Skip to main content

မဟာဗုဒ္ဓဝင် ပထမတွဲ(ပဌမပိုင်း)

(က)

နိုင်ငံတော်ဗုဒ္ဓသာသန

မဟာဗုဒ္ဓဝင်

နိဒါန်း

**********

နမော ဗုဒ္ဓါယ

(သိဒ္ဓမ်)

ကီဒိသော တေ မဟာဝီရ၊

အဘိနီဟာရော နရုတ္တမ။

ကမှိ ကာလေ တယာ ဓီရ၊

ပတ္ထိတာ ဗောဓိမုတ္တမာ။

     မဟာဝီရ၊ သမ္မပ္ပဓာန ကိစ္စဆင့်ပွါး လေးထွေပြားသည့် ကြီးမားသော လုံ့လဝီရိယလည်း ရှိတော်မူပေထသော။ နရုတ္တမ၊ လူတို့ထက်မြတ် နတ်တို့ထက်သာ ဗြဟ္မာတို့ထက်ကဲလွန် အမွန်ခေါင်ဖူး သုံးလူ့မှူးဘုရား..။ တေ၊ အရှင်ဘုရား၏။ အဘိနီဟာရော၊ နရက်ဘဝဂ် သွက်သွက်လှိုက်ခုန် သောင်းတိုက်တုန်သား ဘုန်းဂုဏ်တော်အား လွန်ကြီးမားသည့် ဘုရားဖြစ်ရန် ဆုပန်တော်မူခဲ့ခြင်းကို။ ကီဒိသော၊ ဘယ်သို့ရှုအပ် မှတ်ရပါမည်နည်းဘုရား။ ဓီရ၊ သဗ္ဗညုတ ဉာဏသခင် သုံးလူ့ရှင်ဘုရား...။ တယာ၊ အရှင်ဘုရားသည်။ ကမှိ ကာလေ၊ ဘယ်ကပ်ကမ္ဘာ ဘယ်ချိန်ခါ၌။ ဥတ္တမာ ဗောဓိ၊ ပစ္စေကဗောဓိ သာဝကဗောဓိတို့ထက် အဓိပတိဥက္ကဌ် မြတ်ထွတ်လှစွာ သမ္မာသမ္ဗောဓိဆုကြီးကို။ ပတ္ထိတာ၊ စိတ်တော်ညွတ်ကာ ရလိုပါဟု ပန်ထွာ တောင့်တအပ်ခဲ့ပါသနည်းဘုရား။

(ခ)

     ဤအမေးပုစ္ဆာ ပြဿနာသံကား လွန်ခဲ့သော နှစ်ပေါင်း (၂၅၄၈)နှစ် မဟာသက္ကရာဇ် (၁၀၄)ခု ရတုဝသန္တအကုန် ကဆုန်လပြည့်ကျော် (၁)ရက်နေ့က ကပိလ၀တ် နေပြည်တော်၏အထက် ကောင်းကင်ယံမှ ထွက်ပေါ်လာသောအသံ ဖြစ်လေသည်။ ဤပြဿနာသံ၏ ဖြစ်ပေါ်ဟန်သရုပ်ကို အကျဉ်းချုပ် ဖော်ပြပေအံ့။

     သဗ္ဗညူဗုဒ္ဓ အမည်ရသော သုံးလောကထွတ်ထား မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူသည့် မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ရှေးဦးစွာသော ပဌမဝါကို ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောအရပ်၌ ဝါကပ်တော်မူ၍ ထိုနှစ် ဝါတွင်းမှာ ပဉ္စဝဂ္ဂီ မထေရ်ငါးဦးတို့နှင့်တကွ ယသသူဌေးသားအမှူးပြုသော သူငယ်ချင်း ငါးကျိပ်လေးယောက်တို့ကို အရဟတ္တဖိုလ်ပေါက် ချီးမြှောက်တော်မူပြီးလျှင် ဝါကျွတ်သောအခါ ရဟန္တာခြောက်ကျိပ်တို့ကို လမ်းခရီး တကြောင်းတကြောင်းမှာ ရဟန္တာတပါးတပါးသာကြွ၍ စ-လယ်-အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံသော တရားစကား ဟောကြားပြသ သာသနာပြုကြရန် စီမံ စေလွှတ်တော်မူပြီးသော် ကိုယ်တော်မြတ်တပါးတည်း ဥရုဝေလ ကဿပညီနောင် ရှင်တထောင်တို့ကို ချေချွတ်ရန် ဥရုဝေလ တောမြိုင်ဝသို့ ဒေသစာရီ ကြွချီတော်မူခဲ့လေသည်။

     မြတ်စွာဘုရားသည် ဥရုဝေလတောသို့အသွား လမ်းခရီးအကြား၌ ကပ္ပါသိကတောအုပ်သို့အရောက် မိန်းမပျောက်ရှာကြသည့် ဘဒ္ဒဝဂ္ဂီ နောင်ညီမင်းသား သုံးကျိပ်တို့ကို တရားဟော၍ အောက်မဂ် အောက်ဖိုလ်တို့၌ တည်စေတော်မူပြီးခါ ဧဟိဘိက္ခု ရဟန်းအဖြစ်သို့အရောက် ချီးမြှောက်တော်မူခဲ့ပြီး တပါးတည်း ချီကြွ၍ ဥရုဝေလတောအုပ်သို့ရောက်လျှင် တပည့်ရသေ့ အခြံအရံ ငါးရာတို့နှင့်တကွ ဥရုဝေလကဿပ ရသေ့ဆရာကြီးအား ပြာဋိဟာတန်းခိုး အမျိုးပေါင်း (၃၅၀၀)ကျော်ပြ၍ မိစ္ဆာအယူမှလွတ်မြောက် ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ရောက်အောင် ချီးမြှောက်တော်မူလေသည်။ ထို့နောက် တပည့်ရသေ့ အခြံအရံ သုံးရာနှင့်တကွ

(ဂ)

နဒီကဿပ ဆရာရသေ့ တပည့်ရသေ့ အခြံအရံ နှစ်ရာနှင့်တကွ ဂယာကဿပ ဆရာရသေ့တို့ကို အစဉ်အတိုင်း မိစ္ဆာအယူမှလွတ်မြောက် ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ရောက်အောင် ချီးမြှောက်တော်မူပြီးလျှင် ထိုရသေ့ညီနောင် ရှင်တထောင်တို့အား ဂယာသီသကျောက်ဖျာ၌ အာဒိတ္တပရိယာယသုတ် ဒေသနာဖြင့် အရဟတ္တဖိုလ်၌ တည်စေပြီးသောအခါ ထိုရဟန္တာတထောင် ခြံရံလျက် ရာဇဂြိုဟ်ပြည်သို့ ဒေသစာရီ ကြွချီတော်မူလေသည်။

     ရာဇဂြိုဟ်ပြည်သို့ ရောက်သည့်နေ့မှာပင် ဘုရင်ဗိမ္ဗိသာရမင်းတရားနှင့်တကွ ပုဏ္ဏားသူကြွယ်ပေါင်း တသိန်းတသောင်းတို့ကို သောတာပတ္တိဖိုလ်သို့ ရောက်အောင်၎င်း၊ ပုဏ္ဏားသူကြွယ်ပေါင်း တသောင်းတို့ကိုကား သရဏဂုံတည်သူ ဥပါသကာအဖြစ်သို့ ရောက်အောင်၎င်း ချီးမြှောက်တော်မူ၍၊ နောက်တနေ့တွင် ဘုရင် ဗိမ္ဗိသာရမင်းတရား ဤဘုရားသာသနာဝယ် အစစွာလက်မွန် မြေငလျင်တုန်လှုပ်စေလျက် ဝေဠုဝန်အရာမ်ကြီး မြှောက်ချီးကြည်ဖြူ လှူဒါန်းသည်ကို ခံတော်မူ၍ ထိုအချိန်မှအစပြုကာ ရောက်လာ ရောက်လာကြသော အဂ္ဂသာဝက မဟာသာဝက ပကတိသာဝကအလျာ ကျွတ်ထိုက်သူ ဗိုလ်ပါတို့အား တရားအမြိုက်ဆေး တိုက်ကျွေး ဝေငှနေတော်မူစဉ်…

     ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ယောက်ျားဗိုလ်ပါ အခြံအရံ တထောင်စီ တထောင်စီဖြင့် အမတ်ကိုးယောက်တို့ကို ကိုးခေါက်ကိုးကြိမ်တိုင် အပင့်လွှတ်ရောက်သော်လည်း တယောက်မျှ သတင်းမပြန် ရဟန္တာချည်းဖြစ်ကြ၍ ဒသမမြောက် ဆယ်ကြိမ်သို့ အရောက်တွင်ကား ဖွားဘက်တော် ကာဠုဒါယီ အတွင်းဝန်အမတ်ကြီးကို ရှေးနည်းအတူ ပင့်စေတော်မူသဖြင့် အခြံအရံ လူတထောင်နှင့်တကွ ကာဠုဒါယီ အမတ် ရဟန္တာဖြစ်လတ်၍ သမာပတ်ချမ်းသာဖြင့် အခါကိုကုန်စေကာ ဟေမန္တဥတုလွန်မြောက် နွေဦးသို့ ရောက်လတ်သော် ခြောက်ဆယ့်လေးဂါထာတို့ဖြင့် သာယာညွတ်ပျောင်း နေပြည်တော်သို့

(ဃ)

ကြွတော်မူရန်အကြောင်းကို တောင်းပန်လျှောက်ထားရကား တပေါင်းလပြည့်ကျော် တရက်နေ့မှ အစပြုကာ တနေ့ တနေ့လျှင် တယူဇနာကျ ရဟန္တာနှစ်သောင်း ခြံရံကာလျက် တာရာယှက်သန်း လပြည့်ဝန်း ကဲ့သို့ စက်ပန်းတော်နှစ်လီ အ-တုရိတဒေသစာရီ ကြွချီတော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၄-ခုနှစ်အကြုံ ကဆုန်လပြည့်ကျော် တရက်နေ့တွင် ကပိလ၀တ် နေပြည်တော်သို့ ဆိုက်ရောက်တော်မူလေသည်။

     ထိုနေ့မှာပင် သာကီဝင်မင်းအပေါင်းတို့သည် ရှေးက ကြိုတင် တိုင်ပင်စီမံပြီးဖြစ်သည့်အတိုင်း ဘုရားအမှူးရှိသော သံဃာတော်ကို နိဂြောဓာရုံကျောင်းတော်သို့ ကြီးစွာသော အခမ်းအနားဖြင့် ပင့်ဆောင်ပို့သ လိုက်ပါကြလေသည်။ ကျောင်းတော်သို့ ရောက်သောအခါ ဘုရားမြတ်စွာသည် ရဟန္တာနှစ်သောင်း ခြံရံလျက် ဗုဒ္ဓါသန ဘုရာ့နေရာထက်ဝယ် ငြိမ်သက်စွာ သီတင်းသုံးနေတော်မူလေသည်။ သာကီဝင်မင်းတို့သည်ကား ဇာတိမာန် ခက်ထန်ကြသဖြင့် “သိဒ္ဓတ္ထမင်းသားသည် ငါတို့အောက် အသက်အရွယ် ငယ်သူဖြစ်သည်၊ ငါတို့၏ ညီငယ်, တူငယ်, မြေးငယ်မျှသာ ဖြစ်သည်”ဟု ကြံစည်တွေးတောလျက် အသက်ငယ်သော မင်းသားတို့ကို “အမောင်တို့ ရှိခိုးကြ၊ အမောင်တို့နောက်မှ ငါတို့က ထိုင်နေမည်” မာန်ဖီသောစကား အချင်းချင်း ပြောကြားကြလေသည်။

     မြတ်စွာဘုရားသခင်သည် သာကီဝင်မင်းတို့၏ ဇာတိမာန်ပြင်းပြ အတွင်းစိတ်ဆန္ဒကို သိမြင်တော်မူပြီးခါ “ဤ ငါ၏ဆွေမျိုး မာနအိုးတို့သည် ကိုယ်ကျိုးမပြီး အချည်းနှီး အိုမင်းကြသည်ကို စိုးစဉ်းမျှ မသိကြကုန်၊ ဘုရားမည်သည် ဤသို့ သဘောရှိစွာ့တကား၊ ဘုရားရှင်တို့၏ အားအစွမ်းမည်သည် ဤသို့ သဘောရှိစွာ့တကားဟု လားလားမျှ မသိကြကုန်၊ ကိုင်း... ယခုအခါ ငါဘုရားသည် ဘုရားတို့ခွန်အား စွမ်းပကားကို ထင်ရှားဖော်ပြကာ ရေမီးအစုံအစုံ တန်းခိုးပြာဋိဟာကိုလည်း ပြပေအံ့၊ အဇဋာပြင် မိုးကောင်းကင်၌ စကြဝဠာပေါင်း တိုက်တသောင်းကျယ်ပြန့်သော

(င)

ရတနာစင်္ကြံတော်ကြီး ဖန်ဆင်းပြီးလျှင် ထိုရတနာစင်္ကြံ၌ စုန်ဆန်တုံ့ခေါက် စင်္ကြံလျှောက်၍ ရောက်ဆိုက်လာသမျှ ဝေနေယျအား အဇ္ဈာသယကိုကြည့်ကာ ဓမ္မဒေသနာမိုး စွေဖြိုးရွာသွန်းပေအံ့”ဟု ကြံစည် ဆုံးဖြတ်တော်မူလျှင်ပင် စကြဝဠာတိုက်တသောင်းမှ နတ်ဗြဟ္မာအပေါင်းတို့ ကောင်းချီးကြွေးကြော် သာဓုခေါ်ကြလေကုန်သည်။

     ထိုအခါ မြတ်စွာဘုရားသည် ကြံစည်တော်မူပြီးသည့် အခြားမဲ့မှာပင် ဩဒါတကသိုဏ်းလျှင် အာရုံရှိသော စတုတ္ထဈာန်သမာပတ်ကို ဝင်စား၍၊ ထိုသမာပတ်မှ ထတော်မူပြီးခါ “စကြဝဠာပေါင်း တိုက်တသောင်းအနှံ့ အလင်းရောင်ပြန့်စေသတည်း”ဟု ခိုင်ဖြီးစိတ်သန် အဓိဋ္ဌာန်တော်မူသည်နှင့် တပြိုင်နက် အဓိဋ္ဌာန်ချက်အတိုင်း စကြဝဠာတိုက်တသောင်း အလင်းရောင် လွှမ်းမွမ်းညောင်း၍ လူပေါင်းများစွာ နတ်ဗြဟ္မာတို့ ကြည်သာရွှင်လန်း ဝမ်းမြောက်ကြကုန်စဉ် အဘိညာဉ် စတုတ္ထဈာန်ဖြင့် မိုးယံသို့ ပျံတက်၍ (၁) အထက်နှင့်အောက် (၂) ရှေ့နောက်ရူပကာ (၃) ဝဲယာနှစ်ဖော် မျက်စိတော် (၄) နားတော် (၅) နှာတော် (၆) ပခုံးတော် (၇) လက်တော် (၈) နံပါးတော် (၉) ခြေတော် (၁၀) လက်ချောင်း ခြေချောင်းတော်နှင့် အကြား အကြား (၁၁) တဆူတဆူသော မွေးညင်းတော် (၁၂) တခုတခုသော မွေးညင်းတွင်းတော် ဤဆယ့်နှစ်ဖော်သော ဌာနအစုတို့၌ ခု-မီးအလျှံ ခု-ရေအယဉ်၊ ခု-ရေအယဉ် ခု-မီးအလျှံ အပြန်ပြန်ပြောင်းလွဲ ဖူးတိုင်းဖူးတိုင်း အဆင်ကွဲစေလျက် အံ့အဲ၍မဝ ချီးပ၍မဆိတ် သာကီဝင်မင်းတို့၏ ဦးထိပ်၌ တရိပ်ရိပ်တဖုံဖုံ ကိုယ်တော်မြတ်၏ ခြေတော်မှုန်ကို တသုန်သုန်တဖွဲဖွဲ ကြဲချသည့်ပမာ များစွာလူနတ် ပရိသတ်တို့အလယ်၌ ယမိုက်ပြာဋိဟာကို ကောင်းစွာလှလှ ပြသတော်မူပြီး၍-

     အရှေ့အနောက် စကြဝဠာတိုက်တသောင်း လွန်မြောက်အောင် အံ့လောက်ညီးညီး ရတနာစင်္ကြံတော်ကြီး ဖန်ဆင်းကာ လူးလာစုန်ဆန် စင်္ကြံတော်ကြွချီလတ်၍ လူနတ်တို့အလိုဆန္ဒ

(စ)

အဇ္ဈာသယနှင့် လိုက်လျောအောင် များစွာသောတရားမိုး စွေဖြိုး ရွာသွန်းတော်မူနေစဉ်၊ အရှင်သာရိပုတြာ မဟာထေရ်မြတ်သည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူရင်းက ထိုအခြင်းအရာကို ကောင်းစွာ မြင်တော်မူလတ်၍ “ဘုရားထံမြတ် ယခုပင် ငါဆည်းကပ်၍ အရပ်ရပ်စုံအလင် အလောင်းတော်တို့၏ လုပ်ငန်းစဉ် ဗုဒ္ဓဝင်ဒေသနာတရား ဟောကြားတော်မူရန် လျှောက်ထား တောင်းပန်မည်”ဟု အကြံတော်ဖြစ်ရှိ၍ မိမိနှင့် အတူနေ မထေရ်ငါးရာ ရဟန္တာတို့ကို မကြာမနှေး ခဏခြင်း စည်းဝေးစေ၍-“ဧထ သဗ္ဗေ ဂမိဿာမ = လာကြ ငါတို့အလုံးစုံ သွားကြစို့၊ ဘုရားထံမှောက် သွားရောက် ဖူးမြော်ပြီးလျှင် ဗုဒ္ဓဝင်စံရှေး အတိတ်က ကျင့်စဉ်အရေးကို မေးမြန်း လျှောက်ထားကြစို့”ဟု နှစ်လိုကြည်ရွှန်း တိုက်တွန်းနှိုးဆော် အပါခေါ်၍ ဝါယော်မုန်တိုင်း အဟုန်ဂိုဏ်းဖြင့်လည်း ပုံနှိုင်း၍မရ အလွန်ပင် လျင်မြန်လှသော ဣဒ္ဓိဝိဓအဘိညာဉ်ဖြင့် ကောင်းကင်မှကြွချီကာ မြတ်စွာထံမှောက် ခဏခြင်း ဆိုက်ရောက်၍ ချီမြှောက်လက်အုပ် ပျပ်တုပ်ကော်ရော် ပူဇော်ညွတ်နူး ရှိပန်ဖူးပြီးလျှင် ရှေးဦးအစ ဖော်ပြရာပါ “ကီဒိသော တေ မဟာဝီရ၊ အဘိနီဟာရော နရုတ္တမ… ” အစရှိသော ဂါထာတို့ဖြင့် မြတ်စွာဘုရား၏ ရှေးရှေးဘုရားရှင်တို့ထံ ဘုရားဆုပန် နိယတဗျာဒိတ်ခံတော်မူခဲ့ပုံများနှင့် ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ဘယ်သို့ဘယ်ပုံ ဖြည့်ကျင့်တော်မူခဲ့သည်များကို အကျယ်ဟောကြားတော်မူရန် အရှင်သာရိပုတြာ မထေရ်မြတ် တောင်းပန်လျှောက်ထား မေးမြန်းအပ်လေသည်။

     ထိုအခါ မြတ်စွာဘုရားသည် ရတနာစင်္ကြံ၌ သီတင်းသုံးနေတော်မူစဉ်ပင် “ပီတိပါမောဇ္ဇဇနနံ၊ သောကသလ္လဝိနောဒနံ....” အစရှိသော နှစ်ဂါထာတို့ဖြင့် “နှစ်သက် ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ် သောကငြောင့်တံသင်းကို ပယ်ရှင်းတတ် လူ နတ် နိဗ္ဗာန် သုံးတန်သော သမ္ပတ္တိချမ်းသာကို ရစေတတ်သည့် ဗုဒ္ဓဝင်ဒေသနာကို ရိုသေစွာ နာကြားကြကုန်။ ထိုသို့ နာကြားကြပြီးလျှင် မာန်မာနကို ပယ်ရှားတတ် သောကကို ပယ်ဖျောက်တတ်

(ဆ)

သံသရာမှ လွတ်မြောက်စေတတ်၍ ခပ်သိမ်းသော ဒုက္ခ၏ ကုန်ဆုံးခြင်းကို ပြုတတ်သည့် ဗုဒ္ဓဝင်ဒေသနာတော်လာ ငါဘုရား၏ ကျင့်စဉ်လမ်းကို ကြိုးပမ်း ကျင့်ကြံကြကုန်”ဟူ၍ လူနတ်ဗြဟ္မာ သတ္တဝါတို့အား ကရုဏာပြဋ္ဌာန်း တိုက်တွန်းတော်မူပြီးလျှင် (နိဒါန်းနှင့်တကွ) ဂါထာပေါင်း (၁၀၇ဝ) လေးဘာဏဝါရ = သံဂါယနာတင်သောအခါ လေးကြိမ်လေးသုတ် ရွတ်ဆိုရသည့် ပမာဏရှိသော ဗုဒ္ဓဝင်ဒေသနာကို ကရုဏာရှေ့သွား ဟောကြားတော်မူအပ်လေသည်။

ဗုဒ္ဓ၀င်အဋ္ဌကထာ

     အရှင်မဟာကဿပ အစရှိသော ပဌမ ဒုတိယ တတိယ သံဂါယနာတင် ရဟန္တာအရှင်မြတ်တို့ သုတ္တန္တပိဋက ခုဒ္ဒကနိကာယ်အတွင်း ထည့်သွင်းသင်္ဂြိုဟ် သံဂါယနာတင်အပ်သည့် ဤဗုဒ္ဓဝင်ပါဠိတော်၏ အဖွင့်သံဝဏ္ဏနာ နှစ်ဆယ့်ခြောက်ဘာဏဝါရ ပမာဏရှိသော အဋ္ဌကထာကို “မဓုရတ္ထဝိလာသိနီ”ဟူသော အမည်ဖြင့် သီဟိုဠ်ကျွန်း အနုရာဓမြို့အရှေ့ စောဠတိုင်း ကာဝီရပဋ္ဋန သင်းဘောဆိပ်ကျောင်းတိုက်၌ သီတင်းသုံးတော်မူသည့် “အရှင်ဗုဒ္ဓဒတ္တ”မထေရ်သူမြတ် ပြုစီရင်တော်မူအပ်လေသည်။

ဗုဒ္ဓဝင်ဝတ္ထုတော်ကြီး

     ရတနာပူရ စတုတ္ထ မြို့တည်နန်းတည် ဘကြီးတော်မင်းတရားလက်ထက် “အာဒိစ္စဝံသာဘိဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်ရ ငါးခုန်ရွာလျှင် ဖွားရာဇာတိရှိသော ပဌမငါးခုန်ဆရာတော်ဘုရားကြီးသည် ဗုဒ္ဓဝါဒီ မြန်မာပြည်ဖွား အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ ရှေးဆိုအပ်ပြီးသည့် နှစ်သက် ဝမ်းမြောက်ခြင်း၊ သောကငြိမ်းအေးခြင်းစသော အကျိုးတို့ကို ရရှိစေရန် ရည်သန်တောင့်တတော်မူ၍ (ပါဠိတချက်၊ မြန်မာတချက် အနက်ပြန် ရှေးနိဿယများ ထင်ရှားရှိပြီးဖြစ်ရကား) နိဿယအသွား ရေးသားတော်မမူပဲ ပါဠိတော်နှင့် အဋ္ဌကထာ နှစ်ဖြာရောစပ်၍ အရေးကြီးသော ပါဠိဂါထာ နိဿယတို့ကိုပါ

(ဇ)

ကြားညှပ်လျက် ဗုဒ္ဓဝင်ဝတ္ထု စကားပြေသွား ရေးသားတော်မူခဲ့လေသည်။

     ထိုဗုဒ္ဓဝင် စကားပြေကျမ်းကြီးကို လွန်ခဲ့သော (၂၅)နှစ်ခန့် (မြန်မာသက္ကရာဇ် ၁၂၉၇-ခု၊ ခရစ်သက္ကရာဇ် ၁၉၃၅-ခုနှစ်) က ရန်ကုန်မြို့ ဇမ္ဗူ့မိတ်ဆွေပိဋကတ်ပုံနှိပ်တိုက်မှ “မဟာဗုဒ္ဓဝင် ဝတ္ထုတော်ကြီး”ဟူသော အမည်ဖြင့် ရိုက်နှိပ်ခဲ့ရာ ပဌမတွဲ ဒုတိယတွဲ တတိယတွဲဟူ၍ သုံးတွဲ (သုံးအုပ်) ရှိလေသည်။

သုဓမ္မဝတီဗုဒ္ဓ၀င်ကျမ်း

     ဇမ္ဗူ့မိတ်ဆွေတိုက်မှ မဟာဗုဒ္ဓဝင် ဝတ္ထုတော်ကြီး ရိုက်နှိပ်ပြီး၍ မကြာမြင့်မီ ရန်ကုန်မြို့ သုဓမ္မဝတီပိဋကတ်ပုံနှိပ်တိုက်မှလည်း အယ်ဒီတာဆရာကြီး ဦးထွန်းစိန် တအုပ်တည်းနှင့် ကျမ်းအပြီး ကာရန်မိရေးသားအပ်သည့် “သုဓမ္မဝတီဗုဒ္ဓဝင်ဝတ္ထုတော်ကြီး” ပေါ်ထွက်လာပြန်လေသည်။

နိုင်ငံတော်ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်ကျမ်း

     ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ဆောက်၍ ဤယခု ဆဋ္ဌသံဂါယနာခေတ်သို့ ရောက်သောအခါ မြန်မာနိုင်ငံတော် ဝန်ကြီးချုပ် ဦးနုသည် ဆဋ္ဌသံဂါယနာ မဟာဓမ္မသဘင်အတွက် ရှင်ဖက်လူဖက် ဤနှစ်ဖက်တို့မှ ထိုက်သက်ရာတာဝန် ပုဗ္ဗဘာဂပရိကံ အတန်တန်ကို အားသွန်ဆောင်ရွက်နေကြဆဲဖြစ်သည်ကို နစ်နစ်နောနော တွေးတောဆင်ခြင်၍ ဗုဒ္ဓဝင်ပါဠိတော် အဋ္ဌကထာတို့ကို အရင်းခံပဓာနထားပြီးလျှင် ဗုဒ္ဓမြတ်စွာ၏ အကြောင်းအရာမှန်လျှင် အစုံလင်ဆုံးသော ဗုဒ္ဓဝင်ကျမ်းကြီးတဆူ ဆဋ္ဌသံဂါယနာခေတ်တွင် အသစ်ပေါ်ထွန်းလာရန် ရည်သန်ရိုးရင်း နှလုံးသွင်းဆန္ဒဖြင့် လွန်ခဲ့သော (၁၃၁၃)ခုနှစ်က မိမိနေအိမ်အတွင်း ဘုရားဝတ်ရုံတော်ကျောင်းအသစ် ဖွင့်လှစ်၍ ရုပ်ပွါးတော်တို့ကို အနေကဇာတင်သော အခမ်းအနားတွင် ဘုန်းကြီးအား ဖော်ပြရာပါ ဗုဒ္ဓဝင်ကျမ်းကြီးတဆူ ရေးသားရန် တောင်းပန် လျှောက်ထားခဲ့လေသည်။

(ဈ)

     ထိုအခါ ဘုန်းကြီးက “မကြာမီကျင်းပမည့် ဆဋ္ဌသံဂါယနာ မဟာဓမ္မသဘင်၌ တိပိဋကဓရ ပုဂ္ဂိုလ်တပါးအဖြစ် ပါဝင်၍ ခန့်အပ်သော တာဝန်ကို အားသွန်ကြိုးပမ်း ထမ်းဆောင်ရေးအတွက် ဆဋ္ဌသံဂါယနာအမှီ တိပိဋကဓရအဖြစ်ရောက်အောင် အားထုတ်ရန်အရေး ရှိနေပါသေးသည်”ဟု အကြောင်းပြ၍ မဟာဗုဒ္ဓဝင်ကျမ်း ရေးသားရန်ကို ငြင်းဆန်ခဲ့ပေသည်။ မှန်၏… ထိုအချိန်က ဘုန်းကြီးမှာ ဝိနည်းပိဋကကိုသာ ပြန်ဆိုရေးဖြေပြီး အောင်မြင်သေး၍ အဘိဓမ္မာပိဋကကို ပြန်ဆိုရေးဖြေမည့်ဆဲဆဲ ဖြစ်ပေသည်။

ဆရာအဆက်ဆက်

     နိုင်ငံတော်ဝန်ကြီးချုပ်၏ မဆုတ်နစ်သောအာသီသ မလျော့သော ဇွဲလုံ့လဖြင့် ဤမဟာဗုဒ္ဓဝင်ကျမ်း ပေါ်ထွက်ရန် စီမံမှုကြောင့် ရှေးဦးစွာ မေဓာဝီ ဆရာကြီးဦးဆိုင် နာယကအဖြစ် ဆောင်ရွက်၍ တဝက်တပြက်မျှ လ-ပိုင်းကာလဖြင့် ရေးသားစီစဉ်၍ မပြီးမီ၊ ထိုဆရာကြီးလက်မှ တဖန် မဟာပညာဗလ ပဌမကျော် ဆရာကြီး ဦးကြီးဖေ နာယကအဖြစ် ဆောင်ရွက်ရပြန်လေသည်။ ထိုဆရာကြီးလက်မှလည်း ရှေးနည်း၎င်း တဆင့်ကူးပြောင်း၍ (အမ်၊အေ)မဟာဝိဇ္ဇာဘွဲ့ရ အဂ္ဂမဟာပဏ္ဍိတ ဆရာကြီး ဦးလင်းလက်သို့ ရောက်ရှိကာ ထိုဆရာကြီး ဦးစီးရေးသားသဖြင့် တနှစ်ခွဲခန့်အကြာ (သုမေဓကထာမှစ၍ ကဿပဗုဒ္ဓဝင် အဆုံးထိ) ပဌမတွဲ တအုပ်စာခန့်အပြီးတွင် ဆရာကြီး ဦးလင်း နေတစင်းကား ဂုဏ်သတင်းမျှ အကြွင်းရ၍ တ-သ-နှမြောဖွယ် ကွယ်ဝင်ခဲ့လေပြီ...။

သကိစ္စေ အသမတ္တေဝ၊ သဉ္ဇဟန္တိ ဗဟူ ဇနာ။

ယထာလဒ္ဓံ ဘဝံ သာယံ၊ ပုထုဇ္ဇနာန ဓမ္မတာ။

ဘုန်းကြီးထံ တာဝန်ကျရောက်ခြင်း

     ၁၃၁၆-ခုနှစ် နတ်တော်လဆန်း (၁၁)ရက်၊ ၁၉၅၄-ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့တွင် ဆရာကြီး ဦးလင်း နေတစင်းကွယ်ခဲ့ပြီးနောက် လေးရက်မြောက်သောနေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်၏

(ည)

တိုက်တွန်း တောင်းပန်ချက်အရ ဘုန်းကြီး၏ ရဟန်းဒါယကာ လောကုတ္တရာခမည်းတော် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ ဥက္ကဋ္ဌ ဆဋ္ဌသံဂါယနာဦးစီး သတိုးသီရိသုဓမ္မ သူဌေးကြီး ဆာဦးသွင်ကိုယ်တိုင် လာရောက်၍ နိုင်ငံတော် ဝန်ကြီးချုပ်က ဗုဒ္ဓဝင်ကျမ်းကြီး ဦးစီးရေးသားရန် လာရောက်တောင်းပန်လျှင် မငြင်းဆန်ဖို့ အကြောင်း လျှောက်ထားပြီးနောက် ၁၃၁၆-ခုနှစ် ပြာသိုလပြည့်နေ့ (၈-၁-၅၅)တွင် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ဘုန်းကြီး ခေတ္တနေထိုင်သည့် သာသနရိပ်သာအတွင်း ဓမ္မရိပ်သာစရပ်သို့ လာရောက်ပြီးလျှင်…

(၁) ဗုဒ္ဓဝင်ကျမ်းကြီးကို ဦးစီးရေးသားရန်၊ ထိုသို့ ရေးသားရာ၌ ဗုဒ္ဓ၏ အကြောင်းအရာမှန်က အပ်ကျသည်မျှ မကျန်ရအောင် ရေးသားရန်၊ စာတအုပ်နှင့်မပြီးလျှင် နှစ်အုပ် နှစ်အုပ်နှင့်မပြီးလျှင် လေးအုပ် ရှစ်အုပ်စသည် ဖြစ်ပါစေ၊ အကြောင်းအရာ စုံလင်ရန်ကိုသာ အဓိကထား၍ ရေးသားတော်မူပါ။

(၂) ထိုသို့ ရေးသားရာ၌ လူကြီး လူရွယ် လူငယ်တို့နှင့်တကွ ဘာသာခြားများပါ ဗုဒ္ဓ၏အကြောင်းကို နားလည် စိတ်ဝင်စားအောင် ရေးသားတော်မူပါ။

(၃) ဆရာတော်ရေးသားလျှင် ရှင်ရောလူပါ အားလုံး လက်ခံနိုင်ဖွယ်ရာရှိကြောင်း…

တောင်းပန်လျှောက်ထားလေသည်။

     ၁၃၁၃-ခုနှစ်က တကြိမ်၊ ၁၃၁၅-ခုနှစ်က တကြိမ်၊ ယခု ၁၃၁၆-ခုနှစ်တွင်လည်း ခမည်းတော် ဒါယကာကြီးကို တိုက်တွန်း၍ တကြိမ်၊ ကိုယ်တိုင်လာရောက်၍ တကြိမ် ဤသို့ အကြိမ်ကြိမ် တိုက်တွန်း တောင်းပန်အပ်သဖြင့် ငြင်းဆန်ခြင်းငှါ မထိုက်တော့ပဲ ဘုန်းကြီးသည် ဖော်ပြရာပါ ပြာသိုလပြည့်နေ့ နံနက် (၈)နာရီ အချိန် “ကောင်းပါပြီ ဒါယကာကြီး… ပါဠိတော်သံဂါယနာတင်

(ဋ)

ကိစ္စပြီးလျှင် မိမိတတ်သိသမျှ မခိုမကပ် ဦးစီးရေးသားပါမည်”ဟု တင်းတင်းပင် ဝန်ခံလိုက်ပြီးနောက် ဝန်ကြီးချုပ် ပြန်၍သွားသောအခါ…

ယံ ဟိ ကယိရာ တံ ဟိ ၀ဒေ၊

ယံ န ကယိရာ န တံ ၀ဒေ။

အကရောန္တံ ဘာသမာနံ၊

ပရိဇာနန္တိ ပဏ္ဍိတာ။

မလုပ်မပြော၊ လုပ်မှပြော၊ သဘောစင်လှဓစ။

အပြောသာချဲ့၊ အလုပ်မဲ့၊ ကဲ့ရဲ့မလွတ်ချေ။--

ဟူ၍ မိမိကိုယ်ကို မိမိ သတိပေး မှတ်ချက်ချခဲ့လေသည်။

နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့မှ တောင်းပန်ပြန်ခြင်း

     နိုင်ငံတော်ဝန်ကြီးချုပ်ထံ ဝန်ခံပြီးနောက် ရက်များမကြာမီပင် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့မှလည်း ဗုဒ္ဓဝင် ဦးစီးနာယကအဖြစ် ရွက်ဆောင်ရန် တောင်းပန် လျှောက်ထားလေသည်။ ထိုအခါ ဘုန်းကြီးက မိမိလိုလားချက်ဖြစ်သည့် (၁) စေတနာဝန်ထမ်းအဖြစ်ဖြင့်သာ ဆောင်ရွက်ရလျှင်၎င်း၊ (၂) ရုံးကိစ္စအဝဝ ဘုန်းကြီးနှင့် မပတ်သက်စေလျှင်၎င်း၊ (၃) မိမိတတ်သမျှ စာပေကိစ္စတွင်သာ ဦးစီးခွင့်ရလျှင်၎င်း ဤအချက်သုံးချက်ကို အဖွဲ့ကသဘောတူပါလျှင် လက်ခံပြီးဟူ၍ မှတ်ယူစေလိုကြောင်း ပြန်ကြားခဲ့လေသည်။ မကြာမီ ရက်အတွင်းမှာပင် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့မှ အလုပ်ကိစ္စအတွက် တာဝန်ရှိကြသော အယ်ဒီတာချုပ် ဆရာ ဦးဘမှီ၊ ဗုဒ္ဓဝင်အယ်ဒီတာ ဆရာထွန်း၊ ဗုဒ္ဓဝင်အယ်ဒီတာ ဆရာဦးဘသန်းတို့ ရောက်ရှိလာကြပြီး ဆရာတော်၏ လိုလားချက် သုံးချက်အတိုင်း အဖွဲ့က သဘောတူပါကြောင်း လျှောက်ထားကြလေသည်။ ထိုအခါ ဘုန်းကြီးက ဆရာထွန်း၊ ဆရာဦးဘသန်း နှစ်ဦးတို့အား “အနာယကာ ဝိနဿန္တိ၊ နဿန္တိ ဗဟုနာယကာ = ဦးစီးနာယကမရှိသော အလုပ်များလည်း ပျက်စီးတတ်သည်၊

(ဌ)

ဦးစီးနာယက ဩဇာပေးသူများသော အလုပ်များလည်း ပျက်စီးတတ်သည်၊ သို့ဖြစ်၍ ဗုဒ္ဓဝင်ကျမ်း ရေးသားခြင်းလုပ်ငန်း မပျက်စီးရအောင် ဘုန်းကြီး နာယကအဖြစ် လက်ခံလိုက်ခြင်း ဖြစ်ပေသည်။ ဆရာတို့နှစ်ဦးသည် ဆရာကြီးဦးလင်းလက်ထက်က မာတိကာအစီအစဉ်အတိုင်း တာဝန်ခွဲဝေ၍ ရေးသားမြဲ ရေးသားကြပါ။ သံဂါယနာပြီးစီးလျှင် ဘုန်းကြီး အချောသတ်ကိုင်ပါမည်”ဟု ပြောဆို၍ နာယကအဖြစ်ကို လက်ခံ စတင်ခဲ့လေသည်။

ဝန်ကြီးချုပ်၏ တောင်းပန်စာ

     ခိုင်ရာသံစွဲ မြဲရာတွင် သံပတ်သကဲ့သို့ နောက်ထပ်၍ တဖန် ဝန်ကြီးချုပ်ထံမှ တောင်းပန်လျှောက်ကြားစာ အခိုင်အမာ ရောက်ရှိလာပြန်သည်မှာ--

နိုင်ငံတော်ဝန်ကြီးချုပ်၏

တောင်းပန်လျှောက်ကြားစာ (မူရင်းအတိုင်း)

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ဝန်ကြီးချုပ်

နေ့စွဲ၊

၊၁၉၅၅-ခု ဒီဇင်္ဘာလ (၂၈)ရက်၊ အတိတ်သာသနာတော်နှစ် ၂၄၉၉-ခု၊ မြန်မာသက္ကရာဇ် ၁၃၁၇-ခု နတ်တော်လဆန်း ၁၄ ရက်။

တောင်းပန်လျှောက်ကြားစာ

ဘုရားတပည့်တော် ရိုသေလေးမြတ်စွာ လျှောက်ကြား တောင်းပန်အပ်ပါသည် “ဗုဒ္ဓသာသန ဝိသိဋ္ဌ တိပိဋကဓရ မဟာတိပိဋကကောဝိဒနှင့် ဝိစိတ္တသာရာဘိဝံသ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက” ဘွဲ့တံဆိပ်တော်ရ အရှင်ဝိစိတ္တသာရာဘိဝံသ ဆရာတော်မြတ်ဘုရား၊

(ဍ)

ဗုဒ္ဓေါ ဗုဒ္ဓေါတိ ဃောသော အတိဒုလ္လဘတရော-ဟူ၍ အရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာဆရာကြီးသည် မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ထုတ်ဖော်ချီးကျူး အထူးရှိခိုးခြင်း ပြုတော်မူခဲ့ပါသောကြောင့် ဤကမ္ဘာလောကကြီး အတွင်း၌ “မြတ်စွာဘုရား မြတ်စွာဘုရား”ဟူသော အသံမျှကိုပင် ကြားရဖို့ရန် အလွန်ခဲယဉ်းသည် ဟူ၍၎င်း၊ “မြတ်စွာဘုရား မြတ်စွာဘုရား”ဟူ၍ နှုတ်ဖြင့် ရွတ်ဆိုနိုင်ဖို့ရန်မှာလည်း အလွန်ခက်ခဲသည် ဟူ၍၎င်း သိကြရပါသည်။

ဤအရာ၌ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့ ရွတ်ဆိုကြသော “မြတ်စွာဘုရား မြတ်စွာဘုရား”ဟူသော အသံကို ဗုဒ္ဓဘာသာဝင်မဟုတ်သော ပုဂ္ဂိုလ်တို့သည် အလွယ်တကူ ကြားသိကြရသော်လည်း မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို မသိနားမလည်ကြသောကြောင့် ကောင်းစွာ ကြားရသည်ဟု မဆိုနိုင်ပါ။

ဥပမာအားဖြင့်- ဤကမ္ဘာလောကကြီးအတွင်း၌ စကြာမင်းတို့သာ သုံးဆောင်ထိုက်သော မနောမယ ပတ္တမြားရတနာကြီးကို တွေ့မြင်ကြည့်ရှုကြကုန်သော သူတို့အနက် ဤပတ္တမြားရတနာကြီး၏ ထူးခြားပုံ လွန်ကဲမြင့်မြတ်ပုံတို့ကို မသိကြကုန်သောသူတို့သည် သာမည ကျောက်ရတနာမျိုးကဲ့သို့ သဘောထားကြပါလိမ့်မည်၊ ဤပတ္တမြားရတနာကြီး၏ ထူးခြားပုံ လွန်ကဲမြင့်မြတ်ပုံတို့ကို စုံလင်စွာ သိကြကုန်သော သူတို့မှာမူကား အားရနှစ်ခြိုက်စွာ တစိမ့်စိမ့်ကြည့်လျက် လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါလိမ့်မည်။

ဤအလားတူပင်လျှင် ထိုမနောမယ ပတ္တမြားရတနာကြီးထက် အတိုင်းမသိ အပရိမာဏ ဆဆလွန်ကျူး၍ အထူးသဖြင့် မြင့်မြတ်တော်မူသော ဘုန်းတော် ကံတော်

(ဎ)

ဉာဏ်တော် တန်းခိုးတော်အနန္တတို့၏အရှင် သဗ္ဗညု မြတ်စွာဘုရားသခင် တည်းဟူသော အတုလ ရတနာတော်ကြီး၏ အကြောင်းအရာကို သိရှိနားလည်ကြပါကုန်မူကား ဗုဒ္ဓသာသနာတော်ကြီးကို မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါ၎င်း ကြည်ညိုပြီးသော သူတို့အားလည်း အတိုင်းထက်အလွန် သဒ္ဓါတရား တိုးပွါးခြင်းငှါ၎င်း ကောင်းစွာ ဖြစ်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။

သို့ဖြစ်ပါသောကြောင့်- လောကသုံးပါး၌ အတုမရှိ လွန်ကဲမြင့်မြတ်တော်မူသော ဘုန်းတော် ကံတော် ဉာဏ်တော် တန်းခိုးတော်အနန္တတို့၏အရှင် သဗ္ဗညုမြတ်စွာဘုရားသခင်၏ အကြောင်းအရာ အဋ္ဌုပ္ပတ်တော် အစဉ် ဗုဒ္ဓဝင်ကျမ်းတော်ကြီးကို သိလို နားလည်လို သိနားလည်စေလိုကြပါသောကြောင့် အကောင်းမွန်ဆုံး အပြည့်စုံဆုံး အစေ့စပ်ဆုံးဖြစ်သော ဗုဒ္ဓဝင်ကျမ်းကြီးကို ဖန်တီး စီရင်တော်မူရန် တောင်းပန် လျှောက်ထားအပ်ပါသည်ဘုရား။

ဤဗုဒ္ဓဝင်ကျမ်းကြီးတွင် တပည့်တော်တို့ အဓိကလိုလားသော အချက်ကြီးတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁) ပါဠိ အဋ္ဌကထာ ဋီကာ အနု မဓု ယောဇနာ ဂဏ္ဌိ ဝိနိစ္ဆယ ဂန္ထန္တရ အဝဝတို့၌ လာရှိသည့်အတိုင်း သေးငယ်သည်ဟူ၍၎င်း တိမ်မြုပ်သည်ဟူ၍၎င်း နက်နဲသည်ဟူ၍၎င်း ခက်ခဲသည်ဟူ၍၎င်း အစရှိသည်ဖြင့် တစိုးတစိမျှ မချန်မလှပ် မကြွင်းမကျန် ပါဝင်စေလိုခြင်း၊

(၂) ဂေါတမမြတ်စွာဘုရားသခင် ဝါတော် လေးဆယ့်ငါးဝါပတ်လုံး ဟောကြားတော်မူခဲ့သော သုတ် အဘိဓမ္မာ ဝိနည်းပိဋကတ် တရားတော်တို့ကို အသီးအသီး တသုတ်စီ တသုတ်စီ စသည်ဖြင့် လိုရင်းအကျဉ်းချုပ်ကို ရေးသားစီရင်၍ ပြည့်ဝစုံလင်အောင် ထည့်သွင်း ပါဝင်စေလိုခြင်း၊

(၃) ရှေးက ပေါ်ပေါက်ခဲ့ပြီးသော ဗုဒ္ဓဝင်ကျမ်းစာ အစောင်စောင်တို့ထက် သာလွန်ပြည့်စုံ ကုံလုံစေ့စပ်၍ ဖတ်နာမဝ ကြည်ညိုအားရဘို့ ကောင်းလှသော ဗုဒ္ဓဝင်ကျမ်းကြီး ဖြစ်စေလိုခြင်း၊

(ဏ)

(၄) ဂေါတမမြတ်စွာဘုရား သာသနာတော် အနှစ် “နှစ်ထောင့်ငါးရာ”သို့ရောက်သော အချိန်အခါက တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အရှင်မြတ်တပါး စီရင်တော်မူခဲ့သော မဟာဗုဒ္ဓဝင်ကျမ်းကြီး ဖြစ်သောကြောင့် နောင်လာနောက်သား လူအများတို့၏ ပစ္စုပ္ပန်တမလွန် နိဗ္ဗာန်အကျိုးစီးပွါးအလို့ငှါ အနာဂတ် သာသနာတော် နှစ်ပေါင်း နှစ်ထောင့်ငါးရာတိုင်အောင် သာသနကျောက်တိုင် မော်ကွန်းကြီးအဖြစ်ဖြင့် ပြညွှန်း စိုက်ထောင်ထားစေလိုခြင်း..

ဤအချက်ကြီးတို့နှင့် ပြည့်စုံကြွယ်ဝသော မဟာဗုဒ္ဓဝင် ကျမ်းထူး ကျမ်းမြတ်ကြီးကို နောင်လာနောက်သား လူအများတို့၏အကျိုးငှါ ငဲ့ညှာထောက်ထား သနားတော်မူသည်ကို အကြောင်းပြု၍ ယထာဗလ ယထာထာမ ဉာဏဝရဇိန် မြှောက်ချိန်လှစ်ဖွင့် ချီးမြှင့်ရေးသား စီရင်ပေးသနားတော်မူပါမည့်အကြောင်း တောင်းပန်လျှောက်ကြားအပ်ပါသည် ဆရာတော် အရှင်သူမြတ်ဘုရား။

(တ)

ဆရာကြီး ဦးလင်း၏ ဉာဏ်တံခွန်

     ဖော်ပြရာပါ နိုင်ငံတော်ဝန်ကြီးချုပ်၏ လျှောက်ကြားစာနှင့် မိမိ၏ ဝန်ခံချက်တို့အရ ဘုန်းကြီးသည် ၁၃၁၈-ခုနှစ် ပါဠိသံဂါယနာအောင်ပွဲကြီးနှင့် သာသနာ ၂၅၀၀-ပွဲကြီးများ ပြီးစီးသွား၍ မဟာဗုဒ္ဓဝင်ကို စတင်၍ အချောသတ် စီစဉ်သောအခါ ဆရာကြီး ဦးလင်း အသက်ထင်ရှားရှိစဉ်က ဦးစီးရေးသားခဲ့သည့် ပဌမတွဲ တအုပ်စာ စာမျက်နှာ ၇၀၀-ကျော်ရှိ စာမူများမှာ ဆရာကြီး၏ တသက်တာတွင် ပညာတံခွန် အဆုံးသတ်လွှင့်တင်ခဲ့သည့်ပမာ “အလွန်တရာကျယ်ပွါး၊ မှတ်သားဖွယ်တွေ ပြည့်နှက်၊ လူသာမန်တို့ အသိခက်သည့်” လေးနက်သော အဓိပ္ပါယ်များ ပါရှိသည်ကို တွေ့ရပေသည်။

     မှန်၏... ဆရာကြီး ဦးလင်းသည် ဤမဟာဗုဒ္ဓဝင်ကျမ်းကို ရှေးဦးစွာ စီစဉ်သောအခါ ဗုဒ္ဓဝင်စာသားမျှ အဓိကထား အကျဉ်းအားဖြင့် ရေးသားခဲ့ရာ အဘိယာစက = တောင်းပန်ရင်းပုဂ္ဂိုလ်ဖြစ်သူ နိုင်ငံတော်ဝန်ကြီးချုပ်က “ကျယ်ချင်သမျှ ကျယ်ပါစေ ဆရာကြီး... ကျွန်တော်များ သိရမည့် ဗုဒ္ဓမြတ်စွာ၏ အကြောင်းအရာ မှန်သမျှ အပ်ကျသည်ကိုပင် မချန်ထား နောက်သားတို့အလို့ငှါ အစွမ်းရှိသမျှ ရေးသားတော်မူပါ”ဟု ထပ်၍တဖန် တောင်းပန်သဖြင့် စီမံပြီးသမျှ အကျဉ်းစာသား အလုံးစုံပယ်ရှား၍ ဆရာကြီးသည် ဣရိယာပုထ် လေးပါးလုံး ဗုဒ္ဓဝင်စိတ်ဖြင့်သာ အချိန်ကို ကုန်ဆုံးစေလျက် ရုံးသို့ရောက်၍ အလုပ်ခွင်ဝင်သောခါမှာလည်း စားပွဲပေါ်သို့ တတောင်နှစ်ဖက်ကို အစုံလိုက်တင်ထောက် တခါတခါတွင် (တောက်)ခေါက် အားရလောက်အောင် လက်သီးနှစ်ဖက်ကိုဆုပ်လျက် မျက်စိကိုမှိတ် အံကိုကြိတ်ပြီးလျှင် စိတ်ပါလက်ပါ နှုတ်မြွက်၍ လက်ရေးတိုစာရေးကို အားလပ်ခွင့်မပေးပဲ ရေးသားစေခဲ့ကြောင်း (ထိုစဉ်က ဆရာကြီး၏ အပါးတော်မြဲ) ယခု ဗုဒ္ဓဝင်အယ်ဒီတာ ဆရာထွန်း လျှောက်ထားသဖြင့် ကောင်းစွာ သိရှိရပေသည်။

(ထ)

ဤမဟာဗုဒ္ဓဝင်ကျမ်း စီစဉ်ပုံ

     ဆိုအပ်ပြီးသည့် လွန်စွာကျယ်ပွါး မှတ်သားဖွယ်ပြည့်နှက် အဓိပ္ပါယ်နဲနက်လှသည့် ဆရာကြီး၏ တသက်တာ ပညာတံခွန် အဆုံးသတ်လွှင့်တင်ခဲ့သည့် စာမူတည်းဟူသော ဗဟုသုတဘဏ်တိုက်ကြီးကို မူလအစီအစဉ်အတိုင်း ရိုက်နှိပ်စေပါက ဗုဒ္ဓဝင်စာတော်ဖတ် ပရိသတ်တို့၏ဉာဏ်တွင် အဖတ်ခက် အမှတ်ခက် ရောယှက်ရှုပ်ထွေးလေရာသောကြောင့်--

(၁) ဗုဒ္ဓဝင်စာသားကို သီးခြားစီစဉ်ခြင်း၊

(၂) ဗုဒ္ဓုပ္ပါဒဒုလ္လဘအခဏ်း (၂)ကို အသစ်ပြင်ဆင် စီစဉ်ရေးသား၍ နာယကဆရာတော်များ၏ သဘောတူညီချက် ရပြီးမှ မူအတည်ဖြစ်စေခြင်း၊

(၃) ပကိဏ္ဏကခဏ်း = ဘုရားဆုပန် ပုဂ္ဂိုလ်တိုင်း လိုက်နာသိရှိ ဖြည့်ကျင့်ရမည့် အကြောင်းအရာ အပြည့်အစုံတို့ကို အသစ်ထည့်သွင်းရေးသားခြင်း၊

(၄) ဗုဒ္ဓဝင်စာသားကို သီးခြားစီစဉ်၍ အဓိပ္ပါယ်အဆုံးအဖြတ် မှတ်သားဖွယ်တို့ကို “အနုဒီပနီ”ဟူသော အမည်ဖြင့် ပဌမတွဲ အပိုင်း (၁)၏ နောက်ဆက်တွဲအဖြစ် အပြည့်အစုံ ဖော်ပြခြင်း၊

(၅) အယူအမှတ် ခဲခက်မည့် စာသုံးဝေါဟာရ အချို့တို့ကို သိလွယ်သော မြန်မာဝေါဟာရသို့ ပြောင်းလဲ ပြန်ဆိုခြင်း--

စသည်ဖြင့် ဤမဟာဗုဒ္ဓဝင်ကျမ်းကို စီစဉ်ရေးသားအပ်ပေသည်။

     ဤ မဟာဗုဒ္ဓဝင်ကျမ်းကို နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ စာပုံနှိပ်တိုက်တွင် စက်တင်ပုံနှိပ်သည့်အခါ မဟာပညာဗလ ပါဠိပါမောက္ခ စာပြင်မှူးချုပ် ဆရာကြီးဆရာဉာဏ်က (ပရု)ကြည့်ရှု၍ ကြပ်မစောင့်ရှောက်ကြောင်း။

(ဒ)

တိုက်တွန်းချက်

     ဗုဒ္ဓဝင်စာတော်ဖတ် ပရိသတ်အပေါင်း သူတော်ကောင်းတို့... ဤမဟာဗုဒ္ဓဝင်ကျမ်း ထွက်ပေါ်လာပုံနိဒါန်းကို ဖော်ပြအပ်ပြီးလေပြီ၊ ဤမဟာဗုဒ္ဓဝင်ကျမ်းကြီးကား ဗုဒ္ဓဝင်ပါဠိတော် အဋ္ဌကထာ စသည်တို့နှင့် ဘာသာစကား ပါဠိနှင့် မြန်မာမျှသာ ကွဲပြား၍ အဓိပ္ပါယ်အနက်သွားမှာ တသားတည်း ဖြစ်ချေသည်။

     ဗုဒ္ဓဝင်စာတော်ဖတ် ပရိသတ်အပေါင်း သူတော်ကောင်းတို့အား မြတ်စွာဘုရား ဟောကြားတော်မူအပ်သည့်- (၁) နှစ်သက်ဝမ်းမြောက်ခြင်းအကျိုး၊ (၂) သောကငြိမ်းအေးခြင်းအကျိုး (၃) လူ နတ် နိဗ္ဗာန် သုံးတန်သော သမ္ပတ္တိအကျိုးတို့ကို ပေးစွမ်းနိုင်မည်ဧကန် အမှန်ပင်ဖြစ်သောကြောင့် ယခုအခါ ထိုအကျိုးတရားတို့ကို ကိုယ်စီကိုယ်င ခံစားသုံးဆောင်နိုင်ကြရန် ဥယျောဇဉ် ဂါထာညွှန်း (ကြည့်ရှု နာယူ မှတ်သားရန်) တိုက်တွန်း၍ ဤမဟာဗုဒ္ဓဝင်ကျမ်းနိဒါန်းကို အဆုံးသတ်တော့မည်…

ပါတုဘူတော မဟာဗုဒ္ဓ-

ဝံသော ဗုဒ္ဓတ္ထဒီပကော။

ဗုဒ္ဓဝါဒီနမတ္ထာယ၊

တံ နိသာမေထ သာဓဝေါ။

သာဓဝေါ = ကိုယ်ကျိုးသူကျိုး ဤနှစ်မျိုးကို သည်ပိုးပြီးစေ ရွက်ဆောင်ပေသဖြင့် စိတ်နေပျော့ပျောင်း အိုသူတော်ကောင်းတို့...။ ဗုဒ္ဓဝါဒီနံ = ဗုဒ္ဓဝါဒ လက်ကိုင်ရှိကြသည့် သပ္ပုရိသအပေါင်း သူတော်ကောင်းတို့၏။ အတ္ထာယ = နှလုံးစိတ်ဝမ်း ရွှင်လန်းခြင်းစသော အကျိုးငှါ။ ဗုဒ္ဓတ္ထဒီပကော = ဗုဒ္ဓပရမေ သုံးလူ့ဆွေ၏ သုမေဓာဘဝ ထိုကစ၍ အဓိကာရ = (အထိကရ) ကုသိုလ်ထူး ဆည်းပူးစဉ်လာ ကြောင်းအရာကို ထင်စွာလှလှ ပြတတ်ပေထသော။ မဟာဗုဒ္ဓဝံသော = နိုင်ငံတော်

(ဓ)

ဗုဒ္ဓသာသန၏ ဆဋ္ဌသံဂါယနာ ဖွားဖက်တော်အဝင်အပါ မဟာဗုဒ္ဓဝင် မည်တွင်သာဆန်း စာတော်ကျမ်းသည်။ ပါတုဘူတော = ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ဓမ္မဉ္စရ မြိုက်ဗီဇကို ပျိုးချစေသား လယ်မြေအလားလျှင် ထင်ရှားထွက်ပေါ်ခဲ့လေပြီ။ တံ = တသ္မာ = ထို့ကြောင့်။ တံ = ထိုမဟာဗုဒ္ဓဝင် မည်တွင်သာဆန်း စာတော်ကျမ်းကို။ တုမှေ = ဗောဓိမျိုးမှန် လေးမဂ်ဉာဏ်ကို ရင့်သန်လိုတောင်း သင်သူတော်ကောင်းတို့သည်။ နိသာမေထ = ဝမ်းမြောက်ခြင်းအစ နိဗ္ဗာန်ကျအောင် ဖလဆက်စည် ပွါးလိမ့်မည်ဟု ယုံကြည်သမှု ဉာဏ် စက္ခုဖြင့် ကြည့်ရှုဖတ်ကြား မှတ်သား နာယူကြပါကုန်လော့။


ဦးဝိစိတ္တသာရာဘိဝံသ

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက

၁၃၂၂-ခုနှစ်၊ ဝါဆိုလဆန်း (၇) ရက်နေ့။


နိူင်ငံတော်ဗုဒ္ဓသာသန

မဟာဗုဒ္ဓဝင်

ပဌမတွဲ

**********

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁-ပဏာမနှင့် ပဋိညာဉ်

     လောကသုံးပါး၌ ဗြဟ္မာနတ်လူတို့တွင် တူသောသူဟူ၍ မရှိစကောင်း၊ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ဦးခေါင်းညွတ်လျှိုး ကိုးကွယ်ဆည်းကပ်ရာ မြတ်စွာဘုရား အချင်းချင်းသာလျှင် (အသက်တမ်းပမာဏ၊ လုံးရပ်ပမာဏ၊ အမျိုးအနွယ်၊ ဒုက္ကရစရိယာကျင့်ရာကာလ၊ ရောင်ခြည်တော်၊ တောထွက်သောအခါ စီးနင်းသည့်ယာဉ်၊ ဗောဓိပင်၊ ပလ္လင်တော်ပမာဏ၊ ဤရှစ်မျိုးမှတပါး) အလုံးစုံသော ဘုန်းတန်ခိုး အာနုဘော် ကျေးဇူးတော် ဂုဏ်တော်တို့မှာ တစုံတရာ ထူးထွေခြင်းမရှိ ပကတိမခြား ရှေးရှေးသော ဘုရားရှင်တို့၏ အလားအလာအတိုင်း

အလွန်တရာ ဖြစ်ပွင့်ခဲစွာဖြင့် ဖြစ်ပွင့်တော်မူလာသော မြတ်စွာဘုရားကို၎င်း… ထို မြတ်စွာဘုရားသည်ပင် ကြည်လင်လှစွာသော သဗ္ဗညုတဉာဏ် ထက်သန်လှစွာသော မဟာကရုဏာတို့ဖြင့် သတ္တဝါတို့အဘို့လည်း ကောင်းစွာဟောကြား ကိုယ်တော်တိုင်လည်း အလွန်လေးစားတော်မူအပ်သော တရားတော်ကို၎င်း... ထိုတရားတော်မြတ် ပဋိပတ်ကျင့်စဉ်အတိုင်း ကောင်းမွန်ဖြောင့်မတ်စွာ ကျင့်သဖြင့် ဘုရားသားတော်စင်စစ် ဖြစ်တော်မူကြသော အရိယာသံဃာတော်မြတ်ကို၎င်း… ရိုသေမြတ်နိုး ရှိခိုးပါ၏။

     ရှိခိုးပြီး၍ ရှေးအခါက ဂင်္ဂါဝါလု သဲစုမက ပွင့်တော်မူကြလေပြီးသော မြတ်စွာဘုရားတို့အနက် ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ နိယတဗျာဒိတ် ခံယူတော်မူရာ ဒီပင်္ကရာ မြတ်စွာဘုရားမှ စ၍ နှစ်ကျိပ်ငါးဆူသော မြတ်စွာဘုရားတို့၏ ဖြစ်ပွင့်တော်မူခဲ့သော အစီအစဉ် မဟာဗုဒ္ဓဝင်ကို ဗုဒ္ဓဝံသပါဠိ အဋ္ဌကထာတို့ကို အရင်းထား၍ တပါးသောပါဠိ အဋ္ဌကထာများမှလည်း သိမှတ်သင့်သော အကြောင်းအရာများကိုပါ စွမ်းနိုင်သမျှ ဆောင်ယူကာ မကျဉ်းမကျယ် မလွယ်မခက် အလတ်စားဖြစ်သော စကားအစဉ်ဖြင့် စီရင်ရေးသားပေအံ့။

     ကောင်းမှုပညာ ဖွေရှာလိုလား သူတော်စင်အများတို့သည် လောကသုံးပါး၏ ပတ္တမြားမှန်ကင်းသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရားကို ကိုးစားယုံကြည်ခြင်း တည်းဟူသော ဗုဒ္ဓသရဏဂုံ… တရားတော်ကို ကိုးစားယုံကြည်ခြင်း တည်းဟူသော ဓမ္မသရဏဂုံ… သံဃာတော်ကို ကိုးစားယုံကြည်ခြင်း တည်းဟူသော သံဃသရဏဂုံ… တို့ကို အခြေခံ ခိုင်လုံစေပြီးလျှင် ကျင့်စဉ်လမ်းဖြစ်သော သီလ သမာဓိ ပညာ သိက္ခာသုံးပါး တို့ကို ကောင်းမွန်ဖြောင့်မတ်စွာ ဖြည့်စွမ်းလျက် မဂ်ဖိုလ်နိဗ္ဗာန်လမ်း ပေါက်လွယ်ကြပါစေသတည်း။

**********

၂-ဗုဒ္ဓုပ္ပါဒဒုလ္လဘအခဏ်း

မြတ်စွာဘုရား ပွင့်တော်မူရာကာလ၏ ရခဲကြုံခဲခြင်း

     ဇေတဝန်ကျောင်းဒါယကာ ဖြစ်အံ့ဆဲဆဲသော အနာထပိဏ်သူဌေးသည် ရှေးဦးစွာ မြတ်စွာဘုရားကို ဖူးတွေ့ရမည့်အခေါက် ရာဇဂြိုဟ်ပြည်သို့အရောက်တွင် (အပြန်အလှန် သမီးယောက်ဖတော်စပ်သူ) ရာဇဂြိုဟ်သူဌေးအထံမှ “မြတ်စွာဘုရား”ဟူသော အသံကို ကြားရလျှင်ပင်။ ။ ဃောသောပိ ခေါ ဧသော ဂဟပတိ ဒုလ္လဘော လောကသ္မိံ ယဒိဒံ ဗုဒ္ဓေါ ဗုဒ္ဓေါတိ = သူဌေးမင်း… မြတ်စွာဘုရား မြတ်စွာဘုရားဟူသော အသံမျှကိုပင်သော်လည်း လောက၌ ကြားရခဲလှ၏။ ။ဟု ပြောဆိုလေသည်။ ။(ဝိနယ၊ စူဠဝဂ္ဂပါဠိ၊ သေနာသနက္ခန္ဓကမှ။)

     အင်္ဂုတ္တရာပတိုင်း အာပဏနိဂုံး၌ မြတ်စွာဘုရား သီတင်းသုံးနေတော်မူစဉ် မကြာမြင့်မီပင် အခြံအရံ တပည့်ပရိသတ် သုံးရာနှင့်တကွ ဧဟိဘိက္ခုရဟန်းအဖြစ်ကို ရ၍ ခုနစ်ရက်မြောက်၌ အလုံးစုံ တပည့်ပရိသတ် သုံးရာနှင့်တကွပင် ရဟန္တာအဖြစ်သို့ရောက်မည့် ဗြာဟ္မဏပါမောက္ခ သေလပုဏ္ဏားသည်လည်း ဆံကျစ်ထုံးသော ကေဏိယရသေ့အထံမှ “မြတ်စွာဘုရား”ဟူသော အသံကို ကြားရလျှင်ပင်။ ။ ဃောသောပိ ခေါ ဧသော ဒုလ္လဘော လောကသ္မိံ ယဒိဒံ ဗုဒ္ဓေါ ဗုဒ္ဓေါတိ = မြတ်စွာဘုရား မြတ်စွာဘုရားဟူသော အသံမျှကိုပင်သော်လည်း လောက၌ ကြားရခဲလှ၏။ ။ဟု အကြံဖြစ်လေသည်။ ။ (မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ သေလသုတ်မှ။)

     ဤဆိုအပ်ပြီးသော ပါဠိတော်များနှင့်အညီ လောက၌ မြတ်စွာဘုရား မြတ်စွာဘုရားဟူသော အသံမျှကို ကြားရဘို့ရန် အလွန်တရာ ခဲယဉ်းလှ၏။ မြတ်စွာဘုရား ဖြစ်ပွင့်တော်မူဘို့ရန်မှာမူ ဆိုဘွယ်ရာ မရှိပြီ။ အလွန့်ထက်အလွန် ခဲယဉ်းလှပေ၏။

     ဤအရာ၌ (စိန်)ဟူသော အသံသဒ္ဒါသည် စိန်အစစ်ကို ခေါ်ဝေါ်ပြောဆိုသော အသံသဒ္ဒါ, စိန်အတုကို ခေါ်ဝေါ်ပြောဆိုသော အသံသဒ္ဒါဟူ၍ နှစ်မျိုးရှိသကဲ့သို့ ထိုထိုအနက်စစ်ကိုဟောသော အသံသဒ္ဒါ၊ အနက်တုကိုဟောသော အသံသဒ္ဒါ နှစ်မျိုးစီ ရှိကြရာတွင် မြတ်စွာဘုရား ပွင့်ထွန်းတော်မမူမီက ဗုဒ္ဓကောလာဟလ= (ဘုရား ပွင့်တော့မည်တဲ့ ဟူသော အုတ်အုတ်ကျက်ကျက်အသံ) သတင်းပြေးမှုကြောင့် ဘုရားမဟုတ်ပါပဲလျက် မိမိတို့ကိုယ်ကို ဘုရားသဗ္ဗညုအမည်ခံ၍ ဘုရားပြုလုပ်နေကြသည့် ဆသတ္ထာရ (တိတ္ထိဆရာကြီး ခြောက်ဦး)တို့ ပေါ်ပေါက်နှင့်ကြသဖြင့် ထိုတိတ္ထိဆရာကြီးတို့ကို ခေါ်ဝေါ်ပြောဆို သုံးနှုန်းသော (ဗုဒ္ဓ) “ဘုရား”ဟူသော အသံသဒ္ဒါကို အနာထပိဏ်သူဌေး သေလပုဏ္ဏားတို့ ရှေးက ကြားဘူးကြမည်သာ ဖြစ်၏။ သို့သော်လည်း ရတနာစစ်မစစ်ကို ပိုင်းပိုင်းခြားခြား သိနိုင်သော ပညာဉာဏ် ဓာတ်ခံရှိသူ၏ မျက်မှောက်၌ စိန်အတု စိန်အစစ် နှစ်မျိုးကို ချထား၍ နှစ်မျိုးလုံးကိုပင် (စိန်)ဟု အသံသဒ္ဒါတူ ပြောဆိုသော်လည်း စိန်အတုကို ပြောဆိုသော အသံသဒ္ဒါမှာ ထိုသူ၏စိတ်ကို မနှစ်သက်စေနိုင်ပဲ စိန်အစစ်ကို ပြောဆိုသော (စိန်)ဟူသော အသံသဒ္ဒါကသာလျှင် အနက်မှန် သဒ္ဒါမှန်ဖြစ်၍ ထိုသူ၏စိတ်ကို နှစ်သက်စေနိုင်သကဲ့သို့ ထို့အတူ တိတ္ထိဆရာကြီးတို့ကို ခေါ်ဝေါ်ပြောဆို သုံးနှုန်းသော (ဗုဒ္ဓ) “ဘုရား”ဟူသော အသံသဒ္ဒါမှာ ဘုရားအစစ်ကို မဟော၊ ဘုရားအတုကိုဟောသော သဒ္ဒါမျိုး ဖြစ်သောကြောင့် အသိဉာဏ် ပါရမီ ဓာတ်ခံ ရင့်သန်ပြီးဖြစ်ကြသည့် အနာထပိဏ်သူဌေး သေလပုဏ္ဏားတို့၏ စိတ်ကို မနှစ်သက်စေနိုင်ပဲ မြတ်စွာဘုရားအစစ်ကိုဟောသော (ဗုဒ္ဓ) “ဘုရား”ဟူသော အသံသဒ္ဒါကသာလျှင် အနက်မှန် သဒ္ဒါမှန်ဖြစ်၍ အနာထပိဏ်သူဌေး သေလပုဏ္ဏားတို့၏ စိတ်ကို နှစ်သက်စေနိုင်သည်။

     အသိဉာဏ်မွဲ ဘုန်းကံနဲသော သူတို့၏ စိန်အတုကို စိန်အစစ်ဟု ထင်မှတ်ခြင်းသည် မှားယွင်းသော ဆုံးဖြတ်ခြင်း အကျိုးယုတ်စေတတ်သော ဆုံးဖြတ်ခြင်းမျိုးသာ ဖြစ်သကဲ့သို့ တိတ္ထိတပည့်တို့၏ မိမိတို့ဆရာ (ဆသတ္ထာရ)တို့၌ ဘုရားအစစ်ဟု ထင်မှတ်ခြင်းသည်ကား မှားယွင်းသော ဆုံးဖြတ်ခြင်း အကျိုးယုတ် စေတတ်သော ဆုံးဖြတ်ခြင်း (မိစ္ဆာဓိမောက္ခ)သာလျှင် ဖြစ်၏။

     ဤ ဗုဒ္ဓပ္ပါဒဒုလ္လဘ = (မြတ်စွာဘုရား ပွင့်တော်မူရာကာလ၏ ရခဲကြုံခဲခြင်း)ကို ဖော်ပြသော အခဏ်း၌ ဗုဒ္ဓပ္ပါဒဒုလ္လဘ ဖြစ်ပုံကို နစ်နစ်နောနော သဘောကျ ယုံကြည်နိုင်ရန်-

(က) ဗောဓိသတ္တ = (အလောင်းအလျာကြီးများ)

(ခ) ဗောဓိသတ္တကိစ္စ = (အလောင်းအလျာကြီးတို့၏ လုပ်ငန်းစဉ်)

(ဂ) ဗုဒ္ဓ = (ကိစ္စပြီးမြောက် ဗုဒ္ဓအဖြစ်သို့ရောက်ပြီး ပုဂ္ဂိုလ်မြတ်ကြီးများ)

(ဃ) ဗုဒ္ဓကိစ္စ = (ဗုဒ္ဓမြတ်စွာ၏ နေ့စဉ် လုပ်ငန်းရပ်များ)

     ဤလေးမျိုးကို အကျဉ်းချုပ် သိမှတ်ထားရန် အရေးကြီးလှ၏။ ထိုလေးမျိုးတို့တွင်-

(က) ဗောဓိသတ္တ = (အလောင်းအလျာကြီးများ)

     မဂ်ဉာဏ်လေးပါး သဗ္ဗညုတဉာဏ်တို့ကို ဗောဓိဟု ခေါ်သည်။ ထိုဗောဓိဉာဏ်သည်လည်း (၁) ဆရာမကူ မိမိကိုယ်တိုင် သစ္စာလေးပါးကိုသိသော ဝါသနာနှင့်တကွ ကိလေသာတို့ကို ပယ်စွမ်းနိုင်သည့် သတ္တိထူးရှိသော မဂ်ဉာဏ်လေးပါး၊ ခပ်သိမ်းသော ဉေယျတရားတို့ကို အကြွင်းမရှိ သိမြင်နိုင်သော သဗ္ဗညုတဉာဏ်တို့ကို သမ္မာသမ္ဗောဓိဉာဏ်ဟု ခေါ်သည်။ (၂) ဆရာမကူ မိမိကိုယ်တိုင် သစ္စာလေးပါးကိုသိသော မဂ်ဉာဏ်လေးပါးကို

ပစ္စေကဗောဓိဉာဏ်ဟု ခေါ်သည်။ (၃) ဆရာရှိမှ သစ္စာလေးပါးကိုသိသော မဂ်ဉာဏ်လေးပါးကို သာဝကဗောဓိဉာဏ်ဟု ခေါ်သည်။ ဤသို့ သုံးပါးအပြားရှိ၏။

     ထိုတွင် (၁) သမ္မာသမ္ဗောဓိဉာဏ်၌ လိုလားတောင့်တသော ကုသိုလ်ဆန္ဒ ပြင်းထန်လှသည့် ပုဂ္ဂိုလ်သူမြတ်ကြီးများကို သမ္မာသမ္ဗောဓိသတ္တ = သဗ္ဗညုဘုရားအလောင်းဟူ၍ ခေါ်ဆို၏။ (၂) ပစ္စေကဗောဓိဉာဏ်၌ လိုလားတောင့်တသော ကုသိုလ်ဆန္ဒ ပြင်းထန်လှသည့် ပုဂ္ဂိုလ်သူမြတ်ကြီးများကို ပစ္စေကဗောဓိသတ္တ = ပစ္စေကဗုဒ္ဓါအလောင်းဟူ၍ ခေါ်ဆို၏။ (၃) သာဝကဗောဓိဉာဏ်၌ လိုလားတောင့်တသော ကုသိုလ်ဆန္ဒ ပြင်းထန်လှသည့် ပုဂ္ဂိုလ်သူမြတ်ကြီးများကို သာဝကဗောဓိသတ္တ = တပည့်သာဝကအလောင်းဟူ၍ ခေါ်ဆို၏။

ဘုရားအလောင်းအလျာ သုံးမျိုး

     ဆိုအပ်ပြီးသော ဗောဓိသတ္တသုံးမျိုးတို့တွင် (၁) သမ္မာသမ္ဗောဓိသတ္တဖြစ်သော ဘုရားအလောင်းအလျာ သူမြတ်ကြီးများကား (၁) ပညာဓိကဘုရားလောင်း (၂) သဒ္ဓါဓိကဘုရားလောင်း (၃) ဝီရိယာဓိကဘုရားလောင်းဟူ၍ သုံးမျိုးရှိကြပြန်၏။

     ဘုရားအဖြစ်ဟူသည် သဗ္ဗညုတဉာဏ်တော်ကြီးကို ရခြင်းပင် ဖြစ်၏။ ထိုဉာဏ်တော်ကြီးကို ရဘို့ရန်မှာ ရှာမှီးသူတို့၏ စိတ်သန္တာန်တွင် ပညာဓာတ်ခံ လွန်ကဲစွာ ရှိခြင်းပင် ဖြစ်၏။ ပညာဓာတ်ခံ လွန်ကဲစွာ ရှိခြင်း ဟူသည်လည်း အရာရာတိုင်း ပြုသမျှ ပြောသမျှ ကြံသမျှတို့၌ ဝေဖန်ဆင်ခြင်စဉ်းစားမှု ပြုလုပ်ခြင်းပင် ဖြစ်၏။ ဤသို့ ပြုလုပ်သဖြင့် တဘဝထက်တဘဝ ပညာဓာတ်ခံ ရင့်သန်ကာ ပညာတကာတို့ထက် အထွတ်အထိပ်ဖြစ်သော သဗ္ဗညုတဉာဏ်တော်ကြီးသို့ ပေါက်ရောက်လွယ်၏။ လောက၌ ငွေဖြင့်ရင်းနှီး၍ရှာမှ ငွေကို ရလွယ်သကဲ့သို့ ပညာဖြင့် ရင်းနှီး၍ရှာမှ သဗ္ဗညုတဉာဏ် ပညာကြီးကို ရလွယ်သည်။ သို့ဖြစ်၍-

     ပညာဓိကဟု ခေါ်သော ဉာဏ်ပညာ လွန်ကဲသည့် ဘုရားအလောင်းတော်များသည် ပါရမီဖြည့်ရာ၌ အမြဲပင် ပညာဉာဏ်ပါရှိပြီး ဖြစ်သည့်အတွက် လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်လျှင် ဘုရားဖြစ်တော်မူကြ၏။

     အချို့သော အလောင်းတော်တို့သည်ကား “ပါရမီဖြည့်လျှင် ဘုရားဖြစ်နိုင်သည်”ဟူ၍ ယုံကြည်ကြ၏။ ထိုအလောင်းတော်တို့၏ စိတ်၌ ယုံကြည်ခြင်း သဒ္ဓါတရား လွန်ကဲ၍နေ၏။ ပညာကား သဒ္ဓါတရားအောက် နည်းပါးလေသည်။ ထိုအလောင်းတော်ကြီးများကို သဒ္ဓါဓိကဘုရားအလောင်းဟု ခေါ်သည်။ (သဒ္ဓါတရား သာလျှင် လွန်ကဲခြင်းရှိသော အလောင်းတော်ဟု ဆိုလိုသည်)။ ဤသဒ္ဓါဓိကဘုရားအလောင်းတော်များမှာ ပညာက ရှေ့မဆောင်နိုင်ပဲ သဒ္ဓါတရားကသာ ရှေ့ဆောင်ကာ ပါရမီဖြည့်ရသည့်အတွက် လေးအသင်္ချေနှင့် ကမ္ဘာတသိန်းတွင် ဘုရားမဖြစ်နိုင်သေးပဲ ရှစ်အသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်မှ ဘုရားဖြစ်တော်မူကြ၏။

     အချို့သော အလောင်းတော်တို့သည်ကား.. ဝီရိယကိုသာ အားကိုးအားထားပြုကြ၏။ မြော်မြင်ဆင်ခြင်မှု ပညာကိုလည်း အဓိကအားဖြင့် အသုံးမပြုနိုင်၊ “ပါရမီဖြည့်လျှင် ဘုရားဖြစ်နိုင်သည်”ဟူသော ယုံကြည်ခြင်း သဒ္ဓါတရားကိုလည်း ဂရုမထား၊ “ကြိုးစားလျှင် ဘုရားဖြစ်မည်”ဟူသော ဝီရိယကိုသာ ရှေ့ထား၍ ပါရမီတော်တို့ကို ဖြည့်ကျင့်သည့်အတွက် တဆယ့်ခြောက်အသင်္ချေနှင့် ကမ္ဘာတသိန်းကြာမှ ဘုရားဖြစ်တော်မူကြသည်။ ထိုအလောင်းတော်ကြီးများကို ဝီရိယာဓိကဘုရားအလောင်းဟု ခေါ်သည်။ (ဝီရိယသာလျှင် လွန်ကဲခြင်းရှိသော အလောင်းတော်ဟု ဆိုလိုသည်။)

     ဤသိုလျှင် ပညာဓိက, သဒ္ဓါဓိက, ဝီရိယာဓိကဟူသော အမည်သုံးပါးသည် ဘုရားအလောင်းတော်တို့၏ အမည်ဟု သတိပြုရာ၏။ သတိမပြုလျှင် ဘုရားရှင်တို့၏ အမည်ဟု မှတ်ထင်နေတတ်ကြ၏။ အလောင်းတော်ဘဝ၌ ပညာဓိက, သဒ္ဓါဓိက, ဝီရိယာဓိက

အမည်သုံးပါး ကွဲပြားသော်လည်း ဘုရားဖြစ်သောအခါ အလုံးစုံ တူညီကြ၏။ မည်သည့်ဘုရားက ဂုဏ်ကျေးဇူး ပိုသည် လိုသည်ဟူ၍ မရှိတော့ပြီ။

ပညာဓိကာနံ ဟိ သဒ္ဓါ မန္ဒာ ဟောတိ၊ ပညာ တိက္ခာ။ သဒ္ဓါဓိကာနံ ပညာ မဇ္ဈိမာ ဟောတိ၊ သဒ္ဓါ ဗလဝါ။ ဝီရိယာဓိကာနံ သဒ္ဓါပညာ မန္ဒာ၊ ဝီရိယံ ဗလဝံ။ (သုတ္တနိပါတ အဋ္ဌကထာ၊ ခဂ္ဂဝိသာဏ ပဌမသုတ်အဖွင့်)

     အထူးမှတ်ရန်ကား- ပညာဓိကဘုရားလောင်းတို့မှာ သဒ္ဓါနုန့်၍ ပညာထက်သည်။ သဒ္ဓါဓိက ဘုရားလောင်းတို့မှာ ပညာအလယ်အလတ်ဖြစ်၍ သဒ္ဓါအားကြီးသည်။ ဝီရိယာဓိက ဘုရားလောင်းတို့မှာ သဒ္ဓါ ပညာ နှစ်ပါးနုန့်၍ ဝီရိယ အားကြီးသည်။

ဘုရားအလောင်းတော်များ သုံးမျိုးပြားခြင်း၏ အခြေခံအကြောင်းရင်း

     ဆိုအပ်ပြီးသောအတိုင်း ဘုရားအလောင်းတော်ကြီးများ သုံးမျိုးပြား၍ ကာလအားဖြင့် လေးအသင်္ချေနှင့် ကမ္ဘာတသိန်း, ရှစ်အသင်္ချေနှင့် ကမ္ဘာတသိန်း, တဆယ့်ခြောက်အသင်္ချေနှင့် ကမ္ဘာတသိန်းကြာအောင် ပါရမီတော်တို့ကို ဆည်းပူးရာအချိန်ကာလ ကွဲပြားခြားနားရခြင်း၏ အခြေခံအကြောင်းရင်းမှာ ရှေးအခါ မြန်မာနိုင်ငံတော်တွင် ကဗျာဘက်၌ ထင်ပေါ်ကျော်စောသော အရှင်သီလဝံသမထေရ်မြတ်သည် ပါရမီခဏ်းပျို့၌-

“ရှင်တို့ကျင့်ကောင်း၊ ဘုရားလောင်းတို့၊ ဆုတောင်းသောစဉ်၊ ဉာဉ်ဝီရိယာ၊ သဒ္ဓါဓိက၊ သုံးမည်ရလျက်၊ ကာလသုံးကြိမ်၊ ကျွတ်ထောက်ချိန်၍”–

ဟု စပ်ဆိုတော်မူခဲ့၏။

     အဓိပ္ပါယ်မှာ- ဘုရားအလောင်းတော်များ ပါရမီဖြည့်ကျင့်ရခြင်းသည် မိမိတို့၏ ဆုတောင်းသို့လိုက်၍ အစဉ်အတိုင်း

ပညာဓိက, ဝီရိယာဓိက, သဒ္ဓါဓိကဟူ၍ အမည်သုံးပါး ကွဲပြားလျက် ကျွတ်ရာ (ဘုရားဖြစ်ရာ) အချိန်ကာလလည်း သုံးမျိုးပင် ကွဲပြားသည်။ ပါရမီဖြည့်စဉ် ပညာဓိကဘုရား ဖြစ်ရပါလို၏ဟု ဆုတောင်းက ပညာဓိကဘုရား ဖြစ်၏၊ လေးအသင်္ချေနှင့် ကမ္ဘာတသိန်းကြာအောင် ပါရမီတို့ကို ဖြည့်ရ၏။ သဒ္ဓါဓိကဘုရား ဖြစ်ရပါလို၏ဟု ဆုတောင်းလျှင် ရှစ်အသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီတို့ကို ဖြည့်ရ၍ သဒ္ဓါဓိကဘုရား ဖြစ်ရ၏။ ဝီရိယာဓိကဘုရား ဖြစ်ရပါလို၏ဟု ဆုတောင်းလျှင် တဆယ့်ခြောက်အသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီတို့ကို ဖြည့်ရ၍ ဝီရိယာဓိကဘုရား ဖြစ်ရ၏ဟု ဆိုလိုသည်။ ။ဤလင်္ကာအရ ပညာဓိကစသော အမည်သုံးပါးမှာ မြတ်စွာဘုရားများ၏အမည် ဖြစ်သည်ဟု ယူဆရမည်ကဲ့သို့ ရှိ၏။ စင်စစ်မှာ ရှေးက ပြခဲ့ပြီးသောအတိုင်း ပညာဓိကစသော အမည်သုံးပါးမှာ ဘုရားအလောင်းတော်တို့၏အမည်သာ ဖြစ်သည်ဟု သိမှတ်အပ်၏။

     စရိယာပိဋကအဋ္ဌကထာ ပကိဏ္ဏကကထာအဖွင့်၌လာသော တပါးသော (အပရေ)ဆရာတို့၏ အလိုအားဖြင့် အလောင်းတော်တို့၏ ဝီရိယထက်သည်, အလယ်အလတ် ဖြစ်သည်, နုန့်သည်၏အစွမ်းဖြင့် ပါရမီဖြည့်ရာကာလ သုံးမျိုးသုံးစား ပြားရသည်ဟု ဆိုလို၏။ (ဤအလိုသော် ပညာဓိက ဘုရားအလောင်းတော်မှာ ဝီရိယထက်သောကြောင့် လေးအသင်္ချေနှင့် ကမ္ဘာတသိန်းသာ ပါရမီဖြည့်ရသည်ဟု အဓိပ္ပါယ်ရောက်ရကား ပညာဓိကဘုရားအလောင်းနှင့် ဝီရိယာဓိက ဘုရားအလောင်း ရောယှက်ခြင်း သင်္ကရဒေါသအပြစ်မှ မလွတ်နိုင်ရာ။)

     အဋ္ဌကထာဆရာတော် အရှင်မဟာဓမ္မပါလ မထေရ်မြတ်တို့ နှစ်သက်တော်မူသော ဝါဒမှာ- ဝိမုတ္တိပရိပါစနီယခေါ်သော တရားတို့၏ ထက်သည်, အလယ်အလတ် ဖြစ်သည်, နုန့်သည်၏အစွမ်းဖြင့် ပါရမီဖြည့်ရာကာလ ကွဲပြားခြားနားခြင်း ဖြစ်ရသည်။

     ချဲ့ဦးအံ့... ဘုရားဆုပန် နိယတဗျာဒိတ်ခံစဉ်ကပင် အလောင်းတော်ကြီးများသည် (၁) ဥဂ္ဃါဋိတညူ အလောင်းတော်

၁၀

(၂) ဝိပဉ္စိတညူအလောင်းတော် (၃) နေယျအလောင်းတော်ဟု သုံးမျိုး ပြားကြကုန်သည်။ ထိုတွင်-

     (၁) ဥဂ္ဃါဋိတညူ ဘုရားအလောင်းတော်မှာ အကယ်၍ သာဝကဗောဓိဉာဏ်ကို ထိုဘဝ ရယူလိုပါက မြတ်စွာဘုရားအထံတော်မှ လေးပါဒရှိသော တရားဂါထာကို ကြားနာစဉ် တတိယပါဒ မပြီးဆုံးမီပင် အဘိညာဉ်ခြောက်ပါး ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ခြင်း ရခြင်းငှါ စွမ်းနိုင်သော ဥပနိဿယ အကြောင်းရှိသူ ဖြစ်၏။ (ဗျာဒိတ်ရကြောင်း အင်္ဂါရှစ်ပါးတို့တွင် ဟေတုအကြောင်းကို ဆိုလိုသည်။)

     (၂) ဝိပဉ္စိတညူ ဘုရားအလောင်းတော်မှာ အကယ်၍ သာဝကဗောဓိဉာဏ်ကို ထိုဘဝ ရယူလိုပါက မြတ်စွာဘုရားအထံတော်မှ လေးပါဒရှိသော တရားဂါထာကို ကြားနာစဉ် စတုတ္ထပါဒ မပြီးဆုံးမီ (ဂါထာမဆုံးမီပင်) အဘိညာဉ်ခြောက်ပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ခြင်း ရခြင်းငှါ စွမ်းနိုင်သော ဥပနိဿယ အကြောင်းရှိသူ ဖြစ်၏။

     (၃) နေယျ ဘုရားအလောင်းတော်မှာ အကယ်၍ သာဝကဗောဓိဉာဏ်ကို ထိုဘဝ ရယူလိုပါက မြတ်စွာဘုရားအထံတော်မှ လေးပါဒရှိသော တရားဂါထာကို ကြားနာ၍ ထိုဂါထာဆုံးလျှင်ပင် အဘိညာဉ်ခြောက်ပါး တို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ခြင်း ရခြင်းငှါ စွမ်းနိုင်သော ဥပနိဿယ အကြောင်းရှိသူ ဖြစ်၏။

     ဆိုအပ်ပြီးသောအတိုင်း ဥဂ္ဃါဋိတညူ ဘုရားအလောင်းတော်မှာ ဝိမုတ္တိပရိပါစနီယတရားများ ထက်သန်လှသဖြင့် ဗျာဒိတ်ရပြီးနောက် လေးအသင်္ချေနှင့် ကမ္ဘာတသိန်းကြာအောင်သာ ပါရမီတို့ကို ဖြည့်ကျင့်ရသည်။ ဝိပဉ္စိတညူ ဘုရားအလောင်းတော်မှာ ဝိမုတ္တိပရိပါစနီယတရားများ အလယ်အလတ်ရှိသဖြင့် ဗျာဒိတ် ရပြီးနောက် ရှစ်အသင်္ချေနှင့် ကမ္ဘာတသိန်း ကာလကြာအောင် ပါရမီတို့ကို ဖြည့်ကျင့်ရသည်။ နေယျ ဘုရားအလောင်းတော်မှာ ဝိမုတ္တိပရိပါစနီယတရားတို့ နုန့်သည်ဖြစ်၍ ဗျာဒိတ်ရပြီးနောက်

၁၁

တဆယ့်ခြောက်အသင်္ချေနှင့် ကမ္ဘာတသိန်း ကာလကြာအောင် ပါရမီတို့ကို ဖြည့်ကျင့်ရသည်။

     ဥဂ္ဃါဋိတညူ ဘုရားအလောင်းနှင့် ပညာဓိက ဘုရားအလောင်း အတူတူပင် ဖြစ်သည်။ ဝိပဉ္စိတညူဘုရားအလောင်းနှင့် သဒ္ဓါဓိက ဘုရားအလောင်း, နေယျဘုရားအလောင်းနှင့် ဝီရိယာဓိက ဘုရားအလောင်း အတူတူပင် ဖြစ်သည်။

ဆိုအပ်ပြီးသော ကာလထက် စော၍ ဘုရားမဖြစ်နိုင်ကြောင်း

     သုံးလ လေးလ ငါးလလွန်မှ ရင့်ရိုး မှည့်ရိုးရှိသော ကောက်မျိုးသည် ထိုထိုသုံးလ လေးလ ငါးလအချိန်သို့ မရောက်သေးပဲ နေ့စဉ်နေ့စဉ် အကြိမ်အရာအထောင် ရေလောင်းပေါင်းသင် ပြုပြင်စေကာမူ ကောက်သားမဝင်နိုင်ခြင်း အခက်အရွက် (စိတ်အလိုရှိသလောက်) မကြီးပွါး မပြန့်ပြောနိုင်ခြင်း မရင့်ကျက်ခြင်းဟူသော အကြောင်းကြောင့် တဆယ့်ငါးရက် တလအတွင်း မည်သည့်နည်းနှင့်မျှ စပါးအသီး မပြီးစီးနိုင် မပြည့်စုံနိုင်သကဲ့သို့ ထို့အတူ ဘုရားအလောင်းတော် သုံးမျိုးတို့မှာလည်း ဗျာဒိတ်ရပြီးသည့်နောက် နေ့စဉ်နေ့စဉ် ဝေဿန္တရာမင်း၏အလှူနှင့် တူသော အလှူကြီးမျိုးကို ပေးလှူတော်မူကြစေကာမူ ထိုအလှူဒါနအား လျောက်ပတ်သော သီလစသော ပါရမီတို့ကို ဖြည့်ကျင့်စေကာမူ သဗ္ဗညုတ ဉာဏ်ပညာအသား မဝင်နိုင်ခြင်း, မပြန့်ပြောခြင်း, မရင့်ကျက်ခြင်းတို့ကြောင့် ကမ္ဘာတသိန်း အလွန်ရှိသော လေးအသင်္ချေ, ရှစ်အသင်္ချေ, တဆယ့်ခြောက်အသင်္ချေ မပြည့်မီအတွင်းဝယ် အဘယ်နည်းနှင့်မျှ သဗ္ဗညုတဉာဏ်တော်အသီး ပြီးစီးအောင်မြောက် ရင့်ကျက်ပြည့်စုံခြင်းတည်းဟူသော ဘုရားအဖြစ်သို့ ရောက်တော်မမူနိုင်ကြသည်ကိုလည်း သိမှတ်ရာ၏။

**********

၁၂

(ခ) ဗောဓိသတ္တကိစ္စ = (အလောင်းအလျာကြီးတို့၏ လုပ်ငန်းစဉ်)

     ရတနာကို အလိုရှိရုံမျှဖြင့် အလုပ်မလုပ်ပဲ ရတနာကို မရနိုင်၊ ကြိုးစားအားထုတ် အလုပ်ကို လုပ်မှသာလျှင် အလိုရှိရာရတနာကို ရနိုင်သကဲ့သို့ ရှေးဆိုအပ်ပြီးသော ဗောဓိဉာဏ်သုံးပါးကို အသီးအသီး အလိုတော်ရှိကြသော ဗောဓိသတ္တ = ( အလောင်းအလျာ) သုံးမျိုးတို့မှာလည်း တောင့်တအပ်သော ဗောဓိဉာဏ်ကို ရရာရကြောင်းဖြစ်သော ပါရမီ စာဂ စရိယ တရားတို့ကို ပွါးများအားထုတ်မှသာ အလိုရှိအပ်သော ဗောဓိဉာဏ်ကို ရတော်မူကြ၏။

     အရင်းအနှီး ဥစ္စာများစွာ စိုက်ထုတ်၍ သူမတူတန်အောင် အားထုတ်သောပုဂ္ဂိုလ်၊ အလယ်အလတ် စိုက်ထုတ်၍ အလယ်အလတ် အားထုတ်သောပုဂ္ဂိုလ်၊ အနည်းအပါး စိုက်ထုတ်၍ အနည်းအပါး အားထုတ်သောပုဂ္ဂိုလ် သုံးမျိုးတို့ အမြတ်အစွန်း အကျိုးတရားကို ရရှိရာ၌ ခြားနားခြင်း ထူးပြားခြင်း ရှိသကဲ့သို့ ထို့အတူ (ဗောဓိပရိပါစကခေါ်သော) ဗောဓိဉာဏ်ကို ရင့်သန်စေတတ်သည့် ပါရမီ စာဂ စရိယ တရားတို့ကို အားထုတ်မှုတည်းဟူသော အရင်းအနှီးဥစ္စာ အခြေခံတရားတို့ အမြတ်အများ, အလယ်အလတ်, အနည်းအပါးလိုက်၍ ဗောဓိဉာဏ်တည်းဟူသော အမြတ်အစွန်း အကျိုးတရားကို ရရှိရာ၌လည်း ခြားနားခြင်း ထူးခြားခြင်း ရှိလေသည်။

     ရှိပုံမှာ- (၁) သမ္မာသမ္ဗောဓိသတ္တ တည်းဟူသော သဗ္ဗညု ဘုရားအလောင်းတော်တို့မှာ နိယတဗျာဒိတ် = (ဤသူကား ဤမည်သောကမ္ဘာ၌ ဤအမည်ဖြင့် ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟု တဆူဆူသော ဘုရားရှင်က မိန့်ကြားခြင်း)ကို မခံရမီ ရှေးအခါကာလကပင် စိတ်ဖြင့်သာ ဘုရားဆုကို တောင်းတော်မူခဲ့၍ ကုသိုလ်အထူး ဆည်းပူးခဲ့သည်မှာ-

၁၃

“အဟမ္ပိ ပုဗ္ဗဗုဒ္ဓေသု၊ ဗုဒ္ဓတ္တမဘိပတ္ထယိံ။

မနသာယေဝ ဟုတွာန၊ ဓမ္မရာဇာ အသင်္ခိယာ”။

ဟူသော အပဒါနကျမ်းလာ ဗုဒ္ဓါပဒါန ပါဠိတော်ကို ထောက်ဆ၍ မရေမတွက်နိုင်အောင် များလှသော ဘုရားအဆူဆူတို့ထံ၌ စိတ်ဖြင့်သာ ဘုရားဆုကို တောင်းခဲ့ရသည်ဟု ဆိုသဖြင့် ကမ္ဘာ ဤမျှ ရေတွက်၍မရအောင် ကာလရှည်လျားစွာ ဘုရားဆုကို စိတ်ဖြင့် တောင်းတော်မူကြရသည်ဟု သိသာလှပေ၏။

     ယင်းသို့ စိတ်ဖြင့် မရေမတွက်နိုင်သော ဘုရားအဆူဆူတို့ထံ ဘုရားဆုကိုပန်၍ ဘုရားဖြစ်ရန် ကုသိုလ်အထူးကို ကာလရှည်လျားစွာ ဆည်းပူးခဲ့သဖြင့် နိယတဗျာဒိတ် ခံယူနိုင်လောက်အောင် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော (သုမေဓာရှင်ရသေ့၏ ဘဝမျိုးကဲ့သို့သော) ဘဝ၌ သက်တော်ထင်ရှား မြတ်စွာဘုရားတဆူဆူ၏အထံ၌ နိယတဗျာဒိတ်ကို ခံယူတော်မူရသည်။ (အင်္ဂါရှစ်ပါး နောက်၌ ထင်ရှားလတ္တံ့။)

     ဤ၌… အဘိနီဟာရခေါ်သော (ဘုရားအဖြစ်ကို ရဘို့ရန် စိတ်ကို ရှေးရှုဆောင်ခြင်း) ဘုရားဆုကို တောင်းခြင်းကို ခွဲခြား၍ မှတ်သားအပ်၏။ မှတ်သားပုံမှာ... ဘုရားအလောင်းတော်များ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောဘဝသို့ မရောက်သေးမီ စိတ်ဖြင့်သာ အဆူဆူသော ဘုရားတို့ထံ၌ ဘုရားဆုကို ပန်ခဲ့ခြင်း အဘိနီဟာရကား ပြီးစီးအောင်မြောက် ဗောဓိသတ္တ = (ဘုရားအလောင်းတော်)ဟု ဆိုနိုင်လောက်အောင် မပြည့်စုံသေး။

     အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် (သုမေဓာရှင်ရသေ့၏ ဘဝမျိုးကဲ့သို့သော) ဘဝသို့ ရောက်ရှိ၍ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံခြင်းကို အခြေခံအကြောင်းရင်း ပြုပြီးလျှင် နောက် (သုမေဓာဆုတောင်းခဏ်း)၌-

“ဣမိနာ မေ အဓိကာရေန၊ ကတေန ပုရိသုတ္တမေ။

သဗ္ဗညုတံ ပါပုဏိတွာ၊ တာရေမိ ဇနတံ ဗဟုံ”။

၁၄

သဗ္ဗညုမြတ်စွာဘုရား၌ အသက်ကိုပင်သော်လည်း မငဲ့မကွက် ရက်ရက်စွန့်လှူ ငါယခု ပြုမူအပ်သော အဓိကာရကောင်းမှု ဤကုသိုလ်ကြောင့် ငါသည် သဗ္ဗညုဘုရားအဖြစ်သို့ရောက်၍ များစွာသော သတ္တဝါအပေါင်းကို ကယ်တင်နိုင်လို၏-ဟု ပြဆိုလတ္တံ့သော ဘုရားဆုကိုပန်ခြင်း အဘိနီဟာရမျိုးမှသာလျှင် နိယတဗျာဒိတ် ခံနိုင်လောက်အောင် ပြည့်စုံသော ဘုရားဆုပန်ခြင်း အဘိနီဟာရဟု ဆိုရလေသည်။

     ထို ပြည့်စုံသော ဘုရားဆုပန်ခြင်း အဘိနီဟာရ-အရကိုလည်း မကြံအပ်မကြံစည်နိုင်သော ဘုရားဂုဏ်ကို၎င်း, အတိုင်းမသိသော သတ္တလောက၏ အစီးအပွါးကို၎င်း, အာရုံပြု၍ဖြစ်သော ပါရမီ စာဂ စရိယ တရားတို့၏ အကြောင်းရင်း အခြေခံ မနှိုင်းယှဉ်နိုင်လောက်အောင် အစွမ်းသတ္တိ ကြီးမားလှသည့် မဟာကုသိုလ် စိတ္တုပ္ပါဒ်အထူးဟူ၍ မှတ်ယူအပ်၏။

     ယင်းသည့် ဘုရားဆုပန်ခြင်း အဘိနီဟာရ မဟာကုသိုလ်စိတ္တုပ္ပါဒ်အထူး ဖြစ်သည်နှင့် တပြိုင်နက် အလောင်းတော်သည် သဗ္ဗညုတဉာဏ်သို့ရောက်ကြောင်း အကျင့်ပဋိပတ်လမ်းစဉ်သို့ သက်ရောက်တော်မူသည် မည်တော့၏၊ ဧကန်မချွတ် ဘုရားဖြစ်လတ္တံ့သောကြောင့် ဗောဓိသတ္တ = (ဘုရားအလောင်းတော်)ဟူသော အမည်ကို ရတော်မူလေ၏။ ထိုအလောင်းတော်မြတ်အား ဆိုအပ်ပြီးသည့် ပြည့်စုံအောင်မြောက်သော ဘုရားဆုပန်ခြင်း အဘိနီဟာရ မဟာကုသိုလ်စိတ္တုပ္ပါဒ်အထူး ဖြစ်သည်နှင့် တပြိုင်နက်ပင် သဗ္ဗညုတဉာဏ်၌ အကြွင်းမရှိ အပြည့်အစုံ လိုလားတောင့်တခြင်း ကုသိုလ်ဆန္ဒသည်၎င်း, သဗ္ဗညုတဉာဏ်ကို ရခြင်း၏ အဆောက်အဦဖြစ်သော ပါရမီ စာဂ စရိယတရားတို့ကို သူမတူတန်အောင် ဖြည့်ကျင့်ခြင်းငှါ စွမ်းနိုင်ခြင်းသည်၎င်း တည်ရှိလေတော့၏။

     ဆိုအပ်ပြီးသော စိတ္တုပ္ပါဒ်အထူး ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံခြင်းကြောင့်ပင် အလောင်းတော်ကြီးများသည် သဗ္ဗညုတဉာဏ်ကို ရရှိခြင်း၏ ရှေ့ပြေးနိမိတ်ဖြစ်သော ဆရာမကူ မိမိအလိုလို

၁၅

ထိုးထွင်း၍ သိနိုင်သည့် ပါရမီပဝိစယ = (ပါရမီတို့ကို ဆင်ခြင်စိစစ် စဉ်းစားတတ်သော) ဉာဏ်စသည်ဖြင့် မဖောက်မပြန် အမှန်အတိုင်း အကြွင်းမရှိ ပါရမီတော်တို့ကို ဆင်ခြင်ခြင်း ဆောက်တည်ခြင်းအမှု ပြုတော်မူကြပြီးလျှင် အစဉ်အတိုင်း ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူကြကုန်၏။

     ယင်းသို့ ဘုရားဆုပန် နိယတဗျာဒိတ် ခံယူတော်မူပြီးသည်နောက် အလောင်းတော်ကြီးများသည်-

“စတဿော ဟိ ဗောဓိသမ္ဘာရေသု ဘာဝနာ သဗ္ဗသမ္ဘာရဘာဝနာ နိရန္တရဘာဝနာ စိရကာလဘာဝနာ သက္ကစ္စဘာဝနာ စာတိ”…

အစရှိသော စရိယာပိဋကအဋ္ဌကထာ နိဒါနကထာအဖွင့်နှင့် အညီ (၁) သဗ္ဗသမ္ဘာရ ဘာဝနာ (၂) နိရန္တရ ဘာဝနာ (၃) စိရကာလ ဘာဝနာ (၄) သက္ကစ္စဘာဝနာဟူသော ဘာဝနာလေးမျိုးတို့ဖြင့် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ရယူဘို့ရန် အဆောက်အဦဖြစ်သော ပါရမီ စာဂ စရိယတရားတို့ကို သူမတူတန်အောင် မနေမနား ပွါးများ အားထုတ်တော်မူကြကုန်၏။ ထိုဘာဝနာ လေးပါးတို့တွင်-

     (၁) ပါရမီကို တခုမကျန် အလုံးစုံ ဖြည့်ကျင့်ခြင်းကို သဗ္ဗသမ္ဘာရဘာဝနာဟု ခေါ်သည်။ ။(၂) အနည်းဆုံး လေးအသင်္ချေနှင့် ကမ္ဘာတသိန်း၊ အလတ် ရှစ်အသင်္ချေနှင့် ကမ္ဘာတသိန်း၊ အလွန် တဆယ့်ခြောက်အသင်္ချေနှင့် ကမ္ဘာတသိန်းတို့ ကာလပတ်လုံး တဘဝမျှ အကြားအလပ် မရှိစေပဲ ဖြည့်ကျင့် ပွါးများခြင်းကို နိရန္တရဘာဝနာဟု ခေါ်သည်။ ။(၃) အနည်းဆုံး လေးအသင်္ချေနှင့် ကမ္ဘာတသိန်းအောက် တကမ္ဘာမျှ မယုတ်မလျော့စေရပဲ ကာလရှည်လျားစွာ ပါရမီတို့ကို ဖြည့်ကျင့် ပွါးများခြင်းကို စိရကာလဘာဝနာဟု ခေါ်သည်။ ။(၄) ပါရမီတို့ကို ဖြည့်ကျင့်ရာ၌ ရိုသေစွာ ဖြည့်ကျင့်ခြင်းကို သက္ကစ္စဘာဝနာဟု ခေါ်သည်။

၁၆

အလောင်းတော်ကြီးများ၏ နှလုံးရည်

     ဘုရားဆုပန် နိယတဗျာဒိတ် ခံတော်မူပြီးကြသော အလောင်းတော်ကြီးများသည် ဘဝတည်းဟူသော ခရီးခက် ခရီးခဲ၌ ကျရောက်၍ ဇာတိဒုက္ခ, ဇရာဒုက္ခ, ဗျာဓိဒုက္ခ, မရဏဒုက္ခ, လူ့ပြည်လောက၌ အသတ်ခံရခြင်း အနှောင်အဖွဲ့ခံရခြင်း အစရှိသော ဒုက္ခ, အာဟာရရှာမှီးရခြင်းလျှင် အကြောင်းရင်းရှိသော ဒုက္ခ, အပါယ်ဆင်းရဲဒုက္ခစသော ဆင်းရဲဒုက္ခအမျိုးမျိုးဖြင့် ကျိုးပဲ့ပျက်စီး မခံသာအောင် နာကျည်း၍ ဒုက္ခသည်းစွာ ရောက်ရှိနေသော ကိုးရာမဲ့ ပုန်းရာမဲ့ သတ္တဝါအပေါင်းတို့ကို မြင်တော်မူ၍ ထိုသတ္တဝါတို့အတွက် မဟာကရုဏာဖြင့် ပြင်းထန်စွာ နှလုံးတော် တုန်လှုပ်တော်မူကြ၏။ ယင်းသည့် မဟာကရုဏာတော်၏ နှိုးဆော် တိုက်တွန်းချက်ကြောင့်ပင် ဉာဏ်ပညာမရှိ အကဏ်းအတိဖြစ်သော ထိုလူအပေါင်း၏ မိမိတို့အပေါ် ကျူးကျော်ဖိစီး လွှမ်းမိုးနှိပ်စက်၍ လက် ခြေ နား နှာ ဦးခေါင်းကိုဖြတ်ခြင်း အစရှိသော ပြစ်မှားမှုအတွက် ဖြစ်ပေါ်လာသမျှ ဆင်းရဲဒုက္ခကို သည်းခံတော်မူကြ၍ အမြဲမပြတ် ကာလရှည်လျားစွာ သနားခြင်းကရုဏာကိုသာ ပွါးတော်မူကြ၏။

     ပွါးတော်မူကြပုံမှာ... ငါ၏အပေါ်ဝယ် မလျော်ဖောက်ပြား ပြစ်မှားခြင်းကိုပြုသော ဤသူတို့ဖြင့် အဘယ်မူစအံ့နည်း၊ ငါကား ဤသူတို့ကိုပင် ဝဋ်ဆင်းရဲမှ လွတ်စေအံ့ဟု ကြံစည်၍ ပါရမီတို့ကို အားထုတ် ဖြည့်ကျင့်သူ စင်စစ် မှန်၏။ မောဟ၏ အာနုဘော်ကား ကြီးလှ၏တကား၊ တဏှာလောဘ၏ အားအစွမ်းကား ကြီးလှ၏တကား၊ ငါသို့စဉ် ခပ်သိမ်းသော သတ္တဝါတို့ကို သံသရာဆင်းရဲမှ လွတ်စေဘို့ရန် အားထုတ်သော သူအားပင်သော်လည်း ဤသူတို့သည် လောဘ မောဟ ဖိစီးသဖြင့် သို့စဉ်ကြီးမားသော ပြစ်မှားမှုကို ပြုရှာကြမိ၏၊ ထိုသို့ ပြုမှားခြင်းဟူသော အကြောင်းကြောင့်လည်း ထိုသူတို့အား ကြီးစွာသော ဆင်းရဲဒုက္ခ ဖြစ်ပေလိမ့်မည်။ (ယင်းသို့ ထိုသူတို့အတွက်

၁၇

မဟာကရုဏာနှလုံး သုံးတော်မူကြပြီးလျှင် ..) ဤသို့ လောဘ မောဟ အဖိစီးခံနေရ၍ အနိစ္စကိုပင် နိစ္စ, ဒုက္ခကိုပင် သုခ, အနတ္တကိုပင် အတ္တ, အသုဘကိုပင် သုဘဟု အထင်အမြင်မှားနေကြသော ဤသတ္တဝါတို့ကို ဘယ်ပုံဘယ်နည်းဖြင့် အကြောင်းနှင့်တကွသော ဆင်းရဲဒုက္ခမှ ထုတ်ဆယ် ကယ်တင်ရပါမည်နည်းဟု ကယ်တင်နိုင်ကြောင်း ဥပါယ်ကောင်းကိုသာ ရှာဖွေ စဉ်းစားတော်မူကြ၏။

     ထိုသို့ ရှာဖွေ စဉ်းစားတော်မူကြသောအခါ သည်းခံခြင်း ခန္တီတရားသည်သာလျှင် ထိုသတ္တဝါတို့အား ဘဝအနှောင်အဖွဲ့မှ ငါလွတ်စေနိုင် ကယ်ချွတ်နိုင်မည့် နည်းလမ်း ဥပါယ်ကောင်းတည်းဟု ယထာဘူတ အမှန်အတိုင်း သိတော်မူကြပြီးလျှင် အလောင်းတော်ကြီးများသည် ထိုထိုသတ္တဝါတို့ ကိုယ်တော်မြတ်တို့အပေါ်၌ မလျော်ပြစ်မှား လက်ခြေကိုဖြတ်ခြင်း အစရှိသည်ကို ပြုကြငြားသော်လည်း အနည်းအပါးမျှ အမျက်ထွက်တော်မမူကြပဲ “ရှေးကပြုမှားခဲ့သော မကောင်းမှု အကုသိုလ်ကံအစွမ်းကြောင့် ဤယခု ဆင်းရဲကို ငါရအပ်လေသည်၊ ငါကိုယ်တိုင်ကပင် ရှေးအခါက အကုသိုလ်မှု ပြုမှားခဲ့လေရကား ဤဆင်းရဲဒုက္ခသည် ငါ့အား လျော်လှပေ၏။ ငါသည်ပင် အပြစ်ရှိအောင် ပြုခဲ့သောသူ ဖြစ်ချေသည်”ဟု ထိုသူတို့၏အပြစ်ကို ကိုယ်တော်တို့၏အပေါ်၌သာ အပြစ်ဖို့တော်မူကြပြီးလျှင်-

     “သည်းခံမှ ထိုသူတို့ကို ငါ ကယ်ချွတ်နိုင်ပေမည်။ အကယ်၍ ငါကား ပြစ်မှားသူကို တဖန် ပြစ်မှားပြန်ငြားအံ့၊ ငါသည်လည်း ထိုသူကဲ့သို့ပင် ဖြစ်ချေတော့မည်၊ ထိုသို့ဖြစ်ချေသော် ထိုသူမှ ငါ၏ ထူးခြားသောအဖြစ် မရှိနိုင်တော့ပြီ၊ ထိုသို့ဖြစ်လျှင် ငါသည် ထိုသူတို့ကို ဘယ်ပုံဘယ်နည်းဖြင့် သံသရာဝဋ်ဆင်းရဲမှ လွတ်စေနိုင်တော့မည်နည်း၊ လွတ်စေနိုင်တော့မည် မဟုတ်။ သို့ရကား ငါသည် ခပ်သိမ်းသော အားအစွမ်းတို့၏ အခြေခံမူလဖြစ်သော သည်းခံခြင်း (ခန္တီ) အားအစွမ်း၌ တည်ပြီးလျှင် ထိုသူတို့၏အပြစ်ကို မိမိအပေါ်၌သာ တင်၍ သည်းခံပြီးလျှင်

၁၈

မေတ္တာ ကရုဏာတရားကို ရှေ့သွားပြုသဖြင့် ပါရမီတို့ကို ဖြည့်ကျင့်ပေအံ့၊ ထိုသို့ ပါရမီတို့ကို ဖြည့်ကျင့်မှသာလျှင် သဗ္ဗညုဘုရား ဖြစ်ချေမည်။ သဗ္ဗညုမြတ်စွာဘုရား ဖြစ်မှသာလျှင် ခပ်သိမ်းသော သတ္တဝါတို့ကို အကြောင်းနှင့်တကွသော ဆင်းရဲဒုက္ခမှ ထုတ်ဆယ် ကယ်တင်ခြင်းငှါ စွမ်းနိုင်ချေမည်”ဟု ယထာဘူတ အမှန်အတိုင်း သိမြင်တော်မူကြသည်။ ။(ဇိနာလင်္ကာရဋီကာ ဗောဓိသမ္ဘာရဝဏ္ဏနာခဏ်းမှ။)

     ထိုသို့ အမှန်အတိုင်း သိမြင်တော်မူကြပြီးလျှင် ဗောဓိသမ္ဘာရမည်သော ပါရမီဆယ်ပါး, ဥပပါရမီဆယ်ပါး, ပရမတ္ထပါရမီ ဆယ်ပါးအားဖြင့် အပြားသုံးဆယ်သော ပါရမီတို့ကို ရှေး၌ ဆိုအပ်ပြီးသော (၁) တခုမကျန် အလုံးစုံကို ဖြည့်ကျင့်ပွါးများခြင်း သဗ္ဗသမ္ဘာရဘာဝနာ။ (၂) ဗျာဒိတ်ရပြီးသည်မှ ဘုရားဖြစ်သည်တိုင်အောင် တဘဝမျှ အကြားအလပ်မရှိစေပဲ ဖြည့်ကျင့်ပွါးများခြင်း နိရန္တရဘာဝနာ။ (၃) အနည်းဆုံး လေးအသင်္ချေနှင့် ကမ္ဘာတသိန်းအောက် တကမ္ဘာမျှ မယုတ်မလျော့စေပဲ ကာလရှည်လျားစွာ ဖြည့်ကျင့်ပွါးများခြင်း စိရကာလဘာဝနာ။ (၄) ပါရမီတို့ကို ဖြည့်ကျင့်ရာ၌ ရိုသေစွာ ဖြည့်ကျင့်ပွါးများခြင်း သက္ကစ္စဘာဝနာ ဤဘာဝနာလေးပါးတို့ဖြင့် သူမတူတန်အောင် ဖြည့်ကျင့် ပွါးများတော်မူကြ၏။ (ပါရမီ စသည်အခွဲ အနုဒီပနီ၌ ကြည့်ပါ။)

ပါရမီဖြည့်စဉ် နတ်ပြည်၌ ကြာရှည်စွာ နေလေ့မရှိ

     ထိုသို့ သူမတူတန်အောင် ပါရမီ စာဂ စရိယတို့ကို ဖြည့်ကျင့်တော်မူဆဲဖြစ်ကြသော အလောင်းတော်ကြီးများသည် ဝေဿန္တရာဘဝကဲ့သို့ ပါရမီ စာဂ စရိယတရားတို့ကို အပြီးအဆုံး အထွတ်အထိပ်ရောက် ပြည့်မြောက်သည့်ဘဝသို့ မရောက်သေးသမျှ ကာလပတ်လုံး ဤအတွင်းဝယ် မဟာကုသိုလ်တော် အာနုဘော်ကြောင့် အသက်ရှည်သော နတ်ဗြဟ္မာဘဝ၌ ဖြစ်ကြသော်လည်း ထိုနတ်ပြည် ဗြဟ္မာပြည်၌ ပါရမီဖြည့်ရန် ခဲယဉ်းလှသောကြောင့် အသက်တမ်းကုန်ဆုံးအောင် တည်နေတော်မမူကြပဲ အဓိမုတ္တိမရဏခေါ်သော သေခြင်းမျိုးဖြင့် နတ်ဗြဟ္မာသက် ချွေခဲ့ကြပြီးလျှင်

၁၉

လူ့ပြည်လောက၌သာ တဖန်ဖြစ်၍ ပါရမီတို့ကို ဖြည့်ကျင့်တော်မူကြသည်။ (အဓိမုတ္တိမရဏအကြောင်း နောက်အနုဒီပနီ၌ ကြည့်ပါ။)

သမုဒြာနှင့်တူသော ပါရမီတော်များ

     ပကတိသမုဒြာမှာ ယူဇနာပေါင်း ရှစ်သောင်းလေးထောင် နက်ခေါင်လှ၏ဟု ပမာဏရှိသေး၏၊ အောက်အပြင် အထက်အပြင်ရှိ၍ အစွန်းအနားမှ စကြဝဠာတောင်ဖြင့် ပိုင်းခြား၍ ရစကောင်းသော်လည်း အလောင်းတော်ကြီးများ ဖြည့်ကျင့် ပွါးများအပ်သည့် ဒါနပါရမီတည်းဟူသော သမုဒြာမှာကား အောက်ထက်အပြင် အစွန်းအနား ပိုင်းခြား၍ မရစကောင်း။ မှန်၏.. အလောင်းတော်ကြီးများ၏ ဒါနပါရမီတော်နှင့်စပ်၍ ပြင်ပဥစ္စာကို စွန့်လှူခဲ့သည်ကား ဤမျှတည်းဟူ၍ မပိုင်းခြားနိုင်၊ အသားကို လှူရာဌာနကား ဤမျှတည်း၊ အသွေးကို လှူရာဌာနကား ဤမျှတည်း၊ မျက်လုံးတော်ကို လှူရာဌာနကား ဤမျှတည်း၊ ဦးခေါင်းတော်ကို လှူရာဌာနကား ဤမျှတည်းဟူ၍ မပိုင်းခြားနိုင်။ ထို့အတူ သီလပါရမီတော်စသည်နှင့် စပ်၍လည်း မပိုင်းခြားနိုင်သည်သာ ဖြစ်ရကား အလောင်းတော်ကြီးများ၏ ပါရမီတော်တို့ကို မဟာသမုဒြာနှင့် (အဓိကဥပမာ = ပါရမီတော်တို့က သာလွန်သည်ကိုသာ ဖော်ပြ၍) ဥပမာနှိုင်းခိုင်းရလေသည်။

ကြီးစွာသော ဒုက္ခကိုသော်လည်း ဒုက္ခကဲ့သို့ မထင်

     ဥပမာအားဖြင့်- တစုံတယောက်သောသူသည် နွေရာသီအချိန် နေမွန်းတည့်ရှိန်ရှိန်၌ ရေပြည့်ကန်အတွင်း သက်ဆင်းငုပ်လျှိုး ရေချိုးနေစဉ် ကောင်းကင်အထက်မှ နေကျက်ကျက်ပူသည်ကို ရှိသည်ဟူ၍ အသိအမှတ် မပြုသကဲ့သို့ ထို့အတူ အလောင်းတော်ကြီးများသည် မဟာကရုဏာဖြင့် အေးမြချမ်းကြည်သော စိတ်နှလုံး ရှိတော်မူကြ၍ သတ္တဝါတို့၏ အစီးအပွါးကိုသာ ရှာမှီးတော်မူကြလျက် ပါရမီတော်တည်းဟူသော သမုဒြာ၌ အမြဲသက်ဆင်း ငုပ်လျှိုးတော်မူကြကုန်၏။ သို့ရကား.. ပါရမီတော်သမုဒြာအတွင်း မဟာကရုဏာဖြင့် ချမ်းအေးသောကိုယ်

၂၀

ရှိတော်မူကြသောကြောင့် ယုတ်မာသော သတ္တဝါတို့ မညှာတာ မငဲ့ကွက် ရက်ရက်စက်စက် လက်ခြေကိုဖြတ်ခြင်း စသည်ကြောင့်ဖြစ်သော အလွန့်အလွန် ကြီးလှသည့် ဆင်းရဲဒုက္ခကိုပင်သော်လည်း ဒုက္ခကဲ့သို့ မှတ်ယူတော်မမူကြကုန်။

ကာလရှည်ကြာစွာ ပါရမီတော်တို့ကို ဖြည့်ကျင့်ရခြင်း

     ကမ္ဘာတခုတခု၌ ပုဂ္ဂိုလ် တယောက် တယောက်၏ အရိုးတို့ကို စုပုံ၍ထားလျှင် တောင်မျှလောက် ကြီးမားရာ၏-ဟု သံယုတ်ပါဠိတော်၌ မြတ်စွာဘုရား ဟောကြားတော်မူအပ်သည်။ အလောင်းတော်ကြီးများမှာ ဘုရားဆုပန် ဗျာဒိတ်ခံသည်မှ ပါရမီ ပြည့်စုံအောင်မြောက် အထွတ်အထိပ်သို့ရောက်သည့် နောက်ဆုံး (ဝေဿန္တရာဘဝကဲ့သို့သော) ဘဝတိုင်အောင် အနည်းဆုံး လေးအသင်္ချေနှင့် ကမ္ဘာတသိန်းကာလအတွင်း ပါရမီဖြည့်ခဲ့ရသော ဘဝတို့ကို ရေတွက်လျှင် မဟာသမုဒြာ ရေပေါက်ထက်ပင် များလှသေး၏။ ထိုမျှ များလှသော ဘဝတို့အနက် ပါရမီကိုမဖြည့်ပဲ အချည်းနှီးလွန်သွားသော ဘဝတခုဟူ၍ မရှိခဲ့။

     ယနေ့ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ သိမြင်နာကြား မှတ်သားရသည့် ငါးရာ့ငါးဆယ် နိပါတ်ဇာတ်တော်, စရိယာပိဋကပါဠိတော် စသည်တို့၌လာသော အလောင်းတော်မြတ်၏ ကျင့်စဉ်များကား မဟာသမုဒြာရေအထုမှ ဆားငန်အရသာကို သိသာစေရန် ထုတ်ဆောင်၍ပြအပ်သော တဖလားမျှသော ရေကဲ့သို့ မဟာသမုဒြာရေပေါက်မက ဘဝများစွာ ဖြည့်ကျင့်တော်မူအပ်သော ပါရမီကျင့်စဉ်များမှ အကြောင်းဝတ္ထုအားလျော်စွာ အနည်းငယ်မျှ ဟောကြားအပ်သော ကျင့်စဉ်များသာ ဖြစ်သည်။ အကြောင်းဝတ္ထု ဖြစ်ပေါ်သဖြင့် ဟောကြားတော်မူအပ်သော ကျင့်စဉ်များနှင့် အကြောင်းဝတ္ထု မဖြစ်ပေါ်သဖြင့် ဟောကြားတော်မမူအပ်သော ကျင့်စဉ်များကို နှိုင်းယှဉ်လျှင် ဟောကြားတော်မူအပ်သော ကျင့်စဉ်များမှာ ဖလားတခု၌ ထည့်ထားအပ်သော ရေမျှသာရှိ၍ ဟောကြားတော်မမူအပ်သော

၂၁

ကျင့်စဉ်များမှာ ကျန်ရှိသော မဟာသမုဒြာရေအထုမျှမက များလှပေ၏။ ထို့ကြောင့်ပင် ဇိနာလင်္ကာရကျမ်း၌ မြတ်စွာဘုရား၏ ဒါနပါရမီတော် ဖြည့်ကျင့်ပုံကို-

“သော သာဂရေ ဇလဓိကံ ရုဓိရံ အဒါသိ။

ဘူမိံ ပရာဇိယ သမံသမဒါသိ ဒါနံ။

မေရုပ္ပမာဏမဓိကဉ္စ သမောဠိသီသံ၊

ခေ တာရကာဓိကတရံ နယနံ အဒါသိ”။

“သော၊ ထို ဘုရားအလောင်းတော်သည်။ သာဂရေ၊ သမုဒြာလေးစင်းအတွင်း၌။ ဇလဓိကံ၊ ရေမှုန် ရေပေါက်တို့ထက် များမြောက်လွန်ကဲစွာသော။ ရုဓိရံ၊ ပတ္တမြားရောင်စွေး နီတွေးထိန်လျှပ် သွေးတော်မြတ် အလှူဒါနကို။ အဒါသိ၊ သဗ္ဗညုဉာဏ် ရဘို့ရန်ဟု စိတ်သန်ရှေ့ပြေး သဒ္ဓါရှေး၍ လှူပေးတော်မူခဲ့လေပြီ။ ဘူမိံ၊ ယူဇနာကိန်း နှစ်သိန်းလေးသောင်း ထုပေါင်းသင်္ချာ မဟာပထဝီ ဤမြေကြီးကို။ ပရာဇိယ၊ ယှဉ်စေ နှုန်းစေ ရှုံးပစေ၍။ သမံသံ ဒါနံ၊ နဂိုပြကတေ့ အဓလေ့ဖြင့် သိမ်မွေ့ညံ့ထွား ကိုယ်တော်၏အသားတော် အလှူဒါနကို။ အဒါသိ၊ သဗ္ဗညုဉာဏ် ရဘို့ရန်ဟု စိတ်သန်ရှေ့ပြေး သဒ္ဓါရှေး၍ လှူပေးတော်မူခဲ့လေပြီ။ မေရုပ္ပမာဏမဓိကဉ္ဇ၊ မြင်းမိုရ်တောင်ပမာဏထက် ဆတက်ကဲချွန် ပိုလွန်သည်လည်းဖြစ်သော။ သမောဠိသီသံ၊ နဝရတ်ရောင် ပြိုးပြိုးပြောင်သည့် ဦးသျှောင် (အုတ်ရှောင်)သမိုက် ရတနာမကိုဋ်နှင့်တကွ သီသတွင်ညောင်း ဦးခေါင်းတော်မြတ်ကို။ အဒါသိ၊ သဗ္ဗညုဉာဏ် ရဘို့ရန်ဟု စိတ်သန်ရှေ့ပြေး သဒ္ဓါရှေး၍ လှူပေးတော်မူခဲ့လေပြီ။ ခေ၊ စကြဝဠာတိုက်တခွင် မိုးကောင်းကင်၌။ တာရကာဓိကတရံ၊ နက္ခတ်တာရာ ကြယ်တကာတို့ထက် သင်္ချာနှိုင်းထောက် ကဲပိုမောက်သည်လည်းဖြစ်သော။ နယနံ၊ မဟူရာရောင် ပိတုန်းတောင်သို့ ညိုမှောင်ကြည်ပြုံး အံ့မဆုံးသည့် မျက်လုံးတော်အလှူဒါနကို။

၂၂

အဒါသိ၊ သဗ္ဗညုဉာဏ် ရဘို့ရန်ဟု စိတ်သန်ရှေ့ပြေး သဒ္ဓါရှေး၍ လှူပေးတော်မူခဲ့လေပြီ”...

ဟူ၍ ဖွဲ့ဆို ချီးကျူးအပ်လေပြီ။

     (၂) ပစ္စေကဗောဓိသတ္တခေါ်သော ပစ္စေကဗုဒ္ဓါအလောင်းအလျာတို့မှာ နှစ်သင်္ချေနှင့် ကမ္ဘာတသိန်းကြာအောင် ပါရမီဖြည့်ရကုန်၏။ ထိုအောက်လျော့၍ ပစ္စေကဗုဒ္ဓါ မဖြစ်နိုင်။ အကြောင်းမှာ.. ရှေး သဗ္ဗညုဘုရားအလောင်းတော်တို့အခဏ်း၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း ထိုနှစ်သင်္ချေနှင့် ကမ္ဘာတသိန်းအောက်လျော့၍ ပစ္စေကဗောဓိဉာဏ် မရင့်ကျက်နိုင်သောကြောင့် ဖြစ်သည်။

     (၃) သာဝကဗောဓိသတ္တခေါ်သော တပည့်သာဝကအလောင်းတို့မှာ (က) အဂ္ဂသာဝက အလောင်းတော်များ၊ (အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ကဲ့သို့သော သာဝကအစုံကို ခေါ်သည်)။ (ခ) မဟာသာဝက အလောင်းတော်များ (ဘုရားလက်ထက်တော်အခါ အသီတိရှစ်ကျိပ်ဝင် ရဟန္တာကြီးများကို ခေါ်သည်)။ (ဂ) ပကတိသာဝက အလောင်းတော်များ (ထိုဆိုအပ်ပြီးသည်မှ ကြွင်းသော ရဟန္တာအလောင်းအလျာများကို ခေါ်သည်)။ ဤသို့ သာဝကအလောင်းအလျာများကား သုံးမျိုးပြားသည်။

     ထိုသုံးမျိုးတို့တွင်- (က) အဂ္ဂသာဝက အလောင်းအလျာကို့မှာ တသင်္ချေနှင့် ကမ္ဘာတသိန်းကြာအောင် ပါရမီဖြည့်ရသည်။ (ခ) မဟာသာဝက အလောင်းအလျာတို့မှာ ကမ္ဘာတသိန်းကြာအောင် ပါရမီဖြည့်ရသည်။ (ဂ) ပကတိသာဝက အလောင်းအလျာတို့မှာ ပါရမီဖြည့်ရာကာလ ဤရွေ့ဤမျှဟု ကျမ်းဂန်တိုက်ရိုက် အဖွင့်အဆို မရှိသော်လည်း ပုဗ္ဗေနိဝါသကထာ (သုတ်မဟာဝါ၊ မဟာပဒါနသုတ်အဖွင့်) အဋ္ဌကထာ ဋီကာတို့၌ မဟာသာဝကတို့မှာ ကမ္ဘာတသိန်း အတိတ်ဘဝကို အောက်မေ့နိုင်သည်၊ ပကတိသာဝကတို့မှာ ထိုအောက်လျော့၍ အောက်မေ့နိုင်သည်ဟု ပါရမီဖြည့်ရာကာလဖြင့် အတိတ်ဘဝကို အောက်မေ့နိုင်ကြောင်း

၂၃

ဖွင့်ဆိုတော်မူကြသဖြင့် ကမ္ဘာတသိန်းအောက် လျော့၍ ပါရမီဖြည့်ကြရသည်ဟု မှတ်သားသင့်သည်။ ဤ၌ ကမ္ဘာတသိန်းအောက် ကမ္ဘာတရာ ကမ္ဘာတထောင် စသည်ဖြင့် မမြဲသော ကာလအပိုင်းအခြားကိုသာ မှတ်ယူသင့်သည်။ ဘားနတ်သား၏ ဝတ္ထုများကို ထောက်ထား၍ တဘဝ နှစ်ဘဝ စသည်ဖြင့်လည်း ပကတိသာဝကဗောဓိဉာဏ် ရင့်သန်နိုင်၏ဟု ယူတော်မူကြသည်လည်း ရှိ၏။

**********

(ဂ) ဗုဒ္ဓ = (ကိစ္စပြီးမြောက် ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူကြသော ပုဂ္ဂိုလ်သူမြတ်ကြီးများ)

     ရှေး၌ ဆိုအပ်ပြီးသောအတိုင်း သမ္မာသမ္ဗောဓိသတ္တတည်းဟူသော သဗ္ဗညုဘုရား အလောင်းတော်တို့မှာ နိယတဗျာဒိတ်ပန်း ဆင်မြန်းတော်မူပြီးနောက် ပညာဓိကဘုရားအလောင်းဖြစ်လျှင် လေးအသင်္ချေနှင့် ကမ္ဘာတသိန်း၊ သဒ္ဓါဓိကဘုရားအလောင်းဖြစ်လျှင် ရှစ်အသင်္ချေနှင့် ကမ္ဘာတသိန်း၊ ဝီရိယာဓိကဘုရားအလောင်းဖြစ်လျှင် တဆယ့်ခြောက် အသင်္ချေနှင့် ကမ္ဘာတသိန်းကြာအောင် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူ၍ ပါရမီတော် အထွတ်အထိပ်သို့ ရောက်သောကာလဝယ် ဆရာမရှိ မိမိကိုယ်တိုင် ထိုးထွင်း၍ သစ္စာလေးပါးတရားတို့ကိုသိသော မဂ်ဉာဏ်, ဉေယျတရားတို့ကို ကြွင်းမဲ့ကုန်စင် သိမြင်တတ်သော သဗ္ဗညုတဉာဏ်တော် တည်းဟူသော သမ္မာသမ္ဗောဓိဉာဏ်ကို (တဆူတဆူသော ဘုရားရှင်သည်ပင် တပါးသောတရားကို ဟောတော်မမူပဲ တဆူသောဘုရား၏ဂုဏ်ကို တကမ္ဘာပတ်လုံး ဟောကြားသော်လည်း ကမ္ဘာသာလျှင် ကုန်ဆုံး၍ ဂုဏ်ကျေးဇူးကား မကုန်ဆုံးနိုင်–ဟု ဟောတော်မူအပ်သော) အနန္တ အပရိမေယျဖြစ်သော ဘုရားကျေးဇူး ဂုဏ်အထူးတို့နှင့်တကွ ရတော်မူ ရောက်တော်မူသည်။ ယင်းသို့ သမ္ဗောဓိဉာဏ်သို့ ရောက်တော်မူ ရတော်မူသော လောကသုံးပါး၌ နှစ်ယောက်မြောက်သူ အတူမရှိ

၂၄

အဒုတိယပုဂ္ဂိုလ်သူမြတ်ကို သမ္မာသမ္ဗုဒ္ဓ = ( သဗ္ဗညုမြတ်စွာဘုရား)ဟု ခေါ်ဆိုသည်။

     ပစ္စေကဗုဒ္ဓါ အလောင်းအလျာတို့မှာ နှစ်သင်္ချေနှင့် ကမ္ဘာတသိန်း ကာလကြာအောင် ပါရမီတော်တို့ကို ဖြည့်ကျင့်ရ၍ ပါရမီတော် အထွတ်အထိပ်သို့ ရောက်သောအခါ (သဗ္ဗညုတဉာဏ်၊ ဒသဗလဉာဏ် စသည်တို့ မပါပဲ) ဆရာမရှိ မိမိကိုယ်တိုင် ထိုးထွင်း၍ သစ္စာလေးပါးကိုသိသော မဂ်ဉာဏ် (ပစ္စေကဗောဓိဉာဏ်)ကို ရတော်မူ ရောက်တော်မူကြသည်။ ယင်းသို့ ပစ္စေကဗောဓိဉာဏ်သို့ ရောက်တော်မူ ရတော်မူကြသော ပုဂ္ဂိုလ်သူမြတ်ကြီးများကို ပစ္စေကဗုဒ္ဓ = (ပစ္စေကဗုဒ္ဓါ၊ ဘုရားငယ်)ဟု ခေါ်ဆိုသည်။

     သာဝက အလောင်းအလျာတို့မှာ အဂ္ဂသာဝကအလျာဖြစ်လျှင် တသင်္ချေနှင့် ကမ္ဘာတသိန်း၊ မဟာသာဝကအလျာဖြစ်လျှင် ကမ္ဘာတသိန်း၊ ပကတိသာဝကအလျာဖြစ်လျှင် ကမ္ဘာတရာ ကမ္ဘာတထောင်စသည် ကာလပတ်လုံး ပါရမီတို့ကို ဆည်းပူး၍ ပါရမီအထွတ်အထိပ်သို့ ရောက်သောအခါ မြတ်စွာဘုရားတည်းဟူသော ဆရာရှိ၍ သစ္စာလေးပါးကိုသိသော မဂ်ဉာဏ် (သာဝကဗောဓိဉာဏ်)ကို ရတော်မူ ရောက်တော်မူကြသည်။ ယင်းသို့ သာဝကဗောဓိဉာဏ်သို့ ရောက်တော်မူ ရတော်မူကြသော ပုဂ္ဂိုလ်သူမြတ်များကို အဆင့်အတန်းအလိုက် အဂ္ဂသာဝက, မဟာသာဝက, ပကတိသာဝက အမည်အသီးသီးဖြင့် သာဝကဗုဒ္ဓဟု ခေါ်ဆိုသည်။

(ဃ) ဗုဒ္ဓကိစ္စ = (မြတ်စွာဘုရား၏ လုပ်ငန်းစဉ်)

     ဤသို့ ဗောဓိသတ္တ (အလောင်းတော်တို့၏) ကိစ္စပြီးမြောက်၍ သမ္မာသမ္ဗုဒ္ဓ, ပစ္စေကဗုဒ္ဓ, သာဝကဗုဒ္ဓ တည်းဟူသော သဗ္ဗညုမြတ်စွာဘုရားအဖြစ်, ပစ္စေကဗုဒ္ဓါအဖြစ်, သာဝကဗုဒ္ဓ = (တပည့်သာဝကအရိယာ) အဖြစ်သို့ အသီးသီး ရောက်ရှိတော်မူကြပြီးသော

၂၅

ပုဂ္ဂိုလ်သူမြတ်ကြီးများအနက် သဗ္ဗညုမြတ်စွာဘုရားတို့ကို (တာရယိတုပုဂ္ဂိုလ်) ကိုယ်တိုင်လည်း သံသရာမှ ကူးမြောက်၍ ဝေနေယျတို့ကိုလည်း ထုတ်ဆယ် ကယ်တင်တော်မူကြသော အမြတ်ဆုံးသော ပုဂ္ဂိုလ်ဟူ၍ ခေါ်ဆိုရသည်။

     ပစ္စေကဗုဒ္ဓါတို့ကိုမူ (တရိတပုဂ္ဂိုလ်) သူတပါးကိုကား သံသရာမှ ထုတ်ဆယ်ကယ်တင်မှု မပြုနိုင်ကြပဲ မိမိတို့ကိုယ်တိုင်သာ သံသရာမှ ကိုယ်စွမ်းဖြင့် ကူးမြောက်သော ပုဂ္ဂိုလ်မြတ်တို့ဟူ၍ ခေါ်ဆိုရသည်။ မှန်၏… ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် သဗ္ဗညုမြတ်စွာဘုရားများ ပွင့်တော်မူသောအခါ၌ ဖြစ်ပွင့်ခြင်း မရှိကြကုန်၊ မြတ်စွာဘုရား တဆူနှင့်တဆူ အကြားကာလ၌သာ ပွင့်တော်မူကြကုန်၏။ သဗ္ဗညုမြတ်စွာဘုရားတို့သည် ကိုယ်တိုင်ကလည်း ဆရာမရှိပဲ သစ္စာလေးပါးကို သိတော်မူကြ၍ သူတပါးတို့ကိုလည်း သိစေတော်မူနိုင်ကြ ဟောပြတော်မူနိုင်ကြကုန်၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည်ကား မိမိတို့ကိုယ်တိုင်သာသိ၍ သူတပါးတို့ကိုကား မဟောပြနိုင်ကြကုန်။ မဂ်ဖိုလ်နိဗ္ဗာန်တည်းဟူသော ပဋိဝေဓတရား အနက်သဘောကို ကိုယ်တိုင်သိမြင်ကြ၍ ထိုမဂ်ဖိုလ်နိဗ္ဗာန်တည်းဟူသော လောကုတ္တရာတရားကို နာမပညတ်သို့တင်၍ သူတပါးတို့အား တရားဟောခြင်းငှါ မစွမ်းနိုင်ကြကုန်။ ထို့ကြောင့် ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၏ သစ္စာလေးပါးတရားကို သိခြင်းတည်းဟူသော ဓမ္မာဘိသမယကို စကားမပြောတတ်သူ၏ အိပ်မက်မြင်မက်ခြင်းနှင့်၎င်း, တောအရပ်သား ဗဟုသုတနည်းပါးသူ၏ မြို့၌ဖြစ်သော မွန်မြတ်သော အရသာအထူးထူးကို သုံးစွဲရခြင်းနှင့်၎င်း ဥပမာစပ်၍ အဋ္ဌကထာတို့၌ ပြဆိုတော်မူကြကုန်၏။ သို့ရကား- ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို (တရိတပုဂ္ဂိုလ်) မိမိတို့ကိုယ်တိုင်သာ သံသရာမှ ကိုယ်စွမ်းဖြင့် ကူးမြောက်နိုင်၍ သူတပါးကိုကား မကယ်တင်နိုင်သော ပုဂ္ဂိုလ်တို့ဟူ၍ ခေါ်ဆိုရသည်။

     ထိုပစ္စေကဗုဒ္ဓါ အရှင်သူမြတ်တို့သည် ရဟန်းပြုလိုကြသူ သူတပါးတို့ကို ရဟန်းပြု၍ပေးကြပြီးလျှင် “ဤသို့ တည်ငြိမ်သော

၂၆

အခြင်းအရာဖြင့် ရှေ့သို့ တက်ရမည်၊ နောက်သို့ ဆုတ်ရမည်။ ကြည့်ရှုရမည်၊ ပြောဆိုရမည်” အစရှိသည်ဖြင့် အာဘိသမာစာရိကကျင့်ဝတ်ကို သင်ကြား၍ ပေးတော်မူနိုင်ကြသော်လည်း “ဤသို့ ရုပ်နာမ်ကိုခွဲခြား၍ လက္ခဏာယာဉ် တင်ရမည်” အစရှိသည်ဖြင့်ကား သူတဖက်သား နာကြားသူကို မဂ်ဖိုလ်ရောက်လောက်အောင် တရားဓမ္မ ဟောပြတော်မမူနိုင်ကြကုန်။

     ဥပုသ်ပြုသောအခါ၌လည်း ဂန္ဓမာဒနတောင် နန္ဒမူလကအရပ်ရှိ ရွှေဂူ, မြဂူ, ငွေဂူဟူသော ဂူသုံးလုံးတို့အနက် မြဂူ၏ တံခါးဝဝယ် တယူဇနာ အမြင့်ရှိ၍ တယူဇနာပင် အပြန့်ကျယ်သော မဉ္ဇူသက နတ်သစ်ပင်အနီး ရတနာတန်ဆောင်းဝန်း၌ စည်းဝေးတော်မူကြ၍ “စိတ်၏ ကိလေသာမှခေါင်းပါးမှုကို ပြုရမည်၊ ဆုတ်နစ်ခြင်းသို့ မရောက်ရာ”ဟူ၍ အကျဉ်းမျှဖြင့်သော်၎င်း၊ သို့မဟုတ် “ယနေ့ကား ဥပုသ်နေ့တည်း”ဟူသော စကားမျှဖြင့်သော်၎င်း အကျဉ်းချုပ် ဥပုသ်ပြုတော်မူကြကုန်သည်။

     သာဝကဗုဒ္ဓ ဖြစ်တော်မူကြသော တပည့်သားအရိယာ သာဝကတို့ကို (တာရိတပုဂ္ဂိုလ်) အထုတ်အဆယ် အကယ်အတင်ခံ ပုဂ္ဂိုလ်တို့ဟူ၍ ခေါ်ဆိုရသည်။ မှန်၏... အရှင်သာရိပုတ္တရာဖြစ်တော်မူမည့် ဥပတိဿပရိဗိုဇ်သည် အရှင်အဿဇိအထံမှ-

“ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊

တေသံ ဟေတုံ တထာဂတော”-

ဟူသော ဂါထာဝက်ကို ကြားနာရ၍ သောတာပတ္တိမဂ်ဖိုလ်၌ တည်တော်မူသည်ကို ထောက်၍ တပည့်သား အရိယာသာဝကတို့ကို ကိုယ်တိုင်ကလည်း အကယ်အတင်ခံ၍ သူတပါးတို့ကိုလည်း ကယ်တင်တတ်သော (တာရယိတု)ပုဂ္ဂိုလ်ဟု ထင်မှတ်ဖွယ််ရှိသော်လည်း ထိုတပည့်သား အရိယာသာဝကတို့ဟောကြားသော တရားမှာ မြတ်စွာဘုရားသာလျှင် အမွန်အစ ဖြစ်ရာရှိသောကြောင့်၎င်း မြတ်စွာဘုရား၏ နည်းညွှန်းမပါ

၂၇

ကိုယ်တိုင်သီးခြား နည်းတပါးဖြင့် ဟောကြားခြင်း မဟုတ်သောကြောင့်၎င်း၊ ထိုတပည့်သား အရိယာ သာဝကတို့ကို တာရယိတုပုဂ္ဂိုလ်ဟူ၍ မခေါ်ဆိုရ။ စင်စစ်ကား ဆရာမရှိပဲ သစ္စာလေးပါးကို မသိနိုင်၊ ဆရာအကူအညီရမှသာ သစ္စာလေးပါးကို သိနိုင် မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ကို ရနိုင်သောကြောင့် (တာရိတပုဂ္ဂိုလ်) = အထုတ်အဆယ် အကယ်အတင်ခံ ပုဂ္ဂိုလ်ဟူ၍သာ ခေါ်ဆိုရသည်။

     ဆိုအပ်ပြီးသောအတိုင်း ပစ္စေကဗုဒ္ဓါနှင့် အရိယာသာဝကတို့မှာ တရိတပုဂ္ဂိုလ်, တာရိတပုဂ္ဂိုလ်များ ဖြစ်ကြသည့်အတွက် အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ရောက်တော်မူကြပြီးသည့်နောက် ဖလသမာပတ် နိရောဓသမာပတ်တို့ကို ဝင်စား၍ သူတပါး၏အကျိုးကို မကျင့်ပဲ ကိုယ်ကျိုးသက်သက်ဖြင့်သာ ချမ်းသာစွာ နေနိုင်တော်မူကြသော်လည်း သမ္မာသမ္ဗုဒ္ဓ သဗ္ဗညုမြတ်စွာဘုရားတို့မှာ ထိုကဲ့သို့ ကိုယ်ကျိုးသက်သက်ဖြင့် နေတော်မူနိုင်ကြသည်မဟုတ်။ စင်စစ်ကား… ပါရမီတော်ဖြည့်စဉ်ကပင် (ဗုဒ္ဓေါ ဗောဓေယျံ) = ငါ သစ္စာလေးပါးတရားကို သိပြီးသည်ရှိသော် ဝေနေယျတို့ကိုလည်း သိစေမည်” အစရှိသည်ဖြင့် ကြံစည်တော်မူခဲ့သည့်အတိုင်း နေ့ညဉ့်ဆက်ကာ ငါးဖြာသော ဗုဒ္ဓကိစ္စ = (မြတ်စွာဘုရား၏ လုပ်ငန်းစဉ်)တို့ကို ပြုလုပ်ပြီးပြေစေတော်မူကြရလေသည်။

(ဗုဒ္ဓကိစ္စငါးပါးအကျယ်ကို အထက် ဂေါတမဗုဒ္ဓဝင် ဘဂဝါဂုဏ်တော်အဖွင့်၌ ကြည့်ရှုကြပါကုန်။)

     မြတ်စွာဘုရားတို့သည် “ဗုဒ္ဓကိစ္စငါးပါး”ကို ပြုလုပ်ပြီးပြေစေတော်မူကြရခြင်းဖြင့် တနေ့တနေ့လျှင် နေ့အဘို့ဝယ် ဆွမ်းဘုဉ်းပေးပြီးစ တမုဟုတ်မျှသာ အနားယူခွင့် ရတော်မူကုန်၏။ ညဉ့်အဘို့ဝယ် တညဉ့်ကို သုံးပုံပုံ၍ တတိယအပုံ၏ သုံးပုံတပုံသာ အနားယူခွင့် ရတော်မူကုန်၏။ ထိုမှကြွင်းသော အချိန်တို့၌ကား “ဗုဒ္ဓကိစ္စငါးပါး”ကို ရွက်ဆောင် ပြီးပြေစေတော်မူကြခြင်းဖြင့် အချိန်ကို ကုန်လွန်စေတော်မူကြရ၏။

၂၈

     သူမတူတန်အောင် ကြီးကဲလွန်မြတ်လှသော “ပယတ္တ”ဘုန်းတော်ဟု ခေါ်ဆိုရသည့် ဝီရိယအရှင် ဘုရားသခင်တို့မှသာလျှင် ထိုဗုဒ္ဓကိစ္စတို့ကို ပြီးပြေစေတော်မူနိုင်ကြကုန်၏။ ပစ္စေကဗုဒ္ဓါ, သာဝကတို့၏ အရာမဟုတ်ပေ။

ဗုဒ္ဓုပ္ပါဒ ဒုလ္လဘဖြစ်ပုံ စဉ်းစားရန်

ဆိုအပ်ပြီးသော-

(က) ဗောဓိသတ္တ = (အလောင်းအလျာကြီးများ)

(ခ) ဗောဓိသတ္တကိစ္စ = (အလောင်းအလျာကြီးတို့၏ လုပ်ငန်းစဉ်)

(ဂ) ဗုဒ္ဓ = (လုပ်ငန်းစဉ် ပြီးမြောက်၍ ဗုဒ္ဓအဖြစ်သို့ရောက်ပြီး ပုဂ္ဂိုလ်ကြီးများ)

(ဃ) ဗုဒ္ဓကိစ္စ = ( မြတ်စွာဘုရား၏ နေ့စဉ် လုပ်ငန်းရပ်များ)

ဤလေးချက်ကို လေးလေးနက်နက် ဆင်ခြင်စဉ်းစားပါက ဗုဒ္ဓတဆူတဆူ ပွင့်ပေါ်တော်မူရန် အလွန်ခဲယဉ်းကြောင်း သိသာနိုင်ပေ၏။

     မှန်၏… ဘုရားဖြစ်ပြီး၍ တိတ္ထိတို့၏မာန်မာနကို ချိုးနှိမ်တော်မူနိုင်ပုံ, ရေမီးအစုံအစုံ တန်းခိုးပြာဋိဟာ ပြတော်မူပုံ- အစရှိသော မြတ်စွာဘုရား၏ ဘုန်းတန်ခိုးတော် အာနုဘော်တို့ကို ကိုယ်တိုင်ဖူးတွေ့ရ၍ဖြစ်စေ, ကြားနာရ၍ဖြစ်စေ ဘုရားအဖြစ်ကို အလိုရှိကြ တောင့်တကြသော သူတို့ကား များလှစွာ၏။ ထို့ကြောင့်ပင်လျှင် မြတ်စွာဘုရားသခင် တာဝတိံသာနတ်ပြည်မှ အဘိဓမ္မာတရားဟော၍အပြီး သင်္ကဿပြည်သို့ ကြွဆင်းတော်မူသောအခါ မြတ်စွာဘုရား၏ “ဒေဝေါရောဟနပြာဋိဟာ” တန်းခိုးကြောင့် အထက်ဘဝဂ်တိုင်အောင် အောက်အဝီစိတိုင်အောင် ဟင်းလင်းအပြင် ဖြစ်၍၎င်း, အနန္တစကြဝဠာ ဖီလာအရပ် ရှစ်မျက်နှာတို့မှာလည်း ထို့အတူ ဟင်းလင်းအပြင် ဖြစ်၍၎င်း လူ နတ် ဗြဟ္မာ သတ္တဝါတို့

၂၉

အချင်းချင်း မြင်ကြရကုန်သည်။ ထိုနေ့၌ မြတ်စွာဘုရား၏ အသရေတော်ကို ဖူးမြော်ကြရသဖြင့် အလျားအနံ တဆယ့်နှစ်ယူဇနာစီ အဝန်းအဝိုင်းအားဖြင့် သုံးဆယ့်ခြောက်ယူဇနာရှိသော ပရိသတ်တွင် ဘုရားအဖြစ်ကို မတောင့်တသောသူမည်သည် မရှိပေ။

(ထိုမျှများပြားသော ပရိသတ်အားလုံးပင် ဘုရားအဖြစ်ကို တောင့်တကြကြောင်း ဓမ္မပဒအဋ္ဌကထာ ဒေဝေါရောဟနဝတ္ထု၊ ဇိနာလင်္ကာရဋီကာ ပြာဋိဟာသုံးမျိုးအဖွင့်တို့၌ လာရှိသည်။)

     မြတ်စွာဘုရား၏ ဘုန်းတန်ခိုး အာနုဘော်တို့ကို ကိုယ်တိုင် ဖူးတွေ့ရ ကြားနာရ၍ ဘုရားအဖြစ်ကို အလိုရှိကြ တောင့်တကြသူ များလှသော်လည်း ပါရမီတော်တို့၏ များသောအဖြစ်၊ ကြီးကျယ်စွာ ဆည်းပူးအားထုတ်ရသောအဖြစ်၊ ဘ၀တိုင်း မပြတ်မလပ် ဖြည့်ကျင့်ရသောအဖြစ်၊ ရိုသေစွာ ဖြည့်ကျင့်ရသောအဖြစ်၊ ကြာမြင့်စွာ ဖြည့်ကျင့်ရသောအဖြစ်၊ ကိုယ်အသက်ကို မငဲ့ကွက်ပဲ ဖြည့်ကျင့်ရသောအဖြစ်တို့ကို ဟုတ်တိုင်းမှန်စွာ သိပါမူကား သဒ္ဓါ ပညာ ဆန္ဒ ဝီရိယ နည်းပါးသောသူတို့ ကြောက်ရွံ့ကြမည်သာ ဧကန်ဖြစ်ပေ၏။ ဤကဲ့သို့ ကြောက်ဖွယ်လိလိ ပါရမီတော်တို့ကို မကြောက်ရွံ့ပဲ ရဲရဲဝံ့ဝံ့ ဖြည့်ကျင့်မှသာ ဘုရားအဖြစ်ကို ရနိုင်သောကြောင့် ဘုရားအဖြစ်ကို “ဒုလ္လဘ”ဟု ဆိုရသည်။

     ထို့ကြောင့်-

“ဧကပုဂ္ဂလဿ ဘိက္ခဝေ ပါတုဘာဝေါ ဒုလ္လဘော လောကသ္မိံ၊ ကတမဿ ဧကပုဂ္ဂလဿ၊ တထာဂတဿ အရဟတော သမ္မာသမ္ဗုဒ္ဓဿ၊ ဣမဿ ခေါ ဘိက္ခဝေ ဧကပုဂ္ဂလဿ ပါတုဘာဝေါ ဒုလ္လဘော လောကသ္မိံ”။

“ရဟန်းတို့... သတ္တလောက၌ တယောက်သောပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် အလွန်ရခဲ၏။ အဘယ်မည်သော တယောက်သောပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် အလွန်ရခဲသနည်း ဟူမူကား၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့်

၃၀

အမှန်သိတော်မူသော သဗ္ဗညုမြတ်စွာဘုရား၏ ထင်ရှား ဖြစ်ပေါ်လာခြင်းသည် အလွန်ရခဲ၏”-

ဟူ၍ အင်္ဂုတ္တရနိကာယ် ဧကကနိပါတ် (၁၃) ဧကပုဂ္ဂလ၀ဂ် ဒုတိယသုတ်၌ ဟောတော်မူအပ်ပြီ။

     ထိုသုတ်၏ အဖွင့်အဋ္ဌကထာ၌လည်း-

“ကသ္မာ ဒုလ္လဘောတိ = (အဘယ့်ကြောင့် အလွန်ရခဲသနည်း)ဟု အမေးပုစ္ဆာ ထုတ်ပြီးလျှင် ဒါနပါရမီကို တကြိမ်သာဖြည့်၍ ဘုရားဖြစ်နိုင်သည်မဟုတ်၊ နှစ်ကြိမ် ဆယ်ကြိမ် အကြိမ်နှစ်ဆယ် အကြိမ်ငါးဆယ် အကြိမ်တရာ အကြိမ်တထောင် အကြိမ်တသိန်း အကြိမ်တကုဋေ အကြိမ်ကုဋေတရာ အကြိမ်ကုဋေတထောင် အကြိမ်ပေါင်း ကုဋေတသိန်း ဒါနပါရမီကိုဖြည့်၍ ဘုရားဖြစ်နိုင်သည်မဟုတ်။ ထို့အတူ တရက် နှစ်ရက် ဆယ်ရက် ရက်ပေါင်းနှစ်ဆယ် ရက်ပေါင်းငါးဆယ် ရက်ပေါင်းတရာ ရက်ပေါင်းတထောင် ရက်ပေါင်းတသိန်း ရက်ပေါင်းကုဋေတသိန်း ဒါနပါရမီကိုဖြည့်၍ ဘုရားဖြစ်နိုင်သည်မဟုတ်။ တလ နှစ်လ လပေါင်း ကုဋေတသိန်း၊ တနှစ် နှစ်နှစ် နှစ်ပေါင်း ကုဋေတသိန်း၊ မဟာကပ်ကြီး တကပ် နှစ်ကပ် မဟာကပ်ကြီးပေါင်း ကုဋေတသိန်း၊ မဟာကပ်ကြီးပေါင်း တသင်္ချေ နှစ်သင်္ချေ သုံးသင်္ချေ ဒါနပါရမီကိုဖြည့်၍ ဘုရားဖြစ်နိုင်သည်မဟုတ်။ (သီလပါရမီ နေက္ခမ္မပါရမီ ပညာပါရမီ ဝီရိယပါရမီ ခန္တီပါရမီ သစ္စာပါရမီ အဓိဋ္ဌာနပါရမီ မေတ္တာပါရမီ ဥပေက္ခာပါရမီတို့၌လည်း ဤနည်းအတူပင်)၊ စင်စစ်သော်ကား အနည်းဆုံး အောက်ဆုံး အပိုင်းအခြားအားဖြင့် ကမ္ဘာပေါင်း ဤမျှဤရွေ့ဟု မရေတွက် မပိုင်းခြားနိုင်သည့် လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး ပါရမီအဆောက်အဦ အလုံးစုံတို့ကို တခုမကျန် အခါမပြတ် ဘဝမလပ်အောင် လေးမြတ်စုံမက် နှစ်သက်ကြည်ညို အလွန်ရိုသေစွာ ဖြည့်ကျင့်ဆည်းပူး ပွါးများတော်မူမှ သဗ္ဗညုမြတ်စွာဘုရား

၃၁

ဖြစ်နိုင်တော်မူသည်။ ဤအကြောင်းကြောင့် ဘုရားသဗ္ဗညုတည်းဟူသော တယောက်သောပုဂ္ဂိုလ်ကို သတ္တလောက၌ အလွန်ရခဲလှ၏”-

ဟု ဖွင့်ပြတော်မူသည်။

     ထိုသုတ်၏ အဖွင့်ဋီကာ၌လည်း-

“အောက် အစွန်းအားဖြင့် လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ကာလကြာအောင် ဘဝမပြတ် ပါရမီတို့ကိုဖြည့်ကျင့်မှသာ သဗ္ဗညုဘုရား ဖြစ်နိုင်သည်၊ တပါးသောနည်းလမ်းဖြင့် မဖြစ်နိုင်၊ ဤအကြောင်းကြောင့် ဘုရားရှင်တို့၏ ထင်ရှားဖြစ်ပွင့်တော်မူခြင်းကို အလွန်ရခဲလှ၏”-

ဟု ဖွင့်ပြလေသည်။

ပါရမီတော်တို့၏ ဥပမာမရှိကြောင်း

     သုမေဓာဘဝမှသည် ဝေဿန္တရာဘဝတိုင်အောင် ဤအတွင်း လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ကာလအကြား၌ ဘုရားအလောင်းတော် ဖြစ်ခဲ့ရသော ဘဝပေါင်းကား မဟာသမုဒြာ ရေပေါက်ထက်ပင် များလှသေး၏။ အခြားမလပ် ဘဝမပြတ်ပဲ ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့သော ပါရမီတော်တို့ကား အတိုင်းအရှည် ပမာဏ မဖော်ပြနိုင်အောင် များလှကုန်၏။ နှိုင်းယှဉ်ဖွယ်ရာ ဥပမာပင် မရှိဖြစ်ချေသည်။ ။ဤအကြောင်းကို ဇိနာလင်္ကာရကျမ်း၌-

“မဟာသမုဒ္ဒေ ဇလဗိန္ဒုတောပိ၊

တဒန္တရေ ဇာတိ အနပ္ပကာ၀။

နိရန္တရံ ပုရိတပါရမီနံ၊

ကထံ ပမာဏံ ဥပမာ ကုဟိံ ဝါ”။

“မဟာသမုဒ္ဒေ၊ မဟာသမုဒြာ၌။ ဇလဗိန္ဒုတောပိ၊ ရေပေါက်ထက်လည်း။ တဒန္တရေ၊ ထို သုမေဓာဘဝနှင့်

၃၂

ဝေဿန္တရာဘဝအကြား၌။ ဇာတိ၊ ဖြစ်တော်မူရ ဘဝပေါင်းသည်။ အနပ္ပကာဝ၊ များလှသည်သာတည်း။ နိရန္တရံ၊ မခြားမလပ် ဘဝမပြတ်ပဲ။ ပူရိတပါရမီနံ၊ ဖြည့်ကျင့်ဆည်းပူး ပါရမီထူးတို့၏။ ပမာဏံ၊ အတိုင်းအရှည်ပမာဏသည်။ ကထံ၊ အဘယ်မှာ ရှိအံ့နည်း။ ဥပမာ ဝါ၊ နှိုင်းယှဉ်ဖွယ်ရာ ဥပမာသည်လည်း။ ကုဟိံ၊ အဘယ်မှာ ရှိရာအံ့နည်း”–

ဟူ၍ ချီးကျူး ဖွင့်ဆိုအပ်လေပြီ။

     ဤတွင်မျှ မဟုတ်သေး- သတပုညလက္ခဏ ဂုဏ်တော်ကို ဖွင့်ပြသော သုတ်ပါထေယျ အဋ္ဌကထာ၊ ဋီကာ၊ ဇိနာလင်္ကာရဋီကာကျမ်းတို့၌လည်း-

ဒီပင်္ကရာ မြတ်စွာသေဌ်နင်း ခြေတော်ရင်းဝယ် ဘုရားဆုကို တောင်းယူတော်မူသည်မှ ဝေဿန္တရာမင်းဘဝ မဒ္ဒီမိဖုရားကို လှူဒါန်းသည့်တိုင်အောင် ဤအတွင်းဝယ် အဆုံးမရှိသော အနန္တလောကဓာတ်၌ မပိုင်းခြားနိုင်အောင် များစွာသော သတ္တဝါတို့ပြုသော ဒါနအစရှိသော ကောင်းမှုကို တဖက်မှ တစုပြု၍ထားပြီးလျှင် ဘုရားအလောင်းတော်တဦးတည်း ဆည်းပူးအားထုတ်အပ်သော ကောင်းမှုကို တဖက်မှ တစုပြု၍ နှိုင်းယှဉ် ချင့်တွက်သည်ရှိသော် အနန္တသတ္တဝါတို့ ပြုလုပ် အားထုတ်အပ်သော ကောင်းမှုအစုသည် ဘုရားလောင်းတဦးတည်း ပြုလုပ် အားထုတ်အပ်သော ပါရမီကောင်းမှုတော်၏ အစိတ်အရာ အစိတ်အထောင်လျှင် တစိတ်မျှ မမှီနိုင်ကြောင်း ဖွင့်ပြအပ်လေပြီ။

ဗောဓိသတ္တ ဘုရားအလောင်းဖြစ်ရန်ပင် ခဲယဉ်းလှကြောင်း

     သမ္မာသမ္ဗုဒ္ဓ သဗ္ဗညုဘုရားအဖြစ်ကို မဆိုထားဘိ၊ ဘုရားဖြစ်ကြောင်း ဆုတောင်းပြည့်စုံရာ အရှင်သုမေဓာရသေ့ဘဝကဲ့သို့သော

၃၃

ဘဝကိုသော်မှလည်း အကြောင်းရှစ်ပါး ပြည့်စုံမှ ရနိုင်ပေသည်။ ထိုအကြောင်းရှစ်ပါးကား-

(၁) လူဇာတ်စင်စစ် ဖြစ်ရခြင်း၊

(၂) ယောက်ျားစင်စစ် ဖြစ်ရခြင်း၊

(၃) ထိုဘဝမှာပင် အရဟတ္တဖိုလ် ရနိုင်လောက်သော ကုသိုလ်ပါရမီထူးနှင့် ပြည့်စုံသူ ဖြစ်ရခြင်း၊

(၄) သက်တော်ထင်ရှား မြတ်စွာဘုရားကို ဖူးတွေ့ရခြင်း၊

(၅) ကမ္မဝါဒီရသေ့ (သို့မဟုတ်) သာသနာတွင်း ရဟန်းဖြစ်ခြင်း၊

(၆) ဈာန်သမာပတ် ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသူဖြစ်ခြင်း၊

(၇) ကိုယ့်အသက်ကို မငဲ့ကွက်ပဲ အလွန်အကျူး ပါရမီကုသိုလ်တို့ကို ပြုစုပွါးများ အားထုတ်ခြင်း၊

(၈) ဘုရားအဖြစ်ကို တောင့်တအားကြီးသော ကုသိုလ်ဆန္ဒရှိသူဖြစ်ခြင်း၊

ဤရှစ်ပါးတို့တည်း။

(ထိုရှစ်ပါးတို့၏ အဓိပ္ပါယ်အကျယ်ကို အထက် ပါရမီခဏ်းအဆုံးသို့ရောက်မှ ဖွင့်ပြပေအံ့။)

     ဆိုအပ်ပြီးသော အင်္ဂါရှစ်ပါး အကြောင်းတရားတို့နှင့် ပြည့်စုံသူဖြစ်မှသာ နိယတဗျာဒိတ်ပန်းကို ဆင်မြန်းနိုင်သည်ဖြစ်၍ ဘုရားအဖြစ်ကို မဆိုထားဘိ၊ သုမေဓာရှင်ရသေ့ကဲ့သို့ နိယတဗျာဒိတ်ခံရသောသူ၏ အဖြစ်သည်ပင် အလွန်ရခဲသောအရာ ဖြစ်ပေသည်။

     နိယတဗျာဒိတ် ခံယူရရှိနိုင်သော ဘုရားလောင်း၏ အဖြစ်သည်ပင် အလွန်ရခဲပါက နိယတဗျာဒိတ် ခံယူရရှိပြီးနောက် အနည်းဆုံး လေးအသင်္ချေနှင့် ကမ္ဘာတသိန်းကြာအောင် ပါရမီတော်တို့ကို ဘာဝနာလေးပါးဖြင့် ဖြည့်ကျင့်၍

၃၄

ပါရမီတော်ပြည့်စုံမှ ရရှိနိုင်သော ဘုရားအဖြစ်ကား အဘယ်မှာလျှင် ဆိုဘွယ်ရာရှိအံ့နည်း၊ ရခဲလှတော့ သည်သာတည်း။

     ယင်းသို့ ဘုရားအဖြစ်ကို အလွန်လျှင် ရခဲလှသောကြောင့် ထိုမြတ်စွာဘုရား ဖြစ်ထွန်း ပွင့်ပေါ်တော်မူရာ “ဗုဒ္ဓုပ္ပါဒ နဝမ” အခါအခွင့်ကောင်းသည်လည်း အလွန်လျှင် ရခဲသောအရာ ဖြစ်ပေသည်။

     ဤအရာ၌ “ဗုဒ္ဓုပ္ပါဒ နဝမ ခဏ”နှင့်စပ်၍ အဋ္ဌကနိပါတ် အင်္ဂုတ္တရနိကာယ်၌လာရှိသော အက္ခဏ = (ရပ်ပြစ်) ရှစ်ပါးကိုလည်း သိမှတ်သင့်ပေသည်၊ ၎င်း အက္ခဏ = (ရပ်ပြစ်) ရှစ်ပါးဟူသည်မှာ-

     ၁။ ငရဲဘုံ၌ ဖြစ်ခြင်း (အလွန် ပြင်းထန် ဆင်းရဲလှသော ကမ္မကရဏကို အချိန်ရှိသမျှ အပြုခံ အညှဉ်းဆဲခံနေရသဖြင့် ငရဲသားအား ကုသိုလ်ကောင်းမှု ပြုနိုင်ခွင့်ဟူ၍ မရှိနိုင်သောကြောင့် ငရဲဘုံ၌ ဖြစ်ရခြင်းကို “အက္ခဏ”ဟူ၍ ခေါ်သည်။)

     ၂။ တိရစ္ဆာန်ဘုံ၌ ဖြစ်ခြင်း (သူတော်ကောင်းတရားကို သညာသိဖြင့်ပင် သိနိုင်ခွင့်မရှိပဲ အမြဲ ထိတ်လန့်တုန်လှုပ်စွာ အသက်ရှင်ရသော တိရစ္ဆာန်ဘုံသား သတ္တဝါအား ကုသိုလ်ကောင်းမှု ပြုနိုင်ခွင့်ဟူ၍ မရှိနိုင်သောကြောင့် တိရစ္ဆာန်ဘုံ၌ ဖြစ်ရခြင်းကိုလည်း “အက္ခဏ”ဟူ၍ ခေါ်သည်။)

     ၃။ ပြိတ္တာဘုံ၌ ဖြစ်ခြင်း (အချိန်မစဲ အမြဲတစေ ပူလောင်ချောက်တပ်လျက် အစာငတ်, ရေငတ်ခြင်း အပြင်းအနှိပ်စက်ခံနေရသော ပြိတ္တာဘုံသား သတ္တဝါအား ကုသိုလ်ကောင်းမှု ပြုနိုင်ခွင့်ဟူ၍ မရှိနိုင်သောကြောင့် ပြိတ္တာဘုံ၌ ဖြစ်ရခြင်းကိုလည်း “အက္ခဏ”ဟူ၍ ခေါ်သည်။)

     ၄။ အသညသတ်ဘုံ၌ ဖြစ်ခြင်း (အသညသတ်ဘုံသားတို့မှာ သူတော်ကောင်းတရား ကြားနာနိုင်ကြောင်း သောတပသာဒ မရှိရကား

၃၅

ကုသိုလ်ကောင်းမှု ပြုနိုင်ခွင့် မရှိသောကြောင့် ထိုအသညသတ်ဘုံ၌ ဖြစ်ရခြင်းကိုလည်း “အက္ခဏ”ဟူ၍ ခေါ်သည်။)

ဤ စတုတ္ထအက္ခဏအရကို အဋ္ဌကနိပါတ အင်္ဂုတ္တရအဋ္ဌကထာ၌ အသညသတ်ဘုံကိုသာ ဖွင့်ပြသည်၊ ဇိနာလင်္ကာရဋီကာ၌ကား အရူပဘုံ၌ဖြစ်ခြင်းကိုပါ ထည့်သွင်းရေတွက်ပြသည်။

အရူပဘုံ၌ တိဟိတ် ပုထုဇန်ပုဂ္ဂိုလ်နှင့် သောတာပတ္တိဖလဋ္ဌပုဂ္ဂိုလ်-စသော အထက် အရိယာပုဂ္ဂိုလ် ခုနစ်ပါးအားဖြင့် ပုဂ္ဂိုလ်ရှစ်ပါး ရရှိသည့်အနက် တိဟိတ်ပုထုဇန်ပုဂ္ဂိုလ်မှာ ပရတောဃောသ = (သူတပါးထံမှ တရားသံကို ကြားနာရခြင်း) အကြောင်း ချို့တဲ့၍ မဂ်ဖိုလ်ရနိုင်ခွင့် အလျဉ်းမရှိ။ ထိုအရူပဘုံသို့ ရောက်ကြသော အောက် ဖလဋ္ဌပုဂ္ဂိုလ် သုံးမျိုးတို့မှာကား အရူပဘုံသို့ မရောက်ခင် ရှေးဘဝ ကာမဘုံ, ရူပဘုံ၌ ဖြစ်စဉ်က ကျင့်ကြံပွါးများခဲ့သော ဝိပဿနာနည်းလမ်းများဖြင့် ဆက်လက်ပွါးများ အားထုတ်ကြ၍ အထက်မဂ်ဖိုလ်ကို ရရှိကြမြဲဖြစ်သည်။ ထို့ကြောင့် အရူပဘုံကို အဋ္ဌကထာ၌ အက္ခဏ = (ရပ်ပြစ်) စာရင်း မသွင်းခြင်းဖြစ်သည်။

     ၅။ ပစ္စန္တအရပ်၌ ဖြစ်ခြင်း (မြတ်စွာဘုရား၏ သားတော် သမီးတော် ဖြစ်ကြသော ရဟန်းယောက်ျား, ရဟန်းမိန်းမ, ဥပါသကာယောက်ျား, ဥပါသိကာမိန်းမတို့ မရောက်မပေါက်ရာ ဉာဏ်ပညာ အလွန်ပါးရှား ပစ္စန္တအရပ်၌ဖြစ်သော သူတို့အားလည်း သောတပသာဒဟူ၍ပင် ရှိစေကာမူ သူတော်တရား နာကြားခွင့် မရကြသဖြင့် ကုသိုလ်ကောင်းမှု ပြုနိုင်ခွင့် မရှိသောကြောင့် ထိုပစ္စန္တအရပ်၌ ဖြစ်ရခြင်းကိုလည်း “အက္ခဏ”ဟူ၍ ခေါ်သည်။)

     ၆။ မိစ္ဆာဒိဋ္ဌိ အယူရှိခြင်း (ဘုရားပွင့်တော်မူရာ တရားသံမစဲ ခြိမ့်ခြိမ့်သဲနေသော မဇ္ဈိမတိုက်၌ ဖြစ်နေစေကာမူ

၃၆

မိစ္ဆာဒိဋ္ဌိ အယူရှိသူတို့မှာ သူတော်ကောင်းတရား နာကြားနိုင်ခြင်း ကျင့်ကြံနိုင်ခြင်း အလျဉ်းပင် မရှိသောကြေ၁င့် မိစ္ဆာဒိဋ္ဌိ အယူရှိခြင်းကိုလည်း “အက္ခဏ”ဟူ၍ ခေါ်သည်)။ (နိယတမိစ္ဆာဒိဋ္ဌိကို ဆိုလိုသည်။)

     ၇။ ဣန္ဒြေချို့တဲ့ခြင်း (မဇ္ဈိမတိုက်ဝယ် နိယတမိစ္ဆာဒိဋ္ဌိမဟုတ်သူ ဖြစ်သော်လည်း အဟိတ်ပဋိသန္ဓေ တည်နေ၍ ဝိပါကန္တရာယ်သင့်နေသော မျက်စိစသော ဣန္ဒြေချိုတဲ့သူတို့မှာလည်း သူတော်ကောင်းတို့ကို ဖူးမြော်ခြင်း, သူတော်ကောင်းတရား နာကြားမှတ်ယူနိုင်ခြင်း အလျဉ်းမရှိ၍ မြတ်သောအကျင့်ကို မကျင့်နိုင်ရကား ဣန္ဒြေချို့တဲ့ခြင်းကိုလည်း “အက္ခဏ”ဟူ၍ ခေါ်သည်။)

     ၈။ ဘုရားမပွင့်ထွန်းသောအခါ ဖြစ်ခြင်း (မဇ္ဈိမတိုက်ဝယ် ဣန္ဒြေပြည့်စုံ၍ ကမ္မဿကတာသမ္မာဒိဋ္ဌိ ဉာဏ်ပညာရှိသူပင် ဖြစ်စေကာမူ မြတ်စွာဘုရား ပွင့်ထွန်းသောအခါ မဟုတ်ပါမူ သီလ သမာဓိ ပညာ သိက္ခာသုံးပါး သာသနာအကျင့်တရားတို့ကို ပွါးများနိုင်ခွင့် မရှိသောကြောင့် ဘုရားမပွင့်ထွန်းသော အခါကိုလည်း “အက္ခဏ”ဟူ၍ ခေါ်သည်)။ ။(ဤ၌ သာသနာတော် မကွယ်ပသေးသမျှ ဘုရားပွင့်ထွန်းဆဲကာလဟုသာ ခေါ်ဆိုရသည်။)

     ဤဆိုအပ်ပြီးသော အက္ခဏ = (ရပ်ပြစ်) ရှစ်ပါးမှ လွန်မြောက်၍ ဘုရားသာသနာ ပွင့်ထွန်းရာကာလ၌ ဣန္ဒြေမချို့တဲ့ပဲ သမ္မာဒိဋ္ဌိအယူကောင်း ရရှိသော အခါအခွင့်ကို ဗုဒ္ဓုပ္ပါဒနဝမခဏ = (ဘုရားပွင့်တော်မူရာ ရပ်ပြစ်ရှစ်ပါးကို လွန်မြောက်၍ ကိုးခုမြောက်ဖြစ်သော သူတော်ကောင်းတရား ပွါးများနိုင်ရာ အခါအခွင့်ကောင်း)ဟု ခေါ်ဆိုသည်။

အကျိုးရှိသော ဗုဒ္ဓုပ္ပါဒနဝမ ဖြစ်ပါစေ

     ယနေ့ ထင်ရှားရှိကြသော ဗုဒ္ဓဘာသာအယူရှိသူ သူတော်စင်အပေါင်းတို့မှာ ဘုရားသာသနာ ပွင့်ထွန်းရာဖြစ်၍ ဣန္ဒြေမချို့တဲ့သူ

၃၇

လူ၏အဖြစ်နှင့်တကွ သမ္မာဒိဋ္ဌိအယူကောင်းကို လက်ကိုင်ရရှိသူများ ဖြစ်ကြရကား “ဗုဒ္ဓုပ္ပါဒဒုလ္လဘ” အခွင့်ကောင်းကြီးနှင့် လှလှကြီး ကြိုက်ကြုံနေပါလျက် သီလ, သမာဓိ, ပညာ သာသနာအကျင့်တရားကို လက်လွှတ်ထားပါမူ ဒုလ္လဘ အခွင့်ကောင်းကြီးကို ကျော်လွန်၍ သွားကြသူ မည်ကုန်လိမ့်မည်၊

     နိဗ္ဗာန်လမ်းကြောင်း အကျင့်ကောင်း၏ အကာအကွယ် အန္တရာယ်ဖြစ်ကြသော အက္ခဏ = (ရပ်ပြစ်) တရားတို့ကသာ အရေအတွက်အားဖြင့်၎င်း အချိန်အခါအားဖြင့်၎င်း များလှကုန်၏၊ ကမ္ဘာအသင်္ချေ ကုန်လွန်၍ တရံတခါမှ မြတ်စွာဘုရားတို့ ပွင့်ထွန်းတော်မူကြသောကြောင့်“ဗုဒ္ဓုပ္ပါဒ နဝမ” အခွင့်ကောင်းကို အလွန်ရခဲလှပေသည်။

     လောက၌ အလွန်တရာ ရခဲလှစွာသော မြတ်စွာဘုရား၏ တရားဓမ္မဒေသနာ ထွန်းပရာကာလနှင့် သမ္မာဒိဋ္ဌိအယူရှိသော လူ၏အဖြစ် ဤနှစ်ပါးကို ယနေ့ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အဘို့ မျက်မှောက်ရှေးရှု ရယူမိလျက်ရှိကြပြီ။ ဤမျှ အခွင့်ကောင်း အခါကောင်း ကြံကြိုက်သော ဗုဒ္ဓုပ္ပါဒ နဝမ ခဏ၌ “သူတော်ကောင်းတရားကို ဘယ်နည်းနှင့် သိရပါမည်နည်း၊ ဤ ဗုဒ္ဓုပ္ပါဒနဝမ အခွင့်ကောင်းကြီးကို ငါကား လက်မလွတ်စေသင့်၊ အကယ်၍ လက်လွတ်သွားပါမူ အပါယ်လေးပါး၏ အစာဖြစ်၍ ကြာမြင့်စွာ ပင်ပန်းနွမ်းနယ် ပူပန်ရလိမ့်မည်”ဟု လေးလေးနက်နက် ယထာဘူတ အမှန်အတိုင်း စဉ်းစားဆင်ခြင်မိကြပြီးလျှင် ဗုဒ္ဓုပ္ပါဒ နဝမ ခဏကြီးကို အရတော်သူတယောက် ဆိုစလောက်အောင် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သီလ သမာဓိ ပညာ သာသနာသုံးရပ် အကျင့်မြတ်ကို အရဟတ္တဖိုလ်ပေါက် ကျင့်ဆောက်ပွါးများ အားထုတ်နိုင်ကြပါစေကုန်သတည်း။

ဗုဒ္ဓုပ္ပါဒဒုလ္လဘအခဏ်း ပြီး၏။

**********

၃၈

၃-သုမေဓဗြာဟ္မဏအခဏ်း

     ဤ ဗုဒ္ဓဝင်ဒေသနာတော်ကို မြတ်စွာဘုရားသခင် ကပိလဝတ်ပြည်သို့ ပဌမအကြိမ် ကြွရောက်၍ ဆွေတော်မျိုးတော်ဖြစ်သော သာကီဝင်မင်းအပေါင်းတို့၏ အစည်းအဝေးဝယ် မာန်မာန ခက်ထန်လှသဖြင့် ရှိမခိုးပဲနေကြသော ဆွေမျိုးမင်းအပေါင်းတို့အား မာန်မာနကျိုး၍ ရှိခိုးစေခြင်းငှါ အထက် ကောင်းကင်ယံတွင် အရှေ့အနောက် စကြဝဠာ တိုက်တသောင်းပေါက်အောင် အလျားရှိသော ရတနာစင်္ကြံတော်ကို ဖန်ဆင်းပြီးလျှင် ထိုရတနာစင်္ကြံထက်၌ ရေမီးအစုံအစုံ တန်းခိုးပြာဋိဟာကို ပြတော်မူစဉ် လက်ျာတော်ရံ အရှင်သာရိပုတြာမထေရ်မြတ် တောင်းပန်အပ်သဖြင့် “သုမေဓဗြာဟ္မဏအခဏ်း”မှစ၍ ဟောကြားတော်မူအပ်သည်။

     အရှင်မဟာကဿပ အရှင်အာနန္ဒာ အစရှိသော မထေရ်မြတ်တို့ ပဌမသံဂါယနာ တင်တော်မူကြသောအခါ နိဒါန်းနှင့်တကွ ဗုဒ္ဓဝင်ဒေသနာတော်ကို အပြည့်အစုံ ဖော်ပြတော်မူကြလိုသဖြင့်။ ။ ဗြဟ္မာ စ လောကာဓိပတီ သဟမ္ပတီ... ဂါထာဦး အစချီ၍ ရတနာစင်္ကြံခဏ်းနှင့်တကွ “ဝါစနာမဂ္ဂ = ပို့ချသင်ကြားရိုးအစဉ်” ထားတော်မူခဲ့ကြသည်။

(ထိုဗုဒ္ဓဝင်နိဒါန်းအကျယ်ကို အထက် ဂေါတမဗုဒ္ဓဝင်အခဏ်း၌ ဖွင့်ပြပေအံ့။)

     ဤ၌ကား အရှင်သာရိပုတြာမထေရ်မြတ် တောင်းပန်အပ်သဖြင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော “သုမေဓဗြာဟ္မဏအခဏ်း”မှ စ၍ ပြဆို ရေးသားပေအံ့။ ဤအခဏ်းပါ ဘုရားအလောင်း သုမေဓဗြာဟ္မဏ သူတော်ကောင်း၏ အကြောင်းအရာသော်ကား-

     ဤကမ္ဘာမှပြန်၍ ရေတွက်သည်ရှိသော် လေးအသင်္ချေနှင့် ကမ္ဘာတသိန်း (သို့မဟုတ်- ကပ်တသိန်း)ထက်၌ “အမရဝတီ” အမည်ရှိသော နေပြည်တော်သည် ထွန်းပေါ်ထင်ရှား ဖြစ်ပွါးခဲ့၏။ ။(ကပ်ကမ္ဘာနှင့် အမရဝတီမြို့ မည်အကြောင်းတို့ကို အနုဒီပနီ၌ ကြည့်ပါ။)

၃၉

     အမရဝတီ နေပြည်တော်သည်ကား အရာရာတိုင်းမှာ စည်းစံနစ်ကျနစွာ စီမံထားသော နေပြည်တော်ဖြစ်၍ ကြည့်ရှုချင်ဘွယ် တင့်တယ်လှပေ၏။ စိမ်းလန်းစိုပြေ မွေ့လျော်ဘွယ်မြေ ရှိသဖြင့်၎င်း, အရိပ်ရေစန်း ပေါများသဖြင့်၎င်း, အစာအာဟာရ လိုရာရသဖြင့်၎င်း, လူတို့၏ အသုံးအဆောင်အမျိုးမျိုးတို့ ပေါများ ပြည့်စုံလှသဖြင့်၎င်း ကြည့်ရှုသမျှသော နတ်လူတို့၏ စိတ်နှလုံးကို မွေ့လျော်စေနိုင်၏။

     ဆင်သံ၊ မြင်းသံ၊ ရထားသံ၊ စည်ကြီးသံ၊ မုရိုးစည်သံ၊ စောင်းသံ၊ သီချင်းသံ၊ ခရုသင်းသံ၊ စည်းဝါးသံ၊ ဖိတ်ကြားသံတည်းဟူသော အသံဆယ်ပါးတို့ဖြင့် တရံမဆိတ် အမြဲ သာယာစည်ကားလှစွာ၏။ ။(အခြားမြို့များ၌ “အမှိုက်သရိုက် လှည်းကြကုန်၊ ပေါက်တူး ပေါက်ချွန်းနှင့် မြေသယ်တောင်း ယူခဲ့ကြကုန်။ အရပ်တပါး သွားကြ ပြောင်းရွှေ့ကြကုန်အံ့၊ ဆန်ထုပ် ထမင်းထုပ် ယူခဲ့ကြကုန်။ စစ်ချီကြကုန်အံ့၊ လက်နက် လေးမြားစသည် အသင့်ပြင်ဆင်ကြကုန်” အစရှိသည်ဖြင့် မသာယာ မစည်ကား မြို့ရွာချောက်ချားသော အသံများသာ များပြားလှသော်လည်း အမရဝတီ နေပြည်တော်မှာကား ထိုအသံမျိုး မရှိပဲ ဆင်သံ မြင်းသံ စသော အသံဆယ်ပါးတို့ဖြင့် အမြဲ သာယာစည်ကား၍ နေသည် ဆိုလိုသည်။) (အသံဆယ်ပါးနှင့်စပ်၍ မှတ်ဖွယ်ကို အနုဒီပနီ၌ ကြည့်ပါ။)

     မြို့တော်ကြီးများ၌ ပြည့်စုံရမည့် အင်္ဂါအရပ်ရပ်နှင့် ပြည့်စုံသည့်ပြင် အလုပ်အကိုင်လည်းမရှား ပေါများပြည့်စုံလှ၏။ (စိန်နှင့် ရွှေ့, ငွေ၊ အရေလျှံကဲ၊ ကြောင်မျက်ရွဲ၊ ပုလဲ, မြ သန္တာ)ဟူသော ရတနာခုနစ်ပါးနှင့်လည်း ပြည့်စုံ၏။ နိုင်ငံမျိုးခြား လူအများတို့ဖြင့်လည်း စည်ကားရောပြွမ်း၏။ နတ်ပြည်ပမာ အရာရာပြည့်စုံသဖြင့် ကောင်းမှုကံနှင့် ပြည့်လျှံကဲမိုး ဘုန်းတန်ခိုးရှင်တို့၏ နေရာဌာနလည်း ဖြစ်ပေသည်။

၄၀

အလောင်းတော် သုမေဓာ

     ထိုအမရဝတီ နေပြည်တော်၌ သုမေဓာအမည်ရှိသော ပုဏ္ဏားသည် နေ၏။ (ချီးမွမ်းအပ်သော ပညာရှိသောကြောင့် “သုမေဓ”ဟူ၍ ထင်ရှားကျော်စောသည်။) ထို သုမေဓာပုဏ္ဏားသည် အမိဖက်မှလည်း ပုဏ္ဏားမျိုးအဆက်ဆက် ဆင်းသက်လာသော မိခင်၊ အဘဖက်မှလည်း ပုဏ္ဏားမျိုးအဆက်ဆက် ဆင်းသက်လာသော ဘခင်ဖြစ်သဖြင့် အမိအဘ နှစ်ဖက်စုံမှ ကောင်းသော ဗြာဟ္မဏဇာတ်ရှိသူ ဖြစ်ပေသည်။ ရောဂါသန့်စင်သော မိခင်ဝမ်း၌လည်း ပဋိသန္ဓေနေခဲ့သူ ဖြစ်ပေသည်။ အထက် ဆွေခုနစ်ဆက် မျိုးခုနှစ်ဆက်တိုင်အောင် “ဤသူသည် အမျိုးဇာတ် ယုတ်ညံ့သောသူတည်း”ဟူ၍ အမျိုးဇာတ်ကိုစွဲ၍ဖြစ်သော စကားဖြင့် မပစ်ပယ်အပ်သူ ဖြစ်ပေသည်။ ဆဲရေးကဲ့ရဲ့မှု မပြုအပ်သူ ဖြစ်ပေသည်။ အလွန် လှပတင့်တယ် ကြည့်ရှုချင်ဘွယ်ရာ မြင်မြင်သမျှသောသူတို့၏စိတ်ကို ကြည်သာရွှင်လန်းစေနိုင်သော ရုပ်ရေအဆင်းနှင့် ပြည့်စုံသူ ဖြစ်ပေသည်။

     စီးပွါးဥစ္စာ ပညာအရည်အချင်းအားဖြင့်လည်း သိုမှီးစုဆောင်းထားသည့် ဥစ္စာပေါင်း ကုဋေများစွာရှိသူ ဖြစ်သည့်ပြင် နေ့စဉ် သုံးစွဲနေသော ဥစ္စာစပါးတို့လည်း များလှသူ ဖြစ်ပေသည်။ ဗေဒင်ကျမ်းဂန်တို့ကို နှုတ်တွင်မပြတ် ရွတ်ဖတ်နိုင်သူဖြစ်၍ ဗေဒင်ကျမ်းတို့ကို ဆောင်ထားသူ (ဣရု၊ ယဇု၊ သာမဟူသော) ဗေဒင်သုံးပုံ တို့ကိုလည်း ကမ်းတဖက်ခတ် တတ်မြောက်သူ ဖြစ်ပေသည်။ (၁) အမည်အမျိုးမျိုးကို ဖော်ပြသည့် အဘိဓာန်ကျမ်းဟု ဆိုအပ်သော နိဃဏ္ဍုကျမ်း၊ (၂) စာပေစီကုံးရာ၌ အသုံးပြုအပ်သော ပညာရှိတို့၏ အဆင်တန်းဆာ အလင်္ကာအမျိုးမျိုးတို့ကို ဖော်ပြသည့် အလင်္ကာကျမ်းဟု ဆိုအပ်သော ကေဋုဘကျမ်း၊ (၃) အက္ခရာဗျည်းစသော အမည်တို့နှင့်တကွ နိရုတ္တိနည်းအမျိုးမျိုးတို့ကို ဖော်ပြသည့် အက္ခရပဘေဒခေါ်သော သဒ္ဒါကျမ်း၊ (၄)ရှေးဟောင်း ဇာတ်ဝတ္ထုများကို ဖော်ပြသည့် (ပုရာဏ်ကျမ်းခေါ်သော) ဣတိဟာသကျမ်းလျှင် ငါးခုမြောက်ရှိသော

၄၁

ဗေဒင်ကျမ်းတို့ကို မပင်မပန်း နှုတ်ခမ်းလှုပ်ကာမျှဖြင့် ကမ်းတဖက်ခတ် တတ်မြောက်သူ ဖြစ်ပေသည်။

“ဣတိဟာသကျမ်းလျှင် ငါးခုမြောက်”ဆိုရာ၌ ပါဠိတော်အခြေအနေအရ (၁) ဗေဒင်သုံးပုံ၊ (၂) နိဃဏ္ဍုကျမ်း၊ (၃) ကေဋုဘကျမ်း၊ (၄) သဒ္ဒါကျမ်း၊ (၅) ဣတိဟာသကျမ်းဟူ၍ ရေတွက်သင့်သည်။ သီလက္ခန် အဋ္ဌကထာ၌ကား ဗေဒင်သုံးပုံတွင် “အထဗ္ဗန”ဗေဒင်ကို ထပ်ထည့်၍ လေးပါးရှိရာမှာ ဣတိဟာသကျမ်းကို ထည့်ပြန်သဖြင့် ငါးခုမြောက်ဖြစ်သည်ဟူသော အဓိပ္ပါယ်ကို ဖွင့်ပြ၏။

     ဗျာကရုဏ်းကျမ်းလာ ပုဒ်အမျိုးမျိုးတို့၌ လိမ္မာတတ်မြောက်လှသူ, ပကတိ ပစ္စည်းစသည်တို့၌ လိမ္မာတတ်မြောက်လှသူလည်း ဖြစ်ပေသည်။ ကုသိုလ်မပွား လောကသံသရာကိုသာ ရှည်လျားစေတတ်သော လောကာယတကျမ်း၊ ဘုရားအလောင်း ပစ္စေကဗုဒ္ဓါအလောင်း အစရှိသော အလောင်းတော်သူမြတ်တို့၏ လက္ခဏာမှစ၍ လက္ခဏာအမျိုးမျိုးကို ဖော်ပြရာ မဟာပုရိသလက္ခဏာကျမ်းတို့၌လည်း ပညာဉာဏ် ယုတ်လျော့ခြင်း အလျဉ်းမရှိ ပြည့်စုံသူ ဖြစ်ပေသည်။ ဆရာအဆက်ဆက် သင်ပြအပ်သော ပုဏ္ဏားတို့၏ပညာတရား၌ အဆုံးတိုင် တတ်မြောက်သူ ပါမောက္ခဆရာကြီးလည်း ဖြစ်ပေသည်။

     ထိုသုမေဓာပညာရှိ ငယ်စဉ်ကပင် အမိအဘတို့ကား ကွယ်လွန်ကြကုန်သည်။ ထိုအခါ ဘဏ္ဍာစိုးကြီးက ပစ္စည်းစာရင်းကို ယူခဲ့ပြီးလျှင် ရွှေ-ငွေ-ပတ္တမြား-ပုလဲ စသည်တို့ဖြင့် ပြည့်နေသော ရတနာတိုက်ခန်းများကိုဖွင့်၍ “သတို့သား… ဤမျှလောက်သော ပစ္စည်းကား သင်၏ အမိဖက်မှ ဆင်းသက်လာသော ပစ္စည်းတည်း၊ ဤမျှလောက်သော ပစ္စည်းကား သင်၏ အဘဖက်မှ ဆင်းသက်လာသော ပစ္စည်းတည်း၊ ဤမျှလောက်သော ပစ္စည်းကား သင်၏ အဘိုးအဘေးတို့ လက်ထက်မှ ဆင်းသက်လာသော ပစ္စည်းတည်း”ဟု အထက် ဆွေမျိုးခုနစ်ဆက်တိုင်အောင် ဥစ္စာစုကို

၄၂

ပြောကြားပြီးလျှင် “ထိုဥစ္စာစုကို အလိုအတိုင်း စီမံဖန်တီးပါ”ဟု အပ်နှင်းလေသည်။

     သုမေဓာ ပညာရှိသည် “ကောင်းပြီ”ဟု လက်ခံကာ “ငါ၏ အဘ အဘိုး ဆွေမျိုးခုနစ်ဆက်တို့သည် ဤမျှ များပြားစွာသော ဥစ္စာတို့ကို စုဆောင်းပြီးလျှင် ကွယ်လွန်ကြသောအခါ တကျပ်တပြားကိုမျှ မယူနိုင်ပဲ သွားကြရကုန်၏၊ ငါသည်ကား ကွယ်လွန်သွားရာသို့ တကျပ်တပြားမျှ မကျန်ရအောင် ယူဆောင်နိုင်ခြင်း အကြောင်းကို ပြုလုပ်သင့်၏”ဟု ဆင်ခြင်စဉ်းစားပြီးလျှင် ကုသိုလ်ကောင်းမှုတို့ကိုပြုလျက် အိမ်ကို အုပ်ချုပ်၍ နေတော်မူ၏။

သုမေဓဗြာဟ္မဏအခဏ်း ပြီး၏။

**********

၄-သုမေဓာ တောထွက်ခဏ်း

     တနေ့သ၌ သုမေဓာပညာရှိသည် ပြာသာဒ်အထက်ထပ်သို့ တက်၍ ဆိတ်ငြိမ်ရာအရပ်၌ တင်ပလ္လင်ဖွဲ့ခွေ နေထိုင်ပြီးလျှင် ဤသို့ ကြံစည်တော်မူ၏..။

ဘဝသစ်၌ ဖြစ်ခြင်း = (ပဋိသန္ဓေနေရခြင်း)သည် ဆင်းရဲလှ၏။ ခန္ဓာကိုယ်၏ ပျက်စီးရခြင်း (သေရခြင်း)သည်လည်း ဆင်းရဲလှ၏။ အိုခြင်းတရားသည် လွှမ်းမိုး နှိပ်စက်အပ်သည်ဖြစ်၍ တွေတွေဝေဝေ သေရခြင်း သည်လည်း ဆင်းရဲလှ၏။

ပဋ္ဋိသန္ဓေနေရခြင်းသဘော အိုရခြင်းသဘော နာရခြင်းသဘောရှိသော ငါသည် မအိုရာ မသေရာ ဘေးကုန်ခန်းရာ ဧငြိမ်းရာဖြစ်သော နိဗ္ဗာန်တရားကို ရှာမှီးပေအံ့။

ကျင်ငယ် ကျင်ကြီး ပြည် သွေး သည်းခြေ သလိပ် တံတွေး နှပ်အစရှိသည့် အထူးထူးသော အပုပ်မျိုးတို့ဖြင့် ပြည့်၍နေသော ဤကိုယ်ကောင်ပုပ်ကို ငါသည် မငဲ့မကွက် အလိုမရှိပဲ စွန့်လွှတ်၍ သွားနိုင်ပါမူ ကောင်းလေစွာ့..။

၄၃

ထိုဧငြိမ်းရာ နိဗ္ဗာန်သို့ သွားရောက်ကြောင်း ခရီးကောင်းသည် ရှိသည်ဧကန် ဖြစ်ပေလိမ့်မည်၊ ထိုလမ်းသည် မရှိပဲနေခြင်းငှါ မတတ်စကောင်း။ ဘဝအနှောင်အဖွဲ့မှ လွတ်မြောက်ရန် ထိုနိဗ္ဗာန်ရောက်ကြောင်း ခရီးကောင်းကို ငါကား ရှာမှီးပေတော့အံ့..။

ဥပမာအားဖြင့် ဆင်းရဲခြင်း = (ဒုက္ခ)တရား ထင်ရှားရှိလတ်သော် ကိုယ်စိတ်ချမ်းသာခြင်း = (သုခ)တရား လောက၌ ထင်ရှားရှိသကဲ့သို့ ဤအတူ ဝဋ်ဒုက္ခ၏ဖြစ်ခြင်း ဘဝတရား ထင်ရှားရှိလတ်သော် ထိုဒုက္ခ၏မဖြစ်ခြင်း၊ နိဗ္ဗာန်တရားကိုလည်း အလိုရှိအပ် (သိမှတ်အပ်)သည်သာတည်း။

ဥပမာတနည်းအားဖြင့် အပူရှိလျှင် ထိုအပူမှတပါးဖြစ်သော အအေးလည်း ရှိရသကဲ့သို့ ဤအတူ ရာဂမီး ဒေါသမီး မောဟမီး ဤမီးသုံးပါး ထင်ရှားရှိလျှင် ထိုမီးသုံးပါးကို ငြိမ်းစေတတ်သော နိဗ္ဗာန်တရားကိုလည်း အလိုရှိအပ် (သိမှတ်အပ်)သည်သာတည်း။

ဥပမာတနည်းအားဖြင့် မကောင်းမှု အကုသိုလ်တရား ထင်ရှားရှိလျှင် ကောင်းမှု ကုသိုလ်တရားလည်း ထင်ရှားရှိရသကဲ့သို့ ဤအတူပင် ပဋိသန္ဓေနေရခြင်း ဇာတိတရား ထင်ရှားရှိလျှင် ထိုဇာတိကို ကုန်စေတတ်သည့် ပဋိသန္ဓေနေခြင်းကင်းရာ = နိဗ္ဗာန်တရားကိုလည်း အလိုရှိအပ် (သိမှတ်အပ်)သည်သာတည်း။

     ဤသို့ အကြံတော်ဖြစ်ပြီး ဆက်၍တဖန် လေးနက်စွာ အကြံတော်ဖြစ်ပြန်သည်မှာ-

ဥပမာအားဖြင့် မစင်တွင်း၌ ကျရောက်နေသော (တနည်း- မစင်လိမ်းကပ်၍နေသော) ယောက်ျားသည် ကြာမျိုးငါးပါးတို့ဖြင့် တန်ဆာဆင်အပ်၍ ကြည်လင်သောရေရှိသည့် တဖက်ဆည်ကန်ကြီးကို မျက်ဝါးထင်ထင်

၄၄

အဝေးမှမြင်နေရပါလျက် ထိုတဖက်ဆည်ကန်သို့ သွားရန် လမ်းမှန်ကို မရှာမှီးလျှင် ထိုသို့ မရှာမှီးခြင်းသည် တဖက်ဆည်ကန်ကြီး၏ အပြစ်မဟုတ်၊ ထိုမစင်လိမ်းကပ်သော ယောက်ျား၏ အပြစ်သာလျှင် ဖြစ်သကဲ့သို့ ဤအတူ ကိလေသာ အညစ်အကြေးတို့ကို ဆေးလျှော်ရာ ဧကန် အမြိုက်နိဗ္ဗာန်တည်းဟူသော တဖက်ဆည်ကန်ကြီး ထင်ရှားရှိပါလျက် ထိုသည့်နိဗ္ဗာန် တဖက်ဆည်ကန်ကြီးကို မရှာမှီးလျှင် ထိုသို့မရှာမှီးခြင်းသည် နိဗ္ဗာန်တည်းဟူသော တဖက်ဆည်ကန်ကြီး၏ အပြစ်မဟုတ်။

ဥပမာတနည်းအားဖြင့် ရန်သူတို့ဝိုင်းဝန်းခြင်းကို ခံရသောသူသည် တိမ်းရှောင်ထွက်သွားဘို့ရန် လမ်းရှိပါလျက် ထွက်သွားခြင်း မပြုခဲ့လျှင် ထိုသို့ ထွက်မသွားခြင်းသည် လမ်း၏အပြစ်မဟုတ်၊ ထိုယောက်ျား၏သာ အပြစ်ဖြစ်သကဲ့သို့ ဤအတူ ကိလေသာရန်သူတို့ ဝိုင်းဝန်းခြင်းခံရသောသူသည် ထိုကိလေသာ ရန်သူတို့မှ လွတ်မြောက်ဘေးကင်းရာ နိဗ္ဗာန်ရွှေမြို့သို့ သွားရောက်ကြောင်း မဂ္ဂင်လမ်းကြောင်းကြီး ထင်ရှားရှိပါလျက် ထိုလမ်းကြောင်းကြီးသို့ မသွားလိုလျှင် ထိုသို့မသွားလိုခြင်း မသွားခြင်းကား နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်လမ်းကောင်း၏ အပြစ်မဟုတ်ပေ..။

ဥပမာ တနည်းအားဖြင့် အနာရောဂါရှိသော ယောက်ျားသည် ကုစားနိုင်သော ဆေးဆရာကောင်း ရှိပါလျက် ထိုအနာရောဂါကို မကုစားစေခဲ့လျှင် ထိုသို့ မကုစားခြင်းသည် ဆေးဆရာ၏ အပြစ်မဟုတ်သကဲ့သို့ ဤအတူ ကိလေသာတည်းဟူသော အနာတို့ဖြင့် ဆင်းရဲစွာ အနှိပ်စက်ခံနေရသောသူသည် ထိုကိလေသာ ငြိမ်းရာငြိမ်းကြောင်း မဂ္ဂင်လမ်းကြောင်း၌ လိမ္မာသူ ထင်ရှားရှိသော ဆရာကို မရှာမှီးလျှင် ထိုသို့မရှာမှီးခြင်းသည် ဆရာမြတ်၏ အပြစ်မဟုတ်ပေ။

၄၅

     ဤသို့ အကြံတော်ဖြစ်ပြီးနောက် တဆင့်တက်၍ ဤခန္ဓာကိုယ်ကို စွန့်ပစ်ရန် အကြံတော် ဖြစ်ပြန်သည်မှာ-

လှပချင်သော ယောက်ျားတယောက်သည် လည်ပင်း၌ဆွဲအပ်သော အကောင်ပုပ်ကို စက်ဆုပ်ပြီးလျှင် ဖြေချွတ်၍ အလိုရှိတိုင်း ကိုယ်စိုးတရ ချမ်းသာစွာ သွားသကဲ့သို့ ဤအတူ ငါသည်လည်း အထူးထူးသော ပိုးမျိုး အပုပ်မျိုး၏ စုဝေးရာ ဤအကောင်ပုပ်ကြီးကို စွန့်ပစ်၍ မငဲ့မကွက် အလိုမရှိပဲ နိဗ္ဗာန်တည်းဟူသော မြို့ကြီးသို့ ချမ်းသာစွာ သွားပေအံ့....။

ဥပမာ တနည်းအားဖြင့် ကျင်ကြီးစွန့်ရာအရပ်၌ ယောက်ျား မိန်းမတို့သည် ကျင်ကြီးကို စွန့်ကြပြီးလျှင် ပြန်စောင်းမျှ မကြည့်လိုကြတော့ပဲ စွန့်ဖဲ၍ သွားကြသကဲ့သို့ ဤအတူ ငါသည်လည်း အထူးထူးသော ပိုးမျိုး အပုပ်မျိုးတို့ဖြင့် ပြည့်၍နေသော ဤကိုယ်ကောင်ကို ကျင်ကြီးစွန့်ပြီးသူသည် အိမ်သာကို စွန့်သကဲ့သို့ စွန့်၍ နိဗ္ဗာန်မြို့ကြီးသို့ အရောက်သွားပေအံ့...။

ဥပမာ တနည်းအားဖြင့် အိုမင်းဆွေးမြေ့ ပျက်စီးနေ၍ ရေတဖျင်ဖျင် ယိုစီးဝင်နေသော လှေကို လှေရှင်တို့သည် မငဲ့မကွက် အလိုမရှိ စွန့်လွှတ်၍ သွားကြသကဲ့သို့ ဤအတူ ငါသည်လည်း ဒွါရ (၉)ပေါက်ရှိ၍ ထိုဒွါရ (၉)ပေါက်မှ အမြဲတစေ မစင်ကြယ်သောအရာတို့ တတွေတွေ ယိုထွက်နေသော ဤကိုယ်ကောင်ကို လှေအိုကို လှေရှင်များ စွန့်သကဲ့သို စွန့်၍ နိဗ္ဗာန်မြို့ကြီးသို့ သွားပေအံ့...။

ဥပမာ တနည်းအားဖြင့် ဘဏ္ဍာပစ္စည်းကို ယူဆောင်၍ ခိုးသူတို့နှင့်အတူတကွ လမ်းသွားမိသော ယောက်ျားသည် ဘဏ္ဍာကို လုယက်ဖျက်ဆီးမည့်ဘေးကိုမြင်၍ ခိုးသူတို့ကိုစွန့်ကာ ဘေးလွတ်ရာသွားသကဲ့သို့ ဤအတူပင်

၄၆

ဤခန္ဓာကိုယ်သည် ခိုးသူကြီးနှင့် တူလှပေ၏။ ။(အယောနိသော မနသိကာရဝင်ရောက် လောဘ ဒေါသတို့က သွေးမြှောက်ပေးသောအခါ ဤခန္ဓာကိုယ်ကြီးကပင် ပါဏာတိပါတ ခိုးသူကြီး, အဒိန္နာဒါန် ခိုးသူကြီး-စသည်ဖြစ်၍ အလုံးစုံသော ကုသိုလ်ဥစ္စာ ရတနာတို့ကို လုယက် တိုက်ဖျက်တတ်သောကြောင့် ဤကိုယ်ခန္ဓာကြီးသည် ခိုးသူကြီးနှင့် တူလှပေ၏ဟု ဆိုသည်။) သို့ရကား ခိုးသူတို့နှင့် အတူတကွ လမ်းသွားမိသော ယောက်ျားသည် ဘဏ္ဍာကို လုယက်အံ့သောဘေးမှ ကြောက်လှသဖြင့် ထိုခိုးသူတို့ကိုစွန့်၍ သွားသကဲ့သို့ ငါသည်လည်း ကုသိုလ်ဥစ္စာ ရတနာတို့ကို လုယက်ဖျက်ဆီးအံ့သောအရေးကို တွေးတိုင်း ကြောက်လှသောကြောင့် (ခိုးသူကြီးနှင့်တူသော) ဤကိုယ်ကို စွန့်လွှတ်၍ ကိုယ်၏ချမ်းသာရေး ဧကန္တပေး နိုင်သည့် နိဗ္ဗာန်လမ်းကြောင်းကို ရှာမှီးရန် သွားပေအံ့....။

ဤကဲ့သို့ အကြံတော် ဖြစ်လေသည်။

အလှူကြီး ပေးတော်မူခြင်း

     သုမေဓာပညာရှိသည် ဤဆိုအပ်ပြီးသည့်အတိုင်း အထူးထူးသော ဥပမာတို့ဖြင့် တောထွက်ရန် ကြံစည်တော်မူပြီးလျှင် တဖန် အကြံတော် ဖြစ်ပြန်သည်မှာ... “ဤမျှ များလှစွာသော ဥစ္စာနှစ်တို့ကို စုဆောင်းကြပြီးလျှင် ငါ၏ အဘ အဘိုး ခုနစ်ဆက်သော ဆွေမျိုးတို့သည် တမလွန်လောကသို့ သွားကြသောအခါ တပြားတကျပ်ကိုမျှ ယူဆောင်၍ မသွားနိုင်ကြကုန်။ ငါတမူကား ဤဥစ္စာများကို နိဗ္ဗာန်တိုင်အောင် ယူဆောင်၍ သွားနိုင်ကြောင်း နည်းကောင်းတခု ပြုသင့်လှပေသည်” ဤကဲ့သို့ ကြံစည်တော်မူပြီးလျှင် ဘုရင်မင်းမြတ်ထံမှောက်သို့ သွားရောက်၍-

“အရှင်မင်းကြီး... အကျွန်ုပ်သည် ပဋိသန္ဓေနေခြင်း အိုခြင်း စသည်တို့ နှိပ်စက်ပုံကို ဆင်ခြင်ဉာဏ်ထဲ

၄၇

စိတ်စွဲကြောက်ရွံ့လှပါသဖြင့် အိမ်ရာတည်ထောင် လူ့ဘောင်မှထွက်ခါ ရှင်ရဟန်းပြုပါတော့မည်၊ အကျွန်ုပ်မှာ ကုဋေ ရာပေါင်းများစွာ ဥစ္စာစု ရှိပါသည်။ ထိုဥစ္စာစုကို မင်းကြီးသည်ပင် သိမ်းပိုက်တော်မူပါ”-

ဟု လျှောက်ထားလေလျှင် မင်းကြီးက “သင်၏ဥစ္စာကို အလိုမရှိ၊ သင်သာလျှင် အလိုရှိတိုင်း ပြုလုပ်ပါတော့”ဟု မိန့်ဆိုလေသည်။

     ထိုအခါ အလောင်းတော် သုမေဓာပညာရှိသည် “ကောင်းပါပြီ အရှင်မင်းကြီး...”ဟု ဝန်ခံကာ အမရဝတီ နေပြည်တော်တခွင်လုံး၌ “ပစ္စည်းဥစ္စာကို အလိုရှိသောသူများ လာရောက် ယူငင်ကြလော့”ဟု အလှူစည်ကြီး ရိုက်တီးလှည့်လည် ကြေငြာစေ၍ မျက်နှာကြီးငယ်မရွေး ကိုးကွယ်ရာရှိသောသူ မရှိသောသူတို့အား အလှူကြီး ပေးတော်မူလေသည်။

တောထွက်တော်မူခြင်း

     ထိုသို့ အလှူကြီး ပေးတော်မူပြီးသောအခါ အလောင်းတော် သုမေဓာပညာရှိသည် ရသေ့ရဟန်း ပြုတော်မူရန် ဟိမဝန္တာသို့ ရှေးရှူ တောထွက်တော်မူခဲ့လေသည်။

     အလောင်းတော် သုမေဓာပညာရှိ ဟိမဝန္တာအတွင်း ချဉ်းကပ်သက်ဝင်၍ ယနေ့ပင် ဓမ္မိကတောင်သို့ ဝင်အံ့ဟု တောထွက်တော်မူလာသည်ကို သိကြားမင်း မြင်လတ်လေလျှင် ဝိသုကြုံနတ်သားကိုခေါ်၍ “သွားပါချေ အမောင်ဝိသုကြုံ… ဤသုမေဓာပညာရှိသည် ရဟန်းပြုအံ့ဟူ၍ တောထွက်တော်မူလာပြီ၊ ထိုသုမေဓာပညာရှိ နေတော်မူရန် ကျောင်းသင်္ခမ်း ဖန်ဆင်းပါ”ဟု စေခိုင်းလေ၏။

     ဝိသုကြုံနတ်သားသည် သိကြားမင်း၏စကားကို“ကောင်းပါပြီ”ဟု ဝန်ခံ၍ နှလုံးမွေ့လျော် ပျော်ဖွယ်ရာကောင်းသော ကျောင်းသင်္ခမ်း အရာမ်ကို၎င်း၊ ထိုအရာမ်အတွင်း၌ ကောင်းစွာလုံခြုံသော

၄၈

သစ်ရွက်မိုးကျောင်း စရပ်ကို၎င်း၊ စိတ်ပျော်မွေ့ဖွယ်ရာ အပြစ်ကင်းသော စင်္ကြံကို၎င်း ဖန်ဆင်းလေသည်။

     ဤ၌ ဝိသုကြုံနတ်သား ဖန်ဆင်းအပ်သော စင်္ကြံမှာ-

(၁) မြေကြမ်းထမ်း၍ မညီညွတ်ခြင်း၊

(၂) စင်္ကြံအတွင်း၌ သစ်ပင်ရှိခြင်း၊

(၃) မြက်နွယ်ချုံပုတ်တို့ လွှမ်းအုပ်နေခြင်း၊

(၄) အလွန်ကျဉ်းမြောင်းခြင်း၊

(၅) အလွန် ကျယ်လွန်းခြင်း-

တည်းဟူသော အပြစ်ငါးပါးမှလွတ်၍ အလျား အတောင်ခြောက်ဆယ်၊ အနံ စင်္ကြံမ–တတောင်ထွာ၊ ဝဲယာနှစ်ဖက်မှ တတောင်စီ အနံရှိသော စင်္ကြံမြှောင်နှစ်ခုတို့ရံလျက် ညီညွတ်သော မြေတလင်း သဲဖြူခင်းအပ်သောစင်္ကြံ ဖြစ်ပေသည်။ ။(စင်္ကြံ၏ အပြစ်ငါးပါး အဓိပ္ပါယ်အကျယ်ကို အနုဒီပနီ၌ ကြည့်ပါ။

     ဖန်ဆင်းအပ်သော ကျောင်းသင်္ခမ်း အရာမ်မှာလည်း.. ထိုသင်္ခမ်းကျောင်းအရာမ်နေ ပုဂ္ဂိုလ်တို့—

(၁) ဥစ္စာစပါး သိမ်းဆည်းမှုမရှိခြင်း၊

(၂) အပြစ်ကင်းသော ဆွမ်းကိုသာ ရှာမှီးခြင်း၊

(၃) အေးပြီးသော ဆွမ်းကိုသာ ဘုဉ်းပေးသုံးဆောင်ခြင်း၊

(၄) တိုင်းပြည်အတွင်း မင်းစိုးရာဇာတို့ အတင်းအကြပ် အခွန်အတုတ် ကောက်ယူ ရွှေငွေဥစ္စာ ရတနာနှစ်တို့ကို မင်းဘဏ္ဍာအဖြစ် သိမ်းယူသော အခါမျိုး၌ တိုင်းသူပြည်သားများ ခံစားကြရသည့် ပင်ပန်းနွမ်းနယ်မှုမျိုး မရှိခြင်း၊

(၅) အဆောက်အဦ အသုံးအဆောင် အဆင်တန်းဆာ စသည်တို့၌ တပ်မက်မှုကင်းခြင်း၊

၄၉

(၆) လူဆိုးသူခိုးတို့ လုယက်တိုက်ခိုက် ဖျက်ဆီးသော အခါမျိုး၌ (မိမိမှာ ရွှေငွေဥစ္စာ မရှိသဖြင့်) ကြောက်ရွံ့ရမှု မရှိခြင်း၊

(၇) မင်း, မင်း၏အမတ်ကြီးတို့နှင့် မရောနှောခြင်း၊

(၈) အရပ်လေးမျက်နှာတို့၌ အပိတ်အပင် အဆီးအတားမရှိ (သွားလိုရာ သွားနိုင်)ခြင်း-

တည်းဟူသော သမဏသုခ ရဟန်းတို့၏ချမ်းသာခြင်း ရှစ်မျိုးကို့ကို ရယူစေနိုင် ပေးစွမ်းနိုင်သည့်ပြင်- ထို သင်္ခမ်းကျောင်းအရာမ်နေ ပုဂ္ဂိုလ်တို့ အဘိညာဉ် သမာပတ်တို့ကို မပင်မပန်း ဖြစ်စေနိုင်ရန် အနိစ္စာနုပဿနာ, ဒုက္ခာနုပဿနာတရား ပွါးများ၍ ဝိပဿနာခွန်အားကို ရွက်ဆောင်နိုင်လောက်အောင် ကျေးဇူးပြုနိုင်သော သင်္ခမ်းကျောင်းအရာမ်မျိုး ဖြစ်ပေသည်။

     ထိုသို့ အလောင်းတော် သုမေဓာပညာရှိ နေတော်မူရန် သင်္ခမ်းကျောင်းအရာမ် ဖန်ဆင်းသောအခါ ဝိသုကြုံနတ်သားသည် ကျောင်းဆောင် လိုဏ် ဂူ စင်္ကြံ စသည်တို့ဖြင့် တန်းဆာဆင်အပ်သော အပွင့် ပွင့်သော သစ်ပင်၊ အသီး သီးသောသစ်ပင် (ပွင့်ပင် သီးပင်) အမျိုးမျိုးတို့ဖြင့် ဖုံးလွှမ်းတင့်တယ် မွေ့လျော်ဖွယ်ရှိသော၊ ချိုမြိန်အေးမြသော ရေရှိသည့် ရေကန်နှင့် ပြည့်စုံသော၊ ခြင်္သေ့ သစ်ကျား သားရဲ တောတိရစ္ဆာန်တို့နှင့်တကွ ကြောက်လန့်ဘွယ်ရာ မင်္ဂလာမဲ့သော ငှက်ဆိုးအမျိုးမျိုးမှ ကင်းဆိတ်၍ ဆိတ်ဆိတ်ငြိမ်ငြိမ် နေနိုင်စွမ်းသည့် ကျောင်းသင်္ခမ်းအရာမ်ကို ဖန်ဆင်းပြီးလျှင်.. စင်္ကြံ၏ အစွန်းနှစ်ဖက်တို့၌ မှီစရာ တံကဲ (ပျဉ်ချပ်)ကို စီမံထား၍ စင်္ကြံ၏အလယ်၌မူ အလောင်းတော် ထိုင်စရာအတွက် ချောညက်သန့်စင် ညီညွတ်သော အပြင်ရှိသည့် ပဲနောက်စိမ်းရောင် ကျောက်ဖျာ ကျောက်ပြားကို ခင်းထားစီမံလေသည်။

     သစ်ရွက်မိုး ကျောင်းအတွင်း၌လည်း ဆံကျစ်ဝန်း လျှော်တေသင်္ကန်း သစ်သားသုံးခွ ရေကရားစသော ရသေ့အသုံးအဆောင်တို့ကို၎င်း၊

၅၀

နေ့ခင်းနေထိုင်ရာ (နေ့သန့်ရာ) မဏ္ဍပ်၌ သောက်ရေအိုး ရေသောက်ခရု- ရေသောက်ခွက်တို့ကို၎င်း၊ မီးတင်းကုပ်၌ မီးအိုးကင်း- ထင်း- စသည်တို့ကို၎င်း ဤသို့ ရသေ့ရဟန်းများနှင့် သက်ဆိုင်သော အသုံးအဆောင် ဟူသမျှတို့ကို ဖန်ဆင်းပြီးလျှင် သစ်ရွက်မိုးစရပ်အတွင်း နံရံ၌ “မည်သူမဆို ရှင်ရဟန်းပြုလိုက ဤအသုံးအဆောင်တို့ကိုယူ၍ ရဟန်းပြုကုန်လော့”ဟု အက္ခရာစာတမ်း ရေးသား၍ ဝိသုကြုံနတ်သား နတ်ပြည်သို့ ပြန်သွားလေ၏။

ရဟန်းပြုတော်မူခြင်း

     ဝိသုကြုံနတ်သား ပြန်သွားသောအခါ သုမေဓာပညာရှိသည် ဟိမဝန္တာတောင်ခြေ တောင် ချောက် ကမ်းပါးတို့ကို အစဉ်လျှောက်၍ မိမိနေရန် သင့်လျော်မည့် ချမ်းသာရာအရပ်ကို ကြည့်ရှု ရှာကြံလတ်သည်ရှိသော် မြစ်၏ တခုသောထောင့်ကွေး ဓမ္မိကတောင်ယံ၌ ဝိသုကြုံနတ်သား ဖန်ဆင်း၍ သိကြားမင်း ပေးလှူအပ်သော နှစ်သက်ဖွယ်ရာ သင်္ခမ်းကျောင်းကိုမြင်လျှင် စင်္ကြံအစွန်းသို့ ဖြေးညှင်းစွာကြွ၍ ခြေရာကို မမြင်လတ်သော် “မချွတ်ဧကန် ဤကျောင်းနေရဟန်းတို့သည် အနီးအပါးရွာများ၌ ဆွမ်းကို ရှာမှီးကြပြီးလျှင် ပင်ပန်းနွမ်းနယ်လှ၍ သစ်ရွက်မိုးစရပ်အတွင်း ဝင်ရောက် နေထိုင်ကြပေလိမ့်မည်”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် အချိန်အနည်းငယ်မျှ ဆိုင်းတွ ငံ့နေတော်မူ၏။

     အချိန်အတန်ကြာ၍ တစုံတရာမျှ ထူးခြားချက်ကို မတွေ့မမြင်ရသည်ရှိသော် “အချိန်ကြာလှကုန်တကား... ရဟန်းရှိမရှိ သိအောင်စုံစမ်းအံ့”ဟု ကြံစည်ပြီးလျှင် သစ်ရွက်မိုးစရပ်တံခါးကို ဖွင့်၍ အတွင်းသို့ဝင်ရောက်ပြီး ထိုမှဤမှ ကြည့်ရှုလတ်သည်တွင် နံရံကြီး၌ အက္ခရာစာတမ်းကို တွေ့မြင်ဖတ်ရှု၍ “ဤပရိက္ခရာတို့သည် ငါ့အား အပ်စပ်သော ပရိက္ခရာတို့ပေတည်း၊ ဤပရိက္ခရာတို့ကိုယူ၍ ရှင်ရဟန်း ပြုပေတော့အံ့”ဟု ဆုံးဖြတ်ပြီးလျှင် လူဝတ်ပုဆိုး၏ အပြစ် ၉-ပါးကို၎င်း, လျှော်တေသင်္ကန်း၏

၅၁

ဂုဏ်ကျေးဇူး ၁၂-ပါးကို၎င်း ဉာဏ်တော်ဆင်ခြင် မြင်သိတော်မူပြီးလျှင် ကိုယ်တော်မြတ် ဝတ်ရုံခြုံရင်းဖြစ်သော ဝတ်လဲတော်အစုံကို စွန့်၍ လျှော်တေသင်္ကန်းကို ဆင်မြန်း ဝတ်ရုံတော်မူလေသည်။

(လူဝတ်ပုဆိုး၏ အပြစ် ၉-ပါး၊ လျှော်တေသင်္ကန်း၏ ဂုဏ်ကျေးဇူး ၁၂-ပါးတို့ကို အနုဒီပနီ၌ ကြည့်ပါ။ လျှော်တေသင်္ကန်း စသည်တို့၏ အဓိပ္ပါယ် မှတ်ဖွယ်ကိုလည်း အနုဒီပနီ၌ ကြည့်ပါ။)

သစ်ရွက်မိုးစရပ်ကို စွန့်၍ သစ်ပင်ရင်းသို့ ကပ်ခြင်း

     အလောင်းတော် သုမေဓာပညာရှိသည် မြတ်သော ဝတ်လဲတော်အစုံကို ချွတ်၍ သစ်ရွက်မိုးစရပ်အတွင်း သင်္ကန်းတန်းအပေါ်မှာ အသင့်ပင် ခေါက်တင်၍ထားအပ်သော လိပ်ဆူးရွှေပန်းဆိုင်းပမာ နီမြန်းသော လျှော်တေသင်္ကန်းကို ခါး၌ ဝတ်ဆင်ပြီးလျှင် ထို၏အပေါ်မှ ရွှေရောင်အဆင်း ဝါဝင်းသော လျှော်တေ သင်္ကန်းကို ခြုံရုံ၍ ပုန်းညက်ပန်းအခင်းနှင့်တူသော ခွါနှင့်တကွသော သစ်နက်ရေကို လက်ဝဲပခုံးပေါ်မှာ တင်လျက် ဆံကျစ်ဝန်းကို သျှောင် (ရှောင်)မှာ စွပ်ပြီးလျှင် သျှောင်နှင့်တကွ မလှုပ်မရှားနိုင်အောင် ဆင်စွယ်ဆံထိုးကို ထိုး၍ ပုလဲစီခက် ဇာတဘက်နှင့်တူသောဆိုင်း၌ သန္တာကျောက်အဆင်းရှိသော ရေကရားကို ထည့်ပြီး အစွန်းနှစ်ဖက် အလယ်ချက်အားဖြင့် သုံးပါးသော ဌာနတို့၌ ကောက်သောထမ်းပိုးကို ယူ၍ ထမ်းပိုးအစွန်းတဖက်၌ ရေကရား- အခြားထမ်းပိုးအစွန်းတဖက်၌ ချွန်းတောင်း (တံချူ) ခြင်းတောင်း- သစ်သားသုံးခွ စသည်တို့ကို ချိတ်ဆွဲ၍ ရသေ့ပရိက္ခရာ အစုံပါသော ထမ်းပိုးကို ပခုံးထက်၌တင်လျက် ယာဘက်လက်ဖြင့် တောင်ဝှေးကိုကိုင်ပြီးလျှင် သစ်ရွက်မိုးစရပ်မှ ထွက်ခဲ့၍ အတောင်ခြောက်ဆယ် အလျားရှိသော စင်္ကြံအတွင်း၌ လူးလာတုံ့ခေါက် အပြန်ပြန် စင်္ကြံလျှောက်ရင်းပင် ကိုယ်တော်၏အသွင်ကို ကြည့်၍-

“ငါ၏ စိတ်နှလုံးအလိုသည် အထွတ်အထိပ်သို့ ရောက်ပေပြီ။ ငါ၏ ရှင်ရသေ့အဖြစ်သည် တင့်တယ်ပေစွာ့၊

၅၂

ရှင်ရသေ့အဖြစ်မည်သည်ကို ဘုရား, ပစ္စေကဗုဒ္ဓါ အစရှိသော ပညာရှိသူမြတ် အားလုံးကို ချီးမွမ်းအပ်ပေ၏။

ငါသည် လူ့အဖြစ်တည်းဟူသော အနှောင်အဖွဲ့ကို ပယ်အပ်ပြီ၊

ကာမနယ်မှ ငါ လှလှကြီး လွတ်မြောက်ခဲ့လေပြီ၊

ငါသည် မြတ်သော ရသေ့ရဟန်းအဖြစ်ကို ရအပ်ပေပြီ၊

ရဟန်းတရားကို ငါကား ပွါးများ အားထုတ်ပေအံ့၊

မြတ်သော အကျိုးချမ်းသာကိုရအောင် အားထုတ်ပေအံ့”—ဟု

ဝမ်းမြောက်စွာစဉ်းစား စိတ်အားတက်ကြွတော်မူပြီးလျှင် ပခုံးပေါ်မှ ထမ်းပိုးကို ချတည့်၍ စင်္ကြံ၏အလယ်ဝယ် ပဲနောက်အဆင်းရှိသော ကျောက်ဖျာ၌ ရွှေဆင်းတုပမာ တင့်တယ်စွာထိုင်နေလျက် နေ့အချိန်ကို ကုန်လွန်စေတော်မူလေသည်။

     နေ့အချိန်လွန်မြောက် ညချမ်းသို့ရောက်လတ်သော် သစ်ရွက်မိုးစရပ်အတွင်းဝင်၍ ကြိမ်ခက်သော ညောင်စောင်း၏နံပါး (ဘေး) သစ်သား (ပျဉ်ချပ်)အခင်း၌ လျောင်းလျက် ကိုယ်ငွေ့ကောင်းအောင် ပြုလုပ်ကျိန်းစက်၍ နံနက်မိုးသောက် (လင်းအားကြီး)အချိန်မှာ နိုးတော်မူပြီးလျှင် ကိုယ်တော်၏ လာခဲ့သောအကြောင်းရင်းကို စဉ်းစား ဆင်ခြင်တော်မူသည်မှာ-

“ငါသည် အိမ်ရာထောင်ခြင်း၏ အပြစ်ကိုမြင်၍ မနှိုင်းယှဉ်နိုင်လောက်အောင် များမြောက်သော အသုံးအဆောင်, အဆုံးမရှိသော အခြံအရံတွေကို ပယ်၍ တောသို့ဝင်ပြီးလျှင် ကာမမှုမှ လွတ်မြောက်ကြောင်း ကောင်းမှုကုသိုလ် ရှာမှီးလိုသော စိတ်ရှိသည်ဖြစ်၍ ရဟန်းပြုခဲ့လေပြီ..၊ ယနေ့မှစ၍ မေ့မေ့လျော့လျော့ နေခြင်းငှါ မသင့်၊ ကိလေသာမှ စိတ်၏ ကင်းဆိတ်ခြင်း, ကာမတရား ကာမဝတ္ထုတို့မှ ကိုယ်၏ ကင်းဆိတ်ခြင်း တည်းဟူသော ပဝိဝေကအကျင့်ကို ပယ်စွန့်၍ မေ့လျော့ပေါ့တန်စွာ နေသောသူကို

၅၃

ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက် တည်းဟူသော မိစ္ဆာဝိတက်သုံးပါး ယင်ရိုင်းများသည် အမြဲတန်း ခဲစားကြကုန်၏၊ ယခုအခါ ငါကား ပဝိဝေကအကျင့်ကို ပွါးစေခြင်းငှါ သင့်ပေပြီ။

မှန်၏… ငါသည် အိမ်ရာတည်ထောင် လူ့ဘောင်၌ နေရခြင်း၏ ကုသိုလ်တရားကို တားဆီးနှောက်ရှက် နှိပ်စက်ဟန့်တားပုံ ပလိဗောဓ အပြစ်မြင်၍ လွတ်အောင် တောထွက်ခဲ့ပြီ၊ ဤသစ်ရွက်မိုး စရပ်သည်လည်း နှစ်သက်ဖွယ် ကောင်းလှ၏၊ အပြေအပြစ်ပြု၍ထားသော မြေအပြင်မှာလည်း ဥသျှစ်သီးမှည့်အဆင်း ဝါဝင်း တင့်တယ်လှပေ၏၊ နံရံအဖြူတို့မှာလည်း ငွေအဆင်းနှင့် တူလှကုန်၏၊ မိုးထားသော သစ်ရွက်မှာလည်း ခိုခြေအသွေး နီတွေး တင့်တယ်လှပေ၏ ကြိမ်ခက်သော ညောင်စောင်းမှာလည်း ဆန်းကြယ်သော အိပ်ရာခင်း၏ အဆင်းအသွေး ရှိပေ၏။ နေရာအရပ်သည်လည်း နေ၍ ထိုင်၍ အလွန် ချမ်းသာလှပေ၏၊ ငါ၏ လူ့ဘဝက နေခဲ့ရာအိမ်၏ စည်းစိမ်သော်မှ ဤသစ်ရွက်မိုးစရပ်ထက် အထူး ပိုလွန်မည်ဟု ငါမထင်”-

     ဤကဲ့သို့ ဆင်ခြင်ပြီးလျှင် သစ်ရွက်မိုးစရပ်၏ အပြစ်ရှစ်ပါး၊ သစ်ပင်ရင်း၏ ဂုဏ်ကျေးဇူး ဆယ်ပါးတို့ကို သိမြင်တော်မူ၍ ထိုနေ့မှာပင် သစ်ရွက်မိုးစရပ်ကို စွန့်ခါ ဂုဏ်ဆယ်ဖြာနှင့် ပြည့်စုံသော သစ်ပင်ရင်းသို့ ချဉ်းကပ်တော်မူလေသည်။

(သစ်ရွက်မိုးကျောင်း၏ အပြစ်ရှစ်ပါး၊ သစ်ပင်ရင်း၏ ဂုဏ်ဆယ်ပါးတို့ကို အနုဒီပနီ၌ ကြည့်ပါ။)

သစ်သီးဆွမ်းကို မှီဝဲ၍ တရားအားထုတ်ခြင်း

     အလောင်းတော် သုမေဓာရှင်ရသေ့သည် ဆိုအပ်ပြီးသော အကြောင်းအရာတို့ကို ကောင်းစွာပိုင်းခြား မှတ်သားတော်မူပြီးလျှင် နောက်တနေ့မြောက် ရောက်လတ်သောအခါ၌ ရွာတွင်းသို့ ဆွမ်းခံကြွဝင်တော်မူလေသည်။ ထိုအခါ

၅၄

အလောင်းတော်အား ရောက်ရာရွာနေ လူတို့သည် ကြီးစွာသော လုံ့လဥဿာဟဖြင့် ဆွမ်းကို လောင်းလှူ ကြကုန်၏။ အလောင်းတော်သည် ဆွမ်းစားခြင်းကိစ္စ ပြီးစီးသောအခါ သင်္ခမ်းကျောင်းအရာမ်သို့ လာရောက်နေထိုင်ပြီးလျှင် ဆင်ခြင် စဉ်းစားတော်မူသည်မှာ-

“ငါသည် အစာအာဟာရကို မရသည့်အတွက် ရှင်ရဟန်း ပြုသည်မဟုတ်၊ သိမ်မွေ့သော အစာအာဟာရမည်သည် စိတ်နေမြင့်ကြွားခြင်း, ငါယောက်ျားဟု ထောင်လွှားခြင်းတို့ကို တိုးပွါးစေတတ်၏၊ အာဟာရကိုအရင်းခံ၍ ဖြစ်ရသော ဆင်းရဲဒုက္ခ၏ အဆုံးမည်သည် မရှိနိုင်၊ ငါသည် ပျိုးအပ် စိုက်အပ်သော စပါးမှဖြစ်သည့် အစာအာဟာရကို ပယ်ရှားပြီးလျှင် အလိုလို ကြွေကျသော သစ်သီးအစာကိုသာ သုံးဆောင်ရမူ ကောင်းလေစွာ့”...

     ဤကဲ့သို့ ကြံစည်ပြီးလျှင် ထိုအခါမှစ၍ ကြံစည်တော်မူသည့်အတိုင်း အလိုလိုကြွေကျသော သစ်သီးအစာကိုသာ စားသုံးတော်မူ၍ လျောင်းစက်ခြင်းကို အလျဉ်းပင် ပြုတော်မမူပဲ ထိုင်ခြင်း, ရပ်ခြင်း, စင်္ကြံသွားခြင်းဟူသော ဣရိယာပုထ်သုံးပါးဖြင့်သာ ကမ္မဋ္ဌာန်းအလုပ်ကို မနေမနား အားထုတ်တော်မူသည်ရှိသော် ခုနစ်ရက်အတွင်းမှာပင် သမာပတ်ရှစ်ပါး (လောကီဈာန်ရှစ်ပါး)၊ အဘိညာဉ်ငါးပါးတို့ကို ရရှိ (ဖြစ်စေ)တော်မူလေ၏။

     ဤဆိုအပ်ပြီးသောအတိုင်း အလောင်းတော် သုမေဓာပညာရှိ အလှူကြီးပေးသည်မှ အစ ရသေ့ရဟန်းပြု၍ အဘိညာဉ်သမာပတ်များ ရရှိသည်တိုင်အောင်သော အကြောင်းအရာစုကို ဗုဒ္ဓဝင်ပါဠိတော်၌-

ဧဝါဟံ စိန္တယိတွာန၊ နေကကောဋိသတံ ဓနံ။

နာထာနာထာနံ ဒတွာန၊ ဟိမဝန္တမုပါဂမိံ။

ချစ်သားသာရိပုတြာ...

ဘုရားအလျာ ငါသုမေဓာပညာရှိသည် တောထွက်ဘို့ရန် ဤကဲ့သို့ ကြံပြီးလျှင် ကုဋေအရာမက များလှသော ဥစ္စာစုကို ကိုးကွယ်ရာရှိသောသူ မရှိသောသူတို့အား ပေးလှူပြီးလျှင် ဟိမဝန္တာသို့ ကပ်ခဲ့လေပြီ...။

၅၅

ဟိမဝန္တဿာဝိဒူရေ၊ ဓမ္မိကော နာမ ပဗ္ဗတော။

အဿမော သုကတော မယှံ၊ ပဏ္ဏသာလာ သုမာပိတာ။

ချစ်သားသာရိပုတြာ...

ဟိမဝန္တာတော၏ မနီးမဝေးသော အရပ်၌ (ရှေး သူတော်ကောင်းများ တရားကျင့်သုံးရာ ဖြစ်သောကြောင့်) ဓမ္မိကမည်သော တောင်သည် ရှိ၏၊ ထိုဓမ္မိကတောင်ယံ၌ ငါသည် သင်္ခမ်းကျောင်းအရာမ်ကို ကောင်းစွာ ပြုအပ်ပြီ၊ သစ်ရွက်မိုးသော စရပ်ကို ကောင်းစွာ ဖန်ဆင်းအပ်ပြီ..။

စင်္ကမံ တတ္ထ မာပေသိံ၊ ပဉ္စ ဒေါသဝိဝဇ္ဇိတံ။

အဋ္ဌဂုဏသမုပေတံ၊ အဘိညာဗလမာဟရိံ။

ချစ်သားသာရိပုတြာ…

ငါသည် ထိုဓမ္မိကတောင်ယံ၌ အပြစ်ငါးပါးမှ ကြဉ်အပ်သော စင်္ကြံကို ဖန်ဆင်းပြီ၊ သမဏသုခရှစ်ပါး ကျေးဇူးတရားတို့နှင့် ပြည့်စုံစေနိုင်သည့် သင်္ခမ်းကျောင်းကို ဖန်ဆင်းပြီ၊ ထိုကျောင်းမှာပင် ရသေ့ရဟန်းပြုပြီးသည်မှ နောက်အခါ၌ ငါသည် အဘိညာဉ်ငါးပါး, သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေဘို့ရန် ဝိပဿနာ ဘာဝနာအားကို ဆောင်ခဲ့ပြီ...။

သာဋကံ ပဇဟိံ တတ္ထ၊ နဝဒေါသမုပါဂတံ။

ဝါကစီရံ နိဝါသေသိံ၊ ဒွါဒသဂုဏမုပါဂတံ။

ချစ်သားသာရိပုတြာ..

ငါသည် ထိုသင်္ခမ်း၌ အပြစ်ကိုးပါးရှိသည့် ဝတ်ရုံခဲ့သော ပုဆိုး (ဝတ်လဲ)အစုံကို စွန့်ခဲ့လေပြီ။ ဂုဏ်ကျေးဇူး တဆယ့်နှစ်ပါးနှင့် ပြည့်စုံသည့် လျှော်တေသင်္ကန်းကို ဆင်မြန်း ဝတ်ရုံခဲ့လေပြီ ..။

အဋ္ဌဒေါသသမာကိဏ္ဏံ၊ ပဇဟိံ ပဏ္ဏသာလကံ။

ဥပါဂမိံ ရုက္ခမူလံ၊ ဂုဏေ ဒသဟုပါဂတံ။

ချစ်သားသာရိပုတြာ…

ငါသည် အပြစ်ရှစ်ပါးတို့ဖြင့် ရောပြွမ်းသည့် သစ်ရွက်မိုးစရပ်ကို ပယ်စွန့်ခဲ့ပြီ၊ ဂုဏ်ကျေးဇူးဆယ်ပါးနှင့် ပြည့်စုံသော သစ်ပင်ရင်းသို့ ကပ်ခဲ့လေပြီ။

၅၆

ဝါပိတံ ရောပိတံ ဓညံ၊ ပဇဟိံ နိရ၀သေသတော။

အနေကဂုဏသမ္ပန္နံ၊ ပဝတ္တဖလမာဒိယိံ။

ချစ်သား သာရိပုတြာ…

ငါသည် ပျိုးအပ် စိုက်အပ်သည့် စပါးမှဖြစ်သော အစာကို အကြွင်းမရှိ ပယ်စွန့်ပြီ၊ များစွာသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသည့် အလိုလို ကြွေကျသော သစ်သီးအစာကို ယူလေပြီ...။

တတ္ထပ္ပဓာနံ ပဒဟိံ၊ နိသဇ္ဇဋ္ဌာနစင်္ကမေ။

အဗ္ဘန္တရမှိ သတ္တာဟေ၊ အဘိညာဗလပါပုဏိံ။

ချစ်သားသာရိပုတြာ...

ငါသည် ထိုဓမ္မိကတောင်ယံ သိကြားလှူဒါန်း ကျောင်းသင်္ခမ်း၌ (လျောင်းစက်ခြင်းကိုမပြုပဲ) ထိုင်ခြင်း ရပ်ခြင်း စင်္ကြံသွားခြင်း ဣရိယာပုထ်သုံးပါးတို့ဖြင့် ကမ္မဋ္ဌာန်းနှင့်ယှဉ်သော လုံ့လကို အားထုတ်ပြီ။ ခုနစ်ရက်အတွင်းမှာပင် အဘိညာဉ်ငါးခဏ်း အားအစွမ်းသို့ ရောက်ခဲ့ပြီ...။

ဤကဲ့သို့ ဟောတော်မူအပ်လေပြီ။

     ဤအရာ၌- ကျောင်းသင်္ခမ်း သစ်ရွက်မိုးစရပ် စင်္ကြံ-စသည် အလုံးစုံကို သိကြားမင်းစေခိုင်းချက်အရ ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း ဝိသုကြုံနတ်သား ဖန်ဆင်းအပ်သော်လည်း မြတ်စွာဘုရားသည် ထိုသုမေဓာဖြစ်စဉ်အခါ မိမိ၏ ကောင်းမှုအာနုဘော်ကြောင့် သင်္ခမ်းကျောင်းစသည် ဖြစ်ပေါ်ခြင်းကို ရည်ညွှန်းတော်မူ၍ “ငါသည် သင်္ခမ်းကျောင်းကို ကောင်းစွာပြုအပ်ပြီ” အစရှိသည်ဖြင့် ကိုယ်တိုင်ပင် သင်္ခမ်းကျောင်း စသည်ကို ဆောက်လုပ်အပ်သကဲ့သို့ ဟောတော်မူခြင်း ဖြစ်သည်။ စင်စစ်ကား သုမေဓာရသေ့ကိုယ်တိုင် ဆောက်လုပ်အပ်သည် မဟုတ်၊ သိကြားစေခိုင်းချက်အရ ဝိသုကြုံနတ်သား အပြည့်အစုံ ဖန်ဆင်းအပ်သည်ဟူ၍ ယုံမှားမရှိ မှတ်ယူရာ၏။

သုမေဓာတောထွက်ခဏ်း ပြီး၏။

**********

၅၇

၅-ဗျာဒိတ်ခဏ်း

     ဤသို့ ရှေး၌ ပြဆိုခဲ့ပြီးသောအတိုင်း အလောင်းတော် သုမေဓာရှင်ရသေ့သည် ရသေ့သူတော်ကောင်းတို့၏ အဆုံးအမစကား ဈာန်အဘိညာဉ်တရား တည်းဟူသော သာသနာ၌ အထွတ်အထိပ် သိဒ္ဓိပေါက်မြောက် ပြီးစီးခြင်းသို့ ရောက်တော်မူလျက် စိုးပိုင်နိုင်နင်းစွာ ဖြစ်နေတော်မူစဉ် လောကသုံးပါး၏ အကြီးအမှူး ဦးစီးခေါင်းဆောင် ဖြစ်တော်မူသော ဒီပင်္ကရာ မြတ်စွာဘုရားသည် လောက၌ ပွင့်ထွန်းတော်မူလာလေသည်။

(ဒီပင်္ကရာမြတ်စွာဘုရား၏ ထိုဘ၀အဖြစ်တော်စဉ် ဗုဒ္ဓဝင်ကို အထက် စတုဝီသတိ ဗုဒ္ဓဝင်ခဏ်းသို့ တိုင်ရောက်မှ ပြဆိုပေအံ့။)

     ဒီပင်္ကရာ မြတ်စွာဘုရားအလောင်း ပဋိသန္ဓေနေတော်မူသော အခါမှာ၎င်း၊ ဖွားမြင်တော်မူသော အခါမှာ၎င်း၊ ဘုရားဖြစ်တော်မူသော အခါမှာ၎င်း၊ ဓမ္မစကြာတရားဦး ဟောတော်မူသော အခါမှာ၎င်း၊ ဤလေးဌာနတို့၌ လောကဓာတ် စကြဝဠာတိုက်တသောင်း တုန်လှုပ်ခြင်းအစရှိသော နိမိတ်ကြီး သုံးဆယ့်နှစ်ပါးတို့သည် ထင်ရှားဖြစ်ကုန်၏။

(ထိုနိမိတ်ကြီး သုံးဆယ့်နှစ်ပါးတို့ကို ဂေါတမဗုဒ္ဓဝင်အခဏ်းသို့ရောက်မှ အကျယ်ပြဆိုပေအံ့။)

     ထိုနိမိတ်ကြီး သုံးဆယ့်နှစ်ပါးတို့ကို အလောင်းတော် သုမေဓာရှင်ရသေ့သည် ဈာန်သမာပတ်ချမ်းသာ၌သာ စိတ်ရွှင်မွေ့လျော် ဝင်စား၍နေသဖြင့် သိမြင်တော်မမူလိုက်ပေ။

     ဒီပင်္ကရာ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် သုနန္ဒာရာမအရာမ်၌ ဓမ္မစကြာတရားဦး ဟောတော်မူ၍ ကုဋေတရာသော နတ်လူတို့အား တရားအမြိုက်ဆေး တိုက်ကျွေးတော်မူပြီးလျှင် လေးကျွန်းနှံ့အောင် ရွာသွန်းသော မိုးဃ်းကြီးကဲ့သို့ တရားမိုးဃ်း စွေဖြိုးတော်မူလျက် လူများအပေါင်းအား

၅၈

ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်စေမှု ပြုတော်မူလိုရကား ခရီးဒေသစာရီ ကြွချီတော်မူလေသည်။

     အလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာ မြတ်စွာဘုရား ပွင့်တော်မူသည်ကို မသိနိုင်ပဲ ဈာန်သမာပတ်ချမ်းသာဖြင့် ဝင်စံမွေ့လျော် တောပျော်၍ နေတော်မူစဉ် ဒီပင်္ကရာ မြတ်စွာဘုရားသည် ရဟန္တာမထေရ်ပေါင်း လေးသိန်းခြံရံလျက် အစဉ်သဖြင့် ဒေသစာရီ ကြွချီတော်မူလာရာ ရမ္မာပြည်သို့ရောက်၍ သုဒဿနကျောင်းကြီး၌ သီတင်းသုံး နေတော်မူ၏။

     ရမ္မာဝတီ ပြည်သူပြည်သားတို့သည် ဒီပင်္ကရာ မြတ်စွာဘုရား ရမ္မာဝတီပြည် သုဒဿနကျောင်းကြီး၌ သီတင်းသုံး နေတော်မူကြောင်း သတင်းစကား ကြားကြကုန်၍ ထောပတ် ဆီဥ အစရှိသော မွန်မြတ်သော ဆေးပစ္စည်းတို့ကို ယူဆောင်ကြပြီးလျှင် နံနက်စာ စားပြီးသောအခါ ပန်းနံ့သာ လက်စွဲကုန်လျက် ဒီပင်္ကရာ မြတ်စွာဘုရားထံမှောက် သွားရောက်ရိုကျိုး ရှိခိုးကြပြီးလျှင် ပန်းနံ့သာစသည်တို့ဖြင့် ပူဇော်ကြ၍ အပြစ်ခြောက်ပါးလွတ်ရာအရပ်သို့ ချဉ်းကပ်နေထိုင်ကာ ချိုမြိန်စွာသော တရားတော်ကို နာကြားပြီးသောအခါ နက်ဖန်ခါအတွက် ဘုရားအမှူးရှိသော သံဃာတော်ကို ဆွမ်းစားပင့်ဖိတ်ကြပြီးလျှင် မြတ်စွာဘုရားကို လက်ျာရစ်လှည့်လည် ရှိခိုးကြ၍ ဖဲသွားကြလေသည်။

မဏ္ဍပ်ကန္နား အခမ်းအနား ပြင်ဆင်ကြခြင်း

     ရမ္မာဝတီ ပြည်သူပြည်သားတို့သည် နောက်တနေ့မြောက် ရောက်လတ်သောအခါ၌ ကြီးစွာသော“အသဒိသ မဟာဒါနကြီး”ကို စီရင်ကြပြီးလျှင် မဏ္ဍပ်ကန္နားထိုးခြင်း၊ မဏ္ဍပ်အတွင်း နူးညံ့သန့်စင်သော ကြာညိုပန်းတို့ကို ကြဲဖြန့်ခြင်း၊ နံ့သာမျိုးလေးပါးဖြင့် အပြေအပြစ်ပြုခြင်း၊ ပေါက်ပေါက်လျှင် ငါးခုမြောက်ရှိသော ရနံ့ကောင်းသော ပန်းတို့ကို ကြဲဖြန့်ခြင်း၊ မဏ္ဍပ်၏ လေးထောင့်တို့၌ အေးမြချိုမြိန်သော ရေပြည့်အိုးများကို

၅၉

     တည်ထားကြပြီးလျှင် မြစိမ်းရောင်ယှက် ငှက်ပျောရွက်တို့ဖြင့် ဖုံးအုပ်ခြင်း၊ မဏ္ဍပ်၏အထက်၌ ဗိတာန်မျက်နှာကြက် ကြက်ပြီးလျှင် ရွှေကြယ် ငွေကြယ် ပတ္တမြားကြယ် ချယ်စီခြင်း၊ နံ့သာပန်းဆိုင်း ရတနာပန်းဆိုင်းတို့ကို အပြိုင်းအပြိုင်း ဆွဲချိတ်ခြင်း အစရှိသည်ဖြင့် အလှူမဏ္ဍပ်ကို ပြင်ဆင်ကြပြီးသောအခါ ရမ္မာဝတီတပြည်လုံးကို တံမြက် တလင်း သန့်ရှင်း လှည်းကျင်းကြ၍ အသီးနှင့်တကွသော ငှက်ပျောပင် ပန်းတို့ဖြင့် တန်းဆာဆင်အပ်သော ရေပြည့်အိုးများကို တည်ထားခြင်း၊ တမ်းခွန်ကုက္ကား မုလေးပွါးတို့ကို စိုက်ထူခြင်းအမှု ပြုလုပ်ကြ၍ မင်းလမ်းမ၏ ဝဲယာနှစ်ဖက်တို့၌ တင်းတိမ်ကန့်လန့်ကာ ကာရံခြင်းစသော မြို့တွင်း၌ ပြင်ဆင်ဖွယ်ရှိသမျှ ပြင်ဆင်ကြပြီးသောအခါ ဒီပင်္ကရာ မြတ်စွာဘုရား ကြွလာမည့် လမ်းတလျှောက်ကို တန်းဆာဆင်ယင်ကြလျက် ရေစားသော ချောက်ကမ်းပါးတို့၌ မြေဖို့ခြင်း၊ ညွှန်ပျောင်းထူထပ် မညီညွတ်သော မြေအရပ်ကို ညီညွတ်အောင်ပြုခြင်း၊ ပုလဲနှိုင်းတူ သဲဖြူဖြန့်ခင်းခြင်း၊ ပန်းပေါက်ပေါက် ကြဲဖြန့်ခြင်း၊ အသီးနှင့်တကွ ငှက်ပျောပင်ရှင် တည်စိုက်ခြင်းစသော ဒါနပရိကံ ဝေယျာဝစ္စများကို စီမံပြုလုပ်ကြကုန်သည်။

     ထိုအခါ အလောင်းတော် သုမေဓာရှင်ရသေ့သည် မိမိ၏ သင်္ခမ်းကျောင်းမှ ကောင်းကင်သို့ ပျံတက်၍ ရမ္မာဝတီ ပြည်သူပြည်သားတို့၏ အထက်ဝေဟင် ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူလတ်သည်ရှိသော် ရမ္မာဝတီပြည်သူပြည်သားတို့ နှစ်သက်ရွှင်လန်း ၀မ်းမြောက်ဝမ်းသာ လမ်းကိုသုဓ်သင် တန်းဆာဆင်ကြသည်ကို မြင်တော်မူလတ်၍ အကြောင်း အဘယ်သို့နည်းဟု စဉ်းစား ဆင်ခြင်တော်မူပြီးလျှင် ထိုလူတို့ ကြည့်နေစဉ်ပင် ကောင်းကင်မှ သက်ဆင်း၍ အပြစ်ကင်းသော အရပ်၌ ရပ်တည်တော်မူပြီးခါ-

တုဋ္ဌဟဋ္ဌော ပမုဒိတော၊ ဝေဒဇာတော မဟာဇနော။

ကဿ သောဓီယတီ မဂ္ဂေါ၊ အဉ္ဇသံ ဝဋုမာယနံ။

၆၀

“ဤလူအပေါင်းသည် နှစ်ထောင်းအားရမ်း ဝမ်းမြောက်သော စိတ်နှလုံးရှိကြ၍ လမ်းကို သုဓ်သင်ကြ၏၊ အဘယ်သူ၏အတွက် လမ်းကို သုဓ်သင်ကြသနည်း”..

ဟု ထိုလူများကို မေးမြန်းတော်မူလတ်သည်တွင် ထိုလူတစုက-

.....၊ ဗုဒ္ဓေါ လောကေ အနုတ္တရော။

ဒီပင်္ကရော နာမ ဇိနော၊ ဥပ္ပဇ္ဇိ လောကနာယကော။

တဿ သောဓီယတီ မဂ္ဂေါ၊ အဉ္ဇသံ ဝဋုမာယနံ။

“အို- အရှင်သုမေဓာ...

လောက၌ တုဘက်ပြိုင်ဘက် မရှိသော မာရ်ငါးပါးကို အောင်တော်မူပြီးသော တလောကလုံး၏ ဦးစီးခေါင်းဆောင် ဖြစ်တော်မူသော ဒီပင်္ကရာ မြတ်စွာဘုရားသည် ပွင့်ထွန်းတော်မူနေပါသည်၊ ထိုဒီပင်္ကရာ မြတ်စွာဘုရား၏ ကြွသွားတော်မူရန်အတွက် လမ်းခရီးကို ရှင်းလင်း သုဓ်သင်ကြပါသည်”-

ဟု ပြောကြားကြလေသည်။

(ဤစကားရပ်စုကို ထောက်ဆ၍... အလောင်းတော် သုမေဓာ ရှင်ရသေ့ပြုပြီး ဈာန်အဘိညာဉ်များကို ရပြီးသည့်နောက် ကာလအတန်ကြာမြင့်မှ ဒီပင်္ကရာ မြတ်စွာဘုရား ပွင့်တော်မူကြောင်းကို သိရ၏။ ဤသို့ သုမေဓာရှင်ရသေ့သည် ဈာန်အဘိညာဉ်ဖြင့် မွေ့လျော်ကာ လူ့ပြည်ကို ဂရုမစိုက်ပဲ တောအရပ်နှင့် ကောင်းကင်၌သာ လှည့်လည်ကျက်စား သွားလာနေသည့်အတွက် လူ့ပြည်မှာ ဒီပင်္ကရာ ဘုရားအလောင်းတော် ပဋိသန္ဓေနေသည်ကို၎င်း, ဖွားတော်မူသည်ကို၎င်း, ဘုရားဖြစ်တော်မူသည်ကို၎င်း, ဓမ္မစကြာတရားဦး ဟောတော်မူသည်ကို၎င်း မသိလိုက်ပဲ ရမ္မာဝတီပြည်သို့ ဒီပင်္ကရာ မြတ်စွာဘုရား ဒေသစာရီ ကြွချီလာ၍ ရမ္မာပြည်သားတို့ ဘုရားကို ပင့်ဖိတ်ပြီးလျှင် လမ်းခရီးကို သုဓ်သင် ပြင်ဆင်နေကြသောအခါမှ သုမေဓာ ရှင်ရသေ့သည် ကောင်းကင်ခရီးဖြင့် ပျံကြွလာသည့်အခိုက်နှင့် ကြုံကြိုက်သောကြောင့် မြေပြင်သို့ သက်ဆင်း၍

၆၁

မေးမြန်းကြောင်း လာရှိရကား ဒီပင်္ကရာ မြတ်စွာဘုရား ပွင့်ထွန်းတော်မူရာ အာယုကပ်သည် အနှစ်တသိန်းတမ်းဖြစ်၍ ထိုအချိန်၌ သုမေဓာရှင်ရသေ့မှာ နှစ်အထောင်ဖြင့် ရေတွက်လောက်အောင် အသက်အရွယ် ကြီးရင့်နေပြီဖြစ်သည်ကို မှန်းဆ၍ သိအပ်ပေ၏။)

ခရီးလမ်း တာငန်းယူ၍ ပြင်ဆင်ခြင်း

     ထိုသို့ ရမ္မာဝတီ ပြည်သူပြည်သားများ ပြောကြားသောခဏ၌ “ဘုရား”ဟူသော အသံကို ကြားလိုက်ရသော အလောင်းတော် သုမေဓာရှင်ရသေ့မှာ နှစ်သက်ခြင်း ပီတိတရား များစွာ ဖြစ်ပေါ်လာသည့်ပြင် ဘုရား..ဘုရား..ဟူ၍ ဝမ်းတွင်း၌ဖြစ်ရှိသော ပီတိတရားတို့ မဆန့်နိုင်သည်ကို ဖော်ပြသည့်ပမာ နှုတ်တော်မြွက်လျက် ဝမ်းအမြောက်ကြီး မြောက်တော်မူကာ စိတ်၌ဖြစ်သော ချမ်းသာတရားကို ခံစားတော်မူရလေသည်။

     သုမေဓာရှင်ရသေ့သည် ကောင်းကင်မှ သက်ဆင်းရာ ထိုနေရာ၌ပင် ရပ်တည်၍ နှစ်သက်ဝမ်းမြောက်တော်မူကာ ပညာအားဖြင့် ထိတ်လန့်ခြင်း သံဝေဂစိတ် ရှိတော်မူသည်ဖြစ်၍ “ငါသည် ကောင်းမှုမျိုးကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်သော ဤဒီပင်္ကရာ မြတ်စွာဘုရားအထံတော်၌ မြတ်သော ကောင်းမှုမျိုးကို စိုက်ပျိုးပေအံ့၊ ရပ်ပြစ်ရှစ်ပါးမှ လွတ်ကင်းသော ဘုရားပွင့်တော်မူရာ ဗုဒ္ဓုပ္ပါဒ နဝမ အခါကောင်း အခွင့်ကောင်းကြီးမျိုးကား ရခဲလှ ကြုံကြိုက်ခဲလှဘိ၏၊ ယင်းသို့ ရခဲ ကြုံကြိုက်ခဲသော ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူရာ အခါကောင်း အခွင့်ကောင်းကြီးကို ငါကား ရအပ်ခဲ့လေပြီ၊ ဤအခါကောင်း အခွင့်ကောင်းကြီးသည် ငါ့ကိုကျော်လွန်၍ မသွားပါစေလင့်”ဟု နစ်နစ်နောနော တွေးတော ကြံစည်တော် မူလေ၏။

     ထိုသို့ ကြံစည်တော်မူပြီးလျှင် “အိုလူအပေါင်းတို့... သင်တို့သည် အကယ်၍ ဒီပင်္ကရာ မြတ်စွာဘုရား ကြွသွားတော်မူရန်အတွက် လမ်းခရီးကို သုဓ်သင်ရှင်းလင်းကြသည် ဖြစ်ကုန်အံ့၊

၆၂

ငါ့အားလည်း သုဓ်သင်ရှင်းလင်းရန် တနေရာကို ပေးကြပါကုန်၊ ငါသည်လည်း မြတ်စွာဘုရား ကြွသွားတော်မူရန်အတွက် လမ်းခရီးကို သုဓ်သင်ပေအံ့”ဟူ၍ ပြောဆိုကာ နေရာတောင်းတော်မူ၏။

     ထိုအခါ လူအပေါင်းတို့က “ကောင်းပါပြီ”ဟု ဝန်ခံကြပြီးလျှင် “ဤသုမေဓာ ပညာရှိသည် တန်ခိုးတေဇော် အာနုဘော်ကြီးမြတ်သူ ဖြစ်ပေ၏”ဟု ယုံကြည်အားကိုးသမှု အသိအမှတ်ပြုကြပြီးလျှင် ပြင်ဆင်ရန်ခဲခက်သည့် ရွှံ့ဗွက်ကြီးဖြစ်၍ အလွန် မညီညွတ်သော နေရာတခုကို သတ်မှတ်ပြီးလျှင် “ဤနေရာကို အရှင်သုမေဓာသည် ပြုပြင်ပါ၊ တန်းဆာဆင်ပါ”ဟု ပြောဆို၍ ပေးကြကုန်၏။

     ထိုအခါ သုမေဓာ ပညာရှိသည် ဘုရားဂုဏ်လျှင် အာရုံရှိသော ပီတိတရားကို ဖြစ်ပွါးစေ၍ “ငါသည် ဤနေရာအရပ်ကို ကြည့်ရှု၍ အကောင်းဆုံး အမြတ်ဆုံး ဖြစ်သွားအောင် တန်းခိုးအစွမ်းဖြင့် ပြင်ဆင်သုဓ်သင်ရန် စွမ်းနိုင်ပေ၏။ ထိုသို့ တန်းခိုးအစွမ်းဖြင့် ပြင်ဆင်သုဓ်သင်လိုက်လျှင် (အလွယ်တကူ ခဏအတွင်း ပြီးစီးသွားမည် ဖြစ်သောကြောင့်) ငါ့ကို ထက်ဝန်းကျင်မှ နှစ်သက်စေနိုင်မည်မဟုတ်၊ ယနေ့သော်ကား ငါသည် ကိုယ်တိုင်ကိုယ်ကျ ဝေယျာဝစ္စကို ပြုသင့်လှ၏”ဟု ကြံစည် ဆုံးဖြတ်တော်မူပြီးလျှင် အဝေးမှ မြေမှုန့်တို့ကို ထမ်း၍ ထိုရွှံ့ဗွက်ကြီးကို ဖို့တော်မူ၏။

မြတ်စွာဘုရား ကြွတော်မူလာခြင်း

     အလောင်းတော် သုမေဓာရှင်ရသေ့၏ တာငန်းနေရာကို ပြုပြင်ဖို့လုပ်၍ မပြီးသေးမီပင် ဒီပင်္ကရာ မြတ်စွာဘုရားသည် အဘိညာဉ် ခြောက်ပါးတည်းဟူသော ဂုဏ်, လောကဓံရှစ်ပါးတို့ကြောင့် တုန်လှုပ်ခြင်းမရှိသော ဂုဏ်, ကိလေသာအညစ်အကြေး ကင်းစင်သော ဂုဏ်တို့နှင့် ပြည့်စုံတော်မူကြသော ရဟန္တာအရှင်မြတ် လေးသိန်းတို့နှင့်တကွ လမ်းခရီးကို ကြွတော်မူလာ၏။

၆၃

(ဤ၌- ဒီပင်္ကရာ မြတ်စွာဘုရားကို ရဟန္တာလေးသိန်းတို့သည် အမြဲမပြတ် အခါခပ်သိမ်း ခြံရံလိုက်ပါတော်မူကြကုန်၏။ ထိုရဟန္တာ လေးသိန်း၏ဂုဏ်ကို ပါဠိတော်၌ မှတ်နိုင်ရုံသာလျှင် အဘိညာဉ်ခြောက်ပါးတည်းဟူသော ဂုဏ်, လောကဓံရှစ်ပါးတို့ကြောင့် မတုန်လှုပ်ခြင်းတည်းဟူသော ဂုဏ်, ကိလေသာအညစ်အကြေး ကင်းဝေးခြင်းတည်းဟူသော ဂုဏ်သုံးပါးတို့ကိုသာ ဟောတော်မူသည်။ ထိုရဟန္တာ လေးသိန်းတို့မှာ အလိုနည်းခြင်း, ရောင့်ရဲလွယ်ခြင်း, အဆုံးအမစကား ပြောဆိုဟောကြားနိုင်ခြင်း, အဆုံးအမ ဩဝါဒစကားကို ရိုသေစွာ ခံယူခြင်း, အာရုံငါးပါး ကိလေသာတရားတို့မှ ဆိတ်ခြင်း, လူတို့နှင့် (မအပ်သော) ရောနှောမှု မရှိခြင်း, ဝိနယငါးပါးနှင့် ပြည့်စုံတော်မူကြခြင်း အစရှိသော များစွာသော ကျေးဇူးဂုဏ်တို့နှင့် ပြည့်စုံတော်မူကြကြောင်းကို ဗုဒ္ဓ၀င်အဋ္ဌကထာ၌ ဖွင့်ပြသည်။ ။ဆုတောင်းခဏ်း ပျို့၌လည်း..

တန်းခိုးဘုန်းယာဉ်၊ ဘိညာဉ် ခြောက်ချက်၊ စုံလျက် ပက်လျှင်၊ ငြိမ်သက်စိမ့်ခြေ၊ ဣန္ဒြေဖြင့်၊ ပြစ်ပြေချုပ်တည်း၊ ရေတင်လှည်းသို့၊ ကြည်းကြည်းသွင်ပြင်၊ စင်သားအညွန့်၊ သားသားပြန့်လျက်၊ ရွေသန့်သင်းချော၊ ကျောရရောလျှင်၊ ရှင်စောအထံ၊ မွမ်းမွမ်းရံလျက်၊ သည်းခံသက်သက်၊ ရမ္မက်မြူကြေး၊ မှဲ့မမြှေးတည့်၊ ရည်သွေးမင်းစံ၊ ရွှေနှယ်ခံ၍၊ ဝတ်ဆံဖားဖား၊ ကြာသို့ထွားသား၊ လျပါးကိုယ်ရည်၊ အမည်မည်ဖြင့်၊ ရှေ့တည်နှိုင်းချက်၊ ဧတဒဂ်တိ၊ သံမြွက်ဝှဲချီး၊ တင်ကုန်ပြီးသား၊ ထေရ်ကြီးအတိ၊ သတ္ထရိ၌၊ ဧဟိဘိက္ခူး၊ ကျွတ်ကုန်နူးလျက်၊ ကျေးဇူးနံ့သာ၊ မေတ္တာချိုးလိမ်း၊ မြတ်စောထိန်းသည်၊ လေးသိန်းမျှလောက်၊ မြောက်တုံသံဃာ၊ ရဟန္တာလည်း၊ နောက်ပါမကြွင်း၊ မိုးလမင်းနှင့်။ ။ထိန်လင်းကြယ်သို့ ပြုလတ်တည်း။ ။ဟူ၍ ပိုဒ်ရေ ၁၆၁-၌ စပ်ဆိုသည်။)

     ယင်းသို့ ဒီပင်္ကရာမြတ်စွာဘုရား ရဟန္တာလေးသိန်းတို့နှင့်တကွ လမ်းခရီးသို့ ကြွချီတော်မူလာသောအခါ နတ်လူအပေါင်းတို့သည် များစွာသော စည်တို့ကို တီးခတ်ကုန်၍ ခရီးဦး ကြိုဆိုကြကုန်၏၊ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ကြကုန်၍ ကောင်းချီးကြွေးကြော် သာဓုခေါ်ကြကုန်၏။

၆၄

     ထိုအခါ နတ်အပေါင်းတို့သည် လူတို့ကို မြင်ကြကုန်သကဲ့သို့ လူအပေါင်းတို့ကလည်း နတ်တို့ကို မြင်ကြရကုန်၏။ ထိုနတ်လူ နှစ်မျိုးစုံတို့သည်ပင် လက်အုပ်ကိုယ်စီ မြှောက်ချီကြ၍ မြတ်စွာဘုရားနောက်တော်မှ လိုက်ပါလာကြကုန်၏။ နတ်များကလည်း နတ်တို့၏ တူရိယာတို့ဖြင့်, လူများကလည်း လူတို့၏ တူရိယာတို့ဖြင့် နှစ်ဦးစုံပင် တီးကြ မှုတ်ကြကုန်လျက် မြတ်စွာဘုရား နောက်တော်မှ လိုက်ပါလာကြကုန်၏။

     ကောင်းကင်မှ လိုက်ပါလာသော နတ်တို့ကလည်း နတ်၌ဖြစ်သော မန္ဒာရဝနတ်ပန်း (ထင်ရှားပန်း) ပဒုမာကြာပန်း ပင်လယ်ကသစ်ပန်းများကို မြတ်စွာဘုရား၏ အထက်နှင့်အောက် ရှေ့နောက်ဝဲယာ မှာမှာအရပ်သို့ နှံ့စပ်ချီးဝှဲ မြှောက်ကြဲပူဇော်ကြကုန်၏။ မြေပြင်မှ လိုက်ပါကြသော လူတို့ကလည်း စကားပန်း ထင်းရှူးပန်း ကျည်းပန်း ကံ့ကော်ပန်း ပုန်းညက်ပန်း ဆတ်သွားပန်းများကို ထို့အတူ မြှောက်ကြဲ ပူဇော်ကြကုန်၏။

     သုမေဓာ ရှင်ရသေ့သည်လည်း တန်းဆာဆင်ယင်ထားသော လမ်းမဖြင့် ကြွလာတော်မူသော ဒီပင်္ကရာ မြတ်စွာဘုရား၏ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီးတို့ဖြင့် တန်းဆာဆင်အပ်သော ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့ဖြင့် နှစ်သက်စဖွယ် ထပ်မံ၍ ခြယ်လယ်ထားအပ်သကဲ့သို့သော ကိုယ်တော်မြတ်၏ အမြဲမပြတ် တောက်ပသည့် (နိစ္စလောဘာသ) ရောင်ခြည်တော်ဖြင့် ကောင်းစွာ ဝန်းရံခြင်းရှိ၍ ကြက်သရေတော်တို့နှင့် ပြည့်စုံသော ဣန္ဒနီလာမြကျောက်နှင့် တူစွာသော ကောင်းကင်အပြင်မှာ အထူးထူး အပြားပြားသော လျှပ်နွယ်လျှပ်ပန်းတို့ ပြက်သန်းသည့်ပမာ ခြောက်ဖြာသော ရောင်ခြည်တော်တို့ကို လွှတ်လျက် ရူပကာယ၏ တင့်တယ်ခြင်းအထွတ်အထိပ်သို့ ရောက်သော ရွှေတုံးရွှေစိုင်ပမာ ဒီပင်္ကရာ မြတ်စွာဘုရား၏ အတ္တဘော (ကိုယ်တော်မြတ်)ကို မျက်စိတို့ကိုဖွင့်၍ (မမှိတ်ပဲဟု ဆိုလိုသည်) ကြည့်ရှု ဖူးမြင်ပြီးလျှင်-

၆၅

“ယနေ့ ငါသည် မြတ်စွာဘုရားထံတော်၌ အသက်ကိုစွန့်မှု ပြုရန်သင့်လှ၏၊ မြတ်စွာဘုရားသည် ညွှန်ပျောင်း၌ ဆင်းရဲစွာ နင်းကြွတော်မမူပါစေလင့်၊ ပတ္တမြားပျဉ်တံတားကို နင်းကြွသွားတော်မူသကဲ့သို့ ရဟန္တာလေးသိန်းတို့နှင့်တကွ ငါ၏ကျောက်ကုန်း (ကျောပြင်)ကို နင်း၍ ကြွတော်မူပါစေသတည်း၊ ထိုသို့ နင်းကြွတော် မူခြင်းသည် ငါ့အတွက်တာ ရှည်စွာသော ကာလပတ်လုံး အစီးအပွါး ချမ်းသာတရားတို့ကို ရဘို့ရန် ဧကန်ဖြစ်လိမ့်မည်”—

ဟု ကြံစည်ဆုံးဖြတ်တော်မူပြီးလျှင် ဆံစည်းဆံထုံးကိုဖြေ သစ်နက်ရေခေါ် သားရေနှင့် ဆံကျစ်ဝန်း (ဒေါက်ချာ) လျှော်တေသင်္ကန်းတို့ကို ညိုမည်းသော အဆင်းရှိသော ညွန်ပျောင်း၌ ဖြန့်ခင်း၍ ပတ္တမြားပျဉ်ချပ်စီအပ်သော တံတား (နင်းကြမ်း)ပမာ ထို ညွန်ပျောင်းထက်၌ အလျားမှောက်ခုံ ဝပ်တော်မူ၏။

သဗ္ဗညုဘုရားဖြစ်ရန် စိတ်သန်တော်မူခြင်း

     ဤညွှန်ပျောင်းအပြင်၌ အလျားမှောက်လျက် လျောင်းတော်မူသော သုမေဓာရှင်ရသေ့အား ဘုရားဖြစ်ရန် စိတ်သန်တော်မူပုံမှာ... “ငါသည် အလိုရှိပါမူကား ယနေ့ပင် ကိလေသာတို့ကို လောင်မြိုက်ပယ်ရှား အာသဝေါတရားလေးပါး ကုန်ခန်းသော ရဟန္တာစင်စစ် ဖြစ်နိုင်ပေ၏။ ဤ ဒီပင်္ကရာမြတ်စွာဘုရား သာသနာ၌ မထင်မရှား သာဝကရဟန်းတပါးအသွင်ဖြင့် အရဟတ္တဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းဖြင့် ငါကဲ့သို့သော ဥက္ကဌ်ပုဂ္ဂိုလ်အား အဘယ်အကျိုးရှိအံ့နည်း၊ သဗ္ဗညုဘုရားအဖြစ် (သဗ္ဗညုတဉာဏ်)သို့ ရောက်အောင်ကြိုးကုတ် အားထုတ်ပေအံ့...။

     ပညာအားအစွမ်း, သဒ္ဓါအားအစွမ်း, ဝီရိယအားအစွမ်း ရှိသည်ကို သိမြင်သော ယောက်ျားကောင်းတယောက် ဖြစ်ပါလျက် သံသရာ၀ဋ်အတွင်းမှ တကိုယ်ကောင်းကြံကာ တယောက်တည်း ကူးမြောက်သဖြင့် ငါ့အား အဘယ်အကျိုးရှိအံ့နည်း၊ သဗ္ဗညုဘုရားအဖြစ် (သဗ္ဗညုတဉာဏ်)သို့ ရောက်အောင်ကြိုးကုတ်

၆၆

အားထုတ်ပြီးလျှင် နတ်နှင့်တကွသော သတ္တဝါအပေါင်းတို့ကို သံသရာဝဋ်ဆင်းရဲ ဒုက္ခပင်လယ်ထဲမှ ငါကား ဆယ်တင်ပေအံ့...။

     ယောက်ျားမြတ်တဆူ ဖြစ်တော်မူသော ဒီပင်္ကရာ မြတ်စွာဘုရားအထံ၌ ငါ၏အသက်ကိုပင် မငဲ့မကွက် ရက်ရက်ကြိုးကုတ် ပြုလုပ်အပ်သည့် ရွှံ့ညွှန်ပျောင်းဝယ် လျောင်း၍ကြည်ဖြူ ကျောက်ဆစ်တံတား ခင်းထားလှူခြင်းတည်းဟူသော သူမတူတန် အဓိကာရ (အထိကရ) ကောင်းမှုကံကြောင့် သဗ္ဗညုဘုရားအဖြစ် (သဗ္ဗညုတဉာဏ်)သို့ ကိုယ်တိုင်ရောက်ရှိပြီးလျှင် များစွာသော သတ္တဝါအပေါင်းကို သံသရာဝဋ်ဆင်းရဲ ဒုက္ခပင်လယ်ထဲမှ ထုတ်ဆယ် ကယ်တင်ပေအံ့။

     သံသရာတည်းဟူသော ရေအယဉ်ကို ဖြတ်၍ ဘ၀သုံးပါးတို့ကို ဖျက်ဆီးပြီးလျှင် မဂ္ဂင်ရှစ်ပါး တရားဖောင်ထက်သို့ ကိုယ်တိုင်လက်ဦး တက်စီးပြီးလျှင် နတ်နှင့်တကွသော သတ္တဝါအပေါင်းတို့ကို ငါကား ထုတ်ဆယ် ကယ်တင်ပေအံ့”... ဟု ဘုရားဖြစ်ရန် စိတ်အကြံတော် ဖြစ်လေသည်။

(ဤ၌ သိမှတ်ဖွယ်ကို အနုဒီပနီ၌ ပြဆိုပေအံ့။)

ယသောဓရာအလောင်း သုမိတ္တာ

     ထိုသို့ သုမေဓာရှင်ရသေ့ ဘုရားဖြစ်ရန် စိတ်တော်ကြံစည်နေခိုက်တွင် သုမိတ္တာအမည်ရှိသော ပုဏ္ဏေးမ(ပုဏ္ဏားပျိုမကလေး)သည် ဘုရားထံမှာ စည်းဝေးကြသော လူထုအစည်းအဝေးကြီးသို့ ကပ်ရောက်လာ၏။ ထိုသုမိတ္တာ၏လက်၌ မြတ်စွာဘုရားကို ပူဇော်ရန် ကြာရှစ်လက်တို့ကို ယူဆောင်၍လာရာ ပရိသတ် အလယ်သို့ရောက်၍ သုမေဓာရှင်ရသေ့ကို မြင်လျှင်မြင်ခြင်း သုမေဓာရှင်ရသေ့အပေါ်၌ မေတ္တာပေမဓာတ် များစွာပင် သက်ဝင်လတ်သဖြင့် လှူဘွယ်ဝတ္ထုတို့ကို လှူဒါန်းချင်လှပါသော်လည်း ကြာရှစ်လက်မှတပါး အခြားလှူဘွယ် မပါလတ်ရကား-

“အရှင်ရသေ့... မြတ်စွာဘုရားအား အရှင်အလိုရှိသလို လှူဒါန်းရန် ငါးလက်သော ကြာပန်းတို့ကို အရှင့်အား

၆၇

ပေးအပ်ပါ၏၊ ကျန်သော ကြာသုံးလက်မူကား အကျွန်ုပ် လှူဒါန်းရန်အတွက် ဖြစ်ပါစေ”..

ဟု ပြောဆို လှူဒါန်းပြီးလျှင်-

“အရှင်ရသေ့.. အရှင်သည် ဘုရားဖြစ်ဖို့ရန် ပါရမီတော်တို့ကို ဖြည့်ကျင့်နေသမျှ ကာလအတောအတွင်း အကျွန်ုပ်သည် အရှင်နှင့်အတူတကွ ညီမျှသောသူတို့ ဖြစ်ကြရပါစေကုန်သတည်း”..

ဟူ၍ ဆုပန်ခဲ့လေသည်။

     အလောင်းတော် သုမေဓာရှင်ရသေ့သည်လည်း သုမိတ္တာပုဏ္ဏေးပျိုမ ပေးအပ်သော ကြာလက် ငါးလက်တို့ကို ခံယူ၍ မျက်မှောက်တူရူ ကြွလာတော်မူသော ဒီပင်္ကရာ မြတ်စွာဘုရားကို ပရိသတ်တို့၏ အလယ်၌ပင် “သမ္မာသမ္ဗောဓိဉာဏ်” ဆုပန်ကြည်ဖြူ ပူဇော်ခဲ့လေသည်။

     ထို အခြင်းအရာကို မြင်တော်မူပြီးလျှင် ဒီပင်္ကရာမြတ်စွာဘုရား သည်လည်း ပရိသတ်တို့၏ အလယ်၌ပင်-

“သုမေဓာခေါ်မှတ် ရသေ့မြတ်.. ဤ သုမိတ္တာအမျိုးသမီးသည် သင်၏ ဘုရားဖြစ်ရန်အကျိုးငှါ စိတ်တူကံတူ အညီအမျှ ပြုလုပ်သူ ကိုယ်နှုတ်နှလုံး သုံးပါးသောအမှုဖြင့်ပင် ချစ်ခင်နှစ်သက်အပ်သူ ဖြစ်ပေလိမ့်မည်။ အလွန် ရှုချင်စဖွယ် တင့်တယ်လှပသောသူ ချစ်နှစ်လိုဖွယ််ရှိသောသူ စိတ်နှလုံးကို ပွါးစေတတ်သူ ချစ်ဖွယ်စကား ပြောကြားတတ်သူ ဖြစ်ပေလိမ့်မည်၊ နောက် ပစ္ဆိမဘဝ၌ အသင်၏ နိယျာနိကသာသနာဝယ် လောကုတ္တရာတရားအမွေ အရဟတ္တဖိုလ်တိုင်အောင် ခံယူရရှိ၍ တန်းခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံသော သာဝိကာမ ဖြစ်ပေလိမ့်မည်”…

အစရှိသည်ဖြင့် ဗျာဒိတ်စကား ကြားတော်မူခဲ့သည်။

(ဤအကြောင်းအရာစုကို ယသောဓရာ ထေရီမကြီးကိုယ်တိုင် မြတ်စွာဘုရားအား လျှောက်ထားကြောင်း ထေရီအပဒါန်ပါဠိတော်၌ လာရှိသည်။)

၆၈

ဗျာဒိတ်စကား မိန့်ကြားတော်မူခြင်း

     ဤ၌ သုမေဓာရှင်ရသေ့သည် (မြတ်စွာဘုရား တာဝတိံသာမှ သက်ဆင်းတော်မူလာသောအခါ အဝန်း သုံးဆယ့်ခြောက်ယူဇနာ ဗိုလ်ပါပရိသတ်တို့ကဲ့သို့) ဗျာဒိတ်ရရန် အင်္ဂါမပြည့်စုံပဲနှင့် ဘုရားဖြစ်ဖို့ရန် စိတ်သန်တော်မူသည် မဟုတ်ပေ။ စင်စစ်ကား ရှေ့ “ဗုဒ္ဓုပ္ပါဒနဝမခဏ်း”၌ ပြဆိုအပ်ခဲ့ပြီးသော…(၁) လူဇာတ်စင်စစ်ဖြစ်ခြင်း၊ (၂) ယောက်ျားစင်စစ်ဖြစ်ခြင်း၊ (၃) ထိုဘဝမှာပင် အလိုတော်ရှိပါက အရဟတ္တဖိုလ်တိုင်မြောက် ရောက်နိုင်သော ကုသိုလ်ထူးနှင့် ပြည့်စုံသူဖြစ်ခြင်း၊ (၄) သက်တော်ထင်ရှား မြတ်စွာဘုရားကို ဒိဋ္ဌထင်ထင် ဖူးမြင်ရခြင်း၊ (၅) ကမ္မဝါဒီ ရှင်ရသေ့ဖြစ်ခြင်း၊ (၆) ဈာန်သမာပတ်ရှစ်ပါး, အဘိညာဉ်ငါးပါးနှင့် ပြည့်စုံသူဖြစ်ခြင်း၊ (၇) ဒီပင်္ကရာမြတ်စွာဘုရားအား အသက်ကို စွန့်လှူပြီးဖြစ်ခြင်း = အကယ်၍သာ သုမေဓာရှင်ရသေ့ ကြံစည်တော်မူသည့်အတိုင်း ဒီပင်္ကရာ မြတ်စွာဘုရားနှင့်တကွ ရဟန္တာလေးသိန်းတို့ သုမေဓာရှင်ရသေ့၏ ကျောက်ကုန်းကို တံတားနင်းကြမ်းအတူ နင်းကြွတော်မူကုန်ငြားအံ့၊ သုမေဓာရှင်ရသေ့မှာ အသက်ရှင်နိုင်ဖွယ်ပင် မရှိပြီ၊ ထိုအကြောင်းကို သိတော်မူလျက်ပင် ကိုယ်တော်၏အသက်ကို မငဲ့ကွက် မညှာတာပဲ ရဲရဲရက်ရက် စွန့်လှူတော်မူခြင်း ဖြစ်သည်၊ ဤကုသိုလ်မျိုးကို ကျမ်းဂန်တို့၌ အဓိကာရကုသိုလ် (အရပ်စကားများ၌ အထိကရကုသိုလ်)ဟု ခေါ်ဆိုသည်၊ ယင်းသည့် အဓိကာရကုသိုလ်ထူးနှင့် ပြည့်စုံတော်မူခြင်း၊ (၈) စကြဝဠာတိုက်လုံးအပြည့် မီးကျီးလှံသွား အပြည့်ထား၍ “ဤမီးကျီး လှံသွား”တို့ကို မဆုတ်မနစ် လွန်မြောက်အောင် ကူးခတ်နိုင်မှ သဗ္ဗညုတဉာဏ်တော်ကို ရမည် (ဘုရားဖြစ်မည်)ဟု ဆိုလျှင်လည်း ထိုသည့်မီးကျီး လှံသွားတို့ကို ပမာမထား ကူးခတ်သွား၍ ဘုရားအဖြစ်ကို ရယူတော်မူလိုသည့် ကုသိုလ်ဆန္ဒ ပြင်းထန်တော်မူလှခြင်း၊ ဤ(၈)ပါးသော ဗျာဒိတ်ရကြောင်း ကောင်းမှုအင်္ဂါတို့နှင့် ပြည့်စုံပြီးဖြစ်၍ ဘုရားဖြစ်ရန် စိတ်သန်တော်မူခြင်း ဖြစ်ပေသည်။

၆၉

     ထို့ကြောင့်ပင် ဒီပင်္ကရာ မြတ်စွာဘုရားသည်လည်း မားမားမတ်မတ် အလောင်းတော် သုမေဓာရှင်ရသေ့ရှိရာအရပ်သို့ ကြွလာတော်မူပြီးလျှင် အလောင်းတော် သုမေဓာ၏ ဦးခေါင်းရင်း၌ ရပ်တည်တော်မူ၍ “ဤသုမေဓာ ရှင်ရသေ့သည် ဘုရားဖြစ်ရန် စိတ်သန်ရွယ်ချောင်း ရွှံ့ညွှန်ပျောင်း၌ လျောင်းလေပြီ၊ ဤရှင်ရသေ့၏ တောင့်တချက်ကား ပြည့်စုံပါမည်လော၊ သို့မဟုတ် မပြည့်စုံပါမည်လော”ဟု အနာဂတံသ ရွှေဉာဏ်တော် = (အနာဂတ်အဖို့ အပိတ်အပင်မရှိ မြင်သိနိုင်သောဉာဏ်)ကို စေလွှတ်၍ စူးစမ်း ဆင်ခြင်တော်မူသည်ရှိသော်... “ဤကမ္ဘာမှနောက် လေးအသင်္ချေနှင့် ကမ္ဘာတသိန်း လွန်မြောက်သောအခါ ဂေါတမမြတ်စွာဘုရား ဖြစ်လိမ့်မည်”ဟု ပိုင်းခြားကုန်စင် သိမြင်တော်မူ၍ ရပ်တော်မူလျက်ပင် ပရိသတ်အလယ်၌ “ပဿထ ဣမံ တာပသံ၊ ဇဋိလံ ဥဂ္ဂတာပနံ” အစရှိသော ၉-ဂါထာတို့ဖြင့် ဗျာဒိတ်စကား ကြားတော်မူသည်မှာ-

ရဟန်းတို့... ဆံကျစ်ကို ထုံးထားသည်ဖြစ်၍ ထက်မြက်သောအကျင့်နှင့် ပြည့်စုံသော ဤရသေ့ကို ကြည့်ရှုကြကုန်လော့၊ ဤသုမေဓာ ရှင်ရသေ့သည် ဤကမ္ဘာမှနောက် မရေတွက်နိုင်လောက်အောင် များမြောက်သော ကမ္ဘာ (လေးအသင်္ချေနှင့် ကမ္ဘာတသိန်း)ထက်၌ လူသုံးပါးဝယ် ဘုရားစင်စစ် ဖြစ်ပေလိမ့်မည်။

ဤသုမေဓာ ရှင်ရသေ့သည် နောင်ဘုရားဖြစ်အံ့သော ဘဝ၌ အံ့ဩလောက်အောင် ပျော်မွေ့ဘွယ်ရာကောင်းသော ကပိလ၀တ် နေပြည်တော်မှ တောထွက်၍ ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်ကာ ကျင့်ကြံပြုလုပ်၍ ခဲယဉ်းစွာသော (ဒုက္ကရစရိယာ)အကျင့်ကို ပြုကျင့်ပြီးလျှင် အလောင်းတော်သည် အဇပါလမည်သော ညောင်ပင်ရင်း၌ သီတင်းသုံး နေတော်မူပြီးခါ ထိုညောင်ပင်ရင်း၌ “ဃနာနို့ဆွမ်း”ကို အကပ်ခံယူလျက် နေရဉ္ဇရာမြစ်ကမ်းသို့ ကြွပေလတ္တံ့…။

(ဤ၌ နေရဉ္ဇရာမြစ်အကြောင်းကို နောက်ပိုင်း အနုဒီပနီ၌ ကြည့်နိုင်သည်။)

၇၀

ထိုဘုရားဖြစ်ခါနီး အလောင်းတော်သည် နေရဉ္ဇရာမြစ်ကမ်း၌ ဃနာနို့ဆွမ်းကို ဘုဉ်းပေးပြီးလျှင် နတ်တို့စီမံအပ်သော ကောင်းမြတ်သော လမ်းခရီးဖြင့် ဗောဓိပင်ရင်းသို့ ချဉ်းကပ်လတ္တံ့..။

ထိုဗောဓိပင်ရင်းသို့ ချဉ်းကပ်မိသောအခါ သဗ္ဗညုတဉာဏ်တော်၏ ကြည်လင်ဖြစ်ထွန်းရာ မဟာဗောဓိမဏ္ဍိုင်ကို လက်ျာဘက်ထား၍ တောင်မျက်နှာမှ အနောက်၊ အနောက်မျက်နှာမှ မြောက်၊ မြောက်မျက်နှာမှ အရှေ့သို့ လှည့်လည်ခြင်းပြု၍ မိမိထက် သာလွန်သူမရှိသော များမြတ်သော ကျော်စောခြင်း ဂုဏ်သတင်းရှိသော မြတ်စွာဘုရားသည် ညောင်ဗုဒ္ဓဟေပင်ရင်း၌ သစ္စာလေးပါး တရားတို့ကို ထိုးထွင်း၍ သိမြင်လတ္တံ့…။ (ဘုရားစင်စစ် ဖြစ်လတ္တံ့ဟူလို။)

ဤဘုရား၏ မယ်တော်ရင်းသည်ကား မာယာဒေဝီ အမည်ရှိသည် ဖြစ်လတ္တံ့…၊ ခမည်းတော်ရင်းသည်ကား သုဒ္ဓေါဒန အမည်ရှိသည် ဖြစ်လတ္တံ့…၊ ဤဘုရားကား ဂေါတမအမည်ရှိသည် ဖြစ်လတ္တံ့... ။

အာသဝေါလွတ်ရှင်း ရာဂကင်းကြကုန်လျက် ငြိမ်သက်သော စိတ်ရှိ၍ သမာဓိ ခိုင်ကျည်ကြကုန်သော ကောလိတနှင့် ဥပတိဿတို့သည် မြတ်သော တပည့်အစုံ (အဂ္ဂသာဝကအစုံ) ဖြစ်ကုန်လတ္တံ့..။

အာနန္ဒာအမည်ရှိသော ရဟန်းသည် အလုပ်အကျွေးဖြစ်၍ ဤဘုရားကို လုပ်ကျွေး ပြုစုပေလတ္တံ့၊ အာသဝေါလွတ်ရှင်း ရာဂကင်းကြကုန်လျက် ငြိမ်သက်သော စိတ်ရှိ၍ သမာဓိ ခိုင်ကျည်ကြကုန်သော ခေမာထေရီနှင့် ဥပ္ပလဝဏ် ထေရီတို့သည် မြတ်သောတပည့်မအစုံ (အဂ္ဂသာဝိကာအစုံ)တို့

၇၁

ဖြစ်ကုန်လတ္တံ့...၊ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကိုကား ညောင်ဗုဒ္ဓဟေဟု ခေါ်ဆိုအပ်၏.

ဟူ၍ ဗျာဒိတ်စကား ကြားတော်မူလေသည်။

(ဗျာဒိတ်နှင့်စပ်၍ မှတ်ဖွယ်ကို အနုဒီပနီ၌ ပြဆိုပေအံ့။)

နတ်လူတို့ ကောင်းချီးပေးကြခြင်း

     လောကသုံးပါး၌ တူသောသူဟူ၍ တစုံတယောက်မျှမရှိပဲ မွန်မြတ်သော ဂုဏ်ကျေးဇူးတို့ကိုသာ ရှာမှီးလေ့ ရှိတော်မူသော ဒီပင်္ကရာ မြတ်စွာဘုရား၏ ဤ ဗျာဒိတ်စကားတော်ကို ကြားကြကုန်သော နတ်လူတို့သည် “ဤသုမေဓာရှင်ရသေ့ကား နောင်ပွင့်တော်မူမည့် ဘုရားမျိုးစေ့စင်စစ် ဖြစ်သတဲ့”ဟူ၍ အလွန်ဝမ်းမြောက်ကြကုန်လျက် ကြွေးကြော်အော်ဟစ်ကာ ကောင်းချီးသံတို့ကို ဖြစ်စေကြပြီးလျှင် ရွှင်ရွှင်လန်းလန်း လက်ပန်းပေါက် ခတ်ကြကုန်၏၊ တသောင်းသော လောကဓာတ်မှ လာကြကုန်သော နတ်ဗြဟ္မာတို့နှင့်တကွ လူအပေါင်းတို့သည် လက်အုပ်ကိုယ်စီ မြှောက်ချီရိုကျိုး ရှိခိုးကြကုန်၏။

“တလောကလုံး၏ ကိုးကွယ်ရာ ဤဒီပင်္ကရာ မြတ်စွာဘုရား၏ အဆုံးအမတရားတော်ကို ငါတို့ မဖြည့်စွမ်းနိုင်) ချွတ်ယွင်းကြစေကာမူ နောင်သောအခါ ပွင့်တော်မူလတ္တံ့သော ဤရသေ့မြတ်ကို ငါတို့ မျက်ဝါးထင်ထင် ဖူးမြင်ကြကာ တရားထူးရသောသူများ ဖြစ်ကြကုန်အံ့။

ဥပမာအားဖြင့် မြစ်ကိုကူးသောသူသည် မိမိရှေးရှု ရည်မှန်းသော ဆိပ်ကမ်းသို့ ရေစီးအဟုန်ကြောင့် မရောက်နိုင်ပဲ ချွတ်ယွင်းကာ ရေစီးထဲသို့ မျောပါသွားကြစေကာမူ အောက်ဖြစ်သော ဆိပ်ကမ်းမှာ အရတွယ်ယူကာ မြစ်ကို ကူးကြကုန်သကဲ့သို့ ဤအတူသာလျှင် ငါတို့အားလုံးသည်လည်း ဤဒီပင်္ကရာ မြတ်စွာဘုရားကို (တရားထူးမရပဲ)

၇၂

လက်လွတ်ကြရစေကာမူ နောင်သောအခါ ပွင့်တော်မူလာမည့် ဤရသေ့သူမြတ်ကို ငါတို့ မျက်ဝါးထင်ထင် ဖူးမြင်ကြကာ တရားရသောသူများ ဖြစ်ကြကုန်အံ့”–

ဟူ၍လည်း ဆုတောင်းပန်ထွာ ပတ္ထနာမှု ပြုကြကုန်၏။

ဒီပင်္ကရာမြတ်စွာဘုရား ရမ္မာပြည်သို့ ကြွသွားခြင်း

     အဝေးမှ ဆောင်ယူ၍ လှူအပ်သော ပစ္စည်းကို ခံယူခြင်းငှါ ထိုက်တော်မူသော လောကသုံးပါးကို ပိုင်းခြားသိမြင်သည့် လောကဝိဒူဂုဏ်သခင် ဒီပင်္ကရာ မြတ်စွာဘုရားသည် သုမေဓာရှင်ရသေ့အား ဗျာဒိတ်စကား မိန့်ကြားတော်မူပြီးလျှင် (ပန်းရှစ်ဆုပ်တို့ဖြင့် ပူဇော်၍) သုမေဓာရှင်ရသေ့ဘက်မှ လက်ျာခြေတော်ကိုချကာ ကြွသွားတော်မူလေ၏။

     ထိုဗျာဒိတ်ကြားရာအရပ်၌ မြတ်စွာဘုရား၏သားတော် လေးသိန်းသော ရဟန္တာထေရ်ကျော်တို့သည် (အလောင်းတော်သုမေဓာကို ပန်းနံ့သာတို့ဖြင့် ပူဇော်ကြပြီးလျှင်) သုမေဓာရှင်ရသေ့ကို လက်ျာဘက်ထားကာ ကြွသွားကြကုန်၏။ လူ နဂါး ဂန္ဓဗ္ဗနတ်တို့သည်လည်း သုမေဓာရှင်ရသေ့ကို ရိုသေစွာ ရှိခိုး၍ ပန်းနံ့သာတို့ဖြင့် ပူဇော်ကြပြီးလျှင် ဖဲသွားကြကုန်၏။

     ဒီပင်္ကရာ မြတ်စွာဘုရားသည် ရဟန္တာလေးသိန်း ခြံရံလျက် ရမ္မာပြည်သူပြည်သားများနှင့်တကွ နတ်အများတို့က ဝပ်တွားကော်ရော် ပူဇော်အပ်သည်ဖြစ်၍ တန်းဆာဆင်အပ်သော ခရီးမဖြင့် ကြွတော်မူပြီးလျှင် ရမ္မာပြည်အတွင်း ခင်းထားအပ်သော ဘုရားနေရာဝယ် ယုဂန္ဓိုရ်တောင်ထိပ်ထက်၌ ပေါ်ထွက်သော နေလုလင်ပမာ ပဒုမာကြာပန်းနှင့်တူသည့် ကျွတ်ထိုက်သူ ဗိုလ်လူတို့ကို သစ္စာလေးဆင့် တွေးတွေးရင့်၍ ပွင့်လန်းအောင် ပြုတော်မူရန် ထိုင်နေတော်မူ၏။ ရဟန္တာလေးသိန်းတို့လည်း အစဉ်အတိုင်း မိမိတို့ရောက်သောနေရာ၌ ထိုင်နေတော်မူကြကုန်၏။

၇၃

ရမ္မာပြည်သူပြည်သားတို့သည်လည်း ဘုရားအမှူးပြုသော ရဟန်းသံဃာတော်အား “အသဒိသအလှူကြီး”ကို ပေးကြလေကုန်သည်။

(ဒီပင်္ကရာ မြတ်စွာဘုရားနှင့် ရဟန္တာလေးသိန်းတို့က သုမေဓာရှင်ရသေ့အား ပူဇော်ကြခြင်းနှင့်စပ်၍ မှတ်ဖွယ်ကို အနုဒီပနီ၌ ပြဆိုထားသည်။)

အလောင်းတော် သုမေဓာ၏ ပီတိသုခ

     လောကသုံးပါး၏ ရှေ့သွားခေါင်းဆောင် ဖြစ်တော်မူသော ဒီပင်္ကရာ မြတ်စွာဘုရား ရဟန္တာလေးသိန်းတို့နှင့်တကွ သုမေဓာရှင်ရသေ့ မြင်နိုင်လောက်သောအရပ်ကို လွန်သွားတော်မူလျှင်ပင် အလောင်းတော် သုမေဓာသည် အလျားမှောက်ရာမှ ဝမ်းမြောက်စွာ ထတော်မူပြီးသောအခါ လွန်စွာထူးမြတ်သော စိတ်ချမ်းသာခြင်း ဝမ်းမြောက်ခြင်း နှစ်သက်ခြင်းတို့ဖြင့် စိတ်တော်ချမ်းမြေ့ခြင်း ဝမ်းမြောက်ခြင်းတို့ဖြင့် စိုစွတ်သော စိတ်နှလုံး ရှိတော်မူပြီးလျှင် ပါရမီတော်တို့ကို ဆင်ခြင် စဉ်းစားတော်မူရန်အတွက် နတ်လူတို့ ပူဇော်ကြဲဖြန့်အပ်သော ပန်းပုံကြီးထက်၌ ထက်ဝယ် (တင်ပလ္လင်)ဖွဲ့ခွေ ထိုင်နေတော်မူပြီးလျှင် ဤသို့ ကြံစည်တော်မူပြန်၏”–

“ငါသည် ဈာန်တရားအရာ၌ ဝသီဘော်ရှိသူ (အစိုးတရ လေ့လာနိုင်သူ) အဖြစ်သို့ ရောက်ပေ၏၊ အဘိညာဉ်ငါးပါးတို့၌လည်း အထွတ်အထိပ်သို့ရောက်သူ ဖြစ်ပေ၏။ စကြဝဠာပေါင်း တိုက်တသောင်းအတွင်း၌ ငါနှင့်တူကြသော ရသေ့များ မရှိကြ၊ တန်းခိုးအာနုဘော် တရားတို့၌ ငါသည် မည်သူနှင့်မျှ မတူချေတကား”...

ဤကဲ့သို့ စဉ်းစားဆင်ခြင်တော်မူပြီးလျှင် အလွန်ထူးချွန်သော စိတ်ချမ်းသာမှုကို ရတော်မူလေ၏။

၇၄

နိမိတ်ကြီး ၃၂-ပါးကို နတ်တို့ ပြောကြားခြင်း

     သုမေဓာ ရှင်ရသေ့သည် ဆိုအပ်ပြီးသောအတိုင်း ဒီပင်္ကရာ မြတ်စွာဘုရား၏ ဗျာဒိတ်စကားကို ကြားတော်မူရ၍ သဗ္ဗညုဘုရားအဖြစ်ကို ယခုပင် လက်ဝါးအပြင်ပေါ်သို့ ရောက်ရှိပြီး ရရှိပြီးကဲ့သို့ အောက်မေ့မှတ်ထင် ကြည်လင်ဝမ်းမြောက်လျက် ထက်ဝယ်ဖွဲ့ခွေ (တင်ပလ္လင်ခွေ) ထိုင်နေတော်မူသောအခါ စကြဝဠာ တိုက်တသောင်းမှ ရောက်လာကြကုန်သော နတ်ဗြဟ္မာတို့သည် “သုမေဓာအရှင်သူမြတ်.. ရှေးရှေးသော နိယတဗျာဒိတ်ခံ ဘုရားအလောင်းတော်များ ဗျာဒိတ်ရပြီးစ ထိုကာလဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူကြသောအခါ ထင်မြင်မြဲဖြစ်သော “နိမိတ်ကြီး သုံးဆယ့်နှစ်ပါး”တို့သည် ယနေ့ ထင်မြင်ကြပါကုန်၏။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့”ဟူ၍ ကြီးစွာသောအသံကို ဟစ်အော် ဖြစ်ပေါ်စေကြကုန်၏။

     သုမေဓာအရှင်သူမြတ်... ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ရတော်မူသည့်အခါ အေးချမ်းခြင်းသဘော ကင်းရှင်း၍ ပူအိုက်ခြင်းသဘော ငြိမ်းမြဲဖြစ်ပါ၏၊ ထိုနိမိတ်နှစ်ပါးတို့ကို ယနေ့ ထင်ရှား တွေ့မြင်ရပါကုန်၏။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့..။

     သုမေဓာအရှင်သူမြတ်... ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ရတော်မူသည့်အခါ တသောင်းသော လောကဓာတ်ကြီးသည် တစုံတရာ အသံမရှိ တိတ်ဆိတ်၍နေ၏၊ အနှောက်အရှက် ရှုပ်ထွေးခြင်း အလျဉ်းမရှိ၊ ထိုနိမိတ်နှစ်ပါးတို့ကို ယနေ့ ထင်ရှားတွေ့မြင်ရပါကုန်၏။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့..။

     သုမေဓာအရှင်သူမြတ်... ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ရတော်မူသည့်အခါ လေပြင်းမုန်တိုင်းတို့ မတိုက်ခတ်ကုန်၊ မြစ်များသည်လည်း မစီးကြပါကုန်၊ ထိုနိမိတ်နှစ်ပါးတို့ကို

၇၅

ယနေ့ ထင်ရှား တွေ့မြင်ရပါကုန်၏။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့..။

     သုမေဓာအရှင်သူမြတ်.. ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ရတော်မူသည့်အခါ ကုန်း၌ဖြစ်သောပန်း, ရေ၌ဖြစ်သောပန်း အလုံးစုံတို့သည် တပြိုင်နက် ပွင့်ကြပါကုန်သည်၊ ယနေ့လည်း ထိုပန်းအလုံးစုံတို့သည် ပွင့်ကြပါကုန်၏။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့..။

     သုမေဓာအရှင်သူမြတ်... ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ရတော်မူသည့်အခါ နွယ်ပင်အမြင့်ပင် (ပင်စောက်) အမျိုးမျိုးတို့ တပြိုင်နက် သီးကြပါကုန်သည်၊ ယနေ့လည်း ထိုနွယ်ပင် သစ်ပင်အားလုံးတို့သည် သီးကြပါကုန်၏။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့..။

     သုမေဓာအရှင်သူမြတ်… ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ရတော်မူသည့်အခါ ကောင်းကင်၌တည်သော ရတနာ, မြေပြင်၌တည်သော ရတနာတို့သည် အရောင် ထွန်းတောက်ပကြပါသည်၊ ယနေ့လည်း ထိုရတနာတို့သည် အရောင် ထွန်းတောက်ပကြပါကုန်သည်။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့..။

     သုမေဓာအရှင်သူမြတ်.. ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ရတော်မူသည့်အခါ လူ့ပြည်၌ဖြစ်သော တူရိယာတို့သည်၎င်း, နတ်ပြည်၌ဖြစ်သော တူရိယာတို့သည်၎င်း အလိုလို (လူနတ်တို့က မတီးရပဲ) မြည်ကြမြဲ ဖြစ်ပါကုန်သည်၊ ယနေ့လည်း ထိုတူရိယာ နှစ်မျိုးစုံတို့သည် အလွန်အကဲ (လူနတ်တို့က မတီးရပါပဲ) မြည်ကြပါကုန်သည်။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူ လတ္တံ့..။

၇၆

     သုမေဓာအရှင်သူမြတ်.. ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ရတော်မူသည့်အခါ ကောင်းကင်အပြင်မှ အလွန်ဆန်းကြယ်သော ပန်းတို့သည် မိုယ်းကဲ့သို့ ရွာမြဲ ဖြစ်ကြပါကုန်သည်၊ ယနေ့လည်း ထိုဆန်းကြယ်သော ပန်းတို့သည် မိုယ်းရေပမာ ရွာသွန်းကြပါကုန်သည်။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့...။

     သုမေဓာအရှင်သူမြတ်... ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ရတော်မူသည့်အခါ မဟာသမုဒြာကြီး ဝဲလည်ခြင်း၊ တသောင်းသော လောကဓာတ် စကြဝဠာတိုက် တုန်လှုပ်ခြင်းတို့ ဖြစ်မြဲဖြစ်ကုန်သည်၊ ယနေ့လည်း ထိုနှစ်ပါးစုံ (မဟာသမုဒြာနှင့် စကြဝဠာတိုက်တသောင်း)တို့သည် လွန်စွာ မြည်ဟီးကြပါကုန်သည်။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့..။

     သုမေဓာအရှင်သူမြတ်.... ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ခံယူရတော်မူသောနေ့မှာ ဇာတိခေတ် (စကြဝဠာတိုက်တသောင်း)အတွင်း ငရဲမီးတို့ ငြိမ်းကြမြဲဖြစ်ပါသည်။ ယနေ့လည်း ထိုငရဲမီးတို့သည် ငြိမ်းကြပါကုန်သည်။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့..။

     သုမေဓာအရှင်သူမြတ်.. ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ခံယူရတော်မူသောနေ့မှာ နေမင်းသည် အညစ်အကြေးကင်းစင်မြဲ ဖြစ်ပါသည်၊ အလုံးစုံသော ကြယ်တာရာတို့ကို နေ့အခါ၌ပင် မြင်ကြရမြဲ ဖြစ်ပါကုန်သည်၊ ယနေ့လည်း ထိုအညစ်အကြေးကင်းသော နေမင်း အလုံးစုံသော ကြယ်တာရာတို့ကို နေ့အခါ၌ပင် မြင်ကြရပါကုန်သည်။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့… ။

     သုမေဓာအရှင်သူမြတ်.. ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ခံယူရတော်မူသောနေ့မှာ မိုဃ်းမရွာပဲ မြေကြီးထဲမှ ရေပန်း၍ ထွက်မြဲဖြစ်ပါသည်၊ ယနေ့လည်း မိုယ်မရွာပဲ

၇၇

မြေကြီးထဲမှ ရေပန်း၍ ထွက်ခဲ့ပါသည်။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့…။

     သုမေဓာအရှင်သူမြတ်... ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ခံယူရတော်မူသောနေ့မှာ ကောင်းကင်အပြင်၌ ကြယ်တာရာအပေါင်းတို့သည်၎င်း၊ နက္ခတ်တို့သည်၎င်း တင့်တယ်ကြမြဲ ဖြစ်ပါကုန်သည်၊ ဝိသာခါနက္ခတ်သည် လပြည့်ဝန်း(စန်း)နှင့် ယှဉ်မြဲဖြစ်ပါသည်။ ယနေ့လည်း ထိုနိမိတ်တို့ ထင်ကြပါကုန်သည်။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့..။ ။(ကဆုန်လပြည့်နေ့နှင့် စပ်၍ မှတ်ဖွယ်ကို အနုဒီပနီ၌ ဖော်ပြထားသည်။)

     သုမေဓာအရှင်သူမြတ်... ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ခံယူရတော်မူသောနေ့မှာ မြွေ မြွေပါ-စသော တွင်း၌နေသော သတ္တဝါ, မြေခွေး-စသော ချောက်ကမ်းပါး၌နေသော သတ္တဝါတို့သည် မိမိတို့နေရာမှ ထွက်ကြကုန်မြဲ ဖြစ်ပါသည်၊ ယနေ့လည်း ထိုသတ္တဝါတို့သည် မိမိတို့နေရာမှ ထွက်ကြပါကုန်သည်။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့..။

     သုမေဓာအရှင်သူမြတ်... ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ခံယူရတော်မူသောနေ့မှာ သတ္တဝါအပေါင်းတို့အား မမွေ့လျော် မပျော်ပိုက်ခြင်း အလျဉ်းမရှိကြပဲ မိမိတို့၌ ထင်ရှားရှိသော ပစ္စည်းစုဖြင့်သာ နှစ်သက်ရောင့်ရဲ ကျေနပ်မြဲ ဖြစ်ကြပါသည်။ ယနေ့လည်း ထိုသတ္တဝါ အလုံးစုံတို့သည်ပင် မမွေ့လျော် မပျော်ပိုက်ခြင်း အလျဉ်းမရှိကြပဲ မိမိတို့၌ ထင်ရှားရှိသော ပစ္စည်းစုဖြင့်သာ နှစ်သက်ရောင့်ရဲ ကျေနပ်ကြပါသည်။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့…။

(ဤစကားရပ်ကို ထောက်ဆ၍ သတ္တဝါတို့မှာ နေ့စဉ်ပင် ရသမျှ ရှိသမျှ စည်းစိမ်ဖြင့် မရောင့်ရဲနိုင်ကြကြောင်း၊

၇၈

ဘုရားအလောင်းတော်များ နိယတဗျာဒိတ် ခံယူရတော်မူသော နေ့မှာသာ မိမိတို့မှာရှိသမျှ ပစ္စည်းစုဖြင့် နှစ်သက် ရောင့်ရဲ ကျေနပ်ကြကြောင်း သိမှတ်ရာ၏။)

     သုမေဓာအရှင်သူမြတ်... ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ခံယူရတော်မူသောနေ့မှာ သတ္တဝါတို့အား ရောဂါဟူသမျှ ပျောက်ငြိမ်းကြမြဲ ဖြစ်ပါသည်၊ ဆာလောင်မွတ်သိပ်ခြင်းလည်း ကင်းကြမြဲ ဖြစ်ပါသည်၊ ယနေ့လည်း ထိုရောဂါပျောက်ငြိမ်းခြင်း, ဆာလောင်မွတ်သိပ်မှု ပျောက်ကင်းခြင်း တည်းဟူသော နိမိတ်နှစ်ပါးတို့ ထင်ရှားဖြစ်ကြပါသည်။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့..။

     သုမေဓာအရှင်သူမြတ်.. ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ခံယူရတော်မူသောနေ့မှာ သတ္တဝါတို့သန္တာန်၌ အာရုံကို ငြိတွယ်တတ်သော ရာဂတရား ခေါင်းပါးမြဲ ဒေါသနှင့် မောဟတရားတို့ ပျောက်ပျက်မြဲ ဖြစ်ပါသည်၊ ယနေ့လည်း သတ္တဝါတို့သန္တာန်၌ ထိုရာဂ ဒေါသ မောဟတို့ ကင်းရှင်းကြပါကုန်သည်။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့..။

     သုမေဓာအရှင်သူမြတ်.. ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ခံယူရတော်မူသောနေ့မှာ သတ္တဝါတို့သန္တာန်၌ ကြောက်ထိတ်လန့်ခြင်း ကင်းရှင်းမြဲ ဖြစ်ပါသည်။ ယနေ့လည်း ထိုကြောက်ထိတ်လန့်ခြင်း ကင်းရှင်းမှုတည်းဟူသော နိမိတ်သည် ထင်ရှား ဖြစ်ခဲ့ပါသည်။ ထိုအမှတ်ဖြင့်ပင် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့ဟု အကျွန်ုပ်တို့ သိကြရပါကုန်သည်..။

     သုမေဓာအရှင်သူမြတ်... ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ခံယူရတော်မူသောနေ့မှာ မြူမှုန်ထကြွခြင်း ကင်းရှင်းမြဲ ဖြစ်ပါသည်၊ ယနေ့လည်း မြူမှုန်ထကြွခြင်း

၇၉

ကင်းရှင်းမှုတည်းဟူသော နိမိတ်သည် ထင်ရှား ဖြစ်ခဲ့ပါသည်။ ထိုအမှတ်ဖြင့်ပင် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့ ဟု အကျွန်ုပ်တို့ သိကြရပါကုန်သည်..။

     သုမေဓာအရှင်သူမြတ်... ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ခံယူရတော်မူသောနေ့မှာ အလိုမရှိအပ်သော အနံ့များ ကင်းရှင်း၍ နတ်၌ဖြစ်သော အနံ့သာလျှင် ကြိုင်မြဲ လှိုင်မြဲ ဖြစ်ပါသည်၊ ယနေ့လည်း ထိုနတ်၌ဖြစ်သော အနံ့သည် ကြိုင်လှိုင်သင်းပျံ့ခဲ့ပါသည်။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့..။

     သုမေဓာအရှင်သူမြတ်.. ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ခံယူရတော်မူသောနေ့မှာ ရုပ်ကိုယ်ကောင်မရှိသည့် (အရူပ)ဗြဟ္မာကြီးများကို ချန်ထား၍ အလုံးစုံသော နတ်ဗြဟ္မာတို့ကို မြင်ကြရမြဲ ဖြစ်ပါသည်၊ ယနေ့လည်း (အရူပဘုံဗြဟ္မာကြီးများကို ချန်ထား၍) ထိုအလုံးစုံသော နတ်ဗြဟ္မာတို့ကို မြင်ကြရပါကုန်သည်။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့...။

     သုမေဓာအရှင်သူမြတ်... ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ခံယူရတော်မူသောနေ့မှာ အကြင်မျှလောက် ငရဲဘုံရှိသမျှ အလုံးစုံတို့ကို မြင်ကြရမြဲ ဖြစ်ပါသည်။ ယနေ့လည်း ထိုငရဲဘုံ အလုံးစုံတို့ကို မြင်ကြရပါကုန်သည်။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့..။

     သုမေဓာအရှင်သူမြတ်.. ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ခံယူရတော်မူသောနေ့မှာ နှံရံ, တံခါးရွက်, ကျောက်တောင်ကြီးများပင် အဆီးအတား အပိတ်အပင် မရှိ၊ ဟင်းလင်းပွင့်ကြမြဲ ဖြစ်ပါသည်၊ ယနေ့လည်း ထိုနံရံ, တံခါးရွက်, ကျောက်တောင်ကြီးများသည် ဟင်းလင်းအပြင် ကောင်းကင်သာ ဖြစ်ကြပါသည်။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့… ။

၈၀

     သုမေဓာအရှင်သူမြတ်... ရှေးရှေး ဘုရားအလောင်းတော်တို့ နိယတဗျာဒိတ် ခံယူရတော်မူသောအခိုက်မှာ သတ္တဝါတို့၏ စုတိပြတ်ကြွေ သေလွန်ခြင်း ပဋိသန္ဓေတည်နေခြင်း အလျဉ်းမရှိပါ။ ယခု အရှင်သူမြတ် နိယတဗျာဒိတ် ခံယူရတော်မူသော အခိုက်မှာလည်း ထိုသတ္တဝါတို့၏ စုတိပြတ်ကြွေ သေလွန်မှု မရှိခြင်း, ပဋိသန္ဓေ တည်နေမှု မရှိခြင်းတည်းဟူသော နိမိတ်ကြီးနှစ်ပါးတို့ ထင်ရှား ဖြစ်ပေါ်ကြပါသည်။ ထို့ကြောင့် အရှင်သူမြတ်သည် မချွတ်ဧကန် ဘုရားဖြစ်တော်မူလတ္တံ့..။

နတ်ဗြဟ္မာတို့၏ အားပေးစကား

     သုမေဓာအရှင်သူမြတ်.. သင်သည် ဝီရိယတရားကိုသာ စွဲစွဲမြဲမြဲ ချီးမြှင့်အားထုတ်တော်မူပါ၊ ဆုတ်နစ်တော် မမူပါလင့်၊ ရှေ့သို့သာ တိုးတက်၍ ဆက်လက် အားထုတ်တော်မူပါ၊ အကျွန်ုပ်တို့သည်လည်း အသင် မချွတ် ဘုရားဖြစ်လတ္တံ့သောအကြောင်းကို ကောင်းစွာ သိရှိကြပါကုန်၏-ဟူ၍ ချီးမွမ်းစကား, အားပေး စကားတို့ကို အထူးထူးအပြားပြား စကြဝဠာတိုက်တသောင်းမှ ရောက်ဆိုက်လာသော နတ်ဗြဟ္မာတို့ ပြောကြားကြကုန်၏။

ဗျာဒိတ်ခဏ်း ပြီး၏။

**********

၆-ပါရမီတော်ဆင်ခြင်ခဏ်း

     ထိုသို့ နတ်ဗြဟ္မာအပေါင်းတို့ ဖယ်သွားကြသောအခါ အလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား၏ စကားတော် နတ်ဗြဟ္မာများ၏ စကားအားဖြင့် နှစ်ပါးစုံသော စကားကို ကြားနာရသည့်အတွက် နှစ်သက်ရွှင်လန်း ဝမ်းမြောက်တော်မူလှသည်ဖြစ်၍ ဤသို့ ကြံစည် စိတ်ကူးတော်မူ၏။

မြတ်စွာဘုရားတို့မည်သည် (ဟုတ်ချင် ဟုတ်မည်။ မဟုတ်ပဲသော်လည်း ရှိမည်ဟူ၍) နှစ်မျိုးနှစ်ခွ

၈၁

တွေးဆရသော စကားမျိုးကို ဟောရိုးထုံးစံ မရှိကုန်၊ အချည်းနှီးသော စကားမျိုးကိုလည်း ဟောရိုးထုံးစံ မရှိကုန်။ မြတ်စွာဘုရားတို့၏ စကားတော်သည် ချွတ်ယွင်းသည်ဟူ၍ မရှိစကောင်း၊ (ထို့ကြောင့်) ငါသည် မချွတ်မလွဲ ဘုရားဖြစ်တော်မူရအံ့...၊

ကောင်းကင်သို့ ပစ်မြှောက်အပ်သော ခဲသည် မချွတ်မလွဲ မြေပြင်သို့သာ ကျရောက်ရသကဲ့သို့ ထို့အတူသာလျှင် ဘုရားမြတ်တို့၏ စကားတော်မည်သည် မချွတ်မလွဲ မြဲသည်သာ ဖြစ်ရကား ငါသည် ဧကန်စင်စစ် ဘုရားဖြစ်တော်မူရအံ့..၊

အလုံးစုံသော သတ္တဝါဟူသမျှတို့မှာ သေရခြင်းသဘောသည် မချွတ်မလွဲ မြဲသကဲ့သို့ ထို့အတူသာလျှင် ဘုရားမြတ်တို့၏ စကားတော်မည်သည် မချွတ်မလွဲ မြဲသည်သာ ဖြစ်ရကား ငါသည် ဧကန်စင်စစ် ဘုရားဖြစ်တော်မူရအံ့…၊

ညဉ့်အချိန်ကုန်ဆုံးသောအခါ နေထွက်ခြင်းသည် မချွတ်မလွဲ မြဲသကဲ့သို့ ထို့အတူသာလျှင် ဘုရားမြတ်တို့၏ စကားတော်မည်သည် မချွတ်မလွဲ မြဲသည်သာဖြစ်ရကား ငါသည် ဧကန်စင်စစ် ဘုရားဖြစ်တော်မူရအံ့..၊

နေရာလိုဏ်ဂူမှထွက်သော ခြင်္သေ့၏ ဟောက်ခြင်းသဘောသည် မြဲသကဲ့သို့ ထို့အတူသာလျှင် ဘုရားမြတ်တို့၏ စကားတော်မည်သည် မချွတ်မလွဲ မြဲသည်သာ ဖြစ်ရကား ငါသည် ဧကန်စင်စစ် ဘုရားဖြစ်တော်မူရအံ့..။

ကိုယ်ဝန်ဆောင်ရသော မိန်းမတို့၏ ထိုကိုယ်ဝန်ကို ချခြင်း (မွေးဖွားခြင်း)သည် မြဲသကဲ့သို့ ထို့အတူသာလျှင် ဘုရားမြတ်တို့၏ စကားတော်မည်သည် မချွတ်မလွဲ မြဲသည်သာဖြစ်ရကား ငါသည် ဧကန်စင်စစ် ဘုရားဖြစ်တော် မှုရအံ့…၊

၈၂

     ဤသို့ ဥပမာအမျိုးမျိုးဖြင့် ထောက်ဆ၍ ဒီပင်္ကရာ မြတ်စွာဘုရား၏ စကားတော်အရ မုချဧကန် ဘုရားဖြစ်ရမည်ဟု ကြံစည် ဆုံးဖြတ်တော်မူပြီးလျှင်-

ကိုင်း... ယခုအခါ ငါသည် အထက်အရပ် (နတ်ပြည်လောက) အောက်အရပ် (လူ့ပြည်လောက) ဆယ်မျက်နှာအရပ်တို့၌ အကြင်မျှလောက် (ကာမ ရူပ အရူပဟူ၍ ပြားသော) အရင်းခံ သဘောတရားသည် ရှိ၏၊ ထိုအရင်းခံ တရားသဘော အလုံးစုံ နှံ့စပ်အောင်ပင် ဘုရားအဖြစ်ကိုပြုတတ်သော တရားတို့ကို ဤမှထိုမှ စူးစမ်းရှာဖွေတော့အံ့-

ဟူ၍ ဗုဒ္ဓကရ = ဘုရားဖြစ်အောင် ပြုပေးနိုင်သည့် အကြောင်းတရားတို့ကို စူးစမ်း ဆင်ခြင်တော်မူလေသည်။

(ဤအရာ၌ ပါရမီတော်များကို ဆင်ခြင်စဉ်းစားသော ဉာဏ်တော်ကို ပါရမီပဝိစယဉာဏ်တော်ဟူ၍ ခေါ်သည်။ အလောင်းတော် သုမေဓာရှင်ရသေ့၏သန္တာန်၌ဖြစ်သော ထိုပါရမီပဝိစယ ဉာဏ်တော်သည် အာနုဘော်ကြီးလှ၏။ ဗောဓိသမ္ဘာရခေါ်သော သဗ္ဗညုတဉာဏ်ကို ရဖို့ရန် အကြောင်းအဆောက်အဦဖြစ်သော ပါရမီတော်များ စွန့်ခြင်းကြီးများ စရိယတရားများကို စဉ်းစားဆင်ခြင်ရာ၌ အပိတ်အပင် အဆီးအတားမရှိ သိမြင်နိုင်၏၊ ဆရာမကူ သယမ္ဘူဉာဏ် ဖြစ်၏။ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရဖို့ရန် ရှေ့ပြေး ပုဗ္ဗနိမိတ်ဖြစ်၏ဟူ၍ အဘိဓမ္မာ ဓမ္မသင်္ဂဏီအနုဋီကာ၌ ဖွင့်ဆိုထားသည်။

ထင်ရှားစေဦးအံ့... သုမေဓာရှင်ရသေ့ကို ဒီပင်္ကရာ မြတ်စွာဘုရားက “ဘုရားဖြစ်လိမ့်မည်”ဟု ဗျာဒိတ်စကား ကြားရုံသာ ကြားတော်မူခဲ့သည်။ ဘုရားဖြစ်ဖို့ရန် ဤမည် ဤမည်သော တရားများကို ကျင့်ကြံပွါးများရမည် ဟူ၍ကား ဟောကြားတော်မမူခဲ့ပေ၊ ယင်းသို့ ဘုရားအဖြစ်ကိုပြုတတ်သော တရားတို့ကိုကား အလောင်းတော် သုမေဓာသည် မိမိ၏ ပါရမီပဝိစယဉာဏ်တော်ဖြင့်သာ ဆင်ခြင် စူးစမ်းတော်မူရလေသည်။ ထိုဉာဏ်ဖြင့် ဘုရားဖြစ်စေနိုင်သော တရားတို့ကို စဉ်းစား ဆင်ခြင် စူးစမ်းတော်မူသောအခါ အပိတ်အပင်မရှိ အလောင်းတော်၏ဉာဏ်၌ အပြည့်အစုံ သိမြင်ရလေသည်။ ထိုအကြောင်းကို-

၈၃

ရှစ်ပါးစုံအင်၊ မာယဂင်ဟု၊ စီရင်ဝတ်ပြီး၊ သင်းသီးမှုချိ၊ ရဲစဉ်းသိသား၊ ဗောဓိပက္ခိယ၊ ဓမ္မပေါင်းမြှောင်၊ ကူလက်စောင်နှင့်၊ ရန်ဘောင်ရိပွပ်၊ ဤလူ့ရပ်တွင်၊ နှီးကပ်ကာကာ၊ ထောင့်ငါးရာစင်၊ သင်းဝင်လက်သား၊ ဆဲ့နှစ်ပါးသား၊ ရှေ့သွားခေါင်းကြီး၊ ခိုးစဉ်းသီးကို၊ ဖျက်ဆီးလေးကြိမ်၊ တိုက်လှည်းနှိမ်မှ၊ အောင်ငြိမ်တန္တ၊ ရဲဆုရနှင့်၊ နှုန်းကြစတေ၊ သမုစ္ဆေဟု၊ ထဲမွှေရန်ပယ်၊ သင်္ဃာ့လယ်တွင်၊ ငါ့နှယ်ဂုဏ်ဆန်း၊ သိမြင်ထွန်းသည်၊ ကျယ်ဝန်းပညာ၊ သာရိပုတြာ...။ မဟာထေရ်ကျော်၊ သူတော်မြတ်စွာ၊ သူ့ဘို့ရှာသည်။ သဒ္ဓါပစ္စည်း၊ ရှင့်ခမည်းကား၊ ထုံးနည်းမြားမြောင်၊ သွေးကြဉ်းဆောင်၍၊ မှန်အောင်အရ၊ ခုံနေချလျက်၊ ဤမှဆိုပြီး၊ အလိုသီးဖြင့်၊ ဆုကြီးချူချူ၊ ပွင့်စိမ့်ဟူသား၊ သူတို့မည်သည်၊ အရှည်အလျား၊ စွန့်ကြိုးစားလျက်၊ ဘုရားပညာ၊ ငြမ်းအလျာဖြင့်၊ ရံကာဆောက်ဦ၊ ထောက်ပံ့ကူသား၊ တံချူသဘွယ်၊ ကြီးငယ်မလွတ်၊ ကျင့်ရာဝတ်ကို၊ နှုတ်လွတ်သံညောင်း၊ သို့ကျင့်ကောင်းဟု၊ အကြောင်းအကျိုး၊ စုံပြည့်ဖြိုးအောင်၊ မြတ်မျိုးရှင်တော်၊ မဟောသော်လည်း..၊ ထိုရော်ဘိသိက်၊ ဗျာဒိတ်ရခါ၊ မကြာလက်ငင်း၊ လောလောခြင်းဝယ်၊ ထိုးထွင်းဝန်းလျား၊ သိတတ်အား၍၊ တပါးမကြံ၊ သူမဆံသား၊ သယမ္ဘူဉာဉ်၊ ပညာယှဉ်လျက်၊ ခိုင်းမျဉ်မကွက်၊ အောက်ထက်ရပ်ခွင်၊ မြေပြင်လုံးခြုံ၊ မြင်လတုံသည်၊ ၊ဝတ်တုံဆောက်တည်ချင်ရှောင်းတည်း-

ဟူ၍ ပါရမီတော်ခဏ်းပျို့၌ စပ်ဆိုလေသည်။

ဆိုအပ်ပြီးသော စကားရပ်၌ ပါရှိသည့် “အရင်းခံသဘောတရား = ဓမ္မဓာတု”ဟူသော မူလပါဠိစကားအရ မိမိသဘောကို မိမိဆောင်ယူ ဖြစ်ပေါ်လာသောအရာကို ပါဠိလို (ဓာတု) မြန်မာလို (ဓာတ်)ဟု ခေါ်သည်။ မိမိသဘောကို ဆောင်ယူခြင်းဟူသည် သူတပါးတို့ စီမံဖန်တီးပေးရခြင်းမရှိပဲ အလိုအလျောက် သဘောရင်းအားဖြင့် အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာခြင်းဟု ဆိုလိုသည်။ သူတပါးတို့ ပြုပြင်ဖန်တီးပေးရလျှင် သဘောရင်းဓာတ် မဟုတ်တော့ပြီ။ သို့ဖြစ်၍

၈၄

သူတပါးပယောဂနှင့် မစပ်မဖက် သက်သက် အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာသော တရားကို မြန်မာလို “အရင်းခံသဘောတရား” ပါဠိလို “ဓမ္မဓာတု”ဟု ခေါ်သည်။

ဘုရားအဖြစ်ကို ပြုတတ်သော (ဘုရားဖြစ်အောင် ပြုပေးနိုင်သော) အကြောင်းတရားတို့ကို ရှာဖွေလိုလျှင် အရင်းခံသဘောတရား = ဓမ္မဓာတ်ထဲမှာသာ ရှာထိုက်သည်ဖြစ်၍ “ဝိစိနာမိ ဓမ္မဓာတုယာ”ဟု ဟောဆိုအပ်လေသည်။ တရားသဘောကို ပြောလိုသည်မဟုတ်ပဲ ပုဂ္ဂိုလ်ကို ပြောလိုသောအရာဖြစ်မူ လောကဓာတုယာဟူ၍ သုံးစွဲရာ၏။ (တရားကို ဓမ္မဓာတ်ထဲ၌ ရှာဖွေရသည်၊ ပုဂ္ဂိုလ်ကို လောကဓာတ်ထဲ၌ ရှာဖွေရသည်ဟု ဆိုလိုသည်။) သုံးစွဲပုံမှာ…“လောကဓာတ်တခုထဲမှာ ဘုရားနှစ်ဆူ ပြိုင်တူ မပွင့်စကောင်း”စသော စကားမျိုးပင် ဖြစ်၏။ ဤ၌ ပြောလိုရင်းအနက်မှာ ဘုရားတည်း ဟူသော ပုဂ္ဂိုလ်ဖြစ်နေ၍ အရင်းခံ လောကဓာတ်ဖြင့်သာ သုံးစွဲ၍ ဓမ္မဓာတ်ဖြင့် မသုံးစွဲပေ။)

(က) ဒါနပါရမီ

     ထိုသို့ စူးစမ်းဆင်ခြင်တော်မူသောအခါ အလောင်းတော် သုမေဓာရှင်ရသေ့သည် ရှေးရှေး ဘုရားအလောင်းတော်တို့ အစဉ်မှီဝဲ အမြဲလေ့လာပွါးများအပ်သည့် ဘုရားဖြစ်ကြောင်း လမ်းကောင်းကြီးသဖွယ်ဖြစ်သော ဒါနပါရမီကို ပဌမဦးဆုံး မြင်တော်မူလေသည်။

     (ထိုသို့ မြင်တော်မူပြီးလျှင်) အမောင်သုမေဓာ… အသင်သည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ရောက်ရန် (ဘုရားဖြစ်ဖို့ရန်) အလိုရှိပါမူ ဤဒါနပါရမီကို အစဦးစွာ အစွဲအမြဲပြုကာ ဆောက်တည်ပြီးလျှင် ဒါနပါရမီနှင့် ပြည့်စုံသူ၏အဖြစ်သို့ ရောက်လော့ (ဒါနပါရမီကို အထွတ်အထိပ်ရောက် ဖြည့်ကျင့်လေလော့)ဟူ၍ မိမိကိုယ်ကို မိမိ ဆုံးမတော်မူလေသည်။

     (တဖန် ဆက်၍လည်း) လောက၌ (ရေဖြင့်ဖြစ်စေ၊ နို့ရည်ဖြင့်ဖြစ်စေ) တစုံတရာဖြင့် ပြည့်နေသောအိုးကို မှောက်သွန်လိုက်လျှင် ရှိသမျှရေအလုံးစုံကို အကျန်မထား အန်ထုတ်၍ပစ်သကဲ့သို့ ထို့အတူ အယုတ်အလတ် အမြတ်ဖြစ်သော အလှူခံပုဂ္ဂိုလ်တို့ကိုမြင်လျှင်

၈၅

မိမိ၌ ပေးလှူရန်ရှိသမျှကို အကြွင်းအကျန်မထားပဲ မှောက်သွန်လိုက်သော ရေအိုးပမာ ပေးလှူပါလေလော့-ဟူ၍ မိမိကိုယ်ကို မိမိ ဆုံးမတော်မူပြန်လေသည်။

(ဤဒါနပါရမီနှင့်စပ်၍ မှတ်သားဖွယ်တို့ကို အနုဒီပနီ၌ ကျယ်ဝန်းစွာ ဖော်ပြထားသည်။)

**********

(ခ) သီလပါရမီ

     သုမေဓာရှင်ရသေ့သည် ဒါနပါရမီကို တွေ့ရှိ သိမြင် ဆင်ခြင်တော်မူပြီးနောက်-

ဘုရားအဖြစ်ကိုပြုတတ်သော တရားတို့သည် ဤဒါနပါရမီမျှသာ မဟုတ်နိုင်သေး၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ရင့်သန်စေနိုင်သော အခြားတရားများလည်း ရှိရဦးမည်၊ ထိုတရားများကိုလည်း စူးစမ်းရှာဖွေအံ့...

ဟူ၍ စူးစမ်း ဆင်ခြင်တော်မူသောအခါ ရှေးရှေးသော ဘုရားအလောင်းတော်တို့ အစဉ်မှီဝဲ အမြဲလေ့လာ ပွါးများအပ်သည့် နှစ်ခုမြောက်ဖြစ်သော သီလပါရမီကို မြင်တော်မူလေသည်။

     (ထိုသို့ မြင်တော်မူပြီးလျှင်) အမောင်သုမေဓာ... အသင်သည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်ဖို့ ရဖို့ရန် အကယ်၍ အလိုရှိငြားအံ့၊ ဤနှစ်ခုမြောက်ဖြစ်သော သီလပါရမီကို အစွဲအမြဲပြုကာ အစဉ်သဖြင့် ဆောက်တည်ပြီးလျှင် သီလပါရမီနှင့် ပြည့်စုံသူ၏အဖြစ်သို့ရောက်အောင် ကြိုးကုတ် အားထုတ်လေလော့ (သီလပါရမီကို အထွတ်အထိပ်ရောက် ဖြည့်ကျင့်လေလော့)ဟူ၍ မိမိကိုယ်ကို မိမိ ဆုံးမတော်မူလေသည်။

     (တဖန် ဆက်၍လည်း) လောက၌ အောင်းဟုခေါ်သော သားကောင် (စမရီမည်သော သားကောင်)သည် မိမိ၏မြီးဆံ တစုံတခုသောနေရာ၌ ငြိနေသည်ရှိသော် ထိုငြိသောနေရာမှာပင် အသက်ကိုအသေခံ၍ မိမိ၏မြီးဆံကို မပျက်စေပဲ စောင့်ရှောက်သကဲ့သို့၊

၈၆

ဤအတူ အမောင်သုမေဓာသည်လည်း (၁) ပါတိမောက္ခသံဝရ (၂) ဣန္ဒြိယသံဝရ (၃) အာဇီဝပါရိသုဒ္ဓိ (၄) ပစ္စယသန္နိဿိတတည်းဟူသော ကုသိုလ်တရားတို့၏တည်ရာ လေးဌာနတို့၌ သီလတို့ကို ထက်ဝန်းကျင် ပြည့်စုံအောင် ဖြည့်ကျင့်လေလော့၊ စမရီမည်သော သားကောင်သည် အသက်ပေး၍ မိမိ၏မြီးဆံကို စောင့်ရှောက်သကဲ့သို့၊ အခါခပ်သိမ်း သီလကို စောင့်ရှောက်လေလော့-ဟူ၍ မိမိကိုယ်ကို မိမိ ဆုံးမတော်မူပြန်လေသည်။

(ဤသီလပါရမီနှင့်စပ်၍ မှတ်သားဖွယ်တို့ကို အနုဒီပနီ၌ ကျယ်ဝန်းစွာ ဖော်ပြထားသည်။)

**********

(ဂ) နေက္ခမ္မပါရမီ

     သုမေဓာရှင်ရသေ့သည် သီလပါရမီကို တွေ့ရှိသိမြင် ဆင်ခြင်တော်မူပြီးနောက်-

ဘုရားအဖြစ်ကိုပြုတတ်သော တရားတို့သည် ဤဒါနနှင့် သီလပါရမီမျှသာ မဟုတ်နိုင်သေး၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ရင့်သန်စေနိုင်သော အခြားတရားများလည်း ရှိရဦးမည်၊ ထိုတရားများကိုလည်း စူးစမ်းရှာဖွေအံ့..

ဟူ၍ စူးစမ်း ဆင်ခြင်တော်မူသောအခါ ရှေးရှေးသော ဘုရားအလောင်းတော်တို့ အစဉ်မှီဝဲ အမြဲလေ့လာ ပွါးများအပ်သည့် သုံးခုမြောက်ဖြစ်သော နေက္ခမ္မပါရမီကို မြင်တော်မူလေသည်။

     (ထိုသို့ မြင်တော်မူပြီးလျှင်) အမောင်သုမေဓာ... အသင်သည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်ဖို့ ရဖို့ရန် အကယ်၍ အလိုရှိငြားအံ့၊ ဤသုံးခုမြောက်ဖြစ်သော နေက္ခမ္မပါရမီကို အစွဲအမြဲပြုကာ အစဉ်သဖြင့် ဆောက်တည်ပြီးလျှင် နေက္ခမ္မပါရမီနှင့် ပြည့်စုံသူ၏အဖြစ်သို့ရောက်အောင် ကြိုးကုတ် အားထုတ်လေလော့ (နေက္ခမ္မပါရမီကို အထွတ်အထိပ်ရောက် ဖြည့်ကျင့်လေလော့)ဟူ၍ မိမိကိုယ်ကို မိမိ ဆုံးမတော်မူလေသည်။

၈၇

     (တဖန် ဆက်၍လည်း) ထောင်အိမ်ထဲ၌ အချိန်ကြာမြင့်စွာ နေရ ဆင်းရဲဒုက္ခဖြင့် အချိန်ရှိသမျှ အနှိပ်စက်ခံနေရသော ယောက်ျားသည် ထိုထောင်အိမ်၌ နှစ်သက်ခြင်း တပ်မက်ခြင်းကို မဖြစ်စေပဲ ထိုထောင်အိမ်မှ လွတ်မြောက်ခွင့်ကိုသာလျှင် ရှာမှီးသကဲ့သို့၊ ဤအတူ အမောင်သုမေဓာသည်လည်း ကာမ, ရူပ, အရူပဟူသော အလုံးစုံသော ဘဝတို့ကို ထောင်အိမ်ကြီးများကဲ့သို့ ပညာဆင်ခြင် ရှုမြင်လေလော့၊ အလုံးစုံသော ဘဝတို့မှ လွတ်မြောက်ရန် တောထွက်ခြင်းအမှုကို ရှေးရှုပေလော့-ဟူ၍ မိမိကိုယ်ကို မိမိ ဆုံးမတော်မူပြန်လေသည်။

(ဤနေက္ခမ္မပါရမီနှင့်စပ်၍ မှတ်သားဖွယ်တို့ကို အနုဒီပနီ၌ ဖော်ပြထားသည်။ နောက်နောက် ပါရမီတို့၌လည်း ထိုနည်းအတူပင် မှတ်ဖွယ်အကျယ်ကို အနုဒီပနီ၌ ကြည့်ရှုရာ၏။)

*********

(ဃ) ပညာပါရမီ

     သုမေဓာရှင်ရသေ့သည် နေက္ခမ္မပါရမီကို တွေ့ရှိ သိမြင် ဆင်ခြင်တော်မူပြီးနောက်-

ဘုရားအဖြစ်ကိုပြုတတ်သော တရားတို့သည် ဤသုံးပါးမျှလောက်သာ မဟုတ်နိုင်သေး၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ရင့်သန်စေနိုင်သော အခြားတရားများလည်း ရှိရဦးမည်၊ ထိုတရားများကိုလည်း စူးစမ်းရှာဖွေအံ့..

ဟူ၍ စူးစမ်း ဆင်ခြင်တော်မူသောအခါ ရှေးရှေးသော ဘုရားအလောင်းတော်တို့ အစဉ်မှီဝဲ အမြဲလေ့လာ ပွါးများအပ်သည့် လေးခုမြောက်ဖြစ်သော ပညာပါရမီကို မြင်တော်မူလေသည်။

     (ထိုသို့ မြင်တော်မူပြီးလျှင်) အမောင်သုမေဓာ... အသင်သည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်ဖို့ ရဖို့ရန် အကယ်၍ အလိုရှိငြားအံ့၊ ဤလေးခုမြောက်ဖြစ်သော ပညာပါရမီကို

၈၈

အစွဲအမြဲပြုကာ အစဉ်သဖြင့် ဆောက်တည်ပြီးလျှင် ပညာပါရမီနှင့် ပြည့်စုံသူ၏အဖြစ်သို့ရောက်အောင် ကြိုးကုတ် အားထုတ်လေလော့ (ပညာပါရမီကို အထွတ်အထိပ်ရောက် ဖြည့်ကျင့်လေလော့)ဟူ၍ မိမိကိုယ်ကို မိမိ ဆုံးမတော်မူလေသည်။

     (တဖန် ဆက်၍လည်း) ဆွမ်းခံလှည့်လည်သော ရဟန်းသည် အယုတ် အလတ် အမြတ်ဖြစ်သော အိမ်တို့ကို မရှောင်ကြဉ်ပဲ အိမ်စဉ်အတိုင်း လှည့်လည်ဆွမ်းခံသဖြင့် မျှတလောက်ငသောဆွမ်းကို ရသကဲ့သို့၊ ဤအတူ အမောင်သုမေဓာသည်လည်း အခါခပ်သိမ်း အယုတ်အလတ် အမြတ်မရွေး ပညာရှိပုဂ္ဂိုလ်တို့ကို ချဉ်းကပ်၍ “အရှင်.. ကုသိုလ်တရားကား အဘယ်တရားပါနည်း၊ အကုသိုလ်တရားကား အဘယ်တရားပါနည်း၊ အပြစ်ရှိသောတရားကား အဘယ်တရားပါနည်း၊ အပြစ်မရှိသောတရားကား အဘယ်တရားပါနည်း” ဤသို့ အစရှိသောနည်းဖြင့် သိသင့်သမျှ အချက်အလက် အနက်အဓိပ္ပါယ်တို့ကို မေးမြန်းပြီးလျှင် ပညာပါရမီ အထွတ်အထိပ်ရောက်အောင် အားထုတ်ပါလော့၊ ယင်းသို့ ပညာပါရမီ အထွတ်အထိပ်သို့ ရောက်သည်ရှိသော် အမောင်သုမေဓာသည် အမောင်အလိုရှိအပ်သည့် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်လိမ့်မည်ဟူ၍ မိမိကိုယ်ကို မိမိ ဆုံးမတော်မူပြန်လေသည်။

**********

(င) ဝီရိယပါရမီ

     သုမေဓာရှင်ရသေ့သည် ပညာပါရမီကို တွေ့ရှိသိမြင် ဆင်ခြင်တော်မူပြီးနောက်-

ဘုရားအဖြစ်ကိုပြုတတ်သော တရားတို့သည် ဤလေးပါးမျှလောက်သာ မဟုတ်နိုင်သေး၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ရင့်သန်စေနိုင်သော အခြားတရားများလည်း ရှိရဦးမည်၊ ထိုတရားများကိုလည်း စူးစမ်းရှာဖွေအံ့…

၈၉

ဟူ၍ စူးစမ်းဆင်ခြင်တော်မူသောအခါ ရှေးရှေးသော ဘုရားအလောင်းတော်တို့ အစဉ်မှီဝဲ အမြဲလေ့လာ ပွါးများအပ်သည့် ငါးခုမြောက်ဖြစ်သော ဝီရိယပါရမီကို မြင်တော်မူလေသည်။

     (ထိုသို့ မြင်တော်မူပြီးလျှင်) အမောင်သုမေဓာ... အသင်သည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်ဖို့ ရဖို့ရန် အကယ်၍ အလိုရှိငြားအံ့၊ ဤငါးခုမြောက်ဖြစ်သော ဝီရိယပါရမီကို အစွဲအမြဲပြုကာ အစဉ်သဖြင့် ဆောက်တည်ပြီးလျှင် ဝီရိယပါရမီနှင့် ပြည့်စုံသူ၏အဖြစ်သို့ရောက်အောင် ကြိုးကုတ် အားထုတ်လေလော့ (ဝီရိယပါရမီကို အထွတ်အထိပ်ရောက် ဖြည့်ကျင့်လေလော့)ဟူ၍ မိမိကိုယ်ကို မိမိ ဆုံးမတော်မူလေသည်။

     (တဖန်ဆက်၍လည်း) သားတို့သေဌ်နင်း ကေသရာခြင်္သေ့မင်းသည် ထိုင်ခြင်း, ရပ်ခြင်း, သွားခြင်း ဣရိယာပုထ်တို့၌ မတွန့်မဆုတ်သော ဝီရိယရှိသည်ဖြစ်၍ အခါခပ်သိမ်း ချီပင့်အပ်သော စိတ်နှလုံးရှိသကဲ့သို့၊ ဤအတူ အမောင်သုမေဓာသည်လည်း အလုံးစုံ ဖြစ်လေရာရာ ဘဝတို့၌ ဝီရိယကို မြဲစွာ ချီပင့်လေလော့၊ ဝီရိယပါရမီ အထွတ်အထိပ်သို့ ရောက်သည်ရှိသော် အမောင်သုမေဓာသည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်လိမ့်မည်ဟူ၍ မိမိကိုယ်ကို မိမိ ဆုံးမတော်မူပြန်လေသည်။

**********

(စ) ခန္တီပါရမီ

     သုမေဓာရှင်ရသေ့သည် ဝီရိယပါရမီကို တွေ့ရှိသိမြင် ဆင်ခြင်တော်မူပြီးနောက်-

ဘုရားအဖြစ်ကိုပြုတတ်သော တရားတို့သည် ဤငါးပါးမျှလောက်သာ မဟုတ်နိုင်သေး၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ရင့်သန်စေနိုင်သော အခြားတရားများလည်း ရှိရဦးမည်၊ ထိုတရားများကိုလည်း စူးစမ်းရှာဖွေအံ့..

၉၀

ဟူ၍ စူးစမ်းဆင်ခြင်တော်မူသောအခါ ရှေးရှေးသော ဘုရားအလောင်းတော်တို့ အစဉ်မှီဝဲ အမြဲလေ့လာ ပွါးများအပ်သည့် ခြောက်ခုမြောက်ဖြစ်သော ခန္တီပါရမီကို မြင်တော်မူလေသည်။

     (ထိုသို့ မြင်တော်မူပြီးလျှင်) အမောင်သုမေဓာ... အသင်သည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်ဖို့ ရဖို့ရန် အကယ်၍ အလိုရှိအံ့၊ ဤခြောက်ခုမြောက်ဖြစ်သော ခန္တီပါရမီကို အစွဲအမြဲပြုကာ အစဉ်သဖြင့် ဆောက်တည်ပြီးလျှင် ထိုခန္တီပါရမီအရာ၌ “တရံတခါ သည်းခံခြင်း, တရံတခါ သည်းမခံခြင်း၊ အချို့သောသူအား သည်းခံခြင်း၊ အချို့သောသူအား သည်းမခံခြင်း”ဟူ၍ နှစ်ထွေနှစ်စား စိတ်မပြားပဲ ဖြည့်ကျင့်နိုင်သည်ရှိသော် အမောင်သုမေဓာသည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်လိမ့်မည်ဟူ၍ မိမိကိုယ်ကို မိမိ ဆုံးမတော်မူလေသည်။

     (တဖန် ဆက်၍လည်း) မဟာပထဝီ ဤမြေကြီးသည် စင်ကြယ်မွန်မြတ်သော အရာဝတ္ထုကိုပင်ဖြစ်စေ၊ မစင်မကြယ် ယုတ်ညံ့သော အရာဝတ္ထုကိုပင်ဖြစ်စေ မိမိအပေါ်သို့ ပစ်ချအပ်သမျှ အလုံးစုံကို မုန်းခြင်း ချစ်ခြင်းကို အလျဉ်းမပြု၊ သည်းခံ၍သာ နေသကဲ့သို့၊ ဤအတူ အမောင်သုမေဓာသည်လည်း ခပ်သိမ်းသော သူတို့၏ မြတ်နိုးတနာ ပူဇာသက္ကာရမှုပြုခြင်း မထေမဲ့မြင်မှု ပြုခြင်းတို့ကို သည်းခံလေလော့၊ ခန္တီပါရမီ အထွတ်အထိပ်သို့ ရောက်သည်ရှိသော် အမောင်သုမေဓာသည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်လိမ့်မည်ဟူ၍ မိမိကိုယ်ကို မိမိ ဆုံးမတော်မူပြန်လေသည်။

**********

(ဆ) သစ္စာပါရမီ

     သုမေဓာရှင်ရသေ့သည် ခန္တီပါရမီကို တွေ့ရှိသိမြင် ဆင်ခြင်တော်မူပြီးနောက်-

ဘုရားအဖြစ်ကိုပြုတတ်သော တရားတို့သည် ဤခြောက်ပါးမျှလောက်သာ မဟုတ်နိုင်သေး၊ အရဟတ္တမဂ်ဉာဏ်

၉၁

သဗ္ဗညုတဉာဏ်ကို ရင့်သန်စေနိုင်သော အခြားတရားများလည်း ရှိရဦးမည်၊ ထိုတရားများကိုလည်း စူးစမ်းရှာဖွေအံ့..

ဟူ၍ စူးစမ်း ဆင်ခြင်တော်မူသောအခါ ရှေးရှေးသော ဘုရားအလောင်းတော်တို့ အစဉ်မှီဝဲ အမြဲလေ့လာ ပွါးများအပ်သည့် ခုနစ်ခုမြောက်ဖြစ်သော သစ္စာပါရမီကို မြင်တော်မူလေသည်။

     (ထိုသို့ မြင်တော်မူပြီးလျှင်) အမောင်သုမေဓာ... အသင်သည် ဤခုနစ်ခုမြောက်ဖြစ်သော သစ္စာပါရမီကို အစွဲအမြဲပြုကာ အစဉ်သဖြင့် ဆောက်တည်ပြီးလျှင်“ရံခါ မှန်ခြင်း၊ ရံခါ မမှန်ခြင်း၊ အချို့သူကို အမှန်ပြောခြင်း၊ အချို့သူကို မမှန်မကန်ပြောခြင်း”ဟူ၍ စကားနှစ်ခွမရှိပဲ အမှန်စကားတမျိုးတည်းကိုသာ ပြောဆိုခြင်းတည်းဟူသော သစ္စာပါရမီကို ဖြည့်ကျင့်နိုင်သည်ရှိသော် အမောင်သုမေဓာသည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်လိမ့်မည်ဟူ၍ မိမိကိုယ်ကို မိမိ ဆုံးမတော်မူလေသည်။

     (တဖန် ဆက်၍လည်း) နတ်နှင့်တကွသော တလောကလုံး၌ မှန်ကန်စွာသော ချိန်ကြီးသဖွယ်ဖြစ်သည့် သောက်ရှူးကြယ် (သောကြာကြယ်)သည် မိုဃ်းအခါ၌သော်၎င်း ဆောင်းဥတု နွေဥတုအခါ၌သော်၎င်း မိမိသွားမြဲဖြစ်သော ခရီးလမ်းကြောင်းမှ မလွှဲမဖယ် တည့်မတ်စွာသာ သွားသကဲ့သို့ ဤအတူ အမောင်သုမေဓာသည်လည်း မှန်ကန်သော သစ္စာသဘောတို့၏ လမ်းကြောင်းသဖွယ်ဖြစ်သော မြင်အပ်သောအရာ၊ ကြားအပ်သောအရာ၊ ရောက်အပ်သောအရာ၊ သိအပ်သောအရာ၊ မမြင်အပ်သောအရာ၊ မကြားအပ်သောအရာ၊ မရောက်အပ်သောအရာ၊ မသိအပ်သောအရာ ဤရှစ်ဖြာသော ခရီးလမ်းမှ မဖယ်မလွှဲလေလင့်။ (မြင်အပ်သည့်အရာကို မြင်၏ဟူ၍သာ ပြောလေ၊ ကြားအပ်သည့်အရာကို ကြား၏ဟူ၍သာ ပြောလေ၊ ရောက်အပ်သည့်အရာကို ရောက်၏ဟူ၍သာ ပြောလေ၊ သိအပ်သည့်အရာကို သိ၏ဟူ၍သာ ပြောလေ၊ မမြင်အပ်သည့်အရာကို မမြင်ဟူ၍သာ ပြောလေ၊ မကြားအပ်သည့်အရာကို မကြားဟူ၍သာ ပြောလေ၊

၉၂

မရောက်အပ်သည့်အရာကို မရောက်ဟူ၍သာ ပြောလေ၊ မသိအပ်သည့်အရာကို မသိဟူ၍သာ ပြောလေဟု ဆိုလိုသည်။) ယင်းသို့ သစ္စာပါရမီ အထွတ်အထိပ်သို့ ရောက်သည်ရှိသော် အမောင်သုမေဓာသည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်လိမ့်မည်ဟူ၍ မိမိကိုယ်ကို မိမိ ဆုံးမတော်မူပြန်လေသည်။

(ဤ၌ မျက်စိဖြင့် မြင်အပ်သောအရာကို မြင်၏ဟူ၍သာ ပြောဆိုမှ သစ္စာလမ်းမ၌ တည်၍ ပြောသည်မည်၏၊ နားဖြင့် ကြားအပ်သောအရာကို ကြား၏ဟူ၍ ပြောဆိုမှသာ သစ္စာလမ်းမ၌ တည်၍ ပြောဆိုသည်မည်၏၊ နှာခေါင်းဖြင့် နမ်းအပ်သောအရာ၊ လျှာဖြင့် လျက်အပ်သောအရာ၊ ကိုယ်ဖြင့် တွေ့ထိအပ်သောအရာတို့ကို ရောက်အပ်သောအရာဟူ၍ ခေါ်၏၊ ထို ရောက်အပ်သောအရာကို ရောက်၏ဟူ၍ ပြောဆိုမှသာ သစ္စာလမ်းမ၌တည်၍ ပြောသည်မည်၏။ စိတ်ဖြင့် သိအပ်သောအရာကို သိ၏ဟူ၍ ပြောဆိုမှသာ သစ္စာလမ်းမ၌တည်၍ ပြောသည်မည်၏။ မမြင်အပ် မကြားအပ် မရောက်အပ် မသိအပ်သော အရာတို့၌လည်း ထိုနည်းအတူတည်း၊ ဤကဲ့သို့ သစ္စာလမ်းမ၌တည်၍ ပြောဆိုခြင်းမျိုးကို အရိယဝေါဟာရ = ( အရိယာ သူတော်စင်တို့၏ ပြောဆိုခြင်း)ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူလေသည်။)

*********

(ဇ) အဓိဋ္ဌာနပါရမီ

     သုမေဓာရှင်ရသေ့သည် သစ္စာပါရမီကို တွေ့ရှိ သိမြင် ဆင်ခြင်တော်မူပြီးနောက်-

ဘုရားအဖြစ်ကို ပြုတတ်သော တရားတို့သည် ဤခုနစ်ပါးမျှလောက်သာ မဟုတ်နိုင်သေး၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ရင့်သန်စေနိုင်သော အခြားတရားများလည်း ရှိရဦးမည်၊ ထိုတရားများကိုလည်း စူးစမ်းရှာဖွေအံ့...

ဟူ၍ စူးစမ်း ဆင်ခြင်တော်မူသောအခါ ရှေးရှေးသော ဘုရားအလောင်းတော်တို့ အစဉ်မှီဝဲ အမြဲလေ့လာ ပွါးများအပ်သည့် ရှစ်ခုမြောက်ဖြစ်သော အဓိဋ္ဌာနပါရမီကို မြင်တော်မူလေသည်။

၉၃

     (ထိုသို မြင်တော်မူပြီးလျှင်) အမောင်သုမေဓာ.. အသင်သည် ဤ ရှစ်ခုမြောက်ဖြစ်သော အဓိဋ္ဌာနပါရမီကို အစွဲအမြဲပြုကာ အစဉ်သဖြင့် ဆောက်တည်ပြီးလျှင် ထိုအဓိဋ္ဌာနပါရမီ၌ မတုန်မလှုပ်သည်ဖြစ်၍ ဖြည့်ကျင့်နိုင်သည်ရှိသော် အမောင်သုမေဓာသည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်လိမ့်မည်ဟူ၍ မိမိကိုယ်ကို မိမိ ဆုံးမတော်မူလေသည်။

     (တဖန် ဆက်၍လည်း) လောက၌ တုန်လှုပ်ခြင်းမရှိ ပကတိ ကောင်းစွာတည်သော ကျောက်သားတောင်ကြီးသည် ပြင်းစွာတိုက်ခတ်လာသော လေကြောင့် တုန်လှုပ်ခြင်း အလျဉ်းမရှိ၊ မိမိတည်ရာဌာန၌သာ ကြံ့ကြံ့တည်သကဲ့သို၊ ဤအတူ အမောင်သုမေဓာသည်လည်း မိမိဆောက်တည်အပ်သော ပါရမီထု ကုသိုလ်မှု၌ မည်သည့်အခါမှာမှ ပျက်ကွက် တုန်လှုပ်ခြင်းမရှိပဲ ပြည့်စုံအောင် ဖြည့်ကျင့်လေလော့၊ ယင်းသို့ အဓိဋ္ဌာနပါရမီ အထွတ်အထိပ်သို့ ရောက်သည်ရှိသော် အမောင်သုမေဓာသည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်လိမ့်မည်ဟူ၍ မိမိကိုယ်ကို မိမိ ဆုံးမတော်မူပြန်လေသည်။

(ဤ၌ အဓိဌာနဟူသည် “ဤအမှု ဤအမှုကို ငါပြုအံ့၊ ဤအခြင်းအရာဖြင့် ဖြစ်စေအံ့” အစရှိသည်ဖြင့် ထိုထိုအမှုပြုဘို့ရန် ထိုထိုအခြင်းအရာဖြင့် ဖြစ်ဖို့ရန် စိတ်ကိုထားခြင်း ဆုံးဖြတ်ခြင်းကို ခေါ်ဆိုသည်။ (ဥပမာ) အလောင်းတော် တေမိယမင်းသား၏ “ငါသည် တောမထွက်ရမခြင်း မဆွံ့ပဲ ဆွံ့သည့်အယောင်၊ မအ-ပဲ အ-သည့်အယောင်၊ နားမပင်းပဲ ပင်းသည့်အယောင် ပြု၍နေအံ့-ဟူ၍ ဆွံ့ယောင် အ-ယောင် နားပင်းယောင် ပြုဘို့ရန် စိတ်ကိုထားခြင်း ဆုံးဖြတ်ခြင်းကို အဓိဋ္ဌာန = ဆောက်တည်ချက်ဟူ၍ ခေါ်ဆိုသည်။)

*********

၉၄

(ဈ) မေတ္တာပါရမီ

     သုမေဓာရှင်ရသေ့သည် အဓိဋ္ဌာနပါရမီကို တွေ့ရှိသိမြင် ဆင်ခြင်တော်မူပြီးနောက်-

ဘုရားအဖြစ်ကိုပြုတတ်သော တရားတို့သည် ဤရှစ်ပါးမျှသာ မဟုတ်နိုင်သေး၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ရင့်သန်စေနိုင်သော အခြားတရားများလည်း ရှိရဦးမည်၊ ထိုတရားများကိုလည်း စူးစမ်းရှာဖွေအံ့..

ဟူ၍ စူးစမ်း ဆင်ခြင်တော်မူသောအခါ ရှေးရှေးသော ဘုရားအလောင်းတော်တို့ အစဉ်မှီဝဲ အမြဲလေ့လာ ပွါးများအပ်သည့် ကိုးခုမြောက်ဖြစ်သော မေတ္တာပါရမီကို မြင်တော်မူလေသည်။

     (ထိုသို့ မြင်တော်မူပြီးလျှင်) အမောင်သုမေဓာ... အသင်သည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်ဖို့ ရဖို့ရန် အကယ်၍ အလိုရှိငြားအံ့၊ ဤကိုးခုမြောက်ဖြစ်သော မေတ္တာပါရမီကို အစွဲအမြဲပြုကာ ဆောက်တည်ပြီးလျှင် မေတ္တာဘာဝနာအားဖြင့် အခြားသူတို့နှင့်မတူအောင် ကျင့်ဆောင်ကြိုးကုတ် အားထုတ်လေ-ဟူ၍ မိမိကိုယ်ကို မိမိ ဆုံးမတော်မူလေသည်။

     (တဖန် ဆက်၍လည်း) လောက၌ ရေမည်သည်မှာ သူတော်ကောင်း သူယုတ်မာဟု မျက်နှာမရွေး သုံးချိုးသမျှသောသူတို့ကို အအေးဓာတ်ဖြင့် ပျံ့နှံ့စေ၍ မြူအညစ်အကြေးကို ကင်းဝေးသုဓ်သင် စင်ကြယ်စေသကဲ့သို့၊ ဤအတူ အမောင်သုမေဓာ သည်လည်း မိမိအပေါ်၌ အစီးအပွါး မလိုလားသူ (ရန်သူ) အစီးအပွါး လိုလားသူ (မိတ်ဆွေ) ဤနှစ်ထွေသော သူတို့ကို အညီအမျှ မေတ္တာတရား ပွါးများလေလော့၊ မေတ္တာပါရမီ အထွတ်အထိပ်သို့ ရောက်သည်ရှိသော် အမောင်သုမေဓာသည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်လိမ့်မည် (ဘုရားဖြစ်လိမ့်မည်)ဟူ၍ မိမိကိုယ်ကို မိမိ ဆုံးမတော်မူပြန်လေသည်။

**********

၉၅

(ဉ) ဥပေက္ခာပါရမီ

     သုမေဓာရှင်ရသေ့သည် မေတ္တာပါရမီကို တွေ့ရှိသိမြင် ဆင်ခြင်တော်မူပြီးနောက်-

ဘုရားအဖြစ်ကို ပြုတတ်သော တရားတို့သည် ဤကိုးပါးမျှလောက်သာ မဟုတ်နိုင်သေး၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ရင့်သန်စေနိုင်သော အခြားတရားများလည်း ရှိရဦးမည်၊ ထိုတရားများကိုလည်း စူးစမ်းရှာဖွေအံ့..

ဟူ၍ စူးစမ်း ဆင်ခြင်တော်မူသောအခါ ရှေးရှေးသော ဘုရားအလောင်းတော်တို့ အစဉ်မှီဝဲ အမြဲလေ့လာ ပွါးများအပ်သည့် ဆယ်ခုမြောက်ဖြစ်သော ဥပေက္ခာပါရမီကို မြင်တော်မူလေသည်။

     (ထိုသို့ မြင်တော်မူပြီးလျှင်) အမောင်သုမေဓာ... အသင်သည် ဤဆယ်ခုမြောက်ဖြစ်သော ဥပေက္ခာပါရမီကို အစွဲအမြဲပြုကာ ဆောက်တည်ပြီးလျှင် အညီအမျှနှစ်ဖက် ချိန်စက်အပ်သော ချိန်ခွင်လျှာသည် အထက်သို့လည်းမတက်၊ အောက်သို့လည်းမကျ အညီအမျှ တည့်မတ်စွာသာ တည်သကဲ့သို့၊ အမောင်သုမေဓာ သည်လည်း ချမ်းသာမှု ဆင်းရဲမှုတို့မှာ မည်သည့်ဘက်သို့မျှ မပါပဲ (ချမ်းသာ၍ လောဘဖြစ်လျှင် ချမ်းသာ ဘက်သို့ ပါသည်မည်၏၊ ဆင်းရဲ၍ ဒေါသဖြစ်လျှင် ဆင်းရဲဘက်သို့ ပါသည်မည်၏။ ထိုကဲ့သို့ ချမ်းသာမှုအတွက် လောဘမဖြစ်၊ ဆင်းရဲမှုအတွက် ဒေါသမဖြစ်ပဲ အလယ်အလတ်သဘော၌ တည်ရမည်ဟု ဆိုလိုသည်) ခိုင်မြဲစွာ အလယ်အလတ်သဘော၌ တည်ရှိပါလျှင် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ (ဘုရားအဖြစ်သို့) ရောက်ပေလိမ့်မည်ဟူ၍ မိမိကိုယ်ကို မိမိ ဆုံးမတော်မူလေသည်။

     (တဖန် ဆက်၍လည်း) အမောင်သုမေဓာ... လောကူပမာအားဖြင့် မဟာပထဝီ ဤမြေကြီးသည် မိမိအပေါ် တစုံတယောက်က ပစ်ချအပ်သည့် မစင်ကြယ်သော ဝတ္ထုကိုပင်ဖြစ်စေ၊ စင်ကြယ်သော ဝတ္ထုကိုပင်ဖြစ်စေ ဤနှစ်ပါးစုံတို့ကို မုန်းခြင်း ချစ်ခြင်း အလျဉ်းမရှိပဲ

၉၆

လျစ်လျူရှုသကဲ့သို့၊ ဤအတူ အမောင်သုမေဓာသည်လည်း ချမ်းသာမှု ဆင်းရဲမှုတို့၌ အခါခပ်သိမ်းပင် ချိန်ခွင်သဖွယ် အလယ်တည့်မတ် မချစ်မမုန်းအောင် ကျင့်သုံးဆောက်တည် ပွါးများပါလေ၊ ဥပေက္ခာပါရမီ အထွတ်အထိပ်မြောက် ရောက်လတ်သည်ရှိသော် အမောင်သုမေဓာသည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်လိမ့်မည် (ဘုရားဖြစ်လိမ့်မည်)ဟူ၍ မိမိကိုယ်ကို မိမိ ဆုံးမတော်မူပြန်လေသည်။

**********

ပါရမီဆယ်ပါးလုံးကို သိမ်းရုံး ဆင်ခြင်မိသောအခါ မြေငလျင် ကြီးစွာတုန်လှုပ်ခြင်း

     သုမေဓာရှင်ရသေ့သည် ဥပေက္ခာပါရမီကို ဆင်ခြင်ပြီးသည့်နောက် “ဤလောက၌ ဘုရားအလောင်းတို့ ဆည်းပူး ဖြည့်ကျင့်ရမည့် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ရင့်သန်စေတတ် ဘုရားအဖြစ်ကို ပြုတတ်သော တရားတို့ကား ဤဆယ်ပါးတို့သာ ဖြစ်ကုန်၏။ ဤဆယ်ပါးထက်အလွန် အခြားတပါး မရှိတော့ပြီ။ ဤပါရမီဆယ်ပါး ဘုရားဖြစ်ကြောင်း တရားကောင်းတို့ကား အထက်ကောင်းကင်၌လည်း ရှိကြသည်မဟုတ်၊ အောက် မဟာပထဝီမြေကြီး၌လည်း ရှိကြသည်မဟုတ်၊ အရှေ့အရပ်အစရှိသော အရပ်မျက်နှာတို့၌လည်း ရှိကြသည်မဟုတ်၊ စင်စစ်သော်မူ ငါ၏ နှလုံးသားအတွင်း၌သာလျှင် တည်ရှိကြကုန်၏။ ဤသို့ ပါရမီဆယ်ပါး တရားတို့၏ မိမိနှလုံး၌သာ ကောင်းစွာတည်ရှိကြောင်း သိမြင် ဆင်ခြင်တော်မူပြီးလျှင် အမောင်သုမေဓာ.. အသင်သည် ဤပါရမီဆယ်ပါး ဘုရားဖြစ်ကြောင်း တရားကောင်းတို့၌ မစောင်း မသွေ ဖြည့်ကျင့်တည်ပါလေလော့ဟု မြဲမြံစွာ ဆောက်တည်တော်မူပြီးလျှင်.. ဒါနပါရမီ၊ သီလပါရမီ၊ နေက္ခမ္မပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာနပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီဟူသော အနုလောမ အစဉ်အားဖြင့်၎င်း...၊ ဥပေက္ခာပါရမီ၊ မေတ္တာပါရမီ၊ အဓိဋ္ဌာနပါရမီ၊ သစ္စာပါရမီ၊

၉၇

ခန္တီပါရမီ၊ ဝီရိယပါရမီ၊ ပညာပါရမီ၊ နေက္ခမ္မပါရမီ၊ သီလပါရမီ၊ ဒါနပါရမီဟူသော ပဋိလောမ နောက်ပြန် အစဉ်အားဖြင့်၎င်း..။ ဝီရိယပါရမီ၊ ခန္တီပါရမီ၊ ပညာပါရမီ၊ သစ္စာပါရမီ၊ နေက္ခမ္မပါရမီ၊ အဓိဋ္ဌာနပါရမီ၊ သီလပါရမီ၊ မေတ္တာပါရမီ၊ ဒါနပါရမီ၊ ဥပေက္ခာပါရမီဟူ၍ အလယ်မှစ၍ နှစ်ဖက်၌ဆုံးစေသော နည်းအားဖြင့်၎င်း…၊ ဒါနပါရမီ ဥပေက္ခာပါရမီ၊ သီလပါရမီ မေတ္တာပါရမီ၊ နေက္ခမ္မပါရမီ အဓိဋ္ဌာနပါရမီ၊ ပညာပါရမီ သစ္စာပါရမီ၊ ဝီရိယပါရမီ ခန္တီပါရမီဟူ၍ အစွန်းနှစ်ဖက်မှ အစပြုကာ အလယ်၌ ဆုံးစေသော နည်းအားဖြင့်၎င်း…၊ ယန္တရားစက် နှစ်ဖက်တို့မှ ဆီကို ညှစ်၍ချသည့်ပမာ ပါရမီဆယ်ပါး တရားတို့ကို သုံးသပ် ဆင်ခြင်တော်မူလေသည်။

     အပြင်အပ ဗာဟိရဥစ္စာ ဘဏ္ဍာအမျိုးမျိုးကို စွန့်လွှတ် ဖြည့်ကျင့်ခြင်းကား ပါရမီမည်သည်၊ အင်္ဂါကြီးငယ်ကို စွန့်လွှတ်ဖြည့်ကျင့်ခြင်းကား ဥပပါရမီမည်သည် အသက်ကိုပင် စွန့်လွှတ်ဖြည့်ကျင့်ခြင်းကား ပရမတ္ထပါရမီ မည်သည်ဟု ပါရမီဆယ်ပါး ဘုရားဖြစ်ကြောင်း တရားကောင်းတို့နှင့်စပ်၍ သိအပ် သိသင့် သိထိုက် သမျှသော အချက်အလက်တို့ကို အကြွင်းအကျန်မရှိ သုံးသပ် ဆင်ခြင်တော်မူလေသည်။

     အသီးအသီး အရင်းခံသဘောဖြစ်သည့် ကိစ္စလက္ခဏာတို့နှင့်တကွ ပါရမီဆယ်ပါး ဤတရားတို့ကို သုံးသပ်ဆင်ခြင်တော်မူသော အလောင်းတော် သုမေဓာရှင်ရသေ့၏ ပါရမီပဝိစယဉာဏ်ပညာ တန်းခိုးအစွမ်းကြောင့် စကြဝဠာပေါင်း တိုက်တသောင်း အရေအတွက်ရှိသော ဤမဟာပထဝီမြေကြီးသည် ဝဲဘက်သို့ယိမ်း၍၎င်း, ယာဘက်သို့ ယိမ်း၍၎င်း, ရှေ့သို့တိုး၍၎င်း, နောက်သို့ဆုတ်၍၎င်း, အောက်သို့သက်၍၎င်း, အထက်သို့ တက်၍၎င်း ဤခြောက်ပါးသော အခြင်းအရာဖြင့် ပြင်းစွာ တုန်လှုပ်လေသည်။ ပဲ့တင်မြည်ဟီး ကြီးစွာသောအသံကိုလည်း ပြုလေသည်။ ကြံညှစ်သမားတို့ လက်ဖြင့်နှိပ်အပ်သော ကြံကြိတ်စက် ယန္တရားကဲ့သို့၎င်း

၉၈

ဆီစက်၌ လည်၍နေသော စက်ဝန်းကဲ့သို့၎င်း မဟာပထဝီ ဤမြေကြီးသည် ထက်ဝန်းကျင် လည်၍လည်၍ လှုပ်လေသည်။

     (ရှေးက သုမေဓကထာ နောက်ပိုင်းတွင် ပြဆိုခဲ့ ပြီးသည့်အတိုင်း) ဒီပင်္ကရာ မြတ်စွာဘုရားသည် သုမေဓာရှင်ရသေ့အား ဗျာဒိတ်ကြားတော်မူပြီးလျှင် ရမ္မာဝတီ ပြည်အတွင်းသို့ ပင့်ဖိတ်သော ဒါယကာ ဒါယိကာမများထံ ကြွရောက်တော်မူ၍ လှူဒါန်းကြသော ဆွမ်းဘောဇဉ် စသည်တို့ကို ဘုဉ်းပေး သုံးဆောင်တော်မူနေစဉ်အချိန်မှာ သုမေဓာရှင်ရသေ့သည် ပါရမီတော်ဆယ်ပါးတို့ကို တပါးစီ တပါးစီ စဉ်းစား ဝေဖန်တော်မူလေသည်။ ဆယ်ပါးလုံး အပြည့်အစုံ စဉ်းစားဝေဖန်ပြီးသည့်အဆုံးမှာ မြေငလျင် ပြင်းစွာ လှုပ်သောအခါ၌ ရမ္မာဝတီပြည်သူ ပြည်သားတို့၏ ဆွမ်းလှူပွဲမှာလည်း ပြင်းစွာသော မြေငလျင်၏အရှိန်ကြောင့် ဒီပင်္ကရာ မြတ်စွာဘုရားကို ဆွမ်းလုပ်ကျွေးကြသော ပရိသတ်ဟူသမျှတို့ ရပ်တည်ခြင်းငှါ မစွမ်းနိုင်ကြပဲ ယုဂန္ဓိုရ်တောင်မှဆင်းသည့် လေပြင်းတိုက်ခတ်အပ်သော အင်ကြင်းပင်ကြီးများပမာ တွေဝေမိန်းမောကာ မြေပေါ်မှာ လဲကျကြလေကုန်သည်။

     ထိုနေရာ၌ ဆွမ်းဘောဇဉ်စသည် ထည့်ထားသော ထောင်ပေါင်းများစွာသော အိုးတို့သည်၎င်း ရာပေါင်းများစွာသော ရေလှောင်အိုးစရည်းတို့သည်၎င်း အချင်းချင်း ထိခိုက်ကြ၍ မုန့်မုန့်ညက်ညက် ကြေကွဲကြလေကုန်သည်။

     ထိုအခါ များစွာသော လူအပေါင်းတို့သည် ထိတ်လန့်ကြောက်ရွံ့ တုန်လှုပ်ကြ၍ ပင်ပန်းသော စိတ်ရှိကြရကား တညီတညွတ် စုရုံးကာ ဒီပင်္ကရာမြတ်စွာဘုရား အထံတော်သို့ ချဉ်းကပ်ကြပြီးလျှင်…

“(ဗုဒ္ဓ, ဓမ္မ, သမန္တနှင့်, ဒိဗ္ဗ, ပညာ) ငါးဖြာသော ဉာဏ်စက္ခုနှင့် ပြည့်စုံတော်မူသော ရှင်တော်မြတ်ဘုရား... လူအပေါင်း၏အတွက် ကောင်းကျိုးပင် ဖြစ်လိမ့်မည်လော၊ သို့မဟုတ် မကောင်းကျိုးပင် ဖြစ်လိမ့်မည်လော၊

၉၉

အလုံးစုံသော လူအပေါင်းကို ကြောက်ဖွယ်မဟေး ဘေးနှိပ်စက်အပ်ပါပြီ၊ ထိုဘေးကို ရှင်တော်ဘုရားသည် ပယ်ရှား ဖျောက်လွှင့်တော်မူပါလော့”—

ဟူ၍ လျှောက်ထားကြသောအခါ ဒီပင်္ကရာ မြတ်စွာဘုရားသည် “ဤမြေလှုပ်ခြင်းဟူသော အကြောင်းကြောင့် သင်တို့သည် ရွံ့ရှားခြင်း ကင်းကြကုန်၊ သက်သာကြကုန်၊ မကြောက်ကြကုန်လင့်၊ ငါဘုရားသည် ယနေ့ပင် သုမေဓာပညာရှိကို ဤသူကား နောင်သောအခါလောက၌ သဗ္ဗညုဘုရား ဖြစ်လိမ့်မည်ဟူ၍ ဗျာဒိတ်ကြားခဲ့ပြီ၊ ထိုသုမေဓာပညာရှိသည် ရှေးရှေးဘုရားရှင်တို့ အလောင်းတော်ဖြစ်စဉ်အခါ မှီဝဲအပ်သည့် ပါရမီဆယ်ပါး တရားမြတ်ကို သုံးသပ် ဆင်ခြင်လေပြီ။ ထိုသုမေဓာပညာရှိ၏ ပါရမီဆယ်ပါး ဘုရားဖြစ်ကြောင်း တရားကောင်းတို့ကို အကြွင်းမရှိ သုံးသပ်ဆင်ခြင်ခြင်းကြောင့် နတ်နှင့်တကွသော လောက၌ စကြ၀ဠာပေါင်း တိုက်တသောင်းရှိသော မဟာပထဝီ ဤမြေကြီး ပြင်းစွာ တုန်လှုပ်ခြင်းဖြစ်သည်”ဟု ရမ္မာဝတီပြည်သူပြည်သားတို့ကို မြေလှုပ်ခြင်းအကြောင်းနှင့်တကွ လူအပေါင်း၏အတွက် ဘေးမရှိကြောင်းကို ဟောကြား သိစေတော်မူလေသည်။

**********

လူနတ်တို့ ပူဇော် ဆုတောင်းကြခြင်း

     ဒီပင်္ကရာ မြတ်စွာဘုရား၏ စကားတော်ကို ကြားရ၍ ထိုခဏမှာပင် ရမ္မာဝတီ ပြည်သူပြည်သားတို့၏ စိတ်နှလုံးပူပန်မှု ကင်းဝေး ငြိမ်းအေးရလေသည်၊ စိတ်နှလုံး ငြိမ်းအေးပြီးလျှင် အလွန် ရွှင်လန်း ဝမ်းမြောက်ကြ၍ ပန်းနံ့သာစသော လှူဖွယ်ဝတ္ထုတို့ကို ဆောင်ယူပြီးလျှင် ရမ္မာဝတီမြို့မှ ထွက်ခဲ့ကြကာ အလောင်းတော် အရှင်သုမေဓာထံသို့ ချဉ်းကပ်လျက် ပန်းနံ့သာစသည်တို့ဖြင့် တဖန် ပူဇော်ရှိခိုးကြပြန်လေသည်။

     ထိုအခါ အလောင်းတော် သုမေဓာရှင်ရသေ့သည် ဘုရားအလောင်းတို့ ကျင့်ရိုးတံထွာ ပါရမီဆယ်ပါး တရားကျေးဇူးကို

၁၀၀

ဆောက်တည်၍ မိမိစိတ်ကို မြဲမြံကြံ့ခိုင်စွာထားပြီး ဒီပင်္ကရာ မြတ်စွာဘုရားကို အာရုံပြုကာ ရှိခိုး၍ တင်ပလ္လင်ခွေထိုင်နေရာမှ ထတော်မူလေသည်။

     ပါရမီတော်တို့ကို ဆင်ခြင်တော်မူပြီး နေရာမှ ထတော်မူသော အလောင်းတော် သုမေဓာရှင်ရသေ့အား နတ်တို့က နတ်၌ဖြစ်သော ပန်း၊ လူတို့က လူ၌ဖြစ်သော ပန်းတို့ကို ယူဆောင်ခဲ့ကြ၍ နတ်နှင့်လူ နှစ်ဦးသားတို့ နတ်ပန်း လူပန်းတို့ဖြင့် ကြဲဖြန့်ကော်ရော် ပူဇော်ကြလေသည်။

     နတ်လူနှစ်ဦးလုံးတို့ကပင် “ရှင်ရသေ့သည် မြတ်သောဘုရားဆုကို တောင့်တတော်မူပေ၏၊ အလိုတော်ရှိတိုင်း ထိုတောင့်တအပ်သော ဘုရားဆုကို ရတော်မူပါစေ”ဟူ၍ နှုတ်မင်္ဂလာ ကောင်းချီးညာသော အသံကို ကြားလျှောက်ကြလေသည်။

     အရှင်ရသေ့အား တွေ့ကြုံရမည့် အလုံးစုံသော ဘေးဥပဒ်ဟူသမျှကို ရှောင်ခွါစင်စစ် မဖြစ်ပါစေကုန်သတည်း၊ စိုးရိမ်ကြောင့်ကြ ပူပန်ရခြင်းဟူသမျှသည်၎င်း အနာရောဂါဟူသမျှသည်၎င်း မတွေ့ရပဲ ပျောက်ပျက်ရှင်းလင်းပါစေသတည်း၊ အရှင်ရသေ့၏ ကိုယ်ခန္ဓာမှာ တစုံတရာသောအန္တရာယ် မကျရောက် မဖြစ်ပွါးပါစေသတည်း၊ အရှင်သည် မြတ်သော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ လျင်မြန်ထုတ်ခြောက် ရောက်တော်မူပါစေသတည်း။

     အို.. ကြီးမြတ်သော လုံ့လဝီရိယရှိတော်မူသော အရှင်သုမေဓာ.. ဤလောက၌ ပန်းပွင့်ချိန် ရာသီတိုင်မြောက် ရောက်လတ်သည်ရှိသော် ပွင့်လေ့ပွင့်ထရှိသောပန်းပင်တို့ ပွင့်ကြသကဲ့သို့၊ ဤနည်းအတူ အရှင်မြတ်သည်လည်း ခပ်သိမ်းသော ဘုရားရှင်တို့၏ အသီးဥစ္စာဖြစ်သော စတုဝေသာရဇ္ဇဉာဏ်, ဆအသာဓာရဏဉာဏ်, ဒသဗလစသော ဉာဏ်ကျေးဇူးဖြင့် ပွင့်တော်မူပါစေသတည်း၊

၁၀၁

     အို.. ကြီးမြတ်သော လုံ့လဝီရိယ ရှိတော်မူသော အရှင်သုမေဓာ… အလုံးစုံသော မြတ်စွာဘုရားတို့သည် ဆယ်ပါးသော ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူကုန်သကဲ့သို့၊ ဤနည်းအတူ အရှင်မြတ်သည်လည်း ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်တော်မူပါလော့၊ ဖြည့်ကျင့်တော်မူနိုင်ပါစေသတည်း၊

     အို.. ကြီးမြတ်သော လုံ့လဝီရိယ ရှိတော်မူသော အရှင်သုမေဓာ… အလုံးစုံသော မြတ်စွာဘုရားတို့သည် ဗောဓိပင်ရင်း၌ သစ္စာလေးပါးကို ပိုင်းခြားသိမြင်တော်မူကြကာ ဘုရားဖြစ်တော်မူကုန်သကဲ့သို့၊ ဤနည်းအတူ အရှင်မြတ်သည်လည်း အောင်မြေအချာ မဟာဗောဓိ၌ သစ္စာလေးပါးကို ပိုင်းခြား သိမြင်တော်မူကာ ဘုရားဖြစ်တော်မူပါစေသတည်း၊

     အို.. ကြီးမြတ်သော လုံ့လဝီရိယ ရှိတော်မူသော အရှင်သုမေဓာ… အလုံးစုံသော မြတ်စွာဘုရားတို့သည် ဓမ္မစကြာတရားဦးကို ဟောတော်မူကုန်သကဲ့သို့၊ (တနည်း၊ တရားတည်းဟူသော စကြာရတနာကို လည်စေကုန်သကဲ့သို့၊) ဤနည်းအတူ အရှင်မြတ်သည်လည်း ဓမ္မစကြာတရားဦးကို ဟောတော်မူနိုင်ပါစေသတည်း၊ (တနည်း၊ တရားတည်းဟူသော စကြာရတနာကို လည်စေတော်မူနိုင်ပါစေသတည်း၊) (ဤ၌၊ ၊မြတ်စွာဘုရား၏ ဒေသနာဉာဏ်တော်ကို ဓမ္မစကြာရတနာဟု ခေါ်ဆိုသည်။)

     လပြည့်နေ့၌ ဆီးနှင်း, မြူ, တိမ်, အသူရိန်, မီးခိုး အညစ်အကြေးငါးမျိုးမှ ထက်ဝန်းကျင် ကင်းစင်သော လဝန်းကြီးသည် အလွန်တင့်တယ်သကဲ့သို့၊ ဤနည်းအတူ အရှင်မြတ်သည်လည်း စိတ်နှလုံးအလိုတော်ဆန္ဒ ပြည့်ဝတော်မူလျက် စကြဝဠာပေါင်း တိုက်တသောင်း၌ အလွန် တင့်တယ်တော်မူပါစေသတည်း၊

     (ရာဟုဂြိုဟ်ခေါ်သည့်) အသူရိန်ခံတွင်းမှ လွတ်ကင်းသော နေမင်းသည် မိမိအရောင်ဖြင့် ထွန်းပြောင် တင့်တယ်သကဲ့သို့၊ ဤနည်းအတူ အရှင်မြတ်သည်လည်း အလုံးစုံသော ဘဝလောကမှ ကျွတ်လွတ်တော်မူ၍ ဘုရားအသရေတော်ဖြင့် ထွန်းတောက် တင့်တယ်တော်မူပါစေသတည်း၊

၁၀၂

     အလုံးစုံ မြစ်ရေဟူသမျှတို့သည် မဟာသမုဒြာကြီးသို့သာ စီးဝင် စုဝေးကြရသကဲ့သို့၊ ဤနည်းအတူ နတ်နှင့်တကွသော လူအပေါင်းတို့သည် အရှင်မြတ်၏အထံ၌သာ စုဝေးကြပါစေကုန်သတည်း၊

     ဤကဲ့သို့လည်း နတ်လူတို့က သိဒ္ဓိကြေငြာ မင်္ဂလာဆုတောင်းစကား လျှောက်ကြားကြလေကုန်သည်။

     ဤသို့လျှင် နတ်လူအပေါင်းတို့ ဆုတောင်းသံလွင် အလွန်လျှင် ချီးမွမ်းခြင်းခံရသည့် ဘုရာ့အလျာ သုမေဓာ ရှင်ရသေ့သည် ဆယ်ထွေသော ပါရမီတရားတို့ကို ကောင်းစွာ ဆောက်တည်တော်မူ၍ ထိုပါရမီတရားတို့ကို ဖြည့်ကျင့်တော်မူရန် ဟိမဝန္တာတောကြီးအတွင်းသို့ ဝင်တော်မူလေသတည်း။

ပါရမီတော်ဆင်ခြင်ခဏ်း ပြီး၏။

အရှင်သုမေဓာ၏အကြောင်းစကား (သုမေဓကထာ) ပြီး၏။

(က)

မဟာဗုဒ္ဓဝင် အနုဒီပနီ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

စကားဦးပလ္လင်

     အနုဒီပနီဟူသော စကားသည် ပါဠိစကားသက်သက် ဖြစ်သည်။ (အနု = နောက်ထပ်၊ ဒီပနီ= ဖွင့်ပြချက်) မူလစကားရင်း၌ မထင်လင်း မသိသာအံ့သော အကြောင်းအရာစုကို တဖန်နောက်ထပ် ဖွင့်ပြသော စကားရပ်ကို အနုဒီပနီဟူ၍ ခေါ်ဆိုသည်။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးသည် ပရမတ္ထဒီပနီဟူသော အမည်ဖြင့် သင်္ဂြိုဟ်ကျမ်း၏ အဖွင့်ဋီကာကျမ်းကို ရေးသားတော်မူခဲ့ရာ ထိုပရမတ္ထဒီပနီကျမ်း၌ မထင်လင်း မသိသာအံ့သော အချက်အလက်စုကို တဖန်ထပ်၍ ဖွင့်ပြသောအားဖြင့် “အနုဒီပနီ”ဟူသော အမည်ဖြင့် နောက်ထပ်တကျမ်း ရေးသားတော်မူခဲ့ပေသည်။

     ထို့အတူပင် ဤမဟာဗုဒ္ဓဝင်ကျမ်း၌လည်း ကျမ်းရင်းစာသားနှင့် မှတ်သားဖွယ်ကောင်းသော အနုဒီပနီ အချက်အလက်တို့ကို တဆက်တည်း ရောနှောရေးသား ရိုက်နှိပ်လျှင် စာဖတ်သော သူတော်စင်တို့အတွက် စာသားနှင့်အဓိပ္ပါယ် ရောယှက်၍ အကြည့်ခက် အမှတ်ခက် အသိခက်မည့် အပြစ်ဒေါသ ရောက်ရှိရာသောကြောင့် ဗုဒ္ဓဝင်စာသားအတွက် အထူးတိုးတက် ကျယ်ပြန့်၍ မှတ်သားသင့်သော အကြောင်းအရာ အချက်အလက်တို့ကို“အနုဒီပနီ”ဟူသော အမည်ဖြင့် နောက်ဆက်တွဲ ထည့်သွင်း ဖော်ပြ ရေးသား ရိုက်နှိပ်ခြင်း ဖြစ်ပေသည်။

     ဤ“အနုဒီပနီ = ထပ်မံဖွင့်ပြချက်”ကို ကြည့်ရှု၍ မဟာဗုဒ္ဓဝင်ကျမ်း စကားရင်းတို့၌ မထင်လင်း မသိသာသော အကြောင်းအရာတို့ကို ကောင်းစွာ ထင်လင်းသိသာ၍ ဉာဏ်ပညာနဲနက် ကွယ်ဝှက်သော အဓိပ္ပါယ်တို့ကိုလည်း အလွယ်နှင့်

(ကာ)

သိသာလာပေလိမ့်မည်။ သို့ဖြစ်၍ မဟာဗုဒ္ဓဝင်စာဖတ် သူတော်စင် ပရိသတ်တို့သည် “ဗုဒ္ဓဝင်စာသားကို ဖတ်ပြီးသောအခါ ဤအနုဒီပနီကို ဥပေက္ခာပြု လျစ်လျူရှု၍ မသွားမိကြပဲ သေချာစေ့ငု ကြည့်ရှုကြပြီးလျှင် နက်နဲကွယ်ဝှက်သော မှတ်ဖွယ်အဓိပ္ပါယ်တို့ကို အလွယ်နှင့် သိမြင်ကြပါစေကုန်သတည်း။

**********

အနုဒီပနီ = ထပ်မံဖွင့်ပြချက်များ

စာမျက်နှာ (၁၈)

ပါရမီမည်ကြောင်း

     ဒါန သီလ အစရှိသော တရားဆယ်စုတို့ကို ပါရမီဟူ၍ ခေါ်သည်။ (ဒါန သီလ စသည်ဆယ်ပုံ ကျေးဇူးဂုဏ်နှင့် ယှဉ်တော်မူကြသော အလောင်းတော်ကြီးများကို ပရမ = လွန်မြတ်သောပုဂ္ဂိုလ်ဟူ၍ ခေါ်သည်။ ထိုအလောင်းတော်ကြီးများဟူ၍ သူတပါး ကြားသိမြင်သူတို့ အသိဉာဏ်, “ဤသူကား အလောင်းအလျာကြီးပဲဟူ၍” ကြားသိမြင်သူတို့ ပြောဆိုကြသော အသံသဒ္ဒါ နှစ်ပါး ဖြစ်ပေါ်ကြောင်းဖြစ်၍ ပရမာနံ ဘာဝေါ)ဟု ဝစနတ္ထပြု၍၊ (တနည်း ပရမာနံ ကမ္မံ-ဟု ဝစနတ္ထပြု၍ အလောင်းတော်တို့၏ လူပ်ငန်းစဉ်ဖြစ်သော ဒါန သီလ စသည်ဆယ်ပါး တရားအစုကို ပါရမီဟူ၍ ခေါ်သည်။)

     ထို ပါရမီဆယ်ပါးအစဉ်ကို-

ဒါနံ သီလဉ္စ နေက္ခမ္မံ၊ ပညာ ဝီရိယေန ပဉ္စမံ။

ခန္တိသစ္စမဓိဋ္ဌာနံ၊ မေတ္တုပေက္ခာတိ တေ ဒသ။-

ဟူသော ဂါထာအတိုင်း သိမှတ်ရာ၏။

     ထို ပါရမီဆယ်ပါးတို့တွင် တပါးတပါးလျှင် ပါရမီ ဥပပါရမီ ပရမတ္ထပါရမီဟူ၍ (ဥပမာ၊ ဒါန၌- ၁-ဒါနပါရမီ ၂-ဒါနဥပပါရမီ ၃-ဒါနပရမတ္ထပါရမီဟူ၍ သုံးပါး။ သီလစသည်၌ ထို့အတူ) သုံးပါးစီ သုံးပါးစီ ပြားသောကြောင့် ပါရမီအကျယ် သုံးဆယ်ဖြစ်သည်။

ပါရမီ, ဥပပါရမီ, ပရမတ္ထပါရမီ အထူး

     ဤသုံးပါးတို့အတွက် ရှေးဦးစွာ (၁) သား မယား ရွှေ ငွေ အစရှိသော အသုံးအဆောင်ဝတ္ထု၊ (၂) မိမိ၏ လက် ခြေ အစရှိသော အင်္ဂါကြီးငယ်နှင့် (၃) အသက်၊ ဤသုံးပါးကို မှတ်သားပြီးလျှင် ဒါနအတွက်

(ကိ)

(၁) အသုံးအဆောင်ဝတ္ထုကို စွန့်လှူသည်ကား ဒါနပါရမီ၊ (၂) အင်္ဂါကြီးငယ်ကို စွန့်လှူသည်ကား ဒါနဥပပါရမီ၊ (၃) အသက်ကို စွန့်လှူသည်ကား ဒါနပရမတ္ထပါရမီဟု မှတ်အပ်၏။

     ထို့အတူ အသုံးအဆောင် ဝတ္ထုဟူသော အကြောင်း, အင်္ဂါကြီးငယ်ဟူသော အကြောင်း, အသက်ဟူသောအကြောင်းကြောင့် မလွန်ကျူးပဲ သီလကို ထိန်းစောင့်ခြင်းသုံးမျိုးကို သီလပါရမီ, သီလဥပပါရမီ, သီလပရမတ္ထပါရမီဟု အစဉ်အတိုင်း မှတ်ယူအပ်၏။ ကြွင်းသော (၈)ပါးတို့၌လည်း ဤနည်းကိုမှီး၍ သိရာ၏။

(က) သက်မဲ့သက်ရှိ၊ ဗာဟိရက၊ စွန့်နိုင်က၊ မူလပါရမီ။

(ခ) အင်္ဂါကြီးငယ်၊ အသွယ်သွယ်ကို၊ မတွယ်စိတ်မှ၊ စွန့်နိုင်က၊ ဥပပါရမီ။

(ဂ) အသက်ဇီဝ၊ စွန့်နိုင်က၊ ပရမတ္ထမည်။

(ဃ) ပါရမီဆယ်ပါး၊ အကျယ်ပွါး၊ အပြားသုံးဆယ်ညီ။

     ၎င်း ပါရမီ, ဥပပါရမီ, ပရမတ္ထပါရမီ သုံးပါးနှင့်စပ်၍ ဆရာအမျိုးမျိုးတို့ ကောက်ယူပုံ အနည်းနည်းကို (စရိယာပိဋကအဋ္ဌကထာ၊ ပကိဏ္ဏကကထာ၊ ကော ဝိဘာဂေါ..ဟူသော မာတိကာအဖွင့်၌) အကျယ်ကြည့်ရှုပါကုန်။

**********

စာမျက်နှာ (၁၉)

အဓိမုတ္တိမရဏ

     စိတ်ကိုဆောက်တည်၍ သေခြင်းကို အဓိမုတ္တိမရဏဟု ခေါ်၏။ “ယခုပင် ငါ၏သေခြင်းသည် ဖြစ်စေသတည်း”ဟု စိတ်ကို ဆောက်တည်လိုက်သည်၏ အခြားမဲ့မှာပင် သေခြင်းမျိုးဖြစ်သည်။ ထိုသေခြင်းမျိုးကား ဘုရားလောင်းများမှာသာလျှင် ဖြစ်နိုင်သည်၊ တပါးသူတို့အား မဖြစ်နိုင်။

     ဘုရားအလောင်းတော်ကြီးများမှာ တရံတခါ အသက်ရှည်သော နတ်ဗြဟ္မာပြည်၌ ဘဝပဋိသန္ဓေ ကပ်ရောက် တည်နေတော်မူကြသည်ရှိသော်“ဤနတ်ပြည် ဗြဟ္မာ့ပြည်၌ တည်နေရသောငါ့အား ပါရမီ စာဂ စရိယကို ဖြည့်ကျင့်ရခြင်း အလျဉ်းမရှိဟု ဆင်ခြင်တော်မူကြပြီးလျှင် ထိုနတ်ပြည် ဗြဟ္မာ့ပြည်၌ ကြာရှည်စွာ တည်နေရန်အတွက် ငြီးငွေ့တော်မူကြကုန်၏။ ထိုအခါ ဗိမာန်အတွင်းဝင်၍ မျက်စိကိုမှိတ်ပြီးလျှင် “ဤမှအထက်၌ ငါ၏ အသက်ဇီဝိတိန္ဒြေအစဉ်သည် ဆက်၍ မဖြစ်စေသတည်း”ဟု စိတ်ကို ဆောက်တည်လိုက်သည်၏ အခြားမဲ့မှာပင်

(ကီ)

စုတိစိတ်ကျ၍ နတ်ဗြဟ္မာသက် ကြွေမြဲ ဖြစ်ကုန်၏။ မှန်၏... ပါရမီတော်တို့၏ လွန်ကဲစွာဖြစ်ခြင်းဖြင့် ထိုထိုဘဝဝယ် အဘိညာဏ် သမာပတ်တို့ဖြင့် ခန္ဓာအစဉ်ကို အထူးသုဓ်သင် ပြုပြင်အပ်ပြီးရကား ကိုယ်ခန္ဓာ၌ တွယ်တာခြင်း သိနေဟတရား အလွန်ပါးသောကြောင့်၎င်း, သတ္တဝါတို့အပေါ် ကရုဏာတော် လွန်ကဲသဖြင့် အဓိဋ္ဌာန် ဆောက်တည်ချက်၏ ထက်မြက် သန့်ရှင်းတော်မူလှသောကြောင့်၎င်း အလောင်းတော်ကြီးများ လိုလားချက်မှန်သမျှ ပြည့်စုံထမြောက်ရလေသည်။

     စိတ်ပေါ်မှာကဲ့သို့ ကံအပေါ်၌လည်း စိုးပိုင်တော်မူကြသောကြောင့် ဆိုပြီးသော အဓိမုတ္တိမရဏမျိုးဖြင့် နတ်ဗြဟ္မာသက် ချွေခဲ့ပြီးသော အခါမှာလည်း အလိုတော်ရှိရာ ပါရမီတော်ဖြည့်နိုင်ရာ လူ့ပြည်လောက မင်းဘဝ ပုဏ္ဏားဘ၀ စသည်၌ ပဋိသန္ဓေ တည်နေတော်မူကြသည်။ ထို့ကြောင့်ပင် ငါတို့၏ ဘုရားအလောင်းတော်သည် ဤယခု ဘဒ္ဒကမ္ဘာမှာပင် များစွာသောဘဝတို့၌ ဈာန်မလျှောကျပဲ စုတေ၍ ဗြဟ္မာ့ပြည်၌ ဖြစ်သော်လည်း ကာလအနည်းငယ်သာ ထိုဗြဟ္မာ့ပြည်၌ တည်နေတော်မူပြီးလျှင် အဓိမုတ္တိမရဏဖြင့်စုတေ ဗြဟ္မာသက်ချွေခဲ့၍ လူ့ပြည်၌ဖြစ်ပြီးလျှင် ပါရမီအဆောက်အဦတို့ကို လေ့ကျင့် ဆည်းပူးတော်မူခဲ့လေပြီ။

သုံးလူ့မျက်ဖျော်၊ စိန္တေယျော်ကား၊ လောင်းတော်ဘဝ၊ ထိုကာလဝယ်၊ ဗြဟ္မာ့ဘုံတလျှောက်၊ ကြိမ်ကြိမ်ရောက်လည်း၊ များမြောက်လူဗိုလ်၊ ကယ်တင်လို၍၊ ထိုထိုမြင့်ကြာ၊ ကမ္ဘာကမ္ဘာဟု၊ ဗြဟ္မာသမ္ပတ္တိ၊ ဆုံးတိုင်ထိအောင်၊ သတိပြဋ္ဌာန်း၊ မစံမြန်းပဲ၊ စိတ်မှန်းစုတေ၊ သက်တော်ချွေ၍၊ လူ့မြေဌာနီ၊ သန္ဓေမှီလျက်၊ ပါမီစာဂ၊ စရိယကို၊ ဘဝဆက်ကာ၊ ဖြည့်ခဲ့ပါသား၊ မြတ်စွာရှင်စော၊ ဒယာဇောသည်၊ ။အဟော အံ့မကုန်တကား။

**********

စာမျက်နှာ (၃၈)

ကပ် = ကမ္ဘာအကြောင်း

     မြန်မာဘာသာ၌ ကမ္ဘာ(ကပ္ပါ)ဟု ခေါ်သောအရာကို ကပ္ပဟူသော ပါဠိက ဟောဆို၏။ ထို့ကြောင့် ဗုဒ္ဓဝင်ပါဠိတော်၌ “ကပ္ပေ စ သတသဟဿေ၊ စတုရော စ အသင်္ခိယေ”... စသည်ဖြင့် ဟောကြားတော်မူ၏။

     ကပ္ပဟုခေါ်သော အချိန်ကာလတခုသည် နှစ်ပေါင်းမည်မျှ ရှိသည်ဟု ဂဏန်းချ၍ မရေတွက်နိုင်၊ ကြံဆ၍သာ သိရှိအပ်သော အရာဖြစ်ပေသည်။ ကြံဆ၍ သိရပုံမှာ-

(ကု)

အလျား အနံ အမြင့် တယူဇနာစီရှိသော တိုက်ခန်း (ဂိုဒေါင်)ကြီးအတွင်း၌ အလွန် သေးငယ်လှသော မုန်ညင်းစေ့တို့ကို အပြည့်ထည့်ထားပြီးလျှင် အနှစ်တရာတရာ လွန်သောအခါမှ တစေ့တစေ့ ယူပစ်သဖြင့် ထိုမုန်ညင်းစေ့အပုံကြီး ကုန်သွားသော်လည်း ကပ္ပတခုဟု ခေါ်ဆိုရသော အချိန်ကာလကား ကုန်ဆုံးသည် မဟုတ်သေး၊ ဤသို့ ကြံဆ၍ သိအပ်ပေ၏။ (ဤစကားရပ်ကို ထောက်ဆသဖြင့် ပါဠိလို ကပ္ပ = မြန်မာလို ကမ္ဘာ=ဟူသည်မှာ ရှည်လျားလှစွာသော အချိန်ကာလဖြစ်သည်ဟု သိမှတ်ရာ၏။) ယခုအခါမှာမူ... “ရှည်လျားလှစွာသော အချိန်ကာလကို ကမ္ဘာခေါ်သည်”ဟု သတိမပြုကြပဲ မြေကြီးအထုအထည်ကိုသာ ကမ္ဘာမြေပြင် ကမ္ဘာမြေလုံး စသည်ဖြင့် ခေါ်ဝေါ်သုံးနှုန်းနေကြသည်။

ကမ္ဘာ အပြား

     ကမ္ဘာနှင့်ကပ် အတူတူပင်ဖြစ်သည်ကို သတိပြုရာ၏။ ထိုကပ်ကမ္ဘာကား (၁) မဟာကပ်၊ (၂) အသင်္ချေယျကပ်၊ (၃) အန္တရကပ်၊ (၄) အာယုကပ်။ (၅) ဟာယနကပ်၊ (၆) ဝဍ္ဎနကပ်ဟူ၍ ခြောက်မျိုးလာရှိသည်။

     ထိုတွင် (၁)အမှတ်ပါ မဟာကပ်ကမ္ဘာကြီး တခုတခုကို (၂) အမှတ်ပြ (က)ပျက်ဆဲ = သံဝဋ္ဋကပ်၊ (ခ) ပျက်သည့်အတိုင်း တည်နေဆဲ = သံဝဋ္ဋဋ္ဌာယီကပ်၊ (ဂ) ဖြစ်ပေါ်တိုးပွါးဆဲ = ဝိဝဋ္ဋကပ်၊ (ဃ) တိုးပွါးပြီးအတိုင်း တည်နေဆဲ = ဝိဝဋ္ဋဋ္ဌာယီကပ် ဤအသင်္ချေယျကပ် လေးမျိုးဖြင့် သတ်မှတ်၍ ပြအပ်၏။ (သံဝဋ္ဋအသင်္ချေယျကပ်, သံဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်, ဝိဝဋ္ဋအသင်္ချေယျကပ်, ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်- ဤအသင်္ချေယျကပ်လေးပါးကိုမှ မဟာကပ် တကပ်ခေါ်သည် ဟူလို။)

     ထိုအသင်္ချေယျကပ် လေးပါးတို့တွင် ကမ္ဘာဖျက်မိုဃ်း ရွာသည်မှစ၍ မီးဖြင့်ပျက်မည့် ကမ္ဘာဖြစ်လျှင် မီးလျှံစဲသည်တိုင်အောင်၊ ရေဖြင့်ပျက်မည့် ကမ္ဘာဖြစ်လျှင် ရေရပ်စဲသည်တိုင်အောင်၊ လေဖြင့်ပျက်မည့် ကမ္ဘာဖြစ်လျှင် လေရပ်စဲသည်တိုင်အောင်သော ကာလသည် သံဝဋ္ဋကပ် = (ပျက်ဆဲကပ်) မည်၏။

     မီး ရေ လေ တခုခုဖြင့် ပျက်စီးပြီးသည်မှစ၍ ကမ္ဘာပြုမိုဃ်း ရွာသည်တိုင်အောင်အတွင်းသည် သံဝဋ္ဋဋ္ဌာယီကပ် = (ပျက်စီးသည့်အတိုင်း တည်နေသောကပ်) မည်၏။

     ကမ္ဘာပြုမိုဃ်း ရွာသည်မှစ၍ လောကကြီး၌ နေ လ နက္ခတ်တာရာတို့ ပေါ်ထွက်သည်တိုင်အောင်အတွင်းသည် ဝိဝဋ္ဋကပ် = (ဖြစ်ပေါ်တိုးပွါးဆဲကပ်) မည်၏။

     နေ လ နက္ခတ်တာရာတို့ ပေါ်ထွက်သည်မှစ၍ နောက်တဖန် ကမ္ဘာဖျက်မိုဃ်း ရွာသည်တိုင်အောင် ကာလအတွင်းသည် ဝိဝဋ္ဋဋ္ဌာယီကပ်= (ဖြစ်ပေါ်တိုးပွါးပြီးအတိုင်း တည်နေသောကပ်) မည်၏။

(ကူ)

     ဤစကားရပ်၌ ကမ္ဘာဖျက်မိုဃ်းနှစ်မျိုး ပါဝင်နေရာ တမျိုးမှာ မီးဖျက်မည့် ကမ္ဘာဖြစ်စေ ရေဖျက်မည့် ကမ္ဘာဖြစ်စေ လေဖျက်မည့် ကမ္ဘာဖြစ်စေ မည်သည့်ကမ္ဘာမှာမဆို ပျက်ခါနီးလျှင် မိုဃ်းရွာမြဲဖြစ်သည်။ ရွာပုံမှာ… ပျက်ရမည့် ကမ္ဘာလောကဓာတ် ထက်ဝန်းကျင် နှံ့စပ်အောင် မိုဃ်းကြီးသည်းထန်စွာ ရွာသွန်းလေသည်။ လူအပေါင်းတို့က မိုဃ်းကြီးသည်းထန်စွာ ရွာသဖြင့် ကောက်ပဲသီးနှံ စိုက်ပျိုးကြ၍ နွားများ စားသောက်လောက်အောင် အပင်ကလေးများဖြစ်ပြီးနောက် ထပ်၍ မိုဃ်းမရွာတော့ပဲ တခါတည်း ရပ်စဲသွားတော့သည်။ ကမ္ဘာပျက်စီးရန် အရင်းခံရွာသောမိုဃ်း ဖြစ်သည်။

     ကျန်တမျိုးမှာ.. ရေဖျက်မည့်ကမ္ဘာ၌ ကမ္ဘာကိုဖျက်ဆီးရန် ရွာသောမိုဃ်း ဖြစ်သည်။ ထိုမိုဃ်းကား မိုယ်းရေရိုးရိုးမဟုတ်၊ ကျောက်တောင် ကျောက်ခဲပင် ဖြစ်သော်လည်း ထိလိုက်လျှင် ပျက်စီးသွားစေနိုင်သော ရေအထူးဖြစ်သည်။

     (မီး ရေ လေတို့ဖြင့် ကမ္ဘာကြီးပျက်ပုံ အကျယ်ကို ဝိသုဒ္ဓိမဂ်ဘာသာပြန် ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်ခဏ်းမှ ဖတ်ရှုမှတ်ယူကြပါကုန်။) ပြဆိုခဲ့ပြီးသည့် သံဝဋ္ဋကပ်စသော လေးမျိုးတို့သည် အချိန်ကာလ တူမျှကြကုန်၏၊ ဤလေးစုအနက် တစုတစု၏ ကာလရှည်လျားပုံကို နှစ်အရေအတွက်အားဖြင့် ပိုင်းခြား၍ မရေတွက်နိုင်။ ထို့ကြောင့် ဤကပ်လေးကပ်ကို အသင်္ချေယျကပ်ဟူ၍ ခေါ်၏။

     ဤအသင်္ချေယျကပ် လေးကပ်ကိုပေါင်းမှ မဟာကပ် တကပ် (သို့မဟုတ် တကမ္ဘာ) ဖြစ်လာ၏။ မြန်မာတို့က “မဟာကပ္ပ”ဟူသော ပါဠိ၏ အဓိပ္ပါယ်ကို “ကမ္ဘာ”ဟူသော မြန်မာစကားဖြင့် သတ်မှတ်ခေါ်ဝေါ် သုံးစွဲကြ၏။ “အသင်္ချေယျကပ္ပ”ဟူသော စကားအရ၌ကား… ဝေါဟာရ သီးခြားမထားတော့ပဲ “အသင်္ချေယျကပ်”ဟူ၍သာ သဒ္ဒါနုသာရီ (ပါဠိပျက်စကား)ဖြင့် ခေါ်ဝေါ်သုံးစွဲကြ၏။

(၃) အန္တရကပ်စသည်

     ထိုအသင်္ချေယျ လေးကပ်တို့တွင် ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျ ကပ်ဦးအစအခါ (တနည်း ကမ္ဘာဦးအခါ) လူတို့သည် အသက်အသင်္ချေ တည်နေကြရကုန်၏။ ကာလရှည်လျားလတ်သော် လောဘ ဒေါသစသော အကုသိုလ်တရားများ ဝင်ရောက်ဖျက်ဆီးသဖြင့် တဖြည်းဖြည်း နိမ့်ကျကာ အသက် ဆယ်နှစ်တမ်းတိုင်အောင် ဆုတ်ယုတ်လာ၏။ ဤသို့ ဆုတ်ယုတ်လာသော အချိန်ကာလကို ပါဠိလို ဟာယနကပ္ပ = မြန်မာလို ဆုတ်ကပ်ဟု ခေါ်၏။

     တဖန် ဆယ်နှစ်တမ်းမှ မေတ္တာဗြဟ္မစိုရ် ကုသိုလ်တရားများ ဝင်ရောက်ချီးမြှောက်သဖြင့် သားစဉ်မြေးဆက် တဆတက် တဆတက် တိုးတက်ကာ အသက် အသင်္ချေယျတိုင်အောင် ရှည်သွားကြပြန်၏။ ဤသို့ ဆယ်နှစ်တမ်းမှ

(ကေ)

အသင်္ချေယျတမ်းတိုင်အောင် ရှည်မြင့်လာသော အချိန်ကာလကို ပါဠိလို ဝဍ္ဎနကပ္ပ = မြန်မာလို တက်ကပ်ဟု ခေါ်၏။ (ဤဆုတ်ကပ် တက်ကပ် နှစ်ရပ်အကြောင်းကို အကျယ်သိလိုမူကား ပိဋကမြန်မာပြန် ဒီဃနိကာယ် ၃-ပါထိကဝဂ် ၃-စက္ကဝတ္တိသုတ်၌ ကြည့်ရှုမှတ်ယူကြရာ၏။)

     ဤသို့လျှင် လူတို့၏ အသက်တမ်းသည် ဆယ်နှစ်တမ်းနှင့် အသင်္ချေယျတမ်း ကုသိုလ်တရား ပွါးသောအခါ တက်၍ အကုသိုလ်တရား ဖိစီးသောအခါ ဆုတ်ယုတ်လျက် တက်ချီဆုတ်ချီ ဖြစ်၍နေ၏။ ဤသို့ အသက်တမ်း တက်ကပ်နှင့် ဆုတ်ကပ် တစုံကို အန္တရကပ် တကပ်ဟု ခေါ်၏။

အန္တရကပ် သုံးမျိုး

     ကမ္ဘာဦးအခါမှာကား အသင်္ချေယျကပ်ကစ၍ ဆယ်နှစ်တမ်း ရောက်လျှင်ပင် ကပ်အပြောင်းအလဲဖြစ်ရ၏။ ဆုတ်ယုတ်၍လာရာ၌ လောဘအထူးလွှမ်းမိုး၍ ဆုတ်ယုတ်လာရခြင်းဖြစ်လျှင် အဆုံးသတ် ခုနစ်ရက်အတွင်းမှာ “ငတ်မွတ်ခြင်းဘေးကြီး” ကျရောက်၍ မကောင်းသူတွေမှန်သမျှ သေကျေပျက်စီးကြရ၏။ ထိုကပ်ကို ဒုဗ္ဘိက္ခန္တရကပ်ဟူ၍ ခေါ်၏။

     ဆုတ်ယုတ်၍လာရာ၌ မောဟအထူးလွှမ်းမိုး၍ ဆုတ်ယုတ်လာရခြင်းဖြစ်လျှင် အဆုံးသတ် ခုနစ်ရက်အတွင်းမှာ “ရောဂါဆိုးဘေးကြီး” ကျရောက်၍ မကောင်းသူတွေမှန်သမျှ သေကျေပျက်စီးကြရ၏။ ထိုကပ်ကို ရောဂန္တရကပ်ဟူ၍ ခေါ်၏။

     ဆုတ်ယုတ်၍လာရာ၌ ဒေါသအထူးလွှမ်းမိုး၍ ဆုတ်ယုတ်လာရခြင်းဖြစ်လျှင် အဆုံးသတ် ခုနစ်ရက်အတွင်းမှာ “အချင်းချင်း လက်နက်တို့ဖြင့် သတ်ဖြတ်၍” မကောင်းသူတွေမှန်သမျှ သေကျေပျက်စီးကြရ၏။ ထိုကပ်ကို သတ္ထန္တရကပ်ဟူ၍ ခေါ်၏။

(ဝိသုဒ္ဓိမဂ်မဟာဋီကာ အလိုအားဖြင့်.. လောဘ အထူးလွှမ်းမိုးလျှင် ရောဂန္တရကပ်၊ ဒေါသ အထူးလွှမ်းမိုးလျှင် သတ္ထန္တရကပ်၊ မောဟ အထူးလွှမ်းမိုးလျှင် ဒုဗ္ဘိက္ခန္တရကပ်တိုက်၍ မကောင်းသူများ သေကျေပျက်စီးကြ၏။)

     ဤသို့ တက်ကပ် ဆုတ်ကပ် တစုံတစုံကို အန္တရကပ် တကပ်တကပ်ဟု ခေါ်ရ ခြင်းမှာ ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်ကြီး အဆုံးသတ်တွင် မီး ရေ လေတို့ဖြင့် အလုံးစုံ မပျက်မီအတွင်း အသက်ဆယ်နှစ်တမ်းသို့ ရောက်တိုင်းရောက်တိုင်း

(ကဲ)

ငတ်မွတ်ခြင်းဘေး ရောဂါဘေး လက်နက်ဘေးတို့ဖြင့် မကောင်းသူတွေမှန်သမျှ သေကျေပျက်စီးကြသည်ကိုစွဲ၍ အကြီးအကျယ် မပျက်စီးမီ အကြားအကြား၌ဖြစ်သော ပျက်စီးပြောင်းလဲခြင်း အချိန်ကာလဟု ဆိုလိုသည်။

     ဤအန္တရကပ်များ၏ အဆုံးသတ် ခုနစ်ရက်အတွင်း ကျရောက်သည့်ဘေးကို အစွဲ ပြုကာ… ရောဂန္တရကပ် သတ္ထန္တရကပ် ဒုဗ္ဘိက္ခန္တရကပ်ဟူသော အမည်များကို ဆယ်နှစ်တမ်းမတိုင်မီ ကာလအတွင်း (တကမ္ဘာလုံးအနှံ့မဟုတ်ပဲ) အချို့သော မြို့ရွာဒေသတို့၌ ကူးစက်တတ်သော ရောဂါဖြစ်ပွါးနေခဲ့လျှင် ထိုမြို့ရွာဒေသမှာ ရောဂန္တရကပ်တိုက်နေသည်ဟူ၍၎င်း..၊ စစ်မက်တိုက်ခိုက်ခြင်း ဖြစ်ပွါးနေခဲ့လျှင် ထိုမြို့ရွာဒေသမှာ သတ္ထန္တရကပ် တိုက်နေသည်ဟူ၍၎င်း...၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုက်နေခဲ့လျှင် ထိုမြို့ရွာဒေသမှာ ဒုဗ္ဘိက္ခန္တရကပ် တိုက်နေသည်ဟူ၍၎င်း… ပြောဆိုလေ့ရှိကြ၏။ ထိုသို့ ပြောဆိုခြင်းမှာ အန္တရကပ်အစစ်၏ ဖြစ်ပျက်ပုံအခြေအနေနှင့် တူသည်ကို အစွဲပြုကာ တင်စား၍ပြောဆိုသော စကားမျှသာ ဖြစ်၏။ ဘုရားရှိခိုးဆုတောင်းများ၌ “အပါယ်လေးပါး ကပ်သုံးပါး”ဟု သုံးနှုန်းထားသော စကားမှာလည်း ဤတင်စားပြောဆိုရသေ၁ ကပ်ကိုသာ ဆိုလို၏။

     ဤပြဆိုခဲ့သော တက်ကပ် ဆုတ်ကပ် အစုံဖြစ်သည့် အန္တရကပ်ပေါင်း ခြောက်ဆယ့်လေးကပ်ရှိလျှင် ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်တခု ကုန်ဆုံးတော့၏။ သံဝဋ္ဋအသင်္ချေယျကပ် သံဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ် ဝိဝဋ္ဋအသင်္ချေယျကပ်တို့၌ကား… သတ္တဝါများ (လူ့ပြည် နတ်ပြည်၌) မရှိခြင်းကြောင့် တက်ကပ် ဆုတ်ကပ် အစုံတည်းဟူသော အန္တရကပ်တို့ဖြင့် မသတ်မှတ် မပိုင်းခြားရသော်လည်း ထိုအသင်္ချေယျကပ်ကြီး တခုတခုလျှင် အန္တရကပ် ခြောက်ဆယ့်လေးကပ်စီခန့်ပင် ကာလရှည်လျားသဖြင့် ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်နှင့် အချိန်ကာလ တူညီမျှကြသည်ဟု မှတ်ယူအပ်၏။

အာယုကပ်

     အာယုကပ်ဟူသည် တည်နေရသော အသက်ကိုလိုက်၍ သတ်မှတ်အပ်သောကပ် ဖြစ်သည်။ (အာယု = အသက်) အသက်တရာတမ်းဖြစ်လျှင် အနှစ်တရာသည် အာယုကပ် တကပ်၊ တထောင်တမ်းဖြစ်လျှင် အနှစ်တထောင်သည် အာယုကပ် တကပ်ဖြစ်၏ဟု ဆိုလိုသည်။

     မြတ်စွာဘုရားသည် အရှင်အာနန္ဒာအား “အာနန္ဒာ ငါဘုရားသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများအပ်ပြီ၊ ငါဘုရားအလိုရှိလျှင် တကပ်လုံးသော်၎င်း အနည်းငယ်ပို၍သော်၎င်း တည်နေနိုင်သည်”ဟု မိန့်ကြားတော်မူရာ.... ကပ္ပအရမှာ အာယုကပ်ကို ယူရမည်၊ အာယုကပ်ဟူသည် ထိုထိုကာလ၌ လူတို့၏

(ကော)

အသက်တမ်းပမာဏပင် ဖြစ်သည်။ သို့ဖြစ်၍ ငါဘုရားအလိုရှိလျှင် အနှစ်တရာသော်၎င်း အနည်းငယ်ပို၍သော်၎င်း တည်နေနိုင်သည်ဟု ဟောတော်မူခြင်းဖြစ်ကြောင်း အဋ္ဌကနိပါတ် အင်္ဂုတ္တရအဋ္ဌကထာ၌ ဖွင့်ပြတော်မူသည်။

     မဟာသီဝထေရ်ကမူကား.. ဘဒ္ဒကခေါ်သော မဟာကပ်ကို ယူရမည်ဟု ဆို၏။ (ထိုသို့ ဆိုတော်မူခြင်းမှာ ဘုရားအလောင်းတော်များ၏ နောက်ဆုံး ဘုရားဖြစ်သည့်ဘဝ ပဋိသန္ဓေကျိုးကို ဖြစ်စေသောကံသည် နှစ်ပေါင်းအသင်္ချေကြာအောင် အသက်ရှည်စေနိုင်သော အစွမ်းသတ္တိရှိ၏ဟု နှလုံးသွင်းတော်မူပြီးလျှင် မြတ်စွာဘုရားတို့၏ အာယုသင်္ခါရခေါ်သော ဇီဝိတသန္တာန် အဆက်ပြတ်မသွားအောင် ပြုပြင်စောင့်ထိန်းပေးနိုင်သည့် အာယုပါလက ဖလသမာပတ်တော်သည် ဇီဝိတ၏ ဘေးရန်တို့ကို ပယ်ရှားဟန့်တား ထားနိုင်ကြောင်း ပါဠိတော်၌ လာသောကြောင့် မိန့်ကြားခြင်း ဖြစ်သည်။) ထိုမထေရ်၏ဝါဒကို အဋ္ဌကထာဆရာတော်တို့က လက်မခံကြပေ။

     ဝိနယ စူဠဝဂ္ဂပါဠိတော် သံဃဘေဒကက္ခန္ဓက၌ “သံဃာကို သင်းခွဲသောသူသည် ငရဲ၌ဖြစ်၍ တကပ်ပတ်လုံး ကျက်ရ၏”ဟု ဟောတော်မူသည်။ ထိုကပ်သည် အဝီစိငရဲဘုံသားတို့၏ အာယုကပ်ပင်ဖြစ်ကြောင်း ၎င်းအဋ္ဌကထာ၌ ဖွင့်ဆိုသည်။ ထိုအဝီစိငရဲဘုံသားတို့၏ အာယုကပ်သည် မဟာကပ်ကြီးကို အပုံရှစ်ဆယ်ပုံလျှင် တပုံစာကာလနှင့် ညီမျှသည်ဟူ၍ တေရသကဏ်ခေါ်သော ဝိနည်းဋီကာကြီး၌ ဖွင့်ပြသည်။ ထိုဋီကာကြီး၌ပင် အပုံရှစ်ဆယ်၏ တပုံစာကာလကို အန္တရကပ်ဟူ၍ အမှတ်အသားပြုအပ်ကြောင်း အထူးဖွင့်ပြလျက်ရှိသည်။ ဤဋီကာကြီး၌ အပုံရှစ်ဆယ်၏ တပုံစာကာလကို အန္တရကပ် (အဝီစိငရဲဘုံသားတို့၏ အန္တရကပ်) ဟု ဖွင့်ပြသဖြင့် မဟာကပ်ကြီးတကပ်လျှင် အဝီစိငရဲဘုံသားတို့၏ အရေအတွက်အားဖြင့် အန္တရကပ် ရှစ်ဆယ်ရှိ၏ဟု အဓိပ္ပါယ်ကျရောက်သည်။

     ဤစကားအရ ရှင်းလင်းဖော်ပြရန် ရှိသည်မှာ… ဆိုအပ်ပြီးသောအတိုင်း မဟာကပ်တကပ်မှာ အသင်္ချေယျလေးကပ်၊ အသင်္ချေယျတကပ်မှာ အန္တရကပ်ပေါင်း ခြောက်ဆယ့်လေးကပ်စီ ရှိသည်ဖြစ်၍ မဟာကပ် တကပ်လျှင် လူတို့အရေအတွက်အားဖြင့် အန္တရကပ်ပေါင်း (၂၅၆) နှစ်ရာငါးဆယ့်ခြောက်ကပ် ရှိသည်ဟု သိမှတ်ရာ၏။

     ထိုနှစ်ရာငါးဆယ့်ခြောက်ကပ်ကို ရှစ်ဆယ်ဖြင့်စားလျှင် သုံးကပ်နှင့် ငါးပုံ့တပုံ (၃၁/၅) စီရ၏။ သို့ဖြစ်၍ လူတို့၏ အန္တရကပ်ပေါင်း သုံးကပ်နှင့် ငါးပုံ့တပုံသည် အဝီစိငရဲဘုံသားတို့၏ အန္တရကပ် တကပ်ဖြစ်၏။ (အဝီစိငရဲမှာ လူ့ပြည်၌ကဲ့သို့ တက်ကပ် ဆုတ်ကပ်ဟူ၍ မရှိ၊ အချိန်ရှိသမျှ ဒုက္ခဖိစီး ပျက်စီးဆင်းရဲ၍သာ

(ကော်)

နေရသဖြင့် လူ့ပြည်၌ကဲ့သို့ ဆုတ်ကပ်၏အဆုံးအဆုံး ဖြစ်ပွါးသော ကပ်ကြီးသုံးပါးဖြင့်လည်း ပိုင်းခြားရန် မလို။ ထိုအဝီစိငရဲဘုံသားတို့၏ အာယုကပ်ဖြစ်သည့် မဟာကပ်ကြီး၏ အပုံရှစ်ဆယ်မှ တပုံစာကာလသည်ပင် အန္တရကပ် တကပ်မည်တော့သည်။ သို့ဖြစ်၍ အဝီစိအန္တရကပ် တကပ်လျှင် လူတို့၏အန္တရကပ် သုံးကပ်နှင့် ငါးပုံ့တပုံ ရှိ၏ဟု ဆိုလိုသည်။)

     ဤနည်းအရ အသင်္ချေယျတကပ်၌ လူတို့၏ အရေအတွက်အားဖြင့် အန္တရကပ် ခြောက်ဆယ့်လေးကပ်၊ အဝီစိငရဲဘုံသားတို့၏ အရေအတွက်အားဖြင့် အန္တရကပ် နှစ်ဆယ်ရှိ၏ဟု ဆိုနိုင်လေသည်။ သို့ဖြစ်သောကြောင့် အချို့ ပါဠိကျမ်းဂန်တို့မှာ အသင်္ချေယျတကပ်လျှင် အန္တရကပ် ခြောက်ဆယ့်လေးကပ် ရှိ၏။ အန္တရကပ် နှစ်ဆယ်ရှိ၏ဟူ၍လည်း ဆိုကြကြောင်း (ဝိသုဒ္ဓိမဂ်မဟာဋီကာ၊ ဋီကာကျော် စသည်တို့၌) ဖွင့်ပြသောအရာမှာ… စင်စစ် ဝါဒကွဲသည်မဟုတ်၊ လူတို့၏ အရေအတွက်နှင့် အဝီစိငရဲဘုံသားတို့၏ အရေအတွက်အားဖြင့် ရေတွက်ပုံနည်းချင်း ကွာခြားသောကြောင့်သာ (ခြောက်ဆယ်လေးနှင့် နှစ်ဆယ်) ကွာခြားနေသည်။ အချိန်ကာလချင်းမှာ အတူအမျှသာ ဖြစ်၏ဟု မှတ်ယူသင့်ပေ၏။

     မှတ်ဖွယ်အထူးတရပ်မှာ... သမ္မောဟဝိနောဒနီမည်သော အဘိဓမ္မာဝိဘင်း အဋ္ဌကထာ ဉာဏဝိဘင်းအဖွင့်၌- “သံဃဘေဒက = (သံဃာကို သင်းခွဲသော) ကံသာလျှင် ကပ်ပတ်လုံး တည်စေနိုင်၏။ ကပ်တည်စ၌ဖြစ်စေ ကပ်အလယ်၌ဖြစ်စေ သံဃဘေဒကကံကိုပြု၍ အဝီစိငရဲသို့ ကျသွားလျှင် ကပ်ပျက်မှသာ လွတ်၏။ နက်ဖန် ကပ်ပျက်တော့မည်ဆိုလျှင် ယနေ့ သံဃာကိုသင်းခွဲ၍ ငရဲသို့ကျအံ့၊ တရက်သာခံရပြီး နက်ဖန်ပင် လွတ်မည်ဖြစ်၏၊ (သို့သော်) ဤသို့ပြုခြင်းကား မရှိနိုင်”ဟူ၍ ဖွင့်ပြ၏။

     ဤစကားရပ်ကို အကြောင်းပြုကာ “သံဃဘေဒကကံသည် တကမ္ဘာလုံး ငရဲကျစေနိုင်၏၊ ကမ္ဘာပျက်မှသာလွတ်၏”ဟူ၍ ပြောဆိုမှတ်သားကြသူများလည်း ရှိသည်။ အမှန်မှာ… ထိုဝိဘင်း အဌကထာကြီး၌ ကပ္ပဋ္ဌိတိယော = (ကပ်ပတ်လုံး တည်စေနိုင်၏)ဟု သာမညသာ ဖွင့်ဆိုသည်၊ မဟာကပ္ပဋ္ဌိတိယော = (မဟာကပ်ပတ်လုံး တည်စေနိုင်၏)ဟု ဝိသေသ မဖွင့်ပြ။ ကပ္ပဋ္ဌိတိယော = (ကပ်ပတ်လုံး တည်စေနိုင်၏)ဟု ဖွင့်ခြင်းမှာလည်း “အာပါယိကော နေရယိကော၊ ကပ္ပဋ္ဌော သံဃဘေဒကော ၊ပ၊ သံဃံ သမဂ္ဂံ ဘိန္ဒိတွာ၊ ကပ္ပံ နိရယမှိ ပစ္စတိ”ဟူသော ဝိနယ စူဠဝဂ္ဂပါဠိတော်ကို အခြေခံထား၍ ဖွင့်ပြခြင်းဖြစ်သည်။ ထိုစူဠဝဂ္ဂအဋ္ဌကထာ၌ ကပ္ပအရ အာယုကပ်ကိုသာ ယူရမည့်အကြောင်း အရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာဆရာ ကိုယ်တိုင်ကပင် “ကပ္ပန္တိ အာယုကပ္ပံ”ဟု ဖွင့်ပြထားသောကြောင့်

(ကံ)

သံဃဘေဒကကံကြောင့် အဝီစိငရဲ၌ခံရသော ကပ်၏အရ အာယုကပ်ကိုသာ ယူရာ၏၊ မဟာကပ်ခေါ်သော ကမ္ဘာကြီးကို မယူရာ။ အဘိဓမ္မာ ကထာဝတ္ထု အဋ္ဌကထာ (၁၃)ဝဂ် ကပ္ပဋ္ဌကထာအဖွင့်၌ “အပါယိကော နေရယိကော” စသော ပါဠိကို မဟာကပ်၏ အပုံရှစ်ဆယ်ပုံလျှင် တပုံစာအချိန်ကာလ (အဝီစိငရဲဘုံသားတို့၏) အာယုကပ်ကို ရည်ညွှန်း၍ ဟောကြားကြောင်း ဖွင့်ပြထားသည်။

မဟာကပ်အပြား

     ကမ္ဘာဟုခေါ်သော မဟာကပ်သည်… (၁) သုညကပ်= သုညကမ္ဘာ၊ (၂) အသုညကပ်= အသုညကမ္ဘာဟူ၍ နှစ်ပါး အပြားရှိပြန်၏။

     ထိုတွင် မြတ်စွာဘုရားများ ပွင့်တော်မူရာမဟုတ်သော ကပ်ကမ္ဘာသည် သုညကပ် = သုညကမ္ဘာ မည်၏။ ဘုရားမှ ကင်းဆိတ်သော ကပ်ကမ္ဘာဟု ဆိုလိုသည်။

     မြတ်စွာဘုရားများ ပွင့်တော်မူရာဖြစ်သော ကပ်ကမ္ဘာသည် အသုညကပ် = အသုညကမ္ဘာ မည်၏။ ဘုရားမှ မဆိတ်သော ကပ်ကမ္ဘာဟု ဆိုလိုသည်။

     သုညကမ္ဘာ၌ မြတ်စွာဘုရားများသာ မပွင့်သည်။ ပစ္စေကဗုဒ္ဓါနှင့် စကြာမင်းတို့ ဖြစ်ထွန်းပွင့်ပေါ်နိုင်ကြောင်းကို အပဒါန်ပါဠိတော် ပဌမဝဂ် ဥပါလိထေရသုတ် စသည်ကို ထောက်ဆ၍ သိရာ၏..။

     မှန်၏... ဥပါလိထေရသုတ်နှင့် အဋ္ဌကထာတို့၌ “ဤကမ္ဘာမှ ပြန်၍ ရေတွက်လျှင် နှစ်ခုမြောက်သောကမ္ဘာ၌ အဉ္ဇသမင်း၏သားတော် ခတ္တိယမည်သော မင်းသားသည် ဥယျာဉ်မှအထွက်တွင် ဒေဝီလပစ္စေကဗုဒ္ဓါအား ပြစ်မှားကြောင်း” လာရှိသည်၊ ထိုကမ္ဘာ၌ မြတ်စွာဘုရားပွင့်သည်ဟု ကျမ်းဂန်အဆို မရှိ၊ အပဒါန် အဋ္ဌကထာ ဘဒ္ဒဇိထေရသုတ်အဖွင့်၌လည်း “မြတ်စွာဘုရားမှ ကင်းဆိတ်သော သုညကမ္ဘာကြီး၌ ပစ္စေကဗုဒ္ဓါ ငါးရာတို့ကို လုပ်ကျွေးခဲ့ဘူးသည်”ဟူ၍ သုညကမ္ဘာတွင် ပစ္စေကဗုဒ္ဓါများပွင့်ကြောင်း လာရှိသည်။ အပဒါန်ပါဠိတော် ကုသုမာသနိယထေရသုတ်၌ “အခြားမဲ့ကမ္ဘာဝယ် ကုသုမာသနိယမထေရ်၏ အလောင်းသည် ဝရဒဿီစကြာမင်း ဖြစ်ခဲ့ဘူးသည်” ဟူ၍၎င်း၊ ထိုပါဠိတော် တိဏသန္ထရထေရသုတ်၌ “တိဏသန္ထရမထေရ်၏ အလောင်းသည် ဤကမ္ဘာမှ ပြန်၍ရေသော် နှစ်ခုမြောက်ကမ္ဘာ၌ မိဂသမ္မတစကြာမင်း ဖြစ်ခဲ့ဘူးသည်” ဟူ၍၎င်း- ဤသို့ စသည်ဖြင့် သုညကမ္ဘာတွင် စကြာမင်းများ ဖြစ်နိုင်ကြောင်း လာရှိသည်။

(ကား)

     မြတ်စွာဘုရားများ ပွင့်တော်မူရာ အသုညကပ် = အသုညကမ္ဘာသည်လည်း (က) သာရကမ္ဘာ (ခ) မဏ္ဍကမ္ဘာ၊ (ဂ) ဝရကမ္ဘာ၊ (ဃ) သာရမဏ္ဍကမ္ဘာ၊ (င) ဘဒ္ဒကမ္ဘာဟူ၍ ငါးပါး အပြားရှိပြန်သည်။ ထိုတွင်-

(က) ဘုရားတဆူသာပွင့်လျှင် သာရကမ္ဘာမည်၏။

(ခ) နှစ်ဆူပွင့်လျှင် မဏ္ဍကမ္ဘာမည်၏၊

(ဂ) သုံးဆူပွင့်လျှင် ဝရကမ္ဘာမည်၏၊

(ဃ) လေးဆူပွင့်လျှင် သာရမဏ္ဍကမ္ဘာမည်၏၊

(င) ငါးဆူပွင့်လျှင် ဘဒ္ဒကမ္ဘာမည်၏။

တဆူ သာရ၊ နှစ် မဏ္ဍ၊ ၀ရ သုံးဆူသာ၊

သာရမဏ္ဍ လေးဆူပြ၊ ပဉ္စ ဘဒ္ဒကာ၊

တဆူသော်မှ၊ မပွင့်က၊ သုညကပ်ကမ္ဘာ၊ (နှုတ်ရဆောင်)

     သုမေဓာဗြာဟ္မဏအခဏ်း၌လာသော လွန်ခဲ့ပြီး လေးအသင်္ချေနှင့် တသိန်းမြောက် ကမ္ဘာသည် ဘုရားလေးဆူတို့ ပွင့်တော်မူရာ သာရမဏ္ဍကမ္ဘာ ဖြစ်သည်။ ဘုရားလေးဆူတို့အနက် တဏှင်္ကရာ, မေဓင်္ကရာ, သရဏင်္ကရာ- ဘုရားသုံးဆူတို့ပွင့်ပြီး နောက်ဖြစ်သော အချိန်ကာလမှာ အမရဝတီပြည် ဖြစ်ပေါ်ထွန်းကားသည်ဟု မှတ်အပ်၏။

အမရဝတီခေါ်ကြောင်း

     အမရ= နတ် (မသေနိုင်သောလူမျိုး)၊ ဝတီ= ရှိသည်၊ နတ်များရှိသော နေပြည်တော်ကြီးဟု ဆိုလိုသည်။ ဤသို့ အမည်မှည့်ရခြင်းမှာ..

ဝိနယ မဟာဝဂ္ဂ ဘေသဇ္ဇခန္ဓက စသည်တို့၌- ပါဋလိပုတ်ပြည် တည်ထောင်မည်ဟု သုနိဓပုဏ္ဏား ဝဿကာရပုဏ္ဏားတို့ စီမံကြသည်နှင့်တပြိုင်နက် နတ်များက ရှေးဦးစွာလာ၍ နေရာသတ်မှတ် ယူငင်ကြကြောင်း…၊ တန်းခိုးကြီးသောနတ်များ သတ်မှတ် ယူငင်ထားသော နေရာရပ်ကွက်တို့မှာ ဘုန်းကံကြီးမားသော မင်း အမတ် သူဌေး သူကြွယ်တို့ နေထိုင်ရာရပ်ကွက် ဖြစ်လာကြောင်း...၊ ဘုန်းတန်းခိုး အလတ်စားရှိသောနတ်တို့ သတ်မှတ် ယူငင်ထားသော နေရာရပ်ကွက်တို့မှာ ဘုန်းကံ အလတ်စားရှိသောလူတို့ နေထိုင်ရာရပ်ကွက် ဖြစ်လာကြောင်း...၊ ဘုန်းတန်းခိုးသေးငယ်သော နတ်တို့ သတ်မှတ် ယူငင်ထားသော နေရာရပ်ကွက်တို့မှာ ဘုန်းကံသေးငယ်သော လူတို့ နေထိုင်ရာရပ်ကွက် ဖြစ်လာကြောင်း...များကို ဟောကြားတော်မူသည်။

(ခ)

     ဤစကားရပ်ကို ထောက်၍ အကြီးအကျယ်ဆုံးသော မင်းနေပြည် တည်မည့်နေရာမှာ နတ်အများပင် အကြီးအကျယ်လာ၍ နေရာသတ်မှတ် ယူငင်ကြပေမည်။ ဤသို့ နေရာသတ်မှတ် ယူငင်စောင့်ရှောက် နေထိုင်လာကြသော နတ်အများ တည်ရှိကြောင်းကို သိသာစေရန် “အမရဝတီ”ဟူသော အမည်ကို မှည့်ခေါ်ခြင်းဖြစ်သည်။

     (ဝတီ)ဟူသော ပါဠိ (ရှိသည်)ဟူသော မြန်မာစကားတို့ဖြင့် များစွာရှိကြောင်းကို ဖော်ပြသည်။ လောက၌ ဥစ္စာအနည်းငယ်မျှ ရှိသောသူကို ဥစ္စာရှိသူ (ဓနရှင်)ဟူ၍ ခေါ်ဝေါ်ရိုးမရှိ၊ သူတပါးတို့ထက် လွန်ကဲပိုမို၍ ဥစ္စာရှိသောသူကိုသာ ဥစ္စာရှိသူ (ဓနရှင်)ဟု ခေါ်ဆိုရိုးရှိသည်။ သို့ဖြစ်၍ ထိုမြို့တော်ကြီးမှာ ကြီးကျယ်သော မင်းနေပြည်ကြီး ဖြစ်သည့်အတိုင်း တန်းခိုးကြီးသော နတ်အများပင် လာရောက် စောင့်ရှောက် နေထိုင်ရာ မြို့တော်ကြီးဖြစ်ကြောင်းကို အမရဝတီဟူသော အမည်က သိစေအပ်ပေသည်။

အသံဆယ်ပါး

     အသံဆယ်ပါးအရ ဗုဒ္ဓဝင်ပါဠိတော်မှာ အသံဆယ်ပါးလုံး အစုံအလင်မပြ၊ ခြောက်ပါးမျှသာ ထုတ်ပြသည်။ ဒီဃနိကာယ မဟာဝဂ္ဂ မဟာပရိနိဗ္ဗာနသုတ်နှင့် ဗုဒ္ဓဝင်အဋ္ဌကထာတို့မှာကား ဆယ်ပါးလုံးကိုပင် စီစဉ်၍ပြ၏။ ထိုသို့ ပြဆိုရာတွင် သမ္မနှင့် တာဠကို အသံတမျိုးစီ ခွဲထားသည့်အတွက် တာဠအသံတွင်ပင် တဆယ်ပြည့်၍နေသည်၊ စားလှည့်ပါ သောက်လှည့်ပါ စသည်ဖြင့် ဖိတ်ကြားခြင်း နိမန္တနအသံသည် တဆယ့်တခုမြောက် ဖြစ်၍နေသည်။

     မဟာပရိနိဗ္ဗာနသုတ် ပါဠိတော် ဗုဒ္ဓဝင်အဋ္ဌကထာ ပါဌဇာတ်အဋ္ဌကထာ မူလဋီကာတို့၌ ဖိတ်ကြားသံသည် ဆယ်ခုမြောက် အသံဖြစ်ကြောင်း ဟောကြား ဖွင့်ပြအပ်သည့်အတိုင်း သမ္မနှင့်တာဠအရ ခွက်ခွင်းသံ ကြေးနင်းသံဟူ၍ အသံတမျိုးစီခွဲ၍ မယူဘဲ စည်းဝါးသံဟူ၍ တမျိုးတည်းယူလိုက်လျှင် ဖိတ်ကြားခြင်း နိမန္တနအသံသည် ဆယ်ခုမြောက်အသံ ဖြစ်လာ၍ ဖော်ပြပါ ပါဠိအဋ္ဌကထာ ဋီကာတို့အဆိုနှင့် ညီညွတ်ပေမည်။

     မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ၌လည်း- “သမ္မသဒ္ဒေါတိ ကံသတာဠသဒ္ဒေါ”ဟူ၍ သမ္မနှင့် တာဠ အရတူ ဖွင့်ပြသည်။ အဘိဓာန်ဋီကာ၌- “သမ္မဉ္စ တံ တာဠဉ္စာတိ သမ္မတာဠံ”ဟူ၍ အရတူပင် ဖွင့်ပြသည်။ ဤသို့ အဋ္ဌကထာ ဋီကာတို့၌ သမ္မတာဠကို တမျိုးတည်းအနေ ဖွင့်ပြသည်ကို ထောက်၍၎င်း၊ ဖိတ်ကြားခြင်း နိမန္တနအသံသည် ပါဠိတော်လာအတိုင်း ဆယ်ခုမြောက်အသံ ဖြစ်လို၍၎င်း “သမ္မ = ခွက်ခွင်း၊ တာဠ = ကြေးနင်း”ဟူ၍ အသီးအသီး ပြန်ဆိုလိုက ပြန်ဆိုနိုင်သော်လည်း မပြန်ဆိုပဲ သဘောနှစ်မျိုးလုံး ပါဝင်စေရန် “စည်းဝါးသံ”ဟူ၍

(ခါ)

ဖော်ပြခဲ့ပေသည်။ (သမ္မ= ခွက်ခွင်းဟု ပြန်ဆိုရာ၌ ခွက်ခွင်းဟူသည် လင်းကွင်းပင် ဖြစ်သည်ဟု မှတ်ယူတတ်ကြ၏။ အမှန်မှာ သစ်သားချပ် (သို့မဟုတ်- ဝါး)ကို ခွက်ခွင်းခေါ်သည်ဟု မှတ်ယူအပ်၏။ အဘယာရာမဆရာတော်မူ အဘိဓာန်နိသျနှင့် မြတောင်ဆရာတော်၏ ပညတ်နက်ကျမ်းတို့၌ ကြည့်ရာ၏။)

     ဇာတ်အဋ္ဌကထာ နိဒါန်း၌ အသံဆယ်ပါးအရကို- ဆင်သံ၊ မြင်းသံ၊ ရထားသံ၊ စည်ကြီးသံ၊ မုရိုးစည်သံ၊ စောင်းသံ၊ ခွက်ခွင်းသံ၊ ကြေးနင်းသံ၊ ခရုသင်းသံ၊ ထမင်းအဖျော်တို့ဖြင့် ဖိတ်ကြားသံဟူ၍ အသံဆယ်ပါး အတိအကျ ဖော်ပြထား၏။ သီဟိုဠ်မူ ဇာတ်အဋ္ဌကထာ နိဒါန်း၌ကား ခရုသင်းသံမပါပဲ သီချင်းသံဖြင့် ဆယ်ပါးပင် ပြဆို၏။ ဤသို့ မြန်မာ သီဟိုဠ်မူ ကွဲပြားကြရာဝယ် ဗုဒ္ဓဝင်ပါဠိတော်ရင်း၌ပင် ခရုသင်းကို တိုက်ရိုက် သရုပ်ထုတ်၍ ဟောထားသောကြောင့် အသံဆယ်ပါးအရာ၌ “ခရုသင်းကို ချန်ထားရန် မထိုက်ရကား မြန်မာမူအတိုင်းသာ အတည်ပြုသင့်ပေ၏။ သီဟိုဠ်မူပါ သီချင်းသံကိုကား စောင်းသံ၌ ထည့်သွင်း၍ ယူမည်ဆိုက ယူနိုင်ပေသည်။ သီးခြားဖော်ပြရန် မလိုပေ။

၄-သုမေဓာ တောထွက်ခဏ်း

စာမျက်နှာ (၄၈) စင်္ကြံအပြစ်ငါးပါးကို-

မြေမညီလျှင်း၊ ကြမ်းခက်ခြင်း၊ အတွင်းသစ်ပင်ရောက်။

စင်္ကြံတွင်းဝယ်၊ ချုံမြက်နွယ်၊ မဖွယ်လွှမ်းယှက်ပေါက်။

အလွန်ကျဉ်းငယ်၊ အလွန်ကျယ်၊ ငါးသွယ်အပြစ်ကောက်။

     ဤလင်္ကာအတိုင်း သိရာ၏၊ ထိုစင်္ကြံအပြစ် ငါးပါးတို့တွင်…

     (၁) မြေကြမ်းထမ်း၍ မညီညွတ်သော စင်္ကြံ၌ စင်္ကြံသွားသူ၏ ခြေတို့သည် နာကျင်ကုန်၏၊ အဖူးအရူး ပေါက်ကုန်၏၊ သမာဓိကို မရနိုင်၊ ကမ္မဋ္ဌာန်းအလုပ် မပြည့်စုံနိုင်။ နူးညံ့၍ ညီညွတ်သော စင်္ကြံ၌ကား ချမ်းသာစွာ နေရခြင်းကို အကြောင်းပြု၍ ကမ္မဋ္ဌာန်းအလုပ် ပြည့်စုံနိုင်၏။ ထို့ကြောင့် “မြေကြမ်းထမ်း၍ မညီညွတ်ခြင်း”ကို ပဌမအပြစ်ဟူ၍ သိအပ်၏။ ဤအကြောင်းကို ဆုတောင်းခဏ်းပျို့၌-

ပြုတ်စဲတီကျစ်၊ ကျောက်စစ်ကုန်းခင်၊ လည်ဓောင်ဓင်၌၊ ခေါက်တင်တုံ့ဖယ်၊ သွယ်လှယ်သွားလား၊ နေ့တိုင်းအားဖြင့်၊ ဖဝါးစပ်မျစ်၊ ပစ်သည်ခြေစ၊ နှစ်ခွကြံယွက်၊ နှောင့်နှေးကွက်၍၊ သက်သက်မကြည်၊ အာရုံ ဆည်လည်း၊ အရှည်အလျား၊ သွားလတ်သောခါ၊ မစောက်ရာခဲ့…

ဟူ၍ စပ်ဆိုသည်။

(ခိ)

     (၂) စင်္ကြံအတွင်း၌ဖြစ်စေ အလယ်၌ဖြစ်စေ အစွန်း၌ဖြစ်စေ သစ်ပင်ရှိခဲ့လျှင် သတိမထား အမှတ်မဲ့ စင်္ကြံ သွားမိသူ၏ နဖူးကိုသော်၎င်း၊ ဦးခေါင်းကိုသော်၎င်း ထိခိုက်တတ်သောကြောင့်“စင်္ကြံအတွင်း၌ သစ်ပင်ရှိခြင်း”ကို ဒုတိယအပြစ်ဟူ၍ သိအပ်၏။ ဤအကြောင်းကို ဆုတောင်းခဏ်းပျို့၌-

လက်ျာလက်ဝဲ၊ စင်္ကြံထဲး၌၊ လင့်ကဲးတဖြာ၊ ပါးနီးစွာသည်၊ အမြွာသစ်ပင်၊ ရောက်တုံကျင်လည်း၊ မဆင်ခြင်မိ၊ သွားသော်ထိ၍၊ ခြေငြိလက်စူး၊ နဖူးဦးခေါင်း၊ အသည်းထောင်းစွာ၊ ယောင်ယမ်းရာခဲ့..

ဟူ၍ စပ်ဆိုသည်။

     (၃) အောက်မြေအပြင်ဝယ် မြက်နွယ်စသည် ဖုံးအုပ်သော စင်္ကြံ၌ စင်္ကြံသွားသူသည် မှောင်မိုက်သည့်အခါ မြွေစသည်တို့ကို နင်းမိ၍ သေသော်မူ သေစေ၏ (မသတ်လိုသော်လည်း သတ်သည်မည်၏၊) သို့မဟုတ် ထိုမြွေစသည် အကိုက်ခံရ၍ ဆင်းရဲကြီးစွာ ရောက်ရတတ်၏။ ထို့ကြောင့် “စင်္ကြံမြေပြင်၌ မြက်နွယ် စသည် ရှိခြင်း”ကို တတိယအပြစ်ဟူ၍ သိအပ်၏။ ဤအကြောင်းကို ဆုတောင်းခဏ်းပျို့၌-

အညာသွန်းသွန်း၊ နွယ်တန်းပုပ်ပေါင်း၊ ခြေရာကြောင်း၌၊ ရွက်ဆောင်းအပြီး၊ စီးတည့်သော်လည်း၊ မမြော်ဝိုးဝါး၊ နင်းမိမှား၍၊ ပိုးမွှားသတ္တဝါ၊ ထိပါးရာခဲ့..

ဟူ၍ စပ်ဆိုသည်။

     (၄) စင်္ကြံပြုလုပ်ရာ၌ (သလင်းကျောက်ခံ၊ အနံညီစွာ၊ နှစ်ထွာကုန်အောင်၊ တံတိုင်းဆောင်သား၊ နှစ်မြောင်ညာဗယ်၊ စင်္ကြံငယ်နှင့်- ခြောက်ဆယ်လျားရှည်၊ တောင်တိတည်လျက်၊ ယိမ်းဖည်မကောက်၊ ရှေ့နောက်မချီ၊ သုံးထွာစီလျှင်၊ အဖီလည်းခင်း၊ မေ့လျော့နင်းလည်း၊ တိမ်းတင်းမရှိ၊ တကြံ့ညှိသို့)ဟူသောအတိုင်း ဝဲယာနှစ်ဖက်မှ မတော်တဆ တိမ်းလဲသော် ထောက်တည်ရာရအောင် တံတိုင်းကဲ့သို့ အနည်းငယ်မြှင့်၍ အနံတတောင်စီ အညီရှိသော စင်္ကြံမြောင် စင်္ကြံငယ်။ ထိုနှစ်ခုအလယ်မှ အလျား အတောင်ခြောက်ဆယ်တိတိ၊ အနံ တတောင်ထွာရှိသော စင်္ကြံမကို မကောက်မကွေ့ တညီတည်းခင်းရမည်။ ဤကား စင်္ကြံ ပြုလုပ်ပုံ ကျမ်းလာစံနစ်တည်း။ အလယ်ခေါင် စင်္ကြံမ ဖော်ပြခဲ့ပြီးသည်အောက် ယုတ်လျော့၍ အနံတတောင်ဖြစ်စေ တထွာဖြစ်စေ ရှိသဖြင့် အလွန် ကျဉ်းမြောင်းသော စင်္ကြံ၌ စင်္ကြံသွားသူအား စင်္ကြံမနှင့် ဝဲယာ စင်္ကြံမြောင်အစပ် အပိုင်းအခြားဝယ် တိုက်မိခိုက်မိသဖြင့် တိမ်းလဲသည်ရှိသော်

(ခီ)

ခြေသည်းလက်သည်း ပဲ့ကွာတတ် ခြေချောင်း လက်ချောင်းများ ကျိုးတတ်သောကြောင့် “အလွန်ကျဉ်းလွန်းခြင်း”ကို စတုတ္ထ အပြစ်ဟူ၍ သိအပ်၏။ ။ဤအကြောင်းကို ဆုတောင်းခဏ်းပျို့၌-

ကျဉ်းစွာနံလျောင်၊ စင်္ကြံမြောင်လျှင်၊ တထောင်အနည်း၊ ထွာမျှတည်း၌၊ တိမ်းလည်းဖဝါး၊ နင်းချွတ်မှားလည်း၊ လက်ဖျားခြေညှိုး၊ ခနည့်ကျိုး၍၊ ရှိမ်းစိုးဝေဒနာ၊ ကျဉ်းမြောင်းရာခဲ့…

ဟူ၍ စပ်ဆိုသည်။

     (၅) အလွန်ကျယ်လွန်းသော စင်္ကြံ၌ စင်္ကြံသွားသူ၏ စိတ်သည် ထိုထိုဤဤ ပြန့်လွင့်ပြေးသွားတတ်၏၊ စိတ်တည်ငြိမ်ခြင်းကို မရနိုင်။ ထို့ကြောင့် “အလွန်ကျယ်လွန်းခြင်း”ကို ပဉ္စမအပြစ်ဟူ၍ သိအပ်၏။ ။ဤအကြောင်းကို ဆုတောင်းခဏ်းပျို့၌-

ဖီလာထုတ်ချင်း၊ ကျယ်လှဝင်းလျက်၊ အဆင်းကျောက်ဖျာ၊ စင်္ကြံရာ၌၊ လူးလာသွားလား၊ ဘဝါးထောက်ချီ၊ မညီအလှမ်း၊ တဖျင်ယမ်းလျှင်၊ နင်းတမ်းမမျှ၊ စပ်ပူလှလျက်၊ ခပ်ကြွအကြံ၊ ဆောင့်ကြွားလျှံ၍၊ ထွက်သံနုတ်သာ၊ ဘာဝနာအား၊ များများမမှန်၊ ဖြစ်တန်ရာရှောင်း..

ဟူ၍ စပ်ဆိုသည်။

     ဤဆိုအပ်ပြီးသော စကားရပ်စုမှာ အဋ္ဌသာလိနီ အဋ္ဌကထာမှလာသော စကားများ ဖြစ်သည်။ ပျို့လင်္ကာ စာပိုဒ်များမှာလည်း အဋ္ဌသာလိနီ အဋ္ဌကထာ ၌လာသောအတိုင်း အရှင်မဟာသီလဝံသမထေရ် ဆုတောင်းခဏ်းပျို့၌ စပ်ဆိုတော်မူသည်ကို ကြည်ညိုဘွယ်ရှိလှ၍ ဖော်ပြခြင်းဖြစ်သည်။

     ဗုဒ္ဓဝင်အဋ္ဌကထာ၌ကား.. “ပဉ္စဒေါသဝိဝဇ္ဇိတံ”ဟူသော ပါဠိတော်လာ ပဉ္စဒေါသအရကို ပဌမနည်း စင်္ကြံ၏ အပြစ်ငါးပါးကိုပင် အဋ္ဌသာလိနီ အဋ္ဌကထာအတိုင်း ဖွင့်ပြ၍... နောက် ဒုတိယတနည်း ဖွင့်ပြပြန်သည်။ ဒုတိယနည်းမှာ ပဉ္စဒေါသအရကို နီဝရဏတရား ငါးပါးကို ယူရမည်ဟု ဖွင့်ဆိုသည်။ ဤ ဒုတိယနည်းအရ အပြစ်ငါးပါး ကင်းခြင်းသည် စင်္ကြံနှင့် မသက်ဆိုင်တော့ချေ။ နောက်ပြဆိုမည့် အဘိညာဗလဟူသော ပုဒ်နှင့်သာ သက်ဆိုင်တော့သည်၊ “နီဝရဏ အပြစ်ငါးပါးကင်းသော အဘိညာဏ်ခွန်အား”ဟု စကားစပ်ဆိုရန် ဖွင့်ပြ၏။

     ဤ ဒုတိယတနည်းကြံခြင်းမှာ အကျိုးမထူးလှ... အကြောင်းကား နီဝရဏငါးပါးမှာ ပဌမဈာန်ရခါနီး ဥပစာရဈာန် ခဏကပင် ကင်းခဲ့ပြီးဖြစ်၍ ပဉ္စမဈာန်ဖြစ်သော အဘိညာဏ်မှာ “နီဝရဏ အပြစ်ငါးပါးကင်းသော အဘိညာဏ်ခွန်အား”ဟု

(ခု)

အထူးပြောဆိုရန် မလိုသောကြောင့်တည်း။ (ပဉ္စမဈာန်ဖြစ်သော အဘိညာဏ်ကိုရမှ နီဝရဏကင်းသည်မဟုတ်၊ ပဌမဈာန်ရခါနီးကပင် နီဝရဏကင်းခဲ့ပြီး ဖြစ်သောကြောင့် နီဝရဏကင်းခြင်းဟူသော ဝိသေသနဖြင့် အဘိညာဏ်ကို အထူးပြုရန် မလိုဟု ဆိုလိုသည်။)

     တနည်းအားဖြင့်- ဒေါသသည် ပရမတ္ထသဘာဝဒေါသ (ဒေါသစေတသိက်ကို ခေါ်သည်။) (လူများ ခေါ်ဝေါ်ပြောဆိုအပ်သည့်) အပြစ်တည်းဟူသော ဝေါဟာရဒေါသဟူ၍ နှစ်မျိုးရှိရာ ဤသုမေဓာ စင်္ကြံ, သင်္ခမ်း, ပုဆိုး, သစ်ရွက်မိုး ကျောင်းစရပ်တို့၌လာသော ဒေါသမှာ ဝေါဟာရဒေါသ (အပြစ်)များသာဖြစ်၍ နီဝရဏငါးပါးကို ဒေါသဟူ၍မယူပဲ မြေကြမ်းထမ်း မညီညွတ်ခြင်း အစရှိသော ဝေါဟာရဒေါသတို့ကို ကောက်ယူမှသာလျှင် ရှေ့နောက် ညီညွတ်နိုင်ပေမည်။

**********

     စာမျက်နှာ (၄၈) (၄၉)တို့၌ ဖော်ပြအပ်သော သမဏသုခရှစ်ပါးနှင့်စပ်၍ သဋ္ဌိနိပါတ် သောဏကဇာတ်လာ သမဏဘဒြတရား ရှစ်ပါးတို့ကိုလည်း မှတ်ယူအပ်၏။ သောဏကဇာတ်ကြောင်း အကျဉ်းချုပ်ကား..

     ဘုရားအလောင်းတော်သည် ရှေးအတိတ်အခါ ရာဇဂြိုဟ်ပြည် မဂဓမင်း၏သားဖြစ်၍ အရိန္ဒမမင်းသားဟု အမည်တွင်လေသည်။ အလောင်းတော်နှင့် တနေ့တည်းမှာပင် ဖွားမြင်သော ဖွားဘက်တော်ကား ပုရောဟိတ်၏သား သောဏကသတို့သား ဖြစ်လေသည်။

     ထိုသူနှစ်ယောက်လုံးပင် ငယ်စဉ်က အတူတကွ ကြီးပွါးခဲ့ကြ၍ အရွယ်သို့ရောက်လတ်သော် အတူတကွ တက္ကသိုလ်ပြည်သို့သွားရောက် ပညာသင်ကြား တတ်မြောက်ပြီးသောအခါ အလုံးစုံသော အယူ အတတ်ပညာ အရပ်ဒေသ အလေ့အလာကို ကျွမ်းကျင် သိရှိရန်အတွက် တက္ကသိုလ်ပြည်မှ အတူတကွ ထွက်ခဲ့၍ အစဉ်အတိုင်း ခရီးယာယီ လှည့်လည်ခဲ့ကြရာ ဗာရာဏသီပြည် မင်း၏ဥယျာဉ်အတွင်းသို့ရောက်၍ နောက်တနေ့တွင် ဗာရာဏသီပြည်တွင်းသို့ ဝင်ကြသည်။

     ထိုနေ့ကား လူအချို့တို့ ဗြာဟ္မဏဝါစကခေါ်သော ပုဏ္ဏားတို့၏ ဗေဒင်ရွတ်ဖတ်ပွဲ ထမင်းကျွေးပွဲ ကျင်းပရန် နို့ဃနာထမင်း စီရင်၍ နေရာထိုင်ခင်း ခင်းကျင်းကြပြီးလျှင် မြို့တွင်းသို့ဝင်လာသော အရိန္ဒမမင်းသားနှင့် သောဏက သတို့သားတို့ကိုမြင်၍ အိမ်အတွင်းဖိတ်ခေါ် နေရာထိုင်ခင်း ပေးကြသည်တွင် အရိန္ဒမမင်းသားအတွက် အဝတ်ဖြူအခင်း သောဏက သတို့သားအတွက် ကမ္ဗလာနီအခင်း နေရာအသီးသီး ရောက်သည်ကိုမြင်၍။ သောဏက သတို့သားသည် “ယနေ့ ငါ၏သူငယ်ချင်း အရိန္ဒမမင်းသားသည် ဗာရာဏသီမင်း ဖြစ်လိမ့်မည်၊ ငါ့အားမူ စစ်သေနာပတိရာထူးကို ခန့်အပ်လိမ့်မည်”ဟု နိမိတ်အရ သိရှိလေသည်။

(ခူ)

     သူငယ်ချင်းနှစ်ယောက် ထမင်းစားသောက်ပြီးသောအခါ ဗာရာဏသီမင်း ဥယျာဉ်သို့ပင် ပြန်၍သွားကြသည်။ ထိုနေ့ကား ဗာရာဏသီမင်း နတ်ရွာစံ၍ ခုနစ်ရက်မြောက် ရောက်သောနေ့ ဖြစ်သည့်အတိုင်း မင်းလောင်းရှာရန် မှူးမတ်တို့ မင်္ဂလာရထား လွှတ်သောနေ့ဖြစ်သည်။ မင်္ဂလာရထားသည် မြို့မှထွက်၍ ဥယျာဉ်သို့ သွားပြီးလျှင် ဥယျာဉ်တံခါးဝ၌ ရပ်လေသည်။ ထိုအချိန်မှာ အလောင်းတော် အရိန္ဒမမင်းသားသည် မင်္ဂလာကျောက်ဖျာထက်၌ ဦးခေါင်းကိုခြုံ၍ အိပ်နေဆဲ သောဏက သတို့သားကား အလောင်းတော်၏အနီးမှာ ထိုင်နေဆဲဖြစ်သည်။ သောဏက သတို့သားသည် တူရိယာသံတို့ကို ကြားလျှင်ပင် “အရိန္ဒမမင်းသားအတွက် မင်္ဂလာရထား လာလေပြီ၊ သူသည် ယနေ့ပင် မင်းဖြစ်၍ ငါ့အား သေနာပတိရာထူးကို ပေးအပ်လိမ့်မည်၊ စင်စစ်သော်ကား ငါသည် ရာထူးဌာနန္တရကို အလိုမရှိသူ မှန်ပေသည်။ အရိန္ဒမမင်း ဤဥယျာဉ်တွင်းမှ ထွက်သွားလျှင် ငါသည် တောထွက်၍ ရဟန်းပြုအံ့”ဟု ကြံစည်ပြီးလျှင် တထောင့် တကွေး ဖုံးကွယ်ရာ၌ သွားရောက်ပုန်းအောင်း၍ နေလေသည်။

     ပုရောဟိတ်နှင့်တကွ ဗာရာဏသီ မှူးမတ်တို့သည် အရိန္ဒမမင်းသားကို ထိုကျောက်ဖျာထက်မှာပင် အဘိသိက်သွန်း၍ မင်းမြှောက်ပြီးလျှင် ကြီးစွာသော မင်းခမ်းမင်းနားဖြင့် မြို့တော်တွင်း သွင်းကြသဖြင့် အရိန္ဒမမင်းသား ဗာရာဏသီမင်းအဖြစ်သို့ ရောက်သည်။ မင်းစည်းစိမ် အခြံအရံ များလှသဖြင့် အရိန္ဒမမင်းသားသည် သောဏကသူငယ်ချင်းကို သတိမရ မေ့ခြင်းကြီး မေ့ခဲ့လေသည်။

     သောဏကသည်လည်း အရိန္ဒမမင်း ပြည်တော်ဝင်လျှင် ထိုမင်္ဂလာ ကျောက်ဖျာထက်သို့ လာရောက် ထိုင်နေလေသည်။ ထိုအခိုက် ထိုသောဏက၏ ရှေ့တည့်တည့်မှာ အင်ကြင်းရွက်ရော်တရွက် ကြွေကျလာသည်ကို သောဏကမြင်လေလျှင် “ဤအင်ကြင်းရွက်ကဲ့သို့ပင် ငါ၏ ကိုယ်သည်လည်း ရင့်ရော်အိုမင်း ဧရာ ညှဉ်းသဖြင့် သေခြင်းသို့ မချွတ်ရောက်ခါ မြေသို့ကျပေလိမ့်မည်”ဟု သံဝေဂရယူကာ ဝိပဿနာတရား ပွါးများ အားထုတ်သဖြင့် ထိုတထိုင်တည်းမှာပင် ပစ္စေကဗောဓိဉာဏ်ပွင့်၍ ပစ္စေကဗုဒ္ဓါတဆူ ဖြစ်တော်မူသည်နှင့် တပြိုင်နက် လူ၏အသွင်ကွယ်ပျောက် ရဟန်းအသွင် ရောက်ပြီးလျှင် “နတ္ထိ ဒါနိ ပုနဗ္ဘဝေါ = ယခုအခါ ငါ့အား တဖန်ဘဝသစ်ဝယ် ပဋိသန္ဓေ တည်နေဘွယ် မရှိတော့ပြီ”ဟု ဝမ်းမြောက်ရွှင်မြူး ဥဒါန်းကျူး၍ နန္ဒမူလကလိုဏ်သို့ ကြွခဲ့လေသည်။

     အရိန္ဒမမင်းသည်လည်း မင်းစည်းစိမ်ယစ်သဖြင့် အနှစ်လေးဆယ်ကျော်လွန်မှ ငယ်သူငယ်ချင်း သောဏကကို သတိရ၍ “ငါ့သူငယ်ချင်း သောဏက ယခုအခါ ဘယ်မှာများ နေပါလိမ့်မည်နည်း”ဟု ထပ်တလဲလဲ လွမ်းဆွတ်လှသော်လည်း သတင်းအစအနမျှ မရရှိသဖြင့်-

(ခေ)

သောဏက၏အကြောင်း သတင်းကောင်း တဆင့်ကြား၍ လျှောက်ထားလာသည့် အဘယ်သူအား ဆုတော် အသပြာတရာ ပေးရပါမည်နည်း။ ကိုယ်တိုင်ဒိဋ္ဌ တွေ့မြင်ရ၍ သောဏကအကြောင်းကို တွေ့နိုင်လောက်အောင် လျှောက်ထားလာသည့် အဘယ်သူအား ဆုတော် အသပြာတထောင် ပေးရပါမည်နည်း၊ ကြီးငယ်မဟူ အဘယ်သူသည် ငါ၏ မြေမှုန့် အတူကစားဖော် အဆွေတော် သောဏကအကြောင်းကို လျှောက်ထားလာပါမည်နည်း...ဟူသော အဓိပ္ပါယ်ကို ဖော်ပြသည့်-

ကဿ သုတွာ သတံ ဒမ္မိ၊ သဟဿံ ဒဋ္ဌု သောဏကံ။

ကော မေ သောဏကမက္ခာတိ၊ သဟာယံ ပံသုကီဠိတံ။-

ဟူသော ဂါထာ ကဗျာသီချင်းကို အရိန္ဒမမင်း ထပ်တလဲလဲရွတ်သဖြင့် တိုင်းသူပြည်သားတို့လည်း မင်းကြီးနှစ်သက်သော ဂါထာ ကဗျာသီချင်းဟူ၍ လူတိုင်းလူတိုင်း ထိုဂါထာသီချင်းကိုပင် ရွတ်ဆိုကြလေသည်။

     အနှစ်ငါးဆယ် လွန်မြောက်သောအခါ၌ကား အရိန္ဒမမင်းအား မြောက်များစွာသော သားတော် သမီးတော်တို့ ထွန်းကားခဲ့ရာ သားတော်အကြီးမှာ “ဒီဃာဝု”မင်းသားဟု အမည်တွင်လေသည်။ ထိုအခါ သောဏက ပစ္စေကဗုဒ္ဓါသည် “ငါ့ကို အရိန္ဒမမင်းသည် မြင်လိုလှပြီ၊ ငါသွား၍ ကာမဂုဏ်၌အပြစ် တောထွက်ခြင်း၌အကျိုး တရားမိုးစွေပြီးလျှင် အရိန္ဒမမင်း ရဟန်းပြုရန်အကြောင်းကို ပြုပေအံ့”ဟု ကြံစည်၍၊ ကောင်းကင်ခရီးဖြင့် မင်းဥယျာဉ်အရောက် ကြွလာပြီးသော် ဥယျာဉ်အနီး၌ သူငယ်တယောက် ထင်းခွေရင်း ရှေးဖော်ပြရာပါ သီချင်းကို ထပ်တလဲလဲ သီဆိုသံကြား၍ ထိုသူငယ်အား သောဏကပစ္စေကဗုဒ္ဓါ အရှင်မြတ်က အဖြေဂါထာ ကဗျာသီချင်းတုံ့ကို သင်ကြားပေးလေသည်။

     ထိုသူငယ်သည် အရိန္ဒမမင်းထံသို့ သွားရောက်၍ အဖြေဂါထာကဗျာသီချင်းတုံ့ကို လျှောက်ဆိုသဖြင့် စစ်အင်္ဂါ ၄-ပါးနှင့်တကွ အရိန္ဒမမင်း ဥယျာဉ်တွင်းသို့လာရောက်ခါ သောဏက ပစ္စေကဗုဒ္ဓါကို ရှိခိုးပြီး ကိုယ်တိုင်က ကိလေသာသမား ဖြစ်ရကား...၊ အရှင်သောဏက ပစ္စေကဗုဒ္ဓါကိုပင် အထီးကျန်ကပ္ပါး ဆင်းရဲသား တယောက်ဟု အထင်သေးခါ “ကပဏော ဝတာယံ ဘိက္ခု”- အစရှိသော ဂါထာဖြင့် ရှုတ်ချစကား ပြောကြားလတ်သည်တွင်၊ အရှင်သောဏက ပစ္စေကဗုဒ္ဓါက “အရိယမဂ်တရားကို နာမကာယဖြင့် တွေ့ထိခံစားလျက်ရှိသူသည် အထီးကျန်ကပ္ပါး ဆင်းရဲသား မဟုတ်ကြောင်းနှင့် တရားလက်လွတ် မတရားကို ကျင့်သောသူမှသာ အထီးကျန်ကပ္ပါး ဆင်းရဲသားဖြစ်သည့်ပြင် ထိုသူမျိုးမှာ ကိုယ်တိုင်က သူယုတ်မာဖြစ်၍ သူယုတ်မာများ၏ အားထားခိုကိုးရာ အယုတ်တမာကြီးဖြစ်ကြောင်း” ပြန်လည်ချေပ မိန့်ကြားတော်မူလေသည်။

(ခဲ)

     ထိုအခါ အရိန္ဒမမင်းက “အရိန္ဒမောတိ မေ နာမံ- အစရှိသော ဂါထာဖြင့် မိမိအမည်မှာ အရိန္ဒမမည်ကြောင်း၊ ကာသိမင်းဟူ၍ ဗိုလ်လူအပေါင်း သိကြကြောင်း- ဖော်ပြ၍ ဤမင်းဥယျာဉ်အတွင်း ရောက်တော်မူသော အရှင်ဘုရားအား ချမ်းသာစွာ အိပ်နေရခြင်း ရှိပါ၏လော”ဟု မေးမြန်း လျှောက်ထားသည်တွင်..

     သောဏက ပစ္စေကဗုဒ္ဓါ အရှင်မြတ်က ရှစ်ဂါထာ ရွတ်ကြား၍ သမဏဘဒြ = ရဟန်းတို့၏ ကောင်းမြတ်မင်္ဂလာ ချမ်းသာတရား ရှစ်ပါးတို့ကို ဟောတော်မူလေသည်။ ထိုသမဏဘဒြတရား ရှစ်ပါးကား..

၁။ သဒါပိ ဘဒြမဓနဿ၊ အနာဂါရဿ ဘိက္ခုနော။

တေသံ ကောဋ္ဌေ ဩပေန္တိ၊ န ကုမ္ဘိံ န ကဠောပိယံ။

ပရနိဋ္ဌိတမေသာနာ၊ တေန ယာပေန္တိ သုဗ္ဗတာ။

     မြတ်သောမင်းကြီး... အိမ်ရာမထောင် ရဟန်းဘောင်သို့ ကပ်ရောက်လျက် ကြောင့်ကြကင်းသော ရဟန်းအား (ဤသင်၏ ဥယျာဉ်မှာ ဤအခါမှာသာမဟုတ်) နေရာတိုင်း အခါတိုင်းမှာပင် ကောင်းခြင်းမင်္ဂလာ ချမ်းသာတရား ဖြစ်ပွါးလျက် ရှိပေသည်၊ မြတ်သောမင်းကြီး.. ထိုရဟန်းတော်များမှာ (လူများကဲ့သို့ နေ့ရှည်ရက်လျား လောဘပွါးအောင်) ကျီကြထဲ၌ဖြစ်စေ အိုးထဲ ခြင်းထဲ၌ဖြစ်စေ ဥစ္စာစပါးကို မသိုမှီး မသိမ်းဆည်းအပ်ပေ။ ဒါယကာတို့အိမ်၌ ကျက်ပြီးသော အာဟာရကိုသာ အရိယာတို့၏ ရှာမှီးခြင်းဖြင့် ရှာမှီး၍ရသော ဆွမ်းဖြင့်သာ ပစ္စဝေက္ခဏာ ဆင်ခြင်သုံးစွဲ၍ မျှတကြကုန်သည်။ (ဤဂါထာဖြင့် ဥစ္စာစပါး သိမ်းဆည်းမှု မရှိခြင်းဟူသော သမဏဘဒြ သမဏသုခကို ပြသည်။)

၂။ ဒုတိယမ္ပိ ဘဒြမဓနဿ၊ အနာဂါရဿ ဘိက္ခုနော။

အနဝဇ္ဇပိဏ္ဍော ဘောတ္တဗ္ဗော၊ န စ ကောစူပရောဓတိ။

(ဝိနည်းကျမ်း၌လာသော အနေသန = ဆေးကုခြင်းစသည့် မအပ်သော ရှာမှီးခြင်း နှစ်ဆယ့်တပါး၊ မိစ္ဆာဇီ၀ငါးပါးတို့ဖြင့် ရှာမှီး၍ရသော ဆွမ်းမျိုးကို၎င်း၊ ဓမ္မိယလဒ္ဓ = တရားသဖြင့် ရအပ်သော ပစ္စည်းလေးပါးပင် ဖြစ်စေကာမူ ပစ္စဝေက္ခဏာ မဆင်ခြင်ပဲ သုံးဆောင်အပ်သော်၎င်း၊ ထိုကဲ့သို့သော ဆွမ်းမျိုးကို သာဝဇ္ဇပိဏ္ဍ = အပြစ်ရှိသောဆွမ်းဟု ခေါ်ဆိုသည်။)

     မြတ်သောမင်းကြီး… ရဟန်းကောင်း ရဟန်းမြတ်သည် တရားသဖြင့် ရအပ်သော ဆွမ်းကို ပစ္စဝေက္ခဏာတင် ဆင်ခြင်၍ အပြစ်ကင်းသော

(ခေါ)

သုံးဆောင်ခြင်းမျိုးဖြင့် သုံးဆောင်အပ်ပေ၏။ ယင်းသို့ အပြစ်ကင်းသော ဆွမ်းကို အပြစ်ကင်းသော သုံးဆောင်ခြင်းမျိုးဖြင့် သုံးဆောင်သော ရဟန်းမြတ်အား တစုံတခုသော ကိလေသာမျှ မနှိပ်စက်နိုင်။ ယင်းသို့ အပြစ်ကင်းသောဆွမ်းကို အပြစ်ကင်းအောင် သုံးဆောင်သဖြင့် ကိလေသာအနှိပ်စက် မခံရခြင်းသည် တောင့်တမှု ကြောင့်ကြမှု ကင်းငြိမ်းသော ရဟန်းတော်၏ ဒုတိယမြောက် ကောင်းခြင်းမင်္ဂလာ ချမ်းသာတရား ဖြစ်ပေသည်။ (ဤဂါထာဖြင့် အပြစ်ကင်းသောဆွမ်းကို ရှာမှီးသုံးဆောင်ခြင်းဟူသော သမဏဘဒြ သမဏသုခတရားကို ပြသည်။)

၃။ တတိယမ္ပိ ဘဒြမဓနဿ၊ အနာဂါရဿ ဘိက္ခုနော။

နိဗ္ဗုတော ပိဏ္ဍော ဘောတ္တဗ္ဗော၊ န စ ကောစူပရောဓတိ။

(တရားသဖြင့် ဖြစ်ပေါ်ရရှိပြီးလျှင် ပစ္စဝေက္ခဏာတင် ဆင်ခြင်၍ သုံးအပ်သော ပုထုဇန်၏ ဆွမ်းသည်လည်း နိဗ္ဗုတ = အေးပြီးသောဆွမ်း မည်သည်။ ဧကန်မုချအားဖြင့်ကား ရဟန္တာ၏ ဆွမ်းမှသာ နိဗ္ဗုတ = အေးပြီးသောဆွမ်း ဖြစ်သည်။)

     မြတ်သောမင်းကြီး.. ရဟန်းကောင်း ရဟန်းမြတ်သည် အေးငြိမ်းပြီးသော ဆွမ်းကိုသာ သုံးဆောင်ရ၏၊ ယင်းသို့ သုံးဆောင်ခြင်းကြောင့် တစုံတခုသော ကိလေသာမျှ မနှိပ်စက်နိုင်။ ယင်းသို့ အေးပြီးသောဆွမ်းကို သုံးဆောင်ခြင်း၊ သုံးဆောင်သဖြင့် ကိလေသာ အနှိပ်စက်မခံရခြင်းသည် တောင့်တမှု ကြောင့်ကြမှု ကင်းငြိမ်းသော ရဟန်းတော်၏ တတိယမြောက် ကောင်းခြင်းမင်္ဂလာ ချမ်းသာတရား ဖြစ်ပေသည်။ (ဤဂါထာဖြင့် အေးပြီးသောဆွမ်းကိုသာ ဘုဉ်းပေး သုံးဆောင်ခြင်းဟူသော သမဏဘဒြ သမဏသုခကို ပြသည်။)

၄။ စတုတ္ထမ္ပိ ဘဒြမဓနဿ၊ အနာဂါရဿ ဘိက္ခုနော။

မုတ္တဿ ရဋ္ဌေ စရတော၊ သင်္ဂေါ ယဿ န ဝိဇ္ဇတိ။

     မြတ်သောမင်းကြီး… ပစ္စည်းလေးပါး ဒါယကာတို့အပေါ်၌ ငြိတွယ်တပ်မက်ခြင်း လွတ်ကင်းလျက် မြို့ရွာအရပ်ဝယ် လှည့်လည်ကျက်စားသော ရဟန်းကောင်းအား ရာဂတည်းဟူသော ငြိတွယ်ခြင်း၊ ဒေါသတည်းဟူသော ငြိတွယ်ခြင်းစသည် မရှိနိုင်၊ (ဆူး၏ ငြိတွယ်ခြင်းကဲ့သို့ အာရုံ၌ ထိပါး ပြစ်မှားသောအားဖြင့် ငြိတွယ်ခြင်းကို ဒေါသငြိတွယ်ခြင်း = ဒေါသသင်္ဂဟု ခေါ်သည်။) ယင်းသို့ ငြိတွယ်ခြင်း ကင်းမှုသည် တောင့်တခြင်း ကြောင့်ကြခြင်းကင်းသော ရဟန်းတော်၏

(ခေါ်)

စတုတ္ထမြောက် ကောင်းခြင်းမင်္ဂလာ ချမ်းသာတရား ဖြစ်ပေသည်။ (ဤဂါထာဖြင့် ဒါယကာ ဒါယိကာမတို့အပေါ်ဝယ် တွယ်တာမှုကင်းခြင်း ဒါယကာ ဒါယိကာမတို့နှင့် ထွေးရောယှက်တင် မနေခြင်းဟူသော သမဏဘဒြ သမဏသုခကို ပြသည်။)

၅။ ပဉ္စမမ္ပိ ဘဒြမဓနဿ၊ အနာဂါရဿ ဘိက္ခုနော။

နဂရမှိ ဍယှမာနမှိ၊ နာဿ ကိဉ္စိ အဍယှထ။

     မြတ်သောမင်းကြီး… (အကြင်ရဟန်းသည် ပရိက္ခရာများစွာရှိသဖြင့် ငါ၏ပရိက္ခရာများကို ခိုးသူတို့ မခိုးစေကုန်လင့်ဟု အကြံပြုပြီးလျှင် ပိုလျှံနေသော ပရိက္ခရာများကို ရင်းနှီးရာ ဒါယကာတို့အိမ်သို့ အပ်နှံထားတတ်သည်။ ထိုရဟန်းမှာ နောက်အခါ၌ မြို့ရွာအတွင်း ဤမည်သော ဒါယကာ့အိမ် မီးလောင်သတဲ့ဟူသော သတင်းစကားကို ကြားရလျှင် စိုးရိမ်ပင်ပန်း နွမ်းနယ်ရ၏။ ထိုသို့သော ရဟန်းအား ကောင်းခြင်းမင်္ဂလာ ချမ်းသာမှု မရှိနိုင်ချေ။) အကြင်ရဟန်းသည်ကား (တောင်ပံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသော ငှက်မှာ သွားလေရာရာ ကိုယ်ပိုင်ဥစ္စာ တောင်ပံသည် လိုက်ပါသကဲ့သို့) ကိုယ်ပိုင်ဥစ္စာဟူ၍ ကိုယ်၌ငြိတွယ် သုံးဆောင်နေဆဲဖြစ်သော ပရိက္ခရာသာ ရှိ၏။ ထိုသို့သောရဟန်းအား မြို့ရွာကို မီးလောင်အပ်သော်လည်း တစုံတခုကိုမျှ အလောင်မခံရ။ ထိုသို့ မီးအလောင်မခံရခြင်းသည်လည်း ရဟန်းတော်၏ ပဉ္စမမြောက် ကောင်းခြင်းမင်္ဂလာ ချမ်းသာတရား ဖြစ်ပေသည်။ (ဤဂါထာဖြင့် မီးအလောင်မခံရခြင်းဟူသော သမဏဘဒြ သမဏသုခကို ပြသည်။)

၆။ ဆဋ္ဌမ္ပိ ဘဒြမဓနဿ၊ အနာဂါရဿ ဘိက္ခုနော။

ရဋ္ဌေ ဝိလုမ္ပမာနမှိ၊ နာဿ ကိဉ္စိ အဟီရထ။

     မြတ်သောမင်းကြီး... ခိုးသူတို့ ပုန်ကန်၍ မြို့ရွာကိုလုယက် တိုက်ဖျက်အပ်သောအခါ (ပရိက္ခရာ အပိုများသော ရဟန်းတို့၏ မြို့ရွာတွင်းရှိ ပရိက္ခရာတို့ကို ခိုးယူလုယက် အတိုက်အဖျက်ခံရသဖြင့် ထိုသို့သော ရဟန်းတို့အား ဘဒြတရား မရှိငြားလည်း) ငါကဲ့သို့ပင် ကိုယ်တွင်ငြိကပ်သည့် ရှစ်ရပ်ပရိက္ခရာသာ ကိုယ်ပိုင်ဥစ္စာရှိသော ရဟန်း၏မူ တစုံတခုကိုမျှ ခိုးသူတို့ မလုယူအပ်ပေ။ ဤသည်ကား ပစ္စည်းဥစ္စာ သိမ်းဆည်းမှုမရှိသော ရဟန်း၏ ဆဋ္ဌမြောက် ကောင်းခြင်းမင်္ဂလာ ချမ်းသာတရား ဖြစ်ပေသည်။ (ဤဂါထာဖြင့် ခိုးသူဘေးမှ စိတ်အေးရခြင်းဟူသော သမဏဘဒြ သမဏသုခကို ပြသည်။)

(ခံ)

၇။ သတ္တမမ္ပိ ဘဒြမဓနေဿ၊ အနာဂါရဿ ဘိက္ခုနော။

စောရေဟိ ရက္ခိတံ မဂ္ဂံ၊ ယေ စညေ ပရိပန္ထိကာ။

ပတ္တစီဝရမာဒါယ၊ သောတ္ထိံ ဂစ္ဆတိ သုဗ္ဗတော။

     မြတ်သောမင်းကြီး.. ပရိက္ခရာရှစ်ပါးသာ ကိုယ်ပိုင်ဥစ္စာရှိသော ရဟန်းသည် ခိုးသူတို့ စောင့်နေသောလမ်း ကင်းအရာရှိတို့ စောင့်ကြပ်သောလမ်းကို အစစ်အဆေး အမေးအမြန်း အဖမ်းမခံရပဲ သပိတ်သင်္ကန်းကိုယူ၍ ချမ်းသာစွာ သွားနိုင်၏။ ဤသည်လည်း ရဟန်း၏ သတ္တမမြောက် ကောင်းခြင်းမင်္ဂလာ ချမ်းသာတရား ဖြစ်ပေသည်။ (ဤဂါထာဖြင့် ခိုးသူများ ကင်းအရာရှိများ စောင့်နေသော လမ်း၌သော်လည်း ဘေးကင်းစွာ သွားနိုင်ခြင်းဟူသော သမဏဘဒြ သမဏသုခကို ပြသည်။)

၈။ အဋ္ဌမမ္ပိ ဘဒြမဓနေဿ၊ အနာဂါရဿ ဘိက္ခုနော။

ယံ ယံ ဒိသံ ပက္ကမတိ၊ အနပေက္ခောဝ ဂစ္ဆတိ။

     မြတ်သောမင်းကြီး… ကိုယ်ဝယ်ငြိကပ်သည့် ရှစ်ရပ်သော ပရိက္ခရာသာ ကိုယ်ပိုင်ဥစ္စာရှိသော ရဟန်းသည် မိမိအလိုရှိရာအရပ်သို့ (နေရာဟောင်း၌) မငဲ့မကွက် ပြန်နစ်၍မျှမကြည့်ပဲ သွားနိုင်၏။ ထိုသို့ သွားနိုင်ခြင်းသည်လည်း ဥစ္စာပစ္စည်း သိမ်းဆည်းခြင်းမရှိသော ရဟန်း၏ အဋ္ဌမမြောက် ကောင်းခြင်းမင်္ဂလာ ချမ်းသာတရား ဖြစ်ပေသည်။ (ဤဂါထာဖြင့် နေရာဟောင်းကို မငဲ့ကွက်ပဲ အရပ်တပါး သွားနိုင်ခြင်းဟူသော သမဏဘဒြ သမဏသုခကို ပြသည်။)

ဤသို့-

     သမဏဘဒြတရားတို့ကို သောဏက ပစ္စေကဗုဒ္ဓါအရှင်မြတ် ဟောတော်မူနေစဉ်မှာပင် စကားဖြတ်၍ အရိန္ဒမမင်းက “သမဏဘဒြတရားများကို အရှင်ဘုရား ချီးမွမ်း ဟောကြားတော်မူစေကာမူ တပည့်တော်မှာ ကာမဂုဏ်၌ တပ်မက်သူပီပီ လိုက်နာနိုင်မည်မဟုတ်ပါ၊ တပည့်တော်ကား လူ၌ဖြစ်သော ကာမဂုဏ် နတ်၌ဖြစ်သော ကာမဂုဏ်တို့ကို နှစ်သက်မြတ်နိုးလှပါသည်။ အဘယ်သို့သော အကြောင်း နည်းလမ်းကောင်းဖြင့် လူဘဝ နတ်ဘဝတို့ကို ရနိုင်ပါမည်နည်း”ဟု မေးမြန်းသောအခါ၊ သောဏက ပစ္စေကဗုဒ္ဓါ အရှင်မြတ်က ကာမ၌ တပ်မက်သူတို့ ဒုဂ္ဂတိသို့ လားရကြောင်း၊ ကာမကိုပယ်နိုင်မှ ဒုဂ္ဂတိသို့ မလားရကြောင်းနှင့် မြစ်လယ်ကျော မျော၍လာသော ဆင်သေကိုစီး အလွန်ကြီးဝမ်းမြောက်ခါ

(ခါး)

သမုဒြာအတွင်း သက်ရောက်၍ ထောက်တည်ရာမရ ပျက်စီးပြုန်းတီးရသော ကျီးငှက်ကို ဥပမာပြ၍ ကာမဂုဏ်၌ အပြစ်တရား ဟောကြားတော်မူပြီး ကောင်းကင်ခရီးဖြင့် သောဏက ပစ္စေကဗုဒ္ဓါအရှင်မြတ် ပြန်ကြွတော်မူသည်။

     အရိန္ဒမမင်းသည်လည်း သတိသံဝေဂ ကြီးစွာရ၍ သားကြီး ဒီဃာဝုအား ထီးနန်းအရိုက်အရာ လွှဲအပ်ပြီးလျှင် ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြုပြီး သစ်သီးအာဟာရဖြင့် မျှတတော်မူခါ ဗြဟ္မဝိဟာရ ဈာန်တရား ပွါးများအားထုတ်၍ ဗြဟ္မာပြည်သို့ လားရောက်တော်မူလေသည်။

သမဏသုခ (၈)ပါး

၁။ ဥစ္စာစပါး၊ သိမ်းမထား၊ ရှေ့ဖျားသမဏ မြတ်သုခ။

၂။ အပြစ်ကင်းကွာ၊ ဆွမ်းကိုရှာ၊ ဤမှာသမဏ မြတ်သုခ။

၃။ ဆင်ခြင်ဉာဏ်ရှေး၊ ဆွမ်းတော်အေး၊ ဘုဉ်းပေးသမဏ မြတ်သုခ။

၄။ ပြည်ပိုင်စိုးမင်း၊ တုတ်ခွန်ညှဉ်း၊ လွတ်ကင်းသမဏ မြတ်သုခ။

၅။ အဆောက်အဦ၊ ငါ့ဟာဟူ၍၊ လူနှယ်နှိုင်းစက်၊ မတပ်မက်၊ မှတ်ချက်သမဏ မြတ်သုခ။

၆။ ခိုးသူလုယက်၊ ဘေးနှိပ်စက်၊ လွတ်ထွက်သမဏ မြတ်သုခ။

၇။ မှူးမတ်စိုးမင်း၊ ရောယှက်ကင်း၊ ငြိမ်းခြင်းသမဏ မြတ်သုခ။

၈။ လေးမျက်နှာရပ်၊ မတားအပ်၊ လွတ်လပ်သမဏ မြတ်သုခ။

(ဤသမဏသုခရှစ်ပါးနှင့် သမဏဘဒြတရား ရှစ်ပါးတို့မှာ တူသည်သာ များလှ၏။ တိုက်ဆိုင်၍ ကြည့်လေ။)

**********

စာမျက်နှာ (၅၁)လာ လူဝတ်ပုဆိုးအပြစ် (၉)ပါးကား-

၁။ ဝတ်ရုံခဲ့ရင်း ပုဆိုး၏ အဖိုးများစွာ ထိုက်တန်ခြင်းသည် အပြစ်တပါး၊

၂။ ရက်လုပ်တတ်သူ သူတပါးတို့နှင့် ဆက်စပ်မှ ဖြစ်ပေါ်နိုင်ခြင်းသည် အပြစ်တပါး၊

၃။ သုံးစွဲသောအခါ မြန်မြန် ညစ်နွမ်းလွယ်ခြင်းသည် အပြစ်တပါး၊ (ညစ်နွမ်းသဖြင့် ခဏခဏ လျှော်ရ ဆိုးရသည်။)

၄။ ခဏခဏ လျှော်ရ ဆိုးရသဖြင့် မြန်မြန် ဆွေးမြည့်လွယ်ခြင်းသည် အပြစ်တပါး၊ (ဆွေးမြည့်သော အဝတ်ကို ခဏခဏ ချုပ်ရ ဖာထေးရသည်။)

၅။ တဖန် ရှာမှီး၍ ရခဲ ဖြစ်ခဲခြင်းသည် အပြစ်တပါး၊

(ဂ)

၆။ ရှင်ရသေ့အဖြစ်နှင့် မသင့်မလျော် မလျောက်ပတ်ခြင်းသည် အပြစ်တပါး၊

၇။ ရန်သူတို့နှင့် ဆက်ဆံနေခြင်းသည် အပြစ်တပါး၊ (လူဝတ်ကို ရန်သူတို့ လိုချင်ကြသဖြင့် ရန်သူတို့မယူနိုင်အောင် လုံခြုံအောင် စောင့်ရှောက်ရပေသည်။)

၈။ ဝတ်ရုံသုံးစွဲသူ၏အဖို့ ပလွှားပျူငှါ တန်းဆာဆင်စရာ ဖြစ်ခြင်းသည် အပြစ်တပါး၊

၉။ မဝတ်ပဲ ယူ၍ သွားပြန်ကလည်း ပခုံးထမ်းစရာ ဝန်ပို၍ အလိုကြီးရာရောက်ခြင်းသည် အပြစ်တပါး-

ဤအပြစ် (၉)ပါးကို ဆုတောင်းခဏ်းပျို့၌-

ဗိဿာထောင်စပ်၊ ဖိုးသိန်းခပ်သည်၊ ပြူလှပ်ရဲရဲ၊ ဤဝတ်လဲကား၊ ရခဲငါ့အား၊ အဖိုးခါးခဲ့…။ ထူးခြားမသိ၊ ဝတ်ဘိတုံမူ၊ ပြိန်းဖျင်းလူနှင့်၊ အင်တူတပြေး၊ များမဝေးခဲ့...။ ကိုယ်ကြေးညှီငေါက်၊ ဝတ်လတ်မြောက်သော်၊ အစောက်မတည်၊ တာမရှည်လျှင်၊ အညစ်မြင်ခဲ့...။ ဝင်သည်အထည်း၊ အဝတ်နည်းကို၊ ညစ်မည်းစနိုး၊ အဆိုးလည်းသ၊ ဖွပ်ရသောအား၊ ဆိုးနယ်များ၍၊ ရဲရှားပေါက်ပြပ်၊ စုတ်သည်ဖြစ်လည်း၊ အသစ်တည်းတွ၊ စပ်ဟပ်ရခဲ့...။ လုံ့လယှဉ်ယှဉ်၊ အဝတ်ပျဉ်ဟု၊ ရှာမှီးပြုလည်း၊ ရမှုခဲယဉ်း၊ နှလုံးကျည်းခဲ့…။ မချဉ်းမစေ့၊ ရသေ့မည်သည်၊ ဝါချည်အမျိုး၊ ပုဆိုးသင်္ကန်း၊ မရာလွန်းခဲ့…။ ရှင်မှန်းမကြဉ်၊ လူစိမ်းချဉ်တို့၊ ဝတ်စဉ်ဆဲဆဲ၊ ချွတ်လဲလေလိ၊ သင်္ကာရှိလျက်၊ မိမိကိုယ်ထံ၊ ဝတ်ချင်ရွံ့လည်း၊ ထားနှံမြဲကြောင်း၊ စောင့်ရရှောင်းခဲ့...။ အကောင်းဝတ်စား၊ သုံးစွဲငြားလည်း၊ ပလွှားပျူငှါ၊ တန်းဆာဆင်မှု၊ ယောင်ပြုသန်လွင်၊ မူသည်ထင်ခဲ့...။ ကိုယ်တွင်မဝတ်၊ အမြတ်စတေ၊ ထားတုံချေလည်း၊ မခြေဝတ်ကြွင်း၊ တငင်းငင်းလျှင်၊ ရှင်းရှင်းလိုလွန့်၊ မကွန့်စသာ၊ ကြီးစွာအလို၊ ရှင်ဝန်သိုဟု၊ ထိုထိုသသူ၊ သူတော်လူတို့၊ ဟူလေရာရှောင်း၊ ကဲ့ရဲ့ကောင်းခဲ့...။

ဟူ၍ ပိုဒ်ရေ (၈၂)၌ စပ်ဆိုသည်။

အဖိုးကြီးမြင့်၊ သူနှင့်စပ်သွယ်၊ ညစ်နွမ်းလွယ်၏၊ ဆွေးလွယ်တရပ်၊ ခဲကပ်ဖြစ်ခွင့်၊ ရှင်နှင့်မလျောက်၊ များမြောက်ဘေးရန်၊ သုံးပြန်ဝိဘူ၊ ဆောင်မူဝန်ပို၊ အလိုကြီးခြင်း- ဤကိုးသင်း မှတ်လျှင်းလူဝတ် အပြစ်တည်း။

**********

(ဂါ)

လျှော်တေသင်္ကန်း၏ ဂုဏ်ကျေးဇူး (၁၂)ပါးကား-

၁။ အဖိုးနည်း၍ ကောင်းမွန်ပြီးလျှင် ရှင်ရသေ့တို့နှင့် အပ်စပ်ခြင်းသည် ဂုဏ်ကျေးဇူးတပါး၊

၂။ မိမိလက်ဖြင့် ပြုလုပ်နိုင်ခြင်းသည် ဂုဏ်ကျေးဇူးတပါး၊

၃။ သုံးဆောင်ရာမှာ ဖြည်းဖြည်းသာ ညစ်နွမ်း၍ လျှော်သောအခါ ကိစ္စကျယ်ဝန်းမှု မရှိခြင်းသည် ဂုဏ်ကျေးဇူးတပါး၊

၄။ သုံးဆောင်သဖြင့် ဆွေးသွားသော်လည်း ချုပ်စပ် ဖာထေးနေဖွယ်မရှိ စွန့်ပစ်လိုက်ရုံသာ ဖြစ်ခြင်းသည် ဂုဏ်ကျေးဇူးကပါး၊

၅။ တဖန် အသစ်ရအောင် ရှာသောအခါ အလွယ်တကူရအောင် ပြုလုပ်နိုင်ခြင်းသည် ဂုဏ်ကျေးဇူးတပါး၊

၆။ ရှင်ရသေ့အဖြစ်နှင့် လျောက်ပတ် သင့်လျော်ခြင်းသည် ဂုဏ်ကျေးဇူးတပါး၊

၇။ ရန်သူလူဆိုးတို့၏ အသုံးအဆောင် မဟုတ်ခြင်းသည် ဂုဏ်ကျေးဇူးတပါး၊

၈။ သုံးဆောင်သောသူမှာ တန်းဆာဆင်ရာ မရောက်ခြင်းသည် ဂုဏ်ကျေးဇူးတပါး၊

၉။ ဝတ်ရုံဆောင်ယူရာ၌ ပေါ့ပါးခြင်းသည် ဂုဏ်ကျေးဇူးတပါး၊

၁၀။ သင်္ကန်းပစ္စည်း၌ အလိုနည်းခြင်းသည် ဂုဏ်ကျေးဇူးတပါး၊

၁၁။ လျှော်ကို ထုလျှင် တေလျှင်ပင် လျှော်တေသင်္ကန်း ဖြစ်နိုင်သဖြင့် လျှော်တေသင်္ကန်း ဖြစ်ပေါ်စေခြင်း၌ တရားနှင့်ညီ၍ အပြစ်မရှိခြင်းသည် ဂုဏ်ကျေးဇူးတပါး၊

၁၂။ လျှော်တေသင်္ကန်း ပျောက်ဆုံး ပျက်စီးသွားသော်လည်း ငဲ့ကွက်နှမြော နေဘို့ မရှိခြင်းသည် ဂုဏ်ကျေးဇူးတပါး-

ဤ (၁၂)ပါးတို့ပင်တည်း။ ဆုတောင်းခဏ်း ပိုဒ်ရေ (၈၄)၌ အဓိပ္ပါယ် အကျယ်ပါသည်။

လျှော်တေသင်္ကန်း

     လျှော်တေသင်္ကန်းဟူသည်မှာ… ဖြူဆံမြက်ကို အမျှင်အမျှင်ဆုတ်၍ ဆက်စပ်ထုံးဖွဲ့ကာ ဝတ်ရုံစရာ ပြုလုပ်အပ်သော သင်္ကန်းပင်ဖြစ်သည်။ (ဤကား အဋ္ဌသာလိနီ အဋ္ဌကထာ၌ လာသောအတိုင်း ဆိုခြင်းဖြစ်သည်။)

(ဂိ)

     ကဗျာ့ပါရဂူ ဖြစ်တော်မူသော အရှင်မဟာသီလဝံသကမူကား ဆုတောင်းခဏ်းပျို့ ပိုဒ်ရေ(၈၃)၌-

ချုပ်တွဲချောမော၊ ဖြူဆံကြောတိ၊ ကုန်းစောလည်းတိမ်၊ ကျစ်ကာလိမ်သည်၊ မွေ့သိမ်တေဆန်း၊ လျှော်နားစွန်းကို၊ သင်္ကန်းသင်းပိုင်၊ မှတ်၍ကိုင်ပြီး-

ဟူ၍ စပ်ဆိုသည်။ ဤလင်္ကာအရ ဖြူဆံမြက်တို့ကို အမျှင်အမျှင်ဆုတ်၍ ဆက်စပ်ထားရုံမျှ ကိစ္စမပြီးသေး၊ ချောမော သိမ်မွေ့အောင် ထုတေ၍ ပေးရသေးသည်။ သို့ဖြစ်၍ “လျှော်တေ”ဟု ခေါ်ကြောင်းကို ပြဆို၏။

     ထိုလျှော်တေသင်္ကန်းကို ပါဠိလို ဝါကစီရဟူ၍၎င်း, ဝက္ကလဟူ၍၎င်း တိရီဋကဟူ၍၎င်း ခေါ်ဆို၏။ ထိုတွင်-

     ဝါကစီရသဒ္ဒါ ဟောအပ်သော သင်္ကန်းမှာ အဋ္ဌသာလိနီအဋ္ဌကထာ ဖွင့်သည့်အတိုင်း ဖြူဆံမြက်တို့ကို ပြုလုပ်၍ရသော သင်္ကန်းဖြစ်၍ တိုက်ရိုက် မြန်မာပြန်ဆိုလျှင် “ဖြူဆံမြက်သင်္ကန်း”ဟူ၍ ပြန်ဆိုရမည်ကဲ့သို့ ရှိ၏။ သို့သော် ရှေးဆရာကျော်များ မပြန်ဆိုခဲ့ကြ၊ “လျှော်တေသင်္ကန်း”ဟူ၍သာ ပြန်ဆိုတော်မူခဲ့ကြသည်။

     ဝက္ကလနှင့် တိရီဋကဟူသော အမည်နှစ်ခုသည် သစ်ခွံမှရသော လျှော်ဖြင့် ပြုအပ်သော သင်္ကန်းဖြစ်၏၊ ဝက္ကလပုဒ်၌ ဝက္ကသဒ္ဒါသည် သစ်ခွံကိုဟော၏၊ သစ်ခွံဆိုသော်လည်း အပြင်မှ ထူထဲသောအခွံကို မယူရ၊ အတွင်းမှ အသားကို ဖုံးလွှမ်းသော အခွံပါး(လျှော်)ကိုသာ ယူရမည်။ ထိုလျှော်တို့ကို ခွါယူ ချုပ်စပ်ပြီးလျှင် နူးညံ့အောင် ထုတေထားသည့်အတွက် လျှော်တေသင်္ကန်း ခေါ်သည်ဟု မှတ်ယူရာ၏။ ဝါကစီရပုဒ် အရ ““ဖြူဆံမြက်သင်္ကန်း”ဟု အဓိပ္ပါယ်ရှိသော်လည်း ဖြူဆံမြက်ကို ပြုလုပ်သည်ထက် သစ်ပင်မှ လျှော်တို့ကိုယူ၍ ပြုလုပ်သည်က များသောကြောင့် “ဖြူဆံမြက်သင်္ကန်း”ဟု မထင်ရှားပဲ လျှော်တေသင်္ကန်း ဟူ၍သာ ထင်ရှားတော့သည်။ ထိုကြောင့်ပင် ဆုတောင်းခဏ်းပျို့ ပိုဒ်ရေ (၉၁)၌-

တလ္လညှီငှေါက်၊ လူနံ့ဖျောက်၍၊ သစ်ခေါက်လည်းဝတ်၊ လဲချွတ်လူမွေး၊ လူ့ညစ်ကြေးကို၊ လျှော်ဆေးမူထား၊ လူ့ဝတ်စားလည်း၊ ငါ့အား ပယ်ရပြီးသတည်း–

ဟု သစ်ခေါက် လျှော်တေကိုပင် စပ်ဆိုတော်မူသည်။

**********

.(ဂီ)

သစ်သားသုံးခွ

     တိဒဏ္ဍ (သို့မဟုတ် တယောသူလီ)ခေါ် သစ်သားသုံးခွမှာ ရသေ့အသုံးအဆောင် တမျိုးပင် ဖြစ်သည်။ ကရားတင်စရာ တုတ်ချောင်းသုံးခုကို ခေါ်သည်။ (တေဒဏ္ဍိကောတိ ကုဏ္ဍိကဋ္ဌပနတ္ထာယ တိဒဏ္ဍကံ ဂဟေတွာ စရန္တော။ ။တိက၊ တိရီဋိဝစ္ဆဇာတကအဋ္ဌကထာ)။ ။ခြေသုံးချောင်းရှိသော တပင်တိုင်ကလာပ်လည်း ဆိုကြ၏။

**********

ရေကရားနှင့် ထမ်းပိုး

     ကုဏ္ဍိကာခေါ်သော ရေကရားမှာ ရသေ့အသုံးအဆောင် ပစ္စည်းတမျိုးပင် ဖြစ်၏။ ခါရိကာဇဟူသော ပါဠိအရာ၌ ရှေးဆရာကြီးများကပင် ခါရိနှင့် ကာဇ အရအတူတူပင်၊ သုံးဌာန၌ကောက်သော ထမ်းပိုးဟူ၍ ဆုံးဖြတ်တော်မူကြသည်လည်း ရှိ၏။ အချို့ဆရာကြီးများကလည်း ခါရိဟူသည် ပွတ်ခုံ (မီးဆုံ)၊ အပ်၊ ယပ်တောင်စသော ရသေ့အသုံးအဆောင်စုကို ခေါ်သည်ဟု ဆိုတော်မူကြသည်။ ဤဆရာကြီးများ၏အလို ခါရိကာဇအရ “ရသေ့ပရိက္ခရာအမျိုးမျိုး ချိတ်စွပ်ထားသော ထမ်းပိုး”ဟု အဓိပ္ပါယ် ပြန်ဆိုရပေမည်။

     ဆုတောင်းခဏ်းပျို့ဆရာ အရှင်မဟာသီလဝံသ အလိုအားဖြင့် ခါရိဟူသော ပါဠိကို ပြာစစ်ဟု မြန်မာပြန်ဆိုရမည်။ ပြာစစ်ဟူသည်မှာလည်း အိမ်ဗူးပင် ဖြစ်သည်ဟု ပြဆိုလိုသောကြောင့် “ပြာစစ်အိမ်ဗူး”ဟု ပိုဒ်ရေ (၆၆)၌ စပ်ဆိုသည်။ အိမ်ဗူးဟူသည် ယခုကာလ ရေနွေးဗူးများကဲ့သို့ ရေထည့်၍ သောက်သုံးသော ဗူးအုံပင်ဖြစ်သည်။

**********

အဇိနစမ္မ = သစ်နက်ရေ

     “အဇိနစမ္မခေါ်သော ခွါနှင့်တကွသော သားကောင်အရေ”သည်လည်း ရသေ့အသုံးအဆောင် တပါးပင်ဖြစ်၏။ အနည်းငယ် စိစစ်ပြဆိုဦးအံ့..၊

     ဤ အဇိနစမ္မဟူသော ပါဠိကို ရှေးဆရာတော်များက “သစ်နက်ရေ”ဟူ၍ တညီတညွတ်တည်း မြန်မာပြန်ဆိုတော်မူကြ၏။ ဤသို့ ပြန်ဆိုသည့်အတွက် တကောင်လုံး အသွေးအရောင် မည်းနက်သော သစ်ကို “သစ်နက်” ခေါ်သည်ဟု အများပင် ယူမှတ်ကြ၏။ မဂဓအဘိဓာန် ဂါထာအမှတ် (၆၁၁)၌ (သဒ္ဒူလော ဒီပိနီရိတော ဟူ၍) ကျားသစ်ဟောသဒ္ဒါ သဒ္ဒူလ, ဒီပိ နှစ်မျိုးလာ၏။ အဇိနသဒ္ဒါ ကျားသစ်ဟော မလာ။ အမရကောသ အဘိဓာန် (၁၇-ဝဂ်၊ ၄၇-ဂါထာ)၌ အဇိနသဒ္ဒါ သားရေဟောအဖြစ်ဖြင့် စမ္မနှင့် ပရိယာယ်တူ လာသည်။ ဤ အမရကောသအဆိုကို သတိပြုရာ၏။

(ဂု)

     အဋ္ဌသာလိနီ အစရှိသော အဋ္ဌကထာတို့၌ “ပုန္နာဂပုပ္ဖသန္ထရသဒိသံ သခုရံ အဇိနစမ္မံ”ဟူ၍ လာရာဝယ်၊ “ပုန်းညက်ပန်းအခင်း အဆင်းအရောင်နှင့်တူသော ခွါနှင့်တကွသော သစ်နက်ရေ”ဟု မြန်မာပြန်ဆိုကြ၏။ဤစကားရပ်၌- သခုရံ = ခွါနှင့်တကွသောဟု ဆိုထားသဖြင့် သားကောင်၏ အရေဖြစ်ကြောင်း သိရ၏။ ပုန်းညက်ပန်းအခင်းနှင့် တူသည်ဟု ပြဆိုရာ၌ အရောင်အားဖြင့် ပုန်းညက်ပန်းအခင်း၏ အသွေးအရောင်နှင့် တူသည်ဟု ပြဆိုလိုသလော၊ သို့မဟုတ် နူးညံ့သိမ်မွေ့ခြင်းအားဖြင့် တူသည်ဟု ပြဆိုလိုသလောဟု တွေးတောရန်ရှိ၏။ ပုန်းညက်ပန်းသည် အခြားပန်းများထက် ထူးကဲ၍ နူးညံ့သိမ်မွေ့ခြင်း မရှိကြောင်းကို အများသိပြီး ဖြစ်သောကြောင့် နူးညံ့သိမ်မွေ့ပုံချင်း တူသည်ကို ပြဆိုလိုသော ဥပမာမဟုတ်၊ အသွေးအရောင်ချင်း တူသည်ကိုသာ ပြဆိုလိုသော ဥပမာဖြစ်သည်ဟု ယူဆသင့်၏။ ထိုသို့ အသွေးအရောင်ချင်း တူသည်ကို ပြဆိုသော ဥပမာဖြစ်ကလည်း “သစ်နက်”မဟုတ်ကြောင်း သိသာ၏။

     မုံရွေး ဇေတဝန်ဆရာတော်ဘုရားကမူ… “ပုန်းညက်ပန်းအခင်းနှင့် တူသောဟူသော စကားမှာ သစ်နက်ရေ၏ အသွေးအရောင်ကို ပြဆိုသော ဥပမာမဟုတ်၊ ယခုကာလ အများသိနေကြသော သစ်ပြောက်ရေကိုလည်း ရသေ့ရဟန်းများ သုံးအပ်သည်ဟု ပြလိုသောကြောင့် သစ်ပြောက်ကို နှိုင်းခိုင်းဖော်ပြသော ဥပမာဖြစ်သည်”ဟု ပြဆိုတော်မူ၏။

     အဇိနဟူသော ပါဠိကို ရှေးဆရာ့ ဆရာကြီးများက “သစ်နက်”ဟု မြန်မာ ပြန်ဆိုခဲ့ခြင်းကြောင့် မည်းနက်သော အသွေးအရောင်ရှိသော သစ်တမျိုး ရှိသေးသကဲ့သို့ ဖြစ်နေ၏။ မဂဓအဘိဓာန်မှာ အသွေးအရောင် မခွဲပြပဲ သစ်သတ္တဝါဟူသမျှကို ဒီပိဟူ၍၎င်း သဒ္ဒူလဟူ၍၎င်း ခေါ်၏။ အဇိနမှာ စမ္မနှင့် ပရိယာယ်တူ၏၊ အရေဟောပါဠိ ဖြစ်သည်။ ထိုကြောင့် “အဇိနမှိ ဟညတေ ဒီပိ”ဟု ဇနကဇာတက သုဝဏ္ဏသာမ ဇာတကတို့၌ ဟောတော်မူသည်။ ဇနကဇာတကဋ္ဌကထာ၌လည်း “အဇိနမှီတိ စမ္မတ္ထာယ စမ္မကာရဏာ”ဟူ၍ အဇိနကို စမ္မပရိယာယ်ဖြင့် လှယ်၍ ဖွင့်ပြသည်။

     ဗုဒ္ဓဝင်ပါဠိတော်၌လည်း- “ကေသေ မုဉ္စိတွာဟံ တတ္ထ၊ ဝါကစီရဉ္စ စမ္မကံ”ဟူ၍ ရှင်သုမေဓာသည် ဒီပင်္ကရာ ဘုရားရှေ့မှောက် ကျောက်စစ်တံတား ခင်းထားကြည်ဖြူ လှူခါနီးအခါ၌ ဆံပင်ကိုဖြည်ပြီးလျှင် လျှော်တေသင်္ကန်းနှင့် သားရေကို ရွှံ့ဗွက်ပေါ်၌ ဖြန့်ခင်းကြောင်းကို ဟောတော်မူသည်။ ဤပါဠိတော်၌လာသော စမ္မက = (သားရေ)ဟူသည် ဝိသုကြုံနတ်သား ဖန်ဆင်းခဲ့သော အဇိနစမ္မပင် ဖြစ်သည်။

(ဂူ)

     ဆိုအပ်ပြီးသော အကြောင်းအရာတို့ကို ထောက်၍ အဇိနစမ္မဟူသည် (လက်သည်း ခြေသည်းရှိသော ကျားမျိုး သစ်မျိုး ကြောင်မျိုး မဟုတ်) သခုရံ = ခွါနှင့် တကွသောဟူသော ဝိသေသနကို ထောက်၍ ကျွဲ နွား မြင်းများကဲ့သို့ ခွါရှိသော သတ္တဝါ၏ အရေသာ ဖြစ်သည်။ ထိုအရေမှာလည်း အဆင်းအားဖြင့် အဋ္ဌသာလိနီအဋ္ဌကထာ၌ ပြသည့်အတိုင်း ပုန်းညက်ပန်းအခင်း၏ အဆင်းနှင့် တူသည်။ အတွေ့အထိမှာလည်း အလွန်နူးညံ့သိမ်မွေ့လှ၏။ ဤသတ္တဝါမျိုးသည် ဧဏီမည်သော သားကောင်ကဲ့သို့ ဟိမဝန္တာအရပ် ဟိမဝန္တာနှင့် နီးကပ်သော အရပ်များမှာသာရှိသော သားကောင်အထူး ဖြစ်၏။ ဤသားကောင်၏ အရေသည် အဆင်းလှပ နူးညံ့သိမ်မွေ့၍ ရရှိရန် အလွန် ခဲယဉ်းသောကြောင့် လူအပေါင်းတို့သည် ဤအရေကို အမြတ်တနိုး ပြုကြပြီးလျှင် မင်္ဂလာရှိသော အရေဟူ၍ ခေါ်ဝေါ်သမုတ်ကြကုန်၏။

     ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားသောအခါ သုဒ္ဓါဝါသဘုံသား ရဟန္တာဗြဟ္မာကြီးများ၏လက်မှ စတုမဟာရာဇ် နတ်မင်းကြီးလေးပါးတို့က လောက၌ မင်္ဂလာရှိသည်ဟူ၍ သမုတ်အပ်သည့် အတွေ့ကောင်းလှစွာသော ထိုသားကောင်အထူး၏ အရေ (သစ်နက်ရေ)ဖြင့် ခံယူကြကြောင်းကို ဇာတ်အဋ္ဌကထာ နိဒါန်း ဗုဒ္ဓဝင်အဋ္ဌကထာတို့၌- “ဗြဟ္မာနံ ဟတ္ထတော စတ္တာရော မဟာရာဇာနော မင်္ဂလသမ္မတာယ သုခသမ္ဖဿာယ အဇိနပ္ပဝေဏိယာ ဂဏှိံ သု”ဟူ၍ ပြဆိုတော်မူကြသည်။

     ဤ ဆိုအပ်ပြီးသည်ကား “အဇိနစမ္မ”ဟူသော ပါဠိဝယ် ရှေးဆရာမြတ်တို့ “သစ်နက်ရေ”ဟု မြန်မာပြန်ဆိုခြင်းနှင့် စပ်လျဉ်း၍ အဂ္ဂမဟာပဏ္ဍိတ (ဤဗုဒ္ဓဝင်ကျမ်းကြီးကို အစအဦး ပြုစုသူ) ဆရာကြီး ဦးလင်း၏ စိစစ်ဝေဘန်ချက်တည်း။

     “သစ်နက်ရေ”ဟု မြန်မာပြန်ဆိုသော ဆရာတော်မြတ်တို့အနက် အရှင်မဟာသီလဝံသ ဆရာတော်က ဆုတောင်းခဏ်းပျို့ ပိုဒ်ရေ (၈၅)၌- “ပွင့်ကြီးဧးမြက်၊ ပုန်းညက်သဘွယ်၊ ပန်းပြောက်ချယ်သို့၊ သပ္ပါယ်လှစွာ၊ ခြေသည်းမြွာတိ၊ အရာမပျက်၊ သစ်နက်အရေ၊ ဆောင်စနေကို၊ ပြေပြေပြစ်ပြစ်၊ ခေါက်စနစ်လျက်၊ တဘက်ဗယ်တင်၊ ထားပြီးကျင်မှ”ဟု (သခုရံဟူသော ပါဠိအရ ခွါနှင့်တကွဟု အနက်မပြန်ပဲ၊ ခြေသည်းမြွာနှင့် တကွသောဟု အနက်ပြန်၍) သစ်နက်ကိုပင် တိုက်ရိုက် စပ်ဆိုတော်မူသည်။

     မာန်လည် ဆရာတော်ဘုရားကြီးကလည်း မဃဒေဝလင်္ကာ ပဉ္စမပိုင်း တောထွက်ခဏ်း ဒုတိယပိုဒ်၌-

(ဂေ)

တောချောင်ခိုအောင်း၊ သားငှက်ပေါင်းကို၊ ချောင်း၍အစာ၊ ခုပ်သော့ခါလျှင်၊ လက်ျာကျမှ၊ စားကြစရိုး၊ အမျိုးလေ့ကျက်၊ မြဲမပျက်သည့်၊ သစ်နက်ကျင့်နေ၊ ဥပဒေကို၊ သက်သေပြုရှောင်း၊ အကြောင်းတမျဉ်၊ နိမိတ်ယှဉ်၍၊ အစဉ်မပြတ်၊ စွဲမှတ်နှလုံး၊ ကျင့်သုံးဖြစ်စေ၊ နည်းယူထွေဖြင့်၊ သေသေချာချာ၊ ခွါနှင့်တကွ၊ လှပချောပြေ၊ ထိုသားရေကို၊ အခြေမပျက်၊ ပခုံးထက်၌၊ ဆောင်လျက်မမှား၊ တရားမဖည်။ မြဲဆောက်တည်လျက်–

ဟူ၍ သစ်နက်တို့သည် အစာကို ခုပ်ဖမ်းသောအခါ လက်ျာသို့ကျသော အစာကိုသာစား၍၊ လက်ဝဲသို့ကျသော အစာကို မစားသကဲ့သို့၊ ရသေ့ ရဟန်းတို့သည်လည်း လက်ဝဲနှင့်တူသည့် မတရားသဖြင့်ရသော ပစ္စည်းကို မသုံးစွဲပဲ လက်ျာနှင့်တူသည့် တရားသဖြင့်ရသော ပစ္စည်းကိုသာ သုံးဆောင်မည်ဟု အဓိဋ္ဌာန်အားဖြင့် သစ်နက်ရေကို ဆောင်ယူကြကြောင်း စပ်ဆိုတော်မူသည်။

**********

ဇဋာ, ဇဋာမဏ္ဍလ = ဆံကျစ်နှင့် ဆံကျစ်ဝန်း

     ရသေ့တို့နှင့်စပ်၍ ဆံကျစ် ဆံကျစ်ဝန်း နှစ်ပါးကိုလည်း ခွဲခြားမှတ်သားအပ်၏။ မှတ်သားပုံမှာ… ဆံကျစ်ဟူသည် ရသေ့၏ကိုယ်၌ ရှိရင်းစွဲတည်း။ ရသေ့ ပြုလုပ်သောသူသည် မိမိဆံပင်ကို သန့်ရှင်းဖီးလိမ်း ပြင်ဆင်နေရမှု မရှိအောင် ကျစ်လစ်စွာ ခိုင်ခိုင်မြဲမြဲ ထုံးထားရာ၏။ ထိုသို့ ဆံပင်ကို ကျစ်လစ်စွာ ထုံးထား သည်ကိုပင် ဆံကျစ်ခေါ်သည်ဟု မှတ်ယူသင့်၏။

     အဋ္ဌသာလိနီ အဋ္ဌကထာလာ သစ်ရွက်မိုးသော စရပ်အတွင်း ဝိသုကြုံနတ်သား ဖန်ဆင်းအပ်သော အသုံးအဆောင်တို့တွင် ဇဋာမဏ္ဍလခေါ် ဆံကျစ်ဝန်းတခု ပါသဖြင့် ဆံကျစ်၀န်းဟူသည် ရသေ့ကိုယ်မှအလွတ် ဝိသုကြုံနတ်သား ဖန်ဆင်းအပ်သော ပစ္စည်းတခုဖြစ်သည်။ ရှင်သုမေဓာကိုယ်၏ အစိတ်အပိုင်းတခု မဟုတ်ဟု မှတ်ယူသင့်၏။ ရှင်သုမေဓာသည် သစ်ရွက်မိုးသော စရပ်အတွင်းသို့ ရောက်သောအခါ ဆံကျစ်ဝန်းကို ဦးခေါင်း၌စွပ်၍ ဦးသျှောင်နှင့်တကွ မလှုပ်မရှားရအောင် ဆင်စွယ်ဆံထိုးကို သွင်းထိုးထားသည်-ဟူသော စကားကို ထောက်၍လည်း ဇဋာမဏ္ဍလ = ဆံကျစ်ဝန်းသည် ရှင်သုမေဓာ၏ ဦးသျှောင် (ဆံထုံး)မှ သီးခြားဖြစ်ကြောင်း သိသာ၏။ ဤသို့ ဦးသျှောင်ပေါ်မှ အုပ်၍စွပ်ထားရသော ဆံကျစ်ဝန်းကိုပင် ယခုအခါကာလ၌ ထောက်ချာဟု ခေါ်သည်။ (ထောက်ချာ = ဦးသျှောင်ပေါ်မှာ အမှိုက်သရိုက်စသည် မကျရအောင် ထောက်ခံအုပ်ချုပ်ထားသော အသုံးအဆောင်ဟု ဆိုလိုသည်။)

(ဂဲ)

     မုံရွေး ဇေတဝန်ဆရာတော်ကမူ- “သမန္တစက္ခုဒီပနီကျမ်း ပဌမတွဲ၌ ကျစ်လစ်စွာ ထုံးထားသော ဆံပင်ကို ဆံကျစ်ခေါ်သည်ဟု ရှေးဦးစွာ ပြပြီးလျှင်၊ နောက်၌ အကြောင်းအမျိုးမျိုး ထုတ်ဆောင်၍ ထောက်ချာကိုလည်း ဆံကျစ်ခေါ်သည်ဟု ပြဆိုသွားသည်။ (သမန္တစက္ခုဒီပနီကျမ်း၊ ပဌမအုပ်၊ ပုစ္ဆာအမှတ် ၄၈-၌ ကြည့်လေ။)

     ဆုတောင်းခဏ်းပျို့၌လည်း- “ရှင်အရည်းလည်း၊ ပြည်းစည်းမဟုတ်၊ ငုတ်လုတ်ဦးသျှောင်၊ ဆံကျစ်နှောင်၍”ဟု စပ်ဆိုသည်။ အဓိပ္ပါယ်မှာ ရှင်ရသေ့သည် ကတုံးမဟုတ်၊ သျှောင်ငုတ်တုတ်နှင့် ဆံပင်ကိုကျစ်လစ်အောင် ထုံးနှောင်ထားသည် ဟူ၍လည်း ယူနိုင်၏။ ဤသို့ ယူသည်ရှိသော် “ကျစ်လစ်စွာ ထုံးနှောင်ထားသော ဆံပင်ကိုပင် ဆံကျစ်ခေါ်သည်”ဟု အဓိပ္ပါယ်ရ၏။ (တနည်း) ဆံငုတ်တုတ်ကို အပေါ်က ဆံကျစ်ဖြင့် အုပ်၍ နှောင်၍ဟုလည်း ယူနိုင်၏။ ဤသို့ ယူသည်ရှိသော် “ဆံပင်ပေါ်က အုပ်ထားသောအရာ (ထောက်ချာ)ကို ဆံကျစ်ခေါ်သည်”ဟု အဓိပ္ပါယ်ရောက်သွား၏။ ၎င်းပျို့ တနေရာ၌လည်း “ပြုပြင်ဦးရစ်၊ ဆံကျစ်လည်းစွပ်၊ သျှောင်ကျင်တပ်၍”ဟု စပ်ဆိုပြန်သည်။ ဆံပင်ပေါ်က အုပ်ထားသောအရာကိုပင် ဆံကျစ်ခေါ် သည်ဟု အဓိပ္ပါယ်ထွက်သည်။

     စတုဓမ္မသာရခေါ် (ကိုးခဏ်း)ပျို့၌- “ပြေပြေပြစ်ပြစ်၊ ဆံကျစ်ဦးသျှောင်၊ လှအောင်ပတ်လုံး”ဟူ၍ စပ်ဆိုထားသဖြင့် ထို (ကိုးခဏ်း)ပျို့ဆရာ ရှင်မဟာရဋ္ဌသာရ၏ အလိုအားဖြင့် “ကောင်းမွန်စွာ လှပအောင် ထုံးထားသော ဦးသျှောင်ကိုပင် ဆံကျစ်ခေါ်သည်”ဟု အဓိပ္ပါယ်တမျိုးတည်း ရှင်းလျက်ထွက်သည်။

     မဂဓအဘိဓာန်ကျမ်း ဂါထာအမှတ် (၂၅၇)၌- “တာပသာနံ တဟိံ ဇဋာ”ဟူ၍ ဇဋာသဒ္ဒါသည် ရသေ့တို့၏ ဆံပင်အပေါင်း (ဆံစည်း)ကို ဟောကြောင်း ပြဆိုထားသည့်ပြင်၊ ဂါထာအမှတ် (၉၄၈)၌- “ဝေဏွာဒိ သာခါဇာလသ္မိံ ၊ လဂ္ဂကေသေ ဇဋာလယေ”ဟူ၍ ဇဋာသဒ္ဒါသည် ရှုပ်ထွေးရစ်လိမ်နေသော ဝါးရုံစသော အနက်၊ ရသေ့တို့၏ ရှုပ်ထွေးနေသော ဆံပင်ဟူသော အနက်၊ တဏှာဟူသော အနက် ဤသုံးနက်တို့၌ ဖြစ်ကြောင်းကို ပြဆိုထားသဖြင့် မဂဓအဘိဓာန် (အဘိဓာနပ္ပဒီပိကာ)ကျမ်းအလို “ရှုပ်ထွေး ထုံးနှောင်ထားသော ဆံပင်ကို ဇဋာဟုခေါ်ကြောင်း” ထင်ရှားသည်။ ဇဋာဟူသော ပါဠိကိုပင် ဆံကျစ်ဟူ၍ မြန်မာပြန်ထားခြင်း ဖြစ်သည်။

     အဋ္ဌသာလိနီ အဋ္ဌကထာ၌ ဝိသုကြုံနတ်သား ဖန်ဆင်းသော အသုံးအဆောင်တို့ကို ပြဆိုရာဝယ် ဇဋာ = (ဆံကျစ်)ကို ဖန်ဆင်းသည်ဟု ပြဆိုချက် မပါမရှိ။ ဇဋာမဏ္ဍလ = (ဆံကျစ်ဝန်း)ကို ဖန်ဆင်းသည်ဟုသာ ပြဆိုသည်။ သို့ဖြစ်၍

(ဂေါ)

ဇဋာ = (ဆံကျစ်)သည် ရသေ့၏ ကိုယ်အင်္ဂါအစိတ်အပိုင်း ဆံပင် (သို့မဟုတ် ဦးသျှောင်)ဖြစ်ကြောင်း သိသာသည်။

     ဗုဒ္ဓဝင် ပါဠိတော်၌လည်း သုမေဓာ ရှင်ရသေ့သည် ဒီပင်္ကရာ မြတ်စွာဘုရား ရှေ့တော်တွင် ဆံပင်ကို ဖြည်ဖြန့်ကြောင်း “ကေသေ မုဉ္စိတွာဟံ တတ္ထ”ဟု ဘုရား ဟောတော်မူသည်။ “ဆံပင်တို့ကို ဖြည်လိုက်သည်”ဆိုသော စကားဖြင့် “ကျစ်လစ်စွာ ထုံးထားသော ဆံကျစ်ကို ဖျက်လိုက်သည်”ဟူသော အဓိပ္ပါယ်ကို ပြသည်။

     ထို့ပြင်၊ ၊ဝီသတိနိပါတ် မာတင်္ဂဇာတ် ပါဠိတော်လာ၊ ၊ဇဋာ စ ကေသာ အဇိနာ နိဝတ္ထာ၊ ၊ဟူသော စကားရပ်၌၊ ၊ဇဋာ စ ကေသာတိ တာတ မဏ္ဍဗျ တဝ ဒက္ခိဏေယျသု ဧကစ္စာနံ ကေသာ ဇဋာ ကတွာန ဗဒ္ဓါ။ အဇိနာ နိဝတ္ထာတိ သခုရာနိ စမ္မာနိ နိဝတ္ထာ၊ ၊ဟူ၍ အဋ္ဌကထာ၌ ဖွင့်ပြသည်။ ။(ဇဋာ စ ကေသာတိ၊ ဇဋာ စ ကေသာ ဟူသည်ကား။ တာတ မဏ္ဍဗျ၊ ချစ်သား မဏ္ဍဗျ...။ တဝ၊ သင်ချစ်သား၏။ ဒက္ခိဏေယျေသု၊ အလှူခံပုဂ္ဂိုလ်တို့တွင်။ ဧကစ္စာနံ၊ အချို့သော ပုဂ္ဂိုလ်တို့၏။ ကေသာ၊ ဆံပင်တို့ကို။ ဇဋာ ကတွာ၊ ဆံကျစ်ပြု၍။ ဗဒ္ဓါ၊ နှောင်ဖွဲ့အပ် (ထုံးအပ်)ကုန်၏) ဟု အဋ္ဌကထာ၌ အနက်သမ္ဗန်ရမည်။ ဆံပင်တို့ကိုပင် ကျစ်လစ်စွာ ဖွဲ့နှောင် ထုံးအပ်ကုန်သည်ဟု ဆိုသဖြင့် ကျစ်လစ်စွာ ဖွဲ့ထုံးအပ်သော ဆံပင်ကိုပင် ဆံကျစ်ခေါ်သည်ဟု အဓိပ္ပါယ်ထွက်သည်။

     သို့ဖြစ်၍ “ကျစ်လစ်စွာ ထုံးထားသော ဆံပင်ကိုပင် ဆံကျစ်ဟူ၍ ခေါ်ကြောင်း ဖော်ပြရာပါ ပါဠိ အဋ္ဌကထာ မဂဓအဘိဓာန်တို့ကို ထောက်၍ ယုံမှားမရှိ မှတ်ယူရာ၏။

ထိုမှတပါးလည်း- စတုဓမ္မသာရ (ကိုးခဏ်း)ပျို့ ပိုဒ်ရေ (၁၈)မှာ-

“အဋ္ဌင်္ဂီမဂ်၊ ထီးလှိုင်ငှက်အား၊ စိတ်စုံပြားဝယ်၊ နားလတ်သောခါ၊ ထောင်လိုငှါဖြင့်၊ မဟာဇဋ၊ ကျော့ကွင်းပြ၍၊ တောဝနေလေ့၊ ကျင့်သိမ်မွေ့သား၊ ရသေ့ပရိက္ခရာ၊ ထက်ကြပ်ပါလျက်”.. စသည်ဖြင့်၎င်း၊

မဃဒေဝလင်္ကာသစ်၊ ပဉ္စမပိုင်း တောထွက်ခဏ်း၊ ဒုတိယပိုဒ်၌-

“ကေသမဿုံ ဩဟာရေတွာ၊ ကျမ်းလာပါဠိ၊ မိန့်ခွန်းယှိတိုင်း၊ ဣသိတာပသ်၊ ပြုတုံလတ်သား၊ သူမြတ်တကာ၊ ရှေးဦးစွာ၌၊ ကေသာမဿု၊ လူ့အသွင်ပြင်၊ ဆံပင်မုစ္ဆိတ်၊ ဖြတ်ရိတ်ပယ်ပြီး၊ တသီးနောက်မှ၊ ပေါက်သမျှကို၊ မချလုံးလုံး၊ ဆံကျစ်ထုံး၍၊ သက်ဆုံးတိုင်အောင်၊

(ဂေါ်)

ထားကြဆောင်၏…။ ဆောင်သည်စင်စစ်၊ ထိုဆံကျစ်လည်း၊ ပျံရစ်မိုးထက်၊ ကောင်းကင်ငှက်ကို၊ ဆက်ဆက်ဖမ်းငှါ၊ မှန်စွာမချွတ်၊ ကျော့ကွင်းညွတ်ဖြင့်၊ မလွတ်ရဘွယ်၊ ထောင်သော့နှယ်သို့၊ ထိပ်လယ်ဦးဖျား အတွင်းထား၍၊ ရှစ်ပါးအင်ညီ၊ အဋ္ဌင်္ဂီမဂ်၊ တရားငှက်ကို၊ ဆက်ဆက်ရအောင်၊ ဖြားကြထောင်၏”-

ဟူ၍၎င်း စပ်ဆိုအပ်လေသည်။

     ဤ ပျို့ လင်္ကာတို့ကို ထောက်၍လည်း “ဆံကျစ်”မှာ ဆံထုံးဖြစ်ကြောင်း သိသာလှပေ၏။ ဤပျို့လင်္ကာများဖြင့် ဆံကျစ်မှာ ရိုးရိုးဆံထုံးမဟုတ်၊ ကျော့ကွင်းကဲ့သို့ ဆံမြိတ်ကွင်းဖော်၍ ထုံးထားသော ဆံထုံးဖြစ်ကြောင်းကို ပြဆို၏။ ဤပျို့လင်္ကာများ၌ အဓိပ္ပါယ်မှာ.. လောက၌ ထီးလှိုင်ငှက် (ငှက်ဆင်) မိုးပျံငှက်ကို ဖမ်းယူရန် ကွင်းထောင်သကဲ့သို့၊ ရသေ့များမှာလည်း အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တည်းဟူသော ထီးလှိုင်ငှက် (ငှက်ဆင်) မိုးပျံငှက်ကို စိတ်တည်းဟူသော တောထဲ၌ ဖြစ်လာ နားလာလျှင် မလွတ်တမ်း ဖမ်းယူဘို့ရန် ကျော့ကွင်းအသွင် ဆံပင်ကို ထုံးဖွဲ့ထားသည်။ ထိုသို့ ဆံမြိတ်ကွင်းဖြင့် ဖွဲ့ထုံးထားသော ဆံထုံးကိုပင် ဆံကျစ်ခေါ်သည်ဟု ဆိုလိုသည်။

ဆံကျစ်နှင့်စပ်၍ မှတ်ဖွယ် ပြီး၏။

**********

ရသေ့ ရှစ်မျိုး

     ရသေ့ဟူသော အမည်သည် မဂဓဘာသာအားဖြင့် (ဣသိ)၊ သက္ကဋဘာသာအားဖြင့် (ရိသိ)မှ ဆင်းသက်လာသော အမည်ဖြစ်သည်၊ သီလက္ခန္ဓ အစရှိသော ဂုဏ်ကျေးဇူးကို ဆည်းပူးရှာမှီးတတ်သော ပုဂ္ဂိုလ်သူမြတ်ဟု ဆိုလိုသည်။ (ရိသိ)ဟူသော သက္ကဋဘာသာမှ (ရိ)ကို (ရ)- (သိ)၌ ဣကို ဧပြု၍ အောက်မြစ်သံဖြင့် (သေ့) ဖြစ်လာသည်၊ နှစ်ရပ်ပေါင်း၍ (ရသေ့)ဟူသော မြန်မာဝေါဟာရ ဖြစ်လာသည်။ ထို့ကြောင့်- မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ (၄၂၁) ၌-

“ဣသိ ရိသိ၊ ပါဠိ သက္ကဋ၊ ဘာသာပြသား၊ နှစ်ပါးအလို၊ ထိုဝေါဟာရ၊ ခေါ်ကြတုံဘိ၊ ပါဌ်အယှိတွင်၊ ပါဠိအမှတ်၊ ဣသဓာတ်ဖြင့်၊ ကျင့်မြတ်မွေ့ညက်၊ တည်ငြိမ်သက်သား၊ သီလက္ခန္ဓ၊ စသည်အထူး၊ ဂုဏ်ကျေးဇူးကို၊ ဆည်းပူးမပြတ်၊ ရှာမှီးတတ်ဟု၊ သကတ် ပဝတ္တ၊ အနက်ရလျက်...။ သက္ကဋဘာသာ၊ သညာမည်ယှိ၊ ထိုရိသိ၌၊ ရိကို ရရေး၊ ဣ ဧ အောက်မြစ်၊ ဝေါဟာသစ်ဖြင့်၊ မြန်ခေတ်ဗိုလ်လူ၊ ရသေ့ဟူသည်၊ သူတော်သူမွန်၊ သီလဝန်တို့”–

ဟူ၍ စပ်ဆိုသည်။

(ဂံ)

     ထိုရသေ့ဟူသော အမည်သည် (သာသနာတွင်းသားတို့၏ အမည်မဟုတ်) သာသနာပြင်ပ ပုဂ္ဂိုလ်များ၏ အမည်ဖြစ်၏။ ထိုသို့ပင် ဖြစ်သော်လည်း သူ့ခေတ်အလျောက် မြင့်မြတ်သော ပုဂ္ဂိုလ်များဟူ၍ မှတ်ယူအပ်၏။

     ထိုရသေ့ အမျိုးအပြားကို သီလက္ခန်အဋ္ဌကထာ၊ အမ္ဗဋ္ဌသုတ်အဖွင့်၌-

၁။ သပုတ္တဘရိယ ရသေ့၊

၂။ ဥဉ္ဆာစရိယ ရသေ့၊

၃။ အနဂ္ဂိပက္ကိက ရသေ့၊

၄။ အသာမပါက ရသေ့၊

၅။ အယမုဋ္ဌိက ရသေ့၊ (အသ္မမုဋ္ဌိက ရသေ့)

၆။ ဒန္တဝက္ကလိက ရသေ့၊

၇။ ပဝတ္တဖလဘောဇန ရသေ့၊

၈။ ပဏ္ဍုပလာသိက ရသေ့-

ဟူ၍ (၈)မျိုး အပြားရှိကြောင်း ဖော်ပြသည်။ ထိုရှစ်မျိုးတို့တွင်-

     ၁။ စည်းစိမ်ဥစ္စာ စုဆောင်းကာ သားနှင့် မယားနှင့်နေသော ရသေ့မျိုးသည် သပုတ္တဘရိယရသေ့ မည်၏။ (ဘုရားလက်ထက်တော်အခါက ကေဏိယ ရသေ့ကဲ့သို့သော ရသေ့မျိုးတည်း၊ ထိုကေဏိယ ရသေ့ကား အင်္ဂုတ္တရာပတိုင်း အာပဏနိဂုံးအရပ်၌ မင်းအား တံစိုးလက်ဆောင်ပေးပြီးလျှင် မြေကောင်းရာအရပ်၌ သင်္ခမ်းကျောင်း ဆောက်လုပ်နေသည်။ စီးပွါးရေးသမား ဖြစ်သည့်အတိုင်း ၎င်းကိုမှီ၍ အိမ်ခြေတထောင် တည်နေရ၏။ ထိုကေဏိယ ရသေ့သည် ဗြာဟ္မဏမဟာသာလ = များသော ဥစ္စာနှစ်ရှိသော ပုဏ္ဏားမျိုးမှ ဥစ္စာကို စောင့်ရှောက်ရန်အတွက်သာ ရသေ့ပြုလုပ်သောသူ ဖြစ်သည်။ နေ့အခါ၌ ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ရုံပြီးလျှင် ဆံကျစ်ထုံးဖွဲ့၍ တကယ့်ရသေ့ သူတော်ကောင်းအယောင်ဖြင့် နေ၍၊ ညဉ့်တိုင် ရောက်လျှင် အာရုံငါးပါး ကာမဂုဏ်တရား သားမယားတို့ဖြင့် ပျော်မွေ့နေသူ ဖြစ်သတတ်။)

     ၂။ ဥစ္စာပစ္စည်းကိုလည်း မစုဆောင်း၊ သားမယားလည်း မယူပဲ ကောက်ပဲရိတ်ရာ နယ်ရာအရပ်တို့၌ ဒကာများထံ ချဉ်းကပ်၍ ကောက်ပဲသီးနှံတို့ကို အလှူခံပြီးလျှင် ရသမျှစုရုံး၍ ကိုယ်တိုင် ချက်ပြုတ် စားသောက်သော ရသေ့သည် ဥဉ္ဆာစရိယရသေ့ မည်၏။ (ဥဉ္ဆာ = ကောက်နယ်တလင်းတို့၌ ကောက်ပဲတို့ကို ရှာဖွေခြင်း၊ စရိယ = အသက်မွေးကြောင်း အကျင့်ရှိသူ။)

(ဂါး)

     ၃။ “တလင်းတခုမှ တလင်းတခုသို့ လှည့်လည်၍ ကောက်စပါးကို အလှူခံ စုဆောင်းပြီး ထုထောင်းချက်ပြုတ်၍ စားရန်မသင့်”ဟု အကြံပြုပြီးလျှင် ရွာတွင်း နိဂုံးတွင်း၌ ဆွမ်းဆန်စိမ်း ခံယူပြီးလျှင် ချက်ပြုတ်စားသောက်သော ရသေ့သည် အနဂ္ဂိပက္ကိက ရသေ့မည်၏။ (အနဂ္ဂိပက္ကိက = မီးဖြင့် မချက်ရသေးသည့် ဆွမ်းဆန်စိမ်းဖြင့် အသက်မွေးသောရသေ့။)

(၂- ဥဉ္ဆာစရိယရသေ့မှာ တလင်းထဲသွား၍ အခွံမချွတ်ရသေးသည့် စပါး ပဲတို့ကို အလှူခံသည်။ ၃- အနဂ္ဂိပက္ကိက ရသေ့မှာ မြို့ရွာအတွင်း အိမ်စဉ်လျှောက်၍ ဆန်ဖြစ်ပြီးသည်ကို အလှူခံသည်။)

     ၄။ “ရှင်ရသေ့ဖြစ်လျက် ကိုယ်တိုင်ချက်ခြင်းဖြင့် အလျဉ်းပင် မလျော်”ဟု ကြံစည်ပြီးလျှင် ရွာတွင်းသို့ဝင်၍ ကျက်ပြီးဆွမ်းကိုသာ ခံယူသုံးဆောင်သော ရသေ့သည် အသာမပါက ရသေ့မည်၏။ (အသာမပါက = ကိုယ်တိုင်မချက်ပဲ ကျက်ပြီးဆွမ်းကိုသာ ခံယူ အသက်မွေးသောသူ။)

     ၅။ “ရှင်ရသေ့ဖြစ်သူအား နေ့စဉ် ဆွမ်းခံရခြင်းသည် ဆင်းရဲ၏”ဟု အောက်မေ့၍ တူ ကျောက်ခဲဖြင့် စားသောက်ကောင်းသည့် (ဝှေးပင်အစရှိသော) သစ်ပင်တို့၏ အခွံကိုခွါ၍ စားသောက်သော ရသေ့သည် အယမုဋ္ဌိက ရသေ့မည်၏။ (အသ္မမုဋ္ဌိကဟူ၍လည်း ရှိ၏။) (အယ = သံကဲ့သို့ ကြမ်းထမ်းသော၊ မုဋ္ဌိက = လက်ဆုပ်ခန့်ရှိသော ကျောက်ဖြင့် သစ်ခွံတို့ကို ထုခွဲစားသောက်သူ)

     ၆။ “ကျောက်ဖြင့် သစ်ခွံကို ထုခွဲ၍ လှည့်လည်ရခြင်းသည် ဆင်းရဲ၏”ဟု အောက်မေ့၍ ကျောက်ခဲ တူတို့ကို မဆောင်တော့ပဲ မိမိသွားတို့ဖြင့်သာ ကိုက်ခွါ၍စားသော ရသေ့သည် ဒန္တဝက္ကလိက ရသေ့မည်၏။ (ဒန္တ= သွားတို့ဖြင့်သာ၊ ဝက္ကလိက= သစ်ခွံ သစ်ခေါက်တို့ကိုခွဲ၍ စားသောက် မျှတသောသူ။)

     ၇။ “သွားတို့ဖြင့် ကိုက်ခွါ၍ စားရခြင်းသည် ရှင်ရသေ့အား ဆင်းရဲလှ၏”ဟု အောက်မေ့၍ ခဲ တုတ် စသည်တို့ဖြင့် ပစ်ခတ်၍ ကြွေကျသော အသီးကိုသာ သုံးဆောင်သော ရသေ့သည် ပဝတ္တဖလဘောဇန ရသေ့မည်၏။ (ပဝတ္တ = ခဲ တုတ်တို့ဖြင့် ပစ်ချ၍ ကြွေကျသော၊ ဖလ = သစ်သီးကိုသာ၊ ဘောဇန = စားလေ့ရှိသောသူ။)

     ၈။ ခဲ တုတ်တို့ဖြင့် မပစ်မခတ်ပဲ အလိုလိုကြွေကျသော အပွင့် အသီး အရွက်တို့ကိုသာ စား၍ မျှတသော ရသေ့သည် ပဏ္ဍုပလာသိက ရသေ့မည်၏။ (ပဏ္ဍုပလာသ = ရင့်ရော်သော အရွက် အပွင့် အသီးတို့ဖြင့်၊ ဣက = မျှတ အသက်မွေးသောသူ။)

(ဃ)

     ဤပဏ္ဍုပလာသိက ရသေ့ကား.. (၁) ထိုင်နေရာမှ မထပဲ လက်လှမ်းမှီရာ၌ ကြွေကျသော အရွက် အပွင့် အသီးတို့ကိုသာ စားသုံးလျှင် ဥက္ကဌ်ပဏ္ဍုပလာသိက။ (၂) အခြား သစ်တပင်သို့ မပြောင်းတော့ပဲ သစ်ပင်တပင်မှ အလိုလိုကြွေကျသော အရွက် အပွင့် အသီးတို့ကိုသာ စားသုံးလျှင် မဇ္ဈုံပဏ္ဍုပလာသိက။ (၃) ထိုထိုသစ်ပင်အောက်သို့ သွားရောက်ရှာဖွေ အလိုလိုကြွေကျသော အရွက် အပွင့် အသီးတို့ကို စားသုံးလျှင် မုဒုံပဏ္ဍုပလာသိက။ ဤကဲ့သို့ သုံးမျိုး ပြားပြန်သည်။

     ဤကား သီလက္ခန်အဋ္ဌကထာ အမ္ဗဋ္ဌသုတ်အဖွင့်၌လာသော ရသေ့ရှစ်မျိုးတည်း။

     သုတ္တနိပါတ်အဋ္ဌကထာ ဟိရိသုတ်အဖွင့်၌လာသော ရသေ့ရှစ်မျိုးကား-

၁။ သပုတ္တဘရိယ ရသေ့၊

၂။ ဥဉ္ဆာစာရိက ရသေ့၊

၃။ သမ္ပတ္တကာလိက ရသေ့၊

၄။ အနဂ္ဂိပက္ကိက ရသေ့၊

၅။ အယမုဋ္ဌိက ရသေ့၊

၆။ ဒန္တလူယျက ရသေ့၊

၇။ ပဝတ္တဖလိက ရသေ့၊

၈။ ဝဏုမုတ္တိက ရသေ့-

ဟူ၍ ရှစ်မျိုးဖြစ်သည်။ ထိုတွင်-

     ၁။ သားမယားနှင့်တကွ ရှင်ရသေ့ပြု၍ လယ်ထွန်ခြင်း ကုန်သွယ်ခြင်း စသည်တို့ဖြင့် အသက်မွေးကြသော ကေဏိယရသေ့စသော သူတို့သည် သပုတ္တဘရိယရသေ့ မည်ကြ၏။

     ၂။ မြို့တံခါးဝမှာ နေစရာကျောင်း ဆောက်လုပ်ပြီးလျှင် မင်း ပုဏ္ဏားတို့၏ သားငယ်စသည်များကို အတတ်ပညာ သင်ပေး၍ ရွှေငွေကိုကား မခံယူပဲ နှမ်း ဆန်စသည့် သူတော်ကောင်းတို့အား အပ်စပ်သည့် ပစ္စည်းကိုသာ ခံယူသုံးဆောင်သော ရသေ့သည် ဥဉ္ဆာစာရိက ရသေ့မည်၏။

     ၃။ အစာစားချိန်၌ ရောက်ဆိုက်လာသော အစာအာဟာရကို ခံယူ သုံးဆောင် မျှတသော ရသေ့သည် သမ္ပတ္တကာလိက ရသေ့မည်၏။

(ဃာ)

     ၄။ မီးဖြင့် မချက်အပ်သည့် အရွက် အသီးတို့ကို စား၍ မျှတသော ရသေ့သည် အနဂ္ဂိပက္ကိက ရသေ့မည်၏။

     ၅။ တူ ကျောက်ခဲ (သို့မဟုတ်) ပဲခွပ် ဒါး စသည်ကို ကိုင်ဆောင် လှည့်လည်၍ ဆာလောင်သောအခါမှ မိမိရောက်ရာ သစ်ပင်၏ အခေါက်ကို ခွါ၍ စားပြီးလျှင် ဥပုသ်ဆောက်တည်၍ ဗြဟ္မစိုရ်တရား လေးပါးတို့ကိုပွားသော ရသေ့သည် အယမုဋ္ဌိက ရသေ့မည်၏။

     ၆။ တူ ကျောက်ခဲ စသည်တို့ကို မကိုင်ဆောင်ပဲ လှည့်လည်၍ ဆာလောင်သောအခါ ရောက်ရာသစ်ပင်မှ သွားဖြင့် ကိုက်ခွါ၍ အခေါက်ကို စားပြီးလျှင် ဥပုသ်ဆောက်တည်၍ ဗြဟ္မစိုရ်တရား လေးပါးတို့ကိုပွားသော ရသေ့သည် ဒန္တလူယျက ရသေ့မည်၏။

     ၇။ အလိုလိုဖြစ်သော ရေအိုင် (သို့မဟုတ်) တောအုပ်ကို မှီ၍ နေပြီးလျှင် (ရေအိုင်၌ နေသူဖြစ်က) ထိုရေအိုင်ထဲမှ ကြားရိုး ကြာစွယ် စသည်ကို၎င်း၊ (တောအုပ်၌ နေသူဖြစ်က) ထိုတောအုပ်ထဲမှ အပွင့်ချိန်၌ အပွင့်ကို၊ အသီးချိန်၌ အသီးကိုသော်၎င်း ယူစား၍ (အပွင့်အသီးမှ မရှိခဲ့သော် အာဟာရအတွက် အရပ်တပါးသို့ မသွားပဲ) အယုတ်သဖြင့် သစ်ပင်၏အပွေးကိုပင် စား၍ ဥပုသ်ဆောက်တည်ပြီးလျှင် ဗြဟ္မစိုရ်တရား လေးပါးတို့ကိုပွါးသော ရသေ့သည် ပဝတ္တဖလိက ရသေ့မည်၏။

     ၈။ အညှာမှလွတ်ကာ မြေပြင်မှာ ကြွေကျနေသော သစ်ရွက်တို့ကိုသာ စားပြီးလျှင် ဥပုသ်စောင့်သုံးခြင်း ဗြဟ္မစိုရ်တရား ပွါးများခြင်း ကောင်းမှုပြုသော ရသေ့သည် ဝဏုမုတ္တိက ရသေ့မည်၏။

     ထိုရသေ့ရှစ်မျိုးတို့တွင် ရှေးရှေးရသေ့တို့ထက် နောက်နောက်ရသေ့တို့က အကျင့် မြင့်မြတ်ကြကုန်၏။

     ပြဆိုခဲ့ပြီးသည့်အတိုင်း သီလက္ခန်အဋ္ဌကထာ သုတ္တနိပါတ် အဋ္ဌကထာတို့၌လာသော ရသေ့ရှစ်မျိုးစီတို့တွင် (ကေဏိယရသေ့တို့ကဲ့သို့သော) သပုတ္တဘရိယ ရသေ့ကိုထား၍ ကျန်သော ရသေ့ခုနစ်မျိုးစီတို့သည် မိမိစွမ်းနိုင်သမျှ ဥပုသ်ဆောက်တည်ကာ ဗြဟ္မစိုရ်တရား ပွါးများသော ပုဂ္ဂိုလ်တို့ဖြစ်သဖြင့် သူတော်ကောင်းများသာ ဖြစ်ကြ၏။ ထို့ကြောင့် (ဣသိ)ဟူ၍၎င်း (တာပသ)ဟူ၍၎င်း ခေါ်ဝေါ်အပ်သည်။ (ဣသိ)မှာ... ဂုဏ်ကျေးဇူးကို ရှာမှီးသောသူဟု အဓိပ္ပါယ်ရှိ၍ (တာပသ)မှာ… အကျင့်တရား အားထုတ်သောသူဟု အဓိပ္ပါယ်ရှိသည်။

(ဃိ)

     သုမေဓာရှင်ရသေ့မှာ သီလက္ခန်အဋ္ဌကထာလာ ရသေ့ရှစ်မျိုးတို့တွင် စတုတ္ထမြောက် အသာမပါကရသေ့ တရက်မျှ ဖြစ်ပြီးလျှင် နောက်ရက်များ၌ ရှစ်ခုမြောက် ပဏ္ဍုပလာသိက ရသေ့သူမြတ် ဖြစ်၏။ သုတ္တနိပါတ် အဋ္ဌကထာလာ ရသေ့ရှစ်မျိုးတွင်ကား ရှစ်ခုမြောက် ဝဏုမုတ္တိက ရသေ့မျိုးမှာ ပါဝင်သင့်၏။

     ရသေ့ကို (ပါဠိလို) ဇဋိလ = ဆံကျစ်ရှိသောသူ၊ ဇဋာဓရ = ဆံကျစ်ကို ဆောင်သောသူ ဟူ၍လည်း ခေါ်၏။ ဆံကျစ်ရှိခြင်း ဆံကျစ်ကိုဆောင်ခြင်းမှာ မည်သူမဆို သူတော်ကောင်းဖြစ်စေ သူယုတ်မာဖြစ်စေ ပြုလုပ်၍ ဖြစ်နိုင်၏။ ဤသို့ သူတော်ကောင်းဟူသော အနက်တွင်မက၊ သူယုတ်မာများပါ ဇဋိလ ဇဋာဓရ မည်နိုင်သည့်အတွက် မဂဓအဘိဓာန်ကျမ်း ဂါထာအမှတ် (၄၄၀)၌ ဇဋိလနှင့် ဇဋာဓရဟူသော နှစ်ပုဒ်ကို အစေလက = တက္ကတွန်း ပရိယာယ်ပုဒ်တို့နှင့် တဆက်တည်း ဖော်ပြထားသည်။ ။ဣသိနှင့် တာပသ နှစ်ပုဒ်ကိုကား... မဂဓအဘိဓာန်ကျမ်း ဂါထာအမှတ် (၄၃၃)၌ ရဟန်းဟော ပရိယာယ်ပုဒ်များနှင့် တဆက်တည်း ဖော်ပြထားသည်။

ရှင်သုံးမျိုး

     ပဗ္ဗဇ္ဇာဟူသော ပါဠိစကားကို “ရှင်ပြုခြင်း”ဟူ၍ ရှေးဆရာတို့ မြန်မာ ပြန်ဆိုတော်မူခဲ့ကြသည်။ ဝတ်ကြောင်ဝတ်သော လူအဖြစ်ကို ရှောင်ခွါခြင်းဟု ဆိုလိုသည်။ ထိုရှင်ပြုခြင်းမှာ…

     (၁) ဣသိပဗ္ဗဇ္ဇာ = ရှင်ရသေ့ပြုခြင်း၊ (၂)သမဏပဗ္ဗဇ္ဇာ = ရှင်ရဟန်းပြုခြင်း၊ (၃) သာမဏေရပဗ္ဗဇ္ဇာ = ရှင်သာမဏေပြုခြင်းဟူ၍ သုံးမျိုး ပြားပြန်သည်။ ဤသို့ ရှင်ပြုပုံ သုံးမျိုးပြားသည့်အတိုင်း ရှင်ရသေ့ ရှင်ရဟန်း ရှင်သာမဏေဟူ၍ ပဗ္ဗဇိတသဒ္ဒါ၏အနက် (ရှင်)သုံးမျိုး ပြားလာသည်။

**********

စာမျက်နှာ (၅၃)

သစ်ရွက်မိုးကျောင်း၏ အပြစ်ရှစ်ပါး

     ၁၊ သစ်သား အဆောက်အဦတို့ကို လုံ့လကြီးစွာ စုဆောင်းရှာမှီး ပြုလုပ်ရခြင်း၊

     ၂။ မြက်အမိုး သစ်ရွက်အမိုး နံရံမြေစိုင်တို့ ဆွေးမြည့်ပျက်စီး လျှောကျသည်ရှိသော် တဖန်ပြန်လည် တည်ဆောက်ခြင်းဖြင့် အမြဲမပြတ် စောင့်ရှောက် သုဓ်သင် ပြင်ဆင်ရခြင်း၊

(ဃီ)

     ၃။ ကျောင်းဟူသည် သိက္ခာကြီးသော ပုဂ္ဂိုလ်အား ရောက်သည်ဖြစ်ရကား သိက္ခာကြီးသော ပုဂ္ဂိုလ်တပါး ရောက်ရှိလာလျှင် အခါမရွေး ဖယ်ရှား၍ ပေးနေရသဖြင့် သမာဓိမရနိုင်ခြင်း၊

     ၄။ အချမ်းအပူကို ပယ်ဖျောက်သဖြင့် ကျောင်းနေပုဂ္ဂိုလ်၏ မိမိကိုယ်ကို နူးညံ့သိမ်မွေ့အောင် ပြုလုပ်နေရာရောက်ခြင်း၊

     ၅။ အမိုးအကာရှိသော ကျောင်းအိမ်တွင်းသို့ ဝင်နေသူသည် တစုံတခု မကောင်းမှုကို ပြုလုပ်နိုင်သည်ဖြစ်ရကား ကဲ့ရဲ့ဘွယ်မကောင်းမှုကို ဖုံးကွယ်ပေးသကဲ့သို့ ဖြစ်ခြင်း၊

     ၆။ ငါ့ကျောင်းဟူ၍ တဏှာဖြင့် စွဲယူခြင်း၏ အကြောင်းတခုဖြစ်ခြင်း၊

     ၇။ ကျောင်းရှိ၍နေခြင်းသည် အဖော်(မယား)ရှိ၍ နေသည်နှင့်တူခြင်း၊

     ၈။ သန်း ကြမ်းပိုး အိမ်မြောင် စသည်တို့နှင့် ဆက်ဆံ၍နေခြင်း၊

     ဤကား သစ်ရွက်မိုးကျောင်း၌ အလောင်းတော် သုမေဓာ ဆင်ခြင်သိမြင်သော အပြစ်ရှစ်ပါးတို့တည်း။ ထိုကြောင့် ဆုတောင်းခဏ်းပျို့ ပိုဒ်ရေ (၉၅)၌-

ထိုပြီ့တခါ၊ ဤကျောင်းသာကား၊ ရှာရှာမှီးမှီး၊ လုပ်ကြီးကြံမ၊ ကြောင့်ကြပန်းရှူ၊ ကုန်အောင်မူလျက်၊ ဆောက်ဦလုံးပေါင်း၊ ပြုရရှောင်းခဲ့… (၁)။

အဟောင်းရိပွပ်၊ အမိုးယပ်နှင့်၊ ကြမ်းကွပ်သက်ငယ်၊ နှီးနွယ်ဆွေးရွေ့၊ ကြမ်းထေးမခိုင်၊ နံရံယိုင်လည်း၊ ညွန်စိုင်မြေနီ၊ ထမ်းပိုးချီလျက်၊ တသီတခါ၊ စူဖာကုတ်သဲ၊ ဩော်လဲပင်ပန်း၊ ပြုရလွန်းခဲ့... (၂)၊

လမ်းသန်းလမ်းကူး၊ သွားကြိုက်မူးသည်၊ ရပ်ကျူးမြေခြား၊ တိုင်းတပါးမှ၊ ကျောင်းအားသပ္ပါယ်၊ အရွယ်ဝါလွန်၊ သူတော်မွန်တို့၊ ရန်ဘန်ကြိုက်ပါ၊ ငါ့နေရာသို့၊ ရောက်လှာသောအား၊ ညှာရများလည်း၊ တည်ကြားမရ၊ ထကြွပြန်ပြောင်း၊ လေပျံ့ရှောင်းခဲ့... (၃)၊

ထိန်းကျောင်းကိုယ်ကို၊ ရိပ်ကောင်းခိုလည်း၊ ပျင်းလိုပျင်းခန်း၊ နေပျော်လွန်း၍၊ ခါမှန်းမကြဉ်၊ မယှဉ်ပူချမ်း၊ နုကြမ်းထိထိ၊ မခံချိခဲ့… (၄)၊

မသိမကြား၊ ကွယ်သကားဟု၊ တရားမရှု၊ ညစ်ညမ်းမှုကို၊ ပြုလေသော်လည်း၊ မမြော်လူဗိုလ်၊ သင်္ဂြိုဟ်ကဲ့ရဲ့၊ ဖုံးပိတ်ခဲ့၍၊ ရှက်မဲ့သောဟန်၊ ကျင့်လေတန်ခဲ့... (၅)၊

(ဃု)

ကျောင်းကန်သိုက်ဝှမ်း၊ ငါ့သင်္ခမ်းဟု၊ ချစ်လွမ်းရပ်ရာ၊ တပ်လွန်းစွာလည်း၊ ပြိတ္တာဖြစ်ဆေး၊ ဝန်ဖြင့်လေးခဲ့… (၆)၊

အရေးလုံးစုံ၊ ရှုချေတုံလည်း၊ တဲအုံလည်းဆောက်၊ နေလမြောက်သော်၊ နှစ်ယောက်ဖော်ရှိ၊ ဟူလေလိခဲ့... (၇)၊

ထိုပြီ့အပ၊ သန်းဖြကြမ်းပိုး၊ ကြွက်မျိုးပင့်ကူ၊ တက်တူအိမ်မြောင်၊ အထောင်အသောင်း၊ အပေါင်းပိုးမြွှား၊ နေသူများခဲ့… (၈)၊

ဟူ၍ စပ်ဆိုလေသည်။

**********

သစ်ပင်ရင်း၏ ဂုဏ်ဆယ်ပါး

     (၁) နည်းသော အဆောက်အဦရှိခြင်းသည် ဂုဏ်တပါး၊ (သစ်ရွက်မိုးကျောင်း စသည်ကဲ့သို့ လုံ့လစိုက်ထုတ် ဆောက်လုပ်နေရန် မလို၊ နဂိုရ်က အသင့်ရှိပြီးဖြစ်၍ ဝင်ရောက်ခိုလှုံ နေလိုက်ရုံသာလျှင်ဖြစ်သည်။)

     (၂) သုဓ်သင်ရမှု စောင့်ရှောက်ရမှု မရှိခြင်းသည် ဂုဏ်တပါး၊ (သစ်ပင်ရင်းကျောင်းကား တံမြက်လှည်းအပ်သည်ဖြစ်စေ၊ မလှည်းအပ်သည်ဖြစ်စေ သုံးဆောင်ရာ၌ ချမ်းသာ လွယ်ကူသည်။)

     (၃) ထေရ်ကြီးဝါကြီး သီတင်းကြီးတို့ လာသော်လည်း ရှောင်လွှဲထပေးရမှု မရှိခြင်းသည် ဂုဏ်တပါး၊

     (၄) သစ်ပင်ရင်း၌ မကောင်းမှုကို ပြုလုပ်လျှင် အများမြင်မည်ဖြစ်၍ ကြောက်ရှက်ရကား ကဲ့ရဲ့ဘွယ်မကောင်းမှုကို (ကျောင်းကဲ့သို့) ဖုံးကွယ်ပေးသကဲ့သို့ မဖြစ်ခြင်းသည် ဂုဏ်တပါး၊

     (၅) ကိုယ်လက်တောင့်တင်းမှု မရှိခြင်းသည် ဂုဏ်တပါး၊ (အမိုးအကာမရှိသည့် ဟင်းလင်းအပြင် လွင်တီးခေါင်၌ နေသောသူမှာ ကိုယ်လက်တောင့်တင်းမှု ရှိနိုင်သည်။ သစ်ပင်ရင်း၌ နေသောသူမှာကား ကိုယ်လက်တောင့်တင်းမှု မရှိ။)

     (၆) သိမ်းပိုက်ခြင်းပြုမှု မရှိခြင်းသည် ဂုဏ်တပါး၊

     (၇) ငါ့နေရာဟူ၍ တွယ်တာခြင်းကို ပယ်ဖျောက်နိုင်ခြင်းသည် ဂုဏ်တပါး၊

     (၈) အများနှင့် ဆက်ဆံရောပြွမ်းသော ကျောင်းအိမ်၌ကဲ့သို့ ဤကျောင်းကို သုဓ်သင်အံ့၊ သင်တို့ ထွက်ကြကုန်ဟူ၍ သူတပါးကို နှင်ထုတ်ရမှု မရှိခြင်းသည် ဂုဏ်တပါး၊

(ဃူ)

     (၉) နေသောသူ၏ နှစ်သက်မှုကို ရရှိခြင်းသည် ဂုဏ်တပါး၊

     (၁၀) သစ်ပင်ရင်းကျောင်းဟူသည် ရောက်ရာအရပ်မှာ ရှာ၍ရလွယ်သောကြောင့် ငါ့နေရာဟု ငဲ့ကွက်မှုမရှိခြင်းသည် ဂုဏ်တပါး။

     ဤကား သစ်ပင်ရင်း၌ အလောင်းတော်သုမေဓာ ဆင်ခြင်သိမြင်သော ဂုဏ်ဆယ်ပါးတည်း။ ထို့ကြောင့် ဆုတောင်းခဏ်းပျို့၊ ပိုဒ်ရေ (၉၈)၌-

သူတော်တကာ၊ အရိယာတို့၊ နေငှါသန့်ရှင်း၊ သစ်ပင်ရင်းကား..၊ တစင်းနှီးနွယ်၊ ဝါးသက်ငယ်ဖြင့်၊ ချည်တွယ်နှောင်တည်း၊ ပြုရနည်း၏..(၁)၊ ကပ်ဆည်းသောအခါ၊ သာလကာတည့်၊ ကောင်းရာနှစ်သက်၊ ရွေးရလျက်တည့်၊

တံမြက်တလင်း၊ မအီပျင်း၍၊ လှည်းခြင်းအမှု၊ ပြု မပြုလည်း၊ မရှုမသာ၊ ရှိခဲစွာ၏...(၂)၊

အခါမကြိုက်၊ ညဉ့်မိုက်သန်းလွဲ၊ သက်ကြီးတဲလည်း၊ မလွှဲနေရာ၊ ကျောင်းဝယ်ညှာသို့၊ ရှင်ဝါစစ်ခြင်း၊ တကြောင့်ကင်း၍... (၃)၊

တိလင်းကျည်းကြီး၊ မဆည်းဟည်းလည်း၊ ကွယ်ကာနည်းဟု၊ သိမ်းဖြည်းရွံရှာ၊ မအပ်စွာသည်၊ ယုတ်မာညစ်ဆေး၊ ကျင့်ဘွယ်ဝေး၏… (၄)၊

ချမ်းဧပူလောင်၊ ပြင်တီးခေါင်နှင့်၊ ကျောင်းဆောင်ရိပ်ဝှဲ၊ ဤနှစ်ကွဲ၌၊ အမြဲနေတမ်း၊ သူ့ထက်စွမ်း၍၊ ငြိမ်းချမ်းပူပန်၊ သင့်ရုံတန်၏… (၅)၊

အလွန်တင့်ကဲ၊ သင်္ခမ်းတဲကို၊ သုံးစွဲသောလား၊ သိမ်းပကားခြင်း၊ နှောင့်ရှက်ကင်း၍..(၆)၊

ကျောင်းခင်းအုံစင်၊ ငါ့သစ်ပင်ဟု၊ ဖြိုနှင်သူ့အား၊ ရန်းတားတွယ်တာ၊ ငက်စွာမမူ၊ နှလုံးဖြူ၏...(၇)၊

နေတူဖော်များ၊ အိမ်အလားသို့၊ ပိုးမြွားမှုန်ဖျင်း၊ သုဓ်သင်ခြင်းဖြင့်၊ ထဲတွင်းဝန်ပေါ်၊ တအော်လဲလဲ၊ ချီလွဲပြောင်းပြန်၊ ယားထုတ်တန်သည်၊ ဝန်လည်းမရှိ.. (၈)၊

ထိုပြီ့အပ၊ သိကြား မ၍၊ ရတုံဗိမာန်၊ မြစောင်မွန်လည်း၊ မလွန်စသာ၊ ညိုဝါရှိမ်းရှိမ်း၊ ရောင်ဘိတ်စိမ်းလျက်၊ ချမ်းငြိမ်းဖားဖား၊

(ဃေ)

မိုးဖျားထိလု၊ သစ်ပင်နုအောက်၊ နေရမြောက်သော်၊ ပြိုင်ထောက်မရှိ၊ ပီတိပြိုးပြွမ်း၊ ဆီနှယ်ရွှမ်း၍၊ ချစ်ဝမ်းရွှင်ပ၊ နှလုံးချလျက်၊ အားရနှစ်သက်၊ လွန်စုံမက်၏ .. (၉)၊

မြေထက်သစ်ပင်၊ မရှားဖြင်၍၊ ချင်ချင်မွတ်မွတ်၊ ခုံနေသတ်လျက်။ နေမှတ်သိမ်းဆည်း၊ တပ်ပြွေ့နည်း၏... (၁၀)၊

ဟူ၍ စပ်ဆိုလေသည်။

**********

၅- ဗျာဒိတ်ခဏ်း

စာမျက်နှာ (၆၆)၌-

     ပြဆိုခဲ့သောအတိုင်း သုမေဓာရှင်ရသေ့ ကြံစည်စိတ်ကူးရာ၌ “ငါတယောက်တည်း တကိုယ်ကောင်းပြု၍ သံသရာက ကူးမြောက်သဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟူ၍ ကြံစည်တော်မူကြောင်းကို ဗုဒ္ဓဝင်ပါဠိတော်၌၊ ၊ကိံ မေ ဧကေန တိဏ္ဏေန၊ ၊ဟူ၍ လာရှိသည်။

     ဤပါဠိတော်ကို ထောက်ထား အကိုးအကားပြုပြီးလျှင် “လောက၌ တကိုယ်ကောင်း မကြံရာ၊ တကိုယ်ကောင်း ကြံသောသူသည် အတ္တဟိတသမား (ကိုယ်ကျိုးသက်သက် ကျင့်သောသူ) ဖြစ်သည်။ ကိုယ့်အကျိုး သက်သက်ကိုသာ ရှာသောသူသည် လောက၌ အသုံးမဝင်”ဟု ပြောဆို ကဲ့ရဲတတ်ကြသည်။

     ထိုပါဠိတော်မှာပင် နောက်ကိုဆက်၍ကြည့်လျှင်၊ ၊ပုရိသေန ထာမဒဿိနာ၊ ၊ဟူ၍ မိမိမှာ ပညာ သဒ္ဓါ ဝီရိယ အားအစွမ်းရှိကြောင်းကို သိမြင်သူ ဖြစ်ပါလျက်ဟု အထူး ဖော်ပြထားသော စကားကို တွေ့မြင်ရပေမည်။ ဤနောက်ဆက် အထူးဖော်ပြသော စကားကို ထောက်ထားပါက မိမိမှာ အများအကျိုး သယ်ပိုးနိုင်မည့် အားအစွမ်းသတ္တိ ရှိပါလျက် အများအကျိုး မသယ်ပိုးချင်ပဲ တကိုယ်ကောင်းကြံသွားသော သူများကိုသာ ကဲ့ရဲ့သော် ကဲ့ရဲ့သင့်ပေသည်။ မိမိမှာ အများအကျိုး သယ်ပိုးနိုင်မည့် အားအစွမ်း အလျဉ်းမရှိပါပဲလျက် “အများအကျိုး ငါသယ်ပိုးမည်”ဟု ပြောဆိုပြီးလျှင် ပြောတိုင်းမပြုနိုင် မမှန်မကန်ဖြစ်၍ ဤသို့ပြောဆိုသော သူမျိုးကိုသာလျှင် မိမိ၏ အတိုင်းအရှည်ကို မသိသူဖြစ်၍ ကဲ့ရဲ့ရှုတ်ချထိုက်သည်။

     စင်စစ်မှာ အများအကျိုး သယ်ပိုးနိုင်မည့် အားအစွမ်း မိမိမှာမရှိလျှင် ကိုယ့်အကျိုးကိုသာ ကိုယ်သယ်ပိုးရမည် ဖြစ်သည်၊ ထို့ကြောင့်ပင် ဓမ္မပဒပါဠိတော် တဆယ့်နှစ်ခုမြောက် အတ္တဝဂ်၌-

(ဃဲ)

အတ္တဒတ္ထံ ပရတ္ထေန၊ ဗဟုနာပိ န ဟာပယေ။

အတ္တဒတ္ထမဘိညာယ၊ သဒတ္ထပသုတော သိယာ။

“သူတပါးအကျိုးကို များစွာ သယ်ပိုးလိုသည့် အတွက်နှင့် မိမိ၏အကျိုးကို မဆုတ်ယုတ် မဆုံးရှုံးစေရာ၊ မိမိ၏ အကျိုးစီးပွါးကို ကောင်းစွာ ပိုင်းခြားသိမြင်ပြီးလျှင် မိမိ၏ အကျိုးစီးပွါးဖြစ်မှု၌ လေ့လာကြိုးကုတ် အားထုတ်ရမည်”ဟူ၍ ဟောတော်မူသည်။

     ဤ ဓမ္မပဒဒေသနာတော် အလိုမှာ... သူတပါးအကျိုးကို မသယ်ပိုးနိုင်ပဲနှင့် အများအကျိုး သယ်ပိုးမည့်ဟန် ကြံစည်ပြောဆိုနေသဖြင့် ပြောဆိုတိုင်းလည်း အများအကျိုးကို မသယ်ပိုးနိုင်၊ မိမိအကျိုးကိုလည်း မသယ်ပိုးနိုင်သည့်အတွက် နှစ်ဖက်ဆုံးရှုံး ဖြစ်တတ်သည်။ သို့ဖြစ်၍ သူတပါးအကျိုးကို သယ်ပိုးနိုင်လောက်သော အစွမ်းသတ္တိ မရှိသူသည် မိမိ၏အကျိုးကိုသာ ကောင်းစွာသိမြင် နားလည်ပြီးလျှင် မိမိအကျိုးကိုသာ အားထုတ် လေ့လာရမည်ဟု ဟောတော်မူသဖြင့် ဤနည်းအရ ကိုယ့်အတိုင်းအရှည်ကို ကိုယ်သိပြီး ကိုယ်၏အကျိုးကိုသာ အားထုတ်နေသော သူမျိုးကို (အတ္တဟိတသမားဟု မကဲ့ရဲ့ပဲ) သူအစွမ်းရှိသမျှ သူဆောင်ရွက်နေပေသည်။ လူကောင်းသူကောင်းတယောက် ဖြစ်ပေသည်ဟုသာ ပြောဆိုရပေမည်။ သုမေဓာ ရှင်ရသေ့တို့ကဲ့သို့ အများအကျိုး သယ်ပိုးနိုင်မည် စွမ်းရည်သတ္တိ ရှိပါလျက်နှင့် အများအကျိုးကို မသယ်ပိုးပဲ ကိုယ်ကျိုးသက်သက် သယ်ပိုးနေသူကိုသာ အတ္တဟိတသမားဟု ကဲ့ရဲ့လိုမူ ကဲ့ရဲ့ထိုက်ပေသည်။

     အချုပ်အားဖြင့် ဖော်ပြရလျှင်.. အများအကျိုး သယ်ပိုးနိုင်မည့်သူမှန်မှ အများအကျိုး သယ်ပိုးပါ၊ အများအကျိုး သယ်ပိုးနိုင်မည့်သူ မဟုတ်ခဲ့လျှင် ကိုယ်ကျိုးကိုသာ မလစ်ဟင်းအောင် သယ်ပိုးနေပါဟု ဆိုလိုသည်။ အများအကျိုး သယ်ပိုးမည့်အယောင်ဖြင့် ကိုယ်ကျိုးသက်သက်ကိုသာ ရွက်ဆောင်သူကား ယုတ်မာကောက်ကျစ်သူသာ ဖြစ်၏။

**********

စာမျက်နှာ (၆၉)ပါ-

     မြစ်၏အမည် “နေရဉ္ဇရာ”ဟူသော စကားမှာ နေလဇလဟူသော ပါဠိမှ ဖြစ်လာ၏၊ နေလ = အပြစ်ကင်းသော၊ ဇလ = ရေ။ အပြစ်ကင်းစင်သော ရေရှိသောကြောင့် နေလဇလဟု ဆိုလိုလျက် (လ)အက္ခရာတို့ကို (ရ)အက္ခရာပြုပြီး ရှေ့ပုဒ်၌ အပြောက်ဗိန္ဒု (နိဂ္ဂဟိတ်)လာ၍ ထိုနိဂ္ဂဟိတ်ကို (ဉ်)ပြု၍ (ဇ)နှင့်ယှဉ်ကပ် တွဲစပ်သဖြင့် နေရဉ္ဇရာဟူသော ပါဠိဖြစ်လာသည်။ (သာဝတ္ထိပြည်

(ဃော)

ဟူသောအမည် ဝေသာလီပြည် ဟူသော အမည်များသည် ပါဠိရင်းအတိုင်း တွင်မည်သကဲ့သို့) နေရဉ္ဇရာဟူသော ပါဠိရင်းအတိုင်း မြန်မာဝေါဟာရမှာလည်း “နေရဉ္ဇရာမြစ်”ဟူ၍ ခေါ်ဆိုအပ်လေသည်။

     တနည်း.. နီလဇလဟူသော ပုဒ်ရင်းမှ ဖြစ်လာသည်။ နီလ = စိမ်းညိုသော၊ ဇလ = ရေ၊ စိမ်းညိုသောရေဟူသည် ကြည်လင်သောရေပင် ဖြစ်၏၊ ယခုကာလ၌လည်း အလွန် ကြည်လင်သောရေကို ရေကလေး အလွန်ကြည်လင်သည် စိမ်းညိုနေသည်ဟု ပြောဆိုကြ၏။ စိမ်းညိုသန့်စင် ကြည်လင်သော ရေရှိသောမြစ်ဟု ဆိုလိုသည်။

     ပင်းယမြို့ ကောင်းစားစဉ်အခါ စတုရင်္ဂဗလအမတ်ကြီး ရေးသားအပ်သော အဘိဓာန်ဋီကာကျမ်း၌ကား ဆိုခဲ့ပြီးသော အနက်များအပြင် “နေရဉ္ဇရာဟူသည် တူရိယာတမျိုး၏ အမည်ဖြစ်၏။ ယခုကာလ နရိဇရာဟု ခေါ်ကြသော တူရိယာမျိုးပင် ဖြစ်၏။ ထိုမြစ်ရေစီးသံသည် နရိဇရာ- တူရိယာသံနှင့် တူသောကြောင့် မြစ်ကိုလည်း နေရဉ္ဇရာဟု ခေါ်သည်”ဟူ၍ ပြဆို၏။

     ထို နရိဇရာဟူသော တူရိယာမျိုး၏ အမည်မှာ မြန်မာဝေါဟာရ၌ နရည်းဆရာဟု ပြောင်းလဲလာသည်။ နောက်ဆရာတို့ကမူကား တူရိယာ၏အမည်ရင်းမှာ “နရည်း”သာဖြစ်သည်။ ထိုနရည်းမှာ ခြောက်မျိုး ပေါင်းစပ်ရသည့်အတွက် (ဆ ရာသီ) ဟူ၍ ပါဠိလို ခေါ်ဆိုလိုရာ အဆုံး (သီ)အက္ခရာကို ပယ်ဖျောက်၍ (နရည်း)နှင့် (ဆ-ရာ) တို့ကို တွဲစပ်ကာ (နရည်း ဆ-ရာ)ဟု ခေါ်ဆိုကြောင်း ပြောဆိုကြလေသည်။ ထို့ကြောင့် မဃဒေဝလင်္ကာသစ်၌- “ပတ်သာပုံမောင်း၊ တကြောင်းမကွဲ၊ နှဲနှင့်ကြေးနင်း၊ လင်းကွင်းခြောက်ဖော်၊ နရည်းဆော်”ဟူ၍ စပ်ဆိုလေသည်။

**********

စာမျက်နှာ(၇၁)

ဗျာဒိတ်နှင့်စပ်၍ မှတ်ဖွယ်

     ဗျာဒိတ်ဟူသော စကားကို ပါဠိမှ ဆင်းသက်လာသော စကားဟူ၍ အများ ယူဆလျက် ရှိသည်။ အလောင်းမင်းတရားလက်ထက် စိန္တကျော်သူဘွဲ့ခံ စာဆိုပညာရှိ ဦးဩသည် မိမိရေးသားသော ကဝိလက္ခဏသတ်ပုံကျမ်းအဆုံး အမှာစကားရပ်တွင် - “ဗျာဒိတ်ဟူသော စကားနှင့်စပ်၍ ရှေးသတ်ပုံကြီးက (ပ)သတ်နှင့် (ဗျာဒိပ်)ဟု စပ်ဆိုထားသည်၊ ပညာရှိအများတို့က (တ)သတ်နှင့် (ဗျာဒိတ်)ဟုသာ စပ်ဆိုကြသည့်အပြင် သဒ္ဒါမှာလည်း ဗျာဒိတဟူ၍၎င်း ဗျာကတဟူ၍၎င်း ရှိသည်။ သို့ဖြစ်၍ (တ)သတ်ကိုသာ မှတ်ယူသင့်ကြောင်း” ရေးသားထား၏။

(ဃော်)

     ဤရေးသားချက်အလို (ကောဇ၀)ဟူသော ပါဠိမှ(ကော်ဇဝ် = ကော်ဇော)ဟူသော မြန်မာဝေါဟာရ ဖြစ်ပေါ်လာသကဲ့သို့၊ (ဗျာဒိတ)ဟူသော ပါဠိမှ (ဗျာဒိတ်)ဟူသော မြန်မာဝေါဟာရ ဖြစ်ပေါ်လာသည်ဟု ဆိုလိုရင်းဖြစ်သည်။

     ကျမ်းဂန်တို့၌ ဘုရား အထူးဟောကြားတော်မူအပ်သော စကားတော်ကို ဗျာကရဏဟူ၍၎င်း ဗျာကတဟူ၍၎င်း သုံးစွဲရိုးရှိသည်၊ (ဗျာဒိတဟူ၍ သုံးစွဲရိုးမရှိ။) ဗျာဒိတ်ရသော ပုဂ္ဂိုလ်ဟု ပြဆိုလိုလျှင်“လဒ္ဓဗျာကရဏော”ဟု ကျမ်းဂန်တို့၌ ပြဆိုသည်။ ထိုပါဠိကို ရအပ်သော ဗျာဒိတ်ရှိသော (သို့မဟုတ်) ဗျာဒိတ်ရပြီးသောသူဟူ၍ ဆရာ့ဆရာတို့ အနက်မြန်မာ ပြန်ဆိုတော်မူခဲ့ကြ၏။ သို့ဖြစ်၍- ယခု အများသုံးနှုန်းနေသော ဗျာဒိတ်ဟူသော မြန်မာစကားသည် ပါဠိမဟုတ်၊ ဗျာကရဏဟူသော ပါဠိ ဗျာကတဟူသော ပါဠိတို့ကို ရှေးဆရာကြီးများ ပါဠိနှင့် အဆင်တူရုံ လိုက်နိုင်သမျှလိုက်၍ အနက်မြန်မာ ပြန်ဆိုခဲ့ကြသော စကားဖြစ်သည်။

     ဥပမာပြရသော်.. ကမ္ဘာ့သစ်ပင်(ကျွန်းဦးသစ်ပင်)တို့တွင် အရှေ့ကျွန်းဦး၌ ပေါက်သောသစ်ပင်မှာ ကမ္ဘာ့သစ်ပင်ပင် ဖြစ်သော်လည်း ၎င်းကို ကပ္ပရုက္ခဟု မခေါ်၊ အများအပြား ထင်ရှားရှိ၍ အများသိဖြစ်သော (ပါဠိလို) သိရိသခေါ် သစ်ပင်ဖြစ်၍၊ မြန်မာလို ကုက္ကိုပင်ပင် ဖြစ်ရကား ပါဠိ၌ ထိုကျွန်းဦးသစ်ပင်ကို သိရိသရုက္ခဟုသာ ခေါ်ဆိုသုံးစွဲသည်။ မြန်မာဘာသာ ပြန်ဆိုရာ၌လည်း ကုက္ကိုပင်ဟူ၍သာ ပြန်ဆိုတော်မူကြသည်။

     ထို့အတူ တောင်ကျွန်းဦး၌ပေါက်သော သစ်ပင်မှာလည်း ကမ္ဘာ့သစ်ပင်ပင် ဖြစ်သော်လည်း ကပ္ပရုက္ခဟု ပါဠိလို မခေါ်ပဲ၊ အများအပြား ထင်ရှားရှိ၍ အများသိဖြစ်သော ပါဠိလို ဇမ္ဗု = မြန်မာလို သပြေပင်ဖြစ်ရကား ပါဠိ၌ ဇမ္ဗုရုက္ခ = မြန်မာလို သပြေပင်ဟူ၍ ခေါ်ဆိုသုံးစွဲသည်။ ။ဤအရာ၌- တောင်ကျွန်းဦးမှာပေါက်သော သစ်ပင်ကို သပြေပင်ဟူ၍သာ မခေါ်ကြပဲ “ဇမ္ဗုသပြေ”ဟု ခေါ်နေပြီးလျှင် သပြေပင်သာမညမဟုတ်၊ ထူးဆန်းသော သပြေဟု မှတ်ယူနေကြ၏။ အမှန်မှာ သပြေတမျိုးမဟုတ်၊ ပါဠိအခေါ် ဇမ္ဗုနှင့် မြန်မာအခေါ် သပြေတို့ကို တွဲစပ်ကာ ဇမ္ဗုသပြေဟု ခေါ်ခြင်းဖြစ်သည်။ (ဗုဒ္ဓဘုရားဟု ခေါ်ခြင်းနှင့် တူ၏။)

     အနောက်ကျွန်းဦးမှာပေါက်သော သစ်ပင်သည်လည်း ကမ္ဘာ့သစ်ပင်ပင် ဖြစ်စေကာမူ ကပ္ပရုက္ခဟု ပါဠိလိုမခေါ်ပဲ အများအပြား ထင်ရှားရှိ၍ အများသိဖြစ်သော ပါဠိလို ကဒမ္ဗ = မြန်မာလို ထိန်ပင်ဖြစ်ရကား ပါဠိ၌ ကဒမ္ဗ = မြန်မာလို ထိန်ပင်ဟူ၍ ခေါ်ဆိုသုံးစွဲသည်။

(ဃံ)

     မြောက်ကျွန်းဦးမှာပေါက်သော သစ်ပင်သည်ကား .. ဤအပင်မျိုး မည်သည့်မြေမှာမှ မရှိချေ။ အခြား သစ်ပင်ဟူသမျှသည် မိမိတို့ဆိုင်ရာ ဗီဇနိယာမအတိုင်း အပွင့်အသီး တမျိုးတို့ကိုသာ ပွင့်ကြသီးကြ၍ ဤမြောက်ကျွန်းဦး သစ်ပင်သည်ကား အလိုရှိသောသူတို့၏ လိုလားရာကို သီးပွင့်ပေးသော အပင်ဖြစ်၏။ သို့ဖြစ်၍ ဤအပင်ကို တခုတည်းသော အကြောင်းဗျုပ္ပတ်ဖြင့် အမည်ထူးမှည့်ရန် မဖြစ်နိုင်သည့်အတွက် “ကပ္ပရုက္ခ = ကမ္ဘာ့သစ်ပင်”ဟူ၍သာ အမည်ပေးခဲ့ကြလေသည်။

     ရှေးဆရာကြီးများက ဤ ကပ္ပရုက္ခဟူသော ပါဠိကို မြန်မာဝေါဟာရ သီးခြားတည်ထွင်၍ “ပဒေသာပင်” ဟု မြန်မာပြန်ဆိုခဲ့ကြ၏။ ထိုသို့ ပြန်ဆိုခဲ့ကြသည့် ပဒေသာဟူသော စကားမှာ ပါဠိပင်ဖြစ်သည်ဟု ထင်မှတ်ဖွယ်ရှိ၏။ စင်စစ်မှာ ပါဠိမဟုတ်။ ပါဠိဖြစ်သော ပဒေသသဒ္ဒါကား.. (၁) လက်ညှိုးဖြင့် ထွာရသော အတိုင်းအရှည်ပမာဏ၊ (၂) တစိတ်တပိုင်းအရပ် ဤအနက်နှစ်ပါးကို ဟောသည်။ မြောက်ကျွန်းဦး သစ်ပင်၏ အခြင်းအရာမှာ လက်ညှိုးထွာနှင့်လည်း မဆက်စပ်၊ တစိတ်တပိုင်းအရပ်လည်း မဟုတ်။ ဤသစ်ပင်မှာ အလိုရှိအပ်သော ဝတ္ထုပစ္စည်းကို ရနိုင်ခြင်းသာ သစ်ပင်၏ ဂုဏ်ထူးဖြစ်သည်။ သို့ဖြစ်၍ ပဒေသာဟူသော စကားသည် ပါဠိမဟုတ်၊ ရှေးဆရာကြီးများ ဝေါဟာရတခုအဖြစ် သတ်မှတ် ခေါ်ဆိုအပ်သော မြန်မာစကားသာ ဖြစ်သည်ဟု ယူဆထိုက်ပေသည်။

     ဤ ပဒေသာဟူသော စကားနှင့် ဗျာဒိတ်ဟူသော စကားတို့သည် တနည်းအားဖြင့် ပါဠိမဟုတ်ပဲလျက် ပါဠိဟု ထင်မြင်ရခြင်း သဘောတူညီကြ၏။ ဤသို့လျှင် ဗျာဒိတ်ဟူသော စကားသည် ဗျာဒိတဟူသော ပါဠိမှ တိုက်ရိုက် ဆင်းသက်လာသော စကားမဟုတ်၊ ဗျာကရဏဟူသော ပါဠိနှင့်သာ နှီးနွယ် ဆက်သွယ် နေသည်ဖြစ်၍ ပါဠိရင်းဖြစ်သော ဗျာကရဏသဒ္ဒါ၏ အနက်အဓိပ္ပါယ်ကိုသာ စိစစ်နားလည်ဘို့ လိုပေသည်။

     စိစစ်သော်ကား.. ဗျာကရဏဟူသော ပုဒ်မှာ ဝိ၊ အာ၊ ကရဏ သုံးပုဒ်တို့ကို တွဲစပ်ထားသော ပါဠိဖြစ်၏။ (ဝိ = အထူး၊ အာ = ပိုင်းခြား၍ ကရဏ = ဟောဆိုခြင်း) မြတ်စွာဘုရားက အထူးပိုင်းခြား၍ ဟောကြားတော်မူခြင်းကို ဤအရာ၌ ဗျာကရဏဟု ခေါ်သည်။ ဤ သုမေဓာရသေ့သည် မည်သည့်အခါ၌ ဘုရားဖြစ်လိမ့်မည် စသည်ဖြင့် အထူးပိုင်းခြား ဟောကြားတော်မူခြင်းဟု ဆိုလိုသည်။ ထိုသို့ ဟောကြားခြင်းကိုပင် မြန်မာရှေးဆရာကြီးများက ဗျာဒိတ်ကြားခြင်းဟု အနက်မြန်မာ ပြန်ဆိုတော်မူခဲ့ကြသည်။

(ဃား)

     ဤ ဗျာကရဏဟူသော ပုဒ်မှာ နာမ်ပုဒ်ဖြစ်၍ ကြိယာပုဒ်အနေအားဖြင့် ပါဠိတော် စသည်တို့၌ “ဗျာကာသိ”ဟူ၍ သုံးနှုန်းသည်၊ “ဗျာဒိတ်ကြားတော်မူပြီဟု မြန်မာပြန်ဆိုတော်မူကြသည်။ ဆိုလိုရင်းမှာ အထူးပိုင်းခြား ဟောကြားတော်မူပြီဟု ဆိုလိုသည်။

     ဤ ဗျာကရဏဟူသော ပုဒ်မှာ မြတ်စွာဘုရား၏ အထူးပိုင်းခြား ဟောကြားအပ်သော (ဗျာဒိတ်)စကားကိုသာ ဟောသည်မဟုတ်သေး၊ ပါဏိနီ-စသော လောကီသဒ္ဒါကျမ်းများကိုလည်း ဆိုသည်၊ အမေးအဖြေ အရာ၌လည်း ဧကံသဗျာကရဏ = တဖို့တစုအားဖြင့် ဖြေကြားခြင်း စသည်ဖြင့် ဖြေကြားခြင်းကို ဗျာကရဏသဒ္ဒါက ဟောသည်။ မြတ်စွာဘုရား၏ တရားတော်တို့ကို အင်္ဂါအားဖြင့် (၉)ပါး ပိုင်းခြားရာ၌ ခေါ်ဝေါ်အပ်သည့် အင်္ဂါအစိတ်အပိုင်း တပါးဖြစ်သော ဝေယျာကရဏ ဟူသည်လည်း ဤဗျာကရဏပုဒ်ပင်တည်း၊ တရားတော်၏ အင်္ဂါကိုးတန်၌ ပါရှိသော ဝေယျာကရဏ အစိတ်အပိုင်းမှာ ဂါထာမဖက် စုဏ္ဏိယ (ပါဠိစကားပြေ) သက်သက်ဖြင့် အထူးပိုင်းခြား ဟောကြားအပ်သော တရားတော်စု ဖြစ်ပေသည်။ ဆိုလိုရင်းမှာ... ဗျာကရဏသဒ္ဒါက ဗျာဒိတ်ကြားခြင်း အနက်၊ လောကီသဒ္ဒါ ဗျာကရိုဏ်းကျမ်းဟူသော အနက်၊ ဖြေကြားခြင်းဟူသော အနက်၊ ဂါထာမဖက် စုဏ္ဏိယ (ဓမ္မစကြာပါဠိတော်ကဲ့သို့) ပါဠိစကားသက်သက်ဖြင့် ဟောအပ်သော တရားအစိတ်အပိုင်းဟူသော အနက်တို့ကို ဟောသည်ဟု ဆိုလိုသည်။

     ရှေးဘုရင်မင်းများ လက်ထက်အခါ လူအများသည် ဘုရင်မင်းမြတ်ကို မြတ်စွာဘုရားနီးနီးလောက် မြှောက်စားကြပြီးလျှင် ဘုရင်မင်းမြတ် ပြောဆိုရာကို “ဗျာဒိတ်တော်မြတ်အတိုင်းပါဘုရား”ဟူ၍ ဝန်ခံကာ ဘုရင်မင်းမြတ်၏ အမိန့်စကားကိုပင် ဗျာဒိတ်ဟူသော ဝေါဟာရဖြင့် သုံးနှုန်း ခေါ်ဝေါ် ပြောဆိုကြသည်။

     ဤဆိုအပ်ပြီးသော စကားအရပ်ရပ်တို့ကို စဉ်းစား စိစစ်ပြီးလျှင် မြတ်စွာဘုရားနှင့်စပ်၍ သုံးနှုန်းခေါ်ဆိုအပ်သည့် ဗျာဒိတ်ဟူသော စကားမှာ ဗျာကရဏဟူသော ပါဠိမှ ဖြစ်ပွါးလာ၍၊ တဆူဆူသော ဘုရားရှင်က တဦးဦးသော ဘုရားအလောင်း ပစ္စေကဗုဒ္ဓါအလောင်း သာ၀ကအလောင်းအတွက် ဤမည်သော ကမ္ဘာ၌ ဤအမည်ဖြင့် ဘုရားဖြစ်လိမ့်မည် ပစ္စေကဗုဒ္ဓါဖြစ်လိမ့်မည်... အစရှိသည်ဖြင့် မြေလက်ခတ်မလွဲ မှန်ကန်သည့် အထူးပိုင်းခြား မိန့်ကြားအပ်သော စကားကို ဗျာဒိတ်ဟူ၍ ခေါ်ဆိုကြောင်း ယုံမှားမရှိ မှတ်ယူရာ၏။

**********

(င)

စာမျက်နှာ (၇၃)၌—

     ပြဆိုအပ်သော စကားရပ်တွင်၊ ၊သုမေဓာရှင်ရသေ့ဘက်မှ လက်ျာခြေတော်ကိုချကာ ကြွတော်မူကြောင်း- ဒက္ခိဏံ ပါဒမုဒ္ဓရိ-ဟူသော ပါဠိတော်ဝယ်... လောက၌ စုံရပ်နေသော မိန်းမတို့ကို ရှေ့သို့ ခြေအလှမ်းခိုင်းပါလျှင် လက်ဝဲဘက်ခြေကိုသာ စ၍လှမ်းမြဲဖြစ်သည်။ ယောက်ျားဖြစ်လျှင် လက်ျာဘက်ခြေကိုသာ စ၍လှမ်းမြဲ ဖြစ်သည်။ ဤစာမျက်နှာပါ သုမေဓာရှင်ရသေ့ကို မနင်းပဲ ရှောင်လွှဲ၍ ကြွချီတော်မူသော ဒီပင်္ကရာ မြတ်စွာဘုရားသည် ယောက်ျားမြတ် ဖြစ်တော်မူသည့်အတိုင်း လက်ျာခြေတော်ကိုချီကာ ကြွတော်မူခြင်းဖြစ်သည်...ဟူ၍ အချို့က အဓိပ္ပါယ်ထင်မြင် ယူဆကြသည်။

     ဤအဓိပ္ပါယ်မှာ ပညာရှိများ မနှစ်သက်ဖွယ် လွယ်ကူပေါ်လွင်လှသော အဓိပ္ပါယ်ဖြစ်၍ နေ၏။ အမှန်မှာ… အရေးယူအပ် အလေးပြုအပ်သော အရာတခုကို ရှောင်ဖယ်သွားလိုလျှင် ထိုအရာကို လက်ျာဘက်ထား၍သာ သွားရမြဲ ထုံးစံဖြစ်သည်၊ သုမေဓာ ရှင်ရသေ့သည်လည်း အရေးယူအပ်သော ပုဂ္ဂိုလ်ဖြစ်၍ ဒီပင်္ကရာမြတ်စွာဘုရားက အရေးယူတော်မူသောအားဖြင့် သုမေဓာရှင်ရသေ့ကို လက်ျာဘက်မှထားကာ လက်ျာခြေကိုချီကာ ကြွသွားတော်မူသည်ဟု မှတ်ယူအပ်၏။

     ထင်ရှားအောင် ဖော်ပြရသော်... သုမေဓာ ရှင်ရသေ့သည် အရှေ့သို့ ဦးခေါင်းပြု၍ အရှေ့အနောက် အလျား မှောက်သည်ဖြစ်အံ့၊ ဦးခေါင်းဦး (အရှေ့ဘက်)မှ မြတ်စွာဘုရားသည် အကယ်၍ သုမေဓာရှင်ရသေ့၏ မြောက်ဘက်နံပါးဖြင့် ရှောင်လွှဲ ကြွသွားခဲ့သော် သုမေဓာရှင်ရသေ့ကို လက်ဝဲထား၍ ကြွသွားခြင်း ဖြစ်လိမ့်မည်။ ဤသို့မဖြစ်ရအောင် သုမေဓာရှင်ရသေ့၏ တောင်ဘက်နံပါးဖြင့်သာ (တောင်ဘက်မှ) ရှောင်လွှဲ ကြွသွားတော်မူသည်ဟု ဆိုလိုသည်။

     ဗုဒ္ဓဝင်ပါဠိတော်၌ ဆိုအပ်ပြီးသောအတိုင်း “ဒီပင်္ကရာ မြတ်စွာဘုရားသည် သုမေဓာရှင်ရသေ့ကို ဗျာဒိတ်ကြားပြီးလျှင် လကျ်ာဘက်ထား၍ ကြွချီတော်မူကြောင်းမျှသာ လာရှိသည်၊ ဇာတ်အဋ္ဌကထာနှင့် ဗုဒ္ဓဝင်အဋ္ဌကထာတို့၌... အဋ္ဌဟိ ပုပ္ဖမုဋ္ဌီဟိ ပူဇေတွာ...ဟူ၍” ပန်းရှစ်ဆုပ်တို့ဖြင့် ပူဇော်ခဲ့ပြီးမှ ကြွသွားတော်မူကြောင်းကို အထူး ဖွင့်ပြသည်။

     ဤအရာ၌ “ဘုရားစင်စစ် ဖြစ်တော်မူသော ဒီပင်္ကရာပုဂ္ဂိုလ် သူမြတ်ကြီးက အလောင်းလျာမျှသာဖြစ်သော သုမေဓာရှင်ရသေ့ကို ပန်းရှစ်ဆုပ်တို့ဖြင့် ပူဇော်သည် ဆိုခြင်းမှာ သင့်လျော်နိုင်ပါမည်လော”-ဟု မေးမြန်းကြ၏။ ။ထိုအမေးကို “ဒီပင်္ကရာ မြတ်စွာဘုရားသည် သုမေဓာရှင်ရသေ့ကို ရည်ရွယ်၍

(ငါ)

ပူဇော်သည်မဟုတ်၊ နောင် ဂေါတမဘုရားဖြစ်သောအခါ ရရှိမည့် သဗ္ဗညုတဉာဏ်တော်ကိုသာ ရည်ရွယ်၍ ပူဇော်သည်။ သို့ဖြစ်၍ သင့်မြတ်ပါသည်”ဟု ဖြေဆိုကြ၏။

     ဤအဖြေဖြင့်ပင် အချို့က ကျေနပ်၍ အချို့က မကျေနပ်ကြချေ၊ မကျေနပ်ခြင်း၏ အကြောင်းမှာ သဗ္ဗညုတဉာဏ် လက်ရှိပုဂ္ဂိုလ်မြတ်ကြီးက နောင်မှဖြစ်ပေါ်မည့် သဗ္ဗညုတဉာဏ်ကို ရည်ရွယ်ပူဇော်သည် ဆိုခြင်းမှာ ခိုင်လုံသော အကြောင်းမဟုတ်ဟု ယူဆကြ၏။

     ဤအမေးအဖြေ နှစ်ဖက်လုံးကပင် “ပူဇော်သည်”ဟူသော စကား၏ အဓိပ္ပါယ်ကို လူနတ်တို့က မြတ်စွာဘုရားကို ရှိခိုးပူဇော်သည်ဟူသော စကားမှာပါသည့် “ပူဇော်”ဟူသော စကားနှင့် အဓိပ္ပါယ်အတူထား၍ ယူကြသည်ချည်း ဖြစ်၏။ လူနတ်တို့က မြတ်စွာဘုရားကို ရှိခိုးပူဇော်သည် ဆိုသောအရာ၌ ပါရှိသော “ပူဇော်”ဟူသော စကား၏ အဓိပ္ပါယ်မှာ “အလွန်ရိုသေမြတ်နိုး ရှိခိုးပါသည်”ဟူ၍ ဆိုလိုရင်း ဖြစ်သည်။ ဒီပင်္ကရာ မြတ်စွာဘုရားက သုမေဓာရှင်ရသေ့ကို ပန်းရှစ်ဆုပ်တို့ဖြင့် ပူဇော်သည် ဆိုသောအရာမှာ ပါရှိသည့် ပူဇော်ဟူသော စကားနှင့် လူနတ်တို့က မြတ်စွာဘုရားကို ပူဇော်သည်ဟူသော စကားမှာ ပါရှိသည့် ပူဇော်ဟူသော စကားနှစ်ရပ်မှာ အဓိပ္ပါယ်တူညီခြင်း မဖြစ်နိုင်၊ သေချာစွာ စဉ်းစားသည်ရှိသော်.. ပူဇာဟူသော ပါဠိမှ ပူဇော်ဟူသော မြန်မာဝေါဟာရ ဖြစ်ပေါ်လာသည်။ ပူဇာဟူသော ပါဠိကို ခုဒ္ဒကပါဌအဋ္ဌကထာ၌၊ ၊ပူဇာတိ သက္ကာရ မာနန ဝန္ဒနာ၊ ၊ဟူ၍ ကောင်းစွာပြုခြင်း အမြတ်တနိုးပြုခြင်း ရှိခိုးခြင်းကို ပူဇာခေါ်ကြောင်း ဖွင့်ပြထားသောကြောင့် ပူဇော်ဟူသော မြန်မာဝေါဟာရ၏ အဓိပ္ပါယ်မှာလည်း ကောင်းစွာပြုခြင်း အမြတ်တနိုးပြုခြင်း ရှိခိုးခြင်းတို့သာ ဖြစ်ရပေမည်။

     သို့ဖြစ်၍ “ဒီပင်္ကရာ မြတ်စွာဘုရားက သုမေဓာရှင်ရသေ့ကို ပန်းရှစ်ဆုပ်တို့ဖြင့် ပူဇော်သွားသည်”ဟုဆိုရာမှာ ပါရှိသော ပူဇော်ခြင်းအရ “ပန်းရှစ်ဆုပ်တို့ဖြင့် ကောင်းစွာ ပြုလုပ်သည်။ ပန်းရှစ်ဆုပ်တို့ဖြင့် အမြတ်တနိုး ပြုလုပ်သည်”ဟူသော အဓိပ္ပါယ်များကို ပြန်ဆိုနိုင်သည်၊ ရှိခိုးခြင်းဟူသော အဓိပ္ပါယ်ကို မပြန်ဆိုနိုင်။

     အချုပ်အားဖြင့် ဖော်ပြရသော်... လူနတ်တို့က ရတနာသုံးပါးကို ပူဇော်ခြင်းနှင့် ဒီပင်္ကရာ မြတ်စွာဘုရားက သုမေဓာရှင်ရသေ့ကို ပူဇော်ခြင်းတို့သည် အနက်တူမဟုတ်၊ တမျိုးစီသာဖြစ်သည်။ လူနတ်တို့က ပူဇော်ရာမှာ အမြင့်မြတ်ဆုံးအနေဖြင့် ရိုသေမြတ်နိုး ရှိခိုးခြင်းကို ဆိုလိုသည်။ ဒီပင်္ကရာ မြတ်စွာဘုရားက သုမေဓာရှင်ရသေ့ကို ပူဇော်သည် ဆိုသောအရာမှာ ကောင်းစွာပြုခြင်း

(ငိ)

အမြတ်တနိုးပြုခြင်းကို ဆိုလိုသည်။ သို့ဖြစ်၍ တစုံတရာ ဆန့်ကျင်ခြင်း မရှိဟု ပြောဆို ဖြေကြားသင့်ပေသည်။ အဘိဓမ္မတ္ထဝိဘာဝိနီခေါ် ဋီကာကျော်ကျမ်းဦးအစ၌- မြတ်စွာဘုရားသည် ပူဇော်အပ်သော တရားတော်ကို ရှိခိုးပါ၏ဟူ၍ ပြဆိုထားရာ၊ မြတ်စွာဘုရားက တရားတော်အား ပူဇော်ခြင်းဟူသည် ကောင်းစွာနှလုံးသွင်း မှီဝဲခြင်း ကောင်းစွာ စိတ်ထဲ၌ ပွါးများခြင်း အကြိမ်ကြိမ် နှလုံးသွင်းခြင်း ကောင်းစွာ ဆင်ခြင်ခြင်း ဝေနေယျတို့အား တရိုတသေ တရားဟောခြင်း တရားတော်ကို ချီးမွမ်းခြင်း စသည်တို့ပင် ဖြစ်၏၊ ပစ္စည်း တစုံတခုကို လှူဒါန်းခြင်းမဟုတ်ဟူ၍ မဏိသာရမဉ္ဇူသာ အမည်ရှိသော ဋီကာကျော်အဖွင့်ကျမ်း၌ ပြဆိုထား၏။

**********

စာမျက်နှာ (၇၇)၌-

     ဝိသာခါနက္ခတ်၏ စန်းနှင့်ယှဉ်ခြင်းကို နိမိတ်တပါးပြုကာ နတ်ဗြဟ္မာများ ကောင်းချီးစကား ပြောကြားချက်ကို သတိပြုရာ၏။ ဝိသာခါနက္ခတ် စန်းနှင့်ယှဉ်သော အချိန်အခါသည် ကဆုန်လပြည့်နေ့ဖြစ်၏။ ရှေးရှေး ဘုရားအလောင်းတော်များ ဗျာဒိတ်ခံသောနေ့သည် ကဆုန်လပြည့်နေ့ ဖြစ်သည့်အတိုင်း အရှင်သုမေဓာ ဗျာဒိတ်ခံသော နေ့သည်လည်း ကဆုန်လပြည့်နေ့ပင်ဖြစ်၍ မချွတ်ဧကန် ဘုရားဖြစ်လတ္တံ့ဟု လျှောက်ဆိုကြခြင်း ဖြစ်သည်။

     ဤသို့ ကဆုန်လကို အကြောင်းထူးတမျိုးထား၍ နတ်ဗြဟ္မာများ ပြောဆိုကြခြင်းမှာ ကဆုန်လသည် နှစ်၏ပဌမ အစအဦး ထူးခြားသောလ ဖြစ်သည်။ ။(တန်းခူးလသာ နှစ်၏အဦးအစ ပဌမလဖြစ်သည် မဟုတ်ပါလောဟု မေးမြန်းဘွယ်ရှိ၏။ တန်းခူးလသည် တလလုံးလုံး မည်သည့်နှစ်မှာမှ နှစ်ဦးအစ ပဌမလ မဖြစ်နိုင်၊ ရှေ့ပိုင်းသည် နှစ်ဟောင်းမှာပါ၍ နောက်ပိုင်းသာ နှစ်သစ်သို့ဝင်သည်။ တရံတခါ တလလုံးပင် နှစ်ဟောင်းထဲသို့ ဝင်သွားပေသည်။ သို့ဖြစ်၍ နှစ်၏ အဦးအစ ပဌမလ မဖြစ်နိုင်။ ကဆုန်လသည်ကား မည်သည့်နှစ်မှာမဆို တလလုံး အဦးအစဖြစ်သင့်သော ပဌမလပေတည်း၊ တရံတခါမှသာ လေးငါးရက်ခန့် နှစ်ဟောင်းထဲသို့ ပါဝင်တတ်၍ များသောအားဖြင့် နှစ်သစ်သို့ တလလုံးလုံး ပါဝင်သည့်အတွက် နှစ်၏အစအဦး ထူးသောလ ဖြစ်ပေသည်။)

     လောက၌ မည်သည့်အရာမဆို အဦးအစ ပဌမဖြစ်ရခြင်းသည် ထူးသောအချက်ပင် ဖြစ်ပေ၏၊ အိမ်ဆောက်ခြင်း အဦးအစ အိမ်တက်မင်္ဂလာ, စက်ရုံတည်ခြင်း အဦးအစ စက်ဖွင့်မင်္ဂလာ, ကုန်တိုက်တည်ခြင်း အဦးအစ တိုက်ဖွင့်မင်္ဂလာ- စသည်ဖြင့် အဦးအစ ပဌမမှာ အမြတ်တနိုး အရေးတယူ ပြုလုပ်ကြခြင်း သည် လောကဓမ္မတာ မင်္ဂလာတမျိုးပင် ဖြစ်သည်။

(ငီ)

     ဗျာဒိတ်ခံယူခြင်း ကိစ္စသည်လည်း အလွန်ထူးမြတ်သော ကိစ္စဖြစ်၍ လောကမင်္ဂလာ ဓမ္မတာသဘောအားဖြင့်ပင် ထူးခြားသောနေ့နှင့်သာ သက်ဆိုင်သည်။ သို့ဖြစ်၍- ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်ခံရသည့်အတွက် မချွတ်ကန် ဘုရားဖြစ်လိမ့်မည်ဟု နတ်ဗြဟ္မာများ လျှောက်ထား ပြောဆိုကြခြင်း ဖြစ်လေသည်။

     ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်ခံယူရာနေ့မျှသာ မဟုတ်၊ ပစ္ဆိမဘဝိက = (နောက်ဆုံး ဘုရားဖြစ်မည့်ဘဝ၌ ဖြစ်ကြသည့်) ဘုရားအလောင်းတော်ကြီးများ ဖွားမြင်တော်မူရာ နေ့သည်လည်း ကဆုန်လပြည့်နေ့ပင်၊ ဘုရားဖြစ်တော်မူရာ နေ့သည်လည်း ကဆုန်လပြည့်နေ့ပင်၊ ပရိနိဗ္ဗာန်စံတော်မူရာ နေ့သည်လည်း ကဆုန်လပြည့်နေ့ပင် ဖြစ်သည်။ ဤသို့ ထူးမြတ်သော အရာများ ကဆုန်လပြည့်နေ့တွင်သာ ဖြစ်ရခြင်းအကြောင်းမှာ ပြခဲ့ပြီးသောအတိုင်း ကဆုန်လ၏ နှစ်ဦးအစ ပဌမလအဖြစ်ဖြင့် ထူးခြားသော အကြောင်းကြောင့် ဖြစ်ပေသည်။

     ဘုရားအဖြစ်တွင်သာ မဟုတ်သေး၊ လောကအဖြစ်၌လည်း ရှေးရှေး ဘုရင်မင်းမြတ်များသည်လည်း များသောအားဖြင့် ကဆုန်လမှာသာ ဘိသိက်ခံရိုး ထုံးရှိပေသည်။ ထို့ကြောင့် မဃဒေဝလင်္ကာသစ် ဘိသိက်ခဏ်း၌- “မဟာကဝိန်၊ သုခမိန်တို့၊ နှိုင်းချိန်ပညာ၊ နန်းစဉ်စာနှင့်၊ ညီစွာမကြူး၊ နှစ်သစ်ကူး၍၊ တန်းခူးကုန်ထ၊ ကဆုန်လ၌၊ ဘိသေကပွဲ၊ ခံမြဲများစွာ၊ ဓမ္မတာဖြင့်၊ အခါပိုင်းခြား”-ဟူ၍ စပ်ဆိုတော်မူသည်။

     ဤနည်းအရ ညောင်ရေသွန်းပွဲတော်ကိုလည်း နှစ်ဦးအစ ကဆုန်လမှာသာ ကျင်းပခြင်း ပြုလုပ်ကြလေသည်။ အကြောင်းမှာ… ပြခဲ့ပြီးသောအတိုင်း အဦးအစ ဖြစ်သောအခါများတွင် ဘာသာဝင်တိုင်းပင် မိမိတို့ ယုံကြည်အားထားသော အရာကို အမြတ်တနိုး အားကိုး၍ ဆုတောင်းဆုယူမှု ပြုကြသည့်အတိုင်း နှစ်၏ အဦးအစတွင် လာလတ္တံ့သော တနှစ်ပတ်လုံး ဘေးရန်ကင်းရှင်း ချမ်းသာခြင်းနှင့် ပြည့်စုံစေရန် (ဘုရားပွင့်တော်မမူမီ) ရှေးရှေးအခါက ညောင်ပင်မှာ ရေသွန်းလောင်းလျက် ဆုတောင်း ဆုယူမှု ပြုလုပ်ကြလေသည်။

     လောကမှာ မြတ်စွာဘုရား ပွင့်တော်မမူသည့်အခါ ထင်မိထင်ရာ အမျိုးမျိုး ကိုးကွယ်ကြသည်တွင် များသောအားဖြင့် လူတို့နှင့်နီးစပ်သော ရုက္ခဇိုဝ်းနတ်တို့ကို ကိုးကွယ်ကြ၏၊ ရုက္ခဇိုဝ်းနတ်များ၏နေရာ သစ်ပင်အမျိုးမျိုးတွင်လည်း ညောင်ပင်ကို အထူး အရေးယူလေ့ရှိကြရာ ဆုတောင်းဆုယူ ပြုလုပ်သောအခါ ညောင်ပင်မှာသာ ပြုလုပ်လေ့များကြ၏။ ထိုအကြောင်းကို သိသာရန် သာဓက = (သက်သေပြရသော်..

(ငု)

မြတ်စွာဘုရား ပွင့်တော်မူခါနီး (မပွင့်မီ) အချိန်မှာ ဗာရာဏသီပြည် သေနနိဂုံးသူ သုဇာတာသူဌေးသမီးသည် ပျိုရွယ်စဉ်က ညောင်ပင်ကြီးတပင်သို့ သွားရောက်၍ “ကျွန်ုပ် အချိန်အရွယ်ရောက်လျှင် အမျိုးအနွယ်တူ ယောက်ျားနှင့် သင့်မြတ်၍ သားဦးဖွားရအောင် စောင်မတော်မူပါ၊ စောင်မခဲ့ပါလျှင် နှစ်စဉ်နှစ်စဉ် တသိန်းကုန် ပူဇော်ပွဲ ကျင်းပပါမည်”ဟု ပြောဆို ဆုတောင်းလေသည်။

ဆုတောင်းသည့်အတိုင်းပင် သားဦး (ယသသတို့သား) ဖွားသောအခါ နှစ်စဉ်နှစ်စဉ်ပင် ကဆုန်လပြည့်နေ့မှာ ပူဇော်ပွဲ အကြီးအကျယ် ပြုလုပ်ခဲ့လေသည်။ မဟာသက္ကရာဇ် (၁၀၃)ခုအကြုံ ကဆုန်လပြည့်နေ့မှာကား မြတ်စွာဘုရားအလောင်းတော်ကလည်း ထိုညောင်ပင်ရင်းမှာ သွားရောက် သီတင်းသုံးတော်မူခိုက် သုဇာတာသည် ထူးမြတ်လှစွာသော ဃနာနို့ဆွမ်းကို လာရောက်၍ ကပ်လှူကြောင်း ပါဌဇာတ်အဋ္ဌကထာ နိဒါန်း၌ ထင်ရှားစွာ ဖွင့်ပြလေသည်။

     ဤပါဌဇာတ် အဋ္ဌကထာ၌ ပဌမ ဆုတောင်းသည့်နေ့နှင့် နောက်မှ နှစ်စဉ် ပူဇော်ပွဲကျင်းပသည့် နေ့များကို မည်သည့်နေ့ဖြစ်သည်ဟု မပြဆိုသော်လည်း ဘုရားအလောင်းတော်နှင့် တွေ့ရသည့် အဆုံးသတ် ပူဇော်နေ့မှာ ကဆုန်လပြည့်နေ့ဖြစ်ကြောင်းကို အထင်အရှား ဖွင့်ပြထားသဖြင့် ဆုတောင်းသည့် နေ့နှင့်တကွ နှစ်စဉ် ပူဇော်ပွဲကျင်းပသည့် နေ့များသည်လည်း ကဆုန်လပြည့်နေ့ပင် ဖြစ်သည်ဟု မှန်းဆ သိသာနိုင်သည်။

     သုဇာတာသည် ဃနာနို့ဆွမ်း ကပ်လှူကြောင်းသာ ကျမ်းဂန်၌ လာသည်။ ရေသွန်းလောင်းကြောင်း မလာရှိ၊ သို့ဖြစ်၍ သုဇာတာဝတ္ထုသည် ရေသွန်းလောင်းခြင်း၏ အထောက်သာဓက မဖြစ်သင့်ဟူ၍ ဆိုရန်ရှိ၏။ သုဇာတာသည် ထိုညောင်ပင်ကြီး၌ အမှိုက်တလင်း သုဓ်သင်ခြင်း ရေသွန်းလောင်းခြင်းတို့ကို ပြုမည်အမှန်ပင် ဖြစ်သော်လည်း အရေးကြီး၍ ပြဋ္ဌာန်းသော ဃနာနို့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းကိုသာ အဋ္ဌကထာဆရာ ဖွင့်ပြ၍ ရေသွန်းခြင်းမှာ မပြဋ္ဌာန်းသဖြင့် အဋ္ဌကထာဆရာ ဖွင့်ပြတော်မမူဟု ယူမှတ်သင့်၏။

     ဧကနိပါတ် ဦးရေ (၅၀)မြောက်ဖြစ်သော ဒုမ္မေဓဇာတ်၌ကား ရေသွန်းလောင်းကြောင်း တိုက်ရိုက်ပင် လာရှိသည်။ ဤဒုမ္မေဓဇာတ် အချုပ်ကား..

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားအလောင်းတော်သည် ဗြဟ္မဒတ်ဟူသော အမည်ဖြင့်ပင် ထိုမင်း၏ သားတော်ဖြစ်၍ အိမ်ရှေ့မင်းအဖြစ် စံနေစဉ်

(ငူ)

တိုင်းသူပြည်သားတို့သည် နတ်များကို အထူးကိုးစားကာ ဆိတ် ကြက် ဝက် စသည်တို့ကို သတ်ဖြတ်၍ အသွေးအသားတို့ဖြင့်၎င်း ပန်းနံ့သာ စသည်တို့ဖြင့်၎င်း နတ်ပူဇော်မှု ပြုကြကုန်၏။

အလောင်းတော် အိမ်ရှေ့မင်းသားသည် “ငါမင်းဖြစ်လျှင် ဤဒုစရိုက်ကိစ္စတွေကို (တဦးတယောက်ကိုမျှ မနှိပ်စက် မညှဉ်းပန်းပဲ) ပပျောက် ငြိမ်းချမ်းစေမည်”ဟု ကြံစည်တော်မူကာ လူအများတို့ ညောင်ပင်ကြီး၌ နတ်ပူဇော်ပွဲ ကျင်းပနေသည်ကို မြင်၍ ညောင်ပင်သို့ဝင်လျက် ပန်းနံ့သာ စသည်တို့ဖြင့် (လူအများနည်းတူ) ပူဇော်၍ ရေသွန်းလောင်းကာ ညောင်ပင်ကို လကျ်ာရစ် လှည့်လည်ရှိခိုး၍ ပြန်ခဲ့လေသည်။

ဤနည်းဖြင့် ရခါရံခါ ထိုညောင်ပင်သို့ သွား၍ တကယ်ပင် နတ်ကို ကိုးစားသောသူကဲ့သို့ ပူဇော်မှုကို ပြုပြီးသည့်နောက် ခမည်းတော်လွန်မြောက်သဖြင့် မင်းအဖြစ်သို့ ရောက်သောအခါ မှူးမတ်အားလုံးကို စည်းဝေးစေပြီးလျှင် မှူးမတ်အပေါင်းတို့… ငါ အိမ်ရှေ့မင်းဖြစ်စဉ်အခါ ညောင်ပင်ကြီးမှာ သွားရောက်၍ ရေသွန်းလောင်း ပူဇော်ခဲ့သည်ကို သင်တို့ သိမြင်ကြသည် မဟုတ်လော၊ ထိုအခါက ငါသည် “အကျွန်ုပ်ခမည်းတော်၏ အရိပ်အရာကို ကောင်းမွန်စွာ ရရှိမူကား အထောင်မျှသော လူမိုက်တို့၏ အသွေးအသားဖြင့် အရှင်နတ်မင်းအား ပူဇော်ပါမည်”ဟု ဝန်ခံခဲ့သည့်အတိုင်း လူမိုက်တို့၏ အသွေးအသားဖြင့် ညောင်စောင့်နတ်မင်းအား ပူဇော်လိုသည်။ ယနေ့မှစ၍ နိုင်ငံတော်အတွင်းမှာ လူမိုက်များကို စစ်ဆေးမေးမြန်း စာရင်းကောက်ယူ၍ ပေးကြရမည်”ဟု အမိန့်ထုတ်ပြန်လေသည်။

ထိုအခါ သူ့ အသက်သတ်ခြင်း စသည်ကို ပြုဝံ့သော သူမိုက်ဟူ၍ မရှိအောင် တိုင်းပြည် သာယာကောင်းမွန်သွားကြောင်း ဟောပြသော ဇာတ်တော်ဖြစ်သည်။

     ဤဇာတ်တော်၌ ဘုရားအလောင်းတော် ကိုယ်တိုင်ပင် (လူအများနည်းတူ ပရိယာယ်ဆောင်တော်မူ၍) ရေသွန်းလောင်းကြောင်း တိုက်ရိုက်လာရှိသည်။ ယခု ပြခဲ့ပြီးသော စကားအရ... သုဇာတာဝတ္ထုက ညောင်ပင်ကို ပူဇော်ပသသော နေ့လသည် ကဆုန်လပြည့်နေ့ဖြစ်ကြောင်း ဖော်ပြ၍၊ ဒုမ္မေဓဇာတ်က ညောင်ရေသွန်းလောင်းကြောင်း ဖော်ပြသည်။

     ဤစကားနှစ်ရပ်ကို တွဲစပ်လိုက်လျှင် ဘုရားမပွင့်မီက လောကမှာ အများအားထား ကိုးကွယ်ကြသော ညောင်စောင့် ရုက္ခဇိုဝ်းနတ်များထံ ချဉ်းကပ်၍

(ငေ)

နှစ်ဦးအစဖြစ်သော ကဆုန်လပြည့်နေ့တွင် ညောင်ပင်မှာ ရေသွန်းလောင်းခြင်း စသည်ဖြင့် ပူဇော်ပသပွဲ ကျင်းပကြကြောင်း ထင်ရှားပေသည်။

     နောင် ဘုရားပွင့်လာသောအခါ ညောင်ပင်စောင့် ရုက္ခဇိုဝ်းနတ်ကို မပူဇော်တော့ပဲ မြတ်စွာဘုရားအားသာ ပူဇော်မှု ပြုကြသည်။ သို့ရာတွင် ဘုရားမပွင့်မီက ညောင်ပင်မှာ ရေသွန်းလောင်းရသည့်အတွက် “ညောင်ရေသွန်း”ဟူသော ဝေါဟာရကိုကား မပြောင်းလဲတော့ပဲ ဘုရားအားလှူသော ရေကိုလည်း “ညောင်ရေ”ဟုပင် ခေါ်ကြသည်။

     ထင်ရှားသော သာဓကကို ဖော်ပြရလျှင်... ဗုဒ္ဓဘာသာဝင် လူမျိုးတိုင်းတို့၏ အိမ်ဦးမှာ တတ်နိုင်သည့်အလျောက် စင်ဆောက်လုပ်ပြီးလျှင် ထိုစင်ပေါ်၌ အိုးသုံးလုံးကို ရေထည့်၍ သင့်လျော်သော ပန်းများကို ထိုးစိုက်ထားတတ်ကြ၏။ ထိုစင်ကို “ညောင်ရေအိုးစင်”၊ ထိုအိုးများကို “ညောင်ရေအိုး”၊ စိုက်ထားသောပန်းများကို “ညောင်ရေအိုးပန်း”၊ အိုးထဲ၌ ထည့်ထားသောရေကို “ညောင်ရေ”ဟူ၍ အများပင် တညီတညွတ်တည်း ခေါ်ဝေါ်ကြသည်။

     ဤသို့ မိမိတို့အိမ်ဦးမှာ ထားအပ်သော ညောင်ရေအိုးမှ ရေဖြင့် ညောင်ပင်သို့သွား၍ သွန်းလောင်းရန် ရည်သန်ခြင်း ရှိပါမည်လော၊ အမှန်မှာ ညောင်ပင်သို့ သွားရောက်သွန်းလောင်းရန် ရည်သန်ခြင်း မရှိပေ၊ ရတနာသုံးပါးကိုသာ ပူဇော်လှူဒါန်းရန် ရည်သန်ထားကြခြင်း ဖြစ်ပေသည်။ ဤအိုးမျိုး ဤပန်းမျိုးမှာ အိမ်ဦးတွင် ပန်းများ စိုက်ထားမှသာ ညောင်ရေအိုး ညောင်ရေပန်းဟူသော အမည်ကို ရကြသည်မဟုတ်သေး၊ ဈေးထဲမှာ စုပုံ၍ ရောင်းချနေစဉ်ကပင်လျှင် ညောင်ရေအိုး ညောင်ရေအိုးပန်းဟူ၍ ခေါ်ဆိုကြပေသည်။ အဆုံးမှာ ပြခဲ့ပြီးသောအတိုင်း ရတနာသုံးပါးအား ပူဇော်လှူဒါန်းသော အိုးများ ပန်းများသာ ဖြစ်လေသည်။

     ဤသို့ မြတ်စွာဘုရား ပွင့်ထွန်းတော်မူလာသော အခါမှစ၍ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သည် ရတနာသုံးပါးအား လှူဒါန်းကာ ဆုတောင်းဆုယူ ပြုလုပ်အပ်သော ရေကို ညောင်ရေဟူ၍ အထင်အရှား အများပြုလုပ်ကြသည် ဆိုသော်လည်း ဘုရားမပွင့်မီ အစဉ်အလာအားဖြင့်ပင် ညောင်ပင်စောင့် ရုက္ခဇိုဝ်းနတ်ကြီးများကို ရည်သန်ပူဇော် ရေသွန်းလောင်းကာ ဆုတောင်းဆုယူ ပြုလုပ်ခဲ့သော အလေ့အထ အားကြီးစွာ ထုံခဲ့ကြသဖြင့် လူတို့၏စိတ်မှာ ယခုအခါတိုင်အောင်ပင် ညောင်ပင်ကြီးများကိုမြင်လျှင် အခြားသစ်ပင်တို့ထက် ပိုမိုအရေးယူခြင်း ညောင်ပင်ကြီးများ၌ ပန်းတင်ခြင်း ဆီမီးညှိထွန်းခြင်း အစရှိသော အလေ့အထသည်ကား ထင်ရှားပင် ရှိနေသေး၏။ ထိုသို့ ပြုလုပ်ကြသော

(ငဲ)

သူတို့သည် ဘုရားပွင့်တော်မူရာ ဗောဓိပင်ကို ရည်ရွယ်သည်မဟုတ်၊ ရုက္ခဇိုဝ်းနတ်ကြီးနေရာ ညောင်ပင်ဖြစ်သည်ကိုသာ အသိအမှတ် ထားကြသည်။ ထိုသူတို့အား ဘုရားမပွင့်မီ ရှေးအစဉ်အလာအတိုင်း (အထူးမစိစစ်တော့ပဲ) လိုက်နာသူများသာ ဖြစ်၏။

ကဆုန်လနှင့် ညောင်ရေ ယူဆပုံ အမျိုးမျိုး

     (က) ညောင်ရေဟူသည် ဗောဓိညောင်ဗုဒ္ဓဟေပင်ကို သွန်းလောင်းသော ရေပင်ဖြစ်သည်၊ ဤဗောဓိညောင်ပင်ကို ကဆုန်လမှာမှ ရေသွန်းလောင်းခြင်း၏ အကြောင်းကား... ကဆုန်လဟူသည်မှာ (ကဆိန္န)ဟူသော ပါဠိမှ ဆင်းသက်လာသော စကားဖြစ်၏။ (က = ရေ၊ ဆိန္န = ပြတ်သည်)၊ ကဆိန္န = မြေဓာတ်မှာ ရေပြတ်သောလ-ဟု အဓိပ္ပါယ်ရသည်၊ (ကဆိန္နဟူသော ပါဠိမှ ဖြစ်လာသော) ထိုကဆုန်လမှာ လွန်ခဲ့သောနှစ်က မိုယ်းနှင့်လည်း အလွန်ဝေးကွာ လာမည့်နှစ် မိုဃ်းကလည်း မရွာသေးသည့်အတွက် မြေဓာတ်မှာ ရေအပြတ်ဆုံးလဖြစ်၍ ဗောဓိပင် သေမသွားစေရန် ရေသွန်းလောင်းပေးရသည်ဟု ဝေါဟာရလီနတ္ထ ဒီပနီ ကျမ်းဆရာက ပြဆိုထားသည်။

(ကဆိန္နဟူသောပါဠိ ကဆုန်လဟောကြောင်း ပိဋကကျမ်းတို့၌ မရှိသည့်ပြင်၊ အတော်အတန် ရေပြတ်သော တပေါင်း တန်းခူးလတို့၌ ညောင်ရေမသွန်းပဲ ဗောဓိပင် အလွန်အားနည်းမှ အားဆက်၍ ပေးသလောဟုပင် ပညာရှင်တို့ အပြစ်တင်ဘွယ် ရှိပေသည်။)

     (ခ) အချို့ ပညာရှင်များကလည်း တေရသကနိပါတ် ခြောက်ခုမြောက် ကာလိင်္ဂဗောဓိဇာတ် နိဒါန်းမှာ လာရှိသော (ဇေတဝန်ကျောင်းတိုက်အတွင်း အရှင်အာနန္ဒာ စိုက်ပျိုးအပ်သည့်) အာနန္ဒာဗောဓိပင်ကို အကြောင်းပြု၍ ညောင်ရေသွန်းပွဲ ဖြစ်ပေါ်လာသည်ဟု ပြောဆိုကြ၏။

(ထို ကာလိင်္ဂဗောဓိဇာတ် အဋ္ဌကထာ၌ အရှင်အာနန္ဒာစီမံသော ဗောဓိပင်မှာ (မြန်မာစာမူများအလို) ရွှေအိုး ငွေအိုး တဆယ့်ရှစ်လုံး၊ (သီဟိုဠ်စာမူများအလို) တရာ့ရှစ်လုံးတို့အထဲမှာ နံ့သာရေတို့ကို ထည့်ပြီးလျှင် ကြာညိုပန်းစသည် အမျိုးမျိုး စိုက်ထိုးလျက် ညောင်ပင်ကို ဝိုင်းဝန်းစီစဉ် ပူဇော်ထားကြောင်း စသည်သာ အထူးလာရှိသည်၊ ညောင်ရေသွန်းသည်ဟူ၍ကား အထူးမရှိ၊ သို့သော် ထိုဗောဓိညောင်ပင်အား ရေသွန်းလောင်းမည် အမှန်ပင်ဖြစ်၏။ သို့သော်လည်း ရေသွန်းခြင်းကိစ္စထက် နံ့သာပန်းအိုးတို့ကို ဝိုင်းဝန်း စီစဉ် ပူဇော်ခြင်း, ရတနာ (၇)ပါးဖြင့်ပြီးသော ပွတ်လုံးရံခြင်,၊ ရွှေနှင့်ရော၍ သဲဖြူဖြန့်ခင်းခြင်း,

(ငေါ)

တံတိုင်းအရံပြုလုပ်ခြင်း, ရတနာ (၇)ပါးဖြင့် ချယ်စီအပ်သော တံခါးမုခ်တည်ခြင်း ကိစ္စတို့ကသာ ထူးကဲသောကိစ္စဖြစ်၍ ထိုကိစ္စတို့ကိုသာ အဋ္ဌကထာဆရာ အထူး ဖွင့်ပြတော်မူသည်။ ထိုအချိန်ကမှစ၍ ညောင်ရေသွန်းခြင်းကိစ္စအထူး ဖြစ်လာပါလျှင် အဋ္ဌကထ၌ အထူးဖွင့်ပြလေရာ၏၊ ပြကား မပြခဲ့၊ ဤသို့ ရေသွန်းလောင်းခြင်းကို တိုက်ရိုက်မပြသော အာနန္ဒာဗောဓိကို အရင်းခံထား၍ ညောင်ရေသွန်းပွဲသဘင် စတင်ဖြစ်သည်ဟု ဆိုရန်မှာလည်း ခဲယဉ်းသောအချက်ပင် ဖြစ်သည်။)

     (ဂ) အချို့ ပညာရှင်များကမူ ကဆုန်လပြည့်နေ့သည် ပြဆိုခဲ့ပြီးသောအတိုင်း ဘုရားအလောင်းတော်များ ဗျာဒိတ်ခံတော်မူရာနေ့ ဘုရားဖြစ်မည့်ဘ၀တွင် ဖွားတော်မူရာနေ့ ဘုရားဖြစ်တော်မူရာနေ့ ပရိနိဗ္ဗာန် စံတော်မူရာနေ့အားဖြင့် နေ့ထူးနေ့မြတ်ကြီး ဖြစ်သောကြောင့် ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းခြင်းကောင်းမှု ပြုလုပ်ကြသည်ဟု ဆိုကြပြန်၏။

(ညောင်ရေသွန်းခြင်းကိစ္စကား ဘုရားမပွင့်မီကပင် ရှေး၌ ဆိုအပ်ပြီးသောအတိုင်း ဖြစ်ပေါ်ခဲ့သည်။ ဘုရားပွင့်တော်မူလာသောအခါမှ နတ်အား ပူဇော်ခြင်းမှ ပြောင်းလဲ၍ ဖော်ပြပါအတိုင်း နေ့ထူးနေ့မြတ်ကြီးဖြစ်သည်ကို အာရုံပြုကာ ဗုဒ္ဓဘာသာဝင်တို့ မြတ်စွာဘုရားအား ညောင်ရေသွန်းလောင်း ပူဇော်ကြသည်ဟု မှတ်ယူထိုက်ပေသည်။)

**********

စာမျက်နှာ (၇၄) မှ (၈၀)တိုင်-

     ပြဆိုအပ်သော နိမိတ်ကြီးများကို ပါဠိတော်၌ “နိမိတ္တာနိ ပဒိဿန္တိ = နိမိတ်ကြီးများ ထင်ရှားဖြစ်ပေါ်ကုန်၏”ဟုသာ သာမညစကား အခြေခံထား၍ ချမ်းအေးမှု ပျောက်ကင်းခြင်းအစ သေဆုံးသူ ပဋိသန္ဓေနေသူ ကင်းခြင်း အဆုံးရှိသော အရာတို့ကို စီစဉ် ဟောပြတော်မူသည်။ နိမိတ်ကြီးကား ဤရွေ့ဤမျှဟု ပိုင်းခြား၍မပြ၊ အဋ္ဌကထာ၌လည်း ပါဠိအစဉ်ကို ဖွင့်ပြ၍ ဤကား နိမိတ်တပါး, ဤကား နိမိတ်တပါးဟု ပိုင်းခြား၍ မဖွင့်ပြ။

(ဤ၌ ဘုရားအလောင်းတော် ဗျာဒိတ်ခံသောအခါ ဖြစ်ပေါ်သော နိမိတ်ကြီးများနှင့်၊ ဘုရားအလောင်းတော် ပဋိသန္ဓေ တည်နေသောအခါ၊ ဖွားတော်မူသောအခါ၊ ဘုရားဖြစ်တော်မူသောအခါ၊ ဓမ္မစကြာတရားဦး ဟောတော်မူသောအခါတို့၌ ဖြစ်ပေါ်သော နိမိတ်ကြီး (၃၂)ပါးတို့မှာ မတူကြပေ၊ တမျိုးစီသာဖြစ်သည်၊ ပဋိသန္ဓေတည်နေသောအခါ စသည်တို့၌ ဖြစ်ပေါ်သော နိမိတ်ကြီး (၃၂)ပါးတို့ကို ဂေါတမဗုဒ္ဓဝင်အခဏ်း၌ အကျယ်ဖော်ပြပေအံ့။)

(ငေါ်)

     အလောင်းတော် သုမေဓာရှင်ရသေ့ ဗျာဒိတ်ခံသောအခါ ဖြစ်ပေါ်သော နိမိတ်ကြီး (၃၂)ပါးတို့ကို မုံရွေးဇေတဝန် ဆရာတော်က မိမိ၏ ရာဇောဝါဒကျမ်း၌-

“မြစ်ရေပြန့်ပြန့်၊ တန့်၍ရှည်ကြာ၊ မနေရာသော်လည်း၊ ရွှေဗျာဒိတ်ပွဲ၊ ကာလဆဲတွင်၊ လွှဲ၍မစီး၊ ငရဲမီးချမ်းသာ၊ သုမေဓာ၏၊ ဂုဏ်အာနုဘော်၊ ဉာဏ်တော်ရင့်ညောင်း၊ သူတော်ကောင်းကြောင့်၊ အပေါင်းသတ္တဝါ၊ ဒုက္ခကွာ၍၊ ချမ်းသာ ရောက်ဘူးကြလေသည်”..

ဟူသော စာပိုဒ်၏ အဓိပ္ပါယ်ကို အကျယ်ဖော်ပြရာ၌ နိမိတ်ကြီး (၃၂)ပါးတို့၏ သရုပ်ကို..

(၁) အချမ်းအအေး ကင်း၏၊

(၂) အပူငြိမ်း၏၊

(၃) တသောင်းသော စကြဝဠာ၌ အသံမရှိ ဆိတ်၏၊ နှောက်ရှက်ခြင်း ကင်း၏၊

(၄) ပြင်းစွာသော လေတို့သည် မလာကုန်၊

(၅) အယဉ်ထန်စွာစီးသော မြစ်ကြီးတို့သည် မစီးကုန်၊

(၆) ကြည်းပန်း ရေပန်း ဟူသမျှတို့သည် အလုံးစုံ ပွင့်ကုန်၏၊

(၇) နွယ်ပင် သစ်ပင် (ပင်စောက်)တို့သည် အသီး သီးကုန်၏၊

(၈) ကောင်းကင်ရတနာ မြေပြင်ရတနာတို့သည် ကောင်းစွာ ထွန်းထောက်ပကုန်၏၊

(၉) လူ၌ဖြစ်သော တူရိယာ နတ်၌ဖြစ်သော တူရိယာတို့သည် အလိုလို မြည်ကုန်၏၊

(၁ဝ) ကောင်းကင်မှ ဆန်းကြယ်သော ပန်းမိုယ်းတို့သည် ရွာကုန်၏၊

(၁၁) မဟာသမုဒြာသည် ဝဲလည်၏၊

(၁၂) တသောင်းသော စကြဝဠာတိုက် တုန်လှုပ်၏၊

(၁၃) တသောင်းသော စကြဝဠာတိုက်၌ ငရဲမီးတောက်တို့သည် ငြိမ်းအေးကုန်၏၊

(၁၄) နေသည် ကင်းသော အညစ်အကြေးရှိ၏ (အညစ်အကြေးကင်း၏)၊

(၁၅) ကြယ်တို့သည် နေ့အခါ၌ ထင်ကုန်၏၊

(၁၆) မိုဃ်းမရွာပဲ ရေသည် မြေမှထွက်၏၊

(၁၇) ကြယ်အပေါင်းနှင့် နက္ခတ် နှစ်ဆယ့်ခုနှစ်လုံးတို့သည် အလွန်ထွန်းပ တင့်တယ်ကြကုန်၏၊

(ငံ)

(၁၈) ဝိသာခါနက္ခတ်သည် လပြည့်ဝန်း (စန်း)နှင့် ယှဉ်၏၊

(၁၉) တွင်း၌နေသော မြွေ, မြွေဘာ၊ ချောက်၌နေသော မြေခွေး, ဝံ, သစ် အစရှိသော သတ္တဝါတို့သည် မိမိတို့နေရာမှ ထွက်ကုန်၏၊

(၂၀) သတ္တဝါတို့ မမွေ့လျော်ခြင်းပျောက်၍ မွေ့လျော်ခြင်း ရှိကြကုန်၏၊

(၂၁) အနာတို့သည် ငြိမ်းကုန်၏၊

(၂၂) မွတ်သိပ်ဆာလောင်ခြင်း ကင်းကုန်၏၊

(၂၃) ရာဂ, ဒေါသ, မောဟ ပျောက်ကင်း၏၊

(၂၄) ဘေးကင်းကြ၏၊

(၂၅) မြူထခြင်း မရှိ၊

(၂၆) မကောင်းသော အနံ့တို့သည် ပျောက်ကုန်၏၊

(၂၇) နတ်၌ဖြစ်သော ရနံ့တို့သည် လှိုင်ကုန်၏၊

(၂၈) (အရူပ-ဗြဟ္မာတို့ကို ထား၍) ခပ်သိမ်းသော နတ်ဗြဟ္မာတို့သည် ထင်ကုန်၏၊

(၂၉) တသောင်းသော လောကဓာတ်၌ ငရဲတို့သည် ထင်ကုန်၏၊

(၃ဝ) တံတိုင်း တိုက်နံရံ တံခါးရွက် ကျောက်တောင်တို့ဖြင့် ပိတ်ပင်ဆီးတားခြင်း မရှိကုန်၊

(၃၁) စုတေခြင်း မရှိကုန်၊

(၃၂) ပဋိသန္ဓေနေခြင်း မရှိကုန်

ဟူ၍ ရေတွက်ဖော်ပြထားသည်။

အချို့ဆရာကြီးတို့ကမူကား-

     မုံရွေးဇေတဝန်ဆရာတော် ပြအပ်သည့် (၃)အမှတ် နိမိတ်တခုကို နှစ်ခုခွဲ၍ ယူလိုကြ၏၊ ယူလိုကြရင်း နှလုံးသွင်း အာဘော်မှာ... မုံရွေးဆရာတော် မိန့်ဆိုသည့်အတိုင်း တခုတည်းယူလိုက်လျှင် အနှောက်အရှက်မရှိဆိုသော စကားအရ အသံတိတ်ဆိတ်နေသည့်အတွက် မည်သူ့နားမှာမှ အသံရှုပ်ထွေး နှောက်ရှက်ခြင်းမရှိဟု ဆိုရာရောက်၏၊ ဤအတိုင်းလျှင် အနှောက်အရှက်မရှိဟူသော စကား၏ အဓိပ္ပါယ်မှာ လေးလေးနက်နက် မရှိလှ၊ လူတို့၏နားမှာ အသံကြားရပုံ ရှုပ်ထွေးနှောက်ရှက်မှုကိုသာ အနှောက်အရှက်ဟူ၍ မယူပဲ မည်သည့်နည်းနှင့်မဆို တဦးအပေါ်မှာ အခြားသူ တဦးကဖြစ်စေ၊ အများကဖြစ်စေ နှောက်ရှက်မှု မရှိနိုင်ဟု ယူလိုက်လျှင် သာလွန်၍ အဓိပ္ပါယ် လေးနက်မည်ဖြစ်၏။

(ငါး)

     သို့ဖြစ်၍ ဤ အနှောက်အရှက်မရှိဟူသော စကားကို နိမိတ်သီးခြား တပါးအဖြစ် ယူသင့်သည်။ ထိုသို့ ယူလိုက်သည်ရှိသော် နိမိတ်တပါး ပိုသွားမည်ဖြစ်၍ မပိုစေရန် (၂၆) အမှတ်နှင့် (၂၇)အမှတ် နိမိတ်တို့ကို နိမိတ်တခုတည်းအဖြစ် စုပေါင်း၍ ယူလိုက်လျှင် တပါးမပိုတော့ပေ။ စုပေါင်းယူရန်လည်း သင့်ပေသည်… (၂၇)အရ နတ်၌ဖြစ်သော ရနံ့တို့သည် လှိုင်ကုန်၏ဟု ဆိုလိုက်လျှင်ပင် မကောင်းသော အနံ့တို့သည် ပျောက်ကုန်၏ဟူသော စကားကို နိမိတ်သီးခြား တပါးအဖြစ် ယူရန် မလိုတော့ပေ၊ နတ်၌ဖြစ်သော ရနံ့လှိုင်သည်ဟူသော စကား၏ ဝိသေသနအဖြစ်ဖြင့်သာ မကောင်းသောအနံ့ ပျောက်ကင်း၍ နတ်၌ဖြစ်သော ရနံ့တို့သည် လှိုင်ကုန်၏ဟူ၍ နိမိတ်တပါးတည်းသာ ယူလိုက်ပါလျှင် (၃၂)ပါးပင်ဖြစ်၍ အဋ္ဌကထာတို့နှင့်လည်း မဆန့်ကျင်ချေဟူ၍ မိန့်ဆိုတော်မူကြ၏။

နိမိတ်နှင့်စပ်၍ မှတ်သားဖွယ်

     နိမိတ်ဟူသော ဝေါဟာရသည် နိမိတ္တဟူသော ပါဠိမှ ဆင်းသက်လာသော မြန်မာဝေါဟာရဖြစ်သည်။ ကောင်းကျိုး ဆိုးကျိုး ဤနှစ်မျိုးတွင် တမျိုးမျိုး ဖြစ်လိမ့်မည်ဟု သိမှတ်ကြောင်း (အသိဉာဏ် ဖြစ်ပေါ်ရန် အကြောင်း)ကို နိမိတ္တဟူသော သဒ္ဒါက ဟောဆိုလေသည်။ နိမိတ္တသဒ္ဒါသက်သက်က ကောင်းသောအကြောင်း (ကောင်းသောနိမိတ်) မကောင်းသောအကြောင်း (မကောင်းသောနိမိတ်) နှစ်မျိုးလုံးကိုပင် ဟောဆိုနိုင်ရာ မကောင်းသောအကြောင်း နိမိတ်ကို ဆိုလိုရာ၌ (ဒု)သဒ္ဒါနှင့် တွဲဖက်၍ (ဒုန္နိမိတ္တ)ဟူ၍ ခေါ်ဆိုသုံးစွဲလေ့ရှိသည်။ ဤဗျာဒိတ်ခဏ်း၌ကား.. ကောင်းမြတ်သော အကြောင်းတွေချည်းကိုပင် နိမိတ္တဟု ဟောကြားထားခြင်း ဖြစ်သည်။

     လောကီလူအများ အသိအမှတ်ပြုသော အကြောင်းနှင့်ပတ်သက်သည့် အချက်စုမှာ တိတ်, နိမိတ်, တပေါင်, စနည်း, ဘဝေါ-ဟူ၍ ငါးမျိုးရှိသည်ဟု ပြောဆိုကြ၏၊ ထိုငါးမျိုးတို့၏ ထူးခြားပုံကိုလည်း..

     မျက်မြင် နိမိတ်၊ တိတ်မှာ လက်ဆောင်၊ အသံမှာ တပေါင်ဟု အမှတ်အသား ပြုကြပြီးလျှင် နံနက် အိပ်ရာမှထ၍ မျက်စိကို ဖွင့်ကြည့်ရာတွင် ကောင်းသောအရာကိုမြင်လျှင် ထိုနေ့သည် နိမိတ်ကောင်းသောနေ့၊ မကောင်းသောအရာကိုမြင်လျှင် ထိုနေ့သည် နိမိတ်မကောင်းသောနေ့ဟူ၍ မျက်စိဖြင့် မြင်ရာကို (နိမိတ်) ခေါ်ရမည်ဟု ဆိုကြ၏။

(စ)

     (တိတ်) ဟူသော စကားကို အတိတ်ဟူ၍လည်း ခေါ်ဆိုကြ၏။ (အတိတ်ဟုဆိုသော်လည်း လွန်လေပြီးသော ကာလကိုခေါ်သည့် အတိတ်မဟုတ်) လက်ဆောင်ကိုခေါ်သော စကားသာ ဖြစ်၏။ မိတ်ဆွေများက မိမိထံသို့ ပို့လိုက်သော လက်ဆောင်သည် တိတ်မည်၏ (သို့မဟုတ် အတိတ်မည်၏) ထိုလက်ဆောင်သည် မိမိနှစ်သက်သော လက်ဆောင်ပစ္စည်းဖြစ်လျှင် တိတ်ကောင်းသည် (အတိတ်ကောင်းသည်)၊ မနှစ်သက်သော လက်ဆောင်ပစ္စည်းဖြစ်လျှင် တိတ်မကောင်း (အတိတ်မကောင်း)ဟု ပြောဆိုလေ့ရှိကြ၏။

     (တပေါင်)ဟူသည် ကြားရသော အသံပင်ဖြစ်၏၊ သဘင်သည် သူရူး ကလေးသူငယ်တို့၏ နှုဘ်ဖျားမှ သီဆိုအော်ဟစ်ကြသော အသံသည် တမင်နားမထောင်ရပဲ ကြားရသော အသံဖြစ်၍ (တပေါင်)ခေါ်၏ဟု ပြောဆိုကြသည်။

     တမင်ချောင်း၍ နားထောင်မှ ကြားသိရသော အသံကိုကား (စနည်း)ဟု ခေါ်သည်။ သို့ဖြစ်၍ အကောင်းအဆိုး သိလိုလျှင် စနည်းနာရသည်ဟု မသိမသာ ချောင်းမြောင်း နားထောင်ခြင်းကို ပြုရာ၏။

(မဃဒေဝလင်္ကာသစ်ကျမ်း၌ကား.. “စနည်းကိုတောင်၊ တပေါင်ကို မြောက်၊ ယူကောက်နှိုင်းညှိ၊ ဆိုရိုးရှိရှင့်”ဟူ၍ စပ်ဆိုသည်။ အဓိပ္ပါယ်မှာ… စနည်းနှင့် တပေါင်သည် အသံချည်းပင် ဖြစ်သော်လည်း မိမိနေရပ်၏ တောင်ဘက်မှ ကြားရသောအသံသည် စနည်းဖြစ်၍၊ မြောက်ဘက်မှ ကြားရသော အသံသည် တပေါင်ဖြစ်သည်ဟု ဆိုလိုသည်။)

     နတ်များက ပူးဝင်ပြောဆိုသော အကြောင်းအရာကို (ဘဝေါ)ဟူ၍ ခေါ်သည်။ ထို့ကြောင့် မဃဒေဝလင်္ကာသစ်ကျမ်း၌ “ပြည်နိမိတ်နှင့်၊ အတိတ် ဘဝေါ၊ နတ်ပြောပြဆောင်”-ဟူ၍ စပ်ဆိုလေသည်။

     ဤသို့ အမျိုးမျိုး ခေါ်ဝေါ်ခြင်းမှာ မြန်မာသက္ကရာဇ် ရှစ်ရာကျော် အရှင်မဟာသီလဝံသတို့ လက်ထက်လောက်ကပင် ရှိခဲ့၏။ အရှင်မဟာသီလဝံသကမူကား... ပါဠိတော်၌ပင် နိမိတ္တဟူ၍သာ တမျိုးတည်း ဟောထားသောကြောင့် တိတ်, နိမိတ်, တပေါင်, စနည်း, ဘဝေါဟု အထူးအပြား ခွဲခြားပြရန်မလိုဟု ပြဆိုတော်မူလိုသည့်အတွက် ပါဠိတော်လာ နိမိတ်ကိုပင် (ဤသည့်မြေလည်း၊ ရိုသေလှစွာ၊ ကြည်းနာသံဟည်း၊ တော်တည့်လည်း၏၊ စနည်းဤသို့၊ အံ့ဘွယ်မြို့လည်း၊ ၊ငါတို့ မြင်ကုန်လိုက်လျက်တည်း) ဟူ၍၎င်း၊ (မွှေနှောက်ရမ္မက်၊ ခေါင်းပါးလျက်လျှင်၊ အမျက်ဒေါသ၊ မိုက်မဲစသား၊ မာန်မျှမကျန်း၊ ရေယို့ခန်း၏။ အဆန်းထူးပြား၊ တံဘောင်များကို၊ မှတ်သားငါတို့၊ ယခုမြို့လည်း၊ ၊တချို့

(စာ)

မမေ့စေရက်တည်း၊) ဟူ၍၎င်း နိမိတ်ကိုပင် စနည်းဟူသော အမည်၊ တပေါင်ဟူသော အမည်တို့ဖြင့် ပါရမီတော်ခဏ်းပျို့ ပိုဒ်ရေ (၃၀)(၃၂)တို့၌ ရေးသား စပ်ဆိုတော်မူသည်။

နိမိတ်ထင်ပုံနှင့်စပ်၍ မှတ်ဖွယ်

     “နိမိတ်ကြီး (၃၂)ပါးတို့ ထင်မြင်ကြသည်” ဆိုရာ၌ အချို့သော နိမိတ်တို့မှာ အပြိုင်အဆိုင် တချိန်တည်းမှာ ထင်မြင်ကြ၍ အချို့သော နိမိတ်ကြီးတို့မှာ သဘောချင်း ဆန့်ကျင်သဖြင့် အပြိုင်အဆိုင် တချိန်တည်းမှာ မထင်မြင်ပဲ အလှည့်ကျ ထင်မြင်သည်ဟု မှတ်ရာ၏။

     ပုံစံမှာ.. ကုန်းပန်း ရေပန်းတို့ တပြိုင်နက် ပွင့်ကြသည်။ အသီးပင်တို့သည် တပြိုင်နက် သီးကြသည် ဆိုရာ၌ အပွင့်နှင့် အသီးတို့သည် သဘောချင်း မဆန့်ကျင်ပဲ အထည် ဝတ္ထုကိုယ် တခြားစီ ထင်ရှားကြသော အရာများဖြစ်၍ အပြိုင်အဆိုင် တချိန်တည်းမှာပင် ထင်မြင်နိုင်ကြကုန်၏။

     တသောင်းသော လောကဓာတ် အသံဆိတ်သည်၊ တူရိယာများ အလိုလို မြည်ကြသည် ဆိုရာ၌ အသံဆိတ်ခြင်းနှင့် အသံမြည်ခြင်းတို့မှာ သဘောချင်း ဆန့်ကျင်၍ အထည် ဝတ္ထုကိုယ် သီးခြားမရှိကြသော အရာမျိုးဖြစ်၍ (အပွင့်နှင့် အသီးမှာကဲ့သို့) တွဲဖက်ယှဉ်ပြိုင် တချိန်တည်း တပြိုင်တည်း တည်နေနိုင်ကြသည် မဟုတ်၊ အသံ တိတ်ဆိတ်သွားသည့် အခိုက်အတန့်မှာ နတ်လူအများ ထင်ရှားသိရှိနိုင်အောင်ပင် တိတ်ဆိတ် သွား၍၊ တူရိယာတို့ မြည်သောအခါ နတ်လူအများ ထင်ရှားသိရှိအောင် မြည်ကြသည်ဟူ၍ မှတ်ယူရာ၏။

     ဤနည်းအတူ စီးဆင်းနေကျ မြစ်ရေများ ရပ်တန့်သွားသည်၊ သမုဒြာရေ ဝဲလှည့်သည် ဆိုရာ၌ တပြိုင်နက်တည်း မရနိုင်၊ မြစ်ရေ ရပ်တန့်နေဆဲမှာ(လှည့်နေကျမဟုတ်သော) သမုဒြာထဲမှာ ဝဲလှည့်နိုင်မည်မဟုတ်၊ အမှန်မှာ ဗျာဒိတ်ပွဲနှင့် ကြုံကြိုက်သဖြင့် မဖြစ်စဘူး ထူးကဲအံ့ဩဘွယ်ရာ မြစ်ရေမှာ မစီးပဲ ရပ်စဲ၍ နိမိတ်ပြသည်၊ ဤကဲ့သို့ နိမိတ်ပြနေသည့်အတွင်း သမုဒြာထဲမှာလည်း ဝဲလှည့်ရန်ကို မဆိုထားဘိ ရေပြင်ပေါ်၌ လှိုင်းတံပိုးမျှ မထပဲ မြစ်ရေအသွင် ငြိမ်သက်၍ပင် နေရပေမည်။ သမုဒြာက နိမိတ်ပြဘို့ အလှည့်ရောက်သဖြင့် ဝဲလှည့်၍ နိမိတ်ပြလိုက်သောအခါ မြစ်ရေမှာ မရပ်တန့်ပဲ စီးမြဲ စီးဆင်းနေသည်ဟု မှတ်ယူရာ၏။

     ဤနိမိတ်ကြီး (၃၂)ပါးအကြောင်း ပါရမီတော်ခဏ်းပျို့ ပိုဒ်ရေ (၂၉၊ ၃၀၊ ၃၁၊ ၃၂၊ ၃၃)တို့၌ စပ်ဆိုထားသည်ကို သိမှတ်လွယ်ကူရန် ထုတ်ဆောင်ပြပေဦးအံ့..၊

(စိ)

ရှေးတွင်သောခါ၊ ဘုရားလျာတို့၊ ပတ္ထနာဆုံး၊ ထက်ဝယ်ကြုံးလျက်၊ နှလုံးသာယှဉ်၊ နေသော်စဉ်၌၊ တမျဉ်နိမိတ်၊ ထင်မြဲဟိတ်သို့၊ ဗျာဒိတ်ရခါ၊ တို့မြတ်စွာ၏၊

၁-၂။ အခါခပ်သိမ်း၊ မငြိမ်းဘူးပဲ၊ နှစ်ကွဲရတု၊ ပူချမ်းမှုလည်း၊ သာဓုနုမော်၊ ခေါ်ကြလာဘိ၊ အညီညှိသို့၊ မရှိဘန်ပြု၊ သာယာနု၏။

၃။ မြတ်ဆုတောင်းရာ၊ နာခံပါသို့၊ စကြဝဠာခပင်း၊ သောင်းတွင်း လောကဓာတ်၊ ထက်ဝန်းပတ်လည်း၊ အမှတ်တရ၊ ရုတ်ဆန်းမျှလျှင်၊ နိစ္စအဓွန့်၊ လိုလွန့်သောင်းသဲ၊ မြည်ကုန်မြဲလျက်၊ ညံစဲတိတ်တိတ်၊ အသံဆိတ်၏။

၄။ မထိတ်အားနည်း၊ မုန်တိုင်းသည်းလည်း၊ ယမ်းပည်းထွေငေါ်၊ ကျွန်လျှင်တော်သို့၊ ထိုရော်အခါ၊ ညောင်းလျက်လာ၏။

၅။ ဂင်္ဂါမကြွင်း၊ မြစ်ခပင်းလည်း၊ စီးခြင်းမရှိ၊ တုံ့ဘိညာရေ၊ အကြေမသွား၊ တန့်၍နား၏။

၆။ နုထွားနှင်နှင်၊ ပန်းသစ်ပင်လည်း၊ ရေပြင်မြေလုံး၊ မိုးဖုံးပိတ်ကာ၊ ဗျာဒိတ်ခါဝယ်၊ ကြိုက်ပါသဖြင့်၊ ကြို့၍ပွင့်၏။

၇။ လှတင့်လှတယ်၊ သစ်ပင်နွယ်လည်း၊ ကြီးငယ်မလွတ်၊ ပင်လုံးကျွတ်လျှင်၊ ခိုင်ပြွတ်လက်ဆောင်၊ သစ်သီးတောင်သို့၊ ကုန်အောင်ထိုမျှ၊ သီးခွင့်ရ၏။

အံ့ဩဘနန်း၊ ဤသို့ထွန်းသည်၊ ၊ပွင့်ခန်းဆုတောင်း ခေါက်ရက်တည်း။

၈။ မိုးရပ်ဆုံးစွန်၊ ဗိမာန်တခွင်၊ ဤမြေပြင်၌၊ အကြင်မျှလောက်၊ မြတ်ထွတ်မြောက်သား၊ လျှံတောက်ကြက်သရေ၊ မြုတေဘဏ္ဍာ၊ ရတနာလည်း၊ ထိုခါအရောင်၊ လွန်၍ဆောင်၏။

၉။ လူ့ဘောင်နတ်ဘောင်၊ မှုများဆောင်လျက်၊ သာအောင်မှုတ်သီ၊ အညီပြုပြင်၊ ပွဲသဘင်သို့၊ ပဉ္စင်တူရိယာ၊ မှုတ်တီးရာသား၊ အင်္ဂါငါးမည်၊ လူနတ်စည်လည်း၊ ဧမြည်သံချို၊ အလိုလိုလျှင်၊ ထိုထိုရပ်သား၊ ခြိမ့်မျှကြား၏။

၁၀။ ပေါက်သားမုန်အိုက်၊ ခိုက်၍ကျကြွေ၊ ပင်ခြေထက်ဝန်း၊ အင်ကြင်းပန်းသို့၊ ထူးဆန်းတရိုး၊ နတ်ပန်းမျိုးလည်း၊ ဖြိုးဖြိုးမြေထက်၊ ဖမျက်ပုဆစ်၊ ကျွံဘွယ်နစ်၏။

၁၁။ ကြွေးဟစ်သံရင့်၊ ချီးမွမ်းလင့်သို့၊ မြည်ခွင့်ရရ၊ ပင်လယ်မနှင့်၊

(စီ)

၁၂။ ညီကြနဂိုရ်၊ မြင်းမိုရ်တသောင်း၊ တိုက်အပေါင်းအား၊ ကြည်းကောင်းခံပေ၊ ဤသည့်မြေလည်း၊ ရိုသေလှစွာ၊ ကြည်းနာသံဟည်း၊ တော်တိလည်း၏။

စနည်းဤသို့၊ အံ့ဘွယ်မြို့လည်း၊ ၊ငါတို့ မြင်ကုန်လိုက်လျက်တည်း။

၁၃။ စကြဝဠာ၊ ရိုက်ရာအပေါင်း၊တိုက်တသောင်းတွင်၊ ဆိုးကောင်းခံမြဲ၊ မီးငရဲလည်း၊ ရေကြဲလက်ဖျန်း၊ မယ်ဖျူးပန်းသို့၊ ပူမှန်းမသိ၊ တောက်ညိမထိန်၊ အရှိန်စဲလေ၊ တိတ်တိတ်သေလျက်၊ ပြေ၏ထိုမြို့-

၁၄။ နေရောင်ပျို့လည်း၊ မဆို့ထိန်လင်း၊ မြူမိုက်ကင်း၍၊ သန့်ရှင်းကောင်းကင်၊ ကြည်ကြည်စင်၏။

၁၅။ ပေါ်ထင်မိုးလယ်၊ ခပ်သိမ်းကြယ်လည်း၊ နန်းဝယ်ကြက်ဟန်၊ မျက်ဗိတာန်သို့၊ တသွန်ဝန်းကျင်၊ ပြဲ့ပြဲ့မြင်၏။

၁၆။ မြေပြင်မျက်နှာ၊ မိုဃ်းမရွာလည်း၊ ရွံရှာစွာဘိ၊ အညှိစေးညှော်၊ ဆေးပေးလျှော်သို့၊ လျှံပေါ်ရေကြီး၊ ပြင်းခပ်စီး၏။

၁၇။ ဖြင်ညီးရိပ်ရိပ်၊ ကောင်းကင်ထိပ်၌၊ အနိပ်အပြ၊ မရှနတည့်၊ ထွန်းပရောင်ဝါ၊ သောကြာစိုင်ရှူး၊ ဗုဒ္ဓဟူးက၊ စသည်အလို၊ လူတို့ဂြိုဟ်လည်း၊ မပြိုမကွဲ၊ ပြိုင်တွဲမခွပ်၊ ထိန်ဝါလျှပ်၏။

၁၈။ ခပ်စပ်နက္ခတ်၊ သမသတ်နှင့်၊ ပါဒ်ဗီဇနာ၊ ဝိသာခါလည်း၊ တရာမရွေ့၊ ပြည့်သည့်နေ့လည်း၊ ဖြစ်မြေ့ဧကန်၊ ကြိုက်မြဲမှန်၏။

တသွန်ဤသို့၊ စနည်းမြို့လည်း၊ ၊ငါတို့ မြင်တိုင်းပင်ပက်တည်း။

၁၉။ ခပ်သိမ်းတသွန်၊ တိရစ္ဆာန်များ၊ ချောက်ကမ်းပါးနှင့်၊ တွင်းနားလိုဏ်ခေါင်း၊ မြေထဲအောင်းလည်း၊ ဝပ်ညောင်းပြင်းစွာ၊ ဗျာဒိတ်ခါမှ၊ ထွက်ပါလွင်ကျင်း၊ ပြင်သန့်ရှင်း၏။

၂၀။ အခြင်းထူးခြား၊ ကြံဘွယ်များကို၊ သိကြားမည်မှည့်၊ သူ့လိုဖြည့်လည်း၊ မပြည့်တန်ပဲ၊ အင်ယုတ်မြဲလျက်၊ ရောင့်ရဲခြင်းပြေ၊ လူဗိုလ်ခြေအား၊ ကောင်းတေစုံမက်၊ လွန်နှစ်သက်၏။

၂၁။ နှိပ်စက်အနာ၊ လူတကာလည်း၊ သက်သာအီကျန်း၊ လန်းလန်းထူထ၊ လွတ်ခွင့်ရ၏။

၂၂။ မဝရေစာ၊ ငတ်စွာသသူ၊ ပြိတ္တာမူလည်း၊ မပူမလောင်၊ ဝမ်းခေါင်တက်ဆို့၊ ပြည့်၏သို့လျှင်၊ နှစ်လို့သောလျောက်၊ မွတ်သိပ်ပျောက်၏။

(စု)

၂၃။ မွှေနှောက်ရမ္မက်၊ ခေါင်းပါးလျက်လျှင်၊ အမျက်ဒေါသ၊ မိုက်မဲစသား၊ မာန်မျှမကျန်း၊ ရေသို့ခန်း၏။

အဆန်းထူးပြား၊ တံဘောင်များကို၊မှတ်သားငါတို့၊ ယခုမြို့လည်း၊ ၊တချို့ မမေ့စေရက်တည်း။

၂၄။ လူ့ရပ်ခန်းဝါ၊ ပါယ်လေးရွာကား၊ အခါခပ်သိမ်း၊ ဘေးမုဒိမ်းဖြင့်၊ ကြောက်ကြိမ်းသရဲ၊ လွန်စွာမြဲလျက်၊ရန်လွှဲကာရွတ်၊ နတ်မှုတတ်သို့၊ သတ်ခတ်နိုင်နင်း၊ ဘေးဒဏ်ကင်းလျက်၊

၂၅။ မိုးဝင်းစဉ်၌၊ အခါကြိုက်သို့၊ ခိုးမှိုက်မြူမှက်၊ အထက်မဝှန်၊ ရတုမွန်၏။

၂၆။ လေသွန်တကြောင်း၊ နံ့မကောင်းလည်း၊ ဆဲမောင်းသောခါ၊ ကျွန်နှယ်ခွါလျက်၊

၂၇။ လေညာဘက်ပြည်၊ လွင်မှုန့်တည်သို့၊ မွန်ရည်စွာရှောင်း၊ နတ်နံ့လှောင်း၏။

၂၈။ ဆိုးကောင်းသတ္တဝါ၊ ဗြဟ္မာထုတ်ချင်း၊ လင်းလင်းတရှက်၊ ဘဝဂ်လေးထပ်၊ ရုပ်မဲ့ရပ်ကို၊ လပ်စေထိုမှ၊ ကြွင်းသမျှကား၊ ကြည့်ကထင်ထင်၊ ရှိတိုင်းမြင်၏။

၂၉၊ အောက်ခွင်တလွှား၊ ငရဲများလည်း၊ ကြိုးကြားတိမ်မြုပ်၊ မငုပ်မကွယ်၊ ကြောက်ကြိမ်းဘွယ်လျှင်၊ ကြီးငယ်မကျန်၊ တင်ပြညွှန်သို့၊ တုံးသန်ရင်တား၊ မခြားနားတည့်၊

၃၀။ တံခါးနံထောင်၊ တောင်လည်းမတန်း၊ စောင်ရန်းထရံ၊ အကြံရရ၊ ညှာတာကြသို့၊ ပိတ်တွမတည်း၊ ဟင်းလင်းချည်းလျှင်၊ စည်းလည်းမသား။

၃၁။ မလားသေဟိတ်၊ စုတိစိတ်ဖြင့်၊ မဖိတ်မစဉ်၊

၃၂။ ဝိညာဉ်လှဲဘောက်၊ မရောက်သူသစ်၊ မဖြစ်လာတွန်၊ ကိုယ်ဝန်မစွဲ၊

ဤခပဲလည်း၊ ဖြစ်မြဲပင်ပက်၊ ရှင်လက်ထက်တုံ၊ ယခုကြုံ၏၊ ၊စေ့စုံဆိုရိုး မပျက်တည်း။

ဗျာဒိတ်ခဏ်း အနုဒီပနီ ပြီး၏။

(စူ)

၆-ပါရမီတော်ခဏ်း

(က) ဒါနပါရမီ

ဤဒါနပါရမီအရာ၌-

     ဗုဒ္ဓဝင်ပါဠိတော်မှာ ရှေးရှေး ဘုရားအလောင်းတော်ကြီးများသည် ဒါနပါရမီကိုသာ ဦးစွာအစ ဖြည့်ခဲ့ကြသည်ဖြစ်၍ အသင်သုမေဓာသည်လည်း ဒါနပါရမီကိုပင် အစဦးစွာ ဖြည့်ကျင့်လေလော့…ဟူ၍ အလောင်းတော် သုမေဓာရှင်ရသေ့သည် မိမိကိုယ်ကို မိမိ ဆုံးမသည့်စကား ထင်ရှားစွာ လာရှိသောကြောင့် ပါရမီ (၁၀)ပါးတို့တွင် ဒါနပါရမီသည် အစအဦး အထူးအရေးတကြီး ဖြည့်ကျင့်ရမည့် ပါရမီဖြစ်ကြောင်း ကောင်းစွာ ထင်ရှားသိသာပေ၏။

သို့သော်-

     သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၌၊ ၊သီလေပတိဋ္ဌာယ နရော သပ္ပညော… အစရှိသည်ဖြင့် “တိဟိတ်ပဋိသန္ဓေနေသော ရင့်မာသော ပညာရှိသူသည် ထက်မြက်သော လုံ့လဝီရိယဖြင့် သီလမှာတည်၍ စိတ်တည်းဟူသော သမာဓိတရား၊ ဝိပဿနာပညာ တရားတို့ကို ပွါးများလျှင် တဏှာအရှုပ်အထွေးကို ဖြေရှင်းနိုင်ကြောင်း” မြတ်စွာဘုရား ဟောကြားရာ၌ကား ဒါနအကြောင်း အရိပ်အမြွက်မျှ မပါ၊ သီလ သမာဓိ ပညာ သုံးရပ်သာ ပါရှိသည်။

     ဤတွင်မျှ မကသေး.. ဤသံယုတ်ပါဠိတော်လာ ဤတဂါထာတည်း၏ အဓိပ္ပါယ်ကို အကျယ်ဖွင့်ပြရာ (စာမျက်နှာပေါင်း ၆၀၀-ကျော်ရှိသည့်) ဝိသုဒ္ဓိမဂ်ကျမ်းကြီး၌လည်း ဒါနအကြောင်းအရာ အရိပ်အမြွက်မျှ မလာမရှိ၊ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်တရား ရှစ်ပါး၌လည်း သီလဆိုင်ရာမဂ္ဂင် သမာဓိဆိုင်ရာမဂ္ဂင် ပညာဆိုင်ရာမဂ္ဂင်အားဖြင့် သုံးပါးသာ ပါဝင်သည်။ ဒါနဆိုင်ရာမဂ္ဂင်ဟူ၍ မရှိ၊ ဒါနတရားသည် ဘုရားအလိုတော်ရှိသော တရားမဟုတ်၊ နိဗ္ဗာန်ရောက်ကြောင်း တရားလည်း မဟုတ်၊ သံသရာကို ချဲ့ထွင်သော တရားသာ ဖြစ်သည်ဟု ယူဆပြီးလျှင် “ဒါနကို မပြုသင့်”ဟူ၍ပင် အချို့ ယူဆ ပြောဆိုကြ၏။

     ရှေးက ထင်ပေါ်ကျော်စောသော ယောမင်းကြီးဦးလှိုင်ကမူ မိမိရေးသားသည့် ဝိမုတ္တိရသကျမ်းထဲမှာ “ဒါနဟူသည် သိင်္ဂါလသူဌေးသားများကဲ့သို့သော လူပြိန်းများအလို့ငှါသာ မြတ်စွာဘုရား ဟောတော်မူသည်”ဟု ရေးသားခဲ့၏။

     ထိုသို့ “ဒါနကို မပြုသင့်”ဟူ၍ ပြောဆိုချက် “ဒါနဟူသည် လူပြိန်းများအတွက်သာ မြတ်စွာဘုရား ဟောတော်မူသည်”ဟူသော ယောမင်းကြီး၏ ရေးသားချက်တို့ကို မနှစ်သက်နိုင် မခံမရပ်နိုင်သော ဗုဒ္ဓဝါဒီဂိုဏ်းဝင် သူတော်စင်တို့သည် များစွာပင် ရှိကြပေ၏။

(စေ)

     ဤသို့ ပြောဆိုရေးသားချက်တို့အတွက် မနှစ်သက်နိုင် မခံမရပ်နိုင် ဖြစ်နေခြင်းဖြင့် မိမိတို့မှာ အကျိုးမရှိနိုင်ပေ၊ တကယ်စင်စစ် မိမိတို့အဖို့ရာ အကျိုးရှိစေနိုင်မည့် ယထာဘူတ ဘုရားအလိုတော်ကျ မှန်ကန်သော အနက်အဓိပ္ပါယ်ကို ဤဆိုလတ္တံ့သောအတိုင်း သိမြင်ရန် အရေးကြီးလှပေ၏၊ သိမြင်ရန် မှန်ကန်သော အနက်အဓိပ္ပါယ်ကား-

     ရှေး ဖော်ပြရာပါ သံယုတ်ပါဠိတော်ကြီးမှာ... နောက်တဖန် ဘဝအသစ် မဖြစ်တော့ပဲ ယခုတဘ၀အတွင်းမှာပင် ကိလေသာကုန်ခန်း ရဟန္တာဖြစ်အောင် အားထုတ်နိုင်စွမ်းရှိသော အာဇာနည် ပုဂ္ဂိုလ်ကြီးများအတွက် မြတ်ဘုရား ဟောကြားတော်မူခြင်း ဖြစ်သည်။ ယခုဘဝမှာပင် ရဟန္တာစင်စစ် ဖြစ်နိုင်သော စွမ်းရည်သတ္တိ ရှိသူမှန်ပါက စွမ်းရည်သတ္တိ ရှိသည့်အတိုင်း ရဟန္တာဖြစ်ပါက နောင်ဘဝအသစ် ထူထောင်ရန် မလိုတော့ပြီ၊ ဒါနဟူသည် ဘဝအသစ် စည်းစိမ်အသစ်တွေကို ဖြစ်စေနိုင်သော တရားဖြစ်၏။ ယခုဘဝ၌ပင် သံသရာကိစ္စတုံးစေမည့် ပုဂ္ဂိုလ်မှာ အနာဂတ်ဘဝသစ်ဟူ၍ မရှိသောကြောင့် ဒါနပြုလုပ်သော်လည်း ဒါနအကျိုးပေးစရာ ဘဝအသစ် မရှိတော့သည့်အတွက် ဒါနသည် အပိုဖြစ်၍သာ နေတော့၏။ ထို့ကြောင့် ထိုအာဇာနည် ပုဂ္ဂိုလ်ကြီးများအတွက် ဒါနထက် အရေးကြီးလှသော ဤဘဝမှာပင် ကိလေသာ ကုန်ခန်းစေနိုင်သည့် သီလ သမာဓိ ပညာ သိက္ခာသုံးပါးကိုသာ အဓိကထား၍ ဖော်ပြရာပါ သံယုတ်ပါဠိတော်ကြီး၌ မြတ်စွာဘုရား ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ ဒါနကို မပြုသင့်၍ မြတ်စွာဘုရား မဟောကြားခြင်း အလျဉ်းမဟုတ်ချေ။

     ဒါနတရားသည် စိတ်နှလုံးကို နူးညံ့စေတတ်သော တရားဖြစ်၏၊ တစုံတခု အလှူဒါနပြုလုပ်သောသူသည် ထိုဒါန၏ ကျေးဇူးပြု ဥပနိဿယပစ္စည်း တပ်ပေးမှုကြောင့် သီလဆောက်တည်ရန် သမာဓိဘာဝနာတရား ပွါးများရန် ပညာဘာဝနာတရား ပွါးများရန် စိတ်နှလုံး နူးညံ့ပြီး ဖြစ်လေတော့သည်။ လှူဘွယ်ဝတ္ထု တခုခု မပါရှိပဲ ကျောင်းကန်ဘုရား သွားရောက်၍ သီလသီတင်း ဆောက်တည်ရန် တရားဓမ္မ နာယူရန် တရားအားထုတ်ရန်အတွက် စိတ်နှလုံး မနူးညံ့ ရှိုးတိုးရှန့်တန့် တဆန့်ကျင်ကျင် ဖြစ်ရသည်မှာ သဒ္ဓါတရားရှိကြသော ဗုဒ္ဓဝါဒီ သူတော်စင်တိုင်း၏ ကိုယ်တွေ့ပင် ဖြစ်တော့သည်။ ထိုကြောင့်ပင် ဘုရားလက်ထက်တော် အခါက အရိယာသူတော်ကောင်း ဖြစ်ကြသော ဝိသာခါ အစရှိသော သူတော်စင်တို့သည် ဘုရားကျောင်းတော်သို့ သွားရောက်လျှင် နံနက်အခါ၌ ခဲဘွယ်ဘောဇဉ်၊ ညနေအခါ၌ အဖျော်ယမကာ စတုမဓူစသော ဆေးပစ္စည်း လှူဘွယ်များကို ယူဆောင်၍ သွားကြမြဲ ဖြစ်သည်။

     ယခုဘဝအတွင်းမှာ ကိလေသာကုန်ခန်း ရဟန္တာဖြစ်မည့်သူ မဟုတ်ပါက သံသရာကို အနည်းအများ ကူးသွားရမည်သာ ဖြစ်၏၊ ဒါနမပါပဲ သံသရာခရီး

(စဲ)

သွားရလျှင် ဒါနကင်းသည့်အတွက် သုဂတိဘဝကောင်းကို ရရန်ခက်၏၊ ရပြန်လျှင်လည်း အသုံးအဆောင် ပြည့်စုံဘို့ရန် ခက်ပြန်၏၊ ထိုအခါ ကုသိုလ်တရားကို ရှာဖွေချင်သော်လည်း ရှာဖွေနိုင်တော့မည် မဟုတ်ချေ။ (ဒါနမပါပဲ သီလ, သမာဓိ, ပညာ သိက္ခာသုံးပါး ကုသိုလ်ကိုသာ ရှာဖွေအံ့ ...ဟု ဆန့်ကျင်ဘက်စကား ပြောနိုင်ငြားသော်လည်း ထိုအချက်မှာ ပြောရုံသာ ပြောနိုင်၍ တကယ်စင်စစ် အလုပ်လုပ်၍ မဖြစ်နိုင်ပေ။ မှန်၏... ဒါနတရားက ကျေးဇူးအပြုခံရမှသာ အောင်မြောက်သော သီလ, သမာဓိ, ပညာတို့ ဖြစ်နိုင်သည်။) ထို့ကြောင့် သံသရာခရီးသွား မရပ်စဲသေးသောသူများမှာ ဒါနတရားကို အထူး အားထုတ်ဘို့ အရေးကြီးလှပေ၏၊ ဒါနရိက္ခာပါရှိမှ သံသရာ၌ ကောင်းသော သုဂတိဘ၀သို့ ရောက်ရှိခြင်း ထိုဘဝ၌ လိုရာအသုံးအဆောင်နှင့် ပြည့်စုံခြင်းရှိ၍ မိမိအားထုတ်လိုသော ကုသိုလ်ကောင်းမှုကို အားထုတ်နိုင်မည်ဖြစ်၏။

     သံသရာခရီးသွားတို့တွင် မြတ်စွာဘုရား အလောင်းတော်ကြီးများသည် အကြီးမားဆုံးသော သံသရာခရီးသွားကြီးများ ဖြစ်တော်မူကြ၏။ အလောင်းတော်ကြီးများသည် နိယတဗျာဒိတ် ရတော်မူကြပြီးသည့်နောက် သဗ္ဗညုတဉာဏ်ကို ရဘို့ရန် ပါရမီတော်တို့ကို ဖြည့်ကျင့်ရမည့် အချိန်အခါမှာ (ကမ္ဘာကုဋေတို့ဖြင့် မရေတွက်နိုင်သော) လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး အနည်းဆုံးသော သံသရာမှာ ကျင်လည်၍ အားထုတ်တော်မူကြရပေသည်။ ပစ္စေကဗုဒ္ဓါအလောင်းတို့မှာ နှစ်သင်္ချေနှင့် ကမ္ဘာတသိန်းကြာအောင်၊ အဂ္ဂသာ၀က အလောင်းတို့မှာ တသင်္ချေနှင့် ကမ္ဘာတသိန်း၊ မဟာသာဝက အလောင်းတော်တို့မှာ ကမ္ဘာတသိန်းကြာ ပါရမီတို့ကို ဖြည့်ကျင့်ရပေသည်။ ထိုသို့ ဘုရားအလောင်းတော်ကြီးများမှာ သံသရာခရီးသွား အကြီးမားဆုံးသော ပုဂ္ဂိုလ်ကြီးများ ဖြစ်သောကြောင့် ဒါနပါရမီသည် အရေးအကြီးဆုံးဖြစ်၍နေသည့်အတိုင်း ဗုဒ္ဓ၀င်ပါဠိတော်မှာ ဒါနပါရမီကို ရှေးဦးစွာ အစွဲအမြဲပြုကာ ဆောက်တည်၍ ဖြည့်ကျင့်ရမည့်အကြောင်း ဟောတော်မူခြင်းဖြစ်သည်။

     သို့ဖြစ်၍ သံယုတ်ပါဠိတော်၌ ယခုဘဝမှာပင် ရဟန္တာဖြစ်ကြမည့် ပုဂ္ဂိုလ်ကြီးများအတွက် ဟောထားချက်ကို အကြောင်းပြု၍ ပါရမီမပြည့်စုံသေးသူများက “ဒါနတရား ပိုသည်”ဟု ပြောဆိုခြင်းငှါ မသင့်ချေ။

အချို့ကလည်း-

     ဒါနတခုထည်းနှင့် နိဗ္ဗာန်သို့ ရောက်နိုင်ပါမည်လောဟု မေးလေ့မေးထ ရှိကြ၏။ တခုတည်းသာဆိုလျှင် ဒါနဖြင့်လည်း နိဗ္ဗာန်မရောက်နိုင်၊ သီလဖြင့်လည်း နိဗ္ဗာန်မရောက်နိုင်၊ ဘာဝနာဖြင့်လည်း နိဗ္ဗာန်မရောက်နိုင်ဟူ၍

(စော)

ဖြေရပေမည်။ အကြောင်းကိုဆိုသော်... “ဒါနတခုတည်း”ဟု ဆိုရာမှာ သီလနှင့် ဘာဝနာ မပါဟု အဓိပ္ပါယ်ယူရသကဲ့သို့ “ဘာဝနာတခုတည်း”ဟု ဆိုလိုက်လျှင်လည်း ဒါနနှင့်သီလ မပါဟူ၍ အဓိပ္ပါယ်ယူရမည် ဖြစ်၏။ သီလမပါလျှင် ဒုစရိုက်မှုတွေကို ပြုကျင့်နေသော ဒုစရိုက်တုံး ဒုစရိုက်ကောင်ကြီးသာ ဖြစ်၏၊ ထိုဒုစရိုက်တုံးကြီးသည် မည်သို့ပင် ဘာဝနာတရား ပွါးများစေကာမူ အလွန်ကောင်းလှစွာသော မျိုးစေ့ကို ရဲရဲတောက်နေသော သံခဲကြီးပေါ်မှာ တင်လိုက်လျှင် အညွန့်အညှောက် မထွက်နိုင်ပဲ ခဏအတွင်း ပြာကျသွားသကဲ့သို့၊ ဒုစရိုက်တုံး ဒုစရိုက်ကောင်ကြီး ပွါးများအပ်သော ဘာဝနာသည်လည်း ဘာဝနာအဖြစ်သို့ မရောက်၊ ချက်ခြင်းပင် ဘာဝနာသဘော ပျက်စီးသွားမည်သာ ဖြစ်၏။ သို့ဖြစ်၍ “တခုတည်း”ဟူသော စကားကို ဒါနမှာထည့်သွင်း၍ မေးမြန်းခြင်းသည် မသင့်လျော်သော မေးမြန်းခြင်းသာ ဖြစ်သည်ဟု မှတ်ယူအပ်၏။

     ဤဒါနပါရမီခဏ်း ဗုဒ္ဓဝင်ပါဠိတော်မှာ အလှူခံပုဂ္ဂိုလ်တို့ကို အယုတ်အလတ် အမြတ်မရွေး ပေးလှူရမည်ဟု ထင်ရှားစွာ ဟောကြားထား၏၊ ဤသို့ ဟောကြားသည်ကိုထောက်လျှင် အလှူလှူရာမှာ အလှူခံကို မရွေးချယ်သင့်။ ရွေးချယ်ရန် မလိုဟု အဓိပ္ပါယ်ယူရမည် ဖြစ်၏။

     ဥပရိပဏ္ဏာသပါဠိတော် ဒက္ခိဏာဝိဘင်္ဂသုတ်၌ကား... သံဃိကဒါန (၇)ပါး၊ ပုဂ္ဂလိကဒါန (၁၄)ပါးအားဖြင့် အလှူခံကို ခွဲခြား ဟောကြားတော်မူ၏။ ပုဂ္ဂလိကဒါန (၁၄)ပါးတို့တွင်လည်း အယုတ်ဆုံး တိရစ္ဆာန်မှစ၍ အထက်သို့ တက်တိုင်းတက်တိုင်း အကျိုးအာနိသင်များကြောင်းနှင့် အဆုံးမှာ သံဃိကအလှူဒါန အကျိုးကြီးမြတ်ကြောင်းကို ဟောကြားတော်မူ၏။

     အင်္ကုရပေတဝတ္ထု ပါဠိတော်၌လည်း... မြတ်စွာဘုရား တာဝတိံသာ၌ အဘိဓမ္မာတရား ဟောကြားတော်မူရန် ပဏ္ဍုကမ္ဗလာ ကျောက်ဖျာထက်မှာ သီတင်းသုံးနေတော်မူသောအခါ ဣန္ဒကနတ်သားနှင့် အင်္ကုရနတ်သားတို့ လာရောက် ဆည်းကပ်ကြရာတွင် အင်္ကုရနတ်သားမှာ တန်းခိုးကြီးသောနတ်များ လာတိုင်းလာတိုင်း နေရာဖယ်ခါ နောက်သို့ ဆုတ်၍ဆုတ်၍ မြတ်စွာဘုရားနှင့် (၁၀)ယူဇနာ ဝေးကွာသောအရပ်မှ ခစားရလေ၏။

     ဣန္ဒကနတ်သားမှာမူကား ပဌမလာရောက်နေရင်း နေရာမှ ဖယ်ရှားရခြင်း မရှိ၊ နေမြဲတိုင်း နေနိုင်၏။ ဤသို့ ဖြစ်ရခြင်းမှာ.... အင်္ကုရနတ်သားသည် အသက် တသောင်းတမ်းမှာ ကာလရှည်လျားစွာ (၁၂)ယူဇနာ ရှည်လျားသော ဖိုခနောက်တန်းကြီးဖြင့် ချက်ပြုတ်ကျွေးမွေး လှူဒါန်းခဲ့သော ဒါနရှင်ကြီး ဖြစ်သော်လည်း၊ အလှူခံပုဂ္ဂိုလ်တွေမှာ သာမည ပုထုဇန်ပုဂ္ဂိုလ်တွေသာ

(စော်)

ဖြစ်၏။ ဣန္ဒကနတ်သားမှာမူကား အရှင်အနုရုဒ္ဓါ ရဟန္တာမထေရ်မြတ်ကို ဆွမ်းတဇွန်းမျှ လောင်းလှူဘူး၏။

     ဤသို့ ဣန္ဒကနတ်သား၏ အလှူမှာ ဆွမ်းတဇွန်းမျှ အနည်းငယ်ပင် ဖြစ်သော်လည်း အလှူခံပုဂ္ဂိုလ်က ရဟန္တာဖြစ်၍ မြင့်မြတ်သော ကောင်းမှုဖြစ်သောကြောင့် နေမြဲနေရာမှာ မဖယ်မရှား နေနိုင်သည်။ အင်္ကုရနတ်သားမှာကား အလှူဝတ္ထုပင် များသော်လည်း အလှူခံတွေက သာမန်ပုထုဇန်များသာဖြစ်၍ ကုသိုလ်အာနုဘော် မကြီးမားသောကြောင့် တန်းခိုးကြီးသောနတ်များ လာတိုင်း လာတိုင်း နောက်သို့ဆုတ်၍ ပေးနေရသည်။ သို့ဖြစ်၍၊ ၊ ဝိစေယျ ဒါနံ ဒါတဗ္ဗံ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ၊ ၊ဟူ၍ “အလှူကို လှူလိုလျှင် အကျိုးကြီးများမည့် အလှူခံကို ရွေးချယ်၍ လှူဒါန်းရမည်”ဟု ကျမ်းဂန်တို့၌ လာရှိပြန်သည်။

     ဤသို့ ဗုဒ္ဓဝင်ပါဠိတော်နှင့် ဒက္ခိဏာဝိဘင်္ဂသုတ် ပါဠိတော် စသည်တို့ မညီမညွတ် ဆန့်ကျင်သကဲ့သို့ ရှိနေရာ ညီညွတ်အောင် သိရှိနားလည်ရန်ကား.. ဒက္ခိဏဝိဘင်္ဂသုတ် ပါဠိတော် စသည်တို့မှာ ဟောအပ်သော နည်းလမ်းသည် သာမညဖြစ်သူ နတ်လူတို့အဘွက် ရည်ရွယ်၍ ဟောတော်မူခြင်းဖြစ်၏။ ဘုရား အလောင်းတော်ကြီးများမှာမူ ဤဗုဒ္ဓဝင်ပါဠိတော် လာသည့်အတိုင်း ရည်ရွယ်ရင်းကပင် မြတ်စွာဘုရားဉာဏ် (သဗ္ဗညုတဉာဏ်)တော်ကို ရဘို့ရန် လိုလားရည်ရွယ်ရင်း ဖြစ်သည်၊ ဘုရားဉာဏ် (သဗ္ဗညုတဉာဏ်)မှာ အယုတ် အလတ် အမြတ်ဟူ၍ မရှိ၊ တမျိုးတစားတည်းဖြစ်၍ မိမိမှာရှိသော လှူဘွယ်ပစ္စည်းကို ရောက်လာသမျှသော အလှူခံတို့အား အယုတ် အလတ် အမြတ်မရွေး လှူဒါန်းရန်သာရှိ၏။ “ဤအလှူခံက ယုတ်ညံ့သေးသည်၊ ဤအလှူခံအား လှူလိုက်လျှင် ငါ့မှာ ယုတ်ညံ့နိမ့်ကျသော ဘုရားဉာဏ် (သဗ္ဗညုတဉာဏ်)ကို ရနေလိမ့်မည်။ ဤအလှူခံကား အလတ်စားသာရှိသည်၊ ဤအလှူခံအား လှူလိုက်လျှင် အလတ်စား သဗ္ဗညုတဉာဏ်ကိုသာ ရနေလိမ့်မည်”ဟု တွေးတောဘွယ်မရှိ၊ သို့ဖြစ်၍ အလှူခံကို မရွေးချယ်ပဲ လှူဒါန်းခြင်းသည် သဗ္ဗညုတဉာဏ်ကို လိုလားသော ဘုရားအလောင်းတော်တို့၏ ဓလေ့ဖြစ်၏။ သာမညနတ်လူတို့၏ ရည်ရွယ်ချက်မှာကား လောကီစည်းစိမ် အမျိုးမျိုးတို့ကို အလိုရှိရာ ရည်ရွယ် လှူဒါန်းကြသည်ဖြစ်၍ အကောင်းဆုံးသော အလှူခံကို ရွေးချယ်ရမည်ဖြစ်၏။

     ဤသို့ ဗုဒ္ဓဝင်ပါဠိတော်က အလောင်းတော်ကြီးများအတွက် ရည်ရွယ်ဟောပြီးလျှင် ဒက္ခိဏဝိဘင်္ဂသုတ် ပါဠိတော် စသည်တို့မှာ သာမညနတ်လူတို့အတွက် ရည်ရွယ် ဟောတော်မူခြင်း ဖြစ်သောကြောင့် မညီညွတ်မှု ဆန့်ကျင်မှု မရှိဟူ၍ မှတ်ယူရာ၏။

(စံ)

ပါရမီအဓိပ္ပါယ်

     ပါရမီဟူသော စကား၌ ရရှိနိုင်သည့် အဓိပ္ပါယ်များကို စရိယာပိဋက အဋ္ဌကထာ၌ အမျိုးမျိုး ဖွင့်ပြတော်မူ၏။ ဖွင့်ပြပုံကို သိသာရုံမျှ ဖော်ပြရသော်..

     ပါရမီဟူသော စကား၌ (ပရမ)နှင့် (ဤ)ကို တွဲစပ်ထားခြင်းဖြစ်၍ ပရမ ဟူသော ရှေ့ပုဒ်မှာ မြင့်မြတ်ခြင်းအနက်ကို ဟောသောပုဒ် ဖြစ်၏၊ ဤအရာ၌ မြတ်သော ဘုရားအလောင်းတော်များကို ပရမဟု ဆိုလိုသည်။

     တနည်း၊ ၊ပရမဟူသော ပါဠိမှာ ပရဓာတ် မ-ပစ္စည်း၊ ပရ-ဓာတ်က ပြည့်စုံခြင်း စောင့်ရှောက်ခြင်း အနက်ကို ဟောသည်၊ ဒါနစသော ကျေးဇူးဂုဏ်တို့ကို ပြည့်စုံစေတတ် စောင့်ရှောက်တတ်သောကြောင့် ဘုရားအလောင်းတော်ကြီးများကို ပရမခေါ်သည်။

     တနည်း၊ ၊ပရသဒ္ဒါအနီး (အစ၌)ရှိသော မဝဓာတ် နှောင်ဖွဲ့ခြင်းအနက်ကို ဟောသည်၊ တပါးသော သတ္တဝါကို ဂုဏ်အထူးဖြင့် မိမိမှာ ဆွဲငင်ဖွဲ့ချည်သကဲ့သို့ ဖြစ်သောကြောင့် အလောင်းတော်ကြီးများကို ပရမခေါ်သည်။

     တနည်း၊ ၊ပရံသဒ္ဒါအနီး (အစ၌)ရှိသော မဇဓာတ်သည် စင်ကြယ်ခြင်းအနက်ကို ဟောသည် ပရံသဒ္ဒါက လွန်ကဲခြင်းဟူသော အနက်ကို ဟောသည်။ သူမတူတန် ကဲလွန်ထူးမြတ်စွာ ညစ်ညူးကြောင်းဖြစ်သော ကိလေသာတို့မှ စင်ကြယ်တတ်သောကြောင့် အလောင်းတော်ကြီးများကို ပရမခေါ်သည်။

     တနည်း၊ ၊ပရံသဒ္ဒါ အနီးရှိသော မယဓာတ် သွားခြင်းအနက်ကို ဟောသည်၊ ပရံသဒ္ဒါက အမြတ်ဟူသော အနက်ကို ဟောသည်။ မြတ်နိဗ္ဗာန်သို့ အထူးသဖြင့် အရောက်သွားတတ်သောကြောင့် အလောင်းတော်ကြီးများကို ပရမခေါ်သည်။

     တနည်း၊ ၊ပရံသဒ္ဒါ အနီးရှိသော မုဓာတ်သည် ပိုင်းဖြတ်ခြင်းအနက်ကို ဟောသည်၊ တမလွန်လောကကို ယခု ပစ္စုပ္ပန်လောကကဲ့သို့ပင် ပိုင်းဖြတ်တတ်သောကြောင့် အလောင်းတော်ကြီးများကို ပရမခေါ်သည်။ (အဓိပ္ပါယ်ကား... ယခုလောက ယခုဘဝကို ကောင်းမွန်ချမ်းသာ အပြစ်မရှိစေရန် ဉာဏ်ဖြင့် ပိုင်းဖြတ်သကဲ့သို့၊ နောင်တမလွန် လောကကိုလည်း ကောင်းမွန်ချမ်းသာ အပြစ်မရှိစေရန် ဉာဏ်ဖြင့် ပိုင်းဖြတ်နိုင်သည်၊ ကောင်းအောင် ပြုလုပ်တော်မူနိုင်ကြသည်ဟု ဆိုလိုသည်။)

(စား)

     တနည်း၊ ၊ပရံသဒ္ဒါ အနီးရှိသော မိဓာတ်သည် ထည့်သွင်းခြင်းအနက်ကို ဟောသည်၊ ပရံသဒ္ဒါက လွန်ကဲခြင်းအနက်ကို ဟောသည်။ သီလစသော ဂုဏ်ကျေးဇူးတို့ကို အလွန်အကဲ မိမိသန္တာန်၌ ထည့်သွင်းတတ်သောကြောင့် အလောင်းတော်ကြီးများကို ပရမခေါ်သည်။

     တနည်း၊ ၊ပရံသဒ္ဒါ တပါးဟူသောအနက် ဆန့်ကျင်ဘက်ဟူသော အနက်ကို ဟောသည်။ မိဓာတ်သည် ညှဉ်းဆဲခြင်းအနက်ကို ဟောသည်။ သူတော်တရားအပေါင်းတည်းဟူသော မိမိမှတပါးဖြစ်သော ဆန့်ကျင်ဘက်ဖြစ်သော ကိလေသာဟူ ရန်သူအပေါင်းကို ညှဉ်းဆဲတတ်သောကြောင့် အလောင်းတော်ကြီးများကို ပရမခေါ်သည်။

     တနည်း၊ ၊ပါရသဒ္ဒါ အနီးရှိသော မဇဓာတ်သည် စင်ကြယ်ခြင်းအနက်ကို ဟော၏။ ပါရသဒ္ဒါက ထိုဘက်ကမ်းဟူသော အနက်ကို ဟော၏၊ ဤ၌ သံသရာကို ဤမှာဘက်ကမ်းဟု ယူ၍ နိဗ္ဗာန်ကို ထိုဘက်ကမ်းဟူ၍ ယူရမည်။ နိဗ္ဗာန်တည်းဟူသော ထိုဘက်ကမ်း၌ ကိုယ်တိုင်လည်း စင်ကြယ်တတ် သတ္တဝါတို့ကိုလည်း စင်ကြယ်စေတတ်သောကြောင့် အလောင်းတော်ကြီးများကို ပါရမီခေါ်၏။

     တနည်း၊ ၊ပါရသဒ္ဒါ အနီးရှိသော မဝဓာတ်သည် နှောင်ဖွဲ့တွဲယှဉ်ခြင်း အနက်ကို ဟောသည်၊ နိဗ္ဗာန်၌ သတ္တဝါတွေကို နှောင်ဖွဲ့တွဲယှဉ် ပေးတတ်သောကြောင့် အလောင်းတော်ကြီးများကို ပါရမီခေါ်သည်။

     တနည်း၊ ၊မယဓာတ် သွားခြင်းအနက်ကို ဟောသည်၊ နိဗ္ဗာန်တည်းဟူသော ကမ်းတဖက်သို့ သွားတတ်သောကြောင့် အလောင်းတော်ကြီးများကို ပါရမီခေါ်သည်။

     တနည်း၊ ၊မုဓာတ်သည် သိခြင်းအနက်ကို ဟောသည်၊ သံသရာ၏ တဖက်ကမ်းဖြစ်သော နိဗ္ဗာန်ကို ဟုတ်မှန်သည့်အတိုင်း သိတတ်သောကြောင့် အလောင်းတော်ကြီးများကို ပါရမီခေါ်သည်။

     တနည်း၊ ၊မိဓာတ်သည် ထည့်သွင်းခြင်းအနက်ကို ဟောသည်၊ သံသရာ၏ တဖက်ကမ်းဖြစ်သော နိဗ္ဗာန်၌ သတ္တဝါတို့ကို ထည့်သွင်း ပို့ဆောင်ပေးတတ်သောကြောင့် အလောင်းတော်ကြီးများကို ပါရမီခေါ်သည်။

     တနည်း၊ ၊မိဓာတ်သည် ညှဉ်းဆဲခြင်းအနက်ကို ဟောသည်၊ သတ္တဝါတို့၏ ရန်သူဖြစ်သော ကိလေသာတို့ကို နိဗ္ဗာန်၌ ညှဉ်းဆဲ ပယ်ဖျောက်တတ်သောကြောင့် အလောင်းတော်ကြီးများကို ပါရမီခေါ်သည်။

(ဆ)

(ဤသို့ အနက်အဓိပ္ပါယ် အမျိုးမျိုးထွက်အောင် ကြံစည်ခြင်းမှာ သဘာဝနိရုတ္တိအရ ထွက်နိုင်သော အနက်အဓိပ္ပါယ်စုကို ဖော်ပြခြင်းဖြစ်သည်။ ဖြစ်ကတတ်ဆန်းအနက်ကို ဖော်ပြနေခြင်း မဟုတ်ပေ။)

     ပရမာနံ အယံ ပါရမီ။ ပရမာနံ၊ ဘုရားအလောင်းတို့၏။ အယံ၊ ဥစ္စာဖြစ်သော အကျင့်တည်း။ ပါရမီ၊ ဘုရားအလောင်းတို့၏ ဥစ္စာဖြစ်သော အကျင့်။ (တနည်း) ပရမာနံ ကမ္မံ ပါရမီ။ ပရမာနံ၊ ဘုရားအလောင်းတို့၏။ ကမ္မံ၊ ပြုလုပ်အပ်သော အမှုကိစ္စတည်း။ ပါရမီ၊ ဘုရားအလောင်းတို့ ပြုလုပ်အပ်သော အမှုကိစ္စ။ ။ပါရမိဿ ဘာဝေါ ပါရမိတာ။ ပါရမိဿ ကမ္မံ ပါရမိတာ။ ဘုရားအလောင်းဟူ၍ အသိဉာဏ်ဖြစ်ကြောင်း အလုပ်ကိစ္စများဟူ၍ ဖွင့်ပြလေသည်။

     ဤဖွင့်ပြချက်အရ “ဘုရားအလောင်းတော်များ ကျင့်ကြံပြုလုပ် အားထုတ်အပ်သော ဒါနစသော တရားစုကို ပါရမီ (တနည်းအားဖြင့် ပါရမိတာ)ဟု” ဆိုလိုသည်။

     ဇိနာလင်္ကာရဋီကာ၌ကား... ပါရံ နိဗ္ဗာနံ အယန္တိ ဂစ္ဆန္တိ ဧတာဟီတိ ပရမီယော၊ နိဗ္ဗာနသာဓကာ ဟိ ဒါနစေတနာဒယော ဓမ္မာ ပါရမီတိ ဝုစ္စန္တိ-ဟူ၍ သံသရာ၏ တဖက်ကမ်းဖြစ်သော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ဒါနစေတနာ စသည်တို့ကို ပါရမီခေါ်ရမည်ဟု ပြဆိုတော်မူ၏။

     တဏှာမာနဒိဋ္ဌီဟိ အနုပဟတာ ကရုဏူပါယကောသလ္လပရိဂ္ဂဟိတာ ဒါနာဒယော ဂုဏာ ပါရမိယော...ဟူ၍ စရိယာပိဋကအဋ္ဌကထာ၌ “တဏှာ မာန ဒိဋ္ဌိတို့ဖြင့် မဖျက်ဆီးအပ် (မစွဲယူအပ်)သော ဝေနေယျတို့အား သနားခြင်းကရုဏာ အကြောင်းဥပါယ်တို့၌ လိမ္မာခြင်းပညာ ဤနှစ်ပါးတို့ဖြင့် သိမ်းဆည်းအပ် (ကရုဏာ ပညာ နှစ်ပါး ရှေ့သွားရှိ၍ ပြုအပ်)သော ဒါနစသော ဂုဏ်ကျေးဇူးတို့သည် ပါရမီမည်ကုန်၏”ဟူ၍ ဖွင့်ပြသည်။ (ဤဖွင့်ပြချက်မှာ ဘုရားအလောင်းတော်တို့၏ ပါရမီကို အဓိကထား၍ ဖွင့်ပြခြင်းဖြစ်သည်။)

ထိုပါရမီတို့ကား-

ဒါနံ သီလဉ္စ နေက္ခမ္မံ၊ ပညာ ဝီရိယေန ပဉ္စမံ။

ခန္တိသစ္စမဓိဋ္ဌာနံ၊ မေတ္တုပေက္ခာတိ တေ ဒသ။-

ဟူသော ဂါထာအရ၎င်း-

(ဆာ)

ဒါန သီလ၊ နေက္ခမ္မ၊ ပည ဝီရိယာ။

ခန္တီ သစ္စ၊ ဓိဋ္ဌာန၊ မေတ္တ ဥပေက္ခာ။

ဟူသော လင်္ကာဆောင်ပုဒ်အရ၎င်း… (၁) ဒါနပါရမီ၊ (၂) သီလပါရမီ၊ (၃) နေက္ခမ္မပါရမီ၊ (၄) ပညာပါရမီ၊ (၅) ဝီရိယပါရမီ၊ (၆) ခန္တီပါရမီ၊ (၇) သစ္စာပါရမီ (၈) အဓိဋ္ဌာနပါရမီ (၉) မေတ္တာပါရမီ (၁၀) ဥပေက္ခာပါရမီဟူ၍ (၁၀)ပါး အပြားရှိသည်။ (ထိုဆယ်ပါး၏သဘော အထက်၌ ထင်ရှားလတ္တံ့)။

ဤအရာ၌၌၊ ၊အောက်ဖြစ်သော ဗုဒ္ဓပ္ပါဒ ဒုလ္လဘခဏ်း၌ ဖော်ပြအပ်ပြီးသည့် ဘာဝနာလေးပါးအနက် နိရန္တရဘာဝနာဖြစ်သည့် “အလောင်းတော်ကြီးများသည် ဘုရားဆုပန် နိယတဗျာဒိတ်ခံသော ဘဝမှစ၍ နောက်ဆုံး ဘုရားဖြစ်သည့် ဘဝတိုင်အောင် လုံးလုံးလျားလျား ပါရမီကို မဖြည့်ကျင့်ခဲ့သော ဘဝဟူ၍ တဘ၀မျှမရှိ၊ အနည်းဆုံးအားဖြင့် ဒါနပါရမီကိုသော်လည်း ဖြည့်ကျင့်တော်မူခဲ့ကြသည်”ဟူသော အချက်ကို သတိပြု၍ အလောင်းတော်ကြီးတို့၏ အကြောင်းရင်းပဋိပတ် မြင့်မြတ်တော်မူကြပုံကို အာရုံပြု၍ ကြည်ညိုရာ၏။

ပါရမီတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်

     ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းလိုသော ယောဂီပုဂ္ဂိုလ်သည် ရုပ်တရား နာမ်တရားတို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ဤလေးချက်ဖြင့် ပိုင်နိုင်စွာသိရှိမှ ဒိဋ္ဌိဝိသုဒ္ဓိ (စင်ကြယ်သန့်ရှင်းသော အသိဉာဏ်)သို့ ရောက်သကဲ့သို့၊ ထို့အတူ ပါရမီတော်တို့နှင့် စပ်၍လည်း လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ဤလေးချက်ဖြင့် ပိုင်နိုင်စွာ သိရှိမှ အသိဉာဏ် သန့်ရှင်းမည်ဖြစ်၍ စရိယာပိဋက အဋ္ဌကထာ၌ ထိုပါရမီတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဋ္ဌာန်တို့ကို သီးသန့် တခဏ်းထား၍ ဖွင့်ပြခဲ့လေသည်။ ထိုတွင် ပါရမီ ဆယ်ပါးလုံးနှင့် သက်ဆိုင်သော လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကား…

     ပါရမီ ဆယ်ပါးလုံးတို့သည်ပင် သူတပါးတို့အား ချီးမြှောက်ခြင်း လက္ခဏာ ရှိကုန်၏။ သူတပါးတို့အား ကျေးဇူးပြုခြင်း ကိစ္စရသ ရှိကုန်၏၊ (တနည်း) မတုန်လှုပ်ခြင်း တည်းဟူသော (ပြည့်စုံခြင်း) ရသရှိကုန်၏။ သတ္တဝါတို့ အကျိုးဖြစ်ကြောင်း စီးပွါးကောင်းကို ရှာမှီးခြင်းလျှင် ထင်သောအခြင်းအရာ (ပစ္စုပဋ္ဌာန်) ရှိ၏၊ (တနည်း) ဘုရားဖြစ်ကြောင်း တရားကောင်းဟူ၍ ဆင်ခြင်သောသူတို့၏ ဉာဏ်ဝယ် ထင်သောအခြင်းအရာ (ပစ္စုပဋ္ဌာန်) ရှိကုန်၏။ ။မဟာကရုဏာလျှင်

(ဆိ)

နီးစွာသောအကြောင်း (ပဒဋ္ဌာန်) ရှိကုန်၏၊ (တနည်း) မဟာကရုဏာနှင့် ဥပါယ်၌ လိမ္မာသောပညာ ဤတရားတို့လျှင် နီးစွာသောအကြောင်း (ပဒဋ္ဌာန်) ရှိကုန်၏။

     အနည်းငယ်မျှ ဖွင့်ပြဦးအံ့... ထိုထိုသဘောတရားတို့၏ (အခြားတရားတို့နှင့်လည်း သက်ဆိုင်သော) သာမည သဘောကို၎င်း၊ (အခြားတရားတို့နှင့် မသက်ဆိုင် မိမိတရားတမျိုးတည်းနှင့်သာ သက်ဆိုင်သည့်) ဝိသေသ သဘောကို၎င်း လက္ခဏာဟူ၍ ခေါ်သည်။ (ဥပမာအားဖြင့်- ရုပ်တရားထည်းမှ ပထဝီဓာတ်တည်းဟူသော မဟာဘုတ်မှာ မမြဲခြင်းလက္ခဏာ အမှတ်အသား, ခက်မာမှုလက္ခဏာ အမှတ်အသား နှစ်မျိုးရှိရာ မမြဲခြင်းလက္ခဏာ အမှတ်အသားမှာ တပါးသောတရားတို့နှင့်လည်း သက်ဆိုင်၍နေသောကြောင့် ထိုမမြဲခြင်းလက္ခဏာ အမှတ်အသားကို သာမညလက္ခဏာဟူ၍ ခေါ်ရသည်၊ ခက်မာမှုလက္ခဏာ အမှတ်အသားကား တပါးသောတရားတို့နှင့် မသက်ဆိုင် ပထဝီဓာတ် တမျိုးတည်းနှင့်သာ သက်ဆိုင်သောကြောင့် ထိုခက်မာမှုလက္ခဏာ အမှတ်အသားကို သဘာဝလက္ခဏာဟူ၍ ခေါ်သည်။)

သာမညံ ဝါ သဘာဝေါ ဝါ၊ ဓမ္မာနံ လက္ခဏံ မတံ။

မဆက်ဆံက၊ သဘာဝမှန်၊ သာမန်ဇာတ်မူ၊ ဤနှစ်ဆူ၊ မှတ်ယူလက္ခဏ။

     ထိုထို သဘောတရားတို့၏ ထင်ရှားသော အလုပ်ကိစ္စ၊ ပြည့်စုံမှုသမ္ပတ္တိ နှစ်မျိုးကို ရသဟူ၍ ခေါ်သည်။ (ဥပမာအားဖြင့်- ကုသိုလ်တရား ဖြစ်ပွါးလာလျှင် အကုသိုလ်ကို ဖျက်ဆီး၍ ဖြစ်ပွါးလာသည်၊ အကုသိုလ်ကို ဖျက်ဆီးခြင်းကား ကုသိုလ်၏ အလုပ်ကိစ္စတည်း၊ သို့ရကား ကုသိုလ်တရားမှာ အကုသိုလ်ကို ဖျက်ဆီးခြင်း အလုပ်ကိစ္စ ရသ ရှိသည်ဟု ဆိုသည်။ ထိုကုသိုလ်တရား၏ နောက်ဆုံး ပြည့်စုံမှုမှာ အလိုရှိအပ် ကောင်းမြတ်သော အကျိုးပေးခြင်းပင် ဖြစ်သည်။ သို့ရကား ကုသိုလ်တရားမှာ အလိုရှိအပ် ကောင်းမြတ်သော အကျိုးကို ဖြစ်စေမှုတည်းဟူသော သမ္ပတ္တိရသ ရှိသည်ဟု ဆိုရသည်။)

ကိစ္စံ ဝါ တဿ သမ္ပတ္တိ၊ ရသောတိ ပရိဒီပယေ။

ကိစ္စဗျတ္တိ၊ သမ္ပတ္တိမှာ၊ မယုတ်ရာ၊ နှစ်ဖြာ ရသယူ။

     ထိုထို သဘောတရားတို့ကို လေးလေးနက်နက် စဉ်းစားသောအခါ ထိုစဉ်းစားဆင်ခြင်သူ၏ ဉာဏ်၌ ထိုတရား၏ သဘောနှင့်စပ်၍သော်လည်း ထင်မြင်လာတတ်သည်၊ ကိစ္စနှင့်စပ်၍သော်လည်း ထင်မြင်လာတတ်သည်။ အကြောင်းနှင့်

(ဆီ)

စပ်၍သော်လည်း ထင်မြင်လာတတ်သည်၊ အကျိုးနှင့် စပ်၍သော်လည်း ထင်မြင်လာတတ်သည်။ ယင်းသို့ ထင်မြင်လာသော အခြင်းအရာကို ပစ္စုပဋ္ဌာန်ဟူ၍ ခေါ်သည်။ (ဥပမာ- ကုသိုလ်ဟူသည် အဘယ်သို့သော တရားပါနည်းဟု လေးနက်စွာ စဉ်းစားဆင်ခြင်သည်ရှိသော် ထိုဆင်ခြင်သောသူ၏ ဉာဏ်၌ “ကုသိုလ်ဟူသည် ဖြူစင်သော သဘောပင်တည်း”ဟု သဘောနှင့် စပ်၍လည်း ထင်တတ်သည်။ “ကုသိုလ်ဟူသည် အကုသိုလ်တရားကို ဖျက်ဆီးတတ်သော တရားဖြစ်သည်”ဟု ကိစ္စနှင့် စပ်၍လည်း ထင်တတ်သည်။ “ကုသိုလ်ဟူသည် ကလျာဏမိတ်ကောင်း ပေါင်းသင်းရမှ ဖြစ်နိုင်သောတရားတည်း”ဟု အကြောင်းနှင့် စပ်၍လည်း ထင်တတ်သည်။ “ကုသိုလ်ဟူသည် အလိုရှိအပ်သည့် အကျိုးကို ဖြစ်စေတတ်သော တရားဖြစ်သည်”ဟု အကျိုးနှင့် စပ်၍လည်း ထင်တတ်သည်ဟု ဆိုလိုသည်။)

ဖလံ ဝါ ပစ္စုပဋ္ဌာန-မုပဋ္ဌာနနယောပိ ဝါ။

သဘောကိစ္စ၊ အကြောင်းမျှသာ၊ ထင်လာသုံးမျိုး၊ အကျိုးတခု၊ ထင်လာမှု၊ ပစ္စုပဋ္ဌာန်ယူ။

     ထိုထိုတရားတို့၏ အနီးဆုံး အားအကြီးဆုံးဖြစ်သော အကြောင်းကို ပဒဋ္ဌာန်ဟူ၍ ခေါ်သည်။ (ဥပမာ- ကုသိုလ်ဖြစ်ရန်အတွက် အကြောင်းပေါင်းများစွာ ရှိကြသည့်အနက် ယောနိသောမနသိကာရ = အသင့်အားဖြင့် နှလုံးသွင်းခြင်းသည် အနီးဆုံး အားအကြီးဆုံး အကြောင်းဖြစ်သောကြောင့် ၎င်း ယောနိသော မနသိကာရကိုပင် ကုသိုလ်၏ ပဒဋ္ဌာန်ဟူ၍ ကျမ်းဂန်တို့၌ ဖွင့်ပြသည်။)

အာသန္နကာရဏံ ယံ တု၊ ပဒဋ္ဌာနန္တိ တံ မတံ။

အကျိုး၏သာ၊ ဗလဝါသန္န၊ ကာရဏ၊ ပဒဋ္ဌာန ယူ။

ဒါနနှင့်စပ်၍ မှတ်သားဖွယ်

     ဒါနပါရမီဟူသော စကားနှင့်စပ်၍ သိမှတ်အပ်သော သဘောအရင်းခံမှာ ပေးအပ်သော အရာဟူသမျှ (သို့မဟုတ်) ပေးခြင်းဟူသမျှသည် ဒါနချည်းပင် ဖြစ်၏၊ ဤပေးခြင်း ဒါနသည်-

(၁) ကောင်းမှု၏အရာဖြစ်သော ပေးခြင်း (ပုညဝိသယဒါန)၊

(၂) ကောင်းမှုအရာမဟုတ်ပဲ လောက၌ ပြုကျင့်ကြမြဲ ဝတ်တရားအတိုင်း ပေးခြင်းအမျိုးမျိုး (လောကဝိသယဒါန)-

ဟူ၍ နှစ်မျိုး ခွဲခြား မှတ်သားသင့်၏။

(ဆု)

     ကြည်လင်စင်ကြယ်သော သဒ္ဓါတရားဖြင့် ပေးခြင်းဟူသမျှကို ပုညဝိသယဒါနဟု ခေါ်၍ ဤ ပုညဝိသယဒါနသည်သာ ဒါနပါရမီနှင့် သက်ဆိုင်သည်။ ကြည်လင် စင်ကြယ်သော သဒ္ဓါတရားဖြင့် ပေးခြင်းမဟုတ်ပဲ ချစ်ကြိုက်၍ ပေးခြင်း စိတ်ဆိုး၍ ပေးခြင်း ကြောက်ရွံ့၍ပေးခြင်း မိုက်မဲ၍ပေးခြင်းမှစ၍ အယုတ်ဆုံး အပြစ်ဒဏ်ပေးခြင်း သေဒဏ်ပေးခြင်းအထိ ပေးခြင်းဟူသမျှကို လောကဝိသယဒါနဟု ခေါ်အပ်ပေသည်၊ ဤလောကဝိသယဒါနကား ဒါနပါရမီနှင့် မသက်ဆိုင်။

ဒါနနှင့် ပရိစ္စာဂ

     ဒါနပါရမီနှင့် သက်ဆိုင်သော ပုညဝိသယဒါနအရာ၌ လှူဒါန်းခြင်းဟု မြန်မာဘာသာ ပြန်ဆိုရသောဒါနနှင့် စွန့်ကြဲခြင်းဟု မြန်မာဘာသာ ပြန်ဆိုရသော စာဂ (သို့မဟုတ်) ပရိစ္စာဂတို့ သဘောချင်း တူသည် မတူသည်ကို နားလည် မှတ်သားသင့်ပေသည်။

အသီတိနိပါတ် မဟာဟံသဇာတ်၌-

ဒါနံ သီလံ ပရိစ္စာဂံ၊ အဇ္ဇဝံ မဒ္ဒဝံ တပံ။

အက္ကောဓံ အဝိဟိံသဉ္စ၊ ခန္တိဉ္စ အဝိရောဓနံ။-

ဟူ၍ မင်းကျင့်တရား ဆယ်ပါးအကြောင်းကို ဟောကြားတော်မူရာ ဒါနနှင့် ပရိစ္စာဂကို တပါးစီ ခွဲခြား၍ ဟောထားသည်။

     ဇာတ်အဋ္ဌကထာ၌၊ ၊ဒသဝတ္ထုကာ စေတနာ ဒါနံ၊ ဒေယျဓမ္မစာဂေါ ပရိစ္စာဂေါ..ဟူ၍ ဖွင့်ပြသည်၊ (သဝတ္ထုကာ စေတနာ ဒါနံဟူ၍ မြန်မာမူ၌ ဒဒွေးအက္ခရာ ကျနေသည်။) ဤဇာတ်အဋ္ဌကထာ အလိုအားဖြင့်-

     က၊ ၊ဒါနဝတ္ထုအဖြစ်ဖြင့် ထင်ရှားသော(၁) အန္န = ထမင်းစသော စားဘွယ်၊ (၂) ပါန = အဖျော်ယမကာ သောက်ဘွယ်၊ (၃) ဝတ္ထ = အဝတ်သင်္ကန်း၊ (၄) ယာန = ထီးဘိနပ်စသော သွားလာရေးအတွက် ချမ်းသာစေနိုင်သည့် ဝတ္ထု၊ (၅) မာလာ = ပန်း၊ (၆) ဂန္ဓ = နံ့သာမှုန့်၊ (၇) ဝိလေပန = နံ့သာပျောင်း- နံ့သာပျစ်၊ (၈) သေယျ = အိပ်ရာနေရာ၊ (၉) အာဝသထ = စရပ် တန်ဆောင်း ကျောင်းသင်္ခမ်း၊ (၁ဝ) ပဒီပေယျ = ဆီမီး, လျှပ်စစ်မီး ဤဒါနဝတ္ထု (၁၀)ပါးကို လှူဒါန်းသော စေတနာကား ဒါန။

     ခ၊ ၊ထိုမှတပါးသော လှူဘွယ်ဝတ္ထုတို့ကို စွန့်လှူသော စေတနာကား ပရိစ္စာဂဟူ၍ ဒါနနှင့် ပရိစ္စာဂအရ ပစ္စည်းဝတ္ထုသို့လိုက်၍ ခွဲခြား သိမှတ်ရပေမည်။

(ဆူ)

     ၎င်းဇာတ်ဋီကာ၌- “အနာဂတ် သံသရာတွင် ခံစားရမည့်အကျိုးကို မြော်မြင်၍ လှူဘွယ်ဝတ္ထုကို စွန့်လှူသည်ကား ဒါန၊ မျက်မှောက်ဘဝ အကျိုးကိုသာ မြော်ခေါ်၍ သူရဲကောင်း အမှုထမ်း စသူတို့အား ပုရိသမေဓခေါ်သော (အမှုထမ်းတို့အား အရည်အချင်းအလိုက် ချီးမြှောက်မှု၌ လိမ္မာပါးနပ်ခြင်း) သင်္ဂဟတရားအတိုင်း ဆုလာဘ်ပစ္စည်းများကို ပေးစွန့်ခြင်းကား ပရိစ္စာဂဟူ၍ ဆရာတို့ ဒါနနှင့် ပရိစ္စာဂအထူး မိန့်ဆိုကြကြောင်း”ကို ဖွင့်ပြလျက်ရှိသည်။

     တနည်းအားဖြင့်- စရိယာပိဋက ပါဠိအဋ္ဌကထာနှင့် တေရသနိပါတ်ဇာတ် ပါဠိအဋ္ဌကထာတို့၌ လာသော ဘုရားအလောင်းတော် အကိတ္တိပုဏ္ဏား ပညာရှိအကြောင်းကို အကျဉ်းချုပ်အားဖြင့် သိမှတ်ရာ၏။ ၎င်းမှာ… အလောင်းတော် အကိတ္တိပုဏ္ဏားပညာရှိသည် မိဘနှစ်ပါး ကွယ်လွန်သွားသောအခါ များစွာသော ဥစ္စာတို့ကိုကြည့်၍ သံဝေဂ ရရှိတော်မူကာ “ဤဥစ္စာများကို စုဆောင်းသူ မိဘဘိုးဘွားတို့ကား ဥစ္စာကို စွန့်၍သွားကြကုန်ပြီ၊ ငါတမူကား ဤဥစ္စာနှစ်တို့ကို ယူဆောင်၍ သွားပေအံ့”ဟု အကြံဖြစ်တော်မူ၍ ဘုရင်မင်းမြတ်ထံ အခွင့်ပန်ပြီးလျှင် နိုင်ငံအလုံးကို စည်လည် ကျေညာစေ၍ ရှိသမျှ ပစ္စည်းတို့ကို ခုနစ်ရက်တိုင်တိုင် လှူဒါန်းတော်မူသည်၊ မကုန်မခန်းနိုင်သောအခါ ဤပစ္စည်းတွေကို အပျော်ပြုသကဲ့သို့ ငါစောင့်၍ လှူနေသဖြင့် အကျိုးမရှိ၊ မည်သူမဆို အလိုရှိသောသူများ လာရောက် ယူကြပစေဟု မိမိ၏ နေအိမ်တိုက်တာ ဘဏ္ဍာကျီကြတို့ကို ဖွင့်လှစ်ထားခဲ့ပြီးလျှင် တောသို့ ထွက်သွားတော်မူလေသည်။

     ဤပညာရှိ အလောင်းတော်ကြီး၏ ကျင့်ကြံပုံမှာ ပဌမခုနစ်ရက်အတွင်း ဒါနမှုကို ပြုလုပ်သည် (သို့မဟုတ်) လှူဒါန်းမှုကို ပြုလုပ်သည်။ ထို့နောက် ပရိစ္စာဂမှု (စွန့်ကြဲမှု)ကို ပြုလုပ်သည်ဟူ၍ လောကဝေါဟာရအားဖြင့် ခွဲခြား ပြောဆိုနိုင်ပေ၏။

     အကြောင်းမှာ... ဒါနဟူသည် (၁) အလှူပေးပုဂ္ဂိုလ် (၂) လှူဘွယ်ဝတ္ထုပစ္စည်း (၃) ထင်ရှားရှိနေသော အလှူခံပုဂ္ဂိုလ် (၄) လှူလိုသောစေတနာ ဤအင်္ဂါလေးပါးရှိလျှင် ပြည့်စုံ၏။ အကိတ္တိပညာရှိ၏ ပဌမရှေ့ပိုင်း ခုနစ်ရက်တွင် လှူဒါန်းခြင်းမှာ ဤအင်္ဂါလေးပါးလုံး ပြည့်စုံလျက်ရှိ၏၊ ခုနစ်ရက်လွန်သည့် နောက်မှာကား အနီးအပါး၌ အလှူခံပုဂ္ဂိုလ် မရောက်သေးမီ ထင်ရှားမရှိသေးမီ စွန့်လွှတ်သွားသဖြင့် ဒါနဟု မခေါ်ဝေါ်ပဲ ပရိစ္စာဂဟူ၍သာ ခေါ်ဝေါ်ရတော့သည်။

     ကုသိုလ်အရေးမဟုတ်သော အရာတို့၌လည်း တစုံတခုသော ပစ္စည်းကို အခြားသူအား ပေးလိုက်လျှင် (မြန်မာလို) ပေးသည်ဟု ခေါ်၏၊ (ပါဠိလို) ဒေတိဟု သုံးစွဲ၏။ မိမိပစ္စည်းကို “ယူလိုသူ ယူစေ၊ မယူလိုလည်း ဖြစ်လိုရာ

(ဆေ)

ဖြစ်စေ”ဟု စွန့်ပစ်လိုက်သော သဘောကိုကား လှူသည်ဟု မခေါ်၊ လွှတ်ပစ်သည် စွန့်ပစ်သည်ဟူ၍သာ ခေါ်သည်။ (ပါဠိလိုအားဖြင့်) ဒါနဟု မခေါ်၊ စာဂဟူ၍သာ ခေါ်၏။

     အချုပ်သဘော မှတ်ယူရန်မှာ... မိမိပိုင်ပစ္စည်းကို သူတပါးအား လွှဲအပ်မှုကို ပေးသည် လှူသည်ဟု ခေါ်၍၊ မိမိပိုင်ပစ္စည်းကို မိမိ သိမ်းပိုက်လိုခြင်း စိတ်သဘောထားကို ပယ်ရှားလိုက်လျှင် စွန့်ပစ်သည်ဟု ခေါ်သည်။ (အသုံးမဝင်၍ ပယ်ပစ်လိုက်သော အရာကိုပင် စွန့်ပစ်သည်ဟု လောက၌ ခေါ်ဝေါ်သည်။)

     တနည်းအားဖြင့်- မြင့်မြတ်သော အလှူခံတို့အား ပေးကမ်းမှုကို ဒါနပြုသည်။ လှူဒါန်းသည်ဟု ခေါ်၍ ယုတ်နိမ့်သော အလှူခံတို့အား ပေးကမ်းမှုကို စွန့်ကြဲသည်ဟု ခေါ်ဝေါ်သည့်အတိုင်း ဘုရင်မင်းမြတ်များမှာလည်း မြတ်သော ရဟန်း ပုဏ္ဏား အလှူခံတို့နှင့်တွေ့လျှင် လှူဒါန်းခြင်းဒါန မင်းကျင့်တရားကို ပြုလုပ်ရမည်။ ယုတ်နိမ့်သော အလှူခံ ဖုန်းတောင်းယာစကာတို့ကိုတွေ့လျှင် စွန့်ကြဲခြင်း ပရိစ္စာဂ ပြုလုပ်ရမည်ဟု မင်းကျင့်တရား နှစ်မျိုးထား၍ ဟောတော်မူခြင်း ဖြစ်သည်။

ဤကား ဒါနနှင့် ပရိစ္စာဂ ခွဲခြား၍ ဟောသောအရာ၌ ထိုနှစ်ပါး၏အထူးကို မှတ်ရန် ဖော်ပြချက်တည်း။

ဒါနနှင့် ပရိစ္စာဂ တူပုံ

     မင်းကျင့်တရား ဆယ်ပါးကို သတ်မှတ်ခြင်း စသော လောကဝေါဟာရ၌ ဒါနနှင့် ပရိစ္စာဂတို့မှာ တခြားစီဖြစ်သော်လည်း တရားသဘောအားဖြင့်ကား တသီးတခြားစီ မဖြစ်နိုင်၊ ဒါနဖြစ်လျှင်လည်း ပရိစ္စာဂ ဖြစ်နိုင်သည်သာ၊ ပရိစ္စာဂဖြစ်လျှင်လည်း ဒါန ဖြစ်နိုင်သည်သာတည်း၊ အကြောင်းကား အလှူခံ ဝေးသည်ဖြစ်စေ၊ နီးသည်ဖြစ်စေ ထိုအလှူခံအား မိမိ၌ ထင်ရှားရှိသော ပစ္စည်းကို ပေးကမ်းခြင်းသည် ဒါနဖြစ်၍၊ မိမိပစ္စည်းဟူ၍ သိမ်းပိုက်မှတ်ယူထားသော စိတ်ကို ဖျက်လိုက် ဖျောက်လိုက်ခြင်းသည် ပရိစ္စာဂဖြစ်၏။ မည်သူမဆို မိမိပစ္စည်းကို သူတပါးတို့အား ပေးကမ်းရာမှာ “ဤပစ္စည်းကို ငါအသုံးမပြုပြီ”ဟူသော စွန့်လွှတ်ခြင်း ပရိစ္စာဂသဘောကို ရှေးဦးစွာဖြစ်စေပြီးမှ သူတပါးအား ပေးကမ်းကြခြင်း ဖြစ်သည်၊ ထို့ကြောင့် ကုသိုလ်ကောင်းမှုအရာ၌ ပေးကမ်းခြင်း ဒါနဖြစ်လျှင် စွန့်ကြဲခြင်း ပရိစ္စာဂလည်း ဖြစ်တော့သည်သာ။

     ဗုဒ္ဓဝင်ပါဠိတော်၌လည်း ပါရမီဆယ်ပါးတွင် ဒါနပါရမီကိုသာ ဟောတော်မူ၍ စာဂပါရမီဟု ဟောတော်မမူချေ။ အကြောင်းမှာ စာဂသည် ဒါနထဲမှာ အတွင်းဝင်သောကြောင့် ဖြစ်၏။ တရားသဘောအရ (လောကဝေါဟာရကို မငဲ့ပဲ)

(ဆဲ)

ဟောကြားအပ်သော ဗုဒ္ဓဝင်ပါဠိတော်မှာ အယုတ် အလတ် အမြတ်မရွေး ပေးလှူခြင်းကို ဒါနပါရမီဟူ၍ ဟောတော်မူ၏။ အလှူခံမြင့်မြတ်မှ ဒါနပါရမီ အလှူခံယုတ်ညံ့လျှင် စာဂပါရမီသာ ဖြစ်သည်ဟု ပြောဆိုခွင့် မရှိတော့ပြီ။

     ဤနည်းအတူ အင်္ဂုတ္တိုရ်ပါဠိတော် စသည်တို့မှာ သူတော်ကောင်းဥစ္စာတို့ကို ဟောကြားရာ၌ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ ဩတ္တပ္ပ-ဟူ၍ ခုနစ်ပါးရှိကြောင်းကို ဟောကြားတော်မူရာ စာဂ တပါးတည်းသာ လာသည်၊ ဒါန မပါတော့ပေ၊ ဤသို့ မပါခြင်းမှာ စာဂဟု ဆိုလျှင်ပင် ဒါနလည်း စာဂထဲမှာ အတွင်းဝင်သွားသောကြောင့် ဖြစ်၏။

ဤကား ဒါနနှင့် စာဂကို မခွဲခြားပဲ တသားတည်းဟောသော အရာ၌ မှတ်ရန်တည်း။

ဒါနကိုပင် ပရိစ္စာဂခေါ်ပုံ

     လှူဒါန်းခြင်း ဟူသမျှကို ဒါနပါရမီဟု ခေါ်နိုင်သော်လည်း အလွန်ကြီးကျယ်သော လှူဒါန်းခြင်းကိုကား မဟာပရိစ္စာဂ = စွန့်ခြင်းကြီးများဟူ၍ ကျမ်းဂန်တို့၌ ဖွင့်ဆိုကြသည်။ ထိုစွန့်ခြင်းကြီးမှာ (၅)မျိုးရှိကြောင်းကို ခွဲခြားပြဆိုရာ၌-

     သီလက္ခန်အဋ္ဌကထာ မူလပဏ္ဏာသအဋ္ဌကထာ အင်္ဂုတ္တိုရ်အဋ္ဌကထာ (တထာဂတပုဒ်အဖွင့်)တို့၌-

(၁) အင်္ဂပရိစ္စာဂ = ကိုယ်အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊

(၂) နယနပရိစ္စာဂ = မျက်လုံးကို စွန့်ခြင်း၊

(၃) ဓနပရိစ္စာဂ = ဥစ္စာကို စွန့်ခြင်း၊

(၄) ရဇ္ဇပရိစ္စာဂ = မင်းအဖြစ်ကို စွန့်ခြင်း၊

(၅) ပုတ္တဒါရပရိစ္စာဂ = သားမယားတို့ကို စွန့်ခြင်း..

ဟူ၍ စွန့်ခြင်းကြီး ငါးပါးကို ဖွင့်ပြတော်မူကြ၏။

     မူလပဏ္ဏာသအဋ္ဌကထာ စူဠသီဟနာဒသုတ် အဖွင့်၌-

(၁) အင်္ဂပရိစ္စာဂ = ကိုယ်အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊

(၂) ပုတ္တဒါရပရိစ္စာဂ = သားမယားတို့ကို စွန့်ခြင်း၊

(၃) ရဇ္ဇပရိစ္စာဂ = မင်းအဖြစ်ကို စွန့်ခြင်း၊

(ဆော)

(၄) အတ္တပရိစ္စာဂ = မိမိကိုယ်ကို (အသက်ကို) စွန့်ခြင်း၊

(၅) နယနပရိစ္စာဂ = မျက်လုံးကို စွန့်ခြင်း-

ဟူ၍ ငါးမျိုး ပြဆိုတော်မူ၏။

     ဝိသုဒ္ဓိမဂ်ဋီကာကျမ်း၌-

(၁) အတ္တပရိစ္စာဂ = မိမိကိုယ်ကို (အသက်ကိုပါ) စွန့်ခြင်း၊

(၂) နယနပရိစ္စာဂ = မျက်လုံးကို စွန့်ခြင်း၊

(၃) ဓနပရိစ္စာဂ = ဥစ္စာကို စွန့်ခြင်း၊

(၄) ရဇ္ဇပရိစ္စာဂ = မင်းအဖြစ်ကို စွန့်ခြင်း၊

(၅) ပုတ္တပရိစ္စာဂ = သားသမီးကို စွန့်ခြင်း-

ဟူ၍ ငါးမျိုး ပြဆိုတော်မူ၏။

     သုတ်မဟာဝါဋီကာ (မဟာပဒါနသုတ်အဖွင့်)၌-

(၁) အင်္ဂပရိစ္စာဂ = ကိုယ်အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊

(၂) နယနပရိစ္စာဂ = မျက်လုံးကို စွန့်ခြင်း၊

(၃) အတ္တပရိစ္စာဂ = မိမိကိုယ်ကို (အသက်ကိုပါ) စွန့်ခြင်း၊

(၄) ရဇ္ဇပရိစ္စာဂ = မင်းအဖြစ်ကို စွန့်ခြင်း၊

(၅) ပုတ္တဒါရပရိစ္စာဂ = သားမယားတို့ကို စွန့်ခြင်း-

ဟူ၍ ငါးမျိုး ပြဆိုတော်မူ၏။

     ဣတိဝုတ်အဋ္ဌကထာ၊ ဒုကနိပါတ်၊ ဒုတိယဝဂ် ပဌမသုတ် အဖွင့်၌ကား-

(၁) အင်္ဂပရိစ္စာဂ = အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊

(၂) အတ္တပရိစ္စာဂ = မိမိကိုယ်ကို စွန့်ခြင်း၊

(၃) ဓနပရိစ္စာဂ = ပစ္စည်းဥစ္စာကို စွန့်ခြင်း၊

(၄) ပုတ္တဒါရပရိစ္စာဂ = သားမယားတို့ကို စွန့်ခြင်း၊

(၅) ရဇ္ဇပရိစ္စာဂ = မင်းအဖြစ်ကို စွန့်ခြင်း-

ဟူ၍ ငါးမျိုး ပြဆိုတော်မူ၏။

     ဗုဒ္ဓဝင်အဋ္ဌကထာ၌ကား-

(၁) အင်္ဂပရိစ္စာဂ = အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊

(၂) ဇီဝိတပရိစ္စာဂ = အသက်ကို စွန့်ခြင်း၊

(ဆော်)

(၃) ဓနပရိစ္စာဂ = ပစ္စည်းဥစ္စာကို စွန့်ခြင်း၊

(၄) ရဇ္ဇပရိစ္စာဂ = မင်းအဖြစ်ကို စွန့်ခြင်း၊

(၅) ပုတ္တဒါရပရိစ္စာဂ = သားမယားတို့ကို စွန့်ခြင်း-

ဟူ၍ ငါးမျိုး ပြဆိုတော်မူ၏။

     ဝေဿန္တရဇာတ် အဋ္ဌကထာ၌ကား-

(၁) ဓနပရိစ္စာဂ = ပစ္စည်းဥစ္စာကို စွန့်ခြင်း၊

(၂) အင်္ဂပရိစ္စာဂ = အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊

(၃) ပုတ္တပရိစ္စာဂ = သားသမီးကို စွန့်ခြင်း၊

(၄) ဘရိယပရိစ္စာဂ = မယားကို စွန့်ခြင်း၊

(၅) ဇီဝိတပရိစ္စာဂ = အသက်ကို စွန့်ခြင်း

ဟူ၍ ငါးမျိုး ပြဆိုတော်မူ၏။ (ဇိနာလင်္ကာရဋီကာ၌လည်း ဤငါးပါးကိုပင် ရှေ့နောက် အစီအစဉ် အနည်းငယ်မျှ ကွဲပြား၍ ပြဆို၏။)

     ဤကဲ့သို့ အသီးအသီး အမည်တမျိုးစီ အနည်းငယ်မျှ ကွဲပြားကြသော်လည်း သဘောသွားမှာမူ မကွဲပြားပေ။ မှန်၏... ကိုယ်မှပြင်ပ ဗာဟိရကဝတ္ထုများအနက်မှ အပြင်အပအကျဆုံး ပစ္စည်းဥစ္စာကို စွန့်လှူခြင်း ဓနပရိစ္စာဂ၊ အသက်တမျှ ချစ်ကြင်အပ်သော သားမယားကို စွန့်လှူခြင်း ပုတ္တဒါရပရိစ္စာဂ၊ ကိုယ်ရေးအတွက် အရေးကြီးလှသော မင်းအဖြစ် (မင်းစည်းစိမ်)ကို စွန့်လှူခြင်း ရဇ္ဇပရိစ္စာဂ-ဟူ၍ ပြင်ပဝတ္ထုများအတွက် ပရိစ္စာဂသုံးပါးထား၍ ဖွင့်တော်မူကြသည်။ မိမိခန္ဓာကိုယ်အတွက် အသက်မသေနိုင်သည့် အင်္ဂါကြီးငယ်ကို စွန့်လှူခြင်း အင်္ဂပရိစ္စာဂ၊ အသက်ကိုပင် အသေခံ၍ စွန့်လှူခြင်းကို အချို့ကျမ်းက နယနပရိစ္စာဂ၊ အချို့ကျမ်းက ဇီဝိတပရိစ္စာဂ၊ အချို့ကျမ်းက အတ္တပရိစ္စာဂဟု ပြဆိုခြင်းဖြစ်သည်။ မျက်လုံးကိုစွန့်ခြင်း ကိုယ်ကိုစွန့်ခြင်းတို့မှာ အသက်သေနိုင်သည်ပင်ဖြစ်၍ ဇီဝိတပရိစ္စာဂ အသက်ကိုစွန့်ခြင်းနှင့် သဘောသွား တူလှပေသည်။ ဤသို့ မိမိခန္ဓာကိုယ်အတွက် စွန့်လှူခြင်းကို နှစ်မျိုးထား၍ ဖွင့်ပြတော်မူကြခြင်းဖြစ်သည်။ အချုပ်အားဖြင့် ပြင်ပဝတ္ထုများအတွက် စွန့်ခြင်းကြီး သုံးမျိုး၊ မိမိခန္ဓာကိုယ်အတွက် အသက်သေနိုင်သည့် စွန့်ခြင်းကြီး မသေနိုင်သည့် စွန့်ခြင်းကြီးဟူ၍ နှစ်မျိုး ဖွင့်ပြတော်မူကြခြင်းသာ ဖြစ်သဖြင့် ကျမ်းဂန်ချင်း ကွဲပြားကုန်ပြီဟု မမှတ်ယူရာ။

     ဝေဿန္တရာမင်းကြီး၏ ရာပေါင်းခုနစ်လီ ပါဝင်သည့် အလှူကြီးကို အဋ္ဌကထာ၌ သတ္တသတက မဟာဒါနဟူ၍ ဖွင့်ပြ၏ (အလှူကြီးဟု ဆိုလိုသည်)။

(ဆံ)

မဟာပရိစ္စာဂ = (စွန့်ခြင်းကြီး)ဟု မဖွင့်ပြသော်လည်း ဆိုခဲ့ပြီးသော စွန့်ခြင်းကြီး ငါးမျိုးတို့တွင် ဝေဿန္တရာမင်းကြီး၏ အလှူကြီးသည် ဓနမဟာပရိစ္စာဂဟု ဆိုလိုလျှင် ဆိုနိုင်သည်သာ ဖြစ်၏။

ဒါနနှင့်စပ်၍ အထူးထူးအပြားပြား မှတ်ဖွယ်

     ဤပါရမီတော်ခဏ်း၌ သမ္မာသမ္ဗောဓိ ပစ္စေကဗောဓိ သာဝကဗောဓိဉာဏ်တို့ကို ရရှိရန် ပန်ထွာတောင့်တ အားထုတ်ကြသော အလောင်းအလျာ သုံးမျိုးတို့ ဗောဓိသမ္ဘာရ = (မိမိတို့တောင့်တရာ ဗောဓိဉာဏ်ကို ရဘို့ရန် အဆောက်အဦ) အဝင်အပါ ဒါနအရာ၌ အထူးထူးအပြားပြား လိမ္မာကျွမ်းကျင် သိမြင်ဘို့ရန် ပကိဏ္ဏကကထာခေါ်သည့် အမျိုးမျိုး သိမှတ်ဖွယ်အခဏ်းကို ပြဆိုပေအံ့၊ ဤအခဏ်း၌ ရှေးဦးစွာ-

၁။ အဘယ်တရားတို့ကို ဒါနဟု ခေါ်သနည်း၊

၂။ အဘယ်ကြောင့် ဒါနဟု ခေါ်သနည်း၊

၃။ ဒါန၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကား အဘယ်အရာများ ဖြစ်ကြသနည်း၊

၄။ ထိုဒါနသည် အဘယ်မျှ အပြားရှိသနည်း၊

၅။ ထိုဒါန၏ အာနုဘော်ကြီးမြင့်ကြောင်းကား အဘယ်နည်း၊

၆။ ထိုဒါန၏ အာနုဘော်ဆုတ်ယုတ်ကြောင်းကား အဘယ်နည်း-

ဟူသော မေးမြန်း စိစစ်ချက် (၆)ချက်ကို အခြေခံထား၍ အကျယ်အားဖြင့် ဖြေကြား ဖော်ပြပေအံ့... နောက်နောက် ပါရမီတို့၌လည်း ဤနည်းအတူ ဖော်ပြလိမ့်မည်)။ ထိုမေးမြန်းစိစစ်ချက် (၆)ချက်တို့တွင်-

     ၁။ အဘယ်တရားတို့ကို ဒါနဟု ခေါ်သနည်း..ဟူသော စကားအရ အဖြေမှာ... “လှူဒါန်းလိုသော စေတနာကို၎င်း၊ လှူဒါန်းအပ်သော ပစ္စည်းဝတ္ထုကို၎င်း ဒါနခေါ်သည်”ဟု အကျဉ်းချုပ် ဖြေမှတ်ယူရာ၏။ နောက်၌ အကျယ် ထင်ရှားလိမ့်မည်။

     ၂။ အဘယ်ကြောင့် ဒါနဟု ခေါ်သနည်း..ဟူသော စကားအရ လှူဒါန်းလိုသော စေတနာကို လှူဒါန်းနိုင်ကြောင်း ဖြစ်သောကြောင့် ဒါနဟုခေါ်သည်။ ထင်ရှားစွာ ပြဆိုဦးအံ့... စေတနာမရှိလျှင် မလှူဒါန်းနိုင်၊ စေတနာရှိမှသာ လှူဒါန်းနိုင်၏၊ စေတနာဆိုရာမှာလည်း- (က) လှူဒါန်းတုန်း လှူဒါန်းဆဲ၌ ဖြစ်ပေါ်သော မုဉ္စစေတနာကို မှတ်ယူရာ၏။ မုဉ္စဟူသည် စွန့်လွှတ်ခြင်းပင် ဖြစ်၏။ စွန့်လွှတ်လှူဒါန်းဆဲ ခဏမှာဖြစ်သော စေတနာကို မုဉ္စစေတနာခေါ်သည်။ ဤမုဉ္စစေတနာသာလျှင် ဒါနတရားကိုယ်အစစ် ဖြစ်၏။

(ဆား)

     (ခ) မစွန့်လွှတ်မီ ရှေးအဖို့က ကြိုတင်၍ဖြစ်သော စေတနာစုကို ပုဗ္ဗစေတနာခေါ်သည်။ ဤပုဗ္ဗစေတနာကိုကား ဒါနအတွင်းသို့ သွတ်သွင်း ရေတွက်အပ်၏၊ (ဒါနဟူ၍ပင် ခေါ်ရာ၏။) ရှေးအဖို့ ဆိုသော်လည်း လှူဘွယ်ဝတ္ထု ထင်ရှားရှိပြီးမှ “ဤဝတ္ထုကို လှူဒါန်းမည်”ဟု ကြံစည်ရည်ရွယ်နေသော ရှေးအဖို့ကို ဆိုလိုသည်။ ပစ္စည်းဝတ္ထုမရှိပဲနှင့် အလိုအလျောက် လှူဒါန်းမည်ဟု ကြံစည် စိတ်ကူးရာတွင် ပါဝင်သည့် စေတနာကိုကား ပုဗ္ဗစေတနာဟု ခေါ်လိုက ခေါ်နိုင်သော်လည်း ဒါနအတွင်းသို့ မသွတ်သွင်းနိုင်၊ သာမည ကုသိုလ်မျိုးသာ ဖြစ်နိုင်၏။

     ဤသို့ စေတနာကို အရကောက်ယူရသည့် ဒါနဟူသော စကားကို သဒ္ဒါကျမ်းအလိုအားဖြင့် (ဒီယတိ အနေနာတိ ဒါနံဟု ဝိဂြိုဟ်ပြုပြီး) လှူဒါန်းကြောင်းဟူ၍ မြန်မာပြန်ဆိုရသည်။

     ပစ္စည်းဝတ္ထုကိုကား လှူဒါန်းအပ်သော သဘောကြောင့် ဒါနဟု ခေါ်သည်။ ဤပစ္စည်းဝတ္ထုကို အရကောက်ယူရသည့် ဒါနဟူသော စကားကို သဒ္ဒါကျမ်းအလိုအားဖြင့် (ဒီယတိတိ ဒါနံဟု ဝိဂြိုဟ်ပြုပြီး) လှူဒါန်းအပ်သော အရာဟူ၍ မြန်မာပြန်ဆိုရသည်။

     ဤသို့ ဒါနအရ စေတနာနှင့် ဝတ္ထုနှစ်မျိုး ကောက်ယူရသည်ကို အစွဲပြုကာ ဒါနသည် (၁) စေတနာဒါန (၂) ဝတ္ထုဒါနအားဖြင့် နှစ်မျိုးရှိသည်ဟု ကျမ်းဂန်တို့၌ ပြဆိုသည်။

     အကျိုးပေးရာမှာ စေတနာကသာ အကျိုးပေးနိုင်၍ ဝတ္ထုက အကျိုးမပေးနိုင်၊ အကျိုးမပေးနိုင်ပါပဲလျက် အဘယ့်ကြောင့် ပစ္စည်းဝတ္ထုကို ဒါနဟူ၍ ခေါ်ဝေါ်ပြောဆို နေရပါသနည်းဟု အချို့က မေးမြန်းတတ်ကြသည်။ အဖြေမှာ အကျိုးပေးရာ၌ စေတနာကသာ ကံဖြစ်၍ အကျိုးပေးနိုင်သော်လည်း ထိုစေတနာသည် ပစ္စည်းဝတ္ထု ထင်ရှားရှိ၍ ဖြစ်ပေါ်သော စေတနာမှသာ ပြခဲ့သောအတိုင်း ဒါနကံအတွင်း သွတ်သွင်းနိုင်သည်။ သို့ဖြစ်၍ ပစ္စည်းဝတ္ထုသည်လည်း ဒါနကံမြောက်ဖို့ရန် အရေးကြီးသော အကြောင်းဖြစ်ပေသည်။ ပစ္စည်းဝတ္ထုသည် တိုက်ရိုက် အကျိုးမပေးနိုင်သော်လည်း အကြောင်းဆက်သောအားဖြင့်ကား ပေးနိုင်သည်ဟု ဆိုရပေမည်။

     ဥပမာ- “ထင်းကြောင့် ထမင်းကျက်သည်”ဆိုသော စကားမျိုးကဲ့သို့ ဖြစ်သည်။ ထမင်းကို တိုက်ရိုက် ကျက်စေသည်မှာ မီးကသာ ကျက်စေ၏၊ ထိုမီးသည် ထင်းရှိမှ တောက်၏၊ ထင်းကြောင့် မီးတောက်သည်၊ မီးကြောင့်

(ဇ)

ထမင်းကျက်သည်၊ ဤသို့ အကြောင်းဆက်လိုက်သောအခါ “ထင်းကောင်းသောကြောင့် ထမင်းကျက်သည်”ဟု ဆိုသော စကားမှာ မမှားနိုင်သကဲ့သို့၊ “လှူဘွယ်ဝတ္ထုကြောင့် ကောင်းကျိုးရသည်”ဟု ဆိုလျှင်လည်း မမှားနိုင်ပေ။

     ဤသို့ ဒါနကံ အထမြောက်ဖို့ရန် ပစ္စည်းဝတ္ထုလည်း အရေးကြီးသည့်အတွက် ပစ္စည်းဝတ္ထုကို အစွဲပြုကာ ကျမ်းဂန်တို့၌ ဒါနအမျိုးမျိုး ခွဲခြားပြဆိုထား၏။

     ပြဆိုပုံမှာ... ဝိနည်းဒေသနာတော် အလိုအားဖြင့် ဆွမ်းအလှူဒါန သင်္ကန်းအလှူဒါန ကျောင်းအလှူဒါန ဆေးအလှူဒါနအားဖြင့် ဒါနလေးပါးရှိကြောင်း ရေးသားဖွင့်ပြထားသည်။ ဝိနည်းတော်မှာ ဒါနလေးပါးကို ပြလိုရင်း မဟုတ်သော်လည်း ရဟန်းတော်များ သုံးဆောင်ရန် ပစ္စည်းလေးပါးကို မြတ်စွာဘုရား ခွင့်ပြုတော်မူသည့်အတွက် လှူဒါန်းရာမှာလည်း လေးမျိုးဖြစ်သင့်ရကား ဝိနည်းအလို ဒါနလေးပါးရှိသည်ဟု ဖွင့်ဆိုတော်မူကြ၏။ အရင်းခံအားဖြင့် လေးပါးပြားရခြင်းမှာ ပစ္စည်းဝတ္ထုသာ အရင်းခံဖြစ်သည်။

     အဘိဓမ္မာဒေသနာတော် အလိုအားဖြင့် လောက၌ ရှိရှိသမျှသော တရားအလုံးစုံကို အကုန်ပါဝင်အောင် အာရုံခြောက်ပါးဖြင့် ပိုင်းခြားဝေဘန် ဟောကြားထားရာ အဆင်းကို လှူဒါန်းခြင်းတည်းဟူသော ရူပဒါန၊ အသံကို လှူဒါန်းခြင်းတည်းဟူသော သဒ္ဒဒါန၊ အနံ့ကို လှူဒါန်းခြင်းတည်းဟူသော ဂန္ဓဒါန၊ အရသာကို လှူဒါန်းခြင်းတည်းဟူသော ရသဒါန၊ အတွေ့ကို လှူဒါန်းခြင်းတည်းဟူသော ဖောဋ္ဌဗ္ဗဒါန၊ တရားသဘောကို လှူဒါန်းခြင်းတည်းဟူသော ဓမ္မဒါနအားဖြင့် ဒါန (၆)ပါးရှိကြောင်း ဖွင့်ပြတော်မူကြ၏။

     ဤအရာမှာလည်း အဘိဓမ္မာ ဒေသနာတော်တွင် တိုက်ရိုက် ဒါနခြောက်ပါးကို ဟောပြထားရင်း မဟုတ်သော်လည်း အာရုံခြောက်ပါးကို ဟောပြလိုက်သဖြင့် ထိုအာရုံတို့ကို အသီးအသီး လှူဒါန်းလျှင် အာရုံအပြားသို့လိုက်၍ ဒါနခြောက်ပါး အပြားရှိသည်ဟု အနက်ရောက်သောကြောင့် အဘိဓမ္မာအလို ဒါနခြောက်မျိုးရှိကြောင်း ကျမ်းဂန်တို့၌ ဖွင့်ပြတော်မူကြသည်။

     သုတ္တန်ဒေသနာတော် အလိုအားဖြင့် စားဘွယ်အမျိုးမျိုး လှူဒါန်းခြင်းတည်းဟူသော အန္နဒါန၊ သောက်ဘွယ်အမျိုးမျိုး လှူဒါန်းခြင်းတည်းဟူသော ပါနဒါန၊ အဝတ်အထည် လှူဒါန်းခြင်းတည်းဟူသော ဝတ္ထဒါန၊ စီးနင်းစရာ ယာဉ်လှူဒါန်းခြင်း တည်းဟူသော ယာနဒါန၊ ပန်းအမျိုးမျိုး လှူဒါန်းခြင်းတည်းဟူသော မာလာဒါန၊ နံ့သာအမျိုးမျိုး လှူဒါန်းခြင်းတည်းဟူသော ဂန္ဓဒါန၊ လိမ်းချယ်စရာအမျိုးမျိုး လှူဒါန်းခြင်း တည်းဟူသော ဝိလေပနဒါန။

(ဇာ)

(ဝိလေပနသဒ္ဒါက လိမ်းစရာဟူ၍ အဓိပ္ပါယ်ထွက်သောကြောင့် အရည်ဖြစ်စေ အမှုန့်ဖြစ်စေ လိမ်းချယ်ရသော အရာဖြစ်လျှင် ဝိလေပနသာ ဖြစ်သင့်၏၊ ရှေးအခါက လိမ်းကျံချယ်လှယ်လေ့ရှိသော ဆေးဒန်း မြင်းသီလာ စသည်ကိုလည်း ဝိလေပနဟူ၍ပင် ခေါ်ဆိုသင့်သည်။)

     ညောင်စောင်း အင်းပျဉ် အိပ်ရာနေရာကို လှူဒါန်းခြင်း တည်းဟူသော သေယျဒါန၊ အိမ်ကျောင်းစသော နေရာအဆောက်အဦ လှူဒါန်းခြင်း တည်းဟူသော အာဝသထဒါန၊ မီးထွန်းရန် ဆီစသည်ကို လှူဒါန်းခြင်း တည်းဟူသော ပဒီပေယျဒါနအားဖြင့် ဒါန (၁၀)ပါးရှိကြောင်း ဖွင့်ပြတော်မူကြ၏။

     ဤဆယ်မျိုးကိုလည်း ဒါနဝတ္ထုဆယ်ပါးအဖြစ်ဖြင့်သာ ဟောတော်မူရင်း ဖြစ်သည်။ ဤသို့ ဒါနဝတ္ထုဆယ်ပါးရှိသဖြင့် ထိုဝတ္ထုတို့ကို အသီးအသီး လှူဒါန်းလျှင်လည်း ဆယ်မျိုးဖြစ်သင့်သောကြောင့် သုတ္တန်အလို ဒါနဆယ်ပါးရှိသည်ဟု ကျမ်းဂန်တို့၌ ဖွင့်ပြတော်မူကြသည်။

ဤ၌ ဒါနဝတ္ထုဆယ်မျိုးကိုသာ ဘုရားဟောတော်မူသည်ဟု အကြောင်းပြကာ ဤဆယ်မျိုးကိုသာ လှူကောင်းသည်၊ အခြားဝတ္ထုတို့ကို မလှူကောင်းဟု မမှတ်ယူအပ်၊ လောက၌ ယေဘုယျအားဖြင့် အလှူများရာကိုလိုက်၍ ဤဆယ်မျိုးကို ဒါနဝတ္ထုဟု ဟောတော်မူခြင်း ဖြစ်သည်။ တနည်းအားဖြင့် အရာဝတ္ထုဟူသမျှကို ဤဆယ်ပါး၌ပင် သဘောတူရာ သွတ်သွင်း သိမှတ်နိုင်မည် ဖြစ်သောကြောင့် ဤဆယ်မျိုးကို ပြလိုက်သဖြင့်ပင် သူတော်ကောင်းများ သုံးစွဲနေကျဖြစ်သော အရာဝတ္ထုတို့ကို လှူဒါန်းနိုင်သည်ဟု သိမှတ်ရာ၏။

     ဤဆိုအပ်ပြီးသော စကားရပ်များဖြင့် ပစ္စည်းဝတ္ထုသည် စေတနာဒါန၏ အရေးကြီးသော အကြောင်းရင်းများဖြစ်သည်ကို ကောင်းစွာ သိမှတ်ရာ၏။ နောက် ပြဆိုလတ္တံ့သော ဒါနအပြား၌လည်း ပစ္စည်းဝတ္ထုနှင့်စပ်သော ဒါနအများအပြား ပါဝင်သည်ကို သတိပြုရာ၏။

     ဤအခဏ်း၌၊ ၊ပေးလှူကြောင်း ဖြစ်သောကြောင့် စေတနာကို ဒါနခေါ်သည်။ ပေးလှူအပ်သောကြောင့် လှူဘွယ်ဝတ္ထုကို ဒါနခေါ်သည်ဟု ဆိုလိုရင်းဖြစ်သည်။

     ၃။ ဒါန၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကား အဘယ်အရာများ ဖြစ်ကြသနည်း..ဟူသော စကားအရ ဒါနသည်-

(ဇိ)

(က) စွန့်လွှတ်ခြင်း လက္ခဏာရှိ၏၊

(ခ) လှူဘွယ်ဝတ္ထုတို့၌ ငြိတွယ်ခြင်းကို ဖျက်ဆီးခြင်း (ကိစ္စ) ရသရှိ၏၊ (တနည်း) အပြစ်ကင်းခြင်း (သမ္ပတ္တိ) ရသရှိ၏၊

(ဂ) ငြိတွယ်မှုမရှိခြင်း (သဘော)လျှင် ထင်သောအခြင်းအရာရှိ၏၊ (ငြိတွယ်ခြင်းကင်းသော တရားဟူ၍ ယောဂီ၏ဉာဏ်၌ ထင်တတ်သည် ဟူလို) (တနည်း) ဘဝနှင့်ပြည့်စုံခြင်း၊ ဘောဂနှင့်ပြည့်စုံခြင်းလျှင် ထင်သော အခြင်းအရာရှိ၏၊ (လူ့ဘဝ နတ်ဘဝစသော ဘဝနှင့် ပြည့်စုံခြင်း၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံခြင်းအကျိုးကို ဖြစ်စေတတ်သော တရားဟု စဉ်းစားဆင်ခြင်သူ၏ဉာဏ်၌ ထင်တတ်သည်ဟူလို။)

(ဃ) စွန့်လွှတ်အပ်သော ပစ္စည်းဝတ္ထုလျှင် နီးစွာသော အကြောင်းရှိ၏။ (စွန့်လှူအပ်သော ဝတ္ထုမရှိလျှင် စိတ်ကူးရုံမျှနှင့် ဒါနမဖြစ်နိုင်၊ စွန့်လှူအပ်သော ဝတ္ထုရှိမှသာ ဒါနစင်စစ် ဖြစ်နိုင်သောကြောင့် စွန့်လှူအပ်သော ပစ္စည်းဝတ္ထုသည် ဒါန၏ အနီးကပ်ဆုံးသောအကြောင်း ပဒဋ္ဌာန်ဖြစ်သည် ဟူလို။)

     ၄။ ထိုဒါနသည် အဘယ်မျှ အပြားရှိသနည်း..ဟူသော စကားအရ အဖြေကား ကျယ်ဝန်းလှပေ၏။ (သတိပညာ ကြီးစွာထား၍ မှတ်သားနိုင်ကြပါစေကုန်သတည်း။)

နှစ်ပါးတွဲ ဒါနစု

     ဒါနသည် အာမိသဒါန ဓမ္မဒါနဟူ၍ နှစ်ပါးအပြားရှိ၏၊ ဆွမ်းစသော ပစ္စည်းဝတ္ထုတို့ကို အာမိသဟု ခေါ်သည်။ ထိုပစ္စည်းဝတ္ထုတို့ကို လှူဒါန်းခြင်းသည် အာမိသဒါနမည်၏။ အာမိသနှင့် ပစ္စယဟူသည် အတူတူပင်ဖြစ်၍ ပစ္စယဒါနဟူ၍လည်း ခေါ်နိုင်၏၊ သူတပါးတို့အား တရားဟောခြင်း စသည်ဖြင့် တရားကို ပေးလှူခြင်းသည် ဓမ္မဒါနမည်၏။ ဒါနမျိုးတို့တွင် ဓမ္မဒါနသည် အမြတ်ဆုံး ဖြစ်သည်ဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏။ (ဤနှစ်မျိုး ခွဲခြင်းမှာ ပစ္စည်းဝတ္ထုကိုစွဲ၍ ခွဲခြင်းပင်ဖြစ်၏။)

     ဤဒါနနှစ်မျိုးနှင့်စပ်၍ လောက၌ စေတီတော်ကြီး ရုပ်ပွါးတော်ကြီးများကို တည်ထား ကိုးကွယ်သောသူမှာ မည်သည့်ဒါနမျိုးဖြစ်သည်ကို စိစစ်သိမြင်ရန် လိုအပ်၏။ ဤကိစ္စနှင့် ပတ်သက်၍-

အချို့ပုဂ္ဂိုလ်တို့က “စေတီတော်ကြီး ရုပ်ပွါးတော်ကြီးများကို တည်ထားသောသူမှာ ပစ္စည်းဥစ္စာများစွာ စွန့်လွှတ်ရသော်လည်း ဒါနမဖြစ်နိုင်၊ ဒါနဟူသည် အလှူခံပုဂ္ဂိုလ် လှူဘွယ်ဝတ္ထု အလှူဒါယကာ

(ဇီ)

သုံးဌာန ပြည့်စုံမှ ဖြစ်ရ၏၊ စေတီတော်ကြီး ရုပ်ပွါးတော်ကြီး တည်ထားရာမှာ အလှူဒါယကာ ထင်ရှားရှိသော်လည်း အလှူခံပုဂ္ဂိုလ် မရှိ၊ ဤစေတီတော်ကြီး ရုပ်ပွါးတော်ကြီးများကို မည်သူအား လှူဒါန်းရမည်နည်း၊ ဤသို့ အလှူခံပုဂ္ဂိုလ် မရှိသည့်အတွက် ဒါနပင် မဖြစ်နိုင်။ ဗုဒ္ဓါနုဿတိဆိုင်ရာ သမထကမ္မဋ္ဌာန်းသာ ဖြစ်သင့်သည်။ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်တို့ကို အဖန်ဖန် နှလုံးသွင်းခြင်းသည် ဗုဒ္ဓါနုဿတိဖြစ်၍ စေတီရုပ်ပွါး တည်ထားသူသည် မည်သည့်အလှူခံအား စွန့်လှူရန် ရည်သန်သည်မဟုတ်၊ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်တို့ကို အဖန်ဖန် နှလုံးသွင်းရာ၌ ထင်ထင်ရှားရှားကြီး နှလုံးသွင်းနိုင်စေရန် အထည်ကိုယ်ဖော်ပြ တည်ထားခြင်းသာ ဖြစ်သည်၊ ဤစေတီရုပ်ပွားများကို ရှိခိုးပူဇော်ခြင်းဖြင့် ဘုရားဂုဏ်တော်တို့ကို အထူးထင်မြင်စေနိုင်သောကြောင့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းနှင့်သာ သက်ဆိုင်သည်ဟူ၍ မှတ်ရမည်”ဟု မိန့်ဆိုကြ၏။

အချို့ ဆရာတို့ကလည်း “စေတီတော်ကြီး ရုပ်ပွါးတော်ကြီးများ တည်ထားသူသည် ရိုသေသင့် ရိုသေထိုက်ဆုံးဖြစ်သော မြတ်စွာဘုရားကို အရိုအသေပြု၍ ပူဇော်ရန် တည်ထားခြင်း ဖြစ်သောကြောင့် ပုညကိရိယဝတ္ထု = (ကောင်းမှု)ဆယ်ပါးတွင် အပစာယနကုသိုလ် ဖြစ်၏။ ထိုအပစာယနကုသိုလ်ကို သီလထဲမှာ ထည့်သွင်းရမည်။ အကြောင်းကား... ထို ရိုသေသင့် ရှိသေထိုက်သော အရာကို ရိုသေခြင်းသည် စာရိတ္တ သီလမျိုးပင် ဖြစ်၏၊ သို့ဖြစ်၍ စေတီရုပ်ပွါး တည်ထားသည့် ကုသိုလ်ကို ဗုဒ္ဓါနုဿတိထဲသို့ မသွင်းထိုက်၊ သီလထဲသို့သာ သွင်းထိုက်သည်”ဟု ဆိုကြ၏။

     ဤဆရာများ ပြဆိုကြသော ဗုဒ္ဓါနုဿတိ သမထကုသိုလ်နှင့် အပစာယနကုသိုလ်တို့မှာ ဝတ္ထုပစ္စည်း စွန့်လှူရခြင်းနှင့် မသက်ဆိုင်၊ ယခု စေတီတော်ကြီး ရုပ်ပွါးတော်ကြီးများ တည်ထားရာမှာ ဝတ္ထုပစ္စည်းများစွာ စွန့်လွှတ်ရသည် ဖြစ်သောကြောင့် ဒါနမှုနှင့်သာ သက်ဆိုင်ပေသည်။

“ဒါနမှုနှင့် သက်ဆိုင်သည်ဆိုလျှင် အလှူခံပုဂ္ဂိုလ် မရှိပဲနှင့် ဒါန ဖြစ်နိုင်ပါသလား”ဟု မေးမြန်းဘွယ် ရှိ၏။

     ကျမ်းဂန်တို့၌ “မည်သည့်တရားမျိုးကိုမဆို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် လေးပါးတို့ဖြင့် ခွဲခြမ်း စိစစ်လိုက်လျှင် အမှန်ဆုံးသဘောကို ရနိုင်သည်”ဟု ပြဆိုချက် ရှိသောကြောင့် ရှေး၌ ဒါန၏ လက္ခဏာစသည်တို့ကို ပြဆိုခဲ့ပြီးသော နည်းအတိုင်း “ဒါနသည် လှူဘွယ်ဝတ္ထုတို့ကို စွန့်လွှတ်ခြင်း လက္ခဏာရှိ၏”ဟု ကျမ်းဂန်တို့၌ ပြဆိုသည်။

(ဇု)

     စေတီရုပ်ပွါး တည်ထားသူ ဒါယကာမှာလည်း ပစ္စည်းဝတ္ထုတို့ကို စွန့်လွှတ်ခြင်း ဒါနလက္ခဏာ၊ ထိုပစ္စည်းဝတ္ထုတို့၌ တွယ်တာမှုကို ဖျက်ဆီးခြင်း ဒါန၏ ကိစ္စ ရသ၊ ဘဝ ဘောဂတို့နှင့် ပြည့်စုံမှုတည်းဟူသော အကျိုးပစ္စုပဋ္ဌာန်၊ ပစ္စည်းဝတ္ထု တည်းဟူသော ဒါန၏ပဒဋ္ဌာန် ဤလေးတန်နှင့် (လေးဖက်လေးတန်) ပြည့်စုံနေပြီ ဖြစ်သောကြောင့် ဒါနဖြစ်သည်ဟူ၍သာ မှတ်ယူရာ၏။

     တနည်းအားဖြင့် စေတီရုပ်ပွါးတော်များကို ကြည်ညိုဖူးမျှော် ပူဇော်လိုသမျှသော နတ်လူအပေါင်းတို့သည် အလှူခံပုဂ္ဂိုလ်တို့ပင် ဖြစ်သည်ဟု ဆိုပါက မမှားနိုင်ပေ၊ စေတီတော် ရုပ်ပွါးတော်ကြီးများမှာလည်း လူနတ်တို့ ဖူးမျှော် ပူဇော်သောအားဖြင့် အသုံးပြုရန် ဝတ္ထုပင် ဖြစ်သောကြောင့် လှူဘွယ်ဝတ္ထုဟုဆိုက ဆိုနိုင်ပေ၏။

     လောက၌ ပစ္စည်းဝတ္ထု အမျိုးမျိုးတို့ကို သက်ဆိုင်သလို အသုံးပြုကြ၏၊ စားသောက်ဘွယ်ရာ ဝတ္ထုတို့ကို စားသောက်သောအားဖြင့် အသုံးပြုကြ၏၊ ဝတ်ဆင်ဘွယ်ရာ ဝတ္ထုတို့ကို ဝတ်ဆင်သောအားဖြင့် အသုံးပြုကြ၏၊ ကြည်ညိုမြတ်နိုး ရှိခိုးဘွယ်ဝတ္ထုကို ကြည်ညိုမြတ်နိုး ရှိခိုးသောအားဖြင့် အသုံးပြုကြ၏။

     လူအများသွားလာရာ လမ်းခရီး၌ ရေတွင်းရေကန်ကြီးများ တူးဖော်ထားလိုက်လျှင် ထိုရေတွင်းရေကန်ကြီးတို့ကို မည်သူ့အားမျှ ရေစက်ချ၍ မလှူဒါန်းရသော်လည်း အများသောက်ရန် ချိုးရန် ရည်သန်သည့်အတိုင်း ရောက်သမျှလူတို့ သောက်ချိုး သုံးဆောင်နေကြပါလျှင် ထိုရေတွင်းရေကန်ရှင် ဒါယကာကို ဒါနမမြောက်ဟူ၍ ဆိုထိုက်ပါအံ့လော၊ မဆိုထိုက်သည်သာ၊ ထိုရေတွင်း ထိုရေကန်ရှင်သည် မည်သူကိုမျှ လှူဒါန်းမည်ဟု ရည်သန်သည်မဟုတ်၊ ကြုံကြိုက်သမျှပုဂ္ဂိုလ်တို့ သောက်ချိုးသုံးစွဲရန် ရည်သန် တူးဖော်ထားခြင်းဖြစ်၍ ဒါနမြောက်သကဲ့သို့ပင်တည်း။

     သို့ဖြစ်၍ စေတီရုပ်ပွါး တည်ထားသူတို့ကား အလှူဒါယကာ၊ စေတီတော် ရုပ်ပွါးတော်ကြီးများအား လှူဘွယ်ဝတ္ထု၊ ရှိခိုးပူဇော်ဖူးမျှော်သမျှ နတ်လူတို့ကား အလှူခံပုဂ္ဂိုလ်ဟူ၍ ဝေဘန်လျှင် သင့်လျော်နိုင်ပေ၏။

စေတီတော်ကြီး ရုပ်ပွါးတော်ကြီးများကို လှူဘွယ်ဝတ္ထုဟု ဆိုခြင်းငှါ ထိုက်တန်ပါမည်လော၊ အပြစ်ပင်ရှိမည် မဟုတ်ပါလော...ဟူ၍ မေးမြန်းလိုကြပေမည်။

     ဓမ္မစေတီဖြစ်သော ပိဋကတ်တော်များ ကိန်းစံရာ စာတိုက် ဘီဒိုများကဲ့သို့ သာရီရိက ဓာတ်တော်တည်းဟူသော ဓာတုစေတီတို့၏ ကိန်းဝပ်ရာဖြစ်၍ လှူဘွယ်ဝတ္ထုဟု ဆိုထိုက်ပါ၏ဟူ၍ ဖြေဆိုရာ၏။

(ဇူ)

ရေစက်ချမှ ဒါန မြောက်, မမြောက်

     စေတီရုပ်ပွါး တည်ထားရာ၌ ရေစက်ချမှု မထင်ရှားသောကြောင့် ဒါနဖြစ်သင့် မဖြစ်သင့်ကို စဉ်းစားကြခြင်းဖြစ်သည်။ စင်စစ်သော်ကား ရေစက်ချမှ ဒါနမြောက်သည်ဟူ၍ ကျမ်းဂန်တို့၌ မလာ။ မလာသော်လည်း လှူဒါန်းသည့်အခါ ရေစက်ချခြင်းသည် ရှေးထုံး အစဉ်အလာကြီးတခု ဖြစ်နေ၏။

     သံဃာများ ဝါကျွတ်၍ (သင်္ကန်းအလှူ မရောက်သေးမီ) ရဟန်းအချင်းချင်း ကျောင်းတိုက်တခုအတွင်းမှာ မသင့်မတင့် နှစ်ပက္ခ ကွဲပြားကြပြီးနောက်မှ ဒါယကာတို့က တပက္ခရှိ ရဟန်းများထံ သင်္ကန်းများကို စုပုံဆက်ကပ် လှူဒါန်းခဲ့ပြီးလျှင် အခြားတပက္ခရှိ ရဟန်းများထံသို့ သွားရောက်၍ ရေစက်သွန်းချပြီးလျှင် “ပက္ခဿ ဒေမ = တဖက်သော သံဃာအား လှူဒါန်းပါ၏”ဟု ဆို၍ လှူဒါန်းအပ်သော သင်္ကန်းကို ဝေဘန်ရန်အတွက် ရေစက်ချခြင်းကို ပမာဏမပြုသော အရပ်ဒေသမှာဖြစ်လျှင် သင်္ကန်းအလှူခံရသော ပက္ခဝင် သံဃာတို့သာ ထိုသင်္ကန်းကို ပိုင်၏၊ ရေစက်မျှကိုသာ ခံရသော သံဃာတို့မှာ ထိုသင်္ကန်းကို မပိုင်ဆိုင်။ ရေစက်ချခြင်းကို ပမာဏပြုသော အရပ်ဖြစ်မူကား ရေစက်ခံရသော သံဃာများကလည်း ရေစက်ခံရသည့်အတွက် ထိုသင်္ကန်းကို ပိုင်ဆိုင်သည်။ သင်္ကန်းကို အလှူခံရသော သံဃာများကလည်း သင်္ကန်းလက်ရှိဖြစ်သည့်အတွက် ထိုသင်္ကန်းကို ပိုင်ဆိုင်သောကြောင့် နှစ်ပက္ခလုံး အညီအမျှ ခွဲဝေသုံးဆောင်ရမည်။ ဤသို့ သုံးဆောင်ရခြင်းသည် သမုဒြာ၏ တဖက်ကမ်းအရပ်၌ ပြုလုပ်လေ့ရှိသော အမှတ်လက္ခဏာပင် ဖြစ်သည်ဟူ၍ မဟာအဋ္ဌကထာ၌ မိန့်ဆိုကြောင်း ဝိနည်း မဟာဝါ စီဝရက္ခန္ဓကအဋ္ဌကထာ၌ ဖွင့်ပြသည်။

     သီဟိုဠ်ကျွန်းမှနေ၍ သမုဒြာ၏ တဖက်ကမ်းအရပ်ဟု ညွှန်းလိုက်သော ဒေသသည် ဇမ္ဗူဒိပ်ကျွန်းပင် ဖြစ်၏။ ထို့ကြောင့် ရေစက်ချခြင်း အလေ့သည် ဇမ္ဗူဒိပ်ကျွန်းသူတို့၏ အလေ့ပင် ဖြစ်သည်ဟု မှတ်ယူအပ်၏။

     ဤစကားရပ်၌ ရေစက်ချခြင်းကို ပမာဏပြုသောအရပ် ပမာဏမပြုသော အရပ်ဟု နှစ်မျိုးခွဲခြား ပြထားသည်ကို ထောက်သဖြင့် “ရေစက်ချမှ ဒါနမြောက်သည်”ဟု မဆိုနိုင်ပေ။ အစဉ်အလာ လိုက်နာ၍ ရေစက်ကို ပမာဏ အလေးပြုသောသူတို့မှာသာ ရေစက် အရေးကြီးသည်။ ပမာဏမပြုသောသူတို့ အဖို့မှာကား ရေစက်ချခြင်းသည် အရေးမကြီးကြောင်း ထင်ရှားပေ၏။ သို့ဖြစ်၍ ဒါနမြောက်မှု မမြောက်မှုမှာ ရေစက်ချခြင်းကို အဓိကထည့်သွင်း စဉ်းစားရန် အခွင့်မရှိဟု မှတ်ယူသင့်ပေ၏။

     ဓမ္မဒါနအရာမှာလည်း ယခုအခါ တရားတော်ကို သူတပါးတို့အား ဟောကြားမပေးနိုင်သည့်အတွက် ငွေကြေးအကုန်ခံကာ ပေစာ ဘုတ်အုပ်တို့ကို

(ဇေ)

ဝယ်ယူပူဇော်၍ ဓမ္မဒါနပြုလုပ်မည်ဟု စိတ်ညွတ်ပူဇော်ကြခြင်းမှာ ကိုယ်တိုင်ကိုယ်ကြပ် နိဗ္ဗာန်ရောက်ကြောင်းတရားကို ဟောကြားသလောက် ဓမ္မဒါနမစစ်သော်လည်း ဥပမာအားဖြင့် မကျန်းမာသောသူကို ရောဂါပျောက်စေလိုက ဆိုင်ရာဆေးကိုပေးမှ ရောဂါပျောက်ငြိမ်းစေသူ စင်စစ်ဖြစ်နိုင်သော်လည်း ဆိုင်ရာဆေးကို မပေးနိုင်သည့်အတွက် မှန်ကန်သောဆေးနည်းကို ပေးပြန်ပါက ထိုဆေးနည်းဖြင့် မှန်ကန်သောဆေးကို ဖော်စပ်၍ သုံးစွဲကာ ရောဂါပျောက်စေမည် ဖြစ်သောကြောင့် ဆေးနည်းပေးသူကိုလည်း ရောဂါပျောက်ငြိမ်းစေသူဟူ၍ပင် ခေါ်ရသကဲ့သို့၊ ထို့အတူ ကိုယ်တိုင်က တရားမဟောနိုင်သည့်အတွက် နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကို ဖော်ပြသည့် ပေစာ ဘုတ်အုပ်တို့ကို လှူဒါန်းသောသူသည်လည်း ထိုတရားစာကို ကြည့်ရှုကာ တရားကို ရယူစေနိုင်မည်ဖြစ်သောကြောင့် ဓမ္မဒါနပြုသူဟုပင် ခေါ်ဆိုနိုင်ပေသည်။

     ဤနှစ်မျိုးကို အာမိသပူဇာ, ဓမ္မပူဇာဟူ၍လည်း ခေါ်အပ်၏။ အမည်မျှသာ ကွဲသည်။ အဓိပ္ပါယ်မှာ အတူတူပင် ဖြစ်၏။

     လောက၌ အများအားဖြင့် အနိမ့်က အမြင့်ကို ပြုလုပ်ရာမှာ (ငယ်သူက ကြီးသူအား ပေးရာမှာ) ပူဇော်သည်ဟူသော စကားကို သုံးလေ့ရှိကြ၏။ ဤအဓိပ္ပါယ်ကို ယူဆပြီးလျှင် ဒါနသည် ပူဇာဒါန, အနုဂ္ဂဟဒါနဟူ၍ နှစ်မျိုးခွဲသင့်ကြောင်း၊ မြတ်သောပုဂ္ဂိုလ် ကြီးသောပုဂ္ဂိုလ်အား ငယ်သူက လှူဒါန်းသည်ကို ပူဇာဒါန = (ပူဇော်သောအားဖြင့် ပေးခြင်း)၊ ကြီးမြတ်သူက ငယ်ရွယ်သူအား လှူဒါန်းသည်ကို အနုဂ္ဂဟဒါန = (ချီးမြှောက်သောအားဖြင့် ပေးခြင်း)ဟူ၍ အဓိပ္ပါယ် ခွဲခြမ်းပြဆိုကြ၏။

     ပူဇော်ဟူသော စကားကို အောက်ဗျာဒိတ်ခဏ်း၌ ပြခဲ့သည့်နည်းအတိုင်း အမြင့်အနိမ့် နှစ်မျိုးလုံးမှာပင် သုံးနိုင်သကဲ့သို့၊ အနုဂ္ဂဟ = ချီးမြှောက်ခြင်းဟူသော စကားကိုလည်း အမြင့်အနိမ့် နှစ်ပါးလုံးမှာပင် သုံးစွဲနိုင်၏။ များသောအားဖြင့် အကြီးအမြတ်က အနိမ့်အငယ်အား လှူဒါန်းပေးကမ်းသည်ကို ချီးမြှောက်သည် အနုဂ္ဂဟပြုသည်ဟူ၍ ခေါ်ဆိုကြ၏။ မြတ်စွာဘုရားသာသနာကို အာမိသာနုဂ္ဂဟ, ဓမ္မာနုဂ္ဂဟ နှစ်စပါးဖြင့် ချီးမြှောက်ခြင်းဟူသော စကား၌ကား မြင့်မြတ်သော သာသနာတော်ကိုပင် ချီးမြှောက်ခြင်း အနုဂ္ဂဟဖြင့် သုံးနှုန်းထားပြန်သောကြောင့် ပူဇာဒါန, အနုဂ္ဂဟဒါန နှစ်ပါး ခွဲခြင်းမှာ ဧကန္တ မဟုတ်ပေ။ လောကဝေါဟာရ အသုံးအနှုန်းများရာသို့ လိုက်၍ ခွဲခြင်းဖြစ်သည်ဟု မှတ်ယူအပ်၏။

     တနည်းကား.. အဇ္ဈတ္တိကဒါန, ဗာဟိရဒါနဟူ၍ နှစ်ပါးအပြားရှိ၏၊ ကိုယ်တွင်းဆိုင်ရာ အသက်ခန္ဓာ အင်္ဂါကြီးငယ်တို့ကို လှူဒါန်းခြင်းသည်

(ဇဲ)

အဇ္ဈတ္တိကဒါနမည်၏။ အပြင်အပဖြစ်သော ပစ္စည်းဝတ္ထုတို့ကို လှူဒါန်းခြင်းသည် ဗာဟိရဒါနမည်၏။

ယခုအခါမှာပင် ကိုယ်အင်္ဂါ အစိတ်အပိုင်းကိုဖြတ်၍ ဘုရားမှာ လှူဒါန်းသည်၊ တကိုယ်လုံးကိုပင် အဝတ်ပတ်၍ ဆီလောင်းကာ မီးရှို့ပူဇော်သည် စသည်ဖြင့် သတင်းစာထဲများမှာ တရံတခါ တွေ့ရှိရ၏။ ထိုသို့ တွေ့ရသောအခါ ကိုယ်အင်္ဂါ အစိတ်အပိုင်းကိုဖြစ်စေ တကိုယ်လုံးကိုဖြစ်စေ လှူဒါန်းခြင်း အဇ္ဈတ္တိကဒါနသည် ဘုရားအလောင်းကြီး၏ အလုပ်သာ ဖြစ်၏။ သာမညသူတို့နှင့် မသက်ဆိုင်၊ မသက်ဆိုင်ပဲနှင့် ပြုလုပ်သည့်အတွက် ကုသိုလ်ပင် မဖြစ်သကဲ့သို့ တချို့ ပြောဆိုတတ်ကြသည်။

ထိုစကား သင့်, မသင့်ကို ဆင်ခြင်သည်ရှိသော်... လောက၌ ဘုရားအလောင်းဟူ၍ တခဏချင်း ဘွားကနဲ ပေါ်ပေါက်လာနိုင်သည်မဟုတ်၊ စွမ်းနိုင်သမျှ တစတစ ပါရမီဖြည့်ကျင့်ကာ နုရာမှ ရင့်၍ ဘုရားလောင်းကြီးများအဖြစ်သို့ တဆင့်တဆင့် ရောက်ရသည်။ ရှေးပညာရှင်များကလည်း- “တစတစ၊ စွန့်ဝံ့မှလျှင်၊ ဘဝနောက်နှောင်း၊ ဆက်တိုင်းကောင်း၏” ဟူ၍ စပ်ဆိုတော်မူခဲ့ကြသည်။ သို့ဖြစ်၍– ကိုယ်အင်္ဂါ အစိတ်အပိုင်းကိုဖြစ်စေ တကိုယ်လုံးကိုဖြစ်စေ လှူသောသူများကို ရုတ်တရက် ရှောင်တခင် အပြစ်မတင်သင့်ပေ။ လှူဒါန်းရာ၌ စိတ်စေတနာ သဒ္ဓါတရား မတွန့်ပဲ ရဲရဲဝံ့ဝံ့ကြီး “ငါ အဇ္ဈတ္တိကဒါနကို ပြုရပေသည်”ဟု မိမိအသက် ဆုံးရှုံးသည်တိုင်အောင် စွန့်နိုင်သူမှန်ပါလျှင် အဇ္ဈတ္တိကဒါနရှင်ဟူ၍ ချီးမွမ်းအပ်သည်သာ ဖြစ်ကြောင်းကို သတိပြုရာ၏။

     တနည်းကား.. ဝတ္ထုဒါန, အဘယဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ ပစ္စည်းဝတ္ထုတို့ကို လှူဒါန်းခြင်းသည် ဝတ္ထုဒါနမည်၏။ အသက်စည်းစိမ် ဘေးမဲ့ပေးခြင်းသည် အဘယဒါန မည်၏။ ဤအဘယဒါနသည်ကား အထူးသဖြင့် မင်းတို့နှင့်သာ သက်ဆိုင်၏။

     တနည်းကား.. ဝဋ္ဋနိဿိတဒါန, ဝိဝဋ္ဋနိဿိတဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ ဝဋ်ဆင်းရဲဖြစ်သော လောကီစည်းစိမ် ချမ်းသာကိုသာ တောင့်တ၍ လှူအပ်သော အလှူသည် ဝဋ္ဋနိဿိတဒါနမည်၏။ ဝဋ်ဆင်းရဲကင်းရာ နိဗ္ဗာန်ကို တောင့်တ၍ လှူအပ်သော အလှူသည် ဝိဝဋ္ဋနိဿိတဒါန မည်၏။

(ဇော)

     တနည်းကား.. သာဝဇ္ဇဒါန, အနဝဇ္ဇဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ သားငါးစသော သတ္တဝါများကို သတ်ဖြတ်၍ ကျွေးမွေးလှူဒါန်းအပ်သော ဒါနမျိုးသည် (အပြစ်နှင့် တကွဖြစ်သောကြောင့်) သာဝဇ္ဇဒါနမည်၏။ သားငါးစသော သတ္တဝါများကို သတ်ဖြတ်မှုမှ ကင်းရှင်းသော ဒါနမျိုးသည် (အပြစ်မရှိသောကြောင့်) အနဝဇ္ဇဒါနမည်၏။ အကုသိုလ်ရံလျက်ရှိသောဒါန, အကုသိုလ်မရံသော ဒါနဟု ဆိုလိုသည်။

ယခုလောကမှာ အချို့သော သူတို့သည် တံငါအလုပ်ဖြင့် ဥစ္စာကြွယ်ဝ ချမ်းသာပြီးနောက် “ငါသည် မကောင်းမှုကို မပြုပဲ တံငါအလုပ်ကို စွန့်ပြီးလျှင် စင်ကြယ်သော အလုပ်ဖြင့်သာ လုပ်ကိုင် အသက်မွေးတော့အံ့”ဟု နေထိုင်လျှင် စည်းစိမ်ဥစ္စာ ဆုတ်ယုတ်သွားတတ်၏၊ တဖန် တံငါအလုပ်ကို ပြန်၍ လုပ်ကိုင်သောအခါ ချမ်းသာလာပြန်၏။ ဤသို့ ဖြစ်ရခြင်းမှာ ရှေးဘဝက ပြုခဲ့သော သာဝဇ္ဇဒါန ကံအကျိုးပေးသည့်အတွက် ဖြစ်သည်။ ကံပြုစဉ်ကပင် ပါဏာတိပါတကံနှင့် တွဲဖက်၍ ပြုခဲ့သောကြောင့် အကျိုးပေးရာမှာလည်း ပါဏာတိပါတကံနှင့် တွဲဖက် အကျိုးပေးသန်သည်။ မတွဲဖက်လျှင် ထိုကံ အကျိုးမပေးနိုင်၍ ဆင်းရဲသွားပြန်သည်ကို သိရှိအပ်၏။

     တနည်းကား.. သာဟတ္ထိကဒါန, အာဏတ္တိကဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ ကိုယ်တိုင်ကိုယ်ကြပ် မိမိလက်ဖြင့် ကိုင်တွယ် လှူဒါန်းအပ်သော ဒါနသည် သာဟတ္ထိကဒါနမည်၏။ သူတပါးကို စေခိုင်း (ကိုယ်စားလည်ထား)၍ လှူဒါန်းအပ်သော ဒါနသည် အာဏတ္တိကဒါနမည်၏။

(အာဏတ္တိကဒါနထက် သာဟတ္ထိကဒါနက အကျိုးပေးထက်သန်ကြောင်းကို ဒီဃနိကာယ် မဟာဝဂ္ဂ ပါယာသိသုတ် မြန်မာပြန်ကို ကြည့်ရှုရာ၏။)

     တနည်းကား.. သက္ကစ္စဒါန, အသက္ကစ္စဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ လှူဘွယ်ဝတ္ထုကို ကောင်းမွန်စွာ ပြုပြင်၍ လှူဒါန်းအပ်သော ဒါနသည် သက္ကစ္စဒါနမည်၏။ လှူဘွယ်ဝတ္ထုကို ကောင်းမွန်စွာ မပြုပြင်ပဲ လှူဒါန်းအပ်သော ဒါနသည် အသက္ကစ္စဒါန မည်၏။

ပန်းပင်မှ ပန်းများကို ခူးလာပြီးလျှင် မလှ-လှအောင်၊ မတင့်တယ် တင့်တယ်အောင် အကုံးအခိုင်စသည်ဖြင့် ကောင်းစွာ ပြုလုပ်ပြီးမှ လှူဒါန်းခြင်းသည် သက္ကစ္စဒါန၊ ဤသို့ မပြုပြင်ပဲ ပန်းပင်မှ ခူးခဲ့ရင်းအတိုင်းသာ (ဘုရားအား အလှူမြောက်လျှင်ပြီးရော သဘောမျိုးဖြင့်) လှူဒါန်းခြင်းသည် အသက္ကစ္စဒါနဟု ဆိုလိုသည်။

(ဇော်)

ရှေးဆရာတို့က “အရိုအသေပြု၍ လှူဒါန်းခြင်းသည် သက္ကစ္စဒါန၊ အရိုအသေမပြုမူ၍ လှူဒါန်းခြင်းသည် အသက္ကစ္စဒါန”ဟု မြန်မာပြန်ဆိုချက်မှာလည်း အရိုအသေပြုဟူသော စကားအရ လှူဘွယ်ဝတ္ထုကို ကောင်းမွန်စွာ ပြုပြင်စီမံမှုကို ဆိုလိုခြင်းဖြစ်၏။ ရှေးဆရာတို့၏ “အရိုအသေပြု အရိုအသေမပြု”ဟူသော စကားကို အလှူခံပုဂ္ဂိုလ်အား ရိုသေမှု မရိုသေမှုကို ဆိုလိုသည်ဟု ထင်မှတ်နေတတ်ကြသည်။

     တနည်းကား.. ဉာဏသမ္ပယုတ္တဒါန, ဉာဏဝိပ္ပယုတ္တဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ လှူဒါန်းရာမှာ ကံ-ကံ၏အကျိုး စသည်တို့ကို သိမြင်၍ လှူဒါန်းခြင်းသည် (ဉာဏ်နှင့် ယှဉ်သည့်အတွက်) ဉာဏသမ္ပယုတ္တဒါနမည်၏။ ကံ ကံ၏အကျိုး စသည်တို့ကို မသိမမြင်ပဲ သူတပါးတို့၏ အတုအပမျှသာ လှူဒါန်းခြင်းသည် (ဉာဏ်နှင့် မယှဉ်သောကြောင့်) ဉာဏဝိပ္ပယုတ္တဒါန မည်၏။

ဤအရာ၌၊ ။ကံ-ကံ၏အကျိုး စသည်တို့ကို သိမြင်နားလည်သော ဉာဏ်နှင့်ယှဉ်ခြင်းပင် ဉာဏသမ္ပယုတ် ကုသိုလ်ဒါနဖြစ်ဘို့ရန်အကြောင်း လုံလောက်ပေပြီ။ ။လှူဒါန်းသောအခါ မြင့်မြတ်သော ဝိပဿနာဉာဏ်နှင့် ယှဉ်ရမည်၊ ယှဉ်ပုံကား.. လှူဒါန်းသော ဒါယကာငါသည်လည်း အနိစ္စ၊ မမြဲသောတရားပင်ဖြစ်သည်။ လှူဘွယ်ဝတ္ထုပစ္စည်းသည်လည်း မမြဲသော အနိစ္စပင်ဖြစ်သည်။ အလှူခံပုဂ္ဂိုလ်သည်လည်း မမြဲသော အနိစ္စပင်ဖြစ်သည်၊ အနိစ္စဖြစ်သော ငါသည် အနိစ္စဖြစ်သော ပစ္စည်းကို အနိစ္စဖြစ်သော အလှူခံအား လှူဒါန်းနေခြင်းမျှသာ ဖြစ်သည်ဟု နှလုံးသွင်းကာ လှူဒါန်းရမည်ဟူ၍ ညွှန်ကြား ပြောဆိုကြသည်ကား မြတ်သော ဝိပဿနာဉာဏ် ဖြစ်စေလိုသည့်အတွက်သာ ပြောဆိုခြင်းဖြစ်သည်။ ပြောသည့်အတိုင်း မဟုတ်လျှင် ဉာဏသမ္ပယုတ်ဒါန မဖြစ်ဟူ၍ကား မမှတ်အပ်။

ဝိပဿနာအစစ်ကို ပွါးလိုသောသူသည် ရှေးဦးစွာ ငါ သူတပါး ယောက်ျား မိန်းမစသော ပုဂ္ဂိုလ်စွဲ အတ္တစွဲကို ပယ်ဖျောက်ပြီးလျှင် ရုပ်နာမ်အစုမျှသာ ဖြစ်သည်ကို ထင်မြင်ပြီးမှ ထိုရုပ်နာမ်တို့သည် အနိစ္စ ဒုက္ခ အနတ္တ ဖြစ်သည်ဟု ရှုရသည်။ ငါ အနိစ္စ၊ အလှူပစ္စည်း အနိစ္စ၊ အလှူခံ အနိစ္စဟူ၍ နာမ်ရုပ်သို့ မထိခိုက်ပဲ ပညတ်တွင်ရွေ့သာ လက္ခဏယာဉ်တင်၍ ထင်နိုင် ရနိုင်မည် မဟုတ်ပေ။

     တနည်းကား.. သသင်္ခါရိကဒါန, အသင်္ခါရိကဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ တိုက်တွန်းခြင်းရှိ၍ ပြုအပ်သောဒါနသည် သသင်္ခါရိကဒါန မည်၏။ တိုက်တွန်းခြင်းမရှိပဲ ပြုအပ်သောဒါနသည် အသင်္ခါရိကဒါန မည်၏။

(ဇံ)

ဤအရာ၌၊ ၊တိုက်တွန်းခြင်းဟူသည် မပြုလိုပဲ တွန့်တိုနေသည်ကို တိုက်တုန်းရမှ သသင်္ခါရိကဟု ခေါ်ဆိုရ၏။ ထင်ရှားစွာ ဖော်ပြရလျှင် လှူဒါန်းမည်ဟူ၍၎င်း မလှူဒါန်းလိုဟူ၍၎င်း မစဉ်းစားပဲ ပကတိနေသူကို “အလှူပါဝင်ပါ”ဟု တဦးတယောက်က ပြောဆိုသဖြင့် ပါဝင်လှူဒါန်းလိုက်သောသူမှာ သသင်္ခါရိကဒါနဖြစ်သည်ဟု မဆိုရ၊ အလှူပါဝင်ပါဟု တိုက်တွန်း တောင်းပန်သည့်အခါ မလှူလိုဟု တွန့်တိုငြင်းပယ်ပြီးမှ “မတွန့်တိုပါနှင့် လှူဒါန်းပါ”ဟု နောက်ထပ် တိုက်တွန်းသဖြင့် အလှူဝင်လိုက်သောသူ၏ ဒါနကိုသာ သသင်္ခါရိကဒါနဟု ခေါ်ရပေ၏။ သူတပါး ပြောလာသည်မဟုတ်ပဲ မိမိဘာသာ ရှေးဦးစွာ လှူဒါန်းမည်ဟု ကြံစည်ပြီးမှ စိတ်တွန့်တိုသွားပြီးလျှင် နောက်မှ မိမိကိုယ်ကို အမျိုးမျိုး မိမိဘာသာ တရားချ၍ စိတ်ကိုတင်းကာ လှူဒါန်းပြန်ခြင်းသည် သသင်္ခါရိကဒါနပင် ဖြစ်သည် (မိမိစိတ်ကို မိမိ တိုက်တွန်းရသည်ဟု ဆိုလိုသည်)။ စိတ်နေစိတ်ထား တွန့်တိုခြင်းမရှိသူမှာ သူတပါးလာ၍ ပြောဆိုခြင်းကို အစွဲပြုကာ သသင်္ခါရိကဒါနဟု မဆိုရ၊ တိုက်တွန်းခြင်းမရှိသော အသင်္ခါရိကဒါနဟူ၍သာ မှတ်ယူရာ၏။

     တနည်းကား.. သောမနဿဒါန, ဥပေက္ခာဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ စိတ်နေရွှင်လန်း ချမ်းသာလှူဒါန်းအပ်သော ဒါနသည် သောမနဿဒါန မည်၏။ ဝမ်းလည်းမသာ ဝမ်းလည်းမနည်း အလယ်အလတ် ခံစားခြင်းသဘောရှိ၍ လှူအပ်သောဒါနသည် ဥပေက္ခာဒါနမည်၏။ (လှူဒါန်းသောအခါ သောမနဿဝေဒနာနှင့် ယှဉ်လျှင် သောမနဿဒါန၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်လျှင် ဥပေက္ခာဒါနဟု ဆိုလိုသည်။)

     တနည်းကား.. ဓမ္မိယဒါန, အဓမ္မိယဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ တရားသဖြင့် ရှာဖွေရရှိသော ပစ္စည်းဝတ္ထုကို လှူဒါန်းခြင်းသည် ဓမ္မိယဒါနမည်၏။ တိုက်ခိုက်ခိုးဝှက် မတရားသဘောဖက်၍ ရှာဖွေရရှိသော ပစ္စည်းဝတ္ထုကို လှူဒါန်းခြင်းသည် အဓမ္မိယဒါန မည်၏။

ပစ္စည်းကို ရှာဖွေရာမှာ မတရားသဖြင့် ရှာဖွေ ရရှိသည့်အတွက် အဓမ္မိယဖြစ်သော်လည်း ထိုပစ္စည်းကို သူတပါးအား စွန့်လှူခြင်းမှာမူ ကုသိုလ်ပင် ဖြစ်ပြန်၏၊ (ပစ္စည်းက မစင်ကြယ်သည့်အတွက် ကုသိုလ်မဖြစ် ဟူ၍ မဆိုနိုင်၊) ဓမ္မိယဒါနလောက် အကျိုးမကြီးရုံသာ ရှိ၏။ အောင်မြောက်သော မျိုးစေ့နှင့် မအောင်မြောက်သော မျိုးစေ့တို့မှ ပေါက်လာသော အညွန့်အညှောက်ဥပမာဖြင့်လည်း ထိုအနက်ကို သိနိုင်ပေ၏။

(ဇား)

     တနည်းကား.. ဒါသဒါန, ဘုဇိဿဒါနဟူ၍ နှစ်ပါးအပြားရှိ၏၊ လောကီ စည်းစိမ်ချမ်းသာကို တောင့်တ၍ လှူဒါန်းအပ်သော ဒါနသည် ဒါသဒါနမည်၏ (တဏှာသခင် အရှင်အကြိုက် အလိုလိုက်၍ တဏှာ၏ကျွန်အဖြစ်ဖြင့် လှူဒါန်းခြင်းဟူလို)။ လောကုတ္တရာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်သန်တောင့်တ၍ လှူဒါန်းအပ်သော ဒါနသည် ဘုဇိဿဒါန မည်၏(တဏှာသခင် အရှင်ကို ပုန်ကန်၍ တော်လှန်ရေးဒါနဟူလို။)

ဤ၌၊ ၊သတ္တဝါတို့သည် အစမထင် သံသရာကပင် ကောင်းသော အဆင်း အသံ အနံ့ အရသာ အတွေ့အထိတို့ကို တပ်မက်ကြ၏။ ထိုသို့ ကောင်းမြတ်သည်ဆိုသော လောကီစည်းစိမ်ကို တပ်မက်ခြင်းသည် တဏှာတရားပင်ဖြစ်၏။ ထိုတဏှာ၏အလိုကို အချိန်ရှိသမျှ ဖြည့်စွမ်းနေကြရ၏။ တဏှာအကြိုက် အလိုလိုက်ကာ တဏှာ၏ကျွန် ခံနေကြရ၏။ သတ္တဝါတို့၏ နေ့နေ့ညည အချိန်ဆက်ကာ စည်းစိမ်ဥစ္စာ ရှာဖွေမှုကို ပြုလုပ်ကြံစည် နေကြရခြင်းသည် ကောင်းကောင်းစားလိုမှု ကောင်းကောင်း၀တ်လိုမှု ကောင်းကောင်းနေလိုမှုစသော အကောင်းကြိုက်တဏှာ၏ အလိုကို ဖြည့်စွမ်းနေကြရခြင်းပင် ဖြစ်၏။ ယခုဘဝတွင် တဏှာ၏အလိုကို ဖြည့်စွမ်းရရုံနှင့် (တဏှာ၏ကျွန်ခံရရုံနှင့်) မကျေနပ် အားမရသေးပဲ နောက်ဘဝအဆက်ဆက်မှာ အကောင်းကြိုက် တဏှာအရှင်သခင်၏ အလိုတော်ကျ ခံစံနိုင်ဘို့ရန် စည်းစိမ်ဥစ္စာတို့ကို ရပါလိုသောဝ်ဟု ဆုတောင်း၍ ပြုလိုက်သော ဒါနသည် ဒါသဒါနစင်စစ်ဖြစ်ကြောင်း ထင်ရှားလှပေ၏။

ဤသို့ အစမထင် သံသရာတခွင်က တဏှာ၏ကျေးကျွန် ခံလာရခြင်း တဏှာ၏ အလိုအကြိုက် လိုက်နေရခြင်းတို့ကို မြတ်စွာဘုရား၏ တရားတော်နှင့် မတွေ့ကြုံရသေးမီ အကောင်းကြီးထင်မှတ်ကာ တဏှာနောက်သို့ ပါနေရသော်လည်း မြတ်စွာဘုရား၏ တရားတော်နှင့် တွေ့ကြုံရသောအခါ တဏှာ၏ အလိုကြီးမားပုံ၊ မည်သည့်အခါမှ ထိုတဏှာ အလိုမပြည့်နိုင်ပုံ၊ တဏှာအကြိုက် လိုက်နေရသလောက် ဆင်းရဲဒုက္ခ ရောက်ရပုံတို့ကို သိမြင်ကာ “ဤမျှလောက် ဆိုးဝါးလှသော တဏှာအကြိုက်သို့ ယခုအခါ ငါမလိုက်တော့ပြီ၊ ခုခံမည် ပုန်ကန်မည် ခြားနားမည်” ဤကဲ့သို့ ကြံစည်၍ ထိုတဏှာကို အမြစ်ပြတ် ပယ်ဖြတ်နိုင်ရန် မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်သန်တောင့်တ၍ လှူဒါန်းအပ်သော ဒါနသည် ဘုဇိဿဒါန = ( တော်လှန်ရေးဒါန) မည်၏။

(ဈ)

“တော်လှန်”ဟူသော စကား

တော်လှန်ဟူသော စကားသည် မြန်မာစကားဟောင်း ဖြစ်သည်။ အရှင်သခင်ကို (တော်)ဟု ခေါ်ဆိုသုံးစွဲသည်။ ထိုအရှင်သခင်ကို ပြန်လှန်ခြင်းကိုပင် တော်လှန်ခြင်းဟု ဆိုသည်။ လောက၌ အစိုးရသူ အရှင်တို့၏အမိန့်ကို မနာခံပဲ ခုခံပြန်လှန်နေသူများကို တော်လှန်သူများဟု ခေါ်လျက်ရှိသည်။

ရှေးအခါက သုံးစွဲခဲ့သည့် အရှင်သခင်ဟူသော အနက်ကို ဖော်ပြသည့် (တော်)ဟူသော စကား၏အစား နောက်ကာလ ရောက်သောအခါ (အရှင်)ဟု သုံးစွဲ ခေါ်ဆိုလာကြသည်။ မိန်းမများ စကားပြောရာမှာလည်း ယောက်ျားများကို ရိုသေသောအားဖြင့် ရှေးအခါက (တော်)ဟူ၍ စကားတုံ့ ပေးကြသည်။ အရှင်သခင်ဟူ၍ ရိုသေစွာ ပြန်၍ခေါ်လိုက်သော စကားတုံ့ပင် ဖြစ်၏။ နောက်ကာလ၌ကား အရှင်ဟူ၍ တိုက်ရိုက်သုံးလိုလျက် (အ)ကို ဖျောက်ကာ (ရှင်)ဟူ၍ သုံးစွဲကြသည်။ အဓိပ္ပါယ်အားဖြင့် အရိုအသေ စကားတုံ့ပြန်လိုက်မှုချည်းပင် ဖြစ်၏။

တော်သုံးနှင့် ပတ်သက်၍ သတိပြုမှတ်ဖွယ်ကို ဆက်လက် ဖေါ်ပြပေဦးအံ့...၊ အရှင်ရှိသောအရာကိုသာ (တော်)တပ်၍ သုံးစွဲရိုး ဖြစ်သည်။ အရှင်မရှိသော အရာတို့ကိုကား (တော်)တပ်၍ မသုံးစွဲပေ၊ (ဥပမာ) ရတနာသုံးပါးရှိသည့်အနက် တရားကို တရားတော်၊ သံဃာကို သံဃာတော်ဟူ၍ သုံးစွဲသော်လည်း ဘုရားကို ဘုရားတော်ဟူ၍ မသုံးစွဲကြ။ လောကကြောင်းဖက်၌လည်း ခမည်းတော် မယ်တော် သားတော် သမီးတော် ဆွေတော် မျိုးတော် စသည်ဖြင့် ဘုရင်နှင့် ဆက်သွယ်သမျှ ဆွေမျိုးများကို (တော်)တပ်၍ သုံးသော်လည်း ဘုရင်နှင့် မိဖုရားကိုကား ဘုရင်တော် မိဖုရားတော်ဟု (တော်)တပ်၍ မသုံးစွဲကြ။ အကြောင်းကိုရှာသော်.... တရား သံဃာတို့မှာ ဘုရားတည်းဟူသော အရှင်ရှိသဖြင့် တရားတော် (ဗုဒ္ဓအရှင်၏ တရား)၊ သံဃာတော် (ဗုဒ္ဓအရှင်၏ တပည့်သံဃာ)ဟူ၍ အရှင်ရှိသော အရာမှာသာ ထိုအရှင်ဟူသော အနက်ကို ဖော်ပြသည့် (တော်)ဟူသော စကားကို သုံးစွဲသည်။ ဘုရားအပေါ်မှာကား မည်သူကမျှ အရှင်သခင် မဖြစ်တော့ သောကြောင့် တော်တပ်ကာ ဘုရားတော်ဟူ၍ မသုံးစွဲကြပေ။ လောကကြောင်းဖက်၌လည်း အရှင်သခင်ဖြစ်သော ဘုရင်မိဖုရားတို့နှင့်စပ်၍ အမိအဖ သားသမီး ဆွေမျိုးတို့ကို မယ်တော် ခမည်းတော် သားတော် သမီးတော် ဆွေတော် မျိုးတော်ဟူ၍ သုံးစွဲသည်။ အရှင်ဖြစ်သော

(ဈာ)

မင်းမိဖုရားတို့၏ မယ်တော်စသည်ဟု ဆိုလိုရင်းဖြစ်သည်။ ဘုရင်နှင့် မိဖုရားတို့ အပေါ်ကအုပ်စိုးသည့် အရှင်မရှိတော့သောကြောင့် ဘုရင်တော် မိဖုရားတော်ဟူ၍ (တော်)တပ်ကာ မသုံးကြသည်ကိုလည်း မှတ်သားရာ၏။

     တနည်းကား.. ထာဝရဒါန, အထာဝရဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ နေရာ တည်မြဲနေမည့် ဘုရား တန်ဆောင်း ကျောင်းစရပ် ရေတွင်း ရေကန် စသည်တို့ကို လှူဒါန်းခြင်းသည် ထာဝရဒါန မည်၏။ ခဏခေတ္တမျှသာ သုံးဆောင်ရသော ဆွမ်း သင်္ကန်းစသည့် ပစ္စည်းကို လှူဒါန်းခြင်းသည် အထာဝရဒါန မည်၏။

     တနည်းကား.. သပရိဝါရဒါန, အပရိဝါရဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ အဓိကအားဖြင့် သင်္ကန်းကို လှူလိုရာမှာ သင်္ကန်းတွင်သာမက အခြားလှူဘွယ် ၀တ္ထုများနှင့် ဖွယ်ဖွယ်ရာရာ စီစဉ်ခြံရံ၍ လှူဒါန်းခြင်းသည် အခြံအရံနှင့်တကွ လှူဒါန်းခြင်းဖြစ်သောကြောင့် သပရိဝါရဒါန မည်၏၊ (ဤ သပရိဝါရဒါနကြောင့် အလောင်းတော်ကြီးများမှာ စက်လက္ခဏာပါရှိခြင်း အကျိုးရ၍ အခြံအရံများခြင်း အကျိုးဆက်ကို ရရှိတော်မူကြသည်။) အခြံအရံမပါပဲ သင်္ကန်းချည်းသက်သက် လှူခဲ့ပါလျှင် အပရိဝါရဒါနမည်၏။ တပါးသော ပစ္စည်းတို့ကို လှူရာ၌လည်း ဤနည်းအတိုင်းပင် သိရာ၏။

     တနည်းကား.. နိဗဒ္ဓဒါန, အနိဗဒ္ဓဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ နေ့စဉ်မပြတ် ဆွမ်းလောင်းခြင်း စသည်ဖြင့် အမြဲပြုလုပ်အပ်သော ဒါနသည် နိဗဒ္ဓဒါနမည်၏။ နေ့စဉ်မဟုတ်ပဲ တတ်နိုင်သည့်အခါ ပြုလုပ်အပ်သော ဒါနသည် အနိဗဒ္ဓဒါနမည်၏။

     တနည်းကား.. ပရာမဋ္ဌဒါန, အပရာမဋ္ဌဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ တဏှာဒိဋ္ဌိတို့ဖြင့် သုံးသပ်အပ်သောဒါနသည် ပရာမဋ္ဌဒါနမည်၏။ တဏှာဒိဋ္ဌိတို့ဖြင့် မသုံးသပ်အပ်သော ဒါနသည် အပရာမဋ္ဌဒါနမည်၏။

ဤအရာ၌၊ ၊အဘိဓမ္မာ သဘောအရ အမှားသုံးသပ်ခြင်းသည် ဒိဋ္ဌိနှင့်သာ သက်ဆိုင်သော်လည်း ထိုဒိဋ္ဌိသည် တဏှာနှင့်တွဲ၍ ဖြစ်ရသောကြောင့် ဒိဋ္ဌိဖြင့် အမှားမှားသုံးသပ်ရာမှာ တဏှာလည်း ပါဝင်နေသည့် အတွက် “တဏှာဒိဋ္ဌိတို့ဖြင့် သုံးသပ်အပ်သော”ဟူ၍ ဆိုသည်။ အမှားမှား သုံးသပ်ပုံကား..

တစုံတခုသောဒါနကို ပြုလုပ်ပြီးလျှင် “ဤကောင်းမှုကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ကို လျင်မြန်စွာ ရပါလို၏”ဟု ကုသိုလ်ဆန္ဒ ပတ္ထနာဖြင့် တောင့်တလျှင် ထိုဒါနသည် ဝိဝဋ္ဋနိဿိတဒါနဖြစ်၍၊ မဂ်ဖိုလ်နိဗ္ဗာန်၏

(ဈိ)

ဥပနိဿယည်း အားကြီးသောအကြောင်း ဖြစ်နိုင်ပါလျက် ထိုကဲ့သို့ ဝိဝဋ္ဋဖြစ်သည့် မဂ်ဖိုလ်နိဗ္ဗာန်ကို မတောင့်တပဲ “ဤကောင်းမှုကြောင့် ငါသည် သိကြားမင်းအစရှိသည့် ထင်ရှားသောနတ် (သို့မဟုတ် သာမညအားဖြင့် နတ်) ဖြစ်ရပါလို၏၊ ထိုနတ်ပြည်၌ မြဲမြံခိုင်ခဲ့သော နတ်စသည် ဖြစ်ရပါလို၏” အစရှိသည်ဖြင့် တဏှာဒိဋ္ဌိ ဦးစီးလျက် တောင့်တလျှင် ထိုဒါနသည် မဂ်ဖိုလ်၏ ဥပနိဿယည်း ပစ္စည်းအထောက်ပံ့ မဖြစ်နိုင်သောကြောင့် ပရာမဋ္ဌဒါနမည်၏။ တဏှာဒိဋ္ဌိတို့က မဂ်ဖိုလ်၏ ဥပနိဿယည်း အားကြီးသောအကြောင်းအဖြစ်မှ ဆုံးရှုံးခြင်းသို့ရောက်အောင် ပို့ဆောင်အပ်သော ဒါနဟု ဆိုလိုသည်။

တဏှာဒိဋ္ဌိတို့ဖြင့် အသုံးသပ်မခံရပဲ ဝိဝဋ္ဋသက်သက်ကိုသာ ရည်သန်တောင့်တ၍ လှူဒါန်းအပ်သော ဒါနမျိုးသည် အပရာမဋ္ဌဒါနမည်၏။ ဒါနတရားသည် သာသနာပြင်ပ အခါမှာလည်း များစွာဖြစ်ထွန်းနိုင်၏။ သို့ရာတွင် ပရာမဋ္ဌဒါနတွေသာ သာသနာပြင်ပ၌ ဖြစ်ထွန်းနိုင်သည်။ အပရာမဋ္ဌဒါနမူကား သာသနာတော်အတွင်း၌သာ ဖြစ်ထွန်းနိုင်ခွင့် ရှိသောကြောင့် ယခုသာသနာတော်အတွင်း ကြုံကြိုက်ကုန်သောသူတို့သည် အပရာမဋ္ဌဒါန ဖြစ်နိုင်ရန် အထူး ကြိုးစားသင့်ကြပေသည်။

     တနည်းကား.. ဥစ္ဆိဋ္ဌဒါန, အနုစ္ဆိဋ္ဌဒါနဟူ၍ နှစ်ပါး အပြားရှိ၏။ အကြွင်းအကျန် အညံ့အဖျင်းဖြစ်သော ပစ္စည်းကို လှူဒါန်းခြင်းသည် ဥစ္ဆိဋ္ဌဒါနမည်၏။ အကြွင်းအကျန် အညံ့အဖျင်း မဟုတ်သော ပစ္စည်းကို လှူဒါန်းခြင်းသည် အနုစ္ဆိဋ္ဌဒါနမည်၏။

ဤအရာ၌၊ ၊စားဖွယ်သောက်ဖွယ်တို့ကို စားသောက်မည်ပြင်ဆဲတွင် အလှူခံရောက်လာ၍ မိမိမစားသောက်မီ ဦးဦးဖျားဖျား လှူလိုက်ခြင်းကို အဂ္ဂဒါနဟူ၍လည်း ခေါ်နိုင်၏။ အကြွင်းအကျန် အညံ့အဖျင်း မဟုတ်သည့်အတွက် အနုစ္ဆိဋ္ဌဒါနလည်း ခေါ်နိုင်၏။ မိမိ ဦးဦးဖျားဖျား စားသောက်ပြီးနောက် စားသောက်၍မပြီးမီ အလှူခံပုဂ္ဂိုလ် ကြွရောက်လာ၍ စားသောက်ဆဲဖြစ်သော စားဖွယ် သောက်ဖွယ်တို့ကို လှူပြန် လျှင်လည်း အနုစ္ဆိဋ္ဌဒါနပင် ဖြစ်သည်။ မြင့်မြတ်သောဒါနဟု ဆိုနိုင်ပေ၏။ မိမိ စားသောက်ပြီးနောက်မှ လှူဒါန်းလျှင်ကား ဥစ္ဆိဋ္ဌဒါနဖြစ်သည်။ အညံ့အဖျင်းဆိုရာမှာလည်း မိမိမှာ အကောင်းအမြတ် မရှိသည့်အတွက် ရှိသမျှ အညံ့အဖျင်းကိုသာ လှူဒါန်းရခြင်းသည် အနုစ္ဆိဋ္ဌဒါနပင် မည်သင့်လေသည်။ အကောင်းအမြတ် ပစ္စည်းရှိပါလျက် အကောင်းအမြတ်ကို မလှူပဲ အညံ့အဖျင်းကို လှူမှသာ ဥစ္ဆိဋ္ဌဒါန ဖြစ်သည်ဟူ၍ မှတ်အပ်၏။

(ဈီ)

     တနည်းကား.. သဇီဝဒါန, အစ္စယဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ မိမိအသက် ထင်ရှားရှိစဉ် လှူဒါန်းအပ်သော ဒါနသည် သဇီဝဒါနမည်၏။ “ငါသေပြီးနောက် ဤ ငါ့ပစ္စည်းစုကို မည်သူအား ငါပေးခဲ့သည်။ ထိုသူယူ၍ အလိုရှိတိုင်း သုံးဆောင်လော့”ဟု သေသည့်နောက်အခါကို ရည်မှန်း၍ ပေးကမ်းခြင်းသည် အစ္စယဒါနမည်၏။

ရဟန်းတော်များမှာ ဤအစ္စယဒါနမျိုးကို အသုံးမပြုနိုင်ပေ၊ ပေးသောရဟန်းက ပေးလျှင်လည်း အပေးမမြောက်၊ အပေးခံရသော ပုဂ္ဂိုလ်မှာလည်း ထိုပစ္စည်းစုကို မပိုင်ဆိုင်။ ရဟန်းတပါး ပိုင်ဆိုင်သော ပစ္စည်းကို ထိုရဟန်း အသက်ထင်ရှားရှိစဉ် အခြားတဦးဦးအားပေးလျှင် အပေးခံရသူ ရ၏၊ (သို့မဟုတ်) ထိုပစ္စည်းရှင်ရဟန်း အသက်ရှင်စဉ်ပင် အခြားတဦးဦးက ဝိသာသဂါဟ = (အကျွမ်းဝင် ခင်မင်၍ ယူခြင်းမျိုးဖြင့် ယူလျှင်လည်း ထိုသို့ယူသူ ရနိုင်၏၊ (သို့မဟုတ်) ထိုပစ္စည်းရှင်ရဟန်း အသက်ရှင်စဉ် အခြားတဦးဦးနှင့် ဒွိသန္တက = (နှစ်ဦးဆိုင်ပစ္စည်း) ပြုလုပ်လျှင်လည်း ပစ္စည်းရှင်ရဟန်း သေလျှင် ကျန်တဦးရ၏။ ထိုသို့ အသက်ရှင်စဉ် အပိုင်ပေးအပ်သည်လည်းမဟုတ် အကျွမ်းဝင် ခင်မင်၍ယူခြင်းမျိုးဖြင့် ယူအပ်သည်လည်းမဟုတ် နှစ်ဦးဆိုင်ပစ္စည်း ပြုလုပ်အပ်သည်လည်း မဟုတ်သော ရဟန်းပိုင် ပစ္စည်းတို့မှာ ထိုရဟန်းသေလျှင် သံဃိက = (သံဃာပိုင်သောပစ္စည်း ဖြစ်လေသည်။ သို့ဖြစ်၍ ပစ္စည်းရှင်ရဟန်းက “ငါသေလျှင် ငါပိုင်သောပစ္စည်း အရပ်ရပ်ကို မည်သူ့အား ပေးပါ၏။ မည်သူ ယူရစ်လော့”ဟု ဆို၍ ပေးခြင်းမျိုးသည် သံဃိကဖြစ်မှ ယူရစ် တော့ဟု ဆိုရာကျသဖြင့် ထိုအစ္စယဒါနမျိုးဖြင့် ပေးသောရဟန်းက ပေးသော်လည်း အပေးမမြောက်၊ အပေးခံရသော ပုဂ္ဂိုလ်မှာလည်း ပိုင်ဆိုင်ခွင့်မရှိ၊ လူတို့မှာသာ ဤသို့သော အစ္စယဒါနမျိုး အသုံးဝင် တရားဝင် အတည်ဖြစ်နိုင်သည်။

     တနည်းကား.. ပုဂ္ဂလိကဒါန, သံဃိကဒါနဟူ၍ နှစ်ပါးအပြားရှိ၏၊ ပုဂ္ဂိုလ် တဦး နှစ်ဦး စသည်အား ပိုင်းခြားသတ်မှတ်၍ လှူဒါန်းခြင်းသည် ပုဂ္ဂလိကဒါန မည်၏။ သံဃာတော်ကို ရည်မှန်း၍ လှူဒါန်းခြင်းသည် သံဃိကဒါနမည်၏။

သံဃာဟူသည် အစုအပေါင်း၏ အမည်ဖြစ်၏၊ (မြတ်စွာဘုရား၏ တပည့်သားတော် အရိယာပုဂ္ဂိုလ်အပေါင်းဟု ဆိုလိုသည်။) သံဃာတော်ဆိုသော စကားထဲ၌ အရိယာပုဂ္ဂိုလ်ဟူသမျှ အားလုံးပါဝင်၏။ သို့ရာတွင် ပါဝင်သည့်ပုဂ္ဂိုလ်တို့ကို အာရုံမထားပဲ အများအစုအပေါင်းကိုသာ အာရုံထား၍ လှူဒါန်းမှ သံဃိကဒါန မြောက်နိုင်၏။

(ဈု)

     ဤပုဂ္ဂလိကဒါန, သံဃိကဒါန နှစ်ပါးနှင့်စပ်၍ ဒက္ခိဏာဝိဘင်္ဂသုတ် ပါဠိတော်လာ ပုဂ္ဂလိကဒါန (၁၄)မျိုး၊ သံဃိကဒါန (၇)မျိုးတို့ကို မှတ်သားသိရှိရာ၏၊ ထို ဒက္ခိဏာဝိဘင်္ဂသုတ် ပါဠိတော်၌ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပုဂ္ဂလိကဒါန (၁၄)မျိုးတို့ကား..

(၁) မြတ်စွာဘုရားအား လှူဒါန်းခြင်း၊

(၂) ပစ္စေကဗုဒ္ဓါတို့အား လှူဒါန်းခြင်း၊

(၃) ဘုရားတပည့်သား ရဟန္တာပုဂ္ဂိုလ်အား (သို့မဟုတ်) အရဟတ္တဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊

(၄) အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်ရန် ကျင့်ကြံနေသော ပုဂ္ဂိုလ် (သို့မဟုတ်) အရဟတ္တမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊

(၅) အနာဂံပုဂ္ဂိုလ် (သို့မဟုတ်) အနာဂါမိဖိုလ်၌ တည်သောပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊

(၆) အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသော ပုဂ္ဂိုလ် (သို့မဟုတ်) အနာဂါမိမဂ်၌ တည်သောပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊

(၇) သကဒါဂံပုဂ္ဂိုလ် (သို့မဟုတ်) သကဒါဂါမိဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊

(၈) သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုနိုင်ရန် ကျင့်ကြံနေသော ပုဂ္ဂိုလ် (သို့မဟုတ်) သကဒါဂါမိမဂ်၌ တည်သောပုဂ္ဂိုလ်အား လှူဒါန်း၊

(၉) သောတာပန်ပုဂ္ဂိုလ် (သို့မဟုတ်) သောတာပတ္တိဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊

(၁၀) သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုနိုင်ရန် ကျင့်ကြံနေသော ပုဂ္ဂိုလ် (သို့မဟုတ်) သောတာပတ္တိမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊

(၁၁) သာသနာတော်ပအခါ ဈာန်အဘိညာဏ်ရသော ရသေ့တို့အား လှူဒါန်းခြင်း၊

(၁၂) သီလရှိသော (သီလဝန္တ) လူပုထုဇန်တို့အား လှူဒါန်းခြင်း၊

(၁၃) သီလမရှိဘဲ (ဒုဿီလ) လူပုထုဇန်တို့အား လှူဒါန်းခြင်း၊

(၁၄) တိရစ္ဆာန်တို့အား လှူဒါန်းခြင်း၊

ဤ (၁၄)ပါးတို့တည်း။

(ဈူ)

ဘုရားမြတ်စွာ၊ ပစ္စေကာနှင့်၊ ရိယာရှစ်ဝ၊ ဈာန်ရဗာဟီ၊ နှစ်လီပုထုဇန်၊ တိရစ္ဆာန်၊ ၊လှူခံ တကျိပ်လေး။

     ထို ပုဂ္ဂလိကဒါန (၁၄)ပါးတို့တွင် တိရစ္ဆာန် သတ္တဝါတို့အား တနပ်စာဝအောင် ကျွေးမွေးလိုက်သော အလှူသည် ဘဝတရာတို့၌ အာယု, ဝဏ္ဏ, သုခ, ဗလ, ပဋိဘာနဟူသော ကောင်းကျိုးငါးပါးတို့ကို ပေးနိုင်၏။ လူဒုဿီလအား တနပ်စာဝအောင် ပေးလှူလျှင် ဘဝတထောင်၊ သရဏဂုံမရှိသော သာသနာပအခါ သိက္ခာပုဒ်ကို ဆောက်တည်ခြင်းမရှိပဲ ပကတိ စိတ်ကောင်းရှိသူ လူသီလ၀န္တတို့အား တနပ်စာဝအောင် ပေးလှူလျှင် ဘဝတသိန်း၊ ဈာန်ရ ရသေ့တို့အား တနပ်စာဝအောင် ပေးလှူလျှင် ဘဝကုဋေတသိန်း၊ သရဏဂုံသီလရှိသော လူ သာမဏေမှအစ သောတာပတ္တိမဂ်၌ တည်သောပုဂ္ဂိုလ်တို့အား လှူဒါန်းလျှင် ဘဝအသင်္ချေ၊ ဤမှအထက် မြတ်စွာဘုရားတိုင်အောင် အသင်္ချေချည်း ဆင့်ကာဆင့်ကာ ကောင်းကျိုးငါးပါး ပေးနိုင်ကြောင်း မြတ်စွာဘုရား ဟောကြားတော်မူသည်။ (အောက်ဆုံးအားဖြင့် သရဏဂုံတည်သော သူပင်လျှင် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုနိုင်ရန် ကျင့်ကြံသော ပုဂ္ဂိုလ်မည်ကြောင်း အဋ္ဌကထာ၌ ဖွင့်ပြထားသည်။)

     ဤအလှူခံ တကျိပ်လေး၌ ရဟန်းဒုဿီလကို ဟောကြားချက် မရှိသောကြောင့် ရဟန်းဒုဿီလအား မလှူကောင်း၊ ဒုဿီလဒါနအရ သာသနာပအတွက်သာ မြတ်စွာဘုရား ဟောကြားတော်မူသောကြောင့် သာသနာတော်အတွင်း သီလမစင်ကြယ်သော ရဟန်းများအား လှူဒါန်းခြင်းသည် အပြစ်သာဖြစ်သည်ဟူ၍ ပြောဆိုမိတတ်ကြ၏။ သတိပြုဖွယ်ကောင်းသည်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်က အောက်ဆုံး အပိုင်းအခြားအားဖြင့် သရဏဂုံတည်သူ ဖြစ်ပေသည်၊ သရဏဂုံတည်သူဖြစ်က သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံသောသူ ဖြစ်သည်ဟု အဋ္ဌကထာ၌ ဖွင့်ပြလျက် ရှိသည်။ သာသနာတော်ပ ဒုဿီလပုထုဇန်ကိုပင် လှူဒါန်း၍ အကျိုးများစွာ ရရှိနိုင်ပါလျှင် သာသနာတော်အတွင်း ဒုဿီလပုထုဇန်ပုဂ္ဂိုလ်အား လှူဒါန်း၍ အကျိုးရဘို့ရန်မှာ ယုံမှားဖွယ်ပင် မရှိသင့်ပေ။ မိလိန္ဒပဉှာ ပါဠိတော်၌လည်း လူဒုဿီလထက် ရဟန်း ဒုဿီလက ဘုရား၌ ရိုသေမှု ရှိခြင်း၊ တရား၌ ရိုသေမှုရှိခြင်း၊ သံဃာ၌ ရိုသေမှုရှိခြင်းစသော ဂုဏ်ကျေးဇူး ဆယ်ပါးတို့ဖြင့် သာလွန်ကြောင်းကို အရှင်နာဂသေနမထေရ် ဟောကြားချက် ရှိပေသည်။ ရဟန်းဒုဿီလမှာ ထိုမိလိန္ဒပဉှာ ပါဠိတော်လာအတိုင်း လူဒုသီလထက်

(စျေ)

သာလွန်ခြင်း သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံသောသူစာရင်း၌ ပါဝင်နေခြင်းကြောင့် ဒုဿီလရဟန်းအား လှူဒါန်းခြင်းသည် အကျိုးမရ အပြစ်သာဖြစ်သည်ဟု မပြောဆိုသင့်ပါပေ။

     သာသနာတော်ပအခါ ဒုဿီလများက သာသနာတော်ကို အနှောက်အရှက် မပေးနိုင်ကြ၊ သာသနာတော်တွင်း ဒုဿီလတို့ကမူ သာသနာတော်ကို အနှောက်အရှက် ပေးနိုင်သည် ဖြစ်သောကြောင့် သာသနာတွင်း ဒုဿီလတို့အား မလှူဒါန်းသင့်ဟူ၍ ပြောဆိုတတ်ကြသေး၏။ ဤကဲ့သို့လည်း မပြောဆိုသင့်ပေ။ အကြောင်းကား သံဃိကဒါန (၇)မျိုးဟောရာ အဆုံးသတ်တွင်-

“အာနန္ဒာ... နောက်အခါ၌ ရဟန်းအမည်ခံရုံမျှသာဖြစ်၍ သင်္ကန်း လည်ပင်းရောက်သော သီလမဲ့ ယုတ်မာသော ရဟန်းတို့သည် ဖြစ်ပေါ်ကြကုန်လတ္တံ့၊ ထိုဒုဿီလတို့၌ သံဃာကို ရည်မှန်း၍ လှူဒါန်းကြကုန်လတ္တံ့၊ ထိုအခါ၌သော်လည်း သံဃိကအလှူကို အသင်္ချေယျ အပ္ပမေယျအကျိုး ရ၏ဟု ငါဘုရား ဟောတော်မူ၏”-

ဟူ၍ ဟောကြားတော်မူသည် တချက်။ အလှူ၏ စင်ကြယ်ခြင်း ဒက္ခိဏာ ဝိသုဒ္ဓိလေးပါးတို့တွင် ပဌမအချက်မှာ အလှူခံက ဒုဿီလဖြစ်သော်လည်း ဒါယကာက သီလဝန္တဖြစ်လျှင် ထိုအလှူသည် ဒါယကာကြောင့် စင်ကြယ်၏ဟု ဟောကြားထားသည် တချက်တို့ကြောင့် “သာသနာတော်အတွင်း ဒုဿီလသည် အလှူခံမဟုတ်၊ လှူသော်လည်း အကျိုးမရ”ဟူ၍ မပြောသင့်ပေ။

     ဒုဿီလပုဂ္ဂိုလ်အား သူ၏အကျင့်အကြံကို မိမိက အလိုတူ အားပေးချီးမြှောက်လိုသော စိတ်စေဘနာဆိုးဖြင့် လှူမှသာ အပြစ်ရှိသည်။ သူ၏ အကျင့်အကြံကို ပမာဏမပြုပဲ စင်ကြယ်သော စိတ်ဖြင့်သာ အလှူခံ ပုဂ္ဂိုလ် ရောက်ဆိုက်လာလျှင် လှူဒါန်းထိုက်သည်ဟု သဘောထား၍ လှူဒါန်းမူကား အပြစ်မရှိကြောင်း ကောင်းစွာ သတိပြုရာ၏။

သံဃိကအလှူ ခုနစ်ပါး

(၁) မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်အခါ ဘုရားအမှူးရှိသော ဘိက္ခုသံဃာ ဘိက္ခုနီသံဃာတို့အား လှူဒါန်းခြင်း၊

(၂) ဘုရားပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက် ဘိက္ခုသံဃာ ဘိက္ခုနီသံဃာအစုံတို့အား လှူဒါန်းခြင်း၊

(ဈဲ)

(၃) ဘိက္ခုသံဃာ သက်သက်အားသာ လှူဒါန်းခြင်း၊

(၄) ဘိက္ခုနီသံဃာ သက်သက်အားသာ လှူဒါန်းခြင်း၊

(၅) နှစ်ဖက်သော သံဃာအလုံးစုံအား မလှူဒါန်းနိုင်သည့်အတွက် မိမိတတ်နိုင်သလောက်“ဘိက္ခုနှင့် ဘိက္ခုနီသံဃာ နှစ်ဖက်မှ ဦးရေမည်ရွေ့မည်မျှ ညွှန်ကြားတော်မူပါ”ဟု လျှောက်ထား၍ သံဃာက ညွှန်ကြားလိုက်သော ပုဂ္ဂိုလ်စုအား (သံဃာကို စိတ်အာရုံထား၍) လှူဒါန်းခြင်း၊

(၆) ဘိက္ခုသံဃာ တဖက်၌သာ မိမိတတ်နိုင်သမျှ “ဤရွေ့ ဤမျှ ညွှန်ကြား တော်မူပါ”ဟု လျှောက်ထား၍ သံဃာက ညွှန်ကြားလိုက်သော ပုဂ္ဂိုလ်အား (သံဃာ စိတ်ထားဖြင့်) လှူဒါန်းခြင်း၊

(၇) ဘိက္ခုနီသံဃာ တဖက်၌သာ မိမိတတ်နိုင်သမျှ “ဤရွေ့ဤမျှ ညွှန်ကြားတော်မူပါ”ဟု လျှောက်ထား၍ သံဃာက ညွှန်ကြားလိုက်သော ပုဂ္ဂိုလ်စုအား (သံဃာစိတ်ထားဖြင့်) လှူဒါန်းခြင်း-

ဟူ၍ (၇)ပါး ဟောတော်မူလေသည်။

     ဤသံဃိကဒါန ခုနစ်မျိုးတို့တွင် (၁)အမှတ်ပါ “ဘုရားအမှူးရှိသည့် နှစ်ဖက်သော သံဃာအား လှူဒါန်းသည့် ပဌမသံဃိကဒါနမျိုး ဘုရားပရိနိဗ္ဗာန် စံပြီးသည့်နောက် လှူဒါန်းနိုင်ပါသလောဟု မေးရန်ရှိ၏။

     လှူဒါန်းနိုင်ပါ၏ဟူ၍ ဖြေ။ လှူဒါန်းနိုင်ပုံမှာ.. နှစ်ဖက်သော သံဃာ၏ ရှေ့မှောက်မှာ ဓာတ်တော်နှင့်တကွသော ဆင်းတုရုပ်ပွါးကို ထားပြီးလျှင်“ဘုရားအမှူးရှိသော နှစ်ဖက်သော သံဃာအား လှူဒါန်းပါ၏”ဟု ဆို၍ လှူရာ၏။

     ထိုသို့ လှူဒါန်းရာ၌ မြတ်စွာဘုရားအား လှူဒါန်းအပ်သော လှူဘွယ်ဝတ္ထုကို အဘယ်သို့ ပြုမည်နည်းဟု မေးရန်ရှိပြန်၏။ ဘုရားအား လှူဒါန်းအပ်သော လှူဘွယ်ဝတ္ထုကို ဖခင်၏ဥစ္စာသည် သားအားသာ ရောက်မြဲဖြစ်ရကား မြတ်စွာဘုရားအား ဝတ်ပြုသော ရဟန်းအားဖြစ်စေ ရဟန်းသံဃာအားဖြစ်စေ လှူဒါန်းရာ၏။ အထူးအားဖြင့် ဘုရားအား လှူအပ်သည့် အလှူဝတ္ထုထည်းမှ ဆီ ထောပတ် ပါရှိလျှင် ထိုဆီထောပတ်တို့ဖြင့် မြတ်စွာဘုရားအား ဆီမီးတင်လှူရာ၏၊ အဝတ်အထည် ပါရှိခဲ့သော် တမ်းခွန်ပြု၍ လှူဒါန်းရာ၏။

(စျော)

     မြတ်စွာဘုရား လက်ထက်တော်အခါက လူအပေါင်းတို့သည် များသောအားဖြင့် ပုဂ္ဂိုလ်ကို မစွဲလမ်း မငဲ့ကွက်ပဲ သံဃာတော်ကိုသာ အာရုံထားကြသည့်အတွက် ဒါနပြုရာမှာ မြတ်သော သံဃိကဒါနကို များစွာ ပြုနိုင်ကြပေသည်။ ထိုသို့ သံဃိကဒါန အပြုများကြသည့်အတွက် ရဟန်းတော်များဘက်မှာလည်း သံဃာမှ ဝေဘန်၍ ရအပ်သော ပစ္စည်းလေးပါးကိုသာ အသုံးအစွဲ များကြသဖြင့် ဤသူကား ငါ၏ ကျောင်းဒါယကာ ဒါယိကာမ ဖြစ်သည်၊ သင်္ကန်းဒါယကာ ဒါယိကာမဖြစ်သည် အစရှိသည်ဖြင့် ဒါယကာ ဒါယိကာမတို့ အပေါ်မှာ သံယောဇဉ် အဖြစ်နည်း၍ ထိုသံယောဇဉ် အနှောင်အဖွဲ့မှ လွတ်မြောက်တော်မူကြရပေသည်။

     သို့ဖြစ်၍ သံဃိကဒါန ပြုလုပ်လိုသော ပုဂ္ဂိုလ်တို့သည် စင်ကြယ်သော သံဃိကဒါနဖြစ်ရန် (အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဂဟပတိဝဂ်၊ ဒုတိယသုတ်လာ) ဥဂ္ဂသူကြွယ်၏ ကျင့်နည်းကို များစွာ အတုယူထိုက်လှပေ၏။

ဥဂ္ဂသူကြွယ်အကြောင်း အကျဉ်း

     အခါတပါး၌ မြတ်စွာဘုရားသခင်သည် ဝဇ္ဇီတိုင်းအဝင်အပါ ဆင်ရွာ၌ သီတင်းသုံး နေတော်မူစဉ် ရဟန်းတော်များကို “ချစ်သားရဟန်းတို့.. ဆင်ရွာ၌နေသော ဥဂ္ဂသူကြွယ်ကို အံ့ဖွယ်ရှစ်ပါးနှင့် ပြည့်စုံသောသူဟူ၍ မှတ်ယူကြရမည်”ဟု အကျဉ်းချုပ် မိန့်ကြား၍ အကျယ်မဟောပဲ ကျောင်းတော်တွင်းသို့ ဝင်ကြွတော်မူလေသည်။

     ထို့နောက် ရဟန်းတော်တပါးသည် နံနက်အခါ ဥဂ္ဂသူကြွယ်အိမ်သို့ သွား၍“သူကြွယ်... သင့်ကို မြတ်စွာဘုရားက အံ့ဩဖွယ်ရာ တရားရှစ်ပါးနှင့် ပြည့်စုံသူဟူ၍ ဟောကြားအပ်ပြီ၊ သူကြွယ်... အကြင် အံ့ဖွယ်တရား ရှစ်ပါးတို့နှင့် ပြည့်စုံသူဟူ၍ သင့်ကို မြတ်ဘုရား ဟောကြားအပ်ပြီ၊ ထိုအံ့ဖွယ်တရား ရှစ်ပါးတို့ကား အဘယ်တရားတို့နည်း”ဟု မေးမြန်းသည်တွင်၊ ဥဂ္ဂသူကြွယ်က “အဘယ်မည်သော အံ့ဖွယ်ရှစ်ပါး တရားတို့နှင့် ပြည့်စုံသူဟု တပည့်တော်အား မြတ်စွာဘုရား ဟောတော်မူသည်ကို အတိအကျ မသိရသော်လည်း တပည့်တော်မှာ ထင်ရှားရှိသော အံ့ဖွယ်တရား ရှစ်ပါးတို့ကို နာကြား နှလုံးသွင်းတော်မူပါ”ဟု လျှောက်ထားပြီးလျှင် ဤဆိုလတ္တံ့သောအတိုင်း အံ့ဖွယ်တရား ရှစ်ပါးတို့ကို အကျယ် လျှောက်ဆိုလေသည်။

(စျော်)

     (၁) တပည့်တော်သည် ကံ့ကော်တော ဥယျာဉ်ထဲမှာ မူးယစ်သောက်စား ပျော်ပါးနေစဉ် မြတ်စွာဘုရား ကြွလာသည်ကို ပဌမအကြိမ် အဝေးကပင် မြင်လျှင်မြင်ခြင်း အရက်မူးပြေပျောက်၍ ကြည်ညိုခြင်း သဒ္ဓါတရား ကောင်းစွာ ဖြစ်ပွါးခဲ့ပါသည်။ ဤကား ပဌမ အံ့ဖွယ်ဖြစ်ပါသည်။

     (၂) ထို ပဌမ ဖူးတွေ့ရသော အခါမှာပင် မြတ်စွာဘုရားထံ ဆည်းကပ်၍ တရားနာသောအခါ သောတာပန်ဖြစ်၍ ဗြဟ္မစရိယ ပဉ္စမသီလကို ဆောက်တည် ကျင့်သုံးပါသည်။ ဤကား ဒုတိယအံ့ဖွယ် ဖြစ်ပါသည်။

(ဗြဟ္မစရိယ ပဉ္စမသီလဟူသည် လူတို့ဆောက်တည်နေကျဖြစ်သော ငါးပါးသီလတွင် ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိဟု ဆောက်တည်ရသော သိက္ခာပုဒ်အစား အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိဟု ဆောက်တည်လျှင် ဗြဟ္မစရိယပဉ္စမသီလ ဖြစ်တော့သည်။ ရိုးရိုး ငါးပါးသီလ၌ ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်အတွက် ကိုယ်မပိုင်သော ကာမဂုဏ်မှုမှ ရှောင်ကြဉ်ရသည်။ ဗြဟ္မစရိယ ပဉ္စမသီလ၌ကား မိမိပိုင်သော ကာမမှု မပိုင်သော ကာမမှု နှစ်မျိုးလုံးမှ ရှောင်ကြဉ်ရသည်၊ မေထုန်မှု လုံးလုံးမပြုရပေ။)

     (၃) တပည့်တော်မှာ မယားလေးယောက်ရှိရာ အိမ်သို့ ပြန်ရောက်သည်နှင့် တပြိုင်နက် “ငါသည် ဗြဟ္မစရိယပဉ္စမသီလကို ဆောက်တည်ထားပြီ၊ သင်တို့သည် ဤအိမ်မှာပင် နေလိုသူသည် အလိုရှိသလို စည်းစိမ်တို့ကို သုံးစွဲ ကုသိုလ်ကောင်းမှုပြု၍ နေနိုင်သည်။ မိဖထံ ပြန်လိုသူလည်း ပြန်နိုင်သည်။ အခြားတပါး ယူလိုသူရှိလျှင်လည်း အဘယ်သူ့အား ပေးရမည်ကို ပြောကြားနိုင်သည်”ဟု မေးသောအခါ မယားလေးယောက်အနက် အကြီးဆုံးမယားက “အကျွန်ုပ်ကို ဤမည်သောသူအား ပေးပါ”ဟု ပြောသည်တွင် ထိုယောက်ျားကိုခေါ်စေ၍ လက်ဝဲလက်ဖြင့် မယားကြီးကို ဆွဲကိုင်ခါ လက်ျာလက်ဖြင့် ရေကရားကိုကိုင်၍ ထိုယောကျ်ားအား စွန့်လှူ ပေးကမ်းလိုက်ပါသည်။ ထိုကဲ့သို့ စွန့်လှူ ပေးကမ်းလိုက်ရသည့်အတွက် အနည်းငယ်မျှ စိတ်ဖောက်ပြားခြင်းမရှိပါ။ ဤကား တတိယအံ့ဖွယ် ဖြစ်ပါသည်။

     (၄) တပည့်တော်၏အိမ်မှာ ရှိသမျှ စည်းစိမ်ဥစ္စာတို့ကို ကောင်းသော အကျင့်ရှိသော သီလဝန္တပုဂ္ဂိုလ်တို့နှင့် မခွဲမခြမ်း အတူသုံးဆောင်ရန် ရည်သန်ဆုံးဖြတ်ပြီး ဖြစ်ပါသည်။ ဤကား စတုတ္ထအံ့ဖွယ် ဖြစ်ပါသည်။

(ဈံ)

     (၅) တပည့်တော်သည် ရဟန်းတော်တပါးပါးထံ ချဉ်းကပ်လျှင် ရိုသေစွာသာ ချဉ်းကပ်ပါသည်။ မရိုမသေ မချဉ်းကပ်ပါ။ ထိုအရှင်မြတ်က တရားဟောလျှင်လည်း ရိုသေစွာသာ တရားနာပါသည်။ မရိုမသေ တရားမနာပါ။ ထိုအရှင်မြတ်က တပည့်တော်အား တရားမဟောလျှင် တပည့်တော်ကပင် ထိုအရှင်မြတ်အား တရားဟောပါသည်။ ဤကား ပဉ္စမအံ့ဖွယ် ဖြစ်ပါသည်။

     (၆) တပည့်တော်အိမ်သို့ လှူဒါန်းရန် သံဃာတော်ကို ပင့်ဖိတ်လိုက်လျှင် နတ်များက ကြိုတင်လာရောက်၍ “သူကြွယ်.. ဤမည်သော ပုဂ္ဂိုလ်ကြီးများကား အရိယာကြီးများ ဖြစ်ကြ၏။ ဤမည်သော ပုဂ္ဂိုလ်တို့ကား ပုထုဇန် သီလဝန္တကြီးများ ဖြစ်ကြ၏၊ ဤမည်သော ပုဂ္ဂိုလ်ကား ဒုဿီလ ဖြစ်၏”ဟု အလျင်လက်ဦး ပြောကြားလာကြသည်။ ထိုသို့ နတ်များ ကြိုတင်ပြောကြားလာခြင်းမှာ တပည့်တော်အဖို့ အံ့ဖွယ်မဟုတ်ပါ။ အံ့ဖွယ်ကောင်းသော အကြောင်းမှာကား တပည့်တော်သည် သံဃာအား လှူဒါန်းသောအခါ သံဃာကို ဆွမ်းပြုသောအခါ “ဤပုဂ္ဂိုလ်အား အရိယာ သီလဝန္တ ဖြစ်သည့်အတွက် များများလှူမည်။ ဤပုဂ္ဂိုလ်အား ဒုဿီလဖြစ်သည့်အတွက် နည်းနည်းလှူမည်”ဟူ၍ စိတ်ဖြစ်ခြင်း အလျဉ်းမရှိပါ။ စင်စစ်မှာ အရိယာ သီလဝန္တ ဒုဿီလဟူ၍ မခြားနားပဲ တူမျှသော စိတ်ရှိ၍သာ တပည့်တော် လှူဒါန်းပါသည်။ ဤကား ဆဋ္ဌအံ့ဖွယ် ဖြစ်ပါသည်။

     (၇) အရှင်ဘုရား... တပည့်တော်ကို နတ်များလာရောက်၍ “သူကြွယ်... မြတ်စွာဘုရား၏ တရားတော်သည် ကောင်းစွာဟောအပ်သော တရားဖြစ်သည်၊ သွက္ခာတဂုဏ်နှင့် ပြည့်စုံသော တရားဖြစ်သည်”ဟု ပြောကြားကြပါသည်။ ယင်းကဲ့သို့ နတ်များလာရောက် ပြောကြားခြင်းမှာ တပည့်တော်အဖို့ အံ့ဖွယ်မဟုတ်ပါ၊ အံ့ဖွယ်ကောင်းသော အကြောင်းမှာကား ထိုကဲ့သို့ နတ်တို့ကလာ၍ ပြောကြားလျှင် “အသင်နတ်မင်းတို့က ဤသို့ ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ၊ စင်စစ်ကား မြတ်စွာဘုရားဟောအပ်သော တရားသည် သွက္ခာတဂုဏ်နှင့် ပြည့်စုံသော တရားသာ ဖြစ်၏”ဟု တပည့်တော်က ပြောကြားလိုက်ပါသည်။ (နတ်ပြောမှ ယုံကြည်ခြင်း မဟုတ်၊ ကိုယ်တိုင်သိ၍ ယုံကြည်ခြင်းဖြစ်သည် ဟူလို။) ဤကဲ့သို့ နတ်တို့နှင့် အတုံ့အပြန် စကားပြောရခြင်းအတွက် ငါ့ကို နတ်တို့ ဆည်းကပ်လာပေသည်၊ ငါကား နတ်တို့နှင့် စကားပြောရသူ ဖြစ်သည်ဟူ၍ စိတ်တက်ကြွခြင်း (မာန်မာန) အလျဉ်းမရှိပါ။ ဤကား သတ္တမအံ့ဖွယ် ဖြစ်ပါသည်။

(ဈား)

     (၈) အကယ်၍များ မြတ်စွာဘုရား၏ အလျင်လက်ဦး တပည့်တော် သေသွား၍ မြတ်စွာဘုရားက “ဥဂ္ဂသူကြွယ်မှာ ဤကာမဘုံသို့ တဖန် ပဋိသန္ဓေ အနေလာရန် ဩရမ္ဘာဂိယသံယောဇန်ငါးပါး အလျဉ်းမရှိ၊ အနာဂံဖြစ်သည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူပါလျှင် အထူးတဆန်း အံ့ဖွယ်မဟုတ်ပါ။ ဗျာဒိတ်စကား မကြားမီ ယခုကပင် တပည့်တော်သည် အနာဂံပုဂ္ဂိုလ် ဖြစ်နေပါသည်။ ဤအကြောင်းကို ယခုက သိပြီးဖြစ်ပါသည်။ ဤကား အဋ္ဌမအံ့ဖွယ် ဖြစ်ပါသည်ဟု လျှောက်ထားလေသည်။

     ဤဥဂ္ဂသူကြွယ် လျှောက်ထားအပ်သည့် အံ့ဖွယ်ရှစ်ပါးတို့အနက် (၆)အမှတ်ပြ ဆဋ္ဌအံ့ဖွယ်တရား၌ ဥဂ္ဂသူကြွယ်သည် အရိယာ သီလဝန္တ ဒုဿီလ သုံးမျိုးလုံး၌ တူညီသော စိတ်ထားဖြင့် လှူဒါန်းသည်ဟု လာရှိရာ အဘယ်သို့သောနည်းဖြင့် တူမျှနိုင်သည်ကို သိရှိရန် လိုအပ်ပေသည်။ တူနိုင်ခြင်း၏ အကြောင်းရင်း နှလုံးသွင်းမှာ..

     ပင့်ဖိတ်ရင်းအခါက သံဃာတော်ကို ပင့်ဖိတ်သည့်အတိုင်း ရဟန္တာကြီးများအား လှူဒါန်းသည့်အခါမှာလည်း ရဟန္တာကြီးများ၏ မျက်နှာကို မကြည့်၊ ရဟန္တာ (ပုဂ္ဂိုလ်)ကြီးများအား ငါလှူရသည်ဟု အမှတ်မထား၊ ဘုရားတပည့်သား အရိယာအပေါင်းတည်းဟူသော သံဃာအားသာ ငါလှူသည်ဟူ၍ သဘောထားပြီးလျှင်၊ ဒုဿီလအား လှူဒါန်းသောအခါမှာလည်း ဒုဿီလပုဂ္ဂိုလ်၏ မျက်နှာကို မကြည့် ငါသည် ဒုဿီလပုဂ္ဂိုလ်အား လှူဒါန်းရသည်ဟု သဘောမထား၊ ဘုရားတပည့်သား အရိယာအပေါင်းတည်းဟူသော သံဃာတော်မြတ်အားသာ ငါလှူဒါန်းသည်ဟူ၍ သဘောထားသဖြင့် စိတ်သဘောထားချင်း တထပ်တည်း တူညီနိုင်ပေသည်။

     ဤဥဂ္ဂသူကြွယ်၏ထုံးကို နှလုံးထားကာ မြင့်မြတ်သော သံဃိကဒါနဖြစ်ရန်အတွက် ပုဂ္ဂိုလ်မျက်နှာကို ကြည့်ခြင်း၊ ပုဂ္ဂိုလ်စွဲ စွဲခြင်းကို လုံးဝပယ်ဖျောက်ပြီးလျှင် သံဃာ့အာရုံသို့ စိတ်ဖြောင့်မတ်စွာ သက်ရောက်အောင် အားထုတ်သင့်လှပေသည်။ မှန်၏.. သင်္ကန်းလည်ရောက် အမည်ခံလောက်သာဖြစ်သည့် ဒုဿီလပုဂ္ဂိုလ်တို့၌ပင်သော်လည်း သံဃာကို အာရုံပြု၍ သံဃိကဒါနမြောက်အောင် လှူဒါန်းနိုင်ပါမူ အသင်္ချေယျ အပ္ပမေယျ အကျိုးရင်း ဒက္ခိဏာဝိဘင်္ဂသုတ်၌ မြတ်စွာဘုရား တိုက်ရိုက် ဟောထားပေသည်။ သံဃာ၌ အရိုအသေပြုခြင်းငှါ စွမ်းနိုင်လျှင် သံဃိကဒါန မြောက်တော့သည်။ ထိုသို့ သံဃာ၌ အရိုအသေပြုရန် ကား လွယ်ကူသောအရာ မဟုတ်ပေ။ မလွယ်ကူပုံမှာ..

(ည)

     အကြင်သူသည် “သံဃိကအလှူကို လှူအံ့”ဟု ကြံ၍ လှူရန်ဝတ္ထုများကို စီမံပြီးလျှင် ကျောင်းတိုက်သို့ သွားရောက်ပြီးခါ “အရှင်တို့… သံဃိကအလှူ လှူလိုပါသည်၊ သံဃာတော်မှ တပါးကို ညွှန်ကြားတော်မူပါ”ဟု လျှောက်ထား တောင်းပန်သဖြင့် သံဃာမှ အလှည့်ကျသဖြင့် သာမဏေကို ညွှန်ကြား၍ ရခဲ့လျှင် နှလုံးမသာမယာ ရှိတတ်၏၊ မထေရ်ကြီးကို ရလျှင်လည်း “ငါသည် မထေရ်ကြီးကို ရအပ်လေပြီ”ဟု အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ပုဂ္ဂိုလ်စွဲဖြင့် ဖြစ်တတ်၏။ ထိုသူတို့၏ ပုဂ္ဂိုလ်မျက်နှာကို ကြည့်၍ လှူအပ်သော အလှူများသည် သံဃိက မမြောက်နိုင်ပေ။

     သာမဏေကို ဖြစ်စေ၊ ရဟန်းကို ဖြစ်စေ၊ ရဟန်းငယ်ကို ဖြစ်စေ၊ မထေရ်ကြီးကို ဖြစ်စေ၊ ပညာမရှိသော ရဟန်းကိုဖြစ်စေ၊ ပညာရှိသော ရဟန်းကိုဖြစ်စေ၊ တဦးဦးကို သံဃာက သံဃာ့ကိုယ်စား အလှည့်ကျသဖြင့် ညွှန်ကြား၍ ရလာလျှင် ထွေရာစဉ်းစား ယုံမှားခြင်းမရှိပဲ “သံဃာတော်အား ငါသည် လှူ၏”ဟု နှလုံးသွင်း၍ သံဃာ၌ ရိုသေခြင်းကို ပြုနိုင်သောသူ၏ အလှူမှသာလျှင် သိဃိကဒါနမြောက်သည်။

ကျောင်းဒါယကာတဦး၏ ဝတ္ထု

     သမုဒြာတဖက်ကမ်း (ဇမ္ဗူဒိပ်ကျွန်း)၌ တဦးသော ကျောင်းဒါယကာ သူကြွယ်သည် သံဃိကအလှူ လှူအံ့ဟု အစစအရာရာ စီမံပြီးလျှင် သံဃာထံသို့ သွားရောက်၍ “သံဃာတော်မှ ညွှန်ကြား၍ ရဟန်းတပါးကို ပေးတော်မူပါ”ဟု တောင်းလေသည်။ ထိုသူကြွယ်သည် သံဃာတော်မှ ဆွမ်းအလှည့်ကျသော ဒုဿီလရဟန်းတပါးကို ရခဲ့၍ (ဒုဿီလမှန်း သိလျက်) နေရာထိုင်ခင်း သန့်ပြန့်စွာ ခင်းကျင်းသုဓ်သင် အထက်က မျက်နှာကြက်ဗိတာန်ကိုကြက်၍ နံ့သာပန်းမာလ် အခိုးအထုံတို့ဖြင့် ပူဇော်ပြီးလျှင် ထိုဒုဿီလရဟန်း၏ ခြေတို့ကို တရိုတသေ ဆေးကြောသုဓ်သင် ဆီလိမ်းပေးခြင်း စသည်ဖြင့် မြတ်စွာဘုရားအား အရိုအသေပြုသကဲ့သို့ပင် သံဃာ၌ အရိုအသေပြုခြင်းဖြင့် လှူဘွယ်ဝတ္ထုကို လှူခဲ့လေသည်။

     မွန်းလွဲသောအခါ ထိုဒုဿီလရဟန်း အိမ်သို့လာ၍ “ကျောင်းပြင်လို၍ ပေါက်တူး ခဏပေးပါ”ဟု ပြောဆို၍ အိမ်တံခါးဝ၌ ရပ်လာသည်တွင် ကျောင်းဒါယကာက ပကတိနေမြဲတိုင်းကပင် မထပဲ ပေါက်တူးကို ခြေဖြင့်ကော်ခတ်၍ ပေးလိုက်လေသည်။ အိမ်နေလူများက“အရှင်တို့သည် နံနက်က ထိုရဟန်းအားပြုအပ်သော ပူဇော်သက္ကာရမှုကား ပြော၍မကုန်နိုင်အောင် ရှိပေသည်။ ယခုသော်ကား နံနက်က

(ညာ)

ပူဇော်ရိုသေမှု၏ တစိတ်တဒေသမျှ ပြောပဖွယ်ရာ မရှိပါတကား၊ ဤကဲ့သို့ နံနက်ကတမျိုး ယခုတမျိုး ပြုပုံသည် ဘယ်လိုဟာမျိုးပါနည်း”ဟု မေးမြန်းကြသည်တွင် ကျောင်းဒါယကာက “အမောင်တို့.. ထိုနံနက်ကပြုသော ရိုသေမှုကား သံဃာအားပြုသော ရိုသေမှုသာ ဖြစ်သည်။ ဤဒုဿီလရဟန်းအားပြုသော ရိုသေမှုမဟုတ်”ဟူ၍ ဖြေကြားလေသည်။

     ဤ ပုဂ္ဂလိကဒါန, သံဃိကဒါန နှစ်ပါးနှင့်စပ်၍ သတိပြုဖွယ်ကောင်းသော အချက်တို့ကို အနည်းငယ် ပြဆိုဦးအံ့..၊

“မိမိရှေ့မှောက် အလှူခံပုဂ္ဂိုလ် ရောက်လာလျှင် အကျင့်မကောင်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း မိမိသိပြီး ဖြစ်ခဲ့သော် ထိုပုဂ္ဂိုလ်အား တစုံတရာ မလှူဒါန်းအပ်၊ လှူဒါန်းခဲ့လျှင် မကောင်းမှန်းသိလျက်နှင့် လှူဒါန်းခြင်းဖြစ်သောကြောင့် အဆိပ်ပင် ရေလောင်းသကဲ့သို့ မကောင်းမှုသာ ဖြစ်သည်”ဟု ပြောဆိုတတ်ကြသည်။

     မကောင်းမှန်း သိလျက်နှင့် လှူတိုင်းလည်း အပြစ်ဖြစ်သည်ဟု မဆိုသင့်ပေ။ လှူဒါန်းသူ၏ စေတနာကို လိုက်ရပေမည်။ လှူသောသူက ထိုအလှူခံ၏ မကောင်းသောအကျင့်ကို သဘောတူညီကာ ဤသို့ ဆက်လက်၍ ကျင့်မြဲကျင့်နိုင်စေရန် ထောက်ပံ့ လှူဒါန်းမည်ဟူသော သဘောမျိုးဖြင့် လှူဒါန်းမှသာ အဆိပ်ပင်ရေလောင်းသဘောမျိုး ဖြစ်နိုင်ပေသည်။ ထိုအလှူခံ၏ အကျင့်ကိုလည်း မကြိုက်၊ ဆက်လက် ကျင့်ကြံနေရန် အားပေးလိုစိတ်လည်း မရှိပဲ ရှေးဆိုခဲ့ပြီးသော ကျောင်းဒါယကာကဲ့သို့ သံဃိကဒါနမြောက်အောင် လှူဒါန်းပါမူကား အပြစ်မရှိပေ။

တချို့ကလည်း “အလှူခံ၏ အကျင့်ကောင်းခြင်း မကောင်းခြင်းမှာ သူနှင့်သာ သက်ဆိုင်သည်။ ကိုယ်နှင့်မသက်ဆိုင်။ သို့ဖြစ်၍ သူ၏အကျင့် ကောင်းခြင်း မကောင်းခြင်းကို ဂရုမထားပဲ ဤပုဂ္ဂိုလ်သည် အရိယာပုဂ္ဂိုလ်ဖြစ်သည် (သို့မဟုတ် ရဟန္တာပုဂ္ဂိုလ်ဖြစ်သည်)ဟု စိတ်ကအောက်မေ့၍ လှူဒါန်းရာ၏၊ ဤသို့ လှူဒါန်းခြင်းမှာ အပြစ်မရှိ၊ အရိယာ ရဟန္တာများအား လှူဒါန်းသကဲ့သို့ပင် အကျိုး ရှိသည်”ဟု ပြောဆိုတတ်ကြ၏။

     ဤပြောဆိုချက်၌လည်း အရိယာဟုတ်မဟုတ် ရဟန္တာဟုတ်မဟုတ် မသိကြသော တိတ္ထိတို့၏ တပည့်များ မိမိတို့၏ တိတ္ထိဆရာကြီးများကို ရဟန္တာတွေ အရိယာတွေဟု အောက်မေ့ မှတ်ထင်မှုသည်ပင်

(ညိ)

မိစ္ဆာဓိမောက္ခ = အလွဲလွဲ အမှားမှား ဆုံးဖြတ်ခြင်း အကုသိုလ်သဘောသာ ဖြစ်တုံသေး၏၊ အရိယာ ရဟန္တာ မဟုတ်မှန်းသိလျက် အရိယာတွေ ရဟန္တာတွေဟု စိတ်ကအောက်မေ့လျှင် အဘယ်မှာလျှင် မိစ္ဆာဓိမောက္ခ အကုသိုလ်သဘော မဖြစ်ပဲရှိအံ့နည်း၊ ထို့ကြောင့် ထိုသို့လည်း အောက်မေ့ခြင်းငှါ မသင့်လျော်ပေ။ စင်စစ်သော်ကား ဤအလှူခံမျိုးကို တွေ့ခဲ့လျှင် “ဘုရားအလောင်းတော်ကြီးများ ဒါနပါရမီ ဖြည့်ရာမှာ အယုတ် အလတ် အမြတ်မရွေး လှူဒါန်းတော်မူကြသည်၊ ငါသည်လည်း အလှူခံပုဂ္ဂိုလ်ကို မရွေးချယ်ပဲ ရောက်လာသော အလှူခံအားပင် ဘုရားအလောင်းတော်ကြီးများနည်းတူ လှူဒါန်းမည်”ဟု ရည်ရွယ်စိတ် ထား၍သာ လှူဒါန်းရာ၏။ ဤသို့ လှူဒါန်းခြင်းဖြင့် သူ၏မကောင်းသော အကျင့်ကိုလည်း အားပေးရာ မရောက်၊ မဟုတ်မမှန် ကြံစည်ဆုံးဖြတ်ခြင်း မိစ္ဆာဓိမောက္ခလည်း မဖြစ်၊ အပြစ် ကင်းလွတ်နိုင်သည်ကို သတိပြုရာ၏။

     ဤသို့ လှူဒါန်းခြင်းနှင့်စပ်၍ အရှုပ်အထွေး အခက်အခဲ တွေ့တတ်သည်မှာလည်း ပုဂ္ဂလိကဒါန၌သာ ဖြစ်သည်။ အကြောင်းကား ပုဂ္ဂိုလ်ဟူသည် ကောင်း မကောင်း အမျိုးမျိုး ရှိသောကြောင့်တည်း။ သံဃိကဒါန အရာမှာကား... သံဃာတော်သည် တမျိုးတစားတည်းသာ ဖြစ်၏။ ကောင်းမကောင်း နှစ်ထွေမပြား၊ (မြတ်စွာဘုရား၏ တပည့်သား အရိယာအပေါင်းကို ဆိုလိုသည်။) ဘုရားတပည့်သား အရိယာအပေါင်းမှာ အယုတ် အမြတ်ဟူ၍ မရှိပြီ၊ မြတ်သော သံဃာချည်းသာ ဖြစ်သည်၊ ထို့ကြောင့် ပြဆိုခဲ့ပြီးသောအတိုင်း မိမိထံမှောက် အလှူခံရောက်လာလျှင် ထိုအလှူခံ၏ မျက်နှာကို မကြည့် (ကိုယ်ကျင့်တရားကို မစဉ်းစား)ပဲ ငါသည် ဘုရားတပည့်သား အရိယာအပေါင်းအား လှူပါ၏ဟူ၍သာ စိတ်က သံဃာကိုအာရုံပြု၍ ထိုပုဂ္ဂိုလ်ထံ လှူဒါန်းလိုက်ပါက ထိုအလှူသည် သံဃိကဒါနဖြစ်၍ ထိုအလှူမှာ သံဃာသာလျှင် အလှူခံဖြစ်သည်။ ရှေ့တွင်ရောက်နေသော ပုဂ္ဂိုလ်ကား သံဃာ့ကိုယ်စားမျှသာဖြစ်၍ ထိုကိုယ်စားမှာ မည်သို့ပင် ယုတ်ညံ့နေစေကာမူ အရင်းအလှူခံ သံဃာတော်က မြင့်မြတ်နေသောကြောင့် မြတ်သောဒါနသာ ဖြစ်သည်ဟု မှတ်ယူရာ၏။

     ဤအရာ၌၊ ၊မိမိရှေ့မှောက် ရောက်နေသော အလှူခံမှာ သံဃာ့ကိုယ်စားမျှသာ ဖြစ်သည်ဟု နှလုံးသွင်းကာ လှူဒါန်းရမည် ဆိုသော်လည်း ဒုဿီလပုဂ္ဂိုလ်ကိုယ်တိုင်က မိမိရှေ့မှောက် ရောက်နေပြီဖြစ်၍

(ညီ)

မိမိစိတ်ကို ဤပုဂ္ဂိုလ်တွင်သာ မထားပဲ သံဃာတော်မြတ်ထံ ပေါက်ရောက်အောင် နှလုံးသွင်းကာ ရှေ့မှောက်ရှိ ဒုဿီလပုဂ္ဂိုလ်ကို သံဃာ့ကိုယ်စား စိတ်မှတ်ထားရန် ခဲယဉ်းလှသည်ဟူ၍ ယူဆပြောဆိုတတ်ကြပေသည်။ ထိုသို့ ခဲယဉ်းနေမှုမှာ အလေ့အထ မရှိသောကြောင့်သာ ဖြစ်သည်။ ဆင်းတု ရုပ်ပွါးတော်များကို မြတ်စွာဘုရား၏ ကိုယ်တော်စားထား၍ ရှိခိုးပူဇော်မှုတို့မှာ အလေ့အထ ရနေပြီဖြစ်သောကြောင့် ခဲယဉ်းသည်ဟု မည်သူမျှ မပြောကြားကြ။ ဆင်းတု ရုပ်ပွါးတော်များမှ အစဉ်လျှောက်၍ သက်တော်ထင်ရှားရှိသော မြတ်စွာဘုရားသို့ စိတ်ရောက်ကာ ပူဇော်ကြပေသည်။ ဘုရားလက်ထက်တော်က ဥဂ္ဂသူကြွယ်နှင့် ဇမ္ဗူဒိပ်ကျွန်းသား ဆိုအပ်ပြီးသော ကျောင်းဒါယကာတို့မှာ အလေ့အထ အထုံရနေပြီဖြစ်ကြသဖြင့် ဒုဿီလပုဂ္ဂိုလ်ကိုပင် သံဃာ့ကိုယ်စားထား၍ ပူဇော်နိုင်ကြသကဲ့သို့၊ ယခုခေတ် ဗုဒ္ဓဘာသာဝင်တို့သည်လည်း ထိုသူတို့ကဲ့သို့ နှလုံးသွင်းနိုင်ရန် အလေ့အထ ပြုသင့်လှပေသည်။

ဝိနည်းဒေသနာတော်လာ သံဃိက

     ဝိနည်းဒေသနာတော်၌- (၁) သမ္မုခီဘူတသံဃိက (၂) အာရာမဋ္ဌသံဃိက (၃) စတုဒ္ဒိသာသံဃိက (၄) ဂတဂတသံဃိကဟူ၍ သံဃိက (၄)မျိုး (၄)ပါး ခွဲခြားလာရှိ၏။ ဤဝိနည်းဒေသနာတော်လာ သံဃိက (၄)မျိုးမှာ အလှူဒါယကာတို့အတွက် မဟုတ်၊ ပြခဲ့ပြီးသော သံဃိက (၇)ပါးသာလျှင် ဒါယကာတို့အတွက် ဖြစ်သည်။ ဝိနည်းတော်လာ သံဃိက (၄)ပါးမှာ အလှူခံရဟန်းတို့အတွက်သာ ပစ္စည်းသိမ်းပိုက် ပိုင်ဆိုင်ခွင့်ကို စွဲ၍ ခွဲခြားခြင်းဖြစ်သည်၊ ထိုတွင်-

     (၁) မြို့တွင်း ရွာတွင်း၌ ရဟန်း အနည်းအများ ကြွရောက်ရှိနေရာ သင်္ကန်း လာရောက်လှူဒါန်းသူက (သံဃဿ ဒေမ) အရိယာပုဂ္ဂိုလ် အပေါင်းတည်းဟူသော သံဃာတော်အား လှူပါ၏ဟု ဆို၍ သံဃာ့ဂုဏ်ကို အာရုံပြုကာ လှူဒါန်းသွားခဲ့လျှင်၊ ထိုသင်္ကန်းကို အရိယာသံဃာအားလုံး နှံ့စပ်အောင်လိုက်၍ ဝေဘန်နိုင်မည် မဟုတ်သောကြောင့် (လှူရာဌာနက မြို့တွင်း ရွာတွင်း ဖြစ်သည့်အတွက်) မျက်မှောက်ရှိ သံဃာများသာ ဝေဘန်၍ ယူအပ်၏၊ ဝေဘန်ရာ၌ မျက်မှောက်ရှိ သံဃာစု ဝေဘန်၍ ယူအပ်သောကြောင့် ဤသံဃိကမျိုးကို သမ္မုခီဘူတသံဃိကဟု ခေါ်သည်။ (သမ္မုခီဘူတ = မျက်မှောက်ဖြစ်၍နေသော၊ သံဃိက = သံဃာ၏ဥစ္စာ။)

     (၂) သင်္ကန်းလှူသူ ဒါယကာက ကျောင်းတိုက်တခုခု၏အတွင်းသို့ ဝင်ရောက်ကာ တွေ့ရှိသော ရဟန်း (သို့မဟုတ်) သံဃာထံ၌

(ညု)

“ဤသင်္ကန်းကို သံဃာတော်အား လှူပါ၏”ဟု ဆို၍ လှူသွားသည်ရှိသော် ထိုသင်္ကန်းသည် ကျောင်းတိုက်အတွင်းမှာ ဖြစ်သောကြောင့် အနားမှာရှိနေသော ရဟန်းများသာမက ထိုကျောင်းတိုက်အတွင်း ရှိသမျှ ရဟန်းအားလုံးပင် ပိုင်ဆိုင်တော့သည်။ ထို့ကြောင့် ဤသံဃိကမျိုးကို အာရာမဋ္ဌသံသိကဟု ခေါ်သည်။ (အာရာမဋ္ဌ = အရံအတွင်း၌ တည်ရှိသော၊ သံဃိက = အားလုံး သံဃာ၏ဥစ္စာ) အရံအတွင်းရှိသမျှ သံဃာများ ပိုင်သောဥစ္စာဟု ဆိုလိုသည်။

     (၃) ရဟန်းတပါးတည်းသာ ရှိနေသော ကျောင်းတိုက်အတွင်းသို့ ဒါယကာကလာ၍ သင်္ကန်း အထည်တရာကိုပင် “ဤသင်္ကန်းတို့ကို သံဃာအား လှူပါ၏”ဟု ဆို၍ လှူသွားသည်ဖြစ်အံ့၊ ရဟန်းက ဝိနည်းအရာ၌ လိမ္မာသူဖြစ်လျှင် “ဤမျက်မှောက်မှာ ဤတိုက်တာမှာ ရဟန်းဟူ၍ ငါတပါးတည်းသာ ရှိ၏။ ထို့ကြောင့် ဤသင်္ကန်း အထည်တရာတို့သည် ငါသို့ ရောက်ကုန်၏၊ ထိုသင်္ကန်းတို့ကို ငါသိမ်းပိုက်၏ဟု ဆောက်တည်၍ သိမ်းပိုက်ယူလျှင် ယူနိုင်သည်သာဖြစ်၏၊ (သံဃာက ပစ္စည်းကို သင်တပါးတည်းသာ မပိုင်ထိုက်ဟု လိုက်၍ အပြစ်မဆိုနိုင်။) ဤရဟန်းက ဝိနည်းအရာ မလိမ္မာသည့်အတွက် မည်ကဲ့သို့ ပြုရမည်ကို မသိသဖြင့် “ငါသာ ပိုင်ဆိုင်၏၊ သိမ်းပိုက်၏”ဟု မဆောက်တည် မဆုံးဖြတ်ပဲ ထိုသင်္ကန်းများကို ယူဆောင်ကာ အရပ်တပါးသို့ သွားငြားအံ့၊ အခြားရဟန်းတို့နှင့် တွေ့ရှိသောအခါ ထိုရဟန်းတို့က ထိုသင်္ကန်းများ ရရှိပုံ အကြောင်းအရာကို မေးမြန်းသိရှိသဖြင့် “ငါတို့နှင့်လည်း ဆိုင်သည်”ဟု ပြောဆိုကာ ထိုရဟန်းတို့နှင့် အညီအညွတ် ဝေဘန်လျှင်လည်း ကောင်းသော ဝေဘန်ခြင်းပင် ဖြစ်၏။ မဝေဘန်ပဲ တဆင့်ယူ၍ သွားကြပြန်လျှင်လည်း အခြားရဟန်းများနှင့် တွေ့ရှိသောအခါ ထိုရဟန်းများနှင့်လည်း ဆိုင်ပြန်တော့သည်။ ဤသို့ ရောက်ရာရောက်ရာ အရပ်ဌာနရှိ သံဃာများ ပိုင်ဆိုင်ခွင့်ရှိသော သံဃိကကို ဂတဂတသံဃိကဟု ခေါ်သည်။ (ဂတဂတ = ရောက်ရောက်တိုင်းသော အရပ်၌၊ သံဃိက = သံဃာ့ဥစ္စာ။)

     (၄) ပစ္စည်းက အလေးဂရုပြုရသည့် ဂရုဘဏ်ခေါ်သော ကျောင်းစသော ပစ္စည်းမျိုးဖြစ်ခဲ့လျှင် ထိုပစ္စည်းများကို သံဃာအား လှူခဲ့လျှင် မဝေဘန်ကောင်းတော့ပြီ၊ အရပ်လေးမျက်နှာမှ ရောက်လာသမျှသော ရဟန်းများ ပိုင်ဆိုင်ခွင့်ရှိသဖြင့် ဤသံဃိကမျိုးကို စတုဒ္ဒိသာသံဃိကဟု ခေါ် သည်။

(ညူ)

     ဤသို့ ဝိနည်းဒေသနာတော်မှာ သံဃာများ ပိုင်ဆိုင်ပုံ ခွဲခြမ်းဝေဘန်ရပုံသို့လိုက်၍ ဟောထားသည်ကို (သတိမမူမိပဲ) လူဒါယကာများ လှူဒါန်းရာမှာလည်း အချို့က အသုံးပြုတတ်ကြ၏။

     အသုံးပြုပုံမှာ... ဒါယကာတဦးက မိမိကြည်ညိုသော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ (ထိုပုဂ္ဂိုလ်အတွက် မဟုတ်) ကျောင်းဆောက်လုပ်ပြီး ရေစက်ချမည့်အခါ ပရိတ်ရွတ်သံဃာ (၁၀)ပါးပင့်၏။ ထို(၁၀)ပါးထဲမှာ အကြောင်းပြုရင်း ပုဂ္ဂိုလ်လည်း တပါးအပါအဝင် ဖြစ်နေ၏။ ထိုပုဂ္ဂိုလ်က သံဃိကရေစက်ချလျှင် သံဃိကကျောင်း၌ နေရမှုမှာ အပြစ်တွေ များလှသောကြောင့် ပုဂ္ဂလိက = (ပုဂ္ဂိုလ်ပိုင်)အဖြစ်ဖြင့် အလှူခံလို၏။ ဒါယကာ၏စိတ်မှာကား ပုဂ္ဂလိကထက် သံဃိကက မြတ်သည်ဆိုသောကြောင့် သံဃိက လှူဒါန်းလို၏။ ဤကဲ့သို့ ဆရာနှင့် ဒါယကာ စိတ်ဆန္ဒ မညီမမျှ ဖြစ်နေရာ၌ “ဤကျောင်းကို သမ္မုခီဘူတ သံဃာအား လှူဒါန်းပါ၏”ဟု ဆို၍ ရေစက်ချစေပြီးလျှင် အလှူခံ (၁ဝ)ပါးအနက် အခြား (၉)ပါးတို့က “မိမိတို့ပိုင်ဆိုင်သမျှကို ငါ့ရှင်အား လှူပါ၏”ဟု လွှဲပြောင်းပေးကာ ပြန်သွားကြ၏။

     ဤသို့ ပြုလုပ်လျှင် ဒါယကာမှာလည်း သံဃိကမြောက်သည်။ ကျောင်းနေပုဂ္ဂိုလ်မှာလည်း နဂိုရ်က ဆယ်ပါးပိုင်ရာမှာ ကိုးပါးတို့က သူတို့ပိုင်ဆိုင်သမျှ လွှဲအပ်သွားသောကြောင့် သူတပါးတည်းပိုင် ပုဂ္ဂလိကအနေသို့ ရောက်ပြန်၏။ ဤသို့ဖြင့် ဒါယကာမှာလည်း သံဃိက ဆရာမှာလည်း ပုဂ္ဂလိကဖြစ်၍ နှစ်ဖက်အကျိုးရှိသည်ဟု မှတ်ယူ ပြုလုပ်တတ်ကြ၏။

     အမှန်မှာ... ပြခဲ့ပြီးသောအတိုင်း သံဃိကကျောင်းဖြစ်လျှင် ဂရုဘဏ်ဖြစ်သောကြောင့် အချင်းချင်း မပေးမစွန့်ကောင်း၊ မဝေဘန်ကောင်း၊ ဒါယကာမှာလည်း မျက်မှောက်ရှိ ပင့်သံဃာ (၁၀)ပါးကိုသာ အာရုံပြု၍ လှူရသောကြောင့် သံဃိကဒါန အောင်မြောက်စွာ ဖြစ်နိုင်မည်မဟုတ်ပေ။

     တနည်းကား.. ကာလဒါန, အကာလဒါနဟူ၍ နှစ်ပါး အပြားရှိ၏။ ကထိန်လျာသင်္ကန်းကို လှူခြင်း၊ ဝါဆိုသင်္ကန်းကို လှူခြင်း၊ ဂိလာနဘတ်ခေါ် မကျန်းမာသော ရဟန်းတို့အား ဆွမ်းလှူခြင်း၊ အာဂန္တုကဘတ်ခေါ် ဧည့်သည်ရဟန်းတို့အား ဆွမ်းလှူခြင်း၊ ဂမိကဘတ်ခေါ် ခရီးထွက်မည့် ပုဂ္ဂိုလ်တို့အား ဆွမ်းလှူခြင်း စသည်တို့သည် အချိန်အခါနှင့် တိုက်ဆိုင်အောင် စီမံလှူဒါန်းအပ်သည်ဖြစ်၍ ကာလဒါနမည်၏။ ဤသို့ အချိန်အခါကို ရွေးချယ်ခြင်းမရှိပဲ လှူလိုသည့်အခါ လှူလိုက်နိုင်သော ဒါနမျိုးသည် အကာလဒါန မည်၏။

(ညေ)

ဤ အကာလဒါနထက် ကာလဒါနက အကျိုးထူး၏။ ထူးပုံမှာ... လှူဒါန်းစဉ် အခါအချိန်နှင့် သင့်လျော်ညီညွတ်အောင် လှူဒါန်းရသည့်အတိုင်း အကျိုးပေးရာမှာလည်း အချိန်အခါနှင့် ညီညွတ်အောင် အကျိုးပေးစွမ်းနိုင်သည်။ ထူးသောအစာကို စားလို သည့်အခါ ထူးသောအစာ အဆင်သင့် ဖြစ်ပေါ်လာတတ်သည်၊ ထူးသောအဝတ်ကို ဝတ်လိုသည့်အခါ ထူးသောအဝတ် အဆင်သင့် ဖြစ်ပေါ်လာတတ်သည်။ ဤသို့ အချိန်အခါနှင့် ညီညွတ်အောင် အကျိုးပေး ဖြစ်ပေါ်လာရခြင်းသည် ကာလဒါန၏ ထူးသော သဘောပင်ဖြစ်၏။

     တနည်းကား.. ပစ္စက္ခဒါန, အပစ္စက္ခဒါနဟူ၍ နှစ်ပါး အပြားရှိ၏။ မျက်မြင်ကိုယ်တွေ့ဖြစ်သော ဒါနသည် ပစ္စက္ခဒါနမည်၏။ ကိုယ်မျက်ကွယ်၌ လှူအပ်သော ဒါနသည် အပစ္စက္ခဒါနမည်၏။

ပစ္စက္ခဟူသော စကားမှာ ပတိနှင့် အက္ခဟူသော ပါဠိနှစ်ခု တွဲထားသော ပုဒ်ဖြစ်သည်။ ပတိ = ရှေးရှူ၊ အက္ခ = (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဟူသော) ဣန္ဒြေ ငါးပါး။ ဤ ဣန္ဒြေငါးပါးဖြင့် ရှေးရှူနိုင်သော ဒါနကို ပစ္စက္ခဒါန ခေါ်သည်။ ထင်ရှားရာသို့ လိုက်၍သာ ပစ္စက္ခဟူသော ပုဒ်ကို “မျက်မှောက်”ဟူ၍ မြန်မာပြန်ဆိုသည်။ ဤ မြန်မာပြန်ချက်မှာ ပစ္စက္ခငါးမျိုးတွင် စက္ခုပစ္စက္ခနှင့်သာ ဆိုင်၏။ နောက်လေးပါးနှင့် မဆိုင်။ နောက်ဆုံးဖြစ်သော ကာယပစ္စက္ခကိုကား ကိုယ်တွေ့ဟူ၍ မြန်မာပြန်ဆိုကြ၏။ ဤသို့ အစနှင့် အဆုံးကို မှတ်ယူကာ ပစ္စက္ခကို “မျက်မြင်ကိုယ်တွေ့”ဟု အဓိပ္ပါယ်ပြန်ခဲ့ပေသည်။ အပြည့်အစုံ ဖော်ပြလျှင် မျက်စိဖြင့် မြင်အပ်သောအရာ၊ နားဖြင့် ကြားအပ်သောအရာ၊ နှာခေါင်းဖြင့် နမ်းရှုပ်အပ်သောအရာ၊ လျှာဖြင့် လျက်အပ်သောအရာ၊ ကိုယ်ဖြင့် တွေ့ထိအပ်သောအရာ ငါးမျိုးလုံးပင် ပစ္စက္ခချည်း ဖြစ်၏။

မျက်စိဖြင့် မြင်အပ်သော ပစ္စက္ခဒါနသည် သာဟတ္ထိကဒါနနှင့်လည်း အလုံးစုံ ထပ်မျှ မတူတတ်၊ မျက်စိဖြင့်မြင်အပ်သော အရာမှာပင် ကိုယ်တိုင် ကိုင်တွယ်၍ လှူမှ သာဟတ္ထိကဒါန ဖြစ်သည်။ သူတပါးကို စေခိုင်း၍ လှူလျှင် အာဏတ္တိကဒါနဖြစ်သည်။ မျက်စိဖြင့် မမြင်ရစေကာမူ နားဖြင့် ကြားအပ်သော ဒါနသည်၎င်း၊နှာခေါင်းဖြင့် အနံ့ကို သိအပ်သော အလှူဒါနသည်၎င်း၊ လျှာဖြင့် အရသာကိုသိအပ်သော အလှူဒါနသည်၎င်း၊ ကိုယ်ဖြင့် အတွေ့ကိုသိအပ်သော အလှူဒါနသည်၎င်း ပစ္စက္ခဒါနချည်းပင် ဖြစ်သည်။

(ညဲ)

     တနည်းကား.. သဒိသဒါန, အသဒိသဒါနဟူ၍ နှစ်ပါး အပြားရှိ၏။ အလှူဒါန ပြုကြရာမှာ တန်းတူညီမျှ ရနိုင်စကောင်းသော အလှူဒါနမျိုးသည် သဒိသဒါနမည်၏။ အချင်းချင်း အပြိုင်အဆိုင် လှူဒါန်းကြရာမှာ တဖက်သားများ လိုက်၍ မတုပနိုင်အောင် အနိုင်ယူ၍ လှူဒါန်းအပ်သော အလှူဒါနမျိုးသည် အသဒိသဒါနမည်၏။

     ဤ အသဒိသဒါန အလှူရှင်သည် ဘုရားတဆူတဆူတို့၏ လက်ထက်တော်မှာ တဦးတဦးသာလျှင် ပေါ်ပေါက်သည်ဟု ဓမ္မပဒ အဋ္ဌကထာ၊ တဆယ့်သုံးခုမြောက် လောကဝဂ်၊ အသဒိသဒါနဝတ္ထု၌ ပြဆိုထား၏။

အသဒိသဒါနဝတ္ထု အကျဉ်းချုပ်ကား..

မြတ်စွာဘုရားသခင်သည် ဒေသစာရီကြွချီ၍ ဇေတဝန် ကျောင်းတော်သို့ နောက်ပါ ရဟန္တာငါးရာနှင့်တကွ ပြန်လည် ဆိုက်ရောက်တော်မူလာသည်တွင်၊ ကောသလမင်းကြီးက မြတ်ဘုရား အမှူးရှိသော ရဟန္တာငါးရာကို ရွှေနန်းတော်သို့ ပင့်ဖိတ် လှူဒါန်းသည့်အခါ၊ သာဝတ္ထိ ပြည်သူပြည်သားတို့ကိုလည်း ဖိတ်ကြား၍ သူ၏အလှူ အခမ်းအနားကို ကြည့်ရှု သာဓုအနုမောဒနာ ခေါ်စေသည်တွင်၊ သာဝတ္ထိ ပြည်သူပြည်သား တို့ကလည်း အားကျမခံဖြစ်ကာ နောက်တနေ့၌ ပြည်သူ့အင်အားဖြင့် ဘုရင်မင်းမြတ်ထက် ခမ်းနားသာလွန်အောင် အလှူကြီး စီမံပြီးလျှင်၊ ဘုရင်မင်းမြတ်ကို ပင့်ဖိတ်၍ ရှုစားအနုမောဒနာ ပြုစေကြပြန်သည်။

တဖန် ဘုရင်မင်းမြတ်လည်း မခံမရပ်နိုင်ဖြစ်ကာ နောက်တနေ့တွင် ပြည်သူတို့ထက် သာလွန်အောင် အလှူအကြီးအကျယ် စီမံလှူဒါန်းပြန်၏၊ ပြည်သူများကလည်း ရှေးနည်းအတူပင် သာလွန်အောင် အကြီးအကျယ် စီမံလှူဒါန်းကြပြန်၏။ ဤနည်းအားဖြင့် ဘုရင်မင်းမြတ်ကလည်း ခြောက်ကြိမ်၊ ပြည်သူလူထုကလည်း ခြောက်ကြိမ် လှူပြီးကြသောအခါ ဘုရင်မင်းမြတ်သည်-

“ယခု ခုနစ်ကြိမ်မြောက် ပြည်သူတို့ထက် သာလွန်အောင် စီမံလှူဒါန်းရန်မှာ လွန်စွာ ခဲယဉ်း၍ နေချေပြီ။ တိုင်းပြည်နိုင်ငံကြီးရှင် ဘုရင်ဖြစ်ပါလျက် ပြည်သူလူထုအား အရှုံးပေးလိုက်ရပါလျှင် အသက်ရှင်နေသော်လည်း အဘယ်အကျိုးရှိအံ့နည်း”ဟူ၍ ကြံစည် စိတ်ညစ်ညူးနေရာ မလ္လိကာမိဖုရားကြီး၏ အကြံဉာဏ် စီမံချက်ဖြင့် ပြည်သူလူထုတို့ မတုပနိုင်အောင် ကြီးကျယ်စွာသော မဏ္ဍပ်ကြီးအတွင်းတွင် မင်းသမီးကလေး တွေကိုသာ နံ့သာသွေးခြင်း နံ့သာရေပက်ဖျန်းခြင်း ရဟန္တာကြီးများအား

(ညော)

ယပ်လေခတ်ခြင်းစသော ကိစ္စတို့ကို ပြုလုပ်စေပြီးလျှင် ရဟန္တာကြီး ငါးရာတို့အားလည်း တပါးတပါး၏နောက်တွင် ဆင်ပြောင်ကြီး တစီး တစီးစီဝပ်ကာ ထီးဖြူဆောင်းမိုး၍ နေစေခြင်းကို ပြုလုပ်၏။

ထိုအလှူပွဲ၌ ယဉ်ကျေးသော ဆင်ပြောင်ငါးရာမပြည့်ပဲ တကောင်လိုနေသည်တွင် ကြမ်းကြုတ်ဆိုးဝါးသော ဆင်ပြောင်တကောင်ကို အရှင်အင်္ဂုလိမာလ၏ နောက်တော်တွင် အခြားဆင်များနည်းတူ ဝပ်စေ၍ ထီးဖြူမိုးစေသည်။ ထိုဆင်ကြမ်းကြီး ဤအလှူတွင် ပါဝင်၍ အရှင်အင်္ဂုလိမာလ မထေရ်အား နူးညံ့သိမ်မွေ့စွာ ထီးဖြူဆောင်းပေးနေသည်ကို မြင်ကြရသော ပြည်သူတို့သည် များစွာ အံ့ဩကြကုန်၏။

အလှူပြီးစီးသောအခါ ဘုရင်မင်းမြတ်က “ဤမဏ္ဍပ်ရှိ အပ်သောပစ္စည်း မအပ်သောပစ္စည်း အလုံးစုံတို့ကို လှူဒါန်းပါ၏ဟု ဆို၍ လှူဒါန်းသောအခါ ပြည်သူလူထုက အရှုံးပေးကြရလေသည်။ (အရှုံးပေးကြရခြင်း အကြောင်းမှာ... မဏ္ဍပ်တခုလုံးတွင် မင်းသမီးကလေးတွေသာ ဝေယျာဝစ္စ ရွက်ဆောင်နေကြရလေသည်ကို တုပ၍ မပြိုင်နိုင်တော့ပြီ။ ပြည်သူလူထုလက်ထဲမှာ မင်းသမီးငါးရာလည်း မရှိ၊ ဆင်ပြောင်ငါးရာ ထီးဖြူငါးရာတို့လည်း မရှိ၊ ဤအချက်များဖြင့် အရှုံးပေးကြရလေသည်။)

     ဤသို့လျှင် အစိန္တေယျ သုံးလောကထွတ်ထား မြတ်စွာဘုရားသခင်၏ လက်ထက်တော်မှာ အသဒိသဒါနအလှူရှင်သည် ကောသလမင်းကြီး ဖြစ်၏။ အခြားအခြားသော ဘုရားရှင်တို့၏ လက်ထက်တော်အခါမှာလည်း ဤကဲ့သို့ အသဒိသဒါနအလှူရှင် တဦးတဦးစီသာ ပေါ်ပေါက်သည်ဟူ၍ မှတ်ယူရာ၏။

နှစ်ပါးတွဲ ဒါနစု ပြီး၏။

**********

သုံးပါးတွဲ ဒါနစု

     တနည်းကား.. ဒါနသည် ဟီနဒါန, မဇ္ဈိမဒါန, ပဏီတဒါနဟူ၍ သုံးပါး အပြားရှိ၏။ ကုသိုလ်၏ အယုတ် အလတ် အမြတ် ဖြစ်ရခြင်းမှာ ဆန္ဒ, စိတ္တ, ဝီရိယ, ဝီမံသတည်းဟူသော တရားလေးပါးကို အစွဲပြု၍ ဖြစ်ရ၏။ လိုလားမှု သဘောသည် ဆန္ဒမည်၏။ အားထုတ်ခြင်း သဘောသည် ဝီရိယမည်၏၊ ပိုင်းခြားသိမြင်ခြင်း သဘောသည် စိတ္တမည်၏၊ ထိုးထိုးထွင်းထွင်း သိမြင်ခြင်း သဘောသည် ဝီမံသမည်၏။ ။ဒါနပြုလုပ်ရာမှာ ဤဆန္ဒစသော တရားလေးပါးကို အညံ့စားအနေဖြစ်ပါလျှင် ထိုဒါနသည် ဟီနဒါန = (ညံ့သောအလှူ)သာ ဖြစ်၏။ ထိုတရားလေးပါးတို့

(ညော်)

အလတ်စားအနေ ဖြစ်ခဲ့ပါလျှင် မဇ္ဈိမဒါန = (အလတ်စားအလှူ) ဖြစ်၏။ ထိုတရားလေးပါးတို့ အမြင့်မြတ်စားအနေ ဖြစ်ခဲ့ပါလျှင် ထိုဒါနသည် ပဏီတဒါန = (မြတ်သောအလှူ) ဖြစ်၏။

     တနည်း.. အကျော်အစောကို တောင့်တ၍ ပြုသောဒါနသည် ဟီနဒါနဖြစ်၏။ လူချမ်းသာ နတ်ချမ်းသာဟူသော အကျိုးကိုတောင့်တ၍ ပြုသောဒါနသည် မဇ္ဈိမဒါန ဖြစ်၏။ အရိယာတို့၏ အလေ့အကျက် အလောင်းအလျာတို့၏ အလေ့အကျက်ကို အလေးဂရုပြု၍ လှူသောဒါနသည် ပဏီတဒါန ဖြစ်၏။

     (ဤအရာဝယ်... ထိုထိုသုတ္တန် ပါဠိတော်ကြီးများ၌ နောက်နှောင်းအခါ ဖြစ်ပေါ်ကြမည့် ကောင်းမှုကုသိုလ်ကို လိုလားသူတို့ ဒီဋ္ဌာနုဂတိ အတုရရှိ လှူဒါန်းနိုင်ကြရန် ဇေတဝနေ၊ အနာထပိဏ္ဍိကဿ အာရာမေ၊ ဃောသိတာရာမေ၊ ဇေတမင်း၏ ဥယျာဉ်၊ အနာထပိဏ်သူဌေး၏ အရာမ်၊ ဃောသိတသူဌေး၏ အရာမ် အစရှိသည်ဖြင့် ကောင်းမှုရှင်တို့၏ ကမ္ပည်းစာတမ်းကို ပဌမသံဂါယနာတင် အရှင်မြတ်တို့ ထိုးမှတ်တော်မူခဲ့ကြသည်ကို နှလုံးသွင်း၍၊ ယခုခေတ် အလှူရှင်တို့ မိမိတို့၏ အလှူများကို ကမ္မည်းစာတမ်း ထိုးမှတ်သောအခါ “ကျော်စောလိုသောစိတ်ကို သတိဖြင့် ပိတ်ဆို့ပြီးလျှင်” နောက်နောင်အခါ ကုသိုလ်ကောင်းမှု လိုလားကြသော ပုဂ္ဂိုလ်တို့ အတုယူ လှူဒါန်းနိုင်ကြစေရန် ရည်သန်သောစိတ်ဖြစ်အောင် အထူး သတိချပ်သင့်လှပေသည်။)

     တနည်း.. လူချမ်းသာ နတ်ချမ်းသာတို့ကို တောင့်တ၍ လှူသောဒါနသည် ဟီနဒါနမည်၏။ သာဝကဗောဓိ ပစ္စေကဗောဓိဉာဏ်ကို တောင့်တ၍ လှူသောဒါနသည် မဇ္ဈိမဒါနမည်၏။ သမ္မာသမ္ဗောဓိ (သဗ္ဗညုတ) ဉာဏ်ကို တောင့်တ၍ လှူသောဒါနသည် ပဏီတဒါနမည်၏။

(မဂ်ဉာဏ်လေးပါးကို ဗောဓိဟူ၍ ခေါ်သည်။ တစုံတခု ကောင်းမှုပြုလျှင် ဝိဝဋ္ဋနိဿိတကောင်းမှုမျိုးဖြစ်ရန် ရည်သန်၍ ရှေးသူဟောင်းတို့က “ကုသိုလ်ပြုလျှင် အမှတ်တမဲ့ မပြုရာ၊ ဗောဓိသုံးပါးတွင် တပါးပါးကို ရည်သန်တောင့်တရမည်”ဟု ပြောဆို ညွှန်ကြကုန်သည်။)

     တနည်းကား.. ဒါနဒါသ, ဒါနသဟာယ, ဒါနသာမိဟူ၍ သုံးပါး အပြားရှိ၏။ လောက၌ မိမိကိုယ်တိုင် ကောင်းမွန်သော အဝတ်အစားကို သုံးဆောင်၍ အောက်လက် ကျေးကျွန်များကိုကား ယုတ်ညံ့သော အဝတ်အစားတို့ကိုသာ ပေးသကဲ့သို့ အလှူခံပုဂ္ဂိုလ်တို့အား မိမိသုံးဆောင်သော ပစ္စည်းမျိုးအောက် ယုတ်ညံ့သော ပစ္စည်းဝတ္ထုကို လှူဒါန်းခြင်းသည် ဒါနဒါသမည်၏။ (ကျွန်အား ပေးသည်နှင့်တူသော အလှူဟု ဆိုလိုသည်)။ ။လောက၌ မိတ်ဆွေများ

(ညံ)

လာရောက်သောအခါ မိမိသုံးဆောင်သည်နှင့် တူမျှသော အသုံးအဆောင်တို့ကိုသာ သုံးဆောင်စေသကဲ့သို့ အလှူခံပုဂ္ဂိုလ်တို့အားလည်း မိမိ သုံးဆောင်နေကျအတိုင်းသာ ကတန်းတစားတည်း လှူဒါန်းခြင်းသည် ဒါနသဟာယ မည်၏။ (အဆွေခင်ပွန်းအား ပြုစုသည်နှင့်တူသော ဒါနဟု ဆိုလိုသည်)။ ။လောက၌ မိမိ၏ အရှင်များအား မိမိသုံးဆောင်သည်ထက် ပိုမိုမြင့်မြတ်သော အသုံးအဆောင်တို့ကိုသာ ပေးပို့ရသကဲ့သို့၊ အလှူခံပုဂ္ဂိုလ်တို့အား မိမိသုံးဆောင်သည်ထက် မြင့်မြတ်သော ပစ္စည်းဝတ္ထုတို့ကိုသာ လှူခြင်းသည် ဒါနသာမိမည်၏။ (အရှင်သခင်အား ပေးပို့သည်နှင့်တူသော ဒါနဟု ဆိုလိုသည်။)

     တနည်းကား.. ရှေးနှစ်ပါးတွဲ ဒါနစုတွင် ဖော်ပြခဲ့ပြီးသော ဓမ္မဒါနသည် အာမိသနှင့် တွဲဖက်၍ဖြစ်သော ဓမ္မဒါနတပါး၊ ပြခဲ့ပြီးသည့်အတိုင်း အဘိဓမ္မာအလို ဒါနခြောက်ပါးတွင် ပါဝင်သည့် ဓမ္မဒါနတပါး၊ ဗုဒ္ဓ, ဓမ္မ, သံဃဟူသော ရတနာသုံးပါးတွင် ပါဝင်သည့် ဓမ္မဒါနတပါး-ဟူ၍ ဓမ္မဒါနသုံးမျိုး ရှိသည်ကို အထူးမှတ်ယူအပ်၏။ ထိုသုံးမျိုးတို့တွင်-

     အာမိသနှင့် တွဲဖက်သော ဓမ္မဒါနတွင် ပါဝင်သည့် ဓမ္မဟူသည် မြတ်စွာဘုရား ဟောကြားအပ်သော ပရိယတ္တိ တရားတော်ပင် ဖြစ်၏။ ထိုတရားတော်ကို သူတပါးတို့အား ဟောပြောပေးခြင်းသည် ဓမ္မဒါနဖြစ်၏။ ။(ဤဓမ္မဒါနအရာ၌- ပရိယတ္တိ တရားတော်သည် လှူဘွယ်ဝတ္ထုဖြစ်၏။ တရားနာပုဂ္ဂိုလ်သည် အလှူခံဖြစ်၏၊ တရားဟောပုဂ္ဂိုလ်သည် အလှူပေးပုဂ္ဂိုလ်ဖြစ်၏။)

     အဘိဓမ္မာအလို ဒါနခြောက်ပါးတွင် ပါဝင်သည့် ဓမ္မဒါန၀ယ် ဓမ္မအရ အာရုံခြောက်ပါးတွင် ပါဝင်သော ဓမ္မာရုံကိုသာ အရကောက်ယူရသည်။ ထိုဓမ္မာရုံဟူသည်မှာလည်း အဆင်း အသံ အနံ့ အရသာ အတွေ့အထိ မဟုတ်၊ စိတ်သက်သက်ဖြင့်သာ တွေးတောဆင်ခြင် သိရှိရသော အာရုံစုကို သိမ်းရုံး၍ ဓမ္မာရုံဟု ခေါ်သည်။ ထိုဓမ္မာရုံမှာ ပသာဒရုပ် (၅)၊ သုခုမရုပ်(၁၆)၊ စိတ် (၈၉)၊ စေတသိက် (၅၂)၊ နိဗ္ဗာန်၊ ပညတ် ဤသို့အားဖြင့် ခြောက်စုရှိသည်။ (ဓမ္မဆိုသော်လည်း ပရိယတ္တိဓမ္မကဲ့သို့ မြတ်သော အနက်ဟော ဓမ္မမဟုတ်၊ နဂိုရ်ရှိနေရင်း သဘာဝကိုသာ ခေါ်ဆိုသည့် ဓမ္မဖြစ်သည်)။ ဤသဘာဝ ဓမ္မဒါနဖြစ်အောင် ပြုလိုလျှင် စက္ခု (ဓမ္မ)ဒါန ပြုလိုသူသည် မျက်စိမှုန်သောသူကို ကြည်လင်အောင် ပြုလုပ်ကုသပေးခြင်း၊ သောတ (ဓမ္မ)ဒါန ပြုလိုသူသည် နားထိုင်းနေသူကို နားကြားအောင် ပြုလုပ်ကုသပေးခြင်း စသည်ဖြင့် ဓမ္မဒါန ပြုလုပ်ရာ၏။ အထင်ရှားဆုံး ဖော်ပြရသော် ဇီဝိတဒါနခေါ် သူတပါးအသက်ကို ရှည်အောင် ပြုလုပ်လှူဒါန်းခြင်းသည် ဓမ္မဒါနဖြစ်၏၊ ဤနည်းအတိုင်း ပြခဲ့ပြီးသော ဓမ္မာရုံအဝင်အပါ တရားခြောက်စုတို့၌ ထိုက်သည့် အားလျော်စွာ ဝေဘန်သိရှိ နှလုံးသွင်းရာ၏။

(ညား)

     ဗုဒ္ဓ, ဓမ္မ, သံဃ သုံးပါးတွင် ပါဝင်သည့် ဓမ္မဟူသည်မှာ မြတ်စွာဘုရား ဟောကြားအပ်သော ပရိယတ္တိ သာသနာဓမ္မပင် ဖြစ်၏။ (ရှေး အာမိသဒါနနှင့် တွဲဖက်ဖြစ်သော ဓမ္မဒါနဟူသည်မှာ တရားနာပရိသတ်အား ပရိယတ္တိတရားတော်ကို လှူဒါန်းခြင်း ဟောပြခြင်း ဖြစ်သည်။ တရားတော်က လှူဘွယ်ဝတ္ထု၊ တရားနာပုဂ္ဂိုလ်တို့က အလှူခံဖြစ်သည်။) ယခု ဗုဒ္ဓ, သံဃနှင့် တွဲဖက်ဖြစ်သော ဓမ္မအရ ပရိယတ္တိတရားတော်ကား လှူဘွယ်၀တ္ထုအနေဖြင့် မဟုတ်၊ အလှူခံအနေဖြင့်သာ ပရိယတ္တိတရားတော်အား လှူဘွယ်ဝတ္ထုတို့ကို လှူဒါန်းပူဇော်ခြင်းဟု ဆိုလိုသည်။ မြတ်စွာဘုရားနှင့် သံဃာတော်တို့သည် “အလှူခံဖြစ်သကဲ့သို့ တွဲဖက်ဓမ္မသည်လည်း အလှူခံဖြစ်ရပေမည်။ ဖြစ်ပုံမှာ..

     မြတ်ဘုရားသခင် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူသောအခါ သဒ္ဓါတရားနှင့်ပြည့်စုံသော သူကြွယ်တဦးသည် “ငါသည် မြတ်စွာဘုရားအား၎င်း သံဃာတော်အား၎င်း ဆွမ်းခဲဖွယ်ဘောဇဉ် သင်္ကန်း စသည်တို့ဖြင့် မပြတ် ပူဇော်လှူဒါန်းရ၏။ တရားတော်အားကား တကြိမ်တခါမျှ မလှူဒါန်းရဘူးသေး၊ တရားတော်အားလည်း လှူဒါန်းပေအံ့”ဟု ကြံစည်ပြီးလျှင် မြတ်ခွာဘုရားထံ လာရောက် လျှောက်ထားသည်တွင် မြတ်စွာဘုရားက- “တရားတော်အား လှူဒါန်းပူဇော်လိုက တရားကိုဆောင်သော ရဟန်းအား သူ၏သန္တာန်၌ ကိန်းဝပ်တည်နေသော တရားကို ရည်မှန်းကာ ဆွမ်း သင်္ကန်း စသည်ဖြင့် လှူဒါန်း ပူဇော်ရမည်”ဟု မိန့်ကြားတော်မူသည်။

     အဘယ်ရဟန်းသည် တရားကို ဆောင်ပါသနည်းဟု တဖန်မေးမြန်း လျှောက်ထားပြန်သည်တွင် သံဃာတော်ကို မေးလော့ဟု မိန့်ကြားတော်မူသဖြင့် ထိုသူကြွယ်သည် သံဃာတော်ကို မေးမြန်းလေရာ သံဃာတော်၏ ညွှန်ကြားချက်အရ အရှင်အာနန္ဒာမထေရ်ကို ပင့်ပြီးလျှင် ဆွမ်းသင်္ကန်း စသည်တို့ဖြင့် အရှင်အာနန္ဒာသန္တာန်၌ ကိန်းဝပ် တည်နေသော တရားတော်တို့ကို ရည်မှန်း၍ လှူဒါန်း ပူဇော်လိုက်ကြောင်း ပကိဏ္ဏကနိပါတ် တဆယ့်သုံးခုမြောက် (၁၃) ဘိက္ခာပရံပရဇာတ် နိဒါန်း၌ လာရှိသည်။

     ဤနိဒါန်းလာ ဝတ္ထုအရ သူကြွယ်က ဒါယကာ၊ ဆွမ်းသင်္ကန်း စသည်တို့က လှူဘွယ်ဝတ္ထု၊ အရှင်အာနန္ဒာသန္တာန်မှာ ကိန်းဝပ်တည်နေလျက် ရှိနေသော တရားစုက အလှူခံဖြစ်၍နေသည်။ ဤသို့ တရားတော်ကို အလှူခံအဖြစ်ဖြင့် ထား၍ လှူဒါန်းခြင်းသည် မြတ်စွာဘုရားလက်ထက်က ဤသူကြွယ်တဦးသာ မဟုတ်သေးပေ။

     သီရိဓမ္မာသောကမင်းကြီးသည်လည်း တရားတော်၌ အလွန်တရာ ကြည်ညိုခြင်းဖြစ်ကာ ဓမ္မက္ခန္ဓာ တဆူတဆူလျှင် ကျောင်းတဆောင်တဆောင်စီဖြင့် ပူဇော်မှုပြုကြောင်း ကျမ်းဂန်တိုက်ရိုက် လာရှိသည်။

(ဋ)

     အထူး သတိပြုရန်ကား... သီရိဓမ္မာသောကမင်းကြီးသည် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင်တို့အား ဓမ္မက္ခန္ဓာ တဆူတဆူလျှင် ကျောင်းတဆောင်တဆောင်စီ လှူဒါန်းကြောင်းကို အများပင် ကြားဘူး သိဘူးကြ၏၊ အတုလိုက်လိုသော ဆန္ဒလည်း ရှိကြ၏၊ နည်းလမ်းကျကျ အတုယူနိုင်ရန် အရေးကြီးလှပေသည်။ သီရိဓမ္မာသောကမင်းကြီးမှာ ကျောင်းဒါယကာ ဖြစ်ဘို့ရန်မျှကိုသာ ရည်သန်ပြုလုပ်သည် မဟုတ်၊ ဓမ္မက္ခန္ဓာ တရားတော်ကို ပူဇော်လိုခြင်းသာ အရင်းခံဖြစ်သည်။ ကျောင်းပေါင်း ရှစ်သောင်းလေးထောင်တို့ကို ဆောက်လုပ်သည်မှာ ပူဇော်ဘွယ်ရာဝတ္ထု ပြည့်စုံရန်မျှသာ ဖြစ်သည်။ ထိုသို့ဖြစ်ရာ နောင်လာနောက်သားတို့က “သီရိဓမ္မာသောက မင်းကြီးသည် ကျောင်းပေါင်း ရှစ်သောင်းလေးထောင် ဆောက်လုပ်လှူဒါန်း သွားသည်။ ငါတို့လည်း တတ်နိုင်ပါမူ ကျောင်းဆောက်မည်”ဟူ၍ လှူဘွယ်ဝတ္ထု ပစ္စည်းမျှကိုသာ အားကျကာ တရားတော်ကို စိတ်မရောက်ပဲ ကျောင်းဆောက်လုပ် တည်လှူကာ ကျောင်းဒါယကာ အမည်ခံရရုံသာ ရည်သန်ပြုလုပ်မိခြင်း အလျဉ်းမရှိအောင် သတိပြုရာ၏။

     လောက၌ တရားတော်သည် အလွန် အရေးကြီးပေသည်၊ အဋ္ဌကထာဆရာတော် အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည် မိမိ၏ အဋ္ဌသာလိနီ အဋ္ဌကထာနိဂုံးတွင်၊ ၊စိရံ တိဋ္ဌတု သဒ္ဓမ္မော = သူတော်ကောင်းတရားသည် ကြာမြင့်စွာ တည်ပါစေ။ ဓမ္မေ ဟောန္တု သဂါရဝါ၊ သဗ္ဗေပိ သတ္တာ = သတ္တဝါ အပေါင်းတို့သည် တရားတော်၌ ရိုသေခြင်း ရှိကြပါစေကုန်သတည်းဟူ၍ တရားတော် ကာလအရှည် တည်ထွန်းရန် သတ္တဝါတို့ တရားတော်၌ ရိုသေကြရန် ဆုတောင်းတော်မူခဲ့ခြင်းမှာ တရားတော်၏ အရေးပါ အရာရောက်လှသောကြောင့် ဖြစ်၏။ အရာရောက်ပုံမှာ... တရားတော် ထင်ရှားရှိနေသမျှ သာသနာတော် မဆုတ်ယုတ်နိုင်၊ တရားတော်၌ ရိုသေသောသူ ဟူသမျှတို့သည် သာသနာတော်ကို မည်သည့်နည်းနှင့်မျှ မရိုသေပဲ မလိုက်နာပဲ မနေနိုင်ကြချေ။ တရားတော်ကို သိမြင်မှ ဘုရားကို မြင်သူမည်၏ဟူ၍လည်း ဟောအပ်ခဲ့လေပြီ။ ထိုမှတပါးလည်း ပရိနိဗ္ဗာန် စံတော်မူခါနီးတွင် (သော ဝေါ မမစ္စယေန သတ္ထာ)ဟူ၍ ဓမ္မက္ခန္ဓာ ဒေသနာတော်များသည် ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် သင်တို့အပေါ်မှာ ဆရာဘုရားပင် ဖြစ်တော့သည်ဟု ဟောကြားတော်မူခဲ့ပေသည်။ ထို့ကြောင့် အရေးပါ အရာရောက်လှသည့် ဤသုံးခုမြောက် ဓမ္မဒါနမျိုးကို ကြိုးစား အားထုတ်ကြကုန်ရာသည်။

     တနည်းကား.. ဒုက္ကရဒါန, မဟာဒါန, သာမညဒါနဟူ၍ သုံးပါး အပြားရှိ၏ ထိုတွင်-

(ဋာ)

     အင်္ဂုတ္တရနိကာယ အဋ္ဌကထာ၊ ဧကကနိပါတ်၊ နှစ်ဆယ့်ရှစ်ခုမြောက် (၂၈) ဧကဓမ္မဈာနဝဂ်အဖွင့်၌လာသော ဒါရုဘဏ္ဍကတိဿ၏ အလှူဒါနကဲ့သို့ ပြုလုပ်ရန် ခဲယဉ်းသောဒါနသည် ဒုက္ကရဒါနမည်၏။

ဒါရုဘဏ္ဍကတိဿ၏ အလှူဒါန အကြောင်းကား..

     သီဟိုဠ်ကျွန်း မဟာဂါမအရပ်၌ ဆင်းရဲသားတယောက်သည် ထင်းကိုရောင်းချ၍ အသက်မွေးရ၏၊ ထိုသူ၏အမည်ရင်းမှာ တိဿပင်ဖြစ်သော်လည်း ထင်းကိုရောင်းချ အသက်မွေးရသောကြောင့် (ထင်းသာလျှင် ထိုသူ၏ ဥစ္စာရှိသောကြောင့်) ဒါရုဘဏ္ဍကတိဿဟု ခေါ်တွင်လေသည်။

     ထိုဒါရုဘဏ္ဍကတိဿ သူဆင်းရဲသည် တနေ့သ၌ မိမိ၏ အိမ့်ရှင်မနှင့် တိုင်ပင်သည်ကား “ငါတို့၏ အသက်ရှင်ရခြင်းကား ယုတ်ညံ့လှ၏၊ မြတ်စွာဘုရားက နိဗဒ္ဓဒါန (အမြဲမပြတ် ဝတ်ထား၍ လှူခြင်း)၏ အကျိုး ကြီးမြတ်ကြောင်း ဟောကြားတော်မူချက် ရှိပါသော်လည်း ငါတို့သည် နိဗဒ္ဓအလှူကို မလှူနိုင်ခဲ့ကြကုန်၊ လဆန်းပက္ခ၌ တကြိမ် လဆုတ်ပက္ခ၌ တကြိမ် မှန်မှန်ဝတ်ထား၍ (ပက္ခိက) ဆွမ်းအလှူကို လှူပြီးလျှင် အလေ့အထရ၍ တတ်နိုင်သောအခါ စာရေးတံဆွမ်း လှူကြစို့”ဟု တိုင်ပင်စကား ပြောကြားသည်တွင် အိမ့်ရှင်မသည် ကောင်းပါပြီဝန်ခံ၍ နောက်တနေ့၌ပင် မိမိတို့ရသမျှဖြင့် (ပက္ခိက) ဆွမ်းအလှူကို လှူဒါန်းလေသည်။

     ထိုအချိန်ကား ရဟန်းသံဃာတော်များမှာ ဆွမ်းပစ္စည်းပေါများသော အခါဖြစ်သည့်အတွက် ရဟန်းငယ် သာမဏေတို့သည် မွန်မြတ်သော ဆွမ်းဘောဇဉ်တို့ကို စားသုံးကြရသောကြောင့် ဒါရုဘဏ္ဍကတိဿ၏ (ပက္ခိက)ဆွမ်းကို ခံရုံသာခံယူ၍ ထိုသူတို့မြင်စဉ်ပင်လျှင် စွန့်ပစ်၍ သွားကြကုန်သည်။ ထိုအခြင်း အရာကို မြင်ရသော အိမ့်ရှင်မသည် ဒါရုဘဏ္ဍကတိဿအား “အကျွန်ုပ်လှူအပ်သော ဆွမ်းကို စွန့်သွန်၍ သွားကြကုန်သည်”ဟု ပြောကြားလေသည်။ စိတ်ထဲ၌ကား နှလုံးမသာယာခြင်း အလျဉ်းပင် မရှိခဲ့ပေ။

     ထိုအခါ ဒါရုဘဏ္ဍကတိဿ သူဆင်းရဲက အိမ့်ရှင်မအား “ငါတို့ ဆင်းရဲလှသည့်အတွက် အရှင်မြတ်တို့အား စိတ်နှစ်သက် ချမ်းသာလောက်အောင် ဆွမ်းမကျွေးနိုင်ပဲ ရှိရသည်။ ဘယ်လိုလုပ်ပြီး အရှင်မြတ်တို့၏ စိတ်နှလုံးကို ယူကျုံးရန် စွမ်းနိုင်ပါမည်နည်း”ဟု အကြံတောင်း တိုင်ပင်စကား ပြောကြားသည်တွင် အိမ့်ရှင်မက သားသမီးရှိသူများကို ဆင်းရဲသား မဆိုသင့်ကြောင်း အားပေးစကား ပြောကြား၍ သမီးကို သူတပါးအိမ်၌ ငွေ (၁၂) တဆယ့်နှစ်ကျပ်မျှဖြင့် အပေါင်အနှံထား၍ နို့စားနွားမတကောင် ဝယ်ယူရန် အကြံပေးစကား ပြောကြားချက်ကို

(ဋိ)

သဘောတူ၍ အိမ့်ရှင်မ အကြံပေးသည့်အတိုင်း သမီးကို သူတပါးအိမ်၌ ငွေ (၁၂) တဆယ့်နှစ်ကျပ်မျှဖြင့် အပေါင်အနှံထား၍ နို့စားနွားမတကောင်ကို ဝယ်ယူရာ ထိုဇနီးမောင်နှံတို့၏ ဖြူစင်သောကုသိုလ်စိတ် အစွမ်းကြောင့် နွားနို့သည် ပိုမို၍ထွက်ခဲ့၏။

     ညနေအချိန် ညှစ်၍ရသော နွားနို့များကို နို့ဓမ်း (ဒိန်ခဲ) ထောပတ်ချက်ပြီးလျှင် နံနက်ထွက်သော နွားနို့တို့ဖြင့် နို့ဆွမ်းချက်ကာ နို့ဓမ်း (ဒိန်ခဲ) ထောပတ်များရော၍ လှူဒါန်းသဖြင့် ရဟန်းသံဃာများ နှစ်သက်ဖွယ် လှူဒါန်းရသောအဖြစ်သို့ ရောက်လေသည်။ ထိုအခါမှစ၍ ဒါရုဘဏ္ဍကတိဿ၏ စာရေးတံနို့ဆွမ်းကို ဘုန်းတန်းခိုးကြီးမားသော အရှင်မြတ်တို့သာလျှင် ရတော်မူကြကုန်၏။

     တနေ့သ၌ ဒါရုဘဏ္ဍကတိဿသည် မိမိ၏ အိမ့်ရှင်မ (မယား)ကို “ငါတို့သည် သမီးကလေးတယောက် ရှိသောကြောင့်သာ အရှက်တကွဲ ဖြစ်ရမည့်အရေးမှ လွတ်မြောက်ကြရသည်။ ငါတို့အိမ်က ဆွမ်းကိုလည်း အရှင်မြတ်တို့ သုံးဆောင်တော်မူကြသည့်အခြေသို့ ရောက်ခဲ့ရသည်၊ ငါမလာမီ ဤဆွမ်းဝတ်ကို မပျက်ပါစေလင့်။ ငါသည် အလုပ်တခုခုကိုလုပ်၍ သမီးကို ရွေးနုတ်ခဲ့ပါမည်”ဟု မှာကြားပြီးလျှင် အရပ်တပါးသို့သွားကာ ကြံညှစ်ရုံတရုံ၌ ခြောက်လကြာမြင့်အောင် အလုပ်လုပ်သဖြင့် ငွေ (၁၂) တဆယ့်နှစ်ကျပ် အပိုစုမိ၍ သမီးကိုရွေးနုတ်ရန် မိမိအရပ်သို့ နံနက်စောစော ပြန်ခဲ့လေသည်။

     ထိုအခါ မိမိရှေ့မှ ပိဏ္ဍပါတ်ဓုတင်ဆောင် တိဿမထေရ်သူမြတ် (တိဿကျောင်းတိုက်ကြီးရှိ) စေတီတော်ကို ဖူးမျှော်ရန် မဟာဂါမသို့ ကြွတော်မူသည်ကို အဝေးမှ မြင်လတ်၍ အမှီလိုက်ပြီးလျှင် တရားစကား ကြားနာလျက် သွားကြရာ ရွာတခုအနီးသို့ရောက်လျှင် ထိုရွာတွင်းမှ လူတယောက် ထမင်းထုပ်ကိုကိုင်ခါ ထွက်လာသည်ကိုတွေ့၍ ထိုထမင်းထုပ်ကို (၁)တကျပ်ဖြင့်ရောင်းရန် ပြောဆိုလေသည်။

     ထမင်းထုပ်ရှင် ယောက်ျားကလည်း “တပဲ အဖိုးတန်သော ထမင်းထုပ်ကို တကျပ်က စ-တင်၍ ပေးခြင်းမှာ အကြောင်းထူး ရှိလိမ့်မည်”ဟု ကြံစည်ပြီးလျှင် တကျပ်ဖြင့် မပေးနိုင်ကြောင်း ပြန်၍ပြောဆိုသည်တွင်၊ တကျပ်ဖြင့် မပေးနိုင်လျှင် နှစ်ကျပ်ဖြင့်ပေးပါ၊ သုံးကျပ်ဖြင့်ပေးပါ.. ဤနည်းအတိုင်း တိုး၍ တိုး၍ မိမိ၌ပါရှိသော ငွေ (၁၂) တဆယ့်နှစ်ကျပ် အကုန်ထုတ်၍ ပေးပါသော်လည်း မရောင်းနိုင်ဟု (တဆယ့်နှစ်ကျပ်အပြင် ရှိသေးသည်အထင်နှင့်) ငြင်းပယ်ခဲ့လေသည်။

(ဋီ)

     ထိုအခါ ဒါရုဘဏ္ဍကတိဿက “အကျွန်ုပ်မှာ တဆယ့်နှစ်ကျပ်အပြင် အပိုငွေ မရှိတော့ပါ။ ရှိလျှင် ပေးပါသည်။ ယခု အကျွန်ုပ် ဝယ်ခြင်းမှာလည်း ကျွန်ုပ်စားရန် မဟုတ်ပါ။ ထို(ဟို)သစ်ပင်ရင်းမှာ အရှင်သူမြတ်တပါးကို ဆွမ်းကပ်လိုသည့်အတွက် စောင့်ဆိုင်းနေတော်မူပါရန် တောင်းပန်အပ်ပြီး ဖြစ်နေပါသည်။ သင့်အားလည်း ကုသိုလ်ဖြစ်နိုင်ပါသည်။ ဤတဆယ့်နှစ်ကျပ်ဖြင့်ပင် သင်၏ထမင်းထုပ်ကို ပေးပါ”ဟု တောင်းပန်မှ ငွေတဆယ့်နှစ်ကျပ်ဖြင့် ဈေးတည့်၍ ထမင်းထုပ်ကို ရလေသည်။

     ဒါရုဘဏ္ဍကတိဿသည်လည်း ဝမ်းသာအားရ ယူဆောင်ခဲ့ပြီးလျှင် မထေရ်လက်မှ သပိတ်ကိုတောင်း၍ ဆွမ်းလောင်းလှူသည်တွင် မထေရ်က တဝက်မျှ လက်ခံ၍ သပိတ်ကို ပိတ်သည်ရှိသော် “အရှင်ဘုရား... ဤဆွမ်းကား တယောက်စာသာ ရှိပါသည်၊ ဤဆွမ်းထဲမှ တပည့်တော် မစားနိုင်ပါ။ အရှင်ဘုရားတို့အတွက် တပည့်တော် ဤဆွမ်းကို ရှာကြံ၍ ရအပ်ပါသည်၊ တပည့်တော်အား သနားသဖြင့် အလုံးစုံကို အလှူခံပါ”ဟု တောင်းပန်မှ အလုံးစုံကို လှူခွင့်ရလေသည်။

     မထေရ်သည်လည်း အားလုံး ဘုဉ်းပေးပြီးမှ လမ်းဆက်လက်၍ လာခဲ့ကြရာ ဒကာ၏ အကျိုးအကြောင်းကို မေးသည်တွင် ဒါရုဘဏ္ဍကတိဿသည် အကြောင်းအရာအလုံးစုံကို ဖွင့်၍ လျှောက်ဆို၏။ ထိုအခါ မထေရ်မှာ အလွန်တရာ ထိတ်လန့်ခြင်း သံဝေဂတရား ဖြစ်ပွါးကာ “ဤဒါယကာသည် ဒုက္ကရဒါနဆွမ်းကို ပြုရှာပေသည်၊ ငါကား ဤသို့သဘောရှိသော ဒုက္ကရဒါနဆွမ်းကို စားပြီးလျှင် ဤဒါယကာ၏ ကျေးဇူးသိသူ ကတညူပုဂ္ဂိုလ် ဖြစ်သင့်လှပေသည်၊ သင့်လျော်သောနေရာကို ရရှိပါက ထိုနေရာမှာပင် အရေ အသား အသွေးကို ခန်းခြောက်ကုန်သော်လည်း အရဟတ္တဖိုလ်ကို မရလျှင် ထိုတင်ပလ္လင်မှ ငါမထတော့ပြီ”ဟု ကြံစည်ပြီးလျှင် မဟာဂါမသို့ ရောက်သောအခါ ဆရာ ဒကာ လမ်းခွဲ၍ သွားကြလေ၏။

     မထေရ်မှာ “တိဿမဟာဝိဟာရ ကျောင်းတိုက်”သို့ ရောက်၍ နေထိုင်ရန် ကျောင်းတဆောင် ရသောအခါ ထိုကျောင်းအတွင်းသို့ ဝင်ပြီးလျှင် နေရာထိုင်ကိုခင်း၍ ကောင်းစွာထိုင်လျက် “ကိလေသာကုန်ခန်း ရဟန္တာဖြစ်မှ ဤနေရာက ထမည်”ဟု ဆုံးဖြတ်ကာ တရားနှလုံးသွင်းလျက် နေတော်မူ၏။ ဆွမ်းခံချိန်ကျသော်လည်း ဆွမ်းခံခြင်း ပလိဗောဓကို ပယ်ဖြတ်၍ ကမ္မဋ္ဌာန်းကိုသာ အားထုတ်တော်မူခဲ့ရာ ခုနစ်ရက်မြောက်သောနေ့ အရုဏ်တက်သောအခါ ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၍ (ရဟန္တာဖြစ်၍) ဤသို့

(ဋု)

ကြံစည် စဉ်းစားတော်မူလေသည်၊ “ငါ၏ ကိုယ်ခန္ဓာကား အလွန်ပင် ပင်ပန်း နွမ်းနယ်လှလေပြီ၊ ငါ၏အသက်သည် ရှေ့သို့ဆက်၍ နေ့ရက်ရှည်ကြာ တည်ပါဦးမည်လော၊ မတည်မည်လော”ဟု စဉ်းစား တော်မူသည်တွင် ဇီဝိတရုပ်နာမ် သန္တာန်ဆက်စည် မတည်နိုင်ကြောင်း ကောင်းစွာ သိမြင်၍၊ ကျောင်း အိပ်ရာ နေရာများကို သိုမှီး သိမ်းဆည်းပြီးလျှင် မိမိ၏ သပိတ်သင်္ကန်းကို ယူဆောင်တော်မူကာ ကျောင်းတိုက်၏အလယ် ညီမူစည်းဝေးရာဌာနသို့ ကြွ၍ စည်အတီးခိုင်းကာ ရဟန်းသံဃာကို စည်းဝေးစေလေသည်။

     သံဃာတော်များ စည်းဝေးမိသောအခါ သံဃမဟာထေရ်က “အဘယ်ရဟန်းသည် သံဃာကို စည်းဝေးစေအပ်သနည်း”ဟု မေးမြန်းသောအခါ ပိဏ္ဍပါတ်ဓုတင်ဆောင် တိဿမထေရ်မြတ်က “တပည့်တော် စည်းဝေးစေအပ်ပါသည်ဘုရား”ဟု လျှောက်ထားလေသည်။ “အဘယ်အကျိုးငှါ စည်းဝေးစေအပ်သနည်း သူတော်ကောင်း...”ဟု မေးမြန်းသောအခါ “အခြားတပါး ကိစ္စအမှု မရှိပါဘုရား၊ မဂ်တရား ဖိုလ်တရား၌ ယုံမှားသံသယ မကင်းကြသောပုဂ္ဂိုလ်များ ရှိပါလျှင် တပည့်တော်ကို မေးမြန်းစေလို၍ စည်တီးစေပါကြောင်း” လျှောက်ထားလေသည်။

     ထိုအခါ သံဃမဟာထေရ်က မေးမြန်းဘို့ကိစ္စ မရှိကြောင်း၊ ငါ့ရှင်သာလျှင် အဘယ့်ကြောင့် ဤကဲ့သို့ အသက်ကိုပင်စွန့်၍ ခဲခဲယဉ်းယဉ်း အားထုတ်သနည်းဟု မေးမြန်းတော်မူသည်တွင် ဖြစ်ပျက်ပုံ အလုံးစုံကို လျှောက်ထားပြီးနောက်၊ “ဘုရားတပည့်တော်သည် ယနေ့ပင် ပရိနိဗ္ဗာန် စံရပါတော့မည်၊ ဘုရားတပည့်တော်၏ အလောင်းတင် ကြာကလာပ်သည် ဆွမ်းဒါယကာဖြစ်သူ ဒါရုဘဏ္ဍကတိဿလက်နှင့် လာ၍ မချီမမပဲ မလှုပ်မရှား တည်နေပါစေ၊ သူ့လက်နှင့် ချီမမှ ကြွပါစေ”ဟု အဓိဋ္ဌာန်ပြုပြီးလျှင် ထိုနေ့ပင် ပရိနိဗ္ဗာန် စံလွန်တော်မူလေ၏။

     ထိုအခါ ကာကဝဏ္ဏတိဿ ဘုရင်မင်းမြတ်သည် လာပြီးလျှင် ကြာကလာပ်မှာ အလောင်းကိုတင်၍ လောင်တိုက်ရှိရာသို့ ယူဆောင်စေသည်တွင် လှုပ်ရှား၍မရအောင် ရှိနေသဖြင့် အကြောင်းကို မေးမြန်းသိရှိသောအခါမှ ဒါရုဘဏ္ဍကတိဿကို ခေါ်စေပြီးလျှင် မြတ်သော အဆင်တန်းဆာတို့ကို ဝတ်ဆင်စေ၍ ကြာကလာပ်ကို အချီအမ ခိုင်းတော်မူလေ၏။ ဒါရုဘဏ္ဍကတိဿလက်ဖြင့် ချီမ၍ ဦးခေါင်းထက်သို့ တင်လိုက်သောအခါ ကြာကလာပ်သည် ကောင်းကင်သို့ ကြွတက်ကာ လောင်တိုက်သို့ ရောက်သွားကြောင်း အကျယ်ဖွင့်ပြ ရေးသားထားတော်မူသည်။

(ဋူ)

     ဤဒါရုဘဏ္ဍကတိဿ၏ မိမိရင်သွေး သမီးကလေးကို ရွေးနုတ်ရန် ခြောက်လတိုင်တိုင် အပင်ပန်းခံ၍ရှာဖွေမှ ရခဲ့သော ငွေဆယ့်နှစ်ကျပ်ကို မတွန့်မတို ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား လှူဒါန်းနိုင်ခြင်းသည် အလွန်တရာ ပြုနိုင်ခဲသော ဒါနဖြစ်၍ ဒုက္ကရဒါနမည်၏။

     ဤအတူ ဓမ္မပဒအဋ္ဌကထာ ဆယ်ခုမြောက် ဒဏ္ဍဝဂ် ဆယ့်တစ်ခုမြောက်ဖြစ်သော သုခသာမဏေရဝတ္ထုတွင် သုခသာမဏေအလောင်းသည် သူဆင်းရဲဖြစ်စဉ်အခါ ဂန္ဓသူဌေးကြီး၏ မွန်မြတ်လှစွာသော ထမင်းတနပ်စာကို စားလိုသည့်အတွက် သုံးနှစ်တိုင်တိုင် အခစားလုပ်မှ ကျွေးနိုင်မည်ဟု ဂန္ဓသူဌေးကြီး ပြောသဖြင့် သုံးနှစ်တိုင်တိုင် အခစားလုပ်၍ ထမင်းတနပ်စာကို ရရှိကာ စားတော့မည့်ဆဲဆဲတွင် ပစ္စေကဗုဒ္ဓါ အရှင်မြတ် ကြွလာတော်မူသဖြင့် အလွန်တရာ စားချင်လှ၍ သုံးနှစ်တိုင်တိုင် စွန့်စွန့်စားစား အားထုတ်လုပ်ကိုင်မှရသော ထမင်းတနပ်စာကို မတွန့်မတို လှူဒါန်းလိုက်ခြင်းသည်၎င်း (ဝတ္ထုအကျယ်ကို ဓမ္မပဒ၌ ကြည့်ရှုရာ၏။)

     ပဏ္ဏာသနိပါတ် ဥမ္မာဒန္တီဇာတ်တွင် ဥမ္မာဒန္တီအလောင်း သူဆင်းရဲမကလေးသည် သုံးနှစ် အခစားလုပ်မှ ရရှိသည့် ဝတ်ပန်းဆိုးသော အဝတ်ကို ဝမ်းသာအားရ ဝတ်တော့မည့်ဆဲဆဲတွင် လူဆိုးများ သင်္ကန်းကို အလုခံရသော ကဿပမြတ်စွာဘုရား၏ တပည့်ရဟန်းနှင့်တွေ့ကာ မိမိ အလွန်တရာ ဝတ်ချင်လှစွာသော အဝတ်ကို မဝတ်ပဲ ရဟန်းအား လှူဒါန်းလိုက်ခြင်းများသည်၎င်း ဒုက္ကရဒါနပင် ဖြစ်သည်။

     အကြီးအကျယ် အံ့ဩလောက်အောင် လှူဒါန်းခြင်းဒါနသည်ကား မဟာဒါနမည်၏။ သီရိဓမ္မာသောကမင်းကြီး၏ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်အား ပူဇော်လှူဒါန်းပွဲကြီးသည် အလွန်တရာ ကြီးကျယ်သော မဟာဒါနကြီးပင် ဖြစ်၏၊ ထို့ကြောင့်ပင်-

“ဤ ဘုရားသာသနာတော်မှာ ပစ္စည်းအများအပြား လှူဒါန်းရာတွင် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်မှာပင် အသင်မင်းကြီးနှင့်တူသော ပစ္စည်းလေးပါးဒါယကာ မရှိ၊ အသင်မင်းကြီး၏ အလှူဒါနသည်သာ အကြီးကျယ်ဆုံး ဖြစ်သည်”–

ဟု အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ် မိန့်ကြားတော်မူခဲ့ပေသည်။

ဤ သီရိဓမ္မာသောကမင်းကြီး၏ အလှူမှာ ပစ္စည်းလှူသော ဒါယကာတို့တွင် အသာဆုံး အကြီးကျယ်ဆုံးဟု အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်

(ဋေ)

ဟောတော်မူအပ်သော်လည်း မည်သူနှင့်မျှ အရှုံးအနိုင် ယှဉ်ပြိုင်ရသည်မဟုဘ်၊ မိမိအလိုအတိုင်း ပြုလုပ်ခြင်းသာဖြစ်၍ သဒိသ အသဒိသ သဘောကို ထုတ်ဖော်ပြောဆိုရန် မလို။ ရှေး၌ ပြခဲ့ပြီးသော ပသေနဒီကောသလမင်းကြီး၏ အလှူမှာ ပြည်သူလူထုနှင့် ယှဉ်ပြိုင်တုပ ပြုလုပ်ကြသောအရာဖြစ်၍ အသဒိသဟူသော အမည်ကို ရရှိသည်ဟု မှတ်ယူအပ်၏။

     ပြုလုပ်ရန် ခဲယဉ်းသည်လည်း မဟုတ်၊ ကြီးကျယ် များပြားလှသည်ဟု ပြောဆိုဖွယ်ရာလည်း မရှိသော အလှူဟူသမျှသည် သာမညဒါနချည်းသာ ဖြစ်၏။

     ထိုမှတပါးလည်း ဝိနယ ပရိဝါရပါဠိတော်နှင့် ထိုအဋ္ဌကထာ (ဧကုတ္တရိကနယအဖွင့်)တွင်-

(၁) သံဃာတော်အား လှူဒါန်းမည်ဟု နှုတ်မြွက်ညွတ်ကိုင်းထားပြီးသော ပစ္စည်းကို ညွတ်ကိုင်းရင်း သံဃာတော်အားသာ လှူဒါန်းခြင်း၊

(၂) စေတီတော်အား လှူဒါန်းမည်ဟု နှုတ်မြွက် ညွတ်ကိုင်းပြီးသော ပစ္စည်းကို ညွတ်ကိုင်းရင်း စေဘီတော်အား လှူဒါန်းခြင်း၊

(၃) ပုဂ္ဂိုလ်တပါးပါးအား လှူဒါန်းမည်ဟု နှုတ်မြွက် ညွတ်ကိုင်းထားပြီးသော ပစ္စည်းကို ညွတ်ကိုင်းရင်း ပုဂ္ဂိုလ်အားသာ လှူဒါန်းခြင်း-

ဟူ၍ ဓမ္မိကဒါန သုံးပါးရှိကြောင်း ဟောပြ ဖွင့်ဆိုထားသည်။ (တရားသဖြင့် လှူဒါန်းအပ်သောဒါန၊ သို့မဟုတ် တရားနှင့် ညီညွတ် သင့်လျော်သော ဒါနဟု ဆိုလိုသည်။)

(ဤ ဓမ္မိကဒါနသုံးပါးအကြောင်းကို နောက်မှ အဓမ္မိကဒါန ကိုးပါးနှင့် တွဲစပ်၍ ပြဆိုမည်။)

သုံးပါးတွဲ ဒါနစု ပြီး၏။

**********

(ဋဲ)

ငါးပါးတွဲ ဒါနစု

     သဘောရင်းအားဖြင့် ဒါနသည် လေးပါးရှိသည်ဟူ၍ ကျမ်းဂန်တို့၌ တိုက်ရိုက် အပြအဆို မရှိကြ။ ရှေးက ဝတ္ထုဒါနအရာတွင် ပြဆိုခဲ့သည့်အတိုင်း ဝိနည်းဒေသနာတော်အလို ပစ္စည်းလေးပါးရှိသဖြင့် ဒါနလေးပါး ရှိသည်ကို ဤအရာ၌ ပြဆိုလိုက..

၁။ စီဝရဒါန = အဝတ်သင်္ကန်း လှူဒါန်းခြင်း၊

၂။ ပိဏ္ဍပါတဒါန = ဆွမ်းခဲဖွယ်ဘောဇဉ် လှူဒါန်းခြင်း၊

၃။ သေနာသနဒါန = ကျောင်း အိပ်ရာ နေရာ လှူဒါန်းခြင်း၊

၄။ ဘေသဇ္ဇဒါန = ဆေးပစ္စည်း လှူဒါန်းခြင်း-

ဟူ၍ လေးပါးစု ဒါနအဖြစ်ဖြင့် ပြဆိုသင့်ပေ၏။

     ထိုမှတပါးလည်း ဒက္ခိဏာဝိသုဒ္ဓိ = (အလှူ၏ စင်ကြယ်ခြင်း) လေးပါးကို စွဲ၍-

၁။ လှူသူ သီလရှိ၍ ခံယူသူ သီလမရှိသော ဒါန၊

၂။ ခံယူသူ သီလရှိ၍ လှူသူ သီလမရှိသော ဒါန၊

၃။ လှူသူ ခံယူသူ နှစ်ဦးလုံးပင် သီလမရှိသော ဒါန၊

၄။ လှူသူ ခံယူသူ နှစ်ဦးလုံးပင် သီလရှိသော ဒါန-

ဟူ၍ ဒါနလေးပါး တနည်းအားဖြင့် မှတ်သားသင့်ပေ၏။

     ငါးပါးစုအားဖြင့် အင်္ဂုတ္တိုရ်ပါဠိတော် ပဉ္စကနိပါတ် သုမနဝဂ် (၆) ကာလဒါနသုတ်၌-

၁။ ဧည့်သည် အာဂန္တုအား လှူဒါန်းခြင်း၊

၂။ ခရီးထွက်မည့် ပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊

၃။ မကျန်းမာသော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊

၄။ ငတ်မွတ် ခေါင်းပါးသောအခါ လှူဒါန်းခြင်း၊

၅။ လုပ်ကိုင်ရရှိသော ကောက်ပဲသီးနှံတို့မှ ဦးဦးဖျားဖျားကို သီလဝန္တပုဂ္ဂိုလ်များအား လှူဒါန်းခြင်း-

အားဖြင့် ကာလဒါန ငါးပါးရှိသည်ဟု ဟောတော်မူ၏၊ (အချိန်အခါနှင့်လျော်စွာ လှူဒါန်းအပ်သော ဒါနငါးပါးဟု ဆိုလိုသည်။)

(ဋော)

     ဤကာလဒါန ငါးပါးတွင် ငါးခုမြောက်ဖြစ်သော ဒါနမှာ မိမိတို့ရရှိသော ကောက်ပဲသီးနှံကို လှူဒါန်းခြင်းဟူ၍ ဟောတော်မူခြင်းမှာ တောင်သူလယ်သမားများအတွက် ရည်ရွယ်၍ ဟောတော်မူခြင်းဖြစ်သည်။ တောင်သူလယ်သမား မဟုတ်သူတို့မှာလည်း မိမိဆိုင်ရာ အလုပ်အကိုင်မှ ရရှိလာသော ပစ္စည်းဦးဦးဖျားဖျားကို လှူဒါန်းခြင်းသည်လည်း သဘောအတူတူပင် ဖြစ်သင့်သည်။

အသပ္ပုရိသဒါနငါးပါး

(သူတော်ကောင်းမဟုတ်သူတို့၏ လှူခြင်းငါးမျိုး)

၁။ လှူဘွယ်ဝတ္ထုကို စင်ကြယ် ကောင်းမွန်အောင် စီမံပြုပြင်ခြင်းမရှိပဲ လှူဒါန်းခြင်း၊

၂။ စိတ်ထဲမှာ ရိုသေလေးမြတ်မှုမရှိပဲ လှူဒါန်းခြင်း (လှူဘွယ်ဝတ္ထုကို ဂရုမစိုက် စိတ်၌မထားပဲ လှူဒါန်းခြင်း)၊

၃။ မိမိကိုယ်တိုင် ကိုင်တွယ်၍ လှူဒါန်းသင့်ပါလျက် ကိုင်တွယ်၍ မလှူဒါန်းခြင်း (ပါယာသိမင်းကဲ့သို့ ကိုယ့်ပစ္စည်းကို ကိုယ်တိုင်မလှူ ဥတ္တရလုင်တို့ကဲ့သို့ အစေအပါးတို့ကို လှူစေခြင်း)၊

၄။ ထမင်းကြွင်း ဟင်းကျန်စသည့် စွန့်ပစ်အပ်သော ပစ္စည်းကိုကဲ့သို့ လှူဒါန်းခြင်း၊

၅။ ဤလှူဒါန်းမှုကြောင့် နောက်အခါဝယ် ကောင်းကျိုးဧကန် ရောက်လာလိမ့်မည်ဟု သိရှိသော ကမ္မဿကတာပညာ မရှိပဲ လှူဒါန်းခြင်း၊

သပ္ပုရိသဒါနငါးပါး

(သူတော်ကောင်းတို့၏ လှူခြင်းငါးမျိုး)

၁။ လှူဘွယ်ဝတ္ထုကို စင်ကြယ် ကောင်းမွန်အောင် စီမံပြုပြင်၍ လှူဒါန်းခြင်း၊

၂။ စိတ်ထဲမှာ ရိုသေလေးမြတ်မှုရှိ၍ လှူဒါန်းခြင်း (လှူဘွယ်ဝတ္ထုကို- ဂရုတစိုက် စိတ်၌ထား၍ လှူဒါန်းခြင်း)၊

၃။ မိမိကိုယ်တိုင် ကိုင်တွယ်လှူဒါန်းခြင်း (အစမထင် သံသရာတခွင်၌ လက်ခြေကိုမရသည့် ဘဝကား များလှပြီ၊ လက်ခြေအင်္ဂါပြည့်စုံသည့် ယခုဘဝဝယ် ရသောလက်ဖြင့် ဘဝမှ လွတ်မြောက်ရေးကို အားထုတ်မည်ဟု ဆင်ခြင်၍ ကိုယ်တိုင် ကိုင်တွယ်၍ လှူဒါန်းခြင်း)၊

(ဋော်)

၄။ ထမင်းကြွင်း ဟင်းကျန်စသည့် စွန့်ပစ်အပ်သော ပစ္စည်းမျိုးကိုကဲ့သို့ မဟုတ်ပဲ ဂရုတစိုက် လှူဒါန်းခြင်း၊

၅။ ဤ လှူဒါန်းမှုကြောင့် နောက်အခါဝယ် ကောင်းကျိုးဧကန် ရောက်လိမ့်မည်ဟု သိရှိသော ကမ္မဿကတာပညာ ရှေ့သွားပြု၍ လှူဒါန်းခြင်း၊

     (ဤဆိုအပ်ပြီးသော အသပ္ပုရိသဒါန ငါးပါး၊ သပ္ပုရိသဒါန ငါးပါးတို့ကို အင်္ဂုတ္တိုရ်ပါဠိတော် ပဉ္စကနိပါတ် တိကဏ္ဍကဝဂ် ခုနှစ်ခုမြောက်သုတ်၌ ဟောတော်မူအပ်သည်။)

တနည်း သပ္ပုရိသဒါနငါးပါး

၁။ ကံ-ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရားဖြင့် လှူဒါန်းခြင်း၊

၂။ လှူဘွယ်ဝတ္ထုကို စင်ကြယ်မွန်မြတ်အောင် ကောင်းစွာပြုလုပ်၍ လှူဒါန်းခြင်း၊

၃။ အချိန်အခါနှင့် သင့်လျော်စွာ လှူဒါန်းခြင်း၊ သင့်လျော် လျောက်ပတ်သောအချိန်၌ လှူဒါန်းခြင်း (ဆွမ်းလှူသင့်သော အချိန်၌ ဆွမ်းကိုလှူခြင်း၊ သင်္ကန်းလှူသင့်သော အချိန်၌ သင်္ကန်းကို လှူခြင်းစသည်)

၄။ အလှူခံပုဂ္ဂိုလ်ကို ချီးမြှောက်လိုသော စိတ်ထားဖြင့် လှူဒါန်းခြင်း၊

၅။ မိမိဂုဏ်ကို၎င်း သူတပါးဂုဏ်ကို၎င်း အစွန်းအငြိ အထိအခိုက် မရှိစေပဲ လှူဒါန်းခြင်း။

     ထိုဒါနငါးပါးကို အစဉ်အတိုင်း (၁) သဒ္ဓါဒါန၊ (၂) သက္ကစ္စဒါန၊ (၃) ကာလဒါန၊ (၄) အနုဂ္ဂဟဒါန၊ (၅) အနုပဃာတဒါနဟု မှတ်ထားပြီးလျှင်၊ ထိုငါးပါးလုံးကြောင့်ပင် ကြွယ်ဝချမ်းသာ ဥစ္စာစီးပွါး များပြားခြင်း အကျိုးကို ရနိုင်သည့် ပြင်၊ (၁) သဒ္ဓါဒါနကြောင့် အဆင်းလှခြင်း၊ (၂) သက္ကစ္စဒါနကြောင့် အခြွေအရံ ပရိသတ်များ မိမိ၏စကားကို လိုက်နာခြင်း၊ (၃) ကာလဒါနကြောင့် လိုအပ်သော အချိန်ကာလဝယ် လိုအပ်သော အကျိုးတရားတို့ကို များစွာရနိုင်ခြင်း၊ (၄) အနုဂ္ဂဟဒါနကြောင့် ရရှိသောစည်းစိမ် မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်ရန် စိတ်ဆန္ဒရှိခြင်း သုံးဆောင်ရခြင်း၊ (၅)အနုပဃာတဒါနကြောင့် ရရှိသော စည်းစိမ်တို့ကို ရန်သူမျိုးငါးပါးတို့ အထိအပါး မခံရခြင်းတည်းဟူသော အကျိုးထူးအသီးသီးကို ရရှိနိုင်ကြောင်း အထူးမှတ်ယူရာ၏။

(ဋံ)

     အင်္ဂုတ္တိုရ်ပါဠိတော် ပဉ္စကနိပါတ် တိကဏ္ဍကဝဂ် ရှစ်ခုမြောက်သုတ်၌ ဤတနည်း သပ္ပုရိသဒါနကို ဟောတော်မူသည်။ ထို သပ္ပုရိသဒါန ငါးမျိုးကို ပြောင်းပြန်လှန်လိုက်လျှင် တနည်း အသပ္ပုရိသဒါန ငါးမျိုးဖြစ်နိုင်၏။ ပါဠိတော်၌ တိုက်ရိုက်အားဖြင့် ပြောင်းပြန်လှန်၍ ဟောထားချက် မရှိသော်လည်း ဖြစ်သင့်သမျှ ပြောင်းပြန်လှန်၍ယူသော်..

၁။ ကံ-ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရားမရှိပဲ အတုအပမျှ (သို့မဟုတ်) အကဲ့ရဲ့လွတ်ရုံမျှ လှူဒါန်းခြင်း အသဒ္ဓိယဒါန၊ (ဤဒါနကြောင့် စည်းစိမ်ဥစ္စာ ရှိပါသော်လည်း အင်္ဂါ အဆင်း မပြည့်စုံပဲ ရှိတတ်သည်။)

၂။ လှူဘွယ်ဝတ္ထုကို စင်ကြယ်မွန်မြတ်အောင် ကောင်းစွာမပြုပဲ ဖြစ်ကတတ်ဆန်း လှူဒါန်းခြင်း အသက္ကစ္စဒါန၊ (ဤဒါနကြောင့် စည်းစိမ်ဥစ္စာ ရှိပါသော်လည်း အခြွေအရံ ပရိသတ်များ မိမိစကားကို မလိုက်နာပဲ ရှိတတ်သည်။)

၃။ အချိန်အခါမဟုတ်ပဲ လှူဒါန်းခြင်း အကာလဒါန၊ (ဤဒါနကြောင့် စည်းစိမ်ဥစ္စာ ရှိပါသော်လည်း လိုအပ်သော အချိန်အခါ၌ လိုအပ်သော အကျိုးတရားတို့ကို များများမရနိုင်ပဲ ရှိတတ်သည်။

၄။ အလှူခံပုဂ္ဂိုလ်ကို ချီးမြှောက်လိုသောစိတ် မရှိပဲ ဝတ်ကျေတမ်းကုန် လှူဒါန်းခြင်း အနနုဂ္ဂဟဒါန၊ (ဤဒါနကြောင့် စည်းစိမ်ဥစ္စာ ရှိပါသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်ရန် စိတ်ဆန္ဒမရှိ၊ မသုံးဆောင်ရပဲ ရှိတတ်သည်။)

၅။ မိမိဂုဏ်ကိုဖြစ်စေ သူတပါးဂုဏ်ကိုဖြစ်စေ စွန်းငြိထိပါး၍ လှူဒါန်းခြင်း ဥပဃာတဒါန၊ (ဤဒါနကြောင့် စည်းစိမ်ဥစ္စာ ရပါသော်လည်း ရန်သူမျိုးငါးပါးတို့ ဖျက်ဆီး၍ ပျက်စီးတတ်သည်။)

     ဤကဲ့သို့ အသပ္ပုရိသဒါန ငါးမျိုးရှိသည်ဟု မှတ်ယူနိုင်၏။ ဤ သပ္ပုရိသဒါန အသပ္ပုရိသဒါနတို့၌လာသော ကာလဒါန, အကာလဒါနတို့ကို ထောက်ထား၍ စေတနာကောင်းဖြင့်ပင် ဖြစ်သော်လည်း မြတ်စွာဘုရားမှာ နေ့အခါ ဆီမီးညှိထွန်း ပူဇော်ခြင်း မွန်းလွဲပြီးနောက် ခဲဖွယ်ဘောဇဉ် တင်လှူခြင်း စသည်တို့ကို မပြုမိအောင် သတိဆောင်ရာ၏။

     လူတို့က ကုသိုလ်ကောင်းမှုဟု သတ်မှတ် သမုတ်အပ်သော်လည်း စင်စစ်မှာ အကုသိုလ် မကောင်းမှုသာ ဖြစ်နေသော ဒါနတို့သည်..

(ဋား)

(၁) မဇ္ဇဒါန = သေအရက် အလှူ။

(၂) သမဇ္ဇဒါန = ပွဲသဘင် အလှူ

(၃) ဣတ္ထိဒါန = မည်သူမဆို အလိုရှိသောသူများ သွားလာကြရန် ပြည့်တန်ဆာမများကို ငှါးထားသောအလှူ၊

(၄) ဥသဘ ဒါန = နွားမများရှိရာသို့ နွားသိုးကို အလိုရှိသလို မြူးထူးပျော်ပါးရန် လွှတ်ပေးခြင်း အလှူ၊

(၅) စိတ္တကမ္မဒါန = မသင့်မလျော်သော ရုပ်ပုံများကို ရေးသား လှူဒါန်းခြင်းအလှူ–

အားဖြင့် ငါးပါးရှိသည်ဟု ဝိနည်း ပရိဝါပါဠိတော်၌ ဟောကြားတော်မူအပ်သည်။

     ဤငါးပါးကို လှူရာ၌ မကောင်းမှု အကုသိုလ်သာ ဖြစ်သည်ဟု ဟောကြားခြင်းမှာ ဤငါးမျိုးကိုလှူဒါန်းရာ၌ စိတ်စေတနာကောင်း ထားနိုင်ဖွယ်ရာ မရှိသောကြောင့်ပင် ဖြစ်၏။ လူများ၏ အထင်ကမူ.. ဘိန်းပြတ်၍ သေတော့မည်ဆဲဆဲဖြစ်နေသော ဘိန်းသမားကို တွေ့လျှင် “ဤသူသည် ဘိန်းမစားရက သေမည် ဧကန်ဖြစ်သောကြောင့် မသေရအောင် သူ၏အသက်ကို ငါဆက်၍ ပေးမည်”ဟု သဘောထားကာ ဘိန်းခွံ့၍ပေးလိုက်လျှင် ဇီဝိတဒါနကုသိုလ် ဖြစ်သည်ဟု ထင်မှတ်တတ်ကြ၏။ စင်စစ်မှာ ကုသိုလ်မဖြစ်နိုင်၊ အကြောင်းကား ဤမစားသင့်သောဘိန်းကို စားစေလိုခြင်းသည် ကုသိုလ်စိတ်မဟုတ်၊ အကုသိုလ်စိတ်သာ ဖြစ်သောကြောင့်တည်း၊ အရက်စသည်တို့၌လည်း ဤနည်းအတိုင်း မှတ်ယူရာ၏။

     ဝေဿန္တရာဇာတ်တော်၌ အလောင်းတော် ဝေဿန္တရာမင်းကြီးသည် မဟာဒါနကြီးကို ပေးလှူရန် ဒါနဝတ္ထု ခင်းကျင်း စီစဉ်ထားရာတွင် သေအရက်ကိုပင် ပါဝင်စေသည်ဟု အဋ္ဌကထာ၌ ပြဆို၏။

     ဤအချက်၌ မလှူကောင်းသော အရက်ကို ဝေဿန္တရာမင်းကြီး လှူဘွယ်ဝတ္ထု ခင်းကျင်းရာ၌ ထည့်ထားခြင်းသည် သေသောက်ကြူး (အရက်သမား)တို့ သောက်စားစေလိုသော စိတ်ဆန္ဒ လုံးဝမရှိ၊ သောက်စေလိုသော စိတ်ကသာလျှင် အကုသိုလ်ဖြစ်သည်၊ ဝေဿန္တရာမင်းကြီးကမူကား သောက်စားစေလိုသောစိတ် အလျဉ်းမရှိပဲ သူ၏အလှူကြီးထဲမှာ သေအရက် လှူဘွယ်ဝတ္ထုမပါဟု သူတပါးက ပြောဆို စွပ်စွဲခြင်းမှ ကင်းလွတ်စေခြင်းငှါ ထည့်သွင်းထားခြင်း ဖြစ်သည်ဟု အကြောင်းပြကြ၏။

(ဌ)

     သေချာစွာ စိစစ်ပါလျှင် ဝေဿန္တရာမင်းကြီးကဲ့သို့သော ပုဂ္ဂိုလ်မြတ်ကြီးသည် မစွပ်စွဲထိုက်ပဲ သူတပါးတို့က စွပ်စွဲမည်ကို ကြောက်ရွံ့ စိုးရိမ်လိမ့်မည် မဟုတ်ပေ။ စင်စစ်မှာ သေအရက်ကို သောက်မှသာ အပြစ်ရှိသည်။ မသောက်ပဲ ဆေးအဖြစ်ဖြင့် အပြင်အပက လိမ်းခြင်းစသည် သုံးသင့်သုံးထိုက်သော နည်းဖြင့် အသုံးပြုက အကုသိုလ် မဖြစ်နိုင်ပေ။ ဤကဲ့သို့ အကုသိုလ် မဖြစ်နိုင်သည့် အပြင်အပက လိမ်းခြင်းစသော ကိစ္စအတွက် အလိုရှိသောသူများအား လှူဒါန်းလိုခြင်းကြောင့် ထည့်သွင်းထားခြင်း ဖြစ်သည်ဟု မှတ်ယူသင့်ပေသည်။

     သမဇ္ဇဒါနစသော နောက်လေးပါးတို့မှာကား မည်သည့်နည်းနှင့်မျှ စေတနာကောင်းထား၍ မဖြစ်နိုင်သော ဒါနများသာ ဖြစ်သည်။

မဟာဒါန ငါးပါး

အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ် လေးခုမြောက် (၄) ဒါနဝဂ်၊ နဝမသုတ်၌၊ ၊ပဉ္စိမာနိ ဘိက္ခဝေ ဒါနာနိ မဟာဒါနာနိ..ဟူသော စကားကို အစချီ၍ ငါးပါးသီလကိုပင် မဟာဒါနကြီး ငါးပါးဟူ၍ အကျယ် ဟောကြားတော်မူ၏။

ဤပါဠိတော်ကြီး၌ ငါးပါးသီလကိုပင် မဟာဒါနကြီး ငါးပါးအဖြစ် အကျယ် ဟောထားသည့်အတွက် “သီလကိုပင် ဒါနခေါ်သည်”ဟု မမှတ်ယူအပ်၊ မြတ်စွာဘုရားကလည်း ဒါနနှင့် သီလ- တရားကိုယ်မပြား တသားတည်းအနေဖြင့် ဟောတော်မူလိုသည် မဟုတ်။ သီလဟူသည် ကိုယ်နှုတ်နှစ်ပါးကို ကောင်းစွာ ထိန်းသိမ်းခြင်းဖြစ်၍ ဒါနဟူသည်မှာကား တစုံတရာကို ပေးစွန့်ခြင်းဖြစ်သည်။ ထို့ကြောင့် သီလကိုပင် ဒါနခေါ်သည်ဟု မမှတ်ယူအပ်။ စင်စစ်သော်ကား.. ပါဏာတိပါတဝိရတီ သိက္ခာပုဒ်ကို ဆောက်တည်၍ သီလနှင့်ပြည့်စုံလျှင် ထိုသီလရှိသော သူတော်ကောင်းသည် သတ္တဝါတို့ကို သတ်ဖြတ်ခြင်းအမှု မပြုလုပ်တော့ပဲ အဘယဒါန = သတ္တဝါတို့အား ဘေးကင်းစေခြင်းအမှုကို ပေးသည်မည်၏။ ဤနည်းအတိုင်း “သိက္ခာပုဒ် ငါးပါးလုံးကို စောင့်ထိန်းလိုက်သဖြင့် သတ္တဝါတို့အား ဘေးကင်းစေခြင်းအမှုကိုပေးလျှင် သီလအရင်းခံရှိသော ဒါနကိစ္စ ပါဝင်ပြီးစီးသွားသောကြောင့် သီလငါးပါးကို မဟာဒါနငါးပါးဟု မြတ်စွာဘုရား ဟောတော်မူသည်ကို အထူးသတိချပ် သိမှတ်ရာ၏။

ငါးပါးတွဲ ဒါနစု ပြီး၏။

**********

(ဌာ)

ဒါနသည် သဘောရင်းအားဖြင့် လေးပါးအပြားရှိကြောင်းကို ပါဠိတော်တိုက်ရိုက် ဟောပြခြင်းမရှိ၊ ထိုသို့ မရှိသော်လည်း ဝိနည်းပရိယာယ်အားဖြင့် ပစ္စည်းလေးပါးကိုစွဲ၍ သင်္ကန်းအလှူ ဆွမ်းအလှူ ကျောင်းအလှူ ဆေးအလှူဟူ၍ လေးပါး၊ ဒက္ခိဏာဝိသုဒ္ဓိလေးမျိုးကို စွဲ၍ ဒါယကာကသာ သီလရှိ၍ အလှူခံသူက သီလမရှိသော ဒါန၊ အလှူခံသူကသာ သီလရှိ၍ ဒါယကာက သီလမရှိသောဒါန၊ နှစ်ဦးလုံး သီလမရှိသောဒါန၊ နှစ်ဦးလုံး သီလရှိသောဒါနဟု လေးပါး ပြဆိုသင့်သကဲ့သို့…၊

သဘောရင်းအားဖြင့် ခြောက်ပါး အပြားရှိကြောင်းကို ပါဠိတော်တိုက်ရိုက် ဟောပြခြင်းမရှိသော်လည်း အဘိဓမ္မာ ပရိယာယ်အားဖြင့် အာရုံခြောက်ပါးကို စွဲ၍ ထိုအာရုံခြောက်ပါးကို ဒါနဝတ္ထုပြုကာ ရူပဒါန= အဆင်းအလှူ၊ သဒ္ဒဒါန= အသံအလှူ၊ စသည်ဖြင့် ခြောက်မျိုးရှိကြောင်းကို အဋ္ဌသာလိနီ အဋ္ဌကထာ (ဆဋ္ဌမူ စာမျက်နှာ ၁၁၉ စသည်)၌ အကျယ်တဝင့် ဖွင့်ပြထားသည်။

ဤနည်းအတူ ခုနစ်ပါး အပြားရှိကြောင်းကိုလည်း ပါဠိတော်တိုက်ရိုက် ဟောပြခြင်းမရှိသော်လည်း ရှေးကပြခဲ့ပြီးသည့် သံဃိကဒါ နခုနစ်ပါးကိုပင် ခုနစ်ပါးစု ဒါနအဖြစ်ဖြင့် ပြဆိုလိုက ပြဆိုသင့်ပေသည်။ (ရှေးက ပြခဲ့ပြီးဖြစ်၍ ဤ၌ မပြတော့ပြီ။)

ရှစ်ပါးတွဲ ဒါနစု

     အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ် လေးခုမြောက် (၄) ဒါနဝဂ်၊ ပဌမသုတ်၌ ဒါနရှစ်ပါးရှိကြောင်းကို ဟောကြားတော်မူသည်။ ရှစ်ပါးဟူသော်ကား..

၁။ အလှူခံရောက်လာလျှင် ကြန့်ကြာ၍မနေစေပဲ အရေးတယူ လှူဒါန်းခြင်း၊

၂။ အကဲ့ရဲ့ခံရမည်ကို၎င်း အပါယ်သို့ ကျရောက်မည်ကို၎င်း ကြောက်၍ လှူဒါန်းခြင်း၊

၃။ မိမိအား ရှေးက ပေးကမ်းဘူးသောသူဟူ၍ မိမိက လှူဒါန်းခြင်း၊

၄။ ဤပုဂ္ဂိုလ်သည် ယခု ငါကပေးလှူလိုက်လျှင် နောက်အခါ ငါ့အား ပြန်၍ပေးလှူလိမ့်မည်ဟု ရည်ရွယ် လှူဒါန်းခြင်း၊

၅။ လှူဒါန်းခြင်းဟူသည် ကောင်းသော အလုပ်ဖြစ်သည်ဟု နှလုံးသွင်း၍ လှူဒါန်းခြင်း၊

(ဌိ)

၆။ ငါသည် ချက်ပြုတ်၍ စားနေသူဖြစ်ပါလျက် မချက်မပြုတ်ရသော ပုဂ္ဂိုလ်အား မလှူဒါန်းပဲ စားသုံးခြင်းငှါ မသင့်ပေဟု နှလုံးသွင်း၍ လှူဒါန်းခြင်း၊

၇။ ဤအလှူကို ငါလှူလိုက်လျှင် ငါ၏ ကောင်းသော ဂုဏ်သတင်း ကျော်စောသံ လွှမ်းမိုးပြန့်နှံ့ သွားလိမ့်မည်ဟု နှလုံးသွင်း၍ လှူဒါန်းခြင်း၊

၈။ သမထဝိပဿနာ ဘာဝနာတရား အားထုတ်ရာမှာ စိတ်ကောင်းစွာ မတည်ကြည်နိုင်ရှိခဲ့သော် ထိုစိတ်တည်ကြည်စေရန် အဆင်တန်းဆာ ဖြစ်ဘို့ရန် ရည်ရွယ် လှူဒါန်းခြင်း-

ဤရှစ်ပါးတို့တည်း။

ထိုရှစ်ပါးတို့တွင် နောက်ဆုံးဖြစ်သော ဒါနသည်သာ အမြတ်ဆုံး ဖြစ်၏၊ အကြောင်းမှာ ဤနောက်ဆုံး ဒါနသည် သမထဝိပဿနာ ဘာဝနာတရား အားထုတ်ရာမှာ စိတ်တည်ကြည် ရွှင်လန်းလာအောင် အားပေးအားမြှောက်ပြုကာ ဈာန်မဂ်ဖိုလ်ကိုရကြောင်း သမထ ဝိပဿနာတို့အား ကျေးဇူးများသော ဒါနထူး ဖြစ်သောကြောင့်တည်း။ ရှေ့ဒါန ခုနစ်ပါးတို့မှာ ဤကဲ့သို့ သမထဝိပဿနာ ဘာဝနာစိတ်ကို အားပေးအားမြှောက် မပြုနိုင်ကြ။ ထိုမပြုနိုင်ကြသည့် ဒါနထဲတွင်လည်း (၁) အမှတ် ဒါနနှင့် (၅) အမှတ်ဒါန နှစ်ပါးတို့သည် မြတ်သောဒါနပင် ဖြစ်၏ (ပဏီတဒါနဟု ဆိုလိုသည်)။ (၇) အမှတ်ဒါနမှာ အညံ့စား ဟီနဒါနဖြစ်၍၊ (၂) (၃) (၄) (၆) အမှတ် ဒါနတို့မှာ အလယ်အလတ် မဇ္ဈိမဒါနစုသာ ဖြစ်၏။

     ဒါနနှင့်စပ်၍ ရှေးကပြခဲ့ပြီးသော ပုညဝိသယဒါန လောကဝိသယဒါန နှစ်ပါးရှိရာတွင် ယခုဖော်ပြအပ်သော ဒါနရှစ်ပါး၌ ဖြစ်သင့်သည်အားလျော်စွာ လောကဝိသယ ပုညဝိသယအားဖြင့် ခွဲခြား သိမှတ်သင့်ပေသည်။ မှတ်ယူပုံမှာ… (၁) အမှတ် (၅) အမှတ် (၈) အမှတ် ဒါနတို့သည် ပုညဝိသယဒါနမျိုးဖြစ်၍၊ ကျန်သော ငါးပါးတို့မှာ လောကဝိသယဒါနတို့သာ ဖြစ်သင့်ပေသည်။

တနည်းကား..

၁။ ချစ်ခင်လိုလားသဖြင့် ပေးခြင်း၊

၂။ မလွှဲသာသည့်အတွက် မုန်းလျက်နှင့် ဆောင့်ဆောင့်အောင့်အောင့် ပေးခြင်း၊

၃၊ အကြောင်းအကျိုးမသိပဲ မိုက်မဲတွေဝေ၍ ပေးခြင်း၊

(ဌီ)

၄။ အများကဲ့ရဲ့မည်ကို ကြောက်၍၎င်း၊ အပါယ်ကျမည်ကို ကြောက်၍၎င်း၊ အလှူခံက တစုံတရာ ရန်ပြုမည်ကို ကြောက်၍၎င်း ပေးခြင်း၊

၅။ ငါ၏ မိဖဖိုးဖွားများ အဆက်ဆက်ကပင် ပေးကမ်း လှူဒါန်းခြင်းအမှု ပြုခဲ့သည်၊ ဤမိဖ ဖိုးဖွားတို့၏ အနွယ်အဆက် ပဝေဏီကို ယုတ်လျော့ခြင်းငှါ မထိုက်ဟု ပေးခြင်း၊

၆။ ဤအလှူကို လှူ၍ သေလွန်သည့်နောက် နတ်ပြည်သို့ရောက်ရန်ကို ရည်သန်၍ ပေးခြင်း၊

၇။ ဤအလှူကို လှူလိုက်လျှင် ငါ၏စိတ်သည် ကြည်လင်လိမ့်မည် နှစ်သက် ရွှင်လန်းလိမ့်မည်ဟု စိတ်နှစ်သက်ရွှင်လန်းမှုကို မျှော်ရှု၍ ပေးခြင်း၊

၈၊ သမထ ဝိပဿနာ အားထုတ်ရာမှာ စိတ်ကောင်းစွာ မတည်ကြည်နိုင်ရှိခဲ့သော် ထိုစိတ်တည်ကြည်စေရန် အဆင်တန်းဆာ အသုံးအဆောင် ဖြစ်ဘို့ရန် ရည်သန်၍ပေးခြင်း-

ဟူ၍ အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ် (၄) ဒါနဝဂ်၊ တတိယသုတ်၌ ဟောတော်မူသည်။

ဤရှစ်ပါးတို့တွင်လည်း ရှစ်ခုမြောက် ဒါနသာ အမြတ်ဆုံးဖြစ်၍၊ အမှတ်(၆)နှင့် အမှတ်(၇) ဒါနတို့မှာ သင့်လျော် မြင့်မြတ်သော ဒါနဖြစ်ကာ ပုညဝိသယဒါနစု ဖြစ်သည်။ ကျန်သော ဒါနငါးမျိုးတို့မှာ အညံ့စားဖြစ်၍ လောကဝိသယ ဒါနစုသာဖြစ်၏။

တနည်းကား-

     ထို (၄) ဒါနဝဂ်- ပဉ္စမသုတ်၌ ဒါနူပပတ္တိတရား ရှစ်ပါးရှိကြောင်းကို အကျယ် ဟောကြားတော်မူသည်။ ဒါနူပပတ္တိဟူသော ပါဠိမှာ “အလှူကြောင့် နောက်အခါရရှိမည့် ဘဝပဋိသန္ဓေ”ဟူ၍ အဓိပ္ပါယ်ရရှိသည်၊ နောက်အခါရရှိမည့် ဘဝပဋိသန္ဓေ ရှစ်မျိုးကိုစွဲ၍ အလှူဒါနကို ရှစ်မျိုးခွဲထားခြင်းဖြစ်၏။ ခွဲထားပုံအကျဉ်းကား..

၁။ လူ့ပြည်၌ ကြွယ်ဝချမ်းသာသော သူများကိုမြင်၍ ထိုသူကဲ့သို့ ဖြစ်ရန် ဆုတောင်းပန်ထွာပြုကာ အလှူပေး၍ သီလနှင့်လည်း ပြည့်စုံသည့်အတွက် ဆုတောင်းသည့်အတိုင်း သေလွန်သည့်နောက် လူချမ်းသာ ဖြစ်ရသည်လည်း တပါး၊

(ဌု)

၂။ စတုမဟာရာဇ် နတ်များသည် တန်းခိုးစည်းစိမ်ချမ်းသာ ကြီးမား များပြား၏ဟု ကြားသိရသဖြင့် ထို စတုမဟာရာဇ် နတ်ပြည်၌ဖြစ်ရန် ဆုတောင်းပန်ထွာပြုကာ အလှူပေး၍ သီလနှင့်လည်း ပြည့်စုံသည့်အတွက် ဆုတောင်းသည့်အတိုင်း သေလွန်သည့်နောက် စတုမဟာရာဇ်နတ်ပြည်၌ ဖြစ်ရသည်လည်း တပါး၊

၃။ တာဝတိံသာနတ်များသည် တန်းခိုး စည်းစိမ်ချမ်းသာ ကြီးမား များပြား၏ဟု ကြားသိရသဖြင့် ထိုတာဝတိံသာ နတ်ပြည်၌ဖြစ်ရန် ဆုတောင်းပန်ထွာပြုကာ အလှူပေး၍ သီလနှင့်လည်း ပြည့်စုံသည့်အတွက် ဆုတောင်းသည့်အတိုင်း သေလွန်သည့်နောက် တာဝတိံသာနတ်ပြည်၌ ဖြစ်ရသည်လည်း တပါး၊

၄။ ယာမာနတ်များသည် တန်းခိုး စည်းစိမ်ချမ်းသာ ကြီးမား များပြား၏ဟု ကြားသိရသဖြင့် ထိုယာမာနတ်ပြည်၌ဖြစ်ရန် ဆုတောင်းပန်ထွာပြုကာ အလှူပေး၍ သီလနှင့်လည်း ပြည့်စုံသည့်အတွက် ဆုတောင်းသည့်အတိုင်း သေလွန်သည့်နောက် ယာမာနတ်ပြည်၌ ဖြစ်ရသည်လည်း တပါး၊

၅။ တုသိတာနတ်များသည် တန်းခိုး စည်းစိမ်ချမ်းသာ ကြီးမား များပြား၏ဟု ကြားသိရသဖြင့် ထိုတုသိတာနတ်ပြည်၌ဖြစ်ရန် ဆုတောင်းပန်ထွာပြုကာ အလှူပေး၍ သီလနှင့်လည်း ပြည့်စုံသည့်အတွက် ဆုတောင်းသည့်အတိုင်း သေလွန်သည့်နောက် တုသိတာနတ်ပြည်၌ ဖြစ်ရသည်လည်း တပါး၊

၆၊ နိမ္မာနရတိ နတ်များသည် တန်းခိုး စည်းစိမ်ချမ်းသာ ကြီးမား များပြား၏ဟု ကြားသိရသဖြင့် ထိုနိမ္မာနရတိ နတ်ပြည်၌ဖြစ်ရန် ဆုတောင်းပန်ထွာပြုကာ အလှူပေး၍ သီလနှင့်လည်း ပြည့်စုံသည့်အတွက် ဆုတောင်းသည့်အတိုင်း သေလွန်သည့်နောက် နိမ္မာနရတိ နတ်ပြည်၌ ဖြစ်ရသည်လည်းတပါး၊

၇။ ပရနိမ္မိတဝသဝတ္တီ နတ်များသည် တန်းခိုး စည်းစိမ်ချမ်းသာ ကြီးမား များပြား၏ဟု ကြားသိရသဖြင့် ထိုပရနိမ္မိတဝသဝတ္တီ နတ်ပြည်၌ဖြစ်ရန် ဆုတောင်းပန်ထွာပြုကာ အလှူပေး၍ သီလနှင့်လည်း ပြည့်စုံသည့်အတွက် ဆုတောင်းသည့်အတိုင်း သေလွန်သည့်နောက် ပရနိမ္မိတဝသဝတ္တီ နတ်ပြည်၌ ဖြစ်ရသည်လည်း တပါး၊

၈။ ဗြဟ္မာများသည် အသက်လည်း ရှည်၏၊ အဆင်းလည်း လှ၏၊ ချမ်းသာလည်း များ၏ဟု ကြားသိရသဖြင့် ထိုဗြဟ္မာပြည်၌ဖြစ်ရန်

(ဌူ)

ဆုတောင်းပန်ထွာပြုကာ အလှူပေး၍ သီလနှင့်လည်း ပြည့်စုံသည့်အတွက် ဆုတောင်းသည့်အတိုင်း သေလွန်သည့်နောက် ဗြဟ္မာဘုံ၌ ဖြစ်ရသည်လည်း တပါး၊

(ဤ (၈)အမှတ်ဒါန၌ ဒါနသက်သက်ဖြင့်ပင် ဗြဟ္မာအဖြစ်ကို ရနိုင်သကဲ့သို့ ဟောထားသော်လည်း စင်စစ်မှာ ဒါနသက်သက်ဖြင့်ကား ဗြဟ္မာအဖြစ်ကို မရနိုင်၊ ပြဆိုခဲ့ပြီးသော ရှစ်ပါးတွဲဒါန နှစ်စုမှာ ပါဝင်သည့် ရှစ်ခုမြောက်ဖြစ်သော ဒါနမျိုးဖြင့် နူးညံ့သော စိတ်ရှိသည်ဖြစ်၍ ဗြဟ္မဝိဟာရတရားတို့ကို ပွါးများပြီးလျှင် ဗြဟ္မာပြည်၌ ဖြစ်နိုင်သည်ကို စွဲ၍ ဟောကြားထားခြင်းဖြစ်သည်။)

ထိုမှတပါးလည်း..

     ထိုဒါနဝဂ် ခုနစ်ခုမြောက်သောသုတ်၌ သပ္ပုရိသဒါန ရှစ်ပါးကို ဟောကြားတော်မူသည်၊ ရှစ်ပါးဟူသည်..

၁။ သန့်ရှင်းစင်ကြယ် တင့်တယ်လှပအောင်ပြု၍ လှူဒါန်းခြင်း၊

၂။ မွန်မြတ်သောအရာကို လှူဒါန်းခြင်း၊

၃။ သင့်လျော် လျောက်ပတ်သော အခါ၌ လှူဒါန်းခြင်း၊

၄။ အလှူခံတို့နှင့် အပ်စပ်သော ပစ္စည်းကိုသာ လှူဒါန်းခြင်း၊

၅။ အလှူခံပုဂ္ဂိုလ်နှင့် လှူဘွယ်ဝတ္ထုကို ရွေးချယ်စိစစ်ပြီး လှူဒါန်းခြင်း၊ (ဝိစေယျဒါန)။

(ဤ ဝိစေယျဒါန၌ အလှူခံကို ရွေးချယ်ခြင်း၊ လှူဘွယ်ဝတ္ထုကို ရွေးချယ်ခြင်းဟူ၍ ရွေးချယ်ခြင်း နှစ်မျိုးရှိသည်။ ထိုတွင် လုံးဝ သီလမရှိသော ဗာဟိရက အလှူခံပုဂ္ဂိုလ်တို့ကို ပယ်ရှား၍ သီလစသော ကျေးဇူးဂုဏ်နှင့် ပြည့်စုံသော သာသနာတွင်းသား အလှူခံများအား လှူဒါန်းခြင်းသည် အလှူခံကို ရွေးချယ် လှူဒါန်းခြင်း မည်၏။ မိမိ၌ ကောင်းကောင်းဆိုးဆိုး လှူဘွယ်ဝတ္ထု နှစ်မျိုးရှိနေရာဝယ် ယုတ်ညံ့သော လှူဘွယ်ကို ပယ်ရှား၍ ကောင်းနိုးရာရာ လှူဘွယ်ဝတ္ထုကို လှူဒါန်းခြင်းသည် ဝတ္ထုကို ရွေးချယ်လှူဒါန်းခြင်း မည်၏။)

၆။ မိမိ စွမ်းနိုင်သမျှ မပြတ်မလပ် လှူဒါန်းခြင်း၊

၇။ လှူဒါန်းစဉ်အခါ စိတ်ကို ကြည်လင်စေ၍ လှူဒါန်းခြင်း၊

၈။ လှူဒါန်းပြီးနောက် ဝမ်းမြောက်စွာ စိတ်ထားနိုင်ခြင်း-

ဤရှစ်ပါးတို့ပင်တည်း။

(ဌေ)

     ဤအရာ၌ အသပ္ပုရိသဒါနဟူ၍ သီးခြားဆက်ကာ မဟောအပ်သော်လည်း ဟောအပ်သည့် သပ္ပုရိသဒါန ရှစ်ပါးကို ပြောင်းပြန် ပြန်လှန်လိုက်လျှင် အသပ္ပုရိသဒါန ရှစ်ပါး ရနိုင်၏၊ ရရှိနိုင်သည့် ရှစ်ပါးကား..

၁။ မစင်မကြယ် မဖွယ်မရာ လှူဒါန်းခြင်း၊

၂။ အညံ့စားများကိုသာ လှူဒါန်းခြင်း၊

၃။ သင့်လျော်သည့်အခါ မဟုတ်ပဲ လှူဒါန်းခြင်း၊

၄။ အလှူခံတို့နှင့် မအပ်စပ်သော ပစ္စည်းကို လှူဒါန်းခြင်း၊

၅။ အလှူခံပုဂ္ဂိုလ်နှင့် လှူဘွယ်ကို မရွေးချယ်ပဲ လှူဒါန်းခြင်း၊

၆။ စွမ်းနိုင်ပါလျက် စွမ်းနိုင်သမျှ မလှူပဲ ပြတ်တောင်း ပြတ်တောင်း လှူဒါန်းခြင်း၊

၇။ လှူစဉ်အခါ စိတ်မကြည်လင်ပဲ လှူဒါန်းခြင်း၊

၈။ လှူပြီးသည့်နောက် စိတ်မနှစ်လို တွန့်တိုနေခြင်း၊

ဤရှစ်ပါးတို့တည်း။

ရှစ်ပါးတွဲ ဒါနစု ပြီး၏။

**********

ကိုးပါးတွဲ ဒါနစု

     ဝိနည်း ပရိဝါရပါဠိတော်မှာ (နဝ အဓမ္မိကာနိ ဒါနာနိဟူ၍) အဓမ္မိကဒါန ကိုးပါးရှိကြောင်း ဟောကြားတော်မူသည်ကို အဋ္ဌကထာ၌၊ ၊နဝ အဓမ္မိကာနိ ဒါနာနီတိ သံဃဿ ပရိဏတံ အညသံဃဿ ဝါ စေတိယဿ ဝါ ပုဂ္ဂလဿ ဝါ ပရိဏာမေတိ.. အစရှိသည်ဖြင့်-

၁။ သံဃာတော်အား ညွတ်ကိုင်းထားပြီးသော လာဘ်ကို ညွတ်ကိုင်းရင်း သံဃာမှတပါး အခြားသော သံဃာတော်အား ညွတ်ကိုင်းစေခြင်း၊

၂။ (သို့မဟုတ်) စေတီတော်အား ညွှတ်ကိုင်းစေခြင်း၊

၃။ (သို့မဟုတ်) ပုဂ္ဂိုလ်တပါးပါးအား ညွတ်ကိုင်းစေခြင်း၊

၄။ စေတီတော်အား ညွှတ်ကိုင်းထားပြီးသော လာဘ်ကို ညွတ်ကိုင်းရင်း စေတီတော်မှတပါး အခြားစေတီ တဆူဆူအား ညွတ်ကိုင်းစေခြင်း၊

(ဌဲ)

၅။ (သို့မဟုတ်) သံဃာတော်အား ညွတ်ကိုင်းစေခြင်း၊

၆။ (သို့မဟုတ်) ပုဂ္ဂိုလ်တပါးပါးအား ညွတ်ကိုင်းစေခြင်း၊

၇။ ပုဂ္ဂိုလ်အား ညွတ်ကိုင်းထားပြီးသော လာဘ်ကို ထိုညွတ်ကိုင်းရင်း ပုဂ္ဂိုလ်မှတပါး အခြားပုဂ္ဂိုလ် တဦးဦးအား ညွက်ကိုင်းစေခြင်း၊

၈။ (သို့မဟုတ်) သံဃာတော်အား ညွတ်ကိုင်းစေခြင်း၊

၉။ (သို့မဟုတ်) စေတီတော်အား ညွတ်ကိုင်းစေခြင်း-

ဟူ၍ ကိုးပါးသရုပ်ကို ဖွင့်ပြတော်မူသည်။

     ဤ၌ (ပရိဏတံဟူသော ပါဠိအရ) ညွတ်ကိုင်းပြီးသော လာဘ်ဟူသည် သံဃာအားဖြစ်စေ စေတီအားဖြစ်စေ ပုဂ္ဂိုလ်အားဖြစ်စေ လှူကုန်အံ့ ဆောက်လုပ်ကုန်အံ့ဟု နှုတ်မြွက် ဝန်ခံပြီးသော ပစ္စည်းလေးပါး အသုံးအဆောင် လာဘ်လာဘများကို ဆိုလိုသည်။

     ဤ အဓမ္မိကဒါနကိုးပါး ဟောကြားရခြင်း၏ အကြောင်းရင်းဝတ္ထုကို သတိပြုရာ၏၊ ထိုဝတ္ထုကား ဝိနည်းပါဠိတော် ပါရာဇိကကဏ္ဍပါဠိနှင့် ပါစိတ္တိယပါဠိတို့၌ လာရှိသည်။ လာရှိပုံမှာ..

     မြတ်စွာဘုရားသခင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူစဉ် သာဝတ္ထိပြည်အတွင်း အသင်းအဖွဲ့တခုက “သံဃာတော်အား ဆွမ်းကျွေးပြီးလျှင် သင်္ကန်းကိုပါ လှူကုန်အံ့”ဟု တိုင်ပင်ညီညွတ်စကား ပြောကြားပြီးလျှင် သံဃာတော်အတွက် (နှစ်စဉ် လှူမြဲဝတ်အတိုင်း) လှူဒါန်းရန် သင်္ကန်းရော ဆွမ်းပါ ပြင်ဆင်ထားလေသည်။

     ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုအသင်းရှိရာသို့ သွားရောက်၍ မိမိတို့အား ထိုသင်္ကန်းများကို လှူဒါန်းရန် အတင်းအကြပ် မငြင်းမဆန်နိုင်အောင် ပြောဆို အလှူခံသဖြင့် သင်္ကန်းများကို ဆဗ္ဗဂ္ဂီရဟန်းတို့အား လှူ၍ သံဃာတော်အားမူ ဆွမ်းကိုသာ လှူကြတော့သည်။

     ထိုအကြောင်းကို ရဟန်းတော်များသိရှိ၍ ကဲ့ရဲ့ရှုတ်ချစကား ပြောကြားပြီးလျှင် မြတ်စွာဘုရားအား လျှောက်ထားသောဝတ္ထု၌၊ ၊အကြင်ရဟန်းသည် သံဃာတော်အား လှူအံ့ဟု နှုတ်မြွက်ပြောဆိုပြီး ညွတ်ပြီးသော လာဘ်ကို သိလျက် မိမိအား ညွတ်စေငြားအံ့၊ နိဿဂ္ဂိယ = (ထိုလာဘ်ကို စွန့်ရသည့် ဝိနည်းကံ အလုပ်ပိုတခုပါ ပြုလုပ်ရသည့်) ပါစိတ်အာပတ်သင့်စေ.. ဟု သိက္ခာပုဒ် ပညတ်တော်မူလေသည်။

(ဌော)

     ဤသိက္ခာပုဒ်ကို အကျယ်ဝေဘန်၍ ဟောတော်မူရာ ပဒဘာဇနီ၌- သံဃာအား ညွတ်ပြီး (လှူအံ့ဟု နှုတ်မြွက်ပြီး)သော လာဘ်မှန်းသိလျက် မိမိအား ညွတ်စေ၍ ရလျှင် နိဿဂ္ဂိယ ပါစိတ်အာပတ်သင့်စေ၊ တပါးသော သံဃာအားသော်၎င်း စေတီအားသော်၎င်း ညွတ်စေလျှင် ဒုက္ကဋ်အာပတ်သင့်စေ၊ စေတီတော်အား ညွတ်ပြီးသော လာဘ်မှန်းသိလျက် တပါးသော စေတီအားဖြစ်စေ သံဃာအားဖြစ်စေ ပုဂ္ဂိုလ်အားဖြစ်စေ ညွတ်စေလျှင် ဒုက္ကဋ်အာပတ်သင့်စေ၊ ပုဂ္ဂိုလ်တပါးအား ညွတ်ပြီးသော လာဘ်မှန်းသိလျက် တခြားပုဂ္ဂိုလ်အားဖြစ်စေ သံဃာအားဖြစ်စေ စေတီအားဖြစ်စေ ညွတ်စေလျှင် ဒုက္ကဋ်အာပတ်သင့်စေဟု ခွဲခြမ်း၍ ဟောတော်မူသည်။

     ဤအကြောင်းရင်း ၀တ္ထုကိုပါ ထုတ်ပြရေးသားရခြင်းမှာ အလှူပွဲစား ကြားသမားတို့ ဝင်ရောက်စွက်ဖက် လှောက်လှက်ခြင်းကြောင့် အလှူ့ရှင်ပုဂ္ဂိုလ်၏ အလှူမှာ အဓမ္မိကဒါန မကောင်းသောအမည်ကို ရပုံအကြောင်း ထင်ရှားစေလို၍ ဖြစ်သည်။ မှန်၏... သံဃာအားဖြစ်စေ စေတီအားဖြစ်စေ ပုဂ္ဂိုလ်အားဖြစ်စေ ဤဝတ္ထုကို ပေးလှူအံ့ဟူ၍ အလှူရှင်က နှုတ်မြွက်ဆိုပြီးဖြစ်လျှင် ထိုဝတ္ထုသည် နှုတ်မြွက် ပြောကြားခံရသော သံဃာ စေတီ ပုဂ္ဂိုလ်တို့၏ ဥစ္စာ တဝက်တပြက် ဖြစ်လေပြီ။ ထိုသို့ သံဃာ စေတီ ပုဂ္ဂိုလ်တို့အား ညွတ်ပြီးမှန်းသိလျက် အလှူပွဲစား ကြားသမားတို့ (ဆဗ္ဗဂ္ဂီရဟန်းများလို) မတရား ဝင်ရောက်စွက်ဖက် လျှောက်လှက်ပြောဆို ညွတ်ရင်းဖြစ်သည့် သံဃာ စေတီ ပုဂ္ဂိုလ်မှတပါး အခြားသော သံဃာ စေတီ ပုဂ္ဂိုလ်အား လှူဒါန်းရန် ညွတ်စေသဖြင့် ထိုကြားသမားတို့၏ စကားအတိုင်း အလှူရှင်က လိုက်နာ၍ မိမိညွတ်ကိုင်းရင်း သံဃာ စေတီ ပုဂ္ဂိုလ်မှတပါး အခြားသော သံဃာ စေတီ ပုဂ္ဂိုလ်အား လှူဒါန်းသောအခါ ထိုဒါနသည် အလှူပွဲစား ကြားသမားတို့ မတရား ဝင်ရောက်စွက်ဖက် အလှောက်အလှက် ခံရသဖြင့် အဓမ္မိကဒါန ဖြစ်ရတော့သည်။

     ယင်းသို့ အလှူပွဲစား ကြားသမားတို့ မတရား ဝင်ရောက်စွက်ဖက် လှောက်လှက်ပြောဆိုသဖြင့် ညွတ်ကိုင်းရင်း သံဃာ စေတီ ပုဂ္ဂိုလ်မှတပါး အခြားသော သံဃာ စေတီ ပုဂ္ဂိုလ်အား လှူဒါန်းအပ်သော အဓမ္မိကဒါနကိုးပါးကို ခံယူခြင်းကိုးမျိုးကိုလည်း အဓမ္မိကပဋိဂ္ဂဟ ကိုးပါးဟူ၍ ဟောတော်မူ၏။ ထိုကိုးပါးကို သုံးစွဲခြင်းကိုးမျိုးကိုလည်း အဓမ္မိကပရိဘောဂ ကိုးမျိုးဟူ၍ ဟောတော်မူ၏။

     အလှူပွဲစား ကြားသမားတို့ မတရားသက်သက် စွက်ဖက်ပြောဆို ညွတ်ကိုင်းစေခြင်း၊ ထိုသို့ ညွတ်ကိုင်းစေသဖြင့် ညွတ်ကိုင်းတိုင်း သံဃာ စေတီ ပုဂ္ဂိုလ်မှတပါး အခြားသော သံဃာ စေတီ ပုဂ္ဂိုလ်အား လှူဒါန်းခြင်းကို အဓမ္မိကဒါနဟု ခေါ်ဆိုရသော်လည်း တရားသဖြင့် ညွတ်ကိုင်းရင်းမှတပါး

(ဌော်)

အခြားသို့ ညွတ်စေခြင်းကို၎င်း၊ အလှူရှင်ကိုယ်တိုင်က အသိမှန်ရ၍ မူလညွတ်ကိုင်းရင်းမှ အခြားတပါးသို့ ပြောင်းရွှေ့လှူဒါန်းခြင်းကို၎င်း အဓမ္မိကဟု မဆိုသာပေ။ ထို့ကြောင့်ပင်..

     မြတ်စွာဘုရားသည် ကိုယ်တော်မြတ်အား လှူအံ့ဟု နှုတ်မြွက်ညွတ်ကိုင်း၍ ရက်လုပ်လာသော မိထွေးတော် မဟာပဇာပတိဂေါတမီ၏ သင်္ကန်းအသစ်စုံကို သံဃာအား လှူဒါန်းရန် မိန့်ဆိုတော်မူသည်။ အပြစ်ရှိ၍ အဓမ္မိကဖြစ်မည်မှန်က မြတ်စွာဘုရား မိန့်ကြားတော်မူမည် မဟုတ်ပေ။ ပသေနဒီ ကောသလမင်းကြီးသည်လည်း ရှေ့ပိုင်း၌ တိတ္ထိတို့ထံမှ အသပြာတသိန်း တံစိုးစား၍ ဇေတဝန်ကျောင်းတိုက်၏ အနီးအပါး၌ တိတ္ထိဆရာကြီးများ၏ ကျောင်းအရာမ်ဆောက်လုပ်ရန် ခွင့်ပေး၍ တိတ္ထိတပည့်များ ကျောင်းဆောက်ရန် သစ်ဝါးများကို ချသောအခါ မြတ်စွာဘုရား၏ စေခိုင်းချက်အရ ပဌမ ရှင်အာနန္ဒာနှင့် သံဃာတော်များ၊ ဒုတိယ ရှင်သာရိပုတြာနှင့် ရှင်မောဂ္ဂလာန်တို့ နန်းတော်သို့ (တားမြစ်ရန်) ကြွသွားသော်လည်း တံစိုးစားထားသဖြင့် ကောသလ မင်းကြီး အတွေ့မခံဝံ့ပဲရှိခဲ့ရာ၊ နောက်နေ့၌ ဘုရားကိုယ်တိုင်ကြွ၍ ဒုကနိပါတ် တော်လာ ဘရုဇာတ်ကို ဟောကြားသဖြင့် မင်းကြီး အမြင်မှန်ရပြီးလျှင် မူလပေးရင်း မြေနှင့်တကွ သစ်ဝါးများကိုပါ မင်းဘဏ္ဍာအဖြစ် သိမ်းယူ၍ ထိုနေရာ၌ အရာမ်ကျောင်းတိုက်တခု တည်ဆောက်ကာ မြတ်စွာဘုရားအား လှူဒါန်းလေသည်။ ထိုကျောင်းတိုက်သည် ပသေနဒီကောသလမင်း၏ ကောင်းမှုဖြစ်သောကြောင့် ရာဇကာရာမ= (မင်းကျောင်း)တိုက်ဟု တွင်ခဲ့လေသည်။ ထို ပသေနဒီ ကောသလမင်းကြီး၏ ရာဇကာရာမ ကျောင်းတိုက်ကို မြတ်စွာဘုရားအား လှူဒါန်းရာ၌ အဓမ္မိကဒါနဖြစ်လျှင် မြတ်စွာဘုရားသည် ခံတော်မူမည် မဟုတ်ပေ။

     ထိုမှတပါးလည်း သံဃဂုဏ်တော် ကိုးပါးတွင် ပါဝင်သည့် ပါဟုနေယျဂုဏ်တော်ကိုလည်း အထောက်အထား ပြုရာ၏၊ မိမိထံသို့ ရောက်လာမည့် ဧည့်သည် အာဂန္တုတို့အတွက် ပြုလုပ်စီမံထားသော ပစ္စည်းကို ပါဟုနဟူ၍ ခေါ်သည်။ အရိယာ သံဃာတော်များနှင့် တွေ့ကြုံသောအခါ မိမိညွတ်ကိုင်း ရည်ရွယ်ထားရင်းဖြစ်သော အာဂန္တုများကို ဖယ်ထားပြီးလျှင် အရိယာ သံဃာတော်အားသာ ထိုပစ္စည်းစုကို လှူဒါန်းခြင်းငှါ ထိုက်၏။ အရိယာ သံဃာတော်များကလည်း အလှူခံထိုက်၏။ အလှူခံပြီး သုံးဆောင်ခြင်းငှါလည်း ထိုက်၏။ ဤသို့ အလှူခံထိုက်ခြင်းကို ပါဟုနေယျဂုဏ်တော်ဟု ခေါ်သည်။

     အကယ်၍ အလှူ့ရှင်သဘောအတိုင်း (ကြားပွဲစားတို့ မတရားဝင်ရှုပ်ခြင်း မရှိပဲ) မိမိပစ္စည်းကို မူလညွတ်ကိုင်းရင်းမှ ပြောင်းရွှေ့ လှူဒါန်းခြင်းသည်

(ဌံ)

မတရားဖြစ်ခဲ့ပါလျှင် ဧည့်သည်အာဂန္တုတို့အတွက် ရည်ရွယ် ညွတ်ကိုင်းထားသော ပစ္စည်းကို အရိယာ သံဃာတော်အား လှူဒါန်းထိုက်ကြောင်း လှူဒါန်းသည်ကို ခံထိုက်ကြောင်း မြတ်စွာဘုရား ဟောကြားတော်မူမည် မဟုတ်ချေ။

ဓမ္မိကဒါန သုံးပါး

၁။ သံဃာတော်အား ညွတ်ကိုင်းပြီးသည်ကို ထိုညွတ်ကိုင်းတိုင်း သံဃာတော်အားသာလျှင် လှူဒါန်းခြင်း၊

၂။ စေတီတော်အား ညွတ်ကိုင်းပြီးသော လာဘ်ကို ထိုညွတ်ကိုင်းရင်း စေတီတော်အားသာလျှင် လှူဒါန်းခြင်း၊

၃။ ပုဂ္ဂိုလ်တဦးဦးအား ညွတ်ကိုင်းပြီး (လှူအံ့ဟု နှုတ်မြွက်ပြီး)သော လာဘ်ကို ထိုညွတ်ကိုင်းရင်း ပုဂ္ဂိုလ်အားသာလျှင် လှူဒါန်းခြင်း-

ဤသုံးပါးကို ဓမ္မိကဒါနသုံးပါးဟူ၍ ဟောတော်မူသည်။

     ဤအဓမ္မိကဒါန ကိုးပါး၊ ဓမ္မိကဒါန သုံးပါးတို့ကို အဋ္ဌကထာဆရာတော် (ဝိနည်းပရိဝါရ အဋ္ဌကထာ၌) ဖွင့်ပြရာဝယ် အဓမ္မိကဒါနကို၊ ၊သံဃဿ ပရိဏတံ အညသံဃဿ ဝါ စေတိယဿ ဝါ ပုဂ္ဂလဿ ဝါ ပရိဏာမေတိ... သံဃာအား ညွတ်ပြီးသော လာဘ်ကို အခြားသံဃာအားဖြစ်စေ စေတီအားဖြစ်စေ ပုဂ္ဂိုလ်အားဖြစ်စေ ညွတ်ကိုင်းစေခြင်း… စသည်ကိုသာ ဖွင့်ပြသည်။ ညွတ်ကိုင်းစေခြင်း ဟူသည်လည်း အလှူရှင်၏ အလုပ်ကိစ္စကြိယာ မဟုတ်၊ အလှူပွဲစား ကြားသမားတို့၏ မတရား ဝင်ရောက်စွက်ဖက် လှောက်လှက်၍ ရွှေ့ပြောင်းလှူရန် စီမံပြောဆိုခြင်း အလုပ်ကိစ္စကြိယာ ဖြစ်သည်။ ထို့ကြောင့် အဓမ္မိကဒါန ဖြစ်ရခြင်းမှာ အလှူပွဲစား (ဆဗ္ဗဂ္ဂီရဟန်းများကဲ့သို့) ကြားသမားတို့ မတရားစွက်ဖက် လှောက်လှက်၍ ရွှေ့ပြောင်းလှူရန် စီမံပြောဆိုခြင်းကြောင့်သာ ဖြစ်ရသည်ဟု ယုံကြည်စွာ မှတ်ယူအပ်ပေ၏။

ကိုးပါးတွဲ ဒါနစု ပြီး၏။

**********

     ဆယ်ပါးတွဲ ဒါနစုမှာလည်း လေးပါးစု ခြောက်ပါးစု ခုနစ်ပါးစုတို့ကဲ့သို့ ဒါန၏ သဘောရင်းအားဖြင့် ဆယ်ပါးရှိသည်ဟု ပါဠိတော်၌ တိုက်ရိုက်အဟော မရှိ၊ သုတ္တန်နည်းအားဖြင့် အလှူများ၍ ထင်ရှားသော ဒါနဝတ္ထု ဆယ်မျိုးရှိသည်ကို အစွဲပြုကာ သုတ္တန်နည်းအလို ဒါနဆယ်ပါးကို အဋ္ဌကထာဆရာတော် ဖွင့်ပြခြင်းဖြစ်သည်။ ထို့အတူ ဒက္ခိဏာဝိဘင်္ဂသုတ် ပါဠိတော်လာ ပုဂ္ဂလိကဒါန တဆယ့်လေး (၁၄)ပါးကို စွဲ၍ ဒါန (၁၄)ပါး ခွဲခြားပြဆိုလိုက ပြဆိုသင့်ပေ၏။

ဒါနအပြား ပြီး၏။

**********

(ဌား)

၅။ “ထိုဒါန၏ အာနုဘော် ကြီးမြင့်ကြောင်းကား အဘယ်နည်း”

၆။ “ထိုဒါန၏ အာနုဘော် ဆုတ်ယုတ်ကြောင်းကား အဘယ်နည်း”

ဟူသော မေးမြန်းစိစစ်ချက်တို့အရ-

     ဒါန၏ အာနုဘော် ကြီးမြင့်ကြောင်းနှင့် အာနုဘော် ဆုတ်ယုတ်ကြောင်းတို့ကို ရှေးဦးစွာ အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်၊ လေးခုမြောက် ဒေဝတာဝဂ်၊ ခုနစ်ခုမြောက် ဒါနသုတ်ကိုထောက်၍ သိရာ၏။ ထိုသုတ်မှာ..

     မြတ်စွာဘုရားသခင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူစဉ် ဝေဠုကဏ္ဍကီမြို့သူ နန္ဒမာလာ ဥပါသိကာ ဒါယိကာမက အဂ္ဂသာဝကနှစ်ပါး အမှူးရှိသော ရဟန်းသံဃာအား အင်္ဂါခြောက်ပါးရှိသော အလှူကြီး ပေးလှူနေသည်ကို ဒိဗ္ဗစက္ခုအဘိညာဏ်ဖြင့် ဇေတဝန်ကျောင်းတော်မှ မြင်တော်မူ၍-

     ချစ်သားရဟန်းတို့.. ဝေဠုကဏ္ဍကီမြို့သူ နန္ဒမာတာ ဥပါသိကာမသည် သာရိပုကြာ မောဂ္ဂလာန်တို့ အမှူးရှိသော ရဟန်းသံဃာအား-

၁။ မလှူမီ ရှေးအဖို့က ကြိုတင် ဝမ်းမြောက်ခြင်း၊

၂။ လှူဆဲအခါမှာ စိတ်စေတနာ ကောင်းစွာ ကြည်လင်ခြင်း၊

၃။ လှူဒါန်းပြီးနောက် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိခြင်း...

တည်းဟူသော ဒါယကာဘက်က အင်္ဂါသုံးပါး၊

၁။ ရာဂကင်းပြီးသူ ဖြစ်ခြင်း၊ သို့မဟုတ် ရာဂကင်းရန် ကျင့်ကြံ အားထုတ်နေသူ ဖြစ်ခြင်း၊

၂။ ဒေါသကင်းပြီးသူ ဖြစ်ခြင်း၊ သို့မဟုတ် ဒေါသကင်းရန် ကျင့်ကြံ အားထုတ်နေသူ ဖြစ်ခြင်း၊

၃။ မောဟကင်းပြီးသူ ဖြစ်ခြင်း၊ သို့မဟုတ် မောဟကင်းရန် ကျင့်ကြံ အားထုတ်နေသူ ဖြစ်ခြင်း-

တည်းဟူသော အလှူခံဘက်က အင်္ဂါသုံးပါး၊ ဤအင်္ဂါ ခြောက်ပါးနှင့် ပြည့်စုံသော အလှူကို လှူနေသည်။

     ချစ်သားရဟန်းတို့.. မဟာသမုဒြာရေကို နှိုင်းယှဉ်ချင့်တွက်၍ မရနိုင်သကဲ့သို့၊ ဤအတူ ဤအင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော အလှူ၏ အကျိုးကိုလည်း နှိုင်းယှဉ် ရေတွက်၍ မရနိုင်။ စင်စစ်ကား မဟာသမုဒြာ၌ရှိသော ရေအစုကို

(ဍ)

မရေမတွက်နိုင်သော ရေအစုဟုသာ (လက်လျှော့ကာ) ခေါ်ဆိုရသကဲ့သို့၊ ထို့အတူ အင်္ဂါခြောက်ပါး နှင့်ပြည့်စုံသော အလှူကိုလည်း အတိုင်းမသိအောင် အကျိုးပေးခြင်းရှိသော အလှူဟူ၍သာ ခေါ်ဆိုရသည်ဟု ဟောတော်မူသည်။ ဤပါဠိတော်အရ..

     အလှူပေးပုဂ္ဂိုလ်ဘက်မှ စေတနာသုံးတန် ထက်သန်ခြင်း၊ အလှူခံပုဂ္ဂိုလ်ဘက်မှ လောဘ ဒေါသ မောဟ ကင်းပြီးသူဖြစ်ခြင်း (သို့မဟုတ်) ကင်းငြိမ်းရန် ကျင့်ကြံနေဆဲဖြစ်ခြင်း ဤအင်္ဂါခြောက်ပါးကား ဒါန၏ အာနုဘော် ကြီးမြင့်ကြောင်းများ ဖြစ်သည်။ ဤအင်္ဂါများ ပြည့်စုံလျှင် ဒါနအာနုဘော် ကြီးမြင့်သည်။ ဤအင်္ဂါများ ယုတ်လျော့လျှင် ဒါနအာနုဘော် ဆုတ်ယုတ်သည်ဟု မှတ်ယူအပ်၏။

     ထိုမှတပါးလည်း ဒသကနိပါတ် ကိုးခုမြောက် မဟာဓမ္မပါလဇာတ်၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ အလောင်းဖြစ်သော မဟာမ္မပါလ ပုဏ္ဏားကြီးကို ဒိသာပါမောက္ခ ဆရာကြီးက “သင်တို့၏ မဟာဓမ္မပါလအမျိုး၌ အဘယ့်ကြောင့် အသက်တမ်းမပြည့်ပဲ ငယ်ငယ်ရွယ်ရွယ်က သူငယ်များ မသေကြသနည်းဟု မေးမြန်းသည်ကို ဖြေကြားရာ၌-

ပုဗ္ဗေဝ ဒါနာ သုမနာ ဘဝါမ၊

ဒဒမ္ပိ ဝေ အတ္တမနာ ဘဝါမ။

ဒတွာပိ ဝေ နာနုတပ္ပါမ ပစ္ဆာ၊

တသ္မာ ဟိ အမှံ ဒဟရာ န မီယရေ။

ငါတို့သည် မလှူမီ ရှေးအဖို့က ကောင်းစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါကုန်၏၊ လှူဆဲမှာလည်း စင်စစ် နှစ်သက် ဝမ်းမြောက်သော စိတ်ရှိကြပါကုန်၏၊ လှူပြီးသည့် နောက်မှာလည်း စင်စစ် တွန့်တိုပူပန်ခြင်း မရှိကြပါကုန်။ ဤအကြောင်းသုံးရပ်ကြောင့် ငါတို့၏ မဟာဓမ္မပါလအမျိုး၌ (အသက်တမ်းမပြည့်ပဲ) ကလေးသူငယ်များ မသေကြကုန်”..

ဟု ဖြေကြားသည်ကို ထောက်ထား၍ ဤ “စေတနာသုံးတန် ညီညွတ်ခြင်း”သည် လက်ငင်းဒိဋ္ဌ အသက်ရှည်ခြင်းဟူသော အကျိုးပေးနိုင်သည့် အာနုဘော်ရှိကြောင်းကိုလည်း သိမှတ်ရာ၏။

(ဍာ)

ထိုမှတပါးလည်း..

(၁) လှူဘွယ်ဝတ္ထုပစ္စည်းက တရားသဖြင့် ရှာမှီးရအပ်သည့် ဓမ္မိယလဒ္ဓပစ္စည်းဖြစ်ခြင်း (ပစ္စယာနံ ဓမ္မိကတာ)၊

(၂) သဒ္ဓါတရား ထက်ထက်သန်သန် စေတနာသုံးတန် ညီညွတ်၍ လှူဒါန်းခြင်း (စေတနာမဟတ္တ)၊

(၃) အလှူခံပုဂ္ဂိုလ်က ရဟန္တာ (သို့မဟုတ်) အနာဂံပုဂ္ဂိုလ်ဖြစ်ခြင်း (ဝတ္ထုသမ္ပတ္တိ)၊

(၄) ထိုအလှူခံပုဂ္ဂိုလ်က နိရောဓသမာပတ်မှ ထပြီးစဖြစ်ခြင်း (ဂုဏာတိရေကာ)-

ဤအင်္ဂါလေးပါးစုံ ညီညွတ်သော အလှူဒါနသည် ပုဏ္ဏသူဌေး, ကာက၀လိယသူဌေး, သုမနပန်းသည်တို့၏ အလှူဒါနကဲ့သို့ ထိုဘဝမှာပင် အကျိုးပေးနိုင်ကြောင်း အဋ္ဌသာလိနီအဋ္ဌကထာ ဓမ္မပဒအဋ္ဌကထာတို့၌ ဖွင့်ပြသောကြောင့် ဤအင်္ဂါလေးပါးသည်လည်း ဒါန၏ အာနုဘော်ကြီးမြင့်ကြောင်း ဖြစ်၏ဟု ယုံမှားမရှိ မှတ်ယူရာ၏။ (ထိုအင်္ဂါလေးပါးကို အဋ္ဌသာလိနီ အဋ္ဌကထာ၌ ဒက္ခိဏာဝိသုဒ္ဓိလေးပါးဟု ဖွင့်ပြ၍၊ ဓမ္မပဒအဋ္ဌကထာ၌ ဒါန၏ သမ္ပဒါလေးပါးဟု ဖွင့်ပြသည်။

ထိုမှတပါးလည်း..

     ဥပရိပဏ္ဏာသပါဠိတော် ဒက္ခိဏာဝိဘင်္ဂသုတ်၌ ဒက္ခိဏာဝိသုဒ္ဓိ = (အလှူ၏ စင်ကြယ်ခြင်း) လေးပါးကို ဟောကြားတော်မူသည်။ လေးပါးအရ ဟောတော်မူလိုရင်းမှာ..

(၁) အလှူခံကြောင့် မစင်ကြယ်သော်လည်း အလှူဒါယကာကြောင့် စင်ကြယ်သော ဒါနတမျိုး၊

(အလှူခံက ဒုဿီလပုဂ္ဂိုလ် ဖြစ်သော်တည်း အလှူဒါယကာက သီလရှိ၍ တရားသဖြင့်ရအပ်သော ဓမ္မိယလဒ္ဓပစ္စည်းကို စေတနာသုံးတန် ပြဋ္ဌာန်းပြီး ကံ-ကံ၏အကျိုးကို ယုံကြည်ခြင်းသဒ္ဓါတရား လက်ရှိထား၍ လှူပါမူ ထိုအလှူသည် ဒါယကာကြောင့် စင်ကြယ်၏။ အကျိုးကြီးနိုင်၏ဟု ဆိုလိုသည်။)

(ဍိ)

(၂) ဒါယကာကြောင့် မစင်ကြယ်သော်လည်း အလှူခံကြောင့် စင်ကြယ်သော ဒါနတမျိုး၊

(ဒုဿီလဒါယကာက မတရားသဖြင့် ရအပ်သောပစ္စည်းကို စေတနာသုံးတန် မထက်သန် ကံ-ကံ၏အကျိုးကို မယုံကြည်ပဲ လှူစေကာမူ၊ အလှူခံပုဂ္ဂိုလ်က သီလနှင့် ပြည့်စုံပါလျှင် ထိုအလှူသည် အလှူခံကြောင့် စင်ကြယ်၏၊ အကျိုးကြီးနိုင်၏ဟု ဆိုလိုသည်။)

(၃) ဒါယကာကြောင့်လည်း မစင်ကြယ် အလှူခံကြောင့်လည်း မစင်ကြယ်သော ဒါနတမျိုး၊

(ဒုဿီလဖြစ်သူ ဒါယကာက ဒုဿီလဖြစ်သော အလှူခံအား မတရားသဖြင့်ရအပ်သော ပစ္စည်းကို စေတနာသုံးတန် မထက်မသန် ကံ-ကံ၏အကျိုးကို မယုံကြည်ပဲ လှူဒါန်းလျှင် ထိုအလှူသည် လယ်မြေညံ့၌ မျိုးစေ့အညံ့ကို စိုက်ပျိုးမိသကဲ့သို့ အကျိုးမကြီးမြင့်သောဒါန ဖြစ်ရတော့သည်ဟု ဆိုလိုသည်။)

(၄) ဒါယကာကြောင့်လည်း စင်ကြယ် အလှူခံကြောင့်လည်း စင်ကြယ်သော ဒါနတမျိုး၊

(သီလရှိသော အလှူခံအား သီလရှိသော ဒါယကာက ဓမ္မိယလဒ္ဓပစ္စည်းကို စေတနာသုံးတန် ထက်ထက်သန်သန်နှင့် ကံ-ကံ၏အကျိုးကို ယုံကြည်၍ လှူဒါန်းလျှင် ထိုအလှူသည် လယ်မြေကောင်း၌ မျိုးစေ့ကောင်းကို စိုက်ပျိုးမိသကဲ့သို့ အကျိုးကြီးမြင့်သော ဒါနဖြစ်သည်ဟု ဆိုလိုသည်။)

     ဤလေးချက်တွင် တတိယအချက်မှာ စင်ကြယ်ခြင်းမပါ မစင်ကြယ်ခြင်း (အကျိုး မဖွံ့ဖြိုးခြင်း) သက်သက်သာ ဖြစ်သော်လည်း ရှေ့နောက် စင်ကြယ်ခြင်းတို့အကြားမှာ ယှဉ်ဖက်တွဲဖက် အနေအားဖြင့် ကျရောက်သောကြောင့် စင်ကြယ်ခြင်း အရေအတွက်၌ပင် ထည့်သွင်းပြီးလျှင် ဝိသုဒ္ဓိလေးပါး (စင်ကြယ်ခြင်းလေးပါး)ဟု ဟောကြားတော်မူသည်။

     ဤ ဒက္ခိဏာဝိသုဒ္ဓိလေးပါး ဟောကြားတော်မူပုံကို ထောက်ဆ၍ ဒါနအရာ၌-

၁။ အလှူဒါယကာ သီလရှိ၍ ကောင်းသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူဖြစ်ခြင်း၊

၂။ အလှူခံပုဂ္ဂိုလ်ကလည်း ထို့အတူ ဖြစ်ခြင်း၊

၃။ လှူဘွယ်ဝတ္ထုကလည်း ဓမ္မိယလဒ္ဓပစ္စည်း ဖြစ်ခြင်း၊

(ဍီ)

၄။ စေတနာသုံးတန် ထက်သန်ခြင်း

၅။ ကံ-ကံ၏အကျိုးကို ယုံကြည်မှု သဒ္ဓါတရားရှိခြင်း-

ဤအင်္ဂါငါးပါးသည် ဒါန၏ အာနုဘော် ကြီးမြင့်ကြောင်းများ ဖြစ်သည်။

     ဤအင်္ဂါငါးပါးနှင့် ပြည့်စုံက ဒါန၏ အာနုဘော်ကြီးမြင့်၍၊ အင်္ဂါယုတ်လျော့လျှင် ဒါန၏အာနုဘော် ဆုတ်ယုတ်သည်ဟု မှတ်ယူရာ၏။

သဒ္ဓါတရားနှင့်စပ်၍ မှတ်ဖွယ်

     ဤဆိုအပ်ပြီးသော ဒါန၏ အာနုဘော်ကြီးမြင့်ကြောင်း အင်္ဂါငါးပါးတို့တွင် (၅) အမှတ်ပြ ကံ-ကံ၏အကျိုးကို ယုံကြည်မှု သဒ္ဓါတရားကို နားလည်ဖို့ အရေးကြီးသည်။ သဒ္ဓါဟူသော စကားကို ယုံကြည်ခြင်းဟု မြန်မာဘာသာ ပြန်ဆိုရ၏၊ သဒ္ဒါရင်းအတိုင်း အနက်မြန်မာ ပြန်ဆိုလျှင် “ကောင်းစွာ ဆောင်တတ် ထားတတ်သော တရား”ဟူ၍ အနက်မြန်မာ ပြန်ဆိုရပေမည်၊ အလွန်ကြည်လင်၍ အနည် (အနယ်)ထိုင်နေသော ရေသည် လရိပ် နေရိပ် အစရှိသည်ကို မိမိ၌ ဆောင်ထားနိုင်သကဲ့သို့၊ ဤသဒ္ဓါတရားမှာလည်း ကိလေသာ မြူအညစ်အကြေး ကင်းစင်သဖြင့် မြတ်စွာဘုရား၏ ဂုဏ်တော်အစရှိသော အာရုံများကို မိမိ၌ ကောင်းစွာ ဆောင်ထားသကဲ့သို့ ဖြစ်သည်။

     လောက ဥပမာအားဖြင့် လူတို့မှာ လက်မရှိလျှင် ရတနာတို့ကို မြင်သော်လည်း မကောက်ယူနိုင်သကဲ့သို့၎င်း၊ ဥစ္စာမရှိလျှင် အသုံးအဆောင်အမျိုးမျိုး မပြည့်စုံနိုင်သကဲ့သို့၎င်း၊ မျိုးစေ့မရှိလျှင် ကောက်ပဲစသည် မပြည့်စုံနိုင်သကဲ့သို့၎င်း၊ ထို့အတူ သဒ္ဓါတရားမရှိလျှင် ဒါန သီလ ဘာဝနာ အစရှိသော ကောင်းမှုရတနာတို့ကို မကောက်ယူနိုင်၊ လူ နတ် နိဗ္ဗာန် စည်းစိမ်တို့ကို မရနိုင် မပြည့်စုံနိုင်သောကြောင့် ဤသဒ္ဓါတရားကို လက်နှင့်တူ၏ ဟူ၍၎င်း၊ ဥစ္စာနှင့်တူ၏ ဟူ၍၎င်း၊ မျိုးစေ့နှင့်တူ၏ ဟူ၍၎င်း မြတ်စွာဘုရား ဟောကြားတော်မူအပ်သည်။

     ဤသဒ္ဓါတရားသည် စကြာမင်းကြီး၏ ပတ္တမြားရတနာနှင့် တူကြောင်း မိလိန္ဒပဉှာပါဠိတော် အဋ္ဌသာလိနီအဋ္ဌကထာစသော ကျမ်းဂန်တို့၌ လာရှိသည်။ စကြာမင်းကြီး၏ ပတ္တမြားရတနာသည် မည်မျှလောက် နောက်ကျုနေသောရေ ဖြစ်စေကာမူ ရေထဲသို့ ထည့်လိုက်က ထိုရေနောက်ကို လက်ငင်း ခဏခြင်း ကြည်လင်သွားစေနိုင်သကဲ့သို့ စိတ်၌ရှိသော ကိလေသာ အညစ်အကြေး ဟူသမျှကို သဒ္ဓါတရားသည် လက်ငင်း ခဏခြင်း ပယ်ရှား၍ ကြည်လင်သွားစေနိုင်သည်။ သဒ္ဓါတရားဖြစ်နေလျှင် သောကစသော ညစ်ညူးမှု တစုံတရာ မဝင်နိုင်ဟု ဆိုလိုသည်။

(ဍု)

သို့ဖြစ်၍- ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မြတ်စွာဘုရားကို အာရုံပြုကာ မည်မျှလောက်ကြာအောင် ငါ၏စိတ်အစဉ်မှာ ကြည်လင်ခြင်း ဖြစ်ဘူးသနည်းဟု အဖန်ဖန် စဉ်းစားလျှင် ဘုရားကို အာရုံပြု၍ စိတ်ညစ်ညူးခြင်း တစုံတရာမရှိပဲ ကြည်လင်သောသဘောသာ ပေါ်ပေါက်နိုင်သည်ကို ရရှိရန် ခဲယဉ်းကြောင်း သိသာပေလိမ့်မည်။

အလွတ်သာမညအခါကို မဆိုထားဘိ၊ ဘုရားရှိခိုးနေခိုက်မှာပင် အခြားအာရုံမဝင်ပဲ ဘုရားကိုသာ အာရုံပြု၍ ကြည်လင်သော သဘောသက်သက် ငါးမိနစ်ခန့်ကြာအောင် ဖြစ်နေလျှင် ငါ့မှာ သဒ္ဓါတရား ငါးမိနစ်ခန့် ဖြစ်သည်ဟု မှတ်ယူရာ၏၊ အချိန်ကြာမြင့်စွာ အစဉ်မပြတ် ဖြစ်အောင်လည်း လေ့လာရာ၏။

ဒါနအရာမှာ ကံကို ယုံကြည်ခြင်းဟု ဆိုရာ၌ “ငါ ယခုလှူဒါန်းသဖြင့် ဥစ္စာ မည်ရွေ့မည်မျှ ကုန်သွားမည်၊ သို့သော် အချည်းနှီး ကုန်သွားခြင်းမဟုတ်၊ ကုန်သွားသော ဥစ္စာထက် အဆပေါင်းများစွာ အဖိုးထိုက်တန်သော ဒါနကံ စေတနာတရား ငါ့မှာ ဖြစ်သည်၊ ဥစ္စာကို ရန်သူမျိုးငါးပါးတို့ ဖျက်ဆီးနိုင်သော်လည်း ဒါနကံ စေတနာကို ဘယ်ရန်သူမျှ မဖျက်ဆီးနိုင်၊ ဤဒါနကံ စေတနာသာ သံသရာတလျှောက် နိဗ္ဗာန်ရောက်အောင် ငါ့နောက်က လိုက်ပါလိမ့်မည်”ဟု စိတ်ကို ကြည်ကြည်လင်လင်ကြီး ထားနိုင်ခြင်းကို “ကံကို ယုံကြည်သည်”ဟု ခေါ်သည်။

“ဤကံကြောင့် သံသရာတလျှောက် ကောင်းကျိုးတရားတို့ကို ရနိုင်သည်၊ တစုံတရာမျှ ယုံမှားဖွယ်မရှိ”ဟု ကံ၏အကျိုးကို စဉ်းစားပြန်လျှင်လည်း အလွန်ကြည်လင်သောသဘော ပေါ်ပေါက်လာသည်ကို လက်တွေ့ဖြစ်လိမ့်မည်။ ဤသို့ ကံ၏အကျိုးကို စဉ်းစား၍ ကိုယ်တွေ့ဖြစ်သော အလွန်ကြည်လင်မှုသဘောကို “ကံ၏အကျိုးကို ယုံကြည်ခြင်း”ဟု ခေါ်သည်။

     ပြဆိုအပ်ပြီးသည့်အတိုင်း ကံကိုဖြစ်စေ ကံ၏အကျိုးကိုဖြစ်စေ အာရုံပြုကာ စိတ်၏ ကြည်လင်ခြင်းတရား ထင်ရှား ပေါ်ပေါက်၍ ငါးခုမြောက် ဒါန၏ အာနုဘော် ကြီးမြင့်ကြောင်း တရားနှင့်ပြည့်စုံရန် သတိပြုရာ၏။

ဒါနပါရမီခဏ်း ပြီး၏။

**********

(ဍူ)

(ခ) သီလပါရမီ

စမရီသားကောင်

     ဤ သီလပါရမီခဏ်း၌ ဥပမာပြအပ်သော စမရီမည်သော သတ္တဝါကို (အတောင်ရှိသော ငှက်မျိုးဟု အလွဲလွဲအမှားမှား မမှတ်သားရာ) အခြေလေးချောင်းရှိသော သားကောင်မျိုးဟူ၍သာ မှတ်ယူရာ၏။ စမရသဒ္ဒါ စမရီသဒ္ဒါ နှစ်ပါးလုံးပင် ထိုသားကောင်ကို ဟောနိုင်သည်။

     မဂဓအဘိဓာန်ကျမ်း၌ကား စမရသဒ္ဒါသာ ပါရှိသည်။ ထို စမရသဒ္ဒါကိုလည်း ရှေးဆရာများက (အောင်း)ဟူ၍ မြန်မာပြန်ဆိုတော်မူကြ၏။ ကျော်အောင်စံထားဆရာတော် ပြည်ဆရာတော်တို့သည်လည်း အောင်းဟူ၍၎င်း၊ စမရီမည်သော သားကောင်ဟူ၍၎င်း နှစ်ချက်ပင် ပြန်ဆိုတော်မူကြသည်။ ဤကဲ့သို့ မြီးဆံဆန်းကြယ်သော ဤသားကောင်ကို အောင်းဟူ၍ ခေါ်ကြသည့်အတွက် ကဝိလက္ခဏ သတ်ပုံကျမ်းတွင်လည်း- “ဂဠုန်ဆက်နှံ၊ ပျံသည့်လှံ၊ အောင်းဆံ ဖားဖားဆွဲ”ဟူ၍ စပ်ဆိုထားသည်။ လှံပျံမှာ တင့်တယ်ခြင်း ရှိစေရန် အောင်းမြီးဆံကို “ဖားဖားရားရားရှိအောင် လှံအရင်းက ဆွဲထားသည်ဟူ၍ ဖွဲ့ဆိုခြင်းဖြစ်သည်။

     ဤ စမရသဒ္ဒါ စမရီသဒ္ဒါတို့ ဟောအပ်သည့် အခြေလေးချောင်းရှိ (ရှေးဆရာတို့ အောင်းဟု မြန်မာပြန်ဆိုခဲ့သော) သားကောင်ကို အတိအကျ သိရှိစေရန်အတွက်-

     သက္ကတ မဂဓ ကျမ်းဂန်အဝဝတို့၌ ကမ်းဆုံးရောက် တတ်မြောက်တော်မူကြသော အဘယာရာမဆရာတော် မော်လမြိုင်မြို့ တောင်ပေါက်ဆရာတော်တို့သည် မိမိတို့၏ အဘိဓာန်နိသျ အမရကောသနိသျတို့၌ ဖော်ပြလတ္တံ့သောအတိုင်း ရေးသားတော်မူခဲ့ကြလေသည်။

စမရော၊ စမရီမည်သောသား။ ။စမရီကား အမွေးရှည်သော တိဗက်နွားမျိုးတည်း၊ ထိုသားကောင်၏ မြီးဆံသည် ရှည်သည်ဖြစ်၍ ဣန္ဒိယနိုင်ငံ တိဗက်နိုင်ငံတို့၌ ယင်နှင်ယပ် လုပ်ကြ၏။ ထိုကိုပင် “စာမရီသား မြီးယပ်”ဟု ခေါ်သည်။ တိဗက်နိုင်ငံ၌ ဝန်တင်ရန် နို့စားရန် အသားကိုစားရန် ဤသားကောင်ကို အသုံးပြုကြကုန်၏။ ဤအနက်ကို သက္ကတ ဆေးကျမ်းတို့ကို၎င်း ပါဠိအမည်တပ်လျက်ပါသော သတွာရုပ်ပုံများကို ပြ၍ ၎င်းတို့၏ အကြောင်းကိုဆိုသော စာအုပ်တို့ကို၎င်း ကြည့်ရှု

(ဍေ)

မှီငြမ်းပြု၍ ပေးအပ်သတည်း။ (အဘယာရာမဆရာတော်၏ အဘိဓာန်နိသျသစ် ဂါထာအမှတ် ၆၁၈-မှ။)

စမရ၊ တိဗက်နွား၊ ၊(၎င်း အမရကောသနိယျ၊ ၁၅-ဝဂ်၊ ၁၀ အမှတ် ဂါထာနိသျမှ။)

စမရ၊ စမရီမည်သော သားကောင်း။ ။(ဝါလဓိပ္ပိယ၊ ဂိရိပ္ပိယ နှစ်ပုဒ်လည်း ၎င်း၏ အမည်ပင်။ ဤ စမရီမည်သော သားကောင်ကား နွားနှင့် သဏ္ဌာန်တူ၍ ရှည်သော အမွေးရှိ၏၊ တိဗက်နိုင်ငံ၌ ၎င်းကို ဝန်တင်ခြင်း စသည်ဖြင့် အသုံးပြုကြ၏။ စမရီ သားမြီးယပ်ဟူသည် ၎င်း၏ မြီးဆံဖြင့် ပြုလုပ်သော ယပ်မျိုးတည်း။ သင်္ခတ (သက္ကတ)ကျမ်းများ၌ကား ကျွဲနှင့် သဏ္ဌာန်တူ၏ဟု အဆိုရှိသည်။ သီဟိုဠ်ဘာသာ အမရကောသနိသျ၌လည်း ကျွဲနှင့်သဏ္ဌာန်တူသော ဥတ္တရာပထတိုင်း၌ဖြစ်သော စမရီမည်သော သားကောင်အထူးဟု ဆို၏။

စမရီဟု၊ ခေါ်မှတ်ပြု၊ သိမှု တိဗက်နွား။

ဤကနွားထက်၊ ကိုယ်လုံးထွက်၊ မှတ်ချက် မွေးမြီးဖွား။

ကျွဲနှင့်ပုံဟန်၊ သူ့သဏ္ဌာန်၊ တူတန် နေမခြား။

ဤမှာနွားကို၊ သုံးသလို၊ ထိုမှာ သုံးပြုငြား။

စာမရီယပ်၊ ခေါ်ပညပ်၊ ပြုအပ် သူ့မြီးဖွား။

ကျောက်တောင်ထူထပ်၊ တောအရပ်၊ ချဉ်းကပ်ပျော်မွေ့ငြား။

ဂိရိပ္ပိယ၊ ထို့ကြောင့်ပ၊ နာမ ခေါ်ထင်ရှား။

ဝါလဓိပ္ပိယ၊ မည်အရ၊ ချစ်လှ သူ့မြီးဖွား။

(တောင်ပေါက်ဆရာတော်၏ အဘိဓာန်နိသျသစ်မှ)

     ဤသီလပါရမီအရာ စမရီသားနှင့်စပ်၍ ပါရမီတော်ခဏ်းပျို့ ပိုဒ်ရေ (၇၁)၌-

သင်္ချေလေးထပ်၊ တသိန်းကပ်ကို၊ ကူးခပ်ပေါက်မြောက်၊ မရောက်မချင်း၊ သီတင်းခြိုးခြံ၊ ကျင့်အားသန်လျက်၊ အကြံဆွတ်ဆွတ်၊ မလောက်မှတ်၍၊ တပဿီကြီး၊ မြောက်စွာပြီးသည်၊ ပွါးစီးလိမ္မာ၊ သုမေဓာ... ပမာသွေးသီ၊ စာမရီဟု၊ နှောက်ချီပွပွ၊ မြီးဆံလှလျက်၊ တောမထိပ်ခေါင်၊ သရေဆောင်သည်၊ ရွှေရောင်ပြိုးပြိုး၊ သားအမျိုးကား၊ ကျင့်ရိုးအစဉ်၊ ချင်းတို့ဉာဉ်ဖြင့်၊ ရှောင်ကြဉ်လျက်ပင်၊ မြီးဆံပင်၏၊ အကြင်သရော်၊ မသွားတော်၍၊ ထော်လော်ကန့်လန့်၊ ချုံနွယ်ညွန့်၌၊

(ဍဲ)

အတွန့်ရှောက်ရှောက်၊ ငြိလေမြောက်အံ့၊ မျှလောက်မွေးသက်၊ တမျှင်ရွက်ကို၊ စုံမက်ချစ်စိုး၊ နှစ်မြောနိုး၍၊ သားမျိုးတိရစ္ဆာန်၊ အားကုန်သွန်လျက်၊ လည်လန်မူးမော်၊ ရုန်းချေသော်လည်း၊ ထိုရော်မြီးဖျား၊ ပြတ်ခန့်ညား၍၊ မသွားတဆွေ့၊ ထိုရွေ့ဝပ်တန့်၊ အသက်စွန့်လျက်၊ တွန့်သည်တပင်၊ မွေးတမျှင်ကြောင့်၊ ကိုယ်စင်ဆုံးရှောင်း၊ မသေကောင်းဟု၊ ကျိုးကြောင်းယိုးယံ၊ အကြံမဲ့ပဲ၊ ဖြစ်ခဲစွာလောက်၊ မင်းမြှောက်တန်းဆာ၊ ရတနာအမြီး၊ ငါသေပြီးလည်း၊ ပျက်စီးမဲ့ထွေ၊ လှပစေဟု၊ ကောင်သေပင်ကို၊ ဝပ်၍ဆိုသား၊ ထိုတိရစ္ဆာန်၊တောသားမွန်၏၊ ကျင့်ဟန်ထူးပြား၊ ဤဖြစ်လားကို၊ ၊ဘဘွားနှလုံး ရှိစေလဿေး။-

ဟူ၍ ကြည်ညိုစဖွယ် စပ်ဆိုထားလေသည်။

စမရီသားကောင်သည် အသွားမတော်သည့်အတွက် ချုံနွယ်တခုခု၌ မိမိ၏ မြီးဆံတမျှင်မျှ ငြိလျှင်ပင် ထိုမြီးဆံကို စုံမက်နှမြောလှသောကြောင့် အားသွန်၍ရုန်းလျှင် ထိုမြီးဆံမျှင်ပြတ်မည်ကို စိုးခန့်သဖြင့် (မြီးတမျှင်ကြောင့် ငါ့အသက် မသေစကောင်းဟု အကြံမပြုပဲ) ငါပင်သေသော်လည်း ဖြစ်ခဲလှစွာ မင်းမြှောက်တန်းဆာ ရတနာ အဝင်အပါဖြစ်သော ငါ၏အမြီးကို မပျက်မစီး ရရစ်ကြစေဟု ထိုနေရာမှာပင် (မြီးဆံကို အပျက်မခံပဲ) အသက်ကိုစွန့်၍ ဝပ်သကဲ့သို့၊ အသင် သုမေဓာသည်လည်း ထိုစမရီသားကောင်ကို အတုယူ၍ အသက်စွန့်ပြီးလျှင် သီလတည်းဟူသော မြီးဆံကို စောင့်ရှောက်လေဟု မိမိကိုယ်ကို ဆုံးမတော်မူသည်ဟု ဆိုလိုသည်။

သီလနှင့်စပ်၍ မှတ်ဖွယ်အကျယ်

     ဤသီလပါရမီအရာ၌ ရှေးဒါနခဏ်း၌ကဲ့သို့ မှတ်သားဖွယ် အကျယ်ကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌ လာရှိသောအတိုင်း..

(၁) အဘယ်တရားကို သီလခေါ်သနည်း၊

(၂) အဘယ်အနက်ကြောင့် သီလမည်သနည်း၊

(၃) သီလ၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကား အဘယ်နည်း၊

(၄) ထိုသီလ၏ အကျိုးကား အဘယ်နည်း၊

(၅) သီလသည် မည်မျှ အပြားရှိသနည်း၊

(ဍော)

(၆) သီလ၏ ညစ်ညူးကြောင်းတရားကား အဘယ်နည်း၊

(၇) သီလ၏ ဖြူစင်ကြောင်းတရားကား အဘယ်နည်း-

ဟူသော ပုစ္ဆာ (၇)ချက်ကို အရင်းခံထား ဖြေကြားသောအားဖြင့် ဖော်ပြပေအံ့။ ထိုပုစ္ဆာ (၇)ချက်တို့တွင်-

သီလအရကောက်

     (၁) အဘယ်တရားကို သီလခေါ်သနည်း..ဟူသော အမေး၌ “သူ့အသက်ကိုသတ်ခြင်း စသည်တို့မှ ရှော်ကြဉ်သောသူ ဝတ်ကြီးဝတ်ငယ်တို့ကို ဖြည့်ကျင့်သောသူတို့၏ သန္တာန်၌ဖြစ်သော အဘိဓမ္မာ သဘောအားဖြင့် စေတနာတရား၊ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ တည်းဟူသော ဝိရတီစေတသိက်နှင့် အနဘိဇ္ဈာခေါ်သော အလောဘ၊ အဗျာပါဒခေါ်သော အဒေါသ၊ သမ္မာဒိဋ္ဌိခေါ်သော အမောဟ၊ နောက်၌ အကျယ် ဖော်ပြလတ္တံ့သော သံဝရငါးပါး၊ အဝီတိက္ကမတရားတို့ကို သီလဟူ၍ ခေါ်ဆိုအပ်သည်။

     သီလမည်သော တရားတို့ကား ငါးစုရှိသည်။ ၎င်းတို့မှာ- (က) ကာယဒုစရိုက် ဝစီဒုစရိုက်တို့မှ ရှောင်ကြဉ်သောသူ၏ သန္တာန်၌ဖြစ်သော စေတနာ၊ ဝတ်ကြီးဝတ်ငယ်ကို ဖြည့်ကျင့်သူ၏ သန္တာန်၌ဖြစ်သော စေတနာ၊ (ခ) ကာယဒုစရိုက် ဝစီဒုစရိုက်တို့မှ ရှောင်ကြဉ်သော ဝိရတီစေတသိက် သုံးပါး၊ (ဂ) အနဘိဇ္ဈာ အဗျာပါဒ သမ္မာဒိဋ္ဌိ တည်းဟူသော မနောသုစရိုက်တရား သုံးပါး၊ (ဃ) သံဝရတရား ငါးပါး၊ (င) အဝီတိက္ကမခေါ်သည့် စောင့်ထိန်းအပ်သော သိက္ခာပုဒ်ကို မလွန်ကျူးသောအခါ၌ဖြစ်သော ကုသိုလ်စိတ် စေတသိက်။ ဤတရားငါးစုတို့ ဖြစ်သည်။

(က) စေတနာသီလနှင့် (ခ) ဝိရတီသီလ

သက်သတ် ခိုးမှု၊ ကာမေသု၊ သုံးခု ကာယကံ။

မုသာ မိတ်ခွဲ၊ ဆဲရေး ပြိန်ဖျင်း၊ အပါယ်ချဉ်း၊ လေးသင်းဝစီကံ-

ဟူသောအတိုင်း သူ့အသက်ကိုသတ်ခြင်း (ပါဏာတိပါတ)၊ သူ့ဥစ္စာကို ခိုးယူခြင်း (အဒိန္နာဒါန) မိမိမပိုင်သော ဝတ္ထုကာမတို့၌ ဖောက်ပြန် မှားယွင်းစွာ ကျင့်ခြင်း (ကာမေသု မိစ္ဆာစာရ) ဤသုံးပါးကို ကာယဒုစရိုက်သုံးပါး ခေါ်သည်။ မဟုတ်မမှန် ပြောဆိုခြင်း (မုသာဝါဒ)၊ ဂုံးတိုက်စကား ပြောကြားခြင်း (ပိသုဏဝါစာ)၊ သူ့နားမချမ်း ကြမ်းတမ်းယုတ်မာ တိုင်းထွာဆဲရေးစကား ပြောကြားခြင်း (ဖရုသဝါစာ)၊ အကျိုးမရှိ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း၊ (သမ္ဖပ္ပလာပ) ဤလေးပါးကို ဝစီဒုစရိုက်လေးပါး ခေါ်သည်။

(ဍော်)

     ထို ကာယဒုစရိုက်သုံးပါး ဝစီဒုစရိုက် လေးပါးတို့ကို ပြုမှား ပြောမှားခြင်းသည် အသက်မွေးမှုအတွက်လည်း ပြုမှား ပြောမှားတတ်သည် (မုဆိုး တံငါ စသည်တို့၏ ပါဏာတိပါတ စသည်ကို ဆိုလိုသည်)။ အသက်မွေးမှုအတွက် မဟုတ်သော ပါဏာတိပါတ စသည်လည်း ရှိသည် (မင်းညီမင်းသား စသူတို့ အပျော်အပါး တောလိုက်သော ပါဏာတိပါတ စသည်ကို ဆိုလိုသည်)။

     ထို ကာယဒုစရိုက် ဝစီဒုစရိုက်တို့ကို ပြုမှား ပြောမှားရာ၌ အသက်မွေးမှု အကြောင်းအတွက်နှင့် အသက်မွေးမှု အကြောင်းမရှိပဲ ပြုမှား ပြောမှား နှစ်ထွေပြားသကဲ့သို့ပင် ထိုဒုစရိုက်တို့မှ ရှောင်ကြဉ်ခြင်းမှာလည်း အသက်မွေးမှု အကြောင်းရှိသော ထိုဒုစရိုက်တို့မှ ရှောင်ကြဉ်ခြင်း၊ အသက်မွေးမှုအကြောင်းမရှိပဲ ထိုဒုစရိုက်တို့မှ ရှောင်ကြဉ်ခြင်းဟူ၍ နှစ်မျိုးရှိပြန်လေသည်။

     အသက်မွေးမှုအကြောင်းမရှိသော ကာယဒုစရိုက်သုံးပါးမှ ရှောင်ကြဉ်ခြင်းကို သမ္မာကမ္မန္တဝိရတီ ခေါ်သည်၊ အသက်မွေးမှု အကြောင်းမရှိသော ၀စီဒုစရိုက်လေးပါးမှ ရှောင်ကြဉ်ခြင်းကို သမ္မာဝါစာဝိရတီ ခေါ်သည်။ အသက်မွေးမှုလျှင် အကြောင်းရင်းရှိသော ထိုကာယဒုစရိုက်သုံးပါး ဝစီဒုစရိုက်လေးပါး (ရဟန်းတော်များအဖို့ ထူး၍ ဟောကြားအပ်သော) မိစ္ဆာအာဇီဝ အမျိုးမျိုးတို့မှ ရှောင်ကြဉ်ခြင်းကို သမ္မာအာဇီဝဝိရတီ ခေါ်သည်။

     ဆိုအပ်ပြီးသော ဝိရတီစေတသိက် သုံးပါးတို့ကို ဝိရတီသီလခေါ်၍၊ ထိုဝိရတီစေတသိက်နှင့် တွဲဖော်ယှဉ်ဖက် တကွနက်ဖြစ်သော စေတနာစေတသိက်ကို စေတနာသီလခေါ်သည်။ ဆရာဥပဇ္ဈာယ် အစရှိသူတို့အပေါ်၌ ဝတ်ကြီးဝတ်ငယ်ကို ပြုသောအခါ မဟာကုသိုလ်စိတ်၌ပါသော စေတနာစေတသိက်ကိုလည်း စေတနာသီလခေါ်သည်။

(ဂ) အနဘိဇ္ဈာဒိ သီလ

     သူတပါးစည်းစိမ်ကို “ဤစည်းစိမ်သည် ငါ၏ဥစ္စာဖြစ်ပါမူ ကောင်းလေစွ”ဟု သူတပါးစည်းစိမ်သို့ ရှေးရှုကြံစည်တတ်သော လောဘကို အဘိဇ္ဈာ မနောဒုစရိုက်ခေါ်သည်။ ထိုအဘိဇ္ဈာ မနောဒုစရိုက်ကို ပယ်ရှားသောသူ၏ သန္တာန်၌ဖြစ်သော ပယ်ရှားကြောင်း စေတနာနှင့် အနဘိဇ္ဈာမည်သော အလောဘစေတသိက်သည် သီလမည်၏။ သူတပါးပျက်စီးရန် စိတ်ဖြင့်ပြစ်မှားခြင်း (ထိုသူ ပျက်စီးပါစေ သေပါစေ စသည်ဖြင့် ကြံစည်ခြင်း) ဒေါသစေတသိက်သည် ဗျာပါဒ မနောဒုစရိုက် မည်၏၊ ထိုဗျာပါဒ မနောဒုစရိုက်ကို ပယ်ရှားသောသူ၏ သန္တာန်၌ဖြစ်သော ပယ်ရှားကြောင်း စေတနာနှင့် အဗျာပါဒမည်သော အဒေါသစေတသိက်သည် “သီလမည်၏။ “အလှူဒါနမည်သည် မရှိ၊ အလှူဒါန၏

(ဍံ)

အကျိုးလည်း မရှိ” စသည်ဖြင့် အယူဖောက်ပြား မှားယွင်းခြင်း ဒိဋ္ဌိစေတသိက်သည် မိစ္ဆာဒိဋ္ဌိ မနောဒုစရိုက် မည်၏။ ထိုမနောဒုစရိုက်ကို ပယ်ရှားသောသူ၏ သန္တာန်၌ဖြစ်သော ပယ်ရှားကြောင်း စေတနာနှင့် သမ္မာဒိဋ္ဌိမည်သော အမောဟ စေတသိက်သည် သီလမည်၏။

     အဘိဇ္ဈာ, ဗျာပါဒ, မိစ္ဆာဒိဋ္ဌိ တည်းဟူသော မနောဒုစရိုက် သုံးပါးရှိလျှင် သူ့အသက်ကိုသတ်ခြင်း အစရှိသော သီလပျက်စီးမှု (ဒုဿီလျ)တရားများ ဖြစ်နိုင်သည်၊ ထိုမနောဒုစရိုက်တို့ကို ပယ်ရှားတတ်သော မနောသုစရိုက်သုံးပါးနှင့် စေတနာတို့ ဖြစ်ပွါးလျှင် ဒုဿီလျခေါ်သည့် သူ့အသက်ကိုသတ်ခြင်း အစရှိသော သီလပျက်စီးမှုများ မဖြစ်နိုင်၊ ထို့ကြောင့် အနဘိဇ္ဈာ, အဗျာပါဒ, သမ္မာဒိဋ္ဌိတည်းဟူသော မနောသုစရိုက် သုံးပါးကို သီလဟု ခေါ်ဆိုသည်။

     စိတ်ဖြစ်လျှင် စေတနာပါသည်ချည်း ဖြစ်၏၊ ထိုစေတနာကပင် စိတ်ကို အာရုံနှင့် စေ့ဆော်ပေး၏၊ စေ့စပ်ပေး၏။ ဂဟေဆက်စပ်သည်ကို ဂဟေဆော်သည်ဟု ခေါ်သကဲ့သို့ စိတ်နှင့်အာရုံ ဆက်စပ် စေ့စပ် ပေးသည်ကိုပင် စေ့ဆော်သည်ဟု ခေါ်သည်။ စေတနာက စေ့ဆော်မပေးလျှင် စိတ်သည် အာရုံနှင့် အာရုံအာရမ္မဏိကအဖြစ်ဖြင့် ဆက်စပ်မည်မဟုတ်၊ စိတ်သည် အာရုံ၌ တည်မည်မဟုတ်၊ စိတ်သည် အာရုံကို အာရုံပြုတော့မည် မဟုတ်၊ စေတနာက ဂဟေဆက်စပ် စေ့ဆော်ပေးသည့်အတွက် စိတ်သည် အာရုံနှင့် အာရုံအာရမ္မဏိကအဖြစ်ဖြင့် ဆက်စပ်နိုင်ရသည်။ စိတ်သည် အာရုံ၌ တည်ရခြင်းဖြစ်သည်။ စိတ်သည် အာရုံကို အာရုံပြုနိုင်သည်။ ထို့ကြောင့် စိတ်ဖြစ်တိုင်းဖြစ်တိုင်း စေတနာပါရသည်တွင် သီလနှင့်စပ်လျဉ်းသော စိတ်ဖြစ်ရာမှာပါသည့် စေတနာဟူသမျှကို သီလခေါ်သည်ဟု မှတ်ယူအပ်၏။

(ဃ) သံဝရသီလနှင့် (င) အဝီတိက္ကမသီလ

     ပြဆိုအပ်ခဲ့ပြီးသော စေတနာသီလနှင့် ဝိရတီသီလ အနဘိဇ္ဈာ အဗျာပါဒ သမ္မာဒိဋ္ဌိသီလတို့မှာ လူရော ရဟန်းပါ နှစ်ဦးလုံးနှင့် ဆက်ဆံသောသီလများ ဖြစ်ကြ၏၊ ထို့အပြင် ရဟန်းတို့နှင့်သာ အထူးဆက်ဆံသော သီလကား စောင့်ထိန်းခြင်း (သံဝရ) သီလနှင့် မလွန်ကျူးခြင်း (အဝီတိက္ကမ) သီလတို့ ဖြစ်ကြ၏။ ထိုနှစ်ပါးတို့တွင် စောင့်ထိန်းခြင်း (သံဝရ) သီလသည်..

(၁) ပါတိမောက္ခသံဝရ= (မိမိကို စောင့်ထိန်းသသူကို အပါယ်စသော ဘေးတို့မှ လွတ်မြောက်စေတတ်သော သိက္ခာပုဒ်သီလကို ခေါ်သည်။)

(ဍား)

(၂) သတိသံဝရ= (မျက်စိ နား နှာ လျှာ ကိုယ် စိတ် တည်းဟူသော ဣန္ဒြေခြောက်ပါးတို့ကို အကုသိုလ်ခိုးသားတို့ ဝင်ခွင့်မရစေရန် မလစ်မလပ် သတိဖြင့် စောင့်ကြပ်ခြင်းကို ခေါ်သည်။)

(၃) ဉာဏသံဝရ= (ရေအလျဉ်ကဲ့သို့ တသွင်သွင် ဖြစ်ပွါးတတ်သည့် တဏှာ ဒိဋ္ဌိ အဝိဇ္ဇာ ဒုစရိုက် ကိလေသာတရားတို့ မဖြစ်ပွါးရအောင် စောင့်ထိန်းတတ်သော ပညာကို ခေါ်သည်၊ ပစ္စယသန္နိဿိတ သီလလည်း ဤဉာဏသံဝရ၌ ပါဝင်လျက်ရှိသည်။)

(၄) ခန္တိသံဝရ= (အချမ်းအပူ စသည်တို့ကို သည်းခံသောအားဖြင့် အကုသိုလ်တရားတို့ မဖြစ်ပွါးအောင် စောင့်ထိန်းခြင်းကို ခေါ်သည်။)

၅။ ဝီရိယသံဝရ= (ကာမ ဗျာပါဒ ဝိဟိံသာ မိစ္ဆာဝိတက်တို့ စိတ်ထက်၌ တက်၍မနေနိုင်အောင် (မကြံစည်မိအောင်) အားထုတ် စောင့်စည်းခြင်းကို ခေါ်သည်။ အာဇီဝပါရိသုဒ္ဓိ သီလသည်လည်း ဤဝီရိယသံဝရ၌ ပါဝင်လျက်ရှိသည်။)

ပါတိ သတိ၊ ဉာဏ် ခန္တိ၊ ထိုပြိ ဝီရိယ။

အကုသိုလ်များ၊ ပယ်စောင့်ရှား၊ ငါးပါးသံဝရ။

     အဝီတိက္ကမ သီလဟူသည် ဆောက်တည်ထားသော သိက္ခာပုဒ်တို့ကို ကိုယ်နှုတ်တို့ဖြင့် မလွန်ကျူးခြင်းကို ခေါ်သည်။

     ဆိုအပ်ပြီးသော သံဝရငါးပါးနှင့် အဝီတိက္ကမတရားတို့၏ တရားကိုယ်စစ်စစ်မှာ..

     ပါတိမောက္ခသံဝရ၏အရ သီလခဏ်းအစ၌ ပြခဲ့သော စေတနာ ဝိရတီ အလောဘ အဒေါသ အမောဟ စေတသိက်တို့ ဖြစ်သည်။

     သတိသံဝရ၏အရ သတိစေတသိက်ပင်ဖြစ်၏၊ (သတိဖြစ်ရာမှာလည်း စေတနာ ပါရမည်ပင်ဖြစ်၏။)

     ဉာဏသံဝရ၏အရ ပညာစေတသိက်ပင်ဖြစ်၏။ (ပညာဖြစ်ရာမှာလည်း စေတနာ ပါရမည်ပင်ဖြစ်၏။)

     ခန္တိသံဝရ၏အရ အမျက်မထွက်ခြင်း လက္ခဏာရှိသော အဒေါသစေတသိက် ခေါင်းဆောင်သည့် ကုသိုလ်စိတ် စေတသိက်စု (တနည်း) အဒေါသစေတသိက်ပင် ဖြစ်၏။

     ဝီရိယသံဝရ၏အရ ဝီရိယစေတသိက်ပင် ဖြစ်၏။ (ဝီရိယဖြစ်ရာမှာလည်း စေတနာ ပါရမည်ပင်ဖြစ်၏။)

(ဎ)

     အဝီတိက္ကမ၏အရကား ဆောက်တည်ထားသော သိက္ခာပုဒ်တို့ကို မလွန်ကျူးသော အခြင်းအရာဖြင့်ဖြစ်သော ကုသိုလ်စိတ် စေတသိက်စုပင် ဖြစ်၏။

     ဒါနအရာမှာ စေတနာသည် အရင်းခံဖြစ်၏။ သီလအရာ၌ကား စေတနာပင် အရင်းခံဖြစ်သည့်ပြင် ဝိရတီစေတသိက်သုံးပါး၊ အလောဘ အဒေါသ အမောဟ စေတသိက်သုံးပါး သတိစေတသိက် ပညာစေတသိက် ဝီရိယစေတသိက်တို့လည်း အသီးအသီး ဆိုင်ရာဆိုင်ရာ ရှေ့ဆောင်ကာ ကုသိုလ်ဖြစ်သော စိတ် စေတသိက်အစုပင် ပါဝင်နိုင်၏။

ဤကား သီလခေါ်အပ်သော တရားတို့ကို ပြဆိုချက်တည်း။

**********

သီလခေါ်ခြင်း၏အကြောင်း

     (၂) အဘယ်အနက်ကြောင့် သီလမည်သနည်း..ဟူသော အမေး၌— သီလဟူသော စကားသည် ပါဠိအတိုင်း ခေါ်ဆိုထားသော မြန်မာဝေါဟာရဖြစ်၏။ ပါဠိအတိုင်း ခေါ်ဆိုထားသည့် ဒါနပြုသည်ဟူသော မြန်မာစကားကို ပေးကမ်းစွန့်ကြဲမှု ပြုသည်ဟု ပြောဆိုနိုင်သော်လည်း သီလဆောက်တည်သည်ဟူသော မြန်မာစကားကိုကား ရှင်းရှင်းလင်းလင်း မပြောဆိုနိုင်ကြသည်က များ၏။

သီလသဒ္ဒါသည် နဂိုရ်သဘောဟူသော အနက် ကောင်းသောအကျင့်ဟူသော အနက် နှစ်မျိုးတို့ကို ဟော၏၊ ထိုနှစ်မျိုးတို့တွင်-

     နဂိုရ်သဘောဟူသော အနက်ကို “အလေ့အထ”ဟူသော စကားပရိယာယ်ဖြင့် လှယ်၍ သုံးပြန်၏၊ သုံးနှုန်းပုံမှာ.. (ပါပကရဏသီလော) မကောင်းမှုကို ပြုလေ့ရှိသောသူ၊ (ဒုဗ္ဘာသနသီလော) မကောင်းသောစကားကို ပြောလေ့ရှိသောသူ၊ (အဘိဝါဒနသီလော) ရှိခိုးထိုက်သူကို ရှိခိုးလေ့ရှိသောသူ၊ (ဓမ္မကထနသီလော) တရားဟောလေ့ရှိသောသူ အစရှိသည်ဖြင့် ပုဂ္ဂိုလ်တဦးဦး၏ ကောင်း မကောင်းဟူသော နဂိုရ်သဘောကို (ပါဠိလို) သီလ၊ (မြန်မာလို) အလေ့ဟူ၍ သုံးနှုန်း၏။ ထိုအလေ့ဟူသော အသုံးအနှုန်းကို (ဝဿာနသမယေ ရုက္ခာ ရုဟနသီလာ) မိုယ်းအခါ၌ သစ်ပင်များ ပေါက်လေ့ရှိကြကုန်၏၊ (ဂိမှသမယေ ပတ္တာ ပတနသီလာ) နွေအခါမှာ သစ်ရွက်များ ကြွေကျလေ့ရှိကုန်၏- စသည်ဖြင့် ကောင်းသည် မကောင်းသည် ဟု အထူးမဆိုအပ်သော အရာ၌လည်း သုံးနှုန်းကြ၏။

     ကောင်းသောအကျင့်ဟူသော အနက်ကား မြင့်မြတ်သော အရာချည်းသာ ဖြစ်၏။ ထို မြင့်မြတ်သောအရာ ကောင်းသောအကျင့်ဟူသော အနက်ကို ယခု သီလခဏ်း၌ပါသည့် သီလသဒ္ဒါကဟောသည်။ မြင့်မြတ်သော အရာဟူသည်လည်း (၁) ကောင်းစွာ ထားရှိခြင်း၊ (၂) ကောင်းစွာ ဆောင်ရွက်ခြင်းဟူ၍ သီလသဒ္ဒါ၏အနက် နှစ်မျိုးရှိ၏။

(ဎာ)

     (၁) ကောင်းစွာထားရှိခြင်းဟူသည် ကာယကံနှင့် ဝစီကံမှုတို့ကို ဖရိုဖရဲ မရှိစေခြင်းပင် ဖြစ်၏။ သီလမစောင့်ထိန်းသောသူတို့၏ သန္တာန်၌ ကာယကံမှု အပြုသဘော ဝစီကံမူ အပြောအဆို သဘောတို့သည် အထိန်းမရှိသော ချည်ခင်ပမာ ဖြစ်လိုရာ ဖရိုဖရဲ ဖြစ်ပေါ်နေတတ်ကြ၏။ သီလစောင့်ထိန်း ထားလိုက်သောအခါ ထိုကာယကံမှု ဝစီကံမှုတို့သည် ဖရိုဖရဲ မဖြစ်တော့ချေ။ (စိတ်နေထက်မြက် ကြမ်းခက်သောသူပင် ဖြစ်စေ ကာမူ သီလကို ဆောက်တည် ကျင့်သုံးခိုက်၌ ထိုသူကို အခြားသူတယောက်က မခံနိုင်အောင် လာရောက်ပြောဆို ပြုမူလာလျှင် ထိုသူသည် သီလမဆောက်တည်သော အခါဖြစ်က အတုံ့အပြန် လက်စားချေသော အားဖြင့် ကာယကံသောင်းကျန်းမှု ဝစီကံသောင်းကျန်းမှုတို့ကို ပြုမူပြောဆို ဖရိုဖရဲဖြစ်မည် ဖြစ်သော်လည်း သီလဆောက်တည်ထားသည့်အတွက် မိမိစိတ်ကို ထိန်းအုပ်ချုပ်တည်းကာ ကာယကံမှု ဝစီကံမှု သောင်းကျန်းခြင်း မရှိရအောင် ကောင်းစွာ ထားနိုင်လေသည်။ ကာယကံမှု ဝစီကံမှု ဖရိုဖရဲ ဆွဲမရ တားမရ မဖြစ်လေအောင် ထိုသူစောင့်ထိန်းသော သီလက ထိန်းအုပ်ထားလေသည်။) ဤကား ကောင်းစွာထားရှိခြင်းဟူသော ပဌမအနက်၏ အကျယ်အဓိပ္ပါယ်တည်း။

     (၂) ကောင်းစွာ ဆောင်ရွက်ခြင်းဟူသော ဒုတိယအနက်၏ အဓိပ္ပါယ်ကား.. ကုသိုလ်တရား ဟူသမျှသည် သီလနှင့်ကင်း၍ ကောင်းစွာ မဖြစ်နိုင်၊ သီလရှိသောသူတို့၏ သန္တာန်မှာသာ ကုသိုလ်တရားတို့ ကောင်းစွာ ဖြစ်ပွါးနိုင်သည်။ သို့ဖြစ်၍ သီလသည် ကုသိုလ်ဟူသမျှတို့၏ မူလတည်ရာ အကြောင်းရင်း ဖြစ်ရကား စတုဘူမက ကုသိုလ်တရားတို့ ဖြစ်ပွါးအောင် ဆောင်ရွက်တတ်သော တရားဖြစ်လေသည်။

ယခု ပါရမီတော်ခဏ်းမှာ သုမေဓာရှင်ရသေ့သည် ဒါနပါရမီကို ရှေးဦးစွာ ဉာဏ်ဖြင့် ဆင်ခြင် တွေ့မြင်တော်မူသောကြောင့် "ဒါနပါရမီကို ဦးစွာ အားထုတ်ရမည့်အကြောင်း” မိမိကိုယ်ကို မိမိ ဆုံးမထားသော်လည်း သီလကို မစောင့်မထိန်းပဲ ရှေးဦးစွာ ဒါနကိုသာ အားထုတ်ရမည် (လှူရမည်)ဟု မဆိုလို၊ ဘုရားဖြစ်အောင် ပြုနိုင်သော အကြောင်းတရားတို့ကို ဆင်ခြင်စူးစမ်းတော်မူရာ သုမေဓာရှင်ရသေ့၏ ပါရမီပဝိစယ ဉာဏ်တော်၀၌ ပဌမဦးစွာ ဒါနပါရမီ ထင်မြင်လာသောကြောင့်သာ (ဣမံ တွံ ပဌမံ တာဝ၊ ဒဠှံ ကတွာ သမာဒိယ) “ဤဒါနပါရမီကို အစဦးစွာ အစွဲအမြဲပြုကာ ဆောက်တည်ပြီးလျှင် အထွတ်အထိပ်ရောက် ဖြည့်ကျင့်လေလော့”ဟု ဟောထားတော်မူခြင်း ဖြစ်သည်။ သီလကို လုံးဝအားမထုတ်ခင် ကြိုတင်၍ ဒါနကိုသာ ဦးစွာ အားထုတ်ရမည်ဟု မဆိုလို။

(ဎိ)

ပါရမီတော်တို့ကို ပဌမ ဒုတိယ စသည်ဖြင့် စီစဉ် ဟောကြားထားခြင်းမှာ ကျင့်စဉ်ကိုပြလို၍ ထားသည်မဟုတ်။ ပါရမီပဝိစယ ဉာဏ်တော်ဝ၌ ပဌမ ဒုတိယစသည် အစဉ် ထင်မြင်လာသည့်အတိုင်းသာ ပြဆိုခြင်းဖြစ်သည်။ တချိန်တည်း တခဏတည်း၌ တပြိုင်နက်တည်း ပါရမီဆယ်ပါးလုံး ဉာဏ်တော်၌ မထင်မြင်နိုင်။ ဤသို့ ဉာဏ်တော်၀၌ ပဌမဦးစွာ ထင်မြင်လာသည်ကိုစွဲ၍ ဒါနပါရမီကို အစထား၍ ဟောကြားတော်မူသည်၊ ပြုကျင့် အားထုတ်ရာ၌ကား သီလ၌တည်၍ ဒါနကို အားထုတ်မှသာလျှင် မိမိဖက်က ဒက္ခိဏာဝိသုဒ္ဓိ (အလှူ၏ စင်ကြယ်ခြင်း) ဖြစ်နိုင်ပေမည်။ သီလဆောက်တည် ကျင့်သုံးခြင်း ရှေ့သွားရှိသော ဒါနဖြစ်မှ သာလွန်၍ အကျိုးရနိုင်ပေမည်။

ထို့ကြောင့်ပင် ဒါယကာ ဒါယိကာမတို့က သင်္ကန်းစသော လှူဘွယ်ဝတ္ထုတို့ကို လှူဒါန်းရန် သံဃာတော်များကို ပင့်ဖိတ်သောအခါ သံဃာတော်များက (သီလပေးရန်ဟူ၍ မူလပင့်ဖိတ်စဉ်က လျှောက်ထားချက် မပါစေကာမှု) ရှေးဦးစွာ သီလပေးပြီးမှ လှူဘွယ်ဝတ္ထုတို့ကို လှူဒါန်းစေတော်မူကြသည်။

     ဤဆိုအပ်ပြီးသော စကားရပ်စုကို ထောက်၍ “အဘယ့်ကြောင့် သီလခေါ်သနည်း”ဟု မေးလျှင်၊ (၁) ကာယကံမှု ၀စီကံမှုတို့ကို ရုန့်ရင်းကြမ်းတမ်းစွာ ဖြစ်ခွင့်မပေးပဲ သိမ်မွေ့နူးညံ့အောင် ကောင်းစွာ ထားတတ်သောကြောင့်၎င်း၊ (၂) ကာမကုသိုလ် ရူပကုသိုလ် အရူပကုသိုလ် လောကုတ္တရာကုသိုလ် တည်းဟူသော ကုသိုလ်လေးမျိုးတို့ အဆင့်ဆင့် ဖြစ်ပွါးအောင် အခြေခံ အကြောင်းရင်းအဖြစ်ဖြင့် ကောင်းစွာ ရွက်ဆောင်တတ်သောကြောင့်၎င်း သီလခေါ်သည်ဟု ပြတ်ပြတ်သားသား ဖြေကြားရာ၏။

     ဤအရာ၌-

သီလသည်လည်း ကောင်းစွာ ထားတတ်သည်၊ သမာဓိသည်လည်း ကောင်းစွာ ထားတတ်သည်။ ထိုသို့ သီလနှင့် သမာဓိတို့၏ ကောင်းစွာထားပုံချင်း အဘယ်သို့ ထူးသနည်းဟူ၍၎င်း..၊ ပထဝီဓာတ်သည်လည်း ကောင်းစွာ ဆောင်တတ်သည်၊ သီလသည်လည်း ကောင်းစွာ ဆောင်တတ်သည်၊ ကောင်းစွာ ဆောင်ပုံချင်း အဘယ်သို့ ထူးသနည်းဟူ၍၎င်း မေးဖွယ်ရှိ၏။

အဖြေကား.. သီလသည် ကာယကံမှု ဝစီကံမှုတို့ကို ဖရိုဖရဲ မဖြစ်စေရ၊ ငြိမ်သက် အေးချမ်းအောင် ကောင်းစွာထားတတ်သည်။ သမာဓိသည်

(ဎီ)

မိမိနှင့် တွဲယှဉ်ဖက်ဖြစ်သော စိတ် စေတသိက်တို့ကို အာရုံအမျိုးမျိုးသို့ ပျံ့လွင့်၍မသွားပဲ အာရုံတခုထဲ၌ စူးစိုက်တည်နေအောင် ကောင်းစွာ ထားတတ်သည်။ ဤသို့ ကောင်းစွာထားပုံချင်း ထူးခြားသည်။

သီလသည် စတုဘူမက ကုသိုလ်တရားတို့ ဖြစ်ပွါးရန် အခြေခံ အကြောင်းရင်း ဖြစ်ပေသည်၊ ဤသို့ စတုဘူမက ကုသိုလ်တရားများ ဖြစ်ပွါးရန် အခြေခံအကြောင်းရင်း ဖြစ်သည်ကိုပင် စတုဘူမက ကုသိုလ်တရားတို့ ဖြစ်ပွါးအောင် ကောင်းစွာ ရွက်ဆောင်သည်ဟု ဆိုခြင်းဖြစ်သည်။ အထိန်းတော်သည် မင်းသားကို ကစဉ့်ကလျား ရောက်တတ်ရာရာ မလွင့်ပါးအောင် ပွေ့ချီထမ်းဆောင်သကဲ့သို့၊ ပထဝီဓာတ်သည် သဟဇာတ် (တကွဖြစ်ဖက်) ရုပ်တရားတို့ကို ကစဉ့်ကလျား မလွင့်ပါးအောင် ကောင်းစွာတည်အောင် ကျေးဇူးပြုတတ်သည်။ ယင်းသို့ ကျေးဇူးပြုသည်ကိုပင် ကောင်းစွာ ဆောင်သည်ဟု ဆိုသည်။ သို့ရကား.. ပထဝီဓာတ်သည် သဟဇာတ် ရုပ်တရားတို့ကို ကစဉ့်ကလျား လွင့်ပါး၍မသွားအောင် ကောင်းစွာ ရွက်ဆောင်သည်။ သီလသည် စတုဘူမက ကုသိုလ်တရားတို့ ဖြစ်ပွါးအောင် အခြေခံ အကြောင်းအဖြစ်ဖြင့် ရွက်ဆောင်သည်၊ ဤသို့ ကောင်းစွာဆောင်ပုံချင်း ထူးခြားသည်။ ။။(ဝိသုဒ္ဓိ၊ ဋီ၊ သီလနိဒ္ဒေသမှ)

     ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌- “ပြခဲ့ပြီးသော အနက်နှစ်မျိုးသာလျှင် သီလသဒ္ဒါအတွက် သဒ္ဒါဆရာများ ခွင့်ပြုကြသော အနက်များဖြစ်၏။ တပါးသော ဆရာတို့ကမူ.. သီလဟူသော စကားသည် (သိရ) သို့မဟုတ် (သီသ)မှ ဖြစ်လာသော စကားတည်း၊ သိရနှင့် သီသသဒ္ဒါတို့သည် ဦးခေါင်းဟူသော အနက်ကို ဟောကုန်၏၊ သတ္တဝါတို့မှာ ဦးခေါင်းပြတ်သွားလျှင် “တကိုယ်လုံးပင် ပျက်စီးသကဲ့သို့၊ ကုသိုလ်တရားတို့မှာလည်း သီလပျက်စီးလျှင် အလုံးစုံ ပျက်စီးတော့၏။ သို့ဖြစ်၍ သီလတရားသည် ကုသိုလ်ဟူသမျှတို့၏ ဦးခေါင်းသဖွယ် ဖြစ်သောကြောင့် (သိရ) သို့မဟုတ် (သီသ)ဟု ဆိုလိုလျက် အက္ခရာပြောင်းလဲ၍ သီလဟု ခေါ်ဝေါ်ထားသည်။

     တနည်း.. လောက၌ အပူ၏ အေးငြိမ်းခြင်းကို ပါဠိလို (သီတလ)ဟု ခေါ်သည်။ သတ္တဝါတို့သန္တန်၌ ကိလေသာ အပူဟူသမျှကို သီလသည် ငြိမ်းအေးစေတတ်သောကြောင့် (သီတလ)ဟု ဆိုလိုလျက် အလယ် (တ)အက္ခရာကို ချေဖျက်ကာ သီလဟု ခေါ်ဝေါ်ထားသည်၊ ဤသို့ စသောနည်းဖြင့် သီလသဒ္ဒါ၏ အနက်ကို ဖွင့်ပြကြကုန်၏”ဟု ပြဆိုထားသည်။

(ဎု)

ထိုတပါးသော ဆရာတို့၏ ပြဆိုချက်မှာ သီလဟူသော သဒ္ဒါရင်းမှ ထွက်ပေါ်ရရှိသော အနက်မဟုတ်၊ သီလနှင့် အသံချင်း ဆင်တူသော သိရ သီသ သီတလသဒ္ဒါတို့မှ ရရှိသော အဓိပ္ပါယ်စုကို ဆွဲငင်ကြံစည်ခြင်း သဒ္ဒါသဘောအရမျှသာ ဖြစ်သည်။ ရှေးက ပြခဲ့သော ကောင်းစွာထားရှိခြင်း ကောင်းစွာ ဆောင်ရွက်ခြင်းဟူသော အနက်နှစ်ပါးကသာ သီလသဒ္ဒါ၏ အနက်ရင်း ဖြစ်ပေသည်။

     ပြဆိုအပ်ပြီးသော သီလခေါ်ဝေါ်ရခြင်း၏အကြောင်း အနက်အဓိပ္ပါယ်စုမှာ၊ ၊သီလံ သဘာဝေ သုဗ္ဗတေ..ဟူသော မဂဓအဘိဓာန် ဂါထာနံပါတ် (၁၀၉၂)လာ နဂိုရ်သဘောဟူသော အနက်၊ ကောင်းသောအကျင့်ဟူသော အနက် နှစ်မျိုးတို့တွင် ဒုတိယအနက်ကို အစွဲပြု၍ ပြအပ်သော အဓိပ္ပါယ်စု ဖြစ်သည်။

     နဂိုရ်သဘောဟူသော ပဌမအနက်အားဖြင့်လည်း သီလဟု ခေါ်ဝေါ်ရခြင်းအကြောင်း အဓိပ္ပါယ်ကို မှတ်ယူနိုင်ပေ၏၊ အဘယ်သို့ မှတ်ယူနိုင်သနည်းဟူမူ.. နဂိုရ်သဘောဟူသော အနက်မှာ ပြခဲ့ပြီးသောအတိုင်း ကောင်း မကောင်း အဓိပ္ပါယ်အမျိုးမျိုး ပါဝင်နိုင်သော်လည်း ကောင်းမြတ်သော ကျင့်ဝတ်သီလကို ရှေးရှေးသူတော်ကောင်း အလောင်းအလျာတို့ ကျင့်ကြံဆည်းပူးမြဲ အလေ့အထ ရှိသည်။ လောက၌ တရားဟူသော စကားမှာ ကုသိုလ်လည်းတရား အကုသိုလ်လည်းတရား စသည်ဖြင့် ကောင်း မကောင်း အဓိပ္ပါယ်နှစ်မျိုးပင် ပါဝင်နေသော်လည်း “တရားတော်ကို ကိုးကွယ်ပါ၏”ဟု သရဏဂုံ ဆောက်တည်ရာမှာ ကိုးကွယ်ထိုက်သော မြတ်သော လောကုတ္တရာတရားကိုသာ ယူရသကဲ့သို့၎င်း၊ သံဃာဟူသည် အစုအပေါင်းဖြစ်၍ လူအစုအပေါင်း (မနုဿသံဃ) ငှက်အစုအပေါင်း (သကုဏသံဃ) စသည်ဖြင့် သံဃာအမျိုးမျိုး ရှိနေစေကာမူ “သံဃာတော်ကို ကိုးကွယ်ပါ၏”ဟု သရဏဂုံ ဆောက်တည်ရာမှာ အမြတ်ဆုံးသော အရိယာပုဂ္ဂိုလ် အပေါင်းကိုသာ ယူရသကဲ့သို့၎င်း၊ ထို့အတူ ဤအရာမှာလည်း အလေ့အထအမျိုးမျိုး ရှိနေစေကာမူ ဖြည့်ကျင့်အပ်သော ပါရမီနှင့်စပ်သည့် ကျင့်ဝတ်တရားအရာမှာ မြတ်သော ရှေးသူတော်ကောင်း အလောင်းအလျာတို့၏ ကျင့်ကြံမြဲ အလေ့အထကိုသာ ယူရမည်။ ဤကဲ့သို့ အဓိပ္ပါယ်ယူလိုက်လျှင် အဘိဓာန်ကျမ်းလာ နဂိုရ်သဘောဟူသော ပဌမအနက်ကိုလည်း ဤသီလအရာ၌ သုံးစွဲသင့်ပေ၏။ ဤအလိုသော်.. ရှေးသူတော်ကောင်း အလောင်းအလျာတို့ ကျင့်ကြံမြဲ အလေ့အထတရား ဖြစ်သောကြောင့် သီလခေါ်သည်ဟု သီလမည်ခြင်း၏ အကြောင်းကို ဖြေဆိုရာ၏။

ဤကား သီလဟု ခေါ်ရခြင်း၏ အကြောင်းတည်း။

**********

(ဎူ)

သီလ၏ လက္ခဏာစသည်

     (၃) သီလ၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကား အဘယ်နည်း..ဟူသော အမေး၌- “အဖြေကား သီလသည် ကာယကံ စသည်တို့ကို ဖရိုဖရဲမရှိရအောင် ကောင်းစွာထားပေးခြင်း လက္ခဏာရှိ၏။ (တနည်း) ကုသိုလ်ဟူသမျှတို့၏ မူလအခြေခံ အကြောင်းရင်းဖြစ်ခြင်း လက္ခဏာရှိ၏၊ ၊ကိုယ်မစောင့်စည်းခြင်း၊ နှုတ်မစောင့်စည်းခြင်း အစရှိသော သီလကင်းမဲ့သူ၏အဖြစ်ကို ဖျက်ဆီးခြင်း (အလုပ်ကိစ္စ) ရသရှိ၏၊ (တနည်း) အပြစ်ကင်းသော ဂုဏ်နှင့် ပြည့်စုံခြင်း (သမ္ပတ္တိ)ရသ ရှိ၏။ (ပညာရှိ သူတော်ကောင်းတို့ မကဲ့ရဲ့အပ်သော တရားသဘောအနေဖြင့် ဖြစ်ခြင်းကို အပြစ်ကင်းသော ဂုဏ်နှင့် ပြည့်စုံခြင်းဟု ဆိုသည်)၊ ၊ကာယကံမှု စသည်တို့၏ စင်ကြယ်ခြင်းဟူ၍ မှတ်ယူအပ်သော အခြင်းအရာ ပစ္စုပဋ္ဌာန်ရှိ၏။ (သီလဟူသည် အဘယ်ကဲ့သို့သော တရားမျိုး ဖြစ်သနည်းဟု ပညာရှိ သူတော်ကောင်းတို့ ဆင်ခြင်သောအခါ ထိုပညာရှိ သူတော်ကောင်းတို့၏ ဉာဏ်ဝ၌ သီလဟူသည် ကာယကံမှု၏ စင်ကြယ်ခြင်း ဝစီကံမှု၏ စင်ကြယ်ခြင်း မနောကံမှု၏ စင်ကြယ်ခြင်းပင် ဖြစ်သည်ဟု ထင်မြင်လာသည်ဟု ဆိုလိုသည်)၊ မကောင်းမှုမှ ရှက်ခြင်း (ဟိရီ)နှင့် မကောင်းမှုကို ကြောက်ခြင်း (ဩတ္တပ္ပ) တရားနှစ်ပါးလျှင် အနီးဆုံးသောအကြောင်း ပဒဋ္ဌာန်ရှိ၏။ (သူတော်ကောင်းတရားကို ကြားနာရခြင်း စသည်ကား သီလဖြစ်ဖို့ရန် ဝေးသောအကြောင်း ဖြစ်သည်၊ ဟိရီ ဩတ္တပ္ပ နှစ်ပါးရှိမှ သီလကို ဆောက်တည်နိုင် ထိန်းစောင့်နိုင်သောကြောင့် ထိုဟိရီ ဩတ္တပ္ပ နှစ်ပါးသည် သီလ၏ အနီးဆုံးသော အကြောင်းဖြစ်သည် ဟူလို။)

ဤကား သီလ၏ လက္ခဏာစသည်တို့ကို ပြဆိုချက်တည်း။

**********

သီလ၏ အကျိုးအာနိသင်

     (၄) ထိုသီလ၏ အကျိုးကား အဘယ်နည်း..ဟူသော အမေး၌ အဖြေကား- သီလသည် စောင့်ထိန်းသူ၏ စိတ်နှလုံးကို သာယာရွှင်လန်းစေနိုင်ခြင်း စသည်ဖြင့် များစွာသော ဂုဏ်ကျေးဇူးတို့ကို ရစေနိုင်ခြင်း အကျိုးအာနိသင် ရှိ၏၊ စသည်-ဟူသော စကားဖြင့် စိတ်နှလုံး သာယာရွှင်လန်းသောသူမှာ ဝမ်းမြောက်ခြင်းခေါ်သည့် နုသောပီတိ ပါမောဇ္ဇဖြစ်၏၊ ၊(နုသောပီတိ) ပါမောဇ္ဇဖြစ်သောသူမှာ နှစ်သက်ခြင်း (ရင့်သောပီတိ) ပီတိတရားဖြစ်၏၊ ၊ပီတိတရား ဖြစ်ပွါးသောသူမှာ ကိုယ်စိတ်၏ ငြိမ်းချမ်းခြင်း ပဿဒ္ဓိတရား ဖြစ်၏၊ ပဿဒ္ဓိတရား ဖြစ်ပွါးသောသူမှာ ကိုယ်စိတ်၏ ချမ်းသာခြင်း သုခဖြစ်၏၊ သုခဖြစ်သူမှာ တည်ကြည်ခြင်း သမာဓိဖြစ်၏။ သမာဓိဖြစ်သူမှာ ဟုတ်မှန်တိုင်း သိမြင်နိုင်သော ယထာဘူတဉာဏ်ဖြစ်၏။

(ဎေ)

ယထာဘူတဉာဏ် ဖြစ်သူမှာ ဝဋ်ဒုက္ခ သင်္ခါရတို့၌ ငြီးငွေ့ခြင်း နိဗ္ဗိန္ဒတည်းဟူသော ဗလဝဝိပဿနာဉာဏ်ဖြစ်၏၊ ဗလဝဝိပဿနာဉာဏ် ဖြစ်သောသူမှာ တပ်နှစ်သက်ခြင်းကင်းသော မဂ်တရားဖြစ်၏၊ မဂ်တရား ဖြစ်သောသူမှာ ဝိမုတ္တိဟုခေါ်ဆိုသော အရဟတ္တဖိုလ်တရား ဖြစ်၏၊ အရဟတ္တဖိုလ်တရား ဖြစ်သောသူမှာ မဂ်ဖိုလ်နိဗ္ဗာန်ကိုကို ဆင်ခြင်ခြင်း ပစ္စဝေက္ခဏာဉာဏ်ဖြစ်၏၊ ပစ္စဝေက္ခဏာဉာဏ် ဖြစ်သောသူမှာ ခန္ဓာ အကြွင်းမရှိပဲ ပရိနိဗ္ဗာန် စံယူနိုင်၏။ ဤသို့လျှင် ပရိနိဗ္ဗာန် စံယူသည်အထိ များစွာသော ဂုဏ်ကျေးဇူးတို့ကို ရစေနိုင်ခြင်း အကျိုးရှိသည်။ (အံ-၃၊ ၅၁၅-မျက်နှာ)

တနည်းကား..

၁။ သီလရှိ၍ သီလနှင့် ပြည့်စုံသောသူမှာ သီလကိုစောင့်သုံးရာ၌ မမေ့မလျော့ခြင်း အပ္ပမာဒတရားကို အခြေခံ၍ များစွာသော စည်းစိမ်ဥစ္စာတို့ကို ရရှိနိုင်ခြင်း၊

၂။ သီလနှင့် ပြည့်စုံသောသူမှာ ကောင်းမြတ်သော ဂုဏ်သတင်း ကျော်စောသံ ပေါ်ထွက်လွှမ်းမိုးနိုင်ခြင်း၊

၃။ သီလနှင့် ပြည့်စုံသောသူမှာ မင်းပရိသတ် ပုဏ္ဏားပရိသတ် သူဌေးသူကြွယ်ပရိသတ် ရဟန်းပရိသတ် တည်းဟူသော ပရိသတ်လေးပါးရှိရာဝယ် မည်သည့်ပရိသတ်သို့မဆို (မိမိက သီလရှိနေသည့်အတွက်) မကြောက်မရွံ့ ဝံ့ဝံ့စားစား မျက်နှာမငယ် တင့်တယ်ရွှင်လန်းစွာ ချဉ်းကပ်သက်ဝင်နိုင်ခြင်း၊

၄။ သီလနှင့် ပြည့်စုံသောသူမှာ အသက်တမ်းပြည့်နေ၍ သေရသော်လည်း မတွေမဝေပဲ ကောင်းမွန်စွာ သေရခြင်း၊ (သီလမရှိသောသူမှာ သေခါနီးကာလ၌ ငါကား ကောင်းမှုတို့ကို မပြုမိချေတကား စသည်ဖြင့် နှလုံးမသာယာမြဲ ဖြစ်သည်၊ သီလရှိသောသူကား ထိုသို့သော နှလုံးမသာယာမှုမျိုး စိုးစဉ်းမျှမရှိ မိမိပြုခဲ့သော ကုသိုလ်ကံစသည်တို့က ထိုခဏဝယ် ထင်လာသောကြောင့် မြေအိုးကိုစွန့်၍ ရွှေအိုးကို ရအံ့သောသူကဲ့သို့ မတွေမဝေ မကြောက်မရွံ့ စိတ်ကြည်လင်စွာဖြင့် သေရသည်)

၅။ သီလနှင့် ပြည့်စုံသောသူမှာ သေသည့်နောက်၌ သုဂတိဘုံဘဝခေါ်သော လူ့ပြည် နတ်ပြည်မှာ ဖြစ်ရခြင်း-

ဤအကျိုးအာနိသင်တို့ကို ရနိုင်သည်။ ။(ဒီ၊ ၂၊ ၇၃-မျက်နှာ။ အံ၊ ၂၊ ၂၂၁ မျက်နှာ။ ဝိ၊ ၃၊ ၃၂၂-မျက်နှာတို့မှ။)

(ဎဲ)

     ထိုမှတပါးလည်း.. မဇ္ဈိမနိကာယ် မူလပဏ္ဏာသ အာကင်္ခေယျသုတ်၌- သီတင်းသုံးဖော်တို့ ချစ်ခင်ကြည်ညိုခြင်းအစ အရဟတ္တဖိုလ်တိုင်အောင်သော အကျိုးတို့ကို ရနိုင်ကြောင်း ဟောပြထားသည်။ အကျယ်ကို ပိဋကမြန်မာပြန် ဖော်ပြပါ အာကင်္ခေယျသုတ်မှ ယူကြပါကုန်။

ဤကား သီလ၏ အကျိုးအာနိသင်ကို ပြဆိုချက်တည်း။

**********

သီလအပြား

နှစ်ပါးတွဲ သီလစု

     (၅) သီလသည် မည်မျှ အပြားရှိသနည်း..ဟူသော အမေး၌ သီလမှာ ရရှိထိုက်သော အပြားကား.. သီလသည် စာရိတ္တသီလ ဝါရိတ္တသီလအားဖြင့် နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင်-

     မြတ်စွာဘုရားသခင် ပညတ်တော်မူအပ်သော သိက္ခာပုဒ်အမျိုးအစားမှာ “ဤအမှုကို ပြုကျင့်ရမည်”ဟု ပညတ်တော်မူအပ်သော လိုက်နာပြုကျင့်ရမည့် သိက္ခာပုဒ်တမျိုး (ဥပဇ္ဈာယ၀တ် အာစရိယဝတ် အစရှိသည်ကို ဆိုလိုသည်)၊ “ဤအမှုကို မပြုမကျင့်ရ”ဟု ပညတ်တော်မူအပ်သော သိက္ခာပုဒ်တမျိုး (ပါရာဇိကသိက္ခာပုဒ် စသည်ကို ဆိုလိုသည်)ဟူ၍ သိက္ခာပုဒ် နှစ်မျိုးရှိသည့်အနက် “ဤအမှုကို ပြုကျင့်ရမည်”ဟု ပညတ်တော်မူအပ်သော ဥပဇ္ဈာယဝတ် အာစရိယ၀တ် အစရှိသည့် သိက္ခာပုဒ်များကို ဘုရားရှင်အလိုတော်ကျအတိုင်း လိုက်နာပြုလုပ် ဖြည့်ကျင့်ခြင်းသည် စာရိတ္တသီလမည်၏။ “ဤအမှုကို မပြုမကျင့်ရ”ဟု ပညတ်တော်မူအပ်သော ပါရာဇိကသိက္ခာပုဒ် အစရှိသည်တို့ကို ဘုရားရှင်အလိုတော်ကျအတိုင်း မပြုမလုပ် ရှောင်ကြဉ်သောအားဖြင့် ထိန်းစောင့်ခြင်းသည် ဝါရိတ္တသီလမည်၏ဟု အကျဉ်းချုပ် အဓိပ္ပါယ်ကို မှတ်ယူရာသည်။

     ဤစာရိတ္တသီလနှင့် ဝါရိတ္တသီလ နှစ်ပါးတို့၏ အထူးကို သာမန်အားဖြင့်-

“မကျင့်သော်လည်း အပြစ်မရှိ၊ ကျင့်လျှင် တိုးတက်၍ သီလဖြူစင်သော သီလမျိုးသည် စာရိတ္တသီလမည်၏။ မြတ်စွာဘုရားက မပြုကောင်းဟု တားမြစ်ထားသောအရာကို အသက်ကိုပင်သော်လည်း စွန့်၍ မလွန်မကျူး စောင့်ထိန်းသော သီလသည် ဝါရိတ္တသီလမည်၏”..

ဟူ၍ ရဟန်းနှင့်လူ မခွဲမခြား ဖြေကြားတတ်ကြသည်။ စင်စစ်သော်ကား.. ရဟန်းတော်များအတွက် “ဤအမှုတို့ကို ပြုကျင့်ရမည်”ဟု မြတ်စွာဘုရား ပညတ် ဟောကြားထားသော ဥပဇ္ဈာယဝတ် စသည်တို့ ရှိကြ၏၊ ထိုဝတ်တို့ကို မဖြည့်ကျင့် မပြုလုပ်သော သဒ္ဓိဝိဟာရိကတပည့် စသည်တို့မှာ စာရိတ္တသီလ

(ဎော)

မပြည့်ဝသည့်ပြင် ဝတ်တရားပျက်ခြင်းကြောင့် ဝတ္တဘေဒဒုက္ကဋ် အာပတ်တည်းဟူသော ဝိနည်းပြစ် သင့်သောကြောင့် ရဟန်းတော်များအတွက်ဖြစ်လျှင် “မကျင့်သော်လည်း အပြစ်မရှိ”ဟု မပြောဆိုပဲ “ဤအမှုကို ပြုကျင့်ရမည်”ဟု မြတ်စွာဘုရား ပညတ်အပ်သော သိက္ခာပုဒ်များကို ဘုရားအလိုတော်ကျအတိုင်း လိုက်နာဖြည့်ကျင့်ခြင်းသည် စာရိတ္တသီလ မည်၏ဟူ၍သာ ဖြေဆိုသင့်ပေသည်။

     လူတို့အတွက်ကား.. စာရိတ္တ ဝါရိတ္တ ခွဲဝေရာ၌ ရှောင်ကြဉ်ရမည့် ဒုစရိုက်မှုချင်း တူစေကာမူ (၁) အကြင် ဒုစရိုက်မှုမျိုးသည် အပါယ်ပဋိသန္ဓေကျိုးကို ဧကန်ပေးနိုင်သော သဘောရှိ၏၊ ထိုသို့သော အပါယ်ပဋိသန္ဓေကျိုး ဧကန်ပေးနိုင်သည့် ဒုစရိုက်မှုမျိုးမှ ရှောင်ကြဉ်ခြင်းသည် ဝါရိတ္တသီလမည်၏။ (၂) အကြင် ဒုစရိုက်မှုမျိုးသည် အပါယ်ပဋိသန္ဓေကျိုးကို ပေးနိုင်သည်လည်း ရှိ၏။ မပေးနိုင်သည်လည်း ရှိ၏။ ထိုသို့ သဘောရှိသော ဒုစရိုက်မှုမျိုးမှ ရှောင်ကြဉ်ခြင်းသည်၎င်း၊ သက်ကြီးရွယ်ရင့် ပုဂ္ဂိုလ်တို့အား ရိုသေမှု စသည်သည်၎င်း စာရိတ္တသီလ မည်၏ဟူ၍ ဖြေဆိုသင့်ပေသည်။

     ဥပမာ- လူတို့ကျင့်သုံးအပ်သော ငါးပါးသီလရှိရာ ထိုငါးပါးသီလလာ ရှောင်ကြဉ်ရမည့် သူ့အသက်ကို သတ်ခြင်း သူ့ဥစ္စာကို ခိုးယူခြင်း သူ့အိမ်ရာကို ကျူးလွန်ခြင်း မုသား ပြောဆိုခြင်း သေအရက်သောက်ခြင်း တည်းဟူသော ဒုစရိုက်တို့မှာ လွန်ကျူးလျှင် အပါယ်ပဋိသန္ဓေကျိုးကို ဧကန်ပင် ပေးစွမ်းနိုင်သည်။ ထို့ကြောင့် ထိုသို့သဘောရှိသည့် အပါယ်ပဋိသန္ဓေကျိုးကို ဧကန်ပေးစွမ်းနိုင်သည့် ဒုစရိုက်မျိုးမှ ရှောင်ကြဉ်ခြင်း (ငါးပါးသီလ)သည် ဝါရိတ္တသီလ မည်၏။

     လူတို့ကျင့်သုံးအပ်သည့် ရှစ်ပါးသီလတွင် ပါဏာတိပါတ အဒိန္နာဒါန မုသာဝါဒ သုရာမေရယ ဤလေးပါးတို့မှာ ဆိုအပ်ပြီးသည့်အတိုင်း ဝါရိတ္တသီလသာ ဖြစ်ပေ၏။ အဗြဟ္မစရိယ အစရှိသည့် ကျန်လေးပါးလာ မမြတ်သောအကျင့်ကို ကျင့်ခြင်း (သို့မဟုတ်) မိမိအိမ်ရာနှင့် စပ်ရှက်ခြင်း, နေလွဲညစာ စားခြင်း, ကခြင်း သီချင်း တီးမှုတ်ခြင်းတို့ကို ကြည့်ရှုနားထောင်မှု စသည်, မြင့်မြတ်သောနေရာတို့၌ အိပ်နေမှု- ဤအရာစုများကို သောတာပန်အရိယာ သကဒါဂံအရိယာတို့ ပြုကျင့်ကြသည်မှာ အပါယ်လားကြောင်း မဟုတ်သည့် ဒိဋ္ဌိဝိပ္ပယုတ်စိတ်မျိုးဖြင့်သာ ပြုကြခြင်းဖြစ်သည်။ ပုထုဇန် သာမန်တို့ကား အပါယ်လားကြောင်း မလားကြောင်း ဒိဋ္ဌိသမ္ပယုတ် ဒိဋ္ဌိဝိပ္ပယုတ် စိတ်နှစ်မျိုးဖြင့်ပင် ပြုကြခြင်းဖြစ်သည်၊ ထို့ကြောင့် ထိုအဗြဟ္မစရိယ အစရှိသည့် ကျန်လေးပါးတို့ကို ရှောင်ကြဉ်ရာ၌ သောတာပန် သကဒါဂံ အရိယာတို့ကိုငဲ့၍ စာရိတ္တသီလဟု ခေါ်ဆိုသင့်ပေသည်။

(ဎော်)

     သရဏဂုံတည်သော ဥပါသကာ တယောက်သည် ငါးပါးသီလကို လုံလုံခြုံခြုံ စောင့်ထိန်းလျှင်ပင် သီလရှိသော ဥပါသကာ ဖြစ်နိုင်ပေပြီ၊ ထို့ထက် အထက်တန်းကျကျ မြတ်သောအကျင့်ကို ကျင့်သုံးရန်အတွက် ရှစ်ပါးသီလကို တိုးတက် စောင့်ထိန်းခြင်း ဖြစ်ပေသည်။ “ရှစ်ပါးသီလ စောင့်နိုင်မှသာ အပါယ်မကျနိုင်မည်၊ ငါးပါးသီလ စောင့်ရုံမျှနှင့် အပါယ်ဘေးမှ မလွတ်နိုင်”ဟူ၍ ဟောဆိုချက် မရှိချေ။ ထို့ကြောင့် ထိုရှစ်ပါးသီလ၌ ပါဝင်သော အဗြဟ္မစရိယဝိရတီ ဝိကာလဘောဇန ဝိရတီစသော နောက်လေးပါးသော သီလတို့ကို စာရိတ္တသီလ၌ သွင်းယူသင့်ပေသည်။

     ရဟန်းတော်များအဖို့မှာမူ ထို မမြတ်သောအကျင့်ကို ကျင့်ခြင်း, နေလွဲညစာ စားခြင်း, ကခြင်း သီချင်း တီးမှုတ်ခြင်းတို့ကို ကြည့်ရှုနားထောင်ခြင်း စသည်, မြင့်မြတ်သော နေရာတို့၌ အိပ်နေခြင်းတို့ကို မပြုရဟူ၍ မြတ်စွာဘုရား ဟောကြား တားမြစ်ထားအပ်သောကြောင့် ထိုအမှုလေးမျိုးတို့မှ ရှောင်ကြဉ်ခြင်း (မပြုမလုပ်ခြင်း) သီလကို ဝါရိတ္တသီလဟူ၍သာ ဧကန် ခေါ်ဆိုရပေမည်။

သတိချပ်ရန်

ဆိုအပ်ခဲ့ပြီးသည့် ရှစ်ပါးသီလတွင် စာရိတ္တသီလ ဝါရိတ္တသီလ ဖြစ်သင့်သည့်အတိုင်း ခွဲခြားပြဆိုအပ်သော စကားရပ်တို့ကို အပေါ်ရံ အမှတ်တမဲ့ ဖတ်၍ဖြစ်စေ၊ ဝိသာခါစသော အရိယာတို့၏ အိမ်ထောင်မှု နေလွဲညစာစားမှု ပွဲကြည့်မှု မြင့်မြတ်သောနေရာ၌ နေထိုင်မှုတို့ကို အပေါ်ရံ အမှတ်တမဲ့ မလေးမနက် စဉ်းစား၍ဖြစ်စေ “မိမိပိုင်သည့် ဝတ္ထုကာမတို့၌ စပ်ရှက်ခြင်းအမှု နေလွဲညစာစားမှု ပွဲကြည့်မှု မြင့်မြတ်သောနေရာတို့၌ နေထိုင်မှုမှန်သမျှမှာ လုံးဝအပြစ်မရှိ”ဟု အယူအမှတ် လွဲမှားတတ်သည်၊ ထိုသို့ လွဲမှားပြီးလျှင် မိစ္ဆာဒိဋ္ဌိနှင့်ယှဉ်ကာ ထိုတရားတို့ကို တိုး၍ တိုး၍ လိုက်စား မှားသည်ထက် မှားယွင်းတတ်ကြသည်။ ထိုကဲ့သို့ မမှားယွင်းအောင် သတိ အထူးထားသင့်လှပေသည်။

သတိကြီးစွာထား၍ စဉ်းစားရန်မှာ.. သူ့အသက်ကို သတ်ခြင်း သူ့ဥစ္စာကိုခိုးခြင်း မလားအပ်သည့်ဝတ္ထု (သူ့အိမ်ရာ)တို့၌ ဖောက်ပြန်မှားယွင်းစွာ ကျင့်ခြင်း၊ သေအရက် သောက်ခြင်းအမှုတို့မှာ မည်သည့်နည်းနှင့်မျှ အကုသိုလ်ကမ္မပထ ဒုစရိုက်မဖြစ်အောင် (အပါယ်လားကြောင်း ဒုစရိုက်မဖြစ်အောင်) ပြုလုပ်၍ ရကောင်း သောအမှုတို့ မဟုတ်ကုန်၊ ထိုအမှုများကိုပြုလျှင် အပါယ်လားကြောင်း မကောင်းသော ဒုစရိုက် ကမ္မပထ ဧကန်မြောက်တော့သည်သာ ဖြစ်၏။ ထိုအမှုများကိုပြုလျှင် အပါယ်သို့ ရောက်စေနိုင်သည်။ ထို့ကြောင့် အရိယာတို့သည်

(ဎံ)

ထိုအမှုများကို ဦးခေါင်းထက် ဒါးမိုး၍ မလုပ်မနေရ ခိုင်းသော်လည်း အသက်ကိုသာ အသေခံမည်၊ ထိုအမှုတို့ကိုကား မပြုလုပ်ကြတော့ပြီ။ ထိုအမှုများကို ပြုလုပ်ကြောင်းဖြစ်သည့် အကုသိုလ်မြစ် အနုသယတို့ကို မဂ်ဖြင့်ပင် အမြစ်ပြတ် အကြွင်းမဲ့ပယ်ပြီး ဖြစ်ကြသည်။

နေလွဲညစာစားခြင်း အစရှိသည်တို့ကိုကား ပုထုဇန်တို့လည်း ပြုကြသည်၊ သောတာပန် သကဒါဂံ အရိယာများလည်း ပြုကြသည်၊ ထိုသို့ ပြုကြရာ၌ စားပုံချင်း ပြုပုံချင်း တူရုံမျှဖြင့် အတွင်းစိတ်ဓာတ် ဖြစ်ပုံချင်းလည်း တူမျှသည်ဟု ပြောဆိုခြင်းငှါ မထိုက်ပေ။ မှန်၏... အရိယာပုဂ္ဂိုလ်တို့၏ တစုံတခုသော သင်္ခါရကို သုခဟူ၍ မှတ်ယူခြင်းနှင့် ပုထုဇန်တို့၏ မှတ်ယူခြင်းကား မတူကြချေ။ (အရိယာတို့ ဝတ္ထုကာမကို သုံးစွဲပုံနှင့် ပုထုဇန်သာမန်တို့ ဝတ္ထုကာမကို သုံးစွဲပုံချင်း မတူချေ)။ အရိယာပုဂ္ဂိုလ်တို့၏ ဝတ္ထုကာမ တစုံတခုသော သင်္ခါရကို သုခဟူ၍ မှတ်ယူခြင်း သုံးစွဲခြင်းအတွက် (အံ-ဋ္ဌ ၁၊ ၃၅၃-စာမျက်နှာ၌)—

“ဒိဋ္ဌိဝိပ္ပယုတ္တစိတ္တေန ပန အရိယသာဝကော ပရိဠာဟာဘိဘူတော ပရိဠာဟဝူပသမတ္ထံ မတ္တဟတ္ထိပရိတ္တာသိတော ဝိယ စောက္ခဗြာဟ္မဏော ဂူထံ ကဉ္စိ သင်္ခါရံ သုခတော ဥပဂစ္ဆတိ= အမုန်ယစ်သောဆင် လိုက်သဖြင့် ထိုဆင်ဘေးမှ လွတ်မြောက်ရန် အလွန်စင်ကြယ်သော သဘောရှိသူ ပုဏ္ဏားသည် စက်ဆုပ်ရွံရှာလျက်နှင့်ပင် မစင်အညစ်အကြေးရှိသော အရပ်သို့ မကပ်လိုပါပဲလျက် ကပ်ရောက်ရသကဲ့သို့၊ အရိယာသာဝကသည် မဂ်ဖြင့်မပယ်ရသေးသည့် (အပါယ်လားကြောင်း မဟုတ်သော) ကာမရာဂကိလေသာ နှိပ်စက်သောအခါ ထိုကိလေသာအပူဘေး ငြိမ်းအေးရန်အတွက် ဒိဋ္ဌိနှင့်မယှဉ်သော စိတ်ဖြင့်သာ သောတာပန် သကဒါဂံ ပုဂ္ဂိုလ်တို့ တစုံတခုသော သင်္ခါရကို သုခဟူ၍ မှတ်ယူကြောင်း” ဖွင့်ပြထားသည်။

ဤအဋ္ဌကထာဖွင့်ပြချက်ကို လေးလေးနက်နက် ဆင်ခြင် မှတ်သားသင့်လှပေသည်။ ဝိသာခါတို့ကို အထောက်အထား စကားအခြေခံ အကာအကွယ်တခုပြု၍ အချို့ ပုထုဇန် သာမန်ပုဂ္ဂိုလ်တို့သည် မိမိတို့ပိုင် ကာမချမ်းသာကို ခံစားမှုနှင့် ဝိသာခါတို့၏ ကာမချမ်းသာ ခံစားမှုကို အထူးမရှိ တထပ်တည်း တူမျှသည့်အနေ မှားတတ်ချေသည်၊ ဖော်ပြရာပါ အဋ္ဌကထာကို ထောက်ဆ၍ သောတာပန် သကဒါဂံ အရိယာတို့ ကာမချမ်းသာကို ခံစားကြခြင်းမှာ (ဆင်လိုက်၍သာ ဆင်ဘေးမှလွတ်ရာ မစင်ရှိရာအရပ်သို့ မကပ်လိုပဲလျက် ပြေးလွှားဝင်ကပ်ရသော

(ဎား)

အသန့်အရှင်းကြိုက်သည့် ပုဏ္ဏားကဲ့သို့) မပယ်သတ်ရသေးသည့် ကာမရာဂ ကိလေသာအပူဘေး ကင်းငြိမ်းအေးရန်အဘွက်သာ ဒိဋ္ဌိနှင့်မယှဉ်သောစိတ်ဖြင့် ခံစားကြခြင်း ဖြစ်သည်။ ပုထုဇန်သာမန်တို့ ကာမချမ်းသာကို ခံစားကြခြင်းမှာ အများအားဖြင့် ဒိဋ္ဌိနှင့်ယှဉ်သောစိတ်ဖြင့် ခံစားကြခြင်း ဖြစ်သည်။

ဆိုလိုရင်းမှာ.. ကိုယ်ပိုင်ဝတ္ထုကာမကို မှီဝဲခြင်း, နေလွဲညစာစားခြင်း, ပွဲကြည့်ခြင်း စသည်, မြင့်မြတ်သော နေရာ၌ နေခြင်း- ဤလေးပါးသော အမှုတို့ကို ဒိဋ္ဌိသမ္ပယုတ်စိတ်ဖြင့် ပြုလုပ်မှီဝဲ သုံးစွဲခြင်းလည်း ရှိသည်၊ အပါယ်လားကြောင်းမဟုတ်သည့် ဒိဋ္ဌိဝိပ္ပယုတ်စိတ်ဖြင့် ပြုလုပ်မှီဝဲ သုံးစွဲခြင်းလည်း ရှိသည်။ ထို့ကြောင့် (အပါယ်လားကြောင်း ဧကန်မဟုတ် အနေကန်သာ ဖြစ်သဖြင့်) ထိုလေးပါးမှ ရှောင်ကြဉ်ခြင်း (သီလ)ကို ဝါရိတ္တသီလ၌ မထည့်ပဲ စာရိတ္တသီလ၌ ထည့်သွင်းသင့်သည်ဟု ဆိုလိုရင်းဖြစ်သည်။

ထိုသို့ ရှစ်ပါးသီလမှာ စာရိတ္တလေးပါး ဝါရိတ္တလေးပါး ရသင့်သည့်အလျောက် ခွဲခြားခြင်းသည် ယခုကာလ ရှစ်ပါးသီလ ခံယူသကဲ့သို့ သိက္ခာပုဒ် တပါးစီ တပါးစီ အသီးအသီးခံယူသော သီလအတွက် ခွဲခြားခြင်းဖြစ်သည်။ အကယ်၍ အသီးအသီး မခံယူပဲ (အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ သမာဒိယာမိ= အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်သီလကို ဆောက်တည်ပါ၏)ဟူ၍ တပေါင်းတည်း ဆောက်တည်ခဲ့လျှင်ကား ထိုတပေါင်းတည်း ဆောက်တည်အပ်သော ဥပုသ်သီလသည် စာရိတ္တသီလသာ ဖြစ်သင့်တော့၏။ အကြောင်းမှာ ဥပုသ်သီလ (ရှစ်ပါးသီလ)ကို စောင့်ထိန်းလိုမှ စောင့်ထိန်း၍ မစောင့်ထိန်းလိုလျှင် မစောင့်ထိန်းပဲ နေနိုင်သောကြောင့်ပင် ဖြစ်သည်။ (ဗုဒ္ဓဘာသာအယူရှိသူ တဦးအဖို့ အောက်ထစ်ဆုံး ငါးပါးသီလ လုံခြုံမှသာ သီလရှိသူ ဥပါသကာ ဖြစ်နိုင်သည်။ ထို့ထက် တတ်နိုင်လျှင် ရှစ်ပါးသီလကို စောင့်ထိန်းရာ၏။ မတတ်နိုင်၍ မစောင့်ထိန်းသော်လည်း ငါးပါးသီလ လုံခြုံလျှင်ပင် သီလရှိသူ ဥပါသကာ ဖြစ်နိုင်ပေပြီ၊ ငါးပါးသီလကိုကား ဗုဒ္ဓဘာသာ အယူရှိသူမှန်သမျှ ပြည့်စုံလုံခြုံမှသာ ဘုရားအလိုတော်ကျ ဗုဒ္ဓဘာသာ ဖြစ်ပေမည်။) ဤသို့ တပေါင်းတည်း ဆောက်တည်ထားသည့် ရှစ်ပါးသီလမှာ တပိုင်းက စာရိတ္တ တပိုင်းက ဝါရိတ္တဟူ၍ ခွဲခြားဖွယ် မရှိတော့ပြီ၊ သိက္ခာပုဒ် တပါးစီ တပါးစီ အသီးအသီး ဆောက်တည်သော အရာမှာသာ စာရိတ္တသဘော ဝါရိတ္တသဘော သက်ရောက်ရာ ထိုက်သည်အားလျော်စွာ ခွဲဝေသင့်ပေ၏။

(ဏ)

ငါးပါးသီလ၌ကား သိက္ခာပုဒ် တခုစီ တခုစီ ဆောက်တည်သည်ဖြစ်စေ၊ တပေါင်းတစုတည်း ဆောက်တည်သည်ဖြစ်စေ ဝါရိတ္တသီလသာ ဖြစ်ပေ၏။ လူတို့မှာလည်း ရဟန်းများနည်းတူ ကျင့်ကြံကောင်းသည်ဟု မြတ်စွာဘုရား ဟောကြားသောအရာစုကို လိုက်နာကျင့်ကြံခြင်းသည် စာရိတ္တသီလပင်ဖြစ်၏၊ (ထိုစာရိတ္တသီလ ဝါရိတ္တသီလတို့ကို ကျင့်ကြံပုံ ရှောင်ကြဉ်ပုံ အကျယ်ကို အထက် ပကိဏ္ဏကခဏ်း၌ ဖော်ပြထားသည်။)

ထိုစာရိတ္တသီလနှင့် ဝါရိတ္တသီလ နှစ်ပါးတို့တွင် စာရိတ္တသီလကို သဒ္ဓါတရား ဝီရိယတရား နှစ်ပါးစုံရှိသူမှသာ အားထုတ် ဖြည့်စွမ်းနိုင်သည်။ ဤအကျင့်များကို ကျင့်လျှင် ကောင်းသောအကျင့်ဖြစ်၍ နောက်အခါ ကောင်းကျိုးရနိုင်သည်ဟု ယုံကြည်ခြင်းသည် သဒ္ဓါဖြစ်၏၊ ရွက်ဆောင်ရာ၌ မပျင်းမရိ အားထုတ်လုပ်ကိုင်မှုသည် ဝီရိယဖြစ်၏။ ဤအကျင့်ကိုကျင့်က အကျိုးရှိမည်ဟု ယုံကြည်ပြီးလျှင် ထိုယုံကြည်ချက်အတိုင်း ကျင့်ကြံမှုပြီးစီးအောင် အားထုတ်သူမှာမှ ဤစာရိတ္တသီလ ပြည့်စုံနိုင်၏ဟု ဆိုလိုသည်။ ဝါရိတ္တသီလမှာကား ထူး၍ အားထုတ်ဖွယ် လုံ့လပြုဖွယ်မရှိ၊ မြတ်စွာဘုရားက မပြုလုပ်ကောင်းဟူ၍ ဟောကြားထားသည့် ဒုစရိုက်မှုများကို မပြုမလုပ် ရှောင်ကြဉ်လျှင်ပင် ပြည့်စုံနိုင်သည်၊ ဝီရိယ အထူးစိုက်ဖွယ်မရှိ၊ မြတ်စွာဘုရား ဟောကြားချက်ကို ယုံကြည်ခြင်း သဒ္ဓါတရားရှိလျှင်ပင် ပြည့်စုံနိုင်ပေ၏။

     တနည်းကား.. အာဘိသမာစာရိကသီလ အာဒိဗြဟ္မစရိယက သီလအားဖြင့် နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် နောက်၌ ပြဆိုလတ္တံ့ဖြစ်သည့် အာဇီဝဋ္ဌမကသီလမှ ကြွင်းသော သီလအစုသည် အာဘိသမာစာရိကသီလ မည်၏။ (အဘိ= အလွန်အမြတ်၊ သမာစာရ= ကောင်းမွန်သောအကျင့်၊ အဘိသမာစာရ= လွန်မြတ် ကောင်းမွန်သောအကျင့်။ အဘိသမာစာရဟူသည် ဥက္ကဋ္ဌနည်းအားဖြင့် မဂ်သီလ ဖိုလ်သီလကို ခေါ်သည်။ ထိုမဂ်သီလ ဖိုလ်သီလတို့နှင့် ပြည့်စုံစေရန် ဟောကြားပညတ်အပ်သော သီလသည် အာဘိသမာစာရိကသီလ မည်၏။)

     အာဇီဝဋ္ဌမကသီလသည် အာဒိဗြဟ္မစရိယကသီလ မည်၏။ (အာဒိ= အစ၊ ဗြဟ္မစရိယ= မြတ်သောအရိယမဂ်အကျင့်၊ အာဒိဗြဟ္မစရိယ= မြတ်သော အရိယမဂ်အကျင့်၏ အဦးအစ၊ ထိုမြတ်သော အရိယမဂ်အကျင့်ကို ရဖို့ရန် အစအဦး ဤတရားစုကို ကျင့်ကြံ ပြည့်စုံစေရမည်ဟု ဟောကြားအပ်သော သီလသည် အာဒိဗြဟ္မစရိယကသီလမည်၏။)

(ဏာ)

     ဤအာဒိဗြဟ္မစရိယက သီလမည်သော အာဇီဝဋ္ဌမကသီလ ဟူသည်မှာ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း သူ့ ဥစ္စာကို ခိုးယူမှုမှ ရှောင်ကြဉ်ခြင်း သူ့အိမ်ရာကို ဖောက်ပြန်စွာကျင့်မှုမှ ရှောင်ကြဉ်ခြင်းဟူသော ကုသိုလ် ကာယကံသုံးပါး၊ မုသားပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း ဂုံးတိုက်စကား ပြောကြားမှုမှ ရှောင်ကြဉ်ခြင်း ဆဲရေးစကား ပြောကြားမှုမှ ရှောင်ကြဉ်ခြင်း စပါးပြိန် စပါးဖျင်းကဲ့သို့ အနှစ်မရှိသော ဒဏ္ဍာရီစကားကို အများယုံအောင် ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်းဟူသော ကုသိုလ်ဝစီကံ လေးပါးနှင့် မကောင်းသော အသက်မွေးမှုမှ ရှောင်ကြဉ်ခြင်း ဤရှစ်ပါးတို့ဖြစ်သည်။ အာဇီဝ= အသက်မွေးမှုလျှင်၊ အဋ္ဌမက= ရှစ်ခုမြောက်ရှိသော သီလဟု ဆိုလိုသည်။ ဤ အာဇီဝဋ္ဌမကသီလကို အာဒိဗြဟ္မစရိယက သီလခေါ်သည်ဟု ဝိသုဒ္ဓိမဂ်အဋ္ဌကထာကြီးမှာ ပဌမနည်းအနေဖြင့် ဖွင့်ပြထားပေသည်။ ဤအဋ္ဌကထာကို အနက်အဓိပ္ပါယ် မှားမှားယွင်းယွင်း ကောက်ယူမှတ်သား ပြောကြားမိတတ်သည်။

အကောက်အယူ အမှတ်အသား အပြောမှားတတ်ပုံမှာ.. မြတ်သော အရိယမဂ်၏ အစသည် အာဇီဝဋ္ဌမကသီလဖြစ်သည်ဟူသော စကားကို ထောက်၍ အာဇီဝဋ္ဌမက သီလသာလျှင် အရိယမဂ်ကိုရရန် စတင်ကျင့်သုံးအပ်သော သီလဖြစ်သည်။ ယခုကာလ အများသုံးနေကြသော ငါးပါးသီလ ရှစ်ပါးသီလ ဆယ်ပါးသီလရှိသည့် အရိယမဂ်ကို ရဖို့ရန် စတင်ကျင့်သုံးအပ်သော သီလမျိုး မဟုတ်ဟူ၍ အပြောမှားတတ်ကြသည်။ ထိုသို့ ယူဆပြောကြားသော ဂိုဏ်းဂဏပင် ပေါ်ပေါက်ခဲ့ဘူး၏။

အချို့ကလည်း “အာဇီဝဋ္ဌမကသီလဟူ၍ ငါတို့ မကြားစဘူး၊ ယခုမှ ထူးထူးဆန်းဆန်း ပြောဆိုကြသော အာဇီဝဋ္ဌမက သီလဆိုသည်မှာ ဘုရားဟောမဟုတ်၊ နောက်ပေါ် အသုံးမဝင်သော သီလဖြစ်သည်”ဟူ၍ ဆိုကြပြန်၏။ အမှန်မှာ... အာဇီဝဋ္ဌမက သီလသည် မြတ်စွာဘုရား ဟောကြားအပ်သော သီလပင် ဖြစ်၏။ မြတ်စွာဘုရားသည် ဤအာဇီဝဋ္ဌမကသီလကို (ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ပဌမအုပ် မျက်နှာ ၁၂-၌ အဋ္ဌကထာဆရာ ကိုယ်တိုင်ကပင်) “တေနာဟ ပုဗ္ဗေ၀ ခေါ ပနဿ ကာယကမ္မံ ဝစီကမ္မံ အာဇီဝေါ သုပရိသုဒ္ဓေါ ဟောတီတိ”ဟူ၍ ဥပရိပဏ္ဏာသပါဠိ မျက်နှာ ၃၃၇ (၅-ဝဂ်၊ ၇-သုတ်၌) ဘုရားဟောကြောင်း ဖွင့်ပြထားသဖြင့် ဘုရားဟောမဟုတ်ဟူ၍ မဆိုထိုက်ပေ။

မြတ်စွာဘုရားသည် ဒုစရိုက်မှောင်ထုကြီး လွှမ်းအုပ်နေသော လောကကြီး၌ ပွင့်တော်မူလာရ၏၊ ပွင့်တော်မူပြီးစ ဒုစရိုက်တုံးဖြစ်၍နေကြသော

(ဏိ)

သတ္တဝါတို့ကို သီလအကျင့်ဖြင့် ဆုံးမတော်မူလိုသောအခါ ဒုစရိုက်တုံး သတ္တဝါအကြမ်းကြီးတွေဖြစ်၍ သီလအမျိုးမျိုးထည်းမှ အကြမ်းစား ဒုစရိုက်သမားများနှင့် သင့်လျော်ရာ အာဇီဝဋ္ဌမကသီလဖြင့် အစပိုင်းမှာ ဆုံးမတော်မူ၏။ ဤအာဇီဝဋ္ဌမကသီလဖြင့် ဆုံးမ၍ သတ္တဝါများမှာ ဒုစရိုက်မှု (အကြမ်းကြီး)များ ယုတ်လျော့ နည်းပါးသွားသောအခါ အာဇီဝဋ္ဌမကသီလကို အသုံးမပြုပဲ ငါးပါးသီလ ရှစ်ပါးသီလတို့ကိုသာ အစဉ်သုံးစွဲ ဟောပြတော်မူခဲ့ပေသည်။

ဤသို့ မြတ်စွာဘုရားသခင် ပွင့်တော်မူခါစ ဒုစရိုက်တုံးကြီးတွေကို ဟောပြောဆုံးမရစဉ်အခါမှာ အာဇီဝဋ္ဌမကသီလ တွင်ကျယ်ခဲ့သော်လည်း သတ္တဝါများ ယဉ်ကျေးလာသောအခါ အာဇီဝဋ္ဌမကသီလကို အသုံးမပြုပဲထားသဖြင့် ယခုကာလအထိ အာဇီဝဋ္ဌမကသီလကို ဆရာ ရဟန်းသံဃာများကလည်း သုံးစွဲရန် ထူး၍ မဟောကြားတော့ပြီး လူများကလည်း အထူး ဆောက်တည်သုံးစွဲခြင်း မပြုကြတော့ပြီ။ (အာဇီဝဋ္ဌမကသီလမှာ ဒုစရိုက်မှုကြမ်းတွေ အလွန်ထူသူတို့အတွက် ဖြစ်သောကြောင့်တည်း။)

မေးမြန်းဖွယ် ရှိပြန်သည်မှာ.. “ဤအာဇီဝဋ္ဌမကသီလသည် အရိယမဂ်၏ အစအကျင့်ဖြစ်ခြင်း၊ ဘုရားပွင့်စက အသုံးပြုခဲ့သော သီလဖြစ်ခြင်းတို့ကြောင့် ယခုအခါ ဆောက်တည်သုံးစွဲပါလျှင် သာ၍ပင် သင့်လျော်သည် မဟုတ်ပါလော”ဟူ၍ မေးဖွယ်ရှိ၏။ အဖြေမှာ.. အရိယမဂ်၏ အဦးအစ ဆိုသည်မှာ ရှေးအဖို့က အရိယမဂ်၏ အခြေခံအကျင့်တရား အလျဉ်းမရှိသေးသူတို့ စတင်ကျင့်ကြံမှသာ အဦးအစဟု ခေါ်ဆိုရပေမည်၊ မိစ္ဆာဝါဒမှ ဗုဒ္ဓဝါဒသို့ ကူးစပြောင်းစသူများ ထိုအာဇီဝဋ္ဌမကသီလကို အစပိုင်း၌ ကျင့်သုံးသင့်သော်လည်း ဗုဒ္ဓဘာသာ အယူဝါဒ ရင့်သန်ပြီးသူတို့မှာ ရှေးကပင် ထိုအာဇီဝဋ္ဌမကသီလအကျင့် ရင့်သန်ပြီးဖြစ်ကြ၍ ယခုမှ ဆောက်တည်သော်လည်း အရိယမဂ်၏ အစဖြစ်သော အကျင့်ဟု မဆိုသင့်တော့ပြီ။ ဗုဒ္ဓဘာသာ အယူဝါဒ ရင့်သန်ပြီးသူတို့မှာ မိဖများကို မဆိုထားဘိ၊ ထိုမိကောင်းဖကောင်းတို့၏ သားသမီးများပင်သော်မှ မိဖတို့၏ သွန်သင်ပြသ ဆိုဆုံးမချက်အရ ငယ်ရွယ်စဉ်ကာလကပင် ပါဏာတိပါတ အစရှိသော ထိုဒုစရိုက် အမှုကြမ်းကြီးများကို ပြုလုပ်လျှင် ငရဲကြီးတတ်သည်ဟူ၍ ယုံကြည် သိမှတ်ကြသဖြင့် ရှောင်ကြဉ်ကြပေသည်။ ထိုသူငယ်များ အချိန်အရွယ် ကြီးရင့်၍ သီလဆောက်တည်ကြသောအခါ “(အာဇီဝဋ္ဌမကသီလဖြင့် ရှောင်ကြဉ်ရမည့် ဒုစရိုက်အကြမ်းကြီးများကို ငယ်စဉ်ကပင်

(ဏီ)

ရှောင်ကြဉ်ပြီး ဖြစ်ကြသောကြောင့်) ငါးပါးသီလ ရှစ်ပါးသီလ ဆယ်ပါးသီလတို့ကို အစဉ်အတိုင်း တိုးတက် ဖြည့်ကျင့်သင့်တော့သည်၊ တနည်းအားဖြင့် ပြဆိုရသော် အာဇီဝဋ္ဌမကသီလဟူသည် သီလဟူ၍ အငွေ့အသက် မရှိဘူးသေးသည့် ဒုစရိုက်တုံးကြီး ဖြစ်နေသူများကိုသာ ထိုဒုစရိုက်ကြမ်းကြီးများမှ ရှောင်ကြဉ်ရန် ဆုံးမအပ်သော သီလဖြစ်သည်။ ငယ်စဉ်က မိဖအဆုံးအမကိုရရှိသော ဖော်ပြရာပါ ကလေးများမှာ ဒုစရိုက်တုံးကြီးများ မဟုတ်တော့သည့်အတွက် အာဇီဝဋ္ဌမကသီလကို အထူးဖြည့်ကျင့်ရန် မလိုကြောင်း ကောင်းကောင်းကြီး ထင်ရှားလှပေသည်။ ဤစကားကို သာသနာထွန်းကားသည့် ယခုခေတ်ကို အစွဲပြု၍ ပြောဆို ရခြင်းဖြစ်သည်။

မိဖစကားကို နားလည်ချိန် အရွယ်ကစ၍ ဒုစရိုက်မှုကြီးများကို အများရှောင်ကြဉ်လာကြသည် ဆိုသော်လည်း ငါ့မှာ ဘယ်အခါကမှ မရှောင်ကြဉ်ပဲ တွေ့သမျှ ဒုစရိုက်အမှုကြမ်းကြီးတွေကို ကျူးလွန်ခဲ့သည်သာဖြစ်၏ဟူ၍ မိမိကိုယ်ကို မိမိ သိမြင်ပါမူကား အာဒိဗြဟ္မစရိယက (အာဇီဝဋ္ဌမက) သီလကိုပင် ဆောက်တည်ရမည် ဖြစ်၏၊ အကြောင်းကား ထိုသူ့သန္တာန်၌ မြတ်သော အရိယမဂ်အကျင့်ကို ရဖို့ရန် ယခုမှ စရမည် ဖြစ်သောကြောင့်တည်း။

ဤအာဇီဝဋ္ဌမကသီလနှင့် စပ်၍ “ဤသီလ၌ သုရာမေရယ သိက္ခာပုဒ် မပါသောကြောင့် အရက်သောက်ရင်းလည်း ဤသီလကို စောင့်နိုင်သည်၊ နစ္စဂီတသိက္ခာပုဒ် မပါသောကြောင့် ပွဲကြည့်ရင်းလည်း ဤသီလကို စောင့်နိုင်သည်။ သို့ဖြစ်၍ ဤသီလကို ကြပ်တည်း ခဲယဉ်းခြင်း အလျဉ်းမရှိပဲ အလွယ်နှင့် စောင့်သုံး၍လည်း ဖြစ်သည်။ မဂ်ဖိုလ်ရခြင်း၏ အကြောင်းအစစ်လည်း ဖြစ်သည်”ဟု တဦးတယောက်က ပြောဟောလိုက်လျှင် အလွယ်ကြိုက်သောသူတို့ လွန်စွာ နှစ်သက်တတ်ကြ၏။

လောက၌ သတ္တဝါတို့သည် အရာရာ၌ပင် အလွယ်ကြိုက်တတ်ကြ၏။ ရွှေငွေစသော ရတနာတို့ကို သူသူငါငါ နေ့ရောညဉ့်ပါ ရရှိအောင် ကြံဆောင် အားထုတ်ကြသော်လည်း ကြံတိုင်း မရနိုင်၊ ရဖို့ရန် ခဲယဉ်းလှသည်ကို သိကြပါလျက် အချို့လူလိမ်များက ရွှေတကျပ်သားရှိလျှင် အလွယ်နှင့် နှစ်ကျပ်သားဖြစ်စေမည် စသည်ဖြင့် အလွယ်လမ်းကို ဝါကြွားလှည့်ဖြား ပြောဆိုလိုက်လျှင် အလွန်တရာ အားရ၍ ရှိသမျှ ရွှေတိုငွေစကလေးများကို ဆရာအား ပုံ၍ အပ်တတ်ကြ၏၊ နောက်ဆုံးမှာ

(ဏု)

ဆရာက တိုးပွါးအောင် လုပ်မပေးနိုင်ပဲ ထုတ်ပေးသမျှ၊ ရွှေတိုငွေစကလေးများကို လှည့်ဖျားယူဆောင် သွားသောအခါ ရွှေလိမ် ငွေလိမ်မိသည့်အတွက် များစွာ စိတ်သောကရောက်ကြရ၏။ ထိုသို့ရောက်ရခြင်းမှာ အလွယ်ကို ကြိုက်မိသောကြောင့် ဖြစ်သည်။

လောကီဥစ္စာ ရတနာမှာကဲ့သို့ပင် အလွန်တရာ ရခဲလှသည့် မဂ်ဖိုလ်တရားတို့နှင့် စပ်၍လည်း အလွယ်ကြိုက်တတ်သူတို့အတွက် မြှိုက်တတ် လိမ်တတ်သည့် ဆရာများ ရှိတတ်ပေသည်။ “ငါ၏နည်းလမ်းကို ကျင့်လျှင် ခုနစ်ရက်နှင့် သောတာပန် ဖြစ်နိုင်သည်၊ ဉာဏ်ထက်လျှင် သကဒါဂံ စသည်ဖြင့် တိုးတက်၍ ဖြစ်နိုင်သည်”ဟု ပြောဟောလိုက်လျှင် အလွယ်ကြိုက်သူတို့သည် လွယ်လွယ်ကူကူနှင့် သောတာပန် သကဒါဂံစသည် ဖြစ်တော့မည်ဟု ယုံကြည်ပြီးလျှင် ထိုဆရာခိုင်းသမျှ ပြုလုပ်တတ်ကြ၏။ ခုနစ်ရက်ရှိသောအခါ ဆရာက သင် သောတာပန်ဖြစ်ပြီ သကဒါဂံဖြစ်ပြီ ဘယ်နှစ်ဆင့် အောင်မြောက်ပြီ စသည်ဖြင့် ပြောဆိုလိုက်သောအခါ ဆရာပြောသည့်အတိုင်း တကယ်ပင် ထင်မှတ်တတ်ကြ၏။

ဤအရာတွင် သတိပြုရန် ကောင်းသည့်အချက်မှာ လောက၌ ကြေးဝါတုံး ကြေးဝါခဲကို အရည်ကျို၍ သိဒ္ဓိမြောက် ပြဒါးပြာဖြင့် ပစ်လိုက်၍ တကယ်စင်စစ် ရွှေဖြစ်သွားပါလျှင် မူလ ကြေးဝါအခြေအနေနှင့် ရွှေဖြစ်သွားပြီးနောက် အခြေအနေတို့သည် များစွာ ကွာခြားသွားရာသကဲ့သို့၊ မူလ ပုထုဇန်အခြေအနေနှင့် တမဂ် တဖိုလ်ရပြီးသော အရိယာပုဂ္ဂိုလ်တို့၏ အခြေအနေမှာ ကာယကံ ဝစီကံ မနောကံ သုံးပါး ရုန့်ကြမ်းမှု သိမ်မွေ့မှုတို့ဖြင့် လွန်စွာ့လွန်စွာ ကွာခြားရပေမည်။ အရိယာဖြစ်ပြီဟု ဆရာကပြောရုံမျှဖြင့် ရောင့်ရဲတင်းတိမ်ကာ တကယ်ထင်မှတ်၍ မနေပဲ ငါ၏ ကာယကံမှု ၀စီကံမှု မနောကံမှုတို့သည် ရှေးက အခြေအနေနှင့် ယခုအခြေအနေ မည်ကဲ့သို့များ ရုန့်ကြမ်းမှု သိမ်မွေ့မှုတို့ဖြင့် ကွာခြားလာသနည်းဟု မိမိကိုယ်ကို မိမိ စဉ်းစား၍ တကယ်ထူးခြားသော အခြေအနေကို တွေ့ရှိမှ အရိယာဖြစ်သည်ဟူသော ဆရာ၏ပြောစကားကို စဉ်းစားချင့်ချိန် ယုံကြည်သင့်ပေ၏။ အလွယ်နှင့် ယုံကြည်လျှင် မှားယွင်းမည်သာဖြစ်၏။

ဤနည်းအတူ သီလအရာမှာလည်း အောက်ထစ်ဆုံး ငါးပါးသီလကိုပင် အရက်သမား စောင့်ထိန်း၍ မဖြစ်နိုင်၊ ခဲယဉ်းလှပေ၏။ ရှစ်ပါးသီလ စသည်တို့မှာကား ဆိုဖွယ်ရာပင် မရှိတော့ပေ။ သာလွန်၍ ခဲယဉ်းလှပေ၏။

(ဏူ)

ဤသို့လျှင် သီလအရာ၌ဖြစ်စေ၊ အခြားအရာ၌ဖြစ်စေ မည်သည့်အရာမှာမဆို အလွယ်ကြိုက်လျှင် အစစ်အမှန်ကိုမရပဲ အတုအပဖြင့်သာ အဟုတ်ထင်မှတ်၍ နေရတတ်သည်ကို အလွယ်ကြိုက်တတ်သူတို့ ဂရုပြု၍ သတိထားသင့်လှပေ၏။

ဆိုအပ်ပြီးသည့် အာဇီဝဋ္ဌမကသီလမှ ကြွင်းသော သီလအလုံးစုံသည် အာဘိသမာစာရိက သီလမည်၏။ ငါးပါးသီလသည်ပင် အာဇီဝဋ္ဌမက သီလထက် လွန်မြတ်သော အကျင့်ဖြစ်၏။ ဤ၌ မေးဖွယ်ရှိပြန်သည်ကား-

“ငါးပါးသီလထဲမှာ ဝစီဒုစရိုက် လေးပါးထဲမှ မုသာဝါဒ တပါးကိုသာ ရှောင်ကြဉ်ရန် ပါရှိပေသည်။ အာဇီဝဋ္ဌမက သီလထဲမှာကား ဝစီဒုစရိုက် လေးပါးလုံးကိုပင် ရှောင်ကြဉ်ရန် ပါရှိပေသည်။ ဤအချက်ကို ထောက်ထားလျှင် ငါးပါးသီလသည် အာဇီဝဋ္ဌမကသီလအောက် ယုတ်လျော့နေသေးသည်ဟု ဆိုသင့်သည် မဟုတ် ပါလော”ဟူ၍ မေးမြန်းဖွယ်ရှိ၏။

အဖြေကား.. ဝစီကံ= (၀စီဒုစရိုက်) လေးပါးတို့တွင် မုသာဝါဒ ဒုစရိုက်သည် ဒုစရိုက်အားလုံးကို လွန်ကျူးကြောင်း အရင်းခံအကြောင်း ဖြစ်ပေသည်၊ မုသာဝါဒကို ကျူးလွန်သောသူသည် မပြုဝံ့သော ဒုစရိုက်ဟူ၍ မရှိကြောင်း ဘုရားဟောထားသည်၊ မုသာဝါဒမှ ရှောင်ကြဉ်နိုင်သောသူသည် ကျန်သော ဝစီဒုစရိုက် သုံးပါးတို့မှ အလွယ်တကူနှင့်ပင် ရှောင်ကြဉ်နိုင်သည်။ မုသာဝါဒကိုမှ မပြောသောသူသည် အဘယ်မှာ ဂုံးတိုက်စကား ဆဲရေးစကား ပြိန်ဖျင်းစကားတို့ကို ပြောဆိုတော့အံ့နည်း၊ ထို့ကြောင့် ငါးပါးသီလ၌ ဝစီဒုစရိုက် လေးပါးတို့အနက် မုသာဝါဒမှ ရှောင်ကြဉ်ခြင်းကိုသာ အဓိကအားဖြင့် ထည့်သွင်း ဟောကြားထားခြင်း ဖြစ်သည်။ သို့ဖြစ်၍ ငါးပါးသီလထက် အာဇီဝဋ္ဌမကသီလက သာလွန်သည်ဟု ပြောဆိုဖွယ် မရှိချေ။ တဖန် မေးဖွယ်ရှိပြန်သည်ကား-

“မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်းအမှုသည် ငါးပါးသီလထဲ၌ မပါ၊ အာဇီဝဋ္ဌမက သီလထဲ၌သာ ပါသည်ဖြစ်၍ ဤမိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်းအတွက် ငါးပါးသီလထက် အာဇီဝဋ္ဌမကသီလက မြတ်သည်ဟု ဆိုနိုင်သည် မဟုတ်လော”ဟူ၍ မေးဖွယ်ရှိပြန်သည်။

အဖြေအကျဉ်းချုပ်မှာ.. ငါးပါးသီလကို စောင့်ထိန်းသောသူသည် ရှောင်ကြဉ်ဖွယ် မိစ္ဆာဇီဝဟူ၍ အထူးမရှိလှတော့ပြီ၊ မှန်၏..

(ဏေ)

မိစ္ဆာဇီဝဟူသည် ဒုစရိုက်မှုတို့ဖြင့် ရသောပစ္စည်းကို စားသုံး၍ အသက်မွေးခြင်း ဖြစ်သည်၊ ဥစ္စာပစ္စည်းကို ရစေနိုင်သော ဒုစရိုက်မှုများမှာ အများအားဖြင့် သူ့အသက်ကိုသတ်ခြင်း= ပါဏာတိပါတ၊ သူ့ဥစ္စာကို ခိုးယူခြင်း= အဒိန္နာဒါန၊ မဟုတ်မမှန်ပြောဆိုခြင်း= မုသာဝါဒ- ဤဒုစရိုက်သုံးပါးတို့ကိုပြု၍ ရှာမှီးမှ လောက၌ အများအားဖြင့် ပစ္စည်းဥစ္စာ ရနိုင်သည်၊ ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းနေသောသူမှာ ဤဒုစရိုက်သုံးပါးတို့ကို တိုက်ရိုက် ရှောင်ကြဉ်ပြီး ဖြစ်သောကြောင့်၎င်း၊ မုသာဝါဒမှ ရှောင်ကြဉ်သဖြင့်ပင် ကျန်သောဒုစရိုက်တို့ဖြင့် အသက်မွေးမှုကို မပြုတော့သောကြောင့်၎င်း မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်းအတွက် ငါးပါးသီလထက် အာဇီဝဋ္ဌမကသီလက မြတ်သည်ဟူ၍ မဆိုသင့်ချေ။ (ဤဆိုအပ်ပြီးသည်ကား လူတို့အတွက် ပြဆိုခြင်းဖြစ်သည်။)

     ရဟန်းတော်တို့ အတွက်ကား.. သေးငယ်သောအပြစ် သေးငယ်သည်အောက် သေးငယ်သော အပြစ်တို့မှ ရှောင်ကြဉ်ရသော သိက္ခာပုဒ် သီလအစုသည် အာဘိသမာစာရိက သီလမည်၏။ ကြီးသောအပြစ် (ရုန့်ကြမ်းသောအပြစ်)တို့မှ ရှောင်ကြဉ်ရသော သိက္ခာပုဒ် သီလအစုသည် အာဒိဗြဟ္မစရိယကသီလမည်၏။ (ဂရုကအာပတ်ဟူ၍ ပညတ်ဟောကြားအပ်သော ပါရာဇိကအာပတ် သံဃာဒိသိသ်အာပတ်တို့ မသင့်အောင် ထိန်းစောင့်အပ်သော သိက္ခာပုဒ်သီလအစုသည် အာဒိဗြဟ္မစရိယသီလ မည်၏။ လဟုကအာပတ်ဟူ၍ ပညတ်ဟောကြားအပ်သော ကျန်သည့် အာပတ်ငါးပုံကို မသင့်အောင် ထိန်းစောင့်အပ်သော သိက္ခာပုဒ် သီလအစုသည် အာဘိသမာစာရိက သီလမည်၏ဟု ဆိုလိုသည်။)

     တနည်း.. ဝိနည်းငါးကျမ်းရှိသည့်အနက် (ဥဘတောဝိဘင်းဟု ခေါ်သော) ရှေ့နှစ်ကျမ်း (ပါရာဇိကနှင့် ပါစိတ္တိယပါဠိ)တို့၌ ပါဝင်သော သိက္ခာပုဒ် သီလအစုသည် အာဒိဗြဟ္မစရိယက သီလမည်၏။ ခန္ဓကဝဂ်ခေါ်သည့် မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိတို့၌ အကျုံးဝင်သော သိက္ခာပုဒ် သီလအစုသည် အဘိသမာစာရိက သီလမည်၏။ (နောက်ဆုံးဖြစ်သော ပရိဝါရပါဠိမှာ ရှေ့ဝိနည်းလေးကျမ်းလာ စကားတို့ကို အများအားဖြင့် ချုံး၍ဟောသော ပါဠိဖြစ်သည်။)

(ရဟန်းတော်များအဖို့ အာဘိသမာစာရိက သီလပြည့်စုံမှ အာဒိဗြဟ္မစရိယကသီလ ပြည့်စုံနိုင်သည်။ မှန်၏.. အကြင်ရဟန်းသည် လဟုကအာပတ်= အပြစ်ပေါ့သော အာပတ်၊ အပြစ်နည်းသော အာပတ်တို့ကို သော်မှလည်း ရှောင်ကြဉ်သည်ဖြစ်အံ့၊ ထိုရဟန်းသည် အပြစ်ကြီးလေးလှသည့် ဂရုကအာပတ်တို့ကိုကား ဆိုဖွယ်မရှိ၊ ဧကန်ပင် ရှောင်ကြဉ်တော့သည်သာ ဖြစ်၏။)

(ဏဲ)

     တနည်းကား.. ဝိရတီသီလ အဝိရတီသီလဟူ၍ နှစ်ပါး အပြားရှိ၏၊ ထိုနှစ်ပါးတို့တွင် ရှေးဖြစ်သည့် (၁) အဘယ်တရားကို သီလခေါ်သနည်းဟူသော စကားရပ် (ဍော)မျက်နှာ၌ သီလ၏သရုပ်ကို ဖော်ထုတ်ပြဆိုရာဝယ် ပါဝင်သည့် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ တည်းဟူသော ဝိရတီစေတသိက် သုံးပါးသည် ဝိရတီသီလ မည်၏၊ ကြွင်းကျန်သည့် စေတနာစသော တရားအစုသည် အဝိရတီသီလ မည်၏။

     တနည်းအားဖြင့် သီလသည် နိဿိတသီလ, အနိဿိတသီလဟူ၍ နှစ်ပါး အပြားရှိ၏။ ထိုနှစ်ပါးတို့တွင် တဏှာကိုဖြစ်စေ ဒိဋ္ဌိကိုဖြစ်စေ အမှီပြု၍ စောင့်သုံးအပ်သော သီလသည် နိဿိတသီလ မည်၏။ (ဤသီလကြောင့် ငါသည် နောက်ဘဝတွင် ကောင်းမြတ်သောဘဝ ကောင်းမြတ်သော စည်းစိမ်ချမ်းသာကို ရပါလို၏ဟု ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိကို တောင့်တ၍ ဖြစ်စေအပ် ကျင့်သုံးအပ်သော သီလသည် တဏှာကို မှီသောသီလ မည်၏။ မိစ္ဆာအယူရှိသော သူတို့၏ မိမိတို့၏ နွားအလေ့အကျင့် ခွေးအလေ့အကျင့်ဖြင့် သံသရာမှ စင်ကြယ်လိမ့်မည်ဟု အမြင်မှားကာ ကျင့်သုံးအပ်သော နွားတို့၏အလေ့အကျင့် သီလမျိုး ခွေးတို့၏အလေ့အကျင့် သီလမျိုးသည် ဒိဋ္ဌိနိဿိတသီလ မည်၏။ ဤဒိဋ္ဌိနိဿိတ သီလကိုကား ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် စောင့်သုံးမိကြမည်မဟုတ်၊ တဏှာနိဿိတ သီလကိုသာ စောင့်သုံးမိတတ်ကြသည်။ ဤကဲ့သို့ မစောင့်သုံးမိအောင် သတိပြုကုန်ရာ၏။) ပြဆိုအပ်ပြီးသည့် တဏှာဒိဋ္ဌိနှစ်ပါးကို အမှီမပြုပဲ မြတ်သောအကျင့်ကို ငါကျင့်မည်ဟူ၍သာ နှလုံးသွင်း၍ စောင့်သုံးအပ်သော သီလ (သို့မဟုတ်) မဂ်ဖိုလ်နှင့် ယှဉ်သောသီလ၊ ထိုမဂ်ဖိုလ်သီလ၏ အဆောက်အဦဖြစ်သော လောကီသီလတို့သည် အနိဿိတသီလ မည်ကုန်၏။

     တနည်းအားဖြင့် ကာလပရိယန္တသီလ, အာပါဏကောဋိက သီလဟူ၍ နှစ်ပါး အပြားရှိ၏။ ထိုနှစ်ပါးတို့တွင် အလိုရှိသလောက် ကာလကို ပိုင်းခြား၍ စောင့်သုံးအပ်သော သီလသည် ကာလပရိယန္တသီလ မည်၏။ ကာလကို မပိုင်းခြားပဲ အသက်ထက်ဆုံး စောင့်သုံးအပ်သော သီလသည် အာပါဏကောဋိကသီလ မည်၏။

ကာလပရိယန္တ သီလအကြောင်းကို (ကာလပရိစ္ဆေဒံ ကတွာ သမာဒိန္နံ သီလံ) ကာလအပိုင်းအခြားကိုပြု၍ ဆောက်တည်အပ်သော သီလဟူ၍ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ ဖွင့်ပြရာ ဝိသုဒ္ဓိမဂ် မဟာဋီကာ၌ (ကာလပရိစ္ဆေဒံ ကတွာတိ ဣမဉ္စ ရတ္တိံ ဣမဉ္စ ဒိဝန္တိ အာဒိနာ ဝိယ ကာလဝသေန ပရိစ္ဆေဒံ ကတွာ)ဟူ၍ ဖွင့်ပြသည်၊ အဓိပ္ပါယ်မှာ.. ကာလအပိုင်းအခြားကို ပြု၍ဟု ပြဆိုသော အဋ္ဌကထာစကားလာ

(ဏော)

ကာလပိုင်းခြားပုံကို “ဤညဉ့်ပတ်လုံး၎င်း ဤနေ့ပတ်လုံး၎င်း”ဤသို့ အစရှိသည်ဖြင့် ပိုင်းခြားခြင်းကဲ့သို့ အချိန်ကာလ၏ အစွမ်းဖြင့် ပိုင်းခြားခြင်းကို ပြုရမည်ဟု ဆိုလိုသည်။

ယခုကာလ လူအများ သီလခံယူကြရာ၌ကား ကာလကို ပိုင်းခြားခြင်းမရှိ၊ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ= သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏ ဟူ၍သာ ဆောက်တည်ကြသဖြင့် တသက်လုံးအတွက်ပင် ဆောက်တည်ထားသကဲ့သို့ ဖြစ်နေသော်လည်း ဆောက်တည်သူ၏ စိတ်ထဲမှာ တနေ့တရက်အတွက်သာ ရည်မှန်းရင်းရှိသောကြောင့် ထိုဆောက်တည်အပ်သော သီလသည် တနေ့တရက်ကာလဖြင့် ပိုင်းခြားအပ်သည့် ကာလပရိယန္တသီလသာ ဖြစ်၏။ အဋ္ဌကထာ ဋီကာတို့ ဖွင့်ဆိုပုံကို ထောက်လျှင် ကာလပရိယန္တသီလအတွက် မိမိအလိုရှိအပ်သော အချိန်ကာလပြစကားကို ထည့်သွင်း၍ ဆောက်တည်သင့်၏။ ထို အချိန်ကာလ အပိုင်းအခြားပြသည့် စကားစု မပါသော်လည်း အပြစ်မရှိပေ၊ ကာလပရိယန္တသီလသာ ဖြစ်၏။

ယခုကာလ သီလဆောက်တည် ခံယူရာမှာ ပိုင်းခြားချက်စကား မပါသော်လည်း ရည်မှန်းချက်အရ တနေ့တရက်ဟူသော သဘောသည် ပြီးစီးနေသဖြင့် “သီလကို တနေ့လုံး တရက်လုံး ညဉ့်နေ့ပတ်လုံး စောင့်သုံးမှ စောင့်သုံးကောင်းသည်”ဟူ၍ ထင်မှတ်တတ်ကြ၏၊ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ သီလမယဉာဏနိဒ္ဒေသအဖွင့်၌- (ကတမော ကာလပရိယန္တော၊ ဥပါသကောပါသိကာ ဒါနံ ဒဒမာနာ ပရိဝေသနပရိယန္တံ သီလံ သမာဒိယန္တိ၊ ဝိဟာရဂတာ ဝိဟာရပရိယန္တံ သီလံ သမာဒိယန္တိ၊ ဧကံ ဝါ ဒွေ ဝါ တယော ဝါ ဘိယျော ဝါ ရတ္တိဒိဝါနိ ပရိစ္ဆေဒံ ကတွာ သီလံ သမာဒိယန္တိ၊ အယံ ကာလပရိယန္တော)ဟူ၍ ပြဆိုထားသည်။

အဓိပ္ပါယ်ကား.. ကာလအပိုင်းအခြားရှိသော သီလ (ကာလပရိယန္တသီလ)ဟူသည် အဘယ်နည်းဟူမူကား၊ ရတနာသုံးပါးသို့ ဆည်းကပ်လေ့ရှိသော ယောက်ျားမိန်းမတို့သည် အလှူလှူဒါန်းကြစဉ် လှူမှုကိစ္စ ဆုံးသည့်တိုင်အောင် သီလကို ဆောက်တည်ကြကုန်၏၊ (သံဃာကို အိမ်သို့ပင့်၍ လှူဒါန်းပြုစုနေစဉ်အတွင်း သီလကို စောင့်သုံးသည်။ လှူပြီးသောအခါ စောင့်သုံးခြင်းမရှိဟု ဆိုလိုသည်။) ယခုကာလ တထိုင်သီလဟု ပြောကြသော သီလတည်း။ ကျောင်းသို့ သွားရောက်ကြသောအခါ ကျောင်း၌နေသမျှ ကာလအပိုင်းအခြားရှိသော သီလကို

(ဏော်)

ဆောက်တည်ကြကုန်၏။ (ကျောင်းသို့ သွားရောက်သောအခါ ကျောင်းကမပြန်မီ အတွင်းသာ သီလကို ဆောက်တည်သည်ဟု ဆိုလိုသည်)။ တရက်သော်၎င်း နှစ်ရက်သော်၎င်း ထို့ထက်အလွန် များ၍သော်၎င်း ညဉ့်နေ့တို့ကို ပိုင်းခြား၍ သီလကို စောင့်သုံးကြကုန်၏။ ဤသို့ စောင့်သုံးအပ်သော သီလများသည် ကာလပရိယန္တသီလ မည်၏ဟု ဆိုလိုသည်။

ဤအဋ္ဌကထာကို ထောက်၍ တနေ့လုံးမဟုတ်ပဲ သံဃာများကို အိမ်သို့ပင့်၍ လှူဒါန်းနေဆဲ အခိုက်မှာပင်ဖြစ်စေ ကျောင်းသို့သွား၍ ကျောင်း၌ နေသမျှကာလ အခိုက်မှာပင်ဖြစ်စေ သီလစောင့်သုံးနိုင်ကြောင်း၊ ထိုသို့ စောင့်သုံးအပ်သော သီလကို ကာလပရိယန္တသီလဟူ၍ ခေါ်ဆိုကြောင်း သိသာထင်ရှားပေ၏။ ထို့ကြောင့်- ညဉ့်တွင် ပိုင်းခြားသတ်မှတ်၍ ဆောက်တည်လိုက ဆောက်တည်နိုင်၏၊ နေ့တွင် ပိုင်းခြားသတ်မှတ်၍ ဆောက်တည်လိုက ဆောက်တည်နိုင်၏။ ထို့ကြောင့်ပင် “ဥပုသ်နေ့များမှာ ညစာစားခြင်းမှ မရှောင်နိုင်သေးသော ကလေးသူငယ်တို့ကို နံနက်ပိုင်းအတွက် ကာလသတ်မှတ်ကာ ဥပုသ်သီလ ဆောက်တည်စေကောင်း၏”ဟူ၍ ဆရာတို့ မိန့်ဆိုတော်မူကြသည်။ မိန့်ဆိုကြသည့်အတိုင်း သဘောယုတ္တိအားဖြင့်လည်း သင့်လျော်သည်။ အကြောင်းမှာ.. မြတ်သောအကျင့်ကို တနေ့လုံးကျင့်မှ ကုသိုလ်ရမည်။ တစိတ်တပိုင်းကျင့်လျှင် ကုသိုလ်မရဟု ဆိုဖွယ်မရှိ၊ ကျင့်နိုင်သမျှပင် ကုသိုလ်ရသောကြောင့်တည်း။

ထောက်ထားဖွယ်မှာ.. ပေတဝတ္ထု ပါဠိတော် (၃) စူဠဝဂ် (၇) မိဂလုဒ္ဒကပေတဝတ္ထုနှင့် (၈) ဒုတိယ မိဂလုဒ္ဒကပေတဝတ္ထုတို့ကို ထောက်ထားရာ၏၊ ထိုဝတ္ထုနှစ်ပါး အကျဉ်းချုပ်မှာ..

မြတ်စွာဘုရား လက်ထက်တော်အခါက ရာဇဂြိုဟ်ပြည်၌ တယောက်သော မူဆိုးသည် နေ့ရောညဉ့်ပါ သားသမင်တို့ကို သတ်ဖြတ်နှိပ်စက်၍ အသက်မွေးမှုကို ပြုလေသည်။ ထိုမူဆိုး၏ တယောက်သော မိတ်ဆွေသည် ရတနာသုံးရပ်ကို ဆည်းကပ်သူ ဥပါသကာဖြစ်သည်၊ ထိုဥပါသကာ မိတ်ဆွေသည် မူဆိုးသူငယ်ချင်းကို လုံးလုံးလျားလျား သားသတ်ခြင်း ဒုစရိုက်မကောင်းမှုမှ ရှောင်ကြဉ်ရန် ပြောဆို တားမြစ်ပါသော်လည်း မတတ်နိုင်သည့်အဆုံးဝယ် “မိတ်ဆွေ လာပါ။ တနေ့လုံး မရှောင်နိုင်လျှင် ညဉ့်အခါ၌ ပါဏာတိပါတ ဒုစရိုက်မှုပြုခြင်းမှ ရှောင်ကြဉ်ပါလော့”ဟူ၍ ပြောဆို ဖြောင်းဖြကာ ညဉ့်အခါဝယ်

(ဏံ)

ကုသိုလ်တရား၌ ဆောက်တည် ကျင့်သုံးစေသည်။ ထိုမူဆိုးသည် မိတ်ဆွေဥပါသကာ ညွှန်ကြား ဆောက်တည်စေသည့်အတိုင်း ညဉ့်အခါ (မြှားကိုပြင်ဆင်ခြင်း ကျော့ကွင်းကို ပြင်ဆင်ခြင်း အစရှိသည့်) ပြုလုပ်နေကျ ဒုစရိုက်မှုများကို မပြုမလုပ် ရှောင်ကြဉ်၍ နေ့အခါ၌သာ သားသတ်အမှုကို ပြုလေသည်။

ထိုမူဆိုးသည် နောက်အခါ သေလွန်၍ ရာဇဂြိုဟ်ပြည်၏ အနီး၌ ဝေမာနိကပြိတ္တာ (တချိန်မှာစံ တချိန်ခံ ဗိမာန်ရှိသည့် ပြိတ္တာ) ဖြစ်ပြီးလျှင် နေ့အခါ ဆင်းရဲဒုက္ခ ကြီးစွာခံစား၍ ညဉ့်အခါ ကာမဂုဏ်ငါးပါးတို့နှင့် ပြည့်စုံစွာ ကာမချမ်းသာကို ခံစားရလေသည်။

ထိုပြိတ္တာကို အရှင်နာရဒမထေရ် မြင်တော်မူ၍ ရှေးကုသိုလ်ကံအကြောင်းကို မေးမြန်းသည်တွင် ရှေးဘဝက သားသတ်မူဆိုး ဖြစ်ခဲ့ဘူးကြောင်း၊ သဒ္ဓါတရားကောင်းလှသူ သူငယ်ချင်း ဥပါသကာက မကောင်းမှုကိုမပြုရန် တားမြစ်ပါသော်လည်း အချိန်ကြာမြင့်စွာ မကောင်းမှု၌ လေ့လာပျော်ပိုက်ခဲ့သူဖြစ်သဖြင့် သူငယ်ချင်း၏ အဆုံးအမကို အပြည့်အစုံ မလိုက်နာခဲ့ပဲ (မဆန့်ကျင်ရုံ တဝက်ကိုသာ လိုက်နာသောအားဖြင့်) နေ့အခါ ပါဏာတိပါတ ဒုစရိုက်မှုကို ပြုမြဲတိုင်းပြု၍ ညဉ့်အခါ၌သာ သီလကို ဆောက်တည် ကျင့်သုံးခဲ့သော ကောင်းမှုကုသိုလ်ကံကြောင့် ယခု ဝေမာနိကပြိတ္တာဖြစ်၍ နေ့ပြုခဲ့သော ဒုစရိုက် အကုသိုလ်ကံကြောင့် နေ့အခါ ဆင်းရဲဒုက္ခ ကြီးစွာရောက်ရကြောင်း၊ ညဉ့်အခါ ဆောက်တည် ကျင့်သုံးခဲ့သော သီလကောင်းမှုကြောင့် ညဉ့်အခါ၌ နတ်စည်းစိမ်တို့ကို ခံစံရကြောင်း ပြန်ကြား လျှောက်ထားလေသည်။ ။(ဤကား (၇) မိဂလုဒ္ဒကပေတ= သားသတ်မူဆိုး ပြိတ္တာဝတ္ထု အကျဉ်းချုပ်တည်း။) (၈)ခုမြောက်ဖြစ်သော သားသတ်မူဆိုး ပြိတ္တာဝတ္ထု၌ကား သူငယ်ချင်း ဥပါသကာက တားမြစ် ဆုံးမသော်လည်း မရပဲ ထိုဥပါသကာ၏အိမ်၌ ဆွမ်းခံကြွသည့် ရဟန္တာအရှင်မြတ် ဆုံးမမှသာ ညဉ့်အခါ သီလစောင့်သော မူဆိုးဝတ္ထုဖြစ်သည်။

ဤသားသတ်မူဆိုး ပြိတ္တာဝတ္ထုတို့ကို ထောက်၍ သီလကို နေ့အခါ၌ မစောင့်ထိန်းနိုင်ပဲ ညဉ့်အခါမှသာ စောင့်ထိန်းလာခဲ့ရသော်လည်း ထိုသီလသည် ညဉ့်အခါမှာ ကောင်းကျိုးပေးနိုင်ကြောင်း ထင်ရှားပေ၏၊ ထို့ကြောင့် မိမိစွမ်းနိုင်သမျှ အချိန်ကာလအတွင်းမှာပင် သီလကို စောင့်သုံးကြဖို့ သင့်လျော်လှပေသည်။

(ဏား)

     တနည်းအားဖြင့် (၁) သပရိယန္တသီလ (၂) အပရိယန္တသီလဟူ၍ နှစ်ပါး အပြားရှိ၏။ အချုပ်အားဖြင့်ကား အဆုံးရှိသောသီလနှင့် အဆုံးမရှိသော သီလဟူ၍ ဆိုလိုသည်။

     (၁) တနေ့လုံးအတွက် ရည်သန်၍ ဥပုသ်သီလ ဆောက်တည်ထားသောသူကို တစုံတယောက်သောသူက “အမောင်.. သီလကို ယခု ချိုးဖျက်လိုက်ပါ၊ အမောင့်အား ငါ ငွေတထောင်ပေးမည်”ဟု ဆိုသဖြင့် ဖျက်လိုက်သော သီလသည် အဆုံးရှိသော (သပရိယန္တ) သီလမည်၏၊ (ဥစ္စာကြောင့် ရည်မှန်းထားသည့်အတိုင်း တနေ့လုံးမခံတော့ပဲ ထိုဖျက်လိုက်သော ခဏမှာပင် ပြီးဆုံးသွားခြင်းရှိသော သီလဟု ဆိုလိုသည်။) ဤအတူ.. သင့်သီလကို ဖျက်လိုက်လျှင် အခြံအရံ ပေးမည်ဟု ဆို၍သော်၎င်း၊ သီလကိုမဖျက်လျှင် သင့်ဆွေမျိုးတွေကို သတ်ဖြတ် ဖျက်ဆီးပစ်မည်ဟု ဆို၍သော်၎င်း၊ သင့်ခြေလက်အင်္ဂါတို့ကို ဖြတ်တောက် ဖျက်ဆီးပစ်မည်ဟု ဆို၍သော်၎င်း၊ သင့်အသက်ကို သတ်ပစ်မည်ဟု ဆို၍သော်၎င်း ဖျက်လိုက်ရသော သီလသည် အဆုံးရှိသော (သပရိယန္တ) သီလမည်၏။ အချုပ်အားဖြင့်- ဥစ္စာ အခြံအရံ ဆွေမျိုး အင်္ဂါ အသက် ဤငါးပါးတို့တွင် တပါးပါးကြောင့် ချိုးဖျက်လိုက်ရသော သီလကို အဆုံးရှိသော (သပရိယန္တ) သီလဟူ၍ ခေါ်သည်။

     (၂) ဤနည်းငါးမျိုးဖြင့် ဖျက်၍မရပဲ ရည်မှန်းထားရင်းအတိုင်း ကောင်းစွာ စောင့်သုံးအပ်သော သီလသည် အဆုံးမရှိသော (အပရိယန္တ) သီလမည်၏။ (အနှောက်အရှက်ကြောင့် ရည်မှန်းရင်းအချိန်သို့ မရောက်မီ ပျက်စီး ပြီးဆုံးသွားခြင်းမရှိသော သီလဟု ဆိုလိုသည်။)

(ရှေး သပရိယန္တသီလ၌ လာဘ်ပေးခြင်း စသည်ကြောင့် ပျက်စီးသွားသော်လည်း မပျက်စီးမီ ရှေးအဖို့က စောင့်သုံးထားခဲ့သော သီလမှာ ကောင်းကျိုးပေးနိုင်သည့် သီလကုသိုလ်ပင် ဖြစ်ပေသည်။ သီလမဟုတ်ဟု မဆိုရ။ ဤသို့ တနေ့လုံး စောင့်သုံးရန် ဆောက်တည်အပ်သော သီလကိုပင် နောက်ပိုင်း၌ ဖျက်လိုက်ရစေကာမူ ရှေ့ပိုင်းအတွက် ကောင်းကျိုးပေးနိုင်သည့် သီလဖြစ်သည်ကို ထောက်၍ ဆောက်တည်စဉ် အခါကပင် တတ်အားသမျှ အချိန်အတွင်း ပိုင်းခြားသတ်မှတ် ဆောက်တည်အပ်သော သီလသည် ကောင်းမြတ်သော သီလဖြစ်သည်ဟု ယုံမှားမရှိ မှတ်ယူရာ၏။)

     တနည်းအားဖြင့် လောကိယသီလ, လောကုတ္တရသီလဟူ၍ နှစ်ပါး အပြားရှိ၏၊ အာသဝေါတရားတို့၏ အာရုံဖြစ်သော (အာသဝေါတရားတို့က အာရုံအပြုခံရသော)

(တ)

သီလသည် လောကိယသီလ မည်၏။ အာသဝေါတရားတို့၏ အာရုံမဟုတ်သော (အာသဝေါတရားတို့က အာရုံအပြု မခံရသော) သီလသည် လောကုတ္တရသီလ မည်၏။ ထိုနှစ်ပါးတို့တွင် လောကိယသီလသည် ဘဝအထူး (လူ့ဘဝ နတ်ဘ၀)ကို ရွက်ဆောင်နိုင်၏၊ ဘဝမှ လွတ်မြောက်နိုင်ခြင်း၏ အဆောက်အဦ အကြောင်းလည်း ဖြစ်နိုင်၏ (ဝိ ၅၊ ၂၈၈)။ လောကုတ္တရသီလသည်ကား ဘဝမှ လွတ်မြောက်ခြင်းကို ရွက်ဆောင်နိုင်၏။ ပစ္စဝေက္ခဏာဉာဏ်၏ အာရုံပြုရာဘုံလည်း ဖြစ်ပေ၏။ ဤသို့လျှင် သီလသည် နှစ်ပါးစီ အပြားရှိ၏။

နှစ်ပါးတွဲ သီလစု ပြီး၏။

**********

သုံးပါးတွဲ သီလစု

     တနည်းကား.. သီလသည် (၁) ဟီနသီလ (၂) မဇ္ဈိမသီလ (၃) ပဏီတသီလဟူ၍ သုံးပါး အပြားရှိ၏၊ ထိုသုံးပါးတို့တွင် ရှေး ဒါနခဏ်း၌ ပြဆိုခဲ့သည့်အတိုင်း အညံ့စားဖြစ်သော ဆန္ဒ ဝီရိယ စိတ္တ ဝီမံသာတို့ဖြင့် ဆောက်တည် ကျင့်သုံးအပ်သော သီလသည် ဟီနသီလမည်၏။ အလတ်စားဖြစ်သော ဆန္ဒ ဝီရိယ စိတ္တ ဝီမံသာတို့ဖြင့် ဆောက်တည် ကျင့်သုံးအပ်သော သီလသည် မဇ္ဈိမသီလမည်၏။ မြင့်မြတ်သော ဆန္ဒ ဝီရိယ စိတ္တ ဝီမံသာတို့ဖြင့် ဆောက်တည် ကျင့်သုံးအပ်သော သီလသည် ပဏီတသီလ မည်၏။

     တနည်း.. (၁) အကျော်အစော ဂုဏ်သတင်းကို လိုလားသဖြင့် ဆောက်တည် ကျင့်သုံးအပ်သော သီလသည် ဟီနသီလမည်၏။ (၂) ကောင်းမှု၏ ဘဝချမ်းသာကို လိုလားတောင့်တ၍ ဆောက်တည် ကျင့်သုံး အပ်သော သီလသည် မဇ္ဈိမသီလမည်၏။

(ဤသီလကို ဆောက်တည် ကျင့်သုံးသဖြင့် နောက်အခါ မြတ်သော ဘဝချမ်းသာကို ရပေမည် စသည်ဖြင့် နောက်အခါရရှိမည့် အကျိုးကို လိုလားတောင့်တခြင်းသည် လောဘစိတ်ပင် ဖြစ်၏၊ ဤလောဘစိတ်နှင့် မကင်းမူ၍ ဆောက်တည်ကျင့်သုံးအပ်သော သီလဖြစ်သောကြောင့် အလတ်စားမျှ (မဇ္ဈိမ)သာ ဖြစ်ရသည်။ နောက်အခါ ဘဝချမ်းသာကို လိုလားမှုသည် (မိမိပြုသောကောင်းမှု၏ ရသင့်ရထိုက်သော အကျိုးကို လိုလားမှုသည်) ယခုဘဝ ဂုဏ်ပကာသန အရှိန်အဝါ အကျော်အစော အခြံအရံကို လိုလားမှုလောက် အောက်တန်းမကျ မယုတ်ညံ့ပေ။ လောက၌ ဂုဏ်ပကာသနကို စေတနာသဒ္ဓါတရား မပါရှိပဲ ဟန်ဆောင်

(တာ)

ပြုလုပ်ရုံမျှဖြင့် ရရှိနိုင်သည်။ ကောင်းမှု၏ အကျိုးကိုမူကား စေတနာ သဒ္ဓါတရား မပါရှိပဲ ဟန်ဆောင်ပြုလုပ်ကာမျှဖြင့် မရနိုင်၊ စေတနာကောင်းမှ ကောင်းကျိုးကိုရနိုင်သည်၊ ကောင်းကျိုးကို များများလိုလေလေ စေတနာကို ကောင်းကောင်းထားလေလေ ထားရမည် ဖြစ်၏၊ ထို့ကြောင့် ဂုဏ်ပကာသနကို လိုလားမှုထက် ကောင်းမှု၏အကျိုးကို လိုလားမှုက ပိုမိုမြင့်မြတ်ပေသည်။ ဤသို့ ကောင်းမှုအကျိုး များများရရန် ရည်သန်ထားရှိအပ်သော စေတနာသည် ကုသိုလ်စင်စစ် ဖြစ်သော်လည်း ခံစံရမည့် ကောင်းကျိုးကို လိုလားတပ်မက်သည့် လောဘဇောနှင့် တွဲဖက်နေသောကြောင့် အမြတ်မဖြစ်နိုင်ပဲ အလတ်စားသာ ဖြစ်ရလေသည်။)

     (၃) ဂုဏ်ပကာသနကိုလည်း မလိုလား နောက်အခါ ခံစားရမည့် အကျိုးကိုလည်း မလိုလားပဲ “ဤသီလတရားဟူသည် မြတ်သော အကျင့်တရားဖြစ်၏။ ဤမြတ်သော အကျင့်ကို ငါကျင့်အပ်သည်သာတည်း”ဟု တရား၏ မြင့်မြတ်မှုကိုသာ နှလုံးသွင်းကာ ဆောက်တည် ကျင့်သုံးအပ်သော သီလသည် အမြတ်စား ဖြစ်သော (ပဏီတ)သီလ မည်၏။ လောဘနှင့်မတွဲမဖက် သက်သက် စင်ကြယ်သော ကုသိုလ်စိတ်ဖြင့်သာ ဆောက်တည်ကျင့်သုံးအပ်သည့် သီလဖြစ်သောကြောင့်တည်း၊ ဤသီလမျိုးကိုမှ သီလပါရမီ အစစ်ဟူ၍ မှတ်ယူအပ်၏။

(အောက် ဒါနပါရမီမှာ ပြခဲ့သောအတိုင်း စမ္ပေယျနဂါးမင်း ဘူရိဒတ္တ နဂါးမင်းတို့မှာ ဤအမြတ်စားသီလကို မစောင့်ထိန်းနိုင်ကြပဲ လူ့ဘဝတည်းဟူသော ကောင်းမှုအကျိုးကို လိုလားတောင့်တ၍ စောင့်ထိန်းအပ်ရကား မဇ္ဈိမသီလမျှကိုသာ စောင့်ထိန်းအပ်သည် မည်သော်လည်း ထိုနဂါးမင်းတို့ စောင့်ထိန်းအပ်သော သီလမှာ အသက်ကိုပင်စွန့်၍ သီလကို အပျက်မခံ စောင့်ထိန်းအပ်သည် ဖြစ်သောကြောင့် ထိုနဂါးမင်းတို့ စောင့်ထိန်းအပ်သော သီလသည် သီလပါရမီပင် ဖြစ်သည်ကိုလည်း သတိပြုရာ၏။)

     တနည်း.. (၁) ငါသည် သီလနှင့် ပြည့်စုံသောသူ ဖြစ်၏၊ ငါမှတပါးသော သူတို့သည် သီလမရှိကြကုန်၊ ယုတ်ညံ့သော သဘောသာ ရှိကုန်၏ဟူ၍ မိမိကိုယ်ကို ချီးမြှောက်ခြင်း၊ သူတပါးတို့ကို ကဲ့ရဲ့ရှုတ်ချခြင်း အစရှိသော အကုသိုလ်တရားတို့ဖြင့် ညစ်ညူးလူးပေသော သီလသည် ဟီနသီလမည်၏။ (၂) ဤကဲ့သို့ မညစ်ညူးစေပဲ စောင့်ထိန်းအပ်သော လောကီသီလသည် မဇ္ဈိမသီလမည်၏။ (၃) လောကုတ္တရာ မဂ်ဖိုလ်နှင့်ယှဉ်သော သီလသည် ပဏီတသီလမည်၏။

(တိ)

     တနည်း.. (၁) နောက်အခါ ကောင်းသောဘဝ၌ ကောင်းသော စည်းစိမ်ချမ်းသာကို ရရှိခံစံဖို့ရန် ဆောက်တည် ကျင့်သုံးအပ်သော သီလသည် ဟီနသီလမည်၏။ (၂) မိမိ၏ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရန် ရည်သန်ကျင့်သုံးအပ်သော သာဝကဗောဓိလောင်း ပစ္စေကဗောဓိလောင်းတို့၏ သီလသည် မဇ္ဈိမသီလမည်၏။ (၃) အလုံးစုံသော သတ္တဝါတို့ကို သံသရာဝဋ်မှ လွတ်မြောက်စေရန် ကယ်တင်နိုင်ဖို့ရန် ရည်သန် ကျင့်သုံးအပ်သော ဘုရားအလောင်းတော်တို့၏ သီလသည် (ပါရမီမြောက်သည့်) ပဏီတသီလမည်၏။ ။(ဤ၌ ပဏီတသီလကိုမှ ပါရမီမြောက်သည့် သီလအနေဖြင့် အဋ္ဌကထာ၌ ဖွင့်ဆိုခြင်းသည် အမြင့်မြတ်ဆုံးသော သီလကို ရည်ရွယ်၍သာ ဖွင့်ဆိုခြင်းဖြစ်သည်။ (ထိုကဲ့သို့ ဖွင့်ဆိုခြင်းမျိုးကို ကျမ်းဂန်တို့၌ ဥက္ကဋ္ဌနည်းဟူ၍ ခေါ်ဆိုသည်။) ထို့ကြောင့် မိမိ၏ သံသရာဝဋ်မှ လွတ်မြောက်ရန် ကျင့်ကြံကြသော ပစ္စေကဗုဒ္ဓါအလောင်း သာဝကအလောင်းတော်တို့၏ သီလများသည်လည်း အမြင့်မြတ်ဆုံး မဟုတ်စေကာမူ ပါရမီ သီလပင် ဖြစ်ကြသည်ဟု မှတ်ယူအပ်၏။)

     တနည်းကား.. အတ္တာဓိပတေယျသီလ, လောကာဓိပတေယျသီလ, ဓမ္မာဓိပတေယျ သီလဟူ၍ သုံးပါးအပြားရှိ၏။ (၁) မိမိအား မသင့်မလျော်သော အကျင့်အကြံများကို ပယ်စွန့်လိုသဖြင့် မိမိကိုယ်ကို အလေးဂရုပြု၍ ဆောက်တည် ကျင့်သုံးအပ်သော သီလသည် အတ္တာဓိပတေယျသီလ မည်၏။ (၂) လူအများက ကဲ့ရဲ့ရှုတ်ချမည်ကို ပယ်ရှားလိုသဖြင့် လူအများကို အလေးဂရုပြု၍ ဆောက်တည် ကျင့်သုံးအပ်သော သီလသည် လောကာဓိပတေယျသီလ မည်၏။ (၃) မြတ်စွာဘုရား ဟောကြားတော်မူအပ်သော မဂ်ဖိုလ်နိဗ္ဗာန် တရားတော်သည် ကြီးမြတ်သော အာနုဘော်ရှိပေ၏၊ သံသရာဝဋ်မှ ထွက်မြောက်စေနိုင်သော တရားလည်းမှန်၏၊ ထိုတရားတော်ကို ပဋိပတ်အကျင့်ဖြင့်သာ ပူဇော်သင့်လှပေ၏၊ ထို့ကြောင့် ငါသည် ထိုမဂ်ဖိုလ်နိဗ္ဗာန်တရားကို သီလအကျင့်ဖြင့် ပူဇော်ပေအံ့ဟူ၍ တရားတော်၏ မြင့်မြတ်သော ဂုဏ်ကျေးဇူးကို ပူဇော်လိုသဖြင့် တရားတော်ကို အလေးဂရုပြု၍ ဆောက်တည် ကျင့်သုံးအပ်သော သီလသည် ဓမ္မာဓိပတေယျသီလ မည်၏။

     တနည်းကား.. ပရာမဋ္ဌသီလ, အပရာမဋ္ဌသီလ, ပဋိပ္ပဿဒ္ဓသီလဟူ၍ သုံးပါး အပြားရှိ၏။ ထိုသုံးပါးတို့တွင်-

     (၁) နှစ်ပါးတွဲ သီလစု၌ နိဿိတသီလဟူ၍ ပြဆိုခဲ့သောသီလသည် တဏှာဒိဋ္ဌိတို့ဖြင့် အလွဲလွဲ အမှားမှား သုံးသပ်အပ်သောကြောင့် ပရာမဋ္ဌသီလမည်၏။ သီလကို စောင့်သုံးကာ “ငါ၏သီလသည် ငါတောင့်တသည့် ဘ၀ချမ်းသာကို

(တီ)

ဧကန်ပေးနိုင်သည့် အလွန်မြင့်မြတ်သော သီလဖြစ်သည်၊ ငါ၏သီလမျိုး အခြားသူများ မကျင့်သုံးနိုင်” အစရှိသည်ဖြင့် မိမိ၏သီလကို သာယာခြင်းတည်းဟူသော တဏှာလောဘ၊ “သီလကိုပင် အတ္တလိပ်ပြာ အနှစ်သာရ”ဟူ၍ ထင်မှားသော သက္ကာယဒိဋ္ဌိ အစွဲအလမ်းဖြင့် မှားမှားယွင်းယွင်း နှလုံးသွင်းအပ်လျှင်လည်း ထိုသီလသည် ပရာမဋ္ဌသီလပင် မည်၏။

(ထိုပရာမဋ္ဌသီလမှာ တဏှာဒိဋ္ဌိမီး စွဲငြိအပ်သော သီလပင်ဖြစ်သည်။ ဤတဏှာဒိဋ္ဌိ မီးကြီးကား လောကီအာရုံ ကာမဂုဏ်တို့ကို မဆိုထားဘိ၊ ဒါနသီလတရားတို့ကိုပင် စွဲလောင်တတ်လေသည်။ ဘာဝနာအစစ်သို့ ရောက်မှသာ ဒိဋ္ဌိမီး မစွဲမလောင်နိုင်ရှိသည်။ ဘာဝနာစစ်စစ်ကို ပွါးများလိုသောသူသည် မပွါးများမီက ကြိုတင်ကာ “ငါဟူ၍ မရှိကောင်း ရုပ်နာမ်အစုမျှသာ ဖြစ်သည်”ဟူ၍ ထင်ထင်မြင်မြင် နှလုံးသွင်းကာ အတ္တဒိဋ္ဌိကိုခွါပြီး ပွါးများနိုင်မှ ဘာဝနာစစ်စစ် ဖြစ်နိုင်ပေသည်။ သက္ကာယဒိဋ္ဌိမီး အလောင်မခံရသည့် ဘာဝနာစစ်စစ်ကို ပွါးများမိအောင် နှလုံးသွင်း စဉ်းစား ကြိုးစားသင့်လှပေသည်။)

     (၂) ကလျာဏပုထုဇန်ပုဂ္ဂိုလ်တို့ ဆောက်တည် ကျင့်သုံးအပ်သည့် မဂ်၏ အဆောက်အဦ အကြောင်းစစ်ဖြစ်သော သီလသည်၎င်း သေက္ခအရိယာပုဂ္ဂိုလ်တို့၏ မဂ်ခဏ၌ဖြစ်သော သီလသည်၎င်း အပရာမဋ္ဌသီလမည်၏။ (၃) ဖိုလ်စိတ်လေးပါး၌ရှိသော သီလသည် ပဋိပ္ပဿဒ္ဓသီလ မည်၏။

     တနည်းကား.. ဝိသုဒ္ဓသီလ, အဝိသုဒ္ဓသီလ, ဝေမတိကသီလဟူ၍ သုံးပါး အပြားရှိ၏။ ထိုသုံးပါးတို့တွင်.. (၁) စင်ကြယ်သောပုဂ္ဂိုလ်၏ သီလသည် ဝိသုဒ္ဓသီလမည်၏။ (အာပတ်မသင့်စေပဲ ဖြည့်ကျင့်အပ်သော သီလသည်၎င်း၊ အာပတ်သင့်သော်လည်း အာပတ်ကို ကုစားပြီးသော ပုဂ္ဂိုလ်၏ သီလသည်၎င်း ဝိသုဒ္ဓသီလမည်၏။) (၂) မစင်ကြယ်သောပုဂ္ဂိုလ်၏ သီလသည် အဝိသုဒ္ဓသီလ မည်၏။ (အာပတ်သင့်ပြီးနောက် မကုစားပဲထားသော ပုဂ္ဂိုလ်၏ သီလသည် အဝိသုဒ္ဓသီလ မည်၏။) (၃) ဝံသားလေလော ဝက်သားလေလော ဤသို့စသည်ဖြင့် ပစ္စည်းဝတ္ထု၌ဖြစ်စေ ပါစိတ်အာပတ် သင့်လေသလော ဒုက္ကဋ်အာပတ် သင့်လေသလော ဤသို့စသည်ဖြင့် အာပတ်၌ဖြစ်စေ ငါသည် ထိုဝတ္ထုကို လွန်ကျူးမိလေသလော မလွန်ကျူးမိပဲ ရှိလေသလော ဤသို့စသည်ဖြင့် လွန်ကျူးမှု၌ဖြစ်စေ ယုံမှားမှုရှိနေသော ပုဂ္ဂိုလ်၏ သီလသည် ဝေမတိကသီလ မည်၏။

(ထိုသုံးပါးတို့အနက် ကမ္မဋ္ဌာန်းအလုပ် အားထုတ်သော ယောဂီသူမြတ်သည် မစင်ကြယ်သောသီလကို စင်ကြယ်အောင် ပြုလုပ်အပ်၏၊

(တု)

မိမိ၌ လဟုကအာပတ်သင့်လျှင် ဒေသနာကြား၍ သီလစင်ကြယ်အောင် ပြုလုပ်ရသည်။ ဂရုက သံဃာဒိသိသ်အာပတ်သင့်လျှင် ပရိဝါသ်မာနတ် ကျင့်သုံး၍ သီလစင်ကြယ်အောင် ပြုလုပ်ရသည်။ ယုံမှားမှုရှိနေလျှင်လည်း ကိုယ်တိုင် ဝတ္ထုကို စိစစ်၍ဖြစ်စေ ဝိနည်းဓိုရ်ပုဂ္ဂိုလ်တို့ကို မေးမြန်း၍ဖြစ်စေ ထိုယုံမှားမှုကို ပယ်ဖျောက်ရာ၏၊ ယုံမှားကင်းပြီးသော် အပ်စပ်လျှင် ပြုလုပ်၍ မအပ်စပ်လျှင် ပယ်စွန့်ရာ၏။)

     တနည်းကား.. သေက္ခသီလ, အသေက္ခသီလ, နေဝသေက္ခနာသေက္ခသီလဟူ၍ သုံးပါးအပြားရှိ၏၊ (၁) မဂ်တရားလေးပါး အောက်ဖိုလ်တရား သုံးပါးတို့နှင့်ယှဉ်သော သီလသည် သေက္ခသီလမည်၏။ (၂) အရဟတ္တဖိုလ်နှင့်ယှဉ်သော သီလသည် အသေက္ခသီလမည်၏။ (၃) ထိုမှကြွင်းသော လောကီသီလစုသည် နေဝသေက္ခနာသေက္ခသီလ မည်၏။ ပုထုဇန်တို့၏ သီလပင်တည်း။

သုံးပါးတွဲ သီလစု ပြီး၏။

**********

လေးပါးတွဲ သီလစု

တနည်းကား..

ဟာနဘာဂိယသီလ၊

ဌိတိဘာဂိယသီလ၊

ဝိသေသဘာဂိယသီလ၊

နိဗ္ဗေဓဘာဂိယသီလ-

ဟူ၍ လေးပါး အပြားရှိ၏။ ထိုလေးပါးတို့တွင်.. (၁) ယုတ်လျော့ခြင်း အဖို့ရှိသော (သို့မဟုတ် ယုတ်လျော့သွားမည်သာ ဖြစ်သော) သီလသည် ဟာနဘာဂီယသီလ မည်၏။ (အကြင်ရဟန်းသည် သီလမရှိသော ပုဂ္ဂိုလ်တို့ကိုသာ ပေါင်းသင်း၍ သီလရှိသောပုဂ္ဂိုလ်တို့ကို မဆည်းကပ် မပေါင်းသင်း၊ အာပတ်၏အကြောင်း မကောင်းသောအရာဝတ္ထုကို လွန်ကျူးခြင်း၌ အပြစ်ကိုမမြင်၊ သိလည်း မသိ၊ မကောင်းသောအရာတို့ကိုသာ များစွာ ကြံစည်စိတ်ကူးလေ့ရှိပြီးလျှင် စက္ခုစသော ဣနြေတို့ကိုလည်း စောင့်ထိန်းခြင်းမရှိ၊ ဤသို့သောရဟန်း၏ သီလသည် ရှေ့သို့ မတိုးတက်ပဲ တနေ့ထက်တနေ့ ယုတ်လျော့ ယုတ်လျော့၍သာ သွားတော့၏။)

     (၂) တည်တံ့ခြင်းအဖို့ရှိသော (သို့မဟုတ် မတိုးမယုတ် တည်တံ့နေမည်သာဖြစ်သော) သီလသည် ဌိတိဘာဂိယသီလ မည်၏။ ။(အကြင်ရဟန်းသည်

(တူ)

သီလနှင့်ပြည့်စုံခြင်းကို နှစ်သက် ဝမ်းမြောက်သော စိတ်ရှိ၍သာ နေ၏၊ ကမ္မဋ္ဌာန်းအလုပ် တိုးတက်အားထုတ်ရန် စိတ်မရှိပေ၊ သီလမျှဖြင့်သာ တင်းတိမ်ကျေနပ်၍ သီလမှအထက် တစုံတရာ တိုးတက်အားထုတ်ခြင်းမရှိသော ထိုရဟန်း၏ သီလသည် ရှေ့သို့လည်း မတိုးတက် အောက်သို့လည်း ပြန်၍မလျောကျပဲ တည်တံ့၍သာ နေတော့၏။)

     (၃) ထူးသောအဖို့ရှိသော (သို့မဟုတ် ထူးမြတ်မည်သာဖြစ်သော) သီလသည် ဝိသေသဘာဂိယသီလ မည်၏။ (အကြင်ရဟန်းသည် သီလနှင့် ပြည့်စုံပြီးနောက် သီလမျှဖြင့် ရောင့်ရဲတင်းတိမ်၍မနေပဲ သမာဓိဖြစ်ဖို့ရန်လည်း ကြိုးစားအားထုတ်၏၊ ထိုရဟန်း၏ သီလသည် သမာဓိတရားတည်းဟူသော ထူးသော အဖို့ရှိသော သီလမည်၏။ သမာဓိအကျိုးထူးကို ရရှိသောသီလဟု ဆိုလိုသည်။)

     (၄) ကိလေသာမှောင်ထုကို ဖောက်ထွင်းဖြိုခွဲခြင်း အဖို့ရှိသော (အကျိုးရသော) သီလသည် နိဗ္ဗေဓဘာဂိယသီလ မည်၏။ (အကြင်ရဟန်းသည် သီလမျှဖြင့် ရောင့်ရဲတင်းတိမ်၍ မနေပဲ သင်္ခါရဒုက္ခတို့မှ ငြီးငွေ့အားသန်သည့် ဗလဝဝိပဿနာဉာဏ်ကို ရရန်ကြိုးကုတ် အားထုတ်ပေ၏၊ ထိုရဟန်း၏ သီလသည် မဂ်ဖိုလ်ကိုရ၍ ကိလေသာမှောင်ထုကို ဖောက်ထွင်းဖြိုခွဲခြင်း အဖို့ရှိသော အကျိုးရသော သီလမည်၏။)

တနည်းကား..

ဘိက္ခုသီလ၊

ဘိက္ခုနီသီလ၊

အနုပသမ္ပန္နသီလ၊

ဂဟဋ္ဌသီလ-

ဟူ၍ လေးပါးအပြားရှိ၏။

     (၁) ရဟန်းယောက်ျားများအတွက် မြတ်စွာဘုရား ပညတ်တော်မူအပ်သော သိက္ခာပုဒ်စုနှင့် ရဟန်းမိန်းမ (ဘိက္ခုနီ)တို့အတွက် ပညတ်အပ်သော သိက္ခာပုဒ်များထဲမှ ရဟန်းယောက်ျားများလည်း စောင့်ရှောက် ထိန်းသိမ်းထိုက်သော သီလစုသည် ဘိက္ခုသီလမည်၏။

     (၂) ရဟန်းမိန်းမတို့အတွက် ပညတ်အပ်သော သိက္ခာပုဒ်စုနှင့် ရဟန်းယောက်ျားများအတွက် ပညတ်အပ်သော သိက္ခာပုဒ်များထဲမှ ရဟန်းမိန်းမများလည်း စောင့်ရှောက် ထိန်းသိမ်းထိုက်သော သီလစုသည် ဘိက္ခုနီသီလမည်၏။

(တေ)

     (၃) သာမဏေယောက်ျား သာမဏေမိန်းမများ စောင့်ထိန်းကျင့်သုံးအပ်သော ဆယ်ပါးသီလသည် အနုပသမ္ပန္နသီလ မည်၏။ (ရဟန်းမဟုတ်သော သူများကို အနုပသမ္ပန္နဟူ၍ ခေါ်၏၊ လူဝတ်ကြောင်များလည်း အနုပသမ္ပန္န္နပင် ဖြစ်သော်လည်း ဂဟဋ္ဌဟူ၍ သီးခြားပြဆိုလတ္တံ့ ဖြစ်သောကြောင့် အနုပသမ္ပန္နအရ လူဝတ်ကြောင်တို့ကို မယူပဲ သာမဏေယောကျ်ား သာမဏေမိန်းမတို့ကိုသာ အဋ္ဌကထာဆရာ ယူတော်မူသည်။ သိက္ခမာန်ဟူ၍လည်း တမျိုးရှိသေး၏၊ သို့ရာတွင် ထိုသိက္ခမာန်ဟူသည်မှာ ဘိက္ခုနီမပြုလုပ်ရန် ကျင့်ဝတ်တရားတို့ကို အထူးကျင့်ကြံနေသော သာမဏေမ အကြီးစားများဖြစ်၍ ၎င်းတို့ကို သီးခြား မဆိုတော့ပဲ သာမဏေမိန်းမထဲ၌ ထည့်သွင်း ရေတွက်ထားသည်ဟု မှတ်ယူရာ၏။)

     (၄) ဥပါသကာယောက်ျား ဥပါသိကာမိန်းမတို့ ကျင့်သုံးအပ်သော သီလသည် ဂဟဋ္ဌသီလမည်၏။

ဤဂဟဋ္ဌသီလအရကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ “ဥပါသကဥပါသိကာနံ နိစ္စသီလဝသေန ပဉ္စသိက္ခာပဒါနိ သတိ ဝါ ဥဿာဟေ ဒသ ဥပေါသထင်္ဂဝသေန အဋ္ဌာတိ ဣဒံ ဂဟဋ္ဌသီလံ= ဥပါသကာယောက်ျား ဥပါသိကာ မိန်းမတို့မှာ အမြဲစောင့်ရှောက်အပ်သော ငါးပါးသော သိက္ခာပုဒ်များ၊ စွမ်းနိုင်လျှင် ဆယ်ပါးသော သိက္ခာပုဒ်များ၊ ဥပုသ်အင်္ဂါ၏ အစွမ်းအားဖြင့် ရှစ်ပါးသော သိက္ခာပုဒ်များ ဤသီလစုသည် လူတို့ကျင့်သုံးအပ်သော ဂဟဋ္ဌသီလမည်၏”ဟူ၍ ဖွင့်ပြသည်၊ (အမြဲ စောင့်သုံးသင့်သော ငါးပါးသီလ စွမ်းနိုင်လျှင် ဆယ်ပါးသီလ ရှစ်ပါးသီလ ဤသီလစုသည် ဂဟဋ္ဌသီလ မည်၏ဟူ၍ ရှေးဦးစွာ ရှင်းလင်း မှတ်သားထားရာ၏။)

     ဤဝိသုဒ္ဓိမဂ်အဋ္ဌကထာစကားတွင် (သတိ ဝါ ဥဿာဟေ)ဟူသော စာပုဒ်၌ အဓိပ္ပါယ်အယူအဆ ကွဲလွဲငြင်းခုံကြ၏။ ကွဲလွဲပုံမှာ.. အချို့ဆရာတို့က “လူတို့မှာ ငါးပါးသီလသာ မဟုတ်၊ “ဆယ်ပါးသီလလည်း နိစ္စသီလပင်ဖြစ်သည်၊ အမြဲ ဆောက်တည်ရမည့် သီလဖြစ်သည်”ဟူ၍ (ငါးပါးသီလအတွက်သာ ပြဆိုအပ်သည့် နိစ္စသီလဝသေနဟူသော ပါဠိကို ဒသဟူသော နောက်စကားနှင့်ပါ တွဲ၍) အဓိပ္ပါယ် ပြန်ဆိုကြ၏။

     “ငါးပါးသီလမှာ စွမ်းရည်သတ္တိ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စွမ်းရည်သတ္တိ ရှိ-မရှိကို ရွေးချယ်ရန်မလို၊ အမြဲသာ စောင့်ရှောက်အပ်သော သီလဖြစ်၏။ ဆယ်ပါးသီလမှာကား အမြဲ စောင့်ရှောက်အပ်သော သီလဆိုသော်လည်း

(တဲ)

စွမ်းရည်သတ္တိ ရှိသောသူမှ စောင့်ရှောက်ရမည်။ စွမ်းရည်သတ္တိ ဆိုသည်ကား ရွှေငွေတို့ကို မိမိ သိမ်းထားမှု ကိုင်တွယ်မှု ရောင်းဝယ်ပေးယူမှု တစုံတရာမပြုပဲ အာလယပြတ် ပယ်ရှားစွန့်ပစ်နိုင်သော စွမ်းရည်ကို ဆိုလိုသည်။ ဤသို့ စွန့်ပယ်နိုင်သောသူဖြစ်လျှင် ဆယ်ပါးသီလကို တသက်လုံး အမြဲစောင့်ရှောက်ရမည်။ ရက်ပိုင်း လပိုင်းနှင့် မစောင့်ရှောက်ရ။ ရွှေငွေကို သီလစောင့်ထိန်းစဉ် အတွင်းမှာသာ ရှောင်ကြဉ်မည်၊ သီလမှ ထွက်သောအခါ သုံးစွဲဦးမည်ဟူသော သဘောထား ရွှေငွေပေါ်၌ တပ်မက်ငဲ့ကွက်မှု ရှိနေလျှင် မစောင့်ရှောက်ရ”ဟူ၍ ထိုဆရာတို့က ဆိုကြသည်။

     လူများမှာ ဤကဲ့သို့ မိမိပိုင် ရွှေငွေကို အာလယပြတ် စွန့်ပစ်ရန် ခဲယဉ်းလှသည့်အတွက် လူဝတ်ကြောင်များသည် ဆယ်ပါးသီလကိုပင် ကျင့်သုံးရန် မသင့်လျော်ဟူ၍ ထင်မှတ် ပြောဆိုနေသူတွေလည်း ရှိကြ၏။ (ဝိသုဒ္ဓိမဂ် မဟာဋီကာ၌လည်း).. ဒသာတိ သာမဏေရေဟိ ရက္ခိတဗ္ဗသီလမာဟ ဃဋီကာရာဒီနံ ဝိယ= အဋ္ဌကထာလာ သတိ ဝါ ဥဿာဟေ ဒသ-ဟူသော စကား၌ ဒသ-အရ သာမဏေတို့ စောင့်ထိန်းအပ်သော ဆယ်ပါးသီလကို ယူရမည်၊ ဃဋီကာရအိုးထိန်းသည် စသည်တို့ စောင့်ထိန်းအပ်သည့် သီလကဲ့သို့သော သီလကို ဆိုလိုသည်..ဟူ၍ ဖွင့်ပြထားသည့်အတွက် အထင်မှားသောသူတို့ တိုး၍တဖန် အထင်မှားရပြန်လေသည်။ အထင်မှားပုံမှာ.. မဇ္ဈိမပဏ္ဏာသပါဠိ (၄) ရာဇဝဂ်၊ (၁) ဃဋီကာရသုတ်၌ ဃဋိကာရအိုးထိန်းသည်သည် ရွှေငွေစသော ရတနာတို့ကို တသက်လုံး ကိုင်ယူသုံးစွဲခြင်းမှ ရှောင်ကြဉ်သကဲ့သို့ အခြားသူများလည်း အသစ်ဖြစ်သော ရွှေငွေတို့ကို ခံယူခြင်း ကင်းစေရုံမျှဖြင့် မလုံလောက်သေး၊ မိမိမှာ ရှိနေရင်းဖြစ်သည့် ရွှေငွေရတနာ အလုံးစုံတို့ကို စွန့်ပစ်နိုင်ပြီးလျှင် ဃဋီကာရ အိုးထိန်းသည်နှင့် အလားတူညီမှ ဆယ်ပါးသီလ ပြည့်စုံနိုင်မည်ဟူ၍ ဝိသုဒ္ဓိမဂ် မဟာဋီကာဆရာ ပြဆိုတော်မူသည်ဟု အလွန်အကဲ ယူဆကြကုန်၏။

ထိုယူဆချက်များအတွက် ရှင်းလင်းပြဆိုရသော်..

     ပြဆိုခဲ့ပြီးသောအတိုင်း “ရွှေငွေတို့ကို အာလယပြတ် စွန့်ပစ်နိုင်မှ ဆယ်ပါးသီလကို စောင့်ရမည်”ဟူသော အယူဝါဒသည် ဆယ်ပါးသီလတွင် ပါဝင်သော ဇာတရူပသိက္ခာပုဒ်ကို အစွဲပြု၍ ဖြစ်ပေါ်လာ၏။ ထိုဆရာတို့ ယူဆပုံမှာ.. ဇာတရူပ သိက္ခာပုဒ်သဘောမှာ ရွှေငွေရတနာကို ခံယူကိုင်တွယ် သုံးစွဲခြင်းကင်းအောင် မိမိမှာရှိသမျှ ရတနာတို့ကို အာလယပြတ် စွန့်နိုင်မှသာ ဤသိက္ခာပုဒ် လုံခြုံမည်၊ ဃဋီကာရ အိုးထိန်းသည်မှာမူ ရွှေငွေရတနာတို့ကို အာလယပြတ် စွန့်ပစ်ထားသော အနာဂံပုဂ္ဂိုလ်ကြီးဖြစ်၏၊ ယခုကာလ လူတို့မှာ သီလစောင့်ထိန်းသည့်နေ့တွင် အသစ်ခံယူ ကိုင်တွယ်သုံးစွဲခြင်း မပြုသော်လည်း

(တော)

ရှေးကရှိဟောင်း ရတနာတွေမှာ မိမိအိမ်စသည်၌ ရှိနေလျက် ဖြစ်သောကြောင့် ဇာတရူပသိက္ခာပုဒ်နှင့် ဆန့်ကျင်၏၊ သို့ဖြစ်၍ ရွှေငွေတို့ကို အာလယပြတ် မစွန့်နိုင်ပဲ ဆယ်ပါးသီလကို မဆောက်တည်ကောင်း၊ ဆောက်တည်သော်လည်း သီလမရနိုင်..ဟူ၍ ယူဆကြခြင်းဖြစ်၏။

     ဤသို့ မယူဆထိုက်ပေ၊ အကြောင်းကား.. ရဟန်းတော်များမှာ လူတို့၏ ဇာတရူပ သိက္ခာပုဒ်ထက် သိမ်မွေ့မြင့်မြတ်သော ရွှေငွေခံယူခြင်းနှင့် ပတ်သက်သည့် ရူပိယသိက္ခာပုဒ်ကြီး ရှိနေသည်။ ထိုသိက္ခာပုဒ်အရ ရွှေငွေတို့ကို လှူလာလျှင် ကိုယ်တိုင်လည်း လက်မခံရ၊ သူတပါးကိုလည်း လက်မခံစေရ၊ လက်ခံမည့် သူမရှိ၍ အနီးအပါးမှာ ချထားခဲ့လျှင်လည်း စိတ်က ကျေနပ်အားရ၍ မနေရ၊ “ငါတို့ရဟန်းများနှင့် မအပ်စပ် ငါတို့ အလှူမခံလိုဟူ၍ ငြင်းပယ်ရမည်၊ မငြင်းပယ်ခဲ့လျှင် အာပတ်သင့်သည့်ပြင် ထိုရွှေငွေကိုလည်း စွန့်ပစ်ရမည်ဟု ဟောကြား ပညတ်ထားသည်။ သို့ရာတွင်..

     ဒါယကာတဦးသည် ရဟန်းတပါးထံလာ၍ ငွေကို လှူငြားအံ့၊ ရဟန်းက ဝိနည်းတရားတော်အရ အာပတ် လွတ်ကင်းအောင် တားမြစ်ပယ်ရှားပါသော်လည်း ဒါယကာက ဇွတ်အတင်း ထားခဲ့၍ ပြန်သွားရာ အခြား ဒါယကာတယောက် ရောက်လာ၍ ဤအကြောင်းကို ရဟန်းပြောပြ၍ သိသောအခါ ရောက်လာသော ဒါယကာက “သို့ဖြစ်လျှင် ငွေထားရန် လုံခြုံမည့်နေရာကို ပြတော်မူပါ”ဟု လျှောက်ထားသော် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်သို့ပင်တက်၍ ဒါယကာကို ခေါ်ပြီးလျှင် “ဤနေရာသည် လုံခြုံသောနေရာ ဖြစ်သည်”ဟု ပြောနိုင်ခွင့်ရှိ၏။ “ဤနေရာ၌ ထားလော့”ဟူ၍ကား မပြောကောင်း၊ ဒါယကာက ရဟန်းပြသည့်နေရာတွင် ကောင်းစွာထား၍ ပြန်သွားသောအခါ ရဟန်းသည် အခန်းတံခါးကို လုံခြုံအောင်ပိတ်၍ စောင့်နေနိုင်သည်။ ဤသို့ နေသည့်အတွက် အာပတ်မသင့်ကြောင်းကို ရူပိယသိက္ခာပုဒ်အဖွင့် အဋ္ဌကထာ၌ ထင်ရှားဖွင့်ပြချက်ရှိသည်။ (ဝိ ၂၊ ၂၇ဝ-မျက်နှာ။)

     လူများမှာ ဇာတရူပ သိက္ခာပုဒ်ကို ဆောက်တည်သည့်အတွက် မိမိပိုင်ရွှေငွေ မရှိကောင်းသည် ဖြစ်ခဲ့လျှင် (လူ့ထက် သိမ်မွေ့ရသည့်) ပြခဲ့ပြီးသော ရဟန်းသည် မည်သည့်နည်းဖြင့် ရွှေငွေကို စောင့်ရှောက်ကောင်းမည် မဟုတ်ပေ။ ထိုရဟန်းမှာ ဒါယကာက ကောင်းစွာ သိမ်းထားခဲ့သော ရွှေငွေကို စောင့်ရှောက်သော်လည်း အာပတ် ကင်းလွတ်သကဲ့သို့၊ လူများမှာလည်း ဇာတရူပ သိက္ခာပုဒ်ကို ဆောက်တည်ကာ ဆယ်ပါးသီလ စောင့်သုံးနေသော်လည်း မိမိ သင့်လျော်ရာတွင် ထားရှိသော ရွှေငွေရတနာတို့အတွက် သီလကို တစုံတရာ အနှောက်အရှက်မရှိဟူ၍ မှတ်ယူအပ်၏။

(တော်)

     ဝိသုဒ္ဓိမဂ် မဟာဋီကာ၌ ဃဋီကာရ အိုးထိန်းသည်၏ ဆယ်ပါးသီလကို ဥပမာအဖြစ် ထုတ်ပြခြင်းသည် “ဆယ်ပါးသီလ စောင့်သုံးလိုသောလူသည် ဃဋီကာရ အိုးထိန်းသည်နှင့်မခြား အလားတူ ရွှေငွေတို့ကို အာလယပြတ် စွန့်ပယ်နိုင်မှ စောင့်သုံးရမည်”ဟူသော အဓိပ္ပါယ်ကို ပြလို၍မဟုတ်၊ စင်စစ်သော်ကား “ဆယ်ပါးသီလကို စောင့်ထိန်းသောလူသည် ဆယ်ပါးသီလမည်ကာမျှ ပြည့်စုံရုံမျှဖြင့် ကျေနပ်အားရ၍မနေပဲ “အထက်တန်းစား ဆယ်ပါးသီလရှိသူဖြစ်အောင် အားထုတ်စေရန်” အထက်တန်းအကျဆုံးသော ဆယ်ပါးသီလရှင် ဃဋီကာရ အိုးထိန်းသည်ကို ပုံစံထုတ်ပြခြင်းမျှသာ ဖြစ်သည်။ ဃဋိကာရ အိုးထိန်းသည်ကို မမှီနိုင်သော်လည်း မှီတန်သမျှ မှီအောင် ကြိုးစားအား ထုတ်စေလိုသည့်အတွက် ဤသို့ ဥပမာထုတ်ပြတော်မူခြင်း ဖြစ်သည်ဟူ၍သာ မှတ်ယူအပ်၏။

     ဤသို့ မှတ်ယူသင့်သော အထောက်အထားကား.. ဣတိဝုတ္တကအဋ္ဌကထာ၊ (၂) ဝဂ်၊ (၁)သုတ်အဖွင့်၌ “သီလမယန္တိ နိစ္စသီလဥပေါသထနိယမာဒိဝသေန ပဉ္စ အဋ္ဌ ဒသ ဝါ သီလာနိ သမာဒိယန္တဿ”ဟူ၍ ဝိသုဒ္ဓိမဂ်မဟာဋီကာဆရာ အရှင်ဓမ္မပါလမထေရ်မြတ် ကိုယ်တိုင်ပင် ဖွင့်ပြ ရေးသားတော်မူခဲ့သည်။ ဤရေးသားချက်တွင် သီလဆောက်တည်ရာ၌ (၁) နိစ္စသီလဖြစ်သော ငါးပါးသီလ (၂) ဥပုသ်သီလဖြစ်သော ရှစ်ပါးသီလ၊ (၃) နိယမသီလဖြစ်သော ဆယ်ပါးသီလ-ဟူ၍ သုံးမျိုးရှိကြောင်းကို သိစေတော်မူသည်။ ဤအဋ္ဌကထာအရမှာ ဆယ်ပါးသီလသည် နိစ္စသီလ မဟုတ်တော့ပဲ နိယမသီလဖြစ်၍နေကြောင်း သိသာ ထင်ရှား ပေသည်။

     ဤအတူ သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်၊ သက္ကသံယုတ်၊ (၂)ဝဂ်၊ (၈)သုတ်၌.. သိကြားမင်းသည် ဥယျာဉ်တော်သို့ထွက်ရန် ဝေဇယန္တာနန်းပြာသာဒ်မှ ဆင်းသက်ပြီးလျှင် ရထားပေါ်သို့ တက်ခါနီး၌ အရပ်ရှစ်မျက်နှာတို့ကို ရှိခိုးသောအခါ မာတလိနတ်သားက အဘယ်သူများကို ရှိခိုးပါသနည်းဟု မေးမြန်းသည်တွင် သိကြားမင်းက..

ယေ ဂဟဋ္ဌာ ပုညကရာ၊ သီလဝန္တော ဥပါသကာ။

ဓမ္မေန ဒါရံ ပေါသေန္တိ၊ တေ နမဿာမိ မာတလိ။

     အချင်း မာတလိ.. အကြင်လူတို့သည် ကုသိုလ်ကောင်းမှု ပြုလေ့ရှိကြကုန်၏။ သီလနှင့်လည်း ပြည့်စုံကြကုန်၏၊ ရတနာသုံးရပ်ကိုလည်း ဆည်းကပ်ကြကုန်၏၊ တရားသဖြင့် သားမယားတို့ကိုလည်း မွေးမြူကြကုန်၏၊ ထိုသူတို့ကို ရှိခိုးသည်..ဟု ဖြေဆိုလေသည်။

(တံ)

     ဤသိကြားမင်း၏ အဖြေစကားတွင် ပါဝင်သော (သီလဝန္တော)ဟူသော ပုဒ်ကို အဋ္ဌကထာ၌..“သီလဝန္တောတိ ဥပါသကတ္တေ ပတိဋ္ဌာယ ပဉ္စဟိပိ ဒသဟိပိ သီလေဟိ သမန္နာဂတာ= သီလရှိသော သူတို့ဟူသည် ဥပါသကာ၏အဖြစ်၌ တည်လျက် ငါးပါးသီလတို့နှင့်၎င်း ဆယ်ပါးသီလတို့နှင့်၎င်း ပြည့်စုံသော သူတို့တည်း”ဟူ၍ ဖွင့်ပြသည်။ (ဤ အဋ္ဌကထာအရ သိကြားမင်းရှိခိုးအပ်သော လူတို့သည် သားမယားနှင့် နေလျက်ပင် ငါးပါးသီလ ဆယ်ပါးသီလ စောင့်သုံးကြသည့် လူများဖြစ်ကြောင်း သိသာပေ၏။)

     ထိုသုတ်၏အဖွင့် သံယုတ်ဋီကာ၌လည်း.. နိစ္စသီလဝသေန ပဉ္စဟိ နိယမ၀သေန ဒသဟိ= အဋ္ဌကထာလာ ငါးပါးသီလအရ နိစ္စသီလကို ယူရမည် ဆယ်ပါးသီလအရ နိယမသီလကို ယူရမည်..ဟု ဖွင့်ပြသည်။ ဤဋီကာ၌လည်း ဆယ်ပါးသီလကို နိစ္စသီလဟု မခေါ်ပဲ နိယမသီလဟူ၍သာ ခေါ်ဝေါ်လေသည်။

နိယမသီလ

     နိယမသီလဟူသော စကား၏ အဓိပ္ပါယ်ကို မဂဓအဘိဓာန်ကျမ်း ဂါထာနံပါတ် (၄၄၄) ၌.. အမြဲစောင့်အပ်သော သီလသည် (ယမ)သီလမည်၏။ အမြဲမဟုတ်ပဲ ရံခါရံခါ စောင့်အပ်သော သီလသည် (နိယမ)သီလမည်၏..ဟူ၍ အကျဉ်းချုပ်ပြဆိုသည်။ ။ထိုယမသီလ နိယမသီလဟူသော အသုံးမှာ.. ဗြာဟ္မဏတို့၏ အယူဝါဒမှ ဆင်းသက်လာသော အသုံးဖြစ်သည်။ ထိုအကြောင်းကို.. (မညှဉ်းဆဲခြင်း အမှန်ကိုပြောခြင်း မခိုးယူခြင်း မေထုန်မှ ရှောင်ကြဉ်ခြင်း အလှူမခံခြင်း ဤငါးပါးကား အမြဲစောင့်ရှောက်အပ်သော ယမသီလမည်၏။ စင်ကြယ်အောင်ပြုခြင်း ရောင့်ရဲလွယ်ခြင်း ခြိုးခြံခြင်း ဗေဒကိုသရဇ္ဈာယ်ခြင်း ဗြဟ္မာမင်းကို အောက်မေ့ခြင်း ဤငါးပါးကား ရံခါ စောင့်ရှောက်အပ်သော နိယမသီလမည်၏).. အမရကောသအဘိဓာန်၊ (၁၇) ဗြာဟ္မဏဝင်၊ (၄၉)ဂါထာ၌ လာသည်ကို ထောက်၍ သိရာ၏။

     ပြခဲ့ပြီးသော သံယုတ်ပါဠိတော် အဋ္ဌကထာတို့အရ သားမယားကို တရားသဖြင့် မွေးမြူလျက်ရှိသော လူတို့သည်ပင် ဆယ်ပါးသီလ စောင့်သုံးနိုင်ကြောင်း ထင်ရှားစွာ သိရသဖြင့် “ဃဋီကာရ အိုးထိန်းသည်ကဲ့သို့ ရွှေငွေတို့ကို အာလယပြတ် အရှင်းစွန့်ပစ်နိုင်မှ ဆယ်ပါးသီလကို လူများ စောင့်သုံးကောင်းသည်”ဟူသော အယူသည် မှန်ကန်သော အယူမဟုတ် လွန်ကဲသော အယူသာဖြစ်ကြောင်း သိသာထင်ရှားပေ၏။

     ထိုမှတပါးလည်း အသီတိနိပါတ် မဟာဟံသဇာတ်လာ မင်းကျင့်တရား ဆယ်ပါးတို့အနက် သီလ၏အရကို အဋ္ဌကထာ၌ ငါးပါးသီလ ဆယ်ပါးသီလ

(တား)

နှစ်မျိုးလုံးကိုပင် ဖွင့်ပြထားသောကြောင့် ဘုရင်မင်းမြတ်တို့သည် မင်းကျင့်တရားအရ ဆယ်ပါးသီလကိုလည်း စောင့်သုံးကြကြောင်း ထင်ရှားပေ၏။ အကယ်၍ ဆယ်ပါးသီလကို အမြဲတမ်း စောင့်သုံးနိုင်မှ စောင့်သုံးကောင်းသည်မှန်လျှင် အဗြဟ္မစရိယ သိက္ခာပုဒ်ဆိုင်ရာ မိဖုရား မောင်းမမိဿံတို့နှင့်တကွ ဇာတရူပသိက္ခာပုဒ်ဆိုင်ရာ ရွှေငွေများ ဘဏ္ဍာတော်တိုက်နှင့် အပြည့်အနှက်ရှိနေသော ဘုရင်မင်းမြတ်တို့သည် ဒသသီလ= (ဆယ်ပါးသီလ) စောင့်သုံး၍ မဖြစ်နိုင်လေရာ။ ဘုရင်မင်းမြတ်များ စောင့်သုံး၍ မဖြစ်နိုင်က မင်းကျင့် တရား ဆယ်ပါးအဝင် သီလအရ ဆယ်ပါးသီလကို ထည့်သွင်း၍ အဋ္ဌကထာဆရာ ဖွင့်ပြမည်မဟုတ်ပေ။ မင်းကျင့်တရား ဆယ်ပါးအဝင် သီလအရ အဋ္ဌကထာ၌ ဆယ်ပါးသီလကို သေချာစွာ ထည့်သွင်းဖွင့်ပြထားသောကြောင့် ဆယ်ပါးသီလသည် နိစ္စသီလမဟုတ်၊ ရံခါ ရံခါ စွမ်းနိုင်မှ စောင့်သုံးရသော သီလသာဖြစ်ကြောင်း ယုံမှားမရှိ မှတ်ယူရာ၏။

     ထိုမှတပါးလည်း.. ခုဒ္ဒကပါဌပါဠိတော်၌- ဒသ သိက္ခာပဒါနိ-ဟု အစချီကာ သိက္ခာပုဒ်ဆယ်ပါးကို ဟောကြားထားတော်မူရာ ခုဒ္ဒကပါဌ အဋ္ဌကထာ၌.. “ဤသိက္ခာပုဒ် ဆယ်ပါးတို့တွင် အစဖြစ်သော ပါဏာတိပါတ သိက္ခာပုဒ်နှင့် အဒိန္နာဒါန သိက္ခာပုဒ် နှစ်ပါးတို့သည်၎င်း လေးခုမြောက်ဖြစ်သော မုသာဝါဒ သိက္ခာပုဒ် ငါးခုမြောက်ဖြစ်သော သုရာမေရယ သိက္ခာပုဒ်တို့သည်၎င်း ဥပါသကာတို့အားဖြစ်စေ သာမဏေတို့အား ဖြစ်စေ နိစ္စသီလအစွမ်းအားဖြင့် ဆက်ဆံကြကုန်၏။ (သုံးခုမြောက်ဖြစ်သည့် အဗြဟ္မစရိယ သိက္ခာပုဒ်မှာ လူတို့အား နိစ္စသီလ မဖြစ်နိုင်သောကြောင့် နိစ္စသီလကို ပြဆိုသော ဤအရာ၌ ချွင်းချန်ထားသည်။ စွမ်းနိုင်သည့် အခါမှာသာ စောင့်ရမည့် သိက္ခာပုဒ် ဖြစ်သည်။) ဥပုသ်သီလ အစွမ်းအားဖြင့်ကား လူများမှာ ဆယ်ပါးသော သိက္ခာပုဒ်တို့တွင် ခုနှစ်ခုမြောက်သော နစ္စဂီတသိက္ခာပုဒ်၊ ရှစ်ခုမြောက်သော မာလာဂန္ဓ သိက္ခာပုဒ် နှစ်ပါးတို့ကို အင်္ဂါတပါးတည်းပြု၍ နောက်ဆုံးဖြစ်သည့် ဇာတရူပသိက္ခာပုဒ်ကိုကြဉ်၍ အလုံးစုံသော သိက္ခာပုဒ်တို့သည် သာမဏေတို့နှင့် ဆက်ဆံကုန်၏။ (လူတို့ကျင့်သုံးအပ်သည့် ရှစ်ပါးသီလသိက္ခာပုဒ် အလုံးစုံပင် သာမဏေတို့နှင့် ဆက်ဆံကုန်၏ဟု ဆိုလိုသည်။) နောက်ဆုံးဖြစ်သော ဇာတရူပ သိက္ခာပုဒ်သည် သာမဏေတို့အတွက် အထူးဖြစ်သော သိက္ခာပုဒ်ဖြစ်သည်”ဟူ၍ ပြဆိုထား၏။

     ဤအဋ္ဌကထာ ဖွင့်ပြပုံကို ထောက်ပြန်လျှင်လည်း လူများမှာ ဆယ်ပါးသီလထဲမှ အမြဲရှောင်ကြဉ်ရမည့် သိက္ခာပုဒ်သည် ပါဏာတိပါတ အဒိန္နာဒါန မုသာဝါဒ သုရာမေရယ ဤလေးပါးတို့ဖြစ်သည်၊ အဗြဟ္မစရိယကို လူများ

(ထ)

အမြဲ ရှောင်ကြဉ်နိုင်ကြမည် မဟုတ်၊ ဝိကာလဘောဇန နစ္စဂီတစသော နောက်သိက္ခာပုဒ်များကိုလည်း အမြဲ ရှောင်ကြဉ်နိုင်ကြမည် မဟုတ်ဟူ၍ အဓိပ္ပါယ်ရသဖြင့် ဤဆယ်ပါးလုံးပင် စွမ်းနိုင်မှသာ စောင့်ရှောက်ရမည့် နိယမသီလမျိုးဖြစ်ကြောင်း သိသာထင်ရှားပေ၏။

     ခုဒ္ဒကပါဌ အဋ္ဌကထာ၌ “ဇာတရူပသိက္ခာပုဒ်သည် သာမဏေများ၏သာ အထူးသိက္ခာပုဒ် ဖြစ်၏”ဟူ၍ ပြဆိုထားသော်လည်း သာမဏေများသည် ဇာတရူပသိက္ခာပုဒ်ကို လွန်ကျူးသော်လည်း သာမဏေအဖြစ် ပျက်စီးရွေ့လျောခြင်းမရှိ၊ အကြောင်းကား.. ဝိနယ မဟာဝဂ္ဂပါဠိ မဟာခန္ဓက၌ သာမဏေများ၏ သာမဏေ အဖြစ်မှ ရွေ့လျားပျက်စီးစေနိုင်သည့် အင်္ဂါဆယ်ပါး (လိင်ဆယ်ပါးကို ဟောတော်မူရာတွင် ဆယ်ပါးသီလထဲမှ ရှေ့ငါးပါးသာ ပါဝင်သည်။ နောက်ငါးပါး မပါဝင်။ သို့ဖြစ်၍ နောက်ငါးပါးတို့မှ တပါးပါးကို လွန်ကျူးသော်လည်း သာမဏေအဖြစ် မပျက်စီးပဲ ဒဏ်ထိုက်သော သာမဏေသာဖြစ်၍ နေသည်၊ ဆရာသမားတို့က ချပေးသော သဲဒဏ် ရေဒဏ်စသော အပြစ်ဒဏ်ကို ထမ်းဆောင်လိုက်လျှင် သာမဏေကောင်းပင် ဖြစ်ပြန်သည်။

     ဤသို့လျှင် ဆယ်ပါးသီလနှင့် မကင်းစကောင်းသော သာမဏေများပင် ဇာတရူပ သိက္ခာပုဒ်ကို လွန်ကျူးမိသော်လည်း သာမဏေအဖြစ် မပျက်စီးသည်ကို ထောက်လျှင် သာမဏေတို့မှာ ဆယ်ပါးသီလအနက် နောက်ငါးပါးသည် ရှေ့ငါးပါးလောက် အရေးမကြီးကြောင်း ထင်ရှား၏။ ဤသို့ သာမဏေများမှာပင် အရေးမကြီးလှသော ဇာတရူပသိက္ခာပုဒ်ကို လူများအတွက်ကျမှ အရေးတကြီး အကြပ်အတည်း ပြုလုပ် ပြောဆို ရေးသားကြခြင်းငှါ မသင့်လျော်ပေ။

     ဝိသုဒ္ဓိမဂ် အဋ္ဌကထာကိုလည်း အရှင်မဟာဗုဒ္ဓဃောသပင် ရေးသားတော်မူသည်၊ ခုဒ္ဒကပါဌ အဋ္ဌကထာကိုလည်း အရှင်မဟာဗုဒ္ဓဃောသပင် ရေးသားတော်မူ၏ဟု အသိအမှတ်ပြုထားသည်။ ဆရာတပါးတည်း ရေးသားသောကျမ်း နှစ်စောင်ဖြစ်၍ အဓိပ္ပါယ် မကွဲမပြားနိုင်။ (ဥပါသကာနံ နိစ္စသီလဝသေန ပဉ္စ သိက္ခာပဒါနိ သတိ ဝါ ဥဿာဟေ ဒသ)ဟူသော ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၏ အဓိပ္ပါယ်ကို ခုဒ္ဒကပါဌအဋ္ဌကထာ ဣတိဝုတ်အဋ္ဌကထာတို့နှင့်အညီ “ဆယ်ပါးသီလသည် လူတို့၏အတွက် နိစ္စသီလ မဟုတ်၊ စွမ်းနိုင်သည့် အခါမှာသာ စောင့်သုံးရသော နိယမသီလဖြစ်သည်” ဟူ၍သာ ယုံမှားမရှိ မှတ်ယူရာ၏။ (ငါးပါးသီလကို စွမ်းနိုင်သည်ဖြစ်စေ မစွမ်းနိုင်သည်ဖြစ်စေ အမြဲ စောင့်သုံးရမည်။ ဆယ်ပါးသီလကို စွမ်းနိုင်လျှင် အမြဲစောင့်သုံးရမည်)ဟူ၍ ဆယ်ပါးသီလဘက်မှာ အမြဲဟူသော စကားကို ထည့်သွင်း ပြောဆိုကြခြင်းသည် ပြဆိုခဲ့ပြီးသော ခုဒ္ဒကပါဌအဋ္ဌကထာ ဣတိဝုတ်အဋ္ဌကထာတို့နှင့် ဆန့်ကျင်၍နေ၏။

(ထာ)

     ထိုမှတပါးလည်း.. သီလပျက်ပုံကို ပြရာ၌ ခုဒ္ဒကပါဌ အဋ္ဌကထာမှာ “သာမဏေတို့အား သိက္ခာပုဒ်တပါးပျက်လျှင် အားလုံးကုန် ပျက်စီး၏၊ မှန်၏.. သာမဏေတို့အား ဆယ်ပါးသီလသည် ရဟန်းတော်တို့၏ “ပါရာဇိကအရာ၌ တည်၏၊ သို့သော် အကြင်သိက္ခာပုဒ်ကို လွန်ကျူး၏။ ထိုလွန်ကျူးသည့် သိက္ခာပုဒ်အတွက်သာ အကုသိုလ်ကံဖြင့် ဖွဲ့မိသည် (ကံထိုက်သည်)။ လူတို့မှာကား ငါးပါးသီလကို ဆောက်တည်ပြီးနောက် သိက္ခာပုဒ်တပါးကို ကျူးလွန်လျှင် ထိုကျူးလွန်သည့် သိက္ခာပုဒ်သာ ပျက်၏၊ ထိုပျက်သော သိက္ခာပုဒ်ကို တဖန်ထပ်၍ ဆောက်တည်လျှင် ငါးပါးသီလ ပြည့်စုံပြန်၏။ အပရေဆရာတို့ကမူ(ငါးပါးသီလကို အသီးသီး သိက္ခာပုဒ် တပါးစီ တပါးစီ ဆောက်တည်ထားက တပါးပျက်လျှင် ထိုတပါးသာပျက်၍ ကျန်သော သိက္ခာပုဒ်များ မပျက်။ ဆောက်တည်စဉ်အခါက “ပဉ္စင်္ဂသမန္နာဂတံ သီလံ သမာဒိယာမိ= အင်္ဂါငါးပါးနှင့် ပြည့်စုံသောသီလကို ဆောက်တည်ပါ”ဟု ဆို၍ တပေါင်းတစည်းတည်း ဆောက်တည်ထားလျှင် တပါးပျက်သော် အားလုံးကုန် ပျက်စီးသွား၏၊ အကြောင်းကား ဆောက်တည်စဉ်က တပေါင်းတစည်းတည်း ဆောက်တည်သောကြောင့်တည်း။ ကံထိုက်ရာမှာကား လွန်ကျူးသော သိက္ခာပုဒ်အတွက်သာ ကံထိုက်သည်၊ ကြွင်းသော သိက္ခာပုဒ်များအတွက် ကံမထိုက်)ဟု ပြဆိုကြသည်ဟူ၍ ဖွင့်ပြထားသည်။

     အချို့ဆရာကြီးများ အယူမှာလည်း “တပေါင်းတည်း ဆောက်တည်ရာ၌ တပါးပျက်က အကုန်လုံးပျက်သည်”ဟု အကြွင်းမရှိဟူသော အဓိပ္ပါယ်ကို ပြဆိုသော်လည်း ကြွင်းကျန်သော သိက္ခာပုဒ်တို့မှာ လွန်ကျူးမှုမရှိပဲနှင့် ပျက်စီးနိုင်မည်မဟုတ်။ သို့ဖြစ်၍ ပျက်စီးသည်ဟု ဆိုရာမှာ ခံယူစဉ်က “အင်္ဂါငါးပါးနှင့် ပြည့်စုံသော သီလ”ဟု ဆို၍ ခံယူထားရာ တပါးပျက်လျှင် အင်္ဂါငါးပါး မရှိတော့ပြီ၊ လေးပါးနှင့်ပြည့်စုံသော သီလသာ ရှိနေတော့၏။ ဤသို့လျှင် ခံယူရင်း ငါးပါးသီလ ပျက်သွားသည်ကိုသာ ရည်ရွယ်၍ အပရေဆရာတို့ ပြဆိုခြင်းဖြစ်သည်ဟု ယူလျှင် ဝါဒကွဲပြားတော့မည် မဟုတ်၊ သာမဏေတို့မှာကား ဤကဲ့သို့ မဟုတ်ပေ၊ တပါးပျက်လျှင် အလုံးစုံပျက်တော့၏၊ အကြောင်းကား သာမဏေတို့မှာ ဆယ်ပါးသီလသည် အမြဲစောင့်ထိန်းရမည့် သီလဖြစ်သောကြောင့်တည်း။

     ဤသီလပျက်ပုံ စကားရပ်များကို ထောက်လျှင်လည်း လူတို့မှာ တပါးကိုလွန်ကျူးက တပါးသာ ပျက်သည်ဖြစ်သောကြောင့် နိစ္စသီလဟူ၍ပင် သာမဏေများကဲ့သို့ စင်စစ်မရှိကြောင်း သိသာ၏။ အကြောင်းကား သာမဏေတို့မှာ ဆယ်ပါးသီလရှိမှ သာမဏေဖြစ်သည်။ ဆယ်ပါးသီလမရှိလျှင် သာမဏေ မဟုတ်သကဲ့သို့၊ မည်သည့်သီလရှိမှ လူဖြစ်သည်၊ ဤသီလမျိုးမရှိလျှင် လူမဟုတ်ဟု မဆိုနိုင်ကောင်းသောကြောင့်တည်း။ သို့ဖြစ်၍ သမ္မောဟဝိနောဒနီ အဋ္ဌကထာ သိက္ခာပဒဝိဘင်းအဖွင့်၌..

(ထိ)

ဂဟဋ္ဌာ ယံ ယံ ဝီတိက္ကမန္တိ၊ တံ တဒေ၀ ခဏ္ဍံ ဟောတိ ဘိဇ္ဇတိ၊ အဝသေသံ န ဘိဇ္ဇတိ၊ ကသ္မာ ဂဟဋ္ဌာ ဟိ အနိဗဒ္ဓသီလာ ဟောန္တိ၊ ယံ ယံ သက္ကောန္တိ၊ တံ တဒေဝ ဂေါပေန္တိ= လူတို့မှာ သီလခံယူပြီးနောက် အကြင်အကြင် သိက္ခာပုဒ်ကို လွန်ကျူး၏၊ ထိုထို လွန်ကျူးအပ်သော သိက္ခာပုဒ်သာ ပျက်စီး၏၊ ကြွင်းသော သိက္ခာပုဒ်စုမှာ မပျက်စီး၊ အဘယ့်ကြောင့်ဆိုသော် လူတို့မှာ မမြဲသောသီလ ရှိကြကုန်၏၊ အမြဲစောင့်နိုင်မှ စောင့်အပ်သော သီလဟူ၍ မရှိကြကုန်၊ အကြင်အကြင် သိက္ခာပုဒ်ကို စောင့်ထိန်းခြင်းငှါ စွမ်းနိုင်ကုန်၏၊ ထိုထို စွမ်းနိုင်သည့် သိက္ခာပုဒ်ကိုသာ စောင့်ထိန်းကြကုန်၏..ဟူ၍ ဖွင့်ပြသည်။

     ဤ သမ္မောဟဝိနောဒနီ အဋ္ဌကထာ၌ ဆိုလိုရင်းမှာ.. သာမဏေတို့သည် ဆယ်ပါးသီလကို အမြဲစောင့်ထိန်းရမည်၊ တပါးဖြစ်စေ နှစ်ပါးဖြစ်စေ လွန်ကျူးမိလျှင် သိက္ခာပုဒ် အကုန်ပျက်၍ သာမဏေပင် မဟုတ်တော့ပြီ၊ ဤသို့ သာမဏေတို့မှာ ဆယ်ပါးသီလ အမြဲရှိရသကဲ့သို့၊ လူတို့မှာ ဤသီလရှိမှ လူဖြစ်မည်၊ မရှိလျှင် လူမဖြစ်ဟု အမြဲစောင့်ထိန်းရမည့် သီလမရှိ..ဟူ၍ ဆိုလိုရင်းဖြစ်သည်။ ဤစကားကိုထောက်လျှင် လူတို့မှာ ဆယ်ပါးသီလကို မဆိုထားဘိ၊ ငါးပါးသီလကိုပင် စောင့်နိုင်သမျှ စောင့်ရမည်၊ ငါးပါးလုံးကို မစောင့်နိုင်ပဲ တပါး နှစ်ပါးသာ စောင့်နိုင်လျှင်လည်း “ငါးပါးမပြည့်သောကြောင့် မစောင့်ကောင်း၊ စောင့်သော်လည်း ကုသိုလ်မရ သီလမဖြစ်”ဟူ၍ မဆိုနိုင်ပေ။

     “ငါးပါးအပြည့်မဟုတ်ပဲ စောင့်နိုင်သမျှ စောင့်ရာမှာ ကုသိုလ်လည်းရ၏။ သီလအစစ်လည်း ဖြစ်၏”ဟူ၍ မှတ်ယူရာ၏။ ထောက်ထားဖွယ်မှာ ပရိယန္တပါရိသုဒ္ဓိသီလ (ဤသီလအဓိပ္ပါယ် အထက်၌ ထင်ရှားလတ္တံ့)အဖွင့် ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ ပဌမအုပ် မျက်နှာ (၁၈၈)၌ “ပိုင်းခြားဆောက်တည်၍ စင်ကြယ်သော သီလ၏ အပိုင်းအခြားသည် သိက္ခာပုဒ် အပိုင်းအခြား၊ အချိန်ကာလ အပိုင်းအခြားဟူ၍ နှစ်မျိုးရှိရာ သိက္ခာပုဒ်အပိုင်းအခြား ဟူသည်မှာ ဥပါသကာယောက်ျား ဥပါသိကာမိန်းမတို့မှာ ဆောက်တည်နေကျအတိုင်း သိက္ခာပုဒ် တပါးသော်၎င်း နှစ်ပါးသော်၎င်း သုံးပါးသော်၎င်း လေးပါးသော်၎င်း ငါးပါးသော်၎င်း ရှစ်ပါးသော်၎င်း ဆယ်ပါးသော်၎င်း သိက္ခာပုဒ်များ ရှိကြ၏။ သိက္ခမာန် သာမဏေယောက်ျား သာမဏေမိန်းမတို့မှာ ဆယ်ပါးသော သိက္ခာပုဒ်တို့ ရှိကြ၏။ ဤဆိုအပ်ပြီးသည်ကား သိက္ခာပုဒ် အပိုင်းအခြားတည်း”ဟူ၍ ဖွင့်ပြထားသည်။

     ဤအဋ္ဌကထာ၌ ဆိုလိုရင်းမှာ.. လူတို့မှာ သိက္ခာပုဒ် တပါးကိုဖြစ်စေ နှစ်ပါး သုံးပါး လေးပါး ငါးပါး ရှစ်ပါး ဆယ်ပါးကိုဖြစ်စေ ဆောက်တည်၍

(ထီ)

လုံခြုံစွာ စောင့်ထိန်းလျှင် သိက္ခာပဒပရိယန္တပါရိသုဒ္ဓိသီလ= သိက္ခာပုဒ် အပိုင်းအခြားရှိ၍ စင်ကြယ်သော သီလဖြစ်သည်ဟု ဆိုလိုရင်း ဖြစ်ပေ၏။ သို့ဖြစ်၍ လောက၌ တပါးသီလ နှစ်ပါးသီလ သုံးပါးသီလ လေးပါးသီလဟူ၍ မရှိ ငါးပါးသီလသာ ထင်ရှားရှိစေကာမူ ငါးပါးလုံး ဆောက်တည်ထိန်းစောင့်နိုင်မှ ဆောက်တည် ထိန်းစောင့်ကောင်းသည် မဟုတ်၊ တပါးတည်းတတ်နိုင်လျှင် တပါးတည်း စောင့်ရှောက်နိုင်သည်၊ နှစ်ပါးတတ်နိုင်လျှင် နှစ်ပါး၊ သုံးပါးတတ်နိုင်လျှင် သုံးပါး၊ လေးပါးတတ်နိုင်လျှင် လေးပါး ဆောက်တည်ကျင့်သုံးနိုင်ကြောင်း ထင်ရှားသိသာပေ၏။

     မေးဖွယ်ရှိပြန်သည်မှာ.. “ဤသို့ တပါးမှ လေးပါးအထိ သီလကို စောင့်သုံးနိုင်ခွင့် ရှိပါလျက် ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌ (ဥပါသကောပါသိကာနံ နိစ္စသီလဝသေန ပဉ္စသိက္ခာပဒါနိ)ဟူ၍ ငါးပါးသီလကိုသာ အဘယ့်ကြောင့် ပြဆိုပါသနည်း”ဟု မေးဖွယ်ရှိ၏။

     အဖြေမှာ.. ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ စောင့်ထိန်းကြမည့် လူတို့ကို ပဓာနမထားပဲ စောင့်ထိန်းအပ်သော သီလ၏ သဘောရင်းကိုသာ ပဓာနထား၍ ပြဆိုတော်မူခြင်း ဖြစ်သည်။ သီလ၏ သဘောရင်းမှာ ငါးပါးလုံးကိုပင် အမြဲ စောင့်ထိန်းရမည့်အရာမျိုး ဖြစ်၏၊ ဤသိက္ခာပုဒ် ငါးပါးထဲမှ မည်သည့်သိက္ခာပုဒ်ကို မစောင့်ထိန်းပဲ နေလိုက နေနိုင်သည်ဟု ဆိုဖွယ်မရှိ၊ မစောင့်ထိန်းရင် အပြစ်ဖြစ်မည်သာ ဖြစ်၏၊ ဤကဲ့သို့ သိက္ခာပုဒ်၏ သဘောရင်းအားဖြင့် အမြဲ စောင့်ထိန်းအပ်သည့် သဘောကို ပဓာနထားကာ (နိစ္စသီလဝသေန ပဉ္စ သိက္ခာပဒါနိ)ဟူသော စကားကို မိန့်ဆိုတော်မူသည်။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာတွင်မက အခြားကျမ်းဂန်များကလည်း ဤသဘောရင်းအတိုင်းပင် ငါးပါးသီလကိုသာ နိစ္စသီလဟု ပြဆိုကြ၏။

     ဤသို ကျမ်းဂန်များက သီလ၏သဘောရင်းကို ပဓာနထားကာ အမြဲ စောင့်ထိန်းအပ်သော သီလဖြစ်သည်ဟု ပြဆိုအပ်သော စကားကို အခြေခံထားကာ “ဤသီလငါးပါးကို အမြဲစောင့်နိုင်မှ စောင့်ရမည်။ အမြဲမစောင့်နိုင်က မစောင့်ရ၊ တဝက်တပျက် မစောင့်ကောင်း”ဟူ၍ စောင့်ရှောက်ရမည့် လူဖက်သို့ အဓိပ္ပါယ် လွှဲပြောင်းကာ မမှတ်သားသင့်ပေ။ (ငါးပါးသီလ၏ သဘောရင်းမှာ ငါးပါးလုံးကိုပင် အမြဲစောင့်ထိန်းရမည့် သဘောဖြစ်သည်၊ လူတို့၏သဘောကား ဖော်ပြရာပါ သမ္မောဟဝိနောဒနီအဋ္ဌကထာ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာတို့အတိုင်း တပါးဖြစ်စေ နှစ်ပါးဖြစ်စေ စောင့်ထိန်းနိုင်သမျှ စောင့်ထိန်းကြခြင်း သဘောဖြစ်သည်၊ သီလ၏ သဘောရင်းကိုယူ၍ လူတို့၏ သဘောရင်း၌ မဆုံးဖြတ်ထိုက် မမှတ်ယူထိုက်ဟု ဆိုလိုသည်။)

(ထု)

ဗြဟ္မစရိယပဉ္စမသီလ

     လူတို့ကျင့်သုံးအပ်သော သီလအဖြစ်ဖြင့် ငါးပါးသီလ ရှစ်ပါးသီလ ဆယ်ပါးသီလတို့အပြင် ဗြဟ္မစရိယ ပဉ္စမသီလလည်း ရှိသေး၏။ ထိုဗြဟ္မစရိယ ပဉ္စမသီလဟူသည် ငါးပါးသီလပင် ဖြစ်၏။ ပကတိ ငါးပါးသီလမှာ တတိယသိက္ခာပုဒ်အဖြစ်ဖြင့် (ကာမေသု မိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ)ဟူ၍ ဆောက်တည်ရ၏၊ ထိုကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်၏အစား (အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ)ဟူ၍ ဆောက်တည်လိုက်လျှင် ဗြဟ္မစရိယပဉ္စမသီလ ဖြစ်၏။ (ဤဗြဟ္မစရိယ ပဉ္စမသီလဟူသော အမည်မှာ.. မေထုန်အမှုမှ လုံးဝရှောင်ကြဉ်ခြင်းလျှင် ငါးခုမြောက်ရှိသော သီလဟူ၍ အနက်ထွက်သည်။ ဤအနက်ထွက်ပုံကို ထောက်က အဗြဟ္မစရိယ သိက္ခာပုဒ်ကို နောက်ဆုံးထား၍ ဆောက်တည်ရမည်ကဲ့သို့ ဖြစ်သော်လည်း ထိုသို့ နောက်ဆုံးထား၍ ဆောက်တည်ရန်မလို၊ ပကတိ ငါးပါးသီလကို ခံယူသည့်အတိုင်း ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်၏နေရာ၌ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိဟူ၍ ဆောက်တည်ရန်သာ ဖြစ်သည်။)

     ဤ ဗြဟ္မစရိယ ပဉ္စမသီလကို မြတ်စွာဘုရားရှင်လက်ထက်က ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်နှင့် ဝဇ္ဇီတိုင်း ဟတ္ထိဂါမရွာနေ ဥဂ္ဂသူကြွယ်တို့ ဆောက်တည်ကြောင်း အင်္ဂုတ္တရပါဠိ၊ အဋ္ဌကနိပါတ၊ ၃-ဂဟပတိဝဂ်၊ ၁-သုတ်၊ ၂-သုတ်တို့၌ လာရှိသည်။ ထိုအင်္ဂုတ္တရပါဠိ၊ ပဉ္စကနိပါတ၊ ၃-ဥပါသကဝဂ်၊ ၁ဝ-ဂဝေသီသုတ် (၁၈၉) မျက်နှာ၌ ကဿပမြတ်စွာဘုရား လက်ထက်တော်အခါက ဂဝေသီဥပါသကာ စောင့်ထိန်းကြောင်း လာရှိသည်။

     ဤအင်္ဂုတ္တရပါဠိ အဋ္ဌကနိပါတ်လာ ဥဂ္ဂသူကြွယ် နှစ်ဦးလုံးပင် မြတ်စွာဘုရားထံမှာ ဗြဟ္မစရိယ ပဉ္စမသီလကို ခံယူ ဆောက်တည်လာသည့်အတိုင်း အိမ်ရှိမယားလေးဦးအနက် အကြီးဆုံးမယားကို သူမအလိုရှိသည့် ယောက်ျားနှင့် ထိမ်းမြားပေးလိုက်ပြီးလျှင် ကျန်မယားများကိုလည်း စွန့်လွှတ်ကာ တသက်လုံး သားမယားမယူပဲ နေသွားကြသည့် အနာဂံဥပါသကာများ ဖြစ်ကြ၏။ ယခုကာလ ထိုဗြဟ္မစရိယ ပဉ္စမသီလကို ကျင့်သုံးလိုသူတို့သည် ထိုဥဂ္ဂသူကြွယ်တို့ကဲ့သို့ မိမိမှာ သားမယားရှိနေလျှင် ထိုသားမယားကို အာလယပြတ် စွန့်ပြီးမှ ထိုဗြဟ္မစရိယပဉ္စမသီလကို ဆောက်တည် ကျင့်သုံးကောင်းသည်ဟု အလွဲလွဲ မမှတ်ယူအပ်၊ သားမယားကို အာလယပြတ် မစွန့်နိုင်သူများ စောင့်သုံး၍မရဟူ၍လည်း မမှတ်ယူအပ်။ အကြောင်းကား.. ပြဆိုခဲ့ပြီးသော ခုကပါဌအဋ္ဌကထာစကား၌ သိက္ခာပုဒ်ဆယ်ပါးအနက် “ပါဏာတိပါတ အဒိန္နာဒါန မုသာဝါဒ သုရာမေရယ လေးပါးတို့သာ နိစ္စသီလဖြစ်ကြောင်း ပြဆိုတော်မူသဖြင့် အဗြဟ္မစရိယသိက္ခာပုဒ်နှင့်တကွ

(ထူ)

ဝိကာလဘောဇနစသော နောက်သိက္ခာပုဒ်စုမှာ နိစ္စသီလမဟုတ်၊ ရံခါ ဆောက်တည်အပ်သည့် နိယမသီလဖြစ်ကြောင်း ကောင်းစွာ ထင်ရှားပေ၏။ ဃဋီကာရ အိုးထိန်းသည်နှင့် ထပ်တူထပ်မျှ မကျင့်သုံးနိုင်ကြစေကာမူ တတ်အားသမျှ ဆယ်ပါးသီလကို နိယမသီလအဖြစ်ဖြင့် စောင့်ထိန်းနိုင်ကြောင်း ကျမ်းဂန်အစုံအလင်တို့ဖြင့် အောက်က ဖော်ပြခဲ့သည့်အတိုင်း ယခု ဗြဟ္မစရိယ ပဉ္စမသီလမှာလည်း ဥဂ္ဂသူကြွယ်နှစ်ဦးတို့သည် အနာဂံအရိယာဖြစ်ကြသည့်အတိုင်း မိမိတို့၏ လက်ရှိမယားတို့ကို အာလယပြတ် စွန့်ပယ်ကာ တသက်ပတ်လုံး စောင့်သုံးကြစေကာမူ အခြားသူတို့မှာ ဥဂ္ဂသူကြွယ်နှစ်ဦးတို့နှင့် ထပ်တူထပ်မျှဖြစ်အောင် လိုက်နာကျင့်သုံးနိုင်ပါလျှင် အလွန်ပင် ကောင်းမွန်မည် မှန်သော်လည်း ထပ်တူထပ်မျှ မလိုက်နိုင်ပါက မိမိတို့စွမ်းနိုင်သမျှပင် စောင့်သုံးနိုင်ကြေင်းကို ကောင်းစွာ သိမှတ်အပ်၏။

ဗြဟ္မစရိယပဉ္စမဧကဘတ္တိကသီလ

     ထိုမှတပါးလည်း ဗြဟ္မစရိယပဉ္စမဧကဘတ္တိကသီလ (တနည်း ဧကဘတ္တိကသီလ)ဟူ၍ ရှိသေးသည်။ ဧကဘတ္တိကဟူသည် နံနက်စာ ထမင်းတထပ်ကိုသာ စားခြင်းသာ ဖြစ်၏။ သို့ဖြစ်၍ ထိုဗြဟ္မစရိယပဉ္စမဧကဘတ္တိက သီလကို စောင့်သုံးလိုလျှင် ဗြဟ္မစရိယ ပဉ္စမသီလ စောင့်သုံးခံယူနည်းတွင် အဆုံး၌ (ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမီ)ဟု သိက္ခာပုဒ်တခုတိုး၍ ဆောက်တည်လိုက်လျှင် ဗြဟ္မစရိယပဉ္စမဧကဘတ္တိကသီလ ဖြစ်သွားတော့၏။ သို့မဟုတ် တပေါင်းတည်း ဆောက်တည်လိုလျှင်လည်း (ဗြဟ္မစရိယပဉ္စမဧကဘတ္တိကသီလံ သမာဒိယာမိ)ဟူ၍ ဆောက်တည်နိုင်၏။ ဤဗြဟ္မစရိယပဉ္စမဧကဘတ္တိကသီလကို မြတ်စွာဘုရား လက်ထက်တော်အခါက ဓမ္မိကသီတင်းသည် နန္ဒမာတာ ဥပါသိကာမ အစရှိသည်တို့ စောင့်ထိန်းကြောင်း သုတ္တနိပါတအဋ္ဌကထာ ပဌမအုပ် ဓမ္မိကသုတ်အဖွင့်၌ လာရှိ၏။ ကဿပမြတ်စွာဘုရား လက်ထက်တော်က ဂဝေသီဥပါသကာနှင့် ဥပါသကာငါးရာတို့ စောင့်ထိန်းကြကြောင်း အင်္ဂုတ္တရနိကာယ ပဉ္စကနိပါတ၊ ၃-ဥပါသကဝဂ်၊ ၁၀-ဂဝေသီသုတ်၌ မြတ်စွာဘုရား ဟောကြားတော်မူသည်။

အဋ္ဌင်္ဂဥပုသ်သီလ

     ငါးပါးသီလကို ပြဆိုရာ၌ ပဉ္စဟူ၍သာ ပြဆိုသကဲ့သို့၎င်း၊ ဆယ်ပါးသီလကို ပြဆိုရာ၌ ဒသဟူ၍သာ ပြဆိုသကဲ့သို့၎င်း၊ ရှစ်ပါးသီလကို ပြဆိုရာ၌ကား အဋ္ဌဟူ၍သာ မဆိုပဲ (ဥပေါသထင်္ဂဝသေန= ဥပုသ်အင်္ဂါ၏ အစွမ်းဖြင့်)ဟူ၍ အဘယ့်ကြောင့် အထူး ထည့်သွင်းပြဆိုပါသနည်းဟု မေးဖွယ်ရှိ၏။

(ထေ)

ဤအရာ၌ ဥပေါသထသဒ္ဒါက..

(၁) ရဟန်းတို့၏ ပါတိမောက် ရွတ်ဆိုခြင်း အနက်၊

(၂) ခေါ်ဝေါ်လွယ်ရန် မှည့်ထားသော အမည်ဟူသော အနက်၊

(၃) ကျင့်သုံးခြင်းဟူသော အနက်၊

(၄) ကျင့်သုံးအပ်သည့် သီလဟူသော အနက်၊

(၅) သီလကျင့်သုံးရာ နေ့ဟူသော အနက်-

ဤအနက်ငါးပါးတို့၌ ဖြစ်ရှိရာ ပဌမအနက်မှာ ရဟန်းတော်များနှင့်သာ သက်ဆိုင်၍ ဒုတိယအနက်မှာ ဥပေါသထမင်းသား ဥပေါသထဆင်မင်း စသည်ဖြင့် ခေါ်ဝေါ်ရန်အမည်ကို ပြခြင်းမျှဖြစ်၍ ဤသီလအခဏ်းနှင့် မသက်ဆိုင်။ နောက်အနက်သုံးပါးသာ ဤသီလခဏ်းနှင့် သက်ဆိုင်၏။

     ထို နောက်အနက် သုံးပါးတို့တွင် (ပါဠိလို) ဥပဝါသ= (မြန်မာလို) ကျင့်သုံးခြင်းဟူသော အနက်မှာ ပြည့်စုံစေ၍ နေခြင်းပင်ဖြစ်၏။ သိက္ခာပုဒ်တို့ကို ပြည့်စုံစေ၍ နေခြင်းဟု ဆိုလိုသည်။ ကျင့်သုံးအပ်သော သီလဟူသော စတုတ္ထအနက်မှာလည်း ပြည့်စုံစေ၍ နေအပ်သော သီလဟု ဆိုလိုသည်၊ သီလကျင့်သုံးရာနေ့ဟူသော ပဉ္စမအနက်မှာလည်း သီလနှင့်ပြည့်စုံစေ၍ နေရာနေ့ဟု ဆိုလိုသည်၊ ထိုနေ့ကိုပင် ဥပေါသထနေ့ (ဥပုသ်နေ့)ဟူ၍ ခေါ်သည်။

     ငါးပါးသီလနှင့် ဆယ်ပါးသီလတို့မှာ ရှေးရှေး သူတော်ကောင်းတို့က နေ့အထူး သတ်မှတ်ပိုင်းခြား၍ ကျင့်သုံးလေ့မရှိကြပဲ ဤရှစ်ပါးသီလကိုသာ နေ့အထူး သတ်မှတ်ပိုင်းခြား၍ ကျင့်သုံးလေ့ ရှိကြသောကြောင့် ဤရှစ်ပါးသီလ၌သာ (ဥပေါသထေင်္ဂဝသေန= ဥပုသ်အင်္ဂါ၏ အစွမ်းဖြင့်)ဟူ၍ အထူးထည့်သွင်း ပြဆိုသည်ဟု မှဟ်ယူရာ၏။

     စဉ်းစားဖွယ်ရှိပြန်သည်မှာ.. ငါးပါးသီလမှာ သိက္ခာပုဒ် အရေအတွက်အားဖြင့် ရှစ်ပါးသီလကို မမှီပဲ နေ့စဉ်အမြဲ ကျင့်သုံးအပ်သော သီလဖြစ်၍ ရှေးသူတော်ကောင်းများက အထူးသတ်မှတ်မှု မပြုသော် သင့်တန်စေ၊ ဆယ်ပါးသီလမှာကား ရှစ်ပါးသီလထက် မြင့်သည်ဖြစ်၍ ရှေးသူတော်ကောင်းတို့ နေ့ထူး သတ်မှတ်သင့်ပါလျက် အဘယ့်ကြောင့် မသတ်မှတ်ကြပါသနည်းဟု စဉ်းစားဖွယ်ရှိပြန်၏။ သင့်လျော်သော အကြောင်းကို ရှာသော်ကား ရှစ်ပါးသီလသည် လူတို့နှင့် အထူးသင့်လျော်သော သီလဖြစ်၏။ ဆယ်ပါးသီလမှာ လူတို့နှင့် အထူးသင့်လျော် သက်ဆိုင်သော သီလမဟုတ်ချေ။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌ ဆယ်ပါးသီလသည် သာမဏေယောက်ျား သာမဏေမိန်းမတို့၏ သီလဖြစ်ကြောင်း ပြဆိုချက်နှင့် ခုဒ္ဒကပါဌအဋ္ဌကထာ၌.. ဆယ်ပါးသီလတွင် နောက်ဆုံးဖြစ်သော

(ထဲ)

ဇာတရူပသိက္ခာပုဒ်သည် သာမဏေတို့၏ ထူးခြားသော သိက္ခာပုဒ်ဖြစ်ကြောင်း ဖွင့်ပြချက်တို့ကို ထောက်ဆသဖြင့် ဆယ်ပါးသီလသည် အထူးသဖြင့် သာမဏေတို့၏ သီလဖြစ်ကြောင်း ထင်ရှားလှပေ၏။

     သို့ဖြစ်၍ ရှေးပညာရှိ သူတော်ကောင်းတို့သည် မိမိတို့နှင့် အထူးသက်ဆိုင်သော သီလနှစ်မျိုးတို့အနက် အထက်တန်းဖြစ်၍ နေ့ရက်အထူး သတ်မှတ်ကာ စောင့်သုံးအပ်သော ရှစ်ပါးသီလကိုသာ ဥပေါသထဟု ခေါ်ဆိုရ၍ ထိုရှစ်ပါးသီလကိုသာ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌ (ဥပေါသထင်္ဂဝသေန= ဥပုသ်အင်္ဂါ၏ အစွမ်းဖြင့်)ဟု အထူး မိန့်ဆိုတော်မူသည်။

     သူတော်ကောင်းတို့သည် သီလမှု တခုတည်းဖြင့်သာ တင်းတိမ်အားရ၍ မနေကြပဲ ဒါနကောင်းမှုကိုလည်း ပြုလိုကြသဖြင့် ထိုဒါနမှုကို ကောင်းစွာပြုနိုင်ရန် ဇာတရူပ သိက္ခာပုဒ်ကို မစောင့်သုံးနိုင်ပဲ ရှိကြရလေသည်။ ဇာတရူပ သိက္ခာပုဒ်ကို စောင့်သုံးပါက လှူဘွယ်ဝတ္ထုကို ရှာမှီးခြင်း ဝယ်ယူခြင်း ကိစ္စများကို ပြည့်စုံအောင် မပြုနိုင်ပေ။ ထို့ကြောင့် ရှေးသူဟောင်းတို့သည် ရှစ်ပါးသီလကိုသာ နေ့ရက်အထူး သတ်မှတ်ကာ စောင့်သုံးကြကြောင်း ကောင်းစွာ မှတ်ယူရာ၏။

နဝင်္ဂဥပုသ်

     ဤနဝင်္ဂဥပုသ်သီလကို အင်္ဂုတ္တရနိကာယ်၊ နဝကနိပါတ်၊ ၂-သီဟနာဒဝဂ်၊ ၈-ခု မြောက်သုတ်၌ “အင်္ဂါကိုးပါးနှင့် ပြည့်စုံအောင် ကျင့်သုံးအပ်သော နဝင်္ဂဥပုသ်သည် အကျိုးများ၏၊ အာနိသင်များ၏၊ တန်းခိုးအာနုဘော်ကြီး၏”ဟု နိဒါန်းပျိုးပြီးလျှင် ထိုအင်္ဂါကိုးပါး၏ သရုပ်ကို ထုတ်ဖော်ရာမှာ ပါဏာတိပါတ သိက္ခာပုဒ်မှစ၍ ဥစ္စာသယန မဟာသယန သိက္ခာပုဒ်တိုင်အောင် ရှစ်ပါးသီလအတူ ထုတ်ပြတော်မူပြီးလျှင် အဆုံး၌ (မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ= မေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့် အရပ်မျက်နှာတခုရှိ သတ္တဝါတို့ကို ပြန့်နှံ့စေပြီးလျှင် နေ၏)ဟူ၍ ဟောကြားတော်မူသည်။

     ဟောတော်မူလိုရင်း အဓိပ္ပါယ်ချုပ်မှာ ရိုးရိုး ရှစ်ပါးသီလကို ဆောက်တည်ပြီးလျှင် မေတ္တာတရားကို ပွါးများနေရမည်ဟု ဟောတော်မူလိုရင်း ဖြစ်သည်။ ရှစ်ပါးသီလကို လုံခြုံအောင် ထိန်းစောင့်၍ မေတ္တာတရားကို ပွါးများနေလျှင် ထိုသူသည် နဝင်္ဂဥပုသ်သီလကို ကျင့်သုံးနေသူ ဖြစ်တော့၏။ မေတ္တာဟူသည် ဘာဝနာဖြစ်၏၊ သီလကိုသာ ဆောက်တည်ဖွယ်ရှိသည်။ ဘာဝနာဟူသည် မပြတ်ပွါးများရသော တရားမျိုးဖြစ်၏၊ သို့ဖြစ်၍ နဝင်္ဂဥပုယ်ကို ကျင့်သုံးလိုသော ပုဂ္ဂိုလ်သည် မေတ္တာအတွက် သိက္ခာပုဒ်တခု ပြုလုပ်ဆောက်တည်ရန်မလို၊ ရိုးရိုး ရှစ်ပါးသီလကို ခံယူပြီးနောက် မေတ္တာတရားကို စွမ်းနိုင်သမျှ ပွါးများအားထုတ်နေလျှင်

(ထော)

အင်္ဂါကိုးပါးရှိသော နဝင်္ဂဥပုသ်ကို ကျင့်သုံးသည်မည်ကြောင်း ကောင်းစွာ မှတ်ယူအပ်၏။

     ထိုနဝင်္ဂဥပုသ်ကို ဟောတော်မူရာ မေတ္တာနှင့်ပတ်သက်၍ (ဧကံဒိသံ)ဟူသော စကားကို ထည့်သွင်း ဟောတော်မူသဖြင့် မေတ္တာပွါးများရာမှာ အရပ်မျက်နှာကို မမှတ်ပဲ ပွါးများခြင်းထက် အရပ်မျက်နှာကိုမှတ်၍ ပွါးများခြင်းက သာလွန် ထိရောက်မည်ဖြစ်သည့်အတွက် အရပ်ဆယ်မျက်နှာကို မေတ္တာပွါးများလိုသောအခါ မိမိစလိုသော အရပ်မျက်နှာမှစ၍ တရပ်စီ တရပ်စီ ဆယ်မျက်နှာပြည့်စုံအောင် သတ်မှတ် အာရုံပြုကာ ပွါးများသင့်ကြောင်း အထူးမှတ်ယူရာ၏။

     ဗြဟ္မစိုရ်တရား လေးပါးရှိပါလျက် မေတ္တာကိုသာ အထူးထုတ်၍ ရှစ်ပါးသီလနှင့် တွဲစပ်ကာ နဝင်္ဂဥပုသ်အနေဖြင့် ဟောတော်မူခြင်းမှာ မေတ္တာတရားက အာနိသင်ကြီးသောကြောင့် ဟောတော်မူသည်ဟု မှတ်ယူသင့်၏။ ထို့ကြောင့်ပင် မြတ်စွာဘုရားသည် မေတ္တသုတ်ဒေသနာကို ဟောကြားတော်မူခဲ့သဖြင့် ထိုမေတ္တသုတ် ဒေသနာတော်သည် ခုဒ္ဒကပါဌပါဠိတော်နှင့် သုတ္တနိပါတ်ပါဠိတော်တို့၌ ထင်ရှားရှိနေသည်တကြောင်း..

     အင်္ဂုတ္တရပါဠိတော် ဧကာဒသကနိပါတ၊ ၂-အနုဿတိဝဂ်၊ ၅-ခုမြောက်သုတ်မှာ မေတ္တာတရားကို အဖန်ဖန် ပွါးများလျှင်..

၁။ ချမ်းသာစွာ အိပ်ပျော်ခြင်း၊

၂။ ချမ်းသာစွာ နိုးကြားရခြင်း၊

၃။ မကောင်းသောအိပ်မက်ကို မမြင်မက်ခြင်း၊

၄။ လူအများချစ်ခင်ခြင်း၊

၅။ နတ် ဘီလူး ပြိတ္တာများ ချစ်ခင်ခြင်း၊

၆။ နတ်များ စောင့်ရှောက်ခြင်း၊

၇။ မီးလောင်မှု အဆိပ်သင့်မှု လက်နက်စူးဝင်မှု မရှိခြင်း

၈။ စိတ်တည်ကြည်လွယ်ခြင်း၊

၉။ မျက်နှာအဆင်း ကြည်ကြည်လင်လင် ရှိခြင်း၊

၁၀။ သေချိန်ကျသောအခါ မတွေမဝေသေရခြင်း၊

၁၁။ ယခုဘဝ အထက်မဂ်ဖိုလ်ပေါက် ထိုးထွင်း၍ မသိနိုင်သေးလျှင် ဗြဟ္မာ့ပြည်သို့ လားရခြင်း-

အားဖြင့် ဆယ့်တပါးသော အကျိုးတို့ကို ရရှိနိုင်စေသည်ဟု ဟောကြားတော်မူသည် တကြောင်း..တို့ကြောင့် မေတ္တာတရားက ပိုမို၍ တန်းခိုးအာနိသင် ကြီးမားကြောင်း သိသာထင်ရှားပေ၏။

(ထော်)

ဥပုသ်သုံးမျိုး

     ဥပေါသထသီလသည်..

(၁) ဂေါပါလဥပုသ် = နွားကျောင်းသားဥပုသ်၊

(၂) နိဂဏ္ဌဥပုသ် = တက္ကတွန်းတို့၏ဥပုသ်၊

(၃) အရိယဥပုသ် = စင်ကြယ်သောဥပုသ်-

ဟူ၍ သုံးမျိုးရှိကြောင်း အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ၊ ၂-မဟာဝဂ်၊ ၁ဝ- ဝိသာခုပေါသထသုတ်၌ ဟောကြားတော်မူသည်။ အဓိပ္ပါယ်ဆိုလိုရင်းမှာ..

     (၁) ဥပုသ်ကျင့်သုံးရာမှာ နွားကျောင်းသားများ နှလုံးသွင်းပုံနှင့်တူသော နှလုံးသွင်းမျိုးဖြင့် စောင့်သုံးအပ်သော ဥပုသ်သည် ဂေါပါလဥပုသ် (နွားကျောင်းသားဥပုသ်) မည်၏။ နွားကျောင်းသားများသည် နွားကျောင်းပြီး၍ ညနေချိန်ရောက်သောအခါ နွားများကို နွားရှင်ထံမှာအပ်၍ မိမိအိမ်သို့ရောက်လျှင် “ယနေ့ ငါသည် နွားများကို ဤမည်သောအရပ်မှာ အစာကျွေး၍ ဤမည်သောအရပ်မှာ ရေတိုက်ခဲ့သည်၊ နက်ဖန် ကျလျှင် ဤမည်သောအရပ်မှာ အစာကျွေး၍ ဤမည်သောအရပ်မှာ ရေတိုက်မည်”ဟူ၍သာ စဉ်းစားလေ့ရှိ၏။ ဤအတူ ဥပုသ်စောင့်သော သူသည်လည်း “ငါသည် ယနေ့ မည်သည့်ခဲဖွယ် ဘောဇဉ်မျိုးကို စားသုံးသည်၊ နက်ဖန်ကျလျှင် မည်သည့်ခဲဖွယ် ဘောဇဉ်မျိုးကို စားသုံးမည်”ဟူ၍ အစာကိုသာ မက်မောသော လောဘဖြင့် နေ့ကို ကုန်စေသည်ရှိသော် နွားကျောင်းသား၏ နှလုံးသွင်းပုံနှင့်တူသော နှလုံးသွင်းခြင်းရှိရကား ထိုဥပုသ်ကို ဂေါပါလဥပုသ် (နွားကျောင်းသားဥပုသ်)ဟူ၍ မြတ်စွာဘုရား ဟောတော်မူသည်။

     (၂) တက္ကတွန်းတို့ ကျင့်သုံးသော ဥပုသ်မျိုးသည် နိဂဏ္ဌဥပုသ် မည်၏။ (အဝတ်မလွှမ်း မိစ္ဆာအယူကို ယူသူကို တက္ကတွန်းဟူ၍ ခေါ်သည်။) ထိုတက္ကတွန်းတို့သည် (ဥပမာ) ပါဏာတိပါတ အမှုနှင့်စပ်၍ အရှေ့- အနောက်- တောင်- မြောက် လေးမျက်နှာမှာပင် ယူဇနာတရာအပြင်ဖက်မှာ တည်ရှိသော သတ္တဝါတို့ကို မသတ်ရဟူ၍ (သေချာစွာ စဉ်းစားလေ၊ ယူဇနာတရာ အပြင်ဖက်မှာ တည်သောသတ္တဝါကို သတ်၍ ဖြစ်နိုင်အံ့လော) သူ့အသက်သတ်မှုနှင့်စပ်၍ အရပ်ဒေသဖြင့် သတ်မှတ်ပြီးလျှင် မည်သည့်အရပ်အတွင်းမှာတော့ သတ်ကောင်းသည်၊ မည်သည့်အရပ်သို့ ရောက်သွားလျှင် မသတ်ကောင်း စသည်ဖြင့် ဒုစရိုက်မှုကို ပြုနိုင်ခွင့်ရှိအောင် ကြံဆောင်ပြီးလျှင် ဒုစရိုက်မှု ပြုကောင်းသည့်အရပ် မပြုကောင်းသည့်အရပ် ခွဲခြား၍ ကျင့်သုံးသော ဥပုသ်မျိုးကို ကျင့်သုံးကြကုန်၏။ ဤနည်းသို့လိုက်၍ ကျင့်သုံးသောသူတို့၏ ဥပုသ်ကို နိဂဏ္ဌဥပုသ်ဟူ၍ မြတ်စွာဘုရား ဟောတော်မူသည်။

(ထံ)

(     ၃) ဘုရားဂုဏ်တော် စသည်တို့ကို အဖန်ဖန် နှလုံးသွင်းသဖြင့် စိတ်၌ ငြိကပ်တတ်သော ကိလေသာ အညစ်အကြေးတို့ကို စင်ကြယ်စေ၍ စောင့်သုံးအပ်သော ဥပုသ်သည် အရိယဥပုသ် မည်၏။ ဤအရိယဥပုသ်သည်လည်း တဖန်..

(က) ဗြဟ္မုပေါသထ = ဗြဟ္မဥပုသ်၊

(ခ) ဓမ္မုပေါသထ = ဓမ္မဥပုသ်၊

(ဂ) သံဃုပေါသထ = သံဃဥပုသ်၊

(ဃ) သီလုပေါသထ = သီလဥပုသ်၊

(င) ဒေဝတုပေါသထ = ဒေဝတာဥပုသ်၊

(စ) အဋ္ဌင်္ဂုပေါသထ = အင်္ဂါရှစ်ပါးရှိသောဥပုသ်-

ဟူ၍ ခြောက်ပါး အပြားရှိပြန်သည်။ ထိုခြောက်ပါးတို့တွင်..

     (က) ရှစ်ပါးသီလကို ခံယူကာ မြတ်စွာဘုရား၏ အရဟံအစရှိသော ဂုဏ်တော်တို့ကို အဖန်ဖန် နှလုံးသွင်း၍ ကျင့်သုံးအပ်သော ဥပုသ်သည် ဗြဟ္မုပေါသထ = ဗြဟ္မဥပုသ်မည်၏။

     (ခ) ရှစ်ပါးသီလကို ခံယူကာ တရားဂုဏ်တော်တို့ကို အဖန်ဖန် နှလုံးသွင်း၍ ကျင့်သုံးအပ်သော ဥပုသ်သည် ဓမ္မုပေါသထ = ဓမ္မဥပုသ်မည်၏။

     (ဂ) ရှစ်ပါးသီလကို ခံယူကာ သံဃဂုဏ်တော်တို့ကို အဖန်ဖန် နှလုံးသွင်း၍ ကျင့်သုံးအပ်သော ဥပုသ်သည် သံဃုပေါသထ = သံဃဥပုသ်မည်၏။

     (ဃ) ရှစ်ပါးသီလကို ခံယူကာ ထိုသီလကို မကျိုးမပေါက် မပြောက်မကျားရအောင် ကျင့်သုံးလျက် ထိုသီလ၏ ဂုဏ်ကျေးဇူးတို့ကို အဖန်ဖန် နှလုံးသွင်း၍ ကျင့်သုံးအပ်သော သီလသည် သီလုပေါသထ = သီလဥပုသ်မည်၏။

     (င) လောက၌ နတ်ဗြဟ္မာများရှိကြရာ ထိုနတ်ဗြဟ္မာတို့သည် ရှေးရှေးသော ဘဝတို့က စင်ကြယ်မွန်မြတ်သော သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာတည်းဟူသော ဂုဏ်ကျေးဇူးတရားတို့နှင့် ပြည့်စုံကြသောကြောင့် ထိုနတ်ပြည် ဗြဟ္မာ့ပြည်မှာ ဖြစ်ကြကုန်၏၊ ငါ့မှာလည်း ဤစင်ကြယ် မွန်မြတ်သော ဂုဏ်ကျေးဇူးတရားတို့ ထင်ရှားရှိပေသည်ဟူ၍ နတ်ဗြဟ္မာများကို စံထားကာ ကျင့်သုံးအပ်သော ဥပုသ်သည် ဒေဝတုပေါသထ = ဒေဝတာဥပုသ်မည်၏။ (ဤအရာ၌ နတ်နှင့်ဗြဟ္မာ နှစ်မျိုးလုံးကိုပင် ဒေဝတာဟူ၍ ခေါ်သည်။)

(ထား)

     (စ) ရှစ်ပါးသီလကို ခံယူကာ “ရဟန္တာ ပုဂ္ဂိုလ်များသည် သတ္တဝါတို့ကို သတ်ဖြတ်ညှဉ်းဆဲခြင်း အလျဉ်းမရှိပဲ အမြဲ ကြင်နာ သနားတော်မူကြသကဲ့သို့ ငါသည်လည်း သတ်ဖြတ်ညှဉ်းဆဲခြင်းမရှိပဲ ကြင်နာသနားမှု ပြုရပေပြီ၊ ဤကျင့်ဝတ်ဖြင့် ရဟန္တာတို့ကို အတုလိုက်ကာ ကျင့်သုံးရပေပြီ” ဤသို့ အစရှိသည်ဖြင့် အင်္ဂါရှစ်ပါး လုံးကို ဆင်ခြင်အောက်မေ့၍ စောင့်သုံးအပ်သော သီလသည် အဋ္ဌင်္ဂုပေါသထ = အင်္ဂါရှစ်ပါးကို ဆင်ခြင်ခြင်းရှိသော ဥပုသ်မည်၏ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူအပ်သည်။

     ဤသို့ ဥပုသ် သုံးပါး ခြောက်ပါး ပြားပုံတို့သည် ကျင့်သုံးပုံ အခြင်းအရာသို့လိုက်၍ ဟောပြအပ်သော ဥပုသ်များဖြစ်သည်ဟု မှတ်ယူရာ၏။ ကျင့်သုံးအပ်သော သီလ၏ အစွမ်းအားဖြင့်ကား ပြခဲ့ပြီးသည့်အတိုင်း အဋ္ဌင်္ဂဥပုသ် နဝင်္ဂဥပုသ်ဟူ၍ နှစ်ပါးပင် ဖြစ်ပေသည်။

ဥပုသ်နေ့ သုံးမျိုး

     စောင့်သုံးရာဖြစ်သော နေ့သို့လိုက်၍ ဥပုသ်သည် သုံးမျိုးရှိသည်၊ သုံးမျိုးဟူသည်ကား..

(၁) ပကတိဥပုသ်၊

(၂) ပဋိဇာဂရဥပုသ်၊

(၃) ပါဋိဟာရိယဥပုသ်-ဤသို့ သုံးမျိုးတို့တည်း။

     ဤသို့ ဥပုသ်သုံးပါး အပြားရှိသင့်ကြောင်းကို အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ ၄-ဒေဝဒူတဝဂ်၊ ၇-ရာဇသုတ် စသည်တို့၌ လာရှိသော.. (ဥပေါသထံ ဥပဝသန္တိ ပဋိဇာဂရောန္တိ)ဟူသော ပါဠိတော်၊

စာတုဒ္ဒသိံ ပဉ္စဒ္ဒသိံ၊ ယာ စ ပက္ခဿ အဋ္ဌမီ။

ပါဋိဟာရိယပက္ခဉ္စ၊ အဋ္ဌင်္ဂသုသမာဂတံ။-

ဟူသော ပါဠိတော်တို့ကို ထောက်၍ သိရာ၏။ ထိုဥပုသ် သုံးမျိုးတို့တွင်..

(၁) ပကတိဥပုသ် = ရိုးရိုးဥပုသ်နေ့

     ဖော်ပြရာပါ ပါဠိတော်၌ စာတုဒ္ဒသိံ ပဉ္စဒ္ဒသိံ၊ ယာ စ ပက္ခဿ အဋ္ဌမီ-ဟူသော စကားရပ်ဖြင့် ပကတိဥပုသ်နေ့ (ရိုးရိုးဥပုသ်နေ့)ကို ပြတော်မူသည်။ ဤပါဠိတော်အရ ပကတိဥပုသ် ဟူသည်မှာ.. လဆန်း လဆုတ် တပက္ခ တပက္ခလျှင် ရှစ်ရက်နေ့ တဆယ့်လေးရက်နေ့ တဆယ့်ငါးရက်နေ့များဖြင့် သုံးသီတင်း

(ဒ)

(သုံးဥပုသ်)စီ ဖြစ်ရကား တလတွင် ခြောက်သီတင်း (ခြောက်ဥပုသ်)သည် ပကတိဥပုသ်ဖြစ်သည်ဟု သိမှတ်အပ်၏။ အဋ္ဌကထာ အလိုအားဖြင့်.. လဆန်းငါးရက် လဆန်းရှစ်ရက် လဆန်း တဆယ့်လေးရက် လဆန်း တဆယ့်ငါးရက်အားဖြင့် လဆန်းပက္ခမှာ လေးသီတင်း (လေးဥပုသ်)၊ လဆုတ်ပက္ခမှာလည်း လဆုတ်ငါးရက် လဆုတ်ရှစ်ရက် လဆုက် တဆယ့်လေးရက် လဆုတ်တဆယ့်ငါးရက်အားဖြင့် လေးသီတင်း (လေးဥပုသ်)ပေါင်းလျှင် တလတွင် ရှစ်သီတင်း (ရှစ်ဥပုသ်)သည် ပကတိဥပုသ် = ရိုးရိုး ကျင့်သုံးရိုး ဥပုသ်များဖြစ်၏။

     (ယခုကာလမှာမူ တလတလတွင် လေးသီတင်း (လေးဥပုသ်)သည် ပကတိဥပုသ် ဖြစ်သည်ဟု ပြောဆိုမှတ်ယူ ကျင့်သုံးနေကြ၏။ လေးဥပုသ်ဟူသည်မှာ လဆန်းရှစ်ရက် လပြည့် လပြည့်ကျော်ရှစ်ရက် လကွယ်တို့ပင် ဖြစ်၏။)

(၂) ပဋိဇာဂရဥပုသ် = အကြိုအပိုဥပုသ်

     ပဋိဇာဂရဥပုသ်ဟူသည်မှာ အဋ္ဌကထာ၌ ပြအပ်သော ပကတိဥပုသ် ရှစ်သီတင်းကိုပင် အကြိုတရက် အပိုတရက်စီ ထပ်လောင်း၍ ကျင့်သုံးအပ်သော ဥပုသ်ဖြစ်၏။ (ပဋိ = အဖန်ဖန်၊ ဇာဂရ = နိုးကြားခြင်း = ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ အဖန်ဖန်နိုးကြားသော သီလဟု ဆိုလိုသည်။) ရက်အားဖြင့် ရေတွက်လျှင်.. လဆန်းငါးရက် ပကတိဥပုသ်ကို ကြိုသောအားဖြင့် လဆန်းလေးရက်နေ့၊ အပိုအားဖြင့် လဆန်းခြောက်ရက်နေ့။ လဆန်းရှစ်ရက် ပကတိဥပုသ်ကို ကြိုသောအားဖြင့် လဆန်းခုနစ်ရက်နေ့၊ ပိုသောအားဖြင့် လဆန်းကိုးရက်နေ့။ လဆန်းတဆယ့်လေးရက် ပကတိဥပုသ်နေ့ကို ကြိုသောအားဖြင့် လဆန်းတဆယ့်သုံးရက်နေ့၊ (အပိုမရှိတော့ပြီ)။ လပြည့် ပကတိဥပုသ်နေ့အတွက် (အကြိုမရှိ) ပိုသောအားဖြင့် လပြည့်ကျော် တရက်နေ့။ ဤသို့ ရက်များကို အစဉ်အတိုင်း ရေတွက်ခဲ့လျင် လဆန်း လေးရက် ငါးရက် ခြောက်ရက် ခုနစ်ရက် ရှစ်ရက် ကိုးရက် တဆယ့်သုံးရက် တဆယ့်လေးရက် လပြည့် လပြည့်ကျော်တရက်ဟူ၍ လဆန်းအတွက် ဆယ်ရက်၊ လဆုတ်အတွက်လည်း ဤနည်းအတူ ဆယ်ရက်အားဖြင့် တလတလတွင် ပကတိဥပုသ်နေ့ပေါင်း ရှစ်ရက်၊ ပဋိဇာဂရ ဥပုသ်နေ့ပေါင်း တဆယ့်နှစ်ရက်ရှိကြောင်း ကောင်းစွာ မှတ်ယူအပ်၏။

(၃) ပါဋိဟာရိယဥပုသ်

     ဤပဋိဇာဂရဥပုသ်ထက် ကဲလွန် တန်းခိုးထက်မြက်သော ဥပုသ်ကို ပါဋိဟာရိယဥပုသ်ဟူ၍ ခေါ်သည်။ ပဋိဇာဂရဥပုသ်မှာ လဆန်းပက္ခ လဆုတ်ပက္ခတို့၌ အသီးသီး သီလလွတ်လပ်သော ကြားပြတ်ရက် ရှိသေး၏။ ပါဋိဟာရိယဥပုသ်မှာကား

(ဒါ)

သီလလွတ်လပ်သော ပြတ်ရက်မရှိ၊ ရက်စဉ်အတိုင်း သီလကို ကျင့်သုံးရသည်။

     ဤပါဋိဟာရိယဥပုသ်ကို စောင့်သုံးလိုလျှင် ဝါတွင်းသုံးလပတ်လုံး ရက်အအားအလပ်မရှိ စောင့်သုံးရသည်။ ဝါတွင်းသုံးလပတ်လုံး မစောင့်သုံးနိုင်ခဲ့လျှင် သီတင်းကျွတ် လပြည့်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တလပတ်လုံး စောင့်သုံးရသည်။ ဤတလပတ်လုံး မစောင့်သုံးနိုင်ခဲ့လျှင် သီတင်းကျွတ်လပြည့်နေ့မှ သီတင်းကျွတ် လကွယ်နေ့အထိ တဆယ့်ငါးရက်ပတ်လုံး စောင့်သုံးရသည်။ ။ဤကား အင်္ဂုတ္တရနိကာယအဋ္ဌကထာ၌ ပြဆိုချက်တည်း။ (အံ-ဋ္ဌ ၂၊ ၁၂၂-၁၂၃ မျက်နှာတို့မှ။)

     (သုတ္တနိပါတ-ဋ္ဌ ၂-၁၀၈) သုတ္တနိပါတ်အဋ္ဌကထာ ၂-စူဠဝဂ်၊ ဓမ္မိကသုတ် အဖွင့်၌ကား.. ဝါဆိုလ ဝါခေါင်လ တော်သလင်းလ သီတင်းကျွတ်လ တန်ဆောင်မုန်းလအားဖြင့် ငါးလပတ်လုံး ရက်အလွတ်အလပ်မရှိ စောင့်သုံးအပ်သော ဥပုသ်သည် ပါဋိဟာရိယ ဥပုသ်မည်၏။ တပါးသော ဆရာများကမူကား.. ဝါဆိုလ တန်ဆောင်မုန်းလ တပေါင်းလ ပေါင်းသုံးလ ရက်လပ်မရှိ စောင့်သုံးအပ်သော ဥပုသ်သည် ပါဋိဟာရိယ ဥပုသ်မည်၏ဟူ၍ ဆိုကြ၏။ တပါးသော ဆရာတို့ကမူ ပါဠိတော်လာ တပက္ခ တပက္ခလျှင် ရှစ်ရက် တဆယ့်လေးရက် တဆယ့်ငါးရက်အားဖြင့် ပကတိဥပုသ် သုံးရက်ရှိရာ ရှစ်ရက်နေ့၏ အကြိုခုနစ်ရက် အပိုကိုးရက်၊ တဆယ့်လေးရက်နေ့၏ အကြိုတဆယ့်သုံးရက် (အပိုမရှိ)၊ တဆယ့်ငါးရက်နေ့၏ (အကြိုမရှိ) အပို လဆန်းတရက်အားဖြင့် ပကတိဥပုသ် သုံးရက်အပေါ်မှာ အကြို အပို လေးရက် ထပ်ဖြည့်၍ စောင့်သုံးအပ်သော ဥပုသ်သည် ပါဋိဟာရိယဥပုသ် မည်၏ဟူ၍ ဆိုကြ၏။ ကုသိုလ်ကောင်းမှုကို လိုလားကြသော အမျိုးကောင်းသား အမျိုးကောင်းသမီးတို့အား အလုံးစုံကိုပင် အလိုရှိရာ စောင့်သုံးနိုင်ရန် ဖော်ပြရမည်..ဟူ၍ ဖွင့်ပြသည်။

     ဤသုတ္တနိပါတ အဋ္ဌကထာလာ သုံးဝါဒတို့တွင် မိမိ၏ အယူဝါဒအဖြစ်ဖြင့် ပဌမပြဆိုအပ်သော ငါးလတိုင်တိုင် စောင့်သုံးအပ်သော ဥပုသ်သည် ပါဋိဟာရိယဥပုသ် မည်၏”ဟူသော စကားမှာ အင်္ဂုတ္တိုရ်အဋ္ဌကထာနှင့် သဘောသွား တူညီ၏။ အင်္ဂုတ္တိုရ် အဋ္ဌကထာ၌ သုံးလတဆက်တည်း ပြသည်၊ သုတ္တနိပါတ အဋ္ဌကထာ၌ ငါးလ တဆက်တည်းပြသည်၊ ဤမျှသာထူး၏။

     သုတ္တနိပါတအဋ္ဌကထာလာ တတိယဝါဒသည် နေမိဇာတ်အဋ္ဌကထာနှင့်၎င်း ဝိမာနဝတ္ထုအဋ္ဌကထာ ဥတ္တရဝိမာနဝတ္ထု အဖွင့်နှင့်၎င်း ထေရဂါထာအဋ္ဌကထာ ပကိဏ္ဏကနိပါတ် သုရုစိဇာတ်အဋ္ဌကထာတို့နှင့်၎င်း တူညီ၏။

(ဒိ)

     သဂါထာဝဂ္ဂသံယုတ် အဋ္ဌကထာ ဣန္ဒကဝဂ် ၅-သုတ်အဖွင့်၌ကား.. ရှစ်ရက် ဥပုသ်နေ့၏အကြို ခုနစ်ရက်၊ အပို ကိုးရက်။ ဆယ့်လေးရက် ဆယ့်ငါးရက်တို့၏ အကြို ဆယ့်သုံးရက်၊ အပို လဆုတ်တရက် (သို့မဟုတ် လဆန်းတရက်)တို့၌ စောင့်သုံးအပ်သော ဥပုသ်သည်၎င်း၊ ဝါတွင်းသုံးလ၏ နောက်လိုက် အပိုအဖြစ်ဖြင့် သီတင်းကျွတ်လပြည့်ကျော် တရက်နေ့မှ လကွယ်နေ့တိုင်အောင် လဝက်ပတ်လုံး စောင့်သုံးအပ်သော ဥပုသ်သည်၎င်း ပါဋိဟာရိယဥပုသ် မည်၏ဟူ၍ ဖွင့်ပြသည်။(သံ-ဋ္ဌ ၁၊ ၂၈၁-မျက်နှာ)

     ဤ၌ စဉ်းစားဖွယ် ရှိပြန်သည်မှာ.. အင်္ဂုတ္တိုရ်အဋ္ဌကထာ သုတ္တနိပါတ် အဋ္ဌကထာ ဇာတ်အဋ္ဌကထာ သံယုတ်အဋ္ဌကထာတို့မှာ အရှင်မဟာဗုဒ္ဓဃောသ တပါးတည်း ရေးသားအပ်သည့် ကျမ်းများဖြစ်ပါလျက် အဘယ့်ကြောင့် အဋ္ဌကထာ တစောင်နှင့် တစောင်မတူပဲ ကွဲပြားရသနည်းဟု စဉ်းစားဖွယ်ရှိ၏။ သဘောယုတ္တိ သင့်ရာကို စဉ်းစား ဆင်ခြင်သည်ရှိသော်..

     ဝိသာခုပေါသထသုတ်၌ ဥပုသ်သုံးမျိုးရှိကြောင်း ဟောပြတော်မူရာမှာ ဝိသာခါ၏ ကျင့်သုံးပုံကိုစွဲ၍ ဥပုသ်သုံးပါး ဟောပြခြင်းမဟုတ်၊ ဥပုသ်စောင့်သုံးသူများ၏ အခြင်းအရာသုံးပါး ပြားသည်ကိုသာစွဲ၍ ဟောတော်မူခြင်းဖြစ်သည်။ ဝိသာခါတဦးတည်း အတွက်မှာမူ အရိယာဥပုသ် တမျိုးတည်းသာဖြစ်၏။ သုံးမျိုး ဟောခြင်းမှာ ဥပုသ်စောင့်သုံးသူအများ၏ အခြင်းအရာသုံးပါး ပြားသည်ကိုသာစွဲ၍ ဟောတော်မူသည်ဟု သိရာ၏။ ထို့ကြောင့် ထိုဝိသာခုပေါသထသုတ်လာ ဥပုသ်သုံးပါးသည် ဘုရားဟောဖြစ်ကြောင်း သိသာပေ၏။

     ဥပုသ်နေ့ကိုမူကား သုံးနေ့ရှိသည် ဟူ၍၎င်း ခြောက်နေ့ရှိသည် ဟူ၍၎င်း နေ့ဖြင့်သတ်မှတ်ကာ ဘုရားအလိုတော်ကျ ဟောပြချက်မရှိချေ။ ရှေးဖော်ပြပါ တဆယ့်လေးရက်ဥပုသ် တဆယ့်ငါးရက်ဥပုသ် ရှစ်ရက်ဥပုသ် ပါဋိဟာရိယပက္ခ ဥပုသ်တို့မှာလည်း မြတ်စွာဘုရားက ဤရက်များတွင် ဥပုသ်စောင့်ရမည်ဟု ဟောပြခြင်းမဟုတ်၊ စင်စစ်ကား ရှေးအခါက သိကြားမင်းသည် လူ့ပြည်သို့လှည့်လည်ကာ သူတော်ကောင်း စာရင်းကောက်ယူကြသော စတုမဟာရာဇ် နတ်မင်းကြီးများ၏ လျှောက်ထားချက်အရ တာဝတိံသာနတ်တို့အား “လူများသည် တဆယ့်လေးရက်နေ့ တဆယ့်ငါးရက်နေ့ ရှစ်ရက်နေ့တို့မှာလည်း ဥပုသ်သီတင်း စောင့်သုံးကြသည်၊ ပါဋိဟာရိယခေါ် နေ့များမှာလည်း ဥပုသ်သီတင်း စောင့်သုံးကြသည်”ဟူ၍ ပြောကြားကြောင်းကို မြတ်စွာဘုရားက ဟောထားခြင်းသာ ဖြစ်သည်။ ထို့ကြောင့် တဆယ့်လေးရက် ဥပုသ်နေ့ တဆယ့်ငါးရက် ဥပုသ်နေ့ ရှစ်ရက်ဥပုသ်နေ့ဟူ၍ ခွဲခြားပြောဆိုရခြင်းမှာ လူများကျင့်သုံးကြသည့်နေ့ကို အစွဲပြုကာ ဟောကြားခြင်းဖြစ်သည်။ ဤနေ့များမှာမှ

(ဒီ)

ဥပုသ်စောင့်ရမည်၊ တခြားနေ့များ၌ မစောင့်ရဟူ၍ မြတ်စွာဘုရား ဟောကြားဆုံးမတော်မူချက် အထူးမရှိဟူ၍ မှတ်ယူရာ၏။

     ဤသို့လျှင် တဆယ့်လေးရက် တဆယ့်ငါးရက် ရှစ်ရက်ဥပုသ်နေ့တို့ ဆိုသည်မှာ လူတို့ သတ်မှတ်ပြုလုပ်လေ့ရှိသော ဥပုသ်နေ့များသာဖြစ်၍ ရှေးကလူများ ကျင့်သုံးရိုး အစဉ်အလာအတိုင်း ပကတိဥပုသ်နေ့ သုံးနေ့ရှိရာ နောက်ကာလ ကျရောက်သောအခါ လူများက ငါးရက်မြောက်ဖြစ်သော ပဉ္စမီနေ့၌လည်း ဥပုသ်စောင့်သုံးကြပြန်သဖြင့် ပကတိဥပုသ်နေ့သည် တပက္ခတွင် လေးနေ့ရှိသည်ဟူ၍ အဋ္ဌကထာ၌ ပဉ္စမီဥပုသ်နေ့ကို ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။ ယခုခေတ်မှာမူ တလလျှင် လေးသီတင်းသာ ဥပုသ်နေ့သတ်မှတ်၍ စောင့်သုံးခြင်း ပြုကြတော့သည်။

     ဤသို့လျှင်.. ဥပုသ်နေ့အတွက် မြတ်စွာဘုရားက နေ့ရက်သတ်မှတ်ကာ မည်သည့်နေ့များသည် ဥပုသ်နေ့များဖြစ်သည်ဟု ဟောကြားတော်မမူခဲ့၊ ဤသို့ မဟောကြားခဲ့ခြင်းမှာလည်း မည်သည့်နေ့မှာမဆို ဥပုသ်စောင့်လိုက စောင့်နိုင်သည်ချည်း ဖြစ်သောကြောင့်တည်း။ ဤနည်းလမ်းအရ ပဋိဇာဂရဥပုသ်နှင့် ပါဋိဟာရိယ ဥပုသ်နေ့တို့ကိုလည်း လူများ၏ အထူးသတ်မှတ်ကာ စောင့်သုံးကြသည့် အလေ့အထအရ ဖြစ်သင့်သောကြောင့် လူတို့၏ အလေ့အထ ကွဲပြားကြသည်ကိုလိုက်ကာ အဋ္ဌကထာဆရာများလည်း ဝါဒအမျိုးမျိုး ရေးသားတော်မူကြခြင်း ဖြစ်သည်ဟု မှတ်ယူသင့်ပေ၏။

     ဤမျှသာမက.. ဤသီလတို့ကို ဟောကြားရာဖြစ်သော အင်္ဂုတ္တိုရ်ပါဠိတော် သုတ္တနိပါတ်ပါဠိတော် သံယုတ်ပါဠိတော် ဇာတကပါဠိတော်တို့သည် သုတ္တန်ဒေသနာတော်များ ဖြစ်ကုန်၏။ သုတ္တန်ဒေသနာတော်ကို ဝေါဟာရဒေသနာဟူ၍ ကျမ်းဂန်တို့၌ ပြဆိုသည် (လောကဝေါဟာရ၌ အတုမရှိ လိမ္မာတော်မူသော မြတ်စွာဘုရားသည် သတ္တလောက၏ ခေါ်ဝေါ်ပညတ်ချက်သို့လိုက်၍ ဟောကြားအပ်သော ဒေသနာဖြစ်သည်ဟု ဆိုလိုသည်)။ လောက၌ လူတို့၏ ပညတ်ချက်သည် တညီတညွတ်တည်း ဘယ်သောအခါမျှ မဖြစ်နိုင်ချေ၊ ဤသို့ ခေါ်ဝေါ်ပညတ်ချက် ကွဲပြားကြသော ဥပုသ်နေ့အရာမှာ ကုသိုလ်ပြုသည့်အရာချည်း ဖြစ်သောကြောင့် မည်သည့်အယူဝါဒက မှန်သည်၊ မည်သည့်အယူဝါဒက မှားသည်ဟု စစ်ဆေးနေဖွယ် မလို။ သုတ္တနိပါတ်အဋ္ဌကထာ၌ ဝါဒသုံးပါး ထုတ်ပြပြီးလျှင် ကြိုက်နှစ်သက်ရာဝါဒကို ယူလေဟု ညွှန်ကြားထားချက်မှာ မိမိနှစ်သက်ရာဝါဒကို အမှန်ထား၍ အခြားဝါဒများကို အမှားပြုလုပ်ရန် ညွှန်ကြားခြင်းမဟုတ်၊ ဥပုသ်စောင့်သုံးလိုသော သူတို့သည် နှစ်သက်ရာဝါဒအတိုင်း ဥပုသ်စောင့်သုံးလေဟူ၍ ညွှန်ကြားတော်မူလိုရင်း ဖြစ်ပေသည်။

(ဒု)

     သီတင်းသည်တို့သည် မိမိတို့နှစ်သက်ရာ အကြောင်းညီညွတ်ရာ နေ့များကို သတ်မှတ်၍ အမျိုးမျိုးအဖုံဖုံ ဥပုသ်စောင့်သုံးကြသည်။ ထိုသို့ စောင့်သုံးကြသမျှမှာလည်း ကုသိုလ်တရား ပွါးများသည်ချည်းဖြစ်၍ ထိုသီတင်းသည်တို့ စောင့်သုံးကြပုံ အထူးထူးအပြားပြားသို့လိုက်ကာ အဋ္ဌကထာဆရာတော်များ ရေးသားတော်မူကြခြင်းဖြစ်သည်။ သုတ္တန်ဒေသနာအရာ၌ မြတ်စွာဘုရားသော်မှ သတ္တဝါတို့၏ လောကဝေါဟာရ အပိုင်းအခြားကို မလွန်စေမူ၍ တရားဟောတော်မူသည်။ ထိုသို့ ဟောတော်မူခြင်းမှာ လောက၌ အကုသိုလ်မှုမဟုတ်သည့် ရှေးအစဉ်အလာ အပိုင်းအခြား စည်းကမ်းကို သတ္တဝါတို့ မလွန်ကျူးကြရန် ရည်သန်တော်မူသည့်အတွက် ဖြစ်သည်။

     မြတ်စွာဘုရားသည် သတ္တဝါတို့အား မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်လွယ်စေရန် ရုပ်နာမ် ပရမတ္ထတရားတို့ကိုသာ ပြတော်မူလိုရင်း ဖြစ်၏၊ ပရမတ္ထတရား သက်သက်ကိုသာ ဟောကြားလျှင် ယောနိသောမနသိကာရ ရှိသူတို့အတွက် အကျိုးများမည် ဖြစ်သော်လည်း နှလုံးသွင်းမတတ်သူတို့အတွက် အပါယ်လားကြောင်း မကောင်းမှုဒုစရိုက် ဖြစ်ဖွယ်ရှိပေသည်၊ အဘယ်သို့နည်းဟူမူကား.. ရုပ်နာမ်တရားကို မမှန်မကန် နှလုံးသွင်းသူတို့က “လောက၌ ရုပ်နာမ်သာရှိသည်။ ငါမရှိ၊ သူတပါးမရှိ၊ သူတပါးဟူ၍ မရှိလျှင် သူတပါး၏ အသက်ကိုသတ်ခြင်း ပါဏာတိပါတ ဒုစရိုက်လည်း မရှိ၊ ငါသူတပါး မရှိသည့်အတွက် ငါ့ဥစ္စာ သူ့ဥစ္စာဟူ၍ မရှိရကား အဒိန္နာဒါန် ဒုစရိုက်မှုလည်း မရှိ၊ သူတပါး မရှိသည့်အတွက် သူ့သားမယားကို ပြစ်မှားလျှင်လည်း ကာမေသုမိစ္ဆာစာရ ဒုစရိုက်မဖြစ်” ဤသို့ အစရှိသည်ဖြင့် လောကအပိုင်းအခြား စည်းကမ်းကို ကျူးကျော်ကာ မကောင်းမှု ဒုစရိုက်တွေကို တွင်တွင်ကြီး ပြုကြပေတော့မည်။

     အမှန်မှာ.. ရုပ်နာမ်အစုကို ဟောပြရာတွင် ပရမတ္ထသစ္စာအနေဖြင့် ငါ သူတပါး ယောကျ်ား မိန်းမစသည် မရှိသော်လည်း သုတ္တန်ဒေသနာတော်နည်းအရ သမ္မုတိသစ္စာအနေဖြင့် လောကအပိုင်းအခြားအတိုင်း ရှိသင့်သေးသည်။ ရုပ်နာမ်အစုချည်းပင် ဖြစ်သော်လည်း ဤအစုကား ငါ၊ အခြားအရာတွေက သူတပါး၊ ဤရုပ်နာမ်အစုအား ကျေးဇူးရှင်ဖြစ်သော အမိအဖ-စသည်ဖြင့် အပိုင်းအခြား အမှတ်အသား ထားနိုင်ကြသည်။ သမ္မုတိသစ္စာအနေဖြင့် ထားရမည်သာ ဖြစ်သည်။ ဤလောကဝေါဟာရ အပိုင်းအခြား စည်းကမ်းကို ကျူးကျော်လျှင် ဖော်ပြခဲ့သည့်အတိုင်း မကောင်းမှုဒုစရိုက်တွေကို တွင်တွင်ကြီး ပြုလုပ်ကြကာ အပါယ်လေးပါးအစာ ဖြစ်မည့်ဘေးမှ ကာကွယ် စောင့်ရှောက်တော်မူရန် လောကဝေါဟာရအတိုင်း သုတ္တန်ဒေသနာတော်ကို ဟောတော်မူရသည်။

     သုတ္တန်ဒေသနာတော်ချည်း သက်သက်ဟောထားလျှင်လည်း လောကမှာ ငါရှိသည် သူတပါးရှိသည် ငါ့သား ငါ့သမီး ငါ့ဇနီး ငါ့ဥစ္စာရှိသည် စသည်ဖြင့်

(ဒူ)

ဝေါဟာရပညတ် အနေအားဖြင့်သာ အမှတ်ထားရမည်ကို စင်စစ်ဧကန် အမှန်ဖြစ်သော ပရမတ္ထအနေ အားဖြင့် ရှိသည်ဟု စွဲလမ်းမှတ်ထင်ကာ သက္ကာယဒိဋ္ဌိ ကြီးမားလှသည့်အတွက် မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်တော့ချေ။

     သို့ဖြစ်၍ မဂ်ဖိုလ်နိဗ္ဗာန်သို့အရောက် ပို့ဆောင်ရန် ရုပ်နာမ်ပရမတ္ထ တရားအစုကို ဟောတော်မူရပြန်သည်။ (မြတ်ဘုရားသည် သတ္တဝါများကို မဂ်ဖိုလ်နိဗ္ဗာန်သို့ ပို့ဆောင်ရန် ပရမတ္ထဒေသနာတော်ကို ဟောတော်မူရာတွင် နှလုံးသွင်းမတတ်သူတို့ အပါယ်လေးပါးအစာ ဖြစ်မည့်ဘေးကို ကာကွယ် စောင့်ရှောက်တော်မူလိုသဖြင့် လောကဝေါဟာရပညတ် အပိုင်းအခြားကို မကျူးကျော်ရန် အရင်းခံထားရသည့် သုတ္တန်ဒေသနာတော်ကိုလည်း ဟောကြားတော်မူရသည်ဟု ဆိုလိုသည်။)

     ဥပုသ်သီလနှင့်ဆိုင်ရာ ဒေသနာကျမ်းဂန်တို့မှာလည်း သုတ္တန်ဒေသနာချည်း ဖြစ်သောကြောင့် လူတို့၏ ပိုင်းခြားပညတ်ချက်ကို ကျူးလွန်ရမည် မဟုတ်ချေ။ လူတို့က အသီးသီး နှစ်သက်ရာ နေ့ရက်လတို့ကို ပိုင်းခြားစောင့်သုံးကြဖို့ အမျိုးမျိုး ကွဲပြားကြသည့်အတိုင်း အဋ္ဌကထာဆရာ ဖွင့်ပြတော်မူခြင်း ဖြစ်သောကြောင့် ဆရာတဦးတည်းပင်ဖြစ်သော်လည်း အယူဝါဒ အထူးထူးဖြစ်၍နေသည်ဟု မှတ်ယူရာ၏။

     အချို့ဆရာတို့က “ဝိနည်းပါဠိတော်မှာ ရဟန်းများအား ဥပုသ်နေ့မဟုတ်လျှင် ဥပုသ်မပြုရ၊ ပြုခဲ့လျှင် ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်ချက်ရှိသည်။ ဤနည်းအတိုင်းပင် လူတို့မှာလည်း ဥပုသ်နေ့မဟုတ်လျှင် ဥပုသ်မစောင့်ရ”ဟု အဆုံးအဖြတ်များပင် ရေးသားကြ၏။

     ဤသို့ ရေးသားခြင်းမှာ ဒေသနာတော်နည်း၌ မလိမ္မာသောကြောင့်သာ ဖြစ်သည်။ ဝိနည်းဒေသနာတော်ကို အာဏာဒေသနာဟူ၍ ကျမ်းဂန်တို့၌ ပြဆို၏ (မြတ်စွာဘုရား အာဏာထား၍ ဟောကြားပညတ်တော်မူရာ ဒေသနာဖြစ်သည်ဟု ဆိုလိုသည်။) သို့ဖြစ်၍ ဝိနည်းဒေသနာတော်အလိုမှာ စိတ်နှလုံးသွင်းကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ “မပြုလင့်”ဟု တားမြစ်ထားသောအရာကို မပြုပဲနေသော ရဟန်းအားသော အာပတ်လွတ်သည်၊ “ငါ စိတ်ကောင်းဖြင့် ပြုမည်”ဟူ၍ ပြုသော်လည်း တားမြစ်ထားသော အရာဖြစ်က အာပတ်မလွတ်၊ အကြောင်းကား မပြုရဟူသော မြတ်စွာဘုရား၏ အာဏာတော်ကို လွန်ကျူးသောကြောင့်တည်း။ ဤသို့ အာဏာဒေသနာတော်နည်းအရ ရဟန်းများမှာ ဥပုသ်နေ့မဟုတ်ပဲ ဥပုသ်ပြုလျှင် အာပတ်သင့်သည်ကို အထောက်အထားပြုကာ သုတ္တန်ဒေသနာတော်ဆိုင်ရာ လူတို့၏ ဥပုသ်စောင့်သုံးမှု၌လည်း “ဥပုသ်နေ့မဟုတ်လျှင် ဥပုသ်မစောင့်ရ၊ စောင့်လျှင်

(ဒေ)

အပြစ်ရှိသည်”ဟူသော အယူသည် ဒေသနာတော်နည်း၌ နားမလည်ခြင်းလျှင် အကြောင်းရင်းရှိသည်။ အချုပ်အားဖြင့်ဆိုသော် ဥပုသ်ဟူသည် စင်ကြယ်မွန်မြတ်သော အရာဖြစ်၍ မည်သည့်နေ့မှာမဆို စောင့်သုံးနိုင်သည်၊ စောင့်သုံးလျှင် စောင့်သုံးသလောက် အကျိုးကြီးသည်ဟူ၍သာ မှတ်ယူအပ်၏။

ထို့ကြောင့်..

“ဥပေါသထံ ဝုစ္စတိ အဋ္ဌင်္ဂသမန္နာဂတံ သဗ္ဗဒိဝသေသု ဂဟဋ္ဌေဟိ ရက္ခိတဗ္ဗသီလံ= ဥပုသ်ဟူသည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အလုံးစုံသော နေ့ဟူသမျှတို့မှာ စောင့်သုံးလိုတိုင်း လူများ စောင့်သုံးနိုင်သော သီလပင်ဖြစ်သည်”ဟူ၍ သုတ်မဟာဝါ မဟာသုဒဿနသုတ် အဖွင့်ဋီကာ၌ မိန့်ဆိုတော်မူ၏။ (ဤဋီကာသည် မူလဋီကာ၏ အဖွင့်ဖြစ်သော အနုဋီကာ ဝိသုဒ္ဓိမဂ်မဟာဋီကာ ဣတိဝုတ်အဋ္ဌကထာစသော အဋ္ဌကထာကျမ်းများ ဋီကာကျမ်းများကို ရေးသားတော်မူသည့် အရှင်ဓမ္မပါလရေးသားသော ကျမ်းဖြစ်သည်။)

ဘိက္ခုသီလ ဘိက္ခုနီသီလ အနုပသမ္ပန္နသီလ ဂဟဋ္ဌသီလ လေးပါးပြဆိုချက် ပြီး၏။

**********

တနည်းကား..

(၁) ပကတိသီလ၊

(၂) အာစာရသီလ၊

(၃) ဓမ္မတာသီလ၊

(၄) ပုဗ္ဗဟေတုသီလ-

အားဖြင့် လေးပါးအားရှိ၏၊ ထိုလေးပါးတို့တွင်-

     (၁) မြောက်ကျွန်းသူ မြောက်ကျွန်းသားတို့၏ ပါဏာတိပါတစသော သိက္ခာပုဒ်ငါးပါးတို့ကို မလွန်ကျူးခြင်းသည် ပကတိသီလ မည်၏ ။(သီလ ခံယူဆောက်တည်ခြင်း မရှိပဲ မြောက်ကျွန်း၌ဖြစ်သောသူ ဟူသမျှတို့သည် ပါဏာတိပါတစသော ဒုစရိုက်မှုတို့ကို ပင်ကိုယ်သဘောအားဖြင့် မည်သူမျှ မလွန်ကျူးကြကုန်။ ပင်ကိုယ်သဘောအားဖြင့် ပြည့်စုံသော သီလဟု ဆိုလိုသည်။) ဤမြောက်ကျွန်းသူ မြောက်ကျွန်းသားတို့၏ ကံငါးပါးကို မလွန်ကျူးခြင်းမှာ

(ဒဲ)

ဆောက်တည်ခြင်း= သမာဒါနဝိရတီ မဖြစ်သော်လည်း ဆိုက်ရောက် တွေ့ကြုံလာသည်ကို ရှောင်ကြဉ်ခြင်း တည်းဟူသော သမ္ပတ္တဝိရတီသဘောကိုကား ရနိုင်သည်သာဖြစ်၏။

     (၂) အမျိုးအားဖြင့်ဖြစ်စေ အရပ်ဒေသအားဖြင့်ဖြစ်စေ ပါသဏ္ဍ=ခေါ်သော အယူဝါဒ အားဖြင့်ဖြစ်စေ မိမိ မိမိတို့၏ ရှေးလူကြီးများက ထားရှိခဲ့သော အပိုင်းအခြား စည်းကမ်းအတိုင်း လိုက်နာကျင့်ကြံခြင်းသည် အာစာရသီလ မည်၏။ (မိမိတို့၏ အမျိုးအစဉ်အဆက်က ရှောင်ကြဉ်လာသော မကောင်းမှုဖြစ်သည့်အတွက် ရှောင်ကြဉ်ခြင်းသည် ကုလအာစာရသီလမည်၏၊ မိမိတို့နေရာ အရပ်ဒေသမှာ အများရှောင်ကြဉ်ကြသော မကောင်းမှုဖြစ်သည့်အတွက် ရှောင်ကြဉ်ခြင်းသည် ဒေသအာစာရသီလ မည်၏။ ပါသဏ္ဍ=ခေါ် အယူဝါဒအရ ရှောင်ကြဉ်ခြင်းသည် ပါသဏ္ဍသီလ မည်၏။ ပါသဏ္ဍပုဒ်၌ ပါသ + ဍ နှစ်မျိုးကို ပေါင်းစပ်ထားရာ ပါသ= ကျော့ကွင်း၊ တဏှာနှင့်ဒိဋ္ဌိ နှစ်ပါးကို ဆိုလိုသည်။ ဍ= ဖြစ်စေသည်၊ ပါသဏ္ဍ = တဏှာကျော့ကွင်း ဒိဋ္ဌိကျော့ကွင်းတို့ကို ဖြစ်စေတတ်သော အယူဟု ဆိုလိုသည်။)

     (၃) ဘုရားအလောင်းတော် ပဋိသန္ဓေ တည်နေသည့်အခါမှစ၍ မယ်တော်၏သန္တာန်၀ယ် ယောကျ်ားများ၌ ကာမဂုဏ်အတွက် နှစ်သက်မက်မောသည့်စိတ် မရှိခြင်းတည်းဟူသော သီလသည် ဓမ္မတာသီလ မည်၏။ (ဘုရားလောင်း၏ မယ်တော်သည် ပင်ကိုယ်ကပင် ငါးပါးသီလပြည့်စုံသူ ဖြစ်၏။ အခြားသော ယောက်ျားများကို မဆိုထားဘိ၊ မိမိ၏အရှင်သခင် လင်ကိုပင် အလောင်းတော် ပဋိသန္ဓေ တည်နေသည်ကစ၍ ကာမဂုဏ်အတွက် နှစ်သက်မက်မောခြင်းမရှိ၊ ဤသို့ မရှိခြင်းမှာ အလွန်တရာ မြင့်မြတ်သော ဘုရားအလောင်းတော်သည် မိမိဝမ်းတိုက်တွင် ကိန်းအောင်းတော်မူသည့်အတွက် ဖြစ်၏။ ဤသီလကို မယ်တော်တိုင်းမှာ ဓမ္မတာအားဖြင့် ပြည့်စုံမြဲဖြစ်၍ ဓမ္မတာသီလဟု ခေါ်၏။)

     (၄) အရှင်မဟာကဿပဖြစ်မည့် ပိပ္ပလိလုင် စသည်တို့ကဲ့သို့ စင်ကြယ်သောပုဂ္ဂိုလ်များ မဟာသီလဝမင်း စသည်တို့ကဲ့သို့သော ဘုရားအလောင်းတော်ကြီးများမှာ ဟောကြားပြသမည့်သူမရှိပဲ အလိုအလျောက် သီလစောင့်သုံးလိုသော သမ္မာဆန္ဒဖြစ်ကာ သီလကို စောင့်သုံးခြင်းသည် ပုဗ္ဗဟေတုသီလ မည်၏၊ ။(ရှေးရှေးဘဝတို့က ကျင့်သုံးခဲ့ဘူးသော သီလအကြောင်းကံကြောင့် ယခုဘဝမှာ မည်သူကမျှ မဟောပြရပဲ အလိုအလျောက် စောင့်သုံးဖြစ်ပေါ်လာသော သီလဟု ဆိုလိုသည်။)

(ဒေါ)

တနည်းကား..

(၁) ပါတိမောက္ခသံဝရသီလ၊

(၂) ဣန္ဒြိယသံဝရသီလ၊

(၃) အာဇီဝပါရိသုဒ္ဓိသီလ၊

(၄) ပစ္စယသန္နိဿိတသီလ-

အားဖြင့် လေးပါးအပြားရှိ၏။ ဤလေးပါးတို့မှာ ရဟန်းများနှင့်သာ အထူးသက်ဆိုင်သော သီလဖြစ်ကုန်၏။ အလောင်းတော် သုမေဓာရှင်ရသေ့ သီလပါရမီကို ဆင်ခြင်ရာ၌လည်း ဤသီလလေးပါးကိုပင် ရည်ရွယ်၍.. “တထေဝ တွံ စတူသု ဘူမီသု၊ သီလာနိ ပရိပူရယ”ဟူ၍ မြွက်ကြားတော်မူသည်။ ထိုလေးပါးတို့တွင်..

(၁) ပါတိမောက္ခသံဝရသီလ

     စောင့်ရှောက်သောသူကို အပါယ်စသော ဆင်းရဲတို့မှ လွတ်မြောက်စေတတ်သော သီလသည် ပါတိမောက္ခသံဝရသီလ မည်၏၊ (ပါတိ= စောင့်ရှောက်သူ၊ မောက္ခ= လွတ်စေသည်။)

     ဤသီလကို စောင့်ရှောက်သောသူသည်.. (က) ကောင်းမြတ်သော အကျင့်တရား (ခ) ကောင်းမြတ်သော= အပြစ်မရှိသော ကျက်စားရာဌာနတို့နှင့် ပြည့်စုံရသည်။ (ဂ) ပရမာဏုမြု=ခေါ်သည့် အလွန် အသေးငယ်ဆုံးဖြစ်သော မြူမှုန်မျှလောက်ရှိသည့် အပြစ်ကလေးတွေကိုပင် ရေပေါ်ရေအောက် ယူဇနာပေါင်း တသိန်း ခြောက်သောင်းရှစ်ထောင် အစောက်ရှိသော မြင်းမိုရ်တောင်ကြီးလောက် ကြောက်ဖွယ်မဟေး ဘေးကြီး အပြစ်ကြီးဟူ၍ ရှုကြည့်လေ့ရှိပြီးလျှင် (ဃ) သိက္ခာပုဒ်တို့ကို ကောင်းစွာဆောက်တည် ကျင့်ကြံရသည်။ ထိုစကားရပ်ကို ချဲ့ဦးအံ့..၊

     (က) လောက၌ ကျင့်အပ် ကျင့်ထိုက် ကျင့်ကောင်းသည့် အာစာရတရားလည်း ရှိသည်၊ မကျင့်အပ် မကျင့်ထိုက် မကျင့်ကောင်းသည့် အနာစာရတရားလည်း ရှိသည်။ ပါဏာတိပါတစသော ဒုစရိုက်သုံးပါး (သက်သတ် ခိုးမှု၊ ကာမေသု)တို့ကို ကိုယ်ဖြင့် လွန်ကျူးခြင်း မုသာဝါဒစသော ဒုစရိုက်လေးပါး (မုသာ မိတ်ခွဲ ဆဲရေး ပြိန်ဖျင်း)တို့ကို နှုတ်ဖြင့်လွန်ကျူးခြင်း ထိုဒုစရိုက် ခုနစ်ပါးတို့ကို ဆိုင်ရာဆိုင်ရာ ကိုယ်နှုတ်ဖြင့် လွန်ကျူးခြင်း ကိုယ်နှုတ်နှစ်ပါးဆိုင်ရာ ဒုစရိုက်ခုနစ်ပါးတို့တွင် မပါဝင်ပဲ အခြားသော သီလပျက်စီးကြောင်း မကောင်းသော အမှုဟူသမျှသည် မကျင့်အပ် မကျင့်ထိုက် မကျင့်ကောင်းသည့် အနာစာရမည်၏။

(ဒေါ်)

     သီလပျက်စီးကြောင်း မကောင်းသောအမှုထဲမှ အချို့ကို ထုတ်ပြရသော်.. ဤလောက၌ အချို့သော ရဟန်းသည် ဒကာ ဒကမများအား ဝါးပေးခြင်းဖြင့်သော်၎င်း၊ သစ်ရွက်ပေးခြင်းဖြင့်သော်၎င်း၊ ပန်းပေးခြင်းဖြင့်သော်၎င်း၊ သစ်သီး ပေးခြင်းဖြင့်သော်၎င်း၊ ဆပ်ပြာမှုန့် ပေးခြင်းဖြင့်သော်၎င်း၊ ဒန်ပူ ပေးခြင်းဖြင့်၎င်း၊ မိမိကိုယ်ကို နှိမ့်ချကာ ဒကာ ဒကမတို့၏ မမှန်ကန်သော စကားကိုပင် အတည်ပြုလျက် မိမိကိုယ်ကို ချစ်စေလိုသည့်အတွက် မြှောက်ထိုးပင့်ကော် ပြောဆိုခြင်းဖြင့်သော်၎င်း၊ ပဲနောက်ဟင်း ချက်ရာမှာ နူးနပ် မနူးနပ် နှစ်မျိုး ရောနှောပါသကဲ့သို့ စကားပြောရာမှာ အမှန်နည်းပါး အမှားများ၍ ရောနှောပြောဆိုခြင်းဖြင့်သော်၎င်း၊ ဒကာ ဒကမတို့၏ ကလေးများကို ကလေးထိန်းများပမာ ချီပိုးခြင်း တန်းဆာဆင်ပေးခြင်း စသည်ဖြင့်သော်၎င်း၊ သလုံးမြင်းခေါင်း ညောင်းလောက်အောင် သွားလာကာ ဒကာ ဒကမတို့၏ အစေအပါးကို ခံခြင်းဖြင့်သော်၎င်း၊ ဆေးကုခြင်း ပစ္စည်းဥစ္စာထိန်းပေးခြင်း အစားအသောက် အပြန်အလှန်ပေးပို့ခြင်းစသည့် အခြားအမှတ်မရှိ တပါးပါးသော ဘုရားစက်ဆုပ်အပ်သည့် မကောင်းသော အသက်မွေးမှုဖြင့်သော်၎င်း အသက်မွေးအံ့၊ ထိုအသက်မွေးမှုများကို မကောင်းသောအကျင့် (အနာစာရ)ဟူ၍ ဆိုအပ်၏။

ရဟန်းတို့မှာ ဒကာ ဒကမတို့က မတောင်းမရမ်းပဲ ပေးသည်ကို မဆိုထားဘိ၊ အသုံးလိုကြောင်းဖြင့် လျှောက်တောင်းလာစေကာမူ ဝါး သစ်ရွက်စသော ပစ္စည်းတို့ကို မပေးကောင်း၊ ထိုသို့ပေးခြင်းများသည် ရဟန်းတို့၏ အလုပ်ကိစ္စမဟုတ်၊ မပြုကောင်းသည့် ထိုအမှုတို့ကို ပြုလုပ်ခဲ့လျှင် ဝိနည်းဒေသနာတော်အရ ကုလဒူသနဟု ခေါ်သည်။ (ဒကာ ဒကမတို့၏ သဒ္ဓါတရားကို ဖျက်ဆီးခြင်းအမှုဟု ဆိုလိုသည်။)

ဤအရာ၌ “ပစ္စည်းလာတောင်းသူအား ရှိပါလျက်နှင့် မပေးလိုက်လျှင်သာ သဒ္ဓါတရား ပျက်ကွက်မည်ဖြစ်သည်။ ပေးလိုက်ပါမူ ငါအလိုရှိရာကိုပေးသော ကိုယ်တော်ဟူ၍ ကြည်ညိုခြင်း သဒ္ဓါတရား တိုးပွါ၍လာမည်သာ မဟုတ်ပါလော”ဟု မေးရန်ရှိ၏။ ထိုပစ္စည်းပေးသော ကိုယ်တော်ကို မပေးခင်က ဒကာ ဒကမတို့၏စိတ်၌ မြတ်စွာဘုရား၏ တပည့်သားတော်အနေဖြင့် ကြည်ညိုခြင်းသည် သဒ္ဓါတရား အစစ်အမှန်ဖြစ်၏၊ ဝါး စသည်ကို ပေးလိုက်သောအခါ “ငါ့အား ဝါးပေးသည့်ကိုယ်တော်၊ ဟင်းရွက်ပေးသည့် ကိုယ်တော်”စသည်ဖြင့် စိတ်ထဲမှာ ထင်မြင်ကာ သံယောဇဉ်တွယ်လာသည် ဖြစ်သောကြောင့် ပစ္စည်းပေး၍ ကြည်ညိုခြင်းမှာ တကယ် စင်ကြယ်သော သဒ္ဓါတရားအစစ်မဟုတ်၊ သဒ္ဓါတရားအစစ်ကား

(ဒံ)

ပျက်စီးသွားလေပြီ၊ ဤသို့ သဒ္ဓါတရားအစစ် ပျက်စီးစေတတ်သည်ကို ရည်ရွယ်၍ ကုလဒူသန= ဒကာဒကမတို့၏ သဒ္ဓါတရားအစစ်ကို ပျက်စီးစေတတ်သောအမှုဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။

     ကျင့်အပ် ကျင့်ထိုက် ကျင့်ကောင်းသည့် အာစာရတရားအရမှာ မကျင့်ကောင်းသည့် အနာစာရ၌ ပြခဲ့သမျှကို ပြောင်းပြန်လှန်၍ယူလျှင် ကျင့်ကောင်းသည့် အာစာရတရားစု ဖြစ်လာ၏၊ ပြောင်းပြန်လှန်ဟူသည်ကား.. ပါဏာတိပါတစသော ဒုစရိုက်သုံးပါးတို့ကို ကိုယ်ဖြင့် မကျူးလွန်ခြင်း စသည်ပင်ဖြစ်၏။

     (ခ) ကျက်စားရာ ဌာနမှာလည်း အပြစ်မရှိသော ကျက်စားရာဌာန အပြစ်ရှိသော ကျက်စားရာဌာနဟူ၍ နှစ်မျိုးရှိ၏။ ထိုနှစ်မျိုးတို့တွင်..

     အပြစ်ရှိသော ကျက်စားရာဌာန ဟူသည်ကား.. ဤသာသနာတော်၌ အချို့သော ရဟန်းသည် ပြည့်တန်ဆာမလျှင် အရောတဝင် ကျက်စားရာရှိတတ်၏။ (ပြည့်တန်ဆာမအိမ်သို့ အရောတဝင် ဝင်ထွက်သွားလာခြင်းကို ဆိုလိုသည်။) လင်သေ လင်ကွာသော မိန်းမ၊ အပျိုကြီး၊ ပဏ္ဍုက်၊ ဘိက္ခုနီမ၊ သေတင်းကုပ် (ဘုံဆိုင်)လျှင် အရောတဝင် ကျက်စားရာရှိတတ်၏။ ဘုရင်မင်းတို့နှင့်၎င်း မင်း၏ အမတ်ကြီးတို့နှင့်၎င်း တိတ္ထိတို့နှင့်၎င်း တိတ္ထိများ၏ တပည့်တို့နှင့်၎င်း ရဟန်းတို့အား မသင့်လျော်သော လူတို့၏ရောနှောခြင်းမျိုးဖြင့် ရောနှောနေတတ်၏။ ဘိက္ခု ဘိက္ခုနီ ဥပါသကာ ဥပါသိကာ တည်းဟူသော မြတ်စွာဘုရား၏ တပည့် သား တပည့်မတို့အား မသဒ္ဓါ မကြည်ညို ဆဲရေးခြိမ်းချောက်စကား ပြောကြား၍ အကျိုးမဲ့ အစီးပွါးမဲ့ ချမ်းသာမဲ့ကို အလိုရှိသည့်အိမ်တို့သို့ မှီဝဲဆည်းကပ်တတ်၏။ ထိုရဟန်း၏ ကျက်စားရာဖြစ်သော ပြည့်တန်းဆာမ၊ လင်သေ လင်ကွာသောမိန်းမ၊ အပျိုကြီး၊ ပဏ္ဍုက်၊ ဘိက္ခုနီမ၊ သေတင်းကုပ် (ဘုံဆိုင် အရက်ဆိုင်)၊ မင်း၊ မင်း၏အမတ်ကြီး၊ တိတ္ထိ၊ တိတ္ထိတို့၏ တပည့်များ၊ မြတ်စွာဘုရား၏ ပရိသတ်လေးပါး တပည့်များကို မသဒ္ဓါ မကြည်ညိုသောအိမ် ဤအလုံးစုံသည် အပြစ်ရှိသော ကျက်စားရာဌာနမည်၏။ ထိုရဟန်း၏ ထိုဆိုအပ်ပြီးသော ဌာနတို့၌ ကျက်စားခြင်းကိုလည်း အပြစ်ရှိသော အပြစ်မကင်းသော ကျက်စားခြင်းဟူ၍သာ ဆိုအပ်၏။

ကျက်စားခြင်းဟူသည် မမြတ်သဘော အရောတဝင် မိတ်ဖွဲ့ကျက်စားခြင်းကို ဆိုလိုသည်။ ပြည့်တန်ဆာမပင် ဖြစ်သော်လည်း တရံတခါ လှူဒါန်းလို၍ ပင့်ဖိတ်လျှင် သတိတရား လက်မလွတ်စေပဲ အလှူခံသွားနိုင်ပေ၏။ ဤ၌ ပြည့်တန်းဆာမ၊ လင်သေ လင်ကွာသော မိန်းမ၊ အပျိုကြီး၊ ပဏ္ဍုက်၊ ဘိက္ခုနီမ ဤငါးဌာနမှာ ကာမဂုဏ်ငါးပါး၏

(ဒါး)

မှီရာနိဿယ ဖြစ်သောကြောင့် မကျက်စားကောင်းသောဌာန ဖြစ်ရသည်။ သေတင်းကုပ် ဘုံဆိုင် အရက်ဆိုင်တို့မှာ မြတ်သောအကျင့်၏ အန္တရာယ်ကို ပြုတတ်သောကြောင့် မကျက်စားရာသော ဌာနဖြစ်သည်။ မင်း မင်း၏အမတ်ကြီးတို့မှာ ရဟန်းတရားအား ကျေးဇူးမများသည့်ပြင် လာဘ်ပူဇော်သက္ကာရ တည်းဟူသော မိုးကြိုးစက်ဖြင့် ကြိတ်ဖျက်တတ်သောကြောင့် မကျက်စားအပ်သော ဌာနဖြစ်သည်၊ သဒ္ဓါတရားမရှိသောအိမ် မကြည်ညိုသောအိမ် ဆဲရေးခြိမ်းချောက်သည့်အိမ်မှာ သဒ္ဓါတရား ဆုတ်ယုတ်ခြင်း စိတ်၏ထိတ်လန့်ခြင်းကို ဖြစ်စေတတ်သောကြောင့် မကျက်စားအပ်သော ဌာနဖြစ်သည်။

     အပြစ်မရှိသောကျက်စားရာဌာနအရကို ပြအပ်ပြီးသည်ကိုပြောင်းပြန်လှန်သောအားဖြင့် သိအပ်၏။ ပြောင်းပြန်လှန် ဟူသည်မှာ.. အကြင် အမျိုးသား အမျိုးသမီးတို့သည် သဒ္ဓါတရားရှိကုန်၏၊ ရတနာသုံးတန် ကံ-ကံ၏အကျိုးကို ယုံကြည်ကြကုန်၏။ ရဟန်းတို့၏ သောက်သုံး၍မကုန်နိုင်သော ရေတွင်းရေကန်သဖွယ် ဖြစ်ကြကုန်၏။ ရဟန်းတို့၏ သင်္ကန်းရောင်ဖြင့် ပြောင်ပြောင်တောက်၍ နေကုန်၏ (အိမ်သို့ဝင်ထွက်သော ရဟန်းများ မပြတ်သည်ကို ဆိုလိုသည်)၊ ရဟန်းတို့၏ သင်္ကန်း ကိုယ်အင်္ဂါလှုပ်ရှားမှုမှ ဖြစ်သောလေတို့ဖြင့် အမြဲတိုက်ခတ်၍ နေကုန်၏။ ဘိက္ခု ဘိက္ခုနီ ဥပါသကာ ဥပါသိကာတို့၏ အကျိုးစီးပွါး ချမ်းသာခြင်းကို အလိုရှိကုန်၏၊ ထိုသို့သဘောရှိသော အမျိုးသား အမျိုးသမီးတို့၏ နေအိမ်သည် ရဟန်းတော်များအဖို့ အပြစ်မရှိသော ကျက်စားရာဌာန မည်၏ဟူ၍ ဆိုအပ်၏။

     တနည်းကား.. ဤဆိုလတ္တံ့သော နည်းဖြင့်လည်း အာစာရနှင့် ဂေါစရအရကို သိအပ်၏။ အဘယ်သို့ သိအပ်သနည်းဟူမူကား-

     မကျင့်ကောင်းသော အနာစာရတရားသည် ကိုယ်၌မှီသော ကာယိကအနာစာရ နှုတ်၌မှီသော ဝါစသိကအနာစာရဟူ၍ နှစ်ပါးရှိရာ ကိုယ်၌မှီသော ကာယိကအနာစာရ ဟူသည်မှာ ရဟန်းဖြစ်လျက် သံဃာ့ဘောင်သို့ ရောက်ရှိသောအခါ ရိုသေသော အခြင်းအရာကို မပြုခြင်း၊ မထေရ်ကြီးတို့ကို ထိပါးပွတ်တိုက်၍ ရပ်ခြင်း ထိုင်ခြင်း မထေရ်ကြီးများ၏ ရှေ့မှ ရပ်ခြင်း ထိုင်ခြင်း မထေရ်ကြီးတို့၏ အထက်ကျသော နေရာ၌ နေထိုင်ခြင်း ခေါင်းမြီးခြုံ၍ ထိုင်နေခြင်း မတ်တတ်ရပ်၍ စကားပြောခြင်း လက်ကိုဝှေ့၍ ရမ်း၍ မြှောက်၍ စကားပြောခြင်း မထေရ်ကြီးများ ဘိနပ်မစီးပဲ စင်္ကြံသွားနေစဉ် မိမိက ဘိနပ်စီးလျက် စင်္ကြံသွားခြင်း မထေရ်ကြီးများ နိမ့်သောနေရာ၌ စင်္ကြံသွားစဉ် မိမိက မြင့်သောနေရာ၌ စင်္ကြံသွားခြင်း မထေရ်ကြီးများ မြေအပြင်၌ စင်္ကြံသွားစဉ် မိမိက

(ဓ)

စင်္ကြံ၌ စင်္ကြံသွားခြင်း မထေရ်ကြီးတို့ကို တိုးဝှေ့၍ထိုင်ခြင်း တိုးဝှေ့၍ ရပ်ခြင်း သီတင်းငယ်များကို နေရာဖြင့် တားမြစ်ခြင်း (နေရာမပေးခြင်း) မီးတင်းကုပ်ထဲ၌ မထေရ်ကြီးတို့ကို ခွင့်မပန်ပဲ ထင်းထည့်ခြင်း တံခါးပိတ်ခြင်း ရေဆိပ်၌ မထေရ်ကြီးတို့ကို ပွတ်တိုက်ထိပါး၍ ဆင်းခြင်း ရှေ့မှဆင်းခြင်း ပွတ်တိုက်ထိပါး၍ ရေချိုးခြင်း ရှေ့မှရေချိုးခြင်း မထေရ်ကြီးတို့ကို ပွတ်တိုက်ထိပါး၍ ကမ်းသို့တက်ခြင်း ရှေ့မှတက်ခြင်း ရွာတွင်းသို့၀င်သောအခါ မထေရ်ကြီးတို့ကို ပွတ်တိုက် ထိပါး၍သွားခြင်း ရှေ့မှသွားခြင်း ရှေ့ကသွားသော မထေရ်ကြီးများကို ဘေးမှ ရှောင်တက်ကာ ထိုမထေရ်ကြီးတို့၏ရှေ့မှ သွားခြင်း မြို့ရွာအတွင်းရောက်သောအခါ ဒကာ ဒကမတို့၏ လျှို့ဝှက်အပ်သော တိုက်ခန်း အမျိုးသမီးများ နေထိုင်ရာ တိုက်ခန်းအတွင်းသို့ အဆောတလျင်ဝင်ခြင်း ထိုအိမ်ရှိ ကလေးသူငယ်တို့၏ ဦးခေါင်းကို သုံးသပ်ကိုင်တွယ် (ချစ်ခင်သည့် အမူအရာကိုပြ)ခြင်း ဤအလုံးစုံသည် ကိုယ်၌မှီသော (ကိုယ်ဖြင့်ပြုအပ်သော) မကောင်းသောအကျင့်= ကာယိကအနာစာရ မည်၏။

     နှုတ်၌မှီသော (နှုတ်ဖြင့်ပြောအပ်သော) မကောင်းသောအကျင့်= ဝါစသိကအနာစာရ ဟူသည်ကား.. ရဟန်းဖြစ်လျက် သံဃာ့ဘောင်သို့ ရောက်ရှိသောအခါ ရိုသေသော အခြင်းအရာကို မပြုမူ၍ မထေရ်ကြီးများကို အခွင့်မပန်ပဲ တရားဟောခြင်း သူတပါးအမေးကို ဖြေဆိုခြင်း ပါတိမောက်ကိုပြခြင်း (ရွတ်ဆိုခြင်း) မတ်တတ်ရပ်၍ စကားပြောခြင်း လက်ရုံးဆန့်တန်း ရမ်း၍ စကားပြောခြင်း မြို့တွင်းရွာတွင်း ရောက်သောအခါ မိန်းမကြီးများကို၎င်း မိန်းမပျိုများကို၎င်း “ဤမည်သောမိန်းမ.. (သုမနာ..စသည်) ဤအနွယ် ရှိသောမိန်းမ (ဂေါတမီ..စသည်) ဘာများရှိသနည်း ယာဂုရှိသလော ထမင်းရှိသလော ခဲဖွယ်ရှိသလော ဘာကိုသောက်ရမည်နည်း ဘာကို ခဲရမည်နည်း ဘာကိုစားရမည်နည်း ငါ့အား ဘာကိုပေးလှူမည်နည်း” အစရှိသည်ဖြင့် အထူးထူး အထွေထွေ ဣန္ဒြေမစောင့်စည်းပြောဆိုခြင်း ဤအလုံးစုံသည် နှုတ်၌မှီသော (နှုတ်ဖြင့်ပြောအပ်သော) မကောင်းသောအကျင့်= ဝါစသိကအနာစာရ မည်၏။

     ကျင့်ကောင်းသော အာစာရတရားကိုလည်း ဆိုအပ်ပြီးသည့် မကျင့်ကောင်းသော အနာစာရတရားတို့ကို ပြောင်းပြန်လှန်သောအားဖြင့် သိအပ်၏။ တနည်းကား.. ရိုသေခြင်း ကျိုးနွံခြင်း အရှက်အကြောက်နှင့် ပြည့်စုံခြင်း သင်းပိုင်ကို ကောင်းစွာဝတ်ခြင်း ဧကစ္စီကို ကောင်းစွာရုံခြင်း ကြည်ညိုဖွယ်ကောင်းသည့် ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း တည့်တည့်ကြည့်ခြင်း တစောင်းကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်း မျက်လွှာချခြင်း တည်းဟူသော ဣရိယာပုသ်နှင့် ပြည့်စုံခြင်း ဣန္ဒြေတို့၌ လုံခြုံစွာ စောင့်ရှောက်ခြင်း အစားအသောက်တို့၌ အတိုင်းအရှည် ပမာဏကိုသိခြင်း နိုးကြားမှုကို အားထုတ်ခြင်း

(ဓာ)

မမေ့မလျော့ခြင်း အရာရာ၌ သမ္ပဇဉ်တရား လက်ရှိထားခြင်း အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း ကုသိုလ်တရားတို့၌ အားထုတ်သော လုံ့လဝီရိယရှိခြင်း ရှေး၌ပြဆိုခဲ့သော အာဘိသမာစာရိကသီလ အကျင့်တို့၌ ရိုသေစွာ ကျင့်လေ့ရှိခြင်း ဤတရားစုကို ကောင်းသောအကျင့် ကျင့်ကောင်းသော အာစာရတရားဟူ၍ ဆိုအပ်၏။

     ကျက်စားရာ ဂေါစရကား (၁) ဥပနိဿယဂေါစရ= သီလစသော ဂုဏ်ကျေးဇူးတို့၏ အားကြီးသော အကြောင်းဖြစ်သည့် ကျက်စားရာ၊ (၂) အာရက္ခဂေါစရ= စိတ်ကို စောင့်ရှောက်တတ်သော ကျက်စားရာ၊ (၃) ဥပနိဗန္ဓဂေါစရ= စိတ်ကို ဖွဲ့ချည်၍ထားရာဖြစ်သော ကျက်စားရာဟူ၍ သုံးပါး အပြားရှိ၏။ ထိုသုံးပါးတို့တွင်.

     (၁) ဝဋ်မှထွက်မြောက်ကြောင်း စကားကောင်း ဆယ်မျိုးကိုသာ ပြောကြားခြင်း တည်းဟူသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသည့် ကလျာဏမိတ်ဆွေသည် ဥပနိဿယဂေါစရ မည်၏။ ယင်း ကလျာဏမိတ်ဆွေကို အမှီပြု၍ မကြားဖူးသည်ကို ကြားနာရခြင်း ကြားနာပြီးသော တရားကို စင်ကြယ်စေခြင်း ယုံမှားကို ပယ်ဖျောက်ခြင်း အယူကို ဖြောင့်စွာပြုနိုင်ခြင်း စိတ်ကြည်လင်ခြင်း အကျိုးတို့ကို ရနိုင်သည့်ပြင် ယင်းသည့် ကလျာဏမိတ်ဆွေကို အတုလိုက်၍ ကျင့်ခြင်းဖြင့် သဒ္ဓါ သီလ သုတ စာဂ ပညာတရားတို့ တိုးပွါးနိုင်ပေသည်။ သို့ရကား ထိုကလျာဏမိတ်ဆွေသည် သီလစသော ဂုဏ်ကျေးဇူးတို့ တိုးပွါးရန် အားကြီးသော အကြောင်းဖြစ်သည့်= ဥပနိသယဂေါစရ မည်၏။

     ဝဋ်မှထွက်မြောက်ကြောင်း စကားကောင်း ဆယ်မျိုးဟူသည်ကား..

(၁) အပ္ပိစ္ဆကထာ = အလိုနည်းကြောင်းစကား၊

(၂) သန္တုဋ္ဌီကထာ = မိမိမှာရှိသော ပစ္စည်းဖြင့်သာ နှစ်သိမ့်ကျေနပ်ကြောင်း စကား၊

(၃) ပဝိဝေကကထာ = ဆိတ်ငြိမ်ရာအရပ်၌ နေသင့်ကြောင်းစကား၊

(၄) အသံသဂ္ဂကထာ = မရောနှောထိုက်သောသူတို့နှင့် မရောနှောသင့်ကြောင်း စကား၊

(၅) ဝီရိယာရမ္ဘကထာ = အားထုတ်ရမည့် အရာတို့မှာ ကောင်းစွာ အားထုက်သင့်ကြောင်း စကား၊

(၆) သီလကထာ = ကောင်းမြတ်သောသီလနှင့် စပ်လျဉ်းသောစကား၊

(ဓိ)

(၇) သမာဓိကထာ = တည်ကြည်ခြင်း သမာဓိနှင့် စပ်လျဉ်းသောစကား၊

(၈) ပညာကထာ = ဝိပဿနာဉာဏ် မဂ်ဉာဏ်တို့နှင့် စပ်လျဉ်းသောစကား၊

(၉) ဝိမုတ္တိကထာ = ဖိုလ်နှင့် စပ်လျဉ်းသောစကား (တနည်း ဝိမုတ္တိငါးမျိုးနှင့် စပ်လျဉ်းသောစကား)၊

(၁ဝ) ဝိမုတ္တိဉာဏဒဿနကထာ = မဂ်ဖိုလ်တို့ကို ဆင်ခြင် သိမြင်သည့် ပစ္စဝေက္ခဏာဉာဏ်နှင့် စပ်လျဉ်းသောစကား-

ဤဆယ်ပါးတို့ဖြစ်သည်။

     အကျဉ်းချုပ် ပြဆိုလျှင် ဖော်ပြရာပါ ဝဋ်မှထွက်မြောက်ကြောင်း စကားကောင်း ဆယ်ပါးတို့ကိုသာ ပြောဆိုလေ့ရှိသဖြင့် မကြားနာဘူးသေးသည်ကို ကြားနာရခြင်းစသော အကျိုးငါးပါးကို ရစေနိုင်သည့်ပုဂ္ဂိုလ် သဒ္ဓါ သီလ သုတ စာဂ ပညာ တရားငါးပါးတို့ကို တိုးပွါးစေတတ်သည့် ကလျာဏမိတ်ဆွေပုဂ္ဂိုလ် ဤပုဂ္ဂိုလ်များသည် ဥပနိဿယဂေါစရ= သီလစသော ဂုဏ်ကျေးဇူးတို့ တိုးပွါးရန် အားကြီးသော အကြောင်းဖြစ်သည့် ကျက်စားရာမည်၏။

     (၂) စိတ်ကို စောင့်ရှောက်တတ်သည့် သတိတရားသည် အာရက္ခဂေါစရ မည်၏။ အာရက္ခ= စိတ်ကိုစောင့်ရှောက်တတ်သည့်၊ ဂေါစရ= ကျက်စားရာ သတိတရား၊ ယင်းသည့် သတိတရားတည်းဟူသော ကျက်စားရာဂေါစရ၌ ကျက်စားသော ရဟန်းသည် မြို့အတွင်း ဆွမ်းခံဝင်သောအခါ မျက်လွှာကိုချ ထမ်းပိုးတပြန်မျှကြည့်၍ ဣန္ဒြေကိုစောင့်စည်း၍ သွားလေ့ရှိပေ၏၊ ဆင်တပ် မြင်းတပ် ရထားတပ် ခြေလျင်တပ် မိန်းမယောက်ျားတို့ကို မကြည့်မူ၍ သွား၏။ အထက်ကိုလည်း မော့၍မကြည့်၊ အောက်ကိုလည်း ငုံ့၍မကြည့်၊ အရပ်ရှစ်မျက်နှာ မှာမှာအရပ်တို့ကို မကြည့်မူ၍သာလျှင် သွား၏။ သတိတည်းဟူသော အာရက္ခဂေါစရ၌ မကျက်စားသော ရဟန်းကား မြို့ရွာအတွင်း ဆွမ်းခံဝင်သောအခါ ကျီးကာဏ်းတောင်းမှောက် တောင်မြောက်ထွေလာ ကြည့်၍သာ သွားတတ်၏။ သို့ရကား သတိတရားသည် ရဟန်း၏စိတ်ကို အကုသိုလ်များ မဝင်ရောက်အောင် စောင့်ရှောက်တတ်သည့် ကျက်စားရာ= အာရက္ခဂေါစရ မည်၏။

     (၃) သတိပဋ္ဌာန်တရားလေးပါး ကမ္မဋ္ဌာန်းတို့သည် စိတ်ကို ဖွဲ့ချည်ထားရာ စားကျက်ကြီးများ ဖြစ်ကြသောကြောင့် ဥပနိဗန္ဓဂေါစရ မည်ကုန်၏။ (ဥပနိဗန္ဓ= စိတ်ကိုဖွဲ့ချည်ထားရာ၊ ဂေါစရ= စားကျက်ကြီးများ။)

(ဓီ)

     ပါတိမောက္ခသံဝရသီလကို ထက်ဝန်းကျင် ဖြူစင်အောင် ဖြည့်ကျင့်လိုသော ရဟန်းသည် ဖော်ပြရာပါ ကောင်းမြတ်သော အာစာရတရား ဂေါစရတရားတို့နှင့် ပြည့်စုံသည့်ပြင် အဏုမြူမျှလောက်သော အပြစ်ငယ်ကလေးတို့ကိုပင်သော်လည်း ကြောက်ဖွယ်မဟေး ဘေးကြီး အပြစ်ကြီးဟူ၍ ရှုလေ့ရှိပြီးလျှင် သိက္ခာပုဒ်တို့ကို ကောင်းစွာဆောက်တည် ကျင့်ကြရလေသည်။

ပါတိမောက္ခသံဝရသီလ ပြီး၏။

**********

(၂) ဣန္ဒြိယသံဝရသီလ

     ဣန္ဒြေတို့ကို စောင့်ရှောက်ခြင်းသည် ဣန္ဒြိယသံဝရသီလ မည်၏။ (မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် ဤခြောက်ပါးတို့ကို ဣန္ဒြိယ= ဣန္ဒြေဟူ၍ ခေါ်၏။ ဣန္ဒြေဟူသည် အစိုးရခြင်းပင်တည်း။ အဆင်းရူပါရုံကို မြင်မှု၌ မျက်စိ (စက္ခုပသာဒ)ကသာ အစိုးရ၏၊ မျက်စိ (စက္ခုပသာဒ) ချို့ယွင်းလျှင် မမြင်နိုင်တော့ပြီ (စက္ခုဝိညာဏ်စိတ် မဖြစ်နိုင်တော့ပြီ)၊ သို့ဖြစ်၍ မျက်စိ (စက္ခုပသာဒ)ကို စက္ခုန္ဒြေဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။ ဤနည်းအတူ အသံအမျိုးမျိုးတို့ကို ကြားရာ၌ နား (သောတပသာဒ)သည် အစိုးရ၏၊ နား (သောတပသာ) ချို့ယွင်းလျှင် အသံကို မကြားနိုင်တော့ပြီ (သောတဝိညာဏ်စိတ် မဖြစ်နိုင်)၊ သို့ဖြစ်၍ (သောတပသာဒ)ကို သောတိန္ဒြေဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။ အနံ့အမျိုးမျိုးတို့ကို နမ်းရှူရာ၌ နှာခေါင်း (ဃာနပသာဒ)သည် အစိုးရ၏၊ နှာခေါင်း (ဃာနပသာဒ) ချို့ယွင်းလျှင် အနံ့ကို မနမ်းရှူနိုင်တော့ပြီ (ဃာနဝိညာဏ်စိတ် မဖြစ်နိုင်)၊ သို့ဖြစ်၍ နှာခေါင်း (ဃာနပသာဒ)ကို ဃာနိန္ဒြေဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။ အရသာအမျိုးမျိုးကို လျက်ရာ စားရာ၌ လျှာ (ဇိဝှါပသာဒ)သည် အစိုးရ၏။ လျှာ (ဇိဝှါပသာဒ) ချို့ယွင်းလျှင် အရသာကို မလျက်နိုင် မစားနိုင်တော့ပြီ (ဇိဝှါဝိညာဏ်စိတ် မဖြစ်နိုင်)၊ သို့ဖြစ်၍ လျှာ (ဇိဝှါပသာဒ)ကို ဇိဝှိန္ဒြေဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။ တွေ့ထိဖွယ်အမျိုးမျိုးကို တွေ့ထိရာ၌ ကိုယ် (ကာယပသာဒ)သည် အစိုးရ၏၊ ကိုယ် (ကာယပသာဒ) ပျက်စီး ချို့ယွင်းနေလျှင် တွေ့ထိဖွယ်အမျိုးမျိုးကို မတွေ့ထိနိုင်တော့ပြီ (ကာယဝိညာဏ်စိတ် မဖြစ်နိုင်)၊ သို့ဖြစ်၍ ကိုယ် (ကာယပသာဒ)ကို ကာယိန္ဒြေဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။ သိဖွယ်အာရုံအမျိုးမျိုးကို သိရာ၌ စိတ် (မနော)သည် အစိုးရ၏၊ စိတ်မရှိလျှင် မသိနိုင်တော့ပြီ၊ သို့ဖြစ်၍ စိတ်ကို မနိန္ဒြေဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။ ဤ ဣန္ဒြေခြောက်ပါးတို့ကို စောင့်စည်းခြင်းသည် ဣန္ဒြိယသံဝရသီလမည်၏ဟု ဆိုလိုသည်။)

(ဓု)

     ဣန္ဒြေတို့ကို စောင့်စည်းဟန်ကား.. မျက်စိဖြင့် အဆင်းရူပါရုံကို မြင်သောအခါ မြင်သည့်အတိုင်းသာ (ရူပါရုံအနေဖြင့်သာ) စိတ်ထဲမှာ တည်ရှိစေရမည်။ မြင်သည့်အတိုင်း (ရူပါရုံအနေ)ထက်ပို၍ ဤကား မိန်းမဖြစ်သည် ယောကျ်ားဖြစ်သည် တင့်တယ်လှပသည် စသည်ဖြင့် ကိလေသာဖြစ်ခြင်း၏ အကြောင်းတို့ကို မမှတ်မယူရ၊ ထိုမိန်းမ ယောက်ျားစသော အကြောင်းနိမိတ် အာရုံထဲမှာပင် အဖန်ဖန် ကိလေသာဖြစ်ပွါးရန် ဖော်ပြတတ်သည့် လက်- ခြေ- ပြုံးခြင်း- ရွှင်ခြင်း- စကားပြောခြင်း- တစောင်းကြည့်ခြင်းစသော အနုဗျဉ္ဇနခေါ် အခြင်းအရာတို့ကိုလည်း အာရုံမပြုရ။

မဟာတိဿမထေရ်ဝတ္ထု

     ဤစက္ခုန္ဒြေကို စောင့်စည်းရာမှာ စေတိယတောင်ထိပ်၌ သီတင်းသုံးနေတော်မူသော မဟာတိဿမထေရ်ကို ပုံစံပြုရာ၏..၊ မဟာတိဿမထေရ်သည် သီဟိုဠ်ကျွန်း စေတိယတောင်မှ အနုရာဓမြို့တွင်းသို့ ဆွမ်းခံကြွလာရာ၊ အနုရာဓမြို့ထဲမှ မိန်းမတဦး လင်နှင့်ရန်ဖြစ်ကာ အလွန်လှပစွာ တန်းဆာဆင်လျက် မိဖရပ်ဌာန် ပြန်မည်ဟု ထွက်လာသောအခါ စက္ခုန္ဒြေကိုစောင့်စည်း၍ ကြွလာသော မဟာတိဿမထေရ်ကို မြင်လေလျှင် ဤရဟန်းကိုပင် သွေးဆောင်၍ ငါယူတော့မည်ဟူသော အကြံဖြင့် (သူမကို မထေရ်ကကြည့်အောင်) အသံကျယ်လောင်စွာ ရယ်လိုက်လေသည်။ မဟာတိဿမထေရ်သည် ဘာပါလိမ့်ဟု ကြည့်လိုက်ရာ ထိုသူမ၏သွားရိုး၌ အသုဘသညာကို ရရှိကာ ရဟန်းတရား ဆက်လက်ပွါးများ၍ ရဟန္တာဖြစ်တော်မူလေသည်။

     သူမ၏ လင်ယောက်ျားဖြစ်သူသည် မယားကိုခေါ်မည်ဟု လိုက်လာရာ မထေရ်ကိုတွေ့မြင်၍ “အရှင်ဘုရား ကြွတော်မူခဲ့ရာလမ်းတွင် မိန်းမတယောက်ကို တွေ့မြင်ပါသလား”ဟု မေး၏။ ထိုယောက်ျားကို မထေရ်က-

နာဘိဇာနာမိ ဣတ္ထီ ဝါ၊ ပုရိသော ဝါ ဣတော ဂတော။

အပိစ အဋ္ဌိသင်္ဃာဋော၊ ဂစ္ဆတေသ မဟာပထေ။

     ဒါယကာ ဤအရပ်မှ သွားသောသူကို ယောက်ျားဟူ၍၎င်း မိန်းမဟူ၍၎င်း ငါမသိလိုက်ပါ၊ စင်စစ်မှာ အရိုးစုကြီးတခုသည် “ဤခရီးကြောင်းကြီးသို့ လျှောက်သွားပေသည်ဟု ပြန်ပြီး အမိန့်ရှိတော်မူသည်။

     ဤမထေရ်မြတ်သည် မိန်းမ၏အဆင်းကို မြင်သော်လည်း မြင်ရုံမျှသာဖြစ်၍ မိန်းမဖြစ်သည့်အကြောင်းကိုပင် နှလုံးမထားပဲ မိမိ၏ ကမ္မဋ္ဌာန်းတရားကိုသာ ပွါးများတော်မူကာ ရဟန္တာဖြစ်တော်မူသည့်အကြောင်းကို ကောင်းစွာ ပုံစံပြုရာ၏။

(ဓူ)

     စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော အကြောင်းကြောင့် ထိုမစောင့်စည်းသော ရဟန်းကို (ထိုမြင်အပ်သည့်အာရုံက နှစ်သက်မက်မောဖွယ်ဖြစ်လျှင်) နှစ်သက်မက်မောခြင်း တည်းဟူသော အဘိဇ္ဈာတရား (စက်ဆုပ်ဖွယ်ဖြစ်လျှင်) စိတ်မချမ်းသာခြင်းဟူသော ဒေါမနဿ အကုသိုလ်တရားတို့ ဖြစ်ပွါးကုန်ရာ၏။ ထိုအကုသိုလ်တရားတို့ မဖြစ်ပွါးအောင် သတိဖြင့် စောင့်ရှောက် တားမြစ်ခြင်းငှါ ကျင့်ရာ၏။

     ထို့အတူ နားဖြင့် အသံအမျိုးမျိုးကို ကြားရာ၌၎င်း နှာခေါင်းဖြင့် အနံ့အမျိုးမျိုးကို နမ်းရှူရာ၌၎င်း လျှာဖြင့် အရသာအမျိုးမျိုးကို လျက်ရာ၌၎င်း ကိုယ်ဖြင့် တွေ့ထိဖွယ်အမျိုးမျိုးကို တွေ့ထိရာ၌၎င်း စိတ်ဖြင့် တရားသဘာဝအမျိုးမျိုးကို သိရာ၌၎င်း ရှေးဆိုခဲ့ပြီး ကိလေသာဖြစ်ပွါးကြောင်းနိမိတ် ထိုနိမိတ်နှင့်စပ်၍ အစိတ်အပိုင်း အခြင်းအရာတို့ကို မယူမူ၍ သတိဖြင့် စောင့်ရှောက် တားမြစ်ခြင်းငှါ ကျင့်ရာ၏။

ဣန္ဒြိယသံဝရသီလ ပြီး၏။

**********

(၃) အာဇီဝပါရိသုဒ္ဓိသီလ

     ဝိနည်းဒေသနာတော်လာ အသက်မွေးခြင်းတည်းဟူသော အကြောင်းနှင့်စပ်၍ ပညတ်တော်မူအပ်သော သိက္ခာပုဒ် ခြောက်ခုတို့၏ အစွမ်းအားဖြင့်၎င်း အခြား ယုတ်မာသော တရားတို့၏ အစွမ်းအားဖြင့်၎င်း ဖြစ်စေအပ်သည့် ပစ္စည်းတို့ကိုမှီ၍ အသက်မွေးခြင်းမှ ရှောင်ကြဉ်ခြင်းသည် အာဇီဝပါရိသုဒ္ဓိသီလ မည်၏။

     အသက်မွေးမှုဟူသော အကြောင်းကြောင့် ပညတ်အပ်သော သိက္ခာပုဒ် ခြောက်ပါးတို့ဟူသည်မှာ..

(၁) ယုတ်မာသော အလိုဆိုးရှိသည်ဖြစ်၍ ထိုအလိုဆိုးဖြင့် နှိပ်စက်အပ်ရကား မိမိမှာ ထင်ရှားရှိဆဲလည်း မဟုတ်သော ဖြစ်ခဲ့ဘူးသည်လည်း မဟုတ်သော ဈာန်မဂ်ဖိုလ်တရားကို ရလေဟန် ဝါကြွားပလွှား ပြောဆိုငြားအံ့၊ ပါရာဇိကအာပတ် သင့်စေဟူ၍ ပညတ်အပ်သော သိက္ခာပုဒ်၊

(၂) အသက်မွေးမှုကို အကြောင်းပြုကာ ယောက်ျား မိန်းမတို့အား အောင်သွယ်ပေးသည်ဖြစ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်စေဟူ၍ ပညတ်အပ်သော သိက္ခာပုဒ်၊

(ဓေ)

(၃) အသက်မွေးမှုကို အကြောင်းပြုကာ မိမိကိုယ်ကို “ငါ ရဟန္တာ”ဟူ၍ကား တိုက်ရိုက်မပြောပဲ “အကြင်ရဟန်းသည် သင်၏ကျောင်းမှာ နေ၏။ ထိုရဟန်းသည် ရဟန္တာဖြစ်သည်”ဟူ၍ ပြောဆိုရာ ဒါယကာကလည်း စကားကို နားလည်သည်ဖြစ်အံ့၊ ထုလ္လစ္စည်းအာပတ် သင့်စေဟူ၍ ပညတ်အပ်သော သိက္ခာပုဒ်၊

(၄) အသက်မွေးမှုကို အကြောင်းပြုကာ မြတ်သော ဘောဇဉ်ခဲဖွယ်ကို ကျန်းမာလျက်နှင့် မိမိအတွက် တောင်း၍ စားသောက်ငြားအံ့၊ ပါစိတ်အာပတ် သင့်စေဟူ၍ ပညတ်အပ်သော သိက္ခာပုဒ်၊

(၅) အသက်မွေးမှုကို အကြောင်းပြုကာ မြတ်သော ဘောဇဉ်ခဲဖွယ်ကို မိမိအတွက် ကျန်းမာပါလျက်နှင့် တောင်း၍စားသော ဘိက္ခုနီမအား ပါဋိဒေသနီအာပတ် သင့်စေဟူ၍ ပညတ်အပ်သော သိက္ခာပုဒ်၊ (ဤ ၄-၅-စကားရပ်တို့၌ ပါရှိသော မြတ်သောဘောဇဉ်ဟူသည်မှာ ထောပတ်- ဆီဥ- ဆီ- ပျား- တင်လဲ- ငါး- အမဲ- နို့ရည်နို့ဓမ်းတို့နှင့် ရောနှောသော ဘောဇဉ်ကို ခေါ်သည်။)

(၆) အသက်မွေးမှုကို အကြောင်းပြုကာ ဟင်းကိုဖြစ်စေ ဆွမ်းကိုဖြစ်စေ ကျန်းမာလျက်နှင့် မိမိအတွက် တောင်း၍စားသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်စေဟူ၍ ပညတ်အပ်သော သိက္ခာပုဒ်-

အားဖြင့် ဤခြောက်ပါးတို့ ဖြစ်ကုန်၏။

     အခြား ယုတ်မာသော တရားတို့ဟူရာ၌ (က) ကုဟန (ခ) လပန (ဂ)နေမိတ္တိကတာ (ဃ) နိပ္ပေသိကတာ (င) လာဘေန လာဘံ နိဇိဂီသနတာစသော မိစ္ဆာဇီဝတရားများကို ဆိုလိုသည်။ ထိုတွင်..

     (က) အယောင်ဆောင် အံ့ဖွယ်မှုပြုခြင်းကို ကုဟနဟူ၍ ခေါ်၏၊ ဤအယောင်ဆောင် အံ့ဖွယ်မှုပြုခြင်းတည်းဟူသော ကုဟနသည်လည်း..

(၁) ပစ္စည်းကို မှီဝဲခြင်းဖြင့်ဖြစ်သော ကုဟန၊

(၂) ဈာန်မဂ်ဖိုလ်၏ အနီးအပါး စကားနှင့်စပ်၍ ပြောဆိုခြင်း ကုဟန၊

(၃) အထင်ကြီးအောင် ဣရိယာပုထ်ကို အမျိုးမျိုးပြင်ဆင်ခြင်း ကုဟန-

အားဖြင့် သုံးပါး အပြားရှိ၏၊ ထိုသုံးပါးတို့တွင်..

     (၁) မိမိမှာ ထင်ရှားမရှိသည့်ဂုဏ်ကို ရှိလေဟန်ပြဆိုခြင်း တည်းဟူသော ယုတ်မာသော အလိုဆိုးရှိသည်ဖြစ်၍ ဒါယကာ ဒါယိကာမတို့က သင်္ကန်းစသော ပစ္စည်းကို လှူဒါန်းသောအခါ စိတ်ထဲက အလိုရှိပါလျက်နှင့် တိုး၍လှူဒါန်းအောင် (သင်္ကန်းအတွက်) “ရဟန်းတော်အား အဖိုးတန်သော သင်္ကန်းဖြင့်

(ဓဲ)

အဘယ် အကျိုးရှိမည်နည်း၊ ရဟန်းတော်ဟူသည်မှာ ပံသုကူသင်္ကန်းကို ဆင်မြန်းဝတ်ရုံမှ လျောက်ပတ်ပေသည်”ဟူ၍ ပြောဆို၏၊ (ဆွမ်းအတွက်) “ရဟန်းတော်အား အဖိုးတန်သောဆွမ်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရဟန်းတော်ဟူသည်မှာ ဆွမ်းခံ၍ရသော ဆွမ်းကို မှီဝဲသုံးစွဲမှ လျောက်ပတ်ပေသည်”ဟူ၍ ဆို၏။ (ကျောင်းအတွက်) “ရဟန်းတော်အား အဖိုးတန်သောကျောင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရဟန်းတော် ဟူသည်မှာ သစ်ပင်ရင်း၌သော်၎င်း နေမှ ဟင်းလင်းအပြင် လွင်တီးခေါင်၌သော်၎င်း နေမှ လျောက်ပတ်ပေသည်”ဟူ၍ ပြောဆို၏၊ (ဆေးအတွက်လည်း) “ရဟန်းတော်အား အဖိုးတန်သောဆေးဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရဟန်းတော်ဟူသည်မှာ နွားကျင်ဖြင့်ဖြစ်စေ ရှစ်ရှားသီး ဖန်းခါးသီးပိုင်းဖြင့်ဖြစ်စေ ဆေးဝါးကိစ္စ ပြီးစေနိုင်မှ လျောက်ပတ်ပေသည်”ဟူ၍ ပြောဆို၏။ ထိုသို့ ပြောကြားချက်နှင့် လိုက်ဖက်ညီအောင် ထိုရဟန်းသည် ခေါင်းပါးကြမ်းထမ်းသော သင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်းလေးပါးကို မှီဝဲ၏၊ ထိုရဟန်းကို ဒကာများက “ဤအရှင်သည် အလိုနည်း၏၊ ရောင့်ရဲလွယ်၏၊ ဝတ္ထုကာမ ကိလေသကာမတို့မှ ကင်းဆိတ်ပေ၏၊ ဒကာ ဒကမတို့နှင့်လည်း မရောနှော၊ အားထုတ်အပ်သော လုံ့လလည်း ရှိပေ၏”ဟု အထင်ကြီးကာ တိုး၍ တိုး၍ ပစ္စည်းလေးပါးတို့ဖြင့် ဖိတ်မန္တက ပြုကြလေ၏။ ထိုအခါ ထိုအလိုဆိုးရှိသော ရဟန်းက “ဒကာတို့ သဒ္ဓါတရား လှူဘွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ် ဤသုံးပါးတိုက်ဆုံက သဒ္ဓါတရားရှိသော အမျိုးကောင်းသားမှာ ကုသိုလ်တရား လွန်စွာပွါးနိုင်သည်၊ ဒကာတို့မှာ သဒ္ဓါတရားလည်း ထင်ရှားရှိပေ၏၊ လှူဘွယ်ဝတ္ထုလည်း ထင်ရှားရှိပေ၏၊ ငါသည်လည်း အလှူခံစင်စစ် ဖြစ်ပေ၏၊ ငါအလှူမခံလျှင် သင်တို့မှာ ကုသိုလ်တရား လျော့ပါးဆုတ်ယုတ်မည်ဖြစ်၍ ငါအလိုမရှိသော်လည်း သင်တို့အား သနားသဖြင့် ခံယူရပေမည်”ဟု ဝါကြွားပြောဆိုပြီးလျှင် များစွာသော သင်္ကန်း များစွာသောဆွမ်း များစွာသောကျောင်း များစွာသော ဆေးပစ္စည်းတို့ကို လှည်းအစီးစီးတိုက်ကာ ခံယူလေတော့သည်။ ဤသို့လျှင် အလိုကြီးသူဖြစ်ပါလျက် အလိုနည်းသူယောင် ဟန်ဆောင်ကာ ခေါင်းပါးကြမ်းထမ်းသော ပစ္စည်းလေးပါးကို ဟန်ဆောင်မှီဝဲခြင်းဖြင့် အထင်ကြီးအောင် ပြုမှုသည် (ပစ္စယပဋိသေဝနခေါ်သော) ကုဟနဝတ္ထု= ပစ္စည်းကို မှီဝဲခြင်းဖြင့် အယောင်ဆောင် အံ့ဖွယ်မှုပြုခြင်း မည်၏။

     (၂) “ငါသည် ဈာန်မဂ်ဖိုလ်တရားကို ရ၏”ဟူ၍ကား တိုက်ရိုက်မပြောပဲ၊ “ဤသို့သဘောရှိသည့် သင်္ကန်းကို ဝတ်ရုံသောရဟန်းသည် တန်းခိုးကြီးသော ရဟန်းဖြစ်၏၊ ဤသို့သဘောရှိသည့် သပိတ်ကို ဆောင်သောရဟန်း ဓမကရိုဏ်ကိုဆောင်သော ရဟန်း ရေစစ်ကိုဆောင်သောရဟန်း ဤသို့သဘောရှိသည့် ခါးဗန်းကို ပန်းသောရဟန်း ဘိနပ်ကိုစီးသော ရဟန်းသည်

(ဓော)

တန်းခိုးကြီးသော ရဟန်းဖြစ်၏” ဤသို့စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ မိမိကို သူတပါးတို့က ဈာန်မဂ်ဖိုလ်တရားကိုရသော ပုဂ္ဂိုလ်ဟု အထင်ကြီးကြောင်း စကားများကို ပြောဆိုခြင်းသည် (သာမန္တဇပ္ပနခေါ်) ကုဟနဝတ္ထု= ဈာန်မဂ်ဖိုလ်၏ အနီးအပါး ပြောကြားခြင်းဖြင့် အယောင်ဆောင် အံ့ဖွယ်မှုကိုပြုခြင်း မည်၏။

     (၃) ဒကာ ဒကမ၏ ချီးမွမ်းခြင်း အထင်ကြီးခြင်းကို လိုလားသည်ဖြစ်၍ “ငါ ဤသို့လမ်းသွားလျှင် ငါ့ကိုချီးမွမ်းကြ အထင်ကြီးကြလိမ့်မည်”ဟု နှလုံးသွင်းကာ တကယ့် အရိယာပုဂ္ဂိုလ်ကြီးအယောင် တမင်ပြုပြင် ဟန်ဆောင်ကာ သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်းတို့ဖြင့် ဣရိယာပုထ်ကို တမင်ဟန်ဆောင် အထင်ကြီးအောင် ပြုပြင်ခြင်းသည် (ဣရိယာပထသဏ္ဌပနခေါ်) ကုဟနဝတ္ထု= ဣရိယာပုထ်ကို အမျိုးမျိုး ပြင်ဆင်ခြင်း တည်းဟူသော အယောင်ဆောင် အံ့ဖွယ်မှုပြုခြင်း မည်၏။

     (ခ) ယုတ်မာသောသဘော အပါအဝင် လပနဟူသည်မှာ.. ကျောင်းသို့လာကြသေ၁ လူများကိုမြင်လျှင် “ဒကာတို့.. အဘယ်အကျိုးငှါ လာကုန်သနည်း၊ ရဟန်းတို့ကို ပင့်ဖိတ်ရန် လာကြသလော၊ ပင့်လို၍ လာကြလျှင် ရှေ့ကသွားနှင့်ကြ၊ နောက်က သပိတ်ကိုပိုက်၍ လိုက်ခဲ့မည်”ဟူ၍ ကိုယ်က ဦးအောင်ပြောခြင်း၊ "တိဿမထေရ်ဆိုသည်မှာ ငါပင်ဖြစ်သည်၊ ငါ့ကို ဘုရင်မင်းမြတ်က ကြည်ညိုသည်။ အမတ်ကြီး ဝန်ကြီးတွေက ကြည်ညိုသည်” စသည်ဖြင့် ပြောဆိုခြင်း၊ လူများနှင့် စကားပြောဆိုရာမှာ မဆန့်ကျင်ရအောင် မပျင်းရိအောင် အခွင့်ပေးကာပေးကာ အလိုလိုက်ကာလိုက်ကာ ပြောဆိုခြင်း၊ သူဌေးကြီး စက်ပိုင်ကြီး စသည်ဖြင့် မြှောက်ပင့်၍ ပြောဆိုခြင်း ဤသို့လျှင် မိမိအား မလှူချင် လှူချင်အောင် ကြံဆောင်၍ အမျိုးမျိုး ပြောဆိုခြင်းသည် လပနခေါ်သည့် ယုတ်မာသောသဘော မည်၏။

     (ဂ) ယုတ်မာသောသဘော အပါအဝင် နေမိတ္တိကတာ ဟူသည်မှာ မလှူပဲ မနေနိုင်အောင် နိမိတ်အချက်ပြခြင်း ပြုခြင်းတည်း၊ နိမိတ်အချက်ပြပုံမှာ.. ခဲဖွယ်ဘောဇဉ်ကိုယူ၍ သွားသူကိုမြင်လျှင် “ခဲဖွယ်ဘောဇဉ်ကို ရခဲ့ပြီလား၊ အဘယ်မှ ရခဲ့သနည်း၊ အဘယ်သို့ရအောင် ပြုရပါသနည်း” စသည်ဖြင့် မိမိလည်း အလိုရှိသည့် အရိပ်နိမိတ်ကိုပြခြင်း၊ နွားကျောင်းသားများကို တွေ့မြင်သောအခါ နွားကလေးများကို ညွှန်ပြလျက် “ဤနွားငယ်များသည် နို့ရည်ကို သောက်စို့၍ ကြီးပွါးရသလော၊ ရေကိုသာသောက်၍ ကြီးပွါးရသလော”ဟု မေး၍ နွားကျောင်းသားများက “နို့ရည်ကိုသောက်၍ ကြီးပွါးရသော

(ဓော်)

နွားလေးများ ဖြစ်ပါသည်ဘုရား”ဟု လျှောက်ထားလေလျှင်၊ “ဟုတ်မည်မထင်ပါ၊ နွားကလေးများ နွားနို့ သောက်ရလျှင် ရဟန်းများလည်း နွားနို့ကို ရကြကုန်ရာ၏ (ရကြမှာပေါ့)” ဤသို့စသည်ဖြင့် နွားကျောင်းသားကလေးများက မိဖတို့ကို တဆင့်ပြောကြား သိစေ၍ နွားနို့လှူအောင် အရိပ်အရောင် ပြောဆိုခြင်း၊ ထိုထက်နီးကပ်၍ ပြောဆိုခြင်း (သာမန္တဇပ္ပ)များသည် လပနခေါ်သည့် ယုတ်မာသော သဘောဖြစ်၏။

(ကုလုပကဘိက္ခု) ဆွမ်းခံကိုယ်တော်ကြီးဝတ္ထု

ဤသာမန္တဇပ္ပ=ခေါ် အနီးကပ်ဆုံး ရှောင်မလွတ်အောင် ပြောဆိုရာ၌ ဝိသုဒ္ဓိမဂ် အဋ္ဌကထာဝယ် ဆွမ်းခံကိုယ်တော်ကြီးတပါးဝတ္ထုကို ထုတ်ပြထားသည်မှာ ဆွမ်းခံကိုယ်တော်ကြီးတပါးသည် ဆွမ်းစားလိုလှသဖြင့် အိမ်တအိမ်သို့ ဇွတ်အတင်းဝင်၍ ထိုင်လေသတတ်၊ ထိုကိုယ်တော်ကြီးကိုမြင်လျှင် မလှူချင်သော အိမ်ရှင်မကြီးက “ဆန်လဲ မရှိသေးပါဘူး”ဟု ညည်းပြောဆိုကာ ဆန်ရှာထွက်သည့်ဟန်ဖြင့် အနီးအပါး အိမ်တအိမ်သို့ သွားရောက်နေလေသည်။ ကိုယ်တော်ကြီးလည်း အိမ်ခန်းတွင်းဝင်၍ ထိုထိုဤဤ ကြည့်ရှုလေသော် တံခါးရွက်ထောင့်၌ ထောင်ထားသော ကြံချောင်း၊ အိုးတခု၌ ထည့်ထားသော ထန်းလျက်ခဲ၊ ခြင်းယဲ၌ ငါးခြောက်ပြား၊ အခြားအိုးတခု၌ ထည့်ထားသော ဆန်၊ အိုးတခု၌ ထောပတ်ကိုမြင်၍ ဣနြေဟန်မပျက် အခန်းမှထွက်၍ ထိုင်မြဲ ထိုင်နေလေသည်။

အိမ့်ရှင်မကြီးသည် “ဆန်ရှာ၍ မရခဲ့ပါဘူး”ဟု ညည်းတွားပြောဆိုကာ အိမ်သို့ ပြန်ဝင်လာလေသည်။ ဆွမ်းခံကိုယ်တော်ကြီးက “ဒါယိကာမကြီး.. ယနေ့ ဆွမ်းမပြည့်စုံမည့်အကြောင်း အစောကြီးကပင် နိမိတ်မြင်ခဲ့ပေသည်”ဟူ၍ ပြောဆို၏၊ “ဘယ်လိုနိမိတ်ကို မြင်ခဲ့ပါသနည်းဘုရား”ဟု မေးလေသော် ဆွမ်းခံကိုယ်တော်ကြီးက “ဒါယိကာမကြီးအိမ်သို့ ဆွမ်းခံအလာ လမ်းခရီးအကြားမှာ တံခါးထောင့်တွင် ထောင်ထားသည့် ကြံရိုးခန့် ကိုယ်လုံးရှိသော မြွေကို ငါမြင်ခဲ့ရသည်။ ထိုမြွေကို ပစ်ခတ်ရိုက်ပုတ်အံ့ဟု ထိုထိုဤဤ ကြည့်ရှုသည်တွင် ဒကမကြီး၏ခွက်ထဲမှာ ထည့်ထားသည့် ထန်းလျက်ခဲလောက်ရှိ ကျောက်ခဲကြီးတလုံးကို တွေ့မြင်ရလေသည်။ ထိုကျောက်ခဲဖြင့် ပစ်ခတ်လိုက်သောအခါ ဒကမကြီး၏ခြင်းထဲ၌ ထည့်ထားသည့် ငါးခြောက်ပမာဏ ပါးပျဉ်းကြီးထလာသည်ကို တွေ့မြင်ရလေသည်။ ထိုကျောက်ခဲကို ကိုက်ခဲလိုသော မြွေ၏ခံတွင်းကို ဟသောအခါ ဒကာမကြီး၏

(ဓံ)

အိုးအတွင်းထည့်ထားသည့် ဆန်တို့နှင့်တူသော သွားအစွယ်တို့ကို မြင်ရလေသည်။ ထို့နောက် အမျက်ထွက်နေသော ထိုမြွေ၏ခံတွင်းမှ ဒကမကြီး၏ အိုး၌ထည့်ထားသော ထောပတ်နှင့်တူသည့် အဆိပ်နှင့်ရောနှောသော အမြှုပ်တံတွေးကို တွေ့မြင်ခဲ့ရသည်”ဟု အနီးကပ်ဆုံး ပုန်းမလွှတ် ပြေးမလွတ်အောင် ပြောကြားသည်တွင် အိမ်ရှင်မကြီးသည် “ဤသည့်ဦးပြည်း ကိုယ်တော်ကြီးကိုဖြင့် မလှည့်စားနိုင်တော့ပါ”ဟု လက်လျှော့စကား ပြောကြားပြီးလျှင် ကြံချောင်းကိုကပ်လှူ ဆွမ်းကိုချက်၍ ထောပတ် ထန်းလျက်ခဲ ငါးခြောက်တို့နှင့်တကွ အလုံးစုံ ပေးလှူရဘူးသတဲ့။

     (ဃ) ယုတ်မာသောသဘော အပါအဝင် နိပ္ပေသိကတာ ဟူသည်မှာ.. ဒါယကာ၏ ဂုဏ်ကျေးဇူးကို ပွတ်သုတ်ပစ်ခြင်း (တနည်း) နံ့သာမျိုးကို ကြိတ်ချေ၍ နံ့သာကို ရှာခြင်းကဲ့သို့ သူတပါး (ဒါယကာ)၏ ဂုဏ်ကျေးဇူးတို့ကို ကြိတ်ချေ၍ လာဘ်ကို ရှာခြင်းတည်း။ ရှာပုံမှာ.. မလှူပဲ မနေဝံ့အောင် ဆဲရေးစကား ပြောကြားခြင်း လူချင်းမတူသည့်အကောင် သဒ္ဓါတရား လုံးဝမရှိသည့်အကောင် စသည်ဖြင့် ကဲ့ရဲ့စကား ပြောကြားခြင်း၊ မလှူသောဒါယာကို “ဩ.. အလှူရှင်ကြီးပါတကား၊ ဩ.. ဧရာမ အလှူရှင်ကြီးပါတကား”ဟူ၍ ပြောကြားခြင်း၊ မလှူသောဒါယကာကို ပရိသတ်အလယ်၌ “သင်တို့သည် ဤသူကို အဘယ့်ကြောင့် မလှူသောသူဟူ၍ ပြောကြသနည်း၊ ဤသူသည် အမြဲတမ်း လာသမျှအလှူခံတို့အား မရှိဟူသောစကားကို ပေးလှူနေသူ ဖြစ်တယ်"ဟု ပြက်ရယ်ပြောင်လှောင် ပြောဆိုခြင်း စသည်ဖြင့် ဒါယကာ၏ဂုဏ်ကို ကြိတ်ချေ၍ လာဘ်ရအောင်ရှာခြင်းသည် နိပ္ပေသိကတာ မည်၏။

     (င) ယုတ်မာသောသဘော အပါအဝင် လာဘေန လာဘံ နိဇိဂီသနတာ ဟူသည်မှာ.. လာဘ်ဖြင့် လာဘ်ကို ရှာမှီးခြင်းဟု ဆိုလိုသည်။ ရှာမှီးပုံမှာ.. ဒါယကာတဦးအိမ်မှ စားဖွယ်သောက်ဖွယ်ကို လှူဒါန်းလိုက်သည်ရှိသော် ထိုလှူလိုက်သဖြင့် မိမိရခဲ့သော စားဖွယ်သောက်ဖွယ်ကို အခြားတအိမ်သို့ ရောက်သောအခါ ထိုအိမ်ရှိ ကလေးသူငယ်များအား ထုတ်၍ပေး၏။ ထိုသို့ပေးခြင်းမှာ ထိုအိမ်မှ ကျေးဇူးတင်စွာဖြင့် ဝမ်းသာအားရ များစွာ ပြန်လည်လှူစေလိုသည့်အတွက် ပေးခြင်းဖြစ်သည်၊ ရသောပစ္စည်းကို ပါဠိလို (လာဘ)၊ မြန်မာလို (လာဘ်)ဟု ခေါ်သည်။ အတိုချုပ်မှတ်ယူရန်မှာ ဒကာတဦးအိမ်မှ ရခဲ့သော ပစ္စည်းအနည်းငယ်ဖြင့် အခြားတအိမ်မှ ပစ္စည်းအများရအောင် ရှာမှီးခြင်းကို လာဘေန လာဘံ နိဇိဂီသနတာ= လာဘ်ဖြင့် လာဘ်ကို ရှာမှီးခြင်းဟူ၍ ခေါ်သည်။

(ဓား)

ဤ ကုဟန-စသော ယုတ်မာသော သဘောငါးမျိုးတို့မှာ အသီးအသီး ပြောဆိုပြုလုပ်ပုံသာ ကွဲပြားသည်။ သဘောရင်းခံအားဖြင့်ကား ဒါယကာ ဒါယိကာမများ သူတို့ဘာသာအလျောက် သဒ္ဓါကြည်ညို လှူဒါန်းလို၍မဟုတ်ပဲ ဒါယကာ ဒါယိကာမများ လှူချင်လာအောင် မလှူပဲ မနေသာအောင် ကြံဆောင်ဆွဲငင်ခြင်းချည်း ဖြစ်သည်။

     ဤသို့ ပြဆိုအပ်ပြီးသော အသက်မွေးခြင်းအကြောင်းနှင့်စပ်၍ ပညတ်တော်မူအပ်သော သိက္ခာပုဒ် ခြောက်ပါးတို့ကို လွန်ကျူးသဖြင့် ရအပ်သောပစ္စည်းနှင့် ကုဟနတရား လပနတရား နေမိတ္တိကတာတရား နိပ္ပေသိကတာတရား လာဘေန လာဘံ နိဇိဂီသနတာ တရားတို့ဖြင့် ရှာမှီး၍ရအပ်သော ပစ္စည်းတို့ကိုမှီ၍ အသက်မွေးခြင်းသည် မိစ္ဆာဇီဝမည်၏။ (မကောင်းသော အသက်မွေးခြင်းမည်၏။) ထို မကောင်းသော အသက်မွေးခြင်း ဟူသမျှတို့မှ ရှောင်ကြဉ် စင်ကြယ်ခြင်းသည် အာဇီဝပါရိသုဒ္ဓိသီလမည်၏။

အာဇီဝပါရိသုဒ္ဓိသီလ ပြီး၏။

**********

(၄) ပစ္စယသန္နိဿိတသီလ

     ပစ္စည်းလေးပါးကို အမှီပြု၍ ပြည့်စုံစေအပ်သော သီလသည် ပစ္စယသန္နိဿိတသီလ မည်၏။

     ပစ္စည်းလေးပါးဟူသည် သင်္ကန်း- ဆွမ်း- ကျောင်း- ဆေးတို့ပင် ဖြစ်၏။ ထိုပစ္စည်းလေးပါးတို့ကို မသုံးစွဲပဲလည်း နေ၍မဖြစ်၊ သုံးစွဲရမည်သာ ဖြစ်၏၊ သုံးစွဲသောအခါ လောဘ ဒေါသစသော အကုသိုလ်တရားများ မဝင်နိုင်အောင် ထိုပစ္စည်းတို့နှင့် ဆိုင်ရာသဘောကို ဆင်ခြင်၍ သုံးဆောင်ရမည်ဟု ဆိုလိုသည်။

     ဆင်ခြင်ဟန်ကား.. သင်္ကန်းကို သုံးစွဲသောအခါ-

လှပတင့်တယ်စေလိုခြင်းစသော အကုသိုလ်ဖြစ်ကြောင်း မကောင်းသော နှလုံးသွင်းမပါပဲ သင်္ကန်းနှင့် သင့်လျော်သော အကြောင်းကို ဆင်ခြင်၍ “အအေးကို ဖျောက်ပယ်ခြင်းငှါ ဤသင်္ကန်းကို သုံးဆောင်ပါ၏။ နေပူစသည်ကို ကာကွယ်ခြင်းငှါ ဤသင်္ကန်းကို သုံးဆောင်ပါ၏၊ ခြင်- မှက်- လေ- နေပူ- မြွေ- ကင်း- သန်းစသည်တို့၏ အတွေ့အထိကို ဖျောက်ပယ်ခြင်းငှါ ဤသင်္ကန်းကို သုံးဆောင်ပါ၏၊ အရှက်အကြောက်ကို ဖျက်ဆီးတတ်သည့် ကိုယ်အင်္ဂါကို ဖုံးလွှမ်းခြင်းငှါ ဤသင်္ကန်းကို သုံးဆောင်ပါ၏”ဟူ၍ ဆင်ခြင်သုံးဆောင်ရာ၏။

(န)

     ဤသို့ ဆင်ခြင်သုံးဆောင်ခြင်းမှာ လောဘစသော အကုသိုလ်တရားတို့ မဖြစ်ပွါးစေခြင်းငှါ ဖြစ်သည်။

     ဆွမ်းပစ္စည်းကိုလည်း သင့်လျော်သော သဘောအားဖြင့် ဆင်ခြင်ကာ..

ကလေးသူငယ်များကဲ့သို့ ပျော်ပါးမြူးထူးရန် ရည်သန်၍ ဤဆွမ်းကို ငါသုံးဆောင်သည် မဟုတ်၊ ငါယောကျ်ားဟု အားမာန်တက်ဖို့ရန် ရည်သန်၍ ဤဆွမ်းကို ငါသုံးဆောင်သည်မဟုတ်၊ ကိုယ်လက်အင်္ဂါ ပြည့်ဖြိုးလှပစေရန် ရည်သန်၍ ဤဆွမ်းကို ငါသုံးဆောင်သည်မဟုတ်၊ အသွေးအရောင် အဆင်းလှပစေရန် ရည်သန်၍ ဤဆွမ်းကို ငါသုံးဆောင်သည်မဟုတ်၊ ဤခန္ဓာကိုယ် အရှည်တည်တံ့ မျှတနိုင်စေရန် ရည်သန်၍ ဤဆွမ်းကို ငါသုံးဆောင်ပါ၏၊ ဆာလောင်ခြင်း ညှဉ်းဆဲမှုကို ဖျောက်ပယ်နိုင်ရန် ဤဆွမ်းကို ငါသုံးဆောင်ပါ၏၊ မြတ်သောအကျင့်ကို ကျင့်ကြံခြင်းဖြင့် ချီးမြှောက်နိုင်စေခြင်းငှါ ဤဆွမ်းကို ငါသုံးဆောင်ပါ၏၊ ဤသို့ သုံးဆောင်ခြင်းဖြင့် ဆာလောင်မွတ်သိပ်ခြင်း ဝေဒနာဟောင်းကို ပယ်ဖျောက်အံ့၊ အစားလွန်၍ အစာမကြေ ဝမ်းဖောဝမ်းရောင်ဝေဒနာစသော ဝေဒနာသစ်ကိုလည်း ငါပယ်ဖျောက်အံ့၊ ဤသို့ မနည်းမများ သင့်လျော်ရုံစားသဖြင့် ဆာလောင်မွတ်သိပ်ခြင်း တည်းဟူသော ဝေဒနာဟောင်း အစာမကြေခြင်း တည်းဟူသော ဝေဒနာသစ်တို့ မဖြစ်နိုင်ပဲ ငါ၏ ခန္ဓာမျှတခြင်းသည် ဖြစ်လတ္တံ့၊ ဤဆွမ်းကို ရှာမှီးရာ၌၎င်း သုံးဆောင်ရာ၌၎င်း၊ တရားနှင့်ညီသဖြင့် အပြစ်ကင်းသည်၏ အဖြစ်သည်၎င်း၊ မျှတရုံစားသဖြင့် ချမ်းသာစွာနေရခြင်းသည်၎င်း ဖြစ်လတ္တံ့ဟူ၍ ဤဆွမ်းကို ငါသုံးဆောင်ပါ၏။

ဤသို့ ဆင်ခြင်ကာ သုံးဆောင်ရာ၏။

     မျှတစွာ သုံးဆောင်သဖြင့် နေနိုင်ရေးနှင့်စပ်၍..

စတ္တာရော ပဉ္စ အာလောပေ၊ အဘုတွာ ဥဒကံ ပိဝေ။

အလံ ဖာသုဝိဟာရာယ၊ ပဟိတတ္တဿ ဘိက္ခုနော။

ဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏၊ ဆွမ်းကို သုံးဆောင်သော ရဟန်းသည် လေးလုပ် ငါးလုပ် စားလိုက်လျှင် ဝ-တော့မည့်အခြေအနေသို့ ရောက်သောအခါ မစားတော့ပဲ ရေကိုသာ သောက်ရာ၏၊ ဤသို့ သောက်လိုက်လျှင် ကမ္မဋ္ဌာန်းအားထုတ်ရန် စိတ်တသန်တည်း ထားသော ရဟန်းမှာ ချမ်းသာစွာ နေနိုင်ဖို့ရန် လုံလောက်ပြီဟူ၍ ဆိုလိုသည်။

(နာ)

     ဤ၌ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းအားထုတ်သော ပုဂ္ဂိုလ်အတွက် ဟောရင်းဖြစ်သော်လည်း ကမ္မဋ္ဌာန်းအားမထုတ်သော သူများပင် ဤအတိုင်းလိုက်နာက ဝမ်းအတွက် ချမ်းသာစွာ နေထိုင်ရခြင်း ဖြစ်နိုင်သောကြောင့် အစားစားရာမှာ အများပင် လိုက်နာသင့်သော ဒေသနာတော် ဖြစ်ပေသည်။

     ကျောင်းပစ္စည်းကိုလည်း အကုသိုလ်ဖြစ်ကြောင်း မကောင်းသည့်နှလုံးသွင်း မပါစေပဲ သင့်လျော်သော သဘောအားဖြင့် ဆင်ခြင်ကာ-

အအေးကို ဖျောက်ပယ်ခြင်းငှါ ဤကျောင်းကို ငါမှီဝဲပါ၏၊ နေပူစသည်ကို ကာကွယ်ခြင်းငှါ ဤကျောင်းကို ငါမှီဝဲပါ၏၊ ခြင်- မှက်- လေ- နေပူ- မြွေ- ကင်း- သန်း စသည်တို့၏ အတွေ့အထိကို ဖျောက်ပယ်ခြင်းငှါ ဤကျောင်းကို ငါမှီဝဲပါ၏၊ ဆန့်ကျင်ဖက်ဖြစ်သော အအေးဥတု အပူဥတု ဘေးရန်ကို ဖျောက်ပယ်၍ ကောင်းစွာ ကိန်းအောင်းမွေ့လျော်ရခြင်း အကျိုးငှါ ဤကျောင်းကို ငါမှီဝဲပါ၏။

ဟူ၍ ဆင်ခြင်ကာ သုံးဆောင်ရာ၏။

     ဆေးပစ္စည်းကိုလည်း သင့်လျော်သော သဘောအားဖြင့် ဆင်ခြင်ကာ-

ရောဂါ၏ဆန့်ကျင်ဖက် အသက်၏ အကာအကွယ်ဖြစ်သော ဆေးကို ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်ကြသည့် ဓာတ်ချောက်ချားခြင်းကြောင့်ဖြစ်သော အနာရောဂါ ဝေဒနာတို့ကို ဖျောက်ပယ်ခြင်းငှါ ဆင်းရဲမရှိခြင်းတည်းဟူသော မြတ်သောအကျိုးငှါ မှီဝဲပါ၏။

ဟူ၍ ဆင်ခြင်ကာ သုံးဆောင်ရာ၏။

(သင်္ကန်း)

ချမ်းပူကိုဖျက်၊ ခြင်မှက်လေနေ၊ ကင်းမြွေလွဲသုန်၊ ဟိရိဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစမ္ပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မသန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်းသုံးဆောင်ပါသတည်း။

(ဆွမ်း)

ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတမ်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊

(နိ)

ဝေဒနာဟောင်း-သစ်၊ မဖြစ်စေရ၊ ယာပိုထ်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း။

(ကျောင်း)

ချမ်းပူကိုဖျက်၊ ခြင်မှက်လေနေ၊ ကင်းမြွေဝေးမှု၊ ဥတုဘေးဘျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊ နေရာကျောင်းကို၊ ကိန်းအောင်းမှီခိုပါသတည်း။

(ဆေး)

ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွါပယ်လျင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကြည်သာရွှင်လန်း၊ ကျင့်ဖြည့်စွမ်းနိုင်ဖို့၊ ရည်မှန်းသုံးဆောင်ပါသတည်း။

(မဟာဝိသုဒ္ဓါရုံဆရာတော်၏ လင်္ကာ)

ပစ္စယသန္နိဿိတသီလ ပြီး၏။

**********

ထိုသီလလေးပါး ပြည့်စုံစေပုံ အစီအရင်

     ထိုသီလလေးပါးတို့တွင် ပါတိမောက္ခသံဝရသီလကို သဒ္ဓါတရားဖြင့် ပြည့်စုံစေရာ၏။ သဒ္ဓါတရားဟူသည်.. သိက္ခာပုဒ်ကို ပညတ်ဟောကြားတော်မူသော မြတ်စွာဘုရားသည် အလုံးစုံသော တရားတို့ကို မကြွင်းမကျန် မှန်ကန်စွာ သိမြင်တော်မူနိုင်သော ဘုရားစင်စစ် ဖြစ်တော်မူပေသည်ဟူ၍ မြတ်စွာဘုရားကို ယုံကြည်ခြင်း (မြတ်စွာဘုရား၌ ကြည်လင်သောစိတ်ကို ထားနိုင်ခြင်း)၊ ယခု ငါကျင့်ရမည့် သိက္ခာပုဒ်စုသည် မြတ်စွာဘုရား ဟောကြား ပညတ်တော်မူအပ်သော သိက္ခာပုဒ်စင်စစ် ဖြစ်သည်ဟူ၍ သိက္ခာပုဒ်တရားတော်၌ ယုံကြည်ခြင်း (ကြည်လင်သောစိတ်ကို ထားနိုင်ခြင်း)၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်မြတ်ကား ဤကျင့်ဝတ် သိက္ခာပုဒ်စုကို ကောင်းစွာကျင့်ကြံသော ပုဂ္ဂိုလ်တွေချည်းသာ ဖြစ်သည်ဟူ၍ သံဃာတော်၌ ယုံကြည်ခြင်း (ကြည်လင်သောစိတ်ကို ထားနိုင်ခြင်း)တို့ပင် ဖြစ်သည်။

     ဤသို့ မြတ်စွာဘုရား၌၎င်း ဟောကြားအပ်သော တရားတော်၌၎င်း သံဃာတော်၌၎င်း ယုံကြည်ခြင်း သဒ္ဓါတရား ရှိခဲ့လျှင် ဤ ပါတိမောက္ခသံဝရသီလကို ပြည့်စုံအောင် ကျင့်ဆောင်နိုင်၏ဟူ၍ ဆိုလိုသည်။

(နီ)

     သို့ဖြစ်၍ မြတ်စွာဘုရား ဟောကြား ပညတ်တော်မူတိုင်းသော သိက္ခာပုဒ်အစုကို အကြွင်းအကျန်မထားပဲ သဒ္ဓါတရားဖြင့် ဆောက်တည်ပြီးလျှင် အသက်ကိုပင် မငဲ့ကွက်ပဲ ရိုသေစွာ ပြည့်စုံစေရာ၏။ မှန်၏..

(ကိကီ၀ အဏ္ဍံ စမရီဝ ဝါလဓိံ) အစရှိသည်ဖြင့် “ယစ်မသည် မိမိအသက်ကိုစွန့်ကာ ဥကို စောင့်ရှောက်သကဲ့သို့၎င်း၊ စမရီသားကောင်သည် အသက်ကိုစွန့်ကာ မြီးဆံကို စောင့်ရှောက်သကဲ့သို့၎င်း၊ သားတယောက်တည်းသာရှိသော သူကြွယ်သည် ထိုသားတယောက်ကို ယုယုယယ စောင့်ရှောက်သကဲ့သို့၎င်း၊ မျက်စိတဖက်သာ အကောင်းရှိသော ပုဂ္ဂိုလ်သည် ထိုမျက်စိတဖက်ကို ယုယုယယ စောင့်ရှောက်သကဲ့သို့၎င်း ထို့အတူ သီလကို စောင့်ရှောက်ကုန်သော သူတို့သည် အရွယ်သုံးပါးမှာပင် ဂါရဝတရား လက်ရှိထားကြ၍ အလွန်ချစ်အပ်သည့် သီလရှိသူများ (သီလကို အလွန်ချစ်မြတ်နိုးသူများ) ဖြစ်ကြကုန်လော့-

ဟူသောစကား မြတ်စွာဘုရား ဟောကြားတော်မူအပ်ပြီ။

အသက်ကိုပင်စွန့်၍ ပါတိမောက္ခသံဝရသီလကို ဖြည့်ကျင့်တော်မူကြသော မထေရ်များဝတ္ထု

     ရှေးအခါ သီဟိုဠ်ကျွန်း မဟာဝတ္တနိမည်သော တောအုပ်ကြီး၌ မထေရ်တပါးကို ခိုးသူများကဖမ်း၍ နွယ်ငန်းဖြင့် ဖွဲ့နှောင်ကာ တုံးလုံးလှဲ၍ ထားခဲ့ကုန်၏၊ မထေရ်သည် လွတ်မြောက်အောင် ရုန်းထွက်လိုက ရုန်းထွက်နိုင်မည် ဖြစ်သော်လည်း အကယ်၍ ရုန်းထွက်က နွယ်ငန်းပြတ်၍ (ဘူတဂါမပါစိတ်) အာပတ်သင့် မည်ကို စိုးရိမ်သောကြောင့် ထားခဲ့သည့်အတိုင်း လျောင်းလျက်ပင် ခုနစ်ရက်ပတ်လုံး ဝိပဿနာပွါး၍ အနာဂါမိဖိုလ်သို့ ရောက်ပြီးလျှင် ထိုနေရာ၌ပင် ကွယ်လွန်ကာ ဗြဟ္မာ့ပြည်၌ ဖြစ်ဘူးလေပြီ။

     အခြား မထေရ်တပါးကိုလည်း သီဟိုဠ်ကျွန်းမှာပင် ခိုးသူများက ဆင်သမနွယ်ဖြင့် တုတ်နှောင်ကာ မထနိုင်အောင် တုံးလုံးလှဲ၍ ထားခဲ့ကုန်၏၊ ထိုခဏ တောမီးလောင်လာသည်ရှိသော် မထေရ်သည် ထိုနွယ်ကို ဖြတ်မည်ဆိုက ဖြတ်နိုင်မည်ဖြစ်သော်လည်း အာပတ်သင့်မည်ကို စိုးရိမ်တော်မူသဖြင့် နွယ်ကိုမဖြတ်ပဲ ဝိပဿနာတရားကိုသာ ပွါးများ၍ အသက်သေခြင်းနှင့် ကိလေသာကုန်ခန်းခြင်းကို တပြိုင်နက်ညီမျှသည့် (သမသီသီခေါ်) ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန် စံတော်မူလေသည်။ ထိုအခါ ဒီဃနိကာယ်ဆောင် အဘယမထေရ်သည် ရဟန်းငါးရာတို့နှင့်တကွ ထိုအရပ်သို့ကြွလာရာ မထေရ်၏အလောင်းကိုမြင်၍ ကောင်းမွန်စွာ သင်္ဂြိုဟ်ပြီးလျှင် စေတီ တည်ထားစေတော်မူ၏။

(နု)

     ထို့ကြောင့် အဋ္ဌကထာ၌-

ပါတိမောက္ခံ ဝိသောဓေန္တော၊ အပ္ပေဝ ဇီဝိတံ ဇဟေ။

ပညတ္တံ လောကနာထေန၊ န ဘိန္ဒေ သီလသံဝရံ။

ပါတိမောက္ခသံဝရသီလကို သုဓ်သင် စင်ကြယ်စေသော အမျိုးကောင်းသားသည် အသက်ကိုပင်သော်လည်း စွန့်တန်မူ စွန့်ရာ၏။ မြတ်စွာဘုရား ဟောကြား ပညတ်အပ်သည့် သိက္ခာပုဒ်ကိုကား မဖျက်ဆီးရာ-

ဟူ၍ ဥပဒေသစကား မိန့်ကြားတော်မူခဲ့ပေသည်။

**********

     ပါတိမောက္ခသံဝရသီလကို သဒ္ဓါတရားဖြင့် ပြည့်စုံစေအပ်သကဲ့သို့ ဤအတူ ဣန္ဒြိယသံဝရသီလကို သတိတရားဖြင့် ပြည့်စုံစေရာ၏။ သတိဖြင့် စောင့်ရှောက် ထိန်းသိမ်းအပ်သော ဣန္ဒြိယသံဝရသီလ ပြည့်စုံမှသာလျှင် ပါတိမောက္ခသံဝရသီလလည်း အရှည်တည်တံ့ ခိုင်ခံနိုင်သည်။ ဣန္ဒြိယသံဝရသီလပျက်လျှင် ပါတိမောက္ခ သံဝရသီလလည်း ပျက်သွားတတ်၏။

     မြတ်စွာဘုရား လက်ထက်တော်အခါက အရှင်၀င်္ဂီသသည် ရဟန်းဖြစ်ပြီးစ ဆွမ်းခံလှည့်လည်ရင်း ဣန္ဒြိယသံဝရသီလ ပျက်ကွက်ပြီးလျှင် မိန်းမတယောက်ကို မြင်၍ ရာဂစိတ် ဖြစ်ပေါ်လာသောအခါ အရှင်အာနန္ဒာကို-

ဂေါတမနွယ်ဖွား အရှင်အာနန္ဒာဘုရား.. တပည့်တော်သည် ကာမရာဂဖြင့် ပူလောင်လှပါ၏၊ တပည့်တော်၏စိတ်ကို ကာမရာဂမီးသည် လောင်မြှိုက်အပ်ပါ၏၊ တောင်းပန်ပါသည် သနားသဖြင့် အပူငြိမ်းကြောင်း တရားကောင်းကို ဟောပြတော်မူပါ-

ဟူ၍ လျှောက်ထားလေသည်။

     ထိုအခါ အရှင်အာနန္ဒာက-

အမှတ်သညာ ဖောက်ပြန်သည့်အတွက် သင့်စိတ်ကို ရာဂမီး လောင်မြှိုက်အပ်ပေသည်၊ ရာဂနှင့်စပ်သည့် သုဘဟူသော အမှတ်နိမိတ်ကို ပယ်ရှား၍ အသုဘအလို့ငှါ စိတ်ကိုပွါးလေ-

အစရှိသည်ဖြင့် တရားဟော၍ ဟောသည့်အတိုင်း နှလုံးသွင်းသောအခါ ရာဂမီး ငြိမ်းသွားလေသည်။

(နူ)

     တနည်းအားဖြင့် ဣန္ဒြိယသံဝရသီလကို ဖြည့်စွမ်းလိုသော ပုဂ္ဂိုလ်သည် သီဟိုဠ်ကျွန်း ကုရဏ္ဍကလိုဏ်၌ သီတင်းသုံးနေထိုင်သည့် စိတ္တဂုတ္တမထေရ်ကဲ့သို့၎င်း, စောရကကျောင်းတိုက်ကြီး၌ သီတင်းသုံးနေထိုင်သည့် မဟာမိတ္တမထေရ်ကဲ့သို၎င်း ဖြစ်စေရမည်။

စိတ္တဂုတ္တမထေရ်ကြီးဝတ္ထု

     ကုရဏ္ဍကခေါ် လိုဏ်ဂူကြီး၌ ဝိပဿီအစရှိသော မြတ်စွာဘုရား ခုနစ်ဆူတို့၏ တောထွက်ခဏ်းကို အဆန်းတကြယ် နှစ်သက်ဖွယ်ရာ ပန်းချီဆေး ရေးချယ်ထားလေသည်။ များစွာသော အာဂန္တုရဟန်းတို့သည် ကျောင်းစဉ်လှည့်လည် ကြည့်ရှုကြသောအခါ ပန်းချီဆေး ရေးချယ်ထားသည့် တောထွက်ခဏ်းကို မြင်ကြ၍ မထေရ်မြတ်ထံ ဝင်ရောက်ပြီးလျှင် “အရှင်ဘုရားသီတင်းသုံးရာ လိုဏ်ဂူ၌ ရေးချယ်ထားသည့် တောထွက်ခဏ်း ရုပ်ပုံတော်များသည် လွန်စွာနှစ်သက်ဖွယ်ဖြစ်သည်”ဟု လျှောက်ထားကြကုန်၏။ မထေရ်မြတ်က.. “ငါ့ရှင်တို့.. ငါသည် အနှစ်ခြောက်ဆယ်ကျော် ဤလိုဏ်ဂူကြီးမှာ နေခဲ့သော်လည်း ပန်းချီဆေးရေးရုပ် ရှိသည် မရှိသည်ကို ငါမသိပါ၊ ယနေ့မှ မျက်စိအမြင် အလွန်စူးယှကြသော ငါ့ရှင်တို့ကိုမှီ၍ ပန်းချီဆေးရေးရုပ်ရှိကြောင်း သိရပေသည်”ဟူ၍ အမိန့်ရှိလေသည်။ (မထေရ်မြတ်ကား နှစ်ပေါင်းခြောက်ဆယ်ကျော် ရှည်မြင့်စွာ သီတင်းသုံးခဲ့သော်လည်း လိုဏ်ဂူကို တကြိမ်မျှ မော်၍မကြည့်ဘူးချေ။ ထိုလိုဏ်ဂူ၏ အဝမှာလည်း ကံ့ကော်ပင်ကြီးတပင်ရှိ၏၊ ထိုကံ့ကော်ပင်ကြီးကိုလည်း မော်၍ မကြည့်ဘူးချေ၊ နှစ်တိုင်းနှစ်တိုင်းပင် မြေအပြင်၌ ကံ့ကော်ဝတ်ဆံများ ကြွေကျနေသည်ကိုမြင်မှ ထိုကံ့ကော်ပင်ကြီး ပွင့်သည်ကို သိရှိတော်မူလေသည်။)

     မထေရ်မြတ်၏ ဤမျှလောက် ဣန္ဒြေသိက္ခာ စောင့်ရှောက်ခြင်း ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသည်ကို ဘုရင်မင်းမြတ်သည် သတင်းစကား ကြားရ၍ ရှိခိုးလိုသဖြင့် သုံးကြိမ်တိုင်အောင် လူလွှတ်၍ ပင့်ပါသော်လည်း မထေရ်မြတ် မကြွလာပဲနေသောအခါ မထေရ်မြတ်ဆွမ်းခံရာ ထိုရွာအတွင်း၌ နို့စို့အရွယ် ကလေးငယ်ရှိသော မိန်းမများ၏ရင်ကို ကလေးများ နို့မတိုက်နိုင်အောင် အဝတ်ဖြင့်စည်းကာ မထေရ်မြတ် ကြွမလာ မခြင်း ကလေးများကို နို့တိုက်ခွင့်မရဟူ၍ အမိန့်ပြန်ကာ တံဆိပ်ခတ်စေလေသည်။ ထို့ကြောင့် ကလေးများ နို့မစို့ရသဖြင့် ငိုကြွေးဒုက္ခရောက်နေကြသည်ကို မထေရ်မြတ် သိသောအခါ ကလေးတို့ကို သနားသဖြင့် မဟာဂါမမြို့သို့ ကြွလာတော်မူ၏။

     ဘုရင်မင်းမြတ်သည် မထေရ်မြတ်ကြွလာကြောင်း သတင်းစကား ကြားသိ၍ “အချင်းတို့.. ယခုပင် သွားကြချေ။ မထေရ်မြတ်ကို နန်းတော်တွင်းသို့

(နေ)

ပင့်ဆောင်ခဲ့ကြလော့၊ သီလခံယူလိုသည်”ဟု အမိန့်ရှိကာ နန်းတော်သို့ ပင့်ဆောင်စေ၍ ရှိခိုးပြီးလျှင် ဆွမ်းကပ်လှူ၍“အရှင်ဘုရား.. ယနေ့ သီလခံယူဘို့ရန် အခွင့်မအားပါ၊ နက်ဖန်မှ သီလခံယူပါမည်”ဟု လျှောက်ထား၍ မထေရ်၏သပိတ်ကို ထမ်းပြီးလျှင် အနည်းငယ်လိုက်၍ မိဖုရားနှင့်တကွ ရှိခိုးကာ ပြန်နစ်လေသည်။

     မထေရ်မြတ်သည် မင်းကပင် ရှိခိုးသည်ဖြစ်စေ၊ မိဖုရားကပင် ရှိခိုးသည်ဖြစ်စေ၊ “မင်းကြီး ချမ်းသာခြင်းရှိသည် ဖြစ်ပါစေ”ဟူ၍သာ မိန့်ဆိုတော်မူ၏။ ဤသို့သောနည်းဖြင့် ခုနစ်ရက်ကြာသောအခါ ရဟန်းများက “အရှင်ဘုရား.. ဘုရင်မင်းမြတ်က ရှိခိုးသည်ဖြစ်စေ၊ မိဖုရားက ရှိခိုးသည်ဖြစ်စေ၊ အရှင်ဘုရားတို့သည် မင်းကြီး.. ချမ်းသာခြင်းရှိသည် ဖြစ်ပါစေ”ဟူ၍သာ မိန့်ဆိုတော်မူကြကုန်၏ဟူ၍ လျှောက်ထားကြကုန်၏။ ထိုအခါ မထေရ်မြတ်က “ငါ့ရှင်တို့.. ငါသည် မင်းဖြစ်သည်ဟူ၍၎င်း မိဖုရားဖြစ်သည်ဟူ၍၎င်း ပိုင်းခြားမှတ်သားခြင်းကို မပြုပေ”ဟု အမိန့်ရှိပြီးလျှင် ခုနစ်ရက်လွန်ပြီးနောက် ဘုရင်မင်းမြတ်သည် “ဤမြို့တွင်း၌ မထေရ်သီတင်းသုံးရခြင်းမှာ ဆင်းရဲသည်”ဟု သိ၍ ခွင့်လွှတ်သောအခါမှ မထေမြတ်သည် မိမိ၏ လိုဏ်ဂူအတွင်းသို့ ပြန်ကြွ၍ ညအခါ စင်္ကြံ သို့တက်ပြီးလျှင် စင်္ကြံကြွတော်မူ၏။

     ကံ့ကော်ပင်၌ စောင့်သောနတ်သည် ဆီမီးတိုင်ကိုကိုင်၍ ရပ်တည်လာ၏။ ထိုအခါ မထေရ်မြတ်၏ ကမ္မဋ္ဌာန်းသည် အလွန်စင်ကြယ်သဖြင့် ထင်လင်းလှပေ၏၊ မထေရ်သည် “အဘယ့်ကြောင့် ယနေ့ ငါ့ကမ္မဋ္ဌာန်းသည် ထင်လင်းလှသနည်း”ဟု နှစ်သက်အားရသော စိတ်ရှိသည်ဖြစ်၍ သန်းခေါင်ကျော်အချိန်တွင် တောင်ကြီးတတောင်လုံးကို ပဲ့တင်ထပ်စေလျက် ရဟန္တာအဖြစ်သို့ ရောက်တော်မူလေ၏။ (ဤမထေရ်မြတ်၏ ဣန္ဒြိယသံဝရ= ဣန္ဒြေစောင့်စည်းပုံကို အတုယူဖွယ် ကောင်းလှပေ၏။)

မဟာမိတ္တမထေရ်ဝတ္ထု

     မဟာမိတ္တမထေရ်၏ အကြောင်းအရာကား.. မထေရ်၏မိခင်၌ ရင်သားတွင် အဆိပ်အိုင်းအနာ ပေါက်ရောက်နေရာ သမီးဖြစ်သူမှာလည်း ဘိက္ခုနီမဖြစ်သဖြင့် သမီးကိုခေါ်ပြီးလျှင် “သင့်မောင်ထံသွား၍ ငါ့မှာ မချမ်းမသာ အနာပေါက်ကြောင်း လျှောက်ထားပြီးလျှင် ဆေးတောင်း၍ ယူခဲ့ပါလော့”ဟု ပြောကြားစေလွှတ်လိုက်၏။ သမီးဘိက္ခုနီမသည် မောင်တော် မဟာမိတ္တမထေရ်ထံသို့ သွားပြီးလျှင် အကျိုးအကြောင်း လျှောက်ထား ပြောကြားလေ၏။ မထေရ်သည် “ဆေးမြစ်စသည်တို့ကို ဆောင်ယူ၍ ဆေးချက်ရန် နည်းလမ်းကို

(နဲ)

ငါမသိပေ၊ သို့သော် သင့်အား ဆေးတမျိုးကို ငါပြောကြားလိုက်မည်။ ငါသည် ရဟန်းဖြစ်သည့် အချိန်မှစ၍ ယနေ့အထိ တပ်မက်သော လောဘစိတ်ဖြင့် ဣန္ဒြေကိုဖျက်ကာ ဇာတ်သဘာဝမတူသော မိန်းမအာရုံကို တကြိမ်မျှ မကြည့်စဘူး၊ ဤသစ္စာစကားကြောင့် ငါ့မိခင်၏ ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း၊ သင်ပြန်သွားပြီးလျှင် ယခု ငါဆိုသော သစ္စာစကားကို မိခင်ထံရောက်လျှင် ရွတ်ဆို၍ မိခင်၏ကိုယ်ကို သုံးသပ်ပါလော့”ဟူ၍ မှာထားတော်မူလိုက်၏။

     ထိုနှမဖြစ်သော ဘိက္ခုနီမသည် မိခင်ထံသွားရောက်၍ မောင်တော် မဟာမိတ္တမထေရ် မှာလိုက်သမျှ အကြောင်းများကို ပြောကြားပြီးလျှင် မှာလိုက်သည့်အတိုင်း သစ္စာစကား ပြောကြားရွတ်ဆိုကာ မိခင်၏ကိုယ်ကို သုံးသပ်လေ၏။ ထိုခဏမှာပင် မိခင်ကြီး၏ အဆိပ်အိုင်းအနာသည် ရေမြှုပ်စိုင်ပမာ ကြေမွကွယ်ပျောက်၍ သွားလေ၏။ မိခင်သည် နေရာမှ ထပြီးလျှင် “မြတ်စွာဘုရားသာ အကယ်၍ ထင်ရှားရှိပါမူ ငါ့သားကဲ့သို့သော ရဟန်း၏ ဦးခေါင်းကို ရွှေဇာကွန်ရွက် ဖွဲ့ယှက်အပ်သော ရွှေလက်တော်ဖြင့် အဘယ့်ကြောင့် မသုံးသပ်ပဲ နေလိမ့်မည်နည်း”ဟူ၍ ဝမ်းမြောက်စကား ပြောကြားလေသည်။

ဤမဟာမိတ္တမထေရ်၏ ဣန္ဒြေကို စောင့်ရှောက်ပုံမှာ ရှေး စိတ္တဂုတ္တမထေရ်ကြီး၏ စောင့်ရှောက်ပုံနှင့် အနည်းငယ် ကွဲပြားခြားနားလေသည်။ စိတ္တဂုတ္တမထေရ်ကြီး၏ စောင့်ရှောက်ပုံမှာ တွေ့တွေ့သမျှ အာရုံကို မမြင်မိ မကြည့်မိအောင် မျက်လွှာချ၍ ထားတော်မူသည်။ မဟာမိတ္တမထေရ်မူကား ဤသို့ မျက်လွှာကို ချထားသည်မဟုတ်၊ အဆင်သင့်ရာ ကြည့်ကား ကြည့်၏၊ ကြည့်သောအခါ ဇာတ်သဘာဝမတူသော မိန်းမအာရုံကိုပင် မြင်စေကာမူ တပ်နှစ်သက်ခြင်း လောဘစိတ် မဝင်လာရအောင် (မဖြစ်ပေါ်အောင်) တားဆီးသောအားဖြင့် စောင့်ရှောက်တော်မူသည်။

ပမာဆိုသော် စိတ္တဂုတ္တမထေရ်၏ စက္ခုန္ဒြေကို စောင့်ရှောက်ပုံမှာ လူဆိုးသူဆိုးများ မဝင်လာရအောင် အိမ်တံခါးပေါက်ကို တခါတည်း ပိတ်ထားသည်နှင့် တူ၏၊ မဟာမိတ္တမထေရ်၏ စက္ခုန္ဒြေကို စောင့်ရှောက်ပုံမှာ တံခါးပေါက်ကိုကား ပိတ်၍မထား၊ သို့သော် လူဆိုးသူဆိုးများ တရံတခါမျှ မ၀င်ရအောင် အနိုင်တားဆီးထားသည်နှင့် တူ၏။ ထိုမထေရ် နှစ်ပါးတို့၏ ဣန္ဒြေကို စောင့်ရှောက်ကြပုံမှာ အံ့ဩဖွယ်ရာချည်းဖြစ်၍ အတုယူဖွယ် ကောင်းလှပါပေ၏။

**********

(နော)

     ဣန္ဒြိယသံဝရသီလကို သတိဖြင့် ပြည့်စုံစေရာသကဲ့သို့ ထို့အတူ အာဇီဝပါရိသုဒ္ဓိသီလကို ဝီရိယဖြင့် ပြည့်စုံစေရာ၏၊ ကောင်းစွာအားထုတ်ခြင်း ဝီရိယရှိသော ပုဂ္ဂိုလ်မှာသာ မကောင်းသော အသက်မွေးမှုကို ပယ်ရှားနိုင်သောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ မရှာမှီးအပ်သောသဘော မသင့်မလျော်သော သဘောများကို ပယ်ရှားကာ ဝီရိယဖြင့်သာ ဆွမ်းခံခြင်းအစရှိသော ကောင်းစွာ ရှာမှီးခြင်းတို့ဖြင့် ထိုသီလကို ပြည့်စုံစေ ရမည်။

     ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးတို့တွင် ဆွမ်းနှင့်သင်္ကန်း နှစ်မျိုးတို့မှာ ဒါယကာတို့လှူချင်အောင် အချက်နိမိတ်ပြုခြင်း၊ စကားရစ်ဝဲကာ အရိပ်အရောင် ပြောဆိုခြင်း၊ စကားလဲလှယ် ပရိယာယ်ပြောဆိုခြင်း၊ တောင်းရမ်းပြောဆိုခြင်း ဤလေးမျိုးလုံးတို့သည် မအပ်စပ်ကုန်။ (ဆွမ်းနှင့်သင်္ကန်း ရဖို့ရန်အတွက် ဤလေးမျိုး မပြုကောင်းဟု ဆိုလိုသည်။)

     ကျောင်းပစ္စည်း၌ကား တိုက်ရိုက် တောင်းရမ်း ပြောဆိုခြင်းသာ မအပ်သည်။ ကျန်သုံးပါးတို့သည် အပ်စပ်ကုန်၏။ ထိုသုံးပါးတို့တွင်..

     အချက်နိမိတ်ပြခြင်း ဟူသည်မှာ ကျောင်းဆောက်တော့မည်ကဲ့သို့ မြေပြုပြင်ခြင်း စသည်ကို ပြုလုပ်နေသော ရဟန်းအား “အရှင်ဘုရား အဘယ်ကို ပြုလုပ်နေပါသနည်း၊ မည်သူက ပြုလုပ်စေပါသနည်း” ဤကဲ့သို့ ဒါယကာတို့က မေးလာသောအခါ “တစုံတယောက်သော သူကမျှ ပြုလုပ်စေသည် မဟုတ်ပါ”ဟူ၍ စကားတုံ့ပြန်ခြင်းပင် ဖြစ်၏၊ (ဆောက်မည့်ဒကာ မရှိသေးပါဘူးဟု ပြောခြင်းဟူလို။) ဤမြေပြုပြင်ခြင်းမှတပါး “ဤရဟန်းသည် ကျောင်းအလိုရှိသည်”ဟု လူများ သိနိုင်ကြောင်းဖြစ်သည့် အခြားကိစ္စ အမျိုးမျိုးကိုလည်း အချက်နိမိတ် ပြခြင်းဟူ၍ပင် ခေါ်ဆိုအပ်၏။

     စကားရစ်ဝဲကာ အရိပ်အရောင် ပြောဆိုခြင်းဟူသည်မှာ “ဒကာတို့.. သင်တို့သည် အဘယ်သို့သောအိမ်မှာ နေကြကုန်သနည်း”ဟု မေး၍ “ပြာသာဒ်၌ နေကြပါသည်”ဟု လျှောက်ထားလျှင် “ဒကာတို့.. ရဟန်းများအားကော ပြာသာဒ်၌နေရန် မအပ်ပါသလော” စသည်ဖြင့် ပြောဆိုခြင်း ဤမှတပါးသော ကျောင်းကို အလိုရှိကြောင်း သိစေနိုင်သည့် စကားရစ်ဝဲ ပြောဆိုခြင်းမျိုးကို ခေါ်သည်။

     စကားလဲလှယ် ပရိယာယ်ပြောဆိုခြင်း ဟူသည်မှာ “ရဟန်းသံဃာအား ကျောင်းနေရာထိုင်ခင်း ကျဉ်းမြောင်းလှသည်” စသည်ဖြင့် ပြောဆိုခြင်းမျိုးတည်း။

(နော်)

     ဆေးပစ္စည်းမှာမူကား.. အချက်နိမိတ် ပြခြင်းစသော လေးမျိုးလုံးပင် အပ်စပ်၏၊ သို့သော် ရောဂါရှိ၍ အချက်နိမိတ်ပြခြင်း စသည်ဖြင့် ရရှိထားသော ဆေးပစ္စည်းကို ထိုရောဂါ ပျောက်ကင်းသောအခါ သုံးဆောင်ခြင်းငှါ အပ်သည် မအပ်သည်ကိုကား စိစစ်ဖွယ်ရှိ၏။

ဤအရာ၌ ဝိနည်းဆောင် မထေရ်များက “သုံးဆောင်ဖို့ရန် လမ်းပေါက်ကို ဘုရား ခွင့်ပေးတော်မူခြင်း ဖြစ်သည်။ ထို့ကြောင့် အပ်၏”ဟူ၍ မိန့်ဆိုကြကုန်၏။ သုတ္တန်ဆောင် မထေရ်တို့ကမူကား “ဘုရား ခွင့်ပြုသောကြောင့် အာပတ်ကား မသင့်နိုင်ပေ။ သို့ရာတွင် စင်ကြယ်သော အသက်မွေးမှုကိုကား ပျက်စီးစေသည် ဖြစ်သောကြောင့် မအပ်”ဟူ၍ မိန့်ဆိုကြကုန်၏။

     မြတ်သော ကျင့်ဝတ်တရားနှင့် ပြည့်စုံလိုသော ပုဂ္ဂိုလ်သည်ကား မြတ်စွာဘုရား ခွင့်ပြုထားသော်လည်း အချက်နိမိတ်ပြခြင်း စကားရစ်ဝဲက အရိပ်အရောင် ပြောဆိုခြင်း စကားလဲလှယ် ပရိယာယ်ပြောဆိုခြင်း တိုက်ရိုက်ထုတ်ဖော် တောင်းရမ်းပြောဆိုခြင်းတို့ကို မပြုပဲ အလိုနည်းခြင်းစသော ဂုဏ်တို့ကိုသာ အမှီပြုလျက် အသက်သေရမည် ဖြစ်စေကာမူ ဆိုအပ်ပြီးသည့် လေးချက်တို့ဖြင့် ဖြစ်စေအပ်သည့် ပစ္စည်းတို့ကို ရှောင်ကြဉ်၍သာ ပစ္စည်းလေးပါးတို့ကို မှီဝဲသုံးစွဲရာ၏။ ဤပုဂ္ဂိုလ်မျိုးကို အရှင်သာရိပုတြာ မထေရ်မြတ်ကဲ့သို့ “အလွန်မြတ်သည့် ခေါင်းပါးမှုအကျင့်နှင့် ပြည့်စုံသောပုဂ္ဂိုလ်”ဟူ၍ ခေါ်ဆိုအပ်၏။

အရှင်သာရိပုတြာဝတ္ထု

     အရှင်သာရိပုတြာ မထေရ်မြတ်သည် တရံရောအခါ ဆိတ်ငြိမ်ရာအရပ်၌ ပြည့်စုံစေအပ်သော တရားကို ပွါးများတော်မူလိုသည်ဖြစ်၍ အရှင်မဟာမောဂ္ဂလာန်မထေရ်နှင့်တကွ တခုသော တောအုပ်အတွင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ တနေ့သ၌ အရှင်သာရိပုတြာမှာ လေနာရောဂါဖြစ်၍ အလွန်ဆင်းရဲ နွမ်းနယ်တော်မူ၏၊ အရှင်မဟာမောဂ္ဂလာန်သည် ညနေချမ်းအခါ အရှင်သာရိပုတြာထံ ညီမူရန် ကြွသွားသောအခါ အရှင်သာရိပုတြာမထေရ် လျောင်းစက်နေသည်ကိုမြင်၍ အကြောင်းကို မေးမြန်းပြီးလျှင်“ငါ့ရှင်.. ရှေးက လေရောဂါ ဖြစ်သောအခါ အဘယ်ဆေးဖြင့် ချမ်းသာဘူးသနည်း”ဟု မေးမြန်း၏။ ထိုအခါ အရှင်သာရိပုတြာမထေရ်က.. “ငါ့ရှင်.. ငါလူဖြစ်စဉ်အခါက ဤသို့ လေနာထရာတွင် ငါ၏မိခင်သည် ထောပတ် ပျား သကာ စသည်ကိုထည့်ကာ ရေမရောသော နို့ဃနာကိုချက်၍ ပေးဘူးသည်။ ထိုနို့ဃနာဖြင့် ငါ၏လေနာဝေဒနာ ချမ်းသာဘူး၏”ဟု မိန့်ဆိုသောအခါ အရှင်မဟာမောဂ္ဂလာန် မထေရ်ကလည်း

(နံ)

“ရှိပါစေ ငါ့ရှင်.. ငါ့အား၎င်း ငါ့ရှင်အား၎င်း ဘုန်းကံရှိပါမူ နက်ဖန်ခါပင် ရေမရောသော နို့ဃနာကို ရပါလိမ့်မည်”ဟု မိန့်ဆိုတော်မူ၏။

     ဤသို့ မထေရ်မြတ်နှစ်ပါး အချင်းချင်း စကားနှီးနှော ပြောဆိုကြသည်ကို စင်္ကြံစွန်း (စင်္ကြံဦး)ရှိ သစ်ပင်မှာ စောင့်နေသော ရုက္ခစိုးနတ်က ကြား၍ “နက်ဖန်ခါ အရှင်မြတ်အတွက် နို့ဃနာဆွမ်းကို ဖြစ်စေအံ့”ဟု ကြံပြီးလျှင် ထိုခဏမှာပင် အရှင်မဟာမောဂ္ဂလာန် မထေရ်၏ အလုပ်အကျွေး ဒါယကာ (ဆွမ်းဒါယကာ)အိမ်သို့သွား၍ သားကြီး၏ကိုယ်ကို ပူးဝင်နှိပ်စက်လေ၏။ ထိုအခါ သားကြီးအား ဆေးကုသရန် စည်းဝေးကြသော ဆွေမျိုးတို့ကို “အကယ်၍ နက်ဖန်ခါ မထေရ်မြတ်အား ဤသို့သဘောရှိသော နို့ဃနာဆွမ်းကို စီရင် လှူဒါန်းကုန်အံ့၊ ဤသူကို ငါလွှတ်အံ့”ဟူ၍ ပြောဆို၏။ ဆွေမျိုးများက “သင် ဤကဲ့သို့ မပြောသော်လည်း ငါတို့သည် မထေရ်အား အမြဲ ဆွမ်းလှူကြကုန်၏”ဟု ပြောဆိုပြီးလျှင် နောက်တနေ့၌ ရေမရောသော နို့ဃနာဆွမ်းကို စီရင်ကြကုန်၏။

     အရှင်မဟာမောဂ္ဂလာန် မထေရ်သည် စောစောပင်လျှင် အရှင်သာရိပုတြာထံ ကြွလာတော်မူကာ “ငါ့ရှင်.. ငါဆွမ်းခံ၍ ပြန်လာသည်တိုင်အောင် ဤနေရာမှာပင် သီတင်းသုံးနေရစ်နေပါ"ဟု ပြောဆိုပြီးလျှင် ရွာတွင်းသို့ ဝင်တော်မူ၏။ ထိုလူတို့သည် ခရီးဦးကြိုဆိုကြပြီးလျှင် မထေရ်၏သပိတ်ကိုယူ၍ ရေမရောသည့် ဃနာနို့ဆွမ်း အပြည့်ထည့်၍ လှူကြကုန်၏။ မထေရ်က သွားအံ့သောအမူအရာကို ပြသည်တွင် လူတို့က “အရှင်ဘုရား.. အရှင်ဘုရားတို့ သုံးဆောင်တော်မူကြပါ။ သီးခြားဖြစ်သော နို့ဃနာဆွမ်းကိုလည်း လှူပါကုန်အံ့”ဟု လျှောက်ထား၍ မထေရ်ကို ဃနာနို့ဆွမ်း ကျွေးမွေး ဆက်ကပ်ပြီးလျှင် တဖန် သပိတ်အပြည့် ထည့်၍ လှူဒါန်းကုန်၏။

     မထေရ်သည် ကြွသွားတော်မူကာ “ငါ့ရှင်သာရိပုတြာ... ယခုပင် ဘုဉ်းပေးပါ”ဟု ဆက်ကပ်လေ၏။ အရှင်သာရိပုတြာ မထေရ်သည်လည်း ထိုဃနာနို့ဆွမ်းကိုမြင်လျှင် “ဤဃနာနို့ဆွမ်းသည် အလွန်နှစ်သက်ဖွယ် ကောင်း၏။ အဘယ်သို့ ဖြစ်ပေါ်ရရှိလာသနည်း”ဟု စဉ်းစား ဆင်ခြင်တော်မူသည်ရှိသော် ထိုဃနာနို့ဆွမ်း ဖြစ်ပေါ်ရရှိလာခြင်း အကြောင်းရင်းကို မြင်တော်မူ၍“ငါ့ရှင်မဟာမောဂ္ဂလာန်.. ဤဆွမ်းသည် သုံးဆောင်ခြင်းငှါ မထိုက်သောဆွမ်းတည်း”ဟု မိန့်ဆိုတော်မူ၏။ အရှင်မဟာမောဂ္ဂလာန်ကလည်း “ငါကဲ့သို့သောသူ ဆောင်ယူခဲ့သည့်ဆွမ်းကို မစားရကောင်းလား”ဟူ၍ မကျေနပ်သောစိတ်မျိုးကို မဖြစ်စေပဲ အရှင်သာရိပုတြာ၏ တခွန်းတည်းသော စကားဖြင့်ပင် သပိတ်ကို

(နား)

အနားရေး (နခမ်း)ကကိုင်ကာ သင့်တင့်ရာအရပ်၌ မှောက်သွန်၍ ပစ်လိုက်လေသည်။ (စိတ်ဆိုး၍မဟုတ်။)

     ဃနာနို့ဆွမ်း မြေပေါ်သို့ကျသည်နှင့် တပြိုင်နက် အရှင်သာရိပုတြာမထေရ်၏ ရောဂါသည် ကွယ်ပျောက်လေ၏။ (ထိုအခါမှစ၍ လေးဆယ့်ငါးနှစ်ပတ်လုံး တဖန် မဖြစ်ပေါ်တော့ပြီ၊) ထို့နောက်မှ အရှင်မောဂ္ဂလာန်မထေရ်ကို “ငါ့ရှင်.. နှုတ်မြွက်ခြင်းကို အမှီပြု၍ ဖြစ်စေအပ်သော နို့ဃနာဆွမ်းသည် ဆာလောင်မွတ်သိပ်၍ အူမအူသိမ်တို့ အခွေလိုက်ထွက်ကာ မြေသို့ကျရောက်စေကာမူ သုံးဆောင်ခြင်းငှါ မသင့်သော သဘော ရှိပေ၏”ဟူ၍ မိန့်တော်မူလေသည်။

ဤအရာ၌ အထူး သတိပြုသင့်သည်ကား.. မြတ်စွာဘုရားသည် တောင်းရမ်းစကား ပြောဆိုခြင်း= ဝစီဝိညတ်ကိုသာ ပယ်ရှားတော်မူခြင်း ဖြစ်သည်။ အရှင်သာရိပုတြာမှာ ဃနာနို့ဆွမ်းကို တောင်းရမ်းသည့် ဝစီဝိညတ်စကားကို ပြောကြားခြင်းမဟုတ်၊ အရှင်မောဂ္ဂလာန်က သိလို၍ မေးမြန်းသည့်အတွက် ရှေးဖြစ်ဟောင်းကို ပြန်လည် မိန့်ဆိုခြင်းမျှသာ ဖြစ်သည်၊ သို့ရာတွင် နှုတ်မြွက်ပြောဆိုခြင်း= ဝစီဝိညတ် ဖြစ်နေရုံကိုပင် နှစ်သက်တော်မမူသဖြင့် ဃနာနို့ဆွမ်းကို လက်မခံပဲ နေတော်မူသည်ဟု သိအပ်၏။

အမ္ဗခါဒက မဟာတိဿမထေရ်ဝတ္ထု

     မြတ်စွာဘုရား လက်ထက်တော်အခါ အရှင်သာရိပုတြာကဲ့သို့သော မထေရ်မြတ်ကို မဆိုထားဘိ၊ သီဟိုဠ်ကျွန်း စိရဂုမ္ဗအရပ်၌ သီတင်းသုံးနေတော်မူသော မဟာတိဿမထေရ်သည် ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုက်ရောက်နေသည့်အခါ ခရီးသွားတော်မူစဉ် ဆွမ်းပြတ်သဖြင့်၎င်း ခရီးပန်းသဖြင့်၎င်း နွမ်းနယ်သော ကိုယ်ရှိကာ အားအင်များစွာ ဆုတ်ယုတ်လျော့ပါး၍ အသီးပြည့်နှက်နေသော သရက်ပင်တပင်၏အရင်း၌ သီတင်းသုံး၍ နေလေ၏။ များစွာသော သရက်သီးတို့သည်လည်း အနီးအပါး ထိုထိုဤဤ ကြွေကျကြကုန်၏။ မထေရ်သည် မည်မျှပင် ဆာလောင်မွတ်သိပ်သော်လည်း ကိုယ်တိုင်ကောက်ယူ သုံးဆောင်ရန် စိတ်ကူးတော်မမူပေ။

     ထိုအခါ လူအိုတယောက်သည် မထေရ်မြတ်အနီးသို့ ရောက်ရှိလာပြီးလျှင် မထေရ်၏ ပင်ပန်းနွမ်းနယ်ခြင်းကိုသိ၍ သရက်သီးတို့ကို အဖျော်ပြုလုပ်ကာ တိုက်ကျွေးပြီးလျှင် မထေရ်ကို မိမိကျောပေါ်မှာတင်၍ မထေရ်ကြွလိုရာအရပ်သို့ ပို့ဆောင်ပေ၏။ မထေရ်သည် “ဤသူကား သင်၏ အဖလည်းမဟုတ်၊

(ပ)

အမိလည်းမဟုတ်၊ ဆွေမျိုးဉာတိလည်း မဟုတ်ပါပဲလျက် ဤကဲ့သို့ ကျောပိုး ဆောင်ယူခြင်းအမှုကို ပြုလုပ်ရှာပေသည်၊ ထိုသို့ ပြုလုပ်ခြင်းမှာ ငါ၏ သီလရှိခြင်းကြောင့်သာ ဖြစ်သည်”ဟု ဆင်ခြင်လျက် မိမိကိုယ်ကို သီလ သမာဓိ မပျက်စေရန် ဆုံးမပြီးလျှင် ကျောပေါ်မှလိုက်ရင်း ဝိပဿနာကိုပွါးများ၍ ထိုကျောပေါ်မှာပင် မဂ်အစဉ်အားဖြင့်တက်ကာ ရဟန္တာအဖြစ်သို့ ရောက်လေ၏။

ဤမထေရ်မြတ်လည်း ပစ္စည်းစားသောက်ဖွယ်တို့၌ မက်မောမှု မပြုသောအရာမှာ စံနမူနာ အတုယူထိုက်သော ပုဂ္ဂိုလ်မြတ်ဖြစ်ပေ၏။

**********

     အာဇီဝပါရိသုဒ္ဓိသီလကို ဝီရိယဖြင့် ပြည့်စုံစေရာသကဲ့သို့ ပစ္စယသန္နိဿိတ သီလကို ပညာဖြင့် ပြည့်စုံစေရာ၏။ မှန်၏.. ပညာရှိသော သူမှသာလျှင် ပစ္စည်းလေးပါးတို့၌ အကျိုးအပြစ်တို့ကို အမှန်အတိုင်း သိမြင်နိုင်သောကြောင့် ထို ပစ္စယသန္နိဿိတသီလသည် ပညာဖြင့် ပြီးစေအပ်သော သီလဖြစ်၏။ သို့ရကား ပစ္စည်းလေးပါးတို့၌ တပ်မက်ခြင်းကို ပယ်ရှားကာ တရားနှင့်အညီ ဖြစ်စေအပ်သော (ရအပ်သော) ပစ္စည်းတို့ကို ဆိုခဲ့ပြီးသော အစီအရင်အတိုင်း ပစ္စဝေက္ခဏာ ဉာဏ်ပညာဖြင့် ဆင်ခြင်၍သာ သုံးဆောင် ပြည့်စုံစေရာ၏။

ဆင်ခြင်ခြင်း (ပစ္စဝေက္ခဏာ) နှစ်မျိုး

     ထိုပစ္စည်းလေးပါးတို့၌ ဆင်ခြင်ခြင်းသည် (၁) ရရှိသောအခါ၌ ဆင်ခြင်ခြင်း၊ (၂) သုံးဆောင်သောအခါ၌ ဆင်ခြင်ခြင်းဟူ၍ နှစ်မျိုးရှိ၏။ ချဲ့ဦးအံ့.. ပစ္စည်းလေးပါးတို့ကို သုံးဆောင်သည့်အခါမှသာ မဟုတ်၊ ရရှိသောအခါ၌လည်း (က) ဓာတုပစ္စဝေက္ခဏာ= ဓာတ်အနေဖြင့် ဆင်ခြင်ခြင်းဖြင့်ဖြစ်စေ (ခ) ပဋိကူလပစ္စဝေက္ခဏာ= စက်ဆုပ်ဖွယ်အနေ ဆင်ခြင်ခြင်းဖြင့်ဖြစ်စေ ဆင်ခြင်ပြီးလျှင် သိမ်းထားရ၏။

     (က) ဓာတုပစ္စဝေက္ခဏာ ဟူသည်ကား.. (ဤသင်္ကန်းသည်) (ဤဆွမ်းသည်) (ဤကျောင်းသည်) (ဤဆေးသည်) အကြေင်းအားလျော်စွာဖြစ်သော အဋ္ဌကလာပ် ဓာတ်အစုမျှသာတည်း၊ (ထိုသင်္ကန်း) (ထိုဆွမ်း) (ထိုကျောင်း) (ထိုဆေး)ကို သုံးဆောင်မည့် ပုဂ္ဂိုလ်သည်လည်း ဓာတ်အစုမျှသာတည်းဟူ၍ ဓာတ်အနေဖြင့် နှလုံးသွင်း ဆင်ခြင်ခြင်းကို ဆိုလိုသည်။

     (ခ) ပဋိကူလပစ္စဝေက္ခဏာ ဟူသည်ကား.. ဆွမ်း၌ အာဟာရေ ပဋိကူလသညာ ကမ္မဋ္ဌာန်းအတိုင်း ဆင်ခြင်ခြင်း၊ “အလုံးစုံသော ဤသင်္ကန်းစသော

(ပါ)

ပစ္စည်းတို့သည် မိမိတို့၏ မူလသဘောအားဖြင့် စက်ဆုပ်ဖွယ် မဟုတ်သော်လည်း ဤကိုယ်ကောင်ပုပ်သို့ ရောက်ကြကုန်သည်ရှိသော် စက်ဆုပ်ဖွယ်စင်စစ် ဖြစ်ကြကုန်၏ဟူ၍ စက်ဆုပ်ဖွယ်အနေဖြင့် နှလုံးသွင်း ဆင်ခြင်ခြင်းကို ဆိုလိုသည်။

(သင်္ကန်း)

သင်္ကန်းခေါ်မှီး၊ ဤပစ္စည်းကား၊ သူ့ချည်းဘာသာ၊ တည်နေပါက၊ ရွံရှာဖွယ်မျိုး၊ မဟုတ်နိုးလည်း၊ ပုပ်သိုးညှီဟောင်၊ ဤကိုယ်ကောင်ဖြင့်၊ သုံးဆောင်သမှု၊ အကြောင်းပြု၍၊ ခုမကြာမော၊ သူ့သဘောတို့၊ လျင်ဆောပျောက်ပြယ်၊ ကင်းစင်ကွယ်သည်၊ ထွီဖွယ်ဖြစ်တော့မည်တကား။

(ဆွမ်း)

ဆွမ်းဟုခေါ်မှီး၊ ဤပစ္စည်းကား၊ သူ့ချည်းဘာသာ၊ တည်နေပါက၊ ရွံရှာဖွယ်မျိုး၊ မဟုတ်နိုးလည်း၊ ပုပ်သိုးညှီဟောင်၊ ဤကိုယ်ကောင်ဖြင့်၊ သုံးဆောင်သမှု၊ အကြောင်းပြု၍၊ ခုမကြာမော၊ သူ့သဘောတို့၊ လျင်ဆောပျောက်ပြယ်၊ ကင်းစင်ကွယ်သည်။ ထွီဖွယ်ဖြစ်တော့မည်တကား။

(ကျောင်း)

ကျောင်းဟုခေါ်မှီး၊ ဤပစ္စည်းကား၊ သူ့ချည်းဘာသာ၊ တည်နေပါက၊ ရွံရှာဖွယ်မျိုး၊ မဟုတ်နိုးလည်း၊ ပုပ်သိုးညှီဟောင်၊ ဤကိုယ်ကောင်ဖြင့်၊ သုံးဆောင်သမှု၊ အကြောင်းပြု၍၊ ခုမကြာမော၊ သူ့သဘောတို့၊ လျင်ဆောပျောက်ပြယ်၊ ကင်းစင်ကွယ်သည်၊ ထွီဖွယ်ဖြစ်တော့မည်တကား။

(ဆေး)

ဆေးဟုခေါ်မှီး၊ ဤပစ္စည်းကား၊ သူ့ချည်းဘာသာ၊ တည်နေပါက၊ ရွံရှာဖွယ်မျိုး၊ မဟုတ်နိုးလည်း၊ ပုပ်သိုးညှီဟောင်၊ ဤကိုယ်ကောင်ဖြင့်၊ သုံးဆောင်သမှု၊ အကြောင်းပြု၍၊ ခုမကြာမော၊ သူ့သဘောတို့၊ လျင်ဆောပျောက်ပြယ်၊ ကင်းစင်ကွယ်သည်။ ထွီဖွယ်ဖြစ်တော့မည်တကား။

(ဆိုလိုရင်း အထူးမှတ်စေလိုရင်းမှာ.. ပစ္စည်းလေးပါးတို့ကို ဆင်ခြင်ခြင်းသည် ရှေးက အကျယ်ပြဆိုခဲ့သည့်အတိုင်း ဆင်ခြင်ခြင်းတည်းဟူသော (၁) မဟာပစ္စဝေက္ခဏာ၊ ယခုပင် ပြဆိုခဲ့သောအတိုင်း ဓာတ်အနေဖြင့် နှလုံးသွင်း ဆင်ခြင်ခြင်းတည်းဟူသော (၂) ဓာတုပစ္စဝေက္ခဏာ၊ စက်ဆုပ်ဖွယ်အနေဖြင့် နှလုံးသွင်း ဆင်ခြင်ခြင်းတည်းဟူသော (၃) ပဋိကူလမနသိကာရ ပစ္စဝေက္ခဏာဟူ၍ ပစ္စဝေက္ခဏာ သုံးမျိုးရှိသည်ကို အထူးသိမှတ်ရာ၏။)

(ပိ)

     ထိုသို့ ပစ္စဝေက္ခဏာတင် ဆင်ခြင်၍ထားအပ်သည့် သင်္ကန်းစသည်တို့ကို သုံးဆောင်သောအခါ၌လည်း ပစ္စဝေက္ခဏာတင် ဆင်ခြင်၍ သုံးဆောင်သော ရဟန်း၏ သုံးဆောင်ခြင်းသည် အစအဆုံး အပြစ်ကင်းသော သုံးဆောင်ခြင်း ဖြစ်ပေ၏။

     သုံးဆောင်သောအခါ ဆင်ခြင်ခြင်း၌ ဤဆိုလတ္တံ့သည်ကား ယုံမှားခြင်းကို ကင်းအောင်ပြုတတ်သည့် အဆုံးအဖြတ်တည်း။ ချဲ့ဦးအံ့.. ပစ္စည်းလေးပါးကို သုံးဆောင်ခြင်းတို့သည်-

(က) ခိုးသည်နှင့်တူသော သုံးဆောင်ခြင်း (ထေယျပရိဘောဂ)၊

(ခ) ကြွေးယူသည်နှင့်တူသော သုံးဆောင်ခြင်း ( ဣဏပရိဘောဂ)၊

(ဂ) အမွေခံသည်နှင့်တူသော သုံးဆောင်ခြင်း (ဒါယဇ္ဇပရိဘောဂ)၊

(ဃ) အစိုးတရ သုံးဆောင်ခြင်း (သာမိပရိဘောဂ)–

အားဖြင့် လေးပါးအပြားရှိ၏။ ထိုလေးပါးတို့တွင်—

     (က) သီလမရှိသောသူ၏ ပစ္စည်းလေးပါးကို သုံးဆောင်ခြင်းသည် သံဃာ့အလယ်မှာနေ၍ သုံးဆောင်စေကာမူ ခိုးသည်နှင့်တူသော သုံးဆောင်ခြင်း (ထေယျပရိဘောဂ)သာ မည်၏။

(သီလရှိသော ပုဂ္ဂိုလ်တို့အတွက်သာ မြတ်စွာဘုရားကလည်း ပစ္စည်းလေးပါးကို သုံးဆောင်ရန် ခွင့်ပြုထားခြင်း ဖြစ်သည်။ ဒါယကာတို့ကလည်း မိမိတို့ကောင်းမှုအတွက် အကျိုးကြီးရန် ရည်သန်၍ သီလရှိသော ပုဂ္ဂိုလ်တို့အားသာ လှူဒါန်းခြင်းဖြစ်သည်။ သို့ရကား ထိုပစ္စည်းလေးပါးတို့သည် သီလမရှိသော (ဒုဿီလ)ပုဂ္ဂိုလ်တို့နှင့် လုံးဝမသက်ဆိုင်၊ ထိုသို့ မသက်ဆိုင်ပါပဲလျက် သုံးဆောင်ခြင်း ဖြစ်သောကြောင့် ဒုဿီလပုဂ္ဂိုလ်၏ သုံးဆောင်ခြင်းသည် ခိုးသည်နှင့်တူသော သုံးဆောင်ခြင်း= ထေယျပရိဘောဂ ဖြစ်သည်ဟု မှတ်ယူအပ်၏။ ။ဝိသုဒ္ဓိမဂ် မဟာဋီကာ။)

     (ခ) သီလရှိသော ပုဂ္ဂိုလ်၏ ပစ္စဝေက္ခဏာမဆင်ခြင်ပဲ သုံးဆောင်ခြင်းသည် ကြွေးယူသည်နှင့်တူသော သုံးဆောင်ခြင်း (ဣဏပရိဘောဂ) မည်၏။ ထို့ကြောင့်- သင်္ကန်းကို ကိုယ်မှခွါ၍ သုံးဆောင်တိုင်း သုံးဆောင်တိုင်း ဆင်ခြင်အပ်၏။ ဆွမ်းကို အလုပ်တိုင်း အလုပ်တိုင်း ဆင်ခြင်အပ်၏၊ ဤသို့မှ မတတ်နိုင်လျှင် နံနက်ခင်းအချိန်မှာဖြစ်စေ ညနေချမ်းအချိန်မှာဖြစ်စေ ညဉ့်ဦးယံအချိန်မှာဖြစ်စေ သန်းခေါင်ယံအချိန်မှာဖြစ်စေ မိုးလင်းခါနီးအချိန်မှာဖြစ်စေ

(ပီ)

ဆင်ခြင်အပ်၏။ ဤသို့မှ မဆင်ခြင်ပဲ အရုဏ်တက်သွားလျှင် ကြွေးယူ၍ သုံးဆောင်သော= ဣဏပရိဘောဂအရာ၌ တည်လေတော့၏။ ကျောင်းကိုလည်း တံစက်မြိတ်အတွင်း ဝင်တိုင်းဝင်တိုင်း ဝင်ပြီးနောက် ထိုင်တိုင်းထိုင်တိုင်း အိပ်တိုင်းအိပ်တိုင်း ဆင်ခြင်အပ်၏။ ဆေးကို အကပ်ခံရာ၌၎င်း သုံးဆောင်ရာ၌၎င်း ဆင်ခြင်အပ်၏၊ သို့ရာတွင် အကပ်ခံစဉ် ဆင်ခြင်၍ သုံးဆောင်သောအခါ မဆင်ခြင်လျှင် အာပတ်သင့်၏၊ အကပ်ခံစဉ် မဆင်ခြင်မိသော်လည်း သုံးဆောင်သောအခါ ဆင်ခြင်လျှင် အာပတ်မှလွတ်၏။

သီလ၏ စင်ကြယ်ခြင်းလေးပါး

     သီလ၏ စင်ကြယ်ခြင်းသည်—

(၁) ဒေသနာကြားသဖြင့် စင်ကြယ်ခြင်း (ဒေသနာသုဒ္ဓိ)၊

(၂) စောင့်စည်းသဖြင့် စင်ကြယ်ခြင်း (သံဝရသုဒ္ဓိ)၊

(၃) ရှာမှီးသဖြင့် စင်ကြယ်ခြင်း (ပရိယေဋ္ဌိသုဒ္ဓိ)၊

(၄) ဆင်ခြင်သဖြင့် စင်ကြယ်ခြင်း (ပစ္စဝေက္ခဏာသုဒ္ဓိ)၊

ဟူ၍ လေးပါးအပြားရှိ၏။ ထိုလေးပါးတို့တွင်-

ပါတိမောက္ခသံဝရသီလသည် သင့်သောအာပတ်ကို ဒေသနာကြားသဖြင့်= အထင်အရှား ဖွင့်ပြောခြင်းဖြင့် စင်ကြယ်၏၊ (ဒေသနာသုဒ္ဓိ။)

ဣန္ဒြိယသံဝရသီလသည် ဣန္ဒြေကို စောင့်စည်းသဖြင့် စင်ကြယ်၏။ “နောက်တဖန် ဤသို့ မပြုလုပ်ပြီ”ဟု စိတ်ကိုဆုံးဖြတ်ကာ စောင့်စည်းခြင်းဖြင့်သာလျှင် စင်ကြယ်သောသီလ ဖြစ်သည်။ (သံဝရသုဒ္ဓိ။)

အာဇီဝပါရိသုဒ္ဓိသီလသည် ရှာမှီးသဖြင့် စင်ကြယ်သော သီလဖြစ်၏။ မအပ်သော ရှာမှီးခြင်းကို ပယ်ရှားပြီးလျှင် တရားနှင့်အညီသာ ပစ္စည်းတို့ကို ဖြစ်စေခြင်းဖြင့် စင်ကြယ်နိုင်၏၊ (ပရိယေဋ္ဌိသုဒ္ဓိ။)

ပစ္စယသန္နိဿိတသီလသည် ဆင်ခြင်သဖြင့် စင်ကြယ်သောသီလ မည်၏။ ထိုသီလသည် ဆိုခဲ့ပြီးသော ဆင်ခြင်နည်းမျိုးဖြင့် ဆင်ခြင်မှသာ စင်ကြယ်နိုင်သည်၊ (ပစ္စဝေက္ခဏာသုဒ္ဓိ။) ထို့ကြောင့် (အကပ်ခံစဉ် မဆင်ခြင်မိသော်လည်း သုံးဆောင်သောအခါ ဆင်ခြင်လျှင် အာပတ်မှ လွတ်၏။)ဟူ၍ မိန့်ဆိုအပ်သည်။

(ပု)

     (ဂ) သေက္ခပုဂ္ဂိုလ်ခုနှစ်ယောက် (အောက်အရိယာ ခုနစ်ပါး)တို့၏ ပစ္စည်းလေးပါးကို သုံးဆောင်ခြင်းသည် အမွေခံသည်နှင့်တူသော သုံးဆောင်ခြင်း= ဒါယဇ္ဇပရိဘောဂ မည်၏။ သေက္ခပုဂ္ဂိုလ် ခုနစ်ယောက်တို့သည် မြတ်စွာဘုရား၏ သားတော်တို့ ဖြစ်ကုန်၏။ ထို့ကြောင့် ဖခင်၏အမွေကို သားခံယူသကဲ့သို့ မြတ်စွာဘုရား ခွင့်ပြုတော်မူအပ်သော ပစ္စည်းလေးပါးတို့ကို အမွေခံဖြစ်၍ သုံးဆောင်ကြရကုန်၏။ ။(ပစ္စည်းလေးပါးတို့ကို ဒါယကာတို့က လှူအပ်သည် မှန်သော်လည်း မြတ်စွာဘုရား ခွင့်ပြုတော်မူအပ်သောကြောင့် မြတ်စွာဘုရား၏ဥစ္စာ ဖြစ်ကုန်၏။)

     (ဃ) ရဟန္တာပုဂ္ဂိုလ်တို့၏ သုံးဆောင်ခြင်းသည် အစိုးတရ သုံးဆောင်ခြင်း= သာမိပရိဘောဂ မည်၏။ ပုထုဇန်နှင့် သေက္ခပုဂ္ဂိုလ်တို့မှာ တဏှာမကင်းကြသေးသဖြင့် ထိုတဏှာ၏အလိုသို့ လိုက်ပါကြရသောကြောင့် ပစ္စည်းတို့ကို သုံးဆောင်ရာ၌ အစိုးတရ မရှိကြချေ။ ရဟန္တာပုဂ္ဂိုလ်မှာကား တဏှာ၏ ကျွန်အဖြစ်မှ စင်စစ် လွတ်မြောက်တော်မူကြသောကြောင့် ပစ္စည်းတို့ကို သုံးဆောင်ရာ၌ အစိုးတရ ရှိကြသည်။ ထို့ကြောင့်ပင် ထိုရဟန္တာအရှင်မြတ်တို့သည် စက်ဆုပ်ဖွယ်သော ပစ္စည်းကိုလည်း စက်ဆုပ်ဖွယ်မဟုတ်သော အခြင်းအရာဖြင့် သုံးဆောင်နိုင်ကုန်၏၊ စက်ဆုပ်ဖွယ် မဟုတ်သည်ကိုလည်း စက်ဆုပ်ဖွယ် အခြင်းအရာဖြင့် သုံးဆောင်နိုင်ကုန်၏၊ ထိုနှစ်ပါးသော အခြင်းအရာကိုလွှတ်၍ အလယ်အလတ် အခြင်းအရာဖြင့်လည်း သုံးဆောင်တော်မူနိုင်ကုန်၏။

ဤသုံးဆောင်ခြင်း လေးမျိုးတို့တွင် အစိုးတရသုံးဆောင်ခြင်း= သာမိပရိဘောဂနှင့် အမွေခံသည်နှင့်တူသော သုံးဆောင်ခြင်း= ဒါယဇ္ဇပရိဘောဂ ဤနှစ်ပါးတို့သည် အလုံးစုံသော ပုဂ္ဂိုလ်တို့အား အပ်၏။ ဤအရာ၌ ပြဆိုခဲ့ပြီးသောအတိုင်း သာမိပရိဘောဂသည် ရဟန္တာအရှင်များနှင့်သာ သက်ဆိုင်သော်လည်း သေက္ခပုဂ္ဂိုလ် ပုထုဇန်ပုဂ္ဂိုလ်တို့ အရသာကိုမမက်မောပဲ အာဟာရေပဋိကူလသညာဖြင့် ရသတဏှာကိုပယ်၍ သုံးဆောင်လျှင် တဏှာ၏ကျွန်အဖြစ်မှ လွတ်မြောက်သည်နှင့် အလားတူ၍ သာမိပရိဘောဂ ရသင့်သည်ဟု ဆိုနိုင်ခွင့်ရှိပေ၏။ ရဟန္တာပုဂ္ဂိုလ်နှင့် ပုထုဇန်ပုဂ္ဂိုလ်တို့လည်း မြတ်စွာဘုရား၏ အမွေခံသားတော်များ ဖြစ်သည်ဟု ဆိုနိုင်ခွင့်ရှိပေ၏။

ကြွေးယူသည်နှင့်တူသော ဣဏပရိဘောဂသည်ကား မအပ်။ ခိုးသည်နှင့်တူသော သုံးဆောင်ခြင်း= ထေယျပရိဘောဂ၌ကား ဆိုဖွယ်ပင်မရှိ၊ ဧကန် မအပ်သည်သာ။ အထူးအားဖြင့် သီလရှိသောပုဂ္ဂိုလ်၏

(ပူ)

ပစ္စဝေက္ခဏာတင်၍ သုံးဆောင်ခြင်းသည် ဣဏပရိဘောဂ၏ ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ကြွေးမတင်သော သုံးဆောင်ခြင်း= အာဏဏျပရိဘောဂမည်၏။ တနည်းအားဖြင့် သီလရှိသော ပုထုဇန်ပုဂ္ဂိုလ်ကို ဤပစ္စဝေက္ခဏာတင် ဆင်ခြင်၍ သုံးဆောင်ခြင်းတည်းဟူသော သီလသိက္ခာနှင့် ပြည့်စုံသောကြောင့် သေက္ခအရိယာပုဂ္ဂိုလ်၌ ထည့်သွင်းရေတွက်နိုင်သောကြောင့် ထိုသီလရှိသော ပုထုဇန်ပုဂ္ဂိုလ်၏ ပစ္စဝေက္ခဏာတင် ဆင်ခြင်၍ သုံးဆောင်ခြင်းသည် အမွေခံသည်နှင့်တူသော ဒါယဇ္ဇပရိဘောဂပင် မည်ပေ၏။

ဤသုံးဆောင်ခြင်း လေးပါးတို့တွင် သာမိပရိဘောဂသည် အမြတ်ဆုံးဖြစ်သောကြောင့် ထိုသာမိပရိဘောဂကို တောင့်တလင့်ဆို အလိုရှိသော ရဟန်းသည် ဆိုအပ်ပြီးသည့် နည်းအတိုင်း ပစ္စည်းလေးပါးတို့ကို ပစ္စဝေက္ခဏာတင် ဆင်ခြင် သုံးဆောင်သဖြင့် ပစ္စယသန္နိဿိတသီလကို ပြည့်စုံစေရာ၏။

ဤတွင် လေးပါးတွဲသီလစု ပြီး၏။

**********

ငါးပါးတွဲ သီလစု

     တနည်းကား-

(၁) ပရိယန္တပါရိသုဒ္ဓိသီလ၊

(၂) အပရိယန္တပါရိသုဒ္ဓိသီလ၊

(၃) ပရိပုဏ္ဏပါရိသုဒ္ဓိသီလ၊

(၄) အပရာမဋ္ဌပါရိသုဒ္ဓိသီလ၊

(၅) ပဋိပ္ပဿဒ္ဓိပါရိသုဒ္ဓိသီလ-

အားဖြင့် ငါးပါးအပြားရှိ၏၊ ထိုငါးပါးတို့တွင်-

     လူသာမဏေတို့၏ သီလသည် အရေအတွက်အားဖြင့် အပိုင်းအခြားရှိ၍ စင်ကြယ်စေအပ်သော သီလဖြစ်သောကြောင့် ပရိယန္တပါရိသုဒ္ဓိသီလ မည်၏။

ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ ဤပရိယန္တပါရိသုဒ္ဓိသီလ၏ အရေအတွက် အပိုင်းအခြားရှိပုံကို အကျယ်ဖွင့်ပြတော်မမူ၊ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ၌ကား ရှေးကလည်း ပြခဲ့သောအတိုင်း ပိုင်းခြားခြင်း ပရိယန္တသည်..

(ပေ)

(က) သိက္ခာပုဒ်အပိုင်းအခြား= သိက္ခာပဒပရိယန္တ၊ (ခ) ကာလအပိုင်းအခြား= ကာလပရိယန္တဟူ၍ နှစ်မျိုးရှိ၏။ ထိုတွင် (က) သိက္ခာပုဒ် အပိုင်းအခြားဟူသည် ဥပါသကာယောက်ျား ဥပါသိကာမိန်းမတို့သည် အလိုရှိရာ ဆောက်တည်ရိုးအစဉ်အတိုင်း သိက္ခာပုဒ်တပါး နှစ်ပါး သုံးပါး လေးပါး ငါးပါး ရှစ်ပါး ဆယ်ပါးတို့ကို စောင့်ထိန်းကြကုန်၏။ (အလိုရှိသလောက် တတ်နိုင်သလောက် သိက္ခာပုဒ်ကို ပိုင်းခြား၍ ဆောက်တည်ကြသည် ဟူလို။) သိက္ခမာန် သာမဏေယောက်ျား သာမဏေမိန်းမတို့သည် သိက္ခာပုဒ်ဆယ်ပါးကို ဆောက်တည် ကျင့်သုံးကြကုန်၏။ ဤကား သိက္ခာပုဒ် အပိုင်းအခြားတည်း။

(ခ) ကာလအပိုင်းအခြားမှာ.. ဥပါသကာယောက်ျား ဥပါသိကာ မိန်းမတို့သည် အလှူလှူဒါန်းသည့်အခါ မိမိ ကျွေးမွေးလှူဒါန်းသည့် အချိန်အတွင်း ပိုင်းခြား၍ သီလကို ဆောက်တည်ကြကုန်၏။ ကျောင်းသို့ သွားရောက်ကြသောအခါ ကျောင်းမှမပြန်မီအတွင်း သီလကို ဆောက်တည်ကြကုန်၏။ တရက်ဖြစ်စေ နှစ်ရက်ဖြစ်စေ သုံးရက်ဖြစ်စေ ထို့ထက်အလွန်ဖြစ်စေ နေ့ညဉ့်တို့ကို ပိုင်းခြား၍ ဆောက်တည်ကြကုန်၏။ ဤကား ကာလအပိုင်းအခြားတည်းဟူ၍ ဖွင့်ပြတော်မူသည်။

     ရဟန်းတို့၏ ဥဘတောဝိဘင်း ပါဠိတော်၏ အကျဉ်းချုပ် ဒွေမာတိကာလာ သိက္ခာပုဒ် (၂၂၇) နှစ်ရာနှစ်ဆယ်ခုနစ်ပါး၊ အကျယ်အားဖြင့် သိက္ခာပုဒ်ပေါင်း ကုဋေကိုးထောင် တရာ့ရှစ်ဆယ်နှင့် ငါးသန်း သုံးသောင်း ခြောက်ထောင်ကုန်သော စောင့်ရှောက်ဖွယ် ဝိနည်းကျင့်ဝတ်တို့ကို မြတ်စွာဘုရား ဟောကြားတော်မူ၍ သံဂါယနာတင် အရှင်မြတ်တို့ကလည်း အကျဉ်းချုပ်၍ ပြဆိုတော်မူကြကုန်၏၊ ဤသိက္ခာပုဒ် သီလအပေါင်းသည် အပရိယန္တပါရိသုဒ္ဓိသီလ မည်၏။

ဤ၌ အရေအတွက် အပိုင်းအခြား ရှိသော်လည်း ရဟန်းများမှာ အပိုင်းအခြား အကြွင်းအကျန်မထားပဲ ဆောက်တည် ကျင့်သုံးရသည်ကို၎င်း၊ လာဘ်ကြောင့် ပျက်စီးခြင်း၊ အကျော်အစောဂုဏ်ကြောင့် ပျက်စီးခြင်း၊ ဆွေမျိုးကြောင့် ပျက်စီးခြင်း၊ ကိုယ်အင်္ဂါကြောင့် ပျက်စီးခြင်း၊ အသက်ကြောင့် ပျက်စီးခြင်း ဤငါးပါးဖြင့် ပျက်စီးရမည့် အပိုင်းအခြားကို မမြင်ရသည်ကို၎င်း အစွဲပြု၍ အပရိယန္တပါရိသုဒ္ဓိသီလဟူ၍ ခေါ်ဝေါ်အပ်၏။ ဤသီလကား ရှေးကပြခဲ့ပြီးသော စိရဂုမ္ဗအရပ်၌ သီတင်းသုံးနေတော်မူသည့် သရက်သီးစားကာ ရဟန္တာဖြစ်သော မဟာတိဿမထေရ်၏ သီလမျိုးဖြစ်၏။ ဤမထေရ်သည်

(ပဲ)

သရက်ပင်အောက်၌ တိမ်းလဲကာ အလွန်တရာ ဆာလောင်မွတ်သိပ်လှသော်လည်း အသက်သေမည်ကို ပမာဏမထားပဲ သီလကိုသာ စောင့်ထိန်းတော်မူသည်။

     ကလျာဏပုထုဇန်ပုဂ္ဂိုလ်တို့၏ အပြည့်အစုံ စင်ကြယ်စေအပ်သော သီလသည် ပရိပုဏ္ဏပါရိသုဒ္ဓိသီလမည်၏။ ထိုကလျာဏပုထုဇန် ပုဂ္ဂိုလ်တို့၏ သီလသည် ရဟန်းဖြစ်သည်မှစ၍ ကောင်းစွာ သွေးထားအပ်သည့် အရောင်တလက်လက် တောက်ပသော ပတ္တမြားကဲ့သို့၎င်း၊ ကောင်းစွာပြုပြင် စီမံထားအပ်သည့် ရွှေစင်ကဲ့သို့၎င်း အလွန်စင်ကြယ်သောကြောင့် စိတ်ကူးရုံမျှဖြစ်သော ကိလေသာ အညစ်အကြေးတို့မှသော်လည်း ကင်းစင်ကာ အရဟတ္တဖိုလ်၏ နီးစွာသောအကြောင်း ဖြစ်၏။ ထို့ကြောင့် ထိုသို့ ပြည့်စုံစေအပ်သော ကလျာဏပုထုဇန် ပုဂ္ဂိုလ်တို့၏ သီလကို ပရိပုဏ္ဏပါရိသုဒ္ဓိသီလဟု ခေါ်ဆိုအပ်၏၊ မဟာသံဃရက္ခိတမထေရ်နှင့် တူတော်ဖြစ်သော သံဃရက္ခိတမထေရ်တို့၏ သီလများကဲ့သို့တည်း။

မဟာသံဃရက္ခိတမထေရ်အကြောင်း

     ထို မဟာသံဃရက္ခိတမထေရ်ကို ဝါတော်ခြောက်ဆယ် (သက်တော်ရှစ်ဆယ်)လွန်၍ သေမည့်ညောင်စောင်း၌ လျောင်းစက်၍နေစဉ် ရဟန်းသံဃာများက “အရှင်ဘုရားသည် လောကုတ္တရာတရားထူးကို ရပြီးပါပြီလော”ဟု မေးမြန်းသည်တွင် မထေရ်မြတ်က “ငါ့မှာ ရပြီးသော လောကုတ္တရာတရားဟူ၍ မရှိသေးပါ”ဟု ပြောဆိုလေသည်။ ထိုအခါ မထေရ်မြတ်၏ အပြုအစု အလုပ်အကျွေးဖြစ်သော ရဟန်းငယ်က.. “အရှင်ဘုရား.. အရှင်တို့သည် ပရိနိဗ္ဗာန် စံလွန်တော်မူသွားကြကုန်ပြီ”ဟူ၍ ထက်ဝန်းကျင် တဆယ့်နှစ်ယူဇနာအတွင်း၌ နေကြသောလူအများတို့ လာရောက် စည်းဝေးကြပါကုန်ပြီ၊ အရှင်ဘုရားတို့၏ ပုထုဇန်အဖြစ်ဖြင့် သေလွန်သွားသည်ကို သိကြလျှင် လူအများမှာ စိတ်မချမ်းမသာ ဖြစ်ကြရတော့မည်”ဟု လျှောက်ထား လေ၏။

     ထိုအခါ မထေရ်မြတ်က.. “ငါ့ရှင်.. ငါသည် “မေတ္တေယျမြတ်စွာဘုရားကို ဖူးမျှော်ဦးအံ့”ဟု အောက်မေ့ကာ ဝိပဿနာတရားကို အားမထုတ်ပဲ နေခဲ့သည်။ လူအများ ဤကဲ့သို့ စိတ်မချမ်းမသာ ဖြစ်ကြမည်ဆိုလျှင် ငါ့ကို ထူမပေး၍ တရားနှလုံးသွင်းရန် ခွင့်ပြုပါလော့”ဟူ၍ အမိန့်ရှိ၏။ ရဟန်းငယ်က မထေရ်ကို ထူမပေးပြီးလျှင် အပြင်သို့ ထွက်သွားလေသည်။ မထေရ်သည် ထိုရဟန်းငယ် အပြင်သို့ထွက်သွားသည်နှင့် တပြိုင်နက် ရဟန္တာအဖြစ်သို့ရောက်၍ လက်ဖြောက်တီးကာ အချက်ပေးလေ၏။ ထိုအခါ ရဟန်းငယ် ပြန်လာပြီး မထေရ်မြတ်ကို လျောင်းမြဲတိုင်း လျောင်းစေပြီးမှ ဤအကြောင်းကို ရဟန်းငယ်မှတဆင့် ပြောကြားသဖြင့် သံဃာတော်များ သိရှိ စည်းဝေးပြီးလျှင်

(ပေါ)

“အရှင်ဘုရား.. ဤမျှလောက် သေဖို့ရန် နီးကပ်နေသော အချိန်အခါမှာ လောကုတ္တရာတရားကို ဖြစ်စေနိုင်ခြင်းသည် အလွန်တရာ ပြုဖို့ရန် ခဲယဉ်းသည်ကို ပြုတော်မူကြခြင်း ဖြစ်ပါသည်”ဟု လျှောက်ထားကြ၏။ ထိုအခါ မထေရ်မြတ်က.. “ငါ့ရှင်တို့.. ဤသို့ သေခါနီးဆဲဆဲမှာ လောကုတ္တရာတရားကို ဖြစ်စေခြင်းမှာ ငါ့အဖို့ ခဲယဉ်းသည်မဟုတ်ပါ။ စင်စစ် ငါ့ရှင်တို့အား ခဲယဉ်းသောအမှုကို ပြောကြားပေအံ့၊ ငါ့ရှင်တို့ ငါသည် ရဟန်းဖြစ်သောကာလမှစ၍ သတိမထားမိကာ ဉာဏ်ပညာမပါပဲ ပြုလုပ်မိသောအမှုကို ငါမမြင်၊ ဤသို့ ပြုလုပ်သော ကိစ္စအဝဝတို့၌ သတိပညာ လက်မလွတ်ခြင်းကသာလျှင် သာလွန်၍ ခဲယဉ်းလှပေသည်”ဟု မိန့်တော်မူလေ၏။

     ထိုသံဃရက္ခိတမထေရ်၏ တူဖြစ်သော ဘာဂိနေယျသံဃရက္ခိတ မယေရ်မြတ်သည်လည်း ဝါတော်ငါးဆယ်မြောက် ရောက်ရှိသောအခါ ဦးရီးတော်အတူ ရဟန္တာအဖြစ်သို့ ရောက်ဘူးလေပြီ။

     သေက္ခအရိယာပုဂ္ဂိုလ်တို့၏ ဒိဋ္ဌိဖြင့် မသုံးသပ်အပ်သော သီလ၊ ပုထုဇန်ပုဂ္ဂိုလ်တို့၏ ရာဂဖြင့် မသုံးသပ်အပ်သော သီလ ဤသီလများသည် အပရာမဋ္ဌပါရိသုဒ္ဓိသီလ မည်၏။ သူကြွယ်သားဖြစ်သော တိဿမထေရ်၏ သီလမျိုးပင်တည်း။

သူကြွယ်သား တိဿမထေရ်အကြောင်း

သီဟိုဠ်ကျွန်းတွင် သူကြွယ်တဦး၌ သားနှစ်ယောက်တို့ရှိရာ မိဖတို့ ကွယ်လွန်သောအခါ သားအကြီးဖြစ်သူ တိဿလုင်က “မိဖတို့၏ အမွေအနှစ်ဟူသမျှကို ညီငယ်အား အလုံးစုံ အပ်နှင်းပေးခဲ့ပြီး မိမိမူကား ရဟန်းပြု၍ တောကျောင်းတခုမှာ တရားအားထုတ် နေထိုင်တော်မူ၏။

ထိုအခါ ညီ၏မယား (ခယ်မ)ဖြစ်သူက “ယခု ငါတို့မှာ ခဲအိုဖြစ်သူ ရဟန်းပြုသောကြောင့်သာ ဤအမွေပစ္စည်းတို့ကို အလုံးစုံ ပိုင်ဆိုင်နေသည်။ အကယ်၍ ခဲအိုဖြစ်သူသည် လူထွက်လာပါမူ ဤပစ္စည်းတို့ကို ထက်ဝက်ခွဲ၍ ပေးရမည်။ သူ လူထွက်မည် မထွက်မည်ကိုလည်း မသိနိုင်၊ သူသေမှသာ စိတ်အေးချမ်းသာရမည်”ဟု ကြံစည်စိတ်ကူးကာ လူဆိုးတို့အား ပစ္စည်းဥစ္စာ ပေးကမ်းပြီးလျှင် မထေရ်ကို အသတ်ခိုင်းလေ၏။

လူဆိုးများသည် တောကျောင်းသို့ လာရောက်ပြီးလျှင် ညဉ့်ဦးယံအခါ မထေရ်ကို ဝိုင်းဝန်းဖမ်းဆီးကြကုန်၏။ သူကြွယ်သား တိဿမထေရ်က “ငါ့မှာ သင်တို့လိုချင်ဖွယ်ရာ ပစ္စည်းတစုံတရာမျှ မရှိ”ဟူ၍ ပြောကြားသောအခါ “ပစ္စည်းကိုလို၍ ကျွန်ုပ်တို့ လာသည်မဟုတ်။ အရှင်ဘုရားကိုသတ်ရန်

(ပေါ်)

(ခယ်မ၏ စေခိုင်းချက်ကြောင့်) လာရခြင်း ဖြစ်သည်”ဟု ပြောကြားသည်တွင် တိဿမထေရ်က “ငါ၌ စင်ကြယ်သော သီလကား ရှိပေ၏၊ အရဟတ္တဖိုလ်ကိုကား မရသေးပေ။ ဤသီလကို အမှီပြုကာ အရဟတ္တဖိုလ်၌ တည်လိုသည့်အတွက် နံနက် အရုဏ်တက်ရုံအတွင်း ငါ့အား တရားအားထုတ်ခွင့် ပေးကြပါ”ဟု ပြောဆိုလေလျှင် လူဆိုးများက “ဤသို့ ခွင့်မပေးနိုင်ပါ၊ ညဉ့်အခါတွင် အရှင်ဘုရား ထွက်ပြေးသွားပါက တဖန် လိုက်လံဖမ်းဆီးရန် ဒုက္ခဖြစ်ရပေလိမ့်ဦးမည်၊ သို့ဖြစ်၍ အခွင့်မပြုနိုင်”ဟု ငြင်းပယ်ကြသောအခါ “ငါမပြေးနိုင်ကြောင်းကို သင်တို့အား အထင်အရှား သိပါစေမည်”ဟု အမိန့်ရှိကာ ကြီးစွာသော ကျောက်ခဲကိုယူ၍ ဒူးနှစ်ဖက်ကို ကိုယ်တိုင် ထုနှက်တော်မူ၏။

ဒူးနှစ်ဖက်လုံး သွန်သွန်ကျိုးသောအခါ “သင်တို့မြင်ကြပြီ မဟုတ်လော၊ ငါသည် မည်သည့်နည်းနှင့်မျှ ထွက်မပြေးနိုင်တော့ပေ။ ငါသည် ရာဂမကင်းပဲ ပုထုဇန်အဖြစ်ဖြင့် သေရမည်ကို စက်ဆုပ်လှပေ၏၊ ရှက်လှပေ၏”ဟူ၍ အမိန့်ရှိမှ လူဆိုးတို့က ခွင့်ပေးသဖြင့် ထိုသို့သဘောရှိသည့် ရာဂဖြင့် မသုံးသပ်အပ်သော မိမိ၏သီလကို အမှီပြုကာ တညဉ့်လုံး ရဟန်းတရား အားထုတ်သဖြင့် အရုဏ်တက်သောအခါ အရဟတ္ထဖိုလ်သို့ ရောက်တော်မူသည်။

မဟာထေရ်ကြီးတပါးအကြောင်း

မထင်ရှားသော မဟာထေရ်ကြီးတပါးသည် အပြင်းအထန် မကျန်းမာ၍ မိမိလက်ဖြင့်ပင် အစာအာဟာရကို မစားနိုင်တော့ပဲ မိမိ၏ ကျင်ငယ်ကျင်ကြီး၌ လူးလည်းတိမ်းလဲ နေလေ၏။ ထိုမထေရ်ကြီးကို ရဟန်းငယ်တပါးကမြင်၍ “ဩ.. ဇီဝိတသင်္ခါရတရားတို့ကား ဆင်းရဲစွာ့တကား”ဟု ပြောကြားလေသော် မာထေရ်ကြီးက “ငါ့ရှင်.. ငါသည် ယခုသေလျှင် နတ်ပြည်စည်းစိမ်ကို ရပေလိမ့်မည်။ ဤနတ်စည်းစိမ်ကို ရခြင်း၌ ငါ့အား ယုံမှားသံသယ လုံးဝမရှိပါ၊ သို့သော်လည်း ဤသီလကိုဖျက်၍ (ရဟန္တာမဖြစ်ပဲ သေလျှင် သီလပျက်သည်ကို ဆိုလိုသည်) ရရှိသော စည်းစိမ်မည်သည်မှာ သိက္ခာချ၍ လူထွက်ရသည်နှင့် တူလှဘိ၏ဟု မိန့်ဆိုတော်မူပြီးလျှင် သီလနှင့်တကွပင် သေအံ့ (ရဟန္တာဖြစ်ပြီးမှ သေပေအံ့”ဟု မိန့်ဆို၍ ထိုနေရာမှာပင် လျောင်းလျက် ထိုရောဂါကို အဦးမူကာ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို သုံးသပ် ဆင်ခြင်တော်မူသဖြင့် အရဟတ္တဖိုလ်သို့ ရောက်တော်မူလေသည်။

(ဤမထေရ်မြတ်တို့၏ သီလကား အပရာမဋ္ဌသီလ ဖြစ်သည်။)

(ပံ)

     ရဟန္တာပုဂ္ဂိုလ် စသည်တို့၏ သီလသည် အလုံးစုံသော ကိလေသာ အပူအပင်ဟူသမျှ ငြိမ်းချမ်းခြင်းဖြင့် စင်ကြယ်သည်၏ အဖြစ်ကြောင့် ပဋိပ္ပဿဒ္ဓိပါရိသုဒ္ဓိသီလ မည်၏။ ဤသို့လျှင် သီလသည် ပရိယန္တပါရိသုဒ္ဓိသီလ စသည်တို့၏ အစွမ်းအားဖြင့် ငါးပါး အပြားရှိ၏။

တနည်းကား..

(၁) ပဟာနသီလ၊

(၂) ဝေရမဏိသီလ၊

(၃) စေတနာသီလ၊

(၄) သံဝရသီလ၊

(၅) အဝီတိက္ကမသီလ-

အားဖြင့် ငါးပါးအပြားရှိ၏။ ထိုငါးပါးတို့တွင်-

     ပါဏာတိပါတ စသည်ကို ပယ်ရှားခြင်းသည် ပဟာနသီလမည်၏။ (ဤအရာ၌ ပါဏာတိပါတ စသည်-ဟူသော စကားဖြင့် အဒိန္နာဒါန် ကာမေသုမိစ္ဆာစာရစသော ဒုစရိုက်မှုတို့ကိုသာ ယူရသည်မဟုတ်၊ အဆင့်ဆင့်သော ကုသိုလ်တရားတို့ဖြင့် ပယ်ရှားသင့်သော အရာဟူသမျှကို ပယ်ရှားခြင်းသည် ပဟာနသီလ မည်၏ဟူ၍ အကျဉ်းချုပ်အားဖြင့် မှတ်ယူအပ်၏။ (ပါဠိလို) ပဟာန (မြန်မာလို) ပယ်ခြင်းဟူသည်မှာ ဆိုင်ရာဆိုင်ရာ ပယ်ရှားဖွယ်များကို ပယ်ရှားသော အခြင်းအရာဖြင့်ဖြစ်သော ကုသိုလ်စိတ် စေတသိက်စုပင် ဖြစ်သည်။)

     ပါဏာတိပါတစသော ရှောင်ကြဉ်ဖွယ်မှုတို့ကို ရှောင်ကြဉ်ခြင်း ဝိရတီစေတသိက် ပြဋ္ဌာန်းသည့် ကုသိုလ်စိတ် စေတသိက်စုသည် ဝေရမဏိသီလ မည်၏။

     ပါဏာတိပါတ စသည်တို့ကို ပယ်ရှားရှောင်ကြဉ်မှုနှင့် စိတ်ကို တွဲစပ်စွဲမြဲစေသော စေတနာတရားသည် စေတနာသီလ မည်၏။

     ပယ်ရှား ရှောင်ကြဉ်အပ်သော ပါဏာတိပါတစသော အမှုတို့ကို စိတ်ထဲသို့ မဝင်ရောက်နိုင်အောင် တားဆီးပိတ်ပင်သောအားဖြင့်ဖြစ်သော သတိစေတသိက်ပြဋ္ဌာန်းသည့် ကုသိုလ်စိတ် စေတသိက်စုသည် သံဝရသီလ မည်၏။

     ပယ်ရှား ရှောင်ကြဉ်အပ်သော ပါဏာတိပါတစသော အမှုတို့ကို မလွန်ကျူးသောအားဖြင့်ဖြစ်သော ကုသိုလ်စိတ် စေတသိက် တရားအစုသည် အဝီတိက္ကမသီလ မည်၏။

(ပါး)

(ဤပဟာနသီလစသော သီလငါးမျိုးမှာ အခြားသီလများကဲ့သို့ အသီးသီး တခြားစီ ဖြစ်ပွါးကြသော သီလများ မဟုတ်ကုန်၊ ပါဏာတိပါတ စသည်ကို ပြုခြင်းမှ ရှောင်ကြဉ်လိုက်လျှင်ပင် ပဟာနသီလစသော ငါးမျိုးလုံး ပါဝင်ဖြစ်ပေါ်နိုင်သည်။)

ငါးပါးတွဲ သီလစု ပြီး၏။

သီလအပြားကို ပြဆိုချက် ပြီး၏။

**********

သီလညစ်ညူးကြောင်းနှင့် ဖြူစင်ကြောင်း

(၆) သီလ၏ ညစ်ညူးကြောင်းတရားကား အဘယ်နည်း၊

(၇) သီလ၏ ဖြူစင်ကြောင်းတရား အဘယ်နည်း၊-

ဟူသော ဤအမေးစကား၌ သီလ၏ ညစ်ညူးကြောင်းတရားနှင့် ဖြူစင်ကြောင်း တရားတို့မှာ တွဲစပ်၍ ပြဆိုသင့်သော အရာစုဖြစ်သည်။

     ညစ်ညူးကြောင်း တရားဟူသည် သီလ၏ ပြတ်ခြင်း ပေါက်ခြင်းစသော သဘောစုဖြစ်၍၊ ဤမှ ပြန်သောအားဖြင့် သီလ၏ မပြတ်ခြင်း မပေါက်ခြင်း စသည်တို့သည် သီလ၏ ဖြူစင်ကြောင်း ဖြစ်ကုန်၏။

     သီလ၏ ပြတ်ခြင်း ပေါက်ခြင်း စသည်သည် လာဘ်လာဘ အရှိန်အဝါ အကျော်အစော စသည်လျှင် အကြောင်းရင်းရှိသော ပျက်စီးခြင်းဖြင့်၎င်း၊ မေထုနသံယောဂတရား ခုနစ်ပါးဖြင့်၎င်း ဖြစ်ပေ၏။ ချဲ့ဦးအံ့..

     အကြင်ရဟန်း၏ သီလသိက္ခာပုဒ်ဆိုင်ရာ အာပတ်ခုနစ်ပုံ ရှိသည့်အနက် လာဘ်ကိုလိုချင်ခြင်း အကျော်အစော ဂုဏ်ကိုလိုချင်ခြင်း စသည်တို့ကြောင့် အစဖြစ်သော အာပတ်အစု၌ဖြစ်စေ, အဆုံးဖြစ်သော အာပတ်အစု၌ဖြစ်စေ သိက္ခာပုဒ် ပျက်စီးငြားအံ့၊ ထိုရဟန်း၏ သီလသည် အစွန်းအနား၌ပြတ်သော အဝတ်ကဲ့သို့ ပြတ်သည် ကျိုးသည် မည်၏။

     အကြင်ရဟန်း၏ သီလသည် အလယ်ဖြစ်သော အာပတ်အစု၌ ပျက်စီးငြားအံ့၊ ထိုရဟန်း၏ သီလသည် အလယ်၌ပေါက်သော အဝတ်ကဲ့သို့ ပေါက်သည်မည်၏။

     အကြင်ရဟန်း၏ သီလသည် အစဉ်အတိုင်း သိက္ခာပုဒ် နှစ်ပါးသုံးပါး ပျက်စီးငြားအံ့၊ ထိုရဟန်း၏ သီလသည် ကျော၌ဖြစ်စေ ဝမ်း၌ဖြစ်စေ အညိုအနီစသော ကျားသော အဆင်းရှိသော နွားကဲ့သို့ ကျားသော သီလမည်၏။

(ဖ)

     အကြင်ရဟန်း၏ သီလသည် သိက္ခာပုဒ်တခုကျော် စသည်ဖြင့် ပျက်စီးငြားအံ့၊ ထိုရဟန်း၏ သီလသည် အကြားအကြား၌ မတူသောအဆင်းဖြင့် အပြောက်ဆန်းကြယ်သော နွားကဲ့သို့ ပြောက်သော သီလမည်၏။

(လူတို့သီလ ရဟန်းတို့သီလ နှစ်မျိုးလုံးမှာပင် အစ၌ဖြစ်စေ အဆုံး၌ဖြစ်စေ သိက္ခာပုဒ်တခုစီ ပျက်စီးလျှင် ကျိုးသည် ပြတ်သည် မည်၏။ အလယ်၌ သိက္ခာပုဒ် ပျက်စီးလျှင် ပေါက်သည်မည်၏။ အစမှာဖြစ်စေ အလယ်မှာဖြစ်စေ အဆုံးမှာဖြစ်စေ သိက္ခာပုဒ် နှစ်မျိုးသုံးမျိုး ဆက်၍ပျက်စီးလျှင် ကျားသည်မည်၏။ သိက္ခာပုဒ် တခုကျော် စသည်ဖြင့် အကြားအကြားမှာ အနှံ့အပြား သိက္ခာပုဒ်ပျက်စီးလျှင် ပြောက်သည် မည်၏ဟု ဆိုလိုသည်။)

     ဤသို့လျှင် လာဘ်စသည်လျှင် အကြောင်းရင်းရှိသော ပျက်စီးခြင်းဖြင့် သီလ၏ ကျိုးပြတ်ခြင်း ပေါက်ခြင်း ကျားခြင်း ပြောက်ခြင်းများသည် သီလ၏ ညစ်ညူးခြင်းပင် ဖြစ်၏။

     ပြဆိုပြီးသည့် ကျိုးပြတ်ခြင်း ပေါက်ခြင်း ကျားခြင်း ပြောက်ခြင်းတို့ မရှိစေကာမူ မေထုန်နှင့်စပ်သော အမှုခုနစ်ပါးကြောင့်လည်း သီလညစ်ညူးခြင်း ဖြစ်နိုင်သည်။

     မေထုန်နှင့်စပ်သော တရားခုနှစ်ပါး၏ သရုပ်ကို အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ ၅-မဟာယညဝဂ်၊ ၇-ဇာဏုသောဏိသုတ်၌ မြတ်စွာဘုရား အကျယ် ဟောတော်မူသည်ကို အကျဉ်းချုပ် ဖော်ပြပေအံ့..၊

     (၁) ရဟန်း ပုဏ္ဏား မြတ်သောအကျင့်ကို ကျင့်သသူဟု ဝန်ခံလျက် မာတုဂါမနှင့် နှစ်ဦးစပ်ရှက်မှုကို မပြုသော်လည်း မာတုဂါမက မိမိကိုယ်ပေါ်မှာ မှီလာသည်ကို သာယာခြင်း နင်းနှိပ်ပေးသည်ကို သာယာခြင်း ရေချိုးပေးသည်ကို သာယာခြင်း ဆုပ်နယ်ပေးသည်ကို သာယာခြင်း၊ (မာတုဂါမ၏ ကိုယ်ထိလက်ရောက် ပြုစုမှုများကို သာယာခြင်း။)

     (၂) မာတုဂါမနှင့် နှစ်ဦးစပ်ရှက်မှုကို မပြု၊ မာတုဂါမ၏ ကိုယ်ထိလက်ရောက် ပြုစုသည်တို့ကို မသာယာသော်လည်း မာတုဂါမနှင့်အတူ ပြင်းစွာရယ်မော တသောသောနေရသည်ကို သာယာခြင်း၊

     (၃) ထိုသို့မဟုတ်ပဲ မာတုဂါမနှင့် မျက်စိချင်းဆိုင်ပြိုင်၍ ကြည့်နေရသည်ကို သာယာခြင်း၊

(ဖာ)

     (၄) ထိုသို့မဟုတ်ပဲ နံရံတဖက် တံတိုင်းတဖက် စသည်မှ မာတုဂါမ၏ ရယ်ရွှင်သံ စကားပြောသံ သီချင်းဆိုသံ ငိုကြွေးသံတို့ကို စူးစိုက်နားထောင် သာယာခြင်း၊

     (၅) ထိုသို့မဟုတ်ပဲ ရှေးက မာတုဂါမနှင့်အတူ ရယ်ရွှင်ပြောကြား ကစားခဲ့ဘူးသည်များကို အဖန်ဖန် အောက်မေ့သာယာခြင်း၊

     (၆) ထိုသို့မဟုတ်ပဲ ကာမဂုဏ်ငါးပါးတို့နှင့် လက်ရှိပြည့်စုံ၍ အလုပ်အကျွေးတို့က ပြုဖွယ်ကိစ္စ အဝဝတို့ကို ဝိုင်းဝန်းကာ ပြုစုလုပ်ကျွေး၍နေရသော သူကြွယ်ကိုဖြစ်စေ သူကြွယ်သားကိုဖြစ်စေ မြင်ရ၍ ထိုအဖြစ်ကို သာယာတပ်မက်ခြင်း၊

     (၇) ထိုသို့မဟုတ်ပဲ အမှတ်မရှိသော နတ်အဖြစ်ကို တောင့်တကာ မြတ်သောအကျင့်ကို ကျင့်လျက် “ငါသည် ဤသီလ ဤအကျင့် ဤအားထုတ်မှု ဤမြတ်သောအကျင့်ဖြင့် နတ်မင်းကြီး ဖြစ်ရပါလို၏၊ (သို့မဟုတ်) အမှတ်မထင် နတ်တဦးဦး ဖြစ်ရပါလို၏”ဟု တောင့်တလျက် ထိုသို့ဖြစ်ရမည့် နတ်အဖြစ်ကို သာယာ တပ်မက်ခြင်း၊

     ဤကား မေထုနသံယောဂ= (မေထုန်နှင့်စပ်သောအမှု) ခုနစ်ပါးတည်း။ ထိုခုနစ်ပါးတို့တွင်.. (၁) ပဌမမှာ မာတုဂါမနှင့် နှစ်ဦးစပ်ရှက်မှု မပြုသော်လည်း မာတုဂါမကလာ၍ မှီခြင်းစသည်ဖြင့် ကိုယ်ချင်းထိပါးမှုစသော ကာယကံမှုကို သာယာခြင်းဖြစ်၍ မေထုန်မှုနှင့် စပ်ယှဉ်သောအရာ ဖြစ်၏။

     (၂) ဒုတိယမှာ ကိုယ်ချင်းထိပါးမှု ကာယကံမပြုတော့ပဲ ပြင်းစွာရယ်ခြင်းစသော ဝစီကံမှုကို သာယာခြင်း၊

     (၃) တတိယမှာ ကာယကံ ၀စီကံမပါ မျက်စိချင်းဆိုင်၍ ကြည့်ရသည်ကို သာယာခြင်း၊ (၄) စတုတ္ထမှာ မာတုဂါမအသံကို နားထောင်သာယာခြင်း၊ (၅) ပဉ္စမမှာ ပစ္စုပ္ပန် လောလောဆယ်မဟုတ်ပဲ ရှေးကပြုဘူး ကြားခဲ့ဘူးသည်ကို သာယာခြင်း၊ (၆) ဆဋ္ဌမှာ သူကြွယ် သူကြွယ်သားတို့ကို ကြည့်ရှုသာယာခြင်း၊ (၇) သတ္တမမှာ ကိုယ်နှုတ်တို့မပါပဲ စိတ်ထဲကသာ နတ်စည်းစိမ်ကို တောင့်တသာယာခြင်း ဖြစ်သည်။ ဤ နောက်ခြောက်ချက်တို့လည်း မေထုန်မှုနှင့် စပ်ယှဉ်သောအရာစုသာ ဖြစ်၏။ ထို့ကြောင့် မေထုနသံယောဂတရား ခုနစ်ပါးခေါ်၏။ (မေထုန်ငယ်ခုနစ်ပါးဟူ၍လည်း ခေါ်ဆို၏။)

     ဤသို့လျှင် လာဘ်လာဘစသော အကြောင်းကြောင့် သီလ၏ ပျက်စီးခြင်းဖြင့်၎င်း မေထုနသံယောဂ ခုနှစ်ပါးဖြင့်၎င်း သီလ၏ ကျိုးပြတ် ပေါက်ကျား ပြောက်ခြင်းသည် သီလညစ်ညူးခြင်း ဖြစ်၏။

(ဖိ)

     သီလ၏ ဖြူစင်မှုဆိုင်ရာ မကျိုးပြတ်ခြင်း မပေါက်ခြင်း စသည်ကိုကား သိက္ခာပုဒ်တို့ကို အလျဉ်းပင် မပျက်စီးစေသဖြင့်၎င်း ပျက်စီးသွားသော်လည်း ကောင်းစွာ ကုစားသဖြင့်၎င်း မေထုန်ငယ်ခုနစ်ပါးနှင့် စပ်ရှက်မှု မရှိသောအားဖြင့်၎င်း ထိုမှတပါး အမျက်ထွက်ခြင်း= ကောဓ၊ ရန်ငြိုးဖွဲ့ခြင်း= ဥပနာဟ၊ သူ့ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း= မက္ခ၊ အပြိုင်မူခြင်း= ပဠာသ၊ သူတပါးစည်းစိမ်ကို မနာလိုခြင်း= ဣဿာ၊ မိမိစည်းစိမ်ကို ဝန်တိုလျှို့ဝှက်ခြင်း= မစ္ဆရိယ၊ မိမိ၌ ထင်ရှားရှိသောအပြစ်ကို ဖုံးလွှမ်းခြင်း= မာယာ၊ မိမိ၌ ထင်ရှားမရှိသောဂုဏ်ကို ထင်ပေါ်အောင်ပြုလုပ်ခြင်း= သာဌေယျ- ဤသို့ အစရှိသော ယုတ်မာသော တရားတို့၏ မဖြစ်ခြင်းဖြင့်၎င်း၊ အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း ကိလေသာတို့ကို ခေါင်းပါးစေခြင်း အစရှိသော ဂုဏ်ကျေးဇူးတို့၏ ဖြစ်ခြင်းဖြင့်၎င်း ပြဆိုအပ်ပေ၏။

     ထိုမကျိုး မပြတ် မပေါက် မကျား မပြောက်သော သီလတို့သည် တဏှာ၏ ကျွန်အဖြစ်မှ တော်လှန်မှုကို ပြုတတ်သောကြောင့် ဘုဇိဿသီလလည်း မည်ကုန်၏။ ပညာရှိတို့ ချီးမွမ်းအပ်သောကြောင့် ဝိညူပသဋ္ဌသီလလည်း မည်ကုန်၏။ ငါ့သီလသည် အလွန်တရာ စင်ကြယ်သည်ဖြစ်၍ နောက်အခါ ကြီးကျယ်သော စည်းစိမ်ချမ်းသာတွေကို ရရှိစေလိမ့်မည် စသည်ဖြင့် တပ်မက်မောခြင်း ရာဂတရားနှင့် “ဤသီလသည် ငါ့သီလဖြစ်သည်။ ငါ့သီလသည် အလွန်စင်ကြယ်သည်။ ငါ့သီလမျိုး အခြားသူမှာမရှိ စသည်ဖြင့် ငါစွဲ သက္ကာယဒိဋ္ဌိ တရားတို့ဖြင့် အသုံးအသပ် မခံရသောကြောင့် အပရာမဋ္ဌသီလလည်း မည်ကုန်၏။ ဤသီလမျိုးတို့သည် ရှေ့သို့ တဆင့်တက်ကာ ဈာန်နှင့်နီးကပ်သော သမာဓိ ဈာန်နှင့်ယှဉ်သော သမာဓိတို့ကို ဖြစ်စေနိုင်သောကြောင့် သမာဓိသံဝတ္တနိက သီလလည်း မည်ကုန်၏။

     ပြခဲ့ပြီးသောအတိုင်း မကျိုးမပြတ်ခြင်း မပေါက်ခြင်း မကျားခြင်း မပြောက်ခြင်း တဏှာကို တော်လှန်နိုင်ခြင်း ပညာရှိတို့ ချီးမွမ်းအပ်ခြင်း တဏှာဒိဋ္ဌိတို့ဖြင့် အသုံးသပ်မခံရခြင်း ဤအင်္ဂါခုနစ်ပါးသည် သီလစင်ကြယ်ကြောင်း အင်္ဂါတရားတို့ ဖြစ်ကုန်၏။ ဤအင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော သီလသည်သာ အထက်ဖြစ်သော သမာဓိနှစ်ပါးကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် သမာဓိကို ရယူလိုသော ပုဂ္ဂိုလ်သူမြတ်သည် မိမိ၏သီလကို ဤအင်္ဂါခုနစ်ပါးနှင့် ပြည့်စုံအောင် လုံ့လကြိုးကုတ် အားထုတ်ရာသတည်း။

သီလပါရမီခဏ်း ပြီး၏။

**********

(ဖီ)

(ဂ) နေက္ခမ္မပါရမီ

နိက္ခမနှင့် နေက္ခမ္မ

     (နိက္ခမ= လွတ်မြောက်သောသူ၊ နေက္ခမ္မ= လွတ်မြောက်ခြင်း။) ဤသုံးခုမြောက်ဖြစ်သော ပါရမီကို နိက္ခမပါရမီဟု ပြီးလွယ်စီးလွယ် ပြောတတ်ကြ၏။ ပြခဲ့ပြီးသည့်အတိုင်း နိက္ခမမှာ ထွက်မြောက်သောသူ လူဒြဗ်ကိုဟော၍ ထိုလူဒြဗ်သည် ပါရမီမဖြစ်နိုင်၊ လွတ်မြောက်ခြင်း သဘောတရားသာ ပါရမီဖြစ်နိုင်သည့်အတွက် ပါရမီကို နိက္ခမဟု မခေါ်သင့်၊ နေက္ခမ္မဟူ၍သာ ခေါ်သင့်သည်။

     ထွက်မြောက်ခြင်းသည်လည်း သံသရာဘဝမှ ထွက်မြောက်ခြင်း၊ ကာမမှ ထွက်မြောက်ခြင်းဟူ၍ နှစ်ပါးအပြားရှိ၏။ သံသရာဘဝမှ ထွက်မြောက်ခြင်းမှာ အကျိုးဖြစ်၍ ကာမမှ ထွက်မြောက်ခြင်းမှာ အကြောင်းဖြစ်၏။ ကာမမှထွက်မြောက်အောင် ဖြည့်ကျင့်နိုင်မှ သံသရာမှ ထွက်မြောက်ခြင်း ဖြစ်သည်ဟု ဆိုလိုသည်။ ထိုထွက်မြောက်ခြင်း နှစ်မျိုးတို့တွင် အကျိုးဖြစ်သော (ဘဝမှ) ထွက်မြောက်ခြင်းကို ရည်ရွယ်တော်မူ၍ ဘဝသုံးပါးကို နှောင်အိမ်ကြီးနှင့် ပမာပြကာ (ဘဝတော ပရိမုတ္တိယာ= ဘ၀သုံးပါးမှ ထွက်မြောက်ရန် ဟူ၍) ဗုဒ္ဓဝင်ပါဠိတော်၌ ဟောတော် မူသည်။

နေက္ခမ္မပါရမီ တရားကိုယ်

     ဒါနနှင့် သီလတို့မှာ ဆိုင်ရာဆိုင်ရာ သီးခြားဖြစ်သင့်သော ပရမတ္ထတရားကိုယ်ကို ရကောင်းသကဲ့သို့ နေက္ခမ္မ၌ကား အသီးအခြား ပရမတ္ထတရားကိုယ်ကို မရကောင်း၊ သို့ဖြစ်၍ ကာမနှစ်မျိုးမှ၎င်း ဘဝသုံးမျိုးမှ၎င်း ထွက်မြောက်ခြင်း၏ အစွမ်းအားဖြင့်ဖြစ်သော ကုသိုလ်စိတ် စေတသိက် တရားအစုကိုပင် နေက္ခမ္မပါရမီ ခေါ်သည်ဟူ၍ စရိယာပိဋကအဋ္ဌကထာ၌ ဖွင့်ပြတော်မူ၏။

     ကာမနှစ်ပါးဟူသော်ကား မဟာနိဒ္ဒေသ ပါဠိတော်၌လာသည့် ဝတ္ထုကာမ ကိလေသကာမ နှစ်ပါးတို့တည်း။ ဘ၀သုံးပါးဟူသည် ဘုံသုံးပါးပင်တည်း။

     ကာမ၏အရ ကိလေသကာမ ဝတ္ထုကာမ နှစ်ပါးရှိသည်တွင် နှစ်သက်ဖွယ်သော အာရုံကို လိုချင်မက်မောတတ်သောကြောင့် လောဘကိလေသာကို ကိလေသာကာမဟု ခေါ်၏။ (ဤအလိုသော် ကာမဟူသော ပါဠိစကားကို လိုချင်မက်မောတတ်သော တရား သို့မဟုတ် လိုချင်မက်မောခြင်း တရားဟူ၍ မြန်မာပြန်ဆိုအပ်၏။) အလိုရှိအပ်သော အရာဝတ္ထု အစုစုကို ဝတ္ထုကာမဟု ခေါ်၏။ (ဤအလိုသော် ကာမဟူသော ပါဠိစကားကို အလိုရှိအပ်သော တရားဟူ၍ မြန်မာပြန်ဆိုအပ်၏။) ဤ နေက္ခမ္မပါရမီအရာ၌ ကာမတို့မှ ထွက်မြောက်ခြင်းဟူသော စကားအရ ထိုကာမနှစ်မျိုးလုံးမှ ထွက်မြောက်ခြင်းကိုပင် ဆိုလိုသည်။

(ဖု)

ထွက်မြောက်အောင် နှလုံးသွင်းပုံ

     ထိုကာမ နှစ်မျိုးတို့တွင် ကိလေသကာမမှ ထွက်မြောက်အောင် နှလုံးသွင်းပုံကို မဟာနိဒ္ဒေသပါဠိတော်၌-

အဒ္ဒသံ ကာမ တေ မူလံ၊ သင်္ကပ္ပါ ကာမ ဇာယသိ။

န တံ သင်္ကပ္ပယိဿာမိ၊ ဧဝံ ကာမ န ဟောဟိသိ။

ဟယ် ကိလေသကာမ.. သင်၏ အမြစ်အရင်းကို ငါမြင်ပြီ၊ နှစ်သက်ဖွယ် အာရုံတို့ကို နှစ်သက်ဖွယ်အနေဖြင့် ကြံစည်စိတ်ကူးခြင်း= ကာမဝိတက်ဟူသော အကြောင်းကြောင့် သင်ကား ဖြစ်ရ၏၊ ထိုအာရုံကို နှစ်သက်ဖွယ်အနေဖြင့် ငါမကြံတော့အံ့၊ ဟယ် ကိလေသကာမ.. ဤသို့ ငါမကြံစည်ခဲ့လျှင် သင်ဖြစ်ရတော့မည်မဟုတ်-

ဟူ၍ ဟောတော်မူသည်။

     ဤပါဠိတော်အရ.. မိစ္ဆာဝိတက်သုံးပါး သမ္မာဝိတက်သုံးပါးကို ရှေးဦးစွာ နားလည်ထားရပေမည်။ မိစ္ဆာဝိတက်သုံးပါး ဟူသော်ကား-

(၁) ကာမဝိတက်= ဝတ္ထုကာမတို့ကို တွယ်တာတပ်မက်ဖွယ် အနေဖြင့် ကြံစည်စိတ်ကူးခြင်း၊

(၂) ဗျာပါဒဝိတက်= သူတပါးတို့ကို နှိပ်စက်သတ်ဖြတ်ရန် ကြံစည်စိတ်ကူးခြင်း၊

(၃) ဝိဟိံသာဝိတက်= သူတပါးတို့ကို (အသေသတ်ရန်မဟုတ်) ညှဉ်းဆဲရန် ကြံစည်စိတ်ကူးခြင်း

ဤသုံးပါးတို့ဖြစ်သည်။

     သမ္မာဝိတက် သုံးပါးဟူသော်ကား..

(၁) နေက္ခမ္မဝိတက်= ဝတ္ထုကာမတို့မှ ထွက်မြောက်ရန် ကြံစည်စိတ်ကူးခြင်း၊

(၂) အဗျာပါဒဝိတက်= မေတ္တာတရားနှင့်ယှဉ်သော ကြံစည်စိတ်ကူးခြင်း၊

(၃) အဝိဟိံသာဝိတက်= ကရုဏာနှင့်ယှဉ်သော ကြံစည်စိတ်ကူးခြင်း-

ဤသုံးပါးတို့ဖြစ်သည်။

     ကိလေသကာမ၏ အမြစ်အရင်း (အကြောင်းရင်း)ကို ရှာဖွေဆင်ခြင်လျှင် မိစ္ဆာဝိတက်သုံးပါး အပါအဝင်ဖြစ်သော ကာမဝိတက်ကို တွေ့ရှိသိရလိမ့်မည်။

(ဖူ)

ထိုကာမဝိတက်ကို ဆက်ကာဆက်ကာ ကြံစည်စိတ်ကူးနေသမျှ ကိလေသကာမတရား တိုး၍သာ ဖြစ်ပွါး သဖြင့် ထို ကိလေသကာမမှ မထွက်မြောက်နိုင်၊ ကာမဝိတက်ကို မကြံစည်မှသာလျှင် ကိလေသကာမ မဖြစ်သဖြင့် ထိုကိလေသကာမမှ ထွက်မြောက်နိုင်သည်။ ထို့ကြောင့် ရှေးဆိုအပ်ပြီးသည့် နည်းအတိုင်း ကိလေသကာမမှ ထွက်မြောက်အောင် နှလုံးသွင်းရာ၏။ ကာမမှ ထွက်မြောက်အောင် အားထုတ်လျှင် ဘဝမှ ထွက်မြောက်ခြင်းအကျိုး ရသကဲ့သို့၊ ကိလေသကာမမှ ထွက်မြောက်အောင် လုံ့လကြိုးကုတ် နှလုံးသွင်းဆင်ခြင် အားထုတ်လျှင် ဝတ္ထုကာမမှ ထွက်မြောက်ခြင်းအကျိုး ရနိုင်၏။

     ဤနေက္ခမ္မပါရမီမှစ၍ အထက်အထက်ဖြစ်သော ပါရမီတို့၌ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် စသည်တို့ကို အထက်ဖြစ်သော ပကိဏ္ဏကခဏ်း၌ အကျယ် ဖော်ပြလတ္တံ့ဖြစ်၍ ထို လက္ခဏ ရသ စသည်တို့ကို ဤမှနောက်၌ မဖော်ပြတော့ပြီ။

တောထွက်ခြင်းနှင့် ရဟန်းအဖြစ်တို့ အပြန်အလှန် အကြောင်းအကျိုးဆက်စပ်ပုံ

     ဤနေက္ခမ္မပါရမီအရာ၌ စရိယာပိဋက အဋ္ဌကထာ၀ယ်၊ ၊ နေက္ခမ္မံ ပဗ္ဗဇ္ဇမူလကံ၊ ၊ဟူ၍ ဖွင့်ပြထား၏။ ဤအဋ္ဌကထာ စကားအရ “ထွက်မြောက်ခြင်း= နေက္ခမ္မပါရမီသည် ရဟန်းအဖြစ်လျှင် အရင်းခံ (အကြောင်းရင်း) ရှိ၏” ဟူ၍၎င်း “ထွက်မြောက်ခြင်း= နေက္ခမ္မပါရမီသည် ရဟန်းအဖြစ်၏ အရင်းခံ (အကြောင်းရင်း) ဖြစ်၏” ဟူ၍၎င်း အဓိပ္ပါယ်နှစ်မျိုး ထွက်နိုင်၏။ ပဌမအဓိပ္ပါယ်မှာ ရဟန်းအဖြစ်က အကြောင်း၊ ထွက်မြောက်ခြင်း= နေက္ခမ္မပါရမီက အကျိုးဖြစ်၏။ ဤအနက်မှာ မဟာဇနကဇာတ်တော်နှင့် ညီညွတ်၏။ မှန်၏.. မဟာဇနကမင်းသည် မိဖုရား မောင်းမမိဿံ ရံရွေတော်များ မသိရအောင် လူယုံတော်တယောက်ကို သင်္ကန်းသပိတ် အဝယ်ခိုင်း၍ ရွှေနန်းပြာသာဒ်ထက်တွင် ရှေးဦးစွာ ရဟန်းပြုပြီးမှ တောထွက်တော်မူသည်။ သို့ဖြစ်၍ အလောင်းတော် မဟာဇနကမင်းမှာ ရဟန်းအရင်ပြုပြီးမှ တောထွက်သောကြောင့် ရဟန်းအဖြစ်က အကြောင်းရင်းဖြစ်၍ တောထွက်ခြင်းက အကျိုးဖြစ်သည်ဟု ဆိုနိုင်ပေသည်။

     ဒုတိယအဓိပ္ပါယ်မှာ တောထွက်ခြင်း= နေက္ခမ္မပါရမီက အရင်းခံ (အကြောင်းရင်း)ဖြစ်၍၊ ရဟန်းအဖြစ်က အကျိုးဖြစ်၏။ ဤအနက်မှာ သုမေဓာပညာရှိ ဟတ္ထိပါလညီနောင် စသည်တို့၏ အဖြစ်တော်များနှင့် ညီညွတ်၏။ မှန်၏.. သုမေဓာပညာရှိသည် ရှေးဦးစွာ တောထွက်ပြီးနောက် ဓမ္မိကတောင်ယံသို့ရောက်၍ သိကြားဖန်ဆင်းပေးသော ကျောင်းသင်္ခမ်းများကို တွေ့ရှိသောအခါ ရသေ့ရဟန်းပြုသည်။ ဟတ္ထိပါလညီနောင်တို့လည်း ၎င်းနည်းပင် ရှေးဦးစွာ တောထွက်သွားကာ မယ်တော် မည်းတော် တပြည်ထောင်လုံး လိုက်လာကြသောအခါ

(ဖေ)

ရသေ့ရဟန်း ပြုတော်မူသည်။ သို့ဖြစ်၍ သုမေဓာပညာရှိနှင့် ဟတ္ထိပါလညီနောင် စသည်တို့မှာ တောထွက်ခြင်းက အကြောင်းဖြစ်၍ ရဟန်းဖြစ်ခြင်းက အကျိုးဖြစ်သည်ဟု ဆိုနိုင်ပေသည်။

     စရိယာပိဋက အဋ္ဌကထာ၌ကား.. ပဌမအနက်အဓိပ္ပါယ်အတိုင်း အကျယ် ဖွင့်ပြတော်မူသည်။ (အထက် ပကိဏ္ဏကခဏ်း၌ ထင်ရှားစွာ ဖော်ပြထားသည်။) (တနည်းအားဖြင့်) သုမေဓာပညာရှိနှင့် ဟတ္ထိပါလညီနောင် စသည်တို့သည် ရှေးဦးစွာ တောထွက်ပြီး နောက်မှ ရဟန်းပြုကြသော်လည်း ရှင်ရဟန်းပြုလိုသောကြောင့်သာ တောထွက်တော်မူကြခြင်းဖြစ်၍ တောထွက်မှုက အရင်ကျစေကာမူ နောက်မှပြုမည့် ရှင်ရဟန်းအဖြစ်က အကြောင်းရင်းဖြစ်၏ဟု ဆိုနိုင်ပေ၏။ (ပြာသာဒ်ဆောက်ရန် သစ်ခုတ်သည်ဟူသော စကား၌ သစ်ခုတ်ခြင်းက အရင်ဖြစ်သော်လည်း ပြာသာဒ်ဆောက်လိုခြင်းကြောင့် သစ်ကိုခုတ်ခြင်းဖြစ်ရကား ပြာသာဒ်ဆောက်လိုခြင်းက အကြောင်း၊ သစ်ကိုခုတ်ခြင်းက အကျိုးဟူ၍ ဆိုအပ်သကဲ့သို့တည်း။)

တော၌နေခြင်း ၅-မျိုး

     တော၌နေခြင်းသည်-

(၁) တစုံတရာ အကြောင်းအကျိုးမသိပဲ ဉာဏ်နုံ့နှေး မိုက်မဲသောကြောင့် တော၌နေခြင်း၊

(၂) ငါ တော၌ သွားနေလျှင် တောနေပုဂ္ဂိုလ်ဟူ၍ များစွာ လှူဒါန်းကြလိမ့်မည် ဤသို့စသည်ဖြင့် ယုတ်မာသော အလိုဆိုးရှိ၍ တော၌နေခြင်း၊

(၃) စိတ်ရူးသွပ်သောကြောင့် တော၌နေခြင်း၊

(၄) ဘုရားအစရှိသော သူတော်ကောင်းတို့သည် ချီးမွမ်းအပ်သောအရာ ဖြစ်သည်ဟူ၍ တော၌နေခြင်း၊

(၅) အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း အစရှိသည့် တရားကောင်းတို့ကို အမှီပြု၍ တော၌နေခြင်း-

ဟူ၍ တော၌နေခြင်း ၅-မျိုးရှိကြောင်းကို (ဝိ၊ ၅၊ ၂၃၃နှင့် ၃၃၅) ဝိနယ ပရိဝါရပါဠိ ဧကုတ္တရိကနယ ပဉ္စကနှင့် ဥပါလိပဉှာ ဓုတင်္ဂဝဂ်တို့၌ မြတ်စွာဘုရား ဟောတော်မူသည်။ ဤ တောနေခြင်း (တောထွက်ခြင်း) ငါးမျိုးတို့တွင် နောက်နှစ်ပါးကို ချီးမွမ်းအပ်သော တောနေခြင်း (တောထွက်ခြင်း)ဟူ၍ မှတ်ယူအပ်၏။

(ဖဲ)

     ပြဆိုအပ်ခဲ့ပြီးသောအတိုင်း ကိလေသကာမမှ ထွက်မြောက်ခြင်း= နေက္ခမ္မပါရမီကို နေရာဌာနအားဖြင့် ဝေဖန်ရန်မလို၊ ကိလေသကာမဟူသည် မည်သည့်နေရာမှာမဆို နှစ်သက်ဖွယ်အာရုံတို့ကို နှစ်သက်မက်မောခြင်းသဘော ဖြစ်ပေါ်လာတတ်၏။ ထိုသို့ ဖြစ်ပေါ်လာသော ကိလေသကာမကို ထိုဖြစ်ပေါ်ရာ နေရာ၌ပင် ဆက်လက်မဖြစ်စေပဲ ပယ်ရှားရာ၏၊ ထိုသို့ ပယ်ရှားသဖြင့် ထိုကိလေသကာမမှ လွတ်မြောက်ခြင်းသည် နေက္ခမ္မသဘော ဖြစ်၏။

     ၀တ္ထုကာမမှ ထွက်မြောက်ခြင်း= နေက္ခမ္မကိုကား သုမေဓာပညာရှိ ဟတ္ထိပါလညီနောင် စသည်တို့မှာ ဟိမဝန္တာကျအောင် တောထွက်သွားတော်မူကြသည်။ သို့ဖြစ်၍ “ဝတ္ထုကာမမှ ထွက်မြောက်ခြင်း= နေက္ခမ္မပါရမီကို ဖြည့်လိုက ဟိမဝန္တာကျအောင်ပင် သွားရောက်ရမည်လော”ဟု တွေးတောဖွယ်ရှိ၏။ အကြောင်းညီညွတ်၍ သွားနိုင်ပါမူ သွားလိုပါမူ သွားဖို့ပင်ဖြစ်သည်။ တောထွက်ခြင်းနှင့်စပ်၍ ဟောကြားတော်မူအပ်သော ဇာတ်နိပါတ်တော်တို့မှာ ဟိမဝန္တာအရောက် တောထွက်ကြသည့် ပုဂ္ဂိုလ်စုသာ များ၏။ အကြောင်း ညီညွတ်၍ သွားရောက်ကြခြင်း ဖြစ်ပေသည်။

     ဧကကနိပါတ်လာ မဃဒေဝဇာတ် မဟာနိပါတ်လာ နိမိဇာတ်တော်တို့၌ကား.. မဃဒေဝမင်းအစ နိမိမင်းတိုင်အောင် ဘုရင်မင်းပေါင်း ရှစ်သောင်း လေးထောင်တို့သည် မိမိတို့၏ဦးခေါင်းမှ ဆံပင်ဖြူတချောင်းပေါက်လျှင် တောထွက်ကြသည်ချည်း ဖြစ်၏။ ထိုသို့ တောထွက်ကြရာ ဟိမဝန္တာကျအောင် မည်သည့်မင်းမျှ တောထွက်တော်မမူကြပဲ မိမိတို့စိုးပိုင်သော မိထိလာပြည်၏အနီး မင်း၏ သရက်ဥယျာဉ်မှာသာ တောထွက်တော်မူကြ၍ ဈာန်အဘိညာဏ်တရားများ အားထုတ်ရရှိကာ ဗြဟ္မာ့ပြည်သို့ ကပ်ရောက်ကြရကြောင်း လာရှိသည်။ ဤမင်းတို့၏ အကြောင်းအရာကို ထောက်ဆလျှင် ဟိမဝန္တအရောက် မသွားသော်လည်း မိမိ၏ ကိလေသကာမ ကျက်စားရာနယ်ပယ်ဌာနမှ လွတ်မြောက်အောင် တောထွက်လျှင်ပင် နေက္ခမ္မပါရမီ အောင်မြင်သည်ဟု မှတ်ယူအပ်၏။ မှန်၏.. မဃဒေဝစသော မင်းပေါင်း ရှစ်သောင်း လေးထောင်တို့သည် မိမိတို့ မွေ့လျော် စမ္ပယ်နေကြရာဖြစ်သော ထီးနန်းစည်းစိမ်တို့ကို အာလယပြတ် စွန့်ပစ်ကာ သရက်ဥယျာဉ်၌ နေခြင်းသည်ပင် နေက္ခမ္မပါရမီ ထမြောက် အောင်မြင်တော်မူကြခြင်း ဖြစ်သည်။

     သို့ဖြစ်၍ မည်သူမဆို မိမိတို့ ကိလေသကာမဖြင့် ကျက်စားရာနယ်ပယ်ကို အာလယပြတ် စွန့်ခွာပြီးလျှင် ထိုနယ်ပယ်မျိုး အသစ်ကိုလည်း မထူထောင်ပဲ ကိလေသကာမလွတ်ကင်းရာ သင့်လျော်သော တနေရာ၌ နေခြင်းသည်ပင်လျှင် နေက္ခမ္မပါရမီကို ဖြည့်ကျင့်သည်မည်၏ဟု မှတ်ယူအပ်၏။

(ဖော)

တောထွက်ခြင်း နှစ်မျိုး

     အလောင်းတော်တို့၏ တောထွက်ခြင်းသည်-

(၁) ပျိုရွယ်သူ (လူပျို) တောထွက်ခြင်း၊

(၂) လူအို (အိမ်ထောင်ရှိသူ) တောထွက်ခြင်း-

ဟူ၍ နှစ်မျိုးရှိရာ သုမေဓာပညာရှိ ဟတ္ထိပါလညီနောင် စသည်တို့မှာ မိမိတို့ ရရှိပြည့်စုံထားသော ထီးနန်းစည်းစိမ်ချမ်းသာ သူဌေးစည်းစိမ်ချမ်းသာ တည်းဟူသော ဝတ္ထုကာမတို့မှ လွတ်မြောက်ရန် တောထွက်တော်မူကြသည်ဖြစ်၍ နေက္ခမ္မပါရမီကိုဖြည့်သော ပုဂ္ဂိုလ်များဟူ၍ ဇာတ်တော်တို့၌ အထင်အရှား လာရှိသော်လည်း ထိုသူတို့သည် အိမ်ရာမထောင်ရသေးသော လုင်ပျိုများသာ ဖြစ်ကြ၏၊ လုင်ပျိုတို့မှာ ဝတ္ထု ကာမများ ရှိနေစေကာမူ ထိုဝတ္ထုကာမတို့က အတင်းအကြပ် အဖွဲ့အနှောင် ခံနေရသည်ဟူ၍ မဆိုသာပေ။ အိမ်ရာတည်ထောင်ခြင်းပြုကာ သားမယားနှင့်နေသော လူအို (အိမ်ထောင်ရှိသူ)များမှာသာ သားမယားစသော ဝတ္ထုကာမတို့က အတင်းအကြပ် အဖွဲ့အနှောင် ခံနေကြရလေသည်။

     ဤအကြောင်းကို စဉ်းစားလျှင် လုင်ပျိုများ တောထွက်ခြင်းထက် လူအို (အိမ်ထောင်ရှိသူ)များ တောထွက်ခြင်းက သာလွန်၍ ခဲယဉ်းသည်ဟု ဆိုဖွယ်ရာဖြစ်၏။ အလောင်းတော် တေမိယမင်းသားမှာ တောမထွက်ရ ထွက်ရအောင် မဆွံ့ပဲ ဆွံ့ယောင် မအ-ပဲ အ-ယောင် နားမပင်းပဲ ပင်းယောင်ဆောင်ကာ များစွာ အတိဒုက္ခခံပြီးမှ တောထွက်ရသောကြောင့် တေမိယမင်းသား၏ တောထွက်ခြင်းသည် အလွန်ခဲယဉ်းသော တောထွက်ခြင်း ဖြစ်သည်ဟု ဆိုလိုက ဆိုနိုင်မည်ဖြစ်သော်လည်း ဝတ္ထုကာမ အဖွဲ့အနှောင်ကား မရှိသေးသလောက်ပင် ဖြစ်ပေသည်။ သို့ဖြစ်၍ တောထွက်ရအောင် ကြံဆောင်ရာ၌ များစွာ အတိဒုက္ခခံရသော်လည်း တောထွက်သောအခါ ဝတ္ထုကာမ အနှောင်အဖွဲ့များ နည်းပါးသည့်အတွက် အလွန်ကြီး ခဲခက်လှသည်ဟု ဆိုဖွယ်မရှိချေ။ ထို့ကြောင့်ပင် အဋ္ဌသာလိနီအဋ္ဌကထာ၌ ဘုရားအလောင်းတော်တို့ အသီးသီး ဖြည့်ဆည်းပူးအပ်သော ပါရမီတော်တို့ကို ပြဆိုရာ နေက္ခမ္မပါရမီခဏ်းတွင် “သောမနဿမင်းသား ဖြစ်သောအခါ ဟတ္ထိပါလမင်းသား ဖြစ်သောအခါ အယောဃရမင်းသား ဖြစ်သောအခါ စသည်ဖြင့် မရေမတွက်နိုင်သော ဘဝတို့၌ နေက္ခမ္မပါရမီကို ဖြည့်ကျင့်ဆည်းပူးတော်မူ၏၊ အထူးအားဖြင့်ကား.. စူဠသုတသောမမင်း ဖြစ်သောအခါ တောထွက်ခြင်း နေက္ခမ္မပါရမီသည် ထူးမြတ်သည်ဖြစ်၍ ပရမတ္ထပါရမီဟူ၍ ခေါ်သင့်ကြောင်း ဖွင့်ပြထားတော်မူသည်။

(ဖော်)

     ဤသို့ စူဠသုတသောမမင်း၏ တောထွက်ခြင်းကိုသာ ပရမတ္ထ နေက္ခမ္မပါရမီဟု အဋ္ဌသာလိနီအဋ္ဌကထာ၌ ပြဆိုခြင်းမှာ စူဠသုတသောမမင်းသည် သားမယား အမိအဖမှစ၍ ထီးနန်းစည်းစိမ် တည်းဟူသော ဝတ္ထုကာမတို့ အကြီးအကျယ် အတင်းအကြပ် နှောင်ဖွဲ့နေရာမှ အလွတ် ထွက်မြောက်ရခြင်းကို ရည်ရွယ်လျက် ပရမတ္ထပါရမီဟူ၍ ပြဆိုခြင်းဖြစ်သည်ဟု ယူဖွယ်ရှိ၏။ သောမနဿမင်းသား အယောဃရမင်းသား ဟတ္ထိပါလမင်းသား တေမိယမင်းသားတို့မှာ လုင်ပျိုများသာ ဖြစ်ကြသည်။ ထိုလုင်ပျိုများ တောထွက်ခြင်းထက် လူအိုဖြစ်သော မဟာဇနကမင်း၏ တောထွက်ခြင်းက သာလွန်၍ ခဲယဉ်းသည်ဟု ဆိုသင့်ပေ၏။ သို့သော်လည်း မိဖုရား မောင်းမမိဿံတို့ မသိရအောင် ရဟန်းပြု၍ တောထွက်သွားသောအခါမှ မိဖုရားများ နောက်ကလိုက်၍ အတင်းအကြပ် တားမြစ်နှောင်ဖွဲ့ကြခြင်း ဖြစ်လေသည်၊ ရဟန်းပြုမည်ကို မပြုရအောင် တောထွက်မည်ကို မထွက်ရအောင် ကြိုတင်တားဆီး နှောင်ဖွဲ့နိုင်ကြခြင်း မဟုတ်ချေ။

     မဃဒေဝစသော မင်းပေါင်း ရှစ်သောင်းလေးထောင်တို့မှာ တောထွက်ခါနီးတွင် သားမယားစသည်တို့အား အထင်အရှား ပြောကြားတော်မူကြ၏။ ပြောကြားသဖြင့် ထိုသားမယား စသည်တို့က အထူးထူး တောင်းပန် နှောင်ဖွဲ့ကြသော်လည်း အနှောင်အဖွဲ့မခံပဲ တောထွက်တော်မူကြသည်။ သို့ရာတွင် တောက ခရီးဝေးလှသည်မဟုတ်၊ မိမိတို့ပိုင် သရက်တော ဥယျာဉ်မှာသာဖြစ်၍ နေပေသည်။ စူဠသုတသောမမင်းကား မိမိဦးခေါင်းတွင် ဆံဖြူတပင်ပေါက်သည်ကို မြင်လျှင်ပင် တရားရ၍ တောထွက်မည့်အကြောင်းကို ပရိသတ် ဗိုလ်ပုံအလယ်မှာ ပြောကြားရာ သားမယား မယ်တော် ခမည်းတော် ဗိုလ်ပါအပေါင်းတို့က များစွာ ငိုကြွေးတောင်းပန်ကြသော်လည်း ထိုတောင်းပန်မှုကို လျစ်လျူရှုကာ ဟိမဝန္တာအရောက် ဝေးကွာစွာ တောထွက်တော်မူခြင်း ဖြစ်လေသည်။ သို့ဖြစ်၍ စူဠသုတသောမမင်း၏ တောထွက်ခြင်းသည် မဃဒေဝမင်း စသည်တို့၏ တောထွက်ခြင်းထက် ပိုမိုထက်မြက်သည်ဟု ဆိုနိုင်လေသည်။ ထိုအကြောင်းတို့ကြောင့် နေက္ခမ္မပါရမီအရာမှာ စူဠသုတသောမမင်း၏ ပါရမီကို ပရမတ္ထပါရမီဟူ၍ အဋ္ဌကထာဆရာ ဖွင့်ပြတော်မူခြင်း ဖြစ်သည်။

ငယ်ပြု (ငယ်ဖြူ)နှင့် တောထွက်

     ဤသို့ ကျမ်းဂန်များမှာ လုင်ပျိုများ၏ တောထွက်ခြင်းကို နေက္ခမ္မပါရမီဖြစ်ကြောင်း လာရှိသော်လည်း လူအို (အိမ်ထောင်ရှိသူ)များ၏ တောထွက်ခြင်းလောက် အကြပ်အတည်း အခက်အခဲမရှိဟု ဆိုသင့်သောကြောင့်၎င်း ဘုရားဖြစ်တော်မူရသည့် နောက်ဆုံးဘဝ၌ ဘုရားအလောင်းတော်တို့သည်

(ဖံ)

မည်သည့်ဘုရားအလောင်းမျှ လုင်ပျိုအဖြစ်ဖြင့် တောမထွက်ကြပဲ သားတယောက် ဖွားမြောက်ရရှိမှသာ တောထွက်တော်မူကြသည် တကြောင်းတို့ကြောင့်- ယခုကာလမှာ ငယ်စဉ် သာမဏေအဖြစ်မှ အစဉ်သဖြင့် ရဟန်းအဖြစ်သို့ ရောက်ကြသော ရဟန်းတော်များကို (ငယ်ပြု-ဟု ဆိုလိုလျက်) ငယ်ဖြူဟူ၍ ခေါ်ဝေါ်ကြသည်။ အိမ်ထောင်ရှိသူ လူအိုများ သားမယားကို စွန့်ပစ်၍ ရဟန်းပြုသည်ကိုမူ ပါဠိလို နိက္ခမ= မြန်မာလို တောထွက် ကိုယ်တော်ကြီးဟူ၍ ခေါ်စမှတ်ပြုကြလေသတည်း။

နေက္ခမ္မပါရမီခဏ်း ပြီး၏။

**********

(ဃ) ပညာပါရမီ

ပညာသုံးမျိုး

     ပညာနှင့်စပ်လျဉ်း၍ အဘိဓမ္မာ ဝိဘင်းပါဠိတော် ဉာဏဝိဘင်း၌..

(၁) စိန္တာမယပညာ၊

(၂) သုတမယပညာ၊

(၃) ဘာဝနာမယပညာ-

ဟူ၍ ပညာသုံးမျိုးရှိကြောင်း ဟောကြားတော်မူသည်။

     လောက၌ အယုတ်အမြတ်ဖြစ်သော အမှုကိစ္စအမျိုးမျိုး အတတ်ပညာအမျိုးမျိုးတို့၌ အကျိုးအကြောင်း ဖြစ်သင့်သမျှကို (သူတပါးထံ မေးမြန်းခြင်း သူတပါးပြောသည်ကို ကြားရခြင်း အလျဉ်းမရှိပဲ) မိမိဉာဏ်စွမ်းဖြင့် ကြံစည် ဖြစ်ပေါ်လာသော အသိဉာဏ်ပညာကို စိန္တာမယပညာဟု ခေါ်သည်။ (စိန္တ= ကြံစည်ခြင်း၊ မယ= ပြီးစီးဖြစ်ပေါ်လာသော ပညာ၊ ကြံစည်သဖြင့် ပြီးစီးဖြစ်ပေါ်လာသော ပညာဟု ဆိုလိုသည်။)

ကြံစည်သိမြင်အပ်သော အရာဟူသည် လောကအကြောင်းအရာသာမက ဓမ္မသဘာဝ အကြောင်းအရာလည်း ပါဝင်၏။ သို့ဖြစ်၍ လက်သမားလုပ်မှု လယ်ယာထွန်မှုစသော သာမည လောကကိစ္စမှစ၍ ဓမ္မသဘာဝဖြစ်သော ဒါန သီလ သမထ ဝိပဿနာ ဘာဝနာဟု ဆိုအပ်သော တရားသဘောစုကိုပါ ကြံစည်သိမြင်နိုင်သော ပညာဟူသမျှသည် စိန္တာမယပညာ ဖြစ်သည်။ မြတ်စွာဘုရား၏ သဗ္ဗညုတရွှေဉာဏ်တော် ကြီးသည်ပင်လျှင် စိန္တာမယပညာဖြစ်သည်ဟု ဆိုလိုက ဆိုနိုင်ခွင့်ရှိပေသည်။

(ဖား)

အကြောင်းကား.. အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် သဗ္ဗညုတဉာဏ်ကို ရခြင်း၏အကြောင်း ကောင်းမြတ်သော ပဋိပတ်အကျင့်ကို မည်သူ့ထံကမှ ကြားနာရခြင်းမရှိပဲ ကိုယ်တော်တိုင် ကြံစည် ထိုးထွင်းသိမြင် ဆင်ခြင်တော်မူကာ ကျင့်ကြံ၍ သဗ္ဗညုတဉာဏ်ကို ရတော်မူ (ဘုရားဖြစ်တော်မူ)လေသည်။

သို့ရာတွင် အလောင်းတော်သုမေဓာ ရှာဖွေစူးစမ်းအပ်သော လေးခုမြောက် ပညာပါရမီအရမှာ အရဟတ္တမဂ်ဉာဏ်တော်နှင့် သဗ္ဗညုတ ဉာဏ်တော်ကြီးများကို ရရှိရန် အခြေခံ ဖြည့်ဆည်းပူးအပ်သော ပညာစုသာ ဖြစ်သင့်သည်။ ဘုရားဖြစ်တော်မူရမည့် ပစ္ဆိမဘဝ ပညာစုကိုကား ယူဖွယ်မလို။ ပစ္ဆိမဘဝမတိုင်မီ ဘုရားအလောင်းတော်များ ပညာပါရမီကို ဆည်းပူးရာတွင် ဝိပဿနာဉာဏ် ဆယ်ဆင့်ရှိသည့်အနက် ကိုးဆင့်မြောက် သင်္ခါရုပေက္ခာဉာဏ် ရှေ့ပိုင်းတွင်ရွေ့သာ အဆုံးထား၍ ဖြည့်ဆည်းပူးတော်မူကြသည်။ အထွတ်အထိပ်ရောက် သင်္ခါရုပေက္ခာဉာဏ်မှာ မဂ်ဉာဏ်သို့အရောက် ပို့ဆောင် ကျေးဇူးပြုသည်ဖြစ်၍ ထိုအထွတ်အထိပ်ရောက် သင်္ခါရုပေက္ခာဉာဏ်သို့ အရောက်ဆည်းပူးတော်မမူကြ၊ အကယ်၍ ဆည်းပူးပါလျှင် ထိုဘဝမှာပင် မဂ်ဖိုလ်ရကာ အရိယာဖြစ်၍ အစဉ်အတိုင်း နိဗ္ဗာန်ဝင်ရုံသာ ရှိတော့မည်၊ ဘုရားဖြစ်တော့မည် မဟုတ်၊ သို့ဖြစ်၍ အလောင်းတော်ဘဝဝယ် သင်္ခါရုပေက္ခာဉာဏ် ရှေ့ပိုင်းတိုင်ရုံသာ ပညာပါရမီကို ဆည်းပူးတော်မူကြသည်ဟု မှတ်သားအပ်၏။

     ကိုယ်တိုင်ကြံစည် သိမြင်ခြင်းကို မပြုနိုင်၍ ပညာရှိများထံမှ မိမိက မေးမြန်း၍ ပြောဟောသည်ကိုဖြစ်စေ မမေးမြန်းပဲ အလိုအလျောက် ပြောဟောသည်ကိုဖြစ်စေ ကြားနာရ၍ ဖြစ်ပေါ်လာသော ပညာဟူသမျှသည် သုတမယပညာ မည်၏။ (သုတ= ကြားခြင်း၊ မယ= ပြီးစီးဖြစ်ပေါ်လာသော ပညာ၊ ကြားရ၍ ဖြစ်ပေါ်လာသော ပညာဟု ဆိုလိုသည်။) ဤ သုတမယပညာသည်လည်း စိန္တာမယပညာကဲ့သို့ပင် အရာကျယ်ဝန်း၏။ ကိုယ်တိုင်ကြံစည် သိမြင်ခြင်းနှင့် သူတပါးထံမှ ကြားနာရ၍ သိမြင်ခြင်းသာ ထူးသည်။

     ဘာဝနာမယပညာဟူသည် ထိုထို ဈာနသမာပတ် ဖလသမာပတ် ဝင်စားသူတို့၏ သမာပတ်အတွင်း ဖြစ်ပေါ်သောပညာသည် ဘာဝနာမယပညာ မည်၏။

အဘိဓမ္မာ ဝိဘင်းပါဠိတော် ဉာဏဝိဘင်း၌ တပါးစုပညာ နှစ်ပါးစုပညာ စသည်ဖြင့် ဆယ်ပါးစုပညာတိုင်အောင် ပညာအမျိုးမျိုးတို့ကို ဟောကြားတော်မူသည်။ (ပိဋကမြန်မာပြန်၌ ကြည့်ရှုရာ၏။)

(ဗ)

     အလုံးစုံသော ပညာအစုကိုပင် စိန္တာမယပညာ သုတမယပညာ ဘာဝနာမယပညာ တည်းဟူသော ပညာသုံးပါးထည်းသို့ ထည့်သွင်းလျှင် ဝင်သည်သာ ဖြစ်၏။ အနည်းငယ် ပုံစံပြရသော်..

     စိန္တာမယစသော သုံးပါးစုပညာ၏နောက်၌ ဆက်ကာ ဒါနမယပညာ သီလမယပညာ ဘာဝနာမယပညာဟူ၍ သုံးပါးတွဲပင် ဟောတော်မူပြန်သည်။ ဒါနကို အကြောင်းပြု၍ဖြစ်သော ပညာသည် ဒါနမယပညာ မည်၏။ ဒါနစေတနာသည် မလှူမီ လှူဆဲ လှူပြီးနောက်အားဖြင့် သုံးပါးရှိရာ ထိုစေတနာသုံးပါးနှင့်ယှဉ်သော ပညာသုံးမျိုးလုံးပင် ဒါနမယပညာ မည်၏။ သီလမယပညာ၌လည်း ဤနည်းအတူပင် သီလကို ဆောက်တည် ကျင့်သုံးအံ့ဟု ကြံစည်သည့် ရှေ့ပိုင်း၌ ဖြစ်သောပညာ၊ ဆောက်တည် ကျင့်သုံးဆဲကာလ၌ ဖြစ်သောပညာ၊ ကျင့်သုံးပြီးနောက် ဆင်ခြင်သောကာလ၌ ဖြစ်သောပညာ သုံးမျိုးလုံးပင် သီလမယပညာမည်၏။

     ဤဒါနမယပညာ သီလမယပညာတို့ကို ကိုယ်တိုင်ဆင်ခြင်၍ သိမြင်နိုင်ပါလျှင် စိန္တာမယပညာတွင်း ထည့်သွင်းအပ်၏။ သူတပါးထံမှ ကြားနာရ၍ သိမြင်ရပါလျှင် သုတမယပညာအတွင်း ထည့်သွင်းအပ်၏။ ဤသို့သောနည်းအားဖြင့် အခြားပညာများကို စိန္တာမယစသော ပညာသုံးပါးအတွင်းသို့ ထည့်သွင်းလျှင် အလုံးစုံ ထိုက်သည့်အလျောက် ဝင်လေတော့၏။

     ဗုဒ္ဓဝင်ပါဠိတော်၌ကား.. “ပရိပုစ္ဆန္တော ဗုဓံ ဇနံ၊ ပညာပါရမိတံ ဂန္တွာ= ပညာရှိများထံ မေးမြန်းကာ ပညာပါရမီ အထွတ်အထိပ်သို့ ရောက်စေ၍”ဟု ဟောကြားထားသဖြင့် သုတမယပညာကို အရင်းခံထား၍ ဟောကြားကြောင်း သိအပ်၏။ ဤသို့ ဟောကြားခြင်းမှာ လောက၌ ပညာအခြေခံ မရှိသေးသောသူသည် မည်သည့်အရာမျိုးကိုမျှ မိမိအလိုအလျောက် ကြံစည်သိမြင်နိုင်မည် မဟုတ်၊ မိမိမှာ အခြေခံပညာရရှိရန် ပညာရှိများထံမှ ကြားနာ၍ ရှေးဦးစွာ ဆည်းပူးရပေမည်။ ထို့ကြောင့် ပညာပါရမီကို ဖြည့်ဆည်းပူးလိုသောသူသည် ရှေးဦးစွာ မိမိမှာ ပညာအခြေခံ မရှိသေးမီ ပညာရှိများထံမှ နာခံ၍သာ ပညာကို ဆည်းပူးရမည်ဟု ဟောကြားတော်မူခြင်း ဖြစ်သည်။

     ဤသို့ ပညာရှိများထံမှ နာခံဆည်းပူးသဖြင့် ပညာအခြေခံ ရရှိလာသောအခါမှသာ မိမိအလိုအလျှောက် ကိုယ်ပိုင်ဉာဏ်ဖြင့် ကြံစည်၍ သိမြင်ခြင်းသဘောကို ရရှိနိုင်သည်။ (အကျဉ်းချုပ်အားဖြင့်.. သုတမယပညာကို ရှေးဦးစွာ ရှာမှီးပြီးမှ စိန္တာမယပညာကို ရှာမှီးရမည်ဟု ဆိုလိုသည်။)

     ဘုရားအလောင်းတော်ကြီးများ ပညာပါရမီဖြည့်ရာ ဘဝတို့ကို အဋ္ဌသာလိနီအဋ္ဌကထာ စသည်တို့၌ ဝိဓုရပညာရှိ ဖြစ်သောဘဝ၊ မဟာဂေါဝိန္ဒပညာရှိ ဖြစ်သောဘဝ၊

(ဗာ)

ကုဒါလပညာရှိ ဖြစ်သောဘဝ၊ အရကပညာရှိ ဖြစ်သောဘဝ၊ ဗောဓိပရိဗိုဇ်ပညာရှိ ဖြစ်သောဘဝ၊ မဟောသဓာပညာရှိ ဖြစ်သောဘဝ စသည်ဖြင့် ပညာပါရမီကို ဖြည့်ဆည်းပူးခဲ့သော ဘဝပေါင်းကား အရေအတွက်မရှိဟူ၍ ပြဆိုတော်မူကြ၏။ ထိုသို့ ပြဆိုခြင်းမှာ ပညာအခြေခံရှိ၍ စိန္တာမယပညာ ပြည့်စုံနေသော အလောင်းတော်ဘဝများကိုသာ ပြဆိုခြင်းဖြစ်သည်၊ ဤဝိဓုရပညာရှိ စသည်ဖြစ်သော ဘဝတို့၌ အခြေခံပညာ အားကြီးလှပြီဖြစ်၍ သုတမယပညာကို အဓိကထား ဆည်းပူးနေရန် မလိုတော့ပြီ။

ကဝိလေးမျိုး

     ဤစိန္တာမယပညာ စသည်ကို အခြေခံထား၍ပင်-

(၁) စိန္တာကဝိ၊

(၂) သုတကဝိ၊

(၃) အတ္ထကဝိ၊

(၄) ပဋိဘာနကဝိ..

ဟူ၍ ကဝိလေးမျိုး (ပညာရှိလေးမျိုး) ပြားကြောင်းကို အင်္ဂုတ္တရနိကာယ စတုက္ကနိပါတ်၌ ဟောထားတော်မူသည်။ (ကဝိဟူသော ပုဒ်သည် ကဝဓာတ်ဖြင့်ပြီးသော ပုဒ်တည်း၊ ကဝဓာတ်ကလည်း ချီးမွမ်းခြင်းအနက်ကို ဟော၏၊ သို့ဖြစ်၍ ချီးမွမ်းသင့်သောအရာကို ချီးမွမ်းပြောဆိုတတ်သော ပုဂ္ဂိုလ်ကို ကဝိဟူ၍ ခေါ်၏။ ပညာရှိဟု ဆိုလိုသည်။) ထိုကဝိလေးမျိုးတို့တွင်..

     (၁) တစုံတခုသော အကြောင်းအရာကို မိမိအလိုအလျောက် ကြံစည် သိမြင်နိုင်သော ပုဂ္ဂိုလ်သည် စိန္တာကဝိမည်၏။ (ချီးမွမ်းသင့်သူကို ချီးမွမ်းဖွဲ့ဆိုခြင်းအမှုကို ကဝိတို့၏ ဥစ္စာဖြစ်၍ ကဗျာဟု ခေါ်သည်။) ကိုယ်ပိုင်ဉာဏ်ဖြင့် ကြံစည်စဉ်းစား၍ ထိုကဗျာမှု ပြုတတ်သူကို စိန္တာကဝိခေါ်၏။

     (၂) တစုံတယောက်သောသူထံမှ ကြားနာရ၍ သိမြင်နိုင်သောပုဂ္ဂိုလ် သူတပါးထံမှ ကြားနာနည်းယူ၍ ကဗျာမှု ပြုတတ်သောသူကို သုတကဝိခေါ်၏။

     (၃) မိမိအလိုအလျောက် ကြံစည်၍လည်း မသိ သူတပါးထံမှလည်း ကြားနာရခြင်း မရှိပဲ မိမိသိရှိထားပြီးဖြစ်သော ခက်ခဲသည့် အနက်အဓိပ္ပါယ်တခုကို အခြေခံထားကာ အလားတူ အခြားအနက်အဓိပ္ပါယ်တို့ကို သိမြင်နိုင်သောသူသည် အတ္ထကဝိမည်၏။ အကြောင်းအရာတခုခုကို အခြေခံပြုကာ ကဗျာမှု ပြုတတ်သူကို ဆိုလိုသည်။

(ဗိ)

     (၄) ကြံစည်၍လည်း မနေရ သူတပါးထံမှလည်း ကြားနာရခြင်းမရှိ အထောက်အထားပြုစရာ အနက်အဓိပ္ပါယ်လည်း မရပဲ ရုတ်တရက် ထိုးထွင်းသိမြင်နိုင်သော အသိဉာဏ် ပဋိဘာန်ရှိသော ပုဂ္ဂိုလ်သည် ပဋိဘာနကဝိမည်၏။ (ဘုရားလက်ထက်တော်အခါ အရှင်ဝင်္ဂီသထေရ်ကဲ့သို့တည်း။)

ပညာ၏သဘော

     ပညာဟူသည် စေတသိက် ပရမတ္ထတရား သီးခြားတခုဖြစ်၏။ ဤပညာစေတသိက်ကို ဓမ္မသင်္ဂဏီ ပါဠိတော်၌ ပညိန္ဒြေ ပညာ ပဇာနနာစသော အမည်များဖြင့် ဟောကြားတော်မူ၏။ တရားတခုတည်းကို အမည်အမျိုးမျိုး ထုတ်ဖော် ဟောကြားခြင်းမှာ တရားတခုတွက် ဟောသင့်သမျှ အချက်အလက်တို့ကို အပြည့်အစုံ ဟောကြားခြင်းတည်းဟူသော အဘိမ္မာ၏ သဘောဓမ္မတာပင် ဖြစ်၏။ အရင်းခံ အမည်ကား ပညိန္ဒြိယ= ပညိန္ဒြေပင်တည်း၊ ဤ ပညိန္ဒြိယဟူသော ပုဒ်မှာ ပညာ+ဣန္ဒြိယ ပုဒ်နှစ်ခု တွဲစပ်ထား၏။

     သစ္စာလေးပါး တရားတို့ကို အပြားအားဖြင့် သိတတ်သောကြောင့် ပညာခေါ်သည်။ တနည်း အနိစ္စ ဒုက္ခ အနတ္တဟူသော လက္ခဏာသုံးပါးတို့ကို အပြားအားဖြင့် သိတတ် သိစေတတ်သောကြောင့် ပညာခေါ်သည်။ ။မသိမမြင်ခြင်းတည်းဟူသော အဝိဇ္ဇာမောဟကို လွှမ်းမိုးနိုင်သောကြောင့် ဣန္ဒြိယခေါ်သည်။ တနည်း သိမြင်ခြင်းလက္ခဏာ၌ အစိုးရမှုကို ပြုတတ်သောကြောင့် ဣန္ဒြိယခေါ်သည်။ (ဣန္ဒြိယ= လွှမ်းမိုးနိုင်ခြင်း၊ ဝါ- အစိုးရခြင်း။) ပုဒ်နှစ်ပါးကို တွဲစပ်သောအားဖြင့် ပညိန္ဒြိယ= ပညိန္ဒြေဟူ၍ ခေါ်သည်။ သစ္စာလေးပါးကို သိတတ်သောသဘော အနိစ္စ ဒုက္ခ အနတ္တဟူသော လက္ခဏာသုံးပါးကို အပြားအားဖြင့် သိတတ် သိစေတတ်သော သဘောတည်း။

     ထိုပညာသည် အရောင်အလင်းကို ပြုခြင်းလက္ခဏာ သဘောရှိ၏၊ မှောင်အတိကျနေသော တိုက်ခန်းအတွင်းမှာ မီးထွန်းလိုက်လျှင် အမှောင်ပျောက်၍ အလင်းရောက်သကဲ့သို့ မောဟဖုံးလွှမ်း၍ မသိမမြင်နိုင်သောအရာမှာ ပညာဝင်လာလျှင် မသိခြင်း= မောဟပျောက်၍ ထင်ထင်လင်းလင်း သိမြင်ခြင်းသို့ ရောက်ရ၏၊ ထို့ကြောင့် “ပညာသမာ အာဘာ နတ္ထိ= ပညာနှင့်တူသော အရောင်အလင်းမည်သည် မရှိ”ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။

     တနည်းကား.. ခွဲခြားသိမြင်ခြင်း သဘောလက္ခဏာရှိ၏။ လောက၌ လိမ္မာလှသော ဆေးသမားသည် လူမမာတို့၏အတွက် ဤအစာကား သင့်၍ ဤအစာကား မသင့် စသည်ဖြင့် ခွဲခြားသိမြင်သကဲ့သို့၊ ဤပညာသည် ဖြစ်လာလျှင် ဤအရာစုကား ကုသိုလ်မှု၊ ဤအရာစုကား အကုသိုလ်မှု စသည်ဖြင့် ခွဲခြား ဝေဖန် သိမြင်နိုင်သည်။

(ဗီ)

     တနည်းကား.. ပညာသည် ဟုတ်မှန်တိုင်းသော သဘောကို ထိုးထွင်းသိမြင်ခြင်း လက္ခဏာရှိ၏။ တနည်း လိမ္မာလှသောမြှားဆရာ ပစ်လွှင့်အပ်သည့် မြှားကဲ့သို့ မလွဲမစောင်း မချွတ်မယွင်း ထိုးထွင်းသိမြင်ခြင်း လက္ခဏာရှိ၏။

ဤလက္ခဏာနှင့်စပ်၍ အထူးသတိချပ်ရန်မှာ.. မည်သည့်အရာမျိုးကိုမဆို ဟုတ်မှန်သည့်အတိုင်း သိမြင်ခြင်းသည် ပညာအစစ်ဖြစ်၍ အပြစ်မရှိ၊ ထို့ကြောင့်ပင် ဤပညာစေတသိက်ကို သင်္ဂြိုဟ်ကျမ်း၌ သောဘဏစေတသိက်၌ ထည့်သွင်း ဖော်ပြသည်။ မေးဖွယ်ရှိပြန်သည်ကား..

ပါဌဇာတ် (ငါးရာ့ငါးဆယ်) အဋ္ဌကနိပါတ်၊ ၃-သုလသာဇာတ်၌.. ဗာရာဏသီပြည်၌ သုလသာအမည်ရှိသော ပြည့်တန်းဆာမသည် သတ္တုကအမည်ရှိသော ခိုးသူကို အသတ်ခံရမည့်ဆဲဆဲ အသက်ဘေးမှကယ်ဆယ်ကာ လင်ပြုလုပ် ပေါင်းသင်းနေရာ ထိုခိုးသူက အကောက်ကြံ၍ တသိန်းတန် အဆင်တန်ဆာများကို ဆင်ယင်ပြီးလျှင် တောင်ထိပ်တခုသို့တက်ကာ ထိုတောင်ထိပ်သို့ ရောက်သည်တွင် ဆင်လာသော အဆင်တန်ဆာများကို အချွတ်ခိုင်း၍ သုလသာကို သတ်တော့မည်ဟု ပြုလုပ်၏။ ထိုအခါ သုလသာက “ငါ့ကို သတ်တော့မည် အမှန်ဖြစ်သည်။ ငါသည် မာယာဖြင့် သူ့ကို အလျင်လက်ဦးမှ တော်မည်”ဟု ကြံပြီးလျှင် “အမောင်.. အမောင်က ကျွန်ုပ်ကို သတ်မည်ဖြစ်သော်လည်း ကျွန်ုပ်က အမောင့်အပေါ်မှာ မေတ္တာမပျက်နိုင်ပါ၊ ကျွန်ုပ် သေရခါနီးတွင် ကျေနပ်အောင် အမောင့်ကို ရှေ့နောက်ဝဲယာ လေးမျက်နှာတို့မှ ရှိခိုးပါရစေ”ဟု တောင်းပန်စကား ပြောကြားလေသည်။ သတ္တုကခိုးသူက အဟုတ်ပင်ထင်မှတ်၍ ရှိခိုးကန်တော့ခွင့် ပြုသည်တွင် တောင်ထိပ် ကမ်းပါးစောက်၌ မတ်တတ် ရပ်နေသော ခိုးသူကို ရှေးဦးစွာ ရှေ့ဖက် ဘေးဖက်တို့မှ အယုံသွင်းကာ ရှိခိုးပြီးလျှင် ကျောဖက်သို့ ရောက်သောအခါ တအားကုန် တွန်းထိုး၍ ချလိုက်သဖြင့် ထိုခိုးသူ ကြေမွသေဆုံး၍ သွားသောအခါ တောင်ထိပ်တွင်နေသော အလောင်းတော်နတ်က-

န ဟိ သဗ္ဗေသု ဌာနေသု၊ ပုရိသော ဟောတိ ပဏ္ဍိတော။

ဣတ္တီပိ ပဏ္ဍိတာ ဟောတိ၊ တတ္ထ တတ္ထ ဝိစက္ခဏာ။

“အရာတိုင်းမှာ ယောက်ျားများသာ ပညာရှိသည် မဟုတ်၊ မိန်းမသည်လည်း ထိုထိုအရာတို့မှာ မြော်မြင် ဆင်ခြင်နိုင်သော ပညာရှိဖြစ်သည်သာ” ဤသို့ အစရှိသည်ဖြင့် သုလသာကို ချီးမွမ်းကြောင်း လာရှိသည်။

(ဗု)

ဤဇာတ်တော်အရ သုလသာ၌ ခိုးသူကိုသတ်နိုင်ရန် ကြံစည်ခြင်းသည် ပါဏာတိပါတ ဒုစရိုက်အရာသာ ဖြစ်၍ ပညာစေတသိက် မယှဉ်နိုင် မပါနိုင်ပါပဲလျက် ပညာရှိဟူ၍ ဘုရားအလောင်းနတ်က ချီးမွမ်းခြင်းသည် မည်သို့ သင့်နိုင်အံ့နည်းဟူ၍ မေးမြန်းတတ်ကြ၏။

ဖြေဆိုသူတို့ကလည်း ဤသုလသာ၏အသိမှာ ပညာအစစ်မဟုတ်၊ သညာသိ ဝိညာဏ်သိ ပညာသိအားဖြင့် အသိသုံးမျိုးရှိသည်တွင် ဝိညာဏ်သိ= စိတ်ကူးသိသာ ဖြစ်သည်။ ထိုဝိညာဏ်သိကိုပင် ပညာရှိဟု ခေါ်ဝေါ်ခြင်းဖြစ်သည်ဟု ဖြေဆိုကြကုန်၏။

အချို့ကလည်း အယူအမြင်ကို ဒိဋ္ဌိခေါ်၏၊ ကောင်းသော အယူအမြင်ကို သမ္မာဒိဋ္ဌိ မကောင်းသော အယူအမြင်ကို မိစ္ဆာဒိဋ္ဌိဟု ခွဲခြားရရာ သုလသာ၏အမြင်သည် မကောင်းသော အမြင်ဖြစ်၍ မိစ္ဆာဒိဋ္ဌိရှိသည်ကို အကြောင်းပြုကာ ပညာရှိဖြစ်ကြောင်းနှင့် တောင်စောင့်နတ်က ချီးမွမ်းခြင်းဖြစ်သည်၊ ပညိန္ဒြေကို အစွဲပြု၍ ချီးမွမ်းခြင်း မဟုတ်သောကြောင့် အဘိဓမ္မာသဘောနှင့် မဆန့်ကျင်ပါဟူ၍လည်း အလွဲလွဲ အချော်ချော် ဖြေဆိုကြ၏။

ပဌမ ဒုတိယ အဖြေနှစ်ရပ်လုံးပင် ပညာမဟုတ်သည့် ဝိညာဏ်နှင့် ဒိဋ္ဌိတို့ကို ပညာပြု၍ ပြောဆိုဖြေကြားခြင်း ဖြစ်သောကြောင့် အဘိဓမ္မာသဘောနှင့် လွန်စွာ့လွန်စွာ ဆန့်ကျင်လှပေ၏။

အမှန်မှာ.. “ဤခိုးသူကို ငါ ဤကဲ့သို့ ပရိယာယ်ပြော၍ ကြံစည်လိုက်လျှင် ငါနိုင်မည်”ဟု သုလသာ၏ သိခြင်းသည် အမှန်သိဖြစ်၍ ပညာသိပင် ဖြစ်သည်။ ဒုစရိုက်အရာမှာ ပညာအစစ်ဝင်ရောက်၍ ဖြစ်မှဖြစ်နိုင်ပါမည်လော ဟူ၍လည်း မယုံမှားသင့်ပေ။ ဥပမာဆိုသော်.. မသောက်ထိုက် မသောက်ကောင်း ဒုစရိုက်၏ အကြောင်းဖြစ်သော အရက်သေစာအမျိုးမျိုးကို ခွဲခြားကာ မည်သည့်အရက်မျိုးသည် မည်သို့ သတ္တိရှိသည်။ မည်မျှ အဖိုးတန်သည်၊ သောက်လျှင် မည်သို့ ဖြစ်ပျက်သွားမည် စသည်တို့ကို သိရုံမျှ သိခြင်းသည် အပြစ်မရှိနိုင်ပေ။ သောက်တော့မည်ဟု ကြံစည်လိုက်သည်ကစ၍သာ အကုသိုလ် ဖြစ်နိုင်ပေသည်။

ဥပမာ တနည်းသော်ကား.. ကမ္ဘာပေါ်၌ အယူဝါဒ အမျိုးမျိုးရှိရာ မည်သည့်အယူဝါဒက မည်သို့ယူသည် စသည်ဖြင့် အလုံးစုံကို တခုမကျန် ဝေဖန်ခွဲခြား၍ သိရုံသာ သိမြင်ခြင်းသည် အပြစ်မရှိပေ။ ထိုအယူဝါဒ အမျိုးမျိုးအနက် မည်သည့်အယူဝါဒက

(ဗူ)

အကြောင်းအကျိုး မှန်ကန်၍ မည်သည့်အယူဝါဒက မှားယွင်းသည်ဟု အမှန်ကို အမှန်အတိုင်း အမှားကို အမှားအတိုင်း သိရုံမျှ သိခြင်းသည် အပြစ်မရှိနိုင်ပေ။ မှားယွင်းသော အယူဝါဒကို အမှန်ကြီး အကောင်းကြီး ထင်မြင်သွားသော အခါမှစ၍သာ အပြစ်ရှိနိုင်သည်။

သို့ဖြစ်၍ “ဤကဲ့သို့ ပရိယာယ်ဖြင့် ကြံစည်လိုက်က ငါနိုင်မည်”ဟု အမှန်အတိုင်း သိခြင်းသည် အပြစ်မရှိ၊ ပညာသိပင် ဖြစ်သည်။ ကြံစည်သည့်အတိုင်း ပြုလုပ်တော့မည် ပရိယာယ်ဖြင့် သတ်တော့မည်ဟု ဆုံးဖြတ်သည်ကစ၍ အပြစ်ရှိသော ဒုစရိုက်မှု ဖြစ်လေသည်။ ဤသို့ သုလသာ၏ ပါဏာတိပါတကံပြုရာမှာ ရှေးဦးစွာ အသိဉာဏ် ဖြစ်ပေါ်သည်ကို ရည်ရွယ်၍သာ အလောင်းတော် တောင်စောင့်နတ်က ပညာရှိဟု ချီးမွမ်းသည်ဟူ၍သာ မုချဆတ်ဆတ် မှတ်ယူအပ်ပေ၏။

ဤဆိုအပ်ပြီးသည့်အတိုင်း အသိဉာဏ်နယ်တပိုင်း ပါဏာတိပါတ ဒုစရိုက်နယ်တပိုင်းအားဖြင့် ခွဲခြား၍ မှတ်ယူသင့်သည်၊ ထိုသို့မဟုတ်ပဲ သုလသာ၏ အသိဉာဏ်သည် မကောင်းမှုအရာဖြစ်၍ ပညာအစစ် မဖြစ်နိုင်ဟု မလျှော့တန်း ယူနေလျှင် မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကြီးကိုပင် အပြစ်မလွတ်သော အခြေရောက် ပို့ပေးရာရောက်ချေမည်၊ အကြောင်းကား.. မြတ်စွာဘုရား၏ ဉာဏ်တော်ကြီးသည် ကောင်း မကောင်း အရာဟူသမျှ သိမြင်နိုင်သည့်အတွက် သဗ္ဗညုတဉာဏ်တော်ဟူသော အမည်ကို ရလေသည်။ ဉာဏ်ပညာအစစ်သည် မကောင်းသောအရာကို မသိနိုင်ဟုဆိုလျှင် မြတ်စွာဘုရား၏ ဉာဏ်တော်သည် မကောင်းသောအရာကို သိတော့မည်မဟုတ်၊ မသိလျှင် သဗ္ဗညုတဉာဏ်ဟူ၍ပင် မခေါ်နိုင်တော့ချေ။ စင်စစ်ကား ကောင်းသောအရာ မကောင်းသောအရာ ခပ်သိမ်းကိုပင် သိမြင်နိုင်သောကြောင့် သဗ္ဗညုတဉာဏ်ဟူ၍ ခေါ်ရသည်။

အချုပ်အားဖြင့်.. မြတ်စွာဘုရားသည် အပြစ်ရှိသောအရာ အပြစ်မရှိသောအရာ ခပ်သိမ်းကိုပင် သိတော်မူ၏၊ သို့သော် အပြစ်ရှိသောအရာကို ပြုလုပ်ရန်အတွက်မူ အနုသယ အမြစ်အရင်းပါမကျန် ပယ်စွန့်ပြီးဖြစ်၍ မည်သည့်အခါမျှ ဆန္ဒရှိတော်မမူ၊ ပြုဖို့ရန်မူ ဆိုရန်မရှိတော့ပြီ။ ဤသို့ အပြစ်မရှိသော အရာဟူသမျှကို သိမြင်တော်မူပြီးလျှင် ပယ်သင့်သောတရားဖြစ်၍ ပယ်စွန့်တော်မူခြင်း အလျဉ်းပြုတော်မမူခြင်း တည်းဟူသော ဂုဏ်ကျေးဇူးကို အာရုံပြုကာ သဒ္ဓါတရား တိုးတက်ပွါးများရာ၏။

(ဗေ)

ထိုမှတပါးလည်း.. ပညာပါရမီကို အကြောင်းပြု၍ ဟောတော်မူအပ်သော မဟောသဓာဇာတ်၌ အလောင်းတော် မဟောသဓာသုခမိန်၏.. စူဠနီဗြဟ္မဒတ်မင်းသည် လက်အောက်ခံ မင်းများနှင့်တကွ ဝိဒေဟတိုင်းကို စစ်ကြီးဝိုင်းဝန်းတိုက်ခိုက်ရာ မြို့ရိုးအတွင်းမှနေလျက် အထူးထူး ဉာဏ်ယှဉ်ကာ စူဠနီဗြဟ္မဒတ်မင်း ရွံ့ကြောက်အောင် စီမံပုံများ.. ထို့နောက် စူဠနီဗြဟ္မဒတ်မင်း စစ်ကြီးပျက်၍ ကစဉ့်ကရဲ ထွက်ပြေးရအောင် စီမံပုံများ.. အစရှိသည်တို့ကို ပြုလုပ်ရာမှာ ကုသိုလ်အရေးအရာ မဟုတ်သဖြင့် ပညာတရား ဖြစ်ပွါးခွင့်မရှိဟု ဆိုလျှင် မဟောသဓာဘဝမှာ ပညာပါရမီ ဖြည့်သောအချက် ရှိနိုင်တော့မည် မဟုတ်၊ စင်စစ်ကား မဟောသဓာဇာတ်လာ အချက်အလက်စုသည် အလောင်းတော်၏ ပညာစွမ်းဖြင့်သာ စီမံရသော အချက်စု ဖြစ်၍ ပညာပါရမီ ဖြည့်တော်မူသောဘဝဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်။

ဤသို့စသော အကြောင်းအရာအစုကို ထောက်ထားလျှင် သုလသာဇာတ်၌ အလောင်းတော် တောင်စောင့်နတ်၏ သုလသာကို ပညာရှိမိန်းမဟု ချီးမွမ်းခြင်းသည် ပညာရှိဖြစ်၍သာ ချီးမွမ်းခြင်းဖြစ်သည်ဟု စိတ်ဖြာခွဲခြား မှတ်ယူအပ်၏။

(ဤကား ပညာ၏ သဘောလက္ခဏာနှင့်စပ်၍ ယုံမှားခြင်း ဖြစ်တတ်သည့်အရာကို ရှင်းလင်း ပြဆိုချက်တည်း။)

ပညာအမျိုးအစား

     ပြခဲ့ပြီးသည့်အတိုင်း သစ္စာလေးပါး လက္ခဏာသုံးပါးတို့ကို အများအားဖြင့် သိတတ် သိစေတတ်သောကြောင့် ပညာမည်၏ဟူ၍ အဋ္ဌသာလိနီစသော အဋ္ဌကထာတို့၌ ပြဆိုခြင်းသည် ဥက္ကဋ္ဌနည်း= အဆင့်အတန်း မြင့်မားသော ပညာတို့ကို ရည်ရွယ်၍ ပြဆိုခြင်းဖြစ်သည်၊ ဤအဆင့်အတန်းကို မမှီသော အောက်တန်းပညာစုလည်း ရှိပေသေးသည်။ ရှိကြောင်းကို ဝိဘင်းပါဠိတော် ဉာဏဝိဘင်း စိန္တာမယပညာ သုတမယပညာတို့ကို ဟောကြားရာ၌ (တတ္ထ ကတမာ စိန္တာမယာ ပညာ၊ ယောဂဝိဟိတေသု ဝါ ကမ္မာယတနေသု ယောဂဝိဟိတေသု ဝါ သိပ္ပါယတနေသု.. အစရှိသည်ဖြင့်) အသက်မွေးမှု၏ အကြောင်းဖြစ်သော အမှုမျိုး= ကမ္မာယတန, အသက်မွေးမှု၏ အကြောင်းဖြစ်သော အတတ်မျိုး= သိပ္ပါယတနတို့ကို ဟောတော်မူရာ အဋ္ဌကထာ၌ ပညာဖြင့် စီမံအပ်သော အမှုအမျိုးမျိုးကို ကမ္မာယတနခေါ်ကြောင်း၊ ပညာဖြင့် စီမံအပ်သော အတတ်အမျိုးမျိုးကို သိပ္ပါယတနခေါ်ကြောင်း ဖွင့်ပြပြီးလျှင်

(ဗဲ)

ကမ္မာယတနအရ အမှုမျိုးကလည်း အညံ့စား အမြတ်စားဟူ၍ နှစ်ပါးရှိရာ လက်သမားလုပ်မှု စသည်ကား အညံ့စားအမှုမည်၏။ လယ်ထွန်ခြင်း ကုန်သွယ်ခြင်း စသည်ကား အမြတ်စားအမှုမည်၏။ သိပ္ပါယတန အတတ်မျိုးမှာလည်း ထရံချက်အတတ် ရက္ကန်းရက်အတတ် စသည်သည် အညံ့စား အတတ်မျိုး မည်၏၊ ဂဏန်းအတတ် စာရေးအတတ် စသည်သည် အမြတ်စားအတတ်မည်၏ စသည်ဖြင့် အကျယ်ဖွင့်ပြထားသည်။

ဤအရာတွင် ကမ္မာယတန= အမှုနှင့် သိပ္ပါတယန= အတတ်တို့၏ အထူးမှာ.. အထူးသင်ကြားနေရခြင်း မရှိပဲ ပြုလုပ်နိုင်သော အမှုကိစ္စမျိုးသည် ကမ္မာယတနမည်၏။ သင်ကြားမှ တတ်မြောက် သိမြင်လာသော အတတ်မျိုးသည် သိပ္ပါယတနမည်၏။ (တနည်း) အချုပ်အားဖြင့် အထူးမသင်ရပဲ ပြုလုပ်အပ်သော ကိစ္စနှင့် အထူးသင်ကြား တတ်မြောက်ထားသော လက်မှုပညာဟူ၍ ထူးပုံကို ခွဲခြားရမည်။ သင်ကြား၍ တတ်မြောက်သော နှုတ်မှုပညာကိုကား ဝိဇ္ဇာဌာနဟူ၍ ခေါ်ဆို၏။

ဤအရာ၌ ယုတ်ညံ့သော ပစ္စည်းဝတ္ထုတည်းဟူသော လောင်စာကို လောင်သည့်မီး မြတ်သောပစ္စည်းဝတ္ထု တည်းဟူသော လောင်စာကို လောင်သည့်မီး နှစ်မျိုးတို့ကို လောင်စာ၏ အယုတ်အမြတ်သို့လိုက်၍ ယုတ်သောမီး မြတ်သောမီးဟူ၍ ခွဲခြားဖွယ်မရှိပဲ လောင်စာအားသေးလျှင် အားသေးသောမီး လောင်စာအားကြီးလျှင် အားကြီးသောမီး ဟူ၍သာ ဆိုသင့်သကဲ့သို့၊ ဤအတူ ပညာအရာမှာလည်း သိအပ်သောအရာက ယုတ်ညံ့သည့်အတွက် ယုတ်ညံ့သောပညာ၊ သိအပ်သောအရာက မြင့်မြတ်သည့်အတွက် မြင့်မြတ်သောပညာဟူ၍ ခွဲခြားဖွယ်မရှိပဲ အားသေးပညာ အားကြီးသောပညာ (တနည်း) လွယ်ကူသောပညာ ခဲခက်သောပညာဟူ၍သာ ဆိုသင့်ပေ၏။ အဋ္ဌသာလိနီ အဋ္ဌကထာ ပညာ၏လက္ခဏာကို ပြသည့်အတိုင်း အထက်တန်းစား ပညာကြီးများကိုမှ ပညာဟူ၍ မမှတ်ယူပဲ အောက်တန်းစား ပညာများကိုလည်း ပညာ ဟူ၍ပင် မှတ်ယူရာ၏။

သို့ဖြစ်၍ ပညာပါရမီကို ဆည်းပူးလိုသောသူသည် အထက်တန်း အောက်တန်း မရွေးချယ်ပဲ မိမိမသိသေးသည့် အရာဖြစ်လျှင် ပညာရှိများထံမေး၍ ဆည်းပူး ဖြည့်ကျင့်သင့်ပေ၏။ ထို့ကြောင့်ပင် ဗုဒ္ဓဝင်ပါဠိတော်၌.. “ပရိပုစ္ဆန္တော ဗုဓံ ဇနံ၊ ပညာပါရမိတံ ဂန္တွာ”ဟူ၍ ဟောတော်မူသည်။

(ဗော)

ပညာပွါးကြောင်း ခုနစ်ပါး

     ထိုမှတပါးလည်း သမ္မောဟဝိနောဒနီ (ဝိဘင်း)အဋ္ဌကထာ သတိပဋ္ဌာန ဝိဘင်းအဖွင့်၌လည်း ပညာပွါးခြင်းအကြောင်း ခုနစ်ပါးကို ဖွင့်ပြထားပေသည်။ ခုနစ်ပါးဟူသော်ကား..

     (၁) ပရိပုစ္ဆကတာ= ပညာရှိတို့ထံ အဖန်ဖန် မေးမြန်းခြင်း၊ (ဤ ပဌမအင်္ဂါသည် “ပရိပုစ္ဆန္တော ဗုဓံ ဇနံ”ဟူသော ဗုဒ္ဓဝင်ပါဠိတော်အရ ဖော်ပြအပ်သော အင်္ဂါဖြစ်၏။)

     (၂) ဝတ္ထုဝိသဒကိရိယာ= ကိုယ်တွင်းကိုယ်ပ နှစ်ဌာနလုံးသော ဝတ္ထုတို့ကို သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ရခြင်း၊ (ဆံပင် ခြေသည်း လက်သည်း မုတ်ဆိတ် ကျင်စွယ်တို့ ရှည်လျားခြင်း တကိုယ်လုံးမှာ အတွင်းဓာတ် တောင့်တင်းခိုင်မာနေခြင်း ချွေး ကြေးညှော် ထူထပ်ခြင်းတည်းဟူသော ကိုယ်တွင်း မစင်ကြယ်မှု မရှိစေရ၊ အဝတ်အစား ဟောင်းနွမ်းကာ မကောင်းသောအနံ့ နံစော်ခြင်း အိပ်ရာနေရာတို့၌ အမှိုက်သရိုက် ထူထပ်ခြင်းစသော ကိုယ်ပ မစင်ကြယ်မှုများလည်း မရှိစေရ။ ကိုယ်တွင်းကိုယ်ပ နှစ်ဌာန မစင်ကြယ်မှု ရှိနေသောအခါ ဖြစ်ပေါ်သော ပညာမှာလည်း အညစ်အကြေးထူထပ်သော မီးခွက် မီးစာ ဆီတို့မှဖြစ်သော မီးတောက်သည် မကြည်လင်သကဲ့သို့ မကြည်မလင် မစင်မကြယ်သာ ဖြစ်လာ၏။ အညစ်အကြေး ကင်းစင်သော မီးခွက် မီးစာ ဆီတို့မှဖြစ်သော မီးတောက်သည် ကြည်လင်စင်ကြယ်သကဲ့သို့ ကြည်လင်စင်ကြယ် ထွန်းပသော ပညာဉာဏ် ဖြစ်ပေါ်လာအောင် ကိုယ်တွင်းကိုယ်ပ နှစ်ဌာနဝတ္ထုတို့ကို စင်ကြယ်စေရမည်ဟု ဆိုလိုသည်။)

     (၃) ဣန္ဒြိယသမတ္တပဋိပါဒနာ= သဒ္ဓါစသော ဣန္ဒြေတို့ ညီမျှအောင်ပြုခြင်း၊ (သတ္တဝါတို့သန္တာန်၌ စိတ်စေတသိက်တို့ကို စိုးအုပ်နေသော ဣန္ဒြေတရား ငါးပါးရှိသည်အနက်- သဒ္ဓိန္ဒြေက အားကြီးနေလျှင် အခြား ဣန္ဒြေလေးပါးတို့သည် အားနည်းကြသဖြင့် ဝီရိယိန္ဒြေကလည်း မိမိ၏တာဝန်ဖြစ်သော ချီးမြှောက်အားပေးခြင်းကိစ္စကို မရွက်ဆောင်နိုင်၊ သတိန္ဒြေကလည်း အာရုံထင်စေခြင်းကိစ္စကို မရွက်ဆောင်နိုင်၊ သမာဓိန္ဒြေကလည်း မပျံ့လွင့်ခြင်းကိစ္စကို မရွက်ဆောင်နိုင်၊ ပညိန္ဒြေကလည်း သိမြင်ခြင်းကိစ္စကို မရွက်ဆောင်နိုင်၊ သို့ဖြစ်၍ သဒ္ဓိန္ဒြေ လွန်ကဲနေလျှင် ထိုလွန်ကဲနေသော သဒ္ဓိန္ဒြေကို အညီအမျှသာဖြစ်ရမည့် တရားသဘောကို ဆင်ခြင်ခြင်းဖြင့်သော်၎င်း သဒ္ဓိန္ဒြေမြောက်များ အားရှိစေမည့်နည်းကို နှလုံးမသွင်းခြင်းဖြင့်သော်၎င်း ယုတ်လျော့အောင် ညီမျှအောင် အားထုတ်ရာ၏၊ အကယ်၍.. ဝီရိယန္ဒြေ အားကြီးနေငြားအံ့၊ ထိုအခါ သဒ္ဓိန္ဒြေသည် မိမိ၏ဆိုင်ရာ ကြည်ညိုဖွယ်ဝတ္ထု၌ သက်ဝင်ကြည်ညိုခြင်းကိစ္စကို

(ဗော်)

မရွက်ဆောင်နိုင်၊ အခြားဣန္ဒြေများလည်း မိမိတို့ဆိုင်ရာ ကိစ္စတို့ကို မရွက်ဆောင်နိုင်ကြ၊ သို့ဖြစ်၍ ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးစွာထားသင့်သည့် သဘောကို ထင်စွာပွါးများခြင်းဖြင့် ထိုလွန်ကဲသော ဝီရိယိန္ဒြေကို ယုတ်စေရာ၏။ ဤနည်းအတိုင်း အခြားဣန္ဒြေတို့မှာလည်း တပါးတပါး အားရှိနေခဲ့သော် ကျန်သောဣန္ဒြေတို့ မိမိတို့ဆိုင်ရာကိစ္စကို မရွက်ဆောင်နိုင်ဟူ၍ သိအပ်၏။)

ဤဣန္ဒြေတို့ကို ညီမျှစေသောအရာ၌ အထူးအားဖြင့် သဒ္ဓါနှင့် ပညာတို့၏ ညီမျှခြင်းကို၎င်း၊ သမာဓိနှင့် ဝီရိယတို့၏ ညီမျှခြင်းကို၎င်း ပညာရှိ သူတော်ကောင်းတို့ ချီးမွမ်းကြကုန်၏။ သဒ္ဓါတရားအားကြီး၍ ပညာတရား နည်းပါးသောသူသည် အချည်းနှီးသော ကြည်ညိုခြင်းဖြင့် ကြည်ညိုနေတတ်၏။ (ကြည်ညိုဖွယ်ဝတ္ထု ဟုတ်-မဟုတ်ကို သိမြင်နိုင်သော ပညာတရား အားနည်းနေသည့်အတွက် ကြည်ညိုဖွယ်မဟုတ်သောအရာ၌ ကြည်ညိုနေတတ်၏ဟု ဆိုလိုသည်။ ဘုရား တရား သံဃာ အစစ်မဟုတ်သည့် အရာတို့ကို ဘုရားစစ် တရားစစ် သံဃာစစ်ဟူ၍ ထင်မြင်ယုံကြည်နေခြင်းသည် ယုံကြည်သည့်အတိုင်း မမှန်သည့်အတွက် အကျိုးမပြီး အချည်းနှီးသော ယုံကြည်ခြင်းသာ ဖြစ်၏ဟူ၍ ဆိုလို၏။) မိစ္ဆာအယူ ရှိသူတို့သည် မိမိတို့ အယူမှားအတိုင်း ဘုရား တရားဟူ၍ ထင်မြင်သောအရာကို ကြည်ညိုကြ၏။ ထိုသူတို့၏ ကြည်ညိုခြင်းကား သဒ္ဓါအစစ်မဟုတ်၊ မိစ္ဆာဓိမောက္ခသာဖြစ်ကြောင်း ကောင်းစွာ သိမှတ်ရာ၏။

ပညာတရား အားကြီး၍ သဒ္ဓါတရား နည်းပါးနေသောသူသည် လမ်းရိုးလမ်းမှန်ကို မရောက်တတ်ပဲ ကောက်ကျစ်စဉ်းလဲသော လမ်းဖက်သို့ လိုက်မှား ကပ်ရောက်သွားတတ်၏။ လောက၌ ဆေးစားမှား၍ဖြစ်သော ရောဂါကို ကုစားရန် ခဲယဉ်းသကဲ့သို့၊ သဒ္ဒါနည်းပါး ပညာများ၍ လမ်းမှားကပ်ရောက် ကောက်ကျစ်စဉ်းလဲသူကို လမ်းမှန်ရောက်အောင် ပြုပြင်ကုစားရန် ခဲယဉ်းလှ၏။ “ဒါနဟူသည် စေတနာဒါန ဝတ္ထုဒါနဟူ၍ နှစ်မျိုးရှိရာ စင်စစ်မုချအားဖြင့် စေတနာသာ နောက်ဘဝ၌ ကောင်းကျိုးပေးနိုင်သည်။ ပစ္စည်းဝတ္ထုက တစုံတရာ ကောင်းကျိုးမပေးနိုင်၊ သို့ဖြစ်၍ ပစ္စည်းဝတ္ထုကို လှူနေဖွယ်မလို၊ စေတနာကောင်းကောင်း ထားလိုက်လျှင် လိုအပ်သောကောင်းကျိုး ရနိုင်သည်သာ ဖြစ်၏”ဟူ၍ ကောက်ကျစ်စဉ်းလဲကာ ဒါနစသော ကုသိုလ်တို့ကို မပြုပဲနေသဖြင့် သေသောအခါ ငရဲသို့ကျရောက်တတ်၏။ သဒ္ဓါနှင့်ပညာ နှစ်ပါးစုံ မျှတညီညွတ်မှသာလျှင် ကြည်ညိုအပ်သောအရာ၌သာ ကြည်ညိုခြင်း ကောက်ကျစ်စဉ်းလဲမှု မရှိခြင်းတို့ဖြင့် ကောင်းကျိုးအများ ဖြစ်ပွါးနိုင်သည်။

(ဗံ)

ဝီရိယနှင့် သမာဓိတို့လည်း ညီမျှရမည်၊ ဝီရိယနည်းပါး၍ သမာဓိ ကြီးမားနေလျှင် ထကြွအားထုတ်မှုမရှိပဲ သမာဓိရအောင် ငြိမ်သက်စွာနေသည့်အယောင်ဖြင့် ကောသဇ္ဇခေါ်သော အပျင်းဓာတ် လွှမ်းမိုးဖိစီးခြင်းကို ခံရတတ်သည်။

ဝီရိယကြီးမား၍ သမာဓိ နည်းပါးနေလျှင်လည်း တည်ကြည်မှုမရှိတော့ပဲ အမြဲ ထကြွလုံ့လ ပြုနေသောသူမှာ “ရည်ရွယ်သည့်အတိုင်း အကျိုးမဖြစ်ခဲ့သော် ဤအလုပ်သည် အကျိုးဖြစ်ပေါ်နိုင်မည့်အလုပ် မဟုတ်၊ သို့ဖြစ်၍ ဤအလုပ်ကို စွန့်ပစ်ကာ အခြားအလုပ်တခုခုကို ပြုလုပ်မှ သင့်လျော်မည်” စသည်ဖြင့် စိတ်၏ပျံ့လွင့်ခြင်း= ဥဒ္ဓစ္စတရား လွှမ်းမိုးဖိစီးခြင်းကို ခံရတတ်သည်။

ဝီရိယနှင့် သမာဓိတို့ကို ညီမျှအောင် အားထုတ်လျှင် ပျင်းရိခြင်း= ကောသဇ္ဇတရားလည်း ဝင်ခွင့်မရ၊ စိတ်ပျံ့လွင့်ခြင်း= ဥဒ္ဓစ္စတရားလည်း ဝင်ခွင့်မရ၊ နှစ်ပါးစုံညီသည့်အတွက် အပ္ပနာဟုခေါ်သော ဈာန်သမာဓိတရားကို လျင်မြန်စွာ ရနိုင်သည်။

သတိန္ဒြေမူကား ပိုလွန်သောဟူ၍ မရှိ၊ လိုလျှင်သာ လိုမည်။ ထို့ကြောင့် “သတိသည် စားဖွယ်ဟင်းလျာ ဟူသမျှတို့၌ ပါဝင်ရသော ဆားနှင့်တူ၏ ဟူ၍၎င်း၊ အလုံးစုံသော မင်း၏ အရေးကိစ္စတို့၌ ပါဝင်ရသော အမတ်ချုပ်ကြီးနှင့် တူ၏ဟူ၍၎င်း” ကျမ်းဂန်တို့၌ ပြဆိုထား၏။ သို့ဖြစ်၍ သတိကို အစွမ်းကုန်ထား၍ သဒ္ဓါနှင့်ပညာ ဝီရိယနှင့် သမာဓိတို့ကို အညီအမျှ ပွါးများအားထုတ်ရာ၏၊ တခုခုက ပိုနေလျှင် အပြစ်ရှိသည်၊ ဤအကြောင်းကို ဆရာတော်ဦးဗုဓ်က..

     သဒ္ဓါလွန်လျှင် ကွန့်သည်၊

     ပညာလွန်လျှင် ဆွံ့သည်၊

     ဝီရိယလွန်လျှင် ပြန့်သည်၊

     သမာဓိလွန်လျှင် တွန့်သည်၊

     သတိမူကား လွန်သည်မရှိ၊-

ဟူ၍ မဟာသတိပဋ္ဌာနသုတ် နိဿယ၌ ရေးသားတော်မူခဲ့သည်။

     (၄) ဒုပ္ပညပုဂ္ဂလပရိဝဇ္ဇနံ= ပညာမဲ့သော ပုဂ္ဂိုလ်တို့ကို ဝေးစွာရှောင်ကြဉ်ခြင်း၊ (ခန္ဓာ အာယတနစသော သဘောတရားစု၌ သက်ဝင်နိုင်သော ဉာဏ်မရှိသည့် ပုဂ္ဂိုလ်စုကို ပညာမဲ့= ဒုပ္ပညပုဂ္ဂိုလ်ဟု ခေါ်သည်။ ထိုပုဂ္ဂိုလ်မျိုးကို ဝေးစွာ ရှောင်ကြဉ်ရမည်ဟု ဆိုလိုသည်။)

(ဗား)

     (၅) ပညဝန္တပုဂ္ဂလသေဝန= ပညာရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲခြင်း၊ (ပညာရှိသော ပုဂ္ဂိုလ်ဟူသည်မှာ ဥဒယဗ္ဗယဉာဏ် ငါးဆယ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ဆိုလို၏၊ ဤ ဥဒယဗ္ဗယဉာဏ်ငါးဆယ်ကို ပဋိသမ္ဘိဒါမဂ် မြန်မာပြန်၌ ကြည့်ရှုရာ၏။)

ဤ (၄)အမှတ်နှင့် (၅)အမှတ် နှစ်ရပ်လုံးမှာပင် အဋ္ဌကထာဆရာတော် ပြဆိုချက်သည် ဥက္ကဋ္ဌနည်းအားဖြင့် အထက်တန်းအကျဆုံးကို ပြဆိုတော်မူခြင်းဖြစ်၏။ အထက်တန်းကျပုံမှာ.. (၄)အမှတ် ပညာမဲ့သော ပုဂ္ဂိုလ်အရ ခန္ဓာ အာယတနစသော တရားစု၌ ဉာဏ်မသက်ဝင်နိုင်သော ပုဂ္ဂိုလ်ဟု ဖော်ပြခြင်းပင်ဖြစ်၏။ ခန္ဓာ အာယတနစသော တရားစု၌ သက်ဝင်နိုင်သည့် ဉာဏ်ပညာရှိသော ပုဂ္ဂိုလ်သည် အထက်တန်း ပညာရှိကြီးသာ ဖြစ်၏၊ ဤသို့ သိမ်မွေ့နက်နဲလှသော ခန္ဓာ အာယတနစသည့် တရားသဘောတို့ကို မသိမြင်နိုင်စေကာမူ သာမညအားဖြင့် “ဤသို့ လှူကောင်းသည်၊ ဤသို့ မလှူကောင်း၊ ဤသို့ သီလစောင့်သင့်သည်။ ဤသို့ မစောင့်သင့်” စသည်ဖြင့် ဓမ္မသဘောစုကို၎င်း “ဤသို့ ပြုကျင့်ခြင်းသည် အသက်ရှည်ကြောင်း ဖြစ်၏။ ဤသို့ ပြုကျင့်ခြင်းသည် အသက်တိုကြောင်း ဖြစ်၏” စသည်ဖြင့် သိမြင်သောသူသည် ပညာရှိ မဟုတ်သကဲ့သို့ ဖြစ်၍နေ၏။ စင်စစ်ကား ထိုပုဂ္ဂိုလ်တို့ကိုလည်း မှီဝဲရမည်သာ ဖြစ်ပေသည်။

(၅)အမှတ်ပြ ပညာရှိပုဂ္ဂိုလ်အရ “ဥဒယဗ္ဗယဉာဏ် ငါးဆယ်နှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို” ပြဆိုခြင်းသည်လည်း အထက်တန်း ဝိပဿနာ ပညာရှိကြီးများကိုသာ ဥက္ကဋ္ဌနည်းအားဖြင့် ပြဆိုခြင်းဖြစ်၏။ ပညာရှာမှီးရမည့်အရာမှာ ဗုဒ္ဓဝင်ပါဠိတော်အရ “အယုတ်အလတ် အမြတ်မရွေး အိမ်စဉ်လျှောက်ကာ ဆွမ်းခံရသည့်ရဟန်းကို ပမာထား၍ အယုတ်အလတ် အမြတ်မရွေး သိမြင်နိုင်သည့် ပုဂ္ဂိုလ်ထံ မေးမြန်းဆည်းပူးရမည်”ဟူ၍ ဟောတော်မူရကား ရှောင်ကြဉ်ရမည့် ဒုပ္ပညပုဂ္ဂိုလ်ဟူသည် တစုံတရာကိုမျှ မသိသောသူသာ ဖြစ်သင့်ပေ၏၊ မှီဝဲရမည့် ပညာရှိပုဂ္ဂိုလ် ဟူသည်လည်း မိမိ သိမြင်လိုသောအရာကို ကောင်းစွာ ဖြေဆိုသိမြင်နိုင်မည့် ပုဂ္ဂိုလ်ဟူသမျှပင် ဖြစ်သင့်ပေ၏။

အချုပ်အားဖြင့်.. တစုံတရာကိုမျှ မေးမြန်း၍မရမည့် လူမျိုးကို ရှောင်ကြဉ်၍၊ မိမိ မသိသေးသောအရာကို အနည်းနှင့်အများ ဖြေကြားနိုင်မည့် ပုဂ္ဂိုလ်စုကို မှီဝဲ ဆည်းကပ်ရာ၏ဟူ၍ ဆိုလိုပေသည်။

(ဘ)

ပညာဆည်းပူးရာမှာ ဗုဒ္ဓဝင်ပါဠိတော်လာအတိုင်း ရှေးဦးစွာ ပညာရှိများထံ နာကြား မေးမြန်း၍ သုတမယပညာကို ဆည်းပူးပြီးမှ ထိုဆည်းပူးပြီးသော သုတမယပညာထဲတွင် မရှင်းမလင်းသော အကြောင်းအရာ ထင်မြင်လာသောအခါ ဆင်ခြင်ကြံစည်ခြင်း တည်းဟူသော စိန္တာမယပညာကို ဆည်းပူးပွါးများရာ၏။

ဤအကြောင်းကို အင်္ဂုတ္တရနိကာယ် တိကနိပါတ၊ ဒုတိယပဏ္ဏာသက၊ ၂-မဟာဝဂ်၊ ၅-ကာလာမသုတ်၌ ကာလာမမင်းအများက..“တပည့်တော်များအရပ်သို့ ဓမ္မကထိကပုဂ္ဂိုလ်အများ လာရောက်ကြရာတွင် လာရောက်သမျှ ပုဂ္ဂိုလ်စုသည် မိမိဝါဒကိုသာ ချီးမွမ်း၍ အခြားဝါဒတို့ကို ပယ်ရှား ပုတ်ခတ်သည်ချည်းသာ ဖြစ်ပါသည်။ ဘုရားတပည့်တော်များမှာ မည်သည့်ဝါဒကို အတိအကျ မှတ်ယူရမည်ဟု မသိနိုင်အောင် ယုံမှားဖြစ်၍ နေရကြောင်း” မြတ်စွာဘုရားအား လျှောက်ထားရာ မြတ်စွာဘုရားက ဟောကြားတော်မူပုံအချုပ်မှာ “မိမိဉာဏ်ဖြင့် စဉ်းစားဆင်ခြင်၍ အပြစ်ကင်းသော ဝါဒကိုသာ အတိအကျ မှတ်ယူရမည်”ဟူ၍ ဟောတော်မူသည်။ ဤဒေသနာတော်အရ ဓမ္မကထိကပုဂ္ဂိုလ်တို့၏ ဟောပြောချက်ကို နာခံရခြင်း သုတမယပညာကိစ္စကို ရွက်ဆောင်ပြီးလျှင် မည်သည့်ဝါဒကသာ အပြစ်ကင်းခြင်းကို မိမိဉာဏ်ဖြင့် ဆင်ခြင်ခြင်း= စိန္တာမယညဏ်ကို အသုံးပြုရမည်ဟု ဆိုလိုရင်းဖြစ်သည်။

ထိုမှတပါးလည်း ပါဌဇာတ် ဒသကနိပါတ် ၉-မဟာဓမ္မပါလဇာတ်၌ "ဓမ္မပါလရွာ၌ အသက်တမ်း မပြည့်သေးသည့် သူငယ်များ မသေနိုင်ခြင်း၏အကြောင်းကို တက္ကသိုလ်ဆရာကြီးကိုယ်တိုင် လာရောက်မေးမြန်းသည်တွင် သုဒ္ဓေါဒနမင်းကြီး၏ အလောင်းတော် မဟာဓမ္မပါလ (ရွာအုပ်)ကြီးက ပြန်ကြား ဖြေဆိုသောအခဏ်း၌ “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ရွာသို့ လာရောက်သမျှ ပုဂ္ဂိုလ်တို့၏ တရားကို နာကြကုန်၏။ နာကြားပြီးနောက် စဉ်းစားဆင်ခြင်ပြီးလျှင် မသူတော်တို့၏တရားကို မနှစ်သက် လက်မခံပဲ ထိုသူတို့ကိုလည်း ပယ်ရှားပါသည်။ သူတော်ကောင်းတို့၏ တရားကိုသာ နှစ်သက်လက်ခံ၍ ထိုသူတော်ကောင်းတို့ကို မစွန့်ပါ။ သို့ဖြစ်၍ ကျွန်ုပ်တို့ (ဓမ္မပါလ)ရွာ၌ ကလေးသူငယ်များ အသက်တမ်းမပြည့်မီ မသေကြကုန်”ဟူ၍ ဖြေဆိုလေသည်။ ဤမဟာဓမ္မပါလ ဇာတ်တော်အရလည်း ရှေးဦးစွာ သုတမယဉာဏ်ဖြင့် နာခံ၍ နောက်မှ စိန္တာမယဉာဏ်ဖြင့် ဆင်ခြင်စဉ်းစားကာ မှန်ကန်သည့်အချက်ကို လက်ခံ အတည်ပြုရကြောင်း ထင်ရှားပေ၏။

(ဘာ)

မှီဝဲဆည်းကပ်ခြင်း

ပညာရှိသောပုဂ္ဂိုလ်ကို မှီဝဲခြင်း..ဟူသော စကားနှင့်စပ်၍ “မှီဝဲခြင်းဟူသည် အဘယ်သို့သော သဘောဖြစ်သနည်း”ဟု မေးရန်ရှိ၏။ ပညာရှိထံ သွားရောက်ချဉ်းကပ်ကာ နေ့ညဉ့်မကွာ နေထိုင်ရုံမျှဖြင့် ပညာရှိကို မှီဝဲသည်မမည်။ ပညာရှိထံမှ တစုံတရာ ပညာရရှိအောင် ပြုလုပ်မှ ပညာရှိကို မှီဝဲသည်မည်၏။

လောက၌ “လူမိုက်ကို မမှီဝဲရ”ဟူသော မင်္ဂလာတရားတော်အရ လူမိုက်ထံ သွားရောက်နေရုံမျှကို လူမိုက်ကို မှီဝဲသည်ဟု မဆိုရပေ။ လူမိုက်ကို ပူးကပ်ဖျားယောင်း ဆုံးမလိုသောကြောင့် ထိုလူမိုက်ထံ သွားရောက်ခြင်းဖြစ်လျှင် မင်္ဂလာတရား မပျက်စီး။ မြတ်စွာဘုရားသည် ဥရုဝေလတောအုပ်၌ မိစ္ဆာဒိဋ္ဌိအယူရှိသော ရသေ့တို့နှင့်အတူ ကြွရောက် နေတော်မူသကဲ့သို့ ဖြစ်သည်။ လူမိုက်တို့၏ အကျင့် အယူဝါဒ တစုံတရာကို ခံယူမှသာ ထိုလူမိုက်ကို မှီဝဲသည်ဟု ဆိုအပ်၏။ ပညာရှိကို မှီဝဲရမည်ဟူသော မင်္ဂလာတရား အရာ၌လည်း ပညာရှိထံ သွားရောက် အတူနေကာမျှဖြင့် ပညာရှိကို မှီဝဲသည်ဟု မဆိုရ၊ ပညာရှိထံမှ တရားနည်းလမ်းရရှိအောင် ယူမှသာလျှင် ပညာရှိကို မှီဝဲသည်ဟု ဆိုရ၏။ သို့ဖြစ်၍ ပညာရှိသောပုဂ္ဂိုလ်ကို မှီဝဲခြင်းဟူရာ၌ ပညာရှိပုဂ္ဂိုလ်တို့နှင့် အတူတကွ နေရုံမျှဖြင့် ကိစ္စမပြီး၊ ထိုပညာရှိတို့ထံမှ ပညာအနည်းအများ ရရှိမှတ်သားရမှသာ မှီဝဲခြင်းဖြစ်ကြောင်းကို ကောင်းစွာ မှတ်ယူအပ်၏။

     (၆) ဂမ္ဘီရဉာဏစရိယပစ္စဝေက္ခဏာ= နက်နဲသောဉာဏ်၏ ကျက်စားရာဖြစ်သော တရားသဘောတို့ကို ဆင်ခြင်ခြင်း၊ (ဤအရာ၌ ဉာဏ်ပညာသည် မီးနှင့်တူ၏။ မီးသည် လောင်စာဟူက သေးသိမ်နုတ်ဖွဲသော အရာစုကိုလည်း လောင်၏၊ အထုအထယ် ကြီးမားလှသော အစုစုကိုလည်း လောင်၏၊ ဤသို့ လောင်စာဟူသမျှကို မဖယ်မရှောင် လောင်သည့်အရာတွင် သေးသိမ်နုတ်ဖွဲသော အရာစုကိုလောင်သော မီးဖြစ်လျှင် မီးသေးမီးငယ်ဖြစ်၍ အထုအထယ် ကြီးမားလှသော အရာစုကို လောင်သောမီးဖြစ်လျှင် ကြီးကျယ်သောမီး ဖြစ်လာသကဲ့သို့၊ ပညာဉာဏ်သည်လည်း သိအပ်သော အရာဟူသမျှကို သိသည်ချည်းသာ ဖြစ်၏။ သေးငယ်သောအရာကို သိလျှင် သေးငယ်သောဉာဏ်၊ ပေါ်လွင်သောအရာကိုသိလျှင် ပေါ်လွင်သောဉာဏ်၊ နက်နဲသောအရာကို သိလျှင် နက်နဲသောဉာဏ်ဟူ၍ သိအပ်သော သဘောတရားကို စွဲကာ အမျိုးမျိုး ခွဲခြား၍ ခေါ်ဆိုအပ်၏။ ဉာဏ်၏ကျက်စားရာ နက်နဲသောအရာ ဟူသည်ကား

(ဘိ)

ခန္ဓာ အာယတနစသော တရားစုပင် ဖြစ်၏။ ထိုတရားစု၌ဖြစ်သော အသိဉာဏ်သည် နက်နဲသော ဉာဏ်ပညာ မည်၏၊ ထိုနက်နဲသော ဉာဏ်ပညာသည် နက်နဲသော သဘောတရား များသလောက်ပင် များပြား၏။ ဤသို့ သိအပ်သည့် နက်နဲသော သဘောတရား များပြားသလောက် များပြားသည်တို့ကို ခွဲခြားဝေဖန် ဆင်ခြင်ခြင်းသည် ပညာဉာဏ်ကြီးပွါးခြင်း၏ အကြောင်းဖြစ်သည်ဟု ဆိုလိုသည်။)

     (၇) တဒဓိမုတ္တတာ= ထိုဉာဏ်ပညာ ပွါးများမှု၌ ညွတ်ကိုင်းသော စိတ်ရှိခြင်း၊ (လျောင်း- ထိုင်- ရပ်- သွား ဣရိယာပုထ် လေးပါးတို့၌ ပညာတရား ဖြစ်ပွါးရန်ကိုသာ လိုလား ညွတ်ကိုင်းသော စိတ်ရှိရမည်။ ဤသို့ စိတ်ရှိခြင်းသည် ပညာတရား ပွါးခြင်းအကြောင်းတပါးဖြစ်၏။)

ဖန်ဖန်မေးမှု၊

ဝတ္ထုစင်စေ၊

ဣန္ဒြေညီမျှ၊

ဗာလကိုကြဉ်၊

ဉာဏ်ရှိယှဉ်မှ၊

ဆင်ခြင်နက်လှ၊

ဝိမုတ္တဟု၊ ၊ဉာဏပွါးကြောင်း ခုနစ်တည်း။ (ဆရာတော်ဦးဗုဓ်)

**********

ပညာ၏ ဂုဏ်သတ္တိများ

     ဤ ပညာတရားသည်- (၁) ထိုထိုကိစ္စတို့၌ ရှေ့ဆောင်ဦးစီး အကြီးအမှူးအဖြစ်ဖြင့် ဖြစ်သောအခါ ဝီမံသာဓိပတိဟူ၍ အဓိပတိလေးပါးတို့တွင် တပါးအပါအဝင် ဖြစ်ပေ၏။

     (၂) အတူတကွ ဖြစ်ဖော်ယှဉ်ဖက်တရားတို့ကို အစိုးရသော ဣန္ဒြေ (၂၂)ပါးတွင် ပညိန္ဒြေ အနညာတညဿာမီတိန္ဒြေ အညိန္ဒြေ အညာတာဝိန္ဒြေဟူ၍ လေးမျိုးလေးစားအားဖြင့် ပါဝင်ရာ လောကီဉာဏသမ္ပယုတ်စိတ် (၃၉)ခု၌ရှိသော ပညာသည် ပညိန္ဒြေ၊ သောတာပတ္တိမဂ်စိတ်၌ရှိသော ပညာသည် အနညာတညဿာမီတိန္ဒြေ၊ အရဟတ္တဖိုလ်၌ရှိသော ပညာသည် အညာတာဝိန္ဒြေ၊ အလယ်လောကုတ္တရာစိတ် (၆)ပါး၌ရှိသော ပညာသည် အညိန္ဒြေဟူ၍ အသီးအသီးဖြစ်ကြ၏။

(ဘီ)

     ဤ ဖြည့်ဆည်းပူးအပ်သော ပညာပါရမီအရ ပညာတရားကိုကား လောကီဉာဏသမ္ပယုတ်စိတ် (၃၉)ထဲမှ ကုသိုလ်ဉာဏသမ္ပယုတ်စိတ် (၁၃)ပါး၌ရှိသော ပညာကိုသာ ကောက်ယူအပ်၏။ (ကြိယာစိတ်စုမှာ ရဟန္တာပုဂ္ဂိုလ်များနှင့်သာ သက်ဆိုင်၍ ပုထုဇန် အလောင်းတော်များနှင့် မသက်ဆိုင်သောကြောင့်၎င်း ဉာဏသမ္ပယုတ် ဝိပါက်စိတ်တို့မှာလည်း ဖြစ်ပေါ်စေရန် အထူး အားထုတ်နေရသည်မဟုတ် ရှေးကံ စီမံသည့် အတိုင်းသာ ဖြစ်ပေါ်သော တရားစုဖြစ်သောကြောင့်၎င်း ထိုကြိယာနှင့် ဝိပါက်ဖြစ်သော ဉာဏသမ္ပယုတ်စိတ်တို့မှာ ပါရှိသည့် ပညာစုကို ဤပညာပါရမီအရ မကောက်ယူရချေ။) လောကီကုသိုလ် ပညာပါရမီကိုသာ အလောင်းတော်ကြီးများသည် မပြည့်ပြည့်အောင် ဖြည့်ဆည်းပူးတော်မူကြရ၏။

     ဗောဓိပက္ခိယတရားအဝင် ဣန္ဒြေငါးပါးတွင်လည်း ပညိန္ဒြေဟူ၍ ပါရှိရာ ထိုပညိန္ဒြေအရ လောကီလောကုတ္တရာ နှစ်ပါးပင်ရှိရာ လောကုတ္တရာ မဂ်ဖိုလ်တို့၌ရှိသော ပညိန္ဒြေမှာ အလောင်းတော်ကြီးများ ဆည်းပူးအပ်သည့် ပညာပါရမီ၌ မပါဝင်နိုင်။ မဂ်ဖိုလ်၏ရှေ့အဖို့ သီလကို စင်ကြယ်စေခြင်း စိတ်ကိုစင်ကြယ်စေခြင်းစသည့် လောကီဝိသုဒ္ဓိတရားတို့ကို အားထုတ်စဉ်အခါ မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ်နှင့် တွဲ၍ဖြစ်သော ပညိန္ဒြေသည်ကား အလောင်းတော်ကြီးများ ဖြည့်ဆည်းပူးအပ်သော ပညာပါရမီတွင် အပါအဝင်ပင် ဖြစ်၏။

     (၃) ထို့အတူ သမ္ပယုတ် (ယှဉ်ဖက်)တရားတို့၏ အင်အားသဖွယ်ဖြစ်သော ဗိုလ်တရား ငါးပါးတို့တွင် ပညာဗိုလ်ဟူ၍ အားတပါးအဖြစ်ဖြင့် ပါဝင်၏။ ဣဒ္ဓိပါဒ်လေးပါးတို့တွင် ဝီမံသိဒ္ဓိပါဒ်ဟူ၍၎င်း ဗောဇ္ဈင်ခုနစ်ပါးတို့တွင် ဓမ္မဝိစယသမ္ဗောဇ္ဈင်ဟူ၍၎င်း မဂ္ဂင်ရှစ်ပါးတို့တွင် သမ္မာဒိဋ္ဌိမဂ္ဂင်ဟူ၍၎င်း ပညာနှင့်ဆိုင်ရာ ဗိုလ် ဣဒ္ဓိပါဒ် ဗောဇ္ဈင် မဂ္ဂင်တို့ ပါရှိရာ လောကုတ္တရာဖြစ်သော ဗိုလ် ဣဒ္ဓိပါဒ် ဗောဇ္ဈင် မဂ္ဂင်ဆိုင်ရာ ပညာကား အလောင်းတော်ကြီးများ ဖြည့်ဆည်းပူးအပ်သော ပညာပါရမီတွင် မပါဝင်ပဲ မဂ်ဖိုလ်၏ ရှေ့ပိုင်းဖြစ်သည့် လောကီဝိသုဒ္ဓိတရားတို့ကို အားထုတ်စဉ်အခါ မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ်နှင့် ယှဉ်တွဲ၍ဖြစ်သော ပညာဗိုလ် ဝီမံသိဒ္ဓိပါဒ် ဓမ္မဝိစယသမ္ဗောဇ္ဈင် သမ္မာဒိဋ္ဌိမဂ္ဂင်ထိုက်သော ပညာသည်ကား အလောင်းတော်ကြီးများ ဖြည့်ဆည်းပူးအပ်သော ပညာပါရမီတွင် အပါအဝင်ဖြစ်၏ဟူ၍ ယုံမှားမရှိ မှတ်ယူအပ်၏။

ဤသို့ ထူးခြားသော ပညာ၏ ဂုဏ်သတ္တိတို့ကို ဆင်ခြင်စဉ်းစားကာ ပညာပါရမီကို အထွတ်အထိပ်ရောက် ကျင့်ဆောက် ဆည်းပူးနိုင်ကြပါစေကုန်သတည်း။

ပညာပါရမီခဏ်း ပြီး၏။

**********

(ဘု)

(င) ဝီရိယပါရမီ

အလောင်းတော်၏ ဝီရိယ

     ဤဝီရိယပါရမီအရာ၌ ကေသရခြင်္သေ့မင်းကို ဥပမာပြဆိုထားရာ.. ကေသရခြင်္သေ့တို့၏ သဘောသည် မည်သည့်အခါမျှ ဝီရိယကို လျှော့သည်ဟူ၍ မရှိပဲ၊ အမြဲလျှင် အားထုတ်လေ့ရှိပေ၏။ ယုန်ငယ်ကလေးကို ဖမ်းယူသောအခါ သေးငယ်သော သတ္တဝါဖြစ်သည်ဟု ဝီရိယကိုလျှော့ကာ ပေါ့ပေါ့ဆဆ ဖမ်းယူသည်မဟုတ်၊ ဆင်ပြောင်ကြီးကို ဖမ်းယူသောအခါ၌လည်း “ဤဆင်ပြောင်သည် အကောင်အထည် ကြီးမားလှ၏၊ ငါအစွမ်းကုန် ကြိုးစားအားထုတ်၍ဖမ်းမှ သင့်လျော်မည်”ဟု လုံ့လဝီရိယကို ပိုမိုအားထုတ်ခြင်းမရှိ၊ ယုန်ငယ်ကို ဖမ်းသောအခါနှင့် ဆင်ပြောင်ကြီးကို ဖမ်းသောအခါ အားထုတ်ခြင်း လုံ့လဝီရိယသည် အညီအမျှသာဖြစ်၏။

     ဝီရိယပါရမီကို ဖြည့်ကျင့်တော်မူသော အလောင်းတော်သည်လည်း ဤ ကေသရခြင်္သေ့မင်း၏ နည်းအတိုင်းပင် သာမန်ဖြစ်သော ရွက်ဆောင်ဖွယ်ကိစ္စတို့မှာ ဝီရိယကိုလျှော့ကာ ပေါ့ပေါ့လျော့လျော့ ရွက်ဆောင်ခြင်းလည်း မရှိစေရ၊ ကြီးကျယ်ခဲခက်သော အရေးကိစ္စကျမှ လွန်စွာ အစွမ်းကုန် ပိုမိုကြိုးစား အားထုတ်ခြင်းလည်း မရှိစေရ၊ မိမိ၏ ပကတိ စွမ်းနိုင်သမျှ လုံ့လဝီရိယအတိုင်းသာလျှင် သာမန်ဖြစ်သော ရွက်ဆောင်ဖွယ် ကိစ္စများမှာဖြစ်စေ ကြီးကျယ်ခဲခက်သော အရေးကိစ္စများမှာဖြစ်စေ အားထုတ်ရမည်ဟု ဆိုလိုသည်။

အလောင်းတော်ဘဝမှ ဝီရိယအထုံ

     ဝီရိယပါရမီကို ဖြည့်ကျင့်တုန်း ဖြည့်ကျင့်ဆဲ ဖြစ်သည့် အလောင်းတော်ဘဝများမှာ ကြီးကြီးငယ်ငယ် ကိစ္စအသွယ်သွယ်တို့၌ တညီတည်း ဖြည့်ဆည်းပူးခဲ့သော ဝီရိယပါရမီတော်အဟုန်ကြောင့် ဘုရားဖြစ်ပြီးသောအခါ၌ပင် မြတ်စွာဘုရားသည် တဦးတယောက်သော သတ္တဝါကို တရားဟောတော်မူသောအခါ “သတ္တဝါတဦးတည်းသာ ဖြစ်သည်”ဟူ၍ လုံ့လဝီရိယကို လျှော့ချကာ ပေါ့ပေါ့လျော့လျော့ သာမညအသံဖြင့် တရားဟောသည် မဟုတ်။ ဓမ္မစကြာတရားပွဲကဲ့သို့ ပရိသတ် အလွန်များသော တရားပွဲတို့၌လည်း “အစွန်အဖျားကပါ ကြားနာရအောင်”ဟု အသံတော်ကို အထူး ကျယ်လောင်အောင် ဝီရိယစိုက်ထုတ်၍ ဟောတော်မူသည်လည်း မဟုတ်။ တဦးတည်းကို ဟောသောအခါနှင့် အများကို ဟောသောအခါတို့မှာ ညီမျှသောလုံ့လ ညီမျှသော အသံတော်တို့ဖြင့်သာ ဟောတော်မူသည်။

(ဘူ)

     ထူးခြားချက်ကြီးကား.. မြတ်စွာဘုရားသခင် အစိန္တေယျ ဘုန်းတန်းခိုး အာနုဘော်ရှင်ဖြစ်၍ အလျှော့အတင်း အလျဉ်းမရှိပဲ ပကတိမှန်ကန်စွာ ဟောဆိုအပ်သော အသံတော်သည် တရားနာသူရှိသလောက် ပြန့်နှံ့၏၊ တရားနာသူ တယောက်ရှိလျှင် ထိုတယောက်သာ ကြားရ၏၊ (ပရိသတ်ပြင်ဖက်သို့ ထွက်သွားသော အသံဟူ၍ မရှိ။) တရားနာပရိသတ် များလျှင်လည်း ပရိသတ်များသည့်အတွက် ဝေးရာအရပ်က ပရိသတ်များ မကြားရဟူ၍ မရှိ၊ အနီးအပါးနေသော ပရိသတ်များ ကြားရသကဲ့သို့ပင် အဝေးကနေသော ပရိသတ်များလည်း ကောင်းစွာကြားရ၏။ (အရှင်သာရိပုတြာ မထေရ်မြတ်ကြီးသော်မှ သမစိတ္တသုတ္တန်ဒေသနာကို ဟောတော်မူသောအခါ ပရိသတ် အလွန်များသဖြင့် ပကတိအသံဖြင့် ပရိသတ်အားလုံးကြားအောင် မတတ်နိုင်ရကား ဣဒ္ဓိဝိဓအဘိညာဏ်ဖြင့် ပရိသတ်အားလုံးကြားအောင် စီမံ ဖန်ဆင်းတော်မူရသည်။ အဘိညာဏ်အသံချဲ့စက် တပ်ဆင်ရသည်။ မြတ်စွာဘုရားမှာကား ပကတိအသံဖြင့်ပင် ပရိသတ်အားလုံးကို ကြားစေနိုင်သည်။ အဘိညာဏ်ဖြင့် အထူးမစီမံ မဖန်ဆင်းရတော့ပြီ။) ဤကား မြတ်စွာဘုရား၏ ဘုန်းတန်ခိုးတော် အထူးတည်း။

     မြတ်စွာဘုရား ဟူသမျှတို့သည် ပါရမီတော်ဖြည့်စဉ် အလောင်းတော်ဘဝတို့၌သာ ဝီရိယကို အားထုတ်တော်မူကြသည် မဟုတ်၊ ဘုရားဖြစ်တော်မူမည့် နောက်ဆုံးဘဝမှာလည်း ဘုရားဖြစ်ရန် အချိန်တန်လျှင် တောထွက်၍ အနည်းဆုံး ခုနှစ်ရက်မျှ ဒုက္ကရစရိယာခေါ်= ပြုကျင့်နိုင်ခဲသော အကျင့်ကို ကျင့်ကြံအားထုတ်မှု ဝီရိယ ပြုတော်မူကြရသည်သာဖြစ်၏။ ဤသို့ ဒုက္ကရစရိယာမှု ပြုလုပ် ကျင့်ကြံတော်မူပြီး၍ ဘုရားဖြစ်ချိန်နီးလတ်သော် မဟာဗောဓိပင်အရင်း၌ ကြဲခင်းအပ်သော “မြက်နေရာပေါ်တွင် ထိုင်တော်မူတော့မည့်အခါ.. ငါ၏ အပေါ်ရေသာ ကြွင်းလိုမူ ကြွင်းစေ၊ အကြောသာ ကြွင်းလိုမူ ကြွင်းစေ၊ အရိုးသာ ကြွင်းလိုမူ ကြွင်းစေ၊ အသွေးအသားအားလုံး ခန်းခြောက်မူ ခန်းခြောက်စေ၊ သဗ္ဗညုတဉာဏ်တော်ကို မရလျှင် ဤနေရာမှ ငါမထ..ဟူ၍ အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်တော်မူကာ မဟာဝဇိရဝိပဿနာ ဉာဏ်တော်ဖြင့် ပဋိစ္စသမုပ္ပါဒ်ကို အဦးပြု၍ ရုပ်နာမ်ဓမ္မတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို ဆင်ခြင်သုံးသပ်တော်မူသဖြင့် ဘုရားအဖြစ်တိုင်မြောက် ရောက်တော်မူလေသည်။

     အင်္ဂါလေးပါးရှိသော ဝီရိယဟူသည်ကား..

(၁) အပေါ်ရေမျှ ကြွင်းကျန်ခြင်း တပါး၊

(၂) အကြောမျှ ကြွင်းကျန်ခြင်း တပါး၊

(၃) အရိုးမျှ ကြွင်းကျန်ခြင်း တပါး၊

(၄) အသား အသွေး အလုံးစုံ ခန်းခြောက်ခြင်း တပါး-

(ဘေ)

အားဖြင့် လေးပါးဖြစ်သတည်း။ (အစားအသောက် စားခြင်းစသည်ကို မပြုသဖြင့် အသားနှင့် အသွေးများ အားလုံး ခန်းခြောက်သွားစေကာမူ ခန်းခြောက်၍ မသွားတတ်သည့် အပေါ်ရေခွံ- အကြော- အရိုး ဤသုံးမျိုး ကြွင်းကျန်နေသေးသမျှ လုံ့လကို ငါမလျှော့-ဟု ဆိုလိုသည်။)

     ဝီရိယတရားသည် ပညာကဲ့သို့ပင် စေတသိက်တရားတပါး ဖြစ်ပေသည်။ သို့သော် ပညာမှာ ရှေးကပြခဲ့သောအတိုင်း ကောင်းမြတ်သော တရားချည်းသာ ဖြစ်သည်။ ဝီရိယမှာကား ပကိဏ်းစေတသိက်မျိုးဖြစ်၍ ကုသိုလ်ဖက်မှာလည်း ရောနှောပါဝင်နိုင်သည်၊ အကုသိုလ်ဖက်မှာလည်း ရောနှောပါဝင်နိုင်သည်။ အဗျာကတခေါ် ဝိပါက် ကြိယာဖက်တို့မှာလည်း ရောနှောပါဝင် ယှဉ်နိုင်ပေသည်။ သို့ဖြစ်၍ ဝီရိယသည် ကောင်းမြတ်သော ကုသိုလ်တရားလည်း ဖြစ်နိုင်သည် ယုတ်ညံ့သော အကုသိုလ်တရားလည်း ဖြစ်နိုင်သည်၊ ကုသိုလ် အကုသိုလ်မှအလွတ် အဗျာကတတရားလည်း ဖြစ်နိုင်သည်။ ကောင်းမြတ်မှန်ကန်သော ဝီရိယကို သမ္မာဝါယာမဟု ခေါ်သည်။ ယုတ်ညံ့သော ဝီရိယကို မိစ္ဆာဝါယာမဟု ခေါ်သည်။ ဤ ဝီရိယပါရမီ အရာ၌ကား သမ္မာဝါယာမတရားကိုသာ ဆည်းပူးပွါးများ အားထုတ်ရမည်ဖြစ်သည်။ ထို သမ္မာဝါယာမဖြစ်သော ဝီရိယကိုသာ မပြည့်ဝ ပြည့်ဝအောင် ဆည်းပူးရမည်။

သမ္မပ္ပဓာန်ဝီရိယ

     ထိုသမ္မာဝါယာမကို သမ္မပ္ပဓာနဟူ၍လည်း ခေါ်၏။ အဓိပ္ပါယ်မှာ အတူပင်ဖြစ်၏၊ ဤသမ္မပ္ပဓာနဝီရိယသည် လေးပါးအပြားရှိကြောင်းကို အဘိဓမ္မာ ဝိဘင်းပါဠိတော် သမ္မပ္ပဓာနဝိဘင်း၌ မြတ်စွာဘုရား ဟောတော်မူ၏။

     သမ္မပ္ပဓာန်လေးပါး ဟူသော်ကား..

(၁) ယခုဘဝ မိမိသန္တာန်မှာ မဖြစ်ဘူးသေးသော (သို့မဟုတ်) တစုံတခုသောအခါ တစုံတခုသောအရပ် တစုံတခုသောအာရုံ၌ မိမိသန္တာန်မှာ ဖြစ်ဘူးသည်ဟု မမှတ်မိ သတိမရကုန်သော အကုသိုလ်တရားတို့ကို မည်သည့်အခါ မည်သည့်အရပ် မည်သည့်အာရုံမှာမှ မဖြစ်ရအောင် ကြိုးစားအားထုတ်ခြင်းလည်း တပါး၊

(၂) ယခုဘဝ မိမိသန္တာန်မှာ ဖြစ်ဘူးကုန်သော အကုသိုလ်တရားတို့ကို ပယ်ရှားနိုင်ရန် ကြိုးစားအားထုတ်ခြင်းလည်း တပါး၊

(ဤအရာ၌ ဖြစ်ဘူးပြီး (သို့မဟုတ်) ရှေးကဖြစ်၍ ပျက်သွားပြီးသော အတိတ်က အကုသိုလ်တရားတို့ကို ပယ်ရှားရန် အမှန်စင်စစ် မဖြစ်နိုင်၊ ရှေးကဖြစ်ဘူးသော အကုသိုလ်တရားတို့သည် ရှေးကပင်

(ဘဲ)

ချုပ်ခဲ့လေပြီ၊ ထင်ရှားမရှိတော့ချေ၊ မရှိသောအရာကို ပယ်၍မဖြစ်နိုင်။ သို့ဖြစ်၍ ရှေးကပြုခဲ့ဘူးသော အကုသိုလ်နှင့် အလားတူသည့် အကုသိုလ်အသစ်တို့ကို မဖြစ်ရန် အားထုတ်ခြင်းကိုပင် “ယခုဘဝ မိမိ သန္တာန်မှာ ဖြစ်ဘူးကုန်သော အကုသိုလ်တရားတို့ကို ပယ်ရှားရန် အားထုတ်ခြင်း”ဟူ၍ ခေါ်ဆိုရသည်။)

(၃) ယခုဘဝ မိမိသန္တာန်မှာ ရှေးက မဖြစ်ဘူးသေးကုန်သော (သို့မဟုတ်) တစုံတခုသောအခါ တစုံတခုသောအရပ် တစုံတခုသောအာရုံ၌ မိမိသန္တာန်မှာ ဖြစ်ဘူးသည်ဟု မမှတ်မိ သတိမရကုန်သော ကုသိုလ်တရားတို့ကို ဖြစ်ပွါးစေရန် ကြိုးစားအားထုတ်ခြင်းလည်း တပါး၊

(၄) ယခုဘဝ မိမိသန္တာန်မှာ ဖြစ်ဘူးကုန်သော (သို့မဟုတ်) ဖြစ်ပွါးနေဆဲ ဖြစ်ကုန်သော ကုသိုလ်တရားတို့ အစဉ်တည်တံ့ ပွားများစေရန် ကြိုးစား အားထုတ်ခြင်းလည်း တပါး။ (ဤ၌လည်း ဖြစ်ပြီးသော ကုသိုလ်နှင့် အလားတူ ကုသိုလ်တရားတို့ကို ထပ်ကာထပ်ကာဖြစ်အောင် အားထုတ်ခြင်းကို ဆိုလိုသည်။)

ဤသို့အားဖြင့် သမ္မပ္ပဓာန်ဝီရိယ လေးပါးရှိသည်ဟု သိမှတ်အပ်၏။

ဝီရိယဖြစ်ကြောင်း (၁၁) ပါး

သတိပဋ္ဌာနဝိဘင်းအဋ္ဌကထာ မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာ စသည်တို့၌ ဝီရိယဖြစ်ကြောင်း (၁၁)ပါးရှိကြောင်းကို ဖွင့်ပြတော်မူ၏။ (၁၁)ပါး ဟူသော်ကား..

(၁) အပါယဘယပစ္စဝေက္ခဏတာ= အပါယ်ဘေးကို စဉ်းစားဆင်ခြင်ခြင်း။

     ငါသည် ဝီရိယကိုလျှော့ ပေါ့ပေါ့ဆဆနေလျှင် သေသည့်နောက် အပါယ်ဘုံသို့ ကျရောက်ချင် ကျရောက် သွားလိမ့်မည်၊ အပါယ်လေးဘုံအနက် ငရဲသို့ကျပြန်လျှင် ကြောက်ဖွယ်ကောင်းသော နှိပ်စက်ညှဉ်းဆဲခြင်း အမျိုးမျိုးတို့ဖြင့် ကြီးစွာသော ဒုက္ခကို ခံစားနေရသောအခါ၌၎င်း၊ တိရစ္ဆာန်ဘဝသို့ ရောက်သွား၍ ကွန်ပိုက်စသည်တို့ဖြင့် ဖမ်းဆီးကာ လူများပြုလုပ်သမျှ ခံနေရသောအခါ၌၎င်း၊ ပြိတ္တာဘဝသို့ရောက်၍ နှစ်ပေါင်းများစွာ ဘုရားတဆူနှင့် တဆူအကြား ရှည်လျားစွာသော ကာလပတ်လုံး ငတ်မွတ်ခြင်းစသော ဒုက္ခတို့ကို ခံစားနေရသော အခါ၌၎င်း၊ အသူရကာယ်ဘုံသို့ရောက်၍ အတောင်ခြောက်ဆယ် အတောင်ရှစ်ဆယ် ပမာဏရှိ အရိုးအရေမျှသာဖြစ်သော ခန္ဓာကိုယ်ကြီးဖြင့် လေတိုက် နေပူစသော ဆင်းရဲဒုက္ခတို့ကို ခံနေရသော အခါ၌၎င်း ပြဆိုခဲ့ပြီးသည့် သမ္မပ္ပဓာန်လေးပါး

(ဘော)

တရားကောင်းတို့ကို အားထုတ်နိုင်ခွင့် မရှိပြီ၊ ယခုဘဝမှာသာလျှင် အားထုတ်နိုင်ခွင့် ရှိသည်”ဟူ၍ ဆင်ခြင်သောသူမှာ ဝီရိယတရား ဖြစ်ပွါးနိုင်သည်ဟု ဆိုလိုသည်။

(၂) အာနိသံသဒဿာဝိတာ= ဝီရိယ၏ အကျိုးအာနိသင်ကို ရှုမြင်လေ့ရှိခြင်း။

     “ပျင်းရိနေသောသူသည် သံသရာဝဋ်မှ ကျွတ်လွတ်ကာ လောကုတ္တရာ မဂ်ဖိုလ်တရားတို့ကို မည်သည့်နည်းဖြင့်မျှ မရနိုင်၊ လုံ့လဝီရိယ စိုက်ထုတ်လေ့ရှိသော သူသည်သာလျှင် ထိုလောကုတ္တရာ မဂ်ဖိုလ်တရားတို့ကို ရနိုင်သည်။ သို့ဖြစ်၍ ဝီရိယတရားသည် ရခဲလှစွာသော လောကုတ္တရာ မဂ်ဖိုလ်တရားတို့ကို ရရှိခြင်းအကျိုး ရှိသည်”ဟူ၍ ဝီရိယ၏ အကျိုးအာနိသင်ကို ရှုမြင်ဆင်ခြင်လေ့ရှိမှသာ ဝီရိယတရား ဖြစ်ပွါးနိုင်သည်ဟု ဆိုလိုသည်။

(၃) ဂမနဝီထိပစ္စဝေက္ခဏတာ= သွားရာလမ်းကြောင်းကို ကောင်းစွာ ဆင်ခြင်ခြင်း။

     အလုံးစုံသော ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝက အရှင်မြတ်တို့သည် ဝီရိယတည်းဟူသော လမ်းကြောင်းဖြင့်သာ ဘုရားအဖြစ် ပစ္စေကဗုဒ္ဓါအဖြစ် အရိယာသာဝကအဖြစ်သို့ ရောက်တော်မူကြကုန်၏။ သို့ဖြစ်၍ ဝီရိယသည် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝက အရှင်မြတ်တို့သွားရာ ဖြောင့်မတ်သော လမ်းကြောင်းကြီးဖြစ်သည်။ ဤလမ်းကြောင်းကို ပျင်းရိသူတို့ မလိုက်ပါနိုင်၊ လုံလဝီရိယ ကောင်းသူတို့သာ လိုက်ပါနိုင်၏”ဟူ၍ ဆင်ခြင်သောသူမှာ ဝီရိယတရား ဖြစ်ပွါးနိုင်သည်ဟု ဆိုလိုသည်။

(၄) ပိဏ္ဍပါတာပစာယနတာ= ဒါယကာတို့ လှူဒါန်းသည့်ဆွမ်းကို ရိုသေခြင်း။

     ဤအချက်မှာ ရဟန်းတို့နှင့်သာ အထူးသက်ဆိုင်၏၊ ရဟန်းတို့မှာ ဒါယကာတို့က မွန်မြတ်သောဆွမ်းကို လှူလိုက်သောအခါ “ဤဆွမ်းဒါယကာများသည် သင်၏ ဆွေမျိုးဉာတိများ မဟုတ်ကြ၊ သင့်ကိုမှီ၍ အသက်မွေးလိုသောကြောင့် ဤဆွမ်းကို လှူကြသည်လည်း မဟုတ်ကြ၊ စင်စစ်မှာ ကောင်းမှု၏အကျိုး ကြီးမြတ်သည်ကိုသာ လိုလား၍ လှူဒါန်းကြကုန်၏၊ မြတ်စွာဘုရားကလည်း ဒါယကာတို့ လှူသောဆွမ်းကို ပေါ့ပေါ့စား၍ ပေါ့ပေါ့နေထိုင်ရန် ခွင့်ပြုတော်မူသည်မဟုတ်၊ ရဟန်းတရားကို အားထုတ်ကာ သံသရာဝဋ်မှ လွတ်မြောက်ကြရန် ရည်သန်၍သာ ခွင့်ပြုတော်မူခြင်းဖြစ်သည် ဤသို့သောဆွမ်းကို ပျင်းပျင်းရိရိ လုံ့လဝီရိယ မရှိသောသူသည် စားခြင်းငှါ မထိုက်၊ လုံ့လဝီရိယကို

(ဘော်)

ကြိုးစားအားထုတ်သောသူသာ စားခြင်းငှါ ထိုက်သည်”ဟူ၍ မိမိရသောဆွမ်းကို တရိုတသေ အလေးပြုသောသူမှာ ဝီရိယတရား ဖြစ်ပွါးနိုင်သည်ဟု ဆိုလိုသည်။

(၅) ဒါယဇ္ဇမဟတ္တပစ္စဝေက္ခဏတာ= ခံယူရမည့်အမွေ၏ မြင့်မြတ်ပုံကို ဆင်ခြင်ခြင်း။

     မြတ်စွာဘုရားထံမှ သာဝကတို့ ခံယူရမည့် အမွေအနှစ်သည် သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ ဩတ္တပ္ပတည်းဟူသော သူတော်ကောင်းဥစ္စာ ခုနစ်ပါးတို့ဖြစ်၏၊ ထိုသူတော်ကောင်းဥစ္စာ ခုနစ်ပါးတည်းဟူသော မြတ်စွာဘုရား၏ အမွေအနှစ်ကို ပျင်းရိသောသူသည် မခံယူနိုင်၊ လောက၌ သားဆိုး သမီးဆိုးများကို မိဖတို့က ငါတို့၏ သားသမီးမဟုတ်ဟူ၍ သားသမီးအဖြစ်မှ စွန့်ပစ်ထားသဖြင့် မိဖတို့ ကွယ်လွန်သောအခါ အမွေကို မရသကဲ့သို့ ပျင်းရိသောသူသည်လည်း ဤသူတော်ကောင်းဥစ္စာ ခုနစ်ဖြာတည်းဟူသော မြတ်စွာဘုရား၏ အမွေအနှစ်ကို မရနိုင်၊ လုံ့လဝီရိယ ရှိသောသူသာလျှင် ရနိုင်၏ဟူ၍ ခံယူရမည့် အမွေ၏ မြင့်မြတ်ပုံကို ဆင်ခြင်သောသူမှာသာ ဝီရိယတရား ဖြစ်ပွါးနိုင်သည်ဟု ဆိုလိုသည်။

(၆) သတ္ထုမဟတ္တပစ္စဝေက္ခဏတာ= ဆရာဖြစ်သော မြတ်စွာဘုရား၏ မြင့်မြတ်တော်မူပုံကို ဆင်ခြင်ခြင်း။

     “ငါ၏ဆရာ မြတ်စွာဘုရားသည် မြတ်တော်မူလှ၏။ ပဋိသန္ဓေ နေတော်မူသောအခါ တောထွက်တော်မူသောအခါ ဘုရားဖြစ်တော်မူသောအခါ ဓမ္မစကြာတရားဦး ဟောတော်မူသောအခါ သာဝတ္ထိပြည်၌ တိတ္ထိများကို နှိမ်နင်းရာ ရေမီးအစုံအစုံ တန်းခိုးပြာဋိဟာကို ပြတော်မူသောအခါ တာဝတိံသာနတ်ပြည်မှ သင်္ကဿပြည်သို့ ကြွဆင်းတော်မူသောအခါ အာယုသင်္ခါရ လွှတ်တော်မူသောအခါ ပရိနိဗ္ဗာန် စံတော်မူသောအခါတို့၌ လောကဓာတ် စကြဝဠာပေါင်း တိုက်တသောင်း တုန်လှုပ်ရ၏။ သင်သည် ဤမျှလောက် မြင့်မြတ်တော်မူသော မြတ်စွာဘုရား၏ သားတော်စင်စစ် သမီးတော်စင်စစ် ဖြစ်ပါလျက် သာသနာနှင့်ဆိုင်ရာ သူတော်ကောင်းတရားကို အားမထုတ်ပဲ ပျင်းပျင်းရိရိ ပေါ့ပေါ့တန်တန် နေခြင်းငှါ ထိုက်တန်အံ့လော”ဟူ၍ နှလုံးသွင်း ဆင်ခြင်သော သူမှာသာ ဝီရိယတရား ဖြစ်ပွါးနိုင်သည်ဟု ဆိုလိုသည်။

(၇) ဇာတိမဟတ္တပစ္စဝေက္ခဏတာ= မိမိ၏ မျိုးရိုးမြင့်မြတ်ပုံကို ဆင်ခြင်ခြင်း။

     “ငါ၏ မျိုးရိုးသည် ယုတ်ညံ့သည်မဟုတ်၊ ဇာတ်ရောယှက်မှုမှ လွတ်ကင်း သန့်ရှင်းလှစွာသော မဟာသမ္မတမင်းမှ ဆင်းသက်ကာ ဩက္ကာကမင်း၏

(ဘံ)

အနွယ်တော်ဖြစ်သော သုဒ္ဓေါဒနမင်းကြီး မဟာမာယာဒေဝီတို့၏မြေး ရာဟုလာ၏ညီထွေး အသင်ဖြစ်သည်။ ရာဟုလာသည် မြတ်စွာဘုရား၏ ရွှေရင်တော်နှစ် သားတော်စစ်ဖြစ်၍ ငါသည်လည်း သာကီဝင်မင်းသား ဘုရာ့သားတော်ဟူသော အမည်ကို ခံယူလျက်ရှိသည်၊ ရာဟုလာနှင့် ငါသည် ညီအစ်ကိုပင်ဖြစ်သည်။ ဤမျှလောက် အမျိုးအနွယ် မြင့်မြတ်သောသူသည် ပေါ့ပေါ့လျော့လျော့ နေခြင်းငှါမထိုက်၊ ကောင်းမြတ်သောတရားကို အားထုတ်သင့်လှသည်”ဟု ဆင်ခြင်သောသူမှာ ဝီရိယတရား ဖြစ်ပွါးနိုင်သည်ဟု ဆိုလိုသည်။

(၈) သဗြဟ္မစာရိမဟတ္တပစ္စဝေက္ခဏတာ= သီတင်းသုံးဖော်တို့၏ မြင့်မြတ်ပုံကို ဆင်ခြင်ခြင်း။

     “သင်၏ သီတင်းသုံးဖော် ဖြစ်တော်မူကြသည့် အရှင်သာရိပုတြာ အရှင်မဟာမောဂ္ဂလာန်တို့သည်၎င်း ရှစ်ကျိပ်သော မဟာသာဝကကြီးတို့သည်၎င်း ကောင်းမြတ်သောတရားကို အားထုတ်တော်မူကြ၍ လောကုတ္တရာ မဂ်ဖိုလ်တရားကို ထိုးထွင်း သိမြင်တော်မူကြလေကုန်ပြီ၊ သင်သည် ထိုသီတင်းသုံးဖော် အရှင်မြတ်တို့၏ ကျင့်စဉ်လမ်းသို့ လိုက်သင့်ပေ၏”ဟု၍ သီတင်းသုံးဖော်တို့၏ မြင့်မြတ်ပုံကို ဆင်ခြင်သောသူမှာ ဝီရိယတရား ဖြစ်ပွါးနိုင်သည်ဟု ဆိုလိုသည်။

(၉) ကုသီတပုဂ္ဂလပရိဝဇ္ဇနတာ= ပျင်းရိသော ပုဂ္ဂိုလ်တို့ကို ဝေးစွာ ရှောင်ကြဉ်ခြင်း။

     ဝမ်းပြည့်အောင် စားထားသော စပါးကြီးမြွေကဲ့သို့ ကိုယ်ဖြင့် ပြုလုပ်ဖွယ် စိတ်ဖြင့် ပြုလုပ်ဖွယ် ဟူသမျှတို့ကို စွန့်လွှတ်ကာ တလူးလူး တလွင့်လွင့် အိပ်ခြင်းဖြင့် ပျင်းရိစွာနေသောသူတို့ကို ရှောင်ကြဉ်သောသူမှာ ဝီရိယတရား ဖြစ်ပွါးနိုင်သည်ဟု ဆိုလိုသည်။

(၁၀) အာရဒ္ဓဝီရိယပုဂ္ဂလသေဝနတာ= လုံ့လဝီရိယ အားထုတ်ခြင်းရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်း။

     လုံ့လဝီရိယ အားထုတ်ခြင်း ရှိသည်ဖြစ်၍ အလုပ်ထဲမှာသာ ကိုယ်စိတ်နှစ်ပါးကို စေလွှတ်ထားသော ပုဂ္ဂိုလ်တို့ကို မှီဝဲရသောသူမှာ ဝီရိယတရား ဖြစ်ပါနိုင်သည်ဟု ဆိုလိုသည်။

(ပါဠိလို) ပဟိတတ္တ= (မြန်မာလို) အလုပ်ထဲမှာ ကိုယ်စိတ်နှစ်ပါးကို စေလွှတ်ထားခြင်း ဟူသည်မှာ.. မိမိ အားထုတ်အပ်သော အလုပ်ကိစ္စ မပြီးစီး မအောင်မြင်သေးသမျှ အားထုတ်မှုကို မရပ်စဲ၊ အောင်မြင်သော အခါမှသာ (မအောင်မြင်လျှင်လည်း ခန္ဓာပျက်ကြွေ သေသောအခါမှသာ) ရပ်စဲမည်ဟု ဆုံးဖြတ်ထားခြင်း ဖြစ်၏။ ဤပဟိတတ္တသဘော

(ဘား)

မရှိသောသူတို့မှာ အလုပ်မလုပ်ရမီကပင် ကြိုတင်ကာ “ဤအလုပ်သည် ထမြောက်အောင်မြင်မှ အောင်မြင်ပါမည်လော၊ မအောင်မြင်ပဲများ ရှိနေမည်”ဟု တွေးတော တွန့်ဆုတ်ခြင်းများ ဖြစ်တတ်၏။ အလုပ်လုပ်နေစဉ်မှာလည်း မိမိမှန်းထားသည့် အခြေအနေသို့ အလွယ်တကူ မရောက်တည့်သေးလျှင် “ငါ ရှေ့သို့ ဆက်လက်ပြုလုပ်သော်လည်း ထမြောက် အောင်မြင်တော့မည် မဟုတ်”ဟူ၍ နောက်ဆုတ် လက်လျှော့ကာ ဝီရိယတရား ပျက်ပြားသွားတတ်သည်။)

(၁၁) တဒဓိမုတ္တတာ= ဣရိယာပုထ် လေးပါးလုံး၌ပင် ဝီရိယ၌ ညွတ်ကိုင်းသောစိတ် ရှိနေခြင်း။

     လျောင်း- ထိုင်- ရပ်- သွား ဣရိယာပုထ် လေးပါးတို့၌ပင် ဝီရိယအားထုတ်ဖို့ရန်သာ ညွတ်ကိုင်းသော စိတ်ရှိသူမှာ ဝီရိယတရား ဖြစ်ပွါးနိုင်သည်ဟု ဆိုလိုသည်။ ဤသည်ကား ဝီရိယဖြစ်ကြောင်း ၁၁-ပါးတို့တည်း။

ပါယ်ဘေးဆင်ခြင်၊

မြင်သည်အကျိုး၊

လမ်းရိုးလိုက်ရာ၊

ပိဏ္ဍာပစယ၊

ဒါယဇ္ဇဟု၊

သတ္ထုမြတ်ဘိ၊

ဇာတိမဟတ္တ၊

သဗြဟ္မစာရီ၊

မမှီ လူပျင်း၊

မှီတင်းအာရဒ္ဓ၊

ဓိမုတ္တဟု၊ လုံ့လပွါးကြောင်း ဆယ့်တစ်တည်း။ (ဆရာတော်ဦးဗုဓ်)

**********

ဝီရိယ၏ အခြေခံအကြောင်းရင်း

ဝီရိယ၏ အခြေခံအကြောင်းရင်းမှာ ထိတ်လန့်ကြောက်ရွံ့ခြင်း= သံဝေဂတရားပင် ဖြစ်၏။ ထိုသံဝေဂသည်..

(၁) စိတ္တုတြာသသံဝေဂ၊

(၂) ဩတ္တပ္ပသံဝေဂ၊

(၃) ဉာဏသံဝေဂ-

အားဖြင့် သုံးပါး အပြားရှိ၏။ ထိုသုံးပါးတို့တွင်-

(မ)

     (၁) ဆင်ဘေး ကျားဘေး ဒါးဘေး လှံဘေး စသည်တို့ကြောင့် စိတ်၏ တုန်လှုပ် ကြောက်ရွံ့ခြင်းသည် စိတ္ထုတြာသသံဝေဂ မည်၏။ တရားကိုယ်အားဖြင့် ဒေါသစေတသိက်ပင် ဖြစ်၏။ (အားနည်းသော ဒေါသကြောင့် ကြောက်ရွံ့ခြင်းဖြစ်သည်။ အားကြီးသော ဒေါသကြောင့် ခက်ထန်ခြင်းဖြစ်သည်။)

     (၂) မကောင်းမှုကို ပြုလုပ်ရန် ကြောက်ရွံ့တုန်လှုပ်ခြင်းသည် ဩတ္တပ္ပသံဝေဂ မည်၏။ ဤဩတ္တပ္ပသံဝေဂ တရားကား အပြစ်ကင်းသည့် သောဘဏ စေတသိက်တရားတခု ဖြစ်သည်။

     (၃) အကျိုးအကြောင်းတို့ကို ကောင်းစွာဆင်ခြင်ကာ မြော်မြင်ကြောက်ရွံ့ခြင်းသည် ဉာဏသံဝေဂ မည်၏။ သူတော်ကောင်းများ သံသရာဝဋ်ကို ကြောက်ရွံ့ခြင်းမျိုးပင် ဖြစ်၏။ ကျမ်းဂန်တို့၌ ဤဉာဏသံဝေဂအရကို ဩတ္တပ္ပနှင့် တကွသော ဉာဏ်ဖြစ်သည်ဟူ၍လည်း ပြဆိုကြ၏။

အလုံးစုံသော သင်္ခါရတရားတို့၌ ထိတ်လန့်သော အခြင်းအရာဖြင့်ဖြစ်သော ဩတ္တပ္ပနှင့် တကွသော ရဟန္တာအရှင်မြတ်တို့၏ ဉာဏ်ပညာသည် “ဓမ္မသံဝေဂ”မည်၏ဟူ၍ ကျမ်းဂန်တို့၌ ပြဆိုအပ်သော ဓမ္မသံဝေဂကိုပါထည့်လျှင် သံဝေဂလေးပါး ဖြစ်သင့်၏။

     ဝီရိယ၏ အခြေခံ အကြောင်းရင်းဖြစ်သော သံဝေဂမှာ ဉာဏသံဝေဂသာ ဖြစ်သင့်၏။ မှန်၏.. ဉာဏ်ပညာဖြင့် သံသရာဒုက္ခဘေးကို မျှော်တွေးဆင်ခြင် သိမြင် ကြောက်ရွံ့ခဲ့ပါလျှင် ထိုသံသရာဒုက္ခဘေးမှ လွတ်မြောက်ကြောင်း တရားတို့ကို ကောင်းစွာ အားထုတ်မည်ဖြစ်၏။ သိမြင်ကြောက်ရွံ့ခြင်း မရှိခဲ့ပါလျှင် အားထုတ်မည် မဟုတ်ချေ။ ကြီးကျယ်လေးနက်သော ကျင့်စဉ်တရား လမ်းကောင်းကြီးများမှာသာ မဟုတ်သေး၊ သာမည လောကအကြောင်းတို့၌လည်း “နောင် အချိန်အရွယ်ရောက်သောအခါ ပညာမတတ်လျှင် ငါဆင်းရဲလိမ့်မည်”ဟူ၍ ဆင်းရဲမည့်ဘေးကို မျှော်တွေးကြောက်ရွံ့သည့်= ဉာဏသံဝေဂရှိသော ကျောင်းသားသည်ပင် ပညာကို ကြိုးစားအားထုတ် သင်ကြား၏၊ မြော်တွေးကြောက်ရွံ့မှု= ဉာဏသံဝေဂမရှိသော ကျောင်းသားသည် ပညာကို ကြိုးစား၍ မသင်ချေ။ ထို့အတူပင်လျှင် အလုပ်အကိုင်သမားများမှာလည်း စား-ဝတ်-နေရေးတို့ ကြပ်တည်းနေမည်ကို ဆင်ခြင်ကြောက်ရွံ့သော အလုပ်သမား သည် အလုပ်ကို ကြိုးစားအားထုတ် လုပ်ကိုင်၏၊ ဆင်ခြင်ကြောက်ရွံ့မှုမရှိ နေမိနေရာ ငေးမောနေတတ်သောသူကား အလုပ်ကို ကြိုးစား၍ မလုပ်ချေ။ ဤအကြောင်းအရာစုကို ထောက်ထား၍ မြော်မြင်ကြောက်ရွံ့ တုန်လှုပ်ခြင်း= ဉာဏသံဝေဂရှိမှသာလျှင် ဝီရိယဖြစ်နိုင်ကြောင်း ကောင်းစွာ သိမှတ်အပ်၏။

(မာ)

     ဤသို့ “ဝီရိယ၏ အခြေခံအကြောင်းရင်းမှာ ဉာဏသံဝေဂသာ ဖြစ်သင့်သည်”ဟု ပြဆိုရခြင်းမှာ အလောင်းတော်များ ဆည်းပူးအပ်သည့် မြတ်သော ဝီရိယပါရမီအတွက်သာ ဖြစ်သည်။ ဝီရိယသည် ရှေးက ပြဆိုခဲ့သည့်အတိုင်း ကောင်းသောအမှုကို အားထုတ်ခြင်း ဝီရိယလည်း ရှိ၏၊ မကောင်းသောအမူကို အားထုတ်ခြင်း ဝီရိယလည်း ရှိ၏။ ဤမကောင်းမှုဆိုင်ရာ ဝီရိယမှာလည်း တုန်လှုပ်ခြင်း သံဝေဂလျှင် အကြောင်းရင်း ဖြစ်၏။ သို့ရာတွင် ဉာဏသံဝေဂနှင့်ကား မသက်ဆိုင်ချေ၊ မကောင်းမှုအရာ ဖြစ်သောကြောင့် စိတ္တုတြာသ သံဝေဂနှင့်သာ သက်ဆိုင်၏။

     မိမိ၌ သုံးစွဲရန် ဥစ္စာပြတ်လပ်လျှင် ယောနိသောမနသိကာရ= သင့်မြတ်သော နှလုံးသွင်း မရှိသူဖြစ်က သူတပါးပစ္စည်းကို ခိုးယူရန် အားထုတ်တော့၏၊ ဤကား မကောင်းသော စိတ္တုတြာသသံဝေဂကြောင့် မကောင်းသောဝီရိယ ဖြစ်လာပုံတည်း၊ ယောနိသောမနသိကာရ မရှိသူမှာ မိမိသို့ကျရောက်မည့် အန္တရာယ်တို့ကို ကာကွယ်ရန်အတွက် မကောင်းယုတ်မာသော အလုပ်တို့ကို အားထုတ်တော့မည် ဖြစ်၏။ ယောနိသောမနသိကာရ ရှိသူမှာကား မကောင်းယုတ်မာသော အလုပ်တို့ကို အားမထုတ်ပဲ အပြစ်ကင်းသော အလုပ်စုကိုသာ အားထုတ်မည်ဖြစ်၏။

     ဤသို့လျှင် တုန်လှုပ်ခြင်း= သံဝေဂကြောင့် အားထုတ်ခြင်း.. ဝီရိယဖြစ်သည်ဆိုရာ အပြစ်ကင်းသော အားထုတ်ခြင်း၊ အပြစ်ရှိသော အားထုတ်ခြင်း နှစ်မျိုးကွဲပြားရေးမှာကား ယောနိသောမနသိကာရ ရှိခြင်း မရှိခြင်းလျှင် အရင်းခံအကြောင်း ဖြစ်ပြန်၏။

     ဝီရိယပါရမီ အရာမှာကား.. မကောင်းသော အားထုတ်ခြင်းများကို မယူအပ်၊ ကောင်းသော အားထုတ်ခြင်းနှင့် အပြစ်မရှိသော အားထုတ်ခြင်းတို့ကိုသာ ယူအပ်၏။ ပြဆိုခဲ့ပြီးသည့် သမ္မပ္ပဓာန်တရားတို့ကို ထောက်လျှင် ကုသိုလ်ပွါးကြောင်း ကောင်းသောဝီရိယကိုသာ ယူရမည်ကဲ့သို့ ရှိသော်လည်း ကုသိုလ်တရား ပွါးကြောင်း မဟုတ်စေကာမူ မကောင်းသော အားထုတ်ခြင်း (သို့မဟုတ်) မကောင်းမှုကို ပွါးစေတတ်သည့် အားထုတ်ခြင်းမျိုး မဟုတ်လျှင် ဝီရိယပါရမီ၌ ထည့်သွင်း ယူသင့်ပေ၏။ ထောက်ထားဖွယ်ကား..

     ဝီရိယပါရမီကို အလွန်အကဲ ဖြည့်ဆည်းပူးသည်ဟု အဋ္ဌကထာကျမ်းဂန်တို့၌ ပြဆိုအပ်သော မဟာဇနကဇာတ်တော်တွင် အလောင်းတော် ဇနကမင်းသားသည် ခုနစ်ရက်တိုင်တိုင် သမုဒြာရေအပြင်၌ လက်ပစ်ကူးခြင်းအလုပ်ကို အားထုတ်၍ ကူးယူတော်မူသည်။ ဤသို့ အားထုတ်ခြင်းကိုပင် လွန်လွန်ကဲကဲ ဝီရိယပါရမီကို ဆည်းပူးတော်မူခြင်းဟူ၍ ကျမ်းဂန်တို့၌ ပြဆို၏။ ထိုဇနကမင်းသား၏

(မိ)

ကြိုးကြိုးစားစား ရေကူးခြင်းသည် ကုသိုလ်တရား ပွါးများစေရန် ရည်သန်၍ ကူးခြင်းမဟုတ်၊ ဒါန သီလ ဘာဝနာကိစ္စတို့လည်း မဟုတ်ပေ၊ ကုသိုလ်တရား အထူး မဖြစ်ပွါးစေနိုင်သကဲ့သို့ပင် လောဘ- ဒေါသ- မောဟစသော အကုသိုလ်တရားတို့ကိုလည်း ဖြစ်ပွါးစေနိုင်သော ကိစ္စမဟုတ်။ အကုသိုလ်တရား မဖြစ်ပွါးလျှင် အပြစ်ကင်းသော ကိစ္စဖြစ်သည်ဟု မှတ်ယူအပ်၏၊ ဇနကမင်းသား၏ အားထုတ်ခြင်း ဝီရိယမှာ အကုသိုလ်လွတ်ရှင်း အပြစ်ကင်းသော ဝီရိယမျိုးဖြစ်၍ ဝီရိယပါရမီသာ ဖြစ်ပေ၏။

     အလောင်းတော် မဟာဇနကမင်းသား၏ ရေကူးခြင်းဝီရိယမှာ အဓိကအားဖြင့် ဒါန- သီလ- ဘာဝနာ အလုပ်ကိစ္စကြီးများ မဟုတ်သော်လည်း အားထုတ်ရာ၌ စိတ်နှလုံးထားတော်မူပုံမှာ ရှေးအလောင်းတော်ကြီးတို့၏ နှလုံးထားခြင်းနှင့် တူညီသောကြောင့် မြတ်သော ဝီရိယဟူ၍သာ မှတ်ယူအပ်၏။ မှန်၏.. မဟာဇနကမင်းသား စီးနင်းသော သင်္ဘောပျက်စီးမည် ရှိသောအခါ အခြားသင်္ဘောသား ခုနစ်ရာတို့သည် ကြံရာမရ သေကြတော့မည့်ဘေးကို ကြောက်ရွံ့ကာ ငိုကြွေးပူပန်၍သာ နေကြကုန်၏။ လွတ်မြောက်ရန်အရေး စိုးစဉ်းမျှ အားထုတ်ခြင်း မရှိကြပေ၊ မဟာဇနကမင်းသားကမူကား လောက၌ ဘေးအန္တရာယ်တွေ့ကြုံလျှင် ကြောက်ရွံ့ငိုကြွေး၍ နေခြင်းသည် ပညာရှိယောက်ျားတို့၏ အလုပ်မဟုတ်၊ ပညာရှိ ယောက်ျားကောင်း တို့မည်သည် တွေကြုံသည့်ဘေးအန္တရာယ်ကို ကာကွယ်နိုင်ရန် ကြိုးစားရမည်သာဖြစ်၏။ ငါသည် ပညာရှိ ယောက်ျားကောင်း တယောက်ပီပီ ရေဘေးကလွတ်မြောက်အောင် ကြိုးစားကူးခတ်မည်ဟူသော ရည်ရွယ်ချက်ဖြင့် အနည်းငယ်မျှ သေရမည့်ဘေးကို မျှော်တွေးကြောက်ရွံ့ ထိတ်လန့်ခြင်းမရှိပဲ ရဲတင်းစွာ ကူးခတ်တော်မူသည်။ ဤသို့ စိတ်ထား မြင့်မြတ်လှသောကြောင့် အလောင်းတော်၏ ရေကူးခြင်းကိုလည်း မြတ်သော ရေကူးမှုဟူ၍ ခေါ်ရသည်၊ ဝီရိယတော်မှာလည်း မြတ်သော ဝီရိယတော်သာ ဖြစ်၏။

     အလောင်းတော်များသည် ဖြစ်လေရာဘဝတို့၌ တွေ့ကြုံလာသေ၁ အရေးကိစ္စတို့ကို မည်သည့်နည်းနှင့်မျှ နောက်မဆုတ်ပဲ ရဲရဲဝံ့ဝံ့ ရွက်ဆောင် အားထုတ်တော်မူကြ၏။ လူ့ဘဝကို မဆိုထားဘိ၊ (ပါဌဇာတ် ဧကကနိပါတ် ၃-ကုရု၀ဂ်) ၉-ကဏှဇာတ်၌ ဘုရားအလောင်းတော်သည် ကဏှမည်သော နွားလားဥသဘငယ် ဖြစ်စဉ်အခါ မိမိအား မွေးမြူထားသည့် အမယ်အိုကို ကျေးဇူးဆပ်လိုသည့်အတွက် ရွှံ့ဗွက်ကြီးအတွင်း ပါရှိရင်းနွားများ မရုန်းနိုင်သော ကုန်လှည်းပေါင်း ငါးရာတို့ကို တစီးပြီးတစီး မနေမနား အားထုတ်ဆွဲတင်ခဲ့လေသည်။

(မီ)

     ဤသို့လျှင် အလောင်းတော်များ၏ ဝီရိယပါရမီသည် တိရစ္ဆာန်ဘဝမှာပင် ယုတ်လျော့ခြင်း မရှိသဖြင့် လူဖြစ်သောအခါ မည်သည့်အရာကိုမဆို မိမိ၏ ပါရှိရင်း ဝီရိယဓာတ်ခံကို စွန့်လွှတ်တော်မမှုကြ။ ကုသမင်းဘဝ ထီးနန်းကိုပစ်ခွါ၍ ဒုက္ခအမျိုးမျိုးခံကာ ပဘာဝတီနှင့် မနီးနီးအောင် ကြံဆောင် အားထုတ်တော်မူခြင်းမှာလည်း အရှုံးမပေးလို အညံ့မခံလိုသော ဝီရိယဓာတ် အရင်းခံကြောင့် ကိလေသာရူးသကဲ့သို့ ဖြစ်တော်မူရသည်ကို သတိပြုရာ၏။

မဟောသဓာဘဝ

     မဟောသဓာဇာတ်ကိုလည်း ပညာပါရမီကို ဖြည့်ဆည်းပူးသောအားဖြင့် ကျမ်းဂန်တို့၌ ပြဆို၏၊ ထိုဘဝ၌ အလောင်းတော်သည် ဝီရိယပါရမီကိုလည်း အထူး ဆည်းပူးတော်မူရ၏။ မဟောသဓာဇာတ်တော် တခုလုံးကို ခြုံ၍ကြည့်လျှင် အရာရာမျိုးကို အကျိုးအကြောင်း အမှန်အကန်သိမြင်ခြင်း ပညာပါရမီကို ရှေ့သွားပြုကာ သိမြင်သည့်အတိုင်း နေရာတကျဖြစ်အောင် မနေမနား ကြိုးစား အားထုတ်တော်မူပုံများကို ဉာဏ်မျက်စိ၌ ကောင်းစွာမြင်ရ၏။ ထိုဇာတ်တော်လာ မဟောသဓာ၏ အားထုတ်မှုများမှာ ဒါန- သီလ- ဘာဝနာမှုများမဟုတ်ပဲ လူအများ ချမ်းသာစေရန် ပြုလုပ် အားထုတ်ခြင်းဖြစ်၍ ထိုအားထုတ်ခြင်းကို ဝီရိယပါရမီဟူ၍ ခေါ်ဆိုမှတ်ယူအပ်၏။ မေးဖွယ်ရှိပြန်သည်ကား..

မဟောသဓာ၏ ဝီရိယ

“မဟောသဓာသည် အခြားသူတို့ကို မချမ်းမသာဖြစ်အောင်လည်း အားထုတ်သည် မဟုတ်လော၊ ပုံစံပြရသော်.. မိထိလာမြို့တော်ကို စူဠနီဗြဟ္မဒတ်မင်း၏ တဆယ့်ရှစ်ခေါဘဏီတပ်ကြီးဖြင့် ဝန်းဝိုင်းထားသောအခါ မဟောသဓာသည် စူဠနီဗြဟ္မဒတ်မင်း၏ဆရာ ကေဝဋ်ပုဏ္ဏားကြီးနှင့် ပညာစစ်ထိုးဖို့ရန် စီမံပြီးလျှင် ကုသမင်းလက်ထက်က ဆင်းသက်လာသော ပတ္တမြားရတနာကြီးဖြင့် ဖြားယောင်းကာ ပုဏ္ဏားကြီး၏ ခါးတောင်းကျိုက်ကို ဆွဲကိုင်၍ ပစ်လွှင့်လိုက်သဖြင့် စူဠနီဗြဟ္မဒတ်မင်း၏ စစ်တပ်ကြီး ဖရိုဖရဲ ပြေးသွားရသည်တွင် စူဠနီဗြဟ္မဒတ်မင်းကို ပရိတ်သတ်နှင့်တကွ မချမ်းမသာဖြစ်စေသည် မဟုတ်လော၊ ဤသို့သောအလုပ်ကို အားထုတ်သော မဟောသဓာသည် သူတဖက်သားဆင်းရဲအောင် အားထုတ်သူဖြစ်၍ ကဲ့ရဲ့ထိုက်သောသူသာ ဖြစ်သည် မဟုတ်လော”ဟူ၍ မေးဖွယ်ရှိ၏။

     အဖြေကား.. ဥပမာအားဖြင့် ဖားကို မြွေကိုက်နေရာ ချောက်လှန့်၍ မပစ်ကောင်း၊ ချောက်လှန့်ပစ်ပါလျှင် ဖားမှာ ချမ်းသာသော်လည်း မြွေမှာ ငတ်မွတ်ခြင်းဒုက္ခ ခံရတော့မည့်အတွက် အပြစ်မကင်းဟူ၍ မှတ်ထင်နေတတ်ကြ၏။

(မု)

မြတ်စွာဘုရားကမူကား စေတနာကိုသာ အရင်းခံထား၍ ဟောကြားတော်မူ၏။ ချောက်လှန့်သူသည် မြွေကို ငတ်မွတ်စေလိုသည့် စေတနာအရင်းခံ ထားရှိပါက အပြစ်ရှိမည်ဖြစ်သော်လည်း မြွေ၏ငတ်မွတ်ရေးကို အာရုံမပြု နှလုံးမသွင်းပဲ ဖားချမ်းသာရန်ကိုသာ ရည်သန်စေတနာ ထားရှိပါမူ အပြစ်တစုံတရာ မရှိနိုင်သကဲ့သို့၊ ဤအတူ မဟောသဓာပြုလုပ်သည့် ဤကိစ္စမှာ စူဠနီဗြဟ္မဒတ်မင်းတို့ မချမ်းမသာ ဖြစ်သွား သော်လည်း ထိုသူတို့ မချမ်းမသာ ဖြစ်သွားစေရန် ဆိုးသွမ်းသောစေတနာ မဟောသဓာမှာ မရှိ၊ မိထိလာ ပြည်သူပြည်သားတို့ အသက်ဘေးမှ ကင်းဝေးလွတ်မြောက်ရန် ရည်သန်အားထုတ်ခြင်းဖြစ်၍ မဟောသဓာကို အပြစ်တစုံတရာ မဆိုထိုက်ပေ။

     တနည်းလည်း.. မိလိန္ဒမင်းကြီးက အရှင်နာဂသိန် မထေရ်ကို “အရှင်ဘုရား.. မြတ်စွာဘုရားသည် ဒေဝဒတ်ကို ရဟန်းပြုပေးလိုက်လျှင် နောက်အခါ သံဃာကို သင်းခွဲလိမ့်မည်ဟု သိတော်မူသည် မဟုတ်ပါလော၊ သိပါလျက် အဘယ့်ကြောင့် ရဟန်းပြုပေးပါသနည်း၊ ရဟန်းပြုမပေးလျှင် သံဃာကိုသင်းခွဲ၍ မဖြစ်နိုင်သည် မဟုတ်ပါလော”ဟူ၍ မေးလျှောက်ရာ အရှင်နာဂသိန်မထေရ်က “မင်းကြီး.. ဒေဝဒတ်သည် နောက်အခါ သံဃာကို သင်းခွဲလိမ့်မည်ဟု မြတ်စွာဘုရား မြင်တော်မူ၏၊ မြင်တော်မူသော်လည်း အကယ်၍ ရဟန်းပြုမပေးက သံဃဘေဒက= သံဃာကို သင်းခွဲသောကံထက် ဆိုးဝါးကြမ်းကြုတ်သည့် နိယတမိစ္ဆာဒိဋ္ဌိစသော မကောင်းမှုတို့ကို ပြုလိမ့်မည် ဧကန်ဖြစ်၏။ သံဃဘေဒကကံသည် အပါယ်သို့ ကျစေမည်ဖြစ်သော်လည်း ကာလအပိုင်းအခြား ရှိသေး၏။ ရဟန်းပြုမပေးလျှင် နိယတမိစ္ဆာဒိဋ္ဌိစသော မကောင်းမှုတို့ကိုပြု၍ ကာလအပိုင်းအခြားမရှိ ငရဲဒုက္ခခံရမည်ကို သိမြင်တော်မူသောကြောင့် “ငါဘုရား၏ သာသနာ၌ ရဟန်းပြုလျှင် ဒေဝဒတ်ခံရမည့် ဒုက္ခသည် အပိုင်းအခြား ရှိလိမ့်မည်ဟု သနားတော်မူသောကြောင့် ကြီးလေးသောဒုက္ခ ပေါ့အောင်ပြုသည့်အနေ မြတ်စွာဘုရားက ဒေဝဒတ်ကို ရဟန်းပြုပေးပေသည်” စသည်ဖြင့် ဥပမာအမျိုးမျိုး ဖော်ပြဖြေဆိုတော်မူသည်။ (မိလိန္ဒပဉှာ၊ ၄-မေဏ္ဍကဝဂ်၊ ၃-ဒေဝဒတ္တပဗ္ဗဇ္ဖပဉှာ) မျက်နှာ ၁၁၃ မှ။)

     ထို့အတူပင် မဟောသဓာသည် အကယ်၍ စူဠနီဗြဟ္မဒတ်မင်း၏ စစ်တပ်ကြီးကို လန့်ကြောက်အောင် မပြုလုပ်လျှင် မိထိလာပြည်အလုံး ပြုတ်ပြုတ်ပြုန်း ပျက်စီးချေမည်၊ လန့်ကြောက် ထွက်ပြေးအောင် ပြုလုပ်လိုက်ပါလျှင် မိထိလာပြည်လည်း မပျက်စီး၊ စူဠနီဗြဟ္မဒတ်မင်း၏ နိုင်ငံလည်း အထူးနစ်နာဖွယ် မရှိ၊ ဤသို့အားဖြင့် နှစ်ဦးနှစ်ဖက်ပင် ချမ်းသာစေလိုသည့်အတွက် စောင့်ရှောက် အားထုတ်ခြင်းသာဖြစ်၍ မဟောသဓာ၌ တစုံတရာ အပြစ်တင်ရန် မရှိချေ။

(မူ)

ဝီရိယ၏ ဂုဏ်သတ္တိများ

     ဤဝီရိယတရားသည်.. (၁) ထိုထိုကိစ္စတို့၌ ရှေ့ဆောင်ဦးစီး အကြီးအမှူးအဖြစ်ဖြင့် ဖြစ်သောအခါ ဝီရိယာဓိပတိဟူ၍ အဓိပတိလေးပါးတို့တွင် တပါးအဖြစ် ပါဝင်၏။

     (၂) ဖြစ်ဖော်ယှဉ်ဖက် တရားတို့ကို အစိုးရသော ဣန္ဒြေ (၂၂)ပါးတို့တွင် ဝီရိယိန္ဒြေဟူ၍ တပါးအဖြစ်ဖြင့် ပါဝင်၏။ သို့ရာတွင် လောကီ ကုသိုလ်စိတ်တို့နှင့်ယှဉ်သော ဝီရိယိန္ဒြေကိုသာ ဝီရိယပါရမီအရ ကောက်ယူအပ်၏။ ဗောဓိပက္ခိယတရားအပါအဝင် ဣန္ဒြေငါးပါးမှာလည်း ပညိန္ဒြေမှာကဲ့သို့ပင် လောကီဝိသုဒ္ဓိတို့၌ပါသော ဝီရိယိန္ဒြေကိုသာ ဝီရိယပါရမီထဲသို့ ထည့်သွင်း ရေတွက်အပ်၏။ ထို့အတူ လောကီဝိသုဒ္ဓိတို့၌ပါသော သမ္မပ္ပဓာန်ဝီရိယကို ဝီရိယပါရမီ၌ ထည့်သွင်း ရေတွက်အပ်၏။

     (၃) ထို့အတူ သမ္မယုတ် (ယှဉ်ဖက်)တရားတို့၏ အင်အားဖြစ်သော ဗိုလ်ငါးပါးတို့တွင် “ဝီရိယဗိုလ်ဟူ၍၎င်း ဣဒ္ဓိပါဒ်လေးပါးတို့တွင် ဝီရိယိဒ္ဓိပါဒ်ဟူ၍၎င်း ဗောဇ္ဈင်ခုနှစ်ပါးတို့တွင် ဝီရိယသမ္ဗောဇ္ဈင်ဟူ၍၎င်း၊ မဂ္ဂင်ရှစ်ပါးတို့တွင် သမ္မာဝါယာမမဂ္ဂင်ဟူ၍၎င်း ဝီရိယဆိုင်ရာ ဗိုလ် ဣဒ္ဓိပါဒ် ဗောဇ္ဈင် မဂ္ဂင်တို့ ပါရှိရာ အလောင်းတော်ကြီးများ လောကီဝိသုဒ္ဓိတရားတို့ကို အားထုတ်စဉ်အခါ မဟာကုသိုလ်စိတ်နှင့် ယှဉ်တွဲ၍ဖြစ်သော ဝီရိယဗိုလ် ဝီရိယိဒ္ဓိပါဒ် ဝီရိယသမ္ဗောဇ္ဈင် သမ္မာဝါယာမမဂ္ဂင်ထိုက်သော ဝီရိယကို ဤဝီရိယပါရမီတွင် အပါအဝင် ဖြစ်၏ဟူ၍ ယုံမှားမရှိ မှတ်ယူအပ်၏။

ဤသို့ ဝီရိယ၏ ထူးခြားသော ဂုဏ်သတ္တိတို့ကို ဆင်ခြင်စဉ်းစားကာ ဝီရိယပါရမီကို အထွတ်အထိပ်ရောက် ကျင့်ဆောက် ဆည်းပူးနိုင်ကြပါစေကုန်သတည်း။

ဝီရိယပါရမီခဏ်း ပြီး၏။

**********

(စ) ခန္တီပါရမီ

ခန္တီအရ ရှင်းလင်းချက်

     ဤ ခန္တီပါရမီအရာ၌ ပါဠိတော်ဝယ် (သမ္မာနာဝမာနက္ခမော) မြတ်နိုးမှုပြုခြင်း မထီမဲ့မြင်မှု ပြုခြင်းတို့ကို သည်းခံလော့ဟူ၍ ပါရှိလေရာ ပါဠိတော် တိုက်ရိုက်အလိုမှာ ကောင်းသောအရာနှင့် တွေ့လျှင်လည်း စိတ်မတက်၊ မကောင်းသောအရာနှင့် တွေ့လျှင်လည်း စိတ်မပျက်ပဲ သည်းခံနိုင်ရမည်ဟူ၍ အဓိပ္ပါယ်ရရှိသည်။ ဆိုလိုရင်းမှာ.. ကောင်းသော လောကဓံနှင့်တွေ့၍ လောဘဖြစ်လျှင်၎င်း

(မေ)

မကောင်းသော လောကဓံနှင့် တွေ့၍ ဒေါသဖြစ်လျှင်၎င်း ထိုကောင်း မကောင်းသော အာရုံကို သည်းခံနိုင်သည်မမည်ချေ။ ကောင်းသော လောကဓံနှင့်တွေ့၍ လောဘမဖြစ်မှ၎င်း မကောင်းသော လောကဓံနှင့်တွေ့၍ ဒေါသမဖြစ်မှ၎င်း သည်းခံခြင်း မည်သည်ဟူ၍ ဆိုလိုရင်း အဓိပ္ပါယ်ထွက်ရှိသည်။

     သို့ရာတွင် သည်းခံခြင်း ခန္တီပါရမီနှင့်စပ်၍ သူတပါးတို့က ကိုယ်ကျူး နှုတ်ကျွံ ပြုမူပြောဆိုသည်တို့ကို ဒေါသမထွက်ပဲ အောင့်အည်း သည်းခံခြင်းအတွက်သာလျှင် ခန္တီပါရမီအရာ၌ အဋ္ဌကထာဆရာတော်တို့ ဝတ္ထုသာဓက အသီးအသီးဖော်ပြ၍ ဖွင့်တော်မူကြသည်ကသာ များလှပေသည်။ ဖွင့်တော်မူကြပုံမှာ.. “ကရုဏူပါယကောသလ္လပရိဂ္ဂဟိတံ သတ္တသင်္ခရာပရာဓသဟနံ အဒေါသပ္ပဓာနော တဒါကာရပ္ပဝတ္တစိတ္တုပ္ပါဒေါ ခန္တီပါရမိတာ= မဟာကရုဏာ ဥပါယကောသလ္လဉာဏ် နှစ်ပါးတို့ဖြင့် သိမ်းဆည်းအပ်သော သတ္တဝါသင်္ခါရတို့၏ အပြစ်ကို သည်းခံခြင်းတည်းဟူသော အဒေါသစေတသိက် ပြဋ္ဌာန်းသော ထိုသတ္တဝါသင်္ခါရတို့၏ အပြစ်ကို သည်းခံသော အခြင်းအရာဖြင့်ဖြစ်သော စိတ်စေတသိက် တရားစုကို ခန္တီပါရမီ ခေါ်သည်”ဟူ၍ စရိယာပိဋကအဋ္ဌကထာ ပကိဏ္ဏကကထာခဏ်း၌ ဖွင့်ပြတော်မူသည်။

     ထိုမှတပါးလည်း သံဝရငါးပါးကို ပြဆိုရာ အဋ္ဌသာလိနီအဋ္ဌကထာ နိက္ခေပကဏ္ဍအဖွင့်လာ ခန္တိသံဝရကိုလည်း “ခန္တီတိ အဓိဝါသနာ၊ သာ စ တထာ ပဝတ္တာ ခန္ဓာ၊ ပညာတိ ဧကေ၊ အဒေါသော ဧဝ ဝါ= ခန္တီဟူသည်မှာ သည်းခံခြင်းပင်တည်း၊ ထိုသည်းခံခြင်း ဟူသည်လည်း ထိုအခြင်းအရာဖြင့်ဖြစ်သော နာမ်ခန္ဓာလေးပါးတို့ပင် ဖြစ်သည်။ ပညာတရား ဖြစ်သည်ဟူ၍ ဧကေဆရာတို့ ဆိုတော်မူကြ၏။ တနည်းကား ခန္တီဟူသည် အဒေါသစေတသိက်ပင်တည်း”ဟူ၍ မူလဋီကာ၌ ဖွင့်ပြလေသည်။

     အချို့သော ပညာရှိတို့ကလည်း..

ပါဠိတော်တွင် သမ္မာနာဝမာနက္ခမော= မြတ်နိုးမှုပြုခြင်း မထီမဲ့မြင်မှု ပြုခြင်းတို့ကို သည်းခံလော့ဟူ၍ ပါရှိသဖြင့် သူတပါးတို့က အမြတ်တနိုး ပြုလာခြင်းကိုလည်း သည်းခံရမည်၊ မထီမဲ့မြင်မှု ပြုလာသည်ကိုလည်း သည်းခံရမည်ဟု အဓိပ္ပါယ် ယူရမည်ကဲ့သို့ ရှိနေသော်လည်း မထီမဲ့မြင်မှု= စော်ကားမှု ပြုလာသည်ကို လူတို့သည် မခံချင်ကြ၊ ဒေါသထွက်တတ်ကြသည်။ မြတ်နိုးသမှု အရိုအသေ ပြုလာသည်ကိုကား မည်သူမျှ မခံချင်ဟူ၍ မရှိ။ မည်သူမျှ ဒေါသမထွက်ကြ။ အများမခံချင် ဒေါသထွက်မည့်အရာကို ဒေါသမထွက်ပဲ ခံနိုင်မှသာလျှင် သည်းခံသည်ဟု ဆိုထိုက်သည်။

(မဲ)

အကယ်၍ ပါဠိတော်မှာ တိုက်ရိုက် လာရှိသည့်အတိုင်း မြတ်နိုးမှု မထီမဲ့မြင်ပြုမှု နှစ်ချက်လုံးကိုယူလျှင် ခန္တီပါရမီသည် ဥပေက္ခာပါရမီနှင့် မထူးမခြား ဖြစ်နေတော့မည်ဟူ၍ ပြဆိုကြ၏။ ထိုပညာရှိတို့သည်လည်း ဖော်ပြရာပါ စရိယာပိဋကအဋ္ဌကထာ မူလဋီကာတို့ကို အားကိုးပြု၍ ပြဆိုကြခြင်း ဖြစ်သောကြောင့် ထိုပညာရှိတို့၏ စကားကိုလည်း မတားမြစ်သာပေ။

သို့သော် ခန္တီနှင့် ဥပေက္ခာ ထူးခြားရန်မှာ သတ္တဝါသင်္ခါရတို့ ပြုအပ်သော အမှုကို သည်းခံခြင်းကား ခန္တီဖြစ်သည်။ သတ္တဝါသင်္ခါရတို့အပေါ်၌ မမုန်းမချစ် လျစ်လျူရှုခြင်းကား ဥပေက္ခာဖြစ်သည်ဟု မှတ်ယူရာ၏။

လယ်တီဆရာတော်ဘုရားကြီးကမူ မင်္ဂလသုတ်နိဿယ၌ “ခန္တီ စ၊ သုခနှင့်တွေ့သော်လည်း စိတ်မတက် ဒုက္ခနှင့်တွေ့သော်လည်း စိတ်မပျက် အမျက်မထန် သည်းခံခြင်း၎င်း”ဟူ၍ အနက်ပြန်ဆိုတော်မူသည်။ သမ္မာနာဝမာနက္ခမောဟူသော ပါဠိတော်နှင့် ညီလှပေ၏။

အဋ္ဌကထာအဖွင့်နှင့် ပါဠိတော်တို့ကို မဆန့်ကျင်အောင် ယူသော်ကား.. အလောင်းတော်ကြီးများမှာ ပင်ကိုယ်ကပင် နက်နဲသောသဘောတော် ရှိကြသောကြောင့် သုခနှင့် တွေ့သော်လည်း (သို့မဟုတ်- ကောင်းသည့်လောကဓံနှင့် တွေ့သော်လည်း) လောဘဖြင့် စိတ်တက်ကာ လောက်လက်ခြင်းမရှိ၊ ပကတိပင် ခံနိုင်ရည်ရှိတော်မူကြ၏၊ စိတ်ကို အထူးပြုပြင်၍ သည်းခံနေဖွယ် မရှိချေ။ ဒုက္ခနှင့် တွေ့သောအခါ စိတ်ကို အထူးပြုပြင်၍ ခန္တီပါရမီမြောက်အောင် သည်းခံတော်မူကြသည်။ တနည်းအားဖြင့် ခန္တီပါရမီကို ဖြည့်ကျင့်သော အလောင်းတော်သည် သုခ ဒုက္ခ နှစ်ပါးလုံးကိုပင် လောဘ ဒေါသ မပေါ်ထွက်အောင် သည်းခံရပေမည်။ ဤအချက်ကို ရည်၍ ပါဠိတော်၌ သမ္မာနာ၀မာနက္ခမော= မြတ်နိုးမှုကိုလည်း လောဘမထွက်ပဲနှင့် သည်းခံနိုင်ရမည်။ မထီမဲ့မြင်ပြုမှု စော်ကားမှုကိုလည်း ဒေါသမထွက်ပဲ သည်းခံရမည်ဟူ၍ ဟောတော်မူခြင်း ဖြစ်သည်။ သို့သော် အလောင်းတော်ကြီးတို့မှာ ပင်ကိုယ်ပကတိ နက်နဲသောသဘောတော် ရှိကြသောကြောင့် သုခနှင့်တွေ့ရှိ၍ လောဘမထွက် မလောက်လက်ပဲ သည်းခံတော်မူကြခြင်းမှာ အထူးအဆန်း မဟုတ်သကဲ့သို့ပင် ဖြစ်၍နေ၏၊ ပကတိအားဖြင့် ပြီး၍နေပေ၏။ သို့ဖြစ်၍ လူသာမန်တို့ သည်းခံခြင်းငှါခဲယဉ်းသော ဒုက္ခနှင့်တွေ့သည့်အခါ သည်းခံမှုကိုသာ ခန္တီပါရမီအနေဖြင့် အဋ္ဌကထာတို့၌ ဖွင့်ပြတော်မူသည်ဟု ယူက အဋ္ဌကထာဖွင့်ပုံနှင့် ပါဠိတော် ဟောတော်မူချက်ကို ဆန့်ကျင်ဖွယ်မရှိပေ။

(မော)

ခန္တီအရ တရားကိုယ်

     ဤခန္တီပါရမီဟူသည် ပညာပါရမီ ဝီရိယပါရမီတို့ကဲ့သို့ ပရမတ္ထတရား သီးခြားတခုမဟုတ်၊ အမျက်မထွက်ခြင်း လက္ခဏာရှိသော အဒေါသစေတသိက် ခေါင်းဆောင်သည့် ကုသိုလ်စိတ်စေတသိက် အစုပင်ဖြစ်၏။ (တနည်း) ပညာပါရမီ ဝီရိယပါရမီတို့ကဲ့သို့ပင် ပရမတ္ထတရား သီးခြား အဒေါသစေတသိက် ဖြစ်ပေ၏။

     ခန္တီဟူသည် အဒေါသစေတသိက်ပင် ဖြစ်သော်လည်း အဒေါသစေတသိက် ဟူသမျှကို ခန္တီဟူ၍ မခေါ်အပ်၊ အကြောင်းကား.. အဒေါသစေတသိက်သည် (အကုသိုလ်စိတ် အဟိတ်စိတ်တို့မှ တပါးသော) သောဘဏစိတ်တို့ ဖြစ်တိုင်းဖြစ်တိုင်း ပါရှိရာ သူတပါးတို့က အမျက်ဒေါသထွက်ဖွယ်ရာ ပြုလုပ်ပြောဆိုသောအခါ အမျက်ဒေါသ မဖြစ်စေရန် တားဆီးသည့် အခြင်းအရာအားဖြင့်ဖြစ်သော အဒေါသကိုသာ ခန္တီဟူ၍ ခေါ်ရလေသည်၊ သည်းခံခြင်းဟူ၍ ခေါ်ရလေသည်။ တပါးသော အခြင်းအရာအားဖြင့်ဖြစ်သော သောဘဏစိတ်တို့၌ ပါရှိသည့် အဒေါသစေတသိက်တို့ကိုကား ခန္တီဟူ၍သော်၎င်း သည်းခံခြင်းဟူ၍သော်၎င်း မခေါ်ရသောကြောင့်တည်း။

ရှင်ပုဏ္ဏ၏ သည်းခံရည်

     သည်းခံခြင်း ခန္တီတရားနှင့်စပ်၍ အတုယူဖွယ်ကောင်းလှသော အရှင်ပုဏ္ဏမထေရ်၏ နှလုံးသွင်းပုံကို ဤအရာ၌ အကျဉ်းချုပ် ဖော်ပြပေအံ့.. မြတ်စွာဘုရား လက်ထက်တော်အခါက အရှင်ပုဏ္ဏမထေရ်သည် မြတ်စွာဘုရားထံတော်၌ သုနာပရန္တဇနပုဒ်သို့ သွားရောက်နေထိုင်လိုပါကြောင်း လျှောက်ထားသည်တွင် မြတ်ဘုရားက “ချစ်သားပုဏ္ဏ.. သုနာပရန္တ ဇနပုဒ်သားတို့သည် ကြမ်းတမ်း ရုန့်ရင်းကြကုန်၏။ အကယ်၍ သုနာပရန္တ ဇနပုဒ်သားတို့က သင့်ကို ဆဲရေးရေရွတ်ခြင်းအမှု ပြုခဲ့လျှင် သင်၏စိတ် မည်ကဲ့သို့ ဖြစ်မည်နည်း”ဟူ၍ မေးတော်မူသောအခါ အရှင်ပုဏ္ဏမထေရ်က “မြတ်စွာဘုရား.. ထိုသုနာပရန္တ ဇနပုဒ်သားတို့သည် ဘုရားတပည့်တော်ကို ဆဲရေးရေရွတ်ခြင်းအမှု ပြုကြကုန်ငြားအံ့၊ ထိုအခါ 'ဤသုနာပရန္တ ဇနပုဒ်သားတို့သည် လူကောင်းများသာ ဖြစ်ကြသည်။ အထူးကောင်းသော လူများသာ ဖြစ်ကြသည်၊ ငါ့ကို ဆဲရေးရေရွတ်ရုံမျှသာ ဆဲရေးရေရွတ်ကြသည်၊ လက်သီးဖြင့်ထိုးခြင်း တတောင်ဖြင့် ထောင်းခြင်းအမှုကို မပြုကြရှာပေသေး'ဟူ၍ ထိုသူတို့အပေါ်မှာ လူကောင်းများဟူ၍ နှလုံးသွင်းလျက် အမျက်ဒေါသကို သိမ်းဆည်း သည်းခံပါမည်”ဟူ၍ လျှောက်ထားလေသည်။

(မော်)

     မြတ်စွာဘုရားက တဖန် “ချစ်သားပုဏ္ဏ.. သုနာပရန္တ ဇနပုဒ်သားတို့သည် သင်ချစ်သားကို လက်သီးဖြင့်ထိုးခြင်း တတောင်ဖြင့် ထောင်းခြင်းအမှုကို ပြုကြကုန်လျှင် သင်၏စိတ် မည်ကဲ့သို့ ဖြစ်မည်နည်း”ဟူ၍ ဆင့်ကာဆင့်ကာ မေးမြန်းတော်မူသောအခါ အရှင်ပုဏ္ဏမထေရ်က “မြတ်စွာဘုရား.. အကယ်၍ သုနာပရန္တ ဇနပုဒ်သားတို့က ဘုရားတပည့်တော်ကို လက်သီးဖြင့်ထိုးခြင်း တတောင်ဖြင့် ထောင်းခြင်းအမှု ပြုကြကုန်လျှင် 'ဤသုနာပရန္တ ဇနပုဒ်သားတို့သည် လူကောင်းများသာ ဖြစ်ကြသည်။ အထူးကောင်းသော လူများသာဖြစ်ကြသည်။ ငါ့ကို လက်သီးဖြင့်ထိုးရုံ တတောင်ဖြင့် ထောင်းရုံမျှသာ ထိုးကြ ထောင်းကြသည်၊ ခဲဖြင့် မထုကြသေးပေ'ဟူ၍ ထိုသူတို့အပေါ်မှာ လူကောင်းများဟု နှလုံးသွင်းလျက် အမျက်ဒေါသကို သိမ်းဆည်းသည်းခံပါမည်” အစရှိသည်ဖြင့် သုနာပရန္တ ဇနပုဒ်သားတို့က အသက်ဆုံးအောင် သတ်ဖြတ်ကြစေကာမူ “ငါ့မှာ အရတော်လေစွာ့.. အရှင်ဂေါမိက အရှင်ဆန္န အစရှိသည်တို့မှာ သတ္ထာဟာရကကံ= (ဒါးဖြင့် မိမိကိုယ်ကို သတ်ဖြတ်ခြင်းအမှုကို) ကိုယ်တိုင် ပြုကြရသေးသည်။ ငါ့မှာ မပြုပဲ ရပေသည်ဟု နှလုံးသွင်းလျက် အမျက်ဒေါသကို သိမ်းဆည်း သည်းခံပါမည်”ဟူ၍ လျှောက်ထားသည်တွင် မြတ်စွာဘုရားက သာဓုကောင်းချီး ခေါ်တော်မူသည်။ (မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၅-သဠာယတနဝဂ် ၃-ပုဏ္ဏောဝါဒသုတ္တန်မှ)။

     ထိုမှတပါးလည်း ပါဌဇာတ် စတ္တာလီသနိပါတ် သရဘင်္ဂဇာတ်၌ သိကြားမင်းက သရဘင်္ဂရှင်ရသေ့ကို-

ကောဏ္ဍညအနွယ်၌ဖြစ်သော ရှင်ရသေ့.. လောက၌ အဘယ်တရားကို ပယ်သတ်ရလျှင် တရံတဆစ်မျှ မစိုးရိမ်ရသနည်း၊ အဘယ်တရားကို ပယ်ရှားမှုကို သူတော်ကောင်းတို့ ချီးမွမ်းကြပါကုန်သနည်း၊ ဤလောက၌ အဘယ်သူပြောဆိုသည့် ကြမ်းကြုတ်သောစကားကို သည်းခံရပါမည်နည်း၊ ဤအကြောင်းကို အကျွန်ုပ်အား ဖြေကြားပါလော့ဟူ၍ မေးမြန်းရာ..

အလောင်းတော် သရဘင်္ဂရသေ့က-

လောက၌ အမျက်ဒေါသကို ပယ်သတ်လျှင် တရံတဆစ်မျှ စိုးရိမ်ပူပန်ရခြင်းမရှိ၊ သူတပါး၏ ဂုဏ်ကျေးဇူးချေဖျက်မှု (ကျေးဇူးကဏ်းမှု)ကို မပြုလျှင် သူတော်ကောင်းတို့ ချီးမွမ်းကြကုန်၏။ မိမိထက်မြတ်သူ မိမိနှင့်တူသူ မိမိအောက်ယုတ်သူ အားလုံးတို့ ပြောဆိုသည့် ကြမ်းကြုတ်သောစကားကိုပင် သည်းခံရာ၏။ ထိုသို့ သည်းခံခြင်းကို အမြတ်ဆုံးဟူ၍ သူတော်ကောင်းတို့ ပြောဆိုကြကုန်၏-ဟူ၍ ဖြေကြားလေသည်။

(မံ)

တဖန် သိကြားမင်းက-

အရှင်ရသေ့.. လောက၌ မိမိနှင့် တန်းတူဖြစ်သောသူ မိမိထက် မြတ်သောသူ ဤသူနှစ်ဦးတို့၏ ကြမ်းကြုတ်သောစကား (ဆဲရေးစကား)ကို သည်းခံမည်ဆိုက သည်းခံနိုင်ဖွယ်ရာ ရှိပါ၏။ မိမိအောက် ယုတ်ညံ့သောသူ၏ ကြမ်းကြုတ်သောစကား (ဆဲရေးစကား)ကိုကား ဘယ်လိုနည်းဖြင့် သည်းခံနိုင်ပါမည်နည်း-ဟူ၍ မေးမြန်းသောအခါ..

အလောင်းတော် သရဘင်္ဂရှင်ရသေ့က-

မိမိထက် မြတ်သောသူ၏ ကြမ်းကြုတ်သောစကား (ဆဲရေးစကား)ကို မြတ်သောသူ ဖြစ်နေသည့်အတွက် ကြောက်ရွံ့သောကြောင့် သည်းခံသော်မူ သည်းခံလေရာ၏၊ မိမိနှင့် တန်းတူဖြစ်သောသူ၏ ကြမ်းကြုတ်စကား (ဆဲရေးစကား)ကို “အကယ်၍ သည်းမခံချေက မိမိထက်သာလွန်အောင် ကြံစည်အားထုတ် ပြုလုပ်အံ့သောအပြစ်ကို မြင်၍ သည်းခံသော်မူ သည်းခံလေရာ၏၊ (ထိုသည်းခံခြင်းနှစ်မျိုးကား မြတ်သော သည်းခံခြင်းမျိုး မဟုတ်ချေ။) မိမိအောက် ဇာတ်စသည် ယုတ်ညံ့သောသူ၏ ကြမ်းကြုတ်သောစကား (ဆဲရေးစကား)ကို သည်းခံခြင်းကား သည်းခံနိုင်ဖွယ်ရာ အကြောင်းထူး မရှိပါပဲလျက် သည်းခံနိုင်ခြင်းဖြစ်၍ ဤသည်းခံခြင်းမျိုးကို အမြတ်ဆုံးဟူ၍ သူတော်ကောင်းတို့ ပြောဆိုကြကုန်၏-ဟု ဖြေကြားလေသည်။

သိကြားမင်း၏ သည်းခံရည်

     တချိန်က သိကြားမင်းသည် အသူရာတို့နှင့် စစ်တိုက်ရာ တာဝတိံသာနတ်တို့က အောင်နိုင်သဖြင့် အသူရာတို့၏ မင်းဖြစ်သော ဝေပစိတ္တိအသူရာကြီးကို ဖမ်းဆီး၍ သိကြားမင်းထံ ပြသရန် ခေါ်ဆောင်လာခဲ့ရာ သုဓမ္မာသဘင်သို့ ဝင်တိုင်း ထွက်တိုင်းမှာပင် ဝေပစိတ္တိအသူရာကြီးသည် သိကြားမင်းကိုသာ ကြမ်းကြုတ်သော စကားတို့ဖြင့် ဆဲရေးတိုင်းထွာမှု ပြုသော်လည်း သိကြားမင်းက တစုံတရာမျှ စိတ်ဒေါသမထွက် သည်းခံ၍ နေပေ၏။ ထိုအခါ မာတလိနတ်သားက ဤမျှလောက်ပင် ဝေပစိတ္တိအသူရာကြီးက ကြမ်းကြုတ်သော စကားတို့ဖြင့် ဆဲရေးတိုင်းထွာနေပါလျက် အဘယ့်ကြောင့် အမျက်ထွက်တော်မမူပါသနည်း”ဟု သိကြားမင်းကိုမေးရာ သိကြားမင်းက ပြန်လည်ဖြေကြားသော စကားရပ်များတွင်-

သဒတ္ထပရမာ အတ္တာ၊ ခန္တာ ဘိယျော န ဝိဇ္ဇတိ။

ယော ဟဝေ ဗလဝါ သန္တော၊ ဒုဗ္ဗလဿ တိတိက္ခတိ။

တမာဟု ပရမံ ခန္တိံ၊-

ဟူသောစကား ပါရှိလေသည်။

(မား)

     အဓိပ္ပါယ်ကား- အချင်းမာတလိ.. အကျိုးဟူသမျှတို့သည် ကိုယ်ကျိုးသာလျှင် အမြတ်ဆုံးရှိကုန်၏၊ ထိုသည့် ကိုယ်ကျိုးတို့တွင်လည်း သည်းခံခြင်းထက် ပိုလွန်သော အကျိုးဟူ၍ မရှိ၊ အကြင်သူသည် ဧကန်စင်စစ် ကိုယ်တိုင်က အားရှိသူဖြစ်ပါလျက် အားမဲ့သောသူ၏ ကြမ်းကြုတ်သောစကားကို သည်းခံ၏။ ထိုသို့ သည်းခံခြင်းကို အမြတ်ဆုံးဟူ၍ သူတော်ကောင်းတို့ ပြောဆိုကြကုန်၏ဟု ဆိုလိုသည်။

ပါဠိတော်များအတွက် ရှင်းလင်းချက်

     ပြဆိုအပ်ပြီးသည့် သဂါထာဝဂ္ဂ သက္ကသံယုတ် ပါဠိတော်နှင့် သရဘင်္ဂဇာတ် ပါဠိတော်များအရ သူတပါးတို့၏ နှုတ်ကျူးလွန်မှုစကားကို အမျက်မထွက်ပဲ နေနိုင်ခြင်းသည် သည်းခံခြင်း= ခန္တီဖြစ်သည်ဟု အဓိပ္ပါယ်ရသဖြင့် သူတပါးတို့၏ ကိုယ်ကျူးလွန်မှုကို အမျက်မထွက်ပဲ နေသော်လည်း သည်းခံခြင်း= ခန္တီမဖြစ်ဟူ၍ မမှတ်အပ်ပေ။ လောက၌ ကိုယ်ကျူးလွန်မှုထက် နှုတ်ကျူးလွန််မှုက အပြုများသောကြောင့်သာ များရာသို့လိုက်၍ “သူတပါးတို့၏ ကြမ်းကြုတ်စွာ ဆဲဆိုသော နှုတ်ကျူးလွန်မှုစကားကို အမျက်မထွက်ခြင်းသည် သည်းခံခြင်း= ခန္တီဖြစ်သည်”ဟူ၍ ဖော်ပြရာပါ ပါဠိတော်တို့၌ ဟောတော်မူခြင်း ဖြစ်သည်။ ကိုယ်ကျူးလွန်မှုပြုသည်ကို အမျက်မထွက်ခြင်းသည်လည်း သည်းခံခြင်း= ခန္တီပင် ဖြစ်၏ဟူ၍ ယုံမှားမရှိ မှတ်ယူအပ်၏။

     မှတ်ယူအပ်ကြောင်းမှာ.. ခန္တီဝါဒီဇာတ်၌ ကလာဗုမင်းသည် ခန္တီဝါဒီရှင်ရသေ့ကို နှုတ်ကျူးလွန်မှုတွင်ရွေ့သာမက ကိုယ်ကျူးလွန်မှုဖြင့်ပါ အသက်ဆုံးသည်တိုင်အောင် ကျူးလွန်ပြစ်မှားရာ ခန္တီဝါဒီရှင်ရသေ့သည် သည်းခံတော်မူကြောင်းကို၎င်း.. ရှေး ဖော်ပြရာပါ ပုဏ္ဏောဝါဒသုတ်လာ အရှင်ပုဏ္ဏမထေရ်၏ လျှောက်ထားချက်တွင် နှုတ်လွန်ကျူးမှုတွင်မက ကိုယ်လွန်ကျူးမှု အဆင့်ဆင့်တို့ ပါဝင်နေသည်ကို၎င်း ထောက်ထားရာ၏။

သည်းခံခြင်းမဟုတ်သည့် အက္ကောဓ

     ပြခဲ့ပြီးသည့်အတိုင်း သူတပါးတို့က မိမိအပေါ်မှာ ပြုလုပ်လာသော ကိုယ်ကျူးလွန်မှု နှုတ်ကျူးလွန်မှုတို့အတွက် ဒေါသမထွက်အောင် သိမ်းဆည်းခြင်းသည်သာလျှင် သည်းခံခြင်း= ခန္တီစင်စစ် ဖြစ်ပေ၏၊ သူတပါးတို့၏ ကိုယ်ကျူးလွန်မှု နှုတ်ကျူးလွန်မှုနှင့် မစပ်ပဲ ဖြစ်ပွားတတ်သည့် ဒေါသလည်း ရှိသေး၏။ ပုံစံတစိတ်မျှ ထုတ်ပြရသော်.. လောက၌ ပြုလုပ်ဖွယ်ရာ ကိစ္စတခုခုကို သူတဦးအား ပြုလုပ်ဖို့ရန် စေခိုင်းထားရာ အခိုင်းခံရသူက မိမိဉာဏ်မှီသလောက် အကောင်းဆုံးဖြစ်စေရန် စီမံပြုလုပ်ထား သော်လည်း စေခိုင်းသောသူ

(ယ)

လာ၍ကြည့်လျှင် မိမိရည်မှန်းသည့်အတိုင်းမဟုတ်က သဘောမကျ အမျက်ဒေါသ ထွက်တတ်သေး၏။ ဤအမျက်မျိုးကို မထွက်ရအောင် သိမ်းဆည်းလိုက်သော်လည်း သည်းခံခြင်း= ခန္တီမဟုတ်၊ အမှန်အားဖြင့် အမျက်မထွက်ခြင်း= အက္ကောဓဟူ၍သာ ခေါ်ဆိုအပ်၏။

အက္ကောဓနှင့် ခန္တီ မင်းကျင့်တရား

     သို့ဖြစ်၍ ပါဌဇာတ် အသီတိနိပါတ် ၂-မဟာဟံသဇာတ်တွင် မင်းကျင့်တရား ဆယ်ပါးကို ဟောတော်မူရာ အက္ကောဓနှင့် ခန္တီတရား နှစ်ပါးပင် ပါဝင်လျက်ရှိသည်။ ဤကဲ့သို့ တရားနှစ်ပါး ပါဝင်ရခြင်းမှာ အမျက်ကို သိမ်းဆည်းမှုဟူသမျှ ခန္တီဖြစ်ထိုက်သည်မဟုတ်၊ အချို့သာ ခန္တီဖြစ်ထိုက်သောကြောင့် ဖြစ်သည်။

     ခန္တီဟူသည်မှာ ပြဆိုခဲ့ပြီးသောအတိုင်း သူတပါးတို့၏ ကိုယ်ကျူးလွန်မှု နှုတ်ကျူးလွန်မှုတို့အတွက် အမျက်ကို သိမ်းဆည်းခြင်းသည်သာ သည်းခံခြင်း= ခန္တီဖြစ်၍၊ မိမိ စေခိုင်းလိုက်ရာမှာ စိတ်တိုင်းမကျသည့်အတွက် ထွက်လိုသောအမျက်ကို သိမ်းဆည်းခြင်းမှာ သူတပါးတို့၏ ကိုယ်ကျူးလွန်မှု နှုတ်ကျူးလွန်မှုနှင့်မသက်ဆိုင်သောကြောင့် သည်းခံခြင်း= ခန္တီမဖြစ်ထိုက်၊ အမျက်မထွက်ခြင်း အက္ကောဓသာ ဖြစ်ထိုက်၏။

     ဘုရင်မင်းမြတ်တို့မှာ မိမိ အမိန့်အမျိုးမျိုးချမှတ်ရာ အမိန့်ကို နာခံသူတို့က စိတ်စေတနာကောင်းဖြင့် ကောင်းစွာ ရွက်ဆောင်ကြစေကာမူ စိတ်သဘောမကျပဲ ရှိချင်ရှိမည်ဖြစ်၏။ ထိုသို့ရှိသော်လည်း အမျက်မထွက်ရဟူ၍ မင်းတို့ကျင့်သုံးရာ အက္ကောဓမည်သော မင်းကျင့်တရားတပါး ဟောပြီးလျှင် သူတပါးတို့၏ ကိုယ်နှုတ်ကျူးလွန်မှုကိုလည်း အမျက်မထွက်ရ သိမ်းဆည်းရမည်ဟူ၍ သည်းခံခြင်း= ခန္တီမည်သော မင်းကျင့်တရားတပါး ခွဲခြားဟောတော်မူသည်။

အမျက်ထွက်ကြောင်း ကိုးပါး

     အမျက်ထွက်ခြင်းနှင့်စပ်၍ အမျက်ထွက်ကြောင်း= အာဃာတဝတ္ထု ကိုးပါးတို့ကိုလည်း မှတ်သားရာ၏။ မှဘ်သားရန်မှာ.. မိမိတကိုယ်တည်းအတွက်သာ အမျက်ထွက်တတ်သည် မဟုတ်၊ မိမိချစ်ခင်သောသူ အတွက်၎င်း မိမိရန်သူဖြစ်သောသူ အတွက်၎င်း အမျက်ထွက်တတ်သည်။ (မိမိအတွက်၎င်း မိမိချစ်ခင်သူအတွက်၎င်း မိမိ၏ရန်သူအတွက်၎င်း အမျက်ထွက်တတ်သည်ဟု ဆိုလိုသည်။) အမျက်ထွက်ရာမှာလည်း လွန်ခဲ့ပြီးသော အတိတ်အတွက်၎င်း လာလတ္တံ့သော အနာဂတ်အတွက်၎င်း လောလောဆယ် ပစ္စုပ္ပန်အတွက်၎င်း အမျက်ထွက်တတ်သည်၊ သို့ဖြစ်၍ မိမိကိုယ်- မိမိ၏မိတ်ဆွေ- မိမိ၏ရန်သူအားဖြင့် ပုဂ္ဂိုလ်သုံးစားရှိရာ

(ယာ)

ပုဂ္ဂိုလ်တဦးတဦးအတွက် ဖြစ်ပြီး- ဖြစ်ဆဲ- ဖြစ်လတ္တံ့ဟူသော ကာလသုံးပါးဖြင့် ပေါင်းစု ရေတွက်လိုက်လျှင် ကိုးပါးဖြစ်လာ၏။ ထိုကိုးပါးသရုပ် အရေအတွက်ကား..

(၁) ဤသူသည် ငါ၏ အကျိုးစီးပွါးမဲ့ကို ရှေးက ပြုခဲ့ဘူးပြီဟူ၍ အမျက်ထွက်တတ်သည် တပါး၊

(၂) ဤသူသည် ငါ၏ အကျိုးစီးပွါးမဲ့ကို ယခု ပြုဆဲဟူ၍ အမျက်ထွက်တတ်သည် တပါး၊

(၃) ဤသူသည် ငါ၏ အကျိုးစီးပွါးမဲ့ကို နောက်အခါ ပြုလတ္တံ့ဟူ၍ အမျက်ထွက်တတ်သည် တပါး၊ (ဤကား မိမိအတွက် သုံးပါးတည်း။)

(၄) ဤသူသည် ငါ့မိတ်ဆွေ၏ အကျိုးစီးပွါးမဲ့ကို ရှေးက ပြုခဲ့ဘူးပြီဟူ၍ အမျက်ထွက်တတ်သည် တပါး၊

(၅) ဤသူသည် ငါ့မိတ်ဆွေ၏ အကျိုးစီးပွါးမဲ့ကို ယခု ပြုဆဲဟူ၍ အမျက်ထွက်တတ်သည် တပါး၊

(၆) ဤသူသည် ငါ့မိတ်ဆွေ၏ အကျိုးစီးပွါးမဲ့ကို နောက်အခါ ပြုလတ္တံ့ဟူ၍ ကြိုတင် အမျက်ထွက်တတ်သည် တပါး၊ (ဤကား မိတ်ဆွေအတွက် သုံးပါးတည်း။)

(၇) ဤသူသည် ငါ့ရန်သူ၏ အကျိုးစီးပွါးကို ရှေးက ပြုခဲ့ဘူးပြီဟူ၍ အမျက်ထွက်တတ်သည် တပါး၊

(၈) ဤသူသည် ငါ့ရန်သူ၏ အကျိုးစီးပွါးကို ယခု ပြုဆဲဟူ၍ အမျက်ထွက်တတ်သည် တပါး၊

(၉) ဤသူသည် ငါ့ရန်သူ၏ အကျိုးစီးပွါးကို နောက်အခါ ပြုလတ္တံ့ဟူ၍ ကြိုတင် အမျက်ထွက်တတ်သည် တပါး၊ (ဤကား ရန်သူအတွက် သုံးပါးတည်း။)

(အင်္ဂုတ္တိုရ်ပါဠိတော်၊ နဝကနိပါတ၊ ၁-ပဏ္ဏာသက၊ ၃-ဝဂ်၊ ၉-သုတ်မှ။)

အဋ္ဌာနကောပ

     ပါဠိတော်တို့၌ ပြခဲ့ပြီးသောအတိုင်း အာဃာတဝတ္တု= အမျက်ထွက်ကြောင်းကိုးပါး လာရှိသော်လည်း လောက၌ အမျက်ထွက်ဖွယ်ရာ မဟုတ်သည်၌ အမျက်ထွက်ခြင်း တည်းဟူသော အဋ္ဌာနကောပတရားလည်း ရှိသေး၏။

(ယိ)

မိုဃ်းရွာလျှင် ရွာလွန်းသည်။ မိုယ်းကောင်းလျှင် ကောင်းလွန်းသည်။ လေတိုက်လျှင် တိုက်နိုင်ရန်ကော၊ နေပူလျှင် ပူနိုင်ရန်ကော စသည်ဖြင့် အမျက်ထွက်ဖွယ် မဟုတ်သည့်အရာမှာ ထွက်သော ဒေါသစေတသိက် ဖြစ်သည်။ ထိုအဋ္ဌာနကောပမည်သော ဒေါသတရား မဖြစ်ပွါးအောင် သိမ်းဆည်းခြင်းသည် အက္ကောဓ မည်သင့်ပေ၏။ ဤအဋ္ဌာနကောပသည် ဆင်ခြင်ခြင်း ကင်းမဲ့သောသူတို့ သန္တာန်၌ အဖြစ်များ၏။

အားရှစ်မျိုး

     ဤသည်းခံခြင်းတရားသည် လောက၌ သူတော်သူမြတ်တို့၏ အားတခုဖြစ်ကြောင်း အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ်၊ ၁-ပဏ္ဏာသက၊ ၃-ဂဟပတိဝဂ်၊ ၇-သုတ်၌ မြတ်စွာဘုရား ဟောကြားတော်မူ၏၊ ထိုသုတ်၌ ဟောအပ်သော အားရှစ်မျိုးဟူသည်မှာ..

၁။ ငိုကြွေးခြင်းသည် ကလေးသူငယ်တို့၏ ကိုးစားရာ အားတည်း။

၂။ အမျက်ထွက်ခြင်းသည် မိန်းမတို့၏ ကိုးစားရာ အားတည်း။

၃။ လက်နက်အမျိုးမျိုးသည် ခိုးသူဒါးပြတို့၏ ကိုးစားရာ အားတည်း။

၄။ ကျယ်ဝန်းသော နိုင်ငံနယ်ပယ်ကို အစိုးရခြင်းသည် ပြည့်ရှင်မင်းတို့၏ ကိုးစားရာ အားတည်း။

၅။ သူတပါးတို့ကို ကြံကြံဖန်ဖန် ကဲ့ရဲ့ခြင်းသည် လူမိုက်တို့၏ ကိုးစားရာ အားတည်း။

၆။ သေချာစွာ စူးစိုက်ဆင်ခြင်ခြင်းသည် ပညာရှိတို့၏ ကိုးစားရာ အားတည်း။

၇။ အဖန်ဖန် စဉ်းစားဆင်ခြင်ခြင်းသည် အကြားအမြင်များသောသူတို့၏ ကိုးစားရာ အားတည်း။

၈။ သူတပါးတို့၏ လွန်ကျူးလာသည့် အပြစ်ကို အမျက်မထွက် သည်းခံခြင်းသည် ရဟန်းပုဏ္ဏားတို့၏ ကိုးစားရာ အားတည်း။

ဤရှစ်ပါးတို့ပင် ဖြစ်သည်။

ရဟန်းနှင့် ပုဏ္ဏား

     ဤရှစ်ခုမြောက်ဖြစ်သော သည်းခံခြင်းအားအရာ၌ ရဟန်းနှင့် ပုဏ္ဏားကို တွဲဖက်ပြဆိုထားရာ ထိုရဟန်းနှင့် ပုဏ္ဏားသည် အဆင့်အတန်း တူညီပါသလောဟူ၍

(ယီ)

တွေးတော မေးမြန်းဖွယ်ရှိ၏။ ရဟန်းအရမှာ သာသနာပြင်ပ၌ ရသေ့တည်းဟူသော ရဟန်း၊ သာသနာတော်တွင်း၌ ဘုရား၏ တပည့်သားတော်များဖြစ်၍ အများသိသာပြီး ဖြစ်သောကြောင့် အထူးပြဆိုရန် မလို။

     (ပါဠိလို) ဗြာဟ္မဏ (မြန်မာလို) ပုဏ္ဏားဟုခေါ်သော ပုဂ္ဂိုလ်အတွက်သ၁ စိစစ်ဖွယ်ရှိ၏။ စိစစ်သော်ကား.. ဒီဃနိကာယ် ပါထိကဝဂ္ဂပါဠိ အဂ္ဂညသုတ်၌ ကမ္ဘာဦးအခါက လူများ အကျင့်ဖောက်ပြန်သည့်အတွက် မဟာသမ္မတမင်း မြှောက်တင်၍ အုပ်ချုပ်သည့်အခါတွင် အချို့သောသူတို့သည် “လောကကြီး၌ မကောင်းမှုတရားတွေ လွှမ်းမိုးနေလေပြီ၊ မင်းဖြင့် အုပ်ချုပ်ရလောက်အောင်ပင် မကောင်းမှု ထူထပ်သောသူတို့နှင့် ရောနှော၍ မနေလို၊ ငါတို့သည် တောတောင်အရပ်သို့ ချဉ်းကပ်ကာ မကောင်းမှုများကို ကိုယ်မှအပပြုကာ နှင်ထုတ်မျှောလွှင့်၍ ပစ်ကုန်အံ့”ဟု တောအရပ်သို့ ချဉ်းကပ်ကာ ဈာန်တရားတို့ကိုရအောင် ပွါးများ၍ နေကြ၏၊ ဤသို့နေသည့်အတွက် ထိုပုဂ္ဂိုလ်တို့ကို ဗြာဟ္မဏဟူ၍ ခေါ်ကြ၏။

     ဗြာဟ္မဏဟူသော ပါဠိစကားမှာ မကောင်းမှုကို အပပြုသောသူဟူ၍ အဓိပ္ပါယ်ရရှိ၏။ ထိုပုဂ္ဂိုလ်တို့သည် အစားအသောက်များကို မိမိတို့ဘာသာ ချက်ပြုတ်၍ မစားကြ၊ အလိုလိုကြွေကျသော သစ်သီးများကိုသော်၎င်း မြို့ရွာတို့မှ စားဖွယ်တို့ကို အလှူခံ၍သော်၎င်း စားကြကုန်၏။ ထိုပုဂ္ဂိုလ်တို့ကို ဗြာဟ္မဏဟူ၍ ခေါ်ခြင်းမှာ ဗြဟ္မဏဟူသော ပါဠိမှထွက်သည့် အနက်အဓိပ္ပါယ်နှင့် ထိုသူတို့၏ အကျင့်ဂုဏ်သိက္ခာတို့ ညီညွတ်ကြသောကြောင့် (ပါဠိလို) ဂုဏဗြာဟ္မဏ-ဟူ၍ ခေါ်သည်။ ဂုဏ်ကျေးဇူးအားဖြင့် ဗြာဟ္မဏမည်သော သူတို့ဟု ဆိုလိုသည်။

     နောက် ကာလရှည်လျားလာသောအခါ ထိုဂုဏဗြာဟ္မဏအဝင်အပါ အချို့တို့သည် ဂုဏဗြာဟ္မဏပုဏ္ဏားတို့၏ အကျင့်အကြံ ဈာန်အားထုတ်မှုကို မပြုနိုင်သည့်အတွက် မြို့ရွာအနီး ချဉ်းကပ်ကြပြီးလျှင် မြို့ဦး ရွာဦးမှာနေကာ ဗေဒင်ကျမ်းစာတို့ကို ရေးသားကြ၏၊ သင်ကြားလိုသူများကိုလည်း သင်ကြားပေးကြ၏။ ထိုသူတို့ကား မကောင်းမှုကို ကိုယ်မှအပပြုရန် ဈာန်အားထုတ်မှု မရှိတော့ချေ။ သိုသော် ဗြာဟ္မဏ-ဟူသော အမည်ကိုကား ခံယူကြလျက်ပင် ရှိ၏၊ ထိုသူတို့ခံယူသည့် ဗြာဟ္မဏဟူသော အမည်မှာ မိမိတို့၌ ဗြာဟ္မဏဖြစ်ထိုက်သည့် ဂုဏ်မရှိသဖြင့် ဂုဏဗြာဟ္မဏ မဟုတ်သော်လည်း ဂုဏဗြာဟ္မဏအစစ်တို့မှ ဆင်းသက်လာသော အမျိုးအနွယ်ဖြစ်သောကြောင့် ဇာတိဗြာဟ္မဏဟူ၍ ခေါ်သည်။ ထိုဇာတိဗြာဟ္မဏများကို ဈာန် ရအောင် အားမထုတ်နိုင်သည့်အတွက် ထိုအခါက အညံ့စားတွေဟူ၍ အသိအမှတ်ပြုကြ၏။

(ယု)

     နောက် ကာလရှည်လျားလာသောအခါ ဈာန်ကို အားမထုတ်နိုင်စေကာမူ ဗေဒင်ကျမ်းဂန်ရေးခြင်း ဗေဒင်သင်ကြားပေးခြင်းများကို အခြေပြုကာ အမြတ်စား ပြုလုပ်ကြသဖြင့် အများကလည်း အမြတ်ဟူ၍ သမုတ်ကြပြန်၏။ ထိုဇာတိ ဗြာဟ္မဏ= အမျိုးအနွယ်မျှ ဖြစ်သည်ကိုစွဲ၍ ခေါ်ရသော ဗြာဟ္မဏတို့သည် ဈာန်တရားဖြင့် တကယ်စင်စစ် ကိလေသာကို ပယ်ထုတ်မျှောလွှင့်ခြင်း မပြုနိုင်ကြစေကာမူ “ပယ်ထုတ်မျှောလွှင့်ခြင်းအမှု ပြုကြသေးသည်”ဟု လူအပေါင်းတို့အား ပြစားလိုသည့်အတွက် မြစ်ချောင်းများသို့ဆင်း၍ ရေစိမ်ကာ အညစ်အကြေးတို့ကို မျှောလွှင့်သည်ဟု ပြောဆိုပြုလုပ်ကြကုန်၏။

     ဘူရိဒတ်ဇာတ်တော်မှာပင် ဘူရိဒတ်နဂါးမင်း ဥပုသ်ကျင့်သုံးရာမှ ပြန်နေကျအချိန် နဂါးပြည်သို့ ပြန်မလာသောအခါ ညီတော်နောင်တို့ အသီးအသီး လိုက်လံရှာဖွေကြသည်တွင် ဘူရိဒတ်နဂါးမင်းကို အလမ္ပာယ်အား ပြသပြစ်မှားသော နေသာဒပုဏ္ဏားသည် ယမုနာမြစ်ထဲသို့ဆင်း၍ ထိုပြစ်မှားမိသော အညစ်အကြေးများ စင်ကြယ်အောင် ဆေးလျော်မည်ဟု ရေစိမ်နေရာ ညီတော် သုဘောဂနဂါးသည် ယမုနာမြစ်ကြောင်းမှလျှောက်၍ ရှာဖွေအလာ နေသာဒပုဏ္ဏားကို တွေ့ရှိဖမ်းဆီး နှိပ်စက်၍ နဂါးပြည်သို့ ခေါ်ဆောင်သွားကြောင်း လာရှိသည်။

     ဤသို့ ပုဏ္ဏားနှစ်မျိုးနှစ်စား ရှိသည်တွင် “သည်းခံခြင်းသည် ရဟန်းပုဏ္ဏားတို့၏ အားဖြစ်သည်”ဟု ဟောကြားရာ၌ ပုဏ္ဏားအရ ဂုဏဗြာဟ္မဏကိုရည်၍ မြတ်စွာဘုရား ဟောကြားတော်မူခြင်းဖြစ်သည်။ ဤအဂ္ဂညသုတ် ပါဠိတော်အရ သာသနာပအခါမှာ ဖြူစင်သော အဝတ်ကိုဝတ်ကာ မကောင်းမှု ကိလေသာကို ပယ်ရှားရန် ရည်သန် အားထုတ်နေသောသူများကို (ပါဠိလို) ဗြာဟ္မဏ= (မြန်မာလို) ပုဏ္ဏား-ဟု ခေါ်၏။ သာသနာတော်အတွင်း ရောက်သောအခါ ဗြာဟ္မဏ-ဟု ခေါ်ထိုက်သည့် မြင့်မြတ်သော ဂုဏ်အင်္ဂါတို့ကို အသီးအသီး ဖော်ပြလျက် ဂါထာပေါင်း (၄၂) လေးဆယ်နှစ်ဂါထာတို့ဖြင့် “ဗြာဟ္မဏဝဂ်”ဟူ၍ ဝဂ်တဝဂ်ဖွဲ့လျက်ပင် ဓမ္မပဒပါဠိတော်၌ ဟောကြားထားတော်မူသည်။ ဤသို့ ဟောကြားအပ်သော ဗြာဟ္မဏတို့မှာ ဂုဏဗြာဟ္မဏချည်းသာ ဖြစ်ကြကုန်၏၊ ဤ ဂုဏဗြာဟ္မဏတို့မှာကား ထပ်မံကွဲပြားခြင်းမရှိ၊ ဇာတိဗြာဟ္မဏကသာ အမျိုးမျိုးအဖုံဖုံ ကွဲပြားလာ၏။

ပုဏ္ဏားဟူသော ဝေါဟာရ

     (ပါဠိလို) ဗြာဟ္မဏကို (မြန်မာလို) ပုဏ္ဏား-ဟု ခေါ်ခြင်းမှာ.. ပါဠိသဘောသို့ လိုက်ခြင်းမရှိပဲ မြန်မာတို့၏ ဝေါဟာရအဆင့်ဆင့် ပြောင်းလဲ ခေါ်ဝေါ်ခြင်းသာ ဖြစ်သည်။ မှန်၏.. ရာဇဝင်ကြောင်းနှင့်ကြည့်လျှင် သရေခေတ္တရာ (ပြည်မြို့)

(ယူ)

ကောင်းစားစဉ်အခါက ဗြာဟ္မဏကို ဂဝံပတိဟူ၍ ခေါ်ခဲ့ကြ၏။ (ဗြာဟ္မဏတို့သည် များသောအားဖြင့် နွားမွေး၍ အသက်မွေး စားသောက်ကြသည်ကို စွဲပြီးလျှင် ပါဠိလို ဂဝံပတိ-ဟု ခေါ်ကြခြင်းဖြစ်ရာ ဂဝံ= နွားတို့၏၊ ပတိ= အရှင်၊ ဂဝံပတိ= နွားပိုင်ရှင်ဟု ဆိုလိုသည်။)

     ဤဂဝံပတိ-ဟူသော စကားသည် ပါဠိစကားပင် ဖြစ်သော်လည်း ပုဏ္ဏားဟူသော အနက်ကိုဟောသည့် ပါဠိပုဒ်စုမှာ ဗြဟ္မဗန္ဓု ဒွိဇ ဝိပ္ပ ဗြဟ္မ ဘောဝါဒီ ဗြာဟ္မဏဟူ၍ ခြောက်မျိုးသာ မဂဓအဘိဓာန်၌ ပြဆိုသည်။ ဂဝံပတိဟူသော ပါဠိမပါချေ၊ ဤဂဝံပတိဟူသော စကားမှာ မြန်မာတို့က မျက်မြင်အကြောင်းအနက်ကို ကြည့်၍ မှည့်ခေါ် ပြောဆိုအပ်သော ပါဠိစကားသာ ဖြစ်၏။

     သရေခေတ္တရာခေတ်လွန်မြောက် ပုဂံခေတ်သို့ ရောက်သောအခါ ဂဝံပတိဟူ၍ မခေါ်တော့ပဲ “ဟူးရားသမား”ဟူ၍ ပြောင်းလဲခေါ်လာ၏၊ ဟူးရားဟူသည် နက္ခတ် ဗေဒင်ကျမ်းများကိုခေါ်သော အမည်ဖြစ်၏။ ထိုဗေဒင်ကျမ်းဂန်တတ်သော သူတို့ကို ဟူးရားသမားဟူ၍ ခေါ်၏၊ ဗေဒင်တတ်သော ပုဏ္ဏားတို့ကို ဟူးရားဖြူဟု ခေါ်၍ ပုဏ္ဏားမဟုတ်ပဲ ဗေဒင်တတ်သူတို့ကို ဟူးရာညို-ဟူ၍ ခေါ်ဝေါ်ကြသည်။

     ပုဂံခေတ်လွန်မြောက် ပင်းယခေတ်သို့ ရောက်သောအခါ ဟူးရားဟူ၍လည်း မခေါ်ပဲ ပုဏ္ဏားဟူ၍သာ ယခုကာလအထိ ခေါ်စမှတ်ပြုကြတော့၏။ ဤသို့ခေါ်ခြင်း အကြောင်းရင်းကို စိစစ်သော် ထိုဗေဒင်တတ်သူ ဟိန္ဒူလူမျိုးတို့သည် များသောအားဖြင့် ဣန္ဒိယနိုင်ငံ ပုနားမြို့မှသာ ပင်းယမြို့သို့ လာကြခြင်းကြောင့် လာရင်းမြို့၏ အမည်ကို အစွဲပြုကာ “ပုနား”ဟု ခေါ်ကြသည်။ ထိုမှ စကားရွေ့ကာ ပုဏ္ဏား-ဟူ၍ ခေါ်ဝေါ်ခြင်းဖြစ်သည်ဟု မှတ်ယူအပ်၏။

ခန္တီပါရမီခဏ်း ပြီး၏။

**********

(ဆ) သစ္စာပါရမီ

     ဒါန သီလ နေက္ခမ္မ ပညာ ဝီရိယ.. အဓိဋ္ဌာန မေတ္တာ ဥပေက္ခာ ဤပါရမီ ရှစ်ပါးတို့၌ မူလပါဠိရင်းအတိုင်း ဒါနပါရမီ သီလပါရမီ နေက္ခမ္မပါရမီ ပညာပါရမီ ဝီရိယပါရမီ အဓိဋ္ဌာနပါရမီ မေတ္တာပါရမီ ဥပေက္ခာပါရမီဟူ၍ ခေါ်ဝေါ် သုံးစွဲကြသော်လည်း ခန္တီနှင့် သစ္စာပါရမီတို့၌ကား မူလပါဠိရင်းအတိုင်း (ခန္တိပါရမီ၊ သစ္စပါရမီ-ဟူ၍) မခေါ်ဝေါ်တော့ပဲ ဆိုလွယ် ရွတ်လွယ် စေခြင်းငှါ မြန်မာဝေါဟာရ၌ ဒီဃသံဖြင့် ခန္တီပါရမီ သစ္စာပါရမီဟူ၍ ခေါ်ဆို

(ယေ)

သုံးစွဲအပ်လေသည်။ ထိုသို့ သုံးစွဲခေါ်ဆိုရာ၌ သည်းခံခြင်း မှန်ကန်ခြင်းဟူသော အနက်ရင်းသို့ပင် ဉာဏ်အမြင်သက်ရောက် အာရုံပြုနိုင်ကြသဖြင့် တစုံတရာ အပြစ်မဆိုထိုက်ချေ၊ ခန္တီပါရမီ သစ္စာပါရမီဟု ပြောဆိုသောအခါ ရွတ်လွယ် ဆိုလွယ်လည်းရှိ၍ ဆိုလိုရင်း အနက်ကိုလည်း သိနိုင်ကြပေ၏။

သောက်ရှူးကြယ်= သောကြာကြယ်၏ အသွား

     ဤသစ္စာပါရမီခဏ်း၌ “သောက်ရှူးကြယ်= သောကြာကြယ်သည် မိမိ သွားမြဲလမ်းမှ မလွဲမဖယ်”ဟူသော စကား၏ အဓိပ္ပါယ်ကို ဗုဒ္ဓဝင်အဋ္ဌကထာ “သောကြာကြယ်သည် ခြောက်လပတ်လုံး အရှေ့အရပ်သို့သွား၍ ခြောက်လပတ်လုံး အနောက်အရပ်သို့ သွား၏”ဟု ဖွင့်ပြ၏။ ဤအဋ္ဌကထာစကားမှာ တိုက်ရိုက်အဓိပ္ပါယ်ယူ၍ မသင့်နိုင်၊ အကြောင်းကား.. သောကြာကြယ်သည် အခြားသော ကြယ်နက္ခတ်တာရာများကဲ့သို့ပင် သွားခြင်းသွားလျှင် အနောက်သို့သာ သွားရမည်ဖြစ်၏။ အရှေ့သို့သွားခြင်း မဖြစ်နိုင်၊ ထိုသို့ မဖြစ်နိုင်သည့်အတွက် အဋ္ဌကထာစကားကို ပယ်ရမည်ကဲ့သို့ ရှိသော်လည်း ရှေးသူဟောင်းတို့ သင့်အောင်ကြံခဲ့ကြပုံမှာ.. သောကြာကြယ်ကို မိုးသောက်ခါနီး၌ အရှေ့အရပ်မှာ မြင်ရ၍ နေဝင်ပြီးနောက် ညဉ့်အချိန်ဖြစ်လျှင် အနောက်အရပ်မှာသာ မြင်ရသည်ဟူ၍ ပြောဆိုမှု ပြုကြကုန်၏။ ဤအဓိပ္ပါယ်ကို ရည်၍ပင် အရှင်မဟာ သီလဝံသမထေရ်သည် ပါရမီတော်ခဏ်းပျို့ပိုဒ်ရေ (၁၂၈)၌-

ဥပမာဖြင့်၊ တူစွာလိုက်လျော်၊ သစ္စာကျော်ကို၊ ဖွေဖော်ပြည့်စုံ၊ ကြံတုံသမှု၊ အတန္တုကား၊ ရောရုနက္ခတ်၊ လကျ်ာပတ်လျှင်၊ တောင်ထွတ်မြင်းမိုရ်၊ ရစ်သည့်ဂြိုဟ်တွင်၊ “တန်းသိုတိုင်ဖူး၊ ကြယ်စိုင်ရှူးကား၊ အမှူးဖြစ်တန်၊ လွန်သားအရောင်၊ လ-တူဆောင်လျက်၊ မိုးခေါင်တိမ်ပြင်၊ နေဝင်နေထွက်၊ ရှေ့နောက်ဘက်၌၊ နှစ်လည်ကြိုက်လျှင်၊ မိုဃ်းမိုက်ဆောင်းနွေ၊ သုံးထွေရတု၊ လျော်သမှုလျှင်၊ ရာလုမလှဲ၊ အသွားမြဲဟု၊ ရဲရဲလျှံဝင်း၊ ဤကြယ်မင်းကို၊ ဖြောင့်စင်းလူနတ်၊ ချိန်ကြီးမှတ်သို့”၊ ဆုမြတ်ရတော်၊ ရှင်တုံသော်လည်း၊ မျိုးဖော်သူစိမ်း၊ လူခပ်သိမ်းကို၊ သာငြိမ်းကြတန်၊ စကားမွန်ဖြင့်၊ မလွန်မယုတ်၊ တည်ကြည်ဟုတ်လျက်၊ နှုတ်နှင့်အမူ၊ အတူတူလျှင်၊ မည်သူမမှောင့်၊ ဥဇုဖြောင့်လျက်၊ ဆိုခေါင့်ဆိုခဲ၊ ဖွတ်လျှာစွဲကို၊ အောင်မြဲသစ္စာ၊ ခွန်းချင်းသာလျှင်၊ ၊မြတ်စွာလျှာမြစ် တူးလဿေး၊—

ဟူ၍ စပ်ဆိုတော်မူသည်။

(ယဲ)

     ဗေဒင်ဆရာများကမူ သန္နိဋ္ဌတွက်နည်းအရ ခြောက်လ တနင်္ဂနွေဂြိုဟ်၏ရှေ့မှ သွား၍၊ ခြောက်လ တနင်္ဂနွေဂြိုဟ်၏နောက်မှ လိုက်ရသည်ဟု ဆိုကြ၏။ ဤဗေဒင်ကျမ်းနှင့်ညီအောင် ဗုဒ္ဓဝင်အဋ္ဌကထာကို အနက်ယောနာမူကား.. “ဆမာသေ၊ ခြောက်လတို့ပတ်လုံး။ ပစ္ဆိမံ ဒိသံ၊ တနင်္ဂနွေဂြိုဟ်၏ နောက်အရပ်သို့။ ဂစ္ဆတိ၊ သွား၏။ ဆမာသေ၊ ခြောက်လတို့ပတ်လုံး။ ပုရိမံ ဒိသံ၊ တနင်္ဂနွေဂြိုဟ်၏ ရှေ့အရပ်သို့။ ဂစ္ဆတိ၊ သွား၏”ဟူ၍ အနက်ယောဇနာရာ၏။

     အချူပ် မှတ်ယူရန်မှာကား.. ပါဠိတော်လာသည့်အတိုင်း မည်သည့်အချိန်အခါမှာမဆို သောကြာဂြိုဟ်သည် မိမိသွားမြဲလမ်းမှ တိမ်းစောင်း ပြောင်းလွှဲခြင်းမရှိ တည့်မတ်ဖြောင့်တန်းစွာသာ သွားသည့်အတူ ဖြောင့်မှန်စွာသာ ပြောဆိုရမည်၊ ဤသို့ ပြောဆိုမှသာ သစ္စာဖြစ်သည်ဟူ၍ မှတ်ယူရာ၏။ ထို့ကြောင့်ပင် အရှင်ဗုဒ္ဓဃောသ ဆရာတော်သည် ပါဌဇာတ်အဋ္ဌကထာ၌ “သောက်ရှူးကြယ်မည်သည် အလုံးစုံသော ဥတုတို့၌ မိမိသွားမြဲလမ်းကိုစွန့်ကာ အခြားလမ်းဖြင့် မသွားပဲ မိမိသွားမြဲလမ်းဖြင့်သာ သွားသကဲ့သို့”ဟူ၍ ဖွင့်ပြတော်မူသည်။

သစ္စာနှစ်ပါး

     သစ္စာဟူသည် ပညာတရား ဝီရိယတရားတို့ကဲ့သို့ ပရမတ္ထတရား သီးခြားတခုမဟုတ်၊ မချွတ်မယွင်း မှန်ကန်ခြင်း (တရားကိုယ်အားဖြင့် ဝိရတီစေတသိက် စေတနာ စေတသိက်စသည်) သဘောကိုသာ သစ္စာဟု ခေါ်ခြင်းဖြစ်၏။ မှန်ကန်ခြင်း သဘောကလည်း အရာသို့လိုက်၍ ကွဲပြားသည့်အတွက် သစ္စာတရားလည်း ကွဲပြားရလေသည်။ ကွဲပြားဟန်မှာ-

(၁) သမ္မုတိသစ္စာ၊

(၂) ပရမတ္ထသစ္စာ-

ဟူ၍ အရင်းခံသစ္စာ နှစ်ပါးရှိ၏။ ။ (သစ္စာဟူသည် သမ္မုတိသစ္စာ ပရမတ္ထသစ္စာဟူ၍ နှစ်ပါးရှိကြောင်း မြတ်စွာဘုရား ဟောကြားတော်မူသည်။ (ထို သမ္မုတိသစ္စာ ပရမတ္ထသစ္စာ နှစ်ပါးတို့အပြင်) သုံးခုမြောက်သစ္စာ ဟူ၍ မရနိုင်၊ လောက၌ မရှိ။ ကထာဝတ္ထု အဋ္ဌကထာကျမ်းစသည်။)

     ထိုနှစ်ပါးတို့တွင်.. (၁) သမ္မုတိသစ္စာဟူသည် လောက၌ လူအများတို့ ခေါ်ဝေါ်ပညတ် သမုတ်အပ်သည့်အတိုင်း မှန်ကန်ခြင်းပင် ဖြစ်၏။ လူအပေါင်းတို့သည် များသောအားဖြင့် မည်သည့်အရာမှာမဆို ပုံပန်း သဏ္ဌာန်ကို အစွဲပြု၍ ခေါ်ဝေါ်ပညတ် သမုတ်ကြ၏။ သမုတ်ကြပုံကား.. ဤပုံပန်းသဏ္ဌာန်ရှိသောအရာကို လူဟုခေါ်သည်။ ဤ ပုံပန်းသဏ္ဌာန်ရှိသောအရာကို နွားဟုခေါ်သည်။

(ယော)

ဤပုံပန်းသဏ္ဌာန်ရှိသောအရာကို မြင်းဟုခေါ်သည် အစရှိသည်ဖြင့်၎င်း..၊ လူတို့မှာလည်း ဤပုံပန်းသဏ္ဌာန်မျိုးဖြစ်သော အရာကား ယောကျ်ား၊ ဤပုံပန်းသဏ္ဌာန်မျိုးဖြစ်သော အရာကား မိန်းမ- အစရှိသည်ဖြင့်၎င်း အသီးအသီး ခေါ်ဝေါ်ပညတ် သမုတ်ကြ၏။ ပစ္စည်းဝတ္ထု အမျိုးရှိသလောက် အမျိုးမျိုးပညတ်သည်ကို အကျယ်ဖြန့်ချိ သိရာ၏။

     လူဟု သမုတ်ထားသောအရာကို လူဟု ပြောဆိုလျှင် သမ္မုတိသစ္စာဖြစ်၏၊ (တနည်း) သမုတ်ထားသည့်အတိုင်း မှန်ကန်၏။ နွားဟုပြောဆိုလျှင် သမ္မုတိသစ္စာ မဖြစ်နိုင်၊ သမုတ်သည့်အတိုင်း မမှန်ကန်၊ မိန်းမဟု သမုတ်ထားသောအရာကို ယောကျ်ားဟု ပြောဆိုလျှင် သမ္မုတိသစ္စာ မဖြစ်၊ သမုတ်ထားသည့်အတိုင်း မမှန်ကန်- ဤသို့ စသည်ဖြင့် သမ္မတိသစ္စာ ဖြစ်-မဖြစ်ကို ခွဲခြားဝေဖန်၍ သိရာ၏။

ပရမတ္ထသစ္စာ

     ဤသို့ လူအများတို့ သမုတ်ရုံ သမုတ်ထားသည့် အရာမျိုးမဟုတ်ပဲ ဧကန် မုချဆတ်ဆတ် ထင်ရှားရှိသော သဘောတရားကို ပရမတ္ထသစ္စာဟု ခေါ်၏။ ပုံစံမှာ “အာရုံအမျိုးမျိုးကို သိခြင်းသဘောသည် စိတ်မည်၏”ဟု ဆိုရာမှာ ထိုစိတ်ဟူသော စကားအရ အာရုံကို သိခြင်းသဘောသည် ပရမတ္ထသဘာဝအားဖြင့် ထင်ရှားရှိ၍ မှန်ကန်သောကြောင့် ပရမတ္ထသစ္စာမည်၏။ “အချမ်းအပူစသော ဆန့်ကျင်ဖက် အကြောင်းတို့ကြောင့် ဖောက်ပြန်တတ်သော သဘောအစုကို ရုပ်ဖြစ်၏”ဟု ဆိုရာမှာ ထိုရုပ်ဟူသော သဘောတရားမှာ ပရမတ္ထအားဖြင့် ထင်ရှားရှိ၍ မှန်ကန်သောကြောင့် ပရမတ္ထသစ္စာမည်၏။ ဤနည်းအားဖြင့် စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဟူသော သဘောတရားတို့မှာ ပရမတ္ထအားဖြင့် ထင်ရှားရှိ၍ မှန်ကန်သောကြောင့် ပရမတ္ထသစ္စာမည်၏ဟူ၍ မှတ်ယူအပ်၏။

သညာနှင့် ပညာ

     ထိုသစ္စာနှစ်ပါးတို့တွင် သမ္မုတိသစ္စာသည် သညာ၏ အာရုံဖြစ်၏၊ (တနည်း) သညာဖြင့် ထင်ရှားနိုင်၏။ ဤပုံသဏ္ဌာန်မျိုးကို လူ၊ ဤပုံသဏ္ဌာန်မျိုးကို ယောက်ျား၊ ဤပုံသဏ္ဌာန်မျိုးကို မိန်းမ၊ ဤပုံသဏ္ဌာန်မျိုးကို နွား၊ ဤပုံသဏ္ဌာန်မျိုးကို မြင်းစသည်ဖြင့် ငယ်စဉ်ကပင်စ၍ ပုံပန်းကို အစွဲပြုကာ မှတ်သားထားခြင်းမှာ သညာတရားဖြစ်သည်။ ထိုသညာအမှတ်အသားအားဖြင့် ကြည့်လျှင် လူကောင်ကြီး ထင်ရှားရှိ၏၊ ယောကျ်ားအကောင်အထည် မိန်းမအကောင်အထည် စသည်ဖြင့် အထင်အရှား ရှိသည်ချည်းသာဖြစ်၏။

(ယော်)

     ပရမတ္ထသစ္စာသည်ကား ပညာ၏ အာရုံဖြစ်၏၊ (တနည်း) ပညာဖြင့်သာ ထင်ရှားနိုင်၏၊ ပညာထက်လေလေ ပရမတ္ထသစ္စာကိုကြည့်၍ မြင်လေလေဖြစ်၏။ ပညာဟူသည် မည်သည့်အရာမျိုးကိုမဆို ခွဲခြမ်းစိတ်ဖြာ၍ သဘာဝအရင်းကို ရှာဖွေဆင်ခြင် သိမြင်ခြင်းပင်ဖြစ်၏၊ “အာရုံအမျိုးမျိုးကို သိခြင်းသဘောသည် စိတ်မည်၏”ဟု ဆိုရာ၌ အာရုံအမျိုးမျိုးကို သိခြင်းသဘော၏ ထင်ရှားရှိထိုက် မရှိထိုက်ကို ပညာဖြင့် စူးစမ်းဆင်ခြင်သော် ထင်ရှားရှိကြောင်း ကောင်းစွာသိမြင်၏၊ သိမြင်ပုံမှာ.. လောက၌ သိခြင်းဟူ၍ ထင်ရှားမရှိခဲ့လျှင် သတ္တဝါဟူ၍လည်း မရှိတော့ပဲ ကျောက်ခဲ ကျောက်လုံး တုံး တိုင် စသည်တို့ကဲ့သို့သော ရုပ်တရားအစုတို့ချည်းဖြစ်၍ နေလေရာ၏၊ ထိုရုပ်တရားတို့မှာ သိခြင်းသဘော မရှိ။ ယခု သတ္တဝါတို့မှာကား အာရုံအမျိုးမျိုးကို သိမြင်လျက်ရှိကြသည်ချည်း ဖြစ်၏၊ ဤကဲ့သို့ ဝေဖန်စဉ်းစား ဆင်ခြင်လိုက်လျှင် အာရုံကို သိခြင်းသဘော (စိတ်)တရား ထင်ရှား ပေါ်ပေါက်လာ၏။

     သို့ဖြစ်၍ (မြန်မာလို) သိခြင်း= (ပါဠိမှ ဆင်းသက်လာသည့် မြန်မာလို) စိတ်-ဟုခေါ်သော အရာသည် ပရမတ္ထအားဖြင့် ထင်ရှားရှိ၏ဟု ဆိုလိုက်လျှင် ပညာဖြင့် ဆင်ခြင်လေ့ရှိသောသူ၏အဖို့မှာ စဉ်းစားလေလေ ထင်ရှားလေလေ ဖြစ်ပေ၏၊ သညာဖြင့် ကြည့်ရှုသောသူ၏ အဖို့မှာကား မထင်ရှားနိုင်ချေ။ ပျောက်ကွယ်သွားမည်သာ ဖြစ်၏။ အကြောင်းကား.. သညာသည် ပြခဲ့သောအတိုင်း ပုံပန်းသဏ္ဌာန်ကိုမှတ်သားသော တရားဖြစ်၍ “စိတ်တရားရှိသည်”ဟု ဆိုလိုက်လျှင် ထိုစိတ်သည် အလုံးလော၊ အပြားလော၊ လေးထောင့်လော၊ အမှုန့်လော၊ အရည်လော၊ အခိုးအငွေ့လော- စသည်ဖြင့် ပုံပန်းသဏ္ဌာန်ကိုသာ စိစစ်မေးမြန်းမည်ဖြစ်၏။ ဤသို့မေးလျှင် စိတ်ကို အလုံးဟူ၍၎င်း အပြားဟူ၍၎င်း လေးထောင့်ဟူ၍၎င်း အမှုန့်ဟူ၍၎င်း အရည်ဟူ၍၎င်း အခိုးအငွေ့ဟူ၍၎င်း ဖြေဆိုနိုင်ခွင့် မရှိချေ။ ဤသို့ မဆိုနိုင်လျှင် စိတ်ဟူ၍ မရှိကောင်းပြီ၊ ရှိရိုးမှန်ပါလျှင် အလုံးသော်လည်း ဖြစ်ရမည်၊ အပြားသော်လည်း ဖြစ်ရမည်၊ ဤသို့စသည်ဖြင့် သညာသမားသည် အကောင်အထည်ကိုသာ တမ်းတမ်းစွဲ ဖြစ်နေပြီးလျှင် အကောင်အထည် မရကောင်းသည့်အတွက် စိတ်ဟူ၍ မရှိကြောင်းဟု ပြောဆိုလေရာ၏။

     ဤပရမတ္ထသစ္စာကို သညာသမား၏အမြင်ဖြင့် ကြည့်လျှင် ကြည့်စဉ် ကြည့်စဉ်ပင် အကောင်အထည် ရှာ၍မရသကဲ့သို့ (ဝါ- ပျောက်ကွယ်သွားသကဲ့သို့) သမ္မုတိသစ္စာကိုလည်း ပညာသမား၏အမြင်ဖြင့် ကြည့်လျှင် ကြည့်စဉ် ကြည့်စဉ်ပင် အကောင်အထည် ရှာ၍မရ ပျောက်ကွယ်သွားသည်သာ ဖြစ်၏။ ပျောက်ကွယ်သွားပုံမှာ.. လူဟုခေါ်သော သမ္မုတိသစ္စာကို ပညာ၏ ခွဲခြမ်းဝေဖန်လေ့ရှိသည့် သဘောဖြင့် ဆံပင်- မွေးညင်း- ခြေသည်း လက်သည်း

(ယံ)

စသည်ဖြင့် သုံးဆယ့်နှစ်ပုံ စုပုံပြီးလျှင် “ဆံပင်ကို လူခေါ်သလော”ဟု မေးလျှင် ခေါ်သည်ဟု မဖြေနိုင်၊ မွေးညင်းကို လူခေါ်သလောဟု မေးလျှင်လည်း ခေါ်သည်ဟု မဖြေနိုင်၊ ဤနည်းအရ သုံးဆယ့်နှစ်စုလုံးကုန်အောင် တခုစီ တခုစီ ထုတ်ကာ လူခေါ်သလောဟု မေးလျှင် မခေါ်နိုင်ကြောင်းကိုသာ ဖြေရမည်ဖြစ်၏။ ဤသို့ လူတကောင်လုံးကို သုံးဆယ့်နှစ်စိတ်စိတ်၍ မေးသောအခါ မည်သည့်အစိတ်ကိုမျှ လူဟူ၍ မခေါ်နိုင်ပါလျှင် လူဟူ၍ မရှိကောင်းဟု ပညာသမားက ပြောဆိုမည်သာ ဖြစ်၏။

     ဤသို့လျှင် သမ္မုတိသစ္စာ= ပညတ်တရားကို ဆိုင်ရာသညာဖြင့် ကြည့်မှသာ ထင်ရှား၍ ပညာဖြင့်ကြည့်လျှင် ပျောက်ကွယ်သွားမည်ဖြစ်၏။ ပရမတ္ထသစ္စာကိုလည်း ပညာဖြင့်ကြည့်မှသာ ထင်ရှား၍ သညာဖြင့်ကြည့်လျှင် ပျောက်ကွယ်သွားမည်ဖြစ်၏။

     ဤအရာ၌ အထူးသတိပြုဖွယ်ကောင်းသောအချက်မှာ “နိဗ္ဗာန်”တည်းဟူသော ပရမတ္ထတရားကြီးပင် ဖြစ်၏။ ဤနိဗ္ဗာန်ဟူသော ပရမတ္ထတရားမှာ စိုးရိမ်ပူပန်ခြင်း ဆင်းရဲခြင်း အလုံးစုံတို့ ကင်းရှင်းအေးငြိမ်းသော သဘောကြီးဖြစ်၏။ ဤကဲ့သို့ အေးငြိမ်းခြင်းကို ထက်မြက်သောပညာဖြင့် ဆင်ခြင်နိုင်မှ ထင်ရှားသိမြင်နိုင်မည် ဖြစ်၏၊ သညာဖြင့်ကြည့်လျှင် ပျောက်ကွယ်သွားမည်သာ ဖြစ်၏။

သညာသမား၏ အမြင်

     ယခုကာလ အချို့သောသူတို့က “နိဗ္ဗာန်ဟူသည် ထီးနန်း ဘုံဗိမာန်ကြီးနှင့်လော၊ နိဗ္ဗာန်ဝင်စံသော ပုဂ္ဂိုလ်များသည် မည်သည့်အခြေအနေတွင် စံနေရပါသနည်း” စသည်ဖြင့် မေးမြန်းတတ်ကြ၏။ ဤသို့ မေးမြန်းခြင်းသည် ပရမတ္ထစင်စစ်ဖြစ်၍ ပညာ၏အရာသာဖြစ်သော နိဗ္ဗာန်ကို သညာဖြင့်သာ မေးမြန်းခြင်း ဖြစ်သည်ဟူ၍ မှတ်ယူအပ်၏။

     အမှန်အားဖြင့်ကား.. နိဗ္ဗာန်မှာ ထီးနန်း ဘုံဗိမာန်ကြီးဟူ၍လည်း မရှိ၊ ဝင်စံတည်နေသည့် ပုဂ္ဂိုလ်ဟူ၍လည်း မရှိဟု မှတ်အပ်၏၊ (သန္တိနိဗ္ဗာန်ကို အရဟတ္တမဂ်ဖိုလ်ပေါက် အာရုံပြု မျက်မှောက်ပြုရသော ပုဂ္ဂိုလ်တို့မှာ ထိုဘဝ နောက်ဆုံးဖြစ်သော ပရိနိဗ္ဗာနစုတိ၏ နောက်ကာလဝယ် တစုံတခုသောဘဝမှာမှ ရုပ်နာမ်နှစ်ဖြာ ခန္ဓာအသစ် မဖြစ်တော့ပဲ မီးတောက်ကြီး ငြိမ်းသည့်ပမာ ငြိမ်းအေးရပ်စဲသွားသည်ကို ပရိနိဗ္ဗာန် စံသည်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ ပုဂ္ဂိုလ် အကောင်အထည်ကြီးဖြင့် နိဗ္ဗာန်၌ တည်နေသည်မဟုတ်ချေ။)

(ယား)

     ဤအတိုင်းသာဆိုပါလျှင် နိဗ္ဗာန်ဟူ၍ပင် ထင်ရှားမရှိတော့ပြီ၊ ဤသို့ ထင်ရှားမရှိသည့်အတွက် အသုံးမဝင် လိုချင်ဖွယ်ရာမရှိသော တရားဟူ၍ သညာသမားတို့က ထင်မှတ်တတ်ကြ၏။ ဤသို့သော သညာသမားများကို အားပေးလိုသည့်အတွက်.. “နိဗ္ဗာန်ဟူသည် ပျက်စီးခြင်းမရှိနိုင်သော ထီးနန်း ဘုံဗိမာန်ကြီးများမှာ သေကြေပျက်စီးခြင်း မရှိနိုင်သော ရုပ်အထူး နာမ်အထူးတို့ဖြင့် လောကီဖက်မှ မတုနှိုင်းသာသော စည်းစိမ်ကို ခံစားနေရသည်”ဟု ပြောဆိုတတ်ကြ၏။ ထိုသို့ ပြောဆိုသောအခါ သညာသမားများက မိမိတို့ စွဲလမ်းနေကျ ပုံပန်းသဏ္ဌာန်ကြီး ရှိသည်ဆိုသောကြောင့် များစွာပင် အားရကျေနပ် ရှိတတ်ကြသည်။

     စင်စစ်သော်ကား.. သညာသဘောဖြင့်ကြည့်၍ အကောင်အထည် သဏ္ဌာန်ကြီး ထင်ရှားတွေ့ရှိနေပါလျှင် ပရမတ်အစစ်မဟုတ်၊ ပညတ်သာဖြစ်၏။ ဤအတူ ပညာဖြင့်ကြည့်၍ အကောင်အထည်မရှိပဲ ပျောက်ကွယ်သွားပါလျှင် ပညတ်စင်စစ်ဖြစ်၏။ မပျောက်ကွယ်ပဲ ကြည့်လေကြည့်လေ သဘာဝသတ္တိ ထင်ရှားရှိလေလေဖြစ်မူ ပရမတ္ထတရားစင်စစ် ဖြစ်၏ဟူ၍ မှတ်ယူအပ်၏။ သို့ဖြစ်၍ အေးငြိမ်းခြင်းမျှသာဖြစ်သော အလွန်ထူးမြတ်လျက် ပရမတ္ထတရားအစစ်ဖြစ်သည့် နိဗ္ဗာန်ကို ပုံပန်းသဏ္ဌာန် အထည်ဒြပ်ကို ဖမ်းယူလေ့ရှိသော သညာဖြင့် မရှာဖွေပဲ အထည်ဝတ္ထုဒြပ်ကို ဖယ်ရှားကာ သဘောရင်းစစ်စစ်ကိုသာ ရှာဖွေလေ့ရှိသော ပညာဉာဏ်ဖြင့် နိဗ္ဗာန်ဟုခေါ်အပ်သော အေးငြိမ်းခြင်းတရား ထင်ရှားပေါ်လာအောင် အားထုတ်စဉ်းစား ဆင်ခြင်ကြကုန်ရာ၏။

     ဤသမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာ နှစ်ပါးတို့သည် ပြခဲ့ပြီးသောအတိုင်း မိမိတို့ဆိုင်ရာ သဘောအားဖြင့် မှန်ကန်သည်ချည်းသာ ဖြစ်ကြ၏၊ လောက၌.. တယောက်သောသူသည် ပညတ်သဘောကို ရည်ရွယ်ကာ “လူဟူ၍၎င်း ယောက်ျားဟူ၍၎င်း မိန်းမဟူ၍၎င်း ထင်ရှားရှိပါသည်၊ ကျွန်ုပ်၏စကား မမှန်ခဲ့ပါလျှင် ကျမ်းစူးပါစေသား”ဟူ၍ ပြောဆိုလျှင်၎င်း…၊ အခြား တယောက်သောသူက ပရမတ္ထသဘောကို ရည်ရွယ်ကာ “လူဟူ၍၎င်း ယောက်ျားဟူ၍၎င်း မိန်းမဟူ၍၎င်း ထင်ရှားမရှိ၊ ကျွန်ုပ်၏စကား မမှန်ခဲ့ပါလျှင် ကျမ်းစူးပါစေသား”ဟူ၍ ပြောဆိုလျှင်၎င်း ထိုသူနှစ်ယောက်လုံးပင်လျှင် ကျမ်းမစူးနိုင်သည်သာ ဖြစ်၏။ အကြောင်းကား ထိုသူနှစ်ဦးတို့၏ စကားမှာ ဆန့်ကျင်၍ နေသော်လည်း ရည်ရွယ်ချက်အခြေခံ တမျိုးစီဖြစ်၍ ကိုယ့်အခြေခံ ကိုယ့်ရည်ရွယ်ချက်ဖြင့် ကိုယ်မှန်ကန်သည်ချည်းသာ ဖြစ်သောကြောင့်တည်း၊ လူ- ယောက်ျား- မိန်းမဟူ၍ ထင်ရှားရှိပါသည်ဟု ပြောဆိုသောသူ၏ စကားမှာ သမ္မုတိ ပညတ်အနေအားဖြင့် မှန်ကန်သည်သာ ဖြစ်သောကြောင့် သမ္မုတိသစ္စာဟူ၍

(ရ)

မှတ်ယူအပ်၏။ လူ- ယောက်ျား- မိန်းမဟူ၍ မရှိကောင်းပါဟု ပြောဆိုသောသူ၏ စကားမှာလည်း ပရမတ္ထအနေအားဖြင့် မှန်ကန်သည်သာ ဖြစ်သောကြောင့် ပရမတ္ထသစ္စာဟူ၍ မှတ်ယူအပ်၏။

     သို့ဖြစ်၍.. မြတ်စွာဘုရားများသည် ဧကန်ထင်ရှားရှိသော ပရမတ္ထသဘောကိုသာ ဟောတော်မူလိုရင်း ဖြစ်သော်လည်း ပညတ်တရားကို ကျော်လွန်ဖယ်ရှား၍ တရားဟောတော်မမူကြပဲ ပညတ်တရားနှင့် တွဲဖက်၍သာ တရားဟောတော်မူကြကုန်သည်။ တရားဦးဖြစ်သော ဓမ္မစကြာ၌ပင် ဟောတော်မူလိုရင်းမှာ အယုတ်တရား နှစ်ပါးနှင့် မဇ္ဈိမပဋိပဒါ တရားတို့ကိုသာ ဟောတော်မူလိုရင်း ဖြစ်သော်လည်း ပညတ်ဖြစ်သော ရဟန်းနှင့် တွဲဖက်ကာ “အယုတ်တရား နှစ်ပါးတို့ကို ရဟန်းဖြစ်သောသူသည် မမှီဝဲအပ်” စသည်ဖြင့် ဟောတော်မူ၏။

ပညတ် အရေးကြီးပုံ

     (တနည်းအားဖြင့်) မြတ်စွာဘုရားသည် ပရမတ္ထတရားကို ဟောတော်မူရာ၌ သိသာထင်ရှားစေရန်မျှသာ ရည်ရွယ်၍ သမ္မုတိပညတ်နှင့် တွဲဖက် ဟောကြားရသည်မဟုတ်၊ သတ္တဝါတို့အတွက် ပရမတ္ထတရား အရေးကြီးသလောက် သမ္မုတိသစ္စာ ပညတ်တရားသည်လည်း အရေးကြီးပေ၏။ အရေးကြီးပုံမှာ.. အကယ်၍ မြတ်စွာဘုရားသည် ပရမတ္ထတရားစုကိုသာ ဟောကြားထားပါက ထိုတရားတော်ကို သင့်တင့်မှန်ကန်စွာ နှလုံးသွင်းသူတို့အဖို့ “လောက၌ ရှိရှိသမျှတို့သည် မမြဲသော အနိစ္စတွေချည်းသာ ဖြစ်သည်။ ဆင်းရဲသော ဒုက္ခတွေချည်းသာ ဖြစ်သည်။ အလိုသို့မလိုက်ပါ အခိုင်အမာမဟုတ်သော အနတ္တတွေချည်းသာ ဖြစ်သည်”ဟူ၍ ပရမတ္ထသဘောအတိုင်း နှလုံးသွင်းကာ ဝိပဿနာတရား အားထုတ်၍ မဂ်ဖိုလ်နိဗ္ဗာန်လမ်း ဖြောင့်တန်းသွားကြမည် ဖြစ်၏။

     မသင့်မတင့် နှလုံးသွင်းကြသူတို့ အဖို့မှာမူကား “လောက၌ အနိစ္စ ဒုက္ခ အနတ္တဖြစ်သော ရုပ်နာမ်အစုအဝေးသာ ရှိသတဲ့၊ ငါဟူ၍ မရှိ၊ သူတပါးဟူ၍ မရှိတဲ့၊ ငါ သူတပါးဟူ၍ မရှိလျှင် ငါ့ဥစ္စာ ငါ့သား ငါ့မယားဟူ၍ မရှိ၊ သူတပါ ဥစ္စာ သူတပါးသားမယားဟူ၍ မရှိ၊ မည်သည့်ပစ္စည်းကိုမဆို အလိုရှိသလို သုံးစွဲနိုင်သည်။ သူတပါးဟူ၍ မရှိသည့်အတွက် သူ့အသက်ကိုသတ်သည့် ပါဏာတိပါတ ဒုစရိုက်ဟူ၍ မရှိနိုင်၊ သူ့ပစ္စည်းကို ခိုးမှုဟူ၍ မရှိနိုင်၊ သူတပါး မရှိသည့်အတွက် သူတပါးမယားဟူ၍လည်း မရှိရကား သူ့အိမ်ကို လွန်ကျူးမှု= ကာမေသု မိစ္ဆာစာရဟူ၍လည်း မရှိနိုင်” အစရှိသည်ဖြင့် ထင်ရာစိုင်း၍ ဒုစရိုက်မျိုးစုံအောင် ပြုကုန်ကြတော့မည်။ ထိုသို့ပြုလျှင် သေသည်၏အခြားမဲ့၌ အပါယ်လေးဘုံသို့သာ လားကြရကုန်တော့မည်။ ဤသို့သော အပါယ်ဘေးမှ ကာကွယ်ကယ်တင်ရန် သုတ္တန်ဒေသနာတည်းဟူသော သမ္မုတိသစ္စာ ပညတ်တရားကို

(ရာ)

ဟောတော်မူရသည်။ သို့ဖြစ်၍ သုတ္တန်ဒေသနာတော်သည် သတ္တဝါတို့ အပါယ်လေးပါးသို့ မကျရောက်ရန် များစွာ ကာကွယ်ထောက်ပံ့သော ဒေသနာတော်ဖြစ်သည်။

     အပါယ်ဘေးကို ကာကွယ်ရုံမျှသာ မဟုတ်သေး၊ လူဘဝ နတ်ဘဝ ဗြဟ္မာ့ဘဝ- တည်းဟူသော သုဂတိဘဝသို့လည်း ရောက်စေနိုင်၏။ အကြောင်းကား ထိုသုဂတိဘဝသို့ ရောက်စေတတ်သည့် ဒါနကောင်းမှု သီလကောင်းမှု သမထဘာဝနာမှုတို့ကို သုတ္တန်ဒေသနာတော်၌ အများဆုံး ဟောကြားအပ်သောကြောင့်တည်း။ ဒါနကောင်းမှုတခု ဖြစ်မြောက်ရန် စေတနာ အလှူခံပုဂ္ဂိုလ် အလှူပေးပုဂ္ဂိုလ် လှူဖွယ်ဝတ္ထု ဤအချက်တို့ပြည့်စုံမှ ဖြစ်နိုင်သည်။ ထိုတွင် စေတနာတခုသာ ပရမတ္ထဖြစ်၍ ကျန်သုံးချက်တို့မှာ ပညတ်ချည်းဖြစ်ကြသည်။ ပညတ်ကို လုံးဝပယ်ရှားလိုက်က ဒါနဟူ၍ပင် ဖြစ်နိုင်ခွင့် မရှိတော့ပြီ။ (သီလ သမထတို့၌လည်း ဤနည်းအတူပင်။) သို့ဖြစ်၍ သမ္မုတိသစ္စာ ပညတ်တရားသည် ဆိုခဲ့ပြီးသောအတိုင်း သုဂတိဘဝသို့ ရောက်စေနိုင်၏ဟူ၍ ယုံမှားမရှိ မှတ်ယူရာ၏။ အယုတ်သဖြင့် သမ္မုတိသစ္စာတရားကို လုံးဝ ပယ်ရှားထားလျှင် ဘုရားဖြစ်ခြင်း၏အကြောင်း ပါရမီကောင်းမှုတို့ကိုပင် ပြု၍ ဆည်းပူး၍ ရနိုင်တော့မည်မဟုတ်ချေ။

     သုတ္တန်ဒေသနာတော်ချည်း သက်သက် ဟောထားပါက ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ဒုစရိုက်မှုတို့ကို မပြုကြမည် မှန်သော်လည်း “မြတ်စွာဘုရားကိုယ်တိုင်က ငါ သူတပါး ငါ့ဥစ္စာ သူ့ဥစ္စာ ငါ့သားမယား သူ့သားမယား ရှိသည်-စသည်ဖြင့် ဟောကြားထားတော်မူသည့်အတွက် ငါ့ကိုယ် ငါ့ဥစ္စာ ငါ့သားမယား စသည်တို့ တကယ်ရှိသည်” စသည်ဖြင့် အစွဲအလမ်းကြီးကျယ်ကာ မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်ရှိရန်အရေး တစတစ ဝေးမည်ဖြစ်၍ သတ္တဝါတို့ကို မဂ်ဖိုလ်နိဗ္ဗာန်ရောက်အောင် ပို့ဆောင်ကယ်တင်တော်မူရန် အဘိဓမ္မာဒေသနာတော်- တည်းဟူသော ပရမတ္ထသစ္စာကို ဟောကြားတော်မူရပြန်သည်။

သစ္စာနှစ်ပါး ဟောရပုံ

     အဘိဓမ္မာဒေသနာတော်ဖြင့် လောကမှာ ငါ ငါ့ဥစ္စာ ငါ့သားမယားစသည် ရှိ၏ဟု သုတ္တန်အလို ဟောအပ်သော်လည်း လောက ပညတ်သဘောအနေ မှန်ရာသို့လိုက်၍ ဟောတော်မူခြင်းမျှသာ ဖြစ်သည်။ အကယ်စင်စစ် ငါ သူတပါး ယောက်ျား မိန်းမ စသည်မရှိ၊ သို့ဖြစ်၍ ပညတ်အနေအားဖြင့်သာ ခေါ်ဝေါ်သမုတ်အပ်သော ငါ သူတပါး ယောက်ျား မိန်းမ စသည်တို့ကို စင်စစ် ထင်ရှားရှိသော အရာတွေဟု စွဲမှတ်ကာ မနေအပ်၊ အလုံးစုံပင် အနိစ္စ ဒုက္ခ အနတ္တတွေချည်းသာ ဖြစ်သည်ဟု ငါ သူတပါး ယောက်ျား မိန်းမစသည် အထင်မှားမှုများကို ပယ်ခွါစေတော်မူရပြန်သည်။

(ရိ)

     ဤသို့လျှင် သမ္မုတိသစ္စာသို့လိုက်ကာ လောကမှာ ငါ သူတပါး ယောက်ျား မိန်းမစသည် ပညတ်အနေအားဖြင့် ရှိသည်ဟူ၍၎င်း (သို့မဟုတ် သမ္မုတိသစ္စာ အနေအားဖြင့် ရှိသည်ဟူ၍၎င်း) စင်စစ် ငါ သူတပါး ယောက်ျား မိန်းမစသည် ပရမတ္ထအနေအားဖြင့် ထင်ရှားမရှိကောင်း ဟူ၍၎င်း သစ္စာနှစ်ပါးအရာ လိုက်နာ ကျင့်ကြံကြစေလိုသည့်အတွက် သစ္စာနှစ်ပါးလုံးကိုပင် မြတ်စွာဘုရား ဟောကြားတော်မူရသည်။

သဘာဝသစ္စာနှင့် အရိယသစ္စာ

     ထို သစ္စာနှစ်ပါးတို့တွင် ပရမတ္ထသစ္စာကမှ တဖန် (က) သဘာဝသစ္စာ (ခ) အရိယသစ္စာဟူ၍ နှစ်ပါးပြားပြန်သည်။ စိတ် စေတသိက် ရုပ် နိဗ္ဗာန် တည်းဟူသော ပရမတ္ထတရား အားလုံးသည်ပင်လျှင် သဘာဝသစ္စာ ဖြစ်၏။ အကြောင်းမှာ ထိုအလုံးစုံသည်ပင် ပရမတ္ထ သဘောအားဖြင့် မှန်ကန်သည်ချည်း ဖြစ်သောကြောင့်တည်း။

     ဤသဘာဝသစ္စာအရ လောကီတရားထဲမှာ ကိုယ်၏ ချမ်းသာခြင်းတည်းဟူသော သုခ၊ စိတ်၏ ချမ်းသာခြင်းတည်းဟူသော သောမနဿတရားများ ထင်ရှားရှိကြ၏၊ နှစ်သက်ဖွယ်ကောင်းသော အတွေ့နှင့် တွေ့ထိနေရလျှင် ထိုအတွေ့အထိအတွက် ကိုယ်မှာ ချမ်းသာသုခ ဖြစ်၏၊ (အရပ်အလို သဘောကျ၍နေ၏။) ဤသို့ ပြောဆိုရာမှာ မဟုတ်မမှန်နိုင်ပါ၊ နှစ်သက်ဖွယ်သော အတွေ့နှင့် ထိနေရခြင်းသည် မကောင်းပါဟူ၍ မည်သူကမျှ ငြင်းနိုင်ကြမည်မဟုတ်။ ဤသို့ မငြင်းနိုင်ကြခြင်းမှာ နှစ်သက်ဖွယ်အတွေ့ (ဣဋ္ဌဖောဋ္ဌဗ္ဗာရုံ)နှင့် တွေ့ထိက ကိုယ်မှာ ချမ်းသာသုခ အမှန်ပင် ဖြစ်သောကြောင့်တည်း။

     ဤနည်းအတူ စိတ်ထဲမှာ နှစ်သက်ဖွယ်ရာ အကြောင်းအာရုံနှင့် တွေ့ကြုံနေပါလျှင် ထိုသူ၏စိတ်သည် ချမ်းသာမည် ဧကန်ဖြစ်၏၊ ပါဠိလို သောမနဿဝေဒနာ ဖြစ်၏၊ မဖြစ်နိုင်ဘူးဟူ၍ မည်သူမျှ မငြင်းနိုင်ပေ၊ အကြောင်းကား အမှန်ပင် စိတ်ချမ်းသာခြင်း သောမနဿတရား ထင်ရှား ရှိနေသောကြောင့်တည်း။ ဤသို့လျှင် သဘာဝသစ္စာနည်းအရ လောကီတရားထဲ၌ ကိုယ်၏ချမ်းသာခြင်း သုခနှင့် စိတ်၏ချမ်းသာခြင်း သောမနဿတရား နှစ်ပါးတို့ ထင်ရှားရှိသည်ကို သိအပ်၏။

အရိယသစ္စာခဏ်း

ဒုက္ခအရိယသစ္စာ

     အရိယသစ္စာနည်းသို့ ရောက်သောအခါ လောကီတရားထဲ၌ ကိုယ်၏ ချမ်းသာခြင်း သုခ စိတ်၏ချမ်းသာခြင်း သောမနဿဟူ၍ မရှိကောင်းတော့ပြီ။ သဘာဝသစ္စာနည်းအတိုင်းသာ ထိုသုခ သောမနဿတို့ ရှိသည်ဟူ၍

(ရီ)

စွဲမြဲ ထင်မှတ်နေလျှင် လောကီတရားတို့ကို ပယ်ခွါနိုင်တော့မည် မဟုတ်၊ မပယ်ခွါနိုင်လျှင် အရိယာအဖြစ်သို့ ရောက်နိုင်မည်မဟုတ်။ သို့ဖြစ်၍ အရိယာဖြစ်လိုသော ပုဂ္ဂိုလ်သည် သဘာဝသစ္စာနည်းအရ သုခ သောမနဿဟူ၍ ခေါ်ဆိုအပ်သော အရာစုကို ဒုက္ခဟူ၍သာ ထင်မြင်အောင်ရှုရာ၏။ သဘာဝသစ္စာနည်းအရ သုခ သောမနဿဟူ၍ ခေါ်ဝေါ်အပ်သော တရားစုသည် မဖောက်မပြန် အမြဲတည်နေသော တရားစုမဟုတ်၊ ခဏအတွင်း ဖောက်ပြန်မည့် တရားစုဖြစ်၏။

     လောက၌ လူ့စည်းစိမ် နတ်စည်းစိမ်တို့သည် ချမ်းသာဖွယ် ဝမ်းမြောက်ဖွယ်ချည်း ဖြစ်သည်ဟု ပုထုဇန်အများတို့ ထင်မှား မက်မောကြ၏။ ထိုသို့ မက်မောခြင်းမှာ ထိုစည်းစိမ်စု၏ မတည်မမြဲ ဖောက်လွဲဖောက်ပြန် ဖြစ်လိမ့်မည့်သဘောကို မသိသောကြောင့်ဖြစ်၏။ ဤသို့ မမြင်ခြင်းမှာ အမြော်အမြင် ပညာနည်းပါး မက်မောတွယ်တာခြင်း တဏှာလောဘ အားကြီးသောကြောင့်ဖြစ်၏။ ပညာ အမြော်အမြင်ရှိသော သူတို့ကမူကား မဖောက်ပြန်သေးမီ ချမ်းသာဖွယ် နှစ်သက်ဖွယ်ဟူ၍ ထင်မြင်နေကြသော်လည်း မကြာမီ ဖောက်ပြန်ပျက်စီးမည် အမှန်ဖြစ်၏၊ ဤမမြဲသောစည်းစိမ်ကို ရသောအခါ ဝမ်းမြောက်ဝမ်းသာ ရှိမည်ဖြစ်သော်လည်း ပျက်စီးတော့မည်ရှိသောအခါ ပျက်စီးသောအခါတို့၌ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရသည်နှင့် မကာမိအောင် အပြင်းအထန် ပူပန်ဆင်းရဲစေမည်ဖြစ်၏။

     ဥပမာအားဖြင့် ဆင်းရဲသားတယောက် သိန်းထီထိုး၍ပေါက်လာလျှင် ပေါက်သည်ဟု ကြားသည်နှင့်တပြိုင်နက် လွန်စွာ နှစ်သက်ဝမ်းမြောက်မည် ဖြစ်၏၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရှိကာ “ငါသည် လှလှကြီး သုံးလိုက်မည်။ အတိတ်ကဆင်းရဲခဲ့သမျှ အတိုးချ၍ ပျော်မြူးလိုက်မည်” စသည်ဖြင့် ကြံစည်နေစဉ်အတွင်း မသုံးစွဲလိုက်ရသေးမီ အန္တရာယ်တခုခုကြောင့် တသိန်းလုံး ဆုံးပါးသွားသည် ဖြစ်ငြားအံ့၊ ထိုသူ၏စိတ် မည်မျှလောက် ဆင်းရဲသွားမည်ကို ချင့်ချိန်ကြည့်ရှု ဆင်ခြင်ရာ၏။ ရစဉ်အခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည်ထက် ဆုံးပါးသည့်အခါ ပူပန်ရခြင်းက မရပ်မတည်နိုင်အောင် ပိုမိုလွန်ကဲမည်ကို စဉ်းစားသိမြင်နိုင်ပေသည်။

     လောကီအရာ၌ မည်သည့်ဝတ္ထုမှာမဆို နှစ်သက်ဖွယ်နှင့် စိတ်မသက်သာဖွယ် သဘောနှစ်မျိုး ဆက်ဆံလျက်ရှိပေ၏။ အာရုံငါးပါး ကာမဂုဏ်တရားတို့သည် ပုထုဇန်တို့၏ အလိုအားဖြင့် နှစ်သက်ဖွယ် သာယာဖွယ် ဖြစ်ကြကုန်၏။ မြတ်စွာဘုရားကမူ “အပ္ပဿာဒါ ဘိက္ခဝေ ကာမာ ဗဟုဒုက္ခာ ဗဟုပါယာသာ”ဟူ၍ ကာမဂုဏ်ငါးပါးတို့မှာ နှစ်သက်သာယာဖွယ် အနည်းငယ်မျှသာရှိ၍ ဆင်းရဲဖွယ် ပင်ပန်းဖွယ်တို့သာ များကြကုန်၏ဟု ဟောကြားတော်မူသည်။ မြတ်စွာဘုရားကို မဆိုထားဘိ၊ တပည့်ဖြစ်သော အရိယာပုဂ္ဂိုလ်များပင် ထိုလောကီအာရုံ

(ရု)

ကာမဂုဏ်တို့ကို ပုထုဇန်တို့ကဲ့သို့ နှစ်သက်သာယာခြင်း မရှိကြကုန်။ သို့သော် ကာမဂုဏ်တို့မှာ နှစ်သက်သာယာဖွယ် လုံးဝမရှိဟူ၍ ဘုရားဟောတော်မမူ။ ချမ်းသာတပဲ ဆင်းရဲတပိဿာ ဟူ၏သို့ သာယာဖွယ်နည်းပါး ဒုက္ခသာများ၏ဟူ၍ ဟောတော်မူသည်။

     ပညာရှိ သူတော်ကောင်းတို့သဘောမှာ မည်သည့်အရာမျိုး၌မဆို နှစ်သက်သာယာဖွယ်ဖြစ်သော အဿာဒသဘော ရှိ-မရှိကို ရှေးဦးစွာ မဆင်ခြင်ပဲ စိတ်ညစ်ဖွယ်ဖြစ်သော အပြစ်အာဒီနဝ ရှိ-မရှိကိုသာ ရှေးဦးစွာ ဆင်ခြင်တော်မူကြ၏။ အပြစ်အာဒီနဝ တွေ့ရှိနေပါလျှင် နှစ်သက်သာယာဖွယ် အဿာဒပင် ရှိနေစေကာမူ ဂရုမထားကြတော့ချေ။ မလိုလားအပ်သော အရာဟူ၍သာ ဆုံးဖြတ်တော်မူကြ၏။ အပြစ်အာဒီနဝ မရှိလျှင် နှစ်သက်သာယာဖွယ် အဿာဒပင် မရှိစေကာမူ ကောင်းသောအရာဟူ၍သာ မှတ်ယူတော်မူကြ၏။

     ဥပမာဆိုသော် ကမ္ဘာကြီးတခုလုံးကို တဦးတည်း အာဏာပိုင်သည့်ဘုရင်ကြီး တရက်လုပ်ပါ။ ထိုသို့ ကမ္ဘာ့ဘုရင်ကြီး တရက်ဖြစ်ပြီးလျှင် နောက်တနေ့၌ အဆုံးစီရင်ခြင်း ခံရမည်ဟု ပြောဆိုကာ ကမ္ဘာ့ဘုရင်ကြီး ပြုလုပ်ရန် တောင်းပန်လျှင် ပြုလုပ်ဝံ့သောသူ ပြုလုပ်လိုသောသူ ရှိမည်မဟုတ်၊ အမှန်မှာ တရက်အတွင်း ဘယ်အခါကမျှ မရဘူး မရှိခဲ့ဘူးသော ကမ္ဘာ့ဘုရင်ကြီးအဖြစ်မှာ ပုထုဇန်တို့၏ အမြင်ဖြင့်ကြည့်လျှင် သာယာနှစ်သက်ဖွယ် အပြည့်ရှိနေသော်လည်း နောက်တနေ့မှာ ပျက်စီးသေကြေရမည့် အပြစ်ကြီးက ထင်ရှားရှိနေသည့်အတွက် တရက်တာမျှ ကမ္ဘာ့ဘုရင်ကြီးဖြစ်ရမည့် သာယာနှစ်သက်ဖွယ်ကို မည်သူမျှ သာယာနှစ်သက်နိုင်တော့မည် မဟုတ်ချေ။

     ဤနည်းအတူပင် အရိယာသူတော်ကောင်းတို့သည် မည်သည့်အရာ၌မဆို နောက်အခါ ဖောက်ပြန်ပျက်စီးမည့်အပြစ်ကို မြင်တော်မူကြ၍ မဖောက်ပြန်မီအတွင်း ခေတ္တ ယာယီမျှဖြစ်သော နှစ်သက်သာယာဖွယ်ကလေးကို နှစ်သက်ဖွယ်ဟူ၍ မထင်နိုင်ကြတော့ချေ။ ဤသို့ မထင်နိုင်ပဲ “လောကအတွင်းမှာ စင်စစ် ချမ်းသာတရားဟူ၍ မရှိစကောင်း မမြဲသော အနိစ္စတရားတွေချည်းသာ ဖြစ်သည်၊ မတည်မြဲသည့်အတွက် ချမ်းသာတရားဟူ၍လည်း မရှိကောင်း၊ စင်စစ် ဆင်းရဲသောတရားစုသာ ဖြစ်သည်”ဟူ၍ ဆင်ခြင်နှလုံးသွင်းသော သူမှသာလျှင် အရိယာပုဂ္ဂိုလ်အဖြစ်ကို ရနိုင်ပေသည်။

     ဤသို့လျှင် လောကီတရားအတွင်းမှာ ဒုက္ခချည်းသာ ဖြစ်သည်ဟု ရှုဆင်ခြင်ခြင်းပြုမှသာ အရိယာပုဂ္ဂိုလ် ဖြစ်နိုင်သောကြောင့် ထိုသို့ ရှုဆင်ခြင်အပ်သော တရားစုသည် အရိယာအဖြစ်သို့ အမှန်ရောက်စေနိုင်သော တရားဖြစ်၍

(ရူ)

အရိယသစ္စာ မည်လေသည်။ တနည်းအားဖြင့် အရိယာပုဂ္ဂိုလ်တို့သည် ဤလောကီတရားစုကို ဒုက္ခဟူ၍သာ အမှန်အတိုင်း ရှုဆင်ခြင်တော်မူကြမြဲဖြစ်၍ အရိယသစ္စာဟု ခေါ်သည်။

     ဤသို့လျှင် အရိယာဖြစ်ရန် ရည်သန်အားထုတ်နေသော ပုဂ္ဂိုလ်နှင့် အရိယာဖြစ်ပြီးသော ပုဂ္ဂိုလ်တို့၏ အသိမှန် အမြင်မှန်အရ ဘုံသုံးပါးဟုခေါ်သော ဝဋ်တရားကြီးအတွင်းမှာ သုခဟူ၍မရှိ ဒုက္ခချည်းသာ ဖြစ်သည်ဟု ရှုဆင်ခြင်ခြင်းသည် မှန်ကန်သည်ဖြစ်၍ ဒုက္ခအရိယသစ္စာဟု ခေါ်၏။

     အကျဉ်းချုပ်အားဖြင့် လောကီ တေဘူမကတရားဟုခေါ်သော ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဒုက္ခချည်းသာ အမှန်ဖြစ်သည်။ ဆင်းရဲခြင်းစင်စစ် အမှန်ဖြစ်သည်။ ဥပါဒါနက္ခန္ဓာ ငါးပါးဟူသည်ကား“ငါ၏ကိုယ် စသည်ဖြင့် စွဲလမ်းရာဖြစ်သော ရုပ်အစု ဝေဒနာအစု သညာအစု သင်္ခါရအစု ဝိညာဏ်အစု တည်းဟူသော အစုတရား ငါးပါးတို့ပင် ဖြစ်၏။ ထိုအစုတရား ငါးပါးတို့သည် ဒုက္ခအရိယသစ္စာမည်ကုန်၏။

ဒုက္ခသမုဒယအရိယသစ္စာ

     ထိုဥပါဒါနက္ခန္ဓာ ငါးပါးတည်းဟူသော ဆင်းရဲအစု ဆင်းရဲအမှန်တရားကြီးသည် အကြောင်းမရှိပဲ အလိုလို ဖြစ်ပေါ်လာသည်မဟုတ်။ ဆိုင်ရာဆိုင်ရာ အကြာင်းများစွာ ရှိသည့်အနက် အရင်းခံဦးစီး အကြီးမားဆုံးဖြစ်သော အကြောင်းမှာ ထိုထိုအာရုံတို့၌ မက်မော တွယ်တာတတ်သော တဏှာလောဘတရားပင် ဖြစ်၏။

     လောက၌ သတ္တဝါဟူသမျှတို့သည် မိမိတို့၏ ချမ်းသာစွာ နေထိုင်စားဝတ်ရေးတို့အတွက် နေ့ဆက်ရက်ရှည် ကြံစည်ရှာမှီး လုပ်ကိုင်နေရခြင်းဆင်းရဲဒုက္ခ ခံနေကြရသည်မှာ ကောင်းကောင်း နေထိုင်လိုခြင်း ကောင်းကောင်း စားဝတ်လိုခြင်းစသော တဏှာလောဘ ရှိသောကြောင့်သာ ဖြစ်၏။ ငါကောင်းကောင်း မစားလို၊ မသေရုံ မျှတရုံသာ ရသမျှအစာကို စားနေမည်၊ ကောင်းကောင်း မဝတ်မဆင်လို၊ အရှက်အကြောက် ဖုံးလွှမ်းရုံသာ အလွယ်တကူရရှိနိုင်သည့် သစ်ရွက်များကိုပင် ကောက်ယူဖုံးအုပ်၍ နေမည် စသည်ဖြင့် တဏှာလောဘကို ခွါနိုင်သမျှ ပယ်ခွါလိုက်လျှင် ယခုကဲ့သို့ ဒုက္ခအမျိုးမျိုး နေ့ရောညဉ့်ပါ ကြံစည်အားထုတ်ရခြင်း ဆင်းရဲဒုက္ခ ရှိတော့မည်မဟုတ်ချေ။ သို့ဖြစ်၍ ဆင်းရဲခြင်းဒုက္ခကို အကောင်းထင်ကာ မက်မောတွယ်တာခြင်း တဏှာလောဘက ဖြစ်စေကြောင်း ကောင်းစွာထင်ရှား၏။

(ရေ)

     ယခုဘဝအတွက်ပင်မက နောက်ဆက်လက်ရမည့် ဘဝအသစ်များမှာလည်း ကောင်းသော ဘဝအသစ်ကိုသာ ရလိုသည့်အတွက် ကံအမျိုးမျိုးတို့ကို ပြုလုပ် ဆည်းပူးရပြန်သည်၊ ဤပြုလုပ်အပ်သော ကံများကြောင့် နောက်နောင် ဘဝအသစ် ဖြစ်လာရာမှာလည်း ယခုဘဝ တဏှာလောဘအစီအမံ ခံရသောကံက ဖြစ်စေရသည့်အတွက် ထိုဘဝအသစ်ဖြစ်ရေး၌ အကြောင်းရင်းကို ရှာဖွေသော် တဏှာလောဘပင် အကြောင်းရင်းဖြစ်ပေ၏။

     ဤသို့လျှင် တဏှာလောဘသည် ဘဝအသစ်မှာ ဥပါဒါနက္ခန္ဓာဟုဆိုအပ်သော ဒုက္ခကို ဖြစ်စေနိုင်သော အကြောင်းရင်းဧကန် မှန်သောကြောင့် ဤတဏှာလောဘကို ဒုက္ခသမုဒယ အရိယသစ္စာဟူ၍ ခေါ်အပ်၏။ ဆင်းရဲဒုက္ခဖြစ်သော ခန္ဓာအစုကို ဖြစ်စေတတ်သော အကြောင်းမှန်ဟု ဆိုလိုသည်။ ဤ ဒုက္ခသမုဒယ အရိယသစ္စာကိုပင် အတိုချုပ်အားဖြင့် သမုဒယသစ္စာဟူ၍လည်း ခေါ်၏။

ဒုက္ခနိရောဓအရိယသစ္စာ

     သမုဒယသစ္စာဟုခေါ်သော တဏှာလောဘသည် လောကီအာရုံ အမျိုးမျိုးတို့၌ မျောက်နှဲစေးပမာ တွယ်တာ တပ်မက်မောသော်လည်း အကြောင်းတရားတို့ မပြုပြင်ရပဲ အမြဲထင်ရှားရှိနေသည့် အေးငြိမ်းချမ်းသာမှု သန္တိဟုခေါ်အပ်သော အသင်္ခတဓာတ်ကိုကား သံတွေခဲ မီးရဲရဲကို ယင်ကောင် မကပ်နိုင်သကဲ့သို့ပင် မက်မောတွယ်တာမှု မပြုနိုင်ချေ။

     ယင်းသည့် အသင်္ခတဓာတ် နိဗ္ဗာန်ပရမတ်ကို တဏှာလောဘက မက်မောတွယ်တာမှု မပြုနိုင်ရာ၌ အကြောင်းကို ရှာဖွေသည်ရှိသော် တဏှာ၏သဘောအားဖြင့် ကြည့်လျှင် အသင်္ခတဓာတ် နိဗ္ဗာန်ပရမတ်သည် တပ်မက်မောစရာ မဟုတ်သောကြောင့် ဖြစ်၏။ ထိုအကြောင်းကို ထင်ရှားစေဦးအံ့.. ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်၌ မြတ်စွာဘုရားက “ဝေဒနာပစ္စယာ တဏှာ= ခံစားမှုတည်းဟူသော အကြောင်းကြောင့် တဏှာဖြစ်ရသည်”ဟု ဟောတော်မူသည့်အတိုင်း တဏှာသည် ခံစားခြင်း ဝေဒယိတသုခရှိမှ ဖြစ်နိုင်၏။ အသင်္ခတဓာတ်ဖြစ်သော နိဗ္ဗာန်တရားမှာ ခံစားခြင်း ဝေဒယိတသုခမျိုးမဟုတ်၊ (ခံစားရသည့် ချမ်းသာမျိုး မဟုတ်၊) ငြိမ်းအေးခြင်းချမ်းသာ သန္တိသုခသာ ဖြစ်သည်။

ခံစားရမှု အလျဉ်းမရှိသော နိဗ္ဗာန်တရားသည် လိုချင်ဖွယ်ရာတရား နှစ်သက်ဖွယ်ရာတရား ဖြစ်နိုင်ပါမည်လောဟူ၍ မေးမြန်းဖွယ်ရှိ၏၊

     ဤသို့ မေးမြန်းသူ၏စိတ်မှာ ခံစားမှုဝေဒနာကိုသာ ချမ်းသာအစစ် ထင်မှတ်သောကြောင့် (တနည်း) ငြိမ်းအေးမှုချမ်းသာကို ချမ်းသာဟူ၍ မဆင်ခြင်မိသောကြောင့် ထိုကဲ့သို့ မေးခြင်းဖြစ်ပေ၏။ အဖြေမှာ-

(ရဲ)

     သုခသည် ခံစားခြင်းချမ်းသာဟု ဆိုအပ်သော ဝေဒယိတသုခ၊ ငြိမ်းအေးမှုချမ်းသာဟု ဆိုအပ်သော သန္တိသုခဟူ၍ နှစ်ပါးရှိရာ ထင်ရှားလောက်သော လောကီဥပမာတခုကို ပြဆိုရသော် ဤလောက၌ အစားအစာ အာဟာရကို တပ်မက်မောလှသော သူဌေးကြီးတဦး ရှိလေရာ၏၊ ထိုသူဌေးကြီးသည် အဖိုးအနဂ္ဃထိုက်တန်သော အစားအစာ အာဟာရတို့ကို ဝယ်ယူစားသုံး၍ နေရာ၏။ ဝိဇ္ဇာဓိုရ်ကြီးတဦးကမူ အာဟာရသိဒ္ဓိ ပြီးစီးနေသဖြင့် သူဌေးကြီးစားသော အဖိုးအနဂ္ဃထိုက်တန်သည့် အစာအာဟာရတို့ကို စားချင်မည်ဝေးစွာ့၊ စက်ဆုပ်ပင် စက်ဆုပ်လေရာ၏။ ထိုသူနှစ်ဦးတို့မှာ အစာအာဟာရနှင့် စပ်လျဉ်း၍ မည်သူက ချမ်းသာပါသနည်းဟု မေးလျှင်-

     တဏှာသမားက သူဌေးကြီးသာ ချမ်းသာသည်၊ သူဌေးကြီးသာ အလိုရှိတိုင်း အကောင်းဆုံး အဖိုးအနဂ္ဃထိုက်တန်သော အရာများကို သုံးဆောင်နေရသည်။ ဝိဇ္ဇာဓိုရ်ကြီးမှာ တစုံတရာ အာဟာရကိုမျှ သုံးဆောင်ရခြင်း မရှိသည့်အတွက် သူဌေးကြီးက သာလွန်ပေသည်ဟူ၍ ပြောဆိုမည်ဖြစ်၏။ ဤသို့ ပြောဆိုခြင်းမှာ မိမိစိတ်တွင် တဏှာလွှမ်းမိုးနေခြင်းကြောင့် တဏှာကို အားပေးတတ်သည့် ခံစားမှုဝေဒနာကိုသာ အမြတ်ထင်မှတ်၍ ပြောဆိုခြင်းဖြစ်သည်။

     ပညာရှိသော သူတို့ကမူကား ဝိဇ္ဇာဓိုရ်ကြီးသာလျှင် အစာအာဟာရနှင့်စပ်၍ ချမ်းသာခြင်းရှိသည်။ သူဌေးကြီးမှာ အရသာအမျိုးမျိုးကို သုံးဆောင်ခံစားနိုင်ရန် မရ-ရအောင် ရှာဖွေရခြင်း၊ ရသောအခါ နေရာတကျဖြစ်အောင် စီမံရခြင်းစသော ပြုပြင်ရမှု ပဋိသင်္ခရဏဒုက္ခနှင့် အသစ်အသစ် လဲလှယ်လိုခြင်းတည်းဟူသော အာသာဒုက္ခတို့ ဝိုင်းဝိုင်းလည်လျက် ရှိသည်။ ဝေဒယိတသုခမှန်လျှင် ဤဒုက္ခနှစ်မျိုးနှင့် အဘယ်နည်းနှင့်မျှ ကင်း၍မဖြစ်နိုင်။ ဝိဇ္ဇာဓိုရ်ကြီးမှာမူ အစာအာဟာရကို သုံးဆောင်ခံစားခြင်း ဝေဒယိတသုခ မရှိသည့်အတွက် ပြုပြင်စီမံရခြင်း ပဋိသင်္ခရဏဒုက္ခ အသစ်အသစ် လဲလှယ်လိုခြင်း အာသာဒုက္ခ စသည့် ဒုက္ခတစုံတရာမျှမရှိပဲ အစာအာဟာရနှင့်စပ်၍ အေးငြိမ်းလှစွာ ချမ်းသာသဖြင့် နေနိုင်၏။ ဝိဇ္ဇာဓိုရ်ကြီး၏ အေးငြိမ်းချမ်းသာမှုမှာ ဆင်းရဲဒုက္ခနှင့် ဆက်ဆံရောနှောခြင်း အလျဉ်းမရှိ၊ ချမ်းသာသက်သက်သာ ဖြစ်သောကြောင့် ဝိဇ္ဇာဓိုရ်ကြီးကသာ အစာအာဟာရနှင့်စပ်လျဉ်း၍ သူကြီးထက် ချမ်းသာသည်ဟု ဖြေဆိုကြမည်သာ ဖြစ်၏။

     ဤစကားရပ်၌ သူဌေးကြီးကသာ ပို၍ချမ်းသာသည်ဟု ပြောဆိုသော တဏှာသမားတို့သည် အပြစ်တစုံတရာကို မမြင်ကြပဲ စိတ်တိုင်းကျ စားသောက်ရသည့် သာယာဖွယ်ရှိသော ခံစားမှုကိုသာ ကြည့်မြင်ကြ၍ ပြောဆိုခြင်းဖြစ်ကြ၏၊ ဝိဇ္ဇာဓိုရ်ကြီး၏ အစာအာဟာရ အလျဉ်းမစားပဲ အေးငြိမ်းချမ်းသာစွာ

(ရော)

နေရခြင်းကိုကား တဏှာလွှမ်းမိုးသူတို့က အကောင်းအမြတ် မထင်နိုင်ကုန်၊ သူဌေးကြီးကိုသာ အကောင်းအမြတ်ထင်၍ သူဌေးဖြစ်ရန်ကိုသာ အလိုရှိကြသကဲ့သို့ တဏှာလောဘ တရားသည်လည်း ခံစားမှုဝေဒနာမရှိပဲ စင်စစ် ငြိမ်းအေးလှခြင်းတည်းဟူသော သန္တိသုခကို (အသင်္ခတနိဗ္ဗာန်ကို) ကောင်းသည်ဟု မထင်မြင် မလိုချင် မမက်မောသည်သာ ဖြစ်၏။

     ဤအရာဝယ် အင်္ဂုတ္တရနိကာယ၊ နဝကနိပါတ်၊ ၄-မဟာဝဂ်၊ ၃-ခုမြောက်သုတ်၌-

အခါတပါး၌ အရှင်သာရိပုတြာသည် ရဟန်းတို့၏အလယ်တွင် သီတင်းသုံးတော်မူကာ “ငါ့ရှင်တို့.. ဤနိဗ္ဗာန်သည် ချမ်းသာလှ၏။ ဤနိဗ္ဗာန်သည် ချမ်းသာလှ၏”ဟူ၍ မိန့်ဆိုတော်မူသောအခါ အရှင်ဥဒါယီက “ငါ့ရှင်သာရိပုတြာ.. ခံစားမှု ဝေဒနာမရှိလျှင် ဤနိဗ္ဗာန်သည် အဘယ်မှာလျှင် ချမ်းသာနိုင်မည်နည်း”ဟု အရှင်သာရိပုတြာကို မေးမြန်း၏။ ထိုအခါ အရှင်သာရိပုတြာက “ငါ့ရှင်ဥဒါယီ.. နိဗ္ဗာန်မှာ ခံစားမှုဝေဒနာ မရှိခြင်းသည်ပင် ချမ်းသာစင်စစ် ဖြစ်သည်”ဟု ဟောကြားတော်မူသည်။

     ဤအရာ၌ ဉာဏ်ပညာမဲ့သော ပုထုဇန်ပုဂ္ဂိုလ်တို့၏အမြင်မှာ ဒုက္ခသစ္စာ ခန္ဓာငါးပါး ဖြစ်ပွါးနေသည်ကိုသာ သုခဟူ၍ ထင်ကြ၏။ ဉာဏ်ပညာရှိသော ပုထုဇန်ပုဂ္ဂိုလ်တို့နှင့် အရိယာအရှင်မြတ်တို့ကမူ ထိုဒုက္ခသစ္စာ ခန္ဓာငါးပါး မီးတောက်မီးပုံကြီး ငြိမ်းစဲသွားသကဲ့သို့ တဖန်နောက်ထပ်မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းခြင်းကိုသာ သုခဟူ၍ မှတ်ယူတော်မူကြကုန်၏။ ဤအရာ၌ ဉာဏ်ပညာနည်းပါးသော ပုထုဇန်ပုဂ္ဂိုလ်တို့ မဖြစ်ခြင်း ငြိမ်းအေးခြင်းချမ်းသာ၏ မွန်မြတ်ပုံကို လက်တွေ့စဉ်းစား သိရှိဖွယ် မှတ်သားဖွယ် ဥပမာသော်ကား လူတယောက်တွင် နှစ်ရှည်လများ လေနာရောဂါ ပြင်းထန်စွာ စွဲကပ်နေရာ ဆရာကောင်းနှင့်တွေ့၍ ဆေးကောင်းတခွက် သောက်ရသဖြင့် ထိုလေနာရောဂါ အမြစ်ပြတ် ပျောက်ကင်းသွားလေရာ၏။ ထိုသို့ လေနာရောဂါ ပျောက်ငြိမ်းသွားသောအခါ ထိုလူနာသည် မည်မျှ ချမ်းသာမည်နည်း၊ (ဤ၌ လေနာရောဂါ ပျောက်ငြိမ်းခြင်းဟူသည်မှာ ထိုလေနာရောဂါ မဖြစ်ခြင်းကိုပင် ခေါ်သည်။) လွန်စွာ ချမ်းသာ ဝမ်းမြောက်ပေလိမ့်မည်။ စင်စစ်အားဖြင့် ထိုသူသည် ထိုအခါ၌ နှစ်သက်ဖွယ် မည်သည့်အာရုံကိုမျှ ခံစားသုံးဆောင်ရခြင်း မရှိချေ၊ လေနာဒုက္ခ ပျောက်ငြိမ်းသွားခြင်း လေနာဒုက္ခ မဖြစ်ခြင်းသာလျှင် ထင်ရှားရှိသည်။ ထိုသို့ ခံစားမှုမရှိပဲ လေနာဒုက္ခ ကင်းငြိမ်းသွားမှု လေနာဒုက္ခ မဖြစ်ပွါးမှုအတွက် “ငါ့မှာဖြင့် ဒုက္ခကြီး ငြိမ်းစဲသွားလေပြီ” စသည်ဖြင့် လွန်စွာ နှစ်သက်ဝမ်းသာ ဖြစ်မည်ဧကန် ဖြစ်၏။ သံသရာဒုက္ခကြီးနှင့် နှိုင်းစာလျှင် မပြောပလောက်သည့်

(ရော်)

လေနာဒုက္ခကလေး ချုပ်ငြိမ်းသွားရာမှာပင် လွန်စွာ နှစ်သက်ဝမ်းသာ ဖြစ်နိုင်ပါလျှင် သံသရာဘေးဒုက္ခကြီး အေးငြိမ်းသွားရာမှာကား အဘယ်မှာလျှင် မနှစ်သက်သင့်ပဲ ရှိအံ့နည်း၊ အမှန်စင်စစ် နှစ်သက်ဝမ်းမြောက်ရမည်ဖြစ်ကြောင်း ကောင်းစွာ မှတ်ယူအပ်၏။

နိဗ္ဗာန်

     ဤ ဒုက္ခနိရောဓ နိဗ္ဗာန်ဟူသည် အဘယ်တရား ဖြစ်သနည်းဟု မေးလျှင် “သန္တိလက္ခဏာရှိသော အကြင် အသင်္ခတဓာတ် ပရမတ္ထတရားအထူးကို မဂ်ဉာဏ်လေးပါးတို့ဖြင့် မျက်မှောက်ပြုလိုက်ရလျှင် တထောင့်ငါးရာ ကိလေသာခပ်သိမ်းတို့ အမြစ်ပြတ် နောက်ထပ်မဖြစ်နိုင်သော ချုပ်ငြိမ်းခြင်းမျိုးဖြင့် ချုပ်ငြိမ်း၍ သွား၏၊ အရဟတ္တမဂ်အရောက် မျက်မှောက်ပြုလိုက်ရသော ဘဝဝယ် ထိုဘဝနောက်ဆုံး စုတိ၏အခြားမဲ့၌ မီးတောက်မီးပုံကြီး ငြိမ်းစဲသွားသည့်ပမာ ခန္ဓာငါးပါး ဒုက္ခတရားတို့ တဖန်အသစ် မဖြစ်တော့ပဲ ငြိမ်း၍သွား၏။ နောက်ထပ် ဘယ်ဘဝ ဘယ်ဂတိမှာမှ မဖြစ်တော့ချေ။ ထိုသန္တိလက္ခဏာရှိသော ဆိုအပ်ပြီးသည့် ဂုဏ်ကျေးဇူးအထူးနှင့် ပြည့်စုံသော အသင်္ခတဓာတ် ပရမတ္တရားအထူးသည် နိဗ္ဗာန်မည်၏”ဟူ၍ ဖြေဆို မှတ်သားရာ၏။

     ပုထုဇုန်ဖြစ်သူတို့မှာ နိဗ္ဗာန်၏သဘောကို အရိယာတို့ကဲ့သို့ အပြည့်အစုံမသိနိုင်ကုန်၊ မသိပါပဲလျက် အရိယာတို့၏ အသိဉာဏ်မျိုးကဲ့သို့ အသိဉာဏ်ပေါက်အောင် ပြောဆိုရေးသားပါလျှင် မှားယွင်းနိုင်ခွင့် ရှိပေသည်။ နိဗ္ဗာန်ကို မဆိုထားဘိ၊ စာထဲမှာသာ တွေ့ရှိဘူး၍ ကိုယ်တိုင်မမြင်ဘူး မတွေ့ဘူးသော လောကီဝတ္ထု တခုခုကိုပင် ကိုယ်တိုင် တွေ့ဘူး မြင်ဘူးသည့်အနေ ပြောဆိုမိချေက မှားယွင်းတတ်ပေသည်။ ပုထုဇန်ဖြစ်သော သူငါတို့သည် နိဗ္ဗာန်နှင့်စပ်၍ အရိယာအရှင်မြတ်တို့ကဲ့သို့ အကုန်အစင် မသိမြင်နိုင်သည့်အတွက် ရှေး ဆိုခဲ့ပြီးသည့်အတိုင်းသာ မမှားအောင် ဖြေဆိုရာ၏။

     ထို သန္တိလက္ခဏာရှိသော အသင်္ခတဓာတ် ပရမတ္ထတရားအထူးကို နိဗ္ဗာနဟူ၍ ခေါ်၏။ ထိုနိဗ္ဗာနဟူသော ပါဠိမှ ဆင်းသက်၍ မြန်မာဝေါဟာရ၌ နိဗ္ဗာန်ဟူ၍ ခေါ်ခြင်းဖြစ်သည်။ နိဗ္ဗာန်ဟူသည် အဘယ်တရားမျိုးနည်းဟူ၍ စဉ်းစားပြန်လျှင် ရှေး၌ ဖော်ပြအပ်ပြီးသော နိဗ္ဗာန်၏သဘောကို မစဉ်းစားမိသေးသူတို့အဖို့ မှန်ကန်စွာ မသိနိုင်သည့်အတွက် နိဗ္ဗာန်ဟူသည် မပျက်မစီးနိုင်သော တိုင်းပြည်ကြီးတမျိုး မြို့တော်ကြီး တမျိုးဟူ၍ မှတ်ထင်တတ်ကြ၏။ နိဗ္ဗာန်ကို ဘေးမဲ့မြို့ကြီးအနေဖြင့် ရေစက်ချရာ တရားဟောရာတို့၌ ဟောဆိုသုံးစွဲခြင်းမှာ ဥပစာစကားမျှသာ ဖြစ်သည်၊ တကယ်စင်စစ် နိဗ္ဗာန်သည် တိုင်းပြည်ကြီး

(ရံ)

မြို့တော်ကြီး မဟုတ်ပေ။ အချို့ကလည်း နိဗ္ဗာန်မြို့ကြီးအတွင်းမှာ ပရိနိဗ္ဗာန် စံဝင်ကြပြီးသော အရိယာ အရှင်မြတ်တို့ အိုနာသေခြင်းကင်းသည့် ရုပ်နာမ်အထူးတို့ဖြင့် ရွှင်မြူးချမ်းသာ နေကြရသည်ဟု ထင်မှတ် ပြောဆိုတတ်ကြ၏။

     စင်စစ်ကား ဘုရား ရဟန္တာ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ ပရိနိဗ္ဗာန် စံတော်မူကြခြင်းဟူသည်မှာ ထိုသူတို့ ထင်မှတ်သည့်အတိုင်း နိဗ္ဗာန်မြို့ကြီးထဲသို့ ရောက်သွားခြင်းမဟုတ်၊ နိဗ္ဗာန်မြို့ကြီးလည်း မရှိပေ။ ဆိုအပ်ပြီးသည့်အတိုင်း ရဟန္တာဖြစ်သည့် နောက်ဆုံးဘဝ စုတိ၏အခြားမဲ့ နောက်ကာလ၌ တစုံတခုသော ဘဝ ဂတိတို့၌မှာမှ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ အသစ်ဆက်၍ မဖြစ်ခြင်း အေးငြိမ်း၍သွားခြင်းကို ပရိနိဗ္ဗာန်စံခြင်းဟူ၍ ခေါ်ဆိုခြင်းဖြစ်သည်။ (နိဗ္ဗာန်ကား မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော ပရမတ္ထတရားအထူးဖြစ်သည်။ ပရိနိဗ္ဗာန်ကား ရုပ်နာမ်ခန္ဓာတို့ တဖန်အသစ်မဖြစ်ပဲ ငြိမ်းစဲသွားခြင်း ဖြစ်သည်ဟု နိဗ္ဗာန်နှင့် ပရိနိဗ္ဗာန်အထူးကို မှတ်ယူရာ၏။)

     နိဗ္ဗာန်ဟူသော စကားမှာ ပါဠိတဝက်တပျက် ပါရှိသည့် မြန်မာစကား ဖြစ်သောကြောင့်ပင် ဆရာသမားများက ကုသိုလ်ကောင်းမှု ပြုလုပ်သည့်အခါ “နိဗ္ဗာန်ကိုသာ ဆုတောင်းရမည်”ဟု ဟောကြားဆုံးမသဖြင့် နိဗ္ဗာန်ကို ဆုတောင်းကြပါသော်လည်း အများအားဖြင့် နိဗ္ဗာန်ဟူသည် အဘယ်သို့ သဘောရှိသည်ဟု ကောင်းစွာ နားမလည်ကြသဖြင့် စိတ်ထဲမှာ အားရနှစ်သက် လေးလေးနက်နက် ရှိကြမည်မဟုတ်ချေ။ အကယ်၍သာ ဆရာသမားတို့က “ဆင်းရဲပူပန်ရခြင်းဟူမျှ အေးငြိမ်းရပါလို၏ဟူ၍ ဆုတောင်းရမည်”ဟု ဟောကြား ဆုံးမကြပါလျှင် မြန်မာစကားသက်သက်ဖြစ်၍ စိတ်ထဲမှာ ကွဲကွဲပြားပြား ခြားနားစွာသိသဖြင့် အားရနှစ်သက် လေးနက်စွာ ဆုတောင်းကြမည် ဖြစ်ပေ၏။

နိဗ္ဗာန်နှစ်မျိုး

     အလွန်ကောင်းမြတ် အဖိုးတန်သော အဝတ်အထည်ကြီးတထည် ရှိသည်ဆိုပါစို့၊ ထိုအဝတ်အထည်ကို သုံးဆောင်သူ အထည်ပိုင်ရှင် ရှိစဉ်ကာလ၌ သုံးဆောင်သူရှိသော အဝတ်အထည်ကောင်းကြီးဟု ခေါ်ဆို၍ ထိုအဝတ်ရှင် ကွယ်လွန်သွားသောအခါ သုံးဆောင်သူမရှိသော အဝတ်အထည်ကောင်းကြီးဟု ခေါ်ဆိုရလေသည်၊ (ဤ၌ အဝတ်အထည် တခုတည်းကိုပင် သုံးဆောင်သူ ရှိသောအချိန် မရှိသောအချိန်သို့ လိုက်၍ အမည်နှစ်မျိုးဖြင့် ခေါ်ဆိုသုံးစွဲခြင်းဖြစ်သည်။) ထို့အတူပင် အရှင်သာရိပုတြာ မဂ်ဖိုလ်ဖြင့် အာရုံပြုအပ်သည့် သန္တိလက္ခဏာရှိသော အသင်္ခတဓာတ် နိဗ္ဗာန်ပရမတ်ကြီးကို အရှင်သာရိပုတြာ မထေရ်မြတ် ပရိနိဗ္ဗာန် စံတော်မမူမီ ကာလအတွင်း (ထိုနိဗ္ဗာန်ကို အာရုံပြုတတ်သည့်

(ရား)

ဥပါဒိသေသ ခန္ဓာငါးပါး ထင်ရှားရှိနေသောကြောင့်) သဥပါဒိသေသနိဗ္ဗာန်ဟု ခေါ်၍ အရှင်သာရိပုတြာမထေရ်မြတ် ပရိနိဗ္ဗာန် စံတော်မူသွားသောအခါ ထိုနိဗ္ဗာန်ကို အာရုံပြုတတ်သည့် ဥပါဒိသေသ ခန္ဓာငါးပါး မရှိတော့သောကြောင့် အနုပါဒိသေသနိဗ္ဗာန်ဟု ခေါ်ဆိုအပ်လေသည်။

     တဏှာကို ပညာဖြင့်ဖိနှိပ်ကာ ကောင်းစွာ ဆင်ခြင်စဉ်းစားနိုင်မှ ငြိမ်းအေးမှုနိဗ္ဗာန်ကို အလိုရှိနိုင်ပေမည်။ ပညာဖြင့် ဖိနှိပ်ခြင်းမရှိပဲ တဏှာကိုသာ ဦးစားပေး၍ စဉ်းစားလျှင် ငြိမ်းအေးမှုနိဗ္ဗာန်ကို တကယ်အလိုရှိအပ်သည့် တရားဟူ၍ ကောင်းစွာ မသိမြင်နိုင်။

နိဗ္ဗာန်သုံးမျိုး

     နိဗ္ဗာန်သည် ဆိုအပ်ပြီးသည့်အတိုင်း နှစ်မျိုးပြားသည်သာ မဟုတ်သေး၊ ထိုနိဗ္ဗာန်၌ ထင်ရှား ပြည့်စုံနေသော ဂုဏ်အခြင်းအရာအားဖြင့် (၁) သုညတနိဗ္ဗာန် (၂) အနိမိတ္တနိဗ္ဗာန် (၃) အပ္ပဏိဟိတနိဗ္ဗာန်ဟူ၍ သုံးပါး အပြားရှိပြန်၏။

     (၁) (သုညတ= ကင်းဆိတ်သည်) နိဗ္ဗာန်တရား၌ ကြောင့်ကြဖွယ် ပလိဗောဓဟူသမျှ အလုံးစုံ ကင်းဆိတ်သည့် ဂုဏ်အခြင်းအရာကို အစွဲပြု၍ သုညတနိဗ္ဗာန်ဟု ခေါ်၏။

     (၂) (နိမိတ္တ= အကြောင်း) သင်္ခတမျိုးဖြစ်သည့် စိတ် စေတသိက် ရုပ်တရားတို့သည် ကိလေသာတို့၏ အကြောင်းဖြစ်ကုန်၏။ ဖြစ်ပုံမှာ.. သင်္ခတတရားတို့သည် ရုပ်ဖြစ်စေ နာမ်ဖြစ်စေ အသီးအသီး အခြားတရားတို့နှင့် မတွဲမဖက် မိမိတရားတခုတည်းသက်သက် ဖြစ်နိုင်သော သဘောမရှိ၊ ရုပ်တရားတို့မှာ အနည်းဆုံး ရှစ်ပါးစုပေါင်းလျက် ဖြစ်ကြသည်၊ (အဋ္ဌကလာပ်ရုပ်ခေါ်၏။) နာမ်တရားတို့မှာလည်း အနည်းဆုံး သဘာဝရှစ်မျိုး စုပေါင်းဖြစ်ကြရသည်။ (ပဉ္စဝိညာဏ်ကို ဆိုလိုသည်။) ထိုသို့ ဆိုင်ရာတို့နှင့် တွဲဖက်၍ တပေါင်းတစုတည်း ဖြစ်ပေါ်လာသော တရားစုကို ငါကောင် ကိုယ်ကောင် အထည်ဝတ္ထုဒြပ် စသည်ထင်မှတ်ကာ တပ်မက်ခြင်းစသော ကိလေသာတို့ ဖြစ်ပွါးကြကုန်၏။ ထို့ကြောင့် သင်္ခတမျိုးဖြစ်ကြသည့် စိတ် စေတသိက် ရုပ်တရားတို့မှာ သဘောတူရာ စုပေါင်းဖြစ်ကြသည့်အတွက် ငါကောင် သူကောင်စသည် ထင်မှတ်ကာ တပ်မက်ခြင်း တဏှာစသော ကိလေသာတို့ ဖြစ်ပွါးကြောင်းဖြစ်၍ နိမိတ္တအမည် ရကြကုန်သည်။ အထူးအားဖြင့် နိမိတ္တဟူသော အမည်ကို လောကီ စိတ် စေတသိက် ရုပ်တရားတို့ ရကြကုန်၏။ ဤ ကိလေသာတို့ဖြစ်ကြောင်း နိမိတ်ဖြစ်သည့် ငါကောင် ကိုယ်ကောင် အထည်ဝတ္ထု ဒြပ်စသည် ထင်မှတ်ဖွယ်ရာသဘောမျိုး နိဗ္ဗာန်၌ အလျဉ်းမရှိ။ သို့ဖြစ်၍ အနိမိတ္တနိဗ္ဗာန်ဟူ၍လည်း ခေါ်အပ်၏။

(လ)

     (၃) (ပဏိဟိတ= တောင့်တခြင်း) တောင့်တခြင်းဟူသည် တဏှာပင်ဖြစ်၏၊ နိဗ္ဗာန်မှာ ရှေးက ပြဆိုခဲ့ပြီးသောအတိုင်း တဏှာဖြင့် တောင့်တဖွယ်ရာသဘော အလျဉ်းမရှိ၊ တဏှာဖြင့်ကြည့်လျင် လိုချင်ဖွယ်ရာ တောင့်တဖွယ်ရာပင် မဟုတ်တော့ချေ၊ သို့ဖြစ်၍ အပ္ပဏိဟိတနိဗ္ဗာန်ဟူ၍လည်း ခေါ်အပ်၏။ ဤသို့ ဂုဏ် အခြင်းအရာ အပြားကိုခွဲကာ နိဗ္ဗာန်သုံးမျိုးရှိသည်ကို သိမှတ်ရာ၏။

     ဤဒုက္ခနိရောဓသစ္စာကို အကျဉ်းအားဖြင့် နိရောဓသစ္စာဟူ၍လည်း ခေါ်၏။ ဤနိရောဓသစ္စာမှာ အသင်္ခတဓာတ်ပင် ဖြစ်၏၊ (အကြောင်းတစုံတရာဖြင့် မပြုပြင်အပ်သော သဘောဖြစ်သည်။) ထို့ကြောင့် ဤနိရောဓသစ္စာ အသင်္ခတဓာတ် နိဗ္ဗာန်ပရမတ်ကို ဓမ္မသင်္ဂဏီပါဠိတော်၌ အပ္ပစ္စယဓမ္မ= အကြောင်းကင်းသောတရား၊ အသင်္ခတဓမ္မ= အကြောင်းတို့ မပြုပြင်အပ်သော တရားဟူ၍ ဟောတော်မူအပ်၏။

မဂ္ဂအရိယသစ္စာ

     ဤသို့ နိဗ္ဗာန်မှာ အကြောင်းကင်းလျက် မည်သည့်အကြောင်းကမှ မပြုပြင်ရပဲ အမြဲ ထင်ရှားရှိနေသောတရား ဖြစ်သော်လည်း ထိုနိဗ္ဗာန်ခေါ်သည့် အေးငြိမ်းချမ်းသာမှု သန္တိသဘောသို့ ဆိုက်ရောက်ရန်မှာ အကြောင်းမဲ့ မဖြစ်နိုင်၊ အကြောင်းရှိမှသာ ဆိုက်ရောက်နိုင်၏။ ဆိုက်ရောက်နိုင်မည့် အကြောင်းဟူသည်လည်း မြတ်သောအကျင့်တရားသာ ဖြစ်ပေ၏၊ ထို့ကြောင့် ဒုက္ခငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းတရားကို ဒုက္ခနိရောဓဂါမိနိပဋိပဒါ= ဒုက္ခချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ဟူ၍ ဟောတော်မူ၏။

မဇ္ဈိမပဋိပဒါ

     လောက၌ ကာမချမ်းသာကိုခံစားကာ စိတ်ချောင်ချိစွာ တဏှာအကြိုက်လိုက်၍ နေခြင်းသည် ဒုက္ခငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းမဟုတ်၊ ကာမသုခလ္လိကာနုယောဂခေါ် အယုတ်တရားသာ ဖြစ်၏။ မိမိကိုယ်ကို ကိလေသာမဖြစ်ပေါ်ရန် ရည်သန်၍ မီးကင်ခြင်း နေလှန်းခြင်း လက်ကို အမြဲမြှောက်၍ ထားခြင်းစသော ဆင်းရဲမှုကို ဖြစ်စေခြင်း ဆင်းရဲအောင် အားထုတ်ခြင်းသည်လည်း ဒုက္ခငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းမဟုတ်၊ အတ္တကိလမထာနုယောဂခေါ် အယုတ်တရားသာ ဖြစ်၏။ စင်စစ်သော်ကား တဏှာအကြိုက် အလိုလိုက်ကာ ကာမချမ်းသာကို ခံစားနေခြင်းလည်း မဟုတ်စေရပဲ မီးကင်ခြင်း နေလှန်းခြင်း စသည်ကဲ့သို့ မိမိကိုယ်ကို အပြင်းအထန် နှိပ်စက်ကာ ဆင်းဆင်းရဲရဲ ခဲယဉ်းကြပ်တည်းစွာ ကျင့်အပ်သော အကျင့် မျိုးလည်း မဟုတ်ပဲ

(လာ)

'မလျော့မတင်း စောင်းကြိုးညှင်း'ဟူသော စကားအတိုင်း ချောင်ချိသက်သာ ပေါ့လျော့လှသည်ဟူ၍လည်း မဆိုရ ကြပ်တည်းဆင်းရဲ ခဲယဉ်းလှသည်ဟူ၍လည်း မဆိုရသည့် အလယ်အလတ်စားဖြစ်သော အကျင့်သည်သာလျှင် ဒုက္ခငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းစင်စစ် ဖြစ်ပေ၏။ ဤအကျင့်ကို မဇ္ဈိမပဋိပဒါ= မချောင်မကြပ် အလယ်အလတ်ဖြစ်သော အကျင့်ဟူ၍ ခေါ်၏။

     ဤမဇ္ဈိမပဋိပဒါ အကျင့်ကိုပင် မဂ္ဂဟူ၍ ခေါ်၏။ နိဗ္ဗာန်သို့ သွားရောက်ကြောင်း လမ်းဟု ဆိုလိုသည်။ အကုသိုလ်တရားတို့၌ ပါဝင်သည့် မိစ္ဆာဒိဋ္ဌိအစရှိသော တရားစုကို အပါယ်လေးဘုံသို့ ရောက်စေတတ်သောကြောင့် ဒုဂ္ဂတိမဂ္ဂ (တနည်း) မိစ္ဆာမဂ္ဂဟူ၍ ခေါ်အပ်ကုန်၏။ လောကီကုသိုလ်တို့၌ ပါဝင်သည့် သမ္မာဒိဋ္ဌိအစရှိသော တရားစုကို သုဂတိဘုံသို့ ရောက်စေတတ်သောကြောင့် သုဂတိမဂ္ဂ (တနည်း) သမ္မာမဂ္ဂဟူ၍ ခေါ်အပ်ကုန်၏။ မဂ်ကုသိုလ်စိတ်တို့၌ ပါဝင်သည့် သမ္မာဒိဋ္ဌိအစရှိသော တရားစုကို နိဗ္ဗာန်သို့ ရောက်စေတတ်သောကြောင့် သုဂတိမဂ္ဂ (တနည်း) သမ္မာမဂ္ဂဟူ၍ ခေါ်အပ်ကုန်၏။ ဤမဂ်စိတ်တို့၌ ပါရှိသည့် သမ္မာဒိဋ္ဌိ အစရှိသည်တို့ကို နိဗ္ဗာန်ကို အလိုရှိသူတို့ ရှာမှီးအပ်သောကြောင့်၎င်း ထိုတရားစုကပင် နိဗ္ဗာန်ကို ရှာမှီးတတ်သောကြောင့်၎င်း ကိလေသာကို ပယ်သတ်၍ နိဗ္ဗာန်သို့ သွားရောက်တတ်သောကြောင့်၎င်း မဂ္ဂမည်၏ဟူ၍ သစ္စဝိဘင်းအဋ္ဌကထာ၌ ဖွင့်ပြအပ်သည်။

     ဤမဂ္ဂအရ တရားသည် တပါးတည်းမဟုတ်၊ ဖော်ပြလတ္တံ့သောအတိုင်း ရှစ်ပါးရှိသောကြောင့် အဋ္ဌင်္ဂိကမဂ်= အစိတ်အင်္ဂါရှစ်ပါးရှိသော မဂ်ဟူ၍ ခေါ်၏၊ အစိတ်အင်္ဂါ တပါးစီ တပါးစီကိုကား မဂ္ဂင်္ဂ= မဂ္ဂင်ဟူ၍ ခေါ်၏၊ ရှစ်ပါးအပေါင်းကိုကား မဂ္ဂ= မဂ်ဟူ၍ ခေါ်၏။ အစိတ်အင်္ဂါ ရှစ်ပါးတို့ဟူသော်ကား-

(၁) သမ္မာဒိဋ္ဌိ= မှန်ကန်သောအမြင်၊ (ဆင်းရဲမှန်ကို သိခြင်း၊ ဆင်းရဲကြောင်းအမှန်ကို သိခြင်း၊ ဆင်းရဲချုပ်ရာအမှန်ကို သိခြင်း၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအမှန်ကို သိခြင်း.. ဤအသိဉာဏ်လေးမျိုးတို့ ဖြစ်၏။)

(၂) သမ္မာသင်္ကပ္ပ= ကောင်းမွန်သော အကြံ (နေက္ခမ္မပါရမီမှာ ပြခဲ့သောအတိုင်း ကိလေသကာမ ဝတ္ထုကာမတို့မှ လွတ်မြောက်ရန်၎င်း သူတပါးတို့ကို မဖျက်ဆီးရန်၎င်း သူတပါးတို့ကို မညှဉ်းဆဲရန်၎င်း ဖြစ်သောအကြံသုံးပါး။)

(၃) သမ္မာဝါစာ= ကောင်းသောစကားကို ဆိုခြင်း၊ (ဝစီဒုစရိုက် လေးပါးတို့မှ ရှောင်ကြဉ်ခြင်း။)

(လိ)

(၄) သမ္မာကမ္မန္တ= ကောင်းသောအမှုကိုသာ ပြုခြင်း၊ (ကာယဒုစရိုက် သုံးပါးတို့မှ ရှောင်ကြဉ်ခြင်း။)

(၅) သမ္မာအာဇီဝ= ကောင်းသော အသက်မွေးခြင်း၊ (မကောင်းမှု ဒုစရိုက်ခုနစ်ပါးတို့ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်ခြင်း၊)

(၆) သမ္မာဝါယာမ= ကောင်းသော အားထုတ်ခြင်း၊ (မဖြစ်သေးသော အကုသိုလ်တရားတို့ မဖြစ်စေရန်၊ ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ရန်၊ မဖြစ်သေးသော ကုသိုလ်တရားတို့ ဖြစ်ပွါးစေရန်၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ အစဉ်တိုးပွါးစေရန် အားထုတ်ခြင်း။)

(၇) သမ္မာသတိ= ကောင်းစွာ မမေ့မလျော့ခြင်း၊ (ကိုယ်ကာယ၌သော်၎င်း ခံစားမှု ဝေဒနာများ၌သော်၎င်း စိတ်၌သော်၎င်း နီဝရဏစသော တရားတို့၌သော်၎င်း မိမိစိတ် တည်နေစေရန် မမေ့မလျော့ခြင်း၊)

(၈) သမ္မာသမာဓိ= ကောင်းစွာ တည်ကြည်ခြင်း၊ (ပဌမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်တို့ကို ဆိုလိုသည်။)

     ဤတရားရှစ်ပါးစုသည် လောကီဖက်၌ကား ရှစ်ပါးလုံး တပြိုင်နက် တချိန်တည်း မဖြစ်နိုင်ကြ၊ အသီးအသီး တွဲဖက်ဖြစ်ပေါ်နိုင်သမျှသာ တွဲဖက်ဖြစ်ပေါ်ကြ၏။ လောကုတ္တရာသို့ ရောက်သောအခါ တပြိုင်နက် တချိန်တည်း ရှစ်ပါးလုံး တွဲဖက်ဖြစ်ပေါ်ကြသည်၊ လောကုတ္တရာ မဂ်ခဏ၌ တပြိုင်နက် တချိန်တည်း ဖြစ်ပွါးကြသည့် ဤမဂ္ဂင်ရှစ်ပါးကိုသာ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ သွားရောက်ကြောင်း မဂ္ဂအရိယသစ္စာဟူ၍ ဆိုအပ်၏။ ဤသို့လျှင် ဒုက္ခနိရောဓဂါမိနိပဋိပဒါ မဂ္ဂအရိယသစ္စာဟူသည် ရှစ်ပါးလုံး တပြိုင်နက် တချိန်တည်း တပေါင်းတစည်းတည်းဖြစ်ကြသည့် သမ္မာဒိဋ္ဌိစသော တရားစုကို ခေါ်၏။ မဂ်ဖိုလ်နိဗ္ဗာန်ဟူသော လောကုတ္တရာတရားအစု၌ ပါဝင်သည့် (မဂ်)ဟူသော စကားမှာလည်း ဤမဂ္ဂအရိယသစ္စာဖြစ်သော တရားရှစ်ပါးကို ခေါ်ဆို၏ဟူ၍ မှတ်ယူရာ၏။

အရိယသစ္စာပြဆိုခဏ်း ပြီး၏။

**********

(လီ)

ပရိယတ္တိသစ္စာနှင့် ပဋိပတ္တိသစ္စာ

     ဤပြဆိုအပ်ပြီးသော သစ္စာစုသည် သိမြင်နားလည်ရန် သင်ကြားထားအပ်သော ပရိယတ္တိသစ္စာစုတို့ ဖြစ်ကုန်၏။ ဘုရားအလောင်းစသော သူတော်ကောင်းကြီးများ ဖြည့်ကျင့်အပ်သော ပဋိပတ္တိသစ္စာကိုသာ ဤသစ္စာပါရမီအရာ၌ အလိုရှိအပ်၏။ ထို ပဋိပတ္တိသစ္စာဟူသည်မှာ မှန်ကန်စွာ မြွက်ဆိုအပ်သော စကား (သို့မဟုတ်) စကားကို မချွတ်မယွင်း မှန်ကန်စွာ ပြောဆိုခြင်းတည်းဟူသော ဝစီသစ္စာဖြစ်ပေသည်။ ဤဝစီသစ္စာကို မိမိသန္တာန်၌ ပြည့်စုံအောင် ဖြည့်ကျင့်ခြင်းကို “သစ္စာပါရမီ ဖြည့်သည်”ဟု ခေါ်ဆိုအပ်၏။ ဤဝစီသစ္စာကိုပင် ဘုရားအလောင်းတော်စသော သူတော်ကောင်းတို့ အထူးဖြည့်ကျင့် ဆည်းပူးတော်မူကြ၏။ ဤသို့ ဆည်းပူးအပ်သော ဝစီသစ္စာသည်လည်း..

(၁) သဒ္ဒဟာပနသစ္စာ၊

(၂) ဣစ္ဆာပူရဏသစ္စာ၊

(၃) မုသာဝိရမဏသစ္စာ-

ဟူ၍ သုံးပါး အပြားရှိပြန်၏။

(၁) သူတပါးတို့ မိမိကို ယုံကြည်စေရန် အမှန်ပြောကြားအပ်သော ဝစီသစ္စာသည် သဒ္ဒဟာပနသစ္စာ မည်၏။

(၂) မိမိအလိုရှိအပ်သော အရာကို ပြည့်စုံစေရန် အမှန်ပြောကြားအပ်သော ဝစီသစ္စာသည် ဣစ္ဆာပူရဏသစ္စာ မည်၏။

(၃) မဟုတ်မမှန်သောစကားကို ပြောကြားမှုမှ ရှောင်ကြဉ်ရန် ပြောကြားအပ်သော ၀စီသစ္စာသည် မုသာဝိရမဏသစ္စာ မည်၏။

(၁) သဒ္ဒဟာပနသစ္စာ

     ထိုသုံးပါးတို့တွင် အလောင်းတော်ကြီးများ သဒ္ဒဟာပနသစ္စာ ပြည့်စုံရန် ဖြည့်ကျင့်တော်မူကြပုံကို ပကိဏ္ဏကနိပါတ် ၅-ဘိသဇာတ်ဖြင့် သိအပ်၏။ ထိုဘိသဇာတ်အကြောင်းအရာ အကျယ်ကို နိပါတ်ဝတ္ထုမှ ကြည့်ရှုမှတ်သားရာ၏။ အကျဉ်းချုပ် အဋ္ဌုပ္ပတ္တိကား..

ဘိသဇာတ်အကျဉ်း

     လွန်လေပြီးသောအခါ ဗာရာဏသီပြည်သား ပုဏ္ဏားမျိုးဖြစ်သော မဟာကဉ္စနသတို့သားသည် မိမိ၏ ညီခြောက်ယောက် နှမငယ်တယောက် အစေခံ ယောက်ျားတယောက် အစေခံ မိန်းမတယောက် မိတ်ဆွေတယောက်-

(လု)

ဤဆယ်ယောက်သော သူတို့နှင့် အတူတကွ တောထွက်ကာ ပဒုံမာကြာအိုင်တခု၏အနီး သင့်လျော်သော နေရာ၌ နေရာထိုင်ခင်း ပြုလုပ်နေထိုင်၍ သစ်သီးဝလံ စသည်တို့ကို ရှာဖွေသုံးဆောင် မျှတကာ နေလေ၏။

     ရှေးဦးစွာ (အစပိုင်း၌) သစ်သီးရှာဖွေချိန်တွင် အများထွက်၍ ရှာဖွေကြသောအခါ လူများ၍ စကားများကြသဖြင့် မြို့နေသူများကဲ့သို့ ဖြစ်နေ၍ ဤကဲ့သို့ မဖြစ်စေရန် နောင်တော်ကြီး မဟာကဉ္စန သတို့သားက “ငါတဦးတည်းသာ သစ်သီးဝလံ ရှာဖွေမည်၊ သင်တို့တစု အေးချမ်းစွာ တရားအားထုတ်၍ နေရစ်ကြရမည်”ဟု အမိန့်ပေးသောအခါ ညီများက “နောင်တော်ကြီးမှာ အားလုံး၏ ဦးစီးဆရာကြီးဖြစ်၍ နေပါသည်။ ဆရာကြီးကိုယ်တိုင် သစ်သီးဝလံ မရှာထိုက်ပါ၊ နှမငယ်နှင့် အစေခံမမှာလည်း မိန်းမသားများဖြစ်ကြ၍ မရှာထိုက်ပါ။ ကျန်သောသူ ရှစ်ဦးတို့သာ အလှည့်ကျ ရှာမှီးကြပါမည်”ဟု ပြောဆို သဘောတူညီကြကာ ကျန်သောသူ ရှစ်ဦးတို့ အလှည့်ကျ သစ်သီးဝလံရှာဖွေ၍ ရသမျှဖြင့် မျှတနေထိုင်ကြကုန်၏။

     ကာလအတန်ကြာသောအခါ လွန်စွာရောင့်ရဲကြရကား သစ်သီးဝလံတို့ကိုပင် မရှာမှီးကြတော့ပဲ အနီးရှိ ပဒုံမာအိုင်ကြီးထဲမှ ကြာစွယ်တို့ကိုသာ ရှာမှီး ဝေပုံချ၍ စားသုံးကြလေသည်။ စားသုံးကြပုံမှာ.. အလှည့်ကျ ရှာမှီးသောသူသည် ရရှိလာသော ကြာစွယ်တို့ကို သစ်ရွက်မိုးကျောင်းတခုအတွင်း၌ အစုဆယ့်တစု စုပြီးလျှင် ကြီးစဉ်ငယ်လိုက် မိမိကျရောက်သောအစုကို ယူ၍ ကျောက်စည်ထိုးပြီးမှ မိမိနေရာသို့ ပြန်သွားကာ ကောင်းမွန်စွာ စားသောက်ပြီးလျှင် တရားကို နှလုံးသွင်း၍ နေလေ၏။ ကျန်သောသူတို့လည်း ကျောက်စည်သံ ကြားပြီးနောက် အသီးအသီးလာရောက်၍ မိမိတို့ဝေစုကို ယူငင်စားသောက်ကာ တရားနှလုံးသွင်း၍ နေကြလေသည်။ အကြောင်းထူးမရှိပဲ တဦးနှင့်တဦး မတွေ့ဆုံရ။

     ထိုသူတို့၏ အကျင့်သီလ ပြင်းထန်လှသောကြောင့် သိကြားမင်း၏ ဘုံဗိမာန် တုန်လှုပ်သည်တွင် သိကြားမင်းသည် ဆင်ခြင်၍ ထိုအကြောင်းကို သိရှိပြီးခါ “ဤသူတို့သည် ကာမစည်းစိမ်ကို လိုလားကြကုန်သလော၊ မလိုလားကြကုန်သလော”ဟု ယုံမှားသံသယ ဖြစ်ရှိကာ ထိုသူတို့၏အလိုကို စုံစမ်းလို၍ နောင်တော်ကြီး၏ ဝေစုအပုံကို သုံးရက်တိုင်တိုင် ဆက်၍ မိမိတန်းခိုးဖြင့် ဝှက်ထားလေ၏။

     နောင်တော်ကြီးသည် ပဌမနေ့ ဝေစုယူရန် လာရောက်သောအခါ ဝေစုမရှိပဲဖြစ်နေသည်ကို တွေ့၍ “ငါ့အတွက် ဝေစုကိုမေ့၍ မထားမိပဲ ဖြစ်လိမ့်မည်”ဟု အောက်မေ့ကာ တစုံတရာ မည်သို့မျှမဆိုပဲ တရားကိုသာ

(လူ)

အားထုတ်၍ နေတော်မူ၏။ ဒုတိယနေ့မှာ “ငါ့အား အပြစ်တစုံတရာရှိသဖြင့် ဒဏ်ပေးသောအနေဖြင့် ဝေစုမထား ရှိချေမည်”ဟု အောက်မေ့ကာ ရှေးနည်းအတူပင် နေတော်မူ၏၊ တတိယနေ့သို့ ရောက်သောအခါ “ငါ့အပြစ်ရှိက သည်းခံစေမည်၊ ကန်တော့မည်”ဟု ကြံစည်တော်မူကာ ညနေချမ်းအခါ၌ ကျောက်စည်ထိုး၍ အလုံးစုံ စည်းဝေးစေပြီးလျှင် သုံးရက်တိုင်တိုင် မိမိအတွက် ဝေစုမရကြောင်း ပြောဆို၍ “အဘယ့်ကြောင့် ငါ့အတွက် ဝေစုမထားကြသနည်း၊ အပြစ်ရှိလျှင် ပြောကြကုန်၊ ထိုအပြစ်အတွက် သင်တို့ကို ငါတောင်းပန်ပါမည်”ဟု ပြောသည်တွင် အကြီးဆုံးဖြစ်သောညီက ထိုင်ရာမှထတဲ့၍ နောင်တော်ကြီးကို ရှိခိုးပြီးလျှင် “ဆရာ.. သူတပါးအတွက် မပါဝင်စေပဲ ကျွန်ုပ်၏အတွက်သက်သက် ပြောဆိုနိုင်ခွင့် ရပါသလော”ဟု မေးမြန်းသည်တွင် အလောင်းတော်က ပြောဆိုနိုင်ကြောင်း အခွင့်ပြုသောအခါ..

အရှင်သူမြတ်.. အကယ်၍ ကျွန်ုပ်သည် အရှင်၏ဝေစုဖြစ်သည့် ကြာစွယ်တို့ကို ခိုးယူအံ့၊ မြင်းကို၎င်း နွားကို၎င်း ငွေကို၎င်း ရွှေကို၎င်း နှစ်သက်ဖွယ်ကောင်းသော မယားကို၎င်း ဤအရပ်မှာ ရရှိပြီးလျှင် သားသမီး မယားတွေနှင့် ပြည့်ပြည့်စုံစုံ နေရသည် ဖြစ်ပါစေသား-

ဟူ၍ ကျိန်စာရွက်လေသည်။ (ဤသို့ ကျိန်စာရွက်ခြင်းမှာ.. ချစ်နှစ်သက်ဖွယ် ဝတ္ထုရှိသလောက် ထိုဝတ္ထုတို့နှင့် ကွေကွင်းသောအခါ သောကဒုက္ခရောက်ရသည် ဖြစ်သောကြောင့် ဝတ္ထုကာမတို့ကို ကဲ့ရဲ့လိုသည်ဖြစ်၍ ဤကဲ့သို့ ကျိန်စာရွက်ခြင်း ဖြစ်လေသည်။)

     ထိုအခါ နောင်တော်ကြီးက ဤမျှဝန်လေးသော ကျိန်စာကို ဆိုဘိ၏၊ သင်မစားသည်ကို ငါယုံကြည်၏၊ သင့်နေရာ၌ သင်ထိုင်လော့-ဟု အမိန့်ရှိသည့်ပြင် ကျန်သောသူတို့ကလည်း အချင်း.. ဤသို့ မကျိန်ဆိုပါလင့်၊ သင်၏ကျိန်စာကား ဝန်လေးလှဘိ၏-ဟု ပြောဆိုကြကာ နားကိုပိတ်၍ ထားကြကုန်၏၊ (ဤသို့ နားကို ပိတ်ကြခြင်းမှာ ထိုပုဂ္ဂိုလ်တို့သည် ကိလေသာအာရုံ ကာမဂုဏ်တို့ကို အလွန် စက်ဆုပ်လှသည့်အတွက် တောထွက်ကာ တရားအားထုတ်နေကြသူများဖြစ်၍ ကာမနှင့်စပ်သော စကားကို ကြားရုံမျှပင် မကြားဝံ့ကြအောင် ကြောက်ရွံ့ ထိတ်လန့်ကြသောကြောင့် ဖြစ်ပေသည်။ ထိုအခါ ဒုတိယမြောက်ညီက..

အရှင်သူမြတ်.. အကယ်၍ ကျွန်ုပ်သည် ဝေစုကြာစွယ်တို့ကို ခိုးယူမိငြားအံ့၊ ပန်းကို ပန်ဆင်ရသူ ကာသိကတိုင်းဖြစ် စန္ဒကူးကို လိမ်းကျံရသူ

(လေ)

ဖြစ်ပါစေသား သားသမီးတွေများစွာ ဖြစ်ထွန်းပါစေသား။ ကာမဂုဏ်တို့၌ အလွန်ထက်မြက် ငဲ့ကွက်မှု တွယ်တာမှုကို ကျွန်ုပ် ပြုရပါစေသား..

ဟူ၍ ကျိန်စာရွတ်လေသည်။ (ဤနည်းအားဖြင့် ရှစ်ဦးလုံးပင် အသီးအသီး ကျိန်စာရွတ်ကြလေသည်။)

     ဤဇာတ်တော်၌ ခေါင်းဆောင်ဖြစ်သော မဟာကဉ္စန ရသေ့သူမြတ်သည် ဘုရားအလောင်းတော်ဖြစ်၍၊ ကျန်သော ဆယ်ဦးတို့လည်း အသီးအသီး အလောင်းအလျာတွေချည်း ဖြစ်ကြသောကြောင့် ကာမဂုဏ်တို့ကို ဧကန်ပင် ကြောက်ရွံ့စက်ဆုပ်ကြသော စိတ်သဘောထား ရင့်မာသူများဖြစ်ကြသဖြင့် ဖော်ပြရာပါ ကျိန်စာတို့ကို တဖက်သားအများတို့ ယုံကြည်ကြစေရန် ရဲရဲဝံ့ဝံ့ ကျိန်ဆိုကြခြင်းဖြစ်သည်။ ဤဘိသဇာတ်၌ သစ္စာပြုသည်ဟူ၍ကား တိုက်ရိုက်မဆို၊ ကျိန်စာရွတ်သည်ဟူ၍သာ ဆိုသည်။ သို့သော် မှန်ကန်သောစကားကို အခြေခံပြုကာ ကျိန်စာရွတ်ခြင်းဖြစ်သောကြောင့် အလောင်းတော်များ ဖြည့်ကျင့်သော ဝစီသစ္စာပင် ဖြစ်သည်။ ဤသို့ အသီးအသီး ကျိန်စာဆိုကြသော စကားရပ်များတွင် “ကျွန်ုပ်သည် အရှင်၏ဝေစုဖြစ်သော ကြာစွယ်ကို မခိုးယူပါ”ဟူသော စကားသာ ဆိုလိုရင်းဖြစ်သည်။ ဤဆိုလိုရင်း စကားသည် အမှန်အတိုင်း ပြောဆိုခြင်းဖြစ်၍ ဝစီသစ္စာပင်ဖြစ်သည်။ မည်သည့်အရာမျိုးတွေကို ရပါစေ၊ မည်ကဲ့သို့ ဖြစ်ပါစေ-ဟူသော ကျိန်စာစုမှာ တဖက်သားအများတို့ ယုံကြည်စေရန် အပြစ်ကို ထည့်သွင်းပြောဆိုခြင်းမျှသာ ဖြစ်သည်၊ ထို့ကြောင့် ဤသစ္စာကို “သဒ္ဒဟာပနသစ္စာ”ဟူ၍ ဆိုအပ်၏။ ကမ္ဘာဦးအစ မဟာသမ္မတမင်းမှစ၍ ယခုကာလ အစိုးရမင်းများလက်ထက်တိုင် သစ္စာ ကျိန်ဆိုခြင်းဟူသမျှသည် ဤ “သဒ္ဒဟာပနသစ္စာ”မျိုးသာဖြစ်ကြောင်း ကောင်းစွာ မှတ်ယူအပ်၏။

ကျမ်းသစ္စာ

     လောက၌ ကျိန်ဆိုရမည့် အကြောင်းအရာတို့ကို ကျမ်းစာတခု ပြုလုပ်ရေးသားထားခြင်း မရှိသေးမီ အတွင်း၌ ပြခဲ့ပြီးသည့်အတိုင်း နှုတ်ဖြင့်သာ ကျိန်ဆိုရသောကြောင့် “သစ္စာကျိန်ဆိုခြင်း”ဟူ၍ ခေါ်ဆိုရ၏၊ ကျမ်းစာတခု ပြုလုပ် ရေးသားထားပြီးသည့် နောက်မှာကား နှုတ်သက်သက်ဖြင့်သာ ကျိန်ဆိုမှု မပြုကြတော့ပဲ ကျမ်းစာကို လက်ဖြင့်ကိုင်၍ (သို့မဟုတ် ဦးထိပ်ရွက်၍) ကျိန်ဆိုမှု ပြုကြသောကြောင့် “ကျမ်းသစ္စာ ကျိန်ဆိုသည်”ဟူသော အသုံးအနှုန်း ဖြစ်ပေါ်လာသည်။ ဤကျမ်းသစ္စာ ကျိန်ဆိုခြင်းကိုပင် အရပ်သုံး ဝေါဟာရအားဖြင့် “ကျမ်းကိုင်သည်”ဟူ၍၎င်း၊ ဤသို့ ကျမ်းကိုင်ရန် စေခိုင်းသည်ကို

(လဲ)

“ကျမ်းတိုက်သည်”ဟူ၍၎င်း ခေါ်ဆိုကြ၏။ ဤသို့ သူတဖက်သားတို့ ယုံကြည်စေရန် မိမိအတွက် ရည်သန်၍ “ဤအတိုင်းမှန်ပါသည်၊ မမှန်ခဲ့သော် ဤသို့ ဤသို့ ဖြစ်ပါစေ” စသည်ဖြင့် ကျိန်စာရွတ်ခြင်းမျိုးကိုသာ သဒ္ဒဟာပနဝစီသစ္စာခေါ် ကျမ်းသစ္စာကျိန်ဆိုခြင်း ဖြစ်သည်ဟု မှတ်ယူအပ်၏။

ကျိန်ဆဲခြင်း

     မှန်ကန်ခြင်းသစ္စာကို အရင်းခံမထားပဲ သူတပါးတို့ အကျိုးယုတ်ရန်အတွက် မြွက်ဆိုအပ်သော ကျိန်စာမျိုးကား သစ္စာကျိန်ဆိုခြင်းမဟုတ်ပဲ “ကျိန်ဆဲခြင်း”သာ ဖြစ်သည်။ ဤကျိန်ဆဲခြင်းပုံစံမှာ..

ရသေ့နှစ်ပါးဝတ္ထု

     ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဒေဝီလအမည်ရှိသော ရသေ့တဦးသည် ဟိမဝန္တာ၌ နေပြီး၍ ချဉ်ဆားမှီဝဲရန် ဗာရာဏသီ ပြည်သို့ လာသောအခါ မြို့တံခါးအနီး အိုးထိန်းသည် (အိုးလုပ်သမား)၏ တဲကုဋ်မှာ အိုးလုပ်သမားထံ ခွင့်ပန်၍ ခေတ္တ တည်းခိုနေထိုင်၏။ ထို့နောက် မကြာမီပင် နာရဒအမည်ရှိသော ရသေ့သည်လည်း ထို့အတူ လာရောက်၍ ထိုတဲကုဋ်မှာပင် နေထိုင်လေ၏။ ညဉ့်အိပ်ချိန်ရောက်သောအခါ နာရဒရသေ့သည် ဒေဝီလရသေ့၏ အိပ်ရာကို၎င်း အတက်အဆင်း အဝင်အထွက် တံခါးကို၎င်း ကောင်းစွာမှတ်သား၍ အိပ်လေ၏။ ဒေဝီလရသေ့သည်ကား လဲလျောင်းပြီးနောက် မိမိ၏ နေရာရင်းတွင် မအိပ်ပဲ အတက်အဆင်း အဝင်အထွက် တံခါးအလယ်မှာ သွား၍ ကန့်လန့်ဖြတ် အိပ်နေ၏။

     နာရဒရသေ့သည် ညဉ့်အခါ အောက်သို့ ဆင်းသည်ရှိသော် ဒေဝီလရသေ့၏ ဆံကျစ်ကို နင်းမိလေ၏။ ဒေဝီလရသေ့က “ငါ့ဆံကျစ်ကို မည်သူနင်းသနည်း”ဟု မေးသောအခါ “ဆရာ.. သင်ရှိမှန်းမသိ၍ ငါနင်းမိပါသည်”ဟု သာယာညှင်းပျောင်း ပြောဆိုပါသော်လည်း ဒေဝီလရသေ့က “ဟယ် ရသေ့စဉ်းလဲ.. တောကလာပြီးလျှင် ငါ့ဆံကျစ်ကို နင်နင်းခြင်းသည် သင့်လျော်၏လော”ဟု ဆိုသောအခါ နာရဒရသေ့က “ဆရာ.. ဤနေရာ၌ သင်အိပ်နေကြောင်းကို မသိ၍ နင်းမိပါသည်။ သည်းခံပါ”ဟု တောင်းပန်စကား ပြောကြား၍ ဒေဝီလရသေ့ မြည်တွန်တောက်တီးနေစဉ်ပင် အပြင်သို့ ထွက်သွားလေ၏။

     ဒေဝီလရသေ့သည် နာရဒရသေ့ပြန်ဝင်လာလျှင် ငါ့ကိုပင် နင်းမိလိမ့်ဦးမည်ဟု စိုးရိမ်ကာ ခေါင်းရင်းခြေရင်း လဲလှယ်၍ အိပ်ပြန်လေ၏။ နာရဒရသေ့ ပြန်ဝင်လာသောအခါ “ငါဆင်းစဉ်က သူ့ခေါင်းရင်းနေရာကို မသိသဖြင့် သူ၏ဆံကျစ်ကို နင်းမိကာ ချွတ်ယွင်းခဲ့လေပြီ၊ ယခု ခြေရင်းဖက်မှသာ ဝင်အံ့”ဟု

(လော)

ကြံ၍ ဝင်လေသော် ဒေဝီလရသေ့၏ လည်ပင်းကို နင်းမိပြန်၏။ ဒေဝီလရသေ့က “ငါ့လည်ပင်း နင်းသူကား မည်သူနည်း”ဟု မေးသောအခါ နာရဒရသေ့က “ဆရာ.. ငါနင်းမိသည်”ဟု ပြောလျှင် ဒေဝီလရသေ့က “ဟယ် ရသေ့စဉ်းလဲ.. ပဌမအကြိမ် ငါ့ဆံကျစ်ကို နင်းပြီးလျှင် ယခု လည်ပင်းကို နင်းပြန် သည်၊ သင့်ကို ငါကျိန်ဆဲအံ့”ဟု ဆိုလေသော် နာရဒရသေ့က “ဆရာ.. ငါ့မှာ အပြစ်မရှိပါ၊ ငါသည် သင် ဤကဲ့သို့ အိပ်နေသည်ကို မသိ၍ ပဌမအကြိမ် ချွတ်ယွင်းခဲ့ပါသည်။ ယခုလည်း မချွတ်ယွင်း (မမှား)ရအောင် သင့်ခြေရင်းမှ ဝင်မည်ဟုပင် ငါဝင်ခဲ့ပါသည်။ သည်းခံပါ”ဟူ၍ တောင်းပန်လေ၏။

     ဒေဝီလရသေ့က “ဟယ် ရသေ့စဉ်းလဲ.. သင့်ကို ငါကျိန်ဆဲတော့မည်”ဟု ဆိုသည်တွင် နာရဒရသေ့က “ဆရာ.. ဤကဲ့သို့ မပြုပါလင့်”ဟု တောင်းပန်သော်လည်း မရ၊ ထိုတောင်းပန်စကားကို မနာယူပဲ “နက်ဖန်နံနက် နေထွက်သည်နှင့် တပြိုင်နက် သင်၏ဦးခေါင်း ခုနှစ်စိတ်ကွဲပါစေသား”ဟု ကျိန်ဆဲလေ၏။ ထိုအခါ နာရဒရသေ့က “ဆရာ.. ငါ့မှာ အပြစ်မရှိပါဟု ပြောဆိုပါလျက် တောင်းပန်ပါလျက် သင်ကျိန်ဆဲဘိသည်၊ အပြစ်ရှိသူ၏ ဦးခေါင်းသာ ခုနှစ်စိတ် ကွဲပါစေသား”ဟု ပြန်လည် ကျိန်ဆို၏။ (ဤနာရဒရသေ့၏ ကျိန်ဆိုခြင်းမှာ ဒေဝီလရသေ့ကဲ့သို့ စင်စစ် ကျိန်ဆဲလိုသော ဒေါသစိတ်စေတနာ မရှိ၊ အပြစ်ရှိသော ဒေဝီလရသေ့ ကြောက်ရွံ့ထိတ်လန့်၍ တောင်းပန်ဝန်ချစေရန်သာ ဆဲသကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ နာရဒရရသေ့သည် ရှေ့ကမ္ဘာလေးဆယ် နောက်ကမ္ဘာလေးဆယ် ပေါင်း ကမ္ဘာရှစ်ဆယ်အထိ သိမြင်နိုင်သော တန်ခိုးကြီးသည့် ရသေ့ဖြစ်၏။) သို့ဖြစ်၍ “ဤကျိန်ဆဲချက်သည် သူ့အပေါ်မှာ ကျရောက်မည်လော၊ ငါ့အပေါ်မှာ ကျရောက်မည်လော”ဟု တန်းခိုးဖြင့် ကြည့်သောအခါ ဒေဝီလရသေ့အပေါ်မှာ ကျရောက်မည်ကိုသိ၍ ထိုဒေဝီလရသေ့ကို သနားငဲ့ညှာကာ မိမိ၏တန်းခိုးဖြင့် နေအရုဏ်မတက်အောင် ဟန့်တားထားလေ၏။

     အချိန်တန်လျက် နေမထွက်သောအခါ တိုင်းသူပြည်သားတို့သည် ပြည့်ရှင်မင်းကြီး၏ နန်းတော်တံခါးဝသို့ သွားပြီးလျှင် “အရှင်မင်းကြီး.. သင့်လက်ထက်မှာ ယခု နေမထွက်ပဲ ရှိနေပါသည်။ နေထွက်အောင် ကျင့်ကြံတော်မူပါ”ဟူ၍ တညီတညွတ်တည်း ကြွေးကြော်ကြကုန်၏။ မင်းကြီးလည်း မိမိ၏ အကျင့်တရားကို စဉ်းစားဆင်ခြင်သည်တွင် တစုံတရာ မသင့်လျော်မှုကို မမြင်သဖြင့် အကြောင်းထူးရှိလိမ့်မည် ဟု ကြံစည်ကာ “ရဟန်းများ၏ ငြင်းခုံမှုအတွက်သာ ဖြစ်တန်ရာသည်”ဟု တွေးတောမိ၍ ငါ့တိုင်းပြည်မှာ ရသေ့ရဟန်းများ ရှိသလောဟု စုံစမ်း မေးမြန်းသောအခါ ရသေ့နှစ်ပါး၏အကြောင်းကို ကြားသိတော်မူသဖြင့် ညဉ့်တွင်းချင်းပင် ကိုယ်တိုင် အခြွေအရံများစွာနှင့်တကွ ရသေ့တို့ထံ လာရောက်ပြီးလျှင် နာရဒရသေ့ အမိန့်ရှိသောအတိုင်း ဒေဝီလရသေ့၏

(လော်)

ဦးခေါင်းပေါ်၌ မြေစိုင်ခဲကို ရွက်စေလျက် ရေအိုင်ထဲသို့ အတင်းအကြပ် ဆင်းစေတော်မူ၏။ ထို့နောက် နာရဒရသေ့က တန်းခိုးကို ရုပ်သိမ်းလိုက်သဖြင့် အရုဏ်တက်၍ နေထွက်သည်နှင့်တပြိုင်နက် မြေစိုင်ခဲ ခုနစ်စိတ် ကွဲသွားသောအခါ ဒေဝီလရသေ့သည် ရေငုပ်ကာ အခြားနေရာသို့ ရွှေ့ပြောင်း၍ ရေမှတက်ကာ ချမ်းသာရာ ရဘူးလေသည်း၊ (ဓမ္မပဒအဋ္ဌကထာ၊ ၁-ယမကဝဂ်၊ ၃-တိဿဝတ္ထု)

ဤဝတ္ထု၌ ဒေဝီလရသေ့၏ “နေထွက်သည်နှင့်တပြိုင်နက် သင့်ဦးခေါင်း ခုနစ်စိတ်ကွဲပါစေသား”ဟူသော ကျိန်ဆိုချက်သည် မိမိအတွက်မဟုတ် နာရဒရသေ့အတွက် ရည်သန်ကာ ဒေါသစိတ်ဖြင့် ကျိန်ဆိုသော စကားဖြစ်၍ ကျမ်းသစ္စာ ကျိန်စာမဟုတ်ပဲ ကျိန်ဆဲခြင်းသာ ဖြစ်သည်ဟု သိအပ်၏။

     ဤဝတ္ထုလာ ကျိန်ဆဲခြင်းမျိုးကဲ့သို့ပင် ကျောက်စာများ၌လည်း ရှေးအခါက ထိုးမှတ် ရေးသားကြဘူးသည်မှာ.. ပုဂံပြည် စူဠာမုနိဘုရား မြောက်ဖက်ရှိ သက္ကရာဇ် (၅၃၇)ခုနှစ်ထိုး နားဍောင်းတင်ဘုရား ကျောက်စာအဆုံးတွင် “ငါ့ကောင်းမှုကို ဖျက်သသူကား အမျိုးခုနစ်ဆက် ညက်ညက်ပြုန်းတီး ပျက်စီးစေသောဝ်၊ အဝီစိငရဲထဲ၌ကျက်၍ ကမ္ဘာအဆက်ဆက် ဘုရားတို့လာ၍ ချွတ်သော်လည်း မကျွတ်နိုင်သည့် ငရဲသစ်ငုတ် ဖြစ်စေသတည်း”ဟူ၍ ကျိန်စာထိုးထားလေသည်။ ဤကျိန်ဆဲစာမျိုးမှာ ဘုရား အလောင်းတော်များ ပြုလုပ်လေ့ရှိသော အရာမဟုတ်။ အမှန်အားဖြင့် ဖရုသဝါစာခေါ် ဝစီဒုစရိုက်မျိုး တနည်းအားဖြင့် လောက၌ သဘောထား သေးသိမ်သူတို့ အချင်းချင်း မခံသာအောင်ဆဲဆိုသော စကားမျိုးသာ ဖြစ်သည်ဟု မှတ်သားအပ်၏။

     ဤ သဒ္ဒဟာပနသစ္စာအကြောင်းကို ဘိသဇာတ်ဖြင့်သာ သိအပ်သည်မဟုတ်သေး၊ အသီတိနိပါတ်၊ ၅-သုတသောမဇာတ်ဖြင့်လည်း သိအပ်၏။ (ထိုဇာတ်အကျယ်ကို ငါးရာ့ငါးဆယ်ဝတ္ထု၌ ကြည့်ရာ၏၊) ဤ၌ ဖော်ပြလိုရင်း အကျဉ်းချုပ်မှာ..

     မဟာသုတသောမမင်းကြီးသည် ပေါရိသာဒထံတွင် “ငါသည် ငါ့ပြည်တော်သို့ ခေတ္တ ပြန်လိုသည်၊ ပြန်လိုသည့်အကြောင်းမှာ မိဂါဇိန်ဥယျာဉ်တော်သို့ ငါထွက်လာစဉ် လမ်းခရီးအကြားမှာ နန္ဒပုဏ္ဏားက သတာရဟ= (တရာတန်)တရား လေးဂါထာကို ဟောလိုကြောင်း လျှောက်ထားသည်တွင် ဥယျာဉ်တော်ကအပြန်မှ နာမည်၊ စောင့်ဆိုင်းပါဟု ချိန်းချက်ကာ စကားအကြွေး ထားခဲ့ချက်ရှိသည်။ ဤတရားကိုနာ၍ ငါ့စကားကြွေးကို ပြေလည်အောင်ဆပ်ပြီးလျှင် သင့်ထံသို့ ငါပြန်ခဲ့ပါမည်”ဟု ခွင့်တောင်းသောအခါ ပေါရိသာဒက

(လံ)

“အသင်သည် သေမင်းလက်မှ လွတ်မြောက်သွားပြီး နောက်တဖန် သေမင်းထံ ပြန်လာပါဦးမည် ဟူသကဲ့သို့ ပြောဆိုလေသည်။ ထိုစကားကို ကျွန်ုပ် မယုံကြည်နိုင်”ဟု ငြင်းပယ်၏။

     ထိုအခါ မဟာသုတသောမမင်းက “အဆွေတော် ပေါရိသာဒ.. လောက၌ စင်ကြယ်သော သီလရှိ၍ သေရခြင်းက မြတ်သေး၏၊ ယုတ်မာသော သဘောရှိ၍ အသက်ရှည်ရခြင်းသည် သူတပါးတို့ ကဲ့ရဲ့အပ်သည်သာ ဖြစ်၏။ မမှန်မကန် ပြောဆိုအပ်သော စကားသည် သေသည့်နောက် အပါယ်ဒုဂ္ဂတိဘေးမှ စောင့်ရှောက်မည်မဟုတ်။ အဆွေတော် ပေါရိသာဒ.. လောက၌ လေကြမ်းသည် မြေပြင်ရှိ ကျောက်တောင်ကြီးများကို ကောင်းကင်သို့ ပျံတက်သွားအောင် တိုက်ခတ်လိုက်သည်ဟူ၍၎င်း၊ လနှင့် နေတို့သည် မြေပြင်သို့ ကြွေကျကုန်သည် ဟူ၍သော်၎င်း၊ အလုံးစုံသော မြစ်တို့သည် အညာသို့သာ ရေဆန်ကြကုန်သည် ဟူ၍သော်၎င်း တစုံတယောက်က ပြောဆိုငြားအံ့၊ ထိုစကားကို အသင် ယုံသော်မူ ယုံပါလေ၊ “မဟာသုတသောမမင်းသည် မုသားစကားကို ပြောဆိုသည်”ဟု တစုံတယောက်က ပြောလာလျှင် အသင် မယုံပါလေလင့်။ အဆွေတော် ပေါရိသာဒ.. ဟင်းလင်းပြင် ကောင်းကင်ကြီးသည် ထက်ခြမ်း ကွဲသွားသည် ဟူ၍သော်၎င်း၊ မဟာသမုဒြာကြီးသည် ခြောက်ခန်းသွားပြီ ဟူ၍သော်၎င်း၊ မြင်းမိုရ်တောင်ကြီးသည် အရင်းအမြစ်နှင့်တကွ ပြုတ်ထွက်သွားပြီ ဟူ၍သော်၎င်း၊ တစုံတယောက်က ပြောလာလျှင် ထိုစကားကို အသင် ယုံသော်မူ ယုံပါလေ၊ “မဟာသုတသောမမင်းသည် မုသားစကားကို ပြောဆိုသည်”ဟု တစုံတယောက်က ပြောလာသော်လည်း အသင် မယုံပါလေလင့်။ ဤကဲ့သို့ မိန့်ဆိုတော်မူလေသည်။ ဤသို့ ပြောဆိုသော်လည်း ပေါရိသာဒက ကောင်းစွာ မယုံကြည်သေး။

(ဤယခု မဟာသုတသောမမင်း ပြောဆိုသောစကားသည် သစ္စာဆိုခြင်း မဟုတ်သေး၊ မိမိ၏စကားကို မှန်ပါပေသည်ဟု ပေါရိသာဒက ယုံကြည်စေရန် အခြေခံထားခြင်းမျှသာ ဖြစ်သည်။ ဤနည်းသို့လိုက်၍ ယခုကာလ သစ္စာထားဟုခေါ်သော အဖွဲ့အနွဲ့များမှာလည်း “မိုးပေါ်မှာ ရေစီးလို့၊ မြေကြီးက နေထွက်စေ” အစရှိသည်ဖြင့် မဖြစ်နိုင်သောအရာကို အခြေခံထား ရေးသားဖွဲ့ဆိုကြသည်ကို တချို့က “ပညာရှိများ ရယ်ရွှင်ဖွယ်ဖြစ်အောင် တမင်ကြံစည် ဖွဲ့စီထားကြသည်ဟု ထင်မြင်ပြောဆိုတတ်ကြ၏။ အမှန်မှာ.. ထိုသစ္စာထားခေါ်သော အဖွဲ့အနွဲ့များသည် ယခုဖော်ပြရာပါ မဟာသုတသောမ မင်းကြီးကိုယ်တိုင် ပေါရိသာဒအား ပြောကြားသော စကားမျိုးနှင့် တသဘောတည်းဖြစ်၏။ ဤစကားမျိုးကို

(လား)

အလင်္ကာကျမ်းများ၌ “ဘာဝအလင်္ကာ”ဟု အမည်ပေးထား၏။ (ပညာရှိများက မိမိစကားကို ခိုင်မြဲစေရန် မိမိတို့၏အလိုကို ဖော်ပြ၍ တန်းဆာဆင်ထားသော စကားဖြစ်သည်ဟု ဆိုလိုသည်။)

     ဤသို့ ပြောသော်လည်း ပေါရိသာဒ မယုံကြည်နိုင်သဖြင့် သုတသောမမင်းသည် “ဤပေါရိသာဒသည် ငါ့အား မယုံကြည်၊ ကျိန်စာဆိုခြင်းဖြင့် ထိုပေါရိသာဒကို ယုံကြည် စေအံ့”ဟု ကြံစည်ပြီးလျှင် “အဆွေတော် ပေါရိသာဒ.. ငါ့ကို သင့်ပခုံးမှ ချပါဦး၊ ကျိန်စာဆို၍ သင့်ကို ငါ ယုံကြည်စေပါမည်”ဟု ပြောဆိုလတ်သော် ပေါရိသာဒသည် အလောင်းတော်ကို မိမိပခုံးထက်မှ မြေသို့ ချလေသည်။ အလောင်းတော် သုတသောမမင်းသည် “အဆွေတော် ပေါရိသာဒ.. အဆွေတော်က ပြုစေလိုပါလျှင် ဤသို့သော သန်လျက် လှံသွားတို့ဖြင့် ကောင်းစွာ စောင့်ရှောက်အပ်သော မင်းမျိုး၌ နောက်ထပ်တဖန် မဖြစ်ပါစေသားဟုဆို၍ သန်လျက်ကို၎င်း လှံကို၎င်း လက်ဖြင့် သုံးသပ် ဆုပ်နယ်ပါမည်၊ ငါသည် သင့်ထံမှ ခေတ္တ လွတ်ထွက်သွားပြီးလျှင် နေပြည်တော်မှာ ချိန်းချက်ထားခဲ့သောအတိုင်း နန္ဒပုဏ္ဏားနှင့် စကားအကြွေးမရှိ ရအောင် တရားတော်ကိုနာပြီးနောက် သစ္စာကို စောင့်ရှောက်သောအားဖြင့် သင့်ထံသို့ ပြန်ခဲ့ပါမည်၊ ငါမဟုတ်မမှန် ပြောခဲ့သော် ဤသန်လျက်လှံတို့ဖြင့် ကောင်းစွာ စောင့်ရှောက်အပ်သော မင်းမျိုး၌ နောက်ထပ်တဖန် မဖြစ်ပါစေသား”ဟု ယုံပါစေလို ကျိန်စာဆိုလေသည်။

     ထိုအခါမှ ပေါရိသာဒသည် “ဤသုတသောမမင်းသည် သာမညမင်းတို့ ကျိန်ဆိုဝံ့ခဲသော ကျိန်စာကို ဆိုပေသည်၊ ငါ့ထံသို့ ပြန်လိုလည်း ပြန်၊ မပြန်လိုလည်း နေစေ၊ ငါလည်း မင်းတပါးပင်၊ သူမပြန်လာသော် ငါ၏ လက်မောင်းသွေးကို ထုတ်ယူ၍ ညောင်စောင့်နတ်မင်းအား ပူဇော်တော့မည်”ဟု ကြံစည်ပြီးလျှင် အလောင်းတော် သုတသောမမင်းကို ခွင့်လွှတ်လိုက်လေသည်။

     ဤ မဟာသုတသောမမင်းကြီး၏ ဝစီသစ္စာသည်လည်း ပေါရိသာဒ ယုံကြည်စေရန် မိန့်ဆိုအပ်သော သစ္စာဖြစ်၍ “သဒ္ဒဟာပနသစ္စာ”ပင် ဖြစ်၏၊ ဤသစ္စာမျိုးသည် အလောင်းတော်များ ဖြည့်ကျင့်ရမည့် ပါရမီသစ္စာမျိုး ဖြစ်၏။

(၂) ဣစ္ဆာပူရဏသစ္စာ

     (၂) အမှတ်ဖြစ်သော အလိုရှိအပ်သည့်အရာကို ပြည့်စုံစေရန် ဆိုအပ်သော ဝစီသစ္စာ၏ အကြောင်းအရာကို မဟာနိပါတ် သုံးခုမြောက် “သုဝဏ္ဏသာမဇာတ်တော် စသည်ကို ကြည့်ရှုသိမှတ်ရာ၏။

(ဝ)

     ထိုသုဝဏ္ဏသာမ ဇာတ်တော်၌ အလောင်းတော် သုဝဏ္ဏသျှံသည် မြှားဆိပ်ဒဏ် လွှမ်းမိုးလျက် သတိမရပဲ မိန်းမောတွေဝေနေစဉ် ပီဠိယက္ခမင်းကြီး ခေါ်ဆောင်လာခဲ့သော ခမည်းတော်နှင့် မယ်တော်တို့သည် သုဝဏ္ဏသျှံ မိန်းမောတွေဝေနေရာသို့ ရောက်လျှင်ပင် ခမည်းတော် ဒုကူလ-က ဦးခေါင်းရင်းမှထိုင်ကာ သား၏ဦးခေါင်းကို မ-လျက်၊ မယ်တော်ပါရိကာ-က ခြေရင်းမှထိုင်ကာ ခြေတို့ကိုကိုင်၍ မိမိပေါင်၌ ထားပြီးလျင် ငိုကြွေးလျက် မျက်မမြင် ဖြစ်ကြသောကြောင့် လက်ဖြင့်သာ စမ်းသပ်ကြည့်ရှုကြရာ မယ်တော်က ရင်ဝကို စမ်းသပ်မိသည်တွင် ကိုယ်ငွေ့ရှိနေသည်ကို တွေ့ရသဖြင့် “ငါ့သား မသေသေး၊ အဆိပ်အတွက် မိန်းမောနေခြင်းမျှသာ ဖြစ်သည်၊ ဤအဆိပ်ကို ငါ၏ သစ္စာအစွမ်းဖြင့် ပယ်ဖျောက်အံ့”ဟု ကြံစည်ကာ-

(၁) ကျွန်ုပ်၏သား သာမသည် ရှေးအခါက တရားကိုသာ ကျင့်လေ့ရှိပါ၏၊ ဤစကား မှန်သည်ဖြစ်အံ့၊ ကျွန်ုပ်သား၏ အဆိပ်သည် ပျောက်ကင်းပါစေသတည်း။

(၂) (ဤနည်းအတူ) ကျွန်ုပ်သား သာမသည် ရှေးအခါက မြတ်သောအကျင့်ကိုသာ ကျင့်လေ့ရှိပါ၏။

(၃) ကျွန်ုပ်၏သား သာမသည် ရှေးအခါက မှန်သောစကားကိုသာ ဆိုလေ့ရှိပါ၏။

(၄) ကျွန်ုပ်၏သား သာမသည် အမိအဖတို့ကို လုပ်ကျွေးသောသူ ဖြစ်ပါ၏။

(၅) ကျွန်ုပ်၏သား သာမသည် အမျိုးထဲမှာ ကြီးကုန်သောသူတို့ကို ရိုသေသမှု ပြုပေ၏။

(၆) ကျွန်ုပ်၏သား သာမကို ကျွန်ုပ်အသက်ထက်ပို၍ ချစ်ပေ၏။

(၇) ကျွန်ုပ်သည်၎င်း သူ့ဖခင်သည်၎င်း ပြုအပ်သော ကုသိုလ်အလုံးစုံကြောင့် သာမ၏အဆိပ်သည် ပျောက်ကင်းပါစေသတည်း-

ဤသစ္စာ (၇) ခုနစ်ချက်တို့ကို ပြုသောအခါ သုဝဏ္ဏသာမ (သုဝဏ္ဏသျှံ)သည် ဗယ်ညာပြောင်းလဲ၍ အိပ်၏။

     ထိုအခါ ဖခင်သည် “ငါ့သားသည် အသက်ရှင်လျက် ရှိ၏၊ ငါသည်လည်း သစ္စာကို ပြုအံ့”ဟူ၍ မယ်တော်ပြုသည့်အတိုင်း သစ္စာ (၇) ခုနစ်ချက် ပြုပြန်သောအခါ ဘုရားအလောင်းသည် နံပါးတဖက်ဖြင့် ပြောင်းလဲ၍ အိပ်ပြန်၏။

(ဝါ)

     ထိုအခိုက်၌ သု၀ဏ္ဏသာမ၏ လွန်ခဲ့သော ခုနစ်ခုမြောက်ဘဝမှာ မိခင်ဖြစ်ခဲ့ဘူးသော ယခုအခါ ဟိမဝန္တာ ဂန္ဓမာဒနတောင်၌နေသော ဗဟုသုန္ဒရီအမည်ရှိသော နတ်သမီးသည် ဂန္ဓမာဒနတောင်မှ လာခဲ့ကာ သုဝဏ္ဏသာမနေရာသို့ရောက်၍ “ကျွန်ုပ်သည် ဟိမဝန္တာ ဂန္ဓမာဒနတောင်၌ ရှည်စွာသော ကာလပတ်လုံး နေထိုင်ပါ၏။ နေထိုင်သမျှအတွင်း သုဝဏ္ဏသာမထက် ပိုလွန်၍ ချစ်အပ်သောသူ တစုံတယောက်မျှ မရှိပါ၊ ဤစကား မှန်သည်ဖြစ်အံ့ သာမ၏အဆိပ်သည် ပျောက်ကင်းပါစေသတည်း၊ ကျွန်ုပ်နေရာ ဂန္ဓမာဒနတောင်၌ သစ်ပင်ဟူသမျှသည် နံ့သာပင်ချည်းသာ ဖြစ်၏။ ဤစကား မှန်သည်ဖြစ်အံ့၊ သာမ၏အဆိပ်သည် ပျောက်ကင်းပါစေသတည်း”ဟူ၍ သစ္စာပြုပြန်၏။ ဤသို့ မိခင် ဖခင် နတ်သမီးတို့ သနားစဖွယ် ငိုကြွေးမြည်တမ်း၍ နေကြစဉ် အရွယ်နုပျို ကြည်ညိုဖွယ်ကောင်းလှသော အလောင်းတော် သုဝဏ္ဏသာမသည် လျင်မြန်စွာထ၍ ထိုင်လေ၏။

     ဤဇာတ်တော်၌ မိခင်ပါရိကာ ဖခင်ဒုကူလ မိခင်အဟောင်း ဗဟုသုန္ဒရီ နတ်သမီးတို့၏ နှုတ်မြွက်ပြောဆိုအပ်သော သစ္စာစကားသည် သုဝဏ္ဏသာမ အဆိပ်ကင်းပျောက် ချမ်းသာရောက်စေလိုသော အလိုဆန္ဒ ပြည့်ဝစေရန် ဆိုကြခြင်း ဖြစ်သောကြောင့် ဣစ္ဆာပူရဏဝစီသစ္စာ မည်၏။

သုပ္ပါရကဝတ္ထု

     ထိုမှတပါး ဧကာဒသကနိပါတ် သုပ္ပါရကဇာတ်၌လည်း ဣစ္ဆာပူရဏဝစီသစ္စာအကြောင်း လာရှိ၏။ လာရှိဟန် အကျဉ်းချုပ်ကား-

     ရှေးသရောအခါ ကုရုတိုင်း ကုရုကစ္ဆ (ဘရုကစ္ဆ) သင်္ဘောဆိပ်ရွာနေ ဘုရားအလောင်းတော် သုပ္ပါရကအမည်ရှိသော သုခမိန်သည် သင်္ဘောရှေ့ဆောင်ဦးစီး (ကပ္ပိတန်)အလုပ်ကို ပြုလုပ်သည်တွင် ကာလရှည်မြင့်လတ်သော် ပင်လယ်ရေ အခိုးအငွေ့သင့်သဖြင့် မျက်စိနှစ်ဖက်ကွယ်ကာ သင်္ဘောရှေ့ဆောင်ဦးစီးအလုပ်ကို မလုပ်ပဲနေပြီးနောက် တချိန်တွင် ကုန်သည်တို့၏ တောင်းပန်ချက်အရ ဦးစီးပြုလုပ်၍ သင်္ဘောလွှင့်သွားရာ ခုနစ်ရက်လွန်လျှင် အခါမဟုတ် တိုက်ခတ်သောလေကြောင့် သင်္ဘောသည် လမ်းမှန်မသွားနိုင်ပဲ လေးလပတ်လုံး ပကတိသမုဒြာ ရေမျက်နှာပြင်မှာ လှည့်လည်ပြီးနောက်-

(၁) ခုရမာလိသမုဒြာ၊

(၂) အဂ္ဂိမာလိသမုဒြာ၊

(၃) ဒဓိမာလိသမုဒြာ၊

(ဝိ)

(၄) ကုသမာလိသမုဒြာ၊

(၅) နဠမာလိသမုဒြာ၊

တို့ကို လွန်သွားကာ ကြောက်မက်ဖွယ်ကောင်းလှသော ဗလဝါမုခသမုဒြာအနီးသို့ ဆိုက်ရောက်ကြသည်တွင် သုပ္ပါရက ရှေ့ဆောင်ဦးစီးက ဤသမုဒြာသို့ရောက်လျှင် နောက်ဆုတ် ပြန်လှည့်ခြင်းငှါ စွမ်းနိုင်သူဟူ၍ မရှိ၊ နစ်မြုပ် ပျက်စီးကြရသည်သာ ဖြစ်ကြောင်း ပြောဆိုလေလျှင် ကုန်သည်အားလုံးတို့ ပြင်းစွာ ငိုကြွေးကြကုန်၏။

     ထိုအခါ ဘုရားအလောင်း သုပ္ပါရကသုခမိန်သည် “ငါသစ္စာဆို၍ ဤလူအပေါင်းတို့ကို ချမ်းသာစေအံ့”ဟု ကြံပြီးလျှင် “ကျွန်ုပ်သည် ကိုယ်မှန်းသိမြင်ကာ လိမ္မာသည့်အချိန်ကစ၍ သတ္တဝါတယောက်ကိုမျှလည်း မညှဉ်းဆဲဘူးပါ၊ မြက် ဝါးခြမ်းကအစ သူတပါး၏ဥစ္စာကို မခိုးယူဘူးပါ၊ လောဘ၏အစွမ်းဖြင့် သူတပါး သားမယားကို ကြည့်ရုံမျှပင် မကြည့်ဘူးပါ၊ မုသားစကား မပြောဘူးပါ၊ မြက်ဖျားမျှဖြင့်လည်း သေအရက်ကို မသောက်ဘူးပါ၊၊ ဤသစ္စာစကားကြောင့် ဤသင်္ဘောသည် ချမ်းသာစွာ နေရင်းဌာနသို့ ပြန်လည်ဆိုက်ရောက်စေသတည်း”ဟူ၍ သစ္စာပြုတော်မူ၏။ လေးလပတ်လုံး မရပ်မတည် လွင့်ပါးနေသော သင်္ဘောသည် တန်းခိုးရှိသော ပုဂ္ဂိုလ်ကဲ့သို့ ကုရုကစ္ဆရွာဘက်သို့ ပြန်လှည့်ကာ သစ္စာအာနုဘော်ကြောင့် တရက်တည်းဖြင့်ပင် ကုရုကစ္ဆဆိပ်ကမ်းသို့ ကပ်ရောက်လေသည်။

     ဤ သုပ္ပါရကသုခမိန်၏ မှန်ကန်စွာဆိုအပ်သော ဝစီသစ္စာသည်လည်း မိမိတို့လူတစု ချမ်းသာမှုကို လိုလားသည့်အတွက် အလိုပြည့်ဝရန် ဆိုအပ်သော ဣစ္ဆာပူရဏ၀စီသစ္စာပင် ဖြစ်၏။

သိဝိမင်းကြီးဝတ္ထု

     ဝီသတိနိပါတ်၊ (၃) သိဝိဇာတ်၌.. သိဝိတိုင်း အရိဋ္ဌပုရမြို့တော် ဘုရားအလောင်းတော် သိဝိမင်းကြီးသည် နေ့စဉ် နေ့စဉ် ခြောက်သိန်း ခြောက်သိန်းကုန် လှူဒါန်း စွန့်ကြဲရသော်လည်း မရောင့်ရဲ အားမရနိုင်ပဲ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတို့ကို လှူအံ့ဟူ၍ အကြံတော်ဖြစ်ရာ၊ အလောင်းတော်၏ အလိုဆန္ဒ အကြံတော်ပြည့်ဝရန် သိကြားမင်းသည် မျက်စိနှစ်ဖက်ကွယ်ပျက်သော ပုဏ္ဏားအယောင်ဆောင်ကာ သိဝိမင်းထံ လာပြီးလျှင် “အရှင်မင်းကြီး.. အရှင့်မှာ မျက်စိနှစ်ဖက် မြင်တော်မူပါသည်။ ကျွန်ုပ်မှာ နှစ်ဖက်လုံး မမြင်ပါ။ အရှင်မင်းမြတ်၏ မျက်စိတော်တဖက်ကို ကျွန်ုပ်အား လှူတော်မူပါလျှင် အရှင်မင်းကြီးမှာလည်း ကျန်တဖက်ဖြင့် အရာရာကို မြင်နိုင်၍ ကျွန်ုပ်မှာလည်း

(ဝီ)

မင်းကြီးလှူ၍ရသော မျက်စိတဖက်ဖြင့် အရာရာကို မြင်နိုင်ပါမည်။ သို့ဖြစ်၍ မျက်စိတော်တဖက်ကို ကျွန်ုပ်အား သနားစွန့်လှူတော်မူပါ”ဟု အလှူခံသည်တွင် သိဝိမင်းကြီးသည် စိတ်တောင့်တ ကြံရွယ်နေခိုက် အလှူခံဆိုက်လာ၍ နှစ်ခြိုက် အားရတော်မူပြီးလျှင် သီဝိကသမားတော်ကို ခေါ်တော်မူ၍ “ငါ၏မျက်စိတဖက်ကို ဖောက်ထုတ်၍ပေးရမည်”ဟု အမိန့်တော်ရှိလေ၏။ သီဝိကသမားတော်နှင့်တကွ မှူးတော် မတ်တော် မိဖုရား မောင်းမ မိဿံတို့က ဝိုင်းဝန်း တားမြစ်သော်လည်း မရပဲ အထုတ်ခိုင်း၍ ဆေးဆရာက ထုတ်ပေးသည်တွင် ထိုမျက်စိကို ကျန်သောမျက်စိတဖက်ဖြင့် ကြည့်ပြီးလျှင် အားရဝမ်းသာ သမ္မာသမ္ဗောဓိဆုကြီးကို တောင်း၍ ပုဏ္ဏားလက်သို့ လှူဒါန်းလိုက်လေ၏။

     ပုဏ္ဏားမှာလည်း သိကြားပုဏ္ဏားဖြစ်၍ ထိုမျက်စိကို မိမိ၏ မျက်ကွင်းတဖက်အတွင်းသို့ ထည့်သွင်းလိုက်လျှင်ပင် ပကတိ ကောင်းမွန်သော မျက်စိတဖက် ဖြစ်သွားသည်ကို သိဝိမင်းကြီး မြင်တော်မူသဖြင့် အလွန်ကြည်လင်ရွှင်လန်းခြင်း ဖြစ်ပြီးလျှင် ကျန်သော မျက်စိတော်တဖက်ကိုလည်း မှူးမတ်ပရိသတ်တို့က တောင်းပန်တားမြစ်သော်လည်း မရပဲ တဖန်အထုတ်ခိုင်း၍ လှူဒါန်းပြန်၏။ သိကြားပုဏ္ဏားမှာ နောက်လှူမျက်စိကို ကျန်သည့် မျက်ကွင်းတဖက်အတွင်းသို့ ထည့်သွင်းလိုက်လျှင်ပင် “ပကတိကောင်းမွန်သော မျက်စိဖြစ်၍ ဆုတောင်းစကားများ ပြောကြားကာ ပြန်သွားသည့်သဏ္ဌာန်ဖြင့် ကွယ်ပျောက်လေ၏။

     သိဝိမင်းကြီးမှာ မျက်စိနှစ်ကွင်း အလင်းမရတော့သဖြင့် မင်းပြုလုပ်ရန် မသင့်လျော်တော့ရကား မင်္ဂလာဥယျာဉ်တော်အဘွင်း ရေကန်၏အနီးအပါးမှာ နေထိုင်စရာ ပြုလုပ်၍ နေတော်မူလျက် မိမိ၏ မျက်စိအလှူဒါနကို ဆင်ခြင်တော်မူနေစဉ် သိကြားမင်းလာရောက်၍ မင်းကြီး၏အနီးအပါးမှာ ခြေသံကြားစေရန် လူးလာတုံ့ခေါက် စင်္ကြံလျှောက်လေ၏။ သိဝိမင်းကြီးက မည်သူနည်းဟု မေးသောအခါ “ကျွန်ုပ်သည် သိကြားမင်းဖြစ်၏၊ သင်မင်းကြီး အလိုရှိသောဆုကို တောင်းတော်မူပါ”ဟု ပြောဆိုလတ်သည်တွင် သိဝိမင်းကြီးက “ကျွန်ုပ်မှာ စည်းစိမ်ဥစ္စာ ရတနာရွှေငွေတွေ များစွာရှိ၏၊ ယခုအခါ မျက်စိနှစ်ဖက် စုံလုံးပျက်နေသဖြင့် သေရခြင်းကိုသာ အလိုရှိပါ၏”ဟု ပြောသည်တွင် သိကြားမင်းက “အရှင်မင်းကြီး.. ယခု သေခြင်းကို အလိုရှိသည်ဆိုရာမှာ တကယ်ပင် သေလို၍ဖြစ်သလော၊ သို့မဟုတ် မျက်စိမမြင်သည့်အတွက် ပြောခြင်းဖြစ်သလော”ဟု မေးရာ၊ မျက်စိမမြင်သည့်အတွက်ဖြစ်ကြောင်း ပြောဆိုသည်တွင် သိကြားမင်းက “အရှင်မင်းကြီး.. ဤမျက်စိမြင်လာဖို့ရန် ကျွန်ုပ် ဖန်ဆင်း၍ မဖြစ်နိုင်ပေ၊ သစ္စာအစွမ်းအားဖြင့်သာ မြင်ပါလိမ့်မည်၊ သစ္စာပြုတော်မူပါ”ဟု ပြောဆိုသောအခါ သိဝိမင်းကြီးက-

(ဝု)

“ကျွန်ုပ်ထံမှောက် တောင်းရမ်းရန် လာရောက်ကြသည့် များမြောက်လှစွာသော အလှူခံပုဂ္ဂိုလ်တို့ကို၎င်း ထိုအလှူခံပုဂ္ဂိုလ်တို့အနက် မိမိအလိုရှိရာ တောင်းရမ်းသော အလှူခံပုဂ္ဂိုလ်ကို၎င်း ကျွန်ုပ်စိတ်မှာ ချစ်နှစ်သက်ပါ၏၊ ဤသစ္စာစကားကြောင့် ကျွန်ုပ်၏မျက်စိသည် ကောင်းစွာ ဖြစ်ပါစေသတည်း”

ဟူ၍ သစ္စာပြုလိုက်လျှင် ပဌမမျက်စိသည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုနောက်တဖန်-

“မျက်မမြင်ပုဏ္ဏားသည် ကျွန်ုပ်ထံလာ၍ မျက်စိကို အလှူခံသည်တွင် ထိုပုဏ္ဏားအား မျက်စိတော် နှစ်ဖက်လုံးတို့ကို ကျွန်ုပ်လှူဒါန်း၏။ ထိုသို့ လှူဒါန်းရသောအခါ ကျွန်ုပ်စိတ်၌ နှစ်ခြိုက်အားယမ်း ဝမ်းသာလှပေ၏။ ဤသစ္စာစကားကြောင့် ကျန်မျက်စိတဖက်သည် ထင်ရှား ဖြစ်ပါစေသတည်း”

ဟူ၍ သစ္စာပြုသည်တွင် ပြုသည့်အတိုင်း ဒုတိယမျက်စိလည်း ဖြစ်ပေါ်လာလေသည်။ ထိုမျက်စိနှစ်လုံး တို့သည်ကား နဂိုရ်ပကတိ အမိမွေးစဉ်က မျက်စိတို့လည်း မဟုတ်ကုန်၊ ဒိဗ္ဗစက္ခု အဘိညာဏ်မျက်စိ နတ်မျက်စိလည်း မဟုတ်ကုန်၊ စင်စစ်မူ သစ္စာပါရမီတော် အာနုဘော်ကြောင့် ဖြစ်ပေါ်လာသော မျက်စိတို့ ဖြစ်ကုန်၏၊

     ဤသိဝိမင်းကြီး၏ သစ္စာသည်လည်း မိမိမျက်စိ ပကတိပြန်ဖြစ်ရန် ဆိုအပ်သောသစ္စာဖြစ်၍ အလိုပြည့်စုံရန် ဆိုအပ်သော ဣစ္ဆာပူရဏဝစီသစ္စာပင် ဖြစ်၏။

     ဧကကနိပါတ်၊(၈) ဝရုဏဝဂ်၊ (၅)မစ္ဆဇာတ်၌လည်း မြတ်စွာဘုရား အလောင်းတော်သည် ငါးမျိုး၌ဖြစ်သောအခါ မိုယ်းအလွန်ခေါင်သဖြင့် ရေခန်း၍ ကျီးအများ ငါးတို့ကို ထိုးဆိတ် စားသောက်ကြသည်တွင် မြတ်စွာဘုရားအလောင်း ငါးမင်းသည် “အကျွန်ုပ်သည် ဇာတ်တူသားကို နိုင်ရာစားလေ့ရှိသော ငါးမျိုး၌ ဖြစ်သော်လည်း ဆန်စေ့ခန့်မျှ ပမာဏရှိသော ငါးကိုအစပြု၍ စားဘူးသည်မရှိပါ။ ဤသစ္စာစကားကြောင့် မိုယ်းသည် ထစ်ချုန်းရွာသွန်းပါစေသတည်း”ဟု သစ္စာပြုသည်နှင့် တပြိုင်နက် မိုဃ်းကြီးသည်းထန်စွာ ရွာသွန်းကြောင်း လာရှိသည်။

     ထို့ပြင် ထိုဧကကနိပါတ်၊ (၄) ကုလာဝကဝဂ်၊ (၅) ဝဋ္ဋကဇာတ်၌လည်း ဘုရားအလောင်းသည် ငုံးမျိုး၌ဖြစ်၍ အတောင်ဖြင့်လည်း မပျံနိုင်၊ ခြေဖြင့်လည်း မသွားနိုင်သေးသည့် အရွယ်တွင် တောမီး အကြီးအကျယ်လောင်၍လာရာ

(ဝူ)

မိဖနှစ်ပါးတို့ ထွက်ပြေးကြသဖြင့် “လောက၌ စင်ကြယ်သော သီလဂုဏ် မှန်ကန်သော သစ္စာတရား သနားကြင်နာခြင်း ကရုဏာတရားတို့သည် ရှိကြကုန်၏၊ ငါသည် သစ္စာကိုသာ ပြုရတော့မည်”ဟု ကြံစည်ပြီးလျှင် “ငါ့မှာ အတောင်များ ရှိပါ၏၊ မပျံနိုင်ပါသေး။ ခြေများလည်း ရှိပါ၏၊ မသွားနိုင်ပါသေး။ မိဖနှစ်ပါးလည်း ထွက်ပြေးကြလေပြီ။ အို တောမီး.. ငါ့ကိုဖယ်ရှား အသင်သွားပါလော့”ဟု ဆိုသည်တွင် တောမီးသည် ထက်ဝန်းကျင် တဆယ့်ခြောက်ပယ်မျှဝေးအောင် ကွင်းရှောင်သွားပြီး ငြိမ်းရကြောင်း လာရှိသည်။ အထူးစဉ်းစားဖွယ် ရှိသည်ကား-

ဆိုခဲ့ပြီးသော သုဝဏ္ဏသာမဇာတ်တော် စသည်တို့၌ သစ္စာပြုကြရာမှာ ကုသိုလ်တရားကို အခြေခံထား၍ ပြုသဖြင့် လိုအပ်သည့်အကျိုး ပြည့်စုံခြင်းမှာ သင့်လျော်လှပေ၏၊ အလောင်းတော် ငုံးမင်း၏ သစ္စာတော် အခြေခံစကားတွင် ကုသိုလ်တရား အထူးမပါ၊ အတောင်ရှိပါ၏ မပျံနိုင်၊ ခြေရှိပါ၏ မသွားနိုင်၊ မိဖတို့လည်း ထွက်ပြေးကြပြီ၊ ဤမျှသော စကားသာ ပါရှိရာ ကုသိုလ်ရေးမဟုတ်သည့် အကြောင်းအရာကို အခြေပြုကာ သစ္စာပြုခြင်းသည် အဘယ့်ကြောင့် လိုအပ်သောအကျိုးကို ပြည့်စုံစေနိုင်ပါသနည်းဟု စဉ်းစားဖွယ် ရှိလေသည်။

သစ္စာ၏သဘောမှာ အခြေခံအကြောင်းအရာက ကုသိုလ် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မှန်ကန်ခြင်းသာ အရင်းခံဖြစ်သည်။ ကုသိုလ်ရေးနှင့်စပ်သော စကားပင် ဖြစ်စေကာမူ မမှန်မကန်ပြောလျှင် ဝစီသစ္စာလည်း မမြောက်၊ တစုံတရာ အကျိုး တန်းခိုးလည်း မရှိနိုင်၊ မှန်ကန်စွာ ပြောဆိုခြင်း သစ္စာဖြင့်သာ လိုအပ်သောအကျိုး ပြည့်ဝ၍ တန်းခိုးရှိနိုင်သည်။

အလောင်းတော်ငုံးမင်း ဆိုသောစကားသည် မှန်ကန်သောအချက်ဖြစ်၍ ဝစီသစ္စာမြောက်ပြီးလျှင် လိုအပ်သောအကျိုးကို ပြီးစေနိုင်သည်ဟု မှတ်သားအပ်၏။ ဤအလောင်းတော် ငုံးမင်း၏ သစ္စာစကားတွင်ပါဝင်သော အကြောင်းအရာမှာ ကုသိုလ်ရေး မဟုတ်စေကာမူ အကုသိုလ်ရေးလည်း မဟုတ်ပါပေ၊ အကုသိုလ်ရေးနှင့်ပင်စပ်၍ ဆိုအပ်စေကာမူ မှန်ကန်ပြောဆိုပါက ဝစီသစ္စာထမြောက် လိုအပ်သောအကျိုး ပြီးမြောက်နိုင်ကြောင်းကို ဒသကနိပါတ်တော်လာ (၆) ကဏှဒီပါယနဇာတ်ဖြင့် သိအပ်၏။ (အကျယ်အကြောင်းကို ဇာတ်တော်ဝတ္ထုမှာ ကြည့်ရှုရာ၏။) ထိုကဏှဒီပါယနဇာတ်တော်၌-

ကဏှဒီပါယနရသေ့ မဏ္ဍဗျရသေ့ထံမှအပြန် မိမိ၏ သင်္ခမ်းကျောင်းသို့ရောက်သောအခါ ကျောင်းဒါယကာဖြစ်သည့် မဏ္ဍဗျသူကြွယ်နှင့်

(ဝေ)

ဇနီးအိမ်ရှင်မ သားယညဒတ္တ သူငယ်တို့ပါ ဆရာရသေ့ထံသို့ လာရောက်၍ အဖျော်ယမကာစသည် ဆက်ကပ်ပြီး မဏ္ဍဗျရသေ့၏ အကြောင်းအရာကို မေးမြန်းပြောဆို နေကြဆဲတွင် သားဖြစ်သော ယညဒတ္တသူငယ်သည် စင်္ကြံစွန်း၌ ကျင်ပေါက်၍ ကစားနေရာ ကျင်သည် မြွေရှိရာ တောင်ပို့အတွင်းသို့ ဝင်သွားလေ၏၊ ယညဒတ္တသူငယ်သည် တောင်ပို့အတွင်း လက်ကိုသွင်း၍ ကျင်ကို ထုတ်ယူသည်ရှိသော် တောင်ပို့ထဲမှ မြွေကိုက်လိုက်သဖြင့် ရုတ်တရက် မြွေဆိပ်တက်ကာ ထိုနေရာမှာပင် တိမ်းလည်း၍ သွားလေ၏။

မိဖတို့သည် မြွေကိုက်မှန်းသိ၍ သားငယ်ကို ပွေ့ချီပြီးလျှင် ကဏှဒီပါယနရသေ့၏ ခြေရင်းမှာ သိပ်ထားလျက် ချမ်းသာအောင် ဆေးကုပေးရန် တောင်းပန်ကြလေသော် ကဏှဒီပါယနရသေ့က “မြွေဆိပ်နိုင်သောဆေးကို ငါမသိ၊ သစ္စာပြု၍ ငါကုအံ့”ဟု မိန့်ဆိုပြီးလျှင် ယညဒတ္တသူငယ်၏ ဦးခေါင်း၌ မိမိလက်ကို တင်ထား၍ “ငါသည် လူ့ဘောင်ကိုငြီးငွေ့၍ ရသေ့ပြုခဲ့ရာ ခုနှစ်ရက်သာ ကြည်လင်သောစိတ်ဖြင့် နေနိုင်၏၊ ခုနစ်ရက်လွန်သည့်နောက် ယနေ့တိုင် နှစ်ပေါင်း ငါးဆယ်ရောက်အောင်လုံးပင် စိတ်မကြည်လင် မပျော်မွေ့ခဲ့ပေ။ အောင့်အည်း၍သာ နေခဲ့ရပါ၏၊ ဤသစ္စာစကားကြောင့် တက်နေသော အဆိပ်ပြောက်၍ ယညဒတ္တသူငယ် အသက်ရှင်စေသတည်း”ဟု သစ္စာပြုသောအခါ ယညဒတ္တသူငယ်၏ ရင်ဘတ်မှ အထက်ပိုင်းတွင်ရှိသော မြွေဆိပ်သည် လျှောကျကာ မြေသို့ဝင်လေ၏။

ယညဒတ္တသူငယ်သည် မျက်စိကိုဖွင့်ပြီးလျှင် မိဖနှစ်ပါးကိုကြည့်၍ “အမေ အဖေဟု တခွန်းလောက်သာ ခေါ်ဆိုကာ လူးလွန့်၍ အိပ်သွားပြန်၏။ ထိုအခါ ကဏှဒီပါယနရသေ့က “ငါ့အစွမ်းဖြင့် သင်တို့သားကို ကုစားပြီးပြီ၊ သင်လည်း သင့်အစွမ်းဖြင့် သားငယ်ကို ကုစားဦးလော့”ဟု ဖခင်ဖြစ်သူ မဏ္ဍဗျသူကြွယ်ကို စေခိုင်းသည်တွင် ဖခင်ဖြစ်သူ မဏ္ဍဗျသူကြွယ်က- “ကျွန်ုပ်သည် ရဟန်းပုဏ္ဏား ဧည့်သည်များ ဆိုက်ရောက် လာသောအခါ တကြိမ်တခါမျှ စိတ်နှစ်သက်ခြင်း ကြည်ညိုခြင်း အလျဉ်းပင်မရှိပါ၊ ဤသို့ ကျွန်ုပ်မကြည်ညို မနှစ်သက်သည်ကိုလည်း မည်သူ့ကိုမျှ မသိစေခဲ့ပါ၊ ဖုံးဖိ၍ထားခဲ့ပါ၏၊ လှူဒါန်းသောအခါ၌လည်း မလှူချင်ပဲနှင့်သာ ဟန်မပျက် လှူခဲ့ပေ၏။ ဤသစ္စာစကားကြောင့် တက်နေသောအဆိပ် ပြေပျောက်၍ သားငယ်ယညဒတ္တ အသက်ရှင်ပါစေသတည်း”ဟု သစ္စာပြုသောအခါ ယညဒတ္တသူငယ်၏

(ဝဲ)

ခါးမှ အထက်ပိုင်းတွင်ရှိသော အဆိပ်သည် လျှောကျကာ မြေသို့ဝင်လေ၏။

ယညဒတ္တသူငယ်သည် ထ၍ ထိုင်လေ၏၊ မတ်မတ်ကား မရပ်နိုင်သေး၊ ထိုအခါ ဖခင်ဖြစ်သူက မိခင်ဖြစ်သူကို သစ္စာပြုရန် တိုက်တွန်းပြန်သောအခါ မိခင်က- “ကျွန်ုပ်မှာ သစ္စာပြုရန်အချက်ကား ရှိပါ၏၊ သို့ရာတွင် အရှင်၏ရှေ့မှာ မပြုဝံ့ပါ”ဟု ဆိုလေရာ “မည်သည့်နည်းဖြင့်ဖြစ်စေ ပြုသာပြုပါ”ဟု ဖခင်ဖြစ်သူက တိုက်တွန်းခွင့်ပြုမှ မိခင်ဖြစ်သူက “ကျွန်ုပ်သည် ကျွန်ုပ်သားကို ကိုက်လိုက်သည့်မြွေကို မခင်မင် အလွန်ပင် မုန်းလှပါသည်။ ဤမြွေကို မုန်းသည်နှင့်မခြား ထပ်တူထပ်မျှ ကလေး၏အဖ (မဏ္ဍဗျသူကြွယ်)ကိုလည်း မုန်းလှပါသည်၊ ဤသစ္စာစကားကြောင့် တက်နေသောအဆိပ် ပြေပျောက်၍ ကျွန်တော်မ၏သား ယညဒတ္တသူငယ် အသက်ရှင်ပါစေသတည်း”ဟု သစ္စာပြုသောအခါ ယညဒတ္တသူငယ်၏ကိုယ်မှ အဆိပ်အလုံးစုံသည် လျှောကျ၍ မြေသို့ဝင်သဖြင့် ယညဒတ္တသူငယ်သည် ကျင်ကို ထ၍ကစားလေ၏။

(ဤရသေ့ ဆရာဒကာ သုံးဦးလုံးကို အသီးအသီး သစ္စာဆိုကြခြင်း၏ အရင်းခံ အကြောင်းအရာတို့မှာ မကောင်းသောအရာချည်း ဖြစ်သော်လည်း မည်သူ့ကိုမျှ မပြောကြပဲ လျှို့ဝှက်၍ထားရာမှ ရဲဝံ့စွာ မှန်မှန် ကန်ကန် ပြောဆိုခြင်းမှာ သစ္စာစင်စစ် ဖြစ်သောကြောင့် ထိုသစ္စာတန်းခိုးဖြင့် လိုအပ်သောအကျိုး ပြည့်စုံသည်ဟု မှတ်အပ်၏။)

မေးဖွယ် ရှိပြန်သည်ကား.. ဤဆိုအပ်ပြီးသည့်အတိုင်း အရင်းခံ အကြောင်းအရာမှာ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ မှန်ကန်စွာ ထုတ်ဖော်ပြောဆိုလျှင် သစ္စာဖြစ်၍ လိုအပ်သောအကျိုး ပြည့်ဝနိုင်ပါက ယခုကာလပုဂ္ဂိုလ်တို့ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ တစုံတရာ အမှန်အကန်ပြောဆိုလျှင် ဝစီသစ္စာမြောက်၍ လိုအပ်သောဆန္ဒ ပြည့်ဝနိုင်ပါမည်လောဟု မေးဖွယ်ရှိ၏။

အဖြေကား.. သစ္စာသုံးပါးတို့တွင် မုသားစကားမှ ရှောင်ကြဉ်ခြင်း မည်သည့်အရာမဆို မှန်ကန်ရာကိုသာ ပြောဆိုခြင်းတည်းဟူသော မုသာဝိရမဏသစ္စာသည် သူတော်ကောင်းတို့၏နှုတ်၌ အမြဲတည်၏၊ ကျမ်းဂန်လာ သစ္စာပြုကြသော ရှေးသူတော်ကောင်းတို့၏နှုတ်သည် မုဝိရမဏသစ္စာ၏ အမြဲတည်ရာ သစ္စာနိုင်ငံကြီး ဖြစ်၏၊ သစ္စာနိုင်ငံဟူသည် အလွန်တရာ စင်ကြယ်မွန်မြတ်လှသည်ဖြစ်၍ ဤသစ္စာနိုင်ငံမှာ ဖြစ်ပွါးသော သစ္စာတရားသည် အလိုရှိအပ်သော

(ဝေါ)

ကောင်းကျိုးကို ပြည့်ဝစေနိုင်၏၊ ဤသစ္စာတရား ထွန်းကားတောက်ပရာ ထို ရှေးသူတော်စင်တို့ခေတ်၌ သစ္စာတရားသည် အလိုရှိရာ ကောင်းကျိုးကို ပေးနိုင်သကဲ့သို့ပင် မကောင်းမှု မုသာဝါဒတရားသည်လည်း မလိုလားအပ်သည့် အပြစ်ဘေးဒဏ်ကို အမြန်ပင် ပေးနိုင်၏။ ဤသို့ သစ္စာတရား ထွန်းကားရာခေတ်၌ မုသာဝါဒတရား၏ မကောင်းကျိုးအပြစ် ဘေးဒဏ်ကို အမြန်ပေးနိုင်ကြောင်းကို အဋ္ဌကနိပါတ်လာ (၆) စေတိယဇာတ်ဖြင့် သိအပ်၏။ (ဤစေတိယဇာတ်၌ အကြီးကို အငယ်၊ အငယ်ကို အကြီးဟု ပြောမှားသော မုသားကြောင့် စေတိယမင်း မြေမျိုခံရလေသည်။)

ယခုကာလ လူအများ၏နှုတ်မှာ အများအားဖြင့် “မုသားမပါ လင်္ကာမချော'ဟူသော ဆောင်ပုဒ်ကို ဖြိုင်ဖြိုင်ကြီး သုံးပြီးလျှင် မဟုတ်မမှန်စကားကို “အများဆုံး ပြောဆိုနေကြသည့် မုသာဝါဒနိုင်ငံဆိုး နိုင်ငံပျက်ကြီးများ ဖြစ်နေ၍ ဤနိုင်ငံဆိုး နိုင်ငံပျက်ကြီးမှာ ဖြစ်ပေါ်လာသော သစ္စာကုသိုလ်တရားသည်လည်း ကောင်းကျိုးကို ထင်ရှားအောင် မပေးနိုင်၊ မုသာဝါဒ အကုသိုလ်တရားလည်း မကောင်းကျိုးကို ထင်ရှားအောင် မပေးနိုင်ဟု သိမှတ်အပ်၏။

     ဤသို့လျှင် ဧကကနိပါဒ် (၂) သီလဝဂ်၊ (၁၀) နဠပါနဇာတ်၌ အလောင်းတော်မျောက်မင်း၏ သစ္စာအာနုဘော်ကြောင့် ကျူပင်ကျူရိုးတို့ အလယ်၌ အပိတ်မရှိ ဒိုးလျှိုပေါက် ဖြစ်ရခြင်း..၊

     တိံသနိပါတ် (၉) သမ္ဗုလာဇာတ်၌ အိမ်ရှေ့မင်းသမီး သမ္ဗုလာ၏ သစ္စာစကားကြောင့် သောတ္ထိသေနမင်းသား၏ နူနာရောဂါ ပျောက်ကင်းချမ်းသာခြင်း..၊

     မဟာနိပါတ် တေမိယဇာတ်၌ စန္ဒာဒေဝီမိဖုရားကြီး၏ သီလဆောက်တည်၍ သစ္စာပြုသဖြင့် အလောင်းတော် တေမိယမင်းသားကို ဖွားမြင်ခြင်း သားရခြင်း..၊

     မဟာနိပါတ် ဇနကဇာတ်၌ ပေါလဇနက အိမ်ရှေ့မင်း၏ သစ္စာစကားကြောင့် သံခြေကျဉ်းများကျွတ်ကာ နှောင်အိမ်တံခါးပွင့်၍ ပေါလဇနက အိမ်ရှေ့မင်းသား ထွက်သွားနိုင်ခြင်း..၊

     ဧကကနိပါတ် (၁) အပဏ္ဏကဝဂ်၊ (၇) ကဋ္ဌဝါဟနဇာတ်၌ မိခင်ဖြစ်သူ ထင်းခွေသည်မက သစ္စာဆို၍ အလောင်းတော် သတို့သားကို ကောင်းကင်သို့

(ဝေါ်)

ပစ်လွှင့်ရာတွင် အလောင်းတော်သတို့သား ကောင်းကင်မှာ တင်ပလ္လင်ခွေ၍ နေခြင်း..၊

     ပကိဏ္ဏကနိပါတ် (၈) မဟာမောရဇာတ်၌ အလောင်းတော် ဥဒေါင်းမင်း၏ တရားကို နာကြားရ၍ မူဆိုးသားဘဝမှ ပစ္စေကဗုဒ္ဓါ ဖြစ်တော်မူသော အရှင်မြတ်၏ (အလောင်းတော်၏ နည်းလမ်းညွှန်ပြချက်အရ) “ငါ ရှေးက အိမ်မှာလှောင်ထားခဲ့သော ငှက်အများတို့သည် ငါယခု ကိလေသာအနှောင်အဖွဲ့မှ လွတ်ပြီဖြစ်၍ ငါလွတ်သကဲ့သို့ အနှောင်အဖွဲ့မှ လွတ်ကြစေသောဝ်”ဟု သစ္စာပြုချက်အရ ငှက်အပေါင်းတို့ အနှောင်အဖွဲ့မှ လွတ်ကြခြင်း ဤသို့ စသည်ဖြင့် ရှေးနိပါတ်ဇာတ်တော်လာ သစ္စာ၏ အာနုဘော်ကြီးပုံကို ကောင်းစွာ သိမှတ်အပ်၏။

ဘုရားရှင်လက်ထက်တော် သစ္စာအာနုဘော်

     မြတ်စွာဘုရား လက်ထက်တော်မှာလည်း ဝေသာလီပြည်တွင် ရောဂါဆိုးဘေး နတ်ဘီလူးဘေး ငတ်မွတ်ခြင်းဘေး သုံးမျိုးတို့ ဆိုက်ရောက်ရာ မြတ်စွာဘုရား သံဃာတော်အများနှင့် ကြွသွားတော်မူပြီးလျှင် ဝေသာလီပြည် မြို့တံတိုင်း (မြို့ရိုး) သုံးထပ်အကြားတွင် လှည့်လည်ကာ သစ္စာပြု ဆုတောင်းစကား မြွက်ကြားရွတ်ဆိုစေရန် အရှင်အာနန္ဒာအား ဟောကြားသင်ပြပေးတော်မူရာ အရှင်အာနန္ဒာသည် တညဉ့်လုံး လှည့်လည်၍ သစ္စာစကား မြွက်ကြားရွတ်ဆိုသဖြင့် ထိုဘေးသုံးပါး အေးငြိမ်းကြောင်း ရတနသုတ်ပါဠိတော် အဋ္ဌကထာတို့၌ အကျယ်လာရှိ၏။ ထိုသစ္စာပြု ဂါထာစကားစုကို ရတနသုတ်ပရိတ်ဟူ၍ ခေါ်ဝေါ် သမုတ်ကြ၏၊ ဤရတနသုတ် ပရိတ်တော်မှာ လောက၌ လူ့ပြည် နတ်ပြည် နဂါး ဂဠုန်ပြည်များမှာ ရတနာအသီးအသီး ထင်ရှားရှိကြရာတွင် မြတ်စွာဘုရားနှင့်တူသော ရတနာမည်သည် မရှိ၊ ဤသစ္စာစကားကြောင့် ဘေးသုံးပါးလွတ်ကင်း ချမ်းသာခြင်း ဖြစ်စေသတည်း၊ ဤသို့စသည်ဖြင့် ဘုရား တရား သံဃာ ရတနာသုံးပါး၏ ဂုဏ်အမျိုးမျိုးကို ဖော်ပြထုတ်ဆိုကာ သစ္စာဆယ့်နှစ်ချက် (နောက်ဆုံး သိကြားမင်းရွတ်ဆိုသည့် သစ္စာသုံးချက်နှင့်တကွ ဆယ့်ငါးချက်)ကို ဟောထားသော သုတ်ဖြစ်သည်။ ဤရတနသုတ် ကို သုတ္တနိပါတပါဠိ (၂) စူဠဝဂ် ပဌမသုဘ်အဖြစ်ဖြင့်၎င်း၊ ခုဒ္ဒကပါဌပါဠိတော် ဆဋ္ဌသုတ်အဖြစ်ဖြင့်၎င်း သံဂါယနာတင်ထားပေသည်။

     မဇ္ဈိမပဏ္ဏာသပါဠိတော် (၄) ရာဇဝဂ်၊ (၆) အင်္ဂုလိမာလသုတ်၌ မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူစဉ် အရှင်အင်္ဂုလိမာလမထေရ်သည် သာဝတ္ထိပြည်အတွင်း၌ သားမဖွားနိုင်ပဲရှိနေသော မိန်းမတယောက်အကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားရာ

(ဝံ)

မြတ်စွာဘုရားက နည်းပေးတော်မူလိုက်သည့်အတိုင်း အရှင်အင်္ဂုလိမာလမထေရ်သည် ထိုမိန်းမထံသို့ ကြွသွား၍ “ငါသည် အရိယာဖြစ်သောနေ့မှစ၍ သတ္တဝါတို့ကို သေစေလိုသောစိတ်ဖြင့် မသတ်ဖြတ်ဘူးပေ။ ဤသစ္စာစကားကြောင့် သင်တို့သားအမိနှစ်ယောက်၏ ချမ်းသာခြင်းသည် ဖြစ်စေသတည်း”ဟု သစ္စာပြုတော်မူလေလျှင် ကောင်းမွန်စွာ သားဖွား၍ သားအမိနှစ်ယောက်လုံး ချမ်းသာကြကြောင်း လာရှိသည်။

     ဤသို့ စသည်ဖြင့် မြတ်စွာဘုရား လက်ထက်တော် အခါမှာလည်း သစ္စာစကား ပြောကြားရွတ်ဆို၍ လိုအပ်သောအကျိုး ပြည့်စုံသည်ကို သိအပ်၏။

သီဟိုဠ်သာသနာခေတ် သစ္စာအာနုဘော်

     မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက် သီဟိုဠ်ကျွန်းသို့ သာသနာတော် ရောက်သောအခါမှာလည်း သီဟိုဠ်ကျွန်း စောရကကျောင်းတိုက်ကြီး၌ သီတင်းသုံး နေတော်မူသော မဟာမိတ္တမထေရ်သည် သူ့မိခင်၏ရင်သား၌ အဆိပ်အိုင်းအနာပေါက်ရာ သမီးဘိက္ခုနီမကို မိခင်က ဆေးအတောင်းလွှတ်လိုက်သည်တွင် “ငါသည် ဆေးရိုးရိုးကို မသိပေ၊ စင်စစ်ကား သင့်အား ဆေးတမျိုးကို မှာကြားလိုက်ပေအံ့၊ ငါသည် ရဟန်းပြုသည့်အခါမှစ၍ ယနေ့တိုင်အောင် တပ်မက်မောသော လောဘစိတ်ဖြင့် ဣန္ဒြေကိုဖျက်ကာ ဇာတ်သဘာဝချင်းမတူသော မိန်းမအာရုံကို မကြည့်စဘူးပေ။ ဤသစ္စာစကားကြောင့် ငါ့မိခင်၏ချမ်းသာခြင်းသည် ဖြစ်စေသတည်း”ဟူသော သစ္စာစကားကို မြွက်ဆိုတော်မူပြီးလျှင် “သင်ပြန်၍ ယခု ငါဆိုတိုင်းသော သစ္စာစကားကို မိခင်ထံရောက်လျှင် ရွတ်ဆို၍ မိခင်၏ကိုယ်ကို သုံးသပ်လေလော့”ဟု မှာထားတော်မူလိုက်၏။ ဘိက္ခုနီမသည် မိခင်ထံသွားပြီးလျှင် မဟာမိတ္တမထေရ် မှာလိုက်တိုင်း ပြုသောခဏမှာပင် မိခင်ဥပါသိကာမကြီး၏ အဆိပ်အိုင်းအနာသည် ရေမြှုပ်စိုင်ကဲ့သို့ ကြေပျက်ကာ ချမ်းသာရာရရှိကြောင်း ဝိသုဒ္ဓိမဂ်အဋ္ဌကထာ သီလနိဒ္ဒေသအခဏ်း၌ ပြဆိုထား၏။

     ထိုမှတပါး အဋ္ဌသာလိနီအဋ္ဌကထာ စိတ္တုပ္ပါဒကဏ္ဍ ဒွါရကထာ၌လည်း သမ္ပတ္တဝိရတီ၏အဖွင့်တွင် သီဟိုဠ်ကျွန်းနေ မိန်းမတဦးမှာ ရောဂါဖြစ်သည်တွင် ဆေးဆရာက “ယုန်သားအစိုကိုရလျှင် ပျောက်မည်”ဟု ပြောသဖြင့် သားကြီးဖြစ်သူ အစ်ကိုက ညီငယ် (ဇဂ္ဂန)ကို လယ်တောသို့သွား၍ ယုန်ရှာရန် စေလွှတ်လိုက်လေ၏၊ ညီငယ် (ဇဂ္ဂန)သွား၍ လယ်တောဘို့ ရောက်သောအခါ ယုန်တကောင်သည် ဧဂ္ဂနကိုမြင်၍ ကြောက်ရွံ့ပြေးသွားသည်တွင် နွယ်ပင်၌ ငြိနေသောကြောင့် ကြောက်ရွံ့သောအသံဖြင့် အော်မြည်လေ၏။

(ဝါး)

ဇဂ္ဂနသည် ပြေးသွား၍ ယုန်ကို ဖမ်းယူခဲ့ပြီးလျှင် “မိခင်၏အသက်ကို မသေစေလိုသဖြင့် ဤယုန်ငယ်ကို သတ်မည်ဆိုက တရားလမ်းမကျချေ”ဟု စဉ်းစား ဆင်ခြင်ပြီးလျှင် သင် ချမ်းသာစွာ နေပေတော့ဟု လွှတ်ခဲ့ကာ အိမ်သို့ ပြန်သွားလေ၏။ အိမ်သို့ရောက်၍ “ယုန် ရခဲ့၏လော”ဟု အစ်ကိုကြီးက ဆီး၍မေးသောအခါ လွှတ်ပစ်ထားခဲ့သည့်အကြောင်း ဟုတ်မှန်တိုင်း ပြန်ကြားပြောဆိုသည်တွင် အစ်ကိုကြီးက ခြိမ်းချောက် ရေရွတ်စကား ပြောကြားသောအခါ ညီငယ်ဇဂ္ဂနသည် မိခင်၏အနီးသို့ ချဉ်းကပ်လျက် “ကျွန်ုပ်သည် လူဖြစ်သည်ကစ၍ သေစေလိုသောစိတ်ဖြင့် သတ္တဝါကို သတ်ဘူးသည်ဟူ၍ မသိရှိပါ။ ဤသစ္စာစကားကြောင့် ကျွန်ုပ်၏မိခင် ကျန်းမာချမ်းသာပါစေ”ဟု ဆို၍ မတ်တတ်ရပ်လေ၏။ ထိုခဏ၌ပင် မိခင် ကျန်းမာချမ်းသာသွားသည်ဟူ၍ ပြဆိုသည်။

     ဤသို့လျှင် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးသည့် နောက်၌လည်း အသီးအသီး ဣစ္ဆာပူရဏသစ္စာပြုကြကြောင်းကို ကောင်းစွာသိမှတ်အပ်၏။

ဣစ္ဆာပူရဏသစ္စာ ပြီး၏။

**********

(၃) မုသာဝိရမဏသစ္စာ

     မုသာဝိရမဏဝစီသစ္စာဆိုင်ရာ အကြောင်းအဋ္ဌုပ္ပတ္တိကိုကား မဟာနိပါတ် ဝိဓုရဇာတ် စသည်တို့ဖြင့် သိအပ်၏။ ထိုဇာတ်လာ ရှည်လျားစွာသော အကြောင်းအရာမှ ဤအရာ၌ ဆိုလိုရင်းအကျဉ်းချုပ် အကြောင်းအရာသော်ကား-

     ကောရဗျမင်းနှင့် ပုဏ္ဏကဘီလူးတို့ ကြွေအန်ကစားကြမည် အရှိတွင် “ကောရဗျမင်းက ရှုံးလျှင် (၁) မင်း၏ကိုယ်၊ (၂) မိဖုရားကြီး၊ (၃) ထီးဖြူ ဤသုံးမျိုးတို့ကို ချန်လှပ်၍ ကျန်သောပစ္စည်းထဲမှ အလိုရှိရာ ပုဏ္ဏကက ယူပိုင်စေ။ ပုဏ္ဏကကရှုံးလျှင် ပုဏ္ဏက၏ မနောမယပတ္တမြားနှင့် အာဇာနည်မြင်းကို ကောရဗျမင်းက ယူပိုင်စေ”ဟူ၍ ကတိထားကာ ကြွေအန်ကစားကြသောအခါ ကောရဗျမင်းကြီး ရှုံးသောကြောင့် ပုဏ္ဏကက “အရှင်မင်းကြီး ကျွန်ုပ်နိုင်ပြီ၊ မူလကတိအတိုင်း လောင်းကြေးဥစ္စာများကို ပေးလော့”ဟု တောင်းဆိုလေ၏။

     ထိုအခါ ကောရဗျမင်းကြီးသည် ရှုံးနေပြီအမှန်ဖြစ်သောကြောင့် မငြင်းနိုင်ပဲ “အလိုရှိရာ ယူပါလော့”ဟု ခွင့်ပေးရာတွင် ဝိဓုရအမတ်ကြီးကို ယူမည်ဟူ၍ ပုဏ္ဏကက ဆို၏။ ထိုအခါ ကောရဗျမင်းကြီးက “အမတ်ကြီးသည် ငါ၏ကိုယ်ဟု ဆိုလျှင်လည်း ဟုတ်၏၊ ငါ၏ ကိုးကွယ်မှီခို အားထားရာလည်း ဟုတ်၏၊ သို့ဖြစ်၍

(သ)

အမတ်ကြီးကို အခြား ငါပိုင်သည့် ရွှေငွေစသော ဥစ္စာများနှင့် မနှိုင်းယှဉ်ထိုက်၊ ငါ၏ အသက်နှင့်သာ နှိုင်းယှဉ်ထိုက်သည်။ သို့ဖြစ်၍ အမတ်ကြီးကို ငါမပိုင်”ဟု ငြင်းဆိုလေ၏။

     ထိုအခါ ပုဏ္ဏကက “မင်းကြီး.. ဝိဓုရအမတ်ကြီးသည် သင်ပိုင်ဥစ္စာ ဟုတ်မဟုတ်ကို ကျွန်ုပ်တို့ချည်း ငြင်းဆိုနေ၍ ကိစ္စပြီးမည်မဟုတ်၊ ဝိဓုရအမတ်ကြီးထံမှာ သွားရောက်မေးမြန်းကာ အမတ်ကြီးဆုံးဖြတ်ရာ နာခံကြပါစို့”ဟု ပြောဆိုသည်တွင်၊ ကောရဗျမင်းကြီးက ဝမ်းမြောက်ဝမ်းသာ ကောင်းပါပြီ ဝန်ခံ၍ အမတ်ကြီးထံသို့ သွားကြလေ၏။ အမတ်ကြီးထံသို့ ရောက်သောအခါ ပုဏ္ဏကက “အမတ်ကြီး.. ကုရုတိုင်းသူတို့၏ ဝိဓုရအမတ်ကြီးသည် တရား၌ တည်သည်ဟူ၍ နတ်များကပင် ချီးမွမ်း ပြောဆိုကြပါသည်၊ ထိုစကားသည် တကယ်စင်စစ် မှန်လေသလော၊ သင်သည် ကောရဗျမင်း၏ ကျွန်ပင်ဖြစ်သလော၊ သို့မဟုတ် အဆင့်အတန်း တူညီသောဉာတိ အဆင့်အတန်းမြင့်မြတ်သော ဉာတိပင် ဖြစ်သလော၊ ပြောတော်မူပါ။ အသင်၏ “ဝိဓုရ”ဟူသော အမည်သည် လောက၌ အနွတ္ထ, ရုဠှီ ဤနှစ်မည်တွင် အဘယ်အမည် ဖြစ်ပါသနည်း”ဟု ပြောဆို မေးမြန်းလေ၏။

(ဝိဓုရဟူသော အမည်သည် အဘယ်အမည် ဖြစ်သနည်းဟူသော စကားရပ်၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ.. လောက၌ အမည်နာမပညတ်သည် အကြောင်းအနက်နှင့် မဆီမလျော် တော်သလို ထင်ရာမြင်ရာ ခေါ်ဝေါ်မှည့်ထားအပ်သော ရုဠှီအမည်၊ အကြောင်းအနက်နှင့် ညီလျော်စွာ မှည့်ထားအပ်သော အနွတ္ထ အမည်ဟူ၍ နှစ်ပါးရှိ၏။ (ဥပမာ) အရုပ်ဆိုးသောသူကို “မောင်လှ”ဟု မှည့်ခေါ်ခြင်းသည် အကြောင်း အနက်နှင့် မညီလျော် တော်သလို ထင်ရာမြင်ရာ ခေါ်ဝေါ် မှည့်ထားအပ်သော အမည်ဖြစ်၍ ရုဠှီအမည်ဖြစ်သည်။ (မညီလျော်ဟူသည်ကား အမည်က “လှ”ဟု မှည့်ထား၍ လူက အရုပ်ဆိုးနေခြင်း ဖြစ်သည်။ ဤသို့မဟုတ်ပဲ တကယ်လှပ တင့်တယ်သောသူကို “မောင်လှ”ဟု မှည့်ခေါ်ထားခြင်းဖြစ်လျှင် ထိုအမည်သည် အကြောင်းအနက်နှင့် ညီလျော်စွာ မှည့်ထားအပ်သော အမည်ဖြစ်၍ အနွတ္ထအမည် ဖြစ်၏။

ယခု ပုဏ္ဏကဘီလူးက ဝိဓုရအမတ်ကြီးကို “ဝိဓုရဟူသော အမည်သည် အဘယ်အမည်ဖြစ်သနည်း”ဟု မေးမြန်းရာ၌ ရုဠှီအမည်ပင် ဖြစ်သလော၊ အနွတ္ထအမည်ပင် ဖြစ်သလော၊ အကယ်၍ အမတ်ကြီးသည် တရား၌မတည်လျှင် သင့်အမည်သည် ရုဠှီအမည် ဖြစ်ချိမ့်မည်။ တရား၌တည်ပါမှ အနွအတ္ထအမည် ဖြစ်ချိမ့်မည်။ ဝိဓုရဟူသော အမည်သည် မကောင်းမှု

(သာ)

အကုသိုလ်တို့ကို ညှဉ်းဆဲ ပယ်သတ်တတ်သည့် သူတော်ကောင်းဟူ၍ အနက်ထွက်သည်။ တရား၌တည်မှ သူတော်ကောင်းစင်စစ်ဖြစ်၍ သင်၏ ဝိဓုရဟူသောအမည်သည် အနွတ္ထအမည် ဖြစ်မည်၊ တရား၌မတည်လျှင် ထင်ရာမြင်ရာ မညီမလျော် မှည့်ခေါ်ထားသော အလကားအမည် ရုဠှီအမည် ဖြစ်မည်ဟု ရည်ရွယ်မေးမြန်းသော စကားဖြစ်သည်။)

     ထိုအခါ ဝိဓုရအမတ်ကြီးက “ငါသည် မင်းကြီး၏ ဆွေမျိုးဖြစ်သည် ဟူ၍သော်၎င်း မင်းကြီးထက် သာလွန်မြင့်မြတ်သောသူ ဖြစ်သည်ဟူ၍သော်၎င်း မင်းကြီးနှင့် တစုံတရာမျှ မသက်ဆိုင်သောသူ ဖြစ်သည်ဟူ၍သော်၎င်း လိုရာ ပြောနိုင်ပေ၏။ သို့သော် လောက၌ သစ္စာတရားနှင့်တူသော မှီခိုအားထားရာ မရှိသည်ဖြစ်၍ မှန်ကန်သောစကားကိုသာ ငါဆိုသင့်သည်”ဟု ကြံစည်တော်မူပြီးလျှင် “အမောင်.. လောက၌-

(၁) ကျွန်မမှမွေး၍ ကျွန်ဖြစ်ရသော ကျွန်တမျိုး၊

(၂) ဥစ္စာဖြင့် ဝယ်ထား၍ ကျွန်ဖြစ်ရသော ကျွန်တမျိုး၊

(၃) အလိုလိုလာ၍ ကျွန်ခံသဖြင့် ကျွန်ဖြစ်ရသော ကျွန်တမျိုး၊

(၄) စစ်နိုင်ရာမှ ဖမ်းယူလာသော သုံ့ဖမ်းကျွန်တမျိုး-

ဟူ၍ ကျွန်လေးမျိုး ရှိသည်တွင် ငါသည် ကောရဗျမင်းကြီးထံ အလိုလိုလာ၍ ကျွန်ခံသော ကျွန်ဖြစ်ပေသည်”ဟူ၍ အမှန်အတိုင်း ဖြေဆိုတော်မူလေသည်။

     ဝိဓုရအမတ်ကြီးသည် ကောရဗျမင်းကြီးထံမှာ အလိုအလျောက် လာရောက် အမှုထမ်းဆောင်ခြင်း ပြုသည့်အတွက် မိမိကိုယ်ကို ကျွန်လေးမျိုးတို့တွင် တတိယကျွန်မျိုးဖြစ်ကြောင်း ပြောဆိုပေသည်။ ထိုသို့ မလိမ်မကောက် ပြောသင့်သည့်အတိုင်း မှန်ကန်စွာပြောဆိုခြင်း ဝစီသစ္စာသည် အခြားသူများ မိမိကို ယုံကြည်ကြစေရန် ရည်သန်၍ပြောဆိုခြင်း သဒ္ဒဟာပနသဘောလည်း မရှိ၊ တစုံတရာ မိမိလိုအပ်သော အလိုဆန္ဒ ပြည့်ဝစေရန် ရည်သန်၍ပြောဆိုခြင်း ဣစ္ဆာပူရဏသဘောလည်း မရှိ၊ စင်စစ်သော်မူ မဟုတ်မမှန် မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်လိုသည့်အတွက် ပြောဆိုခြင်းဖြစ်သောကြောင့် မုသာဝိရမဏဝစီသစ္စာဟု ခေါ်ရလေသည်။

     ဤအတူ သုဝဏ္ဏသာမဇာတ်၌လည်း ပီဠိယက္ခမင်းကြီးက သုဝဏ္ဏသာမအား “သင် မည်သည့်အမျိုးအနွယ်ရှိသူနည်း၊ မည်သူ၏သား ဖြစ်သနည်း၊ သင်နှင့် သင့်ဖခင်၏ အမျိုးအနွယ်ကို ပြောကြားပါ”ဟု မေးမြန်းရာ သုဝဏ္ဏသာမသည် “ငါကား နတ်ဖြစ်သည်။ နဂါးဖြစ်သည်၊ ကိန္နရာဖြစ်သည်။ မင်းမျိုးဖြစ်သည် စသည်ဖြင့် တခုခုကို ပြောဆိုလျှင်လည်း ဤသူ ယုံကြည်မည်ပင် ဖြစ်၏။

(သိ)

သို့ရာတွင် မှန်ကန်ရာကိုသာ ပြောဆိုထိုက်သည်”ဟု ကြံစည်တော်မူပြီးလျှင် “ကျွန်ုပ်သည် တံငါသည်၏ သားဖြစ်သည်” စသည်ဖြင့် အမှန်ကိုသာ ပြောဆို ဖြေကြားတော်မူသည်။ ။ဤသုဝဏ္ဏသာမ၏ မှန်ကန်စွာ ပြောဆိုခြင်းမှာလည်း ဝိဓုရအမတ်ကြီး ပြောဆိုခြင်းကဲ့သို့ပင် သူတပါး ယုံကြည်စေရန်အတွက်လည်း မဟုတ်၊ တစုံတရာ မိမိအလိုဆန္ဒ ပြည့်ဝစေရန်အတွက်လည်း မဟုတ်၊ စင်စစ်ကား မုသား စကားပြောခြင်းမှ ရှောင်ကြဉ်ရန် အမှန်အတိုင်းပြောဆိုခြင်း ဖြစ်သောကြောင့် မုသာဝိရမဏဝစီသစ္စာ မည်၏။

     ဘူရိဒတ်ဇာတ်၌လည်း နေသာဒပုဏ္ဏားသည် ဘုရားအလောင်း ဥပုသ်စောင့်ရာသို့ လာပြီးလျှင် “သင်သည် မည်သူနည်း၊ တန်းခိုးကြီးသော နတ်မင်းတပါးပင် ဖြစ်သလော၊ သို့မဟုတ် အာနုဘော်ကြီးသော နဂါးပင် ဖြစ်သလော”ဟု မေးမြန်းရာ ဘူရိဒတ်နဂါးမင်းက.. “ငါသည် သိကြားနတ် စသည်တို့တွင် တမျိုးမျိုးဖြစ်သည်ဟု ပြောလျှင်လည်း ဤပုဏ္ဏား ယုံကြည်မည်သာဖြစ်၏၊ ယခုမှာ ငါသည် မှန်ကန်ရာကိုသာ ပြောသင့်သည်”ဟု ကြံစည်တော်မူပြီးလျှင် တန်းခိုးကြီးသော နဂါးဖြစ်ကြောင်း စသည်ကိုသာ ပြောဆိုတော်မူ၏၊ ဤသို့ ဘူရိဒတ်နဂါးမင်း၏ မှန်ကန်သော စကားကိုသာ ပြောဆိုခြင်းသည် ဝိဓုရအမတ်ကြီး၏ ပြောဆိုခြင်းကဲ့သို့ပင် သူတပါး ယုံကြည်စေရန်အတွက်လည်း မဟုတ်၊ တစုံတရာ မိမိအလိုဆန္ဒ ပြည့်ဝစေရန်အတွက်လည်း မဟုတ်၊ စင်စစ်ကား မုသားစကားပြောခြင်းမှ ရှောင်ကြဉ်ရန် အမှန်အတိုင်းပြောဆိုခြင်း ဖြစ်သောကြောင့် မုသာဝိရမဏဝစီသစ္စာ မည်၏။

ပါရမီတော်ဆယ်ပါးတို့တွင် ခြောက်ခုမြောက် သစ္စာပါရမီအရာ၌ လိုလားအပ်သော သစ္စာဟူသည် ဤမုသာဝိရမဏသစ္စာပင် ဖြစ်၏။ ရှေးရှေး ဘုရားအလောင်းတော်များသည် ဤမုသားစကားမှ ရှောင်ကြဉ်ခြင်း တည်းဟူသော မုသာဝိရမဏသစ္စာကို အမြဲ အားထုတ်တော်မူကြ၏။ ဘဝဆက်တိုင်း အမှန်ကို ပြောဆိုခြင်းဖြင့် သစ္စာပါရမီကို ဖြည့်ကျင့်တော်မူကြကုန်၏။ တရံတခါ စကားပြောဆိုခွင့် ကြုံကြိုက်ရာတွင် အကယ်၍ ပြောဆိုက မုသားစကားကိုသာ ပြောဆိုရမည် ဖြစ်သည့်အတွက် လုံးဝ မပြောမဆို သစ္စာသဘောကိုသာ စောင့်ရှောက်တော်မူလိုသဖြင့် ဆိတ်ဆိတ်နေသည် ဖြစ်အံ့၊ ထိုအခါ နှုတ်မြွက်ပြောဆိုခြင်း မရှိသောကြောင့် ဝစီသစ္စာစစ်စစ် မဖြစ်နိုင်၊ မုသာဝါဒမှ ရှောင်ကြဉ်ခြင်း ဝိရတိသစ္စာသာဖြစ်၏၊ ဤ ဝိရတိသစ္စာကိုလည်း ဝစီသစ္စာ၌ ထည့်သွင်းရေတွက် ပြောဆိုအပ်၏။

(သီ)

သစ္စာသုံးပါး အလောင်းတော်ကြီးများ သုံးစွဲပုံ

     အလောင်းတော်ကြီးများသည် သူတပါးတို့က မိမိအပေါ်မှာ မယုံမကြည် ရှိနေမည်ကို စိုးရိမ်ရသော အကြောင်းနှင့် ကြုံကြိုက်သောအခါမှာသာ (၁) အမှတ်ပြ သဒ္ဒဟာပနသစ္စာကို ပြုမူ သုံးစွဲတော်မူကြသည်၊ ဤအခါမျိုး မဟုတ်လျှင် ပြုတော်မူလေ့ မရှိကြ၊ ဤအတူ မိမိမှာ လိုလားအပ်သော အကြောင်းကိစ္စတခုခု ရှိလာသောအခါ ထိုလိုလားချက်ပြည့်ဝစေရန် (၂) အမှတ်ပြ ဣစ္ဆာပူရဏဝစီသစ္စာကို ပြုမူသုံးစွဲတော်မူကြသည်။ လိုလားအပ်သော အကြောင်းကိစ္စတခုခု မရှိလျှင် ဤသစ္စာကို ပြုနေဖွယ်ပင် မလိုတော့ပြီ။ (၃) အမှတ်ပြ မုသာဝိရမဏ ဝစီသစ္စာကိုကား အစဉ်အမြဲ လက်စွဲ ဖြည့်ကျင့်တော်မူကြ၏။ ဤအလောင်းတော်များ ကျင့်ထုံးကို နှလုံးသွင်းကာ သူတော်ကောင်းဖြစ်သော သူတို့သည် မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းတည်းဟူသော မုသာဝိရမဏဝစီသစ္စာကို အထူးကြိုးစား စောင့်ရှောက် ဖြည့်ကျင့်ကြရာ၏။

သစ္စာသုံးမျိုးခွဲ ပြီး၏။

**********

သစ္စာနှစ်မျိုးခွဲ

     ဆိုအပ်ပြီးသော သစ္စာတို့ကို သိမ်းရုံးကာ အကျဉ်း ဝေခွဲပြန်သည်ရှိသော်..

(၁) ဝစီဘေဒသိဒ္ဓိသစ္စာ= (နှုတ်မြွက်သဖြင့် ကိစ္စပြီးသောသစ္စာ)

(၂) ပစ္ဆာနုရက္ခဏသစ္စာ= (ပြောဆိုပြီးနောက် စောင့်ရှောက်ပြုလုပ်ရသေးသော သစ္စာ)

ဟူ၍ နှစ်ပါးသာရှိ၏။

     ရှေး ဆိုအပ်ပြီးသော ဘိသဇာတ်လာ သဒ္ဒဟာပနသစ္စာ၊ သုဝဏ္ဏသာမဇာတ် သုပ္ပါရကဇာတ် သိဝိဇာတ် မစ္ဆဇာတ် ၀ဋ္ဋကဇာတ် ကဏှဒီပါယနဇာတ် နဠပါနဇာတ် သမ္ဗုလာဇာတ် တေမိယဇာတ် ဇနကဇာတ် ကဋ္ဌဝါဟနဇာတ် မဟာမောရဇာတ်တို့၌လာသော ဣစ္ဆာပူရဏဝစီသစ္စာ၊ ဝိဓုရဇာတ် သုဝဏ္ဏသာမဇာတ် ဘူရိဒတ်ဇာတ်တို့၌လာသော မုသာဝိရမဏ ဝစီသစ္စာတို့သည် “အသီးအသီး မြွက်ဆိုပြီးသည်နှင့် တပြိုင်နက် သစ္စာကိစ္စ ထမြောက်ပြီးစီးသွား၏။ နောက်ထပ် သစ္စာမြောက်အောင် စောင့်ရှောက်စီမံရန် ကိစ္စ တစုံတရာ မကျန်သောကြောင့် ဖော်ပြရာပါ သစ္စာတို့ကို ဝစီဘေဒသိဒ္ဓိသစ္စာဟူ၍ မှတ်ယူအပ်ကုန်၏။

(သု)

     ရှေး၌ ပြခဲ့သောအတိုင်း မဟာသုတသောမဇာတ်လာ ပေါရိသာဒထံတွင် အလောင်းတော် သုတသောမမင်း ပြုအပ်သော သစ္စာသည်ကား ငါပြန်၍ လာခဲ့ပါမည် မလာလျှင် မည်ကဲ့သို့ ဖြစ်ပါစေဟု ပေါရိသာဒယုံကြည်စေရန် ပြုအပ်သည့် သဒ္ဒဟာပနသစ္စာပင် ဖြစ်သော်လည်း သစ္စာစကား နှုတ်မြွက်ဆိုရုံမျှဖြင့် သစ္စာကိစ္စ ထမြောက် ပြီးစီးသွားပြီဟု မဆိုနိုင်သေး၊ နောက်ပြန်လာမှသာ မှန်ကန်သော သစ္စာသဘော ပြီးစီးထမြောက်ပေမည်။ ဤသို့ သစ္စာပြုပြီးနောက် ထိုသစ္စာ မှန်ကန်ထမြောက်စေရန် ပြန်၍လာဖြစ်အောင် အထူးစီမံနေရသည် ဖြစ်သောကြောင့် ဤသုတသောမမင်းကြီး၏ သစ္စာကို ပစ္ဆာနုရက္ခဏသစ္စာဟူ၍ မှတ်ယူအပ်၏။

     ဤနည်းအတူ တိံသနိပါတ် (၃) ဇယဒိသဇာတ်လာ ဇယဒိသမင်း ပြုအပ်သော သစ္စာနှင့် ဧကာဒသကနိပါတ် (၇) ဒသရထဇာတ်လာ ရာမမင်းပြုအပ်သော သစ္စာတို့မှာလည်း ပစ္ဆာနုရက္ခဏသစ္စာချည်းပင် ဖြစ်၏။

     ဤ၌ ဇယဒိသမင်း ပြုအပ်သော သစ္စာအကျဉ်းချုပ်ကား.. ကပိလတိုင်း ဥတ္တရပဉ္စာလမြို့တော် ဇယဒိသမင်းသည် စစ်သည်ဗိုလ်ပါတို့ခြံရံလျက် သမင်ဖမ်း တောကစားထွက်တော်မူရာ လမ်းအကြားတွင် တက္ကသိုလ်ပြည်မှလာသည့် တရားဟောလိုသော နန္ဒပုဏ္ဏားနှင့်တွေ့သဖြင့် အပြန်မှ တရားနာမည်ဟု ချိန်းချက်ခဲ့ပြီးလျှင် တောသို့ ထွက်သွားခဲ့လေ၏။

     တောသို့ ရောက်သောအခါ မှူးမတ်များနှင့် တာခွဲဝေ၍ သမင်ဖမ်းကြသည်တွင် မင်းကြီးတာမှ သမင်ထွက်ပြေးသောကြောင့် မရ-မနေဟု သမင်နောက်သို့ အတင်းလိုက်ကာ ခရီးဝေးစွာရောက်မှ ရမိ၍ သမင်ကို နှစ်ပိုင်း ပိုင်းဖြတ်ပြီးလျှင် ထမ်းပိုးဖြင့်ထမ်း၍ ပြန်ခဲ့ရာ ညောင်ပင်တခုအောက်၌ ခေတ္တဝင်ရောက် နားနေပြီးနောက် သွားတော့မည်ဟု ထသောအခါ ထိုညောင်ပင်မှာရှိသော လူဘီလူးက “ငါ့အစာဖြစ်ပြီ၊ မသွားရ”ဟု တားမြစ်၏။ (လူဘီလူးဟူသည်မှာ ထိုသူသည် တကယ်စင်စစ် ဘီလူးမဟုတ်၊ ဇယာဒိသမင်း၏ အစ်ကိုရင်းကို မွေးခါစတွင် ဘီလူးမက စားရန် လာရောက် လုယူသွားပြီးလျှင် မစားရက်ပဲ သားအမှတ်ဖြင့် မွေးထားသောကြောင့် ဘီလူးစိတ် ဘီလူးစား ဘီလူးနေ နေထိုင်ခဲ့ရာ မိခင်ဘီလူးမ သေသွားသဖြင့် တကိုယ်တည်း လူစင်စစ်က ဘီလူးကဲ့သို့ နေသောသူဟု ဆိုလိုသည်။)

     ထိုအခါ ဇယဒိသမင်းက “ငါသည် တက္ကသိုလ်ပြည်မှလာသော ပုဏ္ဏားထံ တရားနာရန် ချိန်းဆိုထားချက်ရှိသူ ဖြစ်ပေသည်။ ထိုတရားကို ပြန်၍ နာယူပါရစေ၊ တရားနာပြီးသောအခါ ငါ့စကားကို မှန်ကန်အောင် စောင့်ရှောက်သောအားဖြင့် ပြန်လာပါမည်”ဟု ဝန်ခံစကား ပြောရုံနှင့် လူဘီလူးက

(သူ)

လွှတ်လိုက်လေသည်။ (လူဘီလူးနှင့် ဇယဒိသမင်းတို့မှာ ညီအစ်ကိုအရင်းဖြစ်သည်ကို လူမပြောသော်လည်း သွေးပြောသည်ဟူသော စကားကဲ့သို့ ကရုဏာမကင်းသည့်အတွက် အလွယ်တကူ ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်ဟု မှတ်ယူအပ်၏။) ဇယဒိသမင်း ပြန်လာ၍ ပုဏ္ဏားထံ တရားနာပြီးလျှင် တောသို့ပြန်၍ ဘီလူးစားခံမည်အပြုတွင် သားတော် အလိနသတ္တုမင်းသား (ဘုရားအလောင်း)က အကြောင်း အမျိုးမျိုးပြကာ ကိုယ်တော်စား သားတော်သွားပါမည်ဟု တောင်းပန်၍ ခွင့်ပြုကာ သားတော်ကို လွှတ်လိုက်လေသည်။ ဤဇယဒိသမင်း၏ “လာခဲ့ပါမည်”ဟူသော သစ္စာစကားသည်လည်း ဆိုပြီးသည့်နောက် မှန်ကန်ညီညွတ်အောင် စောင့်ရှောက်အပ်သောကြောင့် ပစ္ဆာနုရက္ခဏသစ္စာပင် ဖြစ်၏။

     ရာမမင်း၏ သစ္စာအကျဉ်းမှာ.. ဗာရာဏသီပြည် ဒသရထမင်း၏ မိဖုရားကြီးမှ သားတော်ကြီး ရာမမင်းသား၊ သားငယ် လက္ခဏမင်းသား၊ သမီး သီတာဒေဝီတို့ကို ဖွားမြင်ပြီးနောက် နတ်ရွာစံရာ မိဖုရားအသစ် မြှောက်သည်တွင် ထိုမိဖုရားသစ်မှ ဘရတမည်သော သားကို ဖွားမြင်၏၊ မိဖုရားသစ်က သူ့သား ဘရတကို ထီးနန်းလွှဲအပ်ရန် ဒသရထမင်းကြီးထံ အဖန်ဖန် ပူဆာသောကြောင့် ဒသရထမင်းကြီးသည် သားနှစ်ယောက်တို့ကို ခေါ်ပြီးလျှင် “မိဖုရားသစ်နှင့် သားဘရတတို့အတွက် ငါ့သားကြီးများမှာ အန္တရာယ်ဖြစ်မည်ကို စိုးရိမ်လှပေသည်၊ ဗေဒင်ဆရာများက ခမည်းတော်၏အသက် ဆယ့်နှစ်နှစ်ရှည်ဦးမည်ဟု ဟောကြားထားသောကြောင့် ငါ့သားများ ယခု တောအရပ်မှာ တိမ်းရှောင်နေကြပြီးလျှင် တဆယ့်နှစ်နှစ် လွန်သောအခါမှ ပြန်လာကြ၍ ထီးနန်းစည်းစိမ်ကို ယူကြလော့”ဟု မိန့်ဆိုလေသည်။

     ထိုအခါ ရာမမင်းသားက အမိန့်တော်အတိုင်း လိုက်နာပါမည်ဟု ဝန်ခံကာ ညီအစ်ကိုနှစ်ယောက်တို့ တောအရပ်သို့ သွားကြသည်တွင် နှမတော် သီတာဒေဝီကလည်း မောင်တော်များနှင့် မခွဲလိုဟုဆိုကာ အတူတကွ လိုက်ပါ၍သွားလေ၏။ ဒသရထမင်းကြီးမှာ ဗေဒင်ဆရာများက အသက် ဆယ့်နှစ်နှစ်ရှည်ဦးမည်ဟု ဟောဆိုသော်လည်း သားသမီးများအတွက် စိတ်သောက နှိပ်စက်သဖြင့် ကိုးနှစ်အကြာတွင် နတ်ရွာစံတော်မူလေသည်။ ထိုအခါ မှူးမတ်များက ဘရတမင်းသားကို မင်းမမြှောက်လိုကြပဲ ရာမမင်းသားရှိရာသို့ သတင်းနာခံ၍ လိုက်လာရောက်ရှိကြသောအခါ ခမည်းတော် နတ်ရွာစံပြီးဖြစ်၍ ပြည်တော်သို့ ပြန်ကြွကာ ထီးနန်းအုပ်ချုပ် မင်းပြုလုပ်ပါမည့်အကြောင်း တောင်းပန် လျှောက်ထားကြသည်တွင် ရာမမင်းက “ငါသည် ခမည်းတော်ထံမှာ ခမည်းတော်၏အမိန့်အတိုင်း တဆယ့်နှစ်နှစ်ကြာမှ ပြည်တော်သို့ပြန်လာ၍ ထီးနန်းအုပ်ချုပ်ပါမည်ဟု လျှောက်ထားခဲ့ပေသည်၊ ယခုပြန်လျှင် ငါလျှောက်ထားခဲ့ သော စကားသည် မှန်တော့မည်မဟုတ်၊ ငါ့စကားကို ငါမဖျက်လို၊ သို့ဖြစ်၍

(သေ)

ညီငယ် လက္ခဏမင်းသားနှင့် နှမငယ် သီတာဒေဝီတို့ကိုသာ ခေါ်သွားကာ မင်းလျာအဖြစ်ထား၍ သင်တို့ မှူးမတ်များပင် တိုင်းပြည်ကို အုပ်ချုပ်ကြလေ”ဟု အမိန့်ပေးတော်မူလိုက်၏။ ဤ၌ ရာမမင်းသည် ခမည်းတော်ထံမှာ မိမိဝန်ခံခဲ့သည့်စကား မှန်ကန်စေရန် အချိန်ကိုဆွဲ၍ စောင့်ရှောက်ရလေသည်။ ပစ္ဆာနုရက္ခဏသစ္စာပင်တည်း။

ကာလနှင့်ဆိုင်ရာ သစ္စာ

     ဤ ဝစီဘေဒသိဒ္ဓိသစ္စာနှင့် ပစ္ဆာနုရက္ခဏသစ္စာ နှစ်မျိုးတို့ကို အလွယ်တကူ ခွဲခြားနိုင်ရန် အကျဉ်းချုပ်သဘောကို မှတ်ပြန်လျှင်-

     သစ္စာသည်-

(၁) အတိတ်အခါနှင့်သာ သက်ဆိုင်သောသစ္စာ၊

(၂) အတိတ် ပစ္စုပ္ပန် အခါတို့နှင့် သက်ဆိုင်သောသစ္စာ၊

(၃) အနာဂတ်အခါနှင့်သာ သက်ဆိုင်သောသစ္စာ၊

(၄) အခါအထူး မမှတ်အပ်သောသစ္စာ-

အားဖြင့် လေးမျိုးရှိလေသည်။ ဤလေးမျိုးတို့တွင် အနာဂတ်အခါနှင့် သက်ဆိုင်သော သစ္စာတမျိုးသာ ပစ္ဆာနုရက္ခဏသစ္စာဖြစ်၍၊ ကျန်သစ္စာ သုံးမျိုးတို့မှာ ဝစီဘေဒသိဒ္ဓိသစ္စာချည်းသာ ဖြစ်ကြ၏။

     လေးမျိုးတို့ အသီးအသီး ဖြစ်ကြပုံမှာ.. သုဝဏ္ဏသာမဇာတ်လာ သစ္စာတို့တွင် မယ်တော် ခမည်းတော်တို့က “သာမသည် ရှေးက တရားကိုသာ ကျင့်ပါသည်။ မြတ်သောအကျင့်ကိုသာ ကျင့်လေ့ရှိပါသည်။ မှန်သောစကားကိုသာ ဆိုလေ့ရှိပါသည်၊ မိဖတို့ကို လုပ်ကျွေးခဲ့ပါသည်။ အသက်အရွယ်ကြီးသူတို့ကို ရိုသေခဲ့ပါသည်”ဟူ၍ ဆိုအပ်သော သစ္စာစုသည် အတိတ်အခါနှင့်သာ သက်ဆိုင်သော သစ္စာများဖြစ်ကြ၏။

     “သုဝဏ္ဏသာမကို ကျွန်ုပ်တို့အသက်ထက် ပို၍ ချစ်ပါသည်”ဟူသော သစ္စာသည်၎င်း၊ ဗဟုသုန္ဒရီနတ်သမီး ပြောဆိုအပ်သည့် “သာမထက်ပို၍ ချစ်သောသူ မရှိ”ဟူသော သစ္စာ “ဤဂန္ဓမာဒနတောင်မှာ သစ်ပင်ဟူသမျှသည် နံ့သာပင်ချည်းသာ ဖြစ်သည်”ဟူသော သစ္စာသည်၎င်း ဤသစ္စာစုသည် အခါအထူးမမှတ်အပ် သော သစ္စာများဖြစ်ကြ၏။

     သုပ္ပါရကဇာတ် သိဝိဇာတ်တို့မှာလာသော ဣစ္ဆာပူရဏသစ္စာစုသည် အတိတ်အခါ နှင့်သာ သက်ဆိုင်သော သစ္စာစုဖြစ်ကြ၏။ ထို့အတူ ကဏှဒီပါယနဇာတ် နဠပါနဇာတ်လာ ဣစ္ဆာပူရဏသစ္စာစုလည်း အတိတ်နှင့်သာ သက်ဆိုင်သော သစ္စာစုဖြစ်၏။

(သဲ)

     ၀ဋ္ဋကဇာတ်၌ “အတောင်ရှိလျက် မပျံနိုင်၊ ခြေရှိလျက် မသွားနိုင်”ဟူသော စကားရပ်သည် အတိတ် ပစ္စုပ္ပန် နှစ်ပါးနှင့် သက်ဆိုင်၏။ အနာဂတ်ဖြစ်သော နောက်အခါမှာကား အတောင်ဖြင့် ပျံနိုင်မည် ခြေဖြင့် သွားနိုင်မည်ဖြစ်၍ အနာဂတ်နှင့် မသက်ဆိုင်။

     သမ္ဗုလာဇာတ်၌ “အရှင့်သားထက် ပို၍ချစ်သော အခြားသူမရှိပါ” ဟူသောသစ္စာ တေမိယဇာတ်လာ စန္ဒာဒေဝီမိဖုရားကြီး၏ သစ္စာတို့သည် ကာလအထူး မမှတ်အပ်သော သစ္စာတို့ ဖြစ်ကုန်၏။

     ဤသို့ အစရှိသည်ဖြင့် ထိုထိုသစ္စာတို့၏ ထိုထိုကာလတို့နှင့် သက်ဆိုင်ပုံကို စဉ်းစားဆင်ခြင် သိမြင်မှတ်သားရာ၏။

ပရမတ္ထသစ္စာပါရမီ

     သစ္စာပါရမီနှင့်စပ်၍ အဋ္ဌသာလိနီအဋ္ဌကထာ ဗုဒ္ဓဝင်အဋ္ဌကထာတို့၌ ပေါရိသာဒထံမှာ ပြန်လာခဲ့ပါမည်ဟု ဝန်ခံထားခဲ့သည့်အတိုင်း အသက်ကိုစွန့်၍ မိမိစကား မှန်ကန်အောင် စောင့်ရှောက်သော မဟာသုတသောမမင်း၏ သစ္စာပါရမီသည် ပရမတ္ထပါရမီဖြစ်ကြောင်းကို ဖွင့်ဆိုကုန်၏။ မဟာသုတသောမမင်း၏ အကြောင်းအရာတွင် သစ္စာဆိုခြင်းက ပေါရိသာဒထံမှာဖြစ်၍ ထိုသို့ ဆိုရုံမျှဖြင့် သစ္စာကိစ္စ မပြီးဆုံးသေး၊ ပြီးဆုံးအောင်မြောက်စေရန် နောက်ထပ် စောင့်ရှောက်ရသေး၏၊ ပြန်ခဲ့ပါမည်ဟု ဆိုခဲ့သည့်အတိုင်း ဣန္ဒပတ္တမြို့တော်သို့ ရောက်ပြီးမှ တဖန် ပြန်လာတော်မူရ၏။ သို့ဖြစ်၍ ရှေးဦးစွာ ပေါရိသာဒထံမှာ ငါပြန်ခဲ့ပါမည်ဟု ဆိုစဉ်က အသက်ကိုစွန့်လွှတ်ရမှု မထင်ရှားသေး၊ ဣန္ဒပတ္တမြို့တော်မှ တဖန် မိမိသစ္စာကို စောင့်ရှောက်သောအားဖြင့် ပြန်လာသောအခါမှာမှ အသက်ကို စွန့်လွှတ်ရမှု ထင်ရှားပေ၏။ ထို့ကြောင့်ပင် အဋ္ဌကထာများ၌ (ဇီဝိတံ စဇိတွာ သစ္စမနုရက္ခန္တဿ) “အသက်ကိုစွန့်လွှတ်ကာ သစ္စာကိုစောင့်သော မင်း၏”ဟူ၍သာ ပြဆိုသည်၊ (ဇီဝိတံ စဇိတွာ သစ္စံ ဘဏန္တဿ) “အသက်ကိုစွန့်၍ သစ္စာစကားကိုဆိုသော မင်း၏”ဟူ၍ မဖွင့်ဆိုခဲ့ချေ။

သစ္စာနှစ်ပါး စဉ်းစားဖွယ်

     ဤအရာ၌ မဟာသုတသောမမင်း၏ သစ္စာနှင့် ဝိဓုရအမတ်ကြီး၏ သစ္စာနှစ်ရပ်တို့ကို တွဲစပ်နှိုင်းယှဉ်၍ ဆင်ခြင်ကြည့်ရှုရန် သင့်လျော်လှပေ၏။ ဝိဓုရအမတ်ကြီး၏ သစ္စာမှာ ပြခဲ့ပြီးသော ဝိဓုရဇာတ်လာ ဂါထာအမှတ် (၁၀၂)တွင် ဟောဆိုအပ်သည့်အတိုင်း မိမိကိုယ်ကို ကျွန်ပင်ဖြစ်သည်”ဟူ၍ အမှန်အတိုင်း ပြောဆိုခြင်းဖြစ်၏။ ထိုသို့ ပြောဆိုလိုက်သည်နှင့် တပြိုင်နက် သစ္စာကိစ္စ အထမြောက်ပြီဖြစ်၏၊ သို့ရာတွင် အမတ်ကြီး၏ မိမိကိုယ်ကို ကျွန်ဖြစ်ကြောင်း

(သော)

အမှန်စကား ပြောကြားရာမှာ မိမိအသက် သေရမည်ကို ငဲ့ကွက်နေဖွယ်မရှိ၊ ကျွန်ဖြစ်ရုံနှင့် သေနိုင်သည်လည်း မဟုတ်၊ သို့အတွက် ဝိဓုရအမတ်ကြီး၏ သစ္စာသည် မဟာသုတသောမမင်း၏ သစ္စာကို အဆင့်အတန်းမမှီဟူ၍ ပြောဆိုသော် ပြောဆိုဖွယ်ဖြစ်၏။

     အမှန်မှာ ဝိဓုရအမတ်ကြီးသည် “ငါ့ကို ဤလုင်သည် ခေါ်သွားပြီးနောက် သတ်လိုမူ သတ်ပစ်လိမ့်မည်၊ သတ်လျှင် အသေခံမည်”ဟူသော ရည်ရွယ်ချက်ဖြင့် အသက်ကို စွန့်လွှတ်ခြင်းသဘော ပါဝင်သည်ဟု ဆင်ခြင် စဉ်းစားနိုင်၏။ အကြောင်းကား ဤလုင်သည် ငါ့ကို အရကောင်းခြင်းမှာ ကိုးကွယ်လို ပူဇော်လို၍မဟုတ်၊ ကိုးကွယ်လို ပူဇော်လို၍ဖြစ်လျှင် အထင်အရှား ပြောကြား တောင်းပန် ပင့်ဖိတ်ရာ၏၊ ယခုမူ ဤသို့ တောင်းပန်ပင့်ဖိတ်ခြင်းမရှိပဲ အပိုင်အနိုင်ရယူရန် ကြွေအန်ကစားခြင်းဖြင့် အရယူသည် ဖြစ်သောကြောင့် ငါ့ကို ချမ်းသာခွင့် ပေးမည်မဟုတ်ဟူ၍ ဝိဓုရအမတ်ကြီး ပညာရှင်ပီပီ ဆင်ခြင် တွေးတောမည်သာ ဖြစ်၏။ ထိုမျှမကသေး လုင်ဆိုသော်လည်း ပုဏ္ဏကဘီလူးသည်ပင်ဖြစ်၍ အမူအရာကို မြင်သဖြင့်ပင် ဤသူသည် ကြမ်းတမ်းခက်ထန်သူ ဖြစ်၏ဟူ၍ အမတ်ကြီးသိမည်သာ ဖြစ်၏။ ထို့ပြင်လည်း ဝိဓုရအမတ်ကြီး မင်းနှင့်တကွသော အိမ်သူအိမ်သားတို့ကို အဆုံးအမ ဩဝါဒပေး၍ ကျွန်ုပ်ကိစ္စ ပြီးဆုံးပြီဟု ပြောဆိုသောအခါ ပုဏ္ဏကဘီလူးလုင် ပြန်၍ပြောဆိုရာတွင် (ဂါထာအမှတ် ၁၉၆) “ကြောက်လန့်တုန်လှုပ်ခြင်း မရှိပါလင့်၊ ငါ့အာဇာနည်မြင်းမြီးကိုသာ မြဲမြဲဆွဲကိုင်ပေလော့၊ ဤလောကကြီးကို သင် အသက်ရှင်လျက် ဤယခု မြင်ရခြင်းကား နောက်ဆုံးမြင်ရခြင်း ဖြစ်တော့သည်”ဟု ပြောသောအခါ ဝိဓုရအမတ်ကြီးက “ငါ့မှာ အပါယ်လားကြောင်း မကောင်းမှုမရှိ၊ အဘယ့်ကြောင့် ငါကြောက်ရမည်နည်း”ဟု ပြန်၍ ပြောဆိုလေသည်။ ဤ အမတ်ကြီး၏စကားကို ထောက်သဖြင့်လည်း အသက်ကိုစွန့်လွှတ်ကြောင်း ထင်ရှားပေ၏။

     ဤအခြင်းအရာတို့ကို ထောက်ထား ဆင်ခြင်၍ ဝိဓုရအမတ်ကြီး၏ သစ္စာသည်လည်း အသက်ကို စွန့်လွှတ်ခြင်းသဘော သက်ဝင်နေသဖြင့် မဟာသုတသောမမင်း၏ သစ္စာအောက် နိမ့်ကျမည်မဟုတ်ပေ၊ သာလွန်သည်ဟု မဆိုနိုင်စေကာမူ အဆင့်အတန်း တူညီသည်ဟူ၍ကား ဆိုသင့်သည်ဟု ဆင်ခြင် စဉ်းစားဖွယ်ရှိပေ၏။

ဥပဒေသ

ဤသစ္စာပါရမီ၌ ပြုအပ်သော သစ္စာကို အကြောင်းခံကာ လိုအပ်သောအရာကို တောင့်တလျှင် ရရှိပြည့်စုံစေနိုင်သော သတ္တိရှိခြင်းသည် ရှေးပါရမီများထက် ထူးကဲလှ၏၊ မဟာသုတသောမဇာတ်

(သော်)

(ဂါထာအမှတ် ၆၂)၌လည်း “ယေ ကေစိ မေ အတ္ထိ ရသာ ပထဗျာ၊ သစ္စံ တေသံ သာဒုတရံ ရသာနံ= မြေပြင်တဝှမ်း၌ အလုံးစုံသော အရသာမျိုးတို့ ရှိကြရာ ထိုအရသာတို့တွင် သစ္စာသည်သာလျှင် အချိုမြိန်ဆုံးသော အရသာဖြစ်သည်”ဟူ၍ ဟောတော်မူသောကြောင့် ချိုမြိန်လှစွာသော သစ္စာအရသာကို သုံးဆောင်နိုင်ကြရန် ထက်သန်စွာ ကြိုးကုတ် အားထုတ်ကြကုန်ရာသတည်း။

သစ္စာပါရမီခဏ်း ပြီး၏။

**********

(ဇ) အဓိဋ္ဌာနပါရမီ

ဆောက်တည်ခြင်း

     အဓိဋ္ဌာနဟူသော ပါဠိစကားကို ရှေးပညာရှိတို့က“ဆောက်တည်ခြင်း”ဟူ၍ အနက်မြန်မာ ပြန်ဆိုခဲ့ကြ၏၊ ဆောက်တည်ခြင်းဟူသော မြန်မာစကား၏ အဓိပ္ပါယ်မှာ မည်သို့သောသဘော ဖြစ်သင့်သည်ကို သိသာထင်ရှားအောင် စဉ်းစားဆင်ခြင်ရန် လိုပေ၏၊ စဉ်းစားဆင်ခြင်သည် ရှိသော်ကား..

     သီလအရာ၌လည်း သမာဒါနဟူသော ပါဠိကို ဆောက်တည်ခြင်းဟူ၍ပင် ပညာရှိတို့ မြန်မာပြန်ဆိုခဲ့ကြ၏၊ သမာဒါနဟူသော ပုဒ်သည် (သံ)ပုဒ်၊ (အာ)ပုဒ် (ဒါ)ပုဒ် သုံးမျိုးနှင့် (ယု)ပစ္စည်း (သို့မဟုတ် အနုပစ္စည်း)တို့ တွဲစပ်ထားသော ပုဒ်ဖြစ်၏၊ ကောင်းစွာယူခြင်းဟု မြန်မာပြန်ဆိုရသော ပုဒ်ဖြစ်သည်။ သို့ဖြစ်၍ သီလအရာ၌ “သီလဆောက်တည်သည်”ဟု ဆိုခြင်းသည် “သီလခံယူသည်”ဟု သဒ္ဒါနက် ထွက်ပေ၏။

     ဤသို့ သဒ္ဒါအနက် ထွက်သည်ကို အခြေခံပြုကာ ရှေးပညာရှိများက “သီလကို ရဟန်းသံဃာတော်များက ပေးရသည်၊ ဒါယကာ ဒါယိကာမတို့က ရဟန်းသံဃာတော်များထံမှ ခံယူရသည်”ဟူသော အဓိပ္ပါယ်ကို သိစေခဲ့ပြီးလျှင် သီလခံယူလိုသော် ရဟန်းသံဃာတော် တပါးပါးထံသို့ ချဉ်းကပ်လျက် (အဟံ ဘန္တေ တိသရဏေန သဟ ၊ပ၊ သီလံ ဒေထ မေ ဘန္တေ)ဟူ၍ သီလတောင်းပုံ ပါဠိအစဉ်ကို အထင်အရှား ထားခဲ့သည့်အတိုင်း ယနေ့အထိ သီလဆောက်တည်လိုသော သူတို့သည် ထိုအစဉ်အတိုင်း ရွတ်ဆို တောင်းခံကြရ၏။ ယဉ်ကျေး ကောင်းမြတ်လှသော အစီအစဉ်ပင် ဖြစ်ပေ၏။

(ဤတွင် “သီလံ ဒေထ မေ ဘန္တေ”ဟူသော နောက်ဆုံးစကားအရ “အရှင်ဘုရား အကျွန်ုပ်အား သီလကို ပေးတော်မူပါ”ဟူသော

(သံ)

အဓိပ္ပါယ်ထွက်ရှိနေသည်ကို အစွဲပြုကာ ယခုအခါ အချို့သူတို့သည် “သီလခံယူလိုပါလျက် ရဟန်းသံဃာမတွေ့၍ မခံယူရပဲ ဖြစ်နေသည်”ဟု ညည်းညူတတ်ကြ၏။ “ရဟန်းသံဃာကို မတွေ့လျှင်လည်း စေတီ ရုပ်ပွါး ဘုရားထံမှာ ခံယူလျှင်လည်း ရပါသည်”ဟု သဘာဝအမှန်ကို သိသူတို့က ပြောဆိုစေကာမူ ဘုရားဆင်းတုတော်က သီလပေးတတ်သည်မဟုတ်၍ မကျေနပ်ပဲ ရှိနေတတ်ကြ၏။ စင်စစ်မှာ သီလကို ရဟန်းများထံတောင်း၍ ရဟန်းများကပေးမှ ရနိုင်သည်ဟူ၍ မမှတ်အပ်ပေ။ စေတီရုပ်ပွါး ဘုရားရှေ့မှောက်၌ ဆောက်တည်လျှင်လည်း ရနိုင်သည်သာ ဖြစ်ပေ၏။)

     ဤအရာ၌ သီလဆောက်တည် ခံယူရာဝယ် ရွတ်ဆိုရသော ပါဠိအစီအစဉ်၏ အနက်အဓိပ္ပါယ် အကျဉ်းကို သိရှိနားလည်ရာ၏။

     ရှေးဦးစွာ လူဒါယကာ ဒါယိကာမတို့က (ဩကာသ ဩကာသ) အစချီကာ ရတနာသုံးပါး ဆရာသမားတို့အား ကန်တော့သော စကားအစဉ်နှင့်တကွ ဆုတောင်းစကားစဉ်ကို ရွတ်ဆိုသောအခါ၊ ဆရာရဟန်းတော်က သင့်လျော်ရာ နိယျာနိက မဂ်ဖိုလ် နိဗ္ဗာန် အထွတ်တပ်သော ဆုတောင်းဆုပေး စကားအစဉ်ကို ရွတ်ဆိုတော်မူ၏။ ထိုနောက်-

     လူဒါယကာ ဒါယိကာမတို့က (အဟံ ဘန္တေ တိသရဏေန သဟ) အစချီကာ ငါးပါးသီလ ရှစ်ပါးသီလအလိုက် သီလတောင်းသော စကားအစဉ်ကို ရွတ်ဆိုကြသော် ဆရာရဟန်းတော်က (ငါသီလပေးမည်ဟူသော စကားလုံး အလျဉ်းမပါ) "ယမဟံ ဝဒါမိ၊ တံ ဝဒေထ"ဟု ဥယျောဇဉ် တိုက်တွန်းစကား မိန့်တော်မူသည်။ (ဤစကား၏ အဓိပ္ပါယ်မှာ.. အကြင်စကားအစဉ်ကို ငါဆိုအံ့၊ ထိုငါဆိုသော စကားအစဉ်ကို လိုက်၍ဆိုကြ” ဤသို့ အဓိပ္ပါယ်ထွက်သည်။ သီလတောင်းသူတို့က သီလရရန် မည်သို့ဆိုရမည်ကို မသိကြသည့်အတွက် သိရအောင် ငါရှေ့က စကားစီတန်း၍ ပြောဆိုမည်၊ ငါဆိုသမျှ လိုက်၍ဆိုကြဟု တိုက်တွန်းခြင်း ဖြစ်၏။) ထို့နောက် ဆရာရဟန်းတော်က ပြောဆိုသွားသော စကားအစဉ်တွင်လည်း (ပဌမ) နမော တဿ အစရှိသော ဘုရားရှိခိုး၊ (ဒုတိယ) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ အစရှိသော သရဏဂုံ ခံယူပုံပါဠိ၊ (တတိယ) သိက္ခာပုဒ်တို့ကို ဆောက်တည်ခံယူပုံ ပါဠိစု။ (စတုတ္ထ) ဤ သရဏဂုံသီလအစုကို မမေ့မလျော့သော အပ္ပမာဒတရား လက်ရှိထား၍ ပြည့်စုံအောင် ဖြည့်ကျင့်ကြလေဟူ၍ တိုက်တွန်းခြင်း ဖြစ်သည်ကို သတိပြု မှတ်သားရာ၏။

     ဤသို့ လူအများက သီလကျင့်သုံးလိုသော်လည်း မည်ကဲ့သို့ ဆိုရမည်ကို မသိသည့်အတွက် ဆိုဖို့ရန် စကားအစီအစဉ်ကို ဆရာရဟန်းတော်က

(သား)

ရှေ့မှ လမ်းကြောင်းပေးခြင်း ဆိုပြခြင်း၊ လူဒါယကာ ဒါယိကာမတို့က လိုက်၍ ဆိုကြခြင်းကိုပင် ရဟန်းတော်ထံ၌ သီလခံယူခြင်း ရဟန်းတော်က သီလပေးခြင်းဟူ၍ လောကဝေါဟာရ ခေါ်ဆိုခြင်း ဖြစ်ပေသည်။

     ဤသို့ သမာဒါနဟူသော ပါဠိစကားအရ “ကောင်းစွာ ခံယူခြင်း”ဟူသော အနက်ထွက်သော်လည်း ဤအနက်မှာ သဒ္ဒါကျမ်းအရ ထွက်သောအနက်မျှဖြစ်၍ ဆိုလိုရင်း အဓိပ္ပါယ်နက်ကို ပေါ်လွင်ထင်ရှားစေရန် ရှေးပညာရှိကြီးများက “ဆောက်တည် ခြင်း”ဟူသော အဓိပ္ပါယ်နက်ကို အတည်ပြုပို့ချ ပြန်ဆိုတော်မူခဲ့ကြ၏။ ဤသီလအရာ၌ ပြဆိုအပ်သော အနက်အဓိပ္ပါယ်ကို (ပံသုကူလိကင်္ဂံ သမာဒိယာမိ၊ တေစီဝရိကင်္ဂံ သမာဒိယာမိ) အစရှိသည်ဖြင့် ဓုတင်အကျင့် တဆယ့်သုံးပါးကို ဆောက်တည်ရာ၌လည်း အလားတူ နည်းယူ၍ သိအပ်၏။ ဤ “ဆောက်တည်”ဟူသော စကားကို သီလနှင့် ဓုတင်အရာမှာသာ သုံးရသည်မဟုတ်သေး၊ အဓိဋ္ဌာန်အရာမှာလည်း “ဆောက်တည်”ဟူသော စကားကိုပင် သုံးရလေသည်။

     အဓိဋ္ဌာနဟူသော ပါဠိမှာ (အဓိ)ပုဒ် (ဌာ)ပုဒ် (အန)ပစ္စည်းတို့ တွဲစပ်ထားရာ သဒ္ဒါနက်အားဖြင့် “အလွန်အကျူး အထူးတည်စေခြင်း”ဟူ၍ ထွက်ရှိသော်လည်း ရှေးပညာရှိများက လိုရင်းဖြစ်သည့် အဓိပ္ပါယ်နက် အားဖြင့် “အဓိဋ္ဌာန= ဆောက်တည်ခြင်း”ဟူ၍သာ မြန်မာပြန်ဆိုတော်မူကြသည်။ ဤ “ဆောက်တည်”ဟူသော စကားသည် ပါဠိမဟုတ်၊ ရှေးကျသော မြန်မာစကားလုံးဖြစ်နေ၍ ယခုကာလ ဝေါဟာရစကားအားဖြင့် မည်သို့သော သဘောဖြစ်သင့်သည်ကို ဆင်ခြင်စဉ်းစားလျှင် အလွန်ထူးဆန်းသော မြန်မာစကားဖြစ်ပေ၏။ ထူးဆန်းပုံကား..

     “ဆောက်”ဟူ၍ စကားတလုံးတည်း သုံးလိုက်လျှင် ပေါရာဏအရ “စိုက်ထူခြင်း”ဖြစ်၏။ ယခုကာလ တံခွန်စိုက်ထူသည်ကိုပင် ရှေးအခါက တံခွန်ဆောက်သည်ဟု သုံးနှုန်း၏။ ရှေးအခါက မိန်းမများ၏ ဆံထုံးပေါ်၌ ဖြောင့်ဖြောင့်မတ်မတ် စိုက်ထိုးအပ်သော ပန်းကို (ပါဠိလို) ဝဋံသကာဟု ခေါ်၍ (မြန်မာလို) ဦးဆောက်ပန်းဟု ခေါ်သည်။ (ဦးထိပ်မှာ ဆောက်ထားအပ်သောပန်း စိုက်ထူအပ်သောပန်းဟု ဆိုလိုသည်။)

     “တည်”ဟူသော စကားလုံး တလုံးတည်း၏ အဓိပ္ပါယ်မှာ အခြားမှ တစုံတရာ ဝတ္ထုတို့ကို ဆောင်ယူချထား လာသည်ဟု အဓိပ္ပါယ်ရ၏။ ရှေးအခါကစ၍ ယခုတိုင်အောင် သိမ် ကျောင်း ပြုလုပ်သည်ကို သိမ်ဆောက်သည် ကျောင်းဆောက်သည်ဟူ၍ ခေါ်ရိုးထုံးရှိ၏၊ အကြောင်းကား တိုင်တို့ကို ဦးစွာ စိုက်ထူအပ်သောကြောင့် ဖြစ်၏။ စေတီတည်ထားရာ၌ တခါတည်း စိုက်ထူ၍မရ၊

(ဟ)

ဖြည်းဖြည်းခြင်းသာ အုဌ်ချပ်တို့ကိုယူ၍ စီထားရသောကြောင့် စေတီတည်သည်ဟူ၍သာ ခေါ်ရိုးထုံးရှိ၏။ ဤနှစ်မျိုးကို တွဲစပ်သုံးနှုန်းရာ၌ “ဘုရားတည်၊ ကျောင်းဆောက်”ဟူ၍ အစဉ်အလာ ပြောဆိုရိုးထုံးရှိ၏။

     ဤသို့ စကားနှစ်လုံးမှာ တလုံးလျှင် တမျိုးစီ အဓိပ္ပါယ်ကွဲပြားသော်လည်း “ဆောက်တည်”ဟူ၍ တွဲစပ် သုံးစွဲလိုက်သောအခါ နဂိုရ်မူလအနက်ထက် ပိုမိုလေးနက်စွာ “မရွေ့မရှား မတုန်မလှုပ် စိတ်၌ထားခြင်း၊ တနည်း အတည်ဖြစ်စေခြင်း အဓိပ္ပါယ်ကို ကောက်ယူရ၏။ ဤသို့လျှင် ရှေးအခေါ်အဝေါ် "ဆောက်တည်"ဟူသော စကားမှာ ယခုကာလအခေါ်အဝေါ် "မရွေ့မရှား မတုန်မလှုပ် စိတ်၌ထားရှိခြင်း၊ အတည်ဖြစ်စေခြင်း”ဟု အဓိပ္ပါယ်ရသည်ဖြစ်၍ “သီလ ဆောက်တည်သည်” ဆိုရာမှာ “သီလကို မရွေ့မရှား မတုန်မလှုပ် စိတ်၌ထားသည်၊ အတည်ဖြစ်စေသည်” (ပါဠိလို) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊ (ရှေးမြန်မာလို) သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏၊ (ယခုဝေါဟာရအလို) သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သည့် ကျင့်ဝတ်အစုကို “မရွေ့မရှား မဖောက်မပြား မတုန်မလှုပ် စိတ်၌ထားပါ၏၊ အတည်ဖြစ်စေပါ၏၊ ဤပါဠိစကား ရှေးမြန်မာစကား ယခုဝေါဟာရစကားတို့သည် အဓိပ္ပါယ် တူညီသည်သာ ဖြစ်ကုန်၏။ (အဒိန္နာဒါန်သိက္ခာပုဒ် စသည်တို့၌လည်း ဤနည်းအတူ သိရာ၏။)

     “သီလကို မရွေ့မရှား မဘုန်မလှုပ် စိတ်၌ထားသည်” ဟူရာ၌ သီလအရကား ကိုယ်နှုတ်နှစ်ပါးကို ကောင်းစွာ ထိန်းစောင့်မှုဖြစ်၏။ မတုန်မလှုပ် မရွေ့မရှား စိတ်၌ထားမှုအရကား ထိုထိန်းစောင့်မှု သီလကို မိမိသတ်မှတ်အပ်သော အချိန်ကာလအတွင်း ရွေ့ရှားဖောက်ပြား တုန်လှုပ်မှုမရှိအောင် စိတ်၌ထားခြင်း စွဲမြဲစွာ အတည်ဖြစ်စေခြင်း ဖြစ်ပေ၏။ ဤအဓိဋ္ဌာနအရာ၌ ပါရမီမြောက်ဖြစ်သော ဆောက်တည်မှု စိတ်၌စွဲမြဲစွာ ထားမှုသည်ကား သီလအရာထက် များစွာ ပိုမိုလွန်ကဲစွာ စိတ်၌ထားမှု စွဲမြဲတည်နေစေမှု ပြုခြင်းကို အလိုရှိအပ်ပေ၏။ ထို့ကြောင့်ပင် အဓိဋ္ဌာနပါရမီကို အလောင်းတော် သုမေဓာရှင်ရသေ့ ဆင်ခြင်တော်မူရာတွင် မရွေ့မရှား မဖောက်မပြား မတုန်မလှုပ် ကြံ့ကြံ့တည်နေသော ကျောက်တောင်ကြီးသည် ပြင်းစွာလာသော လေတို့ကြောင့် မတုန်မလှုပ် မိမိတည်ရာဌာန၌သာ တည်နေသကဲ့သို့ ကျင့်ရမည်ဟူ၍ အဓိဋ္ဌာနပါရမီကို ကျောက်တောင်ကြီးဥပမာဖြင့် ဆင်ခြင် စဉ်းစားတော်မူလေသည်။

     ဤ ကျောက်တောင်ကြီးနှင့် ဥပမာနှိုင်းခိုင်း စဉ်းစားဆင်ခြင်တော်မူချက်ကို ထောက်ဆ၍ပင် “အဓိဋ္ဌာန်”ဟူသည် (ဆောက်တည်ခြင်းဟူသည်) မိမိ ရည်ရွယ်အပ်သည့် အလုပ်ကိစ္စကို မရွေ့မရှား မတုန်မလှုပ် ကြံ့ကြံ့တည်အောင်

(ဟာ)

စိတ်ထဲ၌ထားသည်ကို (အတည်ပြုသည်ကို) ခေါ်ဆိုကြောင်း သိသာထင်ရှားပေ၏၊ ထို့ကြောင့် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တို့ကို လိုလားပါလျှင် (ဝါ- ဘုရားဖြစ်လိုပါလျှင်) ဘုရားဖြစ်ကြောင်း တရားကောင်းတို့ကို ကျင့်ကြံအားထုတ်ရန် ကျောက်တောင်ကြီးတမျှ စိတ်ထဲမှာ စွဲမြဲတည်ခိုင်ခြင်း ရှိစေရမည်ဟု ဆိုလိုသည်။

အဓိဋ္ဌာန အမျိုးမျိုး

     ဤသို့လျှင် အဓိဋ္ဌာန်ပြုခြင်း ဆောက်တည်ခြင်းဟူသည် ကျောက်တောင်ကြီးတမျှ မရွေ့မရှား မတုန်မလှုပ် စိတ်ထဲမှာ စွဲမြဲတည်ခိုင်စေမှုဖြစ်၍ ထိုစွဲမြဲတည်ခိုင်စေမှု အတည်ပြုမှုသည်လည်း အမျိုးမျိုးရှိကြောင်းကို ကျမ်းဂန်တို့မှ ထိုက်သည့်အလျောက် ထုတ်ဆောင်၍ ပြရလျှင်-

ဥပုသ် အဓိဋ္ဌာန်

     ဝိနယ၊ မဟာဝဂ္ဂ၊ ဥပေါသထခန္ဓက၌ သံဃဥပုသ် ဂဏဥပုသ် ပုဂ္ဂလဥပုသ်ဟူ၍ ဥပုသ်သုံးမျိုးရှိကြောင်း လာရှိ၏၊ ထိုတွင် သံဃဥပုသ်ဟူသည် လပြည့်နေ့ လကွယ်နေ့များတွင် အနည်းဆုံး ရဟန်းလေးပါးတို့ ဥပုသ်ပြုရန် သိမ်တခု၌ စည်းဝေးမိလျှင် ပြုရသည့် ဥပုသ်တည်း၊ ထိုသံဃဥပုသ် ပြုသောအခါ ရဟန်းတပါးက ပါတိမောက်ကျမ်းကို ရွတ်ဆိုပြသ၍ ကျန်ရဟန်းများက ရိုသေစွာ နားထောင်ကြရသည်။ ဤသံဃဥပုသ်ကိုပင် ပြုပုံအခြင်းအရာသို့လိုက်၍ သုတ္တုဒ္ဒေသဥပုသ် ဟူ၍လည်း ခေါ်၏။ (သုတ္တ= ဝိနည်းသိက္ခာပုဒ် ပါဠိတော်ကို၊ ဥဒ္ဒေသ= အကျဉ်းပြခြင်း ရွတ်ဆိုခြင်းရှိသော ဥပုသ်၊ ဝိနည်းသိက္ခာပုဒ် ပါဠိတော်ကို အကျဉ်း ရွတ်ဆိုရသော ဥပုသ်ဟု ဆိုလိုသည်။)

     ရဟန်းလေးပါးမပြည့်ပဲ နှစ်ပါး သုံးပါးသာ ရှိခဲ့သော် ဂဏဥပုသ်ကို ပြုရ၏။ ဥပုသ်ပြုရာမှာ အနည်းဆုံး ရဟန်းလေးပါးရှိမှ သံဃာဟုခေါ်သည် နှစ်ပါး သုံးပါးသာဖြစ်လျှင် သံဃာဟု မခေါ်ရ၊ ပုဂ္ဂိုလ်တို့၏ အစုအပေါင်း (ဂိုဏ်း) ဂဏဟူ၍သာ ခေါ်ရသည်။ ဤဂဏဥပုသ်ကို ပြုရာမှာ ရဟန်းသုံးပါးရှိလျှင် ဂဏဉတ်ထား၍၎င်း၊ သုံးပါးမရှိ နှစ်ပါးသာရှိလျှင် ဉတ်မထားမူ၍ ရဟန်း နှစ်ပါးသုံးပါးတို့ မိမိတို့၏ အာပတ်မှ စင်ကြယ်ကြောင်းကို အသီးအသီး (ပါဠိလို) ရွတ်ဆိုပြောကြားရ၏။ သို့ဖြစ်၍ ဤဂဏဥပုသ်ကို ပါရိသုဒ္ဓိဥပုသ် ဟူ၍လည်း ခေါ်၏၊ စင်ကြယ်ကြောင်းကို ထုတ်ဖော် ပြောကြားရသော ဥပုသ်ဟု ဆိုလိုသည်။

     ရဟန်းတပါးတည်းသာ ရှိနေခဲ့သော် ပုဂ္ဂလဥပုသ်ကို ပြုရ၏။ ထိုပုဂ္ဂလဥပုသ်ပြုပုံမှာ အချိန်ရှိသေးလျှင် အခြားရဟန်းများ လာလိမ့်နိုးနိုး

(ဟိ)

မျှော်ကိုးစောင့်စား၍ အခြားရဟန်းတပါးမျှ မလာပဲ အချိန်ကုန်သောအခါ “ယနေ့သည် ငါ၏ ဥပုသ်နေ့ပင် ဖြစ်သည်”ဟု အဓိဋ္ဌာန်ရမည်ဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏၊ ဆိုလိုရင်းမှာ ယနေ့သည် ငါ၏ ဥပုသ်နေ့ဖြစ်သည်ဟု စိတ်ထဲမှာ စွဲမြဲ တည်ခိုင်စေရမည်ဟု ဆိုလိုသည်။ ဤဥပုသ်ကိုကား အဓိဋ္ဌာနဥပုသ်ဟု ခေါ်သည်။ (စိတ်ထဲမှာ စွဲမြဲထားရသော ဥပုသ်ဟူ၍ ဆိုလို၏။) ဤကား ဥပုသ်အရာ၌ လာရှိသော အဓိဋ္ဌာန်သဘောတည်း။

သင်္ကန်း အဓိဋ္ဌာန်

     ရဟန်းတော်များမှာ သင်္ကန်းရပြီးနောက် ဆယ်ရက်အတွင်း ထိုသင်္ကန်းကို အဓိဋ္ဌာန်တင်ရသည်၊ သို့မဟုတ် ဝိကပ္ပနာသော်လည်း ပြုရသည်။ အဓိဋ္ဌာန်မတင် ဝိကပ္ပနာမပြုပဲ အမှတ်တမဲ့ ဆယ်ရက်လွန်အောင် ထားလိုက်လျှင် ထိုသင်္ကန်းကိုလည်း ဝိနည်းကံအရ စွန့်ရသည်။ ပါစိတ်အာပတ်လည်း သင့်သည်။ သို့ဖြစ်၍ သင်္ကန်းကို ရလာလျှင် ဆယ်ရက်အတွင်းမှာ “ဤသင်္ကန်းကို အဓိဋ္ဌာန်ပြုပါ၏ဟု ဆို၍ အဓိဋ္ဌာန် တင်ထားရသည်။ ဤသို့ အဓိဋ္ဌာန် တင်ထားလိုက်လျှင် သင်္ကန်းကိုလည်း ဝိနည်းကံအရ မစွန့်ရ၊ ပါစိတ်အာပတ်လည်း မသင့်။ ဤ သင်္ကန်းအဓိဋ္ဌာန်မှာလည်း “ဤသင်္ကန်းကို သင်းပိုင်ဟူ၍ (ဧကစ္စီသင်္ကန်းဟူ၍) (နှစ်ထပ်သင်္ကန်းကြီးဟူ၍) (အကြမ်းသုံး ပရိက္ခရာဟူ၍) စိတ်ထဲမှာ စွဲမြဲထားပါ၏”ဟူ၍ ဆိုလိုရင်းဖြစ်သည်။ (ဝိနယ၊ ပါရာဇိကပါဠိ၊ နိဿဂ္ဂိယ၊ စီဝရဝဂ်၊ ပဌမသိက္ခာပုဒ်မှ။)

သပိတ် အဓိဋ္ဌာန်

     ဤနည်းအတူ ရဟန်းတော်များမှာ သပိတ်ရလာလျှင်လည်း ဆယ်ရက်အတွင်း “ဣမံ ပတ္တံ အဓိဋ္ဌာမိ= ဤသပိတ်ကို အဓိဋ္ဌာန်တင်ပါ၏”ဟု ဆို၍ အဓိဋ္ဌာန်တင်ရသည်။ အဓိဋ္ဌာန်မတင်ပဲ ဆယ်ရက်လွန်လျှင် သပိတ်ကိုလည်း ဝိနည်းကံအရ စွန့်ရသည်း ပါစိတ်အာပတ်လည်း သင့်သည်ဟူ၍ ဝိနယ၊ ပါရာဇိက၊ နိဿဂ္ဂိယ၊ ပတ္တဝဂ်၊ ပဌမသိက္ခာပုဒ်၌ ဟောတော်မူ၏။ ဤသပိတ်အဓိဋ္ဌာန်၌လည်း “ဤထည့်စရာသည် ငါ၏ သပိတ်ဖြစ်သည်”ဟု စိတ်ထဲမှာ စွဲမြဲထားခြင်းကိုပင် သပိတ်အဓိဋ္ဌာန်တင်သည်ဟု ခေါ်၏။

     ဤဥပုသ်အဓိဋ္ဌာန် သင်္ကန်းအဓိဋ္ဌာန် သပိတ်အဓိဋ္ဌာန်တို့မှာ ဝိနည်းကျမ်းလာ ဝိနည်းပရိယာယ် အသုံးအနှုန်းဖြစ်၍ နောက်၌ ခွဲခြားပြဆိုလတ္တံ့သော အဓိဋ္ဌာန်သုံးမျိုးတို့၌ မပါဝင်နိုင်ကြောင်း သတိပြုရာ၏။ (မပါဝင်နိုင်ပုံ နောက်၌ ထင်ရှားလတ္တံ့။)

(ဟီ)

ဈာန် အဓိဋ္ဌာန်

     ဈာန်တရားအရာ၌ (ဥပမာ) ပဌမဈာန်ကို အားထုတ်၍ ရလာလျှင် ဝသီဘော်ငါးမျိုးတို့ဖြင့် ပွါးများလေ့လာရမည့် အကြောင်းကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ပထဝီကသိဏနိဒ္ဒေသ စသည်တို့၌ ဖွင့်ပြထား၏။ ဝသီဘော်ဟူသော စကားမှာ ဝသီဘာဝဟူသော ပါဠိမှ ဆင်းသက်လာ၍ “စိုးပိုင်နိုင်နင်းခြင်း”ဟူ၍ အဓိပ္ပါယ်ထွက်ရှိ၏။ သို့ဖြစ်၍ ဝသီဘော်ငါးမျိုးဟု ဆိုလျှင် စိုးပိုင်နိုင်နင်းခြင်း ငါးမျိုးဟု အဓိပ္ပါယ်ပြန်ဆိုရ၏။ ပဌမဈာန်ကိုရလျှင် ထိုမိမိရသော ပဌမဈာန်ကို ငါးဌာန စိုးပိုင်နိုင်နင်းအောင် လေ့လာ ပွါးများရသည်။

     ပဌမဌာန ပဌမအမျိုးမှာ အာဝဇ္ဇနဝသီဟု ခေါ်၏။ ဆင်ခြင်မှု၌ စိုးပိုင်နိုင်နင်းခြင်းတည်း။ ပဌမဈာန်ကို ရလာလျှင် ငါ့ဈာန်မှာ မည်သည့်တရားများ ပါဝင်သည်၊ မည်သည့်တရား၏ လက္ခဏာ မည်သို့ရှိသည်ဟု ဆင်ခြင်မှုကို ပြုရသည်။ ဆင်ခြင်စမှာ လွယ်လင့်တကူ မထင်လာသေး၊ နှောင့်နှေး၍ နေ၏၊ အကြောင်းကား ဆင်ခြင်မှု၌ စိုးပိုင်နိုင်နင်းမှု မရှိသေးသောကြောင့်တည်း။ ဆင်ခြင်မှု၌ စိုးပိုင်နိုင်နင်းလာသောအခါ လွယ်လင့်တကူ ထင်မြင်လာ၏၊ ထိုအခါ အာဝဇ္ဇနဝသီဘော် ပြည့်စုံပြီဖြစ်၏။

     ထို့နောက် ဒုတိယ သမာပဇ္ဇနခေါ်သော ဝသီဘော်ဖြင့် လေ့လာရ၏။ သမာပဇ္ဇန= ဝင်စားခြင်း= မိမိစိတ်အစဉ်မှာ ဈာန်စိတ်တို့ ဝင်ရောက်ဖြစ်ပွါးလာခြင်း၊ (မိမိစိတ်အစဉ်မှာ ဈာန်စိတ်တို့ မပြတ်ဖြစ်ပွါးနေသည်ကို ဈာန်ဝင်စားသည်ဟု ခေါ်သည်။) ဆင်ခြင်ခြင်း အာဝဇ္ဇနဝသီဘော် စိုးပိုင်နိုင်နင်းပြီးနောက် ဝင်စားမှု၌ စိုးပိုင်နိုင်နင်းအောင် လေ့လာရသည်။ (ရရှိပြီးသော စာပေကို ထပ်တလဲလဲ ရွတ်အံခြင်းဖြင့် စိုးပိုင်နိုင်နင်းလာသကဲ့သို့) မိမိရပြီးသောဈာန်ကို ထပ်ကာထပ်ကာ ဝင်စားခြင်းဖြင့် သမာပဇ္ဇနဝသီဘော် စိုးပိုင်နိုင်နင်းလာနိုင်၏။ မနိုင်နင်းမီ ဝင်စားသော်လည်း လွယ်ကူစွာ ဈာန်တို့ မိမိစိတ်အစဉ်မှာ မဖြစ်နိုင်သေး၊ ဝင်စားဖန်များ၍ စိုးပိုင်နိုင်နင်းလာသောအခါ ဝင်စားလိုက်တိုင်း ဈာန်စိတ်တို့ မိမိစိတ်အစဉ်မှာ အလွယ်တကူနှင့် ဖြစ်ပွါးလာကြသည်။ ထိုအခါ သမာပဇ္ဇနဝသီဘော် ပြည့်စုံပြီဖြစ်၏။

     ထို့နောက် တတိယ အဓိဋ္ဌာနခေါ်သော ဝသီဘော်ဖြင့် လေ့လာရ၏။ အဓိဋ္ဌာနဟူသည် ဝင်စားသောအခါ ဈာန်တရားသည် ငါ့စိတ်အစဉ်၌ မည်မျှကြာအောင် တည်နေပါစေဟူ၍ အဓိဋ္ဌာန်ရခြင်း ဆောက်တည်ခြင်း စိတ်၌ စွဲမြဲစွာထားခြင်း ဖြစ်၏။ မနိုင်နင်းသေးမီ မိမိမှန်းထားသည့် အချိန်ထက် ပို၍သော်လည်း ဈာန်စိတ်တို့ ဖြစ်နေတတ်၏၊ လျော့၍သော်လည်း ဈာန်စိတ်တို့ ဖြစ်နေတတ်၏။ (ဥပမာ) တနာရီခန့် ငါ့စိတ်အစဉ်မှာ ဈာန်တရားများ ဖြစ်ပွါး၍နေပါစေသတည်းဟု

(ဟု)

အဓိဋ္ဌာန်ပြုသော်လည်း တနာရီမပြည့်မီ ဈာန်စိတ်အစဉ် ပြတ်ချင် ပြတ်သွားမည်၊ တနာရီကျော်မှသော်လည်း ပြတ်ချင်ပြတ်သွားမည်။ ဤသို့ဖြစ်ရခြင်းမှာ ဆောက်တည်မှု အဓိဋ္ဌာန်မှု စိတ်၌စွဲမြဲစွာထားမှု မနိုင်နင်းသေးသောကြောင့် ဖြစ်၏။ နိုင်နင်းလာသောအခါ မိမိမှန်းထားသည့် အချိန်အတိုင်း အတိအကျ ဈာန်စိတ်များ ဖြစ်ပွါးတည်ရှိ၍ နေ၏။ ထိုသို့ ဈာန်စိတ်ကို မိမိမှန်းထားသည့်အချိန်နှင့် ကိုက်ညီအောင် ဆောက်တည်နိုင် ထားနိုင်သောအခါ အဓိဋ္ဌာနဝသီဘော် ပြည့်စုံပြီဖြစ်၏။

     ထို့နောက် စတုတ္ထ ဝုဋ္ဌာနခေါ်သော ဝသီဘော်ဖြင့် လေ့လာရ၏။ ဝုဋ္ဌာနဟူသည် မိမိဝင်စားသောဈာန်မှ ထခြင်းတည်း၊ (ဈာန်မှ ထခြင်းဟူသည် ဈာန်စိတ်အစဉ် ဖြစ်နေရာမှ ထိုဈာန်စိတ်နှင့်မတူသည့် ဘဝင်စိတ် ပြောင်းလဲဖြစ်ပွါးလာခြင်းကို ခေါ်သည်။) မိမိရည်မှန်းသည့် အချိန်၌ ဈာန်မှထရန် စိုးပိုင်နိုင်နင်းမှုကို ဝုဋ္ဌာနဝသီဘော် ခေါ်သည်။

     ထို့နောက် ပဉ္စမ ပစ္စဝေက္ခဏာ ဝသီဘော်ဖြင့် ဈာန်၌ပါဝင်သော တရားတို့ကို စဉ်းစားဆင်ခြင်မှု၌ လေ့လာနိုင်နင်းအောင် ပွါးများရ၏။ ထိုသို့ စဉ်းစားဆင်ခြင်ရာ၌လည်း ပဌမ အာဝဇ္ဇနဝသီဘော်မှာ ပြခဲ့သည့်အတိုင်း မနိုင်နင်းမီ လွယ်ကူစွာ မထင်သေး၊ နိုင်နင်းလာသောအခါမှ လွယ်ကူစွာ ထင်နိုင်၏။ (အာဝဇ္ဇနဟူသည် ပစ္စဝေက္ခဏာဝီထိ၌ပါသော အာဝဇ္ဇန်းကိုခေါ်၍ ပစ္စဝေက္ခဏာဟူသည် ထိုအာဝဇ္ဇန်း၏ အခြားမဲ့၌ ဖြစ်ပေါ်သော ပစ္စဝေက္ခဏာဇောတို့ကို ခေါ်သည်၊ အာဝဇ္ဇန်း မြန်မြန်ဖြစ်ပေါ်အောင် လေ့လာနိုင်နင်းလျှင် ပစ္စဝေက္ခဏာဇောလည်း မြန်မြန်ဖြစ်ပေါ်အောင် လေ့လာနိုင်နင်းပြီး ဖြစ်တော့သည်။ ထို့ကြောင့် အာဝဇ္ဇနဝသီဘော် ပြည့်စုံလျှင် ပစ္စဝေက္ခဏာ ဝသီဘော်လည်း ပြည့်စုံတော့သည်ဟူ၍ ကျမ်းဂန်တို့၌ ဖွင့်ပြလေသည်။)

     ဤသို့လျှင် ရရှိပြီးသော ဈာန်တရားကို ဝသီဘော်ငါးပါးဖြင့် လေ့လာရမည်ဟု ပြဆိုရာ၌ ပါဝင်သော အဓိဋ္ဌာနဝသီဘော်ဟူသည်မှာ မိမိရည်မှန်းသည့် အချိန်အတိုင်း အလျော့အပို မရှိစေရပဲ ဈာန်စိတ်ကို မိမိစိတ်အစဉ်၌ ထားနိုင်မှု ဖြစ်စေနိုင်မှုဝယ် စိုးပိုင်နိုင်နင်းခြင်းကို ခေါ်ဆို၏ဟု အကျဉ်းချုပ် မှတ်ယူရာ၏။

ဣဒ္ဓိ အဓိဋ္ဌာန်

     ထို့ပြင် ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဣဒ္ဓိဝိဓနိဒ္ဒေသမှာ..

(၁) အဓိဋ္ဌာနဣဒ္ဓိ၊

(၂) ဝိကုဗ္ဗနဣဒ္ဓိ၊

(ဟူ)

(၃) မနောမယဣဒ္ဓိ၊

(၄) ဉာဏဝိပ္ဖါရဣဒ္ဓိ၊

(၅) သမာဓိဝိပ္ဖါရဣဒ္ဓိ၊

(၆) အရိယဣဒ္ဓိ၊

(၇) ကမ္မဝိပါကဇဣဒ္ဓိ၊

(၈) ပုညဝန္တဣဒ္ဓိ၊

(၉) ဝိဇ္ဇာမယဣဒ္ဓိ၊

(၁၀) သမ္မာပယောဂဣဒ္ဓိ-

အားဖြင့် ဣဒ္ဓိဆယ်မျိုးရှိကြောင်းကို ပြဆိုထား၏ (ဣဒ္ဓိ= ပြီးစီးပြည့်စုံစေခြင်း၊ အလိုရှိအပ်သောအရာ ပြီးစီးပြည့်စုံစေနိုင်မှုကို ပါဠိလို ဣဒ္ဓိ မြန်မာလို တန်းခိုးဟူ၍ ခေါ်၏။)

     (၁) အဓိဌာနဣဒ္ဓိဟူသည် မိမိတကိုယ်တည်းကိုပင် အရာအထောင် လိုသလောက် ဖြစ်လာပါစေဟူ၍ ဉာဏ်ဖြင့် အဓိဋ္ဌာန်လိုက်၏၊ ဆောက်တည်လိုက်၏။ စိတ်မှာ စွဲမြဲစွာထားလိုက်၏၊ ဆောက်တည်လိုက်တိုင်း မိမိအလိုရှိသမျှ အရာအထောင် နိမ္မိတရုပ်ပွါးများ အံ့ဩလောက်အောင် ဖြစ်ပွါးပြည့်စုံလာရခြင်းသည် အဓိဋ္ဌာနဣဒ္ဓိ မည်၏။ (ဤအဓိဋ္ဌာနဣဒ္ဓိသည် မိမိတည်းဟူသော ဣဒ္ဓိရှင် တန်းခိုးရှင်၏ ပင်ကိုယ်မူလရုပ် မပျောက်မကွယ်ပဲ အလွတ်ပြင်ပမှာ မိမိကိုယ်နှင့် တူ-မတူ အမျိုးမျိုးအဖုံဖုံ ဖြစ်စေမှုနှင့်သာ သက်ဆိုင်သော တန်းခိုးဣဒ္ဓိဖြစ်ပေ၏။)

     (၂) မိမိကိုယ်ကို နဂိုရ်အတိုင်းမဟုတ်ပဲ နဂါးကြီးသဏ္ဌာန်ဖြစ်စေ၊ ဂဠုန်ကြီးသဏ္ဌာန်ဖြစ်စေ ဤသို့စသည်ဖြင့် ပြောင်းလဲ ဖန်ဆင်းလိုက်ခြင်းသည် ဝိကုဗ္ဗနဣဒ္ဓိမည်၏။ (ဝိ= အထူးထူးအထွေထွေ၊ ကုဗ္ဗန= ပြုလုပ်ဖန်ဆင်းခြင်း၊ မိမိကိုယ်ကို နဂိုရ်အသွင်သဏ္ဌာန်မှ ပြောင်း၍ အထူးထူးအထွေထွေ အလိုရှိရာ ပြုလုပ်ဖန်ဆင်းခြင်းဟု ဆိုလိုသည်။)

     (၃) မိမိကိုယ်ကိုလည်း တစုံတရာ မပြောင်းလဲ၊ အလွတ်သက်သက်မှာလည်း မဟုတ်ပဲ မိမိ၏ ကိုယ်အတွင်းမှပင် မိမိနှင့် သဏ္ဌာန်တူစွာ ကိုယ်ငယ်တခု ဖန်ဆင်းခြင်းသည် မနောမယဣဒ္ဓိမည်၏။ မနောမယ= စိတ်အလိုရှိတိုင်း ပြီးစီးသည်။ (ဤ မနောမယဣဒ္ဓိမှာ- အဓိဋ္ဌာနဣဒ္ဓိကဲ့သို့ ကိုယ်၏ပြင်ဖက်မှာ အရာအမျိုးမျိုးကို ဖန်ဆင်းခြင်းလည်း မဟုတ်၊ ဝိကုဗ္ဗနဣဒ္ဓိကဲ့သို့ မိမိကိုယ်ကို အသွင်သဏ္ဌာန်တမျိုး ပြောင်းလဲ ဖန်ဆင်းခြင်းလည်း မဟုတ်၊ မိမိ၏ မူလကိုယ်ကို မူလအတိုင်းထားကာ ထိုအရင်းခံကိုယ်ထဲမှာ စိတ်ဖြင့်ပြီးသော= မိမိစိတ် အလိုရှိသလောက် ကိုယ်ငယ်တခု ဖန်ဆင်း ထုတ်နုတ်ပြခြင်း ဖြစ်သည်။)

(ဟေ)

     (၄) ညဏ်၏အာနုဘော် ပြန့်နှံ့သဖြင့် ဖြစ်ပေါ်သော အံ့ဩဖွယ်ရာ ပြည့်စုံမှုအထူးကို ဉာဏဝိပ္ဖါရဣဒ္ဓိဟုခေါ်၏။ ဤ ဉာဏဝိပ္ဖါရဣဒ္ဓိ၏ အကြောင်းကို အရှင်ဗာကုလထေရ် စသည်တို့၏ အစွမ်းဖြင့် သိအပ်၏။

ဗာကုလထေရ်အကြောင်း

အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ဧတဒဂ္ဂဝဂ်အဖွင့် အဋ္ဌကထာ၌ အကျယ်လာရှိသော အရှင်ဗာကုလ အကြောင်းအရာမှ လိုရင်းအကျဉ်းချုပ်ကို ထုတ်နုတ်ပြဆိုပေအံ့၊ အရှင်ဗာကုလသည် ကောသမ္ဗီပြည် သူဌေး၏သားဖြစ်၍ ဖွားပြီးလျှင် မကြာမီ မင်္ဂလာအခမ်းအနား ကျင်းပသောနေ့တွင် ယမုနာမြစ်၌ ကလေးကို ရေချိုးပေးရာ ငါးတကောင် လာရောက်၍ အဟပ်အမျို ခံရလေ၏၊ မျိုမိသည်နှင့် တပြိုင်နက်ပင် ထိုငါးသည် မရပ်မတည်နိုင် ဝမ်းတွင်းမှ ပူလောင်လှသဖြင့် ပြေးသွားလေရာ ဗာရာဏသီပြည်သို့ရောက်၍ တံငါများ ဖမ်းမိသဖြင့် ဗာရာဏသီပြည်အတွင်း လှည့်လည်ရောင်းချသည်တွင် ဗာရာဏသီ သူဌေးကတော်က ကိုယ်တိုင်ဝယ်၍ ငါး၀မ်းကို ခွဲသောအခါ တင့်တယ်လှပစွာသော ကလေးကိုရသဖြင့် နဂိုရ်ကလည်း သားမရှိသောကြောင့် အလွန်ပင် သားကို တောင့်တနေသူဖြစ်ရာ “ငါ့မှာ သားရပြီ”ဟု အလွန်ဝမ်းမြောက်စွာ မွေးမြူထား၏။

ကောသမ္ဗီပြည်ရှိ မိဖတို့က ဤသတင်းကို ကြားသောအခါ ငါတို့သားဖြစ်သည်၊ ပြန်၍ ပေးရမည်ဟု တောင်းလာကြ၏၊ ဗာရာဏသီ သူဌေးကတော်ကလည်း “ငါတို့နှင့်ထိုက်၍ ငါတို့လက်သို့ ရောက်လာသည်၊ ပြန်မပေးနိုင်”ဟု ငြင်းဆိုလေသည်။ တရားရုံးသို့ ရောက်သောအခါ တရားသူကြီးများက နှစ်ဦးဆိုင် အဆုံးအဖြတ် ပေးအပ်လေသည်။ ဤသို့လျှင် သူငယ်မှာ အမိနှစ်ဦး အဖနှစ်ဦး ဖြစ်နေသည်ကို အစွဲပြု၍ “ဗာကုလ”ဟု အမည်မှည့်ကြ၏။ (ဗာ= နှစ်၊ ကုလ= အမျိုး၊ အမိနှစ်ဦး အဖနှစ်ဦး စသည်ဖြင့် အမျိုးနှစ်ဦးရှိသည်ဟု ဆိုလိုသည်။)

     ဤသူငယ်ကလေးမှာ ငါးမျိုဟပ်သွားသည်ကို ခံရသော်လည်း တစုံတရာ အန္တရာယ်မရှိခြင်းသည် အံ့ဩဖွယ်ရာ ထူးစွာသော အချက်ဖြစ်၏၊ ထိုအထူးသည် ယခုဘဝမှာ မချွတ်ဧကန် ရလတ္တံ့သော အရဟတ္တမဂ်ဉာဏ်၏အာနုဘော် ပြန့်နှံ့ခြင်းကြောင့် ဖြစ်၏၊ (ဤဘဝတွင် မချွတ်ဧကန် အရဟတ္တမဂ်ဉာဏ်ကို ရစေနိုင်မည့် ရဲရဲတောက်ပါရမီဉာဏ် ပါရှိလာသူဖြစ်၍ ထိုပါရမီဉာဏ်၏ အာနုဘော် ပြန့်နှံ့ခြင်းကြောင့် ဖြစ်သည်ဟူ၍လည်း ဆိုလိုက ဆိုနိုင်ပေ၏။) ဤတန်းခိုးမျိုးကို ဉာဏဝိပ္ဖါရဣဒ္ဓိဟူ၍ ခေါ်သည်။

(ဟဲ)

သံကိစ္စသာမဏေ အကြောင်း

သံကိစ္စသာမဏေသည်လည်း သာဝတ္ထိပြည် သူကြွယ်သမီးတဦး၏ဝမ်း၌ ပဋိသန္ဓေ တည်နေ၍ ဖွားခါနီးမှ မိခင်ကွယ်လွန်ရာ အလောင်းကို မီးသင်္ဂြိုဟ်ကြသည်တွင် ကျွမ်းလွယ်စိမ့်သောငှါ တံစူးဝါးဖြင့်ထိုး၍ မီးတိုက်ကြကုန်၏၊ တံစူးဝါး၏အစွန်းဖြင့် ဝမ်းတွင်းရှိ ကလေး၏ မျက်စိအစွန်းတနေရာမှာ ထိခိုက်သဖြင့် ကလေးငိုသောအခါ ကလေးမသေသေးကြောင်း သိရှိကြ၍ မီးပုံထက်မှ အလောင်းကိုချပြီးလျှင် ဝမ်းကိုခွဲကာ ကလေးကို ထုတ်ယူရလေသည်။ ထိုကလေးသည် ခုနစ်နှစ်အရွယ်တွင် ရှင်ပြု၍ ရဟန္တာဖြစ်လေသည်။

     ဤသံကိစ္စသာမဏေအလောင်း သူငယ်ကလေးသည်လည်း ယခုဘဝမှာ မချွတ် ရလတ္တံ့သော အရဟတ္တမဂ်ဉာဏ်၏ အာနုဘော် ပြန့်နှံ့ခြင်းကြောင့် မီးသင်္ဂြိုဟ်ရာတွင် အသက်မသေပဲ ရှိရ၏။ (ဤဘဝတွင် မချွတ်ဧကန် အရဟတ္တမဂ်ဉာဏ်ကို ရစေနိုင်မည့် ရဲရဲတောက် ပါရမီဉာဏ် ပါရှိလာသူဖြစ်၍ ထိုပါရမီဉာဏ်၏ အာနုဘော် ပြန့်နှံ့ခြင်းကြောင့် ဖြစ်သည်ဟူ၍လည်း ဆိုလိုက ဆိုနိုင်ပေ၏။)

     (၅) သမာဓိဝိပ္ဖါရဣဒ္ဓိ ဟူသည်ကား.. သမာဓိဟု ခေါ်ဆိုအပ်သော ဈာန်သမာပတ် တို့ကို ဝင်စားခါနီးဖြစ်စေ၊ ဝင်စားတုန်း ဝင်စားဆဲမှာဖြစ်စေ၊ ဝင်စား ပြီးစမှာဖြစ်စေ ဖြစ်ပေါ်လာသော အံ့ဩဖွယ်ရာအထူးသည် သမာဓိအာနုဘော် ပြန့်နှံ့ခြင်းကြောင့်ဖြစ်သော ပြည့်စုံမှု (တန်းခိုး) မည်၏။ ဤတန်းခိုးအကြောင်းကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ အရှင်သာရိပုကြာဝတ္ထုမှစ၍ ဝတ္ထုအများ ပြထားရာ အရှင်သာရိပုတြာဝတ္ထုတခုမျှကို ထုတ်ပြပေအံ့..၊

အရှင်သာရိပုတြာအကြောင်း

တနေ့သောအခါ အရှင်သာရိပုတြာသည် အရှင်မဟာမောဂ္ဂလာန်နှင့်အတူ ကပေါတမည်သောချောက်၌ သီတင်းသုံးနေတော်မူကြစဉ် ဆံပင်ကိုရိတ်ပြီးခါစ လသာသော ညဉ့်တညဉ့်တွင် လွင်တီးခေါင် (လွင်ပြင်)၌ သမာပတ်ကို ၀င်စားနေတော်မူ၏။ ထိုအခါ ဘီလူးမိုက်တကောင်သည် အဖော်ဘီလူးနှင့် လာကြရာ အရှင်သာရိပုတြာ၏ ဦးခေါင်းပြောင်ပြောင်ကိုမြင်လျှင် အလွန်တရာ ပုတ်ခတ်ချင်သောစိတ် ဖြစ်ပေါ်လာ၍ အဖော်ဘီလူးက တားမြစ်သော်လည်း မရပဲ ဦးခေါင်းတော်ကို တအားကုန် ပုတ်ခတ်လေ၏။ ဘီလူးပုတ်ခတ်သဖြင့် မြည်သောအသံသည် မိုယ်းခြိမ်းသံနှင့်အတူ ပြင်းထန်လှပေ၏။ သို့သော်လည်း မထေရ်မြတ်မှာ ဤဘီလူးမိုက်၏ ပုတ်ခတ်ခြင်းကြောင့်

(ဟော)

တစုံတရာ နာကျင်ခြင်းမရှိ၊ ဤသို့ဖြစ်ရခြင်းမှာ ဝင်စားနေသော သမာဓိ၏ တန်းခိုးအာနုဘော် ပြန့်နှံ့ခြင်းကြောင့် ဖြစ်သည်ဟု သိမှတ်အပ်၏။

     (၆) အရိယဣဒ္ဓိ ဟူသည်ကား.. အရိယာပုဂ္ဂိုလ်များသည် စက်ဆုပ်ဖွယ်ဖြစ်သော အာရုံကိုပင် စက်ဆုပ်ဖွယ် မဟုတ်သောအနေဖြင့် ရှုတော်မူလိုကြက စက်ဆုပ်ဖွယ် မဟုတ်သောအနေဖြင့် ရှုတော်မူနိုင်ကြ၏။ စက်ဆုပ်ဖွယ်မဟုတ်သော အာရုံကိုပင် စက်ဆုပ်ဖွယ်အနေဖြင့် ရှုတော်မူလိုကြက စက်ဆုပ်ဖွယ်အနေဖြင့် ထင်မြင်အောင် ရှုတော်မူနိုင်ကြ၏။ ဤသို့ မည်သည့်အာရုံကိုမဆို မိမိနှလုံးသွင်းလိုသည့်အတိုင်း ထင်မြင်လာအောင် နှလုံးသွင်းကာ ရှုတော်မူနိုင်ကြခြင်းသည် အရိယာပုဂ္ဂိုလ်များသာ တတ်စွမ်းနိုင်သော တန်းခိုးဖြစ်၍ ဤတန်းခိုးကို အရိယဣဒ္ဓိ= (အရိယာတို့၏ တန်းခိုး)ဟူ၍ ခေါ်ဆိုအပ်၏။

     (၇) ကမ္မဝိပါကဇဣဒ္ဓိ ဟူသည်ကား.. ငှက်စသည်တို့၏ ကောင်းကင်မှာ ပျံသွားနိုင်ခြင်း စသည်ပင် ဖြစ်၏။ ငှက်တို့သည် ကောင်းကင်မှာ သွားနိုင်အောင် ယခုဘဝ တစုံတရာ စီမံအားထုတ်ရခြင်း မရှိ၊ ရှေးကံ စီမံလိုက်သော အကျိုးအတိုင်း ဖြစ်လာရသော သဘောတရားဟု ဆိုလိုသည်၊ နတ် ဗြဟ္မာများ ကမ္ဘာဦးသူလူများ အချို့သော ဝိနိပါတိကအသူရာများ ကောင်းကင်၌ သွားလာနိုင်ခြင်း စသည်သည်လည်း ကမ္မဝိပါကဇဣဒ္ဓိပင် ဖြစ်၏။

     (၈) ပုညဝန္တဣဒ္ဓိ ဟူသည်ကား.. စကြာမင်းစသည်တို့၏ ကောင်းကင်၌ သွားနိုင်ခြင်း စသည်ပင် ဖြစ်၏။ ကောင်းမှုရှိသောသူတို့ဖြစ်၍ ကောင်းကင်၌ သွားနိုင်ခြင်းစသော တန်းခိုးရှိသည်ဟု ဆိုလိုသည်။ စကြာမင်းကြီးသွားရာ ကောင်းကင်သို့ လိုက်ပါကြသော စစ်သည်ဗိုလ်ထု ဟူသမျှသည်လည်း ပုညဝန္တအစစ်ဖြစ်သော စကြာမင်းကြီးကို အမှီပြု၍ ရရှိကြသော တန်းခိုးဟူ၍ပင် ဆိုအပ်၏။ ဇောတိကသူဌေး ဇဋိလသူဌေး ဃောသကသူဌေး မေဏ္ဍကသူဌေး စသည်တို့၏ စည်းစိမ်ချမ်းသာစုသည်လည်း ပုညဝန္တဣဒ္ဓိပင် ဖြစ်၏။

(ကမ္မဝိပါကဇဣဒ္ဓိနှင့် ပုည၀န္တဣဒ္ဓိတို့ ထူးခြားပုံကား.. ယခုဘဝမှာ တစုံတရာ စီမံပြုလုပ် အားထုတ်ခြင်းမရှိပဲ ရှေးဘဝကံ စီမံလိုက်သည့်အတိုင်း ယခုဘဝ မွေးကတည်းကပင် ပြည့်စုံလာသော တန်းခိုးကို ကမ္မဝိပါကဇဣဒ္ဓိဟု ခေါ်ဆိုသည်။

ပုညဝန္တဣဒ္ဓိမှာ ပုညဟူသည် ကုသိုလ်ကံပင် ဖြစ်သော်လည်း ထိုပုညသည် ရှေးဘဝကပါလာသော ပုညသက်သက်မဟုတ်၊ ယခုဘဝမှာ အထောက်အပံ့အဖြစ် အားထုတ်ပြုလုပ် ဆောင်ရွက်အပ်သော အချက်များလည်း ပါဝင်ရသေးသည်၊ ဤသို့ မွေးကတည်းက ပါလာသည်မဟုတ်ပဲ

(ဟော်)

ယခုဘဝ တစုံတရာ အားထုတ်ပြုလုပ်အပ်သော အထောက်အပံ့ အကြောင်းအချက်ရမှ ပြည့်စုံလာသော တန်းခိုးသည် ပုညဝန္တဣဒ္ဓိမည်၏။ ထင်ရှားအောင် ထပ်၍ပြဆိုရသော်-

စကြာမင်းကြီးမှာ မွေးကတည်းက စကြာရတနာ တခါတည်း ပါလာသည်မဟုတ်၊ နောက်မှ ဥပုသ်နှင့်တကွ စကြာကျင့်ဝတ်တရားများကို ကျင့်ကြံသဖြင့် စကြာရတနာတည်းဟူသော အရာဝတ္ထု ဆိုက်ရောက်လာရသည်။ သို့ဖြစ်၍ စကြာရတနာကို ရခြင်းအကြောင်းမှာ ရှေးကံသက်သက်ကြောင့်မဟုတ်၊ ယခုဘဝ အထောက်အပံ့ကံ ပါနေသည်ကိုလည်း သိအပ်၏။)

     (၉) ဝိဇ္ဇာမယဣဒ္ဓိ ဟူသည်ကား.. ဝိဇ္ဇာဓိုရ်များ၏ ကောင်းကင်၌ သွားနိုင်ခြင်း စသည်တည်း။ (အထူး ဖန်တီးပြုလုပ်ထားသည့် မန္တန်အတတ် ဆေးအတတ် စသည်ကြောင့် ပြီးစီးသည့် တန်းခိုးဟု ဆိုလိုသည်။)

     (၁၀) သမ္မာပယောဂဣဒ္ဓိ ဟူသည်ကား.. ထိုထိုအမှုကိစ္စကို ကောင်းစွာ အားထုတ် ပြုလုပ်မှုကြောင့် ရရှိလာသော ပြည့်စုံခြင်း အမျိုးမျိုးပင်တည်း။ (ဤသမ္မာပယောဂဣဒ္ဓိသည်ကား အရာကျယ်ဝန်းလှ၏၊ အမြတ်ဆုံးအားဖြင့် မဂ်ဖိုလ်တရားများသည်လည်း ကောင်းစွာအားထုတ်မှု အတွက်ကြောင့် ရရှိသည် ဖြစ်၍ သမ္မာပယောဂဣဒ္ဓိ မည်၏။ အလုံးစုံသိမ်းရုံး၍ အကျဉ်းဆုံးဖော်ပြရလျှင် နှုတ်မှုပညာဟူသမျှ လက်မှုပညာဟူသမျှ ဗေဒင်သုံးပုံ သင်ကြားခြင်း ပိဋကသုံးပုံ သင်ကြားခြင်း (အယုတ်သဖြင့်) လယ်ထွန်ခြင်း စိုက်ပျိုးခြင်း စသည်တို့ကိုပြု၍ ဖြစ်ပေါ်ရရှိလာသော ပြည့်စုံမှုဟူသမျှသည် သမ္မာပယောဂဣဒ္ဓိချည်းပင် ဖြစ်သည်ဟူ၍ သိအပ်၏။)

     ဤဣဒ္ဓိဆယ်မျိုးတွင် ပဌမဖြစ်သော အဓိဋ္ဌာနဣဒ္ဓိမှာ အဓိဋ္ဌာန်ဟူသည် ပြဆိုခဲ့ပြီးသောအတိုင်း အရှင်စူဠပန္ထက မထေရ်တို့ကဲ့သို့ တကိုယ်တည်းကိုပင် အရာအထောင် စသည်ဖြစ်အောင် အဓိဋ္ဌာန်ခြင်း ဆောက်တည်ခြင်း စိတ်၌ စွဲမြဲစွာထားခြင်းဖြစ်သည်။ ဣဒ္ဓိရှင်မဟုတ်သူ လူသာမန်တို့မှာလည်း ဤကဲ့သို့ ဆောက်တည်ချက် ရှိကြသော်လည်း အခြေခံဈာန်သမာဓိ မရှိကြသောကြောင့် ဆောက်တည်ချက်အတိုင်း မပြည့်စုံပဲ ရှိရသည်။ ဣဒ္ဓိရှင်တို့မှာမူ အခြေခံ ဈာန်သမာဓိ အားကြီးလှသောကြောင့် ဆောက်တည်ချက်အတိုင်း ပြည့်စုပြီးမြောက်လေသည်ဟု ယုံမှားမရှိ မှတ်ယူအပ်၏။

နိရောဓရှေ့သွား အဓိဌာန်

     နိရောဓသမာပတ်ကို ၀င်စားသောအခါ၌လည်း သမာပတ်ရှစ်ပါးလုံးကိုရရှိသော အနာဂံပုဂ္ဂိုလ် ရဟန္တာပုဂ္ဂိုလ်တို့ ထိုနိရောဓသမာပတ်ကို ၀င်စားတော့မည်ဆိုလျှင် ဝင်စားခါနီးဆဲဆဲတွင် “ငါ သမာပတ်ဝင်စားနေသည့်

(ဟံ)

ရက်အတွင်းမှာ ငါ၏ကိုယ်နှင့် ကင်းကွာလွတ်လပ် သီးခြားတည်ရှိနေသော ပစ္စည်းများသည် တစုံတရာ အန္တရာယ်ကြောင့် ပျက်စီးခြင်း မရှိပါစေသတည်း၊ သံဃာတော်က ငါ့ကို တောင့်တပါလျှင် သံဃတမန်ရဟန်း မလာရောက်မီ သမာပတ်မှ ထရပါစေသတည်း၊ မြတ်စွာဘုရားက ခေါ်တော်မူလျှင် ခေါ်တော်မူသော ခဏ၌ပင် သမာပတ်မှ ထရပါစေသတည်း” ဤကဲ့သို့ အဓိဋ္ဌာန်ပြုပြီး ဆောက်တည်ပြီး စိတ်၌ စွဲမြဲစွာထားရှိပြီးမှ သမာပတ်ကို ၀င်စားတော်မူကြရ၏။

     ထိုသို့ ဝင်စားသောအခါ အဓိဋ္ဌာန်ချက်အတိုင်း သမာပတ်ဝင်စားချိန်အတွင်း ထိုသမာပတ်ရှင်ပုဂ္ဂိုလ်၏ ကိုယ်နှင့် ကင်းကွာလွတ်လပ် သီးခြားတည်ရှိနေသော ပစ္စည်းများကို ရန်သူမျိုးငါးပါးတို့ မဖျက်ဆီးနိုင်၊ သမာပတ်ဝင်စားချိန်အတွင်း သံဃာက အလိုရှိလျှင် သံဃတမန်ရဟန်း မလာရောက်မီပင် သမာပတ်မှ ထနှင့်၏၊ မြတ်စွာဘုရားက ခေါ်တော်မူလျှင် ခေါ်တော်မူသော ခဏ၌ပင် သမာပတ်မှ ထတော့၏။ သမာပတ်ရှင်ပုဂ္ဂိုလ်၏ ကိုယ်ခန္ဓာနှင့် ထိစပ်နေသည့် သင်္ကန်းစသော ပစ္စည်းတို့မှာ သမာပတ်၏ တန်းခိုးကြောင့် အဓိဋ္ဌာန်မပြုရပဲပင် ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်။

အဓိဋ္ဌာန်သုံးမျိုး

     အဓိဋ္ဌာန်ဟု ခေါ်အပ်သော ဆောက်တည်ခြင်း စိတ်၌ စွဲမြဲစွာထားရှိခြင်း သဘောသည် အရာသို့လိုက်၍-

(၁) ပုဗ္ဗနိမိတ္တအဓိဋ္ဌာန် (ရှေးအဖို့ကပင် နိမိတ်ပြရန် စိတ်ဆောက်တည်ခြင်း စိတ်၌ စွဲမြဲစွာထားရှိခြင်း။)

(၂) အာသီသအဓိဋ္ဌာန် (မိမိ လိုလားတောင့်တအပ်သော အကြောင်းအရာအတွက် စိတ်ဆောက်တည်ခြင်း စိတ်၌ စွဲမြဲစွာထားရှိခြင်း။)

(၃) ဝတအဓိဋ္ဌာန် (ကျင့်ဝတ်တရားကို ကျင့်ကြံရန် စိတ်ဆောက်တည်ခြင်း စိတ်၌ စွဲမြဲစွာထားရှိခြင်း။)—

အားဖြင့် သုံးပါးအပြားရှိ၏။

(၁) ပုဗ္ဗနိမိတ္တအဓိဋ္ဌာန်

     ထိုတွင် ပုဗ္ဗနိမိတ္တအဓိဋ္ဌာန်၏ အကြောင်းကို ဝီသတိနိပါတ် စမ္ပေယျဇာတ် စသည်ဖြင့် သိအပ်၏။ စမ္ပေယျဇာတ်အရ ပြဆိုလိုရင်း အကျဉ်းချုပ်မှာ.. စမ္ပေယျနဂါးမင်းသည် လူ့ပြည်သို့သွားကာ ဥပုသ်စောင့်သုံးမည်ဟု အမိန့်ရှိသည်တွင် သုမနာ နဂါးမိဖုရားကြီးက “လူ့ပြည်မှာ ဘေးရန်တွေများလှပါသည်၊

(ဟား)

အကယ်၍ တစုံတရာ ဘေးရန်ဖြစ်ခဲ့သော် အဘယ်သို့သော နိမိတ်ဖြင့် သိကြရပါမည်နည်း”ဟု လျှောက်ထားသည်တွင် နဂါးမင်းက မင်္ဂလာရေကန်သို့ ခေါ်သွားပြီးလျှင် “ရေကန်ကို ကြည့်ပါလော့၊ ငါ့ကို တစုံတယောက်သောရန်သူ ဖမ်းယူနှိပ်စက်ပါလျှင် ဤရေသည် နောက်ကျု၍ ပြလိမ့်မည်။ အကယ်၍ ဂဠုန် ဖမ်းယူလျှင် ဤရေသည် ပွက်ပွက်ဆူ၍ ပြလိမ့်မည်။ အကယ်၍ အလမ္ပာယ်ဖမ်းယူလျှင် သွေးအဆင်းကဲ့သို့ ခြင်းခြင်းနီ၍ ပြလိမ့်မည်”ဟူ၍ နိမိတ်များကို ပြောကြားခဲ့ပြီးနောက် စာတုဒ္ဒသီ= (တဆယ့်လေးရက်) ဥပုသ်စောင့်သုံးရန် အဓိဋ္ဌာန်ပြု၍ လူ့ပြည်သို့ သွားလေ၏။

     လူ့ပြည်သို့သွား၍ ဥပုသ်စောင့်သုံးရာ အလမ္ပာယ်ဖမ်းထားသဖြင့် နဂါးပြည်သို့ မပြန်လာပဲ တလခန့်ကြာသည်တွင် မိဖုရားကြီးသည် စိတ်ပူပန်၍ ရေကန်ကိုကြည့်ရှုရာ ရေမျက်နှာပြင်သည် သွေး၏အဆင်းကဲ့သို့ ခြင်းခြင်းနီ၍ ပြလေ၏။

(ဤ၌ နဂါးမင်းသည် “ငါ့ကို ရန်သူတို့ နှိပ်စက်လျှင် ဤရေ နောက်ကျုပါစေ၊ ဂဠုန်ဖမ်းယူလျှင် ပွက်ပွက်ဆူပါစေ၊ အလမ္ပာယ်ဖမ်းယူလျှင် သွေးအဆင်းကဲ့သို့ ခြင်းခြင်းနီပါစေ”ဟု အဓိဋ္ဌာန်ပြုသည်ဟူ၍ တိုက်ရိုက်မလာသော်လည်း သဘောအသွားအလာကို ထောက်ထားလျှင် နဂါးမင်းသည် ဤကဲ့သို့ဖြစ်စေရန် ဆောက်တည်ပြီး စိတ်၌ စွဲမြဲစွာထားရှိပြီးမှ မိဖုရားကြီးကို ပြောသွားသည်၊ နဂါးမင်း အဓိဋ္ဌာန်ပြုသော အရာဖြစ်သောကြောင့် ပြောသည့်အတိုင်း မှန်သည်ဟု ယူဆသင့်၏။)

     ဤစမ္ပေယျနဂါးမင်း၏ အဓိဋ္ဌာန်ခြင်း ဆောက်တည်ခြင်း စိတ်၌ စွဲမြဲစွာထားရှိခြင်းသည် ရှေးဦးစွာ ကြိုတင်နိမိတ်ပြရန် ဆောက်တည်ခြင်း စိတ်၌ စွဲမြဲစွာထားခြင်း ဖြစ်သောကြောင့် ပုဗ္ဗနိမိတ္တအဓိဋ္ဌာန် မည်၏။

     ဤနည်းအတူ အလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်တော်မူရာ အနော်မာသောင်ယံ၌ ဆံတော်ကိုပယ်ပြီးလျှင် “အကယ်၍ ငါဘုရားဖြစ်မည်မှန်လျှင် ကောင်းကင်၌ တည်နေပါစေ၊ ဘုရားမဖြစ်နိုင်ပါမူ မြေပြင်သို့ ကျပါစေ”ဟူ၍ ဆောက်တည်တော်မူကာ ဆံတော်ကို ကောင်းကင်သို့ပစ်လိုက်ရာ ပန်းဆိုင်းကဲ့သို့ ကောင်းကင်မှာ တည်နေကြောင်း ဇာတ်အဋ္ဌကထာနိဒါန်းတွင် လာရှိသည်။ ဤအချက်မှာလည်း အလောင်းတော်သည် ဘုရားဖြစ်မဖြစ် နိမိတ်ကို သိလိုသည့်အတွက် ကြိုတင်အဓိဋ္ဌာန်ခြင်း ဖြစ်သောကြောင့် ပုဗ္ဗနိမိတ္တအဓိဋ္ဌာန်ပင် မည်၏။

     တဖန် အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ရဟန်းပြုကာ ခြောက်နှစ်ကြာ ဒုက္ကရစရိယာ ကျင့်တော်မူပြီးမှ သူဌေးသမီးသုဇာတာ ကပ်လှူအပ်သော ဃနာနို့ဆွမ်းကို နေရဉ္ဇရာမြစ်ကမ်းတွင် ဘုဉ်းပေးတော်မူပြီးနောက် “ငါသည်

(ဠ)

ယနေ့ ဘုရားဖြစ်မည်မှန်အံ့၊ ဤရွှေခွက်သည် အညာသို့ ဆန်စေသတည်း၊ ဖြစ်မည်မဟုတ်လျှင် အောက်သို့ စုန်စေသတည်း”ဟု အဓိဋ္ဌာန်တော်မူ၍ မြစ်ရေကြော မျှောလိုက်သည်တွင် ရွှေခွက်သည် အထက်အညာသို့ ဆန်သွားပြီးမှ ကာလနဂါးမင်းထံ ရောက်သွားကြောင်း ကျမ်းဂန်လာရှိသည်။ ဤအရာ၌လည်း အလောင်းတော်သည် ရေမျက်နှာပြင်သို့ ရွှေခွက်ကိုမျှောခြင်းဖြင့် ဘုရားဖြစ်မဖြစ် နိမိတ်ကို ကြိုတင်သိရှိရန် အဓိဋ္ဌာန်ခြင်းဖြစ်၍ ပုဗ္ဗနိမိတ္တအဓိဋ္ဌာန်ပင် မည်၏။

     ဤနည်းအတိုင်း လောကမှာ မိမိတို့ အလိုရှိအပ်သောအရာ ပြည့်စုံမည် မပြည့်စုံမည်ကို ကြိုတင်သိရှိရန် အဓိဋ္ဌာန်ပြုခြင်းဟူသမျှသည် ပုဗ္ဗနိမိတ္တအဓိဋ္ဌာန်ချည်း မည်၏။

     ဤအဓိဋ္ဌာန်သည် လောက၌ ယခုကာလတိုင်အောင်ပင် အပြုအလုပ်များ၍ ထင်ရှားလှ၏။ တန်းခိုးကြီးသောဘုရား (သို့မဟုတ်) နတ်စင်များမှာ လူများ ကျောက်ချီခြင်းအမှု ပြုလုပ်တတ်ကြ၏၊ ထိုသို့ပြုလုပ်ရာ၌ “ကျွန်ုပ်အကြံ ပြည့်စုံမည်ဖြစ်လျှင် ဤကျောက်ခဲ လေးပါစေ၊ ပြည့်စုံမည်မဟုတ်လျှင် ပေါ့ပါစေ” ဟူ၍သော်၎င်း၊ သို့မဟုတ် “ပြည့်စုံမည်ဖြစ်လျှင် ပေါ့ပါစေ၊ ပြည့်စုံမည်မဟုတ်လျှင် လေးပါစေ” ဟူ၍သော်၎င်း နှုတ်မြွက်ဆောက်တည်၍ ကျောက်ချီလေ့ရှိကြ၏။ ထိုသို့ ချီမကြသောအခါ ကျောက်ခဲ၏ လေးခြင်း ပေါ့ခြင်းဖြင့် နောက်အခါ မိမိတို့ အလိုရှိအပ်သောအရာကိစ္စ ပြည့်စုံမည် မပြည့်စုံမည်ကို ကြိုတင်၍ နိမိတ်ဖတ်ကြသည်။ ဤကျောက်ချီခြင်းများလည်း ပုဗ္ဗနိမိတ္တအဓိဋ္ဌာန်ပင် ဖြစ်၏။

(၂) အာသီသအဓိဌာန်

     အာသီသအဓိဋ္ဌာန်ဟူသည် မိမိ တောင့်တလိုလားချက် ပြည့်စုံစေရန် အဓိဋ္ဌာန်ပြုခြင်း ဆောက်တည်ခြင်း စိတ်၌ စွဲမြဲစွာထားရှိခြင်းဖြစ်၏။ ဤ အာသီသအဓိဌာန်ကိုကား ဝိဓုရဇာတ်တော်လာ စကားတို့ဖြင့် သိအပ်၏။

     ဝိဓုရဇာတ်တော် ဂါထာအမှတ် (၁၉၇)၏အဖွင့် အဋ္ဌကထာမှာ အလောင်းတော် ဝိဓုရအမတ်သည် “ငါ သေရမည်ကို မကြောက်”ဟူ၍ ရဲရဲတောက် ကြုံးဝါးပြီးလျှင် ကေသရာခြင်္သေ့ကဲ့သို့ မကြောက်ရွံ့သော ဣန္ဒြေတော်ဖြင့် ဆောက်တည်ပြီးလျှင် ပါရမီတော်တို့ကို ရှေ့သွားပြု ဆင်ခြင်တော်မူကာ ပုဆိုးကို မြဲစွာဝတ်လျက် မြင်းမြီးကိုကိုင်၍ လိုက်ပါသွားတော်မူကြောင်း ဖွင့်ပြထားသည်။ ဤဝိဓုရအမတ်၏ အဓိဋ္ဌာန်ချက်သည် မိမိဝတ်ထားသည့်ပုဆိုး မကျွတ်ပဲ မြဲတည်စေလိုသည့်အတွက် အဓိဋ္ဌာန်ချက်ဖြစ်၍ အာသီသအဓိဋ္ဌာန်မည်၏။

(ဠာ)

     ဧကကနိပါတ် (၂) သီလဝဂ်၊ (၁၀) နဠပါနဇာတ်၌လည်း ဘုရားအလောင်းမျောက်မင်း အမှူးရှိသော မျောက်နှစ်သောင်းတို့သည် ရေဘီလူးကြမ်း စောင့်ရှောက်နေသော ရေကန်မှရေကို ကန်အတွင်း မဆင်းပဲ သောက်ယူရန် ကန်ပတ်လည်၌ ပေါက်ရောက်နေသော ကျူတောမှ ကျူတပင်ကို ယူစေပြီးလျှင် ကျူရိုးအတွင်းမှာ အဆစ်အဖု အခံမရှိစေရန် သစ္စာပြု၍ အလောင်းတော်မျောက်မင်း မှုတ်တော်မူသည်တွင် ကျူးရိုးတချောင်းလုံး ဒိုးလျှိုပေါက်ဖြစ်၍ သောက်စေရာတွင် မျောက်တွေက အများဖြစ်၍ တကောင်လျှင် တချောင်းကျစီ မှုတ်၍မပေးနိုင်တော့ပဲ “ဤကန်ပတ်ဝန်းကျင်ရှိ ကျူပင်တို့သည် ဒိုးလျှိုပေါက်ချည်း ဖြစ်ကုန်စေသတည်း”ဟု အဓိဋ္ဌာန်၍ပေးကြောင်း လာရှိသည်။ ဤအရာ၌ အလောင်းတော် မျောက်မင်း၏ အဓိဋ္ဌာန်ခြင်းသည်လည်း မျောက်အများ အသီးအသီး ရေစုတ်ယူနိုင်စေရန် လိုလားသည့်အတွက် အဓိဋ္ဌာန်ခြင်းဖြစ်၍ အာသီသအဓိဋ္ဌာန်ပင် မည်၏။

     ဧကကနိပါတ် (၃) ကုရုင်္ဂဝဂ် (၂) ကုက္ကုရဇာတ်၌လည်း ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး၏ စီးတော်ရထားမှ သားရေများကို နန်းတွင်းခွေးများ စားကြသည်တွင် နန်းတော်ပြင်ပရှိ မြို့သူမြို့သားတို့၏ခွေးများ ဝင်ရောက်စားကြသည်ဟု အထင်ရှိကာ နန်းပြင်ခွေးများကို မင်းမှုထမ်းတို့ လိုက်လံ သတ်ဖြတ်ကြသည်တွင် ခွေးအများတို့သည် မြို့တွင်းမှာ မနေဝံ့တော့ပဲ သုသာန်သင်းချိုင်းတခုမှာ စုဝေး၍နေကြ၏။ ထိုအခါ ဘုရားအလောင်းခွေးသည် အကြောင်းကို မေးမြန်း၍ ဤမင်းစီးရထားမှ သားရေတို့ကို ပြင်ပကခွေးများ စားနိုင်မည်မဟုတ်၊ နန်းတွင်းခွေးများသာ စားနိုင်ကြမည်ဟု သိရှိတော်မူပြီးလျှင် “သင်တို့ ကောင်းမွန်စွာ ဆိုင်းငံ့၍ နေရစ်ကြဦး၊ ငါ နန်းတော်တွင်းသို့ ဝင်မည်”ဟု မှာကြားခဲ့ပြီးလျှင် ပါရမီတော်တို့ကို ဆင်ခြင်ကာ မေတ္တာတရားရှေ့ထား၍ “ငါ့အပေါ် ခဲကိုဖြစ်စေ၊ ဒုက်ကိုဖြစ်စေ တစုံတယောက် သောသူမျှ မပစ်နိုင်ပါစေသတည်း”ဟု အဓိဋ္ဌာန်၍ တကိုယ်တည်းပင် မြို့တွင်းသို့ ဝင်သွားကြောင်း ပြဆိုထားသည်။ ဤအရာ၌ ဘုရားအလောင်းတော်ခွေး၏ အဓိဋ္ဌာန်ခြင်းသည် နန်းပြင်ခွေးများ ဘေးမှ ကင်းဝေးစေရန် လိုလားသည့်အတွက် ဆောင်ရွက်ရန် အဓိဋ္ဌာန်ခြင်းဖြစ်၍ အာသီသအဓိဋ္ဌာန်ပင် မည်၏။

     ဝီသတိနိပါတ် မာတင်္ဂဇာတ်၌လည်း ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းလက်ထက် ဘုရားအလောင်းတော်သည် ယုတ်ညံ့သော ဒွန်းစဏ္ဍားမျိုး၌ဖြစ်၍ မာတင်္ဂဟု အမည်တွင်လေသည်။ ဗာရာဏသီ သူဌေးသမီးသည်လည်း နှစ်သက်ဖွယ်ရာအာရုံကို မြင်ရခြင်းသည် မင်္ဂလာဖြစ်၏ဟု အယူရှိသူဖြစ်၍ ဒိဋ္ဌမင်္ဂလိကာ ဟု အမည်တွင်လေသည်။ တနေ့သ၌ ဒိဋ္ဌမင်္ဂလိကာသည် အခြွေအရံများစွာတို့နှင့် ဥယျာဉ်ကစား ထွက်လာရာ အလောင်းတော် မာတင်္ဂသည်လည်း

(ဠိ)

မြို့တွင်းသို့ ဝင်လာခိုက်တွင် ဒိဋ္ဌမင်္ဂလိကာ၏လူစုနှင့် လမ်းမှာ ဆိုင်မိသဖြင့် မျက်နှာငယ်သူပီပီ ဘေးသို့ တိမ်းရှောင်၍ နေပါသော်လည်း ဒိဋ္ဌမင်္ဂလိကာသည် ဘုရားအလောင်း မာတင်္ဂဒွန်းစဏ္ဍားကိုမြင်လျှင် စက်ဆုပ်ဖွယ်ရာကို မြင်ရသည်၊ မင်္ဂလာမရှိသောနေ့ ဖြစ်သည်”ဟု ဆိုကာ ဥယျာဉ်ကစား မသွားတော့ပဲ ထိုနေရာမှပင် အိမ်သို့တဖန် လှည့်၍ပြန်သွားလေ၏။ အခြွေအရံ ကပ်မြှောင်စားတို့က “နင့်ကြောင့် ငါတို့ ယနေ့ မပျော်မပါး မစားမသောက်ကြရကုန်”ဟု ပြောဆိုကာ ထိုးကြ ကန်ကြ ရိုက်ကြ ပုတ်ကြ၍ လူမှန်းမသိအောင် နှိပ်စက်ပြီးမှ ပြန်သွားကြလေ၏။ မာတင်္ဂသည် ခဏအကြာ သတိရလာသောအခါ “ဒိဋ္ဌမင်္ဂလိကာ၏လူများသည် အပြစ်မရှိသောငါ့ကို နှိပ်စက် ညှဉ်းပန်းကြသည်။ ဒိဋ္ဌမင်္ဂလိကာကိုရမှသာ ငါထမည်၊ မရလျှင် ငါမထ”ဟု အဓိဋ္ဌာန်ကာ ဒိဋ္ဌမင်္ဂလိကာ၏ အဖသူဌေး နေအိမ်တံခါး၌ သွား၍အိပ်နေကြောင်း အဋ္ဌကထာ၌ ပြဆိုသည်။ ဤအလောင်းတော် မာတင်္ဂ၏ အဓိဋ္ဌာန်သည်လည်း ဒိဋ္ဌ မင်္ဂလိကာ၏ မာန်မာနကို နှိမ်ချိုးလိုသည့်အတွက် ဆောက်တည်ချက်ဖြစ်၍ အာသီသအဓိဋ္ဌာန်ပင် မည်၏။

     ဝိနည်း မဟာဝဂ္ဂအဋ္ဌကထာ၌လည်း မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးခါစ သတ္တသတ္တာဟ စံတော်မူရာ လင်းလွန်းပင်ရင်း သီတင်းသုံး၍အပြီးတွင် တပုဿ ဘလ္လိက ညီနောင်တို့ လာရောက်၍ မုံ့လှူရာ (ဃဋိကာရဗြဟ္မာလှူဒါန်းသည့် သပိတ်မှာ ဃနာနို့ဆွမ်း ခံမည့်နေ့ကပင် ကွယ်ခဲ့ပြီဖြစ်၍) မည်သည့်ခွက်ဖြင့် အလှူခံရမည်နည်းဟု စဉ်းစား ဆင်ခြင်တော်မူရာတွင် စတုမဟာရာဇ် နတ်မင်းကြီး လေးဦးတို့က မြသပိတ်လေးလုံးတို့ကို မြတ်ဘုရားအား ကပ်လှူကြရာ မြတ်စွာဘုရားက ခံယူတော်မမူ၊ ထို့နောက်မှ နတ်မင်းကြီးလေးဦးတို့သည် ပဲနောက်အဆင်းရှိသော ကျောက်သပိတ် လေးလုံးတို့ကို ကပ်လှူကြကုန်၏။ မြတ်စွာဘုရားသည် လေးလုံးသော သပိတ်တို့ကိုပင် နတ်မင်းကြီးများ၏ သဒ္ဓါတရားကို စောင့်ရှောက်တော်မူလိုသည့်အတွက် ခံယူတော်မူပြီးနောက် သပိက်လေးလုံးတို့ကို ဆင့်ပြီးလျှင် “သပိတ်တလုံးတည်း ဖြစ်စေသတည်း”ဟု အဓိဋ္ဌာန်တော်မူရာ အနားရစ် လေးရစ်ရှိသည့် သပိတ်တလုံးတည်းသာဖြစ်ကြောင်း ဖွင့်ပြတော်မူသည်။ ဤအရာ၌လည်း မြတ်စွာဘုရား၏ အာသီသအဓိဋ္ဌာန်ပင် ဖြစ်သည်ဟု သိအပ်၏။

အဓိဋ္ဌာန်နှင့် သစ္စာ အထူး

     ဤ အဓိဋ္ဌာန်ပါရမီခဏ်းလာ ဆိုအပ်ပြီးသည့် ပုဗ္ဗနိမိတ္တအဓိဋ္ဌာန် အာသီသအဓိဋ္ဌာန်တို့နှင့် သစ္စာပါရမီခဏ်းလာ ဣစ္ဆာပူရဏသစ္စာတို့ကို မခြားမနား အလားတူကဲ့သို့ပင် ထင်မှတ်နေတဘ်ကြ၏။ အကြောင်းမှာ ထိုသုံးပါးလုံးပင် မိမိအလိုဆန္ဒ ပြည့်ဝမှုနှင့် စပ်လျဉ်း၍ နေကြသောကြောင့် ဖြစ်၏။

(ဠီ)

     စပ်လျဉ်းပုံမှာ.. ဣစ္ဆာပူရဏသစ္စာလာ သုဝဏ္ဏသာမ၏ မယ်တော် ခမည်းတော် ဗဟုသုန္ဒရီနတ်သမီးတို့ သစ္စာပြုကြရာမှာ သုဝဏ္ဏသာမ၏မြှားဆိပ် ပျောက်ကင်းမှုကို လိုလားချက်အရ သစ္စာပြုခြင်းဖြစ်၍၊ ပုဗ္ဗနိမိတ္တအဓိဋ္ဌာန် အရာ၌လည်း ဘုရားဖြစ်မည်မှန်က မြှောက်လိုက်သော ဆံတော်သည် မြေပြင်သို့ မကျစေသတည်းဟု မိမိလိုလားသော ဘုရားဖြစ်ရန်အတွက် ရည်သန်ပြုလုပ်ခြင်း ဖြစ်၏။ အာသီသအဓိဋ္ဌာန် အရာ၌လည်း ဝိဓုရအမတ်ကြီး မြင်းမြီးကိုဆွဲ၍ လိုက်ပါခါနီးတွင် “ငါ၏ပုဆိုး မကျွတ်စေသတည်း”ဟု မိမိပုဆိုး မကျွတ်စေရန် လိုလားသောကြောင့် အဓိဋ္ဌာန်ပြုခြင်းပင် ဖြစ်၏။ ဤသို့ လိုလားမှုအဓိက တူနေကြသည့်အတွက် မကွဲမပြား တသဘောတည်း ထင်မှတ်တတ်ကြသည်။ ထိုကြောင့်ပင် ယခုကာလ အချို့သောသူများ “ကျွန်ုပ်တို့ သစ္စာဓိဋ္ဌာန် ပြုကြပါသည်” စသည်ဖြင့် သစ္စာနှင့် အဓိဋ္ဌာန်တို့ကို တွဲဖက်ပြောဆိုတတ်ကြကုန်၏။

     အမှန်အားဖြင့်ကား သစ္စာသည် ပါရမီဆယ်ပါးတွင် သီးခြားပါရမီတပါးဖြစ်၍ အဓိဋ္ဌာန်သည်လည်း ပါရမီဆယ်ပါးတွင် သီးခြားပါရမီတပါး ဖြစ်သောကြောင့် သစ္စာနှင့် အဓိဋ္ဌာန်တို့သည် အချင်းချင်းမတူ ကွဲပြား ထူးခြားသော အရာစုသာ ဖြစ်သည်ဟူ၍ မှတ်ယူအပ်၏၊ မတူပုံကား.. သစ္စာဟူသည် ပြဆိုခဲ့ပြီးသောအတိုင်း ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ မှန်ကန်ခြင်းသဘောဖြစ်၍၊ ထိုမှန်ကန်ခြင်း သစ္စာသဘောကို အခြေခံပြုပြီးမှ လိုအပ်သောအရာကို တောင့်တခြင်းသည် ဣစ္ဆာပူရဏသစ္စာ မည်၏။ မှန်ကန်သော သဘောတခုခုကို အခြေခံပြုခြင်းမရှိပဲ အလိုအလျောက် လိုအပ်သောအရာကို တောင့်တ ဆောက်တည်ခြင်းသည် အဓိဋ္ဌာန်ဖြစ်၏။

     ထပ်မံ၍ ရှင်းပြရသော်.. သုဝဏ္ဏသာမဇာတ်တော်၌ မယ်တော် ခမည်းတော်တို့ သစ္စာပြုကြရာမှာ “သုဝဏ္ဏသာမသည် ရှေးအခါက တရားကိုသာ ကျင့်လေ့ရှိပါသည်။ (ဤကား အခြေခံ အမှန်သဘောတည်း။) ဤသစ္စာစကားကြောင့် ကျွန်ုပ်သား၏အဆိပ်သည် ပျောက်ကင်းပါစေသတည်း၊ (ဤကား အလိုရှိရာ တောင့်တချက်တည်း။) ဤကဲ့သို့ ဣစ္ဆာပူရဏသစ္စာမှာ မှန်ကန်ခြင်းသဘောကို အခြေခံထား၍ လိုလားအပ်သည်ကို တောင့်တခြင်း ဖြစ်လေသည်။

     ဘုရားအလောင်းတော်မြတ်၏ “ငါဘုရားဖြစ်မည်မှန်သော် ဤဆံသည် မြေပြင်သို့ မကျစေသတည်း”ဟု ဆို၍ ဆံတော်ကို ကောင်းကင်သို့ မှန်ကန်ခြင်းသဘောတခုကို အခြေခံထားခြင်းမရှိပဲ မြှောက်လိုက်ခြင်းဖြစ်သောကြောင့် သစ္စာသဘော အခြေခံမပါချေ။ ဘုရားဖြစ်မည် မဖြစ်မည်ကို ကြိုတင်သိရှိရန် ဆံတော်မြေသို့ ပြန်၍ကျခြင်း မကျခြင်း တည်းဟူသော ပုဗ္ဗနိမိတ်အတွက် ဆောက်တည်ချက် အဓိဋ္ဌာန်သာဖြစ်သည်ကို သိရှိရာ၏။

(ဠု)

     ဝိဓုရအမတ်ကြီး မြင်းမြီးကိုဆွဲ၍ လိုက်ခါနီးတွင် “ဤ ငါ့အဝတ်သည် မကျွတ်စေသတည်း”ဟု အဓိဋ္ဌာန်ပြုရာ၌လည်း မှန်ကန်ခြင်းသဘော တခုခုကို အခြေခံပြုခြင်း မရှိသောကြောင့် သစ္စာနှင့်မဆိုင်ပဲ အာသီသအဓိဋ္ဌာန်သာ ဖြစ်လေသည်။

     ဤသို့လျှင် သစ္စာနှင့် အဓိဋ္ဌာန်တို့မှာ မှန်ကန်ခြင်း သဘောတခုခုကို အရင်းခံထားခြင်း အခြေခံထားခြင်း ရှိ-မရှိအားဖြင့် ထူးခြားကြသည်ကို သတိပြု မှတ်သားရာ၏။

(၃) ဝတအဓိဋ္ဌာန်

     ၀တအဓိဋ္ဌာန် ဟူရာ၌ (ဝတ)အရ အဓိပ္ပါယ်ကို ဝေဖန်သိရှိဖို့ လို၏၊ ဝတ-ဟူသည်မှာ ထူးသောအကျင့် ဖြစ်၏၊ ထိုထူးသောအကျင့်သည်လည်း ကောင်း မကောင်းအားဖြင့် နှစ်မျိုးရှိရာ အဘိဓမ္မာဒေသနာတော်၌ သီလဗ္ဗတပရာမာသ အမည်တပ်၍ ဟောအပ်သော မိစ္ဆာဒိဋ္ဌိအယူတခုရှိ၏၊ အလေ့အကျင့်ကို မှားသောအားဖြင့် သုံးသပ်ခြင်းဟု ဆိုလို၏။

     မှားသောအားဖြင့် သုံးသပ်ခြင်းဟူသည်မှာ (ဂေါသီလ) နွားတို့၏ အလေ့အထ (ဂေါဝတ) နွားတို့၏အကျင့်ကို အတုလိုက်၍ နွားများသည် မတ်တတ်စားခြင်း မတ်တတ် ကျင်ကြီး ကျင်ငယ်စွန့်ခြင်း ပြုသကဲ့သို့ မတ်တတ်စားခြင်း မတ်တတ် ကျင်ကြီး ကျင်ငယ်စွန့်ခြင်း အစရှိသော နွားတို့၏ အလေ့အကျင့်အတိုင်း ပြုလုပ်လျှင် သံသရာမှ စင်ကြယ်၏ (သံသရာဝဋ်မှ ကျွတ်လွတ်၏)ဟူ၍ အလွဲလွဲအမှားမှား မှတ်ယူခြင်းပင်ဖြစ်၏။ (ဤအရာ၌ နွားများမှာ သီလဗ္ဗတပရာမာသ မိစ္ဆာဒိဋ္ဌိရှိနေသည်ဟု ဆိုလိုရင်းမဟုတ်၊ ထိုနွားတို့၏ အလေ့အကျင့်ကို အတုလိုက်၍ ကျင့်သောသူမှာသာ ထိုသီလဗ္ဗတပရာမာသ မိစ္ဆာဒိဋ္ဌိဖြစ်သည်ဟု ဆိုလိုရင်းဖြစ်သည်။) သို့ဖြစ်၍ မကောင်းသောအရာ၌လည်း ထူးသောအကျင့်ကို (ဝတ)ခေါ်သည်ဟု သိမှတ်အပ်၏။

     ဤအဓိဋ္ဌာန်အရာ၌ကား မြင့်မြတ်သော ပါရမီနှင့် သက်ဆိုင်သော အရာဖြစ်၍ ထိုယုတ်ညံ့သော ဝတ-တရားများ မပါဝင်နိုင်၊ မြင့်မြတ်သော လှူဒါန်းမှု သီလစောင့်ထိန်းမှုစသော ကျင့်ဝတ်တရားများကိုသာ ဝတ-ခေါ်သည်ဟု မှတ်ယူအပ်၏။ ဤမြင့်မြတ်သော ပါရမီကောင်းမှု ကုသိုလ်ကျင့်ဝတ်တရားများကို ကျင့်ကြံမည်ဟု ဆောက်တည်လိုက်လျှင်ပင် ဝတအဓိဋ္ဌာန်ဟူ၍ ခေါ်ကား ခေါ်နိုင်ပေ၏။ သို့ရာတွင် ဆောက်တည်ရုံ ဝတအဓိဋ္ဌာန်ခေါ်ရရုံနှင့် အဓိဋ္ဌာန်ပါရမီ ဖြစ်မြောက်လေပြီဟူ၍ကား မဆိုနိုင်။ အကြောင်းသော်ကား အဓိဋ္ဌာန်ဟူသည် လွန်ခဲ့ပြီးသောအတိတ် ယခုရောက်ဆဲ ပစ္စုပ္ပန်တို့နှင့် မသက်ဆိုင်၊ နောက်အခါမှာ ယခုဆောက်တည်သည့်အတိုင်း စိတ်၌ စွဲမြဲထားသည့်အတိုင်း အမှန်ကျင့်မှသာ

(ဠူ)

ပါရမီမြောက်နိုင်ပေသည်။ ယခုလောလောဆယ်မှာ မည်မျှပင် ထက်သန်သောစိတ်ဖြင့် ဆောက်တည် အဓိဋ္ဌာန်ပြုစေကာမူ နောက်အခါ မကျင့်ကြံပဲ ပျက်ကွက်လျှင် အသုံးမဝင် အဓိပ္ပါယ်မရှိသော အဓိဋ္ဌာန်သာ ဖြစ်တော့၏။

     ဤအကြောင်းကို ကဝိလက္ခဏ သတ်ပုံကျမ်း၌လည်း “ကြံ့ချိုသဏ္ဌာန်၊ အဓိဋ္ဌာန်၊ ကျင့်ဟန်မြဲသေချာ”ဟူ၍ စပ်ဆိုထား၏။ အဓိပ္ပါယ်မှာ.. အဓိဋ္ဌာန်ပြုလိုလျှင် ကြံ့ချိုနှင့် သဏ္ဍန်တူပါစေ၊ ကြံ့မျိုးဟူသည် တချောင်းတည်းသာ ရှိ၏၊ နှစ်ချောင်းမရှိ။ သို့ဖြစ်၍ အဓိဋ္ဌာန်ဟူသည်လည်း အဓိဋ္ဌာန်သည့်အတိုင်း အတည်သာ ဖြစ်ရမည်။ အပျက်အစီးမရှိရ၊ မြဲမြဲမြံမြံ သေသေချာချာ ကျင့်ကြံရမည်ဟု ဆိုလိုသည်။ ဤကဝိလက္ခဏစကားသည် ဗုဒ္ဓဝင်ပါဠိတော်လာ (ယထာပိ ပဗ္ဗတော သေလော)စသော ဥပမာစကားနှင့် ညီညွတ်လှပေ၏။ ဤဥပမာအရ အဓိပ္ပါယ်ကို ရှေးက ပြခဲ့ပြီ။

     အဓိဋ္ဌာန်အမျိုးမျိုး ခွဲခြားကာ ရှေးကပြဆိုခဲ့ရာတွင် ပါဝင်သော ဥပုသ်အဓိဋ္ဌာန် သင်္ကန်းအဓိဋ္ဌာန် သပိတ်အဓိဋ္ဌာန်တို့မှာ အာပတ်လွတ်ကင်းအောင် လိုက်နာပြုကျင့်ရသော ဝိနည်းပရိယာယ်များဖြစ်၍ ပုဗ္ဗနိမိတ္တအဓိဋ္ဌာန် အာသီသအဓိဋ္ဌာန် ဝတအဓိဋ္ဌာန် ဤသုံးမျိုးတို့၌ မပါဝင်နိုင်ကြ၊ ဝသီဘော်ငါးပါးတွင် ပါဝင်သော အဓိဋ္ဌာန် ဣဒ္ဓိဆယ်ပါးတွင် ပါဝင်သော အဓိဋ္ဌာန် နိရောဓသမာပတ်၏ ရှေ့သွားဖြစ်သော အဓိဋ္ဌာန်တို့သည်ကား အာသီသအဓိဋ္ဌာန်များ ဖြစ်ကုန်၏။

အလောင်းတော်များနှင့် အဓိဋ္ဌာန်သုံးပါး

     ဤပြအပ်ပြီးသော အဓိဋ္ဌာန်သုံးမျိုးတို့တွင် ပုဗ္ဗနိမိတ္တအဓိဋ္ဌာန်နှင့် အာသီသအဓိဋ္ဌာန် ဤနှစ်မျိုးတို့ကို ဘုရားအလောင်းတော်ကြီးများသည် အဓိဋ္ဌာန်ပါရမီမြောက်ရန် အထူး ဖြည့်ကျင့်တော်မူကြသည် မဟုတ်ပဲ ပြုခွင့်သင့်ရာမှာသာ ပြုကျင့်တော်မူကြ၍၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တို့ကို ရခြင်း၏အကြောင်း ကောင်းမြတ်သော အဓိဋ္ဌာန်ပါရမီ ပြည့်စေရန်မှာ ဤဝတအဓိဋ္ဌာန်ကိုသာ အားထုတ်တော်မူကြကုန်၏။

     အားထုတ်တော်မူကြပုံ တစိတ်တဒေသကို ထုတ်ပြရသော် စရိယာပိဋကပါဠိ သိဝိရာဇစရိယခဏ်း၌-

နိသဇ္ဇ ပါသာဒဝရေ၊ ဧဝံ စိန္တေသဟံ တဒါ။

ယံကိဉ္စိ မာနုသံ ဒါနံ၊ အဒိန္နံ မေ န ဝိဇ္ဇတိ။

ယောပိ ယာစေယျ မံ စက္ခုံ၊ ဒဒေယျံ အဝိကမ္ပိတော။

(ဠေ)

ဟူ၍ ဟောတော်မူ၏၊ အဓိပ္ပါယ်မှာ.. ချစ်သားသာရိပုတြာ.. သိဝိမင်းဖြစ်သောအခါ ငါသည် မြတ်သော ပြာသာဒ်ထက်၌ “လူအများပြုလုပ် လှူဒါန်းကြသော ဒါနအလုံးစုံကိုပင် ငါ မလှူဒါန်းဘူးသော ဒါနဟူ၍ မရှိ၊ အကြင်သူသည် ငါ၏မျက်စိကို အလိုရှိပါသည်ဟု တောင်းရမ်းလာအံ့၊ ထိုသူအား မျက်စိကို မတုန်မလှုပ် ပေးလှူအံ့သည်သာတည်း”ဟူ၍ ကြံစည်ခဲ့၏ဟု ဆိုလိုသည်။

     ဤစကားရပ်တွင် သိဝိမင်းကြီးသည် “ယနေ့ ငါ့ထံမှာ ငါ၏မျက်စိကို အလိုရှိပါသည်ဟု အကြင်သူသည် တောင်းရမ်း အလှူခံလာငြားအံ့၊ ထိုအလှူခံအား မျက်စိကို တုန်လှုပ်တွန့်တိုခြင်းမရှိပဲ လှူဒါန်းမည်”ဟု ဆောက်တည်တော်မူ စိတ်၌ စွဲမြဲစွာ ထားတော်မူ၏။ ဆောက်တည်တော်မူသည့်အတိုင်းပင် သိကြားမင်းက ပုဏ္ဏားယောင်ဆောင်၍ မျက်စိတော်တဖက်ကို အလှူခံလာသောအခါ နှစ်ဖက်လုံးကိုပင် မတုန်မလှုပ် စွန့်လှူတော်မူလိုက်လေသည်။ ဤသိဝိမင်းကြီး၏ အဓိဋ္ဌာန်သည် လှူဒါန်းမှုနှင့်စပ်သော အဓိဋ္ဌာန်ဖြစ်၏။

     ဘူရိဒတ္တစရိယခဏ်း၌လည်း-

စတုရော အင်္ဂေ အဓိဋ္ဌာယ၊ သေမိ ဝမ္မိကမုဒ္ဓနိ။

ဆဝိယာ စမ္မေန မံသေန၊ နဟာရုအဋ္ဌိကေဟိ ဝါ။

ယဿ ဧတေန ကရဏီယံ၊ ဒိန္နံယေ၀ ဟရာကု သော။-

ဟူ၍ ဘူရိဒတ်နဂါးမင်း ဥပုသ်သီတင်း စောင့်သုံးရာ အဓိဋ္ဌာန်ပြုပုံကို ဟောတော်မူသည်။ အဓိပ္ပါယ်မှာ (၁) အရေထူအရေပါး (၂) အသားအသွေး (၃) အကြော (၄) အရိုး ဤအင်္ဂါလေးပါးတို့ကို ဆောက်တည်၍ အကြင်သူသည် ဤအင်္ဂါလေးပါးအနက် အကြင်အင်္ဂါအစိတ်အပိုင်းဖြင့် ပြုဖွယ်ကိစ္စရှိအံ့၊ ထိုသူသည် အလိုရှိရာ အသုံးပြုလိုရာ အင်္ဂါအစိတ်အပိုင်းကို ယူပါစေ၊ ငါ ပေးလှူအပ်ပြီးသည်သာတည်းဟု ဆောက်တည် အဓိဋ္ဌာန်တော်မူပြီးလျှင် တောင်ပို့ထက်၌ ခွေ၍ နေတော်မူ၏ဟု ဆိုလိုသည်။

     ဤ၌ ဘူရိဒတ်နဂါးမင်းသည် သီလနှင့်စပ်၍ မြတ်သောသီလဖြစ်စေရန် ဤကိုယ်အင်္ဂါလေးပါးတို့ကို အဆုံးခံတန် ငါခံမည်၊ သီလကိုကား မပျက်စေရဟူသော သဘောဖြင့် အဓိဋ္ဌာန်တော်မူခြင်းဖြစ်၍ သီလနှင့်စပ်သော အဓိဋ္ဌာန်ပင် ဖြစ်ပေ၏။

     ဝီသတိနိပါတ် (၁၀) စမ္ပေယျဇာတ်တော်၌လည်း စမ္ပေယျနဂါးမင်းသည် ရှေးက ပြဆိုခဲ့သည့်အတိုင်း မိဖုရားကြီးအား အရေးရှိက သိနိုင်ရန် နိမိတ်များကို ညွှန်ကြားပြီးနောက် ဥပုသ်သွား၍စောင့်ကြောင်းကို-

(ဠဲ)

“နိမိတ္တာနိ အာစိက္ခိတွာ စာတုဒ္ဒသီဥပေါသထံ အဓိဋ္ဌာယ နာဂဘဝနာ နိက္ခမိတွာ တတ္ထ ဂန္တွာ ဝမ္မိမတ္ထကေ နိပဇ္ဇိ”-

ဟူ၍ အဋ္ဌကထာ၌ ဖွင့်ပြသည်။ အဓိပ္ပါယ်မှာ.. နိမိတ်များကို ပြောကြားပြီးလျှင် တဆယ့်လေးရက် လကွယ်ဥပုသ်ကို စောင့်သုံးမည်ဟု အဓိဋ္ဌာန်ပြုကာ နဂါးပြည်မှ ထွက်ခဲ့၍ လူ့ပြည်သို့ သွားပြီးလျှင် တောင်ပို့ထိပ်မှာ ခွေအိပ်၍နေ၏ဟု ဆိုလိုသည်။ ဤစမ္ပေယျနဂါးမင်း၏ အဓိဋ္ဌာန်မှာကား သီလသက်သက်စောင့်သုံးရန် ဆောက်တည်သော အဓိဋ္ဌာန်ဖြစ်၏။

     ဤသိဝိမင်းကြီး၏ မျက်စိလှူဒါန်းရန် အဓိဋ္ဌာန် ဘူရိဒတ်နဂါးမင်းနှင့် စမ္ပေယျနဂါးမင်းတို့၏ သီလစောင့်သုံးရန် အဓိဋ္ဌာန်တို့မှာ လှူဒါန်းမှု သီလစောင့်သုံးမှုတို့ကားတခြား အဓိဋ္ဌာန်မှုကားတခြား တရားတမျိုးစီ ဖြစ်ကြ၏။ သိဝိမင်းကြီး၏ မျက်စိအစုံကိုလှူဒါန်းမှု ဒါနသည် သိကြားပုဏ္ဏားအား လှူဒါန်းသောခဏ၌ ဖြစ်၏၊ အဓိဋ္ဌာန်သည်ကား မလှူဒါန်းရမီ လှူဒါန်းမည်ဟု စိတ်ကြံရွယ် အတည်ပြုစဉ်ကပင် ဖြစ်နှင့်၏။ သို့ဖြစ်၍ အဓိဋ္ဌာန်ကား ပဌမ ဒါနကား ဒုတိယဖြစ်ကုန်၏။ နဂါးမင်းများ၏ သီလအရာမှာလည်း အဓိဋ္ဌာန်က ပဌမကြိုတင်ဖြစ်ရှိ၍ သီလက နောက်မှဖြစ်သည်။ လောက၌လည်း မည်သည့်ကိစ္စမှာမဆို “ဤကဲ့သို့ ပြုလုပ်မည်”ဟု စိတ်၌ထားပြီး ဆောက်တည်ပြီးမှ ထိုထိုကိစ္စတို့ကို ပြုလုပ်ကြခြင်းသည် ဓမ္မတာပင် ဖြစ်၏။

တေမိမင်းသား၏ အဓိဋ္ဌာန်

     ဘုရားအလောင်းတော်သည် ကာသိမင်း၏ သားတော်ဖြစ်၍ တေမိယမင်းသားဟု အမည်တွင်လေသည်။ (တေမိယမင်းသားဟု အမည်တွင်ရခြင်းမှာ အလောင်းတော်မင်းသား ဖွားသောနေ့မှာ ကာသိတိုင်းအလုံး မိုဃ်းသည်းထန်စွာ ရွာသွန်း၍ လူအများ စိတ်အေးချမ်းသာ စိုစွတ်ကြသောကြောင့် တေမိယဟူသော အမည်ကို ခမည်းတော်က မှည့်ခေါ်တော်မူခြင်း ဖြစ်သည်။) တေမိမင်းသား ဖွားမြင်ပြီး၍ တလရှိသောအခါ ခမည်းတော်၏ရင်ခွင်၌ စံနေခိုက် ခိုးသားလေးဦးကို ဖမ်းယူ၍ မင်းကြီးထံပြရာ မင်းကြီးက အသီးအသီး အပြစ်ဒဏ်ပေးသည်ကို တွေ့မြင်တော်မူရသဖြင့် များစွာ ထိတ်လန့်တော်မူပြီးလျှင် “ဤမင်းအိမ်နန်းတော်မှ ထွက်မြောက်ရအောင် ငါ မည်သို့ကြံရပါမည်နည်း”ဟု စဉ်းစားကာ များစွာ စိတ်မချမ်းမသာ ဖြစ်တော်မူလေသည်။

     နောက်တနေ့တွင် ထီးဖြူတော်အောက်၌ တယောက်တည်း စံနေခါ ယမန်နေ့က တွေ့ခဲ့ရသော ခမည်းတော်၏ တရားဆုံးဖြတ်ချက်ကို တွေးတောဆင်ခြင်မိကာ မင်းပြုလုပ်ရမည့်အရေး တွေးတောကြောက်ရွံ့သဖြင့် လက်ဖြင့်ဆုပ်ချေထားသော ပဒုံမာကြာပန်းအတူ ညှိုးနွမ်း၍နေတော်မူသော အလောင်းတော်အား

(ဠော)

ရှေးဘဝတခုက မယ်တော်ဖြစ်ခဲ့ဘူးသည့် ထီးချက်စောင့်နတ်သမီးက “ချစ်သား.. မစိုးရိမ်လင့်၊ မင်းအိမ်နန်းတော်မှ ထွက်မြောက်လိုပါလျှင် သင်သည် မဆွံ့ပဲနှင့် ဆွံ့ယောင်- (နား)မပင်းပဲနှင့် ပင်းယောင်- မအပဲနှင့် အယောင်- ဤသုံးချက်ကို ငါဆောင်၍နေမည်ဟု အဓိဋ္ဌာန်ပြုပါလေ၊ သင်အလိုရှိတိုင်း ပြည့်စုံပါလိမ့်မည်”ဟု ပြောကြားသဖြင့် အလောင်းတော် တေမိမင်းသားသည် “သုံးချက်လုံးကို ငါ စွဲမြဲစွာ ကျင့်ကြံမည်”ဟု ဆောက်တည်တော်မူကာ ဆောက်တည်တော်မူသည့်အတိုင်းလည်း မပျက်မကွက် ကျင့်ကြံတော်မူ၏။

     တဆယ့်ခြောက်နှစ်ပတ်လုံး အမျိုးမျိုးသော နည်းတို့ဖြင့် စုံစမ်း (အလိုစမ်း)ပါသော်လည်း အဓိဋ္ဌာန်ထားသည့် အချက်သုံးချက် တစုံတရာမှ မပျက်ကွက်အောင် ဆောက်တည်ကျင့်သုံး၍ နေတော်မူလေသည်။ ထိုအခါ ခမည်းတော်က “ငါ့သားသည် အမှန်စင်စစ်ပင် ဆွံ့လည်းဆွံ့ နားလည်းပင်း အလည်းအသူဖြစ်သည်၊ သုသာန်သို့ထုတ်၍ မြှုပ်သတ်စေ”ဟူ၍ အမိန့်ထုတ်ပြန်တော်မူရ၏။

ဤဇာတ်တော်၌ အလောင်းတော် တေမိမင်းသား၏ တဆယ့်ခြောက်နှစ်ကြာ အောင့်အည်းသည်းခံဖို့ရန် ခက်ခဲအောင် အမျိုးမျိုးသောအချက်တို့ဖြင့် အလိုစမ်းကြသော်လည်း ဗုဒ္ဓဝင်ပါဠိတော်လာ ကျောက်တောင်ကြီးပမာ မိမိဆောက်တည်ချက် မပျက်မကွက် ခိုင်မြဲပုံမှာ ကြီးမားသော အဓိဋ္ဌာန်မှုကြီးပင် ဖြစ်ပေ၏။ ဤတေမိမင်းသား၏အလား စိတ်အားထက်သန်စွာ ဆောက်တည်ထားသော ကျင့်ဝတ်တရားစုကို မသွေမလွဲ ခိုင်မြဲတည်တံ့ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ဖြည့်စွမ်းနိုင်မှသာလျှင် အလောင်းတော်ကြီးများ ဖြည့်ဆည်းပူးအပ်သည့် အဓိဋ္ဌာန်ပါရမီ ဖြစ်မြောက်နိုင်သည်ဟု မှတ်ယူအပ်၏။

အဓိဋ္ဌာနပါရမီခဏ်း ပြီး၏။

**********

(ဈ) မေတ္တာပါရမီ

ပေမသုံးပါး

     မေတ္တာပါရမီဟူသော စကား၌ မေတ္တာဟူသော ပါဠိကို ရှေးဆရာတို့က “ချစ်ခြင်း”ဟူ၍ အနက်မြန်မာ ပြန်ဆိုတော်မူခဲ့ကြ၏။ ပေမဟူသော ပါဠိစကားကိုလည်း ရှေးဆရာများက “ချစ်ခြင်း”ဟူ၍ပင် အနက်မြန်မာ ပြန်ဆိုတော်မူခဲ့ကြသည်။ မေတ္တာသဒ္ဒါ ဟောအပ်သည့် ချစ်ခြင်းကား ဝိသေသဖြစ်၍ ပေမသဒ္ဒါ ဟောအပ်သည့် ချစ်ခြင်းကား သာမညဖြစ်သည်။ ထို့ကြောင့် ပေမအရ ချစ်ခြင်းကို-

(ဠော်)

(၁) တဏှာပေမ၊

(၂) ဂေဟသိတပေမ၊

(၃) မေတ္တာပေမ-

ဟူ၍ သုံးမျိုး ခွဲခြားပြဆိုထားသည်။ ထိုသုံးမျိုးတို့တွင်-

     (၁) တဏှာပေမ ဟူသည် မိန်းမနှင့် ယောက်ျား အချင်းချင်း တဏှာလောဘ၏အစွမ်းဖြင့် ချစ်ကြိုက်ကြခြင်းကို ခေါ်ဆို၏၊ ဤတဏှာပေမကို အလင်္ကာကျမ်း၌ သိင်္ဂါရဟု ခေါ်ဆို၏။

     (၂) မိဖနှင့်သားသမီး ညီနှင့်အစ်ကို မောင်နှင့်နှမ စသည်တို့ အချင်းချင်း ချစ်ခင်တွယ်တာမှုကို ဂေဟသိတပေမ ခေါ်၏၊ အိမ်၌နေခြင်းကို မှီ၍ဖြစ်သော ချစ်ခြင်းဟူလို။ ဤချစ်ခြင်းကို အလင်္ကာကျမ်း၌ ဝစ္ဆလဟူ၍ ခေါ်၏။ ဤ တဏှာပေမ ဂေဟသိတပေမ နှစ်မျိုးလုံးပင် ကုသိုလ်တရား မဟုတ်ကြ၊ တဏှာပေမမှာ တဏှာရာဂဖြစ်၍ ဂေဟသိတပေမမှာ လောဘပင်ဖြစ်သည်။

     (၃) သူတပါးတို့၏ စီးပွါးဖြစ်ထွန်းမှုကို လိုလားခြင်းသည် မေတ္တာပေမမည်၏။ ဤ မေတ္တာတရားသည် သူတပါးတို့နှင့် မခွါမခွဲ အမြဲတွဲယှဉ် နေလိုခြင်းသဘော အလျဉ်းမရှိ၊ လူအချင်းချင်း စကြဝဠာတခုစီပင် ဝေးကွာ၍နေရစေကာမူ ထိုဝေးကွာနေသူမှာ စီးပွါးချမ်းသာ ဖြစ်သည်ဟု သိရလျှင် ကျေနပ်၏၊ အတူမနေရသည့်အတွက် ခက်ခဲဝန်လေးခြင်း အလျဉ်းမရှိ။ သို့ဖြစ်၍ မေတ္တာတရားသည် စင်ကြယ်မွန်မြတ်သော သဘောတရားသာဖြစ်၍ ဗြဟ္မဝိဟာရဟူသော အမည်ကိုလည်း ရ၏။ ဤတရားကို ပွါးများ၍နေလျှင် မြတ်သောနေခြင်း ဖြစ်သည်ဟူ၍ ဆိုလို၏။ မေတ္တာသာ မဟုတ်သေး၊ ကရုဏာတရား မုဒိတာတရား ဥပေက္ခာတရားတို့သည်လည်း ဗြဟ္မဝိဟာရဟူသော အမည်ကို ရကြကုန်၏။

     သို့ဖြစ်၍ ထိုလေးပါးလုံးကို သိမ်းရုံးကာ ဗြဟ္မဝိဟာရတရား လေးပါးဟု ခေါ်၏။ ဗြဟ္မစိုရ်တရား လေးပါးဟူ၍လည်း ခေါ်၏။ (ဗြဟ္မ= မြတ်သော၊ ဝိဟာရ= နေခြင်း။ ဤဗြဟ္မဝိဟာရတရား လေးပါးကိုပင် အပ္ပမညာတရား လေးပါးဟူ၍လည်း ခေါ်၏။ ဦးရေမည်မျှဟု မနှိုင်းယှဉ်အပ်သော သတ္တဝါတို့အပေါ်မှာ ဖြစ်ပွါးသော တရားများဟု ဆိုလိုသည်။)

     ချစ်ခြင်းမေတ္တာတရားကို ပွါးများရမည်ဆိုရာမှာ မစင်ကြယ်သော တဏှာပေမချစ်ခြင်း ဂေဟသိတပေမ ချစ်ခြင်းတို့ မဟုတ်စေပဲ စင်ကြယ်မွန်မြတ်လှသော ဤမေတ္တာပေမတရားသာ ဖြစ်စေရမည်ကို အထူးသတိပြု၍ မှတ်သားအပ်၏။ ဤမေတ္တာတရား ပွါးများပုံနည်းလမ်းကို နောက်မှ ထင်ရှားအောင် ပြဆိုပေအံ့။

(ဠံ)

မေတ္တာနှင့် အဒေါသ

     မေတ္တာဟူသည် ပရမတ္တအားဖြင့် ထင်ရှား ရှိကောင်းသော သဘောတရားပင် ဖြစ်၏၊ သို့ရာတွင် ပရမတ္ထတရားတို့ကို တခုစီ တခုစီ ထုတ်ဖော်ရေတွက်ရာမှာကား မေတ္တာတရားဟူ၍ သီးခြားမပြပဲ အဒေါသစေတသိက်တရားကို ပြသဖြင့်ပင် မေတ္တာတရားသည် အဒေါသတွင် တစိတ်တဒေသ အပါအဝင် ဖြစ်၍သွား၏။ အဒေါသစေတသိက်က အရကျယ်၍ မေတ္တာက ထိုအဒေါသစေတသိက်အရတွင် တစိတ်တဒေသအနေဖြင့် ပါဝင်၍နေသည်ဟု ဆိုလိုသည်။

     ထင်ရှားစေဦးအံ့.. အဒေါသစေတသိက်သည် အဘိဓမ္မာသင်္ဂြိုဟ်ကျမ်းအလို သောဘဏစိတ် ၅၉-ပါးလုံးနှင့် ယှဉ်၏၊ သောဘဏစိတ် ၅၉-ပါးတို့ ဖြစ်တိုင်းဖြစ်တိုင်း အဒေါသစေတသိက် ပါလျက်ရှိ၏။ အဒေါသတရားမှာ အာရုံအမျိုးမျိုးကို အာရုံပြုနိုင်၏၊ မေတ္တာတရားကား သတ္တဝါပညတ် တမျိုးတည်းကိုသာ အာရုံပြုနိုင်၏။ ဒါနမှုအမျိုးမျိုးပြုရာ သီလမှုအမျိုးမျိုး ဆောက်တည်ရာတို့မှာ အဒေါသ ပါရသည်ချည်း ဖြစ်၏၊ ထိုအဒေါသဖြစ်တိုင်း မေတ္တာဟူ၍ မခေါ်ရ။ သတ္တဝါပညတ်ကို အာရုံပြုကာ ချမ်းသာပါစေ စသည်ဖြင့် သတ္တဝါတို့၏ စီးပွါးချမ်းသာကို လိုလားသော အခြင်းအရာဖြင့် အဒေါသစေတသိက် ဖြစ်မှသာ ထိုအဒေါသစေတသိက်ကို မေတ္တာဟူ၍ ခေါ်ဆိုရသည်။

     ရှေးက ပြခဲ့ပြီးသော ခန္တီပါရမီမှာလည်း ခန္တီအရ အဒေါသစေသိက်ကို ကောက်ယူနိုင်စေကာမူ အဒေါသဟူသမျှကို ခန္တီအရ မကောက်ယူရပဲ သူတပါးတို့က ပြစ်မှားလာသည့်အခါ မိမိက အလျဉ်းပင် ဒေါသမထွက်ရအောင် တားဆီးခြင်း အဒေါသကိုသာ ကောက်ယူရကြောင်းကို ပြဆိုခဲ့ပြီ။ ထို့အတူ အဒေါသစေတသိက် ဟူဟူသမျှကို မေတ္တာအရ မကောက်ယူပဲ သတ္တဝါတို့၏အကျိုးကို လိုလားသော အခြင်းအရာဖြင့်ဖြစ်သော အဒေါသစေတသိက်ကိုသာ မေတ္တာအရ ကောက်ယူရ၏။

(၅၂၈)သွယ်မေတ္တာ

     ဤမေတ္တာနှင့် စပ်လျဉ်း၍ မေတ္တာတရားသည် (၅၂၈)ပါး ရှိသည်ဟု အများ ပြောဆိုသိမှတ်ကြ၏။ စင်စစ်မှာ မေတ္တာတရားကိုယ်က (၅၂၈)မျိုး ရှိနေသောကြောင့် မဟုတ်၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ လာရှိသောအတိုင်း မေတ္တာပွါးများရမည့် နည်းလမ်းပေါင်း (၅၂၈)မျိုး ရှိနေသည့်အတွက် မေတ္တာ (၅၂၈)ပါးဟု ပြောကြားနေကြခြင်းဖြစ်သည်ဟု မှတ်အပ်၏။

     (၅၂၈)နည်းဖြစ်ပုံမှာ ပုဂ္ဂိုလ် သတ္တဝါတို့ကို အပိုင်းအခြား မထားခြင်းတည်းဟူသော အနောဓိသ ငါးမျိုးရှိ၏၊ ငါးမျိုးတို့မှာ..

(ဠား)

(၁) သဗ္ဗေ သတ္တာ = (အလုံးစုံသော သတ္တဝါတွေ)

(၂) သဗ္ဗေ ပါဏာ = (အလုံးစုံ အသက်ရှိသောအရာတွေ)

(၃) သဗ္ဗေ ဘူတာ = (အလုံးစုံ ကိုယ်ထင်ရှားရှိသော အရာတွေ)

(၄) သဗ္ဗေပုဂ္ဂလာ = (အလုံးစုံသော ပုဂ္ဂိုလ်တွေ)

(၅) သဗ္ဗေအတ္တဘာဝပရိယာပန္နာ = (အလုံးစုံ ကိုယ်အတ္တဘောအတွင်း အကျုံးဝင်နေသော အရာတွေ)-

သုံးဆယ့်တစ်ဘုံအတွင်း ရှိသမျှ သတ္တဝါတွေကို ဤငါးမျိုးတွင် တမျိုးမျိုးဖြင့် ခေါ်ဆို စိတ်ညွတ်လိုက်လျှင်ပင် အလုံးစုံ မကြွင်းမကျန် ပါဝင်ကုန်တော့သည်။ ဤငါးမျိုးတွင် မပါဝင်သော သတ္တဝါဟူ၍ မရှိသောကြောင့် ဤငါးမျိုးကို အနောမိသငါးမျိုးဟု ခေါ်၏။ (အနောဓိသပုဂ္ဂိုလ်ငါးမျိုး ဟူ၍လည်း ခေါ်ဆို၏။) အနောဓိသဟူသော ပါဠိ၌ ပါရှိသည့် ဩဓိသဒ္ဒါသည် အပိုင်းအခြားဟူသော အနက်ကို ဟော၏၊ အနောဓိသဟု ဆိုသောကြောင့် အပိုင်းအခြားမထားဟူသော အဓိပ္ပါယ်ကို ရ၏။

သတ္တဝါနှင့် ပုဂ္ဂိုလ်အသုံး

ပါဠိ၌ သတ္တဝါဟု ဆိုလျှင်လည်း သုံးဆယ့်တစ်ဘုံရှိ သတ္တဝါအလုံးစုံကိုပင် ရရှိ၏။ ပုဂ္ဂလ= ပုဂ္ဂိုလ်ဟု ဆိုလျှင်လည်း ထို့အတူ သုံးဆယ့်တစ်ဘုံသား အလုံးစုံကိုပင် ရ၏။ အဆင့်အတန်း ထူးခြားကွဲပြားခြင်း တစုံတရာမျှ မရှိ၊ သတ္တဟုခေါ်လျှင် ပုဂ္ဂလဟုလည်း ခေါ်နိုင်၏။ ပုဂ္ဂလဟုခေါ်လျှင် သတ္တဟုလည်း ခေါ်နိုင်၏။ မြန်မာဝေါဟာရမှာကား သတ္တဝါနှင့် ပုဂ္ဂိုလ်ကို အဆင့်အတန်း များစွာ ခွဲခြားထားလေသည်။ ယုတ်ညံ့သော အရာစုကိုသာ မိုက်မဲသောသတ္တဝါ ယုတ်ညံ့သော သတ္တဝါဟု ခေါ်ဝေါ်သုံးနှုန်း၍ မိုက်မဲသောပုဂ္ဂိုလ် ယုတ်ညံ့သောပုဂ္ဂိုလ်ဟူ၍ လုံးဝ ခေါ်ဆိုသုံးစွဲခြင်း မပြုကြ။ ပုဂ္ဂိုလ်ဟူသော စကားလုံးကို သုံးရာမှာလည်း မြတ်သောပုဂ္ဂိုလ်ကြီးများ ထူးကဲသော ပုဂ္ဂိုလ်ကြီးများ စသည်ဖြင့် သုံးနှုန်း ပြောဆိုကြသည်၊ မြတ်သော သတ္တဝါကြီးများ ထူးကဲသော သတ္တဝါကြီးများဟု သုံးစွဲခြင်း အလျဉ်းမပြုကြချေ။ ယုတ်ညံ့သော သက်ရှိတ္ထုကို သတ္တဝါဟု ခေါ်ဆိုသုံးနှုန်း၍ မြတ်သော သက်ရှိဝတ္တုကိုကား ပုဂ္ဂိုလ်ဟူ၍ သုံးနှုန်းသည်ဟု ဆိုလိုရင်း ဖြစ်သည်။ ဤသို့ ပါဠိနှင့်မြန်မာ အသုံးအနှုန်း ထူးခြားသည့်နေရာမှာ ထူးခြားနေသည်ကိုလည်း သတိချပ်ရာ၏။

(အ)

     အပိုင်းအခြားထား၍ မေတ္တာပို့ရာမှာလည်း-

(၁) သဗ္ဗာ ဣတ္ထိယော = (အလုံးစုံသော မိန်းမတွေ)

(၂) သဗ္ဗေပုရိသာ = (အလုံးစုံသော ယောက်ျားတွေ)

(၃) သဗ္ဗေ အရိယာ = (အလုံးစုံ မြင့်မြတ်သော ပုဂ္ဂိုလ်တွေ)

(၄) သဗ္ဗေ အနရိယာ = (အလုံးစုံ မမြင့်မြတ်သော ပုဂ္ဂိုလ်တွေ)

(၅) သဗ္ဗေ ဒေဝါ = (အလုံးစုံသော နတ်ဗြဟ္မာတွေ)

(၆) သဗ္ဗေ မနုဿာ = (အလုံးစုံသော လူတွေ)

(၇) သဗ္ဗေ ဝိနိပါတိကာ = (အလုံးစုံ ပြိုကွဲပျက်စီးနေသော ပြိတ္တာတွေ)

ဤခုနစ်မျိုးတွင် အမျိုးတမျိုးလျှင် လိုရာကို ပိုင်းခြား သတ်မှတ်ထားသည်ချည်း ဖြစ်သောကြောင့် ဩဓိသခုနစ်မျိုးဟု ခေါ်၏။ (ဩဓိသပုဂ္ဂိုလ် ခုနစ်မျိုးဟူ၍လည်း ခေါ်ဆို၏။)

     ဤသို့လျှင် ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌ လာသောအတိုင်း အနောဓိသပုဂ္ဂိုလ် ငါးပါး ဩဓိသပုဂ္ဂိုလ် ခုနစ်ပါးဟူ၍ မေတ္တာပို့ရမည့် ပုဂ္ဂိုလ်တဆယ့်နှစ်ပါးကို ရှေးဦးစွာ သိမှတ်ရာ၏။

     ထိုပုဂ္ဂိုလ် တဆယ့်နှစ်ပါးတို့၌ မေတ္တာပွါးများပုံ အခြင်းအရာကိုလည်း-

(၁) အဝေရာ ဟောန္တု = (ရန်မရှိသည် ဖြစ်ကြပါစေ)

(၂) အဗျာပဇ္ဇာ ဟောန္တု = (စိတ်မချမ်းသာမှုကင်းသည် ဖြစ်ကြပါစေ)

(၃) အနီဃာ ဟောန္တု = (ဆင်းရဲခြင်းမရှိသည် ဖြစ်ကြပါစေ)

(၄) သုခီ အတ္တာနံ ပရိဟရန္တု = (ချမ်းသာစွာ ကိုယ်စိတ်နှစ်ပါးကို ဆောင်နိုင်ကြပါစေ)

ဟူ၍ လေးပါး ဟောကြားတော်မူ၏။ ပုဂ္ဂိုလ် တဆယ့်နှစ်ပါးတွင် တပါးတပါးလျှင် မေတ္တာပို့ခြင်းအခြင်းအရာ လေးပါး လေးပါးစီ ရသောကြောင့် ပေါင်း တဆယ့်နှစ် လေးလီဖြစ်ရကား လေးဆယ့်ရှစ်ပါးရ၏။

     အလုံးစုံသော သတ္တဝါတွေ ရန်မရှိသည် ဖြစ်ကြပါစေ၊ စိတ်မချမ်းသာမှုကင်းသည် ဖြစ်ကြပါစေ၊ ဆင်းရဲခြင်းမရှိသည် ဖြစ်ကြပါစေ၊ ချမ်းသာစွာ ကိုယ်စိတ်နှစ်ပါးကို ဆောင်နိုင်ကြပါစေ.. စသည်ဖြင့် ပုဂ္ဂိုလ်တဆယ့်နှစ်ပါးစေ့အောင် ပွါးကြည့်လေ၊ လေးဆယ့်ရှစ်ပါးရကြောင်း ကိုယ်တွေ့ သိလာပေလိမ့်မည်။ ဤ လေးဆယ့်ရှစ်ပါးသည် အရပ်မျက်နှာ အထူးမမှတ်သားပဲ ပို့သအပ်သော မေတ္တာများ ဖြစ်ကြ၏။

(အာ)

     တဖန် အရပ်မျက်နှာကို မှတ်သား၍ ပို့သလိုသောအခါ အရှေ့အရပ် အနောက်အရပ် မြောက်အရပ် တောင်အရပ် အရှေ့တောင်အရပ် အနောက်မြောက်အရပ် အရှေ့မြောက်အရပ် အနောက်တောင်အရပ် အောက်အရပ် အထက်အရပ်ဟူ၍ အရပ်ဆယ်မျက်နှာရှိသောကြောင့် တမျက်နှာ တမျက်နှာလျှင် လေးဆယ့်ရှစ်ပါးစီ ရနိုင်၍ ဆယ်မျက်နှာအတွက် ပေါင်းလိုက်လျှင် လေးရာ့ရှစ်ဆယ် ဖြစ်၏။ (အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော သတ္တဝါတွေ ရန်မရှိသည် ဖြစ်ကြပါစေ၊ စိတ်မချမ်းသာမှုကင်းသည် ဖြစ်ကြပါစေ၊ ဆင်းရဲခြင်းမရှိသည် ဖြစ်ကြပါစေ၊ ချမ်းသာစွာ ကိုယ်စိတ်နှစ်ပါးကို ဆောင်နိုင်ကြပါစေ။ အရှေ့အရပ်မျက်နှာ၌ အလုံးစုံ အသက်ရှိသော အရာတွေ ရန်မရှိသည် ဖြစ်ကြပါစေ၊ စိတ်မချမ်းသာမှုကင်းသည် ဖြစ်ကြပါစေ၊ ဆင်းရဲခြင်းမရှိသည် ဖြစ်ကြပါစေ ချမ်းသာစွာ ကိုယ်စိတ်နှစ်ပါးကို ဆောင်နိုင်ကြပါစေ- စသည်ဖြင့် ပုဂ္ဂိုလ် တဆယ့်နှစ်ပါး အရပ်ဆယ်မျက်နှာစေ့ငအောင် ပွါးကြည့်လေ၊ လေးရာ့ရှစ်ဆယ်ရကြောင်း ကိုယ်တွေ့သိလာပေလိမ့်မည်။)

     ဤအရပ်မျက်နှာကို မှတ်သား၍ပို့သော မေတ္တာလေးရာ့ရှစ်ဆယ်နှင့် ရှေး အရပ်မျက်နှာမမှတ်သားပဲ ပို့သောမေတ္တာ လေးဆယ့်ရှစ်ပါးတို့ကို ပေါင်းလျှင် (၅၂၈)သွယ်မေတ္တာ ဖြစ်လာ၏။

     ဤ ငါးရာ့နှစ်ဆယ့်ရှစ်သွယ်သော မေတ္တာပို့နည်းကို အကျဉ်းချုပ်အားဖြင့် ရှေး ဆရာတော်များက “မေတ္တာပို့”ဟူသော အမည်ဖြင့် အစဉ်အလာ ဝတ်ရွတ်စဉ် ထားတော်မူခဲ့ကြပေသည်။ တကယ်စင်စစ် မေတ္တာပို့လိုသောအခါ မေတ္တာပြုနည်း (၅၂၈)နည်းတို့တွင် ပဌမဆုံးနည်းဖြင့် မေတ္တာပို့လိုလျှင် (ပါဠိလို) သဗ္ဗေ သတ္တာ အဝေရာ ဟောန္တုဟု ဆို၍ပို့လျှင် ပဌမဆုံး မေတ္တာပွါးနည်း ပြည့်စုံမှန်ကန်၏။ (မြန်မာလို ပို့သပွါးများလိုက) သတ္တဝါအားလုံးကုန် ဘေးရန် ကင်းကြပါစေဟု ဆို၍ ပွါးများပို့သလျှင် ပဌမဆုံးနည်း ပြည့်စုံ မှန်ကန်တော့၏။ ဤပဌမနည်း တနည်းဖြင့်ပင် နှုတ်မြွက်၍ အဖန်ဖန် ပွါးနေလျှင်လည်း မေတ္တာဘာဝနာကို ပွါးသည်မည်၏။ ပဌမနည်းကို မပွါးလိုပဲ ဒုတိယနည်းကို ပွါးလိုက (ပါဠိလို) သဗ္ဗေ သတ္တာ အဗျာပဇ္ဇာ ဟောန္တု၊ (မြန်မာလို) သတ္တဝါအားလုံးကုန် စိတ်မချမ်းသာခြင်းမှ ကင်းကြပါစေဟု ဆို၍ ပွါးများလျှင် မေတ္တာဘာဝနာကို ပွါးသည်မည်၏။ (ဤနည်းအတိုင်း ငါးရာ့နှစ်ဆယ်ရှစ်သွယ် စေ့အောင် ဉာဏ်ဖြင့်စဉ်းစား သိရှိရာ၏။)

     ယခုပြအပ်ပြီးသော ငါးရာ့နှစ်ဆယ့်ရှစ်သွယ်သော မေတ္တာပွါးနည်းသည် ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ ဟောကြားအပ်သော နည်းဖြစ်၍ အလွန်ထင်ရှား အသုံးများသော မေတ္တာပွါးနည်း ဖြစ်ပေ၏။ (ဤပါဠိတော်မှာ မေတ္တာပွါးနည်းအဆုံးတွင် ကရုဏာပွါးနည်း မုဒိတာပွါးနည်း ဥပေက္ခာနည်းတို့ကို

(အိ)

ဆက်၍ ဟောကြားခြင်းမရှိပေ။) သို့သော် ယခုအခါ မေတ္တာပို့ အမည်တပ်သော စာအုပ်များ၌ ပဋိသမ္ဘိဒါမဂ်ပါဠိတော်လာ မေတ္တာပွါးနည်း လေးချက်အဆုံးတွင်- (က) ဒုက္ခာ မုစ္စန္တု= ဆင်းရဲခြင်းမှ လွတ်ကင်းကြပါစေဟူသော ကရုဏာပွါးနည်း၊ (ခ) ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု= ရရှိထားသမျှ စည်းစိမ်တို့မှ မကင်းကွာကြပါစေသတည်းဟူသော မုဒိတာပွါးနည်း၊ (ဂ) ကမ္မဿကာ= ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏၊ မိမိတို့ကံအတိုင်းသာ ဖြစ်ကြကုန်၏-ဟူသော ဥပေက္ခာပွါးနည်းတို့ကိုပါ တဆက်တည်း ထည့်သွင်းဖော်ပြထားကုန်၏။ ဤသို့ ဖော်ပြထားခြင်းမှာ ကရုဏာဘာဝနာ မုဒိတာဘာဝနာ ဥပေက္ခာဘာဝနာကို ပွါးများလိုသူတို့သည် မေတ္တာပို့မှ နည်းယူပ္ပါးများနိုင်ကြစေရန် ရှေးဆရာများ ဆက်လက် ထည့်သွင်းထားခဲ့ခြင်း ဖြစ်သည်။

     ထားခဲ့သည့်အတိုင်း ကရုဏာတရားကို ပွါးများလိုလျှင် သဗ္ဗေ သတ္တာ ဒုက္ခာ မုစ္စန္တု= သတ္တဝါ အားလုံးကုန် ဆင်းရဲခြင်းမှ လွတ်ကင်းကြပါစေ ဟူ၍၎င်း၊ မုဒိတာတရားကို ပွါးများလိုလျှင် သဗ္ဗေ သတ္တာ ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု= သတ္တဝါ အားလုံးကုန် မိမိတို့ရရှိပြီးသော စည်းစိမ်မှ မကွေကွင်းကြပါစေကုန်သတည်း ဟူ၍၎င်း၊ ဥပေက္ခာတရားကို ပွါးများလိုလျှင် သဗ္ဗေ သတ္တာ ကမ္မဿကာ= သတ္တဝါအားလုံးကုန် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏ဟူ၍၎င်း ပွါးများရမည်ဖြစ်၏။

     ဤ ပါဠိတော်လာသည့် အတိုင်းသာ မေတ္တာပို့အပ်သည်၊ တိုက်ရိုက်မလာသောနည်းဖြင့် မေတ္တာမပို့ကောင်းဟူ၍ကား မမှတ်ယူအပ်။ အကြောင်းကား အပိုင်းအခြားမထားပဲ သတ္တဝါအလုံးစုံကို သိမ်းရုံး၍ယူနိုင်သည့် ပါဠိစကားသည် သတ္တ- ပါဏ- ဘူတ- ပုဂ္ဂလ- အတ္တဘာဝပရိယာပန္နအားဖြင့် ငါးမျိုးသာ ရှိသည်မဟုတ်၊ သရီရီ-ဒေဟီ- ဇီဝ- ပဇာ- ဇန္တု- ဟိန္ဒဂုစသည် ရှိကြသည်ဖြစ်သောကြောင့် သဗ္ဗေ သရီရီ အဝေရာ ဟောန္တု= အလုံးစုံ ကိုယ်ရှိသော သတ္တဝါများ ရန်ကင်းကြပါစေ စသည်ဖြင့် နှလုံးသွင်းလျှင်လည်း မေတ္တာပို့သည်ပင် မည်၏။

     ပို့ပုံအခြင်းအရာကိုလည်း ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာ လေးမျိုးသာ ရှိသော်လည်း သဗ္ဗေ သတ္တာ သုခိနော ဟောန္တု= အလုံးစုံသော သတ္တဝါဟူသမျှ ချမ်းသာခြင်း ရှိကြပါစေ၊ သဗ္ဗေ သတ္တာ ခေမိနော ဟောန္တု= အလုံးစုံသော သတ္တဝါဟူသမျှ ဘေးမရှိသည် ဖြစ်ကြပါစေဟူသော အခြင်းအရာတို့ဖြင့် နှလုံးသွင်းလျှင်လည်း မေတ္တာတရားစင်စစ် ဖြစ်နိုင်ပေ၏။ ဤသို့လျှင် မေတ္တာအပို့ခံရမည့် သတ္တဝါစုကိုလည်း အခြားအမည် အခြား ပါဠိပရိယာယ်တို့ဖြင့် ထုတ်ဖော်ကာ ပို့သပုံအခြင်းအရာကိုလည်း တပါးသော အခြင်းအရာအားဖြင့် ပို့သစေကာမူ မေတ္တာစင်စစ် ဖြစ်နိုင်ကြောင်းကို မေတ္တသုတ်ပါဠိတော် အထောက်အထားအားဖြင့် သိအပ်၏။

(အီ)

မေတ္တသုတ်လာ မေတ္တာပွါးနည်း

     မေတ္တသုတ် ပါဠိတော်မှာ ကမ္မဋ္ဌာနယောဂီ တောမှီရဟန်းတို့ကို အကြောင်းပြု၍ မြတ်စွာဘုရား ဟောကြားတော်မူရာ သံဂါယနာတင် အရှင်မြတ်တို့က သုတ္တနိပါတပါဠိ၌၎င်း ခုဒ္ဒကပါဌပါဠိ၌၎င်း သံဂါယနာ တင်ထားခဲ့သော ပါဠိတော်ဖြစ်၏။ ပါဠိတော်မှာ မေတ္တာပွါးလိုသောသူသည် မပွါးမီကပင် ကြိုတင်၍ ကျင့်ကြံအားထုတ် ပြည့်စုံစေရမည့်တရား (၁၅)ပါးတို့ကို ရှေးဦးစွာ ဟောကြားတော်မူထား၏။ ထိုတရားတို့ကို ပါဠိလို မေတ္တာပုဗ္ဗဘာဂတရား (၁၅)ပါး၊ မေတ္တာမပို့ခင် ရှေးအဘို့က ကြိုတင် ပြည့်စုံစေရမည့်တရား (၁၅)ပါးဟူ၍ ခေါ်ဆို၏။

     ထိုတရားတို့မှာ.. ကောင်းမြတ်သော အကျိုးစီးပွါးအရာ လိမ္မာသည်ဖြစ်၍ အေးမြ ငြိမ်းချမ်းလှစွာသော နိဗ္ဗာန်တရားကို ဉာဏ်ဖြင့်သက်ဝင်ကာ နေလိုသောသူသည် ပြုသင့်ပြုထိုက် ပြုရမည့်တရားစုကား..

၁။ ကောင်းမြတ်သောအရာတို့ကို ကျင့်ခြင်းငှါ စွမ်းနိုင်ရမည်။

၂။ ဖြောင့်မဘ်သော အကျင့်တရား ရှိရမည်။

၃။ တရံတခါမျှ ကောက်ကွေ့ခြင်းမရှိပဲ ကောင်းကောင်းကြီး ဖြောင့်မတ်ရမည်။

၄။ ပညာရှိတို့ ကောင်းစွာဆုံးမလွယ်သူ ဖြစ်ရမည်။

၅။ ကောင်းမြတ်သောအရာတို့၌ နူးညံ့ပျော့ပျောင်းသောသူ ဖြစ်ရမည်။

၆။ မာန်မာန တက်ကြွခြင်း မရှိစေရ။

၇။ မိမိမှာ ထင်ရှားရရှိသော ပစ္စည်းဖြင့်သာ ရောင့်ရဲတင်းတိမ် ကျေနပ်သောသူ ဖြစ်ရမည်။

၈။ သူတပါးတို့ စောင့်ရှောက်မွေးမြုရန် (ပြုစုရန်) လွယ်ကူသောသူ (ကြေးမများသူ) ဖြစ်ရမည်။

၉။ ကျင့်ဝတ်တရားအတွက် မလိုလားအပ်သည့် အပိုကိစ္စများ နည်းပါးသောသူ ဖြစ်ရမည်။

၁၀။ ပေါ့ပါးလွယ်ကူသော အသက်မွေးခြင်းရှိသူ ဖြစ်ရမည်။ (ခရီးသွားခါနီး ပစ္စည်းတွေ ပရဗွေ ရှုပ်ပွေသူမျိုး မဟုတ်ပဲ၊ ပရိက္ခရာရှစ်ပါးမျှဖြင့်ပင် ငှက်ပျံသွားသည့်အလား ပေါ့ပါးသူ ဖြစ်ရမည်ဟူလို။)

၁၁။ ငြိမ်သက် တည်ကြည်သော ဣန္ဒြေရှိသူ ဖြစ်ရမည်။

(အု)

၁၂။ အပြစ်ကင်းသော အရာတို့၌ ရင့်ကျက်သော= ကောင်းစွာသိမြင် ကျွမ်းကျင်လိမ္မာသော ဉာဏ်ပညာရှိသူ ဖြစ်ရမည်။

၁၃။ ကိုယ် နှုတ် နှလုံး သုံးပါးလုံး ကြမ်းကြုတ်ခြင်း မရှိစေရ။

၁၄။ ဒါယကာ ဒါယိကာမတို့အပေါ်မှာ တွယ်တာငြိကပ်ခြင်း မရှိစေရ။

(ဤအချက်သည် ရဟန်းများကို ဟောကြားရင်းဒေသနာ ဖြစ်သည့်အတိုင်း ရဟန်းများနှင့်သာ အထူးသက်ဆိုင်၍ နေ၏၊ လူများမှာလည်း အလားတူ နည်းယူသောအားဖြင့် မိတ်ဆွေတို့အပေါ်မှာ တွယ်တာခင်မင်ခြင်း ငြိကပ်ခြင်း မရှိစေရဟု မှဘ်ယူအပ်၏။)

၁၅။ ပညာရှိများ စွပ်စွဲကဲ့ရဲမည့် အရာမှန်လျှင် တစုံတရာ အနည်းငယ်ကိုမျှ မပြုကျင့်ရ။..

ဤတရား (၁၅)ပါးတို့တည်း။

     ဤတရား (၁၅)ပါးကို ရှေးဦးစွာ ပြည့်စုံစေပြီးမှ မေတ္တာပို့ရမည့် အခြင်းအရာကို “သုခိနော ဝါ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု၊ သုခိတတ္တာ”.. အစရှိသည်ဖြင့် ဟောကြားထားတော်မူသည်။

     ဤမေတ္တသုတ်လာ မေတ္တာဘာဝနာ ပွါးနည်းကို အကျဉ်းချုပ်၍ မှတ်သားလျှင်..

(က) သဗ္ဗသင်္ဂါဟိကမေတ္တာ= သတ္တဝါအလုံးစုံကို တခွန်းတည်းဖြင့် နှံ့အောင်ပွါးသော မေတ္တာ၊

(ခ) ဒုကဘာဝနာမေတ္တာ= သတ္တဝါတို့ကို နှစ်စုနှစ်ပုံ ပုံ၍ပွါးသော မေတ္တာ၊

(ဂ) တိကဘာ၀နာမေတ္တာ= သတ္တဝါတို့ကို သုံးစုသုံးပုံ ပုံ၍ပွါးသော မေတ္တာ-

ဟူ၍ သုံးမျိုးထွက်လာ၏။

(က) သဗ္ဗသင်္ဂါဟိကမေတ္တာ

     ထိုသုံးမျိုးတို့တွင် သဗ္ဗသင်္ဂါဟိကမေတ္တာ ပွါးနည်းကို ပါဠိတော်၌ “သုခိနော ဝါ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ”ဟူ၍ ဟောကြားတော်မူ၏။ ဤဟောကြားတော်မူချက်အရ ရှင်းလင်းစွာ မေတ္တာပွါးလိုလျှင်..

(၁) သဗ္ဗေ သတ္တာ သုခိနော ဟောန္တု= အလုံးစုံသော သတ္တဝါတို့ ကာယိကသုခနှင့် ပြည့်စုံကြပါစေ။

(အူ)

(၂) သဗ္ဗေ သတ္တာ ခေမိနော ဟောန္တု= အလုံးစုံသော သတ္တဝါတို့ ဘေးရန်ကင်းကြပါစေ။

(၃) သဗ္ဗေ သတ္တာ သုခိတတ္တာ ဟောန္တု= အလုံးစုံသော သတ္တဝါတို့ စေတသိကသုခနှင့် ပြည့်စုံကြပါစေ။

ဤကဲ့သို့ ရွတ်ဆိုပွါးများ နှလုံးထားလျှင် မေတ္တသုတ်လာ သဗ္ဗသင်္ဂါဟိကမေတ္တာကို ပွါးသည်မည်၏။

(ခ) ဒုကဘာဝနာမေတ္တာ

     ဒုကဘာဝနာ မေတ္တာပွါးနည်းနှင့် တိကဘာဝနာ မေတ္တာပွါးနည်းတို့မှာ ပါဠိတော်၌ မကောက်ယူတတ်လျှင် ရှုပ်ထွေး၍ နေပေ၏။ (ရှုပ်ထွေးနေပုံကို ထပ်၍ ရှုပ်ထွေးမည်စိုး၍ မပြတော့ပြီ။) ဒုကဘာဝနာ မေတ္တာပွါးနည်းမှာ..

(၁) တသ-ထာဝရဒုက= ကြောက်ခြင်းရှိ မရှိ သတ္တဝါတစုံ၊

(၂) ဒိဋ္ဌာဒိဋ္ဌဒုက= မြင်အပ် မမြင်အပ် သတ္တဝါတစုံ၊

(၃) ဒူရ-သန္တိကဒုက= အနီးအဝေး သတ္တဝါတစုံ၊

(၄) ဘူတ-သမ္ဘဝေသိဒုက= ရဟန္တာနှင့် ပုထုဇန်သေက္ခ သတ္တဝါတစုံ-

ဟူ၍ လေးမျိုးရှိရာ..

     (၁) တသာ ဝါ ထာဝရာ ဝါ အနဝသေသာ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ= တပ်ခြင်း ကြောက်လန့်ခြင်း မကင်းကြသည့် ပုထုဇန် သေက္ခအရိယာ သတ္တဝါ, တပ်ခြင်း ကြောက်လန့်ခြင်း ကင်းတော်မူကြသည့် ရဟန္တာသတ္တဝါ အကြွင်းမရှိသော ဤအလုံးစုံသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေဟူ၍ နှလုံးသွင်း ပွါးများလျှင် တသ-ထာဝရဒုကဘာ၀နာ မေတ္တာစင်စစ် ဖြစ်၏။

     (၂) ဒိဋ္ဌာ ဝါ အဒိဋ္ဌာ ဝါ အနဝသေသာ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ= မြင်အပ်သော သတ္တဝါ, မမြင်အပ်သော သတ္တဝါ- အကြွင်းမရှိသော ဤအလုံးစုံသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ ဟူ၍ နှလုံးသွင်း ပွါးများလျှင် ဒိဋ္ဌာဒိဋ္ဌဒုကဘာ၀နာ မေတ္တာစင်စစ် ဖြစ်၏။

     (၃) ဒူရာ ဝါ အဝိဒူရာ ဝါ အနဝသေသာ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ= ဝေးသောအရပ်၌ နေသောသတ္တဝါ, နီးကပ်သောအရပ်၌ နေသောသတ္တဝါ- အကြွင်းမရှိသော ဤအလုံးစုံသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေဟူ၍ နှလုံးသွင်း ပွါးများလျှင် ဒူရ-သန္တိကဒုကဘာ၀နာ မေတ္တာစင်စစ် ဖြစ်၏။

(အေ)

     (၄) ဘူတာ ဝါ သမ္ဘဝေသီ ဝါ အနဝသေသာ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ= ရဟန္တာပုဂ္ဂိုလ်, ကြွင်းသော ပုထုဇန်သေက္ခပုဂ္ဂိုလ်- (တနည်း– ပဝတ္တိကာလ ရောက်ရှိသော သတ္တဝါ, ပဋိသန္ဓေကာလ၌ ရှိနေကြသော သတ္တဝါ) အကြွင်းမရှိသော ဤအလုံးစုံသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေဟူ၍ နှလုံးသွင်း ပွါးများလျှင် ဘူတ-သမ္ဘဝေသိဒုကဘာ၀နာ မေတ္တာစင်စစ် ဖြစ်၏။

     ဤဆိုအပ်ပြီးသော မေတ္တာဘာဝနာ လေးနည်းကို ဒုကဘာဝနာမေတ္တာဟူ၍ ခေါ်ဆို၏။ သတ္တဝါတို့ကို နှစ်စုနှစ်ပုံ ပုံ၍ပွါးများသော မေတ္တာဟူလို။

(ဂ) တိကဘာဝနာမေတ္တာ

     ဤတိကဘာ၀နာ မေတ္တာပွါးနည်းမှာ..

(၁) ဒီဃရဿမဇ္ဈိမတိက= အရှည် အတို အလယ်အလတ် သုံးပုံတစု၊

(၂) မဟန္တာဏုကမဇ္ဈိမတိက= အကြီး အငယ် အလယ်အလတ် သုံးပုံတစု၊

(၃) ထူလာဏုကမဇ္ဈိမတိက= အဆူ အကြုံ အလယ်အလတ် သုံးပုံတစု-

ဟူ၍ သုံးမျိုးရှိရာ..

     (၁) ဒီဃာ ဝါ ရဿ ဝါ မဇ္ဈိမာ ဝါ အနဝသေသာ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ= ရှည်လျားသော ခန္ဓာကိုယ်အတ္တဘောရှိသော သတ္တဝါ, တိုတောင်းသော ခန္ဓာကိုယ်အတ္တဘောရှိသော သတ္တဝါ, မတိုမရှည် အလယ်အလတ် ခန္ဓာကိုယ် အတ္တဘောရှိသော သတ္တဝါ- အကြွင်းမရှိသော ဤအလုံးစုံသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေဟူ၍ နှလုံးသွင်း ပွါးများလျှင် ဒီဃရဿမဇ္ဈိမ တိကဘာဝနာ မေတ္တာစင်စစ် ဖြစ်၏။

     (၂) မဟန္တာ ဝါ အဏုကာ ဝါ မဇ္ဈိမာ ဝါ အနဝသေသာ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ= ကြီးကျယ်သော ခန္ဓာကိုယ် အတ္တဘောရှိသော သတ္တဝါ, ငယ်ငေါင်းသော ခန္ဓာကိုယ် အတ္တဘောရှိသော သတ္တဝါ, မကြီးမငယ် အလယ်အလတ် ခန္ဓာကိုယ် အတ္တဘောရှိသော သတ္တဝါ- အကြွင်းမရှိသော ဤအလုံးစုံသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေဟူ၍ နှလုံးသွင်း ပွါးများလျှင် မဟန္တာဏုကမဇ္ဈိမ တိကဘာဝနာ မေတ္တာစင်စစ် ဖြစ်၏။

     (၃) ထူလာ ဝါ အဏုကာ ဝါ မဇ္ဈိမာ ဝါ အနဝသေသာ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ= ဆူဖြိုးသော ခန္ဓာကိုယ် အတ္တဘောရှိသော သတ္တဝါ, ကြုံလှီသော ခန္ဓာကိုယ် အတ္တဘောရှိသော သတ္တဝါ, မဆူမကြုံ အလယ်အလတ်

(အဲ)

ခန္ဓာကိုယ် အတ္တဘောရှိသော သတ္တဝါ- အကြွင်းမရှိသော ဤအလုံးစုံသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေဟူ၍ နှလုံးသွင်း ပွါးများလျှင် ထူလာဏုကမဇ္ဈိမ တိကဘာ၀နာ မေတ္တာစင်စစ် ဖြစ်၏။

     ဤဆိုအပ်ပြီးသော မေတ္တာဘာဝနာ သုံးနည်းကို တိကဘာဝနာမေတ္တာဟူ၍ ခေါ်ဆို၏။ သတ္တဝါတို့ကို သုံးစုသုံးပုံ ပုံ၍ ပွါးများသော မေတ္တာဟူလို။

     ဆိုအပ်ပြီးသည့် (က) သဗ္ဗသင်္ဂါဟိကမေတ္တာ (ခ) ဒုကဘာဝနာမေတ္တာ (ဂ) တိကဘာဝနာ မေတ္တာတို့ကို သူတပါး စီးပွါးချမ်းသာ ရောက်ရှိရန် တောင့်တသော မေတ္တာများဖြစ်ကြ၍ ဟိတသုခါဂမပတ္ထနာမေတ္တာဟူ၍ ခေါ်၏။

     သူတပါးတို့ စီးပွါးချမ်းသာ ရောက်ရှိရန် တောင့်တ လိုလားခြင်းကို ဟိတသုခါဂမပတ္ထနာမေတ္တာဟု ခေါ်သကဲ့သို့၊ သူတပါးတို့အား အစီးအပွါးမဲ့ ဆင်းရဲဒုက္ခမရောက်ရန် တောင့်တခြင်းကို အဟိတဒုက္ခာနာဂမပတ္ထနာမေတ္တာဟူ၍ ခေါ်ဆို၏။ ထို အဟိတဒုက္ခာနာဂမပတ္ထနာ မေတ္တာပွါးနည်းကို ပါဠိတော်၌..

န ပရော ပရံ နိကုဗ္ဗေထ၊

နာတိမညေထ ကတ္ထစိ နံ ကဉ္စိ။

ဗျာရောသနာ ပဋိဃသညာ၊

နာညမညဿ ဒုက္ခမိစ္ဆေယျ။—

ဟူ၍ ဟောတော်မူ၏။

     အဓိပ္ပါယ်ကား.. “ဩ.. သတ္တဝါတယောက်သည် တယောက်ကို မလှည့်ဖြားပါစေသား၊ မထီမဲ့မြင်မှု မပြုပါစေသား၊ အချင်းချင်းအား ကိုယ်နှုတ်နှလုံး ဖောက်ပြန်ကာ ချုတ်ချယ်ခြင်း ထိပါးခြင်းဖြင့် ဆင်းရဲဒုက္ခကို အလိုမရှိပါစေသား”ဟူ၍ နှလုံးသွင်း ပွါးများလျှင် အဟိတဒုက္ခာနာဂမပတ္ထနာမေတ္တာ ဖြစ်၏။

မေးဖွယ်ရှိပြန်သည်ကား.. “မေတ္တာဘာဝနာ ပွါးများနည်းကို တနည်းတည်းသာ မပြဆိုပဲ၊ အဘယ့်ကြောင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော်လာ နည်းအမျိုးမျိုး မေတ္တသုတ်ပါဠိတော်လာ နည်းအမျိုးမျိုးတို့ကို ထုတ်ဖော် ပြဆိုနေရပါသနည်း”ဟူ၍ မေးဖွယ်ရှိ၏။

အဖြေကား.. ပုထုဇန်တို့၏စိတ်သည် အာရုံအမျိုးမျိုး၌ လေ့လာကျက်စား မရပ်မနား လှည့်လည်၍နေ၏၊ ထိုသို့ အာရုံအမျိုးမျိုး၌ လေ့လာကျက်စား မရပ်မနား လှည့်လည်၍နေသော စိတ်သည် တနည်းတည်းဖြင့်ပင် မေတ္တာဘာဝနာအာရုံ၌ ကြံ့ကြံ့မတည်နိုင်၊

(အော)

အာရုံအမျိုးမျိုး ပြောင်းလဲကာ ပြောင်းလဲကာ လေ့လာပွါးများမှ အစဉ်သဖြင့် သမာဓိရနိုင် ကြံ့ကြံ့တည်နိုင်သည်။ ထို့ကြောင့် မေတ္တာပွါးနည်း အမျိုးမျိုးကို မြတ်စွာဘုရား ဟောကြားတော်မူသည်၊ နောက်ဆရာတို့ ကလည်း ထုတ်ဖော်ပြရပါသည်ဟူ၍ ဆိုရာ၏။ (တနည်းကား) မေတ္တာဘာဝနာအလုပ်ကို အားထုတ်သောပုဂ္ဂိုလ်မှာ အဇ္ဈာသယဓာတ်ခံ အမျိုးမျိုးရှိကြ၏၊ အချို့မှာ အနောဓိသ မေတ္တာပွါးနည်းက ဉာဏ်၌ ထင်လင်း၏၊ အချို့မှာ ဩဒိသ မေတ္တာပွါးနည်းက ဉာဏ်၌ ထင်လင်း၏။ အချို့မှာ အရပ်မျက်နှာကိုမှတ်၍ ပွါးနည်းက ဉာဏ်၌ ထင်လင်း၏၊ အချို့မှာ မေတ္တသုတ်လာ သဗ္ဗသင်္ဂါဟိက မေတ္တာဘာဝနာ ပွါးနည်းက ဉာဏ်၌ ထင်လင်း၏၊ အချို့မှာ ဒုကဘာဝနာ၊ အချို့မှာ တိကဘာဝနာ မေတ္တာပွါးနည်းက ဉာဏ်၌ ထင်လင်း၏၊ ဤသို့ မေတ္တာဘာဝနာအလုပ်ကို အားထုတ်သော ပုဂ္ဂိုလ်တို့၏ အာသယဓာတ်ခံအမျိုးမျိုး ရှိကြသောကြောင့် မိမိ မိမိတို့ ထင်လင်းရာအာရုံကိုယူ၍ မေတ္တာဘာဝနာတရား ပွါးများနိုင်ကြစိမ့်သောငှါ မေတ္တာပွါးနည်း အမျိုးမျိုးကို မြတ်စွာဘုရား ဟောကြားသည့်အတိုင်း နောက်ဆရာတို့ကလည်း အပြည့်အစုံ ထုတ်ဖော်ပြဆိုရသည်ဟူ၍ ဖြေဆိုရာ၏။

အလောင်းတော်တို့၏ မေတ္တာ

     ဘုရားအလောင်းတော်များ မေတ္တာတရားပွါးများပုံ (မေတ္တာပါရမီ ဖြည့်ကျင့်တော်မူကြပုံ)ကို ပါဠိတော်များမှာ သုဝဏ္ဏသာမဇာတ်တော်ကို ညွှန်ပြ ဟောကြားထားတော်မူ၏၊ ဤသုဝဏ္ဏသာမ အကြောင်းအရာသည် စရိယာပိဋက ပါဠိတော်နှင့် မဟာနိပါတ် နှစ်ဌာနတို့၌ လာရှိရာ စရိယာပိဋက ပါဠိတော်၌ အကျဉ်းချုပ်မျှ လာရှိပုံကား.. “ချစ်သား သာရိပုတြာ.. ငါဘုရားသည် သုဝဏ္ဏသာမဖြစ်စဉ် “သိကြားဖန်ဆင်းပေးသော ကျောင်း၌နေကာ တောထဲမှာ ခြင်္သေ့နှင့် ကျားတို့ကို မေတ္တာပွါး၍ နေ၏၊ ခြင်္သေ့ ကျားတို့နှင့်၎င်း သစ်တို့နှင့်၎င်း ဝံတို့နှင့်၎င်း ကျွဲတို့နှင့်၎င်း သမင်ပြောက် ဝက်တို့နှင့်၎င်း ခြံရံလျက် တောထဲမှာ နေခဲ့သည်။ တကောင်သော တိရစ္ဆာန်မျှ ငါ့ကို မကြောက်လန့်ပေ။ ငါသည်လည်း မည်သည့်တိရစ္ဆာန်ကိုမျှ မကြောက်လန့်၊ မေတ္တာစွမ်းအား ထောက်ပံ့ထားသည်ဖြစ်၍ ထိုအခါ တောထဲမှာ ငါမွေ့လျော်သည်”ဟူ၍ ဟောကြားတော်မူသည်။

     ဤပါဠိတော်အရ သုဝဏ္ဏသာမ၏ မျိုးရိုး ဇာတိ စသောအကြောင်းအရာတို့ကို တစုံတရာမျှအထူးမသိရ၊ တောထဲမှာသာ သားကောင်များနှင့် အချင်းချင်း မကြောက်မလန့် မေတ္တာစွမ်းအားထောက်ပံ့ကာ မြင့်မြတ်မွေ့လျော်စွာ နေကြကြောင်းကိုသာ သိရသည်။

(အော်)

     မဟာနိပါတ် သုဝဏ္ဏသာမဇာတ်၌ကား မြှားပစ်ခံရပြီးနောက် အလောင်းတော် သုဝဏ္ဏသာမက “အဘယ့်ကြောင့် ကျွန်ုပ်ကို မြှားဖြင့်ပစ်သနည်း”ဟု မေးရာ၊ ပီဠိယက္ခမင်းက “ငါ သမင်ကိုပစ်ခတ်ရန် ချောင်းမြောင်းနေစဉ် မြှားဦးဆီသို့လာသော သမင်သည် သင့်ကိုမြင်၍ ထိတ်လန့် ထွက်ပြေးသွားသည့်အတွက် အမျက်ထွက်သောကြောင့် သင့်ကို ပစ်မိပေသည်”ဟု ပြောဆိုရာ သုဝဏ္ဏသာမက ပြန်၍ပြောသော စကားရပ်တွင်-

     န မံ မိဂါ ဥတ္တသန္တိ၊ အရညေ သာပဒါနိပိ= ငါ့ကို သမင်များမြင်၍ မလန့်ကြပါ၊ (သမင်သာမဟုတ်) တောထဲရှိ သားရဲတိရစ္ဆာန်တို့လည်း မလန့်ကြပါ ဟူ၍၎င်း၊

ဘီရူ ကိမ္ပုရိသာ ရာဇ၊ ပဗ္ဗတေ ဂန္ဓမာဒနေ။

သမ္မောဒမာနာ ဂစ္ဆာမ၊ ပဗ္ဗတာနိ ဝနာနိ စ။

     မင်းကြီး.. ဂန္ဓမာဒနတောင်၌နေကာ လွန်စွာ ကြောက်ရွံ့တတ်သော ကိန္နရာများပင် ဝမ်းမြောက်ဝမ်းသာ ကျွန်ုပ်ထံလာကြ၍ တောတောင်အရပ်တို့သို့ သွားလာနေကြပါသည် ဟူ၍၎င်း ပါရှိ၏။

     ဤပါဠိတော်တို့ကို ထောက်ဆ၍ အလောင်းတော် သုဝဏ္ဏသာမသည် တောတွင်း၌နေကာ တောနေတိရစ္ဆာန်များအပေါ် ကိန္နရာပါမကျန်အောင် မေတ္တာတရား ပွါးများထားသည့်အတွက် တောတွင်းရှိ သတ္တဝါအားလုံးတို့ သုဝဏ္ဏသာမအပေါ်မှာ မေတ္တာရှိကြကြောင်း ထင်ရှားသိသာပေ၏။

     မေတ္တာ၏ အကျိုးတရား (၁၁) တဆယ့်တပါးတို့တွင် လူအများ ချစ်ခင်ကြကြောင်း နတ်ဘီလူး ပြိတ္တာများ ချစ်ခင်ကြကြောင်းသာ တိုက်ရိုက် လာရှိသော်လည်း ဤသုဝဏ္ဏသာမ ဇာတ်တော်ကို ထောက်၍ လူနတ်သာမက တိရစ္ဆာန်တို့လည်း မေတ္တာအားဖြင့် ချစ်ခင်ကြကြောင်းကို မှတ်သားအပ်၏၊ (မေတ္တာအကျိုး (၁၁) တဆယ့်တပါးကို အောက် သီလပါရမီခဏ်း နဝင်္ဂဥပုသ်နှင့်စပ်၍ ပြဆိုခဲ့ပြီ)၊ ထိုအကျိုး (၁၁) တဆယ့်တပါးတို့တွင် အမနုဿာနံ ပိယော= နတ် ဘီလူး ပြိတ္တာတို့ ချစ်ခင်ခြင်းဟူသော အကျိုးတရားနှင့်စပ်၍ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဗြဟ္မဝိဟာရနိဒ္ဒေသတွင် ဝိသာခမထေရ်၏ အကြောင်းကို ထုတ်ပြထား၏၊ ထုတ်ပြပုံကား..

ဝိသာခမထေရ်ဝတ္ထု

     ပါဋလိပုတ်ပြည်သား ဝိသာခအမည်ရှိသော သူကြွယ်သည် သီဟိုဠ်ကျွန်းအကြောင်းကို သတင်းကြားသိရသဖြင့် သီဟိုဠ်ကျွန်းသို့ သွားရောက်ကာ တရားအားထုတ်လိုသောကြောင့် မိမိစည်းစိမ်ဥစ္စာကို သားမယားများအား

(အံ)

လွှဲအပ်ခဲ့ပြီးလျှင် သီဟိုဠ်ကျွန်းသို့ ကူးသွားကာ မဟာဝိဟာရကျောင်းတိုက်သို့ရောက်၍ ရဟန်းပြုလေ၏။ ရဟန်းပြုပြီးနောက် ငါးလပတ်လုံး ဒွေမာတိကာ= (ဝိနည်းအကျဉ်းချုပ် နှစ်စောင်)ကို သင်ကြားပြီးလျှင် မဟာဝိဟာရကျောင်းတိုက်မှ ထွက်ခွါခဲ့၍ ကမ္မဋ္ဌာန်းတရား ပွါးများရန် သင့်လျော်မည့် ကျောင်းတိုက်စုကို ရှာပြီးလျှင် တကျောင်း တကျောင်းလျှင် လေးလစီမျှ သီတင်းသုံး နေတော်မူလေ့ရှိပေ၏။

     ထိုဝိသာခမထေရ်သည် စိတ္တလအမည်ရှိသော တောင်ကျောင်းသို့ကြွရာ လမ်းခရီးနှစ်ခုရှိနေသည်ကို တွေ့သဖြင့် မည်သည့်လမ်းသို့ လိုက်ရပါမည်နည်းဟု စဉ်းစားနေခိုက် တောင်စောင့်နတ်က လက်ညှိုးညွှန်ပြ လိုက်သဖြင့် စိတ္တလတောင်ကျောင်းသို့ရောက်ကာ လေးလပတ်လုံး သီတင်းသုံး နေတော်မူ၍ နက်ဖန်တွင် အခြားကျောင်းတိုက် တတိုက်သို့ သွားမည်ဟု ကြံစည်လျက် ကျိန်းစက်တော်မူသောအခါ စင်္ကြံအစွန်းရှိ မြစိမ်းပင်စောင့်နတ်က စောင်းတန်းဦး ပျဉ်ချပ်ပေါ်မှာ ထိုင်၍ ငိုနေ၏။ မထေရ်မြတ်က “ယခု ငိုသောသူ မည်သူနည်း”ဟု မေးရာ “တပည့်တော် မြစိမ်းပင်စောင့်နတ် ဖြစ်ပါသည်”ဟု လျှောက်၏။ “အဘယ့်ကြောင့် ငိုသနည်း”ဟု မေးတော်မူပြန်ရာ “အရှင်ဘုရား ကြွတော်မူမည့်အတွက်ကြောင့် ဖြစ်ပါသည်”ဟု လျှောက်၏။ “ငါ ဤအရပ်မှာနေသဖြင့် အသင့်အား မည်ကဲ့သို့ ကျေးဇူးရှိသနည်း”ဟု မေးမြန်းပြန်ရာ “အရှင်ဘုရားတို့သည် ဤအရပ်၌ နေတော်မူကုန်သည်ရှိသော် ဤအရပ်ရှိ နတ်ဘီလူး စသည်တို့သည် အချင်းချင်း မေတ္တာတရားကို ရကြပါကုန်သည် (အချင်းချင်း ချစ်ခင်ကြပါကုန်သည်)၊ ယခု အရှင်ဘုရားတို့ ကြွသွားတော်မူကုန်သည်ရှိသော် ထိုနတ်ဘီလူး စသည်တို့သည် မသင့်မတင့် ငြင်းခုံခိုက်ရန်မှု ပြုကြလျက် ကြမ်းကြုတ်သော စကားတို့ကိုပင် ဆိုကြပါလိမ့်မည်”ဟု လျှောက်ထား၏။

     မထေရ်မြတ်က “ငါ ဤအရပ်မှာနေသဖြင့် သင်ပြောသည့်အတိုင်း သင်တို့ ချမ်းသာစွာနေရခြင်း ဖြစ်သည်ဆိုလျှင် ကောင်းပြီ၊ ဤအရပ်မှာပင် နောက်ထပ် လေးလနေဦးမည်”ဟု မိန့်ဆိုကာ နေတော်မူပြန်၏၊ လေးလရှိသောအခါ မထေရ်ကြွမည်ဟု ကြံပြန်လျှင် မြစိမ်းပင်စောင့်နတ်က ငို၍ တားမြဲတားပြန်၏။ ဤသို့လျှင် လေးလစေ့၍ မထေရ်ကြွမည် ကြံတိုင်းကြံတိုင်း နတ်က ငို၍ ငို၍ တားသောကြောင့် မထေရ်မြတ်သည် အခြားအရပ်သို့ မကြွဖြစ်ပဲ ဤစိတ္တလတောင်ကျောင်းမှာပင် ပရိနိဗ္ဗာန် စံတော်မူရလေ၏။

ဤဝတ္ထုကို ထောက်သဖြင့် ဝိသာခမထေရ်၏ မေတ္တာသည် မေတ္တာရှင် ဖြစ်တော်မူသော မထေရ်အပေါ်မှာသာ မေတ္တာခံသောသူတို့က ချစ်ခင်ကြသည်မဟုတ်သေး၊ မေတ္တာခံ အချင်းချင်းလည်း

(အား)

မထေရ်၏မေတ္တာကို အကြောင်းပြုကာ ချစ်ခင်ခြင်းမေတ္တာကို ရရှိကြသည်ဟု ကောင်းစွာ မှတ်သားအပ်၏။

မူဆိုး၏ မေတ္တာ

     အသီတိနိပါတ် (၂) မဟာဟံသဇာတ်၌လည်း ဘုရားအလောင်း ဟင်္သာမင်း၏ခြေကို ကျော့ကွင်းမိသဖြင့် အတိဒုက္ခရောက်ရှိရာ စစ်သူကြီးဟင်္သာမင်း၏ ပြောဟောချက်ဖြင့် မူဆိုးသည် သတိသံဝေဂရကာ ဘုရားအလောင်းကို အသာအယာပွေ့ယူ၍ ဆင်းရဲဒုက္ခ ပျောက်ကင်းကြောင်း ကောင်းမြတ် ထက်သန်လှသော မေတ္တာစိတ်ဖြင့် ယုယပြုစုလေရာ ခြေထောက်မှာ ကျော့ကွင်းရာမျှမထင်ပဲ မူဆိုး၏ မေတ္တာအာနုဘော်ကြောင့် အကြော အကြောချင်း အသား အသားချင်း အရေ အရေချင်း ကောင်းစွာ နေရာတကျ ဆက်စပ်၍ ခြေထောက်သည် နဂိုရ်ပကတိအတိုင်း ဖြစ်လေသည်။

     ဤကား မဟာဟံသဇာတ်မှ လိုရင်းကိုသာ ထုတ်ပြခြင်းဖြစ်၏။ အကျယ်ကို မဟာဟံသဇာတ်ရင်းမှ ယူရာ၏။ အသီတိနိပါတ် ပဌမစူဠဟံသဇာတ်၊ ဝီသတိနိပါတ် (၅) ရောဟဏမိဂဇာတ်၊ (၆) စူဠဟံသဇာတ်တို့မှာလည်း ဤအတိုင်းပင် လာရှိသည်။ ဤဇာတ်နိပါတ်တော်လာ အကြောင်းအရာတို့ကို ထောက်ထားကာ မေတ္တာ၏ တန်းခိုး အာနုဘော်ကြီးကြောင်းကို ကောင်းစွာသိရာ၏။

မေတ္တာအယောင်ဆောင် ရာဂ

     သတိပြုဖွယ် ကောင်းသည်ကား “ရာဂေါ မေတ္တာယနာမုခေန ဝဉ္စေတိ= ရာဂတရားသည် မေတ္တာယောင်ဆောင်ကာ လှည့်ပတ်တတ်သည်”ဟူ၍ နေတ္တိအဋ္ဌကထာ၌ မိန့်ဆိုထားချက်အရ သတ္တဝါများအပေါ်မှာ မေတ္တာပွါးလိုသောသူသည် မေတ္တာယောင်ဆောင်သည့် ရာဂတရားကို မပွါးမိကြရန် အထူး သတိပြုသင့်ပေ၏။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဗြဟ္မဝိဟာရနိဒ္ဒေသ၌လည်း “အမျက်ဒေါသ၏ ငြိမ်းခြင်းသည် မေတ္တာ၏ပြည့်စုံခြင်း ဖြစ်၍၊ တပ်စွန်းချစ်ခင်သောရာဂ ဖြစ်ပေါ်လာခြင်းသည် မေတ္တာ၏ ပျက်စီးခြင်းဖြစ်သည်”ဟု ဖွင့်ပြထား၏။

     အဓိပ္ပါယ်မှာ.. မုန်းနေသော သူတယောက်ကို မေတ္တာပွါးများလိုက်လျှင် မုန်းခြင်းတည်းဟူသော အမျက်ဒေါသစိတ်ပျောက်၍ အကျိုးလိုလားသည့် မေတ္တာတရား သက်ဝင်လာ၏။ ဤသို့ မုန်းခြင်း ပျောက်ငြိမ်းသွားခြင်းသည် မေတ္တာ၏ပြည့်စုံခြင်း ဖြစ်ပေ၏။ ဤသို့ မေတ္တာစင်စစ် ဖြစ်ပွါးနေရာမှ ထိုသူအပေါ်မှာ တွယ်တာ ချစ်ခင်သောစိတ် ဖြစ်လာလျှင် မေတ္တာအစစ် ပျက်သွားပြီ၊ ရာဂက မေတ္တာယောင်ဆောင်၍ အလှည့်ပတ် ခံရလေပြီဟု ဆိုလိုသည်။

(ကျ)

     ဤမေတ္တာသည် ပါရမီဆယ်ပါးတွင် တပါးအပါအဝင် ဖြစ်သည့်အတိုင်း ဘုရားအလောင်း သုဝဏ္ဏသာမတို့ကဲ့သို့ မိမိနှင့် တွေ့ကြုံသမျှ သတ္တဝါတိုင်း မိမိအပေါ်မှာ ချစ်ခင်၍လာသည်တိုင်အောင် မေတ္တာပါရမီတရား ပွါးများ အားထုတ်ရာ၏၊ ဤတရားသည် ပါရမီဆယ်ပါးတွင် တပါးအပါအဝင် ဖြစ်ရုံမျှမက ဈာန်အဘိညာဏ်ရကြောင်း သမထကမ္မဋ္ဌာန်းပေါင်း လေးဆယ်တို့တွင်လည်း တပါးအပါအဝင် ဖြစ်သည်။ ထို့ကြောင့် ရှေးရှေးသော ဘုရားအလောင်း သူတော်ကောင်းတို့သည် မေတ္တာကိုပွါးများလျက် ထက်မြက်စူးစိုက်ကာ (ပါဠိလို အပ္ပနာဟုခေါ်သော) ဈာန်အဘိညာဏ်တရားသို့ပင် ပေါက်ရောက်တော်မူကြသည်၊ ပါရမီကိုဖြည့်ရာ ဈာန်အဘိညာဏ်ကိုပါ ရရှိပေါက်ရောက်ဘူးသော ထုံးကား တိကနိပါတ် (၄) အဗ္ဘန္တရဝဂ်၊ (၂) သေယျဇာတ်နှင့် စတုက္ကနိပါတ် (၁) ကာလိင်္ဂဝဂ်၊ (၃) ဧကရာဇဇာတ်များပင် ဖြစ်ကြ၏။

သေယျဇာတ်

     သေယျဇာတ်၌ လိုရင်း အကျဉ်းချုပ်မှာ.. ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းသည် မင်းကျင့်တရား ဆယ်ပါးနှင့်အညီ မင်းပြု၍ ဒါနမှုကိုလည်းပြု၏၊ ငါးပါးသီလကိုလည်း စောင့်သုံး၏၊ ဥပုသ်စောင့်သုံးခြင်းကိုလည်း ပြု၏။ ထိုအခါ အမတ်တယောက်သည် နန်းတော်တွင်း၌ မသင့်မလျော်သော အပြစ်ကို ကျူးလွန်သည့်အတွက် ဗြဟ္မဒတ်မင်းက တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ အနီးအပါး ကောသလမင်းထံ ဝင်ရောက်ခစားပြီးလျှင် ဗာရာဏသီပြည်ကို တိုက်ခိုက် သိမ်းယူပါလျှင် အလွယ်တကူနှင့်ပင် ရရှိမည့်အကြောင်း တိုက်တွန်းချက်အရ ကောသလမင်းသည် ဗာရာဏသီပြည်ကို လာရောက်ဝိုင်းဝန်း တိုက်ခိုက်ပြီးလျှင် ခုခံတိုက်ခိုက်ခြင်း အလျဉ်းမရှိသော ဗြဟ္မဒတ်မင်းကို မှူးမတ်များနှင့်တကွ ဖမ်းဆီး၍ သံခြေကျဉ်းခတ်ပြီးလျှင် ထောင်သွင်း အကျဉ်းချထားလေ၏။

     ဗြဟ္မဒတ်မင်းသည် ထောင်တွင်း၌နေလျက်ပင် ခိုးသူဖြစ်သော ကောသလမင်းကို မေတ္တာပွါးသဖြင့် မေတ္တာဈာန်ကို ရရှိတော်မူလေ၏။ ထိုမေတ္တာတရား၏ အာနုဘော်ကြောင့် ခိုးသူဖြစ်သော ကောသလမင်း၏ကိုယ်မှာ ပူလောင်ခြင်းဖြစ်၏။ တကိုယ်လုံးမှာ မီးရှူးအစုံတို့ဖြင့် ရှို့မြှိုက်အပ်သကဲ့သို့ ဖြစ်၏။ ထိုကောသလမင်းသည် ကြီးစွာသော ဒုက္ခဖြင့် အထူး နာကျင်လှသည့်အတွက် မှူးမတ်တို့ကို “ငါ့မှာ အဘယ့်ကြောင့် ဤသို့ ဖြစ်ရသနည်း”ဟု မေး၏။ မှူးမတ်တို့က “အရှင်မင်းကြီးသည် သီလနှင့်ပြည့်စုံသော ဗြဟ္မဒတ်မင်းကို ထောင်၌ ချထားသည့်အတွက် ဤသို့ ဆင်းရဲကြီးစွာ ရောက်ရပါသည်”ဟု လျှောက်ထားကြသောအခါ ကောသလမင်းသည် လျင်စွာသွား၍ ဘုရားအလောင်း ဗြဟ္မဒတ်မင်းကို သည်းခံစေပြီး (ကန်တော့ပြီး)လျှင် အရှင်၏တိုင်းပြည်သည်

(ကျာ)

အရှင့်ပြည်ပင် ဖြစ်ပါစေဟူ၍ ပြန်လည်အပ်နှင်းလေသည်။ ဤဇာတ်၌ ဗြဟ္မဒတ်မင်းသည် မေတ္တာအားဖြင့် ဈာန်တရားကို ရရှိကြောင်း သိသာထင်ရှားပေ၏။

ဧကရာဇဇာတ်

     ဧကရာဇဇာတ် အကြောင်းအရာကား.. လွန်လေပြီးသောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းထံမှာ ခစားသော အမတ်တယောက်သည် နန်းတော်တွင်း၌ မသင့်မလျော်သော အပြစ်ကို ကျူးလွန်ခြင်း စသည်ဖြင့် ပြခဲ့ပြီးသော သေယျဇာတ်နှင့် အကြောင်းအရာ တူပေ၏။ ဤသေယျဇာတ်နှင့် ဧကရာဇဇာတ် နှစ်ဇာတ်လုံးပင် ဧကကနိပါတ် (၆) အာသီသဝဂ်၊ (၁) မဟာသီလဝဇာတ်အတိုင်းပင် ဖြစ်ကြ၏။ အကြောင်းအစုံအလင်ကို မဟာသီလဝဇာတ်၌ ကြည့်ရှုရာ၏။

     ဤ ဧကရာဇဇာတ်၌ အထူးကား ကောသလတိုင်းရှင် ဒုဗ္ဘိသေနမင်းသည် နန်းယင်ပြင်မှာ အမတ်များ၏အလယ်၌ တင့်တယ်စွာ စံနေသော ဗာရာဏသီမင်းကို နှောင်ဖွဲ့ကာ ဆိုင်းတွင် ထည့်စေပြီးလျှင် နန်းတော်တံခါးခုံအထက်၌ တွဲလျားစောက်ထိုး ဆွဲထားစေ၏၊ ဗြဟ္မဒတ်မင်းသည် ခိုးသူဖြစ်သော ဒုဗ္ဘိသေနမင်းကို အာရုံပြုကာ မေတ္တာတရား ပွါးများသဖြင့် ဈာန်အဘိညာဏ်ကို ရပြီးလျှင် တွဲလျားစောက်ထိုး ဖွဲ့နှောင်ထားသည့် ကြိုးကိုဖြတ်ကာ ကောင်းကင်၌ တင်ပြင်ခွေ၍ နေတော်မူ၏။ ဒုဗ္ဘိသေနမင်း၏ ကိုယ်မှာလည်း ပူလောင်ခြင်း ပြင်းထန်လှသဖြင့် ပူလှသည် ပူလှသည်ဟု ညည်းညူကာ မြေအပြင်၌ အပြန်ပြန် လူးလှိမ့်၍ နေပြီးမှ “အဘယ့်ကြောင့် ငါ ဤသို့ဖြစ်ရသနည်း”ဟု မှူးမတ်တို့ကို မေးလျှင် မှူးမတ်တို့က “အရှင်မင်းကြီး.. အရှင်မင်းကြီးတို့သည် တရားစောင့်၍ အပြစ်မရှိသည့်မင်းကို မတရားဖမ်းယူကာ စောက်ထိုးတွဲလျား ဆွဲထားစေသည့်အတွက် ဤသို့ ဆင်းရဲဒုက္ခကြီးစွာ ရောက်ရကုန်သည်”ဟု လျှောက်ထားကြကုန်၏။ “ဤသို့ဖြစ်လျှင် လျင်မြန်စွာသွား၍ လွှတ်ကြပါကုန်”ဟု စေခိုင်းသဖြင့် မင်းချင်းယောက်ျား မြန်စွာသွား၍ ကြည့်ကြသည်တွင် ကောင်းကင်၌ တင်ပြင်ခွေ ထိုင်နေသော ဗြဟ္မဒတ်မင်းကို မြင်ကြ သဖြင့် ပြန်လှည့်ကာ ဒုဗ္ဘိသေနမင်းအား အကြောင်းကို ပြန်လျှောက်ဆိုကြကုန်၏။

မြတ်စွာဘုရား၏ မေတ္တာတော်

     မြတ်စွာဘုရား လက်ထက်တော်က ဘုရားအမှူးရှိသော သံဃာတော်တို့ ကုသိနာရုံပြည်သို့ ခရီးဒေသစာရီ ကြွချီဆိုက်ရောက်တော်မူရာ မလ္လမင်းတို့ အချင်းချင်း “ဘုရားအမှူးရှိသော သံဃာကို မကြိုဆိုလျှင် ဤရွေ့ဤမျှ ဒဏ်ထားစတမ်း”ဟု ကတိကဝတ် ထားချက်အရ အရှင်အာနန္ဒာ၏ လူဖြစ်စဉ်အခါ သူငယ်ချင်းဖြစ်သော ရောဇမည်သော မလ္လမင်းသည်လည်း ဘုရားအမှူးရှိသော

(ကျိ)

သံဃာတော်ကို အခြားမလ္လမင်းတို့နှင့်အတူ ကြိုဆိုဝတ်ပြုလေသည်။ ထိုအခါ အရှင်အာနန္ဒာက ရောဇမလ္လမင်းကို ဤကဲ့သို့ ဘုရားအမှူးပြုသော သံဃာတော်ကို ကြိုဆိုဝတ်ပြုရခြင်းသည် အရတော်ကြောင်း စသည်ဖြင့် ချီးမွမ်းစကား မိန့်ဆိုတော်မူရာတွင် ရောဇမလ္လမင်းက မိမိသည် ရတနာသုံးပါးကို ကြည်ညို၍ ဤကဲ့သို့ ကြိုဆိုခြင်းမဟုတ်၊ မလ္လမင်းတို့ အချင်းချင်း သဘောတူ ဆုံးဖြတ်ကြသည့် ကတိကဝတ်ကြောင့်သာ ကြိုဆိုခြင်းဖြစ်ကြောင်း စိတ်ရင်းအတိုင်း လျှောက်ထား ပြောဆိုလတ်သည်တွင် အရှင်အာနန္ဒာသည် စိတ်ချမ်းသာတော်မမူပဲ ဘုရားထံမှောက် သွားရောက်၍ အကြောင်းအကျိုး လျှောက်ထားပြီးလျှင် ရောဇ၏စိတ်နှလုံး နူးညံ့အောင် ပြုတော်မူပါရန် တောင်းပန်လျှောက်ထားသဖြင့် မြတ်စွာဘုရားသည် ရောဇကို သီးသန့်အာရုံပြုကာ မေတ္တာဖြန့်ဝေတော်မူလျှင် ရောမလ္လမင်းသည် အမိနှင့်ကွဲနေသော နွားငယ်ပမာ မိမိ၏နန်းအိမ်၌ တည်ငြိမ်စွာမနေနိုင်ပဲ ဘုရားသီတင်းသုံးရာ ကျောင်းတော်သို့ လာရောက်၍ သဒ္ဓါတရားစစ်စစ် သက်ဝင်ကာ မြတ်စွာဘုရားကို ဖူးမြော်တရားနာရသဖြင့် သောတာပန်တည်လေသည်။

     တချိန်ကလည်း ဘုရားအမှူးရှိသော သံဃာတော်တို့ ရာဇဂြိုဟ်ပြည်အတွင်း ဆွမ်းခံကြွတော်မူသောအခါ ဒေဝဒတ်သည် အဇာတသတ်မင်းနှင့် တိုင်ပင်၍ အလွန်မုန်ယစ်နေသော နာဠာဂီရိဆင်ကို ဘုရားရှင်သို့ ရှေးရှု၍ တိုက်လွှတ်လေသည်။ မြတ်စွာဘုရားသည် နာဠာဂီရိဆင်ကို မေတ္တာရေချမ်း သွန်းဖျန်းတော်မူခြင်းဖြင့် အောင်မြင်တော်မူလေသည်။ ထိုအခါ ရာဇဂြိုဟ် ပြည်သူပြည်သားတို့က-

ဒဏ္ဍေနေကေ ဒမယန္တိ၊ အင်္ကုသာဟိ ကသာဟိ စ။

အဒဏ္ဍေန အသတ္ထေန၊ နာဂေါ ဒန္တော မဟေသိနာ။

     ဧကေ၊ အချို့သော နွားဆရာ ဆင်ဆရာ မြင်းဆရာတို့သည်။ ဒဏ္ဍေန၊ ဒုတ်လှင်ကန်(တပြာ)ဖြင့်၎င်း။ အင်္ကုသာဟိ၊ ချွန်းတို့ဖြင့်၎င်း။ ကသာဟိစ၊ ကြိမ်လုံးတို့ဖြင့်၎င်း။ ဒမယန္တိ၊ ရိုက်နှက်ထိုးဆွ ဆုံးမကြကုန်၏။ မဟေသိနာ၊ မြတ်စွာဘုရားသည်ကား။ အဒဏ္ဍေန၊ ဒုတ်လှင်ကန် မပါရှိပဲ။ အသတ္ထေန၊ တစုံတရာ လက်နက်မပါရှိပဲ၊ နာဂေါ၊ နာဠာဂီရိ အမည်ရှိသော ဆင်ကြမ်းကို။ ဒန္တော၊ မေတ္တာရေအေး ဖျန်းပက်ပေး၍ ယဉ်ကျေးအောင် ဆုံးမတော်မူအပ်ပေပြီ။-ဟူ၍ ဝမ်းမြောက်ဝမ်းသာ ဤဂါထာကို ရွတ်ဆိုကြလေသည်။

မေတ္တာပါရမီခဏ်း ပြီး၏။

**********

(ကျီ)

(ဉ) ဥပေက္ခာပါရမီ

ဥပေက္ခာအဓိပ္ပါယ်

     ဤဥပေက္ခာဟူသော ပါဠိစကားမှာ သဒ္ဒါနက်အားဖြင့် “သင့်တင့်အောင် ရှုခြင်း”ဟူ၍ မြန်မာပြန်ဆိုရ၏။ သင့်တင့်အောင် ရှုခြင်းဟူသည် ဆင်းရဲမှု ချမ်းသာမှု နှစ်ပါးကွဲပြားရာမှာ မည်သည့်ဖက်သို့ တဖက်သတ် မလိုက်ပါပဲ ဆင်းရဲမှုနှင့်လည်းသင့်တင့် ချမ်းသာမှုနှင့်လည်း သင့်တင့်လေအောင် ရှုခြင်းဟု ဆိုလိုသည်။ ဤကဲ့သို့ ရှုခြင်းကိုပင် ရှေးပညာရှိကြီးများက “လျစ်လျူရှုခြင်း”ဟူ၍ မြန်မာပြန်ဆိုခဲ့ကြသည်။

     ဤပညာရှိတို့၏ စကားအဓိပ္ပါယ်ကို ကောင်းစွာ မစဉ်းစားမိက “လျစ်လျူရှုခြင်းဟူသည် အာရုံမပြု ဂရုမစိုက်ပဲ စွန့်ပစ်ထားလိုက်ခြင်းပင် ဖြစ်သည်”ဟု မှတ်ထင် ပြောဆိုမိတတ်ကြ၏။ ဤသို့ အာရုံမပြုပဲ စွန့်ပစ်ထားခြင်းကို ဥပေက္ခာခေါ်သည်မဟုတ်၊ ဥပေက္ခာဟူသည် အာရုံပြုရမည်သာ ဖြစ်၏။ သို့ရာတွင် ဆင်းရဲမှုအာရုံနှင့် တွေ့လျှင်တမျိုး ချမ်းသာမှုအာရုံနှင့်တွေ့လျှင် တမျိုးကဲ့သို့ ထူးထွေကွဲလွဲခြင်းမရှိ၊ သာမညအားဖြင့် တစားတည်းထား၍ ရှုမြင် ဆင်ခြင်ခြင်းသာ ဖြစ်၏။

ဥပေက္ခာပွါးနည်း

     ဤဥပေက္ခာကို ပွါးများရန်နည်းမှာ ပဋိသမ္ဘိဒါမဂ်ပါဠိတော်လာ မေတ္တာပွါးများနည်းအတိုင်းပင် ဖြစ်၏၊ မေတ္တာပွါးများနည်းမှာကား ပွါးများပုံအခြင်းအရာ လေးမျိုးရှိသည့်အတွက် ငါးရာနှစ်ဆယ့်ရှစ်နည်း ရရှိပေသည်။ ဥပေက္ခာပွါးနည်းမှာမူ “ကမ္မဿကာ= ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏”ဟူ၍ ပွါးပုံနည်း တနည်းသာရှိသောကြောင့် ငါးရာနှစ်ဆယ့်ရှစ်၏ လေးပုံတပုံ (၁၃၂) တရာ့သုံးဆယ့်နှစ်နည်းသာ ရနိုင်၏။

     ရနိုင်ပုံကား.. မေတ္တာပွါးနည်းမှာ ပြခဲ့ပြီးသည့်အတိုင်း အနောဓိသပုဂ္ဂိုလ် ငါးပါး ဩဓိသပုဂ္ဂိုလ် ခုနစ်ပါးဟူ၍ ပုဂ္ဂိုလ်တဆယ့်နှစ်ပါး ရ၏။ ပွါးပုံအခြင်းအရာမှာ ကမ္မသကာဟူသော တနည်းတည်းသာဖြစ်၍ ပွါးနည်းအတွက် နည်းအရေအတွက် မတိုးတော့ပြီ၊ သဗ္ဗေ သတ္တာ ကမ္မဿကာ၊ ၊သဗ္ဗေ ပါဏာ ကမ္မဿကာ၊ ၊သဗ္ဗေ ဘူတာ ကမ္မဿကာ၊ ၊သဗ္ဗေ ပုဂ္ဂလာ ကမ္မဿကာ၊ ၊ သဗ္ဗေ အတ္တဘာဝပရိယာပန္နာ ကမ္မဿကာ၊ ၊သဗ္ဗာ ဣတ္ထိယော ကမ္မဿကာ၊ ၊သဗ္ဗေ ပုရိသာ ကမ္မဿကာ၊ ၊သဗ္ဗေ အရိယာ ကမ္မဿကာ၊ ၊သဗ္ဗေ အနရိယာ ကမ္မဿကာ၊ ၊သဗ္ဗေ ဒေဝါ ကမ္မဿကာ၊ ၊သဗ္ဗေ မနုဿာ ကမ္မဿကာ၊ ၊ သဗ္ဗေ ဝိနိပါတိကာ ကမ္မဿကာ၊ ဤကဲ့သို့ အရပ်မျက်နှာဖြင့် မပိုင်းခြားပဲ

(ကျု)

ရအပ်သောနည်း တဆယ့်နှစ်ပါး။ ဤတဆယ့်နှစ်ပါးကို တဖန် အရပ်ဆယ်မျက်နှာဖြင့် မြှောက်ပွါး ပိုင်းခြားလိုက်သော် တရာ့နှစ်ဆယ်ရ၏၊ အရပ်မျက်နှာကို မပိုင်းခြားပဲ ရခဲ့သောနည်း တဆယ့်နှစ်ပါးနှင့် ပေါင်းလိုက်သော် နည်းပေါင်း တရာသုံးဆယ့်နှစ်ပါး ဖြစ်၏။ ဤနည်း တရာ့သုံးဆယ့်နှစ်ပါးထဲမှ မိမိနှစ်သက်ရာ တနည်းနည်းဖြင့် ဥပေက္ခာကို ပွါးများလိုက ပွါးများရာ၏။ အခြားနည်းဖြင့် မပွါးကောင်းဟူ၍ကား မမှတ်ယူအပ်။

     ထင်ရှားစေဦးအံ့.. မေတ္တာပွါးနည်း၌ ပြခဲ့ပြီးသည့်အတိုင်း ပုဂ္ဂိုလ်များကို အခြားနည်းအားဖြင့် သုံးနှုန်းခေါ်ဆို၍ ပွါးများလိုက ပွါးများနိုင်သည်သာ ဖြစ်၏။ ပွါးများပုံ အခြင်းအရာ “ကမ္မဿကာ”ဟူသော နေရာ၌လည်း ဤပါဠိနှင့် အနက်အဓိပ္ပါယ်တူမျှသော အခြားပါဠိများဖြင့်လည်း ပွါးများနိုင်သည်သာ ဖြစ်၏၊ ဤပါဠိများဟူသည်မှာ အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ်၊ (၆) နီဝရဏ၀ဂ်၊ (၇) အဘိဏှသုတ်၌ “သဗ္ဗေ သတ္တာ ကမ္မဿကာ ကမ္မဒါယာဒါ ကမ္မယောနိ ကမ္မဗန္ဓူ ကမ္မပ္ပဋိဿရဏာ”ဟူ၍ ဟောတော်မူသည့်အတိုင်း..

ကမ္မဿကာ = ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏၊

ကမ္မဒါယာဒါ = ကံ၏ အမွေခံသာ ဖြစ်ကြကုန်၏၊

ကမ္မယောနီ = ကံသာလျှင် အမျိုး (အကြောင်းရင်း) ရှိကြကုန်၏၊

ကမ္မဗန္ဓူ = ကံသာလျှင် အဆွေခင်ပွန်း ရှိကြကုန်၏၊

ကမ္မပ္ပဋိဿရဏာ = ကံသာလျှင် ကိုးကွယ်အားထားရာ ရှိကြကုန်၏-

ဟူ၍ အဓိပ္ပါယ် ပြန်ဆိုရသည့်အတိုင်း ဖော်ပြရာပါ ပါဠိငါးပုဒ်တို့သည် အနက်အဓိပ္ပါယ် တူညီကြသည်ဖြစ်၍ “သဗ္ဗေ သတ္တာ ကမ္မသကာ”ဟု ပွါးများရမည့်အစား-

သဗ္ဗေ သတ္တာ ကမ္မဒါယာဒါ ဟူ၍သော်၎င်း၊

သဗ္ဗေ သတ္တာ ကမ္မယောနီ ဟူ၍သော်၎င်း၊

သဗ္ဗေ သတ္တာ ကမ္မဗန္ဓူ ဟူ၍သော်၎င်း၊

သဗ္ဗေ သတ္တာ ကမ္မပ္ပဋိဿရဏာ ဟူ၍သော်၎င်း-

မိမိနှစ်သက်ရာ ဉာဏ်၌ထင်လင်းရာ ပါဠိတို့ဖြင့် ပွါးများနိုင်သည်ဟု သိရှိမှတ်ယူအပ်၏။

(ကျူ)

စဉ်းစားဖွယ်

     ဤအရာ၌ စဉ်းစားဖွယ် ရှိပြန်သည်ကား.. ဖြည့်ကျင့်ရမည့် ပါရမီတပါးဖြစ်သော မေတ္တာမှာ သတ္တဝါအများတို့ကို အာရုံပြုကာ ချမ်းသာစေလိုသော စိတ်နှလုံးကို ထားရသည့်အတွက် မြင့်မြတ်သော ပါရမီတရား ဖြစ်ထိုက်ကြောင်း သိသာထင်ရှားပေ၏။ ဥပေက္ခာမှာမူ ဖြည့်ကျင့် ဆည်းပူးအပ်သော ပါရမီတပါးပင် ဖြစ်သော်လည်း သတ္တဝါအများကို အာရုံပြုကာ သတ္တဝါတို့၏ ချမ်းသာမှု ဆင်းရဲမှုသည် သူတို့၏ ကံအတိုင်းသာ ဖြစ်သည်၊ ချမ်းသာထိုက်သော ကံပါလျှင် ချမ်းသာလိမ့်မည်။ ဆင်းရဲထိုက်သော ကံပါလျှင် ဆင်းရဲလိမ့်မည်၊ ငါ တစုံတရာမျှ ကြောင့်ကြစိုက်နေဖွယ် မရှိဟူသော နှလုံးသွင်းခြင်းမျိုးဖြစ်၍ ဤနှလုံးသွင်းခြင်းမျိုးကို မြင့်မြတ်လှသည်ဟု ဆိုရန် ခဲယဉ်းမည်မဟုတ်ပါလော၊ (အရပ်သုံးဝေါဟာရဖြင့် ပြောဆိုလျှင်) သတ္တဝါတိုကို ဂရုမစိုက်ပဲ အမှတ်မဲ့နေခြင်းပင် ဖြစ်သည်ဟုဆိုက မှားနိုင်ပါမည်လော၊ သို့ဖြစ်၍ ဥပေက္ခာတရားသည် အဘယ့်ကြောင့် မြင့်မြတ်သော ပါရမီတရား ဖြစ်နိုင်ပါသနည်းဟု စဉ်းစားဆင်ခြင်ရန် လိုအပ်ပေ၏။

     စဉ်းစားဆင်ခြင်သော်.. လောကကြောင်း ဓမ္မကြောင်း နှစ်ပါးလုံးမှာပင် ရခဲ ဖြစ်စေနိုင်ခဲသော အရာသည် အဖိုးတန်၍၊ ရလွယ် ဖြစ်စေနိုင်လွယ်သော အရာသည် ထိုကဲ့သို့ အဖိုးမတန်ဖြစ်ခြင်းမှာ ဓမ္မတာပင်ဖြစ်၏။ လောက၌ ကျောက်စရစ်ခဲ အမှိုက်သရိုက် သဲတို့သည် ရလွယ်လှသည့်အတွက် အဖိုးမတန်လှပဲ၊ ရွှေ ငွေ ကျောက်သံပတ္တမြား စသည်တိုကား ရခဲ ဖြစ်စေနိုင်ခဲလှသည့်အတွက် အဖိုးတန်လှကြောင်း လူအများပင် အသိအမြင် ထင်ရှားပေ၏။

     ဤအတူ ဓမ္မကြောင်းမှာလည်း လောဘ ဒေါသစသော တရားဆိုးတို့သည် ရလွယ် ဖြစ်စေနိုင်လွယ်လှသော တရားတွေချည်းဖြစ်၍ အနည်းငယ်မျှ အဖိုးမတန်၊ ရအောင် ဖြစ်အောင် တမင်ကြံဆောင် အားထုတ်နေရခြင်း မရှိ၊ မဖြစ်အောင်ပင် တားမြစ်၍ မလွယ်ကူလှပဲ လွန်လွန်ကဲကဲ ဖြစ်ပွါးတတ်သော တရားတွေ ဖြစ်ကုန်၏၊ အဖိုးမတန်သည့် ပေါင်းပင်များနှင့်လည်း တူလှကုန်၏။ ဒါနသီလစသော ကုသိုလ်တရားတို့သည်ကား အားထုတ်မှုမရှိပဲ အလိုအလျောက် မဖြစ်ပွါးနိုင်၊ အားထုတ်ဆည်းပူးနိုင်ပါမှ ဖြစ်ပေါ်လာသော တရားစုသာ ဖြစ်ကုန်၏။ ထိုတရားစုထဲတွင် ဒါနသီလတို့ထက် အဆင့်အတန်းမြင့်သော ဘာဝနာကုသိုလ် အဝင်အပါ မေတ္တာတရားအစစ်ကို ရရှိရန် မေတ္တာတရားစစ်စစ်ကို ဖြစ်စေနိုင်ဖို့ရန် ခဲယဉ်းလှပေ၏။

     ခဲယဉ်းပုံမှာ.. ဝေရီပုဂ္ဂိုလ် မဇ္ဈတ္တပုဂ္ဂိုလ် ပိယပုဂ္ဂိုလ်ဟူ၍ ပုဂ္ဂိုလ်သုံးစားရှိသည့်အနက် ရန်သူဖြစ်သော ဝေရီပုဂ္ဂိုလ်တို့အပေါ်မှာ မေတ္တာတရား ပွါးများ

(ကျေ)

ဖြစ်စေနိုင်ရန် ခဲယဉ်းလှ၏။ မိတ်ဆွေလည်းမဟုတ် ရန်သူလည်း မဟုတ်သော အလတ်စား မဇ္ဈတ္တပုဂ္ဂိုလ်တို့အပေါ်မှာ ရန်သူအပေါ်မှာလောက် ခဲယဉ်းခြင်းမရှိ၊ ချစ်အပ်သော မိတ်ဆွေအပေါ်မှာသာ မခဲမယဉ်း အလွယ်တကူနှင့် ပွါးများနိုင် ဖြစ်စေနိုင်ပေသည်။ သို့ရာတွင် မေတ္တာအာရုံထားရှိရန် ခဲယဉ်းသော ဝေရီပုဂ္ဂိုလ်နှင့် အလတ်စား မဇ္ဈတ္တပုဂ္ဂိုလ်တို့အပေါ်မှာ မေတ္တာတရား မပွါးများပဲ အလွယ်လိုက်ကာ ချစ်အပ်သော မိတ်ဆွေအပေါ်မှာသာ ပွါးများပါတော့မည်ဟူ၍ မေတ္တာကို မည်ကဲ့သို့ပင် ပွါများနေစေကာမူ ထိုမေတ္တာသည် ခဲယဉ်းခြင်းမရှိသည့်အတွက် အဖိုးတန်မေတ္တာ မဟုတ်သည့်ပြင် ထိုမေတ္တာမျိုးကို ပွါးများနေ၍လည်း မေတ္တာပါရမီကို ဖြည့်ကျင့်ရာမရောက်။

     မေတ္တာပါရမီ ပြည့်ဝရန် ကျကျနန ပွါးများလိုလျှင် ရှေးဦးစွာ မိမိကိုယ်ကို မေတ္တာပွါးများရသည်။ ဤကဲ့သို့ မိမိကိုယ်ကို မေတ္တာပွါးခြင်းသည် ကိုယ်ရေးကိုယ်တာဖြစ်၍ အလွယ်တကူနှင့် မေတ္တာတရား ချွင်းချက်မရှိ ပြည့်ပြည့်စုံစုံ ဖြစ်ပေါ်နိုင်သည်။ ဤသို့ မိမိအပေါ်မှာ ပွါးများသဖြင့် ပြည့်ပြည့်စုံစုံ ဖြစ်ပေါ်လာသော မေတ္တာကို စံနမူနာ ပြုလုပ်ထားစေလိုသည့်အတွက် ရှေးဦးစွာ မိမိကိုယ်ကို မေတ္တာပွါးများရသည်ဟု ဆိုခြင်းဖြစ်သည်။

     ထို့နောက် ရန်သူပုဂ္ဂိုလ် အလယ်အလတ်ပုဂ္ဂိုလ် မိတ်ဆွေပုဂ္ဂိုလ်တို့အပေါ်မှာ ပွါးများသောအခါ ထူးခြားခြင်းမရှိပဲ စံနမူနာထားသည့် (မိမိကိုယ်ကိုပွါးသည့်) မေတ္တာတရားအတိုင်း ညီညီမျှမျှ ပွါးများနိုင်ရသည်။ ဤကဲ့သို့ မိမိကိုယ်နှင့် မခြားမနား ပုဂ္ဂိုလ်သုံးမျိုးလုံးအပေါ်မှာ ညီမျှသော မေတ္တာကိုပွါးရန် လွယ်ကူပါမည်လော၊ မလွယ်ကူလှပေ။ ရန်သူဂ္ဂိုလ် အလယ်အလတ်ပုဂ္ဂိုလ်တို့ကို ထားဘိဦး၊ “အတ္တသမံ ပေမံ နတ္ထိ= ကိုယ်နှင့်တူသည့် ချစ်အပ်သောသူ မရှိ”ဟူသော တရားတော်အတိုင်း ချစ်အပ်သော ပိယပုဂ္ဂိုလ်အပေါ်မှာပင် ကိုယ်နှင့်အညီအမျှ မေတ္တာတရား ဖြစ်ပွါးထားရှိရန် ခဲယဉ်းပေလိမ့်မည်။ ဤသို့ မိမိနှင့် ထပ်တူဖြစ်အောင် မိတ်ဆွေအပေါ်မှာပင် ပွါးများရန်ခဲယဉ်းသော မေတ္တာတရားကို မိတ်ဆွေတွင်မက အလယ်အလတ်ဂ္ဂိုလ် ရန်သူပုဂ္ဂိုလ်တို့ကိုပါ တတန်းတစားတည်း ခွဲခြား၍မရအောင် ညီညီမျှမျှ ပို့နိုင်သောမေတ္တာမှသာ ပါရမီ စင်စစ် ဖြစ်သည်။

     ဤအကြောင်းကို ထောက်ထားပါက မေတ္တာပါရမီစစ်စစ် ဖြစ်ပွါးရန် မည်မျှလောက် ခဲယဉ်းသည်၊ မည်မျှလောက် အဖိုးတန်သည်တို့ကို သိရှိပေလိမ့်မည်။ ဤသို့ ခဲယဉ်း အဘိုးထိုက်တန်လှစွာသော မေတ္တာပါရမီကို ပွါးများသည့်အတွက်ပင် ကျား ခြင်္သေ့စသော သတ္တဝါရိုင်းတွေကသော်မှ

(ကျဲ)

သုဝဏ္ဏသာမအပေါ်မှာ မေတ္တာသက်ဝင်ကြကြောင်းကို ရှေး၌ပြခဲ့ပြီ။ ဤမေတ္တာနည်းအရ ဥပေက္ခာအရာမှာလည်း ပါရမီမြောက်မည့် ဥပေက္ခာအား မေတ္တာထက်ပင် ပိုမို၍ ခဲယဉ်းပေသည်။

     ခဲယဉ်းပုံမှာ.. ပြခဲ့ပြီးသော ပုဂ္ဂိုလ်သုံးမျိုးအနက် အလယ်အလတ် မဇ္ဈတ္တပုဂ္ဂိုလ်အပေါ်မှာပင် ဥပေက္ခာတရားဖြစ်ရန် လွယ်ကူလှသည် မဟုတ်ပေ၊ လောက၌ကား “ဤသူ့ကို ယခု ငါ ဥပေက္ခာပြုထားပြီ၊ ဤစီးပွါးထည်းမှာ ငါသည် ကမ္မဿကာပင် ထားပါသည်” စသည်ဖြင့် အရေးမယူ ဂရုမစိုက်ခြင်း သဘောကိုသာ ပြောဆိုနေကြသဖြင့် လျစ်လျူရှုခြင်း ဥပေက္ခာသည် အရာမရောက်သကဲ့သို့ ဖြစ်၍နေ၏၊ စင်စစ်ကား ဥပေက္ခာဖြစ်ရန် အာရုံပြု၍ ဂရုစိုက်ရမည်သာ ဖြစ်၏။

     မေတ္တာအရာမှာ မိတ်ဆွေအပေါ်၌ ပွါးများရန် လွယ်ကူသကဲ့သို့ ဥပေက္ခာအရာ၌လည်း အလယ်အလတ် ပုဂ္ဂိုလ်အပေါ်မှာ ပွါးများရန် လွယ်ကူသေး၏၊ အကြောင်းမှာ ပကတိအားဖြင့်ပင် အလယ်အလတ်ပုဂ္ဂိုလ်အပေါ်မှာ ချစ်ခြင်း မုန်းခြင်း မရှိသဖြင့် ထိုသူ၏ ချမ်းသာစေလိုသောစိတ် ပျက်စီးစေလိုသောစိတ်တို့ မဖြစ်ပွါးအောင် စောင့်ရှောက်ရန် လွယ်ကူ၏။ အလယ်အလတ်ပုဂ္ဂိုလ်အပေါ်မှာ ဥပေက္ခာပွါးများဖို့ထက် ရန်သူပုဂ္ဂိုလ်အပေါ်မှာ ဥပေက္ခာပွါးများဖို့ရန် ပိုမိုခဲယဉ်း၏။ အကြောင်းမှာ ရန်သူအပေါ်၌ ပကတိအားဖြင့် မုန်းထားစိတ် ရှိနေသည့်အတွက် ရန်သူမှာ ပျက်စီးသွားသတဲ့ဆိုလျှင် ဝမ်းသာဝမ်းမြောက်သာသဘော အလွယ်နှင့် ပေါ်ပေါက်လာတတ်၏၊ ရန်သူမှာ ကောင်းစား ချမ်းသာသတဲ့ဆိုလျှင် မနာလို မနှစ်သက်သောသဘော အလွယ်နှင့် ပေါ်ပေါက်လာတတ်၏။ ထိုသဘောမျိုး နှစ်ပါးလုံးပင် မဝင်လာအောင် မပေါ်ပေါက်လာအောင် စောင့်ရှောက်ပိတ်ပင်ရန် ခဲယဉ်း၏။ ဤသဘောမျိုး အနည်းငယ်မျှ ဝင်လာလျှင်ပင် ဥပေက္ခာသဘော ပျက်ကွက်၍သွား၏။

     ဤသို့ ရန်သူအပေါ်မှာ ဥပေက္ခာပွါးများရန် ခဲယဉ်းသည်ထက် မိတ်ဆွေ ပိယပုဂ္ဂိုလ်အပေါ်မှာ ဥပေက္ခာပွါးများရန် သာ၍ခဲယဉ်းပြန်၏၊ အကြောင်းမှာ ပိယပုဂ္ဂိုလ်အပေါ်မှာ ပကတိအားဖြင့် မေတ္တာသက်ဝင် ချစ်ခင်နေသည့်အတွက် ပိယပုဂ္ဂိုလ်သည် ချမ်းသာသုခ ရသွားသတဲ့ဆိုလျှင် စိတ်အထူးရွှင်လန်း ဝမ်းမြောက်၍ လာတတ်၏။ ပိယပုဂ္ဂိုလ် ပျက်စီးသွားသတဲ့ဆိုလျှင် အလွန်တရာ ပူပင်သောက ဝင်ရောက်၍လာတတ်၏၊ ထိုရွှင်လန်းဝမ်းမြောက်ခြင်း ပူပင်သောက ရောက်ခြင်း နှစ်မျိုးကို မဝင်လာနိုင်အောင် စောင့်စည်းပိတ်ပင်ရန် ခဲယဉ်းလှ၏။

     ဖော်ပြအပ်ပြီးသည့် ခဲယဉ်းခြင်းမျိုးတွေ မရှိစေပဲ မိမိကိုယ်နှင့်တကွသော မဇ္ဈတ္တပုဂ္ဂိုလ် ဝေရီပုဂ္ဂိုလ် ပိယပုဂ္ဂိုလ် သုံးစားလုံး၌ပင် စိတ်သဘောထား

(ကျော)

မခြားမနား တမျိုးတစားတည်းဖြင့် လျစ်လျူရှုနိုင်မှ ဥပေက္ခာသဘော ထမြောက် အောင်မြင်၏။ ဤပုဂ္ဂိုလ်သုံးစားအပေါ်မှာ စိတ်သဘောထား ခြားနားခြင်း တစုံတရာရှိနေသမျှ ဥပေက္ခာတရား ကောင်းစွာ ထမြောက်အောင်မြင်ခြင်း မရှိနိုင်။

     ဥပေက္ခာမှာ ပြခဲ့ပြီးသည့်အတိုင်း အာရုံမပြု ဂရုမစိုက် စွန့်ပစ်ထားရသော သဘောမျိုးမဟုတ်ပဲ အာရုံပြု၍ ဂရုစိုက်ရမည့် သဘောသာဖြစ်ရာ ထိုသို့ ဂရုစိုက်ရာမှာ “ငါနှင့်တကွသော သတ္တဝါများ ချမ်းသာစေရန် အတွက်၎င်း ဆင်းရဲစေရန်အတွက်၎င်း တစုံတရာ အားထုတ်မှု ပြု၍မရ၊ ချမ်းသာထိုက်သော ကံပါလာသည့် သတ္တဝါတို့မှာ ချမ်းသာကြမည်သာ ဖြစ်၏၊ ဆင်းရဲထိုက်သော ကံပါလာသည့် သတ္တဝါတို့မှာ ဆင်းရဲ ကြမည်သာ ဖြစ်၏။ ထိုသတ္တဝါတို့၏ ချမ်းသာမှု ဆင်းရဲမှုသည် မိမိတို့ကံနှင့်သာ သက်ဆိုင်သည်ဖြစ်၍ တစုံတရာ ကြောင့်ကြစိုက်၍ မရနိုင်”ဟူ၍ သတ္တဝါတို့ကို အာရုံပြုကာ ထင်ထင်ရှားရှား နှလုံးသွင်းနိုင်ခြင်းသာလျှင် ဥပေက္ခာစင်စစ် ဖြစ်ပေသည်။ ဤသို့ သတ္တဝါများအတွက် တစုံတရာ စိုးရိမ်ကြောင့်ကြမှု မပြုရသဖြင့် ဥပေက္ခာတရားသည် သိမ်မွေ့လှ၏၊ တည်ကြည် ငြိမ်သက်လှ၏၊ မေတ္တာတရားထက် အထက်သို့ရောက်လေလေ အဆင့်အတန်းမြင့်လေလေ ဖြစ်၏။

     အဆင့်အတန်းမြင့်ပုံမှာ.. ဤဥပေက္ခာသည် မေတ္တာကဲ့သို့ပင် သမထကမ္မဋ္ဌာန်း လေးဆယ်တို့တွင် တပါးအပါအဝင် ဖြစ်ပြီးလျှင် ပါရမီဆယ်ပါးတွင်လည်း တပါးအပါအဝင် ဖြစ်၏။ သမထနည်းလမ်းအရ ဥပေက္ခာကမ္မဋ္ဌာန်းကို စီးဖြန်းပွါးများလိုလျှင် အထက်ဆုံးဈာန်အတွက်သာ ပွါးများရ၏၊ အောက်ဈာန်များအတွက် မပွါးများရ။ ထင်ရှားစေဦးအံ့.. ဈာန်သည် ဉာဏ်နုံ့နှေးသူတို့မှာ ငါးကြိမ် ပေါက်မြောက်မှ ဈာန်စခန်းအဆုံးသို့ ရောက်၏၊ ထိုပုဂ္ဂိုလ်များအတွက် ဈာန်ငါးပါးကို မြတ်စွာဘုရား ဟောကြားတော်မူ၏။ ပဉ္စကနည်းဟူ၍ ခေါ်၏၊ သို့ဖြစ်၍ ဉာဏ်နုံ့သူတို့အဖို့ ပဌမအကြိမ် ရရှိသောဈာန်ကို ပဌမဈာန်၊ ဒုတိယ တတိယ စတုတ္ထ ပဉ္စမအကြိမ် ရရှိသောဈာန်ကို ပဉ္စမဈာန် ဤသို့အားဖြင့် ဉာဏ်နုံ့နှေးသူတို့အဖို့ ဈာန်ငါးပါးရှိလေသည်။

     ဉာဏ်ထက်သော ပုဂ္ဂိုလ်တို့မှာကား လေးကြိမ် ပေါက်မြောက်လျှင်ပင် ဈာန်တရားအဆုံးသို့ ရောက်လေ၏။ ထိုပုဂ္ဂိုလ်များအတွက် ဈာန်လေးပါးကို မြတ်စွာဘုရား ဟောကြားတော်မူ၏၊ စတုက္ကနည်းဟူ၍ ခေါ်၏၊ သို့ဖြစ်၍ ဉာဏ်ထက်သောသူတို့အဖို့ ပဌမအကြိမ် ရရှိသောဈာန်ကို ပဌမဈာန်၊ ဒုတိယ တတိယ စတုတ္ထအကြိမ်ရရှိသော ဈာန်ကို စတုတ္ထဈာန် ဤသို့အားဖြင့် ဈာန်လေးပါး ရှိလေသည်။

(ကျော်)

     ဤသို့ ဉာဏ်နုံ့နှေးသော ပုဂ္ဂိုလ်တို့အတွက် ဈာန်ငါးပါး, ဉာဏ်ထက်မြက်သော ပုဂ္ဂိုလ်တို့အတွက် ဈာန်လေးပါးဟူ၍ နည်းနှစ်နည်းရှိရာ မည်သည့်ဈာန်ကိုမျှမရသေးခင် ဈာန်တရားကိုရရန် ကြိုးကုတ် အားထုတ်သောသူသည် ဥပေက္ခာကမ္မဋ္ဌာန်းကို စီးဖြန်းပွါးများမှု မပြုရသေး၊ ဥပေက္ခာကမ္မဋ္ဌာန်းသည် ပဉ္စကနည်းအလို ပဉ္စမဈာန်နှင့်သာ သက်ဆိုင်၏၊ စတုက္ကနည်းအလို စတုတ္ထဈာန်နှင့်သာ သက်ဆိုင်၏။ သို့ဖြစ်၍ ဉာဏ်နုံ့နှေးသောသူဖြစ်လျှင် အခြားသော သမထကမ္မဋ္ဌာန်းများဖြင့် စတုတ္ထဈာန်တိုင် ပေါက်မြောက်အောင် အားထုတ်ပြီးမှ နောက်ဆုံး ပဉ္စမဈာန်ကိုရအောင် အားထုတ်လိုသော အခါမှသာ ဥပေက္ခာကမ္မဋ္ဌာန်းကို ပွါးများနိုင်သည်၊ ဉာဏ်ထက်မြက်သော သူဖြစ်လျှင် အခြားသမထကမ္မဋ္ဌာန်းများဖြင့် တတိယဈာန်တိုင် ပေါက်မြောက်အောင် အားထုတ်ပြီးမှ နောက်ဆုံး စတုတ္ထဈာန်ကိုရအောင် အားထုတ်လိုသောအခါမှသာ ဥပေက္ခာကမ္မဋ္ဌာန်းကို ပွါးများနိုင်သည်။ အကြောင်းသော်ကား ဥပေက္ခာသည် ပြခဲ့ပြီးသောအတိုင်း “သိမ်မွေ့တည်ကြည် မြင့်မြတ်သောသဘောရှိသော တရားဖြစ်၍ အထက်ဖြစ်သော ဈာန်တရားနှင့်သာ သက်ဆိုင်သည်။ အောက်ဈာန်များနှင့် မသက်ဆိုင်။

     မေတ္တာတရားမှာ အောက်ဈာန် လေးပါး သုံးပါးတို့နှင့်သာ သက်ဆိုင်၏၊ ဤအချက်ကိုထောက်သဖြင့်ပင် မေတ္တာတရားထက် ဥပေက္ခာတရားက သာလွန်မြင့်မြတ်ကြောင်း ထင်ရှားပေသည်။ သမထကမ္မဋ္ဌာန်းအနေဖြင့် စီးဖြန်းခြင်းမဟုတ်ပဲ ဥပေက္ခာပါရမီ ပြည့်ဝရန်သာ ရည်ရွယ်ခဲ့ပါလျှင် မည်သည့်အခါမှာမဆို ဥပေက္ခာတရားကို ပွါးများ အားထုတ်နိုင်ပေသည်။

မဟာလောမဟံသစရိယ

     ဤ ဥပေက္ခာပါရမီ အရာ၌ ဘုရားအလောင်းတော်၏ ကြက်သီးမွေးညင်း ထခမန်း ပြင်းထန်သော ဥပေက္ခာပါရမီ ဖြည့်ကျင့်တော်မူပုံကို စရိယာပိဋက ပါဠိအဋ္ဌကထာမှ ထုတ်ပြဦးအံ့..၊

     ရှေးသရောအခါ မြတ်စွာဘုရား အလောင်းတော်သည် ဥစ္စာများပြား ကြွယ်ဝမြင့်မြတ်သော အမျိုး၌ဖြစ်၍ ပညာသင်ကြားချိန်အရွယ်သို့ ရောက်သောအခါ ဒိသာပါမောက္ခဆရာ့ထံမှ ပညာရပ်အလုံးစုံကို သင်ကြားတတ်မြောက်၍ ပြန်လာပြီးလျှင် အမိအဖတို့ကို ကောင်းစွာစောင့်ရှောက် လုပ်ကျွေး၍နေ၏။ မိဖတို့ ကွယ်လွန်ရာ ဆွေမျိုးဉာတိများက အမိအဖမှ ဆင်းသက်လာသော စည်းစိမ်ဥစ္စာတို့ကို ကောင်းစွာ တည်တံ့တိုးပွါးအောင် စောင့်ရှောက်စီမံပါလော့ဟူ၍ ပြောဆိုကြ၏။

(ကျံ)

     ဘုရားအလောင်းမှာမူကား သင်္ခါရတရားတို့၏ မမြဲခြင်းသဘောကို အရင်းခံကာ အလုံးစုံသော ဘုံဘဝတို့၌ ထိတ်လန့် ကြောက်ရွံ့ခြင်းသဘော တိုးပွါးထက်သန်ပြီးလျှင် ခန္ဓာကိုယ်၌လည်း မတင့်တယ်သော အသုဘအမှတ်သညာကို ရရှိလျက် အိမ်ရာတည်ထောင်ခြင်း ကြောင့်ကြဖွယ်အမှုတို့ဖြင့် လွှမ်းမိုး၍နေသော ကိလေသာချုံ အရှုပ်အထွေးအတွင်းသို့ သက်ဆင်းလိုစိတ် လုံးဝမရှိပဲ ကြာမြင့်စွာသော ကာလကပင် ကာမနယ်မှ ထွက်မြောက်လိုသည့် စိတ်ဆန္ဒသာ အမြဲတိုးပွါး၍ နေ၏၊ တိုးပွါးသည့်အတိုင်း များပြားသော စည်းစိမ်ဥစ္စာစုကို ပယ်စွန့်၍ ရဟန်းပြုလိုသော်လည်း “အကယ်၍ ငါရဟန်းပြုသွားလျှင် ဂုဏ်ကျေးဇူးကို ချီးမွမ်းကြခြင်းဖြင့် ငါ အထင်အရှား ဖြစ်နေလိမ့်ဦးမည်”ဟု ကြံစည်မိပြန်၏။ ဤသို့ ကျော်စောထင်ရှား လာဘ်ပေါများမှု အရိုအသေပြုမှုတို့ကို စက်ဆုပ်သဖြင့် ရဟန်းမပြုပဲ “ငါသည် လာဘ်ရခြင်း မရခြင်းစသော လောကဓံတရားတို့၌ မတုန်မလှုပ်ဖြစ်ခြင်းငှါ စွမ်းနိုင်ပါမည်လော”ဟု ကြံစည်လျက် အထူးအားဖြင့် သူတပါးတို့၏ အနှိပ်အစက်ဒဏ်ကို သည်းခံခြင်းစသော အကျင့်ကို ပြည့်စေလျက် သူတပါးတို့အပေါ်မှာ လျစ်လျူရှုခြင်းတည်းဟူသော ပါရမီကို အထွတ်အထိပ်သို့ ရောက်စေအံ့ဟု ဝတ်မြဲတိုင်းသော အဝတ်ဖြင့်ပင် အိမ်မှထွက်ခဲ့၍ မြင့်မြတ်လှစွာ ခေါင်းပါးသော အသက်မွေးခြင်းရှိလျက် အားမရှိတရှိ မနုံတနုံကဲ့သို့ သူတပါးတို့အပေါ်မှာ စိတ်မရှိတတ်သောသဘော (စိတ်မဆိုးတတ်သော ဘဘော)ရှိသူဟူ၍ အများက ယူဆရကာ အများတကာတို့၏ မရိုမသေ ညှဉ်းဆဲစရာဖြစ်၍ ရွာနိဂုံးမြို့တို့၌ တနေရာ တနေရာလျှင် တညတညသာ အိပ်နေ၍ လှည့်လည်ကျက်စား သွားလာနေတော်မူ၏။ မရိုမသေမှု များစွာအပြုခံရသော အရပ်မှာကား ကြာမြင့်စွာလည်း နေတော်မူ၏။ ဝတ်ဆင်တော်မူခဲ့သော အဝတ်များ ဆွေးမြည့်ဟောင်းနွမ်းလတ်သော် ရှိသမျှ အဝတ်ပိုင်းငယ်ဖြင့်သာ မျှတ၍ ထိုအဝတ်ပိုင်းငယ် တဖန် ဆွေးလတ်ပြန်သော် တစုံတယောက်က ပေးလှူသော အဝတ်ကို ခံယူတော်မမူပဲ အရှက်အကြောက်ဖုံးလွှမ်းရုံ ရရသမျှသော အရာဝတ္ထု တခုခုဖြင့်သာ ကိုယ်အင်္ဂါကို ဖုံးလွှမ်း၍ လှည့်လည်တော်မူ၏။

     ဤသို့နေသဖြင့် ကာလကြာမြင့်လတ်သော် နိဂုံးရွာတခုသို့ ရောက်ရှိတော်မူ၏။ ထိုရွာ၌ ရွာသူသားငယ် (ကလေး)တို့သည် လွန်ကျူးတတ်သော သဘောရှိကြကုန်၏၊ အချို့အချို့သော မူဆိုးမသား မင်းကျွမ်းဝင်သူတို့၏သား မြေး ကျွန် စသည်တို့သည် ပျံ့လွင့်သောစိတ်ရှိကြ ငါတလူလူ မာန်မူတက်ကြွကြ လျှပ်ပေါ်လော်လည်ကြ နှုတ်ထွက်ကြမ်းထမ်းကြ ဖရိုဖရဲ တပြန့်ကြဲစကား ပြောကြားကြကုန်လျက် အခါခပ်သိမ်းပင် သူတဖက်သားအပေါ်မှာ ပျော်မြူးပြောင်လှောင်ခြင်း များစွာပြုလုပ် လှည့်လည်ကြကုန်၏။ လူအိုလူမင်း

(ကျား)

ဆင်းဆင်းရဲရဲ လမ်းသွားနေကြသည့် ယောက်ျားမိန်းမတို့ကိုမြင်လျှင် နောက်မှလိုက်၍ ကတော့ထဲ၌ ပြာထည့်ကာ ကျောအပေါ်မှာ လောင်းထည့်ကြကုန်၏။ (မခံချိမခံသာဖြစ်စေရန်) ဆပ်သွားရွက်ကို ချိုင်းကြား၌ဆွဲ၍ ပေးကြကုန်၏။ ထိုသို့ ဖောက်ဖောက်ပြန်ပြန် ပြုလုပ်သဖြင့် ပြန်လှည့်ကာကြည့်ကြသော အဖိုးအို အဖွားအို စသည်တို့ကိုလည်း ကုန်းယောင် ကွယောင် ဆွံ့ယောင်စသည် ဖော်ပြသော ကစားခြင်း ပြောင်လှောင်ခြင်းမျိုးစုံကို ဖော်ပြလျက် ပြင်းစွာ ရယ်သွမ်းသွေးကြကုန်၏။

     ဘုရားအလောင်းတော်သည် ထိုနိဂုံးရွာမှာ ဤသို့မသင့်မလျော် ပြုကျင့် လွန်ကျူး စော်ကားကြသည့် ထိုရွာသူသားငယ်တို့ကို မြင်တော်မူလျှင် “ယခုအခါ ငါသည် ဥပေက္ခာပါရမီ ပြည့်စုံရန်အကြောင်း အထောက်အပံ့ကောင်းကို ရအပ်ပြီ”ဟု ကြံစည်၍ ထိုနိဂုံးရွာ၌ နေတော်မူ၏။ အလောင်းတော်ကို ထိုလွန်ကျူးစော်ကား သူငယ်များမြင်လျှင် ဖောက်ပြန်သော အပြုအမူများကို ပြုလုပ်ရန် အားထုတ်ကြလေတော့၏၊ အလောင်းတော်သည် ထိုသူငယ်တို့ ပြုမူချက်ကို မခံနိုင်ယောင် ကြောက်ရွံ့ယောင်ဆောင်ကာ ထ၍ပြေးသွားတော်မူလေ၏၊ သူငယ်တို့သည် အလောင်းတော်နောက်သို့ ကောက်ကောက်ဝိုင်း၍ လိုက်ကြကုန်၏။

     ဘုရားအလောင်းတော်သည် ထိုသူငယ်မိုက်တို့ မျက်ခြေမပျောက် နောက်မှ လိုက်လာသောအခါ သုသာန်အနီးသို့ ရောက်သည်တွင် “ဤအရပ်၌ ထိုသူငယ်မိုက်တို့ကို တားမြစ်ပြောဆိုမည့်သူ တယောက်မျှမရှိ၊ ငါ၏ ဥပေက္ခာပါရမီကို လှလှကြီး ဖြည့်ရတော့မည်”ဟု ကြံစည်တော်မူကာ သုသာန်အတွင်းသို့ သွားရောက်ပြီးလျှင် လူရိုးတခုကို ခေါင်းအုံးပြုလုပ်ကာ အိပ်နေတော်မူလေ၏။ သူငယ်မိုက်တို့လည်း အခွင့်ကောင်းရကာ ဘုရားအလောင်းတော် အိပ်နေရာသို့ သွားကြပြီးလျှင် ချွဲခန်းဟပ်၍ တံတွေးဖြင့် ထွေးပက်ခြင်း အစရှိသည့် အမျိုးမျိုးသော ဖောက်ပြန်ပြစ်မှားမှုကို ပြုလုပ်ကာ ပြန်၍သွားကြကုန်၏။ ဤနည်းအတိုင်း ထိုသူငယ်မိုက်တို့သည် နေ့တိုင်း နေ့တိုင်းပင် လာရောက်ပြုလုပ်ကြကုန်၏။

     ပညာရှိ သူတို့ကမူကား ထိုသူငယ်မိုက်တို့ ဖောက်ပြန်ပြစ်မှားမှု ပြုလုပ်ကြသည်ကို မြင်သောအခါ တားမြစ်ကြပြီးလျှင် “ဤပုဂ္ဂိုလ်ကား တန်းခိုး အာနုဘော်ကြီးလှသော မြတ်သောရသေ့ မြတ်သောယောဂီ ပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်”ဟု သိရှိကြကာ ပြန့်ပြော မြောက်များစွာသော ပူဇော်သက္ကာရမှု မြတ်နိုးတနာမှုကို ပြုကြလေကုန်၏။

(ချ)

     ဘုရားအလောင်းတော်သည်ကား သူငယ်မိုက်တို့နှင့် ပညာရှိများအပေါ်မှာ ငါ့ကို ပူဇော်ကြပေသည် ဟူ၍လည်း ချစ်ခြင်းမရှိ၊ ငါ့ကို ပြစ်မှားကြသည် ဟူ၍လည်း မုန်းခြင်းမရှိပဲ နှစ်မျိုးလုံးအပေါ်မှာ အလယ်အလတ်သဘောရှိခြင်း တည်းဟူသော တထပ်တည်း တူမျှသော သဘောရှိတော်မူ၍ ဥပေက္ခာပါရမီကို ဖြည့်ကျင့်တော်မူလေသည်။

(ဤအကြောင်းအရာစုကို မဟာလောမဟံသဇာတ်ဟု ခေါ်သော်လည်း မဟာလောမဟံသဟူသော အမည်သည် ဘုရားအလောင်း၏ အမည်မဟုတ်၊ ဤအလောင်းတော်၏ ကျင့်တော်မှုကို မြင်ရသူတိုင်း များစွာ ကြက်သီးမွေးညင်း ထကြရသောကြောင့် မဟာလောမဟံသဟူ၍ ခေါ်သည်။)

ဥပေက္ခာ၏ ပြည့်စုံခြင်း

     မုန်းခြင်း ချစ်ခြင်း နှစ်မျိုးတို့၏ ငြိမ်းခြင်းသည် ဥပေက္ခာ၏ ပြည့်စုံခြင်းဖြစ်၏။ (ဥပေက္ခာပါရမီဟူသည် မုန်းခြင်း ချစ်ခြင်း နှစ်မျိုး၏ ငြိမ်းအေးခြင်းပင် ဖြစ်၏၊ မငြိမ်းအေးသမျှ၊ ဥပေက္ခာပါရမီ မဖြစ်ဟု ဆိုလိုသည်။)

     လူမှုရေးရာနှင့်စပ်၍ တစုံတရာ မသိမမြင်ပဲ တွေတွေဝေဝေ ငေးမှိုင်၍နေခြင်းသည် ဥပေက္ခာ၏ ပျက်စီးခြင်းဖြစ်၏။ ဤကဲ့သို့သော နေမှုကို ဥပေက္ခာ မခေါ်ရဟု ဆိုလိုသည်။ သို့ဖြစ်၍ ဤသို့ ငေးမှိုင်နေမှုသည် ဥပေက္ခာမဟုတ်၊ ဥပေက္ခာဟူ၍ ထင်မှားရသည့် မသိမမြင်မှုသာ ဖြစ်သည်။ ဥပေက္ခာအစစ်မှာ ချမ်းသာကြောင်း ဆင်းရဲကြောင်း အကောင်းအဆိုးကို သိမြင်သည်။ သို့သော် ထိုကိစ္စများသည် ငါနှင့် မသက်ဆိုင်၊ ထိုသူတို့၏ ကံနှင့်သာ ဆိုင်သည်ဟု ထင်ထင်မြင်မြင် နှလုံးသွင်းခြင်းသာ ဖြစ်သည်ဟူ၍ မှတ်ယူအပ်၏။

     နေတ္တိ အဋ္ဌကထာ၌ “ပြင်းစွာ တွေဝေ ငေးမှိုင်နေခြင်းသည် ကောင်းကောင်းဆိုးဆိုး အာရုံအမျိုးမျိုးတို့၌ လျစ်လျူရှုသည့်အယောင်ဖြင့် လှည့်ပတ်တတ်သည်၊ (မောဟက ဥပေက္ခာယောင်ဆောင်၍ လှည့်ပတ်တတ်သည်။) ကုသိုလ်တရားတို့၌ အားမထုတ်လိုခြင်းသည် ဥပေက္ခာဗြဟ္မစိုရ် အယောင်ဆောင်၍ လှည့်ပတ်တတ်သည်၊ (ကုသိုလ်မှု၌ ပျင်းရိခြင်း ကောသဇ္ဇဓာတ်က ဥပေက္ခာယောင် ဆောင်တတ်သည်)” (နေတ္တိ-ဋ္ဌ၊ မျက်နှာ ၉ဝ) ဤကဲ့သို့ ဖွင့်ပြထားသည်။ ဤသို့ နေတ္တိအဋ္ဌကထာ၌ ပြဆိုအပ်သည့်အတိုင်း ဥပေက္ခာအယောင်

(ချာ)

ဆောင်ကြသည့် မောဟတရား ကောသဇ္ဇတရားတို့က မိမိကိုယ်ကို အလှည့်ဖြား မခံရအောင် အထူးသတိချပ်သင့်လှပေ၏။

ဥပေက္ခာအရကောက်

     ဥပေက္ခာဟူသည် ပရမတ္ထအားဖြင့် တရားကိုယ်ထင်ရှား သီးခြားရစကောင်းသော တရားဖြစ်၏၊ တတြမဇ္ဈတ္တတာခေါ်သော စေတသိက်တရားပင် ဖြစ်သည်။ သို့သော် တတြမဇ္ဈတ္တတာ စေတသိက်ဟူသမျှကို သိမ်းရုံးကာ အလုံးစုံပင် ဥပေက္ခာပါရမီဟူ၍ကား မခေါ်နိုင်။ တတြမဇ္ဈတ္တတာ စေတသိက်သည် သောဘဏစိတ်အားလုံးတို့နှင့် ဆက်ဆံသော စေတသိက်ဖြစ်၍ သောဘဏစိတ်တိုင်း မှာပင် ဤ တကြမဇ္ဈတ္တတာ စေတသိက်သည် ယှဉ်တွဲဖြစ်ပေါ်၏၊ ဥပေက္ခာပါရမီစစ် ဖြစ်နိုင်သော တတြမဇ္ဈတ္တတာကား သတ္တဝါများကို အာရုံပြုကာ “သတ္တဝါတို့၏ ချမ်းသာမှု ဆင်းရဲမှုသည် ကံအတိုင်းသာ ဖြစ်ပေ၏၊ မည်သူမျှ ဝင်ရောက် ကြောင့်ကြစိုက်၍ ရကောင်းသည်မဟုတ်”ဟူ၍ သတ္တဝါတို့ကို အာရုံပြုကာ ထိုသတ္တဝါတို့မှာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိမှု အရင်းခံမှုကို ဆင်ခြင်နှလုံးသွင်းသော အခြင်းအရာဖြင့်ဖြစ်သည့် တတြမဇ္ဈတ္တတာ စေတသိက်ဖြစ်သည်။ သတ္တဝါတို့ကို အာရုံမပြုပဲ ရတနာသုံးပါးအာရုံ ဒါနအာရုံ သီလအာရုံ စသည်တို့ကို အာရုံပြုကာ ဖြစ်ပေါ်လာသော တတြမဇ္ဈတ္တတာ စေတသိက်ကား ဥပေက္ခာပါရမီ မဖြစ်နိုင်။

     သတ္တဝါတို့၏ ချမ်းသာမှု ဆင်းရဲမှုကို အာရုံပြု၍ လျစ်လျူရှုသည့် အခါမှာလည်း တတြမဇ္ဈတ္တတာ စေတသိက် တပါးတည်းသာ ဖြစ်လာသည်မဟုတ်၊ ယှဉ်ဖော်ယှဉ်ဖက် စိတ်စေတသိက်အများပင် အတူတကွ ဖြစ်ကြ၏၊ ထိုသို့ ဖြစ်ရာမှာ တတြမဇ္ဈတ္တတာ စေတသိက်၏အာရုံနှင့် ယှဉ်ဖော်ယှဉ်ဖက်စိတ် စေတသိက်တို့၏အာရုံသည် အတူတူပင် တမျိုးတည်းပင် တခုတည်းပင် ဖြစ်သော်လည်း သတ္တဝါတို့၏ ချမ်းသာမှု ဆင်းရဲမှုကို လျစ်လျူရှုခြင်းသည် တကြမဇ္ဈတ္တတာ စေတသိက်၏ သဘောရင်းဖြစ်၍ ထိုတတြမဇ္ဈတ္တတာ စေတသိက်ကို ဥပေက္ခာပါရမီဟု အမည်ထူးတပ်၍ ခေါ်ဆိုရလေသည်။ ထိုသို့ ဖြစ်သည့်အခါတွင် တတြမဇ္ဈတ္တတာ စေတသိက်နှင့် ယှဉ်ဖော်ယှဉ်ဖက် စိတ်စေတသိက်တို့သည်လည်း ဥပေက္ခာပါရမီတွင် အပါအဝင် ဖြစ်ကုန်တော့၏၊ တတြမဇ္ဈတ္တတာ စေတသိက်က ဦးစီးခေါင်းဆောင် ဖြစ်ခြင်းမျှသာ ထူးတော့သည်။

ဥပေက္ခာဆယ်ပါး

     ဤသို့လျှင် ပရမတ္ထအားဖြင့် တရားကိုယ်သီးခြား ထင်ရှားရကောင်းပါလျက် ဥပေက္ခာပါရမီတွင် မပါဝင်နိုင်သော ဥပေက္ခာတရားများလည်း ရှိနေသည့်အတွက် ဝိသုဒ္ဓိမဂ် အဋ္ဌကထာနှင့် အဋ္ဌသာလိနီ အဋ္ဌကထာတို့၌-

(ချိ)

၁။ ဆဠင်္ဂုပေက္ခာ၊

၂။ ဗြဟ္မဝိဟာရုပေက္ခာ၊

၃။ ဗောဇ္ဈင်္ဂုပေက္ခာ၊

၄။ ဝီရိယုပေက္ခာ၊

၅။ သင်္ခါရုပေက္ခာ၊

၆။ ဝေဒနုပေက္ခာ၊

၇။ ဝိပဿနုပေက္ခာ၊

၈။ တတြမဇ္ဈတ္တုပေက္ခာ၊

၉။ ဈာနုပေက္ခာ၊

၁၀။ ပါရိသုဒ္ဓုပေက္ခာ-

ဟူ၍ ဥပေက္ခာဆယ်မျိုးရှိကြောင်းကို ပြဆိုတော်မူကြ၏။

     (၁) ထိုဆယ်မျိုးတို့တွင် ရဟန္တာပုဂ္ဂိုလ်ကြီးများမှာ ခြောက်ပါးသော ဒွါရတို့၌ ကောင်းကောင်းဆိုးဆိုး အာရုံခြောက်မျိုးတို့ ထင်ကြရာ အလိုရှိအပ်သည့် ဣဋ္ဌအာရုံထင်သော်လည်း ဝမ်းမြောက်တော်မမူကြ၊ အလိုမရှိအပ်သည့် အနိဋ္ဌအာရုံထင်သော်လည်း နှလုံးမသာမယာ မရှိကြပဲ သတိသမ္ပဇဉ် အမြဲယှဉ်တော်မူကြကာ အသင့်အားဖြင့်သာ ရှုတော်မူကြကုန်သည်။ ဤသို့ ရဟန္တာပုဂ္ဂိုလ်၏ ဒွါရခြောက်ပါးတို့၌ ဣဋ္ဌ အနိဋ္ဌ ကောင်းကောင်းဆိုးဆိုး အာရုံခြောက်မျိုးတို့ ထင်လာရာ၌ စင်ကြယ်သော မူလပကတိသဘောကို မစွန့်လွှတ်သော အခြင်းအရာအားဖြင့်ဖြစ်သော ဥပေက္ခာသည် ဆဠင်္ဂုပေက္ခာမည်၏။ (အင်္ဂါခြောက်ပါးရှိသော ဥပေက္ခာဟု ဆိုလိုသည်။ အင်္ဂါခြောက်ပါးဟူသည် ဒွါရခြောက်ပါးနှင့် အာရုံခြောက်မျိုးတို့ပင် ဖြစ်၏။)

     (၂) သတ္တဝါတို့၏ ချမ်းသာမှု ဆင်းရဲမှုသည် ထိုသူတို့၏ ကံအတိုင်းသာ ဖြစ်သည်ဟူ၍ လျစ်လျူရှုမှုသည် ဗြဟ္မဝိဟာရုပေက္ခာ မည်၏။ (မြတ်သောနေခြင်းဖြင့် လျစ်လျူရှုခြင်းဟု ဆိုလိုသည်။ ။ဤဗြဟ္မဝိဟာရုပေက္ခာသည်ပင် ဥပေက္ခာပါရမီ ဖြစ်၏။)

     (၃) မဂ်ဖိုလ်တရား ရရှိရန် အားထုတ်သောအခါ အချို့တရားက အားလျော့၍ အချို့တရားက အားပိုနေလျှင် အားပျော့သောတရားကို မြှောက်မြှင့်ပေးရခြင်း၊ အားပိုနေသောတရားကို ဖိနှိပ်ပေးရခြင်း ပြုရမြဲဖြစ်သော်လည်း မဂ်၏အင်္ဂါအစိတ်အပိုင်းဟု ခေါ်အပ်သော ဗောဇ္ဈင်အဖြစ်သို့ ရောက်သောအခါ ယှဉ်ဖော်ယှဉ်ဖက် တရားတို့သည် အလျော့အပိုမရှိပဲ အညီအမျှသာ ဖြစ်ရှိကြသောကြောင့် တကွဖြစ်ဖက်တရားတို့ အပေါ်မှာ အညီအမျှသာ ဖြစ်ခြင်းဟု ဆိုအပ်သော ဥပေက္ခာသည် ဗောဇ္ဈင်္ဂုပေက္ခာမည်၏။

(ချီ)

     (၄) မဂ်ဖိုလ်တရားရရှိရန် အားထုတ်ရာမှာ လိုသည် ပိုသည်မရှိရအောင် ညီမျှစွာဖြစ်သော ဝီရိယသည် ဝီရိယုပေက္ခာ မည်၏။

     (၅) သမာဓိတရား မဂ်ဖိုလ်တရားတို့ကို ရရှိရန် အားထုတ်သောအခါ ပဌမဈာန် စသည်တို့ဖြင့် အသီးအသီး ပယ်ရှားအပ်သော နီဝရဏစသော သင်္ခါရတရားတို့ကို အာရုံယူခြင်း၌ လျစ်လျူရှုခြင်း သဘောသည် သင်္ခါရုပေက္ခာ မည်၏။ (ဤသင်္ခါရုပေက္ခာသည် ဝိပဿနာဉာဏ် ရင့်သန်လာသောအခါ၌ ဖြစ်၏။ ဝိပဿနာဉာဏ် မရင့်သန်သေးသည့်အခါမှာ နီဝရဏစသော သင်္ခါရတရားတို့ကို ပယ်ရှားရာ၌ ဂရုစိုက်ခြင်း ပြုရသည်။ ရင့်သန်လာသောအခါ ထိုနီဝရဏစသော သင်္ခါရတရားတို့ကို အထူး ဂရုမစိုက်ရတော့ပဲ လျစ်လျူရှုသော အနေအားဖြင့်သာ ဖြစ်သည်ဟု ဆိုလိုသည်။)

     (၆) အာရုံအရသာကို ခံစားရသည့်အခါမှာ ချမ်းသာသော အနေအားဖြင့်လည်း မဟုတ်၊ ဆင်းရဲသော အနေအားဖြင့်လည်း မဟုတ်ပဲ အလတ်စားဖြစ်သော အနေအားဖြင့်သာ ခံစားခြင်းဝေဒနာသည် ဝေဒနုပေက္ခာ မည်၏။

     (၇) ခန္ဓာစသော တရားတို့၏ အနိစ္စစသော သဘောကို အထူးမြင်အောင် ဆင်ခြင်သုံးသပ်ရာ၌ လျစ်လျူအနေအားဖြင့်သာ သုံးသပ်ဆင်ခြင်ခြင်းသည် ဝိပဿနုပေက္ခာ မည်၏။ ။(ဤအရာ၌ ဝိပဿနာဟူသော စကား၏ အကျဉ်းချုပ်အဓိပ္ပါယ်ကို ဤသို့ သိရာ၏၊ ဝိ= အထူး၊ ပဿနာ= မြင်ခြင်း၊ အထူး သိမြင်ခြင်းကို ဝိပဿနာဟု ခေါ်သည်၊ အထူးမြင်ပုံကား.. လောက၌ ငါ သူတပါး ယောက်ျား မိန်းမ စသည်ဖြင့် အကောင်အထည်တွေ ရှိနေကြသည်ဟု သိမြင်ခြင်းသည် လူတိုင်းသိသော အရိုးခံ အသိအမြင်သာ ဖြစ်၏၊ သညာ သိသာ ဖြစ်၏။ ဉာဏ်ဖြင့်စိုက်စူး အသိထူးမဟုတ်။ “တရားသဘော စင်စစ်အားဖြင့် ငါကောင် သူကောင်ဟူ၍ မရှိပါတကား၊ ဖရိုဖရဲ ပြိုကွဲပျက်စီးတတ်သော ရုပ်နာမ်တို့၏ အစုအဝေးမျှပါတကား၊ ထိုရုပ်နာမ်တို့ သည်လည်း ခဏမစဲ တသဲသဲ ပျက်စီးနေကုန်ပါတကား၊ ပျက်စီးသည့်နေရာမှာ အစားဝင်ကာဝင်ကာ တရားအသစ်များက အဆက်မပြတ် ဖြစ်ပေါ်နေကြခြင်းကြောင့်သာ ပျက်ရာမထင်သကဲ့သို့ ဖြစ်နေကုန်စွာ့တကား”ဟူ၍ သိမြင်ခြင်းကို ဝိပဿနာခေါ်သည်၊ ဤကား အဓိပ္ပါယ်ချုပ်တည်း။)

     (၈) ဆိုင်ရာဆိုင်ရာ မိမိတို့၏ ကိစ္စ၌ အညီအမျှ ဖြစ်နေကြသော သဟဇာတ်တရားတို့အပေါ်မှာ ညီညွတ်အောင် အားထုတ်မနေရတော့ပဲ လျစ်လျူရှုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသည် တတြမဇ္ဈတ္တုပေက္ခာ မည်၏။

(ချု)

     (၉) ဈာန်တရားကို ပွါးများရာမှာ တတိယဈာန်၌ဖြစ်သော မြင့်မြတ်သော ချမ်းသာ၌ပင် ချမ်းသာသည့်အဖို့အစုမှာ မကျရောက် မပါဝင်စေပဲ လျစ်လျူရှုနိုင်ခြင်းသဘောသည် ဈာနုပေက္ခာမည်၏။ (အဆုံးဈာန်၌သာရသော ဥပေက္ခာဟု ဆိုလိုသည်။)

     (၁၀) အလုံးစုံ ဆန့်ကျင်ဖက်ဖြစ်သော တရားတို့မှ စင်ကြယ်သည်ဖြစ်၍ ဆန့်ကျင်ဖက်တရားတို့ကို ငြိမ်းစေမှု၌ ကြောင့်ကြခြင်းမပြုသော သဘောသည် ပါရိသုဒ္ဓုပေက္ခာ မည်၏။ (အလုံးစုံ ဆန့်ကျင်ဖက်တရားတို့မှ စင်ကြယ်သော စတုတ္ထဈာန်ဥပေက္ခာ ဖြစ်သည်။)

     ထိုဆယ်ပါးတို့တွင် ဆဠင်္ဂုပေက္ခာ, ဗြဟ္မဝိဟာရုပေက္ခာ, ဗောဇ္ဈင်္ဂုပေက္ခာ, တတြမဇ္ဈတ္တုပေက္ခာ, ဈာနုပေက္ခာ, ပါရိသုဒ္ဓုပေက္ခာ- ဤခြောက်ပါးတို့သည် တရားကိုယ်အားဖြင့် တူညီကြကုန်၏၊ တတြမဇ္ဈတ္တတာ စေတသိက် တမျိုးတည်းသာ ဖြစ်ကုန်၏။

     တရားကိုယ် တမျိုးတည်းဖြစ်လျက် အဘယ့်ကြောင့် ခြောက်မျိုး ခွဲထားပါသနည်းဟု မေးဖွယ်ရှိ၏၊ (အဖြေကား) တရားကိုယ် တမျိုးတည်းပင် ဖြစ်သော်လည်း အခိုက်အတန့် ကွဲပြားသောအားဖြင့် ခြောက်မျိုးခွဲ၍ ခေါ်ရသည်။ ဥပမာဆိုသော် လူတယောက်တည်းပင် ဖြစ်စေကာမူ ငယ်စဉ်အခါ ကုမာရ= ကလေးသူငယ်၊ ကြီးလာသောအခါ ယုဝ= ပျိုနုသောသူ၊ ထို့ထက် ကြီးလာပြန်သောအခါ ဝုဍ္ဎ= လူကြီး၊ သေနာပတိ= စစ်သူကြီး၊ ရာဇ= မင်း စသည်ဖြင့် အရွယ်အလိုက် အခိုက်အတန့်အားဖြင့် ခွဲခြားခေါ်ဆိုခြင်း ဖြစ်သကဲ့သို့တည်းဟူ၍ ဝိသုဒ္ဓိမဂ်အဋ္ဌကထာနှင့် အဋ္ဌသာလိနီ အဋ္ဌကထာကြီးတို့၌ ဖွင့်ပြထား၏။

     ပိုမိုရှင်းလင်း သိသာအောင် ဖေါ်ပြရပါမူ “ကိစ္စအလုပ် ကွဲပြားခြင်းကြောင့် ခြောက်မျိုး ကွဲပြားကြခြင်း ဖြစ်သည်”၊ ကိစ္စကွဲပြားပုံမှာ..

     (၁) ပြခဲ့ပြီးသောအတိုင်း ကောင်းကောင်းဆိုးဆိုး အာရုံခြောက်မျိုးလုံးကိုပင် အာရုံပြုကာ ထိုအာရုံတို့၌ အလယ်အလတ်စားအားဖြင့် နှလုံးသွင်းနိုင်ခြင်းသည် ဆဠင်္ဂုပေက္ခာ၏ ကိစ္စဖြစ်၏။

     (၂) သတ္တဝါတို့ကို အာရုံပြုကာ သတ္တဝါတို့၏ ချမ်းသာရေး ဆင်းရဲရေး၌ လျစ်လျူရှုခြင်းသည် ဗြဟ္မဝိဟာရုပေက္ခာ၏ ကိစ္စဖြစ်၏။

     (၃) ဈာန်မဂ်ဖိုလ်တို့ကို ရဖို့ရန် အားထုတ်ရာမှာ ပယ်ရှားအပ်သော နီဝရဏတရားတို့ကို အာရုံယူမှု၌ လျစ်လျူရှုခြင်းသည် ဗောဇ္ဈင်္ဂုပေက္ခာ၏ ကိစ္စဖြစ်၏။

(ချူ)

     (၄) ဝီရိယ၏ အပိုအလိုမရှိ ညီမျှစွာ ဖြစ်ခြင်းသဘောသည် ဝီရိယုပေက္ခာ၏ ကိစ္စဖြစ်၏။

     (၅) အပိုအလိုမရှိ တညီတညွတ်တည်း ဖြစ်နေကြသော သဟဇာတ် (ဖြစ်ဖော်ဖြစ်ဖက်) တရားတို့ကို ချီးမြှောက်ဖိနှိပ်မှုမပြုပဲ လျစ်လျူရှုခြင်းသည် သင်္ခါရုပေက္ခာ၏ ကိစ္စဖြစ်၏။

     (၆) အာရုံခံစားမှု၌ လျစ်လျူရှုခြင်းသည် ဝေဒနုပေက္ခာ၏ ကိစ္စဖြစ်၏။

     (၇) ရုပ်နာမ်တရားတို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်စိစစ်မှု၌ လျစ်လျူရှုခြင်း သဘောသည် ဝိပဿနုပေက္ခာ၏ ကိစ္စဖြစ်၏။

     (၈) အညီအမျှ ဖြစ်နေကြသော ယှဉ်ဖော်ယှဉ်ဖက် တရားတို့အပေါ်မှာ လျစ်လျူရှုခြင်း သဘောသည် တတြမဇ္ဈတ္တုပေက္ခာ၏ ကိစ္စဖြစ်၏။

     (၉) အလွန်မြတ်သော ဈာန်ချမ်းသာ၌ပင် လျစ်လျူရှုခြင်း သဘောသည် ဈာနုပေက္ခာ၏ ကိစ္စဖြစ်၏။

     (၁၀) အလုံးစုံ ဆန့်ကျင်ဖက်ဖြစ်သော တရားတို့မှ စင်ကြယ်သော လျစ်လျူရှုခြင်း သဘောသည် ပါရိသုဒ္ဓပေက္ခာ၏ ကိစ္စဖြစ်၏။

     ဤသို့လျှင် ကိစ္စမျှသာမက ဖြစ်ရာဌာန အာရုံပါ ထူးခြားသည်ကို မှတ်သားရာ၏။ ဝီရိယုပေက္ခာမှာ ဝီရိယစေတသိက်ဖြစ်၍၊ ဝေဒနုပေက္ခာမှာ ဝေဒနာစေတသိက်ပင် ဖြစ်သောကြောင့် ဤဥပေက္ခာနှစ်ပါးတို့သည် အခြားဥပေက္ခာများနှင့် တရားကိုယ်ချင်း မရောနှောပေ။ ။သင်္ခါရုပေက္ခာနှင့် ဝိပဿနုပေက္ခာတို့ကား ပညာစေတသိက်ချည်းသာ ဖြစ်ကုန်၏။ ထိုနှစ်ပါးတို့မှာ တရားကိုယ်ပင် တူသော်လည်း ကိစ္စထူးခြား၍ နှစ်မျိုးကွဲပြားသည်။ ကိစ္စထူးခြားပုံမှာ..

သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ သဘောသုံးမျိုးကို အထူး ဂရုမစိုက်ရတော့ပဲ ထင်မြင်အောင် ရှုဆင်ခြင်ခြင်း သဘောသည် ဝိပဿနုပေက္ခာဖြစ်၏၊ သင်္ခါရတရားတို့ကို အာရုံယူခြင်း၌ ကြောက်ရွံ့ထိတ်လန့်မှု မရှိ လျစ်လျူရှုခြင်းသဘောသည် သင်္ခါရုပေက္ခာဖြစ်၏။

ပါရမီဥပေက္ခာနှင့် ဥပေက္ခာဆယ်ပါး

     ဤ အဋ္ဌကထာဆရာကြီးများ ပြဆိုတော်မူအပ်သော ဥပေက္ခာဆယ်ပါးတို့တွင် ပါရမီဥပေက္ခာဟူ၍ တိုက်ရိုက်မပါပဲ ရှိနေ၏။ ဤသို့ မပါခြင်းမှာ ပါရမီဥပေက္ခာသည် ပြခဲ့ပြီးသော ဥပေက္ခာဆယ်မျိုးတို့အနက် တမျိုးမျိုးတွင် မပါဝင်၍ပင်

(ချေ)

မပါလေသလော၊ သို့မဟုတ် အဋ္ဌကထာဆရာကြီးများ၏ ပြဆိုချက်ကပင် လစ်လပ်ဟာဟင်း ကြွင်းကျန်နေသလောဟု တွေးတော ဆင်ခြင်ဖွယ်ရှိ၏။ ဆင်ခြင်သောအခါ အဋ္ဌကထာဆရာကြီးများ၏ ပြဆိုချက်သည် မစေ့မစပ် လစ်လပ်ဟာဟင်း ကြွင်းကျန်နေသည်ဟု မဆိုသင့်ပေ၊ ပြခဲ့ပြီးသော ဥပေက္ခာဆယ်ပါးတွင် ဗြဟ္မဝိဟာရုပေက္ခာ၌ ပါရမီဥပေက္ခာသည် ပါဝင်သည်ဟူ၍ မှတ်ယူအပ်၏။

     အချို့သော ဆရာတို့ကမူကား “ဗြဟ္မဝိဟာရုပေက္ခာနှင့် ပါရမီဥပေက္ခာသည် တခြားစီဖြစ်၏၊ ဖြစ်ပုံမှာ.. မိမိအပေါ် ပြစ်မှားကျူးလွန်သောသူနှင့် မြတ်နိုးတနာ ပြုလာသူတို့အပေါ်မှာ စိတ်မခြားမနား တသားတည်းထားနိုင်ခြင်းသည် ပါရမီဥပေက္ခာဖြစ်၏။ သတ္တဝါတို့၏ ချမ်းသာမှု ဆင်းရဲမှုသည် ကံအတိုင်းသာ ဖြစ်ကြသည်ဟု သတ္တဝါတို့၏ ချမ်းသာမှု ဆင်းရဲမှုအပေါ်မှာ စိတ်တမျိုးတည်း ထားနိုင်ခြင်းသည် ဗြဟ္မဝိဟာရုပေက္ခာ ဖြစ်၏”ဟူ၍ ပြဆိုကြ၏။

     ဤဆရာတို့အလိုမှာ ဥပေက္ခာပါရမီသည် မိမိကို ပြစ်မှားသူ မြတ်နိုးသူတို့အပေါ်မှာသာ အာရုံရောက်၏၊ ချမ်းသာဆင်းရဲ သဘောသို့ အာရုံမရောက်၊ သတ္တဝါတို့၏ ချမ်းသာမှု ဆင်းရဲမှုသို့ အာရုံရောက်လျှင် ပါရမီဥပေက္ခာမဟုတ်၊ ဗြဟ္မာရုပေက္ခာသာ ဖြစ်သည်ဟု ဆိုလိုပေသည်။ ဗုဒ္ဓဝင်ပါဠိတော်၌ကား ဥပေက္ခာပါရမီ၏ သဘောကို..

တထေဝ တွမ္ပိ သုခဒုက္ခေ၊ တုလာဘူတော သဒါ ဘဝ။

ဥပေက္ခာပါရမိတံ ဂန္တွာ၊ သမ္ဗောဓိံ ပါပုဏိဿတိ။

ဟူ၍ ဟောတော်မူ၏။ ထိုပါဠိတော်စကားရပ်တွင်“သုခဒုက္ခေ တုလာဘူတော= ချမ်းသာမှု ဆင်းရဲမှုတို့မှာ ချိန်ခွင်သဖွယ် ဖြစ်ပါစေ”ဟူ၍ ချမ်းသာဆင်းရဲ နှစ်ပါးကို အခြေခံထား၍ ဟောတော်မူ၏။ စရိယာပိဋကပါဠိတော် မဟာလာမဟံသစရိယခဏ်း၌လည်း..

ယေ မေ ဒုက္ခံ ဥပဒဟန္တိ၊ ယေ စ ဒေန္တိ သုခံ မမ။

သဗ္ဗေသံ သမကော ဟောမိ။-----

အစရှိသည်ဖြင့် ဆင်းရဲချမ်းသာ နှစ်ပါးကိုပင် အခြေခံထားကာ “အကြင်သူတို့သည် ငါ့အား ဆင်းရဲမှုကို ပြုကြကုန်၏၊ အကြင်သူတို့ကား ငါ့အား ချမ်းသာကို ပေးကြကုန်၏၊ ထိုအလုံးစုံသော သူတို့၏အပေါ်မှာ ငါ၏စိတ်ထား ညီမျှသည်သာ ဖြစ်၏”ဟူ၍၎င်း၊ သုခဒုက္ခေ တုလာဘူတော၊ ယသေသု အယသေသု စ= ချမ်းသာဆင်းရဲမှုတို့၌ ဖြစ်စေ၊ ကျော်စောမှု မကျော်စောမှုတို့၌ဖြစ်စေ ချိန်ခွင်သဖွယ်သာ ဖြစ်သည်ကို၎င်း ဟောကြားတော်မူသည်။

(ချဲ)

     အဋ္ဌသာလိနီအဋ္ဌကထာနှင့် ပါဌဇာတ် အဋ္ဌကထာတို့၌လည်း “ဤသို့လျှင် ရွာသူသားငယ်တို့ ချွဲသလိပ်စသည် ထွေးခြင်း ပန်းနံ့သာတို့ဖြင့် ပူဇော်ခြင်းတို့ဖြင့် ချမ်းသာဆင်းရဲကို ဖြစ်စေကြကုန်သော်လည်း လျစ်လျူရှုမှုသဘောကို မလွန်စေသော အလောင်းတော်၏ ဥပေက္ခာပါရမီသည် “ပရမတ္ထဥပေက္ခာပါရမီ ဖြစ်၏”ဟူ၍ ချမ်းသာဆင်းရဲမှု နှစ်ပါးကိုပင် အခြေခံထား၍ ဖွင့်ဆိုတော်မူကြသည်။

     ထိုမှတပါးလည်း ဝိသုဒ္ဓိမဂ် အဋ္ဌကထာနှင့် အဋ္ဌသာလိနီ အဋ္ဌကထာတို့မှာ ဗြဟ္မဝိဟာရုပေက္ခာ၏ လက္ခဏာစသည်ကို ပြဆိုရာ၌.. “သတ္တေသု မဇ္ဈတ္တာကာရလက္ခဏာ ဥပေက္ခာဟူ၍ ဥပေက္ခာသည် သတ္တဝါတို့အပေါ်မှာ လျစ်လျူရှုသော အခြင်းအရာဖြင့်ဖြစ်ခြင်း လက္ခဏာရှိသည်”ဟု ပြဆိုတော်မူကြ၏။ သတ္တဝါတို့ အပေါ်မှာဟူ၍ သာမည ပြဆိုတော်မူထားသဖြင့် သတ္တဝါ၏အရ မိမိကိုပြစ်မှားသော သတ္တဝါ မြတ်နိုးသော သတ္တဝါတို့ကို၎င်း၊ ချမ်းသာသောသတ္တဝါ ဆင်းရဲသော သတ္တဝါတို့ကို၎င်း ယူနိုင်သည်ချည်းသာ ဖြစ်၏။ သို့ဖြစ်၍ မိမိကို ပြစ်မှားသူနှင့် မြတ်နိုးသူတို့၏အပေါ်မှာ အလယ်အလတ်စား စိတ်ထားနိုင်သော အခြင်းအရာသည်လည်း ဗြဟ္မဝိဟာရုပေက္ခာ ဖြစ်၏ဟူသော အဓိပ္ပါယ်သည် ထင်ရှားပေ၏။ ထိုသို့ဖြစ်လျှင် ပါရမီဥပေက္ခာသည် ဗြဟ္မဝိဟာရုပေက္ခာ၌ ပါဝင်သည်ဟူသော အဓိပ္ပါယ်လည်း ထင်ရှားလေတော့၏။

ဥပေက္ခာပါရမီခဏ်း ပြီး၏။

**********

ဒီပင်္ကရဗုဒ္ဓဝင်

စာမျက်နှာ(၂၈၇)၊ စာပိုဒ်အမှတ် (က)၌-

     (ဒီပင်္ကရာမင်းသား အရွယ်သို့ရောက်)ဟူသော စကားအရ စဉ်းစားဆင်ခြင်ဘွယ်ကို ပြဆိုဦးအံ့..

     အသက် တရာတမ်းမှာ ပွင့်တော်မူသော ဂေါတမမြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားမှာ အသက်တဆယ့်ခြောက်နှစ်တွင် အရွယ်သို့ရောက်၍ ထီးနန်းအုပ်ချုပ် မင်းလုပ်တော်မူသည်။ အသက် တသိန်းတမ်းမှာဖြစ်သော ဒီပင်္ကရာမင်းသား၏ အရွယ်ရောက်သောအသက်ကို မည်မျှဖြင့် ပိုင်းခြားသင့်သနည်း၊ ဤအချက်ကို လေးနက်စွာ စဉ်းစားဆင်ခြင်သင့်၏။

(ချော)

     အသက်တရာတမ်းမှာပွင့်မည့် သိဒ္ဓတ္ထမင်းသား၏ အရွယ်ရောက်သည်ဟု သတ်မှတ်အပ်သော အသက် (၁၆) တဆယ့်ခြောက်နှစ်အတိုင်းပင်၊ အသက်တသိန်းတမ်းမှာပွင့်သည့် ဒီပင်္ကရာ မြတ်စွာဘုရားအလောင်းတော် ဒီပင်္ကရာမင်းသား၏ အရွယ်ရောက်သည့် အသက်ကို (၁၆) တဆယ့်ခြောက်နှစ်တည်းဟု ပိုင်းခြားသတ်မှတ်ရန် သင့်လျော်မည် မဟုတ်ချေ။ တဖန် တရာတမ်းမှာ သတ်မှတ်ထားသည့် (ရာနှုန်းတဆယ့်ခြောက်)အတိုင်း သတ်မှတ်ရမည်ဆိုလျှင် တသိန်းတမ်းမှာ (၁၆၀၀၀) တသောင်း ခြောက်ထောင်မျှသော အသက်ကို အရွယ်ရောက်သော အသက်ဟု သတ်မှတ်ရမည်ကဲ့သို့ ဖြစ်၏။ ဤအချိုးအစားအတိုင်းသာ ဖြစ်သင့်သည်ဟူ၍လည်း ပြောဆိုမှတ်သားရန် ခဲယဉ်းမည်ဖြစ်၏။

     အဘယ့်ကြောင့်ဆိုသော်.. ဒီယနိကာယ ပါထိကဝဂ္ဂပါဠိတော် သုံးခုမြောက် စက္ကဝတ္တိသုတ်၌ အသက်တမ်း အစားစားကို ပိုင်းခြား၍ ဟောတော်မူရာဝယ်..

ဆယ်နှစ်တမ်းအတွက်-

ဒသဝဿာယုကေသု ဘိက္ခဝေ မနုဿေသု ပဉ္စဝဿိက ကုမာရိကာ အလံပတေယျာ ဘဝိဿန္တိ။ ။ရဟန်းတို့.. အသက် ဆယ်နှစ်တမ်း၌ဖြစ်သော လူတို့မှာ ငါးနှစ်အရွယ်ရှိသော သူငယ်မတို့သည် လင်ပေးစားခြင်းငှါ ထိုက်ကုန်လတ္တံ့၊..

ဟူ၍ ဟောကြားတော်မူပြီးလျှင်..

အနှစ်ရှစ်သောင်းတမ်းအတွက်-

အသီတိဝဿသဟဿာယုကေသု ဘိက္ခဝေ မနုဿေသု ပဉ္စဝဿသတိကာ ကုမာရိကာ အလံပတေယျာ ဘဝိဿန္တိ။ ။ ရဟန်းတို့.. အနှစ်ရှစ်သောင်းတမ်း၌ ဖြစ်ကြသော လူတို့မှာ အသက် နှစ်ပေါင်းငါးရာရှိသော သူငယ်မတို့သည် လင်ပေးစားခြင်းငှါ ထိုက်ကုန်လတ္တံ့၊..

ဟူ၍ ဟောတော်မူထားသည်။

     ဤပါဠိတော်၌ ဆယ်နှစ်တမ်းနှင့် အနှစ်ရှစ်သောင်းတမ်း သူငယ်မများ၏ အရွယ်ရောက်သည်ဟု သတ်မှတ်အပ်သော အသက်ကိုသာ ပိုင်းခြား ဟောပြတော်မူသည်။ အခြား အသက်တမ်းရှိ လူများအတွက်ကိုကား ဤသို့ အရွယ်ရောက်သည့် အသက်တမ်းကို ဟောကြားတော်မမူ၊ ဆယ်နှစ်တမ်းနှင့် အနှစ် ရှစ်သောင်းတမ်းတို့မှာလည်း သူငယ်မများအတွက်သာ တိုက်ရိုက်ဟောထား၍ သူငယ်များအတွက်ကိုကား တိုက်ရိုက် မဟောသော်လည်း သူငယ်များအတွက်လည်း သူငယ်မများအတိုင်းပင် ဖြစ်သင့်သည်ဟု မှတ်ယူလိုက မှတ်ယူသင့်၏။

(ချော်)

     ဤသို့လျှင် အသက် ဆယ်နှစ်တမ်းနှင့် တရာတမ်းတို့မှာ အရွယ်ရောက်သည့်အသက် သတ်မှတ်ပုံချင်း ကွာခြားသကဲ့သို့၊ တရာတမ်းနှင့် တထောင်တမ်း၊ တထောင်တမ်းနှင့် တသောင်းတမ်း စသည်တို့မှာလည်း လူတို့၏ အရွယ်ရောက်သော အသက်အပိုင်းအခြား ကွာခြားကြမည်သာ ဖြစ်၏။

     စက္ကဝတ္တိသုတ် ပါဠိတော်အရ ရှစ်သောင်းတမ်းမှာ အနှစ်ငါးရာသည် အရွယ်ရောက်သောအသက် ဖြစ်ကြောင်း ထင်ရှားသော်လည်း ယခု ဒီပင်္ကရာမင်းသားအတွက်မှာမူ အသက်တသိန်းတမ်း ဖြစ်နေ၍ အရွယ်ရောက်သောအသက်မှာ အနှစ်ငါးရာဖြင့် သတ်မှတ်သင့် မသတ်မှတ်သင့် စသည်ကိုလည်း စဉ်းစားရန်ပင် ဖြစ်၏။

     ဆယ်နှစ်တမ်းမှစ၍ အဆင့်ဆင့် တိုးတက်လာသည်ကို ထောက်ဆလျှင် ရှစ်သောင်းတမ်းနှင့် တသိန်းတမ်းကိုမှာလည်း အရွယ်ရောက်သည့် အသက်အပိုင်းအခြား ထူးခြားသင့်ရကား ရှစ်သောင်းတမ်းမှာ အနှစ်ငါးရာဖြစ်၍ တသိန်းတမ်းမှာ အနှစ်ခြောက်ရာ ဖြစ်သင့်သည်ဟု ဆိုသင့်၏။ ကျမ်းဂန် တိုက်ရိုက်မရှိ၍ စဉ်းစားဆင်ခြင်၍သာ မှတ်ယူရာ၏။

     တနည်းအားဖြင့် အသက်တိုးတက် ရှည်လျားလာသော တက်ကပ်အကွင်းမှာ အရွယ်ရောက်သော အသက်ကို ငါးရာဖြင့်သာ သတ်မှတ်ထားပါသည်။ ရှစ်သောင်းတမ်းထက် ပိုလွန်၍ တသိန်းတမ်းသို့ပင် ရောက်စေကာမူ ပါဠိတော်မှာ အများဆုံးလာသည့် အရေအတွက်ဖြစ်သော အနှစ်ငါးရာဖြင့်သာ သတ်မှတ်သင့်ပါသည် ဟူ၍လည်း ဆိုသင့်ပြန်၏။ သို့ရကား ဒီပင်္ကရာမင်းသား၏ အရွယ်ရောက်သည့် အသက်ကို အနှစ်ငါးရာ (သို့မဟုတ်) အနှစ်ခြောက်ရာဟု ဆိုသင့်၏။

စာမျက်နှာ (၂၈၈)၊ စာပိုဒ်အမှတ် (ခ)၌-

     ဗုဒ္ဓဝင်အဋ္ဌကထာ၌ လာသောအတိုင်း အလောင်းတော် ဒီပင်္ကရာမင်းသား ဥယျာဉ်တော်သို့ထွက်ကာ နိမိတ်များကို မြင်သည့်အကြောင်းအရာကို ရေးသားခြင်းဖြစ်သည်။

     ဤရေးသားချက်အရမှာ.. အလောင်းတော်သည် နတ်များဖန်ဆင်းပြသည့် သူအို သူနာ သူသေဟူသော နိမိတ်ကြီးသုံးမျိုးကိုသာ မြင်ရကြောင်းပါရှိ၍၊ လေးခုမြောက် ရဟန်းနိမိတ်ကို မြင်ရကြောင်း မပါရှိခဲ့။ ရှေးနိမိတ်သုံးပါးကိုသာမြင်၍ ရဟန်းနိမိတ်ကို မမြင်ရပဲ ရဟန်းပြုတော်မူသည်ဟု အဓိပ္ပါယ် ရောက်ရှိနေ၏။

(ချံ)

     ပါဠိတော်၌ကား..

နိမိတ္တေ စတုရော ဒိသွာ၊ ဟတ္ထိယာနေန နိက္ခမိ။

“နိမိတ်ကြီးလေးပါးလုံးကို မြင်ပြီးသော် ဆင်ယာဉ်ဖြင့် တောထွက်တော်မူပြီ”–

ဟူ၍သာ ဟောတော်မူ၏။ ။ဤပါဠိတော်အရ ဆင်ယာဉ်စီး၍ တောမထွက်ခင် နိမိတ်လေးပါးလုံးကို မြင်ရမည်သာဖြစ်၏။

     ပါဌဇာတ် အဋ္ဌကထာစသော ကျမ်းဂန်တို့မှာ အကျယ်တဝင့် ပြဆိုအပ်သော သိဒ္ဓတ္ထမင်းသား တောထွက်ခဏ်း၌လည်း နိမိတ်ကြီးလေးပါးတို့ကို အစဉ်အတိုင်း ၄-လခြား မြင်ပြီးနောက်မှ သီးခြား တောထွက်ကြောင်း လာရှိသည်။

     သုတ်မဟာဝါ ပါဠိတော် မဟာပဒါနသုတ်လာ ပိပဿီမြတ်စွာဘုရား အလောင်းတော် ရထားယာဉ်စီးလျက် တောထွက်တော်မူခဏ်း၌လည်း ပဌမအကြိမ် ဥယျာဉ်သို့ ထွက်တော်မူရာ လမ်းခရီးတွင် လူအိုကိုမြင်၍ ဥယျာဉ်သို့ရောက်အောင် မသွားတော့ပဲ ထိုအရပ်မှပင် လှည့်ကာ နန်းတော်သို့ပြန်ကြောင်း၊ ဤနည်းအတူ ဒုတိယအကြိမ်မှာ သူနာကိုမြင်၍၊ တတိယအကြိမ်မှာ သူသေကိုမြင်၍ နန်းတော်သို့ပြန်ကြောင်း၊ စတုတ္ထအကြိမ်မှာကား ရဟန်းကိုမြင်၍ နှစ်သက်တော်မူပြီးလျှင် ရဟန်းရှိရာသို့ ရထားကို မောင်းနှင်စေ၍ ရောက်ရှိသောအခါ ရထားထိန်းကို ရထားနှင့်တကွ ပြန်လွှတ်လိုက်ပြီးနောက် နန်းတော်သို့ မပြန်တော့ပဲ တောက်လျှောက်ပင် ရဟန်းပြုတော်မူကြောင်း ဟောကြားထားသည်။

     ဤပါဠိတော်အရ ဝိပဿီမြတ်စွာဘုရား အလောင်းတော်သည် ဥယျာဉ်သို့ လေးကြိမ်တိုင်တိုင် ထွက်တော်မူရာ အစဉ်အတိုင်း နိမိတ်ကြီးလေးပါးကို မြင်တော်မူပြီး၍ စဟုတ္ထအကြိမ်မှာကား နန်းတော်သို့ မပြန်တော့ပဲ တောက်လျှောက် ရဟန်းပြုတော်မူသဖြင့် သီးခြား တောထွက်ခြင်းဟူ၍ကား မရှိတော့ပြီ။ သို့ရာတွင် စဘုတ္ထအကြိမ်မှာ ရဟန်းနိမိတ်ကို မြင်ပြီးမှ တောက်လျှောက် တောထွက်ခြင်း ဖြစ်သောကြောင့် ဝိပဿီဗုဒ္ဓဝင်ပါဠိတော်၌-

နိမိတ္တေ စတုရော ဒိသွာ၊ ရထယာနေန နိက္ခမိ၊-

ဟု နိမိတ်ကြီးလေးပါးကို မြင်ပြီးမှ ရထားယာဉ်ဖြင့် တောထွက်ကြောင်း ဟောကြားတော်မူသည်။

(ချား)

     သို့ဖြစ်၍- ဤဒီပင်္ကရဗုဒ္ဓဝင်၌လည်း..

နိမိတ္တေ စတုရော ဒိသွာ၊ ဟတ္ထိယာနေန နိက္ခမိ။..

ဟူသော ဗုဒ္ဓ၀င်ပါဠိတော်နှင့် မဆန့်ကျင်ရန်၎င်း..။ ဤဗုဒ္ဓဝင်အဋ္ဌကထာ၌ပင် နောက်ဖြစ်သော နှစ်ကျိပ်လေးဆူသော ဘုရားအလောင်းတော်တို့ နိမိတ်ကြီးလေးပါးကို မြင်ပြီးမှ တောထွက်တော်မူကြကြောင်း ဖွင့်ပြလတ္တံ့ဖြစ်ရာ ထိုဖွင့်ပြချက်များမှာလည်း “နိမိတ္တေ စတုရော ဒိသွာ”ဟူသော ပါဠိတော်ကိုပင် မူတည်၍ ဖွင့်ခြင်းဖြစ်သောကြောင့် အဋ္ဌကထာ၌ ရှေ့နောက် မဆန့်ကျင်ရန်၎င်း..

“လေးကြိမ်မြောက်၌ အလောင်းတော် ဒီပင်္ကရာမင်းသားသည် ဝိသုကြုံနတ်သား လာရောက် ဆင်ယင်ပေးအပ်သော အဆင်တန်ဆာရှိသည်ဖြစ်၍ ဆင်အပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင် ခြံရံလျက် စီးတော်ဆင်ထက်၌ စီး၍ ဥယျာဉ်တော်သို့ ထွက်တော်မူလျှင် ရဟန်းနိမိတ်ကိုမြင်သဖြင့် နှစ်သက်တော်မူပြီးလျှင် ရဟန်းပြုရန် အလိုဆန္ဒတော်ကို ဖြစ်စေ၍ များစွာသော စစ်သည်ဗိုလ်ပါအပေါင်း ခြံရံလျက် ဥယျာဉ်တော်သို့ဝင်ကာ စီးတော်ဆင်ထက်မှ ဆင်းသက်၍ ဥယျာဉ်တော်အတွင်း လှည့်လည် ကြည့်ရှုတော်မူပြီးလျှင် အလွန်တရာ အေးမြနှစ်သက်ဖွယ်ကောင်းလှသော ကျောက်ဖျာထက်မှာ ထိုင်နေတော်မူလျက် ရဟန်းပြုရန် စိတ်အကြံကို ဖြစ်စေသောခဏဝယ် သုဒ္ဓါဝါသဘုံမှ ရဟန္တာမဟာဗြဟ္မာကြီးသည် ပရိက္ခရာရှစ်ပါးကို ဆောင်ယူခဲ့၍ အလောင်းတော်၏ မျက်မှောက်၌ ထင်ရှား ပေါ်ပေါက်လာကာ ပရိက္ခရာတို့ကို ဆက်ကပ်သည်”..

ဟု မှတ်ယူသင့်သည်။

     ထိုသို့ မှတ်ယူမှသာလျှင်၊ ၊အလောင်းတော်တို့၏ ဓမ္မတာသုံးဆယ် အဝင်အပါ၊ ၊“စတ္တာရိ နိမိတ္တာနိ ဒိသွာ ဇာတမတ္တပုတ္တာနံ မဟာသတ္တာနံ မဟာဘိနိက္ခမနံ= နိမိတ်ကြီးလေးပါးတို့ကို မြင်ပြီးလျှင် သားတော်ဖွားမြင်လျှင် ဖွားမြင်ခြင်း အလောင်းတော်တိုင်း တောထွက်တော်မူကြခြင်း”ဟူသော ဓမ္မတာနှင့်လည်း မဆန့်ကျင်ပေမည်။

စာမျက်နှာ (၂၈၉)၊ စာပိုဒ်အမှတ် (ဂ)၌-

     အလောင်းတော် ဒီပင်္ကရာမင်းသားကို အတုလိုက်ကာ လူပေါင်း တကုဋေတို့ ရဟန်းပြုကြသည်..ဟူ၍ အဋ္ဌကထာဆရာ ပြဆိုချက်သည် များလွန်းသည်

(ဂျ)

မဟုတ်လောဟု တွေးတော မေးမြန်းဘွယ်ရှိ၏။ များလွန်းသည်ဟူ၍ မဆိုနိုင်။ အကြောင်းကား.. ထိုအချိန်အခါသည် အသက် တသိန်းတမ်းအခါ ဖြစ်သော ကြောင့်ပင်တည်း။

ချဲ့ဦးအံ့..၊ ပါထေယျပါဠိတော် စက္ကဝတ္တိသုတ်၌-

     “အသက်ရှစ်သောင်းတမ်း၌ ဖြစ်သောလူတို့မှာ အနာရောဂါဟူ၍-

(၁) အစာစားချင်ခြင်း၊

(၂) အစာစားပြီးသောအခါ အစာယစ်လျက် ကိုယ်လက်ထိုင်းမှိုင်းခြင်း၊

(၃) အိုခြင်း..

ဤသုံးမျိုးသာရှိကြောင်း။

     ဤအသက်ရှစ်သောင်းတမ်းမှာ ဇမ္ဗူဒိပ်ကျွန်းကြီးသည် အလွန်တရာ ပြည့်စုံကြွယ်ဝ၍ တရွာနှင့်တရွာ နိဂုံးတခုနှင့်တခု ဇနပုဒ်တခုနှင့်တခု မင်းနေပြည် တပြည်နှင့် တပြည်တို့သည် ကြက်ပျံတကျသာ ကွာဝေးကြကြောင်း။ အဝီစိငရဲ၌ ငရဲသားသတ္တဝါတို့ ပြည့်နှက်နေသကဲ့သို့၊ အသက်ရှစ်သောင်းတမ်းမှာလည်း ဇမ္ဗူဒိပ်ကျွန်းမှာ လူတို့ဖြင့် ပြည့်နှက်နေကြောင်း” ဟောထားတော်မူ၏။

     အသက် ရှစ်သောင်းတမ်းမှာပင် ဤမျှလောက် လူတွေ ပြည့်နှက်နေခဲ့ပါလျှင် အသက်တသိန်းတမ်းမှာ ဆိုဘွယ်ရာမရှိ၊ သာ၍ပင် ပြည့်နှက်နေတော့မည် ဖြစ်၏။

     ဤသို့ ပြည့်နှက် များပြားခြင်း၏ အကြောင်းရင်းကို စဉ်းစားပြန်သော်.. အလွန်တရာ အသက်တမ်းရှည်သောခေတ်မှာ သတ္တဝါများ မွေးဖွားပြီးနောက် ရောဂါအထူးအထွေ ပေါ်ပေါက်ခြင်းမရှိ (ရောဂါဟူ၍ အထူးမရှိသည့်အတွက် သေကျေပျက်စီးခြင်း နည်းပါး လှသည်။ မွေးဖွားရာမှာ နည်းပါးမည် မဟုတ်သော်လည်း ပျက်စီးသူမှာ အလွန်တရာ နည်းပါးလှသောကြောင့် လူသူများပြားခြင်း ဖြစ်ရလေသည်။

     ထို့ကြောင့် “တကုဋေမျှလောက်သော သူတို့သည် အတုလိုက်၍ ရဟန်းပြုကြသည်”ဆိုရာမှာ များလွန်းသည်ဟု မဆိုထိုက်ကြောင်း ကောင်းစွာ သတိပြုသင့်သည်။

     စိတ်ထားအလွန်တရာ စင်ကြယ်သည့် သူတော်ကောင်းများဖြစ်ကြသော အသက် ရှစ်သောင်းတမ်း တသိန်းတမ်းရှိ လူတို့၏ အခြေအနေကို

(ဂျာ)

အသက်တိုလှသော ယခုခေတ်လူများနှင့် နှိုင်းစာစဉ်းစားခြင်းငှါ မထိုက်။ မှန်၏.. ယခုတ် လူသားများ၏ ကုသိုလ်ကံသည် အားနည်း၏၊ ထို့ကြောင့် ရောဂါဝေဒနာ ထူပြော၏၊ အသက်တို၏၊ အစားအသောက် ရှားပါး၏၊ လူများသုံးစွဲရန် အဝတ်အစား စပါးဆန်ရေ များစွာထွက်အောင် ရအောင် ကြိုးစား အားထုတ်သော်လည်း အားထုတ်သလောက် ခရီးမရောက် အကျိုးမရပဲ ပျက်စီးသည်သာ များ၏။ ရှေးသူတော်ကောင်းတို့၏ ခေတ်မှာကား ကုသိုလ်ကံ အားကြီးသောကြောင့် ရောဂါဝေဒနာဟူ၍ မရှိ၊ အသက်ရှည်၏။ အစားအသောက် ပေါများ၏၊ အဝတ်အစားအတွက် အားထုတ်သမျှမှာ ကုသိုလ်ကံတန်းခိုးကြောင့် မပျက်စီးပဲ အနည်းငယ်မျှသော နေရာကပင် များစွာသော အဝတ်အစားတွေ ထွက်ရှိစေ၏ဟု ယုံကြည် မှတ်ယူသင့်ပေသည်။

စာမျက်နှာ (၃ဝဝ)၊ စာပိုဒ်အမှတ် (ဃ)၌-

     “ထိုဒီပင်္ကရာ မြတ်စွာဘုရား၏ အသက်တော်မှာ တသိန်းဖြစ်၏”ဟု ဆိုရာဝယ်..၊ ဒီပင်္ကရာ မြတ်စွာဘုရားသည် အသက်တော် အနှစ်တသိန်းတိုင်တိုင် တည်နေသည်ဟု အဓိပ္ပါယ်မယူအပ်။ ထိုအခါမှာ လူတို့ တည်နေကြသည့် အသက်တမ်း တသိန်းကိုသာ ဟောတော်မူသည်ဟု မှတ်ယူအပ်၏။

     မြတ်စွာဘုရားတို့မည်သည် ပွင့်တော်မူရာအသက်တမ်း၏ ငါးပုံလေးပုံမျှသာ တည်နေတော်မူကြ၍ တပုံအကျန်မှာ ပရိနိဗ္ဗာန် စံတော်မူကြမြဲ ဖြစ်သည်။ ။ထို့ကြောင့် သုတ်မဟာဝါ အဋ္ဌကထာ မဟာပဒါနသုတ် အာယုပရိစ္ဆေဒအဖွင့်၌-၊ အာယုပ္ပမာဏံ ပဉ္စ ကောဋ္ဌာသေ ကတွာ စတ္တာရိ ဌတွာ ပဉ္စမေ ဝိဇ္ဇမာနေယော ပရိနိဗ္ဗုတော၊ ၊ဟူ၍၊ “အသက်တမ်းပမာဏကို ငါးစုစု၍ လေးစုတည်နေတော်မူပြီးလျှင် ငါးခုမြောက်အစု ထင်ရှားရှိနေခိုက်တွင်ပင် ပရိနိဗ္ဗာန် စံတော်မူကြကြောင်းကို” ဖွင့်ဆိုတော်မူ၏။

     သို့ဖြစ်၍ အသက် တသိန်းတမ်းမှာ ပွင့်တော်မူသော ဒီပင်္ကရာ မြတ်စွာဘုရားသည် အသက်တသိန်းကို ငါးစုစု၍ လေးစုဖြစ်သော အနှစ်ရှစ်သောင်းပတ်လုံး တည်နေတော်မူကာ တစုအကျန်တွင် ပရိနိဗ္ဗာန် စံတော်မူသဖြင့် မြတ်စွာဘုရား၏ အသက်တော်မှာ ရှစ်သောင်းဖြစ်သည်ဟု မှတ်ယူအပ်၏။

     ပါဠိတော်လာ အထောက်အထားမှာ..၊ ကောဏ္ဍည မြတ်စွာဘုရားသည် အလောင်းတော်ဖြစ်သော ဝိဇိတာဝီစကြာမင်းအား နောင်အခါ ဂေါတမဟူသော အမည်ဖြင့် ဘုရားဖြစ်လတ္တံ့ဟူ၍ ဗျာဒိတ်ကြားတော်မူသော အခဏ်းတွင်၊ ၊အာယု ဝဿသတံ တဿ၊ ဂေါတမဿ ယသဿိနော၊ ၊ဂေါတမ မြတ်စွာဘုရား၏ အသက်တော်သည် အနှစ်တရာ..ဟု ဟောထားသော်လည်း

(ဂျိ)

ထိုအနှစ်တရာဟူသည်မှာ ပွင့်တော်မူရာ အသက်တမ်းသာဖြစ်၍၊ ဂေါတမ မြတ်စွာဘုရား၏ စင်စစ် တည်နေသော အသက်တော်မှာ ပြဆိုခဲ့ပြီးသောအတိုင်း အသက်တရာကို ငါးစုစု၍ လေးစုဖြစ်သော အနှစ်ရှစ်ဆယ်သာ တည်နေတော်မူသည်ကိုလည်း ထောက်ထားအပ်၏။

စာမျက်နှာ (၃၀၁)၊ စာပိုဒ်အမှတ် (င)၌-

     “တပည့်သား သံဃာတော်နှင့် တကွသော ထိုဒီပင်္ကရာ မြတ်စွာဘုရားသည် အေးငြိမ်းခြင်းသဘောသို့ ဆိုက်ရောက်တော်မူလေပြီ..”ဟု ဟောတော်မူသော အရာမှာ မြတ်စွာဘုရားနှင့် တပည့်သာဝကများသည် မရှေးမနှောင်းပင် ပရိနိဗ္ဗာန် စံတော်မူကြသည်ဟု မမှတ်ယူအပ်။

     ပါရာဇိကပါဠိတော် ဝေရဉ္ဇကဏ္ဍ၌ မြတ်စွာဘုရားအား သာသနာတော် အရှည်တည်ရေး မတည်ရေးတို့နှင့် စပ်လျဉ်း၍ အရှင်သာရိပုတြာ၏ လျှောက်ထားချက်ကို ဖြေဆိုတော်မူသော စကားရပ်တွင်၊ အဋ္ဌကထာဆရာ အကျယ်ဖွင့်ပြသည်ကို လိုရင်း အကျဉ်းချုံး၍ယူလျှင်.. “သက်တော်ရှည်သော ဝိပဿီ, သိခီ, ဝေဿဘူ ဘုရားသုံးဆူတို့၏ သာသနာတော်သည် သာဝကနှစ်ဆက်သာ တည်၍၊ ကကုသန်စသော နောက်နောက်ဘုရားတို့၏ သာသနာတော်မှာ သာဝကနှစ်ဆက်မျှမက အဆက်များစွာ ပိုမို၍တည်ကြောင်း”ကို သိရ၏။

     ဤသို့ သက်တော်ရှည်သော မြတ်စွာဘုရားများ၏ သာသနာတော်သာ သာဝကနှစ်ဆက် တည်ကြောင်းကို ဖွင့်ပြထားသဖြင့် အသက်တသိန်းတမ်းမှာ ပွင့်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရားနှင့် အသက်ကိုးသောင်းတမ်းမှာ ပွင့်တော်မူသော သုမနမြတ်စွာဘုရားတို့၏ သာသနာတော်သည် သာဝကနှစ်ဆက် တည်သည်ဟူ၍ပင် မှတ်ယူအပ်၏။

     ထိုသာဝကနှစ်ဆက်အရ ဒီပင်္ကရာမြတ်စွာဘုရားကို မှီလိုက်သော ပဌမအဆက် သာဝကများအတွက် နှစ်ပေါင်းတသိန်း၊ ထိုပဌမ သာဝကများထံမှာ ရဟန်းပြုရသော ဒုတိယအဆက် သာဝကများအတွက် နှစ်ပေါင်းတသိန်းအားဖြင့် ဒီပင်္ကရာမြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက် နှစ်ပေါင်း (၂၀၀၀၀၀) နှစ်သိန်းတိုင်တိုင် သာဝကများ ထင်ရှားရှိတော်မူကြသေးသည်။ ထိုနှစ်ပေါင်း နှစ်သိန်းလွန်မှသာ သာဝကများနှင့်တကွ သာသနာတော် ကွယ်သည်ဟု မှတ်ယူအပ်၏။

(ဂျီ)

     ဗုဒ္ဓဝင်အဋ္ဌကထာ၌ကား ကောဏ္ဍညဗုဒ္ဓဝင်အဖွင့် အစတွင် (ဒီပင်္ကရာမြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသော် ထိုမြတ်စွာဘုရား၏ သာသနာတော်သည် အနှစ်တသိန်း တည်သည်)ဟု ဖွင့်ပြထား၏။ ဤအလိုသော် သာဝကတဆက်သာ သာသနာတည်သည်ဟု မှတ်ယူဘွယ်ရှိ၏။

ဒီပင်္ကရဗုဒ္ဓဝင် ပြီး၏။

**********

မင်္ဂလဗုဒ္ဓဝင်

စာမျက်နှာ(၃၁၇) စာပိုဒ်အမှတ်(စ)၌-

     “ဝင်္ကပဗ်တောင်” ဟူရာဝယ်..၊ ဝင်္ကပဗ္ဗတဟူသော ပါဠိ၌ (ဝင်္က- ကွေ့ကောက်သော၊ ပဗ္ဗတ- တောင်၊ ဝင်္ကပဗ္ဗတ= ကွေ့ကောက်သောတောင်ဟု ဆိုလိုသည်) ရှေးဆရာတို့က ဝင်္ကပဗ္ဗတကို မြန်မာပြန်သောအခါ “ကွေ့ကောက်သောတောင်”ဟု မြန်မာစကား တိုက်ရိုက်ရောက်အောင် ပြန်ဆိုတော်မမူကြပဲ ပဗ္ဗတမှ အဆုံးဖြစ်သော (ဗ)နှင့် (တ) အက္ခရာနှစ်လုံးကို ဖြုတ်ပယ်ကာ“ဝင်္ကပဗ်”ဟူ၍သာ ပါဠိပျက်စကားအားဖြင့် ပြန်ဆိုတော်မူခဲ့ကြ၏။

     ယခုအခါမှာ စကားရွေ့လျော၍ “၀င်္ကပဗ်” မဟုတ်တော့ပဲ “၀င်္ကပါ”ဟု ခေါ်နေကြပြီ။ ဤသို့လျှင် “၀င်္ကပဗ်”မှ ရွေ့လျောကာ “ဝင်္ကပါ”ဟု ခေါ်ဝေါ်သုံးစွဲနေသော ဝေါဟာရ၏ ဆိုလိုရင်းအနက်မှာ “ကွေ့ကောက်သောတောင်”ဟု ဆိုလိုသည်။

     ယခုကာလ မီးထွန်းပွဲ စသည်တို့မှာ လူအများ အဝင်အထွက် အသွားခက်အောင် ပြုလုပ်ထားသောအရာကို (ကွေ့ကောက်သောလမ်းများ ဖြစ်သောကြောင့်) ကွေ့ကောက်သောတောင်နှင့် တူရည်ရွယ်ကာ “ဝင်္ကပါ”ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။

     ဥပမာအားဖြင့်- ဓုတင်ကျင့်ဝတ် တဆယ့်သုံးပါးရှိသည့်အနက် သင်္ကန်းအတွက် မြေမှုန့်ပေါ်မှာ စွန့်ပစ်ထားသော အဝတ်ကိုယူ၍ သင်္ကန်းချုပ်လုပ် ဝတ်ဆင်ခြင်းအကျင့်ကို ပါဠိလို “ပံသုကူလိကဓုတင်”ဟု ခေါ်ဝေါ်ရင်း ဖြစ်သော်လည်း ပံသုကူလိကပုဒ်မှ အဆုံးဖြစ်သော (လိ)နှင့် (က) အက္ခရာနှစ်လုံးကို ဖြုတ်ပယ်ကာ “ပံသုကူ”ဟူ၍ ခေါ်ဝေါ်၏။ ထို“ပံသုကူ”မှ စကားရွေ့လျောကာ “ပံ့သကူ” တဖန် “ပင့်တကူ”ထိအောင် ပြောင်းလဲ ခေါ်ဝေါ်နေကြ၏။

ထို“ပံသုကူ”ဟူသော စကား၏ မူလအဓိပ္ပါယ်ရင်းမှာ.. လူများက မိမိတို့ မသုံးစွဲလိုသဖြင့် ဖုံမှုန့်တွေပေါ်မှာ စွန့်ပစ်ထားသဖြင့် ဖုံမှုန့်တွေနှင့်

(ဂျု)

ရောပြွမ်းနေသော အဝတ်ဟု ဆိုလိုရင်းဖြစ်သည်။ ရှေးက သူတော်ကောင်းများသည် အဝတ်နှင့်စပ်၍ တပ်မက်သောလောဘကို ပယ်ရှားလိုသည့်အတွက် ကောင်းမွန်သစ်လွင်သော အဝတ်ကို မရှာယူပဲ စွန့်ပစ်ထားသော အဝတ်များကို ရှာဖွေကောက်ယူတော်မူကြ၏။ ထိုသို့ ကောက်ယူခြင်းကို ပံ့သကူ ကောက်ယူခြင်းဟု ခေါ်ဝေါ်ကြသည်။

     ထိုမှတပါး.. ရဟန်းတော်တို့မှာ ခွက်အမျိုးမျိုးမထားပဲ ဆွမ်းရော ဟင်းပါ သပိတ်ထည်း၌ထည့်၍ သုံးဆောင်သော အကျင့်ကို ပါဠိလို “ပတ္တပိဏ္ဍိကဓုတင်”ဟု ခေါ်၏။ ဤပါဠိကို ရှေးဆရာကြီးများက "ပါဠိမှဆင်းသက် မြန်မာဝေါဟာရ ပြန်ဆိုသောအခါ (ဍိ)နှင့် (က) အက္ခရာနှစ်လုံးကို ဖြုတ်ပယ်ကာ “ပတ္တပိဏ်”ဟု ပြန်ဆိုတော်မူကြ၏။ ထိုမှ စကားရွေ့လျောကာ “ပတ္တပိုင်” ထိုမှတဖန် “ဗတ်လဗိုင်”ဟူ၍ ခေါ်ကြပြန်၏။ ဤ ပတ္တပိဏ္ဍိကဓုတင် ပတ္တပိုင်ဓုတင်အရာ၌— သပိတ် (သို့မဟုတ်) ခွက်တခုထည်းမှာ ဆွမ်းရော ဟင်းပါ ထည့်၍ သုံးဆောင်ခြင်းကို ဆိုလိုရင်းဖြစ်သော်လည်း အချို့သောသူတို့ကမူ ဟင်းနှင့်ထမင်း ရွေးချယ်၍မရလောက်အောင် နယ်ပြီးမှ စားရမည်ဟု အလွန်အကျွံ အဓိပ္ပါယ်ကို ကောက်ယူမှတ်သားပြီးလျှင် အခြား စားသောက်ဘွယ်များ ရွေးမရအောင် ရောနေသည်ကို “ဗတ်လဗိုင်နှင့် တူသည်”ဟု စကားသုံးနှုန်း ပြောဆိုကြသည်။

     ထိုမှတပါးလည်း.. သစ်ပင်ရင်း၌သာ နေသောကျင့်ဝတ်ကို “ရုက္ခမူလိကဓုတင်”ဟု ကျမ်းဂန်တို့မှာ လာရှိသော်လည်း မြန်မာဝေါဟာရ၌မူ (လိ)နှင့် (က) အက္ခရာနှစ်လုံးကို ဖြုတ်ပယ်ကာ “ရုက္ခမူဓုတင်”ဟူ၍ ခေါ်ဝေါ်ကြ၏။

     “၀င်္ကပါ”ဟူသော စကားမှာလည်း ဤဆိုအပ်ပြီးသော ဓုတင်အခေါ်အဝေါ်များနှင့် အလားတူပင်ဖြစ်၏။

စာမျက်နှာ (၃၂၅)၊ စာပိုဒ်အမှတ် (ဆ)၌-

     ပုဏ္ဏားတို့၏ ဂုဏ်အင်္ဂါများကို ဖေါ်ပြရာတွင် (ပဒကော၊ ဝေယျာကရဏော)ဟူသော နှစ်ပုဒ်တို့၏ အဓိပ္ပါယ်ကို သီလက္ခန်အဋ္ဌကထာ အမ္ဗဋ္ဌသုတ်အဖွင့်၌၊ ၊ပုဒ်အမျိုးမျိုးကို၎င်း ပုဒ်မှကြွင်းသော သဒ္ဒါနည်းအမျိုးမျိုးကို၎င်း သင်ကြား တတ်မြောက် သိမြင်ပို့ချနိုင်၏၊ ၊ဟု အဋ္ဌကထာဆရာ ဖွင့်ပြတော်မူ၏။ ။ဤအလိုသော်.. နာမ်ပုဒ် အာချာတ်ပုဒ် ဥပသာရပုဒ် နိပါတ်ပုဒ်တို့၌ တတ်မြောက်လိမ္မာသော ဉာဏ်ပညာနှင့် ပြည့်စုံသည်ကို ပဒကဟုခေါ်၏။ ပုဒ်မှကြွင်းသော (လိင်- ဓာတ်တည်းဟူသော) ပကတိ ဝိဘတ် ပစ္စည်းစသော သဒ္ဒါနည်းအမျိုးမျိုး၌ တတ်မြောက်လိမ္မာသော ဉာဏ်ပညာနှင့် ပြည့်စုံသည်ကို ဝေယျာကရဏ ခေါ်၏။

(ဂျူ)

     ဤအဋ္ဌကထာ ဖွင့်ပြချက်အရ “ပုဒ်နှင့် ပုဒ်မှကြွင်းသော သဒ္ဒါနည်းတို့မှာ” ရှေး သုမေဓဗြာဟ္မဏခဏ်း၌ ပြခဲ့ပြီးသော အက္ခရာဗျည်းစသော အမည်တို့နှင့်တကွ နိရုတ္တိနည်းအမျိုးမျိုးတို့ကို ဖော်ပြသော (အက္ခရပဘေဒ)ခေါ် သဒ္ဒါကျမ်းတည်းဟူသော စကား၌ ပါဝင်ပြီး ဖြစ်သင့်ကုန်၏။

     ထို့ကြောင့်ပင် သီလက္ခန်ဋီကာသစ်ဆရာတော်က— (အယံ အဋ္ဌကထာတော အပရော နယော= ဤကား အဋ္ဌကထာမှ တနည်းဟု စကားပလ္လင်ခံပြီးလျှင်) ဝေဒကျမ်းတို့ကိုပင် ဂါထာပဒ စုဏ္ဏိယပဒအားဖြင့် ဆိုတတ်သောကြောင့် ပဒကဟုခေါ်ကြောင်း ဖွင့်ပြပြန်သည်။ ။ဤ သီလက္ခန်ဋီကာသစ်၌လည်း ပဒကအရကိုသာ တနည်းဖွင့်ပြ၍ ဝေယျာကရဏ အရကိုကား အထူးတနည်း မဖွင့်ပြခဲ့။

     သို့ရကား— ပဒ၏အရ အလင်္ကာကျမ်းလာ ပဇ္ဇအဖွဲ့မျိုးဖြစ်သော ဂါထာဗန္ဓကိုယူ၍၊ ဝေယျာကရဏ၏အရ ဂဇ္ဇအဖွဲ့မျိုးဖြစ်သော စုဏ္ဏိယ= (စကားပြေ)ဗန္ဓကိုယူသော် သင့်မြတ်လှ၏။ (ဒေသနာတော်၏ အင်္ဂါကိုးပါး၌ တပါးအပါအဝင်ဖြစ်သော ဝေယျာကရဏမှာလည်း စုဏ္ဏိယစကားပင်ဖြစ်သည်။) သို့ဖြစ်၍- ပဒခေါ်သော ဂါထာအဖွဲ့ အမျိုးမျိုးကို၎င်း ဝေယျာကရဏခေါ်သော စုဏ္ဏိယ စကားပြေအဖွဲ့ အမျိုးမျိုးကို၎င်း သင်ကြားတတ်မြောက် သိမြင် ပို့ချနိုင်၏ဟု အဓိပ္ပါယ် ပြန်ဆိုလိုက်သည်။

     ဤသို့ ပြန်ဆိုခြင်းဖြင့် “အက္ခရပဘေဒခေါ်သော သဒ္ဒါနည်းအမျိုးမျိုးကို သိမြင်နားလည်ရုံမျှမက ဂါထာဗန္ဓ စုဏ္ဏိယ စကားပြေ အရေးအသား အရွတ်အဘတ်လည်း တတ်မြောက်လိမ္မာသည်”ဟူသော ဂုဏ်တမျိုးလည်း တိုးတက် ရရှိလာနိုင်၏၊ ဤအဓိပ္ပါယ်ကိုပင် ရည်၍ အရှင်မဟာသီလဝံသသည် ဆုတောင်းခဏ်းပျို့ (သုမေဓဗြာဟ္မဏ- ပညာပလခဏ်း)၌–

“ထူးပြားကဗျာ၊ ဖွဲ့စရာသား၊ ဂါထာပုံသေ၊ စကားပြေ၌၊ ဆိုလိုက်မိန့်တန့်၊ ရှင်းရှင်းသန့်လျက်၊ မတွန့်ညင်းညင်း၊ ပိုဒ်တွင်းသက်သက်၊ ထွေငေါ်နက်၏”–

ဟူ၍ စပ်ဆိုထားတော်မူသည်။

အနုဒီပနီ = (ထပ်မံဖွင့်ပြချက်) ပြီး၏။

ဤတွင် မဟာဗုဒ္ဓဝင် ပဌမတွဲ (ပဌမပိုင်း) ပြီး၏။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ