာမော နာမ။ (အဘိ၊ဋ္ဌ၊၁၊၃၁၄။)

ဧကန္တေန ပန အာရမ္မဏရသံ ဇဝနမေဝ အနုဘဝတိ။ (အဘိ၊ဋ္ဌ၊၁၊၃၁၂။)

ပရမတ္ထသစ္စာနယ်၌ --- သင်က ဘဝင်မည်သောစိတ် ဖြစ်လော၊ သင်က အာဝဇ္ဇန်းမည်သောစိတ် ဖြစ်လော၊ သင်က ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်မည်သောစိတ် ဖြစ်လော၊ သင်က သမ္ပဋိစ္ဆိုင်းမည်သောစိတ် ဖြစ် လော၊ သင်က သန္တီရဏမည်သောစိတ် ဖြစ်လော၊ သင်က ဝုဋ္ဌောမည်သောစိတ် ဖြစ်လော၊ သင်က ဇောမည်သော စိတ် ဖြစ်လော၊ ဤသို့ တစ်စုံတစ်ယောက်သော ကိုယ်တိုင် ပြုစီမံတတ်သော ပုဂ္ဂိုလ်သတ္တဝါသည်လည်းကောင်း, သူတစ်ပါးကို ပြုလုပ်စေတတ်သော ပုဂ္ဂိုလ်သတ္တဝါသည်လည်းကောင်း မရှိပေ။ (အဘိ၊ဋ္ဌ၊၁၊၃၁၂။)

ဆိုင်ရာအာရုံသည် ဆိုင်ရာပသာဒကို ထိခိုက်အပ်သော် သင်က အာဝဇ္ဇန်းမည်သည် ဖြစ်လော။ ပ ။ သင်က ဇောမည်သည် ဖြစ်လော ဤသို့လျှင် တစ်စုံတစ်ယောက်သော ကိုယ်တိုင်ပြုလုပ်သူသည်လည်းကောင်း, သူတစ်ပါးကို ပြုလုပ်စေတတ်သူသည်လည်းကောင်း မရှိပေ။ အလျော်အားဖြင့် ဆိုရမူ --- မိမိ၏ ထုံးစံ ဓမ္မတာ အားဖြင့်လျှင် အာရုံက ပသာဒကို ထိခိုက်မိရာအခါမှစ၍ ကိရိယမနောဓာတ် = ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ဘဝင်ကို လည်စေ၏၊ စက္ခုဝိညာဏ်သည် မြင်ခြင်းကိစ္စ = ဒဿနကိစ္စကို ပြီးစေ၏။ ဝိပါက်မနောဓာတ်သည် အာရုံကို လက်ခံခြင်း = သမ္ပဋိစ္ဆိုင်းကိစ္စကို ပြီးစေ၏၊ ဝိပါက်မနောဝိညာဏဓာတ်သည် အာရုံကို စူးစမ်းခြင်း = သန္တီရဏကိစ္စ ကို ပြီးစေ၏။ ကိရိယမနောဝိညာဏဓာတ်သည် (= မနောဒွါရာဝဇ္ဇန်းစိတ်သည်) အာရုံကို (ဣဋ္ဌ-အနိဋ္ဌ စသည်ဖြင့်) ဆုံးဖြတ်ခြင်း ဝေါဋ္ဌဗ္ဗနကိစ္စ = ဝုဋ္ဌောကိစ္စကို ပြီးစေ၏၊ ဇောသည် အာရုံ၏ အရသာကို ခံစား၏။ ဤကား စိတ္တနိယာမ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၁၄။)

ဧကန်အားဖြင့် အာရုံ၏ အရသာကို ဇောကသာလျှင် ခံစားနိုင်၏။ စက္ခုဝိညာဏ်စသော ဝိပါက်စိတ်တို့သည် ကုသိုလ် အကုသိုလ်တို့၏ သုခ, ဒုက္ခ = ကောင်းကျိုး ဆိုးကျိုးမျှသာဖြစ်၍, ဣဋ္ဌ အနိဋ္ဌ အာရုံကို ဣဋ္ဌပဲ အနိဋ္ဌပဲဟု ပိုင်ပိုင်နိုင်နိုင် ခွဲခြားမှု မပြုတတ်ကြပေ။ ဇောသည်သာလျှင် ရဇ္ဇန = တပ်မက်စရာ အာရုံ၌ တပ်မက်မှု, ဝိရဇ္ဇန = မတပ်မက်စရာ အာရုံ၌ မတပ်မက်မှု စသည်ကို ပြုသောအားဖြင့် ဣဋ္ဌ အနိဋ္ဌစသည့် ခွဲခြားမှုကို ပြုတတ်၏၊ ထိုကြောင့် ဇောသည်သာလျှင် ဧကန်အားဖြင့် အာရုံ၏ အရသာကို ပိုင်ပိုင်နိုင်နိုင် ခံစားနိုင်၏။ ယင်းဇောတို့တွင် လည်း ပဉ္စဒွါရိကဇောတို့သည် ပဉ္စာရုံတို့နှင့် ရှေးရှူရင်ဆိုင် ကျရောက်ရုံမျှသဘောသာ ဖြစ်ကြသဖြင့် မနောဒွါရိက ဇောများလောက် အာရုံ၏ အရသာကို ပိုင်ပိုင်နိုင်နိုင် မခံစားနိုင်ကြပေ။ မနောဒွါရိကဇောတို့ကသာလျှင် အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချလျက် ပို၍ ပိုင်ပိုင်နိုင်နိုင် အာရုံ၏ အရသာကို ခံစားနိုင်ကြ၏၊ အဟုန်ပြင်းပြင်း တင်းတင်းထန်ထန် အာရုံ၏ အရသာကို ခံစားနိုင်ကြ၏၊ ခံစားခြင်းကိစ္စကို ရွက်ဆောင်နိုင်ကြ၏။ ယင်းသို့ အဟုန်ပြင်းပြင်း တင်းတင်းထန်ထန် အာရုံ၏ အရသာကို ခံစားခြင်းကိစ္စကို ဇဝနကိစ္စဟု ခေါ်ဆို၏။ ကုသိုလ်ဇော အကုသိုလ်ဇောတို့သည် ယင်းဇဝနကိစ္စကိုလည်း ရွက်ဆောင် နိုင်ကြသည်သာ ဖြစ်၏။ ဝိညာဏ်တို့၏ သို့မဟုတ် နာမ်တရားတို့၏ လုပ်ငန်းကိစ္စ (၁၄)မျိုးတို့တွင် ဇဝနကိစ္စလည်း ပါဝင်လျက်ပင် ရှိ၏။ ထိုကုသိုလ်တရား အကုသိုလ်တရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌လည်း ယင်းဇောများသည် အာရုံ၏ အရသာကို အဟုန်ပြင်းပြင်း တင်းတင်းထန်ထန် သုံးဆောင်ခံစားတတ်သော သဘောတရားဟု ထင်လာနိုင်သည်သာ ဖြစ်ပေသည်။

ပဒဋ္ဌာန် --- ပဉ္စဒွါရဝီထိများ၌ ဝုဋ္ဌောနာမ်တရား (၁၂)လုံး, မနောဒွါရဝီထိများ၌ မနောဒွါရဝဇ္ဇန်းနာမ်တရား (၁၂)လုံးကိုပင် ယောနိသောမနသိကာရဟုလည်းကောင်း, အယောနိသောမနသိကာရဟုလည်းကောင်း ခေါ်ဆို၏။ ပဒဋ္ဌာန်ကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်သည် ယောနိသောမနသိကာရ အမည်ရသော ယင်းနာမ်တရား (၁၂)လုံး ကြောင့် ကုသိုလ်တရား ဖြစ်ပုံကိုလည်းကောင်း, အယောနိသောမနသိကာရ အမည်ရသော ယင်းနာမ်တရား (၁၂)လုံးကြောင့် အကုသိုလ်တရား ဖြစ်ပုံကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင် ရှုပါ။

အထက်ပါ ကုသိုလ်တရား သို့မဟုတ် အကုသိုလ်တရားတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို သိမ်းဆည်း ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အာယတနအလိုက် ဖြစ်ပေါ်နေကြကုန်သော ကုသိုလ်တရား သို့မဟုတ် အကုသိုလ်တရားတို့တွင် မိမိ သိမ်းဆည်းလိုသော ဇောနာမ်တရားစုမှ အသိစိတ် ဝိညာဏ်ကို ရွေးထုတ်၍ ရှုပါ။

ပဉ္စဒွါရိကဇော

ပဉ္စဒွါရိကဇော

ပဉ္စဒွါရဝီထိများ၌ ဝုဋ္ဌောနာမ်တရားစုကို ယောနိသောမနသိကာရ, သို့မဟုတ် အယောနိသောမနသိကာရဟု ဆိုရခြင်းမှာ ပဓာနနည်းတည်း။ ပဉ္စဒွါရဝီထိများ၌ ပဉ္စဒွါရာဝဇ္ဇန်းနာမ်တရားစုတို့သည်လည်း ကုသိုလ်ဇောဖြစ်ဖို့ရန် သို့မဟုတ် အကုသိုလ်ဇောဖြစ်ဖို့ရန် အကြောင်းတရားတို့ပင် ဖြစ်ကြပေသည်။ အောက်ပါ အဋ္ဌကထာစကားရပ်ကို ဖတ်ရှုကြည့်ပါ။

ဣဒံ ပန ဇဝနံ ကုသလတ္ထာယ ဝါ အကုသလတ္ထာယ ဝါ ကော နိယာမေတီတိ? အာဝဇ္ဇနဉ္စေဝ ဝေါဋ္ဌဗ္ဗနဉ္စ။ အာဝဇ္ဇနေန ဟိ ယောနိသော အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနေန ယောနိသော ဝဝတ္ထာပိတေ ဇဝနံ အကုသလံ ဘဝိဿတီတိ အဋ္ဌာနမေတံ။ အာဝဇ္ဇနေန အယောနိသော အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနေန အယောနိသော ဝဝတ္ထာပိတေ ဇဝနံ ကုသလံ ဘဝိဿတီတိပိ အဋ္ဌာနမေတံ။ ဥဘယေန ပန ယောနိသော အာဝဋ္ဋိတေ, ဝဝတ္ထာပိတေ စ ဇဝနံ ကုသလံ ဟောတိ၊ အယောနိသော အကုသလန္တိ ဝေဒိတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၃၁၇။)

ဤဇောကို ကုသိုလ်ဇော စောဖို့ရန်သော်လည်းကောင်း, အကုသိုလ်ဇော စောဖို့ရန်သော်လည်းကောင်း အဘယ်တရားက မြဲစေပါသနည်း၊ အဘယ်တရားက ကုသိုလ်ဖြစ်စေ, သို့မဟုတ် အကုသိုလ်ဖြစ်စေဟု အမြဲ သတ်မှတ် ဆုံးဖြတ်ချက် ချမှတ်ပေးပါသနည်း?

ပဉ္စဒွါရာဝဇ္ဇန်းသည်လည်းကောင်း ဝုဋ္ဌောသည်လည်းကောင်း မြဲစေ၏။ ကုသိုလ်ဖြစ်စေ အကုသိုလ်ဖြစ်စေ ဟု အမြဲသတ်မှတ် ဆုံးဖြတ်ချက် ချမှတ်ပေး၏။

မှန်ပေသည် -- ပဉ္စဒွါရာဝဇ္ဇန်းက စီးပွားချမ်းသာကိုရခြင်း၏ အကြောင်းအားဖြင့် နည်းမှန်လမ်းမှန် ဘဝင်ကို လည်စေအပ်သည်ရှိသော်, ဝုဋ္ဌောက စီးပွားချမ်းသာကိုရခြင်း၏ အကြောင်းအားဖြင့် အာရုံကို ပိုင်းခြားသတ်မှတ် အပ်သည်ရှိသော် ဇောသည် အကုသိုလ်ဇော ဖြစ်လတ္တံ့ဟူသော ဤအကြောင်းသည် သင့်သောအကြောင်း မဟုတ်။ ပဉ္စဒွါရာဝဇ္ဇန်းက စီးပွားချမ်းသာကိုရခြင်း၏ အကြောင်းမဟုတ်သောအားဖြင့် နည်းမှားလမ်းမှား ဘဝင်ကို လည်စေ အပ်သည်ရှိသော်, ဝုဋ္ဌောက စီးပွားချမ်းသာကိုရခြင်း၏ အကြောင်းမဟုတ်သောအားဖြင့် နည်းမှားလမ်းမှား အာရုံကို ပိုင်းခြားသတ်မှတ်အပ်သော် ဇောသည် ကုသိုလ်ဖြစ်လတ္တံ့ဟူသော ဤအကြောင်းသည်လည်း သင့်သောအကြောင်း မဟုတ်ပေ။ အလျော်အားဖြင့် ဆိုရမူ -- ပဉ္စဒွါရာဝဇ္ဇန်း-ဝုဋ္ဌော နှစ်မျိုးလုံးက စီးပွားချမ်းသာကိုရခြင်း၏ အကြောင်း အားဖြင့် နည်းမှန်လမ်းမှန် ဘဝင်ကိုလည်စေအပ်သော်လည်းကောင်း, အာရုံကို ပိုင်းခြား သတ်မှတ်အပ်သော် လည်းကောင်း ဇောသည် ကုသိုလ်ဖြစ်၏။ စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းမဟုတ်သောအားဖြင့် နည်းမှား လမ်းမှား ဘဝင်ကို လည်စေအပ်သော်လည်းကောင်း, အာရုံကို ပိုင်းခြား သတ်မှတ်အပ်သော်လည်းကောင်း ဇော သည် အကုသိုလ်ဖြစ်၏ဟု မှတ်သားပါလေ။ (အဘိ၊ဋ္ဌ၊၁၊၃၁၇။)

ဤအဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့်အညီ ပဉ္စဒွါရဝီထိများ၌ ပဉ္စဒွါရာဝဇ္ဇန်းနှင့်ဝုဋ္ဌော နှစ်မျိုးလုံးသည်ပင် ယောနိသောမနသိကာရ သို့မဟုတ် အယောနိသောမနသိကာရ မည်သည်ဟု မှတ်ပါ။ မနောဒွါရဝီထိများ၌ကား မနောဒွါရာဝဇ္ဇန်းသည်ပင် ယောနိသောမနသိကာရ သို့မဟုတ် အယောနိသောမနသိကာရ မည်ပေသည်။ ဤ၌ ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌောတို့က ရူပါရုံအရောင်ကို = ရူပါရုံမျှ = အရောင်မျှသာ နှလုံးသွင်းခဲ့သော် နည်းမှန်လမ်းမှန် ဘဝင်ကို လည်စေ၍ နည်းမှန်လမ်းမှန် အာရုံကို ပိုင်းခြားမှတ်သားသည် ဖြစ်ရကား ယင်းကဲ့သို့သော နှလုံးသွင်းမှုမျိုးကို ယောနိသောမနသိကာရဟု ဆို၏။ အကယ်၍ ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌောတို့က လောဘဇော စောနိုင်လောက်သည့် ဣဋ္ဌအခြင်းအရာ, ဒေါသဇော စောနိုင်လောက်သည့် အနိဋ္ဌအခြင်းအရာ စသည်ဖြင့် နှလုံးသွင်းခဲ့သော် ဘဝင်ကို နည်းမှန်လမ်းမှန် မလည်စေသည်ဖြစ်၍ အာရုံကို နည်းမှားလမ်းမှား ပိုင်းခြားသတ်မှတ်သောကြောင့် ယင်းကဲ့သို့ သော နှလုံးသွင်းမှုမျိုးကို အယောနိသောမနသိကာရဟု ဆိုသည်။ သဒ္ဒါရုံ စသည်ကို နှလုံးသွင်းရာ၌လည်း နည်းတူ ပင်တည်း။

ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင်ကား ဝုဋ္ဌောနာမ်တရားစု (၁၂)လုံးတို့ကိုသာယူ၍ အကြောင်း-အကျိုး သိမ်းဆည်းပုံကို ရေးသားတင်ပြခဲ့၏။ ဉာဏ်နုသူ ယောဂီသူတော်စင်တို့အတွက် ငဲ့ညှာ၍ ပဓာနနည်းအားဖြင့် တင်ပြခဲ့ခြင်းပင် ဖြစ်၏။ သို့သော် နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင်ကား ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌော နှစ်မျိုးလုံးကိုပင် ယောနိသောမနသိကာရ သို့မဟုတ် အယောနိသောမနသိကာရအဖြစ် ထည့်သွင်း ဖော်ပြထားပေသည်။

တစ်ဖန် ဇော၏နောင်တွင် ဆက်လက်၍ ရံခါဖြစ်တတ်သော တဒါရုံ၏လည်းကောင်း, ဘဝ၏ အဆုံးဖြစ်သည့် စုတိစိတ်၏လည်းကောင်း, လက္ခဏ-ရသ စသည်ကို အဋ္ဌကထာ ဋီကာတို့၌ သီးသန့့်ရေးသားထားသည်ကို မတွေ့ရပေ။ ထိုသို့ သီးသန့့်ထုတ်နုတ်၍ မတင်ပြရာ၌ စိတ်အားလုံးအတွက် ခြုံ၍ ရေးသားတင်ပြထားသော ဝိညာဏက္ခန္ဓာ၏ လက္ခဏ-ရသ စသည်ကို နည်းမှီး၍ ရှုပါ။ နာမ်တရားတို့၏ ကိစ္စကြီး (၁၄)ရပ်တို့တွင် တဒါရုံမှာ တဒါရမ္မဏကိစ္စ, စုတိမှာ စဝနကိစ္စကို ရွက်ဆောင်သဖြင့် ရသနေရာ၌ အပြောင်းအလဲ အနည်းငယ် ရှိနိုင်ပေသည်။ ပစ္စုပဋ္ဌာန်၌လည်း အလားတူပင် မှတ်ပါ။ ပဒဋ္ဌာန်အရာ၌ကား ဝီထိစိတ်တို့၌ အနန္တရ အကြောင်းတရားကို ဦးစားပေး၍ အဋ္ဌကထာ ဆရာတော်က ဖွင့်ဆိုထားသည်။ ထိုကြောင့် တဒါရုံ စသည်တို့၏ လက္ခဏ-ရသ စသည်ကို အောက်ပါအတိုင်း မှတ်ပါ။ ရူပါရုံကို အာရုံပြုသည့် တဒါရုံကို ပုံစံထုတ်၍ (အဘိ၊ဋ္ဌ၊၁၊၃၀၅။)၌ လာရှိသော သန္တီရဏကို နည်းမှီး၍ ရေးသား တင်ပြအပ်ပါသည်။

၁၄။ တဒါရုံ

၁၄။ တဒါရုံ

၁။ ရူပါရမ္မဏဝိဇာနနလက္ခဏံ (သဠာရမ္မဏဝိဇာနနလက္ခဏံ) တဒါရမ္မဏံ၊

၂။ တဒါရမ္မဏရသံ၊

၃။ တထာဘာဝပစ္စုပဋ္ဌာနံ၊

၄။ ဇဝနာပဂမပဒဋ္ဌာနံ။

၁။ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ဇောယူသည့် အာရုံနောက်သို့လိုက်၍ အာရုံယူခြင်း (ကိစ္စ) ရသ၊

၃။ ဇောယူသည့် အာရုံနောက်သို့လိုက်၍ အာရုံယူတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဇောစိတ်၏ ချုပ်ပျက်သွားခြင်း ပဒဋ္ဌာန်။

သဒ္ဒါရုံ စသည့် အာရုံတို့ကို အာရုံပြုသည့် တဒါရုံ စသည်တို့ကိုလည်း နည်းမှီး၍ ရှုပါ။ ဤအထက်ပါ တဒါရုံ ရှုကွက်မှာ ဇောနှင့်ကပ်လျက်ရှိသော ပထမတဒါရုံအတွက် ရှုကွက်ဖြစ်သည်။ ဒုတိယတဒါရုံဖြစ်မူ ပဒဋ္ဌာန် အရာ၌ --- ပထမတဒါရမ္မဏာပဂမပဒဋ္ဌာနံ = ပထမတဒါရုံ၏ ချုပ်ပျက်သွားခြင်း = ကင်းခြင်းသည် ဒုတိယတဒါရုံ ဖြစ်ပေါ်လာဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရားဖြစ်သည်ဟု မှတ်ပါ။ တဒါရုံနာမ်တရားစုမှ အသိစိတ်ကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသစသည့် ရှုကွက်ကို ရှုပါ။ ယခုတစ်ဖန် ပဉ္စဒွါရဝီထိများ၏ နောင်၌ ဆက်လက် ဖြစ်ပေါ်လာကြသော မနောဒွါရဝီထိ, ဓမ္မာရုံကို အာရုံယူကြသည့် မနောဒွါရဝီထိ --- ထိုမနောဒွါရဝီထိ အမျိုးမျိုးတို့၌ ပါဝင်သော မနောဒွါရာဝဇ္ဇန်း၏ လက္ခဏ-ရသစသည့် ရှုကွက်ကို ဆက်လက်၍ တင်ပြအပ်ပါသည်။

၁၅။ မနောဒွါရာဝဇ္ဇန်း

၁၅။ မနောဒွါရာဝဇ္ဇန်း

(ဥပေက္ခာသဟဂုတ် အဟိတ် ကိရိယမနောဝိညာဏဓာတ်)

၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု သဠာရမ္မဏဝိဇာနနလက္ခဏာ၊

၂။ မနောဒွါရေ အာဝဇ္ဇနရသာ၊

၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊

၄။ ဘဝင်္ဂါပဂမပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၈၇။)

ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယ မနောဝိညာဏဓာတ် = မနောဒွါရာဝဇ္ဇန်းသည် ---

၁။ အာရုံ (၆)ပါးကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်ခြင်း (ကိစ္စ) ရသ၊

၃။ မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဘဝင်အယဉ် ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း (ဘဝင်္ဂုပစ္ဆေဒ) ပဒဋ္ဌာန်။

ဤအထက်ပါ ဖွင့်ဆိုချက်မှာလည်း အာရုံ (၆)ပါးလုံးကို ခြုံ၍ ဖွင့်ဆိုထားသည့် အာရုံ (၆)ပါးလုံးနှင့် ဆက်ဆံ နေသည့် ရှုကွက် ဖြစ်နေသဖြင့် ဉာဏ်နုသူတို့အတွက် ရှုကွက်ကို သဘောပေါက်စေရန် ရှုတတ်ရန် ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော မနောဒွါရာဝဇ္ဇန်းကို ပုံစံထုတ်၍ ထပ်မံတင်ပြအပ်ပါသည်။

ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု ---

၁။ ရူပါရမ္မဏဝိဇာနနလက္ခဏာ၊

၂။ မနောဒွါရေ အာဝဇ္ဇနရသာ၊ (မနောဒွါရေ အာပါတဂတံ ရူပါရမ္မဏံ အာဝဇ္ဇနရသာ။)

၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊

၄။ ဘဝင်္ဂါပဂမပဒဋ္ဌာနာ။

ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယ မနောဝိညာဏဓာတ် = မနောဒွါရာဝဇ္ဇန်းသည်

၁။ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ မနောဒွါရ၌ထင်လာသော ရူပါရုံကို (= ရှေးရှူကျရောက်လာသော ရူပါရုံကို) ဆင်ခြင်ခြင်း - (ကိစ္စ) ရသ၊

၃။ မနောဒွါရ၌ထင်လာသော ရူပါရုံကို ဆင်ခြင်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဘဝင်အယဉ် ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ပဒဋ္ဌာန်။

ယင်းမနောဒွါရာဝဇ္ဇန်း၌ ယှဉ်ဖက် သမ္ပယုတ်နာမ်တရားစုတို့မှာ (၁၂)လုံး ရှိကြသဖြင့် ယင်းနာမ်တရားစုတို့မှ အသိစိတ်ကို ရွေးထုတ်၍ အထက်ပါအတိုင်း လက္ခဏ-ရသ စသည်ကို ရှုပါ။ သဒ္ဒါရုံစသည့် အာရုံများကို အာရုံပြု၍ ဖြစ်ပေါ်လာသော မနောဒွါရာဝဇ္ဇန်း၌လည်း နည်းမှီး၍ ရှုပါလေ။

၁။ ပစ္စုပ္ပန်ရူပါရုံကို သိသော စက္ခုဒွါရဝီထိ တစ်ဝီထိ၊ (ပထမဝီထိ)

၂။ စက္ခုဒွါရဝီထိဖြင့် ယူထားအပ်သော အတိတ်ရူပါရုံကို သိသော တဒနုဝတ္တက မနောဒွါရဝီထိ တစ်ဝီထိ၊ (ဒုတိယဝီထိ)

၃။ စက္ခုဒွါရဝီထိ တဒနုဝတ္တက မနောဒွါရဝီထိတို့ဖြင့် မြင်အပ်ပြီးသော အတိတ်ရူပါရုံကို ညို၏ ဝါ၏ ပြာ၏ နက်၏ စသည်ဖြင့် ပိုင်းခြားနိုင်သော သုဒ္ဓမနောဒွါရဝီထိ တစ်ဝီထိ၊ (တတိယဝီထိ)

၄။ ယင်းဝီထိ (၃)မျိုးတို့ဖြင့် မြင်အပ် သိအပ် ပိုင်းခြားအပ်ပြီးသော ရူပါရုံကိုစွဲ၍ ယောက်ျား မိန်းမ အိုး ပုဆိုး စသည်တည်းဟု သင်္ကေတရှိဖူးသည်နှင့် လျော်စွာသိသော သုဒ္ဓမနောဒွါရဝီထိ၊ (စတုတ္ထဝီထိ)

၅။ ယင်း (၄)ဝီထိတို့ဖြင့် သိအပ်ပြီးသော ရူပါရုံ အတ္ထပညတ် ပုံသဏ္ဌာန်ဒြပ်တို့တွင် တစ်ခုခုကို သိသော (ပဉ္စမ) မနောဒွါရဝီထိ။

ဤပဉ္စမမနောဒွါရဝီထိကျမှ ယောက်ျား မိန်းမ အိုး ပုဆိုး စသည့် အတ္ထပညတ်ကို အာရုံပြု၍ ယောက်ျား မိန်းမ အိုး ပုဆိုး စသည်ဖြင့် အာရုံကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်၍ ကြည်ညိုခြင်း တပ်မက်ခြင်း ချစ်ခင်ခြင်း စသည် ဖြစ်၏။ ပဉ္စမမြောက် မနောဒွါရဝီထိ၏ နောက်၌ ဆက်လက်ဖြစ်ပေါ် လာကြကုန်သော မနောဒွါရဝီထိတို့ ၌ကား ဆိုဖွယ်ရာပင် မရှိဖြစ်တော့၏။ ပဉ္စမမြောက် မနောဒွါရဝီထိမှစ၍ ဆက်လက်ဖြစ်ပေါ်လာကြသော မနောဒွါရဝီထိတို့ဝယ် မနောဒွါရာဝဇ္ဇန်းနှင့်ယှဉ်သော အဓိမောက္ခစေတသိက်, ဇော အသီးအသီးနှင့်ယှဉ်သော အဓိမောက္ခ စေတသိက်၏ စွမ်းအင်မှာ အာရုံကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်သည့် မြင့်မားသောအဆင့်သို့ ရောက်ရှိလာ၏။

မနောဒွါရဝီထိတို့၌ ပါဝင်သော မနောဒွါရာဝဇ္ဇန်းစိတ်ကား ယောနိသောမနသိကာရ အရာ, အယောနိသော မနသိကာရ အရာတို့၌ ဇောနှင့် အလားတူနေ၏။ (နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။) အကုသိုလ်ဇောများသည် အာရုံကို နိစ္စ သုခ အတ္တ သုဘ စသည်ဖြင့် အယောနိသောမနသိကာရ အခြင်းအရာအားဖြင့် နှလုံးသွင်းတတ် သကဲ့သို့ မနောဒွါရာဝဇ္ဇန်းကလည်း အာရုံကို ဆင်ခြင်ရုံသာမက နိစ္စ သုခ အတ္တ သုဘ စသည်ဖြင့် အယောနိသော မနသိကာရ အခြင်းအရာအားဖြင့်လည်း နှလုံးသွင်းတတ်၏၊ ဆင်ခြင် ဆုံးဖြတ်တတ်၏။ အလားတူပင် ဝိပဿနာ ဇောများသည် တေဘူမက သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ အသုဘ စသည်ဖြင့် ယောနိသောမနသိကာရ အခြင်းအရာအားဖြင့် နှလုံးသွင်းတတ် ဆင်ခြင်ဆုံးဖြတ်တတ် ရှုပွားသုံးသပ်တတ်သကဲ့သို့ ယင်းဝိပဿနာဇောတို့၏ ရှေး၌ ကပ်လျက် တည်ရှိသော မနောဒွါရာဝဇ္ဇန်းကလည်း ယင်းသင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ အသုဘ စသည်ဖြင့် ယောနိသောမနသိကာရ အခြင်းအရာအားဖြင့် နှလုံးသွင်းတတ်၏ ဆင်ခြင် ဆုံးဖြတ်တတ်၏။ ထိုကြောင့် ယင်းမနောဒွါရာဝဇ္ဇန်းသည် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အာရုံကို ဆင်ခြင်ရုံသာမက ဆုံးလည်း ဆုံးဖြတ်တတ်၏ဟု မှတ်ပါ။ ထိုကြောင့် ယင်းစိတ်ကို အဋ္ဌကထာဆရာတော်က အောက်ပါအတိုင်း မှတ်ချက် ချထား၏ ---

မဟာဂဇစိတ် = ဆင်ပြောင်ကြီးနှင့်တူသောစိတ်

မဟာဂဇစိတ် = ဆင်ပြောင်ကြီးနှင့်တူသောစိတ်

ဥပေက္ခာသဟဂတာတိ ဣဒံ စိတ္တံ တီသု ဘဝေသု သဗ္ဗေသံ သစိတ္တကသတ္တာနံ သာဓာရဏံ၊ န ကဿစိ သစိတ္တကဿ နုပ္ပဇ္ဇတိ နာမ။ ဥပ္ပဇ္ဇမာနံ ပန ပဉ္စဒွါရေ ဝေါဋ္ဌဗ္ဗနံ ဟောတိ၊ မနောဒွါရေ အာဝဇ္ဇနံ။ ဆ အသာဓာရဏဉာဏာနိပိ ဣမိနာ ဂဟိတာရမ္မဏမေဝ ဂဏှန္တိ။ မဟာဂဇံ နာမေတံ စိတ္တံ။ ဣမဿ အနာရမ္မဏံ နာမ နတ္ထိ။အသဗ္ဗညုတဉာဏံ သဗ္ဗညုတဉာဏဂတိကံ နာမ ကတမန္တိ ဝုတ္တေ ဣဒန္တိ ဝတ္တဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၃၃၃။)

ဤမနောဒွါရာဝဇ္ဇန်းစိတ်သည် ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါးတို့၌ စိတ်ရှိသော သတ္တဝါအားလုံး တို့နှင့် ဆက်ဆံ၏၊ တစ်စုံတစ်ယောက်သော စိတ်ရှိသော သတ္တဝါ၏ သန္တာန်၌ မဖြစ်သည်မည်သည် မရှိ၊ ဤ စိတ်သည် ထင်ရှားဖြစ်ပေါ်လာလတ်သော် ပဉ္စဒွါရ၌ ဝုဋ္ဌော, မနောဒွါရ၌ အာဝဇ္ဇန်း ကိစ္စကို ဆောင်ရွက်လျက် ဖြစ်ပေါ်လာ၏။ သာဝကတို့နှင့် မဆက်ဆံသော သဗ္ဗညု သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့နှင့်သာ ဆက်ဆံသော (၆)ပါး ကုန်သော အသာဓာရဏ ဉာဏ်တော်တို့သည်သော်မှလည်း ဤမနောဒွါရာဝဇ္ဇန်းစိတ်က ယူပေးအပ်သော အာရုံကို သာလျှင် အာရုံယူနိုင်ကြကုန်၏။ ဤမနောဒွါရာဝဇ္ဇန်းစိတ်သည် ဆင်ပြောင်ကြီးနှင့် တူသောစိတ် မည်၏။ ဤ မနောဒွါရာဝဇ္ဇန်းစိတ်၏ အာရုံမဟုတ်သော တရားမည်သည် မရှိစကောင်းပေ။ --- သဗ္ဗညုတဉာဏ် မဟုတ်ပါဘဲလျက် သဗ္ဗညုတဉာဏ်နှင့် အလားတူသော တရားမည်သည် အဘယ်နည်း? --- ဤသို့ မေးလတ်သော် ဤ မနောဒွါရာဝဇ္ဇန်းစိတ်တည်း --- ဟု ဖြေဆိုလေရာ၏။ (အဘိ၊ဋ္ဌ၊၁၊၃၃၃။)

မဟာဂဇ --- ဆင်ပြောင်ကြီးသည် အားကြီးသကဲ့သို့ ဤ မနောဒွါရာဝဇ္ဇန်းစိတ်သည်လည်း သဗ္ဗညုတ ဉာဏ်တော်မြတ်ကြီး၏ ေ့ရှသွားဖြစ်ရကား သဗ္ဗညုတ ဉာဏ်တော်မြတ်ကြီးကဲ့သို့ အလုံးစုံကို အာရုံပြုနိုင်သည့် အတွက် အားကောင်းလှ၏။ ထိုကြောင့် ဆင်ပြောင်ကြီးနှင့် တူသောစိတ်ဟု ဆိုသည်။

၁၆။ ဟသိတုပ္ပါဒ်စိတ်

၁၆။ ဟသိတုပ္ပါဒ်စိတ်

သောမနဿသဟဂတာဟေတုကကိရိယာ ---

၁။ သဠာရမ္မဏဝိဇာနနလက္ခဏာ၊

၂။ ကိစ္စဝသေန အရဟတံ အနုဠာရေသု ဝတ္ထူသု ဟသိတုပ္ပါဒနရသာ၊

၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊

၄။ ဧကန္တတော ဟဒယဝတ္ထုပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၈၇။)

သောမနဿသဟဂုတ် အဟိတ် ကိရိယစိတ် = ဟသိတုပ္ပါဒ်စိတ်သည် ---

၁။ အာရုံ (၆)ပါးကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ကိစ္စ၏ အစွမ်းဖြင့် ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာလျှင် မမြတ်ထွတ်ကုန်သော

အရိုးစု ပြိတ္တာ အဆင်းစသော အာရုံတို့၌ ပြုံးရွှင်ခြင်းကိုသာလျှင် ဖြစ်စေခြင်း (ကိစ္စ) ရသ၊

၃။ ထိုကဲ့သို့ ပြုံးရွှင်ခြင်းကို ဖြစ်စေတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဧကန်အားဖြင့် မှီရာဖြစ်သော ဟဒယဝတ္ထု ပဒဋ္ဌာန်။

ဤ ဟသိတုပ္ပါဒ်စိတ်သည် အခြားသော ပုထုဇန် သေက္ခတို့နှင့် မဆက်ဆံသော ရဟန္တာအရှင်မြတ်တို့၏ သာလျှင် သီးခြား ကိုယ်ပိုင်ဥစ္စာဖြစ်သော စိတ်တည်း၊ ဒွါရ (၆)ပါးတို့၌ ရနိုင်၏။

စက္ခုဒွါရ၌ဖြစ်ပုံ --- ကမ္မဋ္ဌာန်း ပွားများအားထုတ်ခြင်းအား လျောက်ပတ်သော နေရာဌာန တစ်ခုကို တွေ့ မြင်ရ၍ ရဟန္တာအရှင်မြတ်သည် ဝမ်းမြောက်တော်မူသောအခါ ပြုံးရွှင်တော်မူသောအခါ ဤစိတ်ဖြင့် ဝမ်းမြောက် တော်မူ၏။

သောတဒွါရ၌ဖြစ်ပုံ --- သံဃိက ပစ္စည်းဘဏ္ဍာကို ခွဲခြား ဝေဖန်ပေးရာ အရပ်သို့ ရောက်ရှိသောအခါ ကျယ်လောင်သော အသံကိုပြု၍ (= တပည့်တော်အတွက် ပေးပါ, တပည့်တော်၏ ဥပဇ္ဈာယ်ဆရာအတွက် ပေးပါ, တပည့်တော်၏ နိဿယည်းဆရာအတွက် ပေးပါ စသည်ဖြင့် အသံကျယ်ကျယ် ကျယ်ကျယ် ပြောဆို၍) ပစ္စည်း လေးပါးတို့၌ အလွန် မက်မောသော စိတ်ထားရှိကုန်သည် ဖြစ်၍ ဝေစုရသော ပစ္စည်းတို့ကို မြင်ရ ကြားရသော် ဤသို့ သဘောရှိသည် မည်သော ပစ္စည်းလေးပါးတို့၌ အလွန် လိုလားတပ်မက်သူ တစ်ယောက် ဖြစ်ဖို့ရန် အကြောင်းရင်းစစ်ဖြစ်သော လျှပ်ပေါ်လော်လည်တတ်သော တဏှာကို ငါသည် ပယ်ရှားအပ်ပြီးပေပေါ့ဟု ဤသို့ တွေး၍ ဤဟသိတုပ္ပါဒ်ဇောစိတ်ဖြင့်ပင် ဝမ်းမြောက်တော်မူ၏။

ဃာနဒွါရ၌ဖြစ်ပုံ --- အမွှေးနံ့သာတို့ဖြင့်လည်းကောင်း, ပန်းတို့ဖြင့်လည်းကောင်း စေတီတော်ကို ပူဇော်တော် မူသော ရဟန္တာအရှင်မြတ်သည် ဤဟသိတုပ္ပါဒ်ဇောစိတ်ဖြင့်ပင်လျှင် နှစ်သက်ရွှင်လန်း ဝမ်းမြောက်တော်မူ၏။

ဇိဝှါဒွါရ၌ဖြစ်ပုံ --- အရသာနှင့် ပြည့်စုံသော မွန်မြတ်သော ဆွမ်းကို ရရှိ၍ သီတင်းသုံးဖော် အရှင်ကောင်း အရှင်မြတ်တို့အား ခွဲခြားဝေဖန် လှူဒါန်း၍ သုံးဆောင်တော်မူသော ရဟန္တာအရှင်မြတ်သည် အသက်ထက်ဆုံး အောက်မေ့အပ်သော သာရဏီယကျင့်ဝတ်ကို ငါသည် ဖြည့်ကျင့်အပ်ပေပြီတကား ဤသို့တွေး၍ ဤဟသိတုပ္ပါဒ် ဇောစိတ်ဖြင့် နှစ်သက်ရွှင်လန်း ဝမ်းမြောက်တော်မူ၏။

ကာယဒွါရ၌ဖြစ်ပုံ --- ခန္ဓက၌ လာရှိသော ဘုရားရှင် ပညတ်ထားတော်မူအပ်သော ဥပဇ္ဈာယဝတ် အာစရိယဝတ် အစရှိသော ထူးကဲမြင့်မြတ်သော အာဘိသမာစရိက ကျင့်ဝတ်ကို ဖြည့်ကျင့်တော်မူသော ရဟန္တာအရှင် မြတ်သည် ဥပဇ္ဈာယ်ဆရာတော်အား မျက်နှာသစ်တော်ရေ ဆက်ကပ်ခြင်း တံပူကပ်ခြင်း စသည်ဖြင့် -- ကာယဒွါရ ၌ ငါသည် ကျင့်ဝတ်ပဋိပတ်ကို ဖြည့်အပ်ပေပြီ --- ဤသို့တွေး၍ ဤဟသိတုပ္ပါဒ်ဇောစိတ်ဖြင့် နှစ်သက်ရွှင်လန်း ဝမ်းမြောက်တော်မူ၏။

မနောဒွါရ၌ကား အတိတ် အနာဂတ်ကို အာရုံပြု၍ ဖြစ်တတ်၏။ ဇောတိပါလလုလင်ဘဝ (မ၊၂၊၂၃၆။), မဂ္ဃဒေဝ = မဃဒေဝမင်းဘဝ (မ၊၂၊၂၆၂။), ကဏှရသေ့ဘဝ (ခု၊၅၊၂၀၂။) ဤသို့စသော ဘဝတို့ဝယ် ပြုအပ်ပြီး သော ဖြည့်ကျင့် ဆည်းပူးအပ်ပြီးသော အကြောင်းအရာကို ဆင်ခြင်တော်မူ၍ ဘုရားရှင်သည် ပြုံးတော်မူခြင်းကို ထင်ရှား ပြုတော်မူ၏။ ထို ပြုံးတော်မူခြင်းကိစ္စသည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ် သဗ္ဗညုတဉာဏ်တို့၏ ကိစ္စ တည်း။ ထိုဉာဏ်တော်မြတ် နှစ်မျိုးတို့၏ လေ့ကျက်အပ်ပြီး ဖြစ်ပြီးသည်၏ အဆုံး၌ကား ဤဟသိတုပ္ပါဒ်စိတ်သည် ဘုရားရှင်၏ စိတ်တော်အစဉ်ကို ရွှင်စေလျက် ဖြစ်ပေါ်လာ၏။

နောင်အနာဂတ်ကာလ၌ တန္တိဿရ မည်သော ပစ္စေကဗုဒ္ဓါသည် ဖြစ်လတ္တံ့၊ မုဒိင်္ဂဿရ မည်သော ပစ္စေကဗုဒ္ဓါသည် ဖြစ်လတ္တံ့ ဤသို့ မြင်တော်မူ၍ ဘုရားရှင်သည် ပြုံးတော်မူခြင်းကို ထင်ရှားစွာ ပြုတော်မူ၏။ ထိုပြုံးတော်မူခြင်း ကိစ္စသည်လည်း အနာဂတံသဉာဏ် သဗ္ဗညုတဉာဏ်တော်မြတ်တို့၏ ကိစ္စတည်း။ ထိုနှစ်မျိုး ကုန်သော ဉာဏ်တော်တို့၏ လေ့ကျက်အပ်ပြီး ဖြစ်ပြီးသည်၏ အဆုံး၌ကား ဤဟသိတုပ္ပါဒ် ဇောစိတ်သည် ဘုရားရှင်၏ စိတ်တော်အစဉ်ကို ရွှင်စေလျက် ဖြစ်ပေါ်လာ၏။ (အဘိ၊ဋ္ဌ၊၁၊၃၃၂-၃၃၃။)

မူလဋီကာ၏ ဖွင့်ဆိုချက်

မူလဋီကာ၏ ဖွင့်ဆိုချက်

အတိတ် အဖို့အစု၌ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်, အနာဂတ် အဖို့အစု၌ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်, ပစ္စုပ္ပန် အဖို့အစု၌ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော် ------ ဤဉာဏ်တော်မြတ် သုံးပါးတို့နှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ အလုံးစုံသော ကာယကံမှုမှန်သမျှသည် (ဝစီကံမှု မှန်သမျှသည်, မနောကံမှုမှန်သမျှသည်) ဉာဏ်တော်၏ နောက်သို့သာ အစဉ်လိုက်၍ ဖြစ်တော်မူ၏ --- ဤသို့ စသည်ဖြင့် ဟောတော်မူသောကြောင့် --- ဉာဏ်နှင့် မယှဉ်သော ဤဟသိတုပ္ပါဒ်စိတ်၏ ဘုရားရှင်၏ သန္တာန်တော် ၌ ဖြစ်နိုင်၏ ဟူသော စကားကို စဉ်းစားသင့်၏ဟု မူလဋီကာ ဆရာတော်က ဖွင့်ဆိုထားတော်မူ၏။ (မူလဋီ၊၁၊၁၃၇။)

ဤဟသိတုပ္ပါဒ်ဇောစိတ်၌ --- ဖဿ-ဝေဒနာ-သညာ-စေတနာ-ဧကဂ္ဂတာ-ဇီဝိတ-မနသိကာရ-ဝိတက်-ဝိစာရ-အဓိမောက္ခ-ဝီရိယ-ပီတိဟု စေတသိက် (၁၂)လုံး ယှဉ်၏။ ဟသိတုပ္ပါဒ်စိတ်နှင့် ပေါင်းသော် နာမ်တရား (၁၃)လုံး ရှိ၏။ ထိုတွင် ပညိန္ဒြေ အမည်ရသော ဉာဏ်ကား မပါဝင်ပေ။ ဤဟသိတုပ္ပါဒ်စိတ်သည် ဉာဏ်နှင့်မယှဉ် သောကြောင့် အထက်ပါ အဋ္ဌကထာ ဖွင့်ဆိုချက်ကို စဉ်းစားသင့်ကြောင်း မူလဋီကာဆရာတော်က တင်ပြသွား တော်မူခြင်း ဖြစ်၏။

အနုဋီကာဆရာတော်၏ သုံးသပ်ချက်

အနုဋီကာဆရာတော်၏ သုံးသပ်ချက်

အနုဋီကာဆရာတော်ကား ဤသို့ မိန့်ဆိုထားတော်မူ၏ --- ရဟန္တာအရှင်မြတ်သည် ပဉ္စဒွါရ၌ ပဓာနဖြစ်သည့် ကြည်ညိုဖွယ်ရာ ဌာနကို မြင်တွေ့ရ၍ ဤဟသိတုပ္ပါဒ်စိတ်ဖြင့် ဝမ်းမြောက်ရုံ သောမနဿဖြစ်ရုံမျှသာ ဖြစ်နိုင်၏, မပြုံးနိုင်သေး၊ ပြုံးခြင်းဝိညတ်ရုပ်ကို ပဉ္စဒွါရိကစိတ်တို့က မဖြစ်စေနိုင်သောကြောင့်တည်း။ ထိုကြောင့် အဋ္ဌကထာဝယ် (အဘိ၊ဋ္ဌ၊၁၊၃၃၂။) ပဉ္စဒွါရ၌ --- သောမနဿိတော ဟောတိ = နှစ်သက်ရွှင်လန်း ဝမ်းမြောက်တော်မူ၏ ဟု ဤမျှသာ ဖွင့်ဆိုထား၏။ မနောဒွါရကျမှ ဟာသယမာနံ သိတံ ပါတွာကာသိ = ပြုံးရွှင်ခြင်းကို ပြုတော် မူကြောင်းကို ဖွင့်ဆိုထား၏။ ထိုပြုံးရွှင်တော်မူခြင်းသည် ဤဟသိတုပ္ပါဒ်စိတ်ဖြင့် ဖြစ်စေအပ်သည် မှန်သော်လည်း ဘုရားရှင်၏ ပြုံးရွှင်တော်မူခြင်းကို ပြုတော်မူခြင်းသည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော် အနာဂတံသဉာဏ်တော် သဗ္ဗညုတဉာဏ်တော်တို့ ဖြစ်ပြီးနောက်မှ အစဉ်လိုက်၍ ဖြစ်ခြင်းကြောင့် ဤဟသိတုပ္ပါဒ်စိတ်သည် ဉာဏပုဗ္ဗင်္ဂမ = ဉာဏ်တော်လျှင် ေ့ရှသွား ပြဓာန်းခြင်းရှိသော တရားလည်း ဖြစ်၏၊ ဉာဏာနုပရိဝတ္တိ = ဉာဏ်တော်၏နောက်သို့ အစဉ်လိုက်သော တရားလည်း ဖြစ်၏။ ဤသို့ ဟသိတုပ္ပါဒ်စိတ်သည် (ဉာဏ်နှင့် မယှဉ်သော်လည်း ) ဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်လျက် ဖြစ်မှုရှိခဲ့သော် ပါဠိတော်နှင့် အဋ္ဌကထာတို့၏ တစ်စုံတစ်ခုသော ဆန့်ကျင်မှု သဘော တရားသည် မရှိပါ။ ထိုကြောင့်ပင် အဋ္ဌကထာ (အဘိ၊ဋ္ဌ၊၁၊၃၃၃။)၌ ထို ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော် (အနာဂတံသဉာဏ်တော်) သဗ္ဗညုတဉာဏ်တော်တို့၏ လေ့ကျက်အပ်ပြီး ဖြစ်ပြီး၏ အဆုံး၌ ဤဟသိတုပ္ပါဒ် စိတ်သည် ဖြစ်ပေါ်လာ၏ဟု ဖွင့်ဆိုသွား၏။ ဤသဘောတရားကို ဤသို့သာ မချွတ်ဧကန် အလိုရှိသင့်ပေသည်။ ဤသို့ မယူဆနိုင်ခဲ့သော် = ဉာဏ်နှင့် မယှဉ်သောစိတ် မှန်သမျှသည် ဘုရားရှင်၏ သန္တာန်တော်၌ မဖြစ်နိုင်ဟု ယူဆလက်ခံခဲ့သော် ဉာဏ်နှင့် မယှဉ်သော မနောဒွါရာဝဇ္ဇန်းစိတ်၏လည်း ဘုရားရှင်၏ သန္တာန်တော်၌ ဖြစ်ခြင်း သည် မသင့် ဖြစ်လေရာ၏။ မှန်ပေသည် --- ထို မနောဒွါရာဝဇ္ဇန်း၏လည်း ပြုံးရွှင်ခြင်းကဲ့သို့သော ဝိညတ်ရုပ်ကို ဖြစ်စေနိုင်သည့် စွမ်းအင်သတ္တိရှိမှုကို ဆုံးဖြတ်ထားတော်မူ၏။ ထိုသို့ ဆုံးဖြတ်ထားအပ်သောကြောင့် မနောဒွါရာဝဇ္ဇန်းစိတ်၏ ဝိညတ်ရုပ်ကို ဖြစ်စေနိုင်သည့် စွမ်းအင်သတ္တိရှိမှုသည် ထင်ရှားရှိလတ်သော် ထိုမနောဒွါရာဝဇ္ဇန်း စိတ်ကြောင့် ဖြစ်ပေါ်လာသော ဝိညတ်ရုပ်၏ ကာယကံ စသည် ဖြစ်မှုကို ဆင်ခြင်ခြင်း၏ ဖြစ်မှုကို မဆီးတား မဖွဲ့ချည်ထားနိုင်ဟု မှတ်ပါ။ (အနုဋီ၊၁၊၁၄၄။) ကာယကံမှု စသည်ကို ဆင်ခြင်သော မနောဒွါရာဝဇ္ဇန်းသည် ဘုရားရှင်၏ သန္တာန်တော်၌ ဖြစ်သင့်၏ဟု ဆိုလိုသည်။

ဤဟသိတုပ္ပါဒ်စိတ်ကား ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာဖြစ်သော စိတ်တစ်မျိုး ဖြစ်သဖြင့် အကယ်၍ အသင်သူတော်ကောင်းသည်လည်း ပါရမီအားလျော်စွာ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားပါမူ အထက်ပါ ရှုကွက် ကို ရှုနိုင်ပေလိ့မ်မည်။

ပြုံးရွှင်မှုကို ဖြစ်စေတတ်သော စိတ်များ

ပြုံးရွှင်မှုကို ဖြစ်စေတတ်သော စိတ်များ

၁။ ပုထုဇန်ပုဂ္ဂိုလ်တို့သည် ---

(က) မဟာကုသိုလ် သောမနဿသဟဂုတ်စိတ် (၄)မျိုး

( ခ ) လောဘမူ သောမနဿသဟဂုတ်စိတ် (၄)မျိုး

ဤ (၈)မျိုးသော စိတ်တို့ဖြင့် ပြုံးရွှင်ကြကုန်၏။

၂။ ကျင့်ဆဲသေက္ခ အရိယာ သူတော်ကောင်းတို့သည် (သောတာပန် သကဒါဂါမ် အနာဂါမ်ပုဂ္ဂိုလ်တို့သည်)-

(က) မဟာကုသိုလ် သောမနဿသဟဂုတ်စိတ် (၄)မျိုး

( ခ ) လောဘမူ သောမနဿဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် (၂)မျိုး

ဤ (၆)မျိုးသော စိတ်တို့ဖြင့် ပြုံးရွှင်တော်မူကြကုန်၏။

၃။ အသေက္ခ = ကျင့်ပြီး ရဟန္တာအရှင်မြတ်တို့သည် ---

(က) မဟာကြိယာ သောမနဿသဟဂုတ်စိတ် (၄)မျိုး

( ခ ) ဟသိတုပ္ပါဒ်စိတ် (၁)မျိုး

ဤ (၅)မျိုးသော စိတ်တို့ဖြင့် ပြုံးရွှင်တော်မူကြကုန်၏။

ဤသို့လျှင် ပြုံးရွှင်စေတတ်သော စိတ်တို့သည် (၁၃)မျိုးတို့တည်း။

၁၇။ စုတိစိတ်

၁၇။ စုတိစိတ်

၁။ ကမ္မ-ကမ္မနိမိတ္တ-ဂတိနိမိတ္တာနံ အညတရာရမ္မဏဝိဇာနနလက္ခဏံ စုတိစိတ္တံ၊

၂။ စဝနရသံ၊

၃။ တထာဘာဝပစ္စုပဋ္ဌာနံ၊

၄။ ဇဝနတဒါရမ္မဏဘဝင်္ဂါနံ အညတရာပဂမပဒဋ္ဌာနံ။

၁။ အတိတ်ဘဝ မရဏာသန္နဇောသည် ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော

အာရုံ (၃)မျိုးတို့တွင် အာရုံ တစ်မျိုးမျိုးကို သိခြင်း = ရယူခြင်းသဘော လက္ခဏ၊

၂။ ဘဝမှ ရွေ့လျောခြင်း (ကိစ္စ) ရသ၊

၃။ ဘဝမှ ရွေ့လျောတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ (က) ဇောနောင် စုတိကျအံ့ ဇော၏ချုပ်ပျက်ခြင်း

( ခ ) တဒါရုံနောင် စုတိကျအံ့ တဒါရုံ၏ ချုပ်ပျက်ခြင်း

( ဂ ) ဘဝင်နောင် စုတိကျအံ့ ဘဝင်၏ ချုပ်ပျက်ခြင်း ပဒဋ္ဌာန်။

စုတိနာမ်တရားစုမှ အသိစိတ်ကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည်ကို ရှုပါ။

ဝိညာဏက္ခန္ဓကထာ အခန်း ပြီး၏။

__________

ဝေဒနာက္ခန္ဓကထာ အခန်း

ဝေဒနာက္ခန္ဓကထာ အခန်း

၁။ သုခဝေဒနာ

၁။ ဣဋ္ဌဖောဋ္ဌဗ္ဗာနုဘဝနလက္ခဏံ သုခံ၊

၂။ သမ္ပယုတ္တာနံ ဥပဗြူဟနရသံ၊

၃။ ကာယိကအဿာဒပစ္စုပဋ္ဌာနံ၊

၄။ ကာယိန္ဒြိယပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၉၁။)

၁။ ဣဋ္ဌ ဖောဋ္ဌဗ္ဗာရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊

၂။ သမ္ပယုတ်တရားတို့ကို လွန်စွာ တိုးပွားစေခြင်း (ကိစ္စ) ရသ၊

၃။ ကိုယ်၌ဖြစ်သော သာယာအပ်သော (= သာယာဖွယ်) သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ကာယိန္ဒြေ = ကိုယ်အကြည်ဓာတ် ပဒဋ္ဌာန်။

ကုသလဝိပါကေန ကာယဝိညာဏေန သမ္ပယုတ္တံ သုခံ။ (ဝိသုဒ္ဓိ၊၂၊၉၁။)

ဣဋ္ဌဖောဋ္ဌဗ္ဗာရုံ ဣဋ္ဌမဇ္ဈတ္တဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကုသလဝိပါက် ကာယဝိညာဏ်နှင့် ယှဉ်သော သုခဝေဒနာတည်း။ ယင်းသုခသဟဂုတ် ကာယဝိညာဏ်၌ စိတ်စေတသိက် သမ္ပယုတ်တရား (၈)လုံးရှိရာ ယင်းတို့မှ သုခဝေဒနာကို ရွေးထုတ်၍ ရှုပါ။

လက္ခဏ --- ပရမတ္ထဓမ္မတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာမည်သည် အခြားအခြားသော တရားတို့နှင့် မဆက်ဆံသော သဘာဝတရားသာ ဖြစ်၏။ အနုဘဝန = အာရုံ၏ အရသာကို ခံစားခြင်းဟူသည်မှာလည်း ဝေဒနာအားလုံးတို့နှင့် ဆက်ဆံသော သာဓာရဏလက္ခဏာ ဖြစ်၏။ ထိုကြောင့် ထို သုခဝေဒနာ၏ ကိုယ်ပိုင် သဘာဝလက္ခဏာကို သီးသန့့် ကိန်းသေမြဲသော ဣဋ္ဌဖောဋ္ဌဗ္ဗာရုံဖြင့် သတ်မှတ်ပြလို၍ --- ဣဋ္ဌဖောဋ္ဌဗ္ဗာနုဘဝန လက္ခဏံ သုခံ - ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ ထို ဣဋ္ဌဖောဋ္ဌဗ္ဗာရုံ၏ အရသာကို ခံစားခြင်း = ဣဋ္ဌဖောဋ္ဌဗ္ဗာနုဘဝနလက္ခဏာကား သုခဝေဒနာ၏လက္ခဏာ ဟုတ်မှဟုတ်ပါလေစဟု လျင်းပါးဖွယ်ရာ အနေကန်သဘော မရှိသောကြောင့် ဖြစ်သည်။ (မဟာဋီ၊၂၊၁၃၇။)

ဥပဗြူဟနရသ --- စေတသိကသုခ၌လည်း သမ္ပယုတ်တရားတို့ကို လွန်စွာ တိုးပွားစေခြင်း ကိစ္စရသမှာ အကယ်၍ကား ရနိုင်ပေ၏။ သို့သော် ထိုစေတသိကသုခ၌် ရအပ်သော သမ္ပယုတ်တရားတို့ကို တိုးပွားစေမှုသည် ကြံဆခြင်း သဘောရှိသည်ဖြစ်၍ စေတောဘိသင်္ခါရခေါ် စိတ်ကို ပြုပြင်ပေးရခြင်း စွမ်းအင်ကြောင့်သာ ဖြစ်နိုင်၏။ ဤကာယိကသုခ၌ ရအပ်သော သမ္ပယုတ်တရားတို့ကို တိုးပွားစေခြင်းသည်ကား ကြံဆခြင်းကင်းသည်ဖြစ်၍ သဘာဝအတိုင်း ပြီးစီးသောကြောင့် ထိုစေတသိကသုခ၌ ရအပ်သော သမ္ပယုတ်တရားတို့ကို တိုးပွားစေခြင်းထက် အလွန်အကဲနှင့်တကွ ဖြစ်၏။ ထိုကြောင့် သမ္ပယုတ္တာနံ ဥပဗြူဟနရသံ = သမ္ပယုတ်တရားတို့ကို လွန်စွာတိုးပွား စေခြင်း ကိစ္စရသရှိ၏ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်။ (မဟာဋီ၊၂၊၁၃၇။)

ပစ္စုပဋ္ဌာန် --- သုခဝေဒနာကား သာယာအပ်သောကြောင့် အဿာဒ မည်ပေသည်။ ထိုကြောင့် ဘုရားရှင် က ဤသို့ ဟောကြားထားတော်မူ၏ ---

ယံ ဘိက္ခဝေ ပဉ္စုပါဒါနက္ခန္ဓေ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ၊ အယံ ဝုစ္စတိ ဘိက္ခဝေ ပဉ္စုပါဒါနက္ခန္ဓေသု အဿာဒေါ။ (သံ၊၂၊၂၃-၂၄။)

ရဟန်းတို့ ...ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကို အစွဲပြု၍ အကြင် ချမ်းသာမှု ဝမ်းမြောက်မှု သုခ သောမနဿ ဝေဒနာသည် ဖြစ်လာ၏၊ ရဟန်းတို့ ...ဤ သုခ သောမနဿဝေဒနာကို ဥပါဒါနက္ခန္ဓာ (၅)ပါးတို့၌ အဿာဒ = သာယာဖွယ် သဘောတရားဟူ၍ ဆိုအပ်၏။ (သံ၊၂၊၂၃-၂၄။)

ထိုသုခဝေဒနာကား ကိုယ်အကြည်ဓာတ်၌ မှီ၍ဖြစ်သောကြောင့် ကာယိကလည်း အမည်ရ၏၊ သာယာဖွယ် သဘောတရားဖြစ်သောကြောင့် အဿာဒလည်း အမည်ရ၏။ ထိုသုခဝေဒနာကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ကာယအကြည်ဓာတ်ကို မှီ၍ဖြစ်သော သာယာဖွယ် သဘောတရားဟု ရှေးရှူ ထင်လာပေသည်။ (မဟာဋီ၊၂၊၁၃၇-၁၃၈။)

ပဒဋ္ဌာန် --- သုခဝေဒနာကား ကာယိန္ဒြေ အမည်ရသော ကာယပသာဒ = ကိုယ်အကြည်ဓာတ် = ကာယ ဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်၏၊ အခြားသော ဝတ္ထုရုပ်ကို မှီ၍ မဖြစ်၊ ထိုကြောင့် ကာယိန္ဒြေ = ကိုယ်အကြည်ဓာတ်သည် သုခဝေဒနာ၏ အနီးကပ်ဆုံးသော အကြောင်းတရား ပဒဋ္ဌာန် ဖြစ်ရပေသည်။ (မဟာဋီ၊၂၊၁၃၈။)

၂။ ဒုက္ခဝေဒနာ

၂။ ဒုက္ခဝေဒနာ

၁။ အနိဋ္ဌဖောဋ္ဌဗ္ဗာနုဘဝနလက္ခဏံ ဒုက္ခံ၊

၂။ သမ္ပယုတ္တာနံ မိလာပနရသံ၊

၃။ ကာယိကာဗာဓပစ္စုပဋ္ဌာနံ၊

၄။ ကာယိန္ဒြိယပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၉၁။)

၁။ အနိဋ္ဌဖောဋ္ဌဗ္ဗာရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊

၂။ သမ္ပယုတ်တရားတို့ကို ညှိုးကြုံစေခြင်း (ကိစ္စ) ရသ၊

၃။ ကိုယ်၌ဖြစ်သော နှိပ်စက်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ကာယိန္ဒြေ = ကိုယ်အကြည်ဓာတ် ပဒဋ္ဌာန်။

အနက်အဓိပ္ပါယ်များကို အထက်ပါ သုခဝေဒနာကို အစဉ်မှီး၍ သိရှိပါလေ။ ဤ ဒုက္ခဝေဒနာကား ဒုက္ခသဟဂုတ် ကာယဝိညာဏ်နှင့် ယှဉ်သော ဝေဒနာဖြစ်ရကား အနိဋ္ဌဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဒုက္ခသဟဂုတ် ကာယဝိညာဏ်နာမ်တရားစု (၈)လုံးမှ ဒုက္ခဝေဒနာကို ရွေးထုတ်၍ ရှုပါ။

၃။ သောမနဿဝေဒနာ

၃။ သောမနဿဝေဒနာ

၁။ ဣဋ္ဌာရမ္မဏာနုဘဝနလက္ခဏံ သောမနဿံ၊

၂။ ယထာ တထာ ဝါ ဣဋ္ဌာကာရသမ္ဘောဂရသံ၊

၃။ စေတသိကအဿာဒပစ္စုပဋ္ဌာနံ၊

၄။ ပဿဒ္ဓိပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၉၁။)

၁။ သဘာဝ + ပရိကပ္ပဖြစ်သော ဣဋ္ဌာရုံကို ခံစားခြင်းသဘော လက္ခဏ၊

၂။ သဘာဝအားဖြင့်ဖြစ်စေ ပရိကပ္ပအားဖြင့်ဖြစ်စေ အာရုံကို

ဣဋ္ဌ အခြင်းအရာအားဖြင့် သုံးဆောင် ခံစားခြင်း (ကိစ္စ) ရသ၊

၃။ စိတ်၌မှီသော သာယာဖွယ် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ပဿဒ္ဓိ = စိတ် + စေတသိက်တို့၏ ငြိမ်းအေးခြင်း ပဒဋ္ဌာန်။

လက္ခဏ --- သဘာဝဣဋ္ဌာရုံ = ပင်ကိုယ်သဘာဝအတိုင်း အလိုရှိအပ်သော ဣဋ္ဌာရုံသည် သဘာဝဣဋ္ဌာရုံ မည်၏။ အာရုံတစ်ခုသည် ပင်ကိုယ်သဘာဝအတိုင်း အနိဋ္ဌာရုံဖြစ်သော်လည်း ထိုအနိဋ္ဌ အာရုံကိုပင် ဣဋ္ဌဖြစ်အောင် ကြံစည်ပြုပြင်၍ ယူခဲ့သော် ထိုကြံစည်ပြုပြင်မှ ဣဋ္ဌဖြစ်လာရသော အာရုံသည် ပရိကပ္ပဣဋ္ဌာရုံ မည်၏။ (ဥပမာ ငါးပိကား သဘာဝအနိဋ္ဌာရုံတည်း။ ထိုငါးပိကို ဣဋ္ဌဖြစ်အောင် ကြံစည်ပြုပြင်၍ ထမင်းပွဲအတွင်းသို့ ချလိုက် သောအခါ ဣဋ္ဌာရုံ တစ်ခု ဖြစ်လာရပေသည်၊ ပရိကပ္ပဣဋ္ဌာရုံတည်း။) သောမနဿဝေဒနာကား သဘာဝဣဋ္ဌာရုံ ကိုလည်း ခံစား၏၊ ပရိကပ္ပဣဋ္ဌာရုံကိုလည်း ခံစား၏။ ထိုသို့ သဘာဝအားဖြင့် ဣဋ္ဌာရုံကို ခံစားခြင်း, ပရိကပ္ပ အားဖြင့် ဣဋ္ဌာရုံကို ခံစားခြင်းသည် သောမနဿဝေဒနာ၏ သဘာဝလက္ခဏာပင်တည်း။ (မဟာဋီ၊၂၊၁၃၈။)

ရသ --- သဘာဝဣဋ္ဌာရုံကို ဣဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစားလျှင် ဟုတ်မှန်သည့်အတိုင်း အာရုံကို သုံးဆောင်ခံစားခြင်း မည်၏။ ပရိကပ္ပဣဋ္ဌာရုံကို ဣဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစားလျှင် မဟုတ်မမှန်သော အားဖြင့် အာရုံကို ဣဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစားခြင်း မည်၏။ သောမနဿဝေဒနာကား သဘာဝ ဣဋ္ဌာရုံ ဟုတ်သည်ပင်ဖြစ်စေ, သဘာဝဣဋ္ဌာရုံ မဟုတ်သည်ပင်ဖြစ်စေ အာရုံကို ဣဋ္ဌအခြင်းအရာအားဖြင့်သာ သုံးဆောင်ခံစားခြင်း ကိစ္စရသ ရှိပေသည်။ အာရုံကို အဖန်ဖန် အထပ်ထပ် အစဉ်တစိုက် ခံစားခြင်းဟု ဆိုလိုသည်။ (မဟာဋီ၊၂၊၁၃၈။)

ပဒဋ္ဌာန် --- ပဿဒ္ဓကာယော သုခံ ဝေဒယတိ။ (သံ၊၃၊၁၃၅။) = ငြိမ်းအေးသော ကာယရှိသူသည် ချမ်းချမ်းသာသာ ခံစားရ၏ - ဟု ဘုရားရှင် ဟောတော်မူသောကြောင့် ထိုသုတ်ပုဒ်ကို မှီ၍ ပဿဒ္ဓိသည် သောမနဿဝေဒနာ၏ အနီးစပ်ဆုံး အကြောင်းပဒဋ္ဌာန်ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ သို့သော် ထို ပဿဒ္ဓိပဒဋ္ဌာနံ ဟူသောစကားကို ကာမဂုဏ်နှင့် မစပ်သော နိရာမိသသောမနဿဝေဒနာ၏ အစွမ်းဖြင့်သာ ဖွင့်ဆိုခြင်းဖြစ်သည်ဟု သိရှိပါလေ။ (မဟာဋီ၊၂၊၁၃၈။)

ဤ သောမနဿဝေဒနာ၏ လက္ခဏ-ရသ စသည်ကို အဋ္ဌသာလိနီအဋ္ဌကထာ၌လည်း အောက်ပါအတိုင်း တင်ပြထား၏။

ဝေဒယတီတိ ဝေဒနာ၊

၁။ သာ ဝေဒယိတလက္ခဏာ၊

၂။ (က) အနုဘဝနရသာ၊

( ခ ) ဣဋ္ဌာကာရသမ္ဘောဂရသာ ဝါ၊

၃။ စေတသိကအဿာဒပစ္စုပဋ္ဌာနာ၊

၄။ ပဿဒ္ဓိပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၁၅၂။)

အာရုံ၏ အရသာကို ခံစားတတ်သော သဘောတရားသည် ဝေဒနာ မည်၏။

၁။ အာရုံကို = အာရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊

၂။ (က) အာရုံကို (= အာရုံ၏ အရသာကို ) ခံစားခြင်း (ကိစ္စ) ရသ၊

( ခ ) တစ်နည်း --- အာရုံ၏ ဣဋ္ဌအခြင်းအရာကို သုံးဆောင်ခြင်း (ကိစ္စ) ရသ၊

၃။ စိတ်၌မှီသော သာယာတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ပဿဒ္ဓိ = စိတ် + စေတသိက်တို့၏ ငြိမ်းအေးခြင်း ပဒဋ္ဌာန်။

အနုဘဝနရသ --- ဝေဒယိတ --- အနုဘဝန --- ဤစေတသိက်၌ လက္ခဏနှင့် ရသသည် သဘောတူ၏။ အာရုံကို ခံစားမှုသည် ထိုဝေဒနာတရား၏ အမှတ်အသား လက္ခဏလည်း ဖြစ်၏၊ အလုပ်ကိစ္စ ရသလည်း ဖြစ်၏။

ကာမ ရူပ အရူပ လောကုတ္တရာဟူသော ဘုံလေးပါး အတွင်း၌ဖြစ်သော ဝေဒနာမှန်သမျှသည် အာရုံ၏ အရသာကို ခံစားတတ်သည်၏အဖြစ်ဟူသော ဝေဒယိတလက္ခဏာ မရှိသည်မည်သည် မရှိပေ။ အနုဘဝနရသ၏ အဖြစ်ကိုကား သုခဝေဒနာ၌သာလျှင် ရအပ်၏ဟု ဆို၍ တစ်ဖန် ထိုဝါဒကို ပယ်ပြီးလျှင် သုခဝေဒနာသည်မူလည်း ဖြစ်စေ, ဒုက္ခဝေဒနာသည်မူလည်းဖြစ်စေ, အဒုက္ခမသုခဝေဒနာသည်မူလည်းဖြစ်စေ အလုံးစုံသော ဝေဒနာ ဟူသမျှသည် အနုဘဝနရသ = အာရုံ၏ အရသာကို ခံစားခြင်း ကိစ္စရသ ရှိ၏ဟု ဆိုပြီး၍ ဤအနက်ကို ပြအပ်၏။

အာရုံ၏ အရသာကို ခံစားရာဌာနသို့ ရောက်လတ်သော် ဝေဒနာမှကြွင်းသော သမ္ပယုတ်တရားတို့သည် အာရုံ၏ အရသာကို တစ်စိတ်တစ်ဒေသမျှသာ ခံစားနိုင်ကြကုန်၏။ ဖဿသည် အာရုံကို တွေ့ထိရုံမျှသာ တွေ့ထိ နိုင်၏၊ သညာသည် အာရုံကို အမှတ်ပြု၍ သိရုံမျှသာ သိနိုင်၏၊ စေတနာသည် သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ ရောက်အောင် စေ့ဆော်ရုံမျှသာ စေ့ဆော်နိုင်၏၊ ဝိညာဏ်သည် အာရုံကို သိရုံမျှ ရယူရုံမျှသာ ရယူနိုင်၏။ ထိုသို့ ဖဿ၏ အာရုံကို တွေ့ထိရုံမျှ , သညာ၏ အာရုံကို အမှတ်ပြု၍ သိရုံမျှ , စေတနာ၏ သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ ရောက်အောင် စေ့ဆော်ရုံမျှ , ဝိညာဏ်၏ အာရုံကို ရယူရုံမျှ သဘောသည် အာရုံ၏ အရသာကို တစ်စိတ်တစ်ဒေသမျှသာ ခံစားခြင်း ဖြစ်၏။ စင်စစ်မှာမူကား အာရုံ၏ အရသာကို အစိုးတရ ထိုက်ထိုက်တန်တန် စွမ်းစွမ်းတမံ ပိုင်ပိုင်နိုင်နိုင် အရှင်သခင်အဖြစ်ဖြင့် ဝေဒနာကသာလျှင် ခံစားနိုင်ပေသည်။ ထိုကြောင့် အနုဘဝနရသာဟု ဆိုသည်။ (ဤနည်း၌ --- လက္ခဏာမှာလည်း အာရုံ၏ အရသာကို ခံစားခြင်း , ရသမှာလည်း အာရုံ၏ အရသာကို ခံစားခြင်းပင်ဖြစ်၍ လက္ခဏနှင့်ရသ တူပေသည်။) (အဘိ၊ဋ္ဌ၊၁၊၁၅၃။)

ဥပမာဆောင်၍ ပြခြင်း

ဥပမာဆောင်၍ ပြခြင်း

ဝေဒနာသည် ရှင်ဘုရင်နှင့် တူ၏၊ ဝေဒနာမှကြွင်းသော သမ္ပယုတ်တရားတို့သည် စားဖိုသည်နှင့် တူ၏။ စားဖိုသည်သည် အမျိုးမျိုးသော အရသာရှိသော ဘောဇဉ်ကို ချက်ပြုတ်စီမံပြီးသောအခါ ပွဲတော်အုပ်၌ ထည့်ပြီး လျှင် တံဆိပ်ခတ်နှိပ်လိုက်၏။ (ပိတ်ထားသောအဖုံးကို အခြားလူတစ်ယောက်ယောက်က ဖွင့်၍ အဆိပ်ခတ်လိုက်မည်စိုးသောကြောင့် ထိုသို့ မဖွင့်နိုင်အောင် တံဆိပ်နှိပ်လိုက်သည်။) ယင်း တံဆိပ်နှိပ်ပြီးသော ပွဲတော်အုပ်ကို ဘုရင်မင်းမြတ်၏ အနီး၌ ချထား၍ တံဆိပ်ကို ဖျက်လိုက်၏၊ ပွဲတော်အုပ်ကို ဖွင့်လိုက်၏၊ အလုံးစုံသော ဟင်းလျာ ဟူသမျှတို့မှ အဦးအဖျား အဦးအဖျားကို ယူ၍ ခွက်တစ်ခု၌ စုပေါင်းထည့်လိုက်၍ အဆိပ်စသော အပြစ်ဒေါသ ရှိ-မရှိကို စုံစမ်းခြင်းအကျိုးငှာ စား၍ ပြရ၏။ ထိုမှနောက်၌ ဘုရင်မင်းမြတ်အား အမျိုးမျိုးသော ကောင်းမြတ် သော အရသာ ရှိသော ဘောဇဉ်ကို ဆက်သရ၏။ ဘုရင်မင်းမြတ်သည် အစိုးတရ ထိုက်ထိုက်တန်တန် စွမ်းစွမ်း တမံ ပိုင်ပိုင်နိုင်နိုင် အရှင်သခင်အဖြစ်ဖြင့် အလိုရှိရာ အလိုရှိရာ ဘောဇဉ်ကို ပွဲတော်အုပ် တည်တော်မူ၏။

ထိုဥပမာ စကားရပ်၌ စားဖိုသည်၏ ထမင်းဟင်းလျာကို အဆိပ်ရှိ-မရှိ အပြစ်ရှိ-မရှိ စုံစမ်းရခြင်းမျှကဲ့သို့ ဝေဒနာမှကြွင်းသော သမ္ပယုတ်တရားတို့၏ အာရုံ၏ အရသာကို တစ်စိတ်တစ်ဒေသမျှလောက်ကိုသာ ခံစားနိုင် ခြင်းသည် ဖြစ်ပေါ်လာ၏။ မှန်ပေသည် --- စားဖိုသည်သည် ပွဲတော်အုပ်အတွက် တည်ထားအပ်သော ထမင်း ဟင်းလျာ၏ တစ်စိတ်တစ်ဒေသမျှကိုသာ စုံစမ်းရသကဲ့သို့ ဤဥပမာအတူ ဝေဒနာမှကြွင်းသော တရားတို့သည်လည်း အာရုံ၏ အရသာ၏ တစ်စိတ်တစ်ဒေသမျှလောက်ကိုသာလျှင် ခံစားကြရကုန်၏။ ဘုရင်မင်းမြတ်သည်ကား အစိုးတရ ထိုက်ထိုက်တန်တန် စွမ်းစွမ်းတမံ ပိုင်ပိုင်နိုင်နိုင် အရှင်သခင်အဖြစ်ဖြင့် အလိုရှိတိုင်း ပွဲတော်တည်နိုင် သကဲ့သို့ ဤအတူ ဝေဒနာသည်လည်း အစိုးတရ ထိုက်ထိုက်တန်တန် စွမ်းစွမ်းတမံ ပိုင်ပိုင်နိုင်နိုင် အရှင်သခင် အဖြစ်ဖြင့် အာရုံ၏အရသာကို ခံစားနိုင်၏။ ထိုကြောင့် - အနုဘဝန ရသာ - ဟူ၍ဆို၏။(အဘိ၊ဋ္ဌ၊၁၊၁၅၃။)

တစ်နည်း ဖွင့်ဆိုပုံ

တစ်နည်း ဖွင့်ဆိုပုံ

အပ္ပနာစျာန်သို့ မဆိုက်သေးသော ခဏိကသမာဓိ = ပရိကမ္မသမာဓိ , ဥပစာရသမာဓိတို့နှင့် ယှဉ်သော သုခ = သောမနဿဝေဒနာ , ဝိပဿနာဉာဏ်နှင့် ယှဉ်သော သောမနဿဝေဒနာ --- ဤဝေဒနာတို့ကို အထူး ရည်ညွှန်း၍ တစ်နည်း လက္ခဏ-ရသ စသည့် ရှုကွက်ကို ဤသို့ ဖွင့်ဆိုထား၏ ---

၁။ သာတလက္ခဏံ သုခံ (= သောမနဿံ)၊

၂။ သမ္ပယုတ္တာနံ ဥပဗြူဟနရသံ၊

၃။ အနုဂ္ဂဟဏပစ္စုပဋ္ဌာနံ၊

၄။ ပဿဒ္ဓိပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၁၆၀။)

၁။ မိမိကိန်းရာ သတ္တဝါနှင့် သမ္ပယုတ္တဓမ္မတို့ကို အာရုံ၌ သာယာစေတတ်သော သဘောတရား - လက္ခဏ၊

၂။ သမ္ပယုတ်တရားတို့ကို လွန်စွာတိုးပွားစေခြင်း (ကိစ္စ) ရသ၊

၃။ သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ပဿဒ္ဓိ = စိတ် + စေတသိက်တို့၏ ငြိမ်းအေးခြင်း ပဿဒ္ဓိ ပဒဋ္ဌာန်။

သုခယတီတိ သုခံ၊ ယဿ ဥပ္ပဇ္ဇတိ၊ တံ သုခိတံ ကရောတီတိ အတ္ထော။ သုဋ္ဌု ဝါ ခါဒတိ, ခနတိ စ ကာယစိတ္တာဗာဓန္တိ သုခံ၊ သောမနဿဝေဒနာယေတံ နာမံ။ (အဘိ၊ဋ္ဌ၊၁၊၁၆၀။)

ချမ်းသာစေတတ်သော သဘောတရားသည် သုခ မည်၏၊ ဤသုခသည် သတ္တဝါတို့၏ သန္တာန်၌ ဖြစ်ခဲ့သော် ထိုသတ္တဝါကို ချမ်းသာအောင် ပြုလုပ်ပေးတတ်၏ဟု ဆိုလို၏။ တစ်နည်းအားဖြင့် ကာယအာဗာဓ, စိတ္တအာဗာဓ ဟူသော ကိုယ်နာ စိတ်နာ နှစ်ဖြာသော ဒုက္ခဝေဒနာကို လွန်စွာခဲစားတတ်, တူးလည်း တူးဖြိုတတ်သောကြောင့် သုခ မည်ပေသည်။ ဤ၌ သုခဟူသည် သောမနဿဝေဒနာ၏ အမည် ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၁၊၁၆၀။)

ဤအထက်ပါ သောမနဿဝေဒနာ၏ လက္ခဏ-ရသ စသည်တို့မှာ ကာမာဝစရ မဟာကုသိုလ် သောမနဿ ဝေဒနာ၏ လက္ခဏ-ရသ စသည်တို့ ဖြစ်ကြသည်။ ဤသောမနဿဝေဒနာကို စျာနင်္ဂရာသိပိုင်းတွင် အဋ္ဌကထာက အထက်ပါအတိုင်း ဖွင့်ဆိုထား၏။ ထိုကြောင့် ဥပစာရသမာဓိနယ်မြေ အတွင်း၌ ဖြစ်ပေါ်နေကြသော ဥပစာရ စျာန်ဇောနှင့် ယှဉ်သော သောမနဿဝေဒနာ , ဝိပဿနာပိုင်းတွင် ဝိပဿနာဇောနှင့် ယှဉ်သော သောမနဿ ဝေဒနာတို့ကို အထူးရည်ညွှန်းထားသည်ဟု မှတ်ပါ။ ရူပါဝစရကုသိုလ်၌လည်း စတုက္ကနည်းအရ ပထမစျာန် ဒုတိယစျာန် တတိယစျာန်တို့၌ သောမနဿဝေဒနာနှင့် ယှဉ်လျက် ရှိ၏။

အဋ္ဌသာလိနီအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၁၊၂၁၃။)၌ ကာမာဝစရ ပထမ မဟာကုသိုလ်စိတ်၌ ဟောကြားထား တော်မူအပ်ကုန်သော ဖဿ။ ပ ။ အဝိက္ခေပ - ဤ (၅၆)မျိုးသော တရားတို့ကို ဤ ရူပါဝစရပထမစျာန်၌ လည်း ဟောကြားထားတော်မူအပ်ကုန်၏။ ကာမာဝစရနှင့် မဟဂ္ဂုတ်ရူပါဝစရဟု ဘုံအားဖြင့်သာ ထူးခြားမှု ရှိ၏။ ကြွင်းကျန်သော သဘောတရားများကို ကာမာဝစရ ပထမ မဟာကုသိုလ်စိတ်၌ ဖွင့်ဆိုအပ်ခဲ့သည့် အတိုင်း နည်းတူ မှတ်ပါဟု မှာကြားထား၏။ ထိုကြောင့် ကာမာဝစရနာမ်တရားစုတို့၏ လက္ခဏ-ရသ စသည့် ရှုကွက်နှင့် ရူပါဝစရ နာမ်တရားစုတို့၏ လက္ခဏ-ရသ စသည့် ရှုကွက်တို့မှာ ယေဘုယျအားဖြင့် တူညီသည်ဟု မှတ်ပါ။ အကယ်၍ ထူးခြားမှုရှိခဲ့လျှင် ထပ်၍ ဆိုမည်။

ထိုကြောင့် အထက်တွင် နောက်ဆုံးတင်ပြထားသော သောမနဿဝေဒနာ၏ လက္ခဏ-ရသ စသည်တို့မှာ ကာမာဝစရမဟာကုသိုလ်နှင့် ယှဉ်သော သောမနဿဝေဒနာ , ရူပါဝစရကုသိုလ်နှင့် ယှဉ်သော သောမနဿ ဝေဒနာဟူသော သောမနဿဝေဒနာ နှစ်မျိုးလုံးနှင့် သက်ဆိုင်၏ဟု မှတ်ပါ။ အထူးသဖြင့် ဥပစာရသမာဓိနှင့် အပ္ပနာသမာဓိ နယ်မြေတို့၌ တည်ရှိသော ဥပစာရစျာန် အပ္ပနာစျာန်တို့နှင့် ယှဉ်သော ဝေဒနာတို့၏ ရှုကွက်တို့တည်း။ ယင်း ဥပစာရစျာန် အပ္ပနာစျာန် အခိုက်တို့၌ ဝေဒနာမှာ ပီတိနှင့် ယေဘုယျအားဖြင့် ယှဉ်တွဲ ဖြစ်သဖြင့် ပီတိနှင့် သုခဝေဒနာတို့၏ အထူးကို အဋ္ဌကထာဆရာတော်က ဤသို့ ဆက်လက်၍ ရှင်းလင်းတင်ပြထားတော်မူ၏။

ပီတိနှင့် သုခ

ပီတိနှင့် သုခ

ထိုပီတိနှင့် သုခတို့၏ အချို့သော ပီတိယှဉ်ရာ စိတ်တို့၌ မကွေမကွာ ယှဉ်တွဲဖြစ်ခြင်းသည် ထင်ရှားရှိပါ သော်လည်း ဣဋ္ဌာရုံကို ရရှိခြင်းကြောင့် (= အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော နှစ်သက်မြတ်နိုးဖွယ် ဣဋ္ဌာရုံကို ရရှိခြင်းကြောင့်) ယင်းဣဋ္ဌာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော နှစ်သက်ခြင်း သဘောတရားသည် ပီတိတည်း။ရရှိအပ်ပြီးသော ယင်းဣဋ္ဌာရုံ၏ အရသာကို ခံစားခြင်းသဘောတရားသည် သုခတည်း။ အကြင်စိတ်၌ ပီတိယှဉ်၏၊ ထိုပီတိယှဉ်ရာ စိတ်၌ သုခသည်လည်း ယှဉ်၏။ အကြင်စိတ်၌ သုခသည် ယှဉ်၏၊ ထိုသုခယှဉ်ရာ စိတ်၌ မြဲသောအားဖြင့် ပီတိသည် မယှဉ်ပေ။ ပီတိကို သင်္ခါရက္ခန္ဓာဖြင့် သိမ်းယူအပ်၏၊ သုခကို ဝေဒနာက္ခန္ဓာဖြင့် သိမ်းယူအပ်၏။ ကန္တာရခရီးခဲ၌ ပင်ပန်းနွမ်းနယ်နေသူ၏ ဇာတဿရရေအိုင်ကြီး တည်ရှိရာ တောအုပ်ကြီး၏ အကြောင်းအရာကို ကြားသိရခြင်း, ရေကို မြင်ရခြင်းတို့၌ကဲ့သို့ ပီတိကို, တောအုပ်ကြီး၏ အရိပ်အတွင်းသို့ ဝင်ရောက်သွားရခြင်း, ရေကို သုံးဆောင်ရခြင်းတို့၌ကဲ့သို့ သုခကို မှတ်ပါ။

ယောက်ျားတစ်ဦးသည် ကျော်လွှားလွန်မြောက်ရန် ခက်ခဲလှသော ကြီးစွာသော ခရီးခဲကို သွားနေစဉ် နွေနေပူရှိန်ဒဏ်၏ နှိပ်စက်မှုကို ခံယူရသည်ဖြစ်၍ ပင်ပန်းနွမ်းနယ်ရကား အလွန် ရေမွတ်သိပ် ဆာလောင်နေ၏။ ရှေးရှူ ခရီးရင်ဆိုင်အရပ်၌ ယောက်ျားတစ်ဦးကို တွေ့မြင်ရ၍ အဘယ်အရပ်၌ သောက်ရေသည် ရှိပါသနည်းဟု မေးကြည့်ရာ ထိုယောက်ျားက - အမောင် ...ဤတောအုပ်ကို လွန်လျှင်လွန်ခြင်းပင် ဇာတဿရရေအိုင်ရှိသော တောအုပ်ကြီး ရှိလေရဲ့၊ ထိုတောအုပ်သို့ရောက်လျှင် ရေကို ရရှိပေလတ္တံ့ --- ဟု ပြောပြ၏။ ထို ပင်ပန်းနွမ်းနယ် နေသော ယောက်ျားသည် ထိုခရီး ရင်ဆိုင်လာနေသူ ယောက်ျား၏ စကားကို ကြားရ၍ အလွန် ရွှင်လန်းသွား၏။

ထိုနောင် ခရီးဆက်လက်သွားလေသော် မြေပြင်ပေါ်၌ ခရီးသွားသမားတို့ စွန့်ပစ်ထားသဖြင့် ကျရောက်နေ ကြကုန်သော ကြာပွင့်ဖတ်, ကြာရိုး, ကြာရွက် အစရှိသည်တို့ကို တွေ့မြင်ရ၍ အလွန်အမင်း ရွှင်လန်းလျက် ခရီး ကို ဆက်လက်သွားလေသော် လမ်းခရီး၌ အဝတ်စိုစို ဆံပင်စိုစိုနှင့် ယောက်ျားတို့ကို တွေ့မြင်ရပြန်၏၊ ရေကြက် ဥဒေါင်း အစရှိသော ကြက် ငှက်တို့၏ တွန်သံ အော်သံကို ကြားရပြန်၏၊ ဇာတဿရရေအိုင်ကြီး၏ ဘေးပတ်ဝန်းကျင်၌ ပေါက်ရောက်နေသော စိမ်းစိုညိုမှိုင်း အုပ်ဆိုင်းလျက်ရှိသော ပတ္တမြားကွန်ရက်နှင့်တူသော တောအုပ်ကြီး ကိုလည်း တွေ့မြင်ရပြန်၏။ ဇာတဿရရေအိုင်ကြီး၏ အတွင်းသို့ လှမ်းမြော်၍ ကြည့်လိုက်ပြန်ရာ ဥပ္ပလကြာ, ပဒုမ္မာကြာ, ကုမုဒြာကြာ အစရှိသည့် ကြာမျိုးစုံတို့ကိုလည်း တွေ့မြင်ရပြန်၏၊ အထူးကြည်လင်သော ရေကိုလည်း တွေ့မြင်ရ၏။

ထိုယောက်ျားသည် အလွန့်အလွန် ရွှင်လန်းသည်ဖြစ်၍ ဇာတဿရရေအိုင်သို့ သက်ဆင်း၍ အလိုရှိတိုင်း ရေချိုး၏၊ အလိုရှိသလောက် ရေကို အဝသောက်၏၊ ရေကို အားရပါးရ သောက်လိုက်ရသဖြင့် အားရပါးရ ရေ ချိုး လိုက်ရသဖြင့် နေပူရှိန်ဒဏ်ကြောင့် ခရီးပန်းမှုဒဏ်ကြောင့် ရေငတ်မွတ်သိပ်မှုဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့ရသော ပူပန်မှုမှန်သမျှ ငြိမ်းအေးသွား၏။ ကြာစွယ် ကြာဥ ကြာစေ့ အစရှိသည်တို့ကိုလည်း အလိုရှိတိုင်း ခဲစားလိုက်၏။

ကြာညိုပန်း စသည်တို့ကိုလည်း ပန်ဆင်လိုက်၏။ ကြာပန်းတို့ကို ပန်ဆင်၍ ဟင်းညံ့မြစ်တို့ကို ပစ်တင်၍ ရေမှ တက်ခဲ့၏။ ပုဆိုးကို လဲ၍ ရေသနုတ်ကို နေပူ၌ လှန်း၍ အေးမြသော သစ်ပင်ရိပ်၌ ညင်းညင်းသာသာ တိုက်ခတ် လာသော လေပြည်လေညင်းကို ခံလျက် လျောင်းစက်လိုက်၏။ အဟောသုခံ အဟောသုခံ = ဩော် ...ချမ်းသာလေစွ, ဩော် ...ချမ်းသာလေစွဟု ပြောဆိုနိုင်သည့် အခြေသို့ ရောက်ရှိသွား၏။ ဤဥပမာအတူ မှတ်ပါ။

ဥပမာနနှင့် ဥပမေယျကို နှီးနှော၍ ပြဆိုရသော် ဤသို့ဖြစ်၏ --- ဇာတဿရ ရေအိုင်ကြီးရှိရာ တောအုပ် အကြောင်းကို ကြားရရာ အခါမှစ၍ ဇာတဿရအိုင်ကြီး အတွင်း၌ရှိသော ရေကို တွေ့မြင်ရရာ အခါသို့တိုင်အောင် အလွန်ရွှင်လန်းရာ အခါကဲ့သို့ ေ့ရှအဖို့၌ဖြစ်သော အာရုံ၌ အလွန်ရွှင်လန်းသော အခြင်းအရာရှိသော ပီတိကို မှတ်ပါ။ ရေချိုးပြီး၍ ရေကို သောက်သုံးပြီး၍ အေးမြသော သစ်ပင်ရိပ်၌ ညင်းညင်းသာသာ တိုက်ခတ်လာသော လေပြည်လေညင်းကို ခံလျက် ဩော် ...ချမ်းသာစွ, ဩော် ...ချမ်းသာစွဟု ပြောဆိုသော ယောက်ျား၏ လျောင်းစက်ရာအခါကဲ့သို့ အားရှိသည်၏အဖြစ်သို့ရောက်သော အာရုံ၏ အရသာကို ခံစားခြင်းဟူသော အခြင်း အရာအားဖြင့် ကောင်းစွာတည်သော သုခကို မှတ်ပါ။

ဇာတဿရ ရေအိုင်ကြီးရှိသော တောအုပ်အကြောင်းကို ကြားရရာအခါ, တောရိပ်သို့ ဝင်ရာအခါ, ရေကို မြင်ရရာအခါ, ရေကို သုံးဆောင်ရာအခါ စသည့် ထိုထို အခါ၌ ပီတိ သုခတို့၏ ထင်ရှားသည်၏အဖြစ်ကြောင့် ဣဋ္ဌာရုံကို ရရှိခြင်းကြောင့် ဣဋ္ဌာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော နှစ်သက်ခြင်း သဘောတရားသည် ပီတိ တည်း၊ ရရှိအပ်ပြီးသော ယင်းဣဋ္ဌာရုံ၏ အရသာကို ခံစားခြင်းသဘောတရားသည် သုခတည်း။ --- ဟူသော ဤစကားကို ရှေးရှေး အဋ္ဌကထာဆရာတော်တို့သည် ဖွင့်ဆိုတော်မူအပ်ပြီဟု သိပါ။ အကယ်စင်စစ်မှာမူကား-- အကြင်စိတ်၌ ပီတိသည် ယှဉ်၏၊ ထိုပီတိယှဉ်ရာ စိတ်၌ သုခသည်လည်း ရှိသည်သာတည်း။ဟု ဤစကားကို ဆိုအပ်ခဲ့ပြီးသည်သာတည်း။ (အဘိ၊ဋ္ဌ၊၁၊၁၆၀-၁၆၁။)

လောဘမူ သောမနဿဝေဒနာ

လောဘမူ သောမနဿဝေဒနာ

အထက်ပါ လက္ခဏ-ရသ စသည့် ရှုကွက်မှာ ကာမ ရူပတည်းဟူသော ကုသိုလ်သောမနဿဝေဒနာအတွက် ရှုကွက် ဖြစ်သည်။ အကုသိုလ် လောဘမူ သောမနဿဝေဒနာဖြစ်မူ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်တို့ကို အထက်ပါ ကုသိုလ်သောမနဿဝေဒနာ ရှုကွက်အတိုင်းပင် ရှုပါ။ သို့သော် ပဒဋ္ဌာန်၌ကား ပဿဒ္ဓိသည် ကာမဂုဏ်နှင့် မစပ်သော နိရာမိသ သောမနဿဝေဒနာနှင့်သာ သက်ဆိုင်သဖြင့် ယင်းပဿဒ္ဓိသည် လောဘမူ သောမနဿ ဝေဒနာ၏ ပဒဋ္ဌာန် မဖြစ်နိုင်ပေ။

၁။ ဒေါမနဿဝေဒနာ၌ ဟဒယဝတ္ထုသည် ပဒဋ္ဌာန်ဖြစ်သကဲ့သို့ ဤလောဘမူ သောမနဿဝေဒနာ၌ ဟဒယဝတ္ထုသည်လည်း ပဒဋ္ဌာန် ဖြစ်နိုင်၏။

၂။ သဘာဝ ပရိကပ္ပဖြစ်သော ဣဋ္ဌာရုံသည်လည်း ပဒဋ္ဌာန် ဖြစ်နိုင်၏။

၃။ ဖဿသမုဒယာ ဝေဒနာသမုဒယော = ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏ဟူသော ဒေသနာတော်များနှင့် အညီ ဖဿ ဦးဆောင်သည့် ယင်း သောမနဿဝေဒနာနှင့် ယှဉ်ဖက် သမ္ပယုတ်တရားစုသည်လည်း ပဒဋ္ဌာန် ဖြစ်နိုင်၏။

ဤ (၃)မျိုးတို့တွင် တစ်မျိုးမျိုးသည်လည်းကောင်း, (၃)မျိုးလုံးသည်လည်းကောင်း ယင်း လောဘမူ သောမနဿဝေဒနာ၏ ပဒဋ္ဌာန် ဖြစ်နိုင်၏။ အဟိတ် သောမနဿသန္တီရဏစိတ်နှင့် ယှဉ်သော သောမနဿဝေဒနာ ၌လည်း နည်းတူ မှတ်ပါ။

၄။ ဒေါမနဿဝေဒနာ

၄။ ဒေါမနဿဝေဒနာ

၁။ အနိဋ္ဌာရမ္မဏာနုဘဝနလက္ခဏံ ဒေါမနဿံ၊

၂။ ယထာ တထာ ဝါ အနိဋ္ဌာကာရသမ္ဘောဂရသံ၊

၃။ စေတသိကာဗာဓပစ္စုပဋ္ဌာနံ၊

၄။ ဧကန္တေနေဝ ဟဒယဝတ္ထုပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၈။ ဝိသုဒ္ဓိ၊၂၊၉၁။)

၁။ သဘာဝ ပရိကပ္ပဖြစ်သော အနိဋ္ဌာရုံကို ခံစားခြင်းသဘော လက္ခဏ၊

၂။ သဘာဝအားဖြင့်ဖြစ်စေ, ပရိကပ္ပအားဖြင့်ဖြစ်စေ အာရုံကို

အနိဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစားခြင်း (ကိစ္စ) ရသ၊

၃။ စိတ်၌မှီသော အနာ = စိတ်၌မှီသော နှိပ်စက်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဧကန်အားဖြင့်သာလျှင် ဟဒယဝတ္ထု ပဒဋ္ဌာန်။

သဘာဝအနိဋ္ဌာရုံဟူသည် ပင်ကိုယ်သဘာဝအတိုင်း အနိဋ္ဌဖြစ်သော အာရုံတည်း။ ပရိကပ္ပအနိဋ္ဌာရုံဟူသည် ပင်ကိုယ်က ဣဋ္ဌာရုံဖြစ်သော်လည်း အယောနိသောမနသိကာရ စသော အကြောင်းတရားတို့ကြောင့် အနိဋ္ဌဟု စွဲယူထားသော အာရုံတည်း။ သာသနာပ အယူအဆရှိကြသော တိတ္ထိတို့သည် ဘုရားရှင်ကဲ့သို့သော အတိဣဋ္ဌာရုံ ကိုပင် အနိဋ္ဌဟု စွဲယူသကဲ့သို့ မှတ်ပါ။ ထိုသဘာဝအနိဋ္ဌာရုံကို အနိဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစားခဲ့သော် ဟုတ်မှန်သည့်အတိုင်း သုံးဆောင်ခံစားခြင်း မည်၏။ သဘာဝဣဋ္ဌာရုံကို ပရိကပ္ပအားဖြင့် ကြံစည်စိတ်ကူး၍ အနိဋ္ဌဖြစ်အောင် ပြုပြင်ကြံစည်၍ အနိဋ္ဌအခြင်းအရာအားဖြင့် ထိုအာရုံကို ခံစားလျှင် မဟုတ်မမှန်သောအားဖြင့် သုံးဆောင်ခံစားသည် မည်ပေသည်။ ယင်းသဘောကိုပင် -- ဟုတ်ဟုတ်ငြားငြား ဟုတ်သည်မူလည်းဖြစ်သော မဟုတ်သည်မူလည်းဖြစ်သော သဘာဝအနိဋ္ဌာရုံ ပရိကပ္ပအနိဋ္ဌာရုံကို အနိဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစား ခြင်း ကိစ္စရသ ရှိ၏ဟု ဆိုခြင်းဖြစ်သည်။

ပစ္စုပဋ္ဌာန် --- သူတစ်ပါး အပေါ်၌ မကျေမနပ် ဒေါသဖြစ်နေလျှင် စိတ်နာလွန်းလို့ဟု ပြောဆိုလေ့ ရှိကြ၏။ စိတ်ရောဂါ တစ်မျိုးပင် ဖြစ်၏။ ယင်းစိတ်ရောဂါမျိုးကိုပင် စိတ်၌မှီသော အနာ = စိတ်၌မှီသော နှိပ် စက်တတ်သော သဘာဝတရားဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ဒေါမနဿဝေဒနာကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ် ၏ ဉာဏ်ဝတွင် စိတ်ရောဂါအဖြစ်ဖြင့် ထင်လာသည် ဟူလို။

ပဒဋ္ဌာန် --- ဒေါမနဿဝေဒနာ၏ ကာမ (၁၁)ဘုံတည်းဟူသော ကာမလောကဓာတ်၌သာ ဖြစ်သော ကြောင့် ဧကန်အားဖြင့် ဟဒယဝတ္ထုကိုသာ အမှီရမှ ဖြစ်နိုင်ရကား ဟဒယဝတ္ထုသည် ဒေါမနဿဝေဒနာ ဖြစ်ရေး အတွက် အရေးပါ အရာရောက်လှသော အနီးကပ်ဆုံး အကြောင်းတရား = ပဒဋ္ဌာန် ဖြစ်ရပေသည်။ (မဟာဋီ၊၂၊၁၃၈။)

ဒေါသအုပ်စု၊ ဒေါသ-ဣဿာအုပ်စ၊ု ဒေါသ-မစ္ဆရိယအုပ်စု၊ ဒေါသ-ကုက္ကုစ္စအုပ်စု နာမ်တရားစု အသီးအသီးတို့မှ ဒေါမနဿဝေဒနာကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည့် ရှုကွက်ကို ရှုပါ။

၅။ ဥပေက္ခာဝေဒနာ

၅။ ဥပေက္ခာဝေဒနာ

၁။ မဇ္ဈတ္တဝေဒယိတလက္ခဏာ ဥပေက္ခာ၊

၂။ သမ္ပယုတ္တာနံ နာတိဥပဗြူဟနမိလာပနရသာ၊

၃။ သန္တဘာဝပစ္စုပဋ္ဌာနာ၊

၄။ နိပ္ပီတိကစိတ္တပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၉၁။)

၁။ သဘာဝ + ပရိကပ္ပဖြစ်သော အလယ်အလတ် မဇ္ဈတ္တာရုံကို

အလယ်အလတ် လျစ်လျူခံစားခြင်းသဘော လက္ခဏ၊

၂။ သမ္ပယုတ်တရားတို့ကို မတိုးပွားစေလွန်း မညှိုးကြုံစေလွန်းခြင်း (ကိစ္စ) ရသ၊

၃။ ငြိမ်သက်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ပီတိကင်းသောစိတ် = ပီတိမယှဉ်သောစိတ် ပဒဋ္ဌာန်။

ဤ ဥပေက္ခာဝေဒနာကား သဘာဝအားဖြင့် အလယ်အလတ် သဘောရှိသော အာရုံ, ပရိကပ္ပအားဖြင့် အလယ်အလတ် သဘောရှိသော အာရုံကို ခံစားခြင်း သဘောလက္ခဏာ ရှိ၏။ တစ်နည်း အာရုံကို အလယ်အလတ် လျစ်လျူခံစားခြင်း သဘောလက္ခဏာ ရှိ၏။ အာရုံကလည်း အလယ်အလတ် ခံစားမှုကလည်း အလယ်အလတ် ဟူလိုသည်။ ထိုကြောင့် မဇ္ဈတ္တဝေဒယိတလက္ခဏာ = သဘာဝ ပရိကပ္ပဖြစ်သော အလယ်အလတ် မဇ္ဈတ္တအာရုံကို အလယ်အလတ် လျစ်လျူခံစားခြင်း သဘောလက္ခဏာ ရှိ၏ဟု ဆိုသည်။

ထိုသို့ သဘာဝ-ပရိကပ္ပဖြစ်သော အလယ်အလတ် မဇ္ဈတ္တအာရုံကို အလယ်အလတ် ခံစားခြင်း သဘော လက္ခဏာ ရှိသောကြောင့်ပင်လျှင် မိမိနှင့် အတူယှဉ်ဖက် သမ္ပယုတ်တရားတို့ကို မတိုးပွားစေလွန်း မညှိုးကြုံ စေလွန်းခြင်း ကိစ္စရသ ရှိခြင်း ဖြစ်သည်။

သန္တဘာဝပစ္စုပဋ္ဌာန် --- ငြိမ်သက်သည်၏အဖြစ် - ငြိမ်သက်သော သဘောတရားဟု ယောဂီ၏ ဉာဏ်တွင် ရှေးရှူထင်လာ၏ဟူသော စကားကို အပြစ်ကင်းသော ကာမဂုဏ်နှင့် မစပ်သော ဥပေက္ခာဝေဒနာ၏ အစွမ်းဖြင့် ပြောဆိုသောစကားဟု သိရှိပါလေ။ အလုံးစုံသော ဥပေက္ခာဝေဒနာအတွက် ပြောဆိုသောစကား မဟုတ်ဟု မှတ်ပါ။ (မဟာဋီ၊၂၊၁၃၈။)

မဟာစည်ဆရာတော်ဘုရားကြီး၏အယူ

မဟာစည်ဆရာတော်ဘုရားကြီး၏အယူ

ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယကျမ်းကို ပြုစုရေးသားတော်မူသော မဟာစည်ဆရာတော်ဘုရားကြီးက မိမိ၏ မဟာဋီကာနိဿယ ဤအပိုင်း၌ ဤသို့ မှတ်ချက် ရေးသားထားတော်မူ၏။

အကုသိုလ် ဥပေက္ခာပင်ဖြစ်သော်လည်း အကုသိုလ် သောမနဿ, ဒေါမနဿတို့ထက် ငြိမ်သက်သည်ကို ယူလျှင်မူ အလုံးစုံသော ဥပေက္ခာ၏ အစွမ်းအားဖြင့်လည်း သန္တဘာဝပစ္စုပဋ္ဌာန် သင့်ရာသေး၏။ (ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယ၊၃၊၃၁၆။)

စျာနုပေက္ခာ

စျာနုပေက္ခာ

၁။ မဇ္ဈတ္တလက္ခဏာ စျာနုပေက္ခာ၊

၂။ အနာဘောဂရသာ၊

၃။ အဗျာပါရပစ္စုပဋ္ဌာနာ၊

၄။ ပီတိဝိရာဂပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၂၁၈။)

၁။ အလယ်အလတ်၌ တည်မှုသဘော လက္ခဏ၊

၂။ မွန်မြတ်သော ပဏီတသုခ၌သော်မှ နှလုံးမသွင်းခြင်း (ကိစ္စ) ရသ၊

၃။ မွန်မြတ်သော ပဏီတသုခ၌ ကြောင့်ကြမစိုက်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

တစ်နည်း -- သမ္ပယုတ်တရားတို့ကို မွန်မြတ်သော ပဏီတသုခ၌

ကြောင့်ကြမစိုက်စေခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏ ဖလ ပစ္စုပဋ္ဌာန်၊

၄။ ပီတိ၌ စက်ဆုပ်ခြင်း (= ပီတိကို လွန်မြောက်ခြင်း) ပဒဋ္ဌာန်။

ဤစျာနုပေက္ခာကား စတုတ္ထစျာန်နှင့်ယှဉ်သော ဥပေက္ခာဝေဒနာ မဟုတ်၊ တတိယစျာန်နှင့်ယှဉ်သော တတြမဇ္ဈတ္တတာ စေတသိက်ပင်တည်း။ ထို တတြမဇ္ဈတ္တတာ စေတသိက်ဟူသော တတြမဇ္ဈတ္တုပေက္ခာသည် ပထမစျာန် ဒုတိယစျာန်တို့၌လည်း ရှိသည်သာဖြစ်၏။ သို့သော် ပထမစျာန် ဒုတိယစျာန်တို့၌ ယင်းတတြမဇ္ဈတ္တု ပေက္ခာ၏ မထင်ရှားသော ကိစ္စရှိသောကြောင့် --- ဥပေက္ခကော စ ဝိဟရတိ = တတြမဇ္ဈတ္တုပေက္ခာနှင့် ပြည့်စုံ သည်ဖြစ်၍ နေ၏ဟု ဟောတော်မမူဘဲ ဤတတိယစျာန်၌သာလျှင် ဘုရားရှင်က --- ဥပေက္ခကော စ ဝိဟရတိ = တတြမဇ္ဈတ္တုပေက္ခာနှင့် ပြည့်စုံသည်ဖြစ်၍ နေ၏ --- ဟု ဟောတော်မူခြင်း ဖြစ်သည်။ ပထမစျာန်၌ ဝိတက် ဝိစာရ, ဒုတိယစျာန်၌ ပီတိတို့က လွှမ်းမိုးထားသည့်အတွက် တတြမဇ္ဈတ္တုပေက္ခာ၏ လုပ်ငန်းကိစ္စရပ် မထင် ရှားခြင်း ဖြစ်သည်။ ဤ တတိယစျာန်၌ကား ဝိတက် ဝိစာရ ပီတိတို့သည် မလွှမ်းမိုးအပ်သည့် အဖြစ်ကြောင့် ဦးခေါင်းထောင်နေ, မော့နေ, မော်နေသကဲ့သို့ဖြစ်၍ ထင်ရှားသော ကိစ္စရှိသည် ဖြစ်ရကား တတြမဇ္ဈတ္တုပေက္ခာ ကို ဟောကြားတော်မူခြင်း ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၁၊၂၁၈။)

ဤ၌ တတြမဇ္ဈတ္တတာဟူသည် အာနာပါနပဋိဘာဂနိမိတ်, ကသိုဏ်းပညတ် ပဋိဘာဂနိမိတ်စသော သမထ နိမိတ်အာရုံ၌ ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို ယင်း သမထနိမိတ် အာရုံမှ စိတ်ဓာတ် နောက်တွန့်ဆုတ်သွားမှု သဘော = စိတ်ဓာတ် ကျဆင်းသွားမှုသဘော, သမထနိမိတ်အာရုံကို အကြောင်းပြု၍ စိတ်ဓာတ် တက်ကြွ မြင့်မောက်မှုသဘော ထောင်လွှားမှုသဘော စသည်တို့ဘက်သို့ မရောက်အောင် အညီအမျှ အလယ်အလတ် လျစ်လျူသဘော၌ ထားနိုင်မှုတည်း။ တတိယစျာန် နာမ်တရားစုမှ ယင်းတတြမဇ္ဈတ္တတာစေတသိက်ကို ရွေး ထုတ်၍ အထက်ပါအတိုင်း လက္ခဏ-ရသ စသည်ကို ရှုပါ။

အနာဘောဂရသာ --- မွန်မြတ်သော တတိယစျာန်ချမ်းသာ၌သော်မှ ကိုင်းညွတ်တတ်သော တဏှာ မရှိရကား ယင်းတဏှာ၏ ဆန့်ကျင်ဘက် = ပဋိပက္ခ ကိစ္စ ရှိ၏။ ထိုကြောင့် မွန်မြတ်သော ပဏီတသုခဟူသော တတိယစျာန်ချမ်းသာ၌သော်မှ နှလုံးမသွင်းခြင်း ကိစ္စ ရှိ၏ဟု ဆိုခြင်းဖြစ်သည်။ (မူလဋီ၊၁၊၁၀၃။) ဤတတိယစျာန် ချမ်းသာကား လောကီ ချမ်းသာသုခ မှန်သမျှတို့တွင် အသာဆုံး အမြတ်ဆုံး ချမ်းသာတည်း။ ထိုကြောင့် ပဏီတ သုခဟု ဆိုသည်။

တစ်ဖန် ရူပါဝစရ စတုတ္ထစျာန်ခန်း၌လည်း ဥပေက္ခာဝေဒနာ၏ လက္ခဏ-ရသ စသည်ကို အောက်ပါအတိုင်း ဖော်ပြထား၏။

အဒုက္ခမသုခ = ဥပေက္ခာ ဝေဒနာ

အဒုက္ခမသုခ = ဥပေက္ခာ ဝေဒနာ

၁။ ဣဋ္ဌာနိဋ္ဌဝိပရီတာနုဘဝနလက္ခဏာ ဥပေက္ခာ၊

၂။ မဇ္ဈတ္တရသာ၊

၃။ အဝိဘူတပစ္စုပဋ္ဌာနာ၊

၄။ သုခနိရောဓပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၂၂၂။)

၁။ ဣဋ္ဌာရုံ အနိဋ္ဌာရုံ၏ ပြောင်းပြန်ဖြစ်သော ဣဋ္ဌမဇ္ဈတ္တာရုံကို ခံစားခြင်းသဘော

(= ဣဋ္ဌမဇ္ဈတ္တာရုံ၏ အရသာကို ခံစားခြင်းသဘော) လက္ခဏ၊

၂။ အလယ်အလတ် မဇ္ဈတ္တသဘော၌ တည်ခြင်း = လျစ်လျူရှုခြင်း (ကိစ္စ) ရသ၊

၃။ မထင်ရှားသော ခံစားမှု သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သုခချုပ်ခြင်း = (သုခချုပ်ရာ စတုတ္ထစျာန်၏ ဥပစာရ) ပဒဋ္ဌာန်။

ဤစတုတ္ထစျာန်ကား ဒုက္ခ မရှိခြင်းကြောင့် အဒုက္ခ, သုခလည်း မရှိခြင်းကြောင့် အသုခဖြစ်သော စျာန် တည်း။ ဤ အဒုက္ခမသုခံဟူသော ပါဌ်ဖြင့် ဤစတုတ္ထစျာန်၌ ဒုက္ခ သုခ၏ ဆန့်ကျင်ဘက်ဖြစ်၍ ဖြစ်သော တတိယ ဝေဒနာကို ဖော်ပြ၏။ ဒုက္ခ သုခ၏ မရှိခြင်းမျှကိုသာ ပြသည်ကား မဟုတ်။ တတိယဝေဒနာမည်သည် အဒုက္ခ မသုခ ဝေဒနာတည်း။ ဥပေက္ခာဝေဒနာဟူ၍လည်း ခေါ်ဆို၏။ ထို အဒုက္ခမသုခဝေဒနာသည် ဣဋ္ဌာရုံ အနိဋ္ဌာ ရုံ၏ ပြောင်းပြန်ဖြစ်သော ဣဋ္ဌမဇ္ဈတ္တာရုံကို ခံစားခြင်းသဘော လက္ခဏာ ရှိပေသည်။ (အဘိ၊ဋ္ဌ၊၁၊၂၂၂။)

ဤ သဘောလက္ခဏာအရ ယင်းစတုတ္ထစျာန် - ဥပေက္ခာဝေဒနာ၏ အာရုံမှာ ဣဋ္ဌ, ဣဋ္ဌမဇ္ဈတ္တ အာရုံသာ ဖြစ်သည်ဟု မှတ်ပါ။ တစ်ဖန် ယင်းဝေဒနာသည် အလယ်အလတ် မဇ္ဈတ္တ၌တည်သော လျစ်လျူရှုခြင်း ကိစ္စ ရှိသဖြင့် အာရုံကို ခံစားမှုမှာလည်း အလယ်အလတ် ခံစားမှုသာတည်း။ အာရုံလည်း မဇ္ဈတ္တ, ခံစားမှုလည်း မဇ္ဈတ္တဟု ဆိုလိုသည်။

နားမရှုပ်ထွေးစေရန် အနည်းငယ် ထပ်မံ၍ ရှင်းလင်း တင်ပြပါရစေ။ ဤစတုတ္ထစျာန်မှာ စတုက္ကနည်းအရ ပထမစျာန် ဒုတိယစျာန် တတိယစျာန်တို့ကို အခြေခံ၍ တစ်ဆင့်ပြီး တစ်ဆင့် တက်လာရသော စျာန်ဖြစ်၏။ အကယ်၍ အသင်သူတော်ကောင်းသည် ဤကျမ်းတွင် ရေးသား တင်ပြထားသည့်အတိုင်း အလွန်ကြည်လင် တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံကို အာရုံပြု၍ ပထမစျာန်မှသည် စတုတ္ထစျာန်သို့တိုင်အောင် စတုက္ကနည်းအားဖြင့် သမာဓိထူထောင်ထားသူ ဖြစ်အံ့၊ ယင်းပထမစျာန် ဒုတိယစျာန် တတိယစျာန်တို့၏ အာရုံ မှာလည်း အလွန်ကြည်လင် တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံပင် ဖြစ်၏။ စျာန် လေးပါးလုံး တို့၏ အာရုံမှာ အလွန်ကြည်လင် တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံ တစ်မျိုးတည်းသာ ဖြစ်၏။ အာရုံချင်း တူညီနေ၏။

သို့သော် ယင်းအာနာပါနပဋိဘာဂနိမိတ် အာရုံမှာ ပထမစျာန် ဒုတိယစျာန် အခိုက်၌ ဣဋ္ဌာရုံ ဖြစ်နေ၍ တတိယစျာန်နှင့် စတုတ္ထစျာန် အခိုက်၌ ဣဋ္ဌမဇ္ဈတ္တာရုံ ဖြစ်နေ၏။ တတိယစျာန် အခိုက်၌ အထက် စျာနုပေက္ခာ ပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း တတိယစျာန်နှင့် ယှဉ်သော တတြမဇ္ဈတ္တတာစေတသိက်၏ စွမ်းအားကြောင့် တတိယစျာန်နှင့် ယှဉ်သော သမ္ပယုတ်တရားအားလုံးတို့သည် ယင်း အာနာပါနပဋိဘာဂနိမိတ် အာရုံကို အလယ် အလတ် ဣဋ္ဌမဇ္ဈတ္တ အခြင်းအရာ၌တည်အောင် ထားနိုင်ကြ၏။ အာရုံမှာ မဇ္ဈတ္တဖြစ်သော်လည်း ခံစားမှုမှာ သုခ ဖြစ်နေသေး၏။

ဤစတုတ္ထစျာန်၌ကား အာရုံလည်း မဇ္ဈတ္တ, ခံစားမှုလည်း မဇ္ဈတ္တပင် ဖြစ်သည်။ အဘယ်ကြောင့်နည်း?

သုခဝေဒနာသည် စတုတ္ထစျာန်သို့ မဆိုက်မီ အလွန်ကြည်လင် တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် အာရုံပြု၍ ဖြစ်ပေါ်လာ၏။ စတုတ္ထစျာန်၏ ဥပစာရသမာဓိ နယ်မြေမှစ၍ သုခဝေဒနာသည် ချုပ်ပျက် သွား၏။ ဥပေက္ခာဝေဒနာသည် စတင်၍ ဖြစ်ပေါ်လာ၏။ တတိယစျာန် အခိုက်မှ စွမ်းအင်ထက်မြက် စူးရှလာသော တတြမဇ္ဈတ္တတာစေတသိက်၏ အားပေးထောက်ပံ့မှုကြောင့် စတုတ္ထစျာန်နှင့် ယှဉ်သော ဥပေက္ခာဝေဒနာနှင့် တကွသော သမ္ပယုတ်တရားစုတို့သည် အာနာပါနပဋိဘာဂနိမိတ် အာရုံကို အလယ်အလတ် မဇ္ဈတ္တ အခြင်း အရာ၌ တည်အောင် ထားနိုင်သည့် စွမ်းအင်များ ပြည့်ဝလာကြ၏။ ထိုကြောင့် စတုတ္ထစျာန်နှင့် ယှဉ်သော သမ္ပယုတ်တရားစုတို့သည် တတြမဇ္ဈတ္တတာနှင့် ဥပေက္ခာဝေဒနာတို့ ပြဓာန်းသော ဘာဝနာ၏ စွမ်းအားကြောင့် အာရုံကိုလည်း အလယ်အလတ် မဇ္ဈတ္တ အခြင်းအရာ၌ တည်အောင် ထားနိုင်၏။ အာရုံ၏ အရသာကိုလည်း အလယ်အလတ် မဇ္ဈတ္တ သဘောအားဖြင့်သာ ခံစား၏။ အာရုံလည်း မဇ္ဈတ္တ, ခံစားမှုလည်း မဇ္ဈတ္တပင် ဖြစ်ရသည်။

အဝိဘူတပစ္စုပဋ္ဌာနာ --- သုခ ဒုက္ခတို့ကား ထင်ရှားသော ခံစားမှုတို့တည်း။ သုခဝေဒနာ ဒုက္ခဝေဒနာတို့၏ ခံစားချက်များကား ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်ဝတွင် အလွန် ထင်ရှားပေ၏။ သို့သော် အဒုက္ခမသုခ ဝေဒနာ ကား သုခ ဒုက္ခတို့ကဲ့သို့ ထင်ရှားသော အခြင်းအရာရှိသော ခံစားမှုမျိုး မဟုတ်ပေ။ ကျောက်ဖျာအပြင်၌ ဖြတ်ကျော် သွားသော သားသမင်၏ ခြေရာ လမ်းကြောင်းကဲ့သို့ ဥပေက္ခာဝေဒနာမှာ ထိုသုခ ဒုက္ခဝေဒနာတို့ဖြင့် မှန်းဆ ယူအပ်သော မထင်ရှားသော အခြင်းအရာ ရှိ၏ဟု ထိုဥပေက္ခာဝေဒနာကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်ဝ၌ ရှေးရှူ ထင်လာပေသည်။ မိဂပဒဝလဉ္ဇနနည်းဖြင့် သိနိုင်သည် ဟူလိုသည်။ (မူလဋီ၊၁၊၁၀၄။)

ပဒဋ္ဌာန် --- သုခနိရောဓော နာမ ဣဓ စတုတ္ထစျာနုပစာရော။ (သာရတ္ထ၊၁၊၃၇၉။)

သုခဝေဒနာ ချုပ်မှုမှာ စတုတ္ထစျာန်၏ ဥပစာရသမာဓိအခိုက်မှ စ၍ ချုပ်၏။ ထိုသုခဝေဒနာ ချုပ်မှ ဥပေက္ခာ ဝေဒနာ ဖြစ်လာနိုင်ပေသည်။ သို့အတွက် သုခဝေဒနာ ချုပ်ရာ စတုတ္ထစျာနုပစာရသည် ဥပေက္ခာဝေဒနာ ဖြစ်ပေါ် လာဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရား ပဒဋ္ဌာန် ဖြစ်ရပေသည်။

တစ်ဖန် ရူပါဝစရစျာန်တွင် အကျုံးဝင်သော ဗြဟ္မဝိဟာရ = ဗြဟ္မစိုရ်တရား (၄)ပါးတွင် ပါဝင်တည်ရှိသော ဥပေက္ခာဗြဟ္မဝိဟာရ၏ လက္ခဏ-ရသ စသည်ကိုလည်း အဋ္ဌသာလိနီအဋ္ဌကထာ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့တွင် ဖွင့်ဆိုထား၏။ ဥပေက္ခာဗြဟ္မဝိဟာရ၏ တရားကိုယ်မှာ တတြမဇ္ဈတ္တတာစေတသိက်ပင် ဖြစ်သည်။ ယင်းဗြဟ္မ ဝိဟာရုပေက္ခာ၏ လက္ခဏ-ရသ စသည်ကို ဗြဟ္မဝိဟာရစေတသိက်ပိုင်းတွင် ကြည့်ပါ။

ဝေဒနာက္ခန္ဓကထာ အခန်း ပြီး၏။

__________

သညာက္ခန္ဓကထာ အခန်း

သညာက္ခန္ဓကထာ အခန်း

၁။ သဉ္ဇာနနလက္ခဏာ သညာ၊

၂။ တဒေဝေတန္တိ ပုန သဉ္ဇာနနပစ္စယနိမိတ္တကရဏရသာ၊ (ဒါရုအာဒီသု တစ္ဆကာဒယော ဝိယ။)

၃။ ယထာဂဟိတနိမိတ္တဝသေန အဘိနိဝေသကရဏပစ္စုပဋ္ဌာနာ၊ (ဟတ္ထိဒဿကအန္ဓာ ဝိယ။)

၄။ ယထာဥပဋ္ဌိတဝိသယပဒဋ္ဌာနာ။ (တိဏပုရိသကေသု မိဂပေါတကာနံ ပုရိသာတိ ဥပ္ပန္နသညာ ဝိယ။) (ဝိသုဒ္ဓိ၊၂၊၉၂။)

၁။ သဉ္ဇာနနလက္ခဏာ သညာ၊

၂။ (က) ပစ္စာဘိညာဏရသာ၊

( ခ ) ပုန သဉ္ဇာနနပစ္စယနိမိတ္တကရဏရသာ၊ (ဒါရုအာဒီသု တစ္ဆကာဒယော ဝိယ။)

၃။ (က) ယထာဂဟိတနိမိတ္တဝသေန အဘိနိဝေသကရဏပစ္စုပဋ္ဌာနာ၊ (ဟတ္ထိဒဿကအန္ဓာ ဝိယ။)

( ခ ) အာရမ္မဏေ အနောဂါဠှဝုတ္တိတာယ အစိရဋ္ဌာနပစ္စုပဋ္ဌာနာ ဝါ၊ (ဝိဇ္ဇု ဝိယ။)

၄။ ယထာဥပဋ္ဌိတဝိသယပဒဋ္ဌာနာ။

(တိဏပုရိသကေသု မိဂပေါတကာနံ ပုရိသာတိ ဥပ္ပန္နသညာ ဝိယ။) (အဘိ၊ဋ္ဌ၊၁၊၁၅၃-၁၅၄။)

၁။ အညို အရွှေ စသည်ပြားသော အာရုံကို အမှတ်ပြု၍သိခြင်း = မှတ်သိ သိခြင်းသဘော လက္ခဏ၊

၂။ (က) ရှေးအမှတ်ဖြင့် နောက်ထပ်သိခြင်း (ကိစ္စ) ရသ၊

( ခ ) ထိုဟာ ဒါပဲဟု နောက်ထပ်တစ်ဖန် မှတ်သိ သိခြင်း၏ အကြောင်းဖြစ်သော

အမှတ်အသားကို ပြုခြင်း (ကိစ္စ) ရသ၊

(သစ်သားစသည်တို့၌ လက်သမား စသူတို့၏ မှတ်သားပုံကဲ့သို့တည်း။)

၃။ (က) စိတ်က စွဲယူထားသည့် အမှတ်နိမိတ် (= အမှတ်အသား) အတိုင်း

အာရုံကို နှလုံးသွင်းခြင်းကို ပြုတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

(ဆင်စမ်းသော သူကာဏ်းတို့ကဲ့သို့ မှတ်ပါ။)

( ခ ) အာရုံ၌ သက်ဝင်သော ဖြစ်ခြင်း မရှိသည်၏ အဖြစ်ကြောင့် = အာရုံကို နက်နက်နဲနဲ

မယူတတ်သည်၏ အဖြစ်ကြောင့် ကြာမြင့်စွာ တည်တံ့ခြင်း မရှိသောသဘောတရား ပစ္စုပဋ္ဌာန်၊

(လျှပ်စစ် လျှပ်နွယ် လျှပ်စီးကဲ့သို့ မှတ်ပါ။)

၄။ ထင်လာတိုင်းသော အာရုံ ပဒဋ္ဌာန်။

(မြက်ဖြင့် ပြုလုပ်ထားသော ယောက်ျားရုပ်တို့၌ သားသမင်တို့၏ ယောက်ျားတို့ဟု ဖြစ်သော အမှတ်သညာကဲ့သို့တည်း။)

ဉာဏသမ္ပယုတ် သညာ

ဉာဏသမ္ပယုတ် သညာ

ယာ ပနေတ္ထ ဉာဏသမ္ပယုတ္တာ ဟောတိ၊ သာ သညာ ဉာဏမေဝ အနုဝတ္တတိ၊ သသမ္ဘာရပထဝီအာဒီသု သေသဓမ္မာ ပထဝီအာဒီနိ ဝိယာတိ ဝေဒိတဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၅၄။)

ယာထာဥပဋ္ဌိတဝိသယပဒဋ္ဌာနာ။ ပ ။ ရာဂါဒိအနုဝတ္တိကဘာဝေါတိ။ (မဟာဋီ၊၂၊၁၃၉။)

သသမ္ဘာရပထဝီ --- (၆)ဒွါရနှင့် ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော ထိုထို ကောဋ္ဌာသတို့၌ ပထဝီဓာတ်နှင့် အတူဖြစ်ဖက် ဖြစ်သော ထိုထို ဆိုင်ရာ ရုပ်ကလာပ်များအတွင်း၌ တည်ရှိသော အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ စသော ရုပ်တရားများကို သမ္ဘာရဟု ခေါ်ဆို၏။ ထို သမ္ဘာရ အမည်ရသော ရုပ်တရားများနှင့် အတူတကွဖြစ်သော ပထဝီဓာတ်ကို သသမ္ဘာရပထဝီဓာတ်ဟု ခေါ်သည်။ သမ္မုတိသစ္စာနယ်၌ လောကသုံး ဝေါဟာရအားဖြင့် ဆိုရသော် သသမ္ဘာရပထဝီဓာတ်ဟူသည် ယခုမျက်မြင် မြေင်္ကြီးပင်တည်း၊ မြေဓာတ် ပင်တည်း။ ပရမတ္ထသစ္စာနယ်၌ကား ဤ မဟာပထဝီမြေကြီးဟူသည် ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာတည်း။ ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ ပထဝီ ဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲရကား မြေကြီး၌ ခက်မာခြင်း ကက္ခဠသဘော ရှိနေခြင်း ဖြစ်၏။ ရုပ်ကလာပ် တိုင်း၌ တည်ရှိသော ပထဝီဓာတ်မှကြွင်းသော ရုပ်တရားတို့သည် သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ပထဝီ ဓာတ်၏ သဘောသို့ လိုက်လျော၍ ဖြစ်ကြရသောကြောင့် ဥတုဇအဋ္ဌကလာပ်ရုပ်တို့၏ အပေါင်းအစုဖြစ်သော မြေကြီးတစ်ခုလုံးသည်လည်း ခက်မာခြင်း သဘောရှိသော ပထဝီဓာတ်သို့ လိုက်လျော၍ ဖြစ်ရ၏။ ခက်မာခြင်း သဘော ရှိရလေသည်။ (ဤ၌ မြေကြီးဝယ် သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ပထဝီဓာတ်၏ ခက်မာခြင်း သဘာဝသတ္တိက ထင်ရှားနေခြင်းကိုသာ ဆိုလိုသည်။ အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့သည် ခက်မာခြင်း ကက္ခဠလက္ခဏာသို့ ပြောင်းသွားသည်ဟူ၍ကား မဆိုလိုပါ။ ပရမတ်တရားတို့၌ သဘာဝလက္ခဏာ၏ ပြောင်းလဲမှုကား မရှိစကောင်းပေ။ သဘာဝသတ္တိစွမ်းအင် ထက်မှုနှင့် နုံ့မှုသာ ကွာဟချက် ရှိသည်။ ဤမြေကြီး၌ ပထဝီ ဓာတ်၏ ခက်မာခြင်း = ကက္ခဠလက္ခဏာဟူသော သဘာဝသတ္တိစွမ်းအင်က လွန်ကဲ၍ အာပေါ တေဇော ဝါယော ဓာတ်တို့၏ သဘာဝသတ္တိစွမ်းအင်က လျော့မှု နုံ့မှုကိုသာ ဆိုလိုပေသည်။)

မီးဟူသည် သသမ္ဘာရတေဇောဓာတ်တည်း။ ယင်းမီးဝယ် ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ ဗဟိဒ္ဓ လောကဝယ် သက်ရှိလောက သက်မဲ့လောက နှစ်မျိုးလုံး၌ ရုပ်တရား နာမ်တရားတို့ကို သိမ်းဆည်းနိုင်သော အဆင့်သို့ ရောက်ရှိလာသော အသင်သူတော်ကောင်းအဖို့ မီး၌ ဓာတ်ကြီးလေးပါးကို မြင်အောင် သိမ်းဆည်း ရှုပွားမှုမှာ မခက်ခဲတော့ပြီ။ ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်ပါက ဩဇဋ္ဌမကရုပ်ကလာပ် အမှုန်တို့ကို မကြာမီ တွေ့ရှိနိုင်၏။ မီးဟူသည် ဩဇဋ္ဌမကရုပ်ကလာပ်တို့၏ အသံပါသော် သဒ္ဒနဝက ရုပ်ကလာပ်တို့၏ အပေါင်းအစုသာ ဖြစ်၏။ ယင်းရုပ်ကလာပ် အသီးအသီး၌ တေဇောဓာတ်မှ ကြွင်းသော ရုပ်တရားတို့သည် သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော တေဇောဓာတ်၏ သဘောသို့ လိုက်လျောကြရကုန်၏။

လေဟူသည် သသမ္ဘာရဝါယောတည်း။ ယင်းလေ၌ ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ် အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်၏။ ဗဟိဒ္ဓ သက်မဲ့လောက၌ တည်ရှိသော လေဖြစ်မှု ယင်းလေဟူသည် ဥတုဇ ဩဇဋ္ဌမကရုပ်, သဒ္ဒနဝကကလာပ်ရုပ်တို့၏ အပေါင်းအစုမျှသာတည်း။

[ဥဒ္ဓင်္ဂမဝါတ = အထက်သို့ ဆန်တက်သောလေ စသည့် သက်ရှိသတ္တဝါတို့၏ သန္တာန်၌ တည်ရှိကြသော ဝါယောကောဋ္ဌာသတို့၌ကား ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် တင်ပြခဲ့သည့်အတိုင်း (၃၃)မျိုးသော ရုပ်တရား စသည်တို့ တည်ရှိကြ၏။] ယင်းရုပ်ကလာပ် အသီးအသီး၌ ဝါယောဓာတ်မှ ကြွင်းသော ရုပ်တရားတို့သည် သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်၏ သဘောသို့ လိုက်လျောကြရကုန်၏။

ရေဟူသည် သသမ္ဘာရအာပေါတည်း။ (သက်မဲ့လောက၌ ရှိသော ရေကို ဆိုလိုသည်။) ယင်း ရေ၌ ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို လွယ်ကူစွာ တွေ့ရှိနိုင်၏။ ယင်းရုပ်ကလာပ် အသီးအသီး၌ အာပေါဓာတ်မှ ကြွင်းသော ရုပ်တရားတို့သည် သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော အာပေါ ဓာတ်၏ သဘောသို့ လိုက်လျောကြရကုန်၏။

ဉာဏသမ္ပယုတ္တာ ပန သညာ ဉာဏမေဝ အနုဝတ္တတိ။ တသ္မာ အဘိနိဝေသကာရိကာ ဝိပရီတဂ္ဂါဟိကာ စ န ဟောတိ။ ဧတေနေဝ သမာဓိသမ္ပယုတ္တတာယ အစိရဋ္ဌာနတာ စ န ဟောတီတိ ဝေဒိတဗ္ဗာ။ ဧဝံ ရာဂဒိဋ္ဌိမာနာဒိသမ္ပယုတ္တတာယ သညာယ ရာဂါဒိအနုဝတ္တိကဘာဝေါတိ။ (မဟာဋီ၊၂၊၁၃၉။)

အလားတူပင် အကယ်၍ သညာတရားသည် ဉာဏ်နှင့်ယှဉ်သော ဉာဏသမ္ပယုတ်သညာ ဖြစ်အံ့။ ထိုသညာ သည် ဉာဏ်သို့သာ အစဉ်လိုက်၍ ဖြစ်ရလေသည်။ ဉာဏ်၏နောက်သို့ အစဉ်လိုက်သောကြောင့် ဉာဏသမ္ပယုတ် သညာသည် အာရုံကို မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း = အဘိနိဝေသကိုလည်း မပြု၊ အာရုံကို ဖောက်ဖောက် ပြန်ပြန် စွဲယူမှတ်သားခြင်း = ဝိပရီတဂ္ဂါဟလည်း မဖြစ်တော့ပေ။ (အဘိ၊ဋ္ဌ၊၁၊၁၅၄။ မဟာဋီ၊၂၊၁၃၉။)

ဤအထက်ပါ ဖွင့်ဆိုချက်များနှင့်အညီ ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သညာသည် ဝိပဿနာ ဉာဏ်ပညာ၏ နောက်သို့သာ အစဉ်လိုက်၏ဟု မှတ်ပါ။ ဝိပဿနာဉာဏ်က ပရမတ္ထဓမ္မသဘာဝတည်းဟူသော အာရုံ၏ သဘောမှန်ကို ထိုးထွင်း သိ၏။ ယင်းဝိပဿနာဉာဏ်၏ စွမ်းအင်သတ္တိ အာနုဘော်ကြောင့် သညာကလည်း ထိုပရမတ္ထဓမ္မသဘာဝတည်းဟူသော အာရုံ၏ သဘောမှန်ကိုပင် မှတ်သိ သိလေသည်။

အကယ်၍ မဟာကုသိုလ် ဉာဏဝိပ္ပယုတ်သညာဖြစ်မူ - ဉာဏ်နှင့် မယှဉ်ရသည့်အတွက် အသိစိတ်ဝိညာဏ် နောက်သို့ အစဉ်လိုက်ဖွယ်ရာ ရှိ၏။ အသိစိတ်ဝိညာဏ်ဟူသမျှသည် ပုဗ္ဗင်္ဂမရသံ = နာမ်ခန္ဓာ (၄)ပါးတို့၏ ပဓာန ေ့ရှသွားခေါင်းဆောင်ဖြစ်ခြင်း လုပ်ငန်းကိစ္စ ရှိသဖြင့် အသိစိတ်ဝိညာဏ်၏နောက်သို့ အစဉ်လိုက်ဖွယ်ရာ ရှိသည်ဟု ဆိုခြင်း ဖြစ်သည်။ ဝိပါက် ကြိယာတို့၌လည်း မဟာကုသိုလ် နည်းတူ မှတ်ပါ။

ရူပါဝစရ အရူပါဝစရတရားတို့ကား သမာဓိပြဓာန်းသော သမာဓိလုပ်ငန်းစဉ်များ ဖြစ်ကြသောကြောင့် ထို ရူပါဝစရ အရူပါဝစရ စျာန်သမာဓိတို့နှင့် ယှဉ်တွဲလျက်ရှိကြသော သညာသည်လည်း သမာဓိ၏ နောက်သို့သာ အစဉ်လိုက်ရပေသည်။ ဤအဆိုအရ အကယ်၍ ဝိပဿနာဇောစိတ်သည် ဉာဏဝိပ္ပယုတ် ဖြစ်နေခဲ့မူ သညာသည် ယင်း ဉာဏဝိပ္ပယုတ် ဝိပဿနာဇောနှင့် ယှဉ်သော သမာဓိနောက်သို့ အစဉ်လိုက်သည်ဟု မှတ်ပါ။ သမာဓိ၏ နောက်သို့ အစဉ်လိုက်၍ ဖြစ်နေသောကြောင့်လည်း ထိုသမာဓိနှင့်ယှဉ်သော သမာဓိသမ္ပယုတ္တသညာမှာ သမထ အာရုံ သို့မဟုတ် ဝိပဿနာအာရုံ၌ ကြာမြင့်စွာ မတည်ခြင်းလည်း မရှိတော့ပေ။ သမာဓိသည် အာနာပါနပဋိဘာဂ နိမိတ်ကဲ့သို့သော သမထအာရုံ သို့မဟုတ် သင်္ခါရနိမိတ်အာရုံ၌ ကြာမြင့်စွာ တည်သလောက် သညာသည်လည်း ယင်း သမထအာရုံ သို့မဟုတ် သင်္ခါရနိမိတ် အာရုံ၌ ကြာမြင့်စွာ တည်နေနိုင်ပေသည်။ (မဟာဋီ၊၂၊၁၃၉။)

လောကုတ္တရာနယ်၌ကား လောကုတ္တရာ မဂ်စိတ် ဖိုလ်စိတ်ဟူသမျှသည် ဉာဏသမ္ပယုတ်သာ ဧကန် ဖြစ် သောကြောင့် ယင်း မဂ်ဉာဏ် ဖိုလ်ဉာဏ်က နိဗ္ဗာန်ကို ဧကန် အာရုံပြုသဖြင့် သညာကလည်း နိဗ္ဗာန်ကိုပင် ဧကန် အာရုံပြုပေသည်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်က နိဗ္ဗာန်၏ သန္တိသုခသဘောကို ထိုးထွင်းသိသဖြင့် သညာ ကလည်း ထိုသန္တိသုခသဘောကိုပင် မှတ်သိ သိလေသည်။ ဤကား အကောင်းနယ်ပယ်၌ သညာ၏ အဖိုးတန်ပုံ အသုံးကျပုံတည်း။

သို့သော် သညာသည်လည်း အကောင်း အဆိုး နှစ်ဖက်ရ စေတသိက် တစ်ခု ဖြစ်၏။ အကောင်းနယ်၌သာ ဖြစ်သည်မဟုတ် မကောင်းနယ်၌လည်း ဖြစ်တတ်၏။ ရာဂ ဒိဋ္ဌိ မာန စသည်တို့နှင့် ယှဉ်တွဲလျက် ဖြစ်ပေါ်နေသော အကုသလသညာကား ရာဂ ဒိဋ္ဌိ မာန စသည့် တရားဆိုးတို့ နောက်သို့သာ အစဉ်လိုက်၍ ဖြစ်ခြင်းသဘော ရှိ၏။ (မဟာဋီ၊၂၊၁၃၉။)

ဝိပလ္လာသတရား (၁၂)ပါးရှိရာ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ စင်စစ်ဧကန် မှန်သော သင်္ခါရတရားတို့၌ နိစ္စ-သုခ-အတ္တ-သုဘဟု အမှတ်မှားသော သညာဝိပလ္လာသတရား (၄)ပါးမှာ အမှတ်မှားမှု သညာ ပြဓာန်းသည့် အကုသိုလ်နာမ်တရားစုပင် ဖြစ်သည်။ အာရုံကို နိစ္စ-သုခ-အတ္တ-သုဘဟု အမှတ်မှားမှု သညာဝိပလ္လာသကို အခြေခံ၍ နိစ္စ-သုခ-အတ္တ-သုဘဟု အသိမှားမှု စိတ္တဝိပလ္လာသလည်း ဖြစ်နိုင်၏။ ထိုမှတစ်ဆင့် နိစ္စ-သုခ-အတ္တ-သုဘဟု အယူမှားမှု ဒိဋ္ဌိဝိပလ္လာသလည်း ဖြစ်နိုင်၏။ ဤ ဝိပလ္လာသတရားဆိုးတို့ကား သတ္တဝါတို့ကို အပါယ် သံသရာဝဋ်ဆင်းရဲ စသည့် သံသရာဝဋ်ဒုက္ခ အဝဝမှ ခေါင်းမထောင်နိုင်အောင် မလွတ်မြောက်နိုင်အောင် အတွင် နစ်မြုပ်စေတတ်သော နှစ်သတ်နေသော တရားဆိုးတို့ ဖြစ်ကြ၏။ အထက်ပါ မဟာဋီကာ၏ ဖွင့်ဆိုချက်အရ အမှတ်မှားမှု ဤသညာဝိပလ္လာသမှာလည်း ရာဂ ဒိဋ္ဌိ မာန မောဟစသော အကုသိုလ်တရားဆိုးတို့ကို ဦးတိုက် လျက်ပင် ရှိ၏။ ယင်းတရားဆိုးတို့ နောက်သို့ အစဉ်လိုက်ပါ၍နေသော တရားတစ်ခုသာ ဖြစ်ပေသည်။

လက္ခဏ --- အညို အရွှေ အဖြူ အနီစသော အဆင်းကို အညိုပဲ အရွှေပဲ အဖြူပဲ အနီပဲ စသည်ဖြင့် လည်းကောင်း, အရှည် အတိုစသော ပုံသဏ္ဌာန်ကို အရှည်ပဲ အတိုပဲ စသည်ဖြင့်လည်းကောင်း, အမေ အဖေ မိကြီး မိထွေး ဘကြီး ဘထွေး စသည်ကို အမေပဲ အဖေပဲ မိကြီးပဲ မိထွေးပဲ ဘကြီးပဲ ဘထွေးပဲ စသည်ဖြင့်လည်းကောင်း, အချို အချဉ်စသော အရသာကို အချိုပဲ အချဉ်ပဲ စသည်ဖြင့်လည်းကောင်း, ပရမတ္ထဓာတ်သားတို့၏ ဖဿ ဝေဒနာစသော အမည်နာမ ပညတ်များကိုလည်း ဖဿပဲ ဝေဒနာပဲ စသည်ဖြင့်လည်းကောင်း, ယင်းဖဿ ဝေဒနာ စသည့် ပရမတ္ထဓာတ်သားတို့၏ ဖုသန သဘာဝ = အာရုံကို တွေ့ထိခြင်းသဘော, အနုဘဝန သဘာဝ = အာရုံ၏ အရသာကို ခံစားခြင်းသဘော --- ဤသို့စသော ပရမတ် သဘာဝအစစ်ကိုလည်း ဝိပဿနာဉာဏ်ဖြင့် အာရုံယူနိုင်သောအခါ အာရုံယူ၍ ဖဿပဲ ဝေဒနာပဲ စသည်ဖြင့်လည်းကောင်း, သူငယ်များ မှတ်သားသကဲ့သို့ မှတ်သားမိရုံ သိခြင်းမျိုးကို အာရုံကို မှတ်သိ သိခြင်း = သဉ္ဇာနန သဘောလက္ခဏာဟု ဆိုသည်။ ပရမတ္ထဓမ္မ သဘာဝမှန်တို့ကို အမှန်အတိုင်း မှတ်သိ သိရာ၌ကား အထက်တွင် တင်ပြခဲ့သည့်အတိုင်း ဉာဏ်၏နောက်လိုက် ဖြစ်ပုံကို သတိပြုပါ။

ရသ --- လက်သမား စသူတို့သည် မိမိတို့ ပြုလုပ်နေသော သစ်သားစသည့် အရာဝတ္ထုတို့၌ နောက်ထပ် တစ်ဖန် မှန်မှန်ကန်ကန် တိတိကျကျ သိရှိနိုင်ရေး, ထိုအမှတ်အသားအတိုင်း လုပ်ငန်းကို ဆက်လက် လုပ်ကိုင်နိုင်ရေး အကောင်အထည်ဖော်နိုင်ရေးအတွက် ခဲစသော အရာဝတ္ထုတို့ဖြင့် အမှတ်အသားများကို ပြုလုပ်လေ့ရှိကြ၏။ထိုအမှတ်အသားကို ကြည့်၍ နောက်ထပ်လည်း သိကြ၏။ ထိုသို့ နောက်ထပ်သိဖို့ရန် အမှတ်အသားကို ပြုလုပ် ခြင်းသည် သညာ၏ လုပ်ငန်းကိစ္စရပ်ပင် ဖြစ်ပေသည်။ ထိုအမှတ်အသားအတိုင်း နောက်ထပ်သိခြင်းကား သညာ၏ သဘာဝသတ္တိ သဘာဝလက္ခဏာပင် ဖြစ်သည်။

ဤလက္ခဏာနှင့် ကိစ္စကို ေ့ရှနောက် ဆက်စပ်၍ ဆင်ခြင်ကြည့်ခဲ့သော် --- သညာသည် နောက်နောင် သိဖို့ရန်လည်း မှတ်သား၏၊ ထိုအမှတ်အသားအတိုင်းလည်း ထပ်၍ သိတတ်၏၊ ထိုသို့ ထပ်၍ သိရာ၌လည်း နောက်နောင်ခါ သာ၍ မှတ်မိဖို့ရန် ထပ်၍လည်း မှတ်သားတတ်ပြန်၏။ --- ဤကဲ့သို့သော သဘောအဓိပ္ပါယ် များသည် ထင်ရှားလျက် ရှိနေပေ၏။ ရှေးသညာကလည်း အာရုံကို တစ်ဖန် မှတ်မိရန် အကြောင်းနိမိတ် အမှတ် နိမိတ်ကို ပြု၏။ နောက်သညာကလည်း တစ်ဖန် ထပ်၍ မှတ်မိရန် အကြောင်းနိမိတ် အမှတ်နိမိတ်ကို ပြု၏။ သညာဟူသမျှသည် တစ်ဖန် ထပ်၍ မှတ်မိရန် အကြောင်းနိမိတ် အမှတ်နိမိတ်ကို ပြုသည်ချည်းသာဟု ညီတူညီမျှ မှတ်ယူရမည်ဟု ဆိုလို၏။

ထိုသို့ အဆက်ဆက် မှတ်၍ မှတ်၍ သိမှုသည် မှန်သည်လည်း ရှိ၏၊ မှားသည်လည်း ရှိတတ်၏၊ ဝိပဿနာဉာဏ်ကဲ့သို့သော ဉာဏ်နှင့် ယှဉ်တွဲ ဖြစ်လေ့ရှိသော သညာမှာ မှန်၍ နိဗ္ဗာန်သို့ရောက်အောင် ပို့ဆောင်ပေးနိုင်သော သဘာဝသတ္တိစွမ်းအင်များ အထိုက်အလျောက် ရှိသဖြင့် ဝိပဿနာသမ္မာဒိဋ္ဌိ စသော အတူယှဉ်ဖက် သမ္ပယုတ် တရားတို့အား သဟဇာတ အညမည စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးနိုင်၏။ ဝိပဿနာဉာဏ်က ပရမတ် အစစ် ဓာတ်အနှစ်ဖြစ်သော ရုပ်တရားတို့ကို ထိုးထွင်းသိပါက သညာကလည်း ယင်းရုပ်တရားတို့ကို ရုပ်တရားပဲဟု အမှတ်ပြု၍ သိ၏။ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်က ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော နာမ်တရားတို့ကို ထိုးထွင်းသိ ပါက သညာကလည်း ယင်းနာမ်တရားတို့ကို နာမ်တရားပဲဟု အမှတ်ပြု၍ သိ၏။ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်က အကြောင်းတရား အကျိုးတရားတို့ကို ထိုးထွင်းသိပါက သညာကလည်း အကြောင်းတရား အကျိုးတရားပဲဟု အမှတ်ပြု၍ သိ၏။ ဝိပဿနာဉာဏ်က သင်္ခါရတရားတို့ကို အနိစ္စဟု ထိုးထွင်းသိပါက သညာကလည်း အနိစ္စဟုပင် အမှတ်ပြု၍ သိ၏။ ဝိပဿနာဉာဏ်က သင်္ခါရတရားတို့ကို ဒုက္ခဟု ထိုးထွင်းသိပါက သညာကလည်း ဒုက္ခဟုပင် အမှတ်ပြု၍ သိ၏။ ဝိပဿနာဉာဏ်က သင်္ခါရတရားတို့ကို အနတ္တဟု ထိုးထွင်းသိပါက သညာကလည်း ယင်းသင်္ခါရ တရားတို့ကို အနတ္တဟုပင် အမှတ်ပြု၍ သိ၏။ သင်္ခါရတရားတို့၏ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တို့ကို အချက်ပိုင်ပိုင် ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း ထင်းထင်းကြီး သိနေသော ဝိပဿနာဉာဏ်၏ နောက်သို့ သညာသည် အစဉ်လိုက်၍ နေပေ၏။ လွန်စွာ အဖိုးတန်သော သညာဖြစ်၏။ သူများအပြော ဆရာအပြောနှင့် လွမ်း၍ ရုပ်ပဲ နာမ်ပဲ အကြောင်းတရားပဲ အကျိုးတရားပဲ စသည်ဖြင့် မှတ်သိ သိမှု သညာကိုကား မဆိုလိုပါ။

တစ်ဖန် ထိုသို့ အဆက်ဆက်မှ မှတ်၍ မှတ်၍ သိမှုကြောင့် အလွဲအမှားကို စွဲစွဲမြဲမြဲ မှတ်သားမိလျှင် သို့မဟုတ် ဖြေရှင်း၍ မရနိုင်လောက်သော သညာဝိပလ္လာသ အဆင့်သို့ ရောက်နေလျှင်ကား ဘုရားအဆူဆူ ချွတ်တော်မူသော်လည်း မကျွတ်နိုင်သည့် အဆင့်၌ တည်နေတတ်ပေသည်။ သိန်းလောက်ဘုရား ချွတ်သော် ငြားလည်း အမှားတွေစွပ် ဖြေမလွတ် ရှိတတ်သည်။

ဆိုလိုရင်း အချုပ်မှာ ရှေးသိဖြစ်စေ နောက်သိဖြစ်စေ အာရုံကို မှတ်သားမိရုံမျှ သိခြင်းသည် သညာ၏ သဘောသတ္တိပင် ဖြစ်သည်။ ထိုမှတ်သိမှုမှာ မှားသည်လည်း ရှိ၍ မှန်သည်လည်း ရှိလေသည်။

ပစ္စုပဋ္ဌာန် --- ဤပစ္စုပဋ္ဌာန်အရာ၌ ဟတ္ထိဒဿကအန္ဓာ ဝိယ - ဟု ဆင်စမ်းသည့် သူကာဏ်းဥပမာဖြင့် ပြဆိုထားပေသည်။ သူကာဏ်း (၆)ဦးတို့သည် ဆင်ကို စမ်းသပ်၍ မိမိတို့စိတ်က စွဲယူထားသည့် အမှတ်အသား အတိုင်း ဆင်ဟူသော အာရုံကိုပင် --- နှာမောင်းကို စမ်းမိသူက မြွေနှင့် တူသည်, အစွယ်ကို စမ်းမိသူက ကျည်ပွေ့နှင့် တူသည်, နားရွက်ကို စမ်းမိသူက ဖျာသင်ဖြူးနှင့် တူသည်, ကိုယ်ကို စမ်းမိသူက အိမ်နံရံနှင့် တူသည်, ခြေထောက်ကို စမ်းမိသူက အိမ်တိုင်နှင့် တူသည်, အမြီးကို စမ်းမိသူက တံမြက်စည်းနှင့် တူသည်ဟု အသီးအသီး ပြောဆိုကြ၏။ နှလုံးသွင်းကြ၏။ မှတ်သားကြ၏။ ဤသို့လျှင် သညာသည် စိတ်က စွဲယူထားသည့် အမှတ်အသား အတိုင်း မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အာရုံကို နှလုံးသွင်းတတ် မှတ်သားတတ်သော သဘောတရားဟု ယင်းသညာကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝတွင် ရှေးရှူထင်လာပေသည်။

ပဒဋ္ဌာန် --- တောင်ယာခင်း၏ အနီး၌ရှိသော တောအုပ်ဝယ် ကျက်စားနေသော တောသားသမင်သည် မြက်ဖြင့်ပြုလုပ်ထားအပ်သော တောင်ယာစောင့် ယောက်ျားရုပ်ကို မြင်ရာ စိတ်၌ ယောက်ျားသဏ္ဌာန် ထင်လာသည့် အတိုင်း တကယ့် တောစောင့်ယောက်ျားဟု နှလုံးသွင်းမှား အမှတ်မှားသကဲ့သို့ သညာသည် ဆိုင်ရာဒွါရ၌ ထင်လာ မြင်လာသော အာရုံကို အထူးမစဉ်းစားတော့ဘဲ စိတ်က စွဲယူလိုက်သည့်အတိုင်း နှလုံးသွင်းတတ် မှတ်သားတတ် လေရကား ထင်လာတိုင်းသော အာရုံသည်ပင် သညာဖြစ်ဖို့ရာ အနီးစပ်ဆုံး အကြောင်းတရား ဖြစ်ရလေသည်။

သညာသည် ထင်လာတိုင်းသော အာရုံကို ထူးထူးထွေထွေ ကြံစည်စဉ်းစား ဝေဖန်မှုသဘော မရှိသောကြောင့် ထင်လာတိုင်းသော အာရုံသည်ပင် သညာ၏ ပဒဋ္ဌာန် ဖြစ်ရလေသည်။ ဉာဏသမ္ပယုတ်သညာသည် ဉာဏ်၏နောက်သို့သာ အစဉ်လိုက်၍ ဖြစ်၏။ ဉာဏ်ဟူသည် သမ္မာဒိဋ္ဌိပင် ဖြစ်ရကား သမ္မာဒိဋ္ဌိတို့၏ သဘော သည်လည်း ကမ္မဿကတာသမ္မာဒိဋ္ဌိ, စျာနသမ္မာဒိဋ္ဌိ, ဝိပဿနာသမ္မာဒိဋ္ဌိ, မဂ္ဂသမ္မာဒိဋ္ဌိ, ဖလသမ္မာဒိဋ္ဌိ, တစ်နည်း ဆိုသော် စတုသစ္စသမ္မာဒိဋ္ဌိ စသည်ဖြင့် အမှားမရှိ အမှန်ကိုချည်းသာ ကမ်းကုန်အောင် လမ်းဆုံးအောင် ထိုးထိုး ထွင်းထွင်း ရှင်းရှင်းလင်းလင်း ထင်းထင်းကြီး သိမြင်တတ်သော သဘောသာရှိရကား ထိုသမ္မာဒိဋ္ဌိဉာဏ်သို့ ကောက်ကောက်ပါအောင် အစဉ်လိုက်ပါနေသော သညာသည်လည်း အမှားမရှိ အမှန်ကိုချည်း မှတ်သိ သိနေသဖြင့် အာရုံကို မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း မိစ္ဆာဘိနိဝေသကိုလည်း မပြု၊ ဖောက်ဖောက်ပြန်ပြန် စွဲယူမှတ်သားခြင်း ဝိပရီတဂ္ဂါဟလည်း မဖြစ်တော့ပေ။ အကယ်၍ ဥပစာရသမာဓိ အပ္ပနာသမာဓိ ဉာဏဝိပ္ပယုတ် ဝိပဿနာသမာဓိ စသော ထိုထို သမာဓိတို့နှင့် ယှဉ်တွဲလျက် ဖြစ်ပေါ်နေသော သမာဓိသမ္ပယုတ္တသညာမျိုး ဖြစ်ခဲ့လျှင် ထိုသမာဓိ၏ နောက်သို့ပင် ယင်းသညာသည် အစဉ်လိုက်၍ ဖြစ်ရပေသည်။ ထိုကြောင့် သမာဓိသမ္ပယုတ္တသညာသည် အာနာပါနပဋိဘာဂနိမိတ် စသော သမာဓိဖြစ်ရာ အာရုံ၌ ကြာမြင့်စွာ မတည်မှုလည်း မဖြစ်တော့ပေ၊ သမာဓိ ကြာမြင့်စွာ တည်သလောက် သညာသည်လည်း ကြာမြင့်စွာ တည်လေသည်။ အကယ်၍ ရာဂ ဒိဋ္ဌိ မာန စသည်တို့နှင့် ယှဉ်တွဲလျက်ရှိသော အကုသလသညာဖြစ်မူ ထို ရာဂ ဒိဋ္ဌိ မာန စသည်တို့၏ နောက်သို့သာ အစဉ်လိုက်၍ ဖြစ်ခြင်းသဘော ရှိသည်ဟု မှတ်ပါ။ (မဟာဋီ၊၂၊၁၃၉။)

သညာက္ခန္ဓကထာ အခန်း ပြီး၏။

__________

သင်္ခါရက္ခန္ဓကထာ အခန်း (ခြုံရှုသောနည်း)

သင်္ခါရက္ခန္ဓကထာ အခန်း (ခြုံရှုသောနည်း)

၁။ အဘိသင်္ခါရဏလက္ခဏာ သင်္ခါရာ၊

၂။ အာယူဟနရသာ၊

၃။ ဝိပ္ဖါရပစ္စုပဋ္ဌာနာ၊

၄။ သေသခန္ဓတ္တယပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၉၂။)

၁။ ပေါင်းစည်းခြင်း = ပေါင်းစုအောင် ပြုပြင်ခြင်း,

အားထုတ်ခြင်း ကြောင့်ကြဗျာပါရသို့ ရောက်ခြင်းသဘော လက္ခဏ၊

၂။ ပေါင်းစုရုံးစည်းခြင်း (ကိစ္စ) ရသ၊

၃။ အကျိုးကို ပြုပြင်ခြင်း ပြီးစေခြင်း ဗျာပါရရှိသော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိမှ ကြွင်းသော နာမ်ခန္ဓာ (၃)ပါး ပဒဋ္ဌာန်။

ဧတ္ထ အဘိသင်္ခါရဏလက္ခဏံ နာမ ရာသိကရဏလက္ခဏံ။ ကိံပန တန္တိ၊ သင်္ခါရာယေဝ။ ယထာဟ သင်္ခတမဘိသင်္ခရောန္တီတိ ခေါ ဘိက္ခဝေ တသ္မာ သင်္ခါရာတိ ဝုစ္စန္တီတိ။ (ဝိသုဒ္ဓိ၊၂၊၉၂။)

ရာသိကရဏလက္ခဏန္တိ သမ္ပိဏ္ဍနလက္ခဏံ၊ တတော သင်္ခါရာ အာယူဟနရသာ ဝုစ္စန္တိ။ စေတနာပဓာနတာယ ဟိ သင်္ခါရက္ခန္ဓဓမ္မာ ဧဝံ ဝုတ္တာ။ တေနေဝါဟ ကိံပန တန္တိ သင်္ခါရာယေဝါတိအာဒိ။ တတ္ထ သင်္ခတမဘိသင်္ခရောန္တီတိ ယထာ အတ္တနော ဖလံ သင်္ခတံ သမ္မဒေဝ နိပ္ဖန္နံ ဟောတိ၊ ဧဝံ အဘိသင်္ခါရောန္တီတိ အတ္ထော။ (မဟာဋီ၊၂၊၁၃၉။)

ယံ ကိဉ္စိ အဘိသင်္ခါရဏလက္ခဏံ၊ သဗ္ဗံ တံ ဧကတော ကတွာ သင်္ခါရက္ခန္ဓော။ (ဝိသုဒ္ဓိ၊၂၊၈၂။)

အဘိသင်္ခါရဏံ အာယူဟနံ ဗျာပါရာပတ္တိ၊ အဘိသန္ဒဟနံ ဝါ၊ ဥဘယထာ ပိ စေတနာပဓာနတာယ သင်္ခါရက္ခန္ဓဿ ဧဝံ ဝုတ္တံ အဘိသင်္ခါရဏလက္ခဏန္တိ။ တထာ ဟိ သုတ္တန္တဘာဇနီယေ သင်္ခါရက္ခန္ဓံ ဝိဘဇန္တေန ဘဂဝတာ စက္ခုသမ္ဖဿဇာ စေတနာတိအာဒိနာ စေတနာဝ ဝိဘတ္တာ။ (မဟာဋီ၊၂၊၁၁၂။)

အဘိသင်္ခါရဏလက္ခဏာ --- ဟူသည် ရာသိကရဏလက္ခဏ = သမ္ပိဏ္ဍနလက္ခဏ = ပေါင်းစုခြင်း သဘော လက္ခဏာပင်တည်း၊ ထို့ကြောင့် အာယူဟနရသာ = ပေါင်းစု ရုံးစည်းခြင်း ကိစ္စရှိ၏ဟု ဆိုအပ်ကုန်သည်။ သင်္ခါရက္ခန္ဓာ တရားစုတို့၌ စေတနာ ပြဓာန်းသောကြောင့် ဤသို့ဆိုခြင်း ဖြစ်သည်။ စေတနာသည် ကုသိုလ်ရေးဆိုင်ရာ လုပ်ငန်းရပ်၌ဖြစ်စေ, အကုသိုလ်ရေးဆိုင်ရာ လုပ်ငန်းရပ်၌ဖြစ်စေ အတူယှဉ်ဖက် သမ္ပယုတ်တရားတို့ကို ကုသိုလ် ဖြစ်ကြောင်း သို့မဟုတ် အကုသိုလ်ဖြစ်ကြောင်း အာရုံ၌ တစ်ပါးစီ ကွဲမနေစေဘဲ ပေါင်းစုခြင်း ပေါင်းစုပေးခြင်း လုပ်ငန်းကိစ္စ ရှိပေသည်။ ယင်းလုပ်ငန်းကိစ္စကိုပင် အာယူဟနရသာဟု ဆိုသည်။

အကြင် အကြင် အခြင်းအရာအားဖြင့် ပြုပြင်ခဲ့သော် မိမိ၏ = စေတနာ ဦးဆောင်သည့် နာမ်တရားစု၏ အကျိုးတရားသည် ကောင်းစွာပြီးစီးလာနိုင်၏။ ထိုအကျိုးတရား ဖြစ်ပေါ်လာနိုင်လောက်သော ထိုထို အခြင်းအရာ အားဖြင့် အကြောင်းတရားတို့ကို ပြုပြင်ခြင်း ပြုစု ပျိုးထောင်ခြင်းကို ဆိုလိုပေသည်။ သို့အတွက် ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို ဆိုင်ရာ ကုသိုလ်ဖြစ်ကြောင်းအာရုံ သို့မဟုတ် အကုသိုလ်ဖြစ်ကြောင်း အာရုံ၌ ဖရိုဖရဲ မကျဲအောင် တစ်ပါးစီ ကွဲမနေအောင် ပေါင်းစုခြင်း ပေါင်းစုရုံးစည်းခြင်း လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်နေခြင်းသည် သက်ဆိုင်ရာ ကောင်းကျိုးတရားများကို သို့မဟုတ် ဆိုးကျိုးတရားများကို ပေါ်လာနိုင်အောင် ဖြစ်လာနိုင်အောင် အကြောင်းတရားတို့ကို ပြုစုပျိုးထောင်ခြင်းပင် ဖြစ်သည်။ ထိုကြောင့် ပေါင်းစုရုံးစည်းခြင်းသည် ထိုသင်္ခါရက္ခန္ဓာ အမည်ရသော တရားစုကို မှတ်သားကြောင်း ဖြစ်၍ လက္ခဏာလည်း ဖြစ်၏။ ထိုသင်္ခါရက္ခန္ဓာ အမည်ရသော တရားစုသည် ပြီးစီးစေအပ်သည် ဖြစ်၍ ကိစ္စလည်း ဖြစ်၏ဟု မှတ်သားလေရာသည်။

ပစ္စုပဋ္ဌာန် --- ဝိပ္ဖါရပစ္စုပဋ္ဌာနာတိ ဧတ္ထ ဝိပ္ဖါရော နာမ ဝိပ္ဖါရဝန္တတာ၊ တသ္မာ သဗျာပါရပစ္စုပဋ္ဌာနာတိ အတ္ထော။ (မဟာဋီ၊၂၊၁၃၉။)

အကျိုးတရားတို့ ဖြစ်ပေါ်လာအောင် အကြောင်းတရားတို့ကို ပြုပြင်ခြင်း, ပြုစုပျိုးထောင်ခြင်း, အကျိုးကို ပြီးစေခြင်း၌ ကြောင့်ကြ ဗျာပါရရှိသော သဘောတရားဟု ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ရှေးရှူ ထင်လာပေသည်။

ပဒဋ္ဌာန် --- ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ ဝိညာဏက္ခန္ဓာ အမည်ရသော ယှဉ်ဖက် သမ္ပယုတ်တရားစုတို့ မပါဘဲ သင်္ခါရက္ခန္ဓာချည်းသက်သက် = သင်္ခါရက္ခန္ဓာ အမည်ရသော စေတသိက်တရားစုချည်းသက်သက် ဖြစ်နိုင်စွမ်း မရှိသောကြောင့် ဝေဒနာ သညာ ဝိညာဏ်တို့ကလည်း သဟဇာတ အညမည စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု ပေးပါမှ ဖြစ်ပေါ်လာနိုင်သောကြောင့် မိမိ သင်္ခါရက္ခန္ဓာမှ ကြွင်းကျန်သော ဝေဒနာ သညာ ဝိညာဏ် နာမ်ခန္ဓာ (၃)ပါးသည် သင်္ခါရက္ခန္ဓာ၏ အနီးစပ်ဆုံးသော အကြောင်းတရား = ပဒဋ္ဌာန် ဖြစ်ရပေသည်။ ဤ ပဒဋ္ဌာန်မှာ ပဒဋ္ဌာန်ကို အထူးမဖော်ပြရာ နာမ်တရားတိုင်း၌ အလေးဂရုပြုသင့်သော အချက်ပင် ဖြစ်သည်။

ဤအထက်ပါ ရှင်းလင်းချက်များကို ကြည့်ပါက ---အတိတ် အကြောင်းတရားများကြောင့် ပစ္စုပ္ပန် အကျိုး တရားများ ဖြစ်ပုံ, ပစ္စုပ္ပန် အကြောင်းတရားများကြောင့် အနာဂတ် အကျိုးတရားများ ဖြစ်ပုံ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် သည့်တိုင်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်စွမ်း သိမ်းဆည်းနိုင်စွမ်း ရှုနိုင်စွမ်း ရှိသူသည်သာလျှင် ဤသင်္ခါရက္ခန္ဓာ၏ လက္ခဏ ရသ စသည်ကို ပစ္စက္ခဉာဏ်ဖြင့် ပုံစံမှန် ရှုမြင်နိုင်မည် ဖြစ်သည်။

အကျိုးတရားတို့ ဖြစ်ပေါ်လာအောင် အကြောင်းတရားတို့ကို ပြုစုပျိုးထောင်ပုံ သဘောတရား, စေတနာ ဦးဆောင်သည့် သင်္ခါရက္ခန္ဓာတရားစု၌ အကျိုးကို ပြီးစီးစေတတ်သော ဗျာပါရရှိမှု သဘောတရားတို့မှာ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် ပြီးပါမှသာလျှင် သဘောကျ လက်ခံနိုင်မည့် အရာဌာနတို့ ဖြစ်ကြသည်။

ရှုကွက်နမူနာပုံစံ --- မိမိ၏ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ ဟူသော အကြောင်းတရားတို့ကြောင့် ပစ္စုပ္ပန် ကလလရေကြည် တည်စခိုက်ဝယ် ရုပ်ကလာပ် (၃)မျိုး, ရုပ် အမျိုးအစား (၃၀)တို့ ထင်ရှားဖြစ်ပေါ်လာပုံ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အထက်ပါ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ရှုပါ။ ဝိပါက်နာမ်တရားတို့၌လည်း နည်းတူ ရှုပါ။ အတိတ် အဆက်ဆက် အနာဂတ် အဆက်ဆက်၌လည်း နည်းတူ သဘောပေါက်ပါ။ ထိုကြောင့် ဤ သင်္ခါရက္ခန္ဓာ၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်မှာ တစ်စိတ်တစ်ဒေသအားဖြင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိပြီးသူ သူတော်ကောင်းတို့သည်သာလျှင် ရှုနိုင် သဘောပေါက်နိုင်သော အကြောင်းအရာဌာန တစ်ခုသာ ဖြစ်သည်။

ဤအရာ၌ ကံက တစ်နည်း အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့က ဆိုင်ရာ အကျိုးတရားတို့ကို ဖြစ်စေရာ၌ ဂတိ-ဥပဓိ-ကာလ-ပယောဂတို့၏ အထောက်အပံ့ကို ရပါမှ ဂတိ-ဥပဓိ-ကာလ-ပယောဂဟူသော အကြောင်းတရားတို့နှင့် ပေါင်းဆုံမိပါမှ အကျိုးပေးဖို့ရန် အခွင့်အလမ်း သာလာတတ်၏။ ယင်းအကြောင်းအရာကို ပဋိစ္စသမုပ္ပါဒ်ပိုင်း၌ ကျယ်ကျယ်ပြန့်ပြန့် မဆွေးနွေး မတင်ပြရသေးသည့်အတွက် ဤအပိုင်းတွင် ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတင်ပြပေအံ့။

သမင်္ဂိတာ = သမင်္ဂီ (၅) ပါး

သမင်္ဂိတာ = သမင်္ဂီ (၅) ပါး

ဂတိ-ဥပဓိ-ကာလ-ပယောဂတို့နှင့် ပေါင်းဆုံမိသော ကံသည် ဆိုက်ရောက်ရာ အကျိုးကို ဖြစ်စေရာ၌ သမင်္ဂိတာ = သမင်္ဂီ (၅)ပါး အကြောင်းကိုလည်း သိထားသင့်သဖြင့် ဤ၌ သမင်္ဂီ (၅)ပါး အကြောင်းကို သမ္မောဟဝိနောဒနီအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၄၁၉-၄၂၀။), ဥပရိပဏ္ဏာသအဋ္ဌကထာ (မ၊ဋ္ဌ၊၄၊၈၇။), အင်္ဂုတ္တရ အဋ္ဌကထာ (အံ၊ဋ္ဌ၊၁၊၃၆၄။) တို့၌ လာရှိသည့်အတိုင်း အကျဉ်းချုပ်ကာ ထပ်မံ၍ တင်ပြအပ်ပါသည်။ (ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် အကျယ်ရှင်းပြခဲ့၏။)

ကောင်းမှု မကောင်းမှု ပြုသောအခါ ထိုအမှုကိစ္စကို ပြီးစီးစေတတ်သော ကုသိုလ်စေတနာ အကုသိုလ် စေတနာဟူသော သန္နိဋ္ဌာနစေတနာ မဖြစ်မီ မတိုင်မီ ရှေးအဖို့၌ အားထုတ်ကြောင်း ကုသိုလ်စေတနာ အကုသိုလ် စေတနာတို့သည် အာယူဟနသမင်္ဂိတာ မည်၏။

ကောင်းမှု မကောင်းမှု ပြုသောအခါ ထိုအမှုကိစ္စကို ပြီးစီးစေတတ်သော ကုသိုလ်စေတနာ အကုသိုလ် စေတနာဟူသော သန္နိဋ္ဌာနစေတနာတို့သည် စေတနာသမင်္ဂိတာ မည်၏။

တစ်နည်း --- ကောင်းမှု ပြုသောအခါ ထိုအမှုကိစ္စကို ပြီးစီးစေတတ်သော ကုသိုလ်စေတနာ, မကောင်းမှု ပြုသောအခါ ထိုအမှုကိစ္စကို ပြီးစီးစေတတ်သော အကုသိုလ်စေတနာတို့ အသီးအသီး ဖြစ်ကြလေသည်။ ထိုကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာတို့၏ သန္တတိပစ္စုပ္ပန် အနေအားဖြင့် ထင်ရှားရှိခိုက်ကို အာယူဟနသမင်္ဂိတာ = အာယူဟနသမင်္ဂီ = အားထုတ်ကြောင်း ကုသိုလ်သင်္ခါရတရားစု သို့မဟုတ် အားထုတ်ကြောင်း အကုသိုလ်သင်္ခါရတရားစုနှင့် ပြည့်စုံနေခြင်းဟု ခေါ်ဆို၍ ထိုစေတနာတို့၏ ခဏပစ္စုပ္ပန်အနေအားဖြင့် ထင်ရှားရှိခိုက်ကို စေတနာသမင်္ဂိတာ = စေတနာသမင်္ဂီ = စေ့ဆော်ပြုလုပ်မှုနှင့် ပြည့်စုံနေခြင်းဟု အသီးအသီး ခေါ်ဆိုလေသည်။

ထိုကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာတို့သည် ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟူသော ခဏငယ် သုံးချက် အသက်စေ့၍ ချုပ်ပျောက်သွားကြသောအခါ အခြား ဝိပါက်ဝိညာဏ်များကဲ့သို့ ဤရုပ်နာမ်ခန္ဓာ သန္တာန်အစဉ်၌ အဆက်ပြတ် အစပြတ် ချုပ်ပျောက်သွားကြသည် မဟုတ်ဘဲ အကြောင်းအခွင့် ညီညွတ်ပြည့်စုံလျှင် အကျိုးဝိပါက်ဝိညာဏ်စိတ် တရားလုံး တစ်ခုအနေဖြင့် အကျိုးဝိပါက်ရုပ် တရားလုံး တစ်ခုအနေဖြင့် ထင်ရှားဖြစ်ပေါ် လာစေနိုင်သော သတ္တိထူးကို ဤရုပ်နာမ် သန္တာန်အစဉ်၌ မြှုပ်နှံပြီးမှ ထားရှိခဲ့ပြီးမှ ချုပ်ပျောက်သွားကြလေသည်။ ထိုအမူအရာ သတ္တိထူးကား ဤရုပ်နာမ်ခန္ဓာ အစဉ်၌ အဟောသိကံ မဖြစ်သေးသမျှ ကာလပတ်လုံး ရဟန္တာ အဖြစ်နှင့် ပရိနိဗ္ဗာန် မစံရသေးသမျှ ကာလပတ်လုံး ငုတ်ကိန်း လိုက်ပါလျက် ရှိချေသည်။ ထို အမူအရာ သတ္တိထူးနှင့် ပြည့်စုံနေခြင်းကို ကမ္မသမင်္ဂိတာ = ကံအမူအရာ သတ္တိထူး = ကမ္မသတ္တိထူးနှင့် ပြည့်စုံခြင်းဟု ခေါ်ဆို၏။ အတိုကောက်အားဖြင့် ကံဟု ခေါ်ဆိုပေသည်။

ဤအဖွင့်များအရ အာယူဟနသမင်္ဂိတာနှင့် စေတနာသမင်္ဂိတာဟူသော သမင်္ဂီ နှစ်မျိုးကို သင်္ခါရဟု ခေါ်ဆို၍ ကမ္မသမင်္ဂိတာကို ကမ္မဘဝ သို့မဟုတ် ကံ ဟု ခေါ်ဆိုသည် မှတ်ပါ။

သံသရာခရီး ဆက်ရန်ရှိနေသေးသော ပုထုဇန် သေက္ခ သတ္တဝါတို့အဖို့ ဘဝတစ်ခုခုကို ရည်ရွယ်တောင့်တ၍ မိမိတို့ ပြုစုပျိုးထောင်ထားခဲ့သော ကုသိုလ်ကံ သို့မဟုတ် အကုသိုလ်ကံတို့သည် အကျိုးပေးခွင့်သာ၍ အကျိုး ပေးရန် အချိန်တန်သောအခါ သေခါနီးကာလ၌ ဒွါရ (၆)ပါးတို့တွင် ဆိုင်ရာဒွါရ တစ်ခုခု၌ အကျိုးပေးတော့မည့် ကံ၏ စွမ်းအင် ကမ္မသတ္တိထူးကြောင့် ကံ, ကမ္မနိမိတ်, ဂတိနိမိတ် ဟူသော နိမိတ် (၃)မျိုးတို့တွင် တစ်မျိုးမျိုးသည် ထင်လာမြဲ ဓမ္မတာ ဖြစ်ပေသည်။ အရဟတ္တဖိုလ်သို့ မရောက်သေးသမျှကာလပတ်လုံး ထိုထိုသတ္တဝါတို့ ထိုထို ဘုံဘဝမှ စုတေ၍ ထိုထိုဘုံဘဝသို့ ရောက်တော့မည့်ဆဲဆဲတွင် ဖြစ်ရိုးဓမ္မတာကြီး တစ်ခုပင်ဖြစ်၏။ ထိုထင်လာ တိုင်းသော အာရုံကို အခြားမဲ့နောက်ဘဝ၌ လိုက်ပါထင်မြင်နိုင်လောက်အောင် = နောင်လာမည့် အနာဂတ်ဘဝသစ် ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်တို့၏ အာရုံ ဖြစ်နိုင်လောက်အောင် အားရှိစွာယူပြီးမှ ဤဘဝက စုတိစိတ်ကျမြဲ ဖြစ်မြဲ ဓမ္မတာ ဖြစ်သည်။ ထိုသို့ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် (၃)မျိုးတို့တွင် တစ်မျိုးမျိုးထင်မှုနှင့် ပြည့်စုံခြင်းကို ဥပဋ္ဌာနသမင်္ဂိတာဟု ခေါ်ဆို၏။

ထိုနောက် ဤဘဝမှ စုတေ၍ ထိုသက်ရောက်သင့်ရာ ဘုံဘဝ၌ ပဋိသန္ဓေဝိပါက်ဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာ၏။ (ပဉ္စဝေါကာရဘုံဝယ် ဝိပါက်ဝိညာဏ်နှင့်အတူ ကမ္မဇရုပ်များလည်း ဖြစ်ပေါ်လာကြ၏။) ပဋိသန္ဓေ အခါ၏ နောက်ပိုင်းကာလဖြစ်သော ပဝတ္တိအခါ၌လည်း ထိုကံ၏ အကျိုးဖြစ်သော ဝိပါက်ဝိညာဏ်စိတ်များသည် အခြားအခြားသော ဝီထိစိတ်တို့ မဖြစ်သောအခါ၌ ဘဝအယဉ် စိတ်အစဉ် မပြတ်ရန် ဘဝ၏ အကြောင်းအဖြစ် တည်နေမှုဟူသော ဘဝင်ကိစ္စလုပ်ငန်းရပ်ကို ဆောင်ရွက်လျက် ထပ်တလဲလဲ ဖြစ်ပွားကြလေသည်။ ထိုသို့ ပဋိသန္ဓေ ဝိပါက်ဝိညာဏ် ပဝတ္တိဝိပါက်ဝိညာဏ်တို့ ဖြစ်ပွားပြည့်စုံလာကြသည်ကို ဝိပါကသမင်္ဂိတာ = အကျိုးဝိပါက်နှင့် ပြည့်စုံခြင်းဟု ခေါ်ဆိုအပ်ပေသည်။

ကံသည် အကျိုးဝိပါက်ကို ဖြစ်စေရာ၌ ဂတိ, ဥပဓိ, ကာလ, ပယောဂဟူသော အကြောင်းတို့နှင့် ပေါင်းဆုံမိမှ သာလျှင် အကျိုးကို ဖြစ်စေနိုင်၏။ ဤအကြောင်းကို ကျယ်ပြန့်နက်ရှိုင်းစွာ သဘောပေါက်နားလည်နိုင်ရန် ကမ္မန္တရ ဝိပါကန္တရ ဇာနနဉာဏ = ကံ၏ ထူးထွေကွဲပြားမှု အကျိုးဝိပါက်၏ ထူးထွေကွဲပြားမှုကို သိတတ်သော ဉာဏ်တော် တည်းဟူသော ဒုတိယဗလဉာဏ်တော် အကြောင်းကို ဆက်လက်၍ ဖတ်ရှုကြည့်ပါ။

ဒုတိယဗလဉာဏ်တော်

ဒုတိယဗလဉာဏ်တော်

(က) တတ္ထ ကတမံ တထာဂတဿ အတီတာနာဂတပစ္စုပ္ပန္နာနံ ကမ္မသမာဒါနာနံ ဌာနသော ဟေတုသော ဝိပါကံ ယထာဘူတံ ဉာဏံ၊ ဣဓ တထာဂတော ပဇာနာတိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ဂတိသမ္ပတ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ဥပဓိသမ္ပတ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ကာလသမ္ပတ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ပယောဂသမ္ပတ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ။ (အဘိ၊၂၊၃၅၁။)

(က) ထိုဉာဏ်တို့တွင် အဘယ်ဉာဏ်သည် အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်ကုန်သော ဆောက်တည်ထားအပ်သော ကံတို့၏ ဟုတ်မှန်သော အကြောင်းအားဖြင့် ဖြစ်ပေါ်လာသော အကျိုးဝိပါက်ကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာသိသော ဉာဏ်သည် ဖြစ်လေသနည်း? ဤလောက၌ ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။

၁။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကုသိုလ်ကံတို့သည် (လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်ကဲ့သို့သော) ကောင်းသော ပြည့်စုံသော ဂတိသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၂။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကုသိုလ်ကံတို့သည် လှပသော ရုပ်အဆင်းတည်းဟူသော ပြည့်စုံသော ဥပဓိသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၃။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကုသိုလ်ကံတို့သည် မင်းကောင်းမင်းမြတ်, သူတော်သူမြတ်တို့၏ ဖြစ်ထွန်း ပေါ်ပေါက်ရာ ကာလဟူသော ပြည့်စုံသော ကာလသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၄။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော (= ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော) အကုသိုလ်ကံတို့သည် ကောင်းသော လုံ့လပယောဂ = ကောင်းသော ကြိုးစားအားထုတ်ခြင်းဟူသော ပြည့်စုံသော ပယောဂသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၃၅၁။)

( ခ ) အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ဂတိဝိပတ္တိံအာဂမ္မ ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ဥပဓိဝိပတ္တိံအာဂမ္မ ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ကာလဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ပယောဂဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တိ။ (အဘိ၊၂၊၃၅၁။)

၁။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော အကုသိုလ်ကံတို့သည် အပါယ် (၄)ဘုံတည်းဟူသော ပျက်စီးသော ဂတိသို့ ရှေးရှူရောက်၍ = ပျက်စီးသော ဂတိကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၂။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော အကုသိုလ်ကံတို့သည် မလှပသော ရုပ်အဆင်းတည်းဟူသော ပျက်စီးသော ဥပဓိသို့ ရှေးရှူရောက်၍ = ပျက်စီးသော ဥပဓိကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၃။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော အကုသိုလ်ကံတို့သည် မကောင်းသော မင်း, မကောင်းသော လူတို့၏ ကာလဟူသော ပျက်စီးသော ကာလသို့ ရှေးရှူရောက်၍ = ပျက်စီးသော ကာလကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၄။ အချို့ကုန်သော ယုတ်မာကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော အကုသိုလ်ကံတို့သည် လုံ့လပယောဂ ချို့တဲ့ခြင်းဟူသော ပျက်စီးသော ပယောဂသို့ ရှေးရှူရောက်၍ = ပျက်စီးသော ပယောဂကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။ (အဘိ၊၂၊၃၅၁။)

( ဂ ) အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ဂတိဝိပတ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ဥပဓိဝိပတ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ကာလဝိပတ္တိ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ပယောဂဝိပတ္တိ ပဋိဗာဠှာနိ န ဝိပစ္စန္တိ။ (အဘိ၊၂၊၃၅၁။)

၁။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော ကုသိုလ်ကံတို့သည် အပါယ် (၄)ဘုံတည်းဟူသော ပျက်စီးသော ဂတိသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန် လတ်သော် အကျိုး မပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၂။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော ကုသိုလ်ကံတို့သည် မလှပသော ရုပ်အဆင်းတည်းဟူသော ပျက်စီးသော ဥပဓိသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၃။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော ကုသိုလ်ကံတို့သည် မကောင်းသောမင်း, မကောင်းသောလူတို့၏ ကာလတည်းဟူသော ပျက်စီးသော ကာလသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၄။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော ကုသိုလ်ကံတို့သည် လုံ့လပယောဂ ချို့တဲ့ခြင်းတည်းဟူသော ပျက်စီးသော ပယောဂသည် တားမြစ်အပ်ကုန်သည် ဖြစ်ကုန်လတ်သော် အကျိုးမပေးကုန်၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။ (အဘိ၊၂၊၃၅၁။)

(ဃ) အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ဂတိသမ္ပတ္တိံအာဂမ္မ ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ဥပဓိသမ္ပတ္တိံအာဂမ္မ ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ကာလသမ္ပတ္တိံအာဂမ္မ ဝိပစ္စန္တိ၊ အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ပယောဂသမ္ပတ္တိံအာဂမ္မ ဝိပစ္စန္တီတိ ယာ တတ္ထ ပညာ ပဇာနနာ။ ပ ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ တထာဂတဿ အတီတာနာဂတပစ္စုပ္ပန္နာနံ ကမ္မသမာဒါနာနံ ဌာနသော ဟေတုသော ဝိပါကံ ယထာဘူတံ ဉာဏံ။ (အဘိ၊၂၊၃၅၁-၃၅၂။)

၁။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော ကုသိုလ်ကံတို့သည် လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်ကဲ့သို့သော ကောင်းသော ပြည့်စုံသော ဂတိသို့ ရှေးရှူ ရောက်၍ = ပြည့်စုံသော ဂတိကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၂။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော ကုသိုလ်ကံတို့သည် လှပသော ရုပ်အဆင်းတည်းဟူသော ပြည့်စုံသော ဥပဓိသို့ ရှေးရှူရောက်၍ = ပြည့်စုံ သော ဥပဓိကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၃။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော ကုသိုလ်ကံတို့သည် မင်းကောင်းမင်းမြတ်, သူတော်သူမြတ်တို့၏ ဖြစ်ထွန်းပေါ်ပေါက်ရာ ကာလတည်း ဟူသော ပြည့်စုံသော ကာလသို့ ရှေးရှူရောက်၍ = ပြည့်စုံသော ကာလကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့သည် ရှိကြကုန်၏။

၄။ အချို့ကုန်သော ကောင်းကုန်သော အကြင် ဆောက်တည်ထားအပ်ကုန်သော = ပြုစုပျိုးထောင်ခဲ့ပြီးကုန်သော ကုသိုလ်ကံတို့သည် ကောင်းသော လုံ့လပယောဂ = ကောင်းသော ကြိုးစားအားထုတ်ခြင်းဟူသော ပြည့်စုံသော ပယောဂသို့ ရှေးရှူရောက်၍ = ပြည့်စုံသော ပယောဂကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ ထို ကံမျိုးတို့ သည် ရှိကြကုန်၏။ (အဘိ၊၂၊၃၅၁-၃၅၂။)

ထိုဉာဏ်တို့တွင် ဤဆိုအပ်ပြီးသော အကြင်ပညာသည် အကြင် ကွဲကွဲပြားပြား သိခြင်းသည်။ ပ ။ အကြင် အမောဟသည် အကြင် ဓမ္မဝိစယသည် အကြင် သမ္မာဒိဋ္ဌိသည် ရှိ၏။ ဤသမ္မာဒိဋ္ဌိသည် အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်ကုန်သော ဆောက်တည်ထားအပ်ကုန်သော ကံတို့၏ ဟုတ်မှန်သော အကြောင်းအားဖြင့် ဖြစ်ပေါ်လာ သော အကျိုးဝိပါက်ကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်တည်း။ (အဘိ၊၂၊၃၅၂။)

သမ္ပတ္တိ နှင့် ဝိပတ္တိ

သမ္ပတ္တိ နှင့် ဝိပတ္တိ

၁။ ဂတိသမ္ပတ္တိ ဟူသည် လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်တည်းဟူသော ပြည့်စုံသော ဂတိတည်း။ ဂတိဝိပတ္တိ ဟူသည် အပါယ် (၄)ဘုံတည်းဟူသော ဖောက်ပြန် ပျက်စီးသော ဂတိတည်း။

၂။ ဥပဓိသမ္ပတ္တိ ဟူသည် ရုပ်အဆင်း လှပ တင့်တယ်ခြင်းတည်းဟူသော ခန္ဓာကိုယ် အတ္တဘော၏ ပြည့်စုံခြင်းတည်း။ ဥပဓိဝိပတ္တိ ဟူသည် ရုပ်အဆင်း မလှပခြင်း, အကျည်းတန် အရုပ်ဆိုးခြင်း ယုတ်ညံ့သော ခန္ဓာကိုယ် အတ္တဘော ရှိခြင်းတည်း။

၃။ ကာလသမ္ပတ္တိ ဟူသည် မဟာသုဒဿန စကြာမင်း အစရှိသော မင်းကောင်းမင်းမြတ်တို့၏ ဖြစ်ထွန်းရာ အချိန်အခါကာလ, ကမ္ဘာဦးသူ လူ အစရှိသော သူတော်သူမြတ်တို့၏ ဖြစ်ထွန်းပေါ်ပေါက်ရာ အချိန်ကာလဟု ဆိုအပ်သော ပြည့်စုံသော ကာလတည်း။ ကာလဝိပတ္တိ ဟူသည် မကောင်းသောမင်း, မကောင်းသောလူတို့၏ ကာလဟု ဆိုအပ်သော ပျက်စီးသော ကာလတည်း။

၄။ ပယောဂသမ္ပတ္တိ ဟူသည် ကောင်းမွန် မှန်ကန်သော ကာယ ပယောဂ = ကိုယ်ဖြင့် ကြိုးစားအားထုတ်မှု, ဝစီ ပယောဂ = နှုတ်ဖြင့် ကြိုးစားအားထုတ်မှု ပြောဆိုမှု, မနော ပယောဂ = စိတ်ဖြင့် ကြိုးစားအားထုတ်မှု ကြံ စည်မှုတည်း။ ပယောဂဝိပတ္တိဟူသည် မှားယွင်းသော ကြိုးစားအားထုတ်မှု မိစ္ဆာပယောဂတည်း။ ကိုယ်ဖြင့် မပြု သင့်သည်ကို ပြုမှု, နှုတ်ဖြင့် မပြောသင့်သည်ကို ပြောဆိုမှု, စိတ်ဖြင့် မကြံစည်သင့်သည်ကို ကြံစည်မှုတည်း။ (အဘိ၊ဋ္ဌ၊၂၊၂၄၁။)

ပြုစုပျိုးထောင်အပ်ခဲ့ပြီးကုန်သော ဆောက်တည်ထားအပ်ပြီးကုန်သော အကုသိုလ်ကံတို့သည် ဝိပတ္တိတရား (၄)ပါးကို အမှီရခဲ့သော် အကျိုးပေးရန် အခွင့်သာလာတတ်ကုန်၏။ သမ္ပတ္တိ (၄)ပါးတို့နှင့် ကြုံခိုက် အကျိုးပေးရန် အခါအခွင့် မသင့် ဖြစ်တတ်ကြကုန်၏။ ပြုစုပျိုးထောင်အပ်ခဲ့ပြီးကုန်သော ဆောက်တည်ထားအပ်ပြီးကုန်သော ကုသိုလ်ကံတို့သည် သမ္ပတ္တိ (၄)ပါးတို့နှင့် ကြုံခိုက် အကျိုးပေးတတ်ကြကုန်၏။ ဝိပတ္တိတရား (၄)ပါးတို့နှင့် ကြုံခိုက် အကျိုးမပေးနိုင် ရှိတတ်ကြကုန်၏။

ယင်း ကံတို့ကို (က-ခ-ဂ-ဃ)ဟု (၄)အုပ်စု ခွဲ၍ အထက်၌ တင်ပြထား၏။ အုပ်စု တစ်ခု တစ်ခု၌ ကံ (၄) မျိုးစီ ရှိသဖြင့် အားလုံးပေါင်းသော် (၁၆)မျိုး ရှိ၏။ အကျယ်မှာ အောက်ပါအတိုင်း ဖြစ်၏။ ---

(က) အုပ်စု ကံ (၄) မျိုး

(က) အုပ်စု ကံ (၄) မျိုး

၁။ ထိုတွင် အချို့သောပုဂ္ဂိုလ်၏ သန္တာန်ဝယ် များစွာကုန်သော မကောင်းမှု အကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုမကောင်းမှု အကုသိုလ်ကံတို့သည် ပျက်စီးသော ဂတိ = ဂတိဝိပတ္တိ၌ တည်နေသော ပုဂ္ဂိုလ်၏ သန္တာန်၌ အကျိုးပေးကုန်ရာ၏။ [= ထိုပုဂ္ဂိုလ်သည် အပါယ် (၄)ဘုံ၌ ရောက်ရှိနေခဲ့သော် ထိုအကုသိုလ်ကံတို့သည် အကျိုး ပေးနိုင်ကုန်ရာ၏။] ထိုသို့ပင် အကျိုးပေးနိုင်ပါကုန်သော်လည်း ထိုပုဂ္ဂိုလ်သည် တစ်ခုသော ကောင်းမှုကုသိုလ်ကံကြောင့် ဂတိသမ္ပတ္တိ ဖြစ်သော လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်တို့၌ ဖြစ်နေရ၏။ ထိုကဲ့သို့သော ဂတိသမ္ပတ္တိ အရပ်၌လည်း အကုသိုလ်၏ အကျိုးပေးဖို့ရန် အလှည့်အကြိမ်သည် မရှိဖြစ်ခဲ့၏။ အကယ်စင်စစ်မှာမူ ကုသိုလ်ကံ၏ သာလျှင် အကျိုးပေးဖို့ရန် အလှည့်အကြိမ် ဖြစ်နေ၏။ ဤသို့လျှင် ထိုပုဂ္ဂိုလ်၏ ထိုအကုသိုလ်ကံတို့သည် ပြည့်စုံသော ဂတိတည်းဟူသော ဂတိသမ္ပတ္တိက တားမြစ်အပ်ကုန်သည်ဖြစ်၍ အကျိုးမပေးကုန် = အကျိုးပေးဖို့ရန် မရင့်ကျက်သေးကုန်။ --- ဤသို့လျှင် ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၁။)

၂။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း များစွာကုန်သော မကောင်းမှု အကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုမကောင်းမှု အကုသိုလ်ကံတို့သည် ရုပ်အဆင်း မလှပခြင်း အကျည်းတန် အရုပ်ဆိုးခြင်း ယုတ်ညံ့သော ခန္ဓာကိုယ် အတ္တဘော ရှိခြင်းတည်းဟူသော ပျက်စီးသော ဥပဓိ၌ တည်သော ပုဂ္ဂိုလ်၏ သန္တာန်၌ အကျိုးပေးကုန်ရာ၏။ ထိုသို့ပင် အကျိုးပေးနိုင်ကုန်သော်လည်း ထိုပုဂ္ဂိုလ်သည် တစ်ခုသော ကောင်းမှုကုသိုလ်ကံကြောင့် ရုပ်အဆင်း၏ လှပတင့်တယ်ခြင်း ပြည့်စုံသော ခန္ဓာကိုယ် အတ္တဘော ရှိခြင်းတည်းဟူသော ဥပဓိ သမ္ပတ္တိ၌ တည်သည်, ကောင်းသော ပုံသဏ္ဌာန် ရှိသော ကိုယ်အင်္ဂါ ကြီးငယ် ရှိသည်, အလွန် အဆင်း လှပသည်, ရှုချင်စဖွယ် တင့်တယ်သည်, ဗြဟ္မာ၏ အတ္တဘောနှင့် တူသော အတ္တဘော ရှိသည် ဖြစ်လေ၏။ ကျွန်မ၏ ဝမ်းဝယ် ပဋိသန္ဓေအားဖြင့် ဖြစ်ပွားလာရသော ကျွန်သည် အကယ်၍မူလည်း ဖြစ်စေဦးတော့၊ ဤသို့ ကျွန်မ၏ သားပင် ဖြစ်ရသော်လည်း ဤမျှလောက် လှပတင့်တယ်သော ခန္ဓာကိုယ် အတ္တဘောသည် ညစ်ပေသောအလုပ် အောက်တန်းကျသော အသက်မွေးဝမ်းကျောင်း အလုပ်အား မလျော် မလျောက်ပတ်၊ ဤသို့ နှလုံးပိုက်၍ ဆင်ထိန်း မြင်းထိန်း နွားကျောင်းသား အစရှိသူတို့၏ အမှုလုပ်ငန်းရပ်တို့ကို ထိုဥပဓိသမ္ပတ္တိနှင့် ပြည့်စုံနေသူကို မပြုစေကြကုန်။ သိမ်မွေ့သောအဝတ်တို့ကို ဝတ်စေ၍ ဘဏ္ဍာစိုးအရာ စသည့် ရားထူးဌာနန္တရတို့၌ ထားကြကုန်၏။ အကယ်၍ အမျိုးသမီး ဖြစ်အံ့၊ ဤသို့ အမျိုးသမီး ဖြစ်လတ်သော် ဆင်စာ-ထမင်းချက်ခြင်း အစရှိသည့် အမှုလုပ်ငန်းရပ်တို့ကို မပြုစေကုန်၊ အဝတ်တန်ဆာကို ပေး၍ အိပ်ရာစောင့်ကိုသော်လည်း ထိုအမျိုးသမီးကို ပြုကြကုန်၏ = အိမ်ကို ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် တာဝန်ပေးကြကုန်၏။ သာမာဒေဝီကဲ့သို့ အကျွမ်းဝင်သူတို့၏ အရာဌာန၌ သော်လည်း ထားကြကုန်၏။

ချဲ့၍ ဆိုဦးအံ့ --- ဘာတိကမင်း၏ လက်ထက်၌ နွားသားကို စားကုန်သော များစွာကုန်သော လူတို့ကို ဖမ်းယူ၍ ဘာတိကမင်းအား ပြကြကုန်၏ = ဘာတိကမင်းထံသို့ ခေါ်ဆောင်လာကြကုန်၏။ ဘာတိကမင်းက မှူးကြီးမတ်ရာတို့ကို ထိုနွားသားစားသူတို့ကို ဒဏ်ပေးခြင်းငှာ စွမ်းနိုင်ကြပါကုန်သလောဟု မေမြန်းလတ်သော် မစွမ်းနိုင်ပါကုန်ဟု သံတော်ဦးတင်ကြကုန်၏။ ထိုအခါ၌ ထိုနွားသားစားသူတို့ကို မင်းရင်ပြင်တော်၌ အမှိုက်သရိုက် သုတ်သင်သူ အလုပ်သမားတို့အဖြစ် ပြုလုပ်ကြကုန်၏။ ထိုနွားသားစားသူ အလုပ်သမားတို့၏ တစ်ဦးသော သမီးသည် အလွန် အဆင်းလှ၏၊ ရှုချင်စဖွယ် ရှိ၏၊ စိတ်ကြည်လင်ခြင်းကို ဖြစ်စေတတ်၏ = ကြည်ညိုဖွယ် ဂုဏ်ကို ဆောင်၏။ ထိုသတို့သမီးကို မြင်ရ၍ ဘာတိကမင်းသည် နန်းတော်တွင်းသို့ ဆောင်ယူ၍ အကျွမ်းဝင်သူ တို့၏ အရာဌာန၌ ထား၏။ ထိုသတို့သမီး၏ ဆွေမျိုးသားချင်းတို့သည်လည်း ထို သတို့သမီး၏ အာနုဘော်ကြောင့် = ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံအောင် တည်ထောင် ဖန်ဆင်းပေးလိုက်သော ကံပိုင်ရှင် ထိုသတို့သမီး၏ တန်ခိုးကြောင့် ချမ်းသာစွာ အသက်မွေးကြရကုန်၏။ မှန်ပေသည် --- ထိုကဲ့သို့ ရှုအပ်သော ထိုမျှလောက် လှပတင့်တယ်သော ခန္ဓာကိုယ် အတ္တဘော၌ မကောင်းမှု အကုသိုလ်ကံတို့သည် အကျိုးပေးခြင်းငှာ မစွမ်းနိုင်ကုန်၊ ဤသို့လျှင် ဥပဓိသမ္ပတ္တိသည် တားမြစ်အပ်ကုန်သည်ဖြစ်၍ အကုသိုလ်ကံတို့သည် အကျိုးမပေးနိုင်ကုန်။ --- ဤသို့လျှင် ဘုရား ရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၁-၄၂၂။)

ဥပဒေသ --- အထက်ပါ ပါဠိတော် အဋ္ဌကထာတို့၏ မိန့်ဆိုတော်မူချက်နှင့် ဖွင့်ဆိုတော်မူချက်အရ --- တစ်ခုသော ကောင်းမှုကုသိုလ်ကံကြောင့် ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံရခြင်းတည်းဟူသော အကျိုးတရားမှာ ကံကို ပြုစုပျိုးထောင်ခဲ့သူ ကံပိုင်ရှင်နှင့်သာ သက်ဆိုင်၍ အခြား အခြားသော ပဝတ္တိကောင်းကျိုးများမှာ ကံပိုင်ရှင်လည်း ရယူခံစားနိုင်၏၊ ကံပိုင်ရှင်နှင့် နီးစပ်ရာ ပုဂ္ဂိုလ်တို့လည်း ရယူခံစားနိုင်ကြ၏ဟု မှတ်ပါ။ ထိုကံကြောင့် ကံပိုင်ရှင် သည်လည်း ပဝတ္တိကောင်းကျိုး ချမ်းသာများကို ခံစားနိုင်၏၊ ကံပိုင်ရှင်နှင့် နီးစပ်ရာ ပုဂ္ဂိုလ်တို့သည်လည်း ပဝတ္တိ ကောင်းကျိုး ချမ်းသာများကို ခံစားနိုင်ကြ၏ဟု ဆိုလိုသည်။

၃။ သတ္တဝါ တစ်ဦး၏ သန္တာန်ဝယ် များစွာကုန်သော မကောင်းမှု အကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထို မကောင်းမှု အကုသိုလ်ကံတို့သည် ပျက်စီးသော ကာလဝိပတ္တိ၌ တည်သော ပုဂ္ဂိုလ်၏ သန္တာန်၌ = မကောင်းသော မင်း, မကောင်းသော လူတို့၏ ဖြစ်ထွန်း ပေါ်ပေါက်ရာ ကာလဝိပတ္တိ၌ လူဖြစ်လာရသော ပုဂ္ဂိုလ်၏ သန္တာန်၌ အကျိုးပေးနိုင်ကုန်လေရာ၏။ ထိုသို့ပင် အကျိုးပေးနိုင်ကုန်သော်လည်း ထိုသူသည် တစ်ခုသော ကောင်းမှုကုသိုလ် ကံကြောင့် ကမ္ဘာဦး၌ ဖြစ်ကြကုန်သော လူတို့၏သော်လည်းကောင်း, စကြဝတေးမင်း၏သော်လည်းကောင်း, ဘုရားရှင်တို့၏သော်လည်းကောင်း ပွင့်ထွန်း ပေါ်ပေါက်တော်မူရာ အခါဟူသော မင်းကောင်းမင်းမြတ်, သူတော် သူမြတ်တို့၏ ခေတ်အခါ ကာလ၌ လူလာဖြစ်ရ၏၊ ထိုကဲ့သို့သော ပြည့်စုံသော ကာလသမ္ပတ္တိ၌လည်း လူဖြစ်လာ ရသော ပုဂ္ဂိုလ်အား အကုသိုလ်ကံ၏ အကျိုးပေးခြင်းငှာ အခါအခွင့်သည် မရှိ ဖြစ်နေ၏။ စင်စစ်မှာမူ ကုသိုလ်ကံ၏ သာလျှင် အကျိုးပေးဖို့ရန် အခါအခွင့်သည် ဖြစ်ပေါ်နေ၏။ ဤသို့လျှင် ကာလသမ္ပတ္တိသည် တားမြစ်အပ်ကုန်သည် ဖြစ်၍ အကုသိုလ်ကံတို့သည် အကျိုးမပေးနိုင်ကုန်။ --- ဤသို့လျှင် ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၂။)

ဧကန္တံ ကုသလေဿဝ ဩကာသော --- စင်စစ် ကုသိုလ်၏သာလျှင် အကျိုးပေးဖို့ရန် အခွင့်သည် ဖြစ် ပေါ်နေ၏ဟူသော ဤစကားကို --- အချို့သော ရန်သူသည် ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်တည်း ဟူသော သုစရိုက်တရားတို့ကို ဖြည့်ကျင့်ခြင်း သမထဝိပဿနာ ဘာဝနာတို့ကို အပတ်တကုတ် ကြိုးစားအားထုတ် ခြင်းတည်းဟူသော ကောင်းမွန် ပြည့်စုံသော ပယောဂသမ္ပတ္တိ၌ တည်နေသော (အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော် မြတ်ကြီး, မဟာတိဿ ကိုယ်တော်မြတ်ကြီး, ခန္တီဝါဒီရသေ့ကြီး စသည့် သူတော်ကောင်းကြီးတို့ကဲ့သို့သော) သူ တော်ကောင်း တစ်ဦးကို အကယ်၍မူလည်း နှိပ်စက် ညှဉ်းဆဲအံ့၊ သတ်ဖြတ်အံ့၊ ထိုသို့ပင် နှိပ်စက် ညှဉ်းဆဲ ခံရပါသော်လည်း ထိုနှိပ်စက် ညှဉ်းပန်း သတ်ဖြတ်ခြင်းသည် နှိပ်စက် ညှဉ်းဆဲ သတ်ဖြတ်သော ရန်သူ၏သာလျှင် မနာလိုခြင်း အစရှိသော အကြောင်းရှိခြင်းဟူသော ဖောက်ဖောက်ပြန်ပြန် စွဲယူထားခြင်းကြောင့် = ညှဉ်းပန်းနှိပ် စက် သတ်ဖြတ်လိုသော ရန်သူ၏သန္တာန်၌ ဖြစ်ပေါ်နေသော မနာလိုခြင်း ဣဿာတရား စသည်လျှင် အကြောင်း ရင်းခံရှိသော ဖောက်ဖောက်ပြန်ပြန် မှားမှားယွင်းယွင်း အထင်လွဲ အမြင်လွဲ စွဲယူထားသော စိတ်ဓာတ်ကြောင့် သာလျှင် ဖြစ်ပေါ်လာရ၏။ ကာယသုစရိုက် စသည်နှင့် ပြည့်စုံခြင်းတည်းဟူသော ထိုပယောဂသမ္ပတ္တိသည် သဘာဝအားဖြင့် = ဓမ္မတာအားဖြင့် ကောင်းမြတ်သော ချမ်းသာသော အကျိုး၏သာလျှင် အကြောင်းတရား ဖြစ်၏။ မကောင်းသော အကျိုး ဆင်းရဲသောအကျိုး၏ အကြောင်းတရား မဟုတ်ပေ။ --- ဤကဲ့သို့သော အနက် အဓိပ္ပါယ်ကို ရည်ရွယ်တော်မူ၍ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ (မူလဋီ၊၂၊၂၁၀။)

(ခ) အုပ်စု ကံ (၄) မျိုး

(ခ) အုပ်စု ကံ (၄) မျိုး

၁။ အခြား တစ်ယောက်သော သတ္တဝါ၏ သန္တာန်၌လည်း များစွာကုန်သော မကောင်းမှု အကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထို မကောင်းမှု အကုသိုလ်ကံတို့သည် လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တည်းဟူသော ဂတိသမ္ပတ္တိ၌ တည်နေသော ထိုသတ္တဝါ၏သန္တာန်၌ အကျိုးမပေးနိုင်ကုန်သေးရာ။ ထိုသို့ပင် အကျိုးမပေးနိုင်ကုန်သေးသော်လည်း ထိုသတ္တဝါသည် တစ်ခုသော မကောင်းမှု အကုသိုလ်ကံကြောင့် အပါယ် (၄)ဘုံတည်းဟူသော ပျက်စီးသောဂတိ = ဂတိဝိပတ္တိ၌ပင်လျှင် ပဋိသန္ဓေအားဖြင့် ဖြစ်ရလေ၏။ ထို ဂတိဝိပတ္တိတည်းဟူသော အပါယ်ဘုံ၌ ထိုသတ္တဝါ၏ မကောင်းမှု အကုသိုလ်ကံတို့သည် အလှည့်ကျ အလှည့်ကျအားဖြင့် မကောင်းကျိုးကို ပေးကြကုန်၏၊ တစ်ရံ တစ်ခါ၌ ငရဲ၌ ဖြစ်စေကြကုန်၏၊ တစ်ရံတစ်ခါ၌ တိရစ္ဆာန်တို့၏ ပေါင်းဆုံရာဌာန တိရစ္ဆာန် ဘုံဘဝ၌ ဖြစ်စေကြ ကုန်၏၊ တစ်ရံတစ်ခါ၌ ပြိတ္တာတို့၏ နယ်မြေ ပြိတ္တာ ဘုံဘဝ၌ ဖြစ်စေကြကုန်၏။ ရှည်မြင့်စွာသော အချိန်ကာလဖြင့် လည်း အပါယ်မှ ဦးခေါင်းကို မြှောက်ချီခြင်းငှာ မပေးကုန်။ ဤသို့လျှင် ဂတိသမ္ပတ္တိသည် တားမြစ်အပ်ကုန်သည်၏ အဖြစ်ကြောင့် အကျိုးကိုပေးခြင်းငှာ မစွမ်းနိုင် ဖြစ်နေကြကုန်သော အကုသိုလ်ကံတို့သည် ဂတိဝိပတ္တိသို့ ရှေးရှူ ရောက်၍ ဂတိဝိပတ္တိကို အစွဲပြု၍ အကျိုးပေးကြကုန်၏။ --- ဤသို့ ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၂။)

၂။ အခြား တစ်ယောက်သော သတ္တဝါ၏ သန္တာန်၌်လည်း များစွာကုန်သော မကောင်းမှု အကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထို မကောင်းမှု အကုသိုလ်ကံတို့သည် ဥပဓိရုပ်ရည်၏ ပြည့်စုံခြင်း ဥပဓိသမ္ပတ္တိ၌ တည်နေသော ပုဂ္ဂိုလ်၏ သန္တာန်၌ အကျိုးမပေးနိုင်ကုန်ရာ၊ ထိုသို့ပင် အကျိုးမပေးနိုင်ကုန်သော်လည်း ထိုသတ္တဝါသည် တစ်ခုသော မကောင်းမှု အကုသိုလ်ကံကြောင့် ဥပဓိ၏ ပျက်စီးခြင်း ဥပဓိဝိပတ္တိ၌သာလျှင် တည်နေရ၏၊ မလှပသော အဆင်း ရှိ၏၊ မလှပသော ရုပ်ရည် ရှိ၏၊ မလှပသော ပုံသဏ္ဌာန် ရှိ၏၊ စက်ဆုပ်ဖွယ် ရှိ၏၊ တစ္ဆေ မြေဘုတ်နှင့် တူ၏။ ထိုသတ္တဝါသည် အကယ်၍ ကျွန်မ၏ ဝမ်း၌ ဖြစ်လာရသော အိမ်ပေါက်ကျွန် ဖြစ်ငြားအံ့ --- ဒီအလုပ်တွေဟာ ဒင်းနှင့် တန်ကုန်၏ဟု ကြံ၍ ညစ်ပေသော အလုပ်အားလုံးတို့ကို ထိုသူကို ပြုစေကြကုန်၏၊ အယုတ်ဆုံးအားဖြင့် ပန်းမှိုက်သွန် ဘင်ကျုံးလုပ်ငန်းကို အစပြု၍ ညစ်ပေသော အလုပ်မှန်သမျှကို ပြုစေကြကုန်၏။ အကယ်၍ အမျိုး သမီး ဖြစ်အံ့၊ ဒီအလုပ်တွေဟာ ဒင်းနှင့် တန်ကုန်၏ဟု နှလုံးပိုက်၍ ဆင်စာ ထမင်းချက်ခြင်း အစရှိကုန်သော ညစ်ပေသော လုပ်ငန်းရပ်တို့ကို ထိုအမျိုးသမီးကို ပြုစေကြကုန်၏။ အမျိုးကောင်းအိမ်၌ ဖြစ်ရပြန်ပါလည်း ထို အမျိုးကောင်းအိမ်၌ လူဖြစ်လာရသူကိုလည်း အခွန်အတုတ်ကို ကောက်ခံကြကုန်သော အမြတ်တော်ခွန်ဌာနမှ အရာရှိ အမှုထမ်း မင်းချင်းယောက်ျားတို့သည် အိမ်ကျွန်မဟု မှတ်ထင်၍ နှောင်ဖွဲ့သွားကြကုန်၏၊ ကောတလဝါပီ ရွာ၌ သူကြွယ်ကြီး၏ အိမ်ရှင်မကဲ့သို့ မှတ်ပါ။ ဤသို့လျှင် ဥပဓိသမ္ပတ္တိသည် တားမြစ်အပ်ကုန်သည်၏ အဖြစ်ကြောင့် အကျိုးပေးဖို့ရန် မစွမ်းနိုင်ကြကုန်သော ကံတို့သည် ဥပဓိဝိပတ္တိသို့ ရှေးရှူရောက်၍ ဥပဓိဝိပတ္တိကို အစွဲပြု၍ အကျိုးပေးကြကုန်၏။ ဤသို့လျှင် ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၂-၄၂၃။)

၃။ အခြား တစ်ယောက်သော သတ္တဝါ၏ သန္တာန်၌်လည်း များစွာကုန်သော မကောင်းမှု အကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုမကောင်းမှု အကုသိုလ်ကံတို့သည် စကြဝတေးမင်းကဲ့သို့သော မင်းကောင်းမင်းမြတ်တို့ ဖြစ်ထွန်းရာ ကာလ, ကမ္ဘာဦးကာလ, ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူရာ သူတော်သူမြတ်တို့ ဖြစ်ထွန်းရာကာလ စသော ပြည့်စုံသောကာလဟူသော ကာလသမ္ပတ္တိ၌ လူဖြစ်လာရသော ပုဂ္ဂိုလ်၏ သန္တာန်၌ အကျိုးမပေးနိုင်ကုန်ရာ၊ ထိုသို့ပင် အကျိုးမပေးနိုင်ကုန်သေးသော်လည်း ထိုသတ္တဝါသည် တစ်ခုသော မကောင်းမှု အကုသိုလ်ကံကြောင့် ပျက်စီးသော ကာလတည်းဟူသော ကာလဝိပတ္တိ၌ မကောင်းသောမင်း မကောင်းသောလူတို့ ဖြစ်ထွန်းရာ အချိန် ကာလ၌ အဖတ်အကာဖြစ်သော အဆီဩဇာ မရှိသော ဆယ်နှစ်တမ်း၌ လူဖြစ်လာရ၏၊ ယင်းကဲ့သို့သော ဆယ်နှစ် တမ်းကာလ၌ နွားနို့, ဆီဦး, ထောပတ်, ရက်တက်ရည်, ဒိန်ခဲဟူသော နွားမှဖြစ်သော အရသာ (၅)မျိုးတို့သည် ပြတ်ကုန်၏။ လူးထမင်းသည် အမြတ်ဆုံးဘောဇဉ် ဖြစ်နေ၏၊ လူ့လောက၌ အကယ်၍ လူပင် ဖြစ်လာရပါသော် လည်း သမင် သားကောင်တို့နှင့် တူသော အသက်မွေးရခြင်း ရှိနေ၏၊ ဤသို့ သဘောရှိသော ကာလဝိပတ္တိအခါ၌ ကုသိုလ်ကံ၏ အကျိုးပေးဖို့ရန် အခါအခွင့်ကား မရှိဖြစ်နေ၏၊ စင်စစ် အကုသိုလ်၏သာလျှင် အကျိုးပေးဖို့ရန် အခွင့်အလမ်းသည် ပွင့်လန်းလျက်ရှိနေပေ၏။ ဤသို့လျှင် ကာလသမ္ပတ္တိသည် တားမြစ်အပ်ကုန်သည်၏အဖြစ် ကြောင့် အကျိုးကိုပေးခြင်းငှာ မစွမ်းနိုင်ဖြစ်နေကြကုန်သော အကုသိုလ်ကံတို့သည် ကာလဝိပတ္တိသို့ ရှေးရှူရောက် ၍ ကာလဝိပတ္တိကို အစွဲပြု၍ အကျိုးပေးကြကုန်၏။ - ဤသို့လျှင် ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၃။)

၄။ အခြား တစ်ယောက်သော သတ္တဝါ၏ သန္တာန်၌်လည်း များစွာကုန်သော မကောင်းမှု အကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုမကောင်းမှု အကုသိုလ်ကံတို့သည် ပြည့်ပြည့်စုံစုံ ကြိုးစားအားထုတ်ထားအပ်သော ကာယပယောဂ ဝစီပယောဂ မနောပယောဂတည်းဟူသော ပယောဂသမ္ပတ္တိ၌ တည်နေသော ထိုသတ္တဝါ၏သန္တာန်၌ အကျိုးမပေး နိုင်ကုန်လေရာ၊ ထိုသို့ပင် အကျိုးမပေးနိုင်ကုန်သေးသော်လည်း ထိုသတ္တဝါသည် ပျက်စီးသောပယောဂရှိခြင်း တည်းဟူသော ပယောဂဝိပတ္တိ၌ တည်နေသည်ဖြစ်၍ သူ့အသက်ကို သတ်ခြင်း အစရှိကုန်သော အကုသိုလ် ကမ္မပထ (၁၀)ပါးတို့ကို = ဒုစရိုက် (၁၀)ပါးတို့ကို ပြုကျင့်၏။ ထိုသူ့ကို ခိုးထုတ်ခိုးထည် ခိုးရာပါပစ္စည်းနှင့်တကွ လက်ရဖမ်းယူ၍ ဘုရင်မင်းမြတ်အား ပြကြကုန်၏။ ရှင်ဘုရင်ထံသို့ သွင်းကြကုန်၏။ ဘုရင်မင်းကလည်း များစွာ ကုန်သော နှိပ်စက် ညှဉ်းပန်းမှုတို့ကို ပြုစေ၍ သတ်ရန် သေဒဏ်အမိန့် ချမှတ်လိုက်၏။ ဤသို့လျှင် ပယောဂ သမ္ပတ္တိက တားမြစ်အပ်ကုန်သည်၏ အဖြစ်ကြောင့် အကျိုးကိုပေးခြင်းငှာ မစွမ်းနိုင် ဖြစ်နေကြကုန်သော အကုသိုလ် ကံတို့သည် ပယောဂဝိပတ္တိသို့ ရှေးရှူရောက်၍ ပယောဂဝိပတ္တိကို အစွဲပြု၍ အကျိုးပေးကြကုန်၏၊ -- ဤသို့လျှင် ဘုရားရှင်သည် သိတော်မူ၏။ -- ဤသို့လျှင် (၄)ပါးကုန်သော သမ္ပတ္တိတို့သည် တားမြစ်ထားအပ်သော မကောင်းမှု အကုသိုလ်ကံသည် အကျိုးကိုမပေးမူ၍ (၄)ပါးကုန်သောဝိပတ္တိတို့သို့ ရှေးရှူရောက်မှ (၄)ပါးကုန်သောဝိပတ္တိ တို့ကို အစွဲပြုရပါမှ အကျိုးကို ပေးနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၃။)

ခေတ္တရပ်နား၍ စဉ်းစားကြည့်ပါ

ခေတ္တရပ်နား၍ စဉ်းစားကြည့်ပါ

အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ထားခဲ့သော အကုသိုလ်ကံတို့သည်ကား သတ္တဝါတိုင်းဝယ် အနည်းနှင့် အများ ဆိုသလို ရှိကြ၏။ အသင်သူတော်ကောင်း၏ သန္တာန်၌လည်း အနည်းနှင့် အများကား ရှိနေမည်သာ ဖြစ်ပေသည်။ သမ္ပတ္တိတရား (၄)ပါးတို့ကား ထိုအကုသိုလ်ကံတို့ကို အကျိုးမပေးနိုင်အောင် တားမြစ်ထားနိုင်သော စွမ်းအားရှိကြ၏။ သို့သော် ဝိပတ္တိတရား (၄)ပါးတို့ကား အကုသိုလ်ကံတို့ကို မကောင်းကျိုးပေးနိုင်အောင် တံခါး ဖွင့်လျက် ဆီးကြိုနေကြ၏။

အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်သံသရာ အဆက်ဆက်က ပြုစုပျိုးထောင်ခဲ့မိသော အကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာမည့် မကောင်းသည့် ဆင်းရဲသည့် အကျိုးတရားတို့ကို အလိုမရှိခဲ့ပါမူ ယင်း အကုသိုလ်ကံတို့က မကောင်းသည့် ဆင်းရဲသည့် အကျိုးတရားတို့ကို မပေးစွမ်းနိုင်လောက်အောင် တားမြစ်ထား နိုင်သည့် စွမ်းအားရှိသော သမ္ပတ္တိတရား (၄)ပါးတို့ကို မိမိသန္တာန်၌ ပြည့်စုံနေအောင် ကြိုးပမ်းရပေမည်။

ထိုသမ္ပတ္တိတရား (၄)ပါးတို့တွင် ယခုအခါ အသင်သူတော်ကောင်း၏ သန္တာန်၌ ---

၁။ လူ့ဘဝကို ရရှိထားခြင်းတည်းဟူသော ဂတိသမ္ပတ္တိ,

၂။ အလွန်ကြီး အရုပ်မဆိုးခြင်း ခြေလက်အင်္ဂါ ပြည့်စုံခြင်းတည်းဟူသော ဥပဓိသမ္ပတ္တိ,

၃။ ဘုရားရှင်၏သာသနာတော် ထွန်းကားရာ သူတော်သူမြတ်တို့ ဖြစ်ထွန်းပေါ်ပေါက်ရာ အချိန်ကာလကောင်း ဟူသော ကာလသမ္ပတ္တိ,

ဤ သမ္ပတ္တိတရား (၃)မျိုးတို့သည် ကမ္ဘာဦးကာလကဲ့သို့, ဘုရားပွင့်ရာကာလကဲ့သို့, စကြဝတေးမင်းတို့ ဖြစ်ထွန်းရာအခါကာလကဲ့သို့ အလွန်ကြီး အဆင့်မမြင့်စေကာမူ အထိုက်အလျောက် တည်လျက်ပင် ရှိကြ၏။ အသင်သူတော်ကောင်းအနေဖြင့် နောက်ထပ် ဖြည့်စွက်၍ လိုက်နာပြုကျင့်ရမည့် သမ္ပတ္တိမှာ ပယောဂသမ္ပတ္တိပင် ဖြစ်၏။ အသင်သူတော်ကောင်းသည် ---

၁။ ကာယကံ စင်ကြယ်မှု ရှိအောင် ကြိုးပမ်းပါ။

၂။ ဝစီကံ စင်ကြယ်မှု ရှိအောင် ကြိုးပမ်းပါ။

၃။ မနောကံ စင်ကြယ်မှု ရှိအောင် ကြိုးပမ်းပါ။

ကာယကံ ဝစီကံ မနောကံများ အပြီးတိုင်စင်ကြယ်နိုင်ရေးအတွက် အသင်သူတော်ကောင်းသည် အရိယာ တို့၏ ဖြူစင်မြင့်မြတ်သော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို စံချိန်မီ ဖြည့်ကျင့်ပါ။

၁။ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝတည်းဟူသော သီလမဂ္ဂင်ကို ဖြူစင်အောင် ဖြည့်ကျင့်ပါ။

၂။ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိတည်းဟူသော သမာဓိမဂ္ဂင်ကို စံချိန်မီ ထူထောင်ပါ။

၃။ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပတည်းဟူသော ပညာမဂ္ဂင်ကို ပြည့်စုံအောင် ဖြည့်ကျင့်ပါ။ စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်ကို ရအောင် ကြိုးပမ်းပါ။

အသင်သူတော်ကောင်း၏ ---

၁။ ဖြူစင်သော သီလ,

၂။ တည်ကြည်သော ဥပစာရသမာဓိ အပ္ပနာသမာဓိ,

၃။ သစ္စာလေးပါးကို အမှန်အတိုင်း ထိုးထွင်းသိမြင်တတ်သော သမ္မာဒိဋ္ဌိဉာဏ်ပညာ ---

ဤ သီလ သမာဓိ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်တို့သည် အသင်သူတော်ကောင်း၏ ကာယကံ ဝစီကံ မနောကံတို့ကို စင်ကြယ်အောင် ဆေးကြောသုတ်သင်ပေးသည့် အရိယမဂ် ရေစင်တို့ပင် ဖြစ်ကြသည်။ယင်းသို့ ကာယကံ စင်ကြယ်မှု ရှိအောင်, ဝစီကံ စင်ကြယ်မှု ရှိအောင်, မနောကံ စင်ကြယ်မှု ရှိအောင် ကြိုးစား အားထုတ်ခြင်းကို ကာယပယောဂ ဝစီပယောဂ မနောပယောဂဟု ဆို၏။ ယင်းပယောဂနှင့် ပြည့်စုံခြင်းကို ပယောဂသမ္ပတ္တိဟု ဆိုသည်။ ယင်းပယောဂသမ္ပတ္တိစက်နှင့်လည်း ပြည့်စုံလျှင် အသင်သူတော်ကောင်း၏ သန္တာန်၌ ဂတိ, ဥပဓိ, ကာလ, ပယောဂဟူသော သမ္ပတ္တိ (၄)ပါးလုံး စုံလင်သွားပြီ ဖြစ်၏။ ယင်း သမ္ပတ္တိတရား (၄)ပါးတို့က အတိတ်သံသရာ အဆက်ဆက်က ပြုစုပျိုးထောင်ခဲ့မိသော ဆောက်တည်ထားအပ်သော အကုသိုလ်ကံတို့ကို အကျိုးပေးခွင့်မရအောင် တားမြစ်ထားကြမည် ဖြစ်ပေသည်။ ထိုကြောင့် အသင်သူတော်ကောင်းသည် ဆင်းရဲသည့် မကောင်းသည့် အကျိုးတရားတို့ကို အလိုမရှိခဲ့ပါလျှင် အသင်သူတော်ကောင်း၏ ကာယကံ ဝစီကံ မနောကံတို့ကို ဖြူစင်အောင် ဆေးကြောသုတ်သင်ပေးနိုင်သည့် ပြုပြင်ပြောင်းလဲပေးနိုင်သည့် သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ရိုသေကြိုးနွံစွာ ဖြည့်ကျင့်ပါ။ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲပေးပါ။ လူ မလုံ့လ နတ် မမဘူး ဟူသော ဆိုရိုးစကားနှင့်အညီ ပယောဂစက် ချို့တဲ့ပျက်စီးခဲ့လျှင် အကုသိုလ်ကံများမှာ ေ့ရှတန်းသို့တက်လာ၍ ကုသိုလ်ကံတို့မှာ အကျိုးပေးဖို့ရန် အခါအခွင့် မသင့် ရှိတတ်ချေ၏။ သတိပြုလေ။

ဥပမာဆောင်၍ ပြဆိုပုံ

ဥပမာဆောင်၍ ပြဆိုပုံ

ယောက်ျားတစ်ဦးသည် တိုင်းပြည်၌ အကျိုးရှိသည့် လုပ်ငန်းရပ်တစ်ခုကို ရွက်ဆောင်ပေးခြင်းဖြင့် ရှင်ဘုရင်ကို နှစ်သက်စေရာ၏။ ထိုအခါ၌ ထိုယောက်ျားအား ဘုရင်မင်းက ရာထူး တစ်ခုကို ပေး၍ ဇနပုဒ် တစ်ခုကို မြို့စား ရွာစားအဖြစ် ပေးလေရာ၏။ ထိုယောက်ျားသည် ထိုဇနပုဒ်ကို ကောင်းစွာ သုံးစွဲခြင်းငှာ တရားသော နည်းလမ်းဖြင့် ရရှိသော အခွန်အတုတ်ဖြင့် ခံစားခြင်းငှာ ကျေနပ် ရောင့်ရဲခြင်းငှာ မစွမ်းနိုင်ဖြစ်နေ၏။ တောတိရစ္ဆာန် ဖြစ်သော မျောက်သည် ထမင်းထုတ်ကို ရရှိသောအခါ ထမင်းထုတ်အပေါ်က ဖွဲ့ချည်ထားသော ကြိုးကိုဖြေ၍ စားရမှန်းကို မသိသဖြင့် ထမင်းထုတ်၏ ဘေးကဖြစ်စေ, အောက်ကဖြစ်စေ တစ်စုံတစ်ခုသော အရပ်၌ ခွဲ၍ ပျက်စီးစေသကဲ့သို့ ဤဥပမာအတူ နည်းလမ်း ဥပါယ်၌ မကျွမ်းကျင်သော ယောက်ျားသည်လည်း တရားသောနည်းလမ်းဖြင့် ရရှိသော အခွန်အတုတ် လစာ ရိက္ခာတည်းဟူသော စည်းစိမ်တို့ကို သုံးဆောင် ခံစားဖို့ရန် မသိပေ၊ မလိုက်နာပေ၊ ပျက်စီး စေ၏။

မိမိ အပိုင်စားရသော ဇနပုဒ်တွင် နေထိုင်သူ တစ်ဦးဦး၏ ကောင်းသော သဘောရှိသော ယာဉ်ရထား ကျွန်ယောက်ျား ကျွန်မိန်းမ အာရာမ် = ဥယျာဉ် လယ်ယာ တစ်ခုခုကို တွေ့မြင်၏၊ တွေ့သမျှ အားလုံးကို အနိုင် အထက် လုယူ၏။ ဇနပုဒ်၌ နေထိုင်သူတို့သည် --- ဤသူကား မင်း၏အကျွမ်းဝင်သူတည်း ဤသို့ စဉ်းစားကြ၍ တစ်စုံတစ်ခုသော စကားကို ပြောဆိုခြင်းငှာ မဝံ့မရဲ ဖြစ်နေကြ၏၊ မစွမ်းနိုင် ဖြစ်နေကြ၏။

ထိုဇနပုဒ်ကို အပိုင်စားရသော ထိုယောက်ျားသည် အခြားသော သာ၍ မင်းကျွမ်းဝင်သော မင်း၏အမတ်ကြီး အပေါ်၌ စော်ကားပြန်၏။ ထိုအမတ်ကြီးသည် ထိုသူကို ဖမ်းယူ၍ ကောင်းစွာထောင်းထုအပ်သည် မည်လောက် အောင် ထောင်းထုစေ၍ မြေကို ကျောက်ကုန်းဖြင့် ပွတ်တိုက်စေ၍ ဆွဲထုတ်စေ၍ မင်းသို့ချဉ်းကပ်၍ --- အရှင် မင်းမြတ် ဤမည်သောသူသည် အရှင်မင်းမြတ်၏ ဇနပုဒ်ကို ဖျက်ဆီးပါ၏။ --- ဤသို့ သံတော်ဦး တင်၍ ဖမ်းယူစေရာ၏။ ဘုရင်မင်းကြီးကလည်း အချုပ်ထောင်၌ ချုပ်နှောင်စေ၍ --- ထိုအမည်ရှိသူသည် အဘယ်သူ၏ အဘယ်အရာဝတ္ထုကို ဆောင်ယူအပ်သနည်း - ဤသို့ မြို့ထဲ၌ စည်ကို လည်စေရာ၏။ လူတို့သည် လာလတ်ကုန်-၍ - ကျွန်တော်မျိုး၏ ဤမည်သော ဥစ္စာကို ယူအပ်ပါပြီ၊ ကျွန်တော်မျိုး၏ ဤမည်သော ဥစ္စာကို ယူအပ်ပါပြီ၊ ဤသို့ အော်ဟစ်သံပေါင်း အထောင်ကို ထစေကုန်ရာ၏။ ဘုရင်မင်းကြီးသည် တိုင်းထက်အလွန် စိတ်ဆိုးသည် ဖြစ်၍ ထိုသူကို အချုပ်ထောင်၌ နည်းအမျိုးမျိုးဖြင့် ညှဉ်းပန်းနှိပ်စက်ရန် အမိန့်ချလိုက်၏။ သေဒဏ်ပေးလိုက်၏။အလောင်းကို သုသာန်၌ စွန့်ပစ်ရန် အမိန့်ချလိုက်၏။ ခတ်ထားသော လက်ထိပ်ခြေထိပ်တို့ကို ပြန်ယူဆောင်ခဲ့ရန် အမိန့်ပေးလိုက်၏။ ဤဥပမာအတူ မှတ်ပါ။ (အဘိ၊ဋ္ဌ၊၂၊၄၂၃-၄၂၅။)

ဥပမာနနှင့် ဥပမေယျ နှီးနှော၍ ပြဆိုပုံ

ဥပမာနနှင့် ဥပမေယျ နှီးနှော၍ ပြဆိုပုံ

ထိုယောက်ျား၏ တိုင်းပြည်အတွက် တစ်စုံတစ်ခုသော လုပ်ငန်းဖြင့် ရှင်ဘုရင်ကို နှစ်သက်စေ၍ ရာထူးဌာနန္တရကို ရအပ်ရာအခါကဲ့သို့ ပုထုဇန်၏လည်း တစ်စုံတစ်ခုသော ကောင်းမှုကုသိုလ်ကြောင့် နတ်ပြည် နတ်လောက ၌ ဖြစ်ရာအခါကို မှတ်ပါ။ ထိုယောက်ျားသည် ဇနပုဒ်ကို ဖျက်ဆီး၍ ဇနပုဒ်နေသူ လူတို့၏ ဥစ္စာကို ယူလတ်သော် တစ်စုံတစ်ယောက်သော ဥစ္စာရှင်၏ တစ်စုံတစ်ခုသော စကားကို ပြောဆိုခြင်းငှာ မရဲဝံ့ မစွမ်းနိုင်ရာ အခါကဲ့သို့ ဤယောက်ျားသည်လည်း နတ်ပြည်နတ်လောက၌ ဖြစ်လတ်သော် အကုသိုလ်ကံ၏ အကျိုးပေးရန် အခွင့်အခါကို မရရာအခါကို မှတ်သားပါ။ ထိုယောက်ျား၏ တစ်နေ့သ၌ တစ်ယောက်သော မိမိထက် သာ၍ မင်းကျွမ်းဝင်သော အမတ်ကြီး၌ စော်ကားမိ၍ ထိုမိမိထက် သာ၍ မင်းကျွမ်းဝင်သော အမတ်ကြီးက စိတ်ဆိုးသည်ဖြစ်၍ ထို ယောက်ျားကို ထောင်းထုစေ၍ ဘုရင်မင်းကြီးအား သံတော်ဦးတင်၍ အချုပ်ထောင်၌ နှောင်ဖွဲ့စေအပ်ရာအခါကို ကဲ့သို့ ဤယောက်ျား၏ နတ်ပြည်မှ စုတေ၍ ငရဲ၌ဖြစ်ရာအခါကို မှတ်သားပါ။ ဥစ္စာရှင်ဖြစ်ကြကုန်သော ဇနပုဒ်နေသူ လူတို့က - ကျွန်တော်မျိုး၏ ဤမည်သော ဥစ္စာကို ယူအပ်ပါပြီ၊ ကျွန်တော်မျိုး၏ ဤမည်သော ဥစ္စာကို ယူအပ် ပါပြီ၊ - ဤသို့ အော်ဟစ်ရာအခါကိုကဲ့သို့ ထိုယောက်ျားသည် ငရဲ၌ဖြစ်လတ်သော် အလုံးစုံသော အကုသိုလ် ကံတို့၏ ပေါင်းစု၍ ဖမ်းယူရာအခါကို မှတ်ပါ။ သုသာန်၌ စွန့်ပစ်ခဲ့ပြီးနောက် ခတ်ထားသော လက်ထိပ် ခြေထိပ် တို့ကို ပြန်ဆောင်ယူလာရာအခါကိုကဲ့သို့ တစ်ခုတစ်ခုသော ကံသည် ကုန်ပြီးလတ်သော် အကျိုးပေးပြီးလတ်သော် အခြားသော ကံ၏ အကျိုးကြောင့် ငရဲမှ ဦးခေါင်းကို မမြှောက်ချီနိုင်မူ၍ အလုံးစုံသော ကမ္ဘာပတ်လုံး ငရဲ၌ ကျက်ရာအခါကို ငရဲဒုက္ခ ခံစားရရာအခါကို မှတ်ပါ။ မှန်ပေသည် --- ကမ္ဘာပတ်လုံး ငရဲ၌ တည်နေရခြင်းသဘော ရှိသော ကံကို ပြုကျင့်ခဲ့မိခြင်းကြောင့် တစ်ကမ္ဘာပတ်လုံး ငရဲ၌ ကျက်ရသောဒုက္ခ ခံရသော သတ္တဝါတို့သည်ကား တစ်ယောက်လည်းမက, နှစ်ယောက်လည်းမက, တစ်ရာလည်းမက, တစ်ထောင်လည်းမကပေ။ ဤသို့ ငရဲ၌ ကျက်နေရသော ငရဲဒုက္ခ ခံနေရသော သတ္တဝါတို့သည် ရေတွက်ခြင်း ဂဏန်းသင်္ချာ၏လမ်းကို ကျော်လွှားလွန်မြောက်၍ သွားကြကုန်သတတ်။ (အဘိ၊ဋ္ဌ၊၂၊၄၂၄။)

(ဂ) အုပ်စု - ကံ (၄) မျိုး

(ဂ) အုပ်စု - ကံ (၄) မျိုး

၁။ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ သန္တာန်၌ ပြုစုပျိုးထောင်ထားအပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကံတို့သည် လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တည်းဟူသော ဂတိသမ္ပတ္တိ ၌ တည်နေသော ကောင်းမှုရှင်၏ သန္တာန်၌ အကျိုးပေးနိုင်ကုန်ရာ၏။ (ထိုကောင်းမှုရှင်သည် ဂတိသမ္ပတ္တိ၌ တည်နေခဲ့လျှင် ထိုကုသိုလ်ကံတို့က အကျိုးပေးနိုင်ကုန်ရာ၏ဟု ဆိုလိုသည်။) သို့သော် ထိုကောင်းမှုရှင်သည် တစ်ခုသော မကောင်းမှု အကုသိုလ်ကံကြောင့် ဂတိဝိပတ္တိဖြစ်သော ငရဲ၌သော်လည်းကောင်း, အသုရကာယ်ဘုံ၌ သော်လည်းကောင်း ဖြစ်နေရပြန်၏။ ထိုကဲ့သို့သော အရပ်ဌာန၌လည်း ကုသိုလ်ကံသည် အကျိုးကို ပေးခြင်းငှာ မစွမ်းနိုင် ဖြစ်နေပြန်၏။ စင်စစ်မှာမူ အကုသိုလ်ကံကသာလျှင် အကျိုးကို ပေးခြင်းငှာ စွမ်းနိုင်နေ၏၊ ဤသို့လျှင် ထိုကောင်းမှုရှင် သတ္တဝါ၏ ပြုစုပျိုးထောင်ထားအပ်ပြီးကုန်သော ကုသိုလ်ကံတို့သည် ဂတိဝိပတ္တိသည် တားမြစ်ထား အပ်ကုန်သည် ဖြစ်၍ အကျိုး မပေးနိုင်ကုန်။ --- ဤသို့ ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။

၂။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌ ပြုစုပျိုးထောင်ထားအပ်ပြီးကုန်သော ဆောက်တည်ထား အပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကောင်းမှုကုသိုလ်ကံတို့သည် ရုပ်ရည်၏ လှပတင့်တယ်ခြင်း ဥပဓိသမ္ပတ္တိ၌ တည်နေသော ကောင်းမှုရှင်၏သန္တာန်၌ အကျိုးပေးနိုင်ကုန်ရာ၏။ (ထိုကောင်းမှုရှင်သည် ဥပဓိသမ္ပတ္တိ၌ တည်နေခဲ့လျှင် ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံခဲ့လျှင် ထိုကုသိုလ်ကံတို့သည် အကျိုး ပေးနိုင်ကုန်ရာ၏။) သို့သော် ထိုကောင်းမှုရှင်သည် တစ်ခုသော မကောင်းမှု အကုသိုလ်ကံကြောင့် ပျက်စီးသော ဥပဓိရုပ်ရည်ရှိခြင်း ဥပဓိဝိပတ္တိ၌ တည်နေရသည်ဖြစ်၍ ရုပ်အဆင်းမလှမပ ဖြစ်နေ၏။ တစ္ဆေမြေဘုတ်နှင့် တူနေ ၏။ ထိုပုဂ္ဂိုလ်သည် မင်းမျိုးမင်းနွယ်၌ လူဖြစ်လာရသည် အကယ်၍မူလည်း ဖြစ်စေဦးတော့၊ ဤသို့ပင် မင်းမျိုး မင်းနွယ်၌ လူဖြစ်လာရပါသော်လည်း ခမည်းတော်မင်းတရားကြီး ကွယ်လွန်သောအခါ၌ အသေရေ မရှိသော ဤမင်းသားအား တိုင်းပြည်အုပ်ချုပ်မင်းလုပ်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း - ဤသို့ တိုင်းသူပြည်သားတို့က ပြောဆိုခြင်းကြောင့် မင်းအဖြစ်ကို မရနိုင် ရှိတတ်၏။ စစ်သူကြီးအိမ် စသည်တို့၌ အကယ်၍ လူဖြစ်လာရသည် ဖြစ်စေဦးတော့၊ ထိုသို့ပင်ဖြစ်ပါသော်လည်း စစ်သူကြီးရာထူး စသည်တို့ကို မရနိုင်ရှိတတ်၏။ ဤအရာ၌ ဤယခု ပြောဆိုနေသော အနက်အဓိပ္ပါယ်ကို ထင်ရှားစွာ ဖြစ်စေခြင်းအကျိုးငှာ ဒီပမင်း၏ ဝတ္ထုကို ပြောဆိုထိုက်၏။

ဒီပမင်း၏ ခမည်းတော် မင်းတရားကြီးသည် သားရတနာ မွေးဖွားလတ်သော် မိဖုရားအား ကြည်ညို၍ ဆုကို ပေးသနား၏။ မိဖုရားကလည်း ဆုကိုယူ၍ထား၏။ မင်းသားကလေး ခုနစ်နှစ် ရှစ်နှစ် အရွယ်ရှိရာအခါ၌ပင် မင်းရင်ပြင်၌ ကြက်တိုက်ပွဲတစ်ခု ကျင်းပလျက် ကြက်တို့ကို ခွပ်စေ၏။ တစ်ကောင်သော ကြက်သည် ပျံတက်၍ မင်းသားငယ်၏မျက်စိတို့ကို ဖောက်ခွဲလိုက်၏။ မျက်လုံး နှစ်လုံးလုံး ပျက်စီးသွား၏။ မင်းသား၏မယ်တော်ဖြစ်သော မိဖုရားသည် သား၏ (၁၅)နှစ် (၁၆)နှစ်အရွယ် ရှိရာအခါ၌ မင်းအဖြစ်ကို ဆောင်စေအံ့ဟု ကြံစည် စဉ်းစား၍ ရှင်ဘုရင်ထံသို့ ချဉ်းကပ်၍ သံတော်ဦးတင်၏ - အသို့နည်း အရှင်မင်းမြတ် ...အရှင်မင်းမြတ်တို့သည် မင်းသား ငယ်၏ မွေးဖွားရာအခါကာလ၌ ဆုကို ပေးသနားတော်မူခဲ့၏။ နှမတော်သည် ထိုဆုကို ယူ၍ထားခဲ့ပြီ၊ ယခုအခါ၌ ထိုဆုကို ယူလိုပါ၏ - ဟု ဤသို့ သံတော်ဦးတင်လိုက်၏။ အရှင်မိဖုရား ...ကောင်းပြီ၊ အလိုရှိရာ ဆုကို ယူပေတော့ - ဟု ဆို၏။

အရှင်မင်းမြတ် ...နှမတော်သည် အရှင်မင်းမြတ်တို့၏ အထံမှ တစ်စုံတစ်ခုသော မရဖူးသေးသော ဆု မည်သည် မရှိပါ၊ ယခုအခါ၌ကား နှမတော်၏သားတော်အား မင်းအဖြစ်ကို ပေးပါလော့ - ဤသို့ သံတော်ဦး တင်လိုက်၏။

အရှင်မိဖုရား ...အသင်၏ သားတော်သည်ကား ကိုယ်အင်္ဂါ ချို့တဲ့နေ၏။ ထို သင့်သားတော်အား မင်းအဖြစ်ကို ပေးခြင်းငှာ မတတ်ကောင်းပါ - ဤသို့ ပြောဆိုလိုက်၏။

အရှင်မင်းမြတ်တို့သည် ကျွန်တော်မ၏ နှစ်သက်သော ဆုကို ပေးခြင်းငှာ မစွမ်းနိုင်ကုန်ပါဘဲလျက် အဘယ် ကြောင့် ဆုကို ပေးခဲ့ပါကုန်သနည်း - ဤသို့ သံတော်ဦးတင်လိုက်ပြန်၏။

ဘုရင်မင်းကြီးသည် အလွန်အကဲသာလျှင် စကားဖြင့် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ = စကားနာ အထိုးခံရသည် ဖြစ်၍ - သင်၏သားတော်အား လင်္ကာကျွန်း တစ်ကျွန်းလုံး၌ မင်းအဖြစ်ကို ပေးခြင်းငှာ မတတ်ကောင်းပါ၊ နာဂဒီပကျွန်း၌ကား ထီးဖြူကို စိုက်ထူစေ၍ နေစေလော့ - ဟု ပြောဆို၍ နာဂဒီပကျွန်းသို့ ပို့လိုက်၏။ ထိုမင်းသား သည် ဒီပမင်း မည်သည် ဖြစ်လေပြီ။ မျက်စိချို့တဲ့သူ အကယ်၍ မဖြစ်ငြားအံ့၊ ဤသို့ မျက်စိမချို့တဲ့လတ်သော် ယူဇနာ (၃၀၀) ရှိသော သီဟိုဠ်ကျွန်း တစ်ကျွန်းလုံး၌ အလုံးစုံသော သမ္ပတ္တိ အခြံအရံရှိသော မင်းအဖြစ်ကို ရလေရာ၏။ ဤသို့လျှင် ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင်အပ်ပြီးကုန်သော ကုသိုလ်ကံတို့ သည် ဥပဓိဝိပတ္တိသည် တားမြစ်အပ်ကုန်သည်ဖြစ်၍ အကျိုးမပေးနိုင်ကုန်။ --- ဤသို့ ဘုရားရှင်သည် ကွဲကွဲ ပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၅။)

၃။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ပြုစုပျိုးထောင်ထားအပ်ပြီးကုန်သော ဆောက်တည် ထားအပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကောင်းမှုကုသိုလ်ကံတို့သည် ကာလသမ္ပတ္တိ၌ တည်နေသော ပုဂ္ဂိုလ်၏ သန္တာန်၌ အကျိုးပေးနိုင်ကုန်ရာ၏။ (ထိုကောင်းမှုရှင်သည် ကာလ သမ္ပတ္တိ၌ လူလာဖြစ်ရလျှင် ထိုကုသိုလ်ကံတို့သည် အကျိုးပေးနိုင်ကုန်ရာ၏။) သို့သော် ထိုကောင်းမှုရှင်သည် တစ်ခုသော မကောင်းမှု အကုသိုလ်ကံကြောင့် မကောင်းသောမင်း, မကောင်းသောလူတို့ ဖြစ်ထွန်းရာကာလ, အဖတ်အကာဖြစ်သော အဆီဩဇာ မရှိသော အလွန်တိုတောင်းသော သက်တမ်းရှိသော အကျိုးပေးထိုက်ရာ ဂတိ၏ အစွန်အဖျားဖြစ်သော အချိန်ကာလတည်းဟူသော ကာလဝိပတ္တိ၌ လူဖြစ်လာရ၏။ ထိုကဲ့သို့သော ကာလ ဝိပတ္တိ အချိန်အခါမျိုး၌လည်း ကောင်းမှုကုသိုလ်ကံသည် အကျိုးကို ပေးခြင်းငှာ မစွမ်းနိုင်ပေ။ ဤသို့လျှင် ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင်အပ်ပြီးကုန်သော ကုသိုလ်ကံတို့သည် ကာလဝိပတ္တိသည် တားမြစ်အပ်ကုန်သည်ဖြစ်၍ အကျိုးမပေးနိုင်ကုန်။ --- ဤသို့ ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၅။)

၄။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင်ထား အပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကောင်းမှုကုသိုလ်ကံတို့သည် ပယောဂသမ္ပတ္တိ၌ တည်နေသော သူ၏ သန္တာန်၌ အကျိုးပေးနိုင်ကုန်ရာ၏။ (ကောင်းမှုရှင်သည် ကာယကံ စင် ကြယ်မှု ဝစီကံ စင်ကြယ်မှု မနောကံ စင်ကြယ်မှု ရှိအောင် သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ပြည့်ပြည့်စုံစုံ ကြိုးစားအားထုတ်ခြင်း ပယောဂသမ္ပတ္တိ ရှိခဲ့လျှင် ထိုကုသိုလ်ကံတို့သည် အကျိုးပေးနိုင်ကုန်ရာ၏၊၊) သို့သော် ထိုကောင်းမှုရှင်သည်ကား ပယောဂဝိပတ္တိ၌ ရပ်တည်လျက် ပါဏာတိပါတ စသော အကုသိုလ်ကမ္မပထ တရား (၁၀)ပါး ဒုစရိုက်တရားတို့ကို လွန်ကျူးပြုကျင့်ပြန်၏။ အလုံးစုံသောသီလမရှိသူ ဒုဿီလပုဂ္ဂိုလ် ဖြစ်ကြောင်း ဖြစ်ရာ မကောင်းမှု အကုသိုလ်ဟူသမျှကို ပြည့်စေ၏။ ထို့ပြင် ထိုဒုဿီလပုဂ္ဂိုလ်နှင့် အတူတကွ ဇာတ်တူနွယ်တူ ဖြစ်ကုန်သော အမျိုးတို့သော်မှလည်း သမီးဆောင်မှု သမီးပို့မှုတည်းဟူသော ထိမ်းမြားလက်ထပ်ခြင်း မင်္ဂလာမှု တို့ကို မပြုလုပ်ကြကုန်။ မိန်းမကြူးသည့် = မိန်းမလိုက်စားသည့် သေသောက်ကြူးသည့် ကြွေအန်ကြူးသည့် ဤသူသည် ယုတ်မာသော ယောက်ျားတည်း၊ ဤသို့ ပြော၍ ဝေးစွာရှောင်ကြဉ်ကြကုန်၏။ ပယောဂသမ္ပတ္တိစက် ချို့တဲ့နေသည့်အတွက်ကြောင့် ဆောက်တည်ထားအပ်ပြီးကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် အကျိုးပေးခြင်းငှာ မစွမ်းနိုင်ကြကုန်။ ဤသို့လျှင် ဆောက်တည်ထားအပ်ပြီးကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ပယောဂ ဝိပတ္တိသည် တားမြစ်အပ်ကုန်သည်ဖြစ်၍ အကျိုးမပေးနိုင်ကုန်။ --- ဤသို့ ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော် မူ၏။

ဤသို့လျှင် လေးမျိုးကုန်သော သမ္ပတ္တိတို့သို့ ရှေးရှူရောက်၍ လေးမျိုးကုန်သော သမ္ပတ္တိတို့ကို အစွဲပြု၍ အကျိုးပေးတတ်သော ကောင်းမှုကုသိုလ်ကံတို့သည် လေးမျိုးကုန်သော ဝိပတ္တိတို့သည် တားမြစ်အပ်သည်၏ အဖြစ်ကြောင့် အကျိုးမပေးနိုင်။ (အဘိ၊ဋ္ဌ၊၂၊၄၂၅-၄၂၆။)

(ဃ) အုပ်စု ကံ (၄) မျိုး

(ဃ) အုပ်စု ကံ (၄) မျိုး

၁။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင်ထား အပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကောင်းမှုကုသိုလ်ကံတို့သည် အပါယ် (၄)ဘုံတည်းဟူသော ဂတိဝိပတ္တိ၌ တည်နေသောသူ၏ သန္တာန်၌ အကျိုးမပေးနိုင်ကုန်ရာ။ သို့သော် ထိုကောင်းမှုရှင်သည် တစ်ခုသော ကောင်းမှုကုသိုလ်ကံကြောင့် လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တည်းဟူသော ဂတိသမ္ပတ္တိ၌သာလျှင် ဖြစ်ရ၏။ ထိုဂတိသမ္ပတ္တိ၌ ထိုကောင်းမှုရှင်၏ ထိုကောင်းမှုကုသိုလ်ကံတို့သည် ကပ်ရောက် လာကြကုန်၍ အလှည့်ကျ အလှည့်ကျအားဖြင့် ကောင်းကျိုးကို ပေးကြကုန်၏။ တစ်ရံတစ်ခါ၌ လူ့ပြည်လူ့လော က၌ ဖြစ်စေကြကုန်၏။ တစ်ရံတစ်ခါ၌ နတ်ပြည်နတ်လောက၌ ဖြစ်စေကြကုန်၏။ တစ်ရံတစ်ခါ၌ ဗြဟ္မာ့ပြည် ဗြဟ္မာ့လောက၌ ဖြစ်စေကြကုန်၏။ ဤသို့လျှင် ဂတိဝိပတ္တိသည် တားမြစ်အပ်ကုန်သည်၏ အဖြစ်ကြောင့် အကျိုး ကို ပေးခြင်းငှာ မစွမ်းနိုင်ကြကုန်သော ကုသိုလ်ကံတို့သည် ဂတိသမ္ပတ္တိသို့ ရှေးရှူရောက်၍ ဂတိသမ္ပတ္တိကို အစွဲ ပြု၍ အကျိုးပေးကြကုန်၏။ --- ဤသို့လျှင် ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၆။)

၂။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင် ထားအပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှု ကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကောင်းမှု ကုသိုလ် ကံတို့သည် ရုပ်အဆင်း၏ မလှပ မတင့်တယ်ခြင်းတည်းဟူသော ဥပဓိဝိပတ္တိ၌ တည်နေသောသူ၏ သန္တာန်၌ အကျိုးမပေးနိုင်လေကုန်ရာ။ သို့သော် ထိုကောင်းမှုရှင်သည် တစ်ခုသော ကောင်းမှုကုသိုလ်ကံကြောင့် ဥပဓိ သမ္ပတ္တိ၌သာလျှင် တည်နေရ၏၊ အလွန်အဆင်းလှ၏၊ ရှုချင်စဖွယ်တင့်တယ်၏၊ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်၏။ ဗြဟ္မာ၏ အတ္တဘောနှင့် တူသော အတ္တဘော ရှိ၏။ ထိုကောင်းမှုရှင်၏ ဥပဓိသမ္ပတ္တိ၌ တည်နေသည့်အတွက် ကြောင့် ကောင်းမှုကုသိုလ်ကံတို့သည် အကျိုးကို ပေးကြကုန်၏။ ထိုကောင်းမှုရှင်သည် အကယ်၍ မင်းမျိုးမင်းနွယ်၌ ဖြစ်ငြားအံ့၊ ဤသို့ ဖြစ်လတ်သော် မိမိမှ တစ်ပါးကုန်သော အခြားအခြားကုန်သော အကြီးဖြစ်ကြကုန်သော နောင်တော်မင်းသားတို့သည် ထင်ရှားရှိပါကုန်သော်လည်း - ဤမင်းသား၏ ခန္ဓာကိုယ်အတ္တဘောသည် ပြည့်စုံ၏ = ယောက်ျားမြတ်တို့၏ လက္ခဏာနှင့် ပြည့်စုံ၏။ ဤမင်းသားသည် ထီးဖြူကို စိုက်ထူစေအပ်သော် လူအပေါင်း၏ ချမ်းသာခြင်းသည် ဖြစ်ပေလတ္တံ့ - ဤသို့ တိုင်ပင်၍ ထိုဥပဓိသမ္ပတ္တိနှင့် ပြည့်စုံသော မင်းသားကိုပင်လျှင် မင်းအဖြစ်၌ အဘိသိက်ရေစင် သွန်းဖျန်းကြကုန်၏။ အကယ်၍ အိမ်ေ့ရှမင်း၏အိမ် စသည်တို့၌ လူဖြစ်လာလတ် သော် ဖခင်အိမ်ေ့ရှမင်း၏ ကွယ်လွန်ရာအခါ၌ အိမ်ေ့ရှမင်းအဖြစ်ကိုသော်လည်းကောင်း, စစ်သူကြီးရာထူးကို သော်လည်းကောင်း, ဘဏ္ဍာစိုးရာထူးကိုသော်လည်းကောင်း, သူဌေးရာထူးကိုသော်လည်းကောင်း ရရှိနိုင်၏။ ဤသို့လျှင် ဥပဓိဝိပတ္တိသည် တားမြစ်အပ်ကုန်သည်၏ အဖြစ်ကြောင့် အကျိုးကိုပေးခြင်းငှာ မစွမ်းနိုင်ကြကုန်သော ကုသိုလ်ကံတို့သည် ဥပဓိသမ္ပတ္တိသို့ ရှေးရှူရောက်၍ ဥပဓိသမ္ပတ္တိကို အစွဲပြု၍ အကျိုးပေးကြကုန်၏။ --- ဤသို့ လျှင် ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၆။)

၃။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင် အပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကောင်းမှုကုသိုလ်ကံတို့သည် မကောင်းသောမင်း, မကောင်းသော လူတို့၏ ဖြစ်ထွန်း ပေါ်ပေါက်ရာ ကာလဝိပတ္တိ၌ တည်နေရသော သူ၏ သန္တာန်၌ အကျိုးမပေးနိုင်လေကုန်ရာ။ သို့သော် ထိုကောင်းမှုရှင်သည်ကား တစ်ခုသော ကောင်းမှုကုသိုလ်ကံ ကြောင့် မင်းကောင်းမင်းမြတ် သူတော်သူမြတ်တို့ ဖြစ်ထွန်းရာ ပွင့်ထွန်းပေါ်ပေါက်တော်မူရာ အချိန်ကာလ တည်းဟူသော ကာလသမ္ပတ္တိ၌ လူဖြစ်လာရ၏။ ထိုကဲ့သို့ ရှုအပ်သော ပြည့်စုံသော ကာလ၌ = ကာလသမ္ပတ္တိ၌ လူဖြစ်လာရသော ကောင်းမှုရှင်၏ သန္တာန်၌ ကောင်းမှုကုသိုလ်ကံသည် အကျိုးကို ပေးနိုင်၏။ ထိုအရာ၌ မဟာ သောဏ မထေရ်မြတ်ကြီး၏ ဤဝတ္ထုကို ပြောဆိုထိုက်၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၆။)

မဟာသောဏမထေရ်မြတ်ကြီး၏ဝတ္ထု

မဟာသောဏမထေရ်မြတ်ကြီး၏ဝတ္ထု

(အဘိ၊ဋ္ဌ၊၂၊၄၂၆။)

လင်္ကာဒီပ အမည်ရသော သီဟိုဠ်ကျွန်းဝယ် ဗြာဟ္မဏတိဿ သူပုန်ဘေးဆိုးကြီး ဖြစ်ရာအခါ၌ စိတ္တလ ပဗ္ဗတတောင်ကျောင်းတိုက်ကြီး၌ (၁၂၀၀၀) ကုန်သော ရဟန်းတော်တို့သည် သီတင်းသုံးတော်မူကြကုန်၏။ ထို့အတူ တိဿမဟာဝိဟာရကျောင်းတိုက်ကြီး၌လည်း (၁၂၀၀၀) ကုန်သော ရဟန်းတော်တို့သည် မှီတင်း နေထိုင် သီတင်းသုံးတော်မူကြကုန်၏။ ယင်းကျောင်းတိုက်ကြီး နှစ်တိုက်လုံးတို့၌လည်း သုံးနှစ်စာအတွက် ဒါနဝတ် အဖြစ် တည်ထားသော စပါးကို တစ်ညဉ့်တည်း၌ပင် ကြွက်ကြီးတို့သည် ခဲစား၍ ဖွဲမျှကိုသာ ထားရစ်ခဲ့ကြကုန်၏။ စိတ္တလပဗ္ဗတတောင်ကျောင်းတိုက်ကြီး၌ သီတင်းသုံးတော်မူကြသော ရဟန်းသံဃာတော်တို့သည် တိဿမဟာ ဝိဟာရကျောင်းတိုက်ကြီး၌ ဒါနဝတ်သည် (= ဒါနဝတ်အဖြစ် တည်ထားသော စပါးသည်) ဖြစ်လတ္တံ့ = ရှိပေလတ္တံ့၊ ထိုတိဿမဟာဝိဟာရကျောင်းတိုက်ကြီးသို့ သွား၍ သီတင်းသုံးကြကုန်အံ့ - ဤသို့ တိုင်ပင်၍ စိတ္တလပဗ္ဗတ တောင်ကျောင်းတိုက်ကြီးမှ ထွက်ခွာတော်မူခဲ့ကြကုန်၏။

တိဿမဟာဝိဟာရကျောင်းတိုက်ကြီး၌လည်း သီတင်းသုံးတော်ကြမူသော ရဟန်းသံဃာတော်တို့သည် စိတ္တလပဗ္ဗတတောင်ကျောင်းတိုက်ကြီး၌လည်း ဒါနဝတ်သည် (= ဒါနဝတ်အဖြစ် တည်ထားသော စပါးသည်) ဖြစ်ပေလတ္တံ့ = ရှိပေလတ္တံ့၊ ထိုစိတ္တလပဗ္ဗတတောင်ကျောင်းတိုက်ကြီးသို့ သွား၍ သီတင်းသုံးကြကုန်အံ့ - ဤသို့ တိုင်ပင်၍ တိဿမဟာဝိဟာရကျောင်းတိုက်ကြီးမှ ထွက်ခွာတော်မူခဲ့ကြကုန်၏။

နှစ်ဘက်သော သံဃာတို့သည်လည်း နက်ရှိုင်းလှသော တစ်ခုသော ချောက်ကမ်းပါး၌ ပေါင်းဆုံမိကြ၍ အချင်းချင်း မေးမြန်းလျှောက်ထားကြည့်ကြရာ ဒါနဝတ်၏ ကုန်ဆုံးသည်၏ အဖြစ်ကို သိတော်မူကြကုန်၏။ ယင်းသို့ သိတော်မူကြပြီးနောက် ထိုကျောင်းတိုက်သို့ ပြန်သွား၍ အဘယ်ကို ပြုနိုင်ကုန်အံ့နည်း - ဤသို့ တိုင်ပင်တော်မူကြ၍ (၂၄၀၀၀) ကုန်သော ရဟန်းတော်တို့သည် နက်ရှိုင်းလှသော ချောက်ကမ်းပါးရှိရာ တောအုပ်ကြီးအတွင်းသို့ ဝင်ရောက်တော်မူကြ၍ ထိုင်နေတိုင်းသော နည်းဖြင့်သာလျှင် = ထိုင်လျက်သာလျှင် အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူကြကုန်၏။ နောက်ပိုင်းကာလဝယ် ဗြာဟ္မဏတိဿ သူပုန်ဘေးကြီး ငြိမ်းအေးလတ်သော် ရဟန်းသံဃာတော်သည် နတ်တို့သနင်း သိကြားမင်းကို ခေါ်ဆောင်၍ ဓာတ်တော်တို့ကို တစ်ပေါင်းတည်း ဆောင်ယူ၍ ဓာတ်တော်တို့ ကိန်းဝပ်ရာ စေတီတော်ကို တည်ဆောက်တော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၆။)

ဤစကားရပ်ကို မဟာပစ္စရိအဋ္ဌကထာ၌ ဆိုကြောင်းကို မူလဋီကာ (မူလဋီ၊၂၊၂၁၁။) ၌ ဖွင့်ဆိုထား၏။

ဗြာဟ္မဏတိဿသူပုန်သည်လည်း ဇနပုဒ်ကို လုယက်ဖျက်ဆီးလေ၏။ ရဟန်းသံဃာတော်သည် စုပေါင်း တိုင်ပင်၍ သူပုန်ကို တားမြစ်ပေးပါ - ဟု ဤသို့ ပြောဆိုရန် သိကြားမင်း၏ အထံသို့ မထေရ် (၈)ပါးတို့ကို စေလွှတ်တော်မူလိုက်၏။ နတ်တို့သနင်း သိကြားမင်းက - အရှင်ဘုရားတို့ ...တပည့်တော် ဒါယကာတော် သိကြားသည် ဖြစ်ပြီးသော သူပုန်ကို တားမြစ်ခြင်းငှာ မစွမ်းနိုင်ပါ၊ သံဃာတော်သည် သမုဒြာ၏ တစ်ဘက် ကမ်းသို့ (အိန္ဒိယဘက်သို့) ကြွတော်မူပါ။ တပည့်တော် ဒါယကာတော် သိကြားသည် သမုဒြာ၌ စောင့်ရှောက် ခြင်းကို ပြုပါအံ့ ဤသို့ လျှောက်ထား၏။ အရပ်မျက်နှာ အားလုံးတို့မှ သံဃာတော်သည် နာဂဒီပကျွန်းသို့ ကြွတော်မူ၍ ဇမ္ဗုကောလဆိပ်၌ ဘုံသုံးထပ်ရှိသော ဖောင်ကြီးကို ဖွဲ့စေပြီ။ တစ်ထပ်သည် ရေ၌ နစ်မြုပ်နေ၏၊ တစ်ထပ်၌ ရဟန်းသံဃာ သီတင်းသုံးတော်မူ၏၊ တစ်ထပ်၌ သပိတ် သင်္ကန်းတို့ကို ထားတော်မူကြ၏။

သံယုတ္တနိကာယ်ကို ဆောင်တော်မူသော စူဠသီဝမထေရ်, ဣသိဒတ္တမထေရ်, မဟာသောဏမထေရ် --- ဤမထေရ်မြတ်ကြီး သုံးပါးတို့ကား ထိုရဟန်းပရိသတ်တို့၏ အကြီးအကဲတို့ ဖြစ်ကြ၏။ ထိုမထေရ်မြတ်ကြီး သုံးပါး တို့တွင် စူဠသီဝမထေရ် ဣသိဒတ္တမထေရ် မထေရ်မြတ်ကြီး နှစ်ပါးတို့က မဟာသောဏမထေရ်မြတ်ကြီးကို --- ငါ့ရှင် မဟာသောဏ ...ဖောင်ကြီးပေါ်သို့ တက်ပါဟု မိန့်ဆိုတော်မူကြ၏။

အရှင်ဘုရားတို့ ...အရှင်ဘုရားတို့ကော အသို့နည်း

ငါ့ရှင် ...ရေ၌ သေခြင်းသည်လည်းကောင်း, ကုန်းပေါ်၌ သေခြင်းသည်လည်းကောင်း တစ်ခုတည်းသာ တည်း၊ ငါတို့သည် မလိုက်ကုန်အံ့၊ သို့သော် သင့်ကို အမှီပြု၍ နောင်အနာဂတ်၌ သာသနာတော်၏ အစဉ်အဆက် သည် တည်လတ္တံ့၊ ငါ့ရှင် ...သင်သည် လိုက်သွားပေတော့ ဤသို့ မိန့်ဆိုတော်မူကြ၏။

အရှင်ဘုရားတို့ ...အရှင်ဘုရားတို့သည် မလိုက်ကုန်လတ်သော် တပည့်တော်သည် မလိုက်တော့ပါ ဤသို့ ပြန်လည် လျှောက်ထားလိုက်၏။

သုံးကြိမ်တိုင်တိုင် ပြောဆိုလျှောက်ထား၍လည်း မဟာသောဏမထေရ်ကို ဖောင်ပေါ်သို့တက်ခြင်းငှာ မစွမ်း နိုင်ကုန်လတ်သော် နောက်ကြောင်း ပြန်တော်မူကြ၏။

ထိုနောင် စူဠသီဝမထေရ်သည် ဣသိဒတ္တမထေရ်ကို - ငါ့ရှင် ဣသိဒတ္တ ...နောင်အနာဂတ်ကာလ၌ မဟာသောဏမထေရ်ကို အမှီပြု၍ သာသနာတော်၏ အစဉ်အဆက်သည် တည်ပေလတ္တံ့၊ ထိုမဟာသောဏ မထေရ်ကို လက်မလွတ်ပါနှင့် ဤသို့ မိန့်ကြားတော်မူ၏။

အရှင်ဘုရားတို့ ...အရှင်ဘုရားတို့ကော အသို့နည်းဟု မေးမြန်း လျှောက်ထားလိုက်၏။

ငါသည် မဟာစေတီတော်ကို ရှိခိုးအံ့ ဤသို့ ပြောဆို၍ ဣသိဒတ္တမထေရ် မဟာသောဏမထေရ် နှစ်ပါးတို့ကို သွန်သင်ဆုံးမ၍ အစဉ်အတိုင်း ခရီးဒေသစာရီကို ကြွချီတော်မူလတ်သော် မဟာဝိဟာရကျောင်းတိုက်ကြီးသို့ ကောင်းစွာ ဆိုက်ရောက်တော်မူ၏။ ထိုအခါ၌ မဟာဝိဟာရကျောင်းတိုက်ကြီးကား ရဟန်းသံဃာတို့မှ ဆိတ်သုဉ်း လျက် ရှိ၏၊ စေတီရင်ပြင်တော်၌ ကြက်ဆူပင်တို့သည် မင်းမူနေကြ၏၊ စေတီတော်ကို ချုံပုတ်တို့က ဝန်းရံထား၏၊ စေတီတော်ကို ရေညှိမှော်က မြှေးယှက်ထား၏။

အရှင်စူဠသီဝမထေရ်မြတ်ကြီးသည် သက်တော်ထင်ရှား မြတ်စွာဘုရားရှင်၏ အပေါ်၌ ရိုသေ ပျပ်ဝပ်မှု အခြင်းအရာကို ပြသကဲ့သို့ မဟာစေတီတော်ကို ရှိခိုး၍ စေတီတော်၏ အနောက်ဘက် အရပ်၌ တည်ရှိသော ဇရပ်သို့ ဝင်၍ ကြည့်ရှုဖူးမြော်လျက် --- ဤသို့ သဘောရှိသည်မည်သော မြတ်သော လာဘ်လာဘ, မြတ်သော ကျော်စောခြင်းသို့ ရောက်တော်မူသော မြတ်စွာဘုရား၏ သရီရဓာတ်တော် မွေတော်များကို စုပေါင်း ဌာပနာရာ ဌာနကြီးသည် ကိုးကွယ်ရာ မရှိ ဖြစ်ရလေပေါ့ --- ဤသို့ ကြံစည် တွေးတောလျက် ထိုင်နေတော်မူ၏။

ထိုအခါ၌ မဝေးလွန်းလှသော သစ်ပင်၌ စိုးအုပ်၍နေသော ရုက္ခဇိုဝ်းနတ်သည် ခရီးသွားသမား လူ့အသွင်ဖြင့် တစ်ကွမ်းစားသော ဆန်ကိုလည်းကောင်း, တင်လဲခဲကိုလည်းကောင်း ယူဆောင်လျက် အရှင်စူဠသီဝမထေရ်မြတ် ကြီး၏ အထံသို့ လာရောက်၍ --- အရှင်ဘုရားတို့ ...အဘယ်အရပ်သို့ ကြွတော်မူကြမှာလဲဟု လျှောက်ထား ၏။

ဥပါသက ဒါယကာ ...ငါသည် တောင်အရပ်သို့ သွားမလို့ပါဟု ပြန်လည်၍ မိန့်တော်မူလိုက်၏။

တပည့်တော်သည်လည်း တောင်အရပ်သို့ပင် သွားလိုပါ၏။ အရှင်ဘုရား ...အတူတကွ သွားကြပါစို့ ဟု နတ်က လျှောက်ထား၏။

ဒါယကာ ...ငါသည် ဆွမ်းမဘုဉ်းပေးရသောကြောင့် အားမရှိ ဖြစ်နေ၏၊ သင်သွားသလို သွားနိုင်စွမ်း မရှိပါ၊ ဥပါသကာ ...သင်သည် ေ့ရှက သွားနှင့်ပေတော့ဟု မိန့်တော်မူလိုက်၏။

တပည့်တော်သည်လည်း အရှင်ဘုရား သွားသလိုပင် သွားပေအံ့ဟု လျှောက်ထား၍ အရှင်စူဠသီဝမထေရ် မြတ်ကြီး၏ သပိတ် သင်္ကန်းကို လှမ်းယူလိုက်၏။

တိဿဝါပိ ရေကန်၏ ကန်ပေါင်ရိုးသို့ တက်ရာအခါ၌လည်း အဖျော်ရည်ကို ပြုလုပ်၍ သပိတ်တွွင် ထည့်၍ အရှင်စူဠသီဝမထေရ်မြတ်ကြီးအား ဆက်ကပ် လှူဒါန်း၏။ မထေရ်မြတ်ကြီး၏ သန္တာန်၌ ဖျော်ရည်ကို သောက်သုံး လိုက်အပ်ကာမျှ၌ပင်လျှင် အနည်းငယ်သော ခွန်အားသည် ကောင်းစွာတည်လာ၏။ ရုက္ခဇိုဝ်းနတ်သည် မြေကြော ရှုံ့၍ ခရီးဆက်လေသော် ဝေဏုမြစ် အနီး၌ ရဟန်းတို့သည် စွန့်ပစ်ထားအပ်သော ကျောင်းတစ်ကျောင်းသို့ ဆိုက်ရောက်ကြ၍ အရှင်စူဠသီဝမထေရ်မြတ်ကြီး သီတင်းသုံးတော်မူရန် နေရာအရပ်ကို သုတ်သင် ရှင်းလင်း၍ ပေး၏။

နောက်တစ်နေ့၌ မထေရ်မြတ်ကြီးသည် မျက်နှာသစ်အပ်ပြီးကာမျှ ဖြစ်လတ်သော် ယာဂုကို ကျိုချက်၍ ဆက်ကပ် လှူဒါန်း၏။ ထိုနောင် ဆွမ်းကို ချက်ပြုတ်၍ ယာဂု သောက်သုံးပြီးသော မထေရ်မြတ်ကြီးအား ဆွမ်းကို ဆက်ကပ် လှူဒါန်း၏။ မထေရ်မြတ်ကြီးက ဥပါသကာ ...သင့်အတွက် ချန်ထားဦးလော့ဟု ပြောဆို၍ သပိတ်ကို လက်ဖြင့် ပိတ်ထားလိုက်၏။

တပည့်တော်သည် မဝေးလွန်းလှသော အရပ်သို့ သွားရပါမည်၊ ဝေးသော အရပ်သို့ သွားရမည် မဟုတ်ပါဟု လျှောက်ထား၍ ရုက္ခဇိုဝ်းနတ်သည် မထေရ်မြတ်ကြီး၏ သပိတ်၌ ဆွမ်းကို လောင်းထည့်၍ မထေရ်မြတ်ကြီးသည် ဆွမ်းစားခြင်းကိစ္စကို ပြုပြီးလတ်သော် သပိတ် သင်္ကန်းကို ယူဆောင်၍ လမ်းခရီးကို ဆက်လက် ကြွတော်မူလေသော် ရုက္ခဇိုဝ်းနတ်သည် နီးသွားအောင် မြေကြောကို ရှုံ့လိုက်၏၊ ဇဇ္ဇရမြစ်၏ အနီးသို့ ဆောင်ပို့လိုက်၏။

အရှင်ဘုရား ...ဤအရပ်သည် ဟင်းရွက်ကို စားသော လူတို့၏ နေရာ အရပ်ပါတည်း၊ မီးခိုးသည် ထင်ရှားပါ၏၊ တပည့်တော်သည် ေ့ရှသို့ သွားပါအံ့ဟု လျှောက်ထား၍ မထေရ်မြတ်ကြီးကို ရှိခိုး၍ မိမိ၏ ဗိမာန်သို့ ရုက္ခဇိုဝ်းနတ်သည် ပြန်သွားလေ၏။ ဗြာဟ္မဏတိဿ သူပုန်ဘေးင်္ကြီး ဆိုက်ရောက်နေသမျှ တစ်ချိန်လုံး အရှင် စူဠသီဝမထေရ်မြတ်ကြီးသည် ဟင်းရွက်ကိုစားသော လူတို့ကို အမှီပြု၍ သီတင်းသုံးတော်မူ၏။

အရှင်ဣသိဒတ္တမထေရ်မြတ်ကြီးသည်လည်း အရှင်မဟာသောဏမထေရ်မြတ်ကြီးနှင့် အတူ အစဉ်အတိုင်း ခရီးဒေသစာရီ ကြွချီတော်မူလတ်သော် အဠနဇနပုဒ်သို့ ချောချောမောမော ဆိုက်ရောက်တော်မူ၏။ ထို အဠနဇနပုဒ်၌ လူတို့သည် အလွန် မမှည့်ကုန်သေးသော သစ်မည်စည်သီးတို့ကို ခွဲ၍ အစေ့ကို ထုတ်ယူ၍ အခွံကို စွန့်ပစ်၍ သွားကြ၏။ အရှင်ဣသိဒတ္တမထေရ်မြတ်ကြီးက --- ငါ့ရှင် မဟာသောဏ ...ဆွမ်းအာဟာရသည် ထင်နေ၏ဟု မိန့်ဆို၍ သပိတ် သင်္ကန်းကို ယူဆောင်စေ၍ သပိတ်ကို သပိတ်အိတ်မှ ထုတ်ဆောင်၍ ဆွမ်းခံ ရပ်တော်မူ၏။ ကလေးသူငယ်တို့သည် အရှင်ဣသိဒတ္တမထေရ်မြတ်ကြီး ဆွမ်းခံ ရပ်တော်မူသည်ကို မြင်တွေ့ရ၍ --- ဤ သစ်မည်စည်စေ့၏ အခွံဖြင့် တစ်စုံတစ်ခုသော အလိုရှိအပ်သော အကျိုးတရားသည် ထင်ရှားရှိသည် ဖြစ်ပေလတ္တံ့ ဤသို့ စဉ်းစားမိကြ၍ သစ်စေ့အခွံ၌ ပေကျံနေသော သဲကို သုတ်၍ သစ်မည်စည်သီး အခွံကို သပိတ်၌ လောင်း လှူကြကုန်၏။ မထေရ်မြတ်ကြီးတို့သည် ဘုဉ်းပေးတော်မူကြ၏။ ခုနစ်ရက်မျှပတ်လုံး ထိုသစ်မည်စည်သီး အခွံ သည်ပင် မထေရ်မြတ်ကြီးတို့၏ အစာအာဟာရ ဖြစ်သွားခဲ့၏။

အစဉ်သဖြင့် ခရီးဒေသစာရီ ကြွချီတော်မူရာ စောရိယအိုင်သို့ ချောချောမောမော ဆိုက်ရောက်တော်မူကြ၏။ လူဒါယကာ ဒါယိကာမတို့သည် ကုမုဒြာကြာတို့ကို ယူဆောင်၍ ကုမုဒြာကြာရိုးတို့ကို စွန့်ပစ်၍သွားကြ၏။ အရှင် ဣသိဒတ္တမထေရ်မြတ်ကြီးသည် - ငါ့ရှင် မဟာသောဏ ...ဆွမ်းအာဟာရသည် ထင်လာ၏၊ ဤသို့ မိန့်တော် မူ၍ သပိတ် သင်္ကန်းကို ဆောင်ယူစေ၏။ သင်္ကန်းကိုရုံ၍ သပိတ်အိတ်မှ သပိတ်ကို ထုတ်ဆောင်တော်မူ၍ ဆွမ်းခံ ရပ်တော်မူ၏။ ရွာသူသားငယ်တို့သည် ကုမုဒြာကြာရိုးတို့ကို ဆေးကြော သုတ်သင်၍ သပိတ်၌ ထည့်၍ လောင်းလှူကြ၏။ မထေရ်မြတ်ကြီးတို့သည် ဘုဉ်းပေးတော်မူကြကုန်၏။ ခုနစ်ရက်မျှပတ်လုံး ထိုကြာရိုးသည် ပင်လျှင် မထေရ်မြတ်ကြီးတို့အတွက် အစာအာဟာရ ဖြစ်သွားခဲ့၏။

အစဉ်အတိုင်း ခရီးဒေသစာရီ ကြွချီတော်မူလတ်သော် ဟင်းရွက်ကို စားကုန်သော သူတို့၏ နေရာအရပ်၌ ရွာတံခါးတစ်ခုသို့ ကောင်းစွာ ဆိုက်ရောက်သွားတော်မူကြ၏။ ထိုရွာတံခါး၌ တစ်ယောက်သော သတို့သမီး၏ မိဘတို့သည် တောသို့သွားခါနီးတွင် --- ချစ်သမီး ...အရှင်မြတ်တစ်ပါးသည် အကယ်၍ ကြွလာငြားအံ့၊ ဤသို့ ကြွလာသော် တစ်စုံတစ်ခုသော အရပ်သို့ ဆွမ်းအလို့ငှာ သွားခြင်းကို မပေးလင့်၊ အရှင်၏ ခေတ္တသီတင်း သုံးရာ နေရာဌာနကို မေးမြန်းလျှောက်ထားလိုက်ပါလော့ --- ဤသို့ ပြောဆိုမှာထားသွားကြ၏။

ထိုသတို့သမီးသည် မထေရ်မြတ်ကြီးနှစ်ပါးတို့ကို ဖူးမြင်ရ၍ သပိတ်ကိုယူဆောင်၍ အိမ်၌ ခေတ္တထိုင်၍ သီတင်းသုံးစေတော်မူ၏။ အိမ်၌လည်း စပါးမျိုးမည်သည် မရှိသာဖြစ်၏။ သို့သော် ဓားငယ်ကိုယူ၍ ချင်ရွေးပင် တောငှက်ပျောပင်တို့၏ အခွံအဖတ်ကို ချင်ရွေးနွယ် ချင်ရွေးရွက်တို့နှင့်တကွ တစ်ပေါင်းတည်း နုပ်နုပ်စဉ်း၍ အဆုပ် (၃)ဆုပ် ပြုလုပ်၍ တစ်ဆုပ်ကို ဣသိဒတ္တမထေရ်၏, တစ်ဆုပ်ကို မဟာသောဏမထေရ်၏ သပိတ်၌ လောင်းလှူလိုက်၏။ ပိုနေသော တစ်ဆုပ်ကို ထေရ်ကြီးဝါကြီး ဖြစ်တော်မူသော ဣသိဒတ္တမထေရ်မြတ်ကြီး၏ သပိတ်၌ ထည့်၍ လှူအံ့ဟု ကြံစည်၍ လက်ကို ဆန့်တန်းလိုက်၏။ သတို့သမီး၏ လက်သည် ပြန်လည်လာ၍ မဟာသောဏမထေရ်မြတ်ကြီး၏ သပိတ်၌ တည်စေပြီ။

ဣသိဒတ္တမထေရ်မြတ်ကြီးက - ဗြာဟ္မဏတိဿ သူပုန်ဘေးဆိုးင်္ကြီး ဖြစ်ရာအခါ၌ ချင်ရွေးပင် ငှက်ပျော ပင်တို့မှ ဖြစ်သော အဆုပ်အခဲတို့ကို အကျိုးပေးသော ကံသည် ဒေသသမ္ပတ္တိ ကာလသမ္ပတ္တိ ဖြစ်ရာအခါ၌ အဘယ်မျှလောက် ပမာဏရှိသော အကျိုးကို ပေးလတ္တံ့နည်း --- ဤသို့ ပြောဆို၏။ ထိုမထေရ်မြတ်ကြီးတို့သည် ထိုအဆုပ်အခဲကို ဘုဉ်းပေးတော်မူပြီး၍ နေရာအရပ်သို့ သွားကြကုန်ပြီ။ ထိုသတို့သမီးသည်လည်း တောမှ ပြန် လာကုန်သော မိဘတို့အား အကျိုးအကြာင်းကို ပြောပြ၏။ မထေရ်မြတ်ကြီးနှစ်ပါးတို့ ဆွမ်းခံကြွလာကြောင်း, ထိုမထေရ်မြတ်ကြီးတို့၏ နေထိုင်သီတင်းသုံးရာ အရပ်ကိုလည်း မေးမြန်းလျှောက်ထားလိုက်ကြောင်းကို ပြောပြ၏။ ထိုမိဘနှစ်ပါးတို့သည် မထေရ်မြတ်ကြီးတို့၏ အထံသို့ သွား၍ ရှိခိုးဝပ်ချ၍ --- အရှင်ဘုရားတို့ ... အကြင် အာဟာရကို တပည့်တော်တို့သည် ရရှိကြပါကုန်၏၊ ထိုအာဟာရဖြင့် အရှင်ဘုရားတို့ကို ပြုစုလုပ်ကျွေးပါကုန်အံ့၊ ဤအရပ်၌သာလျှင် သီတင်းသုံးတော်မူကြပါကုန်ဘုရား - ဤသို့ လျှောက်ထားတောင်းပန်၍ နေဖို့ရန် ခံဝန်ချက် ပဋိညာဉ်ကို ယူကြ၏။ မထေရ်မြတ်ကြီးနှစ်ပါးတို့သည်လည်း ဘေးဖြစ်နေရာ တစ်ချိန်လုံးပင် ထိုဥပါသကာ ဥပါသိကာမတို့ကို အမှီပြု၍ နေထိုင်သီတင်းသုံးတော်မူကြ၏။

ဗြာဟ္မဏတိဿ သူပုန်င်္ကြီးကား ကွယ်လွန်သွားခဲ့၏။ ပိတုမဟာရာဇာသည် ထီးဖြူကို စိုက်ထူစေ၏။ ဗြာဟ္မဏတိဿ သူပုန်ဘေးင်္ကြီး ငြိမ်းအေးသွားပြီ၊ ဇနပုဒ်သည် ပြည့်စုံကြွယ်ဝလာပြီ --- ဟူသော သတင်း ကောင်းကို ကြားရ၍ သမုဒြာ၏ တစ်ဘက်ကမ်း (အိန္ဒိယဘက်) မှ ရဟန်းသံဃာတော်သည် လှေဖြင့် ပြန်လည် ကြွလာ၏၊ မဟာတိတ္ထဆိပ်ကမ်း၌ သက်ဆင်းတော်မူ၏။ မဟာသောဏမထေရ်မြတ်ကြီးသည် အဘယ်အရပ်၌ သီတင်းသုံးနေထိုင်ပါသနည်း--- ဟု မေးမြန်း၍ မဟာသောဏမထေရ်မြတ်ကြီး၏ အထံသို့ ကြွသွားတော်မူ၏။အရှင်မဟာသောဏမထေရ်မြတ်ကြီးကား ထိုအချိန်အခါဝယ် ရဟန်းငါးရာ အခြံအရံရှိသော = ရဟန်း (၅၀၀) သီတင်းသုံး နေထိုင်လျက်ရှိသော ကာလကရွာ မဏ္ဍလာရာမကျောင်းတိုက်သို့ ကောင်းစွာ ဆိုက်ရောက်တော် မူလာ၏။ ထိုအခါ ၌ ကာလကရွာ၌ အိမ်ခြေပေါင်း (ရဝဝ) ရှိနေ၏။ ညဉ့်အခါဝယ် နတ်တို့သည် လှည့်လည်၍ အရှင်မဟာသောဏ မထေရ်မြတ်ကြီးသည် ရဟန်း (၅၀၀) အခြံအရံရှိသော မဏ္ဍလာရာမကျောင်းတိုက်သို့ ဆိုက်ရောက်တော်မူလာ၏။ တစ်ယောက် တစ်ယောက်သည် (၉)တောင်ရှိသော အဝတ်နှင့်တကွ အဿပြာ တစ်ကျပ် တစ်ကျပ် ထိုက်တန်သော ဆွမ်းကို ပေးလှူလော့ -- ဟု လူအပေါင်းတို့ကို ပြောဆိုကြကုန်၏။

တစ်ဖန် နောက်တစ်နေ့၌ မထေရ်မြတ်တို့သည် ကာလကရွာတွင်းသို့ ဆွမ်းအလို့ငှာ ဝင်ရောက်တော်မူကြ ကုန်၏။ လူတို့သည် ထိုင်၍ သီတင်းသုံးစေပြီးနောက် ယာဂုကို ဆက်ကပ် လှူဒါန်းကြကုန်၏။ ထိုသံဃာ့ပရိသတ်၌ မဏ္ဍလာရာမကျောင်းတိုက်၌ သီတင်းသုံးတော်မူသော အရှင်တိဿဘူတိမထေရ်မြတ်ကြီးသည်ကား သံဃာ့ထေရ် ဖြစ်၍ ထိုင်နေတော်မူ၏။ တစ်ယောက်သော ဥပါသကာ ဒါယကာကြီးသည် ထိုအရှင်တိဿဘူတိမထေရ်မြတ်ကြီး ကို ရှိခိုးဝပ်ချ၍ --- အရှင်ဘုရား ...အရှင်မဟာသောဏမထေရ်မြတ်မည်သည် အဘယ်မထေရ်ပါနည်း -ဤသို့ မေးမြန်းလျှောက်ထား၏။ ထိုအချိန်အခါ၌ အရှင်မဟာသောဏမထေရ်မြတ်ကား သီတင်းငယ် ဖြစ်နေ၏၊ ထို ရဟန်းပရိသတ်တွင် အငယ်ဆုံး ဖြစ်နေ၏၊ ရဟန်းပရိသတ်၏ အစွန်ဆုံး နေရာ၌ ထိုင်နေတော်မူ၏။ အရှင် တိဿဘူတိမထေရ်မြတ်ကြီးသည် လက်တော်ကို ဆန့်တန်းတော်မူ၍ - ဥပါသကာ ...မဟာသောဏမထေရ် မည်သည် ဤပုဂ္ဂိုလ်တည်း - ဟု မိန့်ကြားတော်မူလိုက်၏။ ဥပါသကာ ဒါယကာကြီးသည် ထိုမဟာသောဏ မထေရ်မြတ်ကြီးကို ရှိခိုး၍ သပိတ်ကို လှမ်းယူ၏။ အရှင်မဟာသောဏမထေရ်မြတ်က သပိတ်ကို မပေးလိုက်ပေ။

အရှင်မဟာသောဏမထေရ်မြတ်က အဘယ်ကြောင့် မပေးသနည်းဟူမူ --- ဤဥပါသကာ ဒါယကာကြီး သည် ငါ့ကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းဖြင့် သိလေသနည်း၊ တစ်စုံတစ်ယောက်က တစ်စုံတစ်ခုကို ပြောထားသည် ဖြစ်တန်ရာ၏ --- ဤသို့ အမှတ်သညာရှိ၍ မပေးခြင်း ဖြစ်၏။ (ရဟန်း တစ်ပါးပါးက ပြောထား သည်ဟု အမှတ်သညာ ရှိနေ၍ မပေးခြင်း ဖြစ်၏ဟု ဆိုလိုသည်။)

ထိုအခါ အရှင်တိဿဘူတိမထေရ်မြတ်ကြီးက - ငါ့ရှင် သောဏ ...သင်သည် မသိသကဲ့သို့ ငါတို့သည် လည်း အလားတူပင် မသိကြပါကုန်၊ ဘုန်းကံ ရှိသူတို့အဖို့ နတ်တို့သည် ဆွမ်းတို့ကို ကျက်စေကြကုန်၏၊ သပိတ်ကို ပေးလိုက်ပါ၊ သီတင်းသုံးဖော်တို့အား ချီးမြှောက်မှုကို ပြုပါလော့ --- ဟု မိန့်ကြားတော်မူလိုက်၏။

အရှင်မဟာသောဏမထေရ်မြတ်သည် သပိတ်ကို ပေးတော်မူလိုက်၏၊ ဥပါသကာ ဒါယကာကြီးသည် သပိတ်ကို ယူဆောင်၍ အသပြာ တစ်ကျပ် ထိုက်တန်သော ဆွမ်းဖြင့် ပြည့်စေ၍ (၉)တောင် အတိုင်းအရှည်ရှိသော ပိတ်စကို သပိတ်ခြေ ပြုလုပ်၍ ဆောင်ယူပြီးနောက် အရှင်မဟာသောဏမထေရ်မြတ်၏ လက်တော်၌ ဆက်ကပ် တည်ထားလေ၏။ အခြားတစ်ယောက်သော ဥပါသကာ ဒါယကာကြီးသည်လည်း အခြားသော ရဟန်းတော် တစ်ပါး၏ သပိတ်တော်ကို ယူဆောင်သွားပြီးနောက် အသပြာ တစ်ကျပ် ထိုက်တန်သော ဆွမ်းဖြင့် ပြည့်စေ၍ (၉)တောင် အတိုင်းအရှည် ရှိသော ပိတ်စကို သပိတ်ခြေ ပြုလုပ်၍ ဆောင်ယူပြီးနောက် အရှင်မဟာသောဏ မထေရ်မြတ်၏ လက်တော်၌ ဆက်ကပ် တည်ထားလေ၏။ ဤသို့လျှင် (ရဝဝ)သော ပိတ်စတို့ကိုလည်းကောင်း, (ရဝဝ)သော ဆွမ်းတို့ကိုလည်းကောင်း အရှင်မဟာသောဏမထေရ်မြတ်အားသာလျှင် ပေးလှူကြကုန်၏။

အရှင်မဟာသောဏမထေရ်မြတ်သည် ရဟန်းသံဃာတော်အား ခွဲခြား ဝေဖန်မှုကို ပြု၍ အစဉ်အတိုင်း ခရီးဒေသစာရီ ကြွချီတော်မူလာရာ မဟာဝိဟာရကျောင်းတိုက်ကြီးသို့ ဆိုက်ရောက်တော်မူလာ၏။ မျက်နှာကို သစ်တော်မူ၏။ မဟာဗောဓိပင်ကို ရှိခိုး ဝတ်ပြုတော်မူ၏။ မဟာစေတီတော်ကို ရှိခိုးတော်မူ၏။ ထူပါရာမ၌ ရပ်တည်တော်မူလျက် သင်္ကန်းကို ရုံ၍ ရဟန်းသံဃာအပေါင်း ခြံရံလျက် မြို့တွင်းသို့ ဝင်တော်မူ၍ တောင်တံခါး မှသည် ဝဠဉ္ဇနက မည်သော ဇရပ်သို့တိုင်အောင် ဤအတွင်း၌ အသပြာ (၆၀) ထိုက်တန်သော ဆွမ်းကို ရရှိတော် မူ၏။ တစ်ဖန် ထိုအခါမှစ၍ ကောင်းစွာ ပြုလုပ်အပ်သော ပူဇော်သက္ကာရ၏ အတိုင်းအတာ ပမာဏကား မရှိ ဖြစ်ခဲ့၏။ --- ဤသို့လျှင် ကာလဝိပတ္တိ၌ သစ်မည်စည်သီး အခွံသည်လည်းကောင်း, ကုမုဒြာကြာရိုးသည်လည်းကောင်း အလွန်ရခဲသော သဘောရှိသည့် ဒုလ္လဘတရား တစ်ခု ဖြစ်ခဲ့ရ၏။ ကာလသမ္ပတ္တိ အခါ၌ကား ဤသို့ သဘောရှိသော များစွာကုန်သော လာဘ်လာဘသည် ထင်ရှား ဖြစ်ခဲ့လေပြီ။ (အဘိ၊ဋ္ဌ၊၂၊၄၂၆-၄၃၀။)

ဝတ္တဗ္ဗကနိဂြောဓမထေရ်မြတ်ကြီး၏ ဝတ္ထု

ဝတ္တဗ္ဗကနိဂြောဓမထေရ်မြတ်ကြီး၏ ဝတ္ထု

အရှင်ဝတ္တဗ္ဗကနိဂြောဓမထေရ်၏ အကြောင်းအရာကိုလည်း ဤတွင် အဋ္ဌကထာက ဖွင့်ဆိုထားတော်မူ၏ --- အရှင်ဝတ္တဗ္ဗကနိဂြောဓမထေရ်၏လည်း သာမဏေ ဖြစ်ရာအခါ၌ ဗြာဟ္မဏတိဿ သူပုန်ဘေးကြီးသည် ထင်ရှား ဖြစ်ပေါ်ခဲ့၏။ ဝတ္တဗ္ဗကနိဂြောဓသာမဏေသည်လည်းကောင်း, ထိုသာမဏေ၏ ဥပဇ္ဈာယ်ဆရာတော်သည်လည်း ကောင်း သမုဒြာ တစ်ဘက်ကမ်းသို့ = အိန္ဒိယဘက်သို့ မလိုက်ပါကြကုန်။ ဟင်းရွက်ကို စားသုံးကြကုန်သော လူ တို့ကို အမှီပြု၍ နေကုန်အံ့ဟု ကြံစည်၍ တိုင်းပြည်၏ အစွန်အဖျား ပစ္ဆန္တရာဇ်အရပ်သို့ ရှေးရှူ ခရီးသွားတော်မူကြ ၏။ ရှင်သာမဏေသည် ခုနစ်ရက်မျှပတ်လုံး အစာမစားရသည် ဖြစ်၍ တစ်ခုသော ရွာတည်ရာ အရပ်၌ ထန်းသီး ရင့်ရင့်ကို တွေ့မြင်ရ၍ ဥပဇ္ဈာယ်ဆရာတော်ကို လျှောက်ထား၏ --- အရှင်ဘုရား ...အနည်းငယ် ဆိုင်းငံ့တော် မူပါ၊ ထန်းသီးရင့်ရင့်ကို မြေသို့ ကျစေပါအံ့ဟု လျှောက်ထား၏။ ငါ့ရှင် သာမဏေ ...သင်ကား အားမရှိ ဖြစ်နေ၏၊ ထန်းပင်ကို မတက်ပါလင့်ဟု တားမြစ်တော်မူလိုက်၏။

အရှင်ဘုရား ...တပည့်တော် တက်ပါအံ့ဟု လျှောက်ထား၍ ဓားငယ်ကို ကိုင်၍ ထန်းပင်သို့ တက်၏။ ထန်းပင်ပေါ်သို့ ရောက်သောအခါ ထန်းသီးခိုင်ကို ဖြတ်ချဖို့ရန် ကြိုးစားအားထုတ်တော်မူ၏။ ဓားသွားငယ်သည် ဓားရိုးမှ ကျွတ်ထွက်၍ မြေပေါ်သို့ ကျသွား၏။ ဥပဇ္ဈာယ်မထေရ်မြတ်ကြီးကား စဉ်းစားတော်မူ၏ --- ဤသာမဏေ သည် ပင်ပင်ပန်းပန်း ထန်းပင်ပေါ်သို့ ရောက်အောင် တက်ခဲ့ရ၏၊ ယခုအခါ၌ အဘယ်ကို ပြုလုပ်ရလတ္တံ့နည်း ဤသို့ စဉ်းစားတော်မူ၏။ ရှင်သာမဏေကား အကြောင်းဥပါယ်၌ လိမ္မာသူဖြစ်၏။ ထန်းရွက်ကို စိတ်၍ စိတ်၍ ဓားရိုး၌ ဖွဲ့ချည်၍ ထန်းရွက်စ တစ်ခုနှင့် ထန်းရွက်စ တစ်ခုကို ဆက်စပ်လျက် ဖွဲ့ချည်ပြီးနောက် မြေ၌ ချပေး လိုက်၏။ အရှင်ဘုရား ...ဓားသွားကို ဤဓားရိုး၌ အကယ်၍ သွင်းပေးလိုက်အံ့၊ ဤသို့ သွင်းပေးလိုက်သော် စင်စစ်ကောင်းသည်သာ ဖြစ်ရာပါ၏ - ဟု လျှောက်ထား၏။ ဥပဇ္ဈာယ်မထေရ်မြတ်သည် --- ရှင်သာမဏေကား ဥပါယ်တံမျဉ်၌ ကျွမ်းကျင်၏ --- ဟု နှလုံးပိုက်တော်မူ၍ ဓားသွားကို ဓားရိုး၌ သွင်း၍ ပေးတော်မူလိုက်၏။

ထိုသာမဏေသည် ဓားငယ်ကို အပေါ်သို့ ဆွဲတင်၍ ထန်းသီးတို့ကို ခုတ်ချလိုက်၏။ မထေရ်ကြီးသည် ဓားငယ်ကို ရှေးဦးစွာ အောက်သို့ ပစ်ချရန် မိန့်ကြားတော်မူလိုက်၏။ မထေရ်ကြီးသည် မြေကြီးပေါ်၌ လိမ့်သွားသော ထန်းသီးကို ခွဲ၍ ထန်းပင်ပေါ်မှ ဆင်းသက်လာသော ရှင်သာမဏေကို --- သာမဏေ ...သင်သည် အားမရှိ ဖြစ်နေ၏၊ ရှေးဦးစွာ ဤထန်းသီးကို စားပါ --- ဟု မိန့်ဆို၏။

အရှင်ဘုရား ...တပည့်တော်သည် အရှင်ဘုရားတို့သည် မခဲစားအပ်သေးမီ မခဲစားပါအံ့ ဟု လျှောက် ထား၍ ဓားငယ်ကို ယူ၍ ထန်းသီးတို့ကို ခွဲ၍ သပိတ်ကို သပိတ်အိတ်မှ ထုတ်ဆောင်၍ ထန်သီးဆန်ကို ထည့်၍ ဥပဇ္ဈာယ်မထေရ်မြတ်ကြီးအား ဦးစွာ ဆက်ကပ်၏။ ထိုနောင်မှ မိမိကိုယ်တိုင် ခဲစား၏။ ထန်းပင်တို့၌ ထန်းသီးများ ရှိနေသေးသမျှ ကာလပတ်လုံး ထန်းသီးများ မကုန်မချင်း ဆရာတပည့် နှစ်ပါးတို့သည် ထိုအရပ်၌ပင်လျှင် သီတင်း သုံးတော်မူကြ၏။ ထန်းသီးတို့ ကုန်သွားသောအခါ၌ ဆရာတပည့် နှစ်ပါးတို့သည် အစဉ်အတိုင်း ခရီးဒေသစာရီ ကြွချီတော်မူရာ ဟင်းရွက်ကို စားကြကုန်သော လူတို့၏ နေရာအရပ်ဌာန၌ ရဟန်းတို့ စွန့်ပစ်ထားအပ်သော ကျောင်းတစ်ကျောင်းသို့ ဝင်ရောက်သွားကြ၏။ ရှင်သာမဏေသည် ဥပဇ္ဈာယ်မထေရ်မြတ်ကြီး၏ သီတင်းသုံးဖို့ရန် နေရာကို သုတ်သင်ရှင်းလင်းပေး၏။ ဥပဇ္ဈာယ်မထေရ်မြတ်ကြီးသည် ရှင်သာမဏေအား အဆုံးအမ ဩဝါဒကို ပေးတော်မူပြီးနောက် ကျောင်းတွင်းသို့ ဝင်သွားတော်မူ၏။ ရှင်သာမဏေကား ဤသို့ စဉ်းစားတော်မူ၏။ ---

အနာယတနေ နဋ္ဌာနံ အတ္တဘာဝါနံ ပမာဏံ နတ္ထိ၊ ဗုဒ္ဓါနံ ဥပဋ္ဌာနံ ကရိဿာမိ။ (အဘိ၊ဋ္ဌ၊၂၊၄၃၁။)

သေဖို့ရန် အကြောင်းမဟုတ်သော အရပ်၌, မသေသင့်ဘဲ သေရာအရပ်၌ ပျက်စီးရကုန်သော ခန္ဓာကိုယ် အတ္တဘောတို့၏ အတိုင်းအရှည်ပမာဏသည်ကား မရှိဖြစ်ခဲ့၏ (= သံသရာတစ်ခွင်၌ ကျင်လည်ခဲ့ရစဉ် မသေသင့်ဘဲ သေရသည့်ဘဝ, မသေသင့်ရာအရပ်၌ သေခဲ့ရသည့်ဘဝတို့ကား မရေမတွက်နိုင်အောင် များပြားခဲ့၏။) ဘုရားရှင် တို့အား ပြုစုလုပ်ကျွေးခြင်းကို ငါသည် ပြုပါတော့အံ့ ဤသို့ ကြံစည်စဉ်းစား၍ စေတီရင်ပြင်တော်သို့ သွား၍ စိမ်းလန်းသော မြက်သစ်ပင် မရှိအောင် သုတ်သင်ရှင်းလင်း၏။ ခုနစ်ရက်မျှကာလပတ်လုံး အစာမစားရခြင်းကြောင့် တုန်တုန်လှုပ်လှုပ် ဖြစ်၍ လဲလေ၏။ လျောင်းလျက်သာလျှင် စေတီရင်ပြင်တော်၌ရှိသော မြက်တို့ကို ဆက်လက်၍ နှုတ်နေ၏။

ထိုအချိန်အခါဝယ် အချို့ကုန်သော လူတို့သည် တောထဲ၌ လှည့်လည်ကုန်လတ်သော် ပျားရည်ကို ရရှိ၍ ထင်းတို့ကိုလည်းကောင်း ဟင်းရွက်တို့ကိုလည်းကောင်း ဆောင်ယူ၍ လာကုန်လတ်သော် စေတီရင်ပြင်တော်၌ ရှိသော မြက်များ လှုပ်ရှားနေခြင်းဟူသော အမှတ်သညာဖြင့် ဤလှုပ်ရှားနေသော အရာသည် သားကောင် လေလော ဟု ကြံ၍ လာလတ်ကုန်သော် ရှင်သာမဏေကို တွေ့ကြကုန်၏။ ရှင်သာမဏေ၏ အထံသို့ သွား၍ သာမဏေ ...အဘယ်အရာကို ပြုလုပ်နေပါသနည်း ဟု မေးမြန်းလျှောက်ထားကြကုန်၏။

ဥပါသကာ ဒါယကာတို့ ...စေတီရင်ပြင်တော်၌ ပေါက်ရောက်နေကြသော ရှုပ်ပွေနေကြသော မြက်ထုံး တို့ကို ဆွဲယူနေပါ၏ --- ဤသို့ ပြန်ပြောလိုက်၏။

အရှင်ဘုရား ...အရှင်ဘုရားမှ အခြားတစ်ပါးသော ရဟန်းသံဃာတော် တစ်စုံတစ်ဦးသည် ရှိပါသေး သလော ဟု မေးမြန်းလျှောက်ထားကြ၏။

ဥပါသကာ ဒါယကာတို့ ...အိမ်း - ရှိပေ၏။ ကိုရင်၏ ဥပဇ္ဈာယ်ဆရာတော်သည် ကျောင်းခန်းအတွင်း၌ ရှိနေသေး၏ ဟု ပြန်လည်မိန့်ဆိုလိုက်၏။

အရှင်ဘုရား ...ဥပဇ္ဈာယ်ဆရာတော်မဟာထေရ်မြတ်ကြီးအား ပေးလှူပြီးနောက် အရှင်ဘုရားလည်း ခဲစားတော်မူပါ ဘုဉ်းပေးတော်မူပါ --- ဤသို့ ပြောဆိုလျှောက်ထား၍ ရှင်သာမဏေအား ပျားရည်ကို လှူဒါန်း ပြီးနောက် မိမိ၏ (ဒါယကာ၏) နေထိုင်ရာအရပ်ကို လျှောက်ထားခဲ့၍ ---

အရှင်ဘုရား ...တပည့်တော်တို့သည် သစ်ခက်များကို ချိုး၍ ချိုး၍ လမ်း၌ ချလျက် ချလျက် လမ်းပြသော အားဖြင့် သွားပါကုန်အံ့၊ လမ်း၌ ချိုး၍ ချထားအံ့သော ဤသစ်ခက် အမှတ်အသားဖြင့် အရှင်ဘုရား၏ ဥပဇ္ဈာယ် ဆရာတော်မထေရ်မြတ်ကြီးကို ပင့်ဆောင်တော်မူ၍ လိုက်ခဲ့တော်မူပါ - ဟု ပြောဆိုလျှောက်ထား၍ သွားကြ၏။

ရှင်သာမဏေသည် ပျားရည်ကို ယူဆောင်၍ ဥပဇ္ဈာယ်မထေရ်မြတ်ကြီး၏ အထံသို့ သွား၏။ အခန်း၏ ပြင်ဘက်၌ ရပ်တည်၍ --- အရှင်ဘုရား ...ရှိခိုးပါ၏ ဟု လျှောက်ထား၏။ ဥပဇ္ဈာယ်ဆရာတော်မထေရ်မြတ် ကြီးသည် --- ရှင်သာမဏေသည် မွတ်သိပ်ဆာလောင်ခြင်းသည် အဖန်ဖန် လောင်မြှိုက်အပ်သည်ဖြစ်၍ ငါ့ထံသို့ လာသည် ဖြစ်လတ္တံ့ --- ဤသို့ စဉ်းစားပြီး ဆိတ်ဆိတ်နေတော်မူလိုက်၏။ ထိုရှင်သာမဏေသည် တစ်ဖန်ထပ်၍ လည်း --- အရှင်ဘုရား ...ရှိခိုးပါ၏ ဟု လျှောက်ထား၏။

သာမဏေ ...အဘယ်ကြောင့် အားမရှိသော ရဟန်းတို့အား ချမ်းချမ်းသာသာ လျောင်းစက်နေခြင်းငှာ အခွင့်ကို မပေးသနည်းဟု အမိန့်ရှိလိုက်၏။

အရှင်ဘုရား ...တံခါးကို ဖွင့်ခြင်းငှာ လျောက်ပတ်ပါ၏ ဟု လျှောက်ထားလိုက်၏။ မထေရ်မြတ်ကြီး သည် နေရာမှ ထတော်မူ၍ တံခါးကို ဖွင့်ပေးတော်မူလိုက်၏။

သာမဏေ ...သင်သည် အဘယ်အရာဝတ္ထုကို ရရှိအပ်ပါသနည်း ---ဟု မေးမြန်းလိုက်၏။ အရှင်ဘုရား ...လူဒါယကာတို့သည် ပျားရည်ကို ပေးလှူအပ်ပါပြီ၊ ပျားရည်ကို ဘုဉ်းပေး သုံးဆောင်တော်မူခြင်းငှာ လျောက် ပတ်ပါ၏ ဟု လျှောက်ထားလိုက်၏။

သာမဏေ ...ပျားရည်အတိုင်း ဘုဉ်းပေး သုံးဆောင်လိုက်လျှင် ပင်ပန်းကြပေလိမ့်မယ်၊ ဖျော်ရည်ကို ပြုလုပ်၍ သောက်ကြစို့ဟု မိန့်ကြားတော်မူလိုက်၏။

ရှင်သာမဏေသည် ဖျော်ရည်ပြုလုပ်၍ ဆက်ကပ်တော်မူလိုက်၏။ ထိုအခါ မထေရ်မြတ်ကြီးက သာမဏေ လူဒါယကာတို့၏ နေထိုင်ရာ အရပ်ကို မေးကြည့်လိုက်သေးသလားဟု မေးမြန်းလိုက်၏။

အရှင်ဘုရား ...သူတို့ကိုယ်တိုင်ပင် ပြောပြသွားကြပါ၏ --- ဤသို့ လျှောက်ထားလိုက်၏။

သာမဏေ ...နံနက်စောစောကျမှ သွားကြလျှင် ငါတို့ ပင်ပန်းကြလိမ့်မယ်၊ ဒီနေ့ပင် သွားကြစို့ ---ဟု မထေရ်မြတ်ကြီးက မိန့်ဆို၍ သပိတ် သင်္ကန်းကို ယူဆောင်စေ၍ ထွက်တော်မူခဲ့ကြ၏။ ထိုဆရာတပည့်တို့သည် သွားကြ၍ လူဒါယကာတို့၏ နေထိုင်ရာ အရပ်၏ မနီး မဝေးသော နေရာတစ်ခု၌ ကျိန်းစက်တော်မူကြ၏။

ရှင်သာမဏေသည် ညဉ့်အခါ၌ ဤသို့ စဉ်းစား၏ --- ငါသည် ရှင်သာမဏေ ဖြစ်သည့်အခါမှစ၍ ရွာ၏ အနီး၌ = အာရညကင်ဓုတင် မရသော နေရာ၌ အရုဏ် မတက်စေအပ်ဖူးပေ။ [ရွာ၏ ဥပစာမှ အနည်းဆုံး ကုလလေးတာ အပြန် (၅၀၀) ကွာဝေးသော တောအရပ်၌သာလျှင် အရုဏ်ကို တက်စေခဲ့ဖူး၏။] ဤသို့ စဉ်းစား၍ ထိုရှင်သာမဏေသည် သပိတ်ကို ယူဆောင်၍ အရုဏ်ကို တက်စေခြင်းငှာ အာရညကင်ဓုတင် မြောက်သော ရွာဥပစာမှ အနည်းဆုံး ကုလလေးတာ အပြန် (၅၀၀) ကွာဝေးသော တောအရပ်သို့ ကြွသွားတော်မူ၏။

ဥပဇ္ဈာယ်ဆရာတော်မထေရ်မြတ်ကြီးသည် ရှင်သာမဏေကို လျောင်းစက်ရာ အရပ်၌ မတွေ့မမြင်ရသည် ဖြစ်၍ - လူသားကို စားတတ်ကုန်သော လူတို့သည် ဖမ်းယူသွားသည် ဖြစ်ပေလိမ့်မည် -- ဟု စဉ်းစားတော်မူ၏။

ရှင်သာမဏေသည် အာရညကင်ဓုတင် မြောက်သော တောအရပ်၌ အရုဏ်ကို တက်စေ၍ သပိတ်ဖြင့် မျက်နှာသစ်ရန် ရေကိုလည်းကောင်း, တံပူကိုလည်းကောင်း ယူဆောင်၍ ပြန်လာခဲ့၏။

သာမဏေ ...သင်သည် အဘယ်အရပ်သို့ သွားလေသနည်း၊ သင်သည် အသက်ကြီးကုန်သော ရဟန်းတော်တို့၏ တောင်တောင်ဤဤ ကြံစည်ခြင်းကို ဖြစ်စေအပ်ပြီ၊ သဲဒဏ် ရေဒဏ်စသော ဒဏ်ထမ်းခြင်းအမှုကို ဆောင်လောဟု မိန့်ကြားတော်မူလိုက်၏။

အရှင်ဘုရား ...ဒဏ်ကို ထမ်းဆောင်ပါအံ့ဟု လျှောက်ထားလိုက်၏။ မထေရ်မြတ်ကြီးသည် မျက်နှာတော်ကို သစ်တော်မူ၍ သင်္ကန်းကို ရုံတော်မူ၏။ ဆရာတပည့် နှစ်ပါးလုံးတို့သည်လည်း လူဒါယကာတို့ နေထိုင်ရာ အရပ်သို့ ကြွသွားတော်မူကြ၏။ လူဒါယကာ လူဒါယကာမတို့သည်လည်း မိမိတို့၏ သုံးဆောင်နေကြဖြစ်သော တောသစ်ဥ သစ်ဖု သစ်မြစ် သစ်သီး သစ်ရွက်ကို ပေးလှူကြ၏။ မထေရ်မြတ်ကြီးသည်လည်း ဘုဉ်းပေးတော်မူပြီး၍ ကျောင်းသို့ ပြန်ကြွတော်မူ၏။ ရှင်သာမဏေသည် ခြေဆေးရေကို ဆောင်ယူ၍ --- အရှင်ဘုရား ...ခြေတော် တို့ကို ဆေးကြောပေးပါအံ့ဟု လျှောက်ထား၏။

သာမဏေ ...သင်သည် ညဉ့်တုန်းက အဘယ်အရပ်သို့ သွားသနည်း၊ ငါတို့သန္တာန်၌ တောင်တောင်ဤဤ ကြံစည်ခြင်းကို သင်သည် ဖြစ်စေအပ်ပြီ၊ --- ဤသို့ မထေရ်မြတ်ကြီးက မိန့်တော်မူလိုက်၏။

အရှင်ဘုရား ...တပည့်တော်သည် ရှင်ဖြစ်သည့်နေ့မှ စ၍ အာရညကင်ဓုတင် မမြောက်သည့် ရွာ၏ အနီး၌ အရုဏ်ကို မတက်စေအပ်ဖူးပါ။ အရုဏ် တက်စေခြင်း အကျိုးငှာ တောအရပ်သို့ သွားပါ၏ --- ဤသို့ လျှောက်ထားလိုက်၏။

သာမဏေ ...သင့်အား ဒဏ်ထမ်းခြင်း အမှုသည် မလျောက်ပတ်၊ ငါတို့အားသာလျှင် ဒဏ်ထမ်းခြင်း အမှုသည် လျောက်ပတ်၏၊ ဤသို့ ပြောဆို၍ မထေရ်ကြီးသည် ထိုအရပ်၌ပင်လျှင် နေထိုင် သီတင်းသုံးတော်မူ၏။ ထို့ပြင် ရှင်သာမဏေအား အမှတ်သညာကို ဤသို့ ပေးထားတော်မူ၏။ ---

သာမဏေ ...ငါတို့သည်ကား အသက်အရွယ် ကြီးရင့်ကုန်ပြီ၊ ဤမည်သော အကြောင်းသည် ဖြစ်ပေါ် လတ္တံ့၊ ဤသို့ သိဖို့ရန် မတတ်ကောင်းသည်သာ ဖြစ်၏၊ သင်သည် မိမိကိုယ် မိမိ ထိန်းသိမ်းစောင့်ရှောက်လျက် နေထိုင်ပေတော့ --- ဤသို့သော အမှတ်သညာကို ပေးထားတော်မူ၏။ (သင်သည် မိမိကိုယ် မိမိ ထိန်းသိမ်းစောင့် ရှောက်လျက် နေထိုင်ပေတော့၊ ငါတို့ကား အသက်အရွယ် ကြီးကုန်သည့်အတွက်ကြောင့် မိမိကိုယ် မိမိ ထိန်း သိမ်းစောင့်ရှောက်လျှင်လည်း အဘယ်အမှုကို ပြုနိုင်ကုန်တော့အံ့နည်း။ တစ်ဖန် အသက်အရွယ် ကြီးရင့်ကုန် သည့် အတွက်ကြောင့်ပင် မိမိကိုယ် မိမိ ထိန်းသိမ်းစောင့်ရှောက်ခြင်းငှာ မစွမ်းနိုင်တော့ကုန် = ရှေးသို့ ဆက် လက်၍ အရဟတ္တဖိုလ်ပေါက် ကြိုးစားအားထုတ်ဖို့ရန် မစွမ်းနိုင်တော့ပေ --- ဤကား ဥပဇ္ဈာယ်ဆရာတော် မထေရ်မြတ်ကြီး၏ ဆိုလိုရင်းတည်း။ --- တစ်နည်း --- မထေရ်မြတ်ကြီးကား အနာဂါမ် သူတော်ကောင်းကြီး ဖြစ်ခြင်းကြောင့် နောင်အခါ၌ လူသားကို စားတတ်ကြကုန်သော လူတို့၏ အစားခံခြင်းသို့ ရောက်ရမည်ကို ကြိုတင်၍ သိထားသောကြောင့် ဤသို့ ဆုံးမထားနှင့်သည် ဟူလိုသည်။ (မူလဋီ၊၂၊၂၁၁။)

ဥပဇ္ဈာယ်ဆရာတော်မထေရ်မြတ်ကြီးကား အနာဂါမ် သူတော်ကောင်းကြီး ဖြစ်တော်မူ၏။ နောက်ပိုင်း ကာလ၌ လူသားကို စားတတ်ကုန်သော မနုဿခါဒက အမည်ရသော လူတို့သည် မထေရ်မြတ်ကြီးအား သတ် ဖြတ်၍ အသားကို စားကြကုန်၏။

ရှင်သာမဏေသည် ဥပဇ္ဈာယ်ဆရာတော် မှာကြားထားတော်မူခဲ့သည့်အတိုင်း မိမိကိုယ်ကို မိမိ ထိန်းသိမ်း စောင့်ရှောက်လျက် နေထိုင်တော်မူ၏။ ဗြာဟ္မဏတိဿ သူပုန်ဘေးကြီးသည် ငြိမ်းအေးလတ်သော် အကြင်အကြင် သင့်တင့်လျောက်ပတ်သော အရပ်၌ ဥပဇ္ဈာယ်ကို ယူ၍ နေထိုင်၏။ [ဤထုံးကို ထောက်ရှုပါက ရှင်သာမဏေများ သည် မူလဥပဇ္ဈာယ် ငြိမ်းသွားခဲ့သော် ဥပဇ္ဈာယ်အသစ် ထပ်ယူနိုင်ခွင့် ရှိသည်ဟု မှတ်ပါ။]

ထိုသို့ ဥပဇ္ဈာယ်ယူ၍ နေထိုင်ပြီးနောက် ရဟန်းပဉ္စင်းအဖြစ်သို့ ရောက်ရှိသောအခါ ဗုဒ္ဓဝစန အမည်ရသော ဘုရားစကားတော် ပါဠိတော်ကြီးများကို သင်ယူတော်မူ၏။ ပိဋက သုံးပုံကို နှုတ်ငုံ ဆောင်နိုင်၏။ တိပိဋကဓရ ဝတ္တဗ္ဗကနိဂြောဓ အမည်ရသော မထေရ်မြတ်ကြီးတစ်ပါး ဖြစ်တော်မူလာ၏။

ပိတုမဟာရာဇာသည် လင်္ကာဒီပကျွန်းကို ထီးဖြူအုပ်ချုပ် မင်းပြုလုပ်တော်မူ၏။ သမုဒြာ၏ တစ်ဘက်ကမ်း (အိန္ဒိယဘက်မှ) လာကုန် လာကုန်သော ရဟန်းတို့သည် --- ဝတ္တဗ္ဗကနိဂြောဓမထေရ်မြတ်သည် အဘယ်မှာနည်း ဝတ္တဗ္ဗကနိဂြောဓမထေရ်မြတ်သည် အဘယ်မှာနည်း --- ဤသို့ မေးမြန်း၍ ဝတ္တဗ္ဗကနိဂြောဓမထေရ်မြတ်၏ အထံသို့ ကြွရောက်တော်မူကြကုန်၏။ များစွာသော ရဟန်းသံဃာတော်အပေါင်းသည် ဝတ္တဗ္ဗကနိဂြောဓ မထေရ်မြတ်ကို ဝန်းရံနေတော်မူ၏။ ထိုဝတ္တဗ္ဗကနိဂြောဓမထေရ်မြတ်သည် များစွာသော ရဟန်းသံဃာတော် အပေါင်း ခြံရံလျက် အစဉ်သဖြင့် ခရီးဒေသစာရီ ကြွချီတော်မူလာရာ မဟာဝိဟာရကျောင်းတိုက်ကြီးသို့ ဆိုက်ရောက်တော်မူလာ၏။ ရောက်ရှိပြီးနောက် မဟာဗောဓိကိုလည်းကောင်း, မဟာစေတီတော်ကိုလည်းကောင်း, ထူပါရာမစေတီတော်ကိုလည်းကောင်း အသီးအသီး ရှိခိုး၍ မြို့တွင်းသို့ ကြွဝင်တော်မူ၏။ တောင်တံခါးသို့ တိုင်အောင် ကြွသွားတော်မူစဉ်ပင်လျှင် (၉)ဌာနတို့၌ တိစီဝရိတ်သင်္ကန်းသည် ဖြစ်ပေါ်ခဲ့၏။ မြို့တွင်းသို့ ဝင် ရောက်မိရာ အချိန်ကာလမှ စ၍ များစွာသော ပူဇော်သက္ကာရသည် ဖြစ်ပေါ်ခဲ့၏။

ဤသို့လျှင် ကာလဝိပတ္တိ အခါ၌ ထန်းသီး သစ်ဥ သစ်ဖု သစ်မြစ် သစ်ရွက်သည်လည်း အလွန်ရခဲသော ဒုလ္လဘတစ်ခု ဖြစ်ခဲ့၏။ ကာလသမ္ပတ္တိအခါ၌ကား ဤသို့ သဘောရှိသော များစွာသော လာဘ်လာဘသည် ဖြစ်ပေါ်ခဲ့လေ၏။

ဤသို့လျှင် ကာလဝိပတ္တိသည် တားမြစ်အပ်ကုန်သည်၏ အဖြစ်ကြောင့် အကျိုးကိုပေးခြင်းငှာ မစွမ်းနိုင် ကုန်သော ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင်အပ်ပြီးကုန်သော ကုသိုလ်ကံတို့သည် ကာလသမ္ပတ္တိ သို့ ရှေးရှူရောက်၍ ကာလသမ္ပတ္တိကို အစွဲပြု၍ အကျိုးပေးနိုင်ကြကုန်၏။ --- ဤသို့လျှင် ဘုရားရှင်သည် ကွဲကွဲ ပြားပြား သိတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၄၃၀-၄၃၃။)

၄။ အခြားတစ်ယောက်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဆောက်တည်ထားအပ်ပြီးကုန်သော ပြုစုပျိုးထောင်ထား အပ်ပြီးကုန်သော များစွာကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ရှိကြကုန်၏။ ထိုကောင်းမှုကုသိုလ်ကံတို့သည် ပယောဂဝိပတ္တိ၌ တည်နေသော သူ၏ သန္တာန်၌ အကျိုးမပေးနိုင်ကုန်လေရာ။ (ထိုကောင်းမှုရှင်သည် ကာယကံ စင်ကြယ်မှု ဝစီကံ စင်ကြယ်မှု မနောကံ စင်ကြယ်မှု ရှိအောင် သီလ သမာဓိ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို မဖြည့်ကျင့်ဘဲ အကုသိုလ်ကမ္မပထတရား (၁၀)ပါး ဒုစရိုက်တရားတို့ကို လွန်ကျူး၏။ မိစ္ဆာဒိဋ္ဌိကို ေ့ရှသွား ပြုလျက် မသမာမှု အမျိုးမျိုးတို့ကို ပြုကျင့်၏။ ပယောဂသမ္ပတ္တိစက် ပျက်၍ ပယောဂဝိပတ္တိ၌ တည်နေ၏။ ထိုကောင်းမှုရှင်သည် ထိုသို့ ပယောဂဝိပတ္တိ၌ ရပ်တည်နေခဲ့သော် အတိတ်က ပြုစုပျိုးထောင်ခဲ့သော ကုသိုလ်ကံ တို့သည် အကျိုးပေးဖို့ရန် အခွင့်မသာ ဖြစ်နေကုန်၏။)

သို့သော် ထိုကောင်းမှုရှင်သည်ကား သမ္မာပယောဂဟူသော ကောင်းသော ပယောဂ၌ ရပ်တည်နေ၏။ ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်တို့ကို ပြည့်စုံစေ၏၊ ငါးပါးသီလ ဆယ်ပါးသီလတို့ကို ထိန်းသိမ်း စောင့်ရှောက်၏။ ကာလသမ္ပတ္တိ၌ လူဖြစ်လာရသော ထိုကောင်းမှုရှင်၏ အထံသို့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတို့ ကိုယ်တိုင်က အလုံးစုံသော အဆင်တန်ဆာ မှန်သမျှတို့ဖြင့် တန်ဆာဆင်ထားအပ်ကုန်သော မင်းသမီးတို့သည် ဤသူအား လျောက်ပတ်ကုန်၏ဟု ပြောဆို၍ ပို့လိုက်ကြကုန်၏။ ယာဉ်အမျိုးမျိုးနှင့် ပတ္တမြား ရွှေ ငွေ အစရှိသော ထိုထို လက်ဆောင်ပဏ္ဏာသည် ဤသူအား လျောက်ပတ်၏ဟု ပြောဆို၍ ပို့ကြကုန်၏။

အကယ်၍ ထိုကောင်းမှုရှင်သည် ကာလသမ္ပတ္တိ၌ လူဖြစ်လာရ၍ ပယောဂသမ္ပတ္တိ၌ ကောင်းစွာ ရပ်တည် နိုင်သည့် ရှင်ရဟန်းအဖြစ်သို့ ကပ်ရောက်ခဲ့သည် ဖြစ်ခဲ့ပါမူ (ရှင်ဖြစ်ခဲ့သော် ရဟန်းဖြစ်ခဲ့သော်) များစွာသော အခြံအရံရှိသူ ဖြစ်ရ၏။ ကြီးမားသော တန်ခိုးအာနုဘော် ရှိသူ ဖြစ်ရ၏။ ထိုသို့ ဖြစ်ရာ၌ ဤကားဝတ္ထုတစ်ခုတည်း။

စူဠသုဓမ္မမထေရ်

စူဠသုဓမ္မမထေရ်

ကူဋကဏ္ဏမင်းသည် ဂိရိဂါမကဏ္ဏ အရပ်၌ နေလေ့ရှိသော စူဠသုဓမ္မမထေရ်မြတ်ကြီးကို မြတ်နိုး၏။ မိမိ၏ ကိုယ်ပိုင်ဥစ္စာကဲ့သို့ ပြု၍ အလွန်ကြည်ညိုမြတ်နိုး၏။ ထိုကူဋကဏ္ဏမင်းသည် ဥပ္ပလဝါပိ အရပ်၌ နေထိုင်စဉ် စူဠသုဓမ္မမထေရ်မြတ်ကြီးကို သွားရောက် ပင့်ခေါ်စေခဲ့၏။ မထေရ်မြတ်ကြီးသည် ကြွလာတော်မူ၍ မာလာရာမ ကျောင်းတိုက်၌ သီတင်းသုံးတော်မူ၏။ ကူဋကဏ္ဏမင်းက စူဠသုဓမ္မမထေရ်မြတ်ကြီး၏ မယ်တော်ကို --- မထေရ် မြတ်ကြီးသည် အဘယ်အရာကို နှစ်သက်တော်မူပါသနည်းဟု မေးမြန်းကြည့်၏။ အရှင်မင်းမြတ် ...သစ်ဥကို နှစ်သက်တော်မူပါ၏ဟု သံတော်ဦးတင်လိုက်၏။ ကူဋကဏ္ဏမင်းသည် သစ်ဥကို ဆောင်ယူစေ၍ ကျောင်းတိုက်သို့ သွား၍ အရှင်စူဠသုဓမ္မမထေရ်မြတ်ကြီးအား လှူဒါန်းလေသော် မထေရ်မြတ်ကြီး၏ မျက်နှာတော်ကို မော်၍ ဖူးခြင်းငှာ မစွမ်းနိုင် ဖြစ်ခဲ့၏။

ထိုကူဋကဏ္ဏမင်းသည် ကျောင်းမှထွက်၍ ကျောင်းပရိဝုဏ်၏ အပြင်ဘက်၌ မိဖုရားကြီးကို --- မထေရ်မြတ်ကြီးကို အဘယ်ကဲ့သို့ ရှုအပ်ပါသနည်း = မထေရ်မြတ်ကြီး၏ ဥပဓိရုပ်အဆင်းသည် အဘယ်သို့ နေပါသနည်း ဟု မေးကြည့်၏။

အရှင်မင်းမြတ် ...အရှင်မင်းမြတ်သည် ယောက်ျားရင့်မကြီးဖြစ်ပါလျက် မထေရ်မြတ်ကြီး၏ မျက်နှာ တော်ကို မော်၍ ဖူးမြော်ခြင်းငှာ မစွမ်းနိုင်တုံသေး၏။ ဘုရာ့ကျွန်တော်မသည် အဘယ်သို့လျှင် စွမ်းနိုင်ပါအံ့နည်း၊ မထေရ်မြတ်ကြီးကို မည်ကဲ့သို့ ရှုအပ်ဟု မသိပါ --- ဤသို့ သံတော်ဦးတင်လိုက်၏။

ကူဋကဏ္ဏမင်းက --- ငါ၏ တိုင်းနိုင်ငံ၌ ငါ့အား အခွန်ဆက်သနေရသော သူကြွယ်၏ သားကို မော်၍ ဖူးမြော်ခြင်းငှာ မရဲဝံ့ ရှိခဲ့၏။ အမောင်တို့ ...မြတ်စွာဘုရား၏ သာသနာတော်မည်သည် ကြီးမြတ်တော်မူ ပါပေစွ --- ဤသို့ ပြောဆို၍ လက်ခမောင်း ခတ်လေ၏။ (အဘိ၊ဋ္ဌ၊၂၊၄၃၃။)

တိပိဋကဓရ စူဠနာဂမထေရ်

တိပိဋကဓရ စူဠနာဂမထေရ်

ကူဋကဏ္ဏမင်းသည် တိပိဋကဓရစူဠနာဂမထေရ်မြတ်ကြီးကိုလည်း မြတ်နိုးတော်မူ၏။ အလွန်ကြည်ညို လေးစား၏။ ထိုမထေရ်မြတ်ကြီး၏ လက်ချောင်းတော်၌ တစ်ခုသော သွေးစုနာသည် ပေါက်လာ၏။ ကူဋကဏ္ဏ မင်းသည် မထေရ်မြတ်ကြီးကို ဖူးမြင်ပေအံ့ဟု နှလုံးပိုက်၍ ကျောင်းတော်သို့ သွားလေ၏။ မထေရ်မြတ်ကြီး၌ အလွန်အားကြီးသော ချစ်မြတ်နိုးခြင်းကြောင့် လက်ချောင်းတော်ကို ပါးစပ်ဖြင့် ငုံထားလိုက်၏။ ပါးစပ်၏ အတွင်း၌ ပင်လျှင် သွေးစုနာသည် ပေါက်ကွဲသွား၏။ ပြည်သွေးကို ထွေးမပစ်ဘဲ မထေရ်မြတ်ကြီး၏ အပေါ်၌ ချစ်မြတ် နိုးခြင်းကြောင့် အမြိုက်ရေစင်ကဲ့သို့ မျိုချလိုက်၏။

ထိုတိပိဋကဓရစူဠနာဂမထေရ်မြတ်ကြီးသည်ပင် နောက်အဖို့၌ သေရာညောင်စောင်းထက်၌ လျောင်းစက် တော်မူ၏။ ကူဋကဏ္ဏမင်းကြီးသည် လာရောက်၍ မစင်ခွက်ကို ဦးခေါင်းထက်၌ ထား၍ (= မထေရ်မြတ်ကြီး မပျံလွန်တော်မီ စွန့်သွားသော မစင်ခွက်ကို ဦးခေါင်းထက်၌ ထား၍) ---

တရားတည်းဟူသော လှည်း၏ ဝင်ရိုးကြီးသည် ကျိုးလေပေါ့၊ ဝင်ရိုးကြီးသည် ကျိုးလေပေါ့ ---

ဤသို့ ပြောဆိုငိုမြည်လျက် လှည့်လည်လေပြီ။ မြေကို အစိုးရသော ရေမြေ့သနင်း ပြည့်ရှင်မင်းသည် မစင်ခွက်ကို ဦးခေါင်းဖြင့် မြှောက်ချီ၍ လှည့်လည်ခြင်းမည်သည် အဘယ်၏ သွားအပ်သော လမ်းပါနည်း?

သမ္မာပယောဂဖြင့် ပြီးစီးစေအပ်သော အကျင့်မြတ်၏ သွားအပ်သော လမ်းတည်း။ (အဘိ၊ဋ္ဌ၊၂၊၄၃၃။)

တိပိဋကဓရစူဠနာဂမထေရ်မြတ်ကြီးသည် ကာယကံ စင်ကြယ်မှု ဝစီကံ စင်ကြယ်မှု မနောကံ စင်ကြယ်မှု ရှိအောင် သိက္ခာသုံးရပ် အကျင့်မြတ်ကို ကြိုးစားဖြည့်ကျင့်တော်မူသည့် သမ္မာပယောဂရှိသူ သူတော်ကောင်းကြီး တစ်ဦး ဖြစ်တော်မူ၏။ ကူဋကဏ္ဏမင်းသည် ထိုသမ္မာပယောဂကျင့်စဉ်ကို ကြည်ညိုလေးစားသောအားဖြင့် မစင် ခွက်ကို ဦးခေါင်းဖြင့် ရွက်၍ လှည့်လည်သည်၊ ထိုလှည့်လည်ခြင်းဖြင့် တိပိဋကဓရစူဠနာဂမထေရ်မြတ်ကြီး၌ ထိုမျှ ကြည်ညိုလေးစားထိုက်သော သမ္မာပယောဂရှိသည် ဟု သိရပေသည်။ (မူလဋီ၊၂၊၂၁၁။)

ဤသို့လျှင် ပယောဂဝိပတ္တိသည် တားမြစ်အပ်ကုန်သည်၏ အဖြစ်ကြောင့် အကျိုးကိုပေးခြင်းငှာ မစွမ်းနိုင် ကုန်သော ကောင်းမှုကုသိုလ်ကံတို့သည် ပယောဂသမ္ပတ္တိသို့ ရှေးရှူရောက်၍ ပယောဂသမ္ပတ္တိကို အစွဲပြု၍ အကျိုးပေးနိုင်ကြကုန်၏။ --- ဤသို့လျှင် ဘုရားရှင်သည် ကွဲကွဲပြားပြား သိတော်မူ၏။

ဤသို့လျှင် ဝိပတ္တိတရား (၄)ပါးတို့သည် တားမြစ်ထားအပ်သော ကောင်းမှုကုသိုလ်ကံသည် အကျိုးကို မပေးသေးမူ၍ သမ္ပတ္တိတရား (၄)ပါးသို့ ရှေးရှူရောက်ပါမှ = သမ္ပတ္တိ (၄)ပါးတို့ကို အစွဲပြု၍ အကျိုးပေးနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၄၃၃။)

အဗ္ဘူတောပမာ = မဖြစ်ဖူးသော ဥပမာ

အဗ္ဘူတောပမာ = မဖြစ်ဖူးသော ဥပမာ

ထို (၄)ပါးသော သမ္ပတ္တိသို့ ရောက်၍ အကျိုးပေးရာ၌ ဖြစ်နိုင်သော အနက်အဓိပ္ပါယ်ကို ပြု၍ ဤမဖြစ်ဖူး သော ဥပမာကို = အဗ္ဘူတောပမာကို ရှေးအဋ္ဌကထာဆရာတော်တို့သည် ပြဆိုတော်မူကြ၏။

ရှင်ဘုရင်တစ်ပါးသည် အမတ်ကြီးတစ်ဦးအား အနည်းငယ်မျှ မပြောပလောက်သည့် အပြစ်ကြောင့် အမျက် တော် ရှသဖြင့် ထိုအမတ်ကို အချုပ်ထောင်၌ နှောင်ဖွဲ့ထား၏။ ထိုအမတ်၏ ဆွေမျိုးသားချင်းတို့သည် ရှင်ဘုရင် အမျက်တော် ရှသည်၏အဖြစ်ကို သိရှိကြ၍ တစ်စုံတစ်ခုသော စကားကို မပြောဆိုမူ၍ ကြမ်းတမ်းသော အမျက် ဒေါသတရားသည် ဘုရင်မင်းမြတ်၏သန္တာန်၌ ကင်းရှင်းသွားလတ်သော် ရှင်ဘုရင်ကို ထိုအမတ်၏ အပြစ်မရှိသည် ၏ အဖြစ်ကို ရှင်ဘုရင်ကြီးသိအောင် သံတော်ဦးတင်ကြကုန်၏။ ဘုရင်မင်းမြတ်သည် ထောင်မှလွှတ်၍ ထိုအမတ် ၏ မူလပကတိ ရာထူးကို တစ်ဖန် ပြန်၍ ခန့်အပ်တော်မူလိုက်၏။ ထိုအခါ၌ ထိုအမတ်၏ ထိုထိုအရပ်ဒေသမှ ရောက်ရှိလာကြသော လက်ဆောင်ပဏ္ဏာတို့၏ အတိုင်းအရှည် ပမာဏကား မရှိဖြစ်ခဲ့၏။ ထိုအမတ်၏ ဘဏ္ဍာ တော်ထိန်းလူကြီးတို့သည် များလွန်းသည့်အတွက် လက်ခံခြင်းငှာ မစွမ်းနိုင် ဖြစ်နေကြကုန်၏။

ထိုဥပမာစကားရပ်၌ ရှင်ဘုရင်၏ အနည်းငယ်မျှ မပြောပလောက်သည့် အပြစ်ကြောင့် အမျက်တော် ရှသဖြင့် ထိုအမတ်ကို အချုပ်ထောင်၌ နှောင်ဖွဲ့စေအပ်ရာအခါကို သိအပ်သကဲ့သို့ ပုထုဇန်၏ ငရဲ၌ ဖြစ်ရာအခါကို သိရှိပါ။

ထိုအခါ၌ ထိုအမတ်၏ ဆွေမျိုးသားချင်းတို့သည် ရှင်ဘုရင်ကြီးကို ကောင်းစွာသိစေ၍ ရာထူးဌာနန္တရကို တစ်ဖန် ပင်ကိုယ်သဘောရှိအောင် ပြုရာအခါကို သိအပ်သကဲ့သို့ ထိုပုထုဇန်၏ နတ်ပြည်လောက၌ ဖြစ်ရာ အချိန်ကာလကို သိရှိပါ။

ဘဏ္ဍာတော်ထိန်းလူကြီးတို့က လက်ဆောင်ပဏ္ဏာကို လက်ခံခြင်းငှာ မစွမ်းနိုင်သည့် အချိန်အခါကာလကဲ့သို့ ကုသိုလ်ကောင်းမှုရှင်၏ သမ္ပတ္တိ (၄)ပါးတို့သို့ ရှေးရှူရောက်၍ သမ္ပတ္တိ (၄)ပါးတို့ကို အစွဲပြု၍ ပြုစုပျိုးထောင်ထား အပ်ပြီးကုန်သော ဆောက်တည်ထားအပ်ပြီးကုန်သော ကောင်းမှုကုသိုလ်ကံတို့၏ နတ်ပြည်လောကမှ လူ့ပြည် လောကသို့, လူ့ပြည်လောကမှ နတ်ပြည်လောကသို့ --- ဤသို့လျှင် ချမ်းသာရာ ဌာနတစ်ခုမှ ချမ်းသာရာ ဌာန တစ်ခုသို့ ဆောင်ယူ၍ ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံးလည်း ချမ်းသာသော ကောင်းကျိုးကို ပေး၍ နိဗ္ဗာန်သို့ ရောက်စေခြင်းကို သိရှိပါလေ။

ပဋိသမ္ဘိဒါမဂ်ပါဠိတော်နည်း

ပဋိသမ္ဘိဒါမဂ်ပါဠိတော်နည်း

ဤသို့လျှင် ရှေးဦးစွာ ဝိဘင်းပါဠိတော်နည်း၏ အစွမ်းဖြင့် ဘုရားရှင်၏ ဒုတိယဗလဉာဏ်တော်စွမ်းအားကို ပြပြီး၍ ပဋိသမ္ဘိဒါမဂ်ပါဠိတော် (ခု၊၉၊၂၇၁။) နည်းအားဖြင့်လည်း ပြထိုက်ပေ၏။

(၁) အဟောသိ ကမ္မံ အဟောသိ ကမ္မဝိပါကော

အတိတ်ဘဝ၌ အားထုတ်ထားအပ်ပြီးသော ကံသည် အတိတ်ဘဝ၌ပင် ဖြစ်ခဲ့ပြီ၊ ယင်းကံသည်ကား အတိတ် ဘဝ၌ပင် အကျိုးကို ပေးခဲ့ပြီး ဖြစ်၏။ အတိတ်ဘဝ၌ပင် ဖြစ်ခဲ့ပြီး၍ အတိတ်ဘဝ တစ်ခုခု၌ပင် အကျိုးပေးပြီးသော ထိုကံမျိုးကို --- အဟောသိ ကမ္မံ အဟောသိ ကမ္မဝိပါကော --- ဟု ဆိုသည်။ အတိတ်ဘဝ တစ်ခု၌ ဖြစ်ခဲ့ပြီး၍ အတိတ်ဘဝ တစ်ခုခု၌ အကျိုးပေးပြီးသော ကံတည်း။ (အဘိ၊ဋ္ဌ၊၂၊၄၃၄။)

(၂) အဟောသိ ကမ္မံ နာဟောသိ ကမ္မဝိပါကော

(၂) အဟောသိ ကမ္မံ နာဟောသိ ကမ္မဝိပါကော

ပုဂ္ဂိုလ်တစ်ဦးသည် ဒိဋ္ဌဓမ္မဝေဒနီယကံ စသော များစွာသော ကံတို့ကို အားထုတ်ထား၏။ ကံတစ်ခုကို အားထုတ်ရာ၌ ဇော (၇)တန်တို့တွင် ပထမဇောကား မျက်မှောက်ဘဝ၌ အကျိုးပေးနိုင်သော ဒိဋ္ဌဓမ္မဝေဒနီယ ကံတည်း။ သတ္တမဇောကား ဒုတိယဘဝ၌ အကျိုးပေးနိုင်သော ဥပပဇ္ဇဝေဒနီယကံတည်း။ အလယ်ဇော (၅)တန် ကား တတိယဘဝမှစ၍ နိဗ္ဗာန်ကို ရသည်တိုင်အောင် အကျိုးပေးနိုင်သော အပရာပရိယဝေဒနီယကံတည်း။ ဒါနကံတစ်ခုကို ပြုစုပျိုးထောင်ရာ၌ ပထမဇောပေါင်း အကြိမ်များစွာ, သတ္တမဇောပေါင်း အကြိမ်များစွာ, အလယ်ဇော (၅)တန်ပေါင်း အကြိမ်များစွာ ဖြစ်နိုင်၏။ ဝီထိပေါင်းများစွာ ဖြစ်နိုင်၏။ ထိုကြောင့် ဒါနကံတစ်ခုကို ပြုစုပျိုးထောင်ရာ၌ ဒိဋ္ဌဓမ္မဝေဒနီယကံပေါင်းများစွာ, ဥပပဇ္ဇဝေဒနီယကံပေါင်းများစွာ, အပရာပရိယဝေဒနီယ ကံပေါင်းများစွာ ဖြစ်နိုင်၏။ ဒါနကံများကို အကြိမ်ပေါင်းများစွာ ထူထောင်ရာ၌ကား ဆိုဖွယ်ရာပင် မရှိတော့ပြီ ဖြစ်၏။ သီလကံကို အားထုတ်ရာ ဘာဝနာကံကို အားထုတ်ရာတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ ဘာဝနာ ကံ၌ ကာမာဝစရကံတို့ကို အထူးရည်ညွှန်း၍ ဆိုလိုသည်ဟု သဘောပေါက်ပါ။ (မဟဂ္ဂုတ်ကံများကို သီီးသန့် ဖော်ပြထားသောကြောင့် ဖြစ်သည်။)

ဒိဋ္ဌဓမ္မဝေဒနီယကံ အစရှိကုန်သော များစွာကုန်သော ကံတို့ကိုလည်း အားထုတ်အပ်ပြီးကုန်လတ်သော် ဒိဋ္ဌဓမ္မဝေဒနီယကံများစွာတို့တွင် တစ်ခုသော ဒိဋ္ဌဓမ္မဝေဒနီယကံက မျက်မှောက်ဘဝ၌ (ကံကို ပြုစုပျိုးထောင်ရာ ဘဝ၌) အကျိုးပေးလတ်သော် ကြွင်းသော ဒိဋ္ဌဓမ္မဝေဒနီယကံတို့က အကျိုးမပေးကုန်။ ဒုတိယဘဝ၌ ခံစားထိုက် သော အကျိုးရှိသော ဥပပဇ္ဇဝေဒနီယကံတို့တွင် တစ်ခုသော ဥပပဇ္ဇဝေဒနီယကံက ကံကို ထူထောင်ပြီးနောက် ဒုတိယဘဝ၌ ပဋိသန္ဓေကို ငင်ခဲ့သော် ပဋိသန္ဓေအကျိုးကို ပေးခဲ့သော် ကြွင်းကျန်ကုန်သော ဥပပဇ္ဇဝေဒနီယကံ တို့သည် အကျိုးမပေးကုန်။ အာနန္တရိယကံများစွာတို့တွင် တစ်ခုသော အာနန္တရိယကံကြောင့် ငရဲ၌ ဖြစ်ရ၏။ ကြွင်းသော အာနန္တရိယကံတို့ကား ငရဲပဋိသန္ဓေ အကျိုးကို မပေးကုန်။ (တစ်ခုသော အာနန္တရိယကံက ပဋိသန္ဓေကျိုးကို ပေးခဲ့သော် ကြွင်းကျန်သော အာနန္တရိယကံတို့က ထပ်ဆင့်၍ အားပေးထောက်ပံ့တတ်ကုန်၏။ မ၊ဋီ၊၃၊ ၃၇၄။) သမာပတ် (၈)ပါးတို့တွင် တစ်ခုသော သမာပတ်ကြောင့် ဗြဟ္မာ့ပြည်၌ ဖြစ်ရ၏။ ကြွင်းကျန်သော သမာပတ်တို့သည် အကျိုးမပေးကုန်။ ဤသို့ အကျိုးမပေးသော ကံများကို ရည်ရွယ်တော်မူ၍ -- အဟောသိ ကမ္မံ နာဟောသိ ကမ္မဝိပါကော = အားထုတ်ပြီးလျက် အကျိုးမပေးသောကံ -- ဟု ဆိုလိုသည်။ (အဘိ၊ဋ္ဌ၊၂၊၄၃၄။)

အကြင်ပုဂ္ဂိုလ်သည်ကား များစွာလည်းဖြစ်ကုန်သော ကုသိုလ်ကံ အကုသိုလ်ကံကို ပြုစုပျိုးထောင်ပြီး၍ ဘုရား အစရှိသော အရိယာသူတော်ကောင်း မိတ်ကောင်း ဆွေကောင်းကို အမှီရ၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက် သွားတော်မူ၏။ ထိုပုဂ္ဂိုလ်၏ သန္တာန်၌လည်း ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်၌ တစ်စုံတစ်ခုသောကံ၏ အကျိုးတရား မည်သည် မဖြစ်တော့ပေ။ ဤကဲ့သို့သော ကံမျိုးသည်လည်း --- အဟောသိ ကမ္မံ နာဟောသိ ကမ္မဝိပါကော = ကံ ဖြစ်ပြီးသာ ဖြစ်၍ အကျိုးမပေးသောကံ --- ပင် မည်၏။ (အဘိ၊ဋ္ဌ၊၂၊၄၃၄။)

(၃) အဟောသိ ကမ္မံ အတ္ထိ ကမ္မဝိပါကော

(၃) အဟောသိ ကမ္မံ အတ္ထိ ကမ္မဝိပါကော

အကြင်ကံသည် အတိတ်ဘဝ၌ အားထုတ်ခဲ့သည်ဖြစ်၍ ဤဘဝ၌ အကျိုးကို ပေး၏။ ထိုကံသည် ----- အဟောသိ ကမ္မံ အတ္ထိ ကမ္မဝိပါကော = ဖြစ်ခဲ့ပြီး၍ ဤဘဝ၌ အကျိုးပေးနေသောကံ မည်၏။ (အဘိ၊ဋ္ဌ၊၂၊၄၃၄။)

(၄) အဟောသိ ကမ္မံ နတ္ထိ ကမ္မဝိပါကော

(၄) အဟောသိ ကမ္မံ နတ္ထိ ကမ္မဝိပါကော

အကြင်ကံသည် အားထုတ်ခဲ့ပြီး ဖြစ်၏။ အထက်ပါ အမှတ် (၂) ဖြစ်သည့် အဟောသိ ကမ္မံ နာဟောသိ ကမ္မဝိပါကော --- ၌ ဆိုခဲ့သည့် နည်းအတိုင်းပင်လျှင် အကျိုးမရှိသည်၏ အဖြစ်သို့ ရောက်ရှိသွား၏။ (ဒိဋ္ဌဓမ္မဝေဒနီယကံများစွာတို့တွင် အကျိုးမပေးသော ဒိဋ္ဌဓမ္မဝေဒနီယကံမျိုး, ဥပပဇ္ဇဝေဒနီယကံများစွာတို့တွင် အကျိုးမပေး သော ဥပပဇ္ဇဝေဒနီယကံမျိုး, အာနန္တရိယကံများစွာတို့တွင် ပဋိသန္ဓေကျိုးကို မပေးနိုင်ကြသည့် အာနန္တရိယကံမျိုး, သမာပတ္တိကံများစွာတို့တွင် အကျိုးမပေးသော သမာပတ္တိကံမျိုးတည်း။) ထိုကံမျိုးသည် အဟောသိ ကမ္မံ နတ္ထိ ကမ္မဝိပါကော = ဖြစ်ပြီးသာ ဖြစ်၍ အကျိုးမရှိသော ကံမျိုးတည်း။ (အဘိ၊ဋ္ဌ၊၂၊၄၃၄။)

(၅) အဟောသိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော

(၅) အဟောသိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော

အကြင်ကံသည် အတိတ်ဘဝ ထိုထို၌ အားထုတ်ဆည်းပူးထားအပ်၏၊ နောင်အနာဂတ်ကာလ၌ အကျိုးဝိပါက်သည် ဖြစ်ပေါ်လတ္တံ့၊ ထိုကံမျိုးသည် --- အဟောသိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော = ကံကား ဖြစ်ပြီး ဖြစ် ၍ အကျိုးတရားကား ဖြစ်လတ္တံ့သော ကံမည်၏။ (အပရာပရိယဝေဒနီယကံမျိုးတည်း။) (အဘိ၊ဋ္ဌ၊၂၊၄၃၄။)

(၆) အဟောသိ ကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော

(၆) အဟောသိ ကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော

အကြင်ကံကို အတိတ်ဘဝတစ်ခုဝယ် ပြုစုပျိုးထောင်ထားခဲ့၏။ ယင်းကံသည် ရှေးနည်းအတိုင်းပင်လျှင် နောင်အနာဂတ်ကာလဝယ် အကျိုးမရှိသည်၏ အဖြစ်သို့ အကျိုးမပေးနိုင်သည်၏ အဖြစ်သို့ ရောက်ရှိသွားပေလတ္တံ့၊ ထိုကံမျိုးသည် --- အဟောသိ ကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော = ကံကား ဖြစ်ပြီး ဖြစ်၍ ကံ၏ အကျိုးတရား သည် မဖြစ်လတ္တံ့သော ကံမည်၏။ (နောင်အနာဂတ် ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်တွင် အကျိုးပေးနိုင်စွမ်း မရှိတော့သော အတိတ်ဘဝ ထိုထိုက ပြုစုပျိုးထောင်ခဲ့သော အပရာပရိယဝေဒနီယကံများပင်တည်း။) (အဘိ၊ဋ္ဌ၊၂၊၄၃၄။)

ဤသည်တို့ကား အတိတ်က ပြုစုပျိုးထောင်ထားခဲ့သော ကံ (၆)မျိုးတို့တည်း။ ယခု ပစ္စုပ္ပန်တွင် ပြုစုပျိုး ထောင်လိုက်သော ကံ (၄)မျိုးတို့ကိုလည်း ပဋိသမ္ဘိဒါမဂ်ပါဠိတော်တွင် ဆက်လက် ဟောကြားထားတော်မူ၏။

(၁) အတ္ထိ ကမ္မံ အတ္ထိ ကမ္မဝိပါကော

(၁) အတ္ထိ ကမ္မံ အတ္ထိ ကမ္မဝိပါကော

အကြင်ကံသည် ယခုဘဝ၌ပင် အားထုတ်အပ်သည်ဖြစ်၍ ဤယခုဘဝ၌ပင်လျှင် အကျိုးကို ပေး၏။ ထိုကံသည် --- အတ္ထိ ကမ္မံ အတ္ထိ ကမ္မဝိပါကော = ကံလည်း ရှိဆဲ, ကံ၏ အကျိုးတရားလည်း ရှိဆဲဖြစ်သော ကံ မည်၏။ (အဘိ၊ဋ္ဌ၊၂၊၄၃၅။) (ဒိဋ္ဌဓမ္မဝေဒနီယကံပင်တည်း။)

(၂) အတ္ထိ ကမ္မံ နတ္ထိ ကမ္မဝိပါကော

(၂) အတ္ထိ ကမ္မံ နတ္ထိ ကမ္မဝိပါကော

အကြင်ကံသည် ယခုဘဝ၌ပင် အားထုတ်ထားအပ်၏၊ ယခုဘဝ၌ပင်လျှင် ပြုစုပျိုးထောင်ထားအပ်၏။ ယင်းကံတို့တွင် ယခုမျက်မှောက်ဘဝ၌ ခံစားအပ်သော အကျိုးရှိသော ဒိဋ္ဌဓမ္မဝေဒနီယကံတို့ များစွာ ပါဝင် ကြ၏။ မျက်မှောက်ဘဝ၌ပင် ခံစားထိုက်သော အကျိုးရှိသော ယင်းကံသည် အကျိုးပေးခြင်းသဘော မရှိသည်၏ အဖြစ်သို့ ရောက်ရှိသွား၏။ ထိုကံသည် --- အတ္ထိ ကမ္မံ နတ္ထိ ကမ္မဝိပါကော = ကံကား ရှိဆဲဖြစ်၍ အကျိုးကား မရှိသော ကံမျိုး မည်၏။ (ဒိဋ္ဌဓမ္မဝေဒနီယကံများစွာတို့တွင် တစ်ခုသော ဒိဋ္ဌဓမ္မဝေဒနီယကံက အကျိုးပေးခဲ့ သော် အကျိုးပေးခွင့် မရသော အခြားသော ကံများတည်း။)

(၃) အတ္ထိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော

(၃) အတ္ထိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော

အကြင်ကံသည် ဤယခု ပစ္စုပ္ပန်ဘဝ၌ အားထုတ်ထားအပ်သည်ဖြစ်၍ နောင်အနာဂတ်ကာလ၌ အကျိုးကို ပေးလတ္တံ့၊ ထိုကံမျိုးသည် --- အတ္ထိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော = ကံလည်း ရှိနေဆဲ ဖြစ်၏ အကျိုးလည်း ဖြစ်လတ္တံ့သော ကံမျိုး မည်၏။ (အဘိ၊ဋ္ဌ၊၂၊၄၃၅။)

(၄) အတ္ထိ ကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော

(၄) အတ္ထိ ကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော

အကြင်ကံသည် ယခု ဤပစ္စုပ္ပန်ဘဝ၌ပင်လျှင် အားထုတ်ထားအပ်သည် ဖြစ်၍ ဆည်းပူးထားအပ်သည် ဖြစ်၍ ကံကား ရှိဆဲ ဖြစ်နေ၏။ သို့သော် ထိုကံသည် နောင်အနာဂတ်၌ အကျိုးပေးခြင်းသဘော မရှိသည်၏ အဖြစ်သို့ ရောက်ရှိပေလတ္တံ့။ ထိုကံမျိုးသည် --- အတ္ထိ ကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော = ကံကား ရှိဆဲဖြစ်၍ အကျိုးမရှိလတ္တံ့သော ကံမျိုး မည်၏။ (အဘိ၊ဋ္ဌ၊၂၊၄၃၅။)

ဥပပဇ္ဇဝေဒနီယကံများစွာတို့တွင် ဥပပဇ္ဇဝေဒနီယကံ တစ်ခုက ပဋိသန္ဓေအကျိုးကို ပေးလိုက်လျှင် အခြား အခြားသော ဥပပဇ္ဇဝေဒနီယကံတို့သည် ပဋိသန္ဓေကျိုးကို မပေးနိုင်ကြကုန်၊ အပရာပရိယဝေဒနီယကံများစွာတို့တွင် အပရာပရိယဝေဒနီယကံ တစ်ခုက ပဋိသန္ဓေအကျိုးကို ပေးလိုက်လျှင် အခြားအခြားသော အပရာပရိယဝေဒနီယ ကံတို့က ပဋိသန္ဓေကျိုးကို မပေးနိုင်ကုန်၊ ယခုဘဝ၌ ထူထောင်ထားသော သမာပတ္တိကံများစွာတို့တွင် သမာပတ္တိ ကုသိုလ်ကံ တစ်ခုက ပဋိသန္ဓေကျိုးကို ပေးလိုက်လျှင် အခြားအခြားသော သမာပတ္တိကုသိုလ်ကံတို့သည် အကျိုး မပေးကြကုန်။ အာနန္တရိယကံများစွာတို့တွင် ကံတစ်ခုက ပဋိသန္ဓေကျိုးကို ပေးလိုက်လျှင် အခြားအခြားသော အာနန္တရိယကံတို့က ပဋိသန္ဓေကျိုးကို မပေးနိုင်ကုန်။ အကယ်၍ အနာဂတ်ဘဝတွင် ပရိနိဗ္ဗာန်စံရမည် ဖြစ်ပါက ကံအားလုံးတို့သည် ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်တွင် အကျိုးပေးခွင့် လုံးဝ မရှိကြတော့ပေ။ ဤကံ (၄)မျိုးတို့ကား ပစ္စုပ္ပန်ကံ (၄)မျိုးတို့တည်း။ အနာဂတ်ကံ (၂)မျိုးကိုလည်း ဆက်လက် ဟောကြားထားတော်မူ၏။

(၁) ဘဝိဿတိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော

(၁) ဘဝိဿတိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော

အကြင်ကံသည် ကံဟူသော မိမိကိုယ်တိုင်ကလည်း အနာဂတ် ဖြစ်၏။ ထိုကံ၏ အကျိုးသည်လည်း အနာဂတ်ပင် ဖြစ်၏။ ထိုကံမျိုးသည် -- ဘဝိဿတိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော = ကံသည်လည်း ဖြစ်လတ္တံ့ ကံ၏ အကျိုးတရားသည်လည်း ဖြစ်လတ္တံ့သော ကံမည်၏။ (အဘိ၊ဋ္ဌ၊၂၊၄၃၅။)

(၂) ဘဝိဿတိ ကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော

(၂) ဘဝိဿတိ ကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော

အကြင်ကံသည် ကံဟူသော မိမိကိုယ်တိုင်ကလည်း အနာဂတ် ဖြစ်နေ၏။ ရှေးနည်းအတိုင်းပင်လျှင် အနာဂတ်၌ အကျိုးပေးခြင်းသဘော မရှိသည်၏ အဖြစ်သို့ ရောက်ရှိလတ္တံ့။ ထိုကံမျိုးသည် --- ဘဝိဿတိ ကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော = ကံကား ဖြစ်လတ္တံ့ ဖြစ်၍ အကျိုးမပေးလတ္တံ့သော ကံမျိုး မည်၏။ (အဘိ၊ဋ္ဌ၊၂၊ ၄၃၅။) (နည်းမှီး၍ သိလောက်ပြီ။)

ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော ဤအခြင်းအရာတို့ဖြင့် တထာဂတ အမည်ရတော်မူသော သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ ကံ အထူးအပြား အကျိုးဝိပါက် အထူးအပြားကို သိတော်မူတတ်သော ကမ္မန္တရဝိပါကန္တရဇာနန ဉာဏ်တော်မြတ်ကို သူတစ်ပါးတို့ မလှုပ်ရှားစေအပ် မလှုပ်ရှားစေနိုင်သည်၏ အဖြစ်ကြောင့် ဒုတိယဗလ ဉာဏ် တော် = နှစ်ခုမြောက်သော ဉာဏ်တော်အားဟူ၍ သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၄၃၅။)

ဤတွင် အသင်သူတော်ကောင်းသည် အောက်ပါအချက် နှစ်ရပ်တို့ကို သတိပြုင်္ပြီး ဖြစ်ပေလိမ့်မည်။ ----

၁။ သမ္ပတ္တိ (၄)မျိုးတို့သည် အကုသိုလ်ကံတို့ကို အကျိုးမပေးနိုင်အောင် တားမြစ်ထားနိုင်သော စွမ်းအားရှိကြ၍ ကုသိုလ်ကံတို့ကိုလည်း အကျိုးပေးခွင့်ရအောင် လမ်းဖွင့်ပေးနေသော အမှီကောင်းကြီးများ ဖြစ်ကြသည်ကို လည်းကောင်း,

၂။ ဝိပတ္တိ (၄)မျိုးတို့သည်လည်း ကုသိုလ်ကံတို့ကို အကျိုးပေးခွင့် မရအောင် တားမြစ်ထားနိုင်သော စွမ်းအား ရှိကြ၍ အကုသိုလ်ကံတို့ကိုလည်း အကျိုးပေးခွင့်သာအောင် လမ်းဖွင့်ပေးနေသော အမှီကောင်းကြီးများ ဖြစ်ကြ သည်ကိုလည်းကောင်း,

ဤအချက် နှစ်ရပ်ကို သဘောပေါက်ပြီး ဖြစ်ပေလိမ့်မည်။ ယခုအခါတွင် ယင်းသမ္ပတ္တိတရား, ဝိပတ္တိတရား တို့ကို ဖြစ်စေတတ်သော ကံတရားအကြောင်းကို ဆက်လက်၍ ဆွေးနွေး တင်ပြပေအံ့။

မျိုးစေ့ နှင့် အသီး

မျိုးစေ့ နှင့် အသီး

ယာဒိသံ ဝပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။

ကလျာဏကာရီ ကလျာဏံ၊ ပါပကာရီ စ ပါပကံ။ (သံ၊၁၊၂၂၉။)

ယာဒိသံ = အကြင်ကဲ့သို့ ရှုအပ်သော သဘောရှိသော။ ဗီဇံ = မျိုးစေ့ကို။ ဝပတေ = စိုက်ပျိုးငြားအံ့။ တာဒိသံ = ထိုကဲ့သို့ ရှုအပ်သော သဘောရှိသော။ ဖလံ = အသီးကို။ ဟရတေ = ဆောင်နိုင်၏။ ကလျာဏကာရီ = ကောင်းသောအမှုကို ပြုလေ့ရှိသူသည်။ ကလျာဏံ = ကောင်းသော အကျိုးကို။ လဘတေ = ရရှိ၏။ ပါပကာရီ စ = မကောင်းသောအမှုကို ပြုလေ့ရှိသူသည်လည်း။ ပါပကံ = မကောင်းသော အကျိုးကို။ လဘတေ = ရရှိ၏။

တမာစေ့ သပွတ်ခါးစေ့ အစရှိသော မျိုးစေ့တို့သည် ချိုမြိန် ကောင်းမြတ်သော အရသာရှိသော အသီးကို မဖြစ်စေနိုင်ကုန်သကဲ့သို့, မသာယာအပ်သည်သာလျှင်ဖြစ်သော မချိုဆိမ့်သည်သာလျှင်ဖြစ်သော အသီးကို ဖြစ် စေနိုင်ကုန်သကဲ့သို့ --- ဤဥပမာအတူ ကာယဒုစရိုက် အစရှိကုန်သော ဒုစရိုက်တို့သည် ချိုမြိန်သော အရသာနှင့် တူသော အကျိုးကို မဖြစ်စေနိုင်ကြကုန်၊ မချိုဆိမ့်သော အရသာနှင့် တူသည်သာလျှင် ဖြစ်သော မကောင်းကျိုးကို ဖြစ်စေနိုင်ကြကုန်၏။

သည်မျှသာမကသေး --- ကြံမျိုးစေ့ သလေးမျိုးစေ့ အစရှိသော မျိုးစေ့တို့သည် ချိုမြိန်သော အရသာ ရှိ သည်သာလျှင် ဖြစ်သော, ကောင်းသော အရသာ ရှိသည်သာလျှင် ဖြစ်သော အသီးကို ဖြစ်စေကြကုန်သကဲ့သို့ မသာယာအပ်သော ခါးစပ်သော အရသာရှိသော အသီးကို မဖြစ်စေကြကုန်သကဲ့သို့ --- ဤဥပမာအတူ ကာယ သုစရိုက် အစရှိတို့သည် ချိုမြိန်ကောင်းမြတ်သည်သာလျှင်ဖြစ်သော ကောင်းကျိုးကို ဖြစ်စေကြကုန်၏။ မချိုဆိမ့် သော အရသာနှင့် တူသော မကောင်းကျိုးကို မဖြစ်စေနိုင်ကြလေကုန်။ (အဘိ၊ဋ္ဌ၊၂၊၄၁၉။)

ဤသဘောတရားကို လွယ်ကူစွာ ပိုမို နက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်ရေးအတွက် စူဠကမ္မဝိဘင်္ဂ သုတ္တန် (မ၊၃၊၂၄၃-၂၄၉။)ကို ဆက်လက်၍ တင်ပြအပ်ပါသည်။

စူဠကမ္မဝိဘင်္ဂသုတ္တန်

စူဠကမ္မဝိဘင်္ဂသုတ္တန်

အခါတစ်ပါး၌ ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရားသည် သာဝတ္ထိပြည်မွန်ဝယ် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူ၏။ ထိုအခါ တောဒေယျ ပုဏ္ဏားင်္ကြီး၏ သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားရှင်ထံတော်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ စကားပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေပြီးနောက် သင့်လျော်ရာ အရပ်၌ ထိုင်ကာ မြတ်စွာဘုရားအား ဤစကားကို မေးမြန်းလျှောက်ထား၏။ --- သုဘလုလင်၏ မေးခွန်းများကို မတင်ပြမီ သုဘလုလင်နှင့် တောဒေယျပုဏ္ဏားကြီး အကြောင်းကို ရှေးဦးစွာ တင်ပြအပ်ပါသည်။

သုဘမာဏဝ = သုဘလုလင် --- ထိုသူကား ရှုချင်စဖွယ် ရုပ်အဆင်း ရှိ၏၊ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင် နိုင်၏။ ထိုကြောင့် ထိုသူငယ်၏ ကိုယ်အင်္ဂါတို့၏ တင့်တယ်သည့်အတွက်ကြောင့် ထိုသူကို သုဘဟု အမည်မှည့်ထား ကြကုန်၏။ ထိုသုဘ ငယ်ရွယ်စဉ်အခါဝယ် မာဏဝ = လုလင်ဟု ခေါ်ဝေါ်ကြ၏။ အသက်ကြီးလာသောအခါ ၌လည်း ထိုဝေါဟာရအတိုင်းပင် ဆက်လက်၍ ခေါ်ဝေါ်သုံးစွဲ၏။ သုဘလုလင်ကား တောဒေယျပုဏ္ဏားကြီး၏ သားရတနာတစ်ဦး ဖြစ်၏။ တောဒေယျပုဏ္ဏားကြီးကား ပသေနဒီကောသလမင်းကြီး၏ ပရောဟိတ်ပုဏ္ဏားကြီး ဖြစ်၏။ သာဝတ္ထိနှင့် မလှမ်းမကမ်းတွင် တည်ရှိသော တုဒိရွာကို အပိုင်စားရသော တုဒိရွာစား ဖြစ်ခြင်းကြောင့် တောဒေယျဟု ခေါ်ဝေါ်ခြင်း ဖြစ်၏။ များစွာသော စည်းစိမ် ဥစ္စာနှစ်ရှိသော, (၈၇) ကုဋေ ကြွယ်ဝချမ်းသာသော အလွန့်အလွန် ဝန်တိုသော သူဌေးကြီးတစ်ဦးလည်း ဖြစ်၏။ ပေးလှူသော ပုဂ္ဂိုလ်အား စည်းစိမ်ဥစ္စာတို့၏ မကုန်ခန်းခြင်းမည်သည် မရှိနိုင် ဤသို့ စိတ်ထားမျိုး ရှိ၍ တစ်စုံတစ်ယောက်သောသူအား တစ်စုံတစ်ခုသော လှူဖွယ် ဝတ္ထုကိုမျှ မလှူသောသူ တစ်ဦးလည်း ဖြစ်၏။ မျက်ရေးကွင်းသည့် မျက်စဉ်းညိုကျောက်သည် သွေးပါများက ကုန်သွားတတ်၏၊ အလားတူပင် ပေးလှူနေသူအား စည်းစိမ်ဥစ္စာတို့သည် တဖြည်းဖြည်း ကုန်ဆုံးသွားတတ်၏။ အိမ်ရာတည်ထောင် လူ့ဘောင်ကို စိုးအုပ် နေထိုင်လျက်ရှိသော ပညာရှိသည် စည်းစိမ်ဥစ္စာတို့ကို ခြကို ပုံပြု ပျားသို့ စုရမည်ဟု ဤသို့ မပေးလှူရန်သာလျှင် သားဖြစ်သူ သုဘလုလင်အား သင်ပြပေး၏။

ဝိပဿနာဓုရ စသော ဓုရတရားတို့ဖြင့် နေထိုင် သီတင်းသုံးတော်မူလျက်ရှိသော သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်အား တစ်ယောက်ချိုမျှလောက်သော ယာဂုကိုသော်လည်းကောင်း, တစ်ဇွန်းမျှလောက်သော ဆွမ်းကိုသော် လည်းကောင်း တစ်ကြိမ်တစ်ခါမျှ မလှူခဲ့စဖူးပေ။ သေခါနီးကာလတွင်ကား စည်းစိမ်ဥစ္စာတို့၏အပေါ်၌ တွယ်တာ မက်မောနေသည့် လောဘဇောတို့ကား အကြိမ်များစွာ စောလျက် ရှိကြ၏။ ယင်းလောဘဇောတို့ကား မရဏာသန္နဇော၏ နေရာကို ယူလျက် ရှိကြ၏။ ယင်းသို့ စည်းစိမ်ဥစ္စာတို့၏အပေါ်၌ တွယ်တာတပ်မက်သည့် ဓန လောဘကြောင့် ကွယ်လွန်သွားသောအခါ ထိုအိမ်၌ ခွေးဖြစ်ရပြန်၏။ သုဘလုလင်သည် ထိုခွေးကို အလွန် ချစ်မြတ်နိုး၏။ မိမိစားသုံးသည့် ထမင်းဟင်းကိုသာလျှင် ထိုခွေးအား ကျွေး၏။ ခွေးကို ချီမ၍ မြတ်သောအိပ်ယာ ထက်၌ အိပ်စေ၏။ တစ်နေ့သ၌ ဘုရားရှင်သည် မိုးသောက်ထအခါ၌ မဟာကရုဏာတော်သမာပတ်ကို ဝင်စား တော်မူပြီးနောက် ကျွတ်ထိုက်သသူ ဝေနေယျကြာ သတ္တဝါတို့ကို သမန္တစက္ခုဖြင့် ကြည့်ရှုတော်မူသည်ရှိ်သော် ထိုခွေးကို မြင်တော်မူ၍ ဆက်လက် ကြည့်ရှုတော်မူလေရာ --- တောဒေယျပုဏ္ဏားကြီးကား စည်းစိမ်ဥစ္စာတို့ အပေါ်၌ တွယ်တာ မက်မောသည့် ဓနလောဘကြောင့် မိမိ၏ အိမ်၌ပင်လျှင် ခွေးဖြစ်နေရ၏၊ ယနေ့ ငါဘုရား သည် သုဘလုလင်၏အိမ်သို့ ကြွသွားတော်မူလတ်သော် ငါဘုရားကို တွေ့မြင်သော် ခွေးသည် အသံထွက်၍ ဟောင်ပေလတ္တံ့၊ ထိုအခါ၌ ငါဘုရားသည် စကားတစ်ခွန်းကို ပြောဆိုပေအံ့၊ ထိုခွေးသည် ရဟန်းဂေါတမသည် ငါ့ကို သိ၏ဟု အမှတ်ရ၍ ခုံလောက်အကြား ပြာပုံထက်၌ အိပ်ပေလတ္တံ့၊ ထိုအကြောင်းကြောင့် သုဘလုလင်နှင့် ငါဘုရားရှင်သည် အတူတကွ တစ်ခုသော အကြောင်းအရာနှင့် စပ်၍ စကားပြောကြားရပေလတ္တံ့၊ ထိုသုဘလုလင် သည် ငါဘုရားရှင်၏ ထံတော်မှ တရားတော်ကို ကြားနာရ၍ သရဏဂုံတို့၌ တည်ပေလတ္တံ့။ ခွေးသည်ကား သေ၍ ငရဲ၌ ဖြစ်ရပေလတ္တံ့ ဤသို့ သုဘလုလင်၏ သရဏဂုံတည်မည့် အကြောင်းအရာကို သိတော်မူ၍ ဘုရားရှင်သည် ထိုနေ့၌ ကိုယ်လက်သုတ်သင်ခြင်းကို ပြုတော်မူ၍ ကိုယ်တော်တစ်ပါးတည်းပင်လျှင် ရွာတွင်းသို့ ကြွဝင်တော်မူ၏။ သုဘလုလင် အိမ်မှထွက်ခွာသွားသော အချိန်၌ပင်လျှင် ထိုသုဘလုလင်၏ အိမ်သို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူ၏။

ခွေးသည် ဘုရားရှင်ကို မြင်၍ ဟောင်လျက် ဘုရားရှင်၏ အနီးသို့ ချဉ်းကပ်လာ၏။ ထိုအခါ၌ ထိုခွေးကို ဘုရားရှင်က မိန့်ကြားတော်မူ၏ ---

တောဒေယျ ...သင်သည် ရှေးယခင် လူဖြစ်စဉ်အခါကလည်း ငါဘုရားကို --- ဘော ဘော --- ဟု ဆ်ို မြည်ခဲ့၏၊ ဓနလောဘကြောင့် ခွေးဖြစ်ခဲ့ရ၏။ ယခုအခါ၌လည်း ဟောင်နေပြန်၏၊ သင်သည် မကြာမီ အဝီစိသို့ သွားရပေတော့လတ္တံ့ ---

ဤသို့ မိန့်ကြားတော်မူလိုက်၏။ ဤ၌ တောဒေယျပုဏ္ဏားကြီး၏ ခွေးဘဝသို့ ရောက်ရခြင်း, ထိုမှတစ်ဆင့် ငရဲသို့ ရောက်ရခြင်းမှာ လောဘ၏ အလိုသို့ လိုက်ပါပြုမူခဲ့သော အကုသိုလ်ကံ၏ စွမ်းအားကြောင့် ဖြစ်၏။

လောဘဝသိကဿ ဟိ ဂတိ နိရယော ဝါ တိရစ္ဆာနယောနိ ဝါ။ ဝုတ္တံ ဟေတံ နိမိတ္တဿာဒဂထိတံ ဝါ ဘိက္ခဝေ ဝိညာဏံ တိဋ္ဌမာနံ တိဋ္ဌေယျ အနုဗျဉ္ဇနဿာဒဂထိတံ ဝါ၊ တသ္မိံ စေ သမယေ ကာလံ ကရေယျ၊ ဌာနမေတံ ဝိဇ္ဇတိ၊ ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဂစ္ဆေယျ နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါတိ။ (သံ၊၂၊၃၇၇။) (မ၊ဋီ၊၃၊၃၇၁။)

နိရယေ နိဗ္ဗတ္တိဿတိ ကတောကာသဿ ကမ္မဿ ပဋိဗာဟိတုံ အသက္ကုဏေယျဘာဝတော။ (မ၊ဋီ၊၃၊၃၇၁။)

လောဘရမ္မက်၏ အလိုသို့ လိုက်ပါလျက် နေထိုင်သောသူ၏ လားရာဂတိကား ငရဲသော်လည်းကောင်း, တိရစ္ဆာန်သော်လည်းကောင်း ဖြစ်ပေ၏။ ဘုရားရှင်သည် အာဒိတ္တပရိယာယသုတ္တန် (သံ၊၂၊၃၇၇။)၌ ဤစကားကို ဟောကြားထားတော်မူ၏။

ရဟန်းတို့ ...[အာရုံ (၆)ပါးတို့တွင် တစ်ပါးပါးအပေါ်၌ ဖြစ်စေ, (၆)ပါးလုံး အပေါ်၌ပင် ဖြစ်စေ ယင်း ထင်လာသော အာရုံကို ယောက်ျားပဲ မိန်းမပဲ စသည်ဖြင့်လည်းကောင်း, မျက်လုံးပဲ မျက်ခုံးပဲ စသည်ဖြင့်လည်းကောင်း, ရွှေပဲ ငွေပဲ စသည်ဖြင့်လည်းကောင်း စွဲယူခဲ့သော်] ထိုသို့ စွဲယူသည့် အချိန်အခါ၌ ထို ယောက်ျား မိန်းမ စသော အမှတ်နိမိတ်ကို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော် လည်း ဖြစ်ပေါ် တည်နေလေရာ၏၊ မျက်လုံး မျက်ခုံး စသော ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုခုအပေါ်၌ ရွှေ ငွေ စသော ပစ္စည်းဝတ္ထု တစ်ခုခုအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည် သော်လည်း ဖြစ်ပေါ် တည်နေလေရာ၏။ စိတ်အစဉ်သည်ကား နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စွမ်းအားရှိသော စိတ်အစဉ်ပင်တည်း။ ကမ္မဝိညာဏ်ပင်တည်း။ ထိုကဲ့သို့ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော ထိုအချိန်အခါမျိုး၌ အကယ်၍ သေသွားငြားအံ့၊ ထိုသို့ သေသွားခဲ့သော် ငရဲ နှင့်တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဂတိသို့ ရောက်ရှိရမည်ဟူသော ဤအကြောင်းအရာသည် ထင်ရှားဧကန် ရှိနေပေ၏။ (သံ၊၂၊၃၇၇။)

ဤသုတ္တန်၌ မရဏာသန္နဇော အခိုက်၌ လောဘဇော စောခြင်းကို အထူး ရည်ညွှန်းထားပေသည်။ (သံ၊ဋ္ဌ၊၃၊၅၁။)

ငရဲ၌ဖြစ်ရန် အခွင့်ရပြီးသော ကံကို ပြုစုပျိုးထောင်ထားပြီးသော သတ္တဝါတစ်ဦးအား ငရဲသို့ မရောက်အောင် ကံကို တားမြစ်ထားခြင်းငှာ ဘုရားရှင်သော်မှ မစွမ်းနိုင်သော သဘောရှိ၏။ ကံကား ရင့်ကျက်နေသည့်အတွက် အကျိုးပေးဖို့ရန် အခွင့်ကို ပြုပြီး ဖြစ်နေ၏။

ခွေးသည် ဘုရားရှင် မိန့်ကြားတော်မူသော ထိုစကားကို ကြားသိရ၍ --- ရဟန်းဂေါတမတော့ ငါ့ကို သိပေပေါ့ဟု စိတ်မချမ်းမသာ ဖြစ်၍ လည်ပင်းကိုညွတ် ခေါင်းကို ငုံ့၍ ခုံလောက်အကြား ပြာပုံထက်၌ အိပ်လေ တော့၏။ လူတို့သည် ခွေးကို ချီမ၍ အိပ်ရာထက်၌ အိပ်စေခြင်းငှာ မစွမ်းနိုင် ဖြစ်နေကြ၏။ သုဘလုလင်သည် အိမ်သို့ ပြန်ရောက်သည်ရှိသော် --- အဘယ်သူသည် ဤခွေးကို အိပ်ရာထက်မှ အောက်သို့ ချထားသနည်းဟု မေးမြန်းလတ်သော် အိမ်ရှိလူတို့က ဘယ်သူမှ ချထားသည် မဟုတ်ပါဟု ဆို၍ ထိုအကြောင်းအရာ အားလုံးကို ပြောပြကြ၏။ သုဘလုလင် ကြားသောအခါ ငါ၏ ဖခင်သည် ဗြဟ္မာ့ပြည်၌ ဖြစ်ခဲ့၏၊ တောဒေယျခွေးမည်သည် မရှိပါ၊ ရဟန်းဂေါတမသည် ငါ၏ ဖခင်ကို ခွေးဖြစ်အောင် ပြုလုပ်၏၊ ဤရဟန်းဂေါတမသည် တစ်စုံတစ်ခုသော ပါးစပ်တွင် ပေါ်လာသော စကားကို ပြောဆိုသွားဘိ၏ဟု အမျက်ထွက်၍ ဘုရားရှင်ကို မုသာဝါဒဖြင့် နှိပ်ကွပ်လို သည် ဖြစ်၍ ဇေတဝန်ကျောင်းတော်သို့ သွား၍ ထိုအကြောင်းအရာကို မေးမြန်းလျှောက်ထား၏။

မြတ်စွာဘုရားရှင်ကလည်း ထိုသုဘလုလင်အား ထိုအတိုင်းပင် မိန့်ကြားတော်မူလိုက်၏။ ဘုရားရှင်သည် မိမိပြောကြားလိုက်သော စကားတော်၏ ချွတ်ယွင်းမှု မရှိပုံကို ဖော်ပြခြင်းငှာ --- သုဘလုလင် ...သင်အား သင့်ဖခင်က မပြောကြားဘဲ ထားရစ်သည့် စည်းစိမ်ဥစ္စာသည် ရှိပါသလားဟု မေးမြန်းတော်မူလိုက်၏။

အရှင်ဂေါတမ ...ရှိပါ၏ --- အဖိုးတစ်သိန်း ထိုက်တန်သော ရွှေပန်းခိုင်, အဖိုးတစ်သိန်း ထိုက်တန် သော ရွှေခြေနင်း, အဖိုးတစ်သိန်း ထိုက်တန်သော ရွှေခွက်, အသပြာတစ်သိန်း --- ဤ စည်းစိမ်ဥစ္စာများ ရှိပါ၏ဟု လျှောက်ထား၏။

သုဘလုလင် ...အိမ်သို့ ပြန်သွားပေတော့၊ ထိုခွေးကို ရေမရောသည့် နို့ဃနာထမင်းကို ကျွေး၍ အိပ်ရာ ထက်၌ အိပ်စေပြီးနောက် အနည်းငယ် အိပ်ခြင်းသို့ သက်ရောက်သောအခါ၌ မေးကြည့်ပါ၊ သင့်အား ထိုအလုံးစုံသော စည်းစိမ်ဥစ္စာတို့ကို ပြောပြပေလိမ့်မယ်၊ ထိုအခါကျမှ ထိုခွေးကို --- ဤခွေးသည် ငါ၏ ဖခင်ပေါ့ဟု သိရှိပေလိမ့်မယ် --- ဤသို့ ဘုရားရှင်က မိန့်ကြားတော်မူလိုက်၏။

အကယ်၍ မှန်လျှင် ငါသည် စည်းစိမ်ဥစ္စာကို ရရှိပေအံ့၊ အကယ်၍ မမှန်လျှင် ရဟန်းဂေါတမကို မုသာဝါဒဖြင့် နှိပ်ကွပ်ပေအံ့ ဤနှစ်မျိုးသော အကြောင်းတို့ဖြင့် သုဘလုလင်သည် ရွှင်လန်းဝမ်းမြောက်သွား၏။ ရွှင်ရွှင်လန်းလန်းဖြင့် အိမ်သို့ ပြန်သွား၍ ဘုရားရှင် မိန့်ကြားတော်မူလိုက်သည့်အတိုင်း ပြုလုပ်၏။ ခွေးကား --- ငါ့သားသည် ငါ့ကို လူ့ဘဝကဖခင် ဖြစ်ကြောင်းကို သိပေပေါ့ဟု သိရှိ၍ ဝမ်းနည်း ကြေကွဲလျက် အသံပြုကာ ဥစ္စာမြှုပ်နှံထားရာ နေရာသို့ သွား၍ ခြေဖြင့် မြေကြီးကို ယက်၍ အမှတ်သညာကို ပေး၏။

ဗုဒ္ဓါနုဘာဝေန ကိရ သုနခေါ တထာ ဒေဿတိ, န ဇာတိဿရတာယ။ (မ၊ဋီ၊၃၊၃၇၂။)

ဘုရားရှင်၏ တန်ခိုးတေဇော် အာနုဘော်စွမ်းအားကြောင့် ခွေးသည် ထိုကဲ့သို့ ဥစ္စာမြှုပ်နှံထားသည့်နေရာကို ညွှန်ပြနိုင်ခြင်း ဖြစ်၏။ ခွေးက ဘဝဟောင်းကို မှတ်မိသော ဇာတိဿရဉာဏ် ရရှိခြင်းကြောင့် ထိုသို့ ညွှန်ပြနိုင် သည်ကား မဟုတ်ပေ။ (မ၊ဋီ၊၃၊၃၇၂။)

သုဘလုလင်သည် ဥစ္စာကို ယူဆောင်၍ ဤသို့ စဉ်းစား၏။ ---

ဘဝပဋိစ္ဆန္နံ နာမ ဧဝံ သုခုမံ ပဋိသန္ဓိအန္တရံ ပါကဋံ သမဏဿ ဂေါတမဿ၊ အဒ္ဓါ ဧသ သဗ္ဗညူ။

ဘဝဖြင့် ဖုံးလွှမ်းထားသည်မည်သော ဤသို့ သိမ်မွေ့သော ပဋိသန္ဓေ၏ အကြားကာလသည် အရှင်ဂေါတမ ၏ ဉာဏ်တော်ဝယ် ထင်ရှားနေပေ၏။ မချွတ်ဧကန်အားဖြင့် ဤဂေါတမသည် အလုံးစုံကို သိတော်မူ မြင်တော်မူ သည့် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ဖြစ်တော်မူပါပေ၏ --- ဟု စဉ်းစားကာ ဘုရားရှင်၏ အပေါ်၌ ကြည်ညို သွား၏။ ကြည်ညိုသော စိတ်ဓာတ်ရှိ၍ ပြဿနာ (၁၄)ရပ်တို့ကို ပြုစီရင်လေသည်။

အခြားအခြားသော ဘုံဘဝ၌ ဇာတိ ပဋိသန္ဓေယူခြင်းဖြင့် ထိုထို ဂတိ၌ ဖြစ်မှုကို ရှင်ဂေါတမသည် သိတော်မူ ပါပေ၏ဟု နှလုံးပိုက်၍ မိမိသုဘလုလင် ကိုယ်တိုင်ကလည်း အင်္ဂဝိဇ္ဇာအတတ်၌ ကျွမ်းကျင်သူ ဖြစ်ရကား ထိုသို့ ပြဿနာ (၁၄)ရပ်တို့ကို ပြုစီမံလေသည်။ ထိုကြောင့် သုဘလုလင်၏ သန္တာန်၌ --- ဤတရားလက်ဆောင်ပဏ္ဏာကို ယူဆောင်၍ ရဟန်းဂေါတမကို ပြဿနာတို့ကို မေးမြန်းလျှောက်ထားပေအံ့ ဤသို့သော စိတ်အကြံဖြင့် ဒုတိယ အကြိမ် လာခြင်းဖြင့် ဘုရားရှင် ရှိတော်မူရာ အရပ်သို့ ချဉ်းကပ်၍ ပြဿနာ (၁၄)ရပ်တို့ကို မေးမြန်းလျှောက်ထား လေသည်။ (ဤသုဘလုလင်နှင့် တောဒေယျပုဏ္ဏားကြီး၏ အကြောင်းအရာကို ဥပရိပဏ္ဏာသအဋ္ဌကထာ (၁၇၅-၁၇၇)မှ ထုတ်နှုတ်၍ ဖော်ပြအပ်ပါသည်။

သုဘလုလင်၏ ပြဿနာ (၁၄) ရပ်

သုဘလုလင်၏ ပြဿနာ (၁၄) ရပ်

အရှင်ဂေါတမ ...လူဖြစ်ကြကုန်သော သူတို့မှာ လူချင်း တူကြပါကုန်လျက် ----- ယုတ်ခြင်း မြတ်ခြင်း တို့ကို တွေ့မြင်ရပါကုန်၏။ ထိုအကြောင်းရင်းကား အဘယ်ပါနည်း အထောက်အပံ့ကား အဘယ်ပါနည်း။ အရှင် ဂေါတမ ...

၁။ အသက် တိုသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၂။ အသက် ရှည်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၃။ အနာရောဂါ များသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၄။ အနာရောဂါ ကင်းသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၅။ အဆင်း မလှသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၆။ အဆင်း လှသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၇။ အခြံအရံ မရှိသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၈။ အခြံအရံ များသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၉။ စည်းစိမ်ဥစ္စာ နည်းပါးသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၁၀။ စည်းစိမ်ဥစ္စာ များပြားသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၁၁။ အမျိုး ယုတ်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၁၂။ အမျိုး မြတ်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၁၃။ ပညာ မဲ့သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

၁၄။ ပညာ ရှိသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏။

အရှင်ဂေါတမ ...လူဖြစ်ကြကုန်သော လူတို့မှာ လူချင်း တူကြပါကုန်လျက် ---- ယုတ်ခြင်း မြတ်ခြင်းတို့ကို တွေ့မြင်ရပါကုန်၏။ ထိုအကြောင်းရင်းကား အဘယ်ပါနည်း အထောက်အပံ့ကား အဘယ်ပါနည်းဟု မေးမြန်း လျှောက်ထား၏။

ထိုအခါ ဘုရားရှင်က ရှေးဦးစွာ ဤသို့ အကျဉ်းချုပ်အဖြေကို ပေးတော်မူ၏ ---

ကမ္မဿကာ မာဏဝ သတ္တာ ကမ္မဒါယာဒါ ကမ္မယောနီ ကမ္မဗန္ဓူ ကမ္မပ္ပဋိသရဏာ၊ ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပ္ပဏီတတာယာတိ။ (မ၊၃၊၂၄၄။)

= သုဘလုလင် ...သတ္တဝါတို့သည် ကံသာလျှင် မိမိကိုယ်ပိုင်ဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံတို့သာလျှင် ဖြစ်ကုန်၏။ ကံသာလျှင် အကြောင်းရင်းစစ် ရှိကုန်၏။ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏။ ကံသာလျှင် ပုန်းအောင်း လည်းလျောင်း မှီခိုရာ ရှိကုန်၏။ သတ္တဝါတို့ကို ယုတ်ညံ့သူ ဖြစ်ဖို့ရန် မြင့်မြတ်သူ ဖြစ်ဖို့ရန် (= ယုတ်ညံ့သူ ဖြစ် အောင် မြင့်မြတ်သူ ဖြစ်အောင်) ကံကသာလျှင် ဝေဖန်၏ --- ဟု မိန့်တော်မူ၏။

[သုဘလုလင်သည် ဘုရားရှင်၏ ဖြေကြားချက်၏ ဆိုလိုရင်း အနက်သဘောကို နားမလည်နို်င် ဖြစ်နေ၏။ ထိုသုဘလုလင်၏ ပါးစပ်ကို အလွန်ထူထဲသော ပိတ်ပိုင်းကြီးဖြင့် စည်းပြီးနောက် ပျားရည်ကို သူ့ေ့ရှ၌ ချထား သကဲ့သို့ ဖြစ်နေ၏။ ဤသုဘလုလင်ကား မာနကို အမှီပြုနေ၏၊ မာနကြီး၏၊ မိမိကိုယ်ကို မိမိ ပညာရှိဟု အထင်ကြီး နေသော ပဏ္ဍိတမာနီပုဂ္ဂိုလ် ဖြစ်၏။ မိမိနှင့် တန်းတူပညာရှိကို မမြင်သူတစ်ဦး ဖြစ်နေ၏။ ထိုသို့ မာနကို အမှီ ပြု၍ မိမိကိုယ်ကို မိမိ ပညာရှိဟု အထင်ကြီးနေသည့်အတွက် ထိုသုဘလုလင်၏ သန္တာန်၌ ---

အရှင်ဂေါတမသည် အဘယ်အကြောင်းအရာကိုမဆို ပြောပါစေ၊ ငါသိပြီးသားကိုသာ ပြောဆိုနေ၏ -- ဟု ဤသို့သော မာန်မာနတရားသည် မဖြစ်ပါစေလင့် ---

ဤသို့ နှလုံးပိုက်တော်မူ၍ သုဘလုလင်၏ မာန်မာနကို ချိုးနှိမ်ရန်အလို့ငှာ ရည်ရွယ်တော်မူ၍ ဘုန်းတော် ကြီးမြတ်တော်မူသော ဘုရားရှင်သည် ---

တရားဦးကတည်းက ထိုးထွင်း သိမြင်နိုင်ခဲသည်ကို ပြု၍ တရားတော်ကို ဟောကြားတော်မူပေအံ့၊ ထိုအခါကျမှ --- အို ရှင်ဂေါတမ ...တပည့်တော် မသိပါ၊ တပည့်တော်၏ ဉာဏ်၌ ထင်ရှားအောင် ပြု၍ အကျယ် အားဖြင့် ဝေဖန် ဟောကြား ပြသ ဆိုဆုံးမတော်မူပါဟု ငါဘုရားရှင်ကို တောင်းပန်ပေလတ္တံ့၊ ထိုအခါဝယ် ထိုသို့ လျှောက်ထား တောင်းပန်လာသောအခါ၌ ငါဘုရားသည် ထိုသုဘလုလင်အား တရားတော်ကို ဟောကြား တော်မူပေအံ့၊ ဤသို့ ဟောတော်မူခဲ့သော် ထိုသုဘလုလင်အား အကျိုးရှိသော တရားဒေသနာတော်သည် ဖြစ်ပေ လတ္တံ့ ---

ဤသို့ နှလုံးပိုက်တော်မူ၍ ထိုးထွင်း သိမြင်နိုင်ခဲသည်ကို ပြု၍ တရားဦးကို စတင် ဟောကြားတော်မူ၏။ ထိုအခါ သုဘလုလင်သည် မိမိ၏ တရားတော်၏ ဆိုလိုရင်း အနက်သဘောကို ထိုးထွင်း မသိနိုင်မှုကို ထင်ရှား ဖော်ပြလျက် ဤသို့ ဆက်လက် တောင်းပန် လျှောက်ထား၏။]

အရှင်ဂေါတမ ...အကျဉ်းချုပ် ဟောထားတော်မူ၍ အကျယ်အားဖြင့် အနက်ကို မဝေဖန်အပ်သော ဤတရားစကား၏ အနက်သဘောကို အကျယ်အားဖြင့် တပည့်တော် မသိပါ၊ တောင်းပန်ပါ၏၊ အရှင်ဂေါတမ သည် အကျဉ်းအားဖြင့် ဟောထား၍ အနက်သဘော အကျယ်အားဖြင့် မဝေဖန်အပ်သော ဤတရား၏ အနက် အဓိပ္ပါယ်ကို တပည့်တော် သိနိုင်အောင် တရားဟောတော်မူပါ --- ဟု လျှောက်ထားတောင်းပန်၏။

သုဘလုလင် ...ထိုသို့ဖြစ်မူ နာကြားလေလော၊ ကောင်းစွာ နှလုံးသွင်းလေလော၊ တရားတော်ကို ဟောကြားတော်မူပေအံ့ဟု မိန့်ကြားတော်မူ၏။ အရှင်ဘုရား ...ကောင်းပါပြီဘုရားဟု တောဒေယျပုဏ္ဏား၏ သားဖြစ်သော သုဘလုလင်က မြတ်စွာဘုရားအား ပြန်လည်လျှောက်ထား၏။ မြတ်စွာဘုရားသည် ဤဆိ်ုလတ္တံ့သော စကားကို မိန့်ကြားတော်မူ၏။

အမှတ် (၁) အဖြေ - အသက်တိုခြင်း

အမှတ် (၁) အဖြေ - အသက်တိုခြင်း

၁။ သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် သူ့အသက်ကို သတ်လေ့ ရှိ၏၊ ရက်စက်ကြမ်းကြုတ်၏၊ သွေးစွန်းသောလက် ရှိ၏၊ သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စား၏။ အလုံးစုံသော သတ္တဝါတို့အပေါ်၌ သနားခြင်း ကင်းမဲ့၏။ ထို သူ့အသက်ကို သတ်လေ့ရှိသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့် ထားအပ်သော ဤသို့ မှားမှားယွင်းယွင်း ဆောက်တည်ထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ မကောင်းသော လားရောက်ရာ အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ မကောင်းသော လားရောက်ရာ အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ အသက်တိုရ၏။ သုဘလုလင် ...ထိုသူ့အသက်ကို သတ်ခြင်း ရက်စက်ကြမ်းကြုတ်ခြင်း သွေးစွန်းသောလက် ရှိခြင်း သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စားခြင်း အလုံးစုံသော သတ္တဝါတို့၌ သနားခြင်း ကင်းမဲ့ခြင်းသည် အသက်တို ခြင်းက်ို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၄။)

သူ့အသက်ကို သတ်ခြင်း ရက်စက်ကြမ်းကြုတ်ခြင်း သွေးစွန်းသောလက် ရှိခြင်း သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စားခြင်း အလုံးစုံသော သတ္တဝါတို့၌ သနားခြင်း ကင်းမဲ့ခြင်းသည် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် အသက်တိုခြင်းက်ို ပြုလုပ်ပေးသနည်း?

အဖြေ --- ဥပပီဠကကံ = ကပ်၍ ညှဉ်ပန်းနှိပ်စက်တတ်သောကံ, ဥပစ္ဆေဒကကံ = ကပ်၍ ဖြတ်တတ်သောကံ, ဇနကကံ = ပဋိသန္ဓေကို ဖြစ်စေတတ်သောကံ, ဥပတ္ထမ္ဘကကံ = အားပေးထောက်ပံ့တတ်သောကံဟု ကံ (၄)မျိုး ရှိ၏။

၁။ ဥပပီဠကကံ --- အားကောင်းသော ဗလဝကုသိုလ်ကံကြောင့် လူ့ပြည်လူ့လောကဝယ် လူဖြစ်လာရ၏။ ပဋိသန္ဓေ တည်နေပြီးနောက် ပဝတ္တိအခါ၌ကား ကပ်၍ ညှဉ်ပန်းနှိပ်စက်တတ်သော ဥပပီဠကကံသည် လာ လတ်၍ အနက်သဘောအားဖြင့် မပြောသော်လည်း ဤသို့ပြောဆိုနေသည် မည်၏။ ---

ငါသည် အကယ်၍ ရှေးဦးစွာ သိရှိခွင့် ရငြားအံ့၊ သင့်အား ဤလူ့လောက၌ ဖြစ်ခွင့်ကို ငါမပေးလေရာ၊ သင့်ကို အပါယ် (၄)ဘုံတို့၌သာလျှင် ဖြစ်စေလေရာ၏၊ ရှိစေတော့ ...သင်သည် မည်သည့်နေရာ၌ပင် ဖြစ်စေ၊ ငါသည် သင့်ကို ကပ်၍ ညှဉ်ပန်းနှိပ်စက်တတ်သော ဥပပီဠကကံ မည်သည်ဖြစ်၍ --- ကြံကို ကြံကြိတ်စက်ထဲ ထည့်၍ ညှစ်ယူသကဲ့သို့ --- သင့်ကို ညှစ်၍ တန်ခိုးအာနိသင် မရှိအောင် အရသာ မရှိအောင် အနှစ်သာရ မရှိ အောင် ပြုလုပ်ပေအံ့ ---

ဤသို့ မပြောသော်လည်း ပြောနေသည် မည်၏။ ထိုဥပပီဠကကံက အဘယ်ကို ပြုလုပ်သနည်း? ဘေးဥပဒ် ဘေးဒုက္ခကို ဆောင်ပို့ပေး၏။ စည်းစိမ်ဥစ္စာကို ပျက်စီးစေ၏။ (မ၊ဋ္ဌ၊၄၊၁၇၇-၁၇၈။)

ပြုလုပ်ပုံ --- ကလေးသူငယ်၏ အမိဝမ်း၌ ဖြစ်ပေါ်လာရသည့် အချိန်ကာလမှ စ၍ မိခင်သည် သာယာမှု သည်လည်းကောင်း, ချမ်းသာသုခသည်လည်းကောင်း မဖြစ်တော့ပေ။ မိဘ နှစ်ပါးတို့၏ သန္တာန်၌ ညှဉ်းပန်းနှိပ်စက် ခံရမှု ဆင်းရဲဒုက္ခအမျိုးမျိုးသည်သာလျှင် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် ဘေးဥပဒ် ဘေးဒုက္ခကို ဆောင်ပို့ပေး၏။ (လောသကတိဿမထေရ်၏ အလောင်းလျာ ပဋိသန္ဓေ တည်နေကတည်းက မိဘတို့၌ အစာငတ်မွတ်ခြင်း စသည့် ဘေးဥပဒ် ဘေးဒုက္ခ အမျိုးမျိုး ကျရောက်လာသကဲ့သို့ မှတ်ပါ။) တစ်ဖန် ကလေးသူငယ်၏ မိခင်ဝမ်းတိုက်၌ ဖြစ်ပေါ်လာရာ အချိန်ကာလမှ စ၍ အိမ်၌ရှိသော စည်းစိမ်ဥစ္စာတို့သည် --- ရေထဲသို့ ရောက်၍ ပျက်စီးသွားသော ဆားကဲ့သို့ ရေဘေး ရေဒဏ် မီးဘေး မီးဒဏ် စသော ဘေးရန်အမျိုးမျိုးတို့၏ အစွမ်းကြောင့် ပျက်စီးသွားကုန်၏။ အိုးပြည့်အောင် နို့ညှစ်၍ ရနိုင်သော နွားမတို့သည်လည်း နွားနို့ကို မပေးကြကုန်၊ ရဲရင့်သော နွားကောင်းတို့သည် နွားကြမ်းကြီးတို့ ဖြစ်သွားကြ၏။ မျက်စိကာဏ်းကုန်ကြ၏။ ခြေခွေကုန်ကြ၏။ နွားအပေါင်း၌ နွားရောဂါ ကျရောက် လာ၏။ ကျွန်စသော အလုပ်သမားတို့သည်လည်း စကားကို မလိုက်နာကြကုန်၊ စိုက်ပျိုးထားအပ်သော ကောက်စပါး သည်လည်း ကောင်းစွာ ဖြစ်ထွန်းမလာ၊ အိမ်၌ တည်သော အိမ်သို့ ရောက်ရှိနေသော ဥစ္စာသည် အိမ်၌ ပျက်စီးသွား၏၊ တော၌ တည်သော တောသို့ ရောက်ရှိနေသော ဥစ္စာသည် တော၌ ပျက်စီးသွား၏။ အစဉ်အတိုင်း တဖြည်းဖြည်း ဆုတ်ယုတ်ပျက်စီးလာရာ အဆာပြေရုံမျှသော ထမင်း, ဖုံးလွှမ်း၍ ရနိုင်ရုံမျှသော အဝတ်သည်ပင် အလွန်ရနိုင်ခဲသော ဒုလ္လဘ တစ်ခု ဖြစ်နေ၏။ ကိုယ်ဝန်ကို ထိန်းသိမ်း စောင့်ရှောက်ပေးမည့် အစောင့်အရှောက် မရှိ၊ မွေးဖွားလာသောအခါ မိခင်၏ နို့ရည်သည် ပြတ်စဲသွား၏၊ ကလေးသူငယ်သည် အစောင့်အရှောက်ကို မရသည်ရှိသော် ထိ်န်းသိမ်းမည့် ထိန်းကျောင်းမည့်သူ မရှိရကား ဆင်းရဲအမျိုးမျိုးကို ခံစားရ၏၊ အရှိန်အစော် မရှိ ဖြစ်နေ၏၊ အရသာ မရှိ ဖြစ်နေ၏၊ အနှစ် မရှိ ဖြစ်နေ၏၊ ကြုံလှီနေ၏။ ဤကံမျိုးသည် ကပ်၍ နှိပ်စက်တတ် သော ဥပပီဠကကံ မည်၏။ (မ၊ဋ္ဌ၊၄၊၁၇၈။)

အသင်သူတော်ကောင်းသည် အထက်ပါ အကြောင်းအရာကို ရပ်တန့်၍ အနည်းငယ် စဉ်းစားပါ --- ဤ၌ ဥပပီဠကကံ = ကပ်၍ နှိပ်စက်တတ်သောကံမှာ အကုသိုလ်ကံ ဖြစ်၏။ အကုသိုလ်ကံက ကုသိုလ်ကံ၏ ကောင်းကျိုး ကို ဖြစ်ခွင့်မရအောင် မိမိ၏ မကောင်းကျိုးကို ပဝတ္တိအခါ၌ ဖြစ်စေခြင်းဖြင့် ကပ်၍ နှိပ်စက်နေ၏။ ထိုဥပပီဠကကံ၏ မကောင်းကျိုးကို မကောင်းမှုရှင်သာ ခံရသည်မဟုတ်ဘဲ ထိုမကောင်းမှုရှင်နှင့် နီးစပ်ရာ မိဘစသော ဆွေမျိုးသားချင်း တို့သည်လည်း ခံစံကြရသည်ကို သတိပြုသင့်ပေသည်။

၂။ ဥပစ္ဆေဒကကံ = ကပ်၍ ဖြတ်တတ်သောကံ --- အသက်ကို ရှည်စေတတ်သော ကုသိုလ်ကံကြောင့် လူဖြစ် လာရသော ပုဂ္ဂိုလ်၏ သန္တာန်ဝယ် ကပ်၍ ဖြတ်တတ်သော ဥပစ္ဆေဒကကံသည် လာလတ်၍ အသက်ကို ဖြတ်တောက်တတ်၏။ ဥပမာ --- ယောက်ျားတစ်ဦးသည် ရှစ်ဥသဘ ပမာဏရှိသော အရပ်သို့ ရန်သူကို ရည်ညွှန်း၍ လေးကို စွဲကိုင်လျက် ချိန်၍ မြားကို ပစ်လွတ်လိုက်၏။ ထိုမြားကို အခြားယောကျ်ားတစ်ဦးက လေးမှ မြားလွတ်ရုံမျှ အချိန်၌ ဆောက်ပုတ်ဖြင့် ရိုက်ပုတ်၍ ထိုနေရာ၌ပင်လျှင် ကျစေ၏။ ဤဥပမာအတူပင်လျှင် အသက်ကို ရှည်စေ တတ်သော ကုသိုလ်ကံ၏ စွမ်းအင်ကြောင့် လူဖြစ်လာရသော ပုဂ္ဂိုလ်၏ သန္တာန်ဝယ် ကပ်၍ ဖြတ်တတ်သော ဥပစ္ဆေဒကကံသည် အသက်ကို ဖြတ်တောက်ပစ်လိုက်၏။ အဘယ်သို့ ပြုလုပ်ပေးသနည်း? ခိုးသားဓားပြတို့ရှိရာ တောအုပ်အတွင်းသို့ ဝင်ရောက်စေ၏၊ = (ထိုတောအုပ်အတွင်းသို့ သွားချင်စိတ်များ တဖွားဖွားပေါ်ကာ မသွားရ မနေနိုင်အောင် ကိန်းသေသွားဖြစ်အောင် ထိုကံက ဖန်တီးပေး၏။) ကြမ်းတမ်းသော မကန်း ငါး လိပ် မိကျောင်းတို့ ရှိရာ ရေထဲသို့ ဆင်းစေ၏။ အခြားတစ်စုံတစ်ခုသော ဘေးရန် အန္တရာယ် ထူပြောသော နေရာဌာနသို့ ပို့ဆောင် ပေး၏။ ဤကံမျိုးသည် ဥပစ္ဆေဒကကံ မည်၏။ ဥပဃာတကကံ ဟူသည်မှာလည်း ဤဥပစ္ဆေဒကံ၏ အမည်ပင် တည်း။ (မ၊ဋ္ဌ၊၄၊၁၇၈။) မြွေပါကို မြွေတိုးစေသော ကံမျိုး, သူခိုးရှိရာ တောအုပ်သို့ ဥစ္စာထုပ်ကို ပိုက်၍ သွားစေ သော ကံမျိုးတည်း။

၃။ ဇနကကံ --- ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံသည် ဇနကကံ မည်၏။

၄။ ဥပတ္ထမ္ဘကကံ --- နည်းပါးသော စည်းစိမ်ဥစ္စာရှိသော အမျိုးအနွယ် စသည်တို့၌ လူဖြစ်လာရသောသူအား စည်းစိမ်ဥစ္စာ၏ ပြည့်စုံခြင်း ဘောဂသမ္ပဒါ စသည်ကို ပြုလုပ်ပေးခြင်းဖြင့် အားပေး ထောက်ပံ့တတ်သောကံသည် ဥပတ္ထမ္ဘကကံ မည်၏။ (မ၊ဋ္ဌ၊၄၊၁၇၈။)

ဤကံ (၄)မျိုးတို့တွင် ဥပပီဠကကံ = ကပ်၍ ညှဉ်ပန်းနှိပ်စက်တတ်သောကံနှင့် ဥပဃာတကကံ = ဥပစ္ဆေဒကကံ = ကပ်၍ ဖြတ်တတ်သောကံ --- ဤကံ (၂)မျိုးတို့သည်ကား ကုသိုလ်ကံ၏ အကျိုးဝိပါက်ကို မဖြစ်အောင် တားမြစ်တတ်သော အကုသိုလ်ကံတို့သာ ဖြစ်ကြ၏။ ပဋိသန္ဓေကို ဖြစ်စေတတ်သော ဇနကကံမှာ ကုသိုလ်ကံလည်း ရှိ၏၊ အကုသိုလ်ကံလည်း ရှိ၏။ အားပေး ထောက်ပံ့တတ်သော ဥပတ္ထမ္ဘကကံကား ကုသိုလ်ကံသာလျှင် ဖြစ်၏။ (မ၊ဋ္ဌ၊၄၊၁၇၈။)

ဇနကကံ၌ ကုသိုလ်ဇနကကံ အကုသိုလ်ဇနကကံဟု နှစ်မျိုး ရှိသကဲ့သို့ ဥပပီဠကကံ ဥပစ္ဆေဒကကံ ဥပတ္ထမ္ဘကကံ --- ဤကံတို့၌လည်း ကုသိုလ် အကုသိုလ် နှစ်မျိုးပင် ရှိသင့်ကြောင်း ဥပရိပဏ္ဏာသဋီကာဆရာတော်က ဖွင့်ဆိုထား၏။ (မ၊ဋီ၊၃၊၃၇၄ - ကြည့်။)

ထိုကံ (၄)မျိုးတို့တွင် ဥပစ္ဆေဒကကံကို နှစ်မျိုးအားဖြင့် အလိုရှိအပ်ပေသည်။ ကုသိုလ်ကံကြောင့် လူဘဝ၌ လူလာဖြစ်ရ၏။ ထိုလူ၏ အသက်သည် ကပ်၍ ဖြတ်တတ်သော သတ်တတ်သော ဥပစ္ဆေဒကကံကြောင့် ပြတ်သွား နိုင်၏။ ဤဥပစ္ဆေဒကကံဟူသည် ပါဏာတိပါတကံပင်တည်း။ ထိုပါဏာတိပါတကံဟူသော ဥပစ္ဆေဒကကံကြောင့် အသက်တိုတတ်၏။ ပါဏာတိပါတကံသည် ဥပစ္ဆေဒကကံဖြစ်လျှင် ယင်းဥပစ္ဆေဒက ပါဏာတိပါတကံသည် အသက်တိုခြင်းကို ဖြစ်စေတတ်၏။ အသက်တိုခြင်းကို ဖြစ်စေတတ်ပုံမှာ ဤသို့ဖြစ်၏ ---

၁။ သူ့အသက်ကို သတ်လေ့ရှိသောသူသည် ပြုစုပျိုးထောင်အပ်သော ကုသိုလ်ကံသည် ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုး မရှိနိုင်။ အသက်ရှည်သော ပဋိသန္ဓေကို ဖြစ်စေဖို့ရန် မစွမ်းနိုင်ပေ။ ဤသို့လျှင် ပါဏာတိပါတ ကံသည် အသက်တိုခြင်းကို ဖြစ်စေတတ်၏။ (မ၊ဋ္ဌ၊၄၊၁၇၈-၁၇၉။)

ပါဏာတိပါတကံက ထိုပါဏာတိပါတကံကို ပြုစုပျိုးထောင်လေ့ရှိသော သတ္တဝါ၏ ရုပ်နာမ်သန္တာန်အစဉ်ကို ထိုကဲ့သို့ အသက်တိုအောင် ပြုပြင်စီမံထားသောကြောင့် ဖြစ်၏။ အကြင် ရုပ်နာမ်သန္တာန်အစဉ်၌ ပါဏာတိပါတ ကံသည် ထင်ရှား ဖြစ်ခဲ့၏။ ထို ရုပ်နာမ်သန္တာန်အစဉ်ကို ထို ပါဏာတိပါတကံက အသက်တိုအောင် ပြုစီမံထား သည်၏ အဖြစ်ကို မချွတ်ဧကန် အလိုရှိအပ်ပေ၏၊ ထိုရုပ်နာမ်သန္တာန်အစဉ်၌သာလျှင် ထိုပါဏာတိပါတကံ၏ အသက်တိုခြင်း စသော အကျိုးတရားကို ဖွဲ့ချည်ထားသောကြောင့် ဖြစ်၏။ ဤစကားရပ်ဖြင့် ကုသိုလ်ကံကို အားထုတ်ဆဲခဏ၌ပင်လျှင် ပါဏာတိပါတကံသည် ထိုကဲ့သို့သော အသက်ကို တိုစေတတ်သော စွမ်းအင်သတ္တိ ရှိသော မိမိကုသိုလ်ကံ၏ အကျိုးကို ကပ်၍ ဖြတ်တတ်သော ဥပဃာတသဘောကို ပြုလုပ်၏ဟု ညွှန်ပြ၏။ ထိုကြောင့် ကုသိုလ်ကံသည် နည်းပါးသော အကျိုးရှိခြင်း ဖြစ်၏။ (မ၊ဋီ၊၃၊၃၇၅။)

အသက်ရှည်ခြင်း အစရှိသော ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအပေါင်းကို အလိုရှိသော အသင်သူတော်ကောင်းသည် ဤ ဘုရားဟောပါဠိတော်ကြီးနှင့် အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုချက်များကို အထူး အလေးဂရု ပြုသင့်လှပေသည်။ ပါဏာတိပါတကံကို လွန်ကျူးလေ့ရှိသော ပုဂ္ဂိုလ်တစ်ဦးသည် ဒါန သီလ ဘာဝနာ အစဖြာသည့် ကောင်းမှုကုသိုလ် အဝဝကို ပြုစုပျိုးထောင်ရာ၌ ထိုကုသိုလ်ကံဝယ် အသက်ကို တိုစေတတ်သော စွမ်းအင်များ ကိန်းဝပ်လိုက်ပါလျက် ရှိသည်ဟူသော အချက်ကား အလွန် ဝမ်းနည်းဖွယ်ရာ ပြစ်ချက်ကြီး တစ်ခုပင် ဖြစ်ပေသည်။ ပြုကအသစ် ဖြစ်ကအဟောင်း ကြောင်းနှင့်ကျိုးတည်း ဟူသော ဆိုရိုးစကားနှင့်အညီ ယခု ပြုနေသော ကံများကား အသစ်အသစ်သော အကြောင်းတရား ဖြစ်၍ ယခု ဖြစ်နေသမျှ ခံစားနေရသမျှ အကျိုးတရား တို့ကား အတိတ်သံသရာ အဆက်ဆက်က ပြုစုပျိုးထောင်ခဲ့သော ဤဘဝမှာပင် လွန်ခဲ့သော အချိန်ကာလက ပြုစုပျိုးထောင်ထားသော ကံ၏ အကျိုးတရားများပင် ဖြစ်ကြ၏။ ကံတစ်ခုသည် ကံအရာ၌ တည်သွားပါက ပြန်လည် ဖျက်သိမ်းဖို့ရန် အလွန် ခက်ခဲသွားပြီ ဖြစ်၏။ အရိယမဂ်တည်းဟူသော မွေးညှပ်နှင့် ကင်း၍ နှုတ်ပယ်ခြင်းငှာ မစွမ်းနိုင်သောသဘော ရှိပေ၏။ သတိရှိစေ။

လယ်ထဲ၌ ကြဲချ စိုက်ပျိုးလိုက်သော စပါးပင်သည် မျိုးစေ့နှင့် တူသော အသီးကို ဖြစ်စေသကဲ့သို့ မျိုးစေ့နှင့် တူသော အသီးဟူသော အကျိုးတရားကို ဖြစ်စေနိုင်သော စွမ်းအင်များသည် ထိုစပါးပင် ရုပ်သန္တတိအစဉ်၌ လိုက်ပါကိန်းဝပ် တည်နေသကဲ့သို့ အလားတူပင် ပါဏာတိပါတကံကို လွန်ကျူးလေ့ရှိသောပုဂ္ဂိုလ်သည် ပြုစုပျိုးထောင်လိုက်သော ကုသိုလ်ကံ၌လည်း ရှည်သောအသက်ကို ကပ်၍ ဖြတ်တတ်သော ဥပဃာတကကံ၏ စွမ်းအင် သတ္တိကြောင့် ဖြစ်ပေါ်လာသော အသက်တိုခြင်းကို ဖြစ်စေတတ်သော ကိန်းသေမြဲသော နိယာမသဘောတရားများ ရှိကြောင်းကို ထိုစကားရပ်များက ညွှန်ပြလျက် ရှိနေပေသည်။ (မ၊ဋီ၊၃၊၃၇၅။)

၂။ ပဋိသန္ဓေကိုသော်လည်း သတ်မှတ်ချက်ပေး၍ မြဲစေ၍ အသက်တိုအောင် ပြုလုပ်တတ်၏။ (မ၊ဋ္ဌ၊၄၊၁၇၉။)

ပဋိသန္ဓေ၌ ကိန်းသေမြဲသော သတ်မှတ်ချက်အထူး၌ အကျိုးပေးဖို့ရန် အခွင့်ကို ပြုလျက်သာလျှင် ကုသိုလ်ကံက ငင်အပ်သော ပဋိသန္ဓေရှိသော ရုပ်နာမ်သန္တာန်အစဉ်ကို ပါဏာတိပါတကံက အသက်တိုစေခြင်းငှာ မြဲစေ၏၊ ထိုကြောင့် ပဋိသန္ဓေကိုသော်လည်း သတ်မှတ်ချက်ပေး၍ မြဲစေ၍ အသက်တိုအောင် ပြုလုပ်တတ်၏ဟု ဆိုသည်။ (မ၊ဋီ၊၃၊၃၇၅။) ကုသိုလ်ကံ တစ်ခုကြောင့် ပဋိသန္ဓေ ဖြစ်လာရာဝယ် ယင်းပဋိသန္ဓေ၌ အသက်တိုစေတတ်သော စွမ်းအင်များကို ယင်းပါဏာတိပါတကံက မြှုပ်နှံပေးထား၏။ ယင်းစွမ်းအင်သတ္တိကြောင့် ပဋိသန္ဓေရှင်သည် အသက်တိုရ၏ဟု ဆိုလိုသည်။

တစ်နည်းဖွင့်ဆိုပုံ

ပါဏာတိပါတကံကို ကျူးလွန်ရာ၌ ---

၁။ လွန်ကျူးဖို့ရန် စိတ်ဆုံးဖြတ်ချက်ချ၍ မလွန်ကျူးမီ ဖြစ်ပေါ်နေသော ပုဗ္ဗစေတနာ,

၂။ ဆုံးဖြတ်ချက်ချပြီး၍ လွန်ကျူးဆဲ၌ ဖြစ်ပေါ်နေသော သန္နိဋ္ဌာနစေတနာ,

၃။ လွန်ကျူးပြီး နောက်ပိုင်း၌ ဖြစ်ပေါ်နေသော အပရစေတနာ ---

ဤစေတနာ (၃)တန်တို့အနက် သန္နိဋ္ဌာန စေတနာကြောင့် ငရဲ၌ ဖြစ်ရ၏။ ပုဗ္ဗစေတနာ အပရစေတနာတို့ ကြောင့် ဆိုခဲ့သည့်အတိုင်း အသက်တိုရ၏။ (မ၊ဋ္ဌ၊၄၊၁၇၉။)

ပါဏာတိပါတစေတနာသည် စင်စစ် ခါးစပ်သော အကျိုးတရား ရှိသောကြောင့် သန္နိဋ္ဌာနစေတနာကြောင့် ငရဲ၌ ဖြစ်ရ၏၊ ထိုစေတနာ၏ အကျိုးတရားသည် ကုန်ခန်းမသွားသေးသောကြောင့် ဖြစ်၏။ ပုဗ္ဗစေတနာ အပရ စေတနာတို့ကား သန္နိဋ္ဌာနစေတနာကဲ့သို့ အလွန် ဝန်လေးဖွယ်ရာ အကျိုးတရားတို့ကို မဖြစ်စေနိုင်၊ ထိုကြောင့် ပုဗ္ဗစေတနာ အပရစေတနာတို့က အသက်တိုစေကြောင်းကို ဖွင့်ဆိုခြင်း ဖြစ်၏။ (မ၊ဋီ၊၃၊၃၇၅။)

အမှတ် (၂) အဖြေ - အသက်ရှည်ခြင်း

အမှတ် (၂) အဖြေ - အသက်ရှည်ခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် သူ့အသက်သတ်ခြင်း ကို ပယ်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီး ဖြစ်၏၊ လက်နက်ကို ချထားပြီး ဖြစ်၏၊ ရှက်ခြင်း ရှိ၏၊ သနားခြင်း ရှိ၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေ၏။ ထို သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်သူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ထား အပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရို်က်သမားတို့၏ လားရောက်ရာ ဖြစ်သော နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရို်က်သမားတို့၏ လားရောက်ရာ ဖြစ်သော နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက် ရဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ အသက်ရှည်ရ၏။ သုဘလုလင် ...ထို သူ့အသက် သတ်ခြင်းကို ပယ်စွန့်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း တုတ်ကို ချထားပြီး ဖြစ်ခြင်း လက်နက်ကို ချ ထားပြီး ဖြစ်ခြင်း အရှက်ရှိခြင်း အသနားရှိခြင်း အလုံးစုံသော သတ္တဝါတို့၏ အစီးအပွားကို လိုလားခြင်းသည် အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၄။)

သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ဟူသော ဣန္ဒြေငါးပါး = ဗိုလ်ငါးပါး = စွမ်းအားကြီး ငါးရပ်တို့ အလွန် အားကောင်းနေသော ကာမာဝစရကုသိုလ်ကံက နတ်ပြည်လောကသို့, မဟဂ္ဂုတ်ကံက ဗြဟ္မာ့ပြည်သို့ ရောက်အောင် ပို့ဆောင်ပေး၏။ ယင်းစွမ်းအားကြီး ငါးရပ်တို့ အင်အားပျော့နေသော ကာမာဝစရကုသိုလ်ကံက လူ့ပြည်သို့ ရောက်အောင် ပို့ဆောင်ပေး၏။ ဤ၌ ဣန္ဒြေငါးပါး ဗိုလ်ငါးပါး စွမ်းအားကြီးတို့ စွမ်းအင် လျော့ပါးနေသော အားနည်းသော ကာမာဝစရကုသိုလ်ကံကြောင့် ယင်းကုသိုလ်ကောင်းမှုရှင်သည် လူ့ပြည် လူ့လောက၌ လူလာ ဖြစ်ရသော် ပဝတ္တိအခါ၌ ဤပါဏာတိပါတ ဒုစရိုက်မှုမှ ရှောင်ကြဉ်သည့် ကုသိုလ်ကံက လာရောက်၍ တရားကိုယ် အနက်သဘောအားဖြင့် ဤသို့ ပြောပြနေသည် မည်၏ ---

ငါသည် ပထမဦးဆုံး အကယ်၍ သိခွင့်ရခဲ့လျှင် သင့်အား ဤလူ့ပြည် လူ့လောက၌ ဖြစ်ဖို့ရန် ခွင့်မပေး လေရာ၊ နတ်ပြည် နတ်လောက၌သာလျှင် သင့်ကို ဖြစ်စေရာ၏၊ ရှိစေတော့ ...သင်သည် ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ဖြစ်ချင်သည့် နေရာ၌ ဖြစ်ပါစေ၊ ငါသည် အားပေးထောက်ပံ့တတ်သော ဥပထမ္ဘကကံ မည်သည် ဖြစ်၍ သင့်အား ထောက်ပံ့မှုကို ပြုလုပ်ပေးပေအံ့။

ဤသို့ မပြောသော်လည်း အနက်သဘောအားဖြင့် ပြောပြနေသကဲ့သို့ ပြု၍ အားပေးထောက်ပံ့မှုကို ပြု၏။ အဘယ်ကို ပြုသနည်း?...၊ ဘေးရန်ကို ဖျက်ဆီးပစ်၏။ စည်းစိမ်ဥစ္စာတို့ကို ဖြစ်စေ၏။ (မ၊ဋ္ဌ၊၄၊၁၇၉။)

ထိုသို့ ပြုလုပ်ရာ၌ ကလေးသူငယ်၏ မိခင်ဝမ်းကြာတိုက်၌ ဖြစ်လာရာ အချိန်အခါမှစ၍ မိဘတို့၏ သန္တာန်၌ ချမ်းသာသုခသာလျှင် ဖြစ်ပေါ်လာ၏။ သာယာမှုသာလျှင် ဖြစ်နေ၏။ လူကြောင့် ကျရောက် ဖြစ်ပေါ်လာသော ဘေးဥပဒ်, နတ်တို့ကြောင့် ကျရောက် ဖြစ်ပေါ်လာသော ဘေးဥပဒ် --- ပကတိအားဖြင့် ဖြစ်လေ့ရှိသော ဤဘေးဥပဒ်အားလုံးတို့သည်လည်း ဘေးသို့ ရှဲသွားကြကုန်၏။ ဤသို့လျှင် ဘေးဥပဒ်ကို ဖျက်ဆီးပစ်၏။

တစ်ဖန် ကလေးသူငယ်၏ မိခင်ဝမ်းကြာတိုက်၌ ဖြစ်လေရာ အခါမှစ၍ အိမ်၌ စည်းစိမ်ဥစ္စာတို့၏ အတိုင်း အတာ ပမာဏကား မရှိပေ။ မြေကြီးအတွင်း၌ မြုပ်နေကုန်သော ရွှေအိုး ငွေအိုး စသော ရတနာအိုးတို့သည် အိမ် ေ့ရှတံခါးမှလည်းကောင်း, အိမ်နောက်ဘက်မှလည်းကောင်း အိမ်အတွင်းသို့ လှိမ့်ဝင်လာကြကုန်၏။ မိဘ တို့သည် သူတစ်ပါးတို့ထံ၌ ထားအပ်သော စည်းစိမ်ဥစ္စာစု၏လည်း မျက်မှောက် ကိုယ်ပိုင်ဥစ္စာ အဖြစ်သို့ ရောက်ရှိ လာကြကုန်၏။ စည်းစိမ်ဥစ္စာတို့ကို ပြန်လည် ပေးအပ်ကြကုန်၏။ နို့စားနွားမကြီးတို့သည် နို့များများ ထွက်လာ ကြ၏။ နွားတို့သည် စိတ်ချမ်းသာဖွယ်ရာ အကျင့်ကောင်း ရှိလာကြကုန်၏။ စပါးစိုက်ခင်း၌ ကောက်စပါးတို့သည် ပြည့်ပြည့်စုံစုံ သီးပွင့်လာကြကုန်၏။ အတိုးရင်းပွား ပေးထားသော ပစ္စည်းများ, ခဏခေတ္တ ချေးငှားသွားသော ပစ္စည်းများကို မတောင်းရဘဲ အလိုလို ကိုယ်တိုင် လာပို့ကြ၏။ ကျွန် အစရှိကုန်သော အလုပ်သမားတို့သည် ပြောဆို လွယ်ကူကုန်၏၊ စကားကို နာယူကြကုန်၏။ ကုန်သွယ်ခြင်း စသော လုပ်ငန်းရပ်မှန်သမျှတို့သည် ဆုတ် ယုတ် ပျက်စီးမှု မရှိကြကုန်။ ကလေးသူငယ်သည် ကိုယ်ဝန်ယူနေရာ အချိန်အခါမှစ၍ အစောင့်အရှောက်ကို ရရှိ၏။ အမျိုးသမီး ဆေးဆရာတို့သည် (= အမျိုးသမီးဆရာဝန်တို့သည်) စုရုံးလျက်ပင် ရှိကြ၏။ အကယ်၍ ယင်းကောင်းမှုရှင် ကလေးသူငယ်သည် သူကြွယ်မျိုး၌ လူဖြစ်လာရသည် ဖြစ်အံ့ - သူဌေးရာထူးကို, အမတ်အမျိုး စသည်တို့၌ လူဖြစ်လာရသည် ဖြစ်အံ့ - စစ်သူကြီးရာထူး စသော ရာထူးဌာနန္တရကို ရရှိ၏။ ဤသို့လျှင် စည်းစိမ် ဥစ္စာတို့ကို ဖြစ်စေ၏။ ထိုကောင်းမှုရှင်သည် ဘေးဥပဒ် မရှိဘဲ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံဖြင့် ကြာမြင့်စွာ အသက်ရှည်ရ၏။ ဤသို့လျှင် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သည့် ကုသိုလ်ကံသည် အသက်ရှည်ခြင်းကို ဖြစ်စေတတ်ပေ၏။ အကျိုးတရား၏ ကံနှင့် အလားတူသောကြောင့် ဖြစ်၏။ (မ၊ဋ္ဌ၊၄၊၁၇၉။)

ထိုကောင်းမှုရှင်သည် လူ့ဘဝသို့ ရောက်ကြောင်းဖြစ်သည့် ကောင်းမှုကုသိုလ်ကံကို ပြုစုပျိုးထောင်ခဲ့ရာ၌ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း တုတ်ကို ချထားပြီးဖြစ်ခြင်း လက်နက်ကို ချထားပြီး ဖြစ်ခြင်း အရှက် ရှိခြင်း အသနားရှိခြင်း အလုံးစုံသော သတ္တဝါတို့၏ အစီးအပွားကို လိုလားခြင်းတည်းဟူသော စိတ်စွမ်းအင် များကို ထိုကံဝယ် မြှုပ်နှံ ထည့်သွင်းထားခဲ့၏။ သူတစ်ပါးတို့ကို အသက်ရှည်စေလိုခြင်း ချမ်းသာစေလိုခြင်း စသော မွန်မြတ်သော စိတ်စွမ်းအင်များ မြှုပ်နှံ ထည့်သွင်းထားသော ထိုကံက အကျိုးပေးသောအခါ ကံနှင့်အလားတူသော အသက်ရှည်ခြင်း ချမ်းသာခြင်း စသော အကျိုးတရားများကို ရရှိလာခြင်း ဖြစ်ပေသည်ဟု ဆိုလိုပေသည်။

တစ်နည်း --- သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်လေ့ရှိသော ပုဂ္ဂိုလ်သည် ပြုစုပျိုးထောင်ထားအပ်သော အခြားခြားသော ကုသိုလ်ကံသည်လည်း ကြီးကျယ်ဖွံ့ဖြိုး များမြတ်သောအကျိုး ရှိ၏။ အသက်ရှည်သော ပဋိ သန္ဓေကို ဖြစ်စေခြင်းငှာ စွမ်းနိုင်၏၊ ဤသို့လည်း အသက်ရှည်မှုကို ဖြစ်စေတတ်၏။ ပဋိသန္ဓေကိုသော်မူလည်း သတ်မှတ်၍ အသက်ရှည်အောင် ပြုလုပ်၏။

တစ်နည်း --- ဒါန သီလ ဘာဝနာ စသော ကောင်းမှုကုသိုလ်ကို ပြုရာ၌ ထိုကောင်းမှုကို ပြုနေဆဲ အချိန်၌ ဖြစ်နေသော ကုသိုလ်စေတနာတို့ကား သန္နိဋ္ဌာနစေတနာတို့တည်း။ ထိုသန္နိဋ္ဌာနစေတနာကုသိုလ်၏ ေ့ရှပိုင်း၌ ဖြစ်ပေါ်နေသော ကုသိုလ်စေတနာတို့ကား ပုဗ္ဗစေတနာ, နောက်ပိုင်း၌ ဖြစ်ပေါ်နေသော ကုသိုလ်စေတနာတို့ကား အပရစေတနာတို့တည်း။ သန္နိဋ္ဌာနစေတနာကြောင့် နတ်ပြည် နတ်လောက၌ ဖြစ်ရ၏။ ပုဗ္ဗစေတနာ အပရစေတနာ တို့ကြောင့် ဆိုခဲ့သည့်နည်းအတိုင်း အသက်ရှည်ရ၏။ ဤနည်းအတိုင်းပင် နောက်တွင် ဆက်လက်တင်ပြမည့် အမေးနှင့် အဖြေတို့၌လည်း ဆိုလိုရင်း အနက်သဘောကို သိရှိပါလေ။ (မ၊ဋ္ဌ၊၄၊၁၇၉။)

အမှတ် (၃) အဖြေ - အနာရောဂါများပြားခြင်း

အမှတ် (၃) အဖြေ - အနာရောဂါများပြားခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် လက်ဖြင့်လည်းကောင်း, ခဲဖြင့်လည်းကောင်း, တုတ်ဖြင့်လည်းကောင်း, ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့ ရှိ၏၊ ထိုသတ္တဝါတို့ကို ညှဉ်းဆဲလေ့ရှိသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားမှားယွင်းယွင်း ဆောက်တည်ထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ အကယ်၍ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ အနာရောဂါများ၏။ သုဘလုလင် ...လက်ဖြင့်လည်းကောင်း, ခဲဖြင့်လည်းကောင်း, တုတ်ဖြင့်လည်းကောင်း, လက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့ရှိခြင်းသည် အနာရောဂါများခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၅။)

ဝိဟေဌနကမ္မာဒီနိပီတိ ပိ-သဒ္ဒေန ကောဓဣဿာမနကမစ္ဆေရထဒ္ဓအဝိဒ္ဒသုဘာဝဝသေန ပဝတ္တိတကမ္မာနိ သင်္ဂဏှာတိ။ (မ၊ဋီ၊၃၊၃၇၅။)

သတ္တဝါတို့ကို နည်းအမျိုးမျိုးဖြင့် ညှဉ်းပန်းနှိပ်စက်တတ်သော အကုသိုလ်ကံ, အမျက်ဒေါသ ပြဓာန်းသော အကုသိုလ်ကံ, ကိုယ့်ထက်သာ မနာလိုခြင်းတည်းဟူသော ငြူစူစောင်းမြောင်းသောစိတ်ထား ပြဓာန်းသော အကုသိုလ်ကံ, မိမိ၏ သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုအစုတို့ကို အထိမခံနိုင်ခြင်း မစ္ဆရိယ ပြဓာန်းသော အကုသိုလ်ကံ, စိတ်ဓာတ် ခက်ထန်တင်းမာခြင်း မာန်မာန ပြဓာန်းသော အကုသိုလ်ကံ, ပညာမဲ့သူ အကျိုးအကြောင်း အဆိုး အကောင်းကို နားမလည်နိုင်သူ ဖြစ်အောင် ပို့ဆောင်ပေးတတ်သော မောဟ ပြဓာန်းသော အကုသိုလ်ကံ ------ ဤသို့ စသော မကောင်းမှု အကုသိုလ်ကံတို့သည် ကပ်၍ ညှဉ်းပန်းနှိပ်စက်တတ်သော ဥပပီဠကကံ အဖြစ်ဖြင့် စည်းစိမ်ဥစ္စာ မရှိသည်၏အဖြစ် ကုန်ခန်းသည်၏အဖြစ် ပျက်စီးသည်၏အဖြစ်သို့ ရောက်စေလျက် ပြုစုလုပ်ကျွေး မည့်သူ စောင့်ရှောက်ပေးမည့်သူကို မရရှိအောင် တည်ထောင် ဖန်ဆင်းပေးလိုက်၏။ ပြုစုစောင့်ရှောက်မည့်သူ မရှိသောသူ၏ သန္တာန်၌ အနာရောဂါအမျိုးမျိုး ဖြစ်ပေါ်လာခြင်း စသည့် ဘေးဒုက္ခ ဆင်းရဲဒုက္ခ အမျိုးမျိုးတို့သည် ဖြစ်ပေါ်လာကြကုန်၏။ တစ်ဖန် သတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်ခြင်း စသည်တို့ကို ပြုလေ့ရှိသော ပုဂ္ဂိုလ်တို့သည် ပြုစုပျိုးထောင်လိုက်သော ကုသိုလ်ကံသည်လည်း ကြီးကျယ်ဖွံ့ဖြိုး များမြတ်သောအကျိုးကို မပေးနိုင်၊ အနာရောဂါ ကင်းသူ ဖြစ်အောင် အကျိုးပေးဖို့ရန် မစွမ်းနိုင်။ ရှေးဦးအစ ပဋိသန္ဓေ တည်စကပင် အနာရောဂါ ထူပြောသူ တစ်ယောက် ဖြစ်အောင် ယင်းအကုသိုလ်ကံက ပဋိသန္ဓေကိုသော်လည်း သတ်မှတ်ချက်ပေး၍ မြဲစေ၏။ ပဋိသန္ဓေ မျိုးစေ့ကတည်းက အနာရောဂါ ထူပြောသူ တစ်ယောက် ဖြစ်အောင် ယင်းသတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်တတ် သော အကုသိုလ်ကံက မိမိ၏ ကမ္မသတ္တိ စွမ်းအင်များကို ထည့်သွင်း မြှုပ်နှံပေးလိုက်၏။ တစ်နည်းဆိုသော် သတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်လေ့ရှိခြင်း စသော ယင်းအကုသိုလ်ကံကို ပြုစုပျိုးထောင်ရာဝယ် ဖြစ်ပေါ်သွားကြ သော သန္နိဋ္ဌာနစေတနာတို့က ငရဲသို့ ရောက်အောင် ပို့ဆောင်ပေး၍ ပုဗ္ဗစေတနာ အပရစေတနာတို့က ယခုကဲ့သို့ သော လူဘဝ၌ အနာရောဂါ ထူပြောခြင်း စသော မကောင်းကျိုးတို့ကို ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးကြ၏။ (မ၊ဋ္ဌ၊၄၊၁၈၀။)

ယံ ယဒေဝါဘိပတ္ထေန္တိ၊ သဗ္ဗမေတေန လဗ္ဘတိ။ (ခု၊၁၊၁၀။)

အကြင်အကြင် အရာကို လိုလားတောင့်တ၏၊ ထိုတောင့်တချက် ဟူသမျှသည် ထိုကုသိုလ်ကံကြောင့် ရရှိ၏ - ဤသို့စသည်ဖြင့် ဟောကြားထားတော်မူခြင်းကြောင့် အလုံးစုံသော ကုသိုလ်ကံ မှန်သမျှသည် ပြည့်စုံခြင်း သမ္ပတ္တိ အားလုံးတို့၏ အားကြီးသော မှီရာ ဥပနိဿယ အကြောင်းတရား ဖြစ်၏။ အလားတူပင် အကုသိုလ်ကံ မှန်သမျှသည် ပျက်စီးခြင်း ဝိပတ္တိ အားလုံးတို့၏ အားကြီးသော မှီရာ ဥပနိဿယ အကြောင်းတရားပင် ဖြစ်၏။ ထိုကြောင့် အထက်ပါ စကားရပ်တို့ကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ (မ၊ဋီ၊၃၊၃၇၅။)

အသင်သူတော်ကောင်းသည်လည်း အနာရောဂါ ထူပြောသူ မဖြစ်ချင်ပါက သတ္တဝါတို့ကို ညဉ်းပန်းနှိပ်စက်ခြင်း မပြုပါနှင့်၊ သူ့အသက်ကို သတ်ဖြတ်ခြင်း မပြုပါနှင့်၊ အမျက်ဒေါသ မကြီးပါနှင့်၊ ကိုယ့်ထက်သာ မနာလိုသော စိတ်ထားများ မရှိပါနှင့်၊ ဝန်တိုခြင်း မစ္ဆရိယတရား မရှိပါစေနှင့်၊ စိတ်ဓာတ် ခက်ထန် တင်းမာမှု မရှိပါစေနှင့်၊ အကျိုးအကြောင်း အဆိုးအကောင်းကို မခွဲခြားတတ်သည့် ဉာဏ်ပညာ ထုံထိုင်းသည့် လူဖျင်း လူအ လူန မဖြစ်ပါ စေနှင့်။ စိတ်မထားတတ်၍ ရရှိသော အကျိုးတရားများသာ ဖြစ်ပေသည်။

အမှတ် (၄) အဖြေ - အနာရောဂါကင်းခြင်း

အမှတ် (၄) အဖြေ - အနာရောဂါကင်းခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် လက်ဖြင့်လည်းကောင်း, တုတ်ဖြင့်လည်းကောင်း, ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့ မရှိ၊ ထိုသတ္တဝါတို့ကို ညှဉ်းဆဲလေ့ မရှိသောသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ထား အပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရို်က်သမားတို့၏ လားရောက်ရာ ဖြစ်သော နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ ၌ ကောင်းမှုပြုသူ သုစရို်က်သမားတို့၏ လားရောက်ရာ ဖြစ်သော နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက် ရဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ အနာရောဂါကင်း၏။ သုဘလုလင် ...လက်ဖြင့် လည်းကောင်း, ခဲဖြင့်လည်းကောင်း, တုတ်ဖြင့်လည်းကောင်း, ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့ မရှိခြင်းသည် အနာရောဂါကင်းခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၅။)

သူတစ်ပါးတို့ကို ညှဉ်းဆဲမှုဟူသည် သူတစ်ပါးတို့ကို ဆင်းရဲဒုက္ခ ဝေဒနာအမျိုးမျိုး ရောက်အောင် ဒုက္ခ အမျိုးမျိုးကို ခံစားရအောင် ပြုကျင့်မှုတည်း။ သူတစ်ပါးတို့၏ သန္တာန်၌ ဆင်းရဲဒုက္ခ အမျိုးမျိုးကို ဖြစ်စေသောကံသည် မိမိဆင်းရဲဖို့ အနာရောဂါ ထူပြောဖို့ အကြောင်းတစ်ခု ဖြစ်၏။ သူတစ်ပါးကို ဒုက္ခရောက်အောင် ညှဉ်းဆဲနှိပ်စက်နေ သော ထိုစိတ်ဓာတ်၌ ယင်းသို့ အလားတူ မကောင်းကျိုးကို ရရှိအောင် တုံ့ပြန်နို်င်သော စွမ်းအားများ ရှိနေပေသည်။ ကောဓ = အမျက်ဒေါသဟူသည် သူတစ်ပါးတို့ကို ပျက်စီးအောင် ဖျက်ဆီးပစ်လိုသော စိတ်ထားတည်း။ သူတစ်ပါး တို့ကို ပျက်စီးစေလိုသော ယင်းစိတ်ဓာတ်၌ မိမိ ပျက်စီးအောင် ဖန်တီးပေးနိုင်သည့် စွမ်းအင်များ ကိန်းဝပ်လျက် ရှိ၏။ ယင်းစွမ်းအင်များက အနာရောဂါ ထူပြောစေခြင်းဖြစ်၏။ အနာရောဂါများကို ကျရောက်စေခြင်း ဖြစ်ပေါ်စေ ခြင်းဖြင့် မိမိခန္ဓာအိမ်ကြီးကို ပျက်စီးအောင် ဖန်တီးပေးနေခြင်း ဖြစ်၏။ ကိုယ့်ထက်သာ မနာလိုခြင်းသည့် ငြူစူ စောင်းမြောင်းနေသည့် စိတ်ထား, မိမိ၏ သက်ရှိ သက်မဲ့ ကာမဝတ္ထုတို့ကို အထိမခံနိုင်သည့် စိတ်ထား, ခက်ထန် တင်းမာသော စိတ်ထား --- ဤစိတ်ထားတို့၏ နောက်ဆွယ်၌လည်း သူတစ်ပါးတို့အပေါ်၌ မကျေနပ်ချက်တွေ တစ်ပုံကြီး ကိန်းဝပ်လျက် ရှိ၏။ အကျိုးအကြောင်း အဆိုးအကောင်းကို မသိနားမလည်မှုတွေကလည်း ထပ်ဆင့် တွန်းအားပေးလျက် ရှိ၏။ သူတစ်ပါးတို့အပေါ်၌ ထားရှိသော မကျေနပ်မှုတို့ကား နောင်တစ်ချိန်ဝယ် မကျေနပ်ဖွယ် ရာ ခန္ဓာအိမ်ကြီး တစ်ခုကို ရရှိအောင် တည်ထောင် ဖန်ဆင်းပေးနို်င်သော စွမ်းအင်သတ္တိများပင်တည်း။ ထိုကြောင့် ဤကဲ့သို့သော မဖြူုစင်သော စိတ်ဓာတ်များ ကိန်းဝပ် တည်နေခဲ့သူ၏ ရုပ်နာမ်သန္တာန်အစဉ်ဝယ် တစ်ချိန် ထိုကံက ရင့်ကျက်၍ အကျိုးပေးလာသောအခါ မကျေနပ်ဖွယ်ရာ အနာရောဂါ ထူပြောသည့် ခန္ဓာအိမ် တည်ရှိသူ ဖြစ်လာ ရပေသည်။

သို့သော် အမြော်အမြင်ရှိသူ သူတော်ကောင်းတို့ကား သီလ သမာဓိ ပညာဟူသော ကျင့်စဉ် အရပ်ရပ် တို့ဖြင့် မိမိတို့၏ စိတ်ကို အလှဆုံးဖြစ်အောင် ပြုပြင်တော်မူကြ၏၊ သတ္တဝါတို့အား ညှဉ်းပန်းနှိပ်စက်လိုသော စိတ်ဓာတ်များ ကင်းအောင် ပြုပြင်တော်မူကြ၏၊ ဣဿာ မစ္ဆရိယ မာန်မာန စသော စိတ်ဆိုး စိတ်ရိုင်းများ ကင်းစင်အောင် ပြုပြင်တော်မူကြ၏။ ဤသို့ ပြုပြင်နိုင်သဖြင့် ဖြူစင်နေသော ထိုစိတ်ဓာတ်များ ခြံရံနေသော ကုသိုလ်ကံတို့က အခွင့်သာ၍ အကျိုးပေးခဲ့သော် ဖြူစင်သော အနာရောဂါကင်းသော ခန္ဓာအိမ်တစ်ခု ဖြစ်ပေါ် လာအောင် တည်ထောင် ဖန်တီးပေးကြလေသည်။ သူတော်ကောင်းမှန်သမျှ ကျင့်သင့် ကျင့်ထိုက်သော မွန်မြတ်သော ကျင့်ဝတ် ပဋိပတ်များပင် ဖြစ်ကြ၏။

အမှတ် (၅) အဖြေ - အရုပ်ဆိုးခြင်း

အမှတ် (၅) အဖြေ - အရုပ်ဆိုးခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် အမျက်ဒေါသ ထွက် တတ်၏၊ ပြင်းစွာ ပင်ပန်းခြင်း များ၏ = ရန်ငြိုးဖွဲ့မှု များ၏၊ မနှစ်သက်ဖွယ် စကားကို အနည်းငယ်မျှပင် ပြောဆိုသည် ရှိသော် လွန်စွာ စွဲမြဲ ငြိကပ်၏ = (ငါ့ကို ပြောရကောင်းလားဟု လွန်စွာ စွဲမြဲ ငြိကပ်၏။) အမျက်ထွက်၏၊ ဖျက်ဆီးပစ်လိုသော စိတ်ထားများ တဖွားဖွား ပေါ်လာ၏၊ ဆန့်ကျင်ဘက် ပြုလုပ်လျက် ရှေးရှူ တည်နေ၏ = ထိပ်တိုက် ဆန့်ကျင်ဘက် ပြုလုပ်၏ = အတိုက်အခံ ပြုလုပ်နေတတ်၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း, ဖျက်ဆီးလိုခြင်းက်ိုလည်းကောင်း, မကျေနပ်မှုကိုလည်းကောင်း ထင်ရှားစွာ ပြုလုပ်ပြ၏။ ထိုဒေါသကြီးသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားမှားယွင်းယွင်း ဆောက်တည်ထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူတို့၏ လားရောက်ရာ, အလိုအာသာဆန္ဒ ကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူတို့၏ လားရောက်ရာ, အလို အာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ အကယ်၍ မရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ အရုပ်ဆိုး၏ = ရုပ်အဆင်း မလှ ဖြစ်နေ၏။ သုဘလုလင် ... အမျက်ဒေါသ ထွက်ခြင်း ပြင်းစွာပင်ပန်းမှု များခြင်း = ရန်ငြိုးဖွဲ့မှု များခြင်း မနှစ်သက်ဖွယ် စကားကို အနည်း ငယ်မျှပင် ပြောဆိုသည်ရှိသော် (ငါ့ကို ပြောရကောင်းလားဟု) လွန်စွာ စွဲမြဲ ငြိကပ်ခြင်း အမျက်ထွက်ခြင်း ဖျက်ဆီးလိုခြင်း ဆန့်ကျင်ဘက် ပြုလုပ်လျက် ရှေးရှူ တည်နေခြင်း အမျက်ထွက်ခြင်းကိုလည်းကောင်း, ဖျက်ဆီး လိုခြင်းက်ိုလည်းကောင်း, မကျေနပ်မှုကိုလည်းကောင်း ထင်ရှားစွာ ပြုလုပ်ပြခြင်းသည် အရုပ်ဆိုးခြင်းကို = ရုပ်အဆင်း မလှပခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၅။)

ဒေါသပြဓာန်းသော စိတ်ဓာတ်များ အဆက်မပြတ် ဖြစ်နေချိန်ဝယ် အလွန် အဆင်းလှသူပင် ဖြစ်လင့်က စား ရုပ်အသွင်ကား ဖောက်ပြန် ပျက်စီးလျက် ရှိ၏။ တစ်ဖက်သားအပေါ်၌ အခဲမကျေနိုင်သော စိတ်ဓာတ် ချေမှုန်းပစ်လိုသော စိတ်ဓာတ်များ တဖွားဖွား ဖြစ်နေ၏။ ယင်းစိတ်ဓာတ်များကား သတ္တဝါ တစ်ဦးကို အကျည်းတန် အရုပ်ဆိုးသော ဘဝသို့ ရောက်အောင် ပို့ဆောင်ပေးနိုင်သော စွမ်းအား ရှိကြ၏။ ယင်းကဲ့သို့ စိတ်ဓာတ်များ ခြံ ရံလျက် ကုသိုလ်ကံ တစ်ခုကို ထူထောင်ပြန်လျှင်လည်း ထိုကုသိုလ်ကံက အကျိုးပေးသော ဘဝဝယ် မကျေနပ်မှု များပြားသူ အကျည်းတန် အရုပ်ဆိုးသူ ဖြစ်ရ၏။ အကျည်းတန် အရုပ်ဆိုးစေနိုင်သော စွမ်းအင်များက ထိုကုသိုလ် ကံ၌ ခြံရံလျက် ရှိသောကြောင့် ဖြစ်၏။

အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ဒေါသဓာတ် ခြံရံလျက် ရှိသော ကုသိုလ်ကံသည်လည်း ရုပ်အဆင်း လှပတင့်တယ်ခြင်း စသော ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးကို မဖြစ်စေနိုင်၊ ရုပ်အဆင်း လှပ တင့်တယ် သော ပဋိသန္ဓေကို ဖြစ်စေခြင်းငှာ မစွမ်းနိုင်၊ ပဋိသန္ဓေကိုသော်လည်း သတ်မှတ်၍ ရုပ်အဆင်း မလှအောင် ပြု လုပ်တတ်၏။ တစ်နည်းဆိုသော် ယင်းဒေါသဇောတို့တွင် သန္နိဋ္ဌာနဒေါသဇော စေတနာကြောင့် ငရဲ၌ ဖြစ်ရ၏၊ ပုဗ္ဗစေတနာ အပရစေတနာတို့ကြောင့် ယခုကဲ့သို့သော လူဘဝ၌ အကျည်းတန် အရုပ်ဆိုးသူ ဖြစ်ရ၏။

အကယ်၍ အသင်သူတော်ကောင်းသည် ရုပ်အဆင်း လှပ တင့်တယ်သူ ဖြစ်လိုပါက အောက်ပါ ကျင့်စဉ်ကို ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်ပါ။

အမှတ် (၆) အဖြေ - ရုပ်အဆင်း လှပ တင့်တယ်ခြင်း

အမှတ် (၆) အဖြေ - ရုပ်အဆင်း လှပ တင့်တယ်ခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် အမျက်ဒေါသ ထွက် လေ့မရှိ၊ ပြင်းစွာ ပင်ပန်းခြင်း များလေ့မရှိ = ရန်ငြိုးဖွဲ့မှု များလေ့မရှိ၊ မနှစ်သက်ဖွယ် စကားကို် ပြောဆိုပါသော် လည်း လွန်စွာ စွဲစွဲမြဲမြဲ မငြိကပ်၊ အမျက် မထွက်၊ ဖျက်ဆီးပစ်လိုသော စိတ်ဓာတ် မရှိ၊ ဆန့်ကျင်ဘက် ပြုလုပ်လျက် ရှေးရှူ မတည် = ထိပ်တိုက် ဆန့်ကျင်ဘက် မလုပ်၊ အမျက်ထွက်ခြင်းကိုလည်းကောင်း, ဖျက်ဆီးလိုခြင်းက်ိုလည်း ကောင်း, မကျေနပ်မှုကိုလည်းကောင်း ထင်ရှားစွာ မပြု။ ထို ဒေါသမကြီးသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့် ၍ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်၍ထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ လှပသော ရုပ်အဆင်း ရှိရပေ၏။ သုဘလုလင် ...အမျက် ထွက်လေ့မရှိခြင်း ပြင်းစွာ ပင်ပန်းမှု မများခြင်း = ရန်ငြိုးမဖွဲ့ခြင်း မနှစ်သက်ဖွယ် စကားကို် များစွာပင်ပြောဆိုသော်လည်း လွန်စွာ စွဲစွဲမြဲမြဲ မငြိကပ်ခြင်း အမျက် မထွက်ခြင်း မဖျက်ဆီးလိုခြင်း ဆန့်ကျင်ဘက် ပြုလုပ်လျက် ရှေးရှူ မတည်ခြင်း = ထိပ်တိုက် ဆန့်ကျင်ဘက် မလုပ်ခြင်း အမျက်ထွက်ခြင်းကိုလည်း ကောင်း ဖျက်ဆီးလိုခြင်းက်ိုလည်းကောင်း မနှစ်သက်ခြင်း မကျေနပ်ခြင်းကိုလည်းကောင်း ထင်ရှားစွာ မပြုခြင်းသည် လှပတင့်တယ်သော ရုပ်အဆင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၅-၂၄၆။)

ဤအထက်ပါ မွန်မြတ်သော စိတ်နေစိတ်ထားတွင် မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းခြင်း မေတ္တာစျာန် ကို ရရှိအောင် ကြိုးစားအားထုတ်ခြင်းတည်းဟူသော ဘာဝနာစိတ်များကို ထပ်လောင်း၍ ထုံမွမ်းပေးလိုက်ပါက အလှတွင် သရဖူ ဆောင်းနိုင်သူ တစ်ဦး ဖြစ်နိုင်ပေသည်။ အလှပြင်ဆိုင်သို့ သွားရန် မလိုသော ဘုရားရှင်၏ အလှပြုပြင်နည်းပင် ဖြစ်၏။ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲရေး လုပ်နိုင်ဖို့ကား အလွန် အရေးကြီးလှ၏။ ကြိုးစား က ဘုရား ဖြစ်နိုင်၏။ သမ္ပတ္တိ (၄)ပါးတို့တွင် ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံရေးအတွက် အခြေခံ အကြောင်း တစ်ခုပင် ဖြစ်ပေသည်။

အမှတ် (၇) အဖြေ ၊ အခြံအရံ မရှိခြင်း

အမှတ် (၇) အဖြေ ၊ အခြံအရံ မရှိခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် ငြူစူခြင်းနှင့် ယှဉ်သော စိတ်ထား ရှိ၏ = ကိုယ့်ထက်သာ မနာလိုသည့် စိတ်ထား ရှိ၏၊ သူတစ်ပါးတို့ လာဘ်များခြင်း သူတစ်ပါးတို့ လာဘ်ရခြင်း အရိုအသေ အလေးပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌ ငြူစူ၏၊ ငြူစူခြင်း၏ အစွမ်းဖြင့် ဆဲရေး ပြစ်မှား၏၊ ငြူစူခြင်းကို ဖွဲ့ချည်ထား၏၊ ထိုငြူစူသော ကိုယ့်ထက်သာ မနာလို သော စိတ်ထား ရှိသောသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားယွင်းစွာ ဆောက်တည်ထား အပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ တို့၏ လားရောက်ရာ, အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက် ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူတို့၏ လားရောက်ရာ, အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ အခြံအရံ နည်း၏။ သုဘလုလင် ...ငြူစူခြင်းနှင့် ယှဉ်သော စိတ်ထား ရှိခြင်း = ကိုယ့်ထက်သာ မနာလိုသည့် စိတ်ထား ရှိခြင်း သူတစ်ပါးတို့ လာဘ်များခြင်း လာဘ်ရခြင်း အရိုအသေ အလေးအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌ ငြူစူခြင်း ငြူစူခြင်း၏ အစွမ်းဖြင့် ဆဲရေး ပြစ်မှားခြင်း ငြူစူခြင်းကို ဖွဲ့ချည်ထားခြင်းသည် အခြံအရံ မရှိခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၆။)

ဤပုဂ္ဂိုလ်မျိုးသည် လူ့ဘဝသို့ နောက်ထပ် ရောက်ရှိခဲ့လျှင် တန်ခိုးအာနုဘော် နည်းပါး၏၊ မထင်မရှား နေရတတ်၏။ ညအခါဝယ် မှောင်မိုက်ထဲ၌ ပစ်လွှတ်လိုက်သော မြားကဲ့သို့ မထင်ရှားပေ။ လက်ဖော် ခြေဖော် မရှိဘဲ နေထိုင်ရ၍ ရေခပ်ပေးမည့်သူကိုသော်မှလည်း မရရှိ ဖြစ်တတ်၏။ ယင်းဣဿာ ထူပြောသူ ပြုစုပျိုးထောင် ထားအပ်သော ကုသိုလ်ကံသည် ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိသော ကုသိုလ်ကံမျိုး မဖြစ်နိုင်၊ အခြွေ အရံ ရှိသည့် ပဋိသန္ဓေကို ဖြစ်စေနိုင်သည့် စွမ်းအင် မရှိ၊ ဤသို့လျှင် ဣဿာ ထူပြောသောသူသည် အခြွေအရံ မရှိ ဖြစ်ရ၏။ ယင်းဣဿာတရားက ပဋိသန္ဓေကိုပင်သော်လည်း သတ်မှတ်၍ အခြွေအရံ မရှိအောင် ပြုလုပ် တတ်၏။ ယင်းဣဿာ ပြဓာန်းသော အကုသိုလ်တရားများ ဖြစ်ကြစဉ် ယင်းအကုသိုလ်ဇောတို့တွင် သန္နိဋ္ဌာန စေတနာကြောင့် ငရဲ၌ ဖြစ်ရ၏၊ ပုဗ္ဗစေတနာ အပရစေတနာတို့ကြောင့် အခြွေအရံ နည်းပါးရ၏။

ဤ ဣဿာတရားသည် = ဣဿာ ပြဓာန်းသော အကုသိုလ်ကံတို့သည် ငရဲသို့ ပစ်ချနိုင်သည် ဟူသော ဤအချက်ကိုကား အသင်သူတော်ကောင်းသည် မမေ့သင့်ပေ။ ဣဿာတရား၏ စိတ်အစဉ်ဝယ် ထကြွ သောင်းကျန်းလာမှုကို သမထ ဝိပဿနာ ဘာဝနာ လက်နက်ကောင်းတို့ဖြင့် အချိန်မီ မနှိပ်ကွပ်နိုင်သည့်အတွက် ဆဲရေး ပြစ်မှားခြင်း စသော အကုသိုလ် ပြစ်မှုကြီးတို့ကို လွန်ကျုးမိပြန်၏။ ယင်းပြစ်မှုကြီးတို့ကား အလွန် ဝန်လေးဖွယ် ကောင်းသော ဘေးဆိုးကြီးများပင် ဖြစ်ကြ၏။ တုံ့ပြန်နိုင်သည့် စွမ်းအင်များ ကိန်းဝပ်လျက်ပင် ရှိကြ၏။ ဇမ္ဗုက မထေရ် လောသကတိဿမထေရ်တို့၏ ထုံးကို အမှတ်ရပါ။

အမှတ် (၈) အဖြေ - အခြံအရံ များခြင်း

အမှတ် (၈) အဖြေ - အခြံအရံ များခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ အချို့သောသူသည် ငြူစူခြင်းနှင့် မ ယှဉ်သော စိတ်ထား ရှိ၏၊ (ကိုယ့်ထက်သာ မနာလိုသော စိတ်ထားမျိုး မရှိ၊) သူတစ်ပါးတို့၏ လာဘ်များခြင်း လာဘ်ရခြင်း အရိုအသေ အလေးပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌ မငြူစူ၊ ငြူစူခြင်း၏ အစွမ်းဖြင့် မဆဲရေး မပြစ်မှား၊ ငြူစူခြင်းကို ဖွဲ့ချည်မထား၊ ထို ငြူစူခြင်း မနာလိုခြင်း ကင်းသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ နတ်ပြည်လောကသို့ ကပ်ရောက် ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ နတ်ပြည် လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ အခြံအရံ များ၏။ သုဘလုလင် .. မငြူစူခြင်းနှင့် ယှဉ်သော စိတ်ထား ရှိခြင်း = ကိုယ့်ထက်သာ မနာလိုသော စိတ်ထား မရှိခြင်း = နာလိုသော စိတ်ထားသာ ရှိခြင်း, သူတစ်ပါးတို့ လာဘ်များခြင်း လာဘ်ရခြင်း အရိုအသေ အလေးပြု ခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌ မငြူစူခြင်း, ငြူစူခြင်း၏ အစွမ်းဖြင့် မဆဲရေး မပြစ်မှားခြင်း, ငြူစူခြင်းကို မနှောင်ဖွဲ့ခြင်းသည် အခြံအရံ များခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၆။)

ဣဿာ ကင်းစင်နေသော စိတ်ဓာတ်က အသင်သူတော်ကောင်း၏ ဘဝကို မြင့်သထက်မြင့် မြတ်သထက် မြတ်အောင် မြှင့်တင်ပေးနို်င်သော စွမ်းအားရှိ၏။ ဣဿာ ကင်းစင်သည့် ဖြူစင် မြင့်မြတ် အထက်တန်းကျသည့် စိတ်ဓာတ်ရှိသော သူတော်ကောင်းတို့သည် အဆင့်မြင့်သော နတ်ပြည်လောကသို့ပင် ရောက်ရှိနိုင်ကြ၏။ သင့်ဘဝ မြင့်မားရေးအတွက် သင့်စိတ်ဓာတ်ကို ပြုပြင် ပြောင်းလဲပေးပါ။ မိမိသည်ပင် မိမိ၏ ကိုးကွယ်အားထားရာ ဖြစ်၏။ သူတစ်ပါးသည် မိမိ၏ ကိုးကွယ်အားထားရာ မဟုတ်ပါ။

ဣဿာ ကင်းစင်သော စိတ်ထားဖြင့် ပြုစုပျိုးထောင်ထားအပ်သော ကုသိုလ်ကံသည်လည်း ကြီးကျယ်ဖွံ့ဖြိုး များမြတ်သောအကျိုး ရှိ၏။ အခြံအရံ ပေါများသည့် အကျော်အစော ဂုဏ်သတင်းကြီးမားသည့် ပဋိသန္ဓေကို ဖြစ်စေနိုင်သော စွမ်းအားရှိ၏။ ဤကဲ့သို့သော စွမ်းအားရှိခြင်းကြောင့်ပင်လျှင် ဣဿာ ကင်းစင်သည့် ဖြူစင်သော စိတ်ဓာတ်ဖြင့် ပြုစုပျိုးထောင်လိုက်သော ကုသိုလ်ကံ တစ်ခုသည် အခြံအရံများခြင်းကို ဖြစ်စေတတ်၏။ ဂုဏ်သတင်းကြီးမားခြင်းကို ဖြစ်စေတတ်၏။ ယင်းဣဿာ ကင်းစင်သော စိတ်ဓာတ်ဖြင့် ပြုစုပျိုးထောင်လိုက်သော ကုသိုလ်ကံကသော်လည်း ပဋိသန္ဓေကိုပင်လျှင် သတ်မှတ်၍ အခြံအရံများအောင် ပြုလုပ်ပေးတတ်၏။ ယင်းသို့ ပြုစုပျိုးထောင်ထားသော ကုသိုကံတို့တွင် သန္နိဋ္ဌာနစေတနာက နတ်ပြည် နတ်လောက၌ ဖြစ်စေနိုင်၏၊ ပုဗ္ဗစေတနာ အပရစေတနာတို့က လူ့ပြည် လူ့လောက၌ အခြံအရံများခြင်း ဂုဏ်သတင်းကြီးမားခြင်းကို ဖြစ်စေတတ်၏။

အမှတ် (၉) အဖြေ - စည်းစိမ်ဥစ္စာ နည်းပါးခြင်း

အမှတ် (၉) အဖြေ - စည်းစိမ်ဥစ္စာ နည်းပါးခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် သမဏအားလည်း ကောင်း, ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ယာနေရာ ကျောင်း ဆီမီးကို မပေးလှူ၊ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားယွင်းစွာ ဆောက် တည်ထားအပ်သော ထိုမစ္ဆရိယ ပြဓာန်းသော အကုသိုလ်ကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက် ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူတို့၏ လားရောက်ရာ, အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲ ပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာ ကင်းရာ, မကောင်းမှုပြုသူတို့၏ လားရောက်ရာ, အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ စည်းစိမ်ဥစ္စာ နည်းပါး၏။ သုဘလုလင် ...သမဏအားလည်း ကောင်း, ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ယာနေရာ ကျောင်း ဆီမီးကို မပေးလှူခြင်းသည် စည်းစိမ်ဥစ္စာ နည်းပါးခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၆-၂၄၇။)

ဤ၌ မပေးလှူခြင်းဟူသည် မစ္ဆရိယ၏ အစွမ်းဖြင့် မပေးလှူခြင်း ဖြစ်၏။ ထိုမစ္ဆရိယ ပြဓာန်းသော အကု သိုလ်ကံက ငရဲသို့ ပို့ဆောင်ပေးခြင်း စည်းစိမ်ဥစ္စာ နည်းပါးသည့် ဘဝသို့ ရောက်အောင် ပို့ဆောင်ပေးခြင်း ဖြစ်၏။ ဤ၌ မပေးလှူခြင်းမှာ လှူဖွယ်ဝတ္ထု လုံးလုံး မရှိ၍ မပေးလှူသည်ကား မဟုတ်၊ မစ္ဆရိယတရား မရှိသော ပုဂ္ဂိုလ်ကား လှူဖွယ်ဝတ္ထု ထင်ရှားရှိနေလျှင် အထိုက်အလျောက်ကား ပေးလှူသည်သာ ဖြစ်သည်။ (မ၊ဋ္ဌ၊၄၊၁၈၀။ မ၊ဋီ၊၃၊၃၇၆။)

ဤ၌ မပေးလှူခြင်းကြောင့် ငရဲသို့ ရောက်ရသည်ကား မဟုတ်၊ မစ္ဆရိယ ပြဓာန်းသော အကုသိုလ်ကံ ကြောင့်သာ ငရဲသို့ ရောက်ရခြင်း ဖြစ်၏။

ကမ္မေနာတိ တေန မစ္ဆရိယကမ္မေန။ (မ၊ဋ္ဌ၊၄၊၁၈၀။)

မစ္ဆရိယဟူသည် မိမိ၏ သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုစုတည်းဟူသော စည်းစိမ်ကို အထိမခံနိုင်သည့် သဘောတရားတည်း။ ထိုစိတ်ထားမျိုးသည် အပါယ်သို့ ပို့ဆောင်ပေးနို်င်သည်ဟူသော အချက်ကို အသင်သူတော်ကောင်းသည် မမေ့သင့်ပေ။ တစ်ဖန် ဤသို့သော မစ္ဆရိယ ပြဓာန်းသော စိတ်ထားမျိုး၌ သူတစ်ပါးတို့ ချမ်းသာစေလို သည့် စိတ်ထားများ ကင်းမဲ့နေသည်ကိုလည်း သတိပြုသင့်၏။ မိမိစည်းစိမ်ကို အထိမခံနိုင်သည့် သဘောတရား၌ မိမိစည်းစိမ်ကြောင့် သူတစ်ပါးတို့ ရရှိနိုင်သည့် ချမ်းသာသုခမျိုးကို အလိုမရှိနိုင်သော မကြည့်ရှုနို်င်သော သဘော တရားများပါ ပူးတွဲ ပါဝင်နေ၏။ ဤကဲ့သို့သော စိတ်ထားမျိုးကား မိမိ မကြီးပွား မချမ်းသာဖို့ရန် စည်းစိမ်ဥစ္စာ နည်းပါးဖို့ရန် အခြေခံ အကြောင်းတစ်ရပ် ဖြစ်နေပေသည်။

တစ်နည်း --- ယင်းမစ္ဆရိယတရား ထူပြောသော ပုဂ္ဂိုလ်သည် ပြုစုပျိုးထောင်အပ်သော ကုသိုလ်ကံသည် မစ္ဆရိယ ခြံရံနေသည့်အတွက် ကြီးကျယ်ဖွံ့ဖြိုး များမြတ်သောအကျိုး မရှိနိုင်၊ စည်းစိမ်ဥစ္စာ များပြားသည့် ပဋိသန္ဓေ မျိုးကို ဖြစ်စေခြင်းငှာ မစွမ်းနိုင်၊ ဤသို့လျှင် မစ္ဆရိယတရားသည် စည်းစိမ်ဥစ္စာ နည်းပါးမှုကို ဖြစ်စေတတ်၏။ တစ်နည်းဆိုသော် ယင်းမစ္ဆရိယ ခြံရံထားသော ကုသိုလ်ကံသည် ပဋိသန္ဓေကိုပင် သတ်မှတ်ချက်ပေး၍ စည်းစိမ်ဥစ္စာ နည်းပါးအောင် ပြုလုပ်တတ်၏၊ ဆင်းရဲနွမ်းပါးသည့် အမိဝမ်း၌ ပဋိသန္ဓေ တည်နေစေ၏။ တစ်နည်းဆိုသော် -ယင်းမစ္ဆရိယ ပြဓာန်းသော အကုသိုလ်ဇောတို့တွင် သန္နိဋ္ဌာန စေတနာကြောင့် ငရဲ၌ ဖြစ်ရ၏၊ ပုဗ္ဗစေတနာ အပရစေတနာတို့ကြောင့် ယခုကဲ့သို့သော လူဘဝ၌ လူလာဖြစ်ရသည့်အခါ စည်းစိမ်ဥစ္စာ နည်းပါးသူ ဖြစ်ရ၏။

အမှတ် (၁၀) အဖြေ - စည်းစိမ်ဥစ္စာ ပေါများခြင်း

အမှတ် (၁၀) အဖြေ - စည်းစိမ်ဥစ္စာ ပေါများခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် သမဏအားလည်း ကောင်း, ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ယာနေရာ ကျောင်း ဆီမီးကို ပေးလှူ၏၊ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက် တည်ထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ စည်းစိမ်ဥစ္စာ ပေါများ၏။ သုဘလုလင် ...သမဏအားလည်းကောင်း, ဗြာဟ္မဏ အားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ယာနေရာ ကျောင်း ဆီမီးကို ပေးလှူခြင်းသည် စည်းစိမ်ဥစ္စာ ပေါများခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၇။)

တဉ္စ ခေါ သီလဝတော ဝဒါမိ၊ နော ဒုဿီလဿ။ ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏီဓိ ဝိသုဒ္ဓတ္တာ။ (အံ၊၃၊၇၁။)

သီလတည်းဟူသော မြေပေါ်၌ ရပ်တည်၍ ကြဲချ စိုက်ပျိုးလိုက်သော ဒါနကား ကြီးကျယ်ဖွံ့ဖြိုး များမြတ် သော အကျိုး ရှိ၏။ အကယ်၍ အလှူရှင်က ခတ္တိယ မဟာသာလ = မင်းသူဌေးသူကြွယ်, ဗြာဟ္မဏ မဟာသာလ = ပုဏ္ဏား သူဌေးသူကြွယ်, ဂဟပတိ မဟာသာလ = ဂဟပတိ သူဌေးသူကြွယ်ဟူသော လူ့ချမ်းသာကို အလို ရှိငြားအံ့၊ ထိုကုသိုလ်ကံက လူ့ချမ်းသာကိုရအောင် ပြုလုပ်ပေးနိုင်၏။ အကယ်၍ အလှူရှင်က နတ်ချမ်းသာကို အလိုရှိငြားအံ့၊ နတ်ပြည် (၆)ထပ်တွင် ကြိုက်နှစ်သက်ရာဘုံ၌ နတ်ချမ်းသာကို ရအောင် ထိုကုသိုလ်ကံက တည်ထောင် ဖန်ဆင်းပေး၏။ သီလရှိသော ပုဂ္ဂိုလ်၏ စိတ်၏ တောင့်တချက်ဟူသမျှသည် မချွတ်ဧကန် ပြည့်စုံ တတ်သောကြောင့် ဖြစ်၏။

ဒါနရှင်တို့၌ ယေဘုယျအားဖြင့် အလှူခံပုဂ္ဂိုလ်တို့၏ ကောင်းကျိုးကို လိုလားတောင့်တချက်များ ရှိနေ တတ်ကြ၏။ သီလတည်းဟူသော မြေပေါ်၌ ရပ်တည်လျက် ဒါနမျိုးစေ့ကို ကြဲချ စိုက်ပျိုးလျက်ရှိသော ဒါနရှင်၏ သန္တာန်၌ အလှူခံပုဂ္ဂိုလ်များထိုထို၏ ကောင်းကျိုးချမ်းသာကို လိုလားတောင့်တလျက်ရှိသော ဤစိတ်ဓာတ်ကား အလွန် မွန်မြတ်သော အလွန် အဆင့်အတန်း မြင့်မားသော စိတ်စွမ်းအင် တစ်မျိုး ဖြစ်၏။ ယင်းစွမ်းအင်သတ္တိများ ခြံရံထားသော ဒါနကုသို်လ်ကံသည် အလှူရှင်အလိုရှိရာ ချမ်းသာသည့် ဘဝတစ်ခုကို ရရှိအောင် တည်ထောင် ဖန်ဆင်းပေးနိုင်၏။

တစ်နည်းဆိုသော် ထိုကံသည် ပဋိသန္ဓေကိုပင်လျှင် သတ်မှတ်ချက်ပေး၍ စည်းစိမ်ချမ်းသာ ပေါများ ပြည့်စုံအောင် ပြုလုပ်ပေး၏။ တစ်နည်း --- ယင်း ဒါနကုသိုလ် စေတနာတို့တွင် သန္နိဋ္ဌာနစေတနာကြောင့် နတ်ပြည်နတ်လောက၌ ဖြစ်ရ၏၊ ပုဗ္ဗစေတနာ အပရစေတနာတို့ကြောင့် လူဖြစ်သောအခါ စည်းစိမ်ဥစ္စာ ပေါများ ကြွယ်ဝသူ ဖြစ်ရ၏။

အမှတ် (၁၁) အဖြေ - အမျိုးယုတ်ခြင်း

အမှတ် (၁၁) အဖြေ - အမျိုးယုတ်ခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် စိတ်ဓာတ် ခက်ထန် တင်းမာ၏၊ အလွန် မာနကြီး၏၊ ရှိခိုးထိုက်သူကို ရှိမခိုး၊ ခရီးဦး ကြိုဆိုထိုက်သူကို ခရီးဦး မကြိုဆို၊ နေရာ ပေးထိုက်သူ ကို နေရာမပေး၊ လမ်းခရီး ပေးထိုက်သူကို လမ်းခရီးမပေး၊ အရိုအသေ ပြုထိုက်သူကို အရိုအသေ မပြု၊ အလေးဂရု ပြုထိုက်သူကို အလေးဂရု မပြု၊ မြတ်နိုးထိုက်သူကို မမြတ်နိုး၊ ပူဇော်ထိုက်သူကို မပူဇော်။ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားမှားယွင်းယွင်း ဆောက်တည်ထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူတို့၏ လားရောက်ရာ, အလိုအာသာ ဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူတို့၏ လားရောက်ရာ, အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ အမျိုးယုတ်၏။ သုဘလုလင် ...ထိုစိတ်ဓာတ် ခက်ထန် တင်းမာခြင်း အလွန် မာနကြီးခြင်း ရှိခိုးထိုက်သူကို ရှိမခိုးခြင်း ခရီးဦး ကြိုဆိုထိုက်သူကို ခရီးဦး မကြိုဆိုခြင်း နေရာ ပေးထိုက်သူကို နေရာမပေးခြင်း လမ်းခရီး ပေးထိုက်သူကို လမ်းခရီးမပေးခြင်း အရိုအသေ ပြုထိုက်သူကို အရိုအသေ မပြုခြင်း အလေးဂရု ပြုထိုက်သူကို အလေးဂရု မပြုခြင်း မြတ်နိုးထိုက်သူကို မမြတ်နိုးခြင်း ပူဇော်ထိုက်သူကို မပူဇော်ခြင်းသည် ယုတ် နိမ့်သော အမျိုး၌ ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၇။)

ဤ၌ ရှိခိုးထိုက်သော ပုဂ္ဂိုလ်တို့ဟူသည် --- သမ္မာသမ္ဗုဒ္ဓဘုရားရှင်, ပစ္စေကဗုဒ္ဓဘုရားရှင်, အရိယာသူတော်ကောင်း, မိဘဘိုးဘွား အစ်ကိုကြီး အစ်မကြီး မိကြီး မိထွေး ဘကြီး ဘထွေး စသည့် ရှိခိုးထိုက်သော အသက် ဂုဏ်သိက္ခာအားဖြင့် ကြီးမြတ်တော်မူကြသော ပုဂ္ဂိုလ်တို့တည်း။ ခရီးဦး ကြိုဆိုထိုက်သောပုဂ္ဂိုလ် စသည်တို့၌ လည်း နည်းတူပင်တည်း။

ခက်ထန် တင်းမာနေသော စိတ်ထား, နှိမ်ချလို့ မရအောင် အလွန် မာနကြီးနေသော စိတ်ထား, အပေါ်စီးက နေလိုသော စိတ်ထား, အရာရာတွင် အသာယူလိုသော စိတ်ထား --- ဤစိတ်ထားတို့ကား တစ်ဖက်သားကို ယုတ်ညံ့သည်ဟု ယူဆနေသော စိတ်ထားများ ဖြစ်ကြ၏၊ တစ်ဖက်သားကို အောက်တန်းစားဟု ယူဆသော စိတ်ထားများ ဖြစ်ကြ၏။ ယင်းစိတ်ထားများ ကိုယ်တိုင်က ငရဲသို့ ရောက်အောင် ပစ်ချနိုင်သော စွမ်းအားများ ရှိကြ၏။ သုပ္ပဗုဒ္ဓသည် လမ်းခရီး ဖယ်ပေးသင့် ဖယ်ပေးထိုက်သော ဘုရားရှင်အား လမ်းမဖယ်ပေးသည့် အကျင့်ကို ကျင့်မိ၏။ ငရဲသို့ ရောက်ရှိသွား၏။ ယုတ်နိမ့်သော အမျိုးအနွယ်၌ လူဖြစ်အောင် ပို့ဆောင်ပေးနို်င်သော စွမ်းအင်များ သည်လည်း ယင်းစိတ်ထားများ၌ ကိန်းဝပ်လျက်ပင် ရှိကြ၏။

တစ်ဖန် ယင်းကဲ့သို့သော စိတ်ဓာတ် ခက်ထန် တင်းမာမှု မာန်မာနတရားများ ခြံရံလျက် ကောင်းမှုကုသိုလ်ကံ တစ်ခုကို ပြုစုပျိုးထောင်ခဲ့သော် ယင်းကုသိုလ်ကံသည် ကြီးကျယ်ဖွံ့ဖြိုး များမြတ်သောအကျိုး မရှိနို်င်၊ အမျိုးမြင့် မြတ်သည့် ပဋိသန္ဓေကို ဖြစ်စေခြင်းငှာ မစွမ်းနို်င်၊ ဤသို့လျှင် စိတ်ဓာတ် ခက်ထန် တင်းမာသူ မာန်မာနကြီးသူသည် ယုတ်နိမ့်သော အမျိုး၌ ဖြစ်ရ၏။ ယင်းကဲ့သို့သော မာန်မာနတရားများ ခြံရံထားသော ကုသိုလ်ကံက ပဋိသန္ဓေကို ပင်လျှင် သတ်မှတ်ချက်ပေး၍ အမျိုးယုတ်သူ ဖြစ်အောင် တည်ထောင် ဖန်ဆင်းပေး၏။ ယင်းကံက ယုတ်ညံ့သော အမျိုး၌ ပဋိသန္ဓေ တည်နေစေဟု အမိန့်ချမှတ်ပေးလိုက်၏။ တစ်နည်းဆိုရသော် စိတ်ဓာတ် ခက်ထန် တင်းမာမှု မာန်မာန ပြဓာန်းသည့် အကုသိုလ်ဇောတို့တွင် သန္နိဋ္ဌာနစေတနာကြောင့် သုပ္ပဗုဒ္ဓတို့ကဲ့သို့ ငရဲ၌ ဖြစ်ရ၏၊ ပုဗ္ဗ စေတနာ အပရစေတနာတို့ကြောင့် ယုတ်နိမ့်သော အမျိုးအနွယ်၌ လူဖြစ်လာရ၏။

သို့သော် ဤ်မာန ပြဓာန်းသည့် အမျိုးယုတ်ညံ့စေသော အကုသိုလ်ကံ၌ ဥပပီဠကကံ ဥပတ္ထမ္ဘကကံ သဘော မရှိပေ။ ယင်းကံသည် ပဝတ္တိအခါသို့ ရောက်မှ သတ္တဝါတစ်ဦးကို အမျိုးယုတ်ညံ့အောင် မပြုလုပ်နိုင်။ အလားတူပင် အောက်တွင် တင်ပြမည့် အမျိုးမြင့်မြတ်စေတတ်သော ကံ၌လည်း ဥပပီဠကကံ ဥပတ္ထမ္ဘကကံ သဘော မရှိပေ။ ယင်းကံသည်လည်း ပဝတ္တိအခါသို့ ရောက်မှ သတ္တဝါတစ်ဦးကို အမျိုးမြင့်မြတ်အောင် မပြုလုပ်နိုင်။ ပဋိသန္ဓေကို ပင်လျှင် သတ်မှတ်ချက်ပေး၍ အမျိုးယုတ်ညံ့စေသော ကံက ယုတ်နိမ့်သော အမျိုးအနွယ်၌ ဖြစ်စေ၏။ အမျိုး မြင့်မြတ်စေသော ကံက မြင့်မြတ်သော အမျိုးအနွယ်၌ ဖြစ်စေ၏။ ပဝတ္တိအခါ၌ အမျိုးယုတ်ညံ့သူ ဖြစ်နေရခြင်း, အမျိုးမြင့်မြတ်သူ ဖြစ်နေရခြင်းတို့မှာ ယုတ်နိမ့်သော အမျိုးအနွယ်၌ မြင့်မြတ်သော အမျိုးအနွယ်၌ ပဋိသန္ဓေကို တည်စေတတ်သော ကံ၏ အရာသာလျှင် ဖြစ်ပေသည်။ (ဇနကကံ၏ အရာသာ ဖြစ်၏၊ ဥပပီဠကကံ ဥပတ္ထမ္ဘကကံ တို့၏ အရာ မဟုတ်ဟု ဆိုလိုသည်။) (မ၊ဋ္ဌ၊၄၊၁၈၀။ မ၊ဋီ၊၃၊၃၇၆။)

သုပ္ပဗုဒ္ဓကုဋ္ဌီဟု အမည်တွင်သော အနူသည်ကြီးကား ဘဝတစ်ခုဝယ် ရာဇဂြိုဟ်မြို့၌ပင် သူဌေးသားဖြစ်စဉ် ဥယျာဉ်ကစားရန် အသွား လမ်းခုလတ် တစ်နေရာ၌ တဂရသိခိ အမည်ရှိတော်မူသော အရှင်ပစ္စေကဗုဒ္ဓါ တစ်ဆူကို မြို့တွင်းသို့ ဆွမ်းခံဝင်လာသည်ကို မြင်၍ --- ကွာယံ ကုဋ္ဌီ၊ ကုဋ္ဌိစီဝရေန ဝိစရတိ = ဤအနူကြီးသည် အဘယ်သူနည်း၊ အနူဝတ်ရုံသည့် အဝတ်မျိုးကို ဝတ်ရုံလျက် လှည့်လည်နေ၏ဟု ပြောဆိုလျက် တံထွေးထွေးကာ မရိုမသေ ပြု၍ ထွက်ခွာသွား၏။ သူဌေးသား ဖြစ်သဖြင့် မိမိကိုယ်ကို မိမိ အထင်ကြီးနေ၏၊ အရှင်ပစ္စေကဗုဒ္ဓါ ဖြစ်တော်မူသည့် သူတော်ကောင်း တစ်ဦးကို အထင်သေးနေ၏။ ရိုသေသင့် ရိုသေထိုက်သူကို မရိုမသေ ပြုမူ ဆက်ဆံခဲ့၏။ ထို အကုသိုလ်ကံကြောင့် ငရဲသို့ ရောက်ခဲ့ရ၏။ ငရဲမှ လွတ်လာသောအခါ ရာဇဂြိုဟ်ဝယ် အယုတ်ညံ့ဆုံးသော အမျိုးအနွယ်၌ လူလာဖြစ်ရ၏။ အထီးကျန် သူတောင်းစားဘဝ အနူဘဝသို့ ရောက်အောင် ထိုကံက တည်ထောင် ဖန်ဆင်းပေးလိုက်၏။ (ဥဒါန်းပါဠိတော်၊၁၃၆။)

အမှတ် (၁၂) အဖြေ - အမျိုးမြတ်ခြင်း

အမှတ် (၁၂) အဖြေ - အမျိုးမြတ်ခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် စိတ်ဓာတ် ခက်ထန် တင်းမာမှု မရှိ၊ အလွန် မာနမကြီး = ထောင်လွှားမှု မာန်မာန မရှိ၊ ရှိခိုးထိုက်သူကို ရှိခိုး၏၊ ခရီးဦး ကြိုဆိုထိုက်သူကို ခရီးဦး ကြိုဆို၏၊ နေရာ ပေးထိုက်သူကို နေရာ ပေး၏၊ လမ်းခရီး ပေးထိုက်သူကို လမ်းခရီး ပေး၏၊ အရိုအသေ ပြုထိုက်သူကို အရိုအသေ ပြု၏၊ အလေးပြုထိုက်သူကို အလေးပြု၏၊ မြတ်နိုးထိုက်သူကို မြတ်နိုး၏၊ ပူဇော်ထိုက် သူကို ပူဇော်၏။ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ထားအပ် သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ ဖြစ်သော နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်း မှု ပြုသူတို့၏ လားရောက်ရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ အမျိုးမြတ်၏။ သုဘလုလင် ...ထို စိတ်ဓာတ် ခက်ထန် တင်းမာမှု မရှိခြင်း အလွန် မာန်မာနမကြီးခြင်း = ထောင်လွှားမှု မာန်မာန မရှိခြင်း = မတက်ကြွခြင်း ရှိခိုးထိုက်သူကို ရှိခိုးခြင်း ခရီး- ဦး ကြိုဆိုထိုက်သူကို ခရီးဦး ကြိုဆိုခြင်း နေရာ ပေးထိုက်သူကို နေရာ ပေးခြင်း လမ်းခရီး ပေးထိုက်သူကို လမ်း ခရီး ပေးခြင်း အရိုအသေ ပြုထိုက်သူကို အရိုအသေ ပြုခြင်း အလေးပြုထိုက်သူကို အလေးပြုခြင်း မြတ်နိုးထိုက်သူကို မြတ်နိုးခြင်း ပူဇော်ထိုက် သူကို ပူဇော်ခြင်းသည် မြင့်မြတ်သော အမျိုးအနွယ်၌ ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၇-၂၄၈။)

ဤကျင့်ဝတ် ပဋိပတ်တို့ကား ပိုက်ဆံ တစ်ပြားမျှ မကုန်ကျရဘဲ အသင်သူတော်ကောင်း၏ ဘဝကို အလွန် အဆင့် မြင့်မားအောင် မြှင့်တင်ပေးနေသော အလွန် ထက်မြက် စူးရှနေသော စွမ်းအင်ကြီးများ ဖြစ်ကြ၏။ ဤ ကျင့်ဝတ် ပဋိပတ်တို့ကို ရိုသေ ကျိုးနွံစွာ ဖြည့်ကျင့်နေသော ကုသိုလ်စိတ်အစဉ်၌ ထိုဖြည့်ကျင့်နေသော သတ္တဝါဟု ခေါ်ဆိုအပ်သော ရုပ်နာမ်သန္တာန်အစဉ်ကို နတ်ပြည်လောက၌ ဖြစ်အောင် မြင့်မြတ်သော အမျိုးအနွယ်၌ ဖြစ် အောင် တည်ထောင် ဖန်ဆင်းပေးနို်င်သော စွမ်းအင်သတ္တိထူးများ ကိန်းဝပ် တည်နေကြ၏။ ယင်းကျင့်ဝတ်တို့ကို ဖြည့်ကျင့်စဉ်ဝယ် ဖြည့်ကျင့်သူ၏ သန္တာန်၌ အသက် ဂုဏ်သိက္ခာအားဖြင့် ကြီးမြတ်တော်မူသော ပုဂ္ဂိုလ်တို့ကို အမြင့်၌ ထား၍ မိမိကိုယ်ကို အနိမ့်၌ ထားကာ နှိမ်ချသော စိတ်ဓာတ်များ ကိန်းဝပ်လျက် ရှိကြ၏။ ယင်းကဲ့သို့ သော စိတ်ထားများက မြင့်မြတ်သော ဘဝတစ်ခုကို ရရှိအောင် တည်ထောင် ဖန်ဆင်းပေးလိုက်ကြ၏။ ယင်း ကျင့်ဝတ် ပဋိပတ်တို့ကို ဖြည့်ကျင့်နေသော သူတော်ကောင်းတစ်ဦး၏ ပြုစုပျိုးထောင်လိုက်သော အခြားအခြား သော ကောင်းမှုကုသိုလ်သည်လည်း ကြီးကျယ်ဖွံ့ဖြိုး များမြတ်သောအကျိုးကို ဖြစ်စေနိုင်၏။ အမျိုးမြင့်မြတ် သည့် ပဋိသန္ဓေကို ဖြစ်စေနိုင်၏။ ဤသို့လည်း အမျိုးမြင့်မြတ်သူ တစ်ဦး ဖြစ်လာရ၏။ တစ်နည်း --- ထိုကံက ပဋိသန္ဓေကို အမျိုး မြင့်မြတ်သူတစ်ဦး ဖြစ်အောင် သတ်မှတ်ချက်ပေး၍ မြင့်မြတ်သော အမျိုးအနွယ်၌ လူဖြစ် အောင် ပြုလုပ်ပေး၏။ တစ်နည်း --- အမျိုးမြင့်မြတ်ကြောင်း ကျင့်ဝတ် ပဋိပတ်တို့ကို ဖြည့်ကျင့်ရာဝယ် သန္နိဋ္ဌာန စေတနာကြောင့် နတ်ပြည်နတ်လောက၌ ဖြစ်ရ၏၊ ပုဗ္ဗစေတနာ အပရစေတနာတို့ကြောင့် လူ့ပြည်လူ့လောက ဝယ် အမျိုးမြင့်မြတ်သူ ဖြစ်လာရ၏။

ဤကျင့်ဝတ်တို့ကား ဗုဒ္ဓယဉ်ကျေးမှုဆိုင်ရာ အခြေခံ ကျင့်ဝတ် ပဋိပတ်တို့ပင် ဖြစ်ကြ၏။ ယင်း အခြေခံ ယဉ်ကျေးမှု ကျင့်ဝတ်ပဋိပတ်တို့ကို ဖြည့်ကျင့်သူသည် လူ့လောကဝယ် အဆင့်အနိမ့်ဆုံး၌ တည်ရှိသော ဒွန်းစဏ္ဍား တစ်ဦးပင် ဖြစ်ချင် ဖြစ်ပါစေ။ ယင်းသို့ ဖြည့်ကျင့်နေသော ကုသိုလ် စေတနာတို့က ယင်းဒွန်းစဏ္ဍား တစ်ဦးကို အလွန် အဆင့်အတန်း မြင့်သော နတ်ပြည်နတ်လောကသို့ ရောက်အောင် ပို့ဆောင်ပေးနိုင်သော အလွန် ကြီးမား သော စွမ်းအားများ ရှိကြ၏။ ဝိမာနဝတ္ထုပါဠိတော်ကြီး၌ စဏ္ဍာလီအမည်ရသော ဒွန်းစဏ္ဍားအမယ်အို တစ်ယောက် အကြောင်း လာရှိ၏။ ရာဇဂြိုဟ်မြို့တွင်းသို့ ရဟန်းသံဃာတော်များ ခြံရံလျက် ဆွမ်းခံ ကြွဝင်လာတော်မူသော ဘုရားရှင်အား ရိုသေစွာ ရှိခိုးဦးခိုက် ပူဇော်လိုက်ရသည့် ကုသိုလ်ကောင်းမှုကြောင့် ကွယ်လွန်သွားသောအခါ ကြီးကျယ်ခန်းနားသော ဘုံဗိမာန်ပိုင်ရှင် စဏ္ဍာလီ အမည်ရှိသော နတ်သမီးတစ်ဦး ဖြစ်သွားကြောင်း လာရှိ၏။ ရှိခိုးသင့် ရှိခိုးထိုက်သည့် သူတော်ကောင်းတို့အား ရိုသေလေးမြတ်စွာ ကြည်နူးဝမ်းမြောက်စွာ ရှိခိုးလိုက်သည့် ကုသိုလ်, လက်အုပ်ချီမိုးလို်က်သည့် ကုသိုလ်ကံတို့က ထုတ်ဆောင်ကယ်တင် သွားခြင်း ဖြစ်၏။ (ဝိမာနဝတ္ထု၊ ၂၅။) ယင်းကဲ့သို့သော ကုသိုလ်ကံတို့ကား သုနိတကဲ့သို့သော မစင်ဘင်ကျုံးသမား တစ်ဦးကိုပင် အရဟတ္တဖိုလ်၌ တည်သည်တိုင်အောင် အားပေးထောက်ပံ့နိုင်၏။ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲနိုင်ခြင်းကြောင့် ရရှိလာသော အကျိုးတရားပင် ဖြစ်၏။

အမှတ် (၁၃) အဖြေ - ပညာမဲ့ခြင်း

အမှတ် (၁၃) အဖြေ - ပညာမဲ့ခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် သမဏကိုလည်း ကောင်း, ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် အရှင်ဘုရား ...

၁။ အဘယ်တရားသည် ကုသိုလ်တရားပါနည်း၊

၂။ အဘယ်တရားသည် အကုသိုလ်တရားပါနည်း၊

၃။ အဘယ်တရားသည် အပြစ်ရှိသော တရားပါနည်း၊

၄။ အဘယ်တရားသည် အပြစ်ကင်းသော တရားပါနည်း၊

၅။ အဘယ်တရားသည် မှီဝဲထိုက်သော တရားပါနည်း၊

၆။ အဘယ်တရားသည် မမှီဝဲထိုက်သော တရားပါနည်း၊

၇။ အဘယ်တရားကို ပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း။

၈။ အဘယ်တရားကို ပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွား ရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်း ---

ဤသို့ အဖန်ဖန် မေးမြန်းခြင်းကို မပြု၊ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားမှားယွင်းယွင်း ဆောက်တည်ထားအပ်သော ထို်ကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူတို့၏ လားရောက်ရာ, အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူတို့၏ လားရောက်ရာ, အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ အကယ်၍ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ ပညာမဲ့၏။ သုဘလုလင် ...သမဏကိုလည်းကောင်း, ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် --- အရှင်ဘုရား ... အဘယ်တရားသည် ကုသိုလ်တရားပါနည်း၊ အဘယ်တရားသည် အကုသိုလ်တရားပါနည်း၊ အဘယ်တရားသည် အပြစ်ရှိသော တရားပါနည်း၊ အဘယ်တရားသည် အပြစ်ကင်းသော တရားပါနည်း၊ အဘယ်တရားသည် မှီဝဲထိုက် သော တရားပါနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်သော တရားပါနည်း၊ အဘယ်တရားကို ပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း၊ အဘယ်တရားကို ပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွားရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်း၊ ဤသို့ အဖန်ဖန် မေးမြန်းခြင်းကို မပြုခြင်းသည် ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၈။)

န ပရိပုစ္ဆိတာ ဟောတီတိ ဧတ္ထ ပန အပရိပုစ္ဆနေန နိရယေ န နိဗ္ဗတ္တတိ။ အပရိပုစ္ဆကော ပန ဣဒံ ကာတဗ္ဗံ ဣဒံ န ကာတဗ္ဗန္တိ န ဇာနာတိ၊ အဇာနန္တော ကာတဗ္ဗံ န ကရောတိ၊ အကာတဗ္ဗံ ကရောတိ။ တေန နိရယေ နိဗ္ဗတ္တတိ၊ ဣတရော သဂ္ဂေ။ (မ၊ဋ္ဌ၊၄၊၁၈၀။)

ဤအရာ၌ အထက်ပါ သိသင့် သိထိုက်သော မေးခွန်း အရပ်ရပ်တို့ကို မမေးရုံသက်သက်မျှဖြင့် ငရဲ၌ ဖြစ်ရသည်ကား မဟုတ်၊ စင်စစ်မှာမူ ထိုသို့ ပညာရှိသူတော်ကောင်းတို့ကို ချဉ်းကပ်၍ မေးလေ့မရှိသော ပုဂ္ဂိုလ်သည် ဤအမှုကား ပြုသင့် ပြုထိုက်၏၊ ဤအမှုကား မပြုသင့် မပြုထိုက်ဟု မသိပေ။ မသိခဲ့သော် ပြုသင့် ပြုထိုက် သည်ကို မပြု၊ မပြုသင့် မပြုထိုက်သည်ကို ပြုတတ်၏။ ထိုသို့ ပြုသင့် ပြုထိုက် သည်ကို မပြုဘဲ မပြုသင့် မပြု ထိုက်သည်ကို ပြုခြင်းကြောင့် ငရဲ၌ ဖြစ်ရ၏။ (မ၊ဋ္ဌ၊၄၊၁၈၀။)

အမှတ် (၁၄) အဖြေ - ပညာဉာဏ် ကြီးမားခြင်း

အမှတ် (၁၄) အဖြေ - ပညာဉာဏ် ကြီးမားခြင်း

သုဘလုလင် ...ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သောသူသည် သမဏကိုလည်း ကောင်း, ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် အရှင်ဘုရား ...

၁။ အဘယ်တရားသည် ကုသိုလ်တရားပါနည်း၊

၂။ အဘယ်တရားသည် အကုသိုလ်တရားပါနည်း၊

၃။ အဘယ်တရားသည် အပြစ်ရှိသော တရားပါနည်း၊

၄။ အဘယ်တရားသည် အပြစ်ကင်းသော တရားပါနည်း၊

၅။ အဘယ်တရားသည် မှီဝဲထိုက်သော တရားပါနည်း၊

၆။ အဘယ်တရားသည် မမှီဝဲထိုက်သော တရားပါနည်း၊

၇။ အဘယ်တရားကို ပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း။

၈။ အဘယ်တရားကို လိုက်နာပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွား ရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်း။

ဤသို့ အဖန်ဖန် မေးမြန်းခြင်းကို ပြု၏၊ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ လိုက်နာ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ ပညာဉာဏ် ကြီးမား၏။ သုဘလုလင် ...သမဏကိုလည်းကောင်း, ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် အရှင်ဘုရား ...

၁။ အဘယ်တရားသည် ကုသိုလ်တရားပါနည်း၊

၂။ အဘယ်တရားသည် အကုသိုလ်တရားပါနည်း၊

၃။ အဘယ်တရားသည် အပြစ်ရှိသော တရားပါနည်း၊

၄။ အဘယ်တရားသည် အပြစ်ကင်းသော တရားပါနည်း၊

၅။ အဘယ်တရားသည် မှီဝဲထိုက်သော တရားပါနည်း၊

၆။ အဘယ်တရားသည် မမှီဝဲထိုက်သော တရားပါနည်း၊

၇။ အဘယ်တရားကို ပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း။

၈။ အဘယ်တရားကို လိုက်နာပြုကျင့်ခဲ့သော် တပည့်တော်၏ သန္တာန်၌ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး အကျိုးစီးပွား ရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်း။

ဤသို့ အဖန်ဖန် မေးမြန်းခြင်းကို ပြုခြင်းသည် ပညာဉာဏ် ကြီးမားခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (မ၊၃၊၂၄၈-၂၄၉။)

ဤ၌လည်း အထက်ပါ မေးခွန်း အရပ်ရပ်တို့ကို မေးရုံသက်သက်မျှဖြင့် နတ်ပြည်သို့ ရောက်ရသည်လည်း မဟုတ်၊ ပညာဉာဏ် ကြီးမားသွားသည်လည်း မဟုတ်၊ ထိုသို့ မေးမြန်း လျှောက်ထားသော ပုဂ္ဂိုလ်သည် ထိုသို့ မေးမြန်း လျှောက်ထားခြင်းတည်းဟူသော အကြောင်းကြောင့် ---ဤအမှုကား ပြုသင့် ပြုထိုက်၏၊ ဤအမှုကား မပြုသင့် မပြုထိုက်ဟု သိ၏၊ သိခွင့်ရသဖြင့် ပြုသင့် ပြုထိုက်သော ကောင်းမှုကုသိုလ်ကို ပြုကျင့်၏၊ မပြုသင့် မပြုထိုက်သော အကုသိုလ်ကို ရှောင်ကြဉ်၏။ ထိုသို့ မပြုသင့် မပြုထိုက်သော အကုသိုလ်ကို ရှောင်ကြဉ်ခြင်း ပြုသင့် ပြုထိုက်သော ကုသိုလ်တရားကို ပြုကျင့်ခြင်း မှီဝဲခြင်း ပွားများခြင်းကြောင့် နတ်ပြည်လောက၌ ဖြစ်ရ၏။ ပညာဉာဏ် ကြီးမားရ၏။ (မ၊ဋ္ဌ၊၄၊၁၈၀။)

လောက၌ ဘုရားရှင်တို့ ပွင့်ထွန်း ပေါ်ပေါက်တော်မူသည်ဖြစ်စေ, မပွင့်ထွန်း မပေါ်ပေါက်သည်ပင်ဖြစ်စေ ကုသိုလ်တရား အကုသိုလ်တရားတို့ကား ထင်ရှား တည်ရှိလျက်ပင် ဖြစ်ကြ၏၊ သို့သော် ဘုရားရှင်တို့ ပွင့်ထွန်း ပေါ်ပေါက်တော်မူလာသောအခါ သာဝကတို့သည် --- ဤကား ကုသိုလ်တရား ဤကား အကုသိုလ်တရား, ဤ ကား အပြစ်ရှိသော တရား ဤကား အပြစ်မရှိသော တရား, ဤကား မှီဝဲထိုက်သော တရား ဤကား မမှီဝဲထိုက် သော တရား, ဤကား အကျိုးရှိသော တရား ဤကား အကျိုးမရှိသော တရားဟု ကွဲကွဲပြားပြား သိရှိခွင့်ရကြ၏။ ဤအကုသိုလ်တရားကား မကောင်းသော အကျိုးကို ဖြစ်စေတတ်၏၊ ဤကုသိုလ်တရားကား ကောင်းသော အကျိုး ကို ဖြစ်စေတတ်၏၊ ဤအကုသိုလ်ကို ရှောင်ကြဉ်ပါ၊ ဤကုသိုလ်ကို ပြုကျင့်ပါ၊ မှီဝဲပါ၊ ပွားများပါ --- ဤသို့စသည် ဖြင့် သာဝကတို့သည် ကွဲကွဲပြားပြား သိရှိခွင့်ရကြ၏။ ဤသို့ သိရှိခွင့်ရကြသဖြင့် သဒ္ဓါတရားရှိကြသော အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် သိက္ခာသုံးရပ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော ကုသိုလ်တရားတို့ကို မှီဝဲကြ၏၊ ပွားများကြ၏၊ အားထုတ်ကြ၏။ အရဟတ္တဖိုလ်တိုင်အောင်သော ကြီးမားသော ဉာဏ်ပညာတို့ကို ရရှိ တော်မူကြ၏။ ယင်းအရဟတ္တဖိုလ် ဉာဏ်ပညာကြီးကား မိမိကိန်းဝပ်ရာ သတ္တဝါကို နောက်ထပ်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ တည်နေခြင်းတည်းဟူသော ဇာတိဘေးဆိုးကြီးမှ လွတ်အောင် အိုဘေးဆိုးကြီးမှ လွတ်အောင် နာဘေးဆိုးကြီးမှ လွတ်အောင် သေဘေးဆိုးကြီးမှ လွတ်အောင် အပြီးတိုင် ထုတ်ဆောင် ကယ်တင်ပေးနို်င်သော စွမ်းအင် အပြည့်အဝ ရှိသော ဉာဏ်ပညာကြီး ဖြစ်၏။ ဤကဲ့သို့သော ဉာဏ်ပညာမျိုးကို ကြီးမားသော ဉာဏ်ပညာကြီးဟု မဆိုထိုက်ပြီလော? သာဝကတို့အဖို့ ဘုရားရှင်၏ သာသနာတော်တွင်း၌သာ ရရှိနိုင်သော ဉာဏ်ပညာမျိုးပင် ဖြစ်ပေသည်။

၁။ ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ရုပ်တရားတို့ကို ထိုးထွင်း သိမြင်တတ်သော ဉာဏ် ပညာ = ရူပပရိဂ္ဂဟဉာဏ်,

၂။ နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း နာမ်တရားတို့ကို ထိုးထွင်း သိမြင်တတ်သော ဉာဏ် ပညာ = အရူပပရိဂ္ဂဟဉာဏ်,

၃။ ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ကာလ သုံးပါးလုံး၌ အကြောင်းတရား အကျိုးတရား တို့ကို ထိုးထွင်း သိမြင်တတ်သော ဉာဏ်ပညာ = ပစ္စယပရိဂ္ဂဟဉာဏ်,

၄။ ဤ လက္ခဏာဒိစတုက္ကပိုင်းတွင် ရေးသား တင်ပြနေဆဲ ဖြစ်သော ပရမတ္ထဓာတ်သား အသီးအသီးတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ထိုးထွင်း သိမြင်တတ်သော ဉာဏ်ပညာ = နာမရူပပရိဂ္ဂဟဉာဏ်,

၅။ ဝိပဿနာပိုင်းတွင် ရေးသား တင်ပြလတ္တံ့ ဖြစ်သော ဝိပဿနာဉာဏ်ပညာ ---

ဤဉာဏ်ပညာတို့မှာလည်း ယခုအခါဝယ် သာသနာတော်တွင်း၌သာ ရရှိနိုင်သော ဉာဏ်ပညာတို့ ဖြစ်ကြ၏။ ကြီးမားသော ဉာဏ်ပညာတို့သာ ဖြစ်ကြ၏။ ယင်းဉာဏ်ပညာတို့ကို ရရှိတော်မူကြသော သူတော်ကောင်းတို့သည် လည်း ဉာဏ်ပညာကြီးမားသူတို့သာ ဖြစ်ကြပေသည်။ ယနေ့ မျက်မှောက်ခေတ်ဝယ် သာသနာပအယူအဆ ရှိ ကြသော မည်သည့် ဒဿနိကပညာရှင်မှ မည်သည့် သိပ္ပံဆရာမှ မရရှိနိုင်သေးသော ဘုရားရှင်၏ တပည့်သာဝက တို့သည်သာ ရရှိနိုင်စွမ်းသော ဉာဏ်ပညာမျိုးတို့ ဖြစ်ကြ၏။ အမြော်အမြင်ရှိသူ သူတော်ကောင်းမှန်သမျှ မရအရ ကြိုးပမ်းထားသင့်သော ဉာဏ်ပညာတို့ ဖြစ်ကြ၏။ အသင်သူတော်ကောင်းသည် မိမိ ရရှိထားသော အခွင့်ကောင်းကြီးကို လက်မလွတ်ပါစေနှင့်၊ ရအောင် ကြိုးပမ်းပါလော။

ဒေသနာတော်နိဂုံး

ဒေသနာတော်နိဂုံး

သုဘလုလင် ...ဤသို့လျှင် ----

၁။ အသက် တိုခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက် တိုခြင်းသို့ ဆောင်တတ်၏။

၂။ အသက် ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက် ရှည်ခြင်းသို့ ဆောင်တတ်၏။

၃။ အနာရောဂါ များခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါ များခြင်းသို့ ဆောင်တတ်၏။

၄။ အနာရောဂါ ကင်းခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါ ကင်းခြင်းသို့ ဆောင်တတ်၏။

၅။ အဆင်း မလှခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အဆင်း မလှခြင်းသို့ ဆောင်တတ်၏။

၆။ အဆင်း လှခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အဆင်း လှခြင်းသို့ ဆောင်တတ်၏။

၇။ အခြံအရံ မရှိခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အခြံအရံ မရှိခြင်းသို့ ဆောင်တတ်၏။

၈။ အခြံအရံ များခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အခြံအရံ များခြင်းသို့ ဆောင်တတ်၏။

၉။ စည်းစိမ်ဥစ္စာ နည်းခြင်းကို ဖြစ်စေတတ်သော အကျင့်သည် စည်းစိမ်ဥစ္စာ နည်းခြင်းသို့ ဆောင်တတ်၏။

၁၀။ စည်းစိမ်ဥစ္စာ များခြင်းကို ဖြစ်စေတတ်သော အကျင့်သည် စည်းစိမ်ဥစ္စာ များခြင်းသို့ ဆောင်တတ်၏။

၁၁။ အမျိုးယုတ်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အမျိုးယုတ်ခြင်းသို့ ဆောင်တတ်၏။

၁၂။ အမျိုးမြင့်မြတ်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အမျိုးမြင့်မြတ်ခြင်းသို့ ဆောင်တတ်၏။

၁၃။ ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် ပညာမဲ့ခြင်းသို့ ဆောင်တတ်၏။

၁၄။ ပညာကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်သည် ပညာကြီးခြင်းသို့ ဆောင်တတ်၏။

သုဘလုလင် ...သတ္တဝါတို့သည် ကံသာလျှင် မိမိကိုယ်ပိုင်ဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံတို့သာလျှင် ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရင်းစစ် ရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ပုန်းအောင်း လည်းလျောင်း မှီခိုရာ ရှိကုန်၏၊ သတ္တဝါတို့ကို ယုတ်ညံ့သူ ဖြစ်ဖို့ရန် မြင့်မြတ်သူ ဖြစ်ဖို့ရန် (= ယုတ်ညံ့သူ ဖြစ် အောင် မြင့်မြတ်သူ ဖြစ်အောင်) ကံကသာလျှင် ဝေဖန်၏။ ---

ဤသို့ မိန့်ကြားတော်မူလတ်သော် တောဒေယျပုဏ္ဏား၏သား သုဘလုလင်သည် မြတ်စွာဘုရားအား ဤ စကားကို လျှောက်ထား၏။ ---

အရှင်ဂေါတမ ...တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါပေ၏၊ အရှင်ဂေါတမ ...တရားတော် သည် အလွန် နှစ်သက်ဖွယ် ရှိပါပေ၏၊ အရှင်ဂေါတမ ...ဥပမာအားဖြင့် မှောက်ထားသည့် အရာဝတ္ထုကို လှန်ပြလိုက်ဘိသကဲ့သို့လည်းကောင်း, ဖုံးလွှမ်းထားသည့် အရာဝတ္ထုကို ဖွင့်လှစ်ပြလိုက်ဘိသကဲ့သို့လည်းကောင်း, လမ်းမှားသောသူအား လမ်းမှန်ကို ပြောကြားလိုက်ဘိသကဲ့သို့လည်းကောင်း, မျက်စိအမြင် ရှိသောသူတို့သည် အဆင်းရူပါရုံ အမျိုးမျိုးတို့ကို တွေ့မြင်ကြလိမ့်မည်ဟု နှလုံးပိုက်၍ အမိုက်မှောင်ထဲ၌ ဆီမီးတန်ဆောင်ကို ထွန်းဆောင်ပြလိုက်ဘိသကဲ့သို့လည်းကောင်း, အရှင်ဂေါတမ ...ဤဥပမာအတူသာလျှင် အရှင်ဂေါတမသည် များစွာ သော အကြောင်းဖြင့် တရားတော်ကို ဟောကြားပြသတော်မူပါပေ၏။ အရှင်ဂေါတမ ...ထိုတပည့်တော်သည် အရှင်ဂေါတမကို ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏၊ တရားတော် ကိုလည်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏၊ အရှင်ဂေါတမသည် တပည့်တော် ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမှီခိုရာဟု ယုံကြည် သိမှတ် ဆည်းကပ်တတ်သော ဥပါသကာဟူ၍ အသိအမှတ်ပြုတော်မူပါဘုရား ...

ဤသို့ သုဘလုလင်က လျှောက်ထား၏။ (မ၊၃၊၂၄၃-၂၄၉။)

ဤတွင် စူဠကမ္မဝိဘင်္ဂသုတ္တန် ပြီးဆုံးပေပြီ။

ကံတရားအကြောင်းကို အသင်သူတော်ကောင်းသည် တစ်စိတ်တစ်ဒေသ သဘောပေါက်သင့်ပေပြီ၊ သင်္ခါရက္ခန္ဓာတရားစုတို့က အကျိုးတရားများ ဖြစ်ပေါ်လာအောင် ပြုပြင်ပုံ အပိုင်းပင် ဖြစ်သည်။

စိတ်သည် ပင်ကိုယ် သဘောအားဖြင့် ဖြူစင်၏။ စေတသိက်တို့က ဝင်ရောက် ခြယ်လှယ်လိုက်သဖြင့် ထူးထွေ ဆန်းပြားလာ၏။ စိတ်ဓာတ်၏ ထူးထွေ ဆန်းကြယ်မှုကြောင့် ကံများလည်း ဆန်းကြယ်လာကြ၏။ ကံဆန်းကြယ်ခြင်းကြောင့် သတ္တဝါတို့လည်း ဆန်းကြယ်လာကြရ၏၊ ယုတ်ညံ့သူ မြင့်မြတ်သူ ဖြစ်လာကြရ၏။ ထိုကြောင့် အသင်သူတော်ကောင်းသည် မြင့်မြတ်သည့် သူတော်စင်တစ်ဦး ဖြစ်လိုပါမူ အသင်သူတော်ကောင်း၏ စိတ်ဓာတ်ကို ပြုပြင် ပြောင်းလဲပေးပါ။ သီလ သမာဓိ ပညာတို့ဖြင့် ထုံမွမ်းပေးပါ။

သင်္ခါရက္ခန္ဓာအကြောင်းကို ဤတွင် ရပ်နား၍ သင်္ခါရက္ခန္ဓာ စာရင်းဝင် စေတသိက် (၅၀)တို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ဆက်လက် တင်ပြအပ်ပါသည်။

__________

စိတ်နှင့် စေတသိက်အကြောင်း

စိတ်နှင့် စေတသိက်အကြောင်း

ယခုအခါ၌ သင်္ခါရက္ခန္ဓာစာရင်းဝင် စေတသိက် အလုံး (၅၀)တို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ဆက်၍ ရေးသား တင်ပြတော့မည် ဖြစ်သည်။ မတင်ပြမီ စိတ် စေတသိက်တို့၏ အကြောင်းကို အနည်းငယ် ရှင်းလင်း တင်ပြအပ်ပါသည်။

လောကီယဓမ္မဥှိ ပတွာ စိတ္တံ ဇေဋ္ဌကံ စိတ္တံ ဓုရံ စိတ္တံ ပုဗ္ဗင်္ဂမံ ဟောတိ၊ လောကုတ္တရဓမ္မံ ပတွာ ပညာ ဇေဋ္ဌိကာ ပညာ ဓုရာ ပညာ ပုဗ္ဗင်္ဂမာ။ (အဘိ၊ဋ္ဌ၊၁၊၁၁၀။)

လောကိယဓမ္မပိုင်းသို့ ရောက်ရှိလာလတ်သော် ယင်းလောကီယဓမ္မ၌ စိတ်ကား အကြီးအကဲ ဖြစ်၏၊ ပဓာန ဖြစ်၏၊ ေ့ရှသွားခေါင်းဆောင် ဖြစ်၏။ လောကုတ္တရာပိုင်းသို့ ရောက်လတ်သော် ယင်း လောကုတ္တရာတရားစု၌ ပညာကား အကြီးအကဲ ဖြစ်၏၊ ပဓာန ဖြစ်၏၊ ေ့ရှသွားခေါင်းဆောင် ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၁၁၀။)

ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဟူသော စေတသိက်တရားစုတို့သည် စိတ်သာလျှင် ေ့ရှသွား ခေါင်းဆောင် ရှိကြကုန်၏၊ စိတ်သာလျှင် အမြတ်ဆုံး ရှိကြကုန်၏၊ စိတ်သာလျှင် အကြီးအကဲ ရှိကြကုန်၏၊ စိတ်ကြောင့် ပြီးစီးကြရကုန်၏။ မတော်လောဘ ဒေါသ အစရှိသော အပြစ်တို့သည် ဖျက်ဆီးအပ်သောစိတ်ဖြင့် အကယ်၍မူလည်း ပြောဆိုငြားအံ့၊ အကယ်၍မူလည်း ပြုလုပ်ငြားအံ့၊ အကယ်၍မူလည်း ကြံစည်ငြားအံ့၊ ထိုသို့ ပြောဆို ပြုလုပ် ကြံစည်ခြင်းကြောင့် ဝန်ကိုဆောင်သော နွား၏ခြေရာ နောက်သို့ လှည်းဘီးသည် အစဉ်လိုက်၏သို့ ထိုပုဂ္ဂိုလ်၏ နောက်သို့ ဆင်းရဲဒုက္ခဟူသမျှသည် အစဉ်တစိုက် လိုက်ပါ၍ နေပေ၏။ (ဓမ္မပဒ၊၁၃။)

ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဟူသော စေတသိက်တရားစုတို့သည် စိတ်သာလျှင် ေ့ရှသွား ခေါင်းဆောင် ရှိကြကုန်၏၊ စိတ်သာလျှင် အမြတ်ဆုံး ရှိကြကုန်၏၊ စိတ်သာလျှင် အကြီးအကဲ ရှိကြကုန်၏၊ စိတ်ကြောင့် ပြီးစီးကြရကုန်၏။ ကြည်လင်သန့်ရှင်းသော စိတ်ထားဖြင့် အကယ်၍မူလည်း ပြောဆိုငြားအံ့၊ အကယ် ၍မူလည်း ပြုလုပ်ငြားအံ့၊ အကယ်၍မူလည်း ကြံစည်ငြားအံ့၊ ထိုသို့ ပြောဆို ပြုလုပ် ကြံစည်ခြင်းကြောင့် အရိပ်သည် ကိုယ်၏ နောက်သို့ အစဉ်လိုက်၏သို့ ထိုပုဂ္ဂိုလ်၏ နောက်သို့ ချမ်းသာသုခဟူသမျှသည် အစဉ်တစိုက် လိုက်ပါ၍ နေပေ၏။ (ဓမ္မပဒ၊၁၃။)

သတ္တဝါအပေါင်းကို အဘိသင်္ခါရဝိညာဏ်ဟု ဆိုအပ်သော စိတ်သည် ထိုထို ဘဝသို့ ရောက်အောင် ဆောင်ပို့ အပ်၏။ သတ္တဝါအပေါင်းကို အဘိသင်္ခါရဝိညာဏ်ဟု ဆိုအပ်သော စိတ်သည် ထိုထို ဘဝသို့ ရောက်အောင် ဆွဲငင် ဆောင်ယူသွား၏။ (သံ၊၁၊၃၆။) (ဤ၌ အဘိသင်္ခါရဝိညာဏ် ဟူသည် ဘဝတစ်ခုကို ဖြစ်ပေါ်လာအောင် ပြုပြင် ဖန်တီးပေးသော စေတနာ ပြဓာန်းသော ကမ္မဝိညာဏ်တည်း။)

စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ၊ စိတ္တဝေါဒါနာ သတ္တာ ဝိသုဇ္ဈန္တိ။ (သံ၊၂၊၁၂၃။)

ရဟန်းတို့ ...စိတ်ဓာတ် ညစ်နွမ်းခြင်းကြောင့် သတ္တဝါတို့သည် ညစ်နွမ်းကြရကုန်၏၊ စိတ်ဓာတ် ဖြူစင် သန့်ရှင်းခြင်းကြောင့် သတ္တဝါတို့သည် စင်ကြယ်ကြရကုန်၏။ (သံ၊၂၊၁၂၃။)

ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ၊ တဉ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ။ (အံ၊၁၊၉။)

ရဟန်းတို့ ...အိမ်ရှင် ဘဝင်စိတ်သည် ပြိုးပြိုးပြက်ပြက် တလက်လက် ထွက်သော အရောင် ရှိ၏ = ကြည်လင်၏ = ဖြူစင်၏။ ထိုစိတ်သည် ဧည့်သည် အာဂန္တုက ဖြစ်ကုန်သော ရာဂ အစရှိသော ဥပက္ကိလေသ တရားတို့ကြောင့် ညစ်နွမ်းရ၏။ (အံ၊၁၊၉။)

ဒါယကာ ...စိတ်ကို ချစ်ခြင်း မုန်းခြင်း စသည်တို့ မဖြစ်အောင် မစောင့်ရှောက်အပ်သည်ရှိသော် ကာယကံကိုလည်း စောင့်ရှောက်သည် မမည်၊ ဝစီကံကိုလည်း စောင့်ရှောက်သည် မမည်၊ မနောကံကိုလည်း စောင့်ရှောက်သည် မမည်။ ကာယကံ ဝစီကံ မနောကံကို မစောင့်ရှောက်သူ၏ ကာယကံသည်လည်း ကိလေသာဖြင့် စိုစွတ်၏၊ ဝစီကံသည်လည်း ကိလေသာဖြင့် စိုစွတ်၏၊ မနောကံသည်လည်း ကိလေသာဖြင့် စိုစွတ်၏။ ကိလေသာ ဖြင့် စိုစွတ်သော ကာယကံ ဝစီကံ မနောကံ ရှိသူ၏ ကာယကံသည်လည်း ဆွေးမြည့်၏၊ ဝစီကံသည်လည်း ဆွေးမြည့်၏၊ မနောကံသည်လည်း ဆွေးမြည့်၏။ ဆွေးမြည့်သော ကာယကံ ဝစီကံ မနောကံ ရှိသူအား ကောင်း သော သေခြင်း မဖြစ်နိုင်၊ ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်။

ဒါယကာ ...အထွတ်တပ်ထားသော အိမ်ကို ကောင်းစွာ မိုးမထားလျှင် အထွတ်ကိုလည်း စောင့်ရှောက် သည် မမည်၊ အခြင်ကိုလည်း စောင့်ရှောက်သည် မမည်၊ နံရံကိုလည်း စောင့်ရှောက်သည် မမည်၊ အထွတ်သည် လည်း မိုးရေဖြင့် စိုစွတ်၏၊ အခြင်တို့သည်လည်း မိုးရေဖြင့် စိုစွတ်ကုန်၏၊ နံရံသည်လည်း မိုးရေဖြင့် စိုစွတ်၏၊ အထွတ်သည်လည်း ဆွေးမြည့်၏၊ အခြင်တို့သည်လည်း ဆွေးမြည့်ကုန်၏၊ နံရံသည်လည်း ဆွေးမြည့်၏။

ဒါယကာ ...ဤအတူပင်လျှင် စိတ်ကို မစောင့်ရှောက်လျှင် ကာယကံကိုလည်း စောင့်ရှောက်သည် မမည်၊ ဝစီကံကိုလည်း စောင့်ရှောက်သည် မမည်၊ မနောကံကိုလည်း စောင့်ရှောက်သည် မမည်။ ကာယကံ ဝစီ ကံ မနောကံကို မစောင့်ရှောက်သူ၏ ကာယကံသည်လည်း ကိလေသာဖြင့် စိုစွတ်၏၊ ဝစီကံသည်လည်း ကိလေသာဖြင့် စိုစွတ်၏၊ မနောကံသည်လည်း ကိလေသာဖြင့် စိုစွတ်၏။ ကိလေသာဖြင့် စိုစွတ်သော ကာယကံ ဝစီကံ မနောကံ ရှိသူ၏ ကာယကံသည်လည်း ဆွေးမြည့်၏၊ ဝစီကံသည်လည်း ဆွေးမြည့်၏၊ မနောကံသည်လည်း ဆွေးမြည့်၏။ ဆွေးမြည့်သော ကာယကံ ဝစီကံ မနောကံ ရှိသူအား ကောင်းသော သေခြင်း မဖြစ်နိုင်၊ ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်။

ဒါယကာ ...စိတ်ကို ချစ်ခြင်း မုန်းခြင်း စသည်တို့ မဖြစ်အောင် စောင့်ရှောက်အပ်သည်ရှိသော် ကာယကံ ကိုလည်း စောင့်ရှောက်သည် မည်၏၊ ဝစီကံကိုလည်း စောင့်ရှောက်သည် မည်၏၊ မနောကံကိုလည်း စောင့်ရှောက် သည် မည်၏။ ကာယကံ ဝစီကံ မနောကံကို စောင့်ရှောက်သူ၏ ကာယကံသည်လည်း ကိလေသာဖြင့် မစိုစွတ်၊ ဝစီကံသည်လည်း ကိလေသာဖြင့် မစိုစွတ်၊ မနောကံသည်လည်း ကိလေသာဖြင့် မစိုစွတ်။ ကိလေသာဖြင့် မစိုစွတ်သော ကာယကံ ဝစီကံ မနောကံ ရှိသူ၏ ကာယကံသည်လည်း မဆွေးမြည့်၊ ဝစီကံသည်လည်း မဆွေးမြည့်၊ မနောကံသည်လည်း မဆွေးမြည့်။ မဆွေးမြည့်သော ကာယကံ ဝစီကံ မနောကံ ရှိသူအား ကောင်းသော သေခြင်း ဖြစ်နိုင်၏၊ ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်၏။

ဒါယကာ ...အထွတ်တပ်ထားသော အိမ်ကို ကောင်းစွာ မိုးထားလျှင် အထွတ်ကိုလည်း စောင့်ရှောက် သည် မည်၏၊ အခြင်တို့ကိုလည်း စောင့်ရှောက်သည် မည်ကုန်၏၊ နံရံကိုလည်း စောင့်ရှောက်သည် မည်၏၊ အထွတ်သည်လည်း မိုးရေဖြင့် မစိုစွတ်၊ အခြင်တို့သည်လည်း မိုးရေဖြင့် မစိုစွတ်ကုန်၊ နံရံသည်လည်း မိုးရေဖြင့် မစိုစွတ်။ အထွတ်သည်လည်း မဆွေးမြည့်၊ အခြင်တို့သည်လည်း မဆွေးမြည့်ကုန်၊ နံရံသည်လည်း မဆွေးမြည့်။

ဒါယကာ ...ဤအတူသာလျှင် စိတ်ကို ချစ်ခြင်း မုန်းခြင်း စသည်တို့ မဖြစ်အောင် စောင့်ရှောက်အပ် သည် ရှိသော် ကာယကံကိုလည်း စောင့်ရှောက်သည် မည်၏၊ ဝစီကံကိုလည်း စောင့်ရှောက်သည် မည်၏၊ မနောကံကိုလည်း စောင့်ရှောက်သည် မည်၏။ ကာယကံ ဝစီကံ မနောကံကို စောင့်ရှောက်သူ၏ ကာယကံ သည်လည်း ကိလေသာဖြင့် မစိုစွတ်၊ ဝစီကံသည်လည်း ကိလေသာဖြင့် မစိုစွတ်၊ မနောကံသည်လည်း ကိလေသာဖြင့် မစိုစွတ်။ ကိလေသာဖြင့် မစိုစွတ်သော ကာယကံ ဝစီကံ မနောကံ ရှိသူ၏ ကာယကံသည်လည်း မဆွေးမြည့်၊ ဝစီကံသည်လည်း မဆွေးမြည့်၊ မနောကံသည်လည်း မဆွေးမြည့်။ မဆွေးမြည့်သော ကာယကံ ဝစီကံ မနောကံ ရှိသူအား ကောင်းသော သေခြင်း ဖြစ်နိုင်၏၊ ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်၏။ (အံ၊၁၊၂၆၄-၂၆၅။)

ဒါယကာ ...စိတ်သည် ရာဂ ဒေါသ စသည်တို့ကြောင့် ဖောက်ပြန် ပျက်စီးခြင်းသို့ ရောက်သည်ရှိသော် ကာယကံသည်လည်း ပျက်စီး၏၊ ဝစီကံသည်လည်း ပျက်စီး၏၊ မနောကံသည်လည်း ပျက်စီး၏။ ကာယကံ ဝစီကံ မနောကံ ပျက်စီးသူအား ကောင်းသော သေခြင်း မဖြစ်နိုင်၊ ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်။

ဒါယကာ ...အထွတ်တပ်ထားသော အိမ်ကို ကောင်းစွာ မိုးမထားလျှင် အထွတ်သည်လည်း ပျက်စီး၏၊ အခြင်သည်လည်း ပျက်စီး၏၊ နံရံသည်လည်း ပျက်စီး၏။

ဒါယကာ ...ဤဥပမာအတူပင်လျှင် စိတ်ဓာတ် ပျက်စီးလျှင် ကာယကံသည်လည်း ပျက်စီး၏၊ ဝစီကံ သည်လည်း ပျက်စီး၏၊ မနောကံသည်လည်း ပျက်စီး၏။ ကာယကံ ဝစီကံ မနောကံ ပျက်စီးသူအား ကောင်းသော သေခြင်း မဖြစ်နိုင်၊ ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်။

ဒါယကာ ...စိတ်ဓာတ် မပျက်စီးလျှင် ကာယကံသည်လည်း မပျက်စီး၊ ဝစီကံသည်လည်း မပျက်စီး၊ မနောကံသည်လည်း မပျက်စီး။ ကာယကံ ဝစီကံ မနောကံ မပျက်စီးသူအား ကောင်းသော သေခြင်း ဖြစ်နိုင်၏၊ ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်၏။

ဒါယကာ ...အထွတ်တပ်ထားသော အိမ်ကို ကောင်းစွာ မိုးထားလျှင် အထွတ်သည်လည်း မပျက်စီး၊ အခြင်တို့သည်လည်း မပျက်စီးကုန်၊ နံရံသည်လည်း မပျက်စီး။

ဒါယကာ ...ဤဥပမာအတူပင်လျှင် စိတ်ဓာတ်သည် ရာဂ ဒေါသ စသည်တို့ကြောင့် ဖောက်ပြန် ပျက်စီး ခြင်းသို့ မရောက်လတ်သော် ကာယကံသည်လည်း မပျက်စီး၊ ဝစီကံသည်လည်း မပျက်စီး၊ မနောကံသည်လည်း မပျက်စီး။ ကာယကံ ဝစီကံ မနောကံ မပျက်စီးသူအား ကောင်းသော သေခြင်း ဖြစ်နိုင်၏၊ ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်၏။ (အံ၊၁၊၂၆၅-၂၆၆။)

ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများအပ်သေးသော မဖြစ်စေအပ်သေး သော (ဝဋ်ဆင်းရဲ၌ အကျုံးဝင်သော) ဤစိတ်သည် (ဝိပဿနာ၏ အခြေခံ အကြောင်းရင်း ဖြစ်သော ပါဒကစျာန် ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တို့သို့ ရောက်အောင်) ပြုပြင်ခြင်းငှာ မသင့်လျော် မလွယ်ကူသကဲ့သို့ ဤအတူ ပြုပြင်ခြင်းငှာ မသင့်လျော် မလွယ်ကူသော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများအပ်သေးသော စိတ်သည် ပြုပြင်ခြင်းငှာ မသင့်လျော် မလွယ်ကူ။ (အံ၊၁၊၄။)

ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများအပ်ပြီးသော ဤစိတ်သည် ပြုပြင်ခြင်းငှာ သင့်လျော် လွယ်ကူသကဲ့သို့ ဤအတူ ပြုပြင်ခြင်းငှာ သင့်လျော် လွယ်ကူသော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများထားအပ်ပြီး သော စိတ်သည် ပြုပြင်ခြင်းငှာ သင့်လျော် လွယ်ကူ၏။ (အံ၊၁၊၄။)

ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများအပ်သေးသော ထင်ရှား မဖြစ်ပေါ် သေးသော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်သကဲ့သို့ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာတို့၏ အစွမ်းဖြင့် မပွားများထားအပ်သေးသော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်၏။ (အံ၊၁၊၅။)

ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများထားအပ်ပြီးသော ထင်ရှား ဖြစ်ပေါ် ပြီးသော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှာ ဖြစ်သကဲ့သို့ ဤဥပမာအတူ များစွာ အကျိုးရှိခြင်းငှာ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများထားအပ်ပြီးသော စိတ်သည် များစွာ အကျိုးရှိခြင်းငှာ ဖြစ်၏။ (အံ၊၁၊၅။)

ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများအပ်သေးသော အဖန်ဖန် အထပ်ထပ် အလေ့အလာ မပြုအပ်သေးသော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်သကဲ့သို့ ဤအတူ များစွာ အကျိုး မဲ့ခြင်းငှာ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများအပ်သေးသော အဖန်ဖန် အထပ်ထပ် အလေ့အလာ မပြုအပ်သေး သော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်၏။ (အံ၊၁၊၅။)

ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများထားအပ်ပြီးသော အဖန်ဖန် အထပ်ထပ် အလေ့အလာ ပြုအပ်ပြီးသော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှာ ဖြစ်သကဲ့သို့ ဤအတူ များစွာ အကျိုးရှိခြင်းငှာ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများထားအပ်ပြီးသော အဖန်ဖန် အထပ်ထပ် အလေ့အလာ ပြုအပ်ပြီးသော စိတ်သည် များစွာ အကျိုးရှိခြင်းငှာ ဖြစ်၏။ (အံ၊၁၊၅။)

ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများထားအပ်သေးသော အဖန်ဖန် အထပ် ထပ် အလေ့အလာ မပြုအပ်သေးသော ဤစိတ်သည် ဆင်းရဲဒုက္ခကို ဆောင်သကဲ့သို့ ဤအတူ ဆင်းရဲဒုက္ခကို ဆောင်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် မပွားများထားအပ်သေးသော အဖန်ဖန် အထပ်ထပ် အလေ့အလာ မပြုအပ်သေးသော စိတ်သည် ဆင်းရဲဒုက္ခကို ဆောင်၏။ (အံ၊၁၊၅။)

ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် အဖန်ဖန် အထပ်ထပ် အလေ့အလာ ပြုအပ် ပြီးသော ဤစိတ်သည် ချမ်းသာသုခကို ဆောင်သကဲ့သို့ ဤအတူ ချမ်းသာသုခကို ဆောင်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ ...သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများ ထားအပ်ပြီးသော အဖန်ဖန် အထပ်ထပ် အလေ့အလာ ပြုအပ်ပြီးသော စိတ်သည် ချမ်းသာသုခကို ဆောင်၏။ (အံ၊၁၊၅။)

လွန်ကဲသော ပညာ ရှိကုန်သော ခပ်သိမ်းကုန်သော ကုသိုလ်တရားတို့သည် မဆုတ်ယုတ်ကုန်။ (အံ၊၁၊၁၅၃၊၃၄၁။)

ပညာသည် အဘယ်အကျိုး ရှိသနည်း? ပညာသည် သစ္စာလေးရပ် တရားမြတ်တို့ကို ထူးသော ဉာဏ်ဖြင့် ထိုးထွင်း သိမြင်ခြင်း အကျိုးရှိ၏၊ ပိုင်းပိုင်းခြားခြား သိခြင်း အကျိုးရှိ၏၊ ပယ်စွန့်နိုင်ခြင်း အကျိုးရှိ၏။ (= ဒုက္ခသစ္စာ တရား သမုဒယသစ္စာတရားတို့ကို ဉာတပရိညာပညာဖြင့် ထိုးထွင်းသိခြင်း အကျိုးရှိ၏၊ တီရဏပရိညာ ပညာဖြင့် ပိုင်းပိုင်းခြားခြား သိခြင်း အကျိုးရှိ၏၊ ပဟာန ပရိညာပညာဖြင့် ကိလေသာကို ပယ်စွန့်နိုင်ခြင်း အကျိုးရှိ၏။) (မ၊၁၊၃၆၇။)

ရဟန်းတို့ ...ပညာရှိသော အရိယသာဝက၏ သန္တာန်၌ ထိုပညာသို့ အစဉ်လိုက်သော သဒ္ဓါသည် ကောင်းစွာ တည်၏၊ ထိုပညာသို့ အစဉ်လိုက်သော ဝီရိယသည် ကောင်းစွာတည်၏၊ ထိုပညာသို့ အစဉ်လိုက်သော သတိသည် ကောင်းစွာ တည်၏၊ ထိုပညာသို့ အစဉ်လိုက်သော သမာဓိသည် ကောင်းစွာ တည်၏။ (သံ၊၃၊၁၉၅။)

ဤသို့လျှင် လောကိယဓမ္မပိုင်းသို့ ရောက်ရှိလာလတ်သော် ယင်းလောကိယဓမ္မ၌ စိတ်ကား အကြီးအကဲ ဖြစ်၏၊ ပဓာန ဖြစ်၏၊ ေ့ရှသွားခေါင်းဆောင် ဖြစ်၏။ လောကုတ္တရာပိုင်းသို့ ရောက်လတ်သော် ယင်းလောကုတ္တရာ တရားစု၌ ပညာကား အကြီးအကဲ ဖြစ်၏၊ ပဓာန ဖြစ်၏၊ ေ့ရှသွားခေါင်းဆောင် ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၁၁၁။)

ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါး အတွင်း၌ တည်ရှိသော ဥပါဒါနက္ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရား သည် ဝဋ္ဋ မည်၏။ ထိုဝဋ္ဋကို ရရှိဖို့ရန် အခြေခံ အကြောင်းရင်း ဖြစ်သော ကုသိုလ်ကံ အကုသိုလ်ကံမှန်သမျှသည် ဝဋ္ဋပါဒ မည်၏။ သမုဒယသစ္စာတရားစုတည်း။ လောကုတ္တရာတရား (၉)ပါးသည်ကား ဝိဝဋ္ဋ မည်၏။ ထိုဝိဝဋ္ဋ မည်သော လောကုတ္တရာတရား (၉)ပါးကို ရခြင်း၏ အကြောင်းရင်း ဖြစ်သော ကုသိုလ်ကံမှန်သမျှသည် ဝိဝဋ္ဋပါဒ မည်၏။ အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့သော ဝိဇ္ဇာမျိုးစေ့ကောင်း စရဏမျိုးစေ့ကောင်းတို့လည်း ပါဝင်ကြ၏၊ ဤဘဝတွင် ပြုစုပျိုးထောင်လိုက်သော သီလကုသိုလ် သမာဓိကုသိုလ် ဝိပဿနာကုသိုလ် အရိယမဂ်ကုသိုလ်တို့ လည်း ပါဝင်ကြ၏။ (အံ၊ဋ္ဌ၊၁၊၄၀။)

ထိုတွင် ဝဋ္ဋ၏ အစွမ်းဖြင့်သာလျှင် ဖြစ်ပေါ်လာသော စိတ်သည် လူမင်းစည်းစိမ် နတ်မင်းစည်းစိမ် ဗြဟ္မာမင်း စည်းစိမ်ကဲ့သို့သော အထက်တန်းကျသော စည်းစိမ်တို့ကို ပေးစွမ်းနိုင်သော်လည်း အဖန်ဖန် အထပ်ထပ် ပဋိသန္ဓေ တည်နေရခြင်း အိုရခြင်း နာရခြင်း သေရခြင်း စိုးရိမ်ရခြင်း ငိုကြွေးရခြင်း ကိုယ်ဆင်းရဲရခြင်း စိတ်ဆင်းရဲရခြင်း ပြင်းစွာပူပန်ရခြင်း ဒုက္ခအဝဝတို့ကိုလည်းကောင်း ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက် ခံနေရသည့် ခန္ဓာ အာယတန ဓာတ် ပဋိစ္စသမုပ္ပါဒ် ဝဋ်တရားတို့ကိုလည်းကောင်း ဤကဲ့သို့သော အကျိုးတရားတို့ ကို ပေးလျက် ဒုက္ခတုံး ဒုက္ခအစုအပုံတည်းဟူသော အကျိုးကိုသာလျှင် ပေးတတ်၏။ ထိုကြောင့် ဘာဝနာဖြင့် ထုံမွမ်းထားမှု မရှိသော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်၏။

ဘာဝနာဖြင့် ထုံမွမ်းထားမှု မရှိသော ဝဋ္ဋ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စိတ်ကား လောကုတ္တရာ တရားထူး တရားမြတ်၏ အခြေခံ အကြောင်းရင်း ဖြစ်သော ပါဒကစျာန်, ဝိပဿနာဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်တို့၌ ပြေးဝင်ခြင်းငှာ မစွမ်းနိုင်ပေ။ ဝိဝဋ္ဋ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စိတ်သည်သာလျှင် ပြေးဝင်ခြင်းငှာ စွမ်းနိုင်၏။

ဝိဝဋ္ဋ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စိတ်ကား ချမ်းသာသုခ အမျိုးမျိုးကို ရွက်ဆောင်ပေးနိုင်၏။ ထိုဝိဝဋ္ဋ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စိတ်သည် --- တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက် မြင့်သော ချမ်းသာသုခ အမျိုးမျိုးကို ရွက်ဆောင်ပေးနိုင်၏။ လူ့ချမ်းသာထက် နတ်ချမ်းသာ, နတ်ချမ်းသာထက် စျာန်ချမ်းသာ, စျာန် ချမ်းသာထက် ဝိပဿနာချမ်းသာ, ဝိပဿနာချမ်းသာထက် မဂ်ချမ်းသာ, မဂ်ချမ်းသာထက် ဖိုလ်ချမ်းသာ, ဖိုလ် ချမ်းသာထက် နိဗ္ဗာန်ချမ်းသာကား တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက် မြင့်၏။ ထိုသို့ အဆင့်ဆင့် မြင့်မားသော ချမ်းသာသုခ အဝဝကို သမထ ဝိပဿနာ ဘာဝနာ၏ အစွမ်းဖြင့် ပွားများထားအပ်သော စိတ်က ရရှိအောင် ရွက်ဆောင်ပေးနိုင်ပေသည်။ (အံ၊ဋ္ဌ၊၁၊၄၀-၄၁။)

သီလ သမာဓိ ပညာတို့ဖြင့် ထုံမွမ်းထားအပ်သော အလွန် အဆင့်အတန်း မြင့်မားသော စိတ်ဓာတ်သည် ကိလေသာ အာသဝေါတို့မှ လွတ်မြောက်စေလျက် နိဗ္ဗာန်သို့ တိုင်အောင်သော အလွန် အဆင့်အတန်း မြင့်မား သော ချမ်းသာသုခ အမျိုးမျိုးကို ရွက်ဆောင်ပေးနိုင်သည့် စွမ်းအား ရှိသကဲ့သို့ အလားတူပင် ဆိုးသွမ်း ညစ်နွမ်းလျက် ရှိသော ယုတ်ညံ့သော ရုန့်ရင်းကြမ်းတမ်းသော စိတ်ဓာတ်ကလည်း ငရဲသို့တိုင်အောင် ဆင်းရဲဒုက္ခ အမျိုးမျိုးကို ရွက်ဆောင်ပေးနိုင်သည့် စွမ်းအား ရှိ၏။

ဖြူစင်မြင့်မြတ်သော စိတ်ဓာတ် တစ်ခု ဖြစ်ပေါ်လာရေး, ယုတ်ညံ့ရိုင်းပျသော စိတ်ဓာတ် တစ်ခု ဖြစ်ပေါ် လာရေးအတွက် ခြယ်လှယ်ပေးနေသော တရားတို့ကား စေတသိက်တရားတို့ပင် ဖြစ်ကြသည်။ ရေသည် ပင်ကိုယ် သဘောအားဖြင့် ဖြူစင်သော ကြည်လင်သော သဘောတစ်မျိုးသာ ဖြစ်သော်လည်း ဆေးနီ ဆေးဝါ ဆေးပြာ ဆေးနက်တို့နှင့် ရောစပ်မိသောအခါ၌ ရေနီ ရေဝါ ရေပြာ ရေနက် ဖြစ်ရတော့သကဲ့သို့ စိတ်သည် ပင်ကိုယ် သဘာဝအားဖြင့် ဖြူစင်သော တရားတစ်မျိုးပင် ဖြစ်သော်လည်း အကောင်းစေတသိက်တို့နှင့် ယှဉ်တွဲမိသောအခါ စိတ်ကောင်း စိတ်မြတ် ဖြစ်လာရ၍ အဆိုးစေတသိက်များနှင့် ယှဉ်တွဲမိသောအခါ စိတ်ဆိုး စိတ်ယုတ် ဖြစ်လာရ ပေသည်။ ယင်းစေတသိက်တို့ကို ခွဲတမ်းချလိုက်သော် ---

၁။ အကောင်း အဆိုး နှစ်ဘက်ရ အညသမာန်းစေတသိက် ၁၃-မျိုး

၂။ ယုတ်ညံ့သော အကုသိုလ်စေတသိက် ၁၄-မျိုး

၃။ တင့်တယ် ကောင်းမြတ်သော သောဘဏစေတသိက် ၂၅-မျိုး

အားလုံးပေါင်းသော် ၅၂-မျိုး

ဤ (၅၂)မျိုးသော စေတသိက်တို့တွင် ဝေဒနာနှင့် သညာအကြောင်းကို ရေးသား တင်ပြခဲ့ပြီးလေပြီ။ ယခုအခါ ဖဿ စသော စေတသိက်တို့၏ အကြောင်းကို ရေးသား တင်ပြပေအံ့။

__________

သဗ္ဗစိတ္တသာဓာရဏ စေတသိက်အပိုင်း

သဗ္ဗစိတ္တသာဓာရဏ စေတသိက်အပိုင်း

၁။ ဖဿ

၁။ ဖုသတီတိ ဖေဿာ၊ သွာယံ ဖုသနလက္ခဏော၊

၂။ သင်္ဃဋ္ဋနရသော၊

၃။ သန္နိပါတပစ္စုပဋ္ဌာနော၊ ဝေဒနာပစ္စုပဋ္ဌာနော ဝါ၊

၄။ အာပါထဂတဝိသယပဒဋ္ဌာနော (အာပါတဂတဝိသယပဒဋ္ဌာနော)။ (အဘိ၊ဋ္ဌ၊၁၊၁၅၁-၁၅၂။ ဝိသုဒ္ဓိ၊၂၊၉၃။)

၁။ အာရုံကို တွေ့ထိခြင်းသဘော လက္ခဏ၊

၂။ အာရုံဝိညာဏ်ကို ပွတ်ချုပ်ထိခိုက်ခြင်း (ကိစ္စ) ရသ၊

တစ်နည်း --- အာရုံနှင့် ဝိညာဏ်ကို ဆက်စပ်ပေးခြင်း (ကိစ္စ) ရသ၊

တစ်နည်း --- ဝတ္ထုအာရုံတို့၏ ပေါင်းဆုံထိခိုက်ခြင်းနှင့် ပြည့်စုံခြင်း (သမ္ပတ္တိ) ရသ၊

၃။ (က) ဝတ္ထု + အာရုံ + ဝိညာဏ် (၃)ပါးတို့၏ ပေါင်းဆုံခြင်းကြောင့်

ဖြစ်ပေါ်လာသော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

(ခ ) တစ်နည်း --- ဝေဒနာဟူသော အကျိုးတရားကို

ဖြစ်ပေါ်စေတတ်သော သဘောတရား (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ ထင်ခြင်းသို့ (ရှေးရှူ ကျခြင်းသို့) ရောက်ရှိလာသော အာရုံ ပဒဋ္ဌာန်။

သဘာဝဓမ္မေသု ကတ္တုကရဏသာဓနဝစနံ တဒါကာရသမာရောပနတော ပရိယာယကထာ၊ ဘာဝသာဓနဝစနမေဝ နိပ္ပရိယာယကထာတိ ဝုတ္တံ ဖုသနလက္ခဏောတိ။ (မဟာဋီ၊၂၊၁၄၀။)

အယဥှိ အရူပဓမ္မောပိ သမာနော အာရမ္မဏေ ဖုသနာကာရေနေဝ ပဝတ္တတိ။ (ဝိသုဒ္ဓိ၊၂၊၉၃။)

လက္ခဏ --- ရှေး ဝိညာဏက္ခန္ဓာပိုင်း၌ ရှင်းပြခဲ့သည့်အတိုင်း ပရမတ္ထဓမ္မတို့ကို ဝိဂြိုဟ်ပြုရာ၌ ကတ္တုသာဓန ကရဏသာဓန ဘာဝသာဓနဟု ဝိဂြိုဟ် (၃)မျိုးပြုနိုင်ရာ ကတ္တုသာဓန ကရဏသာဓနတို့မှာ ထိုကတ္တား အခြင်း အရာ ကရိုဏ်း အခြင်းအရာတို့ဖြင့် ဖြစ်ပုံကို တင်စား၍ ပြောဆိုသော ပရိယာယ်စကားတို့သာ ဖြစ်ကြသည်။ ဘာဝသာဓနသာ မုချ စကားဖြစ်၍ ဖုသနလက္ခဏောဟု ဆိုသည်။

တွေ့ထိခြင်း ကြိယာ၏ ကတ္တားကား တရားမှတစ်ပါး မရှိပြီ၊ တရားသည်သာလျှင် ကတ္တားဖြစ်သည်ဟု သိစိ့မ်သောငှာ --- ဖုသတီတိ ဖေဿာ --- ဟု တရားကိုပင် ကတ္တား အဖြစ်ဖြင့် ညွှန်ပြခြင်း ဖြစ်သည်။ ဖဿသည် အာရုံကို တွေ့ထိတတ်၏ဟူသည် အတ္တက အာရုံကို တွေ့ထိတတ်သည် မဟုတ်, ဖဿကသာလျှင် အာရုံကို တွေ့ထိတတ်၏ ဟူလိုသည်။ ဤစကားမှာလည်း အတ္တက အာရုံကို တွေ့ထိပါသည်ဟူသော အတ္တစွဲကို ဖြိုဖျက် ရန်အတွက် တဒ္ဓမ္မူပစာရအားဖြင့် ပြောကြားသော စကားသာဖြစ်၍ ပရိယာယကထာ = ပရိယာယ်စကားတည်း။

သမ္ပယုတ်တရားတို့သည် အာရုံကို တွေ့ထိရာ၌ ဖဿကြောင့်သာ တွေ့ထိနိုင်ကြ၏၊ အာရုံကို တွေ့ထိခြင်း ကြိယာကို ပြီးစေကြောင်းတရားမှာလည်း အတ္တမဟုတ် ဖဿသာဖြစ်သည်ဟု အတ္တစွဲကို ဖြိုဖျက်ရန်အတွက် တွေ့ထိခြင်းကြိယာကို ပြီးစေကြောင်းသတ္တိ မရှိသော်လည်း ရှိသကဲ့သို့ တင်စား၍ ပြောဆိုသော တဒ္ဓမ္မူပစာရ စကားဖြစ်၍ ကရဏသာဓန ဝိဂြိုဟ်စကားမှာလည်း ပရိယာယကထာ စကားသာ ဖြစ်သည်။

ဖဿသည် အာရုံကို တွေ့ထိခြင်း သဘောလက္ခဏာရှိ၏ဟူသော ဘာဝသာဓန စကားမှာသာ မုချစကား ဖြစ်သည်။ သို့သော် ဖဿ၏ အာရုံကို တွေ့ထိမှု အသိစိတ်ကို တွေ့ထိမှုကား ရုပ်တရားချင်း လက်နှစ်ဘက်ချင်း ထိသကဲ့သို့ တွေ့ထိသည်ကား မဟုတ်၊ သို့အတွက် တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘောဟု ဆိုသည်။

လောက၌ --- တွေ့ထိ --- သော အရာဝတ္ထု နှစ်ခုသည် ဘေးချင်းကပ်လျက် စပ်နေရိုးတည်း၊ တစ်ခုနှင့် တစ်ခု ငြိကပ်မှု ရှိနေ၏။ ဖဿ၏ အသိစိတ်ကိုလည်းကောင်း အာရုံကိုလည်းကောင်း ထိခိုက်ရာ၌ကား သစ်သား နှစ်ချောင်းသည် ဘေးချင်းကပ်၍ ထိစပ်နေသကဲ့သို့ ငြိကပ်ထိစပ်နေသည်ကား မဟုတ်၊ ရူပါရုံသည် စက္ခုပသာဒကို ထိခိုက်ရာ၌ စက္ခုပသာဒနှင့် ရူပါရုံတို့သည် တစ်ခုနှင့်တစ်ခု အချင်းချင်း မငြိမကပ်ဘဲ ဓာတ်ခိုက်သည့် သဘော အားဖြင့် ထိခိုက်သကဲ့သို့ ဖဿကလည်း စိတ်နှင့်အာရုံ နှစ်ပါးစုံကို မငြိမကပ် မထိမစပ်ဘဲပင် ထိခိုက်နိုင်သည် ဟူလိုသည်။ (အဘိ၊ဋ္ဌ၊၁၊၁၅၁။ ဝိသုဒ္ဓိ၊၂၊၉၃။)

သင်္ဃဋ္ဋနရသ --- ဧကဒေသေန စ အနလ္လီယမာနောပိ ရူပံ ဝိယ စက္ခုံ, သဒ္ဒေါ ဝိယ စ သောတံ, စိတ္တံ အာရမ္မဏဉ္စ သင်္ဃဋ္ဋေတီတိ သင်္ဃဋ္ဋနရသော၊ ဝတ္ထာရမ္မဏသင်္ဃဋ္ဋနတော ဝါ ဥပ္ပန္နတ္တာ သမ္ပတ္တိအတ္ထေနပိ ရသေန သင်္ဃဋ္ဋနရသောတိ ဝေဒိတဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၁၅၁။)

သင်္ဃဋ္ဋနဉ္စ ဖဿဿ စိတ္တာရမ္မဏာနံ သန္နိပတနဘာဝေါ ဧဝ။ (မူလဋီ၊၁၊၈၆။ မဟာဋီ၊၂၊၁၄၀။)

ရသသည် ကိစ္စရသ သမ္ပတ္တိရသဟု နှစ်မျိုးရှိ၏။ ဤ သင်္ဃဋ္ဋနရသော ဟူသော ပုဒ်သည် ထိုရသ နှစ်မျိုးလုံး ကိုပင် ဖော်ပြ၏။

ရူပါရုံသည် စက္ခုပသာဒ၌ သဒ္ဒါရုံသည် သောတပသာဒ၌ ဓာတ်သဘာဝအလိုက် အချင်းချင်း မငြိမကပ်ဘဲ ထိခိုက်သကဲ့သို့ ဤဖဿသည်လည်း ယှဉ်ဖက်စိတ်ကိုလည်းကောင်း အာရုံကိုလည်းကောင်း တစ်စိတ်တစ်ဒေသ တစ်ဖို့တစ်စုအားဖြင့် မငြိမကပ် မထိမစပ်ပါသော်လည်း ဓာတ်သဘာဝအလိုက် ထိခိုက်သကဲ့သို့ ဖြစ်ခြင်းသည် ကိစ္စရသတည်း။ ဖဿ၏ ဓာတ်သဘာဝအလိုက် ထိခိုက်မှုကြောင့်သာ စိတ်နှင့်အာရုံ နှစ်ပါးစုံသည် ပေါင်းဆုံမိခြင်း ဖြစ်၏၊ ဖဿက အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေး ဆက်သွယ်ပေးသောကြောင့်တည်း။ အကယ်၍ ဖဿသည် အာရုံကိုသာထိ၍ စိတ်ကို မထိလျှင်လည်းကောင်း, စိတ်ကိုသာထိ၍ အာရုံကို မထိလျှင်လည်းကောင်း စိတ်နှင့် အာရုံသည် မဆုံမိ မစပ်မိနိုင်လေရာ။ သို့အတွက် သင်္ဃဋ္ဋန = ထိခိုက်ခြင်းဟူသည် စိတ်နှင့်အာရုံတို့၏ ပေါင်းဆုံခြင်း ဖြစ်ကြောင်းဖြစ်ရာ သဘောတရားသာတည်း။ ဖဿကြောင့် စိတ်နှင့်အာရုံတို့သည် ပေါင်းဆုံမိကြ၏၊ ထိုပေါင်းဆုံ ခြင်းကိုပင် ထိခိုက်ဟု ခေါ်သည်။ ပေါင်းဆုံမိခြင်းမှတစ်ပါး ထိခိုက်မှုကား သီးခြားမရှိ ဟူလိုသည်။ ဖဿသည် စိတ်၏အာရုံ၌ ဓာတ်သဘာဝအလိုက် ပေါင်းဆုံသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း၏ အကြောင်းတရားသာ ဖြစ်၏။ ယင်းကိုပင် ကိစ္စ အနက်သဘောရှိသော ရသဟု ဆိုသည်။

လက်ဝါးတစ်ဘက်၏ လက်ဝါးတစ်ဘက်၌ ထိခိုက်ခြင်းဟူသည် ထိုထိခိုက်ခြင်း၏ အကြောင်းထူး ဖြစ်ကုန် သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲကုန်သော ရုပ်တရားစုတို့သာ ဖြစ်ကြကုန်၏။ လက်ခုပ် တီးရာ၌ လက်ဝါးနှစ်ခုတို့သည် ထိခိုက်ကြ၏။ လက်ဝါးနှစ်ခုတို့ဟူသည် ရုပ်ပရမတ်တရားတို့၏ အစုအပုံတို့ သာတည်း။ လက်ဝါးတစ်ဘက် တစ်ဘက်၌ ရုပ်ကလာပ်အမျိုးအစား (၅)မျိုး, ရုပ်အမျိုးအစား (၄၄)မျိုးစီ ရှိကြ၏။ (ရုပ်အတုများကိုပါ ထည့်သွင်းရေတွက်ခဲ့သော် ဇီဝိတနဝကကလာပ်ကိုလည်း ထည့်သွင်းရေတွက်သော် -၄၄- မျိုးထက် ပိုမည်ဖြစ်၏၊ ရုပ်ကမ္မဋ္ဌာန်းပိုင်းကို ပြန်အာရုံယူထားပါ။) ထိုလက်နှစ်ဘက်တို့၌ တည်ရှိကြသော ရုပ်တရားစုတို့၌ စိတ္တဇဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင်ကား လွန်ကဲထက်မြက်လျက် ရှိ၏။ ထိုစိတ္တဇဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော လက်နှစ်ဘက်၌ တည်ရှိသော ရုပ်ကလာပ်တို့၏ သို့မဟုတ် ရုပ်တရားစုတို့၏ အချင်းချင်း အလွန့်အလွန် နီးနီးကပ်ကပ် ပွတ်ချုပ်ထိခိုက် ထိစပ်၍ ဖြစ်ခြင်းသဘောကိုပင် လက်ခုပ်တီးသည် လက်ဝါးနှစ်ခု ထိသည်ဟု ပြောဆိုခြင်း ဖြစ်၏။ ထိုထိသော အခြင်းအရာအားဖြင့် အလွန်နီးနီး ကပ်ကပ် ပွတ်ချုပ်ထိခိုက်လျက် အချင်းချင်း အလွန်နီးကပ်စွာ ဖြစ်ကြသော ရုပ်တရားအထူးတို့၌ ထိခိုက်ခြင်း ဟူသော ပရိယာယ်စကားသည် ဖြစ်သကဲ့သို့ ဤအတူပင် စိတ်နှင့် အာရုံတို့၏ စိတ်က အာရုံကို အာရုံပြုခြင်း ရယူခြင်း, အာရုံက အာရုံ = သိစရာအဖြစ်သို့ ရောက်ရှိခြင်းသည် ထိခိုက်ပုံ အခြင်းအရာအားဖြင့် ဖြစ်သည်မည်၏၊ ထိုထိခိုက်ပုံ အခြင်းအရာအားဖြင့် ဖြစ်သော စိတ်၌ မှီဖြစ်သော ဖဿဟူသော ဓမ္မဝိသေသတရားထူးကို စိတ်၏ အာရုံ၌ ထိခိုက်ခြင်း = သင်္ဃဋ္ဋနဟူသော စကားပရိယာယ်ဖြင့် အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူခြင်းဖြစ်သည်။ (မူလဋီ၊၁၊၈၆။ အနုဋီ၊၁၊၉၃ - ကြည့်။)

ထိုဖဿ၏ ဓာတ်သဘာဝအလိုက် ထိခိုက်မှု ဓာတ်ခိုက်မှုမျိုးသည် အချို့အရာ၌ လက်တွေ့ကိုယ်ထိလောက်ပင် ထင်ရှား၏။ ထိုဖဿ၏ တွေ့ထိပုံ အခြင်းအရာအားဖြင့် ဖြစ်မှုနှင့်စပ်၍ အနုဋီကာဆရာတော်က ဥပမာ (၃)ခု ထုတ်ပြထား၏ ---

၁။ သစ်ပင် ခေါင်ဖျား၌ လိမ့်ကျလုမျှမတတ် တက်ရောက်နေသူကို တွေ့မြင်နေရသော ကြောက်ရွံ့တတ်သူမှာ မြေပေါ်၌ ရပ်တည်နေရင်းပင် ဒူးတုန်နေတတ်ခြင်း၊

၂။ ချဉ်စူးလှသော သံပုရာသီး သရက်သီးမှည့် စသည်ကို စားနေသူကို တွေ့မြင်ရသည့်အခါ တွေ့မြင်ရသူ၏ သန္တာန်၌ လျှာရည် တံတွေးရည်များ ကျလာတတ်ခြင်း၊

၃။ အညှဉ်းပန်း အနှိပ်စက်ခံနေရသော သူတစ်ထူးကို တွေ့မြင်ရသည့်အခါ ကြင်နာသနားတတ်သော ကရုဏာ တရား လက်ကိုင်ထားသူ၏ သန္တာန်၌ ခန္ဓာကိုယ် တဆတ်ဆတ် တုန်နေတတ်ခြင်း ---

ဤသို့စသည့် အရာဌာနတို့၌ ဖဿ၏ အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ပုံများသည် အလွန် ထင်ရှားကြပေသည်။ (အနုဋီ၊၁၊၉၃ - ကြည့်။)

သမ္ပတ္တိရသ --- ဝတ္ထာရမ္မဏသင်္ဃဋ္ဋနတော ဝါ ဥပ္ပန္နတ္တာ သမ္ပတ္တိ အတ္ထေနပိ ရသေန သင်္ဃဋ္ဋနရသောတိ ဝေဒိတဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၁၅၁။)

ဝတ္ထာရမ္မဏသန္နိပါတေန သမ္ပဇ္ဇတီတိ သင်္ဃဋ္ဋနသမ္ပတ္တိကော ဖေဿာ။ (မူလဋီ၊၁၊၈၆။)

ဖဿဿ သမ္ပဇ္ဇနမုပ္ပဇ္ဇနမေဝ = ဖဿဿ သမ္ပဇ္ဇနံ ဥပ္ပဇ္ဇနမေဝ။ (အနုဋီ၊၁၊၉၃။)

တစ်နည်းအားဖြင့်ကား --- ဤဖဿသည် မှီရာဝတ္ထုရုပ်နှင့် အာရုံတို့၏ ထိခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာရ သည့်အတွက် သမ္ပတ္တိအနက်ရှိသော ရသအားဖြင့်လည်း သင်္ဃဋ္ဋန ရသ = ဝတ္ထုအာရုံတို့၏ ထိခိုက်ခြင်းကြောင့် အပြည့်အစုံဖြစ်ခြင်း ရသရှိ၏ဟု သိပါ။ ဤ၌ သမ္ပတ္တိဟူသည်လည်း ပြည့်စုံခြင်း မဟုတ်၊ --- ဖဿဿ သမ္ပဇ္ဇနံ ဥပ္ပဇ္ဇန မေဝ --- ဟူသော အနုဋီကာ အဆိုအတိုင်း ဖြစ်ရိုးဖြစ်စဉ်အတိုင်း အပြည့်အစုံ ဖြစ်ခြင်းတည်း။

ပဉ္စဒွါရိကနှင့် မနောဒွါရိက

ပဉ္စဒွါရိကနှင့် မနောဒွါရိက

ဝုတ္တေဥှတံ အဋ္ဌကထာယံ --- စတုဘူမကဖေဿာ ဟိ နော ဖုသနလက္ခဏော နာမ နတ္ထိ။ သင်္ဃဋ္ဋနရသော ပန ပဉ္စဒွါရိကောဝ ဟောတိ၊ ပဉ္စဒွါရိကဿ ဟိ ဖုသနလက္ခဏောတိပိ သင်္ဃဋ္ဋနရသောတိပိ နာမံ။ မနောဒွါရိကဿ ဖုသနလက္ခဏောတွေဝ နာမံ၊ န သင်္ဃဋ္ဋနရသောတိ။ ။ဣဒဉ္စ ဝတွာ ဣဒံ သုတ္တံ အာဘတံ ယထာ မဟာရာဇ ဒွေ မေဏ္ဍာ ယုဇ္ဈေယုံ၊ တေသု ယထာ ဧကော မေဏ္ဍော၊ ဧဝံ စက္ခု ဒဋ္ဌဗ္ဗံ။ ယထာ ဒုတိယော မေဏ္ဍော၊ ဧဝံ ရူပံ ဒဋ္ဌဗ္ဗံ။ ယထာ တေသံ သန္နိပါတော၊ ဧဝံ ဖေဿာ ဒဋ္ဌဗ္ဗော။ ဧဝံ ဖုသနလက္ခဏော စ ဖေဿာ သင်္ဃဋ္ဋနရသော စ။ ပ ။

ယထာ ဝါ စက္ခုနာ ရူပံ ဒိသွာတိအာဒီသု စက္ခုဝိညာဏာဒီနိ စက္ခုအာဒိနာမေန ဝုတ္တာနိ၊ ဧဝမိဓာပိ တာနိ စက္ခုအာဒိနာမေန ဝုတ္တာနီတိ ဝေဒိတဗ္ဗာနိ။ တသ္မာ ဧဝံ စက္ခု ဒဋ္ဌဗ္ဗန္တိအာဒီသု ဧဝံ စက္ခုဝိညာဏံ ဒဋ္ဌဗ္ဗန္တိ ဣမိနာ နယေန အတ္ထော ဝေဒိတဗ္ဗော။ ဧဝံ သန္တေ စိတ္တာရမ္မဏသင်္ဃဋ္ဋနတော ဣမသ္မိမ္ပိ သုတ္တေ ကိစ္စဋ္ဌေနေဝ ရသေန သင်္ဃဋ္ဋနရသောတိ သိဒ္ဓေါ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၁၅၁-၁၅၂။)

မဟာအဋ္ဌကထာ၌ကား ဤသို့ ဖွင့်ဆိုထား၏ --- ကာမ ရူပ အရူပ လောကုတ္တရာဟူသော ဘုံ (၄)ပါးအတွင်း၌ဖြစ်သော ဖဿဟူသမျှသည် အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း ဟူသော ဖုသနလက္ခဏာ မရှိသည်မည်သည် မရှိပေ။ သင်္ဃဋ္ဋနရသသည်ကား ပဉ္စဒွါရိက၌ဖြစ်သော ဖဿသည်သာ ဖြစ်၏ = (သင်္ဃဋ္ဋန ရသသည် ပဉ္စဒွါရိကဖဿအတွက်သာ ဖြစ်၏။ မနောဒွါရိကဖဿအတွက် မဟုတ်ဟု ဧဝ = သာလျှင်ဟူသော စကားဖြင့် တားမြစ်ရာရောက်၏။ သို့သော် မနောဒွါရိကဖဿအတွက် သမ္ပတ္တိအနက်အားဖြင့်သာ သင်္ဃဋ္ဋနရသ မရသော်လည်း ကိစ္စအနက်အားဖြင့်ကား သင်္ဃဋ္ဋနရသ ရရှိနိုင်ပါသည်။)

မှန်ပေသည် --- ပဉ္စဒွါရ၌ဖြစ်သော ဖဿ၏ ဖုသနလက္ခဏာရှိ၏ ဟူ၍လည်းကောင်း သင်္ဃဋ္ဋနရသရှိ၏ ဟူ၍လည်းကောင်း အမည်နာမသည် ဖြစ်၏။ မနောဒွါရ၌ဖြစ်သော ဖဿ၏ ဖုသနလက္ခဏာရှိ၏ ဟူ၍သာလျှင် အမည်နာမသည် ဖြစ်ပေါ်လာ၏၊ သင်္ဃဋ္ဋနရသရှိ၏ ဟူ၍ အမည်နာမသည် မဖြစ်ပေ။ (သမ္ပတ္တိရသကို ဆိုလိုသည်၊၊)

ဤအထက်ပါ စကားကို ဆိုပြီး၍ ဤအောက်စကားရပ်ကိုလည်း ယင်းမဟာအဋ္ဌကထာ၌ ဤ မိလိန္ဒပဥှ ပါဠိတော်ကို ထုတ်ဆောင်၍ ဆက်လက် ဖွင့်ဆိုထားတော်မူပြန်၏ ---

ဒါယကာတော် မိလိန္ဒ မဟာရာဇ ...ဥပမာ --- ဆိတ်နှစ်ကောင်တို့သည် ခတ်ကုန်ရာ၏၊ ထိုဆိတ် နှစ်ကောင်တို့တွင် ဆိတ်တစ်ကောင်ကဲ့သို့ စက္ခုပသာဒကို မှတ်ပါ၊ ဒုတိယ ဆိတ်တစ်ကောင်ကဲ့သို့ ရူပါရုံကို မှတ်ပါ၊ ထိုဆိတ်နှစ်ကောင်တို့၏ ပေါင်းဆုံခြင်းကဲ့သို့ ဖဿကို မှတ်ပါ။ ဤသို့လျှင် ဖဿသည် အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့်ဖြစ်ခြင်း ဖုသနလက္ခဏာ ရှိသည်လည်းကောင်း, ဝတ္ထုအာရုံတို့၏ ထိခိုက်ခြင်းကြောင့် အပြည့် အစုံဖြစ်ခြင်း ပြည့်ပြည့်စုံစုံဖြစ်ခြင်းဟူသော သမ္ပတ္တိရသ ရှိသည်လည်းကောင်း ဖြစ်ပေ၏။ (လင်းကွင်း = ခွက်ခွင်း နှစ်ခုတို့ကို တီးသည့် ဥပမာ, လက်ခုပ် နှစ်ခုတို့ကို တီးနှက်သည့် ဥပမာ စသည်တို့၌လည်း နည်းတူမှတ်ပါ။)

တစ်နည်း --- စက္ခုနာ ရူပံ ဒိသွာ (အဘိ၊၁၊၂၆၁။) ဤသို့စသော ပါဠိတော်တို့၌ စက္ခုနာအရ စက္ခုပသာဒ = စက္ခုဝတ္ထုကို မကောက်ယူရဘဲ စက္ခုဝိညာဏ်ကိုသာ အရကောက်ယူ၍ --- စက္ခုဝိညာဏ်ဖြင့် ရူပါရုံကို မြင်၏ ဟူသော အနက်သဘောကို --- စက္ခုဖြင့် = မျက်စိဖြင့် ရူပါရုံကို မြင်၏ဟု ဟောကြားထားတော်မူအပ်ကုန်၏။ ဌာနူပစာရအားဖြင့် ဟောကြားထားတော်မူအပ်ကုန်၏။ အလားတူပင် ဤအထက်ပါ မိလိန္ဒပဥှပါဠိတော်၌လည်း စက္ခုဝိညာဏ် အစရှိသည်တို့ကို စက္ခု အစရှိသော နာမည်ဖြင့် ဟောကြားထားတော်မူအပ်ကုန်ပြီဟု သိရှိပါလေ။ (ကာရဏူပစာလည်း ဟူ၏။)

ဤသို့ ဖြစ်လတ်သော် စိတ်အာရုံ နှစ်ပါးစုံကို ထိခိုက်တတ်သည်၏ အဖြစ်ကြောင့် ဤ မိလိန္ဒပဥှပါဠိတော် ၌လည်း ကိစ္စအနက် ရှိသည်သာလျှင်ဖြစ်သော ရသအားဖြင့် သင်္ဃဋ္ဋနရသရှိ၏ ဟူသော ဤအနက်သည် ပြီးစီးပြီးပင် ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၁၅၁-၁၅၂။)

မနောဒွါရိကဖဿအတွက် သမ္ပတ္တိအနက်အားဖြင့်သာ သင်္ဃဋ္ဋနရသ မရသော်လည်း ကိစ္စအနက်အားဖြင့်ကား သင်္ဃဋ္ဋနရသ ရနိုင်သည်သာဟု အထက်ပါ အဋ္ဌကထာက ဆုံးဖြတ်ထား၏။ မနောဒွါရိကဖဿသည် ယှဉ်ဖက် စိတ်ကိုလည်းကောင်း အာရုံကိုလည်းကောင်း ပွတ်ချုပ်ထိခိုက်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်း, အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်း ဆက်သွယ်ပေးခြင်း = ဆက်သွယ်ပေးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း ကိစ္စရသ ရှိသည်သာဟု ဆိုလိုသည်။

ပစ္စုပဋ္ဌာန် --- တိကသန္နိပါတသင်္ခါတဿ ပန အတ္တနော ကာရဏဿ ဝသေန ပဝေဒိတတ္တာ သန္နိပါတပစ္စုပဋ္ဌာနော။ အယဥှိ တတ္ထ တတ္ထ တိဏ္ဏံ သင်္ဂတိ ဖေဿာတိ ဧဝံ ကာရဏဿ ဝသေန ပဝေဒိတောတိ။ ဣမဿ စ သုတ္တပဒဿ တိဏ္ဏံ သင်္ဂတိယာ ဖေဿာတိ အယမတ္ထော၊ န သင်္ဂတိမတ္တမေဝ ဖေဿာတိ။ (အဘိ၊ဋ္ဌ၊၁၊၁၅၂။)

ဧဝံ ပဝေဒိတတ္တာ ပန တေနေဝါကာရေန ပစ္စုပဋ္ဌာတီတိ သန္နိပါတပစ္စုပဋ္ဌာနောတိ ဝုတ္တော၊ ဖလဋ္ဌေန ပန ပစ္စုပဋ္ဌာနေနေသ ဝေဒနာပစ္စုပဋ္ဌာနော နာမ ဟောတိ။ ဝေဒနေဥှသ ပစ္စုပဋ္ဌာပေတိ၊ ဥပ္ပါဒေတီတိ အတ္ထော။ ဥပ္ပါဒယမာနော စ ယထာ ဗဟိဒ္ဓါ ဥဏှပစ္စယာပိ လာခါသင်္ခါတဓာတုနိဿိတာ ဥသ္မာ အတ္တနော နိဿယေ မုဒုဘာဝကာရီ ဟောတိ၊ န အတ္တနော ပစ္စယဘူတေပိ ဗဟိဒ္ဓါ ဝီတစ္စိတင်္ဂါရသင်္ခါတေ ဥဏှဘာဝေ။ ဧဝံ ဝတ္ထာရမ္မဏသင်္ခါတအညပစ္စယောပိ သမာနော စိတ္တနိဿိတတ္တာ အတ္တနော နိဿယဘူတေ စိတ္တေ ဧဝ ဧသ ဝေဒနုပ္ပါဒကော ဟောတိ၊ န အတ္တနော ပစ္စယဘူတေပိ ဝတ္ထုမှိ အာရမ္မဏေ ဝါတိ ဝေဒိတဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၁၅၂။)

ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန် --- စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ။ (သံ၊၁၊၃၀၀။) --- ဤသို့စသော ပါဠိတော်များ၌ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ဝတ္ထု + အာရုံ + ဝိညာဏ် = သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရားဟု ထိုဖဿကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်၊ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။

ဝတ္ထု + အာရုံ + ဝိညာဏ် = သုံးပါးတို့၏ ပေါင်းဆုံခြင်းဟု ဆိုအပ်သော မိမိ = ဖဿ၏ အကြောင်းတရား၏ အစွမ်းဖြင့် ဘုရားရှင်ကိုယ်တော်တိုင်က သာဝကတို့အား အပြားအားဖြင့် သိစေတော်မူအပ်သည်၏ အဖြစ်ကြောင့် = ဟောကြားထားတော်မူအပ်သည်၏ အဖြစ်ကြောင့် ထိုဖဿကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝတွင် ဝတ္ထု + အာရုံ + ဝိညာဏ် = သုံးပါးတို့၏ ပေါင်းဆုံခြင်းဟူသော အခြင်းအရာအားဖြင့် = ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော အခြင်းအရာအားဖြင့် ရှေးရှူ ထင်လာပေ၏။ မှန်ပေသည် --- ဤဖဿကို ထိုထို ပါဠိတော်၌ တိဏ္ဏံ သင်္ဂတိ ဖေဿာ = သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿ ဖြစ်ပေါ်လာ၏ --- ဟု ဤသို့လျှင် ထိုသုံး ပါးတို့၏ ပေါင်းဆုံခြင်းကို ဖဿ၏ အကြောင်းတရား၏ အစွမ်းဖြင့် ဟောကြားထားတော်မူခဲ့၏။ ဝတ္ထု + အာရုံ + ဝိညာဏ် = သုံးပါးတို့၏ ပေါင်းဆုံမိခြင်းသက်သက်မျှကိုသာလျှင် ဖဿဟု ဟောတော်မူသည် မဟုတ်ဟု သိပါလေ။ ဤသို့လျှင် ဝတ္ထု + အာရုံ + ဝိညာဏ် = သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿဖြစ်၏ဟူ၍ ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် ထိုသုံးပါးတို့၏ ပေါင်းဆုံခြင်းဟူသော အခြင်းအရာအားဖြင့်ပင် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှူထင်လာတတ်သောကြောင့် သန္နိပါတ ပစ္စုပဋ္ဌာန် = ဝတ္ထု + အာရုံ + ဝိညာဏ် = သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရားဟု ယောဂီ၏ဉာဏ်တွင် ရှေးရှူ ထင်လာ၏ဟု ဆိုသည်။ (အဘိ၊ဋ္ဌ၊၁၊၁၅၂။)

ဖလပစ္စုပဋ္ဌာန် --- ဖဿပစ္စယာ ဝေဒနာ --- စသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်များအတိုင်း ဖဿသည် ဝေဒနာဟူသော အကျိုးတရားကို ဖြစ်ပေါ်စေတတ်ပေသည်၊ ဖလပစ္စုပဋ္ဌာန်တည်း။ ဖဿက ဝေဒနာကို ဖြစ်ပေါ် စေရာ၌ အဋ္ဌကထာဝယ် အောက်ပါ ဥပမာကို ဖော်ပြထား၏။

မီးကျီးခဲ, ချိပ်, အပူငွေ့ = ဥသ္မာ --- ဤသုံးမျိုးကို ကြည့်ပါ။ မီးကျီးခဲသည် မာနေသောချိပ်ကို ပျော့ပျောင်းသွား စေရန် အပြင်ဗဟိဒ္ဓ အရာဝတ္ထုဖြစ်သော အကြောင်းတရားတည်း။ ထိုမီးကျီးခဲ၌ မာနေသောချိပ်ကို ကင်လိုက်သော အခါ ချိပ်၌ အပူငွေ့ = ဥသ္မာဓာတ်သည် ဖြစ်ပေါ်လာ၏။ ထိုဥသ္မာ = အပူငွေ့ဓာတ်သည် မီးကျီးခဲကြောင့် ဖြစ်ရ သော်လည်း မိမိ = အပူငွေ့၏မှီရာ ချိပ်ကိုသာ နူးညံ့အောင် ပျော့ပျောင်းအောင် ပြု၏၊ မီးကျီးခဲကို နူးညံ့အောင် ပျော့ပျောင်းအောင် မပြုသကဲ့သို့ --- ဤအတူ ---

၁။ ဝတ္ထု + အာရုံဟူသော ဗဟိဒ္ဓအကြောင်း

၂။ စိတ် = ဝိညာဏ်

၃။ ဖဿ

ဤသဘောတရား (၃)မျိုးတို့တွင် ဝတ္ထု-အာရုံဟူသော တစ်ပါးသောအကြောင်းကြောင့် ဖြစ်ပေါ်လာရသော ဖဿသည် ဝတ္ထု အာရုံဟု ဆိုအပ်သော တစ်ပါးသောအကြောင်းတရားသည် ထင်ရှားရှိငြားသော်လည်း မိမိ ဖဿက စိတ်၌မှီ၍ ဖြစ်သည်၏ အဖြစ်ကြောင့် မိမိ၏ မှီ၍ဖြစ်ရာ ဖြစ်သော စိတ်၌သာလျှင် ဤဖဿသည် ဝေဒနာကို ဖြစ်စေတတ်၏။ ဝတ္ထုနှင့် အာရုံသည် မိမိ ဖဿ၏ အကြောင်းတရား ဖြစ်ပင် ဖြစ်ငြားသော်လည်း ဝတ္ထု၌သော်လည်းကောင်း, အာရုံ၌သော်လည်းကောင်း ဝေဒနာကို ဖြစ်စေတတ်သည်ကား မဟုတ်ဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၁၅၂။)

၁။ ဝတ္ထု + အာရုံသည် မီးကျီးခဲနှင့် တူ၏၊

၂။ စိတ်သည် ချိပ်နှင့် တူ၏၊

၃။ ဖဿသည် အပူငွေ့ = ဥသ္မာနှင့် တူ၏။

၄။ ဖဿကြောင့်ဖြစ်သော ဝေဒနာသည် အပူငွေ့ကြောင့် ချိပ်၏ ပျော့ပျောင်းနူးညံ့မှု = မုဒုဘာဝနှင့် တူ၏။

ဖဿသည် ဝေဒနာဟူသော အကျိုးကို ဖြစ်စေသောအခါ၌ စိတ်၌သာလျှင် ဖြစ်စေ၏ဟု ဆိုသဖြင့် ဖဿ၏ စေတသိက = စေတသိက် = စိတ်၌မှီသော သဘောတရား ဖြစ်ကြောင်းကိုလည်းကောင်း, ဝတ္ထုအာရုံတို့နှင့် မရောနှောဘဲ ဝေဒနာကို ထိခိုက်နိုင်သော သဘောတရား ဖြစ်ကြောင်းကိုလည်းကောင်း ညွှန်ပြသည်။ သို့သော် ဆိုင်ရာဝတ္ထုရုပ်တရားကို မှီ၍ဖြစ်ရမှု နိဿယသဘောရှိမှုကိုကား ပယ်မြစ်သည် မဟုတ်ဟု မှတ်ပါ။ ဖဿသည် ဝိညာဏ်နှင့်သာ သမ္ပယုတ်ဖြစ်၍ မှီရာဝတ္ထုရုပ်နှင့် သမ္ပယုတ်မဖြစ် ဝိပ္ပယုတ်သာဖြစ်သောကြောင့်ဟု ဆိုလိုသည်။ (မူလဋီ၊၁၊၈၆။)

ပဒဋ္ဌာန် --- တဇ္ဇာသမန္နာဟာရေန ပန ဣန္ဒြိယေန စ ပရိက္ခတေ ဝိသယေ အနန္တရာယေန ဥပ္ပဇ္ဇနတော ဧသ --- အာပါထဂတဝိသယပဒဋ္ဌာနောတိ ဝုစ္စတိ။ (အဘိ၊ဋ္ဌ၊၁၊၁၅၂။)

တဿ ဖဿဿ ကာရဏဘူတော တဒနုရူပေါ သမန္နာဟာရော တဇ္ဇာသမန္နာဟာရော။ ဣန္ဒြိယဿ တဒဘိမုခဘာဝေါ အာဝဇ္ဇနာယ စ အာရမ္မဏကရဏံ ဝိသယဿ ပရိက္ခတတာ အဘိသင်္ခတတာ ဝိညာဏဿ ဝိသယဘာဝကရဏန္တိ အတ္ထော။ (မူလဋီ၊၁၊၈၆။)

ထိုဖဿအား လျော်လျောက်ပတ်သော နှလုံးသွင်းခြင်း အာဝဇ္ဇန်းသည်လည်းကောင်း, စက္ခုစသော ဣန္ဒြေ သည်လည်းကောင်း ထက်ဝန်းကျင် ပြုစီမံအပ်သော အာရုံ၌ အန္တရာယ်မရှိသဖြင့် ဖြစ်နိုင်ခြင်းကြောင့် ဤဖဿကို ထင်လာသော ရှေးရှူကျရောက်လာသော အာရုံလျှင် နီးစွာသောအကြောင်း ရှိ၏ဟူ၍ ဆို၏။ (အဘိ၊ဋ္ဌ၊၁၊၁၅၂။)

ထင်လာသော အာရုံသည် ဖဿဖြစ်ဖို့ရန် နီးစွာသောအကြောင်း ပဒဋ္ဌာန် ဖြစ်၏။ဟူရာ၌ ထိုအာရုံကို ဖဿ၏ စွဲမှီ၍ဖြစ်ရာ စက္ခုစသော ဣန္ဒြေကလည်း ရှေးရှူလျက် ရှိရ၏၊ အာဝဇ္ဇန်းကလည်း ထိုအာရုံကို ဆင်ခြင်မှုကို ပြုလျက် ရှိရ၏၊ ဤသို့ ဖြစ်ခြင်းကို ပရိက္ခတ = ထက်ဝန်းကျင် ပြုပြင်အပ်၏ ဝိုင်းဝန်း၍ ပြုပြင်အပ်၏ဟု ဆိုသည်။ ထိုသို့ အာရုံကို ဝိုင်းဝန်း၍ ပြုပြင်ခြင်းသည် ဝိညာဏ်၏ အာရုံ၏ အဖြစ်ကို ပြုခြင်းတည်း = အာရုံအပြုခံရလောက်အောင် ပြုစီမံခြင်းတည်း။

ထိုသို့ ဝိုင်းဝန်း၍ ပြုပြင်ထားအပ်သော အာရုံမျိုး၌ ဝိညာဏ်မဖြစ်အောင် မည်သည့်တန်ခိုးရှင်မျှ မတားမြစ်နိုင် အန္တရာယ် မပြုနိုင်သည့်အတွက် အန္တရာယ် မရှိဘဲ ထိုအာရုံ၌ ဝိညာဏ်သည် ဧကန် ဖြစ်ပေါ်လာနိုင်၏၊ စိတ်ဖြစ်လျှင်လည်း ဖဿပါ ဖြစ်ရမည် ဖြစ်၏။ သို့အတွက် ထိုသို့ ဝိုင်းဝန်း၍ ပြုပြင်ထားအပ်သော အာရုံမျိုး၌ ဖဿသည် အန္တရာယ်မရှိ ကိန်းသေဖြစ်နိုင်သောကြောင့် ထင်လာသောအာရုံ = ရှေးရှူကျရောက်လာသော အာရုံသည် ပဒဋ္ဌာန် ဖြစ်ရပေသည်။ (မူလဋီ၊၁၊၈၆။)

ရှုကွက် --- ဤဖဿသည် ကုသိုလ်ဆိုင်ရာ အာရုံကိုလည်း တွေ့ထိမိတတ်၏၊ အကုသိုလ်ဆိုင်ရာ အာရုံ ကိုလည်း တွေ့ထိမိတတ်၏၊ စိတ်ကောင်း စိတ်ဆိုး နှစ်မျိုးတွင် အမြဲပါဝင်ရသော တရားတည်း။ စိတ်အားလုံးနှင့် ဆက်ဆံသော သဗ္ဗစိတ္တသာဓာရဏ စေတသိက်တည်း။ အာယတန ဒွါရအလိုက် ဖြစ်ပေါ်နေကြသော စိတ္တက္ခဏ တို့တွင် မိမိရှုပွားလိုသော စိတ္တက္ခဏတစ်ခု၏ အတွင်း၌တည်ရှိသော သမ္ပယုတ်တရားစုမှ ဖဿကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည့် ရှုကွက်ကို ရှုပါ။ ပဉ္စဒွါရိကဖဿ၌ ကိစ္စရသ, သမ္ပတ္တိရသ နှစ်မျိုးလုံး ရှုပါ။ မနောဒွါရိကဖဿ၌ ကိစ္စရသ တစ်မျိုးသာ ရှုပါ။

၂။ စေတနာ

၂။ စေတနာ

စေတယတီတိ စေတနာ၊ သဒ္ဓိံ အတ္တနာ သမ္ပယုတ္တဓမ္မေ အာရမ္မဏေ အဘိသန္ဒဟတီတိ အတ္ထော။

၁။ သာ စေတယိတလက္ခဏာ၊ စေတနာဘာဝလက္ခဏာတိ အတ္ထော။

၂။ အာယူဟနရသာ၊

၃။ သံဝိဒဟနပစ္စုပဋ္ဌာနာ သကိစ္စပရကိစ္စသာဓိကာ ဇေဋ္ဌသိဿမဟာဝဍ္ဎကီအာဒယော ဝိယ။

အစ္စာယိကကမ္မာနုဿရဏာဒီသု စ ပနာယံ သမ္ပယုတ္တာနံ ဥဿဟနဘာဝေန ပဝတ္တမာနာ ပါကဋာ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၁၅၄-၁၅၅။ ဝိသုဒ္ဓိ၊၂၊၉၃။)

စေ့ဆော်တတ်သော သဘောတရားသည် စေတနာ မည်၏၊ မိမိနှင့် အတူတကွ ယှဉ်ဖက် သမ္ပယုတ်တရား တို့ကို အာရုံ၌ အဆက်မပြတ်အောင် ဖွဲ့စပ်တတ်၏၊ အဆက်မပြတ်အောင် ဖြစ်စေတတ်၏ဟု ဆိုလိုသည်။

၁။ မိမိနှင့်အတူ သမ္ပယုတ်တရားတို့ကို အာရုံ၌ စေ့အောင် စပ်အောင် အာရုံပေါ်သို့

ရောက်အောင် စေ့ဆော်ခြင်းသဘော လက္ခဏ၊

၂။ (သမ္ပယုတ်တရားတို့ကို မိမိတို့၏ကိစ္စ၌ ဖရိုဖရဲကြဲ၍ မနေအောင်)

ပေါင်းစုရုံးစည်းခြင်း = ကြောင့်ကြဗျာပါရ ပြုခြင်း (ကိစ္စ) ရသ၊

၃။ စီမံတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

(မိမိကိစ္စ သူတစ်ပါးကိစ္စကို ပြီးစီးစေတတ်ကုန်သော တပည့်ကြီး လက်သမားကြီး စသောသူတို့ကဲ့သို့ မှတ်ပါ၊၊)

၄။ (က) ဝတ္ထု, (ခ) အာရုံ, (ဂ) ဖဿ-မနသိကာရ ဦးဆောင်သည့် ယှဉ်ဖက်သမ္ပယုတ်တရားများ ပဒဋ္ဌာန်။

လက္ခဏ --- စေတယတိကို အဘိသန္ဒဟတိဟု အဋ္ဌကထာက ဖွင့်၏။ တစ်ဖန် အဘိသန္ဒဟတိကိုလည်း အဘိသန္ဒဟတီတိပဗန္ဓတိ ပဝတ္တေတိ။ (မူလဋီ၊၁၊၈၇။)ဟု မူလဋီကာ ဖွင့်၏။

စေတနာသည် မိမိနှင့်တကွ ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို အာရုံ၌ စေ့အောင် စပ်အောင် ဖွဲ့စပ်ပေး တတ်၏၊ ဖွဲ့စပ်ခြင်းဟူသည် အာရုံ၌ မိမိနှင့်တကွသော သမ္ပယုတ်တရားများ အဆက်ပြတ်မသွားအောင် ဖွဲ့စပ်ခြင်း သဘောတည်း၊ အဆက်မပြတ်အောင် ဖြစ်စေခြင်းသဘောတည်း။ စေတနာ၏ စေ့ဆော်မှုကြောင့် သမ္ပယုတ်တရား များသည် အာရုံ၌ အဆက်မပြတ် ထပ်ကာထပ်ကာ ဖြစ်နေကြရသည် ဟူလိုသည်။

အာယူဟနရသ --- ကာမ, ရူပ, အရူပ, လောကုတ္တရာဟူသော ဘုံ (၄)ပါး အတွင်း၌ ရှိသော စတုဘူမိက စေတနာမှန်သမျှသည် စေတယိတလက္ခဏာ = စေ့ဆော်ခြင်းလက္ခဏာ မရှိသော စေတနာမည်သည် မရှိစကောင်းပေ။ အလုံးစုံသော စေတနာမှန်သမျှသည် စေ့ဆော်ခြင်းသဘောလက္ခဏာ ရှိသည်ချည်းသာ ဖြစ်ပေသည်။ သို့သော် အာယူဟနရသရှိမှုကား ကုသိုလ်တရား အကုသိုလ်တရား = ကုသိုလ်စိတ် အကုသိုလ်စိတ်တို့၌သာ ဖြစ်ပေသည်။ ဤ၌ အာယူဟနရသဟူသည် ကုသိုလ်ဖြစ်ကြောင်း အကုသိုလ်ဖြစ်ကြောင်း အာရုံ၌ သမ္ပယုတ်တရား တို့ကို တစ်ပါးစီ ဖရိုဖရဲ ကွဲ၍ မနေစေဘဲ ပေါင်းစုခြင်း = ပေါင်းစုပေးခြင်း ကိစ္စတည်း။

ထပ်မံရှင်းလင်းချက် --- ကုသိုလ်ကံ အကုသိုလ်ကံကို အားထုတ်ရာဌာနသို့ ရောက်သော် စေတနာမှ ကြွင်းသော သမ္ပယုတ်တရားတို့သည် မိမိတို့၏ ဆိုင်ရာ လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်ရာ၌ တစ်စိတ်တစ်ဒေသမျှသော လုပ်ငန်းကိစ္စကိုသာ ပြုလုပ်ကြ၏။ စေတနာကား လွန်ကဲသော အားထုတ်ခြင်း ရှိ၏၊ လွန်ကဲသော ကြိုးစားခြင်း ရှိ၏၊ နှစ်ဆတက် အားထုတ်ခြင်း ရှိ၏၊ နှစ်ဆတက် ကြိုးစားခြင်း ရှိ၏။ (ဗျာပါရ များခြင်းကို ဆိုလိုသည်။) ထိုကြောင့် ရှေးရှေး အဋ္ဌကထာဆရာမြတ်ကြီးတို့က --- ဤ စေတနာသည် လယ်ပိုင်ရှင်၏သဘော၌ ကောင်းစွာ တည်သော သဘောတရားတည်း။ --- ဟု ဆိုတော်မူကြကုန်ပြီ။ နာမ်တရားတို့သည် ထိုထို အာရုံကို ယူရာ၌ စေတနာသည် မိမိကိုယ်တိုင် ထိုအာရုံ၌ ဆက်စပ်မိဖို့ရန်လည်းကောင်း, သမ္ပယုတ်တရားတို့ကိုလည်း ထိုအာရုံ၌ ဆက်စပ်မိဖို့ရန်လည်းကောင်း လွန်စွာ ဗျာပါရများ၏။ လယ်ပိုင်ရှင် ယောက်ျားတစ်ဦးသည် ငါးကျိပ်ငါးယောက် ကုန်သော အခစားယောက်ျားတို့ကို ခေါ်ဆောင်၍ ကိုယ်တိုင် လယ်တောသို့ ဆင်းပြီးလျှင် လယ်လုပ်သ္မားများနှင့် အတူ လယ်ရိတ်၏၊ ထိုလယ်ပိုင်ရှင်သည် လယ်ကို ကိုယ်တိုင်လည်း မနေမနား ရိတ်လျက် အလုပ်သမားတို့ကိုလည်း ရိတ်ဖို့ရန် တိုက်တွန်းကာ ရိတ်သိမ်းရမည့် နေရာအပိုင်းအခြားကိုလည်း ညွှန်ကြားပေး၏၊ ကောက်ရိတ်သမားတို့ စားဖို့သောက်ဖို့ စသည်တို့ကိုလည်း စီမံပေး၏။ ထိုလယ်ရှင်ယောက်ျား၌ အခြားသူတို့ထက် ပိုလွန်၍ ကြောင့်ကြ ဗျာပါရများ၏။ ဤဥပမာအတူပင် စေတနာသည်လည်း ကုသိုလ်ရေးဆိုင်ရာလုပ်ငန်း အကုသိုလ်ရေးဆိုင်ရာ လုပ်ငန်းရပ်တို့၌ အခြားသော သမ္ပယုတ်တရားတို့ထက် ပိုလွန်၍ ကုသိုလ်ကံဖြစ်အောင် အကုသိုလ်ကံဖြစ်အောင် တစ်နည်းဆိုရသော် ကုသိုလ်စိတ္တုပ္ပါဒ်များ အဆက်မပြတ်ဖြစ်အောင်, အကုသိုလ်စိတ္တုပ္ပါဒ်များ အဆက်မပြတ် ဖြစ်အောင် သမ္ပယုတ်တရားတို့ကို ပေါင်းစုရုံးစည်းခြင်း လုပ်ငန်းရပ်ကို ဗျာပါရများများနှင့် ပြုလုပ်သည်ဟု မှတ်ပါ။

ဤ၌ လယ်ပိုင်ရှင်ယောက်ျားနှင့် စေတနာသည် တူ၏၊ ငါးကျိပ်ငါးဦးကုန်သော အလုပ်သမားတို့နှင့် စိတ်၏ အင်္ဂါ၏ အစွမ်းဖြင့် ဖြစ်ကုန်သော (၅၅)ပါးကုန်သော ဖဿ ဝေဒနာစသော ကုသိုလ်တရားတို့သည် တူကုန်၏။ လယ်ပိုင်ရှင်ယောက်ျား၏ နှစ်ဆတက် ကြိုးစားမှု နှစ်ဆတက် အားထုတ်မှုကို ပြုလုပ်ရာအခါနှင့် ကုသိုလ်ရေးဆိုင်ရာ လုပ်ငန်း အကုသိုလ်ရေးဆိုင်ရာ လုပ်ငန်းတို့ကို ကြိုးစားအားထုတ်ရာ ဌာနသို့ ရောက်ရှိ၍ စေတနာ၏ နှစ်ဆတက် အားထုတ်မှု နှစ်ဆတက် ကြိုးစားမှုသည် တူ၏။ ဤသို့လျှင် ထိုစေတနာ၏ အာယူဟနရသ ရှိသည်၏ အဖြစ်ကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၁၅၅။)

ပစ္စုပဋ္ဌာန် --- ထိုစေတနာသည် စီမံတတ်သော သဘောတရားဟု ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်အား ရှေးရှူထင်လာတတ်၏။ ဤစေတနာသည် စီမံတတ်သော သဘောတရား အဖြစ်ဖြင့် ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်ဝယ် ထင်လာ၏။ မိမိကိစ္စ သူတစ်ပါးကိစ္စကို ပြီးစေတတ်ကုန်သော တပည့်ကြီး လက်သမားကြီး အစရှိသူ တို့သည် စီမံခန့်ခွဲတတ်ကုန်သကဲ့သို့တည်း။

ချဲ့၍ ဆိုဦးအံ့ --- တပည့်ကြီးသည် ဥပဇ္ဈာယ်ဆရာတော်ဘုရားကြီးကို အဝေး၌ပင်လျှင် ကြွလာတော်မူ နေသည်ကို တွေ့မြင်ရ၍ မိမိကိုယ်တိုင်ကလည်း ရွတ်ဖတ်သရဇ္ဈာယ်ခြင်း စာအံခြင်းကို ပြုလုပ်သည့်ပြင် အခြား တပည့်ငယ်သားများကိုလည်း မိမိနှင့်အလားတူ မိမိ မိမိ၏ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအမှု စာအံခြင်းအမှု၌ ဖြစ်စေ၏။ မှန်ပေသည် --- ထိုတပည့်ကြီးသည် ရွတ်ဖတ်သရဇ္ဈာယ်ခြင်းငှာ စာအံခြင်းငှာ အားထုတ်လတ်သော် ထို အခြား တပည့်သားငယ်တို့သည်လည်း ထိုတပည့်ကြီးသို့ အစဉ်လိုက်ကုန်သည်၏ အဖြစ်ဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ကြရကုန်၏၊ စာအံကြရကုန်၏။

ဥပမာ တစ်နည်းကား --- လက်သမားဆရာကြီးသည် မိမိကိုယ်တိုင်ကလည်း သစ်ရွေခြင်းစသည့် လုပ်ငန်းရပ် တို့ကို ပြုလုပ်၍ အခြားတပည့်သားငယ်တို့ကိုလည်း မိမိ မိမိ၏ သစ်ရွေခြင်းစသော အမှု၌ ဖြစ်စေ၏။ မှန်၏--ထိုလက်သမားဆရာကြီးသည် သစ်ရွေခြင်းစသော လုပ်ငန်းရပ်ကို အားထုတ် လုပ်ကိုင်လတ်သော် ထိုတပည့် လက်သမားငယ်တို့သည်လည်း ထိုလက်သမားဆရာကြီးသို့ အစဉ်လိုက်ကုန်သည်၏ အဖြစ်ဖြင့် သစ်ရွေခြင်းစသော လုပ်ငန်းရပ်တို့ကို ပြုလုပ်ကြရကုန်၏။

ဥပမာတစ်နည်းကား --- စစ်မြေပြင်တစ်ခုဝယ် တိုက်ပွဲတစ်ခုကို ဆင်နွဲရာ၌ စစ်သားများ၏ ေ့ရှဆောင် အကြီးအကဲဖြစ်သော စစ်ဗိုလ်ကြီးသည် မိမိကိုယ်တိုင် စစ်တိုက်လတ်သော် မိမိမှတစ်ပါးလည်း ဖြစ်ကုန်သော စစ်သားငယ်တို့ကို ပြင်းပြင်းထန်ထန် ရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်ခြင်း တိုက်ခိုက်ခြင်း၌ ဖြစ်စေ၏။ မှန်ပေသည် --- ထိုစစ်ဗိုလ်ကြီးသည် ရွပ်ရွပ်ချွံချွံ ပြင်းပြင်းထန်ထန် စစ်ထိုးခြင်းငှာ အားထုတ်လတ်သော် ထိုစစ်သားငယ်တို့ သည်လည်း နောက်မဆုတ်ကုန်ဘဲ ထိုစစ်ဗိုလ်သို့ အစဉ်လိုက်ကုန်သည်၏ အဖြစ်ဖြင့် စစ်တိုက်ကြရကုန်၏။

ဤဥပမာများအတူ ဤစေတနာသည်လည်း မိမိ၏ကိစ္စအားဖြင့် အာရုံ၌ ဖြစ်ပေါ်လာလတ်သော် မိမိမှ တစ်ပါးလည်းဖြစ်ကုန်သော ဖဿစသော မိမိနှင့်ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို မိမိတို့ ဆိုင်ရာ သင်္ဃဋ္ဋနစသော လုပ်ငန်းကိစ္စရပ်၌ ပြုလုပ်ဆောင်ရွက်ကြရန် စီမံပေးသကဲ့သို့ ဖြစ်သော သဘောတရားဟု စေတနာကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူထင်လာပေသည်။ မှန်ပေသည် --- ထိုစေတနာသည် မိမိ၏ကိစ္စကို အားထုတ်လတ်သော် ထိုစေတနာနှင့် ယှဉ်သော သမ္ပယုတ်တရားတို့သည်လည်း မိမိ မိမိ၏ ဆိုင်ရာလုပ်ငန်း ကိစ္စရပ်ကို အားထုတ်ကြရကုန်၏။ ထိုကြောင့် --- မိမိကိစ္စ သူတစ်ပါးကိစ္စကို ပြီးစေတတ်ကုန်သော တပည့်ကြီး လက်သမားဆရာကြီး အစရှိသူတို့သည် စီမံခန့်ခွဲတတ်ကုန်သကဲ့သို့ စေတနာကို မှတ်သားပါ ဟူ၍ ဆိုခဲ့၏။

အဆောတလျင် ဖြစ်စေအပ်သော လုပ်ငန်းရပ်တို့ကို အောက်မေ့ခြင်း စသည်တို့၌ ဤစေတနာသည် သမ္ပယုတ်တရားတို့၏ အားထုတ်ကြောင်း သဘောတရားအဖြစ်ဖြင့် ဖြစ်လတ်သော် ထင်ရှားသည်ဟု သိပါ။ဤ၌ --- ဥဿဟနဘာဝ = အားထုတ်ကြောင်း သဘောဟူသည် ဝီရိယမဟုတ်၊ လေးလေးစားစား အာရုံပြုခြင်းတည်း။ စေတနာသည် အာရုံကို မိမိကိုယ်တိုင်က အရိုအသေပြုသည်ဖြစ်၍ သမ္ပယုတ်တရားတို့ကိုလည်း အရိုအသေ ပြုစေ၏။

ဥဿဟနဘာဝေနာတိ အာဒရဘာဝေန။ သာ ဟိ သယံ အာဒရဘူတာ သမ္ပယုတ္တေ အာဒရယတီတိ။ (မူလဋီ၊၁၊၈၇။)

ထိုကြောင့် သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ရောက်အောင် ထိုအာရုံ၌ မိမိတို့၏ဆိုင်ရာ လုပ်ငန်းကိစ္စရပ် တို့ကို ပြုလုပ်နိုင်အောင် သမ္ပယုတ်တရားတို့ကို ပေါင်းစုရုံးစည်း စေ့ဆော် နှိုးဆော်သည်၏ အစွမ်းဖြင့် သမ္ပယုတ် တရားတို့၏ အားထုတ်ကြောင်း သဘောတရား ဖြစ်ခြင်းကို စေတနာ၏ ဥဿဟနဘာဝ = အားထုတ်ကြောင်း သဘောတရားဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၁၅၅။ မူလဋီ၊၁၊၈၇။)

ကံဟူသည် --- စေတနာသည် အာရုံကို ယူရာ၌ ဗျာပါရအားကြီးသောကြောင့် စေတနာနှင့်ယှဉ်ဖက် သမ္ပယုတ္တတရားများသည်လည်း ဗျာပါရအားကြီးသကဲ့သို့ တက်တက်ကြွကြွ ရှိရလေသည်။ စိတ်စေတသိက်တရား တို့က တက်တက်ကြွကြွရှိသောကြောင့် တက်ကြွသောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်သည်လည်း သွက်သွက် လက်လက် ဖြစ်နေပေသည်။ စိတ္တဇရုပ်က သွက်သွက်လက်လက် ဖြစ်သောကြောင့် အတူဖြစ်ဖက် ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်ဟူသော တိဇရုပ်များသည်လည်း --- မြစ်ရေအယဉ်၌ ပစ်ချအပ်သော နွားချေးခြောက် အစိုင်အခဲကဲ့သို့ --- သွက်သွက်လက်လက်ပင် ဖြစ်ကြရပေသည်။ ထိုကြောင့် ကုသိုလ်ရေးလုပ်ငန်းရပ် တစ်ခုကို ပြုလုပ်သောအခါ၌ဖြစ်စေ, အကုသိုလ်ဖြစ်ကြောင်း လုပ်ငန်းရပ် တစ်ခုကို ပြုလုပ်သောအခါ၌ဖြစ်စေ စေတနာက ထက်သန်လျှင် ထက်သန်သလောက် ခန္ဓာကိုယ် တစ်ခုလုံးသည် = ရုပ်ခန္ဓာ နာမ်ခန္ဓာ အားလုံးသည် သွက်သွက် လက်လက် ထက်ထက်သန်သန်ရှိ၍ စေတနာမထက်သန်လျှင် မထက်သန်သလို အေးအေးစက်စက် ထုံထုံ ထိုင်းထိုင်း မှုန်မှုန်မှိုင်းမှိုင်း ဆိုင်းဆိုင်းတွတွ ပုံပန်းမလှတော့ဘဲ နုံနုံချာချာ ဖြစ်နေလေသည်။ ထိုကြောင့်ပင် ကုသိုလ်ရေးလုပ်ငန်း အကုသိုလ်ရေးလုပ်ငန်းဟူသော ကောင်းမှု မကောင်းမှု ကိစ္စအဝဝတို့၌ အရင်းခံဖြစ်သော စေတနာ ကိုပင် --- ကမ္မံ = ကံ = အမှုသည် --- ဟု ဘုရားရှင် ဟောတော်မူသည်။

စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ၊ စေတယိတွာ ကမ္မံ ကရောတိ ကာယေန ဝါစာယ မနသာ။ (အံ၊၂၊၃၆၃။ အဘိ၊၄၊၂၉၀။)

ရဟန်းတို့ ...စေတနာဖြင့် စေ့ဆော်၍ ကာယဒွါရဖြင့်လည်းကောင်း ဝစီဒွါရဖြင့်လည်းကောင်း မနောဒွါရဖြင့်လည်းကောင်း ကိုယ်မှု နှုတ်မှု စိတ်မှုဟူသော ကံကို ပြုလုပ်သောကြောင့် ကာယကံမှု ဝစီကံမှု မနောကံမှု ဖြစ်ရန် အရင်းခံ စေတနာကို ကံဟူ၍ ငါဘုရား ဟောတော်မူ၏။ (အံ၊၂၊၃၆၃။ အဘိ၊၄၊၂၉၀။)

ကံ ဟူသော အမည်သည် ကာယကံမှု ဝစီကံမှု မနောကံမှု၏ အမည်ရင်းတည်း၊ သို့သော် ထိုအမှုများသည် စေတနာကြောင့် ထမြောက် အောင်မြင်ရကား ဖလူပစာရအားဖြင့် အကြောင်းရင်းခံဖြစ်သော စေတနာကိုပင်-ကမ္မ = ကံ-ဟု ဟောတော်မူသည်။ (မူလဋီ၊၁၊၇၇ - ကြည့်။)

ပဒဋ္ဌာန် --- အဋ္ဌကထာများ၌ ဤစေတနာအရာဝယ် ပဒဋ္ဌာန်ကို သီးသန့်ဖော်ပြချက် မရှိပေ။ ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာဝယ် သင်္ခါရက္ခန္ဓာ အမည်ရသော စေတသိက် အားလုံးတို့၏ လက္ခဏ-ရသ စသည်ကို ပေါင်းစု၍ ဖော်ပြရာ၌ သေသက္ခန္ဓတ္တယ ပဒဋ္ဌာနာဟု ဖော်ပြထား၏။ သေသက္ခန္ဓတ္တယ = ကြွင်းသောခန္ဓာ (၃)ပါးဟူသည် ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့သာ ဖြစ်ကြ၏။

တစ်ဖန် ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော် သတ္တဋ္ဌာနကုသလသုတ္တန် (သံ၊၂၊၅၁-၅၂။) ၌လည်းကောင်း, ပဋိသမိ႓ဒါမဂ်ပါဠိတော်နှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့တွင် ပဋိစ္စသမုပ္ပါဒ် = ကြောင်း-ကျိုး ဆက်နွယ်မှု သဘောတရားတို့ကို ကြောင်း-ကျိုးစပ်၍ ဝိပဿနာရှုရာ ဥဒယဗ္ဗယဉာဏ် အကျယ် ရှုပွားခန်း၌လည်းကောင်း --- ဤသို့ လာရှိ၏။

ဖဿသမုဒယာ ဝေဒနာသမုဒယော၊

ဖဿသမုဒယာ သညာသမုဒယော၊

ဖဿသမုဒယာ သင်္ခါရသမုဒယော၊

နာမရူပသမုဒယာ ဝိညာဏသမုဒယော။ (သံ၊၂၊၅၁-၅၂-၅၃။ ပဋိသံ၊၅၄။ ဝိသုဒ္ဓိ၊၂၊၂၆၆-၂၆၇။)

ဤဒေသနာတော်တို့၌ ဖဿကြောင့် ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာတို့ ဖြစ်ပုံကိုလည်းကောင်း, နာမ်ရုပ်ကြောင့် ဝိညာဏက္ခန္ဓာ ဖြစ်ပုံကိုလည်းကောင်း ဟောကြားထားတော်မူ၏။

စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၅။)

နာမ်ခန္ဓာ (၄)ပါးတို့သည် အချင်းချင်း တစ်ပါးသည် တစ်ပါးအား သဟဇာတစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံများကိုလည်းကောင်း,

စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၅။)

စက္ခာယတန = စက္ခုဝတ္ထုစသော မှီရာ ဝတ္ထုရုပ်တို့က မိမိတို့အား မှီ၍ ဖြစ်ကြသည့် နာမ်တရားစုတို့အား နိဿယ ပုရေဇာတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပုံကိုလည်းကောင်း,

ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁။)

ရူပါရုံစသော အာရုံ (၆)ပါးတို့က မိမိတို့အား ထိုက်သည့်အားလျော်စွာ အာရုံပြုကြသည့် နာမ်တရားစုတို့အား အာရမ္မဏစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပုံကိုလည်းကောင်း အသီးအသီး ဟောကြားထားတော်မူ၏။

ထိုကြောင့် စေတနာကို ဖြစ်ပေါ်စေတတ်သော အနီးစပ်ဆုံး ပဒဋ္ဌာန်အကြောင်းတရားများမှာ မရှိသည်ကား မဟုတ်၊ ရှိသည်သာ ဖြစ်ပေသည်။ ယင်းအကြောင်းတရားတို့ကို ခြုံ၍ဆိုရသော် ---

၁။ မှီရာဝတ္ထုရုပ်,

၂။ အာရုံ (အာရုံ (၆)ပါးတွင် တစ်ပါးပါး),

၃။ ဖဿ (ဖဿဦးဆောင်သည့် သမ္ပယုတ်တရားများ) ---

ဤသို့လျှင် (၃)မျိုး (၃)စား ရှိပေသည်၊ အဋ္ဌကထာများ၌ သီးသန့့် ဖော်မပြခြင်းမှာ ယင်းအကြောင်းတရား သုံးမျိုးထဲမှ စေတနာဖြစ်ဖို့ရန် ပိုမိုထူးကဲသော အကြောင်းမျိုးဟု သတ်မှတ်၍ပြရန် အကြောင်းထူး မရှိသော ကြောင့်ပင် ဖြစ်တန်ရာပေသည်။

သန္တီရဏကဲ့သို့သော အချို့သော နာမ်တရားများ၌ မှီရာဝတ္ထုရုပ်သည် ပဒဋ္ဌာန် ဖြစ်၏။ ဖဿကဲ့သို့သော အချို့သော နာမ်တရားများ၌ ထင်လာသော အာရုံသည် ပဒဋ္ဌာန် ဖြစ်၏။ ပညာကဲ့သို့သော အချို့သော နာမ်တရား များ၌ ယှဉ်ဖက် သမ္ပယုတ်ဖြစ်သော သမာဓိနာမ်တရားသည် ပဒဋ္ဌာန် ဖြစ်၏။

ဤစေတနာသည်လည်း သန္တီရဏနှင့်လည်း ယှဉ်တွဲ ဖြစ်နိုင်၏၊ ဖဿနှင့်လည်း ယှဉ်တွဲ ဖြစ်နိုင်၏၊ ပညာ နှင့်လည်း ယှဉ်တွဲ ဖြစ်နိုင်၏။ မိမိနှင့် ယှဉ်တွဲဖြစ်သော သမ္ပယုတ်တရားများ၌ ပဒဋ္ဌာန် ရှိပါလျက် မိမိ၌ အဘယ်ကြောင့် ပဒဋ္ဌာန် မရှိနိုင်ရမည်နည်း၊ ရှိရမည်သာ ဖြစ်သည်။ ထိုကြောင့် ---

၁။ ဝတ္ထု,

၂။ အာရုံ,

၃။ ဖဿဦးဆောင်သည့် သမ္ပယုတ်တရား ---

ဤအကြောင်းတရား (၃)မျိုးထဲမှ တစ်မျိုးမျိုးသည်သော်လည်းကောင်း, (၃)မျိုးလုံးသည်သော်လည်းကောင်း စေတနာ၏ ပဒဋ္ဌာန်ဖြစ်သည်ဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၃၂၁-၃၂၂-ဖွင့်ဆိုချက်များကိုလည်း ကြည့်ပါ။ ရှေးတွင် တင်ပြခဲ့ပြီ။ ကြွင်းကျန်သော စေတသိက်တို့၌ ပဒဋ္ဌာန်ကို သီးသန့့် မဖော်ပြရာဝယ် နည်းတူမှတ်ပါ။)

ရှုကွက် --- စေတနာသည်လည်း စိတ္တက္ခဏတိုင်း၌ ယှဉ်သည့် သဗ္ဗစိတ္တသာဓာရဏ စေတသိက်ပင် ဖြစ်၏၊ မိမိ သိမ်းဆည်း ရှုပွားလိုသော စိတ္တက္ခဏအတွင်း၌ ရှိသော သမ္ပယုတ်တရားစုမှ စေတနာကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည်ကို ရှုရန် ဖြစ်ပါသည်။ ထိုသို့ ရှုရာ၌ အာယူဟနရသကို ကုသိုလ်ဇော သို့မဟုတ် အကုသိုလ်ဇောနှင့် ယှဉ်သော စေတနာ၌သာ ရှုပါ။ ဝိပါက် အဗျာကတစိတ်, ကြိယာ အဗျာကတစိတ်ဟူသော ကြွင်းကျန်သော စိတ္တက္ခဏနှင့် ယှဉ်သော စေတနာ၌ အာယူဟနရသကို မရှုပါနှင့်။ ယင်းသို့ဖြစ်လျှင် ဝိပါက် ကြိယာဟူသော ကြွင်းကျန်သော စိတ္တက္ခဏတို့နှင့် ယှဉ်သော စေတနာမှာ ရသမရှိတော့ပြီလောဟု မေးဖွယ်ရာရှိ၏။ ဝေဒနာ ကဲ့သို့သော အချို့ အချို့သော ပရမတ် တရားတို့၌ လက္ခဏသည်ပင် ရသလည်း ဖြစ်နိုင်ရကား ဤ၌လည်း --

၁။ စေ့ဆော်ခြင်းသည်ပင် စေတနာ၏ လက္ခဏ,

၂။ စေ့ဆော်ခြင်းသည်ပင် စေတနာ၏ ရသဟု ရှုပါ။

အဋ္ဌကထာက စေတနာ၏ သဘာဝလက္ခဏာကို ဖော်ပြရာ၌ အဘိသန္ဒဟတိဟု ဖော်ပြခဲ့၏။ (အဘိ၊ဋ္ဌ၊ ၁၊၁၅၄။) အဘိသန္ဒဟတိကို မူလဋီကာက ပဗန္ဓတိ ပဝတ္တေတိဟု ဖွင့်၏။ ပဗန္ဓတိကို အနုဋီကာဆရာတော်က အောက်ပါအတိုင်း ဖွင့်ဆိုထား၏။

ပဗန္ဓတီတိ ပဋ္ဌပေတိ သမ္ပယုတ္တဓမ္မေ သကသကကိစ္စေ ပဋ္ဌပေတိ။ တေနေဝ ဟိ တဒတ္ထံ ဝိဝရန္တော ပဝတ္တေတီတိ အာဟ။ (အနုဋီ၊၁၊၉၃။)

ယင်းအဖွင့်တို့ကို ေ့ရှနောက် ဆက်စပ်၍ အဓိပ္ပါယ်ယူသော် ဤသို့ဖြစ်၏ --- စေတနာသည် သမ္ပယုတ်တရား တို့ကို မိမိ မိမိ ဆိုင်ရာလုပ်ငန်းကိစ္စရပ်၌ တည်အောင် ထားတတ်သောတရား, မိမိ မိမိ ဆိုင်ရာ လုပ်ငန်းကိစ္စရပ်၌ ဖြစ်စေသောတရားဟု သိရ၏။ ယင်းသဘောတရားကိုပင် စေတနာသည် မိမိနှင့်တကွ သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ ရောက်အောင် စေ့ဆော်သည်၊ အာရုံ၌ ဖွဲ့စပ်သည်၊ ထပ်ကာထပ်ကာ ဖြစ်စေသည်ဟု ဆိုခြင်းဖြစ်သည်။ ယင်းသို့ မိမိနှင့်တကွ သမ္ပယုတ်တရားတို့ကို မိမိတို့ဆိုင်ရာ လုပ်ငန်းကိစ္စ၌ ဖြစ်စေခြင်းသည် စေတနာ၏ လုပ်ငန်းကိစ္စဟုလည်း ခေါ်ဆိုနိုင်သည်သာ ဖြစ်ပေသည်။ ပညာရှိသူတော်ကောင်းတို့သည် စူးစမ်းဆင်ခြင်၍ ယူလေကုန်ရာသည်။

၃။ ဧကဂ္ဂတာ = သမာဓိ

၃။ ဧကဂ္ဂတာ = သမာဓိ

အာရမ္မဏေ စိတ္တံ သမံ အာဓိယတိ၊ သမ္မာ ဝါ အာဓိယတိ၊ သမာဓာနမတ္တမေဝ ဝါ ဧတံ စိတ္တဿာတိ သမာဓိ။

၁။ (က) ပါမောက္ခလက္ခဏော သမာဓိ၊ (အဘိ၊ဋ္ဌ၊၁၊၁၆၁။)

( ခ ) အဝိသာရလက္ခဏော၊

( ဂ ) အဝိက္ခေပလက္ခဏော ဝါ၊

၂။ သဟဇာတာနံ သမ္ပိဏ္ဍနရသော နှာနိယစုဏ္ဏာနံ ဥဒကံ ဝိယ၊

၃။ (က) ဥပသမပစ္စုပဋ္ဌာနော၊

( ခ ) ဉာဏပစ္စုပဋ္ဌာနော ဝါ။

သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတီတိ ဟိ ဝုတ္တံ။

၄။ ဝိသေသတော သုခပဒဋ္ဌာနော။

နိဝါတေ ဒီပစ္စီနံ ဌိတိ ဝိယ စေတသော ဌိတီတိ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၁၆၁-၁၆၂။ ဝိသုဒ္ဓိ၊၂၊၉၄။)

အာရုံ၌ စိတ်ကို အညီအညွတ်ထားတတ်သော သဘောတရားသည် သမာဓိ မည်၏။ တစ်နည်း --- အာရုံ၌ စိတ်ကို ကောင်းစွာထားတတ်သော သဘောတရားသည် သမာဓိ မည်၏။ တစ်နည်း --- အာရုံ၌ စိတ်ကို ကောင်းစွာ အညီအညွတ် ထားခြင်းမျှသည် သမာဓိ မည်၏။

၁။ (က) အကြီးအမှူး၏ အဖြစ်ဟူသော သဘော

= အကြီးအမှူး ဖြစ်ခြင်းသဘော

= အာရုံ၌ သမ္ပယုတ်တရားတို့၏ အကြီးအမှူး ပါမောက္ခ ဖြစ်ခြင်းသဘော လက္ခဏ၊

( ခ ) မိမိ၏ ပင်ကိုသဘောအတိုင်း အာရုံ၌ မပျံ့လွင့်ခြင်းသဘော

= အာရုံ၌ မရွေ့မလည် တည်ခြင်းသဘော လက္ခဏ၊

( ဂ ) အာရုံ၌ သမ္ပယုတ်တရားတို့၏ မပျံ့လွင့်ကြောင်းသဘော လက္ခဏ၊

၂။ (ရေချိုးကသယ်မှုန့် = ဆပ်ပြာမှုန့်တို့ကို အတုံးအခဲဖြစ်အောင် ပေါင်းစုပေးတတ်သော

ရေကဲ့သို့) အတူဖြစ်သော သဟဇာတ်တရားတို့ကို ပေါင်းစုခြင်း (ကိစ္စ) ရသ၊

၃။ (က) ငြိမ်သက်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊ ( ခ ) ဉာဏ်တည်းဟူသော အကျိုးတရားကို ဖြစ်စေတတ်သော သဘောတရား (ဖလ) ပစ္စုပဋ္ဌာန်၊

= ဉာဏ်ဖြစ်ကြောင်း သဘောတရား (ဖလ) ပစ္စုပဋ္ဌာန်၊

(အာရုံ၌ ကောင်းစွာထားအပ်သော စိတ်ရှိသူ = သမာဓိရှိသူသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏ဟု ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ပြီ၊ --- သံ၊၂၊၁၂။)

၄။ အထူးအားဖြင့် = များသောအားဖြင့် သုခဝေဒနာ ပဒဋ္ဌာန်။

စိတ္တေဿကဂ္ဂတာ --- ဟူသည် စိတ်၏ တစ်ခုတည်းသော အာရုံရှိသော စိတ်၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတရားတည်း။ ဤစိတ္တေကဂ္ဂတာဟူသော အမည်သည် သမာဓိ၏ အမည်တည်း။ ယင်းစိတ္တေကဂ္ဂတာ၏ ပါမောက္ခ လက္ခဏာရှိပုံကို မဟာအဋ္ဌကထာ၌ ရှေးဦးစွာ ဤသို့ ဖွင့်ဆိုထား၏ ---

(က) ပါမောက္ခ လက္ခဏ --- စုလစ်မွမ်းချွန် အထွတ်တပ်ထားသော ပြာသာဒ်၏ ဗဟိုအချက်သည် ကြွင်းသော ထုတ် လျောက် ဒိုင်း မြားစသော အဆောက်အဦတို့ကို ချုပ်ကိုင်ထားတတ် ဖွဲ့စပ်ထားတတ်သည်၏ အဖြစ်ကြောင့် အကြီးအမှူး ပဓာနအချုပ် ဖြစ်သကဲ့သို့ အလားတူပင် အလုံးစုံသော ကုသိုလ်တရားတို့သည် သမာဓိနှင့်ယှဉ်သော စိတ်ကြောင့်သာ ပြီးစီးရခြင်း ပြည့်စုံရခြင်းကြောင့် သမာဓိသည် အလုံးစုံသော ကုသိုလ်တရားတို့၏ အကြီးအမှူး = ပါမောက္ခဖြစ်ခြင်း သဘောလက္ခဏာ ရှိရပေသည်။ ထိုကြောင့် အရှင်နာဂသေန မထေရ်မြတ်က ဤသို့ မိန့်ဆို ထားတော်မူ၏ ---

ဒါယကာတော် မဟာရာဇ ...စုလစ်မွမ်းချွန် အထွတ်တပ်ထားသော ပြာသာဒ်၏ အမှတ်မရှိ အလုံးစုံ ကုန်သော အခြင်ရနယ်တို့သည် ရှိကြကုန်၏၊ ခပ်သိမ်းကုန်သော ထိုအခြင်ရနယ်တို့သည် အထွတ်သို့ ရောက်ကြရ ကုန်၏၊ အထွတ်သို့ ညွတ်ကိုင်းကြရကုန်၏၊ အထွတ်၌ ပေါင်းဆုံကြရကုန်၏၊ အထွတ်ကို ထိုအခြင်ရနယ်တို့ထက် အမြတ်ဆုံး အစိတ်အပိုင်းဟူ၍ အရေးအကြီးဆုံး အစိတ်အပိုင်းဟူ၍ ဆိုအပ်သကဲ့သို့, ဒါယကာတော် မဟာရာဇ ...ဤအတူပင်လျှင် အမှတ်မရှိ အလုံးစုံကုန်သော ကုသိုလ်တရားတို့သည် ရှိကြကုန်၏၊ ခပ်သိမ်းကုန်သော ထိုကုသိုလ်တရားတို့သည် သမာဓိသို့ ညွတ်ကြရကုန်၏။ သမာဓိသို့ ရှိုင်းကြရကုန်၏၊ သမာဓိသို့ ကိုင်းကြရကုန်၏။ သမာဓိကို အလုံးစုံသော ကုသိုလ်တရားတို့၏ အမြတ်ဆုံးဟူ၍ ဆိုအပ်၏။ (မိလိန္ဒပဥှ၊၃၈။ အဘိ၊ဋ္ဌ၊၁၊၁၆၁၊၊)

ဒါနကုသိုလ် သီလကုသိုလ်တို့အရာဝယ် ဧကဂ္ဂတာ ခေါ်သော သမာဓိစေတသိက်သည်လည်း ယှဉ်တွဲလျက် ပါဝင်သည်သာ ဖြစ်၏၊ သို့သော် ဒါနအရာ၌ စေတနာက ပြဓာန်း၍ သီလအရာ၌ သဒ္ဓါက ပြဓာန်း၏။ သို့အတွက် ဤအထက်ပါ သမာဓိ၏ ပါမောက္ခ လက္ခဏာဟူရာ၌ သမထဘာဝနာကုသိုလ် ဝိပဿနာဘာဝနာကုသိုလ်များကို အထူးရည်ညွှန်းထားသည်ဟု မှတ်ပါ။

(ခ) အဝိသာရလက္ခဏ, (ဂ) အဝိက္ခေပလက္ခဏ

(ခ) အဝိသာရလက္ခဏ, (ဂ) အဝိက္ခေပလက္ခဏ

အဝိသာရော အတ္တနော ဧဝ အဝိသရဏသဘာဝေါ၊ အဝိက္ခေပေါ သမ္ပယုတ္တာနံ ဓမ္မာနံ အဝိက္ခိတ္တတာ၊ ယေန သမ္ပယုတ္တာ အဝိက္ခိတ္တာ ဟောန္တိ၊ သော ဓမ္မော အဝိက္ခေပေါတိ။ (မူလဋီ၊၁၊၈၈။ မဟာဋီ၊၂၊၁၄၂။)

သမာဓိဟူသော မိမိ၏သာလျှင် အာရုံ၌ မပျံ့လွင့်ခြင်းသဘောသည် အဝိသာရလက္ခဏာတည်း။ သမာဓိ သည် မိမိကိုယ်တိုင်သာလျှင်အာရုံ၌ မပျံ့လွင့်သည် မဟုတ်သေး၊ သမ္ပယုတ်တရားတို့ကိုလည်း အာရုံ၌ မပျံ့လွင့်စေ တတ်ပေ။ ယင်းသမာဓိကြောင့်ပင် သမ္ပယုတ်တရားတို့သည်လည်း အာရုံ၌ မပျံ့လွင့်ကြခြင်း ဖြစ်၏။ ထိုကြောင့် သမ္ပယုတ်တရားတို့၏ အာရုံ၌ မပျံ့လွင့်ကြောင်း သဘောတရားသည် အဝိက္ခေပလက္ခဏာတည်း။ ဥပစာရသမာဓိ အပ္ပနာသမာဓိတို့သည် အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်းပဋိဘာဂနိမိတ်စသော သမထနိမိတ်အာရုံ၌လည်းကောင်း, ဝိပဿနာသမာဓိသည် သင်္ခါရနိမိတ်အာရုံ၌လည်းကောင်း --- ဤသို့ စသည်ဖြင့် ထိုထို သမာဓိသည် ထိုထို ဆိုင်ရာဆိုင်ရာ အာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေတတ်၏။ မိမိသည်သာ ထိုအာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်တတ်သည် မဟုတ်သေး၊ အတူယှဉ်ဖက် သမ္ပယုတ်တရားတို့ကိုလည်း ထိုအာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေစေ တတ်၏၊ ထိုကြောင့် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့သည် သမထနိမိတ်အာရုံ သင်္ခါရနိမိတ်အာရုံမှ တစ်ပါး အခြားအခြားသော အာရုံ၌ မပျံ့လွင့်ကြခြင်း ဖြစ်၏။ အကြောင်းမူ အဝိက္ခေပ အမည်ရသော သမာဓိသည် သမ္ပယုတ်တရားတို့ကို သမထနိမိတ်အာရုံ သင်္ခါရနိမိတ်အာရုံမှ တစ်ပါးသော ထိုထိုအာရုံသို့ ပစ်လွှင့်တတ်သော ဥဒ္ဓစ္စ၏ ဆန့်ကျင်ဘက် ဖြစ်သောကြောင့်တည်း။ လောကီသမာဓိများသည်ပင် ထိုမျှအစွမ်းထက်လျှင် လောကုတ္တ ရာသမာဓိများကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်တော့အံ့နည်း။

စစ်မြေပြင်ဝယ် စစ်ရေး စစ်ရာ စစ်ခင်းမှု အကြောင်းဆိုက်ရောက်လာလတ်သော် မင်းမည်သည် စစ်တပ် ဆုတ်နစ်ရာ စစ်ရေးနိမ့်ရာ ထိုထိုအရပ်သို့ သွားရ၏၊ ထိုမင်း ရောက်လေရာအရပ်၌ စစ်တပ်သည် ပြည့်လာ၏၊ မင်း၏ စည်းကြပ်မှုကြောင့် မင်း၏နောက်သို့ မိမိ၏ စစ်တပ်က အစဉ်လိုက်လာသောကြောင့် ဖြစ်၏။ တစ်ဘက် စစ်တပ်သည်လည်း ပျက်၍ မိမိတို့၏ မင်းသို့သာ အစဉ်လိုက်ရ၏၊ မိမိတို့ မင်းရှိရာသို့သာ ဆုတ်ခွာရ၏။ ဤဥပမာ အတူပင်လျှင် သမာဓိသည် အတူဖြစ်ဖက် သဟဇာတ်တရားတို့အား ထိုထိုအာရုံ၌ ပျံ့လွင့်ခွင့်ကို ဖရိုဖရဲ ပြန့်ကျဲခွင့်ကို မပေးခြင်းကြောင့် သမာဓိသည် သမ္ပယုတ်တရားတို့၏ အာရုံ၌ မပျံ့လွင့်ကြောင်းသဘော အဝိက္ခေပလက္ခဏာ ရှိသည် မည်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၆၁။)

သမ္ပိဏ္ဍန ရသ --- ရေသည် ရေချိုးကသယ်မှုန့် ဆပ်ပြာမှုန့် စသည်တို့ကို ဖရိုဖရဲ မကြဲရအောင် အတုံး အခဲဖြစ်အောင် ဆပ်ပြာမှုန့်မှ ဆပ်ပြာတုံးဖြစ်အောင် ပေါင်းစုပေးသကဲ့သို့ သမာဓိသည် အတူဖြစ်ဖက် သဟဇာတ် တရားတို့ကို သမထနိမိတ်အာရုံ သင်္ခါရနိမိတ်အာရုံစသော ထိုထိုအာရုံ၌ ပျံ့လွင့်မသွားအောင် ဖရိုဖရဲ မပြန့်ကျဲအောင် စည်းစည်းလုံးလုံးရှိအောင် ပေါင်းစုပေးခြင်း လုပ်ငန်းကိစ္စ ရှိပေသည်။ အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်း ပဋိဘာဂနိမိတ်စသော သမထနိမိတ်အာရုံ တစ်ခုတည်းပေါ်၌ (၃၄-၃၂-၃၁)လုံးသော နာမ်တရားတို့၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေကြခြင်းမှာ သမာဓိ၏ စွမ်းအင်သတ္တိကြောင့်ပင် ဖြစ်၏။ ဝိပဿနာဘာဝနာအရာ၌လည်း ဝိပဿနာ ဘာဝနာစိတ်သည် သောမနဿသဟဂုတ်ဉာဏသမ္ပယုတ် ဝိပဿနာစိတ်ဖြစ်ခဲ့လျှင် ဇောအသီးအသီးဝယ် (၃၄)လုံးသော နာမ်တရား အသီးအသီး ပါဝင်၏။ ယင်း (၃၄)လုံးသော နာမ်တရားတို့သည်လည်း ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် သင်္ခါရနိမိတ်အာရုံပေါ်၌ ငြိမ်ဝပ်စွာကပ်၍ တည်နေကြ၏။ ထိုကဲ့သို့ တည်နေနိုင်ခြင်းမှာ ယင်းဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သမာဓိ၏ စွမ်းအင်သတ္တိကြောင့်ပင် ဖြစ်၏။ မဂ္ဂင် (၈)ပါး ဦးဆောင် သည့် မဂ်စိတ်စေတသိက် ဖိုလ်စိတ်စေတသိက်တို့သည်လည်း အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်အာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေနိုင်ကြ၏။ ယင်းကဲ့သို့ ငြိမ်ဝပ်စွာကပ်၍ တည်နေနိုင်ခြင်းမှာလည်း ယင်းမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့နှင့် ယှဉ်တွဲလျက်ရှိသော လောကုတ္တရာသမာဓိ၏ စွမ်းအင်သတ္တိထူးကြီးကြောင့်ပင် ဖြစ်၏။ ထိုကြောင့် သမာဓိကို အတူဖြစ်ဖက် သဟဇာတ်တရားတို့ကို အာရုံတစ်ခုပေါ်၌ စုလျက် တွဲလျက် ခဲလျက်နေအောင် စည်းစည်း လုံးလုံးရှိအောင် ပေါင်းစုပေးခြင်း ကိစ္စရသရှိသည်ဟု ဆိုခြင်းဖြစ်သည်။

ပစ္စုပဋ္ဌာန် --- ဤ ပစ္စုပဋ္ဌာန်ပိုင်းတွင် ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန် ဖလပစ္စုပဋ္ဌာန်ဟု နှစ်မျိုး ဖွင့်ဆိုထား၏။

(က) ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန် --- အဝူပသမလက္ခဏဿ ဝိက္ခေပဿ ပဋိပက္ခတာယ စိတ္တဿ ဥပသမနာကာရေန ပစ္စုပတိဋ္ဌတီတိ ဥပသမပစ္စုပဋ္ဌာနော။ (မဟာဋီ၊၂၊၁၄၂။)

စိတ်မငြိမ်သက်ခြင်း သဘောလက္ခဏာရှိသော စိတ်ပျံ့လွင့်မှု = ဥဒ္ဓစ္စတရား၏ ဆန့်ကျင်ဘက် ဖြစ်သောကြောင့်, စိတ်၏ ငြိမ်သက်သော အခြင်းအရာအားဖြင့် သမာဓိကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ရှေးရှူထင်လာတတ်သောကြောင့် သမာဓိသည် စိတ်ငြိမ်သက်မှု ဥပသမပစ္စုပဋ္ဌာန် ရှိပေသည်။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။

( ခ ) ဖလပစ္စုပဋ္ဌာန် --- သမာဓိံဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ (သံ၊၂၊၁၂။ သံ၊၃၊၃၆၃။)

သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတိ။ (ခု၊၁၀၊၅၀။ ခု၊၁၁၊၃၈။)

ရဟန်းတို့ ...သမာဓိကို ပွားများကြကုန်လော့ = ဖြစ်စေကြကုန်လော့။ ရဟန်းတို့ ...သမာဓိရှိသော ရဟန်းသည် ---

၁။ ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကိုလည်းကောင်း,

၂။ ဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကိုလည်းကောင်း,

၃။ ဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကိုလည်းကောင်း မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ (သံ၊၂၊၁၂။)

ရဟန်းတို့ ...သမာဓိကို ပွားများကြကုန်လော့ = ဖြစ်စေကြကုန်လော့။ ရဟန်းတို့ ...သမာဓိရှိသော ရဟန်းသည် ---

၁။ ဤကား ဒုက္ခ အရိယသစ္စာတရားဟု

၂။ ဤကား သမုဒယ အရိယသစ္စာတရားဟု

၃။ ဤကား နိရောဓ အရိယသစ္စာတရားဟု

၄။ ဤကား မဂ္ဂ အရိယသစ္စာတရားဟု ---

မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ (သံ၊၃၊၃၆၃။)

ရဟန်းတို့ ...သမာဓိကို ပွားများကြကုန်လော့၊ ထူထောင်ကြကုန်လော့။ အာရုံ၌ ကောင်းစွာထားအပ်သော တည်ကြည်သော စိတ်ဓာတ်ရှိသူ = သမာဓိရှိသူသည် ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏။ (ခု၊၁၀၊၅၀။ ခု၊၁၁၊၃၈။)

ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် သမာဓိသည် သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်တတ်သည့် ယထာဘူတဉာဏ်အမြင် ရရှိရေးကို ဖြစ်စေတတ်သော ဖလပစ္စုပဋ္ဌာန်လည်း ရှိပေသည်။ ယထာဘူတဉာဏ်သည် သမာဓိကြောင့် ဖြစ်ပေါ်လာရသော အကျိုးတရားဖြစ်ခြင်းကြောင့် သမာဓိသည် ယထာဘူတဉာဏ်ဟူသော အကျိုးတရားကို ဖြစ်စေတတ်၏ ဟူလိုသည်။

ပဒဋ္ဌာန် --- ဝိသေသတော သုခပဒဋ္ဌာနော။ နိဝါတေ ဒီပစ္စီနံ ဌိတိ ဝိယ စေတသော ဌိတီတိ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၁၆၂။)

ဝိသေသတောတိ ယေဘုယျေန။ သုခဝိရဟိတောပိ ဟိ အတ္ထိ သမာဓီတိ။ ပဒီပနိဒဿနေန (ဒီပစ္စီနိဒဿနေန) သန္တာနဋ္ဌိတိဘာဝံ သမာဓိဿ ဒေဿတိ။ (မူလဋီ၊၁၊၈၈။ မဟာဋီ၊၂၊၁၄၂။)

များသောအားဖြင့် သုခရှိသူ၌ သမာဓိဖြစ်တတ်သောကြောင့် သမာဓိအားကောင်းတတ်သောကြောင့် သုခ ဝေဒနာသည် သမာဓိဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းတရား ဖြစ်သည်။ အများအားဖြင့် သုခရှိလျှင် သမာဓိ ဖြစ်တတ်သည်ကား မှန်၏၊ သို့သော် သုခဝေဒနာနှင့် မယှဉ်သော စတုတ္ထစျာန်သမာဓိကဲ့သို့ သမာဓိများလည်း ရှိသေးရကား ဝိသေသတောကို ယေဘုယျေန = များသောအားဖြင့်ဟု မူလဋီကာဆရာတော်က ဖွင့်ဆိုသွားတော် မူသည်။ သို့သော် အနုဋီကာဆရာတော်က ဝိသေသတောကို ယေဘုယျအနက်အပြင် အတိသယ = အလွန်အကဲ အနက်လည်း ရနိုင်သေးကြောင်းကို ဖွင့်ဆိုထားတော်မူ၏။

သုခိနော စိတ္တံ သမာဓိယတိ။ (ဒီ၊၃၊၂၅၂။) = ချမ်းသာခြင်းရှိသူ၏ စိတ်သည် တည်ကြည်၏-ဟု ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားထားတော်မူခြင်းကြောင့် သုခဝေဒနာသည် သမာဓိဖြစ်ဖို့ရန် ထူးကဲသော အကြောင်း တရား တစ်ခုပင် ဖြစ်သည်။ (အနုဋီ၊၁၊၉၅။)

လေငြိမ်သက်သော အရပ်၌ ဆီမီးလျှံတို့၏ တည်ငြိမ်ခြင်းကဲ့သို့ စိတ်၏ တည်ငြိမ်ခြင်းသဘော တည်ငြိမ် ကြောင်းသဘောဟု သမာဓိကို မှတ်သားပါ။ ဤဆီမီးလျှံ၏ တည်ငြိမ်ပုံကို ဥပမာပြသဖြင့် --- စေတသော ဌိတိ အရ စိတ်၏ တည်ငြိမ်ခြင်းသဘော တည်ငြိမ်ကြောင်းသဘောဟူသည် စိတ္တက္ခဏတစ်ခု၏ တည်ခြင်းကို မဆိုလို၊ အဆက်မပြတ် တောက်လောင်နေသော ဆီမီးလျှံအစဉ်ကဲ့သို့ အဆက်မပြတ်ဖြစ်နေသော စိတ်အစဉ် သန္တာန်၏ တည်ခြင်းကို သမာဓိဟု ဆိုလိုသည် မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၁၆၂။ မူလဋီ၊၁၊၈၈။ မဟာဋီ၊၂၊၁၄၂။)

မှတ်ချက် --- စတုတ္ထစျာန်သမာဓိနှင့် ဥပေက္ခာဝေဒနာနှင့် ယှဉ်သော သမာဓိတို့၌ ပဒဋ္ဌာန်ကို အထူးမဖော်ပြ သဖြင့် ဝတ္ထု + အာရုံ + ဖဿ ဦးဆောင်သည့် သမ္ပယုတ်တရားတို့သည်ပင် ပဒဋ္ဌာန်ဖြစ်သည်ဟု မှတ်ပါ။

ဤအထက်ပါ သမာဓိနှင့် ပတ်သက်သော အရပ်ရပ်သော ရှင်းလင်းချက်များကို ပြန်လည် သုံးသပ်ကြည့်ပါ။ ကုသိုလ်သမာဓိ၌ ယထာဘူတဉာဏ်အမြင်ကို ဖြစ်စေနိုင်သည့် စွမ်းအင်များ ပြည့်ဝ စုံညီလျက် ရှိကြောင်း ပေါ်လွင် ထင်ရှားလျက် ရှိ၏။ ယင်းသို့ဖြစ်လျှင် အသင်သူတော်ကောင်းသည် သမာဓိ ထူထောင်မှုကို အဘယ်ကြောင့် ရွံရှာ စက်ဆုပ်လျက် ရှိနေရပါသနည်း?

သမာဓိသည် ယထာဘူတဉာဏ်အမြင်ကို ရရှိအောင် ရွက်ဆောင်ပေးနိုင်၏။ သစ္စာလေးပါးကို ထွင်းဖောက် သိမြင်စေနိုင်၏။ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို ဖြစ်စေနိုင်၏။ အရဟတ္တမဂ်ဉာဏ် ဖိုလ်ဉာဏ် တိုင်အောင်သော ယထာဘူတဉာဏ်အမြင်သည် ကိလေသာ အာသဝေါတရားတို့ကို ကုန်ခန်းစေနိုင်၏။ သံသရာ ဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်လွတ် ထွက်မြောက်စေနိုင်၏။ ဤမျှကြီးမားသော စွမ်းအားရှိသော သမာဓိကို ဘုရားအစရှိသော သူတော်ကောင်းတို့သည် နှစ်သက် မြတ်နိုးတော်မူကြ၏။ ချီးမွမ်း မြှောက်စားတော်မူကြ၏။

ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယိ သုစိံ၊ သမာဓိမာနန္တရိကညမာဟု။

သမာဓိနာ တေန သမော န ဝိဇ္ဇတိ၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ (သုတ္တနိပါတ၊၃၁၂။)

ဗုဒ္ဓသေဋ္ဌော = သုတဗုဒ္ဓ, သာဝကဗုဒ္ဓ (= စတုသစ္စဗုဒ္ဓ), ပစ္စေကဗုဒ္ဓဟု ခေါ်ဆိုအပ်သော ဗုဒ္ဓသုံးဆူ ချီးမွမ်း အပ်သော သူတို့ထက် ကဲသာလွန်မြတ် အထူးသဖြင့် ချီးမွမ်းတော်မူအပ်သော သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် (အံ၊ဋ္ဌ၊ ၁၊၈၉)။ သုစိံ = ကိလေသာ မြူအလှေး အညစ်အကြေးတို့မှ ကင်းဝေးစင်ပ ဖြူစင်တော်မူလှသော။ ယံ သမာဓိံ = အကြင် အရိယမဂ်နှင့် တွဲဖက်ယှဉ်ဘိ သမာဓိ တရားတော်မြတ်ကို။ ပရိဝဏ္ဏယိ = ချီးမွမ်း မြှောက်စားတော် မူခဲ့လေပြီ။ ယံ သမာဓိံ = အကြင် အရိယမဂ်နှင့် တွဲဖက်ယှဉ်ဘိ သမာဓိ တရားတော်မြတ်ကို။ အာနန္တရိကံ = မိမိကွယ်ပ အခြားမဲ့ကာလ၌ မုချဆတ်ဆတ် အရိယဖိုလ်ဟူသော အကျိုးတရားကို ပေးတတ်၏ဟူ၍။ ဗုဒ္ဓါ = သုံးဘုံကျော်ဟီး ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်။ အာဟု = သံသာကျူးသီ ဟောပြတော်မူကြလေကုန်ပြီ။ တေန သမာဓိနာ = ထို အရိယမဂ်နှင့် တွဲဖက်ယှဉ်ဘိ သမာဓိ တရားတော်မြတ်နှင့်။ သမော = တူမျှသော တစ်စုံတစ်ခုသော လောကီသမာဓိ တရားမျိုးသည်။ န ဝိဇ္ဇတိ = မရှိသည်သာလျှင်တည်း။ ဓမ္မေ = အရိယမဂ်နှင့် တွဲဖက်ယှဉ်ဘိ သမာဓိ တရားတော်မြတ်၌။ ဣဒမ္ပိ ရတနံ = ဤမြတ်နိုးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ်အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်းသည်လည်း။ ပဏီတံ = ထူးမြတ်တော်မူလှပါပေ၏။ ဧတေန သစ္စေန = ဝစီမင်္ဂလာ ဤသစ္စာစကားကြောင့်။ ပါဏီနံ = အပေါင်းများစွာ သတ္တဝါတို့အား။ သုဝတ္ထိ = ဘေးရန်ကုန်ကင်း ချမ်းသာ အေးမြခြင်းသည်။ ဟောတု = မုချမသွေ ဖြစ်ပါစေသတည်း။ (သုတ္တနိပါတ၊၃၁၂။)

ဤအထက်ပါ ရတနသုတ္တန်ဝယ် ဘုရားရှင်သည် အရိယမဂ်နှင့် ယှဉ်တွဲလျက်ရှိသော မဂ္ဂသမာဓိကို အထွတ် အမြတ်ပြုလျက် ချီးမွမ်း မြှောက်စားထားတော်မူခဲ့၏။ သို့သော် အရိယမဂ်တရားတို့မည်သည် အရိယမဂ်သမာဓိတို့ မည်သည် ဝိပဿနာဉာဏ် ဝိပဿနာသမာဓိတို့က အဆင့်ဆင့် ကျေးဇူးပြုပေးပါမှ ဖြစ်ပေါ်လာနိုင်ကြသော တရားမျိုးတို့ ဖြစ်ကြ၏။

ပဌမဿ မဂ္ဂဿ ပရိကမ္မံ ပဌမဿ မဂ္ဂဿ ဥပနိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁၄၆။)

ဧဝံ သဗ္ဗတ္ထ တဿ တဿ ဥပကာရကဘာဝဝသေန ဥပနိဿယပစ္စယတာ ဝေဒိတဗ္ဗာ။ (အဘိ၊ဋ္ဌ၊၃၊၄၄၃။)

ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။ (သံ၊၁၊၃၄၄။)

ဤ ဒေသနာတော်များနှင့်အညီ ဝိပဿနာဉာဏ် ဝိပဿနာသမာဓိတို့က အဆင့်ဆင့် ဥပနိဿယ ပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးပါမှ အရိယမဂ်ဉာဏ် အရိယမဂ်သမာဓိသည် ဖြစ်ပေါ်လာနိုင်၏။ တစ်ဖန် အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း သစ္စသံယုတ် သမာဓိသုတ္တန် (သံ၊၃၊၃၆၃။)၌ ဘုရားရှင် ဟောကြားထားတော်မူသည်နှင့်အညီ သစ္စာလေးပါးကို ထိုးထွင်း သိမြင်တတ်သည့် ယထာဘူတဉာဏ်အမြင် ရရှိရေးအတွက် ဥပစာရသမာဓိ အပ္ပနာ သမာဓိဟူသော နှစ်မျိုးသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိကိုကား ရှေးဦးစွာ ရရှိအောင် ကြိုးပမ်းရမည်သာ ဖြစ်ပေသည်။ ထိုသမာဓိကား အသင်သူတော်ကောင်း၏ စိတ်အစဉ်ကို နိဗ္ဗာန်သို့တိုင်အောင် တစ်ဆင့် ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် မြှင့်တင်ပေးနေသော စွမ်းအားကြီးငါးရပ် ဗလငါးတန်တို့တွင် တစ်ခု အပါ အဝင်ပင် ဖြစ်ပေသည်။ ထိုကြောင့် အသင်သူတော်ကောင်းသည်လည်း သမာဓိ၏ တန်ဖိုးကို နားလည် သဘော ပေါက်လျက် သမာဓိကို နှစ်သက် မြတ်နိုးတော်မူနိုင်ပါစေ။

အထက်တွင် ရေးသားတင်ပြထားခဲ့သော သမာဓိ၏ လက္ခဏ-ရသ စသည့်ရှုကွက်တို့မှာ ကုသိုလ်တရားနှင့် ယှဉ်သော သမာဓိအတွက် ဦးစားပေး၍ ဖွင့်ဆိုထားသော ရှုကွက်များဖြစ်သော်လည်း, အကုသိုလ်စိတ်တို့နှင့် ယှဉ်တွဲလျက်ရှိသော သမာဓိ, ဝိပါက်အဗျာကတ, ကိရိယာအဗျာကတတရားတို့နှင့် ယှဉ်တွဲလျက်ရှိသော သမာဓိတို့ ၌လည်း နည်းမှီး၍ ရှုပါလေ။

၄။ ဇီဝိတ

၄။ ဇီဝိတ

၁။ အတ္တနာ အဝိနိဘုတ္တာနံ ဓမ္မာနံ အနုပါလနလက္ခဏံ ဇီဝိတိန္ဒြိယံ၊

၂။ တေသံ ပဝတ္တနရသံ၊

၃။ တေသံယေဝ ဌပနပစ္စုပဋ္ဌာနံ၊

၄။ ယာပယိတဗ္ဗဓမ္မပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၁၆၇။)

ရူပါရူပဇီဝိတိန္ဒြိယာနံ သမာနလက္ခဏာဒိံ ဝတ္တုံ အတ္တနာ အဝိနိဘုတ္တဓမ္မာနန္တိ အာဟ။ (မူလဋီ၊၁၊၉၀။)

၁။ မိမိနှင့် အသီးအခြား မခွဲခြားအပ်ကုန်သော အတူဖြစ်ဖက်

= သဟဇာတ်တရားတို့ကို စောင့်ရှောက်ခြင်းသဘော လက္ခဏ၊

၂။ ထို အတူဖြစ်သော သဟဇာတ်တရားတို့ကို ဥပါဒ်မှ ဘင်တိုင်အောင်

ဖြစ်စေခြင်း = မျှစေခြင်း = အသက်ရှည်စေခြင်း (ကိစ္စ) ရသ၊

၃။ ထို အတူဖြစ်သော သဟဇာတ်တရားတို့ကိုပင် ဘင်မတိုင်မီ

တည်အောင် ထားတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိသည် ဖြစ်စေအပ် = မျှစေအပ် = အသက်ရှည်စေအပ် = ရောက်စေအပ်သောတရား ပဒဋ္ဌာန်။

သမ္ပယုတ္တာနံ --- ဟုဆိုလိုက်လျှင် သမ္ပယုတ္တပစ္စည်းတပ်သော နာမ်တရားနှင့်သာ ဆိုင်၏။ ဤ၌ကား ရုပ်ဇီဝိတိန္ဒြေ နာမ်ဇီဝိတိန္ဒြေ နှစ်မျိုးတို့၏ သဘာဝ လက္ခဏာ စသည်တို့ တူညီမှုရှိပုံကို ဖွင့်ဆိုခြင်းငှာ --- အတ္တနာ အဝိနိဘုတ္တာနံ ဓမ္မာနံ = မိမိနှင့် အသီးအခြား မခွဲခြားအပ်ကုန်သော အတူဖြစ်ဖက် သဟဇာတ်တရားတို့ကို စောင့်ရှောက်ခြင်း သဘောလက္ခဏာ ရှိ၏ --- ဤသို့ ဖွင့်ဆိုထားတော်မူ၏။ (မူလဋီ၊၁၊၉၀။)

ထိုကြောင့် ရုပ်ဇီဝိတိန္ဒြေကို ရုပ်ပိုင်း၌ ဖွင့်ဆိုရေးသားခဲ့ပြီး ဖြစ်သဖြင့် နာမ်ဇီဝိတိန္ဒြေကိုသာ ကွက်၍ ဆိုရသော် လက္ခဏ-ရသ စသည်ကို အောက်ပါအတိုင်း မှတ်သားနိုင်ပါသည်။

၁။ သမ္ပယုတ္တဓမ္မာနံ အနုပါလနလက္ခဏံ ဇီဝိတိန္ဒြိယံ၊

၂။ တေသံ ပဝတ္တနရသံ၊

၃။ တေသံယေဝ ဌပနပစ္စုပဋ္ဌာနံ၊

၄။ ယာပယိတဗ္ဗဓမ္မပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၁၆၇။)

၁။ သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ခြင်းသဘော လက္ခဏ၊

၂။ ထို သမ္ပယုတ်တရားတို့ကို ဥပါဒ်မှ ဘင်တိုင်အောင် ဖြစ်စေခြင်း

မျှစေခြင်း အသက်ရှည်စေခြင်း (ကိစ္စ) ရသ၊

၃။ ထို သမ္ပယုတ်တရားတို့ကိုပင် ဘင်မတိုင်မီ တည်အောင်

ထားတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိသည် ဖြစ်စေအပ် = မျှစေအပ် = အသက်ရှည်စေအပ်

= ရောက်စေအပ်သော သမ္ပယုတ်တရား ပဒဋ္ဌာန်။

ဇီဝန္တိ တေန တံသမ္ပယုတ္တကာ ဓမ္မာတိ ဇီဝိတံ၊ အနုပါလနလက္ခဏေ ဣန္ဒဋ္ဌံ ကာရေတီတိ ဣန္ဒြိယံ၊ ဇီဝိတမေဝ ဣန္ဒြိယံ ဇီဝိတိန္ဒြိယံ၊ တံ ပဝတ္တသန္တတာဓိပတေယျံ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၁၆၇။)

ပဝတ္တသန္တတာဓိပတေယျန္တိ ပဝတ္တသင်္ခါတာယ သန္တတိယာ အဓိပတိဘူတံ။ ဇီဝိတိန္ဒြိယဿ ဟိ အတ္တနော ဝိဇ္ဇမာနက္ခဏေ အနုပါလေန္တဿ အနန္တရဉ္စ သာနုပါလနာနံ ဥပ္ပတ္တိယာ ဟေတုဘူတဿ ဝသေန ပဝတ္တံ စိရဋ္ဌိတိကံ ဟောတိ၊ တံတံကမ္မဝိသေသေန ဝိသေသယုတ္တံ ယာဝ စုတိ အဝိသေသေန ဝါ ယာဝ ပရိနိဗ္ဗာနံ အဝိစ္ဆိန္နံ ပဝတ္တတိ ဇီဝမာနတာဝိသေသယုတ္တဉ္စာတိ။ (မူလဋီ၊၁၊၉၀)

ပဝတ္တံ ဥပါဒိန္နက္ခန္ဓံ။ စိရဋ္ဌိတိကံ ဟောတီတိ ဧတေန န ကေဝလံ အနုပါလေတဗ္ဗဓမ္မာနံ ခဏဋ္ဌိတိယာယေဝ၊ အထ ခေါ ပဗန္ဓာနုပစ္ဆေဒဿပိ ဇီဝိတံ ကာရဏန္တိ ဒေဿတိ။ အညထာ ဟိ အာယုက္ခယမရဏံ န ယုဇ္ဇေယျာတိ။ (အနုဋီ၊၁၊၉၇။)

ဤဇီဝိတကြောင့် သမ္ပယုတ်တရားတို့သည် (အတူဖြစ်ဖက် သဟဇာတ်တရားတို့သည်) အသက်ရှင်ကြရ ကုန်၏၊ အသက်ရှည်ကြရကုန်၏၊ ထိုကြောင့် သမ္ပယုတ်တရားတို့၏ အသက်ရှင်ကြောင်း အသက်ရှည်ကြောင်း သဘောတရားသည် ဇီဝိတ မည်၏။ သမ္ပယုတ်တရားတို့ကို အသက်ရှင်အောင် အသက်ရှည်အောင် စောင့်ရှောက်ခြင်း အနုပါလနလက္ခဏာ၌ မိမိ၏ အစိုးရမှုကို သမ္ပယုတ်တရားတို့က ပြုစေတတ်သောကြောင့် ဣန္ဒြိယ မည်၏။

အနုပါလနလက္ခဏေ ဣန္ဒဋ္ဌံ ကာရေတိ

အနုပါလနလက္ခဏေ ဣန္ဒဋ္ဌံ ကာရေတိ

ဇီဝိတစေတသိက်သည် သမ္ပယုတ်တရားတို့ကို အသက်ရှင်အောင် စောင့်ရှောက်ခြင်း = အနုပါလနလက္ခဏာ အရာ၌ မိမိကို မင်းမြှောက်စေသကဲ့သို့ အစိုးရသူ၏ အဖြစ်ဟူသော ရာထူးကို သမ္ပယုတ်တရားတို့ကို ပြုလုပ်စေ သည်၊ သမ္ပယုတ်တရားတို့က ပြုပေးရသည်။ ဇီဝိတ မပါလျှင် သမ္ပယုတ်တရားတို့မှာ အနုပါလနသဘော မရှိကြ၊ ထိုအနုပါလန လုပ်ငန်းကို ဇီဝိတကသာ ပြုလုပ်နိုင်၏။ ထိုအနုပါလန လုပ်ငန်းကိစ္စကို ပြုလုပ်နိုင်စွမ်းသော မိမိကို သမ္ပယုတ်တရားတို့က အကြီးအချုပ်အဖြစ် ဝိုင်းဝန်း၍ မြှောက်တင်ရန် ဇီဝိတကပင် သမ္ပယုတ်တရားတို့ကို ပြုလုပ် စေသကဲ့သို့ ဖြစ်သည်ဟု ဆိုလိုသည်။

[နားလည်သဘောပေါက်နိုင်အောင် နည်းအမျိုးမျိုးဖြင့် ရှင်းပြနေသော တဒ္ဓမ္မူပစာရစကားများဟု မှတ်ပါ။ အခြား ဣန္ဒြေထိုက်သော တရားတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။]

ဇီဝိတနှင့် ဣန္ဒြိယ နှစ်ခုကို ပေါင်းစပ်၍ ဇီဝိတိန္ဒြေဟု ခေါ်ဆိုသည်။ ထို ဇီဝိတိန္ဒြေဟူသည် တဏှာ ဒိဋ္ဌိတို့သည် ကပ်ရောက်အပ်သော ကံသည် အကျိုး၏ အဖြစ်ဖြင့် စွဲယူအပ်သော ပဋိစ္စသမုပ္ပါဒ်သဘောအရ ကြောင်း-ကျိုး ဆက်နွယ်လျက် အဆက်မပြတ် ဖြစ်၍နေသော ပဝတ္တ အမည်ရသော ဥပါဒိန္နက ခန္ဓာအစဉ်၏ အကြီးအကဲ ဖြစ်၏။

ဤ ဇီဝိတိန္ဒြေကြောင့် အတူဖြစ်သော သဟဇာတ်တရားတို့သည် ဥပါဒ်မှ ဘင်တိုင်အောင် တည်နိုင်ကြ၏၊ ယင်းသို့ ဇီဝိတိန္ဒြေ ဖြစ်ခိုက်ဝယ် ဥပါဒ်-ဌီ-ဘင် ခဏတ္တယ အခိုက်၌ ဇီဝိတိန္ဒြေကြောင့် အတူဖြစ်သော တရားတို့၏ ဥပါဒ်မှသည် ဘင်သို့တိုင်အောင် တည်နိုင်မှုကိုပင် ဇီဝိတကြောင့် သမ္ပယုတ်တရားတို့သည် အသက်ရှင်ကြရကုန်သည်ဟု ဆိုခြင်း ဖြစ်၏။ တစ်ဖန် ရှေးရှေး ဇီဝိတသည် မိမိ၏နောက်၌ ဇီဝိတနှင့် တကွသော အလားတူ သဟဇာတ်တရားတို့ ဖြစ်ဖို့ရန်လည်း ကျေးဇူးပြုပေး၏။ ယင်းသို့ ဇီဝိတက ကျေးဇူးပြုပေးခြင်းကြောင့် အဆက်မပြတ် ဖြစ်၍နေသော ဥပါဒိန္နက ခန္ဓာအစဉ်သည် ကြာမြင့်စွာ တည်ရှိနိုင်ခြင်း ဖြစ်၏။ ယင်းသို့ ကျေးဇူးပြုမှုကို လက်မခံ နိုင်လျှင် သက်တမ်းကုန်၍ သေရခြင်း = အာယုက္ခယမရဏဟူသည် မရှိသင့်သည်သာ ဖြစ်လေရာသည်။ ယင်းသို့ ဇီဝိတကြောင့် အဆက်မပြတ် ဖြစ်၍နေသော ဥပါဒိန္နက ခန္ဓာအစဉ်၏ ကြာမြင့်စွာ တည်ရှိနိုင်ခြင်းကို ဇီဝိတကြောင့် အတူဖြစ်သော သဟဇာတ်တရားတို့သည် အသက်ရှည်ကြရကုန်သည်ဟု ဆိုခြင်း ဖြစ်၏။

ထိုဇီဝိတ၏ ကျေးဇူးပြုမှုကြောင့် ဥပါဒိန္နက ခန္ဓာအစဉ်၏ ကြာမြင့်စွာ တည်ရှိမှုသည် ထိုထို တစ်ဘဝကို ဖြစ်စေတတ်သော ကမ္မသတ္တိထူးနှင့် ယှဉ်ခဲ့လျှင် ဇီဝိတသည် စုတိတိုင်အောင်လည်းကောင်း, ကံထူးမမ သာမည ဇီဝိတိန္ဒြေဖြစ်ခဲ့လျှင် ထိုဇီဝိတသည် ပရိနိဗ္ဗာန်စံသည့်တိုင်အောင်လည်းကောင်း ကျေးဇူးပြုပေးရကား ထိုထို စုတိ ထိုထို ပရိနိဗ္ဗာန်သို့တိုင်အောင် မပြတ်မစဲဖြစ်၍ တည်နိုင်ပေသည်။ (မူလဋီ၊၁၊၉၀။ အနုဋီ၊၁၊၉၇ - ကြည့်။)

လက္ခဏ --- သမ္ပယုတ္တာနံဟု ဆိုလျှင် သမ္ပယုတ္တပစ္စည်းတပ်သော နာမ်တရားနှင့်သာ ဆိုင်၏၊ ဤ၌ကား ရုပ်နာမ် နှစ်မျိုးလုံးနှင့် သက်ဆိုင်အောင် အတ္တနာ အဝိနိဘုတ္တာနံ ဓမ္မာနံ --- မိမိနှင့် အသီးအခြား မခွဲခြားအပ် ကုန်သော အတူဖြစ်ဖက်တရားတို့ကို စောင့်ရှောက်ခြင်း သဘောလက္ခဏာရှိ၏ဟု ဆိုသည်။ ရေသည် ကြာကို စောင့်ရှောက်၏ဟု ဆိုသော်လည်း စောင့်ရှောက်ထိုက်သော ကြာ စသောဝတ္ထု ရှိဆဲခဏ၌သာ စောင့်ရှောက်နိုင်၏၊ စောင့်ရှောက်ထိုက်သော ကြာစသော ဝတ္ထုသည် မရှိခဲ့သော် ရေသည် အဘယ်အရာကို စောင့်ရှောက်နိုင်ရာတော့ အံ့နည်း၊ မစောင့်ရှောက်နိုင်တော့သည်သာ ဖြစ်၏။ အလားတူပင် ဇီဝိတက အတူဖြစ်ဖက် သဟဇာတ်တရားတို့ကို စောင့်ရှောက်ရာ၌လည်း စောင့်ရှောက်ထိုက်သော တရားတို့ = အစောင့်ရှောက်ခံတရားတို့ ထင်ရှားရှိဆဲ ခဏ၌ သာလျှင် စောင့်ရှောက်ခြင်းစသော လုပ်ငန်းအစီအရင်တို့ကို ပြုလုပ်နိုင်၏၊ သို့သော် ချုပ်ပျက်မသွားအောင်ကား စောင့်ရှောက်၍ မထားနိုင်။

နို့ထိန်းသည် သူတစ်ပါးကြောင့် ဖြစ်ပေါ်လာသော သူတစ်ပါး၏ သားသမီးကို စောင့်ရှောက်သကဲ့သို့ အလားတူပင် ဇီဝိတသည်လည်း မိမိတို့၏ ကိုယ်ပိုင်ဥစ္စာဟူသော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဟူသော အကြောင်းတရား, စိတ် ဥတု အာဟာရဟူသော အကြောင်းတရား, ဝတ္ထု အာရုံ ဖဿဟူသော အကြောင်းတရား ဤသို့စသည့် ထိုထို အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်လာကြရကုန်သော ရုပ်နာမ် ပစ္စယုပ္ပန်တရားတို့ကို အသီးအသီး စောင့်ရှောက်ပေး၏။

လှေကို တစ်ဘက်ကမ်းသို့ ပို့နေသော လှေသူကြီးသည် လှေကိုသာ တစ်ဘက်ကမ်းသို့ ရောက်အောင် လှော်ခတ်လျက် ပို့သော်လည်း ထိုမှာဘက်သို့ ရောက်စေ ဖြစ်စေအပ်သော လှေနှင့် မိမိသည်လည်း ဆက်စပ်လျက် ဖြစ်တည်နေသဖြင့် မိမိကိုယ်ကိုလည်း မိမိ ထိုမှာဘက်ကမ်းသို့ ရောက်အောင် ပို့ဆောင်ရာ ရောက်နေသကဲ့သို့ --- အလားတူပင် မိမိသည် ဥပါဒ်မှသည် ဘင်သို့တိုင်အောင် ဖြစ်စေအပ် မျှစေအပ် အသက်ရှည်စေအပ်သော တရားနှင့် ဆက်စပ်သဖြင့်သာလျှင် မိမိသည်လည်း ဖြစ်တည်နိုင်သောကြောင့် အတူဖြစ်သော သဟဇာတ်တရား တို့ကို စောင့်ခြင်းဖြင့် မိမိကိုယ်ကိုလည်း တစ်ဖန်ပြန်၍ စောင့်ရှောက်ပြီးသာ ဖြစ်တော့သည်ဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၁၆၇။)

ရသ --- အတူဖြစ်သော သဟဇာတ်တရားတို့ကို ဥပါဒ်မှ ဘင်တိုင်အောင် ဖြစ်စေခြင်း မျှစေခြင်း အသက်ရှင် စေခြင်း အသက်ရှည်စေခြင်း ဖြစ်စေခြင်း ကိစ္စရှိသည်ဟု ဆိုသော်လည်း ဘင်ကာလမှ အထက်ဖြစ်သော နောက် ကာလ၌ သဟဇာတ်တရားတို့ကို မဖြစ်စေနိုင်ပေ။ မိမိဟူသော ဇီဝိတိန္ဒြေ၏လည်းကောင်း, ဖြစ်စေထိုက်သော သဟဇာတ်တရားတို့၏လည်းကောင်း ဘင်ကာလ၏ အထက်ဖြစ်သော နောက်ပိုင်းကာလ၌ မရှိကြတော့ခြင်းကြောင့် ဖြစ်သည်။ ဤ၌ ဥပါဒ်မှသည် ဘင်သို့တိုင်အောင် သဟဇာတ်တရားတို့ကို ဖြစ်စေ၏ဟု ဆိုသော်လည်း မကွယ်မပျောက်သေးဘဲ ထင်ရှားရှိနေခြင်းကိုသာ ဆိုလိုသည်။ မဖြစ်ပေါ်သေးသော တရားကို ဖြစ်ပေါ်စေသော ဖြစ်စေခြင်းမျိုးကား မဟုတ်ဟု မှတ်ပါ။ မဖြစ်ပေါ်သေးသော တရားတို့ကို ဖြစ်ပေါ်စေတတ်သော ဇနက အကြောင်း တရား ဥပတ္ထမ္ဘက အကြောင်းတရားတို့ကား သီးခြား ရှိကြ၏။ ဤ ဇီဝိတမှာ ဆိုင်ရာအကြောင်းတရားတို့ကြောင့် ဖြစ်ပြီးတရားတို့ကိုသာ အနုပါလကသတ္တိဖြင့် စောင့်ရှောက်တတ်သော တရားတစ်မျိုးသာ ဖြစ်၏။ ဤ ဇီဝိတသည် မိမိက အနုပါလကသတ္တိဖြင့် စောင့်ရှောက်ရမည့် တရားတို့ကို ဥပါဒ်မှသည် ဘင်သို့တိုင်အောင် တည်တံ့ရေး ခဏဌိတိ အတွက်သာမက ရုပ်နာမ် သန္တာန်အစဉ်အားဖြင့် ေ့ရှ နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်စေခြင်း တည်စေခြင်း ပဗန္ဓဌိတိ အတွက်လည်း ကျေးဇူးပြုလျက်ပင် ရှိပေသည်။

ဝိပါက် နာမ်တရားများနှင့် ဝိပါက် ကမ္မဇရုပ်တို့၏ အကြောင်းတရားတို့မှာ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားအပ်သော သင်္ခါရ ကံတို့ ဖြစ်ကြ၏။ စိတ်သည် စိတ္တဇရုပ်၏၊ ဥတုသည် ဥတုဇရုပ်၏၊ အာဟာရသည် အာဟာရဇရုပ်၏ အကြောင်းတရားများ ဖြစ်ကြ၏။ ဝတ္ထု, အာရုံ, ဖဿ, ယောနိသောမနသိကာရ, အယောနိသောမနသိကာရစသော အကြောင်းတရားတို့သည် ကုသိုလ် အကုသိုလ် ကြိယာ အဗျာကတစသော ထိုထို တရားတို့၏ ထိုက်သည့်အားလျော်စွာ အကြောင်းတရားတို့ ဖြစ်ကြ၏။ ယင်းသို့ ဆိုင်ရာအကြောင်းတရားများကြောင့် ဖြစ်ပေါ် လာကြရကုန်သော ရုပ်နာမ်ခန္ဓာတို့ကို ဥပါဒ်မှသည် ဘင်သို့ မတိုင်မီ ကာလအတွင်း၌ မျှစေခြင်း အသက်ရှင်စေခြင်း အသက်ရှည်စေခြင်းကိုပင် ဖြစ်စေခြင်းဟု ဆိုသည်။

အထက်ပါ နို့ထိန်း ဥပမာ၌ ကလေးသည် နို့ထိန်းက မွေးလိုက်ရသော နို့ထိန်းကြောင့် ဖြစ်လာရသော ကလေးသူငယ် မဟုတ်သော်လည်း ကလေးသူငယ် မသေအောင် နို့ထိန်းက အသက်ရှင်စေ အသက်ရှည်စေ သကဲ့သို့ ကလေးသူငယ်၏ ရုပ်နာမ်ခန္ဓာအစဉ်ကို မသေမီ ဆက်လက် ဖြစ်စေ တည်စေသကဲ့သို့ အလားတူပင် ဇီဝိတက သဟဇာတ်တရားတို့ကို ဖြစ်စေရာ၌ နို့ထိန်းက ကလေးသူငယ်အား ဖြစ်စေခြင်းကဲ့သို့သော ဖြစ်စေခြင်းမျိုး ဟုမှတ်ပါ။

ပစ္စုပဋ္ဌာန် --- အတူဖြစ်သော သဟဇာတ်တရားတို့ကို ဘင်မတိုင်မီသာ ဖြစ်အောင် တည်အောင်ထားနိုင်၏၊ ဘင်ခဏ၌ကား မိမိ ဇီဝိတကိုယ်တိုင်က ပျက်ဆဲဖြစ်နေသောကြောင့် သဟဇာတ်တရားတို့ကို ဖြစ်အောင် တည်အောင် မထားနိုင်။ ကုန်ခန်းဆဲဖြစ်သော မီးစာနှင့် ဆီသည် ဆီမီးလျှံကို ဆက်လက်တည်တံ့အောင် မထားနိုင် သကဲ့သို့ မှတ်ပါ။ ထိုသို့ပင် ဇီဝိတသည် အတူဖြစ်သော သဟဇာတ်တရားတို့ကို မိမိထင်ရှားရှိဆဲ အတ္ထိခဏ၌သာ စောင့်ရှောက်နိုင်, ဘင်ခဏမှ အထက်၌ မဖြစ်စေနိုင်, ဘင်ခဏ၌ တည်တံ့အောင် မထားနိုင်ပါသော်လည်း ---

(က) စောင့်ရှောက်နိုင်ခြင်းဟူသော အာနုဘော်

( ခ ) ဖြစ်စေနိုင်ခြင်းဟူသော အာနုဘော်

( ဂ ) တည်တံ့အောင် ထားနိုင်ခြင်းဟူသော အာနုဘော်

ဤ အာနုဘော် သုံးမျိုးမှ ကင်းသွားသည်ကား မဟုတ်၊ အဘယ်ကြောင့်နည်းဟူမူ --- အကြင် အကြင် ဆိုအပ်ခဲ့ပြီးသော မိမိ ထင်ရှားရှိဆဲခဏ, ဥပါဒ်မှ ဘင်မတိုင်မီခဏ စသောခဏ၌ အတူဖြစ်သော တရားတို့ကို စောင့်ရှောက်ခြင်း, ဥပါဒ်မှ ဘင်မတိုင်မီ ဖြစ်တည်စေခြင်း, တည်တံ့အောင် ထားခြင်းဟူသော ထိုထို လုပ်ငန်း ကိစ္စကို ပြီးစီးစေနိုင်ခြင်းကြောင့်ဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၁၆၇။)

ဤ၌ ဇီဝိတ၏ အတူဖြစ်သော သဟဇာတ်တရားတို့ကို ---

၁။ စောင့်ရှောက်နိုင်ခြင်းဟူသော သဘောကား အနုပါလန လက္ခဏာတည်း။

၂။ ဖြစ်စေနိုင်ခြင်းဟူသော သဘောကား ပဝတ္တန ရသတည်း။

၃။ တည်တံ့အောင် ထားနိုင်ခြင်းဟူသော သဘောကား ဌပန ပစ္စုပဋ္ဌာန်တည်း။

တံသာဓနဉ္စ ဇီဝမာနဝိသေသပစ္စယဘာဝတော။ (မူလဋီ၊၁၊၉၀။)

ဇီဝမာနဝိသေသပစ္စယဘာဝတောတိ သဟဇာတာနံ ဇီဝမာနတာဝိသေသဿ ပစ္စယဘာဝတော။ ဣန္ဒြိယဗဒ္ဓဿ ဟိ မတရူပတော ကမ္မဇဿ စ ဥတုဇာဒိတော ဝိသေသော ဇီဝိတိန္ဒြိယကတောတိ။ (အနုဋီ၊၁၊၉၇။)

ဇီဝိတိန္ဒြေက ထို အတူဖြစ်သော သဟဇာတ်တရားတို့ကို ---

၁။ စောင့်ရှောက်ခြင်း အနုပါလန ကိစ္စ,

၂။ ဖြစ်စေခြင်း ပဝတ္တန ကိစ္စ,

၃။ တည်တံ့အောင် ထားနိုင်ခြင်း ဌပန ကိစ္စ ---

ဤကိစ္စအရပ်ရပ်ကို ပြီးစီးစေခြင်းသည် ဇီဝမာန ဝိသေသ = မိမိနှင့်တကွသော သဟဇာတ်တရားတို့၏ အသက်ရှင်မှုဟူသော သက်ရှိ ဇီဝလောက၏ ထူးခြားမှု အကြောင်းတရား ဖြစ်သောကြောင့် ပြီးစီးစေနိုင်ခြင်း ဖြစ်သည်။ သက်ရှိ ဇီဝလောကဖြစ်သော ဣန္ဒြိယဗဒ္ဓရုပ်၏ သက်မဲ့ အသေကောင်ရုပ်မှလည်းကောင်း, ကမ္မဇရုပ်၏ ဥတုဇရုပ် စိတ္တဇရုပ် အာဟာရဇရုပ်မှလည်းကောင်း ထူးခြားမှုကို ဇီဝိတိန္ဒြေသည် ပြုအပ်၏။ (ဇီဝိတသည် ကမ္မဇ ရုပ်ကလာပ်များ၏ အဖွဲ့အစည်း အတွင်း၌သာ ပါဝင်၍ ဥတုဇရုပ်ကလာပ် စိတ္တဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ်တို့၏ အဖွဲ့အစည်း အတွင်း၌ မပါဝင်သောကြောင့် ကမ္မဇရုပ်နှင့် ကျန်စိတ္တဇ ဥတုဇ အာဟာရဇရုပ်တို့၏ ထူးခြားမှုကို ဇီဝိတကပင် ပြုလုပ်ပေးသည်ဟု ဆိုလိုသည်။) ထိုကြောင့် ဇီဝိတသည် မိမိနှင့်တကွသော သဟဇာတ် တရားတို့၏ အသက်ရှင်မှုဟူသော သက်ရှိ ဇီဝလောက၏ ထူးခြားမှု အကြောင်းတရားဖြစ်သည် ဟူ၏။

ပဒဋ္ဌာန် --- ကြာပင်ကို စိမ်းရွှင်လန်းဆန်းအောင် အသက်ရှင်အောင် စောင့်သော ရေသည် ကြာပင် ရှိမှ သာ စောင့်ရှောက်နိုင်၍ ကြာပင် မရှိက မစောင့်ရှောက်နိုင်သကဲ့သို့ ထို့အတူ ဇီဝိတသည် မိမိ စောင့်ရှောက်ရမည့် သဟဇာတ်တရားတို့ ထင်ရှားရှိပါမှသာလျှင် ယင်းသဟဇာတ်တရားတို့ကို မိမိက စောင့်ရှောက်ခွင့်ရနိုင်၍ မိမိ စောင့်ရှောက်ရမည့် သဟဇာတ်တရားတို့သည် ထင်ရှားမရှိပါက မစောင့်ရှောက်နိုင်သောကြောင့် ဇီဝိတဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းတရားမှာ မိမိသည် မျှစေအပ် အသက်ရှည်စေအပ် ဖြစ်စေအပ် ရောက်စေအပ်သော သဟဇာတ်တရားစုပင် ဖြစ်ပေသည်။

ရှုကွက် --- ဤ ဇီဝိတသည်လည်း စိတ်အားလုံးနှင့် ယှဉ်သော စိတ်အားလုံးနှင့် ဆက်ဆံသော သဗ္ဗစိတ္တသာဓာရဏစေတသိက် တစ်မျိုးပင်ဖြစ်၍ မိမိ သိမ်းဆည်းရှုပွားလိုသော စိတ္တက္ခဏ အတွင်း၌ ရှိသော သမ္ပယုတ် တရားစုမှ ဇီဝိတကို ရွေးထုတ်၍ အထက်ပါ လက္ခဏ-ရသ စသည်တို့ကို ရှုပါ။ ကြွင်းကျန်သော စေတသိက်များ ၌လည်း နည်းတူပင် သဘောပေါက်ပါ။

ရုပ်သက်ဖြစ်သော ရုပ်ဇီဝိတ, နာမ်သက်ဖြစ်သော နာမ်ဇီဝိတ, --- ဤ ရုပ်ဇီဝိတ နာမ်ဇီဝိတ နှစ်မျိုးကိုပင် သတ္တဝါတို့၏ အသက်ဟု ခေါ်ဆိုလေသည်။ ထို ရုပ်ဇီဝိတ နာမ်ဇီဝိတ နှစ်မျိုးအပြင် သတ္တဝါတို့၏ ကိုယ်အတွင်း၌ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ဟူ၍ မရှိတော့ပြီ။

၅။ မနသိကာရ

၅။ မနသိကာရ

တတ္ထ အာရမ္မဏပဋိပါဒကော မနသ္မိံကာရောတိ မနသိကာရော။

၁။ သော သာရဏလက္ခဏော၊

၂။ သမ္ပယုတ္တာနံ အာရမ္မဏေ သမ္ပယောဇနရသော (သံယောဇနရသော)၊

၃။ အာရမ္မဏာဘိမုခဘာဝပစ္စုပဋ္ဌာနော။

၄။ အာရမ္မဏပဒဋ္ဌာနော။

သင်္ခါရက္ခန္ဓပရိယာပန္နော၊ အာရမ္မဏပဋိပါဒကတ္တေန သမ္ပယုတ္တာနံ သာရထိ ဝိယ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

အာရုံကို စီရင်တတ် ထင်စေတတ် ထိရောက်စေတတ်သော အာရမ္မဏပဋိပါဒကမနသိကာရသည် စိတ်၌ အာရုံကို ပြုတတ် ပြုပေးတတ်သောကြောင့် (= စိတ်၌ အာရုံကို ထင်လာအောင် ပြုပေးတတ်သောကြောင့်) မနသိကာရ မည်၏။ ထို မနသိကာရ စေတသိက်၏ လက္ခဏ စသည်မှာ ဤသို့တည်း။

၁။ သမ္ပယုတ်တရားတို့ကို အာရုံသို့ ရှေးရှူမောင်းနှင်သကဲ့သို့ ပြေးစေသကဲ့သို့ ဖြစ်ခြင်းသဘော

= သမ္ပယုတ်တရားတို့ကို အာရုံသို့ ဖြောင့်ဖြောင့်မတ်မတ် သွားစေခြင်း

မောင်းနှင်ပေးခြင်း သဘော လက္ခဏ၊

၂။ သမ္ပယုတ်တရားတို့ကို အာရုံနှင့် ယှဉ်စပ်စေခြင်း (ကိစ္စ) ရသ၊

၃။ အာရုံဘက်သို့ ရှေးရှူ မျက်နှာမူတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ အာရုံ ပဒဋ္ဌာန်။

ဤ မနသိကာရ စေတသိက်သည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်၏၊ အာရုံကို စီရင်တတ် ထင်စေတတ် အာရုံသို့ ထိရောက်စေတတ်သည်၏ အဖြစ်ကြောင့် အာဇာနည်မြင်းတို့ကို မောင်းနှင်တတ်သော ရထားထိန်းကဲ့သို့ သမ္ပယုတ် တရားတို့ကို အာရုံသို့ ရှေးရှူနှင်တတ် ပြေးစေတတ်သော တရားဟူ၍ (= အာရုံဘက်သို့ စိတ်ကို = သမ္ပယုတ်တရား တို့ကို ဦးလှည့် တွန်းပို့ပေးတတ်သော တရားဟူ၍) မှတ်ပါ။

မနသိကာရ (၃) မျိုး

မနသိကာရ (၃) မျိုး

၁။ အာရုံကို စီရင်တတ် ထင်စေတတ် ဖြစ်ပေါ်လာစေတတ်သော အာရမ္မဏပဋိပါဒကမနသိကာရ,

၂။ ဝီထိစိတ်ကို စီရင်တတ် ထင်စေတတ် ဖြစ်ပေါ်လာစေတတ်သော ဝီထိပဋိပါဒကမနသိကာရ,

၃။ ဇောစိတ်ကို စီရင်တတ် ထင်စေတတ် ဖြစ်ပေါ်လာစေတတ်သော ဇဝနပဋိပါဒကမနသိကာရ,

ဤသို့လျှင် မနသိကာရ သုံးမျိုး ရှိ၏။ ထိုတွင် ---

၁။ အာရမ္မဏပဋိပါဒကမနသိကာရကား မနသိကာရ စေတသိက်တည်း။ သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်၏။

၂။ ဝီထိပဋိပါဒကမနသိကာရကား ပဉ္စဒွါရာဝဇ္ဇန်းစိတ်တည်း။ ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် မိမိ၏ နောက်၌ စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ စသော ဝီထိစိတ်အစဉ်ကို ဆက်လက်ဖြစ်ပေါ်စေတတ်၏၊ ဝိညာဏက္ခန္ဓာ၌ အကျုံးဝင်၏။

၃။ ဇဝနပဋိပါဒကမနသိကာရကား မနောဒွါရာဝဇ္ဇန်းတည်း။ ယင်း မနောဒွါရာဝဇ္ဇန်းသည် မိမိ၏ နောက်၌ ဇောစိတ်အစဉ်ကို ဖြစ်ပေါ်လာစေတတ်၏၊ ဝိညာဏက္ခန္ဓာ၌ပင် အကျုံးဝင်၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

ထိုတွင် ဝီထိပဋိပါဒကမနသိကာရ, ဇဝနပဋိပါဒကမနသိကာရဟူသော ဤ မနသိကာရ နှစ်မျိုးကိုပင် ယောနိသောမနသိကာရ, အယောနိသောမနသိကာရဟု ကျမ်းဂန်များ၌ အသုံးများ၏။ မုချအားဖြင့် ဇောနာမ် တရားစုတို့သည်သာလျှင် ယောနိသောမနသိကာရ, အယောနိသောမနသိကာရဟူသော အမည်ကို ရရှိကြ၏။ အာဝဇ္ဇန်းတို့မှာ ဇောအလားရှိသောကြောင့်သာလျှင် ယောနိသောမနသိကာရ, အယောနိသောမနသိကာရ ဟူသော အမည်ကို ရရှိကြပေသည်။ ယင်းအာဝဇ္ဇန်း နှစ်မျိုးတို့၏ မနသိကာရ အမည်ရရှိပုံနှင့် ပတ်သက်၍ အဋ္ဌကထာများက ဤသို့ ဖွင့်ဆိုထား၏ ---

ပုရိမမနတော ဝိသဒိသမနံ ကရောတီတိပိ မနသိကာရော။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

ရှေးဘဝင်စိတ်အစဉ်မှ မတူသော ဝီထိစိတ် ဇောစိတ်အစဉ်ကို ပြုတတ်သောကြောင့် မနသိကာရ မည်သည် ဟူလို။ ဤ အထက်ပါ လက္ခဏ-ရသ စသည်တို့ကား ယင်းမနသိကာရ နှစ်မျိုး၏ လက္ခဏ-ရသ စသည်တို့ကား မဟုတ်ကုန်။ အာရမ္မဏပဋိပါဒကမနသိကာရ အမည်ရသော မနသိကာရစေတသိက်၏ လက္ခဏ-ရသ စသည် တို့သာ ဖြစ်ကြ၏။

အာရမ္မဏပဋိပါဒကမနသိကာရ = မနသိကာရ စေတသိက်

အာရမ္မဏပဋိပါဒကမနသိကာရ = မနသိကာရ စေတသိက်

ကိရိယာ ကာရော။ မနသ္မိံ ကာရော မနသိကာရော။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။)

မနမှိ ကာရော မနသိကာရော။ (ဝိသုဒ္ဓိ၊၂၊၉၆။)

မနမှိ ကာရောတိ မနသိ အာရမ္မဏဿ ကရဏံ။ ယေန ဟိ မနော အာရမ္မဏေ ကရီယတိ အာရမ္မဏေနဿ သံယောဇနတော၊ တတော ဧဝ တေန အာရမ္မဏမ္ပိ မနသိကရီယတီတိ။ (မဟာဋီ၊၂၊၁၄၇။)

မနသိကာရ စေတသိက်သည် စိတ်နှင့်ယှဉ်သော စေတသိက်တရားဖြစ်ရကား စိတ်ကိုသာ = သမ္ပယုတ်တရား တို့ကိုသာ အာရုံနှင့် ယှဉ်စပ်ပေးခြင်း ကိစ္စရသရှိသောကြောင့် ယင်းမနသိကာရသည် စိတ်ကိုသာ အာရုံ၌ ကျရောက်အောင် ပြုလုပ်ပေးနိုင်၏၊ ထိုကြောင့်ပင် စိတ်ကို အာရုံပေါ်၌ ကျရောက်အောင် = စိတ်ကို အာရုံပေါ်သို့ ဖြောင့်ဖြောင့်တန်းတန်းရောက်အောင် ပြုလုပ်ပေးလျှင် အာရုံကိုလည်း စိတ်၌ကျရောက်အောင် ပြုလုပ်ပေးသည်ပင် မည်ပေသည်။ ထိုကြောင့် မနသိ ကာရော = မနသိကာရော = စိတ်၌ အာရုံကို ပြုပေးသောတရား = စိတ်၌ အာရုံကို ယူဆောင်ပေးသောတရား = အာရုံကို နှလုံးသွင်းသောတရား ဟူလိုသည်။

နှလုံးသွင်းဟူရာ၌ စိတ်ကို နှလုံးဟု ခေါ်၏၊ ဤ စိတ်နှလုံး အတွင်းသို့ အာရုံတစ်ခုခု ပေါ်ထင်အောင် သွင်းပေးသကဲ့သို့ ပြုပေးခြင်းကို နှလုံး + သွင်းဟု ခေါ်သည်။ အမှန်အားဖြင့် ဤမနသိကာရသည် စိတ်ထဲတွင် အာရုံဝင်လာအောင် ဆွဲဆောင်သွင်းနိုင်သည်ကား မဟုတ်၊ သို့ရာတွင် မနသိကာရ၏ စွမ်းအားကြောင့် စိတ်သည် အာရုံတစ်ခုခုကို အမြဲရလျက်ရှိရကား မနသိကာရသည်ပင် အာရုံကို စိတ်နှလုံးသို့ ဆောင်ယူပေးသကဲ့သို့ တင်စား၍ တဒ္ဓမ္မူပစာရအားဖြင့် ပြောဆိုခြင်း ဖြစ်၏။

လက္ခဏ --- အာဇာနည်မြင်းကသော ရထားကို မောင်းနှင်သော ရထားထိန်းသည် အာဇာနည်မြင်းများကို လိုရာစခန်းသို့ ဖြောင့်တန်းအောင် သွားစေသကဲ့သို့ ရထားထိန်းနှင့်တူသော ဤ မနသိကာရ စေတသိက်သည် သမ္ပယုတ်တရားတို့ကိုအာရုံသို့ ရှေးရှူမောင်းနှင်သကဲ့သို့ ဖြစ်ရကား မနသိကာရကို သာရဏလက္ခဏ = သမ္ပယုတ် တရားတို့ကို အာရုံသို့ ရှေးရှူမောင်းနှင်ခြင်း သဘောလက္ခဏာ ရှိ၏ဟု ဆိုသည်။ သမ္ပယုတ်တရားတို့ကို အာရုံသို့ ရောက်အောင် ဦးလှည့် တွန်းပို့ပေးခြင်းသဘော = အာရုံသို့ ဖြောင့်တန်းအောင် သွားစေခြင်း သဘောတည်း။

ရသ --- ထိုကြောင့်ပင် သမ္ပယုတ်တရားတို့ကို အာရုံနှင့် ယှဉ်စပ်ပေးခြင်း လုပ်ငန်းကိစ္စ ရှိသည်ဟုလည်း ဆိုရပေသည်။

ပစ္စုပဋ္ဌာန် --- သတိယာ အသမ္မုဿနဝသေန ဝိသယာဘိမုခဘာဝပစ္စုပဋ္ဌာနတာ၊ မနသိကာရဿ ပန သံယောဇနဝသေန အာရမ္မဏာဘိမုခဘာဝပစ္စုပဋ္ဌာနတာတိ အယမေတေသံ ဝိသေသော။ (မဟာဋီ၊၂၊၁၄၇၊၊)

သတိကား အာရုံကို မမေ့ပျောက်သည်၏ အစွမ်းဖြင့် အာရုံဘက်သို့ ရှေးရှူမျက်နှာမူခြင်း ပစ္စုပဋ္ဌာန် ရှိ၏။ မနသိကာရမူကား သမ္ပယုတ်တရားတို့ကို အာရုံနှင့် ယှဉ်စေသည်၏ အစွမ်းဖြင့် = ယှဉ်တွဲပေးခြင်းဖြင့် အာရုံဘက်သို့ ရှေးရှူမျက်နှာမူခြင်း ပစ္စုပဋ္ဌာန် ရှိသည်။ ဤကား သတိ၏ ပစ္စုပဋ္ဌာန်နှင့် မနသိကာရ၏ ပစ္စုပဋ္ဌာန် အထူးတည်း။ (မဟာဋီ၊၂၊၁၄၇။)

ဤ မနသိကာရ စေတသိက်၏ စွမ်းအင်သတ္တိကြောင့်ပင်လျှင် စိတ်စေတသိက်တို့၌ မည်သည့်အခါမျှ အာရုံ မကင်းဆိတ်ဘဲ အာရုံတစ်ခုခုကို အမြဲတမ်း ရယူလျက် ရှိကြရလေသည်။ ရထားထိန်းနှင့် မနသိကာရသည် တူ၏၊ အာဇာနည်မြင်းများနှင့် သမ္ပယုတ်တရားတို့သည် တူကုန်၏။ ရထားဦးတည်ရာအရပ်နှင့် အာရုံသည် တူ၏။

ပဒဋ္ဌာန် --- နှလုံးသွင်းစရာ အာရုံရှိပါမှသာလျှင် အာရုံကို နှလုံးသွင်းမှုသည် ဖြစ်နိုင်သောကြောင့် အာရုံသည် မနသိကာရ ဖြစ်ပေါ်ဖို့ရန် အနီးကပ်ဆုံး အကြောင်းတရား ဖြစ်ရပေသည်။

ပြည်ဆရာတော်ဘုရားကြီး၏ မှတ်ချက်

ပြည်ဆရာတော်ဘုရားကြီး၏ မှတ်ချက်

မနသိကာရ စေတသိက်ဖြင့် နှလုံးသွင်းပါမှ အာရုံ ထင်မြင်သည်၊ ပဉ္စဒွါရာဝဇ္ဇန်းဖြင့် ေ့ရှစိတ်က နောက်စိတ် အထူးကို ပြုမှ (= ပဉ္စဒွါရာဝဇ္ဇန်းက ရှေးဘဝင်စိတ်မှ ထူးသော ဝီထိစိတ်အစဉ်ကို ပြုလုပ်ပေးပါမှ) ပဉ္စဒွါရဝီထိ ဖြစ်သည်။ ထိုအတူ မနောဒွါရာဝဇ္ဇန်းဖြင့် ရှေးစိတ်က နောက်စိတ်အထူးကို ပြုမှ (= မနောဒွါရာဝဇ္ဇန်းက ရှေး ဘဝင် စိတ်အစဉ်မှ ထူးသော ဇောစိတ်အစဉ်ကို ပြုလုပ်ပေးပါမှ) မနောဒွါရဝီထိဇော ဖြစ်သည် ဟူလိုသည်။ ဝိတက်သည် သမ္ပယုတ်တရားတို့ကို အာရုံ၌ တင်တတ်သည်။ စေတနာသည် စေ့ဆော်တတ်သည်။ မနသိကာရ သည် အာရုံကို ဆောင်တတ်သည်။ ယင်းသို့ဖြစ်သော် ဤတရားသုံးပါးသည် မထူးပြားသကဲ့သို့ ရှိ၏၊ အဘယ်သို့ ထူးပြားသနည်း ဟူမူကား ---

ဝိတက်သည် သမ္ပယုတ်တရားတို့ကို အာရုံ၌ တင်ဘိသကဲ့သို့ ဖြစ်တတ်၏။ စေတနာသည် အာရုံ၌ ဝိတက် တင်အပ်သော တရားတို့ကို မိမိနှင့်တကွ ယှဉ်စေတတ်၏၊ စစ်မြေပြင်၌ ဗိုလ်ပါကို ယှဉ်စေတတ်သော ဗိုလ်မှူးကဲ့သို့ တည်း။ မနသိကာရသည် ဝိတက်တင်အပ်သော အာရုံ၌ သမ္ပယုတ်တရားတို့ကို ရှေးရှူယှဉ်စေတတ်၏၊ အာဇာနည် မြင်းတို့ကို ရထား၌ ယှဉ်စေတတ်သော ရထားထိန်းကဲ့သို့တည်း။ ဤသို့ ဝိတက်, စေတနာ, မနသိကာရ တရား သုံးပါး ထူးပြား၏။

ဤသို့သော သဘောတရားတို့၏ သဘောလက္ခဏာ အထူးအပြားကို အဟုတ်အမှန် သိတော်မူ၍ ဟောကြားတော်မူသော သဗ္ဗညုဘုရား၌ သဒ္ဓါယုံကြည်၍ သင်ခြင်း, မေးမြန်းခြင်း, ဆောင်ရွက်ခြင်း စသော အစွမ်းဖြင့် သဘောတရားတို့၏ သဘောလက္ခဏာကို ထိထိခိုက်ခိုက် မိမိရရ သိစိ့မ်သောငှာ စားပြီးအိပ်၍ မွေ့မွေ့လျော်လျော် နေက ရဟန်းကိစ္စ မဟုတ်ချေဟု နှလုံးပြုလျက် ငဲ့ကွက်မရှိ စိစိကြပ်ကြပ် အားထုတ်လျက် တရားကိုသာ အမှုကြီး လုပ်ရာသည်ဟု ဆရာမြတ်တို့၏ အနုသာသနီကို ဋီကာဆရာ မှာထားတော်မူသည်။ (ပြည်-ဝိသုဒ္ဓိမဂ်နိဿယ၊၃၊၂၈၅။)

ဤတွင် ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာတို့ အဝင်အပါ သဗ္ဗစိတ္တသာဓာရဏ အမည်ရသော စေတသိက် (၇)လုံးတို့၏ လက္ခဏ-ရသ စသည်သည် ပြီးဆုံးပြီ ဖြစ်၏။ ယခုတစ်ဖန် ပကိဏ်း စေတသိက် (၆)လုံးတို့၏ လက္ခဏ- ရသ စသည်ကို ဆက်လက် တင်ပြအပ်ပါသည်။

၁။ ဝိတက္က = ဝိတက်

၁။ ဝိတက္က = ဝိတက်

ဝိတက္ကေတီတိ ဝိတက္ကော၊ ဝိတက္ကနံ ဝါ ဝိတက္ကော၊ ဦဟနန္တိ ဝုတ္တံ ဟောတိ။

၁။ သွာယံ အာရမ္မဏေ စိတ္တဿ အဘိနိရောပနလက္ခဏော၊

၂။ အာဟနနပရိယာဟနနရသော၊

၃။ အာရမ္မဏေ စိတ္တဿ အာနယနပစ္စုပဋ္ဌာနော၊

၄။ အာရမ္မဏပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၁၅၇။ ဝိသုဒ္ဓိ၊၁၊၁၃၈။)

အာရုံကို ကြံတတ်သောသဘော, ကြံခြင်းသဘောသည် ဝိတက် မည်၏။ စိတ်ကို အာရုံသို့ ရောက်၍ ရောက်၍သွားအောင် တင်ပေးမှုကိုပင် ကြံခြင်းဟု ပြောဆိုကြသည်။ ထိုဝိတက်၏ လက္ခဏ စသည်ကား ဤသို့တည်း။

၁။ အာရုံ၌ စိတ်ကို ရှေးရှူတင်ပေးခြင်းသဘော လက္ခဏ၊

၂။ အာရုံကို ရှေးဦးအစစွာ တီးခေါက်ခြင်း, ထက်ဝန်းကျင် တီးခေါက်ခြင်း,

ရှေးရှူတီးခေါက်ခြင်း လှည့်ပတ်၍ တီးခေါက်ခြင်း

တစ်နည်း = အာရုံကို ထပ်တလဲလဲ တီးခေါက်ခြင်း = ရှုခြင်း (ကိစ္စ) ရသ၊

၃။ အာရုံပေါ်သို့ ရောက်အောင် စိတ်ကို ရှေးရှူ ဆွဲဆောင်သွားတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ အာရုံ (ဝတ္ထု + အာရုံ + ဖဿ ...) ပဒဋ္ဌာန်။

လက္ခဏ --- မှန်ပေသည်၊ ဝိတက်သည် အာရုံ၌ စိတ်ကို တက်ရောက်စေတတ်၏၊ တင်ပေးတတ်၏၊ မင်းကျွမ်းမဝင်သော တစ်စုံတစ်ယောက်သောသူသည် မင်းကျွမ်းဝင်သော ဆွေမျိုးကိုသော်လည်းကောင်း, မိတ်ဆွေ ကိုသော်လည်းကောင်း အမှီပြု၍ နန်းတော်သို့ တက်ရောက်ခွင့်ရသကဲ့သို့ အလားတူပင် ဝိတက်ကို အမှီပြု၍ စိတ်သည် အာရုံသို့ တက်ရောက်ခွင့်ရ၏၊ ထိုကြောင့် ထိုဝိတက်ကို အာရုံ၌ စိတ်ကို ရှေးရှူတင်ပေးခြင်း သဘော လက္ခဏာရှိ၏ဟု ဆိုသည်။ စိတ်ကို အာရုံသို့ ရှေးရှူတင်ပေးလျှင် စိတ်နှင့် ယှဉ်ဖက် သမ္ပယုတ်တရားတို့ကိုလည်း အာရုံသို့ ရှေးရှူတင်ပေးပြီးသာ ဖြစ်သည်ဟု မှတ်ပါ။

မိလိန္ဒပဥှ ပါဠိတော်

မိလိန္ဒပဥှ ပါဠိတော်

အရှင်နာဂသေန မထေရ်မြတ်က ဤသို့ မိန့်ဆို၏ --- ဝိတက်သည် အာရုံကို ရှေးဦးစွာ တီးခေါက်ခြင်း အာကောဋနလက္ခဏာ ရှိ၏။ ဒါယကာတော် မင်းကြီး ...စည်ကို ရှေးဦးစွာ တီးခေါက်အပ်သကဲ့သို့ ထိုတီး ခေါက်ပြီးသည်မှ နောက်ကာလ၌ အဆက်ဆက် မြည်နေသကဲ့သို့ အဆက်ဆက် အသံပြုသကဲ့သို့ ဒါယကာတော် မင်းကြီး ...ဤဥပမာအတူသာလျှင် ရှေးဦးစွာ တီးခေါက်ခြင်းကို မှတ်သကဲ့သို့ အလားတူ အာရုံကို ရှေးဦးစွာ တီးခေါက်တတ်သော ဝိတက်ကို မှတ်ပါ။ အဆက်ဆက် မြည်ခြင်းကို အဆက်ဆက် အသံပြုခြင်းကို မှတ်အပ် သကဲ့သို့ အလားတူ အာရုံကို ထပ်တလဲလဲ သုံးသပ်တတ်သော ဝိစာရကို မှတ်ပါ။ --- ဤသို့ မိန့်ဆိုတော်မူ၏။ (မိလိန္ဒပဥှ၊၆၄။ အဘိ၊ဋ္ဌ၊၁၊၁၅၇။)

ဤ အာကောဋန လက္ခဏာကိုကား ဝိတက်၏ လုပ်ငန်းကိစ္စကို အမှီပြု၍ အရှင်နာဂသေန မထေရ်မြတ်က သို့မဟုတ် အဋ္ဌကထာဆရာတော်က မိန့်ဆိုသွားတော်မူခြင်း ဖြစ်သည်။ (အနုဋီ၊၁၊၉၄။)

သမထကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရာ၌ ဝင်လေ-ထွက်လေ ဤသို့ စသည်ဖြင့်လည်းကောင်း, ပထဝီ ကသိုဏ်းကို ရှုနေလျှင်လည်း ပထဝီ ပထဝီ ဤသို့ စသည်ဖြင့်လည်းကောင်း, ဝိပဿနာပိုင်းတွင်လည်း ရုပ်တရား တို့ကို သိမ်းဆည်းရာ၌ ရုပ်တရား ရုပ်တရားဟုလည်းကောင်း, နာမ်တရားတို့ကို သိမ်းဆည်းရာ၌ နာမ်တရား နာမ်တရားဟုလည်းကောင်း, ဝိပဿနာရှုရာ၌ အနိစ္စ အနိစ္စ ဤသို့ စသည်ဖြင့်လည်းကောင်း ဤသို့ စသည်ဖြင့် စီးဖြန်းနေခြင်းကိုပင် အာရုံပြုနေခြင်း အာရုံယူနေခြင်းကိုပင် ထိုအာရုံကို တီးခေါက်သကဲ့သို့ ဖြစ်၏ဟု ဆိုလိုသည်။ ရှေးဦးစွာ တီးခေါက်ခြင်းကား ဝိတက်, ထပ်ကာထပ်ကာ တီးခေါက်ခြင်းကား ဝိစာရ ဟူ၏။

ရသ --- အာရုံကို ရှေးဦးစွာ တီးခေါက်ခြင်း ရှေးရှူတီးခေါက်ခြင်း အာဟနန, အာရုံကို ထက်ဝန်းကျင် တီးခေါက်ခြင်း လှည့်ပတ်၍ တီးခေါက်ခြင်း ပရိယာဟနန လုပ်ငန်းကိစ္စရှိသော ဝိတက်ကြောင့် ယောဂါဝစရ ပုဂ္ဂိုလ်ကို --- အာရုံကို ဝိတက်ဖြင့် ရှေးဦးစွာ တီးခေါက်အပ်သည်ကို ဝိတက်ဖြင့် ရှေးရှူတီးခေါက်အပ်သည်ကို ဝိတက်ဖြင့် ထက်ဝန်းကျင် တီးခေါက်အပ်သည်ကို ဝိတက်ဖြင့် လှည့်ပတ်၍ တီးခေါက်အပ်သည်ကို ပြုလုပ်၏-ဟု ဆိုအပ်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၅၇။)

ပစ္စုပဋ္ဌာန် --- အာရုံပေါ်သို့ စိတ်ရောက်ရှိသွားအောင် အာရုံဘက်သို့ စိတ်ကို ရှေးရှူဆွဲဆောင် ခေါ်ငင်သွား တတ်သော သဘောတရားဟု ယောဂီ၏ ဉာဏ်တွင် ရှေးရှူထင်လာပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၅၇။)

ပဒဋ္ဌာန် --- ပဒဋ္ဌာန်နှင့် ပတ်သက်၍ သီးသန့့် ဖော်ပြချက် မရှိပေ။ ထိုကြောင့် အာရုံကိုပင် ပဒဋ္ဌာန်ဟု ဖော်ပြလိုက်ပါသည်။ တစ်နည်းဆိုရသော် (၁) ဝတ္ထု, (၂) အာရုံ, (၃) ဖဿ ဦးဆောင်သည့် သမ္ပယုတ်တရားများ သည်ပင် ပဒဋ္ဌာန်ဖြစ်သည်ဟု မှတ်ပါ။

ကတ္တုသာဓန - ဘာဝသာဓန

ကတ္တုသာဓန - ဘာဝသာဓန

ဝိတက္ကေတီတိ ဓမ္မတော အညဿ ကတ္တုနိဝတ္တနတ္ထံ ဓမ္မမေဝ ကတ္တာရံ နိဒ္ဒိသတိ။ တဿ ပန ဝသဝတ္တိဘာဝနိဝါရဏတ္ထံ ဝိတက္ကနံ ဝါတိ ဘာဝနိဒ္ဒေသော။ (မူလဋီ၊၁၊၈၈။)

ဝိတက္ကနန္တိ ဝိတက္ကနကိရိယာ၊ သာ စ ဝိတက္ကဿ အတ္တနော ပစ္စယေဟိ ပဝတ္တိမတ္တမေဝါတိ ဘာဝနိဒ္ဒေသော ဝသဝတ္တိဘာဝနိဝါရဏာယ ဟောတိ။ ယသ္မိံ အာရမ္မဏေ စိတ္တံ အဘိနိရောပေတိ၊ တံ တဿ ဂဟဏယောဂျံ ကရောန္တော ဝိတက္ကော အာကောဋေန္တော ဝိယ ပရိဝတ္တေန္တော ဝိယ စ ဟောတီတိ တဿ အာကောဋနလက္ခဏတာ ပရိယာဟနနရသတာ စ ဝုတ္တာ။ ဣဒဉ္စ လက္ခဏံ ကိစ္စသန္နိဿိတံ ကတွာ ဝုတ္တံ။ ဓမ္မာနဥှိ သဘာဝဝိနိမုတ္တာ ကာစိ ကိရိယာ နာမ နတ္ထိ၊ တထာ ဂဟေတဗ္ဗာကာရော။ ဗောဓနေယျဇနာနုရောဓေန ပန ပရမတ္ထတော ဧကသဘာဝေါပိ သဘာဝဓမ္မော ပရိယာယဝစနေဟိ ဝိယ သမာရောပိတရူပေဟိ ဗဟူဟိ ပကာရေဟိ ပကာသီယတိ။ ဧဝဥှိ သော သုဋ္ဌု ပကာသိတော ဟောတီတိ။ (အနုဋီ၊၁၊၉၄။)

အာရုံကို ကြံစည်တတ်သောကြောင့် ဝိတက်မည်၏ဟု အဋ္ဌကထာက ဖွင့်ဆိုထား၏။ ဤ၌ ကြံစည်တတ်၏ ဟူသော ဤစကားဖြင့် ဝိတက်ဟူသော တရားဓမ္မမှ အခြား တစ်စုံတစ်ခုသော ကြံစည်ခြင်း ကြိယာကို ပြုလုပ် တတ်သော အတ္တဟူသော ကတ္တားကို နစ်စေခြင်းအကျိုးငှာ ဝိတက်ဟူသော တရားဓမ္မကိုပင်လျှင် ကြံစည်ခြင်း ကြိယာကိုပင် ပြုလုပ်တတ်သော ကတ္တားဟူ၍ ညွှန်ပြ၏။

တစ်ဖန် အဋ္ဌကထာက --- ဝိတက္ကနံ ဝါ ဝိတက္ကော --- ဟု တစ်နည်း ထပ်ဖွင့်ထားတော်မူ၏။ ဘာဝသာဓန ဝိဂြိုဟ်တည်း။ ထိုဝိတက်၏ အလိုသို့ လိုက်ပါစေတတ်သည်၏ အဖြစ်ကို တားမြစ်ခြင်း အကျိုးငှာ --- ဝိတက္ကနံ ဝါ ဝိတက္ကော = ကြံစည်ခြင်း သဘောမျှသည်သာလျှင် ဝိတက်မည်၏ ဟူ၍ ဘာဝသာဓနဖြင့် ညွှန်ပြတော်မူခြင်း ဖြစ်၏။ (မူလဋီ၊၁၊၈၈။)

ကြံစည်ခြင်းဟူသည် ကြံစည်ခြင်း အမူအရာ ကြိယာတည်း။ ထို ကြံစည်ခြင်း အမူအရာ ကြိယာဟူသည် မှာလည်း --- မိမိ၏ ဆိုင်ရာအကြောင်းတရားတို့ကြောင့် ဖြစ်ခြင်းသဘောမျှသာလျှင်တည်း။ ထိုကြောင့် ဘာဝသာဓနဝိဂြိုဟ်ကို ညွှန်ပြခြင်းသည် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါ၏ (= အတ္တ၏) အလိုအတိုင်း ဝိတက်၏ ဖြစ်ပေါ်လာမှုကို တားမြစ်ခြင်းငှာ ဖြစ်ပေသည်။ အကြင်အာရုံ၌ စိတ်ကို ဝိတက်က ရှေးရှူတင်ပေး၏၊ ထိုအာရုံကို ထိုစိတ်က ရယူနိုင်လောက်အောင် ဝိတက်က ပြုလုပ်ပေးလျက် အာရုံကို ရှေးဦးစွာ တီးခေါက်သကဲ့သို့လည်းကောင်း, အာရုံကို ထပ်တလဲလဲ တီးခေါက်သကဲ့သို့လည်းကောင်း ဖြစ်တတ်၏၊ ထိုကြောင့် ထိုဝိတက်၏ အာရုံကို ရှေးဦးစွာ တီးခေါက်ခြင်း သဘောလက္ခဏာရှိကြောင်းကိုလည်းကောင်း, အာရုံကို ထပ်တလဲလဲ တီးခေါက်ခြင်း ကိစ္စရှိကြောင်း ကိုလည်းကောင်း အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ ဝိတက်၏ ဤ အာကောဋနလက္ခဏ = အာရုံကို ရှေးဦးစွာ တီးခေါက်ခြင်း သဘောလက္ခဏာကိုလည်း အာဟနန ပရိယာဟနနရသ = အာရုံကို ထပ်တလဲလဲ တီးခေါက်ခြင်း ကိစ္စရသကို အမှီပြု၍ မိလိန္ဒပဥှပါဠိတော်၌ အရှင်နာဂသေန မထေရ်မြတ်က မိန့်ဆို သွားတော်မူခြင်း ဖြစ်၏။ မှန်ပေသည် ပရမတ္ထဓမ္မတို့ဝယ် မိမိတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာမှ အလွတ်ဖြစ်သော တစ်စုံတစ်ခုသော အမူအရာ ကိရိယာမည်သည် မရှိစကောင်းပေ။ အလားတူပင် အာရုံကို ရယူတတ်သော အခြင်းအရာမည်သည်လည်း မရှိစကောင်းပေ။ သစ္စာလေးပါးကို ထိုးထွင်းသိခြင်းငှာထိုက်သော သတ္တဝါတို့၏ အတွင်းအလို အဇ္ဈာသယ ပင်ကိုဓာတ်ခံနှင့် မဆန့်ကျင်အောင် ပရမတ္ထအားဖြင့် တစ်ခုသော သဘောလက္ခဏာ သာလျှင်ရှိသော သဘာဝဓမ္မပင် ဖြစ်သော်လည်း ပရိယာယ်ဝေဝုစ် အမျိုးမျိုးတို့ဖြင့် ပညတ်တင်ကာ ပုံစံတူ စကားလုံးတို့ဖြင့် ရှင်းလင်းတင်ပြသကဲ့သို့ ဤ ဝိတက်ကိုလည်း ပုံစံတူ စကားလုံး အမျိုးမျိုးတို့ဖြင့် ရှင်းလင်းတင်ပြ ထား၏။ ဤသို့ ရှင်းလင်းတင်ပြခဲ့သော် ထိုရှင်းလင်းတင်ပြချက်သည် ကောင်းသော ရှင်းလင်းတင်ပြချက် ဖြစ်နိုင် ပေသည်။ (အနုဋီ၊၁၊၉၄။)

ဝိတက် မယှဉ်သော စိတ်များက အာရုံယူနိုင်ပုံ

ဝိတက် မယှဉ်သော စိတ်များက အာရုံယူနိုင်ပုံ

ဒွေးပဉ္စဝိညာဏ်သည် အာရုံပေါ်သို့ ရောက်အောင် တင်ပေးမည့် ဝိတက်နှင့် မယှဉ်သော်လည်း စက္ခုဝတ္ထု စသည်၌ ရူပါရုံစသော ပဉ္စာရုံတို့၏ ထိခိုက်မှုက ထင်ရှားလှသောကြောင့် မိမိစွမ်းအင်ဖြင့်ပင် အာရုံသို့ တက်ရောက် နိုင်၏။ အလွန်ထင်ရှားနေသော အာရုံ၌ သမ္ပယုတ်တရားတို့ကို (= ပဉ္စဝိညာဏ်နှင့် သမ္ပယုတ်တရားတို့ကို) ဝိတက် က တင်ပေးနေဖွယ်ရာ မလိုဟု ဆိုလိုသည်။

ဒုတိယစျာန် စသည်၌လည်း ဝိတက်ကား မရှိပေ။ ဝိတက်မရှိသော်လည်း ဘာဝနာစွမ်းအားကြောင့် ဒုတိယစျာန် စသော စိတ်များသည်လည်း အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ဆိုင်ရာ သမထနိမိတ်အာရုံပေါ်သို့ တက်ရောက်နိုင်ကြ၏။ ဤအရာတွင် ဘာဝနာစွမ်းအားနှင့် ပတ်သက်၍ ဆရာမြတ်တို့သည် အချင်းချင်း တစ်ပါးသည် တစ်ပါးနှင့် အယူအဆ မတူမျှကြချေ။

၁။ အောက်အောက်သောစျာန်ဟူသော အပ္ပနာဘာဝနာစွမ်းအားကို ဘာဝနာစွမ်းအားအရ ကောက်ယူသော ဝါဒလည်း ရှိ၏။

၂။ ဥပစာရဘာဝနာစွမ်းအားကို ဘာဝနာစွမ်းအားအရ ကောက်ယူသော ဝါဒလည်း ရှိ၏။

ဤကျမ်းကား အောက်အောက်စျာန်ဟူသော အပ္ပနာဘာဝနာစွမ်းအားနှင့် ဒုတိယစျာန် စသည် မဥပါဒ်မီ ရှေးအနီးအပါး၌ဖြစ်သော ကာမာဝစရ ဘာဝနာစိတ်ဟူသော ဥပစာရ ဘာဝနာစွမ်းအားဟူသော ဤဘာဝနာ စွမ်းအား နှစ်မျိုးလုံးကြောင့်ပင် ဒုတိယစျာန် စသည်တို့သည် ဝိတက်၏ အကူအညီမပါဘဲ ဆိုင်ရာ သမထနိမိတ် အာရုံသို့ တက်ရောက်နိုင်ကြသည်ဟု သဘောကျလျက် ရှိ၏။

ရှေး သမာဓိ ထူထောင်သည့်အပိုင်းတွင် = အာနာပါနဿတိ သမာဓိပိုင်းတွင် ရေးသား တင်ပြခဲ့ပြီးသည့် အတိုင်း စျာန်ရအောင် အားသစ်စသာရှိသေးသော သမထကမ္မိက ယောဂါဝစရသူတော်စင်သည် အောက်အောက် သောစျာန်ကို ရရှိပြီး၍ အထက်အထက်စျာန်သို့ ကူးလိုခဲ့သော် အောက်အောက်သောစျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်နိုင်ပါမှ အထက်အထက်သောစျာန်သို့ တက်ရောက်နိုင်ရကား အောက်အောက်သော စျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ထားမှု ဘာဝနာစွမ်းအားသည်လည်း အထက်အထက်သော စျာန်သို့ တက်ရောက်နိုင်ခြင်း၏ အကြောင်းတစ်ရပ်ပင် ဖြစ်သည်။

တစ်ဖန် အောက်အောက်သောစျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးသော်လည်း ဤမျှတွင် ရပ်နားမနေဘဲ အထက်အထက်သောစျာန်ကို ရရှိအောင် နောက်တစ်ဖန် ဆက်လက်၍ အာနာပါနပဋိဘာဂ နိမိတ်စသော စျာန်ရနိုင်သည့် သမထနိမိတ်အာရုံကိုပင် အာရုံပြု၍ တစ်နည်းဆိုရသော် အောက်အောက်သော စျာန်၏ အာရုံဖြစ်သော သမထနိမိတ်အာရုံကိုပင် အာရုံပြု၍ ပဉ္စကနည်းအားဖြင့် ဝိတက်ပြုတ်အောင်, စတုက္က နည်းအားဖြင့် ဝိတက် ဝိစာရပြုတ်အောင် ပြုတ်နိုင်အောင် ရည်ရွယ်၍ ယင်း သမထဘာဝနာ လုပ်ငန်းရပ်ကို ဆက်လက်၍ ကြိုးပမ်းရပြန်၏။ ဆက်လက်၍ ပွားများရပြန်၏။ ထိုသို့ ပွားများအားထုတ်ရာ၌ ဒုတိယစျာန် စသော အထက်အထက်စျာန်သည် မဥပါဒ်မီ မဖြစ်မီ ရှေးအနီးအပါး၌ ဖြစ်သော ကာမာဝစရ ဥပစာရဘာဝနာက အာနာပါနပဋိဘာဂနိမိတ်စသော စျာန်ရနိုင်သည့် သမထနိမိတ်အာရုံကို မိမိရရ လှလှပပ ဂဃနဏ အသားကျအောင် ယူပြီးမှသာလျှင် ဒုတိယစျာန်စသည့် အထက်အထက်သောစျာန်တို့သည် ဥပါဒ်နိုင်ကြ၏ ဖြစ်ပေါ်လာနိုင် ကြ၏။ သို့အတွက် ဒုတိယစျာန် စသည်တို့၏ အနီးအပါး၌ တည်ရှိသော ဥပစာရဘာဝနာစွမ်းအားသည်လည်း ဝိတက်မပါသည့် ဒုတိယစျာန် စသည်တို့၏လည်း အာနာပါနပဋိဘာဂနိမိတ် စသော သမထနိမိတ်အာရုံသို့ တက်ရောက်နိုင်ရန် အကြောင်းတစ်ရပ်ပင် ဖြစ်သည်။ ထိုကြောင့် ဝိတက်မပါသော ဒုတိယစျာန် စသည်တို့သည် အောက်အောက်သော အပ္ပနာဘာဝနာစွမ်းအားနှင့် မိမိ မိမိတို့၏ အနီးအပါး၌ တည်ရှိသော ဥပစာရဘာဝနာ စွမ်းအားတို့ကြောင့် ဝိတက်မပါဘဲ ဘာဝနာအာရုံပေါ်သို့ တက်ရောက်နိုင်ကြသည်ဟု မှတ်ပါ။

အောက်တွင် ဆက်လက်၍ တင်ပြထားသော မဟာဋီကာဆရာတော်၏ အဆုံးအဖြတ်တွင် ပရိစယေနာတိ သန္တာနေ ပဝတ္တဝိတက္ကဘာဝနာသင်္ခါတေန ပရိစယေန --- ဟူသော စကားရပ်များမှာ အထက်ပါ အယူအဆများ အတွက် ထောက်ထားစရာ သာဓကရပ်များပင် ဖြစ်ကြသည်။

မဟာဋီကာဆရာတော်၏ ဖြတ်ထုံး

မဟာဋီကာဆရာတော်၏ ဖြတ်ထုံး

ယဒိ ဧဝံ ကထံ အဝိတက္ကံ စိတ္တံ အာရမ္မဏံ အာရောဟတီတိ? ဝိတက္ကဗလေနေဝ။ ယထာ ဟိ သော ပုရိသော ပရိစယေန တေန ဝိနာပိ နိရာသင်္ကော ရာဇဂေဟံ ပဝိသတိ၊ ဧဝံ ပရိစယေန ဝိတက္ကေန ဝိနာပိ အဝိတက္ကံ စိတ္တံ အာရမ္မဏံ အာရောဟတိ။ ပရိစယေနာတိ စ သန္တာနေ ပဝတ္တဝိတက္ကဘာဝနာသင်္ခါတေန ပရိစယေန။ ဝိတက္ကဿ ဟိ သန္တာနေ အဘိဏှံ ပဝတ္တဿ ဝသေန စိတ္တဿ အာရမ္မဏာဘိရုဟဏံ စိရပရိစိတံ။ တေန တံ ကဒါစိ ဝိတက္ကေန ဝိနာပိ တတ္ထ ပဝတ္တတေဝ။ ယထာ တံ ဉာဏသဟိတံ ဟုတွာ သမ္မသနဝသေန စိရပရိစိတံ ကဒါစိ ဉာဏဝိရဟိတမ္ပိ သမ္မသနဝသေန ပဝတ္တတိ၊ ယထာ ဝါ ကိလေသသဟိတံ ဟုတွာ ပဝတ္တံ သဗ္ဗသော ကိလေသရဟိတမ္ပိ ပရိစယေန ကိလေသဝါသနာဝသေန ပဝတ္တတိ။ ဧဝံ သမ္ပဒမိဒံ ဒဋ္ဌဗ္ဗံ။ (မဟာဋီ၊၁၊၁၆၆။)

အကယ်၍ စိတ်သည် ဝိတက်ကို အမှီပြု၍ အာရုံသို့ တက်ရောက်ရသော် ဝိတက် မယှဉ်သော အဝိတက္က စိတ်သည် အဘယ်သို့လျှင် အာရုံသို့ တက်ရောက်နိုင်ပါသနည်းဟု မေးဖွယ်ရာ ရှိ၏ --- ဝိတက်၏ အစွမ်းကြောင့် သာလျှင် အဝိတက္ကစိတ်သည် အာရုံသို့ တက်ရောက်နိုင်သည်ဟု ဖြေဆိုလေရာ၏။

အထက်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း မင်းကျွမ်းဝင်သူကို အမှီပြု၍ နန်းတော်သို့ တက်ရောက်ခွင့် ရသော ယောက်ျားသည် နန်းတော်သို့ အရောက်အပေါက်များ၍ အလေ့အကျင့် ရလာသောအခါ ထို မင်းကျွမ်းဝင်သူ မပါဘဲလည်း ယုံမှားခြင်း ရွံ့ရှားခြင်း ရွံ့ကြောက်ခြင်း ကင်းသည် ဖြစ်၍ မင်းနန်းတော်သို့ ဝင်ရောက်ရဲသကဲ့သို့ အလားတူပင် ပရိစယ = အလေ့အကျင့်ရသဖြင့် ဝိတက်နှင့် ကင်း၍လည်း ဝိတက် မပါသော အဝိတက္ကစိတ်သည် အာရုံသို့ တက်ရောက်နိုင်၏။ ဤ၌ ----- ပရိစယေန = အလေ့အကျင့်ရသဖြင့် ဟူသည် စိတ်အစဉ်သန္တာန်၌ မပြတ်ဖြစ်နေသော ဝိတက္ကဘာဝနာဟု ခေါ်ဆိုအပ်သော အလေ့အကျင့်ရမှုဖြင့်ဟု ဆိုလိုသည်။

ဝိတက္ကဘာဝနာဟူသည် ---

၁။ ဝိတက်နှင့် ယှဉ်သော အပ္ပနာဘာဝနာ ---

၂။ ဝိတက်နှင့် ယှဉ်သော ဥပစာရဘာဝနာ ---

ဤဘာဝနာ နှစ်မျိုးပင်တည်း။ ပထမစျာန်သည် ဝိတက်နှင့် ယှဉ်သော အပ္ပနာဘာဝနာ ဖြစ်၏။ ပထမစျာန်ကို ရရှိပြီးနောက် ဒုတိယစျာန် စသည့် အထက်အထက် စျာန်များကို မရမီ, အထက်အထက် စျာန်များသို့ မတိုင်မီ အတွင်း၌ ဖြစ်ပေါ်နေသော ဒုတိယစျာန် စသည့် အထက်အထက် စျာန်တို့၏ အနီး၌ ကပ်လျက်ရှိသော ဘာဝနာ သည် ဥပစာရဘာဝနာ ဖြစ်၏။

မှန်ပေသည် --- စိတ်အစဉ်သန္တာန်၌ မပြတ်ဖြစ်နေသော ဝိတက်၏ အစွမ်းကြောင့် စိတ်၏ အာရုံသို့ ရှေး ရှူ တက်ရောက်ခြင်းသည် ကြာမြင့်စွာ အလေ့အကျင့် ရပြီးသား ဖြစ်နေ၏။ ထိုကြောင့် ထိုစိတ်သည် တစ်ရံတစ်ခါ ဝိတက်နှင့် ကင်း၍လည်း ထိုအာရုံ၌ ဖြစ်သည်သာတည်း။ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို လက္ခဏာယာဉ် သုံးချက် တင်၍ ဝိပဿနာ ရှုပွားသုံးသပ်သော စိတ်ကား ဉာဏ်နှင့် အတူတကွ ဖြစ်သော ဉာဏသမ္ပယုတ် မဟာကုသိုလ် (မဟာကြိယာ) စိတ်တည်း။ ထိုဉာဏသမ္ပယုတ်စိတ်သည် သင်္ခါရတရားတို့ကို ဝိပဿနာ ရှုပွားသုံး သပ်ဖန် များသဖြင့် ကြာသော် အလေ့အကျင့် ရလာ၏၊ ရှုပွားသုံးသပ်မှု အသားကျလာ၏။ လေ့ကျင့်မှု အောင်မြင် လာသောအခါ တစ်ခါတစ်ရံ ရှုပွားသုံးသပ်နေသော ဝိပဿနာစိတ်သည် ဉာဏ်မှ ကင်းသော ဉာဏဝိပ္ပယုတ်စိတ် ဖြစ်လာတတ်၏။ ဉာဏ် ကင်းသော ထိုစိတ်သည်လည်း ဝိပဿနာ ရှုပွားသုံးသပ်သည်၏ အစွမ်းဖြင့် ဆက်လက် ဖြစ်နေသည်သာ ဖြစ်၏။ ဤဥပမာကဲ့သို့ ဝိတက် မပါသော စိတ်သည်လည်း စိတ်အစဉ်သန္တာန်၌ မပြတ်ဖြစ်နေ သော ဝိတက္ကဘာဝနာဟု ခေါ်ဆိုအပ်သော အလေ့အကျင့်ဖြင့် ဝိတက်နှင့် ကင်း၍လည်း အာရုံသို့ တက်ရောက် နိုင်သည်သာ ဖြစ်သည်။

နောက်ဥပမာ တစ်မျိုးကား --- ကိလေသာနှင့် အတူတကွ ဖြစ်၍နေသော ထိုစိတ်သည် (အရဟတ္တမဂ်သို့ ရောက်ရှိသဖြင့် အရဟတ္တဖိုလ်၌ တည်နေသော ရဟန္တာအရှင်မြတ်၏ သန္တာန်ဝယ်) အချင်းခပ်သိမ်း ကိလေသာမှ ကင်းငြိမ်းသွားသော်ငြားလည်း ရှေးသံသရာတစ်လျှောက်၌ လေ့ကျင့်ခဲ့ဖူးသော = လေ့ကျက်ခဲ့ဖူးသော ကိလေသာ အထုံဝါသနာ ဓာတ်ငွေ့၏ အစွမ်းဖြင့် ဆက်လက် ဖြစ်ပေါ်၍နေတတ်သေး၏။ ဤဥပမာအတူ ဝိတက်၏ အစွမ်း ဖြင့် အာရုံပေါ်သို့ တက်ရောက်နိုင်မှု လေ့ကျင့်သား ရပြီးသော ထိုစိတ်သည် ဝိတက်နှင့် ကင်း၍သော်လည်း ထို အာရုံ၌ ဖြစ်နိုင်သည်သာဟု မှတ်ပါ။ (မဟာဋီ၊၁၊၁၆၆။)

အပ္ပနာဟူသည်

အပ္ပနာဟူသည်

တတ္ထ ဟေဋ္ဌာ ဝုတ္တလက္ခဏာဒိဝိဘာဂေန အပ္ပနာ သမ္ပယောဂတော ရူပါဝစရဘာဝပ္ပတ္တေန ဝိတက္ကေန စေဝ ဝိစာရေန စ သဟ ဝတ္တတိ, ရုက္ခော ဝိယ ပုပ္ဖေန စ ဖလေန စာတိ ဣဒံ စျာနံ သဝိတက္ကံ သဝိစာရန္တိ ဝုစ္စတိ။ (အဘိ၊ဋ္ဌ၊၁၊၂၁၀။)

ဝိတက္ကဿ ကိစ္စဝိသေသေန ထိရဘာဝပ္ပတ္တေ ပဌမဇ္ဈာနသမာဓိမှိ ပစ္စနီကဒူရီဘာဝကတေန ထိရဘာဝေန တံသဒိသေသု ဝိတက္ကရဟိတေသု ဒုတိယဇ္ဈာနာဒိသမာဓီသု စ အပ္ပနာတိ အဋ္ဌကထာဝေါဟာရောတိ ဝိတက္ကဿ အပ္ပနာယောဂေါ ဝုတ္တော၊ အညထာ ဝိတက္ကောဝ အပ္ပနာတိ တဿ တံသမ္ပယောဂေါ န သိယာတိ။ (မူလဋီ၊၁၊၁၀၁။)

တံသဒိသေသူတိ မဟဂ္ဂတဘာဝါဒိနာ ပဌမဇ္ဈာနသမာဓိသဒိသေသု။ (အနုဋီ၊၁၊၁၀၈။)

ဘုရားရှင်သည် ဓမ္မသင်္ဂဏီပါဠိတော်၌ (အဘိ၊၁၊၁၈။) ဝိတက္ကော အပ္ပနာ ဗျပ္ပနာ --- ဤသို့ စသည်ဖြင့် ဝိတက်ကိုပင် အပ္ပနာဟု ဟောကြားထားတော်မူ၏။

အဋ္ဌသာလိနီအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၁၊၂၁၀။)၌ကား --- ဝိတက်ကို အပ္ပနာစျာန်နှင့် ယှဉ်ကြောင်း ဖွင့်ဆို ထား၏။ ဤအကြောင်းအရာနှင့် ပတ်သက်၍ မူလဋီကာဆရာတော်က အောက်ပါအတိုင်း ရှင်းလင်းတင်ပြထား၏။

အပ္ပနာနှင့် ယှဉ်သော တရားဟူသည် ဝိတက် ဝိစာရပင်တည်း။ ဝိတက်ကို ပါဠိတော်၌ -- အပ္ပနာ ဗျပ္ပနာ -- စသည်ဖြင့် အပ္ပနာဟု နာမည်တပ်၍ ဘုရားရှင်သည် ဟောကြားထားတော်မူ၏၊ ထိုကြောင့် ဝိတက်တည်းဟူသော အပ္ပနာသည် အဘယ်နည်းအားဖြင့် --- အပ္ပနာသမ္ပယောဂ = အပ္ပနာနှင့် ယှဉ်သော တရား ဖြစ်နိုင်ပါသနည်းဟု မေးဖွယ် ရှိ၏။ --- အဖြေကား --- ပါဠိတော်၌ ဝိတက်ကိုသာ အပ္ပနာဟု ဟောကြားထားတော်မူသော်လည်း အဋ္ဌကထာ အသုံးအနှုန်းအားဖြင့် ဝိတက်၏ ကိစ္စ အထူးကြောင့် ခိုင်မြဲသည်၏ အဖြစ်သို့ ရောက်သော ပထမစျာန် သမာဓိ၌လည်းကောင်း, ဆန့်ကျင်ဘက် နီဝရဏ စသည်တို့မှ ဝေးကွာခြင်းကြောင့် ပထမစျာန်သမာဓိနှင့် အလား တူသော ဒုတိယစျာန်သမာဓိ စသည်တို့၌လည်းကောင်း အပ္ပနာဟု ခေါ်ဝေါ် သုံးစွဲထားသည်။ အဋ္ဌကထာ ဝေါဟာရ = အဋ္ဌကထာ အသုံးအနှုန်းတည်း။ ထိုကြောင့် ပထမစျာန်သမာဓိနှင့် ယှဉ်သော ဝိတက်ကို အပ္ပနာ သမ္ပယောဂ = အပ္ပနာနှင့် ယှဉ်သော တရားဟု ဆိုနိုင်ပါသည်။ အလားတူပင် ဒုတိယစျာန် စသည်တို့ကိုလည်း အဋ္ဌကထာ ဝေါဟာရအားဖြင့် အပ္ပနာဟုပင် ဆိုသည်။ အဋ္ဌကထာ ဝေါဟာရမှ တစ်ပါးသော ပါဠိတော် ဝေါဟာရအားဖြင့် အနက် အဓိပ္ပါယ်ကို ယူအပ်ခဲ့သော် ဝိတက်သည်သာလျှင် အပ္ပနာ ဖြစ်သောကြောင့် ထိုဝိတက် ၏ ထိုအပ္ပနာ = ဝိတက်နှင့် ယှဉ်ခြင်းသည် မဖြစ်နိုင်တော့လေရာ။ (မူလဋီ၊၁၊၁၀၁။)

အဋ္ဌကထာ ဝေါဟာရအားဖြင့် စျာန်သမာဓိမှန်သမျှကို အပ္ပနာဟူ၍ = အပ္ပနာစျာန်ဟူ၍ပင် ခေါ်ဆိုသည် မှတ်ပါ။

၂။ ဝိစာရ

၂။ ဝိစာရ

အာရမ္မဏေ တေန စိတ္တံ ဝိစရတီတိ ဝိစာရော၊ ဝိစရဏံ ဝါ ဝိစာရော၊ အနုသဉ္စရဏန္တိ ဝုတ္တံ ဟောတိ။ သွာယံ ---

၁။ အာရမ္မဏာနုမဇ္ဇနလက္ခဏော၊

၂။ တတ္ထ သဟဇာတာနုယောဇနရသော၊

၃။ စိတ္တဿ အနုပ္ပဗန္ဓနပစ္စုပဋ္ဌာနော (အနုပ္ပဗန္ဓပစ္စုပဋ္ဌာနော)၊

၄။ အာရမ္မဏပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၁၅၈။)

စိတ်သည် ထိုသဘောတရားကြောင့် အာရုံ၌ လှည့်လည် ကျက်စားတတ်၏၊ ထိုကြောင့် အာရုံ၌ စိတ်၏ လှည့်လည်ဖြစ်ကြောင်း သဘောတရား = အာရုံ၌ စိတ်ကို လှည့်လည်စေတတ်သော သဘောတရားသည် ဝိစာရ မည်၏။ အာရုံ၌ အဖန်ဖန် ကောင်းစွာ လှည့်လည်ခြင်းဟု ဆိုလို၏။

၁။ အာရုံကို အဖန်ဖန် ဆုပ်နယ်ခြင်း = သုံးသပ် ဆင်ခြင်ခြင်း = ပွတ်တိုက်ခြင်းသဘော လက္ခဏ၊

၂။ ထိုအာရုံ၌ အတူဖြစ်သော သဟဇာတ်တရားတို့ကို အဖန်ဖန် အထပ်ထပ် ယှဉ်ကပ်စေခြင်း (ကိစ္စ) ရသ၊

၃။ ယူအပ်ပြီးသော အာရုံ၌ စိတ်ကို အစဉ်မပြတ်အောင် ဖွဲ့စပ်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ အာရုံ (တစ်နည်း --- ဝတ္ထု + အာရုံ + ဖဿ ...) ပဒဋ္ဌာန်။

ဝိတက်နှင့် ဝိစာရ

ဝိတက်နှင့် ဝိစာရ (အဘိ၊ဋ္ဌ၊၁၊၁၅၈။)

ထိုဝိတက် ဝိစာရတို့၏ ဝိတက်ယှဉ်ရာ (၅၅)ပါးသော အချို့စိတ်၌ မကွေမကွာ ယှဉ်ကြသော်လည်း အာရုံ ယူမှု၌ ကြမ်းတမ်းသည်၏ အဖြစ်ကြောင့်လည်းကောင်း, ေ့ရှသွား ဖြစ်ခြင်းကြောင့်လည်းကောင်း ခေါင်းလောင်း၏ ရှေးရှူ ထိုးခတ်ခြင်းကြောင့် ရှေးဦးစွာ ဖြစ်ပေါ်လာသော အသံကဲ့သို့ သမ္ပယုတ်တရားတို့ကို အာရုံသို့ ရှေးရှူ တင်ပေးတတ်သည်၏ အဖြစ်ကြောင့် စိတ်၏ အာရုံ၌ ရှေးဦးစွာ ကျရောက်ခြင်း သဘောသည် ဝိတက်တည်း။

အာရုံယူမှု၌ သိမ်မွေ့သည့်သဘော ဖြစ်ခြင်းကြောင့်လည်းကောင်း, အာရုံကို အဖန်ဖန် ဆုပ်နယ်ခြင်း သုံး- သပ် ဆင်ခြင်ခြင်း ပွတ်တိုက်ခြင်းသဘော ရှိသည့်အတွက်ကြောင့်လည်းကောင်း ခေါင်းလောင်း၏ အဆက်မပြတ် မြည်သံ = ကြေးညည်းသံကဲ့သို့ အာရုံ၌ စိတ်ကို အစဉ်မပြတ် ဖွဲ့စပ်ခြင်းသဘောသည် ဝိစာရတည်း။

တစ်ဖန် ဤ ဝိတက် ဝိစာရ နှစ်ပါးတို့တွင် အာရုံ၌ ရှေးဦးပထမ ဖြစ်ရာအခါ၌ စိတ်၏ တုန်လှုပ်ကြောင်း ဖြစ်သော ဝိတက်သည် အာရုံယူမှု၌ အထူးသဖြင့် တုန်လှုပ်ခြင်းသဘော ရှိ၏။ ဤ ဝိတက်သည် ကောင်းကင်သို့ ပျံတက်လိုသော ငှက်ကြီး၏ အတောင်ခတ်ခြင်းနှင့်လည်း တူ၏၊ ပန်းရနံ့သို့ အစဉ်လိုက်သောစိတ် ရှိသော ပျား ပိတုန်း၏ ပဒုမ္မာကြာတောသို့ ရှေးရှူ ပျံသွားခြင်းနှင့်လည်း တူ၏။

ဝိစာရကား ငြိမ်သက်သော ဖြစ်ခြင်း ရှိ၏၊ စိတ်၏ အလွန် မတုန်လှုပ်မှု သဘောတည်း။ ကောင်းကင်၌ ပျံတက်ပြီးသော ငှက်ကြီး၏ အတောင်ကို ဆန့်၍ လေဟုန်စီးကာ ငြိမ်သက်စွာ ပျံနေခြင်းနှင့်လည်း တူ၏၊ ပဒုမ္မာ ကြာတောသို့ ရှေးရှူ ရောက်ပြီးသော ပျားပိတုန်း၏ ပဒုမ္မာကြာတော၏ အထက်၌ (ဘေးရန် ရှိ-မရှိ စသည်ကို စူးစမ်းရန် သိဖို့ရန်) ရစ်ဝဲခြင်းနှင့်လည်း တူ၏။

ဝါဒတစ်မျိုး --- ရှေး မဟာအဋ္ဌကထာ၌ကား --- အာရုံ၌ စိတ်ကို ရှေးရှူ တင်ပေးတတ်သည်၏ အဖြစ်ဖြင့် ဖြစ်ပေါ်လာသော ဝိတက်သည် --- ကောင်းကင်၌ ပျံသွားသော ငှက်ကြီး၏ အတောင် နှစ်ဘက်တို့ဖြင့် လေဟုန်ကို ယူ၍ အတောင်တို့ကို ကောင်းစွာ တည်နေစေ၍ ပျံသွားခြင်းနှင့် တူ၏၊ မှန်သည် ထိုဝိတက်သည် တစ်ခုတည်းသော အာရုံ ရှိလတ်သော် အပ္ပနာသို့ ရောက်၏။

အာရုံကို အဖန်ဖန် ဆုပ်နယ်တတ်သော သုံးသပ်ဆင်ခြင်တတ် ပွတ်တိုက်တတ်သည်၏ အဖြစ်ဖြင့် ဖြစ်သော ဝိစာရသည် ငှက်ကြီး၏ လေအဟုန်ကို ယူခြင်းငှာ အတောင်တို့ကို လှုပ်ရှားစေလျက် = အတောင် ခတ်လျက် ပျံသန်းခြင်းနှင့် တူ၏။ မှန်သည် ထိုဝိစာရသည် အာရုံကို အဖန်ဖန် ဆုပ်နယ်တတ် သုံးသပ်တတ် ဆင်ခြင်တတ် ပွတ်တိုက်တတ်၏။ ---

ဤသို့လျှင် ဖွင့်ဆိုထား၏။ ထို ရှေးမဟာအဋ္ဌကထာ၌ ဖွင့်ဆိုအပ်သော စကားသည် အာရုံ၌ စိတ်ကို အစဉ်မပြတ် ဖွဲ့စပ်ခြင်းအားဖြင့် ဖြစ်ရာအခါ ဖြစ်သော ဥပစာရဘာဝနာ အပ္ပနာဘာဝနာ အခိုက်၌ = ဥပစာရ သမာဓိအခိုက် အပ္ပနာစျာန်သမာဓိအခိုက်၌ အလွန် သင့်မြတ်လှပေသည်။ (ဥပစာရဘာဝနာ အပ္ပနာဘာဝနာ ဖြစ်ရာအခါဝယ် ဝိတက်သည် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံနိမိတ် တစ်ခုတည်းပေါ်၌ တည် လျက် အဆက်မပြတ် ဖြစ်နေသောကြောင့် ဝိတက်၏ သမထနိမိတ်အာရုံကို ယူပုံသည်လည်း အလွန် ငြိမ်သက် ရကား ရှေးမဟာအဋ္ဌကထာ စကားသည်လည်း သင့်မြတ်၏ ဟူလိုသည်။)

ဆက်၍ ဆိုရသော် ဤသို့ ဖြစ်၏ --- ထိုဝိတက် ဝိစာရ နှစ်ပါးတို့၏ ထိုပြဆိုခဲ့သော ထူးခြားမှုသည် ပထမ စျာန် ဒုတိယစျာန်တို့၌ ထင်ရှား၏။ (ဝိတက်၏ ထူးခြားမှုဖြစ်သော စိတ်ကို အာရုံသို့ ရှေးရှူ တင်ပေးခြင်း အခြင်း အရာသည် ကြမ်းတမ်းသောသဘော ရှိရကား ပဉ္စကနည်း --- ပထမစျာန်အခိုက်၌ ထင်ရှား၏။ ပဉ္စကနည်း --- ဒုတိယစျာန် အခိုက်၌ ထိုဝိတက် မရှိတော့သည့်အတွက် ဝိစာရ၏ ထူးခြားမှုဖြစ်သော အာရုံကို ဆုပ်နယ်ခြင်း သုံးသပ်ခြင်း ပွတ်တိုက်ခြင်း အခြင်းအရာသည် ထင်ရှား၏။) (မဟာဋီ၊၁၊၁၆၇။)

ပထမစျာန်ထက် ဒုတိယစျာန်က ပို၍ ငြိမ်သက်၏။ ဝိတက်သည် ပထမစျာန်၌သာ ယှဉ်၍ ပို၍ ငြိမ်သက် သော ဒုတိယစျာန်၌ မရှိရကား ဝိတက် မရှိခြင်းကြောင့်ပင် ပထမစျာန်ထက် ဒုတိယစျာန်က ပို၍ ငြိမ်သက်ခြင်း ဖြစ်၏၊ သို့အတွက် ဝိတက် ဝိစာရတို့၏ အကြမ်း အနုအားဖြင့် ထူးခြားကြောင်း ထင်ရှားသည် ဟူလိုသည်။

နောက်ထပ် ဥပမာများ --- အညစ်အကြေး တင်နေသော ကြေးခွက်ကို လက်တစ်ဘက်ဖြင့် မြဲစွာ ကိုင်၍ အခြား လက်တစ်ဘက်ဖြင့် ဆပ်ပြာမှုန့် ဘရွတ်တံ စသည့် ပွတ်တိုက်ခြင်းငှာ လျောက်ပတ်သော အရာဝတ္ထုဖြင့် ထက်ဝန်းကျင် ပွတ်တိုက်သူ၏ မြဲစွာ ဆုပ်ကိုင်ထားသော လက်နှင့် ဝိတက်သည် တူ၏၊ ဆုပ်နယ် သုံးသပ် ပွတ် တိုက်နေသော လက်နှင့် ဝိစာရသည် တူ၏။

ထို့ပြင် တုတ်တစ်ခုဖြင့် ပုတ်ခတ်ခြင်းဖြင့် အိုးထိန်းစက်ဘီးကို လည်စေ၍ အိုးခွက်ကို ပြုလုပ်သော အိုးထိန်းသည်၏ ဖိနှိပ်သော လက်နှင့် ဝိတက်သည် တူ၏၊ ဤမှ ဤမှလည်း = ထိုထို ဤဤ လှည့်လည်ကြောင်း ဖြစ်သော လက်နှင့် ဝိစာရသည် တူ၏။

ကြေးလင်ပန်း သစ်သားပျဉ်ချပ် စသည်တို့၌ အလယ်တည့်တည့်၌ စူးတစ်ချောင်းဖြင့် စိုက်ထား၍ ထိုစူး၌ ကြိုးတပ်ပြီးလျှင် ဘေးပတ်လည် အရပ်၌ အလိုရှိသလောက် အဝန်းအဝိုင်း အရေးအသားကို ပြုလုပ်သောသူ၏ အလယ်၌ ကောင်းစွာ ဖိနှိပ်၍ စိုက်၍ တည်သော စိုက်၍ ထားသော စူးသည် စိတ်ကို အာရုံသို့ ရှေးရှူ တင်ပေး တတ်သော ဝိတက်နှင့် တူ၏။ ဘေးပတ်ဝန်းကျင်၌ ထက်ဝန်းကျင် လှည့်ပတ်ကြောင်း စူးသည် အာရုံကို အဖန်ဖန် ဆုပ်နယ်တတ် သုံးသပ်တတ် ဆင်ခြင်တတ် ပွတ်တိုက်တတ်သော ဝိစာရနှင့် တူ၏။ (အဘိ၊ဋ္ဌ၊၁၊၁၅၈။ မဟာဋီ၊၁၊၁၆၇။)

၃။ အဓိမောက္ခ

၃။ အဓိမောက္ခ

အဓိမုစ္စနံ အဓိမောက္ခော။ သော ---

၁။ သန္နိဋ္ဌာနလက္ခဏော၊

၂။ အသံသပ္ပနရသော၊

၃။ နိစ္ဆယပစ္စုပဋ္ဌာနော၊

၄။ သန္နိဋ္ဌေယျဓမ္မပဒဋ္ဌာနော၊ (သန္နိဋ္ဌာတဗ္ဗဓမ္မပဒဋ္ဌာနော။)

အာရမ္မဏေ နိစ္စလဘာဝေန ဣန္ဒခီလော ဝိယ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

အာရုံ၌ သက်ဝင်ခြင်း အာရုံကို ဆုံးဖြတ်ခြင်း သဘောသည် အဓိမောက္ခတည်း၊ ထို အဓိမောက္ခ၏ လက္ခဏာ စသည်တို့မှာ ဤသို့တည်း ---

၁။ အာရုံကို သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက် ချခြင်းသဘော လက္ခဏ၊

၂။ ထို ဤ ရွေ့ရှား အာရုံကို မဆုံးဖြတ်နိုင်သော ဝိစိကိစ္ဆာတရား၏ ဆန့်ကျင်ဘက် ဖြစ်ခြင်း (ကိစ္စ) ရသ၊

၃။ အာရုံကို ဆုံးဖြတ်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဆုံးဖြတ်အပ်သော အာရုံဓမ္မ ပဒဋ္ဌာန်။

လက္ခဏ --- ဤ၌ --- အဓိမုစ္စန = အာရုံ၌ သက်ဝင်ခြင်း ဟူသည် အာရုံကို သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက် ချခြင်း၏ အစွမ်းဖြင့် အာရုံ၌ သက်ဝင်မှုဟု သိပါ။ သို့သော် ယုံကြည်သင့် ယုံကြည်ထိုက်သော ပသာဒနီယဝတ္ထုတို့၌ သက်ဝင် ယုံကြည် ဆုံးဖြတ်တတ်သော ပသာဒ သဒ္ဓါ၏ အစွမ်းဖြင့် အာရုံ၌ သက်ဝင်မှုမျိုးကား မဟုတ်ပေ၊ မှားမှားမှန်မှန် တစ်မျိုးမျိုးသော အခြင်းအရာအားဖြင့် အာရုံ၌ ဆုံးဖြတ်ချက် ချခြင်းသည် အဓိမုစ္စန = အာရုံ၌ သက်ဝင်ခြင်း မည်၏။ အာရုံကို မှားမှားမှန်မှန် ဆုံးဖြတ်ချက် မချနိုင်သော ပုဂ္ဂိုလ်၏ သန္တာန်ဝယ် ပါဏာတိပါတ စသည့် ဒုစရိုက်တို့၌လည်းကောင်း, ဒါန သီလ စသည့် သုစရိုက်တို့၌လည်းကောင်း စိတ်အစဉ်၏ ဖြစ်ပေါ်ခြင်း မရှိနိုင်သောကြောင့်တည်း။ (မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ မတွန့်မဆုတ်ဘဲ အာရုံ၌ သက်ဝင် ဆုံးဖြတ်နိုင်သော ဤအဓိမောက္ခ၏ ဆုံးဖြတ်ချက် ချမှုကြောင့် ပါဏာတိပါတ စသော ဒုစရိုက်, ပါဏာတိပါတ ဝိရတိ စသော သုစရိုက်မှုများ ထမြောက် အောင်မြင်ရလေသည်။) သဒ္ဓါကား ကြည်ညိုသင့် ကြည်ညိုထိုက် ယုံကြည်သင့် ယုံကြည် ထိုက်သော ဘုရားစစ် ဘုရားမှန် တရားစစ် တရားမှန် သံဃာစစ် သံဃာမှန် စသော ပသာဒနီယဝတ္ထုတို့၌ ယုံကြည် သက်ဝင် ဆုံးဖြတ်မှု ပသာဒါဓိမောက္ခတည်း။ ဤကား ဤအဓိမောက္ခနှင့် သဒ္ဓါတို့၏ ထူးခြားမှုတည်း။ (မဟာဋီ၊၂၊၁၄၆။)

ဤအဆိုများအရ သာသနာပ အယူအဆ ရှိသူတို့သည်လည်း မိမိတို့ ဆိုင်ရာ ဘုရား တရား သံဃာတို့၌ ယုံကြည် သက်ဝင်မှု ဆုံးဖြတ်နိုင်မှုတို့မှာ သဒ္ဓါ မဟုတ်၊ ဤအဓိမောက္ခ စေတသိက်သာဟု မှတ်ပါ၊ မိစ္ဆာဓိမောက္ခ တည်း။ ဒိဋ္ဌိနှင့် ယှဉ်သော အဓိမောက္ခစေတသိက်ဟု ဆိုလိုသည်။

မေးခွန်းတစ်ရပ် --- ပဉ္စဒွါရဝီထိများသည် ပရမတ်ကိုသာ အာရုံပြုနိုင်ကြ၏၊ ယင်း ပဉ္စဒွါရဝီထိများတွင် ပါဝင်သော ဝုဋ္ဌောသည်ကား မိမိ၏ ေ့ရှတွင် ကပ်လျက် ရှိသော သန္တီရဏစိတ်က စူးစမ်းအပ်ပြီးသော ပရမတ္ထ အနက်သဘော၌ မှားသောအားဖြင့် ဖြစ်စေ မှန်သောအားဖြင့် ဖြစ်စေ ဆုံးဖြတ်သော အခြင်းအရာအားဖြင့် ဖြစ်၍ မိမိ၏ နောက်၌ ဆက်လက် ဖြစ်ဆဲ ဖြစ်ကြကုန်သော ဇောတို့၏ မိမိ၏ ဆုံးဖြတ်ချက်က မှန်၍ ယောနိသော မနသိကာရ ဖြစ်လျှင် ထိုယောနိသောမနသိကာရ အားလျော်စွာ ကုသိုလ်ဇောဖြစ်ခြင်းငှာ, မိမိ၏ ဆုံးဖြတ်ချက်က မှားနေ၍ အယောနိသောမနသိကာရ ဖြစ်နေလျှင် ထိုအယောနိသောမနသိကာရ အားလျော်စွာ အကုသိုလ်ဇော ဖြစ်ခြင်းငှာ အနန္တရ စသော သတ္တိထူးတို့ဖြင့် ကျေးဇူးပြုပေးတတ်၏။ ယင်းသို့ဖြစ်သော် ဝိစိကိစ္ဆာနှင့် ယှဉ်သော ဝိစိကိစ္ဆာ သမ္ပယုတ်ဇောတို့၌ ဝုဋ္ဌောက မည်သို့မည်ပုံ ကျေးဇူးပြုသနည်းဟု မေးဖွယ်ရာ ရှိ၏။ --- အဖြေကား ဤသို့တည်း ---

တေသမ္ပိ ဧကံသေနေဝ သံသပ္ပနာကာရဿ ပစ္စယတာယ ဒဋ္ဌဗ္ဗံ။ (မဟာဋီ၊၂၊၁၄၆။)

ထို ဝိစိကိစ္ဆာသမ္ပယုတ်ဇောတို့အားလည်း ဧကန်အားဖြင့်သာလျှင် သို့လော သို့လော တွေးတော ယုံမှား ထို ဤ ရွေ့ရှားသော = သံသပ္ပန အခြင်းအရာ၏ အကြောင်းတရား အဖြစ်ဖြင့် ဝုဋ္ဌောကို မှတ်သားပါ။ (မဟာဋီ၊၂၊၁၄၆။)

ဆိုလိုရင်းသဘော --- ဝုဋ္ဌောသည် ဝိစိကိစ္ဆာသမ္ပယုတ်ဇောအားလည်း ကျေးဇူးပြုပေးသည်သာ ဖြစ်သည်။ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားစစ် ဘုရားမှန်၌ ဘုရားစစ် ဘုရားမှန် ဟုတ်ပါ၏လောဟု သံသယ ဖြစ်လျှင် = သံသပ္ပန ဖြစ်လျှင် ထိုဘုရားစစ် ဘုရားမှန် ဟုတ်ပါ၏လော ဟူသော သံသယ = ဝိစိကိစ္ဆာအား ဝုဋ္ဌောကလည်း ဘုရားစစ် ဘုရားမှန် ဟုတ်ပါ၏လောဟု ဆုံးဖြတ်သော အခြင်းအရာအားဖြင့် ကျေးဇူးပြုပေး၏။ ဝုဋ္ဌော၏ ဘုရားစစ် ဘုရား- မှန် ဟုတ်ပါ၏လော ဟူသော ဆုံးဖြတ်သော အခြင်းအရာကိုပင် ဝုဋ္ဌောက သံသပ္ပနာကာရဟု ခေါ်သော ဝိစိကိစ္ဆာ သမ္ပယုတ်ဇောအား ကျေးဇူးပြုပေးသည်ဟု ဆိုလိုသည်။ တရားရတနာ စသည်တို့၌ သံသယ ဖြစ်မှုတို့၌လည်း နည်းတူ သဘောပေါက်ပါလေ။

အသံသပ္ပနရသော --- အာရုံ တစ်ခုတည်း၌ မရပ်တည်နိုင် မဆုံးဖြတ်နိုင်ဘဲ ထက်ဝန်းကျင် အာရုံ၌ ရွေ့ရှား သွားလာခြင်းဟူသော သံသပ္ပနကိုပင် သံသယ = ယုံမှားခြင်းဟု ခေါ်၏။ အဓိမောက္ခသည် ထိုသံသပ္ပနကို ဆန့် ကျင်ဘက် ပြုလျက် မှားသည် ဖြစ်စေ မှန်သည် ဖြစ်စေ အာရုံကို သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက် ချခြင်း ကိစ္စ ရှိ၏။ အငြိမ် မနေနိုင်သည့် ကလေးသူငယ်ကဲ့သို့ ထိုအာရုံ ဤအာရုံ၌ ရွေ့ရှားလျက် ပြုရအံ့လော မပြုရအံ့လောဟု ဆုံးဖြတ်ချက် မချနိုင်သော သံသယ၏ ဆန့်ကျင်ဘက် စိတ်အမူအရာသည် အသံသပ္ပနတည်း။ အဓိမောက္ခသည် ထို အသံသပ္ပန ကိစ္စ ရှိသည် ဟူလိုသည်။ (မူလဋီ၊၁၊၉၃။ မဟာဋီ၊၂၊၁၄၆။)

ပဒဋ္ဌာန် --- ယေသု စိတ္တုပ္ပါဒေသု အယံ သန္နိဋ္ဌာနလက္ခဏော အဓိမောက္ခော၊ တေသံ အာရမ္မဏဓမ္မော ဧဝ သန္နိဋ္ဌေယျဓမ္မော။ (မဟာဋီ၊၂၊၁၄၆။)

အကြင် စိတ္တုပ္ပါဒ်တို့၌ ဤအာရုံကို သန္နိဋ္ဌာန်ကျအောင် ဆုံးဖြတ်ချက် ချခြင်း သဘောလက္ခဏာ ရှိသော အဓိမောက္ခ စေတသိက်သည် ဖြစ်ပေါ်၏။ ထိုစိတ္တုပ္ပါဒ်တို့၏ အာရုံဖြစ်သော တရားဓမ္မသည်သာလျှင် ဆုံးဖြတ် အပ်သော သန္နိဋ္ဌေယျဓမ္မ မည်၏။ ယင်း သန္နိဋ္ဌေယျဓမ္မသည်ပင် အဓိမောက္ခ၏ အနီးစပ်ဆုံး အကြောင်းတရား ဖြစ်သည်။ (မဟာဋီ၊၂၊၁၄၆။)

ဤစကားရပ်ကို ထောက်ရှုပါက ဝုဋ္ဌောစိတ်၌လည်း အဓိမောက္ခစေတသိက်သည် ယှဉ်ရကား ဝုဋ္ဌောစိတ်က ဆုံးဖြတ်အပ်သည့် သန္နိဋ္ဌေယျ အာရုံဓမ္မကို ရယူ၍, ဝုဋ္ဌောနှင့် ယှဉ်ဖက်သမ္ပယုတ် ဖြစ်သော အဓိမောက္ခစေတသိက် ကသာလျှင် အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက် ချသည်ဟု မှတ်ပါ။ တစ်နည်း --- အာရုံကို ဆုံးဖြတ်ချက်ချသော အခြင်းအရာအားဖြင့် ဖြစ်သည်ဟု မှတ်ပါ။

ဤ အဓိမောက္ခစေတသိက်ကို အာရုံ၌ လှုပ်ရှားခြင်း မရှိသည်၏ အဖြစ်ကြောင့် မြို့ဝ၌ ခိုင်မြဲစွာ စိုက်ထူ ထားအပ်သော မြို့တံခါးတိုင်ကြီးနှင့် ပမာတူ၏ ဟူ၍ မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

၄။ ဝီရိယ

၄။ ဝီရိယ

၁။ ဥဿဟနလက္ခဏံ (ဥဿာဟလက္ခဏံ) ဝီရိယံ၊

၂။ သဟဇာတာနံ ဥပတ္ထမ္ဘနရသံ၊

၃။ အသံသီဒနဘာဝပစ္စုပဋ္ဌာနံ၊

၄။ (က) သံဝိဂ္ဂေါ ယောနိသော ပဒဟတီတိ ဝစနတော သံဝေဂပဒဋ္ဌာနံ။

( ခ ) ဝီရိယာရမ္ဘဝတ္ထုပဒဋ္ဌာနံ ဝါ၊

သမ္မာ အာရဒ္ဓံ သဗ္ဗသမ္ပတ္တီနံ မူလံ ဟောတီတိ ဒဋ္ဌဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၁၆၄။ ဝိသုဒ္ဓိ၊၂၊၉၃။)

၁။ ထိုထို ကိစ္စကို ကောင်းစွာ ကြိုးစား အားထုတ်ခြင်းသဘော = လွန်စွာ လုံ့လပြုခြင်းသဘော လက္ခဏ၊

တစ်နည်း-ရသည့်ဆင်းရဲ အံကြိတ်ခဲ၍ အမြဲသည်းခံခြင်းသဘော လက္ခဏ၊

၂။ သဟဇာတ်တရားတို့ကို အားပေးထောက်ပံ့ ခိုင်ခံ့စေခြင်းသဘော (ကိစ္စ) ရသ၊

၃။ မဆုတ်နစ်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ (က) သံဝေဂဉာဏ် ရှိသူသည် နည်းမှန်လမ်းမှန် ကြိုးစား အားထုတ်၏။ (အံ၊၁၊၄၃၀။)

ဤသို့ ဘုရားရှင် ဟောတော်မူခြင်းကြောင့် သံဝေဂဉာဏ် ပဒဋ္ဌာန်၊

( ခ ) တစ်နည်း-ဝီရိယာရမ္ဘဝတ္ထု ပဒဋ္ဌာန်။

၁။ ဝီရဿဘာဝေါ ဝီရိယံ = ရဲရင့်သူ ဖြစ်ကြောင်းဖြစ်ရာ သဘောသည် ဝီရိယ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၁၆၃၊၊)

၂။ ဝီရာနံ ဝါ ကမ္မံ ဝီရိယံ = တစ်နည်း ရဲရင့်သူတို့၏ လုပ်ငန်းရပ်သည် ဝီရိယ မည်၏။ ဤ ကမ္မ = လုပ်ငန်းရပ် ဟူရာ၌ ထိုလုပ်ငန်းရပ်ကို ဝီရိယဖြင့် ပြုလုပ်ရသောကြောင့် အကျိုးလုပ်ငန်းရပ်၏ ကမ္မအမည်ကို အကြောင်း ဝီရိယ၌ တင်စားထားသော ဖလူပစာရစကားဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၁၆၃။)

၃။ ဝိဓိနာ ဝါ နယေန ဥပါယေန ဤရယိတဗ္ဗံ ပဝတ္တယိတဗ္ဗန္တိ ဝီရိယံ။ (အဘိ၊ဋ္ဌ၊၁၊၁၆၃။)

တစ်နည်း --- တစ်စုံတစ်ခုသော ပြုဖွယ် လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်ဖို့ရန် ကြိုတင်၍ စီမံအပ်သော ပုဗ္ဗပယောဂကို ဝိဓိ = အစီအရင်ဟု ခေါ်သည်။ ထိုအစီအရင်ကိုပင် နယ = နည်းလမ်း, ဥပါယ = သင့်သော အကြောင်း = ဥပါယ်ဟု ဖွင့်သည်။ ထိုပုဗ္ဗပယောဂဟူသော အစီအရင် နည်းလမ်း ဥပါယ်ဖြင့် ဖြစ်စေထိုက်သော သဘောတရား သည် ဝီရိယ မည်၏။ အားထုတ်မှု, ထိုထို ကိစ္စကို ပြီးမြောက်အောင် လွန်စွာ အားထုတ်မှု, အဆင့်ဆင့် အားထုတ်မှုတည်း။ (ဆိုလိုရင်းကား ကိစ္စတစ်ခုကို ပြုလုပ်ဖို့ရန် ပျင်းရိသောကြောင့် ဝီရိယ မဖြစ်သူ၏ သန္တာန်၌ ထိုအလုပ်ကို မလုပ်ခြင်းကြောင့် ရရှိမည့် အပြစ်, ပြုလုပ်ခြင်းကြောင့် ရရှိမည့် အကျိုးတရားကို စဉ်းစား ဆင်ခြင်လိုက်သောအခါ ထိုအလုပ်ကို လုပ်ဖို့ရန် ဝီရိယ ဖြစ်ပေါ်လာ၏၊ ထိုဝီရိယမျိုးကို ရည်ရွယ်၍ ဝိဓိနာ ဤရယိတဗ္ဗံ = သင့်လျော်သော ပုဗ္ဗပယောဂ ဥပါယ အစီအရင်ဖြင့် ဖြစ်စေအပ်သော တရားဟု ဆိုသည်။) ထို ဝီရိယသည်ပင် ပျင်းရိသူ ဖြစ်ဖို့ရန် အကြောင်းတရားဖြစ်သော ကောသဇ္ဇတရားကို လွှမ်းမိုးနိုင်သည့်အတွက် အကြီးအကဲ၏ အဖြစ်ဟူသော အနက် သဘောကြောင့် ဣန္ဒြိယ = ဣန္ဒြေလည်း မည်၏။ တစ်နည်း သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်း အဆင့်ဆင့် အားပေးထောက်ပံ့ခြင်း သဘောလက္ခဏာ၌ မိမိ၏ အစိုးရသူ၏ အဖြစ်ကို သမ္ပယုတ်တရားတို့ကို ပြုလုပ်စေတတ် သောကြောင့် ဣန္ဒြေလည်း မည်၏၊ ဝီရိယနှင့် ဣန္ဒြေ နှစ်ခုပေါင်းစပ်၍ ဝီရိယိန္ဒြေဟု ခေါ်ဆိုသည်။ ထိုဝီရိယ၏ လက္ခဏာကို အောက်ပါအတိုင်း ရှင်းလင်းတင်ပြထား၏။

တံ ပနေတံ ဥပတ္ထမ္ဘနလက္ခဏဉ္စ ဝီရိယံ, ပဂ္ဂဟဏလက္ခဏဉ္စ။ (အဘိ၊ဋ္ဌ၊၁၊၁၆၃။)

ထိုဝီရိယသည် သမ္ပယုတ်တရားတို့ကို ထောက်ပံ့ခြင်း သဘောလက္ခဏာလည်း ရှိ၏၊ သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်း သဘောလက္ခဏာလည်း ရှိ၏။ (အဘိ၊ဋ္ဌ၊၁၊၁၆၃။)

ပြိုလုမတတ် ယိုင်နေသော အိမ်အိုကြီး တစ်လုံးသည် အာဂန္တုက ဖြစ်သော ထောက်ပံ့တတ်သော ထောက်တိုင်တို့ဖြင့် ထောက်ကန်ထားမှုဖြင့် တည်နေရသကဲ့သို့ ဤဥပမာအတူပင်လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် ဝီရိယ တည်းဟူသော ထောက်တိုင်သည် ထောက်ပံ့အပ်သည် ဖြစ်၍ အလုံးစုံသော ကုသိုလ်တရားတို့မှ မယုတ်မလျော့ ခြင်း ဖြစ်၏။ ဤသို့လျှင် ရှေးဦးစွာ ဝီရိယ၏ သမ္ပယုတ်တရားတို့ကို ထောက်ပံ့ခြင်း = ဥပတ္ထမ္ဘနလက္ခဏာ ရှိပုံကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၁၆၃။)

ထိုကြောင့် အရှင်နာဂသေနမထေရ်မြတ်ကြီးက ဤသို့ မိန့်ဆိုထားတော်မူ၏။

ဒါယကာတော် မဟာရာဇာ ...ယောက်ျားသည် အိမ်ပြိုလုလတ်သော် ထိုအိမ်ကို အခြားသော ထောက် တိုင်ဖြင့် ထောက်ထားရသကဲ့သို့ ထောက်ထားအပ်သည် ဖြစ်လတ်သော် ဤသို့ ထောက်ခြင်းဟူသော အကြောင်း ကြောင့် ထိုအိမ်သည် မလဲမပြိုရာသကဲ့သို့ ဒါယကာတော် မဟာရာဇာ ...ဤဥပမာအတူပင်လျှင် ဝီရိယသည် သမ္ပယုတ်တရားတို့ကို ထောက်ပံ့ထားခြင်း သဘောလက္ခဏာ ရှိ၏။ ဝီရိယသည် ထောက်ပံ့အပ်ကုန်သော ခပ်သိမ်း ကုန်သော ကုသိုလ်တရားတို့သည် မဆုတ်ယုတ်ကုန် မလျှောကျကြကုန်။ (ခု၊၁၁၊၃၅။ အဘိ၊ဋ္ဌ၊၁၊၁၆၄။)

ဥပမာ တစ်နည်း --- အနည်းငယ်သော စစ်တပ်နှင့် (= အားနည်းသော စစ်တပ်နှင့်) အင်အား ကြီးမားသော (= စစ်သားအရေအတွက် လက်နက်အင်အား စသည်ဖြင့် အဘက်ဘက်မှ အင်အား ကြီးမားသော) စစ်တပ်တို့ သည် စစ်တိုက်ပွဲ ဖြစ်လတ်သော် အင်အားနည်းသော စစ်တပ်သည် ဆုတ်နစ်ရ၏၊ ထိုသို့ ဆုတ်နစ်ရခြင်းကြောင့် ဘုရင်မင်းကြီးအား တပ်ဆုတ်ရကြောင်းကို သံတော်ဦး တင်ရာ၏၊ ဘုရင်မင်းကြီးသည် စစ်သည်ဗိုလ်ပါ အလုံးအရင်း အားကြီးသော စစ်ကူကို စေလွှတ်ရာ၏။ ထို အားရှိသော အင်အားကြီးမားသော စစ်ကူသည် ချီးမြှောက်အပ် ထောက်ပံ့အပ်သော မိမိစစ်တပ်သည် တစ်ပါးသော ရန်သူစစ်တပ်ကို ရှုံးစေရာသကဲ့သို့ အနိုင်တိုက်ရာသကဲ့သို့ ဤဥပမာအတူပင်လျှင် ဝီရိယသည် မိမိနှင့် အတူဖြစ်ဖက် သမ္ပယုတ်တရားတို့အား တွန့်ဆုတ်ခြင်းငှာ ဆုတ်နစ်ခြင်းငှာ အခွင့်မပေး၊ မြှောက်ပင့်ပေးထား၏၊ ချီးမြှောက်ထား၏၊ ထိုကြောင့် ဝီရိယသည် သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်း ပဂ္ဂဟလက္ခဏာ = ပဂ္ဂဟဏလက္ခဏာလည်း ရှိပေသည်။ (အဋ္ဌကထာဆရာတော်သည် ဤဥပတ္ထမ္ဘနလက္ခဏာနှင့် ပဂ္ဂဟလက္ခဏာ နှစ်မျိုးကို မိလိန္ဒပဥှာပါဠိတော်-၃၅-၃၆ ကို ကိုးကား၍ ဖွင့်ဆိုထားတော်မူခြင်း ဖြစ်သည်။ ဤဥပတ္ထမ္ဘနလက္ခဏာကိုပင် ဥပတ္ထမ္ဘနရသဟုလည်း သုံးစွဲထားပေသည်။) (အဘိ၊ဋ္ဌ၊၁၊၁၆၃-၁၆၄၊၊)

ဥဿာဟလက္ခဏာ = ဥဿဟနလက္ခဏာ --- ဥဿာဟော တံတံကိစ္စသမာရမ္ဘော, ပရက္ကမော ဝါ။ (မဟာဋီ၊၂၊၁၄၁။)

တတ္ထ အာရမ္ဘဓာတူတိ ပဌမဝီရိယံ ဝုစ္စတိ။ နိက္ကမဓာတူတိ ကောသဇ္ဇတော နိက္ခန္တတ္တာ တတော ဗလဝတရံ။ ပရက္ကမဓာတူတိ ပရံ ပရံ ဌာနံ အက္ကမနတော တတောပိ ဗလဝတရံ။ (ဝိသုဒ္ဓိ၊၁၊၁၂၈။)

ဥဿာဟ ဟူသည် ---

၁။ ထိုထို ကိစ္စကို ကောင်းစွာ အားထုတ်ခြင်း အာရမ္ဘဝီရိယဓာတ် = ပထမ ဝီရိယဓာတ်,

၂။ ပျင်းရိသူဖြစ်ကြောင်း ကောသဇ္ဇတရားမှ ထွက်မြောက်ကြောင်း ဖြစ်သောကြောင့် ထို အာရမ္ဘဝီရိယဓာတ် ထက် ပို၍ အားကောင်းသော နိက္ကမဝီရိယဓာတ်,

၃။ အလွန်ထက်မြက်သည်ထက် ထက်မြက်ခြင်း စသည့်အဖြစ်ဟု ဆိုအပ်သော အဆင့်ဆင့် ကြိုးစားအားထုတ် ပါမှ ရောက်နိုင်ရနိုင်သည့် (စျာန်-မဂ်-ဖိုလ်-နိဗ္ဗာန်ကဲ့သို့သော) အရာဌာနသို့ ဆင့်ကာဆင့်ကာ တက်ရောက် နိုင်သည်၏ အဖြစ်ကြောင့် ထို နိက္ကမဝီရိယဓာတ်ထက်လည်း လွန်ကဲသန်မြန်သော ပရက္ကမဝီရိယဓာတ်,

ဤ သုံးမျိုးသော ဝီရိယဓာတ်တည်း။ မဟာဋီကာ၌ အာရမ္ဘဝီရိယဓာတ်နှင့် ပရက္ကမဝီရိယဓာတ်ကိုသာ ဖွင့်ဆိုခြင်းသည် အာဒိဒီပက, အန္တဒီပကနည်းဟု မှတ်ပါ။ တစ်နည်း မိဂပဒဝလဉ္ဇနနည်းဟု မှတ်ပါ။

သင်္ဂြိုဟ်ဘာသာဋီကာ၏ ရှင်းလင်းချက်

သင်္ဂြိုဟ်ဘာသာဋီကာ၏ ရှင်းလင်းချက်

ဝီရဿ = ရဲရင့်သောသူ၏၊ ဘာဝေါ = ဖြစ်ရာဖြစ်ကြောင်း သဘောတရားသည်၊ ဝီရိယံ = ဝီရိယ မည်၏၊ ဧတံ = ဤဝီရိယသည်၊ ဥဿာဟလက္ခဏံ = ရသည့်ဆင်းရဲ, အံကြိတ်ခဲ၍, အမြဲသည်းခံခြင်း လက္ခဏာ ရှိ၏၊-- လုံ့လ ဝီရိယ ရှိသူသည် ထိုထိုကိစ္စ၌ ရဲရင့်၏၊ သို့အတွက် ရဲရင့်သူ၏ ဖြစ်ကြောင်းကား ဝီရိယပင်တည်း။ ဝီရိယ ရှိသူသည် တစ်စုံတစ်ခု အမှုကိစ္စကို ပြုရသည့်အတွက် ရရှိမည့် ဒုက္ခကို မကြောက်မရွံ့ သည်းခံနိုင်ရည် ရှိ၏။- [ဥ = ဒုက္ခလာဘေ = ဆင်းရဲကို ရလတ်သော် + သဟနံ = သည်းခံနိုင်ခြင်းသည်။ ဥဿာဟော = ဥဿာဟ မည် ၏။] (သင်္ဂြိုဟ်ဘာသာဋီကာ၊၁၀၀။)

ဥပတ္ထမ္ဘနရသ --- သမ္ပယုတ်တရားတို့ကို ပျင်းရိသူဖြစ်ကြောင်း ကောသဇ္ဇအဖို့၌ ကျရောက်ခွင့်ကို မပေးမူ၍ ဆောင်ထားခြင်း, သင့်လျော်သော ခွန်အားကို ပေးခြင်း, ချီးမြှောက်ခြင်းသည် ဝီရိယ၏ ဥပတ္ထမ္ဘနကိစ္စတည်း = သမ္ပယုတ်တရားတို့ကို အားပေးထောက်ပံ့ ခိုင်ခံ့စေခြင်း လုပ်ငန်းကိစ္စတည်း။ (မဟာဋီ၊၂၊၁၄၁။)

လဲပြိုကာနီး အိမ်အိုကြီးကို ကျားခေါ်သော ထောက်တိုင်ဖြင့် မလဲမပြိုရအောင် ထောက်ကန်ထားသကဲ့သို့ သမ္ပယုတ်တရားတို့ကို ထိုထို လုပ်ငန်းကိစ္စရပ်၌ ရော့ရော့ရဲရဲ (လျော့လျော့ရဲရဲ) မရှိရအောင် ထောက်ပံ့ထားမှု ကိစ္စတည်း။ ထိုသို့ ထောက်ပံ့ထားမှုကြောင့် ဝီရိယနှင့်ယှဉ်သော သမ္ပယုတ်တရားတို့သည် ဒါနမှု သီလမှု ဘာဝနာမှု စသော ထိုထို လုပ်ငန်းရပ်တို့၌ ထထကြွကြွ တက်တက်ကြွကြွ ရှိကြခြင်း ဖြစ်သည်။

အသံသီဒနဘာဝပစ္စုပဋ္ဌာန် --- ထိုထို ဒါနမှု သီလမှု ဘာဝနာမှု စသော လုပ်ငန်းရပ်တို့၌ စိတ်ဓာတ် မထက်သန်သူ ပျင်းရိသူ ဖြစ်ရန် အကြောင်းတရားများမှာ ထိနမိဒ္ဓ လွန်ကဲပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်တည်း။ ယင်းပျင်းရိသူ ဖြစ်ကြောင်း ထိနမိဒ္ဓ လွန်ကဲပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ် = စိတ် စေတသိက်တရားစုကို ကောသဇ္ဇဟု ခေါ်၏။ ထိုထို လုပ်ငန်းကိစ္စရပ်တို့၌ စိတ်ဓာတ် ဆုတ်နစ်မှု တွန့်ဆုတ်မှု = သံသီဒနဟုလည်း ခေါ် ၏။ ထိုကောသဇ္ဇ = သံသီဒနတရားကို ဝီရိယသည် လွှမ်းမိုးဖိစီး နှိပ်စက်တတ်၏။ သို့အတွက် ဝီရိယသည် သံသီဒန၏ ပဋိပက္ခဓမ္မ = ဆန့်ကျင်ဘက်သဘောတရား အသံသီဒန မည်၏။ ဝီရိယသည် ထို ကောသဇ္ဇ = သံ- သီဒနတရားဟူသော ပျင်းကြောထူမှုများကို လွှမ်းမိုးဖိစီး နှိပ်စက်လျက် ထိုထို ဒါနမှု သီလမှု ဘာဝနာမှု စသည်တို့၌ အရေးကြုံက နောက်မဆုတ်တတ်သော သဘောတရားဟု ဝီရိယကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ (သံသီဒန၏ မရှိခြင်း သဘောမျှသည် ဝီရိယ မဟုတ် ဟူလို။) (မဟာဋီ၊၂၊၁၄၁။)

သံဝေဂပဒဋ္ဌာနံ - သံဝေဂဉာဏ်

သံဝေဂပဒဋ္ဌာနံ - သံဝေဂဉာဏ်

၁။ ဇာတိဘေး = ပဋိသန္ဓေ တည်နေရမှု ဘေးဆိုးကြီး

၂။ ဇရာဘေး = အိုရမှု ဘေးဆိုးကြီး

၃။ ဗျာဓိဘေး = နာရမှု ဘေးဆိုးကြီး

၄။ မရဏဘေး = သေကျေ ပျက်စီးရမှု ဘေးဆိုးကြီး

၅။ အပါယ် သံသရာဝဋ်ဆင်းရဲဒုက္ခ ဘေးဆိုးကြီး

၆။ အတိတ် သံသရာဝဋ်ဆင်းရဲလျှင် အကြောင်းရင်းရှိသော ဒုက္ခ

၇။ အနာဂတ် သံသရာဝဋ်ဆင်းရဲလျှင် အကြောင်းရင်းရှိသော ဒုက္ခ

၈။ အာဟာရ ပရိယေသန ဒုက္ခ = ပစ္စုပ္ပန်၌ အစာအာဟာရ (စည်းစိမ်ဥစ္စာ) ရှာမှီးရခြင်း ဒုက္ခ ---

ထို (၈)ဌာနတို့ကို အာရုံပြု၍ စဉ်းစားဆင်ခြင်သောအခါ ထိတ်လန့် ကြောက်ရွံ့ကြောင်း ဖြစ်သော ဩတ္တပ္ပ နှင့်တကွ = ဩတ္တပ္ပနှင့် ယှဉ်လျက် ဉာဏ်သည် ဖြစ်ပေါ်လာရ၏၊ သဟောတ္တပ္ပဉာဏ်ဟု ခေါ်၏။ ယင်း သဟောတ္တပ္ပ ဉာဏ်ကိုပင် သံဝေဂဟု ခေါ်၏။ ထိုသံဝေဂဉာဏ် ရှိသူသည် ဒါနမှု သီလမှု ဘာဝနာမှု စသည့် ကုသိုလ်ကောင်းမှု များ၌ ထက်ထက်သန်သန် အားတက်သရော ရှိတတ်ရကား ထိုသံဝေဂဉာဏ်သည် ဝီရိယဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းတရား ဖြစ်ရလေသည်။

သံဝေဂပဒဋ္ဌာနန္တိ အဋ္ဌသံဝေဂပုဗ္ဗိကာယ ကုသလကိရိယာယ။ (မဟာဋီ၊၂၊၁၄၁။)

သံဝေဂဉာဏ်အရ (၈)မျိုးသော သံဝေဂဉာဏ်လျှင် ပြဓာန်းခြင်း ရှိသော ပုထုဇန်သေက္ခများအဖို့ မဟာကုသိုလ် စိတ်စေတသိက်တရားစု, အသေက္ခ = ရဟန္တာအရှင်မြတ်များအဖို့ မဟာကြိယာ စိတ်စေတသိက်တရားစု တို့ကို အရကောက်ယူပါ။ (မဟာဋီ၊၂၊၁၄၁။)

ဝီရိယာရမ္ဘဝတ္ထုပဒဋ္ဌာနံ ဝါ --- သုတ်ပါထေယျပါဠိတော်၌ လာရှိသော သင်္ဂီတိသုတ်ကို မှီး၍ (မူလဋီ၊ ၁၊၈၉။ မဟာဋီ၊၂၊၁၄၁။)၌ ဝီရိယာရမ္ဘဝတ္ထု (၈)ပါးကို ဖွင့်ဆိုထား၏။ အတိုချုပ်မှာ ဤသို့ ဖြစ်၏။

(၁) ခရီးသွားခါနီးနေခြင်း, (၂) ခရီးသွားပြီးစဖြစ်ခြင်း,

(၃) တစ်စုံတစ်ခုအမှုကိစ္စကို ပြုခါနီးနေခြင်း, (၄) ပြုပြီးစဖြစ်ခြင်း,

(၅) မကျန်းမမာစပြုနေခြင်း, (၆) ကျန်းမာပြီးစဖြစ်ခြင်း,

(၇) ဆွမ်းလုံလောက်စွာ မရခြင်း, (၈) အလွန်ပေါများစွာ ရခြင်း,

ဤ (၈)ပါး၌ ေ့ရှနောက် အစီအစဉ်မှာ အဋ္ဌကထာ၌ ညွှန်ပြသော အစီအစဉ်အတိုင်း ဋီကာဆရာတော် များက ဖွင့်ဆိုသွားတော်မူကြခြင်းပင် ဖြစ်သည်။ ပါဠိတော်၌ကား ေ့ရှနောက် အစီအစဉ် တစ်မျိုး လာရှိပေသည်။ အစီအစဉ် မတူသော်လည်း သဘောအဓိပ္ပါယ်ကား တူညီလျက်ပင် ရှိသည်။

ဝီရိယာရမ္ဘဝတ္ထု --- ဧတာနိ အနုရူပပစ္စဝေက္ခဏာသဟိတာနိ အဋ္ဌ ဝီရိယာရမ္ဘဝတ္ထူနိ၊ တံမူလကာနိ ဝါ ပစ္စဝေက္ခဏာနိ။ (မူလဋီ၊၁၊၈၉။ မဟာဋီ၊၂၊၁၄၁။)

ဝီရိယဖြစ်ခြင်းအား လျော်သော ယောနိသောမနသိကာရ-ပစ္စဝေက္ခဏဉာဏ် = နည်းမှန် လမ်းမှန် နှလုံးသွင်းတတ်သော ဆင်ခြင်ဉာဏ်နှင့် အတူတကွဖြစ်သော ဤ (၈)ပါးတို့သည် ဝီရိယဖြစ်ကြောင်း ဝီရိယာရမ္ဘဝတ္ထုတို့ မည်၏။ တစ်နည်း ထို (၈)ပါးလျှင် အကြောင်းရင်းခံ ရှိကုန်သော ယောနိသောမနသိကာရ-ပစ္စဝေက္ခဏဉာဏ် = နည်းမှန် လမ်းမှန် နှလုံးသွင်းတတ်သော ဆင်ခြင်ဉာဏ်တို့သည် = ဆင်ခြင်ဉာဏ် ပြဓာန်းသော စိတ်စေတသိက် တို့သည် ဝီရိယာရမ္ဘဝတ္ထုတို့ မည်၏။

ဤတွင် နည်းမှန် လမ်းမှန် နှလုံးသွင်း ဆင်ခြင်ပုံ မဆင်ခြင်ပုံ = နည်းမှား လမ်းမှား နှလုံးသွင်း ဆင်ခြင်ပုံတို့ကို ပိုမို၍ သဘောပေါက်စေရန် အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ်၌ လာရှိသော ကုသီတာရမ္ဘဝတ္ထု သုတ္တန်ကို ဆက်လက် တင်ပြအပ်ပါသည်။

ကုသီတာရမ္ဘဝတ္ထု သုတ္တန်

ကုသီတာရမ္ဘဝတ္ထု သုတ္တန်

ရဟန်းတို့ ...ပျင်းရိခြင်း၏ အကြောင်းတို့သည် ဤ (၈)မျိုးတို့တည်း။ အဘယ် (၈)မျိုးတို့နည်းဟူမူ ---

၁။ ရဟန်းတို့ ...ဤသာသနာတော်၌ ရဟန်းသည် တစ်စုံတစ်ခုသော ပြုဖွယ်အမှုကိစ္စကို ပြုလုပ်ရတော့မည် ဖြစ်၏၊ ထိုရဟန်းအား --- ငါသည် တစ်စုံတစ်ခုသော ပြုဖွယ်အမှုကိစ္စကို ပြုလုပ်ရတော့မည်၊ အမှုကိစ္စကို ပြုလုပ် ရသော ငါ၏ကိုယ်သည် ပင်ပန်းလိ့မ်မည်၊ ယခု ငါသည် အိပ်ဦးမည်ဟု စိတ်ဖြစ်၏၊ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ရဟန်းတို့ ...ဤသည်ကား ပထမ ပျင်းရိခြင်း၏ အကြောင်းတည်း။

၂။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် တစ်စုံတစ်ခုသော ပြုဖွယ်အမှုကိစ္စကို ပြုလုပ်ပြီး ဖြစ်၏၊ ထိုရဟန်းအား --- ငါသည် အမှုကိစ္စကို ပြုလုပ်ပြီးပြီ၊ အမှုကိစ္စကို ပြုလုပ်ရသော ငါ၏ကိုယ်သည် ပင်ပန်း၏၊ ယခု ငါသည် အိပ်ဦးမည်ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေး သည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ရဟန်းတို့ ...ဤသည်ကား ဒုတိယ ပျင်းရိခြင်း၏ အကြောင်းတည်း။

၃။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် ခရီးသွားရတော့မည် ဖြစ်၏၊ ထိုရဟန်းအား --- ငါသည် ခရီးသွားရတော့မည်၊ ခရီးသွားသော ငါ၏ကိုယ်သည် ပင်ပန်းလိမ့်မည်၊ ယခု ငါသည် အိပ်ဦးမည်ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသည့် (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက် ပြုရန် ဝီရိယကို အားမထုတ်။ ရဟန်းတို့ ...ဤသည်ကား တတိယ ပျင်းရိခြင်း၏ အကြောင်းတည်း။

၄။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် ခရီးသွားပြီး ဖြစ်၏၊ ထိုရဟန်းအား --- ငါသည် ခရီးသွား ပြီးပြီ၊ ခရီးသွားပြီးသော ငါ၏ကိုယ်သည် ပင်ပန်း၏၊ ယခု ငါသည် အိပ်ဦးမည်ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသော တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ရဟန်းတို့ ...ဤသည်ကား စတုတ္ထ ပျင်းရိခြင်း၏ အကြောင်းတည်း။

၅။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံ သွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် မရ၊ ထိုရဟန်းအား --- ငါသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည် လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် မရခဲ့၊ ဆွမ်းခံသွားသော ထိုငါ၏ ကိုယ်သည် ပင်ပန်း၏၊ စျာန် ဝိပဿနာ မဂ် ဖိုလ် တရားထူး တရားမြတ်ကို ရရှိရန် သမထ ဝိပဿနာ ဘာဝနာ အမှုကိစ္စကို ပြုလုပ်ရန် မလျောက်ပတ်သေး၊ ယခု ငါသည် အိပ်ဦးမည်ဟု စိတ်ဖြစ်၏၊ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသည့် (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ရဟန်းတို့ ...ဤသည်ကား ပဉ္စမ ပျင်းရိခြင်း၏ အကြောင်းတည်း။

၆။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံ သွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် ရခဲ့၏၊ ထိုရဟန်းအား --- ငါသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည် လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းကို အလိုရှိတိုင်း ပြည့်စုံအောင် ရခဲ့၏၊ ထိုငါ၏ ကိုယ်သည် လေးလံ၏၊ စျာန် ဝိပဿနာ မဂ် ဖိုလ် တရားထူး တရားမြတ်ကို ရရှိရန် သမထ ဝိပဿနာ ဘာဝနာအမှုကိစ္စကို ပြုလုပ်ရန် မလျောက်ပတ်သေး၊ စိုစွတ်သော ပဲကဲ့သို့ လေးလံနေ၏၊ ယခု ငါသည် အိပ်ဦးမည်ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသည့် (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ရဟန်းတို့ ...ဤသည်ကား ဆဋ္ဌ ပျင်းရိခြင်း၏ အကြောင်းတည်း။

၇။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းအား အနည်းငယ်မျှသော အနာရောဂါသည် ဖြစ်၏၊ ထိုရဟန်း အား --- ငါ့အား အနည်းငယ်မျှသော အနာရောဂါသည် ဖြစ်နေ၏၊ အိပ်ခြင်းငှာ လျောက်ပတ်၏၊ ယခု ငါသည် အိပ်ဦးမည် --- ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသည့် (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ရဟန်းတို့ ...ဤသည်ကား သတ္တမ ပျင်းရိခြင်း၏ အကြောင်းတည်း။

၈။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် အနာရောဂါမှ ထမြောက်လာစ ဖြစ်၏၊ အနာရောဂါမှ ထမြောက်၍ မကြာသေး၊ ထိုရဟန်းအား --- ငါသည် အနာရောဂါမှ ထမြောက်လာစ ဖြစ်၏၊ အနာရောဂါမှ ထမြောက်၍ မကြာသေး၊ အနာရောဂါမှ ထမြောက်လာစဖြစ်သော ငါ၏ကိုယ်သည် အားမရှိ၊ စျာန် ဝိပဿနာ မဂ် ဖိုလ် တရားထူး တရားမြတ်ကို ရရှိရန် သမထ ဝိပဿနာ ဘာဝနာအမှုကိစ္စကို ပြုလုပ်ရန် မလျောက်ပတ်သေး၊ ယခု ငါသည် အိပ်ဦးမည်ဟု စိတ်ဖြစ်၏၊ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသည့် (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရ သေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားမထုတ်။ ရဟန်းတို့ ...ဤသည်ကား အဋ္ဌမ ပျင်းရိခြင်း၏ အကြောင်းတည်း။

ရဟန်းတို့ ...ပျင်းရိခြင်း၏ အကြောင်းတို့သည် ဤ (၈)မျိုးတို့တည်း။

ရဟန်းတို့ ...ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ၏ အကြောင်းတို့သည် ဤ (၈)မျိုးတို့တည်း။ အဘယ် (၈)မျိုးတို့နည်း ဟူမူ ---

၁။ ရဟန်းတို့ ...ဤသာသနာတော်၌ ရဟန်းသည် (သင်္ကန်းချုပ်ခြင်း ဆိုးခြင်း သပိတ်ဖုတ်ခြင်း စသော) အမှုကိစ္စကို ပြုလုပ်ရမည် ဖြစ်၏။ ထိုရဟန်းအား --- ငါသည် အမှုကိစ္စကို ပြုလုပ်ရတော့မည်၊ အမှုကိစ္စကို ပြု လုပ်ရသော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မစွမ်းနိုင်၊ ယခု ငါသည် မရောက်ရသေး သော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် စောစောကပင် ဝီရိယကို အားထုတ်ဦးမည်ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်၏။ ရဟန်းတို့ ...ဤသည်ကား ပထမ ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ၏ အကြောင်းတည်း။

၂။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် အမှုကိစ္စကို ပြုလုပ်ပြီး ဖြစ်၏၊ ထိုရဟန်းအား --- ငါသည် အမှုကိစ္စကို ပြုလုပ်ပြီးပြီ၊ အမှုကိစ္စကို ပြုလုပ်သော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မစွမ်းနိုင်၊ ယခု ငါသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက် ပြုရန် ဝီရိယကို အားထုတ်တော့မည်ဟု စိတ်ဖြစ်၏၊ ထိုရဟန်းသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရ သေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်၏။ ရဟန်းတို့ ...ဤသည်ကား ဒုတိယ ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ၏ အကြောင်းတည်း။

၃။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် ခရီးသွားရမည် ဖြစ်၏၊ ထိုရဟန်းအား --- ငါသည် ခရီးသွားရတော့မည်၊ ခရီးသွားသော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မလွယ်ကူ၊ ယခု ငါသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် စောစော ကပင် ဝီရိယကို အားထုတ်ဦးမည်ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရ သေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်၏။ ရဟန်းတို့ ...ဤသည်ကား တတိယ ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ၏ အကြောင်းတည်း။

၄။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် ခရီးသွားပြီး ဖြစ်၏၊ ထိုရဟန်းအား --- ငါသည် ခရီး သွားပြီးပြီ၊ ခရီးသွားသော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မစွမ်းနိုင်၊ ယခု ငါသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်တော့မည်ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်၏။ ရဟန်းတို့ ...ဤသည်ကား စတုတ္ထ ကြိုးစားအားထုတ် ခြင်း လုံ့လဝီရိယ၏ အကြောင်းတည်း။

၅။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံသွား သည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် မရ၊ ထိုရဟန်းအား --- ငါသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည် လည်းဖြစ်သော နုသည်လည်း ဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် မရ၊ ထိုငါ၏ ကိုယ်သည် ပေါ့၏၊ (စျာန် ဝိပဿနာ မဂ် ဖိုလ်ကို ရရှိရန်) သမထ ဝိပဿနာ ဘာဝနာအမှုကိစ္စကို ပြုလုပ်ရန် လျောက်ပတ်၏၊ ယခု ငါသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန် မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်တော့မည်ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်၏။ ရဟန်းတို့ ...ဤသည်ကား ပဉ္စမ ကြိုးစားအားထုတ်- ခြင်း လုံ့လဝီရိယ၏ အကြောင်းတည်း။

၆။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံသွား သည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် ရခဲ့၏၊ ထိုရဟန်းအား --- ငါသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည် လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် ရခဲ့၏၊ ထိုငါ၏ ကိုယ်သည် အားရှိ၏၊ (စျာန် ဝိပဿနာ မဂ် ဖိုလ်ကို ရရှိရန်) သမထ ဝိပဿနာ ဘာဝနာအမှုကိစ္စကို ပြုလုပ်ရန် လျောက်ပတ်၏၊ ယခုငါသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်တော့မည်ဟု စိတ်ဖြစ်၏၊ ထိုရဟန်းသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်၏။ ရဟန်းတို့ ...ဤသည်ကား ဆဋ္ဌ ကြိုးစားအား ထုတ်ခြင်း လုံ့လဝီရိယ၏ အကြောင်းတည်း။

၇။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းအား အနည်းငယ်မျှသော အနာရောဂါသည် ဖြစ်၏၊ ထိုရဟန်း အား --- ငါ့အား အနည်းငယ်မျှသော အနာရောဂါသည် ဖြစ်၏၊ ငါ၏ အနာရောဂါသည် တိုးပွားရာသော အကြောင်း ရှိ၏၊ ယခု ငါသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသော တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် စောစောကပင် ကြိုတင်၍ ဝီရိယကို အားထုတ်တော့မည်ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အား ထုတ်၏။ ရဟန်းတို့ ...ဤသည်ကား သတ္တမ ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ၏ အကြောင်းတည်း။

၈။ ရဟန်းတို့ ...နောက်တစ်မျိုးကား ရဟန်းသည် အနာရောဂါမှ ထမြောက်စ ဖြစ်၏၊ အနာရောဂါမှ ထ မြောက်၍ မကြာသေး၊ ထိုရဟန်းအား --- ငါသည် အနာရောဂါမှ ထမြောက်စ ဖြစ်၏၊ အနာရောဂါမှ ထမြောက်၍ မကြာသေး၊ ငါ့အား အနာရောဂါသည် ဖြစ်ပြန်ရာသော အကြောင်း ရှိ၏၊ ယခု ငါသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရ ရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် စောစောကပင် ကြိုတင်၍ ဝီရိယကို အားထုတ်တော့မည်ဟု စိတ်ဖြစ်၏။ ထိုရဟန်းသည် မရောက်ရသေးသော (စျာန် ဝိပဿနာ မဂ် ဖိုလ်) တရားထူး တရားမြတ်သို့ ရောက်ရန်, မရသေးသည့် တရားထူး တရားမြတ်ကို ရရန်, မျက်မှောက်မပြုရသေးသည့် တရားထူး တရားမြတ်ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်၏။ ရဟန်းတို့ ...ဤသည်ကား အဋ္ဌမ ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ၏ အကြောင်းတည်း။

ရဟန်းတို့ ...ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ၏ အကြောင်းတို့သည် ဤ (၈)မျိုးတို့တည်း။ (အံ၊၃၊၁၄၇-၁၅၀။)

ဤတွင် ကုသီတာရမ္ဘဝတ္ထု သုတ္တန် ပြီးဆုံးပေပြီ။

ဝီရိယရှိသူသည် သို့မဟုတ် ယောနိသောမနသိကာရ ပစ္စဝေက္ခဏာဉာဏ်ဟူသော နည်းမှန် လမ်းမှန် နှလုံး သွင်းတတ်သော ဆင်ခြင်ဉာဏ်ရှိသူသည်ကား ---

၁။ တစ်စုံတစ်ခုသော ပြုဖွယ် အမှုကိစ္စကို ပြုလုပ်ခါနီး ဖြစ်နေခြင်း,

၂။ တစ်စုံတစ်ခုသော ပြုဖွယ် အမှုကိစ္စကို ပြုပြီးကာစ ဖြစ်နေခြင်း,

၃။ ခရီးသွားခါနီးနေခြင်း,

၄။ ခရီးသွားပြီးကာစ ဖြစ်ခြင်း,

၅။ ဆွမ်း လုံလောက်စွာ မရခြင်း,

၆။ ဆွမ်း လုံလောက်စွာ ရခြင်း,

၇။ မကျန်းမမာစ ပြုနေခြင်း,

၈။ ကျန်းမာပြီးစ ဖြစ်ခြင်း ---

ဤ အချက်အလက်တို့ကို အကြောင်းပြု၍လည်း ဘုရားရှင်၏ အဆုံးအမကို နှလုံးသွင်း၍ ဘာဝနာတရား ကြိုးစားအားထုတ်ရန်သာ တာစူလျက် ရှိ၏၊ ကြိုးလည်း ကြိုးစား၏၊ အားလည်း အားထုတ်၏၊ ယောက်ျားမြတ်တို့၏ ဇွဲလုံ့လ ဝီရိယကို, မိန်းမမြတ်တို့၏ ဇွဲလုံ့လ ဝီရိယကို ေ့ရှတန်းသို့ အမြဲတမ်း ပင့်တင်ထား၏။

တစ်စုံတစ်ခုသော သင်္ကန်းဆိုးခြင်း သပိတ်ဖုတ်ခြင်း စသော ပြုဖွယ် အမှုကိစ္စကို ပြုလုပ်ခါနီး ဖြစ်နေလျှင် လည်း ယင်းအမှုကိစ္စကို ပြုလုပ်နေဆဲ၌ ဘာဝနာအလုပ် ပျက်ကွက် လစ်ဟင်းမည်ကို ဆင်ခြင်လျက် ယင်းအမှုကိစ္စ ကို မပြုလုပ်ခင် ဘာဝနာအမှုကို အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်၏။ တစ်စုံတစ်ခုသော ပြုဖွယ် အမှုကိစ္စကို ပြုပြီးစ ဖြစ်လျှင်လည်း ထိုအမှုကိစ္စကို ပြုခဲ့စဉ်က ဘာဝနာအလုပ် ပျက်ကွက်မှုကို ဆင်ခြင်လျက် အတိုးချ၍ ကြိုးစားအားထုတ်ပြန်၏။

ခရီးသွားခါနီး ဖြစ်နေလျှင်လည်း ခရီးသွားဆဲခဏ၌ ဘာဝနာအလုပ် ပျက်ကွက် လစ်ဟင်းမည်ကို ဆင်ခြင် လျက် ခရီးမသွားခင် ကြိုတင်ကာ ကြိုးစားအားထုတ်ပြန်၏။ ခရီးသွားပြီးစ ဖြစ်လျှင်လည်း ခရီးသွားခဲ့စဉ်က ဘာဝနာအမှု ပျက်ကွက်မှုကို ဆင်ခြင်လျက် အတိုးချ၍ ကြိုးစားအားထုတ်ပြန်၏။

ဆွမ်းလုံလောက်စွာ မရလျှင်လည်း --- ထိုငါ၏ ကိုယ်သည် ယခုအခါ ပေါ့ပေါ့ပါးပါး ရှိ၏၊ ဘာဝနာအမှု ကိစ္စ ပြုရန် ခံ့ညား၏၊ ယခု ငါသည် ကြိုးစား အားထုတ်အံ့ --- ဟု ဤသို့ ဆင်ခြင် နှလုံးပိုက်တော်မူလျက် ကြိုးစားအားထုတ်ပြန်၏။ ဆွမ်းမျှတပါကလည်း --- ထိုငါ၏ ကိုယ်သည် ယခုအခါ အားရှိ၏၊ ဘာဝနာအမှုကိစ္စ ကို ပြုလုပ်ရန် ခံ့ညား၏၊ ယခုအခါ ငါသည် ကြိုးစားအားထုတ်အံ့ --- ဟု နှလုံးသွင်း ဆင်ခြင်လျက် ကြိုးစားအား ထုတ်ပြန်၏။

မကျန်းမမာစပြုနေလျှင်လည်း မကျန်းမမာစဉ် ဘာဝနာအလုပ် ပျက်ကွက် လစ်ဟင်းမည်ကို ဆင်ခြင်၍ ဘာဝနာအမှုကို အလေးဂရုပြု၍ ကြိုးစားအားထုတ်ပြန်၏။ ကျန်းမာပြီးစ ဖြစ်လျှင်လည်း မကျန်းမမာခဲ့စဉ်က ဘာဝနာအလုပ် ပျက်ကွက် လစ်ဟင်းခဲ့သည်ကို ဆင်ခြင်၍ အတိုးချကာ ကြိုးစားတော်မူ ပြန်၏။ --- ဤသို့လျှင် ယောနိသောမနသိကာရ ပစ္စဝေက္ခဏာဉာဏ် ေ့ရှသွားရှိပါက ဤ (၈)ပါးသည် ဝီရိယ ဖြစ်ပေါ်လာရန် အကြောင်း တရားများ ဖြစ်ရကား ဝီရိယာရမ္ဘဝတ္ထု အမည်ရလေသည်။ ဤ (၈)ပါးသည်ပင် ယောနိသောမနသိကာရ ပစ္စဝေက္ခဏာဉာဏ် မရှိပြန်၍ ကောသဇ္ဇတရား = ဘာဝနာလုပ်ငန်းခွင်မှ စိတ်ဓာတ် တွန့်ဆုတ်မှုတရား အားကြီးသူမှာ ပျင်းရိခြင်း၏ အကြောင်းဝတ္ထုများလည်း ဖြစ်ရပြန်ပေသည်။

ပျင်းရိခြင်း ကောသဇ္ဇတရား ထူပြောလျက် ယောနိသောမနသိကာရ ပစ္စဝေက္ခဏာဉာဏ် မရှိသူကား တစ်စုံတစ်ခုသော ပြုဖွယ် အမှုကိစ္စကို ပြုလုပ်ခါနီး ဖြစ်နေ လျှင်လည်း အမှုကိစ္စကို ပြုလုပ်ရာ၌ ပင်ပန်းမည့်အရေး ကို တွေးတော ဆင်ခြင်လျက် အိပ်၏။ အမှုကိစ္စ ပြုပြီးပြန်ကလည်း အမှုကိစ္စ ပြုခဲ့စဉ်က ပင်ပန်းမှုကို အကြောင်း ပြလျက် အိပ်ပြန်၏။ ခရီးသွားခါနီး ဖြစ်နေလျှင်လည်း ခရီးသွားဆဲခဏ၌ ပင်ပန်းရမည့်အရေးကို မျှော်တွေးလျက် အိပ်၏၊ ခရီးသွားပြီးပြန်ကလည်း ခရီးသွားခဲ့စဉ်က ပင်ပန်းမှုကို အကြောင်းပြလျက် အိပ်ပြန်၏။ ဆွမ်းမမျှတလျှင် လည်း ဆွမ်းခံခဲ့စဉ်က ပင်ပန်းမှု ဆွမ်းမမျှတ၍ အားမရှိမှုကို ဆင်ခြေပေးလျက် အိပ်၏၊ ဘောဇနသပ္ပါယ မျှတ ပြန်ပါကလည်း ဝဝစားပြီး၍ ခန္ဓာကိုယ် လေးလံမှုကို အကြောင်းပြုလျက် အိပ်ပြန်၏။ အနည်းငယ် မကျန်းမမာစ ဖြစ်လျှင်လည်း အိပ်မှတော်မည်ဟု ဆင်ခြင်လျက် အိပ်ပြန်၏၊ ကျန်းမာပြီးစ ဖြစ်လျှင်လည်း အားမရှိသေးမှုကို အကြောင်းပြလျက် အိပ်ပြန်၏။ ဤသို့လျှင် ဤ (၈)ပါးသည် ယောနိသောမနသိကာရ ပစ္စဝေက္ခဏာဉာဏ် ေ့ရှသွားမရှိသူ ပျင်းကြောထူနေသူအဖို့ ပျင်းရိခြင်း၏ အကြောင်းဝတ္ထုများလည်း ဖြစ်ရပြန်ပေသည်။

ဤဝီရိယသည်လည်း အကောင်းအဆိုး နှစ်ဘက်ရ စေတသိက်ပင်တည်း။ လောဘ ဒေါသမောဟ ဣဿာ မစ္ဆရိယ ဒိဋ္ဌိ မာန ဒုစ္စရိတ သံကိလေသ စသည့် တရားဆိုးတို့ ဖြစ်အောင်လည်း ကြိုးစား၏။ ဒါန သီလ သမထ ဝိပဿနာ ဘာဝနာဆိုင်ရာ ကုသိုလ်တရားတို့ ဖြစ်ထွန်းပေါ်ပေါက်လာအောင်, ဘာဝနာဉာဏ် ပြည့်စုံသည့်တိုင် အောင် တိုးပွားအောင်လည်း ကြိုးစား၏။ မိစ္ဆာဝါယာမ သမ္မာဝါယာမဟု နှစ်မျိုးပင် ရှိပေသည်။ မိစ္ဆာဝါယာမကို ရှောင်၍ သမ္မာဝါယာမကို ဖြစ်အောင် ကြိုးစားဖို့ လို၏။ ကြိုးစားက ဘုရားဖြစ်နိုင်၏။

ဝီရိယဝတော ကိံ နာမ ကမ္မံ န သိဇ္ဈတိ။

= ဝီရိယရှိသူအား အဘယ်မည်သော အမှုသည် မပြီးစီးဘဲ ရှိနိုင်ရာအံ့နည်း၊ ပြီးစီးရမည်သာတည်း။

ဝါယမေထေဝ ပုရိသော၊ န နိဗ္ဗိန္ဒေယျ ပဏ္ဍိတော။ (ဇာ၊ဋ္ဌ၊၁၊၄၇၆။)

ယောက်ျားဟူက ကြိုးစားရမည်သာတည်း၊ ပညာရှိမှန်က ပျင်းရိမှု မရှိလေရာ။

ပညာရှိသူတော်ကောင်းမှန်က ---

၁။ မဖြစ်ပေါ်သေးသော အကုသိုလ်တရားများကို မဖြစ်အောင်,

၂။ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားများကို ပယ်နိုင်အောင်,

၃။ မဖြစ်ပေါ်သေးသော ကုသိုလ်တရားများကို ဖြစ်ပေါ်လာအောင်,

၄။ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားများကို တိုးပွားအောင်

ကြိုးပမ်းရမည်သာ ဖြစ်၏။ လူသားတိုင်းတွင် စွမ်းအင်သတ္တိများ ရှိကြ၏။ ယင်း စွမ်းအင်သတ္တိများကို ကောင်းမွန်မှန်ကန်စွာ အသုံးချတတ်ပါက ယင်း စွမ်းအင်များက ဘုရားအဖြစ်သို့ ရောက်ရှိသည်တိုင်အောင်ပင် ပို့ဆောင်၍ ပေးနိုင်မည် ဖြစ်ပေသည်။ အခြားအခြားသော အရာဌာနမျိုးတို့သို့ ရောက်ရှိနိုင်ရေးကား ပြောဆိုဖွယ် ရာပင် မလိုတော့ချေ။ ဗုဒ္ဓဘုရားရှင်၏ ပါရမီ (၁၀)ပါးတို့တွင် ဝီရိယပါရမီသည်လည်း တစ်ပါး အပါအဝင်ပင် ဖြစ်ပေသည်။ ဤအချက်ကို နိဗ္ဗာန်ကို အလိုရှိသော သူတော်ကောင်းတိုင်းသည် မမေ့သင့်ပေ။

၅။ ပီတိ

၅။ ပီတိ

ပီဏယတီတိ ပီတိ၊ သာ ---

၁။ သမ္ပိယာယနလက္ခဏာ၊

၂။ ကာယစိတ္တပီဏနရသာ၊ ဖရဏရသာ ဝါ၊

၃။ ဩဒဂျပစ္စုပဋ္ဌာနာ၊

၄။ အာရမ္မဏပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၁၅၈။ ဝိသုဒ္ဓိ၊၁၊၁၃၉။)

ကိုယ်စိတ်တို့ကို နှစ်သက်ပြည့်ဖြိုး ပွားတိုးစေတတ်သော သဘောတရားသည် ပီတိ မည်၏။

၁။ အာရုံကို နှစ်သက်ခြင်း (ချစ်မြတ်နိုးခြင်း) သဘော လက္ခဏ၊

၂။ (က) ကိုယ်စိတ်နှစ်ပါးကို နှစ်သက် ပြည့်ဖြိုး ပွားတိုးစေခြင်း (ကိစ္စ) ရသ၊

( ခ ) တစ်နည်း --- မွန်မြတ်သော စိတ္တဇရုပ်တို့ဖြင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့စေခြင်း (ကိစ္စ) ရသ၊

၃။ ကိုယ်စိတ်တို့ကို ရွှင်လန်း တက်ကြွစေတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ အာရုံ (တစ်နည်း --- ဝတ္ထု, အာရုံ, ဖဿ) ပဒဋ္ဌာန်။

ထိုပီတိသည် (၅)မျိုး ရှိ၏။ ---

၁။ ခုဒ္ဒိကာပီတိ --- ခန္ဓာကိုယ်၌ ကြက်သီးမွေးညင်း ထခြင်းမျှကိုသာလျှင် ပြုလုပ်ခြင်းငှာ စွမ်းနိုင်သော ပီတိ၊

၂။ ခဏိကာပီတိ --- လျှပ်စစ် ပြက်သည်နှင့် တူသော ခဏခဏ ဖြစ်၍ ခဏခဏ ပျက်သော ပီတိ၊

၃။ ဩက္ကန္တိကာပီတိ --- လှိုင်းတံပိုးသည် သမုဒ္ဒရာကမ်းသို့ သက်ရောက်၍ သက်ရောက်၍ ပျက်သကဲ့သို့ တစ်ကိုယ်လုံးသို့ လွှမ်းမိုးသကဲ့သို့ သက်ရောက်၍ သက်ရောက်၍ ပျက်သောပီတိ၊

၄။ ဥဗ္ဗေဂါပီတိ --- ဤပီတိကား သန်မာ အားရှိ၏၊ ထိုပီတိ ကိန်းဝပ်ရာ ခန္ဓာကိုယ်ကို အထက်သို့ ပျံတက်သည် ကို ပြု၍ ကောင်းကင်၌ လေခတ်သော ဂွမ်းပုံကဲ့သို့ ခုန်လွှားပျံတက်စေခြင်း အတိုင်းအရှည်သို့ ရောက်စေ သော ပီတိ၊

၅။ ဖရဏာပီတိ --- ဥဗ္ဗေဂါပီတိထက် ကြာရှည်စွာ တစ်ကိုယ်လုံး၌ မွန်မြတ်သော ပဏီတ စိတ္တဇရုပ်တို့ကို ပျံ့နှံ့ စိမ့်ဝင်စေသော ပီတိ၊

ဤသို့လျှင် ပီတိ (၅)မျိုးရှိပေသည်။ ထိုတွင် ဥဗ္ဗေဂါပီတိ၏ စွမ်းအင်ကို အဋ္ဌကထာတွင် အောက်ပါအတိုင်း တင်ပြထား၏။

ဥဗ္ဗေဂါပီတိ

ဥဗ္ဗေဂါပီတိ

ဤ ဥဗ္ဗေဂါပီတိသည် သန်မာအားရှိရကား ထိုပီတိ ကိန်းဝပ်ရာ ခန္ဓာကိုယ်ကို အထက်သို့ ပျံတက်သည်ကို ပြု၍ ကောင်းကင်၌ လေခတ်သော ဂွမ်းပုံကဲ့သို့ ခုန်လွှား ပျံတက်စေနိုင်သော စွမ်းအားရှိ၏။ ပုဏ္ဏဝလ္လိကအရပ်၌ နေလေ့ရှိသော မဟာတိဿမထေရ်မြတ်ကြီးသည် လပြည့်နေ့၌ ညချမ်းအခါဝယ် ပုဏ္ဏဝလ္လိကကျောင်းတိုက် အတွင်း၌ တည်ရှိသော စေတီရင်ပြင်သို့ သွား၍ လရောင်ကို ကြည့်၍ မဟာစေတီသို့ ရှေးရှူသည်ဖြစ်၍ ဤအချိန် အခါ၌ ရဟန်းယောက်ျားပရိသတ်, ရဟန်းမိန်းမပရိသတ်, ဥပါသကာပရိသတ်, ဥပါသိကာမပရိသတ်ဟူသော ပရိသတ် (၄)မျိုးတို့သည် မဟာစေတီတော်မြတ်ကြီးကို ရှိခိုးနေကြလေယောင်တကား၊ ရှေးယခင်အခါတုန်းက ပင်ကိုယ်ပကတိအားဖြင့် မြင်အပ်ပြီးသော အာရုံ၏ အစွမ်းဖြင့် ဘုရားလျှင် အာရုံရှိသော ဥဗ္ဗေဂါပီတိကို ဖြစ်စေ၍, အင်္ဂတေအပြင်၌ ပေါက်လိုက်သောကတ္တီပါဘောလုံးသည် မြေကမာသဖြင့် အထက်သို့ မြောက်တက်လာသကဲ့သို့ ကောင်းကင်၌ ပျံတက်၍ မဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌သာလျှင် ရပ်တည်ခဲ့ဖူးလေပြီ။ (အဘိ၊ဋ္ဌ၊၁၊၁၅၉။)

တစ်ဖန် ဂိရိကဏ္ဍကကျောင်းတိုက်ကြီး၏ အမှီပြုရာ ဆွမ်းခံရွာဖြစ်သော ဝတ္တဂါလကရွာ၌ တစ်ဦးသော အမျိုးသမီးသည်လည်း အလွန်အားကောင်းသော အလွန်အားရှိသော ဘုရားလျှင် အာရုံရှိသော ဥဗ္ဗေဂါပီတိ၏ စွမ်းအားကြောင့် ကောင်းကင်၌ ပျံတက်ခဲ့ဖူးလေပြီ။ အကျယ်မှာ ဤသို့ဖြစ်၏ ---

ထိုအမျိုးသမီး၏ မိဘနှစ်ပါးတို့သည် ညချမ်းအခါ၌ တရားတော်ကို နာယူရန်အလို့ငှာ ဂိရိကဏ္ဍကတောင် ပေါ်၌ တည်ရှိသော ဂိရိကဏ္ဍကကျောင်းတိုက်သို့ သွားခါနီး ဖြစ်ကုန်လတ်သော် --- ချစ်သမီး ...သင်သည် လေးလံသော ကိုယ်ဝန်ရှိ၏၊ အခါမဲ့ ညအခါ၌ လှည့်လည်ခြင်းငှာစွမ်းနိုင်မည်ကား မဟုတ်၊ ငါတို့သည် သင့်အတွက် ကုသိုလ်အဖို့အစုကို ပြု၍ တရားတော်ကို နာယူခဲ့ကြပါကုန်အံ့ --- ဟု ပြောဆို၍ ထွက်ခွာသွားကြ၏။

ထိုအမျိုးသမီးသည် လိုက်လိုပါသော်လည်း ထိုမိဘတို့၏ စကားကို ပယ်မြစ်ခြင်းငှာ မစွမ်းနိုင်သည် ဖြစ်၍ အိမ်၌ ကျန်ရစ်ခဲ့ရ၏၊ အိမ်တံခါး၌ ရပ်တည်၍ လရောင်ဖြင့် ဂိရိကဏ္ဍက တောင်ပေါ်ကျောင်းတိုက်အတွင်း တောင်ထိပ်၌ တည်ရှိသော စေတီတော်အား ဆီမီးဖြင့် ပူဇော်နေသည်ကို လှမ်းမြင်ရ၏၊ ပရိသတ် (၄)ပါးတို့သည် လည်း ပန်းနံ့သာ အစရှိသော ပူဇော်ဖွယ်ဝတ္ထုတို့ဖြင့် စေတီတော်ကို ပူဇော်မှုကို ပြုကြ၍ လက်ယာရစ် လှည့်လည် နေသည်တို့ကို တွေ့မြင်နေ၏၊ ရဟန်း သံဃာတော်အပေါင်း၏ တရားတော်ကို စုပေါင်း ရွတ်ဖတ် ပူဇော်နေသော အသံတော်ကိုလည်း ကြားနေရ၏။

ထိုအခါ၌ ထိုအမျိုးသမီး၏ သန္တာန်ဝယ် ဤသို့ အကြံဖြစ်၏ --- အကြင်သူတို့သည် ကျောင်းတိုက်သို့သွား၍ ဤသို့သဘောရှိသော စေတီရင်ပြင်တော်၌ လှည့်လည် ဖူးမြော်ခွင့်ကိုလည်းကောင်း, ဤသို့သဘောရှိသော ချိုမြိန် ကောင်းမြတ်သော အရသာနှင့် တူသော တရားစကားတော်ကို နာကြားခွင့်ကိုလည်းကောင်း ရရှိကြကုန်၏၊ ဤ ကဲ့သို့သော မွန်မြတ်သော အခွင့်ထူးကြီးကို ရရှိကြကုန်သော ဤလူသားတို့သည် ဘုန်းကံရှိကြပါပေကုန်စွ ဤသို့ သော စိတ်အကြံသည် ဖြစ်ပေါ်လာ၏။

ထိုအခါ ပုလဲအစုအပုံကြီးနှင့် တူသော စေတီတော်မြတ်ကြီးကို လှမ်း၍ ဖူးမြော်စဉ်မှာပင်လျှင် အထက်သို့ ပျံတက်နိုင်သော စွမ်းဟုန်ရှိသော ဥဗ္ဗေဂါပီတိသည် ထင်ရှားဖြစ်ပေါ်ခဲ့လေပြီ။ ထိုအမျိုးသမီးသည် ကောင်းကင်၌ ပျံတက်၍ မိဘတို့၏ ရှေးဦးစွာပင်လျှင် ကောင်းကင်ခရီးမှ စေတီရင်ပြင်တော်၌ သက်ဆင်း၍ စေတီတော်ကို ရှိခိုး၍ တရားတော်ကို နာကြားလျက် ရပ်တည်နေလေ၏။ (မိဘတို့က တောင်ပေါ်ကျောင်းသို့ တက်နေရသော ကြောင့် နောက်ကျနေ၏။)

အမျိုးသမီးငယ် တောင်ပေါ်သို့ ရောက်ရှိပြီးနောက် မိဘတို့ တောင်ပေါ်သို့ ဆိုက်ရောက်လာသောအခါ ထိုအမျိုးသမီးကို မိဘတို့က လာမေးကြ၏ -- ချစ်သမီး ...သင်သည် အဘယ်လမ်းဖြင့် လာသနည်း၊ -- ဟု မေးကြ၏။

ကောင်းကင်ခရီးဖြင့် လာခဲ့ပါ၏၊ သွားရိုးမြေလမ်းဖြင့် လာခဲ့သည် မဟုတ်ပါဟု အဖြေပေးလိုက်၏။

ချစ်သမီး ...ကောင်းကင်ခရီးဖြင့် သွားလာခြင်းမည်သည်ကို ရဟန္တာပုဂ္ဂိုလ်တို့သာ လှည့်လည်တော် မူကြကုန်၏၊ သင်သည် ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရောက်ရှိလာပါသနည်း --- ဟု မေးမြန်းကြ၏။

ကျွန်တော်မ၏ (ကျွန်တော်မသည်) လရောင်အောက်တွင် တင့်တယ်စမ္ပာယ်စွာ တည်နေတော်မူသော စေတီတော်ကို ဖူးမြော်လျက် ရပ်တည်နေလတ်သော် ဘုရားဂုဏ်လျှင် အာရုံရှိသော အလွန်အားကောင်းသော အလွန် အင်အားပြည့်ဝစုံညီလျက် ရှိသော ပီတိသည် တဖွားဖွား ဖြစ်ပေါ်လာ၏၊ ထိုအခါ၌ ကျွန်တော်မသည် မိမိ၏ မတ်မတ်ရပ်လျက် ရပ်တည်နေမှန်းကိုပင် မသိလိုက်ပါ၊ ထိုင်နေမှန်းကိုပင် မသိလိုက်ပါ၊ စင်စစ်မှာမူ ယူထား အပ်ပြီးသော ဘုရားဂုဏ်တော် အာရုံဖြင့်သာလျှင် ကောင်းကင်သို့ ပျံတက်၍ စေတီတော်မြတ်၏ ရင်ပြင်တော် ပေါ်၌ ရပ်တည်လာပါ၏ဟု ပြောပြ၏။

ဤသို့လျှင် ဥဗ္ဗေဂါပီတိသည် ကောင်းကင်၌ ပျံတက်စေခြင်းတည်းဟူသော အတိုင်းအရှည် ပမာဏ ရှိပေ သည်။ (အဘိ၊ဋ္ဌ၊၁၊၁၅၉-၁၆၀။)

ဖရဏာပီတိ --- ဖရဏာပီတိကား ဥဗ္ဗေဂါပီတိထက် ကြာရှည်စွာ တစ်ကိုယ်လုံး၌ မွန်မြတ်သော ပဏီတ စိတ္တဇရုပ်တို့ကို ပျံ့နှံ့စိမ့်ဝင်စေသော ပီတိ ဖြစ်၏၊ ဤဖရဏာပီတိသည် ဖြစ်ပေါ်လာလတ်သော် ယင်းပီတိ ကိန်းဝပ် ရာ ခန္ဓာကိုယ် တစ်ကိုယ်လုံးသည် လေဖြင့်မှုတ်၍ ပြည့်စေအပ်သော စည်ပေါင်းကဲ့သို့လည်းကောင်း, ကြီးစွာသော တောင်ကျချောင်းရေအလျဉ်သည် ပြေးဝင် စီးဝင်အပ်သော တောင်ဝှမ်းကဲ့သို့လည်းကောင်း အစဉ်မပြတ် ထက်ဝန်းကျင်မှ တွေ့နှံ့အပ်၏ = ထိုပီတိနှင့်ယှဉ်သော စိတ်ကြောင့် ဖြစ်သော ပဏီတ စိတ္တဇရုပ်တို့သည် တစ်ကိုယ် လုံး၌ အစဉ်မပြတ် ထက်ဝန်းကျင် အနှံ့အပြား တွေ့ထိနေ၏။ (အဘိ၊ဋ္ဌ၊၁၊၁၆၀။)

ခုဒ္ဒိကာပီတိကား လျင်လျင်မြန်မြန် ကြက်သီးမွေးညင်းထခြင်းကို ပြု၍ ပျက်ခဲ့သော် တစ်ဖန် ပြန်မပေါ်လာတော့ပေ။ တစ်ကြိမ်တစ်ခါလောက်သာ ဖြစ်တတ်သော ပီတိတည်း။ ခဏိကာပီတိကား အကြိမ်များစွာ ဖြစ်တတ်၏။ ဥဗ္ဗေဂါပီတိထက် ဖရဏာပီတိသည် ပို၍ ငြိမ်သက်ရကား တုန်လှုပ်မှု မရှိသောကြောင့်လည်းကောင်း, ကြာမြင့်စွာတည်ခြင်းသဘော ရှိသောကြောင့်လည်းကောင်း သာ၍ မွန်မြတ်၏ = ပဏီတ တရ ဖြစ်၏။

ထို (၅)မျိုးသော ပီတိသည် ကိုယ်ဝန်ကို ယူလတ်သော် = ကိုယ်ဝန် တည်လတ်သော် ရင့်ကျက်ခြင်းသို့ ရောက်လတ်သော် ကာယပဿဒ္ဓိ = စေတသိက်တို့၏ ငြိမ်းအေးခြင်း, စိတ္တပဿဒ္ဓိ = စိတ်၏ ငြိမ်းအေးခြင်း ဟူ သော နှစ်မျိုးသော ပဿဒ္ဓိကို ပြည့်စုံစေ၏၊ (ပီတိသည် ရင့်ကျက်လာလျှင် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ ဖြစ်သော ကြောင့် ထိုပဿဒ္ဓိ ဖြစ်ဖို့ရန် ရင့်ကျက်နေသည်ကိုပင် ပီတိက ပဿဒ္ဓိဟူသော သားကို မွေးဖွားရန် ကိုယ်ဝန်ကို ယူသည်ဟု ဆိုသည်။) ပဿဒ္ဓိသည် ကိုယ်ဝန်ကို ယူလတ်သော် ရင့်ကျက်ခြင်းသို့ ရောက်လတ်သော် ကာယိကသုခ စေတသိကသုခဟု နှစ်မျိုးပြားသော ချမ်းသာသုခကို ပြည့်စုံစေ၏။ သုခသည် ကိုယ်ဝန်ကို ယူလတ်သော် ရင့်ကျက်ခြင်းသို့ ရောက်လတ်သော် ခဏိကသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟု (၃)မျိုးပြားသော သမာဓိကို ပြည့်စုံ စေတတ်၏။ (ဝိသုဒ္ဓိ၊၁၊၁၃၉-၁၄၀။ အဘိ၊ဋ္ဌ၊၁၊၁၅၉-၁၆၀။)

ပီတိနှင့် သုခ

ပီတိနှင့် သုခ

ပီဏနရသာတိ ပရိဗြူဟနရသာ။ ဖရဏရသာတိ ပဏီတရူပေဟိ ကာယဿ ဗျာပနရသာ။ (မဟာဋီ၊၁၊၁၆၈။)

ပီတိသည် ကိုယ်စိတ်နှစ်ပါးကို နှစ်သက်ပြည့်ဖြိုး ပွားတိုးစေခြင်းကိစ္စ = မွန်မြတ်သော စိတ္တဇရုပ်တို့ဖြင့် တစ်ကိုယ်လုံးကို ပျံ့နှံ့စေခြင်းကိစ္စ ရှိရကား ပီတိ ဖြစ်သည့်အခါ ပွင့်လန်းသော ပဒုမ္မာကြာပန်းကဲ့သို့ စိတ်ဓာတ် သည်လည်း ပွင့်လန်း တိုးပွားလာ၏၊ ပီတိနှင့်ယှဉ်သော ရွှင်လန်းသော စိတ်ဓာတ်ကြောင့် စိတ္တဇရုပ်များသည် တစ်ကိုယ်လုံး အနှံ့အပြား ဖြစ်ပေါ်လျက်ရှိ၏၊ မွန်မြတ်သော ပဏီတ စိတ္တဇရုပ်များတည်း။ ယင်း ပဏီတ စိတ္တဇ ရုပ်တို့၏ တစ်ကိုယ်လုံး၌ အနှံ့အပြား ဖြစ်နေမှုကိုပင် --- အကျိုး စိတ္တဇရုပ်တို့၏ ပျံ့နှံ့မှုကို အကြောင်း ပီတိ အပေါ်၌ (ပီတိနှင့်ယှဉ်သော စိတ်အပေါ်၌) တင်စား၍ ဖလူပစာရအားဖြင့် ပီတိသည် တစ်ကိုယ်လုံး၌ ပျံ့နှံ့သည် စိ့မ်ဝင်သည်ဟု ဆိုသည်။ ယင်းသို့ ပီတိသည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့ စိမ့်ဝင်နေသဖြင့် ခန္ဓာကိုယ် တစ်ကိုယ်လုံး သည် မွန်မြတ်သော ပဏီတ စိတ္တဇရုပ်တို့ဖြင့် စည်ပင် တိုးပွား၍ နေလေသည်ဟု ဆိုရပေသည်။ (ပီတိကား ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်နိုင်သော တရားဖြစ်သည်ကို သတိပြုပါ။)

စေတသိကသုခ အမည်ရသော သုခဝေဒနာကား --- မိမိကိန်းရာ သတ္တဝါနှင့် သမ္ပယုတ်တရားတို့ကို အာရုံကို သာယာစေတတ်သော သဘောလက္ခဏာ ရှိ၍ --- သမ္ပယုတ်တရားတို့ကို တိုးပွားစေခြင်းကိစ္စ, သမ္ပယုတ် တရားတို့ကို ချီးမြှောက်ခြင်း ပစ္စုပဋ္ဌာန် ရှိပေသည်။

ထိုပီတိနှင့် သုခတို့၏ အချို့သောစိတ်၌ မကွေမကွာယှဉ်ခြင်း ရှိပါသော်လည်း ဣဋ္ဌာရုံကို ရရှိခြင်းကြောင့် နှစ်သက်ခြင်း သဘောတရားကား ပီတိတည်း။ ရအပ်ပြီးသော ထိုဣဋ္ဌာရုံ၏ အရသာကို ခံစားခြင်းသဘောကား သုခတည်း။ အကြင်စိတ်၌ ပီတိ ရှိ၏၊ ထိုစိတ်၌ သုခလည်း ရှိ၏၊ အကြင်စိတ်၌ သုခ ရှိ၏၊ ထိုစိတ်၌ မြဲသောအားဖြင့် ပီတိသည် မရှိတတ်ပေ။ ပီတိကို သင်္ခါရက္ခန္ဓာဖြင့် သိမ်းယူ ရေတွက်အပ်၏။ သုခကို ဝေဒနာက္ခန္ဓာဖြင့် သိမ်းယူ ရေတွက်အပ်၏။ ကန္တာရခရီးခဲ၌ ပင်ပန်း နွမ်းနယ်နေသူ၏ တောအုပ်ကြီးနှင့် ရေရှိရာ ဇာတဿရအိုင်ကြီး အကြောင်းကို ကြားရခြင်း မြင်ရခြင်းတို့၌ နှစ်သက်ကျေနပ်မှု ရရှိခြင်းကား ပီတိတည်း။ တောရိပ်သို့ ဝင်ရခြင်း ရေကို သုံးဆောင်ရခြင်းတို့၌ နှစ်သက်ကျေနပ်မှု ရရှိခြင်းကား ပီတိတည်း။ တောရိပ်သို့ ဝင်ရခြင်း ရေကို သုံးဆောင် ရခြင်းတို့၌ ရရှိသော ချမ်းသာမှုကား သုခတည်း။ (အဘိ၊ဋ္ဌ၊၁၊၁၆၀။)

ပစ္စုပဋ္ဌာန် --- လက္ခဏ ရသတို့ကား ထင်ရှားသိသာပြီ။ သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့ကို ကြိုးစားအားထုတ်ရာ၌ မရဖူးသေးသော သမာဓိများကို ရရှိလာသောအခါ, မရဖူးသေးသော ဝိပဿနာဉာဏ်များ ကို ရရှိလာသောအခါ မသိဖူးသေးသော တရားများကို သိရှိခွင့် ရလာသောအခါ နှစ်သက်ရွှင်မျှို့ ပီတိဆို့နေတတ်၏။ မျက်ရည်များ ကျလာတတ်၏၊ ဝမ်းသာသောမျက်ရည် ကြည်နူးသောမျက်ရည် နှစ်သက်သောမျက်ရည်များတည်း။ ကိုယ်ပြုံးစိတ်ပြုံး ဤနှစ်ပြုံးဖြင့် တပြုံးပြုံး တရွှင်ရွှင် ဖြစ်ကာ ဘာဝနာလုပ်ငန်းရပ်၌ ကိုယ်ရောစိတ်ပါ အလွန် တက်တက်ကြွကြွ ဖြစ်နေတတ်၏၊ ယင်းသို့ဖြစ်မှုမှာ ပီတိကြောင့် ဖြစ်ပေါ်လာရသဖြင့် ဤအခါမျိုးတွင် ပီတိ၏ ဩဒဂျပစ္စုပဋ္ဌာန် = ကိုယ်စိတ်တို့ကို ရွှင်လန်းတက်ကြွစေတတ်သော သဘောတရားများသည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် အလွန် ပေါ်လွင်ထင်ရှားလျက် ရှိပေသည်။

ပဒဋ္ဌာန် --- ပဒဋ္ဌာန်ကို အဋ္ဌကထာများ၌ သီးသန့့် ဖော်ပြထားမှု မရှိပေ။ သို့အတွက် အာရမ္မဏ ပဒဋ္ဌာနံ-ဟု အာရုံကိုပင် ပဒဋ္ဌာန်အဖြစ် ထည့်သွင်း ဖော်ပြထားပါသည်။ တစ်နည်းဆိုရသော် --- (၁) ဝတ္ထု, (၂) အာရုံ, (၃) ဖဿ ဦးဆောင်သည့် သမ္ပယုတ်တရားများသည်ပင် ပဒဋ္ဌာန် ဖြစ်သည်။

ကျန်းမာရေး ပညာရေး စီးပွားရေးများ၌ ဖြစ်စေ၊ ဒါန သီလသမထ ဝိပဿနာဘာဝနာရေးများ၌ ဖြစ်စေ ဝီရိယသန်သန်ဖြင့် မှန်မှန်ကြီး ကြိုးစားသူတို့သည် တစ်နေ့နေ့၌ မိမိရည်ရွယ်သလောက် ပေါက်ရောက် အောင်မြင် သော အကျိုးတရားကို ရရှိသွားကြ၏၊ ထိုအခါ မိမိ၏ ဆောင်ရွက်ခဲ့သော လုပ်ငန်းရပ်များကို ကြည့်၍ ပီတိ ဖြစ်နေတတ်လေသည်။

ဘုရားရှင်ကိုယ်တော်မြတ်သည်ပင် မဟာဗောဓိပလ္လင်တော်မှ ထတော်မူပြီးနောက် ကိလေသာအားလုံးကို သတ်ဖြတ်၍ ဘုရားဖြစ်တော်မူရာ မဟာဗောဓိမဏ္ဍိုင်အရပ်ကို ကျေနပ်သော လက္ခဏာ လွန်စွာ နှစ်သက်သော ပီတိဖြင့် (၇)ရက်ပတ်လုံး မမှိတ်သော မျက်လုံးတော်ဖြင့် ကြည့်ရှုတော်မူခဲ့ဖူးလေသည်။

တရားဘာဝနာကို လေ့လာလိုက်စားသူ ယောဂီသူတော်စင်တို့သည်လည်း တရားကို သဘောကျ၍ အောင် မြင်မှုကို ရရှိလာသောအခါ ထိုင်ရာမှ မထချင်အောင် ပီတိက ဆွဲဆောင်ထားတတ်လေသည်။ ဤသို့လျှင် ဝီရိယရှင် တို့၌ မြင့်မြတ်သော ပီတိများသည်လည်း များစွာ ဖြစ်ထွန်း ပေါ်ပေါက်၍လာတတ်ပေသည်။

အဖိုးတန်သော ပီတိ တစ်မျိုး --- သူတော်ကောင်းတစ်ဦးသည် ဘဝတစ်လျှောက်တွင် မိမိ ပြုစုပျိုးထောင်မိ ခဲ့သော ဒါန သီလ သမထ ဝိပဿနာ ဘာဝနာကုသိုလ်တို့တွင် တစ်ခုခုသော ကုသိုလ်ကို သေခါနီး မရဏာသန္န အခါဝယ် ပြန်လည်၍ ဆင်ခြင်နိုင်၏ အမှတ်ရနိုင်၏ အောက်မေ့နိုင်၏ အာရုံယူနိုင်၏။ ထိုသို့ အာရုံယူနိုင်သဖြင့် အောင်အောင်မြင်မြင် ပြုစုပျိုးထောင်ခဲ့သော မိမိ၏ ကောင်းမှုကုသိုလ်ကို အာရုံပြု၍ နှစ်သက် ဝမ်းမြောက်မှု ပီတိပန်းများ ပွင့်လန်းဝေဆာလျက် ဘဝကို အဆုံးသတ်နိုင်ခဲ့လျှင်ကား သံသရာခရီးကို အဆုံးမသတ်နိုင်သေးသည့် သူတော်ကောင်းများအဖို့ ထိုပီတိမှာ တန်ဖိုးမဖြတ်နိုင်သော တရားပင် ဖြစ်သည်။

ဤသာသနာတော်တွင် (၅)နှစ်သားအရွယ်၌ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားတော်မူသော ပဉ္စသီလသမာဒါနိယမထေရ်အလောင်း သူတော်ကောင်းသည် လွန်ခဲ့သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်က ပွင့်ထွန်း ပေါ်ပေါက်တော်မူခဲ့သော အနောမဒဿီဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌ အနှစ်တစ်သိန်းတို့ ကာလ ပတ်လုံး ငါးပါးသီလကို မကျိုးမပေါက် မပြောက်မကျားအောင် ထိန်းသိမ်း စောင့်ရှောက်ခဲ့၏။ သေခါနီးကာလဝယ် အနှစ်တစ်သိန်းတို့ ကာလပတ်လုံး ထိန်းသိမ်းစောင့်ရှောက်ခဲ့သော မိမိ၏သီလကို ပြန်လည် ဆင်ခြင်လိုက်သောအခါ တစ်ကြိမ်တစ်ခါမျှသော်လည်း ထိုသီလ၏ ကျိုးမှု ပေါက်မှု ပြောက်မှု ကျားမှုကို မတွေ့ရှိရသဖြင့် အလွန် အားရ ရွှင်လန်းသည့် ပီတိပန်းများသည် ပွင့်လန်းလျက် လာရှိပေ၏။ ပီတိ ပြဓာန်းသည့် သီလကို အာရုံပြုနေသည့် ကုသိုလ်ဇောများက မရဏာသန္နဇော၏ နေရာကို အရယူသွားနိုင်ခဲ့၏။ နတ်ရွာသုဂတိသို့ ရောက်ရှိသွား၏။ ထို သီလကုသိုလ်ကြောင့် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး အပါယ်လေးဘုံသို့ တစ်ကြိမ်တစ်ခါမျှ သော်လည်း မလားမရောက်ရဘဲ လူြ့ပည် နတ်ပြည်တို့၌သာ စုန်ဆန် ကျင်လည်ခဲ့ရ၏။ သံသရာတစ်လျှောက်၌ ဘဝတိုင်း ဘဝတိုင်းဝယ် ရုပ်အဆင်း လှပတင့်တယ်သူ, စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာသူ, ပညာဉာဏ်ကြီးမားသူသာ ဖြစ်ခဲ့ရ၏။ လူသားတိုင်း သတ္တဝါတိုင်း လိုလားတောင့်တသော အရာများပင် ဖြစ်ကြ၏။ သံသရာခရီး၌ ကျင်လည် နေရသော အသင်သူတော်ကောင်းသည်လည်း ဤကဲ့သို့ မွန်မြတ်သော အကျိုးထူးများကို ပေးနိုင်သည့် စွမ်းအင် အပြည့်အဝ ရှိသော ဤကဲ့သို့သော သီလကို အဘယ်ကြောင့် မကျိုးမပေါက် မပြောက်မကျားအောင် မထိန်းသိမ်း မစောင့်ရှောက်ဘဲ နေထိုက်ပါအံ့နည်း။ (အပဒါန်၊၁၊၈၄။)

၆။ ဆန္ဒ

၆။ ဆန္ဒ

ဆန္ဒောတိ ကတ္တုကာမတာယေတံ အဓိဝစနံ၊ တသ္မာ သော ---

၁။ ကတ္တုကာမတာလက္ခဏော ဆန္ဒော၊ (ကတ္တုကမျတာလက္ခဏော ဆန္ဒော။)

၂။ အာရမ္မဏပရိယေသနရသော၊

၃။ အာရမ္မဏေန အတ္ထိကတာပစ္စုပဋ္ဌာနော၊

၄။ တဒေဝဿ ပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၁၇၆-၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

ဤ ဆန္ဒဟူသည် အာရုံကို ပြုခြင်းငှာ = ပြုလုပ်ခြင်းငှာ အလိုရှိသူ၏ အဖြစ်၏ အမည်တည်း။ အာရုံ တစ်ခုခုကို ပြုလိုခြင်း ရယူလိုခြင်း သဘောသည် ဆန္ဒတည်း။

၁။ အာရုံကို ပြုလုပ်ခြင်းငှာ အလိုရှိသူ၏ အဖြစ်ဟူသော သဘော

= အာရုံကို ပြုလုပ်လိုခြင်း သဘော (လိုလားတောင့်တခြင်း သဘော) လက္ခဏ၊

၂။ အာရုံကို ရှာမှီးခြင်း (ကိစ္စ) ရသ၊

၃။ အာရုံကို အလိုရှိသော သဘောတရား = အာရုံကို လိုလားတောင့်တမှု သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ထို အလိုရှိအပ်သော အာရုံ ပဒဋ္ဌာန်။

လက္ခဏ --- ဆန္ဒနံ ဆန္ဒော၊ အာရမ္မဏေန အတ္ထိကတာ။ (မဟာဋီ၊၂၊၁၄၆။)

ဆန္ဒော ကာမော --- (အဘိ၊၂၊၂၆၆။) စသော ပါဠိတော်တို့၌ တဏှာကို ဆန္ဒဟု ဘုရားရှင်သည် ဟောကြား ထားတော်မူ၏။ ။ဆန္ဒံ ဇနေတိ ဝါယမတိ --- (အဘိ၊၂၊၂၅၅။) စသော ပါဠိတော်တို့၌ ဝီရိယကိုလည်း ဆန္ဒဟု ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ ထိုတဏှာနှင့် ဝီရိယကို နစ်စေလို၍ --- ကတ္တုကာမတာ ယေတံ အဓိဝစနံ = အာရုံကို ပြုလုပ်လိုမှု သဘော အာရုံကို လိုလားတောင့်တမှု သဘောသည် ဆန္ဒ မည်ပေသည်ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ ကတ္တုကာမတာ --- ဟူသည် အာရုံကို ပြုခြင်းငှာ အလို ရှိမှု သဘော = ကရဏိစ္ဆာကို ဆိုလို၏။ ထို ကရဏိစ္ဆာကိုလည်း မဟာဋီကာဆရာတော်က အောက်ပါအတိုင်း ဆက်လက်၍ ရှင်းပြထားတော်မူ၏။

စေတသိကဿ စ ဓမ္မဿ သာရမ္မဏတ္တာ ကရဏိစ္ဆာ နာမ အာလမ္ဗနဿ အာလမ္ဗိတုကာမတာမုခေနေဝ ဟောတီတိ အာရမ္မဏကရဏိစ္ဆာလက္ခဏော ဆန္ဒော ကတ္တုကာမတာလက္ခဏော ဝုတ္တော။ (မဟာဋီ၊၂၊၁၄၆၊၊)

မာတိကာပါဠိတော်ဝယ် ဘုရားရှင်သည် ပရမတ္ထဓာတ်သားတို့ကို သာရမ္မဏာဓမ္မာ အနာရမ္မဏာဓမ္မာဟု နှစ်စုခွဲ၍ ဟောကြားတော်မူခဲ့၏။ စိတ်စေတသိက်တရားစုတို့ကား အာရုံကို ယူတတ်သည့် သာရမ္မဏတရားစုတွင် ပါဝင်ကြ၏။ ဆန္ဒစေတသိက်သည်လည်း အာရုံကို ယူတတ်သည့် သာရမ္မဏတရားစုတွင် ပါဝင်သော စေတသိက် တစ်ခုပင် ဖြစ်၏။ ယင်း ဆန္ဒစေတသိက်သည် အာရုံကို ယူတတ်သည့် သာရမ္မဏဓမ္မ ဖြစ်ခြင်းကြောင့် အာရုံကို ပြုလုပ်လိုခြင်း ပြုလိုခြင်း ကရဏိစ္ဆာ မည်သည် အာရုံကို ဆွဲကိုင်ခြင်း အာရုံပြုခြင်းငှာ အလိုရှိသည်၏ အဖြစ်ကို ေ့ရှသွားပြုသဖြင့်သာလျှင် ဖြစ်သော သဘောတရားတည်း။ ထိုကြောင့် အာရုံပြုလိုခြင်း လက္ခဏာရှိသော ဆန္ဒကို ကတ္တုကာမတာလက္ခဏ = အာရုံကို ပြုလုပ်လိုခြင်း လက္ခဏာရှိ၏ဟု ဆိုပေသည်။

ကတ္တုကာမတာ --- ဝယ် ကတ္တု၌ ကရ-ဓာတ်သည် အလုံးစုံသော ဓာတ်၌ နှံ့ရကား ---

၁။ ရူပါရုံကို မြင်မှုကို ပြုလိုခြင်း = မြင်လိုခြင်း

၂။ သဒ္ဒါရုံကို ကြားမှုကို ပြုလိုခြင်း = ကြားလိုခြင်း

၃။ ဂန္ဓာရုံကို နမ်းရှူမှုကို ပြုလိုခြင်း = နမ်းရှူလိုခြင်း

၄။ ရသာရုံကို အရသာခံစားမှုကို ပြုလိုခြင်း = အရသာခံလိုခြင်း = စားလို ခဲလို သောက်လို လျက်လိုခြင်း

၅။ ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိမှုကို ပြုလိုခြင်း = တွေ့ထိလိုခြင်း

၆။ ဓမ္မာရုံကို သိမှုကို ပြုလိုခြင်း = သိလိုခြင်း

ဤသို့ အာရုံ (၆)ပါးလုံးကို ပြုလုပ်လိုခြင်း အာရုံပြုလိုခြင်းသည် ဆန္ဒ၏ သဘောလက္ခဏာတည်း။ သို့သော် ဆန္ဒ၏ အာရုံကို ပြုလုပ်လိုခြင်း အာရုံပြုလိုခြင်း သဘောသည် လောဘ၏ အာရုံကို လိုချင်ပုံကဲ့သို့ သာယာငြိကပ် တပ်မက်ခြင်း သဘောမျိုး မဟုတ်ပေ။ လောဘနှင့် ဆန္ဒတို့သည် သဘောတရားချင်း ကွာဟသော်လည်း အတူ ယှဉ်တွဲ၍ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ ဖြစ်နိုင်ကြသည်သာ ဖြစ်၏။

လောဘဖြစ်လောက်သည့် လောဘနေယျ အာရုံ ကာမဂုဏ်ကို အလိုရှိရာ၌ကား လောဘက ပြဓာန်း၍ လောဘသဘောသို့ ဆန္ဒက လိုက်လျောရပေသည်။ လောဘက အာရုံကို သာယာငြိကပ် တပ်မက်မှုသဘောဖြစ်၍ ဆန္ဒက ယင်းအာရုံကို အလိုရှိမှုသဘော = သာယာ ငြိကပ် တပ်မက်လိုမှုသဘောတည်း။

အလားတူပင် ဒေါသ စသည်နှင့် ယှဉ်တွဲရာ၌လည်း ဆန္ဒသည် ဒေါသ စသည့် သဘောသို့ လိုက်လျောရ ပေသည်။ ဒေါသက စိတ်ခက်ထန် ကြမ်းတမ်းမှုသဘော, ဆန္ဒက စိတ်ခက်ထန် ကြမ်းတမ်းလိုမှုသဘောတည်း။ ဤသဘောတရားများကိုပင် နားလည်လွယ်အောင် အောက်ပါအတိုင်း မှတ်ပါ။

လောဘနှင့် ယှဉ်တွဲဖြစ်သော ဆန္ဒကို လောဘ ဖြစ်လိုမှုသဘော၊

ဒိဋ္ဌိနှင့် ယှဉ်တွဲဖြစ်သော ဆန္ဒကို (လောဘ) ဒိဋ္ဌိ ဖြစ်လိုမှုသဘော၊

မာနနှင့် ယှဉ်တွဲဖြစ်သော ဆန္ဒကို (လောဘ) မာန ဖြစ်လိုမှုသဘော၊

ဒေါသနှင့် ယှဉ်တွဲဖြစ်သော ဆန္ဒကို ဒေါသ ဖြစ်လိုမှုသဘော၊

ဣဿာနှင့် ယှဉ်တွဲဖြစ်သော ဆန္ဒကို (ဒေါသ) ဣဿာ ဖြစ်လိုမှုသဘော၊

မစ္ဆရိယနှင့် ယှဉ်တွဲဖြစ်သော ဆန္ဒကို (ဒေါသ) မစ္ဆရိယ ဖြစ်လိုမှုသဘော၊

ကုက္ကုစ္စနှင့် ယှဉ်တွဲဖြစ်သော ဆန္ဒကို (ဒေါသ) ကုက္ကုစ္စ ဖြစ်လိုမှုသဘော၊

ဤသို့ စသည်ဖြင့် နာမ်ကမ္မဋ္ဌာန်းပိုင်း ရှုကွက်တွင် သဘောပေါက်ပါ။

အလားတူပင် အကောင်းအုပ်စုဘက်၌လည်း ဒါန သီလ စသည်တို့ကဲ့သို့သော သဒ္ဓါပြဓာန်းသော လုပ်ငန်း ရပ်တို့၌ သဒ္ဓါပြဓာန်းသော စိတ်အစဉ်တို့၌ သဒ္ဓါနှင့် ယှဉ်တွဲဖြစ်သော ဆန္ဒကို သဒ္ဓါ ဖြစ်လိုမှုသဘောဟုလည်း ကောင်း၊ သမာဓိထူထောင်သည့် အပိုင်းဝယ် သမာဓိပြဓာန်းသော စိတ်အစဉ်၌ သမာဓိနှင့် ယှဉ်တွဲဖြစ်သော ဆန္ဒကို သမာဓိ ဖြစ်လိုမှုသဘောဟုလည်းကောင်း၊ ပညာစခန်းဝယ် ပညာပြဓာန်းသော စိတ်အစဉ်၌ ပညာနှင့် ယှဉ်တွဲနေသော ဆန္ဒကို ပညာ ဖြစ်လိုမှုသဘောဟုလည်းကောင်း (= စက္ခုအကြည်ဓာတ်ကို ထွင်းဖောက်သိလိုမှု၊ ရုပ်တရားကို ထွင်းဖောက်သိလိုမှု၊ နာမ်တရားကို ထွင်းဖောက်သိလိုမှု၊ အကြောင်းတရား အကျိုးတရားတို့ကို ထွင်းဖောက်သိလိုမှု၊ အနိစ္စ ဒုက္ခ အနတ္တ သဘောတို့ကို ထွင်းဖောက်သိလိုမှု --- ဤသို့စသည့် ထိုးထိုးထွင်းထွင်း သိလိုမှု သဘောတရားများသည် ပညာနှင့် ယှဉ်တွဲနေသော ဆန္ဒ၏ သဘောများတည်း။) ဝီရိယနှင့် ယှဉ်တွဲနေသော ဆန္ဒကို ဝီရိယ ဖြစ်လိုမှုသဘောဟုလည်းကောင်း ဤသို့စသည်ဖြင့်လည်း သဘောပေါက်ပါလေ။

ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် --- ဆန္ဒ၏ အာရုံကို ပြုလုပ်လိုခြင်း အာရုံကို ပြုလိုခြင်း သဘောလက္ခဏာ ရှိသောကြောင့်ပင်လျှင် ဆန္ဒသည် အာရုံကို ရှာမှီးခြင်း လုပ်ငန်းကိစ္စ, အာရုံကို လိုလားတောင့်တမှု ပစ္စုပဋ္ဌာန်လည်း ရှိရပေသည်။ အလိုရှိအပ်သော အာရုံသည်ပင် ဆန္ဒဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းလည်း ဖြစ်ရပေသည်။

လက်လှမ်းပုံ --- အာရမ္မဏဂ္ဂဟဏေ အယံ စေတသော ဟတ္ထပ္ပသာရဏံ ဝိယ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

ဤ ဆန္ဒကို အာရုံကို ယူခြင်း၌ စိတ်၏ လက်ကို ဆန့်တန်းခြင်းနှင့် = လက်လှမ်းခြင်းနှင့် တူ၏ ဟူ၍ မှတ် သားပါ။ ဆန္ဒ၏ အာရုံကို လိုလားတောင့်တမှုသည် စိတ်၏ အာရုံဘက်သို့ လက်လှမ်းနေပုံနှင့် တူလှပေသည် ဟူလိုသည်။ ဤစကားကား ဆန္ဒ၏ လိုလားတောင့်တပုံ ထင်ရှားစေရန် စိတ်၏ လက်မရှိသော်လည်း ဆန္ဒကို စိတ်၏ လက်ကဲ့သို့ တင်စား၍ ပြောဆိုသော တဒ္ဓမ္မူပစာစကားတည်း။

ဤ ဆန္ဒသဘောတရားသည်လည်း သတ္တဝါတို့၏ သန္တာန်၌ ဖြစ်ပေါ်လာသောအခါ အလွန်ထင်ရှား၏။ ကလေးသူငယ် တစ်ဦးသည် ဖခင်၏လက်မှ မိခင်၏လက်သို့ လိုက်ချင်၍ လက်လှမ်း၏၊ ဤလိုက်ချင်မှုသည် ဆန္ဒတည်း။ ဟိုသွားချင်မှု သည်လာချင်မှု တစ်စုံတစ်ယောက်ကို တွေ့ချင်မှု မြင်ချင်မှု ကြားချင်မှု နာချင်မှု နမ်းချင်မှု စားချင်မှု ကိုင်ချင်မှု ထိချင်မှု တတ်သိနားလည်ချင်မှု အစုစုသည် ဆန္ဒချည်းတည်း။

သွာယံ ကုသလေသု ဥပ္ပန္နော ကုသလစ္ဆန္ဒောတိ ဝုစ္စတိ ယောနိသောမနသိကာရသမုဋ္ဌာနတ္တာ။ (မဟာဋီ၊၂၊၁၄၆။)

ဒါန ပြုလိုမှု၊ လှူချင်မှု၊ သီလ ဆောက်တည်လိုမှု၊ သီလ ခိုင်မြဲချင်မှု၊ သမာဓိကို ပွားများလိုမှု၊ ခိုင်မြဲသော သမာဓိကို လိုချင်မှု၊ ဝိပဿနာကို ပွားများလိုမှု၊ ဝိပဿနာဉာဏ်ကို လိုချင်မှု၊ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုမှု၊ နိဗ္ဗာန်ကို လိုချင်မှု၊ ဘုရား ဖြစ်ချင်မှု၊ ပစ္စေကဗုဒ္ဓါ ဖြစ်ချင်မှု၊ အဂ္ဂသာဝက မဟာသာဝက ပကတိသာဝက ဖြစ်ချင်မှု၊ ရှင်ဘုရင် ဖြစ်ချင်မှု၊ သူဌေး ဖြစ်ချင်မှု၊ နတ် ဖြစ်ချင်မှု၊ ဗြဟ္မာ ဖြစ်ချင်မှု၊ ရသေ့ရဟန်း ဖြစ်ချင်မှု --- ဤသို့စသော ကုသိုလ်ရချင်မှု မှန်သမျှသည်လည်း ကုသလစ္ဆန္ဒပင်တည်း။ အကြောင်းမူ ထိုကုသိုလ်ဆန္ဒ = ကုသလစ္ဆန္ဒတို့သည် ယောနိသောမနသိကာရလျှင် အကြောင်းရင်းရှိသောကြောင့် နည်းမှန် လမ်းမှန် နှလုံးသွင်းတတ်သော သူတော်ကောင်းတို့၏ သန္တာန်၌သာ ဖြစ်နိုင်သောကြောင့်တည်း။

တော်ရုံတန်ရုံ လိုချင်မှု၌ ဆန္ဒကား အားသေး၏ အားပျော့၏၊ မရမနေ လိုချင်မှု မဖြစ်မနေ လိုချင်မှုများ၌ ဆန္ဒကား အားကြီး၏၊ ခွန်အားကြီးမား၏။ ဤဆန္ဒကို အရင်းခံ၍ ဝီရိယသန်သန်ဖြင့် ပါရမီဖြည့်တော်မူသောကြောင့် နောက်ဆုံး၌ ဆန္ဒတော်အတိုင်း ဘုရား ဖြစ်တော်မူရ၏၊ ပစ္စေကဗုဒ္ဓါ ဖြစ်တော်မူရ၏၊ အဂ္ဂသာဝက ဖြစ်တော်မူရ၏၊ မဟာသာဝက ဖြစ်တော်မူရ၏၊ ပကတိသာဝက ဖြစ်တော်မူရ၏။ လူ ဖြစ်ရ၏၊ နတ် ဖြစ်ရ၏၊ ဗြဟ္မာ ဖြစ်ရ၏။

ထိပ်တန်းသို့ရောက်ရန် အခြေခံဆန္ဒမျှ မရှိသေးလျှင် ထိပ်တန်းသို့ရောက်ရန် ထက်သန်သော လုံ့လဝီရိယကို မည်သူမျှ ပြုကြမည်ကား မဟုတ်။ သို့ဖြစ်၍ မွန်မြတ်သော အကျိုးကျေးဇူး တစ်ခုခုကို ရယူလိုသော ဆန္ဒဓာတ် ကိုကား ရှေးဦးစွာ ဖြစ်ပေါ်လာစေရ၏။ ဤဆန္ဒမျိုးကို အာသာဆန္ဒ = လိုလားတောင့်တမှုဟုလည်း ခေါ်ဆို၏။ ထိုနောက် အာသာဆန္ဒ ရှိရုံမျှဖြင့် ဆုတောင်းပန်ထွာနေရုံမျှဖြင့် မိမိမျှော်မှန်းထားသည့် အထက်တန်းကျသည့် ထိပ်တန်းဘဝသို့ မရနိုင်သေးကြောင်းကို နားလည်သဘောပေါက်လျက် စိတ်ပါလက်ပါ ဝီရိယစိုက်ထုတ်၍ ကြိုးပမ်း ရမည်သာ ဖြစ်၏။

သမ္မာသမ္ဗောဓိအလောင်းအလျာ ပစ္စေကဗောဓိအလောင်းအလျာ အဂ္ဂသာဝက မဟာသာဝက ပကတိသာဝက ဟူသော သာဝကအလောင်းအလျာကြီးတို့သည်လည်း မိမိတို့မျှော်မှန်းထားသည့် ဗောဓိဉာဏ် အသီးအသီးကို ရရှိရေးအတွက် အလိုအာသာဆန္ဒ ပြင်းပြစွာဖြင့် ပါရမီ အလီလီတို့ကို ဖြည့်ကျင့်တော်မူရရိုး ဓမ္မတာသာ ဖြစ်ကြ၏။ ပါရမီအလီလီတို့ကို မဖြည့်ကျင့်ဘဲ ဗောဓိဉာဏ် အသီးအသီးကို ရရှိကြသူတို့ကား မဟုတ်ကုန်။ မိမိတို့ မျှော်မှန်းသည့် အထက်တန်းကျသည့် ဘဝကို ပါရမီတို့ကို အရင်းတည်၍ အရယူတော်မူနိုင်သူတို့သာ ဖြစ်ကြ၏။

ယခုကာလ လူ့ဘက် ရှင့်ဘက်၌ အထက်တန်းရောက်နေကြသူတို့သည်လည်း ဘုန်းနှင့်သမ္ဘာ ထက်ကြပ်ပါ၍ စိတ်သွားတိုင်း ကိုယ်ပါလျက် လိုရာ ပြီးစီးနိုင်သော မိုးကျရွှေကိုယ်တော်များကား မဟုတ်ကြချေ၊ အာသာဆန္ဒ အလိုက် ဝီရိယစိုက်လျက် ကြိုးပမ်းထားသူတွေသာ များကြ၏။ ထိုကြောင့် အလွန်ရခဲသော လူ့ဘဝကို ရှေးကံ ကောင်း ထောက်မ၍ ရကြပြီး ဖြစ်ပါလျက် တိုးတက်လိုသော အာသာဆန္ဒ ထိပ်တန်းသို့ ရောက်လိုသော သဘာဝ ဓမ္မများ ကင်း၍ အဖျင်းအအ အပျင်းအနတွေသာ ဖြစ်နေကြပါလျှင် အပါယ်လေးဘုံက ဆီးကြိုလျက်သာ ရှိနေမည် ဖြစ်ပေသည်။ ထိုကြောင့် မိမိကိုယ်ကို ယခုဘဝ၌လည်း အထက်တန်းရောက် မဂ်လမ်းပေါက်အောင် နောင်သံသရာ ၌လည်း အထက်တန်းရောက် မဂ်လမ်းပေါက်အောင် ထက်သန်သော အာသာဆန္ဒကို ကိုယ်စီကိုယ်င ဖြစ်စေကုန် ရာသည်။

ဆန္ဒဝတော ကိံ နာမ န သိဇ္ဈတိ = ဆန္ဒရှိသူမှာ မပြီးစီးနိုင်သော အရာမရှိ။

အာသာ ဖလဝတီ သုခါ = တောင့်တမှုသည် ကြိုးစား၍ အကျိုးရလျှင် ချမ်းသာကို ဖြစ်စေနိုင်၏။

__________

အကုသိုလ်စေတသိက် (၁၄) လုံး အပိုင်း

အကုသိုလ်စေတသိက် (၁၄) လုံး အပိုင်း

၁။ မောဟ

၁။ မောဟော စိတ္တဿ အန္ဓဘာဝလက္ခဏော၊ အညာဏလက္ခဏော ဝါ၊

၂။ အသမ္ပဋိဝေဓရသော၊ အာရမ္မဏသဘာဝစ္ဆာဒနရသော ဝါ၊

၃။ အသမ္မာပဋိပတ္တိပစ္စုပဋ္ဌာနော၊ အန္ဓကာရပစ္စုပဋ္ဌာနော ဝါ၊

၄။ အယောနိသောမနသိကာရပဒဋ္ဌာနော။ သဗ္ဗာကုသလာနံ မူလန္တိ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈။)

၁။ (က) စိတ်၏ ပရမတ္ထဓမ္မ သဘာဝမှန်ကို ဟုတ်တိုင်းမှန်စွာ မသိမမြင်နိုင်ခြင်း-

ဟူသော ပညာမျက်စိကာဏ်းသည်၏ အဖြစ်ဟူသော သဘော

တစ်နည်း --- ပညာမျက်စိကာဏ်းသောစိတ် ဖြစ်ကြောင်း သဘော လက္ခဏ၊

( ခ ) တစ်နည်း --- ဉာဏ်၏ ဆန့်ကျင်ဘက် ဖြစ်ခြင်း သဘော

= ပရမတ္ထဓမ္မ သဘာဝမှန်ကို အမှန်အတိုင်း ထွင်းဖောက် မသိမမြင်ခြင်း သဘော လက္ခဏ၊

၂။ (က) ပရမတ္ထဓမ္မ သဘာဝမှန်ကို = အာရုံ၏ သဘောမှန်ကို ကောင်းစွာ ထွင်းဖောက်၍

သိခြင်းငှာ မစွမ်းနိုင်သည်၏ အဖြစ်နှင့် ပြည့်စုံခြင်း (သမ္ပတ္တိ) ရသ၊

( ခ ) ပရမတ္ထဓမ္မ အာရုံ၏ သဘောမှန်ကို ဖုံးလွှမ်းခြင်း (ကိစ္စ) ရသ၊

၃။ (က) မသင့်မလျော် မတော်မမှန်သော ပဋိပတ်ကျင့်စဉ်ကို ဖြစ်စေတတ်သော သဘောတရား

တစ်နည်း --- ကောင်းမွန်မှန်ကန်စွာ မကျင့်ခြင်းတည်းဟူသော အကျိုးကို

ဖြစ်စေတတ်သော သဘောတရား (ဖလ) ပစ္စုပဋ္ဌာန်၊

တစ်နည်း --- သမ္မာပဋိပတ်ကျင့်စဉ်၏

ဆန့်ကျင်ဘက် သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

( ခ ) တစ်နည်း --- ပညာမျက်စိကာဏ်းအောင်

ပြုတတ်သောသဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

၄။ အယောနိသောမနသိကာရ = အာရုံကို နိစ္စ သုခ အတ္တ သုဘ စသည်ဖြင့် နှလုံးသွင်းမှားမှု - ပဒဋ္ဌာန်။

လက္ခဏ --- ဓမ္မသဘာဝဿ ယာထာဝတော အဒဿနံ စိတ္တဿ အန္ဓဘာဝေါ။ (မဟာဋီ၊၂၊၁၄၉။)

ပရမတ္ထဓမ္မသဘာဝကို ဟုတ်တိုင်းမှန်စွာ သိခြင်းသဘောကား ပညာတည်း။ ထိုပညာမျက်စိ မရှိသော ပညာမျက်စိကာဏ်းနေသော စိတ်ဓာတ် ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းမှာ မောဟတည်း။ သို့အတွက် မောဟသည် ပညာမျက်စိကာဏ်းသောစိတ် ဖြစ်ကြောင်း သဘောလက္ခဏာ ရှိပေသည်။

မုယှန္တိ တေန၊ သယံ ဝါ မုယှတိ၊ မုယှနမတ္တမေဝ ဝါ တန္တိ မောဟော။ (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈၊၊)

၁။ ပရမတ္ထဓမ္မသဘာဝအာရုံ၌ သမ္ပယုတ်တရားတို့ကို တွေဝေစေတတ်သော သမ္ပယုတ်တရားတို့၏ တွေဝေကြောင်း ဖြစ်သော သဘောတရားသည်,

၂။ တစ်နည်း --- ပရမတ္ထဓမ္မအာရုံ၌ မိမိကိုယ်တိုင်လည်း တွေဝေတတ်သော သဘောတရားသည်,

၃။ တစ်နည်း --- ပရမတ္ထဓမ္မအာရုံ၌ တွေဝေခြင်းမျှ ဖြစ်သော သဘောတရားသည် မောဟ မည်၏။

ဤ၌ တွေဝေခြင်းဟူသည် အာရုံ၏ သဘောမှန်ကို မသိခြင်းပင်တည်း။ တစ်နည်း --- ဉာဏ်သည် ပရမတ္ထဓမ္မ သဘာဝမှန်ကို သိသော်လည်း မောဟကား ထိုအမှန်ကို မသိဘဲ ထိုပရမတ္ထ သဘာဝမှန်များကို ပြောင်းပြန်လှန်၍ နိစ္စ သုခ အတ္တ သုဘ စသည်ဖြင့် အသိမှားလေသည်။ ထိုကြောင့် ဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်ခြင်း သဘောတရား သည် မောဟ၏ သဘာဝလက္ခဏာပင် ဖြစ်သည်။ ဤတွင် ပြောင်းပြန်လှန်၍ သိတတ်ပုံနှင့် ဆက်စပ်၍ နိဒ္ဒေသ ဝါရ၌ ဖွင့်ဆိုထားသော အဋ္ဌကထာ ဋီကာ အဖွင့်တို့မှာ ဤသို့ ဖြစ်ကြ၏။

အသန္တံ အသမဉ္စ ဗုဇ္ဈတီတိပိ အသမ္ဗောဓော။ (အဘိ၊ဋ္ဌ၊၁၊၂၉၆။)

သဘာဝပဋိစ္ဆာဒနဝသေန ပကတိအတ္တာဒိအသန္တဂဟဏဿ အနိစ္စာဒီနံ နိစ္စာဒိဝိသမဂဟဏဿ စ သညာဒိဝိပရိယေသဿ နိဿယတ္တာ အသန္တံ အသမဉ္စ ဗုဇ္ဈတီတိ ဝုတ္တံ။ (မူလဋီ၊၁၊၁၂၀။)

သဘာဝပဋိစ္ဆာဒဝသေန (သဘာဝပဋိစ္ဆာဒနဝသေန) ပကတိအတ္တာဒိအသန္တဂ္ဂဟဏဿ နိဿယတ္တာ နိမိတ္တတ္တာ အသန္တံ ဗုဇ္ဈတိ၊ နိစ္စာဒိဝိသမဂ္ဂဟဏဿ သညာဒိဝိပရိယေသဿ နိဿယတ္တာ အသမံ ဗုဇ္ဈတီတိ မောဟော ဝုတ္တော နိမိတ္တဿ ကတ္တုဘာဝေန ဥပစာရိတတ္တာ၊ အယဉ္စ အတ္ထော ဒိဋ္ဌိသဟိတမောဟဝသေန ဒဋ္ဌဗ္ဗော။ ဧတ္ထ ပကတီတိ ကာပိလာနံ ပဓာနံ။ (အနုဋီ၊၁၊၁၂၇။)

(၁) အသန္တံ ဗုဇ္ဈတိ = ထင်ရှားမရှိသည်ကို သိ၏။

(၁) အသန္တံ ဗုဇ္ဈတိ = ထင်ရှားမရှိသည်ကို သိ၏။

မောဟသည် ပရမတ္ထဓမ္မ အာရုံ၏ သဘောမှန်ကို ဖုံးလွှမ်း ကာကွယ်ထားခြင်း၏ အစွမ်းဖြင့် ပကတိဝါဒ အတ္တဝါဒ စသည့် တကယ်ထင်ရှားမရှိသော ဝါဒများကို စွဲယူခြင်း၏မှီရာ အကြောင်းရင်း ဖြစ်သောကြောင့် အသန္တံ ဗုဇ္ဈတိ = ပရမတ္ထအားဖြင့် တကယ်ထင်ရှားမရှိသော ပကတိ အတ္တ သတ္တ ပုဂ္ဂလ စသည်ကိုလည်း သိတတ်၏။

(၂) အသမံ ဗုဇ္ဈတိ = မညီမညွတ် မညီမမျှ သိ၏။

မောဟသည် အနိစ္စ ဒုက္ခ အနတ္တ အသုဘတရား စင်စစ်ဧကန် မှန်သော ခန္ဓာ (၅)ပါး = ရုပ်နာမ်တရားကို နိစ္စ သုခ အတ္တ သုဘဟု မညီမညွတ် စွဲယူတတ်သော ---

၁။ သညာဝိပလ္လာသ = နိစ္စ သုခ အတ္တ သုဘဟု အမှတ်မှားခြင်း,

၂။ စိတ္တဝိပလ္လာသ = နိစ္စ သုခ အတ္တ သုဘဟု အသိမှားခြင်း,

၃။ ဒိဋ္ဌိဝိပလ္လာသ = နိစ္စ သုခ အတ္တ သုဘဟု အယူမှားခြင်း ---

ဤဝိပလ္လာသတရားစု၏ မှီရာ အကြောင်းရင်း ဖြစ်သောကြောင့် အသမံ ဗုဇ္ဈတိ = ခန္ဓာ (၅)ပါး = ရုပ်နာမ် တရားကို မညီမညွတ် မညီမမျှ သိတတ်၏ဟု မောဟကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။အမှတ်မှားမှု အသိမှားမှု အယူမှားမှု ဝိပလ္လာသတရား၏ အကြောင်းရင်း ဖြစ်မှုကိုပင် ဥပစာရအားဖြင့် တင်စား၍ ကတ္တားအဖြစ်ဖြင့် ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်သည်။ (ကတ္တုသာဓနကား ပရမတ်သို့ မဆိုက်၊ ဘာဝသာဓနသာ ပရမတ်သို့ ဆိုက်သည်။ ထိုကြောင့် ပရမတ္ထအားဖြင့် တကယ်ထင်ရှားမရှိသော ပကတိ အတ္တ သတ္တ ပုဂ္ဂလ စသည်ကို သိခြင်းသဘောမျှသည်သာလျှင်, ပရမတ္ထအားဖြင့် တကယ်ထင်ရှားရှိသော ခန္ဓာ (၅)ပါး = ရုပ်နာမ်တရား ကို နိစ္စသုခ အတ္တ သုဘဟု အသိမှားခြင်း သဘောမျှသည်သာလျှင် မောဟမည်၏ ဟူလိုသည်။)

ဤ အနက် သဘောတရားကိုလည်း ဒိဋ္ဌိနှင့် ယှဉ်တွဲနေသော မောဟ၏ အစွမ်းဖြင့်သာ မှတ်သားပါ။ ဤအရာ၌လည်း ပကတိဟူသည် ကာပိလဝါဒသမားတို့၏ ပဓာနပင်တည်း။(မူလဋီ၊၁၊၁၂၀။ အနုဋီ၊၁၊၁၂၇။)

မောဟသည် ပရမတ္ထအားဖြင့် တကယ်ထင်ရှားမရှိသော ပကတိ အတ္တ သတ္တ ပုဂ္ဂလ စသည်ကိုလည်း သိ၏။ မညီမျှသော ဝိပလ္လာသသဘောကိုလည်း သိ၏ဟူသော ဤစကားကိုလည်း ဥပစာရစကားဟု မှတ်ပါ။ မောဟသည် ပရမတ္ထဓမ္မအာရုံ၏ သဘောမှန်ကို မသိအောင် ဖုံးလွှမ်း ကာကွယ်ခြင်း လုပ်ငန်းကိစ္စကို ပြုလုပ်ပေး ခြင်းသာ ဖြစ်၏။ ထင်ရှားမရှိသော ပကတိဝါဒ အတ္တဝါဒ စသည်ကို စွဲယူမှု, ခန္ဓာ (၅)ပါးတို့ကို နိစ္စ သုခ အတ္တ သုဘဟု စွဲယူမှုတို့ကား တရားကိုယ်အားဖြင့် ဒိဋ္ဌိပြဓာန်းသော သမ္ပယုတ်တရားစုတို့သာ ဖြစ်ကြ၏။ သို့သော် ယင်းသမ္ပယုတ်တရားစုတွင် မောဟလည်း ပါဝင်လျက်ပင် ရှိ၏။ ယင်းမောဟကား ခန္ဓာ (၅)ပါးတို့၏ သဘောမှန်ကို ပရမတ္ထဓမ္မ သဘာဝမှန်ကို မသိနိုင်အောင် ဖုံးလွှမ်း ကာကွယ်ထားသဖြင့် ဒိဋ္ဌိပြဓာန်းသော သမ္ပယုတ်တရားစုတို့က ထင်ရှားမရှိသော ပကတိ အတ္တ စသည်ကို သိခြင်း, မညီညွတ်သော ဝိပလ္လာသသဘောကို သိခြင်းများ ဖြစ်ပေါ် လာရပေသည်။ သို့အတွက် အကျိုးဖြစ်သော ဒိဋ္ဌိပြဓာန်းသော သမ္ပယုတ်တရားစု၏ ပရမတ္ထအားဖြင့် ထင်ရှား မရှိသည့် ပကတိ အတ္တ စသည်ကို သိခြင်း မညီမညွတ် သိခြင်းကို အကြောင်းရင်း မောဟအပေါ်၌ တင်စား၍ အကြောင်းရင်း မောဟကိုပင် ထင်ရှားမရှိသည်ကို သိသည် မညီမညွတ် သိသည်ဟု ဖလူပစာရအားဖြင့် ခေါ်ဝေါ် သုံးစွဲထားသည်ဟု မှတ်ပါ။

ဤဆိုအပ်ခဲ့ပြီးသော အနက်သဘောတရားကိုလည်း ဒိဋ္ဌိနှင့် ယှဉ်သော မောဟ၏ အစွမ်းဖြင့်သာ မှတ်သား ပါ။ ဒိဋ္ဌိနှင့် မယှဉ်သော မောဟဖြစ်ပုံအပိုင်းကိုကား နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသား တင်ပြထားခဲ့သော သံယောဇဉ် (၁၀)ပါး ဖြစ်ပုံအပိုင်းကို နည်းမှီး၍ သိရှိပါလေ။ ဤ၌ ပကတိဟူသည် ကာပိလရသေ့၏ ပဓာနဝါဒပင်တည်း။

ရသ --- မောဟသည် နိစ္စ သုခ အတ္တ သုဘဟု ခန္ဓာ (၅)ပါး = ရုပ်နာမ်တရားတို့အပေါ်၌ အသိမှားမှု သဘောတရား ဖြစ်သဖြင့် အနိစ္စ ဒုက္ခ အနတ္တ အသုဘ သဘောမှန်ဖြစ်သော ခန္ဓာ (၅)ပါး ပရမတ္ထတရားတို့ကို လည်းကောင်း, ယင်းခန္ဓာ (၅)ပါးတို့၏ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကိုလည်းကောင်း, အကြောင်းတရားနှင့်တကွသော ယင်းခန္ဓာ (၅)ပါး = ရုပ်နာမ်တရားတို့၏ အနိစ္စ ဒုက္ခ အနတ္တလက္ခဏာတို့ကိုလည်း ကောင်း, အကြောင်းတရားနှင့်တကွသော ယင်းခန္ဓာ (၅)ပါး = ရုပ်နာမ်တရား = သင်္ခါရတရားတို့၏ ချုပ်ဆုံးရာ အသင်္ခတဓာတ် ပရမတ် နိဗ္ဗာန်တရားတော်မြတ်ကိုလည်းကောင်း ထိုးထွင်း၍ သိခြင်းငှာ မစွမ်းနိုင်ပေ။ သို့အတွက် မောဟသည် ပရမတ္ထဓမ္မ သဘာဝမှန်ကို ထိုးထွင်းသိခြင်းငှာ မစွမ်းနိုင်သည့် ဂုဏ်နှင့် ပြည့်စုံခြင်း သမ္ပတ္တိရသ ရှိပေသည်။ တစ်နည်း ထိုပရမတ္ထဓာတ်သဘာဝမှန်ကို မသိမှု စိတ်ဓာတ်များ ဖြစ်ပေါ်လာရအောင် မောဟက ပြုလုပ်ပေးသဖြင့် မောဟသည် ပရမတ္ထဓမ္မ သဘာဝမှန်ကို ကောင်းစွာ ထိုးထွင်း၍ သိခြင်းငှာ မစွမ်းနိုင်သော စိတ်ဖြစ်အောင် ပြုလုပ်ပေးခြင်း ကိစ္စရသ ရှိပေသည်။

သစ္စာလေးပါးကို ထိုးထွင်းသိမြင်သော ဉာဏ်သည် စတုသစ္စ သမ္မာဒိဋ္ဌိဉာဏ် မည်၏။ ယင်းစတုသစ္စ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထွင်းဖောက်သိမြင်အပ်သော သစ္စာ (၄)ပါး တရားတော်တို့ကား ပရမတ္ထဓမ္မသဘာဝအာရုံ၏ ဟုတ်မှန်သော သဘောတရားများ = သဘောမှန်များတည်း။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ = ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိ၏ဟု ထိုးထွင်းသိမြင်တတ်သော သမ္မာဒိဋ္ဌိဉာဏ်ဖြင့် သိမြင်အပ်သော ကုသိုလ်ကံ အကုသိုလ်ကံနှင့် ယင်းကံတို့ ၏ အကျိုးတရားဟူသော ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားများသည်လည်း အာရုံ၏ သဘော မှန်များပင် ဖြစ်ကြ၏၊ သို့သော် ယင်းသဘောမှန်များမှာ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ထွင်းဖောက် သိမြင်သော စတုသစ္စသမ္မာဒိဋ္ဌိ၌ပင် အကျုံးဝင်လျက် ရှိပေသည်။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို သိ သော စတုသစ္စသမ္မာဒိဋ္ဌိကိုပင် ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်ဟူ၍ ခေါ်ဆိုခြင်း ဖြစ်သည်။ ယင်းအမှန်တရား များကို မသိအောင် ကာကွယ် ဖုံးလွှမ်းထားခြင်းသည်လည်း မောဟ၏ လုပ်ငန်းကိစ္စပေတည်း။

ပစ္စုပဋ္ဌာန် --- ဤသို့လျှင် မောဟက အာရုံ၏ သဘောမှန်ကို မသိအောင် ဖုံးလွှမ်း ကာကွယ်မှုကြောင့် ဒုစရိုက် သုစရိုက်တို့၏ သဘောသဘာဝမှန်ကို ကောင်းကောင်းကြီး သဘောပေါက် နားလည်လျက် ရှိသော ပညာရှိကြီးများသော်ပင် မောဟဝင်လာသည့်အခါ ဒုစရိုက်တို့၏ အပြစ်ကို မမြင်တည့်နိုင်တော့ဘဲ ဒုစရိုက်တို့ကို လွန်ကျူးမိတတ်ကြလေသည်။ သို့အတွက် မောဟသည် မသင့်လျော်သောအကျင့် မမှန်ကန်သောအကျင့်ကို ရှေးရှူ ဖြစ်စေတတ်၏ဟု ဆိုသည်၊ ဖလပစ္စုပဋ္ဌာန်တည်း။

(က) တစ်ဖန် စတုသစ္စသမ္မာဒိဋ္ဌိဟူသော အသိမှန် အမြင်မှန် ဉာဏ်မှန် ရရှိရေးအတွက် ကျင့်သော ကျင့်စဉ် သည် သမ္မာပဋိပတ်ကျင့်စဉ်တည်း။ မောဟသည် သမ္မာဒိဋ္ဌိဉာဏ်၏ ဆန့်ကျင်ဘက် ဖြစ်သဖြင့် သမ္မာပဋိပတ်ကျင့်စဉ်၏လည်း ဆန့်ကျင်ဘက်ပင် ဖြစ်သည်။

( ခ ) တစ်ဖန် သမ္မာဒိဋ္ဌိဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်သော မောဟသည် အမှန်ကို မသိဘဲ အမှားကိုသာ သိသကဲ့သို့ သမ္မာပဋိပတ်ကျင့်စဉ်၏ ဆန့်ကျင်ဘက် မောဟသည်လည်း မြင့်မြတ်မှန်ကန်သည့် သမ္မာပဋိပတ် ကျင့်စဉ်ကို မကျင့်စေဘဲ မှားယွင်းဖောက်ပြန် မမှန်ကန်သည့် မိစ္ဆာပဋိပတ်ကျင့်စဉ်လမ်းကိုသာ ကျင့်စေ တတ်ပေသည်။ ထိုသို့ အမှားမှား အယွင်းယွင်းများကို ကျင့်သဖြင့်လည်း စတုသစ္စသမ္မာဒိဋ္ဌိကဲ့သို့သော ကောင်းမွန်မှန်ကန်သော သမ္မာဒိဋ္ဌိ အသိဉာဏ်များ ပေါ်ပေါက်လာနိုင်မည်ကား မဟုတ်ပေ။ ရုပ်တရားကို ဟုတ်တိုင်းမှန်စွာ သိခြင်း, နာမ်တရားကို ဟုတ်တိုင်းမှန်စွာ သိခြင်း, အကြောင်းတရားကို ဟုတ်တိုင်းမှန်စွာ သိခြင်း, အကျိုးတရားကို ဟုတ်တိုင်းမှန်စွာ သိခြင်း, ရုပ် + နာမ် + ကြောင်း + ကျိုး = သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို အချက်ပိုင်ပိုင် ဟုတ်တိုင်းမှန်စွာ သိခြင်းဟူသော စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်တွင် အကျုံးဝင်သော သမ္မာဒိဋ္ဌိဉာဏ်တို့မှာ မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတည်းဟူ သော ကောင်းမွန်မှန်ကန်သည့် သမ္မာပဋိပတ်ကျင့်စဉ်ကြောင့်သာ ရရှိနိုင်သော အသိထူး ဉာဏ်ထူးများ ဖြစ်ကြ၏။ သို့အတွက် မောဟသည် သမ္မာပဋိပတ်ကျင့်စဉ်ကို ကျောပေးလျက် မိစ္ဆာပဋိပတ်ကျင့်စဉ်ကိုသာ ကျင့်စေတတ်သော သဘောရှိရကား မှန်ကန်သော သမ္မာဒိဋ္ဌိအသိဉာဏ်ဟူသော ပညာမျက်စိကို ကာဏ်း အောင် ပြုတတ်သော သဘောတရားဟုလည်း ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေ သည်။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။ (မဟာဋီ၊၂၊၁၄၉-ကြည့်။)

ပဒဋ္ဌာန် --- အယောနိသော ဘိက္ခဝေ မနသိကရောတော အနုပ္ပန္နာ စေဝ အာသဝါ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ စ အာသဝါ ပဝဍ္ဎန္တိ။ (မ၊၁၊၉။)

ရဟန်းတို့ ...အယောနိသောမနသိကာရ ရှိသူ၏ သန္တာန်၌ မဖြစ်ပေါ်သေးသော အာသဝေါတရားတို့ သည်လည်း = (အကုသိုလ်တရားတို့သည်လည်း) ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ပေါ်ပြီးသော အာသဝေါတရားတို့ သည်လည်း = (အကုသိုလ်တရားတို့သည်လည်း) တိုးပွားလာကုန်၏။ (မ၊၁၊၉။)

ဤသို့စသော ဒေသနာတော်များနှင့် အညီ နှလုံးသွင်း မှားနေသည့် အယောနိသောမနသိကာရ ရှိသူ၏ သန္တာန်၌ အကုသိုလ်တရားတို့သည် တိုးပွားမြဲ ဓမ္မတာ ဖြစ်ရကား အယောနိသောမနသိကာရသည် မောဟဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းတရား ဖြစ်ရပေသည်။

အဝိဇ္ဇာ --- ဤမောဟကိုပင် အချို့အရာ၌ အဝိဇ္ဇာဟု အမည်တစ်မျိုးဖြင့် ဟောတော်မူသည်။ ဤမောဟ အဝိဇ္ဇာသည် သူတော်ကောင်းတို့ သိသင့်သိထိုက်သော သစ္စာ (၄)ပါး စသည့် အရာဌာနကို မိမိ အဝိဇ္ဇာကိုယ်တိုင် ကလည်း မသိတတ်၊ မိမိနှင့် ယှဉ်ဖက် စိတ်စေတသိက်များကိုလည်းကောင်း, မိမိအဝိဇ္ဇာ ကိန်းဝပ်ရာ သတ္တဝါကို လည်းကောင်း မသိစေတတ်ပေ။ မျက်စိ၌ တိမ်သလာ ဖုံးလွှမ်းနေသူသည် တိမ်သလာအတွက်ကြောင့် မြင်သင့် မြင်ထိုက်သော အရာဌာနကို မမြင်ရသကဲ့သို့ ထို့အတူ အဝိဇ္ဇာ ဖုံးလွှမ်းချက်ကြောင့် အဝိဇ္ဇာ အဖုံးလွှမ်းခံရသူ သတ္တဝါတို့သည် သိသင့် သိထိုက်သော သစ္စာ (၄)ပါး စသော အရာဌာနကို မသိနိုင်ကြချေ။ အသိမှန် ဉာဏ်မှန် ကင်းနေသူတို့အဖို့ အမှားနှင့် အမှန်ကို မဝေဖန် မပိုင်းခြားနိုင်သည့်အတွက် ဒုစရိုက်တံခါးကြီးကား ဟင်းလင်း ပွင့်လျက်ပင် ရှိ၏။ အကုသိုလ်တံခါးကြီးများလည်း ဟင်းလင်းပွင့်လျက်ပင် ရှိ၏။ အမှားကိုလည်း အမှန်ထင်လျက် ပြုလုပ်တော့မည် ဖြစ်၏။ အမှန်ကိုလည်း အမှားထင်ကာ ကျောခိုင်းလျက် မျက်နှာလွှဲနေတော့မည် ဖြစ်၏။ ထိုကြောင့် ဤမောဟကို ခပ်သိမ်းကုန်သော အကုသိုလ်တရားအားလုံးတို့၏ အခြေခံ အကြောင်းရင်း မူလတရားဟု ဆိုခြင်း ဖြစ်သည်။

မောဟ (၃) မျိုး

မောဟ (၃) မျိုး

ထိုမောဟသည် အနုသယမောဟ, ပရိယုဋ္ဌာနမောဟ, ဝီတိက္ကမမောဟဟု သုံးမျိုး ရှိပေသည်။ ကိလေသာ (၁၀)ပါးလုံး၌ အနုသယကိလေသာ, ပရိယုဋ္ဌာနကိလေသာ, ဝီတိက္ကမကိလေသာဟု သုံးမျိုး ပြားသဖြင့် ကိလေသာ (၁၀)ပါးတို့၏ အစိတ်အပိုင်း တစ်ခုဖြစ်သော မောဟ၌လည်း သုံးမျိုးပင် ပြားပေသည်။

အနုသယဟူသော ပါဠိသည် ငြိမ်ဝပ်ခြင်း ကိန်းအောင်းနေခြင်းဟု အဓိပ္ပါယ်ရ၏။ ပရိယုဋ္ဌာနဟူသော ပါဠိစကားကား ထကြွခြင်းဟု အဓိပ္ပါယ်ရ၏၊ ထိုကြောင့် သတ္တဝါတို့၏ သန္တာန်တွင် အစဉ်တစိုက် လိုက်ပါနေသော မောဟသည် အနုသယမောဟ မည်၏။ တစ်ရံတစ်ခါ စိတ်နှင့် တွဲဖက်၍ ဖြစ်ပေါ်လာသော မောဟသည် ပရိယုဋ္ဌာနမောဟ မည်၏။ ဒုစရိုက်တို့ကို လွန်ကျူးသော အဆင့်သို့တိုင်အောင် ရောက်ရှိသွားသော မောဟသည် ဝီတိက္ကမမောဟ မည်၏။

အနုသယမောဟ --- အဆိပ်ပင်၌ အဆိပ်သီးများကို သီးစေနိုင်သော ဓာတ်သတ္တိ ပါရှိသကဲ့သို့ ထို့အတူ သတ္တဝါတို့၏ သန္တာန်၌ သိသင့် သိထိုက်သော သစ္စာ (၄)ပါး တရားများကို မသိအောင် ဖုံးကွယ်တတ်သော ဓာတ်သတ္တိ တစ်မျိုး ပါရှိလေသည်။ ထိုဓာတ်သတ္တိကို အနုသယမောဟဟု ခေါ်၏၊ ဤအနုသယမောဟ၏ ဖုံး ကွယ်ထားမှုကြောင့် ဝိပဿနာသမ္မာဒိဋ္ဌိ ဉာဏ်ပညာမျက်စိ မရှိသေးသော ပုထုဇန်တို့သည် သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကိုလည်း နစ်နစ်နောနော နှစ်နှစ်ကာကာ မသိကြ၊ သစ္စာ (၄)ပါး ကိုလည်း ထိထိမိမိ ပိပိရိရိ မသိကြ။ သင်္ခါရတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကို လည်း တပ်အပ်ထင်ထင် လင်းလင်းကြီး မသိမမြင်ကြချေ။

ဤအနုသယမောဟဓာတ်ကို ပုထုဇန်တို့ ဉာဏ်ဖြင့် မသိနိုင်။ ယခုကာလဝယ် ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ကို မရရှိသေးသော သူတို့သည် စာပေကျမ်းဂန် သင်ဖူး၍ သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ စသည်ကို သိသည်ဟု ဆိုသော်လည်း သင့်တော်ရုံ ခန့်မှန်းနိုင်သော မှန်းဆသိသည့် = အနုမာန အသိမျိုးသာ ဖြစ်၏၊ ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထိုးထွင်းသိသကဲ့သို့ ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း ပရမတ်သို့ ဆိုက်အောင် သိသော အသိမျိုးကား မဟုတ်ချေ။ သောတာပန် သကဒါဂါမ် အနာဂါမ် ဖြစ်သည့်တိုင်အောင် ထိုအနုသယမောဟဓာတ်မှာ အဆင့်ဆင့် ပါးလှပ်ရုံသာ ရှိသေး၏၊ ကုန်ကား မကုန်သေး။ ရဟန္တာအဖြစ်သို့ ရောက်ရှိပါမှသာလျှင် ယင်းအနုသယ မောဟဓာတ်သည် အကုန်အစင် ပြတ်လေတော့သည်။ ထိုကြောင့် ရဟန္တာ မဖြစ်သေးသမျှ ကုသိုလ်ပြုနေတုန်း ဆဲဆဲ ခဏမှာပင်သော်လည်း အနုသယမောဟဓာတ်မှာ ငြိမ်သက် ကိန်းဝပ် အငုပ်ဓာတ်အနေဖြင့် ထင်ရှားရှိနေသည်သာဟု မှတ်ပါ။ အကြောင်း ညီညွတ်သောအခါ ဖြစ်နိုင်သော အခွင့် အလမ်းများသည် ပွင့်လန်းလျက်ပင် ရှိနေပေသည်။

ပရိယုဋ္ဌာနမောဟ --- မောဟတရားသည် စိတ်နှင့် တွဲဖက်၍ ထကြွသောင်းကျန်းလာသောအခါ အကုသိုလ်စိတ် မကောင်းစိတ် ဖြစ်နေပြီဟု ဆိုရပေသည်။ ဤပရိယုဋ္ဌာနမောဟ၏ ဖုံးကွယ်မှုကြောင့် ဒုစရိုက်အကုသိုလ်၏ နောင်ရေးနောင်တာ ခံစားရမည့် မကောင်းကျိုးကိုလည်း မသိကြရ။ ယခု လောလောဆယ် ယုတ်မာညစ်ညမ်း ဆိုးသွမ်းမှု အပြစ်ကိုလည်း မသိကြ မသိနိုင် ဖြစ်တတ်၏။

ဝီတိက္ကမမောဟ --- ယင်းပရိယုဋ္ဌာန ကိလေသာမောဟ၏ တွန်းအားကြောင့် ယင်းမောဟ ဖြစ်ပေါ်လာ သောအခါ ပင်ကိုမူလက ပညာရှိသူတော်စင်ကြီးတို့ပင် ဖြစ်လင့်ကစား အပြစ်ကို မမြင်နိုင်ဘဲ ဒုစရိုက်အမှုကို ပြုမိကြလေတော့သည်။ ဤမောဟသည် အကုသိုလ်စခန်း၌ အလွန်ဆိုးသွမ်း မိုက်မဲသော တရားတစ်မျိုးပင်တည်း။ ဤလောက၌ မိုက်မဲမှုဟူသမျှသည် ဤမောဟ၌သာလျှင် အခြေစိုက်လျက် ရှိပေသည်။

ဟရိတစဇာတ်တော်

ဟရိတစဇာတ်တော် (၄၃၁)

လူနတ်တို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော ဘုရားရှင်သည် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူစဉ် တန်ဆာဆင်ထားသော အမျိုးသမီးတစ်ဦးကို မြင်တွေ့ရ၍ လူထွက်လိုသော ရဟန်းတော်တစ်ပါး ကို အကြောင်းပြု၍ ဤသို့ မိန့်ကြားတော်မူ၏။

ချစ်သားရဟန်း ...ကိလေသာမည်သည်ကား ထင်ရှားရှိနေသော ဂုဏ်ကျေးဇူးကို ဖျက်ဆီးတတ်၏၊ သာယာဖွယ် ကင်းလှ၏၊ ငရဲ၌ ဖြစ်စေတတ်၏၊ ဤသို့သဘောရှိသော ကိလေသာသည် အဘယ်အကြောင်းကြောင့် သင်ချစ်သားကို ညစ်နွမ်းအောင် ပင်ပန်းအောင် ဆင်းရဲအောင် မပြုလုပ်ဘဲ ရှိနိုင်ပါအံ့နည်း၊ မြင်းမိုရ်တောင်ကို တိုက်ခတ်၍လာသော လေပြင်းမုန်တိုင်းသည် သစ်ရွက်ဟောင်းကို တိုက်ခတ်ဖို့ရန် မရှက်သည်သာ ဖြစ်၏။ မှန်ပေသည် --- ဤကိလေသာကို အမှီပြု၍ သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်၏ နောက်သို့ ထပ်ကြပ်မကွာ လိုက် ပါလျက် ပါရမီတော်မြတ်အပေါင်းကို ဖြည့်ကျင့် ဆည်းပူးလျက်ရှိသော လောကီအဘိညာဏ် (၅)ပါးနှင့် သမာပတ် (၈)ပါးတို့ကို ရရှိတော်မူသော အလွန်စင်ကြယ်သောအကျင့် ရှိတော်မူသော ယောက်ျားမြတ်ကြီးတို့သော်မှလည်း သတိကို ရှေးရှူ တည်စေခြင်းငှာ မစွမ်းနိုင်ကုန်သည် ဖြစ်၍ ရပြီးစျာန်ကို ကွယ်ပျောက်စေခဲ့ဖူးကုန်ပြီ။ --- ဤသို့ မိန့်ကြားတော်မူပြီးနောက် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ဟောကြားတော်မူလေသည်။

ပညာရှိကြီး မောဟဖိစီးပုံ

ပညာရှိကြီး မောဟဖိစီးပုံ

ရွှေအဆင်းနှင့်တူသော အဆင်း ရှိသောကြောင့် ဟရိတစ အမည်ရသော ဘုရားအလောင်းတော်ကြီးသည် မိဘနှစ်ပါးတို့ ကွယ်လွန်သွားသောအခါ ကုဋေ (၈၀) ကြွယ်ဝသော စည်းစိမ်ကြီးကို စွန့်လွှတ်လျက် ဟိမဝန္တာသို့ တောထွက်ကာ ရသေ့ရဟန်း ပြုလုပ်ပြီးနောက် ပါရမီတော်များကို ဖြည့်ကျင့် ဆည်းပူးတော်မူလေရာ (၇)ရက် အတွင်းမှာပင် စျာန်အဘိညာဏ်စခန်းဝယ် အထက်တန်းသို့ ရောက်အောင် ပေါက်မြောက် အောင်မြင်တော်မူခဲ့ လေသည်။ ဟိမဝန္တာဝယ် တောသစ်မြစ် သစ်ဥ သစ်ဖု သစ်သီးဝလံလျှင် အစာအာဟာရ ရှိလျက် ကြာမြင့်စွာ နေထိုင် သီတင်းသုံးတော်မူပြီးနောက် ချဉ်ဆား မှီဝဲရန်အလို့ငှာ ဟိမဝန္တာတောင်မှ သက်ဆင်းတော်မူခဲ့၍ ဗာရာဏသီပြည်သို့ ကြွရောက်တော်မူကာ ဘုရင့်ဥယျာဉ်တော်ဝယ် သီတင်းသုံးတော်မူလေသည်။ ထိုဗာရာဏသီ ပြည့်ရှင်ကား အရှင်အာနန္ဒာအလောင်း ပါရမီဖြည့်ဖက် မိတ်ဟောင်းကြီးပင်တည်း။ ထိုကြောင့် အလောင်းတော် ရှင်ရသေ့ကို ဖူးမြင်ရလျှင် ဖူးမြင်ရခြင်း လွန်မင်းစွာ ကြည်ညိုသွား၏။ ချက်ချင်း ပင့်ဖိတ်စေ၍ ထီးဖြူ မိုးထားအပ် သော ရာဇပလ္လင်ထက်၌ သီတင်းသုံးစေတော်မူပြီးနောက် မွန်မြတ်သော အထူးထူးသော အရသာရှိသော ဆွမ်း ဘောဇဉ်တို့ဖြင့် ပြုစုလုပ်ကျွေး၏။ ဆွမ်းစားခြင်းကိစ္စ ပြီးလတ်သော် ရှင်ရသေ့က အနုမောဒနာ တရားတစ်ပုဒ်ကို ဟောကြားပြသ ဆိုဆုံးမတော်မူ၏။ ဗာရာဏသီဘုရင်ကြီးကလည်း အနုမောဒနာတရား၏ အဆုံး၌ အလွန့်အလွန် ကြည်ညိုရကား ဥယျာဉ်တော်အတွင်းမှာ သီတင်းသုံးတော်မူရန် တောင်းပန် လျှောက်ထား၍ နေ့သန့်စင်ရာနေရာ ညဥ့်သန့်စင်ရာနေရာ စသည်တို့ကို ဥယျာဉ်တော်၌ စီရင်ပြီးနောက် ဥယျာဉ်စောင့်ကို အလုပ်အကျွေးအဖြစ် ထား၍ ဥယျာဉ်တော်၌ သီတင်းသုံးစေတော်မူ၏။ ဘုရားအလောင်းတော်ရသေ့ကြီးသည်လည်း ထိုနေ့မှစ၍ အမြဲမပြတ် မင်း၏ နန်းတော်၌ပင်လျှင် ဆွမ်းဘုဉ်းပေးတော်မူလျက် (၁၂)နှစ်တို့ပတ်လုံး ဥယျာဉ်တော်၌ သီတင်းသုံးတော်မူ၏။

အခါတစ်ပါး၌ကား တိုင်းစွန်ပြည်နားဝယ် သူပုန်ထသောကြောင့် သူပုန်ဘေးရန်ကို ဘုရင်ကိုယ်တိုင် နှိမ်နင်း ရန် ထွက်ခွာခါနီးမှာ ကောင်းမှုတည်းဟူသော မျိုးစေ့၏ ကြဲချစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူ သော ဆရာရသေ့ကို မမေ့မလျော့ ပြုစုလုပ်ကျွေးရန် မိဖုရားအား အတန်တန် မှာကြားပြီးမှ ထွက်ခွာသွားလေ သည်။ မိဖုရားကြီးကလည်း အချိန်မှန်မှန် ကိုယ်တိုင်ကိုယ်ကျ ဆွမ်းဖြင့် ပြုစုလုပ်ကျွေး၏။ တစ်နေ့သောနံနက်မှာမူ ဆရာတော်ရသေ့ မလာသေးသည့်အတွက် ကိုယ်လက် သန့်စင်အောင် နံ့သာရေမိုး ကောင်းစွာချိုး၍ ချောမွေ့ နုနယ်သော အဝတ်ကို ဝတ်ဆင်ကာ ဆရာရသေ့ အလာကို စောင့်မျှော်ရင်း လေသာပြူတင်းတံခါးကို ဖွင့်လျက် လေညင်းခံကာ သလွန်ပေါ်မှာ ခေတ္တ လျောင်းစက်နေလေသည်။

အလောင်းတော် အရှင်ရသေ့သည်လည်း အဘိညာဏ်သမာပတ် အစွမ်းဖြင့် ကောင်းကင်လမ်းက ကြွမြန်း တော်မူလေရာ လေသာနန်းတံခါးပေါက်သို့ ဆိုက်ရောက်တော်မူလာ၏။ မိဖုရားကြီးသည်လည်း ရှင်ရသေ့ကြီး၏ လျှော်တေသင်္ကန်းသံကို ကြားရသဖြင့် သလွန်ထက်မှ ဗြုန်းကနဲ အထလိုက်တွင် အမြင်မတော်သော ကိုယ်တစ်ပိုင်းမှ ခါးဝတ် လျှောကျသွားလေသည်။ ထိုအခြင်းအရာကို ရသေ့ကြီး မြင်လတ်သော် သန့်ရှင်းသော စိတ်ဓာတ်ဝယ် နှစ်ပေါင်းများစွာ ကိန်းဝပ်လျက် ရှိသော အနုသယဓာတ် မောဟသည် ရုတ်တရက် ထကြွ၍ ပရိယုဋ္ဌာနမောဟ အဖြစ်သို့ ရောက်ရှိလာ၏။ စိတ်အစဉ်တွင် ထကြွ သောင်းကျန်းလာသော မောဟသည် တဏှာ ရာဂ ရမ္မက်နှင့် တွဲဖက်မိသဖြင့် မိဖုရားကြီး၏ လက်ကိုဆွဲကာ ကန့်လန့်ကာတွင်းသို့ ဝင်၍ သူရဲသဘက်ပမာ အမှားကြီး မှားရှာ လေသည်။ (ဇာတကအဋ္ဌကထာ၊၃၊၄၇၃-၄၇၄။)

ဤဝတ္ထု၌ အနုသယဓာတ် မောဟသည် ပရိယုဋ္ဌာနအဆင့်တွင် ရပ်တည်မနေတော့ဘဲ ရာဂနှင့် ပေါင်းဖက် လျက် ဝီတိက္ကမအဆင့်အထိ ကူးစက်သွားပုံကို သတိပြုပါ။ ဤမောဟမျိုးသာ မဝင်လာလျှင် အလောင်းတော် ရှင်ရသေ့သည် ထိုကဲ့သို့သော လောကဓမ္မ အမည်ရသည့် မတရားမှုမျိုးကို ဘုရင်ကိုယ်တိုင်က ကျေကျေနပ်နပ် ခွင့်ပေးသော်လည်း ပြုရက်နိုင်မည်ကား မဟုတ်ပေ။ ယခုသော်ကား ...မောဟ အမှောင်ထုကြီးသည် ကြီးမား သော စွမ်းအားဖြင့် ဖိစီး ကျရောက်လာရကား ယခုဘဝ၌ ရရှိမည့် အပြစ် နောင်သံသရာ၌ ရရှိမည့် အပြစ်တို့ကို မမြင်နိုင်တော့သဖြင့် မသင့်သော အမှုကို ပြုမိရှာလေသည်။ တစ်သက်လုံး အားထုတ်ခဲ့သော စျာန်အဘိညာဏ် ပညာများကလည်း ယခုလို အချက်ကောင်း၌ အလွန် ထုထည်ကြီးမားနေသော မောဟအမှောင်ထုကို မဖောက် ခွဲနိုင် အနိုင်မယူနိုင် ဖြစ်နေကြ၏။ မဖောက်ခွဲနိုင်ရုံသာမက ထုထည်ကြီးမားလှသော မောဟ၏ ဖိစီးမှုကြောင့် စျာန် အဘိညာဏ်တို့ကသာ လျှောကျ ကွယ်ပျောက်သွားကြရလေသည်။

သို့သော် အလောင်းတော် အရှင်ရသေ့ကား မူလက ပါရမီဓာတ်ခံ ရင့်သန်ပြီး ဖြစ်သောကြောင့် ဘုရင် မင်းတရားကြီး ပြန်ရောက်လာသောအခါ လွန်စွာ သံဝေဂဖြစ်၍ လျှောကျသော စျာန်ကို ပြန်ရအောင် အားထုတ် ကာ လူ့အနား၌ နေထိုင်မိသဖြင့် ဤအမှုမျိုး ဖြစ်ရသည်ဟု နောင်တရလျက် လူသူကင်းကွာသည့် ဟိမဝန္တာသို့ ပြန်ကြွလေသည်။

စတ္တာရောမေ မဟာရာဇ၊ လောကေ အတိဗလာ ဘုသာ။

ရာဂေါ ဒေါသော မဒေါ မောဟော၊ ယတ္ထ ပညာ န ဂါဓတိ။ (ဇာတက၊ဋ္ဌ၊၃၊၄၇၆။)

၁။ ရာဂ = လိုလားတပ်မက်ခြင်း

၂။ ဒေါသ = စိတ်ခက်ထန် ကြမ်းတမ်းခြင်း ဖျက်ဆီးလိုခြင်း

၃။ မဒ = မာန်ယစ်ခြင်း အလွန် ဘဝင်မြင့်ခြင်း

၄။ မောဟ = အသိမှားခြင်း = အမှန်ကို မသိခြင်း

ဒါယကာတော် မင်းကြီး ...ရာဂ ဒေါသ မဒ မောဟဟူသော ဤတရား (၄)မျိုးတို့သည် လောက၌ အလွန် စွမ်းအင်ကြီးမားကုန်သော တရားတို့ ဖြစ်ကြကုန်၏၊ အလွန် ပြင်းထန်ကြကုန်၏။ စိတ်အစဉ်ဝယ် ထကြွ သောင်းကျန်းခြင်း ပရိယုဋ္ဌာနအဆင့်သို့ ရောက်ရှိလာကြကုန်သော ဤတရား (၄)မျိုးတို့၌ အပြောကျယ်လျက် နက်လည်း နက်လှစွာသော အလွန်ရေစီးကြမ်းသော ရေပြင်ကြီး၏ အတွင်း၌ ကျရောက် မျောပါနေသူတို့ကဲ့သို့ ပညာသည် ထောက်ရာ တည်ရာကို မရရှိနိုင်။ (ဇာတက၊ဋ္ဌ၊၃၊၄၇၆။)

ပမာဒတရား

ပမာဒတရား

နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ၊ ယော ဧဝံ မဟတော အနတ္ထာယ သံဝတ္တတိ၊ ယထယိဒံ ဘိက္ခဝေ ပမာဒေါ။ ပမာဒေါ ဘိက္ခဝေ မဟတော အနတ္ထာယ သံဝတ္တတိ။ (အံ၊၁၊၁၄။)

ရဟန်းတို့ ...ဤမေ့လျော့ခြင်း = ပမာဒတရားသည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်သကဲ့သို့ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါဘုရားသည် မြင်တော်မမူ။ ရဟန်းတို့ မေ့လျော့ခြင်း = ပမာဒတရားသည် များစွာ အကျိုးမဲ့ခြင်းငှာ ဖြစ်၏။ (အံ၊၁၊၁၄။)

ကုသိုလ်တရားတို့၌ မေ့လျော့ခြင်း ပမာဒတရားဟူသည် မောဟပြဓာန်းသော အကုသိုလ် စိတ်စေတသိက် တရားစုပင် ဖြစ်၏။ ယင်းပမာဒတရားကြောင့် မီးသွေးထမ်းရသည့် ဘဝသို့ ရောက်ရှိသွားသော သူတော်ကောင်း တစ်ဦး၏ အကြောင်းအရာသည် သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီး၌ အောက်ပါအတိုင်း လာရှိ၏။

မီးသွေးထမ်းရသူ ပညာရှိကြီး

မီးသွေးထမ်းရသူ ပညာရှိကြီး

သုံးကျိပ် အတိုင်းအရှည် ရှိကုန်သော ရဟန်းတို့သည် ကလျာဏီ မဟာစေတီတော်ကြီးကို ရှိခိုး ဝတ်ပြုပြီး နောက် တောအုပ်တစ်ခု အတွင်း၌ တည်ရှိသော တောလမ်းခရီးဖြင့် လမ်းမကြီးဘက်သို့ ရှေးရှူလျက် သက်ဆင်း လာကုန်လတ်သော် လမ်းခရီးစပ်ကြား တစ်နေရာ၌ မီးလောင်ထားသော လယ်တောဝယ် အလုပ်လုပ်ပြီး၍ ပြန်လာသော ဒါယကာတစ်ဦးကို တွေ့မြင်ကြကုန်၏။ ထိုသူ၏ တစ်ကိုယ်လုံးသည်ကား မီးသွေးတို့ဖြင့် ပေကျံထား သဖြင့် မီးသွေးရောင်ကဲ့သို့ မည်းနက်နေ၏။ မီးသွေးတို့ဖြင့် လူးလည်း ပေကျံလျက် ရှိသော ဖန်ရည်ဆိုးထားသော အဝတ်တစ်ထည်ကိုလည်း ခါးတောင်းမြှောင်နေအောင်ကျိုက်၍ ဝတ်ထား၏။ ထိုသူကို အမှတ်တမဲ့ ကြည့်လိုက် သော် မီးလောင်ထားသော သစ်ငုတ်တိုကဲ့သို့ ထင်ရ၏၊ မီးလောင်ထားသည့် သစ်ငုတ်တိုနှင့် တူသော ထိုသူကား တစ်နေ့ပတ်လုံး ယင်းလယ်တော၌ အလုပ်လုပ်ပြီးနောက် ထက်ဝက် မီးလောင်ထားသော ထင်းစည်း တစ်စည်းကို ထမ်း၍ ပြန်လာခြင်း ဖြစ်၏။ ထိုသူ၏ ဆံပင်တို့သည် ထိုသူ၏ ကျောကုန်းထက်၌ ဖရိုဖရဲ ပြန့်ကျဲလျက် ရှိကြ၏။ ရဟန်းတော်တို့နှင့် ရင်ဆိုင်တိုးမိသောအခါ လမ်းဘေးဆင်း၍လာလျက် ရဟန်းတော်တို့၏ မျက်မှောက်၌ ရပ်တည် နေ၏။

ထိုရဟန်းတော်တို့၏ နောက်တွင် တပည့်ကိုရင်ငယ် = ရှင်သာမဏေများလည်း ပါလာကြ၏။ ရှင်သာမဏေ တို့သည် ထိုသူကို မြင်သောအခါ အချင်းချင်း တစ်ပါးက တစ်ပါးကို ကြည့်ကြကုန်လျက် ဟေ့ --- ကိုရင် ---သင့်အဖေ, (ငါ့အဖေဖြစ်လျှင်) သင့်အဘိုး, သင့်ဦးလေး --- ဤသို့ ရယ်ရွှန်းဖတ်ရွှန်း (= ရယ်ရွှမ်းပတ်ရွှမ်း) ပြောကြကုန်လျက် လိုက်ပါလာကြ၏။ ထိုဒါယကာကိုလည်း ဥပါသက ...သင့်အမည် ဘယ်လို ခေါ်ပါသလဲ ဟု မေးမြန်းကြ၏။

ထိုဒါယကာသည် မိမိ၏ နာမည်ကို အမေးခံရသဖြင့် စိတ်မကောင်းဖြစ်၍ ထမ်းလာသော ထင်းစည်းကို ပစ်ချလိုက်၍ အဝတ်ကို ကောင်းစွာဝတ်၍ မထေရ်မြတ်ကြီးတို့ကို ရှိခိုးလျက် အရှင်ဘုရားတို့ ...ခေတ္တ ရပ်တော်မူကြပါကုန်ဘုရားဟု လျှောက်ထား၏။ မထေရ်မြတ်ကြီးတို့ကလည်း ချီးမြှောက်သောအားဖြင့် ရပ်တည် ပေးတော်မူကြ၏။ ရဟန်းငယ် သာမဏေငယ်တို့သည် လာလတ်ကြ၍ မထေရ်ကြီးတို့၏ ေ့ရှမှောက်မှာပင် ပြက်ရယ် ပြောင်လှောင်ခြင်းကို ပြုကြကုန်၏။ ထိုအခါ ဥပါသကာဒါယကာကြီးက ဤသို့ လျှောက်ထား၏။

အရှင်ဘုရားတို့ ...အရှင်ဘုရားတို့သည် တပည့်တော်ကို တွေ့မြင်ရကြ၍ ပြက်ရယ် ပြောင်လှောင်မှုကို ပြုကြကုန်ဘိ၏၊ ဤမျှ အတိုင်းအရှည်ရှိသော သင်္ကန်းကို ဝတ်ရုံနေကာမျှဖြင့်ပင်လျှင် အထွတ်အထိပ်သို့ ရောက်ရှိ နေကြကုန်၏ဟု အောက်မေ့ မှတ်ထင်ကြကုန်သလော၊ တပည့်တော်သည်လည်း ဟိုရှေးယခင်အခါတုန်းက အရှင်ဘုရားတို့ကဲ့သို့သော ရဟန်းတော်ပင် ဖြစ်ခဲ့ဖူးပါ၏၊ အရှင်ဘုရားတို့၏ သန္တာန်၌ စိတ္တေကဂ္ဂတာ အမည် ရသော စိတ်တည်ကြည်မှု သမာဓိမျှသော်လည်း မရှိသေးပါ။ (သူ့ကိုမြင်၍ ပြောင်လှောင်နေသဖြင့် ဤသို့ လျှောက် ထားနေခြင်း ဖြစ်၏။) တပည့်တော်သည်ကား ဤ ဂေါတမဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌ပင်လျှင် တန်ခိုးအာနုဘော်ကြီးမားသော ရဟန်းတော်တစ်ပါး ဖြစ်ခဲ့ဖူးပါ၏။ ကောင်းကင်ကို အာရုံယူ၍ မဟာပထဝီမြေကြီး ဖြစ်အောင် ပြုလုပ်နိုင်ပါ၏၊ မဟာပထဝီမြေကြီးကိုလည်း အာရုံယူ၍ ကောင်းကင်ဖြစ်အောင် ပြုလုပ်နိုင်ပါ၏၊ အဝေးကို အာရုံယူ၍ အနီးဖြစ်အောင် ပြုလုပ်နိုင်ပါ၏၊ အနီးကို အာရုံယူ၍ အဝေးဖြစ်အောင် ပြုလုပ်နိုင်ပါ၏၊ စကြဝဠာတိုက်ပေါင်း တစ်ထောင်ကို တစ်ခဏချင်းဖြင့် ထုတ်ချင်းဖောက် အရောက်သွားနိုင်ခဲ့ပါ၏။ ယခုအခါ၌ ဘုရာ့တပည့်တော်၏ လက်တို့ကိုပင် ကြည့်ရှုတော်မူကြပါကုန်၊ ယခုအခါ၌ကား တပည့်တော်၏ လက်တို့သည် မျောက်သတ္တဝါ၏ လက်နှင့် တူနေကြပါကုန်၏။ တပည့်တော်သည် ဤလက်တို့ဖြင့်ပင်လျှင် တစ်ချိန်က ဤမြေပြင် အရပ်၌ ထိုင်လျက်ပင် လ နေတို့ကို သုံးသပ်နိုင်ခဲ့ပါ၏။ ဤ လ နေတို့ကို ဤခြေထောက်တို့၏ပင်လျှင် ပွတ်တိုက် စရာ ခြေပွတ်အိုးခြမ်းကွဲ ပြု၍ နေထိုင်ခဲ့ဖူးပါ၏၊ ဘုရာ့တပည့်တော်၏ ဤသို့သဘောရှိသော တန်ခိုးဣဒ္ဓိပါဒ်သည် ကုသိုလ်တရားတို့၌ မေ့လျော့ခြင်း ပမာဒတရားကြောင့် ကွယ်ပျောက်ခဲ့ရပါသည်ဘုရား ...၊ အရှင်ဘုရားတို့သည် ဤသာသနာတော်၌ သတိပဋ္ဌာန် လေးပါး စသည့် ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်း သတိတရားကို လက်ကိုင် ထားတော်မူကြ၍ မမေ့မလျော့ နေထိုင်တော်မူကြပါဘုရား ...။ မေ့လျော့ခြင်း ပမာဒတရားကြောင့် ဤသို့ သဘောရှိသော ပျက်စီးခြင်းသို့ ရောက်ကြရပါကုန်၏။

သတိပဋ္ဌာန် လေးပါးကို ပွားများ အားထုတ်ခြင်း စသော ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားကြကုန်သည် ဖြစ်၍ ဤသာသနာတော်၌ မှီတင်း နေထိုင်တော်မူကြကုန်သော သူတော်ကောင်းတို့ သည် ဇာတိ ဇရာ မရဏ၏ အဆုံးအပိုင်းအခြားကို ပြုတော်မူနိုင်ကြပါကုန်၏ဘုရား ...။ ထိုကြောင့် အရှင်ဘုရား တို့သည် တပည့်တော်ကိုပင် အာရုံပြုတော်မူကြကုန်၍ ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်း အပ္ပမာဒတရားကို လက်ကိုင်ထားနိုင်ကြကုန်သည် ဖြစ်တော်မူကြပါကုန်ဘုရား ...။

ဤသို့လျှင် မီးသွေးထမ်းသမား ဥပါသကာ ဒါယကာကြီးက ရဟန်းတော်တို့အား တရားဖြင့် ခြိမ်းခြောက်၍ အဆုံးအမ ဩဝါဒစကားကို လျှောက်ထား ပေးသနားလေသည်။ ထိုရဟန်းတော်တို့သည် ထိုဥပါသကာ ဒါယကာက လျှောက်ထားနေစဉ် အချိန်အတွင်းမှာပင် ထိတ်လန့်ကြောင်း ဖြစ်သော သံဝေဂဉာဏ်သို့ ရောက်ရှိတော် မူကြကုန်၍ ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူကုန်လတ်သော် သုံးကျိပ်သော ရဟန်းတော်တို့သည် ထိုနေရာ အရပ်၌ပင်လျှင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြလေကုန်၏။

ဤသို့လျှင် သမထ ဝိပဿနာ ဉာဏ်များကို ရရှိတော်မူကြပြီးသော သူတော်ကောင်းကြီးတို့၏ သန္တာန်၌ သော်လည်း မောဟတရားက လွှမ်းမိုးဖိစီး နှိပ်စက်လာသောအခါ ဖြစ်ပေါ်ပြီးကုန်သော လောကီသမထ ဝိပဿနာ ဉာဏ်တို့သည်လည်း ချုပ်ပျက်ကြကုန်လျက် အကျိုးစီးပွားမဲ့ခြင်းငှာ ဖြစ်ပေါ်လာကြကုန်၏ဟု သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၂၈၂-၂၈၃။)

ပမတ္တဿ စ နာမ စတ္တာရော အပါယာ သကဂေဟသဒိသာ။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၆။)

ကုသိုလ်တရားတို့၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်လေ့ ရှိသော မောဟ ဖိစီးနေသောသူအဖို့ အပါယ်လေးဘုံတို့သည် ကိုယ့်အိုးကိုယ့်အိမ်နှင့် တူသည် မည်ကုန်၏။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၆။)

မသိတိုင်းလည်း မောဟ မဟုတ်ပါ

မသိတိုင်းလည်း မောဟ မဟုတ်ပါ

မသိခြင်းသဘောကို မောဟဟု ဆိုသော်လည်း မသင်ဖူးသောအတတ် မရောက်ဖူးသောအရပ် မမှတ်ဖူး သောနာမည် စသည်တို့ကို မသိမှုမျိုးမှာ မသိရုံ သက်သက်သာ ဖြစ်၍ မောဟ မဟုတ်ပေ။ မိမိ၌ မှတ်သားဖူးသော သညာ မရှိမှုသာတည်း။ ထိုမသိမှုမျိုးမှာ သာမန်လူတွေကို မဆိုထားဘိ ရဟန္တာအရှင်မြတ်ကြီးတို့၏ သန္တာန်၌ သော်လည်း ရှိတတ်သေး၏။

အဝိဇ္ဇာ ကင်း၍ ရဟန္တာ ဖြစ်သည့်အခါ လောကီ လောကုတ္တရာ တရားအားလုံးကို ကုန်စင်အောင် သိပြီ ဟုကား မမှတ်ယူသင့်ပေ။ သိသင့်သိထိုက်သည့် သစ္စာလေးပါး စသည်ကို သိသင့်သိထိုက်သလောက်သာ သိခြင်း သည်သာလျှင် လိုရင်းတည်း။ ရဟန္တာဖြစ်သော်လည်း ပဋိသမိ႓ဒါပတ္တရဟန္တာ မဟုတ်လျှင် ပိဋကသုံးပုံကို တမင် သင်ယူပါမှ တတ်မြောက်နိုင်သည်။ ပိဋကသုံးပုံကို တတ်မြောက်သော်လည်း သူတစ်ပါး၏ အဇ္ဈာသယဓာတ်ခံကို ကျနစွာ မသိနိုင်။ သတ္တဝါတို့၏ အလိုအဇ္ဈာသယဓာတ်ခံကို သိသော အာသယာနုသယဉာဏ်တော်, သတ္တဝါတို့၏ ဣန္ဒြေ အနုံ့အထက်ကို = အနုအရင့်ကို သိသော ဣန္ဒြိယပရောပရိယတ္တိဉာဏ်တော် ဤဉာဏ်တော်တို့ကား သာဝကတို့နှင့် မဆက်ဆံသည့် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့နှင့်သာ ဆက်ဆံသည့် အသာဓာရဏဉာဏ်တော် (၆)မျိုးတို့တွင် ပါဝင်ကြ၏။ သဗ္ဗညုတဉာဏ်ရှင် ဖြစ်တော်မူသော ဘုရားရှင်သည်သာလျှင် သိဖွယ်အားလုံးကို ကုန်စင်အောင် သိမြင်တော်မူနိုင်သည်။ ထိုကဲ့သို့ သာဝကတို့၏ လောကီ လောကုတ္တရာ တရားအားလုံးကို ကုန် စင်အောင် မသိခြင်းမှာ အဝိဇ္ဇာ၏ ဖုံးလွှမ်းမှု မဟုတ်၊ မိမိဉာဏ်၏ သတ္တိနည်းပါးမှုသာ ဖြစ်သည်။ ဥပမာ -----နေ့လယ်ကြောင်တောင်ဝယ် အဝေးအရပ်၌ တည်ရှိနေသော ရူပါရုံကို မမြင်ခြင်းသည် အမှောင်၏ ကာကွယ်မှု ကြောင့် မဟုတ်၊ မိမိစက္ခု၏ သတ္တိနည်းပါးမှုသာ ဖြစ်သကဲ့သို့တည်း။

အထူ - အပါး

အထူ - အပါး

ဤအဝိဇ္ဇာသည် အဆင့်ဆင့် ထောက်ဆ၍ အထူအပါး ကွဲပြား၏၊ ဤကား ကုသိုလ်၊ ဤကား အကုသိုလ်ဟု ကုသိုလ်မှန်း အကုသိုလ်မှန်းကိုမျှ မသိအောင် ဖုံးလွှမ်းထားသော မောဟသည် = အဝိဇ္ဇာသည် အလွန် ထူပိန်းသော အဝိဇ္ဇာတည်း။ ကုသိုလ်မှန်း အကုသိုလ်မှန်း သိတတ်၍ အကုသိုလ်အချက် ပေါ်လာလျှင် ရှောင်ရှားတတ်ပါမူ, ကုသိုလ်ဟူသမျှကိုလည်း ပြုတတ်ပါမူ အဝိဇ္ဇာကား အတော်ပါးလှပ်လေပြီ၊ သို့သော် ဤမျှလောက်ဖြင့် အဝိဇ္ဇာ ကင်းဖို့အရေးမှာ များစွာ ဝေးပါသေး၏။ သောတာပန် သကဒါဂါမ် အနာဂါမ် အဖြစ်သို့ ရောက်ရှိ၍ အရိယ သစ္စာလေးပါး စသည်ကို ထွင်းဖောက် သိမြင်နိုင်သော်လည်း အဝိဇ္ဇာမှာ ပါးသည်ထက် ပါးရုံသာ ရှိသေး၏။ ရဟန္တာအဖြစ်သို့ ရောက်ရှိပါမှ အဝိဇ္ဇာအားလုံး ကင်းလေသည်။

ဤနေရာဝယ် အရိယာသူတော်ကောင်းတို့သည် လောကုတ္တရာ အရိယသစ္စာလေးပါး စသည်ကို သိတော်မူ ကြသည် ဆိုရာ၌, ဝိပဿနာသမ္မာဒိဋ္ဌိ ဉာဏ်ပညာကို ရရှိတော်မူကြသော ဝိပဿနာကမ္မိက ကလျာဏပုထုဇန် သူတော်ကောင်းတို့သည်လည်း လောကီ သစ္စာလေးပါးကို ဝိပဿနာဉာဏ်ဖြင့် သိတော်မူကြသည်ဟု ဆိုရာ၌ ယခုကာလ သင်္ဂြိုဟ် သရုပ်ခွဲသမားတို့၏ အသိမျိုးကဲ့သို့ သရုပ် ရေတွက်တတ်သည့် အသိမျိုးကား မဟုတ်ပေ။ ဆရာအပြောနှင့် လွမ်းရသည့် အသိမျိုးလည်း မဟုတ်ပေ။ သရုပ် ရေတွက်တတ်မှုမှာ သညာသိ = အမှတ်သိမျိုး သာတည်း။ ဉာဏ်သိ မဟုတ်သေး၊ ဝိပဿနာသမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ဒုက္ခသစ္စာထိုက်သောတရား သမုဒယသစ္စာ ထိုက်သောတရား စသည်တို့ကို ပရမတ်သို့ ဆိုက်အောင် သိမှသာလျှင် ပညာသိ တကယ့်အသိဟု မှတ်ပါ။

အန္ဓဘူတော အယံ လောကော၊ တနုကေတ္ထ ဝိပဿတိ။

သကုဏော ဇာလမုတ္တောဝ၊ အပ္ပေါ သဂ္ဂါယ ဂစ္ဆတိ။

ဤလောကကြီးသည် ပညာစက္ခု မရှိသဖြင့် အကန်းအတိ ဖြစ်၍ နေ၏၊ ဤလောကကြီး၌ သတ္တဝါ အနည်းငယ်သာလျှင် သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ စသည်ကို ထူးထူးခြားခြား ရှုမြင်နိုင်၏။ ပိုက်ကွန်မိပြီးမှ လွတ်ထွက်နိုင်သော ငှက်သည် နည်းပါးလှဘိသကဲ့သို့ ထို့အတူ သေပြီးနောက် နတ်ပြည်သို့ ရောက်နိုင်သူမှာ အနည်းငယ်သာ ရှိလေသည်။ (ဓမ္မပဒ၊၁၇၄။)

၂။ အဟိရိက

၂။ အဟိရိက

၁။ ကာယဒုစ္စရိတာဒီဟိ အဇိဂုစ္ဆနလက္ခဏံ အဟိရိကံ၊ အလဇ္ဇာလက္ခဏံ ဝါ၊

၂။ အလဇ္ဇနာကာရေန ပါပါနံ ကရဏရသံ၊

၃။ အလဇ္ဇနာကာရေန ပါပတော အသင်္ကောစနပစ္စုပဋ္ဌာနံ၊

၄။ အတ္တနိ အဂါရဝပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈။ မဟာဋီ၊၂၊၁၄၉။)

၁။ မကောင်းမှု အကုသိုလ်တရား + ဒုစရိုက်တရားတို့ကို မစက်ဆုပ်ခြင်း သဘော လက္ခဏ၊

တစ်နည်း --- မကောင်းမှု အကုသိုလ်တရား + ဒုစရိုက်တရားတို့မှ မရှက်ခြင်း သဘော လက္ခဏ၊

၂။ မရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို ပြုခြင်း (ကိစ္စ) ရသ၊

၃။ မရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ မတွန့်ဆုတ်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိကိုယ်ကို မရိုသေ မလေးစားခြင်း ပဒဋ္ဌာန်။

န ဟိရိယတိ န လဇ္ဇတီတိ အဟိရိကော၊ ပုဂ္ဂလော, စိတ္တံ, တံသမ္ပယုတ္တဓမ္မသမုဒါယော ဝါ။ အဟိရိက္ကန္တိ ဝတ္တဗ္ဗေ ဧကဿ ကကာရဿ လောပံ ကတွာ အဟိရိကန္တိ ဝုတ္တံ။ (မဟာဋီ၊၂၊၁၄၉။)

န ဟိရိယတီတိ အဟိရိကော။ (ဝိသုဒ္ဓိ၊၂၊၉၈။)

၁။ မရှက်တတ်သော ပုဂ္ဂိုလ်သည် အဟိရိက၊

၂။ မရှက်တတ်သော စိတ်သည် အဟိရိက၊

၃။ အဟိရိကစေတသိက်နှင့် ယှဉ်တွဲ ဖြစ်သော သမ္ပယုတ်တရားစုသည် အဟိရိကတည်း။

ဤတိုင်အောင် အဟိရိကစေတသိက်ကို အရကောက်၍ မရသေးဟု မှတ်ပါ။

အဟိရိကဿ ဘာဝေါ အဟိရိကံ (အဟိရိက္ကံ)၊ (ဝိသုဒ္ဓိ၊၂၊၉၈။)

၁။ မရှက်တတ်သော ပုဂ္ဂိုလ်ဖြစ်ရန် အကြောင်းဖြစ်သော သဘော,

၂။ မရှက်တတ်သော စိတ်ဖြစ်ရန် အကြောင်းဖြစ်သော သဘော,

၃။ မရှက်တတ်သော သမ္ပယုတ်တရားစုဖြစ်ရန် အကြောင်းဖြစ်သော သဘော ---

ဤသဘောတရားသည် အဟိရိကစေတသိက်တည်း။ မကောင်းမှုဒုစရိုက်တရား, မကောင်းမှုအကုသိုလ် တရားစုတို့ကို ပြုလုပ်ရန် မရှက်တတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေါ်လာရန် အကြောင်းရင်းမှာ အဟိရိကစေတသိက် ဖြစ်၏၊ မရှက်တတ်သော စိတ်ဓာတ်တစ်ခု ဖြစ်ပေါ်လာရန်, မရှက်တတ်သော သမ္ပယုတ်တရားစု ဖြစ်ပေါ်လာရန် အကြောင်းရင်းမှာလည်း ဤ အဟိရိကစေတသိက်ပင် ဖြစ်၏။ ဤသဘောကိုပင် မရှက်တတ်သော ပုဂ္ဂိုလ်ဖြစ်ကြောင်း သဘော, မရှက်တတ်သော စိတ်ဖြစ်ကြောင်း သဘော, မရှက်တတ်သော သမ္ပယုတ်တရားစုဖြစ်ကြောင်း သဘောသည် တစ်နည်း မရှက်ခြင်းကြိယာသည် အဟိရိကစေတသိက်မည်၏ဟု ဆိုသည်။ အဟိရိက္ကံဟု ဆိုလို လျက် က-တစ်လုံးကို ချေ၍ အဟိရိကံ ဖြစ်သည်။

၃။ အနောတ္တပ္ပ

၃။ အနောတ္တပ္ပ

၁။ ကာယဒုစ္စရိတာဒီဟိ အသာရဇ္ဇလက္ခဏံ အနောတ္တပ္ပံ။ အနုတ္တာသလက္ခဏံ ဝါ၊

၂။ အနုတ္တာသာကာရေန ပါပါနံ ကရဏရသံ၊

၃။ အနုတ္တာသာကာရေန ပါပတော အသင်္ကောစနပစ္စုပဋ္ဌာနံ၊

၄။ ပရေသု အဂါရဝပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈။ မဟာဋီ၊၂၊၁၄၉။)

၁။ မကောင်းမှု အကုသိုလ်တရား + ဒုစရိုက်တရားတို့ကို မကြောက်ရွံ့ခြင်းသဘော လက္ခဏ၊

တစ်နည်း --- မကောင်းမှု အကုသိုလ်တရား + ဒုစရိုက်တရားတို့ကို မထိတ်လန့်ခြင်းသဘော - လက္ခဏ၊

၂။ မထိတ်လန့်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို ပြုခြင်း (ကိစ္စ) ရသ၊

၃။ မထိတ်လန့်တတ်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ

မတွန့်ဆုတ်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သူတစ်ပါးတို့၌ (= တို့ကို) မရိုသေ မလေးစားခြင်း ပဒဋ္ဌာန်။

န ဩတ္တပ္ပံ အနောတ္တပ္ပံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၁။)

န ဩတ္တပ္ပတီတိ အနောတ္တပ္ပံ။ (ဝိသုဒ္ဓိ၊၂၊၉၈။)

မကောင်းမှု ဒုစရိုက်တရား မကောင်းမှု အကုသိုလ်တရားတို့မှ မထိတ်လန့်တတ်သော သဘောတရားသည် အနောတ္တပ္ပစေတသိက်တည်း။

ဂါမသူကရဿ ဝိယ အသုစိတော ကိလေသာသုစိတော အဇိဂုစ္ဆနံ အဟိရိကေန ဟောတိ၊ သလဘဿ ဝိယ အဂ္ဂိတော ပါပတော အနုတ္တာသော အနောတ္တပ္ပေန ဟောတိ။ (မဟာဋီ၊၂၊၁၄၉။)

မကောင်းမှုဒုစရိုက်မည်သည်, ယင်းဒုစရိုက်တို့၏ အကြောင်းရင်းစစ် ဖြစ်သော လောဘ ဒေါသ မောဟ စသော ကိလေသာ အညစ်အကြေးတို့မည်သည် ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့၏ ဉာဏ်အမြင်ဖြင့် ဆင်ခြင် စဉ်းစားကြည့်လိုက်သောအခါ ရွံရှာစက်ဆုပ်ဖွယ် သဘောတရားများသာ ဖြစ်ကြ၏။ ဘုရား အစရှိသော အရိယာသူတော်ကောင်း သူမြတ်လောင်းတို့၏ အလယ်၌ လောဘ ဒေါသ မောဟတွေ မွှန်နေလျှင် ဒုစရိုက်တွေ ပြုမိပြန်လျှင် အလွန့်အလွန် ရှက်ဖွယ်ရာလည်း ဖြစ်၏။ သို့သော် ရွာသူ့ဝက်မိုက် မစင်ကြိုက်သို့ အဟိရိက ကိန်းဝပ်နေသူသည် ထိုမျှလောက် စက်ဆုပ်ရွံရှာဖွယ် ရှက်ဖွယ်ကောင်းလှသော ကိလေသာ အညစ်အကြေးများ ဒုစရိုက်များကိုပင် မောဟ၏ ကွယ်ဝှက်ပေးမှုကြောင့် အမှောင်ထု ဖုံးလွှမ်းကာ မစက်ဆုပ်အား မရွံရှာအား မရှက် အားဘဲ လွန်စွာအားရမ်း နှစ်သက်ရွှင်လန်းလျက် ရှိလေသည်။ တစ်ဖန် မကောင်းမှုကို ပြုမိလျှင် ---

၁။ မိမိကိုယ်ကိုပင် မိမိ မကြည်ညိုနိုင်ဘဲ စွပ်စွဲခြင်းဟူသော အတ္တာနုဝါဒဘေး,

၂။ သူတစ်ပါးတို့က စွပ်စွဲ ကဲ့ရဲ့ခြင်းဟူသော ပရာနုဝါဒဘေး,

၃။ မင်းပြစ် မင်းဒဏ် ခံရခြင်းဟူသော ဒဏ္ဍဘေး,

၄။ ထို ဘေးအမျိုးမျိုးတို့မှ အတိမ်းအရှောင် အပုန်းအကွယ် ကောင်းလျှင် လွတ်ကင်းစေကာမူ တမလွန်၌ ခံရမည့် ဒုဂ္ဂတိဘေး,

ဤဘေးဆိုးကြီးတို့ကို တွေ့ကြုံရတော့မည် ဖြစ်၍ ယင်းအကုသိုလ်တရား ဒုစရိုက်တရားတို့မှာ စင်စစ် ကြောက်ရွံ့ဖွယ်ကောင်းသော ထိတ်လန့်ဖွယ်ကောင်းသော တရားဆိုးကြီးတို့သာ ဖြစ်ကြ၏၊ သို့သော် ပိုးပရန်မျိုး မီးကိုတိုးသို့ အနောတ္တပ္ပ ကိန်းဝပ်တည်နေသူ သတ္တဝါအများတို့သည်လည်း အကုသိုလ်တရား ဒုစရိုက်တရားတို့ကို မကြောက်မရွံ့ နောက်မတွန့်ဘဲ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား စွမ်းစွမ်းတမံ ပြုရက်ကြပြန်လေသည်။

မောဟ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စ တရားလေးမျိုးတို့ကား အကုသိုလ်တရား အားလုံးတို့နှင့် ဆက်ဆံသော စေတသိက်များ ဖြစ်ကြသဖြင့် အဟိရိက အနောတ္တပ္ပတို့ ဖြစ်လာလျှင် မောဟလည်း ပါဝင်လျက်, မောဟ ဖြစ် လျှင်လည်း အဟိရိက အနောတ္တပ္ပတို့ ပါဝင်ကြမြဲ ဓမ္မတာ ဖြစ်ကြ၏။ မောဟ ဖြစ်လျှင် အဟိရိက အနောတ္တပ္ပ သဘောတို့လည်း ပါဝင်လာကြသဖြင့် ပညာရှိကြီးများပင် တစ်ရံတစ်ခါ ဒုစရိုက်မှုတို့ကို မရှက်တမ်း မကြောက် တမ်း ပြုမိတတ်ကြလေသည်။ ဤစကား မှန်-မမှန်ကို ပညာရှိ အမည်ခံနေသူ သူတော်ကောင်း အချို့တို့၏ ကိုယ်တွေ့ အမှုများဖြင့် စဉ်းစား၍ ကြည့်သင့်လေသည်။

ဟရိတစ ရှင်ရသေ့၏ ထုံး

ဟရိတစ ရှင်ရသေ့၏ ထုံး

ဟရိတစရှင်ရသေ့၏ ကာမေသုမိစ္ဆာစာရအမှုကို ပြုမိပုံ၌ မောဟသဘော အဟိရိကသဘော အနောတ္တပ္ပ သဘောတို့ကား ပေါလောပေါ်အောင် ထင်ရှားနေ၏။ အရှင်ရသေ့ကား စျာန်အဘိညာဏ်ရသော ပထမတန်းစား သူတော်ကောင်းကြီး ဖြစ်၏၊ ပြုကျင့်လိုက်မိသော နေ့စဉ်လိုလို ပြုကျင့်နေသော အမှုကလည်း နန်းတော်ကြီး၏ အတွင်းဝယ် မောင်းမမိဿံတို့၏ အလယ်၌ နေ့လယ်ကြောင်တောင်ကြီး ကန့်လန့်ကာ ကာရံ၍ လွန်ကျူးမိသော တကယ် ရှက်စရာ ကြောက်စရာကောင်းသော ကာမေသုမိစ္ဆာစာရ ပြစ်မှုကြီးပင်တည်း။ ထိုမျှလောက် မဖွယ်ရာ သော ကိစ္စကိုပင် မောဟကလည်း ဖုံးလွှမ်း အဟိရိကကလည်း မရှက်တမ်း အနောတ္တပ္ပကလည်း မကြောက်တမ်းပင် ဖြစ်နေသောကြောင့် လက်စွမ်းကုန် ယွင်းမှား၍ တစ်မြို့လုံး မကြားကောင်း မနာသာ ဖြစ်ရရှာလေသည်။ သို့သော် အလောင်းတော် ရှင်ရသေ့၏ ကြည်ညိုဖွယ် အချက်တစ်ခုကား ဤသို့ဖြစ်၏။

ကြည်ညိုဖွယ် အခြင်းအရာ

ကြည်ညိုဖွယ် အခြင်းအရာ

သော စိန္တေသိ အယံ ရာဇာ နာဟံ ပရိဘုဉ္ဇာမီတိ ဝုတ္တေပိ မမ သဒ္ဒဟိဿတေဝ၊ ဣမသ္မိံ လောကေ သစ္စသဒိသီ ပတိဋ္ဌာ နာမ နတ္ထိ။ ဥဇ္ဈိတသစ္စာ ဟိ ဗောဓိမူလေ နိသီဒိတွာ ဗောဓိံပါပုဏိတုံ န သက္ကောန္တိ၊ မယာ သစ္စမေဝ ကထေတုံ ဝဋ္ဋတီတိ။ ဗောဓိသတ္တဿ ဟိ ဧကစ္စေသု ဌာနေသု ပါဏာတိပါတောပိ အဒိန္နာဒါနမ္ပိ ကာမေသုမိစ္ဆာစာရောပိ သုရာမေရယမဇ္ဇပါနမ္ပိ ဟောတိယေဝ၊ အတ္ထဘေဒကဝိသံဝါဒနံ ပုရက္ခတွာ မုသာဝါဒေါ နာမ န ဟောတိ၊ တသ္မာ သော သစ္စမေဝ ကထေန္တော ဒုတိယံ ဂါထမာဟ ---

ဧဝမေတံ မဟာရာဇ၊ ယထာ တေ ဝစနံ သုတံ။

ကုမ္မဂ္ဂံ ပဋိပန္နောသ္မိ၊ မောဟနေယျေသု မုစ္ဆိတော။ (ဇာတက၊ဋ္ဌ၊၃၊၄၇၅။)

ရှင်ဘုရင်ကြီးက ထိုသတင်းစကားကို ကြား၍ ဟရိတစရှင်ရသေ့ထံသို့ ချဉ်းကပ်၍ ထိုသတင်း မှန်-မမှန်ကို မေးမြန်း လျှောက်ထား၏။ ထိုအခါ အလောင်းတော် ရှင်ရသေ့ကား ဤသို့ စဉ်းစားတော်မူ၏ ---

ဤ ဗာရာဏသီ ဘုရင်မင်းကြီးသည် ငါသည် လောကဓမ္မ အမည်ရသည့် ကာမဂုဏ်ကို မခံစားပါဟု ပြောဆိုလိုက်လျှင်လည်း ငါ၏ စကားကို ယုံကြည်မည်သာ အမှန်ဖြစ်၏၊ ဤလောက၌ သစ္စာနှင့်တူသော ထောက် ရာ တည်ရာမည်သည် မရှိသည်သာတည်း။ ချွတ်ယွင်းဖောက်ပြန် မမှန်ကန်သော စကားကို ပြောဆိုလျက် ပျက်စီး နေသော သစ္စာတရား ရှိသူတို့သည် ဗောဓိပင်ခြေ မြတ်သော ပလ္လင်ဗွေထက်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေလျက် သမ္မာသမ္ဗောဓိ ဉာဏ်တော်မြတ်သို့ ရောက်ရှိခြင်းငှာ မစွမ်းနိုင်ကြကုန်၊ ငါသည် အမှန်စကားကိုသာ ပြောဆို ခြင်းငှာ သင့်ပေ၏ --- ဤသို့ စဉ်းစားတော်မူ၏။

မှန်ပေသည် --- ဘုရားအလောင်းတော်သည် အချို့ကုန်သော အရာဌာန အချို့ကုန်သော ဘုံဘဝတို့၌ -

၁။ ပါဏာတိပါတ = သူ့အသက် သတ်ခြင်း,

၂။ အဒိန္နာဒါန = သူတစ်ပါးပစ္စည်းကို မတရားယူခြင်း,

၃။ ကာမေသုမိစ္ဆာစာရ = ကာမတို့၌ မှားမှားယွင်းယွင်း ကျင့်ခြင်း,

၄။ သုရာမေရယမဇ္ဇပါန = သေရည်သေရက် မူးယစ်ဆေးဝါးကို မှီဝဲခြင်း,

ဤပြစ်မှုတို့ကိုကား လွန်ကျူးမိသည်လည်း ရှိတတ်၏၊ သို့သော် အကျိုးစီးပွားကို ပျက်စီးစေတတ်သော ချွတ်ယွင်းသော စကားကို ပြောကြားခြင်းကို ေ့ရှသွားပြု၍ မုသာဝါဒစကားမည်သည် မရှိသည်သာ ဖြစ်၏။ ထို ကြောင့် ထိုအလောင်းတော်ရှင်ရသေ့သည် သစ္စာစကားကိုသာလျှင် ပြောကြားတော်မူလိုသည် ဖြစ်၍ ဤသို့ မိန့်ကြားတော်မူ၏ ---

ဒါယကာတော် မဟာရာဇ ...သင်ကြားသည့် စကားသည် ကြားသည့်အတိုင်း မှန်ပါပေတယ်၊ မောဟဖြင့် တွေဝေနေသော သတ္တဝါအပေါင်းသည် မောဟဖြင့် တွေတွေဝေဝေ အသိမှားနေသော ကာမဂုဏ်တို့၌ ငါသည် လည်း တွေဝေ မိုက်မဲမိသည် ဖြစ်၍ လမ်းမှားကြီးကို ပြုကျင့်ခဲ့မိပါ၏။

ဤသို့ မိမိ၏ အပြစ်ကို အမှန်အတိုင်း ထိမ်ချန်မှု မရှိဘဲ ဝန်ခံလိုက်လေသည်။ သတ္တိရှိပါပေစွ။

သို့သော် ဤအမှုကား အလွန်ကြောက်မက်ဖွယ်ကောင်းသော ပြစ်မှုကြီး တစ်ခုပင် ဖြစ်၏။ ရှင်ရသေ့၏ အမှုဝယ် ကြောက်ရွံ့ဖွယ်ကား များလှ၏။ မိမိကိုယ်ကို မိမိ မကြည်ညိုနိုင်သော အတ္တာနုဝါဒဘေးမှာ ပြောဆိုဖွယ် ရာပင် မရှိတော့ပြီ။ ဘုရင်၏ဆရာ ရှင်ရသေ့က မိဖုရားကို ပြစ်မှားသတဲ့ ဟူသော သတင်းဆိုးကြီးကား ရှင်ဘုရင် မရှိတုန်းဝယ် တစ်မြို့လုံး၌ ပျံ့နှံ့နှင့်လေသောကြောင့် သူတစ်ပါးတို့၏ အစွပ်စွဲ အကဲ့ရဲ့ခံရခြင်းဟူသော ပရာနုဝါဒ ဘေးလည်း လက်ငင်းဒိဋ္ဌ တွေ့ကြုံလျက် ရှိလေပြီ။

အကယ်၍ ထိုဘုရင်သာ အရှင်အာနန္ဒာအလောင်း ပါရမီဖြည့်ဖက် သူတော်ကောင်း မဟုတ်ခဲ့ပါမူ ကြင်ရာတော်ကို စော်ကားသည့်အတွက် ရသေ့၏ အသက်ကို မြက်တစ်ပင်လောက်မျှ ပမာဏပြုမည် မဟုတ်၊ ရှင်ဘုရင်က သူတော်ကောင်းဖြစ်၍သာ ဒဏ္ဍဘေးမှ သီသီကလေး လွတ်ခဲ့ရလေသည်။ ထိုမျှလောက် အသက်ဘေးနှင့် အရေး တကြီး အလွန့်အလွန် နီးကပ်နေသော ကာမမှုကိုပင် ရာဂ မောဟ အဟိရိက အနောတ္တပ္ပ စသည့် အကုသိုလ် တရားတို့ ဝင်လာသည့်အတွက် မည်သူကိုမျှ ဂရုမထားရက်နိုင်တော့ဘဲ လက်ရဲ ဇက်ရဲ အရှက်ကွဲအောင် ပြုရဲလေ တော့သည်။ ပညာရှိသော်လည်း သတိဖြစ်ခဲသည့် ထုံးတစ်ရပ်ပင် ဖြစ်သည်။

ဤ ကာမမှုသာ ပရိသတ်အလယ်၌ ရှက်ဖွယ် ကြောက်ဖွယ် ဖြစ်သည် မဟုတ်သေး၊ အပြင်းအထန် စိတ်ဆိုး၍ ဟစ်အော် ငေါက်ငမ်း ကြမ်းတမ်းစွာ ဆဲဆိုသော ဒေါသ, နှလုံးကို လေပင့်၍ ဘဝင်မြင့်သော အရူးကဲ့သို့ မိမိကိုယ် ကို မိမိ အထင်ကြီးကာ စိတ်ထားမြင့်မောက် အောက်ခြေလွတ်ကာ ထောင်လွှားတက်ကြွလျက် သူတစ်ပါးကို အဖက်မထင် စိတ်ကြီးဝင်နေသော မာန, ငြူစူစောင်းမြောင်း မကောင်းပြစ်တင် ကဲ့ရဲ့ချင်သော ဣဿာမှု စသည့် အကုသိုလ်တရားဟူသမျှတို့သည်လည်း စက်ဆုပ်ရွံရှာဖွယ် ရှက်ဖွယ် ကြောက်ဖွယ် ကောင်းလှသည်ချည်းသာတည်း၊၊

၁။ ရွာဝက်သည် မစင်ကို မရွံသကဲ့သို့ အရှက် မရှိသူသည် မကောင်းမှုကို မရွံ။

၂။ ပိုးပရန်ကောင်သည် မီးလျှံကို မကြောက်သကဲ့သို့ ဩတ္တပ္ပ မရှိသူသည်လည်း မကောင်းမှုမှ မကြောက်ရွံ့။ (မဟာဋီ၊၂၊၁၄၉။)

ဤ အဟိရိက အနောတ္တပ္ပတို့၏ လက္ခဏ ရသ စသည်တို့မှာ ထင်ရှားပြီ၊ ရှုကွက်မှာ ယင်းတို့ယှဉ်ရာ ဆိုင် ရာ အကုသိုလ်စိတ္တက္ခဏ၌ တည်ရှိသော သမ္ပယုတ်တရားစုမှ ယင်းစေတသိက် တစ်ခုစီကို ရွေးထုတ်၍ ရှုရန် ဖြစ်သည်။ သို့သော် အသင်သူတော်ကောင်းသည် ယင်းစေတသိက် အသီးအသီး၏ လက္ခဏ ရသ စသည်တို့ကို ရှုနေသည့် အချိန်သည်ကား ဒုစရိုက်တို့ကို လွန်ကျူးနေဆဲအချိန် မဟုတ်သဖြင့် ဒုစရိုက် တစ်ခုခုကို လွန်ကျူးခဲ့ဖူး စဉ်က ဖြစ်ပေါ်ခဲ့သော စိတ်အစဉ်ကို အာရုံယူ၍လည်း ရှုနိုင်သည်။ တစ်ဖန် ---

အသုစိတော ကိလေသာသုစိတော အဇိဂုစ္ဆနံ။ (မဟာဋီ၊၂၊၁၄၉။)

ဤသို့စသော အထက်တွင် တင်ပြခဲ့သော မဟာဋီကာစကားအရ မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် ကိလေသာ အညစ်အကြေးတို့မှ မစက်ဆုပ်နိုင်ခြင်း မကြောက်ရွံ့နိုင်ခြင်း သဘောတရားတို့မှာလည်း အဟိရိက အနောတ္တပ္ပ သဘောတရားများပင် ဖြစ်ကြရာ လောဘ ဒေါသ မောဟ မာန်မာန စသည့် ကိလေသာဖြစ်နေကျ အာရုံတစ်ခုခုနှင့် စိတ်အစဉ်ကို တို့ကြည့်လျက် = ကိလေသာဖြစ်နေကျ အာရုံတစ်ခုခုကို လှမ်းအာရုံယူ၍ လောဘ ဒေါသ မောဟ မာန်မာန စသည့် ကိလေသာ အညစ်အကြေးများ ဖြစ်မှုကို မရှက်မှု မကြောက်မှု အဟိရိက အနောတ္တပ္ပသဘောတို့ ကိုလည်း အာရုံယူ၍ ရှုနိုင်သည်သာ ဖြစ်သည်။ ယင်းစေတသိက် နှစ်မျိုးသည် အကုသိုလ်စိတ်အားလုံးနှင့် ဆက် ဆံသော အကုသလသာဓာရဏစေတသိက်များ ဖြစ်ကြ၏။ အကုသိုလ်စိတ် ဖြစ်တိုင်း ဖြစ်တိုင်း ပါဝင်ကြ၏။ အကုသိုလ်စိတ် ဖြစ်တိုင်းလည်း ဒုစရိုက် ဖြစ်သည်ကား မဟုတ်ပေ။ ထိုကြောင့် ဒုစရိုက်ကို မလွန်ကျူးခိုက် အ- ကုသိုလ်ဖြစ်လျှင်လည်း ယင်းစေတသိက် နှစ်မျိုးလုံးတို့ ပါဝင်လျက် ရှိရကား ကိလေသာဖြစ်နေကျ အာရုံတစ်ခုခုကို လှမ်းအာရုံယူ၍ ရှုလျှင်လည်း ရနိုင်သည်ဟူ၍သာ ဆိုခြင်း ဖြစ်သည်။ ထိုသို့ ရှုရာ၌ လောဘ ဒေါသ မောဟ မာန်မာန စသည့် ကိလေသာဆိုးတို့ ဖြစ်မှုကို မရှက်ခြင်းသဘောတရားကား အဟိရိကတည်း၊ မကြောက်လန့်ခြင်း သဘောတရားကား အနောတ္တပ္ပတည်းဟု မှတ်ပါ။

၄။ ဥဒ္ဓစ္စ

၄။ ဥဒ္ဓစ္စ

ဥဒ္ဓတဿ ဘာဝေါ (ဥဒ္ဓတဘာဝေါ) ဥဒ္ဓစ္စံ၊ တံ ---

၁။ စေတသော အဝူပသမလက္ခဏံ ဝါတာဘိဃာတစလဇလံ ဝိယ၊

၂။ အနဝဋ္ဌာနရသံ ဝါတာဘိဃာတစလဓဇပဋာကာ ဝိယ၊

၃။ ဘန္တတ္တပစ္စုပဋ္ဌာနံ ပါသာဏာဘိဃာတသမုဒ္ဓတဘသ္မံ ဝိယ၊

၄။ စေတသော အဝူပသမေ အယောနိသောမနသိကာရပဒဋ္ဌာနံ။

စိတ္တဝိက္ခေပေါတိ ဒဋ္ဌဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၂။ ဝိသုဒ္ဓိ၊၂၊၉၉။)

ယဿ ဓမ္မဿ ဝသေန ဥဒ္ဓတံ ဟောတိ စိတ္တံ၊ တံသမ္ပယုတ္တဓမ္မာ ဝါ၊ သော ဓမ္မော ဥဒ္ဓစ္စံ။ (မဟာဋီ၊၂၊၁၅၀။)

အထက်အထက်၌ တုန်လှုပ်တတ်သောစိတ်၏ = ပျံ့လွင့်သောစိတ်၏ = တက်ကြွ တုန်လှုပ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာ သဘောသည် ဥဒ္ဓစ္စ မည်၏၊ တစ်နည်း အထက်အထက်၌ တုန်လှုပ်တတ်သော သမ္ပယုတ်တရား အပေါင်း၏ = ပျံ့လွင့်သော သမ္ပယုတ်တရားအပေါင်း၏ = တက်ကြွ တုန်လှုပ်သော သမ္ပယုတ်တရားအပေါင်း၏ ဖြစ်ကြောင်းဖြစ်ရာ သဘောသည် ဥဒ္ဓစ္စ မည်၏။ ဥဒ္ဓစ္စနှင့် ယှဉ်ဖက် စိတ်စေတသိက် တရားစုတို့သည် ဥဒ္ဓစ္စကြောင့် အာရုံ၌ မငြိမ်မသက် ပျံ့လွင့်နေရ၏၊ ယင်း စိတ်စေတသိက်တို့၏ အာရုံ၌ ပျံ့လွင့်ကြောင်း သဘောတရားသည် ဥဒ္ဓစ္စမည်၏ ဟူလိုသည်။

၁။ လေတိုက်ခတ်မှုကြောင့် လှုပ်ရှားသော ရေကဲ့သို့ စိတ် မငြိမ်သက်ခြင်းသဘော လက္ခဏ၊

၂။ လေတိုက်ခတ်မှုကြောင့် လှုပ်ရှားသော တံခွန်အလံကဲ့သို့ စိတ် ငြိမ်ဝပ်စွာ မတည်တံ့ခြင်း (ကိစ္စ) ရသ၊

၃။ ကျောက်ခဲကို ပစ်ချလိုက်သဖြင့် အထက်သို့ လွင့်တက်သော ပြာကဲ့သို့ စိတ် မရပ်မတည်

ချာချာလည် တုန်လှုပ်တတ်သည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ စိတ် မငြိမ်သက်ရာ အာရုံတို့၌ အယောနိသောမနသိကာရ ဖြစ်ခြင်း

တစ်နည်း --- စိတ် မငြိမ်သက်ခြင်းဟူသော အကျိုးကြောင့်

အယောနိသောမနသိကာရ ဖြစ်ခြင်း ပဒဋ္ဌာန်။

လက္ခဏ --- အဝူပသမောတိ အသန္နိသိန္နသဗ္ဘာဝမာဟ။ (မူလဋီ၊၁၊၁၂၀။)

အဝူပသမောတိ အသန္နိသိန္နအပ္ပသန္နဘာဝမာဟ။ (မဟာဋီ၊၂၊၁၅၀။)

ဥဒ္ဓစ္စနှင့် ယှဉ်သော စိတ်သည် အာရုံတစ်ခုပေါ်၌ ငြိမ်သက်စွာ မတည်နိုင်၊ အထက်အထက်သို့ လွင့်ကာ လွင့်ကာ တက်နေသကဲ့သို့ ဖြစ်၏။ ငြိမ်သက်မှု မရှိဘဲ မငြိမ်မသက် ဖြစ်နေ၏။ မငြိမ်သက်မှု အဝူပသမ ဟူသည် လည်း စိတ်၏ သို့မဟုတ် သမ္ပယုတ်တရားစုတို့၏ အာရုံတစ်ခုတည်းပေါ်၌ စုဝေးတည်နေခြင်း၏ ထင်ရှားမရှိ သည်၏ အဖြစ်ကို ကြည်ကြည်လင်လင် မရှိသည်၏ အဖြစ်ကို ဆိုလိုပေသည်။ လေအဟုန် တိုက်ခတ်မှုကြောင့် ရေအယဉ်၏ မငြိမ်သက်ခြင်းကဲ့သို့ အာရုံကို ငြိမ်သက်စွာ မယူနိုင်ခြင်းသည် ဥဒ္ဓစ္စ၏ သဘောလက္ခဏာတည်း။

ရသ --- ပစ္စုပဋ္ဌာန် --- တံခွန်တိုင်၌ လွှင့်ထူထားအပ်သော အလံတံခွန်သည် လေတိုက်တိုင်း လွင့်ကာ လွင့်ကာဖြင့် ငြိမ်ဝပ်စွာ မတည်သကဲ့သို့ စိတ်၏ အာရုံတစ်ခုပေါ်၌ ငြိမ်ဝပ်စွာ မတည်တံ့ခြင်းသည် ဥဒ္ဓစ္စ၏ လုပ်ငန်းကိစ္စပေတည်း။ ဤ အနဝဋ္ဌာနကိစ္စဖြင့် ဥဒ္ဓစ္စ၏ ဆွပေးမှုကြောင့် ယှဉ်ဖက် သမ္ပယုတ်တရားဟူသမျှတို့သည် အာရုံကို တည်တံ့စွာ မယူနိုင်ကြခြင်း ဖြစ်၏။ ဧကဂ္ဂတာခေါ်သော သမာဓိသည်သော်မှလည်း ဥဒ္ဓစ္စနှင့်ယှဉ်ခိုက် အာရုံတစ်ခုတည်းပေါ်သို့ ကျရောက်ရုံမျှသာ ကျရောက်နိုင်လေသည်။ သမထဘာဝနာစိတ်, ဝိပဿနာဘာဝနာ စိတ်, မဂ်စိတ်, ဖိုလ်စိတ်တို့နှင့် ယှဉ်တွဲလျက်ရှိသော သမ္မာသမာဓိ အမည်ရသော ဧကဂ္ဂတာသည် သမထအာရုံ ဝိပဿနာအာရုံ နိဗ္ဗာန်အာရုံတို့ကို ကျကျနန အချိန်ကြာမြင့်စွာ အရှည်တည်တံ့စွာ ယူနိုင်သကဲ့သို့ ဥဒ္ဓစ္စနှင့်ယှဉ်သော ဧကဂ္ဂတာကား အာရုံကို ကျကျနန စိတ်အစဉ် တည်တံ့အောင် မယူနိုင်ချေ။ ထိုကြောင့် ဥဒ္ဓစ္စသည် ပြာပုံတစ်ခု၏ အတွင်းသို့ ကျောက်ခဲတစ်ခဲကို ပစ်သွင်းလိုက်သည့်အခါ ပြာများ လွင့်တက်လာသကဲ့သို့ စိတ်၏ အာရုံတစ်ခုတည်း ပေါ်၌ မရပ်တည်ဘဲ လှုပ်လှုပ်ရှားရှား ပျံ့လွင့်ကြောင်း သဘောတရား = စိတ် မရပ်မတည်ဘဲ ချာချာလည် တုန် လှုပ်တတ်သော သဘောတရားဟု ယင်း ဥဒ္ဓစ္စတရားကို ရှုပွားသိမ်းဆည်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်တွင် ရှေးရှူထင်ခြင်း ပစ္စုပဋ္ဌာန် ရှိပေသည်။

ပဒဋ္ဌာန် --- စေတသော အဝူပသမေတိ နိပ္ဖါဒေတဗ္ဗေ ပယောဇနေ ဘုမ္မံ၊ အဝူပသမပစ္စယဘူတံ အာရမ္မဏံ ဝါ အဝူပသမောတိ ဝုတ္တံ။ (မူလဋီ၊၁၊၁၂၀။)

နိပ္ဖါဒေတဗ္ဗေ ပယောဇနေ ဘုမ္မံ စမ္မသ္မိံ ဒီပိနံ ဟန္တီတိ ဝိယ၊ အာရမ္မဏံ ဝါ အဝူပသမော ဖလူပစာရေန သေမှော ဂုဠောတိ ဝိယ။ (အနုဋီ၊၁၊၁၂၇။)

ပဒဋ္ဌာန်အရာတွင် အဋ္ဌကထာများ၌ ဖော်ပြထားသော စေတသော အဝူပသမေ --- ၌ (မေ)တွင် ရှိသော သ္မိံဝိဘတ်သည် ပြီးစေအပ်သော အကျိုးတရားတည်းဟူသော နိမိတ် အနက်ဟောတည်း။ ဥပမာ --- စမ္မသ္မိံ ဒီပိနံ ဟန္တိ = သားရေကြောင့် သစ်ကို သတ်၏ --- ဟူရာ၌ သစ်၏ အရေခွံသည် သစ်ကို သတ်ခြင်းကြောင့် ရ အပ်သော အကျိုးလည်းဖြစ်၍ ထိုအကျိုးကို ရလိုသောကြောင့် သစ်ကို သတ်ရသည့်အတွက် သစ်ကို သတ်ဖို့ရန် နိမိတ်အကြောင်းတရားလည်း ဖြစ်သကဲ့သို့ --- ထို့အတူ အာရုံကို နည်းမှန် လမ်းမှန် နှလုံးမသွင်းတတ်ခြင်း အယောနိသောမနသိကာရကြောင့် စိတ်မငြိမ်သက်မှု အဝူပသမ အကျိုးတရား ဖြစ်ပေါ်လာရ၏။ ယင်း စိတ်မငြိမ်သက်မှု အဝူပသမ အကျိုးကြောင့်ပင် အယောနိသောမနသိကာရလည်း ဖြစ်ရပြန်၏။ သို့အတွက် စိတ်မငြိမ်သက် ခြင်း အကျိုးတရားကြောင့် ဖြစ်ပေါ်လာရသော အယောနိသောမနသိကာရသည်ပင် ဥဒ္ဓစ္စ ဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းတရား ဖြစ်ရပြန်ပေသည်။

တစ်နည်း စိတ်မငြိမ်သက်မှု = အဝူပသမ၏ အကြောင်းဖြစ်သော အာရုံကို အဝူပသမဟု ဖလူပစာရအားဖြင့် ဆိုထား၏။ ဥပမာ --- သေမှော ဂုဠော = သလိပ်ဟူသည် တင်လဲ = သကြားခဲတည်း --- ဟူရာ၌ သလိပ်ဟူသော အကျိုးတရားကို ဖြစ်စေတတ်သော အကြောင်းဖြစ်သော တင်လဲခဲ = သကြားခဲကို သေမှ = သလိပ်ဟု အကျိုး၏ အမည်ကို အကြောင်း၌ တင်စား၍ အကြောင်းဖြစ်သော တင်လဲခဲ = သကြားခဲကို သလိပ်ဟု ခေါ်ဆိုသကဲ့သို့ အာရုံတစ်ခုခုကို အာရုံပြု၍ စိတ်မငြိမ်သက်မှု ဖြစ်ရာ၌ စိတ်မငြိမ်သက်အောင် လှုံ့ဆော်သကဲ့သို့ ဖြစ်နေသော အကြောင်းဖြစ်သော ထိုအာရုံကိုပင် အဝူပသမ = စိတ်မငြိမ်သက်မှုဟု ဆိုထားသည်။ အကျိုးစိတ်မငြိမ်သက်မှု၏ အဝူပသမဟူသော အမည်ကို အကြောင်းအာရုံ၌ တင်စား၍ အကြောင်းအာရုံကို အဝူပသမဟု ဖလူပစာရအားဖြင့် ခေါ်ဆိုထားသည် ဟူလို။ ဤဒုတိယအဖွင့်အရ ထို စိတ်မငြိမ်သက်ခြင်း၏ အကြောင်းရင်း ဖြစ်သော အာရုံ၌ အယောနိသောမနသိကာရ ဖြစ်ခြင်းသည်ပင် ဥဒ္ဓစ္စ ဖြစ်ဖို့ရန် အနီးစပ်ဆုံးအကြောင်း ပဒဋ္ဌာန် ဖြစ်ရသည်ဟု မှတ်ပါ။

ပြာပုံပေါ်၌ ခဲကျသည့်အခါ ပြာများ လွင့်တက်လာသကဲ့သို့ အာရုံတစ်ခုခု အပေါ်၌ ငြိမ်သက်စွာ မတည် နိုင်ဘဲ ဟိုအာရုံသို့ ရောက်လိုက် သည်အာရုံသို့ ရောက်လိုက် ဖြစ်နေခြင်း သဘောသည် ဥဒ္ဓစ္စ ဖြစ်သဖြင့် ထိုဥဒ္ဓစ္စနှင့် အတူတကွဖြစ်သော စိတ်သည်လည်း စိတ်လေစိတ်လွင့် ဖြစ်၍ ဥဒ္ဓစ္စ အားကြီးနေသည့်အခါ ကိုယ်ခန္ဓာသည်လည်း မငြိမ်မသက် ဖြစ်နေရကား ဟိုသွားချင်သလို သည်သွားချင်သလို ထချင်သလို ထိုင်ချင်သလိုနှင့် လူလေလူလွင့် လူ့ဗော်ကျော့ ဖြစ်နေတတ်လေသည်။

တရားဘာဝနာကို ထိုင်၍ နှလုံးသွင်းနေသော်လည်း မိမိ နှလုံးသွင်းနေသည့် သမထအာရုံ သို့မဟုတ် ဝိပဿနာအာရုံပေါ်သို့ စိတ်မကျရောက်ဘဲ သားရေး သမီးရေး စီးပွားရေး စသော အရေး အထွေထွေနှင့် မိမိ၏ လုပ်ငန်းခွင် အရပ်ရပ်ပေါ်သို့သာ စိတ်အရောက်များနေခြင်း ထိုအာရုံ အမျိုးမျိုးတို့က မိမိ မနောဒွါရတွင် တစ်ခုပြီး တစ်ခု တန်းစီ၍ လှည့်လည်နေခြင်းသည် ဥဒ္ဓစ္စ၏ စွမ်းအားကြောင့်ပင် ဖြစ်၏။

နန္ဒမင်းသားသည် ရဟန်းပြုပြီးစအခါ၌ ဇနပဒကလျာဏီထံသို့ မကြာခဏ စိတ်ရောက်နေခြင်းမှာလည်း ဤဥဒ္ဓစ္စနှင့် ယှဉ်တွဲလျက်ရှိသော ရာဂ၏ စွမ်းအားကြောင့်ပင် ဖြစ်၏။ ကုဒါလပဏ္ဍိတ အမည်ရသော သူတော်ကောင်း တစ်ဦးသည်လည်း ပေါက်တူး တစ်လက်ကို အကြောင်းပြု၍ (၇)ကြိမ်တိုင်တိုင် ရသေ့ရဟန်း ဘဝမှ လူထွက်ခဲ့ရ၏။ ရသေ့ရဟန်းတရားပေါ်သို့ စိတ်မရောက်နိုင်ဘဲ ပေါက်တူးကလေး တစ်လက်တည်းဟူသော အာရုံ ပေါ်သို့ စိတ်က မကြာမကြာ ရောက်ရှိနေ၏၊ ထိုစိတ်ကို ငြိမ်ဝပ်အောင် မတိုက်ဖျက်နိုင် မတွန်းလှန်နိုင် ဖြစ်နေ၏။ ရာဂနှင့် ယှဉ်တွဲလျက်ရှိသော ဥဒ္ဓစ္စ၏ စွမ်းအားပင်တည်း။ ရဟန်းတရားဝယ် ငြိမ်သက်စွာ မတည်ခြင်းမှာ ဥဒ္ဓစ္စ သဘောပင်တည်း။ သို့သော် (၇)ကြိမ်မြောက် ရသေ့ရဟန်း ပြုသောအခါ၌ကား ပေါက်တူးတစ်လက် အပေါ်၌ စွဲလမ်းနေသည့် ရာဂကို အောင်မြင်စွာ တိုက်ဖျက်နိုင်သဖြင့် စျာန်အဘိညာဏ်တို့ကို ရရှိသွားတော်မူလေသည်။ (ဇာတက၊ဋ္ဌ၊၁၊၃၃၀။)

ဤဥဒ္ဓစ္စသည် သူ့ပင်ကိုယ်သဘောအားဖြင့် မည်သည့်အာရုံ၌မျှ တည်တည်တံ့တံ့ မရှိ၊ ဟိုအာရုံသို့ ရောက် လိုက် သည်အာရုံသို့ ရောက်လိုက်နှင့် ပျံ့လွင့်နေရကား မကောင်းတရား အကုသိုလ်တရားဟု ဆိုရစေကာမူ မည်သည့်ဒုစရိုက်ကိုမျှ မိမိက ဦးဆောင်၍ ထိထိမိမိ မပြုသောကြောင့် လောဘ ဒေါသ စသည်တို့ကဲ့သို့ အပါယ်သို့ ပစ်ချနိုင်လောက်အောင် သတ္တိမကြီးချေ၊ ဖြစ်လေရာ ဘဝတို့၌ သမာဓိ နည်းပါး၍ ပေါ့ဆဆ အမျိုးအစား ဖြစ် အောင်ကား စီမံကောင်း စီမံပေလိမ့်မည်။ အကြောင်းမူ ဤဥဒ္ဓစ္စ ပြဓာန်းသော အကုသိုလ်စေတနာသည် ပဝတ္တိ အကျိုးကို ပေးနိုင်သောကြောင့်တည်း။

__________

၅။ လောဘ

၅။ လောဘ

လုဗ္ဘန္တိ တေန သယံ ဝါ လုဗ္ဘတိ၊ လုဗ္ဘနမတ္တမေဝ ဝါ တန္တိ လောဘော။

၁။ လောဘော အာရမ္မဏဂ္ဂဟဏလက္ခဏော မက္ကဋာလေပေါ ဝိယ၊

၂။ အဘိသင်္ဂရသော တတ္တကပါလေ ခိတ္တမံသပေသိ ဝိယ၊

၃။ အပရိစ္စာဂပစ္စုပဋ္ဌာနော တေလဉ္ဇနရာဂေါ ဝိယ၊

၄။ သံယောဇနိယဓမ္မေသု အဿာဒဒဿနပဒဋ္ဌာနော။

သော တဏှာနဒီဘာဝေန ဝဍ္ဎမာနော သီဃသောတာ နဒီ ဝိယ မဟာသမုဒ္ဒံ အပါယမေဝ ဂဟေတွာ ဂစ္ဆတီတိ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈။)

သမ္ပယုတ်တရားတို့၏ အာရုံကို လိုလားတပ်မက်တတ်ခြင်း၏ အကြောင်းဖြစ်သော သဘောတရားသည် လောဘ မည်၏။ တစ်နည်း မိမိကိုယ်တိုင် အာရုံကို လိုလားတပ်မက်တတ်သော သဘောတရားသည် လောဘ မည်၏။ တစ်နည်း အာရုံကို လိုလားတပ်မက်ခြင်းမျှသာ ဖြစ်သော သဘောတရားသည် လောဘ မည်၏။

၁။ မျောက်နှဲစေးကဲ့သို့ အာရုံကို ငါ့ဟာဟူ၍ စွဲယူခြင်းသဘော လက္ခဏ၊

၂။ လောလောပူသော အိုးကင်း၌ ပစ်ချအပ်သော အသားတစ်ကဲ့သို့ အာရုံ၌ အလွန်ငြိကပ်ခြင်း- (ကိစ္စ) ရသ၊

၃။ အဝတ်၌ စွန်းထင်းနေသော ဆီမင်၏ တပ်စွဲခြင်းကဲ့သို့ အာရုံကို

မစွန့်လွှတ်နိုင်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သံယောဇဉ် ဖြစ်ရာ အာရုံတရားတို့၌ သာယာဖွယ် သုဘဟု ရှုမြင်တတ်သော ဒိဋ္ဌိ ပဒဋ္ဌာန်။

လက္ခဏ --- အာရမ္မဏဂ္ဂဟဏံ မမ ဣဒန္တိ တဏှာဘိနိဝေသဝသေန အဘိနိဝိဿ အာရမ္မဏဿ အဝိဿဇ္ဇနံ၊ န အာရမ္မဏကရဏမတ္တံ။ (မဟာဋီ၊၂၊၁၄၉။)

အာရမ္မဏဂဟဏ = လောဘက အာရုံကို ယူခြင်းဟူရာ၌ အာရုံကို ယူကာမျှမတ္တ အာရုံပြုကာမျှမတ္တကား မဟုတ်၊ လောဘ အကြီးအငယ်အလိုက် ထိုက်သည့်အားလျော်စွာ အာရုံကို ဤကား ငါ့ဟာဟု တဏှာဘိနိဝေသ = တဏှာဖြင့် မြဲမြံစွာ နှလုံးသွင်းခြင်း၏ အစွမ်းဖြင့် မြဲမြံစွာ နှလုံးသွင်း၍ အာရုံကို မစွန့်လွှတ်နိုင်ခြင်းသဘော, တမ်းတမ်းစွဲ ငမ်းငမ်းတက် တပ်မက်ခင်မင် လိုချင်သော စွဲယူမှုမျိုးတည်း။ ထိုကြောင့် လောဘ၏ အာရုံယူပုံကို မျောက်နှဲစေးက မျောက်ကို ဖမ်းယူထားပုံဖြင့် ဥပမာပြကြသည်။

ရှေးအခါဝယ် ဟိမဝန္တာဝယ် မြေညီရာ အရပ်အချို့၌ မုဆိုးများသည် မျောက်နှဲစေးခေါ် အစေးတစ်မျိုးဖြင့် မျောက်များကို ထောင်၍ ဖမ်းယူလေ့ရှိကြ၏။ အထူးအဆန်းမြင်လျှင် ဆော့ချင်တတ်သော လျှပ်ပေါ်သော မျောက် တစ်ကောင်သည် မျောက်နှဲစေးရှိရာ အနီးအပါးသို့ ရောက်ရှိလာရာ လက်တစ်ဘက်ဖြင့် မျောက်နှဲစေးကို စမ်းသပ် ကိုင်တွယ်ကြည့်၏၊ မျောက်နှဲစေးက ထိုလက်ကို စေးကပ် ဖမ်းယူထား၏၊ ပထမလက်ကို ကွာအောင် ကျန်လက် တစ်ဘက်ဖြင့် ခွာပြန်၏၊ ဒုတိယလက်ကိုလည်း မျောက်နှဲစေးက စေးကပ် ဖမ်းယူထားပြန်၏၊ လက်နှစ်ဘက်လုံးလုံး ကို ကွာအောင် ပါးစပ်ဖြင့် ကိုက်၍ ခွာပြန်၏၊ ပါးစပ်ကိုလည်း မျောက်နှဲစေးက စေးကပ် ဖမ်းယူထားလိုက်ပြန်၏၊ လက်ရော ပါးစပ်ကိုပါ တစ်ခါတည်း ကွာလာအောင် ခြေနှစ်ဘက်ဖြင့် ဘယ်ပြန် ညာပြန် တွန်းကန်ပြန်၏၊ ခြေနှစ် ဘက်ကိုလည်း မျောက်နှဲစေးက စေးကပ် ဖမ်းယူထားလိုက်ပြန်၏၊ ထိုအခါ ကိုယ်ဖြင့် ဖိလျက် ခွာပြန်၏၊ တစ်ကိုယ် လုံးကိုပင် မျောက်နှဲစေးက ခွာမရအောင် စေးကပ် နှောင်ဖွဲ့ထားပေ၏။ မုဆိုး၏ အလိုရှိတိုင်း ပြုလုပ်နိုင်ခွင့်သို့ ဆိုက်ရောက်သွား၏။ မီးကျီးစုတွင် ကင်၍ အစားခံရသော အဆင့်သို့တိုင်အောင် ဆိုက်ရောက်သွား၏။ (သံ၊၃၊၁၂၈-၁၂၉။)

ဤဥပမာအတူပင် လောဘမည်သော သဘောတရားသည်လည်း ဒွါရ (၆)ပါး တစ်ပါးပါးဝယ် အာရုံ (၆) ပါး တစ်ပါးပါးသည် ထိခိုက်လာသောအခါ ထိုအာရုံကို တမ်းတမ်းစွဲ ငမ်းငမ်းတက် ငြိတွယ်ကာ ထိုအာရုံနားမှ မခွာနိုင်အောင် လောဘကိန်းရာ သတ္တဝါကို ဖမ်းယူထားလေသည်။ မျောက်နှဲစေး မိနေသော မျောက်သတ္တဝါသည် နောက်ဆုံး မီးကျီးတွင်းသို့ အသယ်ဆောင်ခံရသကဲ့သို့ ထိုလောဘသည်လည်း အာရုံနားက မခွာနိုင်သဖြင့် တဖြည်း ဖြည်း ရင့်ကျက် တိုးပွားလာကာ တဏှာမြစ်ကြီးအသွင် အဖြစ်ဖြင့် စီးဆင်းလာခဲ့ တိုးပွားလာခဲ့သော် အဟုန်ပြင်းစွာ စီးဆင်းလာသော မြစ်ရေယဉ်သည် မဟာသမုဒ္ဒရာသို့သာ ရောက်သွားရသကဲ့သို့ ထိုအတူပင် လောဘသည် မိမိ (လောဘ) ကိန်းရာ သတ္တဝါကို အပါယ်သမုဒ္ဒရာသို့သာ ယူဆောင်၍ သွားတတ်ပေသည်ဟု မှတ်ပါ။

ရသ-ပစ္စုပဋ္ဌာန် --- အိုးကင်းပူပူပေါ်၌ အသားတစ်ကို ပစ်ချလိုက်ရာ အသားတစ်သည် အိုးကင်း၌ တစ်ခါတည်း ငြိကပ်နေသကဲ့သို့ ထို့အတူပင် လောဘသည် အာရုံတစ်ခုနှင့် တိုက်ဆိုင်သည့်အခါ ထိုအာရုံအနားမှ မခွာနိုင်အောင် ငြိကပ်နေတတ်၏။ ယင်းသို့ ငြိကပ်ခြင်းသည် လောဘ၏ လုပ်ငန်းကိစ္စပင်တည်း။ အဝတ်အထည် အပေါ်၌ အမဲဆီ စက်ဆီ စသည့် အဆီတစ်ခုခုသည် လူးလည်းပေကျံနေလျှင် စွဲနေလျှင် လွယ်လွယ်နှင့် စင်အောင် ချွတ်၍ မရနိုင်သကဲ့သို့ --- အလားတူပင် ယင်းလောဘကို သိမ်းဆည်းရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်တွင် လောဘသည် အာရုံတစ်ခုခု၌ စွဲလမ်းငြိကပ်နေလျှင် ထိုအာရုံကို စွန့်လွှတ်နိုင်ခဲသော သဘော တရား မစွန့်လွှတ်နိုင်သော သဘောတရားဟု ရှေးရှူ ထင်လာပေသည်၊ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။

ပဒဋ္ဌာန် --- သက်ရှိ သက်မဲ့ လိုချင်စရာ ကာမဝတ္ထုအစုစုပေါ်၌ တွယ်တာမှု သံယောဇဉ် ဖြစ်ခဲ့သော် ထို ကာမဝတ္ထုအစုစုသည် သံယောဇနိယဓမ္မ = သံယောဇဉ်ဖြစ်ရာ အာရုံဓမ္မတည်း။ အဘိဓမ္မာနည်းအရမူ အာရုံ (၆)ပါးပင်တည်း။ ယင်းသံယောဇဉ် ဖြစ်ရာ အာရုံဓမ္မတို့ကား ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့၏ ပညာမျက်စိ၌ အသုဘတရားတို့သာ စင်စစ်ဧကန် ဖြစ်ကြကုန်၏။ သို့သော် ပရမတ္ထ ဉာဏ်ပညာစက္ခု ကင်းသူတို့ ကား ပရမတ်ဉာဏ်အမြင် ကင်းနေသည့်အတွက် ယင်းသက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတည်းဟူသော အာရုံ (၆)ပါးကို သာယာဖွယ် သုဘဟု ရှုမြင်တတ်ကြ၏။ အသုဘကို သုဘဟု အယူရှိသော် ရှုမြင်တတ်သော် ထိုအာရုံတို့ အပေါ်၌ လိုလားတပ်မက်မှု လောဘတရားသည် ဖြစ်ပေါ်လာတတ်ပေ၏။ ထိုကြောင့် သံယောဇဉ် ဖြစ်ရာ အာရုံ ဓမ္မတို့၌ သာယာဖွယ် သုဘဟု ရှုမြင်တတ်သော အဿာဒဒိဋ္ဌိသည် လောဘဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်း ပဒဋ္ဌာန် ဖြစ်ရပေသည်။

အဿာဒါနုပဿိနော စ တဏှာ ပဝဍ္ဎတိ။ (သံ၊၁၊၃၁၁။)

သာယာဖွယ် အဿာဒဟု ရှုမြင်တတ်သူအားလည်း တဏှာသည် တိုးပွား၏။ (သံ၊၁၊၃၁၁။)

ဤ၌ အဿာဒဒိဋ္ဌိသည် လောဘဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းတရားဟု ဆိုခြင်းမှာ ဒိဋ္ဌိနှင့် ယှဉ်တွဲ သော လောဘအတွက်သာ ဖြစ်သည်။ ဒိဋ္ဌိနှင့် မယှဉ်သော မာနနှင့်သာ ယှဉ်သော လောဘ, ဒိဋ္ဌိ မာန နှစ်မျိုးလုံးနှင့် မယှဉ်သော လောဘတို့အတွက် ပဒဋ္ဌာန်မှာ အယောနိသောမနသိကာရပင် ဖြစ်သည်။ အယောနိသောမနသိကာရ သည် ခပ်သိမ်းသော အကုသိုလ်တရားတို့၏ အကြောင်းရင်း ဖြစ်သောကြောင့်တည်း။

လောဘနှင့်ဆန္ဒ --- အထက်ပါ လက္ခဏ ရသ စသည်တို့အရ လောဘနှင့် ဆန္ဒတို့၏ ကွာဟမှုကို သဘော ပေါက်ရာ၏။ လောဘ၏ အာရုံကို လိုချင်မှု၌ အစေးရှိ၏၊ အစေးရှိသောကြောင့် ထိုအာရုံ၌ ငြိကပ်၏။ ဆန္ဒ၏ အာရုံကို လိုချင်မှု၌ကား အစေးမရှိ၊ အစေးမရှိသောကြောင့် ထိုအာရုံ၌ မငြိကပ်။ ထိုကြောင့် အာရုံကို တွယ်တာ ငြိကပ် တပ်မက်မှုပါသော လိုချင်မှု သဘောတရားသည် လောဘတည်း။ အာရုံကို ငြိကပ်မှု မရှိဘဲ ပြုလိုရုံမျှ ရယူလိုရုံမျှ သဘောသည် ဆန္ဒတည်း။ အာရုံကို ငြိကပ်မှု မရှိဘဲ ပြုလိုရုံမျှ ရယူလိုရုံမျှဟူသော စကားဖြင့် လောဘ ကဲ့သို့ အာရုံ၌ ငြိကပ်မှု မရှိဟူသော သဘောအဓိပ္ပါယ်ကိုသာ ပြ၏။ အရာရာတိုင်း၌ လောဘလောက် မထက် မြက်ဟု ဆိုလိုရင်း မဟုတ်သည်ကို သတိပြုပါ။ လောဘနှင့် ယှဉ်ခိုက် ဆန္ဒသည် လောဘ၏ သဘောသို့ လိုက်လျော ရသဖြင့် လောဘလောက် မထက်မြက်ဟု ဆိုရစေကာမူ သမ္မာသမ္ဗောဓိဉာဏ် ပစ္စေကဗောဓိဉာဏ် အဂ္ဂသာဝက ဗောဓိဉာဏ် မဟာသာဝကဗောဓိဉာဏ် ပကတိသာဝကဗောဓိဉာဏ်တို့တွင် တစ်မျိုးမျိုးသော ဗောဓိဉာဏ်ကို လိုလားတောင့်တမှုကဲ့သို့သော အချို့အချို့သော ကုသလစ္ဆန္ဒ = ကုသိုလ်ဆန္ဒတော်များသည်ကား ဆန္ဒာဓိပတိ တပ်လျက် ဖြစ်ပေါ်တတ်သဖြင့် လောဘထက်ပင် ထက်မြက်သေးသည်ဟု မှတ်ပါ။ အလွန် အဆင့်အတန်းမြင့်သော ဘဝ, အလွန် မွန်မြတ်သော ဘဝတစ်ခုကို ရရှိရန် မြှင့်တင်ပေးတတ်သော အလွန် စွမ်းအင် ထက်မြက်သော ဓာတ်သဘာဝ တစ်မျိုးဟု မှတ်ပါ။ နိဗ္ဗာန်ကို လိုချင်မှု, ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် စသော တရားထူး တရားမြတ်ကို လိုချင်မှု, ပိဋကစာပေ တတ်ကျွမ်းချင်မှု, ဒါနပြုလို၍ ပစ္စည်းဥစ္စာကို လိုချင်မှု စသော ကောင်းမှုအရာ တို့၌ လိုချင်မှုမျိုးသည်လည်း ကုသိုလ်ဆန္ဒတော်သာတည်း။

လောဘ၏ အသုံးများသော အခြားအမည်များ

လောဘ၏ အသုံးများသော အခြားအမည်များ

ဤလောဘကို ပေမ, တဏှာ, ရာဂ, သမုဒယ စသည်ဖြင့် အမည်အမျိုးမျိုး တပ်၍ ဘုရားရှင်သည် ဟော ကြားတော်မူခဲ့၏။ (အဘိ၊၁၊၂၁၅။)

ပေမဟူသော စကားလုံးကို --- အတ္တသမံ ပေမံ နတ္ထိ၊ ပုတ္တသမံ ပေမံ နတ္ထိ --- စသည်ဖြင့် မိမိကိုယ်ကို မိမိ ချစ်မြတ်နိုးမှု သားအပေါ်ချစ်မြတ်နိုးမှု --- ဤသို့စသည်ဖြင့် သားသ္မီး, မောင်နှမ, ညီအစ်ကို, သမီးခင်ပွန်း စသော အိမ်သူအိမ်သားချင်း ဆွေမျိုးသားချင်း အချင်းချင်း ချစ်ခင်မှုနှင့် ဆွေမျိုးကဲ့သို့ ချစ်ခင်မြတ်နိုးမှုတို့၌ သုံးနှုန်းကြ လေသည်။ ပေမဟူသော စကား၌ ချစ်ခင်မြတ်နိုးခြင်းဟု အဓိပ္ပါယ်ရ၏။ ဤကဲ့သို့သော ချစ်ခင်မြတ်နိုးမှုမျိုးကို သံယောဇဉ်ဟုလည်း လောက၌ တစ်မျိုးသုံးစွဲကြသေး၏။ သံယောဇဉ် (၁၀)ပါး ရှိငြားသော်လည်း ပေမ အမည် ရသော ဤ တဏှာလောဘကိုပင် သံယောဇဉ်ဟု အသိများကြ၏။ နွားတစ်ကောင်နှင့် အခြားနွားတစ်ကောင်ကို မခွဲနိုင်အောင် တွဲနေအောင် ချည်နှောင်ထားသော ကြိုးတစ်ချောင်းကဲ့သို့ သတ္တဝါတစ်ယောက်နှင့် သတ္တဝါတစ်ယောက်ကို မခွဲရက် မခွာနိုင်အောင် ချည်နှောင်ထားသော ဤ တဏှာလောဘ ပေမတရားကိုပင် သံယောဇဉ်ဟု ဆိုသည်။ လူတို့၏ နားလည်နေသော အသုံးတည်း။

ထမင်းဆာ ရေငတ်သကဲ့သို့ အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ဓမ္မသဘောဟူသော အာရုံ (၆) ပါးတို့၌ သာမန်လိုချင်ရုံမျှမကဘဲ ကပ်ကပ်သတ်သတ် တန်းတန်းမတ်မတ် မွတ်သိပ်ဆာလောင်ခြင်း ငတ်ခြင်း စွဲလမ်းခြင်းကိုလည်း တဏှာဟုပင် (အဘိ၊၁၊၂၁၅-၂၁၆။)၌ ဟောကြားထားတော်မူ၏။ ယင်းအာရုံတို့၌ ဆီမင် စွန်းငြိခြင်းကဲ့သို့ အလွန်ငြိကပ် တပ်မက်ခြင်းကိုလည်း ရာဂဟု ဟောတော်မူ၏။

သစ္စာဒေသနာတော်နည်း၌ကား ဤလောဘကိုပင် ပဓာနနည်းအားဖြင့် သမုဒယဟု သုံးနှုန်းလျက် ဟောကြားထားတော်မူပေသည်။ သမုဒယဟူသော စကား၌ ဒုက္ခဖြစ်ကြောင်းတရား -- ဟု အဓိပ္ပါယ်ရ၏။ ဤသမုဒယ ပေမ တဏှာ ရာဂဟု ခေါ်ဆိုရသည့် လောဘ မကင်းနိုင်သည့်အတွက်ကြောင့်သာ သတ္တဝါအပေါင်းတို့သည် သံသရာထဲ၌ ဆင်းရဲဒုက္ခနှင့် ယှဉ်တွဲ၍ တဝဲလည်လည် ကျင်လည်နေကြရခြင်း ဖြစ်၏။ ယခုအခါ သူသူ ငါငါ တွေ့နေရသော ဒုက္ခကြီးငယ် အသွယ်သွယ်သည် ဤတဏှာလောဘ သမုဒယကြောင့်သာ ဖြစ်ရကား လောဘ ကြီးလျှင် ဒုက္ခကြီး၏၊ လောဘငယ်လျှင် ဒုက္ခငယ်၏၊ လောဘ မရှိလျှင် ဒုက္ခ မရှိတော့ပြီ ဖြစ်၏။ ဤလောဘနှင့် အတူဖြစ်ရသော စိတ်ကို လောဘစိတ်, တဏှာစိတ်, ရာဂစိတ်, သံယောဇဉ်စိတ်ဟု ခေါ်ဆို၍ ထိုသူကိုလည်း လောဘကြီးသူ တဏှာကြီးသူ ရာဂကြီးသူ သံယောဇဉ်အားကြီးသူဟု ခေါ်ဆိုလေသည်။

ဤတဏှာပေမ သမုဒယသံယောဇဉ်ဟု ခေါ်ဝေါ်ရသော လောဘသည် ဖြူစင်မြင့်မြတ်သော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတည်းဟူသော တရားဓမ္မဖြင့် မထိန်းချုပ်နိုင်ဘဲ မနှိပ်ကွပ်ဘဲ သူ့အလိုအတိုင်းသာ ဦးစားပေး၍ အလျှော့ပေးလိုက်ပါမူ မည်သည့်အခါမျှ နောက်ဆုတ်မည် မဟုတ်၊ နွားကလေး၏ ပေါက်ခါစ ဦးချိုသည် နွား ကြီးလေ ရှည်လေ ဖြစ်သကဲ့သို့ ပဋိသန္ဓေကပင် မျိုးစေ့ပါလာခဲ့သော ဤတဏှာလောဘသည်လည်း အရွယ်ကြီးလေ ချိုကားလေပင် ဖြစ်၏၊ ထိုကဲ့သို့ လောဘကို မတားဆီးနိုင်သူ ဇရာအိုကြီးတို့အတွက် ---

ရောင်ကြီးလျှင် ငိုက်၊ လူကြီးလျှင် မိုက်

တူကြီးလျှင် ပေ၊ လူကြီးလျှင် တေ --- ဟု ဆိုစမှတ်ပြုကြသည်။

ဤသမုဒယ တဏှာလောဘ ပေမတရားသည် အရိယမဂ်တရားဖြင့် မပယ်ရှားရသေးသမျှ ကာလပတ်လုံး သတ္တဝါ အသီးအသီး၏ သန္တာန်၌ အနုသယဓာတ် အငုတ်ဓာတ်အနေဖြင့် ကိန်းဝပ်လိုက်ပါလျက် ရှိ၏။ ထို အနုသယဓာတ်၏ လှုံ့ဆော်မှု အရှိန်အဝါကြောင့် မွေးစကတည်းက စ၍ မိဘဘိုးဘွား ညီအစ်ကို မောင်နှမများကို အစထား၍ ချစ်တတ်လာ၏။ ဝမ်းတွင်းပါ အနုသယဓာတ် ဓမ္မတရားက ချစ်ခင်မြတ်နိုးတတ်မှုကို လမ်းပြနေသော ကြောင့် ရေငတ်ငတ် ရှိ၍ ဆားငံရေကို သောက်လိုက်ရာ, သောက်ပြီးခါမှ သာ၍ ငတ်သဖြင့်, ငတ်သည့်အတွက် ထပ်၍ သောက်ပြန်သော် သောက်လေသောက်လေ ငတ်မပြေသို့ ကာမဂုဏ် အာရုံတွေကို ငတ်ငတ် ရှိ၍ လိုက်စား ကာမှ သာ၍ ငတ်ပြီးလျှင် အပြစ်ကို မမြင်နိုင်ဘဲ သမုဒယပင်လယ်ထဲ၌ ဝဲလှည့်၍ နေကြရတော့၏။

ဆားငံရေနောက်၊ ငတ်တိုင်းသောက်က၊ သောက်လေ သောက်လေ၊ ငတ်မပြေသို့၊ ပေမအရာ၊ တဏှာ ဖွဲ့ရစ်၊ ထိုအချစ်လည်း၊ အပြစ်မမြင်၊ မဆင်ခြင်ဘဲ၊ ချစ်လျှင်ပျော်နိုး၊ ချစ်စပျိုးသည်၊ ချစ်ရိုးချစ်စဉ်၊ ချစ်လမ်းတည်း။ (ရှေးပညာရှိပျို့)

အပါယ်ကို ပစ်ချနိုင်သည့် စွမ်းအား

အပါယ်ကို ပစ်ချနိုင်သည့် စွမ်းအား

လောဘသည် ကုသိုလ်အထောက်အပံ့ မရဘဲ သူချည်းသက်သက် စဉ်းစားလျှင် သေးငယ်သော လောဘပင် ဖြစ်လင့်ကစား အပါယ်သို့ ပစ်ချနိုင်သော စွမ်းအားရှိ၏၊ ဥပမာ --- ကျောက်ခဲမှန်လျှင် အငယ်ဆုံး ကျောက်တုံးကလေးပင် ဖြစ်လင့်ကစား ရေထဲသို့ ပစ်ချလိုက်ပါက နစ်မြုပ်သွားတတ်သောသဘော ရှိသည်သာ ဖြစ်၏။ ထိုကြောင့် သေခါနီးဆဲဆဲ၌ သမီးခင်ပွန်းချင်း စွဲလမ်းမှု သမီးသားနှင့် စီးပွားဥစ္စာ တစ်စုံတစ်ရာကို စွဲလမ်းမှုကြောင့် လောဘဇောက မရဏာသန္နဇော၏ နေရာကို ယူသွားသောအခါ အပါယ်လေးဘုံသို့ ရောက်နိုင်ကြောင်းကို အောက်ပါ အာဒိတ္တပရိယာယသုတ္တန်တွင် ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့ပေသည်။

အာဒိတ္တပရိယာယသုတ် ကောက်နုတ်ချက်

အာဒိတ္တပရိယာယသုတ် ကောက်နုတ်ချက်

ရဟန်းတို့ ...သင်တို့အား အာဒိတ္တပရိယာယ မည်သော တရားဒေသနာကို ငါဘုရား ဟောကြားတော်မူ ပေအံ့၊ ထိုတရားဒေသနာကို နာကြားကြကုန်လော့၊ ရဟန်းတို့ ...အာဒိတ္တပရိယာယ မည်သော တရားဒေသနာတော်ဟူသည် အဘယ်နည်း၊

၁။ ရဟန်းတို့ ...လောလောပူသော ရဲရဲညိသော တပြောင်ပြောင် တောက်ပလျက်ရှိသော မီးတောက်မီးလျှံ နှင့်တကွသော သံချောင်းဖြင့် (ပက်လက်အိပ်နေသော သူ၏) မျက်စိကို ထိုးဖောက်လိုက်ခြင်းသည် မြတ်သေး၏၊ စက္ခုဝိညာဏ်ဖြင့် မြင်သိအပ်ကုန်သော အဆင်းရူပါရုံ အမျိုးမျိုးတို့၌ ---

(က) ယောက်ျားပဲ မိန်းမပဲ လင်ပဲ မယားပဲ သားပဲ သမီးပဲ မြေးပဲ စသည်ဖြင့် သဏ္ဌာန်နိမိတ်ကို စွဲယူခြင်း,

( ခ ) လက်ခြေသဏ္ဌာန် ပြုံးဟန် ရယ်ဟန် စသော ကိုယ်အင်္ဂါအစိတ်အပိုင်း အမှတ်လက္ခဏာအားဖြင့် စွဲယူခြင်း,

ဤနှစ်မျိုးသော စွဲယူခြင်းသည် မမြတ်သည်သာတည်း။ ရဟန်းတို့ ...ထိုသို့ စွဲယူလိုက်သည်ရှိသော် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စွမ်းအားရှိသော ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်သည် ---

(က) ယောက်ျား မိန်းမ ဇနီး မယား သမီး သား စသော သဏ္ဌာန်နိမိတ် တစ်ခုလုံး အပေါ်၌ နှစ်သက် သာ- ယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ် တည်နေလေရာ၏။

( ခ ) လက်ခြေသဏ္ဌာန် ပြုံးဟန် ရယ်ဟန် စသော ကိုယ်အင်္ဂါအစိတ်အပိုင်း အမှတ်လက္ခဏာငယ် တစ်ခုခု အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ် တည်နေလေရာ၏။

ထိုကဲ့သို့ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော ထိုအချိန်အခါမျိုး၌ အကယ်၍များ သေသွားငြားအံ့၊ ဤသို့ သေသွားခဲ့သည်ရှိသော် ငရဲသို့ ဖြစ်စေ တိရစ္ဆာန်မျိုးသို့ ဖြစ်စေ လားရာဂတိ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာဂတိသို့ ရောက်ရာသော ဤအကြောင်းသည် ထင်ရှားရှိနေ၏။ ရဟန်းတို့ ... ဤကဲ့သို့သော အပြစ်ကို မြင်တော်မူ၍ ငါဘုရား ဤသို့ဟောကြားတော်မူခြင်း ဖြစ်၏။

၂။ ရဟန်းတို့ ...ရဲရဲညိသော တပြောင်ပြောင် တောက်ပသော မီးတောက်မီးလျှံနှင့် တကွသော သံချွန်ဖြင့် (စောင်းလျက်အိပ်နေသော သူ၏) နားနှစ်ဘက်ကို ထုတ်ချင်းပေါက်အောင် ထိုးဖောက်လိုက်ခြင်းသည် မြတ်သေး၏၊ သောတဝိညာဏ်ဖြင့် ကြားသိအပ်ကုန်သော အသံအမျိုးမျိုးတို့၌ ---

(က) ယောက်ျား မိန်းမ ဇနီး မယား သမီး သားပဲ စသည်ဖြင့် သဏ္ဌာန်နိမိတ်ကို စွဲယူခြင်း,

( ခ ) လက်ခြေသဏ္ဌာန် ပြုံးဟန် ရယ်ဟန် စသော ကိုယ်အင်္ဂါအစိတ်အပိုင်း အမှတ်လက္ခဏာအားဖြင့် စွဲယူခြင်း,

ဤနှစ်မျိုးသော စွဲယူခြင်းသည် မမြတ်သည်သာတည်း။ ရဟန်းတို့ ...ထိုသို့ စွဲယူလိုက်သည်ရှိသော် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စွမ်းအား ရှိသော ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်သည် ---

(က) ယောက်ျား မိန်းမ ဇနီး မယား သမီး သား စသော သဏ္ဌာန်နိမိတ် တစ်ခုလုံးအပေါ်၌ နှစ်သက် သာယာမှု ဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ် တည်နေလေရာ၏။

( ခ ) လက်ခြေသဏ္ဌာန် ပြုံးဟန် ရယ်ဟန် စသော ကိုယ်အင်္ဂါအစိတ်အပိုင်း အမှတ်လက္ခဏာငယ် တစ်ခုခု အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ် တည်နေလေရာ၏။

ထိုကဲ့သို့ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော ထိုအချိန်အခါမျိုး၌ အကယ်၍များ သေသွားငြားအံ့၊ ဤသို့ သေသွားခဲ့သည်ရှိသော် ငရဲသို့ ဖြစ်စေ တိရစ္ဆာန်မျိုးသို့ ဖြစ်စေ လားရာဂတိ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာဂတိသို့ ရောက်ရာသော ဤအကြောင်းသည် ထင်ရှားရှိနေ၏။ ရဟန်းတို့ ...ဤကဲ့သို့ သော အပြစ်ကို မြင်တော်မူ၍ ငါဘုရားသည် ဤသို့ဟောကြားတော်မူခြင်း ဖြစ်ပေ၏။

၃။ ရဟန်းတို့ ...ရဲရဲညိသော တပြောင်ပြောင် တောက်ပလျက်ရှိသော မီးတောက်မီးလျှံနှင့်တကွသော ထက်လှစွာသော လက်သည်းလှီးဓားငယ်ဖြင့် (နှာခေါင်းတွင်းသို့ ဓားငယ်ကို သွင်း၍) ကြေမွအောင် ထိုးဖောက်လိုက်ခြင်း သည် မြတ်သေး၏။ ဃာနဝိညာဏ်ဖြင့် သိအပ် နမ်းရှူအပ်ကုန်သော အနံ့ဂန္ဓာရုံ အမျိုးမျိုးတို့၌ --- (သားငယ် သမီးငယ် မြေးငယ် စသူတို့ကို ပွေ့ဖက် နမ်းရှူနေခိုက်ကို အာရုံယူထားပါ။) ---

(က) ယောက်ျား မိန်းမ ဇနီး မယား သမီး သားပဲ စသည်ဖြင့် သဏ္ဌာန်နိမိတ်ကို စွဲယူခြင်း,

( ခ ) လက်ခြေသဏ္ဌာန် ပြုံးဟန် ရယ်ဟန် စသော ကိုယ်အင်္ဂါအစိတ်အပိုင်း အမှတ်လက္ခဏာအားဖြင့် စွဲယူခြင်း,

ဤနှစ်မျိုးသော စွဲယူခြင်းသည် မမြတ်သည်သာတည်း။ ရဟန်းတို့ ...ထိုသို့ စွဲယူလိုက်သည်ရှိသော် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စွမ်းအားရှိသော ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်သည် ---

(က) ယောက်ျား မိန်းမ ဇနီး မယား သမီး သား စသော သဏ္ဌာန်နိမိတ် တစ်ခုလုံးအပေါ်၌ နှစ်သက်သာယာမှု ဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ် တည်နေလေရာ၏။

( ခ ) လက်ခြေသဏ္ဌာန် ပြုံးဟန် ရယ်ဟန် စသော ကိုယ်အင်္ဂါအစိတ်အပိုင်း အမှတ်လက္ခဏာငယ် တစ်ခုခု အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ် တည်နေလေရာ၏။

ထိုကဲ့သို့ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော ထိုအချိန်အခါမျိုး၌ အကယ်၍များ သေသွားငြားအံ့၊ ဤသို့ သေသွားခဲ့သည်ရှိသော် ငရဲသို့ ဖြစ်စေ တိရစ္ဆာန်မျိုးသို့ ဖြစ်စေ လားရာဂတိ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာဂတိသို့ ရောက်ရာသော ဤအကြောင်းသည် ထင်ရှားရှိနေ၏။ ရဟန်းတို့ ...ဤကဲ့သို့ သော အပြစ်ကို မြင်တော်မူ၍ ငါဘုရားသည် ဤသို့ဟောကြားတော်မူခြင်း ဖြစ်ပေ၏။

၄။ ရဟန်းတို့ ...ရဲရဲညိသော တပြောင်ပြောင် တောက်ပလျက်ရှိသော မီးတောက်မီးလျှံနှင့်တကွသော ထက်လှစွာသော သင်ဓုန်းဓားငယ်ဖြင့် လျှာကို လှီးဖြတ်လိုက်ခြင်းသည် မြတ်သေး၏၊ ဇိဝှါဝိညာဏ်ဖြင့် သိအပ် လျက်အပ် ကုန်သော ရသာရုံ အမျိုးမျိုးတို့၌ ---

(က) ကြက် ဝက် အာလူး စသည်ဖြင့် သဏ္ဌာန်နိမိတ်ကို စွဲယူခြင်း,

( ခ ) အသည်းအမြစ် ငါးပိ ငါးဆုပ် စသည်ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်း အမှတ်လက္ခဏာအားဖြင့် စွဲယူခြင်း,

ဤနှစ်မျိုးသော စွဲယူခြင်းသည် မမြတ်သည်သာတည်း။ ရဟန်းတို့ ...ထိုသို့ စွဲယူလိုက်သည်ရှိသော် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စွမ်းအားရှိသော ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်သည် ---

(က) ကြက် ဝက် အာလူး စသော သဏ္ဌာန်နိမိတ် တစ်ခုလုံး အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ်တည်နေလေရာ၏။

( ခ ) အသည်းအမြစ် ငါးပိ ငါးဆုပ် စသည့် ကိုယ်အင်္ဂါ အစိတ်အပိုင်း အမှတ်လက္ခဏာငယ် တစ်ခုခု အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ် တည်နေလေရာ၏။

ထိုကဲ့သို့ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော ထိုအချိန်အခါမျိုး၌ အကယ်၍များ သေသွားငြားအံ့၊ ဤသို့ သေသွားခဲ့သည်ရှိသော် ငရဲသို့ ဖြစ်စေ တိရစ္ဆာန်မျိုးသို့ ဖြစ်စေ လားရာဂတိ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာဂတိသို့ ရောက်ရာသော ဤအကြောင်းသည် ထင်ရှားရှိနေ၏။ ရဟန်းတို့ ... ဤကဲ့သို့သော အပြစ်ကို မြင်တော်မူ၍ ငါဘုရားသည် ဤသို့ဟောကြားတော်မူခြင်း ဖြစ်ပေ၏။

[မှတ်ချက် --- သားငယ် သမီးငယ် မြေးငယ်များကို ချီပိုးနေရခြင်းမှာ အရသာတစ်မျိုးပင် ရှိတတ်၏၊ သမ္ဘောဂရသဟု ခေါ်ဆို၏။ ယင်းသမ္ဘောဂရသသည်လည်း ဤ၌ အကျုံးဝင်သည်ဟု မှတ်ပါ။]

၅။ ရဟန်းတို့ ...ရဲရဲညိသော တပြောင်ပြောင် တောက်ပလျက်ရှိသော မီးတောက်မီးလျှံနှင့်တကွသော ထက်လှစွာသော လှံဖြင့် ခန္ဓာကိုယ်ကို ထိုးဆွလိုက်ခြင်းသည် = (ထိုးဆွနေခြင်းသည်) မြတ်သေး၏၊ ကာယဝိညာဏ်ဖြင့် သိအပ် တွေ့ထိအပ်ကုန်သော အတွေ့အထိ ဖောဋ္ဌဗ္ဗအာရုံ အမျိုးမျိုးတို့၌ --- (တွေ့ထိနေသော အချိန်အခါဝယ်)

(က) ယောက်ျား မိန်းမ ဇနီး မယား သမီး သားပဲ စသည်ဖြင့် သဏ္ဌာန်နိမိတ်ကို စွဲယူခြင်း,

( ခ ) လက်ခြေသဏ္ဌာန် ပြုံးဟန် ရယ်ဟန် စသော ကိုယ်အင်္ဂါအစိတ်အပိုင်း အမှတ်လက္ခဏာအားဖြင့် စွဲယူခြင်း, (= လက်ပဲ ခြေပဲ ပါးပဲ နားပဲ စသည်ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုကို စွဲယူခြင်း)

ဤနှစ်မျိုးသော စွဲယူခြင်းသည် မမြတ်သည်သာတည်း။ ရဟန်းတို့ ...ထိုသို့ စွဲယူလိုက်သည်ရှိသော် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စွမ်းအားရှိသော ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်သည် ---

(က) ယောက်ျား မိန်းမ ဇနီး မယား သမီး သား စသော သဏ္ဌာန်နိမိတ် တစ်ခုလုံး အပေါ်၌ နှစ်သက်သာယာမှု ဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ် တည်နေလေရာ၏။

( ခ ) လက်ခြေသဏ္ဌာန် ပြုံးဟန် ရယ်ဟန် စသော ကိုယ်အင်္ဂါအစိတ်အပိုင်း အမှတ်လက္ခဏာငယ် တစ်ခုခု အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း ဖြစ်ပေါ် တည်နေလေရာ၏။

ထိုကဲ့သို့ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော ထိုအချိန်အခါမျိုး၌ အကယ်၍များ သေသွားငြားအံ့၊ ဤသို့ သေသွားခဲ့သည်ရှိသော် ငရဲသို့ ဖြစ်စေ တိရစ္ဆာန်မျိုးသို့ ဖြစ်စေ လားရာဂတိ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာဂတိသို့ ရောက်ရာသော ဤအကြောင်းသည် ထင်ရှားရှိနေ၏။ ရဟန်းတို့ ...ဤကဲ့သို့ သော အပြစ်ကို မြင်တော်မူ၍ ငါဘုရားသည် ဤသို့ဟောကြားတော်မူခြင်း ဖြစ်ပေ၏။

၆။ ရဟန်းတို့ ...အိပ်ပျော်နေခြင်းသည် မြတ်သေး၏။ ရဟန်းတို့ ...အမှန်အားဖြင့်သော်ကား အိပ်ပျော် နေခြင်းကို အသက်ရှင်နေသူတို့၏ မြုံနေခြင်း တစ်မျိုးဟူ၍ ငါဘုရားဟောတော်မူ၏၊ အသက်ရှင်နေသောသူတို့၏ အသီးဟူသော အကျိုးတရားကို မဖြစ်စေတတ်သော သဘောတရားတစ်မျိုး အချိန်အခါ တစ်မျိုးဟူ၍ ငါဘုရား ဟောတော်မူ၏။ [အိပ်မက် မမက်ဘဲ ဘဝင်စိတ်များ ဆက်တိုက် ဖြစ်နေခြင်းကို အိပ်ပျော်ခြင်းဟု ဆိုလို၏၊ ထို ဘဝင်စိတ်များသည် နောက်ထပ် မည်သည့်အကျိုး တစ်စုံတစ်ရာကိုမျှ မဖြစ်စေတတ်သော စိတ်များတည်း၊ ဤသဘောကို ရည်ညွှန်းထားသည်။] အသက်ရှင်နေသူတို့၏ တွေဝေခြင်း တစ်မျိုးဟူ၍ ငါဘုရားဟောတော်မူ၏။ [အနုသယဓာတ် မကင်းသေးသူတို့၏ သန္တာန်၌ ထိုဘဝင်စိတ်များ ဖြစ်နေချိန်ဝယ် မောဟ အဝိဇ္ဇာ၏ အနုသယ ဓာတ်အနေဖြင့် ကိန်းဝပ် တည်နေခြင်းကို ရည်ညွှန်းထားတော်မူသည်။]

အကြင်သို့ သဘောရှိသော အကြံအစည်တို့၏ အလိုသို့ လိုက်ပါသောသူသည် သံဃာကို သင်းခွဲလေရာ၏၊ ထိုကဲ့သို့ သံဃာကို သင်းခွဲနိုင်လောက်သော သဘောရှိသော အကြံအစည်တို့ကို (ထိုသို့ ဘဝင်စိတ်များ ဆက်တိုက် ဖြစ်နေ၍ အိပ်ပျော်နေချိန်မျိုး၌) မကြံစည်မိလေရာ။ ရဟန်းတို့ ...ငါဘုရားသည် အသက်ရှင်နေသူတို့၏ ဤကဲ့သို့သော အပြစ်ကို မြင်တော်မူ၍ ဤသို့ အိပ်ပျော်နေခြင်းက မြတ်သေးသည်ဟု ငါဘုရားဟောတော်မူ၏။ (သံ၊၂၊၃၇၇-၃၇၈။)

ထိုကဲ့သို့သော အပါယ်ဝဋ်ဆင်းရဲဒုက္ခ စသော သံသရာဝဋ်ဒုက္ခ အဝဝတို့မှ လွတ်မြောက်နိုင်ရေးအတွက်-

၁။ ဒွါရ (၆)ပါး,

၂။ အာရုံ (၆)ပါး,

၃။ ဝိညာဏ် (၆)ပါး,

၄။ ဖဿ (၆)ပါး,

၅။ ဝေဒနာ (၆)ပါး ---

ဤရုပ်နာမ်တရားစုတို့ကို သိမ်းဆည်းလျက် အကြောင်းတရားနှင့်တကွသော ယင်းရုပ်နာမ်ဓမ္မ သင်္ခါရ တရားစုတို့ကို လက္ခဏာရေးသုံးတန်တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုပွားကြရန် ဘုရားရှင်သည် ဆက်လက်၍ ညွှန်ကြားထားတော်မူပေသည်။ (အကျယ်ကို သံ၊၂၊၃၇၇-၃၇၈ - အာဒိတ္တပရိယာယသုတ္တန်တွင် ကြည့်ပါ။)

[ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း ဝတ္ထုအရ ဘူတရုပ် ဥပါဒါရုပ်တို့ကိုလည်းကောင်း, အာရုံ အရလည်း ရုပ်အာရုံ နာမ်အာရုံ အားလုံးကိုလည်းကောင်း, ဝိညာဏ် ဖဿ ဝေဒနာအရလည်း ဝိညာဏ် ဖဿ ဝေဒနာ ဦးဆောင်သည့် နာမ်တရားအားလုံးကိုလည်းကောင်း သိမ်းကျုံး၍ အရကောက်ယူပါ။]

အနုဗျဉ္ဇနဂ္ဂါဟ နိမိတ္တဂ္ဂါဟ

အနုဗျဉ္ဇနဂ္ဂါဟ နိမိတ္တဂ္ဂါဟ

အနုဗျဉ္ဇနသော နိမိတ္တဂ္ဂါဟောတိ ဟတ္ထာ သောဘနာ ပါဒါ သောဘနာတိ ဧဝံ အနုဗျဉ္ဇနဝသေန နိမိတ္တဂ္ဂါဟော။ နိမိတ္တဂ္ဂါဟောတိ သံသန္ဒေတွာ ဂဟဏံ၊ အနုဗျဉ္ဇနဂ္ဂါဟောတိ ဝိဘတ္တိဂဟဏံ။ နိမိတ္တဂ္ဂါဟော ကုမီ႓လသဒိသော သဗ္ဗမေဝ ဂဏှာတိ၊ အနုဗျဉ္ဇနဂ္ဂါဟော ရတ္တပါသဒိသော ဝိဘဇိတွာ ဟတ္ထပါဒါဒီသု တံ တံ ကောဋ္ဌာသံ၊။ ဣမေ ပန ဒွေ ဂါဟာ ဧကဇဝနဝါရေပိ လဗ္ဘန္တိ၊ နာနာဇဝနဝါရေ ဝတ္တဗ္ဗမေဝ နတ္ထိ။ (သံ၊ဋ္ဌ၊၃၊၅၀-၅၁။)

မျက်လုံးက လှ၏ မျက်နှာက လှ၏ လက်က လှ၏ ခြေက လှ၏ ဤသို့စသည်ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုကို စွဲယူခြင်း, ထိုအင်္ဂါအစိတ်အပိုင်း တစ်ခုခုအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေ သော စိတ်အစဉ် ဖြစ်နေခြင်းကို အနုဗျဉ္ဇနဂ္ဂါဟဟု ဆိုသည်။ ယောက်ျား မိန်းမ ဇနီး ခင်ပွန်း သား သမီး မြေး စသူတို့၏ တစ်ကိုယ်လုံးကို ယောက်ျားပဲ မိန်းမပဲ ဇနီးပဲ ခင်ပွန်းပဲ သားပဲ သမီးပဲ မြေးပဲ စသည်ဖြင့် စွဲယူခြင်း, ထိုသို့စွဲယူသည့်အတိုင်း တစ်ကိုယ်လုံးကို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ် ဖြစ်နေခြင်းကို နိမိတ္တဂ္ဂါဟဟု ဆိုသည်။ ထို အနုဗျဉ္ဇနဂ္ဂါဟ နိမိတ္တဂ္ဂါဟဟူသော စွဲလမ်းမှု နှစ်မျိုးလုံးတို့သည် ဇောဝါရ တစ်ခု၏ အတွင်း၌လည်း ရရှိနိုင်ကုန်၏၊ ဇောဝါရ အသီးအသီး၌ကား ဆိုဖွယ်ရာပင် မရှိဖြစ်တော့၏။ (သံ၊ဋ္ဌ၊၃၊၅၀-၅၁။)

ထိုအချိန်အခါမျိုး၌ အကယ်၍များ သေသွားခဲ့သော်

ထိုအချိန်အခါမျိုး၌ အကယ်၍များ သေသွားခဲ့သော်

တသ္မိံစေ သမယေ ကာလံ ကရေယျာတိ န ကောစိ သံကိလိဋ္ဌေန စိတ္တေန ကာလံ ကရောန္တော နာမ အတ္ထိ။ သဗ္ဗသတ္တာနံ ဟိ ဘဝင်္ဂေနေဝ ကာလကိရိယာ ဟောတိ။ ကိလေသဘယံ ပန ဒေဿန္တော ဧဝမာဟ။ သမယဝသေန ဝါ ဧဝံ ဝုတ္တံ။ စက္ခုဒွါရသ္မိဥှိ အာပါထဂတေ အာရမ္မဏေ ရတ္တစိတ္တံ ဝါ ဒုဋ္ဌစိတ္တံ ဝါ မူဠှစိတ္တံ ဝါ အာရမ္မဏရသံ အနုဘဝိတွာ ဘဝင်္ဂံ ဩတရတိ၊ ဘဝင်္ဂေ ဌတွာ ကာလကိရိယံ ကရောတိ။ တသ္မိံ သမယေ ကာလံ ကရောန္တဿ ဒွေဝ ဂတိယော ပါဋိကင်္ခါ၊ ဣမဿ သမယဿ ဝသေနေတံ ဝုတ္တံ။ (သံ၊ဋ္ဌ၊၃၊၅၁။)

သတ္တဝါတို့၏ စုတိစိတ်မည်သည် ညစ်နွမ်းသော အကုသိုလ်စိတ်ဟူ၍ မရှိစကောင်း၊ ညစ်နွမ်းသော အကုသိုလ်စိတ်ဖြင့် သေသွားသော တစ်စုံတစ်ယောက်သော သတ္တဝါမည်သည် မရှိစကောင်းသည်သာ ဖြစ်၏။ မှန်ပေသည် သတ္တဝါအားလုံးတို့သည် ဘဝင်စိတ်ဖြင့်သာလျှင် သေကျေပျက်စီးကြရ၏။ (ဘဝတစ်ခုဝယ် နောက်ဆုံးဖြစ် သွားသော ဘဝင်စိတ်ကို စုတိစိတ်ဟု ခေါ်သည်၊ ယင်းစုတိစိတ်ကို ရည်ညွှန်းထားသည်။) ကိလေသာတို့၏ ကြောက် မက်ဖွယ်ကောင်းသော ဘေးဒုက္ခကို ထင်ရှားပြတော်မူလိုသည့်အတွက် ဤသို့ ဘုရားရှင်က ဟောကြားသွားတော် မူခြင်း ဖြစ်၏။

တစ်နည်း --- အချိန်အခါ သမယ၏ အစွမ်းဖြင့် ဤသို့ ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်၏။ စက္ခုဒွါရ၌ ရူပါရုံသည် ရှေးရှူထင်ခြင်းသို့ ရောက်ရှိလာသောအခါ ယင်းရူပါရုံ၌ တွယ်တာတပ်မက်သော လောဘစိတ်သည် သော်လည်းကောင်း, ယင်းရူပါရုံကို ဖျက်ဆီးလိုသော ဒေါသစိတ်သည်သော်လည်းကောင်း, အာရုံ၏ သဘာဝ အမှန်ကို ပရမတ်သို့ ဆိုက်အောင် မသိ တွေဝေသော မောဟစိတ်သည်သော်လည်းကောင်း အာရုံ၏ အရသာကို သုံးဆောင်ခံစား၍ ဘဝင်သို့ သက်၏၊ ဘဝင်၌ ရပ်တည်၍ သေခြင်းကို ပြု၏ ကွယ်လွန်၏။ ထိုသို့ မရဏာသန္နဇောက လောဘဇော သို့မဟုတ် ဒေါသဇော သို့မဟုတ် မောဟဇော စောပြီးနောက် ဘဝင်သို့ သက်ရောက်သွား သောအချိန်၌ သေခြင်းကို ပြုသောသူအား ငရဲ တိရစ္ဆာန်ဟူသော နှစ်မျိုးသော ဂတိတို့တွင် တစ်မျိုးမျိုးသော ဂတိကိုသာ အလိုရှိအပ်ပေသည်။ ဤသို့သော အချိန်သမယ၏ အစွမ်းဖြင့် ဤအာဒိတ္တပရိယာယသုတ္တန် ဒေသနာတော်ကို ဘုရားရှင်သည် ဟောကြားတော်မူအပ်ပေသည်။ (သံ၊ဋ္ဌ၊၃၊၅၁။)

မရဏာသန္နဇောသည် လောဘဇော သို့မဟုတ် ဒေါသဇော သို့မဟုတ် မောဟဇော ဖြစ်က = အကုသိုလ်ဇော ဖြစ်က အပါယ်လေးဘုံတွင် ထိုက်သင့်ရာ တစ်ဘုံဘုံသို့ ကျိန်းသေ ရောက်နိုင်ကြောင်း ညွှန်ပြတော်မူသော ဒေသနာတော် တစ်ရပ်ပင် ဖြစ်၏။ နှစ်သိန်းပေါင်းများစွာ ငရဲ၌ ခံစားရမည့် ဒုက္ခကို သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် ကောင်းစွာ မြင်တော်မူ၍ ဤသို့ ဆိုဆုံးမတော်မူခြင်း ဖြစ်၏။

အရှင်ကောကာလိက၏ လောဘ

အရှင်ကောကာလိက၏ လောဘ

အခါတစ်ပါးဝယ် ဘုန်းတော်ကြီးမြတ်တော်မူသော ဘုရားရှင်သည် သာဝတ္ထိပြည်မွန်၏ တောင်အစွန်တွင် ဇေတဝန်ရွှေကျောင်း၌ ကိန်းအောင်းမွေ့လျော် နေစံပျော်တော်မူသောအခါ အရှင်ကောကာလိကသည် မြတ်စွာဘုရားရှင်ထံတော်သို့ ချဉ်းကပ်တော်မူလာ၏။

အကြောင်းကား ဤသို့တည်း --- ဤအရှင်ကောကာလိကကား ကောကာလိကတိုင်း ကောကာလိကမြို့၌ ကောကာလိကသူဌေးကြီး၏ သားရတနာ တစ်ဦးပင် ဖြစ်၏။ သာသနာတော်တွင်းသို့ ဝင်ရောက်၍ ရှင်ရဟန်း ပြုတော်မူပြီးနောက် ဖခင်သူဌေးကြီးက ဆောက်လုပ်လှူဒါန်းထားအပ်သော ကျောင်းတိုက်၌ပင် စူဠကောကာလိက ဟူသော အမည်ဖြင့် သီတင်းသုံး နေထိုင်လျက် ရှိ၏။ အရှင်ဒေဝဒတ်၏ တပည့်ကျော်ကြီး အရှင်ကောကာလိက မဟုတ်ပေ။ အရှင်ဒေဝဒတ်၏ တပည့်ကျော် အရှင်ကောကာလိကကား ပုဏ္ဏားမျိုး မဟာကောကာလိက အမည် ရှိပေသည်။

ဘုရားရှင် သာဝတ္ထိပြည်တော်၌ သီတင်းသုံးစံနေတော်မူစဉ် ဘုရားရှင်၏ အဂ္ဂသာဝက တပည့်ကြီး နှစ်ပါး တို့သည် = အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးတို့သည် တပည့်အခြံအရံ (၅၀၀) တို့နှင့် အတူတကွ ဇနပုဒ်တို့၌ လှည့်လည်တော်မူကြလျက် သာသနာပြု ခရီးစဉ်ကို ကြွချီတော်မူကြ၏။ ဝါဆိုဝါကပ် ဖို့ရန် နီးကပ်လာသော အခါ၌ကား ---

၁။ ကာယဝိဝေက = တစ်ကိုယ်ရေ တစ်ကာယ ကင်းဆိတ်စွာ နေလိုခြင်း,

၂။ စိတ္တဝိဝေက = စျာန်သမာပတ်တို့ကို ဝင်စားလျက် နေလိုခြင်း,

၃။ ဥပဓိဝိဝေက = ဥပဓိလေးဖြာတို့၏ ကင်းဆိတ်ရာ နိဗ္ဗာန်ကို အာရုံပြုလျက် အရဟတ္တဖိုလ်သမာပတ်ကို ဝင်စားကာနေလိုခြင်း,

ဤကဲ့သို့သော ဝိဝေက သုံးဖြာဖြင့် နေထိုင်တော်မူလိုကြသည် ဖြစ်၍ နောက်လိုက်တပည့် ရဟန်းတော်တို့ကို ပြန်လွှတ်လိုက်တော်မူကြ၍ သပိတ်သင်္ကန်းကို ယူဆောင်တော်မူလျက် ထိုကောကာလိက ဇနပုဒ် ထိုကောကာလိက မြို့ အရှင်စူဠကောကာလိက သီတင်းသုံးရာ ကျောင်းတိုက်သို့ ကြွရောက်သွားတော်မူကြ၏။

အဂ္ဂသာဝက အရှင်မြတ်ကြီး နှစ်ပါးတို့ ထိုကျောင်းတိုက်သို့ ဆိုက်ရောက်တော်မူလာသောအခါ၌ အရှင် ကောကာလိက ကိုယ်တော်ကလည်း ဝတ်ကြီး ဝတ်ငယ် အသွယ်သွယ်ကို ဖြည့်ကျင့်ပေးတော်မူ၏။ ထိုအဂ္ဂသာဝကကြီး နှစ်ပါးတို့သည် ထိုအရှင်ကောကာလိကနှင့် ဝမ်းမြောက်ဝမ်းသာ စကားများ ပြောကြားတော်မူကြပြီးနောက်-

ငါ့ရှင် ကောကာလိက ...တပည့်တော်တို့ နှစ်ပါးသည် ဤနေရာ၌ ဝါတွင်းသုံးလပတ်လုံး ဝါဆိုဝါကပ်လျက် နေထိုင်လိုကြပါကုန်၏၊ တစ်စုံတစ်ယောက်သူအားမျှ တပည့်တော်တို့၏ အကြောင်းကို (= ဘုရားရှင်၏ အဂ္ဂသာဝကကြီး နှစ်ပါး ဖြစ်ကြောင်းကို) မပြောကြားပါလင့် ---

ဤသို့သော ပဋိညာဉ်ဝန်ခံချက်ကို ရယူပြီးနောက် ဝါဆို ဝါကပ်တော်မူကြ၏။ ဝါကျွတ်၍ ပဝါရဏာနေ့၌ ပဝါရဏာပြုပြီးနောက် တပည့်တော်တို့ ပြန်ကြွကြတော့မည် ဘုရားဟု အရှင်ကောကာလိကအား ပန်ကြားတော် မူကြ၏။ အရှင်ကောကာလိကကလည်း ယနေ့ တစ်ရက်မျှ သီတင်းသုံးတော်မူပြီးနောက် နောက်နေ့သို့ ရောက်ရှိပါမှ ပြန်လည်ကြွတော်မူကြရန် လျှောက်ထားတောင်းပန်၏။ ထိုသို့ တောင်းပန်ပြီးနောက် နောက်တစ်နေ့သို့ အရောက် တွင် မြို့တွင်းသို့ စောစောဝင်၍ ဒါယကာ ဒါယိကာမတို့ကို ဤသို့ပြောဆို၏ ---

ဒါယကာ ဒါယိကာမတို့ ...သင်တို့သည် အဂ္ဂသာဝကကြီး နှစ်ပါး ဤမြို့သို့ ဤကျောင်းသို့ လာ၍ ဝါဆို ဝါကပ်တော်မူကြသော်လည်း မသိကြကုန်၊ သင်တို့ထဲက တစ်စုံတစ်ယောက်သော သူမျှလည်း ပစ္စည်းလေးဖြာ ဖြင့် ဖိတ်ကြားမှု မရှိ၊

ဤသို့ ပြောဆိုလတ်သော် မြို့သူမြို့သားတို့ကလည်း ---

မထေရ်မြတ်ကြီး နှစ်ပါးတို့သည် အဘယ်ပါနည်း အရှင်ဘုရား၊ အဘယ်ကြောင့် တပည့်တော်တို့အား မပြောကြားကြပါကုန်သနည်း ဘုရား ---

ဤသို့ လျှောက်ထားကြ၏။

ပြောပြနေလို့ ဘာထူးတော့မှာလဲ၊ မထေရ်မြတ်ကြီးများနေထိုင်ရာ ထေရာသန နေရာထက်၌ သီတင်းသုံး ထိုင်နေလျက် ရှိကြကုန်သော ရဟန်းတော်မြတ်ကြီး နှစ်ပါးကို သင်တို့ မတွေ့ကြကုန်သလော၊ ထိုနှစ်ပါးတို့သည် အဂ္ဂသာဝကကြီး နှစ်ပါးတို့ပင်တည်းဟု မိန့်ကြားတော်မူလိုက်၏။

ထိုဒါယကာ ဒါယိကာမတို့သည် လျင်မြန်စွာ စုဝေးကြ၍ ထောပတ် တင်လဲ စသည်တို့ကိုလည်းကောင်း, သင်္ကန်းချုပ်ရန် ပိတ်စတို့ကိုလည်းကောင်း စုဆောင်း ယူလာကြ သယ်လာကြကုန်၏။

အရှင်ကောကာလိက၏ အကြံ --- အဂ္ဂသာဝက မထေရ်မြတ်ကြီးတို့ကား အလွန့်အလွန် အလိုနည်းပါးခြင်း အပ္ပိစ္ဆဂုဏ်နှင့် ပြည့်စုံတော်မူကြကုန်၏၊ ပစ္စည်းလေးပါး လှူချင်လာအောင် ဆွဲဆောင် ညွှန်ပြခြင်း ပယုတ္တဝါစာ စကားကြောင့် ဖြစ်ပေါ်လာသော လာဘ်လာဘကို သာယာတော်မူကြမည်ကား မဟုတ်ကုန်။ မသာယာကုန်လတ် သော် အလိုမရှိလတ်သော် ကျောင်းထိုင်ကိုယ်တော်အား လှူလိုက်ကြပါဟု မိန့်ကြားတော်မူကြပေလတ္တံ့ ---

ဤသို့သော စိတ်အကြံအစည် ရှိသဖြင့် ယင်း လှူဖွယ်ဝတ္ထု ပစ္စည်းစုတို့ကို ယူဆောင်၍ အဂ္ဂသာဝက မထေရ်မြတ်ကြီးများ၏ အထံသို့ ယူဆောင်သွားလေ၏။

[ပယုတ္တဝါစာ --- ဆွေမျိုး မတော်စပ်သူ ဒါယကာ ဒါယိကာမများ၏ အထံ၌လည်းကောင်း, ပစ္စည်းလေးပါး တောင်းခံရန် မဖိတ်ကြားထားသူ ဒါယကာ ဒါယိကာမတို့၏ အထံ၌လည်းကောင်း ပစ္စည်းလေးပါးကို လှူချင်လာ အောင် ဆွဲဆောင်မှု ပြောဟောမှု အရိပ်အယောင်ပြမှု စသော ပစ္စည်းလေးပါးကို လှူစေလိုမှုနှင့် စပ်ယှဉ်သော စကားသည် ပယုတ္တဝါစာ မည်၏။ ထိုပယုတ္တဝါစာ စကားကြောင့် ရရှိသော ပစ္စည်းလေးပါးသည် သီတင်းသုံးဘော် (၅)ဦးလုံးတို့အားပင် မအပ်ပေ။]

အဂ္ဂသာဝက မထေရ်မြတ်ကြီးတို့ကလည်း ဤပစ္စည်းများသည် ပယုတ္တဝါစာကြောင့် ဖြစ်ပေါ်လာသော ပစ္စည်းများ ဖြစ်ကြောင်းကို ကောင်းကောင်းကြီး သိတော်မူကြ၍ --- ဤပစ္စည်းဝတ္ထုတို့သည် ငါတို့အားလည်း မအပ်စပ်ကုန်၊ ကောကာလိကအားလည်း မအပ်စပ်ကုန်ဟု နှလုံးပိုက်တော်မူ၍ အာဝါသိက = ကျောင်းထိုင်ကိုယ်တော် အရှင်ကောကာလိကအား ပေးလှူလိုက်ကြပါဟု မပြောဆိုမူကုန်၍ ပယ်ရှားကာ ကြွသွားတော်မူကြကုန်၏။

ထိုအခါ အရှင်ကောကာလိက၏ သန္တာန်၌ --- မိမိကိုယ်တိုင် အလှူမခံခဲ့ပါကုန်မူ အဘယ်မည်သော အကြောင်းကြောင့် ငါ့အား မပေးကြပါကုန်သနည်းဟု စိတ်မချမ်းသာမှု ဒေါမနဿတရားသည် ထင်ရှားဖြစ်ပေါ် ခဲ့လေ၏။ မိမိတို့ကိုယ်တိုင်က အလှူမခံယူလျှင်လည်း အဘယ်မည်သော အကြောင်းကြောင့် ငါ့အား မပေးဘဲ ထွက်ခွာသွားဘိကြကုန်သနည်း --- ဟု ရန်ငြိုးဖွဲ့လေ၏။

ထို အဂ္ဂသာဝကကြီး နှစ်ပါးတို့သည်လည်း ဘုရားရှင် ထံတော်သို့ ကြွတော်မူကြ၍ နောက်တစ်ကြိမ် မိမိတို့၏ ပရိသတ်ကို ခေါ်ဆောင်တော်မူလျက် ဇနပုဒ်တို့၌ လှည့်လည်လျက် သာသနာပြု ကြွတော်မူကြ၏။ အစဉ်အတိုင်း ခရီးဒေသစာရီ ကြွချီတော်မူလာရာ ထိုကောကာလိကတိုင်း ထိုကောကာလိကမြို့သို့ပင် တစ်ဖန် ဆိုက်ရောက်တော် မူလာကြကုန်၏။ ဤအကြိမ်ဝယ် မြို့သူမြို့သားတို့က အဂ္ဂသာဝက မထေရ်မြတ်ကြီး နှစ်ပါးတို့ကို ကောင်းစွာ မှတ်မိကြကုန်သည် ဖြစ်၍ မြို့လယ်၌ မဏ္ဍပ်ကြီး ဆောက်လုပ်ကာ ပရိက္ခရာတို့နှင့် အတူတကွ လှူဖွယ် ဒါနဝတ္ထု အစုစုကို စီရင်၍ အလှူဒါနကို ပေးလှူကြကုန်၏။ အဂ္ဂသာဝက မထေရ်မြတ်ကြီးတို့အားလည်း ပရိက္ခရာတို့ကို ဆက်ကပ်ကြကုန်၏။ မထေရ်မြတ်ကြီးတို့ကလည်း ရဟန်းသံဃာတော်အား အပ်နှင်း လှူဒါန်းစေကုန်၏။ ထိုအပြု အမူကို မြင်တွေ့ရသောအခါ အရှင်ကောကာလိကက ဤသို့ စဉ်းစားမိပြန်၏ --- ဤရဟန်းတို့သည် ရှေးယခင် အခါတုန်းက အလိုနည်းပါးခဲ့ကြကုန်၏၊ ယခုအခါ၌ကား လောဘတရားက နှိပ်စက်အပ်ကုန်သည် ဖြစ်၍ ယုတ်မာသော အလိုဆိုးရှိသူတို့ ဖြစ်ကြကုန်၏၊ ရှေးယခင်တုန်းကလည်း အလိုနည်းသူနှင့် တူအောင် ရောင့်ရဲလွယ်သူနှင့် တူအောင် ကင်းဆိတ်မှု ဝိဝေကတရားကို အလိုရှိသူနှင့် တူအောင် နေထိုင်ခဲ့ကြပုံပေါ်၏။ ဤရဟန်းတို့ကား ယုတ်မာသော အလိုဆိုးရှိကြကုန်သော မိမိ၌ ထင်ရှားမရှိသောဂုဏ်ကို ထင်ရှားဖော်ပြတတ်ကုန်သော ရဟန်း ယုတ်တို့တည်း --- ဤသို့ စိတ်အကြံအစည် ဖြစ်လေ၏။

ဤမျှဖြင့် ရပ်တန့်၍မနေဘဲ ထိုအရှင်ကောကာလိကသည် အဂ္ဂသာဝက မထေရ်မြတ်ကြီး နှစ်ပါးထံသို့ ချဉ်းကပ်၍ -- ငါ့ရှင်တို့ ...အရှင်ဘုရားတို့သည် ဟိုရှေးယခင်အခါက အလိုနည်းပါးသူတို့ကဲ့သို့ ရောင့်ရဲလွယ်သူ တို့ကဲ့သို့ ကင်းဆိတ်မှု ဝိဝေက သုံးပါးကို လိုလားသူတို့ကဲ့သို့ ဖြစ်ခဲ့ကြကုန်၏၊ ဤယခုအခါ၌ကား အရှင်ဘုရားတို့ သည် ရဟန်းယုတ်တို့ ဖြစ်နေကြပါကုန်ပကော --- ဤသို့ ပြောဆိုပြီးနောက် သပိတ်သင်္ကန်းကို ယူဆောင်လျက် ထိုခဏ၌ပင်လျှင် ဆောလျင်စွာ ထွက်ခွာသွား၍ --- ဤအကြောင်းအရာကို မြတ်စွာဘုရားအား တင်ပြ လျှောက် ထားပေအံ့ --- ဟု နှလုံးပိုက်၍ သာဝတ္ထိသို့ ရှေးရှူ ခရီးထွက်ခွာခဲ့၏၊ အစဉ်အတိုင်း ကြွချီလာလေရာ ဘုရားရှင် ရှိတော်မူရာသို့ ချဉ်းကပ် ဆိုက်ရောက်လာလေ၏။ ဤကား အရှင်ကောကာလိက ဘုရားရှင်ထံတော်သို့ ဆိုက် ရောက်လာရခြင်း၏ အကြောင်းရင်းပေတည်း။

ထိုကောကာလိကရဟန်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤသို့ လျှောက်ထား၏။

ပါပိစ္ဆာ ဘန္တေ သာရိပုတ္တမောဂ္ဂလ္လာနာ၊ ပါပိကာနံ ဣစ္ဆာနံ ဝသံ ဂတာ။

မြတ်စွာဘုရား ...သာရိပုတြာ မောဂ္ဂလ္လာန်တို့သည် အလိုဆိုး ရှိပါကုန်၏၊ ယုတ်မာကုန်သော အလိုဆိုး တို့၏ အလိုသို့ လိုက်ပါနေကြပါကုန်၏ ---

ဤသို့ လျှောက်ထားလိုက်၏။ ထိုအခါ ဘုရားရှင်က ---

မာဟေဝံ ကောကာလိက အဝစ၊ မာဟေဝံ ကောကာလိက အဝစ၊ ပသာဒေဟိ ကောကာလိက သာရိပုတ္တမောဂ္ဂလ္လာနေသု စိတ္တံ၊ ပေသလာ သာရိပုတ္တမောဂ္ဂလ္လာနာတိ။

ကောကာလိက ...ဤသို့ မဆိုလင့်၊ ကောကာလိက ...ဤသို့ မဆိုလင့်၊ ကောကာလိက ... သာရိပုတြာ မောဂ္ဂလ္လာန်တို့သည် သီလကို ချစ်မြတ်နိုးကုန်၏၊ သာရိပုတြာ မောဂလ္လာန်တို့ အပေါ်၌ သင်၏ စိတ်ကို ကြည်လင်စေပါလော ---

ဤသို့ မိန့်ကြားတော်မူ၏။ နှစ်ကြိမ်မြောက်လည်း ကောကာလိကရဟန်းသည် မြတ်စွာဘုရားအား --- နည်းတူ လျှောက်ထား၏၊ သုံးကြိမ်မြောက်လည်း နည်းတူ လျှောက်ထား၏။ ဘုရားရှင်ကလည်း သုံးကြိမ်တိုင်တိုင်ပင် နည်းတူ တားမြစ်တော်မူ၏။

[မှတ်ချက် --- ဘုရားရှင်သည် အဆောတလျင် ဆိုက်ရောက်လာသော ထိုကောကာလိကရဟန်းကို မြင်ကတည်းက ဉာဏ်တော်ဖြင့် ဆင်ခြင်တော်မူလတ်သည်ရှိသော် --- ဤကောကာလိကသည် အဂ္ဂသာဝက နှစ်ပါး တို့ကို ဆဲရေး ပြစ်မှားလို၍ ဆိုက်ရောက်လာပေ၏ --- ဟု ကောင်းကောင်းကြီးပင် သိတော်မူ၏။ ငါဘုရားသည် တားမြစ်နိုင်ပါအံ့လောဟု ဆင်ခြင်တော်မူလတ်သော် မတားမြစ်နိုင်ဟု သိမြင်တော်မူ၏။ အဂ္ဂသာဝကမထေရ် တို့၌ ပြစ်မှား၍ သေခဲ့သော် ကျိန်းသေဧကန် ပဒုမငရဲ၌ ဖြစ်လတ္တံ့သည်ကိုလည်း မြင်တော်မူ၍ --- သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့ အပေါ်၌သော်လည်း ပြစ်မှားခြင်း မည်သည်ကို ကြား၍သော်လည်း တားမြစ်တော် မမူပါလား --- ဟု သူတစ်ပါးတို့ ပြောကြားခြင်းမှ လွတ်မြောက်ရန်အလို့ငှာလည်းကောင်း, အရိယူပဝါဒကံ၏ ကြီးမားသော အပြစ်ရှိသည်၏ အဖြစ်ကိုလည်းကောင်း ထင်ရှားပြတော်မူခြင်းငှာ ကောကာလိကရဟန်းတော်ကို ဘုရားရှင်က ဤသို့ သုံးကြိမ်တိုင်တိုင် တားမြစ်တော်မူခြင်း ဖြစ်၏။]

ထိုအခါ ကောကာလိကရဟန်းသည် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲခွာသွားလေ၏၊ ဖဲခွာသွား၍ မကြာမြင့်မီပင် ကောကာလိကရဟန်းအား မုန်ညင်းစေ့ပမာဏမျှလောက် ရှိကုန် သော အဖုတို့သည် တစ်ကိုယ်လုံး အနှံ့အပြား ဖြစ်ပေါ်၍ လာကြကုန်၏။

မုန်ညင်းစေ့ပမာဏ မှ ပဲနောက်စေ့မျှလောက်၊

ပဲနောက်စေ့ပမာဏမှ ကုလားပဲစေ့မျှလောက်၊

ကုလားပဲစေ့ ပမာဏမှ ဆီးစေ့မျှလောက်၊

ဆီးစေ့ပမာဏမှ ဆီးသီးမျှလောက်၊

ဆီးသီးပမာဏမှ သျှိသျှားသီးမျှလောက်၊

သျှိသျှားသီးပမာဏမှ ဥသျှစ်သီးနုမျှလောက်၊

ဥသျှစ်သီးနုပမာဏမှ ဥသျှစ်သီးကြီးမျှလောက်၊

ဖြစ်ပေါ်လာကုန်၏၊ ဥသျှစ်သီးကြီးမျှလောက် ဖြစ်၍ ပေါက်ကွဲကုန်ပြီးလျှင် ပြည်သွေးတို့သည် ယိုစီး ထွက် လာကြကုန်၏။ ထိုအခါ ကောကာလိကရဟန်းသည် ထိုအနာကြောင့်သာလျှင် သေလေ၏။ သေပြီးသော ကောကာလိကရဟန်းသည် အရှင်သာရိပုတြာ အရှင်မဟာမောဂ္ဂလ္လာန်တို့အပေါ်၌ ပြစ်မှားသောကြောင့် ပဒုမငရဲ၌ ဖြစ်ရလေ၏။ (သံ၊၁၊၁၅၂။ သံ၊ဋ္ဌ၊၁၊၁၉၈-၁၉၉။ သုတ္တနိပါတ၊ဋ္ဌ၊၁၊၁၉၄-၁၉၅။)

ပုရိသဿ ဟိ ဇာတဿ၊ ကုဌာရီ ဇာယတေ မုခေ။

ယာယ ဆိန္ဒတိ အတ္တာနံ၊ ဗာလော ဒုဗ္ဘာသိတံ ဘဏေ။

ယော နိန္ဒိယံ ပသံသတိ၊ တံ ဝါ နိန္ဒတိ ယော ပသံသိယော။

ဝိစိနာတိ မုခေန သော ကလိံ၊ ကလိနာ တေန သုခံ န ဝိန္ဒတိ။

အပ္ပမတ္တကော အယံ ကလိ၊ ယော အက္ခေသု ဓနပရာဇယော။

သဗ္ဗဿာပိ သဟသာပိ အတ္တနာ၊ အယမေဝ မဟန္တတရော ကလိ။

ယော သုဂတေသု မနံ ပဒေါသယေ။ (သံ၊၁၊၁၅၄။)

မွေးလာသော ယောက်ျား၏ ပါးစပ်ထဲ၌ ဓားမကြီးတစ်လက် ပါလာ၏၊ ယင်းဓားမကြီးဖြင့် လူမိုက်သည် မကောင်းပြောလျက် မိမိကိုယ်ကို မိမိ ပိုင်းဖြတ်တတ်၏။

အကြင်သူသည် ကဲ့ရဲ့ထိုက်သောသူကို ချီးမွမ်း၏၊ ချီးမွမ်းထိုက်သောသူကို ကဲ့ရဲ့၏၊ ထိုသူမိုက်သည် ပါးစပ်ဖြင့် အပြစ်ကို ဆည်းပူးသည် မည်၏၊ ထိုသူမိုက်သည် ထိုအပြစ်ကြောင့် ချမ်းသာသုခကို မရနိုင်။

ကြွေအန်လောင်းရာ၌ မိမိခန္ဓာကိုယ်နှင့်တကွ စည်းစိမ်ဥစ္စာ အားလုံး၏ ဆုံးရှုံးခြင်းသည် အနည်းငယ်မျှ မပြောပလောက်သော အပြစ်သာတည်း၊ မဂ္ဂင် (၈)ပါးတည်းဟူသော ညီညွတ်သောအကျင့်ကို ကျင့်တော်မူကြကုန် သောကြောင့် နိဗ္ဗာန်သို့ ကောင်းစွာ ဆိုက်ရောက်တော်မူကြပြီးကုန်သော, ဗုဒ္ဓ ပစ္စေကဗုဒ္ဓ ဗုဒ္ဓသာဝကတည်းဟူ သော ကြီးကျယ်မြင့်မြတ်သော အရာဌာနသို့ ရောက်တော်မူကြပြီးကုန်သော သုဂတ အမည်ရှိတော်မူကြကုန်သော သူတော်ကောင်းတို့၌ ပြစ်မှားမိသော ဤအပြစ်သည်သာလျှင် ကြီးလေးသောအပြစ် မည်၏။ (သံ၊၁၊၁၅၄။ သုတ္တနိပါတ၊ဋ္ဌ၊၁၊၁၉၇-၁၉၈။)

အရှင်ကောကာလိကသည် အဂ္ဂသာဝကကြီး နှစ်ပါးတို့ အပေါ်၌ မဟုတ်မတရား စွပ်စွဲမိသော အရိယူပဝါဒကံကြောင့် ပဒုမ မည်သော နှစ်အရေအတွက်နှင့် အညီအမျှ အဝီစိငရဲ၌ ကြီးစွာသော ဆင်းရဲဒုက္ခကို ခံရ၏။ အခြေခံ အကြောင်းရင်းမှာ ပစ္စည်းလေးဖြာ အပေါ်တွင် တွယ်တာ တပ်မက်သော တဏှာလောဘပင်တည်း။ အနုသယဓာတ်အဖြစ် ကိန်းဝပ်နေသော တဏှာလောဘသည် စိတ်အစဉ်တွင် ထင်ရှားဖြစ်ပေါ်လာသော ပရိယုဋ္ဌာနကိလေသာ အဆင့်သို့ တစ်ဆင့်တက်လာ၏။ ထိုပရိယုဋ္ဌာန အဆင့်တွင် မနှိမ်နင်းနိုင်သည့်အတွက် ယင်း လောဘသည် ဒေါသအပေါင်းအဖော်ကိုပါ ရရှိသောအခါ ရန်ငြိုးဖွဲ့ခြင်း မဟုတ်မတရား စွပ်စွဲခြင်းတည်းဟူသော ဝီတိက္ကမကိလေသာ အဆင့်သို့တိုင်အောင် ကူးစက်သွားလေသည်။ ယင်းအကုသိုလ်ကံက အဝီစိငရဲသို့ ရောက် အောင် အရှင်ကောကာလိကကို ပို့ဆောင်ပေးလိုက်ပေသည်။ လောဘနှင့် ယှဉ်သော စိတ်ဓာတ်၏ စွမ်းအင်ကား ကြီးမားလှပေ၏။

အသင်သူတော်ကောင်း၏ ပါးစပ်ထဲ၌လည်း မွေးကတည်းက ဓားမကြီးတစ်လက် ပါလာ၏၊ ထိုဓားမကြီးက မိမိကိုယ်ကို ပိုင်းဖြတ်မသွားအောင် သတိပြုသင့်လှပေသည်။

အရှင်ကောကာလိက၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်

အရှင်ကောကာလိက၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်

အရှင်ကောကာလိကသည် ယခုဘဝ၌သာလျှင် ပါးစပ်ကို အမှီပြု၍ ပျက်စီးရသည် မဟုတ်သေး၊ ရှေးရှေး ဘဝတုန်းကလည်း ပါးစပ်ကို အမှီပြု၍ ပျက်စီးခဲ့ရဖူးသည်သာ ဖြစ်၏။

အရှင်ကောကာလိကအလောင်းလျာသည် အတိတ်ဘဝတစ်ခုဝယ် ဟိမဝန္တာအရပ် အိုင်တစ်အိုင်၌ လိပ် ဖြစ်ခဲ့ဖူး၏။ ထိုအိုင်၌ လာရောက်ကျက်စားနေကျ ဟင်္သာငယ် နှစ်ကောင်တို့သည် ထိုလိပ်နှင့် ချစ်ကျွမ်းဝင်ကာ မြဲမြံသော မိတ်ဆွေများ ဖြစ်သွားကြ၏။ တစ်နေ့တွင် ဟင်္သာငယ် နှစ်ကောင်တို့က လိပ်ကို --- မိတ်ဆွေ ... ငါတို့၏ ဟိမဝန္တာဝယ် စိတ္တကုဋ်တောင်ယံ၌ ရွှေဂူအတွင်းဝယ် နေထိုင်စရာနေရာ ရှိ၏၊ မွေ့လျော်ဖွယ်ကောင်းသော နေရာတစ်ခု ဖြစ်၏၊ ငါတို့နှင့် အတူသွားမလား --- ဟု မေးမြန်းကြ၏။

မိတ်ဆွေတို့ ...ငါ ဘယ်လိုသွားရမှာလဲဟု မေးသောအခါ ဟင်္သာတို့က --- အကယ်၍ သင်သည် ပါးစပ်ကို စောင့်စည်းနိုင်ပါမူ ငါတို့သည် သင့်ကို သယ်ဆောင်သွားကုန်အံ့ --- ဟု ပြန်ပြောကြ၏။ လိပ်ကလည်း ပါးစပ်ကို စောင့်စည်းပါမည်ဟု ဝန်ခံကတိ ပေးလိုက်၏၊ မိမိကို သယ်ဆောင်သွားရန် တောင်းပန်စကားလည်း ပြောလိုက်၏။ ဟင်္သာတို့ကလည်း ကောင်းပြီဟု ဆို၍ တုတ်တစ်ချောင်းကို လိပ်ကို ပါးစပ်ဖြင့် ကိုက်ထားခိုင်း၍ မိမိတို့ ဟင်္သာနှစ်ကောင်က ထိုတုတ်ချောင်း၏ အစွန်းနှစ်ဘက်တို့ကို ကိုက်ချီ၍ ကောင်းကင်သို့ ပျံတက်သွားကြ၏။ ဟင်္သာတို့၏ ပျံသန်းသွားသော အဟုန်ကား အလွန် လျင်မြန်လှ၏။ ရွာသူသားငယ်တို့က မြင်တွေ့ကြသောအခါ ဟင်္သာနှစ်ကောင်တို့က လိပ်တစ်ကောင်ကို တုတ်တစ်ချောင်းဖြင့် သယ်ဆောင်သွားကြတယ်ဟု အော်ပြောကြ၏။ လိပ်ကလည်း --- ငါ့ကို ငါ့မိတ်ဆွေတွေက သယ်ဆောင်သွားတာ နင်တို့နှင့် ဘာဆိုင်လဲ --- ဟု ပြန်ပြောချင်၏။ သို့သော် ဟင်္သာတို့ ပျံသန်းနေသောအဟုန်က အလွန် လျင်မြန်သောကြောင့် ဗာရာဏသီမင်းနန်းတော်၏ အထက် ကောင်းကင်ယံသို့ ရောက်မှ ကိုက်ထားသော နေရာမှ တုတ်ချောင်းကို ပြန်ပြောဖို့ရန် လွှတ်လိုက်မိ၏။ မင်းရင်ပြင်တော်၌ ကျ၍ ကြေမွ ပျက်စီးသွားလေသည်။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၃၆၃။)

ဘဝတစ်ခု၌ မွေးမြူမိသော မကောင်းဓာတ်တို့သည် နောက်နောက်ဘဝများအထိ လိုက်ပါတတ်ပုံကို ပညာရှိ သူတော်ကောင်းအပေါင်းတို့သည် သတိပြုသင့်လှပေသည်။

သာကီဝင်မင်းသား အရှင်ဥပနန္ဒ၏ လောဘ

သာကီဝင်မင်းသား အရှင်ဥပနန္ဒ၏ လောဘ

အရှင်ဥပနန္ဒမထေရ်ကား သာကီဝင်မင်းသား တစ်ဦးလည်း ဖြစ်၏၊ ဥပဓိသမ္ပတ္တိနှင့်လည်း ပြည့်စုံ၏၊ တရား အဟောအပြော၌လည်း လိမ္မာ ကျွမ်းကျင်တော်မူ၏။ ထိုအရှင်ဥပနန္ဒကို အကြောင်းပြု၍ ပညတ်တော်မူရသော သိက္ခာပုဒ်တို့လည်း များလှ၏။ ရဟန်းတော်များ ရွှေငွေကို အလှူမခံရဟု ပညတ်ထားတော်မူသော ရူပိယသိက္ခာပုဒ် မှာလည်း အရှင်ဥပနန္ဒ၏ ငွေအလှူခံမှုကို အကြောင်းပြု၍ ပညတ်တော်မူရခြင်း ဖြစ်၏။ ရဟန်းတစ်ပါးသည် ဝါဆိုကျောင်း တစ်ကျောင်း၌သာ ဝါဆိုရန်, ဝါဆိုကျောင်း နှစ်ကျောင်း သုံးကျောင်း စသည် ခွ၍ ဝါမဆိုရန် ပညတ်တော်မူရသော သိက္ခာပုဒ်များမှာလည်း အရှင်ဥပနန္ဒကိုပင် အကြောင်းပြု၍ ပညတ်တော်မူရခြင်း ဖြစ်၏။ ဤသို့စသည်ဖြင့် များလှ၏။

တစ်ချိန် အရှင်ဥပနန္ဒသည် တောကျောင်း တစ်ကျောင်း၌ တရားဟောတော်မူ၏။ ထို အရှင်ဥပနန္ဒ၏ ပစ္စည်းလေးပါးနှင့် စပ်၍ အလိုနည်းပါးခြင်း = အပ္ပိစ္ဆတာဂုဏ်, ရောင့်ရဲလွယ်ခြင်း = သန္တုဋ္ဌိဂုဏ် စသော ရဟန်းတော် များ၏ ခြိုးခြံစွာ ပစ္စည်းလေးပါးကို သုံးစွဲပုံနှင့် စပ်ယှဉ်သော တရားစကားများကို ကြားနာရသော ရဟန်းများစွာ တို့သည် ထိုအရှင်ဥပနန္ဒကို တိစီဝရိက်သင်္ကန်း သုံးထည်တို့ဖြင့် ပူဇော်ကြ၍ ဓုတင်ကျင့်ဝတ် ပဋိပတ်များကို ဆောက်တည်တော်မူကြကုန်၏။ ထိုဓုတင်ဆောင် ရဟန်းတော်တို့က စွန့်ပစ်လိုက်သော ပရိက္ခရာအားလုံးတို့ကို အရှင်ဥပနန္ဒကပဲ သိမ်းကျုံး၍ အားလုံးယူလိုက်၏။ ထိုအရှင်ဥပနန္ဒသည် ဝါဆိုဝါကပ်ဖို့ရန် နီးကပ်လာသောအခါ ဇနပုဒ် တစ်ခုသို့ ကြွသွားတော်မူ၏။ ထိုအခါ ထိုအရှင်ဥပနန္ဒကို ကျောင်းတိုက်တစ်ခု၌ သီတင်းသုံးနေထိုင်လျက် ရှိတော်မူကြကုန်သော ရဟန်းငယ် သာမဏေငယ်တို့က တရားဟောကောင်းသည့် ဓမ္မကထိကကောင်းဟူသော ချစ်မြတ်နိုးခြင်းဖြင့် အရှင်ဘုရား ဤကျောင်းတိုက်မှာပင် ဝါဆိုဝါကပ်တော်မူပါဟု လျှောက်ထားကြ၏။ ဤ ကျောင်းတိုက်၌ ဝါဆိုသင်္ကန်း ဘယ်၍ ဘယ်မျှ ရရှိပါသလဲဟု မေးမြန်းကြည့်သောအခါ သံဃာတစ်ပါးလျှင် ဝါဆိုသင်္ကန်း တစ်စုံစီသာရကြောင်း ပြန်လည်လျှောက်ထားလေသော် ထိုကျောင်း၌ ဖိနပ်ထားခဲ့၍ အခြားကျောင်း တစ်ခုသို့ သွားပြန်၏။ ဒုတိယကျောင်းတိုက်သို့ ရောက်သောအခါ ဝါဆိုသင်္ကန်းနှင့် စပ်၍ မေးမြန်းကြည့်ပြန် လတ်သော် ဝါဆိုသင်္ကန်း နှစ်စုံ ရကြောင်း သတင်းကောင်းကို ပြောဆိုလျှောက်ထားသဖြင့် ထိုကျောင်း၌ တောင်ဝှေး ကို ထားခဲ့၏။ တတိယကျောင်းတိုက်တစ်ခုသို့ ရောက်သောအခါ ဝါဆိုသင်္ကန်း သုံးစုံ ရကြောင်း သတင်းကောင်း ကို ကြားသိရပြန်သဖြင့် ထိုကျောင်း၌ ရေဘူးကို ထားခဲ့ပြန်၏။ စတုတ္ထကျောင်းတိုက်တစ်ခုသို့ ရောက်သောအခါ ဝါဆိုသင်္ကန်း လေးစုံ ရကြောင်း သတင်းကောင်းကို ကြားသိရသဖြင့် ကောင်းပြီ ...ဤကျောင်းတိုက်၌ ဝါဆိုပေအံ့ဟု ဆုံးဖြတ်ချက်ချ၍ ထိုကျောင်းတိုက်၌ ဝါဆိုဝါကပ်လျက် လူဒါယကာ ဒါယိကာမတို့ကိုလည်းကောင်း ရဟန်းတော်တို့ကိုလည်းကောင်း တရားစကားများကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူ၏။ ထိုရှင်ရဟန်းတို့နှင့် လူဒါယကာ ဒါယိကာမအပေါင်းတို့သည် ထိုအရှင်ဥပနန္ဒကို များစွာကုန်သော အဝတ်သင်္ကန်းတို့ဖြင့် ပူဇော်ကြ ကုန်၏။ ထိုအရှင်ဥပနန္ဒသည် ဝါကျွတ်သောအခါ ဖိနပ် တောင်ဝှေး စသည်တို့ ထားခဲ့ရာ အခြားကျောင်းတိုက်တို့၌ ငါသည် ပရိက္ခရာကို ထားခဲ့သည့်အတွက် ဝါဆိုသင်္ကန်းကို ရထိုက်၏။ ထိုဝါဆိုသင်္ကန်းကို ငါ့ထံသို့ ပို့လိုက်ကြပါ ဟု သတင်းစကား ပို့လိုက်၍ ထိုသင်္ကန်းအားလုံး ဆောင်ယူကာ လှည်းတစ်ခုလုံး အပြည့်တင်ကာ သွားလေ၏။

ထိုအချိန်အခါတွင် လမ်းခုလတ် တစ်နေရာဝယ် ကျောင်းတိုက်တစ်ခု တည်ရှိနေ၏။ ထိုကျောင်းတိုက်နားသို့ အရောက်တွင် ခြေထောက်ကို နွယ်တစ်ချောင်းက ငြိမိသဖြင့် လာဘ်ရလိမ့်မည်ဟု အတိတ်ကောက်ကာ ထို ကျောင်းတိုက်အတွင်းသို့ ဝင်သွား၏။ ထိုကျောင်း၌ ရဟန်းနှစ်ပါးတို့ ဝါဆိုဝါကပ်ကြရာ ဖျင်ကြမ်းသင်္ကန်း = ပိတ်သင်္ကန်း နှစ်စုံနှင့် ကမ္ဗလာသင်္ကန်း တစ်စုံ ရရှိကြရာ အဝေမသင့် ဖြစ်နေကြ၏။ လမ်းခရီးအနီး၌ ထိုင်ကာ ငြင်းခုံနေကြ၏။ ထိုရဟန်းငယ်တို့သည် အရှင်ဥပနန္ဒထေရ် ကြွလာသည်ကို မြင်ကြ၍ သင်္ကန်းများကို ဝေခြမ်း၍ ပေးပါရန် တင်ပြ လျှောက်ထားကြ၏။ အရှင်ဥပနန္ဒက အရှင်ဘုရားတို့ပဲ ဝေဖန်ယူကြပါဟု ပြန်လည် မိန့်ကြား၏။ အရှင်ဘုရားတို့ကသာ ဝေဖန်၍ ပေးတော်မူကြပါ၊ တပည့်တော်တို့ ဝေခြမ်း၍ မရနိုင် ဖြစ်နေကြပါသည်ဟု ထပ်မံ လျှောက်ထားကြ၏။ ထိုသို့ဖြစ်လျှင် တပည့်တော်၏ စကား၌ ရပ်တည်နိုင်ကြပါမည်လောဟု မေးမြန်းလိုက်သော အခါ ရပ်တည်နိုင်ပါကြောင်း ဝန်ခံစကား လျှောက်ထားကြ၏။ ထိုအခါ အရှင်ဥပနန္ဒက ကောင်းပြီဟု ပြောဆို၍ ထိုရဟန်းငယ်တို့အား ပိတ်သင်္ကန်း တစ်စုံစီပေးကာ ---

အယံ ဓမ္မကထံ ကထေန္တာနံ အမှာကံ ပါရုပနာရဟော။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၈၉။)

ဤကမ္ဗလာသင်္ကန်းသည် တရားဟောဓမ္မကထိက ဖြစ်ကုန်သော ငါတို့အား ဝတ်ရုံခြင်းငှာ လျောက်ပတ်၏-

ဤသို့ ပြောဆို၍ များစွာ အဖိုးထိုက်တန်သော ကမ္ဗလာသင်္ကန်းကိုပါ ယူဆောင်၍ သွားပြန်၏။ ရဟန်းငယ် တို့လည်း စိတ်မကောင်းကြ စိတ်မကြည်လင်ကြသဖြင့် ဘုရားရှင်ထံသို့ သွားကာ ထိုအကြောင်းအရာကို တင်ပြ လျှောက်ထားကြ၏။ ထိုအခါ ဘုရားရှင်က --- ရဟန်းတို့ ...ဤဥပနန္ဒသည် ယခုအခါ၌သာလျှင် သင်တို့၏ ဥစ္စာပစ္စည်းကို ယူ၍ သင်တို့ကို စိတ်မချမ်းမြေ့အောင် ပြုသည် မဟုတ်သေး၊ ဟိုရှေးယခင်အခါကလည်း ပြုခဲ့ဖူး သည်သာတည်းဟု မိန့်တော်မူပြီးနောက် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ဟောကြားတော်မူခဲ့၏။

အတိတ်ဘဝတစ်ခုဝယ် မြစ်ကမ်းပါး အနီး၌ ကျင်လည်ကျက်စားလေ့ရှိသော ဖျံတစ်ကောင်, ရေနက်၌ ကျင်လည်ကျက်စားလေ့ရှိသော ဖျံတစ်ကောင် ဤဖျံနှစ်ကောင်တို့သည် ငါးကြင်းကြီးတစ်ကောင်ကို ရ၍ အဝေမသင့် ဖြစ်နေကြ၏။ ဂင်္ဂါမြစ်ကမ်း တစ်နေရာတွင် ဖြစ်၏။ ထိုဖျံနှစ်ကောင်မှာ သင်္ကန်း အဝေမတည့် ဖြစ်နေကြသည့် ရဟန်းငယ် နှစ်ပါး၏ အလောင်းလျာများပင် ဖြစ်ကြ၏။

အရှင်ဥပနန္ဒအလောင်းကား ဂင်္ဂါမြစ်ကမ်းပါးတွင် ကျက်စားနေသည့် မြေခွေးတစ်ကောင် ဖြစ်နေ၏။ မာယာဝီ အမည်ရှိသော မြေခွေးမငယ် တစ်ကောင်လည်း သူ့တွင် ရှိနေ၏။ ထိုမာယာဝီက ငါးကြင်းသားကို စားချင်ပါသည်ဟု ချင်ခြင်းတပ်သဖြင့် ဥပနန္ဒအလောင်း မြေခွေးခမျာလည်း ငါးကြင်းသား အရှာထွက်ခဲ့ရ၏။

[ဤစာကိုဖတ်နေသော အသင်သူတော်ကောင်း၌လည်း မာယာဝီတစ်ဦး ရှိကောင်း ရှိနိုင်ပါသည်။ စိန်နားကပ် ဝတ်ချင်ပါသည်ဟု ပူဆာ၍ စိန်နားကပ် ရှာပုံတော်ကျူးရသည့် ပုံစံမျိုးဟုပင် မှတ်ပါ။]

ထိုမြေခွေးသည် ဂင်္ဂါမြစ်ကမ်းပါးတစ်လျှောက်၌ ငါးကြင်းသား အရှာထွက်လာရာ တစ်နေရာတွင် ခြေထောက်ကို နွယ်တစ်ချောင်းက ငြိနေသဖြင့် ဤနေရာတွင် လာဘ်ရမည်ဟု အတိတ်ကောက်ကာ ဂင်္ဂါမြစ်ကမ်း ဘက်သို့ ဆင်းသွားလိုက်၏။ ဖျံနှစ်ကောင်တို့ကလည်း ငါးကြင်းသားကို ဝေဖန်ပေးရန် တောင်းပန်ကြ၏။ မြေခွေး ကလည်း --- ငါသည် ဘုရင်မင်းမြတ်၏ တရားစီရင်ရာ တရားရေးရာဌာန၌ ဘုရင်မင်းမြတ် တရားသူကြီးအဖြစ် ရာထူးခန့်အပ်ထားသူ ဖြစ်၏၊ ထိုတရားရေးရာဌာန တရားစီရင်ရာဌာန၌ ကြာမြင့်စွာ ထိုင်ခဲ့ရသဖြင့် အညောင်းပြေ လမ်းလျှောက်လာခြင်း ဖြစ်၏၊ ယခုအခါ ငါ့မှာ တရားဆုံးဖြတ်ပေးရန် အချိန်မရှိပါ --- ဟု ပြန်ပြောလေ၏။ ဖျံနှစ်ကောင်တို့ကလည်း အတန်တန် တောင်းပန်ပြန်သောအခါ --- ငါ၏စကား၌ ရပ်တည်နိုင်ကြပါ့မလား--- ဟု မေးမြန်းလိုက်သောအခါ ရပ်တည်နိုင်ကြောင်းကို ဖျံနှစ်ကောင်တို့က ပြန်ပြောင်းပြောဆိုသောအခါ ငါးကြင်းကို သုံးပိုင်း ပိုင်း၍ ဖျံတစ်ကောင်အား အမြီးပိုင်းကို ဖျံတစ်ကောင်အား ခေါင်းပိုင်းကို ပေး၍ ဤအလယ်ပိုင်းသည်ကား တရားစီရင်ရာ ဝိနိစ္ဆယဌာန၌ ရပ်တည်နေသော ငါတရားသူကြီးနှင့် သက်ဆိုင်သည်ဟု ဆို၍ ကိုက်ချီကာ ထွက် ပြေးလေသည်။ ထိုဖျံနှစ်ကောင်တို့လည်း စိတ်မချမ်းသာခြင်း စိတ်နှလုံးမသာယာခြင်း ရှိကြကုန်လျက် ထိုမြေခွေးကို ကြည့်ကာ ရပ်တည်နေရစ်ကြရကုန်၏။

ဝါသနာ ဓာတ်ငွေ့

ဝါသနာ ဓာတ်ငွေ့

ရဟန်းငယ်နှစ်ပါးတို့သည် ဖျံဘဝကလည်း ငါးကြင်းသားကို အဝေမတည့် လုခဲ့ဖူးကြ၏၊ ယခုလည်း ကမ္ဗလာ သင်္ကန်းကို အဝေမတည့် ဖြစ်ကာ လုယက်ကြရပြန်၏။ တစ်ဖန် အရှင်ဥပနန္ဒသည်လည်း မြေခွေးဘဝကလည်း ငါးကြင်းသားကို ခေါင်းပုံဖြတ်ခဲ့ဖူး၏။ ယခုတစ်ဖန် ရဟန်းဘဝသို့ ရောက်ရှိပြန်ပါကလည်း ကမ္ဗလာသင်္ကန်းကို ခေါင်းပုံဖြတ်ပြန်၏။ သာကီဝင်မင်းသားလည်း ဖြစ်၍ ရှင်ရဟန်းလည်း ဖြစ်ပါလျက် ဘုရားရှင်နှင့်လည်း တွေ့ကြုံ ရပါလျက် တရားထူး တရားမြတ်ကို မရှာဖွေဘဲ ဓမ္မကထိကဘဝမျှဖြင့် အားရကျေနပ်ကာ ပစ္စည်းလေးဖြာ ရရှိ ရေးကိုသာ ကြိုးပမ်းခဲ့သဖြင့် သာသနာတော်က လောလုပ္ပစာရ = ပစ္စည်းလေးပါး၌ လျှပ်ပေါ်လော်လည်သော ရဟန်းဟု မှတ်ချက်ချခြင်းကို ခံယူရပေသည်။ ထိုစိတ်ဓာတ်များက တရားထူး တရားမြတ်နှင့် အလှမ်းဝေးအောင် တည်ထောင် ဖန်ဆင်း၍ ပေးလိုက်သဖြင့် သာသနာတော်နှင့် ကြုံတွေ့ရသော်လည်း တရားထူး တရားမြတ်နှင့် အလွဲကြီး လွဲသွားရရှာပေသည်။

ဘုရားရှင်သည် ဤအတိတ်ဇာတ်ကြောင်းကို ဆောင်တော်မူ၍ ဤသို့လျှင် ဤဥပနန္ဒသည် သင်ချစ်သား တို့ကို အတိတ်ဘဝတုန်းကလည်း စိတ်မချမ်းသာအောင် ပြုလုပ်ခဲ့ဖူးသည်သာလျှင်တည်းဟု ထိုရဟန်းတို့ကို အသိပေးပြီးနောက် အရှင်ဥပနန္ဒကို ကဲ့ရဲ့လိုသည် ဖြစ်၍ --- ရဟန်းတို့ ...သူတစ်ပါးကို ဆိုဆုံးမသောသူ မည်သည် ရှေးဦးစွာ မိမိကိုယ်ကိုသာလျှင် သင့်တင့်လျောက်ပတ် ကောင်းမြတ်သောအရာ၌ တည်စေအပ်၏-ဟု ဟောတော်မူပြီးနောက် အောက်ပါ ဂါထာဒေသနာတော်ကို ဟောတော်မူ၏။

အတ္တာနမေဝ ပဌမံ၊ ပတိရူပေ နိဝေသယေ။

အထညမနုသာသေယျ၊ န ကိလိေဿယျ ပဏ္ဍိတော။ (ဓမ္မပဒ၊၁၅၈။ ဓမ္မပဒ၊ဋ္ဌ၊၂၊၈၈-၉၀။)

ပညာရှိသူတော်ကောင်းသည် မိမိကိုယ်ကိုသာလျှင် ရှေးဦးစွာ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော ဂုဏ်ကျေးဇူး၌ တည်အောင် သွတ်သွင်းထားလေရာ၏၊ ထိုနောင်မှ သူတစ်ပါးကို ဆိုဆုံးမလေရာ၏၊ ပညာရှိ သူတော်ကောင်းဟူသည် ကိလေသာ အညစ်အကြေးတို့ဖြင့် လူးလည်းပေကျံမှု မရှိလေရာ။ (ဓမ္မပဒ၊၁၅၈။)

မိမိကိုယ်ကို ထိုဂုဏ်ကျေးဇူး၌ တည်အောင် သွတ်သွင်းမထားနှင့်ဦးဘဲ သက်သက် သူတစ်ပါးကိုသာလျှင် ဆိုဆုံးမသောသူသည် သူတစ်ပါးထံမှ ကဲ့ရဲ့မှုကို ရရှိ၍ စိတ်အစဉ် ညစ်နွမ်းရသည် မည်၏။ ထိုဂုဏ်ကျေးဇူး၌ မိမိကိုယ်ကို ရှေးဦးစွာ တည်နေအောင် သွတ်သွင်းပြီးမှသာလျှင် သူတစ်ပါးကို ဆိုဆုံးမသောသူသည် နောက်ပိုင်း ကာလ၌ ချီးမွမ်းခြင်းကို ရရှိနိုင်ပေ၏။ ထိုကြောင့် စိတ်မညစ်နွမ်းရသည် မည်၏။ ဤသို့ပြုသော် ပညာရှိသူတော်ကောင်းသည် ကိလေသာ အညစ်အကြေးတို့ဖြင့် လူးလည်းပေကျံမှု မရှိလေရာ။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၉၀။)

စိဉ္စမာဏဝိကာ = စိဉ္စမာဏ

စိဉ္စမာဏဝိကာ = စိဉ္စမာဏ

စိဉ္စမာဏသည် သူ့ဗိုက်ကို လိမ်ညာထုတ်၍ ဘုရားရှင်အား မဟုတ်မတရား စွပ်စွဲခဲ့၏။ စိဉ္စမာဏ၏ ဤကဲ့ သို့သော စိတ်ဓာတ်များမှာ အတိတ် သံသရာအဆက်ဆက်က ကပ်ပါလာသော လေ့ကျက်မှုများခဲ့သော အနုသယ ဓာတ်ငွေ့တို့၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့်ပင် ဖြစ်၏။

နာမည်ကျော် စူဠပဒုမဇာတ်တော်၌ ပဒုမပေါင်တိုနှင့် မှောင်ခိုကာ ဖောက်ပြားလျက် ယောက်ျားဖြစ်သူ မဟာပဒုမမင်းသားကို ချောက်ကမ်းပါးထဲသို့ ကျအောင် တောင်ထိပ်မှ ကလိန်ဆင်၍ တွန်းချခဲ့သူမှာလည်း မယ်မင်းကြီးမ စိဉ္စမာဏအလောင်းပင် ဖြစ်၏။ (စူဠပဒုမဇာတ်၊ဇာတက၊ဋ္ဌ၊၂၊၁၀၅-၁၁၀။)

သုသုမာရဇာတ် --- တစ်ချိန် ဘုရားအလောင်းတော်သည် တစ်ခုသော ဘဝ၌ ဟိမဝန္တာဝယ် မျောက်မျိုး၌ ဖြစ်ရ၏။ ဆင်ပြောင်အားကို ဆောင်နိုင်၏၊ စွမ်းအင်နှင့် ပြည့်စုံ၏၊ ကြီးမားသော ခန္ဓာကိုယ် ရှိ၏။ တင့်တယ်ခြင်း အစုသို့ ရောက်၏။ မြစ်ကွေ့ တောအုပ် တစ်နေရာ၌ နေ၏။ ထိုအခါ၌ ဂင်္ဂါမြစ်တွင်းဝယ် အရှင်ဒေဝဒတ်အလောင်း မိကျောင်းနှင့် မယ်မင်းကြီးမ စိဉ္စမာဏအလောင်း မိကျောင်းမ ဇနီးမောင်နှံတို့လည်း ရှိကြ၏။ မယားဖြစ်သူ မိကျောင်းမက လင်ဖြစ်သူ မိကျောင်းဖိုအား မျောက်၏ နှလုံးသားကို စားလိုသည့် ချင်ခြင်းသည် ဖြစ်ပေါ်နေကြောင်း မစားရက သေရတော့မည် ဖြစ်ကြောင်း တင်ပြ ပြောဆိုလာ၏။ ဥပါယ်တံမျဉ်ဖြင့် မျောက်၏ နှလုံးသားကို စား ရအောင် ကြံဆောင်ပေးမည့်အကြောင်း ဝန်ခံကတိစကား ပြောကြားကာ နှစ်သိမ့်စေပြီးနောက် ဘုရားအလောင်း မျောက်သည် ဂင်္ဂါမြစ်၌ ရေကို သောက်၍ ဂင်္ဂါမြစ်ကမ်းနား၌ နေသောကာလ၌ ဘုရားအလောင်း၏ အထံသို့ သွား၍ ---

အဆွေတော် မျောက်မင်း ...ဤအရပ်၌ ငှက်ပျောသီးတို့ကို စားလျက် ကျက်စားမြဲ အရပ်၌သာလျှင် သင်သည် အဘယ်ကြောင့် ကျက်စားဘိသနည်း၊ ဂင်္ဂါ၏ တစ်ဘက်ကမ်း၌ သရက် ပိန္နဲ အစရှိကုန်သော ချိုမြိန် ကောင်းမြတ်ကုန်သော သစ်သီးကြီးငယ်တို့၏ အဆုံးအပိုင်းအခြားကား မရှိ၊ အလွန် ပေါများလှ၏၊ သင်သည် ထို ဂင်္ဂါတစ်ဘက်သို့ သွား၍ သစ်သီးကြီးငယ်တို့ကို စားအံ့သောငှာ မသင့်လေသလောဟု ဆို၏။

မိကျောင်းမင်း ...ဂင်္ဂါမြစ်သည် ရေများလှ၏၊ အပြောကျယ်၏၊ နက်လည်းနက်၏၊ထို ဂင်္ဂါ၏ တစ်ဘက် ကမ်းသို့ အသို့ သွားနိုင်အံ့နည်း --- ဟု မျောက်က ဆို၏။ --- မျောက်မင်း ...သင်သည် အကယ်၍ သွားလိုသည် ဖြစ်အံ့၊ ငါသည် သင့်ကို ငါ၏ ကျောက်ကုန်းထက်၌ တင်ဆောင်၍ ထိုမှာဘက်ကမ်းသို့ ဆောင်ကြဉ်းပေအံ့ -ဟု မိကျောင်းက ဆိုပြန်၏။ ဘုရားအလောင်းသည် ယုံကြည်၍ ကောင်းပြီဟု ဝန်ခံ၏၊ ထိုသို့ဖြစ်လျှင် လာလော့၊ ငါ၏ ကျောက်ကုန်းထက်သို့ တက်လော့ဟု မိကျောင်းက ဆိုသည်ရှိသော် မျောက်မင်းသည် တက်လေ၏။ မိကျောင်းသည် အတန်ငယ် ဆောင်ယူသွား၍ မျောက်ကို ရေ၌ နှစ်လေ၏။

ဘုရားအလောင်းသည် အဆွေ သင်သည် ငါ့ကို ရေ၌ မွန်းစေ၏၊ ထိုသို့ ရေ၌ နစ်မွန်းစေခြင်းသည် အကြောင်းအသို့နည်းဟု ဆို၏။ မျောက်မင်း ငါသည် သင့်ကို ကောင်းသောသဘောရှိသည်၏ အဖြစ်ဖြင့် ယူ၍ မသွား၊ စင်စစ်ကား သင်၏ နှလုံးသား၌ ငါ၏ မယားအား ချင်ခြင်းသည် ဖြစ်၏။ ငါ၏ မယားကို ငါသည် သင် ၏ နှလုံးသားကို စားစေလို၏၊ ထိုကြောင့် သင့်ကို ယူ၍ သွား၏ --- ဟု မိကျောင်းက ပြောဆိုပြန်၏။

အဆွေတော် မိကျောင်း စကားပြောဆိုခြင်းဖြင့် ကောင်းမွန် မှန်ကန်သည်ကို ပြုဘိ၏။ ငါတို့၏ ရင်ထဲ၌ နှလုံးသားသည် အကယ်၍ ရှိသည် ဖြစ်ငြားအံ့၊ သစ်ပင်ဖျားတို့၌ ပြေးသွားလတ်သည်ရှိသော် မုန့်မုန့်ညက်ညက် ကြေသည်ဖြစ်ရာ၏ --- ဟု ဘုရားလောင်းက ဆိုပြန်၏။ မျောက်မင်း သင်တို့သည် သင်တို့၏ နှလုံးသားကို အဘယ်အရပ်၌ ထားလေကုန်သနည်းဟု မေးလတ်သည်ရှိသော် ဘုရားအလောင်းတော်က --- အနီး၌ မြင်တွေ့ ရသော အသီးမှည့်အခိုင်တို့နှင့် ပြည့်စုံသော ရေသဖန်း တစ်ပင်ကို ညွှန်ပြလျက် ရှုကြည့်ပေတော့ ...ငါတို့၏ နှလုံးသားတို့ကို ထိုရေသဖန်းပင်၌ပင်လျှင် ဆွဲထားအပ်ကုန်၏။ဟု ဆို၏။

မျောက်မင်း ...အကယ်၍ သင်သည် ငါ့အား နှလုံးသားကို ပေးလတ္တံ့၊ ငါသည် သင့်ကို မသတ်ပါဟု မိကျောင်းက ဆို၏။ ထိုသို့ဖြစ်လျှင် ငါ့ကို ထိုရေသဖန်းပင်ရှိရာ အရပ်သို့ သယ်ဆောင်လေလော၊ ငါသည် သင့် အား ရေသဖန်းပင်၌ ချိတ်ဆွဲထားအပ်သော နှလုံးသားကို ပေးပါအံ့ဟု ဘုရားလောင်းမျောက်က ဆိုလေ၏။

ထိုမိကျောင်းသည် ထိုဘုရားလောင်းမျောက်ကို သယ်ဆောင်၍ ထိုရေသဖန်းပင် ရှိရာ အရပ်သို့ သွားလေ၏။ ဘုရားလောင်းမျောက်သည်လည်း မိကျောင်း၏ ကျောက်ကုန်းမှ ခုန်တက်၍ ရေသဖန်းပင်ထက်သို့ တက်သွား လေ၏။ (ဇာတက၊ဋ္ဌ၊၂၊၁၄၅-၁၄၆။)

ဤဝတ္ထု၌ ဘုရားအလောင်းတော် မျောက်မင်း၏ နှလုံးသားကို စားလိုသည်ဟု ချင်ခြင်းတပ်နေသူမှာလည်း မယ်မင်းကြီးမ စိဉ္စမာဏပင် ဖြစ်၏။ သံသရာတစ်လျှောက်၌ ဘုရားအလောင်းအပေါ်၌ မှောက်မှားလိုသော စိတ်ဓာတ်များကား စိဉ္စမာဏ၏ သန္တာန်ဝယ် အကြိမ်ကြိမ် ကိန်းဝပ်ခဲ့ဖူး၏။ ဘုရားအပေါ်၌ အလောဘဓာတ်ကို မကိန်းဝပ်စေခဲ့ပေ။

တဿ မန္ဒော အလောဘော လောဘံ ပရိယာဒါတုံ န သက္ကောတိ။ (အဘိ၊ဋ္ဌ၊၁၊၃၀၈။)

= အားကောင်းနေသော လောဘဓာတ်ကို အားနွဲ့နေသော အလောဘဓာတ်က အနိုင်ယူဖို့ရန် မစွမ်းနိုင် ဖြစ်နေ၏။ ထိုလောဘကို မထိန်းချုပ်နိုင်သဖြင့် စိဉ္စမာဏသည်ယနေ့ ငရဲ၌ မွေ့လျော် စံပျော်နေရရှာလေသည်။

ထုလ္လနန္ဒာ ဘိက္ခုနီမ၏ လောဘ

ထုလ္လနန္ဒာ ဘိက္ခုနီမ၏ လောဘ

အရှင်ဥပနန္ဒကို အကြောင်းပြု၍ သိက္ခာပုဒ်များစွာကို ပညတ်တော်မူရသကဲ့သို့ အလားတူပင် ထုလ္လနန္ဒာ ဘိက္ခုနီမကို အကြောင်းပြု၍ ပညတ်တော်မူရသော သိက္ခာပုဒ်တို့မှာလည်း များစွာပင် ရှိပေသည်။ ထိုသိက္ခာပုဒ် များစွာထဲက သိက္ခာပုဒ် တစ်ခုမှာ ထုလ္လနန္ဒာ ဘိက္ခုနီမ၏ လောဘကြီးမှုနှင့် ပတ်သက်၍ ပညတ်တော်မူရသည့် လသုဏသိက္ခာပုဒ်ပင် ဖြစ်၏။

တစ်ချိန် ဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတဝန်ရွှေကျောင်း၌ ကိန်းအောင်းမွေ့လျော် နေစံပျော် တော်မူခိုက်ဝယ် ဒါယကာတစ်ဦးက ဘိက္ခုနီသံဃာကို ကြက်သွန်ဖြူဖြင့် ဖိတ်ကြားထား၏။ အရှင်မတို့ အလိုရှိ သလောက် လှူဒါန်းပါရစေဟု ပန်ကြား လျှောက်ထားထား၏။ လယ်စောင့်ယောက်ျားကိုလည်း --- အကယ်၍ ဘိက္ခုနီမတို့ လာခဲ့သော် ဘိက္ခုနီမ တစ်ပါး တစ်ပါးအား ကြက်သွန်ဖြူ နှစ်ထုပ် သုံးထုပ် လှူဒါန်းလိုက်ပါ --- ဟု မှာကြားထား၏။

တစ်ချိန် သာဝတ္ထိ၌ ပွဲလမ်းသဘင်တစ်ခု ရှိနေ၏၊ ထိုဒါယကာ၏ လယ်တောမှ သယ်ဆောင်ယူလာသမျှ ကြက်သွန်ဖြူ အားလုံးကုန်သွား၏။ ဘိက္ခူနီမတို့ကလည်း ထိုဒါယကာထံသို့ ချဉ်းကပ်၍ ကြက်သွန်ဖြူကို အလိုရှိ ကြောင်း တောင်းခံလာကြ၏။ ထိုဒါယကာကလည်း ကြက်သွန်ဖြူများ မရှိတော့ကြောင်း ကုန်သွားကြောင်းကို လျှောက်ထားကာ လယ်တောသို့ သွားရောက် အလှူခံယူရန် ဆက်လက် လျှောက်ထားလိုက်၏။

ထုလ္လနန္ဒာ ဘိက္ခုနီမသည် လယ်တောသို့ သွားကာ အတိုင်းအရှည်ပမာဏကို မသိဘဲ အများကြီး ဆောင်ယူ စေ၏။ လယ်စောင့်ယောက်ျားကို အစထား၍ လူအပေါင်းတို့က ကဲ့ရဲ့ရှုတ်ချစကား အပြစ်တင်စကား ပြောကြား ကြ၏။ ဘုရားရှင်၏ ရွှေနားတော်အထိ ပေါက်ရောက်သွား၏။ ထိုအခါ ဘုရားရှင်က ထုလ္လနန္ဒာ ဘိက္ခုနီမအား ကဲ့ရဲ့ပြစ်တင်စကားကို မိန့်ကြားတော်မူပြီးနောက် ထုလ္လနန္ဒာ၏ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ဟောကြား တော်မူ၏။

ရဟန်းတို့ ...ထုလ္လနန္ဒာ ဘိက္ခုနီမသည် ရှေးတုန်းက ဖြစ်ခဲ့ဖူးသည်ကား --- မထင်ရှားသော ပုဏ္ဏား တစ်ဦး၏ မယား ဖြစ်ခဲ့ဖူး၏။ နန္ဒာ နန္ဒဝတီ သုန္ဒရီနန္ဒာဟု သမီးသုံးယောက် ရှိ၏။ ရဟန်းတို့ ...ထိုအခါ ထို ပုဏ္ဏားကြီးသည် ကွယ်လွန်ပြီးနောက် မထင်ရှားသော ဟင်္သာမျိုး၌ ဖြစ်လေ၏။ ထိုဟင်္သာဝယ် အားလုံးသော အတောင်တို့သည် ရွှေဖြင့်ပြီးသော အတောင်တို့သာ ဖြစ်ကြ၏၊ ထိုဟင်္သာသည် ထိုလူဘဝက ဇနီးမယားနှင့် သမီးတို့အား တစ်နေ့လျှင် ရွှေဖြင့်ပြီးသော ဟင်္သာတောင် တစ်ခုတစ်ခုကို ပေး၏။ ရဟန်းတို့ ...ထိုအခါ၌ ထုလ္လနန္ဒာသည် --- ဤဟင်္သာသည် ငါတို့အား ရွှေတောင် တစ်ခုတစ်ခုကိုသာ နေ့စဉ်ပေး၏ဟု အားမရ၍ ထိုဟင်္သာကို ဖမ်းယူ၍ အတောင်အားလုံးကို နှုတ်ယူလိုက်၏။ ထိုဟင်္သာ၏ သန္တာန်ဝယ် နောက်ထပ် ပေါက်လာ သော အတောင်တို့သည် အားလုံး အဖြူချည်းသက်သက် ပြီးစီးဖြစ်ပေါ်လာကုန်၏။

ရဟန်းတို့ ...ထိုဘဝတုန်းကလည်း ထုလ္လနန္ဒာဘိက္ခုနီမသည် အလွန် လောဘကြီးသောကြောင့် ရွှေမှ ဆုတ်ယုတ် ပျက်စီးခဲ့ရဖူး၏၊ ယခုအခါ၌ ကြက်သွန်ဖြူမှ ဆုတ်ယုတ် ပျက်စီးရပေလတ္တံ့။

ယံ လဒ္ဓံ တေန တုဋ္ဌဗ္ဗံ၊ အတိလောဘော ဟိ ပါပကော။

ဟံသရာဇံ ဂဟေတွာန၊ သုဝဏ္ဏာ ပရိဟာယထ။ (လသုဏသိက္ခာပုဒ်)

အကြင်ဝတ္ထုကို ရရှိ၏၊ ထိုဝတ္ထုဖြင့် နှစ်သက် ကျေနပ်သင့်၏။ အလွန် လောဘကြီးသူကား ယုတ်မာသူ သာတည်း။ ဟင်္သာမင်းကို ဖမ်းယူ၍ အတောင်တို့ကို အကုန်နှုတ်ယူမိသောကြောင့် ရွှေမှ ဆုတ်ယုတ် ပျက်စီးခဲ့ရ၏။ (ဝိ၊၂၊၃၃၉-၃၄၀။)

ရသတဏှာ၏ စွမ်းအား

ရသတဏှာ၏ စွမ်းအား

ဘုရားရှင်သည် ရာဇဂြိုဟ်မြို့ကို အမှီပြု၍ ဝေဠုဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူစဉ် စည်းစိမ်များစွာ ကြွယ်ဝချမ်းသာသော သူဌေးကြီး တစ်ဦး၏ တစ်ဦးတည်းသောသား ဖြစ်သော တိဿသတို့သား သည် ဝေဠုဝန်ကျောင်းတိုက်တော်သို့သွားကာ ဘုရားရှင်၏ တရားတော်ကို နာယူရလေသော် ရှင်ရဟန်းပြုလိုသော စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့၏၊ မိဘတို့ထံဝယ် ခွင့်ပန်သော်လည်း ရှင်ရဟန်းပြုခွင့် မရသဖြင့် ရဋ္ဌပါလ အမျိုးကောင်းသားကဲ့သို့ပင် (၇)ရက်တိုင်တိုင် အစာငတ်ခံ၍ ဆန္ဒပြပါမှ မိဘတို့က ရှင်ရဟန်းပြုဖို့ရန် ခွင့်ပြုကြ လေသည်။

ဘုရားရှင်ထံ၌ ရှင်ရဟန်းပြုတော်မူ၏။ ဘုရားရှင်သည် ထိုတိဿကို ရှင်ရဟန်း ပြုပေးစေပြီးနောက် လဝက် ခန့်မျှ ဝေဠုဝန်ကျောင်းတိုက်တော်၌ သီတင်းသုံးတော်မူပြီးလျှင် ဇေတဝန်ကျောင်းတိုက်တော်သို့ ကြွချီတော် မူလေသည်။ ထိုအမျိုးကောင်းသား တိဿရဟန်းတော်သည် ဓုတင် (၁၃)ပါးတို့ကို ကောင်းစွာ ဆောက်တည်၍ သာဝတ္ထိမြို့တွင်း၌ အိမ်စဉ်အတိုင်း ဆွမ်းခံကြွခြင်း သပဒါနဓုတင်ကို ဆောက်တည်ကာ ဆွမ်းအလို့ငှာ လှည့်လည် တော်မူလျက် အချိန်ကို ကုန်လွန်စေခဲ့၏။ စူဠပိဏ္ဍပါတိကတိဿမထေရ်ဟူသော အမည်ဖြင့် ကောင်းကင်ပြင်၌ လပြည့်ဝန်းကဲ့သို့ ဗုဒ္ဓသာသနာတော်၌ ထင်ရှား ကျော်ကြားတော်မူလေသည်။

ထိုအချိန်အခါ၌ ရာဇဂြိုဟ်မြို့၌ နက္ခတ်ပွဲသဘင်တစ်ခု ဆင်ယင်ကျင်းပလတ်သော် စူဠပိဏ္ဍပါတိကတိဿ မထေရ်၏ မိဘတို့သည် သားဖြစ်သူ လူဘဝက ဝတ်ဆင်ခဲ့သော လက်ဝတ်တန်ဆာဟူသမျှတို့ကို ရတနာလင်ပန်း တစ်ခု၌ ထည့်ကာ ရင်ခွင်၌ ပိုက်လျက် အခြားသော နက္ခတ်ပွဲသဘင်တို့၌ နက္ခတ်ပွဲသဘင် ကစားလတ်ကုန်သော် ငါတို့၏ သားသည် ဤတန်ဆာအမျိုးမျိုးဖြင့် တန်ဆာဆင်ကာ နက္ခတ်ပွဲသဘင်ကို ကစားခဲ့၏၊ ရဟန်းဂေါတမသည် ငါတို့၏ ထိုတစ်ဦးတည်းသောသားကို ခေါ်ဆောင်၍ သာဝတ္ထိမြို့သို့ ကြွတော်မူ၏၊ ထိုသားသည် ယခုအခါ၌ အဘယ်နေရာ၌ နေထိုင်လေသနည်း၊ အဘယ်နေရာ၌ ရပ်တည်နေလေသနည်း --- ဤသို့စသည် ပြောဆို၍ ငိုကြွေး မြည်တမ်းနေကြ၏။

ထိုအခါ ရုပ်ရည် အတော်အသင့် ပြည့်စုံသော ပြည့်တန်ဆာမတစ်ဦးသည် ထိုအိမ်သို့ သွားကာ သူဌေးကတော်ကြီးထံသို့ ချဉ်းကပ်လျက် ငိုကြွေးရခြင်း အကြောင်းရင်းကို ထောက်လှမ်းလိုက်သောအခါ အကျိုးအကြောင်း အစုံအလင်ကို ကုန်စင်အောင် သိရှိသဖြင့် ထိုပြည့်တန်ဆာမက ထိုသူဌေးကတော်ကြီးအား --- ဤအိမ်၌ ရှိသော စည်းစိမ်ဥစ္စာ အားလုံးကို ရှင်တို့က ကျွန်တော်မအား ပေးကြပါကုန်မူ ကျွန်တော်မသည် အရှင်တို့၏ သားကို ခေါ်ဆောင်ပေးပါမည် --- ဟု ပြောဆိုလေ၏။

သူဌေးကတော်ကြီးကလည်း ကောင်းပြီဟု ဝန်ခံကာ ရိက္ခာအားလုံး လုံလောက်အောင် ပေးလိုက်၍ များ စွာသော အခြွေအရံ ပရိသတ်နှင့်တကွ ထိုပြည့်တန်ဆာမကို --- သွားချေ, မိမိ၏ စွမ်းအားဖြင့် ငါ့သားကို အပါ ခေါ်ဆောင်ခဲ့ချေ --- ဟု အခေါ်လွှတ်လိုက်၏။

ထိုအမျိုးသမီးသည် ဖုံးအုပ်ထားသော ယာဉ်အတွင်းက ထိုင်ကာ သာဝတ္ထိသို့ အရောက်သွားကာ စူဠပိဏ္ဍပါတိကတိဿမထေရ် ဆွမ်းခံကြွရာလမ်း၌ အိမ်တစ်လုံးကိုယူ၍ (မိဘ) သူဌေးအိမ်မှ လိုက်ပါလာသူတို့ကို မထေရ် မမြင်အောင် ထား၍ မိမိ၏ အခြွေအရံတို့ဖြင့်သာ ခြံရံလျက် ဆွမ်းခံဝင်လာသော တိဿမထေရ်အား မွန်မြတ်သော ယာဂု မွန်မြတ်သောဆွမ်းဟူသော ရသတဏှာဖြင့် စတင်၍ နှောင်ဖွဲ့လေ၏။

(ထိုကဲ့သို့ မလွေးရသည်မှာ ကြာပြီ ဖြစ်သော တိဿကိုယ်တော်မြတ်သည်လည်း ထိုလမ်းသို့ ဆွမ်းခံ မကြွရ မနေနိုင်သဖြင့် နေ့စဉ်ပင် ထိုလမ်းသို့ ကြွတော်မူ၏။) တဖြည်းဖြည်း ရပ်ကိုယ်တော် အဆင့်မှ ထိုင်ကိုယ်တော် အဆင့်သို့ ရောက်အောင် သွေးဆောင် ဖြားယောင်းကာ အိမ်တွင်းသို့ ပင့်ဆောင်၍ ဆွမ်းလှူပြန်၏။ တိဿကိုယ်တော်မြတ်ကလည်း ရသတဏှာဖြင့် နှောင်ဖွဲ့မိနေသဖြင့် အသာတကြည်ပင် ကြည်ဖြူစွာ ထိုင်ကိုယ်တော်အဖြစ်သို့ ကူးပြောင်းလိုက်၏။ ထိုအမျိုးသမီးကလည်း တိဿကိုယ်တော်မြတ်၏ မိမိ၏ အလိုသို့ လိုက်လျောနိုင်လောက်သည့် သဘောကို သိရှိသောအခါ ဖျားနာသည့် လူနာယောင်ဆောင်၍ အိပ်ခန်းတွင်း၌ အိပ်နေလေ၏။

တိဿမထေရ်မြတ်သည်လည်း ဆွမ်းခံချိန်၌ အိမ်စဉ်အတိုင်း ဆွမ်းခံကြွလာတော်မူလတ်သော် အိမ်တံခါးသို့ ဆိုက်ရောက်တော်မူလာ၏၊ ဆွမ်းဖြင့် ပြုစုလုပ်ကျွေးနေသူတို့သည် မထေရ်၏သပိတ်ကို လှမ်းယူ၍ မထေရ်ကို အိမ်တွင်း၌ နေထိုင်စေ၏။ မထေရ်မြတ်လည်း ဥပါသိကာမကို မမြင်သဖြင့် ထိုင်လျှင်ထိုင်မိခြင်း --- ဥပါသိကာမ သည် အဘယ်မှာနည်းဟု မေးမြန်းတော်မူ၏။ အရှင်ဘုရား ...ဥပါသိကာမသည် ဖျားနာနေပါသည်၊ အရှင်ဘုရားကို ဖူးတွေ့လိုနေပါသည်ဘုရားဟု အိမ်ဖော်တို့က လျှောက်ထားကြ၏။

ထိုစူဠပိဏ္ဍပါတိကတိဿမထေရ်သည် ရသတဏှာဖြင့် အနှောင်အဖွဲ့ခံနေရသည် ဖြစ်၍ မိမိ၏ ဆောက် တည်ထားသော ဓုတင်ကျင့်ဝတ် ပဋိပတ်ကို ဖျက်ဆီးလျက် ထိုဥပါသိကာမ၏ လဲလျောင်းရာ အိပ်ခန်းတွင်းသို့ တစ်ပါးချင်း ဝင်ရောက်တော်မူလေ၏။ ထိုဥပါသိကာမသည် မိမိ၏ လာခဲ့ရင်း အကြောင်းစစ်ကို ပြောင်းလှစ် လျှောက်ထားကာ ထိုမထေရ်ကို အမျိုးသမီးတို့၏ ပရိယာယ်မာယာဖြင့် ဖြားယောင်း သွေးဆောင်လေလတ်သော် ရသတဏှာ အစိုဓာတ်ဖြင့် ရစ်ပတ်နှောင်ဖွဲ့မှုကို ခံနေရသော ကိုယ်တော်ချော၏ သန္တာန်၌ လူထွက်လိုသော စိတ်အစဉ်တို့သည် မြစ်ရေအယဉ်ကဲ့သို့ တသွင်သွင် စီးဆင်းလာတော့၏။ အနုသယဓာတ်အဖြစ် ကိန်းဝပ်လျက် ရှိသော တဏှာ လောဘ ကာမောဃ ရေယဉ်ကြောကြီးသည် ထကြွလာလေတော့၏၊ ထိုအခါ ထိုဥပါသိကာမက ရွှေကိုယ်တော်ကို လူဝတ်လဲခိုင်းပြီးနောက် မိမိ၏ အလိုဆန္ဒ၌ ရပ်တည်စေ၍ ယာဉ်ထက်၌ ထိုင်နေစေကာ များစွာ သော အခြံအရံနှင့် တကွ ရာဇဂြိုဟ်မြို့သို့သာလျှင် ပြန်လည် ခေါ်ဆောင်သွားလေသည်။ သူဌေးသမီးပုံအသွင် ဖန်ဆင်းထားသော ပြည့်တန်ဆာမတစ်ယောက်၏ နောက်သို့ ကောက်ကောက်ပါအောင် လိုက်ပါသွားလေ၏။ ထိုသတင်းကား သာသနာရေးလောကတွင် အလွန် ထင်ရှားသွားပေသည်။ ထိုအခါ ဘုရားရှင်ကလည်း ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင် ရသတဏှာဖြင့် နှောင်ဖွဲ့ခံရသည် ဖြစ်၍ ထိုအမျိုးသမီး၏ အလိုသို့ လိုက်ပါ ခဲ့ရသည် မဟုတ်သေး၊ ရှေးယခင် အတိတ်ဘဝတုန်းကလည်း ထိုအမျိုးသမီး၏ အလိုသို့ လိုက်ပါခဲ့ဖူးသည်သာ လျှင်တည်း ဟု မိန့်မြွက်တော်မူပြီးလျှင် ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ဆောင်တော်မူလေသည်။

ပျားလူးမြက်

ပျားလူးမြက်

လွန်လေပြီးသော အတိတ်ဘဝတစ်ခုဝယ် ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းအား သဉ္ဇယ (= သိဉ္ဇည်း) မည်တွင်သော ဥယျာဉ်စောင့်တစ်ဦး ရှိခဲ့လေသည်။ ထိုအခါ၌ လေကဲ့သို့ လျင်မြန်သောအဟုန်ဖြင့် ပြေးသွားနိုင် သောကြောင့် ဝါတမိဂ အမည်တွင်သည့် သမင်တစ်ကောင်သည် ထိုမင်းဥယျာဉ်သို့ လာလတ်သော် သဉ္ဇယကို မြင်၍ ထွက်ပြေးလေ၏။ သဉ္ဇယ ဥယျာဉ်မှူးကလည်း ထိုလေသမင် = ဝါတမိဂကို ခြိမ်းခြောက်၍ မောင်းမထုတ် လိုက်ပေ။ ထိုသမင်သည် အဖန်ဖန် လာ၍ ဥယျာဉ်တော်၌သာလျှင် ကျက်စားနေ၏။ ဥယျာဉ်မှူးကလည်း အထူးထူး အပြားပြားသော အပွင့်အသီးတို့ကို ဆွတ်ခူးလျက် နေ့တိုင်းနေ့တိုင်း ဘုရင်မင်းမြတ်အား ဆက်သရ၏၊ ထိုအခါ ထိုဥယျာဉ်မှူးကို တစ်နေ့တွင် ဗာရာဏသီဘုရင်က -- အချင်း ဥယျာဉ်မှူး ...ဥယျာဉ်တော်၌ တစ်စုံတစ်ခုသော အံ့ဩဖွယ်ကို တွေ့မြင်ပါသလားဟု မေးကြည့်၏။ အရှင်မင်းမြတ် အခြားတစ်စုံတစ်ရာကိုတော့ မမြင်ရပါ၊ သို့သော် ဝါတမိဂ အမည်ရသော လေသမင်တစ်ကောင်သည် လာရောက်၍ ဥယျာဉ်တော်အတွင်း၌ ကျက်စားနေပါ၏၊ ထိုသမင်ကိုကား တွေ့မြင်နေရပါ၏ဟု သံတော်ဦးတင်လေ၏။ ထိုလေသမင်ကို ဖမ်းယူခြင်းငှာ စွမ်းနိုင်ပါမည် လောဟု ဘုရင်မင်းမြတ်ကြီးက မေးမြန်းတော်မူသောအခါ --- အရှင်မင်းကြီး ...ပျားရည် အနည်းငယ်ကို ရခဲ့ပါမူ နန်းတော်တွင်းသို့ တိုင်အောင်သော်လည်း ထိုသမင်ကို ဆောင်ကြဉ်းခြင်းငှာ စွမ်းနိုင်လေရာပါ၏ --- ဟု သံတော်ဦးတင်လေ၏။ ဗာရာဏသီဘုရင်ကလည်း ဥယျာဉ်မှူး အလိုရှိသလောက် ပျားရည်များကို ပေးသနား တော်မူလိုက်၏။ ထိုသဉ္ဇယသည် ထိုပျားရည်ကို သယ်ဆောင်၍ ဥယျာဉ်တော်သို့သွားကာ ဝါတမိဂ လေသမင်၏ ကျက်စားရာ နေရာ၌ တည်ရှိကြသော မြက်တို့ကို ပျားရည်ဖြင့် လိမ်းကျံပြီးနောက် တစ်နေရာတွင် ပုန်းအောင်း လျက် စောင့်ဆိုင်း ကြည့်ရှုနေလေ၏။ ဝါတမိဂသမင်သည် လာလတ်၍ ပျားလူးမြက်တို့ကို စားလေသော် ရသ တဏှာဖြင့် နှောင်ဖွဲ့ခံရသည် ဖြစ်၍ အခြားအရပ်တစ်ပါးသို့ မသွားမူ၍ ဥယျာဉ်တော်သို့သာလျှင် သွားလေ၏။ ဥယျာဉ်မှူးကလည်း ထိုသမင်၏ ပျားလူးမြက်တို့အပေါ်၌ လောလုပ္ပတဏှာဖြင့် မခွဲရက် မခွာနိုင်အောင် စွဲမက် လာသည်ကို သိရှိရသောအခါ တဖြည်းဖြည်း မိမိကို သမင်မြင်အောင် ကိုယ်ယောင်ပြပေးလိုက်၏။ ထိုဝါတမိဂ သမင်သည် ထိုဥယျာဉ်မှူးကို မြင်သောအခါ နှစ်ရက် သုံးရက်ခန့်လောက်တော့ ထွက်ပြေးသေး၏။ သို့သော် ခဏခဏ တွေ့ရဖန် များလာသောအခါ၌ ထွက်မပြေးတော့ဘဲ ဥယျာဉ်မှူးနှင့် တစ်စတစ်စ ချစ်ကျွမ်းဝင်ခြင်းသို့ ရောက်ရှိသွား၏။ တဖြည်းဖြည်း ဥယျာဉ်မှူး၏ လက်ပေါ်၌ တင်ထားသော ပျားလူးမြက်တို့ကိုပင် စားဖို့ရန် ကြိုးစားအားထုတ်လေတော့၏။

ထိုဥယျာဉ်မှူးသည် ထိုဝါတမိဂသမင်၏ ချစ်ကျွမ်းဝင်လာမှုသဘောကို ကောင်းကောင်းကြီး မြင်သိလာသော အခါ ဥယျာဉ်တော်မှသည် မင်းနန်းတော်သို့တိုင်အောင် လမ်းဘေးနှစ်ဘက်တို့၌ နှီး ဖျာတို့ဖြင့် ဝန်းရံကာလျက် ထိုထိုနေရာ၌ သစ်ကိုင်း အခက်အလက်တို့ကို ချထားလျက် ပျားရည်ဘူးကို ပခုံးထက်၌ လွယ်ကာ မြက်စည်း တစ်စည်းကို ပွေ့ပိုက်လျက် ပျားလူးမြက်တို့ကို သမင်၏ ေ့ရှမှ ေ့ရှမှ ကြဲဖြန့်ကာ မင်းနန်းတော်တွင်းသို့တိုင်အောင်ပင် ခေါ်ဆောင်သွားလေ၏။ နန်းတွင်းသို့ ဝါတမိဂသမင် ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် တံခါးကို ပိတ်လိုက်ကြကုန်၏။ ဝါတမိဂသမင်သည် လူတို့ကို မြင်တွေ့ရသောအခါ မင်းရင်ပြင်တော် အတွင်း၌ ဟိုဟိုဒီဒီ လှည့်ပတ်၍ ပြေးနေ လေ၏။ ဗာရာဏသီဘုရင်သည် ပြာသာဒ်ထက်မှ သက်ဆင်းခဲ့၍ တုန်တုန်ရီရီ ကြောက်လန့်နေသော ထိုဝါတမိဂ သမင်ကို မြင်တွေ့လေသော် ---

ဝါတမိဂသမင်မည်သည် လူကို တစ်ကြိမ်မြင်ဖူးက ထိုလူကို မြင်ရုံမြင်မိရာ အရပ်သို့ (၇)ရက်တိုင်တိုင် ဘယ်တော့မှ မလာပေ၊ ကြောက်လန့်၍ ပြေးဖူးသော နေရာသို့ကား အသက်ထက်ဆုံး ဘယ်တော့မှ မလာပေ။ ဤသို့သဘောရှိသည် စင်စစ်ဖြစ်သော တောအုပ်ကြီးအတွင်း၌သာ မှီတင်းနေထိုင်လေ့ရှိသော ထိုဝါတမိဂသမင် သည် ရသတဏှာဖြင့် အနှောင်အဖွဲ့ခံရသည် ဖြစ်၍ ယခုအခါ၌ ဤသို့သဘောရှိသော မင်းရင်ပြင်တော်အရပ်သို့ တိုင်အောင် ရောက်ရှိလာခဲ့၏၊ အချင်းတို့ ...လောက၌ ရသတဏှာထက် သာလွန် ယုတ်မာသောအရာမည်သည် စင်စစ် မရှိသည်သာတည်း --- ဟု ဤသို့ ပြောဆိုပြီးနောက် အောက်ပါ ဂါထာ တရားဒေသနာ တစ်ပုဒ်ကို ဟောကြားတော်မူလေသည် ---

န ကိရတ္ထိ ရသေဟိ ပါပိယော၊ အာဝါသေဟိ ဝ သန္ထဝေဟိ ဝါ။

ဝါတမိဂံ ဂဟနနိဿိတံ၊ ဝသမာနေသိ ရသေဟိ သဉ္ဇယော။

အမြဲနေထိုင်ရာ အရပ်တို့၌ ဇနီးမယား သမီးသား စသူတို့နှင့် အမြဲယှဉ်တွဲလျက် နေထိုင်ရမှုကို လိုလားတပ်မက်မှု သမ္ဘောဂရသသည်လည်း ယုတ်မာ၏၊ ထိုသမ္ဘောဂရသထက်လည်း အဆအရာအထောင် အသိန်းမက ဇီဝိတိန္ဒြေဟု ခေါ်ဆိုသော အသက်ကိုသာ ထိန်းသိမ်းစောင့်ရှောက်လိုသော ဦးတည်ချက် မရှိဘဲ ရသတဏှာဖြင့် အစာအာဟာရကို မှီဝဲခြင်းသည်ကား သာလွန်၍ ယုတ်မာ၏။ ဝါတမိဂသမင်သည် တောအုပ်ကြီးအတွင်း၌ မှီတင်းနေထိုင်သော သားကောင်ပင် ဖြစ်လင့်ကစား ရသတဏှာဖြင့် အနှောင်အဖွဲ့ခံရသောကြောင့် သဉ္ဇယ ဥယျာဉ်မှူး၏ လက်တွင်းသို့ ကျဆင်း သက်ရောက်ရပေသည်။ လိုလားတပ်မက်ခြင်း ဆန္ဒရာဂဖြင့် ရသာရုံအမျိုးမျိုး တို့ကို မှီဝဲသုံးဆောင်ခြင်းထက် သာလွန်၍ ယုတ်မာသောအရာမည်သည် မရှိတော့ပေ။ --- ဟု တရားစကားကို ဟောကြားကာ ထိုဝါတမိဂသမင်ကို တောတွင်းသို့ပင် ပြန်ပို့စေလေ၏။

ဤဇာတ်ဝတ္ထု၌ ဝဏ္ဏဒါသီ အမည်ရသော ပြည့်တန်ဆာမမှာ ထိုအချိန်က သဉ္ဇယဥယျာဉ်မှူးပင် ဖြစ်ခဲ့၏။ ဝါတမိဂသမင်သည် စူဠပိဏ္ဍပါတိကတိဿမထေရ်ပင် ဖြစ်ခဲ့၏။ (ဇာတက၊ဋ္ဌ၊၁၊၁၇၂-၁၇၅။)

အသင်သူတော်ကောင်းသည်လည်း ပျားလူးမြက်ကို စားဖူးကောင်း စားဖူးပေလိမ့်မည်၊ ထိုပျားလူးမြက် ကြောင့် မခွဲရက် မခွာနိုင် ဖြစ်နေပုံကို သံဝေဂ ယူသင့်၏။

ဤရသတဏှာကြောင့်ပင် အရက်အမျိုးမျိုးကို သောက်ကြ၏၊ ဤရသတဏှာကြောင့်ပင် သတ္တဝါတို့၏ အသက်ကို သတ်ဖြတ်ခါ စားသောက်ကြ၏။ ဤရသတဏှာကိုပင် အကြောင်းခံ၍ ဒုစရိုက်အမျိုးမျိုးတို့ကို လွန်ကျူးမိတတ်ကြ၏။ ထိုအကုသိုလ်ကံတို့ကြောင့် ငရဲသို့ ရောက်ကြရပြန်၏၊ ထိုကြောင့် ရသတဏှာ၏ ဆိုးဝါးပုံကို အထက်ပါ ဇာတ်တော်၌ ဗာရာဏသီဘုရင် ဖြစ်သည့် ဘုရားအလောင်းတော်က မိန့်ဆိုခြင်း ဖြစ်ပေ၏။

ဒု-သ-န-သော ဟု အသိများသော သူဌေးသား လေးဦးတို့သည် ကာမဂုဏ် ရေယဉ်ကြောဝယ် တဏှာစုန် နစ်မျော၍ အပျော်ကြီး ပျော်ခဲ့ကြသဖြင့် ယနေ့ လောဟကုမီ႓ငရဲ၌ ခံနေရတုန်းပင် ရှိသေး၏။

အထက်တွင် တင်ပြထားသော စူဠပိဏ္ဍပါတိကတိဿမထေရ်ကား ဒါရုက္ခန္ဓောပမသုတ္တန်အရမူ နိဗ္ဗာန် တည်းဟူသော သမုဒ္ဒရာသို့ ညွတ်ကိုင်းရှိုင်းနေသည့် စီးဆင်းနေသည့် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတည်းဟူ သော ဂင်္ဂါမြစ်ရေယဉ်ကြော၌ မျောပါလာသော သစ်တုံးတစ်တုံးပင် ဖြစ်၏။ ရသာရုံတည်းဟူသော ထိုမှာဘက်ကမ်း သို့ ကပ်မိသည့်အတွက် လူဆယ်သွားသဖြင့် နိဗ္ဗာန်ဆိုသည့် မဟာသမုဒ္ဒရာသို့ မရောက်ရှိသွားခြင်းပင် ဖြစ်၏။ ပျားလူးမြက်၏ အစွမ်းထက်မြက်ပုံကို သတိပြုသင့်လှပေသည်။

ကုသိုလ်အကူအညီ ရလျှင် အပါယ်မချနိုင်ပုံ

ကုသိုလ်အကူအညီ ရလျှင် အပါယ်မချနိုင်ပုံ

တစ်ယောက်နှင့် တစ်ယောက် ချစ်ခင်မြတ်နိုးမှု တဏှာပေမတရား ထင်ရှားဖြစ်နေကြသော်လည်း ကုသိုလ် ကောင်းမှု အကူအညီကို ရလျှင် ထိုတဏှာပေမက အပါယ်သို့ ပစ်ချနိုင်လောက်အောင် စွမ်းအင် အားမကောင်း တော့ချေ။ ဥပမာ -- ကျောက်ခဲသည် သူချည်းသက်သက်ဆိုလျှင် ရေထဲ၌ ပစ်ချလိုက်က နစ်မြုပ်သွားနိုင်သော် လည်း လှေ၏ အကူအညီကိုရလျှင် ရေထဲ၌ မနစ်မြုပ်တော့ဘဲ လှေ၏ အလိုကျ လှေပေါ်မှာ ပါရသကဲ့သို့တည်း။ ထိုကြောင့် ဇာတ်နိပါတ်တို့၌ တဏှာပေမ မကင်းသူချင်း ရင်းနှီးစွာ အကျိုးပေးလျက် ပါရမီဖြည့်ဖက်များ ဖြစ်ကြ သည်ကို များစွာပင် တွေ့နိုင်ပေသည်။ ရှေးဦးစွာ သုမေဓာရှင်ရသေ့နှင့် သုမိတ္တာအမျိုးသမီးတို့၏ ထုံးကိုပင် ကြည့်ပါ။

သုမေဓာ ရှင်ရသေ့

သုမေဓာ ရှင်ရသေ့

လွန်ခဲ့သော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်က သုမေဓာပညာရှိသူတော်ကောင်းသည် မြတ်သော ပြာသာဒ်ထက်သို့ တက်၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေလျက် ဤသို့ စဉ်းစားခဲ့၏။ ---

ပညာရှိသူတော်ကောင်း ...တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ တည်နေရခြင်း မည်သည်ကား ဆင်းရဲလှ၏။ အလားတူပင် ဖြစ်လေရာ ဖြစ်လေရာ ဘုံဘဝ၌ ခန္ဓာကိုယ်၏ သေကျေ ပျက်စီးရခြင်းသည်လည်း ဆင်းရဲလှ၏။ ငါသည်လည်း ပဋိသန္ဓေ တည်နေခြင်း ဇာတိသဘောတရား ထင်ရှားရှိနေသူသာ ဖြစ်၏၊ အိုခြင်း ဇရာတရား ထင်ရှားရှိနေသူသာ ဖြစ်၏၊ ဖျားနာရခြင်း ဗျာဓိတရား ထင်ရှားရှိနေသူသာ ဖြစ်၏။ သေခြင်း မရဏတရား ထင် ရှားရှိနေသူသာ ဖြစ်၏။ ဤသို့ ပဋိသန္ဓေ အို နာ သေ ဘေးဆိုးကြီးတို့ ထင်ရှားရှိနေသေးသော ငါသည် ပဋိသန္ဓေ မနေရာ မအိုရာ မနာရာ ဆင်းရဲမရှိရာ ချမ်းသာရာ အေးမြရာ မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီးကို ရှာမှီးခြင်းငှာ သင့်လှပေ၏၊ မချွတ်ဧကန် အမှန်အားဖြင့် ဘဝမှ လွတ်မြောက်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း တစ်ခုသော လမ်းကောင်းသည် ရှိသင့်လေရာ၏။

ဥပမာမည်သည်ကား --- မစင်တွင်း၌ နစ်မြုပ်နေသော ယောက်ျားသည် ခပ်လှမ်းလှမ်း၌ အရောင် ငါးမျိုး ရှိသော ပဒုမ္မာကြာပန်းတို့ဖြင့် ဖုံးလွှမ်းလျက် ရှိသော တစ်ဘက်ဆည်ကန်အိုင်ကြီး တစ်ခုကို မြင်တွေ့နေရပါလျှင် အဘယ်လမ်းခရီးဖြင့် ဤအိုင်ကြီးသို့ သွားရပါမည်နည်း --- ဟု ထိုအိုင်ကြီးသို့ သွားရာလမ်းကို ရှာဖွေသင့်၏။ ထိုယောက်ျား၏ ထိုအိုင်ကြီးသို့ သွားရာလမ်းကို မရှာဖွေခြင်းသည် ထိုအိုင်ကြီး၏ အပြစ်ကား မဟုတ်။ ထိုယောက်ျား ၏ အပြစ်သာ ဖြစ်လေရာ၏။ ဤဥပမာအတူပင်လျှင် ကိလေသာ အညစ်အကြေးတို့ကို ဖြူစင်သန့်ရှင်းအောင် ဆေးကြောသုတ်သင်ရာ ဖြစ်သော မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီးတည်းဟူသော တစ်ဘက်ဆည် ကန်အိုင်ကြီးသည် ထင်ရှားရှိနေသည် ဖြစ်ပါလျက် ထိုမသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီးသို့ သွားကြောင်း ဖြစ်သည့် လမ်းကောင်းကြီးကို မရှာဖွေခြင်းသည် မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီးတည်းဟူသော တစ်ဘက်ဆည်ကန်အိုင်ကြီး၏ အပြစ်ကား မဟုတ်ပေ။

ဥပမာတစ်မျိုးသော်ကား --- ခိုးသားဓားပြတို့ဖြင့် ဝန်းရံခံနေရသော ယောက်ျားသည် ထွက်ပြေးဖို့ရန် လမ်းပေါက်သည် ထင်ရှားရှိနေသည် ဖြစ်ပါလျက် အကယ်၍ မပြေးခဲ့ငြားအံ့၊ ထိုသို့ မပြေးခြင်းသည် လမ်းခရီး၏ အပြစ်ကား မဟုတ်ပေ၊ ယောက်ျား၏ အပြစ်သာလျှင် ဖြစ်ပေသည်။ ဤဥပမာအတူပင်လျှင် ကိလေသာတို့က ဝန်းရံလျက် အဖမ်းခံနေရသော ယောက်ျားသည် ကိလေသာတို့မှ လွတ်မြောက်ရာ အေးမြလှပေသော နိဗ္ဗာန်သို့ သွားရာလမ်းကြောင်းကြီးသည် ထင်ရှားရှိနေသည် ဖြစ်ပါလျက် နိဗ္ဗာန်သို့ သွားရာလမ်းကို မရှာဖွေခြင်းမည်သည် နိဗ္ဗာန်သို့ သွားရာလမ်း၏ အပြစ်ကား မဟုတ်၊ နိဗ္ဗာန်သို့သွားရာ လမ်းကို မရှာဖွေသူ၏ အပြစ်သာ ဖြစ်ပေသည်။ ဥပမာတစ်မျိုးသော်ကား --- ဖျားနာခြင်း ဗျာဓိတရားဖြင့် အနှိပ်စက်ခံနေရသော ယောက်ျားသည် ဖျားနာခြင်း ဗျာဓိတရားကို ကုစားတတ်သော အနာရောဂါ ပျောက်ကြောင်း ဆေးဆရာကောင်းသည် ထင်ရှားရှိနေပါလျက် ထိုဆေးဆရာကို ရှာမှီး၍ ဖျားနာခြင်း ဗျာဓိရောဂါကို အကယ်၍ မကုစားသည် ဖြစ်အံ့၊ ထိုသို့ မကုစားခြင်းသည် ဆေးဆရာ၏ အပြစ်ကား မဟုတ်၊ ထိုယောက်ျား၏ အပြစ်သာလျှင် ဖြစ်ပေသည်။ ဤဥပမာအတူပင်လျှင် ကိလေသာတည်းဟူသော အနာရောဂါဖြင့် အညှဉ်းပန်း အနှိပ်စက်ခံနေရသော အကြင်ယောက်ျားသည် ကိလေသာ တို့၏ ငြိမ်းအေးကြောင်း အကျင့်လမ်းကောင်း၌ ကျွမ်းကျင်လိမ္မာသော ဆရာသမားသည် ထင်ရှားရှိနေပါလျက် အကယ်၍ ဆရာသမားကို မရှာဖွေသည် ဖြစ်အံ့၊ ထိုယောက်ျား၏သာလျှင် အပြစ်ဖြစ်လေရာ၏၊ ကိလေသာကို ဖျက်ဆီးပေးတတ်သော လမ်းကောင်းကို ညွှန်ကြားပြသ ဆိုဆုံးမတတ်သော ဆရာသမား၏ အပြစ်ကား မဟုတ် သည်သာတည်း။

ဥပမာတစ်မျိုးသော်ကား --- လှလှပပ တန်ဆာဆင်ထားသော ယောက်ျားသည် လည်ပင်း၌ ဆွဲထားသော သူသေကောင်ပုပ်ကို စွန့်ပစ်နိုင်ခဲ့သော် ချမ်းသာခြင်း သုခရှိသူ၏ အဖြစ်သို့ ရောက်ရှိလေရာ၏။ ဤဥပမာအတူပင် ငါသည်လည်းပဲ ဤ ငါ၏ခန္ဓာကိုယ်တည်းဟူသော အပုပ်ကောင်ကြီးကို စွန့်ပစ်၍ ငဲ့ကွက်တွယ်တာမှု မရှိဘဲ နိဗ္ဗာန်တည်းဟူသော ရွှေမြို့တော်ကြီးသို့ ဝင်ရောက်ထိုက်လှပေ၏။

ဥပမာတစ်မျိုးသော်ကား --- အမျိုးသား အမျိုးသမီးတို့သည် မစင်စွန့်ရာ အရပ်၌ ကျင်ကြီးကျင်ငယ်ကို စွန့်ပြီးနောက် ထိုကျင်ကြီးကျင်ငယ်ကို ခါးပုံစထဲ၌ ထည့်ယူ၍လည်းကောင်း, ပုဆိုးစွန်းဖြင့် ထုတ်ယူ၍လည်းကောင်း မသွားကြကုန်၊ ရွံရှာစက်ဆုပ်ကြကုန်လျက် ငဲ့ကွက်တွယ်တာမှု မရှိကြကုန်ဘဲသာလျှင် စွန့်ပစ်၍ သွားကြ ကုန်၏။ ဤဥပမာအတူပင်လျှင် ငါသည်လည်းပဲ ဤခန္ဓာကိုယ် အပုပ်ကောင်ကြီးကို ငဲ့ကွက်တွယ်တာမှု မရှိဘဲ စွန့်ပစ်ထားခဲ့၍ မသေရာ အမြိုက်နိဗ္ဗာန်မြို့ကြီး အတွင်းသို့ ဝင်ရောက်သင့်လှပေ၏။

ဥပမာတစ်မျိုးသော်ကား --- လှေသူကြီး မည်သူတို့သည် ယိုယွင်း ဆွေးမြည့်လျက်ရှိသော လှေအိုကြီးကို ငဲ့ကွက်တွယ်တာမှု မရှိဘဲ စွန့်ပစ်၍ သွားကြကုန်သကဲ့သို့ ဤဥပမာအတူ ငါသည်လည်းပဲ ကိုးပေါက်ဒွါရ အမာဝတို့မှ တစီစီယိုကျလျက်ရှိသော လှေအိုကြီးနှင့် တူသော ဤကိုယ်ကောင်ကြီးကို စွန့်ပစ်၍ ငဲ့ကွက်တွယ်တာမှုမရှိဘဲ နိဗ္ဗာန်တည်းဟူသော မြို့ကြီး၏ အတွင်းသို့ ဝင်ရောက်၍ သွားပေအံ့။

ဥပမာတစ်မျိုးသော်ကား --- ရတနာအမျိုးမျိုးတို့ကို ယူဆောင်၍ ခိုးသားဓားပြတို့နှင့် အတူတကွ လမ်းခရီး တစ်ခုကို သွားမိသော ယောက်ျားသည် မိမိ၏ ရတနာအမျိုးမျိုးတို့၏ ပျက်စီးဆုံးရှုံးမည့် ဘေးမှ ကြောက်သော ကြောင့် ထိုခိုးသားဓားပြတို့ကို စွန့်ပစ်၍ ဘေးကင်းသောလမ်းကို ယူ၍ သွားသကဲ့သို့ ဤဥပမာအတူ ကရဇကာယ အမည်ရသော ဤရူပကာယကြီးသည်လည်း ရတနာအမျိုးမျိုးကို လုယက် ဖျက်ဆီးတတ်သော ခိုးသားဓားပြနှင့် တူလှ၏။ ငါသည် အကယ်၍ ခိုးသားဓားပြနှင့် တူသော ဤခန္ဓာအိမ်ကြီး၌ တွယ်တာမက်မောမှု တဏှာတရားကို ထင်ရှားပြုနေသည် ဖြစ်အံ့၊ နိဗ္ဗာန်သို့သွားရာ လမ်းကြောင်း ဖြစ်သည့် အရိယမဂ်ကုသိုလ် တရားရတနာကြီးသည် ငါ၏သန္တာန်၌ ပျောက်ပျက်၍ သွားပေလတ္တံ့၊ ထိုကြောင့် ငါသည် ခိုးသားဓားပြနှင့် တူသော ဤရူပကာယ ခန္ဓာ ကိုယ်ကြီးကို စွန့်ပစ်ထားခဲ့၍ နိဗ္ဗာန်တည်းဟူသော မြို့ကြီးအတွင်းသို့ ဝင်ရောက်ခြင်းငှာ သင့်တော်တော့သည် သာတည်း။

ဤသို့လျှင် သုမေဓာရှင်ရသေ့သည် ဥပမာ အမျိုးမျိုးတို့ဖြင့် နေက္ခမ္မဓာတ်နှင့် ဆက်စပ်နေသော အနက် သဘောကို စဉ်းစားဆင်ခြင်တော်မူ၍ မိမိနေအိမ် အတွင်း၌ အတိုင်းအတာ ပမာဏ မရှိသော စည်းစိမ်ဥစ္စာစုကို စွန့်လွှတ်ခဲ့၍ ကြီးစွာသော အလှူဒါနကို ပြု၍ ဝတ္ထုကာမ ကိလေသာကာမတို့ကို ပယ်ရှား၍ အမရဝတီ မည်သော နေပြည်တော်မှ ထွက်ခွာခဲ့၍ တစ်ဦးထီးတည်းပင် ဟိမဝန္တာအရပ်၌ ဓမ္မိက မည်သော တောင်ကို အမှီပြု၍ သင်္ခမ်းကျောင်း ဆောက်လုပ်ကာ ထိုနေရာ၌ သစ်ရွက်မိုး ကျောင်းကိုလည်းကောင်း, စင်္ကြံကိုလည်းကောင်း ဖန်ဆင်း၍ စျာန်အဘိညာဏ်တို့ကို ကြိုးစားအားထုတ်တော်မူရာ သမာပတ် (၈)ပါး လောကီအဘိညာဏ် (၅)ပါးတို့ကို ရရှိတော်မူလေသည်။ (ဇာတက၊ဋ္ဌ၊၁၊၃-၇။)

တစ်ချိန် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်နှင့် သံဃာတော် (၄)သိန်းတို့ ကြွတော်မူမည့် လမ်းပေါ် ဝယ် ရွှံ့ညွန်အထက်၌ မိမိကိုယ်ကို တံတားအသွင်ထားလျက် အလျားမှောက်လျက်သာလျှင် မျက်လုံးတို့ကို ဖွင့်လျက် ဒီပင်္ကရာဘုရားရှင်၏ ဗုဒ္ဓအသရေတော်ကို ကောင်းစွာ ဖူးမြော်ရသောအခါ ဤသို့ စဉ်းစားတော်မူ၏ ---

အကယ်၍ ငါသည် အလိုရှိငြားအံ့၊ အလုံးစုံသော ကိလေသာတို့ကို လောင်ကျွမ်းအောင် ရှို့မြိုက်၍ ဒီပင်္ကရာဘုရားရှင်၏ အငယ်ဆုံးသော တပည့်သာဝက သံဃာငယ် တစ်ပါး ဖြစ်ရ၍ ရမ္မမြို့တွင်းသို့ ကြွဝင်ရပေအံ့၊ မထင်ရှားသော အသွင်ဖြင့် ငါ့အား ကိလေသာတို့ကို လောင်ကျွမ်း ရှို့မြိုက်စေ၍ နိဗ္ဗာန်သို့ သွားရောက်ခြင်း ကိစ္စသည် မရှိ ဖြစ်ခဲ့၏၊ ကိုယ်တော်အား (၁၀)ပါး, ဉာဏ်တော်အား (၁၀)ပါးတို့နှင့် ပြည့်စုံတော်မူသော ဒီပင်္ကရာ ဘုရားရှင်ကဲ့သို့ အသာဆုံး အမြတ်ဆုံး ဖြစ်သည့် သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်သို့ ရောက်ရှိ၍ တရားဓမ္မစက် တည်းဟူသော လှေထက်သို့ တက်ရောက်၍ လူများအပေါင်းကို သံသာရသမုဒ္ဒရာထဲမှ ထုတ်ဆောင် ကယ်တင်၍ နောက်မှ ပရိနိဗ္ဗာန်စံတော်မူရသော် ကောင်းလေစွ၊ ဤသို့ သဗ္ဗညုတဉာဏ် သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကို ရရှိအောင် ပြုခြင်းသည်သာလျှင် ငါ့အား သင့်တင့်လျောက်ပတ် ကောင်းမြတ်လှပေ၏။ (ဇာတက၊ဋ္ဌ၊၁၊၁၇။)

ဤအထက်ပါ သုမေဓာရှင်ရသေ့၏ စဉ်းစားခန်း၌ မွန်မြတ်သော အလွန့်အလွန် အဆင့်အတန်း မြင့်မားလှ သော ကုသိုလ်ဆန္ဒတော်များကား ကိန်းဝပ်လျက်ပင် ရှိနေ၏။ ထိုကုသိုလ်ဆန္ဒတော်များ၏ လှုံ့ဆော်မှုကြောင့် သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကြီးကို ဆုထူးပန်ထွာတော်မူလေ၏။ ဒီပင်္ကရာဘုရားရှင်ကလည်း နောင်လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်းထက်၌ ဂေါတမ အမည်ရှိသော ဘုရားရှင် ဖြစ်တော်မူမည့် အကြောင်းကို နိယတဗျာဒိတ်စကား များကို မိန့်ကြားတော်မူလျက် ရှိ၏။

ဤကုသိုလ်ဆန္ဒတော်တို့၏ နောက်ဆွယ်တွင်လည်းကောင်း, လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း မတိုင်မီမှ စ၍ နိယတဗျာဒိတ် ရပြီးနောက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ဖြည့်ကျင့် ဆည်းပူးတော်မူ အပ်သော ပါရမီတော်မြတ်အပေါင်းတို့၏ နောက်ဆွယ်၌လည်းကောင်း သဗ္ဗညုတဉာဏ် သမ္မာသမ္ဗောဓိဉာဏ်တော် မြတ်ကြီးကို ရရှိနိုင်သည့် ဘဝကို တွယ်တာတပ်မက်မှု တဏှာလောဘတရားကား အဝိဇ္ဇာနှင့် တွဲလျက် ကပ်ပါနေ ပေ၏။ ထိုတဏှာလောဘမှာ သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို ရကြောင်း ပါရမီ အဆောက်အဦအပေါင်းတို့ကို ဖြည့်ကျင့်ဆည်းပူးနိုင်သည့် ဘဝကို ရစေ ရောက်စေနိုင်သည့် စွမ်းအားမျှသာ ရှိ၏၊ အပါယ်သို့ ပစ်ချနိုင်လောက် အောင် အားကောင်းသော တဏှာလောဘကား မဟုတ်ပေ။

သုမိတ္တာအမျိုးကောင်းသမီး၏ လောဘ

သုမိတ္တာအမျိုးကောင်းသမီး၏ လောဘ

သုမိတ္တာအမျိုးကောင်းသမီးကလည်း ဒီပင်္ကရာဘုရားရှင်၏ ခြေတော်ရင်းတွင်ပင် ဝပ်စင်း၍ သုမေဓာ ရှင်ရသေ့၏ သဗ္ဗညုတဉာဏ် = သမ္မာသမ္ဗောဓိဉာဏ် ရရှိရေးအတွက် ကူညီ၍ ပါရမီဖြည့်ရလိုကြောင်း ဆုတောင်း ပန်ထွာခဲ့၏။ သုမေဓာရှင်ရသေ့၏ မြောက်သားတော် ဖြစ်လိုသော မြောက်သားတော်ဘဝကို တွယ်တာတပ်မက် သော တဏှာလောဘတရားသည် သုမိတ္တာအမျိုးကောင်းသမီး = ယသောဓရာ ထေရီမ၏ အလောင်းလျာသန္တာန်၌ ထင်ရှားရှိခဲ့သည် မှန်သော်လည်း ထိုကဲ့သို့သော တဏှာလောဘကား အပါယ်သို့ ပစ်ချနိုင်လောက်အောင် အားမကောင်းပေ။ သုမေဓာရှင်ရသေ့၏ ပါရမီဆယ်ပါး အပြားသုံးဆယ် စွန့်ခြင်းကြီးငါးရပ် စရိယသုံးသွယ် စသည့် သဗ္ဗညုတဉာဏ်တော် သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကို ရရာရကြောင်း ပါရမီအဆောက်အဦ တရားအပေါင်း တို့ကို ကူညီ၍ ဖြည့်ဆည်းပူးပေးလိုသော ကုသိုလ်ဆန္ဒတော်များ၏ အထောက်အကူ အကြောင်းတရားမျှသာ ဖြစ်ပေသည်။

ယသောဓရာထေရီအပါဒါန် အရမူ -- ယင်းမြောက်သားတော်ဘဝကို ဆုတောင်းပန်ထွာတော်မူခဲ့သည်မှာ ဒီပင်္ကရာဘုရားရှင်၏ ေ့ရှတော်မှောက်သို့ ရောက်ရှိသောအခါမှ စတင်၍ ဆုတောင်းခဲ့သည်ကား မဟုတ်၊ ဒီပင်္ကရာ ဘုရားရှင် မပွင့်မီ ပွင့်သွားတော်မူပြီးကြသော ဘုရားရှင် သိန်းပေါင်းများစွာတို့ထံ၌လည်း ဆုတောင်းပန်ထွာခဲ့ ကြောင်း လာရှိပေသည်။ ထိုသို့ ပါရမီ ဖြည့်ကျင့်စဉ် ဘဝများစွာတွင် --- အလောင်းတော်၏ သမ္မာသမ္ဗောဓိဉာဏ် သဗ္ဗညုတဉာဏ် ရရှိရေးအတွက် ---

၁။ အသက်ကို စွန့်လွှတ် လှူဒါန်းခဲ့ရသော ဘဝတွေလည်း များစွာ ရှိခဲ့၏။

၂။ မျက်လုံးအစုံကို ထုတ်၍ လှူဒါန်းခဲ့ရသော ဘဝတွေလည်း များစွာပင် ရှိခဲ့၏။

၃။ ကိုယ်အင်္ဂါကြီးငယ် အသွယ်သွယ်တို့ကို စွန့်လွှတ် လှူဒါန်းခဲ့ရသော ဘဝတွေလည်း များစွာပင် ရှိခဲ့၏။

၄။ သားငယ်သမီးငယ်တို့ကို စွန့်လွှတ် လှူဒါန်းခဲ့သော ဘဝတွေလည်း များစွာပင် ရှိခဲ့၏။

၅။ မိမိကိုယ်တိုင်က အလိုအာသာဆန္ဒ မရှိပါဘဲလျက် အလောင်းတော်၏ အလိုဆန္ဒအတိုင်း သူတစ်ပါးတို့အား သားမယားအဖြစ် စွန့်လွှတ် လှူဒါန်းလိုက်သဖြင့် သူတစ်ပါး၏ သားမယားဘဝသို့ ရောက်ရှိသွားရသော ဘဝတွေလည်း များစွာပင် ရှိခဲ့၏။

၆။ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ကို စွန့်လွှတ် လှူဒါန်းခဲ့ရသည့် ဘဝတွေလည်း များစွာပင် ရှိခဲ့၏။

၇။ သီလပါရမီ နေက္ခမ္မပါရမီ စသော အခြားအခြားသော ပါရမီတော်တို့ကို ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့သော ဘဝတွေလည်း များစွာပင် ရှိခဲ့၏။ (အပဒါနပါဠိ၊၂၊၂၆၇။)

သို့အတွက် မြောက်သားတော်ဘဝကို တွန်းအားပေးနေသော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့သည် အထက်ပါ ကုသိုလ်သင်္ခါရ အမျိုးမျိုးတို့ကို ဖြစ်ပေါ်လာအောင် တွန်းအားပေးနေသော အခြေခံ အကြောင်းရင်း တစ်ရပ်သာ ဖြစ်ပေသည်။ အလောင်းတော်သုမေဓာ၏ သမ္မာသမ္ဗောဓိဉာဏ် သဗ္ဗညုတဉာဏ် ရရှိရေးအတွက် ကူညီ၍ ပါရမီ ဖြည့်ပေးနိုင်သော ပါရမီတရားအပေါင်းကို ပြည့်ဝစုံလင်စေသော အခြေခံ အကြောင်းရင်း တစ်ရပ်မျှသာ ဖြစ်ပေ သည်။ သို့အတွက် အသင်သူတော်ကောင်းသည် ဘုရားရှင်ကို မိမိ၏ ဖခင်အဖြစ် သတ်မှတ်နိုင်လျှင် ယသောဓရာ ထေရီကိုလည်း မိခင်အဖြစ် သတ်မှတ်သင့်လှပေသည်။ အလောင်းတော်မြတ်၏ သဗ္ဗညုတဉာဏ် သမ္မာသမ္ဗောဓိ ဉာဏ် ရရှိရေးအတွက် သူ့ကျေးဇူးတွေကား များလှပေသည်။ လူသာမန်အမျိုးသမီးတို့ ပြုနိုင်ခဲသော အရာများ ကို မကြောက်မရွံ့ ရဲဝံ့စွာ ပြုစွမ်းနိုင်သူ တစ်ဦးပင် ဖြစ်ပေသည်။

အလားတူပင် အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလ္လာန်, အရှင်မဟာကဿပ, အရှင်အနုရုဒ္ဓါ, အရှင် အာနန္ဒာ, အရှင်ရာဟုလာ, ခေမာထေရီ, ဥပ္ပလဝဏ်ထေရီ စသော သူတော်ကောင်းကြီးတို့သည်လည်း အလောင်းတော်၏ ပါရမီကို မိမိတို့ဆိုင်ရာ ကဏ္ဍ အသီးအသီးမှ ပါဝင်၍ ကူညီဖြည့်ခဲ့သူများပင် ဖြစ်ကြ၏။ ထိုကဲ့သို့ ပါရမီဖြည့် ဆည်းပူးပေးနိုင်သည့် ဘဝမျိုးကိုလည်း လိုလား တပ်မက်ခဲ့ကြ၏။ သို့သော် ယင်းကဲ့သို့သော ဘဝတဏှာမှာ မိမိ မိမိတို့ မျှော်မှန်းထားသည့် အဂ္ဂသာဝကဗောဓိဉာဏ်, မဟာသာဝကဗောဓိဉာဏ်, ပကတိသာဝက ဗောဓိဉာဏ်တို့ကို ရရှိဖို့ရန် အခြေခံ အကြောင်းရင်း တစ်ရပ်မျှသာ ဖြစ်ရပေသည်။ ပုညာဘိသင်္ခါရ အာနေဉ္ဇာဘိ သင်္ခါရ အမည်ရသော ပါရမီ အဆောက်အဦတို့၏ အကြောင်းရင်း တစ်ခုမျှသာ ဖြစ်ပေသည်။

အရှင်မဟာကဿပအလောင်း သူတော်ကောင်းနှင့် မယ်ဘဒ္ဒါအလောင်း အမျိုးကောင်းသမီးတို့သည်လည်း ပဒုမုတ္တရဘုရားရှင်၏ သာသနာတော်မှသည် ဂေါတမဘုရားရှင်၏ သာသနာတော်သို့တိုင်အောင် ကမ္ဘာပေါင်း သိန်းနှင့်ချီ၍ ပါရမီကို အတူဖြည့်ခဲ့သူများ ဖြစ်ကြ၏။ အရှင်မဟာကဿပ၏ ဓုတင် (၁၃)ပါးကို ဆောင်သည့်အရာ တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းနိုင်သည့် မဟာသာဝကဗောဓိဉာဏ်ကို ရည်သန်၍ ပါရမီ ဖြည့်ကျင့်ခဲ့သူများ ဖြစ်ကြ၏။ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထုတ်ဆောင် ကယ်တင်နိုင်သည့် စွမ်းအား အပြည့်အဝ ရှိသော ဗောဓိဉာဏ်တော်မြတ်ကို ရရာရကြောင်း ရောက်ရာရောက်ကြောင်း ပါရမီတရားအပေါင်းတို့ကိုသာ အတူ စုဆောင်း ရှာဖွေလိုသော စိတ်ဓာတ်မျှသာ ဖြစ်ပေသည်။ ထိုထိုဘဝကို တွယ်တာမှု ထင်ရှားရှိသည် မှန်သော်လည်း ထိုဘဝတွယ်တာမှု တဏှာလောဘသည် ကုသိုလ်ဆန္ဒတော်၏ နောက်လိုက်သာ ဖြစ်ရပေသည်။ ယင်းကုသိုလ် ဆန္ဒဓာတ်တော်တို့၏ စွမ်းအား ပါရမီတော်တို့၏ စွမ်းအားကြောင့် တစ်ဦးကိုတစ်ဦး စွန့်လွှတ်နိုင်သည့် စွမ်းအား အလွန်ကြီးကျယ်သော သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ကို စွန့်လွှတ်နိုင်သော စွမ်းအားများလည်း တစ်ပါတည်း ကိန်းဝပ်လာပေသည်။ ထိုသို့ ကိန်းဝပ်လာသည့်အတွက် နောက်ဆုံးဘဝတွင် တစ်ဦးနှင့်တစ်ဦး ချစ်ကြည်နူးသော စိတ်ဓာတ်မျှ လုံးဝ မကိန်းခဲ့စဖူးပေ။

အရှင်မဟာကဿပအလောင်း ပိပ္ပလိလုလင်ကလည်း ရွှေအဆင်းကဲ့သို့ ဝါဝင်းသောအဆင်း ရှိသည့် အလွန် လှပတင့်တယ်သူ ချမ်းသာကြွယ်ဝသူ တစ်ဦး ဖြစ်ခဲ့၏။ မယ်ဘဒ္ဒါကလည်း (၁၂)တောင်တိုက်ခန်းဝယ် မီးမထွန်းဘဲ လင်းနေသည့် ကိုယ်ရောင်ကိုယ်ဝါ ရှိသူ အလွန် အဆင်းလှသူ အလွန် ချမ်းသာကြွယ်ဝသူတစ်ဦးပင် ဖြစ်ခဲ့၏။ မိဘတို့၏ စီမံဆောင်ရွက်ပေးမှုကြောင့် ဇနီးမောင်နှံဘဝသို့ ရောက်ရှိရသော်လည်း တစ်အိမ်တည်း၌ အတူပင် နေထိုင်ရသော်လည်း တစ်ဦးကိုတစ်ဦး ချစ်ကြည်နူးသောစိတ်ထားဖြင့် တစ်ကြိမ်တစ်ခါမျှ မကြည့်ခဲ့ဖူးသူများ ဖြစ်ကြ၏။

တစ်နေ့တွင် အလွန်ကြီးကျယ်သော သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ကို စွန့်လွှတ်ကာ ဘုရားရှင်တို့အား ရည်ညွှန်း၍ နှစ်ဦးသဘောတူ ရသေ့ရဟန်း ပြုကာ တောထွက်ခဲ့ကြ၏။ လမ်းခုလတ် တစ်နေရာတွင် လမ်းနှစ်ခွကို တွေ့သောအခါ တစ်ဦးနှင့်တစ်ဦး လမ်းခွဲရန် တူညီသော ဆန္ဒဖြင့် လမ်းခွဲသွားကြ၏။ ပိပ္ပလိလုလင်က လက်ျာ လမ်းသို့ မယ်ဘဒ္ဒါက လက်ဝဲလမ်းသို့ လိုက်ကာ လမ်းခွဲသွားကြ၏။ တစ်ဦးအပေါ်တစ်ဦး ငဲ့ကွက်မှု တွယ်တာမှု စိတ်ဓာတ်တုန်လှုပ်မှုကား လုံးဝမရှိ ဖြစ်ခဲ့၏။ ဤမဟာပထဝီမြေကြီးသည် စက္ကဝါဠဂိရိဟု ခေါ်ဆိုသော မြင်းမိုရ် တောင်ကြီးကိုပင် ဆောင်ထားခြင်းငှာ စွမ်းနိုင်သော်လည်း ထိုသူတော်ကောင်းကြီး နှစ်ဦးသားတို့၏ ဂုဏ်ကျေးဇူးကို ဆောင်ထားခြင်းငှာ မစွမ်းနိုင်သည့်အတွက် သွက်သွက်ခါအောင် တုန်လှုပ်ခဲ့လေသည်။ (အံ၊ဋ္ဌ၊၁၊၁၄၁။)

ဤဆိုခဲ့ပြီးသော သူတော်ကောင်းတို့ကား သူတော်ကောင်းဥစ္စာ (၇)ဖြာတို့နှင့် ပြည့်ဝစုံလင်သော သူတော်စင်ကြီးတို့သာ ဖြစ်ကြ၏။ သူတော်ကောင်းနှင့် အဆင့်ဆင့် ပေါင်းသင်းရလိုခြင်းမှာ တမင်တကာ ဆုတောင်းယူ ရသော ကုသိုလ်ဆန္ဒကောင်းပေတည်း။ ထိုအရှင်တို့သည် မိမိတို့ မျှော်မှန်းထားသည့် ဗောဓိဉာဏ် အသီးအသီးကို ရရှိစေနိုင်သည့် ပါရမီတရားအပေါင်းတို့ကို ဖြည့်ကျင့် ဆည်းပူးနေတော်မူကြသည့် သီလရှိသူများလည်း ဖြစ်ကြ၏။

ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ (အံ၊၃၊၇၁။)

သီလစင်ကြယ်နေသည့်အတွက်ကြောင့် သီလရှိသူမှာ တောင့်တတိုင်း ပြည့်စုံတတ်၏။ ကုသိုလ်သမ္မာဆန္ဒ ရှိလျှင်လည်း ဘယ်အရာမဆို ပြီးစီးနိုင်၏။

ထိုကြောင့် ထိုသူတော်ကောင်းတို့၌ တစ်ယောက်နှင့် တစ်ယောက် မကွဲကွာရအောင် တွယ်တာသော တဏှာပေမ ရှိကြမည် ဖြစ်သော်လည်း စွန့်လွှတ်နိုင်သည့် စွမ်းအားရှိသည့် ကြီးမားသော ကုသိုလ်ဆန္ဒတော်ကြောင့် အလောင်းလျာတို့၏ အလိုကျအောင် ပြုသမျှ ပါရမီကုသိုလ်ကံတို့က တွဲဖက်၍ စီမံကြသဖြင့် ဥမကွဲ သိုက်မကွာ ပါရမီဖြည့်ဖက်များ ဖြစ်ကြရ၍ စွန့်လွှတ်နိုင်သူတို့လည်း ဖြစ်ကြရပေသည်။

နကုလပိတာ နှင့် နကုလမာတာ

နကုလပိတာ နှင့် နကုလမာတာ

ဘုရားရှင်၏ လက်ထက်တော်အခါဝယ် ဘဂ္ဂတိုင်း သုသုမာရမြို့၌ နကုလပိတာဟု ထင်ရှားသော သူကြွယ် နှင့် နကုလမာတာဟု ခေါ်တွင်သော သူကြွယ်ကတော်တို့သည် ရှေးရှေး ဘဝများစွာကပင် မကွဲမကွာ ဖြစ်လာကြ၍ ယခုဘဝ၌ ဘုရားရှင်ကို ပထမဆုံး ဖူးမြင်ရသည့် အချိန်ကပင် သောတာပန် ဖြစ်ခဲ့ကြလေသည်။ ထိုဇနီးမောင်နှံ နှစ်ဦးလုံးပင် ဘဝပေါင်းများစွာက ဘုရားအလောင်းတော်၏ မိဘအဖြစ်, ဦးကြီး မိကြီး အဖြစ်, ဦးလေး ဒေါ်လေး အဖြစ်ဖြင့် အတူနေခဲ့ရသောကြောင့် ဘုရားရှင်ကို သားအသွင် ချစ်ခင်ကာ လွန်စွာအကျွမ်းဝင်လေရကား ဘုရားရှင် အား လျှောက်ထားလိုရာကို ချွင်းချက်မရှိ လျှောက်ထားလေ့ရှိကြပေသည်။ ထိုကြောင့် အခါတစ်ပါး၌ သူကြွယ်က ဤသို့ လျှောက်ထား၏။ ---

ယတော မေ ဘန္တေ နကုလမာတာ ဂဟပတာနီ ဒဟရေဿဝ ဒဟရာ အာနီတာ၊ နာဘိဇာနာမိ နကုလမာတရံ ဂဟပတာနိံ မနသာပိ အတိစရိတာ၊ ကုတော ပန ကာယေန။ ဣစ္ဆေယျာမ မယံ ဘန္တေ ဒိဋ္ဌေ စေဝ ဓမ္မေ အညမညံ ပဿိတုံ၊ အဘိသမ္ပရာယဉ္စ အညမညံ ပဿိတုံ။ (အံ၊၁၊၃၇၂။ အံ၊ဋ္ဌ၊၁၊၃၀၈။)

အရှင်ဘုရား ...တပည့်တော်သည် ငယ်ရွယ်စဉ်အခါကပင် ငယ်ရွယ်သူ နကုလမာတာ သူကြွယ်မကို ထိမ်းမြားလက်ထပ်လျက် ဆောင်ယူခဲ့ပါသည် မြတ်စွာဘုရား၊ သူ့ကို သိမ်းပိုက်ခဲ့သည်မှ စ၍ စိတ်မျှဖြင့်သော်လည်း နကုလမာတာ သူကြွယ်မကို လွန်ကျူး၍ အခြားသူတို့၌ ကျင့်မှားမိသည်ဟု တပည့်တော်သည် မသိခဲ့စဖူးပါ၊ ကိုယ်ဖြင့်မူကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်ပါအံ့နည်း။ အရှင်ဘုရား ...တပည့်တော်တို့သည် ယခုဘဝ ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏ဘုရား ...။

ဤကား နကုလပိတာ ဒါယကာကြီး၏ လျှောက်ထားချက် ဖြစ်၏၊ ထိုစကားကို နကုလမာတာ ဒါယိကာမကြီးက ကြားလျှင် အားကျမခံ သူ့စိတ်ရင်းအတိုင်း လျှောက်ထားပြန်သည်မှာ ---

ယတောဟံ ဘန္တေ နကုလပိတုနော ဂဟပတိဿ ဒဟရေဿဝ ဒဟရာ အာနီတာ၊ နာဘိဇာနာမိ နကုလပိတရံ ဂဟပတိံ မနသာပိ အတိစရိတာ၊ ကုတော ပန ကာယေန။ ဣစ္ဆေယျာမ မယံ ဘန္တေ ဒိဋ္ဌေ စေဝ ဓမ္မေ အညမညံ ပဿိတုံ၊ အဘိသမ္ပရာယဉ္စ အညမညံ ပဿိတုံ။ (အံ၊၁၊၃၇၂-၃၇၃။)

အရှင်ဘုရား ...နကုလပိတာသူကြွယ်သည် ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူ တပည့်တော်မကို ထိမ်းမြား လက်ထပ်လျက် ဆောင်ယူခဲ့ပါသည် မြတ်စွာဘုရား၊ တပည့်တော်မကို သူက သိမ်းပိုက်ခဲ့သည်မှ စ၍ စိတ်မျှဖြင့် သော်လည်း နကုလပိတာသူကြွယ်ကို လွန်ကျူး၍ အခြားသူတို့၌ ကျင့်မှားမိသည်ဟု တပည့်တော်မသည် မသိခဲ့ စဖူးပါ၊ ကိုယ်ဖြင့်မူကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်ပါအံ့နည်း။ အရှင်ဘုရား ...တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်လိုကြပါကုန်၏။ ဟု လျှောက်ထား၏။

ထိုအခါ ဘုရားရှင်က အောက်ပါ စကားတော်ကို မိန့်ကြားတော်မူ၏။

အာကင်္ခေယျုံ စေ ဂဟပတယော ဥဘော ဇာနိပတယော ဒိဋ္ဌေ စေဝ ဓမ္မေ အညမညံ ပဿိတုံ အဘိသမ္ပရာယဉ္စ အညမညံ ပဿိတုံ၊ ဥဘောဝ အဿု သမသဒ္ဓါ သမသီလာ သမစာဂါ သမပညာ၊ တေ ဒိဋ္ဌေဝ ဓမ္မေ အညမညံ ပဿန္တိ၊ အဘိသမ္ပရာယဉ္စ အညမညံ ပဿန္တိ။ (အံ၊၁၊၃၇၃။)

ဒါယကာတို့ ...ဇနီးမောင်နှံ နှစ်ဦးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရန်, တမလွန်ဘဝ ၌လည်း အချင်းချင်း ရှုမြင်ကြရန် အကယ်၍ အလိုရှိကုန်ငြားအံ့၊ ဇနီးမောင်နှံ နှစ်ဦးလုံးတို့သည် တူမျှသော သဒ္ဓါတရား ရှိကုန်ရာ၏၊ တူမျှသော ကိုယ်ကျင့်သီလ ရှိကုန်ရာ၏၊ တူမျှသော စွန့်ကြဲမှု စာဂတရား ရှိကုန်ရာ၏၊ တူမျှသော ပညာတရား ရှိကုန်ရာ၏။ (ဝိပဿနာပညာ မဂ်ပညာများကို အထူး ရည်ညွှန်းထားသည်။) ယင်းသို့ ဖြစ်သော် ထိုဇနီးမောင်နှံ နှစ်ဦးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်လတ္တံ့ --- ဟု မိန့်တော်မူ၏။

အိမ်ရှင်က သဒ္ဓါတရား ကောင်းသကဲ့သို့ အိမ်သူကလည်း သဒ္ဓါတရား ကောင်းရမည်။ အိမ်ရှင်က သီလစင် ကြယ်သကဲ့သို့ အိမ်သူကလည်း သီလစင်ကြယ်စေရမည်၊ တစ်ယောက်ယောက်က စွန့်ကြဲပေးကမ်း လှူဒါန်းလိုလျှင် တစ်ယောက်က မတားမြစ်ရ၊ မယ်ကလှူမူ မောင်ကြည်ဖြူ၍, မောင်ကလှူဒါန်း မယ်ရွှင်လန်းရမည်၊ အသိအလိမ္မာ ဉာဏ်ပညာချင်းလည်း အထူးသဖြင့် ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ချင်းလည်း အရာရာ တူညီစေရမည်ဟု ဆိုလိုရင်း ဖြစ်၏။ ဤအဓိပ္ပါယ်ကို ရည်ရွယ်၍ ပဉ္စာဝုဓပျို့၌ အောက်ပါအတိုင်း မိန့်ဆိုထားလေ၏။

လူ့မြေရပ်ခွင်၊ အိမ်ရှင်အိမ်သူ၊ မြတ်ရည်တူလျက်၊ ဆုယူညီမျှ၊ လှူဒါနနှင့်၊ သီလမယိုင်၊ သဒ္ဓါပြိုင်မူ၊ ဘုန်း- လှိုင် ကျော်ကြား၊ မိုးနတ်သားနှင့်၊ ဆွေဝါးအနီး၊ နတ်သမီးသို့၊ သောင်းချီးအံ့ရာ၊ စုမိရှာလျက်၊ သံသာနောင်လည်း ချစ်စည်းမပြေ၊ ရှည်ကြာလေ၏။ (ပဉ္စာဝုဓပျို့)

ဤဝတ္ထု၌ သောတာပန် ဖြစ်ပြီးသော ဇနီးမောင်နှံတို့၏ အပြန်အလှန် ချစ်ခင်ကြပုံကို စဉ်းစားကြည့်ပါ။ ထိုကဲ့သို့ လုံလုံလောက်လောက် ချစ်ခင်ကြသည့်အတွက် မိမိတို့ အချင်းချင်းမှ လွဲ၍ အခြားသူနှင့် ဖောက်ပြားမိဖို့ရန် စိတ်မျှဖြင့်သော်လည်း မကြံစည်မိကြလေ။ ထိုမျှလောက် သီလရှိရှိဖြင့် စိတ်ထားဖြူစင် မြင့်မြတ်ကြသဖြင့်လည်း တစ်ဦးအပေါ်တစ်ဦး ပိုမို၍ မြတ်နိုးကာ တစ်သံသရာလုံး၌ မခွဲမခွာလိုဘဲ အမြဲတွေ့မြင်လိုကြပေသည်။ ဤကဲ့သို့ တွေ့မြင်လိုကြရာ၌ လောဘ အရင်းခံသော ဆန္ဒပင် ဖြစ်လင့်ကစား ထိုသူတော်စင်တို့၏ တဏှာပေမ လောဘသည် သူတို့ချင်း မကွဲမကွာအောင် ချည်နှောင်ပြီးလျှင် ပြုပြုသမျှ ဒါန သီလ သမထ ဝိပဿနာ ဘာဝနာကုသိုလ်အပေါင်း က အရဟတ္တဖိုလ်တိုင်အောင်သော ကောင်းမြတ်ရာဘဝသို့ ရောက်အောင် ပို့ဆောင်ပေးကြလိမ့်မည်သာတည်း။

သို့သော် --- မစင်ဟူသမျှသည် အနည်းငယ်ပင် ဖြစ်ချင်ဖြစ်ပါစေ၊ ရွံရှာစက်ဆုပ်ဖွယ် သဘောသာ ဧကန် ရှိသကဲ့သို့ ဘဝဟူသမျှသည် အနည်းငယ်ပင် ဖြစ်ချင်ဖြစ်ပါစေ မည်သည့်ဘဝကိုမျှ ငါဘုရား မချီးမွမ်းပါ (အံ၊ ၁၊၃၆။) --- ဟု တစ်ဘက်ကလည်း ဘုရားရှင်သည် အသိဉာဏ် ပေးသနားထားတော်မူလေသည်။ အကြောင်းမူ ဘဝဟူသမျှသည် ယေဘုယျအားဖြင့် ဇာတိ ဇရာ ဗျာဓိ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ တည်းဟူသော ဒုက္ခတုံး ဒုက္ခအစုအပုံကြီးက အထွတ်တပ်လျက် ရှိသောကြောင့်ပင် ဖြစ်၏။

ဥပနိဿယပစ္စည်း၏ စွမ်းအင်

ဥပနိဿယပစ္စည်း၏ စွမ်းအင်

အကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ပကတူပနိဿယော --- ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ စျာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။ ပ ။ ရာဂေါ သဒ္ဓါယ၊ သီလဿ၊ သုတဿ၊ စာဂ- ဿ၊ ပညာယ ဥပနိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁၄၉။)

= အကုသိုလ်တရားသည် ကုသိုလ်တရားအား အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ဖြစ်ပေါ် လာအောင် ကျေးဇူးပြုပေး၏။

ပကတူပနိဿယ --- ရာဂကို အားကြီးသောမှီရာ ပြု၍ ဒါနကို ပေးလှူ၏၊ သီလကို ဆောက်တည်ကျင့်သုံး၏၊ ဥပုသ်ကံကို ကျင့်သုံး၏၊ စျာန်တရားကို ဖြစ်စေ၏၊ ဝိပဿနာဉာဏ်ကို ဖြစ်စေ၏၊ မဂ်ဉာဏ်ကို ဖြစ်စေ၏၊ အဘိညာဏ်ကို ဖြစ်စေ၏၊ သမာပတ်ကို ဖြစ်စေ၏။ ယင်းရာဂသည် သဒ္ဓါတရားအား သီလတရားအား သုတတရားအား (= နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်အား) စာဂတရားအား ပညာတရားအား (= ဝိပဿနာပညာ မဂ်ပညာ အဘိညာဏ်ပညာ သမာပတ္တိပညာအား) အားကြီးသောမှီရာ ဥပနိဿယယပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။ (ပဋ္ဌာန၊၁၊၁၄၉။)

အလားတူပင် ရာဂကိုပင် တရားကိုယ် ကောက်ယူရသော ဆုတောင်းပန်ထွာမှု ပတ္ထနာတရားကလည်း သဒ္ဓါ သီလ သုတ စာဂ ပညာ တရားအသီးအသီးအား အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ဖြစ်ပေါ် လာအောင် ကျေးဇူးပြုသည်သာ ဖြစ်ပေသည်။ (ပဋ္ဌာန၊၁၊၁၄၉။)

ထိုထိုဘုံဘဝ, ထိုထိုအာရုံ, ထိုထိုသတ္တဝါတို့အပေါ်၌ တွယ်တာမက်မောမှု ရာဂတရားကို အခြေတည်၍ အကြောင်းခံ၍ ဒါန သီလ ဥပေါသထ စျာန ဝိပဿနာ မဂ္ဂ အဘိညာ သမာပတ္တိတည်းဟူသော အလွန် အဆင့် အတန်း မြင့်မားလှသော ကုသိုလ်တရားတို့ကို ဆည်းပူး ရှာမှီးခဲ့သော် ဆည်းပူး ရှာမှီး၍ ရရှိခဲ့သော် ယင်းရာဂတရား က ယင်းပါရမီကုသိုလ် အလီလီအား အလွန်ကြီးမားသော စွမ်းအားဖြင့် = ဥပနိဿယပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာ အောင် ကျေးဇူးပြုပေး၏။ အထက်တွင် တင်ပြခဲ့သော သမ္မာသမ္ဗောဓိအလောင်းတော် အဂ္ဂသာဝက မဟာသာဝက ပကတိသာဝက အလောင်းတော်ကြီးများ၏ ပါရမီ ဖြည့်ကျင့်တော်မူသည့် ထုံးဟောင်းများကိုပင် သက်သေအရာ ထား၍ သဘောကျလေရာသည်။

သုမေဓာအလောင်းတော်မြတ်ကား သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကြီး ရနိုင်သည့်ဘဝကို ရည်သန် တောင့် တတော်မူခဲ့၏။ သုမိတ္တာအမျိုးကောင်းသမီးကား သုမေဓာရှင်ရသေ့၏ သဗ္ဗညုတဉာဏ် ရဖို့ရန်အကြောင်း ပါရမီ တရားအပေါင်းတို့ကို ကူညီ၍ ဖြည့်စွက်ပေးနိုင်သည့်ဘဝကို တွယ်တာမက်မောခဲ့ပြန်၏။ အရှင်သာရိပုတ္တရာ အလောင်း သူတော်ကောင်းက လက်ျာရံအဂ္ဂသာဝကဘဝ, အရှင်မဟာမောဂ္ဂလ္လာန်အလောင်း သူတော်ကောင်းက လက်ဝဲရံအဂ္ဂသာဝကဘဝ, အရှင်အာနန္ဒာအလောင်း သူတော်ကောင်းက ဘုရားရှင်အား ပြုစုလုပ်ကျွေးခွင့် ရနိုင် သည့်ဘဝ, အရှင်ရာဟုလာအလောင်း သူတော်ကောင်းကား ဘုရားရှင်၏ သားတော်ဘဝ --- ဤသို့စသည်ဖြင့် ထိုသူတော်ကောင်းတို့၏ သန္တာန်၌ ဖြစ်ပေါ်ခဲ့သော ရာဂသည် ထိုထိုဗောဓိဉာဏ်သို့ ရောက်ကြောင်း ပါရမီကုသိုလ် တရားအပေါင်းတို့ကို ဖြစ်ပေါ်လာဖို့ရန် အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလျက်ပင် ရှိပေသည်။ အမြတ်ဆုံးသော ကုသိုလ်တရားတို့ကို များစွာ အထောက်အကူ ပြုပေးသော ရာဂ တစ်မျိုးပင် ဖြစ် ပေသည်။

အင်္ဂပူ ဆရာတော်ဘုရားကြီး၏ မောရသုတ်အမွှန်း

အင်္ဂပူ ဆရာတော်ဘုရားကြီး၏ မောရသုတ်အမွှန်း

ဇာတကအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၉) စသည်တို့၌ လာရှိသည့်အတိုင်း ရာဂကျော့ကွင်း၏ သတ္တဝါတို့အား ညစ်နွမ်းဆင်းရဲအောင် ညှဉ်းပန်းနှိပ်စက်ပုံ အခြင်းအရာကို ပေါ်လွင်ထင်ရှားအောင် အလင်္ကာ ဂုဏ်မြောက်စွာဖြင့် ဖွဲ့သီ၍ထားတော်မူခဲ့သော မူလမဟာဒွါရနိကာယ ပဉ္စမသာသနာပိုင် အင်္ဂပူဆရာတော်ဘုရားကြီး၏ အင်္ဂပူ ကဗျာ့အမြုတေကျမ်း ပထမတွဲ၊ စာမျက်နှာ (၈-၂၀)တို့မှ ထုတ်နုတ်၍ ရေးသားတင်ပြအပ် ပါသည်။

နမော ဗုဒ္ဓဿ။

နမော ဗုဒ္ဓဿ။

၁။ မုနိပဝရ၊ အမတ သာကိန်၊ ရာဇိန္ဒာ ဘက်လွတ်၊ စက္ကဝတ်သျှောင်ပန်၊ ပြောင်အလျှံဝယ်၊ ခေါင်မှန်ရှိန်လျား၊ အချိန်များသော၊ စိန်ပတ္တမြားတို့ကဲ့သို့၊ ထိန်ကြွားကြွား ပုံသွင်ဝယ်၊ သိရ်ငွားငွား စုံလင်အောင်၊ ရှိန်မားမားဂုဏ်အင်နှင့်၊ ခုံတင်၍ ရှုမဝနိုင်သော၊ အတုလ စံတစ်ဆူကို၊ မကုဋ သယမ္ဘူဟု၊ ညံဆူဆူ ဝှန်လှိုက်၍၊ တိုက်စက္ကဝါ၊ ရိုက်သွက်ခါ အောင်၊ ခိုက်လျက်ဖြာ ကျော်ခတ်သော၊ လောကနာထ် မြတ်စွာဘုရားသခင်သည် ...၊

၂။ မယှဉ်ရာဂီ၊ သဉ္ဇာလီဝယ်၊ တင်ကာမှီ အုံးစက်လို့၊ လွင်ဗာဟီ ရုန်းမထွက်ရအောင်၊ ရွှင်သာကြည် ပြုံးလျက်နှင့်၊ ပုန်းဝှက်ခါ ပျော်လေ့သဖြင့်၊ ညှော်ငွေ့ကိလေ၊ မရှိစေဘဲ၊ လှစ်ချွေထိန်းအုပ်၊ ကသိဏန် ပရိကံကို၊ သတိဉာဏ် ယိမ်းမလှုပ်ရအောင်၊ သိမ်းချုပ်သော ကတွတ္ထနှင့်၊ သဝတ္ထ အမည်ရသော၊ သီလဝ ရသေ့ကျော်၏၊ မွေ့လျော်ရာ ဧကန်၊ အခြေမှန်သောကြောင့်လည်းကောင်း ...၊

၃။ ဣန္ဒနီလာ၊ ဝဇီရာနှင့်၊ ဂီဝါရောင်ဓာတ်၊ ပြောင်ပြောင်လျှပ်သော၊ ဆောင်ပြာသာဒ်တို့နှင့်တကွ၊ ခေါင်နဝရတ် ကဉ္စနာဖြင့်၊ မင်္ဂလာ အောင်မြေကွန်းဝယ်၊ ဘဝင်မှာ လောင်ကြွေကျွမ်းအောင်၊ မယှဉ်သာ ရောင်တွေလွှမ်း၍၊ ပြောင်ဝေရွှန်း မြပုလဲတို့၏၊ သဟဲမှီကာ၊ နွှဲညီညာလျက်၊ မြဲရှည်စွာ အစစ်၊ စွဲတည်ရာ ဖြစ်သောကြောင့်လည်းကောင်း ...၊

၄။ ယင်းနှစ်ဗျုပ္ပတ်၊ ဟုတ်အဟတ်ကြောင့်၊ ပုဒ်ပါဌ် ခရာ၊ ရုပ်ဓာတ်လာနှင့်၊ သဒ္ဒါနယည်း၊ စာကမ္ဗည်းကို၊ တစ်ခါတည်း လိပ်ခတ်၍၊ တံဆိပ်မှတ် မင်သားလျက်၊ ထင်ရှားစွာ ဂုဏ်ရှိ၍၊ သာဝတ္ထိ မည်ခေါ်သော၊ ပြည်တော်၏ အနီး၊ ခရီးဆောင်ညွှန်၊ တောင်အစွန်ဝယ်၊ အောင်တံခွန် မိုးနိမ့်အောင်၊ ရောင်အဝှန် ဖြိုးလှိမ့်၍၊ ခေါင်အလွန် ငြိုးငြိမ့်မျှ၊ တန်ခိုးဖိမ့် သရေလွန်သော၊ ဇေတဝန် ကျောင်းထက်၌၊ လျောင်းစက်ကာ ယာပထဖြင့်၊ သာမျှတော်မူဆဲ အခါ ...၊

၅။ သေလာဂနိုင်၊ ဟေမာမြိုင်ဝယ်၊ ထွေကာယိုင် ခွေမောမျှ၊ ဖြေပါနိုင် ပွေဇောနှင့်၊ မြေကြောမှာ ကုန်အစ်၍၊ မုန်ယစ်သော တောဆင်ရိုင်းကဲ့သို့၊ မဆိုင်းမဆုတ်၊ ပိုင်းမချုပ်ဘဲ၊ မှိုင်းအုပ်ယှက်ကာ၊ ရိုင်းအယုတ် မက်တဏှာကြောင့်၊ ရှက်စရာ လောကမှာ၊ ခက်ဗျာပါ သောကနှင့်၊ မောဟတွေ ကူနှောလျက်၊ ပူဇောမီးဖြာ၊ မမှီးသာတဲ့၊ ကြီးစွာသူပုန်၊ ကာမဂုဏ်ကြောင့်၊ အာသဝုံ မြစ်ကြောဝယ်၊ တဏှာဟုန် ရစ်နှော၍၊ သာအစုန် နစ်မျောသဖြင့်၊ ဟစ်မောကာ ကြုံနွမ်းလျက်၊ ကုန်ဆန်းသော ရိပ်သင်္ခမ်းမှာ၊ စိတ်ပင်ပန်း ဗျာရနှင့် (= ဗျာပါရနှင့်)၊ ရာဂထူပြွမ်း၍၊ မူဆန်းသော ရဟန်းတစ်ပါးကို၊ ဘုရား မြင်တော်မူလေလျှင် ...၊

၆။ တင်တင်တစ်ဆူ၊ သွင်သွင်မူကို၊ မြင်မြင်သူငေး၊ မသ-မပြင်၊ မြတ်ပလ္လင်ဝယ်၊ လှအယဉ် ယှဉ်ဖော်ဝေးရသော၊ ရင်တော်သွေး ရာဟုလာနှင့်၊ ပမာမခြား၊ သတ္တဝါများကို၊ ညှာသနား နုဒယာသည်၊ ကမုကြာ အနောတတ်ဝယ်၊ ကရုဏာ တောမသတ်ဘဲ၊ ဇောထပ်၍ ပွားတော်မူသောကြောင့်၊ မမှားသင့်မှု၊ များရင့်နုကို၊ သားနှင့်ရှု အရှည်ရည်၍၊ မြေမဟီ ခွေလည်ကျိုးလောက်အောင်၊ ပွေပလီ မေဃီကိုးနယ်က၊ ဒေဝရီ ရွှေစည်နှိုးပြီးလျှင်၊ ရေကြည်မိုး ရွာသွန်း သကဲ့သို့၊ ဇာလွှမ်းသော ဖဲကတ္တီဝယ်၊ သဲကြည်သော စကားဖြင့်၊ တရားရေးလှိမ့်၊ သားသွေးစိမ့်အောင်၊ နားအေး ငြိမ့် အမြိုက်ဆေးကို၊ တိုက်ကျွေးတော်မူပြီးမှ ...၊

[ဘိက္ခု မာတုဂါမော နာမ ကသ္မာ တုမှာဒိသာနံ စိတ္တံ နာလုဠေဿတိ၊ ပေါရာဏကပဏ္ဍိတာနမ္ပိ ဟိ မာတုဂါမဿ သဒ္ဒံ သုတွာ သတ္တ ဝဿသတာနိ အသမုဒါစိဏ္ဏကိလေသာ ဩကာသံ လဘိတွာ ခဏေနေဝ သမုဒါစရိံသု။ ဝိသုဒ္ဓါပိ သတ္တာ သံကိလိဿန္တိ၊ ဥတ္တမယသသမင်္ဂိနောပိ အာယသကျံ ပါပုဏန္တိ၊ ပဂေဝ အပရိသုဒ္ဓါ။ (ဇာတက၊ဋ္ဌ၊၂၊၂၉။)

ချစ်သားရဟန်း ...မာတုဂါမ မင်းမိန်းမ မည်သည်ကား သင်တို့ကဲ့သို့ ရှုအပ်သော သဘောရှိကုန်သော သူတို့၏ စိတ်ဓာတ်ကို အဘယ်အကြောင်းကြောင့် လှုပ်ချောက်ချားအောင် မပြုလုပ်နိုင်ဘဲ ရှိနိုင်ပါအံ့နည်း၊ မှန်ပေသည် --- ရှေးပညာရှိသူတော်ကောင်းတို့၏ သန္တာန်၌သော်မှလည်း နှစ်ပေါင်း (ရဝဝ)တို့ ကာလပတ်လုံး စိတ် အစဉ်ဝယ် ဖြစ်ပွားကျက်စားမှု မရှိသော ကိလေသာတို့သည် မာတုဂါမ၏ အသံကို ကြားရ၍ ဖြစ်ခွင့်ကို ရကြကုန်၍ တစ်ခဏချင်းအတွင်းမှာပင်လျှင် စိတ်အစဉ်တွင် ဖြစ်ပွားကာ ကျက်စားခဲ့ဖူးကုန်ပြီ။ စင်ကြယ်ကုန်သော သူတော်ကောင်းတို့သော်မှလည်း ကိလေသာ အပူဓာတ်ကြောင့် စိတ်အစဉ် ညစ်နွမ်းခဲ့ကြရဖူးကုန်၏။ မွန်မြတ်သော ဂုဏ်သတင်းနှင့် ပြည့်စုံတော်မူကြသည့် သူတော်ကောင်းတို့သည်သော်မှလည်း ဂုဏ်သတင်း အရှိန်အဝါမဲ့ခြင်းသို့ ရောက်ရှိတော်မူကြရကုန်၏၊ ကိလေသာ အညစ်အကြေးတို့သည် လူးလည်းပေကျံကြလျက် ရှိသဖြင့် မစင်ကြယ် ကြသော သတ္တဝါတို့ အဖို့မှာမူကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်ပါကုန်အံ့နည်း --- ဤသို့စသည်ဖြင့် နား အေးငြိမ့် အမြိုက်ဆေးကို တိုက်ကျွေးတော်မူပြီးမှ ...]

၇။ ဘဝဝေးစွာ၊ ရှေးအခါဝယ်၊ သွဏ္ဏာမောရ၊ အလောင်းသနစ်၊ ဒေါင်းအစစ်လျှင်၊ ဖြစ်ကာလ၌၊ နာယကသတ္ထာ၊ ငါမြတ်စွာသည် ...၊ တဏှာလောဘ၊ ကာမောဃဝယ်၊ ဗျာဇောကြွ ရမ္မက်ကြောင့်၊ သာ သောကအခက်နှင့်၊ အသက်တောင် ဆုံးကြွေ့မျှ၊ နုံးခွေ့သော ဒုက္ခနှင့်၊ ရုပ်မလှ ဆူထိန်လျက်၊ ကျူအိမ်ကို သူရိန်မှေးသကဲ့သို့၊ ပူရှိန် ဆွေး ခုန်လှိုက်၍၊ တုန်ဟိုက်အောင် ခက်ခဲသော၊ ရှက်ပွဲကြီး ကြုံခဲ့ရလေပြီ ...။ ဤသို့ နောက်ဟောင်း၊ အောက်အကြောင်းကို၊ ထောက်စကောင်း ရိပ်အမြွက်မျှ၊ ချိတ်ဆက်ကာ ညွှန်းပြ၍၊ ခွန်းမဟ ပိတ်တပိတ်နှင့်၊ တိတ်တဆိတ် နေတော်မူသောအခါ ...၊ ရှစ်ဖြာရာခံ၊ သမ္ဘာလျှံသည့်၊ အာနန်ညီမှူး၊ မထေရ်ထူးတို့သည်၊ ကြည်နူးသော စိတ်ဒြပ်ဖြင့်၊ အတိတ်ဇာတ် စံဟောင်းကို၊ ပြန်ညောင်းတော်မူပါဘုရားဟု၊ လျှောက်ထားတောင်းပန်၊ အကြောင်းခံကြောင့်၊ ကောင်းမှန်သော စိတ်နှလုံးဖြင့်၊ တိတ်ထုံးကို ဗျာလှိမ့်၍၊ သာမိန့်တော်မူသည်မှာ ...၊

၈။ တထာဂတ၊ ပဘာဝလျှံလူ, မှန်ကူထွဋ်ထား၊ တမွတ်သားသော၊ ငါဘုရားမြတ်စွာသည်၊ ဟေမာရဂုံ၊ ကြွေကာ ထုံတဲ့၊ စုံဂနိုင်လယ်၊ ဘုံမြိုင်စွယ်မှာ၊ လှယ်တပျံ့ပျံ့၊ မထယ့်တထယ် (= မထည့်တထည်)၊ ပြယ့်တပြယ်ဝယ်၊ စမ္ပယ်နံ့နှင့်၊ ကြံ့ကြံ့ယိမ်းနွဲ့၊ တိမ်းသကဲ့သို့၊ စိမ်းလဲ့အသွေး၊ မှင်ပဒုံးတွေ (= မင်ပဒုံးတွေ)၊ ချဉ်သုံးခြွေလို့၊ ပင်လုံးဝေ ထွေးကြတယ်၊ မွှေးရနံ့ တကြိုင်ကြိုင်၊ အေးကမန့် တလှိုင်လှိုင်နှင့်၊ ယိုင်ခွေကာ လေလွင့်လျက်၊ မြေမြင့်မှာ ပွေဆင့်၍၊ ကြွေလွင့်ကာ ယှက်ကူး၊ မသန့် တသန့်၊ ဖန့်တဖန့်မှာ၊ တန့်တန့်ဝေ မှိုင်မူးမျှ၊ ပြိုင်ဖူးသော အင်ဂမုန်းနှင့်၊ တစ်ပင်လုံး သိမ်းသွဲ့အောင်၊ သဇင်ကုံး ပိန်းလှည့်၍၊ စိမ်းမှည့်တွေ ပင်ထက်မှာ၊ ဘဝင်သက်ဝယ် ရွှင်လျက်နှင့်၊ ကြင်သက်လယ် တင်ယှက်လို့၊ ခင်မက်ဖွယ် ငှက်ကျေးကလည်း၊ မြွက်ကြွေးတဲ့ သံစုံ။ လေညင်းညံ့ညံ့၊ ခြွေသွင်းဖြန့်လို့၊ ငွေနှင်းတန့် တမှုံမှုံနှင့်၊ အစုံအစုံ ရေစာပေါသော၊ ဟေမာကြော တောအလယ်၌၊ ချောသွယ်သွယ် ရုပ်အဆင်းနှင့်၊ အုပ်သင်းရွေ စုပေါင်းသော၊ ဥဒေါင်း၏ အမျိုး၌၊ အကျိုးကံ စေ့ဆော်သဖြင့်၊ မွေ့လျော်ကာ သန္ဓေမှီးခဲ့သော် ...၊

၉။ အမြီးရှည်လျား၊ ဝေဖားဖားဝယ်၊ ငွေယမား ချူးတွန့်နှင့်၊ သွေမပြား ဦးညွန့်၌၊ မြူးကွန့်ကွန့် ရောင်လျှံသည်၊ လောင်မဟန် ရှိန်ဝါနုသော၊ ဣန္ဒာဝု သက်တင်ရေးကဲ့သို့၊ အမွေး အတောင်၊ သွေးစကားရောင်ဝယ်၊ဖွေးပြောင် လက်လက်၊ ဘယက်အဟန်၊ ကွက်သဏ္ဌာန်မှာ၊ မျက်ဖာလ်စုံ ယှက်ပြီးလျှင်၊ နက်မင်သွေးပ အလျှံ၌၊ မြကတန် ဝန်းရစ်၍၊ ထွန်းသစ်သစ် ရွှေမိလ္လာကို၊ ခွေလိမ်ကာ မှောင်စွန်းသဖြင့်၊ ပြောင်ရွှန်းရွှန်း လင်းထိန်လျက်၊ ဆင်းမမှိန် ယုန်နန်းကို၊ နဝင်းအိမ် ဘုံခန်းမှာ၊ မှုံသန်းကာ သိန်ချဲ့၍၊ အိမ်ဖွဲ့သည့် ဂုဏ်မာန်နှင့်၊ ပုံစံတူ ရှုမညောင်းသော၊ ဥဒေါင်းမင်း ဖြစ်တော်မူလတ်၍ ...၊

၁၀။ ရစ်ပတ် ခြွေရံ၊ ဗွေကမ်းပါးယံဝယ်၊ ရေအပြန် စမ်းကွေ့နှင့်၊ သွေမလှန် ချမ်းမြေ့အောင်၊ ကမ်းပြေ့ပြေ့ ပြိုင်စီးသော (= ကမ်းပြည့်ပြည့် ပြိုင်စီးသော)၊ အိုင်ကြီးသို့ ယွင်းမကွက်ဘဲ၊ ဆင်းသက်ကာ ခြေထောက်၍၊ ရေသောက်တော်မူလေသော် ...၊ သေတုဒကံ၊ ရေစုမှန်ဝယ်၊ ကြွေလှုဟန် နွဲ့ပျောင်းသော၊ ရွှေနုလျှံ လဲ့မောင်းကို၊ ငဲ့စောင်းကာ ဖော်စုနှင့်၊ မျှော်ရှုတော်မူစဉ် ...၊ ယဉ်တမူသစ်၊ ဘုရင်တစ်ဆူ၊ သွင်ဇမ္ဗူကို၊ မြင်သသူ ဘဝင် နစ်အောင်၊ ကြင်ချစ်ဖွယ် ရှိကြောင်းဖြင့်၊ ကောင်းကောင်းကြီး မြင်သိလေက၊ သတိတော် ဆော်ပင့်၍၊ ဖော်နှင့် အတူ၊ ပျော်လင့်မူကား၊ လူအကြံကောက်၊ တစ်ဉာဏ်လှောက်၍၊ ကံမြောက်အောင် ဖျက်ဆီးခဲ့သော်၊ ပျက်စီးခြင်း ရောက်ရာသည်ဟု၊ အရှည်မကြာ၊ မအီသာဖူး၊ ပညာတွေးထောက်၊ ဆွေးစလောက်ပင်၊ ရေးမရောက်ခင်၊ ဝေးမြောက်သော မြိုင်ခွင်သို့၊ ပြိုင်ယှဉ်ရန် ခိုမှီးဖို့၊ တစ်ကိုယ်တည်း ထွက်ပြေးမှ၊ သက်ဘေးက လွတ်ရာသည်ဟု၊ တည်ကြည်သော စိတ်နှလုံးဖြင့်၊ တိတ်တိတ်ပုန်း ကြံဆ၍၊ ပျံကြွတော်မူခဲ့သော် ...၊

၁၁။ ဗွေမဟော် ခင်တန်း၊ အသွင်ဆန်းနှင့်၊ ယဉ်မခန်းအောင်၊ ပင်နန်းညောင်ဝယ်၊ မောင်ခေါ်မယ်နွဲ့၊ အသီးအပွင့်၊ ကြီးအရင့်ကို၊ မှီးအသင့် ခူးတဲ့၍၊ မူးငဲ့ငဲ့ ငေးအငိုက်မှာ၊ မြူးတွဲ့တွဲ့ တေးအလိုက်နှင့်၊ ကျူးသဲ့သဲ့ ကြွေးစရိုက်ပါ၊ ထွေးပိုက်ကာ တောင်အုပ်လို့၊ ဆောင်စမုတ် သိုက်နန်းက၊ ဝိုက်သန်းကာ လည်နွဲ့၊ အချမ်း ငွေ့ကာ၊ စမ်းကွေ့ညာမှာ၊ ပန်းမွေ့ရာ ဖြန့်ကြဲလျက်၊ သဲသောင်ပြန့် ရေကြည်ဝယ်၊ ဝဲဆောင်သန့် လေပြည်နှင့်၊ ခွေလည်လည် တိုင်းမသိအောင်၊ လှိုင်းအိအိ ယက်ဖွေး၊ ရီပြာမမှောင်၊ ကြည်စွာ လောင်သည့်၊ သီလာတောင် နံဘေးဝယ်၊ နီလာရောင် အမွေးနှင့်၊ ယဉ်ကျေးပုံ သွင်သွေးဝယ်၊ မင်ဆေးစုံ တင်ရေးသကဲ့သို့။ ဘဝင်ဆွေးဖွယ် ငှက်တစ်ချို့ကလည်း၊ သက်တစ်ကိုယ့် ငေးဟန့်လျက်၊ တေးဒျံ့မြည်ပြန်၊ တညီတညာ၊ ဝသီပါငယ်၊ ပလီကာ မြှူဟန်နှင့်၊ ပူရန်ဖြေ စုံကြောမှာ၊ ဆူညံဝေ ဆုံဩလျက်၊ မူသံတွေ ပုံပြောလို့၊ ကုန်မောဖွယ် အခန်းခန်းဖြင့်၊ အဆန်းဆန်း ခွန်းဆင့်၊ မာဂဓာတေး၊ ဟာဟာ ဟေးလို့၊ ဘာသာကြွေး လွန်းလွှင့်လျက်၊ ထွန်းတင့်တယ် အံ့မပြီးသဖြင့်၊ ခံ့ကြီးသော မြေအခေါင်ဝယ်၊ နေအရောင် စံမမျှ၍၊ ဒဏ္ဍကပဗ္ဗတာဟု၊ လျှပ်ပမာ ဝေပြောင်ညီးသော၊ ရွှေတောင်ကြီး အနီး၌၊ ယှဉ်မှီးမပြတ်၊ ကျင့်ဆည်းကပ် လျက်၊ သဟသ်ရံသီ၊ မြတ်ဘန်ချည်ဟု၊ နတ်စံတည် ဆောင်ကွန်းသည်၊ ပတ်ရံလည် တောင်ကျွန်းသို့၊ ရောင်လွှမ်းကာ ဟရိသဗ်ဖြင့်၊ သတပတ် ပဒုမ္မာကို၊ တုန်ခါခါ အုံပါစွင့်အောင်၊ ပွင့်စေသော ကာလဝယ် ...၊

၁၂။ အန္တရာယ်ရိပြွမ်း၊ မငြိစွမ်းသော၊ လှည့်ဝန်းကွက်မှတ်၊ ဓမ္မစက်ဓာတ်၌၊ ရက်မပြတ် ရှုလေ၍၊ ဥဒေတယံ၊ မှုခြေခံကို၊ နုရွှေဉာဏ် တက်ပွားအောင်၊ ဆုဝေဖန် မြွက်သားလျက်၊ ကျက်စား ဆင်းတော်မူပြီးလျှင် ...၊ ဝေဟင်္ဂမာ၊ ကဉ္စနာ မူသိရ်၊ ပူရှိန် လျှပ်လျှပ်၊ သူရိယ်နတ်ကို၊ မြူတိမ်ထပ် ခိုးအုပ်၍၊ မိုးချုပ်သော ညဥ့်အခြေဝယ်၊ တင့်သရေ ရိပ်ဆန်းတဲ့၊ အိပ်တန်းသို့ တက်ပြီးမှ၊ စက်ကြီးပမာ၊ ကွက်ဆီးကာသား၊ နည်းနာမသွေ၊ ဝါယာမေဖြင့်၊ အပေတယံ အခြေခံကို၊ ဘယေရန် လွတ်ကင်းအောင်၊ အရှည်ကြံ ချွတ်မယွင်းတဲ့၊ ဇွတ်တင်းကာ ဝတ်တယ်၍၊ ရွတ်သရဇ္ဈာယ် ညည်းသန်းလျက်၊ စီးဖြန်းတော်မူရှာလေသတည်း။

၁၃။ ထိုအခါဝယ်၊ ဝါရာဏသီ၊ ဗာရာပြည်တွင်၊ ဖြာဖြာစီပြွမ်း (= ဖြာဖြာစည်ပြွမ်း?)၊ သာယာညီချမ်းသဖြင့်၊ ဘုံနန်းမြင့် မှန်ရဝေမှာ၊ ကုန်ဆန်းတင့် ဉာဏ်ကဝေနှင့်၊ စံသရေ ရောင်မညှိုးသော၊ ခေါင်သတိုး ဝင့်မရှောင်တဲ့၊ ဘုရင့်နောင် စောဗြဟ္မဒတ်သည်၊ လောကဓာတ် ပတ်ကုံး၌၊ သောမနသ် မပြတ်ပြုံးလောက်တဲ့၊ ဇောတရသ် (= ဇောတရတ် = မဏိဇောတ ပတ္တမြားရတနာ။) အမြတ်ဆုံးကဲ့သို့၊ သကတ်ဖုံးလှည့် ဝေဆာအောင်၊ ဝိသေသာ ဝန်းရံ၍၊ ဘိသေကာ သွန်းခံလျက်၊ ထွန်းအလျှံ ပပဝင်းသော၊ မြမြသင်း ဂဇာသတ်ထက်၊ လာဓမ္မသတ် ဖွေနည်း မူဖြင့်၊ ငွေထီးဖြူ မိုးအုပ်၍၊ စိုးချုပ်တော်မူရှာလေသတည်း။

၁၄။ ပဒ္မါသနင်၊ ကြာပလ္လင်ထက်၊ ညာတင်ထားအပ်၊ ကြေညာမဟီ၊ ရွှေစာစီ၍၊ ခေမာဝီ ခေါ်မှတ်သော၊ ဇော တနတ်၊ ရွေမှူးခင်သည်၊ ဗွေဦးကင် သီဟာသမှာ၊ ညီလာခ သန်းရံလျက်၊ နန်းမှန်မြင့် ငွေရိပ်မော်ဝယ်၊ ရွှေစိတ်တော် ဖျော်ဖြေကြောင်းဟု၊ ဖော်ရွေပေါင်း လှအများနှင့် ခစားတော်မူရှာလေ၏။

၁၅။ အခါတစ်ပါး၊ဘမရာဖျားဝယ်၊ မဟာဖွား ညာနတ်မေသည်၊ ကြာယပ်ငွေ ဝန်းကာ၍၊ ထွန်းရတနာ လင်းမမှောင်သော၊ အတွင်းဆောင် နံ့သာနန်းဝယ်၊ ပယင်းရောင် စကားဝါပန်းနှင့်၊ သာဆန်းသော ဖဲမွေ့ရာ၌၊ ဝဲဝှေ့ကာ ညှင်းသန့်လျက်၊ တင်းမခန့် သင်းပျံ့ဝေအောင်၊ နှင်းနံ့တွေ ခြွေသတ်တဲ့၊ လေရဟတ် ကြာခြည်ကို၊ ခွေတစ်ပတ် သာချည်၍၊ ဇာကတီ အုံးထက်က၊ ခုံးမျက်တောင် ထွေးယှက်သဖြင့်၊ မှေးစက်တော်မူခဲ့သော် ...၊

၁၆။ လှော်စင်ရောင်ဖိတ်၊ မှောင်မမှိတ်သော၊ တောင်ရိပ်အနီး၊ မှီးစံရာဗွေ၊ ဂန္ဓာခြေဝယ်၊ ရွှေဇမ္ဗူမှန်၊ ဝေဘူပြန်နှင့်၊ သူရကန် ရောင်ညီး၊ တန်ဆောင်မီးတို့သည်၊ ပြောင်ပြောင်ကြီး ပြင်းရှိန်လျက်၊ လင်းထိန်ထိန် ထွန်းသကဲ့သို့၊ ညွှန်းဆောင်တင့် ရဂုံမြေမှာ၊ ဂုဏ်သရေ ကုန်ဆန်းတဲ့၊ ဘုံရဝေ မြုံနန်း၌၊ ပုံဖမ်း၍ စံမရအောင်၊ ဟန်အလှ သွင်လျာ မော်နှင့်၊ အင်္ဂါတော် ခွေနုပျောင်းသော၊ ရွှေဥဒေါင်း မောရ၏၊ ဓမ္မောဇ ဆေးဖိုလ်ဝယ်၊ သဘောကျ သွေးမညိုဘဲ၊ မနောက အေးချိုလျက်၊ လေးပဟိုရ် ကာလညောင်းမျှ၊ နာရကြောင်း အိပ်မက်ကို၊ စိန်ကနက် သဉ္ဇာပေါ်မှာ၊ မြင်ရှာတော်မူသောကြောင့်၊ စိုးနှောင့် အာသာ၊ ပူရတက်ဇော၊ ချင်ရက်မပြယ်၊ ခင်မက်တွယ်၍၊ ဘဝင်သက်ဝယ် ကြွေလျောအောင်၊ ခွေမောကာ နွမ်းရှာ၍၊ ပန်းဗျာပါ ပူအားနှင့်၊ မူထားသော အကြောင်းကို၊ ၎င်းင်းမင်း ဗြဟ္မဒတ် သည်၊ လင်းအတတ် မြင်သိလေက ...၊

၁၇။ ပ-မှုန် မမှေး၊ လ-ယုန်ရေးနှင့်၊ ပုံသွေးနှိုင်းဆွယ်၊ ယဉ်ပြကတေ့၊ ကြင်မမေ့နိုင်တဲ့၊ ခင်လေ့မယ်ငယ် ...၊ ခြယ်ငွေ ရဇတ၊ ဘမရနန်းပြင်၊ ကြငှန်းခွင်နှင့်၊ ဆန်းသွင် ထွေရာ၊ ရဝေညှာမှာ၊ ဝေဒနာ ဆန်းပြား၊ ခွေတပျော့ပျော့၊ ကြွေမတော့လိုနှင့်၊ ရွေကြော့ဖျားမှာ၊ ခြားတဲ့ဖြစ်အင်၊ ဂတိမကွေ့၊ လှည့်မဝှေ့နှင့်၊ ရှိသရွေ့ ဗျာဆင်ဟု၊ ရာဘုရင် ဥက္ကဌ်က၊ အတ္ထုပ္ပတ် ဖြစ်ရေးကို၊ စစ်ဆေးကာ မေးသောကြောင့်၊ တွေးဖြောင့် သဘော၊ အကြောင်း သနစ်၊ စောင်းမရစ်ဘဲ၊ ပေါင်းစစ်ကာ ပြောရာတွင် ...၊

၁၈။ မနောမယ၊ ဇောတရကဲ့သို့၊ လောကမြုတေ၊ မဟေသီဆုံး၊ ဒေဝီနှုန်းပေတဲ့၊ ဘုန်းမေမေငယ် ...၊ ဗွေသီဟာဆောင်၊ ညီလာဘောင်ဝယ်၊ ဆောင်သမျှပြီး၊ ခေါင်သမ္ဘာ့ ထီးပါကဘဲ၊ မညည်းညူလောက်၊ မသွေအစစ်၊ သပြေခေတ်မှာ၊ ဧကရာဇ် မြောက်ပါမင့်၊ ဘာလောက်မျှ မှတ်ပါဘူး၊ မြတ်မဟာဆွေ၊ ဗျာမပွေနှင့်၊ ရှာဖွေယူဖမ်း၊ မူတစ်နန်းဝယ်၊ ပူသန်းကြည်မွေ့၊ ဤယနေ့ပင်၊ သည်ေ့ရှမဝေး၊ မရှောင်မသွေ၊ ခေါင်တစ်ဆွေငယ်၊ အရောင်တွေ ဝေမောင်းတဲ့၊ ရွှေဒေါင်းကို ပေးမည်ဟု၊ အေးကြည် အားသန်၊ စကား ဖန်လျက်၊ မယားထံ ပြောပြီးလျှင် ...။တောကြီးမြိုင်တောင်၊ ဂနိုင်ချောင်ဝယ်၊ လိုဏ်မြှောင် ယှက်စပ်၊ ကွက်မလပ်သော၊ ငှက်ခတ် မုဆိုးတို့ကို၊ အုပ်စိုး သော အမိန့်တော်ဖြင့်၊ လှိမ့်ဆော်ကာ သွေမဆိုင်းစေဘဲ၊ စေခိုင်းတော်မူလိုက်ရာ ...၊

၁၉။ မိုက်စွာ ကဲခေါင်၊ သူရဲနှောင်တို့လည်း၊ စွဲဆောင်လက်နက်၊ သိကြားပစ်ချိန်၊ အားသစ်နှိမ်တဲ့၊ ဝရဇိန်စက်သို့၊ အိမ်ထွက်ကျမောင်း၊ ချောင်း ယန္တရား၊ တန်းထား ကွန်ရက်၊ ကျွန်ထက်ဝပ်စင်း၊ မချွတ်ယွင်းနိုင်သော၊ ညွှတ်ကွင်း ပိုက်ပေါင်းတို့ဖြင့်၊ စိုက်ဆောင်းကာ ထောင်လေကြသော်လည်း၊ တောင်သေလ ရိပ်ခါးပန်းမှာ၊ ဆောင်နေကျ စိတ်မနွမ်းနိုင်သော၊ အောင်ဇေယျ ပရိတ်ပန်းကြောင့်၊ ရိပ်ဖမ်းမျှ ခါမမိဘဲ၊ ဗျာဖိသော ဒုက္ခနှင့်၊ ရုပ်ကရဇ ခန္ဓာအိမ်ဝယ်၊ ချုပ်သမယ အခါကြိမ်သည်နှင့်၊ ဇရာနှိမ် ချုပ်ညှိုးလျက်၊ မုဆိုးပေါင်း ဖိုမော၍၊ ထိုတောဝယ် သေဆုံး ကြလေကုန်၏။

၂၀။ ရွှေဘုံ ဗာရာ၊ ရာဇဓာဝယ်၊ ဘမရာဖွား၊ ညာတစ်ပါးလည်း၊ ကြာများရည်ငံ့၊ မှာထားသည့် အခန့်တွင်၊ ဗျာ ပွားစည် မတန့်နှင့်၊ ဆည်းဟန့်ထားနိုင် (= မထားနိုင်)၊ တအားယိုင်၍၊ စကားခိုင် ကြွေလျော့သို့၊ မစားနိုင် ပွေ ဆော့လျက်၊ ခွေပျော့ကာ နုပျောင်းသဖြင့်၊ ဥဒေါင်းမင်း ဆန္ဒကြောင့်၊ ကမ္မဇရုပ် အဟောင်းသည်၊ ဟန်မရ ချုပ်စကောင်းသော်၊ ဘုတ်အပေါင်း ရပ်ဆိုင်း၍၊ နတ်တိုင်းသို့ စံတော်မူရှာလေသတည်း။

၂၁။ ပြည်ကြီး ဥက္ကဌ်၊ သမုနတ်လည်း၊ ဇာတ်သမ္ဘာတူ၊ ညာတစ်ဆူကြောင့်၊ ဗျာပူရတက်၊ ရှုမညောင်းဖွယ်၊ ခုတောင်းရွယ်တဲ့၊ ဥဒေါင်းငယ် အတွက်ကြောင့်၊ အသက်နည်းပါး၊ ပျက်စီးငြားသော်၊ မျက်မီးပွား ဒေါသနှင့်၊ မောရက ကြာငုံကို၊ ကောဓန သာထုံလျက်၊ ရာဇဂုဏ် မာန်တက်၍၊ ရန်ဘက်ကြီး ထင်မှတ်တော်မူသဖြင့်၊ လူနှင့် ဝေးကွာ၊ သွေးရတနာသည်၊ ရှေးကြမ္မာ ကံမြင့်၍၊ ရန်လွင့်ကာ နေလင့်ငြားသော်လည်း၊ နောင်သားတော် မြေးမြစ်တို့၊ ရှေးသနစ် လမ်းကြီးကို၊ တွေးမလစ် မှန်းပြီးလျှင်၊ ငြမ်းမှီးကာ အစဉ်လှိုင်းသဖြင့်၊ ဘုရင်တိုင်း အမိဖမ်းက၊ ဂတိလမ်း ချွတ်ယွင်းခါဝယ်၊ ညွှတ်ကွင်းမှာ ခွေနုံးလျက်၊ သေဆုံးခြင်း ရောက်ရာသည်ဟု၊ တည်ကြည် အေးမြ၊ အတွေးရနှင့်၊ မွှေးသသော နန်းသစ်ညောင်ဝယ်၊ ဆွေးကြွဇော မှန်းလှစ်ဆောင်၍၊ ဖမ်းရစ်အောင် နည်းနာကို၊ ကမ္ပည်းစာ မင် သားလျက်၊ တင်ထားတော်မူပြီးမှ၊ ဖြူထီးမိုးကာ၊ သတိုးညှာသည်၊ ညှိုးခန္ဓာ ပြတ်ခန်း၍၊ နတ်နန်းစံတော်မူလေ၏။

၂၂။ မင်းဖျား ရွှေဘုန်း၊ နေတနှုန်းသည်၊ သေဆုံးသည့်နောက်၊ ခြောက်ဆက်မြောက်အောင်၊ တစ်ယောက်မျှ မဖမ်းနိုင်ဘဲ၊ နန်းခရိုင် အလုံးကို၊ သိမ်းရုံးကာ ကြဉ်းဆောင်သော၊ တြင်းပြောင် ဗြဟ္မဒတ္တဟု၊ သတ္တမမြောက်လတ် သော်၊ တောရပ်လမ်းခွင်၊ စခန်းစဉ်၌၊ ကျွမ်းကျင်သော မုဆိုးတစ်ယောက်ကို၊ ေ့ရှတော်မှောက် ခေါ်ထား၍၊ အမိန့်တော် မှတ်သားလေသည်မှာ ...၊

၂၃။ ကမ္ဘာအစ ခါသမယက၊ ထာဝရနန်းရိုး၊ ကြငှန်းစိုးတဲ့၊ ဘေးဘိုးလာစဉ်၊ ရာဘုရင်တို့၊ ကြာပလ္လင်နန်း၊ ဇာသင်ခန်း၌၊ ဆန်းသမိုက်ဖြာ၊ တန်းစိုက်ကာဖြင့်၊ သိုက်စာရေးထား၊ တောင်တော်အစောင်း၊ ရောင်သော် မောင်းတဲ့၊ ဒေါင်းအသားကို၊ စားရသသူ၊ မအိုမသေ၊ ကိုယ်အနေဖြင့်၊ ဗိုလ်ခြေလူ၌၊ ဇမ္ဗူစိုးမြန်း၊ ကြည်စိတ်သန်သန်၊ ရည်ဓိဋ္ဌာန် အပ်သော၊ ပြည်နိဗ္ဗာန် အောင်မြေနန်းကဲ့သို့၊ ခြည်ရိပ်လျှံ မှောင်ခြွေသမ်းပြီးလျှင်၊ ရောင်ဝေလျှမ်း တန်ခိုးထန်လျက်၊ ခေါင်နေတန်း သတိုးမာန်ဖြင့်၊ စိုးစံကာ နေရသည်ဟု (= စိုးစံကာ နေရမည်ဟု)၊ ရွှေရည်မှိုင်းလွင်၊ သမိုင်းပြင်ထက်၊ နှိုင်းဆင် သတိ၊ ကမ္ပည်း မင်သား၊ နည်းထင်ရှားကို၊ ငါကား ယခုတွေ့ရှိသည်၊ မရိ မပန်း၊ ရှိအစွမ်းဖြင့်၊ အမိဖမ်း ကြံဖန်၍၊ ဂတိလမ်း မှန်မှန်နှင့်၊ အမြန်ဆက်သရမည်ဟု၊ မြွက်ဟစောဖျား၊ ပြောစကားကို၊ တောသားယုတ်မျိုး၊ ငမုဆိုးလည်း၊ ငုပ်လျှိုးကာ နာခံ၍၊ အကြံပြုသည်မှာ ...၊

၂၄။ ယခုတောင်းအပ်၊ ဥဒေါင်းမြတ်ကို၊ သေနတ် ယန္တရား၊ ပစ်ခတ်ငြားသော်လည်း၊ လားလားမျှ မမိချေ၊ ဂတိ မှောက်မှား၊ တဏှာ အဟုန်၊ ကာမဂုဏ်ဟု၊ အာရုံနှင့် ဖြားရလျှင်၊ အတန်းသား မိတော့မည်ဟု၊ ကြံစည် ရွေးကောက်၊ အေးစလောက်ကို၊ အရေးရောက်တဲ့အောင်၊ တွေးထောက် ဆင်ခြင်၍၊ အယဉ်အလှ၊ ဆင်မသဘဲ၊ မြင်သမျှ ငှက်အပေါင်းတို့သည်၊ ကြင်မဝ မက်စကောင်းလောက်သော၊ ဥဒေါင်းမ တစ်ကောင်ကို၊ ရှောင်တခင် ရှာကြံ၍၊ အသံ-အက၊ ဟန်ပန်ရအောင်၊ သဏ္ဌာန်ပြ သင်ကြားလျက်၊ တောဖျားမြိုင်ဗွေ၊ ဂနိုင်ခြေဝယ်၊ ရွှေရောင် ဝင်းဝင်း၊ ပြောင်လင်းလင်းနှင့်၊ ဒေါင်းမင်းရှိရာ အရပ်တွင်၊ လျောက်ပတ်သော မြေအထွဋ်၊ ခွေညွှတ်စပ်ခြံ၊ ပတ်ပတ်ရံ၍၊ မပြတ်သံ ကြည်အေး လျဉ်းအောင် (= မပြတ်သံ ကြည်အေး လျဉ်အောင်)၊ မြည်ကြွေးခြင်း ပြုစေလျက်၊ သစ်ခက် အုပ်မိုး၊ ငမုဆိုးလည်း၊ ဆုတ်တိုးကာ ပုန်းအောင်းသဖြင့်၊ ချောင်းမြောင်း၍ နေလေ၏။

၂၅။ ဗွေဂန္ဓာလယ်၊ စံရာနယ်မှာ၊ ဘယ်ညာ မြူးက၊ အရွယ်အသွင်၊ တကယ်ယဉ်တဲ့၊ တယ်တညင် (= တည်တညင်) ဒေါင်းမကလည်း၊ ခေါင်းကြွလည်အိမ့်၊ ပွေပွေ လည်လည်၊ ဖြေဖြေ ဆည်၍၊ တည်မငြိမ့်အောင် အီဖိမ့်ဖိမ့် ပြေးဟည် လျက်၊ အေးမကြည် ဆွေးသည်ပရယ်လို့၊ တေးပလီ ရေးစီပြသကဲ့သို့၊ ဟေးဟရီ ကြွေးမြည်သပြီးလျှင်၊ မွှေးရည်ခ ဖြိုးဝေလျှံလို့၊ အိုးဝေသံ ညံမစဲဘဲ၊ ဟန်နွှဲကာ နယည်းငြာလျက်၊ မြီးခါခါ အလွန်ထူးသဖြင့်၊ တွန်မြူးသော အသံကို၊ အဖန်ဖန် ကြွေလှုစောင်းမျှ၊ ရွှေဥဒေါင်း ကြားလေသော် ...၊

၂၆။ ကြွားကြွားရွှင်လန်း၊ မဆိတ်မလပ်၊ ပရိတ်မြတ်ကို၊ နိစ္စပတ် မဆင်မြန်းနိုင်ဘဲ၊ ဇင်ပန်းမှုန် ထုံနှိပ်တဲ့၊ မြုံရိပ်-လယ် ဌာနက၊ ရာဂမူဆန်းသည်၊ ထူပြွမ်းကာ သွေးဆောင်သော်၊ ဘေးမရှောင် အစားခင်တဲ့၊ ငါးအသွင် မက်မော၍၊ သက်လျောကာ ပျံဆင်းလျက်၊ မာန်ပြင်းစွာ အကုန်ငြီးသဖြင့်၊ တစ်ဟုန်တည်း ဇွတ်တင်းလိုက်သော်၊ ညွှတ်ကွင်း၌ ရွဲပတ္တမြားကဲ့သို့၊ အရွှဲသား မိလေ၏။

၂၇။ တြိဥက္ကဋ္ဌ၊ ဗုဒ္ဓလောင်းလျာ၊ ဒေါင်းရတနာလည်း၊ ကြောင်းရာအရှိ၊ စောင်းကာကြည့်က၊ ကောင်းစွာ သိမြင် တော်မူလျှင်၊ ပူအင်ပွားလစ်၊ အသားနစ်အောင်၊ အားသစ်ကာ ကျင်းပ၍၊ ပြင်းပြစွာ ရုန်းသော်လည်း၊ သားလုံးရေ စုတ်ပြတ်သဖြင့်၊ ရုပ်ကလာပ် နာမ်ခန္ဓာဝယ်၊ အသံပြာ ငိုဇောနှင့်၊ မကြံသာ ဖိုမော၍၊ ပိုသောက ပန်းဟိုက်လျက်၊ နွမ်းလှိုက်လှိုက် သေဆုံးမျှ၊ ခွေနုံးကြွေ ညာစောင်းသဖြင့်၊ သာလျောင်းကာ လဲလေသတည်း။

၂၈။ ထိုအကြောင်း၊ ၎င်းင်းမုဆိုး၊ အယုတ်မျိုးလည်း၊ ငုပ်လျှိုးလျှိုး ချောင်းမြောင်းကာဖြင့်၊ ကြောင်းရာကို မြင်သိငြား သော်၊ နှစ်ပါး မိတ်လား၊ သနားစိတ် ပွားသောကြောင့်၊ အနားသို့ ချဉ်းကပ်လျက်၊ တင်းကြပ်သော ညွှတ်ကွင်းကို၊ ဝပ်စင်းကာ ဖြုတ်ထွင်လျက်၊ ဗုဒ္ဓင်္ကူ ဒေါင်းမြတ်အား၊ ကြောင်းရပ်ကို ပြန်ကြားပြီးလျှင်၊ တောဖျားသို့ လွှတ်လေ၏။ ဆွေသမုလောင်း၊ ရွှေဥဒေါင်းလည်း၊ မစောင်းမလွန်၊ အကြောင်းဝန်ကို၊ ကောင်းမွန်စွာ သိကြားက၊ တစ်ပါးသို့ မသွားဘဲလျှင်၊ စကားတုံ့ ပြန်ဆင်သည်မှာ ...၊

၂၉။ အရှင်အုပ်စိုး၊ သင်မုဆိုး၌၊ အကျိုးပြီးလတ်၊ သတိုးနတ်လည်း၊ ဖြိုးမြတ်ဆန္ဒ၊ ကြံပြည့်ဝအောင်၊ ငါ့အား ကြဉ်းဆောင်၍၊ မင်းခေါင်ထံ ဆက်သရမည်ဟု၊ မိန့်ရည်ရွှင်မော၊ ပြန်လည်ကာ ပြောလတ်သော် ...၊ တော မုဆိုး လူကြွားက၊ သနားသော ကရုဏာဖြင့်၊ အခါခါ လွှတ်ပါငြားသော်လည်း၊ အပါးက မသွားဘဲ၊ စကားတုံ့ ပြန်မြဲပင်၊ ပန်ဆင်တော်မူလေသတည်း။

၃၀။ ဖြူဖြူ ဖြောင့်ဖြောင့်၊ မူမနှောင့်တဲ့၊ သူကောင့်သားလည်း၊ သနားရက်ပင်၊ ယူငင်ဆောင်ကြဉ်း၍၊ မင်းကြီးအား ဆက်သလေ၏။ ပြည်ထောင် သနင်း၊ အခေါင်ချင်းသော၊ အောင်တြင်းခတ်၊ မင်းဗြဟ္မဒတ်လည်း၊ ဝင်းလျှပ် ကနကာ၊ ပဒ္မါသနင်၊ ရာဇပလ္လင်နှင့်၊ သာယှဉ်ပစ္စူ၊ လှစ်ထူမိုးဖြန့်၊ တန်ခိုးဟန့်လျက်၊ အမျိုးသန့် လာစဉ်သော၊ ညာသဘင် ကြာနန်းဝယ်၊ မဟာဝင် စာတမ်းကို၊ ကမ္ဘာတွင် ခန္ဓာဆန်းရန်ဖို့၊ သာလှမ်းကာ တွေးမြော်လျက်၊ ရေးပျော်ပျော် ကတီအုံးထက်၊ ရယ်ပြုံးသော မျက်နှာနှင့်၊ ကွက်ရတနာ စုပေါင်းတဲ့၊ ဥဒေါင်းကို ကြည့်ရှုတော်မူစဉ်၊ ဘုရင်တစ်ဆူ၊ သွင်ဇမ္ဗူလည်း၊ တင်မြှူလှစ်ခွာ၊ စင်တမူ ချစ်စွာနှင့်၊ မေတ္တာဖျန်းဝေ၊ ဘူမိဿရ၊ လူဒိဗ္ဗအား၊ ဖြူရိပ်လွ နန်းရဝေက၊ ဖမ်းစေသော အရေးကို၊ မေးမြန်းတော်မူလေ၏။

၃၁။ ဘုရင်မင်းဖျား၊ တစ်စင်း ဖွားလည်း၊ သွင်းထားဆန္ဒ၊ သမိုက်ယှက်ကာ၊ သိုက်ထွက်လာတဲ့၊ စာအရဖြင့်၊ ကြွကြွစက်ငွေ၊ ကနက်ဗွေဝယ်၊ ကျက်သရေ ပွားဆင့်၊ ကြွားကြွားမြင့်လျက်၊ အကျင့်မမှား၊ အသင့်အားဖြင့်၊ ချင့် အသားကို၊ စားကာမျက်မှောက်၊ အိုဖွယ် အရှင်း၊ ပျိုငယ်ဆင်းနှင့်၊ လိုရွယ်ရင်း သွေကွင်းပျောက်တဲ့၊ ဟိုနယ်တွင်း သေမင်းနောက်သို့၊ တစ်ခေါက်မျှ မလိုက်ရာဟု၊ သိုက်စာဆိုထွက်၊ ထိုအချက်ကြောင့်၊ သိုမဝှက် ဗိုလ်ခြေလင်းတဲ့ အောင်၊ ကိုယ်အသက် အိုသေကင်းရန်ဖို့၊ ဒေါင်းမင်း၏ အသားကို၊ ပေါင်းသင်းရှိ အများနှင့်၊ ကောင်းခြင်း၏ အလားကြောင့်၊ စားလို၍ ဖမ်းစေသည်ဟု၊ ကြည်နူးသော ပုံသွင်ဖြင့်၊ ရည်စူးသော ဂုဏ်အင်ကို၊ စုံလင်စွာ ပြန်ပြော က၊ စံမောရ ရွှေဥဒေါင်းသည်၊ ခြွေညောင်းကာ သံငြိမ့်၍၊ ပြန်မိန့်တော်မူသည်မှာ ...၊

၃၂။ ရွေတစ်ညီလာ၊ ဗွေသီဟာဝယ်၊ ဒီပါသေဌ်နင်း၊ ဘုန်းစက်အရောင်၊ နှုန်းထွက်ပြောင်၍၊ အခေါင်နင်းသည့်၊ မင်းမင်းဥက္ကဌ်၊ စောနေနတ် ...၊ မှတ်လော့ မိန့်ရေး၊ ဖိမ့်ဖိမ့်မွှေးစိမ့်၊ ငြိမ့်လေး ခါခါ၊ စိစ္စေးနာလော့ ...၊ ငါ၏အသား၊ စားရှိအားဖြင့်၊ သတ်စားခဲ့ချေ၊ ငါတည်းသေရ၊ စားသူမှလျှင်၊ ဘယ်ကြောင်းအင်ကြောင့်၊ နှောင်းစဉ် နေရ၊ မသေကြလိမ့် ...၊

၃၃။ ဖွေဆ ဤမှာ၊ ပြည်ဗာရာဝယ်၊ မဟာအလောင်း၊ သမ္ဘာညောင်းတဲ့၊ ငါဒေါင်းမင်းသည်၊ ကောင်းခြင်း မျက်နှာ၊ လက္ခဏာနှင့်၊ စကြာသခင်၊ မယွင်းသမှု၊ တစင်းတု၍၊ မင်းပြုစဉ်က၊ ဘုရင်မင်းဖျား၊ သီလထိန်းစောင့်၊ ယိမ်းမမှောင့်တဲ့၊ အကြောင်းအားကြောင့်၊ ရထားရောက်လာ၊ တန်ခိုးလျှပ်လျှပ်၊ သတိုးနတ်ဟု၊ မိုးရပ်ဖြာ၊ ဒီပါကျွန်းလုံး စိုးဖူးသည်။ --- ထူးလည် အများ၊ ဤရထားကို၊ တစ်ပါးမင်းနှင့်၊ ခင်းမသင့်ဟူ၊ သွင်းလင့်သိုထား၊ ရေကန်အတွင်း၊ ရွှေလျှံ ဝင်းတဲ့၊ မင်းရထားသည်၊ ထင်ရှားယခု ရှိလေသည်။

၃၄။ လူ့ပြည် ယွင်းလတ်၊ မင်း၏ဇာတ်မှ၊ ကင်းပြတ်ခန္ဓာ၊ ထပ်လျှမ်း ဝင့်ဝင့်၊ လျှပ်ပန်းပွင့်ကဲ့သို့၊ နတ်နန်းမြင့် စည်းစိမ်ဟာကို၊ မှီးငြိမ်စွာ ခံစံပြီးမှ၊ ကံဖန်တီး အကုသိုလ်ကြောင့်၊ ယခုလို အဟိတ်မှန်တဲ့၊ တိရစ္ဆာန် ဤဘဝဝယ်၊ မှီခကာ သန္ဓေမူ၍၊ ဉာဏ်ခြေယူ ညီမျှသုံးခဲ့တဲ့၊ ကံမွေဟူ သီလဘုန်းကြောင့်၊ ကြည်မျှဆုံး တစ်မူသစ်သော၊ ဇမ္ဗူရစ် ရွှေစင်တောင်ကဲ့သို့၊ ဗွေပြင်နဘောင် အကုန်လင်းနိုင်တဲ့၊ နေလုလင်ရောင် ပုံမယွင်းသော၊ ဂုဏ်အဆင်း ငါရှိသည်။

၃၅။ စီစဉ်ပြထား၊ ငါ့စကားကို၊ အများယုံစေ၊ ခုံသက်သေကား၊ ကျက်သရေယင်ရာ၊ အစဉ်လာတဲ့၊ မင်္ဂလာကန်၊ ရေ၏အတွင်း၊ မြေထိချင်း၍၊ သွင်းထားခံ၊ မင်းစံရထား ဖြစ်တော့သည်၊ အေးကြည်မနော၊ သွေးရည်နှော၍၊ သဘောနှစ်ခြိုက်၊ ပြဆိုအရှိ၊ ရလို၏ဟု၊ သတိပိုက်က၊ သင်၌တရား၊ စဉ်လိုက်ပွား၍၊ မမှားညီမျှ၊ ခုနစ်ရက်လောက်၊ လွန်တက်မြောက်အောင်၊ စောင့်ရှောက်ကလျှင်၊ သီလကုံးရစ်၊ တနှုန်းလှစ်၍၊ ဘုန်းသစ်တော် ဆော်နှိုးသဖြင့်၊ မျှော်ကိုး ရည်ငံ့သော၊ မဟီပြန့် စက်ရထားကို၊ ထွက်သွားကာ သာယူ၍၊ ညာဇမ္ဗူ သပြေခေတ်မှာ၊ ဧကရာဇ် မြောက်တော်မူလိမ့်မည်ဟု၊ မိန့်ရည်ချိုမွှေး၊ အလိုအေးအောင်၊ ဖိုလ်ဆေး မြတ်တရားကို၊ ဟောကြားတော်မူလေ သတည်း။

၃၆။ ရွှေပြည် နှင်းလတ်၊ မင်းဗြဟ္မဒတ်လည်း၊ ဆင်းနတ်ကလျာ၊ မဟာရွေညီ၊ မဟေသီဟု၊ ဒေဝီရထား၊ မိဖုရားနှင့် တကွ၊ တရားပဉ္စသီ၊ အစဉ်မှီ၍၊ ရွှင်ပြီ အာသာ၊ ရာဇဓာဝယ်၊ အခါခါ မောင်းခတ်လျက်၊ ကောင်းမြတ်သော ရွှေ ရထားကို၊သွေမခြား ဖော်ယူ၍၊ လှော်ဇမ္ဗူ ဒေါင်းမြတ်အား၊ ပေါင်းစပ်ကာ အဉ္ဇလီဖြင့်၊ တင်ချီကာ မာန်လျော့လျက်၊ ကန်တော့ သည်းခံစေပြီးလျှင်၊ ငွေရိပ်ဖြူကာဖွင့်တဲ့၊ ရာပလ္လင် (= ရာဇပလ္လင်) ဝိသေသာကို၊ ဘိသေကာ မြွက်ဟ လျက်၊ ဆက်သ ပူဇော်ပြန်လေသတည်း။

၃၇။ သရေ စုပေါင်း၊ ရွှေဥဒေါင်းဟု၊ လောင်းဗောဓိသတ်၊ မောရိနတ်လည်း၊ ဗြဟ္မဒတ်မည်ခေါ်၊ အကြည်တော် အား၊ အရှည်မျှော် ထောက်ထားသဖြင့်၊ ညီအလျော် နောက်မမှားရအောင်၊ လေးပါး သင်္ဂဟ၊ ဒသရာဇဓမ်၊ နာယကံခြောက်ဂုဏ်၊ ခုနစ်စုံအပရိဟာနိယ၊ ပြတည် မမှား၊ စသည်အားဖြင့်၊ တရားစည်ကြီး၊ ဆယ့်တစ်ခွင်ရပ်၊ သွဲ့ငလျင် ခတ်သကဲ့သို့၊ ချဲ့ထွင်လတ် အော်ညည်းလျက်၊ ပဲ့တင်ထပ် တော်ဟီးအောင်၊ ဆော်တီးသောအား၊ ပြောစကားဖြင့်၊ ဟောကြားထုံးပြ၊ ဆုံးမ နာယူစေပြီးလျှင်၊ ယခင်က မင်းအဖြစ်ကို၊ ယွင်းမလစ် ပြန်ဆောင်နှင်းလျက်၊ အောင်ခြင်း ယင်ရာ၊ သဘင်ငြာအောင်၊ မင်္ဂလာဆောင်ပျံကြွမှ၊ ကဉ္စနာရောင် လျှံပသော၊ ဒဏ္ဍက ရွှေတောင်သို့၊ သွေရှောင်ခွာ ရန်မခဘဲ၊ ပြန်ကြွတော်မူရှာလေသတည်း။

၃၈။ ဤအကြောင်းရပ်၊ အလောင်းဇာတ်၌၊ ဒေါင်းမြတ်သူတော်၊ ဇမ္ဗူလှော်သည်၊ ဖြူလျော် စိတ်မှန်း၊ ပရိတ်ပန်းကို၊ အိပ်တန်းဆင်းတက်၊ ယွင်းမပျက်ဘဲ၊ ညှင်းညက် ရွတ်အံ၊ ဝတ်အမှန်ကြောင့်၊ လွတ်ရန်ဘေးဘျမ်း၊ မှေးမသမ်းလျက်၊ အေးချမ်းချိုမြိတ်၊ ယိုယိုဖိတ်မျှ၊ ကိုယ်စိတ်တော် မပင်ပန်းသဖြင့်၊ ရွှင်လန်းသော မူထုံးကို၊ ယူကျုံးကာ နှလုံးပိုက်၍၊ သုံးတိုက်သော မှောင်ခန်းမှ၊ အောင်ပန်းတော် နိဗ္ဗာန်ကို၊ ပန်ဆင်တော်မူရအောင်၊ ဖြူလွလွ စိတ်ထားနှင့်၊ မိတ်မခြား လူအပေါင်းတို့သည်၊ ဥဒေါင်းမင်း ပရိတ်မြတ်ကို၊ နိစ္စပတ် ချီးမွမ်း၍၊ စီးဖြန်းတော်မူကြပါကုန်လော့ ...။

ခက်ဆစ် အဓိပ္ပါယ်များ

ခက်ဆစ် အဓိပ္ပါယ်များ

ဤတွင် အင်္ဂပူဆရာတော်ဘုရားကြီး၏ မောရသုတ် ပရိတ်မွှန်းသည် ပြီးဆုံးပြီ ဖြစ်သည်။ ခက်ဆစ် အဓိပ္ပါယ် ရေးသားရာ၌ မှတ်သား လွယ်ကူစေခြင်းငှာ ယင်းပရိတ်မွှန်းကို စာပိုဒ်ရေ (၃၈)ပိုဒ် ခွဲ၍ တင်ပြထားပါသည်။ အမှတ် (၁) စာပိုဒ်တစ်ခုလုံး၏ အတွင်း၌ တည်ရှိသော စာလုံးများ၏ ခက်ဆစ်အဓိပ္ပါယ်ကို အမှတ် (၁) နံပါတ် အောက်၌ စုပေါင်း၍ (က-ခ-ဂ) စသည် ခွဲကာ ရေးသားတင်ပြထားပါသည်။ အမှတ် (၂) စာပိုဒ် စသည်တို့၌လည်း နည်းတူပင် မှတ်ပါ။ ယင်းခက်ဆစ် အဓိပ္ပါယ်များကို ပါဠိစာပေ၌ မကျွမ်းကျင်သူတို့အတွက်သာ ငဲ့ညှာ၍ ရေးသား တင်ပြခြင်း ဖြစ်ပါသည်။

၁။ (က) မုနိပဝရ = မုနိတကာတို့တွင် = ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး ဖြစ်တော်မူသော မြတ်စွာဘုရား၊

( ခ ) အမတသာကိန် = မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကို ရရှိတော်မူသော ရောက်ရှိတော်မူသော, သတ္တဝါတို့အားလည်း နည်းလမ်းပြလျက် ပေးသနားတော်မူတတ်သော သာကီဝင်နွယ်ဖွား မြတ်စွာဘုရား၊

( ဂ ) ရာဇိန္ဒာ ဘက်လွတ် = တုဘက် လွတ်ကင်းလျက် ရဟန်းတို့ကို အစိုးရတော်မူသော မြတ်စွာဘုရား၊

(ဃ) အတုလ စံတစ်ဆူ = အတုမရှိသော စံတစ်ဆူ၊

( င ) မကုဋ သယမ္ဘူ = သင်္ခါရ ဝိကာရ လက္ခဏ နိဗ္ဗာန် ပညတ်တည်းဟူသော သိသင့် သိထိုက်သော ညေယျဓမ်တရား ငါးပါးတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် ကောင်းစွာ ထွင်းဖောက်သိမြင်တော်မူသော လူသုံးပါးတို့၏ မကိုဋ်သရဖူ ဖြစ်တော်မူသော မြတ်စွာဘုရား၊

၂။ (က) မယှဉ်ရာဂီ = ရာဂနှင့် မယှဉ်သော = ရာဂကင်းသော၊

( ခ ) လွင်ဗာဟီ ရုန်းမထွက်ရအောင် = ပြင်ပအာရုံ အမျိုးမျိုးသို့ စိတ်ပျံ့လွင့် ရုန်းထွက်မသွားရအောင်၊

( ဂ ) ကသိဏန် = ကသိုဏ်း (၁၀)ပါး၊

(ဃ) ပရိကံ = စီးဖြန်းခြင်း၊

( င ) ကတွတ္ထ = ကသိုဏ်းပရိကံကို စီးဖြန်းပြုလုပ်တတ်သော အနက်သဘော၊

၃။ (က) ဣန္ဒနီလာ = ပတ္တမြားညို = ပတ္တမြား (၂၄)မျိုးတို့တွင် တစ်မျိုးတည်း။

( ခ ) ဝဇီရာ = ဝဇီရာ စိန်ကျောက်၊

( ဂ ) ဂီဝါရောင်ဓာတ် = ပြာသာဒ်လည်ပင်း၏ အရောင် = ပြာသာဒ်ထွတ်၏ အရောင်၊

(ဃ) နဝရတ် = နဝရတ်ကျောက်မျက်ရတနာ၊

( င ) ကဉ္စနာ = ရွှေ၊

၄။ (က) ပုဒ်ပါဌ် ခရာ = ပုဒ် ပါဌ် အက္ခရာ၊

( ခ ) ယာပထ = လျောင်း-ထိုင်-ရပ်-သွား = လေးပါးသော ဣရိယာပုထ်၊

၅။ (က) သေလာဂနိုင် = ကျောက်တောင် ကျောက်ဆောင် ထူထပ်သည့် တောမြိုင်ကြီး၊

( ခ ) ဟေမာမြိုင် = ဆီးနှင်း ထူထပ်သော တောမြိုင်ကြီး၊

( ဂ ) အာသဝုံမြစ်ကြောဝယ် = အာသဝေါတရား လေးပါးတည်းဟူသော မြစ်ရေယဉ်ကြောဝယ်၊

၆။ (က) နုဒယာ = ကရုဏာ = ကြင်နာသနားခြင်း၊

( ခ ) ကမုကြာ = ကုမုဒြာကြာ၊

( ဂ ) အနောတတ် = ဟိမဝန္တာဝယ် ရှိသော အနောတတ်အိုင်၊

(ဃ) မေဃီ = မိုး = ရွာသွန်းနေသော မိုး၊

( င ) ဒေဝရီ = မိုးကို ရွာသွန်းစေတတ်သော မိုးနတ်သား၊

၇။ (က) သွဏ္ဏာ မောရ = သုဝဏ္ဏ + မောရ = ရွှေအဆင်းရှိသော ဥဒေါင်းမင်း။ သုမှ ဥ-ကို ချေ၊ သ-ကို ဝ-သို့ ကပ်၍ သွဏ္ဏဟု ရေးသည်။ ဏ္ဏာ၌ အာ-ကား ရှေးအခါဝယ် ဟူသော ရှေးကာရန်သို့ လိုက်၍ စကားပြေပြစ်ခြင်း = ဝါစာသိလိဋ္ဌ အကျိုးငှာ အာ-ဒီဃပြုထားသော သန္ဓိကာရိယတည်း။

( ခ ) နာယက သတ္ထာ = လူသုံးဦးတို့၏ အကြီးအမှူး ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား၊

( ဂ ) ကာမောဃ = ကာမတဏှာ ရေယဉ်ကြော၊

(ဃ) သူရိန် = နေ၊ (ကျူထရံအိမ်ကို နေမင်းကြီး မှေးနေသကဲ့သို့။)

( င ) ရှစ်ဖြာရာခံ = ဘုရားရှင်ထံမှ ဆု (၈)ပါး ခံယူတော်မူရသော အရှင်အာနန္ဒာကိုယ်တော်မြတ်၊

ရှစ်ဖြာရာခံ ရှင်အာနန်

ရှစ်ဖြာရာခံ ရှင်အာနန်

၁။ ဗဟုဿုတ ဧတဒဂ် = အကြားအမြင်များခြင်းတွင် ထိပ်တန်းဂုဏ်ထူး၊

၂။ သတိမန္တ ဧတဒဂ် = သတိကောင်းခြင်းတွင် ထိပ်တန်းဂုဏ်ထူး၊

၃။ ဂတိမန္တ ဧတဒဂ် = ဉာဏ်ကောင်းခြင်းတွင် ထိပ်တန်းဂုဏ်ထူး၊

၄။ ဓိတိမန္တ ဧတဒဂ် = လုံ့လကြီးခြင်းတွင် ထိပ်တန်းဂုဏ်ထူး၊

၅။ ဥပဋ္ဌာက ဧတဒဂ် = ဘုရားရှင်အား အလုပ်အကျွေး အပြုအစုတွင် ထိပ်တန်းဂုဏ်ထူး။

ဤသို့ ဧတဒဂ် ငါးတန်ကို ရရှိတော်မူသော အရှင်အာနန္ဒာ၏ ဆုရှစ်ပါးကား ပယ်ဆုလေးပါး, ယူဆုလေးပါး ဖြစ်ရာ ပယ်ဆုလေးပါးကား ---

၁။ မြတ်စွာဘုရားရှင်သည် တပည့်တော် (အရှင်အာနန္ဒာ)အား မိမိ ရတော်မူသော သင်္ကန်း အကောင်းအမွန် များကို မပေးရန်,

၂။ ဆွမ်းခဲဖွယ် ဘောဇဉ်ကို မပေးရန်,

၃။ ဂန္ဓကုဋိတိုက်ခန်း တစ်ခန်းတည်း၌ နေခွင့်မပေးရန်နှင့်

၄။ ပင့်ဖိတ်ရာသို့ ခေါ်၍ မသွားရန်တို့ ဖြစ်ကြ၍ ---

ယူဆုလေးပါးကား ---

၁။ မြတ်စွာဘုရားရှင်သည် တပည့်တော် (အရှင်အာနန္ဒာ) ပင့်ဖိတ်ရာသို့ ကြွတော်မူရန်,

၂။ တိုင်းခြား ပြည်ခြားမှ မြတ်စွာဘုရားအား ဖူးမြော်ရန် ရောက်လာသော ပရိသတ်ကို ရောက်ဆဲခဏမှာပင် မြတ်စွာဘုရားရှင်အား ဖူးမြော်စေနိုင်ခွင့် ရရန်,

၃။ အလိုရှိလျှင် ချက်ချင်း မြတ်စွာဘုရားရှင်ထံသို့ ချဉ်းကပ်နိုင်ရန်နှင့်

၄။ တပည့်တော် (အရှင်အာနန္ဒာ)၏ မျက်ကွယ်၌ ဟောတော်မူသမျှ တရားတို့ကို တစ်ဖန်ပြန်ဟောပြရန်တို့ပင် ဖြစ်ကြ၏။ (အံ၊ဋ္ဌ၊၁၊၂၂၉-၂၃၀။)

( စ ) သမ္ဘာလျှံသည့် = ဘုန်းသမ္ဘာနှင့် ပြည့်လျှံသော၊

၈။ (က) တထာဂတ = ရှေးဘုရားရှင်တို့ကဲ့သို့ ဗောဓိမဏ္ဍိုင်သို့တိုင်အောင် ကောင်းသော လာခြင်း ရှိတော်မူ သော, ရှေးဘုရားရှင်တို့ကဲ့သို့ နိဗ္ဗာန်သို့ ကောင်းစွာ ကြွသွားခြင်း ရှိတော်မူသော မြတ်စွာဘုရား၊

( ခ ) ပဘာဝလျှံလူ = ကိုယ်ရောင်ကိုယ်ဝါ အလျှံပြောင်ပြောင် ထွန်းလင်း တောက်ပတော်မူသော မြတ်စွာဘုရား၊

၁၀။ (က) သေတုဒကံ = သေတ + ဥဒကံ = ဖြူဖွေး = ကြည်လင်သော + ရေ။

၁၁။ (က) ဒဏ္ဍက ပဗ္ဗတာ = ဒဏ္ဍက ရွှေတောင်၊

( ခ ) သဟသ်ရံသီ = ရောင်ခြည်တစ်ထောင်ရှိသော နေမင်း၊

( ဂ ) ဟရိသဗ် = ရွှေရောင်အားလုံး၊

(ဃ) သတပတ် ပဒုမ္မာ = ပွင့်ချပ်လွှာ (၁၀၀) ရှိသော ပဒုမ္မာကြာပန်း၊

၁၂။ (က) ဥဒေတယံ = ဥဒေတယံ စက္ခုမာ --- ဤသို့စသည်ဖြင့် မောရသုတ်၌ လာရှိသော ဂါထာ၊ (အိပ်တန်းဆင်းဂါထာ၊)

( ခ ) ဝေဟင်္ဂမာ = ကောင်းကင်၌ သွားလာနိုင်သော၊

( ဂ ) ဝါယာမေဖြင့် = လုံ့လကြိုးကုတ် အားထုတ်ခြင်းဖြင့် = ဝီရိယဖြင့်၊

(ဃ) အပေတယံ = အပေတယံ စက္ခုမာ --- စသည်ဖြင့် မောရသုတ်၌ လာရှိသော ဂါထာ၊ (အိပ်တန်းတက်ဂါထာ၊)

၁၃။ (က) ဝါရာဏသီ = ဝါနရသီသ-ပုဒ်မှ န-ကို ရ-နှင့် ေ့ရှနောက် ပြောင်းပြန် ဝိပရိတ်ပြု၊ န-ကို ဏ-ပြု၊ ရ-၌ရှိသော အ-ကို အာဒီဃပြု၊ သီသ-၌ရှိ သ-ကိုချေ၊ ဝါရာဏသီ-ဖြစ်သည် ဟူ၏။ ဝါ-၌ ဝ-ကို ဗ-ပြုက ဗာရာဏသီ-ဖြစ်၏။ --- မျောက်ဦးခေါင်းနှင့် တူသော တောင်ထွဋ် ရှိသော တောင်။ ထိုတောင် အနီးတွင် ရှိသော မြို့ --- ဟူသတတ်။

( ခ ) ဝိသေသာ = အဘိသိက်ခံပွဲ၌ အထူးရွက်ဆောင်ပေးရသော ပုဂ္ဂိုလ်ကြီးများ၊

( ဂ ) ဂဇာသတ် = ဆင်ရုပ်ပေါ်တွင် ရိုသေစွာ သိုမှီး သိမ်းဆည်းထားအပ်သော ရှေးဟောင်းဓမ္မသတ်များ။

၁၄။ (က) ပဒ္မါ သနင် = ကြာပလ္လင်၊

( ခ ) ဇောတနတ် = မဏိဇောတ ပြည်တန်မြကဲ့သို့ နတ်သမီးကဲ့သို့ နှစ်သက် မြတ်နိုးအပ်သော မိဖုရား၊

( ဂ ) သီဟာသ = ခြင်္သေ့ရုပ် ခံထားသော သီဟာသနပလ္လင်၊

၁၅။ (က) ဘမရာဖျား = ပျားပိတုန်းခံသော ကုတင်ညောင်စောင်းပေါ်၌၊

၁၆။ (က) ဂန္ဓာခြေ = မွှေးကြိုင်သော ရနံ့တို့ဖြင့် သင်းပျံ့ကြိုင်လှိုင်လျက် ရှိသော တောင်ခြေ၊

( ခ ) ဓမ္မောဇ = ဓမ္မ + ဩဇာ = တရား အဆီအနှစ်၊

၁၇။ (က) ရဇတ = ငွေ၊

( ခ ) ရာဘုရင် ဥက္ကဌ် = ထီးဆောင်းမင်းပေါင်း (၁၀၀)တို့တွင် အမြတ်ဆုံးဖြစ်သော ဘုရင်၊

၁၈။ (က) မနောမယ ဇောတရ = စိတ်သွားတိုင်း ကိုယ်ပါ၍ လိုရာကို ပြီးစေသော = ပြည့်စုံစေသော မဏိဇောတ

ပတ္တမြားရတနာ၊

( ခ ) လောက မြုတေ = လောက အမြုတေ၊

( ဂ ) မဟေသီဆုံး = အဂ္ဂမဟေသီ = အမြတ်ဆုံး မိဖုရားခေါင်၊

၁၉။ (က) ရုပ်ကရဇ ခန္ဓာအိမ် = ဘူတရုပ် ဥပါဒါရုပ်တို့၏ အပေါင်းအစု ဖြစ်သော ခန္ဓာအိမ်၊

၂၀။ (က) ရာဇဓာ = ရာဇဓာနီ = မင်းနေပြည်တော်၊

၂၁။ (က) ဇာတ်သမ္ဘာတူ = အမျိုးဇာတ်ချင်း ဘုန်းသမ္ဘာချင်း တူညီသော၊

( ခ ) မောရက = ဥဒေါင်းငယ် = ရွှေဥဒေါင်း၊

( ဂ ) ကောဓန = အမျက်ကောဓ = ရန်ငြိုးဖွဲ့ခြင်း၊

၂၇။ (က) တြိဥက္ကဋ္ဌ = လူသုံးဦးတို့တွင် အကြီးအမြတ် ဖြစ်တော်မူသော၊

၃၀။ (က) ဝင်းလျှပ် ကနကာ = ကနကာ = ရွှေ၊

( ခ ) ဘူမိဿရ = ရေမြေကို အစိုးရသောမင်း၊

( ဂ ) လူဒိဗ္ဗ = သမုတိနတ်ဖြစ်သော လူမင်း၊

၃၁။ (က) ကနက်ဗွေဝယ် = ရွှေနန်းတော် အလယ်ဝယ်၊

၃၂။ (က) ဗွေသီဟာဝယ် = နန်းတော် အလယ်၌ တည်ရှိသော ခြင်္သေ့ခံသော သီဟာသနပလ္လင်။

( ခ ) ဒီပါသေဌ်နင်း = ဇမ္ဗူဒီပါ ကျွန်းအလုံးကို အစိုးရသော အမြတ်ဆုံးမင်း၊

၃၄။ (က) ဇမ္ဗူရစ်ရွှေ = ဇမ္ဗောနဒရွှေ = လှော်ပြီး ဦးပြီး နီမြန်းသော ရွှေ။ (ဇာတက၊ဋ္ဌ၊၇၊၁၆၆။)

၃၅။ (က) မဟီပြန့်-မဟီ = မြေကြီး။

( ခ ) ညာဇမ္ဗူ = ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း၊

၃၇။ (က) မောရိနတ် = ဥဒေါင်းမင်း = ဘုရားအလောင်း ရွှေဥဒေါင်း၊

( ခ ) လေးပါး သင်္ဂဟ = သင်္ဂဟတရား (၄)ပါး၊

( ဂ ) ဒသရာဇဓမ် = မင်းကျင့်တရား (၁၀)ပါး၊

(ဃ) နာယကံ ခြောက်ဂုဏ် = နာယကဂုဏ် (၆)ပါး၊

( င ) ခုနစ်စုံ အပရိဟာနိယ = မင်းတို့၏ မဆုတ်ယုတ် မပျက်စီးကြောင်း အပရိဟာနိယတရား (၇)ပါး၊

(ခ) သင်္ဂဟတရား (၄) ပါး

(ခ) သင်္ဂဟတရား (၄) ပါး

ရဟန်းတို့ ...ချီးမြှောက်ကြောင်း သင်္ဂဟဝတ္ထုတို့သည် ဤလေးမျိုးတို့တည်း၊ အဘယ်လေးမျိုးတို့နည်း ဟူမူ ---

၁။ ဒါန = ပေးကမ်းခြင်း၊

၂။ ပေယျဝဇ္ဇ = ချစ်ဖွယ်စကားကို ပြောကြားခြင်း၊

၃။ အတ္ထစရိယာ = အကျိုးစီးပွားကို ကျင့်ခြင်း = ရွက်ဆောင်ပေးခြင်း၊

၄။ သမာနတ္တတာ = ကိုယ်နှင့် ထပ်တူပြုခြင်း = တန်းတူ ဆက်ဆံခြင်း၊

ရဟန်းတို့ ...ချီးမြှောက်ကြောင်း သင်္ဂဟဝတ္ထုတို့သည် ဤလေးမျိုးတို့တည်း။

ဤလောက၌ ပေးကမ်းခြင်းလည်းကောင်း, ချစ်ဖွယ်စကားကို ဆိုခြင်းလည်းကောင်း, အကျိုးစီးပွားကို ကျင့် ခြင်းလည်းကောင်း, ထိုထိုအကြောင်းတို့၌ ထိုက်သည်အားလျော်စွာ ကိုယ်နှင့် ထပ်တူပြုခြင်းလည်းကောင်း ထို သင်္ဂဟဝတ္ထု လေးမျိုးတို့သည် သွားနေသော ရထား၏ နားစောင့် = နပန်စွန်းကဲ့သို့ လောကကို ချီးမြှောက်ကုန်၏။

အကယ်၍ ထိုသင်္ဂဟဝတ္ထု လေးမျိုးတို့သည် မရှိကုန်ငြားအံ့၊ အမိသည် သားဟူသော အကြောင်းကြောင့် ပူဇော်ခြင်း မြတ်နိုးခြင်းကို မရရာ။ အဖသည်လည်း သားဟူသော အကြောင်းကြောင့် ပူဇော်ခြင်း မြတ်နိုးခြင်းကို မရရာ။

ထိုသင်္ဂဟဝတ္ထု လေးပါးတို့ကို ပညာရှိတို့သည် ကောင်းစွာ ရှုဆင်ခြင်ကြကုန်သောကြောင့် မြတ်သည်၏ အဖြစ်သို့ ရောက်ကုန်၏၊ ထိုပညာရှိတို့သည် ချီးမွမ်းထိုက်သူတို့ ဖြစ်ကုန်၏။ (အံ၊၁၊၃၄၁။)

သင်္ဂဟဝတ္ထု (၄) ပါး

သင်္ဂဟဝတ္ထု (၄) ပါး

၁။ သဿမေဓ = ဆယ်ခိုင့်တစ်ခိုင် အခွန်တော် ကောက်ယူခြင်း,

၂။ ပုရိသမေဓ = ဝန်ထမ်းတို့အား လခရိက္ခာပေးခြင်း,

၃။ သမ္မာပါသ = ဆင်းရဲသားတို့အား သုံးနှစ်တိုင်တိုင် အတိုးမရှိ ရင်းနှီးရန် ဥစ္စာထုတ်ပေးခြင်း,

၄။ ဝါစာပေယျ = ချစ်နှစ်လိုဖွယ်သော စကားကို ပြောဆိုခြင်း, (အံ၊၃၊၂။ အံ၊ဋ္ဌ၊၃၊၁၉၃-၁၉၄။ မေတ္တာသုတ်၊၊)

(ဂ) ဒသ ရာဇဓမ် = မင်းကျင့်တရား (၁၀) ပါး

(ဂ) ဒသ ရာဇဓမ် = မင်းကျင့်တရား (၁၀) ပါး

ဒါနံ သီလံ ပရိစ္စာဂံ၊ အဇ္ဇဝံ မဒ္ဒဝံ တပံ။

အက္ကောဓံ အဝိဟိံသဉ္စ၊ ခန္တိံ စ အဝိရောဓနံ။ (ခု၊၆၊၉၇။)

၁။ ဒါန = အလှူပေးခြင်း = ဒါနဝတ္ထု (၁၀)ပါးလျှင် တည်ရာရှိသော ကုသိုလ်စေတနာ၊

၂။ သီလ = ငါးပါးသီလ၊ ဆယ်ပါးသီလတို့ကို စောင့်ထိန်းခြင်း၊

၃။ ပရိစ္စာဂ = ပေးကမ်း စွန့်ကြဲခြင်း၊

၄။ အဇ္ဇဝ = စိတ်ထား ဖြောင့်မတ်ခြင်း၊

၅။ မဒ္ဒဝ = စိတ်ထား နူးညံ့ ပျော့ပျောင်းခြင်း၊

၆။ တပ = ဥပုသ်သီတင်း စောင့်သုံးခြင်း၊

၇။ အက္ကောဓ = မေတ္တာ ေ့ရှသွား ပြဓာန်းသော စိတ်ထားရှိ၍ အမျက်ဒေါသ မထွက်ခြင်း၊

၈။ အဝိဟိံသ = တိုင်းသူပြည်သားတို့ အပေါ်၌ ကရုဏာေ့ရှသွား ပြဓာန်းသော စိတ်ထားရှိ၍ မညှဉ်းပန်း မနှိပ်စက်ခြင်း၊

၉။ ခန္တိ = သည်းခံခြင်း၊

၁၀။ အဝိရောဓန = တိုင်းသူပြည်သားတို့နှင့် ဆန့်ကျင်ဘက် မပြုလုပ်ခြင်း၊

ဤကား မင်းကျင့်တရား (၁၀)ပါးတည်း။ (ဇာတက၊ဋ္ဌ၊၅၊၄၀၃။)

(ဃ) နာယကဂုဏ် (၆) ပါး

(ဃ) နာယကဂုဏ် (၆) ပါး

၁။ ခမာ = သည်းခံခြင်း = ခန္တီတရား ရှိခြင်း၊

၂။ ဇာဂရိယာနုယောဂ = နိုးကြားမှုနှင့် ယှဉ်ခြင်း = နိုးနိုးကြားကြား ရှိခြင်း = အောက်ထစ်ဆုံးအားဖြင့် ညဉ့် သုံးယာမ် တစ်ယာမ်မျှသာ အိပ်စက်၍ ကြွင်းသော အချိန်တို့၌ သမထ ဝိပဿနာ အစဖြာသည့် ရဟန်းတရားတို့ကိုသာ ကြိုးစားအားထုတ်ခြင်း၊

၃။ ဥဋ္ဌာန = ငယ်သားတို့ထက် တပည့်သားမြေးတို့ထက် အဆများစွာ သာလွန်၍ ထကြွလုံ့လ ဝီရိယ ရှိခြင်း၊

၄။ သံဝိဘာဂ = ခွဲခြားဝေဖန်လျက် ချီးမြှောက် ထောက်ပံ့ခြင်း = နောက်လိုက်ငယ်သား တပည့်သားမြေးတို့အား လျောက်ပတ်လျော်ကန် တော်တန်သလို ပစ္စည်းလာဘ်လာဘတို့ကို ခွဲခြားဝေဖန်၍ ချီးမြှောက် ထောက်ပံ့ခြင်း၊

၅။ ဒယာ = သူတစ်ပါးအား ကိုယ်နှင့်မခြား သနားကြင်နာတတ်ခြင်း၊

၆။ ဣက္ခနာ = အလုံးစုံသော အခွင့်အရေးဟူသမျှကို တွေးတောမြော်မြင် ကြည့်ရှု ဆင်ခြင်တတ်သော ဉာဏ် ပညာနှင့် ပြည့်စုံခြင်း၊

ထကြွ, နိုးကြား၊ သနား, သည်းခံ၊ ဝေဖန်, ကြည့်ရှု၊ ဤခြောက်ခုကား၊ ကြီးသူကျင့်ရာ တရားတည်း။

(င) ခုနစ်စုံ အပရိဟာနိယ = မင်းတို့၏ မဆုတ်ယုတ်ကြောင်းတရား (၇) ပါး

(င) ခုနစ်စုံ အပရိဟာနိယ = မင်းတို့၏ မဆုတ်ယုတ်ကြောင်းတရား (၇) ပါး

ထိုစဉ်အခါ၌ အရှင်အာနန္ဒာသည် မြတ်စွာဘုရားကို ယပ်လေခတ်ပေးလျက် မြတ်စွာဘုရား၏ နောက်တော်၌ တည်ရှိနေ၏၊ ထိုအခါ မြတ်စွာဘုရားသည် အရှင်အာနန္ဒာကို မိန့်တော်မူ၏ ---

အာနန္ဒာ ...ဝဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေးကုန်၏လော၊ အကြိမ်များစွာ စည်းဝေးကုန်၏လော၊ သင်အဘယ်သို့ ကြားသိရသနည်းဟု မေးတော်မူ၏။ --- အရှင်ဘုရား ...ဝဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေး ကုန်၏၊ အကြိမ်များစွာ စည်းဝေးကုန်၏ --- ဟု တပည့်တော် ကြားရပါသည်ဘုရားဟု လျှောက်ထား၏။ အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေးလျက် အကြိမ်များစွာ စည်းဝေးနေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ --- ဤသို့စသည်ဖြင့် မင်းတို့၏ မဆုတ်ယုတ်ကြောင်းတရား (၇)ပါးတို့ကို မဟာပရိနိဗ္ဗာနသုတ္တန်တွင် ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့၏။ ယင်းဒေသနာတော်အတိုင်း အတိုချုပ်မှာ ဤသို့ဖြစ်၏။

၁။ မင်းတို့သည် မကြာမကြာ စည်းဝေးကြခြင်း အကြိမ်များစွာ စည်းဝေးကြခြင်း၊

၂။ မင်းတို့သည် အညီအညွတ် စည်းဝေးကုန်လျက် အညီအညွတ် အစည်းအဝေးမှ ထကုန်လျက် တိုင်းရေး ပြည်ရေး ကိစ္စတို့ကို အညီအညွတ် ဆောင်ရွက်ကုန်ခြင်း၊

၃။ မင်းတို့သည် ရှေးဟောင်းမင်းတို့သည် မပညတ်ခဲ့သော အရာကို မပညတ်ဘဲ, ပညတ်ပြီးသော အရာကို မပယ်ဖျက်ဘဲ, ပညတ်ထားသမျှ ရှေးဟောင်းမင်းတို့၏ ကျင့်ထုံးကို လိုက်နာ၍ ကျင့်ခြင်း၊

၄။ မင်းတို့သည် အသက်ကြီးသော မင်းတို့ကို အရိုအသေပြုကုန်ခြင်း, အလေးပြုကုန်ခြင်း, မြတ်နိုးကုန်ခြင်း, ထိုအသက်ကြီးသူတို့၏ စကားကိုလည်း နာယူသင့်သည်ဟု ထင်မှတ်၍ နေကြခြင်း၊

၅။ မင်းတို့သည် အမျိုးသမီးကြီး အမျိုးသမီးငယ်တို့ကို အတင်းဆွဲငင်၍ အနိုင်အထက် မသိမ်းပိုက်ကြခြင်း၊

၆။ မင်းတို့သည် မြို့တွင်းမြို့ပြင်ရှိ မင်းတို့၏ နတ်ကွန်း = စေတီတို့ကို အရိုအသေပြုလျက် အလေးပြုလျက် မြတ်နိုးလျက် ပူဇော်လျက် ထိုနတ်ကွန်း = စေတီတို့အားလည်း ရှေးက ပေးလှူမြဲဖြစ်သော ပြုမြဲဖြစ်သော တရားနှင့် လျော်သော ဗလိနတ်စာကို မဆုတ်ယုတ်စေခြင်း၊

၇။ မိမိတို့၏ တိုင်းနိုင်ငံသို့ မကြွလာသေးသော ရဟန္တာတို့သည် ကြွလာခြင်းငှာ, ကြွရောက်လာပြီးသော ရဟန္တာ တို့သည် မိမိတို့၏ တိုင်းနိုင်ငံ၌ ချမ်းသာစွာ နေရခြင်းငှာ မင်းတို့သည် ရဟန္တာတို့အား တရားနှင့်အညီ စောင့်ရှောက် ကာကွယ်လျက် လုံခြုံမှုကို ကောင်းစွာ စီမံပေးနေကြခြင်း၊

ဤသည်တို့ကား မင်းတို့၏ မဆုတ်ယုတ်ကြောင်း အပရိဟာနိယတရား (၇)ပါးတို့တည်း။ (ဒီ၊၂၊၆၂-၆၃။)

ဤတွင် အင်္ဂပူဆရာတော်ဘုရားကြီး၏ မောရသုတ်ပရိတ်မွှန်း၏ ခက်ဆစ် အဓိပ္ပါယ်များ ပြီးဆုံးပြီ ဖြစ်သည်။ ကာမဂုဏ် ညွှတ်ကွင်း၌ ဇွတ်အတင်း မိငြားသော်လည်း လွတ်ကင်းအောင် ရုန်းထွက်နိုင်သော ရှေးသူဟောင်းတို့၏ ကြေကွဲဖွယ် ထုံးဟောင်း တစ်ရပ်ပင် ဖြစ်ပေသည်။

ဤအထက်တွင် တင်ပြခဲ့သော ဗောဓိလောင်းလျာ အသီးအသီးတို့ကား တစ်ဦးနှင့်တစ်ဦး သဒ္ဓါ သီလ စာဂ ပညာ ကြောင်းလေးဖြာတို့ ပေါင်းစုညီညာလျက် ရှိကြသဖြင့် ဥမကွဲသိုက်မကွာဘဲ သံသရာခရီး၌ ယှဉ်တွဲကာ ပါရမီကောင်းမှုကုသိုလ်တို့ကို ဖြည့်ကျင့်နိုင်ခဲ့ရသည်ကား မှန်၏။ သို့သော် ထိုသူတော်ကောင်းကြီးတို့၏ ထုံးဟောင်း ကို အားကျလျက် သဒ္ဓါ သီလ စာဂ ပညာ ကြောင်းလေးဖြာတို့ ပေါင်းစုညီညာမှု မရှိသေးသော အသင်သူတော်ကောင်းသည်လည်း သံသရာတစ်လျှောက်၌ ဥမကွဲသိုက်မကွာသည့် မူဝါဒကို လက်ခံ ကျင့်သုံးလိုပါက ဥနှင့်လည်း မခွဲချင်, အသိုက်နှင့်လည်း မခွာချင်ပါက အောက်ပါ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် အတိတ်ဇာတ်ကြောင်း တစ်ခုကို ထပ်လောင်း၍ ဖတ်ရှုကြည့်စေလိုပါသည်။

အဿကဇာတ်တော် ကောက်နုတ်ချက်

အဿကဇာတ်တော် ကောက်နုတ်ချက်

ယခုကာလ ဒုလ္လဘဝတ်ကြရာဝယ် အိမ်ရှင်မတို့က လူထွက်ခိုင်းကြသည့် ပုံစံမျိုးအတိုင်းပင် ဘုရားရှင်လက်ထက်တော်အခါကလည်း ရဟန်းတော် တစ်ပါးကို အိမ်ရှင်မဟောင်းက လူထွက်ပါမည့်အကြောင်း ဖြားယောင်း သဖြင့် ဤအဿကဇာတ်တော်ကို ဟောကြားပေးတော်မူခြင်း ဖြစ်၏။

လွန်လေပြီးသောအခါ ကာသိတိုင်းဝယ် ပါဋလိမြို့၌ အဿက အမည်ရှိသော မင်းသည် မင်းပြု၏။ ထို အဿကမင်းအား ဥပရီ အမည်ရှိသော ချစ်မြတ်နိုးစွာသော မိဖုရားတစ်ဦး ရှိ၏၊ ထိုဥပရီသည် အလွန် အဆင်း လှ၏၊ ရှုချင်ဖွယ် ရှိ၏၊ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်၏၊ လူမိန်းမ၏ အဆင်းကို လွန်၏၊ နတ်တို့၏ အဆင်းကို ကား မမှီတတ်ပေ။ အဂ္ဂမဟေသီ တောင်ညာစံဒေဝီပင် ဖြစ်၏။ တစ်နေ့တွင် ထိုဥပရီမိဖုရားသည် ကွယ်လွန်သွား လေ၏။

ထိုဥပရီမိဖုရား ကွယ်လွန်သွားခြင်းကြောင့် အဿကမင်းသည် သောကဖြင့် အပြင်းအထန် အနှိပ်စက်ခံရ သည် ဖြစ်၍ အကြီးအကျယ် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲနေရ၏။ ထိုအဿကမင်းသည် ထိုဥပရီမိဖုရား၏ အလောင်းတော်ကို တလား၌ လျောင်းစေ၍ ဆီနှစ်ကို ထည့်စေပြီးနောက် ကုတင်ညောင်စောင်းအောက်၌ ထားကာ အစာ မစားဘဲ ငိုကြွေးမြည်တမ်းလျက် အိပ်နေ၏။ မယ်တော် ခမည်းတော် ဆွေတော် မျိုးတော် မိတ်တော် ဆွေတော် စသည့်သူတို့က ---

အရှင်မင်းမြတ် ...စိုးရိမ်သောက ဖြစ်တော်မမူပါလင့်၊ သင်္ခါရတရား မှန်သမျှတို့သည် ဖြစ်ပြီးလျှင် ပျက် တတ်သည့် အနိစ္စတရားတို့သာ ဖြစ်ကြပါကုန်၏။

ဤသို့စသည်ဖြင့် မည်သို့ပင် နားချကြသော်လည်း ဖြေမဆည်နိုင် ခွေလှီယိုင်မောကာဖြင့် ပူဇောကြွလျက်သာ ရှိနေ၏။ အချိန်ကား (၇)ရက် လွန်မြောက်သွားပြီ ဖြစ်၏။

ထိုအချိန်တွင် ဘုရားအလောင်းတော်သည် လောကီအဘိညာဏ် (၅)ပါး စျာန်သမာပတ်(၈)ပါးတို့ကို ရရှိ တော်မူသည့် ရှင်ရသေ့ ဖြစ်၍ ဟိမဝန္တာ၌ နေတော်မူခိုက် ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်ကို တိုးပွားအောင် ပြုပြင်တော်မူပြီးနောက် ဒိဗ္ဗစက္ခုအဘိညာဏ် ဉာဏ်ဖြင့် ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို ဖြန့်ကြက်လျက် ကြည့်ရှုတော်မူလတ်သော် ထိုအဿကမင်း ထိုကဲ့သို့ ငိုကြွေးနေ သည်ကို မြင်၍ --- ငါသည် ထိုအဿကမင်း၏ မှီခိုအားထားရာ ပုဂ္ဂိုလ်တစ်ဦးတော့ ဖြစ်သင့်ပြီဟု နှလုံးပိုက် တော်မူလျက် ဣဒ္ဓိဝိဓအဘိညာဏ်တန်ခိုးဖြင့် ကောင်းကင်ခရီး၌ ပျံတက်၍ မင်းဥယျာဉ်တော်၌ ဆင်းသက်ပြီးလျှင် မင်္ဂလာကျောက်ဖျာထက်၌ ရွှေဆင်းတုကဲ့သို့ ထိုင်၍ သီတင်းသုံးနေတော်မူ၏။

ထိုအခါ ပုဏ္ဏားလုလင်တစ်ဦးနှင့် တွေ့၍ ပုဏ္ဏားလုလင်မှတဆင့် ငါရှင်ရသေ့သည် ထိုဥပရီမိဖုရား၏ ဖြစ်ရာအရပ်ကို ပြောကြားနိုင်၍ အဿကမင်း၏ အထံ၌သာလျှင် ထိုမိဖုရားကို စကားဆိုစေအံ့ --- ဟု သတင်း စကား မှာကြားလိုက်၏။

အဿကမင်းက ထိုသတင်းကို ကြားသိရသောအခါ ဥပရီမိဖုရားနှင့် မြင်တွေ့ရတော့မည့် အရေးကို မျှော် တွေးလျက် နှစ်သက်ရွှင်လန်း ဝမ်းပန်းတသာဖြင့် ဥယျာဉ်တော်ရှိ ရှင်ရသေ့ထံသို့ အမြန်ဆိုက်ရောက်လာ၏။ ရှင်ရသေ့က ဤသို့ မိန့်ဆိုတော်မူ၏။ ---

သာ ခေါ မဟာရာဇ ရူပသ္မိံယေဝ မတ္တာ ပမာဒမာဂမ္မ ကလျာဏကမ္မံ အကတွာ ဣမသ္မိံယေဝ ဥယျာနေ ဂေါမယပါဏကယောနိယံ နိဗ္ဗတ္တာတိ။ (ဇာ၊ဋ္ဌ၊၂၊၁၄၃။)

ဒါယကာတော် မင်းကြီး ...ထိုဥပရီမိဖုရားသည် မိမိ၏ ရုပ်အဆင်း၌ပင်လျှင် အဆင်းမာန်ယစ်သည် ဖြစ်၍ ကုသိုလ်ကောင်းမှုတို့၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်ကာ အားကိုးထိုက်သည့် ကောင်းမှုကုသိုလ်ထူးကိုလည်း မဆည်းပူးမိခဲ့သည့်အတွက် (မိမိ၏ ရုပ်အဆင်း၌ မက်မောနေခြင်း လောဘဇောက မရဏာသန္နဇော၏ နေရာကို ယူသွားသဖြင့်) ဤဥယျာဉ်တော် အတွင်း၌ပင်လျှင် နွားချေးပိုး၏ အမျိုး၌ ဖြစ်နေ၏ဟု အမိန့်တော်ရှိလိုက်၏။

ထိုအဿကမင်း ယုံကြည်နိုင်အောင် ဘုရားအလောင်းတော်ရသေ့ကြီးက (ကတ္တီပါဘောလုံးကဲ့သို့ ဝန်းဝိုင်း လျက်ရှိသော) နွားချေးစိုင်ခဲကို ဖောက်ခွဲလျက် နွားချေးဖို,မ နှစ်ဦးသားတို့သည် ေ့ရှတော်မှောက်သို့ လာရောက် စေသတည်း --- ဟု အဘိညာဏ်တန်ခိုးဖြင့် ဓိဋ္ဌာန်တော်မူကာ ခေါ်ယူတော်မူလိုက်၏။ ထိုနွားချေးပိုးမကိုလည်း လူတို့ဘာသာစကားဖြင့် စကားတုံ့ပြန်ရန် အဓိဋ္ဌာန်ထားတော်မူ၏။

ရှင်ရသေ့ ။ ။ ဥပရီဟု ခေါ်တော်မူလိုက်၏။

နွားချေးပိုးမ ။ ။ အရှင်ဘုရား ...အဘယ်ကိုပြုအံ့နည်း။

ရှင်ရသေ့ ။ ။ သင်သည် လွန်လေပြီးသော ဘဝက အဘယ်အမည် ရှိပါသနည်း။

နွားချေးပိုးမ ။ ။ အရှင်ဘုရား ...အဿကမင်း၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ ဥပရီ အမည်ရှိပါသည်။

ရှင်ရသေ့ ။ ။ ယခုအခါ၌ သင်သည် အဿကမင်းကိုတည်း ချစ်သလော၊ ထိုသို့မဟုတ်မူကား နွားချေးပိုးဖိုကိုတည်း ချစ်သလော။

နွားချေးပိုးမ ။ ။ ဘန္တေ သော မယှံ ပုရိမဇာတိယာ သာမိကော၊ တဒါ အဟံ ဣမသ္မိံ ဥယျာနေ တေန သဒ္ဓိံ ရူပသဒ္ဒဂန္ဓရသဖောဋ္ဌဗ္ဗေ အနုဘဝမာနာ ဝိစရိံ။ ဣဒါနိ ပန မေ ဘဝသင်္ခေပဂတကာလတော ပဋ္ဌာယ သော ကိံ ဟောတိ၊ အဟဥှိ ဣဒါနိ အဿကရာဇာနံ မာရေတွာ တဿ ဂလလောဟိတေန မယှံ သာမိကဿ ဂေါမယပါဏကဿ ပါဒေ မက္ခေယျံ။ (ဇာတက၊ဋ္ဌ၊၂၊၁၄၃။)

အရှင်ဘုရား ...ထိုအဿကမင်းသည် ရှေးယခင် လူဖြစ်စဉ်အခါတုန်းက အိမ်ရှင် လင်ယောက်ျား ဖြစ်ခဲ့ ဖူးသည်ကား မှန်၏။ ထိုလူဖြစ်စဉ်အခါတုန်းက တပည့်တော်မသည် ဤဥယျာဉ်တော်၌ အဿကမင်းနှင့် အတူတကွ ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗဟူသည့် ငါးဖြာအာရုံ ကာမဂုဏ်တို့ကို အစဉ်တစိုက် ခံစားလျက် အပျော်ကြီး ပျော်ကာ လှည့်လည် ကျက်စားခဲ့ဖူးပါ၏။ ယခုအခါ၌တမူကား ဘဝတစ်ခုဖြင့် ဖုံးလွှမ်းခြင်းသို့ ရောက်ရှိလာသော ထိုအချိန်အခါမှ စ၍ ဘဝချင်း ခြားနေသော ထိုအဿကမင်းသည် တပည့်တော်မအဖို့ အဘယ်အကျိုး ရှိနိုင်ပါ တော့အံ့နည်း။ (ထိုအဿကမင်းသည် တပည့်တော်မအတွက် ဘာလုပ်တော့မှာလဲ။) ထိုကြောင့် ယခုအခါဝယ် တပည့်တော်မသည် အဿကမင်းကို သတ်၍ ထိုအဿကမင်း၏ လည်ချောင်းသွေးဖြင့် တပည့်တော်မ၏ ကြင်ရာတော် အသစ်စက်စက် ဖြစ်သော နွားချေးပိုးဖို၏ ခြေထောက်တို့ကို ဆေးကြောပေးလိုပါ၏။

ဤကား နွားချေးပိုးမကလေး၏ အလောင်းတော်ရသေ့ကြီးအား အဿကမင်း၏ ေ့ရှမှောက်တွင် ပရိသတ် စုံသည့် လူပုံအလယ်၌ လျှောက်ထားနေသော စကားပင်တည်း။ ပူဗျာပါသောက အပူဇောကြွလျက် အလွမ်းကြီး လွမ်းကာ အဆွေးကြီး ဆွေးနေရရှာသော အဿကမင်းအတွက် အလွန့်အလွန် ရင်နင့်ဖွယ်ကောင်းသော စကား တို့ပင်တည်း။ သို့သော် မယ်မင်းကြီးမက ဤမျှဖြင့် အားရတော်မမူသေးဘဲ ထပ်လောင်း၍ လျှောက်ထားပြန် သည်မှာ ---

အယမဿကရာဇေန၊ ဒေသော ဝိစရိတော မမ။

အနုကာမယကာမေန၊ ပိယေန ပတိနာ သဟ။

နဝေန သုခဒုက္ခေန၊ ပေါရာဏံ အပိဓီယတိ။

တသ္မာ အဿကရညောဝ၊ ကီဋော ပိယတရော မမ။

အရှင်ဘုရား ...ဤ မွေ့လျော်ဖွယ်ကောင်းလှသော ဥယျာဉ်တော်အရပ်သည်ကား ဟိုရှေးယခင် လူဖြစ်စဉ် အခါက ဘုရာ့တပည့်တော်မသည် အဿကမင်းနှင့် အတူတကွ လှည့်လည် ကျက်စားခဲ့ဖူးသော နေရာဟောင်းကြီး တစ်ခု ဖြစ်ပါ၏။ ထိုအဿကမင်းကို အလွန့်အလွန် ချစ်မြတ်နိုးလျက်ရှိသော တပည့်တော်မသည် တပည့်တော်မ ကိုလည်း အလွန် ချစ်မြတ်နိုးလျက်ရှိသော ထိုအဿကမင်းနှင့် အတူတကွ နှစ်ဦးသားတို့ ကြည်နူး၍ မဝနိုင်သော နေရာဟောင်းကြီးပင် ဖြစ်ပါ၏။

အရှင်ဘုရား ...ယခုအခါ၌ အမှန်တရားကို လျှောက်ထားရပါမူ အသစ်ဖြစ်ပေါ်လာသော သုခက အဟောင်းဖြစ်သော သုခကို, အသစ်ဖြစ်သော ဒုက္ခကလည်း အဟောင်းဖြစ်သော ဒုက္ခကို ဖုံးလွှမ်းထားအပ်ပါ၏။ အသစ်ကိုတွေ့တော့ အဟောင်းကို မေ့နေပါ၏။ ဤကဲ့သို့ အသစ်ကိုတွေ့၍ အဟောင်းမေ့ခြင်းသည်ကား တစ်လောကလုံး၏ ဓမ္မတာ တစ်ခုသာ ဖြစ်ပါ၏။ ထိုကြောင့် ဘုရား တပည့်တော်မသည် အဿကမင်းထက် အဆအရာ အဆအထောင်မက နွားချေးပိုးဖိုကိုသာလျှင် အလွန့်အလွန် သာလွန်၍ ချစ်မြတ်နိုးပါ၏။

ဤကား ပရိသတ်စုံသည့် လူပုံအလယ်၌ အလောင်းတော်ရှင်ရသေ့အား လူတို့ဘာသာစကားဖြင့် အများ နားလည်အောင် ကြားနိုင်အောင် လျှောက်ကြားနေသော နွားချေးပိုးမ၏ မုသားမစွက်သည့် ကြေကွဲဖွယ် စကား များပင်တည်း။ ဘသားချောကြီး အဿကက ငိုပွဲကြီး ဆင်နွဲနေရသည့် အလွမ်းကြီး လွမ်း၍ အဆွေးကြီး ဆွေးနေ ရသည့် အချိန်တွင် မယ်မင်းကြီးမ ဥပရီက သူ၏ ကြင်ယာ အသစ်စက်စက် နွားချေးပိုးဖိုကလေး၏ ခြေထောက်ကို အဿကဘသားချော၏ လည်ချောင်းသွေးဖြင့် ခြေဆေးပေးနေချင်၏။ အလွန်ရင်နင့်ဖွယ် မြင်ကွင်းကျယ် တစ်ခုပင် ဖြစ်ပါသည်။

ဘုရားရှင်သည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ ထိုနောင် သစ္စာလေးပါးနှင့် စပ်သော တရား စကားတို့ကို ဆက်လက်၍ ဟောကြားတော်မူ၏။ ထိုသစ္စာဒေသနာတော်၏ အဆုံး၌ လူ့ဘဝက မယားဟောင်း က လူထွက်ဖို့ရန် ဖြားယောင်းသဖြင့် လူထွက်လိုသော ရဟန်းတော်သည် သောတာပတ္တိဖိုလ်၌ တည်သွားတော် မူလေသည်။

ဤဇာတ်တော်ဝယ် သောတာပန် ဖြစ်သွားတော်မူသော ရဟန်းတော်မှာ အခြားသူမဟုတ် တစ်ချိန်က ဥပရီမိဖုရားအတွက် အဆွေးကြီးဆွေးကာ အပူကြီးပူလျက် အငိုကြီးငိုခဲ့ရသော အဿကမင်းပင် ဖြစ်သည်။ လူထွက်ဖို့ရန် ဖြားယောင်းလာသော မယားဟောင်းမှာလည်း အခြားသူမဟုတ် မယ်မင်းကြီးမဥပရီပင် ဖြစ်သည်။ အဿကမင်း၏ လည်ချောင်းသွေးဖြင့် နွားချေးပိုးဖို၏ ခြေထောက်ကို ခြေဆေးပေးချင်သော နွားချေးပိုးမပင် ဖြစ်ပေသည်။ (ဇာ၊ဋ္ဌ၊၂၊၁၄၂-၁၄၄။)

ဤဘဝတွင် ဤလင် ဤသား ဤမယားနှင့် အပျော်ကြီး ပျော်နိုင်သော်လည်း ဟိုဘဝတွင် ဟိုလင် ဟိုသား ဟိုမယားနှင့် အပျော်ကြီး ပျော်တတ်သည့်, သဒ္ဓါ သီလ စာဂ ပညာ ကြောင်းလေးဖြာတို့ ပေါင်းစုညီညာမှု မရှိသော တစ်လောကလုံး၏ ထုံးဟောင်းကြီး တစ်ခုကို အလွန်ရခဲသော လူ့ဘဝကို ရရှိနေသော အလွန်ရခဲသော ရဟန်း ဘဝကို ရရှိနေသော အလွန် တွေ့ခဲလှစွာသော သာသနာတော်ကြီးနှင့် ကြုံတွေ့နေရသော အသင်သူတော်ကောင်း သည်လည်း မမေ့သင့်လှပေ။

ရှေးဘဝက ပေါင်းဖော်ခဲ့ဖူးခြင်း

ရှေးဘဝက ပေါင်းဖော်ခဲ့ဖူးခြင်း

ဘဒ္ဒါ ကုဏ္ဍလကေသာထေရီ အမည်ရှိသော ရဟန္တာထေရီမအလောင်း၏ လူ့ဘဝက ဖြစ်စဉ်မှာလည်း သံဝေဂယူဖွယ် အချက်တစ်ရပ်ပင် ဖြစ်ပေသည်။ ဘဒ္ဒါကား ကုဋေ (၄၀)မျှ ကြွယ်ဝချမ်းသာသော မိဘတို့၏ တစ်ဦးတည်းသော သမီးရတနာတစ်ဦး ဖြစ်၏။ တစ်နေ့တွင် သေဒဏ်အပြစ် အမိန့်ချမှတ်ခံရသော ခိုးသားဓားပြ တစ်ဦးကို ဘဒ္ဒါတို့၏ အိမ်ေ့ရှမှ ဖြတ်ကျော်လျက် သုသာန်သင်္ချိုင်းသို့ သတ်ရန် ထုတ်ဆောင်သွား၏။ ထိုသူခိုးကို မြင်သည်နှင့် တစ်ပြိုင်နက် မယ်ဘဒ္ဒါသည် ဤသူခိုးကိုမျှ မရလျှင် သေရပေတော့မည်ဟု ဆိုကာ အိပ်ရာ၌ ဗုန်းဗုန်းလဲတော့၏။ မိဘတို့ကလည်း မြို့ဝန်ကို လက်ဆောင်ထိုးကာ သမီး၏အလိုဆန္ဒကို အတတ်နိုင်ဆုံး လိုက်လျောကာ ထိုသူခိုးနှင့် လက်ထပ်ထိမ်းမြားလျက် ဘုံ (၇)ဆင့် အထက်၌ အတူထားပေးလိုက်ကြ၏။

ဤ၌ ပြောလိုသော အချက်ကား မယ်ဘဒ္ဒါ၏ သူခိုးကို မရလျှင် မနေနိုင်အောင် အိပ်ရာထဲ၌ ဗုန်းဗုန်းလဲ ရခြင်းပင် ဖြစ်၏။ ဤမျှ ပြင်းထန်သော တဏှာရာဂသည် မယ်ဘဒ္ဒါ၏ သန္တာန်၌ အဘယ်ကြောင့် ဖြစ်ပေါ်လာရ ပါသနည်းဟူမူ - ပုဗ္ဗေဝ သန္နိဝါသ ဟူသော ရှေးရှေးဘဝက ပေါင်းဖော်ခဲ့ဖူးခြင်းသည်ပင် အကြောင်းရင်း ဖြစ်နေ ပေသည်။ ဤမယ်ဘဒ္ဒါကား အမျိုးသမီးအပိုင်းတွင် အရဟတ္တဖိုလ်ကို အမြန်ဆုံး ထိုးထွင်းသိမြင်ကြသည့် အမျိုးကောင်းသမီး ဘုရားရှင်၏ တပည့်သာဝိကာမတို့တွင် အသာဆုံး အမြတ်ဆုံး ဖြစ်သည့် ခိပ္ပါဘိည ဧတဒဂ်ဘွဲ့ထူးကို ရရှိသည့် သူတော်ကောင်း တစ်ဦးပင် ဖြစ်သည်။ ဤကဲ့သို့သော ရဟန္တာ ဖြစ်မည့် သူတော်ကောင်းကြီးတို့၏ သန္တာန်၌သော်လည်း ဤတဏှာသည် ရဟန္တာ မဖြစ်ခင် အချိန်အတွင်း၌ ရဟန္တာ ဖြစ်တော့မည့် ဘဝမှာပင် အလွန်အမင်း လိုက်၍ ဒုက္ခပေးနေသေးတတ်ပေသည်။ (ထေရီဂါထာ၊၃၉၁-၃၉၂။ အံ၊ဋ္ဌ၊၁၊၂၈၃-၂၈၈။)

ဤမယ်ဘဒ္ဒါကား ခိပ္ပါဘိညဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းနိုင်ရန်အတွက် ပဒုမုတ္တရဘုရားရှင်၏ သာသနာတော် မှစ၍ ဂေါတမဘုရားရှင်၏ သာသနာတော်သို့တိုင်အောင် ကမ္ဘာတစ်သိန်းနှင့် ချီ၍ ပါရမီ ဖြည့်ကျင့်ခဲ့သူ သူတော်ကောင်းကြီး တစ်ဦးပင် ဖြစ်ပေသည်။ ထိုကဲ့သို့သော သူတော်ကောင်းတစ်ဦးကိုပင် ဤတဏှာလောဘသည် ရဟန္တာဖြစ်တော့မည့် ဘဝတွင်သော်မှလည်း အိပ်ရာထဲ၌ အလျားမှောက်ကာ ငိုပွဲကြီး ဆင်ရလောက်အောင် ဗုန်းဗုန်းလဲစေနိုင်သော စွမ်းအားရှိခဲ့ပါမူ ထိုမျှ အစွမ်းထက်မြက်လွန်းလှသော တဏှာလောဘကို သံသရာဝဋ် ဆင်းရဲဒုက္ခမှ ကျော်လွှား လွန်မြောက်လိုသော သူတော်ကောင်းတစ်ဦး အနေဖြင့် မိတ်ကောင်း ဆွေကောင်း တစ်ဦးကဲ့သို့ သဘောထားကာ ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ရန် သင့်-မသင့်ကို အထူးဆင်ခြင် စဉ်းစား သင့်လှပေသည်။ ထိုတဏှာသည် မယ်ဘဒ္ဒါကဲ့သို့သော သူတော်ကောင်းတစ်ဦးကိုပင် ဗုန်းဗုန်းလဲစေနိုင်သော စွမ်းအားရှိနေသေးလျှင် အသင်ကဲ့သို့သော သူတော်ကောင်းတစ်ဦးကိုလည်း အဘယ်ကြောင့် ဗုန်းဗုန်း မလဲစေ နိုင်ဘဲ ရှိနိုင်ပါအံ့နည်း။ အမျိုးသမီးပိုင်းတွင် ဝိနည်းကို ဆောင်ကြကုန်သော ဘိက္ခုနီ တပည့်သာဝိကာမ အပေါင်း တို့တွင် ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းမည့် ပဋာစာရာထေရီမအလောင်း အမျိုးကောင်းသမီးကို အရူးမဘဝသို့ ရောက်အောင် ပို့ဆောင်ပေးလိုက်သော အကြောင်းတရားမှာလည်း ဤတဏှာလောဘပင် မဟုတ်ပါလော။ ဆားငံရေနောက်ကို ငတ်တိုင်း မသောက်မိဖို့ အထူး သတိပြုသင့်လှပေသည်။

__________

မာယာ - သာဌေယျ

မာယာ - သာဌေယျ

သန္တဒေါသပဋိစ္ဆာဒနလက္ခဏာ မာယာ၊ အသန္တဂုဏသမ္ဘာဝနလက္ခဏံ သာဌေယျံ။ (မဟာဋီ၊၁၊၈၄။)

မာယာသည် မိမိ၌ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်း သဘောလက္ခဏာ ရှိ၏။ သာဌေယျကား မိမိ ၌ ထင်ရှားမရှိသောဂုဏ်ကို ချီးမွမ်းခြင်း သဘောလက္ခဏာ ရှိ၏။ ဤမာယာနှင့် သာဌေယျအရ တဏှာလောဘ ကိုပင် တရားကိုယ် ကောက်ယူရ၏။

မာယာသည် မျက်လှည့်သမားနှင့် တူ၏။ မျက်လှည့်သမားသည် ကျောက်ခဲကို ကောက်ယူ၍ ရွှေတုံးရွှေခဲ ထင်အောင် လှည့်စားနိုင်သကဲ့သို့ ဤမာယာသည်လည်း လူတစ်ဘက်သား အထင်မှားအောင် မိမိမှာရှိသော အပြစ်ကို ဖုံးကွယ်တတ်လေသည်။ မိမိမှာ အပြစ်ရှိပါလျက် မရှိသလို ဟန်ဆောင်တတ်ပေသည်။ ကြောင်သူတော်ဟု လူအများက လောက၌ ခေါ်ဝေါ်သုံးစွဲနေသော စိတ်ဓာတ် တစ်မျိုးပင် ဖြစ်သည်။ ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့ကား မိမိ၌ ထင်ရှားရှိသော အပြစ်ကို အပြစ်အားလျော်စွာ ထင်စွာ ပြုခြင်း ကုစားခြင်းကိုသာ နှစ်ခြိုက်တော်မူကြ၏။

မိန်းမတို့မာယာ သဲကိုးဖျာ --- ရှေးသရောအခါ တက္ကသိုလ်ပြည်ဝယ် ဒိသာပါမောက္ခဆရာကြီး၌ တပည့် တစ်ယောက် ရှိလေသည်။ ထိုတပည့်၏ မိန်းမသည် အခြားယောက်ျားနှင့် ဖောက်ပြားလေ့ရှိ၏။ ထိုဖောက်ပြား သောနေ့၌ကား မိမိ၏ ခင်ပွန်းကို ခါတိုင်းထက် ပို၍ ယုယ၏၊ မဖောက်ပြားရသောနေ့၌ကား ကျွန်ကဲ့သို့ သဘော ထားလျက် စော်စော်ကားကား ပြုမူ ဆက်ဆံလေ့ရှိ၏။ ထိုကဲ့သို့ ထူးခြားသော အမူအရာကို နားမလည်ရှာ၍ စိတ်ရှုပ်ထွေးလာသော တပည့်က မိမိဆရာကြီးကို ပြောပြလေရာ ဆရာကြီးက မိန်းမတို့၏ ပြုမူတတ်ပုံ သဘာဝမှန်ကို ဉာဏ်ဖြင့် နှိုင်းဆ၍ အမှန်အတိုင်း ပြောပြလေသည်။

ဤဝတ္ထု၌ လာရှိသော အမျိုးသမီးသည် အခြားယောက်ျားနှင့် ဖောက်ပြားသောနေ့ဝယ် မိမိ၏ အပြစ်ကို ကွယ်ကာလိုသောကြောင့် ခင်ပွန်းရင်းအပေါ်မှာ များစွာကြင်နာဟန်ဆောင်လေသည်။ ထိုကြင်နာဟန်ဆောင်မှုသည် ဤမာယာပင်တည်း။ ဤမာယာကိုပင် အချို့အရာ၌ = တင်္ခဏုပ္ပတ္တိဉာဏ် = ရုတ်တရက် ဖြစ်ပေါ်လာသော ဉာဏ်ဟုလည်း ခေါ်ဝေါ်သုံးစွဲကြ၏။ အမှန်မှာ ဉာဏ် မဟုတ်ပါ။ မာယာပင် ဖြစ်သည်။

ရသေ့ မာယာ --- အမျိုးသမီးတို့၌သာ မာယာရှိသည် မဟုတ်။ ယောက်ျားယုတ်တို့၌လည်း မာယာရှိသည်သာ ဖြစ်၏။ ရှေးသရောအခါ ရွာတစ်ရွာဝယ် ဒါယကာတစ်ယောက် ကိုယ်းကွယ် ဆည်းကပ်ထားသော ဆရာရသေ့ တစ်ဦး ရှိခဲ့ဖူးလေသည်။ ခိုးသူဘေးကြောင့် ရွှေစင်နိက္ခတစ်ရာကို ရသေ့ကမ္မဋ္ဌာန်းကျောင်း အနီးအပါး၌ မြှုပ်ထား ပြီးလျှင် အရှင်ဘုရား ...သတိပြုလိုက်ပါဟု မှာထားသွား၏။ ထိုအခါ ဆရာရသေ့က ဟဲ့ ဒါယကာ ... ရသေ့ရဟန်းတို့ကို ယခုလို ကြည့်ရှုရစ်ရန် မမှာကောင်းဖူး။ ငါတို့အဖို့ကား သူတစ်ပါး၏ ဥစ္စာ၌ လောဘမည်သည် မရှိပါ။ --- ဟု မိန့်ကြားလိုက်လေသည်။

ထိုနောက် ရသေ့ အကြံဖြစ်သည်မှာ --- ရွှေစင်နိက္ခတစ်ရာလောက်ဆိုလျှင် လူ့ဘောင်မှာ ချောင်ချောင် လယ်လယ် ရှိပြီ။ --- ဟု ကြံလျက် ထိုရွှေများကို မိမိသွားမည့် လမ်းအနီး၌ ရွှေ့ပြောင်း မြှုပ်ထားလိုက်၏။ နောက်တစ်နေ့နံနက် ဆွမ်းစားအပြီးတွင် --- ဒါယကာ ...ဒါယကာတို့ကို အမှီပြု၍ နေခဲ့ရသည်မှာ အတော် ကြာညောင်းခဲ့လေပြီ။ ကြာလွန်းတော့လည်း သံယောဇဉ် ဖြစ်တတ်သည်။ သို့ဖြစ်၍ တစ်ခြားအရပ်သို့ သွားဦးမည် ဟု ပြောပြလေရာ, ဒါယကာကလည်း အခါခါ တားတော်မူလေရှာသည်။ ဘယ်လိုပင် အခါခါတားသော်လည်း တားမရသောကြောင့် ရွာတံခါးထိအောင်ပင် လိုက်၍ ပို့ရှာလိုက်သေးသည်။

ထိုနောက် အတန်ကြာအောင် တော်တော်ကလေး ခရီးသွားရောက်ပြီးကာမှ တစ်ဖန်ပြန်လာ၍ --- ဒါယကာ သင်တို့အိမ်၏ အမိုးက သက်ငယ်မြက် တစ်မျှင်သည် ငါ၏ ဆံကျစ်အကြား၌ ငြိကပ်၍ ပါလာသည်။ ရသေ့ရဟန်း ဆိုတာ ပိုင်ရှင်တို့က မပေးမလှူအပ်သောအရာကို မြက်တစ်ပင်မျှသော်လည်း မယူကောင်းပါ --- ဟု ပြောပြလေ၏။ ရိုးသားရှာသော ဒါယကာကလည်း ငါ၏ ဆရာရသေ့သည် သိပ်ပြီး သီလရှိတာဘဲ --- ဟု လေးလေးပင်ပင် ကြည်ညိုသွားလေသည်။

သို့ရာတွင် ထိုအခါ၌ ထိုဒါယကာ၏အိမ်ဝယ် အလောင်းတော်ပညာရှိ ဖြစ်သည့် အတော်ပါးနပ်သော ဧည့်သည်တစ်ယောက် ရောက်ရှိနေသဖြင့် ထိုဧည့်သည်က --- မိတ်ဆွေ ...မိတ်ဆွေ၏ ဆရာ့ထံမှာ ဘာများ အပ်နှံထားပါသလဲ။ အပ်ထားလျှင် ထိုပစ္စည်း ရှိသေး၏ မရှိသေး၏ကို သွားကြည့်စမ်းပါ။ --- ဟု သတိပေးမှ သွား၍ ကြည့်လေရာ ရွှေများ မရှိတော့၍ ဧည့်သည်နှင့်အတူ ရသေ့နောက်သို့ အမြန်လိုက်ကြသောအခါ ရွှေများ နှင့်တကွ ရသေ့ကို လက်ရဖမ်းမိကြလေသည်။ (ဇာတက၊ဋ္ဌ၊၁၊၃၉၈-၃၉၉။ ကုဟကဇာတ်။)

ဤဝတ္ထု၌ ရသေ့၏ မိမိရွှေခိုးမှု ပေါ်မည်စိုး၍ သက်ငယ်မြက် တစ်ပင်ကိုပင် ပြန်၍ပေးခြင်းသည် ဤ မာယာပင် ဖြစ်၏။ ဤသို့လျှင် ပရိယာယ်မာယာသည် ရသေ့ရဟန်းအချို့သို့တိုင်အောင် ပျံ့နှံ့လျက် ရှိရကား ယခုကဲ့သို့ ပရိယာယ်တစ်ထောင် မာယာတစ်သိန်း, အပလိန်းအနန္တ သဲကိုးဖျာ မလောက်လို့ ရှားကိုးပင်က ရှား ရွက်တွေကို ရောနှောက်၍ ရေတွက်ရသည်။ ဟူသော ဉာဏ်နီဉာဏ်နက် အပွေအလီတွေ ပေါများလွန်းလှသော မာယာတွေ ရေလိုလေလို ပေါများနေသော ခေတ်ကာလ၌ လုံးဝပုံ၍ ယုံကြည်ထိုက်သူ နည်းပါးသောကြောင့် ရိုးသားဖြောင့်မတ်သူ သူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံမိဖို့ အရေးမှာ ပုဗ္ဗေ စ ကတပုညတာ စက် ဟူသော ရှေးကံကောင်း ထောက်မမှသာလျှင် ဖြစ်နိုင်ကြပေလိမ့်မည်။

သာဌေယျ --- အခြားသူတို့ အထင်ကြီးအောင် မိမိမှာ မရှိသော ဂုဏ်ကို ရှိဟန်ဆောင်တတ်သော လောဘ တစ်မျိုးကိုပင် သာဌေယျဟု ခေါ်သည်။ မာယာကား ရှိသောအပြစ်ကို ဖုံးကွယ်၍ မိမိမှာ အပြစ်ကင်းဟန်ဆောင်၏။ သာဌေယျကား မိမိမှာ မရှိသော ဂုဏ်ကို ရှိဟန်ဆောင်သည်။ ထိုနှစ်မျိုးလုံးပင် အလိမ်ဉာဏ် အပလီဉာဏ် အကောက်ဉာဏ်မျိုးချည်းတည်း။ သီလ မရှိဘဲ သီလရှိဟန်, သမာဓိ မရှိဘဲ သမာဓိရှိဟန်, ပညာ မရှိဘဲ ပညာ ရှိဟန်, အကျင့် မကောင်းဘဲ အကျင့်ကောင်းဟန်, စာပေကျမ်းဂန် မတတ်ဘဲ စာပေကျမ်းဂန်တတ်ဟန် ဟန် ဆောင်ခြင်းဟူသမျှသည် သာဌေယျချည်းပင်တည်း။

လူလောက၌လည်း သီလ သမာဓိ ပညာ မရှိပါဘဲလျက် ရှိလေဟန်ဆောင်မှု, ဘွဲ့ မရဘဲ ဘွဲ့ရဟန်ဆောင်မှု, ပစ္စည်းဥစ္စာ မရှိပါဘဲလျက် ပစ္စည်းဥစ္စာ ရှိဟန်ဆောင်မှု, လူတကာအထင်ကြီးအောင် သူတစ်ပါး၏ လက်ဝတ် တန်ဆာ စိန်ရွှေရတနာ အဖြာဖြာတို့ကို ငှားရမ်းဝတ်ဆင်မှု, စွမ်းရည်သတ္တိ မရှိဘဲ သတ္တိရှိဟန်ဆောင်မှု, ဟိတ်ဟန် ထုတ်မှု စသည်တို့သည်လည်း သာဌေယျပင်တည်း။

ဗိဠာရဝတ ဇာတ်တော်

ဗိဠာရဝတ ဇာတ်တော်

သုံးလောကထွတ်ထား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ဇေတဝန်ရွှေကျောင်း၌ ကိန်းအောင်းမွေ့လျော် နေစံပျော်တော်မူဆဲအခါတွင် သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ မိမိသန္တာန်ဝယ် ထင်ရှားမရှိပါ ဘဲလျက် ရှိနေဟန်ဆောင်သော ဒါယကာ ဒါယိကာမတို့၏ စိတ်အစဉ်ဝယ် အံ့ဖွယ်သရဲ ဖြစ်စေတတ်သော ရဟန်း တစ်ပါးကို အကြောင်းပြု၍ ဤဗိဠာရဝတဇာတ်တော်ကို ဟောကြားတော်မူလေသည်။

အတိတ်ဘဝတစ်ခုဝယ် ဘုရားအလောင်းတော်သည် ကြွက်မျိုး၌ ပဋိသန္ဓေ တည်နေရသော် တဖြည်းဖြည်း ကြီးပြင်းလာသောအခါ ခန္ဓာကိုယ်ကား အလွန်ကြီးထွားသဖြင့် ဝက်ငယ်တစ်ကောင်နှင့် တူသည်ဖြစ်၍ များစွာသော ကြွက်အပေါင်း ခြံရံလျက် တောထဲ၌ နေ၏။

တစ်နေ့တွင် မြေခွေးတစ်ကောင်သည် ထိုထိုဤဤ လှည့်လည်ကျက်စားရင်းပင် ကြွက်အပေါင်းကို မြင်တွေ့ ရ၍ --- ဤကြွက်တို့ကို လှည့်ပတ်ဖြားယောင်းလျက် စားပေအံ့ --- ဟု စိတ်အကြံ ဖြစ်၍ ကြွက်တို့၏ နေရာနှင့် မလှမ်းမကမ်း တစ်နေရာတွင် နေဘက်သို့ မျက်နှာမူလျက် လေကိုသောက်လျက် ခြေတစ်ဘက်တည်းဖြင့် ရပ်တည် နေ၏။

ဘုရားအလောင်းတော်ကြွက်သည် အစာရှာဖွေရန်အလို့ငှာ လှည့်လည်လတ်သော် ထိုမြေခွေးကို တွေ့မြင် သောအခါ --- ဤသူကား သီလရှိသူ ဖြစ်ပေလိမ့်မည် --- ဟု ယုံကြည်၍ ထိုမြေခွေးထံသို့ သွားရောက်ကာ - အရှင်ဘုရား ...အရှင်ဘုရားသည် အဘယ်အမည်ရှိပါသနည်း --- ဟု လျှောက်ထားကြည့်သောအခါ ဓမ္မိက အမည်ရှိကြောင်း မြေခွေးက ပြန်ပြောလေ၏။ ခြေထောက် လေးချောင်းလုံးတို့ကို မြေကြီးပေါ်၌ ရပ်တည်မထား ဘဲ အဘယ်ကြောင့် ခြေထောက် တစ်ချောင်းတည်းဖြင့်သာလျှင် ရပ်တည်၍ နေပါသနည်းဟု မေးမြန်းသောအခါ ငါ၏ အခြေ လေးချောင်းတို့ကို မြေကြီးပေါ်၌ ချထားလိုက်သော် မဟာပထဝီမြေကြီးသည် ငါ့ကို ရွက်ဆောင် ထားဖို့ရန် မစွမ်းနိုင်သောကြောင့် ခြေထောက် တစ်ချောင်းတည်းဖြင့်သာလျှင် ရပ်တည်နေရပါ၏ --- ဟု ပြန် ပြောလေ၏။

ပါးစပ်ကို ဖွင့်ဟ၍ အဘယ်ကြောင့် ရပ်တည်နေပါသနည်းဟု မေးကြည့်သောအခါ --- ငါသည် အခြား သော အစားအစာကို မစားပါ၊ လေကိုသာ စားပါ၏ --- ဟု အဖြေပေးပြန်၏။

ထိုသို့ဖြစ်လျှင် အဘယ်ကြောင့် နေကို မျက်နှာမူလျက် ရပ်တည်နေပါသနည်းဟု မေးသောအခါ နေကို ရှိခိုးပါ၏ဟု ဖြေဆိုပြန်၏။

ဘုရားအလောင်းတော်ကြွက်သည် ထိုမြေခွေး၏ စကားကို ကြား၍ ဤမြေခွေးသည် သီလရှိသောသူ ဖြစ်ပေလိမ့်မည်ဟု နှလုံးပိုက်၍ ထိုနေ့မှ စ၍ ကြွက်အပေါင်းနှင့် အတူတကွ ညဉ့် နံနက် ထိုမြေခွေးအား ဆည်းကပ်ခစား၏။

ထိုအခါ မြေခွေးအား ကြွက်အပေါင်းက ဆည်းကပ်ခစားလာသောအခါဝယ် မြေခွေးသည် နောက်ဆုံးဘိတ် ကြွက်တစ်ကောင်ကို ဖမ်းစားပြီးနောက် ပါးစပ်ကိုသုတ်၍ ရပ်တည်နေ၏။ တဖြည်းဖြည်း ကြွက်အပေါင်းသည် နည်းပါးလာ၏။ ထိုအခါ ကြွက်တို့က ဤသို့ စဉ်းစားမိကြ၏ --- ရှေးယခင်အခါတုန်းက ငါတို့၏ ဤနေရာသည် မဆန့် ဖြစ်နေ၏။ အကြားအလပ်မရှိ တည်နေကြ၏။ ယခုအခါ၌ကား လျော့လျော့ရဲရဲ ကျိုးကျိုးကျဲကျဲ တည်နေ ကြရ၏၊ ဤသို့ တည်နေရသော်လည်း ငါတို့၏ တည်နေရာသည် (= ကြွက်တွင်းသည်) မပြည့် ဖြစ်နေ၏၊ ဤ အကြောင်းကား အသို့နည်းဟု စဉ်းစားမိကြ၏။

ဘုရားအလောင်းတော်အားလည်း ထိုအကြောင်းကို ပြောပြကြ၏။ ဘုရားအလောင်းတော်သည်လည်း စဉ်းစား ဆင်ခြင်တော်မူလတ်သော် မြေခွေးအပေါ်၌ သံသယမကင်း ဖြစ်နေသဖြင့် မြေခွေးကို စူးစမ်းဖို့ရန် ဆုံးဖြတ်ချက် ချလိုက်၏။ မြေခွေးထံသို့ ဆည်းကပ်ခစားရန် သွားသောအခါ၌ အခြားကြွက်တို့ကို ေ့ရှက သွားစေ၍ မိမိက နောက်မှ လိုက်သွား၏။ မြေခွေးသည် ထိုဘုရားလောင်းကြွက်၏ အထက်၌ ခုန်အုပ်ဖို့ရန် ဘုရားလောင်း ကြွက်ထံသို့ ပြေးလာ၏၊ ဘုရားလောင်းကြွက်ကလည်း မိမိကို ခုန်ဖမ်းဖို့ရန် ပြေးလာသော ထိုမြေခွေးကို မြင်၍ နောက်သို့ပြန်ဆုတ်ကာ ---

အိုမြေခွေး ...သင်၏ ဤကျင့်ဝတ်ကို ဆောက်တည်ထားခြင်းသည် တရားတော်၏ ကောင်းသော တရား ဓမ္မ ဖြစ်သောကြောင့် ဤကျင့်ဝတ်ကို ဆောက်တည်၍ ကျင့်သည်ကား မဟုတ်၊ သူတစ်ပါးတို့အား ညှဉ်းဆဲလို သည့်အတွက် တရားကို တံခွန်အလံ ပြု၍ လှည့်လည်ကျက်စားဘိ၏။ --- ဤသို့ ပြောဆို၍ အောက်ပါ ဂါထာကို ရွတ်ဆိုလေ၏ ---

ယော ဝေ ဓမ္မံ ဓဇံ ကတွာ၊ နိဂူဠှော ပါပမာစရေ။

ဝိဿာသယိတွာ ဘူတာနိ၊ ဗိဠာရံ နာမ တံ ဝတံ။ (ဇာ၊ဋ္ဌ၊၁၊၄၈၆။)

အကြင်သူသည် စင်စစ်အားဖြင့် ကုသိုလ်ကမ္မပထတရား (၁၀)ပါးတည်းဟူသော တရားတံခွန် အလံကို တောင်ထွတ်ကဲ့သို့ အလေးဂရုပြုကာ ဆောင်းမိုးစိုက်ထူလျက်, ဤသူကား သီလရှိသူတည်းဟူသော အမှတ် သညာဖြင့် အကျွမ်းဝင်အောင် ပြုလုပ်၍ မကောင်းမှုကို လျှို့ဝှက်ကာ ပြုကျင့်နေ၏၊ ဤကဲ့သို့ တရားတည်းဟူသော အလံတံခွန်ကို စိုက်ထူဆောင်းမိုးလျက် ဆိတ်ကွယ်ရာ၌ မကောင်းမှုတို့ကို ပြုနေသောသူသည်ကား စင်စစ်အားဖြင့် ကောက်ကျစ်စဉ်းလဲသောအကျင့် ရှိသော ကြောင်သူတော်ပင်တည်း။ (ဇာတက၊ဋ္ဌ၊၁၊၄၈၆။)

ထိုအခါက မြေခွေးသည်ကား ယခုအခါ၌ သီလ သမာဓိ ပညာ စသည် အကျင့်မြတ် မရှိပါဘဲလျက် ရှိဟန်ဆောင်ကာ ဒါယကာ ဒါယိကာမတို့ အထင်ကြီးအောင် ပြုမိရှာသော ကုဟကဘိက္ခု ခေါ်သော ရဟန်းတော် ပင် ဖြစ်ပေသည်။ ဘဝတစ်ခု၌ လက်ခံ ကျင့်သုံးခဲ့သော ဓာတ်ငွေ့တို့ကား အရှိန်အဝါ မကုန်သေးသမျှ သံသရာ အဆက်ဆက်၌ ကပ်၍ ပါလာတတ်သည်ကို သတိပြုသင့်လှပေသည်။

ဤ မာယာ သာဌေယျတို့သည် ဖြစ်ရိုးဖြစ်စဉ် လိုချင်မှု လောဘထက်ပင် လောက၌ သာလွန်၍ ဆိုးဝါး၏။ တစ်ဦးတစ်ယောက်ကို ဖြစ်စေ လူအများကို ဖြစ်စေ, တစ်တိုင်းတစ်ပြည်လုံးကို ဖြစ်စေ ဘုရား မဟုတ်ပါဘဲလျက် ဘုရားလုပ်နေသူ တိတ္ထိကြီးများတို့ကဲ့သို့ တစ်ကမ္ဘာလုံးကို ဖြစ်စေ လှည့်ပတ်တတ်လေရကား အလွန်ယုတ်မာ ဆိုးဝါးသောတရားဟု ဆိုထိုက်ပေသည်။ ထိုမျှလောက် ဆိုးဝါးသော်လည်း ယခုကာလ၌ အများအပြားပင် ဖြစ်လျက် ရှိသောကြောင့် မိမိကိုယ်ကို ပါရမီရှင် သူတော်စင်ဟု ဆုံးဖြတ်ထားသူတို့သည် ထိုမာယာ သာဌေယျသမား လူအများ တွင် မပါဝင်ကြစေဘဲ မရိုးမသား ဆိုးဝါးသောတရားတို့ကို မိမိသန္တာန်မှာလည်း မဖြစ်အောင် မိမိနှင့် ဆက်သွယ်သူ များ၌လည်း မဖြစ်စေရအောင် အထူးသတိထားပြီးလျှင် ဖြူစင် ထက်မြက် သွက်လက် ဖြောင့်မတ် မြင့်မြတ်သော စိတ်ထားရှိသူချည်းသာ ဖြစ်အောင် ကြိုးစားသင့်ကြပေသည်။

__________

၆။ ဒိဋ္ဌိ = မိစ္ဆာဒိဋ္ဌိ

၆။ ဒိဋ္ဌိ = မိစ္ဆာဒိဋ္ဌိ

မိစ္ဆာဒိဋ္ဌီတိ အယာထာဝဒိဋ္ဌိ၊ ဝိရဇ္ဈိတွာ ဂဟဏတော ဝါ ဝိတထာ ဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိ၊ အနတ္ထာဝဟတ္တာ ပဏ္ဍိတေဟိ ဇိဂုစ္ဆိတာ ဒိဋ္ဌီတိပိ မိစ္ဆာဒိဋ္ဌိ။ မိစ္ဆာသင်္ကပ္ပါဒီသုပိ ဧသေဝ နယော။ အပိစ မိစ္ဆာ ပဿန္တိ တာယ, သယံ ဝါ မိစ္ဆာ ပဿတိ, မိစ္ဆာဒဿနမတ္တမေဝ ဝါ ဧသာတိ မိစ္ဆာဒိဋ္ဌိ။

၁။ အယောနိသော အဘိနိဝေသလက္ခဏာ မိစ္ဆာဒိဋ္ဌိ၊

၂။ ပရာမာသရသာ၊

၃။ မိစ္ဆာဘိနိဝေသပစ္စုပဋ္ဌာနာ၊

၄။ အရိယာနံ အဒဿနကာမတာဒိပဒဋ္ဌာနာ။

ပရမံ ဝဇ္ဇန္တိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၂၉၀။ ဝိသုဒ္ဓိ၊၂၊၉၈။)

၁။ မိစ္ဆာဒိဋ္ဌိဟူသည်ကား မဟုတ်မမှန်သောအားဖြင့် သိမြင်တတ်သော အယူတည်း။ (ဤနည်း၌ မိစ္ဆာ-သဒ္ဒါသည် အယာထာဝ အနက်ဟောတည်း။)

၂။ တစ်နည်း --- ချွတ်ယွင်း၍ လွဲချော်၍ စွဲယူခြင်းကြောင့် ချွတ်ယွင်းဖောက်ပြန် မမှန်သောအယူသည် မိစ္ဆာဒိဋ္ဌိတည်း။ (ဤနည်း၌ မိစ္ဆာ-သဒ္ဒါသည် ဝိတထ အနက်ဟောတည်း။)

၃။ တစ်နည်း --- အကျိုးစီးပွားမဲ့ကို ရွက်ဆောင်တတ်သည့်အတွက် ပညာရှိတို့သည် စက်ဆုပ်အပ်သော အယူ ဝါဒ ဖြစ်ခြင်းကြောင့် မိစ္ဆာဒိဋ္ဌိ မည်၏။ (ဤနည်း၌ မိစ္ဆာ သဒ္ဒါသည် ဇိဂုစ္ဆန အနက်ဟောတည်း။)

၄။ တစ်နည်း --- သမ္ပယုတ်တရားတို့၏ ပရမတ္ထဓမ္မသဘာဝအာရုံကို မှားမှားယွင်းယွင်း သိမြင်ခြင်း၏ အကြောင်းရင်း ဖြစ်သော သဘောတရားသည် မိစ္ဆာဒိဋ္ဌိ မည်၏။ တစ်နည်း --- မိမိ မိစ္ဆာဒိဋ္ဌိ ကိုယ်တိုင်က ပရမတ္ထဓမ္မသဘာဝအာရုံကို မှားမှားယွင်းယွင်း မြင်တတ်သော သဘောတရား ဖြစ်ခြင်းကြောင့် မိစ္ဆာဒိဋ္ဌိ မည်၏။ တစ်နည်း --- ပရမတ္ထဓမ္မသဘာဝ ...အာရုံကို မှားမှားယွင်းယွင်း မြင်ခြင်းမျှ သဘောတရားသည် မိစ္ဆာဒိဋ္ဌိ မည်၏။

မိစ္ဆာတိ ဓမ္မသဘာဝဿ ဝိပရီတံ၊ နိစ္စာဒိတောတိ အတ္ထော။ (မဟာဋီ၊၂၊၁၄၉။)

ပရမတ္ထဓမ္မသဘာဝအာရုံကို မှားမှားယွင်းယွင်း မြင်မှုဟူသည် ရုပ် နာမ်သင်္ခါရ ပရမတ္ထဓမ္မတို့ကား အနိစ္စ ဒုက္ခ အနတ္တ အသုဘတရားတို့သာ စင်စစ် ဖြစ်ကြကုန်၏။ မိစ္ဆာဒိဋ္ဌိကား ထိုရုပ်နာမ် သင်္ခတပရမတ္ထဓမ္မတို့ကို နိစ္စ သုခ အတ္တ သုဘဟု မှားမှားယွင်းယွင်း မြင်မှုတည်း။

၁။ ပရမတ္ထဓမ္မအာရုံကို နိစ္စ သုခ အတ္တ သုဘဟု မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းသဘော လက္ခဏ၊

၂။ ပရမတ္ထဓမ္မအာရုံကို နိစ္စ သုခ အတ္တ သုဘဟု မှားသောအားဖြင့် သုံးသပ်ခြင်း (ကိစ္စ) ရသ၊

၃။ ပရမတ္ထဓမ္မအာရုံကို နိစ္စ သုခ အတ္တ သုဘဟု မှားသောအားဖြင့် လွန်လွန်ကဲကဲ

စွဲမြဲစွာ နှလုံးသွင်းတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကို ဖူးမြင်ခြင်းငှာ အလိုမရှိသူဖြစ်ခြင်း စသည် ပဒဋ္ဌာန်။

လက္ခဏ - ရသ - ပစ္စုပဋ္ဌာန်

လက္ခဏ - ရသ - ပစ္စုပဋ္ဌာန်

၁။ အနိစ္စဖြစ်သည့် ခန္ဓာငါးပါးကို နိစ္စဟုလည်းကောင်း,

၂။ ဒုက္ခဖြစ်သည့် ခန္ဓာငါးပါးကို သုခဟုလည်းကောင်း,

၃။ အနတ္တ အမှန်ဖြစ်သည့် နိဗ္ဗာန်နှင့်တကွသော ပရမတ်တရားအားလုံးကို အတ္တဟုလည်းကောင်း,

၄။ အသုဘ ခန္ဓာငါးပါးကို သုဘဟုလည်းကောင်း ---

စွဲလမ်းမှတ်ထင်မှုများသည် အာရုံကို (= ပရမတ္ထဓမ္မအာရုံကို) မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း သဘော လက္ခဏာပင်တည်း။ ထိုသို့ မှတ်ထင်သည့်အတိုင်း ထိုအာရုံများကို အာရုံပြုနေခြင်း -- မှားသောအားဖြင့် သုံးသပ် ခြင်းကို ကိစ္စဟု ဆိုသည်။ ထိုသို့ မှားသောအားဖြင့် အဖန်ဖန် အထပ်ထပ် သုံးသပ်နေခြင်းကြောင့်ပင် ဤမိစ္ဆာဒိဋ္ဌိ စေတသိက်ကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ပရမတ္ထဓမ္မအာရုံကို မှားသောအားဖြင့် လွန်လွန်ကဲကဲ စွဲမြဲစွာ နှလုံးသွင်းတတ်သော သဘောတရားဟု ရှေးရှူထင်လာသည်။

ပဒဋ္ဌာန် --- မှန်ကန်သော သစ္စာ (၄)ပါး တရားတို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူကြ ပြီးသော ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကိုလည်းကောင်း, အရိယပဝေဒိတ အမည်ရသော ဘုရား အစရှိသော အရိယာသူတော်ကောင်းတို့သည် ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော သူတော်ကောင်းတရား တို့၌ အကြားအမြင် ဗဟုသုတ များပြားကြကုန်သော ပုထုဇန်သူတော်ကောင်းတို့ကိုလည်းကောင်း မပြတ်မလပ် ဖူးတွေ့ရလျှင် သူတော်ကောင်းတရားမှန်ကို မကြာမကြာ နာခံရသဖြင့် ကုသိုလ်ကံ အကုသိုလ်ကံနှင့် ထိုကံ၏ အကျိုးတရားတို့ကို ကျနစွာ နားလည်နိုင်ခြင်းတည်းဟူသော ကမ္မဿကတာဉာဏ် = ကမ္မဿကတာသမ္မာဒိဋ္ဌိကို ရရှိနိုင်ပေသည်။ ထိုကမ္မဿကတာဉာဏ် = ကမ္မဿကတာသမ္မာဒိဋ္ဌိ အပေါ်၌ ရပ်တည်လျက် တစ်ဆင့်တက်၍ သမထ ဝိပဿနာဘာဝနာတို့ကို ပွားများအားထုတ်ခဲ့သော် ပါရမီအားလျော်စွာ --- စျာနသမ္မာဒိဋ္ဌိ, ဝိပဿနာသမ္မာဒိဋ္ဌိ, မဂ္ဂသမ္မာဒိဋ္ဌိ, ဖလသမ္မာဒိဋ္ဌိတည်းဟူသော အဆင့်အတန်း အမြင့်မားဆုံးတွင် တည်ရှိသော သမ္မာဒိဋ္ဌိ အသိထူး ဉာဏ်ထူးများကို ရရှိနိုင်ပေသည်။ သမ္မာအယူများ အဆင့်ဆင့် ဖြစ်ပေါ်လာနိုင်ပေသည်။

ထိုကဲ့သို့သော အရိယာသူတော်ကောင်းတို့ကို မဖူးမတွေ့လိုဘဲ မျက်နှာလွှဲ၍ နေခြင်းသည် ထိုသမ္မာအယူ မရဘဲ မိစ္ဆာအယူ ရရှိဖို့ရာ အနီးစပ်ဆုံး အကြောင်းပဒဋ္ဌာန် ဖြစ်ရပေသည်။ ခိုင်မြဲသည့် သမ္မာအယူ မရှိသူတို့သည် မိစ္ဆာအယူ ရှိသူတို့နှင့် အမြဲအစွဲ ပေါင်းသင်းနေထိုင်ပါမူကား မိစ္ဆာဒိဋ္ဌိ အယူဝါဒများ ဖြစ်ပေါ်လာဖို့ရန် ပို၍ပင် နီးစပ်ဖွယ်ရာ ရှိပေသည်။

စတုသစ္စသမ္မာဒိဋ္ဌိကဲ့သို့ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိမြင်တတ်သည့် သမ္မာဒိဋ္ဌိဉာဏ်မှန် ရရှိရေးအတွက် သမ္မာသမ္ဗုဒ္ဓဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓဘုရားရှင်တို့ကလွဲလျှင် သာဝကမှန်သမျှသည် ပရတောဃောသ = ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ထံမှ သစ္စာလေးပါးနှင့်စပ်သော သူတော်ကောင်းတရားကို ကြားနာရခြင်းတည်းဟူသော အကြောင်းတစ်ရပ်သည် အကြောင်းများစွာထဲက မရှိမဖြစ် ရှိရမည့် ဧကန်အကြောင်း တစ်ရပ်ပင် ဖြစ်သည်။ သမ္မာဒိဋ္ဌိဉာဏ်မှန် ရရှိရေးအတွက် ပရတောဃောသဟူသော အကြောင်းအထောက်အပံ့ ကောင်းကို ရရှိရန်မှာ သူတော်ကောင်းကို ဆည်းကပ်မှသာ ဖူးမြော်ခွင့် ရမှသာ ရရှိနိုင်သော အခွင့်အလမ်းတစ်ခု ပင် ဖြစ်သည်။ သူတော်ကောင်းတို့ကို မျက်နှာလွှဲနေသူတို့ကား သမ္မာဒိဋ္ဌိအသိဉာဏ်ကိုလည်း မျက်နှာလွှဲနေသူ တို့သာ ဖြစ်ကြသည်။ သတ္တဝါတစ်ဦး၏ သန္တာန်ဝယ် သမ္မာဒိဋ္ဌိဉာဏ်မှန် မရရှိသေးသမျှ ကာလပတ်လုံး မိစ္ဆာဒိဋ္ဌိ တည်းဟူသော တံခါးကြီးမှာ အမြဲတမ်း ဟင်းလင်းပွင့်နေမည်သာ ဖြစ်ပေသည်။

ဤဒိဋ္ဌိသည် မရှိသည်ကို အရှိ, ရှိသည်ကို မရှိ, မဟုတ်သည်ကို အဟုတ်, ဟုတ်သည်ကို မဟုတ်ဟု သိမြင်ရုံမက ငါ့အယူသာ အမှန်, သူတစ်ပါးအယူတွေကား အမှားဟု သူတစ်ပါးကိုပင် စွပ်စွဲတတ်လေသည်။

မရှိသည်ကို အရှိ၊ ရှိသည်ကိုမရှိ --- ထိုတွင် ဤကမ္ဘာလောကကြီးနှင့် သတ္တဝါတွေကို ဖန်ဆင်းသူ = ဣဿရ မရှိပါဘဲလျက် ဖန်ဆင်းရှင် ရှိ၏ဟု သိမြင်ခြင်း, သတ္တဝါတို့၏ ကိုယ်ခန္ဓာအတွင်း၌ အတ္တခေါ်သော အသက်ကောင် မရှိပါဘဲလျက် အတ္တ ရှိ၏ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင် ရှိ၏ဟု သိမြင်ခြင်းသည် မရှိသည်ကို အရှိ သိမြင်သော ဒိဋ္ဌိတည်း။ သတ္တဝါတို့၏ သန္တာန်၌ ပြုပြုသမျှ ကုသိုလ်ကံ အကုသိုလ်ကံမှန်သမျှ သည် နောင်အခါ၌ (အဟောသိကံ မဖြစ်သေးသမျှ, ပရိနိဗ္ဗာန် မစံရသေးသမျှ) အကျိုးပေးရန် စွမ်းအင်ကမ္မသတ္တိ ကျန်ရှိပါလျက် ထိုကုသိုလ်ကံ အကုသိုလ်ကံ မရှိဟု သိမြင်ခြင်း, ထိုကံ၏ ကောင်းကျိုး ဆိုးပြစ်များကို ခံစားရပါလျက် ထိုကံ၏ အကျိုး မရှိဟု သိမြင်ခြင်း, ရုပ်နာမ်ဓမ္မ သင်္ခါရတရားမှန်သမျှတို့၏ အစသတ် ချုပ်ငြိမ်းရာ နိဗ္ဗာန်တရား တော်မြတ်ကြီးသည် ထင်ရှားရှိနေသည် ဖြစ်ပါလျက် နိဗ္ဗာန် မရှိဟု သိမြင်ခြင်း, နိဗ္ဗာန်သို့ မရောက်ရှိရသေးသမျှ ကာလပတ်လုံး နောက်ထပ် ခံ,စံရမည့် ဘဝ ထင်ရှားရှိနေပါလျက် တမလွန်ဘဝ နောက်ဘဝသည် မရှိ၊ ဘဝဟူသည် ပုခက်နှင့် ခေါင်းအကြားမှာသာ ရှိ၏၊ သေလျှင် ပြတ်၏၊ ခေါင်းဟိုဘက် ဘာမျှမရှိဟု သိမြင်ခြင်းသည် ရှိသည်ကို မရှိဟု သိမြင်သော ဒိဋ္ဌိတည်း။

မဟုတ်သည်ကို အဟုတ် --- သတ္တဝါတွေကို သတ်၍ ယဇ်နတ်ပူဇော်ကြခြင်းသည် အင်မတန် ကြီးကျယ်သော ကောင်းမှုကုသိုလ်ကြီးပေတည်း။ အလွန်အေးမြသော ကာလ၌ ရေချိုးခြင်း, အလွန်ပူအိုက်သော ကာလ၌ နေ့လည် ကြောင်တောင်ဝယ် မီးလေးဖိုတို့၏ အလယ်၌ တည်နေ၍ ကိုယ်ကို မီးကင်ခြင်း = မီးလေးဖိုနှင့် နေပူဟူသော ငါးမျိုးသောအပူ = ပဉ္စာတပ အကျင့်ကို ကျင့်ခြင်း, နွားလိုနေခြင်း, ခွေးလိုနေခြင်း စသော အပြုအမူများသည် ကိလေသာစင်ကြယ်ဖို့ အကြောင်း ကောင်းမြတ်သော အကျင့်များတည်း။ ကောင်းမြတ်သော အချိန်အခါဝယ် ဂင်္ဂါမြစ်ရေ၌ အပြစ်တွေ ကို မျှောရခြင်းသည် ပြုမိခဲ့သော အပြစ်များ၏ စင်ကြယ်ဖို့အကြောင်း ကောင်းမြတ်သော အကျင့်တည်း၊ ဤသို့ စသည်ဖြင့် သိမြင်ခြင်းသည် မဟုတ်သည်ကို အဟုတ်ဟု သိမြင်သော ဒိဋ္ဌိတည်း။

ဟုတ်သည်ကို မဟုတ် --- ဒါန သီလ သမထ ဝိပဿနာ အစဖြာသည့် ကောင်းမှုကုသိုလ်များကို = ဖြူစင် မြင့်မြတ်သော မဂ္ဂင် (၈) ပါး အကျင့်မြတ်တရားတို့ကို သုဂတိဘဝသို့ ရောက်ကြောင်း နိဗ္ဗာန်သို့ ရောက်ကြောင်း နိယျာနိကတရားကောင်း မဟုတ်ဟု သိမြင်ခြင်းသည် ဟုတ်သည်ကို မဟုတ်ဟု သိမြင်သော ဒိဋ္ဌိတည်း။ ဤသို့ စသည်ဖြင့် ဒိဋ္ဌိ၏ အမှား သိပုံမှာ လွန်စွာ အရာကျယ်လေသည်။

လောက၌ မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတည်းဟူသော နိယျာနိကတရားကောင်းကို အညီအညွတ် ကောင်းမွန်မှန်ကန်စွာ ကျင့်ကြသဖြင့် ရဟန္တာအဖြစ်သို့ ဘုရားရှင်အဖြစ်သို့ ရောက်ရှိတော်မူကြကုန်သော ဤ လောက တမလွန်လောက အကြောင်းကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်၍ ဟောကြားနိုင်သော သူတော်ကောင်းတို့ကို လက်မခံနိုင်သော အယူအဆမှာလည်း ဤမိစ္ဆာဒိဋ္ဌိပင် ဖြစ်ပေသည်။

မလွဲချော်နိုင်သော ကျင့်စဉ်

မလွဲချော်နိုင်သော ကျင့်စဉ်

ဤတွင် အခါအခွင့် သင့်နေသဖြင့် ဘုရားရှင်၏ ပညာပေးစနစ် တစ်ခုကို ဆက်လက်၍ တင်ပြပါရစေ - တစ်ချိန် ဘုရားရှင်သည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်း၌ ခရီးဒေသစာရီ ကြွချီတော်မူရာ သာလ အမည်ရှိသော ပုဏ္ဏားရွာတစ်ခုသို့ ဆိုက်ရောက်တော်မူ၏။ ထိုသာလရွာကား ကောသလတိုင်း၏ ဗဟို အချက်အချာကျသော ခရီးလမ်းမကြီးဘေးတွင် တည်ရှိ၍ တောအုပ်ကြီးတစ်ခု၏ အဝင်ဝ၌ တည်ရှိ၏။ သမဏ ဗြာဟ္မဏ အမည်ခံ ဝါဒမျိုးစုံ ပုဂ္ဂိုလ်ပေါင်းစုံ ဆရာပေါင်းစုံ ဆိုက်ရောက်ဖူးသော နေရာဒေသ တစ်ခု ဖြစ်၏။ ထိုခေတ်ဆိုင်ရာ အိန္ဒိယ၏ ဒဿနိကပညာရှင်အားလုံးလိုလို ထိုရွာသို့ ရောက်ဖူးကြသဖြင့် အိန္ဒိယ၏ ဒဿနဝါဒ အမျိုးမျိုးကို နာကြားခွင့် ရရှိနေကြသူများ ဖြစ်ကြ၏။ ဘုရားရှင်သည် ဒဿနိကပညာရှင်အားလုံးတို့၏ နောက်ဆုံးမှ ရောက်ရှိသွားတော်မူ၏။

ဘုရားရှင်ထံသို့ ဆည်းကပ် ခစားလာကြကုန်သော သာလရွာသူရွာသားတို့ကို ဘုရားရှင်က ---

အတ္ထိ ပန ဝေါ ဂဟပတယော ကောစိ မနာပေါ သတ္ထာ၊ ယသ္မိံ ဝေါ အာကာရဝတီ သဒ္ဓါ ပဋိလဒ္ဓါ။ (မ၊၂၊၆၃။)

ဒါယကာတို့ ...ခိုင်လုံသော အကြောင်းပြချက်နှင့် ပြည့်စုံသော ယုံကြည်မှု သဒ္ဓါတရားကို ရစေနိုင်သော (= အကြောင်းပြချက် ခိုင်ခိုင်လုံလုံဖြင့် ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝဖြင့်) ကိုးကွယ် ဆည်းကပ်နေသော တစ်စုံတစ်ယောက်သော နှစ်သက်မြတ်နိုးအပ်သော ဆရာသမားသည် သင်တို့မှာ ရှိပါသလော။ --- ဤသို့ မေးမြန်းတော်မူ၏။ မရှိသေးပါကြောင်းကို ဒါယကာတို့က ပြန်လည်လျှောက်ထားသောအခါ ---

ဒါယကာတို့ ...နှစ်လိုမြတ်နိုးဖွယ်သော ဆရာတစ်ဆူကို မရရှိကြကုန်သေးသော သင်တို့သည် အပဏ္ဏကဓမ္မ အမည်ရသော မလွဲချော်နိုင်သော ဤကျင့်စဉ်ကို ဆောက်တည်၍ ကျင့်ထိုက်ပေ၏။ မှန်ပေသည် --- ဒါယကာတို့ ...ပြည့်ပြည့်စုံစုံ ကောင်းစွာဆောက်တည်၍ ကျင့်အပ်သော မလွဲချော်နိုင်သော အပဏ္ဏကဓမ္မသည် ရှိ၏၊ ထိုအပဏ္ဏကဓမ္မသည် သင်တို့အား နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါပတ်လုံး အစီးအပွားအလို့ငှာ ချမ်းသာအလို့ငှာ ဖြစ်ပေလတ္တံ့ --- ဒါယကာတို့ ...ထိုအပဏ္ဏကဓမ္မဟူသည် အဘယ်နည်း ---

ဒါယကာတို့ ...

၁။ ပေးလှူအပ်သော အလှူဒါန၏ အကျိုးတရားသည် မရှိ။

၂။ အလှူကြီး ပေးလှူခြင်း = ယဇ်ကြီး ပူဇော်ခြင်း၏ အကျိုးတရားသည် မရှိ။

၃။ လက်ဆောင်ပဏ္ဏာ ပေးခြင်း စသော အလှူငယ်၏ အကျိုးသည် မရှိ။

၄။ ကောင်းစွာ ပြုထားအပ်သော ကုသိုလ်ကမ္မပထတရား (၁၀)ပါး = သုစရိုက် (၁၀)ပါးတို့၏, မကောင်းသဖြင့် ပြုထားအပ်ကုန်သော အကုသိုလ်ကမ္မပထတရား (၁၀)ပါး = ဒုစရိုက် (၁၀)ပါးတို့၏ အကျိုးဖျား အကျိုးရင်း သည် မရှိ။

၅။ တမလွန်လောကမှ လာရာဖြစ်သော ဤလောကသည် မရှိ။

၆။ ဤဘဝ ဤလောကမှ သွားရာ တမလွန်လောကသည် မရှိ။

၇။ အမိအပေါ်၌ ပြုကျင့်အပ်သော ကောင်းကျိုးဆိုးပြစ်သည် မရှိ။

၈။ အဖအပေါ်၌ ပြုကျင့်အပ်သော ကောင်းကျိုးဆိုးပြစ်သည် မရှိ။

၉။ စုတေပြီးနောက် ပဋိသန္ဓေ တည်နေကြကုန်သော သတ္တဝါတို့မည်သည် မရှိကုန်။

၁၀။ ဤလောကကိုလည်းကောင်း, တစ်ပါးသော တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ် ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ဖြောင့်မှန်သော အရိယမဂ်သို့ ဆိုက်ရောက်ကုန် သော ဖြောင့်မှန်စွာ သိကုန်သော နိဗ္ဗာန်အားလျော်သော အကျင့်ကို ကောင်းစွာကျင့်ကုန်သော ထိုသမဏ ဗြာဟ္မဏတို့သည် (= ဘုရား ရဟန္တာတို့ဟူသည်) လောက၌ မရှိကုန်။

ဤသို့ ပြောဆိုလေ့ ဝါဒ ရှိကြကုန်သော ဤသို့ ခံယူချက် ရှိကြကုန်သော အချို့သော သမဏ ဗြာဟ္မဏ တို့သည် ရှိကြကုန်၏။ [ဤဝါဒကား နတ္ထိကဒိဋ္ဌိ အယူဝါဒတည်း။]

ဒါယကာတို့ ...ထိုသမဏ ဗြာဟ္မဏတို့တွင်ပင် အချို့သော သမဏ ဗြာဟ္မဏတို့သည် အချင်းချင်း ထိပ်တိုက်ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဝါဒ ရှိကုန်၏၊ ထို သမဏ ဗြာဟ္မဏတို့ကား ---

၁။ ပေးလှူအပ်သော အလှူဒါန၏ အကျိုးတရားသည် ရှိ၏။

၂။ အလှူကြီး ပေးလှူခြင်း = ယဇ်ကြီး ပူဇော်ခြင်း၏ အကျိုးတရားသည် ရှိ၏။

၃။ လက်ဆောင်ပဏ္ဏာ ပေးခြင်း စသော အလှူငယ်၏ အကျိုးတရားသည် ရှိ၏။

၄။ ကောင်းစွာ ပြုကျင့်ထားအပ်ကုန်သော ကုသိုလ်ကမ္မပထတရား (၁၀)ပါး = သုစရိုက် (၁၀)ပါး ကုသိုလ်တရား တို့၏, မကောင်းသဖြင့် ပြုကျင့်ထားအပ်ကုန်သော အကုသိုလ်ကမ္မပထတရား (၁၀)ပါး = ဒုစရိုက် (၁၀)ပါး အကုသိုလ်တရားတို့၏ အကျိုးဖျား အကျိုးရင်းသည် ရှိ၏။

၅။ တမလွန် လောကမှ လာရာဖြစ်သော ဤလောကသည် ရှိ၏။

၆။ ဤဘဝ ဤလောကမှ သွားရာ တမလွန်လောကသည် ရှိ၏။

၇။ အမိအပေါ်၌ ပြုကျင့်အပ်သော ကောင်းကျိုးဆိုးပြစ်သည် ရှိ၏။

၈။ အဖအပေါ်၌ ပြုကျင့်အပ်သော ကောင်းကျိုးဆိုးပြစ်သည် ရှိ၏။

၉။ စုတေပြီးနောက် ပဋိသန္ဓေ တည်နေကြကုန်သော သတ္တဝါတို့မည်သည် (နိဗ္ဗာန်သို့ မရောက်သေးလျှင်) ရှိ၏။

၁၀။ ဤလောကကိုလည်းကောင်း, တစ်ပါးသော တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ် ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ဖြောင့်မှန်သော အရိယမဂ်သို့ ဆိုက်ရောက်တော် မူကြကုန်သော ဖြောင့်မှန်စွာ သိတော်မူကြကုန်သော နိဗ္ဗာန်အားလျော်သော အကျင့်ကို ကောင်းစွာ ကျင့် တော်မူကြကုန်သော (ဘုရားအစရှိကုန်သော အရိယာသူတော်ကောင်းတို့ဟူသော) ထိုသမဏ ဗြာဟ္မဏ တို့သည် လောက၌ ရှိကုန်၏။

ဤသို့ ပြောဆိုလေ့ ဝါဒ ရှိကြကုန်သော ဤသို့ ခံယူချက် ရှိကြကုန်သော အချို့ကုန်သော သမဏ ဗြာဟ္မဏ တို့သည်လည်း ရှိကြကုန်သည်သာတည်း။ ဒါယကာတို့ ...ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ဤသမဏ ဗြာဟ္မဏတို့သည် အချင်းချင်း ထိပ်တိုက်ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဝါဒ ရှိကြကုန်သည်မဟုတ်လော ဟု ဘုရားရှင်က မေးတော်မူ၏။ ဒါယကာတို့ကလည်း အရှင်ဘုရား ...မှန်ပါ၏ --- ဟု လျှောက်ထားကြကုန်၏။

ဒါယကာတို့ ...ထိုအယူ နှစ်မျိုးတို့တွင် --- ပေးလှူအပ်သော အလှူဒါန၏ အကျိုးတရားသည် မရှိ -- ဤသို့စသည်ဖြင့် ပြောဆိုလေ့ ရှိကြကုန်သော ယူဆလေ့ ရှိကြကုန်သော (နတ္ထိကဒိဋ္ဌိ အယူဝါဒသမား) သမဏ ဗြာဟ္မဏတို့အား ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်တည်းဟူသော ဤသုံးပါးကုန်သော ကုသိုလ်တရား တို့ကို ဖောက်ခွဲဖျက်ဆီး၍ ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တည်းဟူသော ဤသုံးပါးကုန်သော အကုသိုလ် တရားတို့ကို ဆောက်တည်လျက် ကျင့်ကြကုန်လတ္တံ့ဟူသော ဤအပြစ်ကို မချွတ်ဧကန် အလိုရှိအပ်ပေ၏။ အဘယ် ကြောင့်နည်း --- ထိုအရှင် သမဏ ဗြာဟ္မဏတို့သည် အကုသိုလ်တရားတို့၏ အပြစ် ယုတ်ညံ့ပုံ ညစ်ညူးပုံကို မမြင်ကြကုန်၊ ကုသိုလ်တရားတို့၏ အကုသိုလ်မှ ထွက်မြောက်ခြင်း၌ အကျိုးကို ဖြူစင်သောအဖို့ကို မမြင်ကြ ကုန်သောကြောင့်တည်း။

ထင်ရှားရှိသည်သာလျှင် ဖြစ်သော တမလွန်လောကကို တမလွန်လောကသည် မရှိဟု ထိုသူမှာ အယူရှိ၏၊ ထိုသူ၏ ထိုအယူသည် မှားသောအယူ ဖြစ်၏။ ထင်ရှားရှိသည်သာလျှင် ဖြစ်သော တမလွန်လောကကို တမလွန် လောကသည် မရှိဟု ကြံ၏၊ ထိုသူ၏ ထိုအကြံသည် မှားသောအကြံ ဖြစ်၏။ ထင်ရှားရှိသည်သာလျှင် ဖြစ်သော တမလွန်လောကကို တမလွန်လောကသည် မရှိဟူသော စကားကို ပြောဆို၏၊ ထိုသူ၏ ထိုစကားသည် မှားသော စကား ဖြစ်၏။ ထင်ရှားရှိသည်သာလျှင် ဖြစ်သော တမလွန်လောကကို တမလွန်လောကသည် မရှိဟု ပြောဆို၏၊ ဤသူသည် တမလွန်လောကကို သိတော်မူ မြင်တော်မူကြကုန်သော ရဟန္တာအရှင်တို့အား ထိပ်တိုက်ဆန့်ကျင်ဘက် အတိုက်အခံပြုခြင်းပင်တည်း။ ထင်ရှားရှိသည်သာလျှင် ဖြစ်သော တမလွန်လောကကို တမလွန်လောကသည် မရှိဟု သူတစ်ပါးကို သိစေ၏၊ ထိုသူ၏ ထိုသိစေခြင်းသည် မသူတော်တရားကို သိစေခြင်း ဖြစ်၏၊ ထိုမသူတော် တရားကို သိစေခြင်းဖြင့်လည်း မိမိကိုယ်ကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ဤသို့လျှင် ထိုသူ၏ သန္တာန်ဝယ် (နတ္ထိကဒိဋ္ဌိသမား၏ သန္တာန်ဝယ်) ရှေးမဆွကပင်လျှင် ကောင်းသော သဘောတရားသည် ပယ်ထားပြီး ဖြစ်နေ၏။ မကောင်းသော သဘောတရားသည် ရှေးရှူတည်နေ၏။

၁။ ဤမှားသော အယူ,

၂။ မှားသော အကြံ,

၃။ မှားသော စကား,

၄။ အရိယာသူတော်ကောင်းတို့နှင့် ထိပ်တိုက်ဆန့်ကျင်ဘက် အတိုက်အခံပြုလုပ်ခြင်း,

၅။ မသူတော်တရားကို သူတစ်ပါးတို့အား သိစေခြင်း,

၆။ မိမိကိုယ်ကို ချီးမြှောက်ခြင်း,

၇။ သူတစ်ပါးကို ရှုတ်ချခြင်း ---

ဤသို့ များစွာကုန်သော ယုတ်မာကုန်သော ဤအကုသိုလ်တရားတို့သည် မှားသောအယူဟူသော အကြောင်းကြောင့် = မှားသောခံယူချက် မိစ္ဆာဒိဋ္ဌိတည်းဟူသော အကြောင်းကြောင့် ထိုသူ၏ သန္တာန်ဝယ် ဖြစ်ပေါ် လာကုန်၏။

ဒါယကာတို့ ...ထိုအယူဝါဒ နှစ်မျိုးတို့တွင် ပညာရှိသော ယောက်ျားတစ်ယောက်သည် ဤသို့ ဆင်ခြင်၏၊ တမလွန်လောကသည် အကယ်၍ မရှိသည် ဖြစ်ငြားအံ့၊ ဤသို့ မရှိ ဖြစ်ခဲ့သော် ဤအရှင် ယောက်ျားသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ မိမိကိုယ်ကို ချမ်းသာအောင် ပြုနိုင်ပေလတ္တံ့။

တမလွန်လောကသည် အကယ်၍ ထင်ရှားရှိနေသည် ဖြစ်ငြားအံ့၊ ထိုသို့ ရှိခဲ့ပါမူ ဤအရှင် ယောက်ျားသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာဟူ၍ မြူငွေ့မျှ မရှိသော မကောင်းမှုပြုသူ ဒုစရိုက် သမားတို့၏ လားရောက်ရာ ဖြစ်သော အလိုအာသာဆန္ဒ ကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက်ရပေလတ္တံ့။

တမလွန်လောကသည် အကယ်၍ မရှိသည်ပင်ထားဦးတော့၊ ရှိစေဦးတော့၊ ထိုအရှင်သမဏ ဗြာဟ္မဏတို့၏ စကားသည် မှန်သည်ပင် ဖြစ်စေဦးတော့ ရှိစေဦးတော့၊ ထိုသို့ပင်ဖြစ်သော်လည်း ဤအရှင် ယောက်ျား ပုဂ္ဂိုလ် သည် မျက်မှောက်သောကိုယ်၏ အဖြစ်၌ပင်လျှင် --- သီလမရှိသော မှားသောအယူရှိသော နတ္ထိကဝါဒရှိသော ယောက်ျားတည်း --- ဟု သိတော်မူ မြင်တော်မူကြသည့် ဘုရားအစရှိကုန်သော ပညာရှိသူတော်ကောင်းတို့၏ အကဲ့ရဲ့ကို ခံရ၏။

တမလွန်လောကသည် အကယ်၍ ရှိသည်သာလျှင် ဖြစ်ငြားအံ့၊ ဤသို့ရှိခဲ့သော် ဤအရှင် ယောက်ျား ပုဂ္ဂိုလ်သည် ---

၁။ မျက်မှောက်သော ကိုယ်၏ အဖြစ်၌လည်း သိတော်မူ မြင်တော်မူကြသည့် ဘုရားအစရှိကုန်သော ပညာရှိ သူတော်ကောင်းတို့၏ အကဲ့ရဲ့ ခံရခြင်း,

၂။ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာဟူ၍ မြူငွေ့မျှ မရှိသော မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ ဖြစ်သော, အလိုအာသာဆန္ဒ ကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက်ရခြင်း ---

ဤသို့အားဖြင့် နှစ်ပါးစုံ ဆုံးရှုံး၏ = ပစ္စုပ္ပန်၌လည်း ရှုံး၏၊ တမလွန်၌လည်း ရှုံး၏။ ဤသို့လျှင် ထိုယောက်ျား ၏ မကောင်းသောအားဖြင့် စွဲယူ ဆောက်တည်ထားအပ်သော မလွဲချော်နိုင်သော အပဏ္ဏကဓမ္မ အမည်ရသော နတ္ထိကဝါဒကို လက်ကိုင်ထား၍ ပြုကျင့်ထားအပ်သော အကျင့်တရားသည် မိမိ၏ နတ္ထိကဝါဒတစ်ခုသက်သက် အတွက်သာ တစ်ဖက်သတ် နှံ့၍ တည်၏၊ ကုသိုလ်အရာကို ဆိတ်သုဉ်းစေ၏ = ရှောင်ကြဉ်၏။ (သကဝါဒခေါ် သည့် မိမိ၏ နတ္ထိကဝါဒအတွက်သာ သက်ဝင်တည်နေ၍ ပရဝါဒခေါ်သည့် သူတစ်ပါး၏ သမ္မာဒိဋ္ဌိ ပြဓာန်းသော ကံ-ကံ၏အကျိုးတရားသည် တကယ် ထင်ရှားရှိ၏ဟု လက်ခံသော အတ္ထိကအယူဝါဒအတွက် နှံ့၍ မတည်။)

ဒါယကာတို့ ...ထိုအယူနှစ်မျိုးတို့တွင် ---

၁။ ပေးလှူအပ်သော အလှူဒါန၏ အကျိုးတရားသည် ရှိ၏။ ပ ။

၁၀။ ဤလောကကိုလည်းကောင်း, တစ်ပါးသော တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ် ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ဖြောင့်မှန်သော အရိယမဂ်သို့ ဆိုက်ရောက်တော် မူကြကုန်သော ဖြောင့်မှန်စွာ သိတော်မူကြကုန်သော, နိဗ္ဗာန်အားလျော်သော အကျင့်ကို ကောင်းစွာ ကျင့် တော်မူကြကုန်သော (ဘုရားအစရှိကုန်သော အရိယာသူတော်ကောင်းတို့ဟူသော) ထိုသမဏ ဗြာဟ္မဏ တို့သည် လောက၌ ရှိကုန်၏။ ထိုသမဏ ဗြာဟ္မဏတို့သည် ဤပစ္စုပ္ပန်လောကကိုလည်းကောင်း, တမလွန် လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ တရားတော်ကို ဟောကြားတော်မူကုန်၏ ဟု ---

ဤသို့ ပြောဆိုယူဆလေ့ရှိကုန်သော သမဏ ဗြာဟ္မဏတို့၏ သန္တာန်၌ ကာယဒုစရိုက် ဝစီဒုစရိုက် မနော ဒုစရိုက်တည်းဟူသော ဤသုံးပါးကုန်သော အကုသိုလ်တရားတို့ကို ဖောက်ခွဲဖျက်ဆီးလျက် ကာယသုစရိုက် ဝစီ သုစရိုက် မနောသုစရိုက်တည်းဟူသော ဤသုံးပါးကုန်သော ကုသိုလ်တရားတို့ကို ဆောက်တည်၍ ကျင့်ကုန်လတ္တံ့-ဟူသော အကျိုးတရားကို မချွတ်ဧကန် အလိုရှိအပ်ပေသည်။ အဘယ်ကြောင့်နည်း ထိုအရှင် သမဏ ဗြာဟ္မဏ တို့သည် အကုသိုလ်တရားတို့၏ အပြစ်ကိုလည်းကောင်း, ယုတ်ညံ့ပုံကိုလည်းကောင်း, ညစ်ညူးပုံကိုလည်းကောင်း မြင်ကြ၍ ကုသိုလ်တရားတို့၏ မကောင်းမှုတို့မှ ထွက်မြောက်ခြင်း၌ အကျိုးအာနိသင်ကိုလည်းကောင်း, ဖြူစင် မြင့်မြတ်သော အဖို့ဘာဂကိုလည်းကောင်း မြင်ကြကုန်သောကြောင့်တည်း။ တစ်ဖန် ထင်ရှားရှိသည်သာလျှင် ဖြစ်သော တမလွန်လောကကို တမလွန် လောကသည်ထင်ရှားရှိ၏ဟု ထိုသူ၏ သန္တာန်၌ အယူရှိနေ၏၊ ထိုသူ၏ ထိုအယူသည် မှန်ကန်သော သမ္မာဒိဋ္ဌိအယူဝါဒ ဖြစ်၏။ ထင်ရှားသည်သာလျှင် ဖြစ်သော တမလွန်လောကကို တမလွန်လောကသည် ရှိ၏ဟု ကြံစည်၏၊ ထိုသူ၏ ထိုအကြံသည် မှန်သောအကြံ သမ္မာသင်္ကပ္ပ ဖြစ်၏။ ထင် ရှားရှိသည်သာလျှင် ဖြစ်သော တမလွန်လောကကို တမလွန်လောကသည် ရှိ၏ဟူသော စကားကို ဆို၏၊ ထိုသူ၏ ထိုစကားသည် မှန်သောစကား သမ္မာဝါစာ ဖြစ်၏။

ထင်ရှားရှိသည်သာလျှင် ဖြစ်သော တမလွန်လောကကို တမလွန်လောကသည် ထင်ရှားရှိ၏ဟု ပြောဆို၏၊ ဤသူသည် တမလွန်လောကကို သိတော်မူ မြင်တော်မူကုန်သော ရဟန္တာပုဂ္ဂိုလ်တို့အား ထိပ်တိုက်ဆန့်ကျင်ဘက် အတိုက်အခံ မပြုလုပ်။ ထင်ရှားရှိသည်သာလျှင် ဖြစ်သော တမလွန်လောကကို တမလွန်လောကသည် ရှိ၏ဟု သူတစ်ပါးကို သိစေ၏၊ ထိုသူ၏ ထိုသိစေခြင်းသည် သူတော်ကောင်းတရားကို သိစေခြင်း ဖြစ်၏။ ထိုသူတော်ကောင်းတရားကို သိစေခြင်းဖြင့်လည်း မိမိကိုယ်ကို မချီးမြှောက် သူတစ်ပါးကိုလည်း မရှုတ်ချ။ ဤသို့လျှင် ထိုသူ၏ သန္တာန်ဝယ် ရှေးမဆွကပင်လျှင် မကောင်းသော သီလ ကင်းမဲ့သည့် ဒုဿီလျသဘောသည် ပယ်ထားပြီး ဖြစ်နေ၏၊ ကောင်းမြတ်သော သီလ ရှိသော သုသီလျသဘောသည် ရှေးရှူ တည်နေ၏။

၁။ ဤမှန်ကန်သော အယူ = သမ္မာဒိဋ္ဌိ,

၂။ မှန်ကန်သော အကြံအစည် = သမ္မာသင်္ကပ္ပ,

၃။ မှန်ကန်သော စကား = သမ္မာဝါစာ,

၄။ အရိယာသူတော်ကောင်းတို့နှင့် မဆန့်ကျင်ခြင်း,

၅။ သူတော်ကောင်းတရားကို သိစေခြင်း = သဒ္ဓမ္မသညတ္တိ,

၆။ မိမိကိုယ်ကို မချီးမြှောက်ခြင်း,

၇။ သူတစ်ပါးကို မရှုတ်ချခြင်း ---

ဤသို့စသည်ဖြင့် များစွာကုန်သော ဤကုသိုလ်တရားတို့သည် မှန်ကန်သော အယူဝါဒ သမ္မာဒိဋ္ဌိတည်း ဟူသော အကြောင်းကြောင့် ထိုသူ၏ သန္တာန်ဝယ် ဖြစ်ပေါ်လာကြကုန်၏။

ဒါယကာတို့ ...ထိုအယူ နှစ်မျိုးတို့တွင် ပညာရှိသောယောက်ျားသည် ဤသို့ ဆင်ခြင်၏ --- တမလွန် လောကသည် အကယ်၍ ရှိသည် ဖြစ်ငြားအံ့၊ ဤသို့ ရှိခဲ့သော် ဤအရှင် ယောက်ျား ပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက် စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ ဖြစ်သော နတ်ပြည်လောကသို့ ရောက်ရ ပေလတ္တံ့။

တမလွန်လောကသည် အကယ်၍ မရှိသည်ပင် ထားဦးတော့ ရှိစေဦးတော့၊ ထိုအရှင် သမဏ ဗြာဟ္မဏ တို့၏ စကားသည် မှန်သည်ပင် ဖြစ်စေဦးတော့ ရှိစေဦးတော့၊ ထိုသို့ ဖြစ်သော်လည်း ဤအရှင် ယောက်ျားသည် မျက်မှောက်သောကိုယ်၏ အဖြစ်၌ပင်လျှင် သီလရှိသော မှန်သော သမ္မာဒိဋ္ဌိအယူရှိသော ကံ-ကံ၏အကျိုး တရားသည် ရှိ၏ဟု သက်ဝင်ယုံကြည်သော အတ္ထိကဝါဒရှိသော ယောက်ျားပုဂ္ဂိုလ်တည်းဟု သိတော်မူ မြင်တော် မူကြသည့် ဘုရားအစရှိကုန်သော ပညာရှိသူတော်ကောင်းတို့၏ အချီးမွမ်းကို ခံရ၏။

တမလွန်လောကသည် အကယ် ၍ ရှိသည်သာလျှင် ဖြစ်ငြားအံ့၊ ဤသို့ ရှိခဲ့သော် ဤအရှင် ယောက်ျား ပုဂ္ဂိုလ်သည် ---

၁။ မျက်မှောက်သောကိုယ်၏ အဖြစ်၌ပင်လျှင် သိတော်မူ မြင်တော်မူကြသည့် ဘုရားအစရှိကုန်သော ပညာရှိ သူတော်ကောင်းတို့၏ အချီးမွမ်းခံရခြင်း,

၂။ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူတို့၏ လားရောက်ရာ ဖြစ်သော နတ်ပြည်လောကသို့ ရောက်ရခြင်း ---

ဤသို့အားဖြင့် နှစ်ပါးစုံအောင်မြင်၏။ ပစ္စုပ္ပန်၌လည်း ပညာရှိတို့၏ အချီးမွမ်းကိုခံရ၏၊ တမလွန်၌လည်း နတ်ပြည်သို့ရောက်ရ၏။ ဤသို့ ထိုသူ၏ ကောင်းစွာစွဲယူ ဆောက်တည်ထားသော မလွဲချော်နိုင်သော အပဏ္ဏကဓမ္မ အမည်ရသော ဤ ဧကန်အကျိုးရှိသော အကျင့်တရားသည် နှစ်ပါးစုံသောအဖို့ကို နှံ့၍ တည်၏၊ အကုသိုလ် အရာကို ကြဉ်ရှောင်၏ ဆိတ်သုဉ်းစေ၏။ (မ၊၂၊၆၂-၆၆။)

နှစ်ဘက်လုံး၌ အရှုံးမထွက်ပုံ

နှစ်ဘက်လုံး၌ အရှုံးမထွက်ပုံ

ဤ သမ္မာဒိဋ္ဌိ ပြဓာန်းသော အတ္ထိကဝါဒကား သကဝါဒတည်း = သာသနာတော်တွင်း ဝါဒတည်း။ မိစ္ဆာဒိဋ္ဌိ ပြဓာန်းသော ကံ-ကံ၏အကျိုးကို ပစ်ပယ်သော နတ္ထိကဝါဒကား ပရဝါဒတည်း = သာသနာပ ဝါဒတည်း။ သမ္မာဒိဋ္ဌိ ပြဓာန်းသော ကံ-ကံ၏အကျိုးတရားသည် ရှိ၏ဟု လက်ခံသော အတ္ထိကဝါဒကား သကဝါဒ ပရဝါဒ နှစ်ခုလုံးကို ပျံ့နှံ့သက်ဝင်၍ တည်နေ၏။ အကယ်၍ တမလွန်လောက ရှိလျှင်လည်း ဤအတ္ထိကဝါဒက ချမ်းသာသုခကို ရွက်ဆောင်ပေးမည်သာ ဖြစ်၏။ ကြိုတင် ပြင်ဆင်ထားသောကြောင့် ကြိုတင်၍ ကျင့်ထားသောကြောင့်တည်း။ အကယ်၍ တမလွန်လောက မရှိလျှင်လည်း ဤအတ္ထိကဝါဒသည် ပညာရှိသူတော်ကောင်းတို့၏ အချီးမွမ်းခံရကာ ကိုယ်ကျင့်သီလ ကောင်းမွန်သည့်အတွက် ချမ်းသာစွာပင် နေထိုင်နိုင်ရကား ချမ်းသာသုခကို ရွက်ဆောင်ပေးနိုင် သည်သာ ဖြစ်၏။ ပစ္စုပ္ပန် တမလွန် နှစ်ဘက်လုံး၌ မရှုံးနိုင်သော ကောင်းကျိုးကိုသာ ဧကန်ရနိုင်သော မလွဲချော် နိုင်သော အပဏ္ဏကဓမ္မ အမည်ရသော ကျင့်စဉ်ပင်တည်း။ ယင်းကဲ့သို့ မလွဲချော်နိုင်သော ကျင့်စဉ်မျိုးကို ဆောက် တည်၍ ကျင့်ရန် ဘုရားရှင်က သာလရွာသား ဒါယကာ ဒါယိကာမတို့အား ပညာပေးတော်မူပေသည်။ ကြွင်းသော မိစ္ဆာဒိဋ္ဌိဝါဒတို့၌လည်း နည်းမှီး၍ သဘောပေါက်ပါ။ (မ၊ဋ္ဌ၊၃၊၈၂။)

နိယတမိစ္ဆာဒိဋ္ဌိသမား

နိယတမိစ္ဆာဒိဋ္ဌိသမား

နတ္ထိကဒိဋ္ဌိ အကိရိယဒိဋ္ဌိ အဟေတုကဒိဋ္ဌိဟု မိစ္ဆာဒိဋ္ဌိကြီး သုံးမျိုးရှိရာ ---

၁။ နတ္ထိကဒိဋ္ဌိကား ကံ၏ အကျိုးတရားကို တားမြစ်၏။

၂။ အကိရိယဒိဋ္ဌိကား အကျိုးကို ဖြစ်စေတတ်သော အကြောင်းကံကို တားမြစ်၏။

၃။ အဟေတုကဒိဋ္ဌိကား ကံ-ကံ၏အကျိုး နှစ်မျိုးလုံးကိုပင် တားမြစ်၏။

ထိုသုံးမျိုးတို့တွင် အကြောင်းကံ မရှိဟု ကံကို တားမြစ်သော ပုဂ္ဂိုလ်သည်လည်း ကံကြောင့် ဖြစ်ပေါ်လာမည့် အကျိုးတရားကိုလည်း တားမြစ်ပြီးပင် ဖြစ်၏။ ကံ၏ အကျိုးတရားဝိပါက်ကို မရှိဟု အကျိုးဝိပါက်ကို တားမြစ်သော လက်မခံသော ပုဂ္ဂိုလ်သည်လည်း အကျိုးကို ဖြစ်စေတတ်သော အကြောင်းကံကိုလည်း တားမြစ်ပြီးပင် ဖြစ်၏။ ထိုကြောင့် ဤဝါဒကြီး သုံးရပ်လုံးတို့သည်လည်း တရားကိုယ် အနက်သဘောအားဖြင့် ကံ-ကံ၏အကျိုး နှစ်မျိုးလုံး ကိုပင် တားမြစ်ကြသော လက်မခံကြသော နတ္ထိကဝါဒ အဟေတုကဝါဒ အကိရိယဝါဒတို့ ဖြစ်ကြကုန်၏။

အကြင်ပုဂ္ဂိုလ်တို့သည် ထိုဂိုဏ်းဆရာကြီးတို့၏ ယင်းမိစ္ဆာဒိဋ္ဌိ ဝါဒဆိုးကြီး တစ်ခုခုကို ဖြစ်စေ အားလုံးကို ဖြစ်စေ လက်ခံယူ၍ ညဉ့်သန့်ရာ နေ့သန့်ရာ နေရာတစ်ခု၌ ထိုင်နေလျက် ထိုအယူဝါဒကို ရွတ်ဖတ် သရဇ္ဈာယ်ကြ ကုန်၏ စူးစမ်း ဆင်ခြင်ကြည့်ကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့၏ သန္တာန်၌ ---

၁။ နတ္ထိဒိန္နံ = အလှူဒါန၏ အကျိုးတရားသည် မရှိ၊

နတ္ထိယိဋ္ဌံ = အလှူကြီး ပေးလှူရခြင်း၏ အကျိုးတရားသည် မရှိ။

၂။ ကရောတော နကရိယတိ ပါပံ = မကောင်းမှုကို ပြုသော်လည်း ပြုသည် မမည်။

၃။ နတ္ထိဟေတု နတ္ထိပစ္စယာ = သတ္တဝါတို့ ညစ်နွမ်းဖို့ရန်, သတ္တဝါတို့ ဖြူစင်သန့်ရှင်းဖို့ရန် တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား, အားပေးထောက်ပံ့တတ်သော ဥပထမ္ဘကအကြောင်းတရားသည် မရှိ။

ဤသို့စသည်ဖြင့် ထိုအာရုံ၌ မှားယွင်းသော မိစ္ဆာသတိသည် ကောင်းစွာ တည်လာ၏။ စိတ်တည်ကြည်မှု ဧကဂ္ဂတာသည် ဖြစ်ပေါ်လာ၏၊ မိစ္ဆာဒိဋ္ဌိ ပြဓာန်းသော အကုသိုလ် လောဘမူဇောတို့သည် စောကုန်၏၊ ပထမဇော ၌လည်း ကုစား၍ကား ရနိုင်သေးကုန်၏၊ အလားတူပင် ဒုတိယဇောအခိုက် စသည်တို့၌လည်း ကုစား၍ကား ရနိုင်သေးကုန်၏၊ သတ္တမဇောတိုင် ဆိုက်ရောက်သွားသောအခါ၌ကား အရိဋ္ဌရဟန်း ကဏ္ဋကသာမဏေတို့ကဲ့သို့ ဘုရားရှင်တို့သော်မှလည်း ကုစား၍ မရနိုင်သော ပြန်လည်ခြင်းသဘော မရှိသော အပါယ်သို့ရောက်ဖို့ရန် ကျိန်းသေ မြဲသော အဆင့်သို့ ရောက်ရှိသွား၏။

ထိုမိစ္ဆာဒိဋ္ဌိကြီး သုံးမျိုးတို့တွင် တစ်ယောက်ကား မိစ္ဆာဒဿန တစ်ခုသို့ သက်ဝင်သွား၏၊ တစ်ယောက်ကား မိစ္ဆာဒဿန နှစ်ခုတို့သို့၊ တစ်ယောက်ကား သုံးခုလုံးတို့သို့ သက်ဝင်သွား၏၊ တစ်ခု၌သော်လည်းကောင်း, နှစ်ခုတို့၌ သော်လည်းကောင်း, သုံးခုလုံးတို့၌သော်လည်းကောင်း သက်ဝင်တည်နေသော်လည်း နိယတမိစ္ဆာဒိဋ္ဌိ ဖြစ်သည်သာ တည်း။ ယင်းနိယတမိစ္ဆာဒိဋ္ဌိသို့ ဆိုက်ရောက်ပြီးသော ပုဂ္ဂိုလ်ကို ယင်းနိယတမိစ္ဆာဒိဋ္ဌိက နတ်ရွာသုဂတိ = ကောင်းရာသုဂတိသို့ မရောက်အောင်လည်း တားထား၏။ ထိုနိယတမိစ္ဆာဒိဋ္ဌိ ဝါဒကို လက်ခံသော ထိုခန္ဓာကိုယ် အတ္တဘော၏ နတ်ရွာသုဂတိသို့ သွားခြင်းငှာလည်း မစွမ်းနိုင်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်နိဗ္ဗာန်သို့ ရောက်ရှိရန်ကား အဘယ် မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်တော့အံ့နည်း။ ဤသတ္တဝါကား ပထဝီ ဂေါပက အမည်ရသော မဟာပထဝီမြေကြီးကို အမြဲစောင့်နေရသော သံသရာဝဋ်ဆင်းရဲဒုက္ခ၏ သစ်ငုတ်ကြီး မည်ပေ၏။ ဤပုဂ္ဂိုလ်သည် တစ်ခုသောဘဝ၌သာ လျှင် အပါယ်၌ ကျရောက်ခြင်းသဘော မြဲလေသလော၊ သို့မဟုတ် အခြားသောဘဝ၌လည်း ကျရောက်ခြင်းသဘော မြဲလေသလောဟု မေးရန် ရှိ၏။ တစ်ခုသောဘဝ၌သာလျှင် မြဲ၏၊ သို့သော် ထိုဝါဒကို အဖန်ဖန် အထပ်ထပ် မှီဝဲခြင်း = အာသေဝန၏ အစွမ်းဖြင့် ဘဝတစ်ပါး၌ ထိုမိစ္ဆာဒိဋ္ဌိဝါဒကို နှစ်သက်မြတ်နိုးနေသည်သာလျှင် ဖြစ်၏။ မှန်ပေသည် --- ဤသို့သဘောရှိသော ပုဂ္ဂိုလ်အား ယေဘုယျအားဖြင့် အပါယ်ဘဝမှ ထမြောက်ခြင်းမည်သည် မရှိနိုင်တော့ပေ။

တသ္မာ အကလျာဏဇနံ၊ အာသီဝိသမိဝေါရဂံ။

အာရကာ ပရိဝဇ္ဇေယျ၊ ဘူတိကာမော ဝိစက္ခဏော။ (မ၊ဋ္ဌ၊၃၊၈၅။)

ထိုကြောင့် မိမိ၏ ကြီးပွားတိုးတက်မှုကို လိုလား တောင့်တလျက်ရှိသော ပညာရှိသူတော်ကောင်းသည် မသူတော် မိစ္ဆာဒိဋ္ဌိဝါဒသမားမှန်သမျှကို အဆိပ်ပြင်းသော မြွေပွေး မြွေဟောက်ကဲ့သို့ ဝေးစွာ ရှောင်ကြဉ်လေရာ သည်။ (မ၊ဋ္ဌ၊၃၊၈၅။)

နတ္ထိကဒိဋ္ဌိသမားကြီး နန္ဒက

နတ္ထိကဒိဋ္ဌိသမားကြီး နန္ဒက

သုရဋ္ဌတိုင်းကို အစိုးရသော ပိင်္ဂလမင်းဝယ် နန္ဒက အမည်ရှိသော စစ်သူကြီးတစ်ဦး ရှိ၏။ ပိင်္ဂလမင်းနှင့် နန္ဒကစစ်သူကြီး နှစ်ဦးတို့ကား ကံ-ကံ၏အကျိုးတရားကို လုံးဝလက်မခံကြသော နိယတမိစ္ဆာဒိဋ္ဌိ = နတ္ထိကဒိဋ္ဌိ သမားကြီးတို့ ဖြစ်ကြ၏။ သတ္တဝါ အသီးအသီး၏ သန္တာန်၌ အတ္တ ရှိ၏၊ ထိုအတ္တသည် မပျက်မစီးဘဲ အမြဲတည်၏။ သတ္တဝါတစ်ဦးအတွက် မည်သည့်အချိန်၌ ကောင်းကျိုးများကို ခံစားရမည်ဟုလည်းကောင်း, မည်သည့်အချိန်အခါ၌ ဆိုးကျိုးများကို ခံစားရမည်ဟုလည်းကောင်း အမြဲသတ်မှတ်ထားပြီး ဖြစ်၏၊ မဟာကပ်ပေါင်း (ရှစ်သန်းလေးသိန်း) ကြာသောအခါ သတ္တဝါသည် အလိုအလျောက် ပြတ်စဲသွား၏ဟု ဤကဲ့သို့သော ဥစ္ဆေဒဒိဋ္ဌိဝါဒကို လက်ခံ ယုံကြည်ထားသူများ ဖြစ်ကြ၏။ သူတစ်ပါးတို့၏ ဒါန စသော ကောင်းမှုကုသိုလ်တို့ကိုလည်း တားမြစ်ခဲ့သူ ကဲ့ရဲ့ ရှုတ်ချခဲ့သူ များလည်း ဖြစ်ကြ၏။

တစ်နေ့တွင် နန္ဒကစစ်သူကြီးသည် ကွယ်လွန်သွား၏၊ မိမိ၏ နတ္ထိကဒိဋ္ဌိတည်းဟူသော နိယတမိစ္ဆာဒိဋ္ဌိကို မစွန့်လွှတ်ဘဲ ရင်ဝယ်ပိုက်ကာ ကွယ်လွန်သွားရှာ၏၊ ပြိတ္တာဘဝသို့ ရောက်ရှိသွား၏။ နန္ဒကစစ်သူကြီး၌ ဥတ္တရာ အမည်ရှိသော သမီးတစ်ဦး ရှိ၏။ ဥတ္တရာကား ရတနာသုံးပါးကို ကိုယ်းကွယ် ဆည်းကပ်သော သောတာပန် ဥပါသိကာမတစ်ဦး ဖြစ်၏။ ဖခင် နန္ဒကစစ်သူကြီး ကွယ်လွန်သွားသောအခါ မိမိ၏ အိမ်ေ့ရှသို့ ဣန္ဒြေသိက္ခာ ပြည့်စုံစွာဖြင့် ဆွမ်းခံကြွလာတော်မူသော ရဟန်းတော်တစ်ပါးကို အိမ်ပေါ်သို့ ပင့်တင်ကာ မုန့်တစ်ပွဲနှင့် သောက်တော်ရေ တစ်ခွက်ကို ဆက်ကပ်လှူဒါန်းပြီးလျှင် ---

ပိတာ မေ ကာလကတော ဘန္တေ၊ တေဿတံ ဥပကပ္ပတု။

= အရှင်ဘုရား ...တပည့်တော်မ၏ ဖခင်သည် ကွယ်လွန်သွားပါ၏၊ ဤကောင်းမှုသည် ထိုဖခင်အား ကပ်ရောက်ပါစေသတည်း။

ဤသို့ ကောင်းမှုကုသိုလ် ပြုကာ အမျှအတမ်း ပေးဝေလိုက်၏။ ထိုခဏမှာပင် နန္ဒကပြိတ္တာသည် ပညောင် ပင်ကြီး တစ်ပင်ဝယ် နတ်စည်းစိမ်ကဲ့သို့ ကြီးမားသော စည်းစိမ်သုခကို ရရှိ ခံစားရလေသည်။ သို့သော် ပြဿနာ ကား ရှိနေသေး၏။

သုရဋ္ဌတိုင်းရှင် ဘုရင်ပိင်္ဂလမင်းသည် ဓမ္မာသောကမင်းတို့၏ မင်းဆက်ဖြစ်သော မောရိယမင်းတို့ကို အခွန် ပဏ္ဏာ ဆက်သပြီး ခစားပြီး အပြန်တွင် နန္ဒကပြိတ္တာ၏ တန်ခိုးကြောင့် စီးလာသော ရထားသည် နန္ဒကပြိတ္တာရှိရာ ပညောင်ပင်သို့ ဆိုက်ရောက်သွား၏။ နန္ဒကပြိတ္တာကလည်း နတ်စည်းစိမ်တမျှ ကြီးမားသော စည်းစိမ်တို့ကို ထင်ရှား ပြလျက် ဧည့်ခံကျွေးမွေး၏။ ပိင်္ဂလမင်းက အကျိုးအကြောင်း မေးမြန်းသောအခါ မိမိမှာ နတ် မဟုတ်ကြောင်း, နန္ဒကပြိတ္တာ ဖြစ်ကြောင်း, နန္ဒကစစ်သူကြီးဘဝက လက်ခံခဲ့သော ဥစ္ဆေဒဒိဋ္ဌိ = နတ္ထိကဒိဋ္ဌိ အကုသိုလ်ကံကြောင့် ပြိတ္တာဘဝသို့ ရောက်ရှိလာကြောင်း, သမီးဥတ္တရာ၏ ကောင်းမှုကုသိုလ်ပြု၍ အမျှအတမ်း ပေးဝေမှုကြောင့် ဤမျှ ကြီးကျယ်ခမ်းနားသော စည်းစိမ်တို့ကို ခံစား စံစားရကြောင်း စသည်တို့ကို ပြောပြ၏။

သို့သော် --- ဤစည်းစိမ်များကို နောက်ထပ် (၆)လသာ ခံစားရတော့မည် ဖြစ်ကြောင်း, (၆)လပြည့်က အဝီစိငရဲသို့ ကျရောက်ရတော့မည် ဖြစ်ကြောင်းတို့ကိုလည်း ဝမ်းနည်းကြေကွဲစွာ ဆက်လက်၍ ပြောပြရှာလေ သည်။

ပိင်္ဂလမင်းကိုလည်း ရတနာသုံးပါးကို ကိုယ်းကွယ်ဆည်းကပ်ရန် ငါးပါးသီလမြဲရန်, ဒါနပြုရန် ကောင်းမှု ကုသိုလ်ပြုရန်တို့ကိုပါ တိုက်တွန်းစကား ပြောကြားလိုက်လေသည်။ ပိင်္ဂလမင်းကလည်း မိမိ၏ မိစ္ဆာဒိဋ္ဌိဝါဒကို စွန့်လွှတ်ကာ ရတနာသုံးပါးကို ကိုယ်းကွယ်ဆည်းကပ်မည့်အကြောင်း ငါးပါးသီလ စောင့်ထိန်းမည့်အကြောင်း ကောင်းမှုကုသိုလ် ပြုမည့်အကြောင်းတို့ကို ဝန်ခံစကား ပြောကြားကာ ပြန်သွားလေသည်။ (ပေတဝတ္ထု၊၂၀၁-၂၀၆။)

ဤကား နိယတမိစ္ဆာဒိဋ္ဌိဝါဒကို သေသည့်တိုင်အောင် မစွန့်လွှတ်ပါက အပါယ်လေးဘုံသို့ ကျိန်းသေ ရောက် ရှိသည်ဟူသော ခိုင်လုံသော သာဓကတစ်ရပ်ပင် ဖြစ်ပေသည်။

အကယ်၍ အသင်သူတော်ကောင်းသည် ကံ-ကံ၏အကျိုးတရားကို လက်မခံလိုဘဲ ပယ်ရှားလိုသည် ဖြစ်အံ့၊ အနည်းဆုံးပမာဏအားဖြင့် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာ ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးစားအားထုတ်ပြီးပါမှသာလျှင် ဆုံးဖြတ်ချက်ချပါဟု တိုက်တွန်းပါရစေ။

အလွန်ရခဲသော လူ့ဘဝကို ရခိုက် အလွန်အဖိုးတန်သော သာသနာတော်မြတ်ကြီးနှင့် ဆုံတွေ့ခိုက်ဝယ် အထက်တွင် တင်ပြခဲ့သည့်အတိုင်း အပဏ္ဏကဓမ္မ အမည်ရသော မလွဲချော်နိုင်ေသော သူတော်ကောင်းကျင့်စဉ် များကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူနိုင်ကြပါစေ။

__________

၇။ မာန

၇။ မာန

မညတီတိ မာနော။

၁။ မာနော ဥန္နတိလက္ခဏော၊

၂။ သမ္ပဂ္ဂဟရသော၊

၃။ ကေတုကမျတာပစ္စုပဋ္ဌာနော၊

၄။ ဒိဋ္ဌိဝိပ္ပယုတ္တလောဘပဒဋ္ဌာနော။

ဥမ္မာဒေါ ဝိယ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၂၉၇။ ဝိသုဒ္ဓိ၊၂၊၉၉။)

ငါတကားဟု ထောင်လွှားပြုလျက် မှတ်ထင်တတ်သော သဘောတရားသည် မာန မည်၏။

၁။ ထောင်လွှား တက်ကြွခြင်းသဘော, စိတ်ဓာတ် တက်ကြွ မြင့်မောက်ခြင်းသဘော လက္ခဏ၊

၂။ သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်း = မြှောက်ပေးခြင်း (ကိစ္စ) ရသ၊

၃။ တုရင် မှန်ကင်းကဲ့သို့ ပြုလိုသည့်သဘောတရား

= အရာရာတွင် အသာယူလိုသည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဒိဋ္ဌိနှင့် မယှဉ်သော လောဘ ပဒဋ္ဌာန်။

တတ္ထ ကတမေ နဝ ဝိဓာ မာနာ။

၁။ သေယျဿ သေယျောဟမသ္မီတိ မာနော။

၂။ သေယျဿ သဒိသောဟမသ္မီတိ မာနော။

၃။ သေယျဿ ဟီနောဟမသ္မီတိ မာနော။

၄။ သဒိသဿ သေယျောဟမသ္မီတိ မာနော။

၅။ သဒိသဿ သဒိသောဟမသ္မီတိ မာနော။

၆။ သဒိသဿ ဟီနောဟမသ္မီတိ မာနော။

၇။ ဟီနဿ သေယျောဟမသ္မီတိ မာနော။

၈။ ဟီနဿ သဒိသောဟမသ္မီတိ မာနော။

၉။ ဟီနဿ ဟီနောဟမသ္မီတိ မာနော။

ဣမေ နဝ ဝိဓာ မာနာ။ (အဘိ၊၂၊၄၀၄။)

သေယျောဟမသ္မီတိ မာနောတိ ဥတ္တမဋ္ဌေန အဟံ သေယျောတိ ဧဝံ ဥပ္ပန္နမာနော။ သဒိသောဟမသ္မီတိ မာနောတိ သမသမဋ္ဌေန အဟံ သဒိသောတိ ဧဝံ ဥပ္ပန္နမာနော။ ဟီနောဟမသ္မီတိ မာနောတိ လာမကဋ္ဌေန အဟံ ဟီနောတိ ဧဝံ ဥပ္ပန္နမာနော။ ဧဝံ သေယျမာနော သဒိသမာနော ဟီနမာနော တိ ဣမေ တယော မာနာ တိဏ္ဏံ ဇနာနံ ဥပ္ပဇ္ဇန္တိ။ သေယျဿာပိ ဟိ အဟံ သေယျော, သဒိသော, ဟီနောတိ တယော မာနာ ဥပ္ပဇ္ဇန္တိ သဒိသဿာပိ ဟီနဿာပိ။ တတ္ထ သေယျဿ သေယျမာနောဝ ယာထာဝမာနော၊ ဣတရေ ဒွေ အယာထာဝမာနာ။ သဒိသဿ သဒိသမာနောဝ။ ပ ။ ဟီနဿ ဟီနမာနောဝ ယာထာဝမာနော၊ ဣတရေ ဒွေ အယာထာဝမာနာ။ ဣမိနာ ကိံ ကထိတံ? ဧကဿ တယော မာနာ ဥပ္ပဇ္ဇန္တီတိ ကထိတံ။ ခုဒ္ဒကဝတ္ထုကေ (အဘိ၊၂၊၃၆၆။) ပန ပဌမကမာနဘာဇနီယေ ဧကော မာနော တိဏ္ဏံ ဇနာနံ ဥပ္ပဇ္ဇတီတိ ကထိတော။ (အဘိ၊ဋ္ဌ၊၁၊၄၀၃-၄၀၄။)

လက္ခဏ --- သေယျာဒိဝသေန ဥစ္စတော နမနံ ဥန္နတိ။ (မဟာဋီ၊၂၊၁၅၁။)

ဥစ္စာ စည်းစိမ် ပညာ ဂုဏ်သိရ် အဆင်း အသံ ခြွေရံ စသည်အားဖြင့် အားလုံးဖြစ်စေ, တစ်ဘက်ဘက်က ဖြစ်စေ ---

၁။ သူများထက် ငါသည် မြတ်၏၊ သာ၏ --- ဟု မှတ်ထင်ခြင်း = မာန်မူခြင်း = သေယျမာန်,

၂။ ငါသည် သူများနှင့် တန်းတူ၏ဟု မှတ်ထင်ခြင်း = မာန်မူခြင်း = သဒိသမာန် = (ဒင်းတို့နှင့် ငါ ဘာထူးသလဲ စသည့် မာန်မျိုးတည်း။)

၃။ ငါသည် သူများအောက်ကျ၏ဟု မှတ်ထင်ခြင်း = မာန်မူခြင်း = ဟီနမာန် = (ဒင်းတို့အောက်ကျလို့ကော ဘာအရေးစိုက်ရမှာလဲ စသည့် မာန်မျိုးတည်း။)

ဤသို့လျှင် မာန်မာန (၃)မျိုး ရှိပေသည်။ ထိုမာန် (၃)မျိုးတို့သည် ပုဂ္ဂိုလ် (၃)မျိုးတို့၏ သန္တာန်၌ ဖြစ်ပေါ်တတ် ကြကုန်၏။ ပုဂ္ဂိုလ် (၃)မျိုးဟူသည် လောက၌ ---

၁။ သေယျပုဂ္ဂိုလ် = အမြတ်စားပုဂ္ဂိုလ်၊

၂။ သဒိသပုဂ္ဂိုလ် = သူများနှင့်တန်းတူ အလတ်စားပုဂ္ဂိုလ်၊

၃။ ဟီနပုဂ္ဂိုလ် = သူများအောက် အဆင့်နိမ့်ကျသော ပုဂ္ဂိုလ်ဟု (၃)မျိုး ရှိ၏။

ထိုပုဂ္ဂိုလ် (၃)မျိုးတို့တွင် ပုဂ္ဂိုလ်တစ်မျိုးတစ်မျိုး၏ သန္တာန်၌ မာန် (၃)မျိုးစီ ရှိကြ၏။

သေယျပုဂ္ဂိုလ်၏ မာန် (၃) မျိုး

သေယျပုဂ္ဂိုလ်၏ မာန် (၃) မျိုး

သေယျပုဂ္ဂိုလ်၏ သန္တာန်၌ ---

၁။ မိမိအောက် ဥစ္စာစည်းစိမ် ပညာဂုဏ်သိရ် စသည်တို့ နိမ့်ကျသူကို အာရုံပြု၍ ငါသည် သင်းတို့ထက် သာ၏ မြတ်၏ဟု မှတ်ထင်ခြင်း မာန်မူခြင်း သေယျမာန်,

၂။ တန်းတူသူကို အာရုံပြု၍ ငါသည် သင်းတို့နှင့် တူ၏ = အတူတူပဲဟု မှတ်ထင်ခြင်း မာန်မူခြင်း သဒိသမာန်,

၃။ မိမိထက် အရာရာတွင် သာလွန်သူ အထက်တန်းကျသူကို အာရုံယူ၍ --- ငါသည် သင်းတို့အောက် နိမ့် ကျ၏၊ အောက်ကျ၏ = အောက်ကျလို့ကော ဘာအရေးစိုက်စရာ ရှိသလဲ စသည်ဖြင့် မှတ်ထင်ခြင်း မာန်မူခြင်း ဟီနမာန် ---

ဤသို့ (၃)မျိုး ရှိပေသည်။ အလားတူပင် သဒိသပုဂ္ဂိုလ်၏ သန္တာန်၌ မာန် (၃)မျိုးပင် ရှိ၏။

သဒိသပုဂ္ဂိုလ်၏ မာန် (၃) မျိုး

သဒိသပုဂ္ဂိုလ်၏ မာန် (၃) မျိုး

၁။ မိမိအောက် ဥစ္စာစည်းစိမ် ပညာဂုဏ်သိရ် စသည်တို့ နိမ့်ကျသူကို အာရုံပြု၍ ငါသည် သင်းတို့ထက် သာ၏ မြတ်၏ဟု မှတ်ထင်ခြင်း မာန်မူခြင်း သေယျမာန်,

၂။ တန်းတူသူကို အာရုံပြု၍ ငါသည် သင်းတို့နှင့် တူ၏ဟု = အတူတူပဲဟု မှတ်ထင်ခြင်း = မာန်မူခြင်း သဒိသမာန်,

၃။ မိမိထက် အရာရာတွင် သာလွန်သူ အထက်တန်းကျသူကို အာရုံယူ၍ -ငါသည် သင်းတို့အောက် နိမ့်ကျ၏ = အောက်ကျလို့ကော ဘာအရေးစိုက်စရာ ရှိသလဲ --- စသည်ဖြင့် မှတ်ထင်ခြင်း = မာန်မူခြင်း ဟီနမာန်ဟု (၃)မျိုးပင် ရှိ၏။

ဟီနပုဂ္ဂိုလ်၏ မာန် (၃) မျိုး

ဟီနပုဂ္ဂိုလ်၏ မာန် (၃) မျိုး

ဟီနပုဂ္ဂိုလ်၏ သန္တာန်၌လည်း ---

၁။ မိမိအောက် ဥစ္စာစည်းစိမ် ပညာဂုဏ်သိရ် စသည်တို့ နိမ့်ကျသူကို အာရုံပြု၍ ငါသည် သင်းတို့ထက် သာ၏ မြတ်၏ဟု မှတ်ထင်ခြင်း မာန်မူခြင်း သေယျမာန်,

၂။ တန်းတူသူကို အာရုံပြု၍ --- ငါသည် သင်းတို့နှင့် တူ၏ = အတူတူပဲဟု မှတ်ထင်ခြင်း မာန်မူခြင်း သဒိသမာန်,

၃။ မိမိထက် အရာရာတွင် သာလွန်သူ အထက်တန်းကျသူကို အာရုံယူ၍ --- ငါသည် သင်းတို့အောက် နိမ့် ကျ၏ အောက်ကျ၏ = အောက်ကျလို့ကော ဘာအရေးစိုက်စရာရှိသလဲ စသည်ဖြင့် မှတ်ထင်ခြင်း မာန်မူ ခြင်း ဟီနမာန် --- ဟု (၃)မျိုးပင် ရှိ၏။ (အဘိ၊၂၊၄၀၄။)

ထို (၉)မျိုးတို့တွင် သေယျပုဂ္ဂိုလ်၏ သေယျမာန်မူခြင်း, သဒိသပုဂ္ဂိုလ်၏ သဒိသမာန်မူခြင်း, ဟီနပုဂ္ဂိုလ်၏ ဟီနမာန်မူခြင်းသည် ဟုတ်မှန်သည့်အတိုင်း မာန်မူခြင်း = ယာထာဝမာန မည်၏။ ဤယာထာဝမာနကို အရဟတ္တမဂ်ကသာ ပယ်နိုင်၏။ မိမိနှင့် မတန်သော အခြားမာန် (၂)မျိုးစီသည် မဟုတ်မမှန်သော မာန်မူခြင်း = အယာထာဝ မာန မည်၏။ ဤအယာထာဝမာန်ကို သောတာပတ္တိမဂ်တုန်းကပင် ပယ်နိုင်ပြီ။ (အသင်သူတော်ကောင်းသည် မိမိကိုယ်ကို မိမိ သောတာပန်ဟု ယူဆလျှင် ဤအယာထာဝ မာန်မာနတရားများသည် မိမိ၏ သန္တာန်၌ ရှိ-မရှိ ကို ဉာဏ်ပညာစက္ခုဖြင့် စေ့စေ့ငုငု သေချာစွာ ကြည့်ရှု၍ ဆန်းစစ်ကြည့်ပါ။ မိမိ၏ စိတ်နေစိတ်ထားများကို အကဲခတ်ကြည့်ပါ။) ထိုအလုံးစုံသော မာနသည် ခပ်ထောင်ထောင် ခပ်ကြွကြွ ခပ်ကြွားကြွား ခပ်မာမာနှင့် စိတ်ဓာတ် တက်ကြွမြင့်မောက်ခြင်း အသာယူလိုခြင်း ထောင်လွှားခြင်း သဘောလက္ခဏာ ရှိပေသည်။

ဥစ္စာချင်း ယှဉ်၍ အသာယူလိုသည့်သဘော ပညာဂုဏ်သိရ်ချင်း ယှဉ်၍ အသာယူလိုသည့်သဘော, သားချင်း, သမီးချင်း, ဇနီးချင်း, ခင်ပွန်းချင်း ယှဉ်၍ အသာယူလိုသည့်သဘော, နောက်ဆုံး ကုန်ကုန်ပြောရလျှင် တရားချင်းပင် ယှဉ်၍ အသာယူလိုသည့်သဘောများသည် ဤမာန၏ သဘောများသာတည်း။

မာနဓာတ်ခံရှိသူသည် တံခွန်အလံကို စိုက်ထောင်၍ ထားသကဲ့သို့ အများအပေါ်၌ မောက်မော်လို၏၊ ကြွတတ ရှိ၏၊ ရာထူးဂုဏ်သိရ် စည်းစိမ်ဥစ္စာ ပညာ အဆင်း ရောဂါကင်းခြင်း စသော ဂုဏ်တို့ဖြင့် သူများထက် သာနေသောအခါ --- သင်းတို့နှင့် တူသလား တန်သလားဟု ကိုယ့်ကိုယ်ကို အထင်ကြီးကာ သူတကာကို အထင်သေးတတ်၏။

သူများထက်မသာဘဲ တန်းတူဖြစ်နေလျှင်လည်း မာနဓာတ်ခံ ရှိနေသူတို့မှာ --- သင်းနဲ့ ငါနဲ့ ဘာထူးသေးလဲ၊ သူလောက်တော့ ငါလဲ ရတာပဲဟု တန်းတူထားလျက် မာန်တက်တတ်ပြန်၏။

ရာထူးဂုဏ်သိရ် စည်းစိမ်ဥစ္စာ စသည်တို့က အောက်တန်းကျပြန်လျှင်လည်း မာနဓာတ်ခံရှိနေသူမှာ ---သူတို့က ငါ့ထက်သာလို့ကော ငါက ဘာအရေးစိုက်ရမှာလဲ၊ ကိုယ်ရှိမှ ကိုယ်စားရတာဘဲ၊ ကိုယ်လုပ်မှ ကိုယ်ရတာပဲ၊ ဘယ်သူ့ကို ခခယယ လုပ်နေရမှာတုန်းဟု အံမတုနိုင်သော်လည်း မာန်ပြုလျက်ပင် ရှိ၏။

အများဖြစ်တတ်သော မာန်များ

အများဖြစ်တတ်သော မာန်များ

ဇာတိမာန် --- အမျိုးဇာတ် မြင့်မြတ်သည့်အတွက် မာန်မာနတက်ခြင်းကို ဇာတိမာန်ဟု ခေါ်သည်။ ယခုခေတ်၌ အတော်အတန် အမျိုးကောင်းသူတွေ ရှိပါပေသည်၊ သို့သော် မာန်တက်လောက်အောင်, ဟန်ကြီး ပန်ကြီး လုပ်လောက်အောင်, တစ်ဘက်သားကို ခြေဖဝါးအောက်က ထားလောက်အောင် အမျိုးဇာတ် မြင့်မြတ် သူကား ရှားလှပေသည်။ မဟာသွေး မဟာနွယ် မဟာမျိုး ဖြစ်၍ အမျိုးဇာတ် မြင့်မြတ်သည်ဆိုဦးတော့, ထိုအမျိုး မြင့်မြတ်သူက မာန်မာနမတက်ဘဲ စစ်မှန်သော မေတ္တာတရား, ဖြူစင်ဖြောင့်စင်းသော ကရုဏာတရားတို့ကို ေ့ရှ ထားကာ ပြေပြေပြစ်ပြစ် နူးနူးညံ့ညံ့ ပျော့ပျော့ပျောင်းပျောင်း ညက်ညက်ညောညောနှင့် အပြောချိုကာ အရာရာတွင် လိုက်လျောညီထွေ ကျင့်တတ်ပါမူကား အောက်တန်းကျသူတို့က ပိုမို၍ ချစ်ခင် ကြည်ညို လေးစားကာ မြတ်နိုး ကြမည် မဟုတ်ပါလော။

အတုယူဖွယ် ဘုရားရှင်၏ မဟာကရုဏာတော်

အတုယူဖွယ် ဘုရားရှင်၏ မဟာကရုဏာတော်

အရှင်သုနိတမထေရ်၏ အလောင်းလျာဖြစ်သော အမျိုးကောင်းသားသည် တစ်ခုသောဘဝတွင် စူဠကမ္မဝိဘင်္ဂသုတ္တန် ဒေသနာတော်နှင့် အညီ မာန်မာန အလွန် ကြီးမားခဲ့ဟန် တူပေသည်။ ဤနောက်ဆုံးဘဝတွင်ကား မစင်ဘင်ကျုံးသမား အဖြစ်ဖြင့် အသက်မွေးရသူ အမျိုးဇာတ် ယုတ်ညံ့သူတစ်ဦး ဖြစ်ရ၏။ တစ်နေ့တွင် ဘုရားရှင် သည် မဟာကရုဏာတော်သမာပတ်ကို ဝင်စားတော်မူပြီးနောက် လောကကို ကြည့်ရှုတော်မူရာ သုနိတ အမျိုးကောင်းသားသည် ဘုရားရှင်၏ ဉာဏ်ကွန်ရက်အတွင်း၌ ထင်လာပေသည်။ အရဟတ္တဖိုလ် ရနိုင်သော ပါရမီမျိုးစေ့ ကောင်းများ သုနိတ အမျိုးကောင်းသား၏ သန္တာန်၌ ကိန်းဝပ် တည်နေသည်ကိုလည်း မြင်တော်မူလေသည်။

ဘုရားရှင်သည် ရာဇဂြိုဟ်မြို့တွင်းသို့ ရဟန်းသံဃာတော်အပေါင်း ခြံရံတော်မူလျက် သုနိတ အမျိုးကောင်းသား မစင်ဘင်ကျုံးလျက်ရှိသော နောက်ဖေးလမ်းကြားတွင်းသို့တိုင်အောင် ကြွဝင်သွားတော်မူ၏။ ကျုံးပြီးသော မစင်များကို ဆိုင်းထမ်းပိုးဖြင့် သယ်ဆောင်၍လာသော သုနိတ အမျိုးကောင်းသားနှင့် လမ်းခုလတ် တစ်နေရာတွင် ဆုံစည်းမိတော်မူ၏။ မလွှဲမရှောင်သာသော သုနိတအမျိုးကောင်းသားသည်လည်း မစင်ဆိုင်းထမ်းကြီးကို အသာ ချကာ ဘုရားရှင်အား လက်အုပ်ချီကာ မတ်တတ်ရပ်လျက် အရိုအသေပြုနေပေ၏။ ထိုအခါ အလွန့်အလွန် ကြင်နာနေသော မဟာကရုဏာတော်အသံဖြင့် သုနိတ ...ဟု ဘုရားရှင်က ခေါ်တော်မူလိုက်၏။

တစ်လောကလုံးတွင် အဘက်ဘက်မှ မနှိုင်းယှဉ်သာအောင် အသာဆုံး အမြတ်ဆုံး ဖြစ်တော်မူသည့် ဘုရားရှင်၏ အလွန့်အလွန် ကြင်နာယုယသော မဟာကရုဏာတော်အသံဖြင့် သုနိတ ...ဟု ခေါ်တော်မူလိုက်သော အခါ, လူ့လောကတွင် အနိမ့်ဆုံးအဆင့်တွင်သာ ရပ်တည်ခွင့် ရရှိနေသော မစင်ဘင်ကျုံးသမားကြီး သုနိတအဖို့ အမြိုက်ရေစင်ဖြင့် သွန်းလောင်းချလိုက်ဘိသကဲ့သို့ ပီတိပြဓာန်းသည့် နှစ်သက်ဝမ်းမြောက်ခြင်း သောမနဿ ပန်းတို့သည် တစ်ကိုယ်လုံးသို့ စိမ့်ထုံပျံ့နှံ့လျက် ပွင့်လန်း၍ နေပေသည်။

တစ်လောကလုံးတွင် အသာဆုံး အမြတ်ဆုံး ဖြစ်တော်မူသော သူတော်ကောင်းတစ်ဦး၏ ကြင်နာယုယလျက် ရှိသော အသံတော်သည် လူ့လောကတွင် အလွန် အဆင့်အတန်း နိမ့်ကျနေသော မစင်ဘင်ကျုံးဘဝတွင် ရပ်တည် နေရသော သတ္တဝါတစ်ဦးအတွက် တန်ဖိုးမဖြတ်နိုင်သော ဆေးကောင်းတစ်ခွက် ဖြစ်သွား၏။

ဘုရားရှင်က သုနိတ ...ဟု ခေါ်တော်မူလိုက်သောအခါ သုနိတအလောင်း အမျိုးကောင်းသားကလည်း အရှင်ဘုရား ...ဟု ပြန်လည်ကာ ထူးတော်မူလိုက်၏။ ထိုအခါ ဘုရားရှင်က ရှင်ရဟန်း မပြုချင်ဖူးလားဟု ထပ်ဆင့် မေးမြန်းတော်မူလိုက်သောအခါ ပြုလိုပါကြောင်း ပြန်လောင်း၍ လျှောက်ထားလိုက်၏။ ထိုအခါ ဘုရားရှင်က လကျ်ာလက်တော်ကို ဆန့်တန်းတော်မူလျက် ---

ဧဟိ ဘိက္ခု ...သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာတိ။

ချစ်သားရဟန်း ...လာပေတော့၊ ငါဘုရားသည် အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံသော တရားတော်ကို ကောင်းစွာ ဟောကြားထားတော်မူအပ်၏၊ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်း အခြားကို ပြုခြင်းငှာ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော သာသနဗြဟ္မစရိယနှင့် မဂ္ဂဗြဟ္မစရိယကို ကောင်းမွန်စွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လေလော

ဤသို့လျှင် မိန့်ကြားတော်မူလိုက်၏။ ဤသို့ မိန့်ကြားတော်မူခြင်းကိုပင် ဧဟိဘိက္ခု ခေါ်တော်မူသည်ဟု ဆိုသည်။ ထိုအခါ မစင်ဘင်ကျုံးသမားကြီး သုနိတ အမျိုးကောင်းသားသည် ပရိက္ခရာ (၈)ပါး ဆင်မြန်းထားပြီးသည့် ဝါ (၆၀) ရပြီး မထေရ်ကြီးကဲ့သို့ အလွန်တင့်တယ်သော ဧဟိဘိက္ခု ရဟန်းတော်တစ်ပါး ဖြစ်သွားတော်မူ၏။ ဘုရားရှင်သည် သုနိတရဟန်းတော်ကို ကျောင်းတော်သို့ ခေါ်ဆောင်သွားတော်မူပြီးနောက် ကမ္မဋ္ဌာန်းတရားများကို ပေးသနားတော်မူ၏။ သုနိတအရှင်မြတ်သည်လည်း ကမ္မဋ္ဌာန်းတရားကို အပြင်းအထန် ကြိုးစားအားထုတ်တော် မူရာ မကြာမီအချိန်ကာလအတွင်းမှာပင် ရဟန္တာ ဖြစ်သွားတော်မူ၏။ ရဟန္တာ ဖြစ်သွားတော်မူသောအခါ နတ် ဗြဟ္မာ အပေါင်းတို့သည် စုရုံး ရောက်ရှိလာကာ ရှိခိုး ဦးညွှတ်ကြလေသည်။ (ထေရဂါထာ၊၃၁၀။)

တစ်လောကလုံးတွင် အဘက်ဘက်မှ ယှဉ်ပြိုင်၍ မရနိုင်သည့် အတုလစံတစ်ဆူ ဖြစ်တော်မူသော ဘုရားရှင်က လူ့လောကတွင် အနိမ့်ကျဆုံးသောအဆင့်တွင် ရပ်တည်ခွင့် ရရှိနေသော မစင်ဘင်ကျုံးသမား တစ်ဦးကို လူနတ်ဗြဟ္မာတို့ ဦးခိုက်ပူဇော်ရသည့် ရဟန္တာအဖြစ်သို့ ရောက်အောင် ချီးမြှောက်မစ ပေးသနားတော်မူနိုင်သေး လျှင်, ဘုရားရှင်၏ သားတော် သမီးတော်အဖြစ် ခံယူနေသော အသင်ကဲ့သို့သော သူတော်ကောင်း တစ်ဦးသည် လည်း အဘယ်အကြောင်းကြောင့် မိမိအောက် ယုတ်နိမ့်နေသော အားနွဲ့နေသူတစ်ဦး အပေါ်၌ ကြင်နာယုယ ချိုသာသောစကား, ဖြူစင်ဖြောင့်စင်းသော စိတ်ထားဖြင့် မဆက်ဆံနိုင်ဘဲ ရှိရမှာလဲ? အကယ်တိတိ ပညာမျက်စိဖြင့် ကြည့်ရှုလိုက်ပါက ချေးထုပ်ကြီးကို ထမ်းကာ သံသရာ၌ လမ်းသလားနေသူတို့ချည်း မဟုတ်ပါလား?

အရောဝင်တော့ အရိုအသေတန် ဆိုသကဲ့သို့ အချို့ရိုင်းစိုင်းသူတို့က အရောဝင်၍ အရိုအသေတန်ကောင်း တန်ပေလိမ့်မည်၊ သို့သော် ထိုအရိုအသေတန်မှုအတွက် ထိုအရိုအသေတန်သူ့အပြစ်သာ ဖြစ်၍ ထိုသူပင် နစ်နာ ပေလိမ့်မည်။ ဤသို့လျှင် အရာရာတွင် ေ့ရှနောက် စိစစ်လျက် ဇာတိမာန် မတက်မိအောင် သတိဆောင်သင့်ကြ ပေသည်။ မာနကြီးခြင်းသည် သံသရာတွင် အမျိုးဇာတ် ယုတ်ညံ့ခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်သည်ကိုကား မိမိအကျိုးကို လိုလားသူတိုင်းသည် မမေ့သင့်လှပေ။

ဓနမာန် --- အထိုက်အလိုက် စည်းစိမ်ဥစ္စာရှိသူတို့၏ မာန်ကို ဓနမာန်ဟု ခေါ်၏။ ယခုအခါတွင် အတော် အတန် ဥစ္စာရှိသူတွေလည်း ရှိတန်သလောက် ရှိကြပါပေ၏။ သို့သော် ပေး၍ မကုန် လှူ၍ မခန်းနိုင်လောက် အောင် ပေါများ ပြည့်စုံကြသည်ကား အလွန်ရှားပါးမည်သာ ဖြစ်ပေသည်။ ဥစ္စာနည်းပါးသူများ ဆင်းရဲသားများနှင့် အတူမသွားနိုင် အတူမစားနိုင် အတူစကားမပြောနိုင်လောက်အောင် မကုန်နိုင် မခန်းနိုင် ပေါများကြသည်ကား မဟုတ်ပါ။ မြစ်မမြင်ဖူးတော့ မူးမြစ်ထင် ဆိုသကဲ့သို့ မိမိကိုယ်ကို သူဌေး သူကြွယ်ဟုပင် ထင်စေဦးတော့ ဆင်းရဲနွမ်းပါးသူတို့၏ အပေါ်မှာ သဘောထားကြီးစွာဖြင့် သနားကြင်နာကာ ကရုဏာသက်တတ်ပါလျှင် သာ၍ပင် ဂုဏ်ရှိသည် မဟုတ်ပါလော။ ထိုသို့ ပြုမူဆက်ဆံသဖြင့် မိမိ၏ စည်းစိမ်ဥစ္စာ၌် ဘေးအန္တရာယ် မထူအောင် အကူအညီပင် ရနိုင်သေးသည်။ ဓနရှင်တို့၏ ပြုံးရွှင်သောမျက်နှာ ချိုသာသော စကားတစ်လုံးသည် ဆင်းရဲသား ကျောမွဲတို့အတွက် အမြိန်ရှက်ဆုံးသော အမြိုက်ဆေးတစ်ခွက် ဖြစ်နိုင်ပေသည်။

ထိုကြောင့် ရှေးကုသိုလ်ကံ ထောက်မ၍ တစ်သက်လျာအတွက် ရရှိလာသော စည်းစိမ်ကလေးကို နောင်သံသရာအရေးဝယ် အမျိုးအနွယ် အောက်ကျသွားဖို့အကြောင်း မကောင်းသော မာန်မာန၏ အောက်ခံ ပြည်ဖုံးကားသဖွယ် မဖြစ်စေဘဲ ဓနရှင်ပီပီ တည်ကြည်သော စိတ်ထားဖြင့် အများ၏ ကိုးစားရာဖြစ်အောင် ကြိုးစား၍ သတိဆောင်သင့်ကြပေသည်။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။ (အနန္တသူရိယအမတ်။)

ဘုရားရှင်၏ သာသနာတော်ကား အမျိုးဇာတ် ခွဲခြားမှုကို တိုက်ဖျက်သော သာသနာတော်သာ ဖြစ်၏။ အမျိုးဇာတ်မြင့်မြတ်သူ အမျိုးဇာတ်ယုတ်သူ ဖြစ်ကြသည့် မင်းမျိုး, ပုဏ္ဏားမျိုး, သူဌေး သူကြွယ်မျိုး, သူဆင်းရဲမျိုး တည်းဟူသော အမျိုးလေးပါးတို့သည် သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်း ပြုလာကြသောအခါ အားလုံး သာကီဝင်မင်းသား ဘုရားသားတော်ချည်း ဖြစ်သွားကြ၏။ အသက်သိက္ခာ ကြီးမြတ်သူကိုသာ သိက္ခာဝါ ငယ်ရွယ်သူ တို့က အရိုအသေပြုကာ ရှိခိုး ဝတ်ပြုကြရ၏။ ဆတ္တာသည် ဖြစ်ဖူးသည့် ဝိနည်းအရာ၌ ဧတဒဂ်ရတော်မူသည့် အရှင်ဥပါလိမထေရ်မြတ်ကို သိက္ခာဝါ ကြီးမြတ်တော်မူခြင်းကို အစွဲပြု၍ အရှင်အနုရုဒ္ဓါ အရှင်အာနန္ဒာ အရှင် ဘဒ္ဒိယ စသော အမျိုးမြင့်မြတ်သူတို့က အရိုအသေ ပြုတော်မူကြရ၏။ ဘုရားရှင်၏ သာသနာတော်တွင်း၌ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့၏ ပြည့်ဝကုံလုံခြင်းသည်သာလျှင် မြင့်မြတ်သူတစ်ဦး ဖြစ်ဖို့ရန် လိုရင်းပမာဏ ဖြစ်သည်။ အမျိုးဇာတ် မြင့်မြတ်သော်လည်း ကိုယ်ကျင့်သီလ ချို့တဲ့ပျက်စီးနေပါက ဝသလ သူယုတ်မာ တစ်ဦးသာဟု သာသနာတော်က အသိအမှတ် ပြုလျက်ပင် ရှိပေသည်။ (ဝသလသုတ္တန်ကို ကြည့်ပါ။)

ပညာမာန် --- သစ္စာလေးပါးကို ထိုးထွင်းသိမြင်တော်မူသည့် စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်ကိုသာလျှင် ပညာဟု သာသနာတော်က အသိအမှတ်ပြုလျက်ပင် ရှိပါသည်။ ဤ၌ ဆိုလိုသည့် ပညာမှာ ယင်းစတုသစ္စသမ္မာဒိဋ္ဌိ ဉာဏ်ပညာကို မဆိုလိုပါ။ ပရိယတ္တိပညာ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲနေသော ပရိယတ္တိတရားတော် စသည်တို့ကို လေ့လာဆည်းပူးရာ၌ လိမ္မာကျွမ်းကျင်သည့် သညာတရားကိုပင် ရည်ညွှန်း၍ ပညာမာန်ဟု ခေါ်ဝေါ်သုံးစွဲလိုရင်း ဖြစ်ပေသည်။ စာပေတတ်ကျွမ်းသူတို့၏ မာန်ကို ပညာမာန်ဟု ခေါ်၏။ ပရိယတ္တိစာပေပညာဟူသည် မသင့် သည်ကို မသင့်မှန်း သိ၍ ရှောင်ကြဉ်နိုင်ရန်, သင့်သည်ကို သင့်မှန်း သိ၍ လိုက်နာပြုကျင့်နိုင်ရန် အသိအလိမ္မာ ပေးသော အတတ်ပညာရပ်များပေတည်း။ သို့ပါလျက် ထိုပရိယတ္တိတတ်ကျွမ်းမှုကို အကြောင်းပြု၍ မတော်မတရား ကြီးမားသော မာန်မာန ဖြစ်ရခြင်းမှာ လွန်စွာပင် ရှက်ဖွယ်ကောင်းလှပေသည်။ ယခုကာလ သူများထံမှ တစ်ဆင့် သင်ယူ၍ တတ်သိရသော စာပေပညာများသည်လည်း အလွန် ထူးခြားသော အတတ်ပညာရပ်များကား မဟုတ် လှသေးပါ။ အကြောင်းညီညွတ်၍ ဆရာသမားကောင်းအထံ၌ သင်ကြားရပါလျှင် အများပင် တတ်ကျွမ်းနိုင်သော ပညာရပ်တစ်မျိုးပင် ဖြစ်ပေသည်။ သို့ဖြစ်၍ အကြောင်းမညီညွတ်သဖြင့် သင်ကြားခွင့် မရရှိသူ, အထူးဉာဏ်ထိုင်း သူများကို တွေ့မြင်ရသောအခါ မောက်မော် ဝါကြွားမည့်အစား သနားကြင်နာ ကရုဏာသက်ဖို့သာ သို့မဟုတ် တစ်ဆင့် သင်ကြားပြသပေးဖို့သာ သင့်တင့်လှပေသည်။

အလဂဒ္ဒူပမ စာသင်နည်း

အလဂဒ္ဒူပမ စာသင်နည်း

ပရိယတ္တိတရားတော်ကို သင်ယူပုံ နည်းစနစ်သည် သုံးမျိုး ရှိပေသည်။

၁။ အလဂဒ္ဒူပမာပရိယတ်,

၂။ နိဿရဏတ္ထာပရိယတ်,

၃။ ဘဏ္ဍာဂါရိကပရိယတ် ---

ဤသို့လျှင် ပရိယတ်တရားတော်ကို သင်ကြားပုံ နည်းစနစ်သည် သုံးမျိုး ရှိပေသည်။

၁။ အလဂဒ္ဒူပမာပရိယတ် စာသင်နည်း

၁။ အလဂဒ္ဒူပမာပရိယတ် စာသင်နည်း

သေယျထာပိ ဘိက္ခဝေ ပုရိသော အလဂဒ္ဒတ္ထိကော အလဂဒ္ဒဂဝေသီ အလဂဒ္ဒပရိယေသနံ စရမာနော၊ သော ပေဿယျ မဟန္တံ အလဂဒ္ဒံ၊ တမေနံ ဘောဂေ ဝါ နင်္ဂုဋ္ဌေ ဝါ ဂဏှေယျ၊ တဿ သော အလဂဒ္ဒေါ ပဋိပရိဝတ္တိတွာ ဟတ္ထေ ဝါ ဗာဟာယ ဝါ အညတရသ္မိံဝါ အင်္ဂပစ္စေင်္ဂေ ဍံသေယျ၊ သော တတောနိဒါနံ မရဏံ ဝါ နိဂစ္ဆေယျ မရဏမတ္တံ ဝါ ဒုက္ခံ။ တံ ကိဿ ဟေတု၊ ဒုဂ္ဂဟိတတ္တာ ဘိက္ခဝေ အလဂဒ္ဒဿ။ ဧဝမေဝ ခေါ ဘိက္ခဝေ ဣဓေကစ္စေ မောဃပုရိသာ ဓမ္မံ ပရိယာပုဏန္တိ သုတ္တံ ဂေယျံ ဝေယျာကရဏံ ဂါထံ ဥဒါနံ ဣတိဝုတ္တကံ ဇာတကံ အဗ္ဘုတဓမ္မံ ဝေဒလ္လံ။ တေ တံ ဓမ္မံ ပရိယာပုဏိတွာ တေသံ ဓမ္မာနံ ပညာယ အတ္ထံ န ဥပပရိက္ခန္တိ၊ တေသံ တေ ဓမ္မာ ပညာယ အတ္ထံ အနုပပရိက္ခတံ န နိဇ္ဈာနံ ခမန္တိ၊ တေ ဥပါရမ္ဘာနိသံသာ စေဝ ဓမ္မံ ပရိယာပုဏန္တိ ဣတိဝါဒပ္ပမောက္ခာနိသံသာ စ၊ ယဿ စတ္ထာယ ဓမ္မံ ပရိယာပုဏန္တိ။ တဉ္စဿ အတ္ထံ နာနုဘောန္တိ၊ တေသံ တေ ဓမ္မာ ဒုဂ္ဂဟိတာ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ သံဝတ္တန္တိ။ တံ ကိဿ ဟေတု၊ ဒုဂ္ဂဟိတတ္တာ ဘိက္ခဝေ ဓမ္မာနံ။ (မ၊၁၊၁၈၆။)

ရဟန်းတို့ ...ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသော်ကား မြွေဆိုးကို အလိုရှိ၍ မြွေဆိုးကို ရှာမှီးသော ယောက်ျားသည် မြွေဆိုးကို ရှာဖွေရန် လှည့်လည်သွားလာလတ်သည် ရှိသော် ကြီးမားသော မြွေဆိုးကို တွေ့မြင်လေရာ၏။ ထိုမြွေကို ကိုယ်၌လည်းကောင်း, အမြီး၌လည်းကောင်း ကိုင်ဖမ်းယူမိလေရာ၏၊ ထိုသူအား ထိုမြွေသည် ပြန်လှည့်၍ လက်၌ဖြစ်စေ, လက်မောင်း၌ဖြစ်စေ, တစ်ခုခုသော အင်္ဂါကြီးငယ်၌ဖြစ်စေ ကိုက်လိုက် လေရာ၏။ ထိုသူသည် ထိုသို့ မြွေအကိုက်ခံလိုက်ရခြင်းတည်းဟူသော အကြောင်းကြောင့် သေခြင်းသို့သော်လည်း ကောင်း, သေလောက်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်ရာ၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်း ကြောင့်နည်း ဟူမူ --- ရဟန်းတို့ ...မြွေကို မကောင်းသဖြင့် ဖမ်းယူမိသည်၏ အဖြစ်ကြောင့်တည်း။

ရဟန်းတို့ ...ဤဥပမာအတူပင်လျှင် ဤသာသနာတော်၌ အချို့သော မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်ကြကုန် သော ယောက်ျားတို့သည် ---

၁။ သုတ္တ = သုတ္တ အမည်ရသော ပါဠိတော်,

၂။ ဂေယျ = ဂါထာနှင့်တကွသော သုတ္တပါဠိတော်,

၃။ ဝေယျာကရဏ = ဂါထာမဖက် သက်သက်သော စကားပြေပါဠိတော်,

၄။ ဂါထာ = စကားပြေမဖက် သက်သက်သော ဂါထာပါဠိတော်,

၅။ ဥဒါန = ဝမ်းမြောက်ဝမ်းသာ မြွက်ဆိုတော်မူအပ်သော ဂါထာနှင့် ယှဉ်သော သုတ္တပါဠိတော်,

၆။ ဣတိဝုတ္တက = ဣတိဝုတ်ပါဠိတော်,

၇။ ဇာတက = ဇာတ်ပါဠိတော်,

၈။ အဗ္ဘုတဓမ္မ = အံ့ဩဖွယ် အကြောင်းအရာနှင့် ဆက်စပ်၍ ဟောကြားထားတော်မူအပ်သော သုတ္တ ပါဠိတော်,

၉။ ဝေဒလ္လ = အသိထူး ဉာဏ်ထူးနှင့် နှစ်သက်ကြည်နူးမှုကို ရရှိသည် ဖြစ်၍ အမေး အဖြေ ပြုကာ

ဟောကြားထားတော်မူအပ်သော သုတ္တပါဠိတော်များ ---

ဤအင်္ဂါ (၉)တန်နှင့် ပြည့်စုံတော်မူသော ပရိယတ္တိတရားတော်ကို သင်ယူပြီးလျှင် ထိုတရားတော်၏ အနက် အဓိပ္ပါယ်ကို ပညာဖြင့် မစူးစမ်း မဆင်ခြင်ကုန် (= အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးစားအားထုတ်မှု မရှိကုန်။) အနက်အဓိပ္ပါယ်ကို ပညာဖြင့် မစူးစမ်း မဆင်ခြင်ကုန်။ ပရိယတ်တရားတော်၏ အနက်အဓိပ္ပါယ်ကို ပညာဖြင့် မစူးစမ်း မဆင်ခြင်ကြကုန်သော ထိုမဂ်ဖိုလ်မှ အချည်းနှီး ဖြစ်ကြကုန်သော ထိုယောက်ျားတို့အား ထိုပရိယတ်တရားတော်တို့သည် အကြွင်းမဲ့ ရှုဆင်ခြင်တတ်သော ဉာဏ်ကို မခံ့ကုန် = ဉာဏ်၌ မထင်လာကုန် = သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမြင်ကုန်။ ထိုမဂ်ဖိုလ်မှ အချည်းနှီး ဖြစ်ကုန်သော ယောက်ျားတို့သည် သူတစ်ပါးတို့၏ ဝါဒ၌ အပြစ်ဒေါသကို တင်ခြင်း ကပ်၍ နှိပ်စက် ဖျက်ဆီးနိုင်ခြင်း = ချုပ်ချယ်နိုင်ခြင်း အကျိုးအာနိသင် ရှိကုန်သည်လည်းကောင်း, ဤပရိယတ် တရားတော်ကို သင်ယူခြင်းဖြင့် သူတစ်ပါးတို့က တင်အပ်သော ဝါဒမှ လွတ်စေရုံမျှ အကျိုးအာနိသင် ရှိကုန်သည် လည်းကောင်း --- ဤမျှလောက်သော အကျိုးတရားသာ ရှိသည်ဖြစ်၍ ပရိယတ်တရားတော်ကို သင်ယူကုန်၏။ အကြင် မဂ်ဖိုလ်အကျိုးငှာလည်း ပရိယတ္တိတရားတော်ကို သင်ယူကုန်၏။ (= သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို လက်တွေ့ကျင့်ခြင်းဖြင့် မဂ်ဖိုလ်ကို ရရှိရန်အလို့ငှာ ပရိယတ်တရားတော်ကို သင်ယူကုန်၏။) ထိုသင်ယူထားသော ပရိယတ်တရားတို့၏ ထိုမဂ်ဖိုလ်အကျိုးကိုလည်း မခံစားကြရကုန်။ ထိုသူတို့အား မကောင်း သဖြင့် သင်ယူထားသော မမှန်ကန်သော ဦးတည်ချက်ဖြင့် သင်ယူထားသော ထိုတရားတို့သည် ရှည်ကြာစွာသော အချိန်ကာလပတ်လုံး အစီးအပွားမဲ့ခြင်း ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏၊ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ...ထိုပရိယတ်တရားတို့ကို မကောင်းသဖြင့် = မမှန်ကန်သော ဦးတည်ချက်ဖြင့် သင်ယူထားသည်၏ အဖြစ်ကြောင့်တည်း။ (မ၊၁၊၁၈၆။)

စာပေတတ်လျှင် နာမည်ကြီးလာလိမ့်မည်၊ စာမေးပွဲများ အောင်မြင်သဖြင့် ဂုဏ်ရှိသူ ဖြစ်လာလိမ့်မည်၊ အချီးမွမ်းခံရမည်၊ အပူဇော်ခံရမည်၊ အမြတ်နိုးခံရမည်၊ လှူဒါန်းချင်သူများ ပေါများလာလိမ့်မည်၊ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးတို့ အကောင်းအမွန်ချည်း ရလိမ့်မည်။ အထက်တန်းကျကျ မျက်နှာပန်းလှလှဖြင့် နေရလိမ့်မည်၊ သူတစ်ပါးအပေါ်၌လည်း မောက်မော်နိုင်လိမ့်မည်။ စာပေ တတ်ကျွမ်းလျှင် မည်သူ့ကိုမျှ လူမထင်ဘဲ လုပ်ချင်ရာကို လုပ်နိုင်လိမ့်မည် --- ဤသို့စသည်ဖြင့် လောဘ ဒေါသ မာန်မာနကို အခြေခံ၍ စာပေ ကျမ်းဂန်ကို သင်ကြား၏။ တတ်မြောက်လာသည့်အခါ၌လည်း မူလရည်ရွယ်ချက်အတိုင်း လာဘ်လာဘ ပေါများ အောင် ကြိုးစား၍ သူတစ်ပါးအပေါ်၌ မောက်မော် စော်ကား၏။ ထိုသူ၏ ပရိယတ်တရားတော်ကို သင်ယူမှု တတ်သိနားလည်မှုများသည် အောက်လမ်းသွားဖို့အကြောင်း မကောင်းမှုချည်းသာ ဖြစ်၏။ အလဂဒ္ဒူပမာစာသင်နည်းပင် ဖြစ်သည်။

အင်္ဂါ (၉) တန် ရှိသော ပရိယတ်တရားတော်

အင်္ဂါ (၉) တန် ရှိသော ပရိယတ်တရားတော်

ဤ၌ ပရိယတ္တိ အခြေခံ အားနည်းသူများအတွက် အင်္ဂါ (၉)တန်နှင့် ပြည့်စုံတော်မူသော ပရိယတ္တိတရားတော် အကြောင်းအရာကို အနည်းငယ် ထပ်မံ၍ ရှင်းလင်း တင်ပြအပ်ပါသည်။

၁။ သုတ္တ --- ဝိနည်းငါးကျမ်း, သုတ္တနိပါတ်ပါဠိတော်၌ လာရှိသော မင်္ဂလသုတ္တ ရတနသုတ္တ နာလကသုတ္တ တုဝဋ္ဋကသုတ္တ, အခြားတစ်ပါးသော သုတ္တ အမည်ရှိသော ဘုရားရှင်၏ တရားစကားတော် မှန်သမျှကိုလည်း သုတ္တဟူ၍ သိရှိပါလေ။

၂။ ဂေယျ --- ဂါထာနှင့်တကွသော = ဂါထာလည်း ပါဝင်သော သုတ္တန်ဒေသနာတော်ကို ဂေယျဟု သိရှိပါလေ။ အထူးသဖြင့် သံယုတ္တနိကာယ်၌ သဂါထာဝဂ္ဂသံယုတ် တစ်ခုလုံးကို ဂေယျဟူ၍ သိရှိပါလေ။

၃။ ဝေယျာကရဏ --- အဘိဓမ္မာပိဋက အားလုံး, ဂါထာ မပါသော သုတ္တန်, အခြားအခြားသော အင်္ဂါ (၈) ပါးတို့ဖြင့် မရေတွက်အပ်သော ဘုရားရှင်၏ စကားတော်မှန်သမျှကို ဝေယျာကရဏဟူ၍ သိရှိပါလေ။

၄။ ဂါထာ --- ဓမ္မပဒပါဠိတော်, ထေရဂါထာပါဠိတော်, ထေရီဂါထာပါဠိတော်, သုတ္တနိပါတ်ပါဠိတော်၌ လာရှိသော သုတ္တဟူသော အမည်ကို မရရှိသော ဂါထာသက်သက်များ --- ဤတရား အားလုံးကို ဂါထာဟူ၍ သိရှိပါလေ။

၅။ ဥဒါန --- နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်း သောမနဿ ပြဓာန်းသော ဉာဏ်တော်ကြောင့် ပြီးစီး ဖြစ်ပေါ် လာကုန်သော = ဝမ်းမြောက်ဝမ်းသာ ကျူးရင့်ထားတော်မူကုန်သော (၈၂)ခုကုန်သော သုတ္တန်တို့ကို ဥဒါန = ဥဒါန်း ဟူ၍ သိရှိပါလေ။

၆။ ဣတိဝုတ္တက --- ဝုတ္တေဥှတံ ဘဂဝတာ = ဘုရားရှင်သည် ဤသုတ္တန်ကို ဤသို့ ဟောကြားတော်မူ၏ --- ဟု ဤသို့ စသောနည်းဖြင့် ဖြစ်ပေါ်လာကုန်သော ဣတိဝုတ်ပါဠိတော်၌ မှတ်တမ်းတင်ထားသော သုတ္တန်ပေါင်း (၁၀၀)ကျော်တို့ကို ဣတိဝုတ္တကဟု သိရှိပါလေ။

၇။ ဇာတက --- (၅၅၀) ဇာတ်နိပါတ်တော်ဟု အသိများသော ဇာတ်ပါဠိတော်များကို ဇာတကဟူ၍ သိရှိပါလေ။

၈။ အဗ္ဘုတဓမ္မ --- အလွန် အံ့ဩဖွယ်ကောင်းသော မဖြစ်စဖူး အဦးအသစ် ဖြစ်ပေါ်လာသော တရားဓမ္မနှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော သုတ္တန်တရားတော်မှန်သမျှကို အဗ္ဘုတဓမ္မဟူ၍ သိရှိပါလေ။

၉။ ဝေဒလ္လ --- စူဠဝေဒလ္လသုတ္တန်, မဟာဝေဒလ္လသုတ္တန်, သမ္မာဒိဋ္ဌိသုတ္တန်, သက္ကပဥှသုတ္တန်, သင်္ခါရဘာဇနီယ သုတ္တန်, မဟာပုဏ္ဏမသုတ္တန် အစရှိကုန်သော အသိထူး ဝေဒကိုလည်းကောင်း, နှစ်သက်ကျေနပ်မှု တုဋ္ဌိတရားကို လည်းကောင်း ရရှိသည်ဖြစ်၍ အမေးအဖြေ သုတ္တန်အားလုံးတို့ကို ဝေဒလ္လဟူ၍ သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၂၇၊၊)

၂။ နိဿရဏတ္ထာပရိယတ် စာသင်နည်း

၂။ နိဿရဏတ္ထာပရိယတ် စာသင်နည်း

ယာ ပန သုဂ္ဂဟိတာ, သီလက္ခန္ဓာဒိပါရိပူရိံယေဝ အာကင်္ခမာနေန ပရိယာပုဋာ၊ န ဥပါရမ္ဘာဒိဟေတု၊ အယံ နိဿရဏတ္ထာ။ ယံ သန္ဓာယ ဝုတ္တံ --- တေသံ တေ ဓမ္မာ သုဂ္ဂဟိတာ ဒီဃရတ္တံ ဟိတာယ သုခါယ သံဝတ္တန္တိ။ တံ ကိဿ ဟေတု? သုဂ္ဂဟိတတ္တာ ဘိက္ခဝေ ဓမ္မာနန္တိ။ (အဘိ၊ဋ္ဌ၊၁၊၂၄။)

ရဟန်းတို့ ...ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသော်ကား --- မြွေဆိုးကို အလိုရှိ၍ မြွေဆိုးကို ရှာမှီးသောယောက်ျားသည် မြွေဆိုးကို ရှာဖွေရန် လှည့်လည်သွားလတ်သော် မြွေဆိုးကို တွေ့မြင်လေရာ၏။ ထို မြွေကို ဆိတ်ခွာသဏ္ဌာန် ရှိသော လှံတံဖြင့် ကောင်းစွာ ဖိနှိပ်ထားလေရာ၏။ ဆိတ်ခွာသဏ္ဌာန် ရှိသော လှံတံဖြင့် ကောင်းစွာ ဖိနှိပ်၍ လည်ပင်း၌ ကောင်းစွာ ကိုင်ဖမ်းလေရာ၏။ ရဟန်းတို့ ...အကယ်၍လည်း ထိုမြွေသည် ထိုယောက်ျား၏ လက်ကို ဖြစ်စေ, လက်မောင်းကို ဖြစ်စေ, တစ်ခုခုသော အင်္ဂါကြီးငယ်ကို ဖြစ်စေ ကိုယ်ဖြင့် ရစ်ပတ်ငြားအံ့၊ ထိုသို့ ရစ်ပတ်သော်လည်း ထိုသူသည် ထိုအကြောင်းကြောင့် သေခြင်းသို့သော်လည်းကောင်း, သေလောက်သော ဆင်းရဲသို့သော်လည်းကောင်း မရောက်နိုင်လေရာ။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်း ကြောင့်နည်း ဟူမူ --- ရဟန်းတို့ ...မြွေဆိုးကို ကောင်းစွာ ဖမ်းယူထားသည်၏ အဖြစ်ကြောင့်တည်း။

ရဟန်းတို့ ...ဤဥပမာအတူပင်လျှင် ဤသာသနာတော်၌ အချို့သော အမျိုးသားတို့သည် သုတ်, ဂေယျ, ဝေယျာကရုဏ်း, ဂါထာ, ဥဒါန်း, ဣတိဝုတ်, ဇာတ်, အဗ္ဘုတဓမ္မ, ဝေဒလ္လဟူသော အင်္ဂါ (၉)တန် ရှိသော ပရိယတ် တရားတော်ကို သင်ယူ၏၊ သင်ယူပြီးလျှင် ထိုပရိယတ်တရားတော်၏ အနက်အဓိပ္ပါယ်ကို ပညာဖြင့် စူးစမ်း ဆင်ခြင်ကြကုန်၏။ ပရိယတ်တရားတော်၏ အနက်အဓိပ္ပါယ်ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် (သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ဖြည့်ကျင့်လျက်) စူးစမ်း ဆင်ခြင် ကုန်သော ထိုသူတော်ကောင်းတို့အား ထိုတရားတို့သည် အကြွင်းမဲ့ ဆင်ခြင်တတ်သော ဉာဏ်ကို ခံ့ကုန်၏၊ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်လျက် ဉာဏ်၌ ထင်လာကုန်၏။ ထိုသူတော်ကောင်း တို့သည် သူတစ်ပါးတို့၏ ဝါဒ၌ အပြစ်ဒေါသကို တင်ခြင်း, ကပ်၍ နှိပ်စက် ဖျက်ဆီးနိုင်ခြင်း = ချုပ်ချယ်နိုင်ခြင်း အကျိုးအာနိသင် ရှိကုန်သည်လည်းကောင်း, ဤပရိယတ်တရားတော်ကို သင်ယူခြင်းဖြင့် သူတစ်ပါးတို့က တင်အပ် သော ဝါဒမှ လွတ်စေရုံမျှ အကျိုးအာနိသင် ရှိကုန်သည်လည်းကောင်း -- ဤမျှလောက်သော အကျိုးတရားသာ ရှိသည်ဖြစ်၍ ပရိယတ်တရားတော်ကို မသင်ယူကြကုန်။ အကြင် မဂ်ဖိုလ်အကျိုးငှာလည်း တရားတော်ကို သင်ယူ ကြကုန်၏၊ ထိုတရား၏ ထိုမဂ်ဖိုလ်အကျိုးကိုလည်း ခံစားကြရကုန်၏။ ထိုသူတို့အား ကောင်းစွာ သင်ယူထားအပ် ကုန်သော ထိုတရားတို့သည် ရှည်ကြာစွာသော ကာလပတ်လုံး အကျိုးစီးပွား ရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ ရဟန်းတို့ ...ထိုပရိယတ္တိတရားတော်တို့ကို ကောင်းစွာ သင်ယူထားသည်၏ အဖြစ်ကြောင့်တည်း။

ရဟန်းတို့ ...ငါဘုရား ဟောကြားထားတော်မူအပ်သော ပရိယတ္တိတရားတော်၏ အနက်အဓိပ္ပါယ်ကို သိကုန်ငြားအံ့၊ ထိုသိသည့်အတိုင်း ထိုတရားတော်ကို ဆောင်ထားကြကုန်ရာ၏။ ငါဘုရား ဟောကြားထားတော် မူအပ်သော ပရိယတ္တိတရားတော်၏ အနက်အဓိပ္ပါယ်ကို မသိကုန်ငြားအံ့၊ ထိုမသိသော အရာ၌ သင်တို့သည် ငါဘုရားရှင်ကိုပင် ဖြစ်စေ, ကျွမ်းကျင်လိမ္မာကုန်သော ရဟန်းတို့ကို ဖြစ်စေ မေးမြန်းသင့်ကုန်၏။

ရဟန်းတို့ ...သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန် အကျိုးငှာ ဖောင်ဥပမာရှိသော တရားတော် ကို သင်ချစ်သားတို့အား ငါဘုရား ဟောကြားတော်မူပေအံ့၊ ထိုတရားတော်ကို နာကြားကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်၊ ဟောကြားတော်မူပေအံ့ --- ဟု မိန့်တော်မူ၏။ ကောင်းပါပြီ အရှင်ဘုရား ...ဟု ထို ရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောကြားတော်မူ၏။

ရဟန်းတို့ ...ဥပမာသော်ကား ခရီးရှည်သွားသော ယောက်ျားသည် ရေပင်လယ်ကြီးကို မြင်ရာ၏၊ ဤမှာဘက်ကမ်းသည် ရွံရှာဖွယ် ရှိ၏၊ ဘေးဘျမ်း ရှိ၏၊ ထိုမှာဘက်ကမ်းကား အေးချမ်း၏၊ ဘေးဘျမ်း မရှိ။ ထို ယောက်ျားအဖို့ ဤမှာဘက်ကမ်းမှ ထိုမှာဘက်ကမ်းသို့ ကူးသွားဖို့ရန် လှေဖောင်လည်း မရှိ ပေါင်းကူးတံတားလည်း မရှိ ဖြစ်နေ၏။ ထိုယောက်ျား၏ သန္တာန်ဝယ် ---

ဤကား ရေပင်လယ်ကြီးတည်း၊ ဤမှာဘက်ကမ်းသည် ရွံရှာဖွယ် ရှိ၏၊ ဘေးဘျမ်း ရှိ၏၊ ထိုမှာဘက်ကမ်း သည်ကား အေးချမ်း၏၊ ဘေးဘျမ်း မရှိ၊ ဤမှာဘက်ကမ်းမှ ထိုမှာဘက်ကမ်းသို့ ကူးသွားဖို့ရန် လှေဖောင်လည်း မရှိ၊ ပေါင်းကူးတံတားလည်း မရှိ ဖြစ်နေ၏။ ငါသည် မြက် သစ်သား သစ်ခက် သစ်ရွက်ကို စုရုံး၍ဖောင်ဖွဲ့ကာ ထိုဖောင်ကို မှီရာပြု၍ လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ကူးရပါမူကား ကောင်း လေစွဟု စိတ်အကြံအစည်သည် ဖြစ်ပေါ်လာလေရာ၏။

ရဟန်းတို့ ...ထိုနောက် ထိုယောက်ျားသည် မြက် သစ်သား သစ်ခက် သစ်ရွက်တို့ကို စုရုံး၍ ဖောင်ဖွဲ့ကာ ထိုဖောင်ကို မှီရာပြု၍ လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ကူးခပ်လေရာ၏။ ကမ်း တစ်ဘက်သို့ ကူးမြောက်ပြီးသော ထိုယောက်ျားအား --- ဤဖောင်သည် ငါ့အား ကျေးဇူးများ၏၊ ငါသည် ဤ ဖောင်ကို အမှီပြု၍ လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ကမ်းတစ်ဘက်သို့ ကူးခဲ့၏၊ ငါသည် ဤဖောင်ကို ခေါင်းပေါ်၌ တင်ရွက်၍သော်လည်းကောင်း, ပခုံးပေါ်၌ ထမ်း၍သော်လည်းကောင်း အလိုရှိရာ အရပ်သို့ ဖဲခွာ သွားရပါမူကား ကောင်းလေစွဟု စိတ်အကြံအစည်သည် ဖြစ်ပြန်ရာ၏။

ရဟန်းတို့ ...ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း? ထိုယောက်ျားသည် ဤသို့ပြုသော် ထို ဖောင်၌ ပြုသင့်သော အမှုကို ပြုရာသလောဟု မေးတော်မူ၏။ အရှင်ဘုရား ...မဖြစ်ရာပါဟု လျှောက်ထားကြ ကုန်၏။ ရဟန်းတို့ ...ထိုယောက်ျားသည် အဘယ်ပုံပြုသည်ရှိသော် ထိုဖောင်၌ ပြုသင့်သော အမှုကို ပြုသူ ဖြစ်ရာသနည်း?

ရဟန်းတို့ ...ကမ်းတစ်ဖက်သို့ ကူးမြောက်ပြီးသော ထိုယောက်ျားအား ဤဖောင်သည် ငါ့အား ကျေးဇူး များ၏၊ ငါသည် ဤဖောင်ကို အမှီပြု၍ လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ကမ်းတစ်ဘက်သို့ ကူးခဲ့၏၊ ငါသည် ဤဖောင်ကို ကြည်းကုန်းထက်၌ ဆယ်တင်ထားခဲ့၍သော်လည်းကောင်း, ရေ၌ ပေါလောမျှော၍သော် လည်းကောင်း အလိုရှိသော အရပ်သို့ ဖဲခွာသွားရပါမူကား ကောင်းလေစွဟု အကြံအစည် ဖြစ်လေရာ၏။ ရဟန်းတို့ ...ထိုယောက်ျားသည် ဤသို့ပြုသည်ရှိသော် ထိုဖောင်၌ ပြုသင့်သော အမှုကို ပြုသူ ဖြစ်ပေရာ၏။

ရဟန်းတို့ ...ဤဥပမာအတူပင်လျှင် သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန် အကျိုးငှာ ဖောင် ဥပမာရှိသော ပရိယတ္တိတရားတော်ကို သင်ချစ်သားတို့အား ငါဘုရားသည် ဟောကြားထားတော်မူ၏။ ရဟန်းတို့ သင်တို့အား ဟောကြားထားအပ်သော ဖောင်ဥပမာရှိသော တရားကိုသိသော သင်တို့သည် ဓမ္မ အမည်ရသော သမထဝိပဿနာ နှစ်ဖြာသော တရားတို့အပေါ်၌ ဖြစ်ပေါ်လာသော လိုလားတပ်မက်မှု ဆန္ဒရာဂတို့ကိုပင်သော် လည်း ပယ်စွန့်ရမည်၊ အဓမ္မ ဖြစ်သော ကာမဂုဏ်ကို မှီ၍ ဖြစ်ပေါ်လာသော ဆန္ဒရာဂတို့ကို ပယ်စွန့်ဖို့ရန်မှာမူ ကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်ပါတော့အံ့နည်း။ (မ၊၁၊၁၈၆-၁၈၈။)

ဓမ္မာပိ ဝေါ ပဟာတဗ္ဗာ

ဓမ္မာပိ ဝေါ ပဟာတဗ္ဗာ

ဓမ္မာပိ ဝေါ ပဟာတဗ္ဗာတိ ဧတ္ထ ဓမ္မာတိ သမထဝိပဿနာ။ ဘဂဝါ ဟိ သမထေပိ ဆန္ဒရာဂံ ပဇဟာပေသိ၊ ဝိပဿနာယပိ။ သမထေ ဆန္ဒရာဂံ ကတ္ထ ပဇဟာပေသိ? ဣတိ ခေါ ဥဒါယိ နေဝသညာနာသညာယတနဿပိ ပဟာနံ ဝဒါမိ၊ ပဿသိနော တွံ ဥဒါယိ တံ သံယောဇနံ အဏုံ ဝါ ထူလံ ဝါ၊ ယဿာဟံ နော ပဟာနံ ဝဒါမီတိ ဧတ္ထ သမထေ ဆန္ဒရာဂံ ပဇဟာပေသိ။ ဣမံ စေ တုမှေ ဘိက္ခဝေ ဒိဋ္ဌိံ ဧဝံ ပရိသုဒ္ဓံ ဧဝံ ပရိယောဒါတံ န အလ္လီယေထ န ကေလာယေထ န ဓနာယေထာတိ ဧတ္ထ ဝိပဿနာယ ဆန္ဒရာဂံ ပဇဟာပေသိ။ ဣဓ ပန ဥဘယတ္ထ ပဇဟာပေန္တော ဓမ္မာပိ ဝေါ ပဟာတဗ္ဗာ၊ ပဂေဝ အဓမ္မာတိ အာဟ။

တတြာယံ အဓိပ္ပါယော --- ဘိက္ခဝေ အဟံ ဧဝရူပေသု သန္တပဏီတေသု ဓမ္မေသု ဆန္ဒရာဂပ္ပဟာနံ ဝဒါမိ၊ ကိံ ပန ဣမသ္မိံ အသဒ္ဓမ္မေ ဂါမဓမ္မေ ဝသလဓမ္မေ ဒုဋ္ဌုလ္လေ ဩဒကန္တိကေ၊ ယတ္ထ အယံ အရိဋ္ဌော မောဃပုရိသော နိဒ္ဒေါသသညီ ပဉ္စသု ကာမဂုဏေသု ဆန္ဒရာဂံ နာလံ အန္တရာယာယာတိ ဝဒတိ၊ အရိဋ္ဌေန ဝိယ န တုမှေဟိ မယှံ သာသနေ ကလလံ ဝါ ကစဝရံ ဝါ ပက္ခိပိတဗ္ဗန္တိ ဧဝံ ဘဂဝါ ဣမိနာပိ ဩဝါဒေန အရိဋ္ဌံယေဝ နိဂ္ဂဏှာတိ။ (မ၊ဋ္ဌ၊၂၊၁၅-၁၆။)

= ဓမ္မာပိ ဝေါ ပဟာတဗ္ဗာဟူသော စကားရပ်၌ ဓမ္မဟူသည် သမထနှင့် ဝိပဿနာဓမ္မများပင်တည်း။ မှန်ပေ သည် --- ဘုရားရှင်သည် သမထစျာန်တရားအပေါ်၌ လိုလားတပ်မက်မှု ဆန္ဒရာဂကိုလည်း ပယ်စွန့်စေ၏၊ ဝိပဿနာဉာဏ်အပေါ်၌ လိုလားတပ်မက်မှု ဆန္ဒရာဂကိုလည်း ပယ်စွန့်စေ၏။ သမထစျာန်တရားအပေါ်၌ ဖြစ်ပေါ် လာသော လိုလားတပ်မက်မှု ဆန္ဒရာဂတရားကို အဘယ်သုတ္တန်၌ ပယ်စွန့်စေသနည်း?

ဥဒါယီ ...ဤသို့လျှင် နေဝသညာနာသညာယတနစျာန်ကိုလည်း ပယ်ရမည်ဟု ငါဘုရား ဟောတော်မူ၏။ ဥဒါယီ မပယ်ရဟု ငါဘုရား ဟောကြားထားတော်မူသော ကြီးကြီးငယ်ငယ်သော သံယောဇဉ်ကို သင် မြင်သလော ဟု မေးတော်မူ၏၊ အရှင်ဘုရား ...မမြင်ပါဟု လျှောက်ထား၏။ (မ၊၂၊၁၁၉။ လဋုကိကောပမသုတ်။)

ရဟန်းတို့ ...အကယ်၍ သင်တို့သည် ဤသို့ စင်ကြယ် ဖြူဖွေးသော ဤ ဝိပဿနာသမ္မာဒိဋ္ဌိအယူကို ထက်ဝန်းကျင် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလျက်ရှိသော ဤ ဝိပဿနာသမ္မာဒိဋ္ဌိကို တဏှာဒိဋ္ဌိတို့ဖြင့် မကပ်ငြိကုန်ငြားအံ့၊ မမြူးထူး မယုယကုန်ငြားအံ့၊ ဥစ္စာကဲ့သို့ မလိုလား မမက်မောကုန်ငြားအံ့၊ ငါ့ဥစ္စာဟု မမြတ်နိုး ကုန်ငြားအံ့၊ ရဟန်းတို့ ...စင်စစ် သင်တို့သည် သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန်အကျိုးငှာ ငါဘုရား ဟောကြားထားတော်မူအပ်သော ဖောင်ဥပမာရှိသော တရားကို သိကုန်သည်မည်ပါသလောဟု မေးတော်မူ၏။ အရှင်ဘုရား ...သိကုန်သည် မည်ပါ၏ဟု လျှောက်ထားကြကုန်၏။ (မ၊၂၊၃၂၇။ မဟာတဏှာသင်္ခယသုတ်၊၊)

ဤအထက်ပါ မဟာတဏှာသင်္ခယသုတ္တန်၌ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ် အပေါ်၌ ဖြစ်ပေါ်လာသော ဝိပဿနာဉာဏ်ကို လိုလားတပ်မက်မှု ဆန္ဒရာဂကို ပယ်စွန့်စေ၏။ (ဖြစ်ပေါ်လာပြီးသော ဝိပဿနာဉာဏ်အပေါ်၌ တွယ်တာမှု ဆန္ဒရာဂကို ပယ်စွန့်ရန်အတွက် ဟောကြားတော်မူသည်ဟု ဆိုလိုပေသည်။)

ဤအလဂဒ္ဒူပမာသုတ္တန်၌ကား မိမိ ရရှိထားပြီးသော သမထနှင့် ဝိပဿနာဟူသော ဓမ္မ နှစ်မျိုးလုံးတို့ အပေါ်၌ တွယ်တာမက်မောနေသည့် ဆန္ဒရာဂကို ပယ်စွန့်ဖို့ရန်အတွက် ဓမ္မာပိ ဝေါ ပဟာတဗ္ဗာ၊ ပဂေဝ အဓမ္မာ = ဓမ္မ အမည်ရသော သမထဝိပဿနာ နှစ်ဖြာသောတရားတို့အပေါ်၌ ဖြစ်ပေါ်လာသော လိုလားတပ်မက်မှု ဆန္ဒရာဂတို့ကိုပင်သော်လည်း ပယ်စွန့်ရမည်၊ အဓမ္မ ဖြစ်သော ကာမဂုဏ်ကို မှီ၍ ဖြစ်ပေါ်လာသော ဆန္ဒရာဂတို့ကို ပယ်စွန့်ဖို့ရန်မှာမူကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်ပါတော့အံ့နည်းဟု ဟောတော်မူခြင်း ဖြစ်၏။

ထိုစကားရပ်၌ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏ --- ရဟန်းတို့ ...ငါဘုရားသည် ဤသို့သဘော ရှိကုန်သော ငြိမ်သက် မွန်မြတ်ကုန်သော သမထ ဝိပဿနာဓမ္မတို့၌သော်လည်း လိုလားတပ်မက်ခြင်း = ဆန္ဒရာဂကို ပယ်ရှား ဖို့ရန် ဟောကြားတော်မူ၏၊ ရွာသူတို့၏ အလေ့အကျင့်ဖြစ်သော လူယုတ်မာတို့၏ အလေ့အကျင့်ဖြစ်သော, ရုန့်ရင်း ကုန်သော, ရေဆေးခြင်းလျှင် အဆုံးအပိုင်းခြားရှိကုန်သော ဤ မသူတော်တို့၏အကျင့် = အသဒ္ဓမ္မ၌ကား အဘယ် မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်ပါအံ့နည်း။ ယင်းမသူတော်တရား၌ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ဤအရိဋ္ဌရဟန်းသည် အပြစ်မရှိဟု အမှတ်သညာရှိသည် ဖြစ်၍ အာရုံငါးပါး ကာမဂုဏ်တရားတို့၌ လိုလားတပ်မက်မှု (ကာမဂုဏ်ကို မှီဝဲမှု) ဆန္ဒရာဂတရားကို စျာန်မဂ်ဖိုလ်ကို ရခြင်း၏ အန္တရာယ် မဖြစ်နိုင်ဟု ပြောဆိုဘိ၏၊ အရိဋ္ဌရဟန်းကဲ့သို့ သင်ချစ်သားတို့တစ်တွေလည်း ငါဘုရားရှင်၏ သာသနာတော်တွင်း၌ ကိလေသာ ညွန်ပျောင်းကိုလည်းကောင်း, ကိလေသာ အမှိုက်သရိုက်ကိုလည်းကောင်း မထည့်သွင်းထိုက်ပေဟု ဤသို့လျှင် ဘုရားရှင်သည် ဤအဆုံးအမ ဩဝါဒဖြင့်လည်း အရိဋ္ဌရဟန်းကိုပင်လျှင် နှိပ်ကွပ်တော်မူ၏။ (မ၊ဋ္ဌ၊၂၊၁၅-၁၆။)

အရိဋ္ဌရဟန်းကား လင်းတသတ်ဖူးသည့် အမျိုးအနွယ်မှ သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်း ပြု လာသူ ဖြစ်၏။ သုတ္တန်တရားတော်၌ အထိုက်အလျောက် ကျွမ်းကျင်သူ သင်ယူဖူးသူ ဖြစ်သော်လည်း ဝိနည်းတရား တော်၌ကား ကျွမ်းကျင်လိမ္မာမှု မရှိပေ။ သို့အတွက် --- ဝိသာခါ အနာထပိဏ်တို့ကဲ့သို့သော လူဝတ်ကြောင်ဘဝ ဖြင့် ကာမဂုဏ်ကို ခံစားလျက် ရှိကြသော သူတို့သည်ပင် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် စသည်ကို ရရှိနိုင်ပါ သေးလျှင် ရဟန်းတော်များလည်း ကာမဂုဏ်ကို ခံစားလျက် ရဟန်းတရားကို ပွားများအားထုတ်ပါက စျာန်မဂ်ဖိုလ် မရနိုင်စရာအကြောင်း မရှိ၊ ရနိုင်ရမည်သာဟု အယူရှိသူတစ်ဦး ဖြစ်ပေသည်။ ထိုပုဂ္ဂိုလ်ကိုပင် အကြောင်းပြု၍ ဘုရားရှင်က အလဂဒ္ဒူပမသုတ္တန်ကို ဟောကြားတော်မူရခြင်း ဖြစ်ပေသည်။

တတ္ထ ယော ဗုဒ္ဓဝစနံ ဥဂ္ဂဟေတွာ ဧဝံ စီဝရာဒီနိ ဝါ လဘိဿာမိ၊ စတုပရိသမဇ္ဈေ ဝါ ဇာနိဿန္တီတိ လာဘသက္ကာရဟေတု ပရိယာပုဏာတိ၊ တဿ သာ ပရိယတ္တိ အလဂဒ္ဒပရိယတ္တိ နာမ။ ဧဝံ ပရိယာပုဏတော ဟိ ဗုဒ္ဓဝစနံ အပရိယာပုဏိတွာ နိဒ္ဒေါက္ကမနံ ဝရတရံ။ (မ၊ဋ္ဌ၊၂၊၁၃။)

ထို ပရိယတ္တိ သင်ကြားနည်း (၃)မျိုးတို့တွင် အကြင်သူသည် ဘုရားရှင်၏ တရားစကားတော်ကို သင်ယူ၍ ငါသည် သင်္ကန်း စသော ပစ္စည်းလေးပါးတို့ကိုသော်လည်း ရရှိပေလိမ့်မည်၊ ပရိသတ်လေးပါးတို့၏ အလယ်၌မူ လည်း ငါ့ကို ချီးကျူးပူဇော်ပွဲများ ပြုလုပ်ကာ အသိအမှတ် ပြုကြလိမ့်မည်ဟု မျှော်လင့်တောင့်တလျက် လာဘ်လာဘ ရလိုမှု, အရိုအသေခံရမှုဟူသော လာဘသက္ကာရ အကြောင်းခံကြောင့် ပရိယတ္တိတရားတော်ကို သင်ယူ၏၊ ထိုသူ၏ ထိုပရိယတ္တိသည် အလဂဒ္ဒပရိယတ္တိ = အဆိပ်ရှိသော မြွေကို မဖမ်းတတ်ဘဲ ဖမ်းယူသည်နှင့် တူသော ပရိယတ္တိ မည်၏။ ဤကဲ့သို့သော မမှန်ကန်သော ဦးတည်ချက်ဖြင့် ပရိယတ္တိတရားတော်တည်းဟူသော ဘုရားစကားတော်ကို သင်ယူခြင်းထက် ဘုရားစကားတော်ကို မသင်ယူဘဲ အိပ်နေခြင်းက သာလွန်၍ မြတ်သေး၏။ (မ၊ဋ္ဌ၊၂၊၁၃။)

ယော ပန ဗုဒ္ဓဝစနံ ဥဂ္ဂဏှိတွာ သီလဿ အာဂတဋ္ဌာနေ သီလံ ပူရေတွာ, သမာဓိဿ အာဂတဋ္ဌာနေ သမာဓိ ဂဗံ႓ ဂဏှာပေတွာ ဝိပဿနာယ အာဂတဋ္ဌာနေ ဝိပဿနံ ပဋ္ဌပေတွာ မဂ္ဂဖလာနံ အာဂတဋ္ဌာနေ မဂ္ဂံ ဘာဝေဿာမိ ဖလံ သစ္ဆိကရိဿာမီတိ ဥဂ္ဂဏှာတိ၊ တဿ သာ ပရိယတ္တိ နိတ္ထရဏပရိယတ္တိ နာမ ဟောတိ။ (မ၊ဋ္ဌ၊၂၊၁၃-၁၄။)

အကြင်သူသည်ကား ဘုရားရှင်၏ ပရိယတ္တိတရားစကားတော်ကို သင်ယူ၍ သီလ၏ လာရှိရာ အရာဌာန၌ သီလကို ဖြည့်ကျင့်လျက်, သမာဓိ၏ လာရှိရာ အရာဌာန၌ သမာဓိတည်းဟူသော ကိုယ်ဝန်ကို ရအောင် ယူစေ လျက် တည်စေလျက်, ဝိပဿနာ၏ လာရာ အရာဌာန၌ ဝိပဿနာဉာဏ်ကို ဖြစ်စေ၍, မဂ်ဖိုလ်တို့၏ လာရာဌာန၌ မဂ်ဉာဏ်ကို ဖြစ်စေအံ့ ဖိုလ်ဉာဏ်ကို မျက်မှောက်ပြုအံ့ဟူသော ဦးတည်ချက်ဖြင့် ပရိယတ္တိတရားတော်ကို သင်ယူ၏။ ထိုသူ၏ ထိုပရိယတ္တိတရားတော်သည် နိတ္ထရဏပရိယတ္တိ = သံသရာဝဋ်ဆင်းရဲမှ ထုတ်ဆောင်ပေးခြင်း ကူးခပ် လွန်မြောက်နိုင်ခြင်း အကျိုးရှိသော ပရိယတ္တိ မည်၏။ (မ၊ဋ္ဌ၊၂၊၁၃-၁၄။)

ဘဏ္ဍာဂါရိက ပရိယတ္တိ စာသင်နည်း

ဘဏ္ဍာဂါရိက ပရိယတ္တိ စာသင်နည်း

ယံ ပန ပရိညာတက္ခန္ဓော ပဟီနကိလေသော ဘာဝိတမဂ္ဂေါ ပဋိဝိဒ္ဓါကုပ္ပေါ သစ္ဆိကတနိရောဓော ခီဏာသဝေါ ကေဝလံ ပဝေဏိပါလနတ္ထာယ ဝံသာနုရက္ခဏတ္ထာယ ပရိယာပုဏာတိ၊ အယံ ဘဏ္ဍာဂါရိကပရိယတ္တီတိ။ (အဘိ၊ဋ္ဌ၊၁၊၂၄။)

ခီဏာသဝဿ ပန ပရိယတ္တိ ဘဏ္ဍာဂါရိကပရိယတ္တိ နာမ။ တဿ ဟိ အပရိညာတံ အပ္ပဟီနံ အဘာဝိတံ အသစ္ဆိကတံ ဝါ နတ္ထိ၊ သော ဟိ ပရိညာတက္ခန္ဓော ပဟီနကိလေသော ဘာဝိတမဂ္ဂေါ သစ္ဆိကတဖလော၊ တသ္မာ ဗုဒ္ဓဝစနံ ပရိယာပုဏန္တော တန္တိဓာရကော ပဝေဏိပါလကော ဝံသာနုရက္ခကောဝ ဟုတွာ ဥဂ္ဂဏှာတိ၊ ဣတိဿ သာ ပရိယတ္တိ ဘဏ္ဍာဂါရိကပရိယတ္တိ နာမ ဟောတိ။

ယော ပန ပုထုဇ္ဇနော ဆာတဘယာဒီသု ဂန္ထဓရေသု ဧကသ္မိံ ဌာနေ ဝသိတုံ အသက္ကောန္တေသု သယံ ဘိက္ခာစာရေန အကိလမမာနော အတိမဓုရံ ဗုဒ္ဓဝစနံ မာ နဿတု၊ တန္တိံ ဓာရဿောမိ၊ ဝံသံ ဌပေဿာမိ၊ ပဝေဏိံ ပါလေဿာမီတိ ပရိယာပုဏာတိ၊ တဿ ပရိယတ္တိ ဘဏ္ဍာဂါရိကပရိယတ္တိ ဟောတိ၊ န ဟောတီတိ။ န ဟောတီတိ။ ကသ္မာ? န အတ္တနော ဌာနေ ဌတွာ ပရိယာပုတတ္တာ။ ပုထုဇ္ဇနဿ ဟိ ပရိယတ္တိ နာမ အလဂဒ္ဒါ ဝါ ဟောတိ နိတ္ထရဏာ ဝါ၊ သတ္တန္နံ သေက္ခာနံ နိတ္ထရဏာဝ။ ခီဏာသဝဿ ဘဏ္ဍာဂါရိကပရိယတ္တိယေဝ။ (မ၊ဋ္ဌ၊၂၊၁၄။)

ကိလေသာအာသဝေါတရားတို့ ကုန်ခန်းပြီးသော ရဟန္တာအရှင်မြတ်၏ သင်ယူအပ်သော ပရိယတ္တိတရားတော်သည် ဘဏ္ဍာဂါရိကပရိယတ္တိ မည်၏။ ထို ရဟန္တာအရှင်မြတ်၏ သန္တာန်၌ကား ပရိညာပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား မသိရသေးသော ခန္ဓာငါးပါး = ဒုက္ခသစ္စာတရားဟူသည် မရှိသည်သာ ဖြစ်ခဲ့၏။ အရိယမဂ်တရား ဖြင့် မပယ်ရှားရသေးသော သမုဒယသစ္စာ အမည်ရသော ကံကိလေသာဟူသမျှသည် မရှိသည်သာ ဖြစ်ခဲ့၏။ မပွားအပ်သေးသော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတည်းဟူသော မဂ္ဂသစ္စာတရားဟူသည် မရှိသည်သာ ဖြစ်ခဲ့၏။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်မပြုရသေးသော နိရောဓသစ္စာတရားဟူသည် မရှိသည်သာ ဖြစ်ခဲ့၏။ ထို ရဟန္တာအရှင်မြတ်သည် ---

၁။ ဒုက္ခသစ္စာ အမည်ရသော အတိတ် အနာဂတ် ပစ္စုပ္ပန် စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာဟူသော ပရိညာ ပညာ (၃)မျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိတော်မူပြီး ဖြစ်တော်မူ၏။

၂။ သမုဒယသစ္စာ အမည်ရသော ကံကိလေသာတရား မှန်သမျှကို အရိယမဂ်တရားဖြင့် အကြွင်းမဲ့ ပယ်ရှား တော်မူပြီး ဖြစ်၏။

၃။ မဂ္ဂသစ္စာ အမည်ရသော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို ပွားများပြီး ဖြစ်တော်မူ၏။

၄။ နိရောဓသစ္စာ အမည်ရသော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို မျက်မှောက်ပြု တော်မူအပ်ပြီးသော အရဟတ္တဖိုလ်ပညာ ရှိတော်မူ၏။ ယင်း အရဟတ္တဖိုလ်ပညာကိုလည်း ထိုးထွင်းသိပြီး ဖြစ်တော်မူ၏။

ထိုကြောင့် ထိုရဟန္တာအရှင်မြတ်သည် ပရိယတ္တိတရားတော်ကို သင်ယူသည်ရှိသော် ပါဠိတော်ဓမ္မ အစဉ် အတန်းကို = တန္တိဓမ္မကို ဆောင်ထားသောပုဂ္ဂိုလ် ဖြစ်လို၍, တရားတော်၏ အစဉ်အဆက် ပဝေဏိဓမ္မကို ထိန်း သိမ်းစောင့်ရှောက်လို၍, မြတ်စွာဘုရား၏ အနွယ်တော်ကို ထိန်းသိမ်းစောင့်ရှောက်သူ ဖြစ်လို၍သာလျှင် သင်ယူ တော်မူ၏။ ဤသို့လျှင် ထိုရဟန္တာအရှင်မြတ်၏ ထိုသင်ယူထားအပ်သော ပရိယတ္တိသည် ဘဏ္ဍာဂါရိကပရိယတ္တိ မည်ပေသည်။

အကြင် ပုထုဇန်ပုဂ္ဂိုလ်တစ်ဦးသည် ဆာလောင်မွတ်သိပ်ခြင်းဘေးဒုက္ခ စသည်တို့ ကျရောက်လာရာအခါ၌ ကျမ်းဂန်များကို ဆောင်ထားတော်မူနိုင်ကြကုန်သော မထေရ်ကြီး မထေရ်ကျော် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မော်တို့သည် တစ်နေရာတည်း၌ စုပေါင်းနေထိုင်ဖို့ရန် မစွမ်းနိုင်ကုန်လတ်သော် မိမိကိုယ်တိုင် ဆွမ်းခံကျင့်ဝတ်ဖြင့် မျှမျှတတ နေထိုင်လျက် မပင်မပန်းဘဲ အလွန် ချိုမြိန်ကောင်းမြတ်သော ဘုရားရှင်၏ တရားစကားတော်များသည် မပျောက်ပျက်ပါစေသတည်း၊ ပါဠိတော် ဓမ္မအစဉ် တန္တိကို ဆောင်ထားပေအံ့၊ မြတ်စွာဘုရား၏ တရားဓမ္မအနွယ်တော်ကို တည်တံ့အောင် ထားပေအံ့၊ တရားတော်၏ အစဉ်အဆက် = ပဝေဏီဓမ္မကို ထိန်းသိမ်း စောင့်ရှောက်ပေအံ့၊ ဤသို့ မွန်မြတ်သော ဦးတည်ချက်ဖြင့် ပရိယတ်တရားတော်ကို သင်ယူ၏။ ထိုပုထုဇန်ရဟန်းတော်၏ ထိုပရိယတ္တိ သည် ဘဏ္ဍာဂါရိကပရိယတ္တိ ဖြစ်လေသလော မဖြစ်လေသလော ဟူမူ --- မဖြစ်ဟူ၍ ဖြေဆိုလေရာ၏။ အဘယ် ကြောင့်နည်း ဟူမူ --- မိမိ၏ အရာဌာန၌ ရပ်တည်၍ သင်ယူထားအပ်သည် မဟုတ်သောကြောင့်ပင်တည်း။ မှန်ပေသည် --- ပုထုဇန်၏ ပရိယတ္တိမည်သည် အလဂဒ္ဒပရိယတ္တိသည်သော်လည်းကောင်း, နိတ္ထရဏပရိယတ္တိသည် သော်လည်းကောင်း တစ်ခုခုသာ ဖြစ်နိုင်၏။ သေက္ခအရိယာသူတော်ကောင်း (၇)ဦးတို့၏ ပရိယတ္တိသည် နိတ္ထရဏပရိယတ္တိသာ ဖြစ်နိုင်၏။ ကိလေသာအာသဝေါ ကွာလျော ကုန်ခန်းပြီးတော်မူကြကုန်သော အသေက္ခ = ရဟန္တာ အရှင်မြတ်တို့၏ ပရိယတ္တိသည် ဘဏ္ဍာဂါရိကပရိယတ်သာလျှင် ဖြစ်နိုင်၏။ (မ၊ဋ္ဌ၊၂၊၁၃-၁၄။)

အလဂဒ္ဒူပမာ ပရိယတ္တိ စာသင်နည်းကား အောက်လမ်းသွား ဖြစ်၏။ ပရိယတ္တိမာန်စွယ် ထောင်ခဲ့ပါမူ ထိုပရိယတ္တိမာန်စွယ်သည် ---

အဘဗ္ဗာ ဣမေ ဣမံ မာနခိလံ အနုပဟစ္စ မဂ္ဂံ ဝါ ဖလံ ဝါ သစ္ဆိကာတုံ။ (မ၊ဋ္ဌ၊၁၊၁၈။)

မဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုပင် မရအောင် တားမြစ်ထားနိုင်သော စွမ်းအားရှိ၏။ ယင်းပရိယတ္တိမာန်စွယ်တည်း ဟူသော ငြောင့်တံသင်းကို မပယ်နှုတ်နိုင်သမျှ ကာလပတ်လုံး မဂ်ဉာဏ်ကိုလည်းကောင်း, ဖိုလ်ဉာဏ်ကိုလည်း ကောင်း မျက်မှောက်ပြုခြင်းငှာ မစွမ်းနိုင်ပေ။

ပုထုဇန်သူတော်ကောင်းတို့၏ နိတ္ထရဏစာသင်နည်းကား အထက်တန်းကျလှ၏၊ စာပေတတ်လျှင် ဘုရားရှင် ၏ တရားတော်ကို သိရှိခွင့် ရလိမ့်မည်၊ သိရှိသည့်အတိုင်း သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တည်း ဟူသော သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံး ရေတွက်အပ်သော သာသနဗြဟ္မစရိယနှင့် မဂ္ဂဗြဟ္မစရိယ တည်းဟူသော အမြတ်ဆုံးကျင့်စဉ်ကို ငါ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခွင့် ရရှိလိမ့်မည်ဟု ဝမ်းမြောက် ဝမ်းသာ သင်ယူကာ တကယ်လည်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၏။ စာပေ ပိဋကတ်တည်းဟူသော မှန်အပြင်ဝယ် အစဉ်မပြတ် ကြည့်ရှု၍ မိမိ၏ စိတ်နေစိတ်ထားကို ဖြူစင်ဖြောင့်မတ် မြင့်မြတ်အောင် ပြင်ဆင်၏၊ သီလရေစင်ဖြင့် ဆေးကြောသုတ်သင်၏၊ သမာဓိတည်းဟူသော ရေစင်ဖြင့် ဆေးကြောသုတ်သင်၏၊ ပညာတည်း ဟူသော ရေစင်ဖြင့် ဆေးကြောသုတ်သင်၏။ သီလတည်းဟူသော မြေပေါ်၌ ရပ်တည်လျက် သမာဓိတည်းဟူသော ကျောက်ဖျာထက်၌ မြမြထက်အောင် သွေးထားအပ်သော ဉာဏ်တည်းဟူသော သန်လျက်ဖြင့် ကိလေသာထု အစိုင်အခဲကို ပြိုကွဲအောင် ဖြိုခွဲ၏။ သူတစ်ပါးတို့အားလည်း မိမိကဲ့သို့ အလားတူကျင့်နိုင်အောင် သင်ကြား ပို့ချ ပေး၏။

ဤသို့စသော မွန်မြတ်၍ အထက်တန်းကျသော ရည်ရွယ်ချက် ဦးတည်ချက်ဖြင့် ပရိယတ္တိတရားတော်ကို သင်ယူ၍ တတ်မြောက်သောအခါ၌လည်း ပစ္စည်းလာဘ်လာဘ ပေါများမှု ဒါယကာ ဒါယိကာမ ပေါများမှုကို ဂရုမစိုက်ဘဲ မူလရည်ရွယ်ရင်းအတိုင်းပင် သိက္ခာသုံးရပ် အကျင့်မြတ်ကို လက်တွေ့ကျင့်သော ပုဂ္ဂိုလ်၏ ပရိယတ္တိ စာပေ သင်ကြားတတ်မြောက်မှုမျိုးကား အထက်လမ်းသို့ တက်လှမ်းဖို့အကြောင်း အကောင်းချည်းသာ ဖြစ်ပေ သည်။ သံသရာဝဋ်ဆင်းရဲဒုက္ခအဝဝမှ ထွက်မြောက်ကြောင်းအစစ် ဖြစ်သော နိဿရဏတ္ထ ပရိယတ္တိ စာသင်နည်း အစစ်ပင် ဖြစ်ပေသည်။

အချို့ သူတော်ကောင်းတို့မှာ စာပေပရိယတ္တိကို မတတ်သိခင်က စိတ်ထားမတတ်ကြ၍ စာမေးပွဲ အောင် လိုခြင်း, နာမည်ကြီးလိုခြင်း စသော ရည်ရွယ်ချက်များ ရှိတန်သလောက် ရှိသော်လည်း စာပေကျမ်းဂန် တတ်မြောက် လာသောအခါ အရာရာ စိတ်ပြောင်း၍ စိတ်ကောင်းနှလုံးကောင်း ရှိလာ၏၊ ထိုပုဂ္ဂိုလ်မျိုးကား ရေမပြည့်ခင် ဗောင်ဗင်ခတ်နေသော အိုးသည် ရေပြည့်လာသောအခါ ငြိမ်သက်လာသကဲ့သို့ ဖြစ်သည့်အတွက် အထက်တန်း သို့ တက်လှမ်းဖို့အကြောင်း နိတ္ထရဏလမ်းကောင်းကို တစ်ဖန်ရရှိသူပင် ဖြစ်ပါသည်။ ငယ်ရွယ်သူဟူသမျှတို့သည် စာပေတတ်မြောက်လာသောအခါ ဤကဲ့သို့သော နိတ္ထရဏလမ်းကောင်းသို့ လျှောက်နိုင်ကြပါစေသတည်း။

အဆင်းမာန် --- အလှဂုဏ်အတွက် မာန်တက်ခြင်းကို အဆင်းမာန်ဟု ခေါ်၏။ ရှေးရှေးဘဝများစွာက သီလ စင်ကြယ်ခဲ့ခြင်း, ပန်း စသည်ကို လှူဒါန်းခဲ့ခြင်း, ဘုရားဝင်း ကျောင်းဝင်း စသည်တို့၌ အမှိုက်သရိုက် အညစ်အကြေးတို့ကို သုတ်သင် (= သုဓ်သင်) ရှင်းလင်းခဲ့ဖူးခြင်း စသော ကုသိုလ်ကောင်းမှုကြောင့် ယခုဘဝ၌ ပရိသတ်အလယ်၌ တင့်တယ်ဝင်းစက် အလင်းထွက်၍နေခြင်းမှာ မာန်တက်မည်ဆိုလျှင် မာန်တက်လောက်ပါ ပေသည်။

သုဘဒ္ဒါ၏ (၁၂)တောင်တိုက်ခန်း၌ မီးမထွန်းဘဲ ကိုယ်မှထွက်သော အရောင်များ လင်းနေခြင်း ရုပ်အဆင်း၏ အလွန် လှပတင့်တယ်ခြင်းတို့မှာ ---

၁။ သီလတည်းဟူသော မြေပေါ်၌ ရပ်တည်၍,

၂။ တရားသော နည်းလမ်းဖြင့် ရှာဖွေရရှိသော လှူဖွယ်ဝတ္ထု ပစ္စည်းစုကို,

၃။ အလွန်ကြည်လင်သော စိတ်ထားဖြင့်,

၄။ ကံ-ကံ၏အကျိုးတရားကို အထူးသက်ဝင်ယုံကြည်သော သဒ္ဓါ ပြဓာန်းလျက်,

၅။ အရှင်ပစ္စေကဗုဒ္ဓါကဲ့သို့သော သီလရှိသော အရှင်ကောင်း အရှင်မြတ်တို့၌ ဒါနတည်းဟူသော ကုသိုလ်မျိုးစေ့ ကို ကြဲချ စိုက်ပျိုးခဲ့၏။

ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ (အံ၊၃၊၇၁။)

ရဟန်းတို့ ...သီလရှိသော ပုဂ္ဂိုလ်၏ စိတ်၏ တောင့်တချက်ဟူသမျှသည် သီလ စင်ကြယ်နေသည့်အတွက်ကြောင့် မချွတ်ဧကန် ပြည့်စုံတတ်ပေ၏။ (အံ၊၃၊၇၁။)

ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသည်နှင့်အညီ သီလရှိသော ကောင်းမှုရှင်၏ တောင့်တသည့် အလိုဆန္ဒအတိုင်း ဖြစ်ပေါ်လာရသော မက်မောဖွယ် ဂုဏ်ကျက်သရေများပင် ဖြစ်ကြ၏။

သို့ရာတွင် မိမိ၏ အဖြစ်ဟောင်းကို ပြန်ပြောင်း၍ မှန်းဆသည့်အခါ ဒေါသကင်းစင် စိတ်ကြည်လင်လျက် ရေလှူခြင်း ပန်းလှူခြင်း စသော ကုသိုလ်ကောင်းမှုရှင် သူတော်စင် ဖြစ်ခဲ့ဖူးရကား ယခုဘဝရောက်မှ အလှဂုဏ် မောက်၍ သူတစ်ပါးအပေါ်၌ အဘက်မထင်အောင် ဟန်ကြီးပန်ကြီးနှင့် မာန်မလုပ်သင့်ပေ။ ရုပ်ရည် လှပနေ သော ကိုယ်တွင်း၌ သန့်ရှင်းသော စိတ်အစဉ်ကို အထပ်ထပ် မွေးမြူကာ အရာရာ သိမ်မွေ့လျက် ဣန္ဒြေရှင် သူတော်စင် ဖြစ်အောင် သတိထား၍ ကြိုးစားသင့်ပေသည်။

နိဗ္ဗာန်သို့ ဝင်စံသွားတော်မူကြပြီးသော သူတော်စင်ကြီးတို့မှာ ယခုတင်ပြခဲ့သော ဇာတိမာန် စသည်တို့ တက်မည်ဆိုလျှင် မိုးထိအောင် လှေကားမထောင်ဘဲ တက်နိုင်သူများ များကြ၏။ အချို့မှာ မာန်တက်လောက် အောင်ပင် ဘုရင် မိဖုရားတို့၏ လက်ပေါ်တွင် ကြီးပွားလာရသော မင်းညီမင်းသားများ ဖြစ်ကြ၏။ ပညာအရာ တွင်လည်း ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းနိုင်သူတို့ပင် ပါဝင်ကြ၏။ အမျိုးသမီးဘက်၌လည်း ဥပ္ပလဝဏ် ခေမာ ယသောဓရာ ဇနပဒကလျာဏီ စသော သူတော်ကောင်းတို့မှာ အမျိုးဥစ္စာ ပညာသာမက အလှဘက်တွင်လည်း တစ်ကမ္ဘာလုံးတွင် သရဖူဆောင်းနိုင်သူများပင် ဖြစ်ကြ၏။

ထိုမျှလောက် အထက်တန်းကျသော အမျိုးသား အမျိုးသမီးတို့သည် သူတို့၏ မျိုးရိုးဇာတိ စသည်တို့အတွက် မာန်မာန မတက်ကြဘဲလျက်, ထိုမျှ အဆင့်အတန်း မမြင့်မားလှသေးသော အသင်သူတော်ကောင်းအနေဖြင့် မာန်မာနတွေ တက်နေမည်ဆိုလျှင် နက်နက်နဲနဲ တွေးကြည့်ပါက လေးလေးပင်ပင် ရှက်စရာကောင်းလှသည့် ရှက်ပွဲကြီးတစ်ခုနှင့် ကြုံတွေ့နေရခြင်းပင် ဖြစ်ပေသည်။

ထိုကြောင့် နှလုံးကိုလေပင့်၍ ဘဝင်မြင့်သူအလား ထောင်လွှားတက်ကြွ မာန်မာန ဖြစ်နေခြင်းသည် ဤ ဘဝ၌ပင် မဂ်ဖိုလ်နိဗ္ဗာန်ကို မရအောင် ထိုမာနက တားထားနိုင်ရုံသာမက သူတစ်ပါးတို့ မြင်ပြင်းကပ်ဖွယ်ရာ အကျိုးမဲ့ကိုသာ ဖြစ်စေတတ်သည့် အပြုအမူတစ်ရပ်သာ ဖြစ်ပေသည်။ နောင်သံသရာခရီး အဆက်ဆက်တို့၌လည်း ဘဝဟူသည် ရှိနေသေးခဲ့သော်, မိမိကိုယ်ကို အထင်ကြီးကာ သူတစ်ပါးတို့ကို အထင်သေးကာ ယုတ်နိမ့်သော အရာ၌ ထားလျက် ဆက်ဆံတတ်သော ထိုစိတ်နေစိတ်ထားက မိမိ အမျိုးယုတ်ညံ့ဖို့အကြောင်း မကောင်းသက် သက် တရားတစ်ခုသာ ဖြစ်ပေသည်။ သို့ဖြစ်ရကား ယခုဘဝဝယ် ပညာ ဥစ္စာ အဆင်းအားဖြင့် ရောက်သင့်သ လောက် အထက်တန်းသို့ ရောက်နေသော်လည်း နောင်သံသရာခရီးသည် မိမိအတွက် ထင်ရှားရှိနေသေးခဲ့လျှင် နောက်ဘဝ အဆင့်ဆင့်၌ မြင့်သည်ထက် မြင့်ဖို့အရေးကိုသာ ရွယ်ကိုး၍ --- အစွယ်ကျိုးသော မြွေ, ဦးချို ကျိုး သော နွား, ခြေသုတ်ကြိုးဝန်း ခြေသုတ်ပုဆိုးအလား --- ကဲ့သို့ မိမိတို့၏ မာန်စွယ်ကို နှုတ်ပယ်နိုင်ကြပါစေသောဝ်။

သမ္ပဂ္ဂဟရသ --- မာနသည် မိမိကိုယ်တိုင်က အပေါ်စီးက နေလိုခြင်း မြောက်ကြွခြင်းသဘော ရှိသည့် အားလျော်စွာ သမ္ပယုတ်တရားတို့ကိုလည်း မြောက်ကြွကြွ ခပ်ထောင်ထောင် ခပ်မောက်မောက်နေအောင် ချီးပင့်ပေးခြင်း မြှောက်စားခြင်း မြှောက်ပေးခြင်း လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်ပေသည်။

ဥန္နမနဝသေနေဝ သံပဂ္ဂဟရသော (သမ္ပဂ္ဂဟရသော)။ န ဝီရိယံ ဝိယ တံတံကိစ္စသာဓနေ အဗ္ဘုဿဟနဝသေန။ ဩမာနဿာပိ အတ္တာနံ အဝံ ကတွာ ဂဟဏမ္ပိ သမ္ပဂ္ဂဟဏဝသေနေဝါတိ ဒဋ္ဌဗ္ဗံ။ (မဟာဋီ၊၂၊၁၅၁။ မူလဋီ၊၁၊၁၂၁။)

ဝီရိယ၏ သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်းနှင့် မာန၏ သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်း လုပ်ငန်း ကိစ္စ နှစ်မျိုးတို့သည် တစ်ခုနှင့်တစ်ခု မတူညီကြပေ။ မာနကား --- စိတ်ဓာတ်တက်ကြွ မြင့်မောက်သည်၏ အစွမ်း ဖြင့်သာလျှင် သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်း မြှောက်ပေးခြင်း လုပ်ငန်းကိစ္စကို ပြုလုပ်၏။ မိမိကိုယ်တိုင် ကလည်း မြင့်မောက်၍ = ဘဝင်မြင့်၍ သမ္ပယုတ်တရားတို့ကိုလည်း မြင့်မောက်အောင် ဘဝင်မြင့်အောင် ပြုလုပ် ပေးသော သဘော ဖြစ်၏။ ဝီရိယကား ကုသိုလ်ရေးဆိုင်ရာ လုပ်ငန်းရပ်၌ ဖြစ်စေ, အကုသိုလ်ရေးဆိုင်ရာ လုပ် ငန်းရပ်၌ပင် ဖြစ်စေ ထိုထိုကိစ္စကို ပြီးစီးအောင် မိမိဝီရိယ ကိုယ်တိုင်ကလည်း လွန်စွာ ကြိုးစားအားထုတ်လျက် သမ္ပယုတ်တရားတို့ကိုလည်း လွန်စွာ ကြိုးစားအားထုတ်စေသည်၏ အစွမ်းဖြင့် သမ္ပယုတ်တရားတို့ကို ချီးမြှောက် ပေးခြင်း အားပေးထောက်ပံ့ခြင်း သဘောတည်း။

မာနသည် --- ငါသည် အရာရာတွင် သူများအောက် နိမ့်ကျ၏ဟု မိမိကိုယ်ကို အောက်တန်းသို့ ချ၍ စွဲ ယူခြင်း မာန်မူခြင်း = ဟီနမာန်ပင် ဖြစ်သော်ငြားလည်း --- သင်းတို့က ငါ့ထက်သာတော့ကော သင်းတို့ကို ငါက ဘာအရေးစိုက်စရာ ရှိသလဲ၊ ကိုယ့်ရှိမှ ကိုယ်စားရတာပါ --- ဤသို့စသည်ဖြင့် မိမိကိုယ်ကို = သမ္ပယုတ် တရားစုကို ချီးပင့် မြှောက်စားသည်၏ အစွမ်းဖြင့်သာလျှင် ဖြစ်ပေါ်တတ်သည်ဟု မှတ်ပါ။ သေယျမာန် သဒိသမာန် တို့၌ကား ဆိုဖွယ်ရာပင် မရှိတော့ ဟူလိုသည်။

ကေတုကမျတာပစ္စုပဋ္ဌာန် --- မာနသည် မိမိကိုယ်တိုင်က မြောက်ကြွခြင်း ခပ်ထောင်ထောင်နေခြင်း, သမ္ပယုတ်တရားတို့ကိုလည်း မြောက်ကြွကြွ ဖြစ်နေအောင် ခပ်ထောင်ထောင်နေအောင် မြှောက်ပေးခြင်း လုပ်ငန်း ကိစ္စရပ်ကို ပြုလုပ်ခြင်းကြောင့် ထိုမာနကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်မြတ်၏ ဉာဏ်တွင် တုရင်မှန်ကင်းကဲ့သို့ တက်ကြွ မြင့်မောက်အောင် အပေါ်စီးရအောင် ပြုလုပ်လိုသော သဘောတရားဟု ရှေးရှု ထင်လာပေသည်။

ကေတု --- ကေတုကို ရှေးဆရာမြတ်တို့က တုရင်မှန်ကင်းဟု ဘာသာပြန်ဆိုတော်မူကြ၏၊ စုလစ်မွမ်းချွန် အထွတ်တပ်ထားသော အဆောက်အဦတွင် အမြင့်ဆုံးသော အချွန်ကို တုရင်ဟုလည်းကောင်း, မှန်ကင်းဟုလည်း ကောင်း ခေါ်ဆိုပေသည်။ တစ်ဖန် အောက်တွင် ဖေါ်ပြအပ်သော နိက္ခေပကဏ္ဍအဋ္ဌကထာကို ကြည့်၍ ကေတုကို အမြင့်မားဆုံး တံခွန်အလံဟုလည်း ဘာသာပြန်ဆိုတော်မူကြသည်။

ကေတု ဝုစ္စတိ ဗဟူသု ဓဇေသု အစ္စုဂ္ဂတဓဇော။ မာနောပိ ပုနပ္ပုနံ ဥပ္ပဇ္ဇမာနော အပရာပရေ ဥပါဒါယ အစ္စုဂ္ဂတဋ္ဌေန ကေတု ဝိယာတိ ကေတု၊ ကေတုံ ဣစ္ဆတီတိ ကေတုကမျံ၊ တဿ ဘာဝေါ ကေတုကမျတာ၊ သာ ပန စိတ္တဿ၊ န အတ္တနော။ တေန ဝုတ္တံ ကေတုကမျတာ စိတ္တဿာတိ။ မာနသမ္ပယုတ္တဥှိ စိတ္တံ ကေတုံ ဣစ္ဆတိ၊ တဿ စ ဘာဝေါ ကေတုကမျတာ၊ ကေတုသင်္ခါတော မာနောတိ။ (အဘိ၊ဋ္ဌ၊၁၊၄၀၄။)

ကေတု ဝုစ္စတိ အစ္စုဂ္ဂတဓဇော၊ ဣဓ ပန ကေတု ဝိယာတိ ကေတု၊ ဥဠာရတမာဒိဘာဝေါ။ တံ ကေတုဘာဝသင်္ခါတံ ကေတုံ ကာမေတီတိ ကေတုကမျံ၊ စိတ္တံ။ ယဿ ဓမ္မဿ ဝသေန ကေတုကမျံ၊ သာ ကေတုကမျတာ။ (မဟာဋီ၊၂၊၁၅၁။)

များစွာ စိုက်ထူထားအပ်ကုန်သော တံခွန်အလံတို့တွင် အလွန် မြင့်တက်နေသော အမြင့်မားဆုံး တံခွန် အလံကို ကေတုဟူ၍ ခေါ်ဆို၏။ မာနသည်လည်း သတ္တဝါတစ်ဦး၏ နာမ်သန္တတိအစဉ်၌ ကြိမ်ဖန်များစွာ ဖြစ် လတ်သော် ရှေးရှေးသော မာနတို့၏ အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံရသော နောက်နောက်သော မာနတို့သည် ရှေးရှေးက ဖြစ်သွားကြပြီးကုန်သော အခြား အခြားသော မာနတို့ကို ထောက်စာ၍ အလွန်မြင့်တက်သည်၏ အဖြစ်တည်းဟူသော အနက်သဘောကြောင့် အမြင့်မားဆုံး တံခွန်အလံနှင့် တူရကား ကေတု အမည်ရပေသည်။

ကေတုကမျ --- အမြင့်မားဆုံး တံခွန်အလံကဲ့သို့ အလွန်မြင့်တက်ခြင်း အလွန်မောက်မာခြင်းကို လိုလား တောင့်တတတ်သော စိတ်သည် ကေတုကမျ မည်၏။

ကေတုကမျတာ --- ထိုအမြင့်မားဆုံး တံခွန်အလံကဲ့သို့ အလွန်မြင့်တက်ခြင်း အလွန်မောက်မာခြင်းကို လိုလားတောင့်တသော စိတ်ဓာတ် ဖြစ်ပေါ်လာရန် အကြောင်းရင်း ဖြစ်သော သဘောတရားသည် = မာနသည် ကေတုကမျတာ မည်၏။ ထိုကေတုကမျတာဟူသည် စိတ်၏ ကေတုကမျတာတည်း၊ အတ္တ၏ ကေတုကမျတာ ကား မဟုတ်ပေ။ ထိုကြောင့် ကေတုကမျတာ စိတ္တဿ --- ဟု ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်သည်ဟု မှတ်ပါ။ မှန်ပေသည် --- မာနနှင့် ယှဉ်သော စိတ်သည် အမြင့်မားဆုံး တံခွန်အလံကဲ့သို့ အလွန်မြင့်တက်ခြင်း အလွန်မောက်မာခြင်းကို လိုလားတတ်၏၊ ထိုစိတ်မျိုး ဖြစ်ပေါ်လာရန် အကြောင်းရင်းသဘောတရားသည် ကေတုကမျတာ မည်၏။ ထိုသဘောတရားကား ကေတုဟု ခေါ်ဆိုအပ်သော မာနပင်တည်း။ ထိုကြောင့် ယင်းမာနကို ဝိပဿနာဉာဏ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ယင်းမာနသည် အမြင့်မားဆုံး တံခွန်အလံကဲ့သို့ အလွန်မြင့်တက်ခြင်း, အလွန်မောက်မာခြင်းကို လိုလားတောင့်တတတ်သော စိတ်ဓာတ်မျိုး ဖြစ်ပေါ်လာအောင် ပြုလုပ်လိုသော သဘောတရားဟု ရှေးရှုထင်လာပေသည်။

၁။ ကေတု ဝိယ ကေတု၊ ဥဠာရတမာဒိဘာဝေါ = အမြင့်မားဆုံး တံခွန်အလံကဲ့သို့ အလွန်မြင့်တက်ခြင်း အလွန်မောက်မာခြင်း စသည် ဖြစ်မှု သဘောတရားသည် ကေတု မည်၏။

၂။ ကေတုံ ကာမေတီတိ ကေတုကမျံ၊ စိတ္တံ = အမြင့်မားဆုံး တံခွန်အလံကဲ့သို့ အလွန်မြင့်တက်ခြင်း အလွန် မောက်မာခြင်း စသည် ဖြစ်မှုဟု ဆိုအပ်သော ကေတုကို လိုလားသော စိတ်။

၃။ ကေတုကမျဿဘာဝေါ ကေတုကမျတာ = ကေတုကို လိုလားသော စိတ်ဖြစ်ကြောင်း သဘောတရား = ကေတုဟု ခေါ်ဆိုအပ်သော မာန ---- ဤသို့ အဆင့်ဆင့် ပြုလေ။

ပဒဋ္ဌာန် --- အဟန္တိ ပဝတ္တနတော မာနဿ ဒိဋ္ဌိသဒိသီ ပဝတ္တီတိ သော ဒိဋ္ဌိယာ သဒ္ဓိံ ဧကစိတ္တုပ္ပါဒေ န ပဝတ္တတိ၊ အတ္တသိနေဟသန္နိဿယော စာတိ အာဟ ဒိဋ္ဌိဝိပ္ပယုတ္တလောဘပဒဋ္ဌာနောတိ။ (မဟာဋီ၊၂၊၁၅၁။)

ဒိဋ္ဌိသည် လောကီဥပါဒါနက္ခန္ဓာငါးပါး = ရုပ်နာမ်ဓမ္မသင်္ခါရတရားစုကို အတ္တဟု စွဲလမ်း၏၊ စွဲယူ၏။ မာန သည် ထိုလောကီဥပါဒါနက္ခန္ဓာငါးပါး = ရုပ်နာမ်ဓမ္မသင်္ခါရတရားစုကိုပင် အဟံ = ငါဟု မှတ်ထင်၏၊ စွဲယူ၏။ ဒိဋ္ဌိနှင့် မာန နှစ်မျိုးလုံးသည် လောကီခန္ဓာငါးပါးကိုချည်း ---

၁။ ဒိဋ္ဌိက --- အတ္တဟုလည်းကောင်း,

၂။ မာနက --- အဟံ = ငါဟုလည်းကောင်း ----

အသီးအသီး စွဲလမ်းမှတ်ထင်သောကြောင့် မာနသည် ဒိဋ္ဌိနှင့် တူသော ဖြစ်ခြင်း ရှိပေသည်။ ဤ၌ ဒိဋ္ဌိသဒိသီ ပဝတ္တိ = မာနသည် ဒိဋ္ဌိနှင့် တူသော ဖြစ်ခြင်း ရှိသည်ဟု ဆိုရာဝယ် သဘောချင်း လိုက်လျောညီမျှသော အတူ မျိုးကား မဟုတ်၊ ဆန့်ကျင်ဘက် နှစ်ဦးတို့ သူနိုင်ငါနိုင် ယှဉ်ပြိုင်သည့် ပြိုင်ဆိုင်မှုခြင်းတူသည့် တူသော ဖြစ်ခြင်း မျိုးကို ဆိုလိုပေသည်။ ဒိဋ္ဌိကလည်း လောကီခန္ဓာငါးပါးကို အတ္တဟု တစ်ဘက်သတ် စွဲယူ၏။ မာနကလည်း ယင်းလောကီ ခန္ဓာငါးပါးကိုပင် အဟံ = ငါဟု တစ်ဘက်သတ် စွဲယူ၏။ ဤသို့ တစ်ဘက်သတ် စွဲယူပုံခြင်း တူရကား မာနသည် ဒိဋ္ဌိနှင့် အတူတကွ ယှဉ်တွဲ၍ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ မဖြစ်နိုင်ပေ။ ယင်းသို့ ဒိဋ္ဌိနှင့် မယှဉ်နိုင်လျှင် မာနသည် ဒေါသ စသည်တို့နှင့် ယှဉ်ပါတော့လောဟု ဆိုငြားအံ့။ မာန၏ အဟံ = ငါဟု စွဲလမ်းမှတ်ထင်မှုသည် အတ္တသိနေဟ = မိမိကိုယ်ကို ချစ်မြတ်နိုးခြင်း လောဘသာလျှင် မှီရာ အရင်းခံ ရှိ၏။ လောဘနှင့်သာ ယှဉ်တွဲ၍ ဖြစ်နိုင်ခွင့် ရှိ၏။ ထိုကြောင့် ဒိဋ္ဌိနှင့် မယှဉ်သော ဒိဋ္ဌိဝိပ္ပယုတ္တလောဘသည်သာလျှင် မာနဖြစ်ပေါ်လာဖို့ရန် အနီးစပ်ဆုံး အကြောင်းတစ်ရပ် ဖြစ်ရပေသည်။ မာနရှိသူသည် စိတ်ကြီးဝင်ကာ ဘဝင်မြင့် နေတတ်သဖြင့် အရူးနှင့် တူ၏ဟူ၍ မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၂၉၇။ ဝိသုဒ္ဓိ၊၂၊၉၉။)

ပရိယတ္တိမာန်စွယ်

ပရိယတ္တိမာန်စွယ်

အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း မာနအမျိုးမျိုးရှိရာ မည်သည့်မာနမဆို မပယ်စွန့်နိုင်သေးပါက စျာန်မဂ်ဖိုလ်၏ အန္တရာယ်ပင် ဖြစ်နိုင်ပေသည်။ မူလပဏ္ဏာသပါဠိတော် မူလပရိယာယသုတ္တန် (မ၊၁၊၁။)တွင် လာရှိသော ရဟန်းတော် ငါးရာတို့ကား ဗေဒင်သုံးပုံကို တစ်ဘက်ကမ်းခပ်အောင် တတ်မြောက်ခဲ့ကြသည့် ဗြာဟ္မဏ လုလင်ဘဝမှ သာသနာဘောင်သို့ ကူးမြောက်လာသည့် သူတော်ကောင်းများ နောက်ဆုံးဘဝရှိသူ ပစ္ဆိမဘဝိကသား များပင် ဖြစ်ကြ၏။ သို့သော် သာသနာဘောင်သို့ ရောက်ရှိလာသောအခါ ဘုရားရှင်၏ ပိဋကတရားတော်များကို သင်ယူလိုက်သောအခါ ဉာဏ်အလွန်ထက်မြက်သည့် ပစ္ဆိမဘဝိကသားများ ဖြစ်ခြင်းကြောင့် မကြာမီ အချိန်ကာလ အတွင်းမှာပင် တတ်မြောက်သွားကြသည့်အတွက် ပရိယတ္တိမာန်စွယ်များ ထောင်လာကြ၏၊ ဘုရားရှင် အပေါ်၌ သော်ပင် ရိုသေလေးစားမှု ကင်းလာကြ၏။ ဘုရားရှင်အား ခစားဖို့ရန် တရားနာယူဖို့ရန် အမြဲတမ်း မလာကြ တော့ပေ။ ဘုရားရှင်သည် လိင်သုံးပါး ပုဒ်လေးပါး ဝိဘတ်ခုနစ်သွယ်တို့ကို လွှတ်၍ ဘာကိုမျှမဟောကြားနိုင်၊ ဤသို့ ဟောကြားလိုက်လျှင်လည်း ငါတို့အဖို့ ဂဏ္ဌိပဒ မည်သော ခက်ခဲသော အထုံးအဖွဲ့မည်သည် မရှိပေဟု မာန်မူနေကြ၏။

အဘဗ္ဗာ ဣမေ ဣမံ မာနခိလံ အနုပဟစ္စ မဂ္ဂံ ဝါ ဖလံ ဝါ သစ္ဆိကာတုံ။ (မ၊ဋ္ဌ၊၁၊၁၈။)

ဤရဟန်းတို့သည် မာနတည်းဟူသော ငြောင့်တံသင်းကို မပယ်နုတ်ကြကုန်မူ၍ အရိယမဂ်ကိုသော်လည်း ကောင်း အရိယဖိုလ်ကိုသော်လည်းကောင်း မျက်မှောက်ပြုခြင်းငှာ မထိုက်တန်ကြကုန်။ (မ၊ဋ္ဌ၊၁၊၁၈။)

ဘုရားရှင်သည် ထိုရဟန်းတို့၏ စိတ်ဓာတ် ကျက်စားကျင်လည်နေပုံကို သိရှိတော်မူ၍ မာန ငြောင့်တံသင်း ကို မပယ်နုတ်နိုင်သမျှ မဂ်ဖိုလ်ကို မရနိုင်ဟုလည်း သိရှိတော်မူ၍ ထိုရဟန်းတို့၏ သုတပရိယတ္တိကို အမှီပြု၍ ဖြစ်ပေါ်လာသော မာနကို အကြောင်းအဋ္ဌုပ္ပတ် ပြုတော်မူ၍ ဒေသနာတော်၌ ကျွမ်းကျင် လိမ္မာတော်မူသော ဘုရားရှင်သည် ထိုရဟန်းတို့၏ သုတပရိယတ္တိမာန်ကို နှိမ်ချိုးတော်မူရန်အလို့ငှာ သဗ္ဗဓမ္မမူလပရိယာယ အမည် ရသော ဒေသနာတော်ကို အားသစ်တော်မူရပေသည်။ (မ၊ဋ္ဌ၊၁၊၁၈။) ထိုဒေသနာတော်ကို ကြားနာရပြီးသောအခါ ထိုရဟန်းတို့၏ သန္တာန်၌ မာနများ လျှောကျသွား၏။ မူလပရိယာယဇာတ်တော် (ခု၊၅၊၆၈။)ကိုလည်း ဆက်လက် ဟောကြားတော်မူ၏။ မာန်မာနများ လျှောကျသွားပြီးသောအခါမှ ထိုရဟန်းတို့သည် ဘုရားရှင်အပေါ်၌ ရိုသေ တုပ်ဝပ်သည့် ဂါရဝတရား ရှေးရှူကာ သမထ ဝိပဿနာဘာဝနာတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော် မူကြ၏။ ထိုရဟန်းတော်များ တစ်ချိန် ဣန္ဒြေရင့်ကျက်လာသောအခါ ဝေသာလီပြည် ဂေါတမကစေတီတော်၌ သီတင်းသုံးတော်မူစဉ် ဂေါတမကသုတ္တန် (အံ၊၁၊၂၈၀။)ကို ဟောကြားပေးတော်မူရာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ အရှင်မြတ်တို့ ဖြစ်သွားတော်မူကြသည်။ (မ၊ဋ္ဌ၊၁၊၆၁။)

ဗြဟ္မဒဏ် အပေးခံရခြင်း

ဗြဟ္မဒဏ် အပေးခံရခြင်း

ဘုရားရှင်နှင့် ဖွားဘက်တော် ငယ်ကျွန်တော်ရင်း ဖြစ်သည့် အရှင်ဆန္နမထေရ်သည်လည်း ဘုရားရှင်နှင့် ဖွားဘက်တော် ဖြစ်ရခြင်း, မြေမှုန့်ကစားဘက် ဖြစ်ခဲ့ရခြင်း, မိမိ၏ အရှင်သခင်ရင်း ဖြစ်ခဲ့ခြင်း, တောထွက်တော်မူ သည့်တိုင်အောင် လိုက်ပို့ခဲ့ရခြင်း စသည်တို့ကို အကြောင်းပြု၍ ငါတို့အရှင်၏ သား, ငါတို့ဘုရား, ငါတို့တရားဟု ဂုဏ်ယူဝင့်ကြွားကာ အရှင်သာရိပုတ္တရာ စသော မထေရ်မြတ်ကြီးတို့ကို နောက်ပေါက်သည့် ရွှေကြာပင်တွေဟု အယူရှိခဲ့၏၊ နှုတ်ကလည်း ကြမ်းတမ်း၏။ ဤမာန်မာနကို အကြောင်းပြု၍ တရားထူး တရားမြတ်ကို မရနိုင် ကြောင်းကို ဘုရားရှင်က သိတော်မူသဖြင့် ပရိနိဗ္ဗာန်စံတော်မူမည့် ညဉ့်တွင် အရှင်ဆန္နမထေရ်အား ဗြဟ္မဒဏ် ပေးရန် အရှင်အာနန္ဒာအား မိန့်ကြားတော်မူခဲ့၏။

ဒါရုက္ခန္ဓောပမသုတ္တန် (သံ၊၂၊၃၈၆-၃၈၇။) အရမူ မာနကြီးနေသူကား သမ္မာဒိဋ္ဌိရေယဉ်ကြောတွင် မျော ပါလာရင်း ရေလည်ခေါင် သောင်ပေါ်၌ တင်နေသည့် သစ်တုံးတစ်တုံးပင် ဖြစ်သည်။ နေရာတကာတွင် အဘက် ဘက်က အသာယူလိုသည့် စိတ်ဓာတ် ရှိသူကို သူတော်ကောင်းတို့၏ အမြင်ဖြင့် ကြည့်လိုက်ပါက သီလမှ ရှိမှ ရှိပါလေစဟု သံသယဖြစ်လောက်ဖွယ် အပြုအမူများကိုသာ ထိုပုဂ္ဂိုလ်သန္တာန်၌ တွေ့မြင်နေရမည် ဖြစ်သည်။

သို့သော် အရှင်ဆန္နမထေရ် ဗြဟ္မဒဏ် အခတ်ခံရပြီးနောက် သမထ ဝိပဿနာဘာဝနာတို့ကို ဆက်လက် ကြိုးပမ်းတော်မူရာ ခန္ဓာငါးပါးတို့ကို လက္ခဏာယာဉ်သုံးချက် တင်၍ တွင်တွင်ကြီး ဝိပဿနာရှုနိုင်သော်လည်း ပဋိစ္စသမုပ္ပါဒ်ပိုင်းကို မရှုမိသဖြင့် မဂ်ဖိုလ် မဆိုက်နိုင် ဖြစ်နေရာ အရှင်အာနန္ဒာမထေရ်မြတ်က ကစ္စာနဂေါတ္တသုတ္တန် (သံ၊၁၊၂၅၇။)ကို ဟောကြားပေးတော်မူမှ သောတာပန် တည်သွားတော်မူသည်။ နောက်ပိုင်း ဆက်လက်၍ ကြိုးပမ်းတော်မူရာ အရဟတ္တဖိုလ်၌ တည်သွားတော်မူလေသည်။ (သံ၊၂၊၁၀၈-၁၁၀။)

__________

၈။ ဒေါသ

၈။ ဒေါသ

ဒုဿန္တိ တေန, သယံ ဝါ ဒုဿတိ, ဒုဿနမတ္တမေဝ ဝါ တန္တိ ဒေါသော။

၁။ ဒေါသော စဏ္ဍိက္ကလက္ခဏော, ပဟဋာသီဝိသော ဝိယ၊

၂။ (က) ဝိသပ္ပနရသော, ဝိသနိပါတော ဝိယ၊

( ခ ) အတ္တနော နိဿယဒဟနရသော ဝါ, ဒါဝဂ္ဂိ ဝိယ၊

၃။ ဒုဿနပစ္စုပဋ္ဌာနော (= ဒူသနပစ္စုပဋ္ဌာနော), လဒ္ဓေါကာသော ဝိယ သပတ္တော၊

၄။ အာဃာတဝတ္ထုပဒဋ္ဌာနော, ဝိသသံသဋ္ဌပူတိမုတ္တံ ဝိယ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၂၉၈-၂၉၉။ ဝိသုဒ္ဓိ၊၂၊၁၀၀။)

၁။ သမ္ပယုတ်တရားတို့၏ ပျက်စီးကြောင်းဖြစ်သော သဘောတရားသည် ဒေါသ မည်၏။ တစ်နည်း --- သမ္ပယုတ်တရားတို့ကို ဖျက်ဆီးကြောင်းဖြစ်သော သဘောတရားသည် ဒေါသ မည်၏။ ကိုယ်စိတ်နှစ်ပါးကို သို့မဟုတ် မိမိ သူတစ်ပါး နှစ်ဦးသားကို သမ္ပယုတ်တရားတို့ကလည်း ဖျက်ဆီး၏၊ ဒေါသကလည်း ဖျက်ဆီး၏။ သမ္ပယုတ် တရားတို့၏ ပျက်စီးခြင်းမှာ ဒေါသကြောင့် ပျက်စီးရသဖြင့် ဒေါသသည် သမ္ပယုတ်တရားတို့၏ ပျက်စီးကြောင်း သဘောတရားလည်း ဖြစ်၏၊ သမ္ပယုတ်တရားတို့ကို ပျက်စီးအောင် ဖျက်ဆီးခြင်းမှာလည်း ဒေါသကြောင့်သာ ဖျက်ဆီးသဖြင့် ဒေါသသည် သမ္ပယုတ်တရားတို့ကို ဖျက်ဆီးကြောင်း သဘောတရားလည်း ဖြစ်ပေသည်။

၂။ မိမိဒေါသ ကိုယ်တိုင်ကလည်း ပျက်စီးတတ်သော သဘောတရား ဖြစ်သောကြောင့် ဒေါသ မည်၏။ တစ် နည်း --- မိမိဒေါသ ကိုယ်တိုင်ကလည်း ကိုယ်စိတ်နှစ်ပါးကို သို့မဟုတ် မိမိ သူတစ်ပါး နှစ်ဦးသားကို ဖျက်ဆီး တတ်သော သဘော ဖြစ်သောကြောင့်လည်း ဒေါသ မည်၏။

၃။ တစ်နည်း --- ပျက်စီးခြင်းသဘောမျှသည် ဒေါသ မည်၏။ တစ်နည်း --- ကိုယ်စိတ်နှစ်ပါးကို သို့မဟုတ် မိမိ သူတစ်ပါး နှစ်ဦးသားကို ဖျက်ဆီးခြင်းသဘောတရားမျှသည် ဒေါသ မည်၏။

[မှတ်ချက် --- ဤ၌ --- ဒုဿန္တီတိ ဗျာပဇ္ဇန္တိ။ (မဟာဋီ၊၂၊၁၅၁။) အရ ဒုဿန္တိ ဒုဿတိ ဒုဿန --- တို့ကို ပျက်စီးကုန်၏ ပျက်စီးတတ်၏ ပျက်စီးခြင်း --- ဟုလည်း ဆရာမြတ်တို့က ဘာသာပြန်ဆိုတော်မူကြ၏။ သို့သော် ပြည်ဆရာတော်ဘုရားကြီးကား ဖျက်ဆီးကုန်၏ ဖျက်ဆီးတတ်၏ ဖျက်ဆီးခြင်း -- ဟု ဘာသာပြန်ဆိုတော်မူ၏။ နှစ်နည်းလုံးမှာ အဓိပ္ပါယ်ရှိသည်ချည်းသာ ဖြစ်၏။]

ထိုဒေါသ၏ လက္ခဏ စသည်မှာ အောက်ပါအတိုင်း ဖြစ်၏။ ---

၁။ (က) စိတ် (= ကိုယ် + စိတ်) ရုန့်ရင်း ခက်ထန် ကြမ်းတမ်းခြင်းသဘော

( ခ ) ခက်ထန်ကြမ်းတမ်းသော ကိုယ်စိတ် ဖြစ်ကြောင်းသဘော လက္ခဏ၊

(တုတ် လှံကန်ဖြင့် အပုတ်ခတ်ခံရသော မြွေဟောက်ကဲ့သို့ မှတ်ပါ။)

၂။ (က) မြွေဆိပ်တက်သကဲ့သို့ မိမိကိုယ်ကို ဖောက်ပြန် တုန်လှုပ်စေခြင်း (ကိစ္စ) ရသ၊

( ခ ) တစ်နည်း - မြွေဆိပ်တက်သကဲ့သို့ ကိုယ်၏ ဖောက်ပြန် တုန်လှုပ်ခြင်း (သမ္ပတ္တိ) ရသ၊

( ဂ ) တောမီးကဲ့သို့ မိမိ၏ မှီရာ ဟဒယဝတ္ထုကို (ဝါ) ကိုယ်စိတ်ကို ပြင်းစွာ လောင်ကျွမ်းခြင်း (ကိစ္စ) ရသ၊

၃။ ကိုယ်စိတ်နှစ်ပါးကို, တစ်နည်း မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားကို

ဖျက်ဆီးတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

(အခွင့်အလမ်း သာနေသော ရန်သူကဲ့သို့ မှတ်ပါ။)

၄။ ရန်ငြိုးဖွဲ့ကြောင်း အာဃာတဝတ္ထု (၉)ပါး သို့မဟုတ် (၁၀)ပါး ပဒဋ္ဌာန်၊

အဆိပ်နှင့် ရောနှောနေသော ကျင်ငယ်ပုပ်ကဲ့သို့ မှတ်ပါ။

လက္ခဏ --- စဏ္ဍိက္ကံ ကုဇ္ဈနံ။ (မဟာဋီ၊၂၊၁၅၁။)

မြွေပွေး မြွေဟောက်စသည့် မြွေဆိုးများကို တုတ်လှံကန်ဖြင့် ပုတ်ခတ်သည့်အခါ အမျက်ထွက်ကာ ရှူးကနဲ ထလာတတ်သကဲ့သို့ အလားတူပင် မနှစ်သက်ဖွယ်သော အနိဋ္ဌာရုံနှင့် တွေ့ကြုံလာသည့်အခါ ကိုယ်ရောစိတ်ပါ ခက်ထန်ကြမ်းတမ်းခြင်း = အမျက်ထွက်ခြင်း သဘောသည် ဒေါသ၏ သဘောလက္ခဏာ ဖြစ်သည်။

ဝိသပ္ပနရသ --- ဝိသပ္ပနအနိဋ္ဌရူပသမုဋ္ဌာနဝသေန အတ္တနော ပဝတ္တိအာကာရဝသေန စ ဝိသပ္ပနရသော။ (မူလဋီ၊၁၊၁၂၁။)

ဝိသပ္ပနာနိဋ္ဌရူပသမုဋ္ဌာနံ ယေန ကုပိတဿ သကလသရီရံ ကမ္ပတိ၊ ကုပိတာကာရော ပညာယတိ။ ဧတေန သမ္ပတ္တိအတ္ထော ရသော ဒဿိတော ဟောတိ၊ ပဝတ္တိအာကာရဝသေန ဝါ ဝိသပ္ပနရသော။ တထာ ဟိ ယဿ ကုပ္ပတိ၊ တဿ အမိတ္တဿ သမ္ပတ္တိ ယေဘုယျေန ပဋိဃုပ္ပတ္တိဟေတု ဟောတီတိ။ ဧတေန ကိစ္စတ္ထော ရသော ဝုတ္တော ဟောတီတိ။ (အနုဋီ၊၁၊၁၂၈။)

ဝိသပ္ပန-သဒ္ဒါသည် ---

၁။ ဝိတ္ထာရကရဏ = ကျယ်ပြန့်အောင်ပြုခြင်း,

၂။ ကြိယာဘေဒ = အမူအရာထူး ----

ဤအနက် နှစ်မျိုးကို ဟော၏။ ထိုကြောင့် မူလဋီကာဆရာတော်က နှစ်နည်း ဖွင့်ဆိုသွားတော်မူခြင်း ဖြစ် သည်။ ပထမနည်းကို သမ္ပတ္တိရသ, ဒုတိယနည်းကို ကိစ္စရသဟု အနုဋီကာဆရာတော်ကလည်း ထပ်မံ ဖွင့်ဆိုသွား တော်မူသည်။ ယင်းအဖွင့်တို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

သမ္ပတ္တိရသ --- ခန္ဓာကိုယ်ဝယ် အဆိပ်ကျရောက်သောအခါ အဆိပ်ပြင်းထန်လျှင် ပြင်းထန်သလို အဆိပ် ကျရောက်ရာ အရပ်မှ စ၍ တစ်ကိုယ်လုံးဝယ် အမြင်မကောင်းအောင် အနိဋ္ဌရုပ်များသည် ကျယ်ပြန့်၍သွားကြ၏။ ဤဥပမာအတူပင် ဒေါသတရားသည် ဖြစ်ပေါ်လာသောအခါ ဒေါသ၏ မှီ၍ဖြစ်ရာ ဟဒယဝတ္ထုရှိရာ နှလုံးအိမ်မှ စ၍ တစ်ကိုယ်လုံး၌ ဒေါသဦးဆောင်သည့်စိတ်ကြောင့် ဖြစ်သော အနိဋ္ဌ စိတ္တဇရုပ်များသည် အရုပ်ပျက်အဆင်းပျက် ဖြစ်လောက်အောင် ပျံ့နှံ့လျက်, ဒေါသအရှိန် မကုန်သမျှ ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်ပွားနေ ကြ၏။ ယင်း အနိဋ္ဌ စိတ္တဇရုပ်များကြောင့်, မြစ်ရေယဉ်ကြော၌ မျှောချလိုက်သော နွားချေးချပ်ခြောက်ကဲ့သို့, ဖောက်ဖောက်ပြန်ပြန် ပျံ့နှံ့ ဖြစ်ပွားနေကြသော စိတ္တဇရုပ်များ၏ နောက်သို့လိုက်၍ ကမ္မဇ ဥတုဇ အာဟာရဇရုပ် တို့သည်လည်း တစ်ကိုယ်လုံး၌ ဖောက်ဖောက်ပြန်ပြန် ပျံ့နှံ့ ဖြစ်ပွားနေကြရ၏။ ယင်းသို့ ပျံ့နှံ့ ဖြစ်ပွားနေကြသော အနိဋ္ဌရုပ်များကြောင့် ဒေါသအမျက်ထွက်နေသူ၏ တစ်ကိုယ်လုံးသည် တုန်လှုပ်၍နေ၏၊ အမျက်ထွက်သော အခြင်းအရာသည် ထင်ရှားလာ၏။ ဤသို့ အနိဋ္ဌရုပ်များကို ပျံ့နှံ့စေ၍ ဒေါသဖြစ်ပုံ ထင်ရှားလာနိုင်ခြင်းသည်ကား ဒေါသ၏ အပြည့်အစုံ အပြင်းအထန် ဖြစ်ခြင်းပင်တည်း။ သမ္ပတ္တိရသတည်း။ မိတ်ဆွေစိတ်ဓာတ် မရှိသူ၏ သန္တာန်ဝယ် ဒေါသ၏ ပြည့်ပြည့်စုံစုံ ဖြစ်လာခြင်းပင်တည်း။

ကိစ္စရသ --- ခန္ဓာကိုယ်ဝယ် အဆိပ်ကျရောက်ခြင်းသည် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ခန္ဓာအိမ်၌ ဖောက်ပြန်သော အခြင်းအရာ ဖြစ်သကဲ့သို့ ထို့အတူ ဒေါသဖြစ်ခြင်းသည် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ စိတ်ဓာတ်၏ မူလပင်ကိုယ်သဘောမှ ဖောက်ပြန်သော အခြင်းအရာသာ ဖြစ်၏။ ယင်းအခြင်းအရာကို အမျက် ထွက်ခြင်းဟု ဆိုသည်။ တစ်ဖန် ယင်းဒေါသ ပြဓာန်းသောစိတ်ကြောင့် အနိဋ္ဌ စိတ္တဇရုပ်များသည်လည်း တစ်ကိုယ် လုံးဝယ် အနှံ့အပြား ဖြစ်နေကြ၏။ ကမ္မဇ ဥတုဇ အာဟာရဇဟူသော ကျန်စိတ္တဇရုပ်များသည်လည်း အနိဋ္ဌ စိတ္တဇရုပ်များ၏ ဦးဆောင်ရာသို့ လိုက်လျော၍ ဖြစ်နေကြ၏။ ယင်းသို့ အနိဋ္ဌရုပ်များ၏ တစ်ကိုယ်လုံး၌ အနှံ့အပြား ဖြစ်ပေါ်လာကြသောအခါ ခန္ဓာကိုယ်တစ်ခုလုံးသည် တဆတ်ဆတ် တုန်လှုပ်နေတတ်၏။ သို့အတွက် မိမိဖြစ်ပုံ အခြင်းအရာ၏ အစွမ်းအားဖြင့်လည်းကောင်း, ဖောက်ပြန် ရွေ့ရှား ပျံ့နှံ့သွားတတ်သော အနိဋ္ဌရုပ်တို့ကို ဖြစ်စေ သည်၏ အစွမ်းအားဖြင့်လည်းကောင်း ကိုယ်ကို တုန်လှုပ်စေခြင်းသည် ဒေါသ၏ ကိစ္စရသပင် ဖြစ်သည်။

တစ်နည်း --- ကိစ္စရသ --- ဒါဝဂ္ဂိခေါ်သော တောမီးများသည် များသောအားဖြင့် သစ်ကိုင်းချင်း ပွတ်တိုက်မှု ဝါးပင်ချင်း ပွတ်တိုက်မှု စသည်ကြောင့် ဖြစ်ပေါ်လာတတ်၏။ ထိုသို့ ဖြစ်ပေါ်လာသော တောမီးသည် ရှေးဦးစွာ မီးဖြစ်အောင် ပွတ်တိုက်နေသော သစ်ကိုင်း သို့မဟုတ် ဝါးတို့ကို ဦးစွာစ၍ လောင်ကျွမ်း၏။ ဤဥပမာအတူပင် ဒေါသကား, ဒေါသဂ္ဂိ = ဒေါသမီး စသည်ဖြင့် ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ပူလောင်သော မီးဓာတ်တစ်ခု ဖြစ်၏။ အာရုံနှင့် ဒွါရတို့ တိုက်ဆိုင်မိသောအခါ အယောနိသောမနသိကာရကို အကြောင်းခံလျက် တစ်ခါတစ်ရံ ဒေါသမီးသည် ထွက်ပေါ်လာတတ်၏။ ဒေါသထွက်လာသည့်အခါ ဒေါသနှင့်တကွ ယှဉ်ဖက်သမ္ပယုတ် တရားတို့သည်လည်း ပူပူလောင်လောင် သဘော ရှိကြ၏။ ထိုဒေါသ ပြဓာန်းသည့်စိတ်ကြောင့် ဖြစ်သော စိတ္တဇ ရုပ်များသည်လည်း ပူပူလောင်လောင်ပင် ရှိကြကုန်၏။ ယင်းစိတ္တဇရုပ်ကလာပ်တိုင်း၌ ပါဝင်တည်ရှိသော တေဇော ဓာတ်၏ ဥဏှတ္တသဘောဟူသော ပူမှုသဘာဝသတ္တိစွမ်းအင်မှာ လွန်ကဲထက်မြက် စူးရှလာ၏။ ထိုစိတ္တဇရုပ်များနှင့် ခန္ဓာအိမ်တစ်ခုတည်း၏ အတွင်း၌ ပူးကပ် ရောယှက်လျက် ဖြစ်ကြရသော ကမ္မဇ ဥတုဇ အာဟာရဇရုပ်များသည် လည်း --- အိမ်တစ်အိမ်ကို မီးလောင်လျှင် အနီးအနား အိမ်များကိုပါ ကူးစက်၍ လောင်ကျွမ်းတတ်သကဲ့သို့ -- အပူဓာတ် ကူးစက်၍ ဟဒယဝတ္ထုရုပ်ကို စတင် လောင်မြိုက်တော့၏၊ နှလုံးအိမ်တစ်ခုလုံးကို လောင်မြိုက်ရာမှ တစ်စတစ်စ တစ်ကိုယ်လုံးသို့လည်း ပျံ့နှံ့သွားတတ်၏။ အသားအရေ နီမြန်းလာတတ်၏၊ တစ်ကိုယ်လုံး တဆတ် ဆတ် တုန်လှုပ်လာတတ်၏။ ဒေါသ၏ အရှိန်က အလွန်အားကြီးပါမူ မနောပဒေါသိကနတ်များကဲ့သို့ တစ်ခါတည်း ဘဝပြတ်အောင်ပင် နှလုံးအိမ်တစ်ခုလုံးကို လောင်ကျွမ်းသွားတတ်ပေသည်။ ထိုကြောင့် တောမီးကဲ့သို့ မိမိ၏ မှီရာစိတ်နှင့် ဟဒယဝတ္ထုရုပ်ကို လောင်မြိုက်ခြင်းသည်လည်း ဒေါသ၏ လုပ်ငန်းကိစ္စရပ် တစ်ခုပင် ဖြစ်သည်။

ပစ္စုပဋ္ဌာန် --- ဖျက်ဆီးဖို့ရန် အခွင့်အလမ်း သာနေသော အခွင့်အရေး ရနေသော ရန်သူသည် မိမိ၏ ရန်သူအား ဖျက်ဆီးတတ်သကဲ့သို့ အလားတူပင် ဒေါသသည် ဒေါသ စွဲမှီ၍ ဖြစ်ရာ မိမိ၏ ခန္ဓာကိုလည်း ပစ္စုပ္ပန် သံသရာ နှစ်ဖြာ၌ ပျက်စီးအောင် ဖျက်ဆီးတတ်၏။ ရန်သူဟူသော သူတစ်ပါးကိုလည်း ပျက်စီးအောင် ဖျက်ဆီး တတ်၏။ သို့အတွက် မိမိ သူတစ်ပါး နှစ်ဦးသားလုံးကို ပျက်စီးအောင် ဖျက်ဆီးတတ်သော သဘောတရားဟု ဝိပဿနာဉာဏ်ဖြင့် ယင်းဒေါသတရားကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ တစ်နည်း --- ဒေါသဖြစ်လျှင် ကိုယ်ရောစိတ်ပါ ပင်ပန်းဆင်းရဲရ၏။ ကိုယ်ရောစိတ်ပါ ပျက်စီးလည်း ပျက်စီးတတ်၏။ သို့အတွက် ကိုယ်စိတ်နှစ်ပါးကို ပျက်စီးအောင် ဖျက်ဆီးတတ်သော သဘောတရားဟုလည်း ယောဂီတို့၏ ဉာဏ်တွင် ရှေးရှု ထင်လာပေသည်။

သတိ --- ထိုသို့ ဖျက်ဆီးရာ၌ --- သူတစ်ပါးကား ပျက်စီးသည်လည်း ရှိရာ၏၊ မပျက်စီးသည်လည်း ရှိရာ၏၊ မိမိမူကား အယုတ်သဖြင့် အရေအဆင်း ဖောက်ပြန်ခြင်း စသော အဖြစ်သို့ ရောက်ရှိ၍ စင်စစ်မချွတ် ပျက်စီး လေ၏။ အပါယ်၌ ကြီးပွားကြောင်း ကံများကို ဆည်းပူးပြီး စုဆောင်းပြီးလည်း ဖြစ်သွား၏။ သည်မျှသာမကသေး၊ မိမိအတွက် ဘဝဟူသည် နောက်ထပ် ထင်ရှားတည်ရှိနေပါသေးလျှင် နောင်သံသရာ ဘဝအဆက်ဆက်၌ အကျည်းတန် အရုပ်ဆိုးစေသည့် ကံများကိုလည်း ပြည့်ပြည့်စုံစုံ ထူထောင်ပြီးလည်း ဖြစ်သွားပေသည်။

ထိုကြောင့် ဒေါသမီးသည် ပစ္စုပ္ပန် သံသရာ နှစ်ဖြာလုံး၌ လောင်မြိုက်တတ်သော သဘောရှိရကား ဒေါသ ကြီးသောသူသည် အိုမင်းလွယ်သည်ဟု ကျမ်းဂန်များ၌ ဆိုချေသည်။ သူတစ်ပါးကို ပစ်ခတ်ခြင်းငှာ လက်ဖြင့် ကိုင်ယူသော မစင်သည် ကိုင်သူမိမိ၏ လက်ကို ဦးစွာလူးသကဲ့သို့, ထိုမစင်ဖြင့် အပစ်ခံရသော သူတစ်ပါးကား လူးသည်လည်း ရှိရာ၏, မလူးသည်လည်း ရှိရာ၏သို့ မှတ်ပါ။

ပဒဋ္ဌာန် - အာဃာတဝတ္ထု (၉) ပါး, (၁၀) ပါး

ပဒဋ္ဌာန် - အာဃာတဝတ္ထု (၉) ပါး, (၁၀) ပါး

၁။ မိမိ၏ အကျိုးစီးပွားမဲ့ကို ရှေးက ပြုခဲ့ပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၂။ မိမိ၏ အကျိုးစီးပွားမဲ့ကို ယခု ပြုနေ၏ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၃။ မိမိ၏ အကျိုးစီးပွားမဲ့ကို နောင်ပြုလိမ့်မည်ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၄။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားမဲ့ကို ရှေးက ပြုခဲ့ပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၅။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားမဲ့ကို ယခု ပြုနေ၏ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၆။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားမဲ့ကို နောင်ပြုလိမ့်မည်ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၇။ မိမိမုန်းသူ၏ အကျိုးစီးပွားကို ရှေးက ပြုခဲ့ပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၈။ မိမိမုန်းသူ၏ အကျိုးစီးပွားကို ယခု ပြုနေပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၉။ မိမိမုန်းသူ၏ အကျိုးစီးပွားကို နောင်ပြုလိမ့်မည်ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၁၀။ အဋ္ဌာနကောပ = အရာမဟုတ်သည်၌ အမျက်ထွက်၏။

ဤ (၁၀)ပါးသည် ရန်ငြိုးဖွဲ့ကြောင်း အာဃာတဝတ္ထု (၁၀)ပါး ဖြစ်သည်။ (အဘိ၊၁၊၂၁၆။ စာပိုဒ်-၁၀၆၆၊၊)

အဋ္ဌာနကောပ --- အဋ္ဌာန၌ ဌာန-သဒ္ဒါသည် ကာရဏ-အနက်ဟောတည်း၊ စိတ်ဆိုးခြင်း၏ အကြောင်း မဟုတ်ရာ၌ စိတ်ဆိုးခြင်းကို အဋ္ဌာနေကောပေါ အဋ္ဌာနကောပေါ --- အရ အဋ္ဌာနကောပဟု ခေါ်သည်။ အဋ္ဌာနကောပ = အရာဌာနမဟုတ်သည်၌ = အကြောင်းမဟုတ်သည်၌ အမျက်ထွက်ခြင်း အကြောင်းကို အဋ္ဌသာလိနီ အဋ္ဌကထာ၌ အောက်ပါအတိုင်း ဖွင့်ဆိုထား၏။ ဒေါသစရိုက် ထူပြောသော အချို့သောပုဂ္ဂိုလ်သည် ---

၁။ မိုးရွာလွန်း၏ဟု အမျက်ထွက်၏၊

၂။ မိုးမရွာဟု အမျက်ထွက်၏၊

၃။ နေပူလွန်း၏ဟု အမျက်ထွက်၏၊

၄။ နေမပူဟု အမျက်ထွက်၏၊

၅။ လေတိုက်ပြန်လည်း အမျက်ထွက်၏၊

၆။ လေမတိုက်ပြန်လည်း အမျက်ထွက်၏၊

၇။ တံမြက်လှည်းခြင်းငှာ မစွမ်းနိုင်၍ ဗောဓိရွက်တို့အား အမျက်ထွက်၏၊

၈။ လေတိုက်လွန်း၍ သင်္ကန်းရုံထားခြင်းငှာ မစွမ်းနိုင်၍ လေအား အမျက်ထွက်၏၊

၉။ တိုက်မိ၍ ချော်လဲသော် သစ်ငုတ်အား အမျက်ထွက်၏။

ဤသို့သော အရာဌာနမဟုတ်သည်၌ အမျက်ထွက်ခြင်းမျိုးကို ရည်ရွယ်၍ အဋ္ဌာနကောပ = အရာဌာန မဟုတ်သည်၌ = အကြောင်းမဟုတ်သည်၌ အမျက်ထွက်ခြင်း ရန်ငြိုးဖွဲ့ခြင်းသည် ဖြစ်ပေါ်လာ၏ဟု ဘုရားရှင် သည် ဟောကြားတော်မူခြင်း ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၁၊၃၉၉။)

တစ်ဖန် မူလဋီကာ၌ အဋ္ဌာနကောပ (၉)မျိုးကို ဆက်လက် ဖော်ပြထားပြန်၏၊ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်၏။

၁။ ငါ၏ အကျိုးစီးပွားကို ရှေးက မပြုကျင့်ခဲ့ဟု အမျက်ထွက်၏၊

၂။ ငါ၏ အကျိုးစီးပွားကို ယခုလည်း မပြုကျင့်ဟု အမျက်ထွက်၏၊

၃။ ငါ၏ အကျိုးစီးပွားကို နောင်လည်း ပြုကျင့်လိမ့်မည် မဟုတ်ဟု အမျက်ထွက်၏၊

၄။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားကို ရှေးက မပြုကျင့်ခဲ့ဟု အမျက်ထွက်၏၊

၅။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားကို ယခုလည်း မပြုကျင့်ဟု အမျက်ထွက်၏၊

၆။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားကို နောင်လည်း ပြုကျင့်လိမ့်မည် မဟုတ်ဟု အမျက်ထွက်၏၊

၇။ မိမိမုန်းသူ၏ အကျိုးစီးပွားမဲ့ကို ရှေးက မပြုကျင့်ခဲ့ဟု အမျက်ထွက်၏၊

၈။ မိမိမုန်းသူ၏ အကျိုးစီးပွားမဲ့ကို ယခုလည်း မပြုကျင့်ဟု အမျက်ထွက်၏၊

၉။ မိမိမုန်းသူ၏ အကျိုးစီးပွားမဲ့ကို နောင်လည်း ပြုကျင့်လိမ့်မည် မဟုတ်ဟု အမျက်ထွက်၏။

ဤသို့ ဖြစ်ပေါ်လာသော အမျက်ဒေါသသည်လည်း အရာဝတ္ထုမဟုတ်သည်၌ ဖြစ်ပေါ်လာသောကြောင့် အဋ္ဌာနကောပသာ ဖြစ်သင့်ပေသည်။ (မူလဋီ၊၁၊၁၆၈-၁၆၉။)

ဤမူလဋီကာဆရာတော်၏ ဖွင့်ဆိုချက်မှာ သုတ္တနိပါတအဋ္ဌကထာ ဥရဂသုတ် စာမျက်နှာ (၁၁)၌ လာရှိ သော ဖွင့်ဆိုချက်နှင့် တူညီလျက်ပင် ရှိ၏။ ယင်းဥရဂသုတ် အဋ္ဌကထာ၌ အာဃာတဝတ္ထု (၁၉)ပါး လာရှိပေသည်။ ယင်းတို့မှာ ---

၁။ ပထမ ရေတွက်ပြထားသော အာဃာတဝတ္ထု (၉)ပါး,

၂။ နောက်ထပ် မူလဋီကာက ရေတွက်ပြထားသော အာဃာတဝတ္ထု (၉)ပါး,

၃။ အဋ္ဌာနကောပ (၁)ပါး,

အားလုံးပေါင်းသော် (၁၉)ပါးတည်း။

သင်္ဂီတိသုတ် (ဒီ၊၃၊၂၁၈။), အာဃာတဝတ္ထုသုတ် (အံ၊၃၊၂၀၈။) တို့၌ ပထမဦးစွာ ဖော်ပြထားသော မူရင်း အာဃာတဝတ္ထု (၉)ပါး လာရှိပေသည်။ ဤအာဃာတဝတ္ထု အားလုံးသည်ပင် ဒေါသဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းတရားများပင် ဖြစ်ပေသည်။

ဝိသသံသဋ္ဌ --- ဒေါသော ဥပယောဂဖလေသု အနိဋ္ဌတ္တာ ဝိသသံသဋ္ဌပူတိမုတ္တံ ဝိယ ဒဋ္ဌဗ္ဗော။ (မူလဋီ၊၁၊၁၂၁။)

ဥပဘောဂဖလကာလေသု အနိဋ္ဌတ္တာ ဝိသသံသဋ္ဌပူတိမုတ္တံ ဝိယ ဒဋ္ဌဗ္ဗောတိ သဗ္ဗေန သဗ္ဗံ အဂ္ဂဟေတဗ္ဗတံ ဒေဿတိ။ (မဟာဋီ၊၂၊၁၅၂။)

ကျင်ငယ်ရည်သည် သူချည်းသက်သက်ဖြစ်လျှင် ဆေးဖက်ဝင်သင့်သလောက် ဝင်သေးသော်လည်း အဆိပ် နှင့် ရောစပ်ထားသောအခါ ရောနှောနေသောအခါ သုံးဆောင်ခဲ့ပါမူ သို့မဟုတ် တစ်စုံတစ်ခုသော အရာဝတ္ထုနှင့် ရောစပ်၍လည်း သုံးစွဲခဲ့ပါမူ သုံးဆောင်ရာကာလ, အကျိုးပေးရာကာလတို့၌ စင်စစ် အနိဋ္ဌသာ ဖြစ်သောကြောင့် အချင်းခပ်သိမ်း စွန့်အပ် စက်ဆုပ်အပ်သကဲ့သို့ အလားတူပင် ဒေါသသည် စိတ်အစဉ်ဝယ် ယှဉ်တွဲ၍ ဖြစ်ခိုက်၌ လည်းကောင်း, ထိုဒေါသ ပြဓာန်းသော အကုသိုလ်ကံက အကျိုးကိုပေးရာကာလ၌လည်းကောင်း, စင်စစ် အနိဋ္ဌ သာ ဖြစ်သောကြောင့် အချင်းခပ်သိမ်း စက်ဆုပ်အပ် စွန့်အပ်သည်၏ အဖြစ်ကို အဋ္ဌကထာဆရာတော်က မိန့်မှာ တော်မူခြင်း ဖြစ်သည်။

စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းခြင်းသဘောကို ဒေါသဟု ဆိုသော်လည်း ရှူးရှူးရှဲရှဲ ခက်ထန်ခြင်းတစ်မျိုးသာ မဟုတ် စိတ်ညစ်နွမ်းနေပြန်လျှင်လည်း မညစ်နွမ်းသောစိတ်ကဲ့သို့ ညက်ညက်ညောညော မရှိ၊ စိတ်နေပုံမှာ ဖွာ တာတာ ကြမ်းတမ်းတမ်း ရှိရကား စိတ်ညစ်နွမ်းမှု စိတ်အားငယ်မှု ကြောက်လန့်မှုများသည်လည်း ဒေါသသဘော ပင် ဖြစ်သည်။ စိတ်ညစ်မှု စိတ်မချမ်းသာမှု ကြောက်ရွံ့မှု စိတ်ပျက်မှု စိတ်ကောက်မှု စိတ်ဆိုးမှု ရန်ငြိုးဖွဲ့မှု ဆဲဆို ငေါက်ငမ်းမှု ခြိမ်းခြောက်မှု တိုက်ခိုက်မှု သေကျေပျက်စီးအောင်ကြံဆောင်မှု သတ်ပုတ်ညှဉ်းဆဲမှု အစုစုသည် ဒေါသချည်းတည်း။ ကြောက်လန့်မှု ကြမ်းတမ်းမှု နှစ်မျိုးလုံး၌ပင် ဒေါသ ပါဝင်ရကား ဒေါသကြီး၍ စိတ်ထက်သန် သူတို့သည် = စိတ်ဓာတ် ခက်ထန်တင်းမာသူတို့သည် ကြောက်စရာရှိလျှင်လည်း ကြောက်လွယ်တတ်ကြသည်။ စိတ်ဓာတ် ကြမ်းတမ်းခက်ထန်မှုကို တက်ကြွသော ဒေါသ, ဝမ်းနည်းကြေကွဲမှု ကြောက်ရွံ့မှုကို ဆုတ်နစ်သော ဒေါသဟုလည်း ဆိုကြသည်။

အရှင်ဒေဝဒတ်၏ ဒေါသ

အရှင်ဒေဝဒတ်၏ ဒေါသ

အရှင်ဒေဝဒတ်ကား ပစ္စေကဗောဓိဉာဏ်တော်မြတ်ကြီးကို ရရှိရန်အတွက် ကမ္ဘာပေါင်း နှစ်သင်္ချေတို့တိုင်တိုင် ပါရမီတော်များကို ဖြည့်ကျင့် ဆည်းပူးတော်မူပြီးသော သူတော်ကောင်းကြီး တစ်ဦးပင် ဖြစ်ခဲ့ပေ၏။ သို့သော် လွန်ခဲ့သော ငါးကမ္ဘာထက်က သေရိဝ အမည်ရသော ရွဲကုန်သည်ဘဝ ဖြစ်စဉ် အဘိုးတစ်သိန်း ထိုက်တန်သော ရွှေခွက်တစ်ခုကို မရရှိမှုကို အကြောင်းပြု၍ ရွဲကုန်သည်ပင် ဖြစ်သော ဘုရားအလောင်းတော်အပေါ်၌ ရန်ငြိုး စတင်၍ ဖွဲ့ခဲ့၏။

ဣဒံ ပဌမံ ဒေဝဒတ္တဿ ဗောဓိသတ္တေ အာဃာတဗန္ဓနံ။ (ဇာတက၊ဋ္ဌ၊၁၊၁၂၈။)

ထိုရွှေခွက်ကို ဘုရားအလောင်း ရွဲကုန်သည်က ရရှိသွား၍ မိမိက မရရှိမှုကို အကြောင်းပြု၍ အရှင်ဒေဝဒတ် အလောင်း ရွဲကုန်သည်သည် နှလုံးကွဲကာ သွေးအန်၍ သေကျေပျက်စီးခဲ့ရ၏။ (ဇာတက၊ဋ္ဌ၊၁၊၁၂၈။)

သို့သော် ထိုဒေါသသည် ထိုမျှဖြင့်ကား ပြီးဆုံး၍ မသွားပေ၊ ထိုဘဝက စ၍ မွေးမြူခဲ့မိသော ဒေါသသည် ရန်ငြိုးဖွဲ့မှုသည် တစ်ဘဝထက် တစ်ဘဝ တစ်စထက် တစ်စ အရှိန်အဝါ မြင့်မားလာ၏။ ကြီးထွားလာ၏၊ ရင့်သန် လာ၏၊ ထက်မြက် စူးရှလာ၏။ ထိုဒေါသကို တိုက်ဖျက်ပစ်ရန် မကြိုးစားမိခဲ့ဘဲ မွေးမြူရေးကိုသာ ပြုလုပ်ခဲ့သော ကြောင့် ဖြစ်၏။ ထိုသို့ အရှိန်အဝါ မြင့်မားနေသော ဒေါသကြောင့် ဘုရားအလောင်းတော်နှင့် တွေ့ကြုံသည့် ဘဝများစွာတို့တွင် ဘုရားအလောင်းတော်ကို သေကျေပျက်စီးအောင် ဖျက်ဆီးခဲ့သည့် ဘဝတွေလည်း များစွာ ရှိခဲ့၏၊ ဘုရားအလောင်းတော် သေကျေပျက်စီးမှု မရှိခဲ့သည့် ဘဝတွေလည်း များစွာပင် ရှိခဲ့၏။

ဝါနရိန္ဒဇာတ် (ဇာတက၊ဋ္ဌ၊၁၊၂၉၆။)၌ ဘုရားအလောင်းတော်မျောက်၏ နှလုံးသားကို စားချင်ပါသည်ဟု မယ်မင်းကြီးမ စိဉ္စမာနအလောင်းလျာ ဖြစ်သည့် အရှင်ဒေဝဒတ်အလောင်း မိကျောင်းဖို၏ မယားဖြစ်သူ မိကျောင်းမက ချင်ခြင်းတပ်ခဲ့၏။ အရှင်ဒေဝဒတ်အလောင်း မိကျောင်းကလည်း မြစ်ကမ်းနားဝယ် ကျက်စားလေ့ရှိသော ဘုရားအလောင်းမျောက်အား သတ်ဖြတ်ရန် ကြိုးစားခဲ့၏၊ သို့သော် ဘုရားအလောင်း၏ ဉာဏ်စွမ်းကြောင့် အောင်မြင်မှုကား မရရှိခဲ့ပေ။

အလားတူပင် တယောဓမ္မဇာတ် (ဇာတက၊ဋ္ဌ၊၁၊၂၉၈-၂၉၉။) ၌လည်း အရှင်ဒေဝဒတ်အလောင်း မျောက် က မိမိ၏ သားရင်းဖြစ်သူ ဘုရားအလောင်းတော်မျောက်အား သတ်ဖြတ်ဖျက်ဆီးရန် ကြိုးစားခဲ့ပြန်၏၊ သို့သော် အောင်မြင်မှုကား မရရှိခဲ့ပေ။ သို့သော် အောင်မြင်မှုရရှိသော ဘဝများလည်း ရှိကြသည်သာ ဖြစ်၏။

စူဠနန္ဒိယဇာတ်

စူဠနန္ဒိယဇာတ် (ဇာတက၊ဋ္ဌ၊၂၊၁၈၃။)

ဘဝတစ်ခုတွင် ဘုရားအလောင်းတော်သည် ဟိမဝန္တာတောအရပ်၌ မဟာနန္ဒိယ အမည်ရသော မျောက် ဖြစ်နေ၏၊ အရှင်အာနန္ဒာအလောင်းကား စူဠနန္ဒိယ အမည်ရသော ညီငယ်မျောက် ဖြစ်နေ၏။ မျက်မမြင် မိခင် မျောက်မကြီးကို ပြုစု လုပ်ကျွေးလိုသဖြင့် ရှစ်သောင်းသော မျောက်အခြံအရံတို့ကို စွန့်ခွာကာ မျောက်ညီနောင် နှစ်ဦးသားတို့သည် အမိကို ဆောင်ယူကုန်လျက် ဟိမဝန္တာမှ ဆင်းသက်ခဲ့ကြကုန်၍ အစွန်အဖျားကျသော ပစ္စန္တရစ် အရပ်၌ ပညောင်ပင်ကြီး တစ်ပင်၌ နေကုန်၍ အမိကို ပြုစု လုပ်ကျွေးနေကြကုန်၏။

ထိုအခါ အရှင်ဒေဝဒတ်အလောင်းကား ဗာရာဏသီပြည်၌ ပုဏ္ဏားလုလင်တစ်ဦး ဖြစ်နေ၏။ တက္ကသိုလ် ပြည်ဝယ် အရှင်သာရိပုတ္တရာအလောင်း ဒိသာပါမောက္ခဆရာကြီး၏ အထံ၌ ထိုပုဏ္ဏားလုလင်သည် ခပ်သိမ်းသော အတတ်တို့ကို သင်ယူပြီးလျှင် ပြန်သွားဖို့ရန် ဆရာကြီးအားပန်ကြား၏။ ဒိသာပါမောက္ခဆရာကြီးကလည်း အင်္ဂဝိဇ္ဇာအတတ်၏ အာနုဘော်အားဖြင့် ထိုပုဏ္ဏားလုလင်၏ ကြမ်းတမ်းသည်၏အဖြစ် ရုန့်ရင်းသည်၏အဖြစ် နိုင် ထက်ကလူ ပြုမူတတ်သည်၏အဖြစ်ကို သိ၍ လုလင် ...သင်သည် ကြမ်းတမ်း၏၊ ရုန့်ရင်း၏၊ နိုင်ထက်ကလူ ပြုမူတတ်၏၊ ဤကဲ့သို့သော စိတ်နေစိတ်ထား သဘောတရား ထင်ရှားရှိသူတို့အား အခါခပ်သိမ်း တစ်သမတ်တည်း ပြည့်စုံနေမည်ကား မဟုတ်၊ ကြီးစွာသော ပျက်စီးခြင်းသို့ ကြီးစွာသော ဆင်းရဲဒုက္ခသို့ ရောက်ရှိရပေလတ္တံ့၊ သင် သည် ကြမ်းတမ်းသူ မဖြစ်စေလင့်၊ နောင်တတစ်ဖန် ပူပန်ခြင်းကို ပြုတတ်သောအမှုကို မပြုလေလင့် --- ဟု ဆုံးမ၍ လွှတ်လိုက်၏။

ထိုပုဏ္ဏားလုလင်သည် ဒိသာပါမောက္ခဆရာကြီးကို ရှိခိုး၍ ဗာရာဏသီသို့ ပြန်သွားပြီးနောက် အိမ်ထောင် ပြုကာ နေထိုင်လတ်သော် အခြားအခြားသော အတတ်ပညာတို့ဖြင့် အသက်မွေးဖို့ရန် မစွမ်းနိုင်ရကား မုဆိုးဘဝဖြင့် အသက်မွေးရန် ဆုံးဖြတ်ချက်ချ၍ ဗာရာဏသီမှ ထွက်ခွာကာ ပစ္စန္တရစ် ရွာငယ်တစ်ခု၌ နေထိုင်လျက် လေးတောင့် လွယ်ကာ တောသို့ ဝင်၍ သားကောင် အမျိုးမျိုးတို့ကို သတ်၍ အသားကို ရောင်းသဖြင့် အသက်မွေး၏။ ထို ပုဏ္ဏားလုလင်သည် တစ်နေ့သ၌ တောဝယ် တစ်စုံတစ်ခုကို မရမူ၍ လာလတ်သည်ရှိသော် အစွန်၌ တည်သော ပညောင်ပင်ကို မြင်၍ ဤပညောင်ပင်၌ တစ်စုံတစ်ခုရှိသည် ဖြစ်ငြားအံ့လည်း မသိဟု ပညောင်ပင်သို့ ရှေးရှု သွား၏။

ထိုခဏ၌ မျောက်ညီနောင်တို့သည်လည်း အမိကို သစ်သီးများကို စားစေကုန်၍ ေ့ရှမှထားကာ သစ်ခွကြား၌ ထိုင်နေကုန်လျက်ပင် လာလတ်သော မုဆိုးကို မြင်လေသော် --- ထိုသူသည် ငါတို့၏မိခင်ကို အသို့ပြုလတ္တံ့နည်းဟု သစ်ခက်ကြား၌ ပုန်းအောင်းကာ စောင့်ကြည့်နေကြကုန်၏။

ထို နိုင်ထက်ကလူ ပြုမူတတ်သော ယောက်ျားသည်လည်း ပညောင်ပင်ရင်းသို့ လာလတ်၍ ထို မျက်စိ ကာဏ်းနေသော မျောက်အိုမကြီးကို မြားဖြင့် ပစ်ခွင်းရန် စီမံတော့၏။ ထိုအခြင်းအရာကိုမြင်၍ ဘုရားအလောင်းတော်မျောက်က --- ညီထွေး နန္ဒိယ ...ဤယောက်ျားသည် ငါ၏ အမိကို လေးမြားဖြင့် ပစ်ခွင်းလို၏၊ ငါသည် ထိုအမိအား ဇီဝိတဒါနကို ပေးလှူအံ့၊ သင်သည် ငါကွယ်လွန်သွားသောအခါ မိခင်ကို ပြုစုလုပ်ကျွေးရစ်ပေတော့ ဟု ဆို၍ သစ်ခက်ကြားမှ ထွက်၍ --- အို ယောက်ျား ...သင်သည် ငါ၏ အမိကို မပစ်ပါလင့်၊ ဤမျောက်မ ကြီးသည် မျက်စိလည်း ကာဏ်းနေ၏၊ အိုလည်း အိုနေ၏၊ အားလည်း နည်းနေ၏၊ ငါသည် ထိုမိခင် မျောက်မအို အား ဇီဝိတဒါနကို ပေးလှူအံ့၊ သင်သည် ထိုမျောက်မအိုကို မသတ်မူ၍ ငါ့ကိုပင် သတ်ပါလေဟု ထိုယောက်ျား အား ပဋိညာဉ်ဝန်ခံချက် စကားကို ရယူ၍ မြား (= မြှား)၏ အနီးဖြစ်သော အရပ်၌ နေ၏။

သနားခြင်း ကရုဏာတရား ကင်းမဲ့နေသော ထိုယောက်ျားသည် ဘုရားလောင်းမျောက်ကို ပစ်၍ အောက်သို့ ကျစေ၏။ ထိုဘုရားအလောင်းတော်၏ အမိကိုလည်း ပစ်အံ့သောငှာ တစ်ဖန် လေးကို တင်ပြန်၏။ စူဠနန္ဒိယသည် ထိုအခြင်းအရာကို မြင်၍ --- ဤယောက်ျားသည် ငါ၏အမိကို ပစ်သတ်လို၏၊ တနေ့မျှသော်လည်း ငါ၏အမိသည် အသက်ရှင်လတ်သော် အသက်ကိုရအပ်သည် မည်သည်သာလျှင် ဖြစ်ပေ၏၊ ထိုအမိအား ဇီဝိတဒါနကို လှူပေအံ့ ဤသို့ ဆုံးဖြတ်ချက်ချ၍ သစ်ခက်ကြားမှ ထွက်လာကာ --- အို ယောက်ျား ...သင်သည် ငါ၏ အမိကို မပစ် ပါလင့်၊ ငါသည် ထိုအမိအား ဇီဝိတဒါနကို ပေးလှူပေအံ့၊ သင်သည် ငါ့ကို ပစ်သတ်၍ ငါတို့ညီနောင် နှစ်ဦးလုံး တို့ကို ယူဆောင်၍ ငါတို့၏ အမိအား ဇီဝိတဒါနကို ပေးပါလော --- ဟု ထိုယောက်ျား၏ ပဋိညာဉ်ဝန်ခံချက်ကို ယူ၍ မြား (= မြှား)၏ အနီးဖြစ်သော အရပ်၌ ထိုင်ပေးလိုက်၏။ ထိုယောက်ျားသည် ထိုစူဠနန္ဒိယကိုလည်း ပစ် သတ်၍ မြေသို့ ကျစေပြန်၏။

ဤမျောက်အိုမကြီးသည်လည်း ငါ၏အိမ်ဝယ် ကလေးသူငယ်တို့ဖို့ ဖြစ်ပေလတ္တံ့ဟု နှလုံးပိုက်၍ မိခင် မျောက်မကြီးကိုလည်း ပစ်သတ်၍ မြေသို့ ကျစေပြန်၏။ မျောက်သုံးကောင်လုံးတို့ကိုလည်း ဆိုင်းထမ်းပိုးဖြင့် ထမ်း၍ အိမ်သို့ ရှေးရှုသွားလေ၏။

ထိုအခါ ထိုယုတ်မာသော ယောက်ျား၏ အိမ်ကို မိုးကြိုးသည် ပစ်လေတော့၏။ မိုးကြိုးကျသောအခါ မယားလည်း သေ၏၊ သားငယ် နှစ်ယောက်တို့လည်း သေကုန်၏၊ အိမ်ကိုလည်း မီးလောင်၏။ ခေါင်အုပ်ဝါး၏ ဖွဲ့ချည်ရာ တိုင်မျှသည်သာ ကြွင်းကျန်၏။ ထိုအခါ ထိုယောက်ျားအား ရွာတံခါး၌သာလျှင် တစ်ယောက်သော ယောက်ျားသည် မြင်၍ ထိုအကြောင်းစုံကို ပြောကြားလာ၏။ ထိုယောက်ျားသည် သားမယားတို့ကို စွဲ၍ဖြစ်သော စိုးရိမ်ခြင်းသည် နှိပ်စက်အပ်သည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် အမဲနှင့်တကွသော ထမ်းပိုးကိုလည်းကောင်း, လေးကို လည်းကောင်း စွန့်ပစ်ထားခဲ့၍ ပုဆိုးကိုလည်း ပစ်လွှင့်လိုက်၍ ပုဆိုးမပါ ဗလာကိုယ်ချည်းစည်းစည်း လက်မောင်း နှစ်ဖက်တို့ကို မြှောက်၍ ငိုကြွေးလျက် သွားလေသော် အိမ်သို့ ဝင်မိလေ၏၊ ထိုအခါ ထိုယုတ်မာသော ယောကျ်ား ၏ ဦးခေါင်းထက်၌ အိမ်ခေါင်တိုင်သည် လဲကျ၍ ဦးခေါင်းကို ခွဲလေ၏။ မဟာပထဝီမြေကြီးသည် ဟင်းလင်း ပွင့်သော အခြင်းအရာကို ပေး၏၊ အဝီစိမှ ငရဲမီးလျှံသည် တက်လာ၏၊ ထိုယောက်ျားသည် မြေမျိုလတ်သည်ရှိ သော် ဆရာ၏ အဆုံးအမကို အောက်မေ့၍ စင်စစ် ဤအကြောင်းကို မြင်၍ ငါ၏ ဆရာဖြစ်သော ဒိသာပါမောက္ခ ဆရာပုဏ္ဏားကြီးသည် ငါ့အား အဆုံးအမကို ပေး၏ဟု ငိုကြွေးလိုရကား အောက်ပါ ဂါထာ နှစ်ခုတို့ကို ရွတ်ဆို သွားလေ၏။

ဣဒံ တဒါစရိယဝစော၊ ပါရာသရိယော ယဒဗြဝိ။

မာသု တွံ အကရိ ပါပံ၊ ယံ တွံ ပစ္ဆာ ကတံ တပေ။

ယာနိ ကရောတိ ပုရိသော၊ တာနိ အတ္တနိ ပဿတိ။

ကလျာဏကာရီ ကလျာဏံ၊ ပါပကာရီ စ ပါပကံ။

ယာဒိသံ ဝပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။

ချစ်သားလုလင် ...သင်သည် မကောင်းမှုကို မပြုကျင့်ပါလင့်၊ အကြင်မကောင်းမှုကို သင်သည် ပြုကျင့်၏၊ နောက်ကာလ၌ သင်သည်ပင်လျှင် ပူလောင်လေရာ၏။ --- ဤစကားကို တိုင်းထွာဆင်ခြင် အောက်မေ့မြင်သော ဆရာဖြစ်တော်မူသော ဒိသာပါမောက္ခပုဏ္ဏားဆရာကြီးသည် ပြောဆိုခဲ့ဖူး၏။

ကာယ ဝစီ မနော ချီသော သုံးလီသော ဒွါရတို့ဖြင့် အကြင်ကံတို့ကို ယောက်ျားသည် ပြုစုပျိုးထောင်၏၊ ထိုကံတို့၏ အကျိုးတရားကို ရရှိလတ်သော် ထိုအကျိုးတရားတို့ကိုပင်လျှင် ကံကို ပြုစုပျိုးထောင်သော မိမိ၏ သန္တာန်၌ တွေ့မြင်ရတတ်၏။ ကောင်းမှုကို ပြုလေ့ရှိသောသူသည် ကောင်းသောအကျိုးတရားကို အစဉ်ခံစားရ၏။ မကောင်းမှုကို ပြုလေ့ရှိသောသူသည်လည်း ယုတ်ညံ့သည်သာလျှင် ဖြစ်သော အလိုမရှိအပ်သော အကျိုးတရားကို အစဉ်ခံစားရ၏၊ မှန်ပေသည် --- လောက၌လည်း အကြင်ကဲ့သို့သော မျိုးစေ့ကို ကြဲချစိုက်ပျိုး၏၊ ထိုကဲ့သို့သော မျိုးစေ့နှင့် တူသော အသီးဟူသော အကျိုးတရားကို ထိုမျိုးစေ့က = ထိုမျိုးစေ့ကြောင့် ဖြစ်ပေါ်လာသော သစ်ပင်က ရွက်ဆောင်ပေး၏။ မျိုးစေ့နှင့် လျော်ညီသော မျိုးစေ့နှင့် လျော်လျောက်ပတ်သည်သာလျှင် ဖြစ်သော အသီးကို ရယူနိုင်၏၊ အစဉ်ခံစားရ၏။ ဤသို့လျှင် ထိုယောက်ျားသည် ငိုကြွေးမြည်တမ်းစဉ်မှာပင် မဟာပထဝီမြေကြီး အတွင်းသို့ ဝင်သွား၍ မဟာအဝီစိငရဲကြီး၌ ဖြစ်ရလေ၏။ (ဇာတက၊ဋ္ဌ၊၂၊၁၈၃-၁၈၅။)

ဒေါသ၏ မိမိ သူတစ်ပါး နှစ်ဦးသားတို့ကို ပျက်စီးအောင် ဖျက်ဆီးတတ်ပုံ သာဓကတစ်ရပ်ပင်တည်း။

တစ်ဖန် ခန္တိဝါဒီဇာတ် (ဇာတက၊ဋ္ဌ၊၃၊၃၇။)တွင်လည်း ယဇ်ထုပ်ကြီးဖြစ်နေသော ကလာဗုမင်းသည် သည်းခံခြင်း ခန္တီဝါဒ ရှိပါသည်ဟု ခန္တီဝါဒရှိကြောင်း ဝန်ခံစကား ပြောကြားလာသော ခန္တီဝါဒီရှင်ရသေ့ ဘုရား အလောင်းတော်မြတ်အား ကြိမ်ဆူးတို့ဖြင့် ရိုက်ခြင်း, လက်တို့ကို ဖြတ်ခြင်း, ခြေတို့ကို ဖြတ်ခြင်း, နားရွက်တို့ကို ဖြတ်ခြင်း, နှာခေါင်းတို့ကို ဖြတ်ခြင်းတို့ကို တစ်ဆင့်ပြီးတစ်ဆင့် ပြုလုပ်စေ၏။ မင်းဥယျာဉ်တော် အတွင်းဝယ် မူးယစ်ဆေးဝါးတို့ကို မှီဝဲကာ မင်္ဂလာကျောက်ဖျာထက်၌ သီဆိုတီးမှုတ်မှုတို့၌ လိမ္မာ ကျွမ်းကျင်သော အမျိုးသ္မီး တစ်ဦး၏ ရင်ခွင်ထက်၌ စက်တော်ခေါ်တော်မူစဉ် နိုးလာသောအခါ မိမိကို ဖျော်ဖြေနေကြသော မောင်းမမိဿံ အပေါင်းတို့ကို ခန္တီဝါဒီရှင်ရသေ့၏ အထံ၌ သွားရောက်ကာ တရားနာယူနေကြောင်း သိရှိရသဖြင့် ဒေါသအမျက် ခြောင်းခြောင်းထွက်ကာ ထိုကဲ့သို့ ပြုမူလိုက်ခြင်း ဖြစ်၏။

နောက်ဆုံးတွင် ခန္တီဝါဒီရှင်ရသေ့က မိမိ၏ သည်းခံခြင်း ခန္တီဝါဒသည် အရေထူ အရေပါး လက်ခြေ နား နှာခေါင်း စသည်တို့၌ မတည်ရှိဘဲ နှလုံးအိမ်အတွင်း ဟဒယဝတ္ထုရုပ်၌ မှီတွယ်တည်ရှိကြောင်း အမိန့်ရှိသောအခါ ကောက်ကျစ်စဉ်းလဲသောရသေ့ ...သင်၏ ခန္တီဝါဒကို သင်သည်သာလျှင် ရွက်ဆောင်သည်ပိုး၍ နေလေ လော့ --- ဟု ဆို၍ ဘုရားအလောင်းတော် ခန္တီဝါဒီရှင်ရသေ့၏ ရင်ဘတ် နှလုံးသားရှိရာအရပ်ကို ခြေထောက်ဖြင့် ကန်ကျောက်ကာ ထွက်ခွာသွားလေ၏။ သို့သော် ခန္တီဝါဒီရှင်ရသေ့၏ စိတ်ထားကား ဤသို့ ဖြစ်ပေ၏ ---

ယော မေ ဟတ္ထေ စ ပါဒေ စ၊ ကဏ္ဏနာသဉ္စ ဆေဒယိ။

စိရံ ဇီဝတု သော ရာဇာ၊ န ဟိ ကုဇ္ဈန္တိ မာဒိသာ။

အကြင်မင်းသည် ငါ၏ လက်တို့ကိုလည်းကောင်း, ခြေတို့ကိုလည်းကောင်း, နား နှာခေါင်းကိုလည်းကောင်း ဖြတ်၏၊ ထိုမင်းသည် ကြာမြင့်စွာ အသက်ရှည်ပါစေသတည်း။ ငါကဲ့သို့သော ပညာရှိသူတော်ကောင်းတို့သည် အမျက်မထွက်တတ်ကုန်သည်သာလျှင်တည်း။ (ဇာတက၊ဋ္ဌ၊၃၊၃၉။)

ဤစကားတို့ကား အရှင်သာရိပုတ္တရာအလောင်း ဖြစ်သော စစ်သူကြီးက ခန္တီဝါဒီရှင်ရသေ့ကြီးအား ကလာဗုမင်း ထွက်ခွာသွားပြီးနောက် လာရောက် တောင်းပန်သောအခါ မိန့်ကြားတော်မူသော စကားများပင်တည်း။

ကလာဗုမင်းသည် ဥယျာဉ်တော်မှ ထွက်၍သွားသောအခါ ဘုရားအလောင်းတော်၏ မျက်စိဖြင့် မြင်နိုင် ကောင်းသော အရပ်ကို လွန်မြောက်သွားသော ကာလ၌ပင်လျှင် ယူဇနာပေါင်း နှစ်သိန်းလေးသောင်း အထုရှိသော ဤမဟာပထဝီမြေကြီးသည် ကစီဖြင့်ဖွဲ့အပ်သော ပုဆိုးကဲ့သို့ ကွဲအက်၍ အဝီစိမှ ငရဲမီးလျှံသည် အထက် တက် လာ၍ ကလာဗုမင်းကို အမျိုးပေးသော ကမ္ဗလာနီဖြင့် ခြုံရုံထားလိုက်ဘိသကဲ့သို့ ခြုံရုံ၍ ယူဆောင်သွားလေ၏။ ထိုကလာဗုမင်းသည် ဥယျာဉ်တံခါး၌သာလျှင် မြေသို့ဝင်၍ အဝီစိငရဲ၌ တည်လေ၏။ (ဇာတက၊ဋ္ဌ၊၃၊၄၀။) ဤဇာတ်တော်၌ ကလာဗုမင်းဟူသည်မှာလည်း ရှင်ဒေဝဒတ်အလောင်းပင် ဖြစ်သည်။ ဘုရားအလောင်းတော် ခန္တီဝါဒီရသေ့ကြီးလည်း ထိုနေ့မှာပင် ကွယ်လွန်တော်မူလေသည်။

စူဠဓမ္မပါလဇာတ် --- တစ်ချိန် အရှင်ဒေဝဒတ်အလောင်းသည် ဗာရာဏသီပြည်၌ မဟာပတာပ မည်သော မင်းဖြစ်၏။ ဘုရားအလောင်းတော်သည် ထိုမင်း၏ စန္ဒာဒေဝီ အမည်ရှိသော မိဖုရားကြီး၏ ဝမ်း၌ ဖြစ်၏၊ မွေးဖွား လာသောအခါ ဓမ္မပါလဟူသော အမည်ကို မှည့်ထား၏။ ထိုဓမ္မပါလမင်းသား ခုနစ်လသားအရွယ် ရှိသောကာလ၌ မယ်တော်သည် နံ့သာရေဖြင့် ရေချိုး၍ ကစားစေလျက် နေ၏၊ မင်းသည် မိဖုရား နေရာအရပ်သို့ သွား၏၊ မိဖုရားသည် သားကို ကစားစေလျက် သား၌ချစ်ခြင်းနှင့် ပြည့်စုံသည် ဖြစ်၍ မင်းကို မြင်၍လည်း နေရာမှ မထ မိပေ။ ထိုအခါ မင်း၏ သန္တာန်ဝယ် --- မိဖုရားကား ယခုပင်လျှင် သားကိုမှီ၍ မာနကို ပြုဘိ၏၊ ငါ့ကို တစ်စုံ တစ်ခုမျှ မမှတ်၊ သားကြီးသည်ရှိသော်ကား ငါ၌ လူဟူသော အမှတ်ကိုမျှ မပြုလတ္တံ့၊ ယခုကပင်လျှင် ထိုမင်းသားကို သတ်အံ့ --- ဟု ကြံပြီး၍ မင်းသည် မိဖုရားအဆောင်မှ ပြန်လှည့်၍ မင်း၏ နေရာ၌ နေ၍ မင်းအာဏာဖြင့် သူသတ်သမားကို ခေါ်စေ၏။ ဓမ္မပါလမင်းသားကို ဆောင်စေ၏။ လက် ခြေ ဦးခေါင်းတို့ကို ဖြတ်စေ၍ သန်လျက်ပန်း မည်သည်ကို ပြုစေ၏။

စန္ဒာဒေဝီမိဖုရားကြီးသည်လည်း နှလုံးကွဲကာ သေပွဲဝင်ရရှာ၏။ မဟာပတာပမင်းသည်လည်း မြေမျိုခံရ ပြီးနောက် အဝီစိငရဲသို့ ရောက်ရှိသွား၏။ (ဇာတက၊ဋ္ဌ၊၃၊၁၆၅-၁၆၈။)

ရွဲကုန်သည်ဘဝက စတင်၍ မွေးမြူခဲ့သော ကောဓ အမည်ရသော ဒေါသဓာတ်မှာ တစ်ဘဝထက် တစ်ဘဝ တစ်စထက် တစ်စ ရင့်သထက်ရင့် မြင့်သထက် မြင့်တက်လာပုံတည်း။ မိမိ၏ ရင်သွေးအစစ်ဖြစ်သော ခုနစ်လသား အရွယ်ကိုပင် သတ်ရက်သော ဒေါသမှာ အမြင့်မားဆုံးအဆင့်သို့ ရောက်ရှိလာသော ဒေါသပင် ဖြစ်၏။ မိမိ သူတစ်ပါး နှစ်ဦးသားတို့ကို ပျက်စီးအောင် ဖျက်ဆီးနေသော စံနမူနာများပင် ဖြစ်ကြ၏။

မဟာကပိဇာတ် (ဇာတက၊ဋ္ဌ၊၃၊၃၄၉။)၌ ဆွေမျိုးအပေါင်းတို့အား အသက်ကို စွန့်၍ သေဘေးမှ လွတ် အောင် ဂင်္ဂါမြစ်၏ ဤမှာဘက်ကမ်းမှ ထိုမှာဘက်ကမ်းသို့ ရောက်အောင် ကြိုးတန်းသွယ်လျက် ကယ်တင်နေသော ဘုရားအလောင်းတော် မျောက်မင်းအပေါ်သို့ သရက်ပင်၏ အမြင့်ဆုံးနေရာမှ တစ်အားခုန်ချ၍ နှလုံးကွဲအောင် အသေသတ်ခဲ့ဖူး၏။

ဒဒ္ဒရဇာတ် (ဇာတက၊ဋ္ဌ၊၃၊၅၁၁-၅၁၇။)၌ လုလင် (၅၀၀)တို့အား ဝေဒကျမ်း စသည့် အတတ်ပညာများကို သင်ကြားပေးနေသော အလောင်းတော် ခါ သတ္တဝါအား အရှင်ဒေဝဒတ်၏အလောင်း ရသေ့စဉ်းလဲက အသေ သတ်ကာ မီးကင်စားခဲ့၏။

ဤသို့ စသည်ဖြင့် အရှင်ဒေဝဒတ်အလောင်းလျာသည် ဘုရားအလောင်းတော်အပေါ်၌ ရွဲကုန်သည်ဘဝက စ၍ ဘဝပေါင်းများစွာ ရန်ငြိုးဖွဲ့ကာ ရန်ငြိုးကို မပယ်ဖျောက်ဘဲ ကြီးထွားအောင်သာ ဘဝအဆက်ဆက်၌ မွေးမြူခဲ့ သဖြင့် ဤယခုဘုရားရှင်နှင့် နောက်ဆုံးတွေ့ရသည့် ဘဝတွင်လည်း ဘုရားရှင်အား သတ်ဖို့ရန် အကြိမ်ကြိမ် ကြိုးစားခဲ့၏။ တစ်လောကလုံး၌ အသာဆုံး အမြတ်ဆုံး ဖြစ်သည့် ဘုရားရှင်ကိုသော်လည်း မကြည်ညိုနိုင် ဖြစ်နေ ရ၏။ ဘဝတစ်ခုတွင် မွေးမြူခဲ့သော ဓာတ်ငွေ့များသည် သံသရာအဆက်ဆက် အရိပ်ပမာ လိုက်ပါနေခြင်းပင် ဖြစ်ပေသည်။ ဤဒေါသ စသည့် ကိလေသာတို့ကိုပင် အခြေခံ၍ ဘုရားရှင်အား သွေးစိမ်းတည်စေသော လောဟိတုပ္ပါဒကကံ, သံဃာကို သင်းခွဲခြင်း သံဃာ့ဘေဒကကံများကို ဤဘဝတွင် ထပ်မံ၍ လွန်ကျူးမိပြန်၏။ ယင်း အကုသိုလ်ကံတို့က အရှင်ဒေဝဒတ်ကို အဝီစိသို့ ရောက်အောင် ပို့ဆောင်ပေးလိုက်ကြပေသည်။ ကမ္ဘာတည်သရွေ့ အဝီစိငရဲမှ မကျွတ်နိုင်သူ တစ်ဦး ဖြစ်သွားရပေသည်။

အမျိုးသမီးတစ်ဦး၏ ဒေါသ

အမျိုးသမီးတစ်ဦး၏ ဒေါသ

တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားက မိမိ၏ ကိုယ်ကျင့်အဘိဓမ္မာကျမ်းတွင် အိန္ဒိယနိုင်ငံ၌ ဖြစ် သွားဖူးသော ဝတ္ထုကလေး တစ်ပုဒ်ကို အောက်ပါအတိုင်း တင်ပြထား၏။

ပြခဲ့သော ဒေါသများကို အတော်စုံလင်အောင် ခံစား၍သွားရရှာသော အမျိုးသမီးကလေးတစ်ဦး၏ အိန္ဒိယ နိုင်ငံ၌ ဖြစ်ပုံကို ဒေါသသဘော သိရုံမက လူငယ်ချင်း မေတ္တာမမျှဘဲ အတင်းပေးစားလေ့ရှိသော မိဘတို့ကို သတိရစေသလိုလည်း ဖြစ်ပေသည်။

ဤဝတ္ထုပါ ငယ်ရွယ်သူ နှစ်ယောက်တို့ကား တစ်ယောက်၏ စိတ်သဘောထားကို တစ်ယောက်က မသိ ကြပေ၊ နှစ်ဘက်မိဘတို့ စေ့စပ်ချက်ဖြင့် လက်ထပ်ပြီးကြလေပြီ၊ သတို့သမီးကလေးသည် အမျိုးကောင်းသမီးပီပီ တည်တည်ကြည်ကြည်နှင့် ဝတ်ကျေအောင် ပြုရှာပေ၏၊ သို့သော် သတို့သားက ဘယ်ဟာပြုပြု အကောင်းဟု မထင်၊ ခင်မင်ယုယမှု မရှိချေ။

မိမိက ပြုစုပါလျက် ခင်ပွန်းက မိမိကို ဂရုမစိုက်သည့်အတွက် သတို့သမီးသည် စိတ်ပျက်စပြုလာ၏၊ စိတ်ညစ်၏၊ စိတ်မချမ်းသာ၊ မကြာမကြာ မှိုင်နေလေသည်။ နဂိုကပင် မကျေနပ်သော ခင်ပွန်းသည်သည် ထိုကဲ့သို့ မသာမယာ ဖြစ်နေပုံကို မြင်လျှင် သာ၍ပင် ရွံမုန်းကာ တစ်ခါတစ်ခါ အကြမ်းဘက်လာ၏၊ သတို့သမီးက စိတ်နာ၏၊ ခင်ပွန်းသည်၏ ပြုမူပုံကို မကျေနပ်နိုင်၊ သို့သော် မည်သို့မျှ မတတ်နိုင်တော့ဘဲ မိမိဝတ္တရားကျေအောင် ပြုမြဲ ပြု ရှာ၏။

သို့ရာတွင် ကျောက်တုံးကျောက်သား မဟုတ်ဘဲ စိတ်ဝိညာဏ်ပါသော ကိုယ်ခန္ဓာ ဖြစ်ရကား မကြာခဏ မိမိဘဝကို အဆုံးစီရင်ရန် ကြံမိလေသည်။ ဤကဲ့သို့ ဒေါသထွက်ခြင်း စိတ်ပျက်ခြင်း စိတ်ညစ်ခြင်း စိတ်မချမ်း သာခြင်း ကြောက်ရွံ့ခြင်းတို့ ဆက်တွဲ၍ လောကငရဲခံကာ သားသမီးနှစ်ယောက် ဖွားမြင်ပြီးသည်တိုင်အောင် အောင့်အည်းခဲ့ပါသော်လည်း နောက်ဆုံး၌ မစောင့်စည်းနိုင်တော့ရကား ကိစ္စတစ်ခုအတွက် အခြားမြို့သို့ သွား နေသော ခင်ပွန်းသည်အထံသို့ စာတစ်စောင် ရောက်လာသည်မှာ ---

အရှင် ...မိဘများ ပေးစားသော ခင်ပွန်းပင် ဖြစ်သော်လည်း ရှင့်ကို အမှန်ချစ်၍ ရှင်၏ အချစ်ကိုလည်း ရရှိနိုင်ရန် အမှန်ပင် ကြိုးစားခဲ့ပါသည်၊ သို့သော် ကျွန်မ၏ ကြိုးစားမှုတွေမှာ အကျိုးမရသည့်ပြင် --- ပလီတယ် မာယာများတယ် --- ဟုသာ အထင်ခံရ၍ စိတ်ပျက်လှသဖြင့် ဘဝကို အဆုံးစီရင်ရန် မကြာခဏကြံသော်လည်း ကလေးများ မျက်နှာထောက်၍ အထမမြောက်ခဲ့ပါ၊ ယခုမှာမူ ဆက်လက်၍ နေသော်လည်း စိတ်ညစ်ရုံသာရှိမည် ဖြစ်သောကြောင့် ဤစာကို ရေးပြီးနောက် ကလေးများစားမည့် မုန့်ထဲ၌ အဆိပ်ခတ်ပြီးလျှင် ကျွန်မ၏ ဘဝကို အဆုံးစီရင်လိုက်ပါပြီ။ ---

အထက်ပါစာကို ရပြီးနောက် ခင်ပွန်းသည်ယောက်ျားလည်း သူ့ဇနီး၏ လိမ္မာပုံတွေကို အကုန်အစင် ထင် မြင်လာတော့ရကား ကဗျာကသီ ပြန်သွားလေရာ အိမ်ပေါ်မှာ ပြင်ထားသော သားအမိ သုံးဦး၏ အလောင်းကိုသာ တွေ့ရတော့သဖြင့် အဆင်သင့် ရှိနေသော သေနတ်ဖြင့် သူ၏ဇာတ်ကိုပါ အဆုံးသတ်လိုက်လေသည်။ (ကိုယ်ကျင့်အဘိဓမ္မာ၊၅၁-၅၂။)

မိမိ သူတစ်ပါး နှစ်ဦးသားလုံးကို ပျက်စီးအောင် ဖျက်ဆီးတတ်သော ဒေါသ၏ စွမ်းအင် သတ္တိများပင်တည်း။ ဤမျှ အကျိုးမဲ့ကို ဖြစ်စေတတ်သော ဒေါသတရားကို သမထဝိပဿနာ ဘာဝနာ လက်နက်ကောင်းတို့ဖြင့် ကုန်ခန်းအောင် ပယ်ရှားသင့်လှပေသည်။ ထိုသို့မျှ မကျင့်နိုင်သေးလျှင် အောက်ပါ ကကစူပမ သုတ္တန်ကို အဖန်ဖန် နှလုံးသွင်းသင့်လှပေသည်။ ထိုသုတ္တန်ကား ဒေါသ ပယ်ဖျောက်ကြောင်း နည်းလမ်းကောင်း တစ်ခုပင်ဖြစ်ပေသည်။

ကကစူပမ သုတ္တန်

ကကစူပမ သုတ္တန် (မ၊၁၊၁၇၃-၁၈၁။)

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော် မူဆဲ ဖြစ်၏။ ထိုအခါ အရှင်မောဠိယဖဂ္ဂုနသည် ရဟန်းမိန်းမတို့နှင့်အတူ စည်းမဲ့ကမ်းမဲ့ အလွန်ကြာမြင့်စွာ ရောနှောလျက် နေ၏။ ဤဆိုလတ္တံ့သောနည်းဖြင့် အရှင်မောဠိယဖဂ္ဂုနသည် ရဟန်းမိန်းမတို့နှင့်အတူ ရောနှော လျက် နေ၏။

တစ်စုံတစ်ယောက်သော ရဟန်းသည် အရှင်မောဠိယဖဂ္ဂုန၏ မျက်မှောက်၌ ထိုရဟန်းမိန်းမတို့၏ ကျေးဇူးမဲ့ ကို ပြောဆိုမိခဲ့လျှင် အရှင်မောဠိယဖဂ္ဂုနသည် အမျက်ထွက်လျက် နှလုံးမသာခြင်း ရှိသဖြင့် ခိုက်ရန်ငြင်းခုန်မှုကို ပြု၏။ တစ်စုံတစ်ဦးသော ရဟန်းသည် ထိုရဟန်းမိန်းမတို့၏ မျက်မှောက်၌ အရှင်မောဠိယဖဂ္ဂုန၏ ကျေးဇူးမဲ့ကို ပြောဆိုခဲ့လျှင်လည်း ထိုရဟန်းမိန်းမတို့သည် အမျက်ထွက်ကုန်လျက် နှလုံးမသာခြင်း ရှိသဖြင့် ခိုက်ရန်ငြင်းခုံမှုကို ပြုကြကုန်၏။ ဤဆိုခဲ့သည့်အတိုင်း အရှင်မောဠိယဖဂ္ဂုနသည် ရဟန်းမိန်းမတို့နှင့်အတူ ရောနှောလျက် နေ၏။

ထိုအခါ ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားအထံတော်သို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် သင့်တင့် လျောက်ပတ်သော တစ်နေရာ၌ ထိုင်ကာ အကျိုးအကြောင်း အစုံအလင်ကို ကုန်စင်အောင် တင်ပြ လျှောက်ထား တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် အရှင်မောဠိယဖဂ္ဂုနရဟန်းအား ခေါ်တော်မူ၍ အကျိုးအကြောင်းကို စစ်ဆေး မေးမြန်းတော်မူရာ မှန်ကန်ကြောင်း တင်ပြလျှောက်ထား၏။ ထိုအခါ ဘုရားရှင်က အောက်ပါအတိုင်း ဆိုဆုံးမတော် မူ၏။

ဖဂ္ဂုန ...အမျိုးကောင်းသား ဖြစ်သော သင်သည် ယုံကြည်ခြင်း = သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်း ဘောင်သို့ ဝင်ရောက်လာသည် မဟုတ်လောဟု မေးမြန်းတော်မူ၏။ မှန်ပါသည် အရှင်ဘုရား ...ဟု လျှောက် ကြား၏။

ဖဂ္ဂုန ...ယုံကြည်ခြင်း = သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လာသည့် အမျိုးကောင်းသား ဖြစ်သော သင့်အား ရဟန်းမိန်းမတို့နှင့်အတူ စည်းမဲ့ကမ်းမဲ့ အလွန်ကြာမြင့်စွာ ရောနှောလျက် နေခြင်းသည် မလျောက်ပတ်။

ဖဂ္ဂုန ...ထိုကြောင့် တစ်စုံတစ်ယောက်သောသူသည် သင့်မျက်မှောက်၌ ထိုရဟန်းမိန်းမတို့၏ ကျေးဇူး မဲ့ကို ပြောဆိုခဲ့လျှင် သင်သည် ဖြစ်ပေါ်လာမည့် ကာမဂုဏ်တို့ကို မှီသော အလိုဆန္ဒ ကာမဂုဏ်တို့ကို မှီသော အကြံအစည် ဝိတက်တို့ကို ပယ်စွန့်ရာ၏။ ဖဂ္ဂုန ...ထိုသို့ ပယ်စွန့်ရာ၌လည်း သင်သည် ဤသို့ ကျင့်ရမည် - ငါ၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်မာသော စကားကိုလည်း မမြွက်ဆိုအံ့၊ အစီးအပွားဖြင့် ငဲ့ညှာ လျက်လည်း မေတ္တာစိတ် ရှိသည်ဖြစ်၍ ပြစ်မှားသောစိတ် မရှိဘဲ နေအံ့ - ဟု ဤသို့လျှင် သင်သည် ကျင့်ရမည်။

ဖဂ္ဂုန ...ထိုကြောင့် တစ်စုံတစ်ယောက်သောသူသည် သင့်မျက်မှောက်၌ ထိုရဟန်းမိန်းမတို့အား လက် ဖြင့် ပုတ်ခတ်ငြားအံ့၊ ခဲဖြင့်သော်လည်း ပစ်ခတ်ငြားအံ့၊ တုတ်ဖြင့်သော်လည်း ရိုက်ပုတ်ငြားအံ့၊ ဓားလက်နက်ဖြင့် သော်လည်း ထိုးခုတ်ငြားအံ့။ ဖဂ္ဂုန ...ထိုသို့ပြုရာ၌လည်း သင်သည် ဖြစ်ပေါ်လာမည့် ကာမဂုဏ်တို့ကို မှီသော အလိုဆန္ဒ, ကာမဂုဏ်တို့ကို မှီသော အကြံအစည် ဝိတက်တို့ကို ပယ်စွန့်ရာ၏။ ထိုသို့ ပယ်စွန့်ရာ၌ သင်သည် ဤသို့ ကျင့်ရမည် --- ငါ၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်မာသော စကားကိုလည်း မမြွက်ဆိုအံ့၊ အစီးအပွားအားဖြင့် ငဲ့ညှာလျက်လည်း မေတ္တာစိတ် ရှိသည်ဖြစ်၍ ပြစ်မှားသောစိတ် မရှိဘဲ နေအံ့ --- ဟု ဤသို့လျှင် သင်သည် ကျင့်ရမည်။

ဖဂ္ဂုန ...ထိုကြောင့် တစ်စုံတစ်ယောက်သောသူသည် သင့်မျက်မှောက်၌ သင်၏ကျေးဇူးမဲ့ကို ပြောဆို ခဲ့လျှင် သင်သည် ဖြစ်ပေါ်လာမည့် ကာမဂုဏ်တို့ကို မှီသော အလိုဆန္ဒ, ကာမဂုဏ်တို့ကို မှီသော အကြံအစည် တို့ကို ပယ်စွန့်ရာ၏။ ထိုသို့ ပယ်စွန့်ရာ၌လည်း သင်သည် ဤသို့ ကျင့်ရမည် --- ငါ၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်မာသော စကားကိုလည်း မမြွက်ဆိုအံ့၊ အစီးအပွားဖြင့် ငဲ့ညှာလျက်လည်း မေတ္တာစိတ် ရှိသည် ဖြစ်၍ ပြစ်မှားသောစိတ် မရှိဘဲ နေအံ့ --- ဟု ဤသို့လျှင် သင်သည် ကျင့်ရမည်။

ဖဂ္ဂုန ...ထိုကြောင့် သင့်အား တစ်စုံတစ်ယောက်သောသူသည် လက်ဖြင့် ပုတ်ခတ်ငြားအံ့၊ ခဲဖြင့်သော် လည်း ပစ်ခတ်ငြားအံ့၊ တုတ်ဖြင့်သော်လည်း ရိုက်ပုတ်ငြားအံ့၊ ဓားလက်နက်ဖြင့်သော်လည်း ထိုးခုတ်ငြားအံ့၊ ထိုသို့ပြုရာ၌လည်း သင်သည် ဖြစ်ပေါ်လာမည့် ကာမဂုဏ်တို့ကို မှီသော အလိုဆန္ဒ, ကာမဂုဏ်တို့ကို မှီသော အကြံအစည်တို့ကို ပယ်စွန့်ရာ၏။ ထိုသို့ ပယ်စွန့်ရာ၌လည်း သင်သည် ဤသို့ ကျင့်ရမည် --- ငါ၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်မာသော စကားကိုလည်း မမြွက်ဆိုအံ့၊ အစီးအပွားဖြင့် ငဲ့ညှာလျက်လည်း မေတ္တာ စိတ် ရှိသည်ဖြစ်၍ ပြစ်မှားသောစိတ် မရှိဘဲ နေအံ့ --- ဟု ဤသို့လျှင် သင်သည် ကျင့်ရမည်ဟု ဟောကြားတော် မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို --- ရဟန်းတို့ ...အခါတစ်ပါး၌ ရဟန်းတို့သည် ငါဘုရားရှင်၏ စိတ်အစဉ်တော်ကို နှစ်သက်စေကုန်ဘိ၏တကား။ ဤအချိန်က ငါဘုရားသည် ရဟန်းတို့ကို ---

ရဟန်းတို့ ...ငါဘုရားရှင်သည် တစ်ထပ်တည်းသာ စားအပ်သော ဘောဇဉ်ကို ဘုဉ်းပေးတော်မူ၏၊ ရဟန်းတို့ ...ငါဘုရားသည် တစ်ထပ်တည်းသာ စားအပ်သော ဘောဇဉ်ကို ဘုဉ်းပေးသော် အနာရောဂါ ကင်းသည်၏ အဖြစ်, ကျန်းမာသည်၏ အဖြစ်, ပေါ့ပါးသန်စွမ်းသည်၏ အဖြစ်, ချမ်းသာစွာ နေထိုင်ရသည်၏ အဖြစ်ကို ကောင်းစွာ သိတော်မူ၏။ ရဟန်းတို့ ...လာကြကုန်၊ သင်တို့သည်လည်း တစ်ထပ်တည်းသာ စား အပ်သော ဘောဇဉ်ကို စားကြကုန်လော့၊ သင်တို့သည်လည်း တစ်ထပ်တည်းသာ စားအပ်သော ဘောဇဉ်ကို စားကြသောကြောင့် အနာရောဂါကင်းသည်၏ အဖြစ်, ကျန်းမာသည်၏ အဖြစ်, ပေါ့ပါး သန်စွမ်းသည်၏ အဖြစ်, ချမ်းသာစွာနေရသည်၏ အဖြစ်ကို ကောင်းစွာ သိကြကုန်လတ္တံ့ --- ဟု မိန့်တော်မူ၏။ ရဟန်းတို့ ... ငါဘုရားရှင်သည် ထိုရဟန်းတို့၌ ဆိုဆုံးမမှုကို ပြုခဲ့ရသည် မဟုတ်၊ သတိပေးရုံမျှသာ ဖြစ်ခဲ့၏။

ရဟန်းတို့ ...ဥပမာသော်ကား မြေညီ၍ လမ်းလေးခွ ဆုံရာ လမ်းမကြီး၌ လက်လှမ်းမီ ထားအပ်သော နှင်တံရှိသော အာဇာနည်မြင်း ကထားအပ်သော ရထားသည် ကလျက် တည်ရာ၏၊ ဆုံးမသင့်သော မြင်းတို့ကို ဆုံးမတတ်သော ကျွမ်းကျင်သူ မြင်းဆရာသည် ထိုရထားကို တက်စီးပြီးလျှင် လက်ဝဲလက်ဖြင့် ကြိုးတို့ကိုကိုင်၍ လကျ်ာလက်ဖြင့် နှင်တံကိုကိုင်လျက် အလိုရှိရာလမ်းသို့ အလိုရှိတိုင်း ဖြောင့်ဖြောင့်လည်း မောင်းနှင်ရာသကဲ့သို့ ပြန်လှည့်၍လည်း မောင်းနှင်ရာသကဲ့သို့ --- ဤဥပမာအတူပင်လျှင် ငါဘုရားမှာ ထိုရဟန်းတို့၌ ဆုံးမမှုကို ပြုခဲ့ရ သည် မဟုတ်၊ သတိပေးရုံမျှသာ ဖြစ်ခဲ့၏။ ထိုကြောင့် သင်တို့သည်လည်း အကုသိုလ်ကို ပယ်စွန့်ကြကုန်လော၊ ကုသိုလ်တရားတို့၌ အားထုတ်ခြင်းကို ပြုကြကုန်လော။ ဤသို့ အားထုတ်ကုန်လတ်သော် သင်တို့သည်လည်း ဤသာသနာတော်၌ ကြီးပွားစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ကြကုန်လတ္တံ့။

ရဟန်းတို့ ...ဥပမာသော်ကား ရွာနိဂုံးတို့၏ မနီးမဝေး၌ အင်ကြင်းတောကြီးသည် ရှိလေရာ၏၊ ထို အင်ကြင်းတောကြီးကို ကြက်ဆူပင်တို့ဖြင့် ဖုံးလွှမ်းနေလေရာ၏။ ထိုတော၏ အကျိုးစီးပွားနှင့် ဘေးကင်းမှုကို အလိုရှိသည့် တစ်စုံတစ်ယောက်သော ယောက်ျားသည် ရှိလေရာ၏။ ထိုယောက်ျားသည် ကောက်ကွေးသော အင်ကြင်းပင်ပျို ဩဇာကင်းသော အင်ကြင်းပင်တို့ကို ဖြတ်တောက်၍ အပသို့ ထုတ်ဆောင်ပြီးလျှင် တောအတွင်း၌ ကောင်းစွာ ရှင်းလင်း သုတ်သင်ရာ၏၊ ဖြောင့်သော အင်ကြင်းပင် ကောင်းစွာပေါက်သော အင်ကြင်းပင်ပျိုတို့ကို ကြီးပွားအောင် ပြုစုရာ၏၊ ရဟန်းတို့ ...ဤသို့ သုတ်သင် ပြုစုခဲ့သော် ထိုအင်ကြင်းတောသည် နောက်အခါ၌ ကြီးပွားစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရာသကဲ့သို့ --- ဤဥပမာအတူပင်လျှင် သင်တို့သည်လည်း အကုသိုလ်ကို ပယ်စွန့်ကြကုန်လော၊ ကုသိုလ်တရားတို့၌ အားထုတ်ခြင်းကို ပြုကြကုန်လော၊ ဤသို့ အားထုတ်ကြကုန်လတ်သော် သင်တို့သည်လည်း ဤသာသနာတော်၌ ကြီးပွားစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ကြပေကုန်လတ္တံ့။

ရဟန်းတို့ ...ရှေး၌ ဖြစ်ခဲ့ဖူးသည်ကား --- ဤသာဝတ္ထိပြည်၌ပင်လျှင် ဝေဒေဟိကာ မည်သော အိမ်ရှင်မ တစ်ဦးသည် ရှိခဲ့ဖူး၏။ --- ဝေဒေဟိကာအိမ်ရှင်မသည် နူးညံ့သိမ်မွေ့၏၊ နှိမ့်ချတတ်သော စိတ်ထားရှိ၏၊ ငြိမ်သက် အေးမြသော စိတ်ထားရှိ၏ --- ဟု ဝေဒေဟိကာ မည်သော အိမ်ရှင်မ၏ သတင်းကောင်း ကျော်စောသံသည် ပျံ့နှံ့သွားလေ၏။ ရဟန်းတို့ ...ဝေဒေဟိကာအိမ်ရှင်မအား ကျွမ်းကျင်လိမ္မာ၍ ပျင်းရိခြင်းမရှိဘဲ အိမ်မှုကိစ္စကို ကောင်းစွာ ပြုစီရင်တတ်သည့် ကာဠီ မည်သော ကျွန်မတစ်ဦးသည် ရှိ၏။ ထိုအခါ ထိုကာဠီကျွန်မအား ဤသို့ စိတ်အကြံအစည်တစ်မျိုးသည် ဖြစ်ပေါ်လာ၏။ ဝေဒေဟိကာအိမ်ရှင်မသည် နူးညံ့သိမ်မွေ့၏၊ နှိမ့်ချတတ်သော စိတ်ထားရှိ၏၊ ငြိမ်သက်အေးမြသော စိတ်ထားရှိ၏။ --- ဟု ဤသို့လျှင် ငါ့အိမ်ရှင်မ၏ သတင်းကောင်း ကျော်စောသံသည် ပျံ့နှံ့၍တက်၏။ အသို့နည်း ငါ့အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသ ရှိလျက်သာလျှင် ထင်စွာ မပြုသလော၊ သို့မဟုတ် မရှိ၍ ထင်စွာမပြုသလော၊ သို့မဟုတ် ငါကပင် ထိုအိမ်မှုကိစ္စတို့ကို ကောင်းစွာ ပြုစီရင် သောကြောင့် ငါ့အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသ ရှိလျက်သာလျှင် ထင်စွာမပြု၊ မရှိသောကြောင့် ထင်စွာ မပြုခြင်း မဟုတ်လေသလော။ ငါသည် အရှင်မကို စုံစမ်းရပါမူ ကောင်းပါလိမ့်မည်။ --- ဟု စိတ်အကြံ ဖြစ်၏။

ရဟန်းတို့ ...ထိုအခါ ကာဠီကျွန်မသည် နေမြင့်မှ အိပ်ရာထ၏။ ထိုအခါ ဝေဒေဟိကာအိမ်ရှင်မသည် ကာဠီကျွန်မကို ဟယ် ကျွန်မကာဠီ ...ဟု ခေါ်၏။ အရှင်မ အဘယ်ပါနည်းဟု ပြန်ကြား၏၊ ကျွန်မ အဘယ် ကြောင့် နေမြင့်မှ အိပ်ရာက ထရပါသနည်းဟု မေး၏။ အရှင်မ တစ်စုံတစ်ခုသောအကြောင်း မရှိပါဟု ပြန်ကြား ပြောဆို၏။ သယ် ...တစ်စုံတစ်ခုသော အကြောင်းစင်စစ် မရှိဘဲ ကျွန်ယုတ်မသည် နေမြင့်မှ အိပ်ရာက ထရာသလော --- ဟု ဆိုကာ အမျက်ထွက်လျက် မနှစ်သက်သောစိတ် ရှိသည်ဖြစ်၍ မျက်မှောင်ကြုတ်ခြင်း မျက်စောင်းထိုးခြင်းကို ပြု၏။

ရဟန်းတို့ ...ထိုကာဠီကျွန်မအား ဤသို့ အကြံဖြစ်၏၊ ငါ၏ အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသ ရှိလျက်သာလျှင် ထင်စွာမပြုခြင်း ဖြစ်ခဲ့၏၊ မရှိသောကြောင့် ထင်စွာမပြုသည်ကား မဟုတ်။ ငါသည်ပင်လျှင် ထိုအိမ်မှုကိစ္စတို့ကို ကောင်းစွာ ပြုစီရင်သောကြောင့် ငါ၏အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသ ရှိလျက်သာလျှင် ထင်စွာမပြုခြင်း ဖြစ်ခဲ့၏၊ မရှိသောကြောင့် ထင်စွာမပြုသည် မဟုတ်။ ထိုထက်အလွန် အရှင်မကို စုံစမ်းရမူ ကောင်းပေမည် --- ဟု အကြံဖြစ်ပြန်၏။

ရဟန်းတို့ ...ထိုနောက် ကာဠီကျွန်မသည် အလွန်နေမြင့်မှသာလျှင် အိပ်ရာက ထ၏။ ထိုအခါ ဝေဒေဟိကာ အိမ်ရှင်မသည် ကာဠီကျွန်မကို ဟယ် ကျွန်မကာဠီ ...ဟု ခေါ်၏။ အရှင်မ အဘယ်ပါနည်းဟု ပြန်ကြားပြောဆို၏။ ကျွန်မ အဘယ်ကြောင့် နေမြင့်မှ အိပ်ရာက ထရသနည်း --- ဟု မေး၏။ အရှင်မ တစ်စုံ တစ်ခုသော အကြောင်းစင်စစ် မရှိပါဟု ပြန်ကြားပြောဆို၏။ ဟယ် ...တစ်စုံတစ်ခုသော အကြောင်းစင်စစ် မရှိဘဲ ကျွန်ယုတ်မသည် နေမြင့်မှ အိပ်ရာက ထရာသလော --- ဟု ပြောဆိုကာ အမျက်ထွက်လျက် မနှစ်သက် သောစိတ် ရှိသည်ဖြစ်၍ မနှစ်မြို့ဖွယ် စကားကို ပြောဆို၏။

ရဟန်းတို့ ...ထိုအခါ ကာဠီကျွန်မအား ဤသို့ အကြံဖြစ်ပြန်၏။ ငါ၏ အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသ ထင်ရှားရှိလျက်သာလျှင် ထင်စွာမပြုခြင်း ဖြစ်ခဲ့၏၊ မရှိသောကြောင့် ထင်စွာမပြုသည်ကား မဟုတ် ပေ။ ငါသည်ပင်လျှင် ထိုအိမ်မှုကိစ္စတို့ကို ကောင်းစွာ ပြုစီရင်သောကြောင့် ငါ၏ အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသ ထင်ရှားရှိလျက်သာလျှင် ထင်ရှားစွာ မပြုခဲ့ခြင်း ဖြစ်ခဲ့၏၊ မရှိသောကြောင့် ထင်ရှားစွာ မပြုခဲ့ သည်ကား မဟုတ်ပေ။ ထိုထက်အလွန် အရှင်မကို စုံစမ်းရမူ ကောင်းပေမည် --- ဟု အကြံဖြစ်ပြန်၏။

ရဟန်းတို့ ...ထိုနောက် ကာဠီကျွန်မသည် အလွန်နေမြင့်မှသာလျှင် အိပ်ရာက ထ၏။ ထိုအခါ ဝေဒေဟိကာအိမ်ရှင်မသည် ကာဠီကျွန်မကို ဟယ် ကျွန်မကာဠီ ...ဟု ခေါ်၏။ အရှင်မ အဘယ်ပါနည်းဟု ပြန်ကြား ပြောဆိုလိုက်၏။ ကျွန်မ အဘယ်ကြောင့် နေမြင့်မှ အိပ်ရာကထရသနည်းဟု မေး၏။ အရှင်မ တစ်စုံတစ်ခုသော အကြောင်းစင်စစ် မရှိပါဟု ပြန်ကြားပြောဆို၏။ ဟယ် ...တစ်စုံတစ်ခုသော အကြောင်းစင်စစ် မရှိပါဘဲလျက် ကျွန်ယုတ်မသည် နေမြင့်မှ အိပ်ရာက ထရသလောဟု ဆိုကာ အမျက်ထွက်လျက် မနှစ်သက်သောစိတ် ရှိသည် ဖြစ်၍ တံခါးကျည်းမင်းတုပ်ဖြင့် ဦးခေါင်းကို ရိုက်နှက်သောကြောင့် ဦးခေါင်းကွဲလေ၏။

ရဟန်းတို့ ...ထိုအခါ ကာဠီကျွန်မသည် ဦးခေါင်းကွဲသည်ဖြစ်၍ သွေးစီးကျလျက် -- အရှင်မတို့ ...နူးညံ့သိမ်မွေ့သူ၏ ပြုမူပုံကို ကြည့်ရှုကြပါကုန်၊ အရှင်မတို့ ...နှိမ်ချထားသော စိတ်ဓာတ်ရှိသူ၏ ပြုမူပုံကို ကြည့်ရှု ကြပါကုန်၊ အရှင်မတို့ ...ငြိမ်းအေးသော စိတ်ထားရှိသူ၏ ပြုမူပုံကို ကြည့်ရှုကြပါကုန်၊ အဘယ့်ကြောင့်လျှင် တစ်ယောက်တည်းသော ကျွန်မအား --- နေမြင့်မှ အိပ်ရာက ထရသနည်းဟု အမျက်ထွက်လျက် မနှစ် သက်သောစိတ် ရှိသည်ဖြစ်၍ သင့်ဦးခေါင်းကွဲပေတော့ဟု တံခါးကျည်းမင်းတုပ်ဖြင့် ဦးခေါင်းကို ရိုက်ရက်ဘိ သနည်းဟု အိမ်နီးချင်းတို့ကို တိုင်တန်း ပြောဆို၏။

ရဟန်းတို့ ...နောင်အခါ ဝေဒေဟိကာ အိမ်ရှင်မသည် ကြမ်းတမ်းသူတည်း၊ နှိမ့်ချသောစိတ်ဓာတ် ရှိသူ မဟုတ်၊ ငြိမ်းအေးသောစိတ်ဓာတ် ရှိသူ မဟုတ်ဟု ဝေဒေဟိကာ အိမ်ရှင်မ၏ သတင်းဆိုး ကျော်စောသံသည် ပျံ့နှံ့သွားလေ၏။

ရဟန်းတို့ ...ဤအတူပင်လျှင် ဤသာသနာတော်၌ အချို့သောရဟန်းသည် စိတ်မနှစ်သက်ဖွယ် စကားလမ်းကြောင်းများနှင့် မတွေ့ထိသေးသမျှ ကာလပတ်လုံး အလွန်နူးညံ့သူ အလွန်နှိမ့်ချသော စိတ်ဓာတ်ရှိသူ အလွန်ငြိမ်းအေးသော စိတ်ထားရှိသူ ဖြစ်တတ်၏။ ရဟန်းတို့ ...စိတ်မနှစ်သက်ဖွယ် စကားလမ်းကြောင်းများနှင့် တွေ့ထိသောအခါမှသာလျှင် ရဟန်းကို နူးညံ့သူ နှိမ့်ချသောစိတ်ဓာတ် ရှိသူ ငြိမ်းအေးသောစိတ်ထား ရှိသူဟု သိရမည်။

ရဟန်းတို့ ...သင်္ကန်း, ဆွမ်း, ကျောင်း, သူနာ၏ အထောက်အပံ့ အသုံးအဆောင် ဆေးပစ္စည်းဟူသော အကြောင်းကြောင့် အပြောအဆိုလွယ်သူ = ဆိုဆုံးမလွယ်သူ၏ အဖြစ်သို့ ရောက်သော ရဟန်းကို အပြောအဆို လွယ်သူ = ဆိုဆုံးမလွယ်သူဟု ငါဘုရား မဆိုပေ။ ထိုသို့ မဆိုခြင်းသည် အဘယ်ကြောင့်နည်း၊ ထိုရဟန်းသည် ထို သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကို မရသည်ရှိသော် အပြောအဆို လွယ်သူ = ဆိုဆုံးမလွယ်သူ၏ အဖြစ်သို့ မရောက်သောကြောင့်တည်း။

ရဟန်းတို့ ...တရားကိုသာလျှင် အရိုအသေပြုလျက် တရားကိုသာလျှင် အလေးပြုလျက် တရားကို သာလျှင် မြတ်နိုးပူဇော်လျက် တုပ်ဝပ်ရိုကျိုးလျက် အပြောအဆိုလွယ်သူ၏ = ဆိုဆုံးမလွယ်သူ၏ အဖြစ်သို့ ရောက် သော ရဟန်းကိုသာလျှင် အပြောအဆိုလွယ်သူဟု = ဆိုဆုံးမလွယ်သူဟု ငါဘုရား ဆိုပေ၏။ ထိုကြောင့် တရားကို သာလျှင် အရိုအသေပြုလျက် တရားကိုသာလျှင် အလေးပြုလျက် တရားကိုသာလျှင် မြတ်နိုးပူဇော်လျက် တုပ်ဝပ်ရိုကျိုးလျက် အပြောအဆိုလွယ်သူ၏ = ဆိုဆုံးမလွယ်သူ၏ အဖြစ်သို့ ရောက်ကြကုန်အံ့၊ --- ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြရမည်။

ရဟန်းတို့ ...

၁။ (က) သင့်လျော်သော အခါအားဖြင့်လည်းကောင်း,

( ခ ) မသင့်လျော်သော အခါအားဖြင့်လည်းကောင်း,

၂။ (က) ဟုတ်မှန်သောအားဖြင့်လည်းကောင်း,

( ခ ) မဟုတ်မှန်သောအားဖြင့်လည်းကောင်း,

၃။ (က) သိမ်မွေ့သောအားဖြင့်လည်းကောင်း,

( ခ ) ကြမ်းတမ်းသောအားဖြင့်လည်းကောင်း,

၄။ (က) အကျိုးအကြောင်းနှင့် စပ်သောအားဖြင့်လည်းကောင်း,

( ခ ) အကျိုးအကြောင်းနှင့် မစပ်သောအားဖြင့်လည်းကောင်း,

၅။ (က) မေတ္တာစိတ် ရှိကုန်၍လည်းကောင်း,

( ခ ) ပြစ်မှားသောစိတ် ရှိကုန်၍လည်းကောင်း ---

သင်တို့ကို သူတစ်ပါးတို့က ပြောဆိုလိုမူ ပြောဆိုနိုင်ရာသော စကားလမ်းကြောင်းတို့ကား ဤဆိုမည့် ငါးပါး တို့တည်း။

ရဟန်းတို့ ...သင့်လျော်သော အခါအားဖြင့် ဖြစ်စေ, မသင့်လျော်သော အခါအားဖြင့် ဖြစ်စေ သူတစ်ပါး တို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ ဟုတ်မှန်သောအားဖြင့် ဖြစ်စေ မဟုတ်မမှန်သောအားဖြင့် ဖြစ်စေ သူတစ်ပါး တို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ သိမ်မွေ့သောအားဖြင့် ဖြစ်စေ ကြမ်းတမ်းသောအားဖြင့် ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ အကျိုးအကြောင်းနှင့် စပ်သောအားဖြင့် ဖြစ်စေ, အကျိုးအကြောင်းနှင့် မစပ်သော အားဖြင့် ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ မေတ္တာစိတ် ရှိကုန်၍ ဖြစ်စေ, ပြစ်မှားသောစိတ် ရှိကုန်၍ ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။

ရဟန်းတို့ ...ထိုသို့ပြောဆိုရာ စကားလမ်းကြောင်းတို့၌လည်း သင်တို့သည် ဤသို့ ကျင့်ရမည် --- ငါတို့၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်ညံ့သောစကားကိုလည်း မမြွက်ဆိုကြကုန်အံ့၊ အစီးအပွားဖြင့် ငဲ့ညှာကြ ကုန်လျက်လည်း မေတ္တာစိတ် ရှိကြကုန်၍ ပြစ်မှားသောစိတ် မရှိကြဘဲ နေကြကုန်အံ့၊ ထိုပုဂ္ဂိုလ်ကိုလည်း (= ထို ပြောဆိုလာသော ပုဂ္ဂိုလ်ကိုလည်း) မေတ္တာနှင့်တကွ ဖြစ်သော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့၊ အကြွင်းမဲ့ သတ္တဝါ အားလုံးကိုလည်း ထိုမေတ္တာစိတ်၏အာရုံ ပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏ အဖြစ်သို့ ရောက်သော အပိုင်းအခြားပမာဏ မရှိသော ရန်မရှိသော ဆင်းရဲခြင်း မရှိသော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့ --- ဟု ဤသို့ လျှင် သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြရမည်။

ရဟန်းတို့ ...ဥပမာသော်ကား ယောက်ျားသည် ပေါက်တူး ခြင်းတောင်းတို့ကို ယူ၍လာပြီးလျှင် ငါသည် ဤမြေကြီးကို မြေကြီးမဟုတ်အောင် ပြုတော့အံ့ဟု ပြောဆိုရာ၏။ ထိုယောက်ျားသည် မြေကြီးမဟုတ်သည် ဖြစ်လော့၊ မြေကြီးမဟုတ်သည် ဖြစ်လော့ဟု ထိုထိုအရပ်၌ တူးဆွရာ၏၊ ထိုထိုအရပ်၌ ကြဲဖြန့်ရာ၏၊ ထိုထို အရပ်၌ တံတွေးထွေးရာ၏၊ ထိုထိုအရပ်၌ ကျင်ငယ်စွန့်ရာ၏။ ရဟန်းတို့ ...ထိုအကြောင်းကို အဘယ်သို့ ထင်မှတ်ကြကုန်သနည်း၊ ထိုယောက်ျားသည် ဤမြေကြီးကို မြေကြီးမဟုတ်အောင် ပြုနိုင်ရာသလောဟု ဘုရားရှင် က မေးတော်မူ၏။

အရှင်ဘုရား ...ဤအကြောင်းသည် မဖြစ်နိုင်ပါ။ ထိုသို့ မဖြစ်နိုင်ခြင်းသည် အဘယ်ကြောင့်နည်း။ အရှင်ဘုရား ...ဤမြေကြီးသည် ထုထည် ထူထည်း၍ အလျားအနံ အပိုင်းအခြားပမာဏ မရှိသောကြောင့် ထိုမြေကြီးကို မြေကြီးမဟုတ်အောင် ပြုရန် မလွယ်ပါ။ ထိုယောက်ျားသည် ပင်ပန်းရုံ ဆင်းရဲရုံမျှသာ ဖြစ်ရာပါ၏ဟု ပြန်လည် လျှောက်ကြားကြကုန်၏။

ရဟန်းတို့ ...ဤဥပမာအတူပင်လျှင် ---

၁။ သင့်လျော်သော အခါအားဖြင့်လည်းကောင်း, မသင့်လျော်သော အခါအားဖြင့်လည်းကောင်း,

၂။ ဟုတ်မှန်သောအားဖြင့်လည်းကောင်း, မဟုတ်မှန်သောအားဖြင့်လည်းကောင်း,

၃။ သိမ်မွေ့ပြေပြစ်သောအားဖြင့်လည်းကောင်း, ကြမ်းတမ်းသောအားဖြင့်လည်းကောင်း,

၄။ အကျိုးအကြောင်းနှင့် စပ်သောအားဖြင့်လည်းကောင်း, အကျိုးအကြောင်းနှင့် မစပ်သောအားဖြင့်လည်း ကောင်း,

၅။ မေတ္တာစိတ် ရှိကုန်၍လည်းကောင်း, ပြစ်မှားသော စိတ်ရှိကုန်၍လည်းကောင်း ---

သင်တို့ကို သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုနိုင်ရာသော စကားလမ်းကြောင်းတို့သည် ဤငါးပါးတို့တည်း။

ရဟန်းတို့ ...သင့်လျော်သောအခါအားဖြင့် ဖြစ်စေ, မသင့်လျော်သောအခါအားဖြင့် ဖြစ်စေ သူတစ်ပါး တို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏၊ ဟုတ်မှန်သောအားဖြင့် ဖြစ်စေ မဟုတ်မှန်သောအားဖြင့် ဖြစ်စေ သူတစ်ပါး တို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ ရဟန်းတို့ ...သိမ်မွေ့ပြေပြစ်သောအားဖြင့် ဖြစ်စေ ကြမ်းတမ်းသောအားဖြင့် ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ အကျိုးအကြောင်းနှင့် စပ်သောအားဖြင့် ဖြစ်စေ, အကျိုး အကြောင်းနှင့် မစပ်သောအားဖြင့် ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ မေတ္တာစိတ် ရှိကုန်၍ ဖြစ်စေ ပြစ်မှားသောစိတ် ရှိကုန်၍ ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ ရဟန်းတို့ ထိုသို့ပြောဆိုသော စကားလမ်းကြောင်းတို့၌လည်း သင်တို့သည် ဤသို့ ကျင့်ရမည်၊ --- ငါတို့၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့။ ယုတ်ညံ့သောစကားကိုလည်း မမြွက်ဆိုကြကုန်အံ့၊ အစီးအပွားဖြင့် ငဲ့ညှာကြကုန် လျက်လည်း မေတ္တာစိတ် ရှိကုန်၍ ပြစ်မှားသောစိတ် မရှိကြဘဲ နေကြကုန်အံ့၊ ထိုပြောဆိုလာသောပုဂ္ဂိုလ်ကိုလည်း မေတ္တာနှင့်တကွ ဖြစ်သော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့၊ အကြွင်းမဲ့ သတ္တဝါအားလုံးကိုလည်း ထိုမေတ္တာစိတ်၏ အာရုံ ပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏ အဖြစ်သို့ ရောက်သော အပိုင်းအခြားပမာဏ မရှိသော ရန် မရှိသော ဆင်းရဲခြင်း မရှိသော မဟာပထဝီမြေကြီးနှင့် တူသော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြရမည်။ [ပေါက်တူး ခြင်းတောင်းတို့ကို ကိုင်ဆောင်လာသော ယောက်ျားသည် မဟာပထဝီမြေကြီးကို ပထဝီမဟုတ်အောင် ပြုခြင်းငှာ မစွမ်းနိုင်သကဲ့သို့ အတိုင်းအတာပမာဏ မရှိသော သတ္တဝါအားလုံးတို့အပေါ်၌ အတိုင်းအတာပမာဏ မရှိသော မေတ္တာစျာန်ကို ဝင်စားလျက် ရှိသော ပုဂ္ဂိုလ်၏ မေတ္တာစိတ်ကို ငါးမျိုးသော စကားလမ်းကြောင်း ဝစနပထတို့ကို ယူဆောင်လာသော ပုဂ္ဂိုလ်၏ စကား သည်လည်း ဖောက်ပြန်ပြောင်းလဲမှုကို မပြုနိုင်ဟု ဆိုလို၏။]

ရဟန်းတို့ ...ဥပမာသော်ကား ယောက်ျားသည် ချိပ်ရည်ကိုလည်းကောင်း, အဝါရည်ကိုလည်းကောင်း အညိုရည်ကိုလည်းကောင်း နီမောင်းသော ဆေးရည်ကိုလည်းကောင်း ယူ၍ ငါသည် ဤကောင်းကင်၌ အရုပ်ကို ရေးအံ့၊ အရုပ်ကို ထင်ရှားဖြစ်အောင် ပြုအံ့ --- ဟု ဤသို့ ပြောဆိုရာ၏။ ရဟန်းတို့ ...ထိုအကြောင်းကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ထိုယောက်ျားသည် ဤကောင်းကင်၌ အရုပ်ကို ရေးနိုင်ရာသလော၊ အရုပ်ကို ထင်ရှားဖြစ်အောင် ပြုနိုင်ရာသလောဟု ဘုရားရှင်က မေးတော်မူ၏။

အရှင်ဘုရား ...ဤအကြောင်းသည် မဖြစ်နိုင်ပါ၊ ထိုသို့ မဖြစ်နိုင်ခြင်းသည် အဘယ်ကြောင့်နည်း၊ အရှင် ဘုရား ...ဤကောင်းကင်သည် အဆင်းပုံသဏ္ဌာန် ရှိသည် မဟုတ်ပါ၊ မြင်ကောင်းသော အရာလည်း မဟုတ်ပါ၊ ထိုကောင်းကင်၌ အရုပ်ကိုရေးရန် အရုပ်ကို ထင်ရှားဖြစ်အောင် ပြုရန် မလွယ်ပါ၊ ထိုယောက်ျားသည် ပင်ပန်းရုံ ဆင်းရဲရုံမျှသာ ဖြစ်ရာပါ၏ဟု လျှောက်ထားကြကုန်၏။

ရဟန်းတို့ ...ဤဥပမာအတူပင် သင့်လျော်သော အခါအားဖြင့်လည်းကောင်း, မသင့်လျော်သော အခါ အားဖြင့်လည်းကောင်း သင်တို့ကို သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုနိုင်ရာသော စကားလမ်းကြောင်းတို့သည် ဤငါးပါးတို့တည်း။ ပ ။ အကြွင်းမဲ့ သတ္တဝါအားလုံးကိုလည်း ထိုမေတ္တာစိတ်၏အာရုံ ပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏အဖြစ်သို့ ရောက်သော အပိုင်းအခြားပမာဏ မရှိသော ရန် မရှိသော ဆင်းရဲခြင်း မရှိသော ကောင်းကင်နှင့် တူသော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ရမည်။

[ဝစနပထ အမည်ရသော စကားလမ်းကြောင်း ငါးမျိုးတို့ကို ယူဆောင်၍ စကားပြောဆိုလာသော ယောက်ျား ၏ စကားသည် --- ဆေးရောင် အမျိုးမျိုးတို့ဖြင့် ကောင်းကင်၌ အရုပ်ရေးသော်လည်း ရေးခြယ်၍ မရနိုင်သကဲ့သို့ အလားတူပင် --- သတ္တဝါအားလုံးတို့ အပေါ်၌ အတိုင်းအတာပမာဏ မရှိသော မေတ္တာစျာန်ကို ဖြန့်ကြက်ကာ မေတ္တာစျာန်ဝင်စားနေသော ရဟန်းတော်၏ စိတ်ကို ဖောက်ပြန်အောင် ပြုခြင်းငှာ မစွမ်းနိုင်။ ထိုကြောင့် ကောင်းကင်နှင့် တူသော စိတ်ထားဖြင့် မေတ္တာစျာန်ကို ဝင်စားနေပါဟု ဆိုလိုပေသည်။]

ရဟန်းတို့ ...ဥပမာသော်ကား -- ယောက်ျားသည် ရဲရဲတောက်သော ဤမြက်မီးရှူးကို ယူပြီးလျှင် ငါသည် ရဲရဲတောက်သော ဤမြက်မီးရှူးဖြင့် ဂင်္ဂါမြစ်ကို ပူလောင်စေအံ့၊ ထက်ဝန်းကျင် ပူလောင်စေအံ့ -- ဟု ဤသို့ ပြောဆိုရာ၏။ ရဟန်းတို့ ...ထိုအကြောင်းကို အဘယ်သို့ ထင်မှတ်ကြကုန်သနည်း၊ ထိုယောက်ျားသည် ရဲရဲ တောက်သော မြက်မီးရှူးဖြင့် ဂင်္ဂါမြစ်ကို ပူလောင်စေနိုင်ရာသလော၊ ထက်ဝန်းကျင် ပူလောင်စေနိုင်ရာသလောဟု မေးတော်မူ၏။

အရှင်ဘုရား ...ဤအကြောင်းသည် မဖြစ်နိုင်ပါ။ ထိုသို့ မဖြစ်နိုင်ခြင်းသည် အဘယ်ကြောင့်နည်း၊ အရှင် ဘုရား ...ဂင်္ဂါမြစ်သည် နက်ရှိုင်းလှ၏၊ အပြောကျယ်၏၊ အပိုင်းအခြားပမာဏ မရှိ၊ ထိုကြောင့် ထိုဂင်္ဂါမြစ်ကို ရဲရဲတောက်သော မြက်မီးရှူးဖြင့် ပူလောင်စေရန် ထက်ဝန်းကျင် ပူလောင်စေရန် မလွယ်ကူပါ။ ထိုယောက်ျားသည် ပင်ပန်းရုံ ဆင်းရဲရုံမျှသာ ဖြစ်ရာပါ၏ဟု လျှောက်ကြားကြကုန်၏။

ရဟန်းတို့ ...ဤဥပမာအတူပင် သင့်လျော်သော အခါအားဖြင့်လည်းကောင်း, မသင့်လျော်သော အခါ အားဖြင့်လည်းကောင်း သင်တို့ကို သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုနိုင်ရာသော စကားလမ်းကြောင်းတို့သည် ဤငါးပါးတို့တည်း။ ပ ။ အကြွင်းမဲ့ သတ္တဝါအားလုံးကိုလည်း ထိုမေတ္တာစိတ်၏အာရုံ ပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏ အဖြစ်သို့ရောက်သော အပိုင်းအခြားပမာဏ မရှိသော ရန် မရှိသော ဆင်းရဲခြင်း မရှိသော ဂင်္ဂါ မြစ်နှင့် တူသော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် ကြရမည်။

[ဂင်္ဂါမြစ်၏ နက်ရှိုင်းရာအရပ်သည် တစ်ဂါဝုတ် နှစ်ဂါဝုတ် = ယူဇနာဝက် တစ်ယူဇနာခန့်လောက်သာ ရှိ၏၊ ဤမှာဘက်ကမ်းနှင့် ထိုမှာဘက်ကမ်း၏ အကျယ်မှာလည်း ထိုနည်းတူပင် အချို့အရာ၌ တစ်ဂါဝုတ်, အချို့ အရာ၌ ယူဇနာဝက်, အချို့အရာ၌ တစ်ယူဇနာခန့်မျှသာ ကျယ်၏။ အလျားအားဖြင့်မူ ယူဇနာ (၅၀၀)ခန့်သာ ရှည်၏။ ထိုဂင်္ဂါမြစ်သည် အဘယ်သို့လျှင် နက်ရှိုင်း၍ အတိုင်းအတာပမာဏ မရှိ ဖြစ်နိုင်ပါအံ့နည်း။ ဤ၌ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏ --- ယောက်ျားတစ်ယောက်၏ လုံ့လပယောဂဖြင့် ဂင်္ဂါမြစ်ရေအားလုံးကို ထက်အောက် ပြောင်းပြန်လှန်၍ ခုံလောက်တစ်ခုပေါ်၌ တင်ထားသော ရေကဲ့သို့ ပူလောင်အောင် ပြုလုပ်ခြင်းငှာ မစွမ်းနိုင် သောကြောင့် ဤသို့ မိန့်ဆိုတော်မူခြင်း ဖြစ်၏။ တန့်ရပ်နေသော မစီးဆင်းသောရေ ဖြစ်ပါမူ လက်တစ်သစ်မျှ လောက်သော ရေကိုလည်းကောင်း, လက်တစ်သစ်ဝက်ခန့်မျှလောက်သော ရေကိုသော်လည်းကောင်း ဤသို့ ပူလောင်စေခြင်းငှာ စွမ်းနိုင်သည် ဖြစ်ကောင်း ဖြစ်လေရာ၏။ ဤဂင်္ဂါမြစ်ရေယဉ်ကြော တစ်ခုလုံးကိုကား ပူလောင် အောင် ပြုလုပ်ခြင်းငှာ မစွမ်းနိုင်လေရာ။ ထိုကြောင့် ဤဥပမာကို ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်၏။ ဂင်္ဂါမြစ် ရေယဉ်ကြောတစ်ခုလုံးကို မြက်မီးရှူးဖြင့် ပူလောင်စေခြင်းငှာ မစွမ်းနိုင်သကဲ့သို့ စကားလမ်းကြောင်း ငါးမျိုးတို့ကို သယ်ဆောင်၍လာသော ယောက်ျားသည်လည်း အတိုင်းအတာပမာဏ မရှိသော သတ္တဝါတို့အပေါ်၌ မေတ္တာစျာန်ကို ဖြန့်ကြက်ကာ မေတ္တာစျာန်ဝင်စားနေသော သူတော်ကောင်း၏ စိတ်အစဉ်ကို ဖောက်ပြန် ပြောင်းလဲ သွားအောင် ပြုလုပ်ခြင်းငှာ မစွမ်းနိုင်ဟု ဆိုလိုသည်။]

ရဟန်းတို့ ...ဥပမာတစ်မျိုးသော်ကား --- အတွင်းအပြင် ထက်ဝန်းကျင်မှ ကောင်းစွာ နယ်ထားအပ်သော လဲနှင့် တူသော ကျွိကျွိကျွိကျွိ ဗြိဗြိဗြိဗြိ အသံမမြည်သော နူးညံ့သော ကြောင်သားရေအိတ်သည် ရှိလေရာ၏။ ထိုအခါ ယောက်ျားသည် တုတ်ချောင်းကိုလည်းကောင်း, အိုးခြမ်းကွဲကိုလည်းကောင်း ယူပြီးလျှင် --- ငါသည် အတွင်းအပြင် ထက်ဝန်းကျင်မှ ကောင်းစွာ နယ်ထားသော လဲနှင့် တူသော ကျွိကျွိကျွိကျွိ ဗြိဗြိဗြိဗြိ အသံမမြည်သော နူးညံ့သော ဤကြောင်သားရေအိတ်ကို တုတ်ချောင်းဖြင့်လည်းကောင်း, အိုးခြမ်းကွဲဖြင့်လည်းကောင်း ကျွိကျွိကျွိကျွိ ဗြိဗြိဗြိဗြိ အသံကို မြည်အောင်ပြုအံ့ဟု ပြောဆိုကုန်ရာ၏။ ရဟန်းတို့ ...ထိုအကြောင်းကို အဘယ်သို့ မှတ်ထင်ကြ ကုန်သနည်း၊ ထိုယောက်ျားသည် အတွင်းအပြင် ထက်ဝန်းကျင်မှ ကောင်းစွာ နယ်ထားသော လဲနှင့် တူသော ကျွိကျွိကျွိကျွိ ဗြိဗြိဗြိဗြိ အသံမမြည်သော နူးညံ့သော ဤကြောင်သားရေအိတ်ကို တုတ်ချောင်းဖြင့်လည်းကောင်း, အိုးခြမ်းကွဲဖြင့်လည်းကောင်း ကျွိကျွိကျွိကျွိ ဗြိဗြိဗြိဗြိ အသံကို မြည်အောင် ပြုနိုင်ရာပါသလောဟု မေးတော်မူ၏။

အရှင်ဘုရား ...ဤအကြောင်းသည် မဖြစ်နိုင်ပါ။ ထိုသို့ မဖြစ်နိုင်ခြင်းသည် အဘယ်ကြောင့်နည်း၊ ဤ ကြောင်သားရေအိတ်သည် အတွင်းအပြင် ထက်ဝန်းကျင်မှ ကောင်းစွာ နယ်ထားသော လဲနှင့် တူသော ကျွိကျွိကျွိကျွိ ဗြိဗြိဗြိဗြိ အသံမမြည်သော နူးညံ့သော ကြောင်သားရေအိတ် ဖြစ်ပါသည်၊ ထိုကြောင့် ထိုကြောင်သားရေအိတ်ကို တုတ်ချောင်းဖြင့် ဖြစ်စေ အိုးခြမ်းကွဲဖြင့် ဖြစ်စေ ကျွိကျွိကျွိကျွိ ဗြိဗြိဗြိဗြိ အသံကို မြည်အောင် ပြုလုပ်ရန် မလွယ်ကူပါ။ ထိုယောက်ျားသည် ပင်ပန်းရုံ ဆင်းရဲရုံမျှသာ ဖြစ်ရာပါ၏ဟု လျှောက်ကြားကြကုန်၏။

ရဟန်းတို့ ...ဤဥပမာအတူပင်လျှင် --- သင့်လျော်သော အခါဖြင့်လည်းကောင်း, မသင့်လျော်သော အခါအားဖြင့်လည်းကောင်း, ဟုတ်မှန်သောအားဖြင့်လည်းကောင်း, မဟုတ်မှန်သောအားဖြင့်လည်းကောင်း, သိမ်မွေ့ပြေပြစ်သောအားဖြင့်လည်းကောင်း, ကြမ်းတမ်းသောအားဖြင့်လည်းကောင်း, အကျိုးအကြောင်းနှင့် စပ်သောအားဖြင့်လည်းကောင်း, အကျိုးအကြောင်းနှင့် မစပ်သောအားဖြင့်လည်းကောင်း, မေတ္တာစိတ် ရှိကုန်၍ လည်းကောင်း, ပြစ်မှားသောစိတ် ရှိကုန်၍လည်းကောင်း သင်တို့ကို သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုနိုင်ရာသော စကားလမ်းကြောင်းတို့သည် ဤငါးပါးတို့တည်း။

ရဟန်းတို့ ...သင့်လျော်သောအခါအားဖြင့် ဖြစ်စေ, မသင့်လျော်သောအခါအားဖြင့် ဖြစ်စေ, သူတစ်ပါး တို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏၊ ဟုတ်မှန်သောအားဖြင့် ဖြစ်စေ, မဟုတ်မှန်သောအားဖြင့် ဖြစ်စေ သူတစ်ပါး တို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ သိမ်မွေ့ပြေပြစ်သောအားဖြင့် ဖြစ်စေ, ကြမ်းတမ်းသောအားဖြင့် ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ အကျိုးအကြောင်းနှင့် စပ်သောအားဖြင့် ဖြစ်စေ, အကျိုးနှင့် အကြောင်းနှင့် မစပ်သောအားဖြင့် ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ မေတ္တာစိတ် ရှိကုန်၍ ဖြစ်စေ, ပြစ်မှားသောစိတ် ရှိကုန်၍ ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။

ရဟန်းတို့ ...ထိုသို့ပြောဆိုရာ စကားလမ်းကြောင်းတို့၌ သင်တို့သည် ဤသို့ ကျင့်ရမည် ငါတို့၏ စိတ် သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်ညံ့သော စကားကိုလည်း မမြွက်ဆိုကြကုန်အံ့၊ အစီးအပွားဖြင့် ငဲ့ညှာကာ မေတ္တာစိတ် ရှိကုန်လျက် ပြစ်မှားသောစိတ် မရှိကြကုန်ဘဲ နေကြကုန်အံ့၊ ထိုပြောဆိုလာသော ပုဂ္ဂိုလ်ကိုလည်း မေတ္တာနှင့်တကွ ဖြစ်သော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့၊ အကြွင်းမဲ့ သတ္တဝါအားလုံးကိုလည်း ထိုမေတ္တာစိတ်၏ အာရုံ ပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏ အဖြစ်သို့ ရောက်သော အပိုင်းအခြားပမာဏ မရှိသော ရန် မရှိသော ဆင်းရဲ မရှိသော ကြောင်သားရေအိတ်နှင့် တူသော စိတ်ဓာတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည်။

[ကောင်းစွာ အတွင်းအပြင် နယ်ထားအပ်သော ကြောင်သားရေအိတ်သည် အသံမမြည်သကဲ့သို့ အတိုင်း အတာပမာဏ မရှိသော သတ္တဝါအာရုံတို့ အပေါ်၌ ကောင်းစွာ ကြိတ်ချေထားအပ်သော ကောင်းစွာ ပွားများ အားထားအပ်သော မေတ္တာစျာန်ကို အဝါးဝစွာ နိုင်နိုင်နင်းနင်း ဝင်စားထားနိုင်သော သူတော်ကောင်းကို ဝစနပထ အမည်ရသော စကားလမ်းကြောင်း ငါးမျိုးတို့တွင် တစ်မျိုးမျိုးကို သယ်ဆောင်၍ လာရောက် ပြောကြားခဲ့သည် ရှိသော် ထိုမေတ္တာစျာန်ကို ကောင်းစွာ ဝင်စားထားနိုင်သော ရဟန်းတော်၏ စိတ်ဓာတ်မှ စကားလမ်းကြောင်း တစ်ခုခုကို အကြောင်းပြု၍ မကျေနပ်သံများ ကျေနပ်သံများ ထွက်ပေါ် မလာနိုင်ပေ။ ထိုသို့ဖြစ်အောင် ကျင့်ပါဟု ဆိုလိုသည်။]

ရဟန်းတို့ ...ယုတ်မာမှုရှိသော ခိုးသူတို့သည် နှစ်ဖက်ရိုးရှိသော လွှဖြင့် အင်္ဂါကြီးငယ်တို့ကို အကယ်၍ လည်း တိုက်ဖြတ်ကုန်ငြားအံ့၊ ထိုသို့ တိုက်ဖြတ်ရာ၌လည်း စိတ်ပြစ်မှားမိသောသူသည် ထို စိတ်ပြစ်မှားမိခြင်းဖြင့် ငါဘုရားရှင်၏ အဆုံးအမကို ပြုကျင့်သူ မဟုတ်၊ ရဟန်းတို့ ...ထိုသို့ တိုက်ဖြတ်ရာ၌လည်း သင်တို့သည် ဤသို့ ကျင့်ရမည်၊ ငါတို့၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်မာသော စကားကိုလည်း မမြွက်ဆိုကြ ကုန်အံ့၊ အစီးအပွားဖြင့် ငဲ့ညှာကာ မေတ္တာစိတ် ရှိကုန်လျက် ပြစ်မှားသောစိတ် မရှိကြကုန်ဘဲ နေကြကုန်အံ့၊ ထို ပြစ်မှားနေသော ပုဂ္ဂိုလ်ကိုလည်း မေတ္တာနှင့်တကွ ဖြစ်သော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့၊ အကြွင်းမဲ့ သတ္တဝါ အားလုံးကိုလည်း ထိုမေတ္တာစိတ်၏အာရုံ ပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏ အဖြစ်သို့ ရောက်သော အပိုင်းအခြားပမာဏ မရှိသော ရန် မရှိသော ဆင်းရဲ မရှိသော မေတ္တာနှင့်တကွ ဖြစ်သော စိတ်ဖြင့် ဖြန့်၍ နေ ကြကုန်အံ့ --- ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည်။

ရဟန်းတို့ ...သင်တို့သည် ဤ လွှဥပမာရှိသော အဆုံးအမဩဝါဒကိုလည်း မပြတ်နှလုံးသွင်းကြကုန် လော့၊ ရဟန်းတို့ ...သင်တို့သည် သည်းမခံနိုင်လောက်သော ငယ်ငယ်ကြီးကြီး ဖြစ်သော ထိုစကား လမ်း ကြောင်းကို သင်တို့သည် တွေ့မြင်ကြကုန်သလောဟု မေးတော်မူ၏။ အရှင်ဘုရား ...မတွေ့မြင်ကြကုန်ပါဟု လျှောက်ထားကြကုန်၏။ ရဟန်းတို့ ...ထိုကြောင့် ဤ လွှဥပမာရှိသော အဆုံးအမဩဝါဒကို မပြတ် နှလုံး သွင်းကြကုန်လော့။ ထိုအဆုံးအမဩဝါဒသည် သင်တို့အတွက် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်လတ္တံ့ဟု မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုသည် ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေသတည်း။ (မ၊၁၊၁၇၂-၁၈၁။ ကကစူပမသုတ္တန်။)

မက္ခ - ပဠာသ

မက္ခ - ပဠာသ

ဒေါသနှင့်စပ်၍ အဖြစ်များတတ်သော မက္ခ ပဠာသတို့၏ အကြောင်းကိုလည်း သိသင့်ပေသည်။ ထိုတွင် မက္ခဟူသည် သူ့ကျေးဇူးကို ချေဖျက်တတ်သော ကျေးဇူးကာဏ်းတတ်သော ဒေါသတစ်မျိုးတည်း။ သတ္တဝါ တစ်ဦး၏ သန္တာန်ဝယ် အထူးသဖြင့် လူသားတစ်ဦး၏ သန္တာန်ဝယ် ငယ်ရွယ်စဉ်က စ၍ = ဖဝါးလက်နှစ်လုံး ပခုံး လက်နှစ်သစ်က စ၍ ဝါးဖတ်တော် ကစီနှစ်ဖြင့် လူဖြစ်အောင် ကျွေးမွေးလာရသော နို့ချိုတိုက်ကျွေးလျက် မွေးမြူခဲ့ ရသော မိဘကျေးဇူး, ဆရာသမားကျေးဇူး, မိတ်ဆွေကောင်းတို့ကျေးဇူး စသည်ဖြင့် သူတစ်ပါးတို့က ပြုထားသော ကျေးဇူးတွေ ရှိတတ်ပေသည်။ ထိုကျေးဇူးများကို ကျေးဇူးဟု မထင်, ကျေးဇူးမတင်နိုင်ဘဲ သူ့ကျေးဇူး ငါ့မှာ ဘာရှိသလဲဟု ချေဖျက်တတ် ကျေးဇူးကာဏ်းတတ်ကြလေသည်။

အချို့ကား ကျေးဇူးကာဏ်းရုံတွင်မက သားရေပေါ် အိပ်ပြီး သားရေနားကို စားကာ ကျေးဇူးရှင်ကိုပင် ကျေးစွပ်တတ်ကြလေသည်။ ထိုသူမျိုးကို မိတ္တဒုဗိ႓ = မိတ်ဆွေကို ပြစ်မှားသူ လူယုတ်မာဟု များစွာ အပြစ်ဆို လေသည်။

အတိတ်ဘဝတစ်ခုတွင် ဘုရားအလောင်းတော်သည် ဆင်ဖြူတော် ဖြစ်နေ၏၊ အိုမင်းမစွမ်း ဖြစ်နေရှာသော မျက်မမြင် မိခင်ဆင်မကြီးကို ပြုစုလုပ်ကျွေးနေ၏။ အရှင်ဒေဝဒတ်အလောင်း မုဆိုးသည် (၇)ရက်တိုင်တိုင် ဟိမဝန္တာ တောအတွင်းဝယ် မျက်စိလည် လမ်းမှားနေသဖြင့် ငိုကြွေးနေ၏။ ဘုရားအလောင်းတော် ဆင်ဖြူတော်က မိမိ၏ ကျောက်ကုန်းထက်၌ တင်ကာ လူတို့ဌာနေသို့ သွားရာလမ်းသို့တိုင်အောင် လိုက်ပို့ပေးရှာ၏။ သို့သော် ငမုဆိုးက ဆင်ဖြူတော်အကြောင်းကို ရှင်ဘုရင်အား သံတော်ဦးတင်သဖြင့် ရှင်ဘုရင်က ယင်းငမုဆိုးနှင့်တကွ ဆင်ဆရာတို့ကို စေလွှတ်ကာ ဆင်ဖြူတော်ကို အဖမ်းခိုင်းသဖြင့် ဆင်ဖြူတော်သည် အဖမ်းခံလိုက်ရလေသည်။ (ဇာတက၊ဋ္ဌ၊၄၊၉၁။)

သူတစ်ပါးကျေးဇူးဟူသည်မှာ ကြွေးတင်သလို တင်နေသော တရားတစ်မျိုးတည်း၊ ထိုကျေးဇူးကို အတုံ့ပြန်၍ မဆပ်နိုင်သည့်အတွက် မဆပ်ရသေးသော်လည်း ကျေးဇူးရှင်မှန်းကို အသိအမှတ်ပြုကာ ကျေးဇူးတင်မိစေရမည်။ ဆပ်နိုင်သည်နေ့, ဆပ်ခွင့်ကြုံသည့်နေ့၌ကား မြိန်မြိန်ရှက်ရှက်နှင့် နှစ်သက်ကြည်ဖြူစွာ ပြန်လည်၍ ဆပ်သင့်ကြ ပေသည်။ ရှေးပညာရှိတို့ကား လူဘဝမှာပင် မဆိုထားဘိ တိရစ္ဆာန်ဘဝမှာပင် မိဘကျေးဇူးကို ဆပ်ခဲ့ဖူးပေသည်။ အတိတ်ဘဝတစ်ခုတွင် ဘုရားအလောင်းတော်သည် ကျေးသားမျိုး၌ ဖြစ်၏။ မာဂဓလယ်တော၌ တည်ရှိသော ပုဏ္ဏားကြီးတစ်ဦး၏ လယ်တောတွင် ကျက်စားရင်း တစ်နေ့တွင် ညွှတ်ကွင်းဝယ် ဖမ်းဆီးမိသွား၏။ ဘုရား အလောင်းတော် ကျေးသားမှာ စပါးများကို မိမိကိုယ်တိုင် အဝစားရုံတွင်မက အပြန်တွင် စပါးနှံများကိုပါ ကိုက်ချီ ၍ ပျံသန်းလေ့ရှိသဖြင့် လယ်ရှင် ပုဏ္ဏားကြီး၏ ခိုင်းစေချက်အရ လယ်စောင့်ယောက်ျားက ဖမ်းဆီးခြင်း ဖြစ်၏။ လယ်စောင့်ယောက်ျားက ဖမ်းဆီးမိသော ကျေးသားအား လယ်ရှင်ပုဏ္ဏားကြီးထံသို့ ယူဆောင်သွား၏။ လယ်ရှင် ပုဏ္ဏားကြီးက စပါးနှံများကို ကိုက်ချီ၍ ယူဆောင်သွားရခြင်း၏ အကြောင်းရင်းကို မေးသောအခါ ---

၁။ ကြွေးဟောင်းကို ဆပ်ခြင်း,

၂။ ကြွေးသစ်ကို ချခြင်း,

၃။ ရွှေအိုးကို မြှုပ်ခြင်း ---

ဤလုပ်ငန်းရပ် သုံးခုကို ပြုလုပ်နေခြင်းကြောင့် စပါးနှံများကို ကိုက်ချီ၍ ယူသွားကြောင်းကို ရှင်းပြ၏။

၁။ ကြွေးဟောင်းကို ဆပ်ခြင်းဟူသည် အတိတ်ငယ်ရွယ်စဉ်က မိဘတို့က ပြုစုကျွေးမွေး စောင့်ရှောက်ခဲ့သော ကျေးဇူးကို ပြန်လည်၍ ဆပ်ခြင်းကို ဆိုလို၏။

၂။ ကြွေးသစ်ကို ချခြင်းဟူသည်မှာ အတောင်အလက် မစုံသေးသော သားငယ် သမီးငယ်တို့ကို ပြုစု လုပ်ကျွေး ခြင်းကို ဆိုလို၏။ ထိုသားငယ် သမီးငယ်တို့က တစ်ချိန်တွင် မိဘကို ပြန်လည်၍ ပြုစု လုပ်ကျွေးကြလိမ့် မည်ဟု မိဘတို့၌ မျှော်လင့်ချက် ရှိသဖြင့် ကြွေးသစ်ချခြင်းနှင့် တူ၏။

၃။ ရွှေအိုး မြှုပ်ခြင်းဟူသည်မှာ အသက်အရွယ် ကြီးရင့်၍ အိုမင်းမစွမ်းရှိကြကုန်သော ကျေးသားအိုကြီးတို့ကို အလှူဒါနပြုခြင်းကို ဆိုလို၏။ သံသရာအဆက်ဆက်၌ အစဉ်တစ်စိုက် လိုက်ပါမည့် အနုဂါမိက ရွှေအိုး တည်း။

ဤသဘောတရားများကို အလောင်းတော်ကျေးသားက ပုဏ္ဏားကြီးအား ရှင်းပြသောအခါ ပုဏ္ဏားကြီးက ဤတရား သုံးပါးတို့သည် အချို့လူသားတို့၌ပင် မရှိကြသဖြင့် အလွန် ကျေနပ်ကာ ဘုရားအလောင်းတော်ကျေးသားကို စပါးနှံများကို အလိုရှိသလောက် ယူဆောင်ရန် ခွင့်ပြုလိုက်လေသည်။ (ဇာတက၊ဋ္ဌ၊၄၊၂၇၆-၂၈၁။)

ဆရာသမား၏ ကျေးဇူးတော်

ဆရာသမား၏ ကျေးဇူးတော်

မိထွေးတော်ဂေါတမီသည် မိမိကိုယ်တိုင် ဦးဆောင်၍ စီမံရက်လုပ်ထားသော သင်္ကန်းလျာ ပုဆိုးအစုံကို ဘုရားရှင်အား လှူဒါန်း၏။ ဘုရားရှင်က သံဃာအား လှူစေ၏။ ထိုအခါ အရှင်အာနန္ဒာကိုယ်တော်မြတ်က မိထွေးတော်ဂေါတမီသည် မဟာမာယာ ကွယ်လွန်သွားသည့်အခါ ဘုရားအလောင်းတော်အား နို့ချိုတိုက်ကျွေး၍ မွေးမြူခဲ့သူ ဖြစ်သဖြင့် ကျေးဇူးကြီးမားရကား မိထွေးတော်လှူသည့် သင်္ကန်းအစုံကို အလှူခံယူတော်မူပါမည့် အကြောင်းကို ဝင်ရောက်၍ လျှောက်ထားတောင်းပန်၏။ ထိုအခါ ဘုရားရှင်က သတ္တဝါ တစ်ဦးတစ်ယောက်ကို အရိယာသူတော်ကောင်းအဆင့်သို့ ရောက်အောင် ပို့ဆောင်ပေးလိုက်သော ဆရာသမား၏ ဂုဏ်ကျေးဇူးက သာလွန်၍ ကြီးမြတ်ကြောင်းကို အောက်ပါအတိုင်း အမိန့်ရှိသွားတော်မူ၏။

အာနန္ဒာ ...ဤစကားသည် ဤအတိုင်းမှန်၏၊ အာနန္ဒာ ...တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ် သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကို ယုံကြည်သိမှတ် ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်၏၊ တရားတော်ကို ယုံကြည်သိမှတ် ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်၏၊ သံဃာတော်ကို ယုံကြည်သိမှတ် ကိုးကွယ် ဆည်းကပ်ခြင်းသို့ ရောက်၏။ အာနန္ဒာ ...ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား တပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်ပံ့ အသက်၏ အရံအတားဆေးတို့ကို ပေးကမ်းလှူဒါန်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါဘုရား မဟောပေ။

အာနန္ဒာ ...တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မုသား ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက်တို့ကို မှီဝဲစားသောက် ခြင်းမှ ရှောင်ကြဉ်၏၊ အာနန္ဒာ ...ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းလှူဒါန်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါဘုရားသည် မဟောပေ။

အာနန္ဒာ ...တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း သဒ္ဓါတရားနှင့် ပြည့်စုံ၏၊ မဂ်ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန်ဟု (၁၀)တန် ထင်ပေါ် တရားတော်မြတ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း သဒ္ဓါတရားနှင့် ပြည့်စုံ၏။ အရိယာသံဃာတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ဘုရားအစရှိကုန်သော အရိယာတကာ သူတော်စွာ တို့သည် နှစ်သက်မြတ်နိုးတော်မူအပ်သော အရိယကန္တသီလ = ငါးပါးသီလတို့နှင့် ပြည့်စုံ၏။ အာနန္ဒာ ... ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရို အသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းလှူဒါန်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါဘုရားသည် မဟောပေ။

အာနန္ဒာ ...တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဒုက္ခသစ္စာတရား၌ ယုံမှားကင်း၏၊ သမုဒယသစ္စာတရား၌ ယုံမှားကင်း၏၊ ဒုက္ခ၏ချုပ်ရာ နိရောဓသစ္စာတရား၌ ယုံမှားကင်း၏၊ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့် ဖြစ်သော မဂ္ဂသစ္စာတရား၌ ယုံမှားကင်း၏။ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးတို့ကို ပေးကမ်း လှူဒါန်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါဘုရားသည် မဟောပေ။ (မ၊၃၊၂၉၇။ ဒက္ခိဏဝိဘင်္ဂသုတ်။)

စတူဟိ ပဏီတပစ္စယေဟိ စက္ကဝါဠန္တရံ ပူရေတွာ သိနေရုပဗ္ဗတေန ကူဋံ ဂဟေတွာ ဒေန္တောပိ အာစရိယဿ အနုစ္ဆဝိကံ ကိရိယံ ကာတုံ န သက္ကောတိယေဝ။ (မ၊ဋ္ဌ၊၄၊၂၂၃။)

အနုစ္ဆဝိကံ ကိရိယံ ကာတုံ န သက္ကောတိယေဝ၊ ယသ္မာ အာစရိယေန ကတဿ ဓမ္မာနုဂ္ဂဟဿ အန္တေဝါသိနာ ကိရိယမာနော အာမိသာနုဂ္ဂဟော သင်္ခမ္ပိ ကလမ္ပိ ကလဘာဂမ္ပိ န ဥပေတိယေဝါတိ။ (မ၊ဋီ၊၃၊၄၀၈။)

သစ္စာလေးရပ် တရားမြတ်ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ဟောကြားပြသ ဆိုဆုံးမလျက် ဓမ္မာနုဂ္ဂဟ = တရားဖြင့် ချီးမြှောက် မစသော ဆရာဖြစ်သူအား တပည့်ဖြစ်သူက ပစ္စည်းလေးပါးတို့ဖြင့် စကြဝဠာ အဆုံးအပိုင်းအခြားတိုင်အောင် စကြဝဠာတစ်တိုက်လုံးကို ပြည့်စေ၍ မြင့်မိုရ် တောင်ဖြင့် အထွတ်ပြု၍ ပေးလှူသော်လည်း ဆရာသမားအား လျော်လျောက်ပတ် ကောင်းမြတ်သော ကျေးဇူး တုံ့ပြန်ခြင်း အမှုကို ပြုခြင်းငှာ မစွမ်းနိုင်သည်သာတည်း။ ဆရာသမား၏ ပြုစု ပျိုးထောင်ပေးလိုက်သော ဓမ္မာနုဂ္ဂဟ = သစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထိုးထွင်းသိအောင် ချီးမြှောက်ပေးမှုအား တပည့်ဖြစ်သူက ပြုလုပ်အပ်သော ပစ္စည်းဖြင့် ထောက်ပံ့ခြင်း အာမိသာနုဂ္ဂဟသည် အဆ အရာ အထောင် အသိန်းမျှမက လိုက်၍ မမှီနိုင်အောင် ကွာဟလျက် ရှိ၏။

ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်ကို အရဟတ္တဖိုလ်တိုင်အောင် ရရှိခဲ့သည် ဖြစ်အံ့ ---

၁။ သောတာပန်ဖြစ်ခဲ့သော် အပါယ်လေးဘုံမှ ကွင်းလုံးကျွတ် လွတ်သွားပြီ ဖြစ်၏။

၂။ သကဒါဂါမ်အဆင့်သို့ ရောက်ရှိသွားလျှင် ကာမဘုံသို့ သို့မဟုတ် လူ့ဘုံသို့ တစ်ကြိမ်သာ ပြန်လာခွင့် ရှိ တော့၏။

၃။ အနာဂါမ်အဆင့်သို့ ရောက်ရှိသွားလျှင် ကာမဘုံသို့ ပြန်လည်ခွင့် မရှိတော့ဘဲ ဗြဟ္မာပြည်မှာသာ ပရိနိဗ္ဗာန် စံရတော့မည် ဖြစ်၏။

၄။ ရဟန္တာအဆင့်သို့ ရောက်ရှိသွားလျှင်ကား (၃၁)ဘုံမှ ကွင်းလုံးကျွတ် လွတ်မြောက်သွားပြီ ဖြစ်၏။ အိုဘေးဆိုးကြီး နာဘေးဆိုးကြီး သေဘေးဆိုးကြီး နောက်ထပ်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ တည်နေရသော ဘေးဆိုးကြီး အဝဝတို့မှ အပြီးတိုင် လွတ်မြောက်သွား၏။

ဤမျှကြီးမားသော အကျိုးကျေးဇူးများကား အကြီးကျယ်ဆုံး အမြင့်မြတ်ဆုံး တန်ဖိုးအကြီးမားဆုံး ကျေးဇူး များပင် ဖြစ်ကြ၏။ သူတော်ကောင်းမှန်သမျှသည် ဤကဲ့သို့သော ကျေးဇူးများကို အဘယ်ကြောင့် ချေဖျက်သင့် နိုင်ပါအံ့နည်း။ ။အကြင်သစ်ပင်၏ အရိပ်၌ ထိုင်နေ အိပ်နေအံ့၊ ထိုသစ်ပင်၏ အခက်ကို မချိုးပါနှင့်၊ အရိပ်နေနေ အခက်ချိုးချိုး မိတ်ဆွေကို ပြစ်မှားသော ထိုလူမျိုးသည် လူယုတ်မာသာ ဖြစ်၏။

ယဿ ရုက္ခဿ ဆာယာယ၊ နိသီဒေယျ သယေယျ ဝါ။

န တဿ သာခံ ဘေဉ္ဇယျ၊ မိတ္တဒုဗ္ဘော ဟိ ပါပကော။(ဇာတက၊၂၊၃၀၀။ ခု၊၅၊၂၂၁-၂၉၉)

ပဠာသ -

ပဠာသ -

ပဠာသဟူသည် ဂုဏ်တုဂုဏ်ပြိုင် ပြုတတ်သော ဒေါသတစ်မျိုးပင်တည်း။ သီလသမာဓိ ပညာရှိသူ, ဥစ္စာ ပေါသူ, ရုပ်ချောသူ, အမျိုးမြတ်သူ, လိမ္မာသူ, ခွန်အားကြီးမားသူ, စွမ်းအင်သတ္တိ ပြည့်ဝသူတို့ကို အသာမပေးနိုင်ဘဲ သူနဲ့ ငါနဲ့ ဘာထူးသေးသလဲဟု မိမိထက် အမှန်သာနေသူ သာမှန်းလည်း သိလောက်သူနှင့် အားတူ အင်တူ ဂုဏ်တူလုပ်၍ ပြောဆို ပြိုင်ဆိုင်ခြင်းမျိုးတည်း။ မိမိမှာ ထိုကဲ့သို့ ဂုဏ်မျိုး ရှိမည်ထင်၍ နှိုင်းယှဉ်ပြောဆိုမှုတို့မှာ ပဠာသ မဟုတ်ချေ။

ဇေတဝန်ကျောင်းတိုက်တော်မှ သုံးဂါဝုတ် ယူဇနာဝက်ခန့် ကွာဝေးသောအရပ်၌ နိဂုံးရွာတစ်ခုသည် ရှိ၏။ ထိုနိဂုံးရွာ၌ များစွာကုန်သော စာရေးတံဆွမ်း, လဆန်းပက္ခ လဆုတ်ပက္ခတို့၌ လှူအပ်သောဆွမ်းတို့သည် ရှိကြ၏။ ထိုရွာ၌လည်း ပြဿနာကို မေးမြန်းကာ ရဟန်းသာမဏေတို့ကို အရှက်ရစေလျက် နှောင့်ယှက်တတ်သော ငတုံး တစ်ယောက်သည် နေထိုင်၏။ ထိုငတုံးသည် သလာကဘတ် = စာရေးတံဆွမ်း, ပက္ခိကဘတ် = တစ်ပက္ခ၌ လှူ သော ဆွမ်းတို့အလို့ငှာ သွားကုန်သော ရဟန်းငယ် သာမဏေငယ်တို့ကို ခဲဖွယ်တို့ကို ခဲစဉ် သောက်ဖွယ်တို့ကို သောက်စဉ် စားဖွယ်တို့ကို စားစဉ် ပြဿနာတို့ကို မေးကာ ဖြေအံ့သောငှာ မစွမ်းနိုင်ကုန်သည်ရှိသော် အရှက်ကို ရစေ၏။ ရဟန်းငယ် သာမဏေငယ်တို့သည် ငတုံးမှ ကြောက်သောကြောင့် သလာကဘတ် ပက္ခိကဘတ်တို့၏ အကျိုးငှာ ထိုရွာသို့ မသွားကြကုန်။

ထိုအခါ တစ်နေ့သ၌ မထင်ရှားသော ရဟန်းတော်တစ်ပါးသည် ထိုငတုံးကို ဆိုဆုံးမလိုသည့်အတွက် ထို ရွာသို့ ကြွသွား၏။ ရွာတံခါး၌ ရပ်၍ သင်္ကန်းကို ရုံ၏၊ ထိုရဟန်းကို မြင်၍ ငတုံးသည် ကြမ်းတမ်းသောဆိတ်ကဲ့သို့ လျင်မြန်စွာ ချဉ်းကပ်လာလတ်၍ ရဟန်း ...ငါ၏ ပြဿနာကို ဖြေလော့ဟု ဆို၏။ ရဟန်းတော်က ယာဂု သောက်ပြီးသည်တိုင်အောင်, ဆွမ်းစားဇရပ်ကို တံမြက်လှည်းပြီးသည်တိုင်အောင်, စာရေးတံဆွမ်းကို ဆောင်ယူ ပြီးသည်တိုင်အောင် အခွင့်ပေးပါရန် အချိန်ရွှေ့ကာ မေတ္တာရပ်ခံလျက် ငတုံးကိုပင် သပိတ်ကို ပိုက်စေ၍ ရွာတံခါးသို့ တိုင်အောင် ရွာပသို့ ခေါ်ဆောင်ခဲ့၍ သင်္ကန်းကို ခေါက်၍ ပခုံးထက်၌ တင်၍ ထိုငတုံး၏ လက်မှ သပိတ်ကို ယူ၍ ရပ်၏။ ထိုအရပ်၌ ငတုံးက ပြဿနာဖြေဆိုရန် ပြောကြားလာ၏။ ထိုအခါ ထိုရဟန်းက သပိတ်ကို တစ်နေရာ တွင် ထားကာ သင်၏ ပြဿနာကို ဖြေအံ့ဟု ဆို၍ တစ်ချက်တည်းဖြင့်ပင်လျှင် လဲစေ၍ အရိုးတို့ကို ကြေစေဘိ သကဲ့သို့ ထောင်းထုသတ်ပုတ်၍ ငတုံး၏ ခံတွင်းထဲသို့ မစင်များကို ထည့်၍ ယခုအခါ၌ ဤနေ့မှ စ၍ ဤရွာသို့ လာသော ရဟန်းကို တစ်စုံတစ်ခုသော ပြဿနာကို မေးသောကာလ၌ သိစေအံ့ဟု ခြိမ်းခြောက်၍ သွား၏။ ထို ငတုံးသည် ထိုအခါမှ စ၍ ထိုရဟန်းတို့ကို မြင်လျှင် ပြေးလေ၏။

ထိုသတင်းသည် ဘုရားရှင်၏ ရွှေနားတော်သို့တိုင်အောင် ပေါက်ကြားသွားသောအခါ ဘုရားရှင်က ရှေးဖြစ် ဟောင်း အောက်မေ့ဖွယ် ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ဟောကြားတော်မူပြန်၏ ---

လွန်လေပြီးသောအခါ အင်္ဂတိုင်းသား မာဂဓတိုင်းသားတို့သည် တစ်ဦးသည် တစ်ဦး၏တိုင်းသို့ သွားကုန် လတ်သော် တစ်နေ့သ၌ တိုင်းနှစ်တိုင်းတို့၏ နယ်ခြားဒေသအရပ်၌ တစ်ခုသောအိုင်ကို မှီကုန်၍ သုရာတို့ကို သောက်ကာ ငါးအမဲတို့ကို စားပြီးနောက် ခပ်စောစောကပင်လျှင် လှည်းတို့ကို ကကုန်၍ သွားကုန်၏။ ရဟန်းတို့ကို ပြဿနာမေးကာ အနှောင့်အယှက်ပေးနေသော ငတုံးကား ထိုအချိန်တွင် မစင်စားသောပိုးတစ်ကောင် ဖြစ်နေ၏။ ထိုပိုးသည် မစင်နံ့ နံသောကြောင့် လာလတ်၍ ထိုသူတို့ သုရာသောက်ရာအရပ်၌ စွန့်ပစ်ထားခဲ့သော သုရာကို မြင်၍ ချင်ခြင်းတပ်သဖြင့် သောက်မိ၍ မူးယစ်သည် ဖြစ်လတ်သော် မစင်ပုံပေါ်သို့ တက်လေ၏။ ထိုပိုးသည် မစင်ပုံပေါ်သို့ တက်လတ်သော် မစင်စိုသည် အတန်ငယ် ညွတ်ကျသွား၏ အောက်သို့ အိဆင်းသွား၏။ ထိုမစင်ပိုး သည် ငါ့ကို မစင်ပုံသည် ခံထားအံ့သောငှာ မစွမ်းနိုင်ဟု ကြုံးဝါး၏။ ထိုခဏ၌သာလျှင် အမုန်ယစ်သော ဆင်ပြောင် တစ်စီးသည် ထိုအရပ်သို့ လာလတ်၍ မစင်နံ့ နံခြင်းကြောင့် စက်ဆုပ်ရွံရှာ၍ ဖဲခွာသွား၏၊ ထိုမစင်ပိုးသည် ထို ဆင်ပြောင်ကြီးကို မြင်၍ ဤဆင်ပြောင်ကြီးသည် ငါမှ ကြောက်သောကြောင့် ပြေး၏ဟု မှတ်ထင်ကာ ဆင်ပြောင်ကြီးကို စစ်ထိုးရန် ဖိတ်ခေါ်လိုက်၏။

ထိုအခါ ဆင်ပြောင်ကြီးက မစင်ပိုးကို ---

အချင်းမစင်ပိုး ...သင့်ကို ခြေတို့ဖြင့် ကြိတ်ချေ၍လည်း ငါမသတ်အံ့၊ အစွယ်တို့ဖြင့် ထိုးဆွ၍လည်း ငါမသတ်အံ့၊ နှာမောင်းဖြင့် ပုတ်ခတ်၍လည်း ငါမသတ်အံ့၊ မစင်ဖြင့်သာလျှင် သင့်ကို ငါသတ်ပေအံ့၊ အသင်သည် မစင်ဖြင့် သေစေသတည်း ---

ဤသို့ ပြောဆို၍ ထိုမစင်ပိုး၏ ထိပ်ထက်၌ ကြီးစွာသော မစင်တုံးကို စွန့်ချလိုက်၍ ကျင်ငယ်ကိုပါ စွန့်ချ လိုက်ပြီးနောက် ထိုအရပ်၌ပင်လျှင် ထိုမစင်ပိုးကို အသက်ကုန်ခြင်းသို့ ရောက်စေ၏။ ထိုနောင် ဆင်ပြောင်ကြီးသည် ကြိုးကြာသံနှင့် တူသော အသံကို မြည်အော်လျက် တောသို့ ဝင်လေ၏။ ဂုဏ်တုဂုဏ်ပြိုင် မပြုသင့်သူ တစ်ဦးကို ဂုဏ်တုဂုဏ်ပြိုင် ပြုမိသော ဒေါသကြောင့် ပျက်စီးရသော ထုံးဟောင်းတစ်ရပ်ပင် ဖြစ်ပေသည်။ (ဇာတက၊ဋ္ဌ၊၂၊၁၉၂-၁၉၄။ ဂူထပါဏဇာတ်။)

__________

၉။ ဣဿာ

၉။ ဣဿာ

ဣဿတီတိ ဣဿာ၊ ဣဿာယနာ ဣဿာ။

၁။ ဣဿာ ပရသမ္ပတ္တီနံ ဥသူယနလက္ခဏာ၊

၂။ တတ္ထေဝ အနဘိရတိရသာ၊

၃။ တတော ဝိမုခဘာဝပစ္စုပဋ္ဌာနာ၊

၄။ ပရသမ္ပတ္တိပဒဋ္ဌာနာ။ သံယောဇနန္တိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၂၉၉။ ဝိသုဒ္ဓိ၊၂၊၁၀၀။)

ငြူစူတတ်သော သဘောတရားသည် ဣဿာ မည်၏။

ငြူစူခြင်းကို ပြုခြင်းသည် ဣဿာ မည်၏။

၁။ သူတစ်ပါးတို့၏ စည်းစိမ်တို့ကို ငြူစူခြင်းသဘော = သည်းမခံနိုင်ခြင်းသဘော လက္ခဏ၊

၂။ ထိုသူတစ်ပါးတို့၏ စည်းစိမ်တို့၌ပင်လျှင် မမွေ့လျော်နိုင်ခြင်း (ကိစ္စ) ရသ၊

= မွေ့လျော်ခြင်း၏ ဆန့်ကျင်ဘက် (ကိစ္စ) ရသ၊

၃။ ထိုသူတစ်ပါးတို့၏ စည်းစိမ်မှ မရှုစိမ့်နိုင်ဘဲ မျက်နှာလွှဲတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သူတစ်ပါးတို့၏ စည်းစိမ် ပဒဋ္ဌာန်။

ဤတွင်လည်း ကတ္တုသာဓန ဘာဝသာဓန နှစ်မျိုးကိုသာ ပြထားသော်လည်း ကရဏသာဓနလည်း ပြုနိုင် သည်သာဟု မှတ်ပါ။ သမ္ပယုတ်တရားတို့၏ သူတစ်ပါးတို့၏ စည်းစိမ်တို့၌ ငြူစူကြောင်း ဖြစ်သော သဘောတရား သည် ဣဿာ မည်၏ ဟူလိုသည်။

လက္ခဏ --- ဥသူယနံ အသဟနံ။ (မဟာဋီ၊၂၊၁၅၂။)

သူတစ်ပါးတို့၏ စည်းစိမ်တို့ကို ငြူစူခြင်းဟူသည် ထိုသူတစ်ပါးတို့၏ စည်းစိမ်တို့ကို မြင်ရ ကြားရ၍ သည်းမခံ နိုင်ခြင်း သဘောတည်း။ ရှေးရှေး ဘဝထိုထိုက ဆည်းပူးခဲ့ စုဆောင်းခဲ့ အားထုတ်ခဲ့သော ကုသိုလ်ကံကောင်းများက အားပေးထောက်ပံ့အပ်သည် ဖြစ်၍, ယခုပစ္စုပ္ပန်ဘဝတွင်လည်း ပယောဂသမ္ပတ္တိတည်းဟူသော ဉာဏ်ဝီရိယ ဦးဆောင်လျက် ထိုထို ကြီးပွားကြောင်း လုပ်ငန်းရပ်တို့ကို ကြိုးစားအားထုတ် ပြုလုပ်ခြင်းတည်းဟူသော ပစ္စုပ္ပန် ကံ ရှိသည်ဖြစ်၍ --- ရဟန်းဖြစ်လျှင်လည်း ပရိယတ် ပဋိပတ် ကျွမ်းကျင်လိမ္မာတော်မူခြင်း, ပစ္စည်းလေးပါး ပေါ များခြင်း, ပူဇော်သက္ကာရ များပြားခြင်းများ ဖြစ်ရ၏။ လူဖြစ်လျှင်လည်း ဥစ္စာ စည်းစိမ်ဂုဏ်သိရ်များ တိုးတက်ကြီးပွား ခြင်းများ ဖြစ်ရ၏။ ထိုသို့ ပစ္စုပ္ပန်ကံ အတိတ်ကံတို့ကြောင့် ဘုန်းကံကြီးမားသူ အဘက်ဘက်မှ ဂုဏ်ရှိန် တိုးတက် နေသူကို မြင်ရ ကြားရသည်ရှိသော် ယောနိသောမနသိကာရ မရှိသူ မုဒိတာဗြဟ္မစိုရ်တရား ခေါင်းပါးသူတို့ကား ဝမ်းမမြောက်နိုင်ဘဲ --- ကိုယ့်ထက်သာ မနာလိုသည့် စိတ်ထားများကို အများဆုံး မွေးမြူတတ်ကြ၏။ မျက်နှာမဲ့ကာ ပါးစပ်ရွဲ့ကာ နှုတ်ခမ်းစူကာ စောင်းကာမြောင်းကာ ချိတ်ကာရိပ်ကာဖြင့် သည်လိုယုန်တော့ ချုံတိုင်းရှိရဲ့၊ ဇီးကွက် လောက်တော့ ငှက်တိုင်းလှရဲ့ -- ဤသို့စသည်ဖြင့် ကြည့်ရှုတတ်ကြ၏၊ ပြောဆိုတတ်ကြ၏၊ ကဲ့ရဲ့ ရှုတ်ချတတ်ကြ၏။ ဤသဘောထားများကား ဣဿာ၏ သဘောလက္ခဏာချည်းတည်း။

အနည်းငယ် ဆက်၍ ဆိုဦးအံ့၊ ဤဣဿာ၏ သူတစ်ပါးတို့၏ လာဘ်လာဘရခြင်း စသည်တို့၌ ရှုတ်ချခြင်း ခီယနလက္ခဏာကို အိမ်၌တည်သူ လူဝတ်ကြောင်အားဖြင့်သော်လည်းကောင်း, အိမ်ရာ မရှိသော ရသေ့ ရဟန်း အားဖြင့်သော်လည်းကောင်း = အာဂါရိကအားဖြင့်လည်းကောင်း, အနာဂါရိကအားဖြင့်လည်းကောင်း နှစ်မျိုး ခွဲခြား၍ ဖော်ပြသင့်၏။

အိမ်ရာတည်ထောင် လူဝတ်ကြောင်ဘဝ၌ နေထိုင်သော အချို့သောသူသည် လယ်လုပ်ခြင်း ကုန်သွယ်ခြင်း စသည်တို့တွင် တစ်မျိုးမျိုးသော အသက်မွေးဝမ်းကြောင်းဖြင့် မိမိ ယောကျ်ားတို့ ပြုလုပ်အပ်သည့် လုံ့လဝီရိယကို အမှီပြု၍ ကောင်းမြတ်သော ယာဉ်အမျိုးမျိုးကိုလည်းကောင်း ဆောင်တတ်သော ဆင်မြင်းကျွဲနွား စသည်ကိုသော် လည်းကောင်း ရွှေငွေ စသည့် နှစ်သက်မြတ်နိုးဖွယ်ရာ ရတနာ အမျိုးမျိုးကိုသော်လည်းကောင်း ရရှိ၏၊ ဣဿာ သဘောထား ရှိသော အခြားသောသူတစ်ယောက်သည် ထိုယောကျ်ား၏ လာဘ်ရခြင်းဖြင့် အလိုမရှိသည် ဖြစ်၍ ထိုလာဘ်ရခြင်းဖြင့် မနှစ်သက်၊ အဘယ်သောအခါ၌ ဤသူသည် ဤစည်းစိမ်၏ ပြည့်စုံခြင်းမှ ဆုတ်ယုတ်၍ အထီးကျန်မွဲ လူဆင်းရဲ ဖြစ်၍ လှည့်လည်ရပါလတ္တံ့နည်းဟု ကြံစည်၍ အကြောင်းတစ်ခုခုကြောင့် ထိုပုဂ္ဂိုလ်သည် ထိုပြည့်စုံနေသော စည်းစိမ်ဥစ္စာမှ ဆုတ်ယုတ်လတ်သော် နှစ်သက်ဝမ်းမြောက်တတ်၏။

အနာဂါရိက ရသေ့ ရဟန်းဖြစ်သော ဣဿာနှင့် ယှဉ်သော စိတ်ဓာတ်ရှိသူအချို့လည်း --- အခြားသော ပုဂ္ဂိုလ်တစ်ဦးဦးကို ယင်းပုဂ္ဂိုလ်၏ ပရိယတ္တိဗဟုဿုတ ပဋိပတ္တိဗဟုဿုတ စသည့်ဂုဏ်တို့ကို အမှီပြု၍ ဖြစ်ပေါ် လာသော လာဘ်လာဘ စသည်တို့၏ ပြည့်စုံခြင်းကို မြင်ရ၍ အဘယ်သောအခါ၌ ဤပုဂ္ဂိုလ်သည် ဤလာဘ် လာဘ စသည်တို့မှ ဆုတ်ယုတ်ပါလတ္တံ့နည်းဟု ကြံစည်၍ တစ်ချိန် ထိုပုဂ္ဂိုလ်ကို အကြောင်းတစ်ခုခုကြောင့် လာဘ်လာဘ ယုတ်လျော့သည်ကို မြင်ရ၏၊ ထိုအခါ၌ နှစ်သက် ဝမ်းမြောက်တတ်၏။ --- ဤသို့လျှင် ဣဿာသည် သူတစ်ပါး၏ စည်းစိမ်ဥစ္စာကို ရှုတ်ချခြင်း သဘောလက္ခဏာ ရှိသည်ဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၄၀၅။)

ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန် --- ချမ်းသာသည့် သုခိတသတ္တဝါတစ်ဦးကိုလည်းကောင်း, အများကိုလည်း ကောင်း မြင်တွေ့ရသည့်အခါ ကြည်ရွှင်ဝမ်းမြောက်တတ်သည့် မုဒိတာဗြဟ္မစိုရ် လက်ကိုင်ထားသည့် မုဒိတာ သဘောထားများ နှလုံးအိမ်တွင် ကိန်းဝပ်လေ့ရှိသည့် သူတော်ကောင်းတို့ကား သူတစ်ပါးတို့၏ ပရိယတ် ပဋိပတ် တို့၌ ကျွမ်းကျင်လိမ္မာတော်မူပုံ စည်းစိမ်ဥစ္စာ ဂုဏ်ရှိန်ဝါတို့ ပြည့်ပြည့်စုံစုံ ကုံလုံကြွယ်ဝနေပုံ ဆင်စီး၍ မြင်းရံနေပုံ တို့ကို မြင်ရ ကြားရလျှင် ပျော်ရွှင်ဝမ်းမြောက်ကြ၏။ သို့သော် ဣဿာ ကိန်းဝပ်နေသူ မသူတော်တို့ကား ထိုကဲ့သို့ မပျော်ရွှင်နိုင် ဝမ်းမမြောက်နိုင်ဘဲ သူတစ်ပါး၏ စည်းစိမ်ဂုဏ်သိရ်၌ မမွေ့လျော်နိုင်ဘဲ မွေ့လျော်ခြင်း၏ ဆန့်ကျင်ဘက် လုပ်ငန်းရပ်တို့ကို ပြုလုပ်လေ့ရှိတတ်ကြ၏။ စောင်းတတ်မြောင်းတတ် ကဲ့ရဲ့တတ် ရှုတ်ချတတ်ကြ၏။ တို့မီးရှို့မီး လုပ်တတ်ကြ၏၊ ဣဿာ၏ လုပ်ငန်းကိစ္စပင်တည်း။

ထိုသို့ မမွေ့လျော်နိုင်သဖြင့် ထိုသူတစ်ပါးစည်းစိမ်မှ မျက်နှာလွှဲတတ်သော သဘောတရားဟု ယင်းဣဿာ တရားကို ဝိပဿနာဉာဏ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှု ထင်လာပေသည်။

ဣဿာဟူသည် သူတစ်ပါးစည်းစိမ်ကို ငြူစူမှု သည်းမခံနိုင်မှု ဖြစ်သဖြင့် ထိုသူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ ဂုဏ်သိရ်များသည်ပင် ဣဿာတရား ဖြစ်ပေါ်လာဖို့ရန် အနီးစပ်ဆုံး အကြောင်းပဒဋ္ဌာန် ဖြစ်ရပေသည်။ (ဤ စကားများအရ --- ဣဿာသည် သူတစ်ပါး၏ စည်းစိမ်ဂုဏ်သိရ်ဟူသော ဗဟိဒ္ဓကိုသာ အာရုံပြုသောတရားဟု မှတ်ပါ။)

မြဂူကို မနာလိုသော ဝက်များ

မြဂူကို မနာလိုသော ဝက်များ

ဟိမဝန္တာတောင် မြဂူအတွင်း၌ ခြင်္သေ့တစ်စီး အောင်းနေ၏၊ ထိုဂူ၏ မနီးမဝေးမှာလည်း ဝက်အများ နေ ထိုင်ကြ၏၊ ထိုဝက်တို့သည် မြဂူအတွင်းက ခြင်္သေ့ကို မြင်နေကြရသဖြင့် အမြဲကြောက်ရွံ့ကာ မြဂူ၏ အရောင်အဝါ ကိုပင် အပြစ်မြင်လျက် ရှိကြ၏။ အခါတစ်ပါး၌ ထိုဝက်အများသည် စုပေါင်းတိုင်ပင်ကာ ရွှံ့ညွန်၌ မိမိတို့၏ ကိုယ်ကို လူးပြီးလျှင် ထိုညွန်ဖြင့် မြဂူကို အရောင်မှိန်သွားအောင် ပွတ်တိုက်ကြလေရာ, မြဂူမှာ အရောင်မညှိုးဘဲ တိုး၍ပင် ပြောင်လာလေသည်။ ထို့အတူ အဘက်ဘက်တွင် မိမိထက်သာနေသူကို မနာလိုဝန်တို၍ အပြစ်ပြောလျှင် အထက်တန်းရောက်နေသူတို့မှာကား တိုး၍သာ ပြောင်ဖွယ်ရာ ရှိ၏။ ဣဿာ ထူပြောသူ မိမိအတွက်မူကား အပါယ်သို့ ရောက်ကြောင်း မကောင်းမှု အကုသိုလ်ကံတည်းဟူသော လက်မှတ်ကောင်းတို့ကို စုဆောင်းထားပြီး လည်း ဖြစ်သွား၏။ နောင်သံသရာ အဆက်ဆက်၌လည်း အခြွေအရံ နည်းပါးကြောင်း အရှိန်အဝါ အကျော်စော မဲ့ကြောင်း မကောင်းမှုတို့ကို ဆည်းပူးပြီးလည်း ဖြစ်သွားပေသည်။

အတ္တုက္ကံသန - ပရဝမ္ဘန

အတ္တုက္ကံသန - ပရဝမ္ဘန

စကားပြောသောအခါ၌ ဖြစ်စေ, စာရေးသားသောအခါ၌ ဖြစ်စေ မိမိကိုယ်ကို မြှောက်၍ မြှောက်၍ ဂုဏ် ဖော်၍ ဂုဏ်ဖော်၍ ပြောဆိုခြင်း ရေးသားခြင်းကို အတ္တုက္ကံသနဟု ခေါ်ဆို၏။ သူတစ်ပါးကို ရှုတ်ချ၍ ရှုတ်ချ၍ အပြစ်တင်၍ အပြစ်တင်၍ ပြောဆိုရေးသားမှုကို ပရဝမ္ဘနဟု ခေါ်၏။ ထိုတွင် အတ္တုက္ကံသန = မိမိကိုယ်ကို ချီးမြှောက်ခြင်းအမှု၌ မိမိဂုဏ်ကို သာယာသော လောဘနှင့် အထင်ကြီးသော မာနများ ဖြစ်တတ်၏။ ပရဝမ္ဘန = သူတစ်ပါးကို ကဲ့ရဲ့ရှုတ်ချခြင်းအမှု၌ကား ယခုတင်ပြနေသော ဣဿာနှင့် မလိုမုန်းထားသော ဒေါသတို့ အတူ ယှဉ်တွဲ၍ ဖြစ်တတ်လေသည်။

ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက် ရှုတ်ချသင့် ရှုတ်ချထိုက်သော တရားကိုလည်းကောင်း, ပုဂ္ဂိုလ်ကိုလည်းကောင်း ကဲ့ရဲ့ခြင်း ရှုတ်ချခြင်းကိုလည်း ဘုရားရှင်သည် ခွင့်ပြုတော်မူပြီးပင် ဖြစ်၏။ သို့သော် ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်သော ရှုတ်ချသင့် ရှုတ်ချထိုက်သော တရား မဟုတ်ပါဘဲလျက် မကဲ့ရဲ့သင့် မကဲ့ရဲ့ထိုက်သော မရှုတ်ချသင့် မရှုတ်ချ ထိုက်သော တရားကို ကဲ့ရဲ့မိပါက ရှုတ်ချမိပါက, မကဲ့ရဲ့သင့် မကဲ့ရဲ့ထိုက် မရှုတ်ချသင့် မရှုတ်ချထိုက်သော သူတော်ကောင်းကို ကဲ့ရဲ့မိပါက ရှုတ်ချမိပါက လွန်စွာ အပြစ်ကြီးတတ်သည်ကိုကား အထူးသတိပြုသင့်လှပေသည်။

လူမိုက်တစ်ဦး၏ ကဲ့ရဲ့မှု ချီးမွမ်းမှုတို့ကား မှားသော်လည်း ရှိရာ၏ မှန်သော်လည်း ရှိရာ၏၊ ဘုရားအစရှိသော ပညာရှိသူတော်ကောင်းတို့၏ ကဲ့ရဲ့မှု ချီးမွမ်းမှုတို့ကသာ လိုရင်းဖြစ်ပေသည်။ သူတော်ကောင်းတို့၏ ကဲ့ရဲ့သော မကောင်းမှုမှန်သမျှကို ရှောင်၍ သူတော်ကောင်းတို့၏ ချီးမွမ်းသော ကောင်းမှုကုသိုလ်တို့ကိုသာ လိုက်နာပြုကျင့် ခြင်းသည် အသင်သူတော်ကောင်းအတွက် အကျိုးအကြီးဆုံးသော လုပ်ငန်းရပ်ကြီးတစ်ခုပင် ဖြစ်လေရာသည်။

__________

၁၀။ မစ္ဆရိယ

၁၀။ မစ္ဆရိယ

မစ္ဆရဘာဝေါ မစ္ဆရိယံ။

၁။ မစ္ဆရိယံ လဒ္ဓါနံ ဝါ လဘိတဗ္ဗာနံ ဝါ အတ္တနော သမ္ပတ္တီနံ နိဂူဟနလက္ခဏံ၊

၂။ တာသံယေဝ ပရေဟိ သာဓာရဏဘာဝအက္ခမနရသံ၊

၃။ သင်္ကောစနပစ္စုပဋ္ဌာနံ၊ ကဋုကဉ္စုကတာပစ္စုပဋ္ဌာနံ ဝါ၊

၄။ အတ္တသမ္ပတ္တိပဒဋ္ဌာနံ။ စေတသော ဝိရူပဘာဝေါတိ ဒဋ္ဌဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၉။ ဝိသုဒ္ဓိ၊၂၊၁၀၀။)

ဝန်တိုတတ်သူ၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတရားသည် မစ္ဆရိယ မည်၏။

၁။ ရပြီး ရဆဲ ရလတ္တံ့ ဖြစ်ကုန်သော မိမိ၏ စည်းစိမ်တို့ကို လျှို့ဝှက်ခြင်းသဘော လက္ခဏ၊

၂။ ထိုစည်းစိမ်တို့ကိုပင် သူတစ်ပါးတို့နှင့် ဆက်ဆံမှုကို သည်းမခံနိုင်ခြင်း

= သည်းခံခြင်း၏ ဆန့်ကျင်ဘက်ဖြစ်ခြင်း (ကိစ္စ) ရသ၊

၃။ (မိမိစည်းစိမ်တို့ကို သူတစ်ပါးတို့နှင့် ဆက်ဆံခြင်းကို မနှစ်သက်သော အခြင်းအရာအားဖြင့်)

(က) တွန့်တိုခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

( ခ ) ခါးစပ်သော ခံပြင်းသော သဘောတရား ပစ္စုပဋ္ဌာန်၊

( ဂ ) တစ်နည်း --- မသာယာ မနှစ်သက်သော အခြင်းအရာ, ဆင်းရဲသော

အခြင်းအရာအားဖြင့် ဖြစ်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်။

၄။ မိမိ၏ စည်းစိမ်ဥစ္စာ ပဒဋ္ဌာန်။

မစ္ဆရိယ (၅) မျိုး

မစ္ဆရိယ (၅) မျိုး (အဘိ၊ဋ္ဌ၊၁၊၄၀၅-၄၀၇။)

၁။ အာဝါသမစ္ဆရိယ --- ကျောင်းကန်တိုက်တာ နေရာထိုင်ခင်းတို့၌ ဝန်တိုမှုသည် အာဝါသမစ္ဆရိယတည်း။ အာဝါသမည်သည်ကား --- ကျောင်းတိုက်ကြီးတစ်ခုလုံးသည်လည်းကောင်း, ကျောင်းတိုက်ကြီးတစ်ခု အတွင်းဝယ် အသီးအသီးသော အကာအရံရှိသော ကျောင်းတစ်ဆောင်ဟူသော ပရိဝုဏ်သည်လည်းကောင်း, ကျောင်းတစ်ကျောင်း = ကျောင်းတစ်ဆောင် အတွင်းဝယ် အခန်းတစ်ခုသည်လည်းကောင်း, ညအခါ ကမ္မဋ္ဌာန်းတရားကို အားထုတ်သည့် ညဉ့်သန့်စင်ရာ နေရာအရပ်, နေ့အခါကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်သည့် နေ့သန့်စင်ရာ နေရာအရပ် စသည်တို့သည်လည်းကောင်း အာဝါသ မည်ပေသည်။ (သံဃိကကျောင်း အိပ်ရာနေရာတို့ပင်တည်း၊၊) ထိုအာဝါသတို့၌ နေထိုင်သောပုဂ္ဂိုလ်တို့သည် ချမ်းသာစွာ နေထိုင်ကြရကုန်၏၊ ပစ္စည်းလေးပါးတို့ကို ရရှိကြကုန်၏။ ရဟန်းတစ်ပါးကား ဝတ်အကျင့်ပဋိပတ်နှင့် ပြည့်စုံ၍ သီလကို ချစ်မြတ်နိုးသော ရဟန်းတစ်ပါးပါး၏ ထိုကျောင်းသို့ လာခြင်းကို အလိုမရှိပေ၊ လာပြန်ပါကလည်း ဒီကိုယ်တော် ခပ်မြန်မြန် ပြန်ပါစေဟူသော စိတ်ထားမျိုး ရှိနေ၏။ ဤမစ္ဆရိယကား ကျောင်းနေရာ၌ ဝန်တိုခြင်း အာဝါသမစ္ဆရိယ မည်၏။ သို့သော် ခိုက်ရန်ငြင်းခုံမှု ပြုတတ်သည့် ပုဂ္ဂိုလ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးတို့၏ ထိုကျောင်းတိုက်၌ နေထိုင်ခြင်းကို အလိုမရှိသော ပုဂ္ဂိုလ်၏ မနေစေလိုသည့် စိတ်ထားမျိုးကား အာဝါသမစ္ဆရိယ မဟုတ်ပေ။

၂။ ကုလမစ္ဆရိယ --- ဆွေမျိုးဉာတိတို့၌ ဖြစ်စေ, တပည့် ဒါယကာ ဒါယိကာမတို့၌ ဖြစ်စေ ဝန်တိုမှုသည် ကုလမစ္ဆရိယ မည်၏။ မိမိအား ပစ္စည်းလေးပါးဖြင့် ပြုစုလုပ်ကျွေးနေသည့် ဒါယကာ ဒါယိကာမ အမျိုးအနွယ် သည်လည်း ကုလ မည်၏။ မိမိ၏ ဆွေမျိုးသားချင်းများသည်လည်း ကုလ မည်၏။ ထိုကုလ နှစ်မျိုးတို့၌ အခြား ပုဂ္ဂိုလ်တစ်ဦးဦး၏ ချဉ်းကပ်ခြင်းကို အလိုမရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်သော ဝန်တိုမှုမျိုးကား ကုလမစ္ဆရိယ တည်း။ သို့သော် ယုတ်မာသောစိတ်ထား ယုတ်မာသောကိုယ်ကျင့်တရား ရှိသူ ပုဂ္ဂိုလ်တစ်ဦးဦး၏ ထိုဆွေမျိုးတို့နှင့် ဒါယကာ ဒါယိကာမတို့သို့ ချဉ်းကပ်မှုကို အလိုမရှိခြင်းကား ကုလမစ္ဆရိယ မဟုတ်ပေ။ မှန်ပေသည် ထိုယုတ်မာ သော စိတ်ဓာတ်ရှိသူ ယုတ်မာသော ကိုယ်ကျင့်တရားရှိသူကား ထိုအမျိုး ဒါယကာ ဒါယိကာမတို့၏ ရတနာ သုံးပါးတို့ အပေါ်၌ ကြည်ညိုနေသော သဒ္ဓါစစ် သဒ္ဓါမှန်ကို ပျက်စီးသွားအောင် ကျင့်တတ်၏။ ထိုကြောင့် ထို ပုဂ္ဂိုလ်မျိုး၏ မိမိအလုပ်အကျွေး ဒါယကာ ဒါယိကာမတို့နှင့် ဆွေမျိုးတို့၌ မချဉ်းကပ်စေလိုခြင်းသည် မစ္ဆရိယ မဖြစ်ပါ။ အကယ်၍ ထိုဒါယကာ ဒါယိကာမတို့၏ ဆွေမျိုးတို့၏ ရတနာသုံးပါးအား ကြည်ညိုသည့် သဒ္ဓါစစ် သဒ္ဓါမှန်ကို စောင့်ရှောက်ခြင်းငှာ စွမ်းနိုင်သည်သာလျှင် ဖြစ်သော ရဟန်းတစ်ပါးပါး၏ ထိုအမျိုး ဒါယကာ ဒါယိကာမတို့သို့ ချဉ်းကပ်ခြင်းကို အလိုမရှိသူသာလျှင် ဝန်တိုခြင်း မစ္ဆရိယရှိသူ မည်ပေသည်။

၃။ လာဘမစ္ဆရိယ --- ပစ္စည်းလာဘ်လာဘရခြင်းတို့၌ ဝန်တိုမှုသည် လာဘမစ္ဆရိယ မည်၏။ ဤ၌ လာဘ ဟူသည် ပစ္စည်းလေးပါးကို ရခြင်းပင်တည်း။ ထိုလာဘ်လာဘရခြင်းကို မိမိမှတစ်ပါးသော သီလမရှိသောပုဂ္ဂိုလ်ကို မဆိုထားဘိ, သီလရှိသောပုဂ္ဂိုလ်သည်ပင် လာဘ်လာဘကို ရလတ်သော် မရပါစေသတည်းဟု ကြံစည်သော ပုဂ္ဂိုလ်၏ စိတ်ထားမျိုးသည် လာဘမစ္ဆရိယတည်း။ သို့သော် ပုဂ္ဂိုလ်တစ်ဦးကား ဒါယကာ ဒါယိကာမတို့က သဒ္ဓါ ပြဓာန်း၍ လှူဒါန်းအပ်သည့် သဒ္ဓါဒေယျ လှူဖွယ်ဝတ္ထု ပစ္စည်းစုကို ဖောက်ဖောက်ပြန်ပြန် ကျစေ၏၊ ဖရိုဖရဲ ဖြစ်စေ၏၊ အလွဲသုံးစားပြု၏။ မသုံးစွဲရက်ဘဲ ပုပ်သည့်တိုင်အောင် ခြတက်သည့်တိုင်အောင် ဆွေးမြည့်သည့်တိုင် အောင် ထားခြင်း, လူတို့ကို ပေးကမ်းခြင်း, ဝိနည်းတော်နှင့် မလျော်ညီရာဝယ် သုံးစွဲခြင်း, မရိုမသေ မလေးမစား ပစ်စလက်ခတ် မကောင်းသဖြင့်သုံးစွဲခြင်း စသည်တို့၏ အစွမ်းဖြင့် ပျက်စီးစေ၏၊ ဖျက်ဆီး၏။ ပုပ်ဆွေးသည်၏ အဖြစ်သို့ ရောက်သော ပစ္စည်းကိုသော်လည်း အခြားသော ပုဂ္ဂိုလ်အား မပေး။ (မပုပ်ဆွေးသေးသော ပစ္စည်းကိုကား ဆိုဖွယ်ရာပင်မရှိ ဟူလိုသည်။) ထိုသို့ သူတစ်ပါးတို့အားလည်း မပေးရက် မိမိကိုယ်တိုင်လည်း မသုံးရက်သော ပုဂ္ဂိုလ်မျိုးကို မြင်၍ ဤပစ္စည်းကို ဤပုဂ္ဂိုလ်သည် အကယ်၍ မရပါမူကား, ဤပုဂ္ဂိုလ်မှ တစ်ပါးသော အခြားသော သီလရှိသော သူတော်ကောင်းတစ်ဦးသည် အကယ်၍ ရပါမူကား, အကယ်၍ ရခဲ့သော် ထိုပစ္စည်းသည် အသုံးဝင် အသုံးကျသော သဘောမျိုးသို့ ရောက်လေရာ၏ဟု ကြံစည်သော ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဤ စိတ်ထားမျိုး၌ ဝန်တိုခြင်း မစ္ဆရိယသဘော မရှိပေ။

၄။ ဝဏ္ဏမစ္ဆရိယ --- ကိုယ်အဆင်း ဂုဏ်သတင်းတို့၌ ဝန်တိုမှုသည် ဝဏ္ဏမစ္ဆရိယတည်း။ ကိုယ်အဆင်းသည် လည်းကောင်း, ဂုဏ်ကျေးဇူးသည်လည်းကောင်း ဝဏ္ဏ မည်၏။ သရီရဝဏ္ဏ, ဂုဏဝဏ္ဏဟု ခေါ်ဆို၏။ ထိုနှစ်မျိုး တို့တွင် ကိုယ်အဆင်း၌ ဝန်တိုခြင်း မစ္ဆရိယရှိသော ပုဂ္ဂိုလ်သည် --- ပုဂ္ဂိုလ် တစ်ဦးဦးသည် ဖူးမြင်ရသူတို့အား ကြည်ညိုခြင်းကို ဖြစ်စေတတ်၏၊ ကြည်ညိုဖွယ်ရှိ၏၊ ရုပ်အဆင်းနှင့်လည်း ပြည့်စုံ၏၊ ဥပဓိရုပ် ကောင်းမွန်၏ -ဟု ပြောဆိုသံကို ကြားရသော် ထိုဂုဏ်ကို ထိုဂုဏ်အကြောင်းကို ပြောဆိုခြင်း ပြောကြားခြင်းငှာ အလိုမရှိ ဖြစ်နေ တတ်၏။ တစ်ဖန် သူတစ်ပါး၏ ဂုဏ်ကျေးဇူး၌ ဝန်တိုခြင်း မစ္ဆရိယရှိသူသည် သူတစ်ပါး၏ သီလဂုဏ် ဓုတင်ဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ဟူသော ပဋိပတ်ဂုဏ်နှင့် မျိုးရိုးအကျင့် ဂုဏ်ကျေးဇူးကို ပြောဆိုလိုသည့် ဆန္ဒဓာတ်များ မရှိ ဖြစ်နေတတ်၏။

၅။ ဓမ္မမစ္ဆရိယ --- ပရိယတ္တိဓမ္မ၌ ဝန်တိုမှုသည် ဓမ္မမစ္ဆရိယ မည်၏။ ဤ၌ ပရိယတ္တိဓမ္မသည်လည်းကောင်း, ပဋိဝေဓဓမ္မသည်လည်းကောင်း ဓမ္မ မည်၏။ ထိုတွင် အရိယသာဝကတို့သည် မိမိတို့ကိုယ်တိုင် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အပ်သော မဂ် ဖိုလ် နိဗ္ဗာန်ဟူသော ပဋိဝေဓဓမ္မကို ဝန်မတို ကြကုန်။ မိမိတို့ကိုယ်တိုင် ထွင်းဖောက်သိမြင်အပ်ပြီးသော ထိုပဋိဝေဓဓမ္မ၌ နတ်နှင့်တကွသော တစ်လောကလုံး၌ ရှိသော သတ္တဝါအပေါင်း၏ ထိုးထွင်း၍သိခြင်းကို အလိုရှိကြကုန်သည်သာ ဖြစ်ကြ၏။ သို့သော် ထိုမိမိတို့ ရထား အပ်ပြီးသော ပဋိဝေဓတရားကို (ဤပုဂ္ဂိုလ်သည် သောတာပန်တည်း, သကဒါဂါမ်တည်း, အနာဂါမ်တည်း, ရဟန္တာ တည်းစသည်ဖြင့်) သူတစ်ပါးတို့သည် မသိကြပါစေကုန်သတည်းဟုကား အလိုရှိကြကုန်၏။ မိမိအရိယာ ဖြစ် ကြောင်းကို သူတစ်ပါးတို့သည် မသိကြပါစေသတည်းဟူသော စိတ်ထားမျိုးကား ရှိနေကြ၏။ တန္တိဓမ္မ ခေါ်သော ပရိယတ္တိတရားတော်၌သာလျှင် ဓမ္မမစ္ဆရိယမည်သည် ဖြစ်တတ်ပေသည်။ (နိဒဿနနည်းအရ ပါဠိတော် တန္တိဓမ္မ ကိုသာ ဖွင့်ဆိုခြင်း ဖြစ်သည်၊ တန္တိဓမ္မ၌ ပါဠိတော် အဋ္ဌကထာ ဋီကာနှင့်တကွ ပရိယတ်တရားတော် အားလုံး ပါဝင်သည်ဟု မှတ်ပါ။)

ထိုမစ္ဆရိယနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် လျှို့ဝှက် ခက်ခဲ နက်နဲ၍ အသိခက်သော ပါဠိတော် အဋ္ဌကထာ ကျမ်းဂန်အစဉ်ကို တတ်သိခဲ့သော် ထိုပါဠိ အဋ္ဌကထာကို အခြားပုဂ္ဂိုလ်ကို သိစေခြင်းငှာ အလိုမရှိ ဖြစ်နေတတ်၏၊ မစ္ဆရိယသဘောတည်း။ သို့သော် ပုဂ္ဂိုလ်တစ်ဦးသည် ပုဂ္ဂိုလ်တစ်ဦးကို နှိုင်းချိန်၍ ဓမ္မာနုဂ္ဂဟ = ဓမ္မကို ချီးမြှောက်ခြင်း အားဖြင့်သော်လည်းကောင်း, ဓမ္မကို နှိုင်းချိန်၍ ပုဂ္ဂလာနုဂ္ဂဟ= ပုဂ္ဂိုလ်ကို ချီးမြှောက်ခြင်းအားဖြင့်သော်လည်း ကောင်း ပါဠိတော် အဋ္ဌကထာ ကျမ်းဂန်များကို သင်ပြမပေးအံ့၊ ဤပုဂ္ဂိုလ်မျိုးသည် ဝန်တိုခြင်း မစ္ဆရိယ ရှိသော ဓမ္မမစ္ဆရိယ ပုဂ္ဂိုလ်မျိုးမည်သည် မဖြစ်နိုင်ပေ။ ထို ဓမ္မာနုဂ္ဂဟ ပုဂ္ဂလာနုဂ္ဂဟ နှစ်မျိုးတို့တွင် ဓမ္မာနုဂ္ဂဟအားဖြင့် သင်မပေးခြင်းမှာ ဤသို့တည်း ---

၁။ ဓမ္မာနုဂ္ဂဟ --- အချို့သောပုဂ္ဂိုလ်သည် လျှပ်ပေါ်လော်လည်တတ်၏။ တစ်ရံတစ်ခါ၌ သမဏ = ရဟန်း ဖြစ်နေတတ်၏၊ တစ်ရံတစ်ခါ၌ ဗြာဟ္မဏ = ပုဏ္ဏား ဖြစ်နေတတ်၏၊ တစ်ရံတစ်ခါ၌ နိဂဏ္ဌ ဖြစ်နေတတ်၏။ ဤ သို့လျှင် လျှပ်ပေါ်လော်လည်တတ်၏။ (ယခုအခါ၌ အချို့သောပုဂ္ဂိုလ်တို့သည် ယတြာချေသည့် သဘောအားဖြင့် လည်းကောင်း, အထက်ဆရာကြီး၏ ခိုင်းစေချက်အရအားဖြင့်လည်းကောင်း မမှန်ကန်သော ဦးတည်ချက် အမျိုးမျိုးဖြင့် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်ဟူသော မှန်ကန်သော ဦးတည်ချက် မရှိဘဲ သာသနာဘောင်သို့ ဝင်လိုက်ထွက်လိုက်နှင့် ခဏခဏ ပြုလုပ်သကဲ့သို့တည်း။) ဆရာဖြစ်သော ရဟန်းတော်တစ်ပါးသည် --- ဤ လျှပ်ပေါ်လော်လည်သော ပုဂ္ဂိုလ်သည် ဆရာစဉ်ဆက် မပျက်မကွက် သင်အံကြားနာခြင်း ပို့ချပေးခြင်းဖြင့် စဉ်လာမပျက် ဆင်းသက်လာသော တန္တိဓမ္မဟု ခေါ်ဆိုအပ်သော ပါဠိတော် ဒေသနာကိုလည်းကောင်း သိမ်မွေ့ နူးညံ့သော တရားထူး တရားမြတ်ကိုလည်းကောင်း ဖျက်ဆီး၍ မွှေနှောက်ချောက်ချားလတ္တံ့ --- ဟု သဘော ပိုက်မိ၍ သင်မပေးငြားအံ့၊ ဤသို့သော ဆရာဖြစ်ထိုက်သော ပုဂ္ဂိုလ်သည် --- ပုဂ္ဂိုလ်ကို စူးစမ်းဆင်ခြင်၍ နှိုင်းချိန်၍ ဓမ္မာနုဂ္ဂဟအားဖြင့် ပရိယတ်တရားတော်ကို သင်မပေးသူ မည်ပေသည်။

၂။ ပုဂ္ဂလာနုဂ္ဂဟ --- နောက်တစ်မျိုးကား ဆရာဖြစ်ထိုက်သော သင်ပြပေးရမည့် ပုဂ္ဂိုလ်တစ်ဦးသည် --- ဤ တရားတော်ကား သိမ်မွေ့၏ နူးညံ့၏၊ ဤပုဂ္ဂိုလ်သည် ဤတရားတော်ကို အကယ်၍ သင်ယူငြားအံ့၊ ဤသို့ သင်ယူလတ်သော် အရဟတ္တဖိုလ်ကို ဖြေဆို၍ မိမိကိုယ်ကို အရဟတ္တဖိုလ်ကိုရကြောင်း ရဟန္တာဖြစ်ကြောင်းကို ထင်ရှားအောင် ပြုလုပ်၍ ပြသသဖြင့် ပါရာဇိကကျကာ သာသနာတော်မှ ပျက်စီးရှာတော့လတ္တံ့ --- ဟု သဘော ပိုက်၍ ပရိယတ်တရားတော်ကို သင်မပေးငြားအံ့၊ ဤသို့သော နှလုံးထားဖြင့် သင်ပြမပေးသော ပုဂ္ဂိုလ်မျိုးသည် တရားတော်ကို စူးစမ်းဆင်ခြင်၍ ပုဂ္ဂလာနုဂ္ဂဟ = ပုဂ္ဂိုလ်ကို ချီးမြှောက်ခြင်းအားဖြင့် ပရိယတ်တရားတော်ကို သင်မပေးသူ မည်ပေသည်။

၃။ ဓမ္မမစ္ဆရီပုဂ္ဂိုလ် --- နောက်တစ်မျိုးကား ပုဂ္ဂိုလ်တစ်ဦးသည် ဤပုဂ္ဂိုလ်သည် ဤတရားတော်ကို အကယ်၍ သင်ယူငြားအံ့၊ ဤသို့ သင်ယူခဲ့သော် ငါတို့၏ အယူဝါဒကို ဖျက်ဆီးခြင်းငှာ စွမ်းနိုင်သူ ဖြစ်ပေလိမ့်မည် --- ဟု သဘောပိုက်၍ ပရိယတ်တရားတော်ကို သင်မပေးငြားအံ့၊ ဤသို့သော ပုဂ္ဂိုလ်မျိုးသည်သာ တရား၌ ဝန်တိုခြင်း = ဓမ္မမစ္ဆရီရှိသူ မည်ပေသည်။

မစ္ဆရိယ (၅) မျိုး၏ အကျိုးအပြစ်များ

မစ္ဆရိယ (၅) မျိုး၏ အကျိုးအပြစ်များ

လာဘမစ္ဆရိယကြောင့် သံဃာ၏ ဥစ္စာဖြစ်သော် သံဃိကလာဘ်လာဘ၌သော်လည်းကောင်း, ရဟန်းနှစ်ပါး သုံးပါး စသော ဂိုဏ်းနှင့် သုတ္တန်ကို ဆောင်သောဂိုဏ်း ဝိနည်းကို ဆောင်သောဂိုဏ်း စသော ဂိုဏ်းဥစ္စာဖြစ်သော် ဂဏိကလာဘ်လာဘ၌သော်လည်းကောင်း အခြားသံဃာ အခြားဂိုဏ်းပုဂ္ဂိုလ်တို့ သုံးစွဲသွားမည်ကို ဝန်တို၍ ပုဂ္ဂလိက ကိုယ်ပိုင်ပစ္စည်းကို သုံးဆောင်ခြင်းကဲ့သို့ ကိုယ်တစ်ယောက်တည်း ကိုယ်တစ်ပါးတည်း သုံးဆောင်၍နေသော ပုဂ္ဂိုလ်သည် (သံဃိကကျောင်းကို ငါ့ကျောင်း, ဂဏိကကျောင်းကို ငါ့ကျောင်းလုပ်၍ အခြားပုဂ္ဂိုလ်တို့၏ နေထိုင် ခြင်းကို ကန့်ကွက်သောပုဂ္ဂိုလ် လက်မခံသောပုဂ္ဂိုလ်မျိုးကဲ့သို့သော ဝန်တိုမှုမျိုးကို ဆိုလိုသည်။) သေပြီးနောက် ကာလ၌ ဘီလူးသော်လည်းကောင်း, ပြိတ္တာသော်လည်းကောင်း, စပါးကြီးမြွေကြီးသော်လည်းကောင်း ဖြစ်ရတတ် ပေသည်။

သရီရဝဏ္ဏ, ဂုဏဝဏ္ဏမစ္ဆရိယ --- ကိုယ်အဆင်း ရုပ်ရည်အဆင်း၌ ဝန်တိုခြင်း, သူတစ်ပါးတို့၏ သီလ သမာဓိ ပညာဂုဏ်ကျေးဇူး၌ ဝန်တိုခြင်း, သူတစ်ပါး၏ ပရိယတ်တရား ဂုဏ်ကျေးဇူး၌ ဝန်တိုခြင်းကြောင့် ဝန်တိုမှု မစ္ဆရိယရှိသော ပုဂ္ဂိုလ်သည် --- မိမိ၏သာလျှင် ရုပ်ရည်အဆင်းကို ချီးမွမ်း၏၊ မိမိ၏သာလျှင် သီလဂုဏ် သမာဓိ ဂုဏ် ပညာဂုဏ်ကို ချီးမွမ်း၏။ သူတစ်ပါးတို့၏ ရုပ်အဆင်း, သူတစ်ပါးတို့၏ သီလဂုဏ် ဓုတင်ဂုဏ် သမာဓိဂုဏ် ပညာဂုဏ်၌မူကား --- ဤရုပ်ရည်အဆင်းသည် အဘယ်ရုပ်ရည်အဆင်းတဲ့နည်း၊ ဤဂုဏ်ကျေးဇူးသည် အဘယ် ဂုဏ်ကျေးဇူးတဲ့နည်း = ဒင်းက ဘယ်လောက်ဥပဓိရုပ်ကောင်းလို့တုန်း၊ ဒင်းက ဘယ်လောက်အကျင့်ကောင်းလို့တုန်း၊ ဘယ်လောက်သမာဓိရှိလို့တုန်း၊ ဘယ်လောက်ပညာကြီးလို့တုန်း --- ဟု ထိုထိုအပြစ်ကို ပြောဆိုသည် ဖြစ်ခြင်း ကြောင့် ဖြစ်လေရာဘဝ၌ မကောင်းသော ရုပ်အဆင်း ရှိရတတ်၏၊ အဆင်းမလှ ဖြစ်တတ်၏။ မကောင်းသော ဂုဏ်သတင်းရှိသူ ဖြစ်ရတတ်၏၊ တရား၌ ဝန်တိုမှု မစ္ဆရိယစိတ်ဓာတ်ဖြင့် ပရိယတ်တရားတော်ကို သူတစ်ပါးအား သင်ပြမပေးခြင်းကြောင့် သွားရည်တများများကျသော အရိယိုသော ခံတွင်းရှိသူ ဖြစ်ရတတ်၏။

ထိုမျှသာ မကသေး --- အာဝါသမစ္ဆရိယကြောင့် သံအိမ်၌ ကျက်ရတတ်၏ = သံအိမ်ငရဲ၌ ခံရတတ်၏။ ကုလမစ္ဆရိယကြောင့် လာဘ်လာဘနည်းပါးသူ ဖြစ်ရတတ်၏။ လာဘမစ္ဆရိယကြောင့် မစင်ဘင်ပုပ်ငရဲ၌ ဖြစ်ရ တတ်၏။ ဝဏ္ဏမစ္ဆရိယကြောင့် ဖြစ်လေရာရာ ဘဝထိုထို၌ လှပသော ရုပ်အဆင်းမည်သည် မရှိ ဖြစ်တတ်၏။ ကောင်းမြတ်သော ဂုဏ်သတင်းမည်သည် မရှိ ဖြစ်တတ်၏။ ဓမ္မမစ္ဆရိယကြောင့် ပြာပူငရဲ၌ ဖြစ်ရတတ်၏ဟု မှတ်ပါ။ (ဤမစ္ဆရိယငါးမျိုးအကြောင်းကို အဋ္ဌသာလိနီအဋ္ဌကထာ - အဘိ၊ဋ္ဌ၊၁၊၄၀၅-၄၀၆-၄၀၇ မှ ထုတ်နုတ် ဖော်ပြအပ်ပါသည်။)

ရဟန်းတော်များကို စံနမူနာထား၍ ဖော်ပြအပ်သော ဤမစ္ဆရိယများကို နည်းမှီး၍ လူဝတ်ကြောင်တို့ သန္တာန်ဝယ် ဖြစ်တတ်သည့် မစ္ဆရိယများကိုလည်း သဘောပေါက်ရာသည်။

မိမိတို့၏ အရိပ်အာဝါသ၌ သူတစ်ပါးတို့ လာရောက်ခိုလှုံမည်ကို မလိုလားခြင်းသည် အာဝါသမစ္ဆရိယတည်း။ နီးစပ်ရာ ဆွေမျိုးသားချင်း စသူတို့၏ လာရောက် ခိုကပ်နေမှာစိုးသည့် သဘောထားမျိုးတည်း။

မိမိချစ်ခင်ရာ ဆွေမျိုးသားချင်းတို့နှင့် မိမိမလိုလားအပ်သည့် အခြားသူတို့ လာရောက်ဆက်ဆံမှု ရောနှော မှုကို အလိုမရှိခြင်း သဘောများကား ကုလမစ္ဆရိယတည်း။ ကိုယ်ကျင့်တရား ပျက်ပြားစေမည့် ပုဂ္ဂိုလ်များနှင့် မပေါင်းသင်း မဆက်ဆံစေလိုခြင်းကား မစ္ဆရိယ မဟုတ်ပေ။

မိမိ၏ စီးပွားရေးအကွက်၌ အခြားသူတို့ ဝင်ရောက်လာမှုကို မလိုလားသော စိတ်ထားမျိုးကား လာဘမစ္ဆရိယတည်း။ မိမိမှာရှိသည့် အံ့ဩဖွယ်ပစ္စည်းများ မိမိမှာသာ ရှိစေလို၍ အခြားသူတို့၌ မရှိစေလိုခြင်း, မိမိပိုင် ပစ္စည်းကိုလည်း သူတစ်ပါးတို့နှင့် ဆက်ဆံမှုကို သည်းမခံနိုင်ခြင်း စသော သဘောထားများတည်း။ မိမိလှသလို အခြားသူတို့ လှမှာစိုးခြင်း, မိမိသားသမီး လှသလို အခြားသူတို့ လှမှာစိုးခြင်း, မိမိ ဂုဏ်ရှိသလို အခြားသူတို့ ဂုဏ်ရှိမှာစိုးခြင်း, မိမိသားသမီးများ ဆွေမျိုးသားချင်းများ ဂုဏ်ရှိသလို အခြားသူများ ဂုဏ်ရှိမှာစိုးခြင်း --- ဤသို့စသော စိတ်နေသဘောထားများသည် ဝဏ္ဏမစ္ဆရိယတည်း။

မိမိ ပညာတတ်သလို သူများ ပညာတတ်မှာစိုးခြင်း, မိမိသားသမီး ဆွေမျိုးသားချင်းများ ပညာတတ်သလို သူတစ်ပါးတို့လည်း ပညာတတ်မှာစိုးခြင်း မိမိ၏ အတတ်ပညာကို လျှို့ဝှက်ထားခြင်းတို့ကား ဓမ္မမစ္ဆရိယသဘောနှင့် နှီးနှောမိလျက် ရှိ၏။

(၁) နေရာအာဝါသ, (၂) ဆွေမျိုးဉာတိ, (၃) ပစ္စည်းလာဘ်လာဘ, (၄) ရုပ်အဆင်းနှင့် ဂုဏ်သတင်း, (၅) အတတ်ပညာ အမျိုးမျိုးတို့၌ မိမိရသလို မိမိ၏ နီးစပ်ရာဆွေမျိုးသားချင်း စသူတို့ ရရှိကြသလို တတ်သိကြသလို သူတစ်ပါးတို့လည်း ရမှာစိုးခြင်း တတ်မှာစိုးခြင်း ယင်းတို့ကို လျှို့ဝှက်ခြင်း သဘောကား မစ္ဆရိယသဘောတည်း။ ယင်းငါးမျိုးတို့၌ မိမိထက် သူတစ်ပါးတို့က သာလွန်နေသည်ကို မလိုမုန်းထားခြင်း မကြည့်ရက် မရှုရက်နိုင်ခြင်း သဘောတရားတို့ကား ဣဿာတည်း။ ဣဿာ မစ္ဆရိယ ဖြစ်သည့်အတွက် သူတစ်ပါးတို့မှာ အကျိုးမယုတ်ဘဲ မိမိမှာသာ စိတ်ယုတ်မာရှိကြောင်း ထင်ရှားလျက် နောင်သံသရာဝယ် ခံ,စံရမည့် အပြစ်တွေကသာ များလှပေရကား ဤ ဣဿာ မစ္ဆရိယ တရားဆိုးများကို အမြစ်ပြုတ်အောင် ကြိုးစား၍ ဖြုတ်သင့်ကြပေသည်။

လက္ခဏ --- မယှမေဝ ဟောန္တု၊ မာ အညဿာတိ သဗ္ဗာပိ အတ္တနော သမ္ပတ္တိယော ဗျာပေတုံ န ဣစ္ဆတီတိ ဝိဝိစ္ဆော။ ဝိဝိစ္ဆဿ ဘာဝေါ ဝေဝိစ္ဆံ၊ မုဒုမစ္ဆရိယေဿတံ နာမံ။ ကဒရိယော ဝုစ္စတိ အနာဒရော၊ တဿ ဘာဝေါ ကဒရိယံ၊ ထဒ္ဓမစ္ဆရိယေဿတံ နာမံ။ တေန ဟိ သမန္နာဂတော ပုဂ္ဂလော ပရမ္ပိ ပရေသံ ဒဒမာနံ နိဝါရေတိ။ ဝုတ္တမ္ပိ စေတံ ---

ကဒရိယော ပါပသင်္ကပ္ပေါ၊ မိစ္ဆာဒိဋ္ဌိ အနာဒရော။

ဒဒမာနံ နိဝါရေတိ၊ ယာစမာနာန ဘောဇနန္တိ။ (အဘိ၊ဋ္ဌ၊၁၊၄၀၇။ သံ၊၁၊၉၆။)

နိရုတ္တိနယေန ပန မာ ဣဒံ အစ္ဆရိယံ အညေသံ ဟောတု၊ မယှမေဝ ဟောတူတိ မစ္ဆရိယန္တိ ပေါရာဏာ။ (မဟာဋီ၊၂၊၁၅၂။)

၁။ ရပြီး ရဆဲ ဖြစ်သော မိမိလက်ဝယ် ရှိသော ဥစ္စာစည်းစိမ်,

၂။ မရသေးသော်လည်း ရရန် သေချာလောက်အောင် ရပေါက်ရလမ်း ရှိနေသဖြင့် ရလတ္တံ့ ဖြစ်သော ဥစ္စာ စည်းစိမ်,

၃။ မိမိ၏ ဥစ္စာစည်းစိမ်နှင့် အလားတူသော ဥစ္စာစည်းစိမ် ---

ဤ သုံးမျိုးသော ဥစ္စာစည်းစိမ်သည် ငါ့အားသာ ဖြစ်ပါစေ၊ သူတစ်ပါးအား မဖြစ်ပါစေသတည်း --- ဟု မိမိဥစ္စာကို သူတစ်ပါးအား မပေးလိုသော သူတစ်ပါး၌ မပျံ့နှံ့စေလိုသော သဘောတရားသည် မစ္ဆရိယ၏ သဘော လက္ခဏာပင် ဖြစ်သည်။

မစ္ဆရိယ - အနု အကြမ်း --- မိမိဥစ္စာကို သူတစ်ပါး၌ မပျံ့နှံ့စေလို = မပေးလိုသော မစ္ဆရိယသည် အလွန် ဆိုးဝါးသော မစ္ဆရိယ မဟုတ်သောကြောင့် မုဒုမစ္ဆရိယ = နူးညံ့သော မစ္ဆရိယ မည်၏။ အလှူခံပုဂ္ဂိုလ် များထိုထိုအား သူတစ်ပါးက အလှူပေးနေသည်ကိုပင် မပေးရန် တားမြစ်လောက်အောင် ပိတ်ပင်မိအောင် ဝန်တိုသော မစ္ဆရိယ ကား အလွန်ကြမ်းတမ်းသော မစ္ဆရိယ ဖြစ်ခြင်းကြောင့် ထဒ္ဓမစ္ဆရိယ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၄၀၇။)

မုဒုမစ္ဆရိယကား မိမိစည်းစိမ်ကို လျှို့ဝှက်ခြင်း သဘောလက္ခဏာ ရှိ၍ ထဒ္ဓမစ္ဆရိယကား သူတစ်ပါး၏ စည်းစိမ်ကို ပိုင်ဆိုင်သူ သူတစ်ပါးတို့အား လျှို့ဝှက်စေခြင်း သဘောလက္ခဏာ ရှိပေသည်။

ဣဿာ၏ သဘောသည် သူတစ်ပါး ရအပ်ပြီးသော ဥစ္စာစည်းစိမ် ဂုဏ်သိရ်ကို ကဲ့ရဲ့ ရှုတ်ချလို၏။ မစ္ဆရိယ၏ သဘောကား ---

၁။ ကိုယ့်ဥစ္စာကိုလည်း သူတစ်ပါးတို့အား မပေးလို မပျံ့နှံ့စေလို,

၂။ ကိုယ့်ဥစ္စာဂုဏ်သိရ်နှင့် တူသော ဥစ္စာစည်းစိမ် ဂုဏ်သိရ်ကို သူတစ်ပါးတို့ ရရှိသွားမည်ကိုလည်း စိုးရိမ်၏။

၃။ သူတစ်ပါးတို့ လှူဒါန်း ပေးကမ်းသည်ကိုလည်း ကန့်ကွက်လို တားမြစ်လို ပိတ်ပင်လို၏။

ပိုက်ဆံတစ်ပြားမျှ အကုန်အကျမခံရဘဲ အပါယ်ဘူမိ ဒုဂ္ဂတိသို့ ရောက်ကြောင်း အကုသိုလ် မျိုးစေ့ကောင်း များကို ထိုင်နေရင်း စုဆောင်းနေခြင်း ဖြစ်၏၊ ရှာဖွေနေခြင်း ဖြစ်၏။ သတိရှိစေ။

ရသ --- အထက်တွင် ဖော်ပြထားအပ်သော မိမိရပြီး ရဆဲ ရလတ္တံ့ ဥစ္စာစည်းစိမ်တို့ကို မဖုံးသာ မဝှက်သာ၍ သူတကာနှင့် ဆက်ဆံနေရပြန်ကလည်း သူတစ်ပါးတို့နှင့် ဆက်ဆံခြင်းကို သည်းမခံနိုင်ခြင်း သည်းခံမှု၏ ဆန့်ကျင် ဘက် လုပ်ငန်းရပ်တို့ကို ပြုလုပ်ခြင်း ပြောဆိုခြင်းသည် မစ္ဆရိယ၏ လုပ်ငန်းကိစ္စပင်တည်း။ တစ်ဖန် ထိုသူတစ်ပါး တို့က ထိုသူတစ်ပါးပိုင် ဥစ္စာကိုပင် အလှူခံပုဂ္ဂိုလ် များထိုထိုအား ပေးကမ်းစွန့်ကြဲမှု၌ ကြည့်မရဖြစ်နေခြင်း မျက်မွေး စူးနေခြင်း ပိတ်ပင်တားမြစ်ခြင်း မကျေနပ်ခြင်းသည်လည်း မစ္ဆရိယ၏ လုပ်ငန်းကိစ္စပင် ဖြစ်သည်။

သင်္ကောစန ပစ္စုပဋ္ဌာန် --- မိမိစည်းစိမ်ဥစ္စာကို စွန့်ကြဲပေးကမ်း လှူဒါန်းမှု မိမိစည်းစိမ်ကို သူတကာနှင့် ဆက်ဆံစေမှု၌ တွန့်တိုဆုတ်နစ်သော သဘောတရားဟုလည်းကောင်း, သူတစ်ပါးတို့က သူတစ်ပါးပိုင် ပစ္စည်းကို အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူမှု၌ မိမိက အချောင်ကြားဝင်၍ တွန့်တိုနေသော သဘောတရားဟုလည်းကောင်း ယင်းမစ္ဆရိယတရားကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှု ထင်လာ၏။ ဥစ္စာစည်းစိမ်တို့ အပေါ်၌ တွယ်တာငြိကပ် တပ်မက်မှုမျိုးကား လောဘ၏ သဘောတည်း။ ထိုဥစ္စာ စည်းစိမ်တို့ကို သူတစ်ပါးတို့နှင့် ဆက်ဆံမှုကို မကြိုက်နှစ်သက်ခြင်းသဘောကား မစ္ဆရိယ၏ သဘောတည်း။

ကဋုကဉ္စုကတာ ပစ္စုပဋ္ဌာန် --- ယာစကေ ဒိသွာ ကဋုကဘာဝေန စိတ္တံ အဉ္စတိ သင်္ကောစေတီတိ ကဋုကဉ္စုကော၊ တဿ ဘာဝေါ ကဋုကဉ္စုကတာ။ (အဘိ၊ဋ္ဌ၊၁၊၄၀၇။)

ခါးစပ်သော အရသာ ရှိသော အစာကို စားမိရာအခါ၌ အစာအာဟာရ၏ ခါးစပ်သည့် အရသာကြောင့် နောက်တွန့်သွားသကဲ့သို့ ထို့အတူ အလှူခံပုဂ္ဂိုလ် များထိုထိုကို တွေ့မြင်ရသောအခါ ခါးစပ်သကဲ့သို့ ဖြစ်ကာ စိတ်ကို တွန့်ဆုတ်သွားစေတတ်၏၊ ထိုသို့ တွန့်ဆုတ်သောစိတ်ဓာတ် ဖြစ်ပေါ်လာရန် အကြောင်းရင်းတရားမှာ ဤမစ္ဆရိယတရားပင်တည်း။ သို့အတွက် ဤမစ္ဆရိယတရားကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ခါးစပ်သော အရသာကဲ့သို့ ခါးစပ်သော ခံပြင်းသော အခြင်းအရာအားဖြင့် ဖြစ်သော သဘောတရားဟု ရှေးရှုထင်လာ၏။ (ငါက ပစ္စည်းနှမြောလို့ ပြောနေတာ မဟုတ်၊ ဒင်းတို့ လုပ်ပုံကို ခံပြင်းလွန်းလို့ မခံချင်လွန်းလို့ပါ --- ဟု အချို့ ပြောတတ်ကြ၏။ ဤမစ္ဆရိယ၏ ပစ္စုပဋ္ဌာန် သဘောပင်တည်း။)

အဋ္ဌကထာတွင် နောက်ထပ် တစ်နည်း ထပ်ဖွင့်ထားသေး၏။

အပရော နယော၊ ကဋုကဉ္စုကတာ ဝုစ္စတိ ကဋစ္ဆုဂ္ဂါဟော၊ သမတိတ္တိကပုဏ္ဏာယ ဟိ ဥက္ခလိယာ ဘတ္တံ ဂဏှန္တော သဗ္ဗတောဘာဂေန သင်္ကုဋိတေန အဂ္ဂကဋစ္ဆုနာ ဂဏှာတိ ပူရေတွာ ဂဟေတုံ န သက္ကောတိ၊ ဧဝံ မစ္ဆရိပုဂ္ဂလဿ စိတ္တံ သင်္ကုစတိ၊ တသ္မိံ သင်္ကုစိတေ ကာယောပိ တထေဝ သင်္ကုစတိ ပတိကုဋတိ ပတိနိဝတ္တတိ န သမ္ပသာရိယတီတိ မစ္ဆေရံ ကဋုကဉ္စုကတာတိ ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၁၊၄၀၇။)

ထမင်းခူးမည့် ဇွန်းခွက်တစ်ခုလုံးသည် ပတ်ပတ်လည် ကုတ်နေ တွန့်နေသောကြောင့် ထိုဇွန်း၏ အဖျားဖြင့် နှုတ်ခမ်းအရစ်နှင့် အညီအမျှ ပြည့်နေသော ထမင်းအိုး၌ ထမင်းကို ခူးယူလတ်သော် ဇွန်းပြည့်အောင် မခူးယူနိုင် သကဲ့သို့ --- အလားတူပင် ဝန်တိုခြင်း မစ္ဆရိယရှိသော ပုဂ္ဂိုလ်၏ စိတ်ဓာတ်သည် စည်းစိမ်ဥစ္စာနှင့် ပတ်သက်လာလျှင် ပေးကမ်းစွန့်ကြဲမှု စသည့် လုပ်ငန်းရပ် အဘက်ဘက်၌ တွန့်နေတတ်၏၊ သံဃိကကျောင်း အာဝါသ စသည်တို့၌ လည်း ငါ့ဟာဟု သိမ်းပိုက်ထားသောကြောင့် ပြန့်ပြန့်ပြူးပြူး မရှိဘဲ တွန့်သလို ဖြစ်နေတတ်၏၊ ထိုစိတ်ဓာတ်သည် အဘက်ဘက်မှ တွန့်နေလတ်သော် ထိုစိတ်ဓာတ်နှင့် အလားတူပင် ရူပကာယတစ်ကိုယ်လုံးသည်လည်း တွန့်နေ တတ်၏၊ နောက်ဆုတ်နေတတ်၏၊ ဆုတ်နစ်နေတတ်၏၊ ကောင်းစွာ ပြန့်ပြန့်ပြူးပြူး မရှိပေ။ ထိုသို့ ဖြစ်ရခြင်းသည် မစ္ဆရိယကြောင့် ဖြစ်ရကား မစ္ဆရိယကို ကဋုကဉ္စုကတာဟု ဆိုသည်။ တွန့်နေသော ဇွန်းအဖျားဖြင့် ထမင်းကို ခူးယူခြင်းကဲ့သို့ ပေးကမ်းလှူဒါန်းခြင်းနှင့် အာဝါသ စသည်၌ မပြန့်ပြူးသော စိတ်ဓာတ် မပြန့်ပြူးသော ရူပကာယ တို့၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတရား = တွန့်တိုသော သဘောတရားဟု ယင်းမစ္ဆရိယကို ဝိပဿနာဉာဏ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှု ထင်လာပေသည်။

ကဋုကသဒ္ဒေါ ဟေတ္ထ အသာတတ္ထော၊ ဒုက္ခတ္ထော ဝါ၊ အဉ္စုကသဒ္ဒေါ ဂတျတ္ထော။ (မဓုသာရ။)

တစ်နည်းအားဖြင့် အထက်ပါ မဓုအဖွင့်အရ --- ပေးကမ်းလှူဒါန်းခြင်း စသည် အာဝါသ စသည်၌ မစ္ဆရိယ သည် ထိုမစ္ဆရိယ ကိန်းဝပ်နေသူ ပုဂ္ဂိုလ်၏ စိတ်ဓာတ်ကို မသာယာ မနှစ်သက်သော အခြင်းအရာ ဆင်းရဲသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏၊ ဖလပစ္စုပဋ္ဌာန်တည်း။ မစ္ဆရိယရှိသူကား လှူရေး တန်းရေး ကိစ္စရပ်တို့၌လည်း နှစ်သက်မှု မရှိဘဲ စိတ်ဆင်းရဲနေတတ်၏။ သံဃိကကျောင်းကိုလည်း ငါ့ကျောင်း လုပ်နေတတ်သဖြင့် ဂဏိကကျောင်းကိုလည်း ငါ့ကျောင်းလုပ်နေတတ်သဖြင့်, ပုဂ္ဂလိကကျောင်းကိုလည်း ငါ့ကျောင်း လုပ်နေတတ်သဖြင့် သူတစ်ပါးတို့နေထိုင်ရန် ရောက်ရှိလာသည့်အခါ မနှစ်သက်ဘဲ စိတ်ဆင်းရဲနေတတ်၏။ (အခြား ကုလမစ္ဆရိယ စသည်တို့၌လည်း နည်းတူ သဘောပေါက်ပါလေ။) ထိုအကျိုးတရားများသည် မစ္ဆရိယကြောင့် ဖြစ်ပေါ်လာရသဖြင့် မစ္ဆရိယသည် အာဝါသ စသည်၌ သူတစ်ပါးတို့က ဆက်ဆံလာသည့်အခါ မနှစ်သက်ခြင်း စိတ်ဆင်းရဲခြင်း အကျိုးကို ဖြစ်စေတတ်၏ဟု ဆိုလိုသည်။ (ဝိသုဒ္ဓိမဂ်နိဿယ၊၃၊၂၉၈ - ကြည့်။)

အဂ္ဂဟိတတ္တံ စိတ္တဿာတိ ပရေသံ ဥပကာရကရဏေ ဒါနာဒိနာ အာကာရေန ယထာ န သမ္ပသာရိယတိ၊ ဧဝံ အာဝရိတွာ ဂဟိတဘာဝေါ စိတ္တဿ။ ယသ္မာ ပန မစ္ဆရိပုဂ္ဂလော အတ္တနော သန္တကံ ပရေသံ အဒါတုကာမော ဟောတိ၊ ပရသန္တကံ ဂဏှိတုကာမော။ တသ္မာ ဣဒံ အစ္ဆရိယံ မယှမေဝ ဟောတု မာ အညဿာတိ ပဝတ္တိဝသေနဿ အတ္တသမ္ပတ္တိနိဂူဟနလက္ခဏတာ, အတ္တသမ္ပတ္တိဂ္ဂဟဏလက္ခဏတာ ဝါ ဝေဒိတဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၄၀၇-၄၀၈။)

မစ္ဆရိယသည် ပေးကမ်းစွန့်ကြဲခြင်း ထောက်ပံ့ခြင်းဟူသော ဒါန စသော အခြင်းအရာအားဖြင့် သူတစ်ပါး တို့အား ကိုယ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်းတည်းဟူသော အကျိုးကျေးဇူးများကို ရရှိအောင် ပြုလုပ်ပေး ရာ၌ ဒါန စသည်ကို မပြုဖြစ်အောင် အာဝါသ စသည်ကို မပေးဖြစ်အောင် ထိုဒါန စသည့် လုပ်ငန်းရပ် အာဝါသ စသည်တို့ကို သူတစ်ပါးတို့အား နေထိုင်ခွင့် ဆက်ဆံခွင့်ပေးသည့် လုပ်ငန်းရပ် စသည်တို့၌ စိတ်ဓာတ် ပြန့်ပြန့်ပြူးပြူး မဖြစ်အောင် စိတ်ဓာတ်ကို ပိတ်ချုပ်၍ တားမြစ်ပိတ်ပင်၍ ယူထားနိုင်သော သဘောတရားတည်း။

တစ်ဖန် မစ္ဆရိယရှိသော ပုဂ္ဂိုလ်သည် မိမိ၏ ဥစ္စာကို သူတစ်ပါးတို့အား မပေးလိုသော သဘောရှိတတ်၏၊ သူတစ်ပါး၏ ဥစ္စာကို ယူလိုသော သဘောရှိတတ်၏။ (ဤစကားသည် မစ္ဆရိယက သူတစ်ပါး၏ ဥစ္စာကို လိုချင်ခြင်း သဘောရှိသည်ဟု ပြလိုသော စကားကား မဟုတ်ပေ၊ မစ္ဆရိယ ဖြစ်ရာ၌ သူတစ်ပါး၏ စည်းစိမ်ကို လိုချင်သော လောဘက ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုတတ်ကြောင်းကို ပြလို၍ ဆိုအပ်သော စကား ဖြစ်သည်ဟု မှတ်ပါ။ မူလဋီ၊၁၊၁၇၂။) ထိုကြောင့် သူတစ်ပါးတို့နှင့် ဆက်ဆံသည် ဖြစ်စေ မဆက်ဆံသည် ဖြစ်စေ (သံဃိက ဂဏိကဟူသော အများဆိုင် ဖြစ်ချင်လည်း ဖြစ်ပါစေ၊ ပုဂ္ဂလိကပိုင် ဖြစ်ချင်လည်း ဖြစ်ပါစေ၊) အာဝါသ စသည်ကို သူတစ်ပါးတို့အား မဖြစ်ပါစေသတည်းဟု စိတ်ဓာတ်ဖြစ်သည်၏ အစွမ်းဖြင့် သူတစ်ပါး၏ ဥစ္စာ မဖြစ်စေလိုခြင်း သဘောတရားသည် မစ္ဆရိယ၏ အတ္တသမ္ပတ္တိနိဂူဟနလက္ခဏာ = မိမိပစ္စည်း + မိမိရယူရန်ရှိသော ရယူထိုက်သော ပစ္စည်းကို လျှို့ဝှက် ဝန်တိုခြင်းသဘော လက္ခဏာတည်း။

သူတစ်ပါးတို့နှင့် ဆက်ဆံသည် ဖြစ်စေ, မဆက်ဆံသည် ဖြစ်စေ = သံဃိက ဂဏိကဟူသော အများပိုင် ဖြစ်ချင်လည်း ဖြစ်ပါစေ, ပုဂ္ဂလိကပိုင် ဖြစ်ချင်လည်း ဖြစ်ပါစေ အာဝါသ စသည်ကို မိမိဥစ္စာချည်းသာ ဖြစ်စေလိုခြင်း သိမ်းပိုက်လိုခြင်း သဘောတရားသည် မစ္ဆရိယ၏ အတ္တသမ္ပတ္တိဂ္ဂဟဏလက္ခဏာ = မိမိစည်းစိမ်ကို ယူငင် သိမ်း ပိုက်ခြင်း = မိမိစည်းစိမ်အဖြစ် ယူငင်သိမ်းပိုက်ခြင်း သဘောလက္ခဏာတည်း။ (အဘိ၊ဋ္ဌ၊၁၊၄၀၇-၄၀၈။ မူလဋီ၊၁၊၁၇၂။)

ပဒဋ္ဌာန် --- ရပြီး ရဆဲ ရလတ္တံ့ = ရနိုင်သော အခွင့်အလမ်းရှိသော မိမိ၏ စည်းစိမ်ဥစ္စာသည် မစ္ဆရိယဖြစ်ရန် အနီးကပ်ဆုံး အကြောင်းပဒဋ္ဌာန် ဖြစ်ပေသည်။ ဤမစ္ဆရိယကို စိတ်၏ မလှပသော ဖောက်ပြန်သော အဖြစ်၏ ဖြစ်ကြောင်း ဖြစ်ရာ သဘောတရားဟု မှတ်ပါ။

ဤအထက်ပါ ဣဿာနှင့် မစ္ဆရိယတရားတို့သည် စိတ္တက္ခဏတစ်ခုအတွင်း ဝီထိစဉ်တစ်ခုအတွင်း၌ အတူ ယှဉ်တွဲ၍ မဖြစ်နိုင်ကြသော်လည်း စိတ္တက္ခဏချင်း ဝီထိချင်း ခြား၍ကား ဖြစ်နိုင်ကြ၏။ ယင်းဣဿာ မစ္ဆရိယ တရားတို့၏ အကျိုးပေးညစ်ညမ်းပုံနှင့် ပတ်သက်၍ သံဝေဂယူဖွယ်ကောင်းလှသည့် အရှင်ဇမ္ဗုကမထေရ် အလောင်းလျာ၏ အကြောင်းအရာကို ဆက်လက်၍ တင်ပြအပ်ပါသည်။

ဇမ္ဗုကမထေရ်အလောင်း -

ကဿပဘုရားရှင်၏ လက်ထက်တော်ကာလ၌ တောရွာတစ်ရွာ၌ နေထိုင်သော သူကြွယ်တစ်ဦးသည် ဇမ္ဗုကမထေရ်အလောင်း ဖြစ်သည့် မထေရ်တစ်ပါးအား ကျောင်းဆောက်လုပ်၍ လှူဒါန်းပြီးလျှင် ထိုကျောင်း၌ သီတင်းသုံးနေထိုင်လျက်ရှိသော ထိုမထေရ်အား ပစ္စည်းလေးပါးတို့ဖြင့် ပြုစုလုပ်ကျွေး၏။ မထေရ်သည် ထိုသူကြွယ် ၏ အိမ်၌ နေ့စဉ် အမြဲမပြတ် ဆွမ်းဘုဉ်းပေးတော်မူ၏။ တစ်နေ့တွင် ရဟန္တာ အရှင်မြတ်တစ်ပါးသည် နေမြင့်မှ ဆွမ်းခံလှည့်လည် လာလတ်သော် ထိုကျောင်းဒါယကာ သူကြွယ်၏ အိမ်တံခါးဝသို့ ဆိုက်ရောက်တော်မူလာ၏။ သူကြွယ်သည် ထိုရဟန္တာအရှင်မြတ်ကို ဖူးမြင်ရသော် ထိုရဟန်းတော်၏ ဣရိယာပုထ်၌ အလွန် ကြည်ညိုသွား၏။

၁။ အိမ်ပေါ်သို့ ပင့်၍ ရိုသေလေးမြတ်စွာ မွန်မြတ်သော ဘောဇဉ်ဖြင့် ပြုစုလုပ်ကျွေး၏။

၂။ သင်္ကန်းချုပ်ရန် မွန်မြတ်သော ပိတ်စကို လှူ၏။

၃။ ဆံပင်များ ရှည်နေသဖြင့် ဆံချရန် ဆတ္တာသည်ကို ခေါ်ဆောင်ကာ ကျောင်းသို့ လိုက်လာမည့်အကြောင်းကို လည်းကောင်း,

၄။ ကျိန်းစက်တော်မူရန် ခုတင်ညောင်စောင်းကို ယူဆောင်လျက် လိုက်လာမည့်အကြောင်းကိုလည်းကောင်း လျှောက်ထားလိုက်၏။

သူကြွယ်၏ အိမ်၌ နေ့စဉ် အမြဲမပြတ် ဆွမ်းဘုဉ်းပေးနေသော ဆရာမထေရ်ကား ထိုရဟန်းအပေါ်၌ ထို သူကြွယ်၏ အရိုအသေပြုမှုကို မြင်ရ၍ စိတ်ကို ကြည်လင်စေခြင်းငှာ မစွမ်းနိုင် ဖြစ်နေ၏။ ဤသူကြွယ်သည် တစ်ခဏမျှ ဖူးတွေ့ရသော ထိုရဟန်းတော်ကို ဤသို့ သဘောရှိသော ရိုသေသမှုကို ပြုဘိ၏၊ အိမ်၌ အမြဲတမ်း ဆွမ်းစားနေသော ငါ့အားကား ထိုကဲ့သို့သော ရိုသေသမှုကို မပြုလေဟု ကြံစည်စိတ်ကူးကာ ကျောင်းသို့ ပြန်ကြွ သွား၏။

အာဂန္တုမထေရ်မြတ်သည်လည်း ထိုကျောင်းထိုင်ကိုယ်တော်နှင့်ပင် အတူသွား၍ ကျောင်းဒါယကာသူကြွယ် လှူဒါန်းလိုက်သော ပိတ်စကို ဆိုး၍ ဝတ်ရုံတော်မူ၏။ သူကြွယ်သည်လည်း ဆတ္တာသည်ကို ခေါ်ဆောင်၍ အာဂန္တု မထေရ်၏ ဆံပင်တို့ကို ရိတ်စေ၏၊ ခုတင်ညောင်စောင်းကို ခင်းပေး၍ ကျိန်းစက်ပေးတော်မူပါရန် လျှောက်ထား ပြီးနောက် မထေရ် နှစ်ပါးလုံးကိုပင် နက်ဖန်အလို့ငှာ ဆွမ်းဖြင့် ပင့်ဖိတ်ပြီးနောက် ဖဲခွာသွား၏။

ကျောင်းထိုင်ကိုယ်တော် = ဇမ္ဗုကမထေရ်အလောင်းကား ထိုသူကြွယ်၏ ထိုအာဂန္တုကိုယ်တော်ကို အရိုအသေပြုမှုကို သည်းညည်းခံဖို့ရန် မစွမ်းနိုင် ဖြစ်နေရှာ၏။ ကိုယ့်ထက်သာ မနာလိုသည့် ဣဿာတရားနှင့် ကုလမစ္ဆရိယ, လာဘမစ္ဆရိယ အာဝါသမစ္ဆရိယတရားတို့၏ လွှမ်းမိုး ဖိစီး နှိပ်စက်မှု ဒဏ်ချက်ကို ခံယူနေရ၏။

ထိုအခါ သည်းမခံနိုင်တော့သည့်အတွက် ထိုကျောင်းထိုင်ကိုယ်တော်က ညနေချမ်းအခါ၌ အာဂန္တုကိုယ်တော် လဲလျောင်းနေရာ အရပ်သို့ သွား၍ လေးမျိုးသော အခြင်းအရာတို့ဖြင့် အာဂန္တုမထေရ်မြတ်ကို ဆဲရေးလေ၏။

၁။ ငါ့ရှင် အာဂန္တုက ...သင့်အဖို့ သူကြွယ်၏ အိမ်၌ ဆွမ်းကို ဘုဉ်းပေးခြင်းထက် မစင်ကို စားခြင်းက သာလွန်၍ မြတ်သေး၏။

၂။ သူကြွယ် ခေါ်ဆောင်လာသည့် ဆတ္တာသည်ဖြင့် ဆံပင်တို့ကို ရိတ်ခြင်းထက် ထန်းစေ့ဖြင့် ဆံပင်တို့ကို နှုတ်ခြင်းက မြတ်သေး၏။

၃။ သူကြွယ်လှူသည့် အဝတ်သင်္ကန်းကို ဝတ်ရုံခြင်းထက် အဝတ်မဝတ်ဘဲ ကိုယ်တုံးလုံး လှည့်လည်နေခြင်းက မြတ်သေး၏။

၄။ သူကြွယ် သယ်ဆောင်လာသော ခုတင်ညောင်စောင်းထက်၌ အိပ်စက်ခြင်းထက် မြေကြီးပေါ်၌ အိပ်ခြင်းက သာလွန်၍ မြတ်သေး၏။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၁၃-၃၁၄။)

ဣဿာ မစ္ဆရိယတို့၏ စွမ်းအားကား အလွန် ကြီးမားလှ၏။ အထက်ပါ လေးမျိုးသော ဆဲရေးခြင်းကို မပြုရ မနေနိုင်အောင် တွန်းအားပေးလျက် ရှိ၏။ ရဟန္တာမထေရ်မြတ်ကြီးကလည်း ဤလူမိုက်သည် ငါ့ကို မှီ၍ မပျက်စီးပါစေလင့်ဟု နှလုံးပိုက်တော်မူ၍ ကျောင်းဒါယကာ သူကြွယ်၏ ပင့်ဖိတ်မှုကိုပင် မသာယာတော့ဘဲ နံနက်ခပ်စောစောပင် ထတော်မူ၍ ချမ်းသာရာအရပ်သို့ ကြွသွားတော်မူ၏။

ကျောင်းထိုင်ကိုယ်တော်ကလည်း ခပ်စောစောပင် ထ၍ ပြုသင့်ပြုထိုက်သော ဝတ်ကြီးဝတ်ငယ်များကို ပြုပြီးနောက် ဆွမ်းခံချိန်သို့ ရောက်သောအခါ --- အာဂန္တုကိုယ်တော်သည် ယခုတိုင်အောင်လည်း အိပ်တုန်းပင် ရှိနေသေး၏၊ ထိုးစည်ကို တီးလိုက်သော် နိုးလေရာ၏ဟု မှတ်ထင်၍ လက်သည်းဖြင့်ပင် ထိုးစည်ခေါင်းလောင်းကို ထိုး၍ ရွာတွင်းသို့ ဝင်တော်မူ၏။ ကျောင်းဒါယကာ သူကြွယ်ကလည်း ပူဇော်မှုပြုရန် မျှော်နေပေ၏။ အာဂန္တု ကိုယ်တော်ကို မတွေ့ရသဖြင့် အကျိုးအကြောင်း မေးမြန်းကြည့်ရာ အာဂန္တုကိုယ်တော် အအိပ်ကြီးကြောင်း ခေါင်းလောင်းထိုးသံကိုပင် မကြားကြောင်း စသည်တို့ကို ပြောပြလေ၏။ ကျောင်းဒါယကာ သူကြွယ်ကလည်း ပညာရှိယောက်ျား ဖြစ်သဖြင့် မိမိ၏ ကျောင်းထိုင်ကိုယ်တော်အကြောင်းကို ရိပ်စားမိကာ ကျောင်းထိုင်ကိုယ်တော် ကို ဆွမ်းကျွေးပြီးနောက် အာဂန္တုကိုယ်တော်ကို တွေ့ရှိပါက ဆွမ်းများကို လှူဒါန်းဖို့ရန် သပိတ်ကိုဆေးကြောကာ မွန်မြတ်သော ခဲဖွယ် ဘောဇဉ်တို့ကို သပိတ်အပြည့် လှူဒါန်းလိုက်၏။

ကျောင်းထိုင်ကိုယ်တော်က လမ်းခုလတ် တစ်နေရာသို့ ရောက်သောအခါ ထိုဆွမ်းများကို ကြည့်၍ ---အကယ်၍ ထိုအာဂန္တုကိုယ်တော်သည် ဤကဲ့သို့သော ဆွမ်းမျိုးကိုသာ ဘုဉ်းပေးနေရငြားအံ့၊ ဤနေရာဌာန၌ ပင်လျှင် ငြိကပ်တွယ်တာပြီး နေထိုင်ပေလိမ့်မယ်ဟု ဤသို့ နှလုံးပိုက်ကာ ဆွမ်းတွေကို အကုန်သွန်ပစ်လိုက်၏။

ထိုအခါ ထိုကျောင်းထိုင်ကိုယ်တော်ကို, ဤမျှလောက်သော မကောင်းမှု အကုသိုလ်ကံကို ပြုကျင့်မိသည့် အတွက်, အနှစ်နှစ်သောင်းတို့ ကာလပတ်လုံး ဖြည့်ကျင့် ဆည်းပူးထားအပ်သော ရဟန်းတရားတို့သည် စောင့် ရှောက်ခြင်းငှာ မစွမ်းနိုင်တော့ပြီ။ သက်တမ်း၏ အဆုံး၌ ကွယ်လွန်ပြီးနောက် အဝီစိငရဲ၌ ကဿပဘုရားရှင် သာသနာတော်မှသည် ဂေါတမဘုရားရှင် သာသနာတော်အနီးသို့တိုင်အောင် ဗုဒ္ဓန္တရအသင်္ချေယျဟု ဆိုအပ် သော အသင်္ချေယျကပ်ပတ်လုံး ကြီးစွာသော ဆင်းရဲဒုက္ခကို ခံစားနေရ၏။ ဂေါတမဘုရားရှင် ပွင့်ခါနီးကာလတွင် ရာဇဂြိုဟ်၌ လူလာဖြစ်ရ၏။ ကဿပဘုရားရှင်၏ သာသနာတော်တွင်းတုန်းက ရဟန္တာအရှင်မြတ်အား လေးမျိုး သော ဆဲရေးခြင်းဖြင့် ဆဲရေးမိခဲ့သည်အတွက် လေးမျိုးသော မကောင်းကျိုးတို့ကို ထပ်မံ၍ လူ့ဘဝတွင် ခံစားရ ပြန်၏။

၁။ ငါ့ရှင် အာဂန္တုက ...သင့်အဖို့ သူကြွယ်၏ အိမ်၌ ဆွမ်းကို ဘုဉ်းပေးခြင်းထက် မစင်ကို စားခြင်းက သာလွန်၍ မြတ်သေး၏ဟု ဆဲရေးခဲ့၏။ ဤအကုသိုလ် မကောင်းမှုကြောင့် လူဖြစ်လာသောအခါ မွေးကတည်းက အစာအာဟာရကို မစားဘဲ မစင်ကိုသာ နှစ်ပေါင်းများစွာ စားနေ၏။ အစာအာဟာရ စားလိုစိတ် မရှိဘဲ မစင် ကိုသာ စားလိုစိတ် ရှိ၏။ ဘုရားရှင်နှင့် တွေ့၍ ရဟန္တာဖြစ်တော်မူမည့်နေ့သို့တိုင်အောင် မစင်ကိုပင် တစ်သက်လုံး စားနေခဲ့၏။

၂။ သူကြွယ် ခေါ်ဆောင်လာသည့် ဆတ္တာသည်ဖြင့် ဆံပင်တို့ကို ရိတ်ခြင်းထက် ထန်းစေ့ဖြင့် ဆံပင်တို့ကို နှုတ်ခြင်းက မြတ်သေး၏ဟု ဆဲရေးခဲ့၏။ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် အာဇီဝကတို့၏ အထံ၌ ရှင်ရဟန်း ပြုသောအခါ ဆံပင်တို့ကို ထန်းစေ့ဖြင့် အနှုတ်ခံရ၏။

၃။ သူကြွယ်လှူသည့် အဝတ်သင်္ကန်းကို ဝတ်ရုံခြင်းထက် အဝတ်မဝတ်ဘဲ ကိုယ်တုံးလုံး လှည့်လည်နေခြင်းက မြတ်သေး၏ဟု ဆဲရေးခဲ့၏။ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် မွေးကတည်းက ရဟန္တာဖြစ်မည့်နေ့သို့တိုင် အောင် အဝတ် လုံးဝမဝတ်ဘဲ ကိုယ်တုံးလုံးပင် ဘဝတစ်လျှောက်၌ နေထိုင်ခဲ့၏။ မိဘတို့က ဘယ်လိုပင်ဝတ်ပေး သော်လည်း အဝတ်ဝတ်လိုသော စိတ်ဓာတ် လုံးဝမရှိသဖြင့် အမြဲတမ်း ချွတ်ပစ်လိုက်၏။

၄။ သူကြွယ် သယ်ဆောင်လာသော ခုတင်ညောင်စောင်းထက်၌ အိပ်စက်ခြင်းထက် မြေကြီးပေါ်၌ အိပ်ခြင်းက သာလွန်၍ မြတ်သေးဟု ဆဲရေးမိသော အကုသိုလ်ကံကြောင့် မွေးကတည်းက ဘဝတစ်လျှောက်လုံး၌ အိပ်ရာ ထက်၌ မအိပ်နိုင်ဘဲ မြေကြီးပေါ်၌သာ အိပ်စက်ခဲ့၏။ အိပ်ရာထက်၌ ဘယ်လိုပင် သိပ်သော်လည်း မအိပ်ဘဲ မြေကြီးပေါ်၌သာ အမြဲအိပ်လေသည်။

မွေးလာသော ယောက်ျား၏ ပါးစပ်ထဲ၌ ဓားမကြီးတစ်လက် ပါလာ၏။ ယင်းဓားမကြီးဖြင့် လူမိုက်သည် မကောင်းပြောလျက် မိမိကိုယ်ကို မိမိ ပိုင်းဖြတ်တတ်၏။ (သံ၊၁၊၁၅၄။) --- ဟူသော ဒေသနာတော်နှင့် အညီ လျှာဓားမဖြင့် မိမိကိုယ်ကို မိမိ ပိုင်းဖြတ်သွားခြင်းကြောင့် ရရှိသော အကျိုးတရားများပင်တည်း။ သို့သော် ဘုရားရှင်နှင့် တွေ့၍ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားသောအခါ၌ကား ထိုအကုသိုလ်ကံများမှာ ကုန်ဆုံးသွားလေသည်။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၁၃-၃၂၀။)

ဆတ္တပါဏိလုလင်

ဆတ္တပါဏိလုလင်

ဤအထက်တွင် ရေးသားတင်ပြခဲ့သည့် လောဘ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယ စသော တရားဆိုးတို့ကို အမြစ်ပါမကျန် တွန်းလှန်ဖြိုဖျက်ဖို့ရန် အကောင်းဆုံးသော လက်နက်မှာ သီလ သမာဓိ ပညာ သိက္ခာသုံးရပ်ဖြင့် သိမ်းကျုံးရေတွက် ထားအပ်သော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားပင် ဖြစ်၏။ သီလ သမာဓိ ပညာဟူသော သမထ ဝိပဿနာတို့ကို ကြိုးပမ်းပါသော်လည်း လမ်းဆုံးသို့တိုင်အောင် အောင်မြင်မှု မရရှိသေး သဖြင့် သံသရာခရီးက ဆက်ရန်ရှိနေသေးပါမူ အရှင်သာရိပုတ္တရာအလောင်း သူတော်ကောင်း၏ ကျင့်သုံးသွား တော်မူသော ရှေးထုံးဟောင်းတစ်ရပ်မှာ အတုယူဖွယ်ကောင်းသော ထုံးဟောင်း ဥပဒေသကြီးတစ်ရပ်ပင် ဖြစ် ပေသည်။ ယင်း စံနမူနာထားထိုက်သော ထုံးဟောင်းတစ်ခုကို ကျင့်လိုသူတို့အတွက် ဆက်လက်၍ တင်ပြအပ် ပါသည်။ အရှင်သာရိပုတ္တရာအလောင်း သူတော်ကောင်းသည် ဆတ္တပါဏိ အမည်ရှိသော ယသပါဏိမင်း၏ ဦးခေါင်းကို တန်ဆာဆင်တတ်သော ဆတ္တာသည် ဖြစ်ခဲ့ဖူး၏။ အရှင်ဒေဝဒတ်ကား ဘဝပေါင်းများစွာ ဘုရား အလောင်းတော်အား သတ်ဖြတ်ရန် ကြိုးစားအားထုတ်ခဲ့ဖူး၏။ ဤဓမ္မဓဇဇာတ်တော်၌ (ဇာတက၊ဋ္ဌ၊၂၊၁၇၀။) အရှင်ဒေဝဒတ်အလောင်းမှာ ယသပါဏိမင်း၏ စစ်သူကြီး ဖြစ်နေ၏။ ဘုရားအလောင်းတော်ကား ထိုယသပါဏိ မင်း၏ ပုရောဟိတ်ပုဏ္ဏားကြီး ဖြစ်နေ၏။ ဓမ္မဓဇ အမည်ရှိ၏။

ယသပါဏိမင်းကား တရားသဖြင့် မင်းပြုတော်မူ၏။ သို့သော် အရှင်ဒေဝဒတ်အလောင်း စစ်သူကြီးကား တံစိုးလက်ဆောင် လာဘ်စားလျက် တရားစီရင်တတ်၏။ တံစိုးလက်ဆောင်စားကာ ဥစ္စာရှင် မဟုတ်သူတို့ကို ဥစ္စာရှင် ပြုတတ်၏။ ထိုအခါ တနေ့သ၌ တရားအဆုံးအဖြတ်မှ ရှုံးသော လူတစ်ဦးသည် လက်တို့ကို မြှောက်ကာ ငိုယိုမြည်တမ်းလျက် တရားဆုံးဖြတ်ရာဌာနမှ ထွက်ခွာလာသည်ရှိသော် --- ယသပါဏိဘုရင်မင်းမြတ်ထံသို့ အခစားဝင်သွားသော ဘုရားအလောင်းတော် ဓမ္မဓဇ ပုရောဟိတ်ပုဏ္ဏားကြီးကို မြင်၍ ထိုဘုရားအလောင်းတော်၏ ခြေတို့၌ ဝပ်စင်း၍ --- အရှင် ...ဘုရင်မင်းတရားကြီး၏ အကျိုးတရားကိုလည်းကောင်း, အကြောင်းတရားကို လည်းကောင်း ဆိုဆုံးမတတ်ကုန်သော အရှင်တို့ကဲ့သို့သော ပညာရှိသူတော်ကောင်းတို့သည် ထင်ရှားရှိနေကုန် စဉ်မှာပင်လျှင် ကာဠက စစ်သူကြီးသည် တံစိုးလက်ဆောင်စား၍ ဥစ္စာရှင်တို့ကို အရှင်မဟုတ်သည်ကို ပြုဘိ၏ ဟု ဆို၍ မိမိရှုံးသည်၏ အဖြစ်ကို ဘုရားအလောင်းတော်အား ပြောဆို၏။ ဘုရားအလောင်းတော်သည် ကြင်နာ ဆပွား ကရုဏာနှင့် ယှဉ်သော စိတ်ထားကို ဖြစ်စေ၍ --- အမောင် လာလှည့် ...သင်၏တရားကို ငါ ဆုံးဖြတ် အံ့ဟု ထို တရားရှုံးသောသူကို ခေါ်ဆောင်၍ တရားစီရင်ရာအရပ်သို့ သွား၏။ လူများအပေါင်းသည် စည်းဝေးမိ သည်ရှိသော် ဘုရားအလောင်းတော်သည် ထိုတရားကို တစ်ဖန် ဆုံးဖြတ်၍ ဥစ္စာရှင်ဟုတ်မှန်သော သူကို ဥစ္စာရှင် ပြု၏။

လူအများ၏ ကောင်းချီးပေးသော အသံသည် သည်းထန်စွာ ဖြစ်ပေါ်လာ၏။ ယသပါဏိ မင်းကြီးသည် ထိုကောင်းချီးပေးသော အသံကို ကြား၍ စုံစမ်းမေးမြန်းလတ်သော် ဓမ္မဓဇပညာရှိ ပုရောဟိတ်ပုဏ္ဏားကြီး၏ မှန်ကန်သော တရားစီရင်မှုကို အကြောင်းပြု၍ ကောင်းချီးဩဘာပေးသောအသံ ဖြစ်ကြောင်းကို သိရှိရ၍ နှစ်သက်မြတ်နိုးတော်မူရကား အလောင်းတော် ဓမ္မဓဇပညာရှိ ပုရောဟိတ်ဆရာကြီးကိုသာလျှင် ထိုနေ့မှစ၍ တရား စီရင်စေ၏။

ကာဠကစစ်သူကြီးသည် ထိုအခါမှစ၍ တံစိုးလက်ဆောင်ကို မရလတ်သော် လာဘ်လာဘမှ ယုတ်လျော့ သဖြင့် ဘုရားအလောင်းတော်အား ရန်ငြိုးဖွဲ့လေ၏။ ဓမ္မဓဇပညာရှိသည် မင်းစည်းစိမ်ကို လိုလားတောင့်တ နေကြောင်း မမှန်သတင်းများကိုလည်း ယသပါဏိမင်းအား မကြာခဏ တိုင်ကြား၏။ ယသပါဏိမင်းက မူလက မယုံကြည်သော်လည်း ဓမ္မဓဇပညာရှိ တရားစီရင်ရာအရပ်၌ ပရိသတ်ထုက များပြားလှသဖြင့် ထိုပရိသတ်ကို ဓမ္မဓဇပညာရှိ၏ ပရိသတ်ဟုပင် အထင်မှားကာ မယုံသင်္ကာ ဖြစ်လာ၏။ စစ်သူကြီးကာဠကနှင့် တိုင်ပင်၍ အကြောင်းဥပါယ်တံမျဉ်ဖြင့် ဓမ္မဓဇပညာရှိအား သတ်ဖြတ်ရန် တိုင်ပင်ကာ ---

၁။ အသီးအပွင့်တို့ဖြင့် ပြည့်စုံသော ဥယျာဉ်တော်တစ်ခုကို နေ့ချင်း ညချင်း ပြီးအောင် ဖန်ဆင်း တည်ထောင် ခိုင်း၏။ သိကြားမင်းကြီးက ကူညီဖန်ဆင်းပေးသဖြင့် ပြီးစီးသွားပြန်၏။

၂။ ထိုဥယျာဉ်တော်အား လျောက်ပတ်သော ရတနာ (၇)ပါးဖြင့်ပြီးသော ရေကန်ကြီးကို ဖန်ဆင်းခိုင်း လိုက်ပြန် ရာ သိကြားမင်းကြီးကပင် ကျေနပ်အောင် ညတွင်းချင်း ဖန်ဆင်းပေးလိုက်၏။

၃။ ဥယျာဉ်တော်နှင့် လျောက်ပတ်သော နန်းတော်အိမ်ကို ဖန်ဆင်းစေပြန်၏။ သိကြားမင်းကြီးကပင် ကျေနပ် လောက်အောင် အလုံးစုံ ဆင်စွယ်ဖြင့်ပြီးသော နန်းတော်အိမ်ကိုလည်း ဖန်ဆင်းပေးလိုက်၏။

၄။ ဆင်စွယ်အိမ်အား လျောက်ပတ်သော ပတ္တမြားရောင်ဖြင့် သွားလာနိုင်သော ပတ္တမြားကြီးကို ဖန်ဆင်းစေ ပြန်၏၊ သိကြားမင်းကြီးကပင် ထိုပတ္တမြားရတနာကြီးကိုလည်း ဖန်ဆင်းပေးပြန်၏။

ထိုအခါ ကာဠကစစ်သူကြီးက --- အရှင်မင်းမြတ် ...ဓမ္မဓဇပုဏ္ဏားကြီးမှာ အလိုရှိတိုင်း ရွက်ဆောင်ပေး နိုင်သော နတ် တစ်ဦးဦးသည် ရှိနေပုံရ၏၊ ယခုအခါ၌ နတ်တို့သည်သော်လည်း ဖန်ဆင်းခြင်းငှာ မတတ်ကောင်း ရာသော အင်္ဂါ လေးပါးနှင့် ပြည့်စုံသော ဥယျာဉ်စောင့်ကို ဖန်ဆင်းစေတော်မူပါဟု လျှောက်ထား၏။ ထိုအတိုင်းပင် ဖန်ဆင်းခိုင်းလိုက်၏။ မဖန်ဆင်းပေးနိုင်ကလည်း သေဒဏ်အမိန့် ချမှတ်တော့မည် ဖြစ်၏။ ဘုရားအလောင်းတော် သည် အိမ်သို့ ပြန်သွား၍ မွန်မြတ်သော ဘောဇဉ်ကို စားသုံးပြီးလျှင် အိပ်ပြီးလတ်သော် မိုးသောက်ထကာလ၌ ဤသို့ စဉ်းစား၏ --- နတ်တို့သနင်း သိကြားမင်းသည် အကြင်အရာကို ဖန်ဆင်းခြင်းငှာ စွမ်းနိုင်၏၊ ထိုအရာကို ဖန်ဆင်း၍ ပြီးလေပြီ။ အင်္ဂါ လေးပါးနှင့် ပြည့်စုံသော ဥယျာဉ်စောင့်ကို ဖန်ဆင်းပေးဖို့ရန်ကား မတတ်ကောင်း သည်သာ ဖြစ်၏။ ဤသို့ ဖန်ဆင်းခြင်းငှာ မတတ်ကောင်းသည် ဖြစ်သော် သူတစ်ပါးတို့၏ လက်၌ သေရသည်ထက် တော၌ ကိုယ်းကွယ်ရာမရှိ သေရခြင်းသည်သာလျှင် ကောင်းမြတ်၏ --- ဟု ကြံစည်မိလေ၏။ ကြံပြီး၍ ဘုရား အလောင်းတော်သည် တစ်စုံတစ်ယောက်သောသူအား မပြောကြားမူ၍ ပြာသာဒ်မှ ဆင်းသက်၍ မြတ်သော တံခါးဖြင့် မြို့မှ ထွက်၍ တောသို့ ဝင်ကာ တစ်ခုသော သစ်ပင်ရင်း၌ သူတော်ကောင်းတို့၏ လောကဓံတရား ရှစ်ပါး နှိပ်စက်လတ်သော် မတုန်မလှုပ်ခြင်းဟု ဆိုအပ်သော သဘောကို ဆင်ခြင်လျက်နေ၏။

ထိုအခါ သိကြားမင်း၏ အကြံပေး တိုက်တွန်းချက်ဖြင့် ယသပါဏိမင်း၏ ဆတ္တာသည် ဆတ္တပါဏိလုလင်ကို ခေါ်ဆောင်ကာ ရှင်ဘုရင်ထံသို့ ဝင်လေ၏။ ဤဆတ္တပါဏိလုလင်သည် အင်္ဂါ လေးပါးနှင့် ပြည့်စုံသော ဥယျာဉ်စောင့် ဖြစ်နိုင်ကြောင်းကိုလည်း သံတော်ဦးတင်လိုက်၏။

ဆတ္တပါဏိလုလင်၌ ပြည့်စုံနေသော အင်္ဂါလေးပါး

ဆတ္တပါဏိလုလင်၌ ပြည့်စုံနေသော အင်္ဂါလေးပါး

အနုဿူယကော အဟံ ဒေဝ၊ အမဇ္ဇပါယကော အဟံ။

နိသ္နေဟကော အဟံ ဒေဝ၊ အက္ကောဓနံ အဓိဋ္ဌိတော။

အရှင်မင်းမြတ် အကျွန်ုပ်သည် ---

၁။ ငြူစူခြင်း ဣဿာတရားလည်း မရှိပါ။

၂။ မူးယစ်ဆေးဝါးကိုလည်း မမှီဝဲတတ်ပါ။

၃။ မည်သူ့ကိုမျှလည်း မချစ်တတ်ပါ၊

၄။ မည်သူ့ကိုမျှလည်း အမျက်မထွက်တတ် မမုန်းတီးတတ်ပါ။

ဤသို့လျှင် အရှင်မင်းမြတ် ...အကျွန်ုပ်သည် ဤအင်္ဂါ လေးပါးတို့နှင့် ပြည့်စုံပါ၏ဟု ယသပါဏိမင်းက မေးမြန်းလိုက်သောအခါ ဆတ္တပါဏိလုလင်က မိမိ၌ ပြည့်စုံနေသော အင်္ဂါရပ် လေးမျိုးတို့ကို တင်ပြ လျှောက် ထားလေသည်။

၁။ ငြူစူခြင်း ဣဿာတရား မရှိရခြင်း အကြောင်း

၁။ ငြူစူခြင်း ဣဿာတရား မရှိရခြင်း အကြောင်း

ဣတ္ထိယာ ကာရဏာ ရာဇ၊ ဗန္ဓာပေသိံ ပုရောဟိတံ။

သော မံ အတ္ထေ နိဝေဒေသိ၊ တသ္မာဟံ အနုသူယကော။ (ဇာတက၊ဋ္ဌ၊၂၊၁၇၆။)

တစ်ခုသောဘဝ၌ ဤဆတ္တပါဏိလုလင်သည် ဤဗာရာဏသီပြည်၌ပင်လျှင် ရှင်ဘုရင် ဖြစ်ခဲ့ဖူး၏။ ဘုရား အလောင်းတော်ကား ထိုဗာရာဏသီဘုရင်၏ ပုရောဟိတ်ပုဏ္ဏားကြီး ဖြစ်နေ၏။ ရှင်ဘုရင်ကြီးကလည်း မောင်းမ ပေါင်း (၁၆၀၀၀)တို့တွင် မိဖုရားတစ်ဦးကို အဂ္ဂမဟေသီအရာတွင် မြှောက်စား၍ အလွန် မြတ်နိုးတော်မူ၏။ ထိုမိဖုရားကား --- အရှင်မင်းကြီးသည် ဤနေ့မှစ၍ အခြားအမျိုးသမီးတစ်ဦးကို ကိလေသာ၏အစွမ်းဖြင့် မကြည့်ရ ဟူသော ဆုကိုလည်း ရှင်ဘုရင်ထံမှ မရအရ တောင်းယူထားသူလည်း ဖြစ်၏။ တစ်နေ့တွင် ပစ္စန္တရစ်အရပ်၌ သူပုန်များကို နှိမ်နင်းရန် ထွက်ခွာရ၏။ အလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးကို မြို့၌ ထားခဲ့၏။ တစ်ယူဇနာ တစ်ယူဇနာသော အရပ်သို့ ရောက်တိုင်း ရောက်တိုင်း တမန်တစ်ယောက် တစ်ယောက်ကို မိဖုရားထံသို့ စေလွှတ် ကာ အခြေအနေ အရပ်ရပ်ကို အစီအရင်ခံစေ၏။ အသွားအပြန် (၆၄)ယောက်ကုန်သော တမန်တို့ကို စေခိုင်း တော်မူ၏။ မိဖုရားကြီးသည် ထို ခြောက်ကျိပ်လေးယောက်ကုန်သော တမန်တို့နှင့် နေ့စဉ် ဖောက်ပြားပေ၏။ တစ်နေ့လျှင် တစ်ယောက်ကျ ရောက်လာတိုင်းသော တမန်ယောက်ျားနှင့် ဖောက်ပြား၍ပင် အားမရနိုင်သဖြင့် ဘုရားအလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးအားလည်း မိဖုရားက သူနှင့်အတူ ဖောက်ပြားရန် ဖိတ်ခေါ်ပြန်၏။ ဘုရားအလောင်းတော်ကား သီလကို ချစ်မြတ်နိုးတော်မူသည့် သူတော်ကောင်း ဖြစ်ခြင်းကြောင့် မိဖုရား၏ အလို ဆန္ဒကို မလိုက်လျောနိုင် ဖြစ်နေ၏။ ထိုအခါ မိဖုရားက မိမိကိုယ်ကို မိမိကုတ်ဖဲ့ကာ ကလိန်ဉာဏ်ဆင်၍ ပုရောဟိတ် ပုဏ္ဏားကြီးက သူ့ကို ဖျက်ဆီးဟန်ဖြင့် ဘုရင်မင်းမြတ်အား သံတော်ဦးတင်လေ၏။ ဘုရင်မင်းမြတ်ကလည်း ပုရောဟိတ်ပုဏ္ဏားကြီးအား ဖမ်းဆီးချုပ်နှောင်၍ သတ်ရန် အမိန့်တော်မြတ် သတ်မှတ်တော်မူလိုက်၏။

ပုရောဟိတ်ကြီးက ရှင်ဘုရင်ထံသို့ ရောက်အောင် ကြံဆောင်၍ အာဏာသားတို့ကို ပို့စေ၏။ အမှုတွဲအမှန် ဖြစ်ရပ် ဇာတ်လမ်းစုံလင်ကို ရှင်ဘုရင်အား တင်ပြလျှောက်ထား၏။

အဗဒ္ဓါ တတ္ထ ဗဇ္ဈန္တိ၊ ယတ္ထ ဗာလာ ပဘာသရေ။

ဗဒ္ဓါပိ တတ္ထ မုစ္စန္တိ၊ ယတ္ထ ဓီရာ ပဘာသရေ။ (ဇာတက၊ဋ္ဌ၊၂၊၁၇၆။)

အရှင်မင်းမြတ် ...အကြင်တိုင်းနိုင်ငံ၌ လူမိုက်တို့သည် လူတွင်ကျယ် ဖြစ်နေကြ၏ ဘုန်းတန်ခိုး တောက်ပ နေကြ၏။ ထိုတိုင်းနိုင်ငံ၌ နှောင်ဖွဲ့ခြင်းငှာ မထိုက်ကုန်သော အပြစ်မရှိကုန်သော သူတို့သော်မှလည်း အနှောင်အဖွဲ့ ခံကြရကုန်၏။ အကြင်တိုင်းနိုင်ငံ၌ ပညာရှိတို့သည် လူတွင်ကျယ် ဖြစ်နေကြကုန်၏ ဘုန်းတန်ခိုး တောက်ပနေကြ ကုန်၏၊ ထိုတိုင်းနိုင်ငံ၌ နှောင်ဖွဲ့ခြင်းငှာ ထိုက်တန်ကုန်သော အပြစ်ရှိကြကုန်သော သူတို့သော်မှလည်း အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိကြပါကုန်၏။ (ဇာတက၊ဋ္ဌ၊၂၊၁၇၆။)

ထိုမိဖုရားကား အခြားသူမဟုတ်၊ မယ်မင်းကြီးမ စိဉ္စမာဏဝိကာပင် ဖြစ်ပေသည်။

အမှုတွဲအမှန်ကို တင်ပြလျှောက်ထားသောအခါ တမန် ခြောက်ကျိပ်လေးယောက်တို့ကို ခေါ်ယူစစ်ဆေးရာ အမှုတွဲအမှန်မှာ အမှန်အတိုင်း ဝန်ခံကြသဖြင့် ထင်ရှားလာ၏။ တမန်တို့နှင့် မိဖုရားကို အပြစ်ဒဏ်ပေးပြန်သော အခါ၌လည်း အလောင်းတော်ပုဏ္ဏားကြီးကပင် အရှင်မင်းမြတ် ...ဤတမန်တို့အားလည်း အပြစ် မရှိပါ၊ မိဖုရားကြီးသည် မိမိ၏ အလိုအကြိုက်ကို ပြုစေဘိ၏၊ ထိုကြောင့် ထိုတမန်တို့မှာ အပြစ်မရှိပါ။ ထိုကြောင့် ထို တမန်တို့အားလည်း ခွင့်လွှတ်တော်မူပါ။ ထိုမိဖုရားကြီး၌လည်း အပြစ်မရှိပါ၊ ဤအမျိုးသမီးတို့မည်သည် မေထုန် မှုဖြင့် မရောင့်ရဲနိုင်သောကြောင့်တည်း။ ဤမေထုန်မှုကား အမျိုးသမီးတို့၏ ဇာတိသဘာဝသာတည်း၊ ထိုအမျိုး သမီးတို့အား သည်းခံထိုက်သည်သာ ဖြစ်၏၊ ထိုကြောင့် ထိုမိဖုရားအားလည်း သည်းခံတော်မူပါဟု အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် လျှောက်ထားလာသဖြင့် အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်၏။ ထိုအကြောင်း အရာကို ရည်ရွယ်၍ ဆတ္တပါဏိလုလင်က ယသပါဏိမင်းအား ---

အရှင်မင်းမြတ် ...အမျိုးသမီးတည်းဟူသော အကြောင်းကြောင့် ကျွန်တော်မျိုးသည် ပုရောဟိတ်ပညာရှိ သူတော်ကောင်းကြီးကို ဖမ်းဆီးချုပ်နှောင်မိခဲ့ပါသည်။ ထိုပုရောဟိတ်ပုဏ္ဏားကြီးကား အကျွန်ုပ်ကို အကျိုးစီးပွား ရှိသော လုပ်ငန်းရပ်၌ ညွှန်ကြားပြသူသ ဖြစ်ပါပေ၏။ ထိုကြောင့် ကျွန်တော်မျိုးသည် မငြူစူတတ်သူ ဣဿာမရှိသူ ဖြစ်ရပါ၏။ --- ဟု လျှောက်ထားခဲ့၏။

ဆတ္တပါဏိလုလင်က ယသပါဏိမင်းအား ဆက်လက် လျှောက်ထားပြန်၏။

တဒါ ပန သောဟံ စိန္တေသိံ --- အဟံ သောဠသသဟဿ ဣတ္ထိယော ပဟာယ ဧတံ ဧကမေဝ ကိလေသဝသေန သင်္ဂဏှန္တောပိ သန္တပ္ပေတုံ နာသက္ခိံ၊ ဧဝံ ဒုပ္ပူရဏီယာနံ ဣတ္ထီနံ ကုဇ္ဈနံ နာမ နိဝတ္ထဝတ္ထေ ကိလိဿန္တေ ကသ္မာ ကိလိဿသီတိ ကုဇ္ဈနသဒိသံ ဟောတိ၊ ဘုတ္တဘတ္တေ ဂူထဘာဝံ အာပဇ္ဇန္တေ ကသ္မာ ဧတံ အာပဇ္ဇသီတိ ကုဇ္ဈနသဒိသံ ဟောတိ။ ဣတော ဒါနိ ပဋ္ဌာယ ယာဝ အရဟတ္တံ န ပါပုဏာမိ၊ တာဝ ကိလေသံ နိဿာယ မယိ ဥသူယာ မာ ဥပ္ပဇ္ဇတူတိ အဓိဋ္ဌဟိံ။ တတော ပဋ္ဌာယ အနုသူယကော ဇာတော။ ဣဒံ သန္ဓာယ တသ္မာဟံ အနုသူယကောတိ အာဟ။ (ဇာတက၊ဋ္ဌ၊၂၊၁၇၆။)

အရှင် ယသပါဏိမင်းမြတ် ...ထိုအခါ၌ ဗာရာဏသီမင်း ဖြစ်နေသော ထိုကျွန်တော်မျိုးသည် ဤသို့ စဉ်းစားမိခဲ့ပါ၏ --- ငါသည် တစ်သောင်းခြောက်ထောင်ကုန်သော အမျိုးသမီးတို့ကို စွန့်ပစ်၍ ထိုတစ်ယောက် တည်းသော မိန်းမကိုသာလျှင် ကိလေသာ၏ အစွမ်းအားဖြင့် ထောက်ပံ့အပ်ပါသော်လည်း ရောင့်ရဲစိမ့်သောငှာ မစွမ်းနိုင်၊ ဤသို့ အလိုဆန္ဒပြည့်နိုင်ခဲကုန်သော အမျိုးသမီးတို့အား အမျက်ထွက်ခြင်း မည်သည်ကား ဝတ်သော အဝတ်သည် ဝတ်ပါများသော် ညစ်နွမ်း၏၊ ညစ်နွမ်းလတ်သည်ရှိသော်အဘယ်ကြောင့် ညစ်နွမ်းရဘိသနည်းဟု အမျက်ထွက်သည်နှင့် တူ၏။ စားလတ်သော အစာသည် မစင်၏အဖြစ်သို့ ရောက်လတ်သည်ရှိသော် အဘယ် ကြောင့် မစင်၏အဖြစ်သို့ ရောက်ရဘိသနည်း --- ဟု အမျက်ထွက်သည်နှင့်လည်း တူ၏။

ယခုအခါ ဤယနေ့မှစ၍ အကြင်မျှလောက်သော ကာလပတ်လုံး အရဟတ္တဖိုလ်သို့ မဆိုက်ရောက်သေး၊ ထိုမျှလောက် အရဟတ္တဖိုလ်သို့ မဆိုက်ရောက်သေးသမျှ ကာလပတ်လုံး ကိလေသာကိုမှီ၍ ငါ၌ ငြူစူခြင်းတို့သည် မဖြစ်ပါစေကုန်သတည်း ---

ဤသို့ အဓိဋ္ဌာန်ထားတော်မူ၏ = စိတ်ကို ဆောက်တည်ထား၏၊ ဆုတောင်းပန်ထွာမှု ပြုထား ၏။ ထိုကြောင့် ယခုဘဝတွင် အကျွန်ုပ်ဆတ္တပါဏိလုလင်၏ သန္တာန်၌ ငြူစူခြင်း ဣဿာတရား ထင်ရှားမရှိခြင်း ဖြစ်ပါသည်။ (ဇာတက၊ဋ္ဌ၊၂၊၁၇၆။)

ပညာရှိ ပုရောဟိတ်ပုဏ္ဏားကြီးအပေါ်၌ ငြူစူစောင်းမြောင်းခြင်းကား ဣဿာတရားတည်း။ သေဒဏ်အမိန့် ပေးသည့်အထိ အမျက်တော်ရှခြင်းကား ဒေါသတရားတည်း။ မိမိ၏ စည်းစိမ်ဖြစ်သည့် မိဖုရားကို အထိမခံနိုင်ခြင်း သဘောကား မစ္ဆရိယတည်း။ ဤတရားဆိုးတို့၏ စွမ်းအားကြောင့် ပညာရှိသူတော်ကောင်း တစ်ဦးကို သေဒဏ် အထိ အမိန့်ချမှတ်မိသဖြင့် အလွန် သတိသံဝေဂရကာ ထိုကဲ့သို့ ဆုတောင်းပန်ထွာမှု အဓိဋ္ဌာန်မှု ပြုတော်မူခဲ့ ပေသည်။ ထိုဆုတောင်းပန်ထွာမှု အဓိဋ္ဌာန်ပြုမှုတို့ကား ဆတ္တပါဏိလုလင်ဘဝတွင် ပြည့်စုံလာပေသည်။ အသင် သူတော်ကောင်းသည်လည်း သံသရာတစ်ခွင်၌ ကျင်လည်ရန် ရှိနေသေးပါမူ ကောင်းမှုကုသိုလ် ပြုတိုင်း ထို ကိလေသာတရားဆိုးတို့ မိမိသန္တာန်၌ မဖြစ်ပေါ်အောင် ဆုတောင်း ပန်ထွာသင့်လှပေသည်။

၂။ အရက် မသောက်ခြင်း အကြောင်း

၂။ အရက် မသောက်ခြင်း အကြောင်း

ထိုဆတ္တပါဏိလုလင်ကို ယသပါဏိမင်းက --- အချင်း ဆတ္တပါဏိ ...အဘယ်အာရုံကို မြင်တွေ့ရ၍ သင်သည် အရက်မသောက်သူ ဖြစ်ရပါသနည်း --- ဟု မေးမြန်းတော်မူပြန်၏။

အဖြေ --- မြတ်သောမင်းကြီး ...ကျွန်တော်မျိုးသည် ရှေးယခင်အခါတုန်းက ထိုကဲ့သို့သော ဗာရာဏသီမင်းပင် ဖြစ်ခဲ့ဖူးပါ၏၊ ယစ်မျိုးနှင့် ကင်း၍ နေထိုင်ကျင့်သုံးရန် မစွမ်းနိုင်ခဲ့ပါ၊ အမဲ မပါသော ပွဲတော်အုပ်ကိုလည်း တည်အံ့သောငှာ မစွမ်းနိုင်ခဲ့ပါ။ မြို့အတွင်း၌လည်း ဥပုသ်နေ့တို့၌ သားငါးတို့ကို မသတ်ဖြတ်ရဟု စည်လည်ကာ အမိန့်ထုတ်ထားပါ၏။ စားတော်ကဲ စားတော်ချက်သည် ပက္ခ၏ (၁၃)ရက်နေ့၌ပင်လျှင် ရှင်ဘုရင်အတွက် အမဲကို ယူ၍ထားရ၏။ မကောင်းသဖြင့် ထားအပ်သော ထိုအမဲကို ခွေးတို့သည် စားကုန်၏၊ စားတော်ကဲသည် ဥပုသ်နေ့၌ အမဲကို မရ၍ အထူးထူး အပြားပြား ဖွယ်ဖွယ်ရာရာ မွန်မြတ်သော အရသာရှိသော ဘောဇဉ်တို့ကို ချက်ပြုတ်စီမံ၍ ပြာသာဒ်ထက်သို့တက်ကာ ဘုရင်မင်းမြတ်အား ဆက်သရန် မဝံ့ရကား မိဖုရားသို့ ချဉ်းကပ်၍ --- အရှင်မိဖုရား ယနေ့ ကျွန်တော်မျိုးသည် အမဲကို မရ၊ အမဲ မရှိသော စားတော်မည်သည်ကို ဆက်ကပ်အံ့သောငှာ မဝံ့၊ အသို့ပြုရ အံ့နည်း --- ဟု လျှောက်ထား၏။ အမောင်စားတော်ဆက် ...ငါ၏ သားတော်ကို ဘုရင်မင်းမြတ်သည် အလွန် ချစ်မြတ်နိုး၏ နှစ်သက်၏။ ငါ၏ သားတော်ကိုသာမြင်လျှင် ဘုရင်မင်းကြီးသည် ထိုသားတော်ကိုပင်လျှင် နမ်းတော်မူလျက် ပိုက်ဖက်တော်မူလျက် မိမိရှိသည်၏ အဖြစ်ကိုလည်း မသိ။ ငါသည် သားတော်ကို တန်ဆာဆင်၍ ရှင်ဘုရင်၏ ပေါင်ပေါ်၌ နေစေအံ့၊ ဘုရင်မင်းမြတ်သည် သားတော်နှင့်တကွ မွေ့လျော်ပျော်ပါး ကစားစဉ်ကာလ၌ သင်သည် ပွဲတော်အုပ်ကို ဘုရင်မင်းအားတည်လေလော --- ဟု အကြံပေး ပြောဆို၏။ ထိုမိဖုရားသည် ဤသို့ဆို၍ မိမိ၏ သားတော်ကို ဆင်အပ်သော တန်ဆာကို ဆင်ယင်၍ ဘုရင်မင်းမြတ်၏ ပေါင်ပေါ်၌ နေစေ၏။ သားတော်နှင့် ကစားမွေ့လျော် ရွှင်ပျော်နေစဉ်ကာလ၌ စားတော်ဆက်သည် ပွဲတော်အုပ်ကို ရှင်ဘုရင်အား တည်လာ၏။ ထိုအချိန်တွင် ရှင်ဘုရင်မှာ အလွန် သုရာမူးယစ်နေချိန် ဖြစ်၏၊ ဘုရင်မင်းကြီးသည် သုရာမူးယစ်သည် ဖြစ်၍ ပွဲတော်အုပ်၌ အမဲဟင်းလျာကို မမြင်သဖြင့် အမဲဟင်းလျာကား အဘယ်မှာနည်းဟု မေးလတ်သော် --- အရှင် မင်းမြတ် ...ယနေ့ ဥပုသ်နေ့ဖြစ်ရကား အသက်မသတ်စေလင့်ဟု မြို့တွင်း၌ စည်လည်ထားသည့်အတွက်ကြောင့် အမဲကို မရပါ --- ဟု သံတော်ဦးတင်လိုက်၏။ ထိုသို့ သံတော်ဦးတင်လတ်သော် --- ငါ့အဖို့ အမဲမည်သည်ကို ရခဲသလော --- ဟု ဆို၍ ပေါင်ပေါ်၌ တည်ရှိနေသော ချစ်စွာသောသား၏ လည်ပင်းကို လိမ်ချိုးလိုက်၍ အသက် ကုန်ခြင်းသို့ ရောက်စေလျက် စားတော်ဆက်၏ ေ့ရှသို့ ပစ်ပေးလိုက်ကာ လျင်မြန်စွာ ပြည့်ပြည့်စုံစုံ ချက်ပြုတ် စီမံ၍ ဆောင်ယူခဲ့လော --- ဟု အမိန့်ပေးလိုက်၏။

စားတော်ဆက်သည် ထိုမင်း အမိန့်ရှိလိုက်သည့်အတိုင်း စီမံပြုလုပ်၍ ဆက်သ၏။ ဘုရင်မင်းကြီးသည် သား၏ အသားဖြင့် ပွဲတော်ကို တည်တော်မူ၏။ ဘုရင်မင်းကြီးမှ ကြောက်ခြင်းကြောင့် ငိုအံ့သောငှာလည်းကောင်း, မျက်ရည်ထွက်စိမ့်သောငှာလည်းကောင်း, ပြောဆိုအံ့သောငှာလည်းကောင်း စွမ်းနိုင်သော တစ်စုံတစ်ယောက် သောသူ မည်သည်လည်း မရှိ ဖြစ်ခဲ့၏။

ဘုရင်မင်းကြီးသည် စားပြီးနောက် အိပ်ရာပြင်ထက်၌ အိပ်ပျော်ခြင်းသို့ ရောက်၍ မိုးသောက်သောကာလ၌ သုရာယစ်ခြင်း ပြေလတ်သော် ငါ၏သားတော်ကို ဆောင်ခဲ့ကြကုန်လော့ဟု ဆိုပြန်၏။ ထိုအခါ မိဖုရားကြီးသည် ငိုကြွေးလျက် ခြေရင်း၌ ဝပ်လေ၏၊ ရှင်မိဖုရား ...အသို့နည်းဟု မေးလတ်သော် --- အရှင်မင်းမြတ် ... ယမန်နေ့က အရှင်မင်းမြတ်သည် သားတော်ကို သတ်၍ သားတော်၏အသားဖြင့် စားတော်ထမင်းကို စားအပ်ပါ၏ ဟု လျှောက်ထားလိုက်၏။ ဘုရင်ကြီးသည် သားသောကဖြင့် ငိုယိုမြည်တမ်းကာ --- ဤဆင်းရဲဒုက္ခသည် သေသောက်ခြင်းကို အမှီပြု၍ ဖြစ်ပေါ်လာရ၏ --- ဟု သုရာသောက်ခြင်း၌ အပြစ်ကို မြင်၍ အောက်ပါအတိုင်း အဓိဋ္ဌာန်တော်မူ၏ ဆုတောင်းပန်ထွာတော်မူ၏။

ဣတော ပဋ္ဌာယ ယာဝ အရဟတ္တံ န ပါပုဏာမိ၊ တာဝ ဧဝရူပံ ဝိနာသကာရကံ သုရံ နာမ န ပိဝိဿာမီတိ ပံသုံ ဂဟေတွာ မုခံ ပုဉ္ဆိတွာ အဓိဋ္ဌာသိ။ တတော ပဋ္ဌာယ မဇ္ဇံ နာမ န ပိဝိံ။

ဤနေ့မှ စ၍ အကြင်မျှလောက်သော ကာလပတ်လုံး အရဟတ္တဖိုလ်သို့ မရောက်ရှိသေး၊ အရဟတ္တဖိုလ်သို့ မရောက်သေးသည့် ထိုမျှလောက်သော ကာလပတ်လုံး ဤသို့သဘောရှိသော ပျက်စီးခြင်းကို ပြုတတ်သော သုရာမည်သည်ကို မသောက်အံ့ဟု မြေမှုန့်ကို ယူ၍ မျက်နှာကို ပွတ်၍ အဓိဋ္ဌာန်တော်မူ၏၊ (စိတ်ကို ဆောက် တည်၏ = ဆုတောင်းပန်ထွာ၏။)

ထိုအခါမှ စ၍ ထိုဘဝမှ စ၍ ယစ်မျိုးမည်သည်ကို မေသောက်စဖူးပေ။ ဤသဘောတရားကို ရည်ရွယ်၍ ဆတ္တပါဏိလုလင်က ယသပါဏိမင်းအား အောက်ပါဂါထာကို လျှောက်ထား၏။

မတ္တော အဟံ မဟာရာဇ၊ ပုတ္တမံသာနိ ခါဒယိံ။

တဿ သောကေနဟံ ဖုဋ္ဌော၊ မဇ္ဇပါနံ ဝိဝဇ္ဇယိံ။ (ဇာတက၊ဋ္ဌ၊၂၊၁၇၇။)

အရှင်မင်းမြတ် ...ကျွန်တော်မျိုးသည် သုရာကြောင့် မူးယစ်သည် ဖြစ်၍ သား၏အသားတို့ကို စားခဲ့ဖူး ပါ၏၊ အကျွန်ုပ်သည် ထိုသေလေသော သားအား အောက်မေ့ စိုးရိမ်ခြင်းသည် နှိပ်စက်အပ်သည် ဖြစ်၍ သေရည် သေရက် သောက်စားခြင်းကို ရှောင်ကြဉ်ခဲ့ပါ၏။ ထိုကြောင့် ကျွန်တော်မျိုးသည် အရက် မသောက်တတ်ပါဟု လျှောက်ထား၏။ (ဇာတက၊ဋ္ဌ၊၂၊၁၇၇။)

၃။ မည်သူ့ကိုမျှ မချစ်တတ်ခြင်း၏ အကြောင်းရင်း

၃။ မည်သူ့ကိုမျှ မချစ်တတ်ခြင်း၏ အကြောင်းရင်း

ထိုအခါ၌ ထိုဆတ္တပါဏိလုလင်ကို ယသပါဏိမင်းကြီးက --- အချင်း ဆတ္တပါဏိ ...အဘယ်အာရုံမျိုးကို မြင်တွေ့ရ၍ မည်သည့် သတ္တဝါအပေါ်၌မျှ ချစ်ခြင်းတရား မရှိပါသနည်း --- ဟု မေးမြန်းတော်မူပြန်၏။

ကိတဝါသော နာမာဟံ ရာဇ၊ ပုတ္တော ပစ္စေကဗောဓိ မေ။

ပတ္တံ ဘိန္ဒိတွာ စဝိတော၊ နိသ္နေဟော တဿ ကာရဏာ။ (ဇာတက၊ဋ္ဌ၊၂၊၁၇၈။)

အရှင်မင်းမြတ် ...ကျွန်တော်မျိုးသည် ရှေးယခင်တုန်းက ဗာရာဏသီပြည်၌သာလျှင် ကိတဝါသ အမည် ရှိသော ရှင်ဘုရင် ဖြစ်ခဲ့ဖူးပါ၏။ ထိုအခါ၌ ကျွန်တော်မျိုး၏ သားတော်သည် ပစ္စေကဗုဒ္ဓါဘုရားရှင်၏ သပိတ်တော် ကို ရိုက်ခွဲမိ၍ စုတေကွယ်လွန်သွားခဲ့ရ၏၊ ထိုသား၏ အကြောင်းကြောင့် ချစ်ခြင်းတရား ကျွန်တော်မျိုး၏ သန္တာန်၌ မရှိပါ။

အကျယ် --- ရှေးယခင် အတိတ်ဘဝတစ်ခုဝယ် အရှင်သာရိပုတ္တရာအလောင်းလျာသည် ဗာရာဏသီ ပြည်၌ပင်လျှင် ကိတဝါသ အမည်ရှိသော မင်းဖြစ်ခဲ့ဖူး၏။ ထိုကိတဝါသမင်းအား သားရတနာတစ်ဦး မွေးဖွား လာ၏။ အင်္ဂဝိဇ္ဇာ လက္ခဏာကို ဖတ်ကြားရာ၌ လိမ္မာကြကုန်သော လက္ခဏာပညာရှင်တို့က ထိုသားရတနာကို တွေ့မြင်သောအခါ မြတ်သောမင်းကြီး ...ဤမင်းသားငယ်သည် သောက်ရေကို မရ၍ = ရေငတ်၍ သေရ လတ္တံ့ --- ဟု နိမိတ်ဖတ်ကြကုန်၏။ ထိုမင်းသားကို ဒုဋ္ဌကုမာရမင်းသားဟု အမည်မှည့်ထားကြကုန်၏။ ထိုဒုဋ္ဌကုမာရမင်းသားကလေးကို သိကြားလိမ္မာသည့် အရွယ်သို့ ရောက်ရှိလာသောအခါ အိမ်ေ့ရှမင်းသားအဖြစ် ခန့်အပ်ထား၏။ ကိတဝါသဘုရင်မင်းကြီးသည် သားတော်ကို ေ့ရှမှလည်းကောင်း နောက်မှလည်းကောင်း ထား၍ လှည့်လည်လေ့ရှိ၏။ သားတော်ကလေး ရေငတ်သေမှာ စိုးသဖြင့် ဗာရာဏသီမြို့၏ တံခါးမုခ် လေးမုခ်တို့၌ လည်းကောင်း, မြို့တွင်းတို့၌လည်းကောင်း ထိုထို သင့်တော်ရာနေရာတို့၌ ရေကန်တို့ကို ပြုစေ၏။ လမ်းလေးခွ ဆုံရာ အရပ်တို့၌လည်း မဏ္ဍပ်များ ဆောက်လုပ်ကာ သောက်ရေ အိုးစရည်းကြီးများကို တည်ထားစေ၏။

ထိုဒုဋ္ဌကုမာရမင်းသားသည် တစ်နေ့သ၌ တန်ဆာဆင်လျက် ခပ်စောစောပင် ဥယျာဉ်တော်သို့ သွားလတ် သော် လမ်းခုလတ် တစ်နေရာ၌ အရှင်ပစ္စေကဗုဒ္ဓါ ဘုရားတစ်ဆူကို ဖူးတွေ့ရ၏။ တိုင်းသူပြည်သား လူအများ ကလည်း အရှင်ပစ္စေကဗုဒ္ဓါ ဘုရားရှင်ကို ဖူးတွေ့ရ၍ ထို အရှင်ပစ္စေကဗုဒ္ဓါကိုပင် ရှိခိုး၏ ချီးမွမ်း၏၊ ထိုအရှင် ပစ္စေကဗုဒ္ဓါအား လက်အုပ်ချီကာ ရပ်တည်၏။

ဒုဋ္ဌကုမာရမင်းသားက --- ငါကဲ့သို့သော အိမ်ေ့ရှမင်းသားနှင့် အတူသွားကြကုန်သော သူတို့သည် ဤ ဦးပြည်းခေါင်းတုံးကိုပင် ရှိခိုးကြကုန်၏၊ ချီးမွမ်းကြကုန်၏၊ ထိုဦးပြည်းခေါင်းတုံးအား လက်အုပ်ချီကြကုန်၏ --ဟု ကြံစည်တွေးတောမိ၏။ ထိုဒုဋ္ဌကုမာရမင်းသားသည် အမျက်ဒေါသထွက်သည် ဖြစ်၍ ဆင်ကျောက်ကုန်းထက်မှ ဆင်းသက်ပြီးနောက် အရှင်ပစ္စေကဗုဒ္ဓထံသို့ ချဉ်းကပ်၍ --- ရဟန်း ...ဆွမ်းရပါရဲ့လားဟု မေးလတ်သော် အရှင်ပစ္စေကဗုဒ္ဓါ ဘုရားရှင်က ဆွမ်းရကြောင်း ပြန်လည်မိန့်လိုက်သောအခါ ထိုအရှင်ပစ္စေကဗုဒ္ဓ ဘုရားရှင်၏ လက်တော်မှ သပိတ်တော်ကို ယူ၍ မြေကြီးပေါ်သို့ ပစ်ချလိုက်၍ ဆွမ်းနှင့်တကွသော သပိတ်တော်ကို နင်းချေ၍ ခြေထောက်ဖြင့်ကန်ကာ မှုန့်မှုန့်ညက်ညက် ပြုလိုက်၏။ အရှင်ပစ္စေက ဗုဒ္ဓဘုရားရှင်က နဋ္ဌော ဝတာယံ သတ္တော = ဤသတ္တဝါတော့ ပျက်စီးချေပေါ့ --- ဟု နှလုံးပိုက်တော်မူ၍ ဒုဋ္ဌကုမာရမင်းသား၏ မျက်နှာကို ကြည့်ရှုတော် မူ၏။ ဒုဋ္ဌကုမာရမင်းသားက ရဟန်း ...ငါကား ကိတဝါသမင်း၏ သားတည်း၊ နာမည်က ဒုဋ္ဌကုမာရ မည်တယ်၊ သင်သည် ငါ့အား အမျက်ထွက်၍ မျက်စိတို့ကို ဖွင့်ကာကြည့်လျက် ဘာလုပ်ချင်လို့လဲဟု ပြောဆိုလိုက်၏။

အရှင်ပစ္စေကဗုဒ္ဓါ အရှင်မြတ်လည်း ထိုနေ့ ဆွမ်းပြတ်သွားပြီဖြစ်ရကား ကောင်းကင်သို့ ပျံတက်တော်မူကာ ဟိမဝန္တာမြောက်ပိုင်း နန္ဒမူလိုဏ်ဂူသို့သာလျှင် ကြွသွားတော်မူလေ၏။ ဒုဋ္ဌကုမာရမင်းသား၏ သန္တာန်၌လည်း ထိုခဏအတွင်းမှာပင် မိမိ ပြုလိုက်မိသော မကောင်းမှု အကုသိုလ်ကံသည် အကျိုးပေးဖို့ရန် ရင့်ကျက်လာ၏။

ထိုမင်းသားသည် ပူလှချည်ရဲ့ ပူလှချည်ရဲ့ဟု ပြောဆိုကာ ကောင်းစွာ တက်လာသော တစ်ကိုယ်လုံး ပူလောင်ခြင်း ရှိသည်ဖြစ်၍ ထိုနေရာ၌ပင်လျှင် လဲကျလေ၏။ ထိုထိုအရပ်၌ ရှိရှိသမျှ သောက်ရေအားလုံး ပြတ် လေ၏၊ ရေမြောင်းတို့လည်း ခြောက်သွေ့သွားကြကုန်၏၊ ထိုနေရာ၌ပင်လျှင် အသက်ကုန်ခြင်းသို့ ရောက်၍ အဝီစိငရဲ၌ ဖြစ်ရလေ၏။

ကိတဝါသမင်းသည် ထိုအကြောင်းအရာကို ကြား၍ သားကိုစွဲ၍ ဖြစ်သော စိုးရိမ်ခြင်းသည် နှိပ်စက် အပ်သည် ဖြစ်၍ ဤသို့ စဉ်းစား၏။

အယံ မေ သောကော ပိယဝတ္ထုတော ဥပ္ပဇ္ဇိ၊ သစေ မေ သေနဟော နာဘဝိဿ၊ သောကော န ဥပ္ပဇ္ဇိဿ၊ ဣတော ဒါနိ မေ ပဋ္ဌာယ သဝိညာဏကေ ဝါ အဝိညာဏကေ ဝါ ကိသ္မိဉ္စိ ဝတ္ထုသ္မိံသ္နေဟော နာမ မာ ဥပ္ပဇ္ဇတူတိ အဓိဋ္ဌာသိ။ တတော ပဋ္ဌာယ သ္နေဟော နာမ နတ္ထိ။ (ဇာတက၊ဋ္ဌ၊၂၊၁၇၉။)

ငါ၏ သန္တာန်ဝယ် ဤစိုးရိမ်ပူဆွေးရခြင်းသည် ချစ်ခင်အပ်သော ဝတ္ထုကြောင့်သာ ဖြစ်ပေါ်လာရ၏၊ ငါ၏ သန္တာန်၌ ချစ်ခြင်းတရားသည် အကယ်၍ မဖြစ်ခဲ့ငြားအံ့၊ စိုးရိမ်ပူဆွေးရခြင်းသည် မဖြစ်လေရာ၊ ယခုအခါ၌ ဤအချိန်ကာလမှ စ၍ အသက်ရှိသော သဝိညာဏကဝတ္ထု၌သော်လည်းကောင်း, အသက်မရှိသော အဝိညာဏက ဝတ္ထု၌သော်လည်းကောင်း တစ်စုံတစ်ခုသော ဝတ္ထု၌ ချစ်မြတ်နိုးခြင်းတရားမည်သည်ကား ငါ၏ သန္တာန်၌ မဖြစ်ပါ စေသတည်းဟု အဓိဋ္ဌာန်ပြုခဲ့ပါ၏၊ ဆုတောင်းပန်ထွာခဲ့ပါ၏။ အရှင်မင်းမြတ် ...ထိုအချိန်မှ စ၍ အကျွန်ုပ်၏ သန္တာန်၌ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ အပေါ်၌ ချစ်မြတ်နိုးခြင်းတရားမည်သည် မရှိ ဖြစ်ပါ၏ဟု လျှောက် ထား၏။ (ဇာတက၊ဋ္ဌ၊၂၊၁၇၈-၁၇၉။)

ဤဝတ္ထုဇာတ်လမ်း၌ ဒုဋ္ဌကုမာရမင်းသားကို ကြည့်လိုက်ပါက မိမိကို အရိုအသေ အလေးအမြတ် မပြုဘဲ အရှင်ပစ္စေကဗုဒ္ဓါအရှင်မြတ်အား အရိုအသေ အလေးအမြတ်ပြုမှုကို မကြည်ဖြူနိုင်ခြင်း ငြူစူခြင်း ကိုယ်ထက်သာ မနာလိုခြင်း ဣဿာတရားနှင့် အရှင်ပစ္စေကဗုဒ္ဓါဘုရားရှင်အား ဖျက်ဆီးလိုသော ဒေါသတရားများ ထင်ထင်ရှားရှား ဖြစ်နေသည်ကို တွေ့နိုင်၏။ ယင်း ဒေါသ ဣဿာတရားတို့က ယင်း မင်းသားကို အဝီစိငရဲသို့ ရောက်အောင် မြိုင်မြိုင်ဆိုင်ဆိုင်နှင့် လိုက်ပို့လိုက်ကြ၏။

တစ်ဖန် ကိတဝါသမင်းဘက်ကို ကြည့်လိုက်ပါက အလွန် ချစ်မြတ်နိုးလှသော သားတော်တစ်ဦး၏ မြေမျို ခံရခြင်း ရေငတ်သေဆုံးသွားရခြင်း သတင်းတို့ကို ကြားရသောအခါ စိုးရိမ်ပူဆွေးမှု သောကတရားများ ဝင်ရောက် လာ၏။ သို့သော် --- ပိယာယ ဇာယတော သောကော --- ဟူသည်နှင့်အညီ သားအပေါ်၌ ချစ်မြတ်နိုးခြင်းကြောင့် ထိုသောကတရား ဖြစ်ရသည်ဟု နားလည် သဘောပေါက်ကာ နောက်ထပ် သံသရာတလျှောက်၌ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုအပေါ်၌ ချစ်မြတ်နိုးခြင်းတရား မဖြစ်ပါစေသတည်းဟု စိတ်ကို အဓိဋ္ဌာန်ပြုကာ ဆောက်တည် ခဲ့၏၊ ဆုတောင်းပန်ထွာခဲ့၏။ အဆိုးထဲမှ အကောင်းကို အနှစ်ထုတ်ယူတတ်ခြင်းပင်တည်း။

၄။ မည်သူ့ကိုမျှ အမျက်မထွက်ခြင်း မမုန်းတီးခြင်းအကြောင်း

၄။ မည်သူ့ကိုမျှ အမျက်မထွက်ခြင်း မမုန်းတီးခြင်းအကြောင်း

ထိုအခါ ယသပါဏိမင်းက ထို ဆတ္တပါဏိလုလင်ကို --- အချင်း ဆတ္တပါဏိ ...အဘယ်ကဲ့သို့သော အာရုံမျိုးကို တွေ့မြင်ရသည် ဖြစ်၍ မည်သည့်သတ္တဝါ သင်္ခါရတို့၏ အပေါ်၌မျှ အမျက်မထွက်ခြင်း မမုန်းတီး ခြင်း ဖြစ်ရပါသနည်းဟု မေးမြန်းပြန်၏။ ထိုအခါ ဆတ္တပါဏိလုလင်က ဤသို့ ဖြေဆို၏။

အရကော ဟုတွာ မေတ္တစိတ္တံ၊ သတ္တ ဝဿာနိ ဘာဝယိံ။

သတ္တ ကပ္ပေ ဗြဟ္မလောကေ၊ တသ္မာ အက္ကောဓနော အဟံ။ (ဇာတက၊ဋ္ဌ၊၂၊၁၇၉။)

အရှင်မင်းမြတ် ...ကျွန်တော်မျိုးသည် အတိတ်ဘဝ တစ်ခုဝယ် အရက အမည်ရှိသော ရသေ့ တစ်ဦး ဖြစ်ခဲ့ဖူး၏။ ထိုရသေ့ဘဝတွင် (၇)နှစ်ပတ်လုံး မေတ္တာစိတ် = မေတ္တာစျာန်ကို ပွားများကာ မေတ္တာစျာန်ကို ဝင်စားကာ နေထိုင်ခဲ့ပါ၏။ ရသေ့ဘဝမှ ကွယ်လွန်သွားသောအခါ ဗြဟ္မာ့ပြည်၌ သံဝဋ္ဋ ဝိဝဋ္ဋဟူသော (၇)ကမ္ဘာတို့ ကာလ ပတ်လုံး နေထိုင်ခဲ့ပါ၏။ ထို့ကြောင့် ကျွန်တော်မျိုးသည် နေ့ညဉ့် သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလ ပတ်လုံး မေတ္တာဘာဝနာဖြင့် နိုင်နိုင်နင်းနင်း မေတ္တာစျာန်စိတ်ကို လေ့ကျက်ထားအပ်သည့်အတွက် ထက်ဝန်းကျင်မှ ပြည့်ပြည့်စုံစုံ လေ့ကျက်ထားအပ်သည့်အတွက်ကြောင့် အမျက်ထွက်ခြင်း မုန်းတီးခြင်းတရားသည် အကျွန်ုပ် သန္တာန်၌ မရှိခြင်း မဖြစ်ပေါ်ခြင်း ဖြစ်ပါ၏ဟု လျှောက်ထား၏။ (ဇာတက၊ဋ္ဌ၊၂၊၁၇၉။)

အသင်သူတော်ကောင်းသည် ဤဝတ္ထုဇာက်ကြောင်းကို ပြန်ပြောင်း၍ ဆန်းစစ်ကြည့်ပါ။ သတ္တဝါတို့ကို အများဆုံး ဒုက္ခပေးနေသော တရားများမှာ ဤချစ်ခြင်းတရား မုန်းခြင်းတရားတို့ပင် မဟုတ်ပါလော၊ မည်သည့် သက်ရှိသက်မဲ့ သတ္တဝါ သင်္ခါရကိုမျှ မချစ်တတ်ခဲ့သော် မမုန်းတတ်ခဲ့သော် အသင်သူတော်ကောင်းသည်လည်း မည်မျှချမ်းသာမည်ကို စဉ်းစားကြည့်စေချင်သည်။ ဤ ရာဂ ဒေါသ ဣဿာ မစ္ဆရိယ တရားဆိုးတို့ကို သမထ ဝိပဿနာ ဘာဝနာလက်နက်ကောင်းတို့ဖြင့် အမြစ်ပြတ်အောင် တိုက်ဖျက်နိုင်လျှင်ကား အကောင်းဆုံးပင် ဖြစ်၏။ သို့သော် အမြစ်ပြတ် မဖြေရှင်းနိုင်သေးလျှင် အရှင်သာရိပုတ္တရာအလောင်း သူတော်ကောင်းကဲ့သို့ ကောင်းမှု ကုသိုလ်ပြုတိုင်း မည်သူ့ကိုမျှ မချစ်တတ်အောင် မည်သူ့ကိုမျှ မမုန်းတတ်အောင် မည်သူ့ကိုမျှ မငြူစူတတ် အောင် အရက် မသောက်တတ်အောင် ဆုတောင်းပန်ထွာသင့်လှပေသည်။

__________

၁၁။ ကုက္ကုစ္စ

၁၁။ ကုက္ကုစ္စ

ကုစ္ဆိတံ ကတံ ကုကတံ၊ တဿ ဘာဝေါ ကုက္ကုစ္စံ။

၁။ ကုက္ကုစ္စံ္စ ပစ္ဆာနုတာပလက္ခဏံ၊

၂။ ကတာကတာနုသောစနရသံ၊

၃။ ဝိပ္ပဋိသာရပစ္စုပဋ္ဌာနံ၊

၄။ ကတာကတပဒဋ္ဌာနံ။

ဒါသဗျံ ဝိယ ဒဋ္ဌဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၉။ ဝိသုဒ္ဓိ၊၂၊၁၀၀။)

ရွံရှာစက်ဆုပ်အပ်သော ပြုပြီးဒုစရိုက် မပြုလိုက်မိသော သုစရိုက်သည် ကုကတ မည်၏။ ထိုကုကတ မည်သော ရွံရှာစက်ဆုပ်အပ်သော ပြုပြီးဒုစရိုက် မပြုလိုက်မိသော သုစရိုက်အမှုကို အာရုံပြု၍ ဖြစ်ပေါ်လာသော နှလုံးမသာယာသော စိတ္တုပ္ပါဒ်၏ ဖြစ်ကြောင်းဖြစ်ရာသဘောသည် ကုက္ကုစ္စ မည်၏၊ တစ်နည်း စက်ဆုပ်အပ်စွာ ပြုအပ်သောစိတ်သည် ကုကတ မည်၏၊ ထိုစက်ဆုပ်အပ်စွာ ပြုအပ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာသဘော သည် ကုက္ကုစ္စ မည်၏။

၁။ နောင်တတစ်ဖန် ပူပန်ခြင်းသဘော လက္ခဏ၊

၂။ ပြုအပ်ပြီးသော ဒုစရိုက် မပြုလိုက်မိသော သုစရိုက်သို့

အဖန်တလဲလဲ လျှောက်၍ ဝမ်းနည်းခြင်း (ကိစ္စ) ရသ၊

၃။ စိတ်နှလုံးပူပန်လျက် အဖန်ဖန် အောက်မေ့ခြင်းကို ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်၊

တစ်နည်း - စိတ်နှလုံး မသာမယာခြင်း ရှိသော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

၄။ (က) ပြုပြီး ဒုစရိုက် ( ခ ) မပြုလိုက်မိသော သုစရိုက်

တစ်နည်း (က) ပြုပြီးအကုသိုလ်, ( ခ ) မပြုလိုက်မိသော ကုသိုလ် ပဒဋ္ဌာန်။

ကုက္ကုစ္စ --- ဧဝံ ကတာကတံ ဒုစ္စရိတံ သုစရိတဉ္စ ကုကတံ၊ တံ အာရဗ္ဘ ဝိပ္ပဋိသာရဝသေန ပဝတ္တံ ပန စိတ္တံ တံ သဟစရိတတာယ ဣဓ ကုကတန္တိ ဂဟေတွာ တဿ ဘာဝေါ ကုက္ကုစ္စန္တိ ဝုတ္တန္တိ ဒဋ္ဌဗ္ဗံ။ (မဟာဋီ၊၂၊၁၅၂။)

ပြုမိ လွန်ကျူးမိသော ဒုစရိုက်, မပြုကျင့်လိုက်မိသော သုစရိုက်အမှုသည် ရွံရှာစက်ဆုပ်အပ်သောကြောင့် ကုကတ မည်ရင်းတည်း။ ထိုအမှုကို အာရုံပြု၍ သူတော်ကောင်းတို့ စက်ဆုပ်ရွံရှာဖွယ် ဖြစ်သော အပယ်လား ကြောင်း ဤသည့် ဤသည့် မကောင်းမှု ဒုစရိုက်ကို ငါပြုမိလေသည်၊ ခက်စွဟု နှလုံးမသာယာသော စိတ္တုပ္ပါဒ် = စိတ်စေတသိက်တရားစု။

နတ်ရွာနိဗ္ဗာန်ကို ရခြင်း၏အကြောင်း ကောင်းမြတ်သော ဤသည့် ဤသည့် သုစရိုက်တရားကို ငါမပြုမိ မကျင့်မိလေ၊ ငါ့အား သေခါနီးအခါ ကြောက်မက်ဖွယ် အပယ်ဘေးမှ တားမြစ် စောင့်ရှောက်ကြောင်း ပုံးအောင်း လည်းလျောင်း မှီခိုရာ ဖြစ်သော တစိုးတစိသော သုစရိုက်တရား မရှိသည်ကား ခက်စွ ငါ့ကိုယ်ဟု နှလုံးမသာမယာသော စိတ္တုပ္ပါဒ် = စိတ်စေတသိက်တရားစု။

ဤနှစ်မျိုးသော စိတ်စေတသိက်တရားစုသည်လည်း --- ပထဝီကသိုဏ်းလျှင် အာရုံရှိသော စျာန်သည် ပထဝီကသိဏ အမည်ရသကဲ့သို့ ကာရဏူပစာရအားဖြင့် ကုကတ မည်သတည်း။ အကျိုး၏အမည်ကို အကြောင်း၌ တင်စား၍ ခေါ်ဝေါ်ထားသည် ဟူလိုသည်။

ထိုကုကတ မည်သော နှလုံးမသာယာသော စိတ္တုပ္ပါဒ်၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတရားသည် ကုက္ကုစ္စ မည်၏၊ ထိုသဘောတရားကား ကုက္ကုစ္စစေတသိက် ဟူလိုသည်။

မပြုရသေးသော သုစရိုက်အမှုသည် မပြုရသေးဘဲလျက် အဘယ်ကြောင့် ကုကတ မည်လေသနည်း ဟူမူကား --- လောက၌ သူတော်တံထွာ ပြုအပ်ပြုသင့်သော ကောင်းမှုကို မပြုမိသောသူတို့သည် အပါယ်ဘေး ဆိုးကြီး သံသရာဘေးဆိုးကြီးတို့မှ ပုန်းအောင်းလည်းလျောင်း မှီခိုရာဖြစ်သော ကောင်းမှုကို ငါမပြုမိပါ၊ စက်ဆုပ်ဖွယ်အမှု ဖြစ်ခဲ့၏တကားဟု ပြုသင့် ကျင့်သင့်လျက် မပြုမိ မကျင့်မိသော ကောင်းမှုကို စက်ဆုပ်ဖွယ်အမှုဟု ခေါ်ဝေါ်ကြရကား လောကဝေါဟာရအားလျော်စွာ နှစ် လ နေ့ရက် လွန်၍ မပြုမိ မကျင့်မိသော သုစရိုက်အမှု သည်လည်း ကုကတ မည်လေသတည်း။

ထိုကြောင့် ပြုပြီး ဒုစရိုက် မပြုမိသော သုစရိုက်သည် ကုကတ မည်ပေသည်၊ ထိုကုကတ မည်သော ပြုပြီး ဒုစရိုက် မပြုမိသော သုစရိုက်ကို အာရုံပြု၍ နှလုံးမသာခြင်း၏ အစွမ်းဖြင့်ဖြစ်သော စိတ်ကို ထိုကုကတ မည်သော ဒုစရိုက် သုစရိုက်နှင့် အတူတကွဖြစ်သည်၏ အဖြစ်ကြောင့် ဤအရာ၌ ကုကတဟု ယူ၍ ထိုကုကတ မည်သော စိတ်၏ ဖြစ်ကြောင်းဖြစ်ရာ သဘောသည် ကုက္ကုစ္စ မည်၏ဟု မှတ်ပါ။

အဖွင့်တစ်မျိုး

ကုစ္ဆိတံ ကတန္တိ ကတာကတံ အာရဗ္ဘ ဥပ္ပဇ္ဇနဝိပ္ပဋိသာရစိတ္တံ။ ယောဇနာ။

ဤအဖွင့်အရ စက်ဆုပ်အပ်စွာ ပြုအပ်သော စိတ်သည် ကုကတ မည်၏။ စက်ဆုပ်အပ်စွာ ပြုအပ်သော စိတ်ဟူသည် ---

(က) ပြုအပ်ပြီးသော ဒုစရိုက်ကို အာရုံပြု၍ ဖြစ်သော စိတ်,

( ခ ) မပြုအပ် မပြုခဲ့မိသော မကျင့်ခဲ့မိသော သုစရိုက်ကို အာရုံပြု၍ ဖြစ်သော စိတ်တည်း။

ထိုစိတ်သည် ပြုအပ်ပြီးသော အကုသိုလ်ကိုလည်း မပြုအပ်ရာရောက်အောင်, မပြုခဲ့မိ မကျင့်ခဲ့မိသော ကုသိုလ်ကိုလည်း ပြုအပ်ပြီးဖြစ်အောင် ကျင့်ပြီးဖြစ်အောင် မတတ်နိုင်ရကား ပညာရှိတို့ မြင်ပြင်းကပ်စရာ သက်သက် ရွံရှာစက်ဆုပ်ဖွယ်ရာကောင်းသော စိတ်သာ ဖြစ်လေသည်၊ ထိုစိတ်ဓာတ်မျိုးကို ဖြစ်ပေါ်လာစေတတ်သော ထို စိတ်၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတရားကား ဤကုက္ကုစ္စစေတသိက်ပင်တည်း။ [ထိုကြောင့် ကုစ္ဆိတံ ကတံ ကုကတံ၊ ကုကတဿ ဘာဝေါ ကုက္ကုစ္စံ-ဟု ပြုပါ။ ဤနည်း၌ ကာရဏူပစာရ ကြံဖွယ်မလို။]

အဖွင့်တစ်မျိုး

ကုက္ကုစ္စန္တိ အဇ္ဈာစာရဟေတုကော ပစ္ဆာနုတာပေါ၊ ဝိပ္ပဋိသာရောတိပိ တေဿဝ နာမံ။ သော ဟိ ဝိညူဟိ အကတ္တဗ္ဗတာယ ကုစ္ဆိတကိရိယဘာဝတော ကုက္ကုစ္စံ၊ ကတံ အဇ္ဈာစာရံ နိဝတ္တေတုံ အသမတ္ထတာယ တံ ပဋိစ္စ ဝိရူပံ သရဏဘာဝတော ဝိပ္ပဋိသာရောတိ ဝုစ္စတိ။ (ဝိ၊ဋ္ဌ၊၁၊၁၈၂။)

အရှင်သုဒိန်ကဲ့သို့ ဒုစရိုက်ကို ပြုပြီးနောက် ပစ္စုပ္ပန်၌ ရရှိမည့် ဘုရားအစရှိသော အရိယာသူတော်ကောင်း တို့၏ အကဲ့ရဲ့ခံရခြင်း စသော အပြစ်, သံသရာ၌ ရရှိမည့် အပါယ်ဆင်းရဲ စသောအပြစ်များကို ဆင်ခြင်မိသည့်အခါ, သို့မဟုက် အကဲ့ရဲ့ခံရခြင်း, အရှုတ်ချခံရခြင်း စသည့် မကောင်းကျိုးများကို လက်တွေ့ ခံစားရသည့်အခါ ထို ဒုစရိုက်မှုကို ပြုမှားမိလေခြင်းဟူသော စိတ်အမူအရာသည် ဖြစ်ပေါ်လာတတ်၏။ တစ်ဖန် ပစ္စည်းဥစ္စာ ကုံလုံ ကြွယ်ဝသည့်အခါ ငယ်ရွယ်ကျန်းမာသည့်အခါတုန်းက ကုသိုလ်ကောင်းမှုကို မပြုခဲ့မိဘဲ ပစ္စည်းဥစ္စာများ ကုန်ခန်း သည့်အခါ အသက်အရွယ်ကြီးရင့်၍ အိုမင်းမစွမ်းရှိသည့်အခါ, မကျန်းမာသည့်အခါမျိုးကျမှ တစ်ချိန်က သုစရိုက်ကို မပြုမိခဲ့လေခြင်းဟူသော စိတ်အမူအရာမျိုးလည်း ဖြစ်ပေါ်လာတတ်၏။ ထိုစိတ်ထားမျိုး စိတ်အမူအရာမျိုးသည် ပြုပြီးဒုစရိုက်ကိုလည်း မပြုရာရောက်အောင်, မပြုခဲ့မိသော သုစရိုက်ကိုလည်း ပြုပြီးသာဖြစ်အောင် မတတ်နိုင်၊ ပညာရှိသူတော်ကောင်းတို့သည် မပြုသင့် မပြုထိုက်သည့်အတွက် ပညာရှိသူတော်ကောင်းတို့သည် စက်ဆုပ်အပ် ရွံရှာအပ်သော အပြုအမူမျိုး အမူအရာမျိုးသာ ဖြစ်၍ ကုကတ မည်လေသည်။ ထိုကြောင့် ထိုအမူအရာမျိုးကို ပစ္ဆာနုတာပ = နောင်တတစ်ဖန် ပူပန်မှု --- ဟု ပြောဆိုရိုးပြုကြသည်။ ဝိပ္ပဋိသာရ = စိတ်နှလုံး မသာယာမှု --- ဟူသည်လည်း ထိုကုကတ မည်သော ကုက္ကုစ္စ၏ အမည်ပင်တည်း။

ပြုအပ်ပြီးသော မကောင်းမှု မပြုအပ်သေးသော ကောင်းမှုသို့ စိတ်ဓာတ် ရှေးရှူဖြစ်နေခြင်း အောက်မေ့ ခြင်းသည်, တစ်နည်း အပြစ်ရှိသော မကောင်းမှု အပြစ်မရှိသော ကောင်းမှုသို့ စိတ်ဓာတ် ရှေးရှူဖြစ်နေခြင်း အောက်မေ့ခြင်းသည် ပဋိသာရ မည်၏။ ဤ ပြုအပ်ပြီးသော မကောင်းမှု မပြုအပ်မိသေးသော ကောင်းမှုသို့ စိတ်ဓာတ် ရှေးရှူဖြစ်ခြင်း အောက်မေ့ခြင်းသည် ပြုအပ်ပြီးသော မကောင်းမှုကိုလည်း မပြုအပ်ရာရောက်အောင် မပြုလုပ်ပေးနိုင်၊ မတတ်နိုင်၊ မပြုအပ်သေးသော မပြုအပ်မိ မပြုအပ်ခဲ့သော ကောင်းမှုကိုလည်း ပြုပြီးဖြစ်အောင် မပြုလုပ်နိုင် မတတ်နိုင်၊ ထိုကြောင့် ဤပြုအပ်ပြီးသော မကောင်းမှု မပြုအပ်မိသေးသော ကောင်းမှုသို့ စိတ်ရှေးရှူ ဖြစ်ခြင်း အောက်မေ့ခြင်းသည် ဖောက်ပြန်သော ရှေးရှူဖြစ်ခြင်း အောက်မေ့ခြင်းသာတည်း၊ စက်ဆုပ်အပ်သော ရှေးရှူဖြစ်ခြင်း အောက်မေ့ခြင်းသာတည်း။ ထိုသို့ အောက်မေ့ရာ၌ လွန်ကျူးပြီး ပြစ်မှုများကို ပြန်နစ်စေခြင်း ပြန်တားမြစ်ခြင်းငှာ မစွမ်းနိုင်သည့်အတွက်, မပြုအပ်ခဲ့မိသော ကောင်းမှုကိုလည်း ပြုပြီးဖြစ်အောင် မပြုလုပ်နိုင် သည့်အတွက် ထိုပြုပြီးသည့် မကောင်းမှု မပြုမိသည့် ကောင်းမှုတို့ကို အစွဲပြု အကြောင်းပြု၍ ဖောက်ဖောက်ပြန်ပြန် ဝမ်းနည်းပန်းနည်း ကြံစည်အောက်မေ့တတ် တွေးနေတတ် ဆွေးနေတတ် စိတ်နှလုံးမသာမယာ ဖြစ်နေတတ်သော ကြောင့် ထို ပြုပြီးသည့် မကောင်းမှု မပြုမိသော ကောင်းမှုတို့သို့ စိတ်ရှေးရှူဖြစ်နေခြင်း အောက်မေ့ခြင်းကို ဝိပ္ပဋိသာရဟုလည်း ခေါ်ဆိုသည်၊ တရားကိုယ်မှာ ကုက္ကုစ္စစေတသိက်ပင် ဖြစ်သည်။ [ဤနည်း၌ --- ကုစ္ဆိတံ ကတံ ကုကတံ၊ ကုကတမေဝ ကုက္ကုစ္စံ --- ဟု ပြုပါ။ (အဘိ၊ဋ္ဌ၊၁၊၄၁၄-၌လည်း ကြည့်ပါ။)]

ပညာရှိသူ ဉာဏ်ရှိသူတို့သည် ပြုအပ်မိသော မကောင်းမှုကို တွေး၍ ပူဆွေးမနေတော့ဘဲ နောင်တစ်ဖန် ထိုအမှုမျိုးကို မပြုတော့အံ့ဟူ၍ သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက်ချ၍ ကောင်းမှုကိုသာ များစွာပြုသင့်ပေသည်။ ပူဆွေးခြင်းကိုကား မပြုသင့်ပေ။ ထိုသို့ မပြုသင့်သော ပူဆွေးမှုကို ပြုခြင်းသည် စက်ဆုပ်ဖွယ် အပြုအမူ ဖြစ်သောကြောင့် ထိုအပြုအမူ သဘောတရားကို ကုက္ကုစ္စဟု ခေါ်၏။ ဆူးစူးရာ၌ နောက်ထပ် ဆူးတစ်ချောင်းဖြင့် ထပ်၍ ထွင်နေ သည်နှင့် တူ၏။ ပထမ ဖြစ်ပြီး မကောင်းမှု အကုသိုလ်ကို အာရုံပြု၍ နောက်ထပ် ကုက္ကုစ္စ ဒေါမနဿဝေဒနာ ပြဓာန်းသည့် အကုသိုလ်များ အသစ်အသစ် ထပ်ကာထပ်ကာ ဖြစ်နေခြင်း ဖြစ်၏။ သတိကြီးစွာထား၍ အဆိပ်ပြင်းသော မြွေဆိုးကဲ့သို့ ဝေးစွာ ရှောင်ကြဉ်သင့်သော သဘောတရားတစ်ခု ဖြစ်သည်။

ကျွန်နှင့်တူသည်

ကျွန်နှင့်တူသည်

ဤကုက္ကုစ္စကို ကျွန်၏အဖြစ်ကဲ့သို့ မှတ်ပါဟု အဋ္ဌကထာက ဖွင့်ဆိုထား၏။ ကျွန်ဖြစ်နေလျှင် ထိုကျွန်သည် မည်သည့်ကိစ္စ၌မျှ မိမိမပိုင်တော့ဘဲ အရှင်သခင်၏ အလိုအတိုင်းသာ ဖြစ်ရသကဲ့သို့ ကုက္ကုစ္စ ဖြစ်နေလျှင် ထို ကုက္ကုစ္စရှိသူသည် ကုသိုလ်ရေးလုပ်ငန်းကိစ္စ၌ မိမိအလိုအတိုင်း မဖြစ်နိုင်၊ ထိုကြောင့် ကုက္ကုစ္စနှင့် ပြည့်စုံသူသည် ကုက္ကုစ္စဟူသော သူတစ်ပါးနှင့် စပ်နေသောကြောင့် ကျွန်၏အဖြစ်နှင့် = ကျွန်၏ ဖြစ်ပုံနှင့် တူ၏ ဟူလိုသည်။

တစ်နည်း --- ပြုအပ်ပြီးသော အကုသိုလ်, မပြုအပ်မိသော ကုသိုလ်သို့ အစဉ်လိုက်၍ ဝမ်းနည်းခြင်းသည် ဒေါမနဿဝေဒနာတည်း။ ကုက္ကုစ္စ၏ ဖြစ်မှုသည် ထိုဝမ်းနည်းခြင်း ဒေါမနဿဝေဒနာနှင့် ဆက်စပ်နေသောကြောင့် ထိုနှစ်ပါးစုံသော ပြုအပ်ပြီးသော အကုသိုလ် မပြုအပ်မိသော ကုသိုလ်သို့ အစဉ်လိုက်၍ ဝမ်းနည်းခြင်း၏ အစွမ်းဖြင့် (ဝမ်းနည်းခြင်း ဒေါမနဿနှင့် ဆက်စပ်လျက်) ဖြစ်ပေါ်လာသော နောင်တတစ်ဖန် ပူပန်မှုသဘောသည် ကုက္ကုစ္စ တည်း။ ထိုကုက္ကုစ္စကြောင့် ထိုပြုအပ်ပြီးသော အကုသိုလ် မပြုအပ်မိသော ကုသိုလ်သို့ အစဉ်လိုက်၍ ဝမ်းနည်းခြင်း ဒေါမနဿဝေဒနာနှင့် ပြည့်စုံမှု ဖြစ်ရပြန်၏ = ပြည့်စုံသူ ဖြစ်ရပြန်၏။ ထိုသို့ နောင်တတစ်ဖန် ပူပန်မှု ကုက္ကုစ္စ သည် ပြုအပ်ပြီးသော အကုသိုလ် မပြုအပ်မိသောကုသိုလ်သို့ အစဉ်လိုက်၍ ဝမ်းနည်းခြင်း ဒေါမနဿဝေဒနာနှင့် ဆက်စပ်နေရကား ကုက္ကုစ္စသည် ကျွန်၏ အဖြစ်နှင့် တူသည် ဟူလိုသည်။ (ဒေါမနဿဝေဒနာ မပါဘဲ = ပြုပြီး အကုသိုလ် မပြုလိုက်မိသော ကုသိုလ်တရားတို့၌ စိုးရိမ်ပူဆွေးမှု သောကမပါဘဲ နောင်တတစ်ဖန် ပူပန်မှု ကုက္ကုစ္စ ချည်းသက်သက် မဖြစ်နိုင်သောကြောင့် သောက = ဒေါမနဿဝေဒနာဟူသော သူတစ်ပါးနှင့် ဆက်စပ်နေရကား ကျွန်အဖြစ်နှင့် တူသည်ဟု ဆိုလိုရင်းတည်း။) (မူလဋီ၊၁၊၁၂၁။ မဟာဋီ၊၂၊၁၅၂။)

ကုက္ကုစ္စဖြစ်တတ်ပုံ တစ်မျိုး

ကုက္ကုစ္စဖြစ်တတ်ပုံ တစ်မျိုး

အနဝဇ္ဇံ ပန ကိဉ္စိဒေဝ ဝဇ္ဇသညိတာယ, ဝဇ္ဇဉ္စ အနဝဇ္ဇသညိတာယ ကရောန္တော အနဝဇ္ဇေ ဝဇ္ဇသညာယ, ဝဇ္ဇေ စ အနဝဇ္ဇသညာယ ဝီတိက္ကမံ ကရောတိ နာမ။ ယသ္မာ ပနေတံ အကတံ ဝတ မေ ကလျာဏံ၊ အကတံ ကုသလံ၊ အကတံ ဘီရုတ္တာဏံ၊ ကတံ ပါပံ ကတံ လုဒ္ဓံ၊ ကတံ ကိဗ္ဗိသန္တိ ဧဝံ အနဝဇ္ဇေ ဝဇ္ဇသညိတာယပိ (ဝဇ္ဇေ အနဝဇ္ဇသညိတာယပိ) ကတေ ဝီတိက္ကမေ ဥပ္ပဇ္ဇတိ။ (အဘိ၊ဋ္ဌ၊၁၊၄၁၄။)

ကုက္ကုစ္စ ဖြစ်တတ်ပုံ တစ်မျိုးကား --- အပြစ်မရှိသော တစ်စုံတစ်ခုသော အမှုကိုပင် အပြစ်ရှိ၏ဟု အမှတ် ရှိကာ, အပြစ်ရှိသော အမှုကိုလည်း အပြစ်မရှိဟု အမှတ်ရှိသည့်အတွက် ပြုလုပ်လွန်ကျူးမိသော ပုဂ္ဂိုလ်သည် အပြစ် မရှိသောအမှု၌ အပြစ်ရှိ၏ဟု မှတ်ထင်ခြင်းကြောင့်လည်းကောင်း, အပြစ်ရှိသောလုပ်ငန်း၌လည်း အပြစ် မရှိဟု မှတ်ထင်ခြင်းကြောင့်လည်းကောင်း ဝီတိက္ကမ ခေါ်သော ပြစ်မှုကျူးလွန်ခြင်းကို ပြုသည် မည်ပေသည်။ ထိုသို့ ပြစ်မှု ကျူးလွန်မိပြီးနောက် ကုက္ကုစ္စ ဖြစ်တတ်ပုံမှာ ငါသည် ကောင်းမှုကို မပြုအပ်ခဲ့မိလေစွ၊ ကုသိုလ်ကို မပြုအပ်ခဲ့မိလေစွ၊ ကြောက်မက်ဖွယ် အပါယ်ဘေးမှ စောင့်ရှောက်တတ်သော အပါယ်ဘေးကို တားမြစ်ကြောင်း ဖြစ်သော ကောင်းမှုကုသိုလ်ကို မပြုအပ်ခဲ့မိလေစွ၊ (အမှားကြီး မှားလေပြီ) မကောင်းမှုကို ပြုခဲ့မိလေစွ၊ ရက်စက် ကြမ်းကြုတ်မှုကို ပြုအပ်ခဲ့မိလေစွ၊ မကောင်းကျိုးကို ပြုတတ်သော ညစ်နွမ်းကြောင်း အကုသိုလ်ကို ပြုခဲ့မိလေစွ၊ (အမှားကြီး မှားလေပြီ ) ဟု အပြစ်မရှိသည်၌ အပြစ်ရှိ၏ဟု အမှတ်ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, အပြစ်ရှိသည်၌ အပြစ်မရှိဟု အမှတ်သညာရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း ကျူးလွန်မှုကို ပြုအပ်ပြီး သည်၏ နောက်၌လည်း ဖြစ်တတ်သေး၏။ ဤသို့လျှင် သုစရိုက်ကို ဒုစရိုက်ထင်၍ ပြုပြီးနောက်၌လည်းကောင်း, ဒုစရိုက်ကို သုစရိုက်ထင်၍ ပြုပြီးမှ ဒုစရိုက်မှန်းသိရာအခါ၌လည်းကောင်း အထူးသဖြင့် သေခါနီးကာလမျိုး၌ မကောင်းသော နိမိတ်များ ထင်လာရာ အခါဝယ် ကုက္ကုစ္စ ဖြစ်တတ်သေး၏ဟု သိပါလေ။

အထက်ပါ ရှင်းလင်းချက်များဖြင့် လက္ခဏ ရသ စသည်တို့၏ သဘောတရားများကိုလည်း သဘောပေါက် လောက်ပေပြီ။ ပြုပြီး ဒုစရိုက် မပြုလိုက်မိသော သုစရိုက်, သို့မဟုတ် ပြုပြီး အကုသိုလ်နှင့် မပြုမိသော ကုသိုလ် တို့မှာ ကုက္ကုစ္စ ဖြစ်ဖို့ရန် အနီးဆုံးအကြောင်း ပဒဋ္ဌာန်များပင် ဖြစ်ကြပေသည်။

ကုက္ကုစ္စ (၃) မျိုး

ကုက္ကုစ္စ (၃) မျိုး

၁။ နီဝရဏကုက္ကုစ္စ --- ယခု ရေးသားတင်ပြခဲ့သော ကုက္ကုစ္စကား နီဝရဏတရား (၅)ပါးတွင် ပါဝင်သော ကုက္ကုစ္စတည်း၊ အကုသိုလ်တရားတည်း။

၂။ ဝိနယကုက္ကုစ္စ --- အပ်လေသလား, မအပ်လေသလားဟု ဝိနည်းအရာ၌ စဉ်းစားကြံစည်မှုတည်း၊ ဤဝိနယကုက္ကုစ္စကား ပုထုဇန်သေက္ခတို့နှင့် ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌ ထိုက်သလို ဖြစ်နိုင်သည်။ ပုထုဇန်သေက္ခ တို့၏ သန္တာန်၌ ဖြစ်သော ဝိနယကုက္ကုစ္စကား ကုသိုလ်တရားတည်း၊ အကုသိုလ် မဟုတ်။ ရဟန္တာပုဂ္ဂိုလ်တို့၏ သန္တာန်၌ ဖြစ်သော ဝိနယကုက္ကုစ္စကား ကြိယာတည်း။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် ဧည့်သည်တို့ တည်းခိုရာဇရပ်၌ လှူဒါန်းသည့် အာဝသထပိဏ္ဍ အမည်ရှိသော ဆွမ်းကို အလှူခံ၍ ဘုဉ်းပေးရန် ဝိနယကုက္ကုစ္စ ဖြစ်ဖူးကြောင်းကို (ဝိ၊၂၊၉၆။)၌ လာရှိသည်။

၃။ အသံယတကုက္ကုစ္စ --- ဘုရားဝတ်ကပ် ပရိသတ်အစည်းအဝေး ဥပုသ်အိမ် စသည်၌ ကိုယ်နှုတ်ကို မစောင့်စည်းဘဲ လက်လှုပ် ခြေလှုပ် စကားပြော ချွဲသလိပ်ဟပ်မှု စသော မလျောက်ပတ်သော အမှုများတည်း။ များသော အားဖြင့် မောဟပြဓာန်းသော အကုသိုလ် စိတ္တုပ္ပါဒ်ကို အရကောက်ရ၏။ ဤသို့လျှင် ကုက္ကုစ္စ (၃)မျိုးရှိရာ ဤ ကုက္ကုစ္စစေတသိက် အရာ၌ နီဝရဏကုက္ကုစ္စကို ဆိုလိုရင်း ဖြစ်သည်။

နောင်မှ နောင်တရပုံ

နောင်မှ နောင်တရပုံ

ဒု-သ-န-သောဟု အများပြောကြသော သူဌေးသား (၄)ယောက်သည် လူ့ဘဝ၌ ကုသိုလ်ကောင်းမှု ပြုလုပ်ဖို့ရာ ပစ္စည်းဥစ္စာ အလုံအလောက် ရှိကြပါလျက် ကုသိုလ်ကောင်းမှု ပြုရမည့်အစား မိစ္ဆာစာရကာမမှု အကုသိုလ်ကိုသာ ပြုမှားခဲ့ကြလေသည်။ ကွယ်လွန်သွားကြသည့်အခါ လောဟကုမီ႓ သံပူရည်ငရဲ၌ ကျရောက် ကာ အနှစ်ခြောက်သောင်းကြာမှ ငရဲအိုး အပေါ်သို့ တစ်ကြိမ် ပေါ်လာ၏။ ငရဲအိုး အောက်သို့ ရောက်သည့် တိုင်အောင် စုံဆင်းနေရသည်မှာ အနှစ်သုံးသောင်း, ငရဲအိုးအောက်ခြေမှ အထက်နှုတ်ခမ်းသို့တိုင်အောင် ပြန်တက် လာရသည်မှာ အနှစ်သုံးသောင်း ကြာ၏။ အပေါ်ပေါ်ခိုက် မိတ်ဆွေလေးဦးတို့ တစ်ခဏမျှ တစ်ဦးနှင့်တစ်ဦး တွေ့လိုက်ရ၍ ပြောချင်သော စကားများကို ပြောဆို၍ မဆုံးမီ တစ်လုံးစီမျှကိုသာ ပြောဆိုပြီးနောက် ပြန်မြုပ် သွားကြရ၏ ---

၁။ ဒု --- ငါတို့သည် ပစ္စည်းဥစ္စာပေါများသော လူ့ဘဝတုန်းက မှီခိုအားထား ကိုးစားလောက်သော ကုသိုလ် များကို မပြုမိဘဲ မှားယွင်းစွာ အသက်မွေးခဲ့ကြပါကုန်ပကော --- ဟု ပြောဆိုလိုသော စကားများကို စုံလင်စွာ မပြောနိုင်ဘဲ --- ဒုဟူသော အသံနက်ကြီးကို ဟစ်အော်ကာ မြုပ်သွားရှာလေသည်။ ဤသူ၌ ကုသိုလ်ကောင်းမှုကို မပြုခဲ့မိ၍ နောင်တရသော ကုက္ကုစ္စ ဖြစ်လေသည်။

၂။ သ --- အားလုံး ရေတွက်လိုက်သော် ငရဲ၌ ခံနေရသော ငါတို့သည် အနှစ်ခြောက်သောင်းတို့ ပြည့်သွားကြ ကုန်ပြီ။ ငရဲ၌ ခံနေကြရကုန်သော ငါတို့အဖို့ ဘယ်သောအခါမှ အဆုံးအပိုင်းအခြားသည် ဖြစ်ပေါ်လာလတ္တံ့နည်း ဤသို့ ပြောဆိုလိုသော စကားများကို စုံလင်စွာ မပြောနိုင်ဘဲ သဟူသော အသံနက်ကြီးကို ဟစ်အော်ကာ ပြန်မြုပ်သွားရှာ၏။ ဤသူကား ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို မမြင်နိုင်သဖြင့် ဝိပ္ပဋိသာရခေါ်သည့် နောင်တ တစ်ဖန် ပူပန်မှု ဖြစ်နေသူတည်း။

၃။ န --- ငါတို့၏ ငရဲခံနေရသော ဒုက္ခကား အဆုံးမရှိ ဖြစ်နေ၏၊ ဘယ်သောအခါမှ ဆုံးမည်လည်း မသိ၊ အဆုံးကား မထင် ဖြစ်နေ၏၊ အချင်းတို့ ...ငါရော သင်တို့ပါ လူ့ဘဝတုန်းက မကောင်းမှုကို ပြုမှားမိကြပါ ကုန်ပေါ့ --- ဤသို့သော ပြောလိုရင်းစကားကိုပင် ဆုံးအောင် မဟနိုင်တော့ဘဲ နဟူသော အသံနက်ကြီးကို ဟစ်အော်ကာ မြုပ်သွားရရှာပြန်လေသည်။ ဤသူကား အကုသိုလ်ကို ပြုမှားမိခဲ့၍ နောင်တတစ်ဖန် ပူနေရ သူတည်း။

၄။ သော --- ထိုငါသည် ဤငရဲမှ လွတ်မြောက်သွားပြီးနောက် လူ့ဘဝကိုသာ တစ်ဖန် ပြန်၍ ရရှိခဲ့ပါမူ သူတော်ကောင်းတို့၏ ဆိုဆုံးမမှုကို တတ်သိနားလည်သူ ဖြစ်ရလို၏ သီလနှင့် ပြည့်စုံသူ ဖြစ်ရလို၏၊ ကောင်းမှု ကုသိုလ်ကို များစွာ ပြုရလို၏ --- ဤသို့သော ပြောလိုရင်း စကားကိုပင် ဆုံးအောင် မဟနိုင်တော့ဘဲ သော ဟူသော အသံနက်ကြီးကို ဟစ်အော်ကာ မြုပ်သွားရရှာပြန်လေသည်။ သူတောင်းကောင်းတို့၏ အဆုံးအမကို လိုက်နာသူ သီလနှင့် ပြည့်စုံသူ ကုသိုလ်ကောင်းမှုကို များစွာပြုခဲ့သူ မဖြစ်ခဲ့ရသည့်အတွက် နောင်တတစ်ဖန် ပူပန်နေသူတည်း။

ဤနောင်တရမှု နောင်တတစ်ဖန် ပြန်၍ ပူပန်မှုသည် ဒု-သ-န-သောတို့ကဲ့သို့ နောက်ဘဝကျမှသာ ဖြစ်သည် မဟုတ်သေး၊ ယခုဘဝမှာလည်း ထိုကဲ့သို့ ပူပန်တတ်ကြလေသည်။ အလွန်အမင်း ပူပန်လာသောအခါ စိတ်ထဲ တွင်မက ချွေးများကျလာအောင် ခန္ဓာကိုယ်ပါ ပူပန်လာတတ်ပေသည်။ အကုသိုလ်ကို ပြုပြီးမှ နောင်တတစ်ဖန် ပူပန်နေခြင်းကြောင့် ပြုပြီး အကုသိုလ်များ ကင်းပျောက်သွားမည်ကား မဟုတ်ပေ။ ကုက္ကုစ္စ အကုသိုလ် အသစ်ပင် တိုးလာသေး၏။ ထိုကြောင့် နောင်တတစ်ဖန် ပူပန်မနေတော့ဘဲ ပြုပြီး အကုသိုလ်များ နောင်အခါ၌ အကျိုး ပေးခွင့် မရအောင် ထိုအကုသိုလ်မျိုးကို နောက်ထပ် မဖြစ်စေရန် သတိထား၍ ရှောင်ကြဉ်ခြင်း, သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို အရိယမဂ်သို့ ဆိုက်သည့်တိုင်အောင် ကုသိုလ်တရားတို့ကို အားသွန်ခွန်စိုက် ကြိုးပမ်းခြင်း, ထိုကဲ့သို့ လွန်ပြီးသော အကုသိုလ်မျိုးသည် ငါ၏သန္တာန်ဝယ် နောင်အခါ မည်သည့်အခါမှ မဖြစ်စေ ရဟု စိတ်ပါလက်ပါ အဓိဋ္ဌာန်ပြု၍ စောင့်စည်းခြင်းသည်သာလျှင် အကောင်းဆုံးသော အပြစ်ကင်းဆုံးသော ဆောင်ရွက်မှုတစ်ရပ် ဖြစ်ပေသည်။ အင်္ဂုလိမာလ၏ ထုံးကိုပင် ရှုပါ။

အချိန်ရှိခိုက် လုံ့လစိုက်ပါ

အချိန်ရှိခိုက် လုံ့လစိုက်ပါ

ငယ်ရွယ်စဉ်အခါသည် ပညာ ဥစ္စာ ကုသိုလ် ဤသုံးမျိုးကို မိမိဉာဏ်ရှိသလောက် လိုချင်သလောက် ရှာရ မည့်အခါ, ရှာဖို့ရန် အခွင့်အလမ်းသာသောအခါ ဖြစ်သည်။ မိုးကုန်မှ ထွန်ချလျှင် အကျိုး အရနည်းရုံမျှမက လုံးလုံးမရဘဲသော်လည်း ရှိတတ်ပေသည်။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၈၁-၈၄။)တို့၌ လာသော မဟာဓနသူဌေးသား ဇနီး မောင်နှံတို့ကိုပင် ကြည့်ပါ။ အမျိုးသားဘက်မှ ကုဋေ (၈၀), အမျိုးသမီးဘက်မှ ကုဋေ (၈၀) နှစ်ရပ်ပေါင်း ကုဋေ (၁၆၀)ခန့် ချမ်းသာကြွယ်ဝသူ ဇနီးမောင်နှံတို့ ဖြစ်ကြ၏။ လောကီဘက်တွင် ဉာဏ်ယှဉ်၍ ကုန်သွယ်ခြင်း လယ် လုပ်ခြင်း စသည့် လုပ်ငန်းရပ်တို့ကို ပြုလုပ်ပါက ပထမအရွယ်၌ဖြစ်လျှင် ပထမတန်း သူဌေးရာထူး, ဒုတိယ အရွယ်ကျမှ စီးပွားရှာလျှင်လည်း ဒုတိယတန်း သူဌေးရာထူး, တတိယအရွယ်တွင် သတိသံဝေဂ ရ၍ စီးပွားရှာ လျှင်လည်း တတိယတန်း သူဌေးရာထူးကို ရရှိနိုင်သူများ ဖြစ်ကြ၏။ အကယ်၍ အိမ်ရာတည်ထောင် လူ့ဘောင် ကို စွန့်ခွာ၍ သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုကြလျှင် ---

၁။ ပထမအရွယ်၌ ရဟန်းပြုလျှင် အမျိုးသားက ရဟန္တာ, အမျိုးသမီးက အနာဂါမ်,

၂။ ဒုတိယအရွယ်၌ ရဟန်းပြုလျှင် အမျိုးသားက အနာဂါမ်, အမျိုးသမီးက သကဒါဂါမ်,

၃။ တတိယအရွယ်၌ ရဟန်းပြုလျှင် အမျိုးသားက သကဒါဂါမ်, အမျိုးသမီးက သောတာပန် --- အသီးအသီး ဖြစ်နိုင်၏။

သို့သော် အရွယ်သုံးပါးလုံး၌ မူးယစ်သောက်စား ပျော်ပါးကာ ဘဝကို ကုန်ဆုံးစေသူများ ဖြစ်ကြသဖြင့် နောက်ဆုံး ခွက်လက်စွဲကာ တောင်းစားရသည့် အခြေသို့ ဆိုက်ရောက်သွား၏။ ဘုရားရှင်နှင့် တွေ့သောအခါ အရွယ်သုံးပါးလုံး လွန်သွားကြပြီး ဖြစ်၏။ လူ့စည်းစိမ်ဥစ္စာမှလည်း ဆုတ်ယုတ် ပျက်စီးရ၏၊ ရဟန်းတို့ ရသင့် ရထိုက်သော မဂ်ဖိုလ် အကျိုးတရားမှလည်း ဆုတ်ယုတ် ပျက်စီးသွားရ၏။

အစရိတွာ ဗြဟ္မစရိယံ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ။

ဇိဏ္ဏကောဉ္စာဝ စျာယန္တိ၊ ခီဏမစ္ဆေဝ ပလ္လလေ။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၈၃။)

အရွယ်ရှိခိုက်၌ သာသနာ့ဗြဟ္မစရိယ မဂ္ဂဗြမ္မစရိယဟူသော မွန်မြတ်သော အကျင့်ကိုလည်း မကျင့်မိ သောကြောင့်, အရွယ်နုပျိုစဉ်အခိုက်၌ စီးပွားဥစ္စာကိုလည်း ရရှိအောင် မရှာဖွေခြင်းကြောင့် ငါးများ ကုန်ခန်း၍ ရေသွေ့ခန်းခြောက်သည့် ညွန်ထူထပ်သည့် အိုင်၌ ကျက်စားနေသည့် အတောင်ကျိုးနေသည့် ကြိုးကြာအိုကြီးကဲ့သို့ ကြံမှိုင်နေရပေ၏။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၈၃။)

သို့သော် အချိန်နှောင်းမှ သတိရသော်လည်း -- ကုသိုလ်ကို မပြုခဲ့မိတာ မှားပေါ့ -- ဟု နောင်တတစ်ဖန် ပူပန်မှုကား မဖြစ်စေသင့်ပေ။ အချိန်နှောင်းမှ သတိရခြင်းသည် လုံးလုံးသတိမရကြသူ များစွာသော လူတို့ထက် အပုံကြီး သာပါသေး၏။

တမ္ဗဒါဌိကမည်သော အဘိုးကြီးသည် အရွယ်ကောင်းတုန်းက သေဒဏ်အပေးခံရသူ တရားခံများကို သတ် ဖြတ်ရသော အလုပ်ဖြင့် ဘုရင့်အမှုကို ထမ်းလာခဲ့၏။ ကောင်းစွာ မသတ်နိုင်သော အဘိုးကြီးအရွယ်သို့ ရောက်မှ သူသတ်ရာထူးက ထွက်ခဲ့၏။ သေတော့မည့်နေ့ သေခါနီးဆဲဆဲတွင် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးအား နို့ဃနာဆွမ်းများကို ထောပတ်နှင့် ရောစပ်၍ လှူဒါန်းခွင့် ရခဲ့၏။ ဆွမ်းစားခြင်းကိစ္စ ပြီးသောအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက အနုမောဒနာတရားတော်ကို စတင်၍ ဟောကြားတော်မူ၏။ တရားတော်ကို နာယူ ရာတွင် သူပြုလုပ်ခဲ့သော အပြစ်နှင့် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ ဟောကြားတော်မူအပ်သော တရား တို့မှာ အလွန်ကွာခြားနေသောကြောင့် တရားတော်၌ စိတ်မဝင်စားနိုင်ဘဲ ရှိလေသည်။ ထိုအခါ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက သိတော်မူ၍ --- ဒါယကာ ...အသင် သတ်ချင်လို့ သတ်ရတာလား၊ သူတစ်ပါးတို့က ခိုင်းစေလို့ သတ်ရတာလား --- ဟု မေးတော်မူရာ --- တပည့်တော် သတ်ချင်လို့ မဟုတ်ပါ၊ ဘုရင်မင်းက အမိန့်တော်ဖြင့် ခိုင်းစေလို့သာ သတ်ရတာပါ --- ဟု လျှောက်ထား၏။ ဥပါသကာ ...ဤသို့ဖြစ်လျှင် သင့်မှာ အကုသိုလ် ဖြစ်နိုင်ပါ့မလားဟု ပရိယာယ်ဖြင့် မေးတော်မူလိုက်၏။ တမ္ဗဒါဌိကကား ပညာနုံ့သည့်အတွက် ငါ့မှာ အကုသိုလ် မရှိဟု အောက်မေ့ မှတ်ထင်သည် ဖြစ်၍ အရှင်ဘုရား ...ထိုသို့ဖြစ်လျှင် တရားတော်ကို ဆက်လက် ဟောကြားတော်မူပါဟု လျှောက်ထားတောင်းပန်၏။ ငါ့မှာ အပြစ်ရှိပုံ မရဘူးဟူသော အမှတ်သညာ ရှိရကား စိတ်သက်သာရာကို ရ၍ တရားတော်ကို စိတ်စိုက်နာလေရာ ---

သောတာပတ္တိမဂ္ဂဿ ဩရတော အနုလောမိကံ ခန္တိံ နိဗ္ဗတ္တေသိ။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၄၀၇။)

သောတာပတ္တိမဂ်ဉာဏ်၏ အောက်အဖို့အားဖြင့် အနုလောမိကခန္တိ အမည်ရသော ဝိပဿနာဉာဏ်ကို ဖြစ်စေ၏။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၄၀၇။)

အနုလောမိကခန္တိ --- (အဘိ၊၂၊၃၃၇။)နှင့်အညီ တမ္ဗဒါဌိက ဒါယကာကြီးကား အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ တရားတော်ကို နာယူရသဖြင့် ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို ကောင်းစွာ ထိုးထွင်းသိမြင်သွားလေသည်။ ယင်းဝိပဿနာဉာဏ်သည် မဂ္ဂသစ္စာအားလည်းကောင်း, ပရမတ္ထသစ္စာအားလည်းကောင်း, နိဗ္ဗာန်အားလည်းကောင်း လျော်သောကြောင့် မြင်ခြင်းငှာ ခံ့သောကြောင့် အနုလောမိကခန္တိ မည်ပေသည်။ (မဟာဋီ၊၂၊၇၉ - လည်းကြည့်ပါ။)

ထို ဒါယကာကြီးလည်း မကြာမီ ကွယ်လွန်ကာ တုသိတာနတ်ပြည်သို့ ဆိုက်ရောက်သွားလေသည်။ ထို အဘိုးကြီး၌ ပါဏာတိပါတကံတွေ များစွာရှိနေသည်ကား မှန်ပေ၏၊ သို့သော် ထိုအပြစ်အတွက် ကုက္ကုစ္စ မဖြစ် အောင် ပရိယာယ်ဆောင်လျက် မေးတော်မူလိုက်ရာ ကုက္ကုစ္စ ငြိမ်းအေးသွားလေသည်၊ ကုက္ကုစ္စ ငြိမ်းအေးပြီးမှ တရားတော်၌ စိတ်စိုက်၍ နာယူရာ အနုလောမိကခန္တိခေါ်သော ဝိပဿနာဉာဏ်ကို ရရှိသွားပေသည်။ ယင်း ကုသိုလ်တရားတို့က အပါယ်ဘေးမှ ထုတ်ဆောင်လျက် နတ်ပြည်သို့ ရောက်အောင် ပို့ဆောင်လိုက်လေသည်။

သို့ဖြစ်၍ မည်သူမဆို ပြုခဲ့ပြီး အကုသိုလ်အတွက်လည်း မပူပန်ဘဲ, ကုသိုလ်ကို မပြုခဲ့ရသေး၍လည်း နောင်တတစ်ဖန် ပူပန်မှု မဖြစ်စေဘဲ အကုသိုလ်အသစ် မဖြစ်အောင်သာ ကြိုးစားလျက် သတိရသော အရွယ်က စ၍ ကုသိုလ်ကို ကြိုးစားအားထုတ်သင့်ပေသည်။

__________

၁၂။ ထိန

၁၂။ ထိန

၁။ ထိနံ အနုဿာဟလက္ခဏံ၊

၂။ ဝီရိယဝိနောဒနရသံ၊

၃။ သံသီဒနပစ္စုပဋ္ဌာနံ၊

၄။ အရတိဝိဇမိ႓ကာဒီသု (အရတိတန္ဒိဝိဇမိ႓တာဒီသု)

အယောနိသောမနသိကာရပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၇။ ဝိသုဒ္ဓိ၊၂၊၉၉။)

၁။ အားမထုတ်ခြင်းသဘော = အားတက်သရော မရှိခြင်းသဘော လက္ခဏ၊

၂။ ဝီရိယကို ဖျက်ဆီးခြင်း = ဝီရိယကို ပယ်ရှားခြင်း (ကိစ္စ) ရသ၊

၃။ ထိုထိုကိစ္စ၌ ဆုတ်နစ်တတ်သော သဘောတရား

တစ်နည်း --- သမ္ပယုတ်တရားတို့၏ ဆုတ်နစ်ကြောင်း သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

တစ်နည်း --- သမ္ပယုတ်တရားတို့၏ ဆုတ်နစ်ခြင်းကို ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ ဆိတ်ငြိမ်သော တောကျောင်း တောင်ကျောင်းတို့၌လည်းကောင်း, လွန်ကဲ-

မြင့်မြတ်သော သမထ ဝိပဿနာကုသိုလ်တို့၌လည်းကောင်း မမွေ့လျော်ခြင်း

ပျင်းရိခြင်း ကိုယ်တဆန့်ကျင်ကျင် ရှိခြင်း စသည်တို့ကြောင့် အယောနိသော-

မနသိကာရ ဖြစ်ခြင်း, ပျင်းရိဖွယ်အာရုံတို့၌ အယောနိသောမနသိကာရ ဖြစ်ခြင်း ပဒဋ္ဌာန်။

၁၃။ မိဒ္ဓ

၁၃။ မိဒ္ဓ

၁။ မိဒ္ဓံ အကမ္မညတာလက္ခဏံ၊

၂။ ဩနဟနရသံ။

၃။ (က) လီနတာပစ္စုပဋ္ဌာနံ၊ (ခ) ပစလာယိကာနိဒ္ဒါပစ္စုပဋ္ဌာနံ ဝါ၊

၄။ အရတိတန္ဒိဝိဇမိ႓တာဒီသု အယောနိသော မနသိကာရ ပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၇။ ဝိသုဒ္ဓိ၊၂၊၉၉။)

၁။ ထိုထိုအမှု၌ စေတသိက်တို့၏ မခံ့ညားသည်၏ အဖြစ်ဟူသော သဘော လက္ခဏ၊

၂။ ဝိညာဏ် ဒွါရတို့ကို ပိတ်ထား + ဖွဲ့ထားခြင်း

တစ်နည်း --- သမ္ပယုတ်တရားတို့ကို လေးတွဲ့တွဲ့ဖြစ်အောင် ဖွဲ့ထားခြင်း (ကိစ္စ) ရသ၊

၃။ (က) အာရုံကို ယူခြင်း၌ တွန့်ဆုတ်တတ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

( ခ ) တစ်နည်း --- မျက်တောင်တစ်လှုပ်လှုပ် ရှိအောင်

အိပ်ချင်ငိုက်မျဉ်းခြင်း အကျိုးကို ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ တောကျောင်း တောင်ကျောင်း သမထ ဝိပဿနာ ကုသိုလ်တရားတို့၌

မမွေ့လျော်နိုင်ခြင်း, ပျင်းရိခြင်း, ကိုယ်လက်တဆန့်ကျင်ကျင် ရှိခြင်း

စသည်တို့ကြောင့် အယောနိသောမနသိကာရ ဖြစ်ခြင်း ပဒဋ္ဌာန်။

ထိနနတာ ထိနံ၊ မိဒ္ဓနတာ မိဒ္ဓံ။ အနုဿာဟသံဟနနတာ အသတ္တိဝိဃာတော စာတိ အတ္ထော။ (အဘိ၊ဋ္ဌ၊၁၊၂၉၇။ ဝိသုဒ္ဓိ၊၂၊၉၉။)

အနုဿာဟနာဝသီဒနဘာဝေန သံဟတဘာဝေါ ထိနံ၊ တေန ယောဂတော စိတ္တံ ထိနံ၊ တဿ ဘာဝေါတိ ထိနတာ။ အသမတ္ထတာဝိဃာတဝသေန အကမ္မညတာ မိဒ္ဓံ။ ယသ္မာ တတော ဧဝ တေန သမ္ပယုတ္တဓမ္မာ မေဓိတာ ဝိဟတသာမတ္ထိယာ ဟောန္တိ၊ တသ္မာ မိဒ္ဓနတာ မိဒ္ဓန္တိ ဝုတ္တံ။ (မဟာဋီ၊၂၊၁၅၀။)

ထိန --- ထိုထိုအမှုကိစ္စတို့၌ အားထုတ်ခြင်း ကင်းသည်၏အဖြစ် ဆုတ်နစ်သည်၏အဖြစ်ဖြင့် အားတက်သရော မရှိဘဲ ကိုယ် လက် စသည်တို့ တွန့်ဆုတ်ကုပ်နေအောင် ပေါင်းစပ်ထားခြင်း ဆွဲစပ်ထားခြင်း သဘောကား ထိနတည်း။ ထိုထိနနှင့် ယှဉ်ခြင်းကြောင့် ထိနနှင့် ယှဉ်သော စိတ်သည်လည်း ထိန မည်ပေသည်။ သို့အတွက် အားအစွမ်းမထုတ် တွန့်ဆုတ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာ သဘောသည် ထိန မည်၏။ ဝီရိယသည် ထိုထို အမှုကိစ္စ၌ အားတက်သရော ရှိသလောက် ထိနကား ဆုတ်နစ်၏။ ထိုထိနသည် ယှဉ်ဖက်စိတ်ဓာတ်ကိုလည်း အားတက်သရော မရှိစေဘဲ ညံ့ဖျင်းနေအောင် ဖိနှိပ်ဟန့်တားထားသကဲ့သို့ ရှိလေသည်။ သို့အတွက် ထိနသည် ထိုထို အမှုကိစ္စ၌ အားထုတ်ခြင်း ကင်းသည်၏ အဖြစ်တည်းဟူသော အားထုတ်ခြင်း၏ ဆန့်ကျင်ဘက် = အားမထုတ်ခြင်း သဘောလက္ခဏာ ရှိပေသည်။ ဝီရိယကို ဖျက်ဆီးခြင်း ပယ်ရှားခြင်း ကိစ္စလည်း ရှိပေသည်၊ ထိုထိုအမှု ကိစ္စ၌ ဆုတ်နစ်တတ်သော သဘောတရား, စိတ်ဓာတ်ဆုတ်နစ်ကြောင်း စိတ်ဓာတ်ကျဆင်းကြောင်း သဘော တရား = သမ္ပယုတ်တရားတို့ကို ထိုထိုအမှုကိစ္စမှ ဆုတ်နစ်သော အခြင်းအရာအားဖြင့် ဖြစ်စေသော သဘော တရားဟု ယင်းထိနကို ဝိပဿနာဉာဏ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေ သည်။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။ ထိုထိုအမှုကိစ္စ၌ စိတ်ဓာတ်ကို ကျဆင်းစေတတ်၏၊ သမ္ပယုတ်တရားတို့ကို ဆုတ်နစ်စေတတ်၏၊ ဖလပစ္စုပဋ္ဌာန်တည်း။

မိဒ္ဓ --- အိပ်ချင်မူးတူးဖြစ်ရာ အခါမျိုး၌ကဲ့သို့ ထိုထိုအမှုကိစ္စကို ပြုလုပ်ဖို့ရန် သတ္တိကင်းခြင်းကို အသတ္တိဟု ဆို၏၊ ထိုသို့ သတ္တိကင်းခြင်းသည် စေတသိက်တို့၏ ပင်ပန်းခြင်းသဘော ဝိဃာတပင်တည်း။ ထိုသို့ စေတသိက်တို့၏ သတ္တိကင်းခြင်း ပင်ပန်းခြင်းကြောင့် ထိုထိုအမှုကိစ္စ၌ စေတသိက်တို့၏ မကောင်းသည်၏ အဖြစ် မခံ့ညားသည်၏ အဖြစ်သည် မိဒ္ဓ၏ သဘောလက္ခဏာပင်တည်း။ ထိုထိုအမှုကိစ္စ၌ မခံ့ညားမှု အကမ္မညတာလက္ခဏာသည် ထိန ၌လည်း ရှိသည်သာဖြစ်သည်။ ထိနကား စိတ်၏ အကမ္မညသဘော, မိဒ္ဓကား စေတသိက်တို့၏ အကမ္မညသဘော ဟု ခွဲခြား၍ မှတ်ပါ။ (အဘိ၊၁၊၂၃၃။ မဟာဋီ၊၂၊၁၅၀ - ကြည့်။)

ရသ --- ဩနဟနံ ဝိညာဏဒွါရာနံ ပိဒဟနံ။ (မဟာဋီ၊၂၊၁၅၀။)

ဩနဟနံ ဝိညာဏဒွါရာနံ, သမ္ပယုတ္တာနံ ဗန္ဓနံ ဝါ။ (အဘိဓမ္မာဝတာရ။)

မိဒ္ဓဖြစ်လာသည့်အခါ အိပ်ချင်မူးတူးဖြစ်လျက် မည်သည့်အာရုံကိုမျှ သွက်သွက်လက်လက် ချက်ချက်ချာချာ မယူနိုင်တော့ဘဲ ထိုင်းမှိုင်းနေသဖြင့် ဘဝင်ကျမှုက များ၍ ဝီထိစိတ်များ ဖြစ်မှုက နည်းပါးနေရကား မိုးသား တိမ်တိုက်က ကောင်းကင်ကို ဖုံးလွှမ်းပိတ်ဆို့ထားသကဲ့သို့ ဝိညာဏ်နှင့် ဒွါရတို့ကိုလည်းကောင်း, မိဒ္ဓနှင့် ယှဉ်ဖက် သမ္ပယုတ်တရားတို့ကိုလည်းကောင်း ပိတ်ဆို့ ဖွဲ့နှောင်ထားသကဲ့သို့ ဖြစ်ခြင်းသည် မိဒ္ဓ၏ လုပ်ငန်းကိစ္စပင်တည်း။ (ထိနနှင့်လည်း ဆိုင်သည်ဟု မှတ်ပါ။)

ပစ္စုပဋ္ဌာန် --- လီနတာ လီနာကာရော အာရမ္မဏဂ္ဂဟဏေ သင်္ကောစော။ ယသ္မာ ထိနေန စိတ္တေဿဝ သံဟနနံ ဟောတိ၊ မိဒ္ဓေန ပန ဝေဒနာဒိက္ခန္ဓတ္တယဿ ဝိယ ရူပကာယဿာပိ၊ တသ္မာ တံ ပစလာယိကာနိဒ္ဒံ ပစ္စုပဋ္ဌပေတီတိ ပစလာယိကာနိဒ္ဒါပစ္စုပဋ္ဌာနံ ဝုတ္တံ။ (မဟာဋီ၊၂၊၁၅၀။)

ထိုထိုအာရုံကို လှမ်း၍ အာရုံယူရာ၌ တွန့်ဆုတ်သော အခြင်းအရာအားဖြင့် ဝိပဿနာဉာဏ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာတတ်ပေသည်။ တစ်နည်း --- ထိနကား စိတ်၏သာလျှင် အာရုံကိုယူခြင်း၌ တွန့်ဆုတ်စေခြင်းသဘော, အာရုံယူမှု၌ စိတ်ကို ပိတ်ဆို့ထားခြင်း အာရုံကို မယူနိုင်အောင် ဖွဲ့စပ်ထားခြင်း သဘောတည်း။ မိဒ္ဓကား ဝေဒနာ စသော ခန္ဓာသုံးပါးအပေါင်းကို = စေတသိက်ကို အာရုံကိုယူခြင်း၌ တွန့်ဆုတ်စေခြင်းသဘော, အာရုံကိုယူမှု၌ ပိတ်ဆို့ထားခြင်း အာရုံကို မယူနိုင်အောင် ဖွဲ့စပ်ထားခြင်းသဘောတည်း။ မိဒ္ဓသည် စေတသိက်ကိုကဲ့သို့ ရူပကာယကိုလည်း အာရုံကိုယူခြင်း၌ တွန့်ဆုတ်စေ၏၊ အာရုံယူမှု၌ ပိတ်ဆို့ထား၏၊ အာရုံမယူနိုင်အောင် ဖွဲ့ထားတတ်၏။ သို့အတွက် မိဒ္ဓ ဖြစ်သည့်အခါ မျက်တောင် တလှုပ်လှုပ်ဖြင့် အိပ်ချင် ငိုက်မျဉ်းခြင်း အကျိုးတရားသည် ဖြစ်ပေါ်လာရပေသည်။ ဖလပစ္စုပဋ္ဌာန်တည်း။

ပဒဋ္ဌာန် --- အရတိ ပန္တသေနာသနေသု, အဓိကုသလဓမ္မေသု စ အရောစနာ။ ဝိဇမိ႓ကာ ဝိဇမ္ဘနသင်္ခါတဿ ကာယဒုဋ္ဌုလ္လဿ ကာရဏဘူတာ သံကိလေသပ္ပဝတ္တိ။ အရတိဝိဇမိ႓ကာဒီသူတိ စ အာဒိ-သဒ္ဒေန တန္ဒိအာဒီနံ ဂဟဏံ။ နိပ္ဖါဒေတဗ္ဗေ ပယောဇနေ စေတံ ဘုမ္မဝစနံ။ (မဟာဋီ၊၂၊၁၅၀-၁၅၁။)

အရတိတန္ဒိ ဝိဇမိ႓ကာဒီသု (ဝိဇမိ႓တာဒီသု)၌ သု-ဝိဘတ်သည် ပြီးစေအပ်သော အကျိုးတည်းဟူသော နိမိတ်အနက်ဟောတည်း။ စမ္မသ္မိံ ဒီပီနံ ဟန္တိ = အရေကြောင့် (= သားရေကြောင့်) သစ်တို့ကို သတ်ကြ၏ဟူရာ၌ အရေသည် သတ်ခြင်းကြောင့် ရအပ်သော အကျိုးလည်းဖြစ်၍ ထိုအကျိုးကို ရလိုသောကြောင့် သတ်ရသည့် အတွက် နိမိတ်အကြောင်းလည်း ဖြစ်သကဲ့သို့ ထို့အတူ --- အာရုံကို နည်းမှန် လမ်းမှန် နှလုံးမသွင်းတတ်ခြင်းတည်း ဟူသော အယောနိသောမနသိကာရကြောင့် ပန္တသေနာသန အမည်ရသော အစွန်အဖျားကျသော တောကျောင်း တောင်ကျောင်းတို့၌ မမွေ့လျော်နိုင်ခြင်း, အဓိကုသလဓမ္မ အမည်ရသော မြင့်မြတ်သော သမထ ဝိပဿနာ ဘာဝနာကုသိုလ်တို့၌ မမွေ့လျော်နိုင်ခြင်း ပျင်းရိခြင်း ကိုယ်လက်တဆန့်ကျင်ကျင်ရှိခြင်းဟု ခေါ်ဆိုအပ်သော ရုန့်ရင်းသော ကိုယ်အမူအရာ၏ ဖြစ်ပေါ်လာရန် အကြောင်းဖြစ်သော စိတ်ညစ်နွမ်းကြောင်း သံကိလေသတရား တို့၏ ဖြစ်ပေါ်လာခြင်း စသည်တို့ ဖြစ်ပေါ်လာကြရ၏။

တစ်ဖန် ယင်းတောကျောင်း တောင်ကျောင်းတို့၌ မမွေ့လျော်ခြင်း, သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ် တို့၌ မမွေ့လျော်ခြင်း, ပျင်းရိခြင်း, ကိုယ်လက်တဆန့်ကျင်ကျင်ရှိခြင်း၏ အကြောင်း ဖြစ်ကုန်သော စိတ်ညစ်နွမ်း ကြောင်း သံကိလေသတရားတို့၏ ဖြစ်ပေါ်လာခြင်းကြောင့်လည်း အယောနိသောမနသိကာရ ဖြစ်ရပြန်၏။

သို့အတွက် တောကျောင်း တောင်ကျောင်းတို့၌ မမွေ့လျော်ခြင်း, သမထ ဝိပဿနာ ဘာဝနာလုပ်ငန်း ရပ်တို့၌ မမွေ့လျော်နိုင်ခြင်း, ပျင်းရိခြင်း, ကိုယ်လက်တဆန့်ကျင်ကျင် ရှိခြင်း၏ အကြောင်းဖြစ်သော သံကိလေ သတရားတို့၏ ဖြစ်ပေါ်လာခြင်းသည် အကျိုးလည်း ဖြစ်၍ အကြောင်းလည်း ဖြစ်သည်ဟု မှတ်ပါ။ ထိုကြောင့် ယင်းတောကျောင်း တောင်ကျောင်းတို့၌ မမွေ့လျော်နိုင်ခြင်း, သမထ ဝိပဿနာဘာဝနာတို့၌ မမွေ့လျော်နိုင်ခြင်း, ပျင်းရိခြင်း, ကိုယ်လက်တဆန့်ကျင်ကျင်ရှိခြင်းဟူသော ရုန့်ရင်းသော ကိုယ်အမူအရာ၏ အကြောင်းဖြစ်ကုန်သော သံကိလေသ ဓမ္မတို့၏ ဖြစ်ခြင်းကြောင့် ဖြစ်ပေါ်လာရသော အယောနိသောမနသိကာရသည်ပင် ထိနမိဒ္ဓတို့၏ အနီးစပ်ဆုံး အကြောင်း ပဒဋ္ဌာန်တရား ဖြစ်ရပေသည်။

မူလက တောကျောင်း တောင်ကျောင်းတို့၌ နေမှုကို စိတ်မဝင်စားသောသူသည် တောနေမှ တရားရ မှာလားဟု တောနေခြင်း = အစွန်အဖျားကျသော တောကျောင်း တောင်ကျောင်းတို့၌ နေထိုင်ခြင်းကိုပင် အပြစ် မြင်ကာ နှလုံးသွင်း ထပ်မှားတတ်ပြန်သည်။ ဘာဝနာလုပ်ငန်းရပ်၌ ပင်ကိုယ်က စိတ်မဝင်စားသူသည် တရား အားထုတ်လျှင် ရူးတတ်သည်ဟု ထပ်၍ နှလုံးသွင်း မှားတတ်ပြန်၏။ ယင်းနှလုံးသွင်းမှားမှု အယောနိသော မနသိကာရသည်ပင် တောကျောင်းနေသည့် လုပ်ငန်း, သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းတို့၌ စိတ်စေတသိက်တို့ ထက်ထက်သန်သန် မရှိအောင် တားမြစ်တတ် ဖွဲ့ချည်ထားတတ် ဟန့်တားထားတတ်သည့်အတွက် ထိန မိဒ္ဓတို့၏ အနီးစပ်ဆုံး အနီးကပ်ဆုံးအကြောင်း ပဒဋ္ဌာန် ဖြစ်ရပြန်ပေသည်။

စိတ်ရောကိုယ်ပါ သွက်လက်ခြင်း မရှိဘဲ ထိုင်းတိုင်းတိုင်း ဖြစ်ခြင်းကို ထိနဟုလည်းကောင်း, မှိုင်းတိုင်းတိုင်း ဖြစ်ခြင်းကို မိဒ္ဓဟုလည်းကောင်း ခေါ်၏။ ဤစေတသိက် နှစ်ပါးသည် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်ရိုးဓမ္မတာတည်း။ ဤနှစ်ပါး ဖြစ်သည့်အခါ လုံ့လဝီရိယ ကင်း၍ ပျင်းသလို ဖြစ်နေ၏။ ဆိုင်ရာ အလုပ်ကိစ္စ၌ ထက်ထက်သန်သန် မရှိဘဲ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေ၏၊ ဤနှစ်ပါး ဖြစ်ပုံသည် အိပ်ပျော်ခါနီးအခါ, တရားနာရင်း ငိုက်သည့်အခါတို့၌ ထင်ရှား၏။

အိပ်ချင်တိုင်းလည်း ထိနမိဒ္ဓ မဟုတ်ပေ၊ တစ်ချို့အိပ်ချင်မှုမှာ အလုပ်အကိုင် ပင်ပန်းသဖြင့် ခန္ဓာကိုယ် ညှိုးနွမ်းမှုကြောင့် ဖြစ်ရသည်။ ထိုအိပ်ချင်မှုမျိုးကား ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌လည်း ဖြစ်တတ်ပေသည်။ နေပူမိသဖြင့် ညှိုးနွမ်းသော သစ်ပင်များသည်လည်း တွန့်ကာ ရှုံ့ကာ ငိုက်ကာနှင့် အိပ်ချင်လာသကဲ့သို့ ဖြစ်ကြရ လေသည်။ ထိုကြောင့် အိပ်ချင်တိုင်းလည်း ထိနမိဒ္ဓ မဟုတ်၊ ထိုထိုကိစ္စတို့၌ စိတ်နှင့် စေတသိက်များသည် ထက်ထက်သန်သန် မရှိလှဘဲ တွန့်ဆုတ်ခြင်း ထိုင်းမှိုင်းခြင်းကိုသာ ထိနမိဒ္ဓဟု မှတ်ပါ။ ယခုကာလ၌လည်း လောကီရေး လုပ်ငန်းကိစ္စရပ် အမျိုးမျိုး၌ ဖြစ်စေ သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်မျိုး၌ ဖြစ်စေ ပျင်းရိ ထိုင်းမှိုင်းကာ အိပ်ချင်ငိုက်မျဉ်းနေသူကို ထိနမိဒ္ဓအားကြီးသူဟု ခေါ်ဆိုကြလေသည်။

၁၄။ ဝိစိကိစ္ဆာ

၁၄။ ဝိစိကိစ္ဆာ

ဝိဂတာ စိကိစ္ဆာတိ ဝိစိကိစ္ဆာ။ သဘာဝံ ဝါ ဝိစိနန္တော ဧတာယ ကိစ္ဆတိ ကိလမတီတိ ဝိစိကိစ္ဆာ။

၁။ ဝိစိကိစ္ဆာ သံသယလက္ခဏာ၊

၂။ ကမ္ပနရသာ၊

၃။ (က) အနိစ္ဆယပစ္စုပဋ္ဌာနာ၊

( ခ ) အနေကံသဂါဟပစ္စုပဋ္ဌာနာ ဝါ၊

၄။ အယောနိသောမနသိကာရပဒဋ္ဌာနာ၊ (ဝိစိကိစ္ဆာယံ အယောနိသောမနသိကာရပဒဋ္ဌာနာ။)

ပဋိပတ္တိအန္တရာယကရာတိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၃၀၀။ ဝိသုဒ္ဓိ၊၂၊၁၀၁။)

သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားစစ် ဘုရားမှန် စသော ဝိစိကိစ္ဆာဖြစ်ရာ (၈)ဌာနတို့၌ ဟုတ်လေသလော မဟုတ် လေသလော စသည်ဖြင့် ယုံမှားမှုဖြစ်နေလျှင် ဉာဏ်ပညာတည်းဟူသော ဆေးဖြင့် ကုစားခြင်းမှ ကင်းသောကြောင့် ဉာဏ်ပညာတည်းဟူသော ဆေးဖြင့် ကုသဖို့ရန် အလွန်ခဲယဉ်းသောကြောင့် ဝိစိကိစ္ဆာ မည်၏။ (ကုသ၍ လုံးလုံး မရနိုင်သည်ကား မဟုတ်၊ ဉာဏ်တည်းဟူသော ဆေးဖြင့် ကုသဖို့ရန် ခဲယဉ်းသောကြောင့်သာ ဤသို့ဆိုလိုသည်၊၊)

တစ်နည်း --- ဘုရားစစ် ဘုရားမှန် စသော သဘောမှန်, ပရမတ္ထဓမ္မသဘာဝတို့၏ အနိစ္စ စသော သဘောမှန်ကို စူးစမ်းရှာဖွေလတ်သော် စူးစမ်းရှာဖွေသူ၏ စိတ်ဓာတ် ပင်ပန်းကြောင်း သဘောတရား ဖြစ်ခြင်းကြောင့်လည်း ဝိစိကိစ္ဆာ မည်၏။

၁။ (၈-ဌာနတို့၌) ယုံမှားခြင်းသဘော လက္ခဏ၊

၂။ (၈-ဌာနတို့တွင်) အထူးထူးသောအာရုံ၌ စိတ်၏ တုန်လှုပ်ခြင်း (ကိစ္စ) ရသ၊

၃။ (က) (၈-ဌာန) အာရုံကို မဆုံးဖြတ်နိုင်ခြင်းဟူသော နှစ်လုံးနှစ်ခွကို ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်၊

( ခ ) (၈-ဌာန) အာရုံ၌ အမျိုးမျိုး အဖုံဖုံ ယူတတ်သော

အခြင်းအရာအားဖြင့် ဖြစ်သောသဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

၄။ ဝိစိကိစ္ဆာဖြစ်ရာ (၈-ဌာန) အာရုံတို့၌ အယောနိသောမနသိကာရ ဖြစ်ခြင်း ပဒဋ္ဌာန်။

ပဋိပတ်ကျင့်စဉ်၏ အန္တရာယ်ကို ပြုတတ်သော တရားဟု မှတ်ပါ။

သံသယလက္ခဏာ

သံသယလက္ခဏာ

၁။ တရားအလုံးစုံကို အကုန်အစင် သိမြင်တော်မူသော သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ဆိုတာ ဟုတ်မှ ဟုတ်ပါ့ မလား၊

၂။ မဂ္ဂင်ရှစ်ပါးတည်းဟူသော ထိုတရားအတိုင်း ကျင့်လျှင် နတ်ရွာနိဗ္ဗာန် ရနိုင်သည်ဆိုတာ ဟုတ်မှ ဟုတ်ပါ့ မလား၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဆိုတာ တကယ်ထင်ရှား ရှိမှ ရှိပါရဲ့လား၊ ပရိယတ်တရားတော်တွေကော တကယ်မှ မှန်ကန်ပါ့မလား။

၃။ သံသရာမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းကို တကယ်ကျင့်၍ သံသရာမှ ထွက်မြောက် ကြောင်းတရားကို တကယ်သိသည့် အရိယသံဃာစစ် သံဃာမှန်ဟူသည် တကယ်ထင်ရှား ရှိမှ ရှိပါ့မလား၊

၄။ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့၏ အကျိုးတရားသည် တကယ်ထင်ရှား ရှိမှ ရှိပါ့မလား။

၅။ သံသရာ၏ ရှေးအစွန်းဟု ခေါ်ဆိုအပ်သော အတိတ်ဘဝ အတိတ်ခန္ဓာဟူသည် တကယ်ထင်ရှား ရှိမှ ရှိပါရဲ့လား၊ ယခုမှ ဖန်ဆင်းရှင် တစ်ဦးဦးက ဖန်ဆင်းလိုက်၍ ဖြစ်လာရသလား၊

၆။ သံသရာ၏ နောက်အစွန်းဟူသော အနာဂတ်ခန္ဓာငါးပါးဟူသည် တကယ်ထင်ရှား ရှိမှ ရှိနိုင်ပါ့မလား၊ နိဗ္ဗာန် မရသေးလျှင် နောက်၌ ရောက်ဖို့ရာ ဘဝ ရှိသေးတယ်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား၊ ယခုဘဝတွင်ပင် သေလျှင် ပြတ်သွားလေမလား၊

၇။ သံသရာ၏ ေ့ရှအစွန်းဟူသော အတိတ်ဘဝ အတိတ်အဖို့ ခန္ဓာငါးပါး, သံသရာ၏ နောက်အစွန်းဟူသော အနာဂတ်ဘဝ အနာဂတ်အဖို့ ခန္ဓာငါးပါး နှစ်မျိုးလုံးသည်လည်း တကယ်ထင်ရှား ရှိမှ ရှိပါ့မလား၊

၈။ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်၏ --- ဤသို့စသည်ဖြင့် လာရှိသော ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်တို့၏ လည်ပတ်ပုံအစဉ်ကို ဖော်ပြသော ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရား ဟူသည် တကယ်မှန်မှ မှန်ပါ့မလား။ ပြုသမျှ ကောင်းမှု မကောင်းမှုသည် ကုသိုလ်ကံ အကုသိုလ်ကံ အဖြစ်ဖြင့် ခန္ဓာအစဉ်၌ စွမ်းအင်သတ္တိ ကျန်ရစ်သည်ဆိုတာ ဟုတ်နိုင်ပါ့မလား၊ ထိုကံ၏ အကျိုးများကို ရလိမ့်မည်ဆိုတာ ဟုတ်နိုင်ပါ့မလား။ အဘိဓမ္မာနည်းအရ ဤ (၈)ဌာနတို့၌ ဤသို့ ဖြစ်လေသလော, ဤသို့ မဖြစ်လေသလော, ဟုတ်လေသလော, မဟုတ်လေသလော --- ဤသို့စသည်ဖြင့် ထက်ဝန်းကျင် ရွေ့လျားသည်၏ အစွမ်းဖြင့် ဝေ့လည်လည် ဖြစ်တတ်သော သဘောတရားကို သံသယ = ယုံမှားမှုဟု ခေါ်သည်။

နိစ္စံ နု ခေါ ဣဒံ, အနိစ္စံ နု ခေါတိအာဒိပဝတ္တိယာ ဧကသ္မိံ အာကာရေ သဏ္ဌာတုံ အသမတ္ထတာယ သမန္တတော သေတီတိ သံသယော။ (အဘိ၊ဋ္ဌ၊၁၊၃၀၁။)

ဤရုပ်တရားသည် ဤနာမ်တရားသည် နိစ္စလေလော အနိစ္စလေလော ဤသို့စသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကြောင့် နိစ္စ၏အဖြစ်ဟူသော တစ်ခုတည်းသော အခြင်းအရာ, အနိစ္စ၏အဖြစ်ဟူသော တစ်ခုတည်းသော အခြင်းအရာ --- ဤသို့စသော တစ်ခုတည်းသော အခြင်းအရာ၌ ကောင်းစွာ တည်ခြင်းငှာ မစွမ်းနိုင်သည့်အတွက် ထက်ဝန်းကျင်၌ ဝေ့လည်လည် ဖြစ်တတ်သောကြောင့်လည်း သံသယ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၀၁။)

ဝိစိကိစ္ဆာကား ယင်းကဲ့သို့ ယုံမှားသံသယဖြစ်ခြင်း သဘောလက္ခဏာ ရှိပေသည်။

ကမ္ပနရသ --- ဝိစိကိစ္ဆာ၏ အထူးထူးသော အာရုံ၌ စိတ်၏ တုန်လှုပ်ခြင်း ကိစ္စဟူသည်ကား ဤသို့တည်း။

ဥဒ္ဓစ္စကား မိမိယူထားအပ်သောအာရုံ ယူထားပြီးသောအာရုံ၌သာလျှင် ရပ်တည်၍ ချာချာလည်တတ် လှုပ်ရှားတတ် တုန်လှုပ်တတ်၏။ ဝိစိကိစ္ဆာကား ရူပါရုံ စသည့် အာရုံတို့တွင် တစ်ခုတည်းသော အာရုံ၌သာ ဖြစ် သည် မှန်သော်လည်း -ဤသို့ ဖြစ်လေသလော, မဖြစ်လေသလော, ဤဟာလေလော, ထိုဟာလေလော, အခြား တစ်စုံတစ်ခုလေလော --- ဟု အခြား တစ်မျိုးမျိုးသော အာရုံယူသင့်သော အခြင်းအရာကို ငဲ့ကွက်မှု ရှိရကား အထူးထူးသော အာရုံ၌ စိတ်တုန်လှုပ်ခြင်း ကိစ္စရသ ဖြစ်သည်။ ဤကား အထူးမှတ်သားရန်တည်း။ (မဟာဋီ၊၂၊၁၅၃။)

ထပ်မံရှင်းလင်းချက် --- စိတ်လှုပ်ရှားဖွယ်ရာ ရူပါရုံတစ်ခုကို အာရုံယူသော် ထိုအာရုံ၌ စိတ်ငြိမ်ဝပ်စွာ မ- တည်တံ့ဘဲ ပျံ့လွင့်မှု လှုပ်ရှားမှု တုန်လှုပ်မှုကား ဥဒ္ဓစ္စသဘောတည်း။ ထိုရူပါရုံကိုပင် အတ္တလေလော, အတ္တ၏ ဥစ္စာလေလော, အတိတ်က ဖြစ်ခဲ့သလော, မဖြစ်ခဲ့သလော, ဤသို့စသည်ဖြင့် စွဲယူခြင်း = ရူပါရုံတစ်မျိုးတည်းကိုပင် အမျိုးမျိုးအဖုံဖုံ စွဲယူခြင်းသည် ဝိစိကိစ္ဆာ၏ အထူးထူးသော အာရုံ၌ တုန်လှုပ်မှုသဘောတည်းဟု မှတ်ပါ။ အတ္တ လေလောဟု စွဲယူခြင်းသည် အတ္တ မဟုတ်လေသလောဟူသော အခြားတစ်မျိုးသော စွဲယူမှုကို ငဲ့ကွက်မှု ရှိနေ၏။ အလားတူပင် ထိုရူပါရုံကိုပင် အတိတ်က ဖြစ်ခဲ့လေသလောဟု စွဲယူလျှင် မဖြစ်ခဲ့လေသလောဟူသော အခြား တစ်မျိုးသော အခြင်းအရာအားဖြင့် စွဲယူမှုကို ငဲ့ကွက်မှု ရှိနေ၏။ အတိတ်က မဖြစ်ခဲ့လေသလော စသည်ဖြင့် စွဲယူရာ၌လည်း အတိတ်က ဖြစ်ခဲ့လေသလော စသော အခြားတစ်မျိုးသော အခြင်းအရာအားဖြင့် စွဲယူမှုကို ငဲ့မှု ရှိနေပုံ စသည်ကိုလည်း သဘောပေါက်ပါ။ ထိုသို့ ငဲ့ကွက်မှု ရှိနေခြင်းသည်ပင် အထူးထူးသော အာရုံ၌ တုန်လှုပ်သည်မည်သည် ဟူလိုသည်။

ပစ္စုပဋ္ဌာန် --- ရူပါရုံ စသည့် အာရုံကို အတ္တလေလော အတ္တ၏ ဥစ္စာလေလောဟု စွဲယူမှုသည် အတ္တဟူ၍ လည်းကောင်း, အတ္တ၏ ဥစ္စာဟူ၍လည်းကောင်း ယတိပြတ် ဆုံးဖြတ်ချက် မချနိုင်ခြင်းသဘော ဖြစ်၏၊ ထိုသို့ အာရုံကို ယတိပြတ် ဆုံးဖြတ်ချက် မချနိုင်ခြင်းသည် အတ္တ ဟုတ်လေသလော, မဟုတ်လေသလော, အတ္တ၏ ဥစ္စာလေလော, အတ္တ၏ ဥစ္စာ မဟုတ်လေသလောဟု စိတ်ကို နှစ်လုံးနှစ်ခွ ဖြစ်စေတတ်သည် မည်၏။ သို့အတွက် ဝိစိကိစ္ဆာသည် အာရုံကို ယတိပြတ် မဆုံးဖြတ်နိုင်ခြင်း စိတ်နှစ်လုံးနှစ်ခွဖြစ်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏။ ဖလပစ္စုပဋ္ဌာန်တည်း။

ဤရူပါရုံသည် နိစ္စလေလော အနိစ္စလေလော, အတ္တလေလော အတ္တ မဟုတ်လေသလော, အတ္တ၏ ဥစ္စာ လေလော အတ္တ၏ ဥစ္စာ မဟုတ်လေသလောဟု အာရုံကိုယူမှုသည် နိစ္စဟုတ်၏ဟုလည်းကောင်း, အနိစ္စဟုတ်၏ဟု လည်းကောင်း, အတ္တဟုတ်၏ဟုလည်းကောင်း, အတ္တ မဟုတ်ဟုလည်းကောင်း, အတ္တ၏ ဥစ္စာဟုလည်းကောင်း, အတ္တ၏ ဥစ္စာ မဟုတ်ဟုလည်းကောင်း အာရုံကို ဧကန်အားဖြင့် ယူသည် မမည်ပေ။ ယင်းသို့ အာရုံကို နိစ္စလေ- လော အနိစ္စလေလော, အတ္တဟုတ်လေသလော မဟုတ်လေသလော, အတ္တ၏ ဥစ္စာ ဟုတ်လေသလော အတ္တ၏ ဥစ္စာ မဟုတ်လေသလော စသည်ဖြင့် အာရုံကို စွဲယူမှုသည် အာရုံ၌ ဧကန်မဟုတ်သော အထူးထူးသော သဘော ကို စွဲယူသည် မည်ပေသည်။ ထိုကြောင့် ဝိစိကိစ္ဆာကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ ဉာဏ်တွင် ဤဝိစိကိစ္ဆာတရားသည် အာရုံကို အမျိုးမျိုးအဖုံဖုံ ယူတတ်သော သဘောတရားဟု ရှေးရှူ ထင်လာပေသည်၊ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။

ပဒဋ္ဌာန် --- ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ဓမ္မ သင်္ခါရ တရားတို့၌ နိစ္စလေလော, သုခလေလော, အတ္တလေလော, သုဘလေလော စသည်ဖြင့် နှလုံးသွင်းမှားခြင်း, ဘုရားစစ် ဘုရားမှန် ဟုတ်မှ ဟုတ်ပါ့မလား စသည်ဖြင့် နှလုံးသွင်းမှားခြင်းသည် အယောနိသောမနသိကာရတည်း။ ယင်းအယောနိသောမနသိကာရသည်ပင် ဝိစိကိစ္ဆာ၏ အနီးစပ်ဆုံးအကြောင်း ပဒဋ္ဌာန် ဖြစ်ပေသည်။

သတိပြုရန် --- ဤ (၈)ဌာနတို့၌ ယုံမှားခြင်းသည်သာ ဝိစိကိစ္ဆာအစစ် ဖြစ်သည်၊ ထိုဝိစိကိစ္ဆာသည် ပဋိပတ္တိ ကျင့်စဉ်၏ အန္တရာယ်ကို ပြုနိုင်၏။ သို့အတွက် မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သည့် မဂ္ဂင် (၈)ပါး အကျင့်မြတ် တရားတည်းဟူသော ဘုရားရှင်၏ ပဋိပတ်ကျင့်စဉ်ကို ကျင့်လိုသော အသင်ယောဂီသူတော်ကောင်းသည် ထို ဝိစိကိစ္ဆာတရားကို တဒင်္ဂအားဖြင့် ဆရာသမားတို့ထံမှ ကြားသိရသော သုတမယဉာဏ်ဖြင့် ရှေးဦးစွာ ပယ်ထားနိုင်ဖို့ လိုပေသည်။

အထက်ပါ ဝိစိကိစ္ဆာဖြစ်ရာ (၈)ဌာနတို့တွင် သိက္ခာသုံးရပ်လည်း ပါဝင်လျက် ရှိ၏။ ယင်း သိက္ခာသုံးရပ်တွင် သမာဓိသိက္ခာလည်း ပါဝင်လျက် ရှိ၏။ ယခုခေတ်၌ သမာဓိစခန်းနှင့် ပက်သက်၍ အမျိုးမျိုး ဝေဖန် သုံးသပ်ကြ၏။ အချို့ကလည်း သမထသည် သာသနာတွင်းတရား မဟုတ်၊ သာသနာပတရား ဖြစ်သည်၊ ဝိပဿနာသည်သာလျှင် သာသနာတွင်းတရား ဖြစ်သည်ဟုလည်း ဝေဖန်ကြပြန်၏။ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို သာသနာတွင်းတရား အဖြစ် လက်ခံနိုင်ပါလျှင် မဂ္ဂင် (၈)ပါးတို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော သမ္မာသမာဓိကိုမှ အဘယ့်ကြောင့် သာသနာတွင်းတရားဟု လက်မခံနိုင်ရပါသနည်း၊ အလေးအနက် စဉ်းစားသင့်သော အချက်တစ်ရပ်ပင် ဖြစ်သည်။ အချို့ကလည်း ယခုခေတ်မှာ စျာန်မရနိုင်ဟု ဝေဖန်ကြပြန်၏။ ဘုရားရှင်၏ သမာဓိသိက္ခာ = သမာဓိကျင့်စဉ် အပေါ်၌ ယုံမှားသံသယရှိခြင်း ဝိစိကိစ္ဆာတစ်မျိုးပင်တည်း။ ယခုခေတ်မှာ သမာဓိထူထောင်လို့ မရနိုင်ပါဟု ယုံကြည်ချက် အပြည့်အဝဖြင့် စိတ်ကို တုံးတုံးချထားသူတစ်ဦးအဖို့ သမာဓိထူထောင်သည့် လုပ်ငန်းကို ပြုလုပ်ဖို့ရန် စိတ်ဆန္ဒကား လျော့သွားပြီ ဖြစ်၏။ ယင်းသံသယ ဝိစိကိစ္ဆာကလည်း သမာဓိဖြစ်ဖို့ရန် အန္တရာယ်ကို ပြုတော့ မည်သာ ဖြစ်သည်။ သမာဓိသိက္ခာဟူသော ပဋိပတ္တိကျင့်စဉ်၏ အန္တရာယ်ပင်တည်း။

ခန္ဓာ (၅)ပါး, အာယတန (၁၂)ပါး, ဓာတ် (၁၈)ပါး, ဥပါဒါနက္ခန္ဓာ (၅)ပါး, ဒုက္ခသစ္စာတရားတို့ကား ပညာသိက္ခာ၌ အကျုံးဝင်သော ပညာစခန်း ပညာကျင့်စဉ်များတည်း။ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသော ယင်းခန္ဓာ အာယတန ဓာတ် ဒုက္ခသစ္စာတရားတို့ကား သင်္ခတပရမတ်တရားတို့သာ ဖြစ်ကြ၏။ သင်္ခတပရမတ် ရုပ်တရား နာမ်တရားတို့သာ ဖြစ်ကြ၏။ ယင်းပရမတ်အစစ် ဓာတ်အနှစ် ဖြစ်ကြသော ရုပ်တရား နာမ်တရားတို့ကား ရုပ်ကလာပ် နာမ်ကလာပ်ဟူသော အုပ်စုအလိုက်သာ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာရှိကြ၏။ ယင်းရုပ်ကလာပ် နာမ်ကလာပ် တို့ကို ဉာဏ်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ သိမ်းဆည်း ရှုပွားနိုင်ပါမှ ရုပ်ပရမတ် နာမ်ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည် ဖြစ်၏။ သာဝကတို့သည် ယင်းရုပ်ကလာပ် နာမ်ကလာပ်တို့ကို ရှု၍ မရနိုင် ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် မရှုနိုင်ဟု အချို့က အယူရှိကြပြန်၏။ ထိုအယူအဆကို လက်ခံကာ ဖားမြွေခဲသို့ ဇွတ် အတင်း စွဲယူထားသူကား အလွန်အားကြီးသော ဝိစိကိစ္ဆာတရားကို ယုယစွာ ရင်ဝယ်ပိုက်ထွေးထားသူသာ ဖြစ်၏။ ယင်းပုဂ္ဂိုလ်၏ သန္တာန်၌ ဘုရားဟောတော်မူသည့် ရုပ် (၂၈)ပါး ပရမတ်တရား, ဝီထိခေါ်သည့် စိတ္တနိယာမလမ်း ကြောင်း ဝီထိမုတ်ခေါ်သည့် စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပွားသွားကြသော နာမ်ပရမတ်တရားတို့ကို သိအောင် ကြိုးစားအားထုတ်မည်ဟူသော ဆန္ဒဓာတ်မျှသည်ပင် ဖြစ်ဖို့ရန် အလွန် ခဲယဉ်းလျက် ရှိ၏။ ရုပ်ပရမတ် အစစ်ကို နာမ်ပရမတ်အစစ်ကို သိရေးကား မိုးနှင့် မြေကြီးပမာ အလွန် အလှမ်းကွာဝေးလျက်ပင် ရှိနေဦးမည် ဖြစ်သည်။ ဝိစိကိစ္ဆာတရားက ပဋိပတ္တိကျင့်စဉ်၏ အန္တရာယ်ကိုပြုနိုင်ပုံ တစ်မျိုးတည်း။

နောက်တစ်မျိုး --- ဝိပဿနာဉာဏ်သည် အတိတ် အနာဂတ်ကို ရှု၍ မရနိုင်၊ အတိတ်သည် ချုပ်ဆုံးခဲ့ပြီး ဖြစ်၏၊ မရှိတော့ပြီ ဖြစ်၏၊ မရှိတော့သည့်တရားကို ဘယ်လိုလုပ် ရှုမလဲ။ အနာဂတ်သည်လည်း မရောက်ရှိလာသေး မဖြစ်ပေါ်လာသေး၊ မဖြစ်သေးတဲ့ တရားတစ်ခုကို ဘယ်လိုလုပ် ရှုမလဲ။ ဤသို့စသည်ဖြင့် ဆင်ခြေအမျိုးမျိုးပေးကာ အတိတ် အနာဂတ် ရှုမှုကို တွန်းလှန်ဖြိုဖျက်ထား၏။ အတိတ်ဘဝက ထူထောင်ခဲ့သည့် သမုဒယသစ္စာကြောင့် ပစ္စုပ္ပန်ဘဝ၌ ဒုက္ခသစ္စာဖြစ်မှုကို ရှု၍ မရနိုင်ဟုပင် ဆိုရာရောက်၏၊ ပစ္စုပ္ပန်ဘဝတွင် ပြုစုပျိုးထောင်လိုက်သော သမုဒယသစ္စာကြောင့်လည်း နောင်အနာဂတ်တွင် ဒုက္ခသစ္စာဖြစ်မှုကို ရှု၍ မရနိုင်ဟုပင် ဆိုရာရောက်၏။ တစ်နည်း ဆိုရသော် အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အတိတ်အကြောင်းတရား ငါးပါးကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော ပစ္စုပ္ပန်အကျိုးတရားငါးပါး ထင်ရှားဖြစ်ပုံ ကိုလည်းကောင်း, ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်း တရားငါးပါးကြောင့် --- ဝိညာဏ် နာမ် ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အနာဂတ်အကျိုးတရားငါးပါး ထင်ရှားဖြစ်ပုံကိုလည်းကောင်း ရှု၍ မရနိုင်ဟု ဆိုရာရောက်၏။ ရှုဖို့ မလိုဟု ဆိုရာရောက်၏။ ကြောင်း-ကျိုးဆက် နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၌ အလွန်ကြီးမားသော ဝိစိကိစ္ဆာတရား တစ်မျိုးပင်တည်း။ ယင်းဝိစိကိစ္ဆာ တရားကိုလည်း အလွန် ယုယကြင်နာစွာ ရင်ဝယ်ပိုက်ထွေးထားပါက ပဋိပတ္တိကျင့်စဉ်၏ အကြီးမားဆုံးသော အန္တရာယ်ကို ကြင်နာ ယုယစွာ မွေးမြူနေခြင်းပင် ဖြစ်၏။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ကျောခိုင်း၍ ထိုင်နေခြင်းပင် ဖြစ်၏။ ထိုကြောင့် အတိတ် အနာဂတ်ကို မရှုကောင်းပါဟူသော ပုံသေမူကို လက်ခံထားသော အသင်သူတော်ကောင်းသည် ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ အပေါ်၌ ဖြစ်ပေါ် နေသော ဝိစိကိစ္ဆာတရားကို မည်သည့်နည်းနှင့်မျှ တဒင်္ဂပဟာန် သမုစ္ဆေဒပဟာန်တို့ဖြင့် ပယ်သတ်တွန်းလှန် နိုင်မည် မဟုတ်ပေ။ ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ပုံစံမှန် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နိုင်တော့မည် လည်း မဟုတ်ပေ။ ယင်းသို့ မသိ မမြင်ကလည်း ယောဂီသူတော်ကောင်းအပေါင်းတို့ မျှော်လင့် တောင့်တထား အပ်သော နိဗ္ဗာန်တရားတော်မြတ်ကြီးနှင့် ယောဂီသူတော်ကောင်းတို့သည် မျဉ်းဖြောင့်တစ်ကြောင်းပေါ်တွင် ကျောချင်းခိုင်းကာ သွားနေသကဲ့သို့ --- ဝေးသထက် ဝေးကွာသွားမည်သာ ဖြစ်ပေသည်။ ဤကား ဝိစိကိစ္ဆာတရားက ပဋိပတ္တိကျင့်စဉ်၏ အန္တရာယ်ကို ပြုတတ်ပုံ အမြွက်တည်း။ ပညာရှိသော်လည်း သတိဖြစ်ခဲ၏။

စာပေပရိယတ် ကျမ်းဂန်၏ အနက်အဓိပ္ပါယ်ကို ပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ်နိုင်ခြင်း ယုံမှားသံသယရှိခြင်း, တစ်စုံတစ်ခု အမှုကိစ္စကို ဖြစ်စေ, ခရီးသွားရာ၌ လမ်းကို ဖြစ်စေ ဟုတ်မှ ဟုတ်ပါ့မလား, ပြုလို့ တော်ပါ့မလား စသော ယုံမှားသံသယဖြစ်ခြင်း --- ဤသို့စသော ယုံမှားသံသယများလည်း ရံခါ ဖြစ်တတ်၏။ ရဟန္တာအရှင်မြတ် များပင် ဝိနည်းတော်ဆိုင်ရာ၌ ဤအမှုဟာ အပ်မှ အပ်ပါ့မလားဟု ယုံမှားတော်မူကြသေး၏။ ဤယုံမှားသံသယ ကား ဝိစိကိစ္ဆာ မဟုတ်၊ တစ်ချို့အရာ၌ စဉ်းစားကြံစည်တတ် ဝေဖန်တတ်သောဉာဏ်, တစ်ချို့အရာ၌ အကြံ သက်သက် ဝိတက်သဘောသာ ဖြစ်၏။ ဧကန် ယုံထိုက်သော ဘုရား စသည်ကို မယုံသင်္ကာ ဖြစ်နေရာ၌သာ ဝိစိကိစ္ဆာအစစ် ဖြစ်သည်။ ဤသို့ ဝိစိကိစ္ဆာ ဖြစ်သောအခါ ပညာရှိများထံ မေးမြန်းရမည်၊ သို့မှသာ ဝိစိကိစ္ဆာ ကင်းကွာလျက် ဘုရား စသည်တို့၌ ယုံကြည်မှုသဒ္ဓါတရား ဖြစ်ပေါ်လာနိုင်ပေမည်။ သို့သော် ကောင်းသထက် ကောင်းသော နည်းလမ်းကား အောက်ထစ်ဆုံး ပမာဏအားဖြင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိအောင် ကြိုးစားခြင်း ပင်တည်း။ အကယ်၍ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်တိုင်အောင် ပေါက်မြောက်ခဲ့ပါမူကား တိုင်းထက်အလွန် တံခွန်နှင့်ဘုရား ဖြစ်ချေသည်။

စိတ္တဿ ဌိတိ --- ဝိစိကိစ္ဆာစိတ်နှင့် ယှဉ်တွဲဖြစ်သော စေတသိက်တို့မှာ ဝိစိကိစ္ဆာနှင့်တကွ နာမ်တရား (၁၆)လုံးတို့ ဖြစ်ကြ၏။ (နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများကို ပြန်ကြည့်ပါ။) ယင်းနာမ်တရား (၁၆)လုံးတို့တွင် ဧကဂ္ဂတာစေတသိက်လည်း ပါဝင်၏။ အခြားစိတ်များ၌ ယှဉ်သော ဧကဂ္ဂတာစေတသိက်သည် အာရုံတစ်ခုပေါ်၌ စိတ်အစဉ် = ဝီထိစဉ် အတော်များများ ရှည်အောင် ကျေးဇူးပြုပေးသကဲ့သို့ ဤဝိစိကိစ္ဆာသဟဂုတ်စိတ်၌ ယှဉ်သော ဧကဂ္ဂတာသည် စိတ်အစဉ် = ဝီထိစဉ် အတော်များများ ရှည်အောင် ကျေးဇူးပြုမပေးနိုင်၊ ဤစိတ်သည် အား နည်းသော ဒုဗ္ဗလစိတ် ဖြစ်ခြင်းကြောင့် ဖြစ်နေသော ဝိစိကိစ္ဆာသဟဂုတ်စိတ်၏ ဥပါဒ် ဌီ ဘင် ခဏတ္တယမျှ = ခဏငယ်သုံးခု အခိုက်အတန့်မျှ တည်ရုံသာ ကျေးဇူးပြုနိုင်၏။ ထိုကြောင့် ဘုရားရှင်သည် ဝိစိကိစ္ဆာနှင့် ယှဉ်တွဲ နေသော ဧကဂ္ဂတာကို စိတ္တဿ ဌိတိဟု တစ်ပုဒ်သာ ဟောတော်မူသည်။ သဏိ္ဌတိ အဝဌိတိ စသည်ဖြင့်လည်း ကောင်း, သမာဓိန္ဒြိယံ စသည်ဖြင့်လည်းကောင်း ဟောတော်မမူ။ ဤ ဝိစိကိစ္ဆာစိတ်၌ ယှဉ်သော ဧကဂ္ဂတာသည် သမာဓိန္ဒြေလည်း မထိုက် ဟူလိုသည်။ (အဘိ၊ဋ္ဌ၊၁၊၃၀၁။)

ကိလေသာ အသေးအဖွဲ

ကိလေသာ အသေးအဖွဲ

အကုသိုလ်တရားမှန်လျှင် အသေးအဖွဲပင် ဖြစ်လင့်ကစား မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်သော သဘော ရှိပေ၏။ အထူးသဖြင့် မိမိတို့၏ စိတ်အစဉ်၌ တည်ရှိသော ကိလေသာ အညစ်အကြေးတို့ကို သီလရေစင် သမထ ရေစင် ဝိပဿနာရေစင် မဂ်ရေစင် ဖိုလ်ရေစင်တို့ဖြင့် စင်ကြယ်အောင် ဆေးကြောသုတ်သင်ရာ၌ ဆရာကောင်း သမားကောင်းတို့၏ အကူအညီကား များစွာပင် လိုအပ်လျက် ရှိပေသည်။ ဤ၌ အရှင်အနုရုဒ္ဓါမထေရ်မြတ်၏ အခက်အခဲတစ်ရပ်ကို တင်ပြအပ်ပါသည်။

အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် ရဟန်းပြုပြီးနောက် ထိုပထမဝါတွင်းမှာပင် သမာပတ် (၈)ပါးတို့ကို ရရှိ တော်မူကာ လောကဓာတ်စကြဝဠာပေါင်း တိုက်တစ်ထောင်ကို ရှုမြင်ခြင်းငှာ စွမ်းနိုင်သော ဒိဗ္ဗစက္ခုအဘိညာဏ် အသိဉာဏ်ကို ဖြစ်စေတော်မူခဲ့လေသည်။ အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် တစ်နေ့သ၌ အရှင်သာရိပုတ္တရာ မထေရ်မြတ်ထံသို့ ကြွရောက်တော်မူပြီးလျှင် မိမိ၏တရားနှင့် ပတ်သက်သည့် အခက်အခဲများကို တင်ပြ လျှောက်ထား၏။

ဣဓာဟံ အာဝုသော သာရိပုတ္တ ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန သဟဿလောကံ ဩလောကေမိ။ အာရဒ္ဓံ ခေါ ပန မေ ဝီရိယံ အသလ္လီနံ၊ ဥပဋ္ဌိတာ သတိ အသမ္မုဋ္ဌာ၊ ပဿဒ္ဓေါ ကာယော အသာရဒ္ဓေါ၊ သမာဟိတံ စိတ္တံ ဧကဂ္ဂံ။ အထ စ ပန မေ အနုပါဒါယ အာသဝေဟိ စိတ္တံ န ဝိမုစ္စတီတိ။ အထ နံ ထေရော အာဟ ယံ ခေါ တေ အာဝုသော အနုရုဒ္ဓ ဧဝံ ဟောတိ အဟံ ဒိဗ္ဗေန စက္ခုနာ။ ပ ။ ဩလောကေမီတိ၊ ဣဒံ တေ မာနသ္မိံ။ ယမ္ပိ တေ အာဝုသော အနုရုဒ္ဓ ဧဝံ ဟောတိ -- အာရဒ္ဓံ ခေါ ပန မေ ဝီရိယံ။ ပ။ ဧကဂ္ဂန္တိ၊ ဣဒံ တေ ဥဒ္ဓစ္စသ္မိံ။ ယမ္ပိ တေ အာဝုသော အနုရုဒ္ဓ ဧဝံ ဟောတိ - အထ စ ပန မေ အနုပါဒါယ အာသဝေဟိ စိတ္တံ န ဝိမုစ္စတီတိ။ ဣဒံ တေ ကုက္ကုစ္စသ္မိံ။ သာဓု ဝတာယသ္မာ အနုရုဒ္ဓေါ ဣမေ တယော ဓမ္မေ ပဟာယ ဣမေ တယော ဓမ္မေ အမနသိကရိတွာ အမတာယ ဓာတုယာ စိတ္တံ ဥပသံဟရတူ --- တိ ဧဝမဿ ထေရော ကမ္မဋ္ဌာနံ ကထေသိ။ (အံ၊ဋ္ဌ၊၃၊၂၂၅။)

၁။ အရှင်ဘုရား သာရိပုတ္တရာ ...တပည့်တော်သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင် ကို လွန်သော နတ်မျက်စိနှင့် တူသော ဒိဗ္ဗစက္ခုအဘိညာဏ်မျက်စိဖြင့် တစ်ထောင်သော လောကဓာတ်ကို မြင်နိုင် ပါ၏။

၂။ တပည့်တော်သည် မတွန့်မဆုတ် လုံ့လကို အားထုတ်ပါ၏၊ မေ့လျော့ခြင်း မရှိမူ၍ သတိသည် ထင်ပါ၏၊ ကိုယ်သည် ပူပန်ခြင်းမရှိ ငြိမ်းအေးပါ၏၊ စိတ်သည် တစ်ခုတည်းသောအာရုံ ရှိသည်ဖြစ်၍ ကောင်းစွာ တည်ကြည် ပါ၏။

၃။ ထိုသို့ ဖြစ်ပါလျက်လည်း တပည့်တော်၏ စိတ်သည် တဏှာ ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်ကင်းသေးပါဘုရား ...၊

ဤသို့ တင်ပြလျှောက်ထားလေ၏။ ထိုအခါ အရှင်သာရိပုတ္တရာမထေရ်မြတ်က အရှင်အနုရုဒ္ဓါမထေရ်မြတ် ကို ဤသို့ မိန့်ကြားပေးတော်မူ၏။

၁။ ငါ့ရှင်အနုရုဒ္ဓါ ...ငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့် တူသော ဒိဗ္ဗစက္ခုအဘိညာဏ်မျက်စိဖြင့် တစ်ထောင်သော လောကဓာတ်ကို မြင်နိုင်၏ဟု ဤသို့ အကြံ ဖြစ်ခြင်းသည်ပင် သင့်သန္တာန်ဝယ် မာန ဖြစ်၍နေ၏။

၂။ ငါ့ရှင်အနုရုဒ္ဓါ ...ငါသည် မတွန့်မဆုတ် လုံ့လကို အားထုတ်၏၊ မေ့လျော့ခြင်း မရှိမူ၍ သတိသည် ထင်၏၊ ကိုယ်သည် ပူပန်ခြင်း မရှိ ငြိမ်းအေး၏၊ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည် ဖြစ်၍ ကောင်းစွာ တည်ကြည်၏၊ - ဤသို့ အကြံဖြစ်ခြင်းသည်ပင် သင့်သန္တာန်ဝယ် စိတ်ပျံ့လွင့်ခြင်း = ဥဒ္ဓစ္စ ဖြစ်၍နေ၏။

၃။ ငါ့ရှင်အနုရုဒ္ဓါ ...ထိုသို့ ဖြစ်ပါလျက်လည်း ငါ၏စိတ်သည် တဏှာ ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝေါ တရားတို့မှ မလွတ်ကင်းသေး၊ --- ဟု ဤသို့ အကြံဖြစ်ခြင်းသည်ပင် သင့်သန္တာန်ဝယ် တွေးတောမှု = သံသယ ကုက္ကုစ္စ = သို့လောသို့လော တွေးတောယုံမှားမှု ဝိစိကိစ္ဆာနှင့် နောင်တတစ်ဖန် ပူပန်မှု ကုက္ကုစ္စ ဖြစ်နေ၏။

ငါ့ရှင်အနုရုဒ္ဓါ ...တပည့်တော် တိုက်တွန်းတောင်းပန်စကား ပြောကြားလိုသည်မှာ --- အရှင်အနုရုဒ္ဓါ သည် မိမိသန္တာန်၌ ဖြစ်ပွားနေသော မာန ဥဒ္ဓစ္စ သံသယ ကုက္ကုစ္စတရားတို့ကို ပယ်စွန့်၍ ဤတရားတို့ကို နှလုံး မသွင်းမူ၍ အမြိုက်နိဗ္ဗာန်ဓာတ်သို့ မိမိ၏စိတ်ကို ပို့ဆောင်စေချင်ပါသည် --- ဟူ၍ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ကမ္မဋ္ဌာန်းတရား ဟောကြားပေးတော်မူလေသည်။ (မဟာဗုဒ္ဓဝင်၊၆-ပထမပိုင်း၊၁၆၂-၁၆၃။ အံ၊ဋ္ဌ၊၁၊၁၅၀။ အံ၊ဋ္ဌ၊၃၊၂၂၅။)

အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်သည်ပင် ဘာဝနာလုပ်ငန်းခွင်၌ ကြီးစွာသော အနှောင့်အယှက်တစ်ခု ဖြစ်တတ်သဖြင့် ထိုအကုသိုလ်များ စိတ်အစဉ်ဝယ် ဖြစ်ပေါ်မလာအောင် ကြိုးပမ်းဖို့ကား အထူးလိုအပ် ပေသည်။ ထိုသို့ ကြိုးပမ်းရာ၌ အောက်ပါ အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ္တန်သည်လည်း အသင်သူတော်ကောင်း အတွက် များစွာ အထောက်အကူ ပြုလိမ့်မည်ဟု မျှော်လင့်ပါသည်။ ဆက်လက်၍ ဖတ်ရှုကြည့်ပါ။

__________

အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ္တန်

အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ္တန် (မ၊၂၊၇၇-၈၃။)

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးမြူရာ ဖြစ်သော ဝေဠုဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူ၏။ ထိုအခါ အရှင်ရာဟုလာသည်လည်း အမ္ဗလဋ္ဌိက ကျောင်းတိုက်တော်၌ သီတင်းသုံးနေတော်မူ၏။ (ဝေဠုဝန်ကျောင်းတိုက်ကြီး၏ အာရာမ်အတွင်း၌ပင်လျှင် အစွန် အဖျားကျသော တစ်နေရာ၌ ကမ္မဋ္ဌာန်းကျောင်းအဖြစ် ဆောက်လုပ်ထားအပ်သော ဆိတ်ငြိမ်မှု ဝိဝေကသုခကို အလိုရှိကုန်သော သူတို့အတွက် ဆောက်လုပ် လှူဒါန်းထားအပ်သော အမ္ဗလဋ္ဌိက အမည်ရှိသော ပြာသာဒ်ဆောင် ကျောင်းတစ်ကျောင်း ဖြစ်၏။)

ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအချိန်တွင် ဖလသမာပတ်ဝင်စားလျက် ကိန်းအောင်းတော်မူရာမှ ထတော်မူ၍ အမ္ဗလဋ္ဌိကကျောင်း အရှင်ရာဟုလာ အထံသို့ ချဉ်းကပ်တော်မူလေ၏။ အရှင်ရာဟုလာသည် အဝေးမှ ကြွလာတော်မူသော မြတ်စွာဘုရားကို မြင်တော်မူ၍ နေရာကို ခင်းထားတော်မူ၏၊ ခြေဆေးရေကိုလည်း တည်ထား တော်မူ၏။ မြတ်စွာဘုရားသည် ခြေဆေးတော်မူရန် ခင်းထားသောနေရာ၌ ထိုင်ပြီးလျှင် ခြေတို့ကို ဆေးတော် မူ၏။ အရှင်ရာဟုလာသည်လည်း မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ သင့်တင့်လျောက်ပတ်သော တစ်နေရာ၌ ထိုင်နေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် အနည်းငယ်သော ရေကြွင်းရေကျန်ကို ရေအင်တုံထဲ၌ ချန်ထားတော်မူ၍ အရှင်ရာဟုလာကို မိန့်တော်မူ၏ --- ရာဟုလာ ...သင်သည် ဤအနည်းငယ်သော ရေကြွင်းရေကျန်ကို ခြေဆေး ရေအင်တုံထဲ၌ ချန်ထားသည်ကို မြင်၏လော --- ဟု မေးတော်မူ၏။ အရှင်ဘုရား ...မြင်ပါ၏ဟု လျှောက်ထား၏။ ရာဟုလာ ...သိလျက် ချွတ်ယွင်းသောစကားကို ပြောဆိုရာ၌ အရှက်မရှိသော ရဟန်းတို့အား ရဟန်း တရားသည် ဤအတူ နည်းပါးလှချေ၏။ ထိုနောက် မြတ်စွာဘုရားသည် အနည်းငယ်သော ရေကြွင်းရေကျန်ကို စွန့်ပစ်တော်မူလိုက်၍ အရှင်ရာဟုလာကို --- ရာဟုလာ ...အနည်းငယ်သော ရေကြွင်းရေကျန်ကို စွန့်ပစ်တော် မူလိုက်သည်ကို မြင်၏လော --- ဟု မေးတော်မူ၏။ အရှင်ဘုရား ...မြင်ပါ၏ဟု လျှောက်ထား၏။

ရာဟုလာ ...သိလျက် ချွတ်ယွင်းသောစကားကို ပြောဆိုရာ၌ အရှက်မရှိသော ရဟန်းတို့အား ရဟန်း တရားသည် ဤအတူ စွန့်ထားပြီး ဖြစ်သည်သာတည်း။

ထိုနောက် မြတ်စွာဘုရားသည် ထို ခြေဆေးရေအင်တုံကို မှောက်၍ အရှင်ရာဟုလာကို --- ရာဟုလာ သင်သည် ဤရေအင်တုံကို မှောက်ထားသည်ကို မြင်၏လောဟု မေးတော်မူ၏။ အရှင်ဘုရား ...မြင်ပါ၏ဟု လျှောက်ထား၏။ ရာဟုလာ ...သိလျက် ချွတ်ယွင်းသောစကားကို ပြောဆိုရာ၌ အရှက်မရှိသော ရဟန်းတို့အား ရဟန်းတရားသည် ဤအတူ မှောက်ထားပြီး ဖြစ်သည်သာတည်း။

ထိုနောက် မြတ်စွာဘုရားသည် ထိုခြေဆေးရေအင်တုံကို လှန်၍ အရှင်ရာဟုလာကို --- ရာဟုလာ ... သင်သည် ဤရေအင်တုံကို အချည်းနှီး ဘာမျှမရှိသည်ကို မြင်၏လောဟု မေးတော်မူ၏။ အရှင်ဘုရား ... မြင်ပါ၏ဟု လျှောက်ထား၏။ ရာဟုလာ ...သိလျက် ချွတ်ယွင်းသောစကားကို ပြောဆိုရာ၌ အရှက်မရှိသော ရဟန်းတို့အား ရဟန်းတရားသည် ဤအတူ အချည်းနှီး ဘာမျှမရှိသည်သာတည်း။

ရာဟုလာ ...ဥပမာသော်ကား ရထားလှည်းသန်နှင့် အလားတူ အစွယ်ရှိသော စစ်မြေပြင်သို့ ဝင်ရောက် တိုက်ခိုက်ဖူးသော ထွားကျိုင်း၍ အမျိုးကောင်းသော မင်းစီးဆင်သည် စစ်မြေပြင်သို့ ရောက်သော် ေ့ရှခြေတို့ ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နောက်ခြေတို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ ေ့ရှကိုယ်ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နောက်ကိုယ်ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ ဦးခေါင်းဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နားရွက်တို့ဖြင့်လည်း အမှုကိစ္စကို ပြု၏။ အစွယ်တို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ အမြီးဖြင့်လည်း အမှုကိစ္စကို ပြု၏၊ သို့ရာတွင် နှာမောင်းကိုမူကား စောင့်ရှောက်သည်သာတည်း။ (နှာမောင်းကို ပါးစပ်ထဲ၌ သွင်းထား၍ စောင့်ရှောက်သည်သာတည်း။)

ထိုဆင် ပြုလုပ်သောအရာ၌ ဆင်စီးသူရဲ၏ သန္တာန်၌ ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်လာ၏ ---ရထားလှည်းသန်နှင့် အလားတူ အစွယ်ရှိသော စစ်မြေပြင်သို့ ဝင်ရောက်တိုက်ခိုက်ဖူးသော ထွားကျိုင်း၍ အမျိုး ကောင်းသော ဤမင်းစီးဆင်သည် စစ်မြေပြင်သို့ ရောက်လတ်သော် ေ့ရှခြေတို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နောက်ခြေတို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ ေ့ရှကိုယ်ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နောက်ကိုယ်ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ ဦးခေါင်းဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နားရွက်တို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ အစွယ်တို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ အမြီးဖြင့်လည်း အမှုကိစ္စကို ပြု၏။ သို့ရာတွင် နှာမောင်းကိုမူ စောင့်ရှောက်သည်သာတည်း၊ မင်းစီးဆင်သည် အသက်ကိုမူကား မစွန့်နိုင်သေးချေဟု စိတ်အကြံ ဖြစ်၏။

ရာဟုလာ ...အကြင်အခါ၌ကား ရထားလှည်းသန်နှင့် အလားတူ အစွယ်ရှိသော စစ်မြေပြင်သို့ ဝင်ရောက် တိုက်ခိုက်ဖူးသော ထွားကျိုင်း၍ အမျိုးကောင်းသော မင်းစီးဆင်သည် စစ်မြေပြင်သို့ရောက်သော် ေ့ရှခြေတို့ဖြင့် လည်း အမှုကိစ္စကို ပြု၏။ နောက်ခြေတို့ဖြင့်လည်း အမှုကိစ္စကိုပြု၏။ ပ ။ အမြီးဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နှာမောင်းဖြင့်လည်း အမှုကိစ္စကို ပြု၏၊ ထိုဆင် ပြုလုပ်သောအရာ၌ ဆင်စီးသူရဲအား ဤသို့သော အကြံ ဖြစ်ပေါ် လာ၏။

ရထားလှည်းသန်နှင့် အလားတူသော အစွယ်ရှိသော စစ်မြေပြင်သို့ ဝင်ရောက်တိုက်ခိုက်ဖူးသော ထွားကျိုင်း၍ အမျိုးကောင်းသော မင်းစီးဆင်သည် စစ်မြေပြင်သို့ရောက်သော် ေ့ရှခြေတို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နောက်ခြေတို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ ေ့ရှကိုယ်ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နောက်ကိုယ်ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ ဦးခေါင်းဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နားရွက်ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ အစွယ်တို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ အမြီးဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နှာမောင်းဖြင့်လည်း အမှုကိစ္စကို ပြု၏၊ မင်းစီးဆင်သည် အသက်ကိုပင် စွန့်လွှတ်ထားပြီ၊ ယခုအခါ၌ မင်းစီးဆင် မပြုမလုပ်သော အမှုမည်သည် တစ်စုံတစ်ခုမျှ မရှိတော့ပြီ၊ဟု စိတ်အကြံ ဖြစ်၏။

ရာဟုလာ ...ဤဥပမာအတူပင်လျှင် သိလျက် ချွတ်ယွင်းသောစကားကို ပြောဆိုရာ၌ အရှက်မရှိသော မည်သည့်ရဟန်းအားမဆို မပြုလုပ်သော (မပြုလုပ်နိုင်သော) အကုသိုလ် မကောင်းမှုသည်လည်း တစ်စုံတစ်ခုမျှ မရှိပြီဟူ၍ ငါဘုရားသည် ဟောတော်မူ၏၊ ရာဟုလာ ...ထိုကြောင့် ဤမုသာဝါဒ၌ ရယ်ရွှင်မြူးထူးလို၍မျှလည်း ချွတ်ယွင်းသောစကားကို မဆိုအံ့ဟု ဤသို့လျှင် သင်ချစ်သားသည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည်။

ရာဟုလာ ...ထိုငါဘုရား မိန့်ဆိုတော်မူမည့် စကားကို သင်ချစ်သားသည် အဘယ်သို့လျှင် အောက်မေ့ မှတ်ထင် ယူဆလေသနည်း။ ကြေးမုံ = မှန်သည် အဘယ်အကျိုး ရှိသနည်း --- ဟု မေးမြန်းတော်မူ၏။ အရှင်ဘုရား ကြေးမုံ = မှန်သည် ကြည့်ရှုရခြင်း အကျိုး ရှိပါ၏ဟု လျှောက်ထား၏။ ရာဟုလာ ...ဤဥပမာအတူသာလျှင် ကြည့်ရှု = ဆင်ခြင်၍ ကြည့်ရှု = ဆင်ခြင်၍ ကိုယ်အမူအရာကို ပြုရမည်၊ ကြည့်ရှု = ဆင်ခြင်၍ ကြည့်ရှု = ဆင်ခြင်၍ နှုတ်အမူအရာကို ပြုရမည်၊ ကြည့်ရှု = ဆင်ခြင်၍ ကြည့်ရှု = ဆင်ခြင်၍ စိတ်အမူအရာကို ပြုရမည်။

ရာဟုလာ ...သင်သည် အကြင်အမှုကို ကိုယ်ဖြင့်ပြုလိုသည် ဖြစ်အံ့၊ ထိုကိုယ်အမှုကို သင်သည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်၊ ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုလို၏၊ ငါ၏ ဤကိုယ်အမှုသည် မိမိကို ဆင်းရဲစေခြင်း ငှာလည်း ဖြစ်ရာသလော၊ သူတစ်ပါးတို့ကို ဆင်းရဲစေခြင်းငှာလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့ကို ဆင်းရဲစေခြင်းငှာလည်း ဖြစ်ရာသလော၊ ဤကိုယ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ပွားစေတတ်သလော၊ ဆင်းရဲသော အကျိုး ရှိလေသလောဟု သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်။

ရာဟုလာ ...သင်သည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်သည်ရှိသော် ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုလုပ်လို၏၊ ငါ၏ ဤကိုယ်အမှုသည် မိမိကိုယ်ကို ဆင်းရဲစေခြင်းငှာလည်း ဖြစ်ရာ၏၊ သူတစ်ပါးကို ဆင်းရဲစေခြင်း ငှာလည်း ဖြစ်ရာ၏၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံးကို ဆင်းရဲစေခြင်းငှာလည်း ဖြစ်ရာ၏၊ ဤကိုယ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွားစေတတ်၏၊ ဆင်းရဲသော အကျိုး ရှိ၏ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော ကိုယ်အမှုကို သင်ချစ်သားသည် စင်စစ် မပြုသင့် မပြုထိုက်ပေ။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် --- ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုလို၏၊ ငါ၏ ဤကိုယ်အမှုသည် မိမိကိုယ်ကို ဆင်းရဲစေခြင်းငှာလည်း မဖြစ်ရာ၊ သူတစ်ပါးကို ဆင်းရဲစေ ခြင်းငှာလည်း မဖြစ်ရာ၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံးကို ဆင်းရဲစေခြင်းငှာလည်း မဖြစ်ရာ၊ ဤကိုယ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာမှုကို ဖြစ်ပွားစေတတ်၏၊ ချမ်းသာသော အကျိုး ရှိ၏ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော ကိုယ်အမှုကို သင်ချစ်သားသည် ပြုသင့် ပြုထိုက်ပေ၏။

ရာဟုလာ ...သင်သည် ကိုယ်ဖြင့် အမှုကို ပြုနေဆဲဖြစ်သော်လည်း ထိုကိုယ်အမှုကို သင်သည် ဉာဏ် ဖြင့် ကြည့်ရှု ဆင်ခြင်ရမည် --- ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုနေဆဲဖြစ်၏၊ ငါ၏ ဤကိုယ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ ဤကိုယ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ပွားစေတတ်သလော၊ ဆင်းရဲသော အကျိုး ရှိလေသလော၊ဟု ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်။

ရာဟုလာ ...သင်သည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုနေဆဲဖြစ်၏၊ ငါ၏ ဤကိုယ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ ဤကိုယ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွားစေတတ်၏၊ ဆင်းရဲသော အကျိုး ရှိ၏ --- ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...ဤသို့သဘောရှိသော ကိုယ်အမှုကို သင်ချစ်သားသည် ရုပ်သိမ်းလေလော့။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်သည်ရှိသော် --- ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုနေဆဲဖြစ်၏၊ ငါ၏ ဤကိုယ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း မဖြစ်၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ မိမိ သူတစ်ပါး နှစ်ဦးသား ဆင်းရဲခြင်းငှာလည်း မဖြစ်၊ ဤကိုယ်အမှုသည် ကောင်းမှုကုသိုလ်တည်း၊ ချမ်းသာ ကို ဖြစ်ပွားစေတတ်၏၊ ချမ်းသာသော အကျိုး ရှိ၏ဟု အကယ်၍ သိငြားအံ့။ ရာဟုလာ ...ဤသို့သဘောရှိသော ကိုယ်အမှုကို သင်ချစ်သားသည် ကြိုးပမ်းလေလော့။

ရာဟုလာ ...သင်ချစ်သားသည် ကိုယ်ဖြင့် အမှုကို ပြုပြီးသော်လည်း ထိုကိုယ်အမှုကို သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်၊ --- ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုမိပြီ၊ ငါ၏ ဤကိုယ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ ဤကိုယ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွားစေတတ်သလော၊ ဆင်းရဲသော အကျိုး ရှိလေသလော၊ဟု ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်လတ်သော် ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုမိပြီ၊ ငါ၏ ဤကိုယ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ ဤကိုယ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွားစေ တတ်၏၊ ဆင်းရဲသော အကျိုး ရှိ၏ --- ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...ဤသို့သဘောရှိသော ကိုယ် အမှုကို သင်ချစ်သားသည် ဆရာသမားထံ၌ ဖြစ်စေ ပညာရှိသတင်းသုံးဖော်တို့ထံ၌ ဖြစ်စေ၊ ပြောကြားရမည်၊ ပွင့်ပွင့်လင်းလင်း တင်ပြလျှောက်ထားရမည်၊ မိမိ၏ အပြစ်ကို ထင်စွာပြုရမည်။ ပြောကြားပြီး၍ ပွင့်ပွင့်လင်းလင်း တင်ပြ လျှောက်ထားပြီး၍ မိမိ၏ အပြစ်ကို ထင်စွာပြုပြီး၍ နောင်အခါ၌ (မည်သည့်အခါမျှ ဤအမှုမျိုးကို မပြု ကျင့်တော့ပါဟု) စောင့်စည်းခြင်းသို့ ရောက်ရမည်။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်လတ်သော် --- ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုမိပြီ၊ ငါ၏ ဤကိုယ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း မဖြစ်၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ ဤကိုယ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွားစေတတ်၏၊ ချမ်းသာသော အကျိုး ရှိ၏၊ --- ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...သင်ချစ်သားသည် (ထိုပြုပြီးကုသိုလ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော) ထို နှစ်သက် ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇတရားဖြင့် ပင်လျှင် ကုသိုလ်တရားတို့၌ နေ့ရောညဉ့်ပါ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက် နေရာ၏။

ရာဟုလာ ...သင်ချစ်သားသည် အကြင်အမှုကို နှုတ်ဖြင့် ပြုလိုသည် ဖြစ်အံ့ = ပြောဆိုလိုသည် ဖြစ်အံ့၊ ထိုနှုတ်အမှုကို သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည် --- ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြုလို၏ = ပြောဆိုလို၏၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်း ငှာလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ ဤနှုတ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွားစေတတ်သလော၊ ဆင်းရဲသော အကျိုး ရှိသလော --- ဟု ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြုလို၏ = ပြောဆိုလို၏၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်ရာ၏၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာ၏၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာ၏၊ ဤနှုတ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲခြင်းကို ဖြစ်ပွားစေတတ်၏၊ ဆင်းရဲသော အကျိုး ရှိ၏ --- ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ... ဤသို့သဘောရှိသော နှုတ်အမှုကို သင်ချစ်သားသည် စင်စစ် မပြုသင့်ပေ။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြုလို၏ = ပြောလို၏၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း မဖြစ်ရာ၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း မဖြစ်ရာ၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း မဖြစ်ရာ၊ ဤနှုတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွားစေတတ်၏၊ ချမ်းသာသော အကျိုး ရှိ၏၊ --- ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...ဤသို့သဘောရှိ သော နှုတ်အမှုကို သင်ချစ်သားသည် ပြုသင့် ပြုထိုက်ပေ၏။

ရာဟုလာ ...သင်သည် နှုတ်အမှုကို ပြုနေဆဲဖြစ်သော်လည်း = ပြောနေဆဲဖြစ်သော်လည်း ထိုနှုတ်အမှုကို သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်၊ --- ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြုနေဆဲ ဖြစ်၏ = ပြောဆိုနေဆဲ ဖြစ်၏၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်း ငှာလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ ဤနှုတ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွားစေတတ်သလော၊ ဆင်းရဲသော အကျိုး ရှိသလော --- ဟု ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြုနေဆဲ ဖြစ်၏ = ပြောဆိုနေဆဲ ဖြစ်၏၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်၏။ ဤနှုတ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွားစေတတ်၏၊ ဆင်းရဲသော အကျိုး ရှိ၏ --- ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော နှုတ်အမှုကို သင်ချစ်သားသည် ရုပ်သိမ်းလေလော့။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် --- ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြုနေဆဲ ဖြစ်၏ = ပြောဆိုနေဆဲ ဖြစ်၏၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း မဖြစ်၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ ဤနှုတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွားစေတတ်၏၊ ချမ်းသာသော အကျိုး ရှိ၏ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော နှုတ်အမှုကို သင်ချစ်သားသည် ကြိုးပမ်းလေလော့။

ရာဟုလာ ...သင်ချစ်သားသည် နှုတ်အမှုကို ပြုပြီးသော်လည်း ထိုနှုတ်အမှုကို သင်ချစ်သားသည် ဉာဏ် ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်၊ --- ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြုမိပြီ = ပြောဆိုမိပြီ၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ မိမိသူတစ်ပါး နှစ်ဦး သားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ ဤနှုတ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွားစေတတ် သလော၊ ဆင်းရဲသော အကျိုး ရှိလေသလော --- ဟု ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် ငါသည် အကြင်နှုတ်အမှုကို ပြုမိပြီ = ပြောဆိုမိပြီ၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ ဤနှုတ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွားစေတတ်၏၊ ဆင်းရဲသော အကျိုး ရှိ၏ --- ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...ဤသို့သဘောရှိသော နှုတ်အမှုကို သင်ချစ်သားသည် ဆရာသမားထံ၌ ဖြစ်စေ၊ ပညာရှိသီတင်းသုံးဖော်တို့ထံ၌ ဖြစ်စေ ပြောကြားရမည်၊ ပွင့်ပွင့်လင်းလင်း တင်ပြလျှောက်ထားရမည်၊ မိမိအပြစ်ကို ထင်စွာပြုရမည်။ ပြောကြားပြီး၍ ပွင့်ပွင့်လင်းလင်း တင်ပြလျှောက်ထားပြီး၍ မိမိ၏ အပြစ်ကို ထင်စွာပြုပြီး၍ နောင်အခါ၌ (မည်သည့်အခါမျှ ဤအမှုမျိုးကို မပြု ကျင့်တော့ပါဟု) စောင့်စည်းခြင်းသို့ ရောက်ရမည်။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် ငါသည် နှုတ်ဖြင့် အကြင်အမှုကို ပြုမိပြီ = ပြောဆိုမိပြီ၊ ငါ၏ ဤနှုတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း မဖြစ်၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ ဤနှုတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွားစေတတ်၏၊ ချမ်းသာသော အကျိုး ရှိ၏ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...သင်ချစ်သားသည် (ထိုဝစီကံမှု ကုသိုလ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော) ထိုနှစ်သက်ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇတရားဖြင့် သာလျှင် ကုသိုလ်တရားတို့၌ နေ့ရောညဉ့်ပါ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက် နေရာ၏။

ရာဟုလာ ...သင်ချစ်သားသည် အကြင်အမှုကို စိတ်ဖြင့် ပြုလို၏၊ သင်ချစ်သားသည် ထိုသို့ သဘော ရှိသော စိတ်အမှုကို ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည် --- ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုလို၏၊ ငါ၏ ဤ စိတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ ဤစိတ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွားစေတတ်သလော၊ ဆင်းရဲသော အကျိုး ရှိလေသလော --- ဟု ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် --- ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုလို၏၊ ငါ၏ ဤစိတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်ရာ၏၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာ၏၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာ၏၊ ဤစိတ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွားစေတတ်၏၊ ဆင်းရဲသော အကျိုး ရှိ၏ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...ဤသို့သဘော ရှိသော စိတ်အမှုကို သင်ချစ်သားသည် စင်စစ် မပြုသင့် မပြုထိုက်ပေ။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် --- ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုလို၏၊ ငါ၏ ဤစိတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း မဖြစ်ရာ၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း မဖြစ်ရာ၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း မဖြစ်ရာ၊ ဤစိတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွားစေတတ်၏၊ ချမ်းသာသော အကျိုး ရှိ၏ --- ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...ဤသို့သဘော ရှိသော စိတ်အမှုကို သင်ချစ်သားသည် ပြုသင့် ပြုထိုက်ပေ၏။

ရာဟုလာ ...သင်ချစ်သားသည် စိတ်အမှုကို ပြုနေဆဲ ဖြစ်သော်လည်း ထိုစိတ်အမှုကိုသာလျှင် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်၊ --- ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုဆဲ ဖြစ်၏၊ ငါ၏ ဤစိတ်အမှုသည် မိမိ ဆင်းရဲခြင်း ငှာလည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲ ခြင်းငှာလည်း ဖြစ်ရာသလော၊ ဤစိတ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွားစေတတ်သလော၊ ဆင်းရဲသော အကျိုး ရှိလေသလော၊ --- ဟု ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် --- ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုဆဲ ဖြစ်၏၊ ငါ၏ ဤစိတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ ဤစိတ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွားစေတတ်၏၊ ဆင်းရဲသော အကျိုး ရှိ၏ --- ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...ဤသို့ သဘောရှိသော စိတ်အမှုကို သင်ချစ်သားသည် ရုပ်သိမ်းလေလော့။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် --- ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုဆဲ ဖြစ်၏၊ ငါ၏ ဤစိတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း မဖြစ်၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ ဤစိတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွားစေတတ်၏၊ ချမ်းသာသော အကျိုး ရှိ၏ --- ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...ဤသို့သဘောရှိသော စိတ်အမှုကို သင်ချစ်သားသည် ကြိုးပမ်းလေလော့။

ရာဟုလာ ...သင်ချစ်သားသည် စိတ်အမှုကို ပြုလုပ်ပြီးသော်လည်း ထိုစိတ်အမှုကို သင်သည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည် --- ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုမိပြီ၊ ငါ၏ ဤစိတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာ လည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်း ငှာလည်း ဖြစ်ရာသလော၊ ဤစိတ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွားစေတတ်သလော၊ ဆင်းရဲသော အကျိုး ရှိသလော၊ --- ဟု ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်ရမည်။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်လတ်သော် - ငါသည် အကြင်အမှုကို စိတ် ဖြင့် ပြုမိပြီ၊ ငါ၏ ဤစိတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း ဖြစ်၏၊ ဤစိတ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ် ပွားစေတတ်၏၊ ဆင်းရဲသော အကျိုး ရှိ၏ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...ဤသို့သဘောရှိသော စိတ်အမှုကို သင်ချစ်သားသည် ငြီးငွေ့ရမည်၊ ရှက်ရမည်၊ စက်ဆုပ်ရမည်၊ ငြီးငွေ့၍ ရှက်၍ စက်ဆုပ်၍ နောင်အခါ (ဤကဲ့သို့သော စိတ်အမှုမျိုးကို မည်သည့်အခါမျှ မပြုတော့အံ့ဟု) စောင့်စည်းခြင်းသို့ ရောက်ရမည်။

ရာဟုလာ ...သင်ချစ်သားသည် ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်လတ်သော် --- ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုမိပြီ၊ ငါ၏ ဤစိတ်အမှုသည် မိမိ ဆင်းရဲခြင်းငှာလည်း မဖြစ်၊ သူတစ်ပါး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ဆင်းရဲခြင်းငှာလည်း မဖြစ်၊ ဤစိတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွား စေတတ်၏၊ ချမ်းသာသော အကျိုး ရှိ၏ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ...သင်ချစ်သားသည် (ထိုကဲ့ သို့သော စိတ်အပြုအမူမျိုးကို အာရုံပြု၍ ဖြစ်ပေါ်လာသော) ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ် တရားတို့၌ နေ့ရောညဉ့်ပါ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက် နေရမည်။

ရာဟုလာ ...လွန်လေပြီးသောအခါက ကိုယ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်ခဲ့ကြကုန်သော နှုတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်ခဲ့ကြကုန်သော စိတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်ခဲ့ကြ ကုန်သော သမဏ ဗြာဟ္မဏအားလုံးတို့သည် ဤသို့ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ ကိုယ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်ခဲ့ကြကုန်၏၊ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ နှုတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်ခဲ့ကြကုန်၏။ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ စိတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်ခဲ့ကြကုန်၏။

ရာဟုလာ ...လာလတ္တံ့သော အနာဂတ်ကာလ၌ ကိုယ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်လတ္တံ့ ဖြစ်ကုန်သော နှုတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်လတ္တံ့ ဖြစ်ကုန်သော စိတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်လတ္တံ့ ဖြစ်ကုန်သော သမဏ ဗြာဟ္မဏ အားလုံးတို့သည် ဤသို့ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ ကိုယ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်ကြကုန်လတ္တံ့၊ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ နှုတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်ကြကုန်လတ္တံ့၊ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ စိတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်ကြကုန်လတ္တံ့။

ရာဟုလာ ...ယခုအခါ၌ ကိုယ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်နေကြကုန်သော နှုတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်နေကြကုန်သော စိတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်နေကြကုန်သော သမဏ ဗြဟ္မဏအားလုံးတို့သည် ဤသို့ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ ကိုယ်အမှုကို ဖြူ စင်သန့်ရှင်းအောင် သုတ်သင်နေကြကုန်၏၊ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ နှုတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်နေကြကုန်၏၊ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ စိတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်နေကြကုန်၏။

ရာဟုလာ ...ထိုကြောင့် ဤသာသနာတော်၌ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ ကိုယ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်အံ့၊ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ နှုတ်အမှုကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်အံ့၊ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်၍ ကြည့်ရှု ဆင်ခြင်၍သာ စိတ်အမှုကို ဖြူစင် သန့်ရှင်းအောင် သုတ်သင်အံ့ဟု သင်ချစ်သားသည် ဤသို့သာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည်။

ဤသို့လျှင် မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောကြားတော်မူ၏၊ အရှင်ရာဟုလာသည် မြတ်စွာဘုရား၏ တရားစကားတော်ကို နှစ်သက် ဝမ်းမြောက်တော်မူလေ၏။ (မ၊၂၊၇၇-၈၃။)

ဉာဏ်ဖြင့် ဆင်ခြင်ပါ

ဉာဏ်ဖြင့် ဆင်ခြင်ပါ

တသ္မာတိဟ ဘိက္ခဝေ အဘိက္ခဏံ သကံ စိတ္တံ ပစ္စဝေက္ခိတဗ္ဗံ ဒီဃရတ္တမိဒံ စိတ္တံ သံကိလိဋ္ဌံ ရာဂေန ဒေါသေန မောဟေနာတိ။ စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ၊ စိတ္တဝေါဒါနာ သတ္တာ ဝိသုဇ္ဈန္တိ။ (သံ၊၂၊၁၂၃။)

ရဟန်းတို့ ...ထိုသို့ ပုထုဇန် သတ္တဝါမှန်သမျှတို့သည် ဒိဋ္ဌိတည်းဟူသော တောက်ကို လည်ပင်း၌ ဆွဲကာ ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော သက္ကာယချည်တိုင်၌ တဏှာတည်းဟူသော သံယောဇဉ်ကြိုးဖြင့် ချည်နှောင် ထားအပ်သည် ဖြစ်သောကြောင့် --- ဤသာသနာတော်မြတ်အတွင်း၌ သင်ချစ်သားတို့သည် သင်ချစ်သမီးတို့သည် ဤ ငါတို့၏ စိတ်သည် နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်ကာလတို့ပတ်လုံး ရာဂကြောင့် ဒေါသကြောင့် မောဟကြောင့် ညစ်နွမ်းနေရပေ၏ --- ဟူ၍ မိမိတို့၏ စိတ်ကို အမြဲမပြတ် မကြာခဏ ဉာဏ်ဖြင့် ဆင်ခြင်ပေးပါ။ ရဟန်းတို့ ...စိတ်ဓာတ် ညစ်နွမ်းခြင်းကြောင့် သတ္တဝါတို့သည် ညစ်နွမ်းကြရကုန်၏ (ပင်ပန်းကြရကုန်၏ ဆင်းရဲ ကြရကုန်၏)။ စိတ်ဓာတ် ဖြူစင်သန့်ရှင်းခြင်းကြောင့် သတ္တဝါတို့သည် စင်ကြယ်ကြရကုန်၏။ (သံ၊၂၊၁၂၃။)

ဤတွင် သတ္တဝါတို့၏ စိတ်ဓာတ်ကို ညစ်နွမ်းအောင် ပြုလုပ်ပေးနေသော စိတ်ဆိုး စိတ်ရိုင်း ဖြစ်အောင် ဖန်တီးပေးနေသော အကုသိုလ် စေတသိက် (၁၄)လုံးတို့ကို တင်ပြပြီးလေပြီ၊ ယခုအခါ၌ စိတ်ဓာတ်ကို ဖြူစင် သန့်ရှင်းအောင် ပြုပြင်ပေးနိုင်သော စွမ်းအား ရှိသော သောဘဏ အမည်ရသော တင့်တယ်ကောင်းမြတ်သော စေတသိက် (၂၅)လုံးတို့၏ လက္ခဏ ရသ စသည်တို့ကို ဆက်လက်၍ ရေးသားတင်ပြပေအံ့။

__________

သောဘဏစေတသိက် (၂၅) လုံး အပိုင်း

သောဘဏစေတသိက် (၂၅) လုံး အပိုင်း

၁။ သဒ္ဓါ

၁။ သဒ္ဓါ --- (က) သဒ္ဒဟနလက္ခဏာ၊ (ခ) ဩကပ္ပနလက္ခဏာ ဝါ၊

၂။ (က) ပသာဒနရသာ ဥဒကပ္ပသာဒကမဏိ ဝိယ၊

( ခ ) ပက္ခန္ဒနရသာ ဝါ ဩဃုတ္တရဏော ဝိယ၊

၃။ (က) အကာလုဿိယပစ္စုပဋ္ဌာနာ၊ (ခ) အဓိမုတ္တိပစ္စုပဋ္ဌာနာ ဝါ၊

၄။ (က) သဒ္ဓေယျဝတ္ထုပဒဋ္ဌာနာ၊ (ခ) သဒ္ဓမ္မဿဝနာဒိသောတာပတ္တိယင်္ဂပဒဋ္ဌာနာ ဝါ။

ဟတ္ထဝိတ္တဗီဇာနိ ဝိယ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၆၃။ ဝိသုဒ္ဓိ၊၂၊၉၄။)

၁။ (က) ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုကို ယုံကြည်ခြင်းသဘော လက္ခဏ၊

( ခ ) တစ်နည်း ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ အစဉ်အတိုင်း

သက်ဝင်၍ ဤဝတ္ထုသည် ဤသို့သဘော ရှိ၏ဟု

ဆုံးဖြတ်ခြင်းသဘော = သက်ဝင်ယုံကြည်ခြင်းသဘော လက္ခဏ၊

၂။ (က) ရေနောက် မြူနည်ကို ကြည်စေတတ်သော စက္ကဝတ်မင်းဖျား၏ ပတ္တမြားရတနာကဲ့သို့

ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌ သမ္ပယုတ်တရားတို့ကို ကြည်လင်စေခြင်း (ကိစ္စ) ရသ၊

( ခ ) မိကျောင်း မကန်း စသည် ပြွမ်းသော ရေအယဉ်ကို မကြောက်မရွံ့ နောက်မတွန့်ဘဲ

ကူးခပ်ဝံ့သော ယောက်ျားကဲ့သို့ ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌

မိမိလည်း ပြေးဝင်ခြင်း သက်ဝင်ခြင်း, သဟဇာတ်တရားတို့ကိုလည်း

သဒ္ဓေယျဝတ္ထုသို့ မနစ်မဆုတ် စုပ်စုပ် သက်ဝင်စေခြင်း (ကိစ္စ) ရသ၊

၃။ (က) သဒ္ဓေယျဝတ္ထု၌ သမ္ပယုတ်တရားတို့၏ မနောက်ကျုသည်၏

အဖြစ်ဟူသော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

( ခ ) တစ်နည်း အသဒ္ဓိယ မိစ္ဆာဓိမုတ္တိ၏ ဆန့်ကျင်ဘက် ဖြစ်၍

သဒ္ဓေယျဝတ္ထု၌ တည်လျက် ဆုံးဖြတ်တတ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

တစ်နည်း သဒ္ဓေယျဝတ္ထုတို့၌ ဆုံးဖြတ်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ (က) ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု ပဒဋ္ဌာန်၊

( ခ ) သဒ္ဓမ္မဿဝန = သူတော်ကောင်းတရား နာကြားခြင်း

စသော သောတာပတ္တိမဂ်၏ အကြောင်းအင်္ဂါရပ်များ ပဒဋ္ဌာန်။

သဒ္ဓေယျဝတ္ထု

သဒ္ဓေယျဝတ္ထု

ဗုဒ္ဓါဒိဝတ္ထူနိ သဒ္ဓေယျာနိ။ (မူလဋီ၊၁၊၈၉။)

ဗုဒ္ဓါဒိဝတ္ထူနီတိ ဧတ္ထ ဣဓလောကပရလောကကမ္မဖလသမ္ဗန္ဓာပိ သင်္ဂဟိတာတိ ဒဋ္ဌဗ္ဗံ။ (အနုဋီ၊၁၊၉၆။)

ရတနတ္တယံ ကမ္မံ ကမ္မဖလဉ္စ သဒ္ဓေယျဝတ္ထု။ (မဟာဋီ၊၂၊၁၄၂။)

ဤအထက်ပါ ဋီကာများ၏ ဖွင့်ဆိုတော်မူချက်အတိုင်း ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုဟူသည်မှာ ရတနာ သုံးပါး, ကံနှင့် ကံ၏ အကျိုးတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှု သဘောတရား, ဣဓလောက = ဤပစ္စုပ္ပန် လောက = လူ့လောက, ပရလောက = တမလွန်လောက = နတ်လောက စသည့်, အခြားသော စကြာဝဠာ စသည့် တစ်ပါးသော လောကတို့တည်း။

ဤတွင် ကံနှင့် ကံ၏အကျိုးတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှု သဘောတရားတို့အပေါ်၌ ယုံကြည်မှု ဟူသည် ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပန္နဓမ္မ, ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပါဒဓမ္မ-ဟူသော အကြောင်းတရားနှင့် အကျိုး တရား, အကျိုးတရားနှင့် အကြောင်းတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှု, ကျိုး-ကြောင်းဆက်နွယ်မှု သဘော တရားတို့၌ ယုံကြည်မှုပင်တည်း။ ပဋိစ္စသမုပ္ပါဒ်သဘောတရားဟူသည်မှာလည်း အတိတ်ခန္ဓာငါးပါးတွင် အကျုံး ဝင်သော အတိတ်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်း ဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အတိတ် အကြောင်းတရားငါးပါးကြောင့် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်း ဖြစ်သော ပစ္စုပ္ပန်ခန္ဓာငါးပါးတို့တွင် အကျုံး ဝင်သော ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အကျိုးတရားများ ထင်ရှားဖြစ်ပုံ, ပစ္စုပ္ပန်ခန္ဓာ ငါးပါးတွင် အကျုံးဝင်သော ပစ္စုပ္ပန်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်း ဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော ပစ္စုပ္ပန်အကြောင်းတရားငါးပါးကြောင့် အနာဂတ်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်း ဖြစ်သော အနာဂတ် ခန္ဓာငါးပါးတို့တွင် အကျုံးဝင်သော ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အနာဂတ်အကျိုးတရား ငါးပါးတို့၏ ကြောင်း-ကျိုးဆက်နွယ်လျက် အထပ်ထပ် ဖြစ်ပုံတည်း။ သို့အတွက် ကံ-ကံ၏အကျိုးတရားကို ယုံကြည်မှုဟူသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး၌ တည်ရှိသော ခန္ဓာ အာယတန ဓာတ် သစ္စာ (လောကီသစ္စာ) ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့၌ ယုံကြည်မှုပင် ဖြစ်သည်။ တစ်ဖန် ကံကို ယုံကြည်ရာ၌-

ဒါနံ ဒဒတော သီလံ ရက္ခတော ဥပေါသထကမ္မံ ကရောတော ဘာဝနံ အာရဘတော သဒ္ဓါ ပုဗ္ဗင်္ဂမာ ပုရေစာရိကာ ဟောတိ၊ တေန ဝုတ္တံ သမ္ပက္ခန္ဒနလက္ခဏာ စ သဒ္ဓါတိ။ (အဘိ၊ဋ္ဌ၊၁၊၁၆၃။)

ဒါန သီလကျင့်စဉ်ဟူသော သီလသိက္ခာ, သမထဘာဝနာကျင့်စဉ်ဟူသော သမာဓိသိက္ခာ, ဝိပဿနာ ဘာဝနာကျင့်စဉ်ဟူသော ပညာသိက္ခာတို့ကို ကြိုးစားအားထုတ်ရာ၌လည်း သဒ္ဓါသည် ေ့ရှသွားခေါင်းဆောင် ဖြစ်ရကား ထိုသိက္ခာသုံးပါး ကျင့်စဉ်သို့ ကောင်းစွာ ပြေးသွား သက်ဝင်ခြင်း လက္ခဏာ ရှိသဖြင့် သိက္ခာသုံးရပ် အပေါ်၌ ယုံကြည်မှုမှာလည်း သဒ္ဓါပင် ဖြစ်သည်။

သို့အတွက် ဤသဒ္ဓါ၏ ယုံကြည်မှုသည် ဝိစိကိစ္ဆာနှင့် ထိပ်တိုက် ဆန့်ကျင်ဖက် ဖြစ်သည်။ ဝိစိကိစ္ဆာက (၈)ဌာနတို့၌ ယုံမှားသံသယ ရှိ၏။ သဒ္ဓါကား ယင်း (၈)ဌာနတို့၌ ယုံကြည်သက်ဝင်၏။ ထိုကြောင့် ဝိစိကိစ္ဆာ၏ ယုံမှားမှု သံသယဖြစ်ရာ (၈)ဌာနသည်ပင် သဒ္ဓါ၏ ယုံကြည်သက်ဝင်ရာ သဒ္ဓေယျဝတ္ထု ဖြစ်သည်ဟု မှတ်ပါ။

သဒ္ဓါ --- သဒ္ဒဟန္တိ ဧတာယ, သယံ ဝါ သဒ္ဒဟတိ, သဒ္ဒဟနမတ္တမေဝ ဝါ ဧသာတိ သဒ္ဓါ၊ သာဝ အဿဒ္ဓိယဿ အဘိဘဝနတော အဓိပတိယဋ္ဌေန ဣန္ဒြိယံ၊ အဓိမောက္ခလက္ခဏေ ဝါ ဣန္ဒဋ္ဌံ ကာရေတီတိ ဣန္ဒြိယံ၊ သဒ္ဓါဝ ဣန္ဒြိယံ သဒ္ဓိန္ဒြိယံ။ (အဘိ၊ဋ္ဌ၊၁၊၁၆၂။)

သဒ္ဓါစေတသိက်သည် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌ ယုံကြည်သောအားဖြင့် ဖြစ်လတ်သော် မိမိနှင့် အတူယှဉ်၍ ဖြစ်ဖက် သမ္ပယုတ်တရားတို့အားလည်းကောင်း ထိုသဒ္ဓေယျဝတ္ထု၌ ယုံကြည်ခြင်း ကြိယာ ဖြစ်အောင် ပင်ကိုယ်ပကတိအားဖြင့် အားကြီးသောမှီရာ = ပကတူပနိဿယ သဘောသတ္တိအားဖြင့် ကျေးဇူးပြုလျက် ရှိ၏။ ဤသို့ သမ္ပယုတ်တရားတို့သည် သဒ္ဓါကို အကြောင်းပြု၍ သဒ္ဓေယျဝတ္ထု၌ ယုံကြည်မှု ကြိယာ ဖြစ်ရသောကြောင့် သဒ္ဓေယျဝတ္ထု၌ သမ္ပယုတ်တရားတို့၏ ယုံကြည်ကြောင်း ဖြစ်သော သဘောတရားသည် သဒ္ဓါ မည်ပေသည်။ (ကရဏသာဓန။)

တစ်နည်း --- သဒ္ဓါတရားသည် သမ္ပယုတ်တရားတို့ကိုသာ သဒ္ဓေယျဝတ္ထု၌ ယုံကြည်စေသည် မဟုတ်၊ မိမိ သဒ္ဓါတရား ကိုယ်တိုင်ကလည်း ထိုသဒ္ဓေယျဝတ္ထု၌ ယုံကြည်တတ်သောကြောင့် သဒ္ဓါ မည်ပေသည်။ (ကတ္တုသာဓန။)

တစ်နည်း --- သဒ္ဓေယျဝတ္ထု၌ ယုံကြည်ခြင်းမျှသာဖြစ်သော သဘောတရားသည် သဒ္ဓါ မည်၏။ (ဘာဝသာဓန။)

ဤသို့လျှင် သဒ္ဓါနှင့်တကွသော သမ္ပယုတ်စိတ်စေတသိက် = စိတ္တုပ္ပါဒ်တို့၏ သဒ္ဓေယျဝတ္ထု၌ ယုံကြည်သော အခြင်းအရာအားဖြင့် ဖြစ်ကြသောအခါ ထိုစိတ္တုပ္ပါဒ်၏ တည်ရာ ပုဂ္ဂိုလ် သတ္တဝါဟု ခေါ်ဆိုအပ်သော ခန္ဓာအစဉ် သည်လည်း ဘုရားအစရှိသော သဒ္ဓေယျဝတ္ထုကို ယုံကြည်နေရကား ထိုပုဂ္ဂိုလ်ကို သဒ္ဓါတရားဖြစ်သော ပုဂ္ဂိုလ် သဒ္ဓေယျဝတ္ထု၌ ယုံကြည်သော ပုဂ္ဂိုလ်ဟုပင် ခေါ်ဆိုရပေသည်။

အဿဒ္ဓိယ --- သဒ္ဓါတရားမရှိသော သဒ္ဓေယျဝတ္ထု၌ မယုံကြည်သော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ အကုသိုလ်စိတ္တုပ္ပါဒ်နှင့် မယုံကြည်သင့် မယုံကြည်ထိုက်သော ပုရာဏကဿပ စသော ဂိုဏ်းဆရာတို့၌ ယုံကြည်သော အားဖြင့် ဆုံးဖြတ်ချက် ချတတ်သော မှားသော အဓိမောက္ခစေတသိက် = မောဟ ဒိဋ္ဌိစေတသိက်တို့နှင့် ယှဉ်တွဲ နေသော အဓိမောက္ခစေတသိက်သည် အဿဒ္ဓိယ မည်၏၊ မိစ္ဆာဓိမုတ္တိလည်း မည်၏။ --- ဤစကားအစဉ်အရ ပုရာဏကဿပ စသော တိတ္ထိ တက္ကတွန်းတို့၌ ကြည်ညိုခြင်းကား သဒ္ဓါတရား မမည်၊ မိစ္ဆာ အဓိမောက္ခစေတသိက် သာတည်း။ အမှတ်မဲ့သော သူတို့၏ တစ်စုံတစ်ခုသော အကြောင်းကို စွဲ၍ သဒ္ဓေယျဝတ္ထု မဟုတ်သည်၌ ကြည်ညို ခြင်းကား သဒ္ဓါတရား မမည်၊ သဒ္ဓါတရား မဟုတ်၊ အဓိမောက္ခစေတသိက်သာတည်းဟု မှတ်ပါ။ (မင်းကြီး မင်းလေး စသည်တို့၌ ယုံကြည်မှု ကိုးကွယ်မှု ဗေဒင် ယတြာ ဓာတ်ရိုက် ဓာတ်ဆင်တို့၌ ယုံကြည်မှု အထက်ဆရာကြီးတို့၌ ယုံကြည်မှု ကိုးကွယ်မှု စသည်တို့တည်း။)

ထိုသဒ္ဓါတရားသည် ဖြစ်ပေါ်လာခဲ့သော် ထိုအဿဒ္ဓိယသဘောတရားကို လွှမ်းမိုးနိုင်သည့်အတွက် အကြီးအကဲ၏ အဖြစ်ဟူသော အနက်သဘောကြောင့် ဣန္ဒြေလည်း မည်၏။ တစ်နည်းအားဖြင့် ဆိုရသော် ယုံကြည် ထိုက်သော သဒ္ဓေယျဝတ္ထုကို ယုံကြည်သောအားဖြင့် --- ဘုရားစစ် ဘုရားမှန် ဧကန်ဖြစ်၏ --- စသည်ဖြင့် ဆုံးဖြတ်ချက်ချခြင်း = အဓိမောက္ခ လက္ခဏာ၌ အစိုးရသူဖြစ်အောင် သမ္ပယုတ်တရားတို့ကို ပြုစေတတ်သော ကြောင့် ဣန္ဒြေလည်း မည်၏၊ ထိုသဒ္ဓါသည်ပင် သဒ္ဓိန္ဒြေ မည်ပေသည်။

ဣန္ဒဋ္ဌံ ကာရေတီတိ မံ အန္တရေန တုမှာကံ အဓိမုစ္စနံ နတ္ထိ၊ မယာ သဒ္ဒဟထာတိ ဝိယ အတ္တာနံ အနုဝတ္တေတိ သမ္ပယုတ္တဓမ္မေ။ ဧဝံ သေသေသုပိ။ (မူလဋီ၊၁၊၈၉။)

ငါမပါလျှင် အသင်သမ္ပယုတ်တရားတို့မှာ သဒ္ဓေယျဝတ္ထုအာရုံကို စွဲစွဲမြဲမြဲ သက်ဝင် ဆုံးဖြတ်နိုင်စွမ်းသော အဓိမောက္ခလက္ခဏာသဘော မရှိကြ။ ငါဖြင့် = ငါ၏ အကူအညီဖြင့် ထိုအာရုံကို ယုံကြည်ကြရ သက်ဝင်ဆုံးဖြတ် ကြရကုန်၏၊ ထို သက်ဝင်ဆုံးဖြတ်ရမည့် အဓိမောက္ခလက္ခဏာဝယ် ငါက အကြီးအချုပ် ပြုလုပ်မည်၊ အသင် သမ္ပယုတ်တရားတို့က ငါ့ကို အကြီးအချုပ် ပြုကြ၊ အကြီးအကဲ မြှောက်ကြ၊ --- ဟု မပြောသော်လည်း ပြောသကဲ့သို့ သမ္ပယုတ်တရားတို့ကို မိမိကိုယ်ကို အစိုးရသူ၏ အဖြစ်ကို ပြုစေ၏ = မိမိ၏သဘောသို့ လိုက်ပါစေတတ်၏ ဟူလိုသည်။ ကြွင်းသော ဣန္ဒြေတို့၌လည်း နည်းတူ မှတ်ပါ။ (တဒ္ဓမ္မူပစာရစကားများသာတည်း။)

အဓိမောက္ခလက္ခဏ --- အဓိမောက္ခသည် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုကို ယုံကြည်သောအားဖြင့် ဆုံးဖြတ်ချက်ချခြင်းဟူသော သဒ္ဓါဓိမောက္ခ၊ အဓိမောက္ခစေတသိက်တည်းဟူသော ယေဝါပနကာဓိမောက္ခဟု နှစ်မျိုး ရှိ၏။ ဤသဒ္ဓါစေတသိက်ကိုပင် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ ယုံကြည်သောအားဖြင့် ဆုံးဖြတ် တတ်သောကြောင့် သဒ္ဓါဓိမောက္ခဟု ခေါ်သည်။ ပကိဏ်းစေတသိက် (၆)လုံးတို့တွင် ပါဝင်သော အဓိမောက္ခကိုပင် ဓမ္မသင်္ဂဏီပါဠိတော်ဝယ် ဘုရားရှင် ဟောကြားတော်မူရာ၌ --- ဖေဿာ ဟောတိ၊ ဝေဒနာ ဟောတိ --- စသည်တို့ ကဲ့သို့ နာမည် သီးခြားတပ်ကာ သရုပ်ထုတ်၍ ဟောတော်မမူဘဲ --- ယေ ဝါ ပန တသ္မိံသမယေ --- စသည်ဖြင့် ဟောတော်မူရာ စေတသိက်အုပ်စုတွင် ပါဝင်သောကြောင့် --- ယေဝါပနက အဓိမောက္ခဟု ခေါ်သည်။ ထိုတွင် ဤ --- အဓိမောက္ခလက္ခဏေ --- ၌ အဓိမောက္ခကား သဒ္ဓါဓိမောက္ခတည်း။

လက္ခဏ --- ဘုရားစစ် ဘုရားမှန် ဟုတ်မှ ဟုတ်ပါ့မလား --- စသည်ဖြင့် သဒ္ဓေယျဝတ္ထုတို့၌ ယုံမှားသံသယ မရှိဘဲ --- ဘုရားစစ် ဘုရားမှန် ဧကန် ဟုတ်၏၊ တရားစစ် တရားမှန် ဧကန် ဟုတ်၏၊ သံဃာစစ် သံဃာမှန် ဧကန် ဟုတ်၏၊ ကံ-ကံ၏ အကျိုးတရားသည် တကယ်ထင်ရှားရှိ၏၊ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့သည် တကယ်မှန်၏၊ ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့သည် တကယ် ထင်ရှားရှိ၏၊ အတိတ်ဘဝ = အတိတ်ခန္ဓာသည် တကယ်ထင်ရှားရှိ၏၊ သံသရာ မဆုံးသေးသူတို့အဖို့ အနာဂတ်ဘဝ အနာဂတ်ခန္ဓာသည် တကယ်ထင်ရှားရှိ၏၊ ဤလောကသည် တကယ်ထင်ရှားရှိ၏၊ ပရလောက ခေါ်သည့် တစ်ပါးသော စကြာဝဠာ တစ်ပါးသော လောကသည် တကယ်ထင်ရှားရှိ၏ဟု ယတိပြတ် ဆုံးဖြတ်ချက် ချကာ ယုံမှု + ကြည်မှု = ယုံကြည်မှုသည် သဒ္ဓါစေတသိက်၏ သဘောလက္ခဏာပင် ဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုရသော် --- ထိုယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုသို့ အစဉ်အတိုင်း သက်ဝင်၍ --ဤဝတ္ထုသည် ဤသို့သဘော ရှိ၏၊ ဤကား ဘုရားစစ် ဘုရားမှန် ဧကန်ဟုတ်၏ဟု ဤသို့စသည်ဖြင့် (၈)ဌာနတို့၌ ဆုံးဖြတ်ချက်ချခြင်း သဘောတရားသည်လည်း သဒ္ဓါစေတသိက်၏ ဩကပ္ပနလက္ခဏာပင်တည်း။

ထပ်မံသဘောပေါက်ရန် --- ဤရှင်းလင်းချက်ဖြင့် သဒ္ဓါ၏ လက္ခဏ ရသ ရှုကွက်ကို သဘောပေါက်သော သူတော်ကောင်းတို့သည်လည်း ရှိရာသည်၊ သဘောမပေါက်နိုင်သေးသူ ယောဂီသူတော်ကောင်းတို့သည်လည်း ရှိရာသည်။ အသင်သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများကို ပြန်၍ အာရုံယူထားပါ။ အကောင်း အုပ်စု ကုသိုလ်ဇောစိတ္တုပ္ပါဒ်တိုင်း၌ သဒ္ဓါစေတသိက် ပါဝင်သည်ကို တွေ့ရှိမည် ဖြစ်သည်။ ဥပမာ အသင်သူတော်ကောင်းသည် ဤကျမ်းစာ၌ တင်ပြထားသည့်အတိုင်း အလွန် ကြည်လင်တောက်ပသော အာနာပါနပဋိဘာဂနိမိတ် အာရုံကို အာရုံယူ၍ စတုတ္ထစျာန်သို့တိုင်အောင် သမာဓိထူထောင်ပြီးသူ ထူထောင်နိုင်သူ ဖြစ်အံ့၊ အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော ပထမစျာန်နာမ်တရား (၃၄)တို့ကို ပြန်လည်၍ သိမ်းဆည်းကြည့် ပါ။ ယင်းပထမစျာန်ဇောစိတ္တုပ္ပါဒ်တိုင်း၌ သဒ္ဓါတရား ပါဝင်နေသည်ကို သတိပြုပါ။ ယင်း ပထမစျာန်နာမ်တရား (၃၄)တွင် ပါဝင်သော သဒ္ဓါတရားကိုပင် အာရုံယူကြည့်ပါ။ ထိုသဒ္ဓါတရားသည် ဘာကိုယုံကြည်နေသလဲ၊ သိက္ခာ သုံးပါးကို ယုံကြည်မှုမှာ သဒ္ဓါဖြစ်ကြောင်းကို ေ့ရှ၌ ရှင်းပြခဲ့၏။ စျာန်သမာဓိများသည် သမာဓိသိက္ခာတွင် အကျုံး ဝင်ကြ၏။ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော သမထဘာဝနာ = စျာန်သမာဓိ သိက္ခာ၌ ယုံကြည်မှုသည် သဒ္ဓါတရားပင်တည်း။

အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ထိုစျာန်တရားများကို ဗြဟ္မာ့ချမ်းသာကို ရည်ရွယ်တောင့်တ၍ ပွားများအားထုတ်ခဲ့သည် ဖြစ်အံ့၊ ထို့ပြင် အသင်သူတော်ကောင်းသည်လည်း ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုနိုင်သော ပစ္စယပရိဂ္ဂဟဉာဏ်အဆင့်သို့ ရောက်ရှိပြီး ဖြစ်၍ ထိုစျာန်ကုသိုလ်ကြောင့် ရရှိမည့် အနာဂတ်ဗြဟ္မာဘဝ ခန္ဓာငါးပါးကို လှမ်းအာရုံယူ၍ အကြောင်း-အကျိုး စပ်ကာ ရှုနိုင်ပါက ကံ-ကံ၏ အကျိုးတရားကို ယုံကြည်မှု သဒ္ဓါတရားသည်လည်း အသင်သူတော်ကောင်း၏ သန္တာန်၌ ဖြစ်ပေါ်လာနိုင်ပါသည်။ ယင်းသို့ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ထိုးထွင်းသိမြင်နေသော ပစ္စယပရိဂ္ဂဟဉာဏ် ပြဓာန်းသော မနောဒွါရိက မဟာကုသိုလ်ဇော စိတ္တက္ခဏတိုင်း၌ ယေဘုယျအားဖြင့် နာမ်တရား (၃၄-၃၃) စသည်ရှိရာ ယင်းတို့တွင် သဒ္ဓါတရားလည်း ပါဝင်လျက်ပင် ရှိ၏။ ယင်းသဒ္ဓါကား ပညာသိက္ခာ၌ ယုံကြည်မှု သဒ္ဓါပင်တည်း။

တစ်ဖန် စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားများတွင်လည်း ဇောနာမ်တရား (၃၄)လုံး စသည်၌ သဒ္ဓါစေတသိက် ပါဝင်လျက်ပင် ရှိ၏၊ စက္ခုအကြည်ဓာတ်ကို ကိုယ်တိုင်မျက်မှောက် ထိုးထွင်း၍ သိခြင်းကား ရူပပရိစ္ဆေဒဉာဏ်တည်း။ ပညာသိက္ခာတည်း။ ထိုစက္ခုအကြည်ဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော သဒ္ဓါတရားကား စက္ခုအကြည်ဓာတ်ကို ထိုးထွင်းသိမှု ထွင်းဖောက်သိမှု ပညာသိက္ခာ၌ ယုံကြည်မှု သဒ္ဓါပင်တည်း။ ကြွင်းရုပ်တရား နာမ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် ထိုးထွင်းသိမှုကား နာမရူပပရိစ္ဆေဒဉာဏ်တည်း၊ ပညာ သိက္ခာတည်း။ ယင်း ပရမတ်ရုပ်နာမ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော သဒ္ဓါတရားကား ရုပ်နာမ်ပရမတ်ကို ထိုးထွင်းသိမှု ထွင်းဖောက်သိမှု ပညာသိက္ခာ၌ ယုံကြည်မှု သဒ္ဓါပင်တည်း။

တစ်ဖန် ထိုစက္ခုအကြည်ဓာတ်၏ သို့မဟုတ် စက္ခုအကြည်ဓာတ်နှင့်တကွသော ရုပ်တရား နာမ်တရားစုတို့၏ လည်းကောင်း, ယင်း ရုပ်နာမ်ဓမ္မသင်္ခါရတရား၏ အကြောင်းတရားတို့၏လည်းကောင်း အနိစ္စအခြင်းအရာ ဒုက္ခ အခြင်းအရာ အနတ္တအခြင်းအရာ အသုဘအခြင်းအရာတို့ကို ထိုးထွင်းသိမြင်မှုမှာလည်း ဝိပဿနာဉာဏ်ပညာ တည်း၊ ပညာသိက္ခာတည်း။ ယင်းသင်္ခါရတရားတို့၏ အနိစ္စသဘော ဒုက္ခသဘော အနတ္တသဘော အသုဘသဘော တို့ကို ရှုနေသော ထိုးထွင်းသိနေသော မနောဒွါရိကဇော နာမ်တရား (၃၄) စသည်တွင် ပါဝင်သော သဒ္ဓါတရား မှာလည်း ထိုသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အသုဘအခြင်းအရာတို့ကို ထိုးထွင်းသိသော ပညာသိက္ခာကို ယုံကြည်မှုသဘောပင်တည်း။ အကယ်၍ ဘုရားဂုဏ်တော်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားအုပ်စု ဖြစ်အံ့၊ သဒ္ဓါတရားမှာ ဘုရားဂုဏ်တော်ကို ယုံကြည်မှု သဒ္ဓါတရား ဖြစ်၏။ ဤသို့ စသည်ဖြင့် အရာဌာနအားလျော်စွာ သဘောပေါက်ပါလေ။

ရသ --- (က) ပသာဒနရသာ --- ဥပမာဆောင်၍ ထင်ရှားအောင် ပြဆိုပေအံ့၊ --- စကြာရတနာကို လည် စေနိုင်သော စက္ကဝတ်မင်းဖျား၏ ရေနောက်ကို ကြည်စေနိုင်သော စွမ်းအားရှိသော ပတ္တမြားရတနာသည် ရေထဲ၌ ထည့်လိုက်သောအခါ ညွန်ပျစ် မှော် ရေညှိ ညွန်ကြဲကို ကောင်းစွာ နစ်မြုပ်စေ၏၊ ရေကို ကြည်လင်အောင် ပြု လုပ်တတ်၏၊ အထူးသဖြင့် ကြည်လင်အောင် ပြုလုပ်တတ်၏၊ မနောက်ကျုအောင် ပြုလုပ်တတ်၏။ ဤဥပမာအတူ သဒ္ဓါတရားသည် ဖြစ်ပေါ်လာလတ်သော် နီဝရဏ အနောက်အကျုတို့ကို ခွာနိုင်၏၊ ကိလေသာတို့ကို ကောင်းစွာ နစ်မြုပ်စေ၏၊ စိတ်ကို ကြည်လင်စေ၏၊ မနောက်ကျုအောင် ပြုလုပ်တတ်၏၊ ကြည်လင်သောစိတ်ဖြင့် အားထုတ် အပ်သော ကမ္မဋ္ဌာန်း၌ သက်ဝင်၍ ဖြစ်သော ယောဂါဝစရ အမျိုးကောင်းသား အမျိုးကောင်းသမီးသည် ဒါနကို ပေးလှူ၏၊ သီလကို ဆောက်တည်၏၊ ဥပုသ် စောင့်သုံးမှုကို ပြု၏၊ ဘာဝနာကို အားထုတ်၏၊ ဤသို့လျှင် ရှေးဦးစွာ သဒ္ဓါတရားကို သမ္ပသာဒနလက္ခဏာ = စိတ်ကို ကောင်းစွာ ကြည်လင်စေခြင်း သဘောလက္ခဏာ ရှိ၏ဟူ၍ သိရှိပါလေ။ ထိုကြောင့် အရှင်နာဂသေန မထေရ်မြတ်သည် ဤသို့ မိန့်ဆိုထားတော်မူ၏။

ဒါယကာတော် မဟာရာဇ ...စကြာရတနာကို လည်စေနိုင်သော စက္ကဝတ်မင်းဖျားသည် စစ်အင်္ဂါ လေးပါးနှင့် အတူတကွ အဓွန့်ရှည်သော ခရီးကို သွားလတ်သော် အနည်းငယ်သော ရေကို ဖြတ်ကူးသွားလေရာ၏၊ ထိုရေသည် ဆင်တို့ကြောင့်လည်းကောင်း, မြင်းတို့ကြောင့်လည်းကောင်း, ရထားတို့ကြောင့်လည်းကောင်း, ခြေလျင် တပ်သားတို့ကြောင့်လည်းကောင်း ကူးသန်း ဖြတ်ကျော်သွားရသဖြင့် လှုပ်ချောက်ချားအပ်သည် ဖြစ်၍ နောက်ကျု သည် မွှေနှောက်ထားအပ်သည် ညွန်ဖြစ်၍နေသည် ဖြစ်လေရာ၏။

ရေကို ကူးမြောက်ပြီးသော စကြာရတနာကို လည်စေနိုင်သော စက္ကဝတ်မင်းဖျားသည် မင်းချင်းယောကျ်ား တို့ကို --- အမောင်တို့ ...သောက်ရေကို ဆောင်ချေကြကုန် ရေသောက်တော်မူပေအံ့ -- ဟု ဤသို့ စေခိုင်းလိုက် လေရာ၏။ စက္ကဝတ်မင်းဖျား၌လည်း ရေကို ကြည်လင်စေတတ်သော ပတ္တမြားရတနာသည် ရှိသည် ဖြစ်လေရာ၏။ အရှင်မင်းမြတ် ...အမိန့်တော်အတိုင်းပါဟု ဤသို့ သံတော်ဦးတင်၍ ထိုမင်းချင်းယောကျ်ားတို့သည် စက္ကဝတ်မင်းဖျားအား ဝန်ခံ၍ ရေကို ကြည်လင်စေတတ်သော ထိုပတ္တမြားရတနာကို ရေထဲ၌ ထည့်လိုက်ကုန်ရာ၏၊ ပတ္တမြားရတနာကို ရေထဲ၌ ထည့်အပ်ကာမျှနှင့် တစ်ပြိုင်နက် ညွန်ပျစ် မှော် ရေညှိသည် ကင်းသွားလေရာ၏။ ညွန်ကြဲသည်လည်း ကောင်းစွာ နစ်မြုပ်သွားလေရာ၏။ ရေသည် ကြည်လင်သည် အထူးသဖြင့် ကြည်လင်သည် မနောက်ကျုသည် ဖြစ်လေရာ၏၊ ထိုမှနောက်၌ စက္ကဝတ်မင်းဖျားကို --- အရှင်မင်းမြတ်သည် သောက်တော်ရေကို သောက်တော်မူပါဟု ဤသို့ သံတော်ဦးတင်၍ ဆက်သကုန်ရာ၏။

ဒါယကာတော် မဟာရာဇ ...စိတ်ကို ရေနှင့် တူ၏ဟု မှတ်ပါ။ ယောဂါဝစရပုဂ္ဂိုလ်ကို မင်းချင်းယောက်ျား တို့နှင့် တူ၏ဟု မှတ်ပါ။ ကိလေသာတို့ကို မှော် ရေညှိ ညွန်တို့နှင့် တူ၏ဟု မှတ်ပါ။ သဒ္ဓါတရားကို ရေကို ကြည် လင်စေတတ်သော ပတ္တမြားရတနာနှင့် တူ၏ဟု မှတ်ပါ။ ရေကို ကြည်လင်စေတတ်သော ပတ္တမြားရတနာကို ရေထဲ၌ ထည့်အပ်ကာမျှ ဖြစ်လတ်သော် ညွန်ပျစ်, မှော်, ရေညှိ, ညွန်ကြဲသည် ကင်းပျောက်သွားသကဲ့သို့ နစ်မြုပ် သွားသကဲ့သို့ ရေသည် ကြည်လင်လာသကဲ့သို့ မနောက်ကျုလာသကဲ့သို့ --- ဒါယကာတော် မဟာရာဇ ... ဤဥပမာအတူသာလျှင် သဒ္ဓါတရားသည် ဖြစ်ပေါ်လာလတ်သော် နီဝရဏတို့ကို ခွာနိုင်၏၊ ကင်းသော နီဝရဏ ရှိသော စိတ်သည် ကြည်လင်လာ၏ အထူးသဖြင့် ကြည်လင်လာ၏၊ နောက်ကျုခြင်း မရှိတော့ပေ။ ဤသို့ မိန့်ကြား တော်မူ၏။ (မိလိန္ဒပဥှ၊၃၁။ အဘိ၊ဋ္ဌ၊၁၊၁၆၂-၁၆၃။)

ဤအထက်ပါ သမ္ပသာဒန လက္ခဏာကိုပင် အဋ္ဌကထာဆရာတော်က ပသာဒနရသာ --- ဟု (အဘိ၊ဋ္ဌ၊ ၁၊၁၆၃။)၌ နောက်တစ်နည်း ထပ်ဖွင့်ထားတော်မူ၏။ နောက်ကျုနေသော ရေထဲ၌ စကြဝတေးမင်း၏ ပတ္တမြား ရတနာကို ထည့်လိုက်သောအခါ အနယ်များ အောက်သို့ ကျသွား၍ ရေသည် ကြည်လင်လာရသကဲ့သို့ အလား တူပင် စိတ်အစဉ်၌ သဒ္ဓါတရား ယှဉ်လာသည့်အခါ ထိုသဒ္ဓါတရားက စိတ်အစဉ်ကို ညစ်နွမ်းစေတတ် နောက်ကျု စေတတ်သော နီဝရဏ ကိလေသာအညစ်အကြေး နောက်ကျုနေသော မြူအနည်များကို ပယ်ဖျောက်၍ သမ္ပယုတ်တရားတည်းဟူသော သဒ္ဓါနှင့် ယှဉ်သည့် စိတ်အစဉ်ကို တစ်နည်း သဒ္ဓါကိန်းဝပ်ရာ ပုဂ္ဂိုလ်ကို သဒ္ဓေယျ ဝတ္ထု၌ ကြည်လင်စေခြင်း မနောက်ကျုသည်၏ အဖြစ်ကို ပြုပေးခြင်း ကိစ္စရသကို ပြုလုပ် ဆောင်ရွက်ပေးလေသည်၊ ထိုသို့ သဒ္ဓါတရားက ပြုလုပ်ဆောင်ရွက်ပေးသဖြင့် သဒ္ဓါနှင့် ယှဉ်သည့် စိတ်အစဉ်သည်လည်း ကြည်လင်လာရ ပေသည်။ စိတ်အစဉ် ကြည်လင်သဖြင့် ထိုစိတ်အစဉ်၏ တည်ရာပုဂ္ဂိုလ်သည်လည်း ကြည်လင်နေသည်ဟုပင် ဆိုရပေသည်။

( ခ ) ပက္ခန္ဒနရသာ --- ယင်း ပက္ခန္ဒနရသာကို သမ္ပက္ခန္ဒနလက္ခဏာဟု အဋ္ဌသာလိနီအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၁၊ ၁၆၂-၁၆၃။)၌ ဖွင့်ဆိုထားတော်မူ၏။

မိကျောင်း မကန်း ဖမ်းစားတတ်သော ရက္ခိုသ် အစရှိသည်တို့ဖြင့် ရောပြွမ်းသော ရေဖြင့် ပြည့်နေသော မြစ်ကြီးကို ရောက်၍ ကြောက်တတ်သော လူအပေါင်းသည် ကမ်းနှစ်ဘက်တို့၌ ရပ်တည်နေ၏။ စစ်မြေပြင်၌ ရဲရင့်သော သူရဲကောင်းကြီးသည်ကား လာလတ်၍ အဘယ်ကြောင့် ရပ်နေကြကုန်သနည်းဟု မေးကြည့်လေ သော် ရေထဲ၌ ဘေးရန်ရှိသောကြောင့် သက်ဆင်းခြင်းငှာ မဝံ့ပါကုန်ဟု ဤသို့ ပြောဆိုကုန်လတ်သော် ကောင်းစွာ သွေးထားအပ်ပြီးသော သန်လျက်ကို ကိုင်၍ --- ငါ၏ နောက်က လိုက်ခဲ့ကြကုန်၊ မကြောက်ကြကုန်လင့် --- ဤသို့ ပြောပြောဆိုဆို မြစ်ထဲသို့ သက်ဆင်း၍ ရောက်လာတိုင်း ရောက်လာတိုင်းကုန်သော မိကျောင်း အစရှိသော ဘေးရန်တို့ကို တားမြစ်၍ ဤမှာဘက်ကမ်းက လူတို့၏ ချမ်းသာကုန်သည်၏ အဖြစ်ကို ပြုလျက် ထိုမှာဘက်ကမ်းသို့ ပို့ဆောင်သကဲ့သို့လည်းကောင်း, ထိုမှာဘက်ကမ်းမှလည်း လူတို့ကို ချမ်းချမ်းသာသာဖြင့် ဤမှာဘက်ကမ်းသို့ ခေါ်ဆောင်လာသကဲ့သို့လည်းကောင်း --- ဤဥပမာအတူပင်လျှင် ဒါနကို ပေးလှူသောပုဂ္ဂိုလ်၏လည်းကောင်း, သီလကို စောင့်ရှောက်သောပုဂ္ဂိုလ်၏လည်းကောင်း, ဥပုသ်စောင့်သုံးခြင်းအမှုကို ပြုသောပုဂ္ဂိုလ်၏လည်းကောင်း, သမထ ဝိပဿနာ နှစ်ဖြာသော ဘာဝနာကို ပွားများအားထုတ်သော ပုဂ္ဂိုလ်၏လည်းကောင်း သဒ္ဓါတရားသည် ေ့ရှသွားဖြစ်၏၊ ထိုကြောင့် သဒ္ဓါတရားသည် ဒါန သီလ သမထ ဝိပဿနာ ဘာဝနာအာရုံသို့ ကောင်းစွာပြေးဝင်ခြင်း သဘောလက္ခဏာလည်း ရှိ၏။ (အဘိ၊ဋ္ဌ၊၁၊၁၆၂-၁၆၃။) ယင်း သမ္ပက္ခန္ဒနလက္ခဏာကိုပင် ပက္ခန္ဒနရသာ-ဟု အဋ္ဌကထာဆရာတော်က နောက်ထပ်တစ်နည်း ထပ်မံ ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။

ပက္ခန္ဒနံ အဓိမုစ္စနဝသေန အာရမ္မဏဿ အနုပဝိသနံ။ (မဟာဋီ၊၂၊၁၄၂။)

ယထာ တထာ ဝါ အာရမ္မဏေ ဝိနိစ္ဆယနံ အဓိမုစ္စနံ။ (မူလဋီ၊၁၊၉၃။)

မိကျောင်း မကန်း စသည်ပြွမ်းသော ရေအယဉ်ကို မကြောက်မရွံ့ နောက်မတွန့်ဘဲ ဤမှာဘက်ကမ်းမှ ထိုမှာဘက်ကမ်းသို့, ထိုမှာဘက်ကမ်းမှ ဤမှာဘက်ကမ်းသို့ တိုင်အောင် ကူးခပ်ဝံ့သော ယောက်ျားကဲ့သို့ --- သဒ္ဓေယျဝတ္ထုတည်းဟူသော အာရုံ၌ သက်ဝင်ဆုံးဖြတ်ခြင်း ယုံကြည်သက်ဝင်ခြင်း၏ အစွမ်းဖြင့် သဒ္ဓေယျဝတ္ထု တည်းဟူသော အာရုံသို့ သမ္ပယုတ်တရားတို့ကိုလည်း မနစ်မဆုတ် စုပ်စုပ်ပြေးသွား သက်ဝင်စေခြင်း, မိမိသဒ္ဓါ တရား ကိုယ်တိုင်ကလည်း မနစ်မဆုတ် စုပ်စုပ်ပြေးသွား သက်ဝင်ခြင်း ကိစ္စရသ ရှိပေသည်။ ဒါန သီလ သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့၌ မယုံ့တယုံ ဖြစ်နေသော စိတ်ဓာတ် တွန့်ဆုတ်နေသော စိတ်ဓာတ်, ရုပ် ကလာပ် နာမ်ကလာပ်တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် ဓာတ်ခွဲလျက် ရုပ်ပရမတ် နာမ်ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ကျင့်ရမည့် မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိစေနိုင်သည့် ဘုရားရှင်၏ ကျင့်စဉ်၌ မယုံရဲ ယုံရဲ ဖြစ်နေသော စိတ်ဓာတ်, မျက်စောင်းထိုးလို မေးငေါ့လိုသော စိတ်ဓာတ်များကို ဖျက်သိမ်း၍ ထို ဒါန သီလ ဘာဝနာကျင့်စဉ်၌ မိမိသဒ္ဓါတရား ကိုယ်တိုင်နှင့် သမ္ပယုတ်တရားတို့ကိုပါ မနစ်မဆုတ် နောက်သို့ မတွန့်စေဘဲ ထိုကျင့်စဉ်များသည် ဧကန်မှန်၏ဟု ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား မိမိသဒ္ဓါတရား ကိုယ်တိုင်ကလည်း ယုံကြည် သက်ဝင် ဆုံးဖြတ်ခြင်း, သမ္ပယုတ်တရားတို့ကိုလည်း ယုံကြည်သက်ဝင် ဆုံးဖြတ်စေခြင်း၏ အစွမ်းဖြင့် ထို ဒါန သီလ ဘာဝနာအာရုံသို့ မိမိလည်း ပြေးသွားသက်ဝင်၍ သမ္ပယုတ်တရားတို့ကိုလည်း ပြေးသွား သက်ဝင်စေသည်။ သဒ္ဓါတရားနှင့်တကွသော နာမ်တရားတို့က ထိုအာရုံသို့ ပြေးသွား သက်ဝင်သဖြင့် ထို နာမ်တရားတို့၏ တည်ရာ ရုပ်တရားသည်လည်း သို့မဟုတ် ပုဂ္ဂိုလ်သည်လည်း ပြေးသွား သက်ဝင်တော့သည် ဟူလိုသည်။

ပစ္စုပဋ္ဌာန် --- (က) အကာလုဿိယပစ္စုပဋ္ဌာနာ --- သဒ္ဓါတရားသည် စက္ကဝတ်မင်းဖျား၏ ပတ္တမြားရတနာနှင့် တူသဖြင့် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုအာရုံ၌ မိမိကိုယ်တိုင်ကလည်း မနောက်ကျုသည် ဖြစ်၍ သမ္ပယုတ် တရားတို့ကိုလည်း မနောက်ကျုစေသည်၏ အဖြစ်ဖြင့် သမ္ပယုတ်တရားတို့၏လည်း မနောက်ကျုသည်၏ အဖြစ်ဖြင့် ဝိပဿနာဉာဏ်ဖြင့် ယင်းသဒ္ဓါတရားကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူထင်လာပေသည်။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။

(ခ) အဓိမုတ္တိပစ္စုပဋ္ဌာနာ --- တစ်နည်းအားဖြင့် အထက်တွင် ဖော်ပြခဲ့သော အဿဒ္ဓိယ, မိစ္ဆာဓိမောက္ခ = မိစ္ဆာဓိမုတ္တိတို့၏ ဆန့်ကျင်ဘက် ဖြစ်၍ ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ လွတ်လွတ် စုပ်စုပ် ငုပ်ငုပ် နစ်နစ် သက်ဝင်ဆုံးဖြတ်ခြင်း အကျိုးကို သဒ္ဓါတရားသည် ဖြစ်စေတတ်၏၊ ဖလပစ္စုပဋ္ဌာန်တည်း။

ပဒဋ္ဌာန် --- (က) သဒ္ဓေယျဝတ္ထုပဒဋ္ဌာနာ --- ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုများသည်ပင် သဒ္ဓါတရား ဖြစ်ဖို့ရန် အနီးကပ်ဆုံး အကြောင်းတရားများ ဖြစ်ပေသည်။ ဤစကားအရ ရတနာသုံးပါးတို့၏ ဂုဏ်ကို နှစ်နှစ် ကာကာ ယုံကြည်မှု, ပြုအပ်သမျှသော ကုသိုလ်ကံ အကုသိုလ်ကံမှန်သမျှသည် ထိုကံကို ပြုသူသတ္တဝါတို့၏ ရုပ် နာမ်သန္တာန်အစဉ်၌ အခါအခွင့်သင့်သောအခါ ကောင်းကျိုး မကောင်းကျိုးကို ဖြစ်စေနိုင်သည့် အစွမ်းသတ္တိတစ်မျိုး အနေဖြင့် ကိန်းဝပ်တည်ရှိနေသည်ဟု ယုံကြည်မှု, ထိုကံ၏ ကောင်းကျိုး မကောင်းကျိုးသည် ရှိ၏ဟု ယုံကြည်မှု, ဣဓလောက = ဤလောက, ပရလောက = တမလွန်လောက တစ်ပါးသော စကြာဝဠာတို့၌ ယုံကြည်မှုမျိုးသည်သာ သဒ္ဓါစစ် ဖြစ်နိုင်သည်ဟု မှတ်ပါ။ ဤသဒ္ဓါစစ် ဖြစ်ရေးအတွက် ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိသေးသူတို့ကား ယုံကြည်ထိုက်သော ဆရာသမား မိဘတို့၏ ဆိုဆုံးမမှုများနှင့် ယုံကြည်ထိုက်သော ပရိယတ္တိတရားတော်၏ သွန်သင်ပြသချက်အရ မှန်းဆ၍သာ လွမ်းရမည့် သဘောရှိပေသည်။

ဣဓလောက ပရလောက

ဣဓလောက ပရလောက

နတ္ထိ အယံ လောကောတိ ပရလောကေ ဌိတော ဣမံ လောကံ နတ္ထီတိ ဂဏှာတိ။ နတ္ထိ ပရလောကောတိ ဣဓလောကေ ဌိတော ပရလောကံ နတ္ထီတိ ဂဏှာတိ။ (အဘိ၊ဋ္ဌ၊၁၊၄၁၆။)

ပရလောကေ ဌိတော ဣမံ လောကံ နတ္ထီတိ ဂဏှာတီတိ ဣမံ လောကံ အဝေက္ခိတွာ ပရလောကော, ပရဉ္စ အဝေက္ခိတွာ အယံ လောကော ဟောတိ ဂန္တဗ္ဗတော အာဂန္တဗ္ဗတော စာတိ ပရလောကတော ဣဓာဂမနဿ အဘာဝါ တတ္ထေဝ ဥစ္ဆိဇ္ဇနတော စိတ္တေန ပရလောကေ ဌိတော ဣမံ လောကံ နတ္ထီတိ ဂဏှာတီတိ အတ္ထော ဝေဒိတဗ္ဗော။ န ဟိ အယံ ဒိဋ္ဌိ ပရလောကေ နိဗ္ဗတ္တေဿဝ ဟောတီတိ။ ဣဓလောကေ ဌိတောတိ ဧတ္ထာပိ အယမေဝ နယော။ အယံ ဝါ ဧတ္ထ အတ္ထော သံသရဏပ္ပဒေသော ဣဓလောကော စ ပရလောကော စ နာမ ကောစိ နတ္ထိ သံသရဏဿ အဘာဝါ တတ္ထ တတ္ထေဝ ဥစ္ဆိဇ္ဇနတောတိ။ (မူလဋီ၊၁၊၁၇၆။)

စိတ္တေန ပရလောကေ ဌိတောတိ ယသ္မိံ လောကေ နိဗ္ဗတ္တိဝသေန သယံ ဌိတော၊ တတော အညံ လောကံ ပရလောကောတိ စိတ္တေန ဂဟေတွာ ဌိတော။ (အနုဋီ၊၁၊၁၈၉။)

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ သတ်မှတ်ချက်အရ - ဣဓလောက = ဤလောက, ပရလောက = တစ်ပါးသောလောက - ဟူရာ၌ အမြဲမုချအားဖြင့် ဤလောက တစ်ပါးသောလောကဟု ယူရသော လောကဟူ၍ မရှိပေ။ နတ်လောက စသော တစ်ပါးသောလောကကို ထောက်လျှင် လူ့လောကသည် ဣဓလောက = ဤလောက ဖြစ်၏။ တစ်ပါးသော လူ့လောကကို ထောက်လျှင် နတ်လောကသည် ဣဓလောက = ဤလောက ဖြစ်ပြန်၏။ တစ်ခြားသော စကြာဝဠာကို ထောက်လျှင် ဤစကြာဝဠာသည် ဣဓလောက = ဤလောက ဖြစ်၏၊ တစ်ဖန် တစ်ခြားသော စကြာဝဠာကို ထောက်လျှင် = တစ်ခြားသော စကြာဝဠာဘက်က ကြည့်လျှင် ဤစကြာဝဠာသည် ပရလောက = တစ်ပါးသောလောက ဖြစ်ပြန်၏။ ထိုကြောင့် ဣဓလောက = ဤလောကဟူသော အမည် ပရ လောက = တမလွန်လောကဟူသော အမည် တစ်ပါးသောလောကဟူသော အမည်သည် အချင်းချင်းထောက်၍ ရအပ်သော အမည်တည်း။ (ဤမှာဘက်ကမ်းနှင့် ထိုမှာဘက်ကမ်းကဲ့သို့ မှတ်ပါ။)

ဥစ္ဆေဒဒိဋ္ဌိ အယူရှိသူတို့ကား သတ္တဝါတို့သည် ရောက်ရာဘဝ ဖြစ်ရာဘဝ၌ သေလျှင် ပြတ်၏၊ ဣဓလောက (= ဤလောက) မှ ပရလောက (= တမလွန်လောက) သို့မဟုတ် တစ်ပါးသောလောကသို့ သွားရောက်ခြင်း မည်သည် မရှိ၊ သွားရောက်ရမည့် ပရလောကလည်း မရှိ။ တစ်ဖန် ပရလောက၌ သေ၍ လာရောက်ဖို့ရာ ဣဓလောက (= ဤလောက) လည်း မရှိဟု စွဲယူကြ၏။

တစ်နည်း --- ကျင်လည်ရာအရပ်ဟု ဆိုအပ်သော ဣဓလောက (= ဤလောက)လည်း မည်သော, ပရ လောက (= တမလွန်လောက = တစ်ပါးသောလောက)လည်း မည်သော တစ်စုံတစ်ခုသော လောကသည် မရှိ၊ အဘယ်ကြောင့်နည်း? တစ်ဘဝပြီးလျှင် တစ်ဘဝသို့ ကျင်လည်၍ မနေရဘဲ ဖြစ်ရာဘဝ၌ပင် ပြတ်စဲသွားသော ကြောင့် ဣဓလောက = ဤဘဝ ဤလောက, ပရလောက = တမလွန်လောက တစ်ပါးသောလောကဟု ခွဲခြားဖွယ် မရှိတော့ရကား ဥစ္ဆေဒဒိဋ္ဌိသမားတို့က နတ္ထိ အယံ လောကော နတ္ထိ ပရလောကောဟု သေပြီး နောက် ဘဝသစ် မရှိကြောင်း ဆိုသည်။ (မူလဋီ၊၁၊၁၇၆။)

ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် သော ပစ္စယပရိဂ္ဂဟ သမ္မာဒိဋ္ဌိဉာဏ်နှင့် ယှဉ်တွဲနေသော သဒ္ဓါကား ယင်းဥစ္ဆေဒဒိဋ္ဌိနှင့် ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်၏။ အတိတ်အကြောင်းတရားငါးပါးကြောင့် ပစ္စုပ္ပန်အကျိုးတရားငါးပါး ဖြစ်ပုံကို ကိုယ်တိုင်မျက်မှောက် ပစ္စက္ခ ဉာဏ်ဖြင့် ထိုးထွင်းသိမြင်သဖြင့် ရှေးအတိတ်ဘဝမှ ယခုပစ္စုပ္ပန်ဘဝသို့ ကြောင်း-ကျိုးဆက်နွယ်လျက် လားရောက် ခဲ့ရသည် ဖြစ်၍ (= အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားသည့် ကမ္မသတ္တိ ကြောင့် ဤဘဝ၌ ရုပ်နာမ်အသစ် ဖြစ်ပေါ်လာရသည် ဖြစ်၍) အတိတ်ဘဝဟူသော ပရလောကကို ထောက်လျှင် ပစ္စုပ္ပန်ဘဝဟူသော ဣဓလောက (= ဤလောက) သည် အမှန်ရှိ၏ဟု ယုံကြည်၏။

တစ်ဖန် ပစ္စုပ္ပန်အကြောင်းတရားငါးပါးကြောင့် အနာဂတ်အကျိုးတရားငါးပါး ဖြစ်ပုံကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သဖြင့် ဤပစ္စုပ္ပန်ဘဝဟူသော ဣဓလောက (= ဤလောက)ကို ထောက် လျှင် ပရလောက (= နောင်တမလွန်ဘဝ)ဟူသော အနာဂတ်ဘဝသည် အမှန်တကယ် ရှိ၏ဟုလည်း ယုံကြည်၏။ သမုတိသစ္စာနည်းအရ သံသရာ မဆုံးသေးသူတို့ သွားရောက်ရမည့် ဌာနကို လှမ်းမြင်နေသောကြောင့် ဖြစ်သည်။ သို့အတွက် ဣဓလောက ပရလောကတို့သည်လည်း သဒ္ဓါတရား ဖြစ်ပေါ်လာဖို့ရန် အနီးစပ်ဆုံး အကြောင်းတရား များပင် ဖြစ်ကြသည်။ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ကိုယ်တိုင် ပစ္စက္ခဉာဏ်ဖြင့် ထွင်းဖောက်သိမြင်ပါက --- ကံ-ကံ၏အကျိုးတရားကို ယုံကြည်မှု, ဣဓလောက ပရလောက ရှိမှုကို ယုံကြည်မှုတို့ သည်လည်း အားလုံး အကျုံးဝင်သွားသည်သာ ဖြစ်သည်။ သံသရာ၏ ေ့ရှအစွန်းဟူသော အတိတ်ဘဝ အတိတ် ခန္ဓာ, သံသရာ၏ နောက်အစွန်းဟူသော အနာဂတ်ဘဝ အနာဂတ်ခန္ဓာ, သံသရာ၏ ေ့ရှအစွန်း နောက်အစွန်း ဟူသော အတိတ် အနာဂတ်ဘဝ အတိတ် အနာဂတ်ခန္ဓာတို့ အပေါ်၌ ယုံကြည်မှုသည်လည်း အကျုံးဝင်သွား သည်သာ ဖြစ်သည်။

(ခ) သဒ္ဓမ္မဿဝနာဒိသောတာပတ္တိယင်္ဂပဒဋ္ဌာနာ --- ပဒဋ္ဌာန်ကို တစ်နည်း ထပ်မံဖွင့်ဆိုထား၏။

၁။ သပ္ပုရိသသံသေဝန = သပ္ပုရိသူပသေဝန = သူတော်သူမြတ် သူတော်ကောင်းကို မှီဝဲဆည်းကပ်ရခြင်း = သစ္စာလေးပါး တရားတော်ကို မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိသည်တိုင်အောင် ဟောကြားပြသ ဆိုဆုံးမပေးနိုင်သော သူတော်သူမြတ်တို့ကို မှီဝဲဆည်းကပ်ခြင်း,

၂။ သဒ္ဓမ္မဿဝန = သူတော်ကောင်းတရားကို နာကြားခြင်း = ကြားနာခြင်း,

၃။ ယောနိသောမနသိကာရ = နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း,

ပရမတ်အစစ် ဓာတ်အနှစ် ဖြစ်သော ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် ရုပ်နာမ် ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ---

က။ ရုပ်တရားဟု

ခ။ နာမ်တရားဟု

ဂ။ အကြောင်းတရားဟု

ဃ။ အကျိုးတရားဟု နှလုံးသွင်းခြင်း, ယင်း ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက် အသုဘအချက်တို့ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ---

င။ အနိစ္စဟု

စ။ ဒုက္ခဟု

ဆ။ အနတ္တဟု

ဇ။ အသုဘဟု နှလုံးသွင်းခြင်း ရှုပွားခြင်းများသည် ယောနိသောမနသိကာရ = နည်းမှန် လမ်းမှန် နှလုံးသွင်း ခြင်းတည်း။

၄။ ဓမ္မာနုဓမ္မပဋိပတ္တိ = လောကုတ္တရာတရား (၉)ပါးအားလျော်သော အကျင့်ကို ကျင့်ခြင်း,

သရဏဂုံ သီလမှ စ၍ အနုလောမဉာဏ်သို့တိုင်အောင်သော အရိယမဂ်၏ ေ့ရှအဖို့၌ ဖြည့်ကျင့်ဆည်းပူး အပ်သော ဒါန + သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တို့သည် လောကုတ္တရာတရား (၉)ပါးအားလျော် သော ကျင့်ဝတ် ပဋိပတ်တို့ပင် ဖြစ်ကြသည်။

ဤအကြောင်းတရား (၄)ပါးတို့သည် သောတာပတ္တိမဂ်၏ အကြောင်းအင်္ဂါတို့တည်း၊ ထိုအကြောင်းအင်္ဂါ (၄)မျိုးတို့နှင့် ပြည့်စုံသူမှာ သောတာပတ္တိမဂ်နှင့် ယှဉ်သော သဒ္ဓါ ဖြစ်ပေါ်လာတတ်သောကြောင့် ဤအင်္ဂါ (၄)မျိုး တို့သည် သောတာပတ္တိမဂ်နှင့် ယှဉ်သော သဒ္ဓါ၏ အနီးကပ်ဆုံး အကြောင်းတရားများ ဖြစ်ကြရသည်။ သို့အတွက် ဤနောက်နည်း ပဒဋ္ဌာန်မှာ သောတာပတ္တိမဂ်နှင့် ယှဉ်သော သဒ္ဓါအတွက် ရည်ညွှန်း ဖော်ပြချက်ဟု မှတ်ပါ။ ပဒဋ္ဌာန်သာမဟုတ် ယင်း မဂ်သဒ္ဓါ၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန်တို့မှာလည်း ဩကပ္ပနလက္ခဏာ ပက္ခန္ဒနရသ, အဓိမုတ္တိ ပစ္စုပဋ္ဌာနတို့ ဖြစ်သည်ဟု မှတ်ပါ။ သို့အတွက် ယင်းအရိယမဂ်နှင့် ယှဉ်သော သဒ္ဓါ၏ လက္ခဏ ရသ စသည်တို့ကို အောက်ပါအတိုင်း မှတ်သားပါ။

၁။ နိဗ္ဗာန်အာရုံ၌ သက်ဝင်ဆုံးဖြတ်ခြင်းသဘော လက္ခဏ၊

၂။ နိဗ္ဗာန်အာရုံသို့ မိမိလည်း မနစ်မဆုတ် စုပ်စုပ်ပြေးသွား သက်ဝင်၍

သမ္ပယုတ်တရားတို့ကိုလည်း မနစ်မဆုတ် စုပ်စုပ်ပြေးသွား သက်ဝင်စေခြင်း (ကိစ္စ) ရသ၊

၃။ နိဗ္ဗာန်အာရုံ၌ တည်လျက် သက်ဝင်ယုံကြည်

ဆုံးဖြတ်တတ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

တစ်နည်း --- နိဗ္ဗာန်အာရုံ၌ သက်ဝင်ယုံကြည် ဆုံးဖြတ်ခြင်းဟူသော

အကျိုးကို ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ သောတာပတ္တိမဂ်၏ အကြောင်းအင်္ဂါ (၄)ပါး ပဒဋ္ဌာန်။

[မှတ်ချက် --- ဤအထက်ပါ (၁) ဩကပ္ပနလက္ခဏာ, (၂) ပက္ခန္ဒနရသ, (၃) အဓိမုတ္တိပစ္စုပဋ္ဌာန, (၄) သောတာပတ္တိယင်္ဂပဒဋ္ဌာနတို့မှာ လောကီဝိပဿနာဉာဏ် အခိုက်၌လည်း အထိုက်အလျောက် ရှိသည်သာဟု မှတ်ပါ၊၊]

ဟတ္ထ - ဝိတ္တ - ဗီဇ နှင့် တူပုံ

ဟတ္ထ - ဝိတ္တ - ဗီဇ နှင့် တူပုံ

ကုသလာနံ ဓမ္မာနံ အာဒါနေ ဟတ္ထော ဝိယ, သဗ္ဗသမ္ပတ္တိနိပ္ဖါဒနေ ဝိတ္တံ ဝိယ, အမတကသိဖလဖလနေ ဗီဇံ ဝိယ ဒဋ္ဌဗ္ဗာ။ (မူလဋီ၊၁၊၈၉။)

၁။ လက်နှင့်တူပုံ --- သဒ္ဓါ ဟတ္ထော မဟာနာမ အရိယသာဝကော = ဒါယကာ မဟာနာမ် ...အရိယ သာဝကသည် သဒ္ဓါတရားတည်းဟူသော လက်ရှိ၏ဟု ဘုရားရှင်သည် ဟောကြားတော်မူခဲ့၏။ ပတ္တမြားထွက်သော ကျောက်တောင်သို့ ရောက်သောအခါ မကျိုးမပျက် ကောင်းသောလက်ရှိသော ပုဂ္ဂိုလ်သည်သာ ထိုရတနာတို့ကို ကောက်ယူနိုင်၍ ကောင်းသောလက် မရှိသူကား ထိုရတနာတို့ကို မကောက်ယူနိုင်သကဲ့သို့ အလားတူပင် မဂ် ဖိုလ် နိဗ္ဗာန်တိုင်အောင်သော တရားရတနာတို့ ထွက်ပေါ်ရာ ဗုဒ္ဓသာသနာတော်တည်းဟူသော ရတနာတောင်ကြီးဝယ် သဒ္ဓါတရားတည်းဟူသော လက်ရှိသော သူတော်ကောင်းတို့သည်သာလျှင် ဒါနကုသိုလ် သီလကုသိုလ် သမထကုသိုလ် ဝိပဿနာကုသိုလ် မဂ်ကုသိုလ်ဟူသော ကုသိုလ်တရားရတနာတို့ကို ကောက်ယူနိုင်၏၊ သဒ္ဓါလက် မပါသူကား ကောက်မယူနိုင်။ ထိုကြောင့် သဒ္ဓါသည် လက်နှင့် တူ၏။

၂။ ဥစ္စာနှင့်တူပုံ --- သဒ္ဓိဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ = ဤလောက၌ ယောက်ျား၏ အမြတ်ဆုံး ဥစ္စာကား သဒ္ဓါ တရားတည်း။ (သံ၊၁၊၂၁၆။) ဟူသော ယက္ခသံယုတ် အာဠာဝကသုတ် ပါဠိတော်နှင့်အညီ ရတနာအမျိုးမျိုးတို့ကို ရောင်းရာ စျေးအတွင်းသို့ ရောက်ရှိသွားသူသည် မိမိ၌ ဝယ်ယူဖို့ရန် လက်ဝယ်ပိုင်ဆိုင်သည့် ဥစ္စာပါမှသာ ထို ရတနာတို့ကို ဝယ်ယူနိုင်၏၊ ဥစ္စာမပါသူကား ထိုရတနာတို့ကို မဝယ်ယူနိုင်သကဲ့သို့ အလားတူပင် --- ဗုဒ္ဓသာသနာ တော်တည်းဟူသော ရတနာစျေးတော်ကြီးဝယ် သဒ္ဓါတရားတည်းဟူသော ဥစ္စာနှစ် ပါသူသည်သာလျှင် သူတော် ကောင်းရတနာများကို ဝယ်ယူနိုင်၏၊ သဒ္ဓါဥစ္စာ မပါသူကား မဝယ်ယူနိုင်၊ ထိုကြောင့် သဒ္ဓါသည် ဥစ္စာနှင့်လည်း တူ၏။

၃။ မျိုးစေ့နှင့်တူပုံ --- သဒ္ဓါ ဗီဇံ တပေါ ဝုဋ္ဌိ = (သံ၊၁၊၁၇၅။) ဟူသော ဗြာဟ္မဏသံယုတ် ကသိဘာရဒွါဇသုတ် ပါဠိတော်နှင့်အညီ မိုးလေ ကောင်းမွန်နေသော ဥတု ရေ မြေဝယ် မျိုးစေ့ရှိသူသည်သာလျှင် စိုက်ပျိုး ကြဲချ၍ အသီးအနှံတို့ကို ရအောင်ယူနိုင်၏၊ မျိုးစေ့ မရှိသူကား မကြဲနိုင် မစိုက်ပျိုးနိုင်သဖြင့် အသီးအနှံတို့ကို မရနိုင်သ ကဲ့သို့ အလားတူပင် တရားတည်းဟူသော မိုးလေများ ကောင်းမွန်နေသော သာသနာ့မြေဝယ် သဒ္ဓါမျိုးစေ့ ရှိသူ သည်သာလျှင် ထိုမျိုးစေ့ကို ကြဲချ စိုက်ပျိုးခြင်းဖြင့် သူတော်ကောင်းတရားတည်းဟူသော အသီးအနှံများကို ရရှိ နိုင်၏၊ ယင်းအသီးအနှံတို့ကား အမတကသိဖလဟု ခေါ်ဆိုအပ်သော, သာသနာ့မြေဝယ် ထွန်ယက် ကြဲချ စိုက်ပျိုး ခြင်းကြောင့် ရရှိနိုင်သော မဂ်သီး ဖိုလ်သီး အမြိုက်နိဗ္ဗာန်ဟူသော အသီးများတည်း။ သာသနာ့မြေဝယ် ကြဲချ စိုက်ပျိုးလိုက်သော သဒ္ဓါမျိုးစေ့က ယင်းမဂ်သီး ဖိုလ်သီး အမြိုက်နိဗ္ဗာန်ဟူသော အသီးများကို ပွင့်စေ သီးစေနိုင်၏။ သဒ္ဓါမျိုးစေ့ မရှိသူကား သာသနာ့မြေဝယ် ထွန်ယက်စိုက်ပျိုးခြင်း လုပ်ငန်းကို မပြုလုပ်နိုင် = သဒ္ဓါတရား မရှိက သဒ္ဓါမျိုးစေ့ မရှိက မဂ် ဖိုလ် နိဗ္ဗာန်ဟူသော အသီးအပွင့်တို့ကို ပွင့်စေ သီးစေတတ်သော ဒါန သီလ သမထ ဝိပဿနာ ကုသိုလ်တရားတို့ကို မပြုလုပ်နိုင်။ ထိုကြောင့် သဒ္ဓါသည် မျိုးစေ့နှင့်လည်း တူ၏။

သဒ္ဓါနှင့် ပေမ ရောနှောတတ်ပုံ

သဒ္ဓါနှင့် ပေမ ရောနှောတတ်ပုံ

ယခုကာလ အချို့သော သူတော်ကောင်းများ၌ သဒ္ဓါနှင့် ပေမ ရောနှောသည်ကိုလည်း တွေ့ရတတ်၏။ အနေအထိုင်နှင့် အပြောအဟော အဆုံးအမ ကောင်းမွန်သော ပုဂ္ဂိုလ်အပေါ်တွင် အနေအထိုင်နှင့် အဟော အပြောကောင်းသည့်အတွက် ကြည်ညို၏ သဒ္ဓါတရား ဖြစ်၏။ မိမိကို သွန်သင် ဆုံးမသည့်အတွက် အကျေနပ်ကြီး ကျေနပ်ကာ ဆွေမျိုးရင်းချာကဲ့သို့ ချစ်ခင်မြတ်နိုးပြန်၏။ ဤသို့ဖြစ်ရာ၌ ကြည်ညိုခြင်းသဘောသည်ကား သဒ္ဓါ ဖြစ်၏၊ ချစ်ခင်မြတ်နိုးခြင်းသဘောကား ပေမတည်း။ ဘုရားရှင်ကို အကြည်ညိုကြီး ကြည်ညိုသော မမှိတ်သော မျက်စိဖြင့် အမြဲတမ်း ဖူးတွေ့ခွင့်ရမှသာ အကျေနပ်ကြီး ကျေနပ်နေသော အရှင်ဝက္ကလိသည်ပင် ပုထုဇန်ဘဝက ဘုရားအပေါ်၌ အလွန်အမင်း ချစ်ခင်မြတ်နိုးလျက် အကြည်ညိုကြီး ကြည်ညိုခဲ့၏။ ဆန္နအမတ်ဟု = မြင်းမြီးဆွဲ မောင်ဆန်ဟု အသိများကြသော ဗြာဟ္မဒဏ် အခတ်ခံရသော ငယ်ကျွန်ရင်း အရှင်ဆန္နမထေရ်သည်လည်း ပုထုဇန် ဘဝက ဘုရားအပေါ်၌ သခင်ချစ် ချစ်ကာ အလွန် ချစ်ခင်မြတ်နိုးရှာ၏။

ထိုသို့ဖြစ်ရာ၌ သဒ္ဓါသဘောက ကုသိုလ်အစစ် ဖြစ်သော်လည်း သံယောဇဉ် ပေမတရားမှာ အကုသိုလ်သာ တည်း။ ထိုသံယောဇဉ်အတွက် ပုဂ္ဂိုလ်ခင်၍ တရားမင်ကာ အသိအလိမ္မာနှင့် ကုသိုလ်ပါရမီ တိုးပွားပါမူ --- သမထ ဝိပဿနာ ဘာဝနာဉာဏ် အသိထူးများ ရရှိခဲ့ပါမူ ယင်းအကုသိုလ်က ယင်းကုသိုလ်တရားတို့အား အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေဇူးပြုပေးကြောင်းကို ဘုရားရှင်သည် အောက်ပါအတိုင်း ဟောကြားထားတော်မူ၏။

အကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ပကတူပနိဿယော --- ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ စျာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံဥပ္ပါဒေတိ။ ပ ။ ရာဂေါ။ ပ ။ သဒ္ဓါယ သီလဿ သုတဿ စာဂဿ ပညာယ ဥပနိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁၄၉။)

အကုသိုလ်တရားသည် ကုသိုလ်တရားအား ပကတိအားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ဖြစ်ပေါ် လာအောင် ကျေးဇူးပြုပေး၏။ ပကတူပနိဿယဟု ခေါ်ဆို၏။ ယင်း ပကတူပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေးပုံမှာ ---

ချစ်ခင်မြတ်နိုးခြင်း ပေမတရား အဝင်အပါဖြစ်သည့် ရာဂကို အားကြီးသော အမှီသဟဲပြု၍ = ပုဂ္ဂိုလ်ခင်မှ တရားမင်၍ ဒါနကို ပေးလှူ၏၊ သီလကို ဆောက်တည်၏၊ ဥပုသ်ကံကို ကျင့်သုံး၏၊ စျာန်ကို ဖြစ်စေ၏၊ ဝိပဿနာ ဉာဏ်ကို ဖြစ်စေ၏၊ မဂ်ဉာဏ်ကို ဖြစ်စေ၏၊ အဘိညာဏ်ကို ဖြစ်စေ၏၊သမာပတ်ကို ဖြစ်စေ၏။ ရာဂသည် သဒ္ဓါအား သီလအား သုတအား စာဂအား ပညာအား အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ဖြစ် ပေါ်လာအောင် ကျေးဇူးပြုပေး၏။ (ပဋ္ဌာန၊၁၊၁၄၉။)

ဤပဋ္ဌာန်းဒေသနာတော်နှင့်အညီ ပုဂ္ဂိုလ်ခင်၍ တရားမင်မှု၌ ချစ်ခင်မြတ်နိုးခြင်း ပေမတရားတည်းဟူသော အကုသိုလ်အသေးအမွှားကလေးက ဒါနကုသိုလ် သီလကုသိုလ် စျာန်ကုသိုလ် ဝိပဿနာကုသိုလ် မဂ်ကုသိုလ် သမာပတ် (၈)ပါးတည်းဟူသော ကုသိုလ် အဘိညာဏ်ကုသိုလ်ဟူသော အလွန်ကြီးကျယ် မြင့်မြတ်သော အလွန် အဆင့်အတန်းမြင့်မားသော များစွာသော ကုသိုလ်တရားတို့အား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးနိုင်သည့် စွမ်းအားရှိသော ကောင်းမွန်သော အကြောင်းတရားကောင်း တစ်ခုပင် ဖြစ်ပေသည်။ သို့သော် ထိုကဲ့သို့ အကောင်း ဖြစ်အောင်လည်း ဆရာသမားဖြစ်သူကလည်း စေတနာရင်း စေတနာမှန်ဖြင့် ဟောပြော ဆုံးမ၍ တပည့်ဖြစ်သူ ကလည်း ဟောပြောသမျှ လိုက်နာလျက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါမှ လိုရာအကျိုးတရား ပြီးစီးနိုင်မည် ဖြစ်ပေသည်။

__________

၂။ သတိ

၂။ သတိ

၁။ အပိလာပနလက္ခဏာ သတိ၊ ဥပဂ္ဂဏှနလက္ခဏာ စ၊

၂။ အသမ္မောသနရသာ (အသမ္မောသရသာ)၊

၃။ အာရက္ခပစ္စုပဋ္ဌာနာ၊ ဝိသယာဘိမုခီဘာဝပစ္စုပဋ္ဌာနာ ဝါ၊ (ဝိသယာဘိမုခဘာဝပစ္စုပဋ္ဌာနာ ဝါ၊)

၄။ ထိရသညာပဒဋ္ဌာနာ၊ ကာယာဒိသတိပဋ္ဌာနပဒဋ္ဌာနာ ဝါ၊

အာရမ္မဏေ ဒဠှံ ပတိဋ္ဌိတတ္တာ ပန ဧသိကာ ဝိယ, စက္ခုဒွါရာဒိရက္ခဏတော ဒေါဝါရိကော ဝိယ စ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၆၅။ ဝိသုဒ္ဓိ၊၂၊၉၄။)

၁။ (က) သတိပဋ္ဌာန် စသော အာရုံ၌ = သတိ၏ တည်ရာ ကာယ ဝေဒနာ စိတ္တဓမ္မ

စသော အာရုံ၌ သမ္ပယုတ်တရားတို့ကို ဘူးတောင်းကဲ့သို့ မပေါ်စေဘဲ

ကျောက်ဖျာကဲ့သို့ မလှုပ်မရှား မြဲစွာအောက်မေ့စေခြင်း သဘော လက္ခဏ၊

တစ်နည်း --- မိမိ သတိကိုယ်တိုင် သတိ၏တည်ရာ ရုပ်နာမ် စသော

အာရုံ၌ ဘူးတောင်းကဲ့သို့ မပေါ်လွင်ဘဲ ကျောက်ဖျာကဲ့သို့ မလှုပ်မရှား

မြဲစွာအောက်မေ့ခြင်းသဘော လက္ခဏ၊

တစ်နည်း --- သတိ၏တည်ရာ အရှုခံဖြစ်သော ရုပ်နာမ် စသော

အာရုံတို့ကို ဘူးတောင်းကဲ့သို့ မပေါ်စေခြင်း ခိုင်မြဲစေခြင်းသဘော လက္ခဏ၊

တစ်နည်း --- သတိပဋ္ဌာန် စသော ကုသိုလ်တရားကို အမှတ်ရစေခြင်း

အောက်မေ့စေခြင်းသဘော လက္ခဏ၊

( ခ ) တစ်နည်း --- အကျိုးရှိသော ကောင်းသော အကျင့်တို့ကို သိမ်းပိုက်ခြင်းသဘော လက္ခဏ၊

၂။ အာရုံကို ပျောက်ပျက်စေတတ်သော မေ့လျော့ခြင်း ပမာဒကို ဖျက်ဆီးခြင်း

= အာရုံကို မပျောက်ပျက်စေခြင်း (ကိစ္စ) ရသ၊

၃။ (က) စိတ်ကို စောင့်ရှောက်တတ်သော သဘောတရား

တစ်နည်း --- အရှုခံအာရုံကို စောင့်ရှောက်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

( ခ ) တစ်နည်း --- အာရုံဘက်သို့ စိတ်၏ ရှေးရှူ မျက်နှာမူကြောင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ (က) မြဲမြံသော အမှတ်သညာ ပဒဋ္ဌာန်၊

( ခ ) တစ်နည်း ကာယ အစရှိသော သတိပဋ္ဌာန် သို့မဟုတ် ကာယ အစရှိသည်ကို

အာရုံပြု၍ ဖြစ်သော သတိပဋ္ဌာန် ပဒဋ္ဌာန်။

သရန္တိ ဧတာယ, သယံ ဝါ သရတိ, သရဏမတ္တမေဝ ဝါ ဧသာတိ သတိ။ သာဝ မုဋ္ဌဿစ္စဿ အဘိဘဝနတော အဓိပတိယဋ္ဌေန ဣန္ဒြိယံ၊ ဥပဋ္ဌာနလက္ခဏေ ဝါ ဣန္ဒဋ္ဌံ ကာရေတီတိ ဣန္ဒြိယံ၊ သတိ ဧဝ ဣန္ဒြိယံ သတိန္ဒြိယံ။ သာ ပနေသာ အပိလာပနလက္ခဏာ စ သတိ ဥပဂ္ဂဏှနလက္ခဏာ စ။ (အဘိ၊ဋ္ဌ၊၁၊၁၆၄။)

သမ္ပယုတ်တရားတို့၏ သတိပဋ္ဌာန် စသော ဗောဓိပက္ခိယတရား, သမထ ဝိပဿနာ ဝိဇ္ဇာဝိမုတ္တိတရားတို့ကို အောက်မေ့တတ်ကြောင်း အမှတ်ရကြောင်း ဖြစ်သော သဘောတရားသည် သတိ မည်၏။ သမ္ပယုတ်တရားတို့က သမထအာရုံနိမိတ်တို့ကိုလည်းကောင်း, ဝိပဿနာဉာဏ်၏ အရှုခံဖြစ်သော သင်္ခါရနိမိတ်တို့ကိုလည်းကောင်း, ထိုသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက် အသုဘအချက်တို့ကိုလည်းကောင်း, ဝိဇ္ဇာဝိမုတ္တိ အမည်ရသော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကိုလည်းကောင်း, ထိုမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ အာရုံဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကိုလည်းကောင်း အောက်မေ့တတ် အမှတ်ရတတ်ခြင်း စွဲစွဲမြဲမြဲ အာရုံပြုနိုင်ခြင်းသည် ယင်းသမ္ပယုတ်တရားတို့နှင့် အတူယှဉ်တွဲဖြစ်သည့် ဤသတိကြောင့်သာ အောက်မေ့နိုင် အမှတ်ရနိုင် စွဲစွဲမြဲမြဲ အာရုံပြုနိုင်ကြခြင်း ဖြစ်၏၊ သို့အတွက် သတိသည် သမ္ပယုတ်တရားတို့၏ ထိုဖော်ပြပါ ဆိုင်ရာဆိုင်ရာ အာရုံတို့ကို ခိုင်ခိုင်မြဲမြဲ စွဲစွဲမြဲမြဲ အာရုံပြုနိုင်ခြင်း အောက်မေ့နိုင်ခြင်း အမှတ်ရနိုင်ခြင်း၏ အကြောင်း ဖြစ်သောကြောင့် သတိ အမည်ရပေသည်။

ဤ -- သရန္တိ ဧတာယာတိ သတိ --- ဟူသော ကရဏသာဓနဝိဂြိုဟ်ဖြင့် (အထက်တွင် ဖော်ပြထားသော) ဆိုင်ရာဆိုင်ရာ အာရုံကို အောက်မေ့ခြင်း အမှတ်ရခြင်း အမူအရာကြိယာ၌ = လုပ်ငန်းရပ်၌ ဖြစ်ကြကုန်သော စိတ်စေတသိက် သမ္ပယုတ်တရားတို့၏ ထိုအောက်မေ့ခြင်း အမှတ်ရခြင်းကြိယာ၌ အကြီးအကဲ အစိုးတရ၏ အဖြစ်ဖြင့် သတိ၏ အကြောင်းတရားဖြစ်မှုကို ထင်ရှား ဖော်ပြ၏။ မှန်ပေသည် --- ထိုသတိ၏ မိမိနှင့် အတူ ယှဉ်တွဲ ဖြစ်သည့် စိတ်စေတသိက် သမ္ပယုတ်တရားတို့၏ ထိုသို့ အာရုံကို အောက်မေ့ခြင်း အမှတ်ရခြင်း၏ အကြောင်းတရား ဖြစ်မှုသဘောသည် ထင်ရှားရှိခဲ့သော် ထိုသတိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်လည်း ထိုအာရုံကို အောက်မေ့တတ် အမှတ်ရတတ်၏ဟု ခေါ်ဝေါ်ခြင်းငှာ ထိုက်တော့သည်သာ ဖြစ်သည်။ (မဟာဋီ၊၂၊၁၄၂။) ထိုကြောင့် သတိနှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို ထိုအထက်တွင် ဖော်ပြထားသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ စသော အာရုံတို့ကို အောက်မေ့စေတတ် အမှတ်ရစေတတ် စွဲစွဲမြဲမြဲ ခိုင်ခိုင်မြဲမြဲ အာရုံ ပြုစေတတ်ကြောင်း ဖြစ်သော ကြောင့်လည်း သတိ မည်ပေသည်။ (ကရဏသာဓန။)

တစ်နည်းဆိုသော် --- ထိုသတိသည် သမ္ပယုတ်တရားတို့နှင့်လည်းကောင်း, သတိနှင့်လည်းကောင်း ပြည့်စုံ သော ပုဂ္ဂိုလ်ကိုသာ အထက်ပါ အာရုံ အသီးအသီးကို အောက်မေ့စေတတ် အမှတ်ရစေတတ် စွဲစွဲမြဲမြဲ ခိုင်ခိုင်မြဲမြဲ အာရုံပြုစေတတ်သည် မဟုတ်သေး၊ မိမိ သတိကိုယ်တိုင်ကလည်း ထိုအာရုံကို အောက်မေ့တတ် အမှတ်ရတတ်၏၊ စွဲစွဲမြဲမြဲ ခိုင်ခိုင်မြဲမြဲ အာရုံပြုတတ်၏၊ ထိုကြောင့်လည်း သတိ မည်ပေသည်။ (ကတ္တုသာဓန။)

တစ်နည်း --- ထိုအာရုံကို အောက်မေ့ခြင်း အမှတ်ရခြင်း စွဲစွဲမြဲမြဲ ခိုင်ခိုင်မြဲမြဲ အာရုံပြုနိုင်ခြင်းမျှသာ ဖြစ်သော သဘောတရားသည် သတိ မည်ပေသည်။ (ဘာဝသာဓန)။

ထိုသတိသည်ပင် ပျောက်ကင်းသောသတိ ရှိသူ၏ အဖြစ်ကို = ပျောက်ကင်းသော သတိရှိသူ ဖြစ်ကြောင်း ဖြစ်ရာ အကုသိုလ်စိတ္တုပ္ပါဒ်ကို လွှမ်းမိုးနိုင်သည့်အတွက် အကြီးအကဲ၏ အဖြစ်ဟူသော အနက်သဘောကြောင့် ဣန္ဒြေလည်း အမည်ရပေသည်။

တစ်နည်း --- ကြာမြင့်စွာက ပြုခဲ့သော အာရုံ အစရှိသော အာရုံသို့ ကပ်၍တည်ခြင်း လက္ခဏာ၌ သို့မဟုတ် ပစ္စုပ္ပန်အာရုံသို့ ကပ်၍တည်ခြင်း မစွန့်လွှတ်ခြင်းလက္ခဏာ၌ မိမိ၏ အစိုးရသည်၏ အဖြစ်ကို သမ္ပယုတ်တရားတို့ကို ပြုစေ၏၊ ထိုကြောင့် ဣန္ဒြေလည်း မည်၏။ ဤနည်းအရ သတိသည်ပင် ဣန္ဒြေမည်ရကား သတိန္ဒြေဟု သတိကို ဆိုသည်။

စိရကတာဒိအာရမ္မဏံ ဥပဂန္တွာ ဌာနံ, အနိဿဇ္ဇနံ ဝါ အာရမ္မဏဿ ဥပဋ္ဌာနံ။ (မူလဋီ၊၁၊၈၉။)

ကရဏာဒိကာလေ ဝိယ စိရကတာဒိအာရမ္မဏံ ဝိဘူတံ ကတွာ ပဝတ္တန္တီ သတိ တံ ဥပဂန္တွာ တိဋ္ဌန္တီ အနိဿဇ္ဇန္တီ စ ဟောတိ။ (အနုဋီ၊၁၊၉၆။)

ကြာမြင့်စွာသောကာလက ပြုခဲ့သောအာရုံ ဖြစ်ခဲ့သောအာရုံ စသည့် အာရုံပင်ဖြစ်သော်လည်း ရှေးပြုနေစဉ် ဖြစ်နေစဉ် စသည့် အချိန်တုန်းကကဲ့သို့ ကြာမြင့်စွာသောကာလက ပြုခဲ့သောအာရုံ ဖြစ်ခဲ့သောအာရုံ စသည့် အာရုံကို ထင်ရှားအောင် ပြု၍ ဖြစ်ပေါ်လာသော သတိသည် ထိုအာရုံသို့ ကပ်ရောက်၍ တည်နေသည်လည်း မည်၏၊ ထိုအာရုံကို မစွန့်လွှတ်သည်လည်း မည်၏၊ ထိုသို့ ကပ်ရောက်၍တည်ခြင်း မစွန့်လွှတ်ခြင်းသည် ဥပဋ္ဌာန = ကြာမြင့်စွာက ပြုခဲ့ ဖြစ်ခဲ့သော အာရုံ စသည့် အာရုံပင်ဖြစ်သော်လည်း ထိုရှေးအခါတုန်းက ပြုနေစဉ်ကဲ့သို့ ယခု ထင်လာခြင်း မည်၏။ ယင်းသဘောတရားကိုပင် ဥပဋ္ဌာနလက္ခဏာဟု ဆိုသည်။ ယင်း ဥပဋ္ဌာနလက္ခဏာ၌ မိမိအစိုးရသည်၏ အဖြစ်ကို သမ္ပယုတ်တရားတို့ကို ပြုစေတတ်သောကြောင့်လည်း သတိသည်ပင် ဣန္ဒြေလည်း မည်ပေသည်။ ထိုကြောင့် သတိကိုပင် သတိန္ဒြေဟု ခေါ်ဆိုသည် ဟူလို။

အပိလာပနလက္ခဏာ --- ဥဒကေ အလာဗု ဝိယ အာရမ္မဏံ ပိလဝိတွာ ဂန္တုံ အပ္ပဒါနံ ပါသာဏဿ ဝိယ နိစ္စလဿ အာရမ္မဏဿ ဌပနံ သာရဏံ အသမ္မုဋ္ဌတာကရဏံ အပိလာပနံ။ (မူလဋီ၊၁၊၈၉။)

ရေထဲ၌ ပစ်ချထားအပ်သော ဘူးတောင်းသည် ပေါလောပေါ်၍ သွားသကဲ့သို့ ထို့အတူ (ဝိသဒိသူပမာ), အာရုံကို ပေါလောပေါ်၍ သွားခွင့်ကို မပေးဘဲ = အာရုံကို ပျောက်ကွယ်မသွားစေဘဲ, ရေထဲ၌ ပစ်ချထားအပ်သော ကျောက်တုံး ကျောက်ခဲများကဲ့သို့ လှုပ်ရှားခြင်းမရှိသော, အာရုံကို တည်တံ့ ခိုင်မြဲအောင်ထားခြင်း, အာရုံကို အမှတ်ရစေခြင်း အမှတ်ရခြင်း, အာရုံကို မပျောက်ပျက်သည်၏ အဖြစ်ကို ပြုခြင်းသည် အပိလာပန = အာရုံကို ပေါလော မပေါ်စေခြင်း မည်၏။ (မူလဋီ၊၁၊၈၉။)

ဘုရင်မင်းမြတ်၏ ဘဏ္ဍာတိုက်စိုး = ဘဏ္ဍာရေးဝန်ကြီးသည် ရတနာ (၁၀)ပါးကို လုံခြုံစေလျက် စောင့် ရှောက်လျက် ညနေချမ်း၌ တစ်ကြိမ်, နံနက်၌ တစ်ကြိမ် ဘုရင်မင်းမြတ်ကို ဣဿရိယသမ္ပတ္တိဟုခေါ်သော အစိုးရသူဖြစ်ကြောင်း စည်းစိမ်ဥစ္စာအပေါင်းကို မှတ်မိစေ အမှတ်ရစေ အောက်မေ့စေသကဲ့သို့ ဤဥပမာအတူပင် သတိသည် ကုသိုလ်တရားတည်းဟူသော အာရုံကို မှတ်မိစေ အောက်မေ့စေ အမှတ်ရစေ၏။ (အဘိ၊ဋ္ဌ၊၁၊၁၆၄။)

ထိုကြောင့် အရှင်နာဂသေန မထေရ်မြတ်သည် ဤသို့မိန့်ဆိုတော်မူခဲ့၏ ---

ဒါယကာတော် မိလိန္ဒမဟာရာဇ ...စက္ကဝတ်မင်းဖျား၏ ဘဏ္ဍာစိုးသည် စက္ကဝတ်မင်းဖျားကို ညဉ့်၌ လည်းကောင်း, နံနက်၌လည်းကောင်း စည်းစိမ်ဥစ္စာ အခြံအရံကို အမှတ်ရစေ၏၊ အဘယ်သို့ အမှတ်ရစေသနည်း အရှင်မင်းမြတ် ...ဆင်တို့သည် ဤမျှ အတိုင်းအရှည် ရှိပါကုန်၏၊ မြင်းတို့သည် ဤမျှ အတိုင်းအရှည် ရှိပါကုန်၏၊ ရထားတို့သည် ဤမျှ အတိုင်းအရှည် ရှိပါကုန်၏၊ ခြေလျင်တပ်သားတို့သည် ဤမျှ အတိုင်းအရှည် ရှိပါကုန်၏၊ ငွေသည် ဤမျှ အတိုင်းအရှည် ရှိပါ၏၊ ရွှေသည် ဤမျှ အတိုင်းအရှည် ရှိပါ၏၊ အလုံးစုံသော ဥစ္စာနှစ်သည် ဤမျှ အတိုင်းအရှည် ရှိပါ၏၊ အရှင်မင်းမြတ်သည် ထိုစည်းစိမ်ကို အမှတ်ရတော်မူပါ။ ထိုသို့ သံတော်ဦးတင်၍ အမှတ်ရစေသကဲ့သို့ --- ဒါယကာတော် မိလိန္ဒ မဟာရာဇ ...ဤဥပမာအတူပင်လျှင် သတိသည် ကုသိုလ်တရား တို့ကို ပေါလော မပေါ်စေ = ပေါလောပေါ်၍ လွင့်မသွားစေ = အာရုံအဖြစ်ဖြင့် ထင်လာစေသည်။ အဘယ်သို့ ထင်လာစေသနည်း ---

၁။ ဤလေးပါးတို့သည် သတိပဋ္ဌာန်တို့တည်း၊

၂။ ဤလေးပါးတို့သည် သမ္မပ္ပဓာန်တို့တည်း၊

၃။ ဤလေးပါးတို့သည် ဣဒ္ဓိပါဒ်တို့တည်း၊

၄။ ဤငါးပါးတို့သည် ဣန္ဒြေတို့တည်း၊

၅။ ဤငါးပါးတို့သည် ဗိုလ်တို့တည်း၊

၆။ ဤခုနစ်ပါးတို့သည် ဗောဇ္ဈင်တို့တည်း၊

၇။ ဤရှစ်ပါးတို့သည် မဂ္ဂင်တို့တည်း၊

၈။ ဤသမာဓိသည် သမထတည်း၊

၉။ ဤပညာသည် ဝိပဿနာတည်း၊

၁၀။ ဤပညာသည် ဝိဇ္ဇာတည်း၊

၁၁။ ဤအရဟတ္တဖိုလ်သည် ဝိမုတ္တိတည်း၊

၁၂။ ဤတရားတို့သည် လောကုတ္တရာတရားတို့တည်း၊

ဤသို့ ထင်လာစေ၏။

ဒါယကာတော် မိလိန္ဒမဟာရာဇ ...ဤသို့လျှင် သတိသည် အပိလာပနလက္ခဏာ = ပေါလော မပေါ်စေ = ပေါလောပေါ်၍ လွင့်မသွားစေ = အာရုံအဖြစ်ဖြင့် ထင်လာစေခြင်း သဘောလက္ခဏာ ရှိပေသည်။ (မိလိန္ဒပဥှ၊၃၆။ အဘိ၊ဋ္ဌ၊၁၊၁၆၄။)

သတိသည် ကုသိုလ်တရားတည်းဟူသော အာရုံကို မှတ်မိစေ အောက်မေ့စေ အမှတ်ရစေ၏ --- ဟူရာ၌ ကုသိုလ်တရားအရတွင် အထက်ပါအတိုင်း ဗောဓိပက္ခိယတရား (၃၇)ပါးနှင့် သမထ, ဝိပဿနာ, ဝိဇ္ဇာ, ဝိမုတ္တိ, လောကုတ္တရာတရားတို့ကို ဖော်ပြထား၏။

သမထ (၄၀)တွင် စာဂါနုဿတိ သီလာနုဿတိတို့လည်း ပါဝင်နေသဖြင့် ဒါနအာရုံ သီလအာရုံများလည်း ပါဝင်လျက်ရှိသည်ကို သတိပြုပါ။ ဝိပဿနာဉာဏ်၏ အရှုခံအာရုံမှာ သတိပဋ္ဌာန် လေးပါး၌ အကျုံးဝင်သော ရုပ်-ဝေဒနာ-စိတ္တ-ဓမ္မတည်းဟူသော ဒုက္ခသစ္စာတရားနှင့် သမုဒယသစ္စာ အမည်ရသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် တရားစုတို့ပင်တည်း။

သို့အတွက် ဝိပဿနာပိုင်းကို အလေးပေး၍ ကွက်ပြောရမူ ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား တည်းဟူသော သင်္ခါရတရားတို့ကိုလည်းကောင်း, ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တ အချက် အသုဘအချက်တို့ကိုလည်းကောင်း မိမိ သတိကိုယ်တိုင်ကလည်း မှတ်မိတတ် အောက်မေ့တတ် အမှတ်ရ တတ်၍ သမ္ပယုတ်တရားတို့ကိုလည်း မှတ်မိစေ အောက်မေ့စေ အမှတ်ရစေသော သဘောတရားသည် သတိ၏ အပိလာပနလက္ခဏာဟု မှတ်ပါ။ ထိုအာရုံ၌ စိတ်ခိုင်မြဲမှု သဘောတရား ဖြစ်သည်။ ထိုသို့ အာရုံကို မှတ်မိရာ အောက်မေ့ရာ အမှတ်ရရာ, မှတ်မိစေရာ အောက်မေ့စေရာ အမှတ်ရစေရာ၌ ထိုအာရုံ၌ သတိနှင့်တကွသော သမ္ပယုတ်တရားစုသည် စွဲစွဲမြဲမြဲ ခိုင်ခိုင်မြဲမြဲ ကပ်၍ တည်နေသဖြင့် ထိုအာရုံကို မစွန့်လွှတ်ဘဲ ရှိသဖြင့် ထိုအာရုံကို ဘူးတောင်းကဲ့သို့ ပေါလော မပေါ်စေဘဲ ရေထဲ၌ ပစ်ချထားအပ်သော ကျောက်တုံး ကျောက်ဖျာ ကျောက်ခဲကဲ့သို့ လှုပ်ရှားခြင်း မရှိအောင် တည်တံ့ ခိုင်မြဲအောင် မပျောက်ပျက်အောင် ပြုခြင်းလည်း မည်သည်သာဟု မှတ်ပါ။ ထိုကြောင့် သတိသည် ကုသိုလ်တရားတို့ကို ပေါလော မပေါ်စေ၊ ပေါလောပေါ်၍ လွင့်မသွားစေ၊ အာရုံအဖြစ်ဖြင့် ထင်လာစေသည် ဟူလို။

ဥပဂ္ဂဏှနလက္ခဏာ --- စကြာဝတေးမင်းကြီး၏ သားကြီးရတနာသည် မင်း၏ အကျိုးစီးပွားမဲ့ကို ပြုသူ အကျိုးစီးပွားကို ပြုသူတို့ကို သိအောင် ရွေးချယ် စိစစ်၍ အကျိုးစီးပွားမဲ့ကို ပြုသူတို့ကို ဖယ်ရှားလျက် အကျိုး စီးပွားကို ပြုသူတို့ကို ချဉ်းကပ်စေသကဲ့သို့ = မင်းခစား ပြုစေသကဲ့သို့ ဤဥပမာအတူပင် သတိသည် အကျိုးစီးပွား ရှိကုန် အကျိုးစီးပွားဖြစ်ကုန်သောတရား အကျိုးစီးပွားမဲ့ကုန် အကျိုးစီးပွား မဖြစ်ကုန်သောတရားတို့၏ တိုက်ရိုက် ဖြစ်စေတတ်သော ဇနကအကြောင်း အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်းဟူသော အကြောင်းတရားအားဖြင့် ဖြစ်ပေါ်ပုံ ပြီးစီးပုံ, အကျိုးတရားအားဖြင့် ဖြစ်ပေါ်ပုံ ပြီးစီးပုံတို့ကို ကောင်းစွာ ရှာ၍ --- ကာယဒုစရိုက် အစရှိကုန်သော ဤတရားတို့ကား အကျိုးစီးပွားမဲ့တရားတို့တည်းဟု သိ၍ အကျိုးစီးပွားမဲ့ ဖြစ်ကုန်သော အကုသိုလ်တရား ဒုစရိုက်တရားတို့ကို ပယ်ရှား၏။ ကာယသုစရိုက် အစရှိကုန်သော ဤတရားတို့ကား အကျိုး စီးပွားရှိသည့် တရားတို့တည်းဟု ဤသို့သိ၍ အကျိုးစီးပွား ရှိကုန်သော ကုသိုလ်တရား သုစရိုက်တရားတို့ကို သိမ်းပိုက်၏။ ဤသို့လျှင် သတိသည် ကုသိုလ်တရားတည်းဟူသော အာရုံကို သိမ်းပိုက်ခြင်း သဘောလက္ခဏာ လည်း ရှိပေသည်။ ထိုကြောင့် အရှင်နာဂသေန မထေရ်မြတ်သည် ဤသို့ မိန့်ဆိုတော်မူ၏။ ---

ဒါယကာတော် မိလိန္ဒ မဟာရာဇ ...စက္ကဝတ်မင်းဖျား၏ သားကြီးရတနာသည် စက္ကဝတ်မင်းဖျား၏ အစီးအပွားကို ဖြစ်ပွားအောင် ရွက်ဆောင်သူ အစီးအပွားမဲ့ကို ဖြစ်အောင် ရွက်ဆောင်သူတို့ကို --- ဤသူတို့ကား မင်း၏ အစီးအပွားကို ဖြစ်ပွားအောင် ရွက်ဆောင်သူတို့တည်း၊ ဤသူတို့ကား အစီးအပွားမဲ့ကို ဖြစ်ပွားအောင် ရွက်ဆောင်သူတို့တည်း၊ ဤသူတို့ကား လျော်သောကျေးဇူးကို ပြုတတ်သူတို့တည်း၊ ဤသူတို့ကား လျော်သော ကျေးဇူးကို မပြုတတ်သူတို့တည်း --- ဤသို့ သိ၏။ ထိုသို့ သိခြင်းကြောင့် အစီးအပွားမဲ့ကို ဖြစ်ပွားအောင် ရွက် ဆောင်သူတိ့ုကို ပယ်ရှားသကဲ့သို့ အစီးအပွားကို ဖြစ်ထွန်းအောင် ရွက်ဆောင်သူတို့ကို သိမ်းပိုက်သကဲ့သို့ --- ဒါယကာတော် မဟာရာဇ ...ဤဥပမာအတူပင်လျှင် သတိသည် ဖြစ်ပေါ်လာလတ်သော် အကျိုးစီးပွားရှိကုန် အကျိုးစီးပွား ဖြစ်ကုန်သောတရား, အကျိုးစီးပွားမဲ့ကုန် အကျိုးစီးပွား မဖြစ်ကုန်သော တရားတို့၏ တိုက်ရိုက် ဖြစ်စေတတ်သော ဇနကအကြောင်း, အားပေးထောက်ပံ့သော ဥပတ္ထမ္ဘကအကြောင်းဟူသော အကြောင်းတရား အားဖြင့် ဖြစ်ပေါ်ပုံ ပြီးစီးပုံ အကျိုးတရားအားဖြင့် ဖြစ်ပေါ်ပုံ ပြီးစီးပုံတို့ကို ကောင်းစွာ ရှာ၍ --- ကာယဒုစရိုက် အစရှိကုန်သော ဤတရားတို့ကား အကျိုးစီးပွားမဲ့ တရားတို့တည်း = အကျိုးစီးပွားမဲ့ကို ဖြစ်ပွားအောင် ရွက် ဆောင်ပေးတတ်ကုန်သော တရားတို့တည်း --- ဟု သိ၍ အကျိုးစီးပွားမဲ့ကို ဖြစ်ကုန်သော = အကျိုးစီးပွားမဲ့ကို ဖြစ်ပွားအောင် ရွက်ဆောင်ပေးတတ်ကုန်သော အကုသိုလ်တရား ဒုစရိုက်တရားတို့ကို ပယ်ရှား၏။ ကာယ သုစရိုက် အစရှိကုန်သော ဤတရားတို့ကား အကျိုးစီးပွားရှိသည့် တရားတို့တည်းဟု = အကျိုးစီးပွားကို ဖြစ်ထွန်း အောင် ရွက်ဆောင်ပေးတတ်ကုန်သော တရားတို့တည်းဟု ဤသို့ သိရှိ၍ အကျိုးစီးပွား ရှိကုန်သော အကျိုးစီး ပွားကို ဖြစ်ထွန်းစေတတ်ကုန်သော ကုသိုလ်တရား သုစရိုက်တရားတို့ကို သိမ်းပိုက်၏။ ဤသို့လျှင် ဒါယကာတော် မဟာရာဇ ...သတိသည် အာရုံကို သိမ်းပိုက်ခြင်း သဘောလက္ခဏာ ရှိပေသည်။ ဤသို့ မိန့်ဆိုတော်မူ၏။ (အဘိ၊ဋ္ဌ၊၁၊၁၆၅။ မိလိန္ဒပဥှ၊၃၇။)

အသမ္မောသနရသာ --- သတိပဋ္ဌာန် စသော ကုသိုလ်တရားတည်းဟူသော အာရုံကို ပျောက်ပျက်စေတတ် သော မေ့လျော့ခြင်း ပမာဒတရား၏ ဆန့်ကျင်ဘက်ကိစ္စ = ပမာဒတရားကို ဖျက်ဆီးခြင်းသည် အာရုံကို မပျောက် ပျက်အောင် ပြုလုပ်သည်ပင် မည်ရကား အာရုံကို မပျောက်ပျက်စေခြင်း ကိစ္စရှိသည်ဟု ဆိုခြင်းဖြစ်သည်။

အာရက္ခပစ္စုပဋ္ဌာနာ --- သတာရက္ခေန စေတသာတိ ဝစနတော အာရက္ခပစ္စုပဋ္ဌာနာ။ (မဟာဋီ၊၂၊၁၄၃။)

အရိယာပုဂ္ဂိုလ်များသည် သတိ အစောင့်ရှောက်ရှိသော စိတ်ဓာတ်နှင့် ပြည့်စုံလျက် နေထိုင်ကြောင်းကို (အံ၊၃၊၂၈၀။) ဒုတိယ အရိယဝါသသုတ္တန်၌ ဘုရားရှင်ကိုယ်တော်တိုင်ပင် ဟောကြားထားတော်မူခြင်းကြောင့် သတိသည် စိတ်ကို စောင့်ရှောက်တတ်သော သဘောတရားဟု ဝိပဿနာဉာဏ်ဖြင့် ယင်းသတိကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ စိတ်ကို စောင့်ရှောက်မှုဟူသည်မှာလည်း သတိပဋ္ဌာန် စသော ကုသိုလ်အာရုံ၌ စိတ်ကို ခိုင်မြဲစေမှု ခိုင်မြဲအောင် စောင့်ရှောက်မှု ဖြစ်သဖြင့် ကုသိုလ်အာရုံ၌ စိတ်ကို ခိုင်မြဲအောင် စောင့်ရှောက်ခြင်းသည် အာရုံကိုပါ ခိုင်မြဲအောင် မမေ့ပျောက်အောင်ပင် စောင့်ရှောက်သည်လည်း မည်ရကား အာရုံကို စောင့်ရှောက်တတ်သော သဘောတရားဟုလည်း ယင်းသတိကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။

ဝိသယာဘိမုခဘာဝပစ္စုပဋ္ဌာနာ --- တစ်နည်း --- စိတ်သည် အခြား တစ်မျိုးမျိုးသော အာရုံကို အာရုံပြုနေ အာရုံယူနေရာမှ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော သင်္ခါရအာရုံ = သတိပဋ္ဌာန် စသော အာရုံဘက်သို့ ရှေးရှူ မျက်နှာမူလာ၏။ ယင်းသို့ ရှေးရှူ မျက်နှာမူလာခြင်းမှာ သတိကြောင့် ဖြစ်ရကား သတိသည် စိတ်ကို ကုသိုလ်အာရုံဘက်သို့ ရှေးရှူ မျက်နှာမူအောင် ပြုလုပ်ပေးသော စိတ်၏ ကုသိုလ်အာရုံ၌ ရှေးရှူ မျက်နှာမူကြောင်း သဘောတရားဟု ယင်းသတိကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ ယင်းသို့ ရှေးရှူ မျက်နှာမူခြင်းမှာလည်း ကုသိုလ်အာရုံကို = ကုသိုလ်ဖြစ်ကြောင်း အာရုံကို မေ့လျော့တတ်သော ပမာဒတရားကို ဖျက်ဆီးလျက် ကုသိုလ်ဖြစ်ကြောင်း အာရုံကို မမေ့ပျောက်ခြင်း မပျောက်ပျက်စေခြင်း = အသမ္မုဿန၏ အစွမ်းဖြင့်သာ ရှေးရှူ မျက်နှာမူခြင်း ဖြစ်သည်ဟု မှတ်ပါ။

ထိရသညာ ပဒဋ္ဌာနာ --- ဤသတိ၏ အာရုံကို မမေ့ပျောက်ရလေအောင် စောင့်ရှောက်မှု စိတ်ကို စောင့် ရှောက်မှု၌ သညာသည် များစွာ ကျေးဇူးပြုလျက် ရှိ၏၊ သညာ၏ မှတ်သားမှုက အားကောင်းလေလေ သတိ ခိုင်မြဲလေ ဖြစ်၏။ ကုသိုလ်ကောင်းမှု ကိစ္စစု၌ မပြတ်လေ့လာ အထုံပါ၍ ဤအချိန်ကား ဘုရားဂုဏ်တော်ကို ပွားသည့်အချိန်၊ ဤအချိန်ကား ဝိပဿနာတရားကို နှလုံးသွင်းချိန်၊ ဤအချိန်ကား ဘုရားဝေယျာဝစ္စ ပြုချိန် ဤသို့စသည်ဖြင့် သညာ၏ မှတ်သားချက်က ကြပ်ကြပ်ခိုင်မြဲပါမူ ထိုသညာကို သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာတို့ဖြင့် ထုံမွမ်းပေးလိုက်ပါက တန်ဖိုးမဖြတ်နိုင်သည့် မဂ်ဉာဏ် ဖိုလ်ဉာဏ်အဆင့်သို့တိုင်အောင်ပင် ရောက်ရှိ နိုင်ရကား သံသရာ မဆုံးသေးသူတို့အဖို့ ဘဝဆုံးခါနီး လောလောဆယ်မှာပင် ပြုနေကျ ထိုကောင်းမှုများသည် သညာ၏ စွမ်းအားကြောင့် ပေါ်ထင်၍ လာတတ်၏၊ နှလုံးသွင်းနေကျ တရားများကို ခိုင်ခိုင်မြဲမြဲ နှလုံးသွင်းနိုင်၏။ ထိုသို့ သေခါနီးဆဲဆဲမှာပင် ကောင်းသောအာရုံများကို နှလုံးသွင်းနိုင်ခြင်း တရားဘာဝနာများကို ပွားများနိုင်ခြင်း သည်ကား ကံ၏အစွမ်းသက်သက်ကြောင့်ချည်းသာ မဟုတ်၊ ခိုင်မြဲသော သညာ အရင်းခံရှိသော သတိ၏ အား အစွမ်းလည်း ပါဝင်လျက်ပင် ရှိ၏။

ဝိပဿနာအရာ၌ သညာ အရေးကြီးပုံ --- သတိယာ အာရမ္မဏံ ပရိဂ္ဂဟေတွာ ပညာယ အနုပဿတိ (မ၊ဋ္ဌ၊၁၊၂၄၈။) ဟူသော မဟာသတိပဋ္ဌာနသုတ္တန် အဋ္ဌကထာ၏ သတ်မှတ်ချက်အရ ဝိပဿနာရှုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ရုပ်ကို တစ်လှည့်, နာမ်ကို တစ်လှည့်, အဇ္ဈတ္တကို တစ်လှည့်, ဗဟိဒ္ဓကို တစ်လှည့်, အကြောင်းကို တစ်လှည့် အကျိုးကို တစ်လှည့် စသည်ဖြင့် သတိဖြင့် သိမ်းဆည်း၍ ဝိပဿနာပညာဖြင့် ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခ အချက် အနတ္တအချက် အသုဘအချက်တို့ကို တစ်လှည့်စီ အကွက်ကျကျ လှည့်၍ ရှုရ၏။ ယင်းသို့ ရှုရာ၌ မိမိ သိမ်းဆည်းရမည့် ရှုပွားရမည့် --- ရုပ်တရားများကိုလည်း မမှတ်မိ၊ နာမ်တရားများကိုလည်း မမှတ်မိ၊ အကြောင်း တရားများကိုလည်း မမှတ်မိ၊ အကျိုးတရားများကိုလည်း မမှတ်မိ ဖြစ်နေပါက မည်သို့မည်ပုံ ထိုရုပ်-နာမ်-ကြောင်း -ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်း၍ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာဘာဝနာ ရှုပွားသုံးသပ်၍ ရနိုင်တော့အံ့နည်း၊ သို့အတွက် ဝိပဿနာအရာ၌လည်း သတိဖြင့် သိမ်းဆည်း၍ ဝိပဿနာဉာဏ်ဖြင့် ရှုပွားရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် သင်္ခါရတရားတို့ကို မြဲမြဲမြံမြံ မှတ်သားတတ်သော အမှတ်သညာရှိဖို့ လိုအပ်သည်သာ ဖြစ်သည်။ အလားတူပင် ဒါန သီလ သမထဆိုင်ရာ ကုသိုလ်တရားတို့၌လည်း မိမိပြုကျင့်ရမည့် ဒါနကို မမှတ်မိ, မိမိဆောက်တည်ရမည့် ထိန်းသိမ်းစောင့်ရှောက်ရမည့် သီလကို မမှတ်မိ, မိမိပွားများရမည့် သမထနိမိတ်ကို မမှတ်မိ ဖြစ်နေပါက ဒါန သီလ သမထအာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကုန်သော သတိနှင့် တကွသော ကုသိုလ်တရားများ ဖြစ်ရေးမှာ အလှမ်းဝေးလျက်ပင် ရှိနေဦးမည် ဖြစ်သည်။

ကာယာဒိသတိပဋ္ဌာနပဒဋ္ဌာနာ --- သတိယာ ဝတ္ထုဘူတာ ကာယာဒယော ကာယာဒိသတိပဋ္ဌာနာ၊ သတိယောယေဝ ဝါ ပုရိမာ ပစ္ဆိမာနံ ပဒဋ္ဌာနံ။ (မူလဋီ၊၁၊၈၉။)

ဝတ္ထုဘူတာတိ အာရမ္မဏဘူတာ။ (အနုဋီ၊၁၊၉၆။)

သတိစေတသိက် ဖြစ်ပေါ်လာဖို့ရန်အတွက် ကာယ စသော သတိပဋ္ဌာန်လျှင် အနီးကပ်ဆုံးသော အကြောင်း တရား ရှိ၏ဟု ဆိုရာ၌ ဖလူပစာရစကားဟု မှတ်ပါ။ ကာယာဒိသတိပဋ္ဌာနဟူသော စကားရပ်၌ ကာယာဒိဟူသည် ကာယ ဝေဒနာ စိတ္တ ဓမ္မဟူသော ဝိပဿနာဉာဏ်၏ အရှုခံအာရုံတည်း။ သတိပဋ္ဌာနဟူသည် ထိုကာယ ဝေဒနာ စိတ္တ ဓမ္မဟူသော အာရုံကို အာရုံပြုတတ်သော သတိတည်း။ တစ်နည်း သတိ ပြဓာန်းသော စိတ္တုပ္ပါဒ်တည်း။ စိတ္တုပ္ပါဒ်ဟူသည် သတိနှင့်ယှဉ်ဖက,် သတိနှင့်တကွသော စိတ်စေတသိက်တရားစုတည်း။ ထိုကြောင့် ကာယ စသော သတိပဋ္ဌာန်ဟူသည်မှာ ကာယ ဝေဒနာ စိတ္တ ဓမ္မတည်းဟူသော အာရုံကို အာရုံယူတတ် အာရုံပြုတတ် သော သတိ, သို့မဟုတ် သတိ ပြဓာန်းသော စိတ္တုပ္ပါဒ် ဖြစ်သဖြင့် သတိသည်ပင်, သို့မဟုတ် သတိ ပြဓာန်းသော စိတ္တုပ္ပါဒ်သည်ပင် သတိ၏ အနီးစပ်ဆုံး အကြောင်းတရားဟု ဆိုရာရောက်နေ၏။

သို့သော် ဤ၌ ဆိုလိုသည်မှာ သတိ၏ အရှုခံအာရုံ ဖြစ်သော ကာယ ဝေဒနာ စိတ္တ ဓမ္မသည် သတိ၏ အနီးကပ်ဆုံး အကြောင်းတရားဟု ဆိုလို၏။ သို့အတွက် ကာယ စသော သတိပဋ္ဌာန်လျှင် အနီးကပ်ဆုံးအကြောင်း ရှိ၏ဟူသော စကားသည် အာရုံယူတတ်သော သတိ, သို့မဟုတ် သတိ ပြဓာန်းသော စိတ္တုပ္ပါဒ်၏ သတိပဋ္ဌာန် ဟူသော အမည်ကို သတိ၏ သို့မဟုတ် သတိ ပြဓာန်းသော စိတ္တုပ္ပါဒ်၏ အရှုခံအာရုံ ဖြစ်သော ကာယ ဝေဒနာ စိတ္တ ဓမ္မ၌ တင်စား၍ ကာယ ဝေဒနာ စိတ္တ ဓမ္မဟူသော အာရုံကိုပင် သတိပဋ္ဌာန်ဟု ခေါ်ဆိုသော ဖလူပစာရ စကားဟု မှတ်ပါ။

တစ်နည်းယူပုံ --- ရှေးရှေးသတိသည် နောက်နောက်သတိ၏ အနီးကပ်ဆုံးအကြောင်း ပဒဋ္ဌာန် ဖြစ်သော ကြောင့် ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ကို အာရုံပြု၍ ဖြစ်သော သတိပဋ္ဌာန်သည်ပင် = သတိ သို့မဟုတ် သတိ ပြဓာန်းသော စိတ္တုပ္ပါဒ်သည်ပင် သတိ၏ = နောက်သတိ၏ အနီးကပ်ဆုံးအကြောင်းတရား ပဒဋ္ဌာန်ပင် ဖြစ်သည်။

၁။ ပထမနည်း၌ ကာယ ဝေဒနာ စိတ္တ ဓမ္မသည် သတိ၏ ပဒဋ္ဌာန်တည်း။

၂။ နောက်နည်း၌ကား ကာယ ဝေဒနာ စိတ္တ ဓမ္မကို အာရုံပြု၍ ဖြစ်သော သတိသည် သတိ၏ ပဒဋ္ဌာန်တည်း။ ဤလိုရင်းကို မှတ်သားထားပါ။

သတိအတု --- ဤသတိသည် ဗောဓိပက္ခိယတရားအာရုံ, သမထကမ္မဋ္ဌာန်း (၄၀) ဟူသော သမထအာရုံ, ဝိပဿနာအာရုံ, မဂ်ဖိုလ် နိဗ္ဗာန် စသော မှန်ကန်ကောင်းမြတ်သည့် အာရုံကို အောက်မေ့တတ် အမှတ်ရတတ် သောတရား ဖြစ်လေရကား သာသနာပ အယူဝါဒ ရှိသူတို့သည် မိမိတို့ဆိုင်ရာ ဘုရား တရား သံဃာများကို အောက်မေ့မှု အမှတ်ရမှု အာရုံပြုမှု, အားလုံးသတ္တဝါတို့၏ လောဘဖြစ်ရာ အာရုံ ဒေါသဖြစ်ရာ အာရုံ စသည့် အကုသိုလ် ဖြစ်ကြောင်း အာရုံတွေကို မပြတ်မလပ် အောက်မေ့နေမှု အမှတ်ရနေမှုများသည် ဤ သတိအစစ် မဟုတ်၊ သုတ္တန်ပါဠိတော်များ၌ ဟောကြားတော်မူအပ်သော မိစ္ဆာသတိသာတည်း။ တရားကိုယ်အားဖြင့် သညာဝိပလ္လာသ ပြဓာန်းသော ဆိုင်ရာ အကုသိုလ်စိတ္တုပ္ပါဒ်သာ ဖြစ်သည်။

ဆွေမျိုးသားချင်းများကို အောက်မေ့မှု သမီးခင်ပွန်းချင်း ခဏခေတ္တ ဖြစ်စေ ခပ်ကြာကြာ ဖြစ်စေ ကွဲကွာ နေသည့်အခါ အောက်မေ့မှု, သူငယ်ချင်းချင်း ချိန်းချက်ထားသည်ကို အမှတ်ရမှု, မိမိအား ဂရုတစိုက် ပြုစုယုယ အရေးပါလိုက်ကြသည်ကို အမှတ်ရမှု ဤသို့ စသည်ဖြင့် တဏှာပေမဆိုင်ရာ အမှတ်ရမှုများလည်း ရှိ၏၊ ထို့ပြင် မိမိအား နှိပ်စက်ဖူးသူကို လက်စားချေရန် အမှတ်ရနေမှု, သတ်ချိန် ဖြတ်ချိန်ကို အမှတ်ရနေမှု သွားလာရာ၌ ဘေးအန္တရာယ်ကို သတိထားမှု ဤသို့စသည်ဖြင့် ဒေါသ ဒေါမနဿဆိုင်ရာ အမှတ်ရမှုများလည်း ရှိ၏၊ ထိုအမှတ်ရမှုများ၌ အထက်တွင် တင်ပြတားသည့်အတိုင်း သတိအစစ် မဟုတ်ချေ၊ မိစ္ဆာသတိသာတည်း။ အမှတ်အသား ကောင်းသည့် သညာသဘော, ကြံစည်တတ်သော ဝိတက်သဘောတို့က ဦးဆောင် ပြဓာန်းနေသော ရာဂ ဒေါသ စသည်တို့နှင့် ယှဉ်တွဲနေသော စိတ္တုပ္ပါဒ်များသာ ဖြစ်ကြပေသည်။

မြို့တံခါးတိုင်ကြီးများနှင့် တူ

မြို့တံခါးတိုင်ကြီးများနှင့် တူ

မြို့တံခါးတိုင်ကြီးသည် အထက်၌ (၁၈)တောင် မြင့်လျှင် အောက်၌လည်း (၁၈)တောင်ပင် စိုက်ရ၏။ ထိုကြောင့် မြို့တံခါးတိုင်ကြီးသည် အလွန် မြဲမြံခိုင်ခံ့ တည်တံ့သော သဘောရှိ၏။ သတိသည်လည်း သတိပဋ္ဌာန် စသော ကုသိုလ်အာရုံ၌ မြဲစွာတည်သည်၏ အဖြစ်ကြောင့် မြို့တံခါးတိုင်ကြီးနှင့် တူ၏ဟူ၍လည်းကောင်း, စက္ခုဒွါရ အစရှိသော ဒွါရ (၆)ပါးကို စောင့်ရှောက်တတ်သည်၏ အဖြစ်ကြောင့် တံခါးမှူး = တံခါးစောင့်နှင့် တူ၏ဟူ၍လည်း ကောင်း မှတ်သားပါလေ။ (အဘိ၊ဋ္ဌ၊၁၊၁၆၅။)

သတိ နှင့် မနသိကာရ

သတိ နှင့် မနသိကာရ

သမ္ပယုတ္တဓမ္မေ အာရမ္မဏာဘိမုခံ သာရေန္တော ဝိယ ဟောတီတိ မနသိကာရော သာရဏလက္ခဏော ဝုတ္တော။ သတိယာ အသမ္မုဿနဝသေန ဝိသယာဘိမုခဘာဝပစ္စုပဋ္ဌာနတာ၊ မနသိကာရဿ ပန သံယောဇနဝသေန အာရမ္မဏာဘိမုခဘာဝပစ္စုပဋ္ဌာနတာတိ အယမေတေသံ ဝိသေသော။ (မဟာဋီ၊၂၊၁၄၇။)

သတိနှင့် မနသိကာရ နှစ်မျိုးလုံးသည် ဝိသယာဘိမုခဘာဝပစ္စုပဋ္ဌာန = အာရုံဘက်သို့ ရှေးရှူ မျက်နှာ မူခြင်း သဘောတရားဟူသော ပစ္စုပဋ္ဌာန် ရှိကြသည်ချည်း ဖြစ်ကြ၏။ အထူးမှာ ဤသို့တည်း။

ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို အာရုံသို့ ရှေးရှူ ပြေးသွားစေဘိသကဲ့သို့ ဖြစ်သောကြောင့် မနသိကာရကို သာရဏလက္ခဏ = အာရုံဘက်သို့ သမ္ပယုတ်တရားတို့ကို မောင်းနှင်ခြင်း သဘောလက္ခဏာ ရှိ၏ဟု ဆို၏။ သတိကား အာရုံကို မပျောက်ပျက်စေခြင်း = မေ့လျော့ခြင်းကို ဖျက်ဆီးခြင်း၏ အစွမ်းဖြင့် အာရုံဘက်သို့ ရှေးရှူ မျက်နှာမူတတ်သော သဘောတရား အဖြစ်ဖြင့် ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာ၏။ မနသိကာရကား သမ္ပယုတ်တရားတို့ကို အာရုံနှင့် ယှဉ်စပ်ပေးခြင်း၏ အစွမ်းဖြင့် အာရုံဘက်သို့ ရှေးရှူမျက်နှာမူတတ်သော သဘော တရား အဖြစ်ဖြင့် ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာ၏။ ဤသို့ ထူးသည်ဟု မှတ်ပါ။(မဟာဋီ၊၂၊၁၄၇။)

၃။ ဟိရီ

၃။ ဟိရီ

၁။ ပါပတော ဇိဂုစ္ဆနလက္ခဏာ ဟိရီ၊

၂။ လဇ္ဇာကာရေန ပါပါနံ အကရဏရသာ၊

၃။ လဇ္ဇာကာရေန ပါပတော သင်္ကောစနပစ္စုပဋ္ဌာနာ၊

၄။ အတ္တဂါရဝပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၉၄။)

၁။ မကောင်းမှုမှ စက်ဆုပ်ခြင်းသဘော လက္ခဏ၊

၂။ ရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို မပြုခြင်း (ကိစ္စ) ရသ၊

၃။ ရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ တွန့်ဆုတ်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မိမိကိုယ်ကို ရိုသေလေးစားခြင်း ရှိမှုသဘော ပဒဋ္ဌာန်။

၄။ ဩတ္တပ္ပ

၄။ ဩတ္တပ္ပ

၁။ ဥတ္တာသနလက္ခဏံ ဩတ္တပ္ပံ၊

၂။ ဥတ္တာသာကာရေန ပါပါနံ အကရဏရသံ၊

၃။ ဥတ္တာသာကာရေန ပါပတော သင်္ကောစနပစ္စုပဋ္ဌာနံ။

၄။ ပရဂါရဝပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၉၄။)

၁။ မကောင်းမှုမှ ထိတ်လန့်ခြင်းသဘော လက္ခဏ၊

၂။ ထိတ်လန့်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို မပြုခြင်း (ကိစ္စ) ရသ၊

၃။ ထိတ်လန့်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ တွန့်ဆုတ်တတ်သော သဘောတရား - ပစ္စုပဋ္ဌာန်၊

၄။ သူတစ်ပါးကို ရိုသေလေးစားခြင်း ရှိမှုသဘော ပဒဋ္ဌာန်။

ကာယဒုစရိုက် စသည်တို့ကြောင့် ရှက်တတ်သော သဘော, ကာယဒုစရိုက် စသည်တို့မှ ရှက်တတ်သော သဘော, ကာယဒုစရိုက် စသည်တို့ကို ရှက်တတ်သော သဘောတရားသည် ဟိရီ မည်၏။ ဟိရီဟူသည် ရှက်ခြင်း၏ အမည် ဖြစ်သည်။ ကာယဒုစရိုက် စသည်တို့ကြောင့် ရရှိမည့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ဆင်းရဲဒုက္ခကို ကြောက်လန့်တတ်သော သဘော, ကာယဒုစရိုက် စသည်တို့မှ ကြောက်လန့်တတ်သော သဘော, ကာယဒုစရိုက် စသည်တို့ကို ကြောက်လန့်သော သဘောတရားသည် ဩတ္တပ္ပ မည်၏။ ဤ ဩတ္တပ္ပဟူသည် ထိတ်လန့်ခြင်း = ဥဗ္ဗေဂ၏ အမည် ဖြစ်သည်။

အတ္တာနံ ဂရုံ ကတွာ ဟိရိယာ ပါပံ ဇဟာတိ ကုလဝဓူ ဝိယ။ ပရံ ဂရုံ ကတွာ ဩတ္တပ္ပေန ပါပံ ဇဟာတိ ဝေသိယာ ဝိယ။ ဣမေ စ ပန ဒွေ ဓမ္မာ လောကပါလကာတိ ဒဋ္ဌဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၉၄။)

မိမိကိုယ်ကို အလေးဂရုပြု၍ ရှက်သဖြင့် အမျိုးကောင်းသား တစ်ဦးသည် မကောင်းမှုကို ပယ်စွန့်၏။ သို့အတွက် ဟိရီသည် အမျိုးကောင်းသမီး ချွေးမနှင့် တူ၏။ သူတစ်ပါးကို အလေးဂရုပြု၍ ထိတ်လန့်သဖြင့် အမျိုးကောင်းသား တစ်ဦးသည် မကောင်းမှုကို ပယ်စွန့်၏။ ထိုကြောင့် ဩတ္တပ္ပသည် ပြည့်တန်ဆာမနှင့် တူ၏။ (ဝိသုဒ္ဓိ၊၂၊၉၄။)

ဤတွင် ဟိရီနှင့် ဩတ္တပ္ပ တရားနှစ်ပါးတို့၏ အကြောင်းအရာအကျယ်ကို အဋ္ဌသာလိနီအဋ္ဌကထာ၌ ဖွင့်ဆို ထားသည့်အတိုင်း ဆက်လက်၍ တင်ပြအပ်ပါသည်။ (အဘိ၊ဋ္ဌ၊၁၊၁၆၈-၁၇၀။)

ထို ဟိရီ ဩတ္တပ္ပ တရားနှစ်ပါးတို့၏ အသီးအခြားပြုကြောင်း အထူးကို ပြခြင်းအကျိုးငှာ ---

၁။ သမုဋ္ဌာန်,

၂။ အဓိပတိ,

၃။ လဇ္ဇာဘယ,

၄။ လက္ခဏ ---

ဤလေးမျိုးသော မာတိကာကို ထား၍ ဤအကျယ်ဖြစ်သော စကားကို ရှေးအဋ္ဌကထာတို့၌ ဖွင့်ဆိုထား လေ၏၊ ဖွင့်ဆိုပုံမှာ ဤသို့ ဖြစ်၏။

၁။ သမုဋ္ဌာန် --- ဟိရီမည်သည် မိမိခန္ဓာကိုယ်ဟူသော နိယကဇ္ဈတ္တလျှင် ဖြစ်ကြောင်း သမုဋ္ဌာန် ရှိ၏။ ဩတ္တပ္ပ မည်သည် ဗဟိဒ္ဓဟူသော ဖြစ်ကြောင်း သမုဋ္ဌာန် ရှိ၏။

၂။ အဓိပတိ --- ဟိရီမည်သည် မိမိဟူသော အကြီးအကဲ အဓိပတိ ရှိ၏၊ ဩတ္တပ္ပမည်သည် လောကဟူသော အကြီးအကဲ အဓိပတိ ရှိ၏။

၃။ လဇ္ဇာဘယ --- ဟိရီမည်သည် ရှက်ခြင်းသဘောဖြင့် ကောင်းစွာ တည်၏၊ ဩတ္တပ္ပမည်သည် ကြောက်ခြင်း သဘောဖြင့် ကောင်းစွာ တည်၏။

၄။ လက္ခဏ --- ဟိရီမည်သည် ရှေးရှူ နားထောင်ခြင်းနှင့်တကွ ဖြစ်သော ဂါရဝတရားလျှင် မှတ်ကြောင်း လက္ခဏာ ရှိ၏၊ ဩတ္တပ္ပမည်သည် အပြစ်ကို ကြောက်တတ်သူ၏အဖြစ်, အပြစ်ကို ဘေးဟု ရှုလေ့ရှိသူ၏ အဖြစ်ဟူသော မှတ်ကြောင်းလက္ခဏာ ရှိ၏။ အကျယ်မှာ ဤသို့ဖြစ်၏။

၁။ (က) အဇ္ဈတ္တသမုဋ္ဌာန် --- ထို ဟိရီ ဩတ္တပ္ပ တရားနှစ်ပါးတို့တွင် မိမိခန္ဓာကိုယ်ဟူသော နိယကဇ္ဈတ္တလျှင် ဖြစ်ကြောင်းရှိသော ဟိရီကို လေးပါးကုန်သော အကြောင်းတရားတို့က ဖြစ်စေ၏။

၁။ အမျိုးဇာတ်ကို ဆင်ခြင်၍လည်းကောင်း,

၂။ အရွယ်ကို ဆင်ခြင်၍လည်းကောင်း,

၃။ ရဲရင့်သူ၏ အဖြစ်ကို ဆင်ခြင်၍လည်းကောင်း,

၄။ များသော အကြားအမြင် ဗဟုသုတရှိသူ၏ အဖြစ်ကို ဆင်ခြင်၍လည်းကောင်း ---

ဤ လေးပါးကုန်သော အကြောင်းတရားတို့က ဖြစ်စေ၏။

အမျိုးဇာတ် --- ဤ ငါးဖမ်းခြင်း မုသားပြောခြင်း စသော မကောင်းမှုကိုပြုခြင်းမည်သည် အမျိုးဇာတ်နှင့် ပြည့်စုံကုန်သောသူတို့၏ လုပ်ငန်းရပ်ကား မဟုတ်ပေ၊ ဤကဲ့သို့သော မကောင်းမှုလုပ်ငန်းရပ်သည်ကား ယုတ်ညံ့ သော အမျိုးဇာတ် ရှိကုန်သော တံငါသည် အစရှိသူတို့၏ လုပ်ငန်းရပ်တည်း၊ ငါကဲ့သို့ ရှုအပ်သော သဘောရှိသော အမျိုးဇာတ်နှင့် ပြည့်စုံသောသူအား ဤကဲ့သို့သော မကောင်းမှုလုပ်ငန်းရပ်မျိုးကို ပြုလုပ်ခြင်းငှာ မသင့် ဤသို့လျှင် သူတော်ကောင်းတစ်ဦးသည် မိမိအမျိုးဇာတ်၏ မြင့်မြတ်ပုံ အမျိုးဇာတ်နှင့် ပြည့်စုံပုံကို ဆင်ခြင်၍ ပါဏာတိပါတ စသော မကောင်းမှုကို မပြုဘဲ ဟိရီတရားကို ဖြစ်စေ၏။

အရွယ် --- ဤမကောင်းမှုကို ပြုလုပ်ခြင်းမည်သည် ငယ်ရွယ်သူတို့သာ ပြုလုပ်တတ်သည့် လုပ်ငန်းရပ် မျိုးတည်း၊ ငါကဲ့သို့သော ကြီးရင့်သော အသက်အရွယ်၌ တည်နေသောသူအား ဤကဲ့သို့သော မကောင်းမှုမျိုးကို ပြုလုပ်ခြင်းငှာ မသင့်မြတ်သည်သာတည်း --- ဤသို့လျှင် သူတော်ကောင်းတစ်ဦးသည် မိမိ၏ အသက်အရွယ် ကြီးရင့်ပုံကို ဆင်ခြင်၍ ပါဏာတိပါတ စသော မကောင်းမှုကို မပြုဘဲ ဟိရီတရားကို ဖြစ်စေ၏။

ရဲစွမ်းသတ္တိ --- ဤမကောင်းမှုကို ပြုခြင်းမည်သည် အားမရှိသူ အားနည်းသူ ရဲစွမ်းသတ္တိ မရှိသူတို့၏ လုပ်ငန်းရပ်မျိုးသာတည်း၊ ရဲစွမ်းသတ္တိ ရှိသူတို့၏ လုပ်ငန်းရပ်မျိုးကား မဟုတ်၊ ငါကဲ့သို့သော ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော သူရဲကောင်းအား ဤကဲ့သို့သော မကောင်းမှုမျိုးကို ပြုလုပ်ခြင်းငှာ မသင့်သည်သာတည်း --- ဤသို့ လျှင် သူတော်ကောင်းတစ်ဦးသည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသူ၏ အဖြစ်ကို ဆင်ခြင်၍ ပါဏာတိပါတ စသော မကောင်းမှုကို မပြုဘဲ ဟိရီတရားကို ဖြစ်စေ၏။

ဗာဟုဿစ္စ --- ဤမကောင်းမှုကို ပြုခြင်းမည်သည် ပညာမျက်စိကာဏ်းကုန်သော လူမိုက်တို့၏ လုပ်ငန်းရပ် မျိုးသာတည်း၊ ပညာရှိ သူတော်ကောင်းတို့၏ လုပ်ငန်းရပ်မျိုးကား မဟုတ်ပေ။ ငါကဲ့သို့သော ပညာရှိ သူတော်ကောင်းတစ်ဦး ဖြစ်နေသော များသော အကြားအမြင် ဗဟုသုတ ရှိနေသောသူအား ဤကဲ့သို့သော မကောင်းမှု မျိုးကို ပြုလုပ်ခြင်းငှာ မသင့်သည်သာတည်း ဤသို့လျှင် ပညာရှိ သူတော်ကောင်းတစ်ဦးသည် မိမိ၏ ဘုရားရှင်၏ တရားတော်၌ သင်သိ ကျင့်သိဟူသော များမြတ်သော အကြားအမြင် ဗဟုသုတ ရှိသူ၏အဖြစ်ကို ဆင်ခြင်၍ ပါဏာတိပါ စသော မကောင်းမှုကို မပြုဘဲ ဟိရီတရားကို ဖြစ်စေ၏။

ဤသို့လျှင် အဇ္ဈတ္တသမုဋ္ဌာန် ဖြစ်သော ဟိရီတရားကို လေးပါးကုန်သော အကြောင်းတရားတို့က ဖြစ်စေ၏။ တစ်ဖန် ထိုသို့ ဖြစ်စေပြီး၍ မိမိ၏ စိတ်၌ မကောင်းမှုမှ ရှက်ခြင်း ဟိရီတရားကို သွတ်သွင်းထား၍ မကောင်းမှုကို မပြု၊ ဤသို့လျှင် ဟိရီတရားမည်သည် အဇ္ဈတ္တသမုဋ္ဌာန် = မိမိခန္ဓာကိုယ်ဟူသော နိယကဇ္ဈတ္တလျှင် ဖြစ်ကြောင်း သမုဋ္ဌာန် ရှိ၏။

၁။ (ခ) ဗဟိဒ္ဓသမုဋ္ဌာန် --- အဘယ်သို့လျှင် ဩတ္တပ္ပတရားမည်သည် ဗဟိဒ္ဓသမုဋ္ဌာန် = ဗဟိဒ္ဓဟူသော ဖြစ်ကြောင်း သမုဋ္ဌာန် ရှိသည် ဖြစ်လေသနည်း?

သူတော်ကောင်း ...သင်သည် မကောင်းမှုကို အကယ်၍ ပြုငြားအံ့၊ ဤသို့ ပြုခဲ့သော် ပရိသတ်လေးပါး တို့၌ ကဲ့ရဲ့ခြင်းသို့ ရောက်သည် ဖြစ်ပေလတ္တံ့၊

ဂရဟိဿန္တိ တံ ဝိညူ၊ အသုစိံ နာဂရိကော ယထာ။

ဝဇ္ဇိတော သီလဝန္တေဟိ၊ ကထံ ဘိက္ခု ကရိဿသိ။ (အဘိ၊ဋ္ဌ၊၁၊၁၆၉။)

မြို့ကြီးသားသည် မစင်ကို ကဲ့ရဲ့ စက်ဆုပ်သကဲ့သို့ ထို့အတူ ပညာရှိသူတော်ကောင်းတို့သည် မကောင်းမှု ပြုသော သင့်ကို ကဲ့ရဲ့ စက်ဆုပ်ကုန်လတ္တံ့။ အိုရဟန်း ...သီလရှိကုန်သော သူတော်ကောင်းတို့သည် ရှောင် ကြဉ်အပ်သည် ဖြစ်လတ်သော် သင်သည် အဘယ်သို့ ပြုလုပ်နိုင်လတ္တံ့နည်း?

ဤသို့ ဆင်ခြင်လျက် ဗဟိဒ္ဓဟူသော ဖြစ်ကြောင်း သမုဋ္ဌာန်ရှိသော ဩတ္တပ္ပတရားကြောင့် မကောင်းမှုကို မပြု။ ဤသို့လျှင် ဩတ္တပ္ပတရားမည်သည် မိမိမှတစ်ပါး အခြားပုဂ္ဂိုလ်များတည်းဟူသော ဗဟိဒ္ဓတရားလျှင် ဖြစ်ကြောင်း သမုဋ္ဌာန် ရှိ၏။

၂။ (က) အတ္တာဓိပတိ --- အဘယ်သို့ ဟိရီမည်သည် အတ္တာဓိပတိ = မိမိဟူသော အကြီးအကဲရှိသည် ဖြစ်လေသနည်း? --- ဤလောက၌ အချို့သော အမျိုးကောင်းသားသည် မိမိကိုယ်ကို အဓိပတိ အကြီးအကဲ ပြု၍ --- ငါကဲ့သို့ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝဖြင့် သဒ္ဓါတရားကို အရင်းခံ၍ သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော ဘုရားရှင်၏ တရားတော်၌ သင်သိ ကျင့်သိဟူသော = အာဂမသုတ အဓိဂမ သုတဟူသော များသော အကြားအမြင် ဗဟုသုတရှိသော ကိလေသာတို့ကို ခါတွက်ကြောင်း ဓုတင်ကျင့်ဝတ် ပဋိပတ်ကို ဆောင်လေ့ရှိသောသူအား မကောင်းမှုမည်သည်ကို ပြုလုပ်ခြင်းငှာ မသင့်သည်သာတည်း --- ဤသို့ ယူဆ၍ မကောင်းမှုကို မပြု။ ဤသို့လျှင် ဟိရီမည်သည် အတ္တာဓိပတိ = မိမိဟူသော အကြီးအကဲရှိသည် ဖြစ် ပေ၏။ ထိုကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏။

သော အတ္တာနံယေဝ အဓိပတိံ ဇေဋ္ဌကံ ကရိတွာ အကုသလံ ပဇဟတိ၊ ကုသလံ ဘာဝေတိ၊ သာဝဇ္ဇံ ပဇဟတိ၊ အနဝဇ္ဇံ ဘာဝေတိ သုဒ္ဓမတ္တာနံ ပရိဟရတိ။ (အံ၊၁၊၁၄၆။)

ထိုပုဂ္ဂိုလ်သည် မိမိကိုယ်ကိုပင် အဓိပတိ အကြီးအကဲပြု၍ အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ဖြစ်စေ၏၊ ပွားများ၏၊ အပြစ်ရှိသော အကုသိုလ်တရားကို ပယ်စွန့်၏၊ အပြစ်မရှိသော ကုသိုလ်တရားကို ဖြစ်စေ၏၊ ပွားများ၏။ မိမိကိုယ်ကို သန့်ရှင်း စင်ကြယ်အောင် ရွက်ဆောင်၏။ (အံ၊၁၊၁၄၆- တိကအင်္ဂုတ္တိုရ် အာဓိပတေယျသုတ်။)

၂။ (ခ) လောကာဓိပတိ --- အဘယ်သို့လျှင် ဩတ္တပ္ပတရား မည်သည် လောကာဓိပတိ = လောကဟူသော အကြီးအကဲ အဓိပတိရှိသည် ဖြစ်လေသနည်း? ဤသာသနာတော်၌ အချို့သော အမျိုးကောင်းသားသည် လူအပေါင်းကို အဓိပတိ အကြီးအကဲပြု၍ မကောင်းမှုကို မပြု။ ဘုရားရှင်သည် အဘယ်ကဲ့သို့ ဟောကြားထားတော် မူလေသနည်း?

သတ္တဝါအပေါင်း၏ စုဝေးတည်နေရာ ဖြစ်သော ဤဩကာသလောကသည် ကျယ်ဝန်းလှ၏၊ ကျယ်ဝန်းလှသော သတ္တဝါအပေါင်း၏ စုဝေးတည်နေရာ ဩကာသလောက၌ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံတော်မူကြကုန်သော နတ်မျက်စိကဲ့သို့ အဝေးအနီး ရှိသမျှ အလုံးစုံကို အကုန်အစင် သိမြင်တော်မူနိုင်သော ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိတော်မူကြကုန်သော သူတစ်ပါး၏ စိတ်ကို သိတော်မူကြကုန်သော သမဏ ဗြာဟ္မဏတို့သည် ရှိတော်မူကြ ကုန်၏၊ ထိုသမဏ ဗြာဟ္မဏတို့သည် အဝေး၌ တည်ရှိသော အာရုံကိုသော်လည်း လှမ်း၍ မြင်နိုင်တော်မူကြ၏။ အနီး၌ တည်နေကုန်သည် ဖြစ်ပါကုန်သော်လည်း ထိုသူတော်ကောင်းတို့ကို မမြင်အပ် မမြင်နိုင်ကုန်။ မိမိတို့၏ စိတ်ဖြင့်လည်း သူတစ်ပါး၏ စိတ်ကို ကွဲကွဲပြားပြား သိတော်မူနိုင်ကြကုန်၏၊ ထိုသမဏ ဗြာဟ္မဏတို့သည်လည်း ငါ့ကို ဤသို့ သိတော်မူကြကုန်လတ္တံ့ --- အမောင်တို့ ...ဤအမျိုးကောင်းသားကို ကြည့်ကြကုန်၊ ယုံကြည်ချက် သဒ္ဓါတရားကို အကြောင်းရင်းခံ၍ အိမ်ရာတည်ထောင် လူ့ဘောင်မှ ရှောင်ခွာ၍ အိမ်ရာမထောင်သည့် ရဟန်း ဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသည် ဖြစ်ပါလျက် ယုတ်မာကုန်သော အကုသိုလ်တရားတို့နှင့် ရောပြွမ်း လျက် နေထိုင်ဘိ၏ --- ဟု ဤသို့ သိတော်မူကြပေကုန်လတ္တံ့။

ကမ္မဇိဒ္ဓိမျိုး တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံကြကုန်သော အဝေးအနီး ရှိသမျှ အလုံးစုံကို အကုန်အစင် သိမြင် နိုင်သော ပသာဒစက္ခု (= ဒိဗ္ဗစက္ခု) ရှိကြကုန်သော သူတစ်ပါး၏စိတ်ကို သိကုန်သော နတ်တို့သည် ရှိကြကုန်၏၊ ထိုနတ်တို့သည် အဝေး၌ တည်ရှိသော အာရုံကိုသော်လည်း လှမ်း၍ မြင်နိုင်ကြကုန်၏၊ အနီး၌ တည်နေကုန် သည် ဖြစ်ပါကုန်သော်လည်း ထိုနတ်တို့ကို မမြင်အပ် မမြင်နိုင်ကုန်။ ထိုနတ်တို့သည် မိမိတို့၏ စိတ်ဖြင့်လည်း သူတစ်ပါး၏ စိတ်ကို ကွဲကွဲပြားပြား သိနိုင်ကြကုန်၏၊ ထိုနတ်တို့သည်လည်း ငါ့ကို ဤသို့ သိကြကုန်လတ္တံ့ --- အမောင်တို့ ...ဤအမျိုးကောင်းသားကို ကြည့်ကြပါကုန်၊ ယုံကြည်ချက် သဒ္ဓါတရားကို အကြောင်းရင်းခံ၍ အိမ်ရာတည်ထောင် လူ့ဘောင်မှ ရှောင်ခွာ၍ အိမ်ရာမထောင်သည့် ရဟန်းဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်း ပြုလာသည် ဖြစ်ပါလျက် ယုတ်မာကုန်သော အကုသိုလ်တရားတို့ဖြင့် ရောပြွမ်းလျက် နေထိုင်ဘိ၏ဟု ဤသို့ သိကြပေကုန်လတ္တံ့။

ထိုအမျိုးကောင်းသားသည် လောကကိုသာလျှင် = လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းကိုသာလျှင် အဓိပတိ အကြီးအကဲပြု၍ အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ဖြစ်စေ၏၊ ပွားများ၏၊ အပြစ်ရှိသော အကုသိုလ်တရားကို ပယ်စွန့်၏၊ အပြစ်မရှိသော ကုသိုလ်တရားကို ဖြစ်စေ၏၊ ပွားများ၏။ မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်အောင် ရွက်ဆောင်၏။ (အံ၊၁၊၁၄၇။ အာဓိပတေယျသုတ်။)

ဤသို့ ဘုရားရှင် ဟောကြားတော်မူသည်နှင့်အညီ ဩတ္တပ္ပမည်သည် လောကာဓိပတိ = လောကလျှင် အကြီးအကဲရှိသည် ဖြစ်ပေ၏။

၃။ (က) လဇ္ဇာသဘာဝသဏ္ဌိတာ ဟိရီ၊ (ခ) ဘယသဘာဝသဏိ္ဌတံ ဩတ္တပ္ပံ။

၃။ (က) လဇ္ဇာသဘာဝသဏ္ဌိတာ ဟိရီ၊ (ခ) ဘယသဘာဝသဏိ္ဌတံ ဩတ္တပ္ပံ။

ဟိရီသည် ရှက်သောအခြင်းအရာအားဖြင့် ကောင်းစွာ တည်၏၊ ဩတ္တပ္ပသည် အပါယ်ဘေးမှ ကြောက်သော သဘောအားဖြင့် ကောင်းစွာ တည်၏။ ထိုဟိရီ ဩတ္တပ္ပတရား နှစ်ပါးစုံသည်လည်း မကောင်းမှုမှ ရှောင်ကြဉ်ရာ အခါ၌ ထင်ရှား၏။ ထင်ရှားပုံ --- အမျိုးကောင်းသားတစ်ဦးသည် ကျင်ကြီး ကျင်ငယ် စသည်ကို စွန့်စဉ် ရှက်သင့် ရှက်ထိုက်သူ တစ်ယောက်ယောက်ကို မြင်၍ မိမိကိုယ်တိုင် ရှက်ခြင်းဟူသော အခြင်းအရာသို့ ရောက်သည် = ရှက်သူ၏ အမူအရာရှိသည် ဖြစ်ရာသကဲ့သို့ လူမြင်ကွင်း၌ ပြုရကောင်းလားဟု အရှုတ်ချခံရသည် ဖြစ်သကဲ့သို့ ဤဥပမာအတူပင်လျှင် နိယကဇ္ဈတ္တ ဖြစ်သော မိမိသန္တာန်၌ လဇ္ဇီပုဂ္ဂိုလ်၏သဘော ရှက်ခြင်းသဘောသို့ သက် ရောက်၍ မကောင်းမှုကို မပြု။ အချို့သော ပုဂ္ဂိုလ်သည်ကား အပါယ်ဘေးမှ ကြောက်သည် ဖြစ်၍ မကောင်းမှုကို မပြု။

ထိုသို့ မပြုရာ၌ ဤဆိုလတ္တံ့သည်ကား ဥပမာတည်း --- သံလုံး နှစ်လုံးတို့တွင် သံလုံး တစ်လုံးသည် အေး နေသော်လည်း မစင်ဖြင့် လူးလည်းပေကျံနေ၏၊ သံလုံး တစ်လုံးကား မစင်ဖြင့် လူးလည်းပေကျံမှု မရှိသော်လည်း လောလောပူ၍ အလျှံတပြောင်ပြောင် တောက်လောင်နေ၏။ ထိုသံလုံး နှစ်လုံးတို့တွင် ဉာဏ်အမြော်အမြင် ရှိသော ပညာရှိသည် အေးသည့် သံလုံးကို မစင်ဖြင့် လူးလည်းပေကျံနေသည့်အတွက် ရွံရှာ စက်ဆုပ်သည် ဖြစ် ရကား မကိုင်သကဲ့သို့လည်းကောင်း, အခြား ပူသော သံလုံး တစ်လုံးကိုလည်း ပူလောင်ခြင်းမှ ကြောက်သောကြောင့် မကိုင်သကဲ့သို့လည်းကောင်း, --- ထိုဥပမာစကားရပ်၌ အေးသောသံလုံးကို မစင်ဖြင့် လူးလည်းပေကျံခြင်းမှ စက် ဆုပ်ခြင်းကြောင့် မကိုင်ခြင်းကဲ့သို့ မိမိ၏ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ မကောင်းမှုမှရှက်ခြင်း လဇ္ဇီတရားသဘောသို့ သက်ရောက်၍ မကောင်းမှုကို မပြုခြင်းကို သိရှိပါလေ။ ပူနေသော သံလုံးကို ပူလောင်မှုဘေးဆိုးကြီးမှ ကြောက် သောကြောင့် မကိုင်ခြင်းကဲ့သို့ အပါယ်ဘေးဆိုးကြီးမှ ကြောက်သောကြောင့် မကောင်းမှုကို မပြုခြင်းကို သိရှိပါလေ။

ဤဖော်ပြခဲ့သော ဟိရီ၏ မကောင်းမှုမှ ရှက်ခြင်း မကောင်းမှုကို စက်ဆုပ် ရွံရှာခြင်းသဘော၌ တည်မှု, ဩတ္တပ္ပ၏ အပါယ်ဘေးမှ ကြောက်ခြင်းသဘော၌ တည်မှုတို့ကား ယင်းဟိရီ ဩတ္တပ္ပ နှစ်မျိုးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာများပင် ဖြစ်သည်။

၄။ (က) သပ္ပတိဿဝလက္ခဏာ ဟိရီ၊ (ခ) ဝဇ္ဇဘီရုကဘယဒဿာဝိလက္ခဏံ ဩတ္တပ္ပံ။

၄။ (က) သပ္ပတိဿဝလက္ခဏာ ဟိရီ၊ (ခ) ဝဇ္ဇဘီရုကဘယဒဿာဝိလက္ခဏံ ဩတ္တပ္ပံ။

ဟိရီမည်သည် ရှေးရှူ နားထောင်ခြင်းနှင့်တကွ ဖြစ်သော ဂါရဝတရားလျှင် မှတ်ကြောင်း လက္ခဏာ ရှိ၏၊ ဩတ္တပ္ပမည်သည် အပြစ်ကို ကြောက်တတ်သူ၏အဖြစ်, အပြစ်ကို ဘေးဟု ရှုလေ့ရှိသူ၏အဖြစ်ဟူသော မှတ်ကြောင်းလက္ခဏာ ရှိ၏ --- ဟူသော ဤလက္ခဏာ နှစ်ပါးအပေါင်းသည်လည်း မကောင်းမှုမှ ရှောင်ကြဉ်ခြင်း၌ ပင်လျှင် ထင်ရှား၏။ ထင်ရှားပုံ --- အချို့သော သူတော်ကောင်းသည် ---

၁။ မိမိ၏ အမျိုးဇာတ် မြင့်မြတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်း,

၂။ ဆရာ ဖြစ်တော်မူသော ဘုရားရှင်၏ မြင့်မြတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်း,

၃။ သာသနာတော်ဝယ် မိမိဆက်ခံရမည့် အမွေ ဖြစ်သော လောကုတ္တရာတရား (၉)ပါး စသည်တို့၏ မြင့်မြတ် သည်၏ အဖြစ်ကို ဆင်ခြင်ခြင်း,

၄။ သီတင်းသုံးဖော် သူတော်ကောင်းတို့၏ မြင့်မြတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်း,

ဤအကြောင်း (၄)မျိုးတို့ကြောင့် သပ္ပတိဿဝလက္ခဏ = ဘုရားရှင်၏ အဆုံးအမတော်ကို ရှေးရှူ နားထောင်ခြင်း နာယူခြင်း လိုက်နာခြင်းနှင့်တကွ ဖြစ်သော ရိုသေလေးစားခြင်း လက္ခဏာရှိသော ရှက်မှု ဟိရီတရားကို ဖြစ်စေ၍ မကောင်းမှုကို မပြုလုပ်ပေ။ သို့အတွက် ဟိရီတရားသည် ဘုရားရှင်၏ အဆုံးအမတော်ကို ရှေးရှူ နားထောင်ခြင်း နာယူခြင်း လိုက်နာခြင်း လိုက်နာကျင့်သုံးခြင်းနှင့်တကွ ဖြစ်သော ရိုသေလေးစားခြင်း သဘော လက္ခဏာ ရှိပေသည်။

အချို့သော သူတော်ကောင်းသည် ---

၁။ မိမိကိုယ်ကို မိမိစွပ်စွဲခြင်းဟူသော အတ္တာနုဝါဒဘေး,

၂။ မိမိကို သူတစ်ပါးတို့၏ စွပ်စွဲခြင်းဟူသော ပရာနုဝါဒဘေး,

၃။ ပစ္စုပ္ပန်၌ မင်းပြစ်မင်းဒဏ် ခံရခြင်း စသော ဒဏ္ဍဘေး,

၄။ တမလွန်၌ ကျရောက်ရမည့် အပါယ် ဒုဂ္ဂတိဘေး ---

ဤဘေးဆိုးကြီး (၄)မျိုးဟူသော အကြောင်းတို့ကြောင့် အပြစ်ကို ကြောက်တတ်သူ၏အဖြစ် အပြစ်ကို ဘေးဟု ရှုလေ့ရှိသူ၏အဖြစ်ဟူသော သဘောလက္ခဏာရှိသော ထိတ်လန့်မှု ကြောက်ရွံ့မှု ဩတ္တပ္ပကို ဖြစ်စေ၍ မကောင်းမှုကို မပြုပေ။ သို့အတွက် ဩတ္တပ္ပသည် ဝဇ္ဇဘီရုကဘယဒဿာဝိလက္ခဏ = အပြစ်ကို ကြောက်တတ်သူ၏ အဖြစ်, အပြစ်ကို ဘေးဟု ရှုလေ့ရှိသူ၏အဖြစ်ဟူသော သဘောလက္ခဏာ ရှိပေသည်။ ဤကား ဟိရီနှင့် ဩတ္တပ္ပ တို့၏ ထူးခြားမှု သဘောများတည်း။ (အဘိ၊ဋ္ဌ၊၁၊၁၆၈-၁၆၉-၁၇၀။)

ဤသို့လျှင် ဟိရီနှင့် ဩတ္တပ္ပတို့၏ ထူးခြားမှုများကို အဋ္ဌကထာ၌ ဖော်ပြထားသော်လည်း ယင်းတရား နှစ်ပါးတို့ကား တစ်ရံတစ်ခါမျှ ခွဲ၍ မဖြစ်ဘဲ အမြဲတမ်းသာ ယှဉ်တွဲ၍ ဖြစ်သည်။ မှန်ပေသည် ကြောက်ခြင်း ကင်းသော ရှက်ခြင်းမည်သည် မရှိနိုင်၊ ရှက်ခြင်းကင်းသော မကောင်းမှုမှ ကြောက်ခြင်း မည်သည်လည်း မရှိနိုင်။ (မဟာဋီ၊၂၊၁၄၃။)

ဟိရီသည် အမျိုးကောင်းသမီး ချွေးမနှင့် တူပုံ

ဟိရီသည် အမျိုးကောင်းသမီး ချွေးမနှင့် တူပုံ

အမျိုးကောင်းသမီး ဖြစ်သော ချွေးမသည် မိမိ၏ မြင့်မြတ်သော မျိုးရိုးဇာတိ ရှိပုံကို ဆင်ခြင်၍ မိမိကိုယ်ကို မိမိ ရိုသေလေးစားသောအားဖြင့် မိမိအိမ်ရှင်မှ တစ်ပါးသောယောကျ်ားနှင့် ဖောက်ပြားရမည့်အရေးမှ စက်ဆုပ် ရွံရှာ၏၊ ထိုဟိရီ ရှိသူလည်း မိမိ၏ မြင့်မြတ်သော ဇာတ် အမျိုးအနွယ်, ကြီးရင့်လာသော အရွယ်, ရဲစွမ်းသတ္တိ, အကြားအမြင် ဗဟုသုတရှိမှု ဂုဏ်ကို ဆင်ခြင်၍ --- ငါကဲ့သို့သောသူသည် ဤကဲ့သို့သော ဒုစရိုက်မှုမျိုးကို မပြု ထိုက်၊ ဤဒုစရိုက်မှုမျိုးမည်သည်ကား အမျိုးဇာတ်ယုတ်ညံ့သူ, အသက်အရွယ်ငယ်သူ, ရဲစွမ်းသတ္တိမရှိသူ, ဗဟုသုတနည်းပါးသူ ပညာမဲ့ လူမိုက်ငတုံးတို့၏ လုပ်ရပ်မျိုးသာ ဖြစ်သည် --- ဟု မိမိကိုယ်ကို အလေးဂရုပြုလျက် ဒုစရိုက်မှ စက်ဆုပ်ရွံရှာ ရှောင်ခွာလေ၏။

ဩတ္တပ္ပသည် ပြည့်တန်ဆာမနှင့် တူပုံ

ဩတ္တပ္ပသည် ပြည့်တန်ဆာမနှင့် တူပုံ

ပြည့်တန်ဆာမသည် ကိုယ်ဝန်တည်လာလျှင် ယောကျ်ားတို့က စက်ဆုပ်တတ်ရကား ယောကျ်ားတို့ကို လေးစားသောအားဖြင့် ကိုယ်ဝန်တည်မည့်ဘေးမှ ကြောက်ရွံ့တတ်၏၊ ထို့အတူ ဩတ္တပ္ပ ရှိသူသည်လည်း --- သူတော်ကောင်း ...သင်သည် အကယ်၍ မကောင်းမှုကို ပြုအံ့၊ ဤသို့ပြုခဲ့သော် ရဟန်းယောကျ်ားပရိသတ် ရဟန်းမိန်းမပရိသတ် လူဒါယကာပရိသတ် လူဒါယိကာမပရိသတ်ဟူသော ပရိသတ် (၄)ပါးတို့ အလယ်ဝယ် အကဲ့ရဲ့ခံရပေလတ္တံ့၊ မြို့ကြီးသားသည် မစင်ကို စက်ဆုပ်သကဲ့သို့ ထို့အတူ ပညာရှိသူတော်ကောင်းတို့သည် မကောင်းမှုပြုသော သင့်ကို ကဲ့ရဲ့ စက်ဆုပ်ကုန်လတ္တံ့၊ အိုသူတော်ကောင်း ...သီလကို ချစ်မြတ်နိုးတော်မူကြ သည့် ပညာရှိသူတော်ကောင်းတို့က သင့်ကို ရှောင်ကြဉ်အပ်သော် ဝိုင်းပယ်လိုက်သော် သင်သည် အသို့ပြုလတ္တံ့နည်း --- ဤသို့ ဆင်ခြင်လျက် သူတစ်ပါးတို့ကို ရိုသေလေးစားခြင်းဟူသော ဗဟိဒ္ဓလျှင် ဖြစ်ကြောင်းရှိသော ထိတ်လန့်မှုကြောင့် မကောင်းမှုကို မပြုပေ။

ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန် --- မကောင်းမှုမှန်သမျှကို မပြုမိအောင် ရှောင်ကြဉ်မှုသည် ဟိရီ ဩတ္တပ္ပ နှစ်ပါးလုံး၏ ကိစ္စတည်း။ ဟိရီက ရှက်၍ မကောင်းမှုကို မပြုမိအောင် ရှောင်ကြဉ်၏၊ ဩတ္တပ္ပကား ဘေးအမျိုးမျိုး ကို ကြောက်၍ မကောင်းမှုကို မပြုမိအောင် ရှောင်ကြဉ်၏။ သို့အတွက် ယင်းတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝတွင် ဟိရီကား ရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ တွန့်ဆုတ်တတ်သော သဘောတရားဟု, ဩတ္တပ္ပကား အပါယ်ဒုဂ္ဂတိဘေး စသည့် ဘေးအမျိုးမျိုး တို့မှ ထိတ်လန့် ကြောက်ရွံ့သော အခြင်းအရာအားဖြင့် မကောင်းမှုမှ တွန့်ဆုတ်တတ်သော သဘောတရားဟု ရှေးရှူ ထင်လာပေသည်။ မီးထဲသို့ ကျရောက်သွားသော ကြက်တောင်၏ မပြန့်မူ၍ တွန့်လိမ်ခြင်း တွန့်လိပ်ခြင်းကဲ့သို့ မှတ်ပါ။ ဟိရီသည် အဇ္ဈတ္တသမုဋ္ဌာန် အတ္တာဓိပတိ တရားဖြစ်ခြင်းကြောင့် မိမိကိုယ်ကို ရိုသေလေးစားခြင်း အတ္တဂါရဝတရားသည် ဟိရီ၏ အနီးကပ်ဆုံး အကြောင်းတရား ဖြစ်သည်။ ဩတ္တပ္ပသည် ဗဟိဒ္ဓသမုဋ္ဌာန် လောကာဓိပတိ တရားဖြစ်ခြင်းကြောင့် သူတစ်ပါးတို့ကို ရိုသေလေးစားခြင်း ပရဂါရဝတရားသည် ဩတ္တပ္ပ၏ အနီးကပ်ဆုံး အကြောင်းတရား ဖြစ်သည်။ မိမိကိုယ်ကို ရိုသေလေးစားခြင်းသဘော, သူတစ်ပါးတို့ကို ရိုသေလေးစားခြင်းသဘော ဟူသည် ပရမတ္ထ တရားကိုယ် အနက်သဘောအားဖြင့် အဒေါသမေတ္တာနှင့် ပညာပြဓာန်းသော ကုသိုလ်စိတ္တုပ္ပါဒ် များပင် ဖြစ်သည်။

အထူးသတိပြုရန် --- ဟိရီ၏ လဇ္ဇာသဘာဝသဏ္ဌိတာ = လဇ္ဇီသဘော၌ ကောင်းစွာတည်မှု ရှေးရှူတည်မှု သဘော, ဩတ္တပ္ပ၏ ဘယသဘာဝသဏ္ဌိတံ = ထိတ်လန့် ကြောက်ရွံ့ခြင်း ဘယသဘော၌ ကောင်းစွာတည်မှု ရှေးရှူတည်မှု သဘောများကို အလေးဂရုပြု၍ သတိပြုကာ မှတ်သားထားပါ။

အသင်ယောဂီသူတော်ကောင်းသည် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းနေခိုက် ထိုသင်္ခါရတရားတို့ကို ဝိပဿနာ ရှုနေခိုက်၌ ဒုစရိုက်များကို လွန်ကျူးခိုက်လည်း မဟုတ်, ရှောင်ကြဉ်ခိုက်လည်း မဟုတ်ပေ။ ထိုအခိုက်ဝယ် နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ်, ဝိပဿနာဉာဏ်တို့ ဦးဆောင်ပြဓာန်းသည့် စိတ်စေတသိက်များ အကြိမ်များစွာ ဖြစ်နေခိုက်သာ ဖြစ်သည်။ ယင်းစိတ်စေတသိက်တို့မှာ ယေဘုယျအားဖြင့် မနောဒွါရိကဇောဝီထိစိတ်အစဉ်များသာ ဖြစ်ကြသည်။ မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂) ကြိမ် အနေဖြင့် အဖြစ်များကြသည်။ ဝိပဿနာအခိုက်၌ တဒါရုံမှာ ကျ-မကျ နှစ်မျိုး ရှိနိုင်၏။ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ကြည့်ပါ။

ဇော အသီးအသီးတွင် နာမ်တရားများမှာ ယေဘုယျအားဖြင့် ဉာဏ်နှင့် ပီတိ ယှဉ်-မယှဉ်သို့ လိုက်၍ (၃၄-၃၃-၃၃-၃၂) ရှိတတ်၏။ ယင်းနာမ်တရားစုတွင် ဟိရီနှင့် ဩတ္တပ္ပကား အမြဲတမ်း ပါဝင်လျက် ရှိ၏။ သောဘဏ စိတ်အားလုံးနှင့် ဆက်ဆံသော သောဘဏသာဓာရဏ စေတသိက်များ ဖြစ်သောကြောင့်တည်း။ ရုပ်နာမ်ကို သိမ်းဆည်းခိုက်, ဝိပဿနာ ရှုခိုက်သာ ဖြစ်သဖြင့် မကောင်းမှုအကုသိုလ် ဒုစရိုက်ကို အာရုံယူ၍ ယင်းဒုစရိုက်တို့မှ ရှက်မှု ထိတ်လန့် ကြောက်ရွံ့မှုများ ဖြစ်နေသည်ကား မဟုတ်ပါ။ အကြောင်းမူ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရ တရားတို့ကိုသာ အာရုံယူနေခိုက်, ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက် အသုဘ အချက်တို့ကိုသာ အာရုံယူနေခိုက် ဖြစ်သောကြောင့် ဖြစ်သည်။ သို့အတွက် ယင်းနာမ်တရားစုတို့တွင် ပါဝင်သော ဟိရီ ဩတ္တပ္ပတို့မှာ ဟိရီက လဇ္ဇီသဘောသို့ ရှေးရှူတည်မှု, ဩတ္တပ္ပက ဘယသဘောသို့ ရှေးရှူတည်မှုမျှကိုသာ ဆိုလိုသည်ဟု မှတ်ပါ။ အရှက်အကြောက် ရှိ၍ ယခုလို တရားနှလုံး ကျင့်သုံးခြင်း ဖြစ်သဖြင့် တရားနှလုံး ကျင့် သုံးသည့် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် မကောင်းမှုမှ ရှက်မှု လဇ္ဇီသဘော, မကောင်းမှုမှ ကြောက် ရွံ့မှု = ဘယသဘောတို့ကား ရှေးရှူတည်လျက်သာ ရှိနေသည်၊ ယင်း ရှေးရှူတည်နေမှုမှာ အကောင်းအုပ်စု စိတ်စေတသိက် နာမ်တရားစုများ ဖြစ်တိုင်းဖြစ်တိုင်း ဇောစိတ္တုပ္ပါဒ်တိုင်းနှင့် မဟာဝိပါက်တဒါရုံကျခဲ့သော် ယင်း တဒါရုံ စိတ္တုပ္ပါဒ်တိုင်း၌ အမြဲတမ်း ပါဝင်လျက် ရှိသည်သာဟု မှတ်ပါ။ ဒါန သီလ သမထပိုင်းဆိုင်ရာတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။

ခြွင်းချက် --- သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ စေတသိက်များ ပါဝင်သည့် နာမ်တရားတို့ကို သိမ်း ဆည်းရာ၌ကား ဝိရမိတဗ္ဗဝတ္ထုဟူသော ရှောင်ကြဉ်ထိုက်သော ဒုစရိုက်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ် တရားတို့ကို သိမ်းဆည်းရသဖြင့် ယင်းနာမ်တရားစုတွင် ပါဝင်သော ဟိရီ ဩတ္တပ္ပတို့မှာ ဒုစရိုက်တို့မှ ရှက်မှု ကြောက်မှု သဘောများပင် ဖြစ်သည်ဟု မှတ်သားပါလေ။

လောကပါလ တရား (၂) ပါး

လောကပါလ တရား (၂) ပါး

ဒွေ မေ ဘိက္ခဝေ သုက္ကာ ဓမ္မာ လောကံ ပါလေန္တိ။ (အံ၊၁၊၅၃။ ခု၊၁၊၂၁၉။)

ရဟန်းတို့ ...ဖြူစင်ကုန်သော ဤ ဟိရီ ဩတ္တပ္ပ တရားနှစ်ပါးတို့သည် လောကကို စောင့်ရှောက်ကြကုန်၏။ (အံ၊၁၊၅၃။ ခု၊၁၊၂၁၉။)

ရဟန်းတို့ ...ဖြူစင်သော ဤတရား နှစ်မျိုးတို့သည် လောကကို စောင့်ရှောက်ကုန်၏၊ အဘယ်နှစ်မျိုး တို့နည်းဟူမူ --- မကောင်းမှုမှ ရှက်ခြင်း = ဟိရီလည်းကောင်း, မကောင်းမှုမှ ထိတ်လန့်ခြင်း = ဩတ္တပ္ပလည်းကောင်း ဤတရား နှစ်မျိုးတို့တည်း။ ရဟန်းတို့ ...ဖြူစင်သော ဤတရား နှစ်မျိုးတို့သည် လောကကို မစောင့်ရှောက် ကုန်ငြားအံ့၊ ယင်းသို့ မစောင့်ရှောက်သော် ဤလောက၌ အမိဟူ၍လည်းကောင်း, မိကြီး မိထွေးဟူ၍လည်းကောင်း ဦးရီး၏ မယားဟူ၍လည်းကောင်း ဆရာ၏ မယားဟူ၍လည်းကောင်း, ရိုသေလေးစားအပ်သူတို့၏ မယားဟူ၍ လည်းကောင်း မထင်ရှား မသိသာကုန်ရာ။

ယင်းသို့ မထင်ရှား မသိသာကုန်သော် လောကသည် ဆိတ်များ သိုးများကဲ့သို့လည်းကောင်း, ကြက်ဝက်တို့ ကဲ့သို့လည်းကောင်း အိမ်ခွေး တောခွေးတို့ကဲ့သို့လည်းကောင်း ရောယှက်ခြင်းသို့ ရောက်ရာ၏။ (အဖေဆိတ် အမေဆိတ်နှင့် သားဆိတ် သမီးဆိတ်တို့ မေထုန်မှီဝဲသောအားဖြင့် ရောစပ်ကြလိမ့်မည် ဟူလို။)

ရဟန်းတို့ ...ဖြူစင်သော ဤတရား နှစ်မျိုးတို့သည် လောကကို စောင့်ရှောက်ကုန်သောကြောင့် အမိ ဟူ၍လည်းကောင်း, မိကြီး မိထွေးဟူ၍လည်းကောင်း, ဦးရီး၏ မယားဟူ၍လည်းကောင်း, ဆရာ၏ မယားဟူ၍ လည်းကောင်း ရိုသေလေးစားအပ်သူတို့၏ မယားဟူ၍လည်းကောင်း ထင်ရှားသိသာကုန်၏။ (အံ၊၁၊၅၃။)

ငါသည် အမျိုးကောင်းသားတစ်ယောက် ဖြစ်၏၊ ငါလို အမျိုးကောင်းသားတစ်ယောက်က မကောင်းမှုကို ပြုနေလျှင် (ဥပမာ သူ့အသက်ကို သတ်နေလျှင် မုဆိုး တံငါလုပ်နေလျှင် လာဘ်ပေးလာဘ်ယူပြုနေလျှင်) ရှက်စရာ ဖြစ်လိမ့်မည်ဟု မိမိ၏ အမျိုးဂုဏ်ကို စောင့်ထိန်းသောအားဖြင့် မကောင်းမှုကို ပြုရမည်ကို ရှက်၏။ ပညာရှိသူ တစ်ဦးကလည်း --- ငါလို ပညာရှိတစ်ယောက်က အောက်တန်းကျသော မကောင်းမှုကို ပြုနေလျှင် (ဥပမာ သူ့ ပစ္စည်းကို မတရားယူနေလျှင် လာဘ်ပေးလာဘ်ယူပြုနေလျှင်) ရှက်စရာဖြစ်တော့မည်ဟု မိမိ၏ ပညာရှိသော ဂုဏ်ကို စောင့်ထိန်းသောအားဖြင့် မကောင်းမှုပြုရမည်ကို ရှက်၏။ အသက်ကြီးသူကလည်း --- ငါလို အဘိုးကြီး တစ်ယောက်က မကောင်းမှုကိုပြုနေလျှင် (ဥပမာ လိမ်ညာနေလျှင်) ရှက်စရာ ဖြစ်တော့မည်ဟု မိမိ၏ အသက်ကြီးသောဂုဏ်ကို စောင့်ထိန်းသောအားဖြင့် မကောင်းမှုပြုရမည်ကို ရှက်၏။ ဤသို့စသည်ဖြင့် မိမိမှာ ထင်ရှား ရှိနေသော ဂုဏ်တစ်ခုခုကို လေးစားသူ၌ ဟိရီတရားသည် ထင်ရှားလေသည်။

ငါတစ်ယောက်က မကောင်းမှုကို ပြုလိုက်လျှင် ငါ့မိ ငါ့ဘ ငါ့ဆွေ ငါ့မျိုးများ ငါ့ဆရာသမားများသည် သူတစ်ပါးတို့၏ အကဲ့ရဲ့ကို ခံရ၍ တံထွေးခွက်ထဲ ပက်လက်မျောကာ နေကြရပေလိမ့်မည်၊ ငါးခုံးမ တစ်ကောင် ကြောင့် တစ်လှေလုံး ပုတ်ရှာကြပေလိမ့်မည်။ ဤသို့စသည်ဖြင့် စပ်ဆိုင်သူများကို ငဲ့ညှာတတ်သူ၌ ဒုစရိုက်မှ ကြောက်လန့်တတ်သော ဩတ္တပ္ပတရား ဖြစ်လေသည်။ မိမိဂုဏ်သိက္ခာကိုလည်း မငဲ့ ဆရာသမား မိဘ ဆွေမျိုး များကိုလည်း မငဲ့ ရွဲ့ချင်တိုင်း ရွဲ့သူ၌ကား ဟိရီ ဩတ္တပ္ပတရား နှစ်မျိုးလုံး ကင်း၍ ဒုစရိုက်မှုတွေ ပြည့်တင်းနေ လေတော့သည်။

ထိုကြောင့် ဤဟိရီနှင့် ဩတ္တပ္ပ တရားနှစ်ပါးသည် ကမ္ဘာသူကမ္ဘာသား လူအများကို သားနှင့်အမိ, မောင်နှင့် နှမ စသည်ဖြင့် ခြားနားအောင် စောင့်ရှောက်တတ်သောကြောင့် လောကပါလ = ကမ္ဘာစောင့်တရားဟုလည်း ကောင်း, သတ္တဝါတစ်ဦးကို သို့မဟုတ် ရုပ်နာမ်သန္တာန်အစဉ်ကို ဖြူစင်သန့်ရှင်း အပြစ်ကင်းအောင် ပြုတတ်သော ကြောင့် သုက္ကဓမ္မ = ဖြူစင်သောတရားဟုလည်းကောင်း အမည်ရလေသည်။ လူ့လောက၌ ဤတရားနှစ်ပါးတို့က စောင့်ကြပ်လျက် ရှိကြသောကြောင့်သာ လူသတ္တဝါတို့ သန္တာန်ဝယ် အတော်အတန် စင်ကြယ်လျက် ရှိလေသည်။ ယင်းတရားတို့ ကင်းမဲ့လျှင် တိရစ္ဆာန်တွေနှင့် မခြားနားဘဲ ရောယှက်ရှုပ်ထွေးကာ မကြားကောင်း မနာသာတွေသာ ဖြစ်ကုန်ရာသည်။ ယခုခေတ်အခါ၌ကား ဟိရီ ဩတ္တပ္ပဟူသော ယဉ်ကျေးမှုတစ်ရပ် အကြောင်းကိုပင် နားမလည် သူတွေ ပေါများလှသဖြင့် ဟိရီ ဩတ္တပ္ပ ကင်းသူတို့နှင့် ပေါင်းသင်းဆက်ဆံ၍ နေကြရကား အဝတ်အစား အနေ အထိုင် အသွားအလာမှ စ၍ လျှပ်ပေါ်လော်လည်ကာ အမြင်မတော်စရာတွေ များလှချေသည်။

ဟိရီ - ဩတ္တပ္ပအတု --- အကုသိုလ် ဒုစရိုက်အရာ မဟုတ်ပါဘဲလျက် ဘုရားသွား ကျောင်းတက် ဥပုသ်စောင့် တရားနာ စသော ကုသိုလ်ကောင်းမှုနှင့် ဆိုင်သော အရာတို့၌ ရှက်စနိုး ကြောက်ရွံ့၍ တွန့်ဆုတ်ဆုတ် လုပ်တတ်သော အမူအရာမျိုးလည်း ရှိတတ်သေး၏။ ထိုအမူအရာမျိုးကား ဟိရီ ဩတ္တပ္ပ မဟုတ်၊ မာယာသဘော သာတည်း၊ တရားကိုယ်မှာ မောဟနှင့် တဏှာ ပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်ပင် ဖြစ်သည်။ တစ်စုံတစ်ခု မကောင်းမှုအကုသိုလ် ဒုစရိုက်ကို ပြုပြီးနောက် သူတစ်ပါးတို့ သိ၍ ရှက်ကြောက်မှုမျိုးကား ဒေါမနဿပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်သာတည်း။

ဆရာသမား လူကြီးသူမများကို မထီလေးစား မဖြစ်ရအောင် အလေးပြုသည့်အတွက် ရှက်ကြောက်သော အမူအရာ, ကိုယ်လက် အညစ်အကြေးသုတ်သင်ရာ စသည့် ရှက်ကြောက်သင့်သော အရာဌာနတို့၌ ရှက်ကြောက် သော အမူအရာတို့ကား ဟိရီ ဩတ္တပ္ပ အစစ်သာ ဖြစ်သည်။

၅။ အလောဘ

၅။ အလောဘ

၁။ (က) အလောဘော အာရမ္မဏေ စိတ္တဿ အဂေဓလက္ခဏော၊

( ခ ) အလဂ္ဂဘာဝလက္ခဏော ဝါ ကမလဒလေ ဇလဗိန္ဒု ဝိယ၊

၂။ အပရိဂ္ဂဟရသော (အပရိဂ္ဂဟဏရသော) မုတ္တဘိက္ခု ဝိယ၊

၃။ အနလ္လီနဘာဝပစ္စုပဋ္ဌာနော အသုစိမှိ ပတိတပုရိသော ဝိယ။ (အဘိ၊ဋ္ဌ၊၁၊၁၇၀-၁၇၁။ ဝိသုဒ္ဓိ၊၂၊၉၄။)

၁။ (က) အာရုံ၌ စိတ်၏ မတပ်မက်ခြင်း မမက်မောခြင်းသဘော လက္ခဏ၊

( ခ ) တစ်နည်း --- ကြာဖက်အပြင်၌ ရေပေါက်သည် မငြိကပ်သကဲ့သို့

ထို့အတူ အာရုံ၌ စိတ်၏ မငြိကပ်သည်၏ အဖြစ်ဟူသောသဘော လက္ခဏ၊

၂။ ကိလေသာတို့မှ လွတ်မြောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည် မည်သည့်

ဝတ္ထုကိုမျှ ငါ့ဟာဟု မသိမ်းပိုက်သကဲ့သို့ ထို့အတူ အာရုံကို ငါ့ဟာ ငါ့ဥစ္စာဟု

စွဲလမ်းခြင်း၏ အစွမ်းဖြင့် မသိမ်းပိုက်ခြင်း (ကိစ္စ) ရသ၊

၃။ မစင်တွင်း၌ ကျရောက်နေသော ယောကျ်ားကဲ့သို့ အာရုံ၌ မငြိကပ်လိုသော သဘောတရား - ပစ္စုပဋ္ဌာန်၊

၄။ အာရုံ (တစ်နည်း --- ဝတ္ထု + အာရုံ + ဖဿဦးဆောင်သည့် သမ္ပယုတ်တရားများ) ပဒဋ္ဌာန်။

န လုဗ္ဘန္တိ ဧတေန, သယံ ဝါ န လုဗ္ဘတိ, အလုဗ္ဘနမတ္တမေဝ ဝါ တန္တိ အလောဘော။ (ဝိသုဒ္ဓိ၊၂၊၉၄။ အဘိ၊ဋ္ဌ၊၁၊၁၇၀။)

၁။ ယှဉ်ဖက်သမ္ပယုတ်တရားတို့၏ အာရုံ၌ မတပ်မက်တတ်ကြောင်း ဖြစ်သော သဘောတရားသည် အလောဘ မည်၏။

၂။ မိမိ အလောဘကိုယ်တိုင်ကလည်း အာရုံကို မတပ်မက်သော သဘောတရား ဖြစ်သောကြောင့် အလောဘ မည်၏။

၃။ အာရုံကို မတပ်မက်ခြင်းမျှသာ ဖြစ်သော သဘောတရားသည် အလောဘ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၀။ ဝိသုဒ္ဓိ၊၂၊၉၄။)

လက္ခဏ --- လောဘသည် အာရုံကို သာယာစုံမက် နှစ်သက် ငြိကပ်၏၊ အာရုံကို ငါ့ဟာ-ငါ့ဥစ္စာဟု စွဲယူသိမ်းပိုက်ခြင်း၏ အစွမ်းဖြင့် လိုလားတပ်မက်၏။ အလောဘကား ထိုအာရုံ၌ မငြိကပ်ခြင်း မလိုချင်ခြင်း သဘောတည်း။ ထိုကြောင့် အလောဘသည် လောဘနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်ဘက် ဖြစ်၏။ ထိုသို့ ဆန့်ကျင်ဘက် ဖြစ်သောကြောင့် မလိုချင်တိုင်းလည်း အလောဘဟုချည်း မမှတ်ရာ၊ လောဘနှင့် ထိပ်တိုက် ဆန့်ကျင်ဘက် သဘောရှိသည့် မလိုချင်မှု မတပ်မက်မှုကိုသာ အလောဘ၏သဘောဟု မှတ်ရာသည်။ ဒေါသဖြစ်၍ အိမ်ကို မီးရှို့ပစ်မှု = အိမ်ကို မလိုချင်မှု, ဒေါသဖြစ်၍ အိုးခွက်ပန်းကန်များကို ရိုက်ခွဲမှု = အိုးခွက်ပန်းကန်များ အပေါ်၌ မလိုချင်မှုတို့မှာ ဒေါသပြဓာန်းသော စိတ်ညံ့ စိတ်ဖျင်း စိတ်ရိုင်းများကြောင့်သာ မလိုချင်မှု ဖြစ်သည်၊ အာရုံကို = ပစ္စည်းများကို ဖျက်ဆီးလိုသည့်သဘောသာ ဖြစ်သည်၊ အလောဘကား မဟုတ်ချေ။ တစ်ဖန် -- ကုသိုလ်ရေးနှင့် စပ်၍ ကောင်းမြတ်သောအရာကို မလိုချင်မှု, ဒါန မပြုလိုမှု, သီလကို မဖြည့်ကျင့်လိုမှု, သမထ ဝိပဿနာ ဘာဝနာ ကို မပွားလိုမှုများမှာလည်း ကုသိုလ်တရားတို့၌ လိုလားတောင့်တသည့် သမ္မာဆန္ဒ ဝီရိယ နည်းပါး၍ ပျင်းရိမှု ကောသဇ္ဇတရား ပြဓာန်းသည့် စိတ်ညံ့ စိတ်ဖျင်းများ များသောကြောင့်သာ ဖြစ်သည်၊ အလောဘကား မဟုတ်ချေ။ ထိုကြောင့် အာရုံ၌ စိတ်၏ မတပ်မက်ခြင်း မမက်မောခြင်း မလိုချင်ခြင်းသဘောသည်, တစ်နည်း ကြာဖက် အပြင်၌ ရေပေါက်သည် မငြိကပ်သကဲ့သို့ ထို့အတူ အာရုံ၌ စိတ်၏ ငါ့ဟာ ငါ့ဥစ္စာဟု မြတ်နိုးသည်၏ အစွမ်း ဖြင့် မငြိကပ်သည်၏ အဖြစ်ဟူသော သဘောသည် အလောဘ၏ ကိုယ်ပိုင်သဘာဝလက္ခဏာပင် ဖြစ်သည်။

ရသ --- ရဟန္တာပုဂ္ဂိုလ်မြတ်သည် မည်သည့်ဝတ္ထုကိုမျှ = မည်သည့်အာရုံကိုမျှ ငါ့ဟာ ငါ့ဥစ္စာဟု မြတ်နိုးတနာ ငြိကပ်မှုဖြင့် သိမ်းဆည်းခြင်း မပြုတော့သကဲ့သို့ အလောဘသည်လည်း မည်သည့် လိုလားတပ်မက်စရာ အာရုံကိုမျှ ငါ့ဟာ ငါ့ဥစ္စာဟု တဏှာစွဲဖြင့် မသိမ်းပိုက်ခြင်း လုပ်ငန်းကိစ္စ ရှိပေသည်။

အာရုံကို ငါ့ဟာ ငါ့ဥစ္စာဟု မသိမ်းပိုက်ခြင်း ကိစ္စကို အလောဘကိစ္စဟု ဆိုသော်လည်း အရမ်းမဲ့ ဖြုန်းတီး ပစ်ခြင်း, အပျော်အပါး လိုက်စား၍ လောင်းကစားကြူး၍ ဖြုန်းတီးပစ်ခြင်း, ဒေါသဖြစ်၍ ဖြုန်းတီးပစ်ခြင်းများကို အလောဘကိစ္စဟု မမှတ်အပ်၊ ေ့ရှနောက်တိုင်းထွာ အလိမ္မာ အဆင်ခြင် သတိသမ္ပဇဉ် ဉာဏ်မယှဉ်သဖြင့် မောဟ အတွက် မိုက်မှားချက်, လောဘအတွက် မိုက်မှားချက်, ဒေါသအတွက် မိုက်မှားချက် တစ်မျိုးဟု မှတ်ရမည်။ ေ့ရှနောက်တိုင်းထွာ အရာရာ သိမ်းဆည်းမှု စောင့်ရှောက်မှုမှာ သတိသမ္ပဇဉ်၏ ကိစ္စသာတည်း။ ယင်းသတိသမ္ပဇဉ် ကြောင့်ပင် ရဟန္တာအရှင်မြတ်တို့သည်လည်း ပစ္စည်းလေးပါးကို ငါ့ဟာ ငါ့ဥစ္စာဟု သိမ်းပိုက်မှု မရှိဘဲ ထိန်းသိမ်း စောင့်ရှောက်တော်မူကြသည်၊ သုံးစွဲတော်မူကြသည်။ မလှူဒါန်းရက် မပေးကမ်းရက် မသုံးစွဲရက်ဘဲ ငါ့ဟာ ငါ့ဥစ္စာဟု ငြိကပ်မှုဖြင့် သိမ်းဆည်းထားမှုသည်သာ လောဘ၏ ကိစ္စ ဖြစ်သည်။

အနလ္လီနဘာဝပစ္စုပဋ္ဌာနာ --- အနလ္လီနော ဘာဝေါ အဓိပ္ပါယော ဧတဿာတိ အနလ္လီနဘာဝေါ၊ ဧဝဥှိ ဥပမာယ သမေတိ။ (မူလဋီ၊၁၊၉၁။ မဟာဋီ၊၂၊၁၄၃။)

မစင်တွင်းထဲ၌ ကျရောက်နေသော ယောကျ်ားသည် မိမိ၏ ခန္ဓာကိုယ်ဝယ် မစင်တွေငြိကပ်၍ နေသော် လည်း စိတ်အားဖြင့် မငြိကပ်ခြင်းကိုသာ အလိုရှိသကဲ့သို့ အလောဘ၏ သဘောသည်လည်း လောဘဖြစ်စရာ = လောဘနေယျအာရုံတို့ကို အာရုံပြုသည်၏ အစွမ်းဖြင့် အာရုံယူနေရသော်လည်း ထိုအာရုံတို့နှင့် ရောယှက်နေရ သော်လည်း သဘောအားဖြင့် ထိုအာရုံ၌ မငြိမကပ်လိုသော သဘောသာ ရှိသည်ဟု ယင်းအလောဘကို ဝိပဿနာ ဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။

ပရမတ္ထသစ္စာနယ် ဝိပဿနာနယ်အတွက် ကွက်၍ ပြောရလျှင် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား တို့သည် လောဘဖြစ်စရာ = လောဘနေယျ အာရုံများပင် ဖြစ်ကြ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းသင်္ခါရတရား တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည်တိုင်အောင် အာရုံယူနိုင်သဖြင့် ယင်းသင်္ခါရတရားတို့ကို အာရုံယူနေ ရသော်လည်း အာရုံပြုနေရသော်လည်း ယင်းသင်္ခါရအာရုံတို့နှင့် ရောယှက်နေရသော်လည်း ယင်းအာရုံတို့ကို ငါ့ဟာ ငါ့ဥစ္စာဟု လောဘ၏ အစွမ်းဖြင့် ကပ်ငြိလို သိမ်းဆည်းလို သိမ်းပိုက်ထားလိုသော သဘောကား မရှိပေ။ ယင်းသင်္ခါရအာရုံတည်းဟူသော သင်္ခါရလောကမှ ရုန်းမထွက်နိုင်သေး၍သာ ရောယှက်နေရခြင်း အာရုံပြုနေရခြင်း နှလုံးသွင်းရှုပွားနေရခြင်း ဖြစ်၏၊ သို့သော်လည်း ယင်းအာရုံတို့၌ မငြိကပ်လိုသော သဘောကား ရှိနေသည်သာ ဖြစ်သည်။ ယင်း မငြိကပ်လိုသောသဘောမှာ ယင်းသင်္ခါရတရားတို့ကို သိမ်းဆည်းရှုပွားနေသည့် ဉာဏ်ပြဓာန်းသည့် စိတ်စေတသိက် နာမ်တရားအုပ်စုတွင် ပါဝင်သော အလောဘ၏ သဘောပင် ဖြစ်သည်။ ဒါန သီလ သမထဆိုင်ရာ အာရုံတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။

ထပ်မံရှင်းလင်းချက် -- ဉာဏ်နုသူတို့အတွက် အနည်းငယ် ထပ်မံ၍ ရှင်းလင်း တင်ပြအပ်ပါသည်။ အသင် သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများကို ပြန်လည်၍ အာရုံယူကြည့်ပါ။ စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော မနောဒွါရိကဇောဝီထိစိတ်အစဉ်များကို ကြည့်ပါ။ စက္ခုအကြည်ဓာတ် ရုပ်တရား = ရုပ်ပရမတ်အာရုံကို ---

၁။ စက္ခုအကြည်ဓာတ်ဟု

၂။ ရုပ်တရားဟု

၃။ အနိစ္စဟု

၄။ ဒုက္ခဟု

၅။ အနတ္တဟု

၆။ အသုဘဟု ---

အသီးအသီး ရှုနေသော မနောဒွါရိကဇောဝီထိစိတ်အစဉ်တိုင်း၌ ဇော (၇)ကြိမ်စီ ပါဝင်ရာ ဇော (၁)ကြိမ် (၁)ကြိမ်၌ ဉာဏ် ပီတိ နှစ်မျိုးလုံးယှဉ်ပါက နာမ်တရား (၃၄)လုံးစီ ရှိ၏။ ယင်းနာမ်တရားစု (၃၄)တွင် အလောဘ လည်းပါဝင်၏။ ယင်းအလောဘသည် စက္ခုအကြည်ဓာတ်ကို စက္ခုအကြည်ဓာတ်ဟုလည်းကောင်း, ရုပ်တရားဟု လည်းကောင်း, အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း, အသုဘဟုလည်းကောင်း အာရုံယူ၍ ရှုနေခိုက် စက္ခုအကြည်ဓာတ် ပရမတ်တရားကို အာရုံယူနေရသော်လည်း ယင်းစက္ခုအကြည်ဓာတ် အာရုံကို --- ငါ့ဟာ ငါ့ဥစ္စာဟု တဏှာဖြင့် စွဲယူသိမ်းပိုက်ခြင်း မရှိပေ။ ထိုစက္ခုအကြည်ဓာတ်အာရုံ၌ ငြိကပ် လိုသည့် သဘောမရှိ၊ မငြိကပ်လိုသော သဘောသာ ရှိနေ၏။ အကြောင်းမူ ယင်းစက္ခုအကြည်ဓာတ် ပရမတ် တရား၏ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက် တစ်စက္ကန့်ဟု ခေါ်ဆိုအပ်သော အချိန်ကာလကို ကုဋေ (၅၀၀၀)ကျော်ခန့် ပုံခဲ့သော် တစ်ပုံခန့်လောက်သာ သက်တမ်းရှိသည်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ် တိုင် မျက်မှောက် ထွင်းဖောက်သိမြင်နေသော သူတော်ကောင်းတစ်ဦးအဖို့ ငါ့ဟာ ငါ့ဥစ္စာဟု စွဲယူလောက်သည့် အချိန်ကာလကိုပင် ရှာမရနိုင်သောကြောင့် ဖြစ်၏။ ယင်းသို့ မငြိမကပ်လိုသော သဘောမှာ ယင်းစက္ခုအကြည် ဓာတ်ကို သိမ်းဆည်း ရှုပွားနေသော ဝိပဿနာဇော နာမ်တရား (၃၄)တွင် ပါဝင်သော အလောဘ၏ သဘောပင် ဖြစ်သည်။ ဤနည်းကို နည်းမှီ၍ အရာရာတွင် သဘောပေါက်ပါလေ။

ပဒဋ္ဌာန် --- အဋ္ဌကထာများ၌ ပဒဋ္ဌာန်ကို သီးခြား မဖော်ပြထားသဖြင့် ပဒဋ္ဌာန်ကို အာရုံဟုလည်းကောင်း, (၁) ဝတ္ထု (၂) အာရုံ (၃) ဖဿဦးဆောင်သည့် သမ္ပယုတ်တရားများဟုလည်းကောင်း ထည့်သွင်း ဖော်ပြထား ပါသည်။

လောဘသမား နှင့် အလောဘသမား

လောဘသမား နှင့် အလောဘသမား

လောဘသမားက သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုကို သိမ်းပိုက်လိုသောသဘောရှိသလောက် အလောဘသမားက မသိမ်းပိုက်လိုသောသဘော ရှိ၏။ လောဘသမားသည် ရဟန်းဖြစ်လျှင်လည်း ပစ္စည်းလာဘ်လာဘကို လိုချင်၏၊ မိမိကို လှူချင်လာအောင် ဆွယ်တရားဟော၏၊ ရပြန်လျှင်လည်း ထိုပစ္စည်းကို မလှူရက် မတန်းရက် (= မဒါန်းရက်) မပေးရက် မကမ်းရက် အလွန် မက်မောတတ်၏၊ ထိုပစ္စည်းကို အကြောင်းပြု၍ စိတ်ကြီးဝင်နေ တတ်၏။ လောဘသမား လူပုဂ္ဂိုလ်များသည်လည်း ဤနည်းနှင်နှင်ပင်တည်း။ ပစ္စည်းဥစ္စာကို တရားသည် မတရား သည် မစိစစ်နိုင်တော့ဘဲ မရမက ရှာဖွေတတ်၏၊ ရပြန်လျှင်လည်း တင်းမတိမ်နိုင်၊ ရလေ လိုလေ အိုတစ္ဆေသာ ဖြစ်နေ၏။ ဦနော လောကော အတိတ္တောယေဝ = သတ္တဝါအပေါင်းသည် အမြဲတမ်း လိုနေ၏ ယုတ်လျော့နေ၏ ပြည့်သည်ဟူ၍ မရှိ ရောင့်ရဲသည်ဟူ၍ မရှိဟူသော ဒေသနာတော်များမှာ မရောင့်ရဲနိုင်သော လူသားများကို အထူးရည်ညွှန်းထား၏။ တစ်သက်တာပတ်လုံး အချိန်ရှိသမျှ စုဆောင်းရှာဖွေ၍ ရရှိထားသော လက်ဝယ် ပိုက်ထွေး ထားသော သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကို ငါ့ဟာ ငါ့ဟာဟု လွန်စွာ စွဲလမ်းနေစဉ် သေမင်းငင်သောအခါ ထိုကာမဝတ္ထုအစုစုအပေါ်၌ တွယ်တာတပ်မက် ချင်ရက်မပြေနိုင်သေးသော တဏှာလောဘက မရဏာသန္နဇော၏ နေရာကို မရအရယူကာ အပါယ်လေးဘုံတည်းဟူသော မဟာသမုဒ္ဒရာသို့ ချော့မော့ကာ လှလှပပနှင့် သယ်ဆောင် ခေါ်ငင်သွားလေသည်။

အလောဘသမားကား ဤသို့မဟုတ်၊ ရဟန်းဖြစ်လျှင် ပစ္စည်းလေးပါးကို မခင်မင်၊ အဆင်သင့်ရသည်ကို လည်း သာယာမက်မောမှု မရှိဘဲ သတိသမ္ပဇဉ် ဉာဏ်ယှဉ်ကာ သုံးစွဲတော်မူလေ့ရှိ၏။ ဒါယကာ ဒါယိကာမတို့က ကုသိုလ်ကို အလိုရှိ၍ စွန့်ကြဲပေးကမ်း လှူဒါန်းလိုက်သော ပစ္စည်းတို့ကား သူတော်ကောင်းတို့၏ ဉာဏ်မျက်စိ အမြင်၌ သူတစ်ပါးတို့က ထွေးအန်ပစ်လိုက်သော အန်ဖတ်တို့သာ ဖြစ်ကြ၏။ ယင်းအန်ဖတ်များကို ဧရာမလာဘ် လာဘကြီးဟု မှတ်ထင်ရမည်ကို ရှက်နိုးတော်မူကြ၏။

ဟတ္ထိပါလဇာတ်တော် (ဇာတက၊ဋ္ဌ၊၄၊၄၇၈-၄၉၅။)၌ အလောင်းတော် ဟတ္ထိပါလက ဦးဆောင်လျက် တောထွက်တော်မူကြရာ ခမည်းတော် မယ်တော် ဖြစ်ကြသော ပုရောဟိတ်ပုဏ္ဏားကြီး နှင့် ပုဏ္ဏေးမကြီးတို့သည် လည်း ရှိသမျှ စည်းစိမ်တို့ကို စွန့်လွှတ်ကာ တောထွက်တော်မူကြ၏။ ဧသုကာရီဘုရင်မင်းကြီးက ထိုပုရောဟိတ် ပုဏ္ဏားကြီးတို့ စွန့်ပစ်သွားသော စည်းစိမ်ဥစ္စာတို့ကို နန်းတော်သို့ ဆောင်ယူစေခဲ့၏။ ဤအကြောင်းအရာကို ပညာရှိသော မိဖုရားကြီးက သိရှိတော်မူသဖြင့် ဧသုကာရီဘုရင်မင်းကြီးအား ဆုံးမလို၍ အသားစျေးမှ အသား များကို ဆောင်ယူစေ၍ မင်းရင်ပြင်တော်၌ စုပုံထား၏။ အသားပုံသို့ ဖြောင့်ဖြောင့် အပေါ်ကောင်းကင်မှ ဆင်းသက် လာနိုင်သည့် လမ်းပေါက်တစ်ခုကိုသာ ဖွင့်ထား၍ အသားပုံ၏ ဘေးပတ်လည်တွင် ပိုက်ကွန်ကို ဝန်းရံ၍ ကာထား စေ၏။ လင်းတတို့သည် ခပ်လှမ်းလှမ်းမှပင် အသားတစ် အသားပုံကို မြင်၍ ကောင်းကင်မှ သက်ဆင်းလာကြ၏၊ ထိုလင်းတတို့တွင် အသိအလိမ္မာရှိသော ဆင်ခြင်တိုင်းထွာတတ်သော ပညာရှိသော လင်းတတို့သည် ပိုက်ကွန် ဖြန့်ကျက်ထောင်ထားသည်ကို သိရှိ၍ အသားများကို အဝစားထားသည့် အလွန်လေးလံသော ခန္ဓာကိုယ် ရှိခဲ့သော် အထက်ကောင်းကင်သို့ ဖြောင့်ဖြောင့်တန်းတန်း ကာရံထားသော ပိုက်ကွန်မှ လွတ်အောင် မပျံသန်းနိုင်ကြပုံကို သဘောပေါက် သိရှိနားလည်ကာ မိမိတို့ စားပြီးသား အသားများကို အန်ပြီးမှ ပိုက်ကွန်နှင့် မငြိအောင် အထက် ကောင်းကင်သို့ တန်းတန်းမတ်မတ် ပျံတက်ကြ၏။ သို့သော် ပညာမျက်စိကာဏ်းနေသည့် လင်းတ ငမိုက်သားတို့ ကား အခြားလင်းတတို့က အန်ပစ်ခဲ့သော အန်ဖတ်တို့ကို ထပ်စားကြကာ အလွန်လေးလံသော ခန္ဓာကိုယ်ရှိလျက် အထက်ကောင်းကင်သို့ ဖြောင့်ဖြောင့် တန်းတန်း မတ်မတ် ပျံတက်ခြင်းငှာ မစွမ်းနိုင်ရကား ဘေးပတ်ပတ်လည်၌ ဝန်းရံထောင်ထားသော ပိုက်ကွန်၌ ဖမ်းမိနေကြကုန်၏။ ဤမြင်ကွင်းကို မိဖုရားကြီးက ဧသုကာရီမင်းကြီးအား လေသာပြူတင်းပေါက်မှ ရပ်ကြည့်စေတော်မူလျက် ဤသို့ ဆုံးမတော်မူ၏။

ဧတေ ဘုတွာ ဝမိတွာ စ၊ ပက္ကမန္တိ ဝိဟင်္ဂမာ။

ယေ စ ဘုတွာ န ဝမိံသု၊ တေ မေ ဟတ္ထတ္တမာဂတာ။

အဝမီ ဗြာဟ္မဏော ကာမေ၊ သော တွံ ပစ္စာဝမိဿသိ။

ဝန္တာဒေါ ပုရိသော ရာဇ၊ န သော ဟောတိ ပသံသိယော။ (ဇာတက၊ဋ္ဌ၊၄၊၄၉၀။)

အရှင်မင်းမြတ် ...ဤ ပညာရှိသော လင်းတတို့သည်ကား အသားများကို စားပြီးနောက် အန်ပြီးမှသာလျှင် အထက်ကောင်းကင်သို့ ပျံတက်ကြကုန်၏၊ ထိုလင်းတတို့သည် ပိုက်ကွန်၌ မငြိဘဲ အထက်ကောင်းကင်သို့ ဖြောင့် ဖြောင့်တန်းတန်း ပျံတက်နိုင်ကြကုန်၏။ သို့သော် ပညာမျက်စိကာဏ်းနေသည့် အကြင် လင်းတငမိုက်သားတို့သည် ကား အသားများကို အဝစား၍ သူတစ်ပါးတို့၏ အန်ဖတ်များကိုလည်း အဝစား၍ စားပြီးသား အစာကို အန်မထုတ်ဘဲ ကောင်းကင်သို့ ပျံတက်ကြကုန်၏။ သူတစ်ပါးတို့၏ အန်ဖတ်များကိုပါ စား၍ အလွန်လေးလံသော ခန္ဓာကိုယ်ဖြင့် ကောင်းကင်သို့ ပျံတက်ကြကုန်သော ထိုလင်းတမိုက်တို့သည်ကား ကျွန်တော်မ၏ လက်တွင်းသို့ ရောက်ရှိလာကြပါကုန်၏။

အရှင်မင်းမြတ် ...ဤဥပမာအတူပင် ပုရောဟိတ်ပုဏ္ဏားကြီးမိသားစုသည် ကာမဝတ္ထုအစုစုကို ထွေးအန် သွားတော်မူခဲ့၏။ ထိုအရှင်မင်းမြတ်သည်ကား သူတစ်ပါး၏ အန်ဖတ်ကို တစ်ဖန် စားတော်မူပြန်၏။ အရှင်မင်းမြတ် အကြင်ယောက်ျားသည် သူတစ်ပါးတို့ ထွေးအန်ပြီးသော အန်ဖတ်ကို စားလေ့ရှိ၏၊ ထိုသူတစ်ပါးတို့၏ ထွေးအန် ပြီးသော အန်ဖတ်ကို စားလေ့ရှိသော တဏှာအလိုသို့ လိုက်ပါနေသော လူမိုက်ကို ဘုရားအစရှိသော ပညာရှိ သူတော်ကောင်းတို့သည် မချီးမွမ်းအပ်ပါ --- ဤသို့ မိဖုရားကြီးက ပရိယာယ်ဖြင့် ဆိုဆုံးမတော်မူ၏။ (ဇာတက၊ဋ္ဌ၊၄၊၄၉၀။)

သို့အတွက် ပညာရှိသူတော်ကောင်းတို့သည်ကား သူတစ်ပါးတို့၏ အန်ဖတ်ကို ရိုသေစွာ ဦးထိပ်ဖြင့် ခံယူ၍ အကြီးအကျယ် မြတ်နိုးကာ ဝမ်းပန်းတသာ ဖြစ်ရမည်ကို အလွန် ရှက်နိုးတော်မူကြ၏။ ပညာရှိသူတော်ကောင်း ဟူသည် မိမိကသာ သူတစ်ပါးတို့အား စောင့်ရှောက်သင့်သည်ဟု သဘောထားတော်မူကြ၏။ ထိုကြောင့် အလောဘဓာတ်ခံ ရှိသူသည် ရဟန်းဖြစ်လျှင်မူလည်း ပစ္စည်းလာဘ်လာဘကို မက်မောခြင်း မရှိ။

လူဖြစ်ပြန်လျှင်လည်း မလွှဲသာ၍ ပစ္စည်းဥစ္စာကို ရှာဖွေနေရစေကာမူ မတရားသော နည်းလမ်းအမျိုးမျိုးဖြင့် ရှာဖွေခြင်း မရှိ၊ လောကီအာရုံ ကာမဂုဏ်ကိုလည်း လိုက်စားလေ့ မရှိ၊ ပစ္စည်းဥစ္စာကို ရှာဖွေ စုဆောင်းရာ၌လည်း ဆင်းရဲသားတို့ အပေါ်မှာ သနားညှာတာလေ့ရှိ၏၊ စွန့်ကြဲ ပေးကမ်း လှူဒါန်းလေ့ရှိ၏၊ လှူပြန်လျှင်လည်း တွန့်ဆုတ် တွန့်ဆုတ် မဟုတ်၊ မုတ္တစာဂီ = လူကောင်းသူကောင်းပီပီဖြင့် လွတ်လွတ်ကျွတ်ကျွတ် စွန့်ကြဲလေ့ရှိ၏၊ ရွှေအိမ် ရွှေနန်းကိုသော်မှလည်း ပြတ်ပြတ်တောက်တောက် တံတွေးလောက်မှ ငဲ့ကွက်တွယ်တာမှု မရှိဘဲ ရက်ရက်ကြည်ဖြူ စွန့်လွှတ်လှူ၍ ရိပ်သာပင်နန်း ကျောင်းသင်္ခမ်း၌ ရွှင်လန်းမွေ့လျော် စံပျော်နိုင်ကြပေသည်။ အထက်ပါ ဟတ္ထိပါလ ဇာတ်တွင် မိဖုရားကြီး ဆိုဆုံးမချက်ကို ကြားရသော ဧသုကာရီဘုရင်မင်းတရားကြီးသည် သူတစ်ပါး၏ အန်ဖတ်ကို စားမျိုမိသည့် မိမိ၏ ဖြစ်အင်ကို ကြည့်ကာ စိတ်မချမ်းမသာ ဖြစ်ပြီးနောက် ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လိုက်သည့်အခါ ဘုံသုံးပါးတို့သည် မီးဟုန်းဟုန်းတောက်လောင်နေသည့် ဌာနကြီးကဲ့သို့ ဉာဏ်၌ ထင်လာကာ မင်းစည်းစိမ်ကို စွန့်ကာ တောထွက်တော်မူရှာလေသည်။ အလောဘဓာတ်၏ စွမ်းအားပင်တည်း၊ ယင်းအလောဘဓာတ်က စျာန် အဘိညာဏ်ရ ရသေ့ သူတော်စဉ်ဘဝသို့ ရောက်အောင် ပို့ဆောင်ပေးတော်မူလိုက်၏။ နောက်ဆုံးဘဝတွင် သုဒ္ဓေါဒနမင်းကြီးဘဝဖြင့်ပင် ထီးဖြူအောက်၌ ပရိနိဗ္ဗာန်စံနိုင်သည့် ဘဝသို့တိုင်အောင် ယင်းကုသိုလ်တရားတို့က အဆင့်ဆင့် ကျေးဇူးပြုပေးလိုက်လေသည်။

ဤသို့လျှင် လောဘသမားနှင့် အလောဘသမားတို့သည် ကျောချင်းကပ်၍ ပြေးကြသကဲ့သို့ သဘောထား ချင်း ဝေးလှရကား မိမိကိုယ်ကို ပါရမီရှင် သူတော်စဉ်ဟု အထင်ရောက်နေကြသူတို့သည် အထက်ပါ လောဘ အကြောင်း အလောဘအကြောင်း ရှင်းလင်းချက်များကို စဉ်းစား၍ လောဘသမားလော အလောဘသမားလောဟု စစ်ကြောကြည့်သင့်လှပေသည်။ အကယ်၍ လောဘသမား ဖြစ်သည်ဟု အဖြေထွက်လျှင် သမထ ဝိပဿနာ ဘာဝနာလက်နက်ကောင်းတို့ဖြင့် ယခုဘဝမှာပင် ယင်းလောဘကို နိုင်အောင် တိုက်ဖျက်တော်မူနိုင်ကြပါစေ။ အကယ်၍ အလောဘသမား ဖြစ်သည်ဟု အဖြေထွက်လျှင်လည်း အခြေခံ အတော်ကောင်းပြီ ဖြစ်၍ ေ့ရှသို့ အဆင့်ဆင့် တိုးတက်ဖို့ရာ အဘက်ဘက်၌ သတိထားလျက် အလောဘသမားအစစ် ဖြစ်အောင် သမထ ဝိပဿနာ ဘာဝနာတို့ကို နေ့ညမစဲ လုံ့လသဲနိုင်ကြပါစေကုန်သောဝ်။

၆။ အဒေါသ

၆။ အဒေါသ

၁။ (က) အဒေါသော အစဏ္ဍိက္ကလက္ခဏော၊ ( ခ ) အဝိရောဓလက္ခဏော ဝါ၊ အနုကူလမိတ္တော ဝိယ။

၂။ (က) အာဃာတဝိနယရသော၊ ( ခ ) ပရိဠာဟဝိနယရသော ဝါ စန္ဒနံ ဝိယ၊

၃။ သောမ္မဘာဝပစ္စုပဋ္ဌာနော ပုဏ္ဏစန္ဒော ဝိယ။ (အဘိ၊ဋ္ဌ၊၁၊၁၇၁။ ဝိသုဒ္ဓိ၊၂၊၉၅။)

၁။ (က) စိတ်မခက်ထန် မကြမ်းတမ်းသည်၏ အဖြစ်ဟူသောသဘော

တစ်နည်း --- စိတ် ခက်ထန် ကြမ်းတမ်းသည်၏ အဖြစ်ဟူသော

ကောပ၏ ဆန့်ကျင်ဘက်သဘော လက္ခဏ၊

( ခ ) တစ်နည်း --- အရာရာ၌ လိုက်လျောတတ်သော မိတ်ဆွေကောင်းကဲ့သို့

မဆန့်ကျင်ခြင်းသဘော လက္ခဏ၊

၂။ (က) ရန်ငြိုးဖွဲ့မှု ဒေါသစုကို ပယ်ဖျောက်ခြင်း (ကိစ္စ) ရသ၊

( ခ ) တစ်နည်း --- စန္ဒကူးကဲ့သို့ ဒေါသအပူကို ပယ်ဖျောက်ခြင်း (ကိစ္စ) ရသ၊

၃။ စန်းလအသွင် ကြည်လင်အေးမြသော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ အာရုံ - တစ်နည်း --- ဝတ္ထု-အာရုံ-ဖဿ ဦးဆောင်သည့် သမ္ပယုတ်တရားများ ပဒဋ္ဌာန်။

လက္ခဏ --- စဏ္ဍိကဿ ဘာဝေါ စိဏ္ဍက္ကံ၊ ကောပေါ။ တပ္ပဋိပက္ခော အစဏ္ဍိက္ကံ၊ အဗျာပါဒေါ။ (မဟာဋီ၊၂၊၁၄၄။)

စိတ်ဓာတ်များ ခက်ထန် ကြမ်းတမ်းမှု ဖြစ်အောင် ပြုလုပ်ပေးသော သဘောတရားသည် စဏ္ဍိက္က မည်၏၊ တစ်နည်း --- စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းသူ ဖြစ်ကြောင်းဖြစ်ရာ သဘောတရားသည် စဏ္ဍိက္က မည်၏၊ တရားကိုယ်အားဖြင့် အမျက်ထွက်ခြင်း ကောပ = ဒေါသတရားတည်း။ ထိုအမျက်ထွက်ခြင်း ကောပ = ဒေါသတရား၏ ဆန့်ကျင်ဘက်သဘောတရားကား အဗျာပါဒ အမည်ရသော အဒေါသတရားတည်း။ သို့အတွက် အဒေါသတရား သည် စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းသူ ဖြစ်ကြောင်း အမျက်ထွက်ခြင်း ကောပတရား၏ ဆန့်ကျင်ဘက် သဘော လက္ခဏာ ရှိပေသည်။ ထိုကောပ၏ ဆန့်ကျင်ဘက်သဘောတရားဟူသည်လည်း အဗျာပါဒ = မဖျက်ဆီးလိုမှု သဘော = မေတ္တာဓာတ် သဘောတရားပင်တည်း။ ထိုကြောင့် ယင်းအဒေါသ၏ လက္ခဏာတစ်နည်းမှာ လိုက် လျောတတ်သော မိတ်ကောင်းဆွေကောင်းကဲ့သို့ မဆန့်ကျင်ခြင်းသဘောတရားပင် ဖြစ်သည်။ လိုက်လျောမှု ဟူသည် တစ်ဦးနှင့်တစ်ဦး မေတ္တာဓာတ် ကိန်းဝပ်နေသူတို့၏သာ တစ်ဦးအပေါ်တစ်ဦး ထားရှိနိုင်သော သဘောထား ဖြစ်သည်။ သို့အတွက် ဒေါသသည် မိမိ သူတစ်ပါး နှစ်ဦးသားကို ဖျက်ဆီးတတ်သကဲ့သို့ ဤအဒေါသသည် မဖျက်ဆီးတတ်ပေ။ အဒေါသသည် ဒေါသနှင့် ဖြောင့်ဖြောင့်ကြီး ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်သဖြင့် စိတ်ရော ကိုယ်ပါ မခက်ထန် မကြမ်းတမ်းခြင်း သဘောလက္ခဏာ မဆန့်ကျင်ခြင်း သဘောလက္ခဏာ ရှိပေသည်။

ရသ --- မဖျက်ဆီးလိုမှု အဗျာပါဒတရားကိုပင် အဒေါသဟု ဆိုသဖြင့် ဤအဒေါသသည် အကယ်၍ သတ္တဝါပညတ်ကို အာရုံယူ၍ ကြည်လင်အေးမြစွာ ဖြစ်နေသည့်အခါ အပ္ပမညာ ဗြဟ္မစိုရ်တရားများ၌ ပါဝင်သော မေတ္တာဟု ဆိုရပြန်လေသည်။ ထိုမေတ္တာဓာတ် ကိန်းဝပ်နေသူ၏ သန္တာန်ဝယ် အာဃာတ ရန်ငြိုးဟူသမျှသည် ငြိမ်းပျောက်ရမြဲ ဓမ္မတာ ဖြစ်သဖြင့် မေတ္တာဓာတ် မေတ္တာစျာန် အဆင့်သို့တိုင်အောင် အဆင့်မြင့်တက်လာသော အဒေါသသည် ရန်ငြိုးကို ပယ်ဖျောက်ခြင်း လုပ်ငန်းကိစ္စကို ပြုလုပ်ပေသည်။ သို့အတွက် မေတ္တာစစ်မှန်သမျှ တရားကိုယ်မှာ အဒေါသချည်းဟု မှတ်ပါ။ သို့သော် အဒေါသတိုင်းကား မေတ္တာ မဟုတ်ပေ။ သတ္တဝါပညတ်ကို အာရုံမယူဘဲ အခြား ဒါန သီလ သမထ ဝိပဿနာဆိုင်ရာ အာရုံတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာရာ၌ကား မေတ္တာ မဟုတ်၊ ထိုထို ဆိုင်ရာအာရုံတို့အပေါ်၌ စိတ်မခက်ထန် မကြမ်းတမ်းမှု အဒေါသသာတည်း။ ထိုအဒေါသ သည်လည်း --- ဂေါသိတစန္ဒကူးသည် တေဇောဓာတ် လွန်ကဲ ဖောက်ပြန်သဖြင့် ခန္ဓာကိုယ်ဝယ် ကျရောက်လာ သော လွန်ကဲသော အပူဓာတ်ကို တစ်ခဏချင်း ငြိမ်းအေးစေနိုင်သကဲ့သို့ --- စိတ်ပူ စေတသိက်ပူဟူသော အပူဓာတ်ကိုလည်းကောင်း ထိုစိတ်ပူ စေတသိက်ပူကြောင့် ကူးစက်လောင်ကျွမ်းလာသော ခန္ဓာကိုယ် ရုပ်အပူ ဓာတ်ကိုလည်းကောင်း ပယ်ဖျောက်ခြင်း ကိစ္စ ရှိပေသည်။

ပစ္စုပဋ္ဌာန် --- အဒေါသသည် ဒေါသအပူဓာတ်ကို ပယ်ဖျောက်ပေးသဖြင့် စိတ်အစဉ်တွင် အအေးဓာတ်များ ဝင်လာရကား လပြည့်ဝန်း၏ ကြည်လင်အေးမြသကဲ့သို့ အဒေါသသည် ကြည်လင်အေးမြသော သဘောတရားဟု ယင်းအဒေါသကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ ပဒဋ္ဌာန်နှင့် ပက်သက်၍ အဋ္ဌကထာများ၌ အထူးမဖော်ပြထားသဖြင့် အာရုံ စသည်ကို ပဒဋ္ဌာန် အဖြစ် ဖော်ပြထားပေသည်။

[မှတ်ချက် --- အဋ္ဌကထာများ၌ အဒေါသ၏ နောင်၌ အမောဟကို ဆက်လက် ဖွင့်ဆိုထား၏။ သို့သော် အမောဟမှာ သောဘဏစိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် မဟုတ်သဖြင့် အချို့သော ဉာဏဝိပ္ပယုတ် စိတ်များ၌ မယှဉ်သဖြင့် သင်္ဂြိုဟ်ကျမ်းတွင် သောဘဏစိတ်အားလုံးနှင့် ဆက်ဆံသည့် သောဘဏသာဓာရဏ စေတသိက်စာရင်းတွင် ထည့်သွင်း၍ မဖော်ပြဘဲ သောဘဏစေတသိက် အဖြစ်ဖြင့် သီးသန့် ဖော်ပြထားပေသည်။ သို့သော် အဋ္ဌကထာများ၌ အလောဘ အဒေါသ အမောဟတို့၏ မှတ်သားဖွယ်ရာ အကြောင်းအရာ များကို တစ်ပေါင်းတည်း စုပေါင်း၍ ရေးသားတင်ပြထားသဖြင့် ဤကျမ်းတွင်လည်း အမောဟစေတသိက်ကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်၊ သို့သော် နံပါတ်စဉ်ရာ၌ သင်္ဂြိုဟ်ကျမ်းအတိုင်း (၂၅)ဟု ဖော်ပြထား ပါသည်။]

၂၅။ အမောဟ = ပညိန္ဒြေ

၂၅။ အမောဟ = ပညိန္ဒြေ

၁။ (က) အမောဟော ယထာသဘာဝပဋိဝေဓလက္ခဏော၊

( ခ ) အက္ခလိတပဋိဝေဓလက္ခဏော ဝါ ကုသလိဿာသခိတ္တဥသုပဋိဝေဓော ဝိယ၊

၂။ ဝိသယောဘာသနရသော ပဒီပေါ ဝိယ၊

၃။ အသမ္မောဟပစ္စုပဋ္ဌာနော အရညဂတသုဒေသကော ဝိယ။ (ဝိသုဒ္ဓိ၊၂၊၉၅။)

၁။ (က) ပရမတ္ထဓမ္မတို့၏ ဟုတ်မှတ်တိုင်းသော သဘာဝလက္ခဏာ,

သာမညလက္ခဏာကို ထိုးထွင်း၍ သိခြင်းသဘော လက္ခဏ၊

( ခ ) တစ်နည်း --- ကျွမ်းကျင်သော လေးသမားသည် ပစ်လွှတ်အပ်သော

မြား၏ စူးဝင်ခြင်းကဲ့သို့ ပရမတ္ထဓမ္မအာရုံကို မချွတ်ချော်မူ၍

ထွင်းဖောက် သိမြင်ခြင်းသဘော လက္ခဏ၊

၂။ ဆီမီးကဲ့သို့ အာရုံကို ထွန်းပြခြင်း လင်းစေခြင်း (ကိစ္စ) ရသ၊

(= အာရုံကို ဖုံးလွှမ်းတတ်သော မောဟအမိုက်တိုက်ကို ပယ်ဖျောက်ခြင်း ဟူလိုသည်။)

၃။ တစ်စုံတစ်ခုသော အာရုံ၌လည်း မတွေဝေသော အခြင်းအရာအားဖြင့်

ဖြစ်ခြင်းသဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

တစ်နည်း --- အာရုံ၌ တွေဝေခြင်း သမ္မောဟ၏ ဆန့်ကျင်ဘက်၏

အဖြစ်ကြောင့် တွေဝေခြင်း ကင်းသည်၏ အဖြစ်တည်းဟူသော

အကျိုးကို ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်၊

တောလမ်းခရီး၌ ကျွမ်းကျင်သော လမ်းပြကဲ့သို့ မှတ်ပါ။

၁။ ဓမ္မသဘာဝပဋိဝေဓလက္ခဏာ ပညာ၊

၂။ ဓမ္မာနံ သဘာဝပဋိစ္ဆာဒကမောဟန္ဓကာရဝိဒ္ဓံသနရသာ၊

၃။ အသမ္မောဟပစ္စုပဋ္ဌာနာ၊

၄။ သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတီတိ ဝစနတော ပန သမာဓိ တဿာ ပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၆၈။)

၁။ ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ, သာမညလက္ခဏာဟူသော

သဘောမှန်ကို ထိုးသွင်းသိခြင်းသဘော လက္ခဏ၊

၂။ ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ, သာမညလက္ခဏာကို ဖုံးလွှမ်းတတ်သော

မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးခြင်း (ကိစ္စ) ရသ၊

၃။ ပရမတ္ထသဘာဝတို့၌ မတွေဝေသော အခြင်းအရာအားဖြင့်

ဖြစ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

၄။ တည်ကြည်သော သမာဓိရှိသောသူသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိမြင်၏ဟု

(အံ၊၃၊၂၅၉။)၌ ဘုရားရှင် ဟောတော်မူသောကြောင့် သမာဓိသည် ထိုပညာ၏ - ပဒဋ္ဌာန်။

[ဤပဒဋ္ဌာန်ကား ဝိပဿနာဉာဏ်အတွက် အထူးရည်ရွယ်ထားသည်ဟု မှတ်ပါ။ (မဟာဋီ၊၂၊၇၆။)]

အသမ္မောဟပစ္စုပဋ္ဌာန --- ဥပ္ပဇ္ဇမာနော ဧဝ ဟိ ပညာလောကော ဟဒယန္ဓကာရံ ဝိဓမေန္တော ဧဝံ ဥပ္ပဇ္ဇတိ၊ တတော ဧဝ ဓမ္မသဘာဝေသု အသမ္မုယှနာကာရေန ပစ္စုပတိဋ္ဌတီတိ အသမ္မောဟပစ္စုပဋ္ဌာနာ။ ကာရဏဘူတာ ဝါ သယံ ဖလဘူတံ အသမ္မောဟံ ပစ္စုပဋ္ဌာပေတီတိ ဧဝမ္ပိ အသမ္မောဟပစ္စုပဋ္ဌာနာ။ (မဟာဋီ၊၂၊၇၆။)

သင်္ခါရတရားတို့ကို သိမ်းဆည်းနေသော ဝိပဿနာ ရှုပွားသုံးသပ်နေသောဉာဏ်မှ ထွက်ပေါ်လာသော = ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ပညာအရောင်အလင်းသည် ဖြစ်ပေါ်လာခဲ့သည်ရှိသော် နှလုံးအိမ်၌ ရှိသော အမိုက်မှောင်ကို လွင့်စင်စေလျက် ပယ်ဖျောက်လျက်သာ ဖြစ်ပေါ်လာတတ်၏၊ ထိုကြောင့်ပင်လျှင် ပရမတ္ထဓမ္မ သဘာဝတို့၏ သဘာဝလက္ခဏာ သာမညလက္ခဏာ အာရုံတို့၌ မတွေဝေသော အခြင်းအရာအားဖြင့် ဖြစ်သော သဘောတရားဟု ယင်းပညာကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်တွင် ရှေးရှူထင်လာပေသည်။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။ တစ်နည်း --- ပရမတ္ထဓမ္မတို့၏ သဘာဝ လက္ခဏာ သာမညလက္ခဏာတို့ကို ထွင်းဖောက်သိမြင်နေသော အကြောင်းဖြစ်သော ဉာဏ်ပညာသည် မတွေဝေ စေခြင်းတည်းဟူသော အကျိုးတရားကို ရှေးရှူ ဖြစ်စေတတ်၏။ ဖလ ပစ္စုပဋ္ဌာန်တည်း။ (မဟာဋီ၊၂၊၇၆။)

ဤ မဟာဋီကာဆရာတော်၏ စကားရပ်များမှာ ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ သာမညလက္ခဏာ တို့ကို ရှုနေသောဉာဏ်၌ အရောင်အလင်းရှိကြောင်း အထောက်အထားတစ်ရပ်ပင် ဖြစ်သည်။ တစ်နည်းဆိုရသော် ယင်းဉာဏ်ကြောင့် အရောင်အလင်းများ ထွက်ပေါ်လာနိုင်ကြောင်း အထောက်အထားတစ်ရပ်ပင် ဖြစ်သည်။ အဋ္ဌသာလိနီအဋ္ဌကထာတွင် ပညာ၏ လက္ခဏ ရသ စသည်တို့ကို အောက်ပါအတိုင်းလည်း ဖွင့်ဆိုထားတော် မူ၏။

၁။ (က) ယထာသဘာဝပဋိဝေဓလက္ခဏာ ပညာ၊

( ခ ) အက္ခလိတပဋိဝေဓလက္ခဏာ ဝါ ကုသလိဿာသခိတ္တဥသုပဋိဝေဓော ဝိယ၊

၂။ ဝိသယောဘာသရသာ ပဒီပေါ ဝိယ၊

၃။ အသမ္မောဟပစ္စုပဋ္ဌာနာ အရညဂတသုဒေသကော ဝိယ။ (အဘိ၊ဋ္ဌ၊၁၊၁၆၆။)

၁။ (က) ပရမတ္ထဓမ္မတို့၏ ဟုတ်မှန်တိုင်းသော သဘာဝလက္ခဏာ

သာမညလက္ခဏာကို ထိုးထွင်းသိခြင်းသဘော လက္ခဏ၊

(ခ) တစ်နည်း ကျွမ်းကျင်သော လေးသမားသည် ပစ်လွှတ်အပ်သော မြား၏

ထိုးထွင်းခြင်းကဲ့သို့ ပရမတ္ထဓမ္မအာရုံကို မချွတ်မယွင်း ထိုးထွင်း၍ သိခြင်းသဘော - လက္ခဏ၊

၂။ ဆီမီးကဲ့သို့ ထွန်းပြခြင်း လင်းစေခြင်း (ကိစ္စ) ရသ၊

၃။ တောလမ်းခရီး၌ ကျွမ်းကျင်သောလမ်းပြကဲ့သို့ တွေဝေခြင်း

သမ္မောဟ၏ ဆန့်ကျင်ဘက် သဘောတရား ပစ္စုပဋ္ဌာန်။

ပဇာနာတီတိ ပညာ။ ကိံ ပဇာနာတိ? ဣဒံ ဒုက္ခန္တိအာဒိနာ နယေန အရိယသစ္စာနိ။ အဋ္ဌကထာယံ ပန ပညာပေတီတိ ပညာတိ ဝုတ္တံ။ ကိန္တိ ပညာပေတီတိ? အနိစ္စံ ဒုက္ခံ အနတ္တာတိ ပညာပေတိ။ သာဝ အဝိဇ္ဇာယ အဘိဘဝနတော အဓိပတိယဋ္ဌေန ဣန္ဒြိယံ၊ ဒဿနလက္ခဏေ ဝါ ဣန္ဒဋ္ဌံ ကာရေတီတိ ဣန္ဒြိယံ၊ ပညာဝ ဣန္ဒြိယံ ပညိန္ဒြိယံ။ (အဘိ၊ဋ္ဌ၊၁၊၁၆၅။)

ဤကား ဒုက္ခသစ္စာ စသည်ဖြင့် အရိယသစ္စာ (၄)ပါးတို့ကို ကွဲကွဲပြားပြား သိတတ်သောကြောင့် ပညာ မည်၏။ (စတုသစ္စသမ္မာဒိဋ္ဌိတည်း။) ရှေးမဟာအဋ္ဌကထာ၌ကား --- အနိစ္စ-ဒုက္ခ-အနတ္တ --- ဟု ကွဲကွဲပြားပြား သိစေတတ်သောကြောင့် ပညာ မည်၏ဟု ဖွင့်ဆိုထားပေသည်။ ထိုပညာသည်ပင် သစ္စာလေးချက် သဘောနက်ကို ဖုံးလွှမ်း ကာကွယ်တတ်သော သိခွင့် မပေးတတ်သော အဝိဇ္ဇာကို လွှမ်းမိုး ဖိစီးနိုင်သည့်အတွက် အကြီးအကဲ၏ အဖြစ်ဟူသော အနက်သဘောကြောင့် ဣန္ဒြေလည်း မည်၏။ တစ်နည်း --- သစ္စာလေးချက် သဘောနက်ကို ပြက်ပြက်ထင်ထင် သိမြင်သည့် ဒဿနလက္ခဏာအရာ၌ သမ္ပယုတ်တရားတို့ကို မိမိအစိုးရသူ၏ အဖြစ်ကို ပြုစေ တတ်သောကြောင့် ဣန္ဒြေ မည်၏။ ထိုကြောင့် ပညာသည်ပင် ဣန္ဒြေ မည်ရကား ပညိန္ဒြေ ဟူလိုသည်။

သာ ပနေသာ ဩဘာသနလက္ခဏာ စ ပညာ, ပဇာနနလက္ခဏာ စ။ (အဘိ၊ဋ္ဌ၊၁၊၁၆၅။)

ဩဘာသနလက္ခဏာ --- နံရံလေးဘက် ကာရံထားသော အိမ်၌ ညဉ့်အခါ ဆီမီးကို ညှိထွန်းအပ်သည်ရှိသော် ပကတိမျက်စိကို ကာဏ်းအောင် ပြုလုပ်တတ်သော အမိုက်မှောင်သည် ချုပ်ပျောက်ရသကဲ့သို့ အရောင်အလင်း သည် ထင်ရှားဖြစ်ပေါ်လာရသကဲ့သို့ ဤဥပမာအတူပင်လျှင် ပညာသည် ပရမတ္ထဓမ္မအာရုံကို တစ်နည်း အရိယ သစ္စာလေးပါးတည်းဟူသော အာရုံကို ထင်ထင်ရှားရှား ကွဲကွဲပြားပြား ဂဃနဏ သိအောင် ထွန်းလင်းပြခြင်း ဩဘာသနလက္ခဏာ ရှိပေသည်။

ပညောဘာသသမော ဩဘာသော နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၁၊၁၆၆။)

ပညာအရောင်အလင်းနှင့် တူသော အရောင်အလင်းမည်သည် မရှိပေ။ မှန်ပေသည် --- ဝိပဿနာဉာဏ် ပညာ ရှိသော ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံနေသော ပုဂ္ဂိုလ်သည် တစ်ခုတည်းသော ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် ထိုင်နေလတ်သော် (= တစ်ကြိမ်လောက်ထိုင်၍ ဝိပဿနာတရားကို ရှုပွား နှလုံးသွင်းခဲ့သော်) တစ်သောင်းသော လောကဓာတ်သည် တစ်ခုတည်းသော အရောင်အလင်း ရှိနိုင်၏ = လောကဓာတ်တိုက်ပေါင်း တစ်သောင်းလုံး သည် တစ်ဆက်တည်း လင်းနေနိုင်ပေသည်။ (ဥပက္ကိလေသ အရောင်အလင်းမျိုးကို အထူး ညွှန်း၍ ဆိုသည် မှတ်ပါ။) (အဘိ၊ဋ္ဌ၊၁၊၁၆၅-၁၆၆။)

ထိုကြောင့် အရှင်နာဂသေန မထေရ်သည် ဤသို့ မိန့်ဆိုထားတော်မူ၏ --- ဒါယကာတော် မဟာရာဇ ယောကျ်ားတစ်ဦးသည် အမိုက်မှောင်အတိဖြစ်နေသော အိမ်ထဲ၌ ဆီမီးကို သွင်းယူသွားလေရာ၏၊ သွင်းအပ်ပြီး သော ဆီမီးသည် အမိုက်မှောင်ကို ဖျက်ဆီးသကဲ့သို့, အရောင်အလင်းကို ဖြစ်စေသကဲ့သို့, အလင်းရောင်ကို ထင်ရှားပြသကဲ့သို့, ရူပါရုံ အမျိုးမျိုးတို့ကို ထင်ရှားအောင် ပြုသကဲ့သို့ --- ဒါယကာတော် မဟာရာဇ ...ဤဥပမာ အတူပင်လျှင် ပညာသည် ဖြစ်ပေါ်လာလတ်သော် ---

၁။ အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်ကို ဖျက်ဆီးပစ်၏၊

၂။ ဝိဇ္ဇာတည်းဟူသော အရောင်ကို ဖြစ်စေ၏၊

၃။ ဉာဏ်တည်းဟူသော အလင်းရောင်ကို ထင်ရှားပြ၏၊

၄။ အရိယသစ္စာတို့ကို ထင်ရှားအောင် ပြုလုပ်၏။

ဤသို့လျှင် ဒါယကာတော် မဟာရာဇ ...ပညာသည် ပရမတ္ထဓမ္မအာရုံကို = အရိယသစ္စာလေးပါးတည်း ဟူသော အာရုံကို ထင်ထင်ရှားရှား ကွဲကွဲပြားပြား ဂဃနဏ သိအောင် ထွန်းလင်းပြခြင်း ဩဘာသနလက္ခဏာ ရှိပေသည်။ (မိလိန္ဒ၊၃၈။ အဘိ၊ဋ္ဌ၊၁၊၁၆၆။)

ပဇာနနလက္ခဏာ --- ကျွမ်းကျင်သော ဆေးဆရာ သမားတော်သည် ရောဂါသည် လူနာတို့အား လျောက် ပတ်သည့် အစားအစာ, မလျောက်ပတ်သည့် အစားအစာတို့ကို ကွဲကွဲပြားပြား သိသကဲ့သို့ အလားတူပင် ပညာ သည် ဖြစ်ပေါ်လာလတ်သော် ---

၁။ ဤကား ကုသိုလ်တရား,

၂။ ဤကား အကုသိုလ်တရား,

၃။ ဤကား မှီဝဲအပ်သောတရား,

၄။ ဤကား မမှီဝဲအပ်သောတရား,

၅။ ဤကား ယုတ်ညံ့သောတရား,

၆။ ဤကား မြင့်မြတ်သောတရား,

၇။ ဤကား မဲညစ်သောတရား,

၈။ ဤကား ဖြူစင်သောတရား,

၉။ ဤကား တူသော အဖို့ဘာဂရှိသောတရား,

၁၀။ ဤကား မတူသော အဖို့ဘာဂရှိသောတရား,

၁၁။ ဤကား ဒုက္ခအရိယသစ္စာတရား,

၁၂။ ဤကား သမုဒယအရိယသစ္စာတရား,

၁၃။ ဤကား နိရောဓအရိယသစ္စာတရား,

၁၄။ ဤကား မဂ္ဂအရိယသစ္စာတရား --- ဟု

ဓမ္မ အမည်ရသည့် တရားတို့ကို ကွဲကွဲပြားပြား ခွဲခြား စိတ်ဖြာ၍ သိတတ်၏။ ထိုကြောင့် ပညာသည် ထိုထို ပရမတ္ထဓမ္မတို့ကို ကွဲကွဲပြားပြား ခွဲခြား စိတ်ဖြာ၍ သိခြင်း = ပဇာနနလက္ခဏာလည်း ရှိပေသည်။

ထိုကြောင့် ဓမ္မသေနာပတိ = တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် ငါ့ရှင် မဟာကောဋ္ဌိက ...အကြင်အကြောင်းကြောင့် ပညာသည် ကွဲကွဲပြားပြား သိတတ်၏၊ ထိုကြောင့် ပညာ ဟူ၍ ခေါ်ဆိုအပ်၏၊ အဘယ်တရားကို ကွဲကွဲပြားပြား သိလေသနည်း? --- ဤကား ဒုက္ခသစ္စာတည်းဟု ကွဲကွဲ ပြားပြား သိ၏ --- ဤသို့စသည်ဖြင့် အကျယ်ချဲ့ပါလေ။ ဤသို့လျှင် ထိုပညာ၏ သစ္စာလေးပါးတည်းဟူသော ပရမတ္ထဓမ္မအာရုံကို ကွဲကွဲပြားပြားသိမှု = ပဇာနနလက္ခဏာ ရှိသည်၏ အဖြစ်ကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၁၆၅-၁၆၆။ မ၊၁၊၃၆၆-မဟာဝေဒလ္လသုတ်။)

ယထာသဘာဝပဋိဝေဓလက္ခဏာ = ဓမ္မသဘာဝပဋိဝေဓလက္ခဏာ --- ပညာသည် အရိယသစ္စာလေးပါး တို့ဖြင့် သိမ်းကျုံးရေတွက်အပ်သော စိတ်-စေတသိက်-ရုပ်-နိဗ္ဗာန်ဟူသော ပရမတ္ထဓမ္မတို့၏ ဟုတ်မှန်တိုင်းသော သဘာဝလက္ခဏာကိုလည်း ဟုတ်တိုင်းမှန်စွာ သိ၏၊ ဥပါဒါနက္ခန္ဓာဟူသော လောကီ စိတ် စေတသိက် ရုပ်တရား = ဒုက္ခသစ္စာတရား, ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ်တည်းဟူသော သမုဒယသစ္စာတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက် အသုဘအချက်တည်းဟူသော သာမညလက္ခဏာကိုလည်း သိ၏။ ထိုသို့ သိရာ၌ နိဗ္ဗာန်တရားတော်မြတ်ကြီး၏ သန္တိလက္ခဏာသဘာဝကို ဆိုက်အောင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် အရောက် ထွင်းဖောက်၍ သိပါက သစ္စာလေးပါးလုံးကိုပင် သိမှု ပြီးစီးသွားပြီ ဖြစ်ပေ၏။ ထိုကြောင့် ပရမတ္ထဓမ္မသဘာဝ တို့၏ သဘာဝလက္ခဏာနှင့် သာမညလက္ခဏာကို သိမှုသည် သစ္စာလေးပါးကို သိမှုနှင့် သဘောတူသည်ဟု မှတ်ပါ။

အက္ခလိတပဋိဝေဓလက္ခဏာ --- ကျွမ်းကျင်သော လေးသမားသည် ပစ်လွှတ်အပ်သော မြားသည် သားမြီးဖျား စသည့် ပစ်မှတ်ကို မချွတ်မယွင်း မလွဲမချော် တည့်တည့်မတ်မတ် ထိုးဖောက်စူးဝင်သကဲ့သို့ ပညာသည် လည်း ပရမတ္ထဓမ္မတည်းဟူသော သစ္စာလေးပါးအာရုံကို ဟုတ်မှန်သည့်အတိုင်း မချွတ်မယွင်း မလွဲမချော် တည့်တည့်မတ်မတ် မှန်မှန်ကန်ကန် ထွင်းဖောက်သိမြင်ခြင်း သဘောလက္ခဏာလည်း ရှိပေသည်။ (ပညာ၏ သဘာဝလက္ခဏာကို ပေါ်လွင်အောင် နည်းအမျိုးမျိုးဖြင့် ဖွင့်ပြခြင်းသာ ဖြစ်သည်။ လိုရင်းအဓိပ္ပါယ်မှာ သိပ်မကွာခြားလှဟု မှတ်ပါ။)

ရသ --- ပကတိသော ဆီမီးသည် ထွန်းညှိလိုက်သည် ရှိသော် နံရံလေးဘက် ကာရံထားသော တိုက်ခန်း အတွင်း၌ တည်ရှိသော စားပွဲ ကုတင်စသည် ထိုထို အရာဝတ္ထုတို့ကို မျက်စိအမြင် ရှိသော ယောကျ်ားသည် ကွဲကွဲပြားပြား တွေ့မြင်နိုင်သကဲ့သို့ ထို့အတူ ပညာသည် အရောင်အလင်းကို ဖြစ်ပေါ်စေခဲ့သော် ထိုပညာ အရောင်အလင်းဖြင့် ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ သာမညလက္ခဏာကို ခွဲခြားစိတ်ဖြာ၍ ကွဲကွဲပြားပြား သိနိုင်လေသည်။ ပညာအရောင်အလင်း မရှိက ရုပ်ကလာပ် နာမ်ကလာပ်များကို ခွဲခြားစိတ်ဖြာ၍ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ထွင်းဖောက်သိမြင်ရေးသည်ပင် မလွယ်ကူလှပေ။ သစ္စာလေးပါးလုံးကို နိဗ္ဗာန်တည်း ဟူသော ထိုမှာဘက်ကမ်းသို့ အရောက် တစ်ဘက်ကမ်းခတ်အောင် သိရှိရေးမှာကား ပို၍ပင် ဝေးနေမည် ဖြစ်သည်။ အဝိဇ္ဇာက အာရုံ၏ သဘောမှန်ကို မသိနိုင်အောင် မှောင်ချထားသကဲ့သို့ ဖြစ်၏။ ဤပညာက နှလုံးအိမ်အတွင်း၌ ကျရောက်နေသော ဟဒယန္ဓကာရ ခေါ်ဆိုသည့် အမိုက်မှောင်ကို ပယ်ဖျောက်လျက် အာရုံ၏ သဘောမှန်ကို ထင်ရှားလာအောင် အလင်းရောင် ပြပေးနေသကဲ့သို့ ဖြစ်၏။ ရုပ်နာမ်ကြောင်း-ကျိုး သင်္ခါရတရားတို့ကို ကွဲကွဲ ပြားပြား ခွဲခြားစိတ်ဖြာ၍ သိအောင် အလင်းရောင်ဖြင့် ထွန်းဆောင်ပြနေပေသည်၊ ပညာ၏ လုပ်ငန်းကိစ္စပင် ဖြစ်သည်။

တစ်နည်း --- ပညာသည် မိမိ၏ အရောင်အလင်းဖြင့် = မိမိကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းဖြင့် ပရမတ္ထဓမ္မအာရုံကို ကွဲကွဲပြားပြား ခွဲခြားစိတ်ဖြာ၍ သိအောင် ထွန်းပြသဖြင့် ပရမတ္ထဓမ္မအာရုံကို မသိအောင် ဖုံးကွယ်တတ်သော မောဟအမိုက်တိုက်ကို ဖျက်ဆီးပြီးလည်း ဖြစ်သွား၏။ ပကတိသော ဆီမီးသည် ဖြစ်ပေါ်ခဲ့သော် အမိုက်မှောင်ကို ဖျက်ဆီးလျက် အရောင်အလင်းကို ထင်ရှားပြသကဲ့သို့ ဖြစ်စေသကဲ့သို့ ပညာသည်လည်း ဖြစ်ပေါ် ခဲ့သော် အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်ကို ဖျက်ဆီးလျက် ပညာအရောင်အလင်းကို ဖြစ်စေ၏၊ အရိယသစ္စာ တို့ကိုလည်း ထင်ရှားအောင် ပြုလုပ်ပေး၏။ ထိုကြောင့် ပညာသည် အဝိဇ္ဇာအမိုက်မှောင်ကို ဖျက်ဆီးခြင်းကိစ္စ လည်း ရှိ၍ ပညာအရောင်အလင်းကို ထွန်းပြခြင်းကိစ္စလည်း ရှိပေသည်။

အသမ္မောဟပစ္စုပဋ္ဌာန် --- တောလမ်းခရီး၌ ကျွမ်းကျင်သော ယောကျ်ားကဲ့သို့ သစ္စာလေးပါတည်းဟူသော နက်နဲလှသော တောအုပ်အတွင်း၌ တွေဝေတတ်သော သမ္မောဟတရား = အဝိဇ္ဇာတရား၏ ဆန့်ကျင်ဘက် သဘောတရား ဖြစ်၍ ထိုသစ္စာလေးပါးတည်းဟူသော တောအုပ်အတွင်း၌ နိဗ္ဗာန်တည်းဟူသော လိုရာခရီးဆုံးသို့ ရောက်သည့်တိုင်အောင် မတွေမဝေ သွားတတ်သော သဘောတရားဟု ဝိပဿနာဉာဏ်ဖြင့် ယင်းပညာကို သိမ်း ဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ တစ်နည်း --- တွေဝေခြင်း မရှိခြင်း သဘောကို ရှေးရှူ ဖြစ်စေတတ်၏။

ပဒဋ္ဌာန် --- ဥပစာရသမာဓိ အပ္ပနာသမာဓိဟု နှစ်မျိုးပြားသော သမာဓိ, ထိုသမာဓိတို့ကို အခြေခံ၍ ဖြစ် ပေါ်လာသော ခဏိကသမာဓိ အမည်ရသော ဝိပဿနာသမာဓိသည် ဉာဏ်ပညာ ဖြစ်ဖို့ရန် အနီးကပ်ဆုံး အကြောင်းတရား ဖြစ်ပေသည်။ ဤပဒဋ္ဌာန်မှာ ဝိပဿနာပိုင်းကိုသာ အထူး ရည်ရွယ်ထားကြောင်းကို အထက်ထွင် ဖော်ပြခဲ့ပြီး ဖြစ်၏။

ကျန် ဒါန သီလ သမထဆိုင်ရာ အာရုံတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ပညာ၏ ပဒဋ္ဌာန်မှာ ထိုဒါန သီလ သမထဆိုင်ရာ အာရုံများပင် အသီးအသီး ဖြစ်ဖွယ်ရာ ရှိပေသည်။ တစ်နည်း --- ယောနိသောမနသိကာရ သည်ပင် ပဒဋ္ဌာန် ဖြစ်သင့်ပေသည်။

မူလအမည်ရပုံ

မူလအမည်ရပုံ

တယောပိ စေတေ သဗ္ဗကုသလာနံ မူလဘူတာတိ ဒဋ္ဌဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၉၅။)

သဗ္ဗကုသလာနံ မူလဘူတာတိ သဗ္ဗေသံ စတုဘူမကကုသလဓမ္မာနံ သုပ္ပတိဋ္ဌိတဘာဝသာဓနေန ပတိဋ္ဌာဘူတာ၊ န တေသံ ကုသလဘာဝသာဓနေန။ (မဟာဋီ၊၂၊၁၄၄။)

အလောဘ အဒေါသ အမောဟဟူသော ဤတရားသုံးပါးတို့ကို ခပ်သိမ်းကုန်သော ကုသိုလ်တရားမှန်သမျှ တို့၏ အရင်းအမြစ် မူလတရားတို့ဟူ၍ မှတ်သားပါလေ။ (ဝိသုဒ္ဓိ၊၂၊၉၅။)

အလောဘ အဒေါသ အမောဟဟူသော ဤတရားသုံးပါးတို့သည် ခပ်သိမ်းကုန်သော ကုသိုလ်တရားတို့၏ အရင်းအမြစ် မူလတရားများ ဖြစ်ကြ၏ဟု ဆိုရာဝယ် ခပ်သိမ်းကုန်သော ကာမ ရူပ အရူပ လောကုတ္တရာတည်း ဟူသော ဘုံလေးပါးအတွင်း၌ ရှိသော စတုဘူမက ကုသိုလ်တရားမှန်သမျှတို့၏ ကောင်းစွာ တည်တံ့သည်၏ အဖြစ်ကို ပြီးစေသောအားဖြင့်သာ တည်ရာ ဖြစ်ကြသည်။ ထိုစတုဘူမက ကုသိုလ်တရားတို့၏ ကုသိုလ်အဖြစ်ကို ပြီးစေသောအားဖြင့် တည်ရာဖြစ်ကြသည်ကား မဟုတ်ဟု မှတ်ပါ။ ကုသိုလ်ဖြစ်မှုကား ကုသလမူလနှင့် မစပ်၊ အကုသိုလ် ဖြစ်မှုကား အကုသလမူလနှင့် မစပ်။ ကုသိုလ်ဖြစ်မှုသည် ယောနိသောမနသိကာရနှင့်သာ စပ်သည်။ အကုသိုလ်ဖြစ်မှုသည် အယောနိသောမနသိကာရနှင့်သာ စပ်သည်။ ကုသိုလ်တရားတို့သည် ယောနိသောမနသိကာရကို အခြေခံ၍ ဖြစ်ပေါ်လာရာဝယ် ထိုကုသိုလ်တရားတို့၏ အဓွန့်ရှည်စွာ ကောင်းစွာ တည်တံ့အောင် အဆက်မပြတ် ဆက်လက်၍ ဖြစ်ပေါ်လာအောင် အလောဘ အဒေါသ အမောဟ မူလတရား သုံးပါးတို့က ဆက်လက်၍ တာဝန်ယူကာ ဆောင်ရွက်ပေးကြသည်။ အကယ်၍ အသင် ယောဂီသူတော်ကောင်းသည် ယောနိသောမနသိကာရကို အခြေခံ၍ ဝိပဿနာတရား ကျင့်သုံးသဖြင့် ဒုက္ခသစ္စာ အမည်ရသော အတိတ် အနာဂတ် ပစ္စုပ္ပန် စသည်ဖြင့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော ဒုက္ခ သစ္စာတရား, ယင်းဒုက္ခသစ္စာတရားစု၏ အကြောင်းရင်းစစ် ဖြစ်သော သမုဒယသစ္စာတရား, ထိုနှစ်မျိုးသော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ ခဏမစဲ တသဲသဲ ပြိုပြိုပျက်ပျက် ပျောက်ပျောက်နေသည့် ခယဝယဘေဒနိရောဓဟူသော လောကီနိရောဓသစ္စာတရား, ခဏိကနိရောဓသစ္စာ အမည်ရသော ထိုဒုက္ခသစ္စာ သမုဒယ သစ္စာ တရားနှစ်ပါးတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ထွင်းဖောက်သိမြင်နေသော လောကီ မဂ္ဂသစ္စာတရား --- ဤလောကီသစ္စာလေးပါးတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်း ဖောက်သိမြင်ခဲ့သည် ဖြစ်အံ့၊ ထိုသမ္မာဒိဋ္ဌိကား အမောဟကုသလမူလတရားပင် ဖြစ်၏။ အလောဘ အဒေါသ တရားတို့နှင့်လည်း ယှဉ်တွဲလျက် ရှိသော အမောဟ = သမ္မာဒိဋ္ဌိ ကုသလမူလတရားသည် နောက်ထပ် အကြိမ်များ စွာ ထို လောကီသစ္စာလေးပါးကို သိရန် အကြောင်းရင်း မူလတရား ဖြစ်၏၊ နောက်ထပ် ယင်း လောကီသစ္စာ လေးပါးကို သိသည့် သမ္မာဒိဋ္ဌိ ဦးဆောင်သည့် ကုသိုလ်တရားတို့ကို ကောင်းစွာ တည်တံ့မှု အကြိမ်များစွာ ထပ် ကာထပ်ကာ ဖြစ်မှုကို ပြီးစေနိုင်၏။ ယင်းသို့ ပြီးစေနိုင်မှုမျိုးကိုပင် မူလတရားဟု ဆိုသည် မှတ်ပါ။

သစ်ပင်ကို ဖြစ်ပေါ်စေတတ်သော အကြောင်းရင်း တရားများမှာ မျိုးစေ့ စသော အကြောင်းတရားများ ဖြစ်ကြ၏၊ ယင်းမျိုးစေ့ စသော အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာရသော သစ်ပင်၏ စည်ပင် ပြန့်ပွားရေး ဆက်လက်တည်တံ့ရေးအတွက် သစ်ပင်၏ အမြစ်သည် လွန်စွာ ကျေးဇူးများ၏၊ သစ်မြစ်သည် သစ်ပင်၏ တည်ရာ ဖြစ်မှုကို ပြီးစေလျက် သစ်ပင်၏တည်ရာ ဖြစ်သကဲ့သို့ ကုသလမူလတရား သုံးပါးတို့သည်လည်း ကုသိုလ်တရားတို့၏ ကောင်းစွာ တည်တံ့ရေး စည်ပင် ပြန့်ပွားရေးအတွက် တည်ရာအဖြစ်ဖြင့် ကျေးဇူးပြုပေးကြသည်။ ယင်းသို့ ကျေးဇူး ပြုမှုကိုပင် ရည်ရွယ်တော်မူ၍ ---

ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (အဘိ၊၈၊၁၊၊)

= ဟိတ် (၆)ပါးတရားတို့သည် ဟိတ်နှင့်ယှဉ်သော သမ္ပယုတ်တရားတို့အားလည်းကောင်း, ယင်းဟိတ် အဝင် အပါ စိတ်စေတသိက်တို့ကြောင့် ဖြစ်သော စိတ္တဇရုပ်တို့အားလည်းကောင်း ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ ဟု ဘုရားရှင် ဟောတော်မူခြင်း ဖြစ်သည်။

ကုသလမူလတရားတို့၏ မှတ်သားဖွယ်ရာများ

ကုသလမူလတရားတို့၏ မှတ်သားဖွယ်ရာများ

အဋ္ဌသာလိနီအဋ္ဌကထာ (၁၇၁ မှ ၁၇၃) တိုင်အောင် ကုသလမူလတရားများနှင့် ဆက်စပ်၍ မှတ်သား ဖွယ်ရာများကို ဖွင့်ဆိုထား၏၊ ဤတွင် ယင်းအဖွင့်များ၏ ဆိုလိုရင်းသဘောကို ဆက်လက်၍ တင်ပြအပ်ပါသည်။

ဤကုသလမူလတရား သုံးပါးတို့တွင် အလောဘသည် မပေးရက်လို ဝန်တိုခြင်းဟူသော မစ္ဆေရအညစ်အကြေး၏ ထိပ်တိုက်ဆန့်ကျင်ဘက်တည်း။ ယင်း မစ္ဆေရအညစ်အကြေးကို အားကောင်းနေသော အလောဘက ပယ်သတ်နိုင်၏ အနိုင်ယူနိုင်၏။ တစ်ဖန် များစွာသော သီလပျက်စီးမှုသည် ဒေါသ အရင်းခံလျက် ရှိတတ်၏။ များသောအားဖြင့် လောဘ ပြဓာန်းသော အဒိန္နာဒါန ဒုဿီလျ အမှုသော်မှ တစ်ရံတစ်ခါ ဥစ္စာရှင်ကို မုန်းတီးမှု ဒေါသ အရင်းခံလျက် ရှိတတ်သေး၏၊ ထိုကြောင့် အဒေါသသည် သီလပျက်စီးမှု = ဒုဿီလျ အညစ်အကြေး၏ ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်သည်။ အဒေါသသည် ဒုဿီလျအမှုကို ပယ်နိုင်၏ ဟူလိုသည်။ တစ်ဖန် အမောဟ သည် ကုသိုလ်တရားတို့ကို မဖြစ်စေကြောင်း မတိုးပွားစေကြောင်း ဖြစ်သော ဘာဝနာလုပ်ငန်းရပ်တို့၏ ဆန့်ကျင်ဘက် ဖြစ်သော အဝိဇ္ဇာနီဝရဏ အမည်ရသော မောဟ၏ ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်၏။ သစ္စာလေးပါးကို ဖုံးလွှမ်းတတ်သော မသိမှုမောဟကို သစ္စာလေးပါးကို ထိုးထွင်းသိတတ်သော အမောဟက ပယ်သတ်နိုင်၏ ဟူ လိုသည်။ အလောဘသည် ဒါန၏အကြောင်း အဒေါသသည် သီလ၏အကြောင်း, အမောဟသည် ဘာဝနာ၏ အကြောင်း ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၁၊၁၇၁။)

တစ်ဖန် ထိုဟိတ်သုံးပါးတို့တွင် လောဘကြီးသူသည် မိမိနှင့်စပ်သော ဂုဏ်မရှိသူအပေါ်၌ ဂုဏ်ကိုယူခြင်း ဂုဏ်ရှိသလို ပြောဆိုခြင်းဖြင့် အပိုအလွန် ဖြစ်သော ဂုဏ်ကို ယူတတ်သောကြောင့် လောဘ၏ ဆန့်ကျင်ဘက် အလောဘကြောင့် အပိုအလွန် ဖြစ်သော ဂုဏ်ကို မယူတတ်ပေ။ တစ်ဖန် ဒေါသကြီးသူသည် မိမိမုန်းသူ၌ ထင် ရှားရှိနေသော ဂုဏ်ကိုပင် ချေဖျက်၍ ဂုဏ်မရှိသူဟု ပြောဆိုခြင်းဖြင့် ယုတ်လျော့သော ဂုဏ်ကို ယူတတ်သော သဘောရှိသောကြောင့် ယင်းဒေါသ၏ ဆန့်ကျင်ဘက် အဒေါသကြောင့် သူတစ်ပါးအပေါ်၌ ယုတ်လျော့သော ဂုဏ်ကို မယူတတ်ပေ။ တစ်ဖန် မောဟကြီးသူသည် သင်္ခါရအာရုံကို နိစ္စ သုခ အတ္တ သုဘဟု ဖောက်ဖောက်ပြန်ပြန် ယူတတ်သောကြောင့် = ဖောက်ဖောက်ပြန်ပြန် အသိမှားနေသောကြောင့် မောဟ၏ ဆန့်ကျင်ဘက် ဖြစ်သော အမောဟကြောင့် သင်္ခါရအာရုံကို နိစ္စ သုခ အတ္တ သုဘဟု ဖောက်ဖောက်ပြန်ပြန် မယူပေ၊ ဖောက်ဖောက်ပြန်ပြန် အသိမမှားပေ။ (အဘိ၊ဋ္ဌ၊၁၊၁၇၁။)

တစ်ဖန် အာရုံ၌ ငြိကပ်မှု တွယ်တာမှု သဘောမရှိသည့် အလောဘကြောင့် မိမိ၌ ထင်ရှားရှိနေသော အပြစ်ကို အပြစ်အားဖြင့် ဆောင်ရွက် မှတ်သားလျက် အပြစ်၌ ဖြစ်တတ်၏ = အပြစ်ဟု ဝန်ခံတတ်၏၊ အပြစ်အား လျော်စွာ နောင်အခါ၌ စောင့်စည်းပါမည်ဟူသော ဝန်ခံချက် စိတ်ဓာတ်ဖြင့် ကုစားတတ်၏။ မှန်ပေသည် လောဘကြီးသူကား ငါ့အပြစ် ငါ့ဟာဟု စွဲလမ်းချက် အားကြီးသဖြင့် အပြစ်ကို ဖုံးကွယ်ထားတတ်သောသဘော ရှိပေ သည်။ တစ်ဖန် အဒေါသကြောင့် သူတစ်ပါး၌ ထင်ရှားရှိသော ဂုဏ်ကျေးဇူးကို ဂုဏ်ကျေးဇူးဟု အသိအမှတ်ပြုကာ စိတ်ထဲ၌ ဆောင်ထားလျက် သူတစ်ပါးဂုဏ်ကျေးဇူး၌ ဖြစ်တတ်၏ = အသိအမှတ်ပြုတတ်၏။ မှန်ပေသည် ဒေါသ ကြီးသူကား သူတစ်ပါး၏ ဂုဏ်ကျေးဇူးကို ချေဖျက်တတ်၏၊ မချီးမွမ်းလို၊ အပြစ်ကိုသာ ရှာကြံ၍ ပြောဆိုတတ်၏။ တစ်ဖန် အမောဟကြောင့် --- ဤမျှသည် ထိုသူ၏ ဂုဏ်တည်း၊ ဤမျှသည် ထိုသူ၏ အပြစ်တည်း --- ဟု ဂုဏ်နှင့် အပြစ်တို့၏ မဖောက်မပြန် ဟုတ်မှန်သောသဘောကို မဖောက်မပြန် ဟုတ်မှန်သောသဘောအားဖြင့် အသိအမှတ်ပြုကာ စိတ်၌ဆောင်ထား မှတ်သားထားလျက် မဖောက်မပြန် ဟုတ်မှန်သော သဘော၌ ဖြစ်တတ်၏၊ အမှန်အတိုင်း သိတတ်၏၊ အမှန်၌ ရပ်တည်နေတတ်၏။ မှန်ပေသည် အပြစ်ရှိသည်ကို အပြစ်ရှိသည်ဟုပင် မသိနိုင်အောင် မမြင်နိုင်အောင် အမှောင်ထုကြီးမားနေသော မောဟကြီးသူကား အမှန်ကို မမှန်ဟု, မမှန်ကိုလည်း အမှန်ဟု ယူတတ်၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၁။)

တစ်ဖန် အလောဘကြောင့် ချစ်အပ်သော သတ္တဝါသင်္ခါရတို့နှင့် ကွေကွင်းရခြင်းကြောင့် ဖြစ်သော ဆင်းရဲ ဒုက္ခမျိုး မဖြစ်နိုင်၊ အကြောင်းမူ - လောဘရမ္မက် ငန်းငန်းတက်နေသူ၏ သန္တာန်၌သာ ချစ်ခြင်းသဘော ရှိသော ကြောင့်, ချစ်အပ်သော သတ္တဝါသင်္ခါရတို့နှင့် ကွေကွင်းရခြင်းကြောင့် ဖြစ်သော ဆင်းရဲဒုက္ခမျိုးကိုလည်း သည်း မခံနိုင်ခြင်းကြောင့် ဖြစ်သည်။ တစ်ဖန် အဒေါသကြောင့် မချစ်အပ်သော သတ္တဝါသင်္ခါရတို့နှင့် အတူတကွ ယှဉ်တွဲ နေထိုင်ရခြင်းကြောင့် ဖြစ်သော ဆင်းရဲဒုက္ခမျိုးသည် မဖြစ်နိုင်။ အကြောင်းမူ - ဒေါသကြီးသူ၏ သန္တာန်၌သာ တစ်ဖက်သားကို မုန်းတီးခြင်းသဘော ရှိသောကြောင့် မချစ်မနှစ်သက်အပ်သော သတ္တဝါသင်္ခါရတို့နှင့် အတူတကွ ယှဉ်တွဲ နေထိုင်ရခြင်းကြောင့် ဖြစ်သော ဆင်းရဲဒုက္ခမျိုးကိုလည်း သည်းမခံနိုင်သောကြောင့် ဖြစ်သည်။ တစ်ဖန် အမောဟကြောင့် အလိုရှိအပ်သော သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုကို မရရှိခြင်းကြောင့် ဖြစ်သော ဆင်းရဲဒုက္ခ မျိုးသည် မဖြစ်နိုင်။ ပရမတ္ထဓမ္မ သဘာဝမှန်ကို အမှန်အတိုင်း သိမြင်နေသော မတွေဝေသော ပုဂ္ဂိုလ်သည် --- ဤအိုခြင်းသဘောရှိသော တရား၌ ထိုမအိုပါစေနှင့်ဟူသော တောင့်တသည့်အတိုင်း ဖြစ်ခြင်းသဘောတရားကို အဘယ်မှာ ရနိုင်ပါအံ့နည်း --- ဤသို့စသည်ဖြင့် ဆင်ခြင်လေ့ရှိသောကြောင့် အလိုရှိအပ်သော ဝတ္ထုကို မရသည့် အတွက် ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ဒုက္ခမျိုးသည် မဖြစ်တော့ပေ။ (အဘိ၊ဋ္ဌ၊၁၊၁၇၁။)

တစ်ဖန် အလောဘကြောင့် ထိုထိုဘုံဘဝ၌ ပဋိသန္ဓေ တည်နေရခြင်း ဇာတိဒုက္ခ မဖြစ်နိုင်၊ အလောဘသည် လောဘ = တဏှာ၏ ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်ရကား ဇာတိဒုက္ခဟူသည်လည်း ထိုထိုဘုံဘဝ ထိုထိုခန္ဓာကိုယ် ထိုထိုအာရုံကို လိုလားတောင့်တသည့် တဏှာ အရင်းခံသည့် ကံကြောင့်သာ ဖြစ်နိုင်သောကြောင့် တဏှာ၏ ဆန့်ကျင်ဘက် အလောဘကြောင့် ဇာတိဒုက္ခ မဖြစ်နိုင်။ (ထိုကြောင့် အသင်သူတော်ကောင်းသည် ဇာတိဒုက္ခကို ကြောက်ရွံ့ပါက အလောဘဓာတ်ကို ခိုင်မြဲစွာ မွေးမြူတတ်ဖို့ လိုပေသည်။) တစ်ဖန် အဒေါသကြောင့် အိုရခြင်း ဇရာဒုက္ခ မဖြစ်နိုင်။ အကြောင်းမူ --- ထက်မြက်သော ဒေါသရှိသူ ဒေါသကြီးသူ၏ သန္တာန်၌ လျင်မြန်စွာ အိုခြင်း တရား ဖြစ်တတ်သောကြောင့်တည်း။ (ထိုကြောင့် အသင်သူတော်ကောင်းသည် နုပျိုလိုပါက အဒေါသမေတ္တာ ဓာတ်ကို အမြဲတမ်း မွေးမြူပါ။) တစ်ဖန် အမောဟကြောင့် သေရခြင်း မရဏဒုက္ခ = သေခါနီး ခံရသည့် ဆင်းရဲဒုက္ခ = ဆင်းဆင်းရဲရဲ သေရခြင်း မဖြစ်နိုင်။ သတ္တဝါ တစ်ဦးဦး၏ မရဏာသန္နဇော = ဘဝတစ်ခုဝယ် သေခါနီး နောက်ဆုံး ဖြစ်သွားသော ဇောဝီထိစိတ်အစဉ်သည် လောဘ ဒေါသ မောဟ စသည့် တစ်ခုခု ဦးဆောင်သည့် အကုသိုလ်ဇော ဖြစ်အံ့၊ ထိုသေခြင်းမျိုးကို သမ္မောဟမရဏဟု ခေါ်၏၊ တွေတွေဝေဝေ သေရခြင်း မည်၏။ ထို တွေတွေဝေဝေ သေကျေပျက်စီးရခြင်း သမ္မောဟမရဏကား သေလွန်သည်၏ အခြားမဲ့၌ အပါယ်လေးဘုံဝယ် တစ်ဘုံဘုံသို့ ကိန်းသေ ရောက်ရတော့မည် ဖြစ်သဖြင့် အပါယ်ဝဋ်ဆင်းရဲဒုက္ခ၏ အကြောင်း ဖြစ်သောကြောင့် စင်စစ် ဒုက္ခသာ ဖြစ်သည်။ မရဏာသန္နဇောတိုင်အောင် အမောဟ = ပညာဓာတ် ကိန်းဝပ်နေသူကား အမူဠှ = မတွေမဝေသူ မည်၏။ ဒါန သီလဆိုင်ရာ ကမ္မဿကတာသမ္မာဒိဋ္ဌိ, သမထဆိုင်ရာ စျာနသမ္မာဒိဋ္ဌိ, ဝိပဿနာဆိုင်ရာ ဝိပဿနာ သမ္မာဒိဋ္ဌိတို့တွင် သမ္မာဒိဋ္ဌိ တစ်မျိုးမျိုး ဦးဆောင်ပြဓာန်းနေသော ဝီထိစိတ်အစဉ်များသည် မရဏာသန္နဇော တိုင်အောင် ဖြစ်နေပါက = မရဏာသန္နဇော၏ နေရာကို ယူထားပြီး ဖြစ်ပါက အမူှဠ = မတွေဝေသည်ပင် မည်ပေသည်။ မဟာသုဒဿန စကြာမင်းကြီးတို့ကဲ့သို့ မရဏာသန္နဇောသို့တိုင်အောင် မေတ္တာစျာန်များကို ဝင်စားလျက် သေခြင်းမျိုး, သောတာနုဂတသုတ္တန်၌ ဘုရားရှင် ဟောကြားတော်မူသကဲ့သို့ သေခါနီး မရဏာသန္နဇောသို့တိုင်အောင် ဝိပဿနာတရားကို နှလုံးသွင်းနိုင်သော ဝိပဿနာဇောများ စောလျက်ရှိသော သေခြင်း မျိုးတို့ကား တွေဝေခြင်း မရှိသော သေခြင်းဖြင့် သေလွန်ရကား အသမ္မောဟမရဏတို့တည်း။ အရိယာ သူတော်ကောင်းတို့၏ သေရခြင်းများသည်ကား အသမ္မောဟမရဏတို့ချည်းသာတည်း။ ယင်းအသမ္မောဟမရဏ သည် အမောဟကြောင့် ဖြစ်ရ၍ အမောဟသည် သမ္မောဟမရဏဒုက္ခမျိုးကို မဖြစ်စေနိုင် ဟူလိုသည်။ အကယ်၍ ယင်းအမောဟသည် အရဟတ္တမဂ်ဉာဏ်နှင့် ယှဉ်တွဲနေသော အမောဟမျိုး ဖြစ်ခဲ့လျှင်ကား နောက်ထပ်တစ်ဖန် ဘဝခန္ဓာအသစ်ကို မဖြစ်စေနိုင်သော သတ္တိရှိသဖြင့် ယခုဘဝ ပရိနိဗ္ဗာနစုတိ၏ အခြားမဲ့၌ အသစ်တစ်ဖန် တွေ့ကြုံ ရမည့် မရဏဒုက္ခဟူသမျှလည်း မရှိတော့သဖြင့် ယင်းအရဟတ္တမဂ်နှင့် ယှဉ်သော အမောဟသည် မရဏဒုက္ခ ဟူသမျှကို မဖြစ်စေနိုင်ပေ။ (အဘိ၊ဋ္ဌ၊၁၊၁၇၁။)

တစ်ဖန် အလောဘကြောင့် အိမ်၌တည်သူ လူဝတ်ကြောင်တို့၏ ချမ်းချမ်းသာသာ ပေါင်းသင်းဆက်ဆံလျက် နေထိုင်ရမှု ဖြစ်ပေါ်လာနိုင်၏။ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့၌ တွယ်တာမက်မောမှု ကပ်ငြိမှု ကာမရာဂဖြင့် ငါ့ဟာ, သူ့ဟာ, ငါ့သား, ငါ့သမီး, ငါ့ဇနီး, ငါ့မြေး, ငါ့ပစ္စည်း, သူ့သား, သူ့သမီး, သူ့ဇနီး, သူ့ပစ္စည်း စသည်ဖြင့် မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း အဘိနိဝေသဖြင့် အနှောင်အဖွဲ့ခံကြရကုန်သော အိမ်၌တည်သူ လူသားတို့သည် အိမ်၌တည်သူ အခြားလူသားတို့နှင့် အချင်းချင်း ငြင်းခုံကြရကုန်၏။ ထို ကာမရာဂလောဘ၏ ဆန့်ကျင်ဘက် အလောဘကြောင့်ကား လယ်ယာ စသည့် သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့၌ ငါ့ဟာ သူ့ဟာ စသည်ဖြင့် ငြင်းခုံမှု မရှိတော့ခြင်းကြောင့် အလောဘကြောင့် လူဝတ်ကြောင်တို့၏ ချမ်းချမ်းသာသာ ပေါင်းသင်းဆက်ဆံလျက် နေထိုင်ရမှု ဖြစ်ပေါ်လာနိုင်၏ ဟူလိုသည်။

တစ်ဖန် --- ဤ ငါ၏ အယူဝါဒသာ မှန်၏၊ အခြားသောသူတို့၏ အယူဝါဒသည် အချည်းနှီးသာတည်း ဤသို့စသည်ဖြင့် အယူဝါဒချင်း ယှဉ်ပြိုင်၍ စင်ပြိုင်ငြင်းခုံမှု ဖြစ်ရခြင်းသည် - မိမိတို့၏ မှားယွင်းသော အယူဝါဒ အပေါ်၌ မှားမှားယွင်းယွင်း လက်ခံယုံကြည်မှု = ဒိဋ္ဌိ, စွဲကပ်ငြိနေမှု = ရာဂတို့ဖြင့် ငါ့အယူဝါဒ, သူ့အယူဝါဒ စသည်ဖြင့် မှားမှားယွင်းယွင်း နှလုံးသွင်းတတ်သော ဒိဋ္ဌိ-ရာဂ-အဘိနိဝေသတရားဖြင့် အနှောင်အဖွဲ့ ခံကြရကုန် သော ရသေ့ ရဟန်းတို့သည် အခြားအလားတူ ရသေ့ ရဟန်းတို့နှင့် ငြင်းခုံကြရကုန်၏။ သစ္စာလေးရပ် တရားမြတ်ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်မှု သမ္မာဒိဋ္ဌိ အမည်ရှိသော အမောဟကြောင့်ကား အယူဝါဒချင်း ယှဉ်ပြိုင်၍ စင်ပြိုင်ငြင်းခုံမှုဟူသော ဒိဋ္ဌိတောအုပ်ကြီး အတွင်းသို့ ဝင်ရောက်၍ ငြင်းခုံမှု မရှိတော့ခြင်း မပြုလုပ် တော့ခြင်းကြောင့် ရသေ့ ရဟန်းတို့၏ ချမ်းချမ်းသာသာ ပေါင်းသင်းဆက်ဆံ နေထိုင်ရမှု ရှိနိုင်၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၁။)

[မှတ်ချက် --- ဤစကားရပ်များမှာ ပစ္စည်းလေးပါးတို့ကို ကိုယ့်ဥစ္စာအဖြစ် လိုအပ်သည်ထက် ပို၍ သိုမှီး သိမ်းဆည်းမှု မရှိလှသော ရှေးခေတ် ရသေ့ ရဟန်းတို့ကို ရည်ရွယ်၍ ပြောဆိုခြင်း ဖြစ်ပေရာသည်။ ယခုခေတ်၌ ကား ပစ္စည်းလေးပါးတို့ကို အပိုအလျှံ သိမ်းပိုက်မှု မရှိပါမှ = အလောဘ မရှိပါမှ ရသေ့ ရဟန်းတို့သည်လည်း အချင်းချင်း ချမ်းချမ်းသာသာ ပေါင်းသင်းဆက်ဆံ နေထိုင်ရမှု သုခသံဝါသ ဖြစ်နိုင်သည်။ အလောဘ မရှိသူ = လောဘကြီးသူတို့ ဖြစ်နေကြပါမူကား ကျောင်းလုမှု စသည်ဖြင့် ဒုက္ခသံဝါသများ ဖြစ်ကြဖွယ်ရာရှိသည်။]

နောက်တစ်မျိုးကား အဒေါသကြောင့် ခပ်သိမ်းကုန်သော ရဟန်းရှင်လူတို့၏လည်း ချမ်းချမ်းသာသာ ပေါင်းသင်းဆက်ဆံ နေထိုင်ရမှု သုခသံဝါသ ဖြစ်နိုင်သည်။ [မှတ်ချက် --- ဤအဋ္ဌကထာ အဖွင့်များအရ လောကနိဗ္ဗာန် တည်ဆောက်လိုသူများသည် အလောဘ အဒေါသ အမောဟဓာတ်တို့ မိမိတို့၏ သန္တာန်၌ ရှေးဦးစွာ ကိန်းဝပ် တည်လာအောင် ကြိုးစားဖို့ လိုအပ်ကြောင်းကို သတိပြုပါ။] (အဘိ၊ဋ္ဌ၊၁၊၁၇၁။)

အထူးအားဖြင့်ကား အလောဘကြောင့် ပြိတ္တာဘုံ၌ ပဋိသန္ဓေ တည်နေရခြင်းသည် မဖြစ်နိုင်၊ မှန်ပေသည် များသောအားဖြင့် သတ္တဝါတို့သည် သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့၌ တပ်မက်ခြင်း တဏှာကြောင့် ပြိတ္တာဘုံသို့ ကပ်ရောက်ကြရကုန်၏။ အလောဘသည်လည်း တဏှာ၏ ဆန့်ကျင်ဘက် ဖြစ်သည်။ အဒေါသကြောင့် ငရဲ၌ ပဋိသန္ဓေ တည်နေရမှုသည် မဖြစ်နိုင်၊ မှန်ပေသည် ဒေါသဖြင့် စိတ်ရောကိုယ်ပါ ကြမ်းတမ်းခက်ထန်မှုသဘော ရှိကြကုန်သောကြောင့် ဒေါသနှင့် သဘောတူသော ငရဲသို့ ပဋိသန္ဓေ တည်နေခြင်းဖြင့် ကပ်ရောက်ကြရကုန်၏၊ အဒေါသသည်လည်း ဒေါသ၏ ဆန့်ကျင်ဘက် ဖြစ်သည်။ အမောဟကြောင့် တိရစ္ဆာန်မျိုး၌ ဖြစ်ခြင်းသည် မရှိနိုင်၊ မှန်ပေသည် မောဟကြောင့် သတ္တဝါတို့သည် အမြဲ ပြင်းစွာတွေဝေသော တိရစ္ဆာန်ဘုံသို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက်ကြကုန်၏။ အမောဟသည်လည်း မောဟ၏ ဆန့်ကျင်ဘက် ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၂။)

တစ်ဖန် တစ်ဦးအပေါ်တစ်ဦး တွယ်တာကပ်ငြိမှု ရာဂ၏ အစွမ်းဖြင့် မိတ်ဆွေဖွဲ့လို၍ တစ်ဦးသည် တစ်ဦးသို့ ချဉ်းကပ်၏၊ အလောဘသည် ရာဂ၏ အစွမ်းဖြင့် ချဉ်းကပ်ခြင်း၏ မရှိခြင်းကို ပြုလုပ်တတ်၏။ တစ်ဖန် ဒေါသ၏ အစွမ်းဖြင့် ဆန့်ကျင်ဘက်ဖြစ်ကာ ချဉ်းကပ်ပြီးသူတို့သည် ခွဲခွာကြရပြန်၏၊ အဒေါသသည် ဒေါသ၏ အစွမ်းဖြင့် ဖဲခွာခြင်း၏ မရှိခြင်းကို ပြုလုပ်တတ်၏။ တစ်ဖန် သစ္စာလေးပါး အမှန်တရားကို မသိမှု = ယောကျ်ား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ စသည်ဖြင့် အသိမှားမှု မောဟကြောင့် သတ္တဝါတို့သည် တစ်ဦးအပေါ်တစ်ဦး ဒေါသဖြင့် မုန်းခြင်း လောဘဖြင့် ချစ်ခြင်းတို့ကို ပြုလုပ်နေကြခြင်း ဖြစ်၏။ ထိုသို့ပြုလုပ်ခြင်းသည် တစ်ဦးပေါ် တစ်ဦး လျစ်လျူ မရှု နိုင်သည့်သဘောပင် ဖြစ်သည်။ သမ္မာဒိဋ္ဌိ = အမောဟဟူသော သစ္စာလေးပါး အမှန်တရားကို အမှန်အတိုင်း သိရှိမှုသဘောသည် မောဟ၏ အစွမ်းကြောင့် သတ္တဝါတို့ အချင်းချင်း လျစ်လျူ မရှုနိုင်သည်၏ အဖြစ်ဟူသော သဘော၏ မရှိခြင်းကို ပြုလုပ်တတ်၏။ (ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ မရှိ၊ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား အစုအပုံမျှသာ ရှိသည်ဟု အမှန်ကို သိမြင်နေသော အမောဟကြောင့် ပုဂ္ဂိုလ်သတ္တဝါ ရှာမတွေ့ သဖြင့် ပုဂ္ဂိုလ်သတ္တဝါတို့အပေါ်၌ ဒေါသဖြင့် မုန်းခြင်း လောဘဖြင့် ချစ်ခြင်းလည်း မရှိ၊ မုန်းခြင်း ချစ်ခြင်း မရှိသဖြင့် လျစ်လျူ မရှုနိုင်မှုလည်း မရှိ၊ လျစ်လျူ ရှုနိုင်တော့သည်သာ = မချစ် မမုန်းအောင် စိတ်ကို အလယ် အလတ်၌ ထားနိုင်တော့သည်သာ ဟူလိုသည်။ တစ်နည်း --- ရူပါရုံ စသော အာရုံတို့၌ ရာဂ၏ အစွမ်းဖြင့် လျော်စွာဖြစ်ခြင်း ချစ်ခြင်း ဖြစ်၍ ဒေါသ၏ အစွမ်းဖြင့် ဆန့်ကျင်ဘက်ဖြစ်ခြင်း မုန်းခြင်းတို့ ဖြစ်ကြရကုန်၏။ မုန်းခြင်း ချစ်ခြင်းဟူသော လျစ်လျူ မရှုနိုင်သည်၏ အဖြစ်ကား မောဟကြောင့် ဖြစ်ရ၏။ ယင်း ချစ်ခြင်း မုန်းခြင်း လျစ်လျူ မရှုနိုင်ခြင်းတို့ကို အလောဘ အဒေါသ အမောဟတို့က ပယ်သတ်နိုင်ရကား အလောဘ အဒေါသ အမောဟတို့ကြောင့် မချစ်ခြင်း မမုန်းခြင်း လျစ်လျူရှုနိုင်ခြင်းတို့သည် ဖြစ်ပေါ်လာရသည်။ မိတ်ဆွေဖြစ်လို၍ ကပ်ရောက်ရခြင်း, မုန်း၍ ခွဲခွာရခြင်းမျိုးများ မရှိတော့ ဟူလိုသည်။) (အဘိ၊ဋ္ဌ၊၁၊၁၇၂။)

တစ်ဖန် အလောဘကြောင့် ကာမဂုဏ်မှ ထွက်မြောက်ကြောင်း နေက္ခမ္မသညာ ဖြစ်၏။ အဒေါသကြောင့် သတ္တဝါတို့အပေါ် ဖျက်ဆီးလိုသော ဗျာပါဒ၏ ဆန့်ကျင်ဘက် မဖျက်ဆီးလိုသော မေတ္တာနှင့် ယှဉ်သော အဗျာပါဒ သည် ဖြစ်၏။ အမောဟကြောင့် သတ္တဝါတို့အပေါ်၌ ညှင်းပန်းနှိပ်စက်ခြင်း ဝိဟိံသာ၏ ဆန့်ကျင်ဘက် ကရုဏာနှင့် ယှဉ်သော သညာသည် ဖြစ်၏။

တစ်ဖန် အလောဘကြောင့် သတ္တဝါသင်္ခါရတို့ အပေါ်၌ အသုဘဟု ရှုမြင်တတ်သော အသုဘသညာ သည် ဖြစ်ပေါ်လာ၏။ အဒေါသကြောင့် အတိုင်းအတာ ပမာဏ မရှိသော သတ္တဝါပညတ်လျှင် အာရုံရှိသော မေတ္တာနှင့် ယှဉ်သော အပ္ပမာဏသညာသည် ဖြစ်ပေါ်လာ၏။ အမောဟကြောင့် သတ္တဝါသင်္ခါရတို့ အပေါ်၌ ဓာတ်သဘောတရား အစုအပုံသာဟု သိမြင်သော ဓာတုသညာသည် ဖြစ်ပေါ်လာ၏။

တစ်ဖန် အလောဘကြောင့် ကာမသုခလ္လိကာနုယောဂ = သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုကို မှီ၍ဖြစ်သော ချမ်းသာမှုကို ခံစားသောအားဖြင့် အဖန်ဖန် အားထုတ်ခြင်းဟူသော အယုတ်တရား အစွန်းတစ်ဘက်ကို ရှောင် ကြဉ်မှုသည် ဖြစ်ပေါ်လာ၏။ အဒေါသကြောင့် အတ္တကိလမထာနုယောဂ = ခန္ဓာကိုယ်အတ္တဘော၏ ပင်ပန်း ကြောင်းဖြစ်သော အကျင့်၌ အဖန်ဖန်အားထုတ်ခြင်းဟူသော အယုတ်တရား အစွန်းတစ်ဘက်ကို ရှောင်ကြဉ်မှု သည် ဖြစ်ပေါ်လာ၏။ အမောဟကြောင့် အလယ်အလတ် မဇ္ဈိမပဋိပဒါလမ်းတည်းဟူသော မဂ္ဂင်ရှစ်ရပ် ပဋိပတ်ကို ကျင့်ခြင်းသည် ဖြစ်ပေါ်လာရ၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၂။)

တစ်ဖန် အလောဘကြောင့် စည်းစိမ်ဥစ္စာတို့ကို ရလိုကြောင်း ရှေးရှူ ကြံစည်မှု = အဘိဇ္ဈာကာယဂန္ထ = အဘိဇ္ဈာကာယ အထုံးအဖွဲ့ကို ဖျက်ဆီးနိုင်ခြင်း ဖြေနိုင်ခြင်း ဖြစ်၏။ အဒေါသကြောင့် သတ္တဝါသင်္ခါရတို့ကို ဖျက်ဆီးလိုသော ဗျာပါဒကာယဂန္ထ = ဗျာပါဒကာယအထုံးအဖွဲ့ကို ဖျက်ဆီးနိုင်ခြင်း ဖြေနိုင်ခြင်း ဖြစ်၏။ အမောဟ ကြောင့် သီလဗ္ဗတပရာမာသကာယဂန္ထ = နွားအကျင့် ခွေးအကျင့် စသည်ဖြင့် ကိလေသာတို့မှ စင်ကြယ်နိုင်၏ သံသရာမှ လွတ်မြောက်နိုင်၏ဟု အလေ့ဆိုး အကျင့်ဆိုးကိုပင် အမှန်ဟု ထင်မြင်သုံးသပ်တတ်သော အထုံးအဖွဲ့, ဣဒံသစ္စာဘိနိဝေသ = အယူမှားကြီးကို ယူထားပြီးလျှင် ဤ ငါ၏အယူသာ မှန်၏ဟု စွဲစွဲမြဲမြဲ သက်ဝင်နှလုံးသွင်းမှု အထုံးအဖွဲ့ဟူသော ဂန္ထ = အထုံးအဖွဲ့ နှစ်မျိုးကို ဖျက်ဆီးနိုင် ဖြေနိုင်ခြင်း ဖြစ်၏။ (သစ္စာလေးပါး အမှန်တရားကို သိမှု အမောဟဓာတ် ကိန်းဝပ်လာလျှင် အယူမှား ဒိဋ္ဌိဟူသမျှသည် လွင့်ပျောက်မြဲ ဓမ္မတာပင် ဖြစ်သည်။) (အဘိ၊ဋ္ဌ၊၁၊၁၇၂။)

တစ်ဖန် ကာယာနုပဿနာ သတိပဋ္ဌာန် ဝေဒနာနုပဿနာ သတိပဋ္ဌာန် နှစ်ပါးတို့သည် အလောဘ အဒေါသတို့၏ အာနုဘော်ကြောင့် ပြီးစီးကုန်၏။ စိတ္တာနုပဿနာ သတိပဋ္ဌာန် ဓမ္မာနုပဿနာ သတိပဋ္ဌာန် နှစ်ပါးတို့သည် အမောဟကြောင့်သာလျှင် ပြီးစီးကုန်၏။

တစ်ဖန် အလောဘသည် အနာရောဂါမရှိသူ အနာရောဂါကင်းသူ ဖြစ်ခြင်း ကျန်းမာခြင်း၏ အကြောင်း ဖြစ်၏၊ မှန်သည် --- လောဘရမ္မက်မကြီးသူသည် လောဘဖြစ်လောက်သည့် အာရုံပင် ဖြစ်စေကာမူ ထိုအာရုံသည် မိမိနှင့် သပ္ပါယမမျှသည် ဖြစ်အံ့ = မလျောက်ပတ်သော ဥတု, မလျောက်ပတ်သော နေရာ, မလျောက်ပတ်သော အစာအာဟာရ ဖြစ်အံ့ ထိုအာရုံမျိုးကို မမှီဝဲပေ၊ ထိုသို့ မမှီဝဲခြင်းကြောင့် ရောဂါမရှိသူ ရောဂါကင်းသူ ကျန်းမာသူ ဖြစ်ရ၏။ (ထိုကြောင့် လောဘကြီးသူ အစားမက်မောသူ မလျောက်ပတ်သောအစာ, မလျောက်ပတ်သော ဥတု မလျောက်ပတ်သော နေရာတို့ကို မှီဝဲလေ့ရှိသူသည် ရောဂါထူပြောတတ်၍ မကျန်းမာသူဟု မှတ်ပါ။)

အဒေါသသည် နုပျိုသူ ဖြစ်ခြင်း၏ အကြောင်း ဖြစ်၏၊ မှန်သည် ဒေါသမကြီးသူသည် အရေတွန့်ခြင်း ဆံ ဖြူခြင်းကို ဆောင်တတ်သော ဒေါသမီးသည် မလောင်မြိုက်အပ်သည် ဖြစ်၍ ဒေါသမီး၏ လောင်မြိုက်ခြင်းကို မခံရသည် ဖြစ်၍ ရှည်စွာသော နေ့ညဥ့်ပတ်လုံး နုပျိုနေ၏။ (ထိုကြောင့် ဒေါသကြီးသူကား အိုလွယ်၏ဟု မှတ်ပါ၊၊)

အမောဟသည် အသက်ရှည်သူ ဖြစ်ခြင်း၏ အကြောင်းတရား ဖြစ်၏၊ မှန်ပေသည် --- မတွေဝေသူ = အမှန်ကို သိမြင်သူသည် အကျိုးစီးပွား ရှိသည့်လုပ်ငန်း, အကျိုးစီးပွား မရှိသည့် လုပ်ငန်းတို့ကို ခွဲခြားစိတ်ဖြာ၍ သိပြီးရကား အကျိုးစီးပွား မရှိသည့် လုပ်ငန်းရပ်တို့ကို ရှောင်ကြဉ်လျက် အကျိုးစီးပွားရှိသည့် လုပ်ငန်းရပ်ကို မှီဝဲလျက် ရှည်သောအသက် ရှိရ၏။ (ထိုကြောင့် ဥစ္စာကို ကံစောင့်, အသက်ကို ဉာဏ်စောင့်ဟု ဆိုရိုးပြုခြင်း ဖြစ်သည်။) (အဘိ၊ဋ္ဌ၊၁၊၁၇၂။)

တစ်ဖန် အလောဘသည် စည်းစိမ်ဥစ္စာ ပြည့်စုံခြင်း = ဘောဂသမ္ပတ္တိ၏ အကြောင်းတရား ဖြစ်၏၊ မှန်သည် စည်းစိမ်ဥစ္စာတို့ အပေါ်၌ တွယ်တာကပ်ငြိမှု လောဘရမ္မက်မကြီးသူသည်သာ ပေးကမ်းစွန့်ကြဲခြင်း စာဂတရားကို ပြုနိုင်၏။ ယင်းလောဘမကြီးသူ၏ စာဂတရားကြောင့် နောက်နောင်ဘဝများ၌လည်းကောင်း, ဤဘဝတွင်လည်း အခါအခွင့်အားလျော်စွာလည်းကောင်း စည်းစိမ်ဥစ္စာကို ရရှိခြင်း ဖြစ်၏။

အဒေါသသည် မိတ်ဆွေခင်ပွန်း၏ ပြည့်စုံခြင်း = မိတ္တသမ္ပတ္တိ၏ အကြောင်းတရား ဖြစ်၏။ အကြောင်းမူ မေတ္တာကြောင့်သာလျှင် မိတ်ဆွေတို့ကို ရရှိခြင်းကြောင့်လည်းကောင်း, မိတ်ကောင်းတို့၏ ယုတ်လျော့မသွားခြင်း ကြောင့်လည်းကောင်း ဖြစ်ပေသည်။

အမောဟသည် မိမိ၏ ပြည့်စုံခြင်း = အတ္တသမ္ပတ္တိ၏ အကြောင်းတရား ဖြစ်၏။ မှန်ပေသည် သစ္စာလေးပါး ကို မတွေမဝေ သိသောသူသည် = သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သောသူသည် မိမိ၏ လူ နတ် နိဗ္ဗာန် သုံးတန်သော အကျိုးစီးပွားကိုသာ ပြုလျက် မိမိကိုယ်ကို ပြည့်စုံစေသည် မည်၏။ မိမိ၏ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် သစ္စာလေးပါးကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းသည် မိမိ၏ လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရခြင်း၏ အကြောင်းတရားသာ ဖြစ်သည်။ ထိုချမ်းသာ သုံးမျိုးကို ရရှိခြင်းသည် မိမိ၏ ပြည့်စုံခြင်းမည်၏ ဟူလိုသည်။ (အဘိ၊ဋ္ဌ၊၁၊၁၇၂။)

တစ်ဖန် အလောဘသည် ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်ဟူသော စျာန်သမာပတ် (၄)ပါးကို ဝင်စား၍ နေခြင်းတည်းဟူသော ဒိဗ္ဗဝိဟာရ၏ အကြောင်းတရား ဖြစ်၏။ အဒေါသသည် မေတ္တာစျာန် ကရုဏာစျာန် မုဒိတာစျာန် ဥပေက္ခာစျာန်ဟူသော ဗြဟ္မဝိဟာရစျာန်တို့ကို ဝင်စား၍ နေခြင်း ဗြဟ္မဝိဟာရ၏ အကြောင်းတရား ဖြစ်၏။ ဤစျာန်တို့ကို ဝင်စား၍ နေထိုင်ခြင်းကား သတ္တဝါတို့အပေါ်၌ ကောင်းမွန်မှန်ကန်သော သမ္မာပဋိပတ်အကျင့်ကို ကျင့်သဖြင့် မွန်မြတ်သော နေထိုင်ခြင်းတို့ ဖြစ်ကြ၏။ ဗြဟ္မာတို့သည်လည်း ဒေါသကင်း သော စိတ်ဓာတ်ဖြင့် အမြဲနေထိုင်ကြ၏။ ထိုကြောင့် ဤစျာန်တို့ကို ဝင်စားလျက် စျာန်နှင့်ယှဉ်လျက် နေထိုင်ခြင်းကို ဗြဟ္မဝိဟာရဟု ဆိုသည်။ သစ္စာလေးပါးကို သိမြင်သော အမောဟသည် ဖလသမာပတ်ကို ဝင်စား၍ နေခြင်း အရိယဝိဟာရ၏ အကြောင်းတရား ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၃၊၂၄၀။)

တစ်ဖန် အလောဘကြောင့် မိမိ၏ အသင်းအပင်း ဖြစ်ကုန်သော သတ္တဝါသင်္ခါရတို့ အပေါ်၌ ငြိမ်းအေးမှု ဖြစ်နိုင်၏။ အကြောင်းမူကား ထိုမိမိ၏ အသင်းအပင်း ဖြစ်ကုန်သော သတ္တဝါသင်္ခါရတို့၏ ပျက်စီးခြင်းကြောင့် အလွန်ကပ်ငြိခြင်း တဏှာလောဘလျှင် အကြောင်းရင်းရှိသော ဆင်းရဲဒုက္ခ၏ မရှိခြင်းကြောင့် ဖြစ်သည်။ အဒေါသ ကြောင့် သူတစ်ပါး၏ အသင်းအပင်း ဖြစ်ကုန်သော သတ္တဝါသင်္ခါရတို့အပေါ်၌ ငြိမ်းအေးမှု ဖြစ်နိုင်၏၊ အကြောင်းမူ ဒေါသဓာတ် မကိန်းဝပ်သူ၏ သန္တာန်ဝယ် ရန်သူတို့အပေါ်၌သော်မှလည်း ရန်သူဟူသော အမှတ်သညာ၏ မရှိ ခြင်းကြောင့် ဖြစ်သည်။ အမောဟကြောင့် အလယ်အလတ် လျစ်လျူရှုထိုက်သော အသင်းအပင်း ဖြစ်ကုန်သော သတ္တဝါသင်္ခါရတို့ အပေါ်၌ ငြိမ်းအေးမှု ဖြစ်နိုင်၏၊ သစ္စာလေးပါးကို အမှန်အတိုင်း သိမြင်နေသော မတွေမဝေ သောသူ၏ သန္တာန်၌ မိမိ၏ အသင်းအပင်း သူတစ်ပါး၏ အသင်းအပင်းဟူသော အလုံးစုံသော အသင်းအပင်း တို့၌ ကပ်ငြိခြင်း မရှိခြင်းကြောင့် ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၁၊၁၇၃။)

တစ်ဖန် အလောဘကြောင့် အနိစ္စဟု ရှုမြင်ခြင်း ဖြစ်၏၊ မှန်သည် လောဘရမ္မက်ကြီးသူသည် အသုံး အဆောင် ဖြစ်သော သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစု၌ တွယ်တာခြင်း လိုလားခြင်း အာသာဓာတ်ကြောင့် အနိစ္စ ဖြစ်ကုန်သော သင်္ခါရတရားတို့ကိုသော်လည်း အနိစ္စအားဖြင့် မရှုနိုင် မမြင်နိုင်ပေ။ အဒေါသကြောင့် သင်္ခါရ တရားတို့ကို ဒုက္ခဟု ရှုမြင်ခြင်း ဖြစ်၏၊ ရန်ငြိုးဖွဲ့ကြောင်း အာဃာတဝတ္ထုသည် ဒေါသဖြစ်ခြင်း၏ အကြောင်းပင် ဖြစ်၏၊ အဒေါသ = မေတ္တာဓာတ် အတွင်းအဇ္ဈာသယဓာတ်ခံ ရှိသူသည် ယင်းအာဃာတဝတ္ထုတို့ကို စိတ်တွင် သိုမှီးသိမ်းပိုက်ထားမှုကို စွန့်လွှတ်ပြီးဖြစ်ရကား သင်္ခါရတရားတို့ကို ဒုက္ခအားဖြင့်သာ ရှုတတ် မြင်တတ်ပေသည်။ (ယင်းသို့ ဒုက္ခဟု ရှုမြင်ခဲ့သော် ဒေါသသည်လည်း ပြေပျောက်သွားသည် ဟူလိုသည်။) အမောဟကြောင့် အနတ္တ ဟု ရှုမြင်ခြင်း ဖြစ်၏၊ မှန်ပေသည် -- သစ္စာသိမြင်၍ မတွေမဝေသော သူသည် သင်္ခါရတရားတို့ကို မဖောက်မပြန် ဟုတ်မှန်စွာ ယူခြင်း၌ = အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘဟု ဟုတ်တိုင်းမှန်စွာ ယူခြင်း၌ ကျွမ်းကျင်သည် ဖြစ်၍ ေ့ရှဆောင်အတ္တ မရှိသော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို ေ့ရှဆောင်အတ္တ မရှိသည်၏ အဖြစ်ဖြင့် အမှန်အတိုင်း သိတတ် မြင်တတ်၏။

တစ်ဖန် ဤအလောဘ အဒေါသ အမောဟတို့ကြောင့် အနိစ္စဟု ရှုခြင်း ဒုက္ခဟု ရှုခြင်း အနတ္တဟု ရှုခြင်း တို့သည် ဖြစ်ပေါ်လာကုန်သကဲ့သို့ အလားတူပင် ဤအလောဘ အဒေါသ အမောဟတို့သည်လည်း အနိစ္စဟု ရှုခြင်း ဒုက္ခဟု ရှုခြင်း အနတ္တဟု ရှုခြင်းတို့ကြောင့် ဖြစ်ပေါ်လာကြရကုန်၏၊ မှန်ပေသည် သင်္ခါရတရားတို့ကို အနိစ္စဟု ရှုခြင်းကြောင့် အလောဘ ဖြစ်၏၊ ဒုက္ခဟု ရှုခြင်းကြောင့် အဒေါသ ဖြစ်၏၊ အနတ္တဟု ရှုခြင်းကြောင့် အမောဟ ဖြစ်၏။ အဘယ်မည်သော တစ်စုံတစ်ယောက်သောသူသည် --- ဤရုပ်နာမ်တရားသည် အနိစ္စတည်း ဟု ရုပ်တုံး ရုပ်ခဲ နာမ်တုံး နာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ် အလင်းဓာတ်ဖြင့် မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး ဖြစ်ပါလျက် ထိုအနိစ္စဖြစ်သော ရုပ်နာမ်တရား၏ အကျိုးငှာ တောင့်တခြင်း တဏှာလောဘကို ဖြစ်ပေါ်စေရာပါတော့အံ့နည်း။ (ထိုကြောင့် အနိစ္စဟု ရှုခြင်းကြောင့် အလောဘ ဖြစ်နိုင်သည် ဟူလိုသည်။) သင်္ခါရတရားတို့ကို ဒုက္ခဟူ၍သော်လည်း သိမြင်ပြီးသော ပုဂ္ဂိုလ်သည် တစ်ပါးလည်း ဖြစ်သော အလွန်ထက်မြက်သော အမျက်ထွက်ခြင်း ဒေါသဟူသော ဒုက္ခကို အဘယ်မှာလျှင် ဖြစ်စေရာပါတော့ အံ့နည်း။ (သို့အတွက် သင်္ခါရတရားတို့ကို ဒုက္ခဟု ရှုခြင်းကြောင့် အဒေါသ ဖြစ်နိုင်သည် ဟူလို။) သင်္ခါရတရား တို့၌ အတ္တမှ ကင်းဆိတ်သည်၏ အဖြစ်ကိုလည်း သိပြီးဖြစ်ပါလျက် တစ်ဖန် ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတို့၌ တွေဝေခြင်း သမ္မောဟသို့ အဘယ်မှာလျှင် ရောက်နိုင်ရာပါတော့အံ့နည်း။ (သို့အတွက် အနတ္တဟု ရှုခြင်းကြောင့် အမောဟ ဖြစ်သည် ဟူလို။) (အဘိ၊ဋ္ဌ၊၁၊၁၇၃။)

ဤ အလောဘ အဒေါသ အမောဟတို့၏ အဖိုးတန်ရတနာများ ဖြစ်ပုံကို သဘောပေါက်သော အသင် ယောဂီသူတော်ကောင်းသည် မိမိ၏ ရုပ်နာမ်အစဉ်၌ ထိုရတနာများ အမြဲကိန်းဝပ် တည်နေအောင် အထူးကြိုးပမ်း သင့်လှပေသည်။

အလောင်းတော်၏ အလောဘ အဒေါသ အမောဟ

အလောင်းတော်၏ အလောဘ အဒေါသ အမောဟ

ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်းသည် မင်းပြုစဉ် မိဖုရားခေါင်ကြီး နတ်ရွာစံသဖြင့် မိဖုရားငယ် အသစ်မြှောက်ကာ အရွယ်ရောက်နေသော သားတော် မဟာပဒုမမင်းသားကို အိမ်ေ့ရှမင်းသားအဖြစ် ခန့်အပ်ထားလေသည်။ အခါတစ်ပါးဝယ် သူပုန်များထ၍ ဘုရင်ကိုယ်တိုင် နှိမ်နင်းရန် ထွက်ခွာသွားစဉ် မဟာပဒုမ မင်းသားကို ထီးနန်းကို စောင့်ရှောက်ရစ်ရန် တာဝန်ပေးခဲ့လေသည်။ သူပုန်ရန် ငြိမ်း၍ ခမည်းတော် မြို့ဝင်ခါနီး၌ နန်းတော်ကြီးနှင့်တကွ တစ်မြို့လုံးကို တန်ဆာဆင်ပြီးနောက် အကျိုးအကြောင်း အစုံအလင်ကို ကုန်စင်အောင် သံတော်ဦးတင်ရန် မိထွေးတော်အထံသို့ သွား၍ ပြုဖွယ်ကိစ္စ ရှိပါက အမိန့်ပေးပါရန် သံတော်ဦးတင်လေသော်-

မင်းသား၏ ရုပ်အဆင်းအင်္ဂါကို စွဲလမ်းရင်းရှိသော မိဖုရားက မင်းသား၏လက်ကို ဆွဲပြီးလျှင် သလွန်ပေါ်သို့ တက်ဖို့ရန် ညွှန်ပြလေရာ, မင်းသားက ပယ်ရှားလေသည်။ သုံးကြိမ်တိုင်အောင်ပင် တိုက်တွန်းပါသော်လည်း မင်းသားက ပယ်မြဲပင် ပယ်၍နေလေရာ --- ဒီလိုဆိုလျှင် ဘုရင်မင်းမြတ်အား တိုင်ကြား၍ သင်၏ ဦးခေါင်းကို ဖြတ်စေမယ် --- ဟု ကြိမ်းမောင်းလိုက်၏။ မင်းသားကလည်း --- သင်အလိုရှိသလိုသာ ပြုပါ --- ဟု ဆို၍ မိဖုရားကို အရှက်ရစေကာ ထွက်ခွာသွားလေသည်။

ထိုအခါ မိဖုရားက သူ့အပြစ်ကို ကာကွယ်ဖို့ရန် သူ့ကိုယ်သူ ကုတ်ဖဲ့၍ တကယ့်ကို အစော်ကားခံရလေ ယောင် အားငယ်ဟန်ဆောင် နေလေသည်။ ဘုရင်မင်းကြီးလည်း မြို့တော်သို့ ရောက်လျှင်ရောက်ခြင်းပင် သူ့ မိဖုရားကို မမြင်၍ မေးမြန်းရာ မိဖုရားအခြွေအရံတို့က မကျန်းမာကြောင်းကို သံတော်ဦးတင်ကြသဖြင့် မိဖုရား အဆောင်သို့ ကြွရောက်လေသည်။ ထိုအခါ မိဖုရားကလေးက ကုတ်ဖဲ့ထားသော ဒဏ်ရာများကို ပြလျက် အိမ်ေ့ရှ မင်းသားက သူ့အား အတင်းကြံပုံ, သူက အလိုမတူ၍ ကုတ်ဖဲ့ပုံများပါမကျန် မည်သည့်ဆရာ့အထံမှ နည်းမခံရဘဲ ဝမ်းတွင်းပါ မိန်းမဉာဏ်ဖြင့် သူကြံထားသမျှ အားလုံးကို ရှိုက်ကြီးတငင် သံတော်ဦးတင်လေသည်။

ထိုအခါ ရှင်ဘုရင်သည် အဆိပ်ပြင်းထန်သော မြွေကဲ့သို့ လွန်မင်းစွာ ရာဇမာန်ရှသဖြင့် ဘာကိုမျှ မစဉ်းစား တော့ဘဲ မင်းသားကို ေ့ရှတော်သို့ သွင်း၍ ချက်ချင်းပင် တောင်ထိပ်မှ ပစ်ချရန် အမိန့်ပေးလေသည်။

တစ်မြို့လုံးလည်း ချောက်ချားသွား၏၊ (၁၆၀၀၀)ကုန်သော နန်းတွင်းသူတို့ကလည်း ငိုကြွေးကြ၏။ မြို့သူ မြို့သားတို့ကလည်း ---

ရာဇာ ကိရ မာတုဂါမဿ ဝစနံ ဂဟေတွာ မဟာပဒုမကုမာရံ ဃာတာပေသိ = ဘုရင်မင်းကြီးသည် မာတုဂါမ၏ စကားကို နားထောင်၍ မဟာပဒုမမင်းသားကို သတ်စေ၏ --- ဟု တစ်ညီတစ်ညွတ်တည်း စုဝေး တိုင်ပင်ကာ မင်းသား၏ ခြေတော်ရင်း၌ ဝပ်စင်းကာ ငိုကြွေးကြ၏။

ထိုနောက် တိုင်းပြည်က ချစ်ကြည်နေသော မင်းသားကို ပြည်သူတို့က အင်အားဖြင့် အတင်းလုမည် စိုးသော ကြောင့် အာဏာသားများနှင့်အတူ ကိုယ်တိုင်ထွက်၍ တောင်ထိပ်ပေါ်မှ ပစ်ချလေသည်။ သို့သော် မင်းသား၏ မေတ္တာတန်ခိုးကြောင့် တောင်စောင့်နတ်က ကယ်မကာ တောင်ခြေ၌တည်သော နဂါးမင်းထံသို့ တစ်ဆင့် အပ်နှင်း လိုက်လေသည်။ နဂါးမင်းကလည်း နဂါးပြည်သို့ ဆောင်နှင်းကာ နဂါးစည်းစိမ်ကို ထက်ဝက်ခွဲ၍ ပူဇော်ပြန်လေ သည်။ သို့သော် မဟာပဒုမမင်းသားသည် နဂါးပြည်၌ ကြာကြာမတည်ဘဲ လူ့ပြည်သို့ပင် ပြန်လာကာ ဟိမဝန္တာသို့ တောထွက်တော်မူကာ ရသေ့ရဟန်း ပြုတော်မူ၍ စျာန်အဘိညာဏ်တို့ကို ဖြစ်စေလျက် သဗ္ဗညုတဉာဏ်တော်မြတ်၏ အကြောင်း ကောင်းမြတ်သော ပါရမီတရားအပေါင်းတို့ကိုသာ ဖြည့်ကျင့် ဆည်းပူးတော်မူလေသည်။

ဤဇာတ်နိပါတ်ဝယ် မိဖုရား၏ သန္တာန်ဝယ် မင်းသားအပေါ်၌ တွယ်တာမက်မောသည့် လောဘစိတ်, မိမိအပြစ်ကို ကွယ်ကာသော မာယာစိတ်, ရှင်ဘုရင်ထံ ကြံဖန်၍ သံတော်ဦးတင်သော မာယာစိတ်, မင်းသားကို အပြစ်ဒဏ်ရစေလိုသော သေစေလိုသော ဒေါသစိတ်, ထိုကဲ့သို့သော အပြစ်များကြောင့် ရရှိမည့် အကျိုးတရား များကို ဟုတ်တိုင်းမှန်စွာ မသိသည့် မောဟစိတ်တို့က လွှမ်းမိုးနေ၏။ ရှင်ဘုရင်ကြီး၏ သန္တာန်၌လည်း မိဖုရား ထံမှ သတင်းစကား ကြားသည့်အချိန်က စ၍ တောင်ပေါ်မှ ပစ်ချသည်အထိ အဆိပ်ပြင်းထန်သော မြွေကဲ့သို့ အလွန်ပြင်းထန်သော ဒေါသစိတ်များ ဖြစ်နေ၏။

သို့သော် မဟာပဒုမမင်းသားဘက်၌ကား မိဖုရားကို မတွယ်တာ မတပ်မက်သော အလောဘစိတ်, မိဖုရားနှင့် ဖခမည်းတော် ရှင်ဘုရင်ကြီးတို့အပေါ်၌ မေတ္တာ ပြဓာန်းသော အဒေါသစိတ်, ကံ-ကံ၏အကျိုးတရားကို တတ်သိ နားလည်သော ကမ္မဿကတာ သမ္မာဒိဋ္ဌိ, စျာနသမ္မာဒိဋ္ဌိ စသော အမောဟ ပြဓာန်းသောစိတ် --- ဤကဲ့သို့သော အလောဘဓာတ် အဒေါသဓာတ် အမောဟဓာတ်တို့က အလောင်းတော်၏ စိတ်အစဉ်ဝယ် နေရာအပြည့် ယူထား ပြီး ဖြစ်နေ၏။

ဤဇာတ်တော်၌ မင်းသားကား ဘုရားအလောင်းတော်တည်း၊ မိဖုရားကား အခြားသူ မဟုတ် မယ်မင်းကြီးမ စိဉ္စမာဏ = စိဉ္စမာဏဝိကာအလောင်းပင်တည်း။ ရှင်ဘုရင်ကြီးမှာ ဒေါသအိုးကြီး အရှင်ဒေဝဒတ်အလောင်းပင် တည်း။ (ဇာတက၊ဋ္ဌ၊၄၊၁၈၈-၁၉၇။)

အလောဘဓာတ် အဒေါသဓာတ် အမောဟဓာတ်တို့ကို မွေးမြူခဲ့သော မဟာပဒုမမင်းသားကား ဘုရား အဖြစ်သို့ ရောက်ရှိသွားတော်မူပြီး ဖြစ်၏။ လောဘဓာတ် ဒေါသဓာတ် မောဟဓာတ်တို့ကို မွေးမြူခဲ့သော မယ်မင်းကြီးမ စိဉ္စမာဏနှင့် အရှင်ဒေဝဒတ်တို့ကား ယနေ့ ငရဲ၌ စံပျော်နေရတုန်းပင် ရှိကြသေးသည်။

အလောဘ အဒေါသ အမောဟတို့၏ အကြောင်းအရာများကို တင်ပြပြီးပြီ ဖြစ်၍ ယခုအခါ၌ သောဘဏ သာဓာရဏ စေတသိက်တို့တွင် ကြွင်းကျန်နေသော စေတသိက်တို့၏ လက္ခဏ ရသ စသည်တို့ကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။

၇။ တတြမဇ္ဈတ္တတာ

၇။ တတြမဇ္ဈတ္တတာ

၁။ တတြမဇ္ဈတ္တတာ စိတ္တစေတသိကာနံ သမဝါဟိတလက္ခဏာ၊

၂။ (က) ဦနာဓိကတာနိဝါရဏရသာ၊

( ခ ) ပက္ခပါတုပစ္ဆေဒနရသာ ဝါ၊

၃။ မဇ္ဈတ္တဘာဝပစ္စုပဋ္ဌာနာ၊

စိတ္တစေတသိကာနံ အဇ္ဈုပေက္ခနဝသေန သမပ္ပဝတ္တာနံ အာဇာနေယျာနံ အဇ္ဈုပေက္ခနသာရထိ ဝိယ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

၁။ ယှဉ်ဖက် စိတ် + စေတသိက် = သမ္ပယုတ်တရားတို့ကို မိမိ မိမိ၏ ကိစ္စ၌

အညီအမျှ ထမ်းဆောင်စေခြင်း ဖြစ်စေခြင်းသဘော လက္ခဏ၊

၂။ (က) သမ္ပယုတ်တရားတို့၏ မိမိ မိမိ၏ ကိစ္စတို့၌ ယုတ်လျော့သည်၏အဖြစ်

ပိုလွန်သည်၏အဖြစ်ကို တားမြစ်ခြင်း (ကိစ္စ) ရသ၊

(ခ) တစ်နည်း --- ယုတ်လျော့သည့်ဘက် ပိုလွန်သည့်ဘက်၌

ကျရောက်ခြင်းကို = ဘက်လိုက်ခြင်းကို ဖြတ်တောက်ခြင်း (ကိစ္စ) ရသ၊

တစ်နည်း --- ထိနမိဒ္ဓလွန်ကဲသော တွန့်ဆုတ်သော စိတ်ဓာတ် မာနဦးဆောင်သော

မော်ကြွားသော စိတ်ဓာတ်ဟူသော အယုတ်အလွန် နှစ်ပါးကို တားမြစ်ခြင်း (ကိစ္စ) ရသ၊

၃။ အလယ်အကြား၌တည်သော သဘောရှိသူ၏ အဖြစ်ဟူ၍

တစ်နည်း --- အလယ်အလတ် လျစ်လျူရှုတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဖဿဦးဆောင်သည့် ယှဉ်ဖက်သမ္ပယုတ်တရားများ ပဒဋ္ဌာန်။

(ပဒဋ္ဌာန်ကို အဋ္ဌကထာများ၌ သီးသန့်ဖော်ပြချက် မရှိပေ၊ သမ္ပယုတ်တရားများသည်ပင်, တစ်နည်း --- ဝတ္ထု +အာရုံ + ဖဿဦးဆောင်သည့် သမ္ပယုတ်တရားများသည်ပင် ပဒဋ္ဌာန်ဖြစ်ဖွယ်ရာ ရှိပေသည်။)

တေသု ဓမ္မေသု မဇ္ဈတ္တတာ တတြမဇ္ဈတ္တတာ။ (ဝိသုဒ္ဓိ၊၂၊၉၆။ အဘိ၊ဋ္ဌ၊၁၊၁၇၇။)

တေသု ဓမ္မေသူတိ ယေသု ဓမ္မေသု သယံ ဥပ္ပန္နာ၊ တေသု အတ္တနာ သမ္ပယုတ္တေသု စိတ္တစေတသိကဓမ္မေသု။ အနာရမ္မဏတ္တေပိ (အတဒါရမ္မဏတ္တေပိ) ဟိ တေသု သမပ္ပဝတ္တေသု ဥဒါသိနဘာဝတော တတြမဇ္ဈတ္တတာတိ ဝုစ္စတိ။ (မူလဋီ၊၁၊၉၃။ မဟာဋီ၊၂၊၁၄၇။)

အထက်ပါ အဋ္ဌကထာ ဋီကာ ဖွင့်ဆိုတော်မူချက်များနှင့်အညီ တတြမဇ္ဈတ္တတာစေတသိက်သည် မိမိနှင့် အတူယှဉ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရားတို့ကို မိမိတို့ဆိုင်ရာ ကိစ္စတို့၌ ယုတ်လျော့မှု ပိုလွန်မှု မရှိစေဘဲ အလယ်အလတ်၌ တည်ကြောင်း သဘောတရား ဖြစ်သည်။ ဤ တတြမဇ္ဈတ္တတာစေတသိက်ကြောင့် ယှဉ်ဖက် စိတ်စေတသိက် တရားစုတို့သည် မိမိတို့ဆိုင်ရာ ကိစ္စရပ်တို့၌ အညီအမျှ ထမ်းဆောင်ကြခြင်း ဖြစ်သည်။ သို့အတွက် မိမိတို့ဆိုင်ရာကိစ္စရပ်တို့၌ အယုတ်အလွန် မရှိဘဲ အလယ်အလတ်ဝယ် တည့်မတ်သော သဘောရှိသော သမ္ပယုတ် တရားအပေါင်း၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတရားသည် တတြမဇ္ဈတ္တတာစေတသိက် မည်ပေသည်။ ယင်းသို့ ဖြစ်လျှင် တတြမဇ္ဈတ္တတာစေတသိက်သည် ယှဉ်ဖက်သမ္ပယုတ်တရားတို့ကို အာရုံပြုပါသလားဟု မေးဖွယ်ရာ ရှိ၏။ ယှဉ်ဖက်သမ္ပယုတ်တရားတို့ကိုကား အာရုံမပြုပေဟု ဖြေဆိုရာ၏။

ပုံစံတစ်ခုကို ထုတ်၍ ဆိုပေအံ့ --- အသင်ယောဂီသူတော်ကောင်းသည် (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ တည်ရှိ သော ရုပ်တရားတို့ကို ခြုံငုံ၍ ရုပ်တရား ရုပ်တရားဟု ရှုနေသော မနောဒွါရိကကုသိုလ်ဇောဝီထိ စိတ်တို့တွင် ဇောအသီးအသီး၌ ပါဝင် တည်ရှိသော ဉာဏ် ပီတိ နှစ်မျိုးလုံးယှဉ်သော နာမ်တရား (၃၄)လုံးကို အာရုံယူကြည့်ပါ။ ယင်း နာမ်တရား (၃၄)လုံးတို့တွင် တတြမဇ္ဈတ္တတာစေတသိက် ပါဝင်လျက် ရှိ၏၊ တတြမဇ္ဈတ္တတာစေတသိက်နှင့် တကွသော ယင်းနာမ်တရားအားလုံးတို့သည် မိမိ သိမ်းဆည်း ရှုပွားနေသော ရုပ်တရားကိုသာ အာရုံပြုနေခိုက် ဖြစ်ကြသည်။ တတြမဇ္ဈတ္တတာစေတသိက်သည်လည်း သိမ်းဆည်း ရှုပွားနေသော ရုပ်တရားကိုသာ အာရုံပြုနေခိုက် ဖြစ်၏။ ယှဉ်ဖက်သမ္ပယုတ်တရားတို့ကို အာရုံပြုနေသည်ကား မဟုတ်ပေ။ ထိုသို့ပင် ယှဉ်ဖက်သမ္ပယုတ်တရားတို့ကို အာရုံမပြုပါသော်လည်း ထိုစေတသိက်တို့သည် မိမိ သိမ်းဆည်းနေသော ရုပ်တရားအာရုံ၌ မိမိတို့၏ ဆိုင်ရာ ကိစ္စကို မယုတ်မလွန် အညီအမျှ ဆောင်ရွက်ခြင်းဖြင့် အညီအမျှ ဖြစ်ကုန်လတ်သော် တတြမဇ္ဈတ္တတာစေတသိက် သည် ယင်းသမ္ပယုတ်တရားတို့ကို အသင့်အားဖြင့် ရှုတတ် = ဥဒါသိန်မူတတ်သည်၏ အဖြစ်ဟူ၍သာ တတြမဇ္ဈတ္တတာ = ထိုစိတ်စေတသိက်တို့၌ လျစ်လျူရှုတတ်သည်၏ အဖြစ်ဟူ၍သာ ဆိုအပ်သည် ဟူလိုသည်။

လက္ခဏ - ရသ --- တတြမဇ္ဈတ္တတာစေတသိက်သည် ယှဉ်ဖက်သမ္ပယုတ်တရားတို့ကို မိမိ မိမိ၏ ဆိုင်ရာ ကိစ္စကို အညီအမျှ ထမ်းဆောင်စေခြင်း, မိမိ မိမိ၏ ဆိုင်ရာကိစ္စ၌ အညီအမျှ ဖြစ်စေခြင်း သဘောလက္ခဏာ ရှိပေသည်။ အာဇာနည်မြင်းတို့ကို ရထား၌တပ်၍ မောင်းနှင်သော ရထားထိန်းသည် အာဇာနည်မြင်းတို့က အညီ အမျှ ပြေးသွားနေသောအခါ မြင်းတစ်စီးကို အဟုန်လျော့အောင် ဆွဲ၍လည်း မထား၊ အခြား မြင်းတစ်စီးကို အဟုန်တိုးအောင် မောင်းနှင်၍လည်း မပေး၊ ယင်းတို့ဘာသာ တစ်ကောင်နှင့်တစ်ကောင် အယုတ်အလွန်မရှိ အညီအမျှ ပြေးသွားနေသည်ကို အသင့်အားဖြင့် ရှုစားလျက် ဇက်ကြိုးကိုသာ ကိုင်ထား၏။ ထိုသို့ အသင့်အားဖြင့် ရှုစားနေသော်လည်း အာဇာနည်မြင်းတို့၏ တစ်ကောင်နှင့်တစ်ကောင် = တစ်စီးနှင့် တစ်စီး မယုတ်ဘဲ မလွန်ဘဲ အညီအမျှ ပြေးသွားနေခြင်းမှာ ရထားထိန်း၏ အရှိန်ကြောင့်သာ ဖြစ်ရသကဲ့သို့ ထို့အတူ သမ္ပယုတ်တရားတို့၏ မိမိတို့ ဆိုင်ရာကိစ္စ၌ မယုတ်လျော့ခြင်း မပိုလွန်ခြင်းမှာ တတြမဇ္ဈတ္တတာစေတသိက်၏ အစွမ်းကြောင့်သာ ဖြစ်ရကား တတြမဇ္ဈတ္တတာစေတသိက်သည် သမ္ပယုတ်တရားတို့၏ မိမိတို့၏ ဆိုင်ရာကိစ္စ၌ ယုတ်လျော့နေခြင်း ပိုလွန်နေ ခြင်းကို တားမြစ်စေခြင်း ကိစ္စရှိရာ ရောက်ပေသည်။

တစ်နည်း --- မိမိယှဉ်ဖက် သမ္ပယုတ်တရားတို့တွင် ဤတရားက မိမိ၏ ပင်ကိုယ်ကိစ္စကို လျော့၍ပြုစေ၊ ဤတရားက ပို၍ပြုစေ၊ ဤသို့ စေခိုင်းတိုက်တွန်းခြင်း အမှုသည် အယုတ် အလွန် နှစ်ဘက်ရှိသည်တွင် တစ်ဘက် ဘက်၌ မိမိက ပါနေသကဲ့သို့ = ဘက်လိုက်သကဲ့သို့ ဖြစ်၏၊ တတြမဇ္ဈတ္တတာသည် ဤသို့ ဘက်လိုက်မှုကို ဖြတ် တောက်သကဲ့သို့ ဖြစ်ခြင်းကိစ္စ ရှိပေသည်၊ ဘက်မလိုက်ဘဲ သမ္ပယုတ်တရားတို့ကို မိမိတို့ ဆိုင်ရာကိစ္စကို အညီအမျှ ထမ်းဆောင်စေသည် ရွက်ဆောင်စေသည် ဟူလို။

ယင်းသို့ဖြစ်လျှင် သဟဇာတာဓိပတိကိစ္စ တပ်နိုင်သော = အတူဖြစ်သော သမ္ပယုတ်တရားတို့ အပေါ်၌ အဓိပတိကိစ္စကို ရွက်ဆောင်နိုင်သော ဆန္ဒ ဝီရိယ ဝီမံသ (= ပညာ) စိတ္တတရားတို့၏ မိမိတို့ဆိုင်ရာ အဓိပတိကိစ္စကို မည်သို့ ပြုလုပ်နိုင်မည်နည်းဟု မေးဖွယ်ရာ ရှိ၏။ ယင်းအဓိပတိကိစ္စမှာလည်း ဆိုင်ရာသမ္ပယုတ်တရားတို့ ဆောင် ရွက်ရမည့် ကိုယ်ပိုင်ကိစ္စများပင် ဖြစ်ရကား ယင်း အဓိပတိလုပ်ငန်းကိစ္စရပ်တို့ကိုလည်း တတြမဇ္ဈတ္တတာစေတသိက်က အညီအမျှ ထမ်းဆောင်စေသည် ရွက်ဆောင်စေသည် ဖြစ်စေသည်သာဟု မှတ်ပါ။ (မဟာဋီ၊၂၊၁၄၇၊၊)

ပစ္စုပဋ္ဌာန် --- သမ္ပယုတ်တရားတို့ကို အညီအမျှ လျစ်လျူရှုခြင်းသဘောတရားဟု ယင်း တတြမဇ္ဈတ္တတာ စေတသိက်ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားနေသော ယောဂီသူတော်စင်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာ ပေသည်။ ဤ၌ လျစ်လျူရှုမှုဟူသည် ဂရုမစိုက် အရေးမလုပ်ဘဲ ပစ်ထားခြင်းမျိုးကို မဆိုလိုပေ။ အယုတ်အလွန် မရှိ အညီအမျှ ပြေးသွားနေကြကုန်သော အာဇာနည်မြင်းတို့ကို ဆွဲလည်းမဆွဲ နှင်တံဖြင့်လည်း မတို့ဘဲ လျစ်လျူ- ပြု အသင့်ရှု အသာကြည့်နေသကဲ့သို့ မိမိတို့ ဆိုင်ရာကိစ္စ၌ အယုတ်အလွန်မရှိ အညီအမျှ ဆောင်ရွက်ကြသော သမ္ပယုတ်တရားတို့ကို လွန်အောင်လည်း ဗျာပါရမပြု၊ ယုတ်လျော့အောင်လည်း ဗျာပါရမပြုဘဲ သင့်တင့်သော အားဖြင့် ရှုနေခြင်းကို လျစ်လျူရှုမှုဟု ဆိုသည်မှတ်ပါ။ ထိုကြောင့် အာဇာနည်မြင်းကသော ရထားကို မောင်းနှင် သော ရထားထိန်းနှင့် ဤစေတသိက်သည် တူ၏ဟု ဆိုသည်။ တစ်ခုခုသော တရားကိုမျှ ဖော်ဝင်ရိုင်းပင်း အသင်း မပြုမူ၍ လျစ်လျူရှုသည် ဟူလို။

၈ - ၉။ ကာယပဿဒ္ဓိ + စိတ္တပဿဒ္ဓိ

၈ - ၉။ ကာယပဿဒ္ဓိ + စိတ္တပဿဒ္ဓိ

၁။ ကာယစိတ္တဒရထဝူပသမလက္ခဏာ ကာယစိတ္တပဿဒ္ဓိယော၊

၂။ ကာယစိတ္တဒရထနိမ္မဒ္ဒနရသာ (ကာယစိတ္တဒရထနိမဒ္ဒနရသာ၊)

၃။ ကာယစိတ္တာနံ အပရိပ္ဖန္ဒနသီတိဘာဝပစ္စုပဋ္ဌာနာ (အပရိပ္ဖန္ဒသီတိဘာဝပစ္စုပဋ္ဌာနာ၊)

၄။ ကာယစိတ္တပဒဋ္ဌာနာ။

ကာယစိတ္တာနံ အဝူပသမကရဥဒ္ဓစ္စာဒိကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)

၁။ စေတသိက်ပူ စိတ်ပူတို့ကို ငြိမ်းအေးစေခြင်းသဘော လက္ခဏ၊

တစ်နည်း --- စေတသိက်ပူ စိတ်ပူတို့၏ ငြိမ်းအေးခြင်းသဘော လက္ခဏ၊

၂။ စေတသိက်ပူ စိတ်ပူတို့ကို နှိမ်နင်း ဖျက်ဆီးခြင်း (ကိစ္စ) ရသ၊

၃။ စေတသိက် + စိတ်တို့၏ ငြိမ်သက် အေးမြသော သဘောတရား ပစ္စုပဋ္ဌာန်၊

တစ်နည်း --- စေတသိက် စိတ်တို့၏ မတုန်လှုပ်ကုန်သည်၏အဖြစ်

ငြိမ်းအေးကုန်သည်၏အဖြစ်ဟူသော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ စေတသိက် + စိတ် ပဒဋ္ဌာန်။

ကာယပဿဒ္ဓိ၌ ကာယအရ ဝေဒနာ သညာ သင်္ခါရဟူသော စေတသိက် နာမ်ခန္ဓာသုံးပါးကို အရကောက် ယူပါ။ စိတ္တပဿဒ္ဓိ၌ စိတ်အရ ဝိညာဏက္ခန္ဓာကို အရကောက်ယူပါ။ (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)

ကိုယ်ဆင်းရဲရခြင်း ဒုက္ခ, စိတ်ဆင်းရဲရခြင်း ဒေါမနဿလျှင် အကြောင်းရင်းခံ ရှိကြကုန်သော စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စလွန်ကဲသော ကိလေသာတရားစုတို့သည် စေတသိက်ပူ စိတ်ပူတို့ မည်ကုန်၏။ တစ်နည်း --- ကိုယ် ဆင်းရဲရခြင်း ဒုက္ခ စိတ်ဆင်းရဲရခြင်း ဒေါမနဿလျှင် အကြောင်းရင်းခံ ရှိကြကုန်သော စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ လွန်ကဲသော ကိလေသာတို့နှင့် အတူယှဉ်တွဲ ဖြစ်ကြကုန်သော အကုသိုလ် နာမ်ခန္ဓာတရားစုတို့သည် စေတသိက်ပူ စိတ်ပူတို့ မည်ကုန်၏။ ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိတို့ကား ယင်း စေတသိက်ပူ စိတ်ပူတို့ကို ငြိမ်းအေး စေခြင်း, ယင်းစေတသိက်ပူ စိတ်ပူတို့၏ ငြိမ်းအေးခြင်း သဘောလက္ခဏာ ရှိ၏။ ယင်းအပူဓာတ်တို့ကို နှိမ်နင်း ဖျက်ဆီးခြင်း ကိစ္စ ရှိ၏။ ယင်းသို့ ပူပန်မှုကို နှိမ်နင်း ဖျက်ဆီးခြင်းကြောင့် စေတသိက် စိတ်တို့၏ ပူပန် တုန်လှုပ်ခြင်းမှ ကင်းသော ငြိမ်သက်အေးမြသော သဘောတရားဟု ယင်းပဿဒ္ဓိစေတသိက်တို့ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ ယှဉ်ဖက်စေတသိက် စိတ်တို့ သည်ပင် ယင်းစေတသိက်တို့၏ အနီးကပ်ဆုံးအကြောင်း ပဒဋ္ဌာန် ဖြစ်ပေသည်။ စေတသိက်စိတ်တို့၏ မငြိမ်သက်မှုကို ပြုတတ်ကုန်သော ဥဒ္ဓစ္စ စသော ကိလေသာတို့၏ ဆန့်ကျင်ဘက်ဖြစ်မှု သဘောတရားဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။ မဟာဋီ၊၂၊၁၄၄-၁၄၅။)

ဥဒ္ဓစ္စံ ဝါ အာဒိံ ကတွာ သဗ္ဗကိလေသေ သင်္ဂဏှာတိ၊ သေသေသုပိ ဧသေဝ နယော။ (မဟာဋီ၊၂၊၁၄၅၊၊)

၁၀ - ၁၁။ ကာယလဟုတာ + စိတ္တလဟုတာ

၁၀ - ၁၁။ ကာယလဟုတာ + စိတ္တလဟုတာ

၁။ ကာယစိတ္တလဟုတာ ကာယစိတ္တဂရုဘာဝဝူပသမလက္ခဏာ၊

၂။ ကာယစိတ္တဂရုဘာဝနိမ္မဒ္ဒနရသာ၊

၃။ ကာယစိတ္တာနံ အဒန္ဓတာပစ္စုပဋ္ဌာနာ၊

၄။ ကာယစိတ္တပဒဋ္ဌာနာ။

ကာယစိတ္တာနံ ဂရုဘာဝကရထိနမိဒ္ဓါဒိ ကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)

၁။ စေတသိက် + စိတ်တို့၏ လေးလံမှုကို ငြိမ်းအေးစေခြင်းသဘော လက္ခဏ၊

တစ်နည်း --- စေတသိက် + စိတ်တို့၏ လေးလံမှုတို့၏ ငြိမ်းအေးခြင်းသဘော လက္ခဏ၊

၂။ စေတသိက် + စိတ်တို့၏ လေးလံမှုကို နှိမ်နင်း ဖျက်ဆီးခြင်း (ကိစ္စ) ရသ၊

၃။ စေတသိက် + စိတ်တို့၏ မလေးမလံ မနှေးကန်သည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ စေတသိက် + စိတ် ပဒဋ္ဌာန်။

စေတသိက် + စိတ်တို့၏ လေးလံကုန်သည်၏အဖြစ်ကို ပြုတတ်ကုန်သော ထိနမိဒ္ဓ ပြဓာန်းသော ကိလေသာ တို့၏ ဆန့်ကျင်ဘက် ဖြစ်ကုန်၏ဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)

ထိနမိဒ္ဓ လွန်ကဲကုန်သော ကိလေသာတို့သည် တစ်နည်း လေးလံသော အခြင်းအရာအားဖြင့် ဖြစ်ကုန်သော ထိနမိဒ္ဓလွန်ကဲသော အကုသိုလ်နာမ်ခန္ဓာတို့သည်ကား စေတသိက် + စိတ်တို့၏ လေးလံမှုများ ဖြစ်ကြ၏။ ဤ စေတသိက်တို့ကား ယင်းလေးလံမှု = အလေးဓာတ်တို့၏ ထိပ်တိုက် ဆန့်ကျင်ဘက်များ ဖြစ်ကုန်၏၊ လေးလံမှုကို ငြိမ်းအေးစေခြင်း လေးလံမှု၏ ငြိမ်းအေးခြင်းသဘောများ ဖြစ်ကြ၏။ ယင်း လဟုတာစေတသိက်တို့၏ စွမ်းအင် ကြောင့် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့သည် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကိုလည်းကောင်း, ယင်း သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အချက်တို့ကိုလည်းကောင်း လျင်လျင်မြန်မြန် ပြောင်းရွှေ့ ပြန်လှန်၍ ရှုနိုင်ခြင်း ဖြစ်သည်။

ထိနမိဒ္ဓါဒိပဋိပက္ခဘာဝေန ကုသလဓမ္မေ အနိစ္စာဒိမနသိကာရေ စ သီဃံ သီဃံ ပရိဝတ္တနသမတ္ထတာ လဟုပရိဏာမတာ၊ အဝိဇ္ဇာနီဝရဏာနဥှိ တဏှာသံယောဇနာနံ သတ္တာနံ အကုသလပ္ပဝတ္တိ ပကတိဘူတာတိ န တတ္ထ လဟုပရိဏာမတာယ အတ္ထော။ တေသဉ္စ ဘာဝေါ ဂရုတာယေဝါတိ တဗ္ဗိဓုရသဘာဝါနံ လဟုတာ ဒဋ္ဌဗ္ဗာ၊ သာ ဟိ ပဝတ္တမာနာ သီဃံ ဘဝင်္ဂဝုဋ္ဌာနဿ ပစ္စယော ဟောတိ။ (မူလဋီ၊၁၊၉၇။)

ကုသိုလ်ရေး လုပ်ငန်းရပ်ဝယ် ကုသိုလ်တရားတို့ကို လျင်စွာ လျင်စွာ ဖြစ်စေခြင်း၌ စွမ်းနိုင်သည်၏အဖြစ်, သင်္ခါရတရားတို့ကို အနိစ္စ စသော သဘောအားဖြင့် နှလုံးသွင်းခြင်း၌လည်း ကုသိုလ်အဗျာကတတရားစုကို လျင်စွာ လျင်စွာ အဖန်ဖန် ဖြစ်စေခြင်း၌ စွမ်းနိုင်သည်၏အဖြစ်သည် ဤလဟုတာစေတသိက်တို့၏ စွမ်းရည်တည်း။ အမှန်မသိမှု = အသိမှားမှု = ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ထွင်းဖောက် မသိမှု = အဝိဇ္ဇာနီဝရဏ အပိတ် အဖုံး ရှိကြကုန်သော တဏှာသံယောဇဉ်ကြိုးဖြင့် အနှောင်အဖွဲ့ ခံကြရကုန်သော သတ္တဝါတို့၏ သန္တာန်ဝယ် အကုသိုလ် ဖြစ်ခြင်းသည် ပင်ကိုယ်သဘော ဖြစ်၏၊ သမားရိုးကျ ဖြစ်နေကျသဘော ဖြစ်၏။ ထိုကြောင့် ထို အကုသိုလ် ဖြစ်ခြင်း၌ လျင်လျင်မြန်မြန် ပြောင်းရွှေ့ ပြန်လှန်၍ ဖြစ်ခြင်း = လဟုတာပါ၍လည်း အကျိုးမရှိ၊ လဟုတာလည်း မပါနိုင်၊ အမှန်အားဖြင့်ကား ထိုအကုသိုလ်တို့၏ ဖြစ်မှုသည် အမြဲလေးလံနေသော ဂရုတာသဘောသာ ရှိ၏။ ထိုကြောင့် ထိုအလေးဓာတ် အကုသိုလ်တရားတို့နှင့် ဆန့်ကျင်ဘက်အဖြစ် ဝေးကွာသောသဘော ရှိကြကုန်သော ကုသိုလ်အဗျာကတတရားတို့၏ လဟုတာကိုသာ မှတ်သားပါ။ (ကုသိုလ်အဗျာကတတရားတို့၌ သာ လဟုတာသည် ရှိနိုင်သည် ဟူလိုသည်။) မှန်ပေသည် --- ထိုလဟုတာစေတသိက် ဖြစ်ပေါ်လတ်သော် ထို လဟုတာသည် လျင်မြန်စွာ ဘဝင်မှ ထခြင်း၏ အကြောင်းတရား ဖြစ်၏။ (ဝီထိစိတ်တို့၏ အကြားအကြား၌ ဘဝင်အကျ နည်းပါးနေမည် ဟူလိုသည်။) (မူလဋီ၊၁၊၉၇။)

ဤစကားစဉ်အရ --- ကုသိုလ်ရေး လုပ်ငန်း၌ ဖြစ်စေ, ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ ဖြစ်စေ ပွားများအားထုတ်နေသော ကုသိုလ်ကြိယာ ဇောဝီထိတို့၏ အကြားအကြားဝယ် ဘဝင် များစွာမခြားဘဲ ဘဝင် အစဉ်မှ ထကာထကာ ဇောဝီထိတို့ကို သွက်သွက်လက်လက် ဆက်၍ဆက်၍ ဖြစ်စေနိုင်ခြင်းသည် လဟုတာ စေတသိက်တို့က မိမိတို့ ဆိုင်ရာလုပ်ငန်းကိစ္စရပ်ကို ထက်ထက်မြက်မြက် အချက်ကျကျ ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု မှတ်ပါ။ စွမ်းအင်သတ္တိ စွမ်းရည်သတ္တိ ပြည့်ဝသော ဓာတ်သဘာဝ နှစ်မျိုး ဖြစ်သည်။

ဤ လဟုတာစေတသိက်တို့၏ စွမ်းရည်ကြောင့် ယင်းတို့နှင့်ယှဉ်သော စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်များ သည်လည်း ပေါ့ပါးသွက်လက်လာ၏။ စိတ္တဇရုပ်များ၏ ပေါ့ပါးသွက်လက်မှုကြောင့် ကျန် တိဇရုပ်တို့သည်လည်း ပေါ့ပါးသွက်လက်လာ၏။ ထိုကြောင့် ရူပကာယ တစ်ခုလုံးသည် ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် ဖြစ်လာ၏။ အကယ်၍ ယင်းလဟုတာစေတသိက်တို့သည် ဥဗ္ဗေဂါပီတိကဲ့သို့သော ပီတိနှင့် တွဲဖက်မိပါက ခန္ဓာကိုယ်တစ်ခုလုံး ကိုပင် ကောင်းကင်သို့ ပျံတက်စေနိုင်သည်အထိ အစွမ်းထက်ကြပေသည်။

အသင်သူတော်ကောင်း၏ စိတ်အစဉ် နာမ်သန္တတိအစဉ်၌လည်း ထိုကဲ့သို့သော စိတ်စွမ်းအင်များ ကိန်းဝပ် လာအောင် သာသနာတော်နှင့်ကြုံခိုက် အထူးကြိုးပမ်းသင့်လှပေသည်။

၁၂ - ၁၃။ ကာယမုဒုတာ + စိတ္တမုဒုတာ

၁၂ - ၁၃။ ကာယမုဒုတာ + စိတ္တမုဒုတာ

၁။ ကာယစိတ္တမုဒုတာ ကာယစိတ္တထဒ္ဓဘာဝဝူပသမလက္ခဏာ၊ (ကာယစိတ္တတ္ထမ္ဘဝူပသမလက္ခဏာ။)

၂။ ကာယစိတ္တထဒ္ဓဘာဝနိမ္မဒ္ဒနရသာ၊

၃။ အပ္ပဋိဃာတပစ္စုပဋ္ဌာနာ၊

၄။ ကာယစိတ္တပဒဋ္ဌာနာ။

ကာယစိတ္တာနံ ထဒ္ဓဘာဝကရဒိဋ္ဌိမာနာဒိကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)

၁။ စေတသိက် + စိတ်တို့၏ ခက်ထန်ခိုင်မာမှုကို ငြိမ်းအေးစေခြင်းသဘော လက္ခဏ၊

တစ်နည်း --- စေတသိက် + စိတ်တို့၏ ခက်ထန်ခိုင်မာမှု၏ ငြိမ်းအေးခြင်းသဘော လက္ခဏ၊

၂။ စေတသိက် + စိတ်တို့၏ ခက်ထန်ခိုင်မာမှုကို နှိမ်နင်း ဖျက်ဆီးခြင်း (ကိစ္စ) ရသ၊

၃။ တစ်စုံတစ်ခုသော အာရုံအပေါ်၌ စေတသိက်+စိတ်တို့၏ မထိခိုက်သော

သဘောတရား, တစ်နည်း --- မထိပါးတတ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

တစ်နည်း --- သမ္ပယုတ်တရားတို့၏ တစ်စုံတစ်ခုသော အာရုံ၌

မထိခိုက်ခြင်းဟူသော အကျိုးကို ရှေးရှူ ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ စေတသိက် + စိတ် ပဒဋ္ဌာန်။

စေတသိက် စိတ်တို့၏ ခက်ထန်ခိုင်မာသည်၏အဖြစ်ကို ပြုတတ်ကုန်သော ဒိဋ္ဌိ မာန ပြဓာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက် ဖြစ်သော သဘောတရားများဟု မှတ်ပါ။

ဒိဋ္ဌိ မာန ပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်တို့သည် ဒိဋ္ဌိဖြင့် အတ္တဟု စွဲလမ်းမှု, မာနဖြင့် ငါ ငါဟု မာန်မူမှုတို့ဖြင့် ခက်ထန်ခိုင်မာကြကုန်၏။ ထွန်တုံးကို မျိုထားသော မြွေကဲ့သို့ ဖြစ်ကာ နှိမ်ချသောစိတ်ဓာတ် များကို မကိန်းဝပ်စေ။ ဤမုဒုတာစေတသိက်တို့ကား ယင်း ဒိဋ္ဌိ မာနတို့နှင့် ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်သဖြင့် နူးညံ့ပျော့ပျောင်းသော သဘောရှိကြ၏။ ဤစေတသိက်တို့သည် စိတ်အစဉ်ဝယ် ကိန်းဝပ်လာသောအခါ ဖြစ် ပေါ်လာသောအခါ ယင်း ခက်ထန်ခိုင်မာမှုများသည် ငြိမ်းအေးသွားကြရ၏။ ထိုကြောင့် ဤမုဒုတာ စေတသိက် တို့သည် စေတသိက် စိတ်တို့၏ ခက်ထန်ခိုင်မာမှုကို ငြိမ်းအေးစေခြင်း, စေတသိက် စိတ်တို့၏ ခက်ထန်ခိုင်မာ မှု၏ ငြိမ်းအေးခြင်းသဘောလက္ခဏာလည်း ရှိပေသည်။ ယင်း ခက်ထန်ခိုင်မာမှုတို့ကို နှိမ်နင်းဖျက်ဆီးခြင်း ကိစ္စ လည်း ရှိပေသည်။

အကြင်တရားတို့သည် မောဟနှင့်ယှဉ်သော အကုသိုလ်တရားတို့ကဲ့သို့ လေးလံမှု မရှိဘဲ မပျက်စီးသော မချို့တဲ့သော လဟုတာ ရှိကုန်၏၊ လဟုတာနှင့် ပြည့်စုံကုန်၏။ ထိုတရားတို့၏လည်း ကောင်းမှုကုသိုလ်ကို ပြုလုပ် ခြင်း၌ မထိပါး မချုပ်ချယ်ခြင်းသည် မုဒုတာတည်း။ မထိပါး မချုပ်ချယ်ခြင်းကြောင့် မုဒုတာ စသော ရုပ်တို့နှင့် တူကုန်ရကား နာမ်တရားတို့၏လည်း နူးညံ့မှု ပျော့ပြောင်းမှုသဘော စသည်တို့ကို ဘုရားရှင်သည် ဟောကြား တော်မူပေသည်။ (မူလဋီ၊၁၊၉၇။)

ယေ စ ဓမ္မာ မောဟသမ္ပယုတ္တာ ဝိယ အဝိပန္နလဟုတာ၊ တေသဉ္စ ကုသလကရဏေ အပ္ပဋိဃာတော မုဒုတာ။ အပ္ပဋိဃာတေန မုဒုတာဒိရူပသဒိသတာယ အရူပဓမ္မာနမ္ပိ မုဒုတာ မဒ္ဒဝတာတိအာဒိ ဝုတ္တံ။ (မူလဋီ၊၁၊၉၇။)

သို့အတွက် ကုသိုလ်ဖြစ်ကြောင်း တစ်စုံတစ်ခုသော အာရုံပေါ်၌ သို့မဟုတ် ကုသိုလ်ရေးဆိုင်ရာ လုပ်ငန်း- ရပ်၌ စေတသိက် + စိတ်တို့၏ မထိခိုက်သော သဘောတရား, ယှဉ်ဖက်စေတသိက် + စိတ်တို့ကို မထိပါး မချုပ်ချယ်တတ်သော သဘောတရားဟု ယင်းမုဒုတာစေတသိက်တို့ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွား နေသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်တည်း။ တစ်နည်း ကုသိုလ်ရေးဆိုင်ရာ အာရုံ၌ ကုသိုလ်ကောင်းမှု တစ်ခုခုကို ပြုစုပျိုးထောင်ရာ၌ သမ္ပယုတ်တရားတို့ကို မထိခိုက်ခြင်းဟူသော အကျိုး = စိတ်မထိခိုက်ခြင်းဟူသော အကျိုးကို ရှေးရှူ ဖြစ်စေတတ်၏၊ ဖလပစ္စုပဋ္ဌာန်တည်း။ ကောင်းမှုကုသိုလ်ကို ပြုရာ၌ စိတ်ထိခိုက်မှု နာကြည်းမှု မရှိစေဘဲ နူးညံ့ပျော့ပျောင်းမှု ရိုသေလေးစားမှု မာန်မာန နှိမ်ချမှု ဂါရဝ နိဝါတ နိမာနမင်္ဂလာတရားများကို ကောင်းမှုရှင်၏ သန္တာန်ဝယ် ကိန်းဝပ်လာစေသည် ဟူလိုသည်။ နိဝါတ နိမာန အားကြီးသူတို့၏ နှိမ်ချသော စိတ်ဓာတ်ရှိပုံ ကိုယ်အမူအရာ နူးညံ့ပျော့ပျောင်းပုံတို့သည် ဤမုဒုတာ စေတသိက်တို့၏ စွမ်းရည်သတ္တိများပင် ဖြစ်သည်။

၁၄ - ၁၅။ ကာယကမ္မညတာ + စိတ္တကမ္မညတာ

၁၄ - ၁၅။ ကာယကမ္မညတာ + စိတ္တကမ္မညတာ

၁။ ကာယစိတ္တကမ္မညတာ ကာယစိတ္တအကမ္မညဘာဝဝူပသမလက္ခဏာ၊

၂။ ကာယစိတ္တာနံ အကမ္မညဘာဝနိမ္မဒ္ဒနရသာ၊

၃။ ကာယစိတ္တာနံ အာရမ္မဏကရဏသမ္ပတ္တိပစ္စုပဋ္ဌာနာ၊

၄။ ကာယစိတ္တပဒဋ္ဌာနာ။

ကာယစိတ္တာနံ အကမ္မညဘာဝကရာဝသေသနီဝရဏပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။ တာ ပသာဒနီယဝတ္ထူသု ပသာဒါဝဟာ၊ ဟိတကိရိယာသု ဝိနိယောဂက္ခမဘာဝါဝဟာ သုဝဏ္ဏဝိသုဒ္ဓိ ဝိယာတိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)

၁။ စေတသိက် + စိတ်တို့၏ ကောင်းသောအမှု၌ မခံ့ညားမှုကို ငြိမ်းအေးစေခြင်းသဘော -- လက္ခဏ၊

တစ်နည်း-စေတသိက် + စိတ်တို့၏ ကောင်းသောအမှု၌ မခံ့ညားမှု၏ ငြိမ်းအေးခြင်းသဘော -- လက္ခဏ၊

၂။ စေတသိက် + စိတ်တို့၏ ကောင်းသောအမှု၌ မခံ့ညားမှုကို နှိမ်နင်း ဖျက်ဆီးခြင်း -- (ကိစ္စ) ရသ၊

၃။ စေတသိက် + စိတ်တို့၏ အာရုံပြုခြင်း၏ ပြည့်စုံကြောင်းသဘောတရား -- (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်။

တစ်နည်း --- စေတသိက် + စိတ်တို့၏ ပြည့်ပြည့်စုံစုံ အာရုံကို ယူနိုင်ခြင်းဟူသော

အကျိုးကို ရှေးရှူ ဖြစ်စေတတ်ကုန်၏ -- (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ စေတသိက် + စိတ် -- ပဒဋ္ဌာန်။

စေတသိက် + စိတ်တို့၏ ဒါန သီလ သမထ ဝိပဿနာဘာဝနာ စသော ပုညကိရိယ = ကောင်းမှုလုပ်ငန်း၌ မခံ့ညားကုန်သည်၏အဖြစ်ကို ပြုတတ်ကုန်သော ဥဒ္ဓစ္စ ကုက္ကုစ္စ စသော ကိလေသာတို့မှ ကြွင်းကုန်သော ကာမစ္ဆန္ဒ စသော ကိလေသာတို့နှင့် ထိုကိလေသာတို့နှင့် တူသော တည်ရာ မှီရာ ရှိကြကုန်သော ကိလေသာနီဝရဏတို့၏ ဆန့်ကျင်ဘက် ဖြစ်ကုန်၏ဟု မှတ်ပါ။ ထိုကမ္မညတာစေတသိက်တို့သည် ရတနာ သုံးပါး စသည့် ကြည်ညိုဖွယ် ဝတ္ထုတို့၌ ကြည်ညိုခြင်းကို ရွက်ဆောင်တတ် ရွက်ဆောင်ပေးတတ်ကုန်၏။ အလွန် သန့်ရှင်းစင်ကြယ်သော လှော်သစ်စ ဦးသစ်စ လှော်ပြီး ဦးပြီးသော ရွှေသည် ပုတီး နားတောင်း (= နားဍောင်း) စသော တန်ဆာပြုလုပ်မှု တို့၌ သုံးစွဲခြင်းငှာ သင့်လျော်လျောက်ပတ် ကောင်းမြတ်ခံ့ညားသကဲ့သို့ အလားတူပင် ထိုကမ္မညတာ စေတ သိက်တို့သည် လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာစီးပွားကို ဧကန်ပေးတတ်သော ဒါန သီလ သမထ ဝိပဿနာဘာဝနာ စသည့် အကျိုးစီးပွားရှိသည့် လုပ်ငန်းရပ်တို့၌ ယှဉ်စပ်သုံးစွဲမှု၌ ခံ့ညားသည်၏ အဖြစ်ကို ရွက်ဆောင်တတ်ကုန်၏၊ ရွက်ဆောင်ပေးတတ်ကုန်၏။

ဒါနပြုလျှင် ဒါနလုပ်ငန်းရပ်၌ စေတသိက် စိတ်တို့ကို တွန့်ဆုတ်မနေစေဘဲ ယှဉ်နေ ကပ်နေ ခံ့ညားနေ အဆင်ပြေနေအောင် ရွက်ဆောင်ပေးတတ်၏။ သီလဆောက်တည်လျှင် သီလကောင်းမှု၌ စေတသိက်စိတ်တို့ကို တွန့်ဆုတ်မနေစေဘဲ သီလစောင့်ထိန်းမှု၌ စေတသိက်စိတ်တို့ကို ယှဉ်နေ ကပ်နေ ခံ့ညားနေ အသင့်ဖြစ်နေ အဆင်ပြေနေအောင် ရွက်ဆောင်ပေးတတ်၏။ ဘာဝနာတရားကို ပွားများအားထုတ်လျှင်လည်း မိမိ ပွားများ အားထုတ်သည့် ဘာဝနာလုပ်ငန်းရပ်၌ စေတသိက်စိတ်တို့ကို တွန့်ဆုတ်မနေစေဘဲ သမထဘာဝနာဖြစ်လျှင် သမထဘာဝနာအာရုံ = သမထနိမိတ်အာရုံ၌, ဝိပဿနာဘာဝနာအာရုံဖြစ်လျှင် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော သင်္ခါရနိမိတ်အာရုံ၌ စေတသိက် စိတ်တို့ကို ယှဉ်နေ ကပ်နေ ခံ့ညားနေအောင် အသင့်ဖြစ်နေအောင် အဆင်ပြေနေအောင် ရှုလို့ကောင်းနေအောင် ရွက်ဆောင်ပေးတတ်၏။ ဤကမ္မညတာစေတသိက်တို့သည် စွမ်းအင် ထက်မြက် စူးရှလာသောအခါ ယောဂါဝစရပုဂ္ဂိုလ်သည် ဘာဝနာလုပ်ငန်း၌ အလွန်အချိုးကျ အဆင်ပြေနေတတ် ၏၊ ရှုလို့ကောင်းနေတတ်၏၊ အချိန်ကုန်မှန်းမသိ မောရမှန်း ပန်းရမှန်း မသိတော့ဘဲ ရှုလို့မဝနိုင် ဖြစ်နေတတ်၏။

ပစ္စည်းဥစ္စာ စသည်တို့အပေါ်၌ တွယ်တာမက်မောမှု ကာမစ္ဆန္ဒ = တဏှာ = လောဘ စသော နီဝရဏတွေ အားကောင်းနေပြန်လျှင်လည်း ဒါန မပြုနိုင်။ ကြေမွနေသော ရွှေသည် ပုတီး နားတောင်း စသော တန်ဆာပြုမှု၌ မကောင်းသကဲ့သို့ ထို့အတူ ပစ္စည်းဥစ္စာ စသည့် သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ အပေါ်၌ ချစ်ခင်မြတ်နိုးခြင်း စုံမက်မြတ်နိုးခြင်းတည်းဟူသော တဏှာအစိုဓာတ် အစေးဓာတ်၏ စွမ်းအားဖြင့် စိုစွတ်နေသော အလွန် နူးညံ့လွန်း ပျော့လွန်းသော စိတ်ဓာတ်သည်လည်း ဒါန စသည့် ကုသိုလ်ကောင်းမှု၌ မကောင်းသည်သာ ဖြစ်၏၊ မခံ့ညားသည် သာ ဖြစ်၏။

ပစ္စည်းဥစ္စာ စသည်တို့ကို အကြောင်းပြု၍ မာန်မာနကြီးနေရသူ မာနတက်နေရသူ ဂုဏ်ယူဝင့်ကြွားနေရသူ ဖြစ်ပြန်လျှင်လည်း ဒါန မပြုနို်င်။ မီးဖြင့် အပူဓာတ် မပေးထားအပ်သော လှော်ပြီး ဦးပြီး မဟုတ်သော ရွှေသည် ထိုထို ပုတီး နားတောင်း စသော တန်ဆာပြုလုပ်မှု၌ မကောင်းသည် မခံ့ညားသည်သာ ဖြစ်သကဲ့သို့ ထို့အတူ မာန စသည်တို့ကြောင့် အလွန်မာကျောသော စိတ်ဓာတ်သည်လည်း ဒါန စသည့် ကုသိုလ်ကောင်းမှု၌ မကောင်း သည်သာ ဖြစ်၏၊ မခံ့ညားသည်သာ ဖြစ်၏။

သို့အတွက် တဏှာ မာန ပြဓာန်းသည့် အကုသိုလ်တရားစုတို့ကား ဒါနနှင့် ထိပ်တိုက်ဆန့်ကျင်ဘက်များ ဖြစ်တတ်ကြ၏။ တစ်ဖန် တဏှာစွဲ မာနစွဲ သိပ်အားသန်နေလျှင်လည်း ဒါနကိုသာမက သီလနှင့် ဘာဝနာကိုလည်း ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်မှု မလုပ်နိုင်။ တဏှာကျွန်အဖြစ်မှ လွတ်အောင် မရုန်းနိုင်သူတို့ကား သီလကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ဖို့ရန် ဘာဝနာကို ပြည့်ပြည့်စုံစုံ ပွားများဖို့ရန် အလွန် ဝန်လေးနေသူများ ဖြစ်တတ်ကြ၏။ တဏှာကို မတော်လှန်နိုင်သဖြင့် သီလကိုလည်း ချိုးဖောက်တတ်၏၊ ဘာဝနာကိုလည်း အလျော့ပေးတတ်၏။

အလျော်အားဖြင့် ဆိုရမူ အကြင်စိတ်သည် သင့်လျော်ရုံ နူးညံ့သည်၏အဖြစ်နှင့် ယှဉ်သည် ဖြစ်အံ့၊ သင့် လျော်ရုံ နူးညံ့သော ရွှေသည် ပုတီး နားတောင်း စသော တန်ဆာပြုမှု၌ ကောင်းမွန်ခံ့ညားသကဲ့သို့ ထို့အတူ သင့်လျော်ရုံ နူးညံ့မှုနှင့် ယှဉ်သော စိတ်သည်လည်း ကုသိုလ်ကောင်းမှု၌ ကောင်းမွန်သည်သာ ဖြစ်၏။ နူးညံ့သော ထိုစိတ်၏ပင် ကောင်းမှုလုပ်ငန်းရပ်၌ ကောင်းမွန်ခံ့ညားသော အခြင်းအရာသည် ကမ္မညတာ မည်၏။ ဤသို့လျှင် ကောင်းမှုလုပ်ငန်းရပ်၌ စေတသိက် စိတ်တို့၏ ကောင်းမွန်ခံ့ညားမှု ကမ္မညတာသဘောကို သင့်လျော်ရုံ နူးညံ့ ပျော့ပျောင်းမှု မုဒုတာက ထူးခြားအောင် အထူးပြုထားသည်ကို သိရှိပါလေ။ (မူလဋီ၊၁၊၉၇။)

ထိုကြောင့် ဤကမ္မညတာ စေတသိက်တို့သည် ယင်းတဏှာ မာန စသည့် ကိလေသာ အညစ်အကြေးတို့ကို ကင်းဝေးစေခြင်းဖြင့် ဒါန သီလ ဘာဝနာ စသည့် ပုညကြိယာ = ကောင်းမှု၌ စေတသိက် စိတ်တို့၏ မခံ့ညားမှုကို ပြုတတ်သော ယင်းကာမစ္ဆန္ဒ စသည့် ကိလေသာတို့ကိုလည်း နှိမ်နင်း ဖျက်ဆီးခြင်း ကိစ္စရသလည်း ရှိပေသည်။

ယင်းသို့ ကောင်းမှုလုပ်ငန်းတို့၌ စိတ်ဓာတ် မခံ့ညားမှုကို ပြုတတ်ကုန်သော ကာမစ္ဆန္ဒ စသည့် ဘေးရန် တို့ကို နှိမ်နင်း ဖျက်ဆီးသဖြင့် ဤကမ္မညတာစေတသိက်တို့သည် ကောင်းမှုလုပ်ငန်းရပ်တို့၌ စေတသိက် စိတ်တို့၏ ချမ်းသာစွာဖြစ်ခြင်း၏ အကြောင်းတရားများလည်း ဖြစ်သွားကြပေသည်။ ထိုကြောင့် ဤကမ္မညတာစေတသိက် တို့သည် ဒါန သီလ ဘာဝနာ စသည့် အာရုံကို အာရုံပြုခြင်း၏ ပြည့်စုံကြောင်းတရားဟု ယင်း စေတသိက်တို့ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂီသူတော်စင်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်တည်း။ တစ်နည်း --- ဆန့်ကျင်ဘက် နီဝရဏတို့ကို နှိမ်နင်းနိုင်သဖြင့် ဒါန သီလ ဘာဝနာ လုပ်ငန်းရပ်တို့၌ ခံ့ညားမှုကြောင့် ဒါန သီလ ဘာဝနာအာရုံကို စေတသိက် စိတ်တို့က ပြည့်ပြည့်စုံစုံ အာရုံယူနိုင်ခြင်း ဟူသော အကျိုးကို ဤကမ္မညတာစေတသိက်တို့က ရှေးရှူ ဖြစ်စေကြသည်။ ဖလပစ္စုပဋ္ဌာန်တည်း။

၁၆ - ၁၇။ ကာယပါဂုညတာ + စိတ္တပါဂုညတာ

၁၆ - ၁၇။ ကာယပါဂုညတာ + စိတ္တပါဂုညတာ

၁။ ကာယစိတ္တပါဂုညတာ ကာယစိတ္တာနံ အဂေလညဘာဝလက္ခဏာ၊

၂။ ကာယစိတ္တဂေလညနိမ္မဒ္ဒနရသာ၊

၃။ နိရာဒီနဝပစ္စုပဋ္ဌာနာ၊

၄။ ကာယစိတ္တပဒဋ္ဌာနာ။

ကာယစိတ္တဂေလညကရအဿဒ္ဓိယာဒိကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။ ဝိသုဒ္ဓိ၊၂၊၉၆။)

၁။ စေတသိက် + စိတ်တို့၏ မနာဖျားခြင်းသဘော = မနာကျင်ခြင်းသဘော လက္ခဏ၊

၂။ စေတသိက် + စိတ်တို့၏ နာဖျားခြင်း = နာကျင်ခြင်းကို နှိမ်နင်း ဖျက်ဆီးခြင်း (ကိစ္စ) ရသ၊

၃။ စေတသိက် + စိတ်တို့၏ အပြစ်အနာကင်းသော

= အပြစ်အနာ မရှိသောသဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

တစ်နည်း --- စေတသိက် + စိတ်တို့၏ အပြစ်အနာကင်းသည်၏အဖြစ်

= အပြစ်မရှိသည်၏အဖြစ်ဟူသော အကျိုးကို ရှေးရှူဖြစ်စေ၏ -- (ဖလ) ပစ္စပဋ္ဌာန်၊

၄။ စေတသိက် + စိတ် ပဒဋ္ဌာန်။

စေတသိက် + စိတ်တို့၏ နာဖျားခြင်း မကျန်းမာခြင်း နာကျင်ခြင်းကို ပြုတတ်ကုန်သော ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့ အပေါ်၌ မယုံကြည်နိုင်ကုန်သော = အဿဒ္ဓိယ ပြဓာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက် သဘောတရားများ ဖြစ်ကြကုန်၏ဟု မှတ်ပါ။

ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့အပေါ်၌ မယုံကြည်နိုင်မှုကို အဿဒ္ဓိယတရားဟု ခေါ်၏။ ယင်း အဿဒ္ဓိယတရားကို အခြေတည်၍ ဖြစ်ပေါ်လာကြကုန်သော အကုသိုလ်တရားစုတို့ကား စေတသိက် စိတ်တို့၏ အနာအဆာများ ဖြစ်ကြ၏။ ယင်း အကုသိုလ် အနာအဆာတရားတို့ စွဲကပ်နေသော စိတ်ကို နာဖျား နေသောစိတ် နာကျင်နေသောစိတ် မကျန်းမာနေသောစိတ်ဟု ခေါ်ဆိုရ၏။ ကိလေသာ အနာရောဂါပိုးများ အထိုးအဆွ ခံနေရသောကြောင့် ဖြစ်၏။ ယင်း ကိလေသာ ရောဂါပိုးများ အထိုးအဆွခံနေရသော စိတ်ဓာတ်သည် ဒါန သီလ ဘာဝနာ စသည့် ပုညကြိယာ ကောင်းမှုလုပ်ငန်းတို့၌ ယုံကြည်မှု မရှိသဖြင့် စိတ်ဝင်စားမှုလည်း မရှိ ပေ။ ယင်းကောင်းမှုကုသိုလ်တို့ကိုလည်း မပြုပေ။ ယင်းသို့ ပြုလေ့မရှိသဖြင့်လည်း ယင်း အဿဒ္ဓိယ ရှိနေသူ၏ စေတသိက် စိတ်တို့သည် ယင်း ဒါန သီလ ဘာဝနာ စသည့် ကောင်းမှု ကုသိုလ်အာရုံတို့အပေါ်၌ အဝါးဝစွာ ပွန်းတီးခြင်း လေ့လာနိုင်နင်းခြင်း ကျွမ်းကျင်ခြင်း မညောင်နာခြင်း စသော သဘောတရားများလည်း မဖြစ်နိုင်၊ ပါဂုညတာစေတသိက်တို့ မဖြစ်နိုင်။

ဤပါဂုညတာ စေတသိက်တို့ကား ယင်းအဿဒ္ဓိယပြဓာန်းသော အကုသိုလ်တရားစုနှင့် ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်ကြ၏။ ယင်း အဿဒ္ဓိယ ပြဓာန်းသော အကုသိုလ်တရားစုတို့ကို နှိမ်နင်း ဖျက်ဆီးနိုင်၏။ ထိုကြောင့် ဤပါဂုညတာစေတသိက်တို့ ကိန်းဝပ်လေ့ရှိသော သူတော်ကောင်း၏ စေတသိက် စိတ်တို့သည် အဿဒ္ဓိယ စသော ကိလေသာအနာများ ကင်းနေရကား ယင်းစေတသိက် စိတ်တို့သည် ယှဉ်ဖက်စေတသိက် စိတ်တို့၏ မနာဖျားသည်၏အဖြစ် မနာကျင်သည်၏အဖြစ်ဟူသော သဘောလက္ခဏာလည်း ရှိ၍ နာဖျားခြင်း နာကျင်ခြင်းကို နှိမ်နင်း ဖျက်ဆီးခြင်း ကိစ္စလည်း ရှိပေသည်။ ယင်းစေတသိက်တို့ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် အဿဒ္ဓိယ စသော ကိလေသာ အပြစ်အနာ ကင်းသော အပြစ်အနာ မရှိသော သဘောတရားတို့ဟူ၍လည်း ရှေးရှူ ထင်လာပေသည်။ ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်တည်း။ တစ်နည်း စေတသိက် + စိတ်တို့၌ = ယှဉ်ဖက်သမ္ပယုတ်တရားတို့၌ အဿဒ္ဓိယ စသော ကိလေသာ အပြစ်အနာကင်းခြင်း အပြစ်အနာ မရှိခြင်းဟူသော အကျိုးကိုလည်း ရှေးရှူ ဖြစ်စေတတ်၏။ ဖလပစ္စုပဋ္ဌာန်တည်း။

သို့အတွက် ဤပါဂုညတာစေတသိက်တို့ကို ဒါန သီလ ဘာဝနာ စသော ကောင်းမှုအာရုံတို့ အပေါ်၌ စေတသိက် စိတ်တို့၏ အဝါးဝစွာ ပွန်းတီးခြင်း (= ပြွမ်းတီးခြင်း) လေ့လာနိုင်နင်းခြင်း ကျွမ်းကျင်ခြင်း မညောင်နာ ခြင်း သဘောတရားများဟု မှတ်ပါ။

ဒါနပြုရန် ညောင်နာနာ ဖြစ်နေသူ သီလစောင့်ထိန်းရန် ညောင်နာနာ ဖြစ်နေသူ သမထ ဝိပဿနာဘာဝနာ တရားများကို ပွားများအားထုတ်ရန် ညောင်နာနာ ဖြစ်နေသူတို့ကား အဿဒ္ဓိယ စသော ကိလေသာပိုးများ အထိုးအဆွခံနေရသူတို့သာ ဖြစ်ကြကုန်သည်၊ သတိရှိစေ။

၁၈ - ၁၉။ ကာယုဇုကတာ + စိတ္တုဇုကတာ

၁၈ - ၁၉။ ကာယုဇုကတာ + စိတ္တုဇုကတာ

၁။ ကာယစိတ္တုဇုကတာ ကာယစိတ္တအဇ္ဇဝလက္ခဏာ၊

၂။ ကာယစိတ္တကုဋိလဘာဝနိမ္မဒ္ဒနရသာ၊

၃။ အဇိမှတာပစ္စုပဋ္ဌာနာ၊

၄။ ကာယစိတ္တပဒဋ္ဌာနာ။

ကာယစိတ္တာနံ ကုဋိလဘာဝကရမာယာသာဌေယျာဒိကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။ ဝိသုဒ္ဓိ၊၂၊၉၆။)

၁။ စေတသိက် + စိတ်တို့၏ ဖြောင့်မတ်ခြင်းသဘော လက္ခဏ၊

၂။ စေတသိက် + စိတ်တို့၏ ကောက်ကျစ်မှုတို့ကို နှိမ်နင်း ဖျက်ဆီးခြင်း (ကိစ္စ) ရသ၊

၃။ စေတသိက် + စိတ်တို့၏ မကောက်ကျစ်သည့် သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

တစ်နည်း --- စေတသိက် စိတ်တို့၏ (သမ္ပယုတ်တရားတို့၏) အချင်းခပ်သိမ်း

မကောက်ကျစ်သည်၏ အဖြစ်ဟူသော အကျိုးကို ရှေးရှူဖြစ်စေတတ်ကုန်၏ -- (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ စေတသိက် + စိတ် ပဒဋ္ဌာန်။

စေတသိက် + စိတ်တို့၏ ကောက်ကျစ်ကုန်သည်၏ အဖြစ်ကို ပြုတတ်ကုန်သော မာယာ သာဌေယျ ပြ ဓာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက် ဖြစ်ကုန်သော သဘောတရားတို့ဟူ၍ မှတ်ပါ။

မာယာ - သာဌေယျ

မာယာ - သာဌေယျ

အယံ ဝုစ္စတီတိ အယံ ကတပဋိစ္ဆာဒနလက္ခဏာ မာယာ နာမ ဝုစ္စတိ။ ပ ။ ဣဒံ ဝုစ္စတီတိ ဣဒံ အတ္တနော အဝိဇ္ဇမာနဂုဏပကာသနလက္ခဏံ သာဌေယျံ နာမ ဝုစ္စတိ။ (အဘိ၊ဋ္ဌ၊၂၊၄၇၅။)

သန္တဒေါသပဋိစ္ဆာဒနလက္ခဏာ မာယာ၊ အသန္တဂုဏသမ္ဘာဝနလက္ခဏံ သာဌေယျန္တိ ဧဝံ ဝုတ္တာ တဒါကာရပ္ပဝတ္တာ အကုသလာ ခန္ဓာ, တဒေကဋ္ဌာ စ သံကိလေသဓမ္မာ မာယာသာဌေယျာဒိကာ။ (မဟာဋီ၊၂၊၁၄၆၊၊)

မာယာသည် မိမိပြုပြီးသော မိမိ၌ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်း သဘောလက္ခဏာ ရှိ၏။ သာဌေယျ သည် မိမိ၌ ထင်ရှားမရှိသော ဂုဏ်ကျေးဇူးကို ထုတ်ဖော်ချီးမွမ်းခြင်း သဘောလက္ခဏာ ရှိ၏ --- ဟု အဋ္ဌကထာ၌ ဆိုအပ်ကုန်သော မိမိ၌ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းကွယ်ကာ၍ အပြစ်မရှိလေဟန်ဖြင့် လိမ်လည်လှည့်ပတ် ခြင်း, မိမိမှာ မရှိသော ဂုဏ်ကို ရှိလေယောင် ဟိတ်ဟန်ဆောင်လျက် စဉ်းလဲကောက်ကျစ်ခြင်းဟူသော အခြင်း အရာအားဖြင့် ဖြစ်ကုန်သော အကုသိုလ်ခန္ဓာတို့သည်လည်းကောင်း, ထို မာယာ သာဌေယျ၌ တည်၍ ထပ်ဆင့် ဖြစ်ပွားလာကြကုန်သော ကိလေသာတရားစုတို့သည်လည်းကောင်း မာယာ သာဌေယျ စသည် မည်ကုန်၏။ တရားကိုယ်အားဖြင့် ရံခါ တဏှာလောဘ ပြဓာန်းသော, ရံခါ မာန ပြဓာန်းသော အကုသိုလ်ခန္ဓာများသာ အဖြစ် များဖွယ်ရာ ရှိသည်။

ဤကာယုဇုကတာ စိတ္တုဇုကတာဟူသော ဥဇုကတာစေတသိက်တို့သည် ယင်း မာယာ သာဌေယျ ဦးဆောင်သည့် အကွေ့အကောက်တရားတို့နှင့် ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်ကြကုန်၏၊ ယင်းအကုသိုလ်တရားတို့ကို ပယ်သတ်နိုင်ကြကုန်၏။ သို့အတွက် ဤ ဥဇုကတာ စေတသိက်တို့ အဝင်အပါ သောဘဏစိတ်စေတသိက်တို့ ဖြစ်ခိုက်၌ အကွေ့အကောက်များ ကင်းစင်နေသဖြင့် စေတသိက် စိတ်တို့သည် ဒါန သီလ ဘာဝနာဆိုင်ရာ ကောင်းမှုအာရုံပေါ်၌ ဖြောင့်မတ်နေကြပေသည်။ ဤဥဇုကတာ စေတသိက်တို့၏ စွမ်းအင်ကြောင့် နာမကာယ သာမက ရူပကာယပါ ဖြောင့်မတ်ရိုးသားသော အမူအရာ ရှိနေပေသည်။ လက္ခဏ ရသ စသည်တို့၏ သဘောများ ထင်ရှားပြီ။

အစုံအစုံ ဟောတော်မူရခြင်း၏ အကြောင်းရင်း

အစုံအစုံ ဟောတော်မူရခြင်း၏ အကြောင်းရင်း

ဧတ္ထ စ စိတ္တပဿဒ္ဓိအာဒီဟိ စိတ္တမေဝ ပဿဒ္ဓံ, လဟု, မုဒု, ကမ္မညံ, ပဂုဏံ, ဥဇု စ ဟောတိ။ ကာယပဿဒ္ဓိအာဒီဟိ ပန ရူပကာယောပိ။ တေနေဝေတ္ထ ဘဂဝတာ ဓမ္မာနံ ဒုဝိဓတာ ဝုတ္တာ၊ န သဗ္ဗတ္ထ။ (မဟာဋီ၊၂၊၁၄၆၊၊)

စိတ္တပဿဒ္ဓိဖြင့် စိတ်၏ ငြိမ်းအေးမှု, စိတ္တလဟုတာဖြင့် စိတ်၏ ပေါ့ပါးမှု, စိတ္တမုဒုတာဖြင့် စိတ်၏ နူးညံ့မှု, စိတ္တကမ္မညတာဖြင့် စိတ်၏ ကောင်းသောအမှု၌ ခံ့ညားမှု, စိတ္တပါဂုညတာဖြင့် စိတ်၏ ကောင်းသောအမှု၌ ပွန်းတီးမှု လေ့လာနိုင်နင်းမှု ကျွမ်းကျင်မှု, စိတ္တုဇုကတာဖြင့် စိတ်၏ ဖြောင့်မတ်မှုသာ အသီးအသီး ဖြစ်နိုင်၏။ ကာယပဿဒ္ဓိ စသည်တို့ဖြင့်ကား ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာဟူသော နာမကာယသည်လည်းကောင်း, ရူပကာယ သည်လည်းကောင်း ငြိမ်းအေးမှု, ပေါ့ပါးမှု, နူးညံ့မှု, ကောင်းသောအမှု၌ ခံ့ညားမှု, ကောင်းသောအမှု၌ လေ့လာ ပွန်းတီးမှု ကျွမ်းကျင်မှု, ဖြောင့်မတ်မှုများ ဖြစ်ကြ၏။ ထိုကြောင့် ကာယပဿဒ္ဓိ စသည်တို့၌သာလျှင် ဘုရားမြတ်စွာ သည် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ စသည်ဖြင့် နှစ်မျိုးစီ ခွဲ၍ ဟောကြားတော်မူသည်။ သမာဓိ စသော အလုံး စုံသော တရားတို့၌ နှစ်မျိုးစီ ခွဲ၍ မဟောအပ်ပေ။

ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိမှ စ၍ ကာယုဇုကတာ စိတ္တုဇုကတာတိုင်အောင်သော စေတသိက် (၁၂)လုံးတို့ကို အစုံအစုံ တွဲ၍ ဟောကြားထားတော်မူသဖြင့် ယုဂဠစေတသိက်များဟု ခေါ်၏၊ ယင်း စေတသိက်တရားစုတို့သည် တက်ညီလက်ညီဖြင့် ဆိုင်ရာ ကိလေသာ အပူမီးတောက်များကို ငြှိမ်းသတ်ကြသဖြင့် ဤစေတသိက်တို့ အပါ အဝင် ဖြစ်သော သောဘဏအုပ်စုဝင် နာမ်တရားတို့ = အကောင်းအုပ်စု စိတ်စေတသိက်တို့ ဖြစ်ခိုက် ကိလေသာ အပူမီးများ ငြိမ်းအေးလျက် ရှိကြ၏၊ ဆန့်ကျင်ဘက် ကိလေသာများ ငြိမ်းသဖြင့် စိတ်စေတသိက်တို့၌ ငြိမ်းအေးမှု ပေါ့ပါးမှု စသည့် သဘောတရားတို့သည် ထူးခြားထက်မြက်စွာ ဖြစ်ပေါ်လာကြကုန်၏၊ ယင်းငြိမ်းအေးမှု ပေါ့ပါးမှု စသော သဘောတရားများသည် စိတ်စေတသိက်၌သာမက ယင်းစိတ်စေတသိက်တို့ကြောင့် ဖြစ်သော စိတ္တဇရုပ် များအထိ ကူးစက်ကာ ငြိမ်းအေးမှု ပေါ့ပါးမှု စသော သဘောတရားများသည် စိတ္တဇရုပ်များ၌ ကူးစက်ဖြစ်ပွား လျက် ရှိကြ၏၊ ထိုစိတ္တဇရုပ်များမှ အငြိမ်းဓာတ် အပေါ့ဓာတ် စသည်တို့သည် ကူးစက်၍ ရူပကာယ တစ်ခုလုံး၌ လည်း ငြိမ်းအေးမှု, ပေါ့ပါးမှု စသည့်သဘောတရားတို့သည် ဖြစ်ပေါ်လျက် ရှိကြ၏။ ဤသို့လျှင် နာမကာယတွင် သာမက ရူပကာယအထိ ကူးစက်၍ ငြိမ်းအေးမှု, ပေါ့ပါးမှု, နူးညံ့မှု, ကောင်းမှု၌ ခံ့ညားမှု, လေ့လာပွန်းတီး ကျွမ်းကျင်မှု, ဖြောင့်မတ်မှုတို့ ဖြစ်ပုံကို သိစေတော်မူလို၍ နှစ်မျိုးစီ ခွဲခြား၍ ဟောကြားတော်မူပေသည် ဟူလို

သည်။

၂၀ - ၂၁ - ၂၂။ ဝိရတိစေတသိက် သုံးပါး

၂၀ - ၂၁ - ၂၂။ ဝိရတိစေတသိက် သုံးပါး

၁။ တိဿောပိ ဝိရတိယော ကာယဒုစ္စရိတာဒိဝတ္ထူနံ အဝီတိက္ကမလက္ခဏာ၊ (အမဒ္ဒနလက္ခဏာတိ ဝုတ္တံ ဟောတိ။)

၂။ ကာယဒုစ္စရိတာဒိဝတ္ထုတော သင်္ကောစနရသာ၊

၃။ အကိရိယပစ္စုပဋ္ဌာနာ၊

၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနာ။

ပါပကိရိယတော စိတ္တဿ ဝိမုခီဘာဝဘူတာတိ (ဝိမုခဘာဝဘူတာတိ) ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၇။)

[မှတ်ချက် --- အဋ္ဌကထာများ၌ အထက်ပါအတိုင်း ဝိရတိစေတသိက် သုံးပါးလုံးကို တပေါင်းတစည်းတည်း ပြု၍ လက္ခဏ ရသ စသည်တို့ကို ရေးသားထားပါသည်၊ ဉာဏ်ရင့်သူတို့ကား သဘောပေါက်၍ ရှုကွက်ကိုလည်း နားလည်နိုင်၍ ရှုတတ်ကြမည် ဖြစ်သည်။ ဉာဏ်နုသူတို့ကား ရှုကွက်ကို သဘောပေါက်ချင်မှ ပေါက်မည်။ သို့အတွက် ယင်း စေတသိက်တို့ကို တစ်လုံးစီ ခွဲ၍ ဘာသာပြန်ဆိုထားပါသည်။ စိတ္တက္ခဏ တစ်ချက်အတွင်း၌ တစ်နည်း-ဇောဝီထိစိတ်အစဉ် တစ်ခုအတွင်း၌ ယင်း ဝိရတိစေတသိက်တို့သည် တစ်လုံးစီသာ လောကီအခိုက်၌ ဖြစ်နိုင်၍ ယင်းစေတသိက်တို့ကို သိမ်းဆည်း ရှုပွားသောအခါ၌လည်း တစ်လုံးစီ ခွဲ၍ ရှုရမည် ဖြစ်သောကြောင့်တည်း။]

၂၀။ သမ္မာဝါစာ

၂၀။ သမ္မာဝါစာ

၁။ ဝစီဒုစရိုက်၏ တည်ရာဝတ္ထုတို့ကို မလွန်ကျူးခြင်းသဘော လက္ခဏ၊

(မကျော်နင်းခြင်းသဘော ဟူလိုသည်။)

၂။ ဝစီဒုစရိုက်၏ တည်ရာဝတ္ထုမှ တွန့်ဆုတ်ခြင်း (ကိစ္စ) ရသ၊

၃။ ဝစီဒုစရိုက်ကို မပြုမကျင့်သော သဘောတရား

= (ဝစီဒုစရိုက်ကို မပြုမကျင့် ရှောင်ကြဉ်သော သဘောတရား) ပစ္စုပဋ္ဌာန်၊

၄။ သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, အလိုနည်းခြင်း = အပ္ပိစ္ဆတာ စသော ဂုဏ် ပဒဋ္ဌာန်။

[မှတ်ချက် --- ဝစီဒုစရိုက် လေးမျိုး ရှိနေသဖြင့် တစ်ခုခုကို အာရုံယူ၍ ရှုရန် ဖြစ်သည်။ သို့မဟုတ် ဝစီဒုစရိုက် တစ်ခုစီကို အာရုံယူ၍ ရှုပါ။ မုသားစကားပြောဆိုခြင်း ဝစီဒုစရိုက်မှ ရှောင်ကြဉ်မှုကို ပုံစံထုတ်၍ ထပ်မံ ဖော်ပြအပ်ပါသည်။]

၁။ မုသားစကား ပြောဆိုခြင်းကို မလွန်ကျူးခြင်းသဘော လက္ခဏ၊

၂။ မုသားစကား ပြောဆိုခြင်းမှ တွန့်ဆုတ်ခြင်း (ကိစ္စ) ရသ၊

၃။ မုသားစကား ပြောဆိုခြင်းကို မပြုကျင့်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း အပ္ပိစ္ဆတာ စသော ဂုဏ် ပဒဋ္ဌာန်။

[ပိသုဏဝါစာ ဖရုသဝါစာ သမ္ဖပ္ပလာပတို့မှ ရှောင်ကြဉ်ခြင်းတို့၌လည်း နည်းမှီး၍ ရှုပါ။]

၂၁။ သမ္မာကမ္မန္တ

၂၁။ သမ္မာကမ္မန္တ

၁။ ကာယဒုစရိုက်၏ တည်ရာဝတ္ထုတို့ကို မလွန်ကျူးခြင်းသဘော လက္ခဏ၊

၂။ ကာယဒုစရိုက်မှ တွန့်ဆုတ်ခြင်း (ကိစ္စ) ရသ၊

၃။ ကာယဒုစရိုက်ကို မပြုကျင့်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာ စသော ဂုဏ် ပဒဋ္ဌာန်။

ကာယဒုစရိုက် ပါဏာတိပါတမှ ရှောင်ကြဉ်မှု ဝိရတိပုံစံ

ကာယဒုစရိုက် ပါဏာတိပါတမှ ရှောင်ကြဉ်မှု ဝိရတိပုံစံ

၁။ သူ့အသက် သတ်ခြင်းကို မလွန်ကျူးခြင်းသဘော လက္ခဏ၊

၂။ သူ့အသက် သတ်ခြင်းမှ တွန့်ဆုတ်ခြင်း (ကိစ္စ) ရသ၊

၃။ သူ့အသက် သတ်ခြင်းကို မပြုကျင့်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာ စသော ဂုဏ် ပဒဋ္ဌာန်။

[အဒိန္နာဒါန ကာမေသုမိစ္ဆာစာရ ဒုစရိုက်တို့မှ ရှောင်ကြဉ်မှုတို့၌လည်း နည်းမှီး၍ ရှုပါ။]

၂၂။ သမ္မာအာဇီဝ

၂၂။ သမ္မာအာဇီဝ

၁။ မိစ္ဆာဇီဝ၏ တည်ရာဝတ္ထုတို့ကို မလွန်ကျူးခြင်းသဘော လက္ခဏ၊

၂။ မိစ္ဆာဇီဝမှ တွန့်ဆုတ်ခြင်း (ကိစ္စ) ရသ၊

၃။ မိစ္ဆာဇီဝကို မပြုကျင့်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာ စသော ဂုဏ် ပဒဋ္ဌာန်။

မိစ္ဆာဇီဝတစ်ခုကို ပုံစံအဖြစ် ဖော်ပြအပ်ပါသည်

မိစ္ဆာဇီဝတစ်ခုကို ပုံစံအဖြစ် ဖော်ပြအပ်ပါသည်

၁။ သူ့အသက်သတ်၍ ရရှိသော ပစ္စည်းကို သုံးစွဲခြင်းကို မလွန်ကျူးခြင်းသဘော လက္ခဏ၊

၂။ သူ့အသက်သတ်၍ ရရှိသော ပစ္စည်းကို သုံးစွဲခြင်းမှ တွန့်ဆုတ်ခြင်း (ကိစ္စ) ရသ၊

၃။ သူ့အသက်သတ်၍ ရရှိသော ပစ္စည်းကို သုံးစွဲခြင်းကို မပြုကျင့်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာ စသော ဂုဏ် ပဒဋ္ဌာန်။

ဤဝိရတိ သုံးပါးတို့ကို မကောင်းမှုကို ပြုခြင်းမှ စိတ်၏ မျက်နှာလွှဲတတ်သည်၏ အဖြစ်ဖြင့် ဖြစ်စေတတ် ကုန်သော သဘောတရားတို့ဟူ၍ မှတ်ပါ။

ရှင်းလင်းချက်များ

ရှင်းလင်းချက်များ

ကာယဒုစ္စရိတာဒိဝတ္ထူနန္တိ ပရပါဏပရဓနပရဣတ္ထိအာဒီနံ။ အမဒ္ဒနံ မဒ္ဒနပဋိပက္ခဘာဝေါ။ ကာယဒုစ္စရိတာဒိဝတ္ထုတော သင်္ကောစနကိရိယာပဒေသေန ကာယဒုစ္စရိတာဒိတော ဧဝ သင်္ကောစနကိရိယာ ဝုတ္တာတိ ဒဋ္ဌဗ္ဗံ။ န ဟိ ဝိရတိယော ဒုစ္စရိတဝတ္ထုနော အကိရိယပစ္စုပဋ္ဌာနာ ယုဇ္ဇန္တိ၊ အထ ခေါ ဒုစ္စရိတဿ, ဝိရတီနဉ္စ သောရစ္စဝသေန သင်္ကောစနံ, အကိရိယာနဉ္စ ဟိရောတ္တပ္ပါနံ ဇိဂုစ္ဆနာဒိဝသေနာတိ အယမေတေသံ ဝိသေသော။ (မဟာဋီ၊၂၊၁၄၈။)

ကာယဒုစရိုက် စသည်တို့၏ တည်ရာဝတ္ထုတို့ --- ဟူသည် သူ့အသက် သူ့ပစ္စည်း သူ့သား မယား စသည် တို့တည်း။ သူ့အသက်သည် သူ့အသက်ကို သတ်ခြင်း ပါဏာတိပါတ ဒုစရိုက်မှု၏ တည်ရာဝတ္ထု ဖြစ်သည်။ သူ့ပစ္စည်းသည် သူ့ပစ္စည်းကို မတရားယူခြင်း အဒိန္နာဒါန ဒုစရိုက်မှု၏ တည်ရာဝတ္ထု ဖြစ်သည်။ သူ့သားမယား သည် ကာမတို့၌ မှားယွင်းဖောက်ပြန် မမှန်ကန်သော အကျင့်ကို ကျင့်ခြင်း ကာမေသုမိစ္ဆာစာရ ဒုစရိုက်မှု၏ တည်ရာဝတ္ထု ဖြစ်သည်။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။

ကာယဒုစ္စရိတာဒိဝတ္ထုတော သင်္ကောစနရသာ --- ၌ ကာယဒုစရိုက် စသည်တို့၏ တည်ရာဝတ္ထုမှ တွန့်ဆုတ် ခြင်းကိရိယာကို ညွှန်ပြခြင်းဖြင့် ကာယဒုစရိုက် စသည်မှသာ တွန့်ဆုတ်ခြင်းကြိယာကို ဆိုလို၏ဟု မှတ်ပါ။ ဆိုလို သည်မှာ ကာယဒုစရိုက် စသည်တို့၏ တည်ရာဝတ္ထု ဖြစ်သည့် သူ့အသက်, သူ့ပစ္စည်း, သူ့သားမယား စသည်တို့မှ တွန့်ဆုတ်ခြင်း အမူအရာ မဟုတ်၊ ယင်း သူ့အသက်, သူ့ပစ္စည်း, သူ့သားမယား စသည့် ဒုစရိုက်၏ တည်ရာဝတ္ထု တို့၌ ကျူးလွန်ခြင်း ဒုစရိုက်လုပ်ငန်းမှသာ = သူ့အသက် သတ်ခြင်း, သူ့ပစ္စည်း မတရားယူခြင်း, သူ့သားမယား ပြစ်မှားခြင်းစသော ဒုစရိုက် လုပ်ငန်းရပ်မှသာ တွန့်ဆုတ်ခြင်းအမူအရာ ကြိယာဟု မှတ်ပါ ဟူလိုသည်။ အကြောင်း ကား ဤသို့တည်း။ ---

အကိရိယပစ္စုပဋ္ဌာနာ --- အရ ဝိရတိတို့သည် ဒုစရိုက်၏ တည်ရာဝတ္ထုတို့ကို မပြုကျင့်သော သဘောတရား ဟု ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူထင်ခြင်းတို့မှာ မသင့်လျော်သော သဘောတို့သာ ဖြစ်ကုန်၏။ အမှန်စင်စစ် မှာမူ ယင်းဒုစရိုက်၏ တည်ရာဝတ္ထုတို့ကို လွန်ကျူးမှု ဒုစရိုက်ကို မပြုကျင့်သော သဘောတရားတို့ဟူ၍ ယင်း ဝိရတိတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာမှုတို့သာ သင့်မြတ်ကုန်၏။ ဒုစရိုက်၏ တည်ရာဝတ္ထုကို မပြုကျင့်သည် မဟုတ်၊ ဒုစရိုက်ကိုသာ မပြုကျင့် သော သဘောတရားဟု ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာခြင်းသည်သာ သင့်မြတ်ကုန်၏ အသင့်ယုတ္တိ ရှိကုန်၏ ဟူလိုသည်။

ဝိရတိနှင့် ဟိရီ ဩတ္တပ္ပ --- ဟိရီ ဩတ္တပ္ပတို့အရာ၌လည်း --- အကရဏရသ, သင်္ကောစနပစ္စုပဋ္ဌာနတို့ကို ဆိုခဲ့သောကြောင့် ဤဝိရတိအရာ၌ သင်္ကောစနရသနှင့် အကိရိယပစ္စုပဋ္ဌာနတို့သည် ၄င်းတို့နှင့် အဘယ်သို့ ထူးပါသနည်းဟု မေးဖွယ်ရှိ၏၊ အဖြေမှာ ဤသို့ဖြစ်၏ --- ဝိရတိတို့ကား ကောင်းမှု၌ = သုစရိုက်တရား၌ မွေ့လျော်သည်၏ အစွမ်းဖြင့် ကာယဒုစရိုက် စသည်မှ တွန့်ဆုတ်ခြင်း, ကာယဒုစရိုက် စသည်ကို မပြုခြင်း ဖြစ်သည်။ ဟိရီ ဩတ္တပ္ပတို့ကား ဒုစရိုက်ကို စက်ဆုပ်ခြင်း, ကြောက်ရွံ့ ထိတ်လန့်ခြင်း၏ အစွမ်းဖြင့် ကာယဒုစရိုက် စသည်မှ တွန့်ဆုတ်ခြင်း ကာယဒုစရိုက် စသည်ကို မပြုခြင်း ဖြစ်သည်၊ ဤကား ဝိရတိတို့နှင့် ဟိရီ ဩတ္တပ္ပတို့၏ ရသ ပစ္စုပဋ္ဌာန် စသည်တို့၌ ထူးခြားမှု ဖြစ်သည်။ (မဟာဋီ၊၂၊၁၄၈။)

သမ္မာဝါစာ --- ဝစီကမ္မဒွါရကထာယံ ပန စေတနာဝိရတိသဒ္ဒဝသေန တိဝိဓာ ဝါစာ နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၂၈။)

သမ္မာဝါစာသည် စေတနာသမ္မာဝါစာ, ဝိရတိသမ္မာဝါစာ, သဒ္ဒသမ္မာဝါစာအားဖြင့် သုံးမျိုး ရှိ၏။ ထိုတွင်-

၁။ အမှန်ကိုသာ ပြောဆိုခြင်းဟု ဆိုအပ်သော မချွတ်ယွင်းသောစကား = အမုသာဝါဒ,

၂။ ကောင်းသောစကားကို ပြောဆိုခြင်းဟု ဆိုအပ်သော မချောပစ် မကုန်းတိုက်သော = အပိသုဏဝါစာ,

၃။ ချစ်မြတ်နိုးဖွယ်ရာစကားကို ပြောဆိုခြင်းဟု ဆိုအပ်သော မကြမ်းတမ်းသောစကား = အဖရုသဝါစာ,

၄။ တရားကို ဟောကြားခြင်း ပြောဆိုခြင်းဟု ခေါ်ဆိုအပ်သော မပြိန်ဖျင်းသော စကား = အသမ္ဖပ္ပလာပ -- -

ဤ အင်္ဂါလေးပါးနှင့် ပြည့်စုံသော စကားကို ပြောဆိုကြောင်း ဖြစ်သော ဝုဋ္ဌော, အဘိညာဏ်ဇော, မဟာ ကုသိုလ်ဇော, မဟာကြိယာဇောနှင့် ယှဉ်သော စေတနာသည် စေတနာသမ္မာဝါစာ မည်၏။

တစ်စုံတစ်ခု အမှုအတွက် လိမ်လည်လှည့်ပတ်ဖို့အချက်, ကုန်းတိုက်ဖို့အချက်, ကြမ်းတမ်းသောစကား ပြောဖို့အချက်, ပြိန်ဖျင်းသောစကား ပြောဖို့အချက် တစ်ခုခုပေါ်ခဲ့လျှင် ထိုလိမ်ညာမှု စသည့် ဝစီဒုစရိုက်မှ ရှောင် ကြဉ်၍ ဝစီဒုစရိုက် မဖြစ်သည့် သမ္မာဝါစာ စကားမျိုးကိုသာ ပြောဆိုလိုက်လျှင် ထိုပြောဆိုကြောင်း စိတ္တုပ္ပါဒ်၌ လည်းကောင်း, သို့မဟုတ် စကားမပြောဘဲ ဆိတ်ဆိတ်နေခဲ့လျှင် ထိုဆိတ်ဆိတ်နေကြောင်း စိတ္တုပ္ပါဒ်၌လည်းကောင်း ဝစီဒုစရိုက်မှ ရှောင်ကြဉ်မှု = ဝိရတိသဘော ပါဝင်လျက် ရှိ၏၊ ထိုရှောင်ကြဉ်မှုသဘောကိုသာ ဝိရတိသမ္မာဝါစာဟု ဆိုရလေသည်။

ဧတေသု ဟိ ပဋိပါဋိယာ သတ္တ စေတနာပိ ဝဋ္ဋန္တိ ဝိရတိယောပိ။ အန္တေ တယော စေတနာသမ္ပယုတ္တာဝ။ (အဘိ၊ဋ္ဌ၊၁၊၁၄၇။)

ကာယသုစရိုက် သုံးပါး, ဝစီသုစရိုက် လေးပါးတို့၏ တရားကိုယ်မှာ စေတနာကို အရကောက်လျှင်လည်း သင့်ကုန်၏၊ ဝိရတိကို အရကောက်လည်း သင့်ကုန်၏။ မနောသုစရိုက် သုံးပါးတို့တွင် အနဘိဇ္ဈာဟူသည် အလောဘ, အဗျာပါဒဟူသည် အဒေါသ, သမ္မာဒိဋ္ဌိ ဟူသည် အမောဟ ဖြစ်၍ စေတနာနှင့် ယှဉ်ကုန်သော အလောဘ အဒေါသ အမောဟတို့ကိုသာ အရကောက်ယူခြင်းသည် သင့်မြတ်ပေ၏။

ထိုသမ္မာဝါစာ အမည်ရသည့် စကားကို ပြောဆိုရာ၌ အပြစ်ကင်းလတ် ကောင်းမြတ်သော စကားသံသည် သဒ္ဒသမ္မာဝါစာ မည်၏၊ ကထာသမ္မာဝါစာ ဟူ၍လည်း ခေါ်၏။

ဤသုံးမျိုးတို့တွင် ဤဝိရတိစေတသိက်ပိုင်း၌ ဝိရတိသမ္မာဝါစာကိုသာ အလိုရှိအပ်ပေသည်။ ဤသမ္မာဝါစာ ဝိရတိဖြင့် ရှောင်ကြဉ်ထိုက်သော ဒုစရိုက်အားလုံးသည် အသက်မွေးဝမ်းကြောင်းနှင့် ဆက်သွယ်ခြင်း မရှိစေရ။

သမ္မာကမ္မန္တ --- သမ္မာကမ္မန္တသည်လည်း ကိရိယာ စေတနာ ဝိရတိအားဖြင့် သုံးမျိုး ရှိ၏။ ထိုတွင် အပြစ် မရှိသော လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်နေသူ၏ ကိုယ်အမူအရာသည် ကိရိယာသမ္မာကမ္မန္တ မည်၏။ ထို အပြစ် မရှိသော ကိစ္စလုပ်ငန်းရပ်ကို ပြုလုပ်ကြောင်း စေတနာသည် စေတနာကမ္မန္တ မည်၏။ တစ်စုံတစ်ခုသော ကာယ ဒုစရိုက်ကို ပြုဖို့အချက် ပေါ်လာသည့်အခါ မပြုဘဲ ရှောင်ကြဉ်လိုက်လျှင် (အခြားသော တစ်စုံတစ်ခုသော အမှုကို ပြုသည် ဖြစ်စေ မပြုသည် ဖြစ်စေ) ဝိရတိသမ္မာကမ္မန္တ ဖြစ်၏။ ဤသမ္မာကမ္မန္တ ဝိရတိဖြင့် ရှောင်ကြဉ်ထိုက်သော ဒုစရိုက်အားလုံးသည် အသက်မွေးဝမ်းကြောင်းနှင့် ဆက်သွယ်ခြင်း မရှိစေရ။ ဝိရတိ စေတသိက်ပိုင်း၌ ဝိရတိသမ္မာကမ္မန္တကိုသာ အလိုရှိအပ်ပေသည်။

သမ္မာအာဇီဝ --- သမ္မာအာဇီဝသည် ဝီရိယ ဝိရတိအားဖြင့် နှစ်မျိုးပြား၏။ ထိုတွင် မိရိုးဖလာအတိုင်း လယ်ထွန်မှု တရားသောနည်းလမ်းဖြင့် ကုန်သွယ်မှု စသည်ကို ပြု၍လည်းကောင်း, ရဟန်းတော်ဖြစ်လျှင် သစ်သီး ပေးခြင်း ပန်းပေးခြင်း ဆေးကုခြင်း လူတို့၏အစေအပါး အခိုင်းခံခြင်း စသည့် ကုလဒူသန အနေသန မိစ္ဆာဇီဝတို့နှင့် မရောယှက်ဘဲ တရားသောနည်းလမ်းဖြင့်သာ ဘုရားရှင် ခွင့်ပြုတော်မူအပ်သော နည်းလမ်းဖြင့်သာ ပစ္စည်းလေး ပါးကို ရှာဖွေ၍လည်းကောင်း, အသက်မွေးသူတို့၏ လယ်ထွန်ခိုက် ကုန်သွယ်ခိုက် ဆွမ်းခံခိုက် စသည်၌ ဖြစ်သော သမ္မာဝါယာမသည် ဝီရိယသမ္မာအာဇီဝ မည်၏။ (ဝီရိယ ပြဓာန်းသော စိတ် စေတသိက်များတည်း။)

တစ်ဖန် ဝစီဒုစရိုက် ကာယဒုစရိုက်တို့သည် အသက်မွေးဝမ်းကြောင်းနှင့် ဆက်သွယ်၍ ဖြစ်အံ့၊ ဝစီဒုစရိုက် ကာယဒုစရိုက်တို့ကြောင့် ရရှိသော ပစ္စည်းများကို မှီ၍ အသက်မွေးနေအံ့၊ လက်နက် အဆိပ် သေရည်အရက် တို့ကို ကုန်သွယ်၍, မွေးမြူရေးလုပ်ကာ ကုန်သွယ်၍, လူကို ကုန်သွယ်၍ အသက်မွေးအံ့၊ ရဟန်းဖြစ်လျှင် မိစ္ဆာဇီဝကြောင့် ရရှိသည့် ပစ္စည်းလေးပါးကို သုံးစွဲနေအံ့ -- ထိုဒုစရိုက်မှုမျိုးကို မပြုတော့ပါဘူးဟု ထိုမိစ္ဆာဇီဝမှုဖြင့် ရရှိသော ပစ္စည်းများကို မသုံးစွဲပါဘူးဟု ရှောင်ကြဉ်လိုက်လျှင် သမ္မာအာဇီဝဝိရတိ ဖြစ်သည်။ ဤဝိရတိစေတသိက် အရာ၌ သမ္မာအာဇီဝ ဝိရတိကို အလိုရှိအပ်ပေသည်။

ဝိရတိအပြား

ဝိရတိအပြား

ဒုစရိုက် ဒုရာဇီဝတို့မှ သမ္ပယုတ်တရားတို့၏ ရှောင်ကြဉ်ကြောင်း ဖြစ်သော သဘောတရားသည် ဝိရတိ မည်၏။ မိမိ ဝိရတိကိုယ်တိုင် ဒုစရိုက် ဒုရာဇီဝတို့မှ ရှောင်ကြဉ်တတ်သော သဘောတရားသည် ဝိရတိ မည်၏။ ဒုစရိုက် ဒုရာဇီဝတို့မှ ရှောင်ကြဉ်ခြင်းမျှ ဖြစ်သော သဘောတရားသည် ဝိရတိ မည်၏။ ဒုစရိုက် ဒုရာဇီဝတို့ကို ပြုခွင့်ကြုံလျက် မပြုမကျင့်မှုကို ရှောင်ကြဉ်ခြင်း -- ဟု ခေါ်၏၊ ယင်းဝိရတိသည် သမ္ပတ္တဝိရတိ, သမာဒါနဝိရတိ, သမုစ္ဆေဒဝိရတိဟု သုံးမျိုးပြား၏။ (အဘိ၊ဋ္ဌ၊၁၊၁၄၆။)

၁။ သိက္ခာပုဒ်ကို ဆောက်တည်မထားသော သူတို့၏ မိမိ၏ အမျိုးဇာတ် အရွယ် အကြားအမြင် ဗဟုသုတ များခြင်း စသောဂုဏ်တို့ကို ဆင်ခြင်၍ ငါတို့ကဲ့သို့သော ပုဂ္ဂိုလ်တို့အား ဤသို့သော သဘောရှိသော မကောင်းမှု ကို ပြုခြင်းငှာ မသင့်တော်ဟု ဆိုက်ရောက်လာသော လွန်ကျူးဖွယ် ဝတ္ထုကို မလွန်ကျူးကြကုန်သော သူတို့၏ စိတ္တုပ္ပါဒ်ဝယ် ဖြစ်ပေါ်လာသော ဝိရတိကို သမ္ပတ္တဝိရတိဟု သိပါ။ (အဘိ၊ဋ္ဌ၊၁၊၁၄၆။)

၂။ သိက္ခာပုဒ်တော်ကို ဆောက်တည်ထားကြကုန်သော သူတော်ကောင်းတို့၏ သိက္ခာပုဒ်ကို ဆောက်တည် ခိုက်၌လည်းကောင်း, သိက္ခာပုဒ်ကို ဆောက်တည်ပြီး နောက်ပိုင်းကာလ၌လည်းကောင်း မိမိ၏အသက်ကိုသော် ပင် စွန့်လွှတ်၍ လွန်ကျူးဖွယ်ဝတ္ထုကို မလွန်ကျူးကြကုန်သော သူတို့၏ စိတ္တုပ္ပါဒ်ဝယ် ဖြစ်ပေါ်လာသော ရှောင်ကြဉ်မှု ဝိရတိကို သမာဒါနဝိရတိဟု သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၁၄၆။)

၃။ ဒုစရိုက် ဒုရာဇီဝဟူသမျှ၏ အကြောင်းရင်း အနုသယဓာတ်ကို အကြွင်းမဲ့ ဖြတ်သောအားဖြင့် ဖြစ်ပေါ်လာ သော အရိယမဂ်နှင့် ယှဉ်သော လောကုတ္တရာဝိရတိကို သမုစ္ဆေဒဝိရတိဟူ၍ သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၁၄၇။)

ဤဝိရတိ သုံးမျိုးတွင် သမ္ပတ္တဝိရတိ သမာဒါနဝိရတိတို့ကား ဆိုက်ရောက်လာသော ပစ္စုပ္ပန် ဖြစ်သော ရှောင် ကြဉ်ထိုက်သည့် ဝိရမိတဗ္ဗဝတ္ထုကို အာရုံပြုကြ၏။ သမုစ္ဆေဒဝိရတိကား ကာလဝိမုတ် ဖြစ်သော = ကာလသုံးပါးမှ အလွတ်ဖြစ်သော နိဗ္ဗာန်ကို အာရုံပြု၏။ အားလုံး ဗဟိဒ္ဓကိုသာ အာရုံပြုသည်ချည်းဟု မှတ်ပါ။

မှတ်ချက် --- ဝိရတိစေတသိက်တို့ကား နာနာကဒါစိ စေတသိက်တို့ ဖြစ်ကြသဖြင့် တစ်ခါတစ်ရံ၌သာ တစ်လုံးစီ ဖြစ်ကြ၏၊ ဝိရတိစေတသိက်တို့ ဖြစ်တိုင်း၌ကား စေတနာဝိရတိ ပါဝင်လျက် ရှိ၏။ သို့သော် စေတနာ ဝိရတိ ဖြစ်တိုင်း၌ ဝိရတိစေတသိက် အမြဲတမ်း မပါပေ။ ရံခါ ပါသည်လည်း ရှိ၏၊ ရံခါ မပါသည်လည်း ရှိ၏။ ဒုစရိုက်မှ ရှောင်ကြဉ်ခိုက်၌သာ ဝိရတိစေတသိက်များ ပါဝင်ကြ၏။ ဇော၌သာ ဝိရတိ ယှဉ်၍ တဒါရုံ၌ ဝိရတိ မယှဉ်ဟု မှတ်ပါ။

ဗြဟ္မဝိဟာရ စေတသိက်များ

ဗြဟ္မဝိဟာရ စေတသိက်များ

မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟု ဗြဟ္မဝိဟာရ စေတသိက် (၄)မျိုး ရှိ၏၊ ဗြဟ္မစိုရ်တရား လေးပါး ဟူ၍လည်း ခေါ်၏၊ အပ္ပမညာတရား လေးပါးဟူ၍လည်း ခေါ်၏။ ယင်းလေးမျိုးတို့တွင် မေတ္တာ၏ တရားကိုယ်မှာ အဒေါသစေတသိက်ပင် ဖြစ်သည်။ သို့သော် အဒေါသတိုင်းကား မေတ္တာ မဟုတ်ပေ။ အဒေါသတိုင်းကား မေတ္တာ မဟုတ်သဖြင့် မေတ္တာအဆင့်သို့ ရောက်နေသော အထူးသဖြင့် မေတ္တာစျာန်အဆင့်သို့ ရောက်နေသော အဒေါသ၏ လက္ခဏ ရသ စသည်ကို ဆက်လက်၍ တင်ပြအပ်ပါသည်။

မေတ္တာ (= အဒေါသ)

၁။ ဟိတာကာရပ္ပဝတ္တိလက္ခဏာ မေတ္တာ၊

၂။ ဟိတူပသံဟာရရသာ၊

၃။ အာဃာတဝိနယပစ္စုပဋ္ဌာနာ၊

၄။ သတ္တာနံ မနာပဘာဝဒဿနပဒဋ္ဌာနာ။

ဗျာပါဒူပသမော ဧတိဿာ သမ္ပတ္တိ၊ သိနေဟသမ္ဘဝေါ ဝိပတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၂၃၇။ ဝိသုဒ္ဓိ၊၁၊၃၁၁။)

၁။ သတ္တဝါတို့၏ အကျိုးစီးပွားကိုကျင့်သော (လိုလားသော) အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော - လက္ခဏ၊

၂။ သတ္တဝါတို့၏ အကျိုးစီးပွားကို ကပ်၍ ဆောင်ခြင်း (ကိစ္စ) ရသ၊

တစ်နည်း --- အကျိုးစီးပွားကို ကပ်၍ ဆောင်ခြင်းဟူသော ဂုဏ် ရှိ၏။ (သမ္ပတ္တိ) ရသ၊

၃။ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်တတ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

တစ်နည်း --- ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏ -- (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ သတ္တဝါတို့၏ မြတ်နိုးဖွယ် မနာပ အဖြစ်ကို ရှုသော ယောနိသောမနသိကာရ ပဒဋ္ဌာန်။

သတ္တဝါတို့ကို ဖျက်ဆီးလိုသော ပျက်စီးစေလိုသော ဗျာပါဒ = ဒေါသ၏ ဝိက္ခမ္ဘနပဟာန်အားဖြင့် ငြိမ်း အေးခြင်းသည် ဤမေတ္တာ၏ ပြည့်စုံခြင်း သမ္ပတ္တိတည်း။ ချစ်ခြင်းတဏှာ၏ ဖြစ်ခြင်းသည် ပျက်စီးခြင်း ဝိပတ္တိတည်း၊၊ (အဘိ၊ဋ္ဌ၊၁၊၂၃၇။ ဝိသုဒ္ဓိ၊၁၊၃၁၁။)

မေတ္တာမုခေန ဟိ ရာဂေါ ဝေဉ္ဇတိ = မေတ္တာကို ေ့ရှထား၍ ရာဂသည် လှည့်ပတ်တတ်၏၊ ရာဂက မေတ္တာ အယောင်ဆောင်၍ လှည့်ပတ်တတ်၏။ မေတ္တာပွားရင်း ရာဂ ဖြစ်လာခဲ့သော် မေတ္တာဘာဝနာ ပျက်စီးတော့၏ ဟူလိုသည်။

မေတ္တာ --- သိနိယှတီတိ ဧတ္ထ သတ္တေသု ဗျာပဇ္ဇနဝသေန လူခဘာဝဿ ပဋိပက္ခဘူတံ ဉာဏပုဗ္ဗင်္ဂမံ ဟိတာကာရပဝတ္တိဝသေန သိနေဟနံ ဒဋ္ဌဗ္ဗံ၊ န တဏှာယနဝသေန။ တံ ဟိ မောဟပုဗ္ဗင်္ဂမံ လုဗ္ဘနသဘာဝံ၊ ဣဒံ ပန အဒုဿနသဘာဝံ အလောဘသမ္ပယုတ္တံ။ (မဟာဋီ၊၁၊၃၇၈။)

သတ္တဝါတို့အပေါ်၌ ဖျက်ဆီးလိုခြင်း ဗျာပါဒ = ဒေါသ ဖြစ်ခြင်း အစေးဓာတ် အစိုဓာတ် မပါသော ခြောက် ကပ်ကပ်သဘော၏ ဆန့်ကျင်ဘက် ဖြစ်၍ ဉာဏ်ရှေးသွားရှိသော သတ္တဝါတို့၏ အကျိုးစီးပွားကို လိုလားသော အခြင်းအရာအားဖြင့် ဖြစ်သော သိနေဟ = အချစ်ကို ဤမေတ္တာအရာ၌ ဆိုလိုသော မေတ္တာဟု မှတ်ပါ။ တဏှာ၏ အစွမ်းဖြင့် ချစ်ခြင်း = သိနေဟကို မေတ္တာဟု မမှတ်အပ်။ မှန်ပေသည် --- ထိုတဏှာ၏ အစွမ်းဖြင့် ချစ်ခြင်း သိနေဟကား မောဟ = အသိမှားမှု = ယောက်ျား မိန်းမ စသည်ဖြင့် အသိမှားမှု ေ့ရှသွားခေါင်းဆောင် ရှိ၍ တစ်ဦးပေါ်တစ်ဦးက တပ်မက်ခြင်း လောဘသဘောတည်း။ ဤမေတ္တာကား သတ္တဝါတို့အပေါ်၌ မဖျက်ဆီးလို မပျက်စီးလိုသော မပြစ်မှားတတ်သော အဒုဿနသဘော ရှိ၍ မတွယ်တာ မတပ်မက်ခြင်း အလောဘနှင့် ယှဉ်တွဲ လျက် ရှိ၏။

မေးဖွယ် --- တဏှာချစ် = တဏှာသိနေဟသည်လည်း ဗျာပါဒ = ဒေါသနှင့် စိတ္တက္ခဏတစ်ခု အတွင်း၌ သို့မဟုတ် ဇောဝီထိတစ်ခု အတွင်း၌ အတူတကွ ယှဉ်တွဲ၍ မရပ်တည်ခြင်းကြောင့် ဗျာပါဒနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်သည် မဟုတ်ပါလားဟု မေးဖွယ် ရှိ၏။ အဖြေကား ဤသို့တည်း --- တဏှာချစ် = တဏှာသိနေဟသည် တစ်ခုသော စိတ္တက္ခဏ အတွင်း၌ သို့မဟုတ် တစ်ခုသော ဇောဝီထိအတွင်း၌ ဗျာပါဒဒေါသနှင့် အတူယှဉ်၍ မဖြစ်သည် မှန်သော်လည်း တဏှာသိနေဟကလည်း ဗျာပါဒကို မပယ်တတ်သည်၏ အဖြစ်ကြောင့်, ဗျာပါဒ ကလည်း တဏှာသိနေဟကို မပယ်တတ်သည်၏ အဖြစ်ကြောင့် ဆန့်ကျင်ဘက် ဝိရောဓိတရား မဟုတ်ပေ။ (မဟာဋီ၊၁၊၃၇၈။)

တရားကိုယ် --- သတ္တဝါတို့၏ အပေါ်၌ အကျိုးစီးပွားကို လိုလားတောင့်တသော ခန္ဓာအစဉ်သည် မိတ္တ မည်၏။ ထိုခန္ဓာအစဉ်၌ အကျုံးဝင်သည်၏ အဖြစ်ကြောင့် မိတ္တ အမည်ရသော သတ္တဝါတို့ အပေါ်၌ အကျိုးစီးပွား ကို လိုလားတောင့်တသော ခန္ဓာအစဉ်၌ ဖြစ်သောတရားသည် = အဒေါသသည် မေတ္တာ မည်၏။ တစ်နည်း -ချစ်ခင်အပ်သော လေးစားအပ်သော ပိယပုဂ္ဂိုလ်သည် မိတ္တ မည်၏။ ထိုမိတ္တ အမည်ရသော ပိယပုဂ္ဂိုလ်အာရုံ၌ ဖြစ်သော = ပိယပုဂ္ဂိုလ်ကို အာရုံပြု၍ ဖြစ်သော တရားသည် = အဒေါသသည် မေတ္တာ မည်၏။ တစ်နည်း --- ဤချစ်ခြင်းမေတ္တာသည် ချစ်တတ်သောသူ၏ ချစ်ခြင်း၏ အစွမ်းဖြင့် ဖြစ်သော သဘောတရား = အဒေါသတည်း။ ဤသို့ သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၂၃၇။ ဝိသုဒ္ဓိ၊၁၊၃၁၁။ မဟာဋီ၊၁၊၃၇၈။)

အာရုံ --- ပညတ္တိဓမ္မဝသေန ဧကော ဝါ သတ္တော အနေကေ ဝါ သတ္တာ အာရမ္မဏံ။ (အဘိ၊ဋ္ဌ၊၁၊၂၃၉။ ဝိသုဒ္ဓိ၊၁၊၃၁၃။)

သတ္တဝါတစ်ဦးကို ဖြစ်စေ သတ္တဝါအများကို ဖြစ်စေ အာရုံပြု၍ ဖြစ်ပေါ်လာသော ဟိတဇ္ဈာသယ = အကျိုး စီးပွားကို လိုလားတောင့်တသော နာမ်ခန္ဓာအစဉ်မှ (ဇောနာမ်တရား - ၃၄ မှ) အဒေါသ မေတ္တာကို ရွေးထုတ်၍ အထက်ပါ လက္ခဏ ရသ စသည်ကို ရှုပါ။ ယင်း နာမ်တရားတို့သည် မေတ္တာစျာန်၏ ပုဗ္ဗဘာဂ = ေ့ရှအဖို့၌ ဖြစ် သော နာမ်တရား, မေတ္တာစျာန်အခိုက်၌ ဖြစ်သော နာမ်တရားဟု နှစ်မျိုးရှိကာ နှစ်မျိုးလုံး၌ပင် ရှုနိုင်သည်။ မေတ္တာစျာန်၏ ေ့ရှအဖို့၌ ဖြစ်သော နာမ်တရားတို့ကား ကာမာဝစရတရားများ ဖြစ်ကြ၍ မေတ္တာစျာန်အခိုက် နာမ်တရားတို့ကား ရူပါဝစရတရားတို့ ဖြစ်ကြသည်။ ကျန်ဗြဟ္မဝိဟာရတရားတို့၌လည်း နည်းတူမှတ်ပါ။

၂၃။ ကရုဏာ

၂၃။ ကရုဏာ

၁။ ဒုက္ခာပနယနာကာရပ္ပဝတ္တိလက္ခဏာ ကရုဏာ၊

၂။ ပရဒုက္ခာသဟနရသာ၊

၃။ အဝိဟိံသာပစ္စုပဋ္ဌာနာ၊

၄။ ဒုက္ခာဘိဘူတာနံ အနာထဘာဝဒဿနပဒဋ္ဌာနာ။

ဝိဟိံသူပသမော တဿာ သမ္ပတ္တိ၊ သောကသမ္ဘဝေါ ဝိပတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၂၃၇-၂၃၈။ ဝိသုဒ္ဓိ၊၁၊၃၁၁။)

၁။ သတ္တဝါတို့၏ ဆင်းရဲဒုက္ခကို ပယ်ရှားလိုခြင်းဟူသော

အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော လက္ခဏ၊

၂။ ပယ်ရှားလိုသည်၏ အဖြစ်ဖြင့် သူတစ်ပါး၏ ဆင်းရဲဒုက္ခကို သည်းမခံနိုင်ခြင်း (ကိစ္စ) ရသ၊

၃။ သတ္တဝါတို့အား ညှဉ်းပန်းနှိပ်စက်ခြင်း ဝိဟိံသာ၏

ဆန့်ကျင်ဘက်ဖြစ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

တစ်နည်း --- သတ္တဝါတို့ကို မညှဉ်းဆဲခြင်းကို ရှေးရှူ ဖြစ်စေတတ်၏ (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ ဆင်းရဲဒုက္ခဖြင့် အနှိပ်စက်ခံရကုန်သော သတ္တဝါတို့၏ ခိုကိုးရာမဲ့ကို

ရှုမြင်တတ်သော ယောနိသောမနသိကာရ ပဒဋ္ဌာန်။

သတ္တဝါတို့အပေါ်၌ ညှဉ်းပန်းနှိပ်စက်တတ်သော ဒေါသ၏ ဝိက္ခမ္ဘနပဟာန်အားဖြင့် ငြိမ်းအေးခြင်းသည် ထိုကရုဏာ၏ ပြည့်စုံခြင်း သမ္ပတ္တိ မည်၏။ ကောင်းစွာ ကိစ္စပြီးခြင်း မည်၏။ သတ္တဝါတို့၏ ဆင်းရဲဒုက္ခ လွှမ်းမိုးခံရ ခြင်းကြောင့် သောက၏ ဖြစ်ခြင်းသည် ကရုဏာ၏ ပျက်စီးခြင်း ဝိပတ္တိ မည်၏။

ကရုဏာမုခေန သောကော ဝေဉ္ဇတိ = ကရုဏာကို ေ့ရှထားလျက် သောကသည် လှည့်စားတတ်၏၊ သောကသည် ကရုဏာယောင်ဆောင်၍ လှည့်စားတတ်၏။ ကရုဏာလိုလိုနှင့် သောက ဖြစ်နေတတ်သည် ဟူလို သည်။

ကရုဏာ --- ပရဒုက္ခေ သတိ သာဓူနံ ဟဒယကမ္ပနံ ကရောတီတိ ကရုဏာ။ ကိဏာတိ ဝါ ပရဒုက္ခံ ဟိံသတိ ဝိနာသေတီတိ ကရုဏာ။ ကိရီယတိ ဝါ ဒုက္ခိတေသု ဖရဏဝသေန ပသာရိယတီတိ ကရုဏာ။ (အဘိ၊ဋ္ဌ၊၁၊၂၃၇။ ဝိသုဒ္ဓိ၊၁၊၃၁၁။)

ကမ္ပနန္တိ စ ပရေသံ ဒုက္ခံ ဒိသွာ တဿ အပနေတုကာမဿ အသဟနာကာရေန စိတ္တဿ အညထတ္တံ။ တယိဒံ သပ္ပုရိသာနံယေဝ ဟောတီတိ အာဟ သာဓူနန္တိ။ သပ္ပုရိသာ ဟိ သပရဟိတသာဓနေန သာဓူတိ ဝုစ္စန္တိ။ (မဟာဋီ၊၁၊၃၇၈။)

ယခုမျက်မြင်မှာပင် ဆင်းရဲဒုက္ခရောက်နေသူကို မြင်ရသောအခါ ကိုယ်ချင်းစာနာတတ်သော သူတော်စင် တို့၏ စိတ်သည် တုန်လှုပ်လာတတ်၏။ တုန်လှုပ်ခြင်းဟူသည်မှာ ထိုဆင်းရဲမှုကို ပယ်ရှားလို မဆင်းရဲအောင် ပြုလိုသည် ဖြစ်၍ ထိုသူတစ်ပါး၏ ဆင်းရဲဒုက္ခကို မိမိကပါ သည်းမခံနိုင်သော အခြင်းအရာအားဖြင့် စိတ်၏ တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းတည်း။ ထိုသို့ ဖြစ်ခြင်းသည်လည်း သူတော်ကောင်းတို့၏ သန္တာန်၌သာ ဖြစ်နိုင်၍ သာဓူနံ = သူတော်ကောင်းတို့၏ဟု ဆိုသည်။ သို့အတွက် သူတစ်ပါးသည် ဆင်းရဲဒုက္ခ ရောက်လတ်သော် သူတစ်ပါး၏ သန္တာန်ဝယ် ဆင်းရဲဒုက္ခသည် ဖြစ်လတ်သော် သနားကြင်နာတတ်သည့် သူတော်စင်တို့၏ စိတ်နှလုံးကို တုန်လှုပ် အောင် ပြုတတ်သော သဘောတရားသည် ကရုဏာ မည်၏။

တစ်နည်း --- သူတစ်ပါး၏ ဆင်းရဲဒုက္ခကို ညှဉ်းဆဲတတ် = ဖျက်စီးတတ် = မမြင်ရခြင်းသို့ ရောက်စေတတ် = ပယ်ဖျောက်တတ်သော သဘောတရားသည် ကရုဏာ မည်၏။

တစ်နည်း --- ဒုက္ခိတသတ္တဝါတို့ အပေါ်၌ ဖြန့်ခြင်း၏ အစွမ်းဖြင့် = ထိုဒုက္ခိတသတ္တဝါ အာရုံနှင့် မိမိ၏ စိတ်ဓာတ်တို့ ဓာတ်သဘာဝအလိုက် တွေ့ထိသည်၏ အစွမ်းဖြင့် ဖြန့်တတ်သော သဘောတရား = ဒုက္ခိတသတ္တဝါတို့ အပေါ်၌ ကျရောက်နေသော ဆင်းရဲဒုက္ခကို ပယ်ရှားလိုသော အခြင်းအရာ၏ အစွမ်းဖြင့်သာ အာရုံပြု သည်၏ အစွမ်းဖြင့် ဖြန့်တတ် အာရုံပြုတတ်သော သဘောတရားသည် ကရုဏာ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၂၃၇။ ဝိသုဒ္ဓိ၊၁၊၃၁၁။)

လက္ခဏ ရသ --- သတ္တဝါတို့၏ သန္တာန်ဝယ် ဖြစ်ပေါ်ကျရောက်နေသော ဆင်းရဲဒုက္ခကို ပယ်ရှားလိုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘောသည် ကရုဏာ၏ သဘောလက္ခဏာပင်တည်း။ တကယ် ပယ်ရှားသည်ပင် ဖြစ်စေ မပယ်ရှားလိုက်ရသည်ပင် ဖြစ်စေ ဆင်းရဲဒုက္ခကို ပယ်ရှားလိုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော သာ ကရုဏာ၏ သဘာဝလက္ခဏာ ဖြစ်သည်။ ပယ်ရှားလိုသည့်အတွက် သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို မြင်ရ ကြားရ၍ သည်းမခံနိုင်ခြင်းသည် ယင်း၏ လုပ်ငန်းကိစ္စ ဖြစ်သည်။

ပစ္စုပဋ္ဌာန် --- ဝိဟိံသာခေါ်သော ဒေါသသည် သူတစ်ပါးကို ညှဉ်းဆဲလို နှိပ်စက်လို၏။ ကရုဏာကား မညှဉ်းပန်း မနှိပ်စက်လိုသည့်အပြင် ဆင်းရဲဒုက္ခမှ ကယ်တင်လိုသော သဘော ဖြစ်၏။ ထိုကြောင့် ယင်းကရုဏာ တရားကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားနေသော သူတော်ကောင်းတို့၏ ဉာဏ်တွင် ဝိဟိံသာတရား၏ ဆန့်ကျင်ဘက်သဘောတရားဟု ရှေးရှူ ထင်လာပေသည်။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။ ကရုဏာတရား ကိန်းဝပ်နေသူ သူတော်ကောင်း၏ သန္တာန်ဝယ် သတ္တဝါတို့ အပေါ်၌ ညှဉ်းပန်းနှိပ်စက်လိုသော စိတ်ထားများ မရှိသဖြင့် သတ္တဝါတို့ အပေါ်၌ မညှဉ်းဆဲခြင်းကို ရှေးရှူ ဖြစ်စေတတ်၏။ ဖလပစ္စုပဋ္ဌာန်တည်း။ ဤ၌လည်း ကရုဏာမှာ ကာမာဝစရ ရူပါဝစရဟု နှစ်မျိုးပင် ရှိနိုင်၏၊ ကရုဏာစျာန်ဝင်စားနိုင်သူတို့ကား နှစ်မျိုးလုံး၌ပင် ရှုနိုင်၏။ ဒုက္ခိတသတ္တဝါ တစ်ဦးကို ဖြစ်စေ သို့မဟုတ် သတ္တဝါအားလုံးကို ဖြစ်စေ အာရုံယူ၍ ကရုဏာစျာန် ဝင်စားကာ ဥပစာရအခိုက် အပ္ပနာစျာန်အခိုက် နှစ်မျိုးလုံး၌ ရှုနိုင်သည်။ ကရုဏာစျာန်ကို မဝင်စားနိုင်သူ စျာန် ကို မရသူတို့ကား ကရုဏာ ဖြစ်နေကျ ဒုက္ခိတသတ္တဝါ တစ်ဦးကို သို့မဟုတ် ဒုက္ခိတသတ္တဝါ အများစုကို အာရုံ ယူ၍ ရှုပါ။ စျာန်မရသူတို့အတွက် ကာမာဝစရတရားသာ ဖြစ်သည်။

၂၄။ မုဒိတာ

၂၄။ မုဒိတာ

၁။ ပမောဒနလက္ခဏာ မုဒိတာ၊

၂။ အနိဿာယနရသာ၊

၃။ အရတိဝိဃာတပစ္စုပဋ္ဌာနာ၊

၄။ သတ္တာနံ သမ္ပတ္တိဒဿနပဒဋ္ဌာနာ။

အရတိဝူပသမော တဿာ သမ္ပတ္တိ၊ ပဟာသသမ္ဘဝေါ ဝိပတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၂၃၈။ ဝိသုဒ္ဓိ၊၁၊၃၁၁။)

၁။ သုခိတသတ္တဝါတို့အပေါ်၌ ကြည်ရွှင် ဝမ်းမြောက်ခြင်းသဘော လက္ခဏ၊

သုခိတသတ္တဝါတို့၏ စည်းစိမ်ဥစ္စာ ကုံလုံပြည့်စုံသည်ကို ကြည်ရွှင် ဝမ်းမြောက်ခြင်းသဘော -- လက္ခဏ၊

၂။ သူတစ်ပါး၏ စည်းစိမ်ကို မငြူစူခြင်း (ကိစ္စ) ရသ၊

တစ်နည်း --- ငြူစူခြင်း ဣဿာ၏ ဆန့်ကျင်ဘက် ဖြစ်၍ ထိုဣဿာကို ဖျက်ဆီးခြင်း (ကိစ္စ) ရသ၊

၃။ သူတစ်ပါးတို့၏ ဥစ္စာစည်းစိမ်ဂုဏ်သိရ်တို့၌ မမွေ့လျော် မနှစ်သက်ခြင်း အရတိကို

ပယ်ဖျောက်သော အခြင်းအရာအားဖြင့် ဖြစ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

တစ်နည်း --- အရတိကို ပျောက်ငြိမ်းခြင်း အကျိုးကို ရှေးရှူ ဖြစ်စေတတ်၏ -- (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ သတ္တဝါတို့၏ စည်းစိမ် ကုံလုံပြည့်စုံသည်ကို အသင့်ရှုမြင်နိုင်သော ယောနိသောမနသိကာရ -- ပဒဋ္ဌာန်။

အရတိ၏ ဝိက္ခမ္ဘနပဟာန်အားဖြင့် ပျောက်ငြိမ်းခြင်းသည် ထိုမုဒိတာ၏ ပြည့်စုံခြင်း သမ္ပတ္တိတည်း၊ ကောင်းစွာ ကိစ္စပြီးစီးခြင်းတည်း။ ဂေဟသိတပီတိ = ကာမဂုဏ်အိမ်ကို မှီ၍ ဖြစ်သော ပီတိ၏ အစွမ်းဖြင့် ပျော်ရွှင်ခြင်း၏ ဖြစ်ခြင်းသည် ပျက်စီးခြင်း ဝိပတ္တိတည်း။

မုဒိတာ --- မောဒန္တိ တာယ တံသမင်္ဂိနော, သယံ ဝါ မောဒတိ, မောဒနမတ္တမေဝ ဝါ တန္တိ မုဒိတာ။ (အဘိ၊ဋ္ဌ၊၁၊၂၃၇။ ဝိသုဒ္ဓိ၊၁၊၃၁၁။)

မုဒိတာနှင့် ပြည့်စုံသော သတ္တဝါတို့၏ တစ်နည်း မုဒိတာတရားနှင့် ပြည့်စုံသော သဟဇာတ်တရားတို့၏ သူတစ်ပါး၏ စည်းစိမ်းဥစ္စာတို့၌ ကြည်ရွှင် ဝမ်းမြောက်ကြောင်း ဖြစ်သော သဘောတရားသည် မုဒိတာ မည်၏၊ တစ်နည်း မိမိဟူသော မုဒိတာကိုယ်တိုင် သူတစ်ပါး၏ စည်းစိမ်းဥစ္စာတို့၌ ကြည်ရွှင် ဝမ်းမြောက်တတ်သော ကြောင့် မုဒိတာ မည်၏။ တစ်နည်း --- သူတစ်ပါး၏ စည်းစိမ်ဥစ္စာတို့၌ ကြည်ရွှင် ဝမ်းမြောက်ခြင်းမျှသာ ဖြစ် သော သဘောတရားသည် မုဒိတာ မည်၏။

လက္ခဏ - ရသ --- ပမောဒနလက္ခဏာတိ ပရသမ္ပတ္တိယာ ပမောဒနလက္ခဏာ။ အနိဿာယနရသာတိ ဣဿာယနဿ ဥသူယနဿ ပဋိပက္ခဘာဝကိစ္စာ။ (မဟာဋီ၊၁၊၃၇၉။)

ဥစ္စာစည်းစိမ် ဂုဏ်သိရ်နှင့် ပြည့်စုံသော သုခိတသတ္တဝါကို မြင်လျှင် ထို ဥစ္စာစည်းစိမ် ဂုဏ်သိရ်ဟူသော သူတစ်ပါး၏ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံခြင်း၌ ကြည်ရွှင် ဝမ်းမြောက်ခြင်း သဘောကား မုဒိတာ၏ လက္ခဏာ ပင်တည်း။ မုဒိတာသည် သူတော်စင်တို့ကို သို့မဟုတ် သူတော်စင်တို့၏ စိတ်နှလုံးကို ကြည်ရွှင် ဝမ်းမြောက် စေနိုင်သော သဘောရှိရကား ဣဿာရှိသူများကဲ့သို့ သူတစ်ပါး၏ စည်းစိမ်ကို မငြူစူခြင်းသည်, တစ်နည်း ဣဿာ၏ ဆန့်ကျင်ဘက် ဖြစ်၍ ဣဿာကို ပယ်ဖျက်ခြင်းသည် မုဒိတာ၏ လုပ်ငန်းကိစ္စပင် ဖြစ်သည်။

ပစ္စုပဋ္ဌာန် --- သတ္တာနံ သမ္ပတ္တိယာ, ပန္တသေနာသနေသု, အဓိကုသလဓမ္မေသု စ အသဟနံ အရမဏံ အရတိဣစ္စေဝ သင်္ဂဟံ ဂစ္ဆတိ၊ တဿာ ဝိဟနနာကာရေန ပစ္စုပတိဋ္ဌတိ, တဿ ဝါ ဝိဃာတံ ဝူပသမံ ပစ္စုပဋ္ဌပေတီတိ အရတိဝိဃာတပစ္စုပဋ္ဌာနာ။ (မဟာဋီ၊၁၊၃၇၉-၃၈၀။)

၁။ ပရသမ္ပတ္တိဟူသော သူတစ်ပါးတို့၏ ဥစ္စာစည်းစိမ် ဂုဏ်သိရ်တို့၌ သည်းမခံနိုင်ခြင်း မမွေ့လျော်နိုင်ခြင်းသည် လည်း အရတိ မည်၏။

၂။ ပန္တသေနာသန အမည်ရသော အစွန်အဖျားကျသော တောကျောင်း တောင်ကျောင်းတို့၌ သည်းမခံနိုင်ခြင်း, မမွေ့လျော်နိုင်ခြင်း, အဓိကုသလဓမ္မ အမည်ရသော လွန်မြတ်သော ကုသို်လ်တရား ဖြစ်ကြကုန်သော သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းတို့၌ သည်းမခံနိုင်ခြင်းသည်လည်း အရတိ မည်၏။

ယင်းနှစ်မျိုးသော အရတိတို့တွင် ဤ၌ သူတစ်ပါးတို့၏ ဥစ္စာစည်းစိမ် ဂုဏ်သိရ်တို့၌ သည်းမခံနိုင်ခြင်း မမွေ့လျော်နိုင်ခြင်းဟူသော ပထမအရတိကိုသာ အလိုရှိအပ်ပေသည်။ ဒုတိယအရတိတရားကိုကား ထိန မိဒ္ဓတို့၏ ပဒဋ္ဌာန်ပိုင်း စသည်၌ ဖွင့်ဆိုထား၏။

ဤမုဒိတာတရားသည် ယင်းပရသမ္ပတ္တိတို့၌ သည်းမခံနို်င်ခြင်း မမွေ့လျော်နိုင်ခြင်း အရတိတရားကို ပယ်ရှား ဖျက်ဆီးတတ်၏။ တရားကိုယ်အားဖြင့် အရတိဟူသည် ဒေါသ ဣဿာ ပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်များ တည်း။ ဤမုဒိတာကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ပရသမ္ပတ္တိတို့၌ မမွေ့လျော်နိုင်သော အရတိ တရားကို ပယ်ဖျောက်တတ်သော သဘောတရားဟု ရှေးရှူ ထင်လာပေသည်။ တစ်နည်း --- မုဒိတာကြောင့် အရတိ ပျောက်ငြိမ်းရသဖြင့် မုဒိတာသည် အရတိ၏ ပျောက်ငြိမ်းခြင်း အကျိုးကို ရှေးရှူ ဖြစ်စေတတ်ပေသည်။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်နှင့် ဖလပစ္စုပဋ္ဌာန်တို့ပင်တည်း။

ပဒဋ္ဌာန် --- သတ္တဝါတို့၏ စည်းစိမ်ဥစ္စာ ကုံလုံပြည့်စုံသည်ကို နည်းမှန်လမ်းမှန် ရှုမြင်တတ်သော ယောနိသောမနသိကာရသည် မုဒိတာ ဖြစ်ဖို့ရန် အနီးကပ်ဆုံး အကြောင်းတရား ဖြစ်ပေသည်။ သတ္တဝါတို့သည် ဤ ပစ္စုပ္ပန်ဘဝတွင်လည်း ဉာဏ် ဝီရိယတို့ကို ေ့ရှတန်းသို့တင်၍ ဥစ္စာစည်းစိမ် ဂုဏ်သိရ်နှင့် ပြည့်စုံအောင် ကြိုးစား အားထုတ် ပြုလုပ်ခြင်း ပစ္စုပ္ပန်ကံလည်း ရှိရ၏၊ မိဘမိတ်ဆွေ စသည့် အမှီကောင်းကို ရရှိရန်နှင့် ကြိုးစားတိုင်း လည်း အောင်မြင်ရန် အတိတ်ကံလည်း ရှိရ၏။ ထိုသို့ အတိတ်ကံ ပစ္စုပ္ပန်ကံ နှစ်မျိုးလုံးနှင့် ညီညွတ်သူတို့ကား ဥစ္စာစည်းစိမ် ဂုဏ်သိရ်တို့၏ ကုံလုံပြည့်စုံ တိုးတက်ကြခြင်းမှာ ဓမ္မတာသာ ဖြစ်၏၊ ယင်းသို့ နှလုံးသွင်းတတ်လျှင် ယောနိသောမနသိကာရပင် ဖြစ်၏။ ဤသို့စသည်ဖြင့် ယောနိသောမနသိကာရကို သဘောပေါက်ပါလေ။

ပဟာသ --- ပဟာသော ဂေဟသိတပီတိဝသေန ပဟဋ္ဌဘာဝေါ ဥပ္ပိလာဝိတတ္တံ။ (မဟာဋီ၊၁၊၃၈၀။)

ဥစ္စာစည်းစိမ် ဂုဏ်သိရ်တို့နှင့် ကုံလုံပြည့်စုံသော သတ္တဝါတို့ကိုလည်းကောင်း, ထိုသတ္တဝါတို့၏ ဥစ္စာစည်းစိမ် ဂုဏ်သိရ်ကိုလည်းကောင်း တွေ့မြင်သောအခါ ယောနိသောမနသိကာရ မဖြစ်ဘဲ တစ်ခါတစ်ရံ အယောနိသောမနသိကာရ ဖြစ်တတ်၍ ထိုသတ္တဝါနှင့် ယင်း၏ ဥစ္စာစည်းစိမ် ဂုဏ်သိရ်တို့ အပေါ်၌ တပ်မက်မှု တဏှာလောဘ အရင်းခံလျက် ကြည်ရွှင် ဝမ်းမြောက်မှု ပီတိလည်း ဖြစ်တတ်၏။ ယင်းပီတိကား တဏှာလောဘ စသည့် ကိလေသာ တို့၏ စံအိမ် ဖြစ်သော ကာမဂုဏ်အိမ်ကို မှီ၍ ဖြစ်သော ဂေဟသိတပီတိတည်း။ ယင်းဂေဟသိတပီတိ၏ စွမ်း အင်ဖြင့် ရွှင်လန်းဝမ်းမြောက်မှု စိတ်တက်ကြွမှုသည် ပဟာသ မည်၏။ တရားကိုယ်အားဖြင့် လောဘ ပြဓာန်းသော လောဘမူသောမနဿသဟဂုတ် စိတ္တုပ္ပါဒ်များတည်း။ ယင်း ပဟာသ ဖြစ်ပေါ်ခဲ့သော် မုဒိတာသည် ပျက်စီး လေပြီ။ ပဟာသကား မုဒိတာအတုတည်း။

မုဒိတာစျာန်ကို ရသူတို့ကား မုဒိတာစျာန်ကို ရအောင် ပြန်၍ နှလုံးသွင်းပါ။ ထိုသို့ နှလုံးသွင်းရာ၌ ဥပစာရ သမာဓိအခိုက်၌လည်းကောင်း, အပ္ပနာစျာန်သမာဓိအခိုက်၌လည်းကောင်း မုဒိတာနှင့် ယှဉ်သော ဇောနာမ်တရား အုပ်စုမှ မုဒိတာကို ရွေးထုတ်၍ အထက်ပါ လက္ခဏ ရသ စသည်ကိုရှုပါ။ ဥပစာရသမာဓိအခိုက်၌ ကာမာဝစရ တရား ဖြစ်၍ အပ္ပနာစျာန်သမာဓိအခိုက်၌ ရူပါဝစရတရား ဖြစ်သည်။ မုဒိတာစျာန်ကို မဝင်စားနိုင်သူတို့ကား မုဒိတာဖြစ်ရာ သတ္တဝါတစ်ဦးကို ဖြစ်စေ အများကိုပင် ဖြစ်စေ အာရုံယူ၍ မုဒိတာပွားကာ မုဒိတာနှင့် ယှဉ်သော ဇောအုပ်စုနာမ်တရားများမှ မုဒိတာကို ရွေးထုတ်၍ အထက်ပါ လက္ခဏ ရသ စသည်ကို ရှုပါ။

ဥပေက္ခာ ဗြဟ္မဝိဟာရ

ဥပေက္ခာ ဗြဟ္မဝိဟာရ

၁။ သတ္တေသု မဇ္ဈတ္တာကာရပ္ပဝတ္တိလက္ခဏာ ဥပေက္ခာ၊

၂။ သတ္တေသု သမဘာဝဒဿနရသာ၊

၃။ ပဋိဃာနုနယဝူပသမပစ္စုပဋ္ဌာနာ၊

၄။ ကမ္မဿကာ သတ္တာ၊ တေ ကဿ ရုစိယာ သုခိတာ ဝါ ဘဝိဿန္တိ၊ ဒုက္ခတော ဝါ မုစ္စိဿန္တိ၊ ပတ္တသမ္ပတ္တိတော ဝါ န ပရိဟာယိဿန္တီတိ ဧဝံ ပဝတ္တကမ္မဿကတာဒဿနပဒဋ္ဌာနာ။

ပဋိဃာနုနယဝူပသမော တဿာ သမ္ပတ္တိ၊ ဂေဟဿိတာယ အညာဏုပေက္ခာယ သမ္ဘဝေါ ဝိပ္ပတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၂၃၈။ ဝိသုဒ္ဓိ၊၁၊၃၁၁-၃၁၂။)

၁။ သတ္တဝါတို့အပေါ်၌ လျစ်လျူရှုခြင်းဟူသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော လက္ခဏ၊

၂။ သတ္တဝါတို့အပေါ်၌ မုန်းခြင်း ချစ်ခြင်းသို့မကျ ညီမျှသည်၏ အဖြစ်ကိုသာ ရှုခြင်း (ကိစ္စ) ရသ၊

၃။ သတ္တဝါတို့အပေါ်၌ မုန်းခြင်း ချစ်ခြင်း၏ ငြိမ်းအေးခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သတ္တဝါတို့သည် မိမိတို့ပြုသော ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏၊ ထိုသတ္တဝါတို့သည် အဘယ်သူ၏ အလိုဆန္ဒအတိုင်း ---

(က) သုခရှိသူတို့သော်လည်း ဖြစ်ကုန်လတ္တံ့နည်း၊ (မေတ္တာပို့တိုင်း မချမ်းသာနိုင် ဟူလို။)

( ခ ) ဒုက္ခမှလည်း လွတ်နိုင်ကုန်လတ္တံ့နည်း၊ (ကရုဏာပွားသူ၏ အလိုအတိုင်း ဆင်းရဲမှ မလွတ်နိုင် ဟူလို။)

( ဂ ) လက်ရှိစည်းစိမ်မှမူလည်း မဆုတ်ယုတ်ဘဲ ရှိကုန်လတ္တံ့နည်း၊ (မုဒိတာပွားသူ၏ အလိုအတိုင်းလည်း လက်ရှိ စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ဘဲ မရှိနိုင် ဟူလို။)

ဤသို့သော အခြင်းအရာအားဖြင့် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိမှုကို

ရှုတတ်သော ကမ္မဿကတာဉာဏ် ပဒဋ္ဌာန်။

မုန်းခြင်း ချစ်ခြင်းတို့၏ ငြိမ်းအေးခြင်းသည် = မုန်းတတ်သော ဒေါသ, ချစ်တတ်သော လောဘ၏ ငြိမ်းအေး ခြင်းသည် ထိုဥပေက္ခာဗြဟ္မဝိဟာရ၏ ပြည့်စုံခြင်း သမ္ပတ္တိတည်း။ ကာမဂုဏ်အိမ်၌ မှီသော ဂေဟဿိတ အညာဏုပေက္ခာ၏ ဖြစ်ခြင်းသည် ဝိပတ္တိတည်း = ပျက်စီးခြင်းတည်း။ (အဘိ၊ဋ္ဌ၊၁၊၂၃၈။ ဝိသုဒ္ဓိ၊၁၊၃၁၁-၃၁၂။)

အညာဏုပေက္ခာ -- သောမနဿဒေါမနဿရဟိတံ အညာဏမေဝ အညာဏုပေက္ခာ။ (မူလဋီ၊၁၊၁၀၇၊၊)

ဤ မူလဋီကာဆရာတော်၏ အလိုအားဖြင့် သောမနဿဝေဒနာ ဒေါမနဿဝေဒနာတို့နှင့် မယှဉ်ဘဲ လောဘမူဥပေက္ခာဝေဒနာ မောဟမူဥပေက္ခာဝေဒနာနှင့် ယှဉ်သော ဉာဏ်၏ ဆန့်ကျင်ဘက် ဖြစ်သော မောဟသည်ပင် အာရုံကို လျစ်လျူရှုတတ်သော သဘောရှိရကား အညာဏုပေက္ခာ မည်လေသည်။

သို့သော် အဘိဓမ္မာ သမ္မောဟဝိနောဒနီအဋ္ဌကထာ ခုဒ္ဒကဝတ္ထုဝိဘင်း ဆက္ကနိဒ္ဒေသဝဏ္ဏနာ၌ အောက်ပါ အတိုင်း ဖွင့်ဆိုထား၏။

ဥပေက္ခာတိ အညာဏသမ္ပယုတ္တာ ဥပေက္ခာဝေဒနာ။ အညာဏုပေက္ခာတိပိ ဧတာသံယေဝ နာမံ။ (အဘိ၊ဋ္ဌ၊၂၊၄၈၉-၄၉၀။)

ဤအထက်ပါ အဋ္ဌကထာစကားရပ်ကို ကိုးကား၍ အနုဋီကာဆရာတော်က အောက်ပါအတိုင်းလည်း တစ်နည်း ဖွင့်ဆိုထားတော်မူ၏။

အညာဏသမ္ပယုတ္တာပိ ဝါ ဥပေက္ခာဝေဒနာ အညာဏုပေက္ခာ။ (အနုဋီ၊၁၊၁၁၅။)

ဉာဏ်၏ ဆန့်ကျင်ဘက် မောဟနှင့်ယှဉ်သော (= လောဘမူဥပေက္ခာသဟဂုဏ်စိတ် လေးမျိုးနှင့် မောဟမူ ဒွေး၌ ယှဉ်သော) ဥပေက္ခာဝေဒနာသည်လည်း တစ်နည်းအားဖြင့် အညာဏုပေက္ခာပင် မည်သည်ဟု ဖွင့်ဆို ထား၏။

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုထားတော်မူသည်နှင့်အညီ လောဘမူဥပေက္ခာသဟဂုတ်စိတ် လေးခု၊ မောဟမူဒွေး၌ ယှဉ်သော မောဟသည်လည်းကောင်း, ဥပေက္ခာဝေဒနာသည်လည်းကောင်း အညာဏုပေက္ခာ မည်သည်ဟု မှတ်ပါ။ ကာမဂုဏ်အိမ်၌ မှီသော ယင်းအညာဏုပေက္ခာ၏ ဖြစ်ခြင်းသည် ဥပေက္ခာ ဗြဟ္မဝိဟာရ၏ ပျက်စီးခြင်းပင် ဖြစ်သည်။

မေတ္တာစျာန် ကရုဏာစျာန် မုဒိတာစျာန်တို့ကို တတိယစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် ပွားများ နိုင်သူတို့သည်သာ ဤဥပေက္ခာဗြဟ္မဝိဟာရစျာန်ကို ရအောင် ဆက်လက် ပွားများအားထုတ်နိုင်၏။ ကသိုဏ်း ပညတ် ပဋိဘာဂနိမိတ် စသော အခြားအခြားသော သမထနိမိတ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော တတိယ စျာန်ကို ရပြီးသူသည် မိမိ ရရှိပြီးသည့် တတိယစျာန်မှ ထ၍ ဤဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်ကို ရရှိအောင် ဆက်လက်၍ ပွားခဲ့သော် ဥပေက္ခာဗြဟ္မဝိဟာရစျာန်ကို မရနိုင်။ အာရုံချင်း မတူသောကြောင့် ဖြစ်သည်။ ဗြဟ္မဝိဟာရစျာန်တို့ကား သတ္တဝါပညတ်ကိုသာ အာရုံပြုကြသည်။ (အဘိ၊ဋ္ဌ၊၁၊၂၄၀။)

အထက်ပါ လက္ခဏ ရသ စသည်ကို သိမ်းဆည်းရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ ရရှိပြီးဖြစ်သော ဥပေက္ခာဗြဟ္မဝိဟာရစျာန်ကို တစ်ဖန်ပြန်၍ ဝင်စားပါ။ ယင်း ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာနူပစာရခေါ်သော ဥပစာရသမာဓိအခိုက်၌ ရှိသော ဥပစာရဇောနာမ်တရား (၃၃)လုံးမှ တတြမဇ္ဈတ္တတာစေတသိက်ကို ရွေးထုတ်၍ လည်း ရှုနိုင်သည်။ ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်သမာဓိအခိုက်၌ တည်ရှိသော နာမ်တရား (၃၁)လုံးမှ တတြမဇ္ဈတ္တတာစေတသိက်ကို ရွေးထုတ်၍သော်လည်း ရှုနိုင်၏။ ဥပေက္ခာ (၁၀)မျိုးတွင် အကျုံးဝင်သော ဗြဟ္မဝိဟာရုပေက္ခာ၏ တရားကိုယ်မှာ ဝေဒနာက္ခန္ဓာစာရင်းဝင် ဥပေက္ခာဝေဒနာ မဟုတ်၊ သင်္ခါရက္ခန္ဓာစာရင်းဝင် တတြမဇ္ဈတ္တတာစေတသိက် ဖြစ်သည်ဟု မှတ်ပါ။

သင်္ခါရက္ခန္ဓကထာ အခန်း ပြီး၏။

__________

နာမ်တရားများကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရှုပွားပုံစနစ်

နာမ်တရားများကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရှုပွားပုံစနစ်

ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် နာမ်တရားများ၏ သဘာဝလက္ခဏာကို ဦးစားပေး၍ နာမ်တရားများကို သိမ်း ဆည်းပုံကို ရေးသားတင်ပြခဲ့ပြီး ဖြစ်၏။ ယခုအခါတွင် ယင်းနာမ်တရားများကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် တို့၏ အစွမ်းဖြင့် သိမ်းဆည်းပုံကို ထပ်မံ၍ ရေးသားတင်ပြအပ်ပါသည်။ နာမ်တုံး နာမ်ခဲတည်းဟူသော နာမ်ဃန အသီးအသီးကို ပြိုကွဲအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရှုနည်းစနစ်ပင် ဖြစ်သည်။

အသင်သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများကို ပြန်လည် အာရုံယူထားပါ။ အာနာပါနစျာန် နာမ်တရားတို့က စတင်၍ သိမ်းဆည်းလိုသည် ဖြစ်အံ့။ အာနာပါနပထမစျာန်၌ နာမ်တရား (၃၄)လုံးရှိရာ ရှေးဦးစွာ ယင်းနာမ်တရား (၃၄)လုံးတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် အသီးအသီးကို ကျေပွန်အောင် နှုတ်တိုက်ရ အောင် ကျက်ထားပါ။ ကျေကျေညက်ညက် ပိုင်ပိုင်နိုင်နိုင် အလွတ်ရရှိသောအခါ ပထမစျာနသမာပတ္တိ ဝီထိဇယားတွင် ဖော်ပြထားသည့်အတိုင်း ---

၁။ မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး,

၂။ ဇောအသီးအသီး၌ နာမ်တရား (၃၄) လုံးစီ ---

ဤသို့ အသီးအသီးရှိရာ မနောဒွါရာဝဇ္ဇန်းတွင် အသိစိတ်ကို = မနောဒွါရာဝဇ္ဇန်းစိတ်ကို စတင်၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်း ရှုပွားပါ။ ထိုနောင် ဖဿ၏ လက္ခဏ-ရသ စသည်ကို ရှုပါ။ ထိုနောင် ဝေဒနာ = ဥပေက္ခာဝေဒနာ၏ လက္ခဏ-ရသ စသည်ကို ရှုပါ။ ဤသို့စသည်ဖြင့် မနောဒွါရာဝဇ္ဇန်း စိတ္တက္ခဏ အတွင်း၌ တည်ရှိကြသော --- အသိစိတ်၊ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတ၊ မနသိကာရ၊ ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ --- ဟူသော (၁၂)လုံးသော ပရမတ်တရားတို့၏ လက္ခဏ-ရသ စသည်တို့ကို အသီးအသီး တစ်လုံးစီ တစ်လုံးစီ ခွဲ၍ (၁၂)လုံး ပြည့်အောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းပါ။

ထိုနောင် ပရိကံ ဥပစာ အနုလုံ ဂေါတြဘု အမည်ရသော ဥပစာရသမာဓိဇော အသီးအသီး၌လည်းကောင်း, ပထမစျာန်ဇော အသီးအသီး၌လည်းကောင်း နာမ်တရား (၃၄)လုံးစီ အသီးအသီးရှိရာ ယင်းနာမ်တရားတိုင်း၌ တစ်လုံးစီ တစ်လုံးစီ ခွဲခြား၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းပါ။ အသိစိတ်မှ စ၍ ပညာသို့တိုင်အောင် နာမ်တရားတိုင်း နာမ်တရားတိုင်း၌ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် သိမ်း ဆည်းပါ။ ပထမစျာနသမာပတ္တိဝီထိ အတွင်း၌ ရှိသော နာမ်တရားများကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်း အားဖြင့် ကျေနပ်အောင် သိမ်းဆည်းပြီးသောအခါ ဒုတိယစျာနသမာပတ္တိဝီထိ အတွင်း၌ တည်ရှိသော နာမ်တရား တို့ကိုလည်း နည်းတူပင် ဆက်လက်၍ သိမ်းဆည်းပါ။ တတိယစျာနသမာပတ္တိ စတုတ္ထစျာနသမာပတ္တိဝီထိ အတွင်း၌ တည်ရှိကြသော နာမ်တရားတို့၌လည်း နည်းတူပင် ဆက်လက်၍ သိမ်းဆည်းပါ။

ဤနည်းကိုမှီး၍ ဓမ္မာရုံအမည်ရသော ရုပ်အစစ် ရုပ်အတုတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော အကောင်း အုပ်စု နာမ်တရား = ကုသိုလ်ဇောစောသည့် မနောဒွါရဝီထိနာမ်တရား, မကောင်းအုပ်စုနာမ်တရား = အကုသိုလ် ဇော စောသည့် မနောဒွါရဝီထိနာမ်တရားတို့တွင် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ တည်ရှိကြသော နာမ်တရား တိုင်း နာမ်တရားတိုင်း၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ကုန်စင်အောင် ပိုက်စိပ်တိုက်၍ သိမ်းဆည်းပါ။

ထိုသို့ သိမ်းဆည်းရာ၌ စိတ္တက္ခဏတစ်ခုတွင် ဖဿ၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို သိမ်းဆည်းပြီး ဖြစ်၍ အခြား စိတ္တက္ခဏတစ်ခုတွင် တည်ရှိသော ဖဿကိုလည်း မရှုဘဲ မထားပါနှင့်။ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ဃန အသီးအသီးကို ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနေသော လုပ်ငန်းရပ် ဖြစ်၍ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ တည်ရှိသော နာမ်တရားတိုင်း နာမ်တရားတိုင်းကိုပင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်း အားဖြင့် ကုန်စင်အောင် သိမ်းဆည်းရှုပွားပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း ဝီထိ စိတ္တက္ခဏတိုင်းရှိ နာမ်တရားတိုင်းကို သိမ်းဆည်းဖို့ လိုအပ်ပေသည်။ ရံခါ ဝီထိစိတ်တို့၏ အကြားအကြား၌ ရှိ သော ဘဝင်နာမ်တရားတို့၌လည်း ယင်းနာမ်တရား တစ်လုံးစီ တစ်လုံးစီ၏ လက္ခဏ-ရသ စသည်ကိုလည်း သိမ်းဆည်းပါ။

ထိုသို့ သိမ်းဆည်းနိုင်ရန်အတွက် ဤလက္ခဏာဒိစတုက္ကပိုင်းတွင် ရေးသားတင်ပြထားသော နာမ်ခန္ဓာ (၄)ပါး = စိတ် စေတသိက်တရားတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ကျေပွန်စွာ အလွတ်ရထားဖို့ လိုပေသည်။ ခန္ဓာ (၅)ပါးလုံး၌ ကျေကျေပွန်ပွန် အလွတ်ရရှိနေပါမှ ရှုကွက်ကို သဘောပေါက်နိုင်မည်။

ရူပါရုံလိုင်း နာမ်တရားများကို သိမ်းဆည်းပုံ အမြွက်

ရူပါရုံလိုင်း နာမ်တရားများကို သိမ်းဆည်းပုံ အမြွက်

ရူပါရုံလိုင်း ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကုသိုလ်ဇောစောသည့် စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိတို့ ဖြစ်အံ့။

၁။ ပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင်၌ နာမ်တရား --- (၁၁)လုံး,

၂။ စက္ခုဝိညာဏ် = မြင်သိ၌ နာမ်တရား --- ( ၈ )လုံး,

၃။ သမ္ပဋိစ္ဆိုင်း = လက်ခံ၌ နာမ်တရား --- (၁၁)လုံး,

၄။ သန္တီရဏ = စုံစမ်း၌ နာမ်တရား --- (၁၂)လုံး,

၅။ ဝုဋ္ဌော = ဆုံးဖြတ်၌ နာမ်တရား --- (၁၂)လုံး,

၆။ ဇော အသီးအသီး၌ နာမ်တရား --- (၃၄)လုံးစီ,

၇။ တဒါရုံ အသီးအသီး၌ နာမ်တရား --- (၃၄)လုံးစီ,

ဝီထိတို့၏ အကြား၌ရှိသော ဘဝင်၌ နာမ်တရား --- (၃၄)လုံး,

၁။ မနောဒွါရာဝဇ္ဇန်း = ဆင်ခြင်ဆုံးဖြတ်၌ နာမ်တရား --- (၁၂)လုံး,

၂။ ဇော အသီးအသီး၌ နာမ်တရား --- (၃၄)လုံးစီ,

၃။ တဒါရုံ အသီးအသီး၌ နာမ်တရား --- (၃၄)လုံးစီ ---

ဤသို့စသည်ဖြင့် ရှိကြ၏။ (နာမ်ကမ္မဋ္ဌာန်းပိုင်းဇယား ပထမအတန်းကို အာရုံယူထားပါ။) ယင်းစိတ္တက္ခဏ တိုင်း၌ နာမ်တရားများကို တစ်လုံးစီ တစ်လုံးစီ ကုန်စင်အောင် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် သိမ်းဆည်းပါ။ ပဉ္စဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၁)လုံး ရှိရာ ယင်းနာမ်တရား အသီးအသီးကို တစ်လုံးစီ တစ်လုံးစီ ကုန်စင်အောင် သိမ်းဆည်းပြီးမှ စက္ခုဝိညာဏ် စိတ္တက္ခဏ၌ ရှိသော နာမ်တရား (၈)လုံးတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် အသီးအသီးကို ဆက်လက်၍ တစ်လုံးစီ တစ်လုံးစီ သိမ်းဆည်းပါ။

ဥပမာ ပဉ္စဒွါရာဝဇ္ဇန်း၌ အသိစိတ်မှ စ၍ အဓိမောက္ခတိုင်အောင်, စက္ခုဝိညာဏ်၌ စက္ခုဝိညာဏ်မှ စ၍ မနသိကာရတိုင်အောင် စိတ်တိုင်း စေတသိက်တိုင်း၏ လက္ခဏ ရသ စသည်ကို သိမ်းဆည်းပါ။ ဤသို့စသည့် ဝီထိစိတ္တက္ခဏတိုင်း၌လည်းကောင်း, ဘဝင်စိတ္တက္ခဏတို့၌လည်းကောင်း သဘောပေါက်ပါလေ။

နာမ်တရားများကို သိမ်းဆည်းခဲ့စဉ်က ရူပါရုံလိုင်း၌ အကောင်းအုပ်စု မကောင်းအုပ်စုများကို ကုန်စင်အောင် သိမ်းဆည်းခဲ့သည့်အတိုင်း ယင်းအကောင်းအုပ်စု မကောင်းအုပ်စု နာမ်တရားတို့၏ စိတ္တက္ခဏတိုင်း စိတ္တက္ခဏ တိုင်း၌ တည်ရှိကြသော နာမ်တရားတိုင်း နာမ်တရားတိုင်း၌ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ကုန်စင်အောင် ရှုပါ။ သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်း ကြွင်းကျန်သော ဓမ္မာရုံလိုင်းတို့၌လည်း နည်းတူ သဘောပေါက်ပါလေ။ ထိုသို့ သိမ်းဆည်းရာ၌ ဝီထိစိတ်တို့၏ အကြားအကြား၌ တည်ရှိကြသော ဘဝင်နာမ်တရား တို့ကိုပါ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် ရံခါ သိမ်းဆည်းရန် ညွှန်ကြားရခြင်းမှာ ဃန အသီးအသီး ပြိုရေးအတွက်ပင် ဖြစ်ပါသည်။ သို့သော် ယင်း ဘဝင်နာမ်တရားတို့မှာ ပစ္စုပ္ပန် အာရုံ (၆)ပါးတို့ကို အာရုံမပြုဘဲ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇောက ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံ သုံးမျိုး တို့တွင် တစ်မျိုးမျိုးသော ထိုက်သင့်ရာ အာရုံကိုသာ အာရုံပြုသဖြင့် အတိတ်အကြောင်းတရားများကို သိမ်းဆည်း ပြီးရာ ဤအခါတွင်မှ ပုံစံမှန် ပြည့်ပြည့်စုံစုံ ရှုနိုင်မည်ဖြစ်သည့်အတွက် ပဋိစ္စသမုပ္ပါဒ်ပိုင်းကို ရှုပြီးရာ ယခုအခါ၌ ထပ်မံ၍ အရှုခိုင်းခြင်း ဖြစ်ပါသည်။

ဗဟိဒ္ဓသို့

ဗဟိဒ္ဓသို့

ဣတိ အဇ္ဈတ္တံဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၁။)

ဤသို့စသော မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်များနှင့်အညီ အသင်သူတော်ကောင်းသည် ---

၁။ အဇ္ဈတ္တ၌ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်တရားများနှင့် ရုပ်အတုတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ပိုက်စိပ်တိုက်၍ သိမ်းဆည်းပြီးသောအခါ ဗဟိဒ္ဓ၌လည်း ယင်း ရုပ်တရားတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ဃနပြိုအောင် ဆက်လက်၍ သိမ်းဆည်းပါ။

၂။ အဇ္ဈတ္တ၌ ရူပါရုံ စသည့် (၆)လိုင်းလုံးဝယ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ တည်ရှိကြသော နာမ်တရား အသီးအသီး၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို နေရာတကျ သိမ်းဆည်းပြီးသောအခါ ဗဟိဒ္ဓ၌ လည်း ယင်းနာမ်တရား အသီးအသီး၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို နည်းတူ သိမ်းဆည်းပါ။

၃။ အသင်ယောဂီသူတော်ကောင်းသည် ေ့ရှပိုင်းတွင် ရေးသားတင်ပြခဲ့သော ရုပ်နာမ်ခွဲပုံကို ပြန်လည်၍ အာရုံ ယူပါ။ ဥပမာ ရူပါရုံလိုင်းဝယ် ပဉ္စဒွါရာဝဇ္ဇန်း၌ ---

က။ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား,

ခ။ စိတ် စေတသိက် (၁၁)လုံးက နာမ်တရား,

စက္ခုဝိညာဏ်၌ ---

က။ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား,

ခ။ စိတ် စေတသိက် (၈)လုံးက နာမ်တရား ---

ဤသို့စသည်ဖြင့် ရုပ်နာမ်ခွဲပုံကို ပြန်လည်၍ အာရုံယူထားပါ။ ယင်းပုံစံအတိုင်းလည်း လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို တစ်ဖန် ထပ်မံ၍ သိမ်းဆည်းရမည် ဖြစ်သည်။ ဥပမာ ပဉ္စဒွါရာဝဇ္ဇန်းအခိုက်၌ ရုပ်တရား ဘက်၌ ဟဒယဝတ္ထုနှင့်တကွ ရုပ် (၅၄)မျိုး + ရူပါရုံ ရှိ၏။ ယင်းရုပ်တရား အသီးအသီး၏ လက္ခဏ ရသ ပစ္စု- ပဋ္ဌာန် ပဒဋ္ဌာန်တို့ကို တစ်ဖန် ထပ်၍ သိမ်းဆည်းပါ။ ထိုနောင် ပဉ္စဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၁)လုံး ရှိရာ ယင်းနာမ်တရား အသီးအသီး၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကိုလည်း ကုန်စင်အောင် တစ်ဖန် ထပ်၍ သိမ်းဆည်းပါ။ ဤနည်းအတိုင်း အဇ္ဈတ္တ၌ (၆)လိုင်းလုံးဝယ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ရုပ်တရား အသီး အသီး, နာမ်တရား အသီးအသီး၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို သိမ်းဆည်းပါ။ ဗဟိဒ္ဓ၌လည်း နည်း တူပင် သိမ်းဆည်းပါ။ ထိုနောင် --- သောမနဿ တိဟိတ်ပဋိသန္ဓေ တည်နေခဲ့သူ သူတော်ကောင်း ဖြစ်အံ့ --

၁။ ပဋိသန္ဓေအခိုက်၌ တည်ရှိခဲ့သော ရုပ်တရား (၃၀)နှင့် နာမ်တရား (၃၄)လုံးတို့၏လည်းကောင်း,

၂။ စုတိအခိုက်၌ ဖြစ်လတ္တံ့သော ရုပ်တရား အသီးအသီးနှင့် နာမ်တရား (၃၄)တို့၏လည်းကောင်း ---

လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းပါ။ အတိတ် အနာဂတ် ရုပ်နာမ်တို့ ၌လည်း လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းနိုင်ပါက ပို၍ ပို၍ ကောင်းသည်သာ ဖြစ် ပေသည်။ ရုပ်နာမ်နှင့် ပက်သက်သော အသိဉာဏ်များ ပို၍ ပို၍ သန့်ရှင်းရန်အတွက်ပင် ဖြစ်ပေသည်။

[မှတ်ချက် --- စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ရှုရမည်ဟု ဆိုသဖြင့် အယူအဆ မမှားစေလိုပါ။ စိတ္တက္ခဏ တိုင်းဟူသည် နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် တင်ပြထားသည့် စိတ္တက္ခဏတိုင်းကိုသာ ဆိုလိုပါသည်။ စိတ္တက္ခဏ အမျိုးအစားကိုသာ ဆိုလိုသည်။ ဘဝတစ်လျှောက် ဖြစ်ဖြစ်သမျှ စိတ်အားလုံးကို မဆိုလိုပါ။]

__________

ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ အခန်း

ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ အခန်း

အထက်ပါအတိုင်း လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်တရား အသီးအသီး နာမ်တရား အသီးအသီးကို သိမ်းဆည်းပြီးသောအခါ တစ်ဖန် ရုပ်ပရမတ် နာမ်ပရမတ်တို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာကို ဦးစားပေး၍ - အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ---

၁။ ရုပ်တရားကို သိမ်းဆည်းခြင်း,

၂။ နာမ်တရားကို သိမ်းဆည်းခြင်း,

၃။ ရုပ်-နာမ်ခွဲခြင်း,

၄။ ရုပ်-နာမ်ကို ပိုင်းခြားမှတ်သားခြင်း ---

ဤလေးမျိုးသော လုပ်ငန်းရပ်တို့ကို ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသား တင်ပြခဲ့သည့်အတိုင်း ထပ်မံ၍ ပြုလုပ်ပါ။ ထိုနောင် ---

၅။ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းဖြင့် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။

၆။ ပဋိစ္စသမုပ္ပါဒ် ပထမနည်းဖြင့်လည်း အကြောင်းတရား အကျိုးတရားတို့ကို တစ်ဖန် ပြန်၍ သိမ်းဆည်းပါ။

ထိုနောင် အောက်ပါအတိုင်း ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို သိမ်း ဆည်းပါ။

၁။ အဝိဇ္ဇာ

၁။ အဝိဇ္ဇာ

၁။ အညာဏလက္ခဏာ အဝိဇ္ဇာ၊

၂။ သမ္မောဟနရသာ၊

၃။ ဆာဒနပစ္စုပဋ္ဌာနာ၊

၄။ အာသဝပဒဋ္ဌာနာ၊ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

၁။ ပရမတ္ထဓမ္မသဘာဝမှန်ကို မသိခြင်းသဘော လက္ခဏ၊

တစ်နည်း - ပရမတ္ထဓမ္မသဘာဝမှန်ကို သိတတ်သောဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်ခြင်းသဘော - လက္ခဏ၊

၂။ ယှဉ်ဖက်သမ္ပယုတ်တရားတို့ကိုလည်းကောင်း, ထိုအဝိဇ္ဇာနှင့်

ပြည့်စုံသော ပုဂ္ဂိုလ်ကိုလည်းကောင်း ပြင်းစွာ တွေဝေစေခြင်း (ကိစ္စ) ရသ၊

၃။ ပရမတ္ထဓမ္မအာရုံ၏ သဘောမှန်ကို ဖုံးလွှမ်းတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ အာသဝေါတရား (၄)ပါး ပဒဋ္ဌာန်။

လက္ခဏ --- ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း ပရမတ္ထဓမ္မသဘာဝမှန်ကိုလည်း မသိတတ်၊ ထိုသို့ သိသင့်သိထိုက်သော ပရမတ္ထဓမ္မသဘာဝမှန်ကို မသိသော်လည်း အသက်ကောင် လိပ်ပြာကောင် ဝိညာဏ် ကောင် အတ္တကောင် ရှိ၏ စသည်ဖြင့်လည်းကောင်း, ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ ရှိ၏ စသည်ဖြင့်လည်းကောင်း မသိသင့် မသိထိုက်သည်ကိုကား သိလျက်ရှိ၏။ ယင်း သိသင့် သိထိုက်သည်ကို မသိဘဲ မသိသင့် မသိထိုက်သည်ကို သိခြင်းသည် ပရမတ္ထဓမ္မသဘာဝမှန်ကို သိတတ်သော ဝိဇ္ဇာဉာဏ်နှင့်ကား ပြောင်းပြန် ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်နေ၏။ ယင်းကဲ့သို့သော ထိပ်တိုက်ဆန့်ကျင်ဘက်သဘောကား အဝိဇ္ဇာ၏ သဘာဝ လက္ခဏာပင် ဖြစ်သည်။

ရသ --- ရှေးပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း အဝိဇ္ဇာသည် မိမိတစ်လုံးတည်းသာ ဖြစ်သောတရား ဖြစ်နိုင်သောတရား မဟုတ်ပေ။ ယှဉ်ဖက်သမ္ပယုတ်တရားတို့နှင့် အတူတကွသာ ဖြစ်နိုင်သည့် စွမ်းအားရှိပေသည်။ ပုထုဇန်များအတွက် ကွက်၍ဆိုရမူ ယေဘုယျအားဖြင့် လောဘဒိဋ္ဌိအုပ်စုအနေဖြင့် ဖြစ်တတ်၏။ အဝိဇ္ဇာသည် မိမိနှင့်ယှဉ်ဖက် သမ္ပယုတ်တရားတို့ကိုလည်း တွေဝေစေ၏၊ ထိုအဝိဇ္ဇာနှင့် ပြည့်စုံသော သတ္တဝါကိုလည်း တွေဝေ စေ၏။ ပြင်းစွာ တွေဝေစေ၏။ တွေဝေစေသည်ဟူသည်မှာ မိမိအဝိဇ္ဇာက ပရမတ္ထဓမ္မသဘာဝမှန်ကို မသိသကဲ့သို့ မိမိနှင့်ယှဉ်ဖက် သမ္ပယုတ်တရားတို့ကိုလည်း ပရမတ္ထဓမ္မသဘာဝမှန်ကို သိခွင့်မပေး, မိမိ အဝိဇ္ဇာ ကိန်းဝပ်ရာ သတ္တဝါကိုလည်း ပရမတ္ထဓမ္မသဘာဝမှန်ကို သိခွင့်မပေးခြင်းပင် ဖြစ်သည်။ (မူလဋီ၊၂၊၉၀။)

ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန် --- ယင်းအဝိဇ္ဇာကို ဝိပဿနာဉာဏ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ် တွင် ပရမတ္ထဓမ္မသဘာဝမှန်ကို မသိအောင် ဖုံးလွှမ်းထားတတ်သော သဘောတရားဟု ရှေးရှူ ထင်လာပေသည်။ အသင်သူတော်ကောင်းသည် အတိတ်ဘဝက လူ့ဘဝသို့ ရောက်ကြောင်း ကောင်းမှုကုသိုလ်ကံကို ပြုစုပျိုးထောင် ခဲ့စဉ်က ရဟန်းဘဝကို ဆုတောင်းခဲ့သည် ဖြစ်အံ့၊ ယင်း ရဟန်းဘဝ၌ တည်ရှိသော ရုပ် နာမ် ပရမတ္ထဓမ္မသဘာဝ အမှန်ကို မသိအောင် ယင်းအဝိဇ္ဇာက ဖုံးလွှမ်းလျက် ရဟန်းဟု အသိမှားမှုကို ရှေးရှူ ဖြစ်စေခဲ့ပေသည်။ အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော။ (မ၊၁၊၆၇။) အာသဝဖြစ်ခြင်းကြောင့် အဝိဇ္ဇာဖြစ်၏ဟု ဘုရားရှင် ဟောကြားထား တော်မူသောကြောင့် အာသဝေါတရား လေးပါးတို့သည်ပင် အဝိဇ္ဇာ၏ အနီးကပ်ဆုံးအကြောင်း ပဒဋ္ဌာန် ဖြစ်ရ ပေသည်။ ယှဉ်ဖက်သမ္ပယုတ်တရားစုမှ အဝိဇ္ဇာကို ရွေးထုတ်၍ ဤလက္ခဏ ရသ စသည့် ရှုကွက်တို့ကို ရှုပါ။

၂။ သင်္ခါရ

၂။ သင်္ခါရ

၁။ အဘိသင်္ခရဏလက္ခဏာ သင်္ခါရာ၊

၂။ အာယူဟနရသာ၊

၃။ စေတနာပစ္စုပဋ္ဌာနာ၊

၄။ အဝိဇ္ဇာပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

၁။ (ကံဖြစ်အောင်ပြုလုပ်ခြင်း) ပြုပြင်ခြင်း ပြုစီမံခြင်းသဘော လက္ခဏ၊

၂။ ပဋိသန္ဓေကို ဖြစ်စေခြင်းငှာ အားထုတ်ခြင်း ကြောင့်ကြဗျာပါရပြုခြင်း (ကိစ္စ) ရသ၊

တစ်နည်း --- ဝိညာဏ် နာမ်ရုပ်ဟူသော အကျိုးတရားကို ပေါင်းစုရုံးစည်းခြင်း (ကိစ္စ) ရသ၊

တစ်နည်း --- အပေါင်းအစု ဖြစ်သော ဝိညာဏ် နာမ်ရုပ် အကျိုးတရားကို ဖြစ်စေခြင်း (ကိစ္စ) ရသ၊

၃။ စေတနာ ပဓာနဟု ယောဂီဉာဏ်တွင် ရှေးရှူထင်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ အဝိဇ္ဇာ ပဒဋ္ဌာန်။

ရသ --- ပဋိသန္ဓိဇနနတ္ထံ အာယူဟန္တိ ဗျာပါရံ ကရောန္တီတိ အာယူဟနရသာ။ (မူလဋီ၊၂၊၉၀။)

ယေန ကုသလာကုသလဓမ္မာ ဝိပါကဓမ္မာတိ ဝုစ္စန္တိ၊ တံ အာယူဟနံ။ ကိံ ပန တန္တိ? အနုပစ္ဆိန္နတဏှာဝိဇ္ဇာမာနေ သန္တာနေ သဗျာပါရတာ။ တေနာဟ ပဋိသန္ဓိ။ ပ ။ အာယူဟနရသာတိ။ (အနုဋီ၊၂၊၉၅။)

ရာသိကရဏံ အာယူဟနန္တိ စ ရာသိဘူတဿ ရူပါရူပသင်္ခါတဿ ဖလဿ နိဗ္ဗတ္တနတော ဝုတ္တံ။ (အနုဋီ၊၂၊၉၅။)

သင်္ခါရတို့သည် ပဋိသန္ဓေကို ဖြစ်စေခြင်းငှာ အားထုတ်တတ်ကုန်၏၊ ကြောင့်ကြဗျာပါရကို ပြုကြကုန်၏ = ကြောင့်ကြစိုက်ကြကုန်၏၊ ထိုကြောင့် အာယူဟနရသဟု ဆိုသည်။ အကြင်သဘောတရားကြောင့် ကုသိုလ် အကုသိုလ်တရားတို့ကို အကျိုးပေးခြင်း သဘောရှိသော ဝိပါကဓမ္မတို့ဟူ၍ ဆိုအပ်ကုန်၏။ ထိုသဘောတရားသည် အာယူဟန မည်၏။ ထိုအာယူဟနဟူသည် အဘယ်နည်း? အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ မပယ်သတ်အပ်သေးသော မဖြတ်အပ်သေးသော တဏှာ အဝိဇ္ဇာ မာန ရှိသော ရုပ်နာမ်ခန္ဓာအစဉ်ဝယ် ပဋိသန္ဓေကို ဖြစ်စေခြင်းအကျိုးငှာ ကုသိုလ် အကုသိုလ်တရားတို့၏ ကြောင့်ကြဗျာပါရနှင့်တကွ ဖြစ်ကုန်သည်၏ အဖြစ်တည်း။ အရဟတ္တမဂ်ဖြင့် မပယ်သတ်အပ်သေးသော အဝိဇ္ဇာ တဏှာ မာန ထင်ရှားရှိနေသေးသော ရုပ်နာမ်သန္တာန်အစဉ်ဝယ် ကုသိုလ် အကုသိုလ်တရားတို့၏ အကျိုးကို ဖြစ်စေနိုင်သော သဘာဝစွမ်းအင် ထင်ရှားရှိနေမှုကိုပင် သင်္ခါရတို့၌ ကြောင့်ကြ ဗျာပါရနှင့်တကွ ဖြစ်သည်ဟု ဆိုသည်။ ယင်း သဘောတရားကိုပင် သင်္ခါရ၏ ရသ = ကိစ္စရသဟု ဆိုသည်။

တစ်နည်း --- သင်္ခါရပစ္စယာ ဝိညာဏံအရ ဝိညာဏ်ကိုလည်းကောင်း, ဝိညာဏပစ္စယာ နာမရူပံအရ နာမ် ရုပ်ကိုလည်းကောင်း --- ဤ ဝိညာဏ် နာမ်ရုပ်ဟူသော အကျိုးတရားစုကို အုပ်စုအလိုက် အပေါင်းအစုအလိုက် ဖြစ်အောင်ပြုလုပ်ခြင်း ဖြစ်စေခြင်းသည်ပင် သင်္ခါရ၏ လုပ်ငန်းကိစ္စတည်း။ (မူလဋီ၊၂၊၉၀။ အနုဋီ၊၂၊၉၅။)

ပစ္စုပဋ္ဌာန် --- စေတနာပဓာနတ္တာ ပန တဿ စေတနာကိစ္စံ ကတွာ ဝုတ္တံ။ (အနုဋီ၊၂၊၉၅။)

ကုသိုလ်ကံ အကုသိုလ်ကံက = ကုသိုလ်တရား အကုသိုလ်တရားတို့က ဝိညာဏ် နာမ်ရုပ် စသော အကျိုး တရားစုကို ဖြစ်စေရာ၌ စေတနာကား ပြဓာန်းလျက် ရှိ၏။ ပဓာနခေါင်းဆောင် ဖြစ်နေ၏။ ယင်း စေတနာ၏ စွမ်းအင်ထက်မြက်မှု မထက်မြက်မှုအပေါ်၌ အခြေတည်၍ အကျိုးတရားတို့၏ ထက်မြက်မှု မထက်မြက်မှုတို့ သည် ဖြစ်ပေါ်လာကြရ၏။ ထိုကြောင့် ယင်းသင်္ခါရတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် စေတနာပဓာနဟု ရှေးရှူ ထင်လာ၏။

ရှုကွက် --- ဤ အဝိဇ္ဇာနှင့် သင်္ခါရတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်း ရာ၌ ---

၁။ ဆိုင်ရာ အဝိဇ္ဇာကြောင့် ဆိုင်ရာ သင်္ခါရ ဖြစ်ပုံကိုလည်းကောင်း,

၂။ ဆိုင်ရာ သင်္ခါရကြောင့် ဆိုင်ရာ ဝိညာဏ် နာမ်ရုပ် ဖြစ်ပုံကိုလည်းကောင်း

ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ရှုပါ။ ဥပမာ အသင်သူတော်ကောင်း၏ ပစ္စုပ္ပန် ဝိညာဏ် နာမ်ရုပ်တို့၏ အကြောင်းရင်း သင်္ခါရကို ရှုလိုခဲ့သော် အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော ကုသိုလ်သင်္ခါရကိုသာ ကွက်၍ ရှုပါ။ အလားတူပင် အတိတ်က ဖြစ်ခဲ့သော အဝိဇ္ဇာကြောင့် အတိတ်က ဖြစ်ခဲ့သော သင်္ခါရ ဖြစ်ပုံကိုသာ ရှုပါ။ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်၌လည်း နည်းတူပင် သဘောပေါက်ပါ။

၃။ ဝိညာဏ်

၃။ ဝိညာဏ်

၁။ ဝိဇာနနလက္ခဏံ ဝိညာဏံ၊

၂။ ပုဗ္ဗင်္ဂမရသံ၊

၃။ ပဋိသန္ဓိပစ္စုပဋ္ဌာနံ၊

၄။ သင်္ခါရပဒဋ္ဌာနံ၊ ဝတ္ထာရမ္မဏပဒဋ္ဌာနံ ဝါ။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

၁။ အာရုံကို သိခြင်း = အာရုံကို ရယူခြင်းသဘော လက္ခဏ၊

၂။ နာမ်ရုပ်တို့၏ ပဓာန ေ့ရှသွားခေါင်းဆောင် ဖြစ်ခြင်း (ကိစ္စ) ရသ၊

၃။ ရှေးဘဝနှင့်တကွ ဆက်စပ်တတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သင်္ခါရ --- တစ်နည်း မှီရာဝတ္ထုရုပ်နှင့် ထင်လာသောအာရုံ ပဒဋ္ဌာန်။

ဝိညာဏ်သည် သညာ ပညာတို့ သိပုံမှ တစ်မျိုးတစ်ဖုံအားဖြင့် အာရုံကိုသိခြင်း သဘောလက္ခဏာ ရှိ၏ ဟူရာ၌ ထင်လာသော အာရုံကို ရယူနိုင်မှု သဘောကိုပင် ဆိုလိုသည်။ ဝိညာဏပစ္စယာ နာမရူပံအရ ဝိညာဏ်နှင့် နာမ်ရုပ်တို့တွင် ဝိညာဏ်သည် ထင်လာသောအာရုံကို ရယူမှု၌ နာမ်ရုပ်တို့၏ ပဓာန = ပြဓာန်းသော ေ့ရှသွား ခေါင်းဆောင် ဖြစ်၏။ ပုရေစာရိကပုဗ္ဗင်္ဂမ = ရှေးက ဖြစ်၍ ရှေးက သွားသော ေ့ရှသွားခေါင်းဆောင်မှုမျိုးကို မဆိုလို။ စတုဝေါကာရဘုံ၌ ဝိညာဏ်နှင့် နာမ် = စေတသိက်သည်, ပဉ္စဝေါကာရဘုံ၌ ဝိညာဏ်နှင့် နာမ်ရုပ်သည် ပြိုင်တူဖြစ်သောကြောင့်ပင်တည်း။

၄။ (နာမ် + ရုပ်) မှ - နာမ် = စေတသိက်

၄။ (နာမ် + ရုပ်) မှ - နာမ် = စေတသိက်

၁။ နမနလက္ခဏံ နာမံ၊

၂။ သမ္ပယောဂရသံ၊

၃။ အဝိနိဗ္ဘောဂပစ္စုပဋ္ဌာနံ၊

၄။ ဝိညာဏပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

၁။ အာရုံသို့ ညွတ်ခြင်းသဘော လက္ခဏ၊

၂။ ဝိညာဏ်နှင့် အတူတကွလည်းကောင်း, အချင်းချင်းလည်းကောင်း ယှဉ်စပ်ခြင်း (ကိစ္စ) ရသ၊

၃။ အသီးအသီး ခွဲခြား၍ မရသော ခွဲခြား၍ မဖြစ်သော စေတသိက်သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဝိညာဏ် ပဒဋ္ဌာန်။

ရသ --- ဝိညာဏေန သဟ သမ္ပယုဇ္ဇတီတိ သမ္ပယောဂရသံ။ (မူလဋီ၊၂၊၉၀။)

ဝိညာဏ်နှင့် နာမ် အမည်ရသော စေတသိက်သည် ယှဉ်စပ်ခြင်း ကိစ္စရှိ၏ဟု ဆိုလျှင် ယှဉ်စပ်တတ်၏ဟု အဓိပ္ပါယ်ရ၏။ (က) အတူဖြစ်ခြင်း, ( ခ ) အတူချုပ်ခြင်း, ( ဂ ) အာရုံတူခြင်း, (ဃ) မှီရာဝတ္ထုရုပ်တူခြင်းအားဖြင့် ဝိညာဏ်နှင့် စေတသိက် နာမ်တို့သည် ယှဉ်စပ်တတ်၏ ဟူလိုသည်။

ပစ္စုပဋ္ဌာန် --- စိတ်တစ်ခုဝယ် စေတသိက်အများစု ယှဉ်တွဲ၍ ဖြစ်ကြရာဝယ် ထိုစေတသိက်တို့သည် ခွဲခြား၍ မဖြစ်ဘဲ ပြိုင်တူ အတူယှဉ်တွဲ၍သာ ဖြစ်ကြသည်။ တစ်လုံးပြီးမှတစ်လုံး ဤသို့ သီးခြားခွဲ၍ ဖြစ်ရိုးမရှိသဖြင့် အသီးအသီး ခွဲခြား၍ မဖြစ်သော ခွဲခြား၍ မရသော စေတသိက်သဘောတရားဟု ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ ယင်း စေတသိက်တို့သည် ခွဲခြား၍ မဖြစ်သော်လည်း ခွဲခြား၍ မရသော်လည်း ယောဂီ တို့၏ ဉာဏ်တွင်ကား ယင်းစေတသိက် အသီးအသီး၏ ကိုယ်ပိုင်သဘာဝလက္ခဏာများကား ကွဲကွဲပြားပြား ထင် ထင်ရှားရှားပင် တည်နေ ထင်နေပေသည်။

(နာမ် + ရုပ်) မှ - ရုပ်

(နာမ် + ရုပ်) မှ - ရုပ်

၁။ ရုပ္ပနလက္ခဏံ ရူပံ၊

၂။ ဝိကိရဏရသံ၊

၃။ အဗျာကတပစ္စုပဋ္ဌာနံ၊

၄။ ဝိညာဏပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

၁။ ဖောက်ပြန်ခြင်းသဘော လက္ခဏ၊

၂။ (သမ္ပယောဂလက္ခဏာ မရှိသောကြောင့်) ရုပ်အချင်းချင်းမတွဲ ဖရိုဖရဲ ကျဲခြင်း (ကိစ္စ) ရသ၊

၃။ ကုသိုလ် အကုသိုလ် မဟုတ်သော အဗျာကတ သဘောတရား ပစ္စုပဋ္ဌာန်၊

တနည်း --- အာရုံကို မယူတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဝိညာဏ် ပဒဋ္ဌာန်။

ရုပ္ပနလက္ခဏာ --- ရုပ္ပနေဉ္စတ္ထ သီတာဒိဝိရောဓိပစ္စယသန္နိပါတေ ဝိသဒိသုပ္ပတ္တိ။ (မဟာဋီ၊၂၊၈၆။)

ရုပ္ပနလက္ခဏာ = ဖောက်ပြန်ခြင်း သဘောလက္ခဏာဟူသည် အအေး အပူ စသော ဆန့်ကျင်ဘက် အကြောင်းတို့သည် ပေါင်းဆုံမိလတ်သော် ေ့ရှကဖြစ်သွားသော ရုပ်အစဉ်သန္တတိနှင့် မတူသော နောက်ရုပ်အစဉ် သန္တတိ၏ ဖြစ်ခြင်း သဘောတရားပင်တည်း။ သီတတေဇောဓာတ်ဟူသော အအေးဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်သန္တတိအစဉ် ဆက်တိုက် ဖြစ်နေရာမှ ဥဏှတေဇောဓာတ် အပူဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲသော ရုပ်သန္တတိအစဉ်၏ ပြောင်းလဲ ဖြစ်ပေါ်လာခြင်း --- ဤသို့စသည်ဖြင့် ရှေးကဖြစ်သွားသော ရုပ်သန္တတိအစဉ်၏ ဖြစ်ခြင်းနှင့် မတူသော နောက်နောက်သော ရုပ်သန္တတိအစဉ်၏ ဖြစ်ခြင်းကို ဖောက်ပြန်ခြင်း = ရုပ္ပနသဘောလက္ခဏာဟု ဆိုသည်။

ရသ --- အညမညံ သမ္ပယောဂါဘာဝတော ရူပံ ဝိကိရတီတိ ဝိကိရဏရသံ။ ဧဝဉ္စ ကတွာ ပိသိယမာနာ တဏ္ဍုလာဒယော ဝိကိရန္တိ စုဏ္ဏီ ဘဝန္တီတိ။ (မူလဋီ၊၂၊၉၀။)

ရုပ်အချင်းချင်းသည် သမ္ပယောဂလက္ခဏာ မရှိ၊ သမ္ပယုတ်သဘောတရား မရှိ။ ထိုကဲ့သို့ သမ္ပယောဂ လက္ခဏာ = သမ္ပယုတ်သဘောတရား၏ မရှိခြင်းကြောင့် ရုပ်သည် ဖရိုဖရဲ ကျဲသကဲ့သို့ ဖြစ်တတ်၏။ နာမ်ကဲ့သို့ တစ်ခုနှင့်တစ်ခု မတွဲဘဲ ဖရိုဖရဲ ကျဲသကဲ့သို့ ဖြစ်တတ်၏။ ထိုကြောင့် ရုပ်တရားသည် ဝိကိရဏရသ = ရုပ်တရား အချင်းချင်း မတွဲ ဖရိုဖရဲ ကျဲခြင်း ကိစ္စ ရှိပေသည်။ ထိုသို့ ရုပ်အချင်းချင်းမတွဲ ဖရိုဖရဲ ကျဲသောကြောင့် ဆန် စသည့် အရာဝတ္ထုတို့ကို ကြိတ်ချေ၍ အမှုန့်ပြုကုန်လတ်သော် တစ်မှုန့်စီ ဖရိုဖရဲ ကျဲကုန်၏၊ မှုန့်မှုန့်ညက်ညက် ပျက်စီးကုန်၏။ (မူလဋီ၊၂၊၉၀။)

ပစ္စုပဋ္ဌာန် --- နာမဿ ကဒါစိ ကုသလာဒိဘာဝေါ စ အတ္ထီတိ တတော ဝိသေသနတ္ထံ အဗျာကတပစ္စုပဋ္ဌာနန္တိ အာဟ။ အစေတနာ အဗျာကတာတိ ဧတ္ထ ဝိယ အနာရမ္မဏတာ ဝါ အဗျာကတတာ ဒဋ္ဌဗ္ဗာ။ (မူလဋီ၊၂၊၉၀-၉၁။)

အနာရမ္မဏတာ အဗျာကတတာတိ ဣဒံ အဗျာကတေဿဝ အနာရမ္မဏတ္တာ အဗျာကတသမ္ဗန္ဓိနီ အနာရမ္မဏတာတိ ကတွာ ဝုတ္တံ။ (အနုဋီ၊၂၊၉၅။)

အနာရမ္မဏပရိယာယေဝေတ္ထ အဗျာကတသဒ္ဒေါ။ (မဓု)

ဝိညာဏပစ္စယာ နာမရူပံဝယ် နာမ်တရား၏ တစ်ရံတစ်ခါ (အဘိဓမ္မဘာဇနီယနည်းများ၌) ကုသိုလ် စသည် ဖြစ်မှုသည်လည်း ရှိသေး၏၊ ထိုကြောင့် ထိုကုသိုလ် စသော နာမ်တရားမှ အထူးကိုပြုခြင်းအကျိုးငှာ အဋ္ဌကထာ ဆရာတော်က --- အဗျာကတပစ္စုပဋ္ဌာန = ကုသိုလ် အကုသိုလ် မဟုတ်သော အဗျာကတသဘောတရားဟု ယင်းရုပ်တရားကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှူ ထင်လာ ကြောင်း ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ တစ်နည်း --- အစေတနာ အဗျာကတာ = စိတ်စေတနာ မရှိကုန် အာရုံကို မယူတတ်သော အဗျာကတတရားတို့တည်း --- ဤသို့စသော ပါဠိရပ်တို့၌ကဲ့သို့ အာရုံကို မယူတတ်သည်၏ အဖြစ်ကို အဗျာကတ၏ အဖြစ်ဟူ၍ မှတ်သားပါ။ ဤစကားရပ်ကို အဗျာကတတရား၏ အာရုံကို မယူတတ်သည့် အနာရမ္မဏတရား ဖြစ်သောကြောင့် အဗျာကတသဘောနှင့် ဆက်စပ်လျက် ဖြစ်မှုဟူသည် အာရုံမယူတတ်သည့် အနာရမ္မဏသဘောတရားသာတည်းဟု နှလုံးပိုက်တော်မူ၍ မူလဋီကာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ ဤ၌ အဗျာကတ သဒ္ဒါသည် အာရုံမယူတတ်သည့် အနာရမ္မဏ သဒ္ဒါ၏ ပရိယာယ်စကားသာတည်း။ (မူလဋီ၊၂၊၉၀-၉၁။ အနုဋီ၊၂၊၉၅။ မဓု။)

မှတ်ချက် --- ဤ ဝိညာဏ်-နာမ်ရုပ်တို့၏ ရှုကွက်မှာ ပဋိစ္စသမုပ္ပါဒ် ပထမနည်းတွင် ရှင်းပြခဲ့သည့်အတိုင်း အလွန် အရာကျယ်၏၊ အနည်းဆုံး ပမာဏအားဖြင့် ပဋိသန္ဓေဝိညာဏ်နှင့် ပဋိသန္ဓေ နာမ်ရုပ်ကိုကား ပဓာန ထား ဦးစားပေး၍ သိမ်းဆည်းရှုပွားပါလေ။ ဝိပါက်ဝိညာဏ် ဝိပါက်နာမ်ရုပ် အားလုံးကို (၆)လိုင်းလုံး၌ ရှုနိုင် လျှင်ကား ပို၍ကောင်းသည်သာ ဖြစ်သည်။

၅။ သဠာယတန

၅။ သဠာယတန

၁။ အာယတနလက္ခဏံ သဠာယတနံ၊

၂။ ဒဿနာဒိရသံ၊

၃။ ဝတ္ထုဒွါရဘာဝပစ္စုပဋ္ဌာနံ၊

၄။ နာမရူပပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

၁။ ထိခိုက်ခြင်း = အားထုတ်ခြင်းသဘော လက္ခဏ၊

တစ်နည်း --- အာယ မည်သော စိတ်စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော လက္ခဏ၊

၂။ မြင်ခြင်း (ကြားခြင်း, နံခြင်း, လျက်ခြင်း, တွေ့ထိခြင်း, သိခြင်း) (ကိစ္စ) ရသ၊

၃။ ထိုက်သည့်အားလျော်စွာ ပဉ္စဝိညာဏဓာတ် မနောဓာတ် မနောဝိညာဏဓာတ်တို့၏

မှီရာဝတ္ထုအဖြစ်, ဝင်ထွက်ရာ ဒွါရအဖြစ် ဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

၄။ နာမ် + ရုပ် ပဒဋ္ဌာန်။

ဒဿန --- ဒဿန = အာရုံကို တွေ့မြင်ခြင်းဟူသည် ဆိုင်ရာအာရုံကို ရယူခြင်းသဘောကို ဆိုလိုသည်။ (မဟာဋီ၊၂၊၂၅၄။)

အထက်တွင် အာယတန (၆)ပါးလုံးကို ပေါင်းစု၍ ရေးသားထားသဖြင့် ခွဲ၍ ရှုခဲ့သော် အောက်ပါအတိုင်း ရှုပါ။

စက္ခာယတန

စက္ခာယတန

၁။ ရူပါရုံ၏ ရှေးရှူထိခိုက်ခြင်းငှာ ထိုက်သောသဘော လက္ခဏ၊

တစ်နည်း - အာယ မည်သော စက္ခုဒွါရဝီထိ မနောဒွါရဝီထိ

စိတ် စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော လက္ခဏ၊

၂။ ရူပါရုံကို မြင်ခြင်း = ရူပါရုံကို ရယူခြင်း (ကိစ္စ) ရသ၊

၃။ စက္ခုဝိညာဏ်၏ မှီရာဝတ္ထု, ဝင်ထွက်ရာ ဖြစ်ကြောင်းဒွါရဖြစ်ခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ နာမ် + ရုပ် ပဒဋ္ဌာန်။

သောတာယတန

သောတာယတန

၁။ သဒ္ဒါရုံ၏ ရှေးရှူ ထိခိုက်ခြင်းငှာ ထိုက်သောသဘော လက္ခဏ၊

တစ်နည်း --- အာယ မည်သော သောတဒွါရဝီထိ မနောဒွါရဝီထိ

စိတ် စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော လက္ခဏ၊

၂။ သဒ္ဒါရုံကို ကြားခြင်း = သဒ္ဒါရုံကို ရယူခြင်း (ကိစ္စ) ရသ၊

၃။ သောတဝိညာဏ်၏ ဝတ္ထု + ဒွါရ ဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

၄။ နာမ် + ရုပ် ပဒဋ္ဌာန်။

ဃာနာယတန

ဃာနာယတန

၁။ ဂန္ဓာရုံ၏ ရှေးရှူ ထိခိုက်ခြင်းငှာ ထိုက်သောသဘော လက္ခဏ၊

တစ်နည်း --- အာယ မည်သော ဃာနဒွါရဝီထိ မနောဒွါရဝီထိ

စိတ် စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော လက္ခဏ၊

၂။ ဂန္ဓာရုံကို နံခြင်း = ဂန္ဓာရုံကို ရယူခြင်း (ကိစ္စ) ရသ၊

၃။ ဃာနဝိညာဏ်၏ ဝတ္ထု ဒွါရ ဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

၄။ နာမ် + ရုပ် ပဒဋ္ဌာန်။

ဇိဝှါယတန

ဇိဝှါယတန

၁။ ရသာရုံ၏ ရှေးရှူ ထိခိုက်ခြင်းငှာ ထိုက်သောသဘော လက္ခဏ၊

တစ်နည်း --- အာယ မည်သော ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိ

စိတ် စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော လက္ခဏ၊

၂။ ရသာရုံကို လျက်သိခြင်း = ရသာရုံကို ရယူခြင်း (ကိစ္စ) ရသ၊

၃။ ဇိဝှါဝိညာဏ်၏ ဝတ္ထု ဒွါရ ဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

၄။ နာမ် + ရုပ် ပဒဋ္ဌာန်။

ကာယာယတန

ကာယာယတန

၁။ ဖောဋ္ဌဗ္ဗာရုံ၏ ရှေးရှူ ထိခိုက်ခြင်းငှာ ထိုက်သောသဘော လက္ခဏ၊

တစ်နည်း --- အာယ မည်သော ကာယဒွါရဝီထိ မနောဒွါရဝီထိ

စိတ် စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော လက္ခဏ၊

၂။ ဖောဋ္ဌဗ္ဗာရုံကို ထိသိခြင်း = ဖောဋ္ဌဗ္ဗာရုံကို ရယူခြင်း (ကိစ္စ) ရသ၊

၃။ ကာယဝိညာဏ်၏ ဝတ္ထု ဒွါရ ဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

၄။ နာမ် + ရုပ် ပဒဋ္ဌာန်။

မနာယတန

မနာယတန

၁။ ဓမ္မာရုံ၏ ရှေးရှူ ထိခိုက်ခြင်းငှာ ထိုက်သောသဘော လက္ခဏ၊

တစ်နည်း - အာယ မည်သော မနောဒွါရဝီထိ စိတ် စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော -- လက္ခဏ၊

၂။ ဓမ္မာရုံကို သိခြင်း = ဓမ္မာရုံကို ရယူခြင်း (ကိစ္စ) ရသ၊

၃။ မနောဝိညာဏ်၏ ဒွါရ ဖြစ်ခြင်းသဘောတရား ပစ္စုပဋ္ဌာန်၊

၄။ နာမ် + ရုပ် ပဒဋ္ဌာန်။

လက္ခဏ --- အာယတနလက္ခဏန္တိ ဃဋနလက္ခဏံ, အာယာနံ တနနလက္ခဏံ ဝါ။ (မူလဋီ၊၂၊၉၅။)

အာယတနံ, ဃဋနန္တိ စ တံတံဒွါရိကဓမ္မပ္ပဝတ္တနမေဝ ဒဋ္ဌဗ္ဗံ။ (အနုဋီ၊၂၊၉၅။)

စက္ခုဝိညာဏ် စသည်တို့၏ အကြောင်းတရား ဖြစ်ခြင်းသည်ပင် ဒဿနကိစ္စ စသည် မည်၏။ စက္ခာယတန = စက္ခုပသာဒ = စက္ခုဝတ္ထု = စက္ခုဒွါရသည် ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်နှင့်တကွသော နာမ်တရားစု တို့၏ မှီရာအကြောင်းတရား ဖြစ်၏။ အကျိုးဖြစ်သော စက္ခုဝိညာဏ်၏ ရူပါရုံကို မြင်ခြင်း ဒဿနကိစ္စကို အကြောင်း ဖြစ်သော စက္ခာယတန၌ တင်စား၍ အကြောင်းဖြစ်သော စက္ခာယတန၌ ဒဿနကိစ္စ ရှိသကဲ့သို့ တင်စား၍ဆိုသော ကာရဏူပစာရစကားတည်း။ သောတာယတန စသည်တို့၌လည်း နည်းတူမှတ်ပါ။

ဆိုင်ရာ ဆိုင်ရာ အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာသော စိတ်စေတသိက်တရားတို့ကို အာယဟု ခေါ် ဆို၏၊ ထိုအာယ မည်သော စိတ်စေတသိက်တရားတို့ကို ကျယ်ပြန့်အောင် ချဲ့ထွင်တတ်သောတရားများကို အာယတနဟု ဆိုသည်။ သို့သော် မဓု၌ကား --- အာယာနံ သုခဒုက္ခာနံ, သံသာရဒုက္ခာနံ ဝါ --- ဟု ဖွင့်ဆိုထား၏။ ယင်း မဓုအလိုအားဖြင့် သုခ ဒုက္ခတို့ကို သို့မဟုတ် သံသာရဒုက္ခတို့ကို အာယဟု ဆိုလို၏။ ထို သုခ ဒုက္ခ သို့မ- ဟုတ် သံသာရဒုက္ခတို့ကို ကျယ်ပြန့်အောင် ချဲ့ထွင်တတ်သောတရားတို့သည် အာယတန မည်၏ဟု မှတ်ပါ။

စက္ခုဒွါရ စသော ထိုထိုဒွါရ၌ ဖြစ်သော စိတ်စေတသိက် = ဓမ္မတို့၏ ဖြစ်ခြင်းကိုပင်လျှင် အာယတနဟူ၍ လည်းကောင်း, ဃဋနဟူ၍ လည်းကောင်း ဤ၌ ဆိုလို၏ဟု မှတ်ပါ။ (အနုဋီ၊၂၊၉၅။)

ဝတ္ထုဂ္ဂဟဏေဉ္စတ္ထ စက္ခာဒိပဉ္စကာပေက္ခံ။ (မဟာဋီ၊၂၊၂၅၄။) ဤသဠာယတန၏ ပစ္စုပဋ္ဌာန်ကို ဖော်ပြရာ ဝယ် --- ဝတ္ထုဒွါရ ပစ္စုပဋ္ဌာနံဟု အဋ္ဌကထာက ဖော်ပြထား၏၊ ဝတ္ထုအရ စက္ခုဝတ္ထုမှ ကာယဝတ္ထုတိုင်အောင် ဝတ္ထု (၅)မျိုးကိုသာ ငဲ့၍ ဖွင့်ဆိုထားသည်ဟု မှတ်ပါ။ ဒွါရကား အာယတန (၆)ပါးလုံးအတွက် ဖွင့်ဆိုချက် ဟူ လိုသည်။

၆။ ဖဿ

၆။ ဖဿ

၁။ ဖုသနလက္ခဏော ဖေဿာ၊

၂။ သင်္ဃဋ္ဋနရသော၊

၃။ သင်္ဂတိပစ္စုပဋ္ဌာနော၊

၄။ သဠာယတနပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

၁။ အာရုံကို တွေ့ထိခြင်းသဘော လက္ခဏ၊

= အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော လက္ခဏ၊

၂။ အာရုံကို ပွတ်ချုပ်ထိပါးခြင်း = အာရုံ၌ ထိခတ်ခြင်း (ကိစ္စ) ရသ၊

၃။ ဝတ္ထု + အာရုံ + ဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့်

ဖြစ်ပေါ်လာသော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သဠာယတန ပဒဋ္ဌာန်။

ဤအထက်ပါ လက္ခဏ-ရသ စသည့် ရှုကွက်မှာ စက္ခုသမ္ဖဿ စသော ဖဿ (၆)မျိုးလုံးအတွက် ခြုံငုံ၍ ဖွင့်ဆိုထားသော အဖွင့်သာ ဖြစ်ပါသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် လက်တွေ့ ရှုသောအခါ၌ကား စက္ခုသမ္ဖဿ စသော ဖဿများကို တစ်မျိုးစီသာ ခွဲ၍ ရှုရမည် ဖြစ်ပါသည်။ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ ဖဿ (၆)မျိုးလုံးသည် ပြိုင်တူမဖြစ်နိုင်သောကြောင့်ပင် ဖြစ်ပေသည်၊ ထိုကြောင့် ခွဲရှုပုံကို ဆက်လက်၍ တင်ပြအပ်ပါသည်။

စက္ခုသမ္ဖဿ

စက္ခုသမ္ဖဿ

၁။ ရူပါရုံကို တွေ့ထိခြင်းသဘော = ရူပါရုံကို တွေ့ထိသော အခြင်းအရာအားဖြင့်

ဖြစ်ခြင်းသဘော -- လက္ခဏ၊

၂။ ရူပါရုံကို ပွတ်ချုပ်ထိပါးခြင်း = ရူပါရုံ၌ ထိခတ်ခြင်း (ကိစ္စ) ရသ၊

၃။ စက္ခုဝတ္ထု + ရူပါရုံ + စက္ခုဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့်

ဖြစ်ပေါ်လာသော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ စက္ခာယတန ပဒဋ္ဌာန်။

သောတသမ္ဖဿ

သောတသမ္ဖဿ

၁။ သဒ္ဒါရုံကို တွေ့ထိခြင်းသဘော = သဒ္ဒါရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော လက္ခဏ၊

၂။ သဒ္ဒါရုံကို ပွတ်ချုပ်ထိပါးခြင်း = သဒ္ဒါရုံ၌ ထိခတ်ခြင်း (ကိစ္စ) ရသ၊

၃။ သောတဝတ္ထု + သဒ္ဒါရုံ + သောတဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့်

ဖြစ်ပေါ်လာသော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သောတာယတန ပဒဋ္ဌာန်။

ဃာနသမ္ဖဿ

ဃာနသမ္ဖဿ

၁။ ဂန္ဓာရုံကို တွေ့ထိခြင်းသဘော = ဂန္ဓာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော လက္ခဏ၊

၂။ ဂန္ဓာရုံကို ပွတ်ချုပ်ထိပါးခြင်း = ဂန္ဓာရုံ၌ ထိခတ်ခြင်း (ကိစ္စ) ရသ၊

၃။ ဃာနဝတ္ထု + ဂန္ဓာရုံ + ဃာနဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့်

ဖြစ်ပေါ်လာသော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဃာနာယတန ပဒဋ္ဌာန်။

ဇိဝှါသမ္ဖဿ

ဇိဝှါသမ္ဖဿ

၁။ ရသာရုံကို တွေ့ထိခြင်းသဘော = ရသာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့်

ဖြစ်ခြင်းသဘော -- လက္ခဏ၊

၂။ ရသာရုံကို ပွတ်ချုပ်ထိပါးခြင်း= ရသာရုံ၌ ထိခတ်ခြင်း (ကိစ္စ) ရသ၊

၃။ ဇိဝှါဝတ္ထု + ရသာရုံ + ဇိဝှါဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့်

ဖြစ်ပေါ်လာသော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဇိဝှါယတန ပဒဋ္ဌာန်။

ကာယသမ္ဖဿ

ကာယသမ္ဖဿ

၁။ ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိခြင်းသဘော = ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော

အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော လက္ခဏ၊

၂။ ဖောဋ္ဌဗ္ဗာရုံကို ပွတ်ချုပ်ထိပါးခြင်း = ဖောဋ္ဌဗ္ဗာရုံ၌ ထိခတ်ခြင်း (ကိစ္စ) ရသ၊

၃။ ကာယဝတ္ထု + ဖောဋ္ဌဗ္ဗာရုံ + ကာယဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့်

ဖြစ်ပေါ်လာသော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ကာယာယတန ပဒဋ္ဌာန်။

မနောသမ္ဖဿ

မနောသမ္ဖဿ

၁။ ဓမ္မာရုံကို တွေ့ထိခြင်းသဘော = ဓမ္မာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့်

ဖြစ်ခြင်းသဘော -- လက္ခဏ၊

၂။ ဓမ္မာရုံကို ပွတ်ချုပ်ထိပါးခြင်း = ဓမ္မာရုံ၌ ထိခတ်ခြင်း (ကိစ္စ) ရသ၊

၃။ မနောဒွါရ + ဓမ္မာရုံ + မနောဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့်

ဖြစ်ပေါ်လာသော သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မနာယတန ပဒဋ္ဌာန်။

မှတ်ချက် --- မနောသမ္ဖဿကား အလွန် အရာကျယ်၏။ ပဉ္စဝိညာဏ်နှင့် ယှဉ်သော စက္ခုသမ္ဖဿ စသော ဖဿငါးမျိုးကလွဲလျှင် ကြွင်းကျန်သော ဝီထိစိတ် ဝီထိမုတ်စိတ် အားလုံးနှင့် ယှဉ်သော ဖဿဟူသမျှသည် မနောသမ္ဖဿချည်းသာတည်း။ အာရုံ (၆)ပါးလုံးကိုပင် ထိုက်သည့်အားလျော်စွာ အာရုံပြုပေသည်။ အထက်တွင် ဓမ္မာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော မနောသမ္ဖဿကိုသာ ပုံစံထုတ်၍ ရေးသားထားပါသည်။ သို့အတွက် ပဋိသန္ဓေ မနောသမ္ဖဿကို ဦးစားပေး၍ ရှုပါ။ ကြွင်းဖဿတို့၌လည်း ရှုနိုင်လျှင် ကောင်းသည်သာ ဖြစ်သည်။ သို့သော် သုတ္တန္တဘာဇနီယနည်းအရ ဤဖဿမှာ ဝိပါကဝဋ်တွင် အကျုံးဝင်သော ဖဿသာ ဖြစ်သဖြင့် ဝိပါက်မနောသမ္ဖဿ ကိုသာ ဦးစားပေး၍ ရှုလိုက ရှုပါ။

၇။ ဝေဒနာ

၇။ ဝေဒနာ

၁။ အနုဘဝနလက္ခဏာ ဝေဒနာ၊

၂။ ဝိသယရသသမ္ဘောဂရသာ၊

၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ၊

၄။ ဖဿပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

၁။ အာရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊

၂။ အာရုံ၏ အရသာကို သုံးဆောင်ခြင်း (ကိစ္စ) ရသ၊

၃။ သုခသဘောတရား, ဒုက္ခသဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဖဿ ပဒဋ္ဌာန်။

ပစ္စုပဋ္ဌာန် --- အကုသလဝိပါကုပေက္ခာယ အနိဋ္ဌဘာဝတော ဒုက္ခေန ဣတရာယ စ ဣဋ္ဌဘာဝတော သုခေန သင်္ဂဟိတတ္တာ သုခဒုက္ခပစ္စုပဋ္ဌာနာတိ အာဟ။ (မူလဋီ၊၂၊၉၁။)

အဟိတ်အကုသလဝိပါက် ဥပေက္ခာဝေဒနာကား အနိဋ္ဌသဘာဝ ဖြစ်သောကြောင့် ဒုက္ခဝေဒနာဖြင့်, ကုသလဝိပါက် ဥပေက္ခာဝေဒနာကား ဣဋ္ဌ ဖြစ်သောကြောင့် သုခဝေဒနာဖြင့် ပေါင်းရုံးရေတွက်ထားသည်။ ထိုကြောင့် သုခဝေဒနာ ဒုက္ခဝေဒနာ နှစ်မျိုးကိုသာ ဖော်ပြထားသည်။ (မူလဋီ၊၂၊၉၁။) အကယ်၍ ဝေဒနာကို (၆)မျိုး ခွဲ၍ ရှုလိုပါက အောက်ပါအတိုင်း ရှုပါ။

စက္ခုသမ္ဖဿဇာ ဝေဒနာ

စက္ခုသမ္ဖဿဇာ ဝေဒနာ

၁။ ရူပါရုံကို = ရူပါရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊

၂။ ရူပါရုံ၏ အရသာကို သုံးဆောင်ခြင်း (ကိစ္စ) ရသ၊

၃။ သုခသဘောတရား (ကုသလဝိပါက် စက္ခုဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ)

ဒုက္ခသဘောတရား (အကုသလဝိပါက် စက္ခုဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ) ပစ္စုပဋ္ဌာန်၊

၄။ စက္ခုသမ္ဖဿ ပဒဋ္ဌာန်။

[မှတ်ချက် --- စက္ခုသမ္ဖဿဇာ ဝေဒနာအရ ရူပါရုံကို အာရုံပြုကြသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ စိတ္တက္ခဏတို့၌ ယှဉ်သော ကုသလဝိပါက် အကုသလဝိပါက် ဝေဒနာတို့ကို အာရုံယူ၍လည်း ရှုနိုင်ပါသည်။ သောတသမ္ဖဿဇာဝေဒနာ စသည်တို့၌လည်း နည်းတူပင်တည်း။]

သောတသမ္ဖဿဇာ ဝေဒနာ

သောတသမ္ဖဿဇာ ဝေဒနာ

၁။ သဒ္ဒါရုံကို = သဒ္ဒါရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊

၂။ သဒ္ဒါရုံ၏ အရသာကို သုံးဆောင်ခြင်း (ကိစ္စ) ရသ၊

၃။ သုခသဘောတရား (ကုသလဝိပါက် သောတဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ)

ဒုက္ခသဘောတရား (အကုသလဝိပါက် သောတဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ) ပစ္စုပဋ္ဌာန်၊

၄။ သောတသမ္ဖဿ ပဒဋ္ဌာန်။

ဃာနသမ္ဖဿဇာ ဝေဒနာ

ဃာနသမ္ဖဿဇာ ဝေဒနာ

၁။ ဂန္ဓာရုံကို = ဂန္ဓာရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊

၂။ ဂန္ဓာရုံ၏ အရသာကို သုံးဆောင်ခြင်း (ကိစ္စ) ရသ၊

၃။ သုခသဘောတရား (ကုသလဝိပါက် ဃာနဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ)

ဒုက္ခသဘောတရား (အကုသလဝိပါက် ဃာနဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ) ပစ္စုပဋ္ဌာန်၊

၄။ ဃာနသမ္ဖဿ ပဒဋ္ဌာန်။

ဇိဝှါသမ္ဖဿဇာ ဝေဒနာ

ဇိဝှါသမ္ဖဿဇာ ဝေဒနာ

၁။ ရသာရုံကို = ရသာရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊

၂။ ရသာရုံ၏ အရသာကို သုံးဆောင်ခြင်း (ကိစ္စ) ရသ၊

၃။ သုခသဘောတရား (ကုသလဝိပါက် ဇိဝှါဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ)

ဒုက္ခသဘောတရား (အကုသလဝိပါက် ဇိဝှါဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ) ပစ္စုပဋ္ဌာန်၊

၄။ ဇိဝှါသမ္ဖဿ ပဒဋ္ဌာန်။

ကာယသမ္ဖဿဇာ ဝေဒနာ

ကာယသမ္ဖဿဇာ ဝေဒနာ

၁။ ဖောဋ္ဌဗ္ဗာရုံကို = ဖောဋ္ဌဗ္ဗာရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊

၂။ ဖောဋ္ဌဗ္ဗာရုံ၏ အရသာကို သုံးဆောင်ခြင်း (ကိစ္စ) ရသ၊

၃။ သုခသဘောတရား (ကုသလဝိပါက် ကာယဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ)

ဒုက္ခသဘောတရား (အကုသလဝိပါက် ကာယဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ) ပစ္စုပဋ္ဌာန်၊

၄။ ကာယသမ္ဖဿ ပဒဋ္ဌာန်။

မနောသမ္ဖဿဇာ ဝေဒနာ

မနောသမ္ဖဿဇာ ဝေဒနာ

၁။ ဓမ္မာရုံကို = ဓမ္မာရုံ၏ အရသာကို ခံစားခြင်းသဘော လက္ခဏ၊

၂။ ဓမ္မာရုံ၏ အရသာကို သုံးဆောင်ခြင်း (ကိစ္စ) ရသ၊

၃။ သုခသဘောတရား (ကုသလဝိပါက် မနောဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ)

ဒုက္ခသဘောတရား (အကုသလဝိပါက် မနောဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ) ပစ္စုပဋ္ဌာန်၊

၄။ မနောသမ္ဖဿ ပဒဋ္ဌာန်။

[မှတ်ချက် --- သုတ္တန္တဘာဇနီယနည်းအရ ဝေဒနာ (၆)မျိုးလုံးမှာ ဝိပါက်ဝေဒနာချည်း ဖြစ်ကြသဖြင့် အာရုံ (၆)ပါးကို ထိုက်သည့်အားလျော်စွာ အာရုံပြုကြသည့် ဝိပါက်ဝေဒနာ အားလုံးကို ရှုနိုင်ပါက ပို၍ကောင်းပါသည်၊၊]

၈။ တဏှာ

၈။ တဏှာ

၁။ ဟေတုလက္ခဏာ တဏှာ၊

၂။ အဘိနန္ဒနရသာ၊

၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ၊

၄။ ဝေဒနာပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော လက္ခဏ၊

၂။ ထိုထိုအာရုံ ထိုထိုဘဝတို့၌ အလွန် နှစ်သက်ခြင်း (ကိစ္စ) ရသ၊

၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ထိုထိုအာရုံ ထိုထိုဘဝတို့၌

မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဝေဒနာ ပဒဋ္ဌာန်။

ဒုက္ခသမုဒယတ္တာ ဟေတုလက္ခဏာ တဏှာ။ တတြတတြာဘိနန္ဒိနီတိ ဝစနတော အဘိနန္ဒနရသာ။ စိတ္တဿ, ပုဂ္ဂလဿ ဝါ ရူပါဒီသု အတိတ္တဘာဝေါ ဟုတွာ ဂယှတီတိ အတိတ္တဘာဝပစ္စုပဋ္ဌာနာ။(မူလဋီ၊၂၊၉၁၊၊)

တဏှာသည် ဒုက္ခသစ္စာ အမည်ရသော ဥပါဒါနက္ခန္ဓာငါးပါး၏ အကြောင်းရင်း သမုဒယသစ္စာတရား ဖြစ်၏။ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာတရား ဖြစ်ခြင်းကြောင့် တဏှာကို ဟေတုလက္ခဏာ = ဒုက္ခ၏ ဖြစ်ကြောင်း သဘောလက္ခဏာ ရှိ၏ဟု ဆိုသည်။ ယင်းတဏှာကို --- တတြ တတြာဘိနန္ဒိနီ = ထိုထို အာရုံ = ထိုထိုဘဝတို့၌ အလွန်နှစ်သက်တတ်သော သဘောတရားဟု ဓမ္မစကြာဒေသနာတော် စသည်တို့၌ ဘုရားရှင် ဟောကြားထား တော်မူသောကြောင့် တဏှာသည် ထိုထိုအာရုံ ထိုထိုဘဝတို့၌ အလွန်နှစ်သက်ခြင်း ကိစ္စရသ ရှိပေသည်။ စိတ်၏ လည်းကောင်း, တစ်နည်း ပုဂ္ဂိုလ်၏လည်းကောင်း ရူပါရုံ အစရှိသော အာရုံတို့၌ မတင်းတိမ်နိုင် မရောင့်ရဲနိုင်သည့် အဖြစ်ဖြင့် ဖြစ်တတ်၍ ယင်းတဏှာကို ဝိပဿနာဉာဏ်ဖြင့် ယူအပ်ရကား အတိတ္တိဘာဝပစ္စုပဋ္ဌာနာ = စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ထိုထိုအာရုံ ထိုထိုဘဝတို့၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရားအဖြစ်ဖြင့် ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ ထိုတဏှာမှာလည်း ရူပတဏှာ စသည်ဖြင့် (၆)မျိုးပြားသဖြင့် အောက်ပါ အတိုင်း (၆)မျိုးပင် ခွဲ၍ ရှုလိုပါကလည်း ခွဲရှုပါ။

ရူပတဏှာ

ရူပတဏှာ

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော လက္ခဏ၊

၂။ ရူပါရုံ၌ အလွန် နှစ်သက်ခြင်း (ကိစ္စ) ရသ၊

၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ရူပါရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ စက္ခုသမ္ဖဿဇာဝေဒနာ = စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာန်။

သဒ္ဒတဏှာ

သဒ္ဒတဏှာ

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော လက္ခဏ၊

၂။ သဒ္ဒါရုံ၌ အလွန် နှစ်သက်ခြင်း (ကိစ္စ) ရသ၊

၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ သဒ္ဒါရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ သောတသမ္ဖဿဇာဝေဒနာ = သောတသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာန်။

ဂန္ဓတဏှာ

ဂန္ဓတဏှာ

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော လက္ခဏ၊

၂။ ဂန္ဓာရုံ၌ အလွန် နှစ်သက်ခြင်း (ကိစ္စ) ရသ၊

၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ဂန္ဓာရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဃာနသမ္ဖဿဇာဝေဒနာ = ဃာနသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာန်။

ရသတဏှာ

ရသတဏှာ

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော လက္ခဏ၊

၂။ ရသာရုံ၌ အလွန် နှစ်သက်ခြင်း (ကိစ္စ) ရသ၊

၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ရသာရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဇိဝှါသမ္ဖဿဇာဝေဒနာ = ဇိဝှါသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာန်။

ဖောဋ္ဌဗ္ဗတဏှာ

ဖောဋ္ဌဗ္ဗတဏှာ

၁။ ဒုက္ခ၏ အကြောင်း ဖြစ်ခြင်းသဘော လက္ခဏ၊

၂။ ဖောဋ္ဌဗ္ဗာရုံ၌ အလွန် နှစ်သက်ခြင်း (ကိစ္စ) ရသ၊

၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ဖောဋ္ဌဗ္ဗာရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ကာယသမ္ဖဿဇာဝေဒနာ = ကာယသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာန်။

ဓမ္မတဏှာ

ဓမ္မတဏှာ

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော လက္ခဏ၊

၂။ ဓမ္မာရုံ၌ အလွန် နှစ်သက်ခြင်း (ကိစ္စ) ရသ၊

၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ဓမ္မာရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ မနောသမ္ဖဿဇာဝေဒနာ = မနောသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာန်။

မှတ်ချက် --- အတိတ်အကြောင်းတရား (၅)ပါးကြောင့် ပစ္စုပ္ပန်အကျိုးတရား (၅)ပါး ဖြစ်၍, ပစ္စုပ္ပန်အကြောင်း တရား (၅)ပါးကြောင့် အနာဂတ်အကျိုးတရား (၅)ပါး ဖြစ်၏ --- ဟူသော ဒေသနာတော်များနှင့်အညီ ပစ္စုပ္ပန် တဏှာသည် အနာဂတ်ခန္ဓာကို ဖြစ်စေမည့် အကြောင်းတရားပိုင်းတွင် အကျုံးဝင်၍ ပစ္စုပ္ပန်ခန္ဓာ (၅)ပါးကို ဖြစ်စေသော တဏှာသည် အတိတ်အကြောင်းတရားပိုင်းတွင် အကျုံးဝင်ပေသည်။ ထိုကြောင့် ပစ္စုပ္ပန်တဏှာ သည် အနာဂတ်ခန္ဓာကို ဖြစ်စေမည့် ဝဋ္ဋကထာပိုင်းတွင် အကျုံးဝင်သည်ကိုလည်းကောင်း, အတိတ်ဘဝက တဏှာသည် ပစ္စုပ္ပန်ခန္ဓာကို ဖြစ်စေသည့် ဝဋ္ဋကထာပိုင်းတွင် အကျုံးဝင်သည်ကိုလည်းကောင်း သတိပြုပါ။ ပစ္စုပ္ပန်တဏှာကို ရှုရာ၌ အနာဂတ်ခန္ဓာကို ဖြစ်စေမည့် အကြောင်းတရားပိုင်းတွင် အကျုံးဝင်နေသည်ကိုကား မမေ့ပါနှင့်။ တဏှာနှင့်တကွသော ဆိုင်ရာအကြောင်းတရားများနှင့် ဆိုင်ရာအကျိုးတရားများကို အကြောင်း အကျိုး စပ်တတ်ဖို့ကား အရေးကြီးလှသော အပိုင်းကဏ္ဍပင် ဖြစ်သည်။

၉။ ဥပါဒါန

၉။ ဥပါဒါန

၁။ ဂဟဏလက္ခဏံ ဥပါဒါနံ၊

၂။ အမုဉ္စနရသံ၊

၃။ တဏှာဒဠှတ္တဒိဋ္ဌိပစ္စုပဋ္ဌာနံ၊

၄။ တဏှာပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၆၀။)

၁။ အာရုံကို ပြင်းစွာစွဲလမ်းခြင်း = စွဲမြဲစွာယူခြင်းသဘော လက္ခဏ၊

၂။ (တဏှာ ဒိဋ္ဌိတို့ဖြင့် အာရုံကို မှားမှားယွင်းယွင်း

နှလုံးသွင်းခြင်း၏ အစွမ်းဖြင့်) အာရုံကို မလွှတ်ခြင်း (ကိစ္စ) ရသ၊

၃။ (က) တဏှာ၏ ခိုင်မြဲမှု သဘောတရား (ကာမုပါဒါန်အတွက်)

( ခ ) ဒိဋ္ဌိ = အယူမှားမှု သဘောတရား (ကျန်ဥပါဒါန် သုံးပါးအတွက်) ပစ္စုပဋ္ဌာန်၊

၄။ တဏှာ ပဒဋ္ဌာန်။

ဥပါဒါန် လေးမျိုး

ဥပါဒါန် လေးမျိုး

၁။ ကာမုပါဒါန် --- အာရုံငါးပါး ကာမဂုဏ်တရားတို့၌ ထိုထို ဘုံဘဝ၌ ပြင်းစွာစွဲလမ်းခြင်း စွဲမြဲစွာယူခြင်း သဘောတရား၊

၂။ ဒိဋ္ဌုပါဒါန် --- အတ္တဝါဒုပါဒါန် သီလဗ္ဗတုပါဒါန် နှစ်မျိုးမှလွဲ၍ ကြွင်းကျန်သော မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒ အမျိုးမျိုး၌ ပြင်းစွာစွဲလမ်းခြင်း စွဲမြဲစွာယူခြင်းသဘော၊

၃။ သီလဗ္ဗတုပါဒါန် --- နွားအကျင့် ခွေးအကျင့် စသည့် မှားယွင်းသည့် ဝတအကျင့်ဖြင့် ကိလေသာတို့မှ စင်ကြယ်နိုင်၏ သံသရာမှ လွတ်မြောက်နိုင်၏ဟု ပြင်းစွာစွဲလမ်းခြင်း စွဲမြဲစွာယူခြင်း သဘောတရား၊

၄။ အတ္တဝါဒုပါဒါန် --- (က) ဖန်ဆင်းရှင်ပရမအတ္တ၊ ( ခ ) အဖန်ဆင်းခံရသော ဇီဝအတ္တ ရှိ၏ စသည်ဖြင့် အတ္တဝါဒကို လက်ခံသော အတ္တဝါဒကို ပြင်းစွာစွဲလမ်းခြင်း စွဲမြဲစွာယူခြင်း သဘောတရား၊

ဤသို့အားဖြင့် ဥပါဒါန် (၄)မျိုး ရှိပေသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်၌ ဖြစ် ပေါ်ခဲ့ဖူးသော, ဖြစ်ပေါ်ဆဲ ဖြစ်သော, ဖြစ်ပေါ်လတ္တံ့ ဖြစ်သော ဥပါဒါန်ကို ရွေးချယ်၍ ရှုရန် ဖြစ်သည်။ အတိတ် အကြောင်းတရား (၅)ပါးတို့တွင် ပါဝင်သော ဥပါဒါန်သည် ဥပါဒါန် (၄)မျိုးတို့တွင် မည်သို့သော ဥပါဒါန် ဖြစ်ခဲ့ သည်ကို ရွေးချယ်စိစစ်၍ ရှုပါ။ တစ်ဖန် ပစ္စုပ္ပန်အကြောင်းတရား (၅)ပါးတို့တွင် အထူးသဖြင့် ကောင်းမှုကုသိုလ် တစ်ခုခုကို ပြု၍ အနာဂတ်ဘဝအတွက် ဆုတောင်းပန်ထွာစဉ် မည်သည့်ဥပါဒါန်တရားတို့သည် ဖြစ်ပေါ်ခဲ့သည် ဖြစ်ပေါ်နေသည်ကို စိစစ်စူးစမ်း၍ ရှုပါ။ အကယ်၍ အသင်သူတော်ကောင်းအတွက် ဒုတိယအနာဂတ်ဘဝ စသည့် အနာဂတ်ဘဝများ ထင်ရှားရှိနေသေးလျှင်လည်း ပထမအနာဂတ် စသည်၌ ဖြစ်ပေါ်လတ္တံ့သော ဥပါဒါန် ကိုလည်း အလားတူပင် ရွေးချယ်စိစစ် စူးစမ်းရှာဖွေ၍ ရှုပါ။

ပစ္စုပဋ္ဌာန် --- တဏှာဒဠှတ္တံ ဟုတွာ ကာမုပါဒါနံ, သေသာနိ ဒိဋ္ဌိ ဟုတွာ ဥပဋ္ဌဟန္တီတိ တဏှာဒဠှတ္တဒိဋ္ဌိပစ္စုပဋ္ဌာနာ။ (မူလဋီ၊၂၊၉၁။)

ယောဂါဝစရပုဂ္ဂိုလ်သည် ကာမုပါဒါန်ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားသောအခါ ယင်းကာမုပါဒါန်ကို ခိုင်မြဲသော တဏှာအဖြစ်ဖြင့် ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ ကြွင်းကျန်သော ဥပါဒါန် သုံးပါးကို သို့မဟုတ် ယင်းဥပါဒါန် သုံးမျိုးတို့တွင် တစ်မျိုးမျိုးကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားလိုက်သောအခါ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် မှားယွင်းသော မိစ္ဆာဒိဋ္ဌိအဖြစ်ဖြင့် ရှေးရှူ ထင်လာပေသည်။ (မူလဋီ၊၂၊၉၁။)

၁၀။ ဘဝ

၁၀။ ဘဝ

၁။ ကမ္မကမ္မဖလလက္ခဏော ဘဝေါ၊

၂။ ဘာဝနဘဝနရသော၊

၃။ ကုသလာကုသလာဗျာကတပစ္စုပဋ္ဌာနော၊

၄။ ဥပါဒါနပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၆၀။)

ကမ္မုပပတ္တိဘဝဝသေန ဘဝဿ လက္ခဏာဒယော ယောဇေတဗ္ဗာ။ (မူလဋီ၊၂၊၉၁။)

မှတ်ချက် --- အထက်ပါ အဋ္ဌကထာများ၌ ဘဝအရ (၁) ကမ္မဘဝ (၂) ဥပပတ္တိဘဝ နှစ်မျိုးလုံးကိုပင် စု ပေါင်း၍ တစ်ပေါင်းတည်း ရေးသားတင်ပြထားတော်မူ၏။ သို့အတွက် ဉာဏ်နုသူများအတွက် ရှုကွက်ကို သဘော ပေါက်နိုင်ရန် ခွဲ၍ ရှုရမည့် ရှုကွက်ကို ထပ်မံ ရေးသားတင်ပြအပ်ပါသည်။

(က) ကမ္မဘဝ

(က) ကမ္မဘဝ

၁။ ကမ္မလက္ခဏော ကမ္မဘဝေါ၊

၂။ ဘာဝနရသော၊

၃။ ကုသလာကုသလပစ္စုပဋ္ဌာနော၊

၄။ ဥပါဒါနပဒဋ္ဌာနော။

၁။ ကံဟူသောသဘော = ကံဖြစ်ခြင်းသဘော လက္ခဏ၊

၂။ ဥပပတ္တိဘဝကို ဖြစ်စေခြင်း (ကိစ္စ) ရသ၊

၃။ ကုသိုလ် + အကုသိုလ် သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဥပါဒါန် ပဒဋ္ဌာန်။

( ခ ) ဥပပတ္တိဘဝ

( ခ ) ဥပပတ္တိဘဝ

၁။ ကမ္မဖလလက္ခဏော ဥပပတ္တိဘဝေါ၊

၂။ ဘဝနရသော၊

၃။ အဗျာကတပစ္စုပဋ္ဌာနော၊

၄။ ဥပါဒါနပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၆၀။)

၁။ ကမ္မဖလ = ကံ၏ အကျိုးဟူသောသဘော = ကံ၏ အကျိုးဖြစ်ခြင်းသဘော လက္ခဏ၊

၂။ ကံကြောင့်ဖြစ်ခြင်း (ကိစ္စ) ရသ၊

၃။ ကုသိုလ် အကုသိုလ် မဟုတ်သော ဝိပါက်အဗျာကတ သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ ဥပါဒါန် ပဒဋ္ဌာန်။

ရှုကွက်ကို သတိပြုရန်

ရှုကွက်ကို သတိပြုရန်

သံသရာခရီးကား ရှည်လျားလှ၏။ ရံခါ ကုသိုလ်ကံက အကျိုးပေး၍ သုဂတိဘဝ၌ စံရသော်လည်း ရံခါ အကုသိုလ်ကံက အကျိုးပေး၍ ဒုဂ္ဂတိဘဝ၌ ခံခဲ့ရသည်လည်း များစွာပင် ရှိပေသည်။ ကုသိုလ်ကမ္မဘဝကြောင့် ကုသလဝိပါက် ဥပပတ္တိဘဝ, အကုသိုလ်ကမ္မဘဝကြောင့် အကုသလဝိပါက် ဥပပတ္တိဘဝများသည် ထိုက်သလို ဖြစ်ခဲ့ကြ၏။ သံသရာခရီး မဆုံးသေးက အနာဂတ်၌လည်း နည်းတူပင်တည်း။ အသင်သူတော်ကောင်းသည် မိမိ၏ သံသရာခရီးစဉ်၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့အတိုင်းသာ ရှုပါ။

၁၁။ ဇာတိ

၁၁။ ဇာတိ

၁။ တတ္ထ တတ္ထ ဘဝေ ပဌမာဘိနိဗ္ဗတ္တိလက္ခဏာ ဇာတိ၊

၂။ နိယျာတနရသာ၊

၃။ အတီတဘဝတော ဣဓ ဥမ္မုဇ္ဇနပစ္စုပဋ္ဌာနာ၊

ဖလဝသေန ဒုက္ခဝိစိတ္တတာပစ္စုပဋ္ဌာနာ ဝါ။

၄။ (ကမ္မဘဝပဒဋ္ဌာနာ။) (အဘိ၊ဋ္ဌ၊၂၊၉၀။ ဝိသုဒ္ဓိ၊၂၊၁၃၀။)

၁။ ထိုထိုဘဝ၌ တစ်ခုသော ဘဝဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဉ်၏

လက်မွန်အစ အသစ်ဖြစ်ခြင်း = ေ့ရှဦးစွာ ထင်ရှားဖြစ်ခြင်းသဘော လက္ခဏ၊

၂။ (ထိုတစ်ခုသော ဘဝဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဉ်ကို ဝဋ်သား

သတ္တဝါအား ရော့ ယူလောဟု) ဆောင်နှင်း ပေးအပ်သကဲ့သို့ ဖြစ်ခြင်း (ကိစ္စ) ရသ၊

၃။ အခြားမဲ့ အတိတ်ဘဝမှ ဤပစ္စုပ္ပန်ဘဝ၌ ခန္ဓာအစဉ်ကို ထင်ရှား

ဖော်တတ်သော = ပေါ်လာစေတတ်သော သဘောတရား ပစ္စုပဋ္ဌာန်၊

တစ်နည်း ဒုက္ခအစု၏ ဆန်းကြယ်သည်၏အဖြစ်ဟူသော အကျိုးကို ဖြစ်စေတတ်၏-- (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ ကမ္မဘဝ ပဒဋ္ဌာန်။

လက္ခဏ --- တစ်ခုသော ဘဝဖြင့် ပိုင်းခြားအပ်သော တစ်ခုသောဘဝ၌ အကျုံးဝင်သော ခန္ဓာအစဉ်၏ ရှေးဦးအစဖြစ်ခြင်း ဖြစ်၍ ဖြစ်ကုန်သောခန္ဓာတို့သည်ကား ပဋိသန္ဓေခန္ဓာတို့ပင်တည်း။ ထိုကြောင့် ဇာတိကို ပဌမာဘိနိဗ္ဗတ္တိ လက္ခဏာ = လက်မွန်အစ အသစ်ဖြစ်ခြင်း = ေ့ရှဦးစွာ ထင်ရှားဖြစ်ခြင်း သဘောလက္ခဏာ ရှိ၏ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်သည်။ (မူလဋီ၊၂၊၆၁။)

ရသ --- ထိုခန္ဓာအစဉ်ကိုပင်လျှင် ဝဋ်သားသတ္တဝါအား ရော့ ယူလော့ - ဟု အပ်နှင်းသကဲ့သို့ လက်ခံ စေသကဲ့သို့ ဖြစ်သောကြောင့် --- နိယျာတနရသာ = အပ်နှင်းခြင်း ကိစ္စရှိ၏ဟု ဆိုသည်။(မူလဋီ၊၂၊၆၁၊၊)

ပစ္စုပဋ္ဌာန် --- ယင်းဇာတိကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားလိုက်သောအခါ လွန်လေပြီးသော အတိတ် ဘဝမှ ဤပစ္စုပ္ပန်ဘဝ၌ ထိုရုပ်နာမ်ခန္ဓာအစဉ်ကိုပင် ပေါ်လှာအောင် ဖော်သကဲ့သို့ ဖြစ်၍ ပေါ်လှာအောင် ဖော် သည်၏ အဖြစ်ဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူအပ်၏၊ ထိုကြောင့် ဥမ္မုဇ္ဇနပစ္စုပဋ္ဌာနာ = ခန္ဓာအစဉ်ကို ပေါ်လှာအောင် ထင်ရှားဖော်တတ်သောတရားဟု ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာ၏။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။ တစ်နည်း ခန္ဓာအစဉ်ကို ထင်ရှား ပေါ်လှာအောင် ဖော်ပေးတတ်သော သဘောတရားဟု ယောဂီတို့၏ ဉာဏ်အား ရှေးရှူ ထင်လာတတ်၏။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်ပင်တည်း။

ဇာတိကြောင့် ဇာတိ၏ နောက်ဆွယ်တွင် နောက်နောက်အခါ၌ ဆက်လက်၍ဖြစ်မည့် ဒုက္ခအစု၏ ထူးထွေ ဆန်းပြားသည်၏အဖြစ်သည် ဒုက္ခဝိစိတ္တတာ မည်၏။ တစ်နည်း ဒုက္ခ၏ အထူးဖြစ်ကုန်သော ထိုဒုက္ခစု၏ အစိတ် အပိုင်းတို့သည် ဒုက္ခဝိစိတ္တတာ မည်၏။ ထိုဒုက္ခအစု၏ ထူးထွေဆန်းပြားသည်၏အဖြစ်ကို တစ်နည်း ထိုဒုက္ခအစု၏ အစိတ်အပိုင်း ဖြစ်သော ဒုက္ခအထူးကို ရှေးရှူ ဖြစ်စေတတ်၏၊ သီးတတ်၏၊ ထိုကြောင့် ဒုက္ခဝိစိတ္တတာ ပစ္စုပဋ္ဌာနာ = ဒုက္ခအစု၏ ဆန်းကြယ်သည်၏အဖြစ်ဟူသော အကျိုးကို ဖြစ်စေတတ်၏။ ဖလပစ္စုပဋ္ဌာန်တည်း။ ဇာတိပိဒုက္ခာ ဟူသည်နှင့်အညီ ဇာတိကို အကြောင်းခံ၍ နောက်နောက် ဒုက္ခအကျိုး အမျိုးမျိုးတို့ကို ဖြစ်စေတတ်သည် ဟူလို။ (မူလဋီ၊၂၊၆၂။)

ပဒဋ္ဌာန် --- အဋ္ဌကထာများ၌ ပဒဋ္ဌာန်ကို သီးသန့်ဖော်ပြချက် မရှိသော်လည်း -- ဘဝပစ္စယာ ဇာတိ -- ဟု ဟောတော်မူသည်နှင့်အညီ ဘဝသည် ဇာတိ၏ အနီးကပ်ဆုံးအကြောင်း ပဒဋ္ဌာန် ဖြစ်ပေသည်။ ရှေးပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း ---

ဘဝေါတိ ပနေတ္ထ ကမ္မဘဝေါဝ အဓိပ္ပေတော။ (အဘိ၊ဋ္ဌ၊၂၊၁၇၈။)

ဟူသော အဋ္ဌကထာအဖွင့်များနှင့်အညီ ကမ္မဘဝ ဥပပတ္တိဘဝဟု ဘဝ နှစ်မျိုးရှိရာ --- ဥပါဒါနပစ္စယာ ဘဝေါ --- ၌ ဘဝအရ ကမ္မဘဝ ဥပပတ္တိဘဝ နှစ်မျိုးလုံးကိုပင် အရကောက်ယူရသော်လည်း --- ဘဝပစ္စယာ ဇာတိ --- ၌ ဘဝအရ ကမ္မဘဝကိုသာ အရကောက်ယူရပေသည်။ ထိုကြောင့် ကမ္မဘဝသည် ဇာတိ၏ အနီးကပ် ဆုံးသောအကြောင်း ပဒဋ္ဌာန် ဖြစ်ပေသည်ဟု ဤကျမ်း၌ ရေးသားတင်ပြခြင်း ဖြစ်ပေသည်။

၁၂။ ဇရာ

၁၂။ ဇရာ

၁။ ခန္ဓပရိပါကလက္ခဏာ ဇရာ၊

၂။ မရဏူပနယနရသာ၊

၃။ ယောဗ္ဗန္နဝိနာသပစ္စုပဋ္ဌာနာ၊

၄။ (ဇာတိပဒဋ္ဌာနာ။) (အဘိ၊ဋ္ဌ၊၂၊၉၄။ ဝိသုဒ္ဓိ၊၂၊၁၃၂။)

၁။ တစ်ခုသောဘဝ၌ အကျုံးဝင်သော ခန္ဓာတို့၏ ရင့်ရော်ဟောင်းမြင်းသည်၏

အဖြစ်ဟူသော ရင့်ကျက်ခြင်းသဘော လက္ခဏ၊

၂။ သေခြင်း = ပျက်ခြင်း မရဏသို့ ကပ်၍ဆောင်ခြင်း (ကိစ္စ) ရသ၊

၃။ အရွယ်ကောင်းသည်၏ အဖြစ်ကို ဖျက်ဆီးတတ်သော သဘောတရား

= ကောင်းသောအရွယ်၏ ပျက်စီးကြောင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ (ဇာတိ) ပဒဋ္ဌာန်။

ပဒဋ္ဌာန် --- အဋ္ဌကထာများ၌ ပဒဋ္ဌာန်ကို မဖော်ပြထားပါ။ ဇာတိပစ္စယာ ဇရာမရဏံ --- စသည်ဖြင့် ဟောကြားထားတော်မူခြင်းကြောင့် ဇာတိကို ဇရာ၏ ပဒဋ္ဌာန်အဖြစ် ဤကျမ်း၌ တင်ပြထားပါသည်။ ဤဇာတိ-ဇရာနှင့် လာမည့် မရဏတို့ကို ရှုရာ၌ သမုတိသစ္စာ ပရမတ္ထသစ္စာ နှစ်မျိုးလုံး၌ ရှုနိုင်ပါသည်။ ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ သို့မဟုတ် နာမ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိကြသော ရုပ်ပရမတ် နာမ်ပရမတ်တရားတို့၏ ဖြစ်မှု တည်မှု ပျက်မှုကို အာရုံယူ၍လည်း ရှုနိုင်ပါသည်။ ပရမတ္ထသစ္စာနယ် ဇာတိ ဇရာ မရဏတည်း။ ဘဝ တစ်ခုဖြင့် ပိုင်းခြားအပ်သော အချိန်ကာလ၌ --- ပဋိသန္ဓေနေရမှု = ဇာတိ, အိုရမှု = ဇရာ, သေရမှု = မရဏတို့ကို အာရုံယူ၍လည်း ရှုနိုင်ပါသည်။ သမုတိသစ္စာနယ် ဇာတိ ဇရာ မရဏတည်း။

အသက်အရွယ် ကြီးရင့်လာသောအခါ လှည်းအိုကြီးသည် ဝန်ကို မဆောင်နိုင်တော့သကဲ့သို့ အိုမင်းမစွမ်း ဖြစ်လာသော ခန္ဓာကိုယ် အတ္တဘောသည်လည်း မိမိ တာဝန်ကိုမျှ မထမ်းဆောင်နိုင်တော့၊ လက် ခြေ စသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့သည်လည်း လျော့လျော့ရဲရဲ ပျော့ပျော့အိအိ ဖြစ်လာကြကုန်၏။ မျက်စိကလည်း မှုန်လာ၏၊ နားကလည်း ထိုင်းလာ၏၊ နှာခေါင်းကလည်း အနံ့မရ ဖြစ်လာ၏၊ လျှာကလည်း အရသာကို ကောင်း စွာ မယူနိုင် ဖြစ်လာ၏၊ ကိုယ်၏ အတွေ့အထိ၌လည်း ထုံထိုင်းလာ၏၊ ကောင်းသော နုပျိုသောအရွယ်ကလည်း ရင့်ရော်လာ၏ ပျက်စီးလာ၏၊ ခွန်အားများလည်း ဆုတ်ယုတ်လာ၏၊ အိုလာသောအခါ သတိလည်း ရှေးတုန်းကလို မကောင်းတော့၊ သင်ကြားထားအပ်ခဲ့သော သုတတို့သည်လည်း မေ့လျော့ ပျောက်ပျက်ကုန်တော့၏၊ လုံ့လ ဝီရိယလည်း ရှေးတုန်းကလို မရှိတော့၊ နဂိုက အသိဉာဏ်ရှိပြီးသူပင် ဖြစ်စေကာမူ အသိဉာဏ် မရှိသကဲ့သို့ ဖြစ် တတ်၏။ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ (= ဝိပဿနာပညာ) ဟူသော ဣန္ဒြေငါးပါး ဗိုလ်ငါးပါးတည်းဟူသော ဗလငါးတန် စွမ်းအားကြီးငါးရပ်တို့ အင်အားပြည့်ဝနေသော ပုထုဇန် သူတော်ကောင်းကြီးတို့သည်လည်းကောင်း, အရိယာသူတော်ကောင်းကြီးတို့သည်လည်းကောင်း သက်တော်ရွယ်တော် ကြီးရင့်သော်လည်း ဣန္ဒြေငါးပါးတို့ သည် လျော့ပါးကုန်သည်ဟူ၍ မရှိ၊ အမြဲတိုးပွားလျက်သာ ရှိကြ၏။ တစ်စထက်တစ်စ ရင့်ကျက်သထက်သာ ရင့်ကျက်လာကြ၏။ ထိုကြောင့် အိုဘေးဆိုးကြီး နာဘေးဆိုးကြီး သေဘေးဆိုးကြီး အပါယ်ဘေးဆိုးကြီးများကို ကြောက်ရွံ့ကြကုန်သော သူတော်ကောင်းမှန်သမျှတို့သည် မအိုမီ မနာမီ မသေမီ ဣန္ဒြေငါးပါးတို့ စွမ်းအား ကြီးမားအောင် ရင့်ကျက်အောင် ကြိုးစားသင့်လှပေသည်။ သူငယ်ပြန်လျက် သေကျေပျက်စီးရခြင်း သမ္မောဟ မရဏကား အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို အပါယ်ဘေးဆိုးကြီးက ပြုံးရွှင် စွာဖြင့် ခရီးဦး ကြိုဆိုနေတတ်ပေသည်။

မရဏ

မရဏ

၁။ စုတိလက္ခဏံ မရဏံ၊

၂။ ဝိယောဂရသံ၊

၃။ ဝိပ္ပဝါသပစ္စုပဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၂၊၉၅။ ဝိသုဒ္ဓိ၊၂၊၁၃၃။)

၄။ (ဇာတိပဒဋ္ဌာနံ။)

၁။ တစ်ခုသောဘဝဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဉ်၏ ရွေ့လျောခြင်းသဘော

= ပစ္စုပ္ပန်ဘဝမှ ရွေ့လျောခြင်းသဘော လက္ခဏ၊

၂။ (က) ပြည့်စုံသော ဘဝခန္ဓာတို့နှင့် ကင်းခြင်း = ကင်းစေခြင်း (ကိစ္စ) ရသ၊

( ခ ) တစ်နည်း --- ဘဝခန္ဓာတို့နှင့် ကွေကွင်းရခြင်းနှင့် ပြည့်စုံခြင်း (သမ္ပတ္တိ) ရသ၊

၃။ ပစ္စုပ္ပန်ဘဝမှ = ရောက်ဆဲဂတိမှ ကွေကွင်းရခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

၄။ (ဇာတိ) ပဒဋ္ဌာန်။

သောက

သောက

၁။ အန္တော နိဇ္ဈာနလက္ခဏော သောကော၊

၂။ စေတသော ပရိနိဇ္ဈာယနရသော၊

၃။ အနုသောစနပစ္စုပဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၂၊၉၇။ ဝိသုဒ္ဓိ၊၂၊၁၃၄။)

၁။ အတွင်း၌ လောင်မြိုက်ခြင်းသဘော လက္ခဏ၊

တစ်နည်း စိတ်၏ ပူပန်ခြင်းသဘော လက္ခဏ၊

၂။ စိတ်ကို ထက်ဝန်းကျင် လောင်မြိုက်ခြင်း (ကိစ္စ) ရသ၊

၃။ ဉာတိဗျသန စသည်တို့အားလျော်စွာ, တစ်နည်း ထိုဂုဏ် အပြစ်တို့အားလျော်စွာ

အဖန်ဖန် စိုးရိမ်ခြင်း ဝမ်းနည်းခြင်း သဘောတရား ပစ္စုပဋ္ဌာန်၊

ဝိသာရရဟိတံ အန္တော ဧဝ သင်္ကုစိတံ စိန္တနံ, သုက္ခနံ ဝါ အန္တောနိဇ္ဈာနံ၊ ပရိနိဇ္ဈာယနံ ဒဟနံ။ ဉာတိဗျသနာဒိအနုရူပံ သောစနံ အနုသောစနံ၊ တံ တံ ဝါ ဂုဏံ ဒေါသဉ္စ အနုဂန္တွာ သောစနံ တပ္ပနံ အနုသောစနံ။ (မူလဋီ၊၂၊၆၄။)

သင်္ကုစိတံ စိန္တနန္တိ ပီတိသောမနဿပဋိပက္ခတော, ဒေါသသမ္ပယောဂတော စ အာရမ္မဏေ အနဘိရတိပ္ပဝတ္တိမာဟ။ အန္တော အတ္တနော နိဿယဿ နိဒ္ဒဟနဝသေန ဝါ စျာနံ စိန္တနံ အန္တောနိဇ္ဈာနံ။ သတိပိ အနုသောစနဘာဝေ အတ္တနော ကတာကတကုသလာကုသလဝိသယော မနောဝိလေခဘူတော ဝိပ္ပဋိသာရော ကုက္ကုစ္စံ၊ ယထာဝုတ္တအန္တောနိဇ္ဈာနံ သောကောတိ ဥဘိန္နံ ဝိသေသော ဝေဒိတဗ္ဗော။ (အနုဋီ၊၂၊၇၁။)

အန္တော နိဇ္ဈာနံ စိတ္တသန္တာပေါ၊ ပရိနိဇ္ဈာပနံ ရာဂဒေါသပရိဠာဟဝိသိဋ္ဌံ ဒဟနံ။ (မဟာဋီ၊၂၊၂၀၀။)

သောက၏ ပရမတ္ထတရားကိုယ်မှာ ဒေါမနဿဝေဒနာပင် ဖြစ်၏။ သို့သော် ယင်းသောက၏ လက္ခဏ ရသ စသည်ကို အထက်ပါအတိုင်း အဋ္ဌကထာက ဖွင့်ဆိုထား၏။ ဒေါမနဿဝေဒနာအထူး ဖြစ်သောကြောင့်တည်း၊၊

အထူးထူး အပြားပြား ရွေ့လျားခြင်း တောင်တောင်ဤဤ ကြံစည်ခြင်းမှကင်းသော အတွင်း၌သာလျှင် တွန့်ဆုတ်လျက် ကြံစည်ခြင်းသည် အန္တောနိဇ္ဈာန = အတွင်း၌ လောင်မြိုက်ခြင်း အတွင်း၌ စိတ်၏ ပူပန်ခြင်း အတွင်းဆွေး ဆွေးခြင်းတည်း။ တစ်နည်း --- အထူးထူးအပြားပြား ရွေ့လျားခြင်း တောင်တောင်ဤဤ ကြံစည် ခြင်းမှကင်းသော အတွင်း၌သာလျှင် တွန့်ဆုတ်လျက် စိတ်ဓာတ် ခြောက်ကပ်နေခြင်းသည် အန္တောနိဇ္ဈာန = အတွင်းဆွေး ဆွေးခြင်းတည်း။ (မူလဋီ၊၂၊၆၄။)

၁။ ဉာတိဗျသန = မိဘ သားသမီး စသော ဆွေမျိုးတို့၏ ပျက်စီးခြင်း,

၂။ ဘောဂဗျသန = စည်းစိမ်ဥစ္စာ၏ ပျက်စီးခြင်း,

၃။ ရောဂဗျသန = အနာရောဂါ ကျရောက်ဖြစ်ပေါ်လာခြင်း,

၄။ သီလဗျသန = စင်ကြယ်သော သီလ၏ ပျက်စီးခြင်း,

၅။ ဒိဋ္ဌိဗျသန = မှန်ကန်သော သမ္မာဒိဋ္ဌိ အယူဝါဒ၏ ပျက်စီးခြင်း ---

ဤဗျသနတရား ငါးမျိုးတို့တွင်တစ်မျိုးမျိုးဖြင့် ကြုံတွေ့ရသော ပုဂ္ဂိုလ်၏သန္တာန်၌ သောကတရားသည် ဖြစ်ပေါ်လာတတ်၏။ ဥပမာ --- သားသမီး တစ်ဦးဦး၏ ပျက်စီးခြင်းဖြင့် ကြုံတွေ့ရသည် ဆိုပါစို့၊ ယင်းကဲ့သို့သော ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ရသော သတ္တဝါ၏သန္တာန်၌ ပီတိသောမနဿကင်းသော စိတ်ထားများ ဝင်ရောက်လာ၏။ သေကျေ ပျက်စီးသွားသော သားအကြောင်း သမီးအကြောင်းကလွဲ၍ အခြားအခြားသော အထူးထူး အပြားပြား သော အာရုံတို့ အပေါ်၌ တောင်တောင်ဤဤ ကြံစည်စိတ်ကူးလိုသော စိတ်ဓာတ် မရှိဖြစ်နေ၏။ ပျက်စီးသွား သော သားအာရုံ သို့မဟုတ် သမီးအာရုံ အကြောင်းကိုသာ ကြံစည် တွေးတောကာ အတွင်းဆွေး ဆွေးနေတတ်၏။ အခြားအကြောင်းအရာများကို မစဉ်းစားလို မစဉ်းစားနိုင် ဖြစ်နေတတ်၏။ စိတ်ဓာတ်တွေ ခြောက်သွေ့နေတတ်၏။ စိုပြေမှု မရှိဖြစ်နေတတ်၏။ ဤကား သောက၏ လက္ခဏာပင်တည်း။ တစ်နည်း --- ပျက်စီးသွားသော အာရုံကို အကြောင်းပြု၍ စိတ်၏ ပူပန်ခြင်းသဘောသည် သောက၏ လက္ခဏာပင်တည်း။ ထိုသို့ စိတ်ပူပန်လာသောအခါ စိတ်တွင်သာ ပူပန်သည် မဟုတ်၊ ယင်းစိတ်၏ မှီရာ ဟဒယဝတ္ထုရုပ်အထိ ကူးစက်ပျံ့နှံ့ ပူလောင်တတ်ပေသည်။ ပူပန်သောစိတ်ကြောင့် ဖြစ်သော စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်းတွင် ပါဝင်သော ဥဏှတေဇောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲထက်မြက်လာမှုပင်တည်း။ ထိုကြောင့် စိတ်ကို ထက်ဝန်းကျင် လောင်မြိုက်ခြင်း ကိစ္စရသလည်း ရှိ၏ဟု ဆိုသည်။ ရာဂပူ ဒေါသပူတို့ထက် ထူးကဲသော ပူလောင်မှု တစ်မျိုးတည်း။

အနုသောစနပစ္စုပဋ္ဌာန် --- ဆွေမျိုးတို့၏ ပျက်စီးခြင်း = ဉာတိဗျသန စသည်တို့အားလျော်စွာ ဝမ်းနည်းခြင်း သည် အနုသောစန မည်၏။ တစ်နည်း ထိုထိုဂုဏ်သို့လည်းကောင်း, ထိုထိုအပြစ်သို့လည်းကောင်း အစဉ်လိုက်၍ ဝမ်းနည်းခြင်း ပူလောင်ခြင်းသည် အနုသောစနတည်း။ သီလ စသော ဂုဏ်ပျက်၍ ဝမ်းနည်းသောအခါ ဂုဏ်သို့ အစဉ်လိုက်သော ဂုဏာနုဂတ ဝမ်းနည်းမှု ပူပန်မှု ဖြစ်၏။ ထိုဂုဏ် ပျက်စီး၍ အပြစ်သို့ အစဉ်လိုက်သောအခါ ဒေါသာနုဂတ = အပြစ်သို့ အစဉ်လိုက်၍ ဝမ်းနည်းမှု ပူပန်မှု ဖြစ်၏။ ထိုကြောင့် ယင်းသောကကို ဝိပဿနာ ဉာဏ်ဖြင့် သိမ်းဆည်းရှုပွားလိုက်သောအခါ ဉာတိဗျသန စသည်တို့အားလျော်စွာ ထိုထိုဂုဏ် အပြစ်တို့အား လျော်စွာ အဖန်ဖန် စိုးရိမ်ခြင်း ဝမ်းနည်းခြင်းသဘောတရားဟု ယောဂီတို့၏ ဉာဏ်အား ရှေးရှူ ထင်လာပေ၏။ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။

ကုက္ကုစ္စနှင့် သောက --- ကုက္ကုစ္စနှင့် သောကသည် အဖန်ဖန် စိုးရိမ်ခြင်းသဘော ဝမ်းနည်း ပူပန်ခြင်းသဘော အားဖြင့် တူညီသော်လည်း --- (၁) မိမိ၏ ပြုပြီးသော မကောင်းမှု အကုသိုလ်, မပြုမကျင့်လိုက်မိသော ကောင်းမှု ကုသိုလ်လျှင် အာရုံရှိသော စိတ်၌ မင်ဖြင့် ရေးခြစ်ထားသကဲ့သို့ ဖြစ်၍ ဖြစ်နေသော စိတ်နှလုံး မသာယာမှုကား ကုက္ကုစ္စတည်း။ (၂) ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ဆွေမျိုးတို့၏ ပျက်စီးခြင်း ဉာတိဗျသန စသော အာရုံ တစ်မျိုးမျိုးနှင့် တွေ့ထိမိသောကြောင့် အတွင်း၌ လောင်မြိုက်ခြင်းသဘော စိတ်၏ ပူပန်ခြင်းသဘောကား သောကတည်း။ ဤ သို့လျှင် ကုက္ကုစ္စနှင့် သောက နှစ်မျိုးတို့၏ ထူးခြားမှုကို သိရှိပါလေ။ (မူလဋီ၊၂၊၆၄။ အနုဋီ၊၂၊၇၁။ မဟာဋီ၊၂၊၂၀၀။)

မှတ်ချက် --- အဋ္ဌကထာများ၌ ဇာတိမှ စ၍ ဥပါယာသတိုင်အောင် ပဒဋ္ဌာန်ကို ဖော်ပြ ဖွင့်ဆိုချက် မလာရှိပေ။ ဤကျမ်း၌လည်း သောက စသည်ကား ဇာတိ၏ မုချမဟုတ်သော အကျိုးဆက်များ ဖြစ်၍ ဤနေရာမှ စ၍ ပဒဋ္ဌာန်ကို မပြတော့ပေ။ သို့သော် ပဒဋ္ဌာန်ကား မရှိသည်မဟုတ် ရှိသည်သာဖြစ်သည်၊ ပဒဋ္ဌာန်များစွာ ရှိနိုင်၍ ထူးကဲသော အကြောင်းတရားများ မဟုတ်၍ မဖွင့်ဆိုခြင်း ဖြစ်ပေရာသည်။ --- အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ --- စသည်ဖြင့် ဘုရားရှင် ဟောကြားထားတော်မူခြင်းကြောင့် ဉာတိဗျသန = ဆွေမျိုးတို့၏ ပျက်စီးခြင်း စသော အကြောင်းတရား တစ်မျိုးမျိုးသည် ပဒဋ္ဌာန်ပင်တည်းဟု မှတ်ပါ။ ယင်းသဘောတရားတို့ကို တစ်နည်း တစ်ဖုံအားဖြင့် ဆိုရမူ မှီရာဝတ္ထုရုပ် = ဆိုင်ရာဒွါရတို့ကို ဉာတိဗျသန စသော ဆိုင်ရာအနိဋ္ဌာရုံတို့က ရိုက်ခတ် သောအခါ ဖဿ စသော သမ္ပယုတ်တရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသဖြင့် ဒေါမနဿဝေဒနာဟူသော သောက စသည်တို့သည် ဖြစ်ပေါ်လာကြရ၏။ သို့အတွက် ဝတ္ထု = ဒွါရ, အနိဋ္ဌာရုံ, ဖဿ စသော သမ္ပယုတ် တရားတို့ကား ပဒဋ္ဌာန်ပင်တည်း။

ပရိဒေဝ

ပရိဒေဝ

၁။ လာလပ္ပနလက္ခဏော ပရိဒေဝေါ၊

၂။ ဂုဏဒေါသပရိကိတ္တနရသော၊

၃။ သမ္ဘမပစ္စုပဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၂၊၉၈။ ဝိသုဒ္ဓိ၊၂၊၁၃၄။)

၁။ အဖန်ဖန် ငိုကြွေးမြည်တမ်းခြင်း = ပြောဆိုခြင်းသဘော လက္ခဏ၊

၂။ ဂုဏ် အပြစ်တို့ကို ထုတ်ဖော်ပြောဆိုခြင်း (ကိစ္စ) ရသ၊

၃။ ပရိဒေဝ ကိန်းဝပ်ရာ သတ္တဝါ၏ သို့မဟုတ် စိတ်၏ မရပ်မတည်

ချာချာလည်ကြောင်း သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

တစ်နည်း --- စိတ် ဝေနောက် မူးလည်ခြင်း အကျိုးကို ဖြစ်စေတတ်၏ -- (ဖလ) ပစ္စုပဋ္ဌာန်။

ပစ္စုပဋ္ဌာန် --- ပရိဒေဝ၏ တရားကိုယ်မှာလည်း ဒေါမနဿဝေဒနာပင်တည်း။ အကျိုးစီးပွား ရှိသည် အကျိုးစီးပွား မရှိသည်ကိုလည်းကောင်း, ရှက်သင့် ရှက်ထိုက် ကြောက်သင့် ကြောက်ထိုက်သူတို့ကိုလည်းကောင်း မစိစစ်မူ၍ ပရိဒေဝဖြစ်ရာ ပုဂ္ဂိုလ်၏ မရပ်မတည် ချာချာလည်တတ်သူ၏ ဖြစ်ကြောင်းဖြစ်ရာ ဖြစ်၍ ငိုကြွေးသံသည် ထင်လာ၏၊ ထိုကြောင့် --- သမ္ဘမပစ္စုပဋ္ဌာန = ပရိဒေဝကိန်းရာ သတ္တဝါ၏ သို့မဟုတ် စိတ်၏ မရပ်မတည် ချာ ချာလည်ကြောင်း သဘောတရားဟု ယင်းပရိဒေဝကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားနေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှူ ထင်လာ၏ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ တစ်နည်း --- သောက၏တည်ရာ အကြောင်းဖြစ်သော ဉာတိဗျသန စသည်တို့၏ မပျက်သေးခြင်း မပျောက်သေးခြင်းကြောင့် ပရိဒေဝကိန်းရာ ပုဂ္ဂိုလ်၏ သို့မဟုတ် စိတ်၏ မရပ်မတည် ချာချာလည်ခြင်းတည်း၊ ထိတ်လန့်ကြောက်ရွံ့ခြင်းကြောင့် မရပ်မတည် ချာချာလည်သည်ကား မဟုတ်၊ ထိုမရပ်မတည် ချာချာလည်ခြင်းသည်လည်း ငိုကြွေးသံကြောင့် ထင်ရှား၏၊ ထိုကြောင့် ပရိဒေဝကို စိတ်ဝေမူးနောက် မရပ်မတည် ချာချာလည်ခြင်း အကျိုးကို ဖြစ်စေတတ်၏ ဟု အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်သည်။ ေ့ရှနည်းကား ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်, နောက်နည်းကား ဖလပစ္စုပဋ္ဌာန်တည်း။

ဒုက္ခ

ဒုက္ခ

ဒုက္ခံ နာမ ကာယိကံ ဒုက္ခံ၊

၁။ တံ ကာယပီဠနလက္ခဏံ၊

၂။ ဒုပ္ပညာနံ ဒေါမနဿကရဏရသံ၊

၃။ ကာယိကာဗာဓပစ္စုပဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၁၃၄။)

ကိုယ်၌ဖြစ်သော ဒုက္ခသဟဂုတ် ကာယဝိညာဏ်နှင့် ယှဉ်သော ဝေဒနာသည် ဒုက္ခ မည်၏။ (ယင်းဒုက္ခ ဝေဒနာကို ရွေးထုတ်၍ ရှုပါ။)

၁။ ကိုယ်ကို နှိပ်စက်ခြင်းသဘော လက္ခဏ၊

၂။ ပညာမဲ့တို့၏ စိတ်နှလုံး မသာယာခြင်းကို ပြုခြင်း (ကိစ္စ) ရသ၊

၃။ ကိုယ်၌ မှီသော နာကျင်မှုသဘောတရား ပစ္စုပဋ္ဌာန်။

ဒေါမနဿ

ဒေါမနဿ

ဒေါမနဿံ နာမ မာနသံ ဒုက္ခံ။

၁။ တံ စိတ္တပီဠနလက္ခဏံ၊

၂။ မနောဝိဃာတရသံ၊

၃။ မာနသဗျာဓိပစ္စုပဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၁၃၅။)

တရားကိုယ်မှာ ဒေါမနဿဝေဒနာပင် ဖြစ်သည်၊ စိတ်ဆင်းရဲခြင်းတည်း။

၁။ စိတ်ကို နှိပ်စက်ခြင်းသဘော လက္ခဏ၊

၂။ ဗျာပါဒ = ဒေါသနှင့်ယှဉ်သည်၏ အစွမ်းဖြင့် စိတ်ကို ညှဉ်းဆဲခြင်း (ကိစ္စ) ရသ၊

၃။ စိတ်နှလုံး၌ မှီသော အနာရောဂါ ပစ္စုပဋ္ဌာန်။

ဤဒေါမနဿဝေဒနာသည် ဒုက္ခဒုက္ခဖြစ်သောကြောင့်လည်းကောင်း, ကာယိကဒုက္ခကို ဆောင်တတ်သည် ၏ အဖြစ်ကြောင့်လည်းကောင်း ဒုက္ခ မည်၏။ မှန်ပေသည် --- စိတ်ဆင်းရဲခြင်းနှင့် ပြည့်စုံသော သတ္တဝါတို့သည် ဆံပင်ကို ကြဲဖြန့်၍ ငိုမြည်တမ်းကြကုန်၏၊ ရင်ဘတ်တို့ကို ထုရိုက် ကြိတ်နှိပ်ကြကုန်၏၊ ရှေးရှူ လူးလည်းကုန်၏၊ ကိုယ်ကို လှိမ့်ကုန်၏၊ ဇောက်ထိုးမိုးမြော် လဲကုန်၏ = ကျွမ်းထိုးချကြကုန်၏၊ မိမိကိုယ်ကို ဓားလက်နက်ဖြင့် ထိုး ခုတ် သတ်သေကြကုန်၏၊ အဆိပ်ကို စားကြကုန်၏၊ ကြိုးဆွဲချ သေကြကုန်၏၊ မီးပုံတွင်းသို့ ခုန်ဆင်းကြကုန်၏၊ ဤသို့စသော အထူးထူးအပြားပြားရှိသော ထိုဆင်းရဲကို ခံစားရကုန်၏။ (ဝိသုဒ္ဓိ၊၂၊၁၃၅။)

ဥပါယာသ

ဥပါယာသ

ဥပါယာသော နာမ ဉာတိဗျသနာဒီဟိ ဖုဋ္ဌဿ အဓိမတ္တစေတောဒုက္ခပ္ပဘာဝိတော ဒေါသောယေဝ၊ သင်္ခါရက္ခန္ဓပရိယာပန္နော ဧကော ဓမ္မောတိ ဧကေ။

၁။ စိတ္တပရိဒဟနလက္ခဏော ဥပါယာသော၊ ဗျာသတ္တိလက္ခဏော၊

၂။ နိတ္ထုနနရသော၊

၃။ ဝိသာဒပစ္စုပဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၂၊၉၉။ ဝိသုဒ္ဓိ၊၂၊၁၃၅။)

ဉာတိဗျသန စသည်တို့သည် တွေ့ထိအပ်သော သတ္တဝါ၏ လွန်ကဲစွာသော စိတ်ဆင်းရဲခြင်းသည် ဖြစ်စေ အပ်သော ဒေါသသည်ပင်လျှင် ဥပါယာသ မည်၏။ (ဒေါမနဿဝေဒနာ မဟုတ် ဟူလိုသည်။) သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သော အကုသိုလ်စေတသိက် (၁၄)လုံးမှ တစ်ပါးသော တစ်ခုသော စေတသိက်ဟု ဧကေဆရာတို့က ဆိုကြ၏။ (ဝိသုဒ္ဓိ၊၂၊၁၃၅။)

၁။ စိတ်ကို ထက်ဝန်းကျင်မှ လောင်ခြင်းသဘော လက္ခဏ၊

တစ်နည်း --- ဉာတိဗျသန စသည်တို့၌ ဖောက်ဖောက်ပြန်ပြန် ငြိကပ်ခြင်းသဘော လက္ခဏ၊

၂။ ညည်းတွားခြင်းကို ပြုခြင်း (ကိစ္စ) ရသ၊

တစ်နည်း --- ညည်းတွားခြင်းလျှင် ပြည့်စုံခြင်း (သမ္ပတ္တိ) ရသ၊

၃။ ဉာတိဗျသန စသော အာရုံ၌ ကိုယ်စိတ်တို့ကို

နစ်မြုပ်စေတတ်သော သဘောတရား (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

တစ်နည်း --- ဉာတိဗျသန စသော အာရုံ၌ ကိုယ်စိတ်၏ နစ်မြုပ်ခြင်းကို ဖြစ်စေတတ်၏ (ဖလ)ပစ္စုပဋ္ဌာန်။

[မှတ်ချက် --- ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ စိတ္တပရိဒဟနလက္ခဏော = ဥပါယာသသည် စိတ်ကို ထက်ဝန်းကျင်မှ လောင်ခြင်း သဘောလက္ခဏာ ရှိ၏ဟု လာရှိ၏။ သမ္မောဟဝိနောဒနီအဋ္ဌကထာ၌ကား --- ဗျာသတ္တိလက္ခဏော = ဉာတိဗျသန စသော အာရုံတို့၌ ဖောက်ဖောက်ပြန်ပြန် ငြိကပ်ခြင်း သဘောလက္ခဏာ ရှိ၏ဟု လာရှိ၏။]

သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ

သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ

ရာဂ ဒေါသ မောဟ မကင်းသော သတ္တဝါတစ်ဦး၏ ဘဝဝယ် ယေဘုယျအားဖြင့် ဤ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့ကား အထွတ်တပ်လျက်ပင် ရှိနေပေ၏။ အထက်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ဉာတိဗျသန = ဆွေမျိုးတို့၏ ပျက်စီးခြင်း စသော ဗျသနတရား တစ်ခုခုနှင့် ကြုံတွေ့ရသော သတ္တဝါတစ်ဦး၏ သန္တာန်၌ ဖြစ်ပေါ်လာသော စိုးရိမ်မှု ဝမ်းနည်းကြေကွဲမှုများသည်သာ သောက ဖြစ်၏။

ဒေါမနဿတစ်မျိုး --- သောကဟု အထင်မှားနေသော ဒေါမနဿ တစ်မျိုးလည်း ရှိသေး၏၊ ချစ်ခင်သူများ ဖျားနာမည်ကို စိုးရိမ်ခြင်း, အရပ်တစ်ပါးသို့ သွားသောအခါ ပြန်ချိန်တန်လျက် မပြန်လာသဖြင့် စိုးရိမ်ခြင်း, ကလေးသူငယ် လူမမယ်အတွက် အရာရာမှာ စိုးရိမ်ခြင်း, ဤသို့စသည်ဖြင့် စိုးရိမ်ကြောင့်ကြမှုများရုံတွင်မက ငါမရှိလျှင် သူတို့တော့ ခက်ရစ်တော့မှာဘဲဟု နောက်ဆက်တွဲ စိုးရိမ်မှုတို့မှာ သောက မဟုတ်၊ ရိုးရိုး ဒေါမနဿ သာတည်း။

ရာထူး ဂုဏ်သိရ် စည်းစိမ် ဆွေမျိုး စသည်တို့တွင် တစ်ခုခု ပျက်စီးသည့်အခါ ပျက်စီးတော့မည်ဟု ထင်ရ သောအခါ လွန်စွာ ဝမ်းနည်းကြ၏၊ အားငယ်ကြ၏၊ ကြေကွဲကြ၏၊ ဤဝမ်းနည်းအားငယ်မှု ကြေကွဲမှုကား သောက အမည်ရသည့် ဒေါမနဿသာတည်း။ ထိုဝမ်းနည်းအားငယ်မှု ကြေကွဲမှုကို မျိုသိပ်၍ မထားနိုင်သည့်အခါ ပရိဒေဝ ဟု ခေါ်ဆိုသော ငိုကြွေးသံ တစ်မျိုးသည် ပေါ်လာတတ်ပေသည်။ ပရိဒေဝမီးဟု ခေါ်ဆိုရာ၌ ငိုသံကို အစွဲပြု၍ ခေါ်ခြင်းမဟုတ်၊ ထိုငိုသံ ဖြစ်လောက်အောင် ဝမ်းတွင်း၌ အပြင်းအထန် ပူပန် တောက်လောင်နေသော ဒေါသ ဒေါမနဿတို့ကို အစွဲပြု၍ ခေါ်ဆိုရခြင်း ဖြစ်သည်။ ယင်းသောက ပရိဒေဝတရားတို့ကား တရားသောနည်းလမ်း ဖြင့် သို့မဟုတ် တရားဓမ္မဖြင့် မဖြေသိမ့်နိုင်ပါက အသက်ကိုပင် ကုန်ဆုံးစေသည်အထိ ဒုက္ခမီး တောက်လောင် တတ်ပေသည်။

သောကပရိဒေဝါနံ သမတိက္ကမာယ (မ၊၁၊ရဝ။) - ဟူသော မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်နှင့် အညီ သောက ပရိဒေဝတို့ကို လွန်မြောက်ကြောင်း အကောင်းဆုံးသောကျင့်စဉ် အပြစ်အကင်းဆုံးသောကျင့်စဉ် အမွန်မြတ်ဆုံးသောကျင့်စဉ်ကား သတိပဋ္ဌာန် ဒေသနာတော်လာ ကျင့်စဉ်များပင် ဖြစ်ပေသည်။ ထို သတိပဋ္ဌာန် ကျင့်စဉ်ကို အောင်အောင်မြင်မြင် မကျင့်နိုင်သေးသူတို့အတွက် အတုယူဖွယ်ကောင်းလှသော အလောင်းတော်၏ ကျင့်စဉ်တစ်ရပ်ကို ဤတွင် တင်ပြအပ်ပါသည်။

အနနုသောစိယဇာတ်တော်

အနနုသောစိယဇာတ်တော်

ဘုရားအလောင်းတော်နှင့် ယသောဓရာအလောင်းလျာ နှစ်ပါးတို့သည် တစ်ခုသောဘဝဝယ် ကုဋေ (၈၀)စီ ကြွယ်ဝချမ်းသာသော ဗြာဟ္မဏအမျိုးအနွယ် သူဌေးသားနှင့် သူဌေးသမီးတို့ ဖြစ်ကြ၏။ ဤဇာတ်တော်၌ ဘုရား အလောင်းတော်သည် ကောမာရဗြဟ္မစာရီအကျင့်ကို ကျင့်တော်မူ၏။ ဃရာဝါသကိစ္စကို အလိုမရှိသည့် သူတော်ကောင်း တစ်ဦးပင် ဖြစ်၏။

ယသောဓရာအလောင်းလျာ အမျိုးကောင်းသမီးမှာလည်း ဘုန်းကံကြီးမားသူ ဗြဟ္မာ့ပြည်မှ စုတိ၍ လူ့ပြည်၌ လူလာဖြစ်ရသူ ဖြစ်၏၊ သမ္မိလ္လဟာသိနီဟု အမည်ပေးထားကြ၏။ တစ်ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သော အခါ အလွန် အဆင်းလှသူ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်သူ နတ်သမီးနှင့်တူသည့် အလုံးစုံသော ကိုယ်အင်္ဂါ ကြီးငယ်တို့နှင့် ပြည့်စုံသူတစ်ဦး ဖြစ်လာ၏။ ရွှေစင်ရုပ်တု ပုံသွင်းပြုသကဲ့သို့ လှပတင့်တယ်သူတစ်ဦး ဖြစ်၏။ သို့သော် ---

တဿာပိ ကိလေသဝသေန စိတ္တံ နာမ န ဥပ္ပန္နပုဗ္ဗံ၊ အစ္စန္တဗြဟ္မစာရိနီ အဟောသိ။(ဇာတက၊ဋ္ဌ၊၃၊၈၆၊၊)

ထိုအမျိုးကောင်းသမီး၏ သန္တာန်၌လည်း ကိလေသာ၏ အစွမ်းဖြင့် စိတ်မည်သည် တစ်ခါမျှ မဖြစ်ပေါ်ခဲ့ ဖူးပေ။ စင်စစ် စစ်စစ် ဗြဟ္မစာရီအကျင့်ကို ကျင့်နေသူ သူတော်ကောင်းတစ်ဦးသာ ဖြစ်၏။ ငါးပါးသီလမြဲ၍ အဗြဟ္မစရိယသိက္ခာပုဒ်ကို အမြဲထိန်းသိမ်းစောင့်ရှောက်သူ သူတော်ကောင်းတို့သာ ဖြစ်ကြ၏။

သို့သော် မိဘတို့၏ စီမံဆောင်ရွက်ချက်ဖြင့် အိမ်ထောင်သည်ဘဝသို့ ရောက်ရှိသွားကြ၏။ အိမ်ထောင်သည် ဘဝသို့ ရောက်ရှိသွားကြသော ထိုသူတော်ကောင်း နှစ်ဦးတို့သည် တိုက်ခန်းတစ်ခု၏ အတွင်း၌ အတူနေထိုင်ရပါ သော်လည်း အိပ်ရာတစ်ခုတည်း၌ အတူအိပ်စက်ရပါသော်လည်း အချင်းချင်း တစ်ယောက်သည် တစ်ယောက်ကို ကိလေသာ၏ အစွမ်းဖြင့် တစ်ခါမျှ မကြည့်စဖူးကြလေကုန်၊ ရဟန်းတော် နှစ်ပါးတို့ကဲ့သို့ ဗြဟ္မာ နှစ်ဦးတို့ကဲ့သို့ တစ်ခုသော နေရာ၌ နေထိုင်ကြကုန်၏။

မိဘများ ကွယ်လွန်သွားကြသောအခါ၌ကား ကုဋေပေါင်းများစွာသော စည်းစိမ်ဥစ္စာများကို နှစ်ဦးသဘောတူ စွန့်လွှတ် လှူဒါန်းလျက် ဟိမဝန္တာသို့ တောထွက်ကာ ရသေ့ ရဟန်း ပြုကြ၍ မကွေမကွာပင် နေကြလေသည်။ တောသစ်မြစ် သစ်ဖု သစ်ဥ သစ်သီးဝလံလျှင် အစာအာဟာရ ရှိသည်ဖြစ်၍ ထိုဟိမဝန္တာ၌ ကြာမြင့်စွာ နေထိုင် ကြလေသည်။ ကြာမြင့်စွာ နေထိုင်ပြီးနောက် ချဉ်ဆား မှီဝဲရန်အလို့ငှာ ဟိမဝန္တာမှ သက်ဆင်း၍ အစဉ်အတိုင်း ခရီးဆက်လာရာ ဗာရာဏသီမင်းဥယျာဉ်သို့ ဆိုက်ရောက်ကာ ထိုဥယျာဉ်၌ပင် နေထိုင်ကြလေသည်။

ရသေ့မကလေး၏ ရုပ်ရည်မှာ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း လွန်စွာ ထူးခြားသည့်ပြင် ပြုံးရွှင်သလိုနှင့် ခံ့ညားသော မျက်နှာအနေအထားကြောင့် အများကပင် ချစ်ခင်ကြည်ညို လေးစားကြပေသည်။ ထိုကဲ့သို့ တော ထွက်၍ ရသေ့ရဟန်း ပြုခဲ့ရာ၌ သူဌေးမျိုး သူဌေးနွယ် နုနယ်သော ရသေ့မကလေးမှာ ရှေးကကဲ့သို့ မွန်မြတ်သော အစာကို မစားရဘဲ ရသေ့ရဟန်းတို့၏ ဓမ္မတာအတိုင်း သစ်ဥ သစ်ဖု သစ်သီးများနှင့် သူပေး လူပေး အရောရော အနှောနှော အစာအာဟာရများဖြင့်သာ မျှတနေရရှာသောကြောင့် ကြာလေသော် ဝမ်းသွေးသွန်သော ရောဂါဖြင့် လွန်စွာ အားနည်းရှာလာ၏။ အလောင်းတော်ကိုယ်တိုင် တွဲယူခါ မြို့တံခါးအနီး ဇရပ်ကြီးတစ်ခုအပေါ်မှာ အသာ ချထား၍ အလောင်းတော်ကား မြို့တွင်းသို့ ဆွမ်းခံဝင်တော်မူလေသည်။

ထိုကဲ့သို့ ဆွမ်းခံဝင်တော်မူနေတုန်းမှာပင် ဇရပ်ပေါ်၌ ကျန်ရစ်သော ရသေ့မကလေးသည် သူ၏ ရောဂါ ဒဏ်ကို ကြာရှည်မခံနိုင်သည့်အလား အလောင်းတော်ဘုရား ပြန်ချိန်ကိုမျှ မစောင့်နိုင်ရှာတော့ဘဲ ဘဝဇာတ် အသစ်လဲရှာလေသည်။ ထိုကဲ့သို့ ဖြစ်ပုံကို မြို့တွင်းမှ ထွက်လာသူ လူအများတို့ မြင်တွေ့ကြလေရာ ရသေ့မကလေး၏ ရုပ်အဆင်းနှင့် ပြည့်စုံပုံကို ကြည့်၍ အလောင်းကို ဝိုင်းရံကာ ဆွေမတော်မျိုးမတော်ဘဲ လှိုက်လှိုက်လှဲလှဲ ငိုကြွေးကြလေ၏။

ထိုအခိုက်မှာပင် အလောင်းတော်ရှင်ရသေ့သည် ဆွမ်းခံရာမှ ပြန်ကြွတော်မူလာလတ်သော် မမျှော်လင့် သော အဖြစ်အပျက်ကို ရုတ်တရက် တွေ့မြင်ရလေလျှင် အစွမ်းကုန် ငိုချင်ဖွယ်ကောင်းသော်လည်း ရင့်မာသော အလောင်းတော်ကြီးပီပီ တည်ကြည်သော ဣန္ဒြေဖြင့် ဇရပ်ပေါ်သို့ တက်၍ ---

ဘိဇ္ဇနဓမ္မံ ဘိဇ္ဇတိ၊ သဗ္ဗေ သင်္ခါရာ အနိစ္စာ ဧဝံ ဂတိကာယေဝ။ (ဇာတက၊ဋ္ဌ၊၃၊၈၇။)

= ပျက်စီးတတ်သော သဘောတရားမှန်သမျှသည် ပျက်စီးတတ်၏၊ ခပ်သိမ်းကုန်သော သင်္ခါရတရားမှန်သမျှ တို့သည် ဖြစ်ပြီးလျှင် ပျက်တတ်သည့် အနိစ္စတရားတို့သာ ဖြစ်ကြ၏၊ သင်္ခါရတရားမှန်သမျှတို့သည် ဤသို့ မမြဲသော သဘော ရှိကြကုန်သည်သာတည်း။

ဤသို့ပြောဆို၍ ရသေ့မကလေး၏အလောင်း တည်ရှိရာ ပျဉ်ချပ်၏ ဦးခေါင်းဘက်မှ ထိုင်တော်မူပြီးလျှင် နှစ်ယောက်စာ ခံယူလာခဲ့သောဆွမ်းကို တစ်ပါးတည်း ဘုဉ်းပေးတော်မူ၏။ ဆွမ်းကိစ္စ ပြီးစီးသောအခါ ခံတွင်းကို ဆေးကြောတော်မူ၏။ လူများအပေါင်းက ရသေ့မနှင့် မည်သို့ တော်စပ်ကြောင်းကို မေးမြန်းလျှောက်ထားသောအခါ လူ့ဘဝတုန်းက ခြေရင်းအလုပ်အကျွေး = အိမ်ရှင်မ ဖြစ်ဖူးကြောင်းကို အမိန့်ရှိတော်မူ၏။ အဘယ်ကြောင့် မငို ကြွေးပါသနည်းဟု မေးမြန်းလျှောက်ထားသောအခါ အလောင်းတော်က ဤသို့ မိန့်ကြားတော်မူ၏ ---

ရသေ့ရဟန်းဘဝသို့ ရောက်ရှိလာသော ဤအမျိုးသမီးသည် ရသေ့ရဟန်းဘဝသို့ ရောက်ရှိလာသော ငါနှင့် အသက်ရှင်စဉ်ကပင် (ရသေ့ရဟန်းများသာ ဖြစ်ကြ၍) တစ်စုံတစ်ခု တော်စပ်သည် မဟုတ်၊ (လူ့ဘဝတုန်းက ခြေရင်း အလုပ်အကျွေးသာ ဖြစ်ခဲ့ဖူး၏၊ ရသေ့ရဟန်းဘဝသို့ ရောက်သောအခါ၌ကား ဘာမျှ မတော်စပ်တော့ပေ ဟူလို။) ယခုအခါ ဤအမျိုးသမီးသည် တမလွန်ဘဝသို့သွားသော် အဘယ်သို့ တော်စပ်နိုင်တော့အံ့နည်း၊ ဤ အမျိုးသမီးသည် သေမင်း၏ အလိုနိုင်ငံသို့ လိုက်ပါသွားပြီ ဖြစ်၏၊ ငါသည် အဘယ်အကြောင်းကြောင့် ငိုကြွေး ရပါအံ့နည်း --- ဤသို့ မိန့်ဆိုပြီးနောက် လူများအပေါင်းအား ပရိဒေဝ မီးငြိမ်းရန် အောက်ပါအတိုင်း ကြည်လင် အေးမြစွာသော ဩဝါဒရေချမ်းဖြင့် ဆွတ်ဖျန်းကာ ငြိမ်းစေတော်မူလေသည်။

ဤရသေ့မကလေးသည်ကား များစွာကုန်သော သေသူတို့၏ အတွင်း၌ တစ်ဦးအဖြစ် ပါဝင်တည်ရှိနေပေ ၏၊ ထိုသူသေတို့နှင့် အတူတကွဖြစ်သော ရသေ့မသည် ငါ့အား အဘယ်သို့ ဆွေမျိုးတော်စပ်သည် ဖြစ်နိုင်တော့ လတ္တံ့နည်း။ ထိုကြောင့် ချစ်မြတ်နိုးဖွယ်သော ထိုသမ္မိလ္လဟာသိနီကို အကြောင်းပြု၍ ငါ၏သန္တာန်ဝယ် စိုးရိမ်ပူဆွေး ရခြင်း သောကတရားသည် ထင်ရှားမရှိ ဖြစ်ပေ၏။

အကြင်အကြင် သေတိုင်းသေတိုင်းသောသူသည် ထိုစိုးရိမ်သောသူအဖို့ ထင်ရှားမရှိတော့သည်သာ ဖြစ်၏။ ထိုသို့ ထင်ရှားမရှိတော့သော ထိုသေတိုင်းသေတိုင်းသောသူကို အကယ်၍ စိုးရိမ်နေငြားအံ့၊ အခါခပ်သိမ်း သေမင်း နိုင်ငံသို့ လိုက်ပါနေရသော မိမိကိုယ်ကို စိုးရိမ်သင့်လေရာ၏။

အိုလူများအပေါင်းတို့ ...ရပ်နေသော သတ္တဝါသို့သာလျှင် အာယုသင်္ခါရသည် လိုက်သည် မဟုတ်သေး၊ ထိုင်သော သတ္တဝါသို့သာလျှင် အာယုသင်္ခါရသည် လိုက်သည် မဟုတ်သေး၊ လျောင်းစက်နေသော သတ္တဝါသို့ သာလျှင် အာယုသင်္ခါရသည် လိုက်သည် မဟုတ်သေး၊ ဖဝါးဖြင့် လှမ်း၍ သွားနေသော သတ္တဝါသို့သာလျှင် အာယုသင်္ခါရသည် လိုက်သည် မဟုတ်သေး။ (ဆိုလိုသည်မှာ --- ဤသတ္တဝါတို့သည် ဣရိယာပုထ် လေးပါးလုံးတို့၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်ကြကုန်၏၊ အာယုသင်္ခါရတရားတို့သည်ကား ညဉ့်၌လည်းကောင်း, နေ့၌လည်းကောင်း ခပ်သိမ်းသော ဣရိယာပုထ်တို့၌ မမေ့မလျော့ကြကုန်ဘဲ မိမိ၏ကုန်ခြင်း ပျက်ခြင်းသို့ ရောက် ကြောင်း အမှုကိုသာလျှင် အမြဲပြုနေကြ၏ဟု ဆိုလို၏။) အကြင်မျှလောက် မျက်စိကို ဖွင့်၏၊ မျက်စိကို မှိတ်၏၊ ထိုမျက်စိကို ဖွင့်စဉ် မှိတ်စဉ် အတွင်း၌ပင်သော်လည်း အရွယ်သုံးပါးသည် အမြဲဆုတ်ယုတ်လျက် ရှိ၏။

ထိုအရွယ်၏ ဆုတ်ယုတ်ခြင်းသည် ထင်ရှားရှိလတ်သော် စင်စစ် ဤခန္ဓာကိုယ်အတ္တဘောသည် ချို့တဲ့ တော့သည်သာ ဖြစ်၏၊ မပြည့်စုံတော့သည်သာ ဖြစ်၏။ ယင်းသို့လျှင် ဤခန္ဓာကိုယ်အတ္တဘော၌ ချို့တဲ့ခြင်းသည် ထင်ရှားရှိလတ်သော် ထိုထိုဘဝ၌ ဖြစ်ကြရကုန်သော သတ္တဝါတို့၏ ကွေကွင်းရခြင်း၌ = သေကွဲကွဲရခြင်း၌ ယုံမှား သံသယ မရှိလေရာ။ (ထိုကြောင့် မစိုးရိမ်သင့်ပေ၊ သောက ပရိဒေဝ မဖြစ်သင့်ပေ။) မသေမပျောက်ဘဲ ကြွင်း ကျန်သော အသက်ထင်ရှားရှိနေသေးသော သတ္တဝါတို့ အပေါ်၌သာလျှင် သနားချစ်ခင်အပ်၏၊ သေလေပြီးသော သတ္တဝါကို အကြောင်းပြု၍ အဖန်တလဲလဲ မစိုးရိမ်သင့် မငိုကြွေးသင့်ပေ။ (ဇာတက၊ဋ္ဌ၊၃၊၈၇။)

ဤကား အလောင်းတော်၏ သောက ပရိဒေဝမီး ငြိမ်းကြောင်း တရားကောင်းပေတည်း။ ဤ သောက ပရိဒေဝ ဒေါမနဿ ဥပါယာသတရားတို့သည် ဒေါသနှင့် အတူယှဉ်တွဲ၍ ဖြစ်ကြသဖြင့် ဒေါသကို နှိမ်နင်းနိုင်ပါက သောက ပရိဒေဝ ဒေါမနဿ ဥပါယာသမီးတို့လည်း မတောက်နိုင်လေရာ။ အောက်ပါ ဇာတ်တော်ကို ဆက်လက်၍ ဖတ်ရှုကြည့်ပါ။

စူဠဗောဓိဇာတ်တော်

စူဠဗောဓိဇာတ်တော် (ဇာတက၊ဋ္ဌ၊၄၊၂၂။)

အထက်ပါ ဇာတ်တော်၌ကဲ့သို့ပင် ဤ စူဠဗောဓိဇာတ်တော်၌လည်း ဘုရားအလောင်းတော်နှင့် ယသောဓရာ အလောင်းလျာ သူတော်ကောင်းတို့သည် ဗြဟ္မာပြည်မှပင် စုတိ၍ လူ့ပြည်ဝယ် ကြွယ်ဝချမ်းသာသော ပုဏ္ဏား မျိုး၌ လူလာဖြစ်ကြရ၏။ ယသောဓရာအလောင်းလျာ အမျိုးကောင်းသမီးမှာလည်း လွန်မြတ်သော ရုပ်အဆင်းကို ဆောင်ထားသည့် နတ်သမီးတမျှ လှပတင့်တယ်သူ ပုံသွင်တူသူ ဖြစ်၏။ ထိုသူတော်ကောင်း နှစ်ဦးသားတို့ အလို မရှိပါဘဲလျက် မိဘတို့က ဇွတ်အတင်း လက်ထပ်ပေးကြသဖြင့် အိမ်ထောင်သည်ဘဝသို့ ရောက်ရှိသွားကြ၏။ သို့သော် ထိုသူတော်ကောင်း နှစ်ဦးသားတို့သည် တစ်ဦးနှင့် တစ်ဦး ကိလေသာဖြင့် ကျက်စားဖူးသည်ဟူ၍ကား မရှိခဲ့စဖူးပေ။ ရာဂနှင့် ယှဉ်တွဲလျက်ရှိသော စိတ်ဓာတ်ဖြင့် တစ်ဦးသည် တစ်ဦးအား ကြည့်ခဲ့ဖူးခြင်းမည်သည် မဖြစ်စဖူးပေ။ အိပ်မက်၏ အတွင်း၌သော်လည်း မေထုန်မှီဝဲခြင်းမည်သည်ကို မမြင်မက်ခဲ့စဖူးပေ။ ဤသို့ကလောက် စင်ကြယ်သော သီလရှိသော သူတော်ကောင်းတို့ ဖြစ်ကြ၏။

နောက်ပိုင်း မိဘတို့ ကွယ်လွန်သွားကြသောအခါ နှစ်ဦးသဘောတူ ကုဋေ (၈၀) မကသော စည်းစိမ်ဥစ္စာ တို့ကို စွန့်လွှတ်လှူဒါန်းကြကာ တောထွက်၍ ရသေ့ရဟန်းပြုကြ၏။ ဟိမဝန္တာသို့ပင် ဝင်ရောက်ကြ၍ မွေ့လျော် ဖွယ်ကောင်းသော မြေအရပ်၌ သင်္ခမ်းကျောင်းများ ဆောက်လုပ်ကာ သစ်သီးကြီးငယ်တို့ဖြင့် မျှတလျက် (၁၀) နှစ်တို့ ကာလပတ်လုံး နေထိုင်ကြ၏။ သို့သော် ထို (၁၀)နှစ်အတွင်း၌ သူတော်ကောင်း နှစ်ဦးလုံးတို့၏ သန္တာန်၌ စျာန်တရားများသည် မဖြစ်ပေါ်ခဲ့ကြသေးပေ။ ထိုသူတော်ကောင်းတို့သည် ရဟန်းချမ်းသာဖြင့်ပင်လျှင် ထိုဟိမဝန္တာ အရပ်၌ (၁၀)နှစ်တို့ကာလပတ်လုံး နေထိုင်ပြီးနောက် ချဉ်ဆား မှီဝဲရန်အလို့ငှာ ဇနပုဒ်တို့၌ လှည့်လည်လာကြရာ ဗာရာဏသီ မင်းဥယျာဉ်သို့ ဆိုက်ရောက်လာကြ၏။ မင်းဥယျာဉ်၌ပင် သီတင်းသုံးနေထိုင်တော်မူကြ၏။

တစ်နေ့တွင် ဗာရာဏသီဘုရင်ကြီးသည် ဥယျာဉ်ကစားရင်းဖြင့် ဥယျာဉ်အတွင်း၌ လှည့်လည် ကြည့်ရှုလေရာ ရဟန်းချမ်းသာဖြင့် နေထိုင်သီတင်းသုံးလျက် ရှိကြကုန်သော ထိုသူတော်ကောင်း နှစ်ဦးတို့ကို တွေ့မြင်သောအခါ အလွန် ကြည်ညိုဖွယ်ကောင်းသော လွန်မြတ်သောအဆင်းကို ဆောင်သော ရသေ့မကလေးကို ကြည့်၍ ရာဂဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားသော စိတ်ရိုင်းများသည် တဖွားဖွား ထကြွလာလေတော့၏။ ကိလေသာဖြင့် တုန်လှုပ်ချောက် ချားသော စိတ်ဓာတ်ရှိနေသော ဗာရာဏသီမင်းသည် အလောင်းတော်ရသေ့ထံသို့ ချဉ်းကပ်၍ ရသေ့မနှင့် မည်သို့ တော်စပ်ကြောင်းကို လျှောက်ထားကြည့်လေ၏။ ထိုအခါ ဘုရားအလောင်းတော်က --- ဒါယကာတော်မင်းမြတ် ဤရသေ့မနှင့် မည်သို့မျှ မတော်စပ်ပါ။ ရသေ့ရဟန်း အတူပြုလုပ်ကြဖို့ရန် တူညီသော ကုသိုလ်ဆန္ဒတော် သက် သက်မျှဖြင့် ရသေ့ရဟန်း ပြုလာကြသူများသာ ဖြစ်ကြပါသည်။ သို့သော် အကယ်စင်စစ် ပြောဆိုရပါမူ ဤရသေ့မ ကလေးကား ရှေးယခင် လူ့ဘဝက ငါ၏ ခြေရင်းအလုပ်အကျွေး = အိမ်ရှင်မပင် ဖြစ်ခဲ့ဖူးပါသည် --- ဟု ပြန် လည်၍ အမိန့်ရှိတော်မူလိုက်၏။

ထိုစကားကိုကြားရသော ဗာရာဏသီမင်းက --- အကယ်၍ ဤရသေ့မကလေးကို အနိုင်အထက် လုယက် ခေါ်ဆောင်၍ သွားခဲ့လျှင် အရှင်ရသေ့က အသို့ပြုမူအံ့နည်းဟု မေးမြန်းစုံစမ်းလာသောအခါ အလောင်းတော် ရသေ့ကြီးက ဤသို့ မိန့်ကြားတော်မူ၏ ---

ဒါယကာတော်မင်းကြီး ...အကယ်၍ ဤရသေ့မငယ်ကို အနိုင်အထက်ယူ၍ ခေါ်ဆောင်သွားခဲ့စေကာမူ ငါ၏ ကိုယ်တွင်း၌ တစ်စုံတစ်ခုသော အမျက်ကောပတရားသည် ဖြစ်ပွားလာငြားအံ့၊ ထို အမျက်ကောပတရားသည် ငါ၏ ခန္ဓာအိမ်အတွင်း၌ ဖြစ်ပြီးနောက် အပြင်သို့ လွတ်မြောက်၍ မသွားလေရာ။ အသက်ရှင်နေသမျှ ကာလ ပတ်လုံး ငါ၏ ခန္ဓာအိမ်အတွင်းမှ ထိုဒေါသတရားသည် အပြင်သို့ မထွက်မြောက်နိုင်လေရာ။ (ပညာရှိတို့ အမျက် အပြင်မထွက် ဟူလိုသည်။) ငါ၏ခန္ဓာအိမ်အတွင်း၌ ယင်းဒေါသ၏ အတုံးလိုက် အခဲလိုက် စုပေါင်းနေထိုင်ခြင်းဖြင့် ရပ်တည်ခွင့်ကို ဘယ်တော့မှ ပေးမည်မဟုတ်ပေ၊ အမှန်စင်စစ်မှာမူ ကျယ်ပြန့်စွာ ရွာသွန်းလာသော သည်းထန်စွာ ရွာသွန်းလာသော မိုးကြီးသည် မြူမှုန်ကို လျင်မြန်စွာ တားမြစ်သကဲ့သို့ ထို့အတူပင်လျှင် ထိုအမျက်ကောပ ဒေါသ တရားကို လျင်မြန်စွာပင်လျှင် ငြိမ်းသွားအောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းတည်းဟူသော မိုးကြီးကို ရွာသွန်းလျက် နှိပ်ကွပ်၍ တားမြစ်တော်မူပေအံ့ဟု ပြန်လည်၍ မိန့်ကြားတော်မူလိုက်၏။

ထိုအခါ ပညာမျက်စိကာဏ်းနေခိုက် ဖြစ်သော ဗာရာဏသီမင်းသည် ထိုရသေ့မအပေါ်၌ ရာဂဖြင့် ရစ်ပတ် နှောင်ဖွဲ့နေသော စိတ်ကို တားမြစ်ခြင်းငှာ မစွမ်းနိုင်ရှာသဖြင့် မင်းအာဏာဖြင့် ထိုရသေ့မကလေးကို အနိုင်အထက် ပြုမူ၍ ဆောင်ကြဉ်းသွားလေသည်။ သို့သော် မိဖုရားစည်းစိမ်ဖြင့် ရသေ့မကလေးကို သွေးဆောင်၍ မရ သည်ကတစ်ကြောင်း, အလောင်းတော်ရသေ့ထံမှ အမျက်ကောပ ဒေါသကြောင့် ရရှိနိုင်သည့် အပြစ်, မေတ္တာ ကြောင့် ရရှိနိုင်သော အကျိုးတရားနှင့်စပ်သည့် တရားစကားတို့ကို နာကြားရသည်ကတစ်ကြောင်း --- ဤသို့စသော အကြောင်းတို့ကြောင့် ရသေ့မကလေးကို ဥယျာဉ်တော်သို့ ပြန်ပို့ကာ မိမိ၏ မိုက်ပြစ်များကို ဝန်ချတောင်းပန်လျက် တရားနှင့်လျော်ညီသော အစောင့်အရှောက်ကိုပေးကာ ပစ္စည်းလေးဖြာတို့ဖြင့် ထောက်ပံ့လျက် ဥယျာဉ်တော်၌ပင် ဆက်လက်၍ သီတင်းသုံးရန် လျှောက်ထားတောင်းပန်လေသည်။ သူတော်ကောင်း နှစ်ဦးတို့သည်လည်း ဥယျာဉ် တော်မှာပင် ဆက်လက်၍ သီတင်းသုံးတော်မူကြ၏။ နောက်ပိုင်းတွင် ရသေ့မကလေး ကွယ်လွန်သွားသောအခါ အလောင်းတော်ရသေ့ကြီးသည် ဟိမဝန္တာတောသို့ဝင်ကာ အဘိညာဏ် သမာပတ်တို့ကို ဖြစ်စေပြီးနောက် ဗြဟ္မဝိဟာရတရားတို့ကို ပွားများကာ ကွယ်လွန်သည့်အခါ ဗြဟ္မာပြည်သို့ လားတော်မူလေသည်။ (ဇာတက၊ဋ္ဌ၊၄၊၂၂-၂၇။)

ဤဇာတ်တော်၌ အလောင်းတော်ကြီးကား သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့၏ အကြောင်း ရင်း ဖြစ်သော အမျက်ကောပ ဒေါသတရားကို မေတ္တာဘာဝနာလက်နက်ကောင်းဖြင့် အောင်မြင်စွာ တိုက်ဖျက် တော်မူခဲ့လေသည်။

တစ်ဖန် ဤဇာတ်တော်၌ ဗာရာဏသီမင်းမှာလည်း အခြားသူ မဟုတ် အရှင်အာနန္ဒာအလောင်းပင် ဖြစ် ပေသည်။ မောဟအပိုင်းတွင် တင်ပြခဲ့သော ဟရိတစ ဇာတ်တော်၌ အရှင်အာနန္ဒာအလောင်း ဗာရာဏသီမင်း၏ မိဖုရားကြီးကို အလောင်းတော်ရသေ့ကြီးက ကာမမှု လွန်ကျူးခဲ့၏။ ဤဇာတ်တော်၌ကား အရှင်အာနန္ဒာအလောင်း ဗာရာဏသီမင်းက အလောင်းတော်ရသေ့ကြီး၏ လူ့ဘဝက ကြင်ရာဟောင်းဖြစ်သည့် ရသေ့မကလေး အပေါ်၌ ရာဂဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားသော စိတ်ဓာတ်ဖြင့် အနိုင်အထက် သိမ်းပိုက်ခဲ့ပြန်၏။

အဝိဇ္ဇာ နီဝရဏတရားသည် ပိတ်ဖုံး ကာဆီးအပ်သည် ဖြစ်၍ တဏှာတည်းဟူသော သံယောဇဉ်ကြိုးက ရစ်ပတ်နှောင်ဖွဲ့အပ်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝသို့ ထိုဘဝမှ ဤဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွားနေကြရကုန်သော တစ်ခုသောဘဝ၌လည်းပဲ ထပ်ကာထပ်ကာ ကျင်လည်ကျက်စား ပြေးသွားနေကြရ ကုန်သော သတ္တဝါတို့၏ မိုက်ပြစ်ကား အလွန် ကြောက်မက်ဖွယ်ကောင်းလှပေသည်။ အလောင်းတော်ရင့်မာကြီး တို့၏ သန္တာန်၌လည်း ရံခါ ဖြစ်တတ်သည့် တရားဆိုးများပင်တည်း။

ယင်း ဒေါသနှင့်တကွသော ရာဂနှင့်တကွသော သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတည်းဟူ သော တရားဆိုးတို့ကို အမြစ်ပြတ် ဖြေရှင်းနိုင်ရေး ကျော်လွှား လွန်မြောက်နိုင်ရေးအတွက် တစ်ကြောင်းတည်းသော လမ်းမှာ သတိပဋ္ဌာန်လေးပါးကို နည်းမှန် လမ်းမှန် ပွားများအားထုတ်ခြင်းပင် ဖြစ်ပေသည်။ ထိုကြောင့် လက္ခဏ- ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ရုပ် + နာမ် + ကြောင်း + ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းပြီးသော အသင်သူတော်ကောင်းအဖို့ ေ့ရှသို့ ဆက်လက်၍ ကျင့်ရမည့် ကျင့်စဉ်များကို ဆက်လက်၍ တင်ပြပေအံ့။

ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၌ လက္ခဏ - ရသ စသည် ရှုပုံစနစ်

ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၌ လက္ခဏ - ရသ စသည် ရှုပုံစနစ်

အသင်သူတော်ကောင်းသည် ရှေးဦးစွာ ဤပစ္စုပ္ပန်ဘဝကိုပင် ဗဟိုထား၍ အတိတ်က အဝိဇ္ဇာကြောင့် အတိတ်တွင် သင်္ခါရဖြစ်ပုံ, အတိတ်က သင်္ခါရကြောင့် ပစ္စုပ္ပန်တွင် ပဋိသန္ဓေ ဝိညာဏ် စသည့် ဝိပါက်ဝိညာဏ်ဖြစ်ပုံ ဤသို့စသည်ဖြင့် ဥပါယာသသို့တိုင်အောင် ကြောင်း-ကျိုးဆက်နွယ်မှု သဘောတရားများကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အထက်ပါ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ရှုပါလေ။ ဤနည်းအရ ---

၁။ အဝိဇ္ဇာ-သင်္ခါရတို့ကား ပထမအတိတ်,

၂။ ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာ-တဏှာ-ဥပါဒါန်-ဘဝ (= ကမ္မဘဝ)တို့ကား ပစ္စုပ္ပန်,

၃။ ဇာတိ-ဇရာ-မရဏ-သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသတို့ကား ပထမအနာဂတ် ---

ဤနည်းကို နည်းမှီ၍ ---

၁။ အဝိဇ္ဇာ-သင်္ခါရတို့ကား ဒုတိယအတိတ်,

၂။ ဝိညာဏ်။ ပ ။ ဘဝ (ကမ္မဘဝ)တို့ကား ပထမအတိတ်,

၃။ ဇာတိ ဇရာ မရဏ။ ပ ။ ဥပါယာသတို့ကား ပစ္စုပ္ပန် ---

ဤသို့ စသည်ဖြင့် ကြောင်း-ကျိုးဆက်နွယ်လျက် ရှုပါ။ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက် ဆုံးသည်တိုင်အောင် နည်းတူပင် ရှုပါ။

ရည်ရွယ်ချက်

ရည်ရွယ်ချက်

ထိုသို့ ရှုခြင်း၏ ရည်ရွယ်ချက်မှာ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ အကြောင်းတရားနှင့် အကျိုးတရားစုသာ ရှိသည်၊ ပြုလုပ်တတ်သူ ဖန်ဆင်းတတ်သူ အပြုလုပ်ခံရသူ အဖန်ဆင်းခံရသူ လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ် သတ္တဝါ တစ်စုံတစ်ရာမည်သည် မရှိဟု အသိဉာဏ် သန့်ရှင်းရန်လည်း အကြောင်းတစ်ရပ်,

နတ္ထိကဒိဋ္ဌိ အဟေတုကဒိဋ္ဌိ အကိရိယဒိဋ္ဌိ စသော ကံ-ကံ၏အကျိုးတရားကို ပစ်ပယ်နေသော မိစ္ဆာဒိဋ္ဌိ ဝါဒဆိုးကြီးများကို လွင့်စင်သွားစေလိုသည်လည်း အကြောင်းတစ်ရပ်,

အကြောင်း အကျိုး နှစ်ရပ်လုံးတို့ အပေါ်၌ တစ်နည်းဆိုရသော် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၌ လက္ခဏာယာဉ် သုံးချက်တင်၍ တွင်တွင်ကြီး ဝိပဿနာရှုခဲ့သော် အကြောင်းအကျိုး နှစ်ရပ်လုံးတို့ အပေါ်၌ စွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲ စသော ကိလေသာစွဲများသည် ဝိပဿနာအခိုက်၌ တဒင်္ဂအားဖြင့် ချုပ်သွားမည် ဖြစ်၏၊ ယင်းဝိပဿနာ ဉာဏ်တို့က အဆင့်ဆင့် ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးခဲ့သော် ဝိပဿနာဉာဏ်တို့၏ အဆုံး၌ မဂ်ဉာဏ် ပေါ်ခဲ့သော် ယင်းအရိယမဂ်ဉာဏ်က ကိလေသာတို့ကို အဆင့်ဆင့် အကြွင်းမဲ့ ပယ်သတ်သွားမည် ဖြစ်၏၊ အဆင့် ဆင့်သော အရိယမဂ်ဉာဏ်က ဆိုင်ရာဆိုင်ရာ ကိလေသာတို့ကို သမုစ္ဆေဒအားဖြင့် အမြစ်ပြတ် အကြွင်းမဲ့ ပယ်သတ် ခဲ့သော် အကြောင်းတရားများ ကုန်ဆုံးသွားသဖြင့် အကျိုး သံသရာဝဋ်ဒုက္ခလည်း ကုန်ဆုံးသွားမည် ဖြစ်ပေသည်။ ဤသို့ အကြောင်းအကျိုး နှစ်ရပ်လုံး အပေါ်၌ စွဲနေသော ကိလေသာတို့ကို တဒင်္ဂသမုစ္ဆေဒအားဖြင့် ပယ်သတ် နိုင်ရန်လည်း အကြောင်းတစ်ရပ် ---

ဤ အကြောင်းအရပ်ရပ်တို့ကြောင့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို အတိတ်အဆက်ဆက် မှသည် အနာဂတ်ဆုံးသည့်တိုင်အောင် သိမ်းဆည်းခိုင်းခြင်းပင် ဖြစ်ပါသည်။

ကြိုတင်ပြင်ဆင်ပါ

ကြိုတင်ပြင်ဆင်ပါ

ယခုအခါ၌ ဝိပဿနာသို့ကူးလိုသော အသင်ယောဂီသူတော်ကောင်းသည် အသင်သူတော်ကောင်း ရှုထား ပြီးသော ပဉ္စမအတိတ် စသည့် ထိုထိုအတိတ်မှ ပစ္စုပ္ပန်, ပစ္စုပ္ပန်မှသည် အနာဂတ်ဆုံးသည့်တိုင်အောင် ---

၁။ ရူပပရိဂ္ဂဟ = ရုပ်သက်သက်ကို သိမ်းဆည်းခြင်း,

၂။ အရူပပရိဂ္ဂဟ = နာမ်သက်သက်ကို သိမ်းဆည်းခြင်း,

၃။ ရူပါရူပပရိဂ္ဂဟ = ရုပ်နာမ်ကို သိမ်းဆည်းခြင်း,

၄။ နာမရူပဝဝတ္ထာန = နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း,

၅။ ပစ္စယပရိဂ္ဂဟ = ပစ္စုပ္ပန်၌ သို့မဟုတ် ပစ္စုပ္ပန်ကို ဗဟိုထား၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်း,

၆။ အဒ္ဓါနပရိဂ္ဂဟ = အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်၌လည်း အကြောင်းတရား အကျိုး တရားတို့ကို ထပ်မံ၍ သိမ်းဆည်းခြင်း ---

ဤလုပ်ငန်းရပ်တို့ကို ဆက်လက်၍ ပြုလုပ်ပါ။

ဤနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့ကား တစ်ကြိမ်တစ်ခါ သိမ်းဆည်းရုံ ရှုပွားရုံနှင့် လိုရင်း ကိစ္စ မပြီး၊ ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ရှုပါမှ လိုရင်းကိစ္စ ပြီးနိုင်သော --- အနု အနု ဗုဇ္ဈနဋ္ဌေန အနုဗောဓော ဟူသည်နှင့်အညီ အနုဗောဓဉာဏ်များ ဖြစ်နေသောကြောင့်တည်း။ (ဒီ၊ဋီ၊၂၊၉၀။)

ထိုသို့ သိမ်းဆည်းရာ၌ --- အသင်သူတော်ကောင်းသည် အတိတ်ဘဝကို ငါးဘဝအထိ, အနာဂတ်ဘဝကို လည်း ဆုံးသည့် ဒုတိယအနာဂတ်ဘဝအထိ သင်္ခါရတရားတို့ကို သိမ်းဆည်းထားပြီးသည် ဆိုပါစို့။ ထိုသို့ဖြစ်လျှင် ယခုအကြိမ်၌ကား --- ပဉ္စမအတိတ်မှ စ၍ အနာဂတ်ဆုံးသည်အထိ တိုးလျှိုပေါက် - သိမ်းဆည်းပါ။ ဘဝတစ်-ခုခု၌လည်း ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင် ခပ်စိပ်စိပ် ခြုံငုံ၍ သိမ်းဆည်းပါ။ ဥပမာ ---

၁။ ပဉ္စမအတိတ် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်,

၂။ စတုတ္ထအတိတ် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်,

၃။ တတိယအတိတ် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်,

၄။ ဒုတိယအတိတ် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်,

၅။ ပထမအတိတ် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်,

၆။ ပစ္စုပ္ပန် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်,

၇။ ပထမအနာဂတ် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်,

၈။ ဒုတိယအနာဂတ် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင် ---

၁။ ရှေးဦးစွာ ရုပ်သက်သက်ကို ပဉ္စမအတိတ်မှ ဒုတိယအနာဂတ်ဆုံးသည်အထိ တိုးလျှိုပေါက် သိမ်းဆည်းပါ။ ခပ်စိပ်စိပ် သိမ်းဆည်းပါ။

၂။ အလားတူပင် ပဉ္စမအတိတ် ပဋိသန္ဓေမှသည် ဒုတိယအနာဂတ် စုတိအထိ ခြုံငုံ၍ နာမ်တရားတို့ကိုလည်း သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ ဘဝင်မနောအကြည်ဓာတ်ကို ဦးစားပေး၍ ယင်းဘဝင်မနောအကြည်ဓာတ် နာမ်တရားစုနှင့်တကွ ယင်းဘဝင်မနောအကြည်ဓာတ်တို့၏ အကြားအကြား၌ ဖြစ်သွားသော ဝီထိနာမ်တရားစု တို့ကိုလည်း ဖြစ်ခဲ့သည့်အတိုင်း ဖြစ်ဆဲအတိုင်း ဖြစ်လတ္တံ့အတိုင်းသာ ဃနပြိုအောင် ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းပါ။

၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း,

၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်းတို့၌လည်း နည်းတူပင်တည်း။

၅။ ပစ္စယပရိဂ္ဂဟ အဒ္ဓါနပရိဂ္ဂဟတို့၌ကား -- ပဉ္စမအတိတ် အဝိဇ္ဇာ သင်္ခါရမှ စ၍ ဒုတိယအနာဂတ် ဆုံးသည် အထိ ဘဝသုံးခု ဘဝသုံးခုကို ကွင်းဆက်ကာ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။

အဇ္ဈတ္တ၌် အောင်မြင်မှု ရရှိသောအခါ ဗဟိဒ္ဓ၌လည်း နည်းတူပင် ---

၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း,

၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း,

၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း,

၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း,

၅။ ပစ္စယပရိဂ္ဂဟ-အဒ္ဓါနပရိဂ္ဂဟ -- အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်းဟူသော သိမ်းဆည်းခြင်း လုပ်ငန်းရပ်တို့ကိုလည်း ဆက်လက်၍ ပြု လုပ်ပါ။ (ဗဟိဒ္ဓ၌ကား ဗဟိဒ္ဓချင်းတူညီ၍ သာမန် ပေါင်းစုခြုံငုံ၍သာ သိမ်းဆည်းပါ။)

ထိုနောင် ရံခါ အဇ္ဈတ္တ ရံခါ ဗဟိဒ္ဓ တစ်လှည့်စီလည်း ပုံစံတူပင် သိမ်းဆည်းပါလေ။ ထိုသို့ သိမ်းဆည်းနိုင် ပါက ဝိပဿနာသို့ကူးရန် အခန့်သင့် ဖြစ်လေပြီ။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ