Skip to main content

မဟာဗုဒ္ဓဝင် (စတုတ္ထတွဲ)

နိုင်ငံတော်ဗုဒ္ဓသာသန

မဟာဗုဒ္ဓဝင်

(စတုတ္ထတွဲ)

ဂေါတမဗုဒ္ဓဝင်

**********

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဗုဒ္ဓရတနာ

အခဏ်း-၂၈

ဗာလကလောဏကရွာသို့ ကြွတော်မူခြင်း

     ဗာလကလောဏကရွာ ဟူသည်မှာ ဥပါလိသူကြွယ်၏ စားကျေးရွာဖြစ်သည်။ (ဗာလကလောဏကာရ-ရွာဟူ၍လည်း သီဟိုဠ်၌ရှိ၏)။ ထိုရွာသို့ မြတ်စွာဘုရားရှင် ကြွတော်မူသည်မှာ အဂ္ဂသာဝက, မဟာသာဝက မထေရ်မြတ်တို့တွင် တပါးပါးကိုမျှ (အယုတ်အားဖြင့်) အရှင်အာနန္ဒာမထေရ်ကိုမျှ ပန်ကြားပြောဆိုခြင်း သိစေခြင်း အလျှင်းပင်မရှိပဲ ကိုယ်တော်တိုင်ပင် သပိတ်သင်္ကန်းကို ယူဆောင်တော်မူကာ ဆင်အုပ်မှ ခွဲထွက်သွားသော ဆင်ပြောင်ကြီးပမာ တပါးတည်းသာ ကြွတော်မူလေသည်။

     အကြောင်းကား ယခုလာမည့် ဒသမဝါအတွင်း ဗုဒ္ဓဝေနေယျ = မြတ်စွာဘုရားချေချွတ်ရမည့် သတ္တဝါမရှိ၊ ထို့ကြောင့်

ကောသမ္ဗီပြည်မှ အရပ်တပါးသို့ ကိုယ်တော်တပါးတည်း ဖဲသွားတော်မူခြင်းသည် ထို ခိုက်ရန်ငြင်းခုံမှုပြုကြသော ရဟန်းတို့အား ဆုံးမရန် အကြောင်းဥပါယ်တမျဉ်ပင် ဖြစ်ရကား ပါလိလေယျက (=ပလလဲ)တောအုပ်သို့ ရည်ညွှန်းတော်မူကာ ကြွသွားတော်မူရာတွင် တပါးတည်း ဧကစာရီနေတော်မူသော အရှင်ဘဂုမထေရ်ကို ရွှင်လန်းဝမ်းမြောက် အားတက်စေတော်မူလိုသည်ဖြစ်၍ ထိုဗာလကလောဏကရွာသို့ တပါးတည်း ကြွတော်မူခြင်း ဖြစ်လေသည်။ မှန်၏- ထိုအချိန်၌ အရှင်ဘဂုမထေရ်သည် ဗာလကလောဏကရွာကို ဂေါစရဂါမ်ပြု၍ တပါးတည်း တောကျောင်း၌ နေတော်မူဆဲဖြစ်လေသည်။

ရဟန်းငါးရာတို့က မြတ်စွာဘုရားနောက်တော်သို့ လိုက်ကြရန်

ရှင်အာနန္ဒာအား လျှောက်ထားကြခြင်း

     ထိုသို့ မြတ်စွာဘုရားရှင် တပါးတည်း ကြွသွားတော်မူသောအခါ ရဟန်းငါးရာတို့သည် အရှင်အာနန္ဒာမထေရ်ကို “ငါ့ရှင်အာနန္ဒာ.. မြတ်စွာဘုရားရှင်သည် တပါးတည်း ကြွသွားတော်မူလေပြီ၊ ငါတို့ လိုက်ကြစို့လား”ဟု လျှောက်ထားပြောဆို တိုင်ပင်ကြလေ၏။ ထိုအခါ အရှင်အာနန္ဒာမထေရ်မြတ်က “ငါ့ရှင်တို့.. အကြင်အခါ မြတ်စွာဘုရားသည် ကိုယ်တော်တိုင်ပင် ကျောင်းအိပ်ရာနေရာကို သိုမှီးသိမ်းဆည်း၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် အလုပ်အကျွေးရဟန်းများကို မခေါ်ဝေါ်ပဲ ရဟန်းသံဃာကို မပန်ကြားပဲ အဖော်မဲ့ ကြွတော်မူ၏။ ထိုအခါ မြတ်စွာဘုရား၏ အလိုတော်မှာ ဧကစာရီ ကြွချီတော်မူလိုသော အလိုတော် ဖြစ်လေသည်၊ တပည့်သာဝကမည်သည် ဆရာဘုရား၏ အလိုဆန္ဒတော်အားလျော်စွာ ကျင့်သင့်ပေသည်။ ထို့ကြောင့် ဤရက်ပိုင်းများ၌ မြတ်စွာဘုရားနောက်တော်သို့ မလိုက်ပါသင့်”ဟု မိန့်တော်မူကာ ထိုရဟန်းငါးရာတို့ကို တားမြစ်တော်မူလေသည်၊ ကိုယ်တိုင်လည်း မြတ်စွာဘုရားရှင်အလိုတော်ကို သိရှိကာ လိုက်ပါမှု ပြုတော်မမူချေ။

     ထိုသို့ မြတ်စွာဘုရားရှင် တပါးတည်း ဗာလကလောဏကရွာသို့ ကြွလာတော်မူသည်ကို အရှင်ဘဂုမထေရ်သည် အဝေးမှပင် မြင်လတ်၍ နေရာကိုခင်းလေ၏၊ ခြေဆေးရေ ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်းကို အနီး၌ ထားလေ၏၊ ခရီးဦးကြိုဆို၍ သပိတ်သင်္ကန်းကို လှမ်းယူလေ၏။ မြတ်စွာဘုရားရှင်သည် အရှင်ဘဂု ခင်းထားအပ်သော နေရာ၌ ထိုင်တော်မူပြီးလျှင် ခြေတော်တို့ကို ဆေးကြောတော်မူပြီးနောက် သင့်လျောက်ပတ်ရာ၌ ရှိခိုး ထိုင်နေသော အရှင်ဘဂုမထေရ်ကို “ရဟန်း.. ခံ့ကျန်း၏လော၊ မျှတ၏လော၊ ဆွမ်းဖြင့် မပင်ပန်းပဲ ရှိ၏လော”ဟု မေးတော်မူ၏။ ထိုအခါ အရှင်ဘဂုမထေရ်သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ခံ့ကျန်းပါသည်ဘုရား၊ မျှတပါသည်ဘုရား၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် ဆွမ်းဖြင့်လည်း မပင်ပန်းပါ”ဟု ပြန်ကြား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်ဘဂုမထေရ်ကို တပါးတည်းနေခြင်း၌ အကျိုးကိုညွှန်ပြသော တရားစကား ဟောကြားတော်မူပြီးလျှင် အရှေ့ဝါးတောရှိရာသို့ ခရီးကြွချီတော်မူခဲ့လေသည်။

အရှေ့ဝါးတောသို့ ရောက်တော်မူခြင်း

     ထိုအချိန်၌ အရှေ့ဝါးတောအရပ်ဝယ် အရှင်အနုရုဒ္ဓါ, အရှင်နန္ဒိယ, အရှင်ကိမိလ ဤမထေရ်သုံးပါးတို့သည် နေထိုင်တော်မူကြဆဲ ဖြစ်ကုန်၏။ တောစောင့်သည် မြတ်စွာဘုရားရှင် ကြွလာတော်မူသည်ကို အဝေးမှပင် မြင်လတ်၍ မြတ်စွာဘုရားရှင်ကို (သာမန်ရဟန်းတပါးကဲ့သို့ မှတ်ထင်သဘောထားကာ)-

“အရှင်ရဟန်း.. ဤတောသို့ မဝင်ပါလင့်၊ ဤတော၌ သူတော်ကောင်း အမျိုးကောင်းသား သုံးဦးတို့သည် မိမိ၏ အကျိုးစီးပွါးကို လိုလားသော သဘောရှိကြလျက် နေပါကုန်၏၊ ထိုအမျိုးကောင်းသား သုံးယောက်တို့၏ မချမ်းသာမှုကို မပြုပါလင့်”—

ဟူ၍ တားမြစ်စကား ပြောကြားလေ၏။

(ဤ၌။ ။ဆာလောင်သောသူ အဖို့ရာ ထမင်းဘောဇဉ်၌၊ ရေသိပ်သောသူ အဖို့ရာ သောက်ရေ၌၊ အအေးဖြင့် နှိပ်စက်အပ်သောသူ အဖို့ရာ အပူ၌၊ အပူဖြင့် နှိပ်စက်အပ်သောသူ အဖို့ရာ အအေး၌၊ ဆင်းရဲသောသူ အဖို့ရာ ချမ်းသာသုခ၌ နှစ်သက်တောင့်တမှု ဖြစ်သကဲ့သို့ ထို့အတူပင် မြတ်စွာဘုရားရှင် အဖို့ရာမှာလည်း အချင်းချင်း မညီညွတ်ပဲ အငြင်းပွဲကြီး ဆင်၍နေကြသော ကောသမ္ဗီရဟန်းတို့ကို ငြီးငွေ့ဖွယ်ရာ တွေ့ကြုံတော်မူလေရသဖြင့် ညီညွတ်သော နေထိုင်ခြင်းဖြင့် နေထိုင်ကြသူ သူတော်ကောင်းတို့ကို စဉ်းစား ဆင်ခြင်တော်မူသည်တွင် ဤအရှင်မြတ်သုံးပါး အမျိုးကောင်းသားတို့ ရွှေဉာဏ်တော်၌ ထင်မြင်လာလေသည်။ ထိုအခါ ထိုအရှင်မြတ်သုံးပါးတို့အား ချီးမြှောက်တော်မူလိုသဖြင့် “ဤသို့ပြုသည်ရှိသော် ဤအကျင့်ပဋိပတ်သည် အစဉ်သဖြင့် ကောသမ္ဗီရဟန်းတို့ကို ဆုံးမကြောင်း ဥပါယ်ကောင်းတရပ် ဖြစ်ပေလိမ့်မည်”ဟု ဆင်ခြင်တော်မူကာ ထိုအရှင်မြတ်သုံးပါး သီတင်းသုံးနေထိုင်ရာ အရှေ့ဝါးတောသို့ ကြွရောက်တော်မူခြင်း ဖြစ်လေသည်။

အရှင်အနုရုဒ္ဓါတို့ နေထိုင်သော ထိုတောမှာ တောအရှင်တို့က လူသူလေးပါး အလိုရှိတိုင်း ဝင်ရောက်ကာ အပွင့်, အသီး, အစေး, သစ်အဆောက်အဦများကို ခူးဆွတ် ခုတ်ဖြတ် မယူနိုင်ရန် စည်းစောင်းရန်း ကာရံ၍ အစောင့်အနေချထား သိမ်းဆည်းအပ်သော တောဖြစ်သည်။

ထိုတော၌ အစောင့်တာဝန်ယူရသော တောစောင့်ယောက်ျားသည် မြတ်စွာဘုရားရှင် ကြွလာတော်မူသည်ကို အဝေးကပင် မြင်လတ်သောအခါ-

“ဤတောအတွင်း၌ ဤအမျိုးကောင်းသား သုံးဦးတို့သည် အညီအညွတ် နေထိုင်ကြဆဲဖြစ်သည်။ အချို့ပုဂ္ဂိုလ်၏ ရောက်လေရာအရပ်၌ ခိုက်ရန်ငြင်းခုံမှုများ ဖြစ်ပွါးတတ်ချေသည်၊ ထိုအချို့ပုဂ္ဂိုလ်သည် ဦးချိုထက်သော နွားကြမ်းကြီးကဲ့သို့ ရောက်လေရာရာ ဖျက်ဆီးဝှေ့ခတ် လှည့်လည်တတ်၏။ ထိုသို့ ဖျက်ဆီးလတ်သော် လမ်းတကြောင်း၌ နှစ်ဦးပေါင်း၍ မသွားနိုင်အောင်ပင် ကွဲပြားမှုများ ဖြစ်တတ်ချေသည်။ ဤယခုလာသော ရဟန်းကြီးသည် တခါခါ၌ ဤသို့ ကွဲပြားမှုဖြစ်အောင် ပြုလုပ်လျက် ဤအမျိုးကောင်းသား သုံးဦးတို့၏ ညီညွတ်ချမ်းသာစွာ နေခြင်းကို ဖျက်ဆီးကောင်း ဖျက်ဆီးလေရာ၏။ ဤရဟန်းကြီးကို ကြည့်ရသည်မှာ ကြည်ညိုဖွယ်လည်းရှိ၏၊ ရွှေအဆင်းကဲ့သို့သော အဆင်းလည်းရှိ၏။ အရသာကောင်းကို တပ်မက်နှစ်သက်သူထင်၏။ ယင်းရဟန်းကြီးသည်

ဤအရပ်သို့ ရောက်သည့်အချိန်ကစ၍ ဆွမ်းကောင်းလှူသူ မိမိ၏ ဒါယကာတို့အား ချီးမွမ်းစကား ပြောကြားခြင်း စသည်တို့ဖြင့် ဤအမျိုးကောင်းသား သုံးဦးတို့၏ မမေ့မလျော့ ရဟန်းတရားဖြင့် နေထိုင်ခြင်း ကို ဖျက်ဆီးကောင်း ဖျက်ဆီးလေရာ၏။

ဤတွင်မျှမကသေး နေရာဌာနတို့မှာလည်း ထိုအမျိုးကောင်းသား သုံးဦးတို့အတွက်သာ သင်္ခမ်းကျောင်းသုံးကျောင်း, စင်္ကြံသုံးခု, နေ့သန့်ရာသုံးခု, ညောင်စောင်း အင်းပျဉ်သုံးခုစီ ဤသို့အားဖြင့် ပိုင်းခြားပြီး အတိအကျသာ ရှိကုန်၏၊ အပိုမရှိကုန်။ ဤယခုလာသော ရဟန်းကြီးကား ကိုယ်လုံးကိုယ်ထည် ကြီးလှ၏။ သီတင်းကြီး (=ဝါကြီး)ကိုယ်တော် ဖြစ်ကောင်းဖြစ်လိမ့်မည်။ ထိုရဟန်းကြီးသည် အခါမဟုတ်သည်၌ ဤရှိရင်းစွဲ အမျိုးကောင်းသား သုံးဦးတို့ကို နေရာမှ ထကောင်းထစေလိမ့်မည်။ ဤသို့ပြုသည်ရှိသော် အဖက်ဖက်ကပင် ဤအမျိုးကောင်းသား သုံးဦးတို့၏ မချမ်းသာမှု ဖြစ်ပေလိမ့်မည်”ဟု ကြံစည်စဉ်းစားကာ ထိုအမျိုးကောင်းသား သုံးဦးတို့၏ မချမ်းသာမှုကို လုံးဝအလိုမရှိသဖြင့် “ထိုအမျိုးကောင်းသား သုံးဦးတို့၏ မချမ်းသာမှုကို မပြုပါလင့်”ဟု ပြောဆို တားမြစ်ခြင်းဖြစ်သည်။

မေးဖွယ်ရှိသည်မှာ.. ဤတောစောင့်သည် မြတ်စွာဘုရားရှင်ကို ဘုရားရှင်ဟုသိ၍ တားမြစ်သလော၊ မသိ၍ တားမြစ်သလောဟု မေးဖွယ်ရှိ၏။ အဖြေကား.. မသိ၍ တားမြစ်ခြင်းဖြစ်သည်။ ချဲ့ဦးအံ့.. မြတ်စွာဘုရား ကိုယ်တော်မြတ်သည် ရဟန်းအပေါင်းခြံရံလျက် ဘုရားအသရေတော်ဖြင့် ကြွချီတော်မူသောအခါ “ဤသူကား အဘယ်ပုဂ္ဂိုလ်နည်း”ဟု မမေးရပဲပင် မြတ်စွာဘုရားဟူ၍ လူတိုင်း သိအပ်လေတော့သည်။ ယခု အရှေ့ဝါးတောသို့ ကြွတော်မူသော အခါ၌ကား မြတ်စွာဘုရားရှင်သည် “တစုံတယောက်သောသူမျှ ငါ ဘုရားဖြစ်ကြောင်း မသိပါစေလင့်”ဟု ကြံစည်တော်မူကာ တန်ခိုးတော်ဖြင့် ရောင်ခြည်တော် အစရှိသော ဘုရားအာနုဘော်များကို သင်္ကန်းတော်ဖြင့် ဖုံးအုပ်ထားသကဲ့သို့ တိမ်တိုက်ဖြင့် ဖုံးအုပ်ထားသော လပြည့်ဝန်းကြီးပမာ ကိုယ်တော်တိုင်ပင် သပိတ်သင်္ကန်းကို ယူပြီးလျှင် မထင်ရှားသောအသွင်ဖြင့် ကြွတော်မူခြင်းဖြစ်သည်။ သို့ရကား မြတ်စွာဘုရားရှင်ကို ဘုရားဟု မသိသည်ဖြစ်၍သာလျှင် တောစောင့်ယောက်ျားသည် တားမြစ်လေသည်)။

     အရှင်အနုရုဒ္ဓါ မထေရ်မြတ်သည် နေ့သန့်နေရာမှပင် တောစောင့်ယောက်ျား၏ “အရှင်ရဟန်း.. ဤတောသို့ မဝင်လင့်”

စသည်ဖြင့် ပြောဆိုသောအသံကို ကြားတော်မူသဖြင့် “ဤတောအတွင်း၌ ငါတို့သုံးပါးသာ နေထိုင်ကြကုန်သည်၊ အခြား ရဟန်းဟူ၍ မရှိ၊ ဤတောစောင့် ယောက်ျားသည်လည်း ရဟန်းတပါးနှင့် စကားပြောသကဲ့သို့ ပြောဆိုနေ၏။ မည်သူများ ဖြစ်လိမ့်မည်နည်း”ဟု ကြံစည်တော်မူပြီးလျှင် နေ့သန့်ရာအရပ်မှထ၍ တံခါးဝ၌ ရပ်တည်ပြီးသော် လမ်းဘက်သို့ လှမ်းမျှော် ကြည့်တော်မူလေလျှင် မြတ်စွာဘုရားရှင်ကို မြင်တော်မူလေ၏။

     မြတ်စွာဘုရားရှင်သည်လည်း အရှင်အနုရုဒ္ဓါမထေရ်မြတ် မြင်သည်နှင့် တပြိုင်နက်ပင်လျှင် ကိုယ်တော်ရောင်ကို လွှတ်တော်မူလိုက်၏။ လက္ခဏာကြီးငယ် အသွယ်သွယ်တို့ဖြင့် တင့်တယ်လှသော မြတ်စွာဘုရားရှင်၏ ကိုယ်တော်ရောင်သည် ရွှေပုဆိုးကို ဖြန့်လှန်းသည့်ပမာ လွန်စွာ တင့်တယ်လေ၏။ အရှင်အနုရုဒ္ဓါမထေရ်သည် “ဤတောစောင့်ယောက်ျားကား ပါးပျဉ်းထောင်နေသော မြွေဟောက်ကို လည်ပင်း၌ ဆုပ်ကိုင်ရန် လက်ကိုဆန့်တန်းသော သူကဲ့သို့ လောက၌ အမြတ်ဆုံးသော ပုဂ္ဂိုလ်မြတ်ကြီးနှင့် စကားပြောဆိုရလျက်ပင် မြတ်စွာဘုရားဟူ၍ မသိရှာချေ၊ မထင်မရှား ရဟန်းတပါးနှင့် စကားပြောနေသကဲ့သို့ ပြောဆို နေဘိ၏”ဟု ကြံစည်စဉ်းစားတော်မူပြီးလျှင် တောစောင့်ယောက်ျားကို “ဒါယကာတောစောင့်.. မြတ်စွာဘုရားကို မတားမြစ်လင့်၊ ငါတို့ဆရာ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး ကြွရောက်တော်မူလာပြီ”ဟု တားမြစ်စကား မိန့်ကြားတော်မူလေ၏။

မထေရ်သုံးပါး တညီတညွတ် ဘုရားကိုကြိုဆိုကြခြင်း

     ထို့နောက် အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် မြတ်စွာဘုရားရှင်ကို တဦးတည်းသွားရောက်ကာ မကြိုဆိုသေးပဲ “ငါတို့သုံးဦးသည် ညီညွတ်သောနေခြင်းဖြင့် ယခု နေထိုင်ကြသည်။ အကယ်၍ ငါတဦးတည်း မြတ်စွာဘုရားရှင်ကို ကြိုဆိုချေသော် ညီညွတ်သော နေခြင်းမည်သည် ဖြစ်လိမ့်မည်မဟုတ်၊ ငါ၏ ချစ်မိတ်ဆွေတို့ကို ခေါ်ဆောင်၍သာလျှင် ကြိုဆိုမှု ငါပြုမည်။ ငါသည် မြတ်စွာဘုရားရှင်ကို ချစ်ကြည်ညိုသကဲ့သို့ ငါ့သူငယ်ချင်းတို့သည်လည်း

မြတ်စွာဘုရားရှင်ကို ချစ်ကြည်ညိုကြလေသည်”ဟု ကြံစည်တော်မူ၍ ထိုသူငယ်ချင်း မထေရ်နှစ်ပါးတို့နှင့် အတူတကွ ခရီးဦးကြိုဆိုမှု ပြုလိုရကား အရှင်နန္ဒိယမထေရ်, အရှင်ကိမိလမထေရ်တို့ နေ့သန့်ရာအရပ်သို့ သွားရောက်ပြီးလျှင် ထိုမထေရ်နှစ်ပါးတို့ကို “အရှင်တို့.. လာကြလော့၊ အရှင်တို့.. လာကြလော့၊ ငါတို့၏ဆရာ မြတ်စွာဘုရားသည် ဆိုက်ရောက်တော်မူလာပြီ”ဟု ပြောဆို ခေါ်ငင်လေ၏။ ထို့နောက် မထေရ်သုံးပါးတို့သည် တညီတညွတ်တည်း မြတ်စွာဘုရားရှင်ကို ကြိုဆိုကြ၍ တပါးက မြတ်စွာဘုရားရှင်၏ သပိတ်သင်္ကန်းကို လှမ်းယူလေ၏။ တပါးက နေရာကိုခင်း၍ ကျန်တပါးက ခြေဆေးရေ ခြေဆေးအင်းပျဉ် (=ခြေဆေးသောခုံ) ခြေပွတ်အိုးခြမ်းကို အနီး၌ ချထားလေ၏။

     မြတ်စွာဘုရားရှင်သည် ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူပြီးလျှင် ခြေတော်တို့ကို ဆေးတော်မူ၏။

(ဤ၌။ ။မြတ်စွာဘုရားရှင်သည် ပွင့်သစ်စ ပဒုမာကြာပန်းကဲ့သို့ နီမြန်းသော ရွှေလက်တော်တို့ဖြင့် ဖလ်ရောင်အသွေး ဖြူဖွေးကြည်လင်သော ရေကို ခပ်ယူပြီးလျှင် ရွှေရောင်အဆင်း ဝါဝင်းသော ခြေဖမိုးတော်အစုံ၌ ရေကိုလောင်း၍ ခြေတော် ခြေတော်ချင်း ပွတ်တိုက်၍ ဆေးကြောတော်မူလေသည်။

မြတ်စွာဘုရားရှင်တို့၏ ကိုယ်တော်၌ မြူအညစ်အကြေး လိမ်းထေးကပ်ငြိရိုးမရှိ၊ ထိုသို့ မရှိပါပဲလျက် အဘယ့်ကြောင့် ခြေတော်တို့ကို ဆေးကြောတော်မူသနည်းဟု မေးဖွယ်ရှိ၏။ အဖြေကား.. ကိုယ်တော်မြတ်ကို အအေးဥတု ရယူခြင်းငှါ၎င်း, ထိုမထေရ်သုံးပါးတို့၏ စိတ်ရွှင်လန်း ဝမ်းမြောက်စေရန် အကျိုးငှါ၎င်း ဆေးကြောတော်မူသည်။ ထင်ရှားစေဦးအံ့.. ထိုသို့ မြတ်စွာဘုရားရှင် ခြေဆေးတော်မူခြင်းဖြင့် “ငါတို့ ယူဆောင်အပ်သော ရေဖြင့် မြတ်စွာဘုရားရှင်သည် ခြေတော်တို့ကို ဆေးကြောတော်မူ၏၊ သုံးဆောင်မှု ပြုတော်မူ၏”ဟူ၍ ထိုဝတ်ပြုသော ရဟန်းတို့၏ စိတ်သည် အားကြီးသော ဝမ်းမြောက်ချမ်းသာမှုဖြင့် နှစ်သက်ရွှင်ပျို့နိုင်၏။ ထို့ကြောင့် ကိုယ်တော်၌ မြုအညစ်အကြေး လိမ်းထေးကပ်ငြိခြင်း မရှိသော်လည်း ခြေတော်တို့ကို ဆေးကြောတော်မူလေသည်)။

     အရှင်မြတ် သုံးပါးတို့သည်လည်း မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးကြပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ထိုင်နေကြလေကုန်၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အနုရုဒ္ဓါကို “ချစ်သားအနုရုဒ္ဓါတို့.. အသို့နည်း ခံ့ကျန်းပါ၏လော၊ ဣရိယာပထ မျှတ၏လော၊ ဆွမ်းပစ္စည်းဖြင့် မပင်ပန်းပဲ ရှိကြကုန်၏လော”ဟု မေးတော်မူ၏။ အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် “ခံ့ကျန်းကြပါသည် မြတ်စွာဘုရား..၊ ဣရိယာပထ မျှတကြပါသည် မြတ်စွာဘုရား..၊ တပည့်တော်များသည် ဆွမ်းပစ္စည်းဖြင့်လည်း မပင်ပန်းကြပါကုန်ဘုရား”ဟူ၍ ပြန်ကြားလျှောက်ထားလေ၏။

(ဤ၌။ ။မထေရ်သုံးပါးတို့တွင် အရှင်အနုရုဒ္ဓါသည် အကြီးဆုံးဖြစ်သည်။ အကြီးဆုံးဖြစ်သည့် အရှင်အနုရုဒ္ဓါကို ချီးမြှောက်လျှင် ကျန်သုံးပါးတို့ကိုလည်း ချီးမြှောက်မှု ပြုပြီးသာလျှင် ဖြစ်သောကြောင့် အရှင်အနုရုဒ္ဓါ မထေရ်သူမြတ်ကို ခေါင်းတပ်၍ မြတ်စွာဘုရား မိန့်ကြားတော်မူလေသည်။ တနည်း “ချစ်သားအနုရုဒ္ဓါတို့..”ဟူသော ဗဟုဝုစ်စကားဖြင့်ပင် ဝိရူပေကသေသနည်းဖြင့် ကျန်နှစ်ပါးကိုလည်း ခေါ်ဝေါ် ပြောဆိုတော်မူခြင်း ဖြစ်သည်)။

     မြတ်စွာဘုရားရှင်သည် တဖန်ထပ်၍ “အနုရုဒ္ဓါတို့.. သင်တို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံခြင်းမရှိကြပဲ နို့နှင့်ရေကဲ့သို့ ဖြစ်ကြ၍ အချင်းချင်း ချစ်ကြည်သော မျက်စိတို့ဖြင့် ကောင်းစွာ ကြည့်ရှုကုန်လျက် နေကုန်၏လော”ဟု မေးတော်မူပြန်၏။ အရှင်အနုရုဒ္ဓါမထေရ်မြတ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. စင်စစ်အားဖြင့် တပည့်တော်တို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံခြင်းမရှိကြပဲ နို့နှင့်ရေကဲ့သို့ ဖြစ်ကြ၍ အချင်းချင်း ချစ်ကြည်သော မျက်စိတို့ဖြင့် ကောင်းစွာ ကြည့်ရှုကုန်လျက် နေပါကုန်၏ဘုရား”ဟု လျှောက်ထားလတ်သော် မြတ်စွာဘုရား ရှင်သည် “အနုရုဒ္ဓါတို့.. သင်တို့သည် ဘယ်ပုံဘယ်ပန်း အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံမှုမရှိကြပဲ နို့နှင့်ရေကဲ့သို့ ဖြစ်ကြ၍ အချင်းချင်း ချစ်ကြည်သော မျက်စိတို့ဖြင့် ကောင်းစွာကြည့်ရှုကုန်လျက် နေကုန်သနည်း”ဟု မေးတော်မူ၏။ ထိုအခါ အရှင်အနုရုဒ္ဓါမထေရ်မြတ်သည်-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤတော၌နေသော အကျွန်ုပ်၏ စိတ်သန္တာန်ဝယ် ‘ငါသည် အရတော်စွာ့တကား၊ ငါသည် ကောင်းစွာ ရအပ်စွာ့တကား။ အကြင်ငါသည် ဤသို့သဘောရှိသော သီတင်းသုံးဖော်တို့နှင့် အတူတကွ နေရပေ၏’ဟု အကြံဖြစ်ရှိပါ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ထိုအကျွန်ုပ်သည် ဤသီတင်းသုံးဖော် အရှင်မြတ်နှစ်ပါးတို့အပေါ်၌ မေတ္တာနှင့်ယှဉ်သော ကာယကံ, မေတ္တာနှင့်ယှဉ်သော ၀စီကံ, မေတ္တာနှင့်ယှဉ်သော မနောကံကို မျက်မှောက်မျက်ကွယ် နှစ်သွယ်၌ပင် ထားရှိဖြစ်ပွါးစေအပ်ပါသည်။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်၏ စိတ်သန္တာန်ဝယ် ‘ငါသည် မိမိ၏ စိတ်အလိုကို ဖယ်ထား၍ ဤအရှင်မြတ်နှစ်ပါးတို့၏ စိတ်အလိုအတိုင်း ကျင့်ရပါမူ ကောင်းလေစွာ့’ဟု စိတ်အကြံဖြစ်ပြီးလျှင် အကျွန်ုပ်သည် မိမိ၏ စိတ်အလိုကို ဖယ်ထား၍ ဤအရှင်မြတ်နှစ်ပါးတို့၏ စိတ်အလို အတိုင်း ကျင့်ပါ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်တို့သုံးဦးမှာ ကိုယ်ကသာ ကွဲပြားလျက် စိတ်သည်ကား တခုတည်းကဲ့သို့ ဖြစ်ပါသည်ဘုရား”–

ဟူ၍ လျှောက်ထားလေသည်။ ထို့နောက် အရှင်နန္ဒိယမထေရ်က၎င်း, အရှင်ကိမိလမထေရ်က၎င်း အရှင်အနုရုဒ္ဓါ လျှောက်ထားသကဲ့သို့ပင် အသီးအသီး လျှောက်ထားကြလေ၏။

(ဤ၌။ ။မျက်မှောက်မျက်ကွယ် မေတ္တာကာယကံ, မေတ္တာဝစီကံ, မေတ္တာမနောကံ သုံးပါးတို့ကို ဖြစ်ပွါးစေအပ်ပါသည်ဟူသော စကားရပ်ဝယ် မျက်မှောက် မေတ္တာကာယကံ, မေတ္တာဝစီကံတို့ကို အတူတကွ နေထိုင်ခြင်း၌ ရအပ်ကုန်၏၊ မျက်ကွယ်ဖြစ်သော မေတ္တာကာယကံ, မေတ္တာဝစီကံတို့ကို ကွဲကွာနေထိုင်သောအခါ၌ ရအပ်ကုန်၏။ မနောကံမေတ္တာ ၂-ပါးကိုကား အတူနေသော အခါ၌၎င်း, ကွဲကွာနေသော အခါ၌၎င်း ရအပ်၏။

ချဲ့ဦးအံ့.. အတူတကွ နေထိုင်ကြသော ပုဂ္ဂိုလ်တို့အနက် တဦးဦးက ညောင်စောင်းအင်းပျဉ်ကိုဖြစ်စေ, သစ်ဘဏ္ဍာ မြေဘဏ္ဍာကိုဖြစ်စေ

၁၀

အပြင်အပ၌ မကောင်းသဖြင့် (=ပစ္စရက္ခ)ထားအပ်သည်ကို မြင်သည်ရှိသော် “အဘယ်သူသည် ဤပစ္စည်းကို သုံးဆောင်အပ်သနည်း”ဟု မထီမဲ့မြင်မှုမပြုပဲ မိမိပင် မကောင်းသဖြင့် (=ပစ္စရက္ခ)ထားအပ်သည့် ပစ္စည်းကဲ့သို့ ကောက်ယူကာ သိုမှီးသိမ်းဆည်းသော ရဟန်း (ထို့ပြင်လည်း) သုတ်သင်သင့်သော အရပ်ကို သုတ်သင်သော ရဟန်းများ၏ ပြုအပ်သမျှသော ကာယကံမှုသည် မျက်မှောက် မေတ္တာကာယကံ မည်၏။

အတူတကွ နေထိုင်ကြသော ပုဂ္ဂိုလ်တို့အနက် တဦးဦး အရပ်တပါးသို့ ဖဲသွားသည်ရှိသော် ထိုဖဲသွားသောရဟန်း မကောင်းသဖြင့် (=ပစ္စရက္ခ)ထားခဲ့သော ကျောင်းသုံးပရိက္ခရာများကို ထို့အတူပင် သိုမှီးသိမ်းဆည်းသောရဟန်း, သုတ်သင်သင့်သော အရပ်ကို သုတ်သင်သော ရဟန်းများ၏ ပြုအပ်သမျှသော ကာယကံမှုသည် မျက်ကွယ် မေတ္တာကာယကံမည်၏။

အတူတကွ နေထိုင်လျက် မထေရ်တို့နှင့် အတူတကွ ချိုမြိန်သာယာသော ဝမ်းမြောက်ဖွယ်စကား, အစေ့အစပ်စကား, အသက်ထက်ဆုံး အောက်မေ့အပ်သောစကား, တရားစကား, အသံထင်ရှား တရားဟောမှု, တရားဆွေးနွေးမှု, ပြဿနာမေးဖြေမှု ဤသို့အစရှိသော နှုတ်မှုအရပ်ရပ်ကို ပြောဆိုသော ရဟန်း၏ ပြောဆိုအပ်သမျှသော ဝစီကံမှုသည် မျက်မှောက် မေတ္တာဝစီကံမည်၏။

မထေရ်တို့ အရပ်တပါး ဖဲသွားလတ်သော် “ငါ၏ချစ်မိတ်ဆွေ နန္ဒိယမထေရ်, ကိမိလမထေရ်သည် ဤသို့ သီလဂုဏ်နှင့် ပြည့်စုံသူဖြစ်၏။ ဤသို့ အကျင့်ဂုဏ်နှင့် ပြည့်စုံသူဖြစ်၏” ဤသို့စသည်ဖြင့် ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုသော ရဟန်း၏ ဝစီကံမှုသည် မျက်ကွယ် မေတ္တာဝစီကံ မည်၏။

“ငါ၏ ချစ်မိတ်ဆွေဖြစ်သော နန္ဒိယမထေရ်, ကိမိလမထေရ်သည် ရန်ကင်းပါစေ၊ ဖောက်ပြန် နှောက်ယှက် ဖျက်ဆီးတတ်သည့် ဗျာပါဒဒေါသကင်းပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ” ဤသို့ နှလုံးသွင်း အောက်မေ့သော ရဟန်း၏ မျက်မှောက် မျက်ကွယ် နှစ်သွယ်လုံးမှာပင် ထိုသို့ အောက်မေ့နှလုံးသွင်းသော မနောကံမှုသည် မေတ္တာမနောကံ မည်၏။

ထိုမထေရ်မြတ်သုံးပါးတို့သည် ဘယ်ပုံဘယ်ပန်း မိမိ၏စိတ်အလိုကို ဖယ်ထား၍ ကျန်နှစ်ပါးတို့၏ စိတ်အလိုအတိုင်း ကျင့်ကြသနည်းဟူမူ ထိုမထေရ်သုံးပါးတို့အနက် တပါး၏သပိတ်၌ အညစ်အကြေး ထသည်,

၁၁

အခြားတပါး၏ သင်္ကန်း ညစ်နွမ်းသည်, အခြားတပါး၏ ကမ္မဋ္ဌာန်းကျောင်းမှာ အမှိုက်သရိုက် ထူပြော၍ သုတ်သင်ဖွယ်ရှိသည် ဆိုကြပါစို့၊ ထိုသို့ ကိစ္စသုံးချက် ပြိုင်လျက်ရှိရာဝယ် သပိတ်၌ အညစ်အကြေး ထ၍ သပိတ်ဖုတ်ရန်ကိစ္စရှိသော ရဟန်းက “ငါ့ရှင်တို့.. ငါ၏သပိတ်၌ အညစ်အကြေးထ၏၊ ဖုတ်မှသင့်တော်မည်”ဟု အလျင်လက်ဦး ပြောဆိုလတ်သည်ရှိသော် ကျန်နှစ်ပါးတို့က “ငါ့သင်္ကန်း ညစ်နွမ်းနေ၍ ဖွပ်လျှော်ရန်ကိစ္စ ရှိသည်၊ ငါ့မှာ ကမ္မဋ္ဌာန်းကျောင်း သုတ်သင်ရန်ကိစ္စရှိသည်”ဟု မိမိတို့၏ကိစ္စကို မပြောဆိုကြပဲ တောသို့ဝင်၍ ထိုရဟန်း၏ သပိတ်ဖုတ်မှုကိစ္စကို ဝိုင်းဝန်းကူညီ လုပ်ကိုင်ပြီးမှ မိမိတို့၏ သင်္ကန်းဖွပ်လျှော်မှုကိစ္စ ကမ္မဋ္ဌာန်းကျောင်းသုတ်သင်မှု ကိစ္စကို ပြုလုပ်ကြကုန်၏။ “ငါ့သင်္ကန်း ညစ်နွမ်းနေ၍ ဖွပ်လျှော်ရန်ကိစ္စ ရှိသည်”ဟု ရဟန်းတပါးက အလျင်လက်ဦး ပြောဆိုသောအခါ “ငါ့မှာ ကမ္မဋ္ဌာန်းကျောင်း သုတ်သင်ရန်ရှိသည်”ဟု ရဟန်းတပါးက အလျင်လက်ဦး ပြောဆိုသော အခါတို့၌လည်း ထိုနည်းအတူပင် အလျင်လက်ဦးပြောဆိုသော ရဟန်း၏ အလုပ်ကိစ္စကို ရှေးဦးစွာ ဝိုင်းဝန်းကူညီ လုပ်ကိုင်ဆောင်ရွက်ပြီးမှ မိမိ မိမိတို့၏ကိစ္စကို လုပ်ကိုင် ဆောင်ရွက်ကြသည်။ ဤကား ထိုမထေရ်မြတ်သုံးပါးတို့ မိမိ၏ စိတ်အလိုကို ဖယ်ထား၍ ကျန်နှစ်ပါး၏ စိတ်အလိုအတိုင်း ကျင့်ကြပုံတည်း)။

     ဤသို့ မြတ်စွာဘုရားရှင်သည် ထိုမထေရ်သုံးပါးတို့၏ သာမဂ္ဂီရသကို မေးမြန်းတော်မူ၍ သာမဂ္ဂီရသ အပြည့်အဝရှိကြောင်း ကြားသိတော်မူပြီးလျှင် တဖန် အပ္ပမာဒလက္ခဏာကို မေးမြန်းတော်မူလိုသည်ဖြစ်၍ “အနုရုဒ္ဓါတို့.. အသို့နည်း (=ဘယ့်နှယ်လဲ) သင်တို့သည် မမေ့မလျော့ပဲ ပြင်းထန်သော လုံ့လဝီရိယရှိကြလျက် နိဗ္ဗာန်သို့စေလွှတ်သော စိတ်ရှိကြသည်ဖြစ်၍ နေကုန်၏လော”ဟု မေးတော်မူ လေသော် အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. စင်စစ်အားဖြင့် တပည့်တော်တို့သည် မမေ့မလျော့ပဲ ပြင်းထန်သော လုံ့လဝီရိယရှိကြလျက် နိဗ္ဗာန်သို့စေလွှတ်သော စိတ်ရှိကြသည်ဖြစ်၍ နေပါကုန်၏ဘုရား”ဟု လျှောက်ထားလေသည်။ မြတ်စွာဘုရားရှင်က တဖန်ဆက်၍ “အနုရုဒ္ဓါတို့.. သင်တို့သည် ဘယ်ပုံဘယ်ပန်း မမေ့မလျော့ပဲ ပြင်းထန်သော လုံ့လဝီရိယရှိကြလျက်

၁၂

နိဗ္ဗာန်သို့စေလွှတ်သော စိတ်ရှိကြသည်ဖြစ်၍ နေကြသနည်း”ဟု မေးတော်မူပြန်၏။ ထိုအခါ အရှင်အနုရုဒ္ဓါ မထေရ်မြတ်သည်-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤတော၌နေကြသော တပည့်တော်တို့သုံးပါးအနက် ရှေးဦးစွာ ရွာမှ ဆွမ်းခံပြီးပြန်လာသော ရဟန်းသည် နေရာကိုခင်းပါ၏၊ ခြေဆေးရေ ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်းကို ချထားနှင့်ပါ၏။ ဆွမ်းဦးထည့်သောခွက်ကို ချထားနှင့်ပါ၏၊ သောက်ရေ သုံးဆောင်ရေကို တည်ထားနှင့်ပါ၏။

နောက်မှ ရွာက ဆွမ်းခံပြီး ပြန်လာသော ရဟန်းသည် စားပြီးသော ဆွမ်းကြွင်းရှိ၍ စားလိုပါလျှင် စားပါ၏။ မစားလိုလျှင်ကား စိမ်းသော မြက်သစ်ပင်မရှိရာ အရပ်၌သော်လည်း စွန့်ပစ်ပါ၏၊ ပိုးမရှိသော ရေ၌သော်မူလည်း သွန်ပစ်ပါ၏။ ထိုနောက်ကျသော ရဟန်းသည်ပင် နေရာကို ခေါက်သိမ်းပါ၏။ ခြေဆေးရေ ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်းများကို သိုမှီးသိမ်းဆည်းပါ၏၊ ဆွမ်းဦးထည့်သောခွက်ကို ဆေးကြော၍ သိမ်းဆည်းခဲ့ပါ၏။ သောက်ရေ သုံးဆောင်ရေကို သိုမှီး သိမ်းဆည်းပါ၏။ ဆွမ်းစားရာစရပ်ကို တံမြက်လှည်းပါ၏။

သောက်ရေအိုးကိုဖြစ်စေ သုံးဆောင်ရေအိုးကိုဖြစ်စေ ဝစ္စကုဋီ၌ သန့်သက်ရေအိုးကိုဖြစ်စေ ရေမရှိသည်ကို မြင်ရလျှင် ထိုမြင်သောရဟန်းကပင် ရေများကို တည်ထားသွားပါ၏၊ အကယ်၍ ထိုရဟန်း မချီမနိုင်သောဝန်ဖြစ်က လက်ယပ်သောအားဖြင့် အဖော်ကိုခေါ်ကာ လက်ချင်းယှက်၍ ထိုရေအိုးကို တည်ထားကြပါကုန်၏၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်များသည် ထို ရေတည်ထားခြင်းဟူသော အကြောင်းကြောင့် စကားမဆိုကြပါကုန်။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်များသည် ငါးရက်တကြိမ် တညဉ့်လုံးလုံး တရားစကားဖြင့် ကောင်းစွာ နေထိုင်ပါကုန်၏။

၁၃

ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်များသည် ဤလျှောက်ဆိုအပ်ပြီးသော နည်းအတိုင်း မမေ့မလျော့ပဲ ပြင်းထန်သော လုံ့လဝီရိယရှိကြလျက် နိဗ္ဗာန်သို့စေလွှတ်သော စိတ်ရှိကြသည်ဖြစ်၍ နေပါကုန်၏ဘုရား”–

ဟူ၍ လျှောက်ထားလေသည်။

(ဤ၌ ကြည်ညိုမှတ်သားဖွယ်ကား.. ထိုမထေရ်သုံးပါးတို့သည် တစုတည်း တပေါင်းတည်း ဆွမ်းခံဝင်တော်မူကြသည် မဟုတ်ကုန်၊ မှန်၏- ထိုမထေရ်သုံးပါးတို့သည် ဖလသမာပတ်၌ မွေ့လျော်တော်မူကြသူများ ဖြစ်ရကား စောစောစီးစီးပင် ကိုယ်လက်သုတ်သင်မှု ပြုကြပြီးလျှင် ဝတ်ကြီးဝတ်ငယ်တို့ကို ဖြည့်ကျင့်တော်မူကြပြီးနောက် မိမိ မိမိတို့၏ ကမ္မဋ္ဌာန်းကျောင်းတွင်းသို့ ဝင်ကြ၍ အချိန်ကို ပိုင်းခြားလျက် ဖလသမာပတ်ကို၀င်စားကာ နေထိုင်တော်မူကြလေသည်။

ထိုမထေရ်သုံးပါးတို့တွင် ရှေးဦးစွာ ဖလသမာပတ်ကို ၀င်စားနေထိုင်တော်မူသော မထေရ်သည် မိမိ၏ အချိန်ပိုင်းအတိုင်း သမာပတ်မှ ရှေးဦးစွာထ၍ ရှေးဦးစွာ ဆွမ်းခံကြွပြီးလျှင် ပြန်လာသည်ရှိသော် ဆွမ်းစားရာနေရာသို့ ရောက်ရှိလျှင် “ထိုရဟန်းနှစ်ပါးကား နောက်ကျ ကုန်၏၊ ငါကား အလျင်လက်ဦး ရောက်လာ၏”ဟု သိတော်မူ၏။ ထိုညနောက်မှ သပိတ်ကို ပိတ်ပြီးလျှင် နေရာခင်းခြင်းစသည်ကို ပြုလုပ်၍ မိမိသပိတ်အတွင်း၌ ဆွမ်းစားလောက်ရုံမျှ ရရှိခဲ့လျှင် အသာထိုင်၍ ဘုဉ်းပေးတော်မူ၏။ အကယ်၍ ဆွမ်းပိုမည်ဖြစ်လျှင် ထိုပိုမည့်ဆွမ်းကို ဆွမ်းဦးထည့်သောခွက်၌ ထည့်ပြီးမှ ထိုခွက်ကိုပိတ်၍ ဘုဉ်းပေးတော်မူ၏။ ဆွမ်းစားပြီးလျှင် သပိတ်ကို ဆေးကြောသုတ်သင် ရေစင်အောင်ပြုလုပ်ကာ သပိတ်အိတ်၌ သပိတ်ကိုထည့်၍ မိမိ၏ သပိတ်သင်္ကန်းကို ယူဆောင်ကာ မိမိ၏ နေ့သန့်နေရာအရပ်သို့ ဝင်တော်မူလေ၏။

ဒုတိယမထေရ်သည်လည်း ဆွမ်းစားရာနေရာသို့ ရောက်လျှင်ပင် “ရဟန်းတပါးသည် ငါ၏အလျင် သွားနှင့်ပြီ၊ တပါးကား ငါမှနောက် ကျန်သေးသည်”ဟု သိတော်မူ၏။ ထိုမထေရ်သည် မိမိသပိတ်၌ ဆွမ်းမျှတရုံသာရှိလျှင် အသာထိုင်၍ ဘုဉ်းပေးတော်မူ၏။ အကယ်၍ နည်းနေလျှင် ဆွမ်းဦးထည့်သောခွက်မှ (ပဌမရဟန်း ထားခဲ့သည့်) ဆွမ်းကို ယူ၍ ဘုဉ်းပေးတော်မူ၏။ မိမိသပိတ်၌ ဆွမ်းသည် စားလောက်ရုံမက ပိုနေမည်ဆိုလျှင် ထိုပိုမည့်ဆွမ်းကို ဆွမ်းဦးထည့်သောခွက်၌

၁၄

ထည့်ပြီး (ဦးချထားပြီး)မှ မိမိမျှတရုံကို စားပြီးလျှင် ပဌမမထေရ်နည်းတူပင် မိမိ၏ နေ့သန့်ရာအရပ်သို့ ဝင်တော်မူလေ၏။

တတိယမထေရ်သည်လည်း ဆွမ်းစားရာနေရာသို့ ရောက်လျှင်ပင် “ရဟန်းနှစ်ပါးတို့သည် ငါ၏အလျင် ရောက်နှင့်ကြ သွားနှင့်ကြပြီ၊ ငါကား နောက်ဆုံးတည်း”ဟု သိတော်မူပြီးလျှင် ဒုတိယမထေရ်ကဲ့သို့ပင် ဆွမ်းဘုဉ်းပေး၍ ဆွမ်းကိစ္စပြီးလတ်သော် သပိတ်ကို ဆေးကြောသုတ်သင် ရေစင်အောင်ပြုလုပ်ကာ သပိတ်အိတ်၌ သပိတ်ကိုထည့်၍ နေရာများကို ချီမ၍ သိုမှီးသိမ်းဆည်းတော်မူ၏။ သောက်ရေအိုး သုံးရေအိုးတို့၌ ရေကြွင်း ရေကျန်များကို စွန့်သွန်ပြီးလျှင် အိုးများကို မှောက်ထား၍ ဆွမ်းဦးထည့်သောခွက်၌ ဆွမ်းကြွင်း ဆွမ်းကျန် ရှိသေးလျှင် ထိုဆွမ်းကြွင်းဆွမ်းကျန်ကို ထိုဆိုအပ်ပြီးသော နည်းအတိုင်း စိမ်းသော မြက်သစ်ပင်မရှိရာအရပ် ပိုးမရှိရာရေတို့၌ စွန့်၍ ခွက်ကို ဆေးကြောသုတ်သင်ပြီးလျှင် သိုမှီး သိမ်းဆည်းထားခဲ့၏။ ဆွမ်းစားကျောင်း (=ဆွမ်းစားရာနေရာ)ကို တံမြက်လှည်း၍ တံမြက်ချေးကို စွန့်သွန်ပြီးနောက် တံမြက်စည်းကို ခြပုန်းများလွတ်ရာအရပ်၌ သိမ်းထားခဲ့ပြီးလျှင် သပိတ်သင်္ကန်းကို ယူဆောင်၍ မိမိ၏ နေ့သန့်ရာအရပ်သို့ ဝင်တော်မူလေ၏။ ။ဤဆိုအပ်ပြီးသည်ကား မထေရ်တို့၏ ကျောင်းအပြင်ပ တောအတွင်း ဆွမ်းစားရာ ဆွမ်းစားကျောင်း၌ပြုကျင့်အပ်သော ဝတ်တည်း။

သောက်ရေ သုံးဆောင်ရေ တည်ထားခြင်းကား ကျောင်းတွင်း၌ပြုအပ်သော ဝတ်တည်း။ ထင်ရှားစေဦးအံ့.. ထိုမထေရ်မြတ်သုံးပါး တို့သည် သောက်ရေအိုးစသည် တခုခု ရေမရှိသည်ကိုမြင်လျှင် ထိုမြင်သောမထေရ်က ထိုအိုးကိုယူဆောင်၍ ရေကန်သို့ သွားပြီးလျှင် အိုး၏ အတွင်းအပြင်ကို ဆေးကြောသုတ်သင်ပြီးနောက် ရေကိုစစ်၍ ထည့်ပြီးလျှင် (မနိုင်သောဝန်ဖြစ်က) ထိုရေအိုးကို ကမ်းနားမှာပင် ထားခဲ့၍ အဖော်ရဟန်းကို လက်ယပ်၍ ခေါ်တော်မူ၏၊ အဖော်ရဟန်းကို ရရှိရန် အမည်ကို ထုတ်ဖော်၍ဖြစ်စေ, မထုတ်ဖော်ပဲဖြစ်စေ အသံပြုတော်မမူချေ။

အကြောင်းသော်ကား အမည်ထုတ်ဖော်၍ အသံပြုခေါ်ငင်လျှင် ထိုအခေါ်ခံရသောရဟန်းကို ခေါ်သောအသံသည် ကမ္မဋ္ဌာန်းအလုပ်၏ အနှောက်အယှက် ဖြစ်လေရာ၏။ ထို့ကြောင့် အမည်ထုတ်ဖော်၍လည်း အသံပြုတော်မမူ။ အမည်ကို မထုတ်ဖော်ပဲ အသံပြုလျှင် “ငါအလျင် ရောက်အောင်သွားမည်၊ ငါအလျင်ရောက်အောင်သွားမည်”ဟု

၁၅

ကြံစည်ကာ နှစ်ပါးလုံးပင် ကမ္မဋ္ဌာန်းကျောင်းမှ ထွက်လာကုန်လေရာ၏။ ထိုသို့ထွက်လာလျှင် နှစ်ပါးပြုလုပ်လျှင် ပြီးနိုင်သောကိစ္စ၌ (သုံးပါးပြုလုပ်သဖြင့်) တတိယပုဂ္ဂိုလ်၏အဖို့ရာ အပိုအလျှံကဲ့သို့ဖြစ်ကာ ကမ္မဋ္ဌာန်းအလုပ် ပျက်ကွက်လေရာ၏၊ ထို့ကြောင့် အမည်ကို မထုတ်ဖော်ပဲလည်း အသံပြုတော်မမူချေ။

အသံမပြုလျှင် မည်ကဲ့သို့ ပြုလုပ်သနည်းဟူမူ ရေစစ်ခဲ့သောရဟန်းသည် ခြေသံမကြားရအောင် ရဟန်းတပါး၏ နေ့သန့်ရာအရပ်အနီးသို့ သွားရောက်၍ ထိုရဟန်းမြင်သောအခါမှ လက်ယပ်ခေါ်ငင်လေသည်။ ထိုသို့ လက်ယပ်လျှင်ပင် ထိုအဖော်ရဟန်းသည် လာလေတော့၏။ ထို့နောင်မှ ရဟန်းနှစ်ပါးတို့ လက်ချင်းယှက်ကာ လက်နှစ်ဖက်ပေါ်၌ ရေအိုးကိုထား၍ ပွေ့ချီ ယူဆောင်ကြကာ သောက်ရေသုံးရေကို တည်ထားတော်မူကြလေသည်။

“ငါးရက်တကြိမ် တညဉ့်လုံးလုံး တရားစကားဖြင့် ကောင်းစွာ နေထိုင်ကြပါကုန်၏”ဟူသော စကား၌.. လဆန်း လဆုတ် ဆယ့်လေးရက်, ဆယ့်ငါးရက်, ရှစ်ရက်, ဤသုံးရက် သုံးရက်ကား ပကတိ တရားနာရာ သုံးရက်ဖြစ်သည်။ ထိုသုံးရက် တရားပွဲကိုလည်း မပျက်စေပဲ ငါးရက်မြောက် ငါးရက်မြောက်သော နေ့၌ အရှင်နန္ဒိယ, အရှင်ကိမိလ မထေရ်နှစ်ပါးတို့သည် အလွန်မွန်းမလွဲမီ ရေချိုးကြပြီး အနုရုဒ္ဓါမထေရ်မြတ်ထံသို့ သွားကြကုန်၏၊ ထိုအရှင်အနုရုဒ္ဓါမထေရ်၏ နေရာအရပ်၌ မထေရ်သုံးပါး စည်းဝေး ထိုင်နေကြပြီးလျှင် ပိဋကသုံးပုံတို့အနက် တပုံပုံ၌ အချင်းချင်း ပြဿနာမေးတော်မူကြ ဖြေတော်မူကြကုန်၏။ ထိုမထေရ်မြတ်တို့ ဤကဲ့သို့ ပြဿနာမေးဖြေမှု ပြုကြစဉ်ပင် အရုဏ်တက်လေတော့၏။

ဤမျှဖြင့် မြတ်စွာဘုရားရှင်က အပ္ပမာဒလက္ခဏာကို အမေးခံရသော အရှင်အနုရုဒ္ဓါ မထေရ်မြတ်သည် (အခြားပုဂ္ဂိုလ်များ) မေ့လျော့ကြသည့် အရာဌာနများမှာပင် မိမိတို့၏ မမေ့မလျော့သော အကြောင်းအရာကို ကြားလျှောက်ထားအပ်လေသည်။ ချဲ့ဦးအံ့.. အခြား တပါးသော ရဟန်းတို့မှာ ဆွမ်းခံဝင်ချိန်အခါ, ဆွမ်းခံရန် ကျောင်းမှထွက်သောအခါ, သင်းပိုင်ကို ပြင်ဝတ်သောအခါ, သင်္ကန်းရုံသောအခါ, မြို့ရွာအတွင်း၌ ဆွမ်းခံလှည့်လည်သောအခါ, တရားဟောသောအခါ, အနုမောဒနာပြုသောအခါ, မြို့တွင်းမှ ထွက်ခဲ့၍ ဆွမ်းစားသောအခါ, သပိတ်ဆေးသောအခါ, သပိတ်ကို သပိတ်အိတ်၌ သွင်းသောအခါ,

၁၆

သပိတ်သင်္ကန်းကို သိုမှီးသိမ်းဆည်းသောအခါ ဤအရာဌာနများသည် စကားအကျယ်ချဲ့၍ ပြောဆိုရာ ဌာနများ = ကမ္မဋ္ဌာန်းလက်လွတ် စကားပြောဆိုခြင်းဖြင့် ကမ္မဋ္ဌာန်းအလုပ်၌ မေ့လျော့ရာဌာနများ ဖြစ်ကုန်၏။ ထို့ကြောင့် အရှင်အနုရုဒ္ဓါမထေရ်သည် “တပည့်တော်များမှာ ဤဖော်ပြပါ အခြားတပါးသော ရဟန်းများအဖို့ရာ ကမ္မဋ္ဌာန်းအလုပ်၌ မေ့လျော့ရာဌာန ကာလများမှာပင်သော်လည်း အခါအခွင့်မဟုတ်၍ ဝိဟာရသမာပတ်များကို မဝင်စားခြင်းမှတပါး) အခြားကမ္မဋ္ဌာန်းအလုပ်နှင့် ဆန့်ကျင်သော ကမ္မဋ္ဌာန်း လက်လွတ်စကား အကျယ်ချဲ့၍ ပြောဆိုခြင်းစသော အလုပ်ပိုများကို တပည့်တော်တို့ လုံးဝ မပြုကျင့်ကြပါကုန်ဘုရား”ဟု သူတပါးတို့၏ မေ့လျော့ရာဌာနတို့၌ပင် မိမိတို့၏ အထွတ်အထိပ်သို့ရောက်သော မမေ့မလျော့ခြင်း လက္ခဏာကို ဖြေကြားတော်မူလေသည်။

ဤစကားရပ်ဖြင့်ပင် ဖော်ပြရာပါ ဆယ့်တဌာန အခါကာလများကို လွှတ်၍ အခြားတပါးသော အရာဌာနတို့၌ ဝိဟာရသမာပတ်တို့ကို မဝင်စားသောအနေဖြင့် မေ့လျော့သောအခါဟူ၍ တပည့်တော်တို့မှာ မရှိပါဟုသာ အနက်အဓိပ္ပါယ်ကိုလည်း ဖော်ပြလေသည်။

အရှေ့ဝါးတောသို့ ကြွရောက်တော်မူခြင်းအကြောင်း ပြီး၏။

**********

ပါလိလေယျကအရပ်သို့ ကြွတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် ရှေး၌ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ဗာလကလောဏကရွာဝယ် အရှင်ဘဂုမထေရ်အား နေ့တဝက်နှင့် တညဉ့်ပတ်လုံး တကိုယ်တည်းနေခြင်း၌ အကျိုးအာနိသင်ကို ဟောပြီးလျှင် နောက်တနေ့၌ ထိုဘဂုမထေရ်ကိုပင် နောက်လိုက်ရဟန်းပြုကာ ဗာလကလောဏကရွာတွင်းသို့ ဆွမ်းခံလှည့်လည်တော်မူပြီး၍ ထိုဘဂုမထေရ်ကို ထိုအရပ်၌ပင် ပြန်နစ်စေတော်မူပြီးနောက် “ညီညွတ်သောနေခြင်းဖြင့် နေထိုင်ကြသည့် အမျိုးကောင်းသား သုံးဦးတို့ကို ငါကြည့်ရှုအံ့”ဟု ကြံစည်တော်မူကာ အရှေ့ဝါးတောအရပ်သို့ တပါးတည်း ကြွရောက်တော်မူ၍ အရှင်အနုရုဒ္ဓါမထေရ်, အရှင်နန္ဒိယမထေရ်, အရှင်ကိမိလမထေရ်တို့အား တညဉ့်ပတ်လုံး အညီအညွတ်နေခြင်း၌ အကျိုးအာနိသင် တရားစကားကို ဟောကြားတော်မူ၍ ထိုမထေရ်သုံးပါးတို့ကိုလည်း

၁၇

ထိုအရှေ့ဝါးတောအရပ်မှာပင် ပြန်နစ်စေတော်မူခဲ့၍ ကိုယ်တော်တပါးတည်းပင် ကြွသွားတော်မူလတ်သော် ပါလိလေယျကရွာသို့ ရောက်တော်မူလေ၏။

     ထိုအခါ ပါလိလေယျကရွာသားတို့သည် ခရီးဦးကြိုဆိုကြကာ မြတ်စွာဘုရားရှင်အား အလှူဒါနကို ပေးလှူပြီးနောက် ပါလိလေယျကရွာနှင့် မနီးမဝေးသောအရပ်ဝယ် ရက္ခိတမည်သော တောအုပ်ကြီးရှိလေသည်။ ထိုတောအုပ်အတွင်း၌ မြတ်စွာဘုရားရှင် သီတင်းသုံး နေထိုင်တော်မူရန် သင်္ခမ်းကျောင်းကို ဆောက်လုပ်ကြပြီးလျှင် “မြတ်စွာဘုရားရှင်သည် ဤရက္ခိတတောကျောင်း၌ သီတင်းသုံး နေတော်မူပါ ဘုရား”ဟု လျှောက်ထား တောင်းပန်၍ နေထိုင်စေကြလေကုန်၏။

     ထိုရက္ခိတ တောအုပ်အတွင်းဝယ် မြတ်စွာဘုရားရှင်အတွက် ဆောက်လုပ်အပ်သော သင်္ခမ်းကျောင်း၏အနီး၌ ဘဒ္ဒသာလမည်သော အင်ကြင်းပင်ကြီးတပင် ရှိလေသည်။ မြတ်စွာဘုရားရှင်သည် ပါလိလေယျကရွာကို အမှီဂေါစရဂါမ်ပြု၍ ရက္ခိတတောအုပ်အတွင်း သင်္ခမ်းကျောင်းအနီးရှိ ထိုဘဒ္ဒသာလမည်သော အင်ကြင်းပင်ကြီးအနီး၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ ဆိတ်ငြိမ်ရာ၌ တပါးတည်း ကိန်းအောင်းနေတော်မူသော မြတ်စွာဘုရားရှင်၏ စိတ်သန္တာန်ဝယ်-

“ငါသည် ရှေးအခါက မျက်ကွယ် မျက်မှောက် ငြင်းခုံကြလျက် ဆန့်ကျင်ဖက်ပြောကြား စကားများကြ၍ သံဃာ၌ အဓိကရုဏ်းကိုပြုတတ်သော ထိုကောသမ္ဗီရဟန်းတို့နှင့် ရောပြွမ်းသည်ဖြစ်၍ ချမ်းသာစွာ မနေခဲ့ရချေ။ ငါသည် ယခုအခါ၌ မျက်ကွယ် မျက်မှောက် ငြင်းခုံကြလျက် ဆန့်ကျင်ဖက်ပြောကြား စကားများကြ၍ သံဃာ၌ အဓိကရုဏ်းကိုပြုတတ်သော ထိုကောသမ္ဗီရဟန်းတို့နှင့်ကင်းကွာ အဖော်မပါ တပါးတည်း ချမ်းသာစွာ နေရပေ၏”—

ဟူ၍ အကြံအစည် ဖြစ်တော်မူလေ၏။

၁၈

ပါလိလေယျက(ပလလဲ)ဆင်မင်းအကြောင်း

     ထိုအချိန်မှာပင် တကောင်သော (အုပ်ထိန်း) ဆင်ပြောင်ကြီးသည်လည်း ဆင်ပေါက်, ဆင်မ, ဆင်ရွေ, နို့စိုဆင်ငယ်တို့နှင့် ရောပြွမ်းသည်ဖြစ်၍ နေဆဲဖြစ်၏။ ထိုဆင်ပြောင်ကြီးသည် ထိုသို့ ရောပြွမ်းနေထိုင်ရသဖြင့် အညွန့်ပြတ်သော မြက်တို့ကိုလည်း စားရ၏။ ထိုဆင်ပြောင်ကြီး ချိုး၍ ချိုး၍ ချသမျှသော သစ်ခက် သစ်ကိုင်းများကိုလည်း အခြားဆင်တို့သည် စားကုန်၏။ ထိုဆင်ပြောင်ကြီးသည် ရေနောက်တို့ကိုလည်း သောက်ရ၏၊ ရေဆိပ်မှ တက်လတ်သော ထိုဆင်ပြောင်ကြီး၏ကိုယ်ကို ဆင်မတို့သည်လည်း ပွတ်တိုက် တိုးဝှေ့ကုန်လျက် သွားကြကုန်၏။

     ထိုအခါ ထိုဆင်ပြောင်ကြီး၏ စိတ်သန္တာန်ဝယ် “ငါသည် ဆင်ပေါက်, ဆင်မ, ဆင်ရွေ, နို့စို့ဆင်ငယ်တို့နှင့် ရောပြွမ်းသည်ဖြစ်၍ နေရ၏၊ ထိုသို့ ရောပြွမ်းနေထိုင်ရသဖြင့် အညွန့်ပြတ်သော မြက်တို့ကိုလည်း စားရ၏၊ ငါ ချိုး၍ ချိုး၍ ချသမျှသော သစ်ခက် သစ်ကိုင်းများကိုလည်း အခြားဆင်တို့သည် စားကုန်၏၊ ငါသည် ရေနောက်တို့ကိုလည်း သောက်ရ၏၊ ရေဆိပ်မှ တက်လတ်သော ငါ၏ကိုယ်ကို ဆင်မတို့သည်လည်း ပွတ်တိုက် တိုးဝှေ့ကုန်လျက် သွားကြကုန်၏၊ ငါသည် တကောင်တည်းသာလျှင် ဆင်အပေါင်း (=ဆင်အုပ်)မှ ကင်းကွာလျက် နေရမူ ကောင်းလေစွာ့”ဟူ၍ အကြံအစည်ဖြစ်ပြီးနောက် ထိုဆင်ပြောင်ကြီးသည် ဆင်အုပ်မှခွဲကာ ပါလိလေယျက ရက္ခိတမည်သော တောအုပ်ရှိ အင်ကြင်းပင်ကြီးအနီး မြတ်စွာဘုရားရှင်ထံတော်သို့ ချဉ်းကပ် ရောက်ရှိလာ၏။

(ဤ၌။ ။ပါလိလေယျက-ဟူသော အမည်မှာ ရွာ၏အမည်ရင်း ဖြစ်သည်၊ တောအုပ်၏ အမည်ရင်းမှာ ရက္ခိတ-ဟူ၍ ဖြစ်သည်။ ထိုရက္ခိတတောအုပ်ကိုပင် ပါလိလေယျကရွာ၏ အနီး၌ တည်ရှိသောကြောင့် သမီပူပစာအားဖြင့် ပါလိလေယျက (=ပလလဲ)တောဟူ၍လည်း ခေါ်ရ၏။ ထိုတော၌ ရောက်လာသော ဖော်ပြရာ ဆင်ပြောင်ကြီးကိုလည်း ပါလိလေယျက (=ပလလဲ)ဆင်မင်းဟူ၍ ခေါ်စမှတ်ပြုကြ၏)။

၁၉

ပလလဲဆင်မင်း မြတ်စွာဘုရားအား ဝတ်ကြီးဝတ်ငယ်ပြုပုံ

     ထိုဆင်ပြောင်ကြီးသည် ဆင်အုပ်နှင့်အတူ နေရခြင်း၌ စက်ဆုပ်ငြီးငွေ့လျက် ထိုရက္ခိတောအုပ်သို့ ၀င်လေသော် ထိုတောအုပ်အတွင်း အင်ကြင်းပင်ရင်း၌ ထိုင်နေတော်မူသော မြတ်စွာဘုရားကို တွေ့မြင်ရ၍ ရေအိုးအလုံးပေါင်းတထောင်ဖြင့် အပူကိုငြိမ်းစေအပ်ပြီးသောသူအလား ငြိမ်းအေးလျက် ကြည်ညိုသော စိတ်ရှိကာ မြတ်စွာဘုရား၏အနီး၌ ရပ်တည်လာလေ၏။ ထိုအချိန်မှ အစပြုကာ နေ့စဉ် နေ့စဉ် ဝတ်ပြုသောအနေဖြင့် ဘဒ္ဒသာလ အင်ကြင်းပင်ကြီးနှင့် သင်္ခမ်းကျောင်းတို့၏ ပတ်ဝန်းကျင်၌ မြက်သစ်ပင်များမရှိအောင် ပြုလုပ်ပြီးလျှင် သစ်ခက်ဖြင့် တံမြက်လှည်းလေ၏။ မြတ်စွာဘုရားရှင် အသုံးပြုတော် မူရန် မျက်နှာသစ်ရေကို ဆက်ကပ်လေ၏၊ ချိုးရေကို သယ်ခပ်၏၊ ဒန်ပူကို ဆက်ကပ်၏၊ တောအတွင်းမှ ချိုမြိန်ကောင်းမြတ်သော သစ်သီးကြီးငယ်တို့ကို ယူဆောင်ခဲ့ကာ မြတ်စွာဘုရားရှင်အား ဆက်ကပ်လေ၏။ မြတ်စွာဘုရားရှင်သည် ထိုပလလဲဆင်မင်း ဆက်ကပ်သော သစ်သီးကြီးငယ်တို့ကို ဘုဉ်းပေး သုံးဆောင်တော်မူ၏။

     ထိုပလလဲဆင်မင်းသည် နှာမောင်းဖြင့် ထင်းများကို ယူဆောင်ခဲ့ပြီးလျှင် ထင်းချောင်းအချင်းချင်း ပွတ်တိုက်၍ မီးဖြစ်အောင် ပြုလုပ်ကာ ထင်းများကို မီးတောက်စေပြီးနောက် ထိုမီးတောက်ထဲ၌ ကျောက်တုံးများကိုထည့်၍ ဖုတ်ပြီးလျှင် ကျောက်တုံးများ ပူသောအခါ တုတ်ချောင်းဖြင့် လှိမ့်ကာ လှိမ့်ကာ ကျောက်ရေကန် ကျောက်ခွက်ထဲ၌ ပစ်ချ၍ ရေပူသည် မပူသည်ကို စုံစမ်းပြီးမှ ရေပူသည်ကိုသိလျှင် မြတ်စွာဘုရားရှင် အထံတော်သို့ သွားရောက်ကာ အနီး၌ ရပ်လာလေသည်။ မြတ်စွာဘုရားရှင်သည် “ဤပလလဲဆင်မင်းကား ငါဘုရား ရေချိုးခြင်းကို အလိုရှိ၏”ဟု သိတော်မူကာ ထိုကျောက်ရေကန် ကျောက်ခွက်ရှိရာသို့ ကြွရောက်၍ ရေချိုးမှုကို ပြုတော်မူလေ၏။ သောက်ရေ တည်ထားရာ၌လည်း ဤနည်းအတူပင်တည်း၊ အထူးကား ထိုသောက်ရေ အေးမြသောအခါ မြတ်စွာဘုရား အထံတော်သို့ သွားရောက် ချဉ်းကပ်လေသည်။

၂၀

(ဤကိုထောက်၍ မြတ်စွာဘုရားရှင်သည် ရေကျက်အေးကို သုံးဆောင်တော်မူသည်ဟု အထူးမှတ်ယူရာ၏)။ (ဤဆိုအပ်ပြီးသည်ကား ဝိနည်းမဟာဝါ ပါဠိအဋ္ဌကထာ သာရတ္ထဒီပနီဋီကာတို့မှ ထုတ်နုတ်ဖော်ပြချက်တည်း)။

(ဤဆိုလတ္တံ့သည်ကား ဓမ္မပဒအဋ္ဌကထာ ပဌမအုပ် ကောသမ္ဗကဝတ္ထု၌ လာရှိသော စကားရပ်စု ဖြစ်သည်)—

     ပလလဲဆင်မင်းသည် မြတ်စွာဘုရားရှင် ရွာတွင်းသို့ ဆွမ်းခံ ကြွဝင်တော်မူသောအခါ မြတ်စွာဘုရားရှင်၏ သပိတ်သင်္ကန်းကိုယူ၍ ဦးကင်း၌ တင်ထားပြီးလျှင် မြတ်စွာဘုရားရှင်နှင့် အတူတကွသာ လိုက်ပါလေ၏။ မြတ်စွာဘုရားရှင်သည် ရွာ၏ဥပစာသို့ ရောက်သည်ရှိသော် “ပါလိလေယျက.. ဤမှစ၍ သင်သည် ရှေ့ဆက်၍လိုက်ရန် မသင့်လျော်တော့ချေ၊ ငါဘုရား၏ သပိတ်သင်္ကန်းကို ယူခဲ့လော့”ဟု မိန့်တော်မူ၍ ပလလဲဆင်မင်း၏ ဦးကင်းမှ သပိတ်သင်္ကန်းကို ချစေကာ ကိုယ်တော်တိုင်ပင် သပိတ်သင်္ကန်းကို ယူဆောင်တော်မူ၍ ရွာတွင်းသို့ ဆွမ်းခံ ကြွဝင်တော်မူလေ၏။

     ပလလဲဆင်မင်းသည်လည်း မြတ်စွာဘုရားရှင် ပြန်ကြွတော်မူလာသည်တိုင်အောင် ထိုအရပ်၌ပင် တည်နေ၍ မြတ်စွာဘုရားရှင် ပြန်ကြွတော်မူလာလောအခါ ခရီးဦးကြိုဆိုမှုပြု၍ ရှေးနည်းအတိုင်းပင် သပိတ်သင်္ကန်းကို ယူဆောင်၍ နေရင်းတောကျောင်းသို့ ရောက်သောအခါ ထိုသပိတ်သင်္ကန်းကို နေရာတကျ ထားပြီးလျှင် မြတ်စွာဘုရားရှင်အား ဝတ်ပြု၍ သစ်ခက်ဖြင့် ယပ်လေခပ်ပေးလေ၏။ ညဉ့်အချိန်သို့ ရောက်လတ်သော် ခြင်္သေ့ သစ် ကျား ဘေးအန္တရာယ်များကို တားမြစ်ပယ်ရှားရန် တုတ်ချောင်းကြီးတခုကို နှာမောင်းဖြင့် ပွေ့ချီ၍ “မြတ်စွာဘုရားရှင်ကို ငါစောင့်ရှောက်မည်”ဟူသော ရည်ရွယ်ချက်ဖြင့် အရုဏ်တက်သည်တိုင်အောင် တောအုပ်အတွင်း လှည့်လည် စောင့်ရှောက်လေ၏။

၂၁

     အထူးမှတ်ရန်မှာ။ ။ထိုအခါမှစ၍ ထိုတောအုပ်ကြီးသည် ပါလိလေယျကဆင်မင်း စောင့်ရှောက်အပ်သောကြောင့် ပါလိလေယျကရက္ခိတ တောအုပ်ဟူ၍ အမည်တွင်လေသည်။

     အရုဏ်တက်သောအခါ မျက်နှာသစ်တော်ရေ ဆက်ကပ်ခြင်းကို အစပြု၍ ထိုနည်းဖြင့်ပင် အလုံးစုံသော ဝတ်ကြီးဝတ်ငယ်တို့ကို ပြုလေ၏။

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ဖော်ပြရာပါအတိုင်း ပလလဲဆင်မင်း ပြုစုလုပ်ကျွေးသည်ကို ခံယူတော်မူကာ ဆယ်ခုမြောက် (ဒသမ)ဝါကို ပါလိလေယျက (=ပလလဲ)တောအုပ်၌ ကပ်ဆို သီတင်းသုံး နေထိုင်တော်မူ၏။

ကောသမ္ဗီပြည်၌ ဖြစ်နေပုံများ

     ထိုသို့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ပလလဲတောသို့ ကြွရောက်၍ ၀ါကပ် သီတင်းသုံး နေတော်မူသောအခါ ကောသမ္ဗီပြည်၌ နေထိုင်ကြသည့် ဃောသကသူဌေး အစရှိသော ဥပါသကာ ဒါယကာအပေါင်းတို့သည် ဃောသိတာရုံကျောင်းတိုက်သို့ သွားရောက်ကြ၍ မြတ်စွာဘုရားရှင်ကို မဖူးတွေ့ကြရကုန်သည်ရှိသော် “အရှင်ဘုရားတို့.. မြတ်စွာဘုရားရှင် အဘယ်မှာ သီတင်းသုံးပါသနည်း”ဟု မေးမြန်းကြသည်တွင် ရဟန်းတို့က “ဒါယကာတို့.. မြတ်စွာဘုရားရှင်သည် ပလလဲတောအုပ်သို့ ကြွတော်မူလေပြီ”ဟု ဝမ်းနည်းဖွယ်စကား ဖြေကြားကြလေသော် “အဘယ်အကြောင်းကြောင့်နည်း”ဟု ဒါယကာတို့က မေးမြန်းကြကုန်၏။ ရဟန်းတို့က “မြတ်စွာဘုရားရှင်သည် စိတ်ဝမ်းကွဲပြားနေသော ငါတို့ကို ညီညွတ်အောင်ပြုလုပ်ရန် အားထုတ်တော်မူပါ၏။ သို့သော်လည်း ငါတို့ကား (အမျက်မာန်ပွါးကြကာ) ညီညွတ်သူများ မဖြစ်ကြကုန်၊ (ထို့ကြောင့် ပလလဲတောအုပ်သို့ ကြွတော်မူလေပြီ)”ဟု ဖြေကြားကြ၍ “အရှင်ဘုရားတို့.. အသို့နည်း = ဘယ့်နှယ်လဲ၊ အရှင်ဘုရားတို့သည် မြတ်စွာဘုရားရှင်အထံတော်၌ ရဟန်းပြုကြပြီးလျှင် ထို “မြတ်စွာဘုရားရှင်က (ကွဲပြားသည်ကို) ညီညွတ်အောင်

၂၂

ပြုတော်မူပါလျက် ညီညွတ်သူများ မဖြစ်ကြသလော”ဟု ဒါယကာတို့က မေးမြန်းသဖြင့် ဟုတ်မှန်ကြောင်း ရဟန်းတို့သည် ဝန်ခံကြလေကုန်၏။

     ကောသမ္ဗီပြည်သား ဒါယကာ ဒါယိကာမ အများတို့သည် “ဤရဟန်းတို့ကား မြတ်စွာဘုရားရှင်အထံတော်၌ ရဟန်းပြုကြပြီးလျှင် ထိုမြတ်စွာဘုရားရှင်က (ကွဲပြားသည်ကို) ညီညွတ်အောင် ပြုတော်မူပါသော်လည်း ညီညွတ်သူများ မဖြစ်ကြကုန်၊ ငါတို့သည် ဤရဟန်းတို့ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်ကို ကြာမြင့်စွာဖူးမြော်ခွင့်ကို မရကြကုန်၊ ဤရဟန်းတို့အား နေရာထိုင်ခင်းကို မပေးကြစတမ်း၊ ရှိခိုးခြင်း စသည်တို့ကို မပြုကြစတမ်း”ဟု ကတိကဝတ်ထားကြပြီးလျှင် ထိုအခါမှစ၍ ထိုခိုက်ရန်ငြင်းပွါး ကောသမ္ဗီရဟန်းတို့အား (ပစ္စည်းလေးပါးကို လှူရန်ဝေးစွာ့) အရိုအသေကိုလည်း မပြုကြတော့ကုန်။

     ထိုခိုက်ရန်ငြင်းပွါး ရဟန်းများသည် ဆွမ်းအစာအာဟာရ ခေါင်းပါး မစားရခြင်းကြောင့် တနေ့တခြား အသွေးအသား ခန်းခြောက်ကြကာ နှစ်ရက်သုံးရက်အတွင်းမှာပင် စိတ်ကောင်း စိတ်ဖြောင့်ဝင်ကြကာ အချင်းချင်း အပြစ်ကိုပြောကြား တောင်းပန်ဝန်ချ ကန်တော့ကြပြီးနောက် ဒါယကာတို့ကို “ဒါယကာတို့.. ငါတို့သည် ညီညွတ်သူများ ဖြစ်ကြပါပြီ၊ သင်တို့သည်လည်း ငါတို့အပေါ် ရှေးကကဲ့သို့ပင် ဖြစ်ကြပါကုန်လော့”ဟု ပြောဆိုတောင်းပန်ကြလေကုန်၏။ ထိုအခါ ဒါယကာတို့က “အရှင်ဘုရားတို့.. အရှင်ဘုရားတို့သည် မြတ်စွာဘုရားကို ကန်တော့ပြီးကြပြီလော”ဟု မေး၍ “ဒါယကာတို့.. မကန်တော့ကြရသေးပါ”ဟု ဖြေကြားကြလေသော် ဒါယကာတို့သည် “ထိုသို့ဖြစ်လျှင် အရှင်ဘုရားတို့သည် မြတ်စွာဘုရားရှင်ကို ကန်တော့ကြပါကုန်လော့၊ မြတ်စွာဘုရားအား ကန်တော့ပြီးသောအခါ တပည့်တော်တို့သည်လည်း အရှင်ဘုရားတို့အပေါ်မှာ ရှေးကကဲ့သို့ပင် ဖြစ်ကြပါကုန်အံ့”ဟု လိမ္မာပါးနပ်သော စကားကို ပြောကြားကြလေ၏။ ထိုကောသမ္ဗီရဟန်းတို့သည် ဝါတွင်းဖြစ်သဖြင့် မြတ်စွာဘုရားရှင်အထံတော်သို့

၂၃

မသွားဝံ့ကြပဲ ဆင်းရဲငြိုငြင်စွာ ဝါတွင်းသုံးလကို လွန်စေကြရလေကုန်သည်။

ပလလဲဆင်မင်းကို အားကျသော မျောက်အကြောင်း

     မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်သည်ကား ပလလဲဆင်မင်း၏ အပြုအစုကို (ရှေးဖော်ပြရာပါအတိုင်း) ခံယူ သုံးဆောင်တော်မူကာ ထိုပလလဲတော၌ ချမ်းသာစွာ ဝါတွင်းသုံးလပတ်လုံး သီတင်းသုံး နေတော်မူလေ၏။

     ထိုအခါ မျောက်တကောင်သည် ပလလဲဆင်မင်း ထကြွလုံ့လ ဝီရိယနှင့် ပြည့်စုံကာ နေ့တိုင်း နေ့တိုင်း မြတ်စွာဘုရား၏အပေါ်၌ ဝတ်ကြီးဝတ်ငယ် ပြုလုပ်နေသည်ကို မြင်ရ၍ အားကျပြီးလျှင် “ငါသည်လည်း မြတ်စွာဘုရား၏အပေါ်၌ တခုခုသောကောင်းမှုကို ပြုပေအံ့”ဟု ကြံစည်ကာ လှည့်လည်လတ်သည်တွင် တနေ့သ၌ ပျားကောင်မရှိသော ပျားအုံကိုင်းတခုကို တွေ့ရ၍ အကိုင်းကိုချိုးပြီး အကိုင်းနှင့်တကွ ပျားလဘို့ကို မြတ်စွာဘုရားရှင်ထံတော်သို့ ယူဆောင်ခဲ့၍ ငှက်ပျောရွက်ကို ခူးဖြတ်ပြီးလျှင် ထိုငှက်ပျောရွက်၌ထား၍ မြတ်စွာဘုရားရှင်အား ဆက်ကပ်လှူဒါန်းလေ၏။ မြတ်စွာဘုရားသည် ခံယူတော်မူ၏။

     မျောက်သည် “သုံးဆောင်မှုကို ပြုတော်မူလိမ့်မည်လော၊ မပြုလိမ့်လော”ဟု ကြည့်ရှုလတ်သော် သုံးဆောင်တော်မမူသေးပဲ ပျားလဘို့ကို ကိုင်တော်မူလျက်သာ ထိုင်နေတော်မူသော မြတ်စွာဘုရားရှင်ကို မြင်ရ၍ “အဘယ့်ကြောင့်နည်း”ဟု ကြံစည်ပြီးနောက် ပျားလဘို့အကိုင်း အစွန်း၌ကိုင်၍ လှည့်ကာကြည့်ရှု စုံစမ်းသည်တွင် ပျားဥများကို တွေ့မြင်ရ၍ ထိုပျားဥများကို ဖြည်းဖြည်းသာသာ ပယ်ရှားပြီးမှ မြတ်စွာဘုရားရှင်အား တဖန် ဆက်ကပ်ပြန်လေ၏။ မြတ်စွာဘုရားရှင်သည် ထိုအခါမှ သုံးဆောင်တော်မူလေ၏။

     မျောက်သည် နှစ်သက်အားရမ်း ဝမ်းမြောက်သောစိတ်ရှိလျက် ထိုထိုသစ်ခက်များကို တကိုင်းမှ တကိုင်းသို့ ပြောင်းရွှေ့ဆွဲငင်ကာ

၂၄

ဝမ်းသာအားရ က-၍နေလေ၏။ ထိုသို့ က-၍နေဆဲအခါမှာပင် ထိုမျောက်၏ လက်ဖြင့်ကိုင်သော သစ်ကိုင်း ခြေဖြင့်နင်းသော သစ်ကိုင်း နှစ်ကိုင်းလုံးပင် ကျို၍ကျလေသော် ထိုမျောက်သည် သစ်ငုတ်တိုတခုပေါ်၌ကျ၍ သစ်ငုတ်စူးဝင်သောကိုယ်ရှိလျက် မြတ်စွာဘုရားရှင်၌ ကြည်ညိုသောစိတ်ဖြင့်ပင် စုတိပြတ်ကြွေ သေလွန်လတ်၍ တာဝတိံသာနတ်ပြည်ဝယ် ယူဇနာသုံးဆယ်ရှိသော ရွှေဗိမာန်၌ ဖြစ်လေ၏။ နတ်သမီးတထောင် အခြံအရံရှိသော မက္ကဋနတ်သား (=မျောက်နတ်သား)ဟု အမည်တွင်လေ၏။

ပလလဲဆင်မင်း၏ စိတ်အကြံနှင့်

မြတ်စွာဘုရားရှင်၏ ဥဒါန်းစကားတော်

     ရှေး၌ ဖော်ပြအပ်သောအတိုင်း မြတ်စွာဘုရားရှင်အား နေ့တိုင်း ဝတ်ပြုနေသော ပလလဲဆင်မင်း၏ စိတ်သန္တာန်ဝယ်-

“ငါသည် ရှေးအခါက ဆင်ပေါက်, ဆင်မ, ဆင်ရွေ, နို့စို့ဆင်ငယ်တို့နှင့် ရောပြွမ်းသည်ဖြစ်၍ ချမ်းသာစွာမနေခဲ့ရချေ၊ အညွန့်ပြတ်သော မြက်တို့ကိုလည်း စားခဲ့ရလေပြီ၊ ငါ ချိုး၍ ချိုး၍ ချသမျှသော သစ်ခက် သစ်ကိုင်းများကိုလည်း အခြားဆင်တို့သည် စားကြကုန်ပြီ၊ ငါသည် ရေနောက်တို့ကိုလည်း သောက်ခဲ့ရပြီ၊ ရေဆိပ်မှတက်လတ်သော ငါ၏ကိုယ်ကို ဆင်မတို့သည်လည်း တိုးဝှေ့ ပွတ်တိုက်ကုန်လျက် သွားကြကုန်ပြီ၊ ထိုငါသည် ယခုအခါ၌ ဆင်ပေါက်, ဆင်မ, ဆင်ရွေ, နို့စို့ဆင်ငယ်တို့ကို ကြဉ်ဖယ်ခဲ့၍ အဖော်မပါ တကောင်တည်းသာလျှင် ချမ်းသာစွာ နေရပေ၏”–

ဟူ၍ အကြံအစည် ဖြစ်ရှိလေသည်၊ ထိုအခါ မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်၏ အပေါင်းအဖော်နှင့် ကင်းကွာ၍ ဆိတ်ငြိမ်စွာ နေရခြင်းကို၎င်း, ထိုပလလဲဆင်မင်း စိတ်အကြံအစည်ကို၎င်း ကိုယ်တော်၏စိတ်ဖြင့် သိတော်မူ၍ ထိုအချိန်ဝယ်-

၂၅

ဧတံ နာဂဿ နာဂေန၊

ဤသာဒန္တဿ ဟတ္ထိနော။

သမေတိ စိတ္တံ စိတ္တေန၊

ယဒေကော ရမတီ ဝနေ။

ယံ ယသ္မာ = အကြင့်ကြောင့်။ အဟံ = လူသုံးပါးတို့၏ဆရာ ဘုရားငါသည်။ ဧကော = အဖော်မမှီး တကိုယ်တည်းဖြစ်လျက်။ ဝနေ = ရက္ခိတမည်လျှင်း ဤတောအုပ်အတွင်း၌။ ရမာမိ ယထာ = မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်သကဲ့သို့။ ဧဝံ = ဤအတူ။ အယံပိ ဟတ္ထိနာဂေါ = ပလလဲမည်လျှင်း ဤဆင်မင်းသည်လည်း။ ဧကော = အဖော်မမှီး တကောင်တည်းဖြစ်လျက်။ ဝနေ = ရက္ခိတမည်လျှင်း ဤတောအုပ်အတွင်း၌။ ရမတိ = မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်ပေ၏။ တသ္မာ = ထို့ကြေင့်။ ဤသာဒန္တဿ = လှည်းစွယ်ရန်းပုံ လက်ျာချီသည့် အစွယ်ရှိသော။ နာဂဿ ဟတ္ထိနော = ပလလဲမည်သီး ဆင်ပြောင်ကြီး၏။ ဧတံ စိတ္တံ = တောရပ်မြိုင်ပေါ် တကိုယ်ပျော်သော ဤစိတ်သည်။ နာဂေန-နာဂဿ = ဗုဒ္ဓနာဂ အမည်ရသော ငါဘုရား၏။ စိတ္တေန = တောရပ်မြိုင်ပေါ် တကိုယ်ပျော်သော စိတ်အစဉ်နှင့်။ သမေတိ = တကိုယ်ပျော်ချင်း မယွင်းပုံယူ ထပ်မျှတူချေစွာ့တကား”။-

ဟူသော ဤဥဒါန်းဂါထာကို ကျူးရင့်တော်မူလေ၏။

အရှင်အာနန္ဒာ သွားရောက်၍ မြတ်စွာဘုရားရှင်ကို ပင့်ဆောင်ခြင်း

     ပလလဲဆင်မင်း၏ အပြုအစု အလုပ်အကျွေးကို ခံယူတော်မူလျက် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်၏ ထိုပလလဲတော၌ ဝါကပ်ဆို သီတင်းသုံးနေတော်မူသော အဖြစ်သည်ကား ဇမ္ဗူဒိပ်ကျွန်းလုံး၌ ထင်ရှား ကျော်ကြားခဲ့လေပြီ၊ သာဝတ္ထိပြည်၌ နေထိုင်ကြသည့် အနာထပိဏ်သူဌေး ဝိသာခါ ကျောင်းအမကြီးစသော အမျိုးကြီးတို့သည် အရှင်အာနန္ဒာမထေရ်မြတ်ထံသို့

၂၆

“အရှင်ဘုရား.. အရှင်ဘုရားတို့သည် တပည့်တော်တို့ မြတ်စွာဘုရားရှင်ကို ဖူးမြော်ခွင့်ရအောင် ရွက်ဆောင် ချီးမြှောက်တော်မူပါကုန်ဘုရား”ဟူ၍ သတင်းစကား လျှောက်ထား ပို့ရောက်စေကြကုန်၏။

     ထိုထိုအရပ်မျက်နှာ၌ နေထိုင်ကြသော ရဟန်းငါးရာတို့သည်လည်း ဝါကျွတ်သောအခါ အရှင်အာနန္ဒာ မထေရ်မြတ်ထံသို့ ချဉ်းကပ်သွားရောက်၍ “ငါ့ရှင်အာနန္ဒာ.. ငါတို့သည် မြတ်စွာဘုရားရှင်၏ မျက်မှောက်တော်မှ တရားစကားကို မနာကြားကြရသည်မှာ ကြာမြင့်ခဲ့ပါလေပြီ၊ ငါ့ရှင်အာနန္ဒာ.. ငါတို့ တောင်းပန်ပါကုန်၏၊ ငါတို့သည် မြတ်စွာဘုရား၏ မျက်မှောက်တော်မှ တရားစကားကို နာကြားခွင့်ကို ရပါလိုကုန်၏”ဟူ၍ တောင်းပန် လျှောက်ထားကြလေသည်။

     ထိုအခါ အရှင်အာနန္ဒာမထေရ်သည် ထိုရဟန်းငါးရာတို့ကို ခေါ်ဆောင်၍ ပလလဲတောအုပ်သို့ သွားရောက်ကာ “ဝါတွင်းသုံးလပတ်လုံး တပါးတည်းနေတော်မူသော မြတ်စွာဘုရားရှင်၏ အထံတော်သို့ ဤမျှများပြားသော ရဟန်းတို့နှင့် အတူတကွ ဆည်းကပ်ခြင်းငှါ မသင့်လျော်”ဟု ကြံစည်ပြီးလျှင် ထိုရဟန်းငါးရာတို့ကို အပ၌ထားခဲ့၍ တပါးတည်းသာ မြတ်စွာဘုရားရှင်သို့ ဆည်းကပ်လေ၏။

     ပလလဲဆင်မင်းသည် အရှင်အာနန္ဒာကို မြင်လေလျှင် ထင်းချောင်းတုတ်ကြီးကို နှာမောင်းဖြင့်ပွေ့ချီကာ (ရန်သူထင်မှတ်၍) ပြေးလာလေ၏။ မြတ်စွာဘုရားရှင်သည် မြင်တော်မူလတ်၍ “ပါလိလေယျက.. ဖယ်လော့ ဖယ်လော့၊ မတားမြစ်လင့်၊ ဤရဟန်းကား မြတ်စွာဘုရား၏ အလုပ်အကျွေးရဟန်းဖြစ်သည်”ဟု မိန့်တော်မူ၏။ ပလလဲဆင်မင်းသည် ထိုအသံကို ကြားရာအရပ်မှာပင် တုတ်ချောင်းကြီးကို စွန့်ပစ်ခဲ့၍ အရှင်အာနန္ဒာ၏ သပိတ်သင်္ကန်းကို ဆီးကြိုယူငင်ရန် ပန်ကြားသောအမူအရာကို ပြလေ၏။ အရှင်အာနန္ဒာမထေရ်သည် သပိတ်သင်္ကန်းကို ပေးတော်မမူ။

၂၇

     ထိုအခါ ပလလဲဆင်မင်းသည် “အကယ်၍ ဤရဟန်းသည် ဝတ်တရားကို သင်ကြား တတ်သိပြီးသောသူဖြစ်လျှင် မြတ်စွာဘုရားရှင် ထိုင်နေတော်မူရာ ကျောက်ဖျာထက်၌ မိမိ၏ အသုံးအဆောင် ပရိက္ခရာကို ထားလိမ့်မည်မဟုတ်”ဟု ကြံစည်လေ၏။ အရှင်အာနန္ဒာမထေရ်သည် မိမိ၏ သပိတ်သင်္ကန်းကို မြေ၌ပင် ချထားတော်မူ၏။ (အထူးမှတ်ရန်ကား.. ဝတ်တရားနှင့် ပြည့်စုံသူ (=ဝတ်တရားကို နားလည်သူ)တို့သည် အလေးပြုအပ်သော ဆရာသမားတို့၏ ထိုင်နေရာ (=နေရာထိုင်)ပေါ်၌ဖြစ်စေ အိပ်ရာပေါ်၌ဖြစ်စေ မိမိ၏ ပရိက္ခရာကို မထားကြကုန်)။

     အရှင်အာနန္ဒာ မထေရ်မြတ်သည် မြတ်စွာဘုရားရှင်ကို ဆည်းကပ်ရှိခိုးပြီးနောက် အပြစ်လွတ်ရာအရပ်၌ ထိုင်နေတော်မူ၏။ မြတ်စွာဘုရားရှင်သည် “ချစ်သားအာနန္ဒာ.. တပါးတည်းသာ လာခဲ့သလော”ဟု မေးတော်မူလေသော် ရဟန်းငါးရာတို့နှင့် အတူတကွ လာခဲ့ပါကြောင်း လျှောက်ထားသည်ကို ကြားသိတော်မူ၍ “ယခုအခါ ထိုရဟန်းငါးရာတို့သည် အဘယ်အရပ်၌နည်း”ဟု မေးတော်မူသည်တွင် “ရှင်တော်ဘုရားတို့၏ စိတ်အလိုတော်ကို မသိရသေးသဖြင့် အပြင်အပ၌ထားခဲ့၍ လာခဲ့ပါသည်ဘုရား”ဟု အရှင်အာနန္ဒာက ဖြေကြား လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ချစ်သားအာနန္ဒာ.. ထိုရဟန်းငါးရာတို့ကို ခေါ်လိုက်လော့”ဟု မိန့်တော်မူလေ၏။

     အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင် မိန့်တော်မူသည့်အတိုင်း ထိုရဟန်းငါးရာတို့ကို ခေါ်လေလျှင် ထို ရဟန်းငါးရာတို့သည် လာရောက်ကြ၍ မြတ်စွာဘုရားရှင်ကို ရှိခိုးပြီးနောက် အပြစ်လွတ်ရာအရပ်၌ ထိုင်နေကြလေကုန်၏၊ မြတ်စွာဘုရားရှင်သည် ထိုရဟန်းတို့နှင့် အစေ့အစပ် ပဋိသန္ထာရစကား မိန့်ကြားတော်မူလတ်သော် ထိုရဟန်းတို့က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဘုန်းတော်သခင် ရှင်ပင်ဘုရားသည် ဘုရားဖြစ်၍လည်း သိမ်မွေ့နူးညံ့တော်မူပါ၏။ မင်းမျိုးဖြစ်၍လည်း သိမ်မွေ့နူးညံ့တော်မူပါ၏၊ ဝါတွင်းသုံးလပတ်လုံး တပါးတည်း

၂၈

ရပ်တည် နေထိုင်တော်မူကြသော အရှင်ဘုရားတို့သည် ခဲယဉ်းသောအမှုကို ပြုအပ်ခဲ့ပါပြီ၊ ဝတ်ကြီးဝတ်ငယ်ကို ပြုသောသူ မျက်နှာသစ်တော်ရေ စသည်တို့ကို ပေးသောသူမျှ မရှိလေယောင်တကား”ဟု လျှောက်ဆိုကြသည်ရှိသော် “ရဟန်းတို့.. ပလလဲဆင်မင်းသည် ငါဘုရား၏ ကိစ္စကြီးငယ် အသွယ်သွယ်တို့ကို ရွက်ဆောင် ပြုလုပ်အပ်ပေ၏။ မှန်၏- ဤသို့သဘောရှိသော အဖော်သဟဲကောင်းကို ရသောသူသည် ထိုအဖော်သဟဲနှင့် အတူတကွ နေထိုင်သင့်လှပေ၏၊ မရသောသူ အဖို့မှာမူ တကိုယ်တည်း နေထိုင်ခြင်းကသာ ချီးမွမ်းအပ်လှပေ၏”ဟု မိန့်တော်မူပြီးလျှင်-

သစေ လဘေထ နိပကံ သဟာယံ၊

သဒ္ဓိံ စရံ သာဓုဝိဟာရိ ဓီရံ။

အဘိဘုယျ သဗ္ဗာနိ ပရိဿယာနိ၊

စရေယျ တေနတ္တမနော သတီမာ။


နော စေ လဘေထ နိပကံ သဟာယံ၊

သဒ္ဓိံ စရံ သာဓုဝိဟာရိ ဓီရံ။

ရာဇာဝ ရဋ္ဌံ ဝိဇိတံ ပဟာယ၊

ဧကော စရေ မာတင်္ဂရညေဝ နာဂေါ။


ဧကဿ စရိတံ သေယျော၊

နတ္ထိ ဗာလေ သဟာယတာ။

ဧကော စရေ န စ ပါပါနိ ကယိရာ၊

အပ္ပေါဿုက္ကော မာတင်္ဂရညေဝ နာဂေါ။

နာဂဝဂ်လာ ဤသုံးဂါထာတို့ကို မြတ်စွာဘုရားရှင် ဟောကြားတော်မူလေ၏။ (ထိုဂါထာတို့၏အနက်ကို အောက် ၂၇-ခဏ်း၊ တတိယတွဲအဆုံး စာမျက်နှာ ၇၆၄-၅-၌ ရေးခဲ့ပြီ) ဂါထာနိဂုံး ဆုံးသောအခါ ထိုရဟန်းငါးရာတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။

     အရှင်အာနန္ဒာမထေရ်သည်လည်း အနာထပိဏ်သူဌေး ဝိသာခါ ကျောင်းအမကြီး အစရှိသောသူတို့ မှာကြား လျှောက်ထားလိုက်သော သတင်းစကားကို ကြားလျှောက်ပြီးလျှင်

၂၉

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အနာထပိဏ်သူဌေး အမှူးရှိသော သာဝတ္ထိပြည်နေ ငါးကုဋေသော အရိယာဒါယကာ ဒါယိကာမတို့သည် အရှင်ဘုရားတို့ ကြွရောက်တော်မူလာခြင်းကို လွန်စွာတောင့်တ မျှော်လင့်လျက် ရှိနေကြပါသည်ဘုရား”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်သည် “ချစ်သားအာနန္ဒာ.. ထိုသို့ဖြစ်လျှင် သပိတ်သင်္ကန်းကို ယူဆောင်ခဲ့လော့”ဟု မိန့်တော်မူ၍ သပိတ်သင်္ကန်းကို ယူဆောင်စေပြီးလျှင် ပလလဲတောအုပ်မှ ထွက်ကြွတော်မူလေ၏။

     ထိုအခါ ပလလဲဆင်မင်းသည် မြတ်စွာဘုရားရှင်နှင့် သံဃာတော်တို့ ကြွမည့်လမ်း၌ ဖီလာကန့်လန့် တည်လာလေသည်။ ရဟန်းတို့က ထိုအပြုအမူကို မြင်ရ၍ မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ပလလဲဆင်မင်းသည် အဘယ်ကို ပြုပါသနည်း”ဟု မေးလျှောက်ကြလေသော် မြတ်စွာဘုရားရှင် သည် “ရဟန်းတို့.. ဆင်မင်းသည် သင်ချစ်သားတို့အား ဆွမ်းလှူရန် တောင့်တလင့်ဆို အလိုရှိ၏။ စင်စစ်သော်ကား ဤဆင်မင်းသည် ကာလရှည်စွာ ငါဘုရား၏အပေါ်မှာ ဥပကာရကျေးဇူး အထူးပြုခဲ့သူ ဖြစ်လေသည်၊ ထိုဆင်မင်း၏စိတ်ကို ပျက်စီးစေခြင်းငှါ မသင့်ချေ။ ရဟန်းတို့.. ပြန်နစ်ကြဦးလော့”ဟု မိန့်တော်မူကာ ရဟန်းတို့ကို ခေါ်ဆောင်တော်မူ၍ ပြန်နစ်တော်မူလာလေသည်။

     ပလလဲဆင်မင်းသည်လည်း တောအုပ်သို့ဝင်၍ ပိန္နဲသီး ငှက်ပျောသီး အစရှိသော စားကောင်းရာရာ သစ်သီးအမျိုးမျိုးတို့ကို စုရုံးဆောင်ယူခဲ့ကာ အစုလိုက် အပုံလိုက် ထားပြီးလျှင် နောက်တနေ့၌ ရဟန်းတို့အား ဆက်ကပ် လှူဒါန်းလေ၏။ ရဟန်းငါးရာတို့သည် သစ်သီးအလုံးစုံတို့ကို ကုန်အောင်ဘုဉ်းပေးခြင်းငှါ မတတ်နိုင်ပဲ ရှိကြကုန်၏။

     ဆွမ်းကိစ္စပြီးသောအခါ မြတ်စွာဘုရားရှင်သည် သပိတ်သင်္ကန်းကို ယူစေတော်မူ၍ တောအုပ်မှ ထွက်ကြွတော်မူလေ၏။ ပလလဲဆင်မင်းသည် ရဟန်းတို့၏ အကြားအကြားမှ သွားရောက်ကာ

၃၀

မြတ်စွာဘုရားရှင်၏ ရှေ့တည့်တည့်၌ ဖီလာကန့်လန့် ရပ်တည်နေပြန်၏။ ရဟန်းတို့က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ပလလဲဆင်မင်းသည် အဘယ်အမှုကို ပြုပါသနည်း”ဟု မေးလျှောက်ကြလေသော် မြတ်စွာဘုရားရှင်သည် “ရဟန်းတို့.. ဆင်မင်းသည် သင်ချစ်သားတို့ကို လွှတ်လိုက်၍ ငါဘုရားကို ပြန်နစ်စေလို၏”ဟု မိန့်တော်မူပြီးလျှင် ပလလဲဆင်မင်းကို “ပါလိလေယျက.. ဤယခု ငါဘုရား၏ သွားခြင်းသည်ကား မပြန်နစ်သော သွားခြင်းဖြစ်သည်၊ သင့်အဖို့ရာ ဤကိုယ်အဖြစ်ဖြင့် ဈာန်တရား, ဝိပဿနာတရား, မဂ်တရား, ဖိုလ်တရားတို့ ဖြစ်နိုင်ခွင့်မရှိချေ။ သင်သည် နေရစ်လော့”ဟု မိန့်တော်မူ၏။ ထိုစကားကိုကြား၍ ပလလဲဆင်မင်းသည် နှာမောင်းကို ခံတွင်း၌ ထည့်သွင်းကာ ငိုကြွေးလျက် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်၏ နောက်မှ နောက်မှ လိုက်ပါလာလေ၏။ မှန်ပါသည်- ထိုဆင်မင်းသည် မြတ်စွာဘုရားရှင်ကို ပြန်နစ်စေနိုင်ခွင့်ကို ရရှိပါလျှင် ထိုနည်းဖြင့်ပင် တသက်လုံး ပြုစုလုပ်ကျွေးမည်သာ ဖြစ်၏။

     မြတ်စွာဘုရားရှင်သည်ကား ပါလိလေယျကရွာ၏ ဥပစာသို့ ရောက်လတ်သော် ထိုပလလဲဆင်မင်းကို “ပါလိလေယျက.. ဤနေရာမှစ၍ သင်၏ကျက်စားရာ မဟုတ်တော့ချေ၊ လူတို့နေရာကား ဘေးရန်များလှ၏၊ သင် နေရစ်လော့”ဟု နောက်ဆုံးစကား မိန့်ကြားတော်မူလေသော် ထိုပလလဲဆင်မင်းသည် ထိုနေရာ၌ပင် ငိုကြွေးလျက် ရပ်တည်ကျန်ရစ်ခဲ့ကာ မြတ်စွာဘုရားရှင်ကို မျက်စိတဆုံး ဖူးမြော်နေရာမှ (မြက်စွာဘုရားရှင် မြင်လောက်သောအရပ်ကို စွန့်လတ်၍) မမြင်ရလေသော် နှလုံးကွဲကာ ထိုနေရာ၌ပင် စုတိပြတ်ကြွေ သေလွန်ခဲ့၍ မြတ်စွာဘုရားရှင်၌ ကြည်ညိုသော ကောင်းမှုကုသိုလ်ကံကြောင့် တာဝတိံသာနတ်ပြည်ဝယ် ယူဇနာသုံးဆယ် အကျယ်အဝန်းရှိသော ရွှေဗိမာန်ကြီး၌ နတ်သမီးတထောင် အခြံအရံရှိသော နတ်သားဖြစ်၍ “ပါလိလေယျကနတ်သား”ဟု ထင်ရှားသောအမည် ရှိလတ်သတည်း။

ပလလဲဆင်မင်းအကြောင်း ပြီး၏။

**********

၃၁

ကောသမ္ဗီရဟန်းတို့ မြတ်စွာဘုရားရှင်ကိုကန်တော့ရန်

လာရောက်ကြခြင်း

     မြတ်စွာဘုရားရှင်သည်လည်း အစဉ်သဖြင့် ခရီးဒေသစာရီ ကြွချီတော်မူ၍ သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်သို့ ဆိုက်ရောက်တော်မူလေ၏၊ ကောသမ္ဗီရဟန်းတို့သည် “မြတ်စွာဘုရားရှင် သာဝတ္ထိပြည်သို့ ရောက်တော်မူပြီတဲ့”ဟူသော သတင်းစကားကို ကြားသိကြ၍ မြတ်စွာဘုရားရှင်ကို ကန်တော့ရန် သာဝတ္ထိပြည်ဖက်သို့ ခရီးထွက်ခဲ့ကြလေသည်။ (ဤဆိုခဲ့ပြီးသည်ကား ဓမ္မပဒအဋ္ဌကထာမှတည်း)။

ဓမ္မဝါဒီဟု သိကြောင်းတရား တဆယ့်ရှစ်ပါး,

အဓမ္မဝါဒီဟု သိကြောင်းတရား တဆယ့်ရှစ်ပါးတို့ကို

ဟောကြားတော်မူခြင်း

     (ဤဆိုလတ္တံ့သည်ကား ဝိနည်းမဟာဝါပါဠိတော်မှတည်း)- ထိုအခါ တရားစစ်မှူးကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ထိုကောသမ္ဗီရဟန်းတို့ သာဝတ္ထိပြည်သို့လာကြကြောင်း သတင်းစကား ကြားသိရ၍ မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ဝပ်လျှိုး ရှိခိုးပြီးကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေပြီးလျှင် မြတ်စွာဘုရားရှင်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ခိုက်ရန်ငြင်းခုံမှု ပြုကြသည့် ထိုကောသမ္ဗီရဟန်းတို့သည် သာဝတ္ထိပြည်သို့ လာကြပါကုန်သတဲ့၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် ထိုရဟန်းတို့အပေါ်ဝယ် အဘယ်သို့ ကျင့်ရပါမည်နည်း”–

ဟူ၍ လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ချစ်သားသာရိပုတ္တရာ.. ထိုသို့ဖြစ်လျှင် သင်ချစ်သားသည် တရားလမ်းအတိုင်း တည်လေလော့”ဟု မိန့်တော်မူ၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် တရားသည် မတရားသည်ကို အဘယ်သို့ သိရပါမည်နည်း”ဟု အရှင်သာရိပုတ္တရာမထေရ်က

၃၂

လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် ဤဆိုလတ္တံ့သောအတိုင်း အဓမ္မဝတ္ထု တဆယ့်ရှစ်ပါး, ဓမ္မဝတ္ထု တဆယ့်ရှစ်ပါးတို့ကို အစဉ်အတိုင်း ဟောကြားတော်မူလေ၏။

အဓမ္မဝတ္ထုတဆယ့်ရှစ်ပါး

     ချစ်သားသာရိပုတ္တရာ.. တဆယ့်ရှစ်ပါးသော အကြောင်းတို့ဖြင့် အဓမ္မဝါဒီပုဂ္ဂိုလ်ကို သိရမည်၊ ချစ်သားသာရိပုတ္တရာ.. ဤသာသနာတော်၌ ရဟန်းသည်-

(၁) တရားမဟုတ်သည်ကို တရားဟု ပြ၏၊

(၂) တရားကို တရားမဟုတ်ဟု ပြ၏၊

(၃) ဝိနည်းမဟုတ်သည်ကို ဝိနည်းဟု ပြ၏၊

(၄) ဝိနည်းကို ဝိနည်းမဟုတ်ဟု ပြ၏၊

(၅) မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ် ပြောအပ်၏ဟု ပြ၏၊

(၆) မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ် မပြောအပ်ဟု ပြ၏၊

(၇) မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို မြတ်စွာဘုရား လေ့ကျက်အပ်၏ဟု ပြ၏၊

(၈) မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို မြတ်စွာဘုရား မလေ့ကျက်အပ်ဟု ပြ၏၊

(၉) မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ဟု ပြ၏၊

(၁၀) မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟု ပြ၏၊

(၁၁) အာပတ်မသင့်သည်ကို အာပတ်သင့်၏ဟု ပြ၏၊

(၁၂) အာပတ်သင့်သည်ကို အာပတ်မသင့်ဟု ပြ၏၊

၃၃

(၁၃) ပေါ့သောအာပတ်ကို လေးသောအာပတ်ဟု ပြ၏၊

(၁၄) လေးသောအာပတ်ကို ပေါ့သောအာပတ်ဟု ပြ၏၊

(၁၅) အကြွင်းရှိသော အာပတ်ကို အကြွင်းမရှိသော အာပတ်ဟု ပြ၏၊

(၁၆) အကြွင်းမရှိသော အာပတ်ကို အကြွင်းရှိသော အာပတ်ဟု ပြ၏၊

(၁၇) ရုန့်ရင်းကြမ်းတမ်းသော အာပတ်ကို မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ဟု ပြ၏၊

(၁၈) မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို ရုန့်ရင်းကြမ်းတမ်းသော အာပတ်ဟု ပြ၏၊

     ချစ်သားသာရိပုတ္တရာ.. ဤတဆယ့်ရှစ်ပါးသော အကြောင်း(ဝတ္ထု)တို့ဖြင့် အဓမ္မဝါဒီပုဂ္ဂိုလ်ကို သိရမည်။

ဓမ္မဝတ္ထုတဆယ့်ရှစ်ပါး

     ချစ်သားသာရိပုတ္တရာ.. တဆယ့်ရှစ်ပါးသော အကြောင်း(ဝတ္ထု)တို့ဖြင့် ဓမ္မဝါဒီပုဂ္ဂိုလ်ကို သိရမည်၊ ချစ်သားသာရိပုတ္တရာ.. ဤသာသနာတော်၌ ရဟန်းသည်—

(၁) တရားမဟုတ်သည်ကို တရားမဟုတ်ဟု ပြ၏၊

(၂) တရားဟုတ်သည်ကို တရားဟုတ်၏ဟု ပြ၏၊

(၃) ဝိနည်းမဟုတ်သည်ကို ဝိနည်းမဟုတ်ဟု ပြ၏၊

(၄) ဝိနည်းဟုတ်သည်ကို ဝိနည်းဟုတ်၏ဟု ပြ၏၊

(၅) မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ် မပြောအပ်ဟု ပြ၏၊

(၆) မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ဟု ပြ၏၊

၃၄

(၇) မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို မြတ်စွာဘုရား မလေ့ကျက်အပ်ဟု ပြ၏၊

(၈) မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို မြတ်စွာဘုရား လေ့ကျက်အပ်၏ဟု ပြ၏၊

(၉) မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟု ပြ၏၊

(၁၀) မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ဟု ပြ၏၊

(၁၁) အာပတ်မသင့်သည်ကို အာပတ်မသင့်ဟု ပြ၏၊

(၁၂) အာပတ်သင့်သည်ကို အာပတ်သင့်၏ဟု ပြ၏၊

(၁၃) ပေါ့သောအာပတ်ကို ပေါ့သောအာပတ်ဟု ပြ၏၊

(၁၄) လေးသောအာပတ်ကို လေးသောအာပတ်ဟု ပြ၏၊

(၁၅) အကြွင်းရှိသော အာပတ်ကို အကြွင်းရှိသော အာပတ်ဟု ပြ၏၊

(၁၆) အကြွင်းမရှိသော အာပတ်ကို အကြွင်းမရှိသော အာပတ်ဟု ပြ၏၊

(၁၇) ရုန့်ရင်းကြမ်းတမ်းသော အာပတ်ကို ရုန့်ရင်းကြမ်းတမ်းသော အာပတ်ဟု ပြ၏၊

(၁၈) မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ဟု ပြ၏၊

     ချစ်သားသာရိပုတ္တရာ.. ဤတဆယ့်ရှစ်ပါးသော အကြောင်း(ဝတ္ထု)တို့ဖြင့် ဓမ္မဝါဒီပုဂ္ဂိုလ်ကို သိရမည်ဟူ၍ ဟောကြားတော်မူလေ၏။

(ဤ၌။ ။ပုဂ္ဂလာဓိဋ္ဌာနဓမ္မဒေသနာနည်း ဟောကြားသော တရားဖြစ်၍ (၁) တရားမဟုတ်သည်ကို တရားဟုပြခြင်း၊ (၂) တရားဟုတ်သည်ကို တရားမဟုတ်ဟုပြခြင်း (ပေယျာလ) (၁၇) ရုန့်ရင်းကြမ်းတမ်းသော

၃၅

အာပတ်ကို မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ဟု ပြခြင်း၊ (၁၈) မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို ရုန့်ရင်းကြမ်းတမ်းသော အာပတ်ဟု ပြခြင်း၊ ဤတဆယ့်ရှစ်ပါးတို့ကို အဓမ္မဝတ္ထု တဆယ့်ရှစ်ပါးဟု ခေါ်၏၊ ဘေဒကရဝတ္ထု = သံဃာသင်းကွဲအောင် ပြုလုပ်တတ်သော အကြောင်း=ဝတ္ထု တဆယ့်ရှစ်ပါးဟူ၍လည်း ခေါ်၏။ ထိုတဆယ့်ရှစ်ပါးတို့တွင် တပါးပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို အဓမ္မဝါဒီပုဂ္ဂိုလ်ဟု သိရမည်။

ဓမ္မဝတ္ထုဖက်၌လည်း ထို့အတူပင် (၁) တရားမဟုတ်သည်ကို တရားမဟုတ်ဟု ပြခြင်း၊ (၂) တရားဟုတ်သည်ကို တရားဟုတ်၏ဟု ပြခြင်း (ပေယျာလ) (၁၇) ရုန့်ရင်းကြမ်းတမ်းသော အာပတ်ကို ရုန့်ရင်းကြမ်းတမ်းသော အာပတ်ဟု ပြခြင်း၊ (၁၈) မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ဟု ပြခြင်း၊ ဤတဆယ့်ရှစ်ပါးတို့ကို ဓမ္မဝတ္ထု တဆယ့်ရှစ်ပါး = တရားသော မှန်ကန်သော အကြောင်း=ဝတ္ထု တဆယ့်ရှစ်ပါးဟု ခေါ်၏၊ ထိုတဆယ့်ရှစ်ပါးတို့တွင် တပါးပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ဓမ္မဝါဒီပုဂ္ဂိုလ်ဟု သိရမည်၊ ဤကဲ့သို့ မြတ်စွာဘုရားရှင် ဟောကြားတော်မူလိုရင်းကို အကျဉ်းချုပ် မှတ်သားရာ၏။

ဓမ္မ,အဓမ္မစသည် အခွဲ

ဤအကြောင်းဝတ္ထု တဆယ့်ရှစ်ပါးတို့တွင် သုတ္တန်နည်းအားဖြင့် ကုသိုလ်ကမ္မပထတရား ဆယ်ပါးတို့သည် ဓမ္မမည်၏။ အကုသိုလ်ကမ္မပထတရား ဆယ်ပါးတို့သည် အဓမ္မမည်၏။ ထို့အတူပင် သတိပဋ္ဌာန်လေးပါး၊ သမ္မပ္ပဓာန်လေးပါးစသော ဗောဓိပက္ခိယတရား ၃၇-ပါးတို့သည် ဓမ္မမည်၏။ သတိပဋ္ဌာန် ၃-ပါး၊ သမ္မပ္ပဓာန် ၃-ပါး၊ ဣဒ္ဓိပါဒ် ၃-ပါး၊ ဣန္ဒြေ ၆-ပါး၊ ဗိုလ် ၆-ပါး၊ ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၉-ပါး၊ ဤ (မဟုတ်မမှန်သောတရားအစုသည်၎င်း), ဥပါဒါန် ၄-ပါး၊ နီဝရဏ ၅-ပါး၊ အနုသယ ၇-ပါး၊ မိစ္ဆာဒိဋ္ဌိတရား ၈-ပါး၊ ဤသို့စသော မကောင်းသော တရားအစုသည်၎င်း အဓမ္မမည်၏။

ဖော်ပြရာပါ အဓမ္မတရားအစုတို့အနက် တစုစုကိုယူ၍ “ဤအဓမ္မကို ဓမ္မဟု ပြကြ ပြောကြကုန်အံ့၊ ဤသို့ ပြကြ ပြောကြသည်ရှိသော် ငါတို့အဖို့ရာ ဆရာ၏အမျိုးကို အမှီပြု၍ အထက်တန်းကျခြင်း ဖြစ်မည့်အပြင် ငါတို့ကိုယ်တိုင်လည်း လောက၌ ထင်ရှားကြပေလိမ့်မည်”ဟု တိုင်ပင်

၃၆

ညီညွတ်ကြကာ ထိုအဓမ္မကို ဓမ္မ “ဤကား ဓမ္မတည်း”ဟု ပြောဆိုလျှင် (၁) တရားမဟုတ်သည်ကို တရားဟုတ်၏ဟု ပြသည်မည်ကုန်၏။

ထို့အတူ ဓမ္မအစုတို့အနက်မှ တစုစုကိုယူ၍ “ဤသည် အဓမ္မတည်း”ဟု ပြောဆိုကြလျှင် (၂) တရားဟုတ်သည်ကို တရားမဟုတ်ဟု ပြသည်မည်ကုန်၏။

ဝိနည်းပရိယာယ်အားဖြင့် ဟုတ်မှန်သောဝတ္ထုဖြင့် စောဒနာပြု၍ အောက်မေ့စေ၍ ဝန်ခံသည့်အတိုင်း ပြုအပ်သောကံသည် ဓမ္မကံမည်၏။ မဟုတ်မမှန်သောဝတ္ထုဖြင့် စောလည်း မစောဒနာပဲ အောက်မေ့လည်း မအောက်မေ့စေပဲ ဝန်ခံချက်မရရှိပဲ ပြုအပ်သောကံသည် အဓမ္မကံမည်၏။ အဓမ္မကံကို ဓမ္မကံဟု ပြောကြားလျှင် တရားမဟုတ်သည်ကို တရားဟုတ်၏ဟု ပြသည်မည်၏။ ဓမ္မကံကို အဓမ္မကံဟု ပြောကြားလျှင် တရားဟုတ်သည်ကို တရားမဟုတ်ဟု ပြောကြားသည် ပြသည်မည်၏။ (ပြောကြားသည်ကိုပင် ပြသည်ဟု ဆိုသည်။)

သုတ္တန်နည်းအားဖြင့် ရာဂကို ပယ်ဖျောက်ခြင်း, ဒေါသကို ပယ်ဖျောက်ခြင်း, မောဟကို ပယ်ဖျောက်ခြင်း (သီလ,သတိ၊ ဉာဏ်,ခန္တိ၊ ဝီရိ-သံဝရာ) သီလသံဝရ, သတိသံဝရ, ဉာဏသံဝရ, ခန္တိသံဝရ, ဝီရိယသံဝရ တည်းဟူသော သံဝရတရား ၅-ပါး၊ တဒင်္ဂပဟာန်, ဝိက္ခမ္ဘနပဟာန်, သမုစ္ဆေဒပဟာန်, ပဋိပ္ပဿဒ္ဓိပဟာန်, နိဿရဏပဟာန် တည်းဟူသော ပဟာန် ၅-ပါး၊ ရာဂ, ဒေါသ, မောဟ မဖြစ်အောင် ဉာဏ်ဖြင့်ဆင်ခြင်ခြင်း ဤတရားအစုသည် ဝိနယမည်၏။ ထိုမှ အပြန်အားဖြင့် ရာဂစသည်ကို မပယ်ဖျောက်ခြင်း, မစောင့်စည်းခြင်း, မဆင်ခြင်ခြင်း ဤတရားအစုသည် အဝိနယမည်၏။

ဝိနည်းပရိယာယ်အားဖြင့် (ဝတ္ထု, သိမ်, ဉတ်၊ ပရိသတ်၊ တရပ် ကမ္မဝါ) ဝတ္ထု, သိမ်, ပရိသတ်, ဉတ်, ကမ္မဝါ ဤ၅-ပါးတို့၏ ပြည့်စုံခြင်းသည် ဝိနယမည်၏။ ထို၅-ပါးတို့၏ မပြည့်စုံခြင်း ဖောက်ပြန် ပျက်စီးခြင်းသည် အဝိနယမည်၏။

သုတ္တန်နည်းအားဖြင့် သတိပဋ္ဌာန် ၄-ပါး၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဣန္ဒြေ ၅-ပါး၊ ဗိုလ် ၅-ပါး၊ ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါး၊ ဤတရားစုကို မြတ်စွာဘုရား ဟောကြားတော်မူအပ် ပြောဆိုတော်မူအပ်၏။ သတိပဋ္ဌာန် ၃-ပါး၊ သမ္မပ္ပဓာန် ၃-ပါး၊ ဣဒ္ဓိပါဒ် ၃-ပါး၊ ဣန္ဒြေ ၆-ပါး၊ ဗိုလ် ၆-ပါး၊ ဗောဇ္ဈင် ၈-ပါး၊ မဂ္ဂင် ၉-ပါးဟူ၍ မြတ်စွာဘုရား မဟောကြားအပ်ပေ။

၃၇

ဝိနည်းပရိယာယ်အားဖြင့် ပါရာဇိက ၄-ပါး၊ သံဃာဒိသိသ် ၁၃-ပါး၊ အနိယတ ၂-ပါး၊ နိဿဂ္ဂိယပါစိတ် ၃၀- အစရှိသည်ကို မြတ်စွာဘုရား ဟောကြားတော်မူအပ်၏။ ပါရာဇိက ၃-ပါး၊ သံဃာဒိသိသ် ၁၄-ပါး၊ အနိယတ ၃-ပါး၊ နိဿဂ္ဂိယပါစိတ် ၃၁-ပါး အစရှိသည်ကို မြတ်စွာဘုရား မဟောကြားအပ်။ (ဟောကြားတော်မူအပ်သော တရားအစုသည်ပင် ပညတ်တော်မူအပ်သော တရားအစုမည်၏၊ မဟောကြားအပ်သော တရားအစုသည်ပင် မပညတ်အပ်သော တရားအစုမည်၏။)

သုတ္တန်နည်းအားဖြင့် နေ့စဉ်နေ့တိုင်း ဖလသမာပတ်ကို ဝင်စားတော်မူခြင်း, မဟာကရုဏာ သမာပတ်ကို ၀င်စားတော်မူခြင်း, ဗုဒ္ဓစက္ခု (=အာသယာနုသယဉာဏ်, ဣန္ဒြိယပရောပရိယတ္တိဉာဏ် နှစ်ပါး)ဖြင့် သတ္တလောကကို ကြည့်ရှုတော်မူခြင်း, အဋ္ဌုပ္ပတ္တိဖြစ်သောအခါ သက်ဆိုင်ရာသုတ္တန်, သက်ဆိုင်ရာဇာတ်ကို ဟောတော်မူခြင်း ဤအလုပ်ကိစ္စများကို မြတ်စွာဘုရား လေ့ကျက်တော်မူအပ် (=ပြုလုပ်တော်မူအပ်)၏၊ နေ့စဉ်နေ့တိုင်း ဖလသမာပတ်ကို မဝင်စားခြင်း, မဟာကရုဏာသမာပတ်ကို မဝင်စားခြင်း အစရှိသည်ကို မြတ်စွာဘုရား လေ့ကျက်တော်မမူအပ်။

ဝိနည်းပရိယာယ်အားဖြင့် ဆိုင်ရာ ဒါယကာတို့ ပင့်လျှောက်ချက်အရ ထိုထို့မြို့ရွာ၌ ဝါကပ်ဆိုတော်မူ၍ ဝါကျွတ်လျှင် ဆိုင်ရာ ဒါယကာတို့ကို ပန်ကြားပြောဆိုပြီးမှ ခရီးဒေသစာရီ ကြွချီတော်မူခြင်း, ပဝါရဏာပြုပြီးလျှင် ဒေသစာရီ ကြွချီတော်မူခြင်း, ကိုယ်တော်ထံမှောက် ရောက်ဆိုက်လာသော အာဂန္တုရဟန်းတို့နှင့် “ချစ်သားတို့.. ကျန်းခံ့ကြ၏လော၊ ဣရိယာပထ မျှတကြ၏လော” အစရှိသည်ဖြင့် အစေ့အစပ်စကား မိန့်ကြားတော်မူခြင်း၊ ဤသို့စသည်ကို မြတ်စွာဘုရား လေ့ကျက်တော်မူအပ် (=ပြုလုပ်တော်မူအပ်)၏၊ ဖော်ပြရာပါ အမှုကိစ္စတို့ကို ပြုလုပ်တော်မူခြင်းသည် မြတ်စွာဘုရား၏ အလေ့အကျက်တော်ဖြစ်၏၊ မပြုလုပ်ခြင်းသည် အလေ့အကျက်မဟုတ်။

ထိုထိုဝိနည်းသိက္ခာပုဒ်တို့၌ “အနာပတ္တိ အဇာနန္တဿ = မသိသောရဟန်းအား အာပတ်မသင့်၊ ခိုးလိုသောစိတ် မရှိသောရဟန်းအား အာပတ်မသင့်၊ သေစေလိုသော အလိုမရှိသော ရဟန်းအား အာပတ်မသင့်” ဤသို့ အစရှိသည်ဖြင့် ဟောကြားတော်မူအပ်သော အချက်စုသည် အာပတ်မသင့်သော အချက်မည်၏။ “ဇာနန္တဿ ထေယျစိတ္တသာ = သိသောရဟန်းအား အာပတ်သင့်၏၊ ခိုးလိုသော စိတ်ရှိသော ရဟန်းအား အာပတ်သင့်၏၊ သေစေလိုသော အလိုရှိသော ရဟန်းအား

၃၈

အာပတ်သင့်၏” ဤသို့ အစရှိသည်ဖြင့် ဟောကြားတော်မူအပ်သော အချက်စုသည် အာပတ်သင့်သောအရာ အာပတ်သင့်သော အချက်စုမည်၏။

ပါရာဇိက အာပတ်, သံဃာဒိသိသ် အာပတ်, ထုလ္လစ္စည်း အာပတ်, ပါစိတ်အာပတ်, ပါဋိဒေသနီအာပတ်, ဒုက္ကဋ်အာပတ်, ဒုဗ္ဘာသီအာပတ်ဟူ၍ အာပတ်ခုနစ်ပုံ ရှိသည့်အနက် နောက်အာပတ်ငါးပုံသည် ပေါ့သော အာပတ် မရုန့်ရင်း မကြမ်းတမ်းလှသော အာပတ်မည်၏။ ရှေ့နှစ်ပုံ (ပါရာဇိကနှင့် သံဃာဒိသိသ်အာပတ်)သည် လေးသောအာပတ် ရုန့်ရင်းကြမ်းတမ်းသော အာပတ်မည်၏။

အာပတ်ခုနစ်ပုံအနက် နောက်ခြောက်ပုံသည် (ရဟန်းအဖြစ်) အကြွင်းရှိသော သာဝသေသအာပတ်မည်၏၊ (နောက်ခြောက်ပုံတွင် တပုံပုံကို လွန်ကျူးက အပြစ်ပင်ရှိသော်လည်း ရဟန်းအဖြစ်ကား ထိုပုဂ္ဂိုလ်သန္တာန်မှာ ကြွင်းကျန်သေး၏ဟု ဆိုလိုသည်)။ ပါရာဇိကအာပတ်သည် အကြွင်းမရှိသော အာပတ်မည်၏။ (ပါရာဇိကသိက္ခာပုဒ်ကို လွန်ကျူးလျှင် ထိုပုဂ္ဂိုလ်သန္တာန်မှာ ရဟန်း၏အဖြစ် လုံးဝ အကြွင်းမရှိတော့ဟု ဆိုလိုသည်။)

ဤသို့ ဓမ္မ,အဓမ္မစသည် ကိုးစုံတို့ကို အထူးမှတ်သား သိရှိရာ၏၊ ဤစကားရပ်စုကို ဝိနည်းစူဠဝါအဋ္ဌကထာ သံဃဘေဒကက္ခန္ဓက အဖွင့်မှ ထုတ်နုတ် ဖော်ပြအပ်ပါသည်)။

     အရှင်သာရိပုတ္တရာ မထေရ်ကဲ့သို့ပင် အရှင်မဟာမောဂ္ဂလာန်မထေရ်, အရှင်မဟာကဿပမထေရ်, အရှင်မဟာကစ္စည်းမထေရ်, အရှင်မဟာကောဋ္ဌိကမထေရ်, အရှင်မဟာကပ္ပိနမထေရ်, အရှင်မဟာစုန္ဒမထေရ်, အရှင်အနုရုဒ္ဓါမထေရ်, အရှင်ရေ၀တမထေရ်, အရှင်ဥပါလိမထေရ်, အရှင်အာနန္ဒာမထေရ်, အရှင်ရာဟုလာမထေရ်တို့သည်လည်း ကောသမ္ဗီရဟန်းတို့ သာဝတ္တိပြည်သို့လာကြကြောင်း သတင်းစကား ကြားသိကြ၍ အရှင်သာရိပုတ္တရာမထေရ် နည်းတူပင် မြတ်စွာဘုရားရှင်အား သွားရောက် လျှောက်ထားကြလေသည်။ ထိုအခါ၌လည်း မြတ်စွာဘုရားရှင်သည် ထိုမထေရ်တို့အား အရှင်သာရိပုတ္တရာမထေရ်နည်းတူပင် ဓမ္မဝတ္ထု တဆယ့်ရှစ်ပါး, အဓမ္မဝတ္ထု တဆယ့်ရှစ်ပါးတို့ကို ဟောကြားတော်မူလေသည်။

၃၉

     မိထွေးတော် မဟာပဇာပတိဂေါတမီ ထေရီမကြီးသည်လည်း ထိုကောသမ္ဗီရဟန်းတို့ သာဝတ္ထိပြည်သို့ လာနေကြကြောင်း သတင်းစကား ကြားသိရ၍ မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ရှိခိုးပြီးခါ အပြစ်လွတ်ရာအရပ်၌ ရပ်တည်နေပြီးလျှင် မြတ်စွာဘုရားရှင်ကို အရှင်သာရိပုတ္တရာ မထေရ်မြတ်နည်းတူ မေးမြန်းလျှောက်ထားလေသည်၊ ထိုအခါ မြတ်စွာဘုရားရှင်သည် မိထွေးတော် မဟာပဇာပတိဂေါတမီ ထေရီမကြီးကို-

ဂေါတမီ.. ထိုသို့ဖြစ်လျှင် သင်သည် နှစ်ဖက်သောသံဃာ၌ တရားကို နာလေလော့၊ နှစ်ဖက်သောသံဃာ၌ တရားနာပြီးလျှင် ထိုနှစ်ဖက်သော သံဃာတွင် ဓမ္မဝါဒီရဟန်းတို့၏ အမြင်, အလို, နှစ်သက်ခြင်း အယူကို သင်နှစ်သက်လေလော့၊ ဘိက္ခုနီသံဃာက ဘိက္ခုသံဃာအထံမှ မြှော်လင့်တောင့်တအပ်သော အမှုခပ်သိမ်းကို ဓမ္မဝါဒီပုဂ္ဂိုလ်တို့အထံမှသာလျှင် မြှော်လင့်တောင့်တကြရမည်”–

ဟု မိန့်တော်မူ၏။

     ဇေတဝန်ကျောင်းတိုက် ဒါယကာ အနာထပိဏ်သူဌေး, ပုဗ္ဗာရုံကျောင်းအမကြီး ဝိသာခါတို့လည်း ထို့အတူ သတင်းကြား၍ မြတ်စွာဘုရားထံမှောက်သို့ သွားရောက် လျှောက်ထားကြလေသည်၊ ထိုအနာထပိဏ်, ဝိသာခါတို့ကိုလည်း မြတ်စွာဘုရားရှင်သည်-

“သူဌေးကြီး.. (ဝိသာခါ) ထိုသို့ဖြစ်လျှင် သင်သည် နှစ်ဖက်သောသံဃာ၌ အလှူကို လှူလော့၊ နှစ်ဖက်သောသံဃာ၌ အလှူကို လှူပြီးလျှင် နှစ်ဖက်သောသံဃာ၌ တရားကို နာလော့၊ နှစ်ဖက်သောသံဃာ၌ တရားနာပြီးလျှင် ထိုနှစ်ဖက်သော သံဃာတွင် ဓမ္မဝါဒီရဟန်းတို့၏ အမြင်, အလို, နှစ်သက်ခြင်း အယူကို သင် နှစ်သက်လေလော့”–

၄၀

ဟု မိန့်တော်မူ၏။ (ဤစကားရပ်စုကား ဝိနည်းမဟာဝါ ပါဠိအဋ္ဌကထာ ဋီကာတို့မှ ထုတ်နုတ်ဖော်ပြချက်များ ဖြစ်ပါသည်)။

     (ဤဆိုလတ္တံ့သည်ကား ဓမ္မပဒအဋ္ဌကထာမှတည်း)၊ ပသေနဒီ ကောသလမင်းကြီးသည် “ခိုက်ရန်မှု ပြုလုပ်ကြသည့် ထိုကောသမ္ဗီရဟန်းတို့ သာဝတ္ထိပြည်သို့ လာနေကြသတဲ့”ဟူသော သတင်းစကားကို ကြားရ၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင်“ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် ထိုကောသမ္ဗီရဟန်းတို့အား အကျွန်ုပ်၏ နိုင်ငံတော်အတွင်းသို့ ဝင်ခွင့်ကို မပေးလိုပါဘုရား”ဟု လျှောက်ထားလေသော် မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး.. ထိုကောသမ္ဗီရဟန်းတို့သည် သီလရှိကြသူများ ဖြစ်ကြသည်၊ တကယ်စင်စစ်တော့ အချင်းချင်း အငြင်းပွါးကြသဖြင့်သာ ငါဘုရား၏စကားကို မနာယူကြခြင်း ဖြစ်လေသည်။ ယခုအခါမှာ ငါဘုရားကို ကန်တော့ရန် လာကြကုန်၏၊ လာကြပါစေ မြတ်သောမင်းကြီး..”ဟု မိန့်တော်မူ၏။

     အနာထပိဏ်သူဌေးသည်လည်း “ဘုန်းတော်ကြီးသောမြတ်စွာဘုရား.. အကျွန်ုပ်သည် ထိုကောသမ္ဗီ ရဟန်းတို့အား ကျောင်းတိုက်အတွင်းသို့ ဝင်ခွင့်ကို မပေးလိုပါဘုရား”ဟု လျှောက်ထား၍ ထို့အတူပင် မြတ်စွာဘုရားရှင်က ပယ်မြစ်အပ်ရကား ဆိတ်ဆိတ်သာ နေလေ၏။

     အထူးအားဖြင့် ထိုကောသမ္ဗီရဟန်းတို့ သာဝတ္ထိပြည်သို့ ရောက်လာကြသောအခါ မြတ်စွာဘုရားရှင်သည် ထိုကောသမ္ဗီရဟန်းတို့အား ကျောင်းတိုက်အစွန်အဖျား၌ ဆိတ်ငြိမ်အောင်ပြုစေ၍ နေရာထိုင်ခင်း ပေးစေတော်မူလေသည်။ အခြားသော ရဟန်းတို့သည် ထိုကောသမ္ဗီရဟန်းတို့နှင့် အတူတကွ တပေါင်းတည်း မထိုင်ကြ မရပ်ကြရုံသာမက လာတိုင်းလာတိုင်းသော လဇ္ဇီရဟန်းတို့သည် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ခိုက်ရန်ငြင်းခုံမှု ပြုကြသည့် ထိုကောသမ္ဗီရဟန်းတို့ဟူသည်မှာ အဘယ်သူများပါနည်းဘုရား”ဟု မေးကြကုန်၏။ မြတ်စွာဘုရားရှင်သည် “ဤသူတို့ပင်တည်း”ဟု ညွှန်ပြတော်မူလေသည်။

၄၁

“ထိုခိုက်ရန်ငြင်းပွါး ဘုရားစကားကို နားမထောင်ကြသည့် ထိုကောသမ္ဗီရဟန်းတို့ ဟူသည်မှာ ဤသူတွေတဲ့၊ ထိုခိုက်ရန်ငြင်းပွါး ဘုရားစကားကို နားမထောင်ကြသည့် ကောသမ္ဗီရဟန်းတို့ ဟူသည်မှာ ဤသူတွေတဲ့”ဟု လာတိုင်း လာတိုင်းသော လဇ္ဇီရဟန်းကောင်းတို့က လက်ညှိုးညွှန်ပြ ပြောဆိုအပ်ကြကုန်သဖြင့် ထိုကောသမ္ဗီရဟန်းတို့သည် ရှက်နိုးလှ၍ ဦးခေါင်းမထောင်ဝံ့ကြကုန်ပဲ မြတ်စွာဘုရားရှင်၏ ခြေတော်ရင်း၌ ဝပ်စင်းကြကုန်လျက် မြတ်စွာဘုရားရှင်ကို သည်းခံတော်မူပါရန်အကြောင်း လျှောက်ထားတောင်းပန်ကြလေကုန်၏။ ထိုအခါ မြတ်စွာဘုရားရှင်သည်-

“ရဟန်းတို့.. သင်တို့သည် ငါကဲ့သို့သော သဗ္ဗညုမြတ်စွာဘုရား၏ အထံတော်၌ ရှင်ရဟန်းပြုကြပြီးလျှင် ငါ ဘုရားကိုယ်တိုင်က ညီညွတ်အောင် ပြုပါသော်လည်း ငါဘုရား၏စကားကို မလိုက်နာကြသည်မှာ ကြီးလေးသောအမှုကို ပြုမှားခဲ့ကြလေပြီ။

ရှေး ပညာရှိသူတော်ကောင်း ဘုရားလောင်းတို့သည်ကား အသတ်ခံအံ့ဆဲဆဲဖြစ်ကြသည့် မိဖတို့၏ အဆုံးအမ ဩဝါဒစကားကို ကြားနာကြရ၍ ထိုမိဖတို့ကို သတ်အပ်ကုန်သော်လည်း ထိုမိဖတို့၏ အဆုံးအမဩဝါဒစကားကို မလွန်ဆန်မူ၍ နောက်အခါဝယ် တိုင်းကြီးနှစ်တိုင်းတို့၌ မင်းအဖြစ်ကို ပြုကြရလေကုန်ပြီ”

ဟု မိန့်တော်မူ၍ တဖန် ကောသမ္ဗကဇာတ် (=ဒီဃာဝုဝတ္ထု)ကို အကျယ်တဝင့် ဟောတော်မူပြီးလျှင်-

“ရဟန်းတို့.. ဤသို့လျှင် ဒီဃာဝုမင်းသား ဘုရားအလောင်းသည် မိဖတို့ကို သတ်အပ်ကုန်သော်လည်း ထိုမိဖတို့၏ အဆုံးအမ ဩဝါဒကို မလွန်ဆန်မူ၍ နောက်အခါဝယ် ဗြဟ္မဒတ်မင်း၏သမီးတော်ကိုပါ ရရှိကာ ကာသိတိုင်း ကောသလတိုင်း တည်းဟူသော တိုင်းကြီးနှစ်တိုင်းတို့၌ မင်းအဖြစ်ကို ပြုခဲ့ရလေပြီ၊ ငါဘုရား၏စကားကို

၄၂

မလိုက်နာကြသော သင်ချစ်သားတို့သည်ကား ကြီးလေးသော အပြစ်မှုကို ပြုမှားအပ်ခဲ့လေပြီ”-

ဟု မိန့်တော်မူ၍-

ပရေ စ န ဝိဇာနန္တိ၊ မယမေတ္ထ ယမာမသေ။

ယေ စ တတ္ထ ဝိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။

ဧတ္ထ = ဤပရိသတ်များကြွယ် သံဃာ့အလယ်၌။ ပရေ စ = ပညာခေါင်းပါး ခိုက်ရန်မှုပြုကြသည့် ရဟန်းများတို့သည်။ “မယံ = ငါတို့သည်။ ယမာမသေ = သေမင်းထံပါး အချိန်တိုင်းသွား၍ နေရကုန်၏”ဟု။ န ဝိဇာနန္တိ = ပညာမျက်စိ ပိတ်မရှိ၍ မသိမြင်ကြကုန်။ တတ္ထ = ထိုပရိသတ်များကြွယ် သံဃာ့အလယ်၌။ ယေ စ = အကြင်ဉာဏ်ရည်တောက်လျှမ်း ပညာရှိရဟန်းတို့သည်ကား။ ဝိဇာနန္တိ = သေမင်းထံပါး ငါတို့သည် အချိန်တိုင်းသွား၍ နေရကုန်၏ဟု ပိုင်းခြား ထင်ထင် မရဏဿတိဝင်၍ သိမြင်ကြကုန်၏။ တတော = ထိုသို့ သိမြင်ခြင်းကြောင့်။ မေဓဂါ = ခိုက်ရန်အတင်း ငြင်းခုံခြင်းတို့သည်။ သမ္မန္တိ = သမ္မာပဋိပတ် ကျင့်ကြံလတ်သဖြင့် ကင်းပြတ် ချုပ်ငြိမ်းကြလေကုန်၏”–

ဟူသော ဤဂါထာကို ဟောကြားတော်မူလေ၏။ ဂါထာနိဂုံး ဆုံးသောအခါ၌ ထိုနေရာသို့ ရောက်လာကြသော ရဟန်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့၌ တည်ကြလေကုန်သတည်း။

     မြတ်စွာဘုရားရှင်သည် ဤသို့အစရှိသော များစွာသော တရားဒေသနာဖြင့် (ပလလဲတော၌ ဝါကျွတ်တော်မူသည်မှစ၍ တဆယ့်တဝါမဆိုမီ ကာလပတ်လုံး) လူနတ်ဗြဟ္မာ သတ္တဝါတို့ကို ကယ်ချွတ်တော်မူ၏။

ဤတွင် အခဏ်း ၂၈-ပြီး၏။

**********

၄၃

အခဏ်း-၂၉

နာဠပုဏ္ဏားရွာ၌ ၁၁-ခုမြောက် ဧကာဒသမဝါ

ကပ်တော်မူခြင်း

     မြတ်စွာဘုရားသည် ဆိုအပ်ခဲ့ပြီးသောအတိုင်း သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်တော်၌ ချေချွတ်ရမည့် သတ္တဝါရှိသလောက် သီတင်းသုံး နေတော်မူပြီး၍ ခရီးဒေသစာရီ အစဉ်သဖြင့် ကြွချီတော်မူကာ မဂဓတိုင်း ရာဇဂြိုဟ်ပြည်ကို ပတ်ခြံ၍တည်သောတောင်၏ တောင်ဖက်၌ တည်ရှိသဖြင့် ဒက္ခိဏာဂိရိ အမည်ရှိသော ဇနပုဒ်တိုက်နယ်အဝင်အပါ ဧကနာဠမည်သော ပုဏ္ဏားရွာသို့ ရောက်တော်မူ၍ ထိုနာဠပုဏ္ဏားရွာကို ဂေါစရဂါမ် အမှီပြုကာ တဆယ့်တခုမြောက်သော ဧကာဒသမဝါ ကပ်ဆို သီတင်းသုံးတော်မူ၏။

     ထိုသို့ မြတ်စွာဘုရားရှင် ဒက္ခိဏာဂိရိဇနပုဒ်အဝင်အပါ ဧကနာဠပုဏ္ဏားရွာကို အမှီဂေါစရဂါမ် ပြုတော်မူကာ “ဒက္ခိဏာဂိရိ” အမည်ရှိသော ကျောင်းတိုက်ကြီး၌ သီတင်းသုံး နေထိုင်တော်မူစဉ် (၁) နံနက်ခင်း ဗုဒ္ဓလုပ်ငန်းစဉ် (၂) ဆွမ်းစားပြီးနောက် ဗုဒ္ဓလုပ်ငန်းစဉ်ဟူသော ဤဗုဒ္ဓကိစ္စ (=ဗုဒ္ဓလုပ်ငန်းစဉ်) နှစ်ပါးတို့ အနက် နံနက်ခင်းဗုဒ္ဓလုပ်ငန်းစဉ် (ပုရေဘတ္တဗုဒ္ဓကိစ္စ)ကို ပြီးဆုံးစေ၍ ဆွမ်းစားပြီးနောက် ဗုဒ္ဓလုပ်ငန်းစဉ် (ပစ္ဆာဘတ္တ ဗုဒ္ဓကိစ္စ) အပိုင်းကြီး လေးပိုင်းရှိလေရာ စတုတ္ထပိုင်းအဆုံး၌ အာသယာနုသယဉာဏ်, ဣန္ဒြိယပရောပရိယတ္တိဉာဏ် နှစ်ပါးတည်းဟူသော ဗုဒ္ဓစက္ခုဖြင့် သတ္တလောကကို ကြည့်ရှုတော်မူလတ်သော် အရဟတ္တဖိုလ်သို့ ရရောက်ကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံသော ကသိဘာရဒွါဇပုဏ္ဏားကို မြင်တော်မူ၍၎င်း, (တဖန်ဆက်၍ စဉ်းစား ဆင်ခြင်တော်မူပြန်သောအခါ)-

“ထိုပုဏ္ဏား လယ်ထွန်ရာအရပ်သို့ ငါဘုရားသွားရောက်လျှင် စကားနှီးနှောပြောဆိုရမှု ဖြစ်လိမ့်မည်၊ ထို့နောက် စကားနှီးပြောဆိုမှု ပြီးဆုံးသောအခါ ငါဘုရား၏

၄၄

တရားဒေသနာကို ကြားနာရ၍ ထိုပုဏ္ဏားသည် ရဟန်းပြုပြီးလျှင် အရဟတ္တဖိုလ်သို့ ရောက်လိမ့်မည်”–

ဟု သိမြင်တော်မူ၍၎င်း ထိုပုဏ္ဏား လယ်ထွန်ရာအရပ်သို့ ဘုရားကိုယ်တော်မြတ် ကြွသွားတော်မူကာ စကားနှီးနှော ပြောဆိုမှုကို ဖြစ်စေ၍ “ကသိဘာရဒွါဇ”မည်သော သုတ္တန်ကို ဟောတော်မူလေသည်။

(ဤကသိဘာရဒွါဇသုတ္တန်ကား သံယုတ်ပါဠိတော်၌၎င်း, သုတ္တနိပါတ် ပါဠိတော်၌၎င်း လာ၏၊ ထိုတွင် ဤမဟာဗုဒ္ဓဝင်ကျမ်း၌ကား သုတ္တနိပါတ် ပါဠိ အဋ္ဌကထာကို အမှီပြု၍ ရေးသားပေအံ့)–

ဗုဒ္ဓကိစ္စ ၅-ပါးအကြောင်း

     ဗုဒ္ဓကိစ္စနှင့်စပ်၍ သံယုတ်အဋ္ဌကထာ အစရှိသော အဋ္ဌကထာများစွာတို့၌ ဗုဒ္ဓကိစ္စ ၅-ပါးဟု ဖွင့်ဆို၍ သုတ္တနိပါတ် အဋ္ဌကထာ၌ကား နောက်ပိုင်း ဗုဒ္ဓကိစ္စ ၄-ပါးကို တပေါင်းတည်းပြု၍ ပစ္ဆာဘတ္တဗုဒ္ဓကိစ္စ (=ဆွမ်းစားပြီးနောက် ဗုဒ္ဓလုပ်ငန်းစဉ်)ဟု အမည်တခုတည်းတပ်ကာ ပုရေဘတ္တ ဗုဒ္ဓကိစ္စ, ပစ္ဆာဘတ္တ ဗုဒ္ဓကိစ္စဟူ၍ ဗုဒ္ဓကိစ္စနှစ်ပါး ပြဆိုသည်။ အဓိပ္ပါယ်မှာမူ အတူတူပင် ဖြစ်လေသည်။ ထို့ကြောင့် သုတ္တနိပါတ် အဋ္ဌကထာအလို ဆိုခဲ့ပြီးသောအတိုင်း ဗုဒ္ဓကိစ္စနှစ်ပါး၊ အခြား အဋ္ဌကထာများအလို ပုရေဘတ္တကိစ္စ, ပစ္ဆာဘတ္တကိစ္စ, ပုရိမယာမကိစ္စ, မဇ္ဈိမယာမကိစ္စ, ပစ္ဆိမယာမကိစ္စ-ဟူ၍ ဗုဒ္ဓကိစ္စ (=ဗုဒ္ဓ၏ နေ့စဉ်လုပ်ငန်း) ၅-မျိုးတို့ ရှိလေသည်။ ထိုဗုဒ္ဓကိစ္စ ၅-ပါးတို့ကို ကြည်ညိုသဒ္ဓါ ပွါးများကြရန် အစဉ်အတိုင်း ဖော်ပြပေအံ့-

(၁) ပုရေဘတ္တဗုဒ္ဓကိစ္စ = နံနက်ခင်း ဗုဒ္ဓလုပ်ငန်းစဉ်

     မြတ်စွာဘုရားရှင်သည် စောစောစီးစီး ထတော်မူ၍ အလုပ်အကျွေး ရဟန်းတော်အား ချီးမြှောက်ရန်, ရူပကာယကိုယ်တော် ချမ်းသာရန်အတွက် မျက်နှာသစ်ခြင်း အစရှိသော ကိုယ်လက်သုတ်သင်မှုကို ပြုတော်မူပြီးလျှင် ဆွမ်းခံဝင်ချိန် ရောက်သည်တိုင်အောင်

၄၅

ဆိတ်ငြိမ်ရာအရပ်၌ ဖလသမာပတ်ဖြင့် အချိန်ကို ကုန်လွန်စေတော်မူ၍ ဆွမ်းခံချိန် ကျရောက်သောအခါ သင်းပိုင်ကို ပြင်ဝတ်၍ ခါးပန်းကို ပန်းပြီးလျှင် သင်္ကန်းတော်ကို ရုံတော်မူ၍ သပိတ်တော်ကို ယူဆောင်တော်မူကာ တရံတခါ တပါးတည်း တရံတခါ ရဟန်းအပေါင်း ခြံရံလျက် ရွာနိဂုံးအတွင်းသို့ ဆွမ်းခံ ကြွဝင်တော်မူ၏။ ထိုသို့ ကြွဝင်တော်မူရာမှာလည်း တရံတခါ ပကတိကြွဝင်ခြင်းဖြင့် ကြွဝင်၍ တရံတခါ များစွာသော တန်ခိုးပြာဋိဟာတို့ဖြင့် ကြွဝင်တော်မူ၏၊ ကြွဝင်တော်မူပုံမှာ-

     မြတ်စွာဘုရားရှင် ဆွမ်းခံဝင်တော်မူလတ်သည်ရှိသော် ရှေ့တော် ရှေ့တော်မှ လေပြေလေညှင်းတို့သည် တိုက်ခတ်ကြကာ မြေအပြင်ကို စင်ကြယ်စေကြလေသည်။ တိမ်တိုက်တို့သည် ရေပေါက်တို့ကို တဖွားဖွားလွှတ်ကုန်လျက် လမ်းခရီးတလျှောက် ရှိ မြူမှုန်များကို သိပ်စေကြ၍ ကိုယ်တော်မြတ်၏အထက်၌ ဗိတာန် မျက်နှာကြက်ပမာ လိုက်ပါကြကုန်၏၊ အခြားသော လေတို့ကလည်း ထိုထိုအရပ်၌ပွင့်သော ပန်းများကို ယူဆောင် တိုက်ခတ်ခဲ့ကြ၍ ကြွသွားတော်မူရာ လမ်းတလျောက်၌ ပန်းမွေ့ရာ ကြဲဖြန့်ခင်းကြကုန်၏။ ပင်ကိုယ်က မြင့်မောက်နေသော မြေအရပ်တို့သည် အလိုလိုနိမ့်ကျကာ တညီတညွတ်တည်း ဖြစ်ကြကုန်၏။ ပင်ကိုယ်က နိမ့်ဝှမ်းသော မြေအရပ်တို့သည် အလိုလိုမြင့်တက်ကာ တညီတညွတ်တည်း ဖြစ်ကြကုန်၏၊ ကျောက်တုံး ကျောက်ခဲ ကျောက်စရစ်များ အိုးခြမ်းကွဲများ သစ်ငုတ် ဆူးငြောင့်များသည် သူတို့အလိုလို ဖယ်နှင့်ရှားနှင့်ကြကုန်၏။

     ခြေတော်ကို မြေပေါ်သို့ ချနင်းသောအခါ မြေအပြင်သည် ညီညွတ်ပြီးသား ဖြစ်နေလေ၏၊ သို့မဟုတ် အတွေ့ကောင်းသော ရထားလှည်းဘီးပမာဏရှိသည့် ပဒုမာကြာပန်းကြီးများကသော်မူလည်း ခြေတော်အောက်က အသင့် ခံလင့်ကြကုန်၏။

     ထိုထိုမြို့ရွာအဝင်ဝ တံခါးခုံအတွင်း လက်ျာခြေတော်ကို ချထားမိလျှင်ပင် ကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ်တို့ ကွန့်မြူး ထွက်ကြွကုန်၏၊ လေးထောင့်ပြာသာဒ် အထွတ်တပ်သော

၄၆

တိုက်အိမ် အစရှိသည့် ထိုထိုအဆောက်အဦများကို ရွှေရည်ဖြင့် သွန်းလောင်းအပ်ကုန်သကဲ့သို့၎င်း, ဆန်းကြယ်သော အဝတ်တို့ဖြင့် ရစ်ပတ်ဖုံးအုပ်အပ်ကုန်သကဲ့သို့၎င်း အရောင်ပြိုးပြက် တလက်လက်ထွက်အောင် ပြုလုပ်ကြ၍ ဤမှထိုမှ ပြေးသွားကြကုန်၏၊ ဆင် မြင်း ကျေးငှက် အစရှိသော တိရစ္ဆာန်သတ္တဝါတို့သည် မိမိ မိမိတို့၏ နေရာဌာန၌ တည်နေကြရင်းကပင် ချိုမြိန်သာယာသော အသံကို တွန်ကြ မြည်ကြ ဟီကြကုန်၏၊ ထို့အတူပင် စည်ဖောင်းအစရှိသော တူရိယာမျိုးတို့သည်လည်း လူတို့က မတီးအပ်ပဲ သာယာသောအသံကို မြည်ကြကုန်၏၊ လူတို့ကိုယ်ဝယ် ဝတ်ဆင်ထားအပ်သည့် ပုတီး နားဋောင်း လက်ကောက် လက်ကြပ်စသော အဆင်တန်းဆာတို့ကလည်း အလိုလို သာယာသောအသံကို မြည်ကြကုန်၏။ ထိုအမှတ်သင်္ကေတဖြင့် လူတို့သည် “ယနေ့ မြတ်စွာဘုရားရှင်သည် ငါတို့မြို့ရွာသို့ ဆွမ်းခံ ကြွဝင်တော်မူလာပြီ”ဟု သိရှိကြကုန်၏။

     ထိုလူတို့သည် အဝတ်ကောင်း အရုံကောင်းကို ဝတ်ကြရုံကြကုန်လျက် နံ့သာပန်းစသည်တို့ကို လက်စွဲကြကာ မိမိ မိမိတို့၏အိမ်မှ အသီးအသီး ထွက်ကြ၍ မြို့လယ်လမ်းမသို့ တစုတရုံး သွားရောက်ကြလျက် မြတ်စွာဘုရားရှင်ကို နံ့သာပန်းစသည်တို့ဖြင့် ရိုသေစွာ ပူဇော်ရှိခိုးကြပြီးလျှင် “အရှင်တို့ဘုရား.. တပည့်တော် များအား ရဟန်းတော်ဆယ်ပါး ပေးကြပါကုန်၊ တပည့်တော်များအား ရဟန်းတော်နှစ်ကျိပ် ပေးကြပါကုန်၊ တပည့်တော်များအား ရဟန်းတော်တရာ ပေးကြပါကုန်” စသည်ဖြင့် မိမိတို့ တတ်နိုင်ကြသလောက် တောင်းယူကြပြီးလျှင် မြတ်စွာဘုရားရှင်၏ သပိတ်တော်ကိုလည်း ယူဆောင်ကြ၍ နေရာတော်ခင်းကြပြီး ရိုသေစွာ ဆွမ်းပြုစုလုပ်ကျွေးကြလေသည်။

     မြတ်စွာဘုရားရှင်သည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြုပြီးလတ်သော် ထိုလူများ၏ အတွင်းအဇ္ဈာသယဓာတ်နှင့် လိုက်လျောအောင် ကြည့်ရှုတော်မူပြီးလျှင် အချို့ သရဏဂုံသုံးပါး၌တည်အောင်, အချို့ ငါးပါးသီလတို့၌တည်အောင်, အချို့ သောတာပတ္တိဖိုလ်

၄၇

သကဒါဂါမိဖိုလ် အနာဂါမိဖိုလ်တို့တွင် တပါးပါး၌ တည်အောင်, အချို့ ရဟန်းပြု၍ အရဟတ္တဖိုလ်၌ တည်ကြအောင် တရားဟောတော်မူလေ၏။ ဤနည်းဖြင့် လူများအပေါင်းကို အကျိုးရအောင် ချီးမြှောက်တော်မူပြီးမှ ကျောင်းသို့ ပြန်ကြွတော်မူလေသည်။

     ကျောင်းတော်သို့ ရောက်သောအခါ နံ့သာတန်ဆောင်းဝန်းအတွင်း အသင့်ခင်းထားအပ်သော ဘုရားနေရာတော်၌ ရဟန်းတို့၏ ဆွမ်းကိစ္စပြီးဆုံးချိန်ကို ငံ့လင့်တော်မူကာ ထိုင်နေလေသည်။ ထို့နောက်မှ ရဟန်းတို့၏ ဆွမ်းကိစ္စ ပြီးဆုံးသောအခါ၌ အလုပ်အကျွေးရဟန်းသည် မြတ်စွာဘုရားရှင်အား (ရဟန်းတို့၏ ဆွမ်းကိစ္စ ပြီးစီးပါကြောင်း) ကြားလျှောက်လေသည်။ ထိုအခါမှာမှ မြတ်စွာဘုရားရှင်သည် ဂန္ဓကုဋီကျောင်းတော် သို့ ဝင်ကြွတော်မူလေသည်။

(ဤကား ပုရေဘတ္တဗုဒ္ဓကိစ္စ = နံနက်ခင်း ဗုဒ္ဓလုပ်ငန်းစဉ် ဖြစ်သည်။ ဤအရာ၌ မဖော်ပြအပ်သော ဗုဒ္ဓကိစ္စ အသေးစိတ် လုပ်ငန်းစဉ်များလည်း ကျန်ရှိသေး၏၊ ထိုလုပ်ငန်းစဉ်များကို မဇ္ဈိမပဏ္ဏာသပါဠိတော် ဗြဟ္မာယုသုတ်၌ ဟောတော်မူအပ်သည့်နည်းအတိုင်း မှတ်ယူရာ၏)။

(၂) ပစ္ဆာဘတ္တဗုဒ္ဓကိစ္စ = ဆွမ်းစားပြီးနောက်

ဗုဒ္ဓလုပ်ငန်းစဉ်

     ထို့နောက်မှ မြတ်စွာဘုရားရှင်သည် နံနက်ခင်း ဆွမ်းကိစ္စ ပြုပြီးလတ်ရကား ဂန္ဓကုဋီ ကျောင်းတော်၏အနီး အလုပ်အကျွေးရဟန်း ခင်းထားအပ်သောနေရာ (ရဟန်းတော်တို့ ညီမူဆည်းကပ်ရာ)၌ ထိုင်နေတော်မူကာ ခြေတော်တို့ကို ဆေးကြောတော်မူ၍ ခြေဆေးအင်းပျဉ်၌ ရပ်တည်တော်မူရင်းကပင် ရဟန်း သံဃာကို-

“ရဟန်းတို့.. အပ္ပမာဒတရားဖြင့် သိက္ခာသုံးပါးကို ပြည့်စုံအောင် ကြိုးကုတ် အားထုတ်ကြကုန်လော့၊ လောက၌ မြတ်စွာဘုရားရှင် ဖြစ်ပွင့်တော်မူရာ အခါကာလကို ရခဲလှ၏၊ လူ့အဖြစ်ကိုလည်း ရခဲလှ၏။ သဒ္ဓါတရားနှင့်

၄၈

ပြည့်စုံခြင်းကိုလည်း ရခဲလှ၏။ ရှင်ရဟန်းအဖြစ်ကိုလည်း ရခဲလှ၏။ သူတော်ကောင်းတရား နာကြားရခြင်းကိုလည်း (နာကြားရန်အခွင့်ကိုလည်း) ရခဲလှ၏”–

ဟု အပ္ပမာဒ ဩဝါဒဒေသနာဖြင့် ဆုံးမတော်မူလေသည်။

     ထို အစည်းအဝေး၌ အချို့ ရဟန်းတို့က မြတ်စွာဘုရားရှင်ကို ကမ္မဋ္ဌာန်းတရား လျှောက်ထား မေးမြန်းကြလေသည်။ မြတ်စွာဘုရားရှင်သည် ထိုရဟန်းတို့အား စရိုက်အားလျော်သော ကမ္မဋ္ဌာန်းကို ပေးတော်မူလေသည်။ ထို့နောက်မှ ရဟန်းအားလုံးပင် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးကြပြီးနောက် မိမိ မိမိတို့၏ နေ့သန့်ရာဌာန ညဉ့်သန့်ရာဌာနတို့သို့ အသီးအသီး ဖဲသွားကြလေသည်။ အချို့က တောအရပ်သို့, အချို့က သစ်ပင်ရင်းသို့, အချို့က တောင်စသည်တို့တွင် တပါးပါးသောအရပ်သို့, အချို့က စတုမဟာရာဇ် နတ်ပြည်သို့, အချို့က တာဝတိံသာနတ်ပြည်, ယာမာနတ်ပြည်, တုသိတာနတ်ပြည်, နိမ္မာနရတိနတ်ပြည်, ပရနိမ္မိတဝသဝတ္တီနတ်ပြည်သို့ ဖဲသွားကြလေသည်။

     ထို့နောင်မှ မြတ်စွာဘုရားရှင်သည် ဂန္ဓကုဋီကျောင်းတော်သို့ဝင်၍ အလိုတော်ရှိလျှင် လက်ျာနံတောင်းဖြင့် သတိသမ္ပဇဉ် လက်မလွတ်ပဲ တခဏမျှ မြတ်သော လျောင်းစက်မှုပြုတော်မူ၏။ ထို့နောက် သက်သာစေအပ်ပြီးသော ကိုယ်တော်ရှိကာ လျောင်းတော်မူရာမှ ထပြီးလျှင် (နေ့၏) ဒုတိယပိုင်း၌ သတ္တလောကကို ကြည့်ရှု ဆင်ခြင်တော်မူ၏။ (နေ့၏) တတိယပိုင်း၌မူ ဂေါစရဂါမ် အမှီပြု၍နေရာ ထိုထိုမြို့ရွာ၌ နေထိုင်ကြသူ လူများအပေါင်းတို့သည် နံနက်ခင်း အလှူပေးကြပြီးနောက် မွန်းလွဲသောအခါ အဝတ်ကောင်း အရုံကောင်း ဝတ်ရုံကြလျက် နံ့သာပန်းစသည်တို့ကို လက်စွဲကြကာ ကျောင်းတိုက်တော်အတွင်း၌ တရားနာရန် လာရောက် စည်းဝေးကြလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ရောက်ဆိုက်လာသော ပရိသတ်အား သင့်လျော် လျောက်ပတ်သော တန်ခိုးပြာဋိဟာဖြင့် ကြွတော်မူကာ တရားသဘင် (=တရားဟောရာ တန်ဆောင်းဝန်း)ဝယ် ခင်းထားအပ် မြတ်သော

၄၉

ဘုရားနေရာတော်၌ ထိုင်နေတော်မူကာ အချိန်ကာလ အတိုင်းအရှည်ပမာဏနှင့် သင့်လျော် လျောက်ပတ်သော တရားစကား ဟောကြားတော်မူပြီးနောက် အခါကို သိတော်မူကာ ပရိသတ်ကို လွှတ်လိုက်လေသည်။ လူအပေါင်းတို့သည် မြတ်စွာဘုရားရှင်ကို ရှိခိုးပြီးလျှင် ဖဲသွားကြလေ၏။

(ဤကား ပစ္ဆာဘတ္တဗုဒ္ဓကိစ္စ = ဆွမ်းစားပြီးနောက် နေ့ပိုင်း ဗုဒ္ဓလုပ်ငန်းစဉ်တည်း)။

(၃) ပုရိမယာမဗုဒ္ဓကိစ္စ = ညဉ့်ဦးယံပိုင်း

ဗုဒ္ဓလုပ်ငန်းစဉ်

     မြတ်စွာဘုရားရှင်သည် ဤသို့ ပစ္ဆာဘတ္တကိစ္စ = ဆွမ်းစားပြီးနောက် နေ့ပိုင်း ဗုဒ္ဓလုပ်ငန်းစဉ်ကို ရွက်ဆောင်ပြီးပြေလတ်သော် ကိုယ်တော်ကို ရေချိုးတော်မူလိုလျှင် ဗုဒ္ဓါသန = ဘုရားနေရာတော်မှ ထခဲ့၍ အလုပ်အကျွေးရဟန်း ချိုးတော်ရေ စီမံရာဌာနသို့ ကြွရောက်ပြီးလျှင် အလုပ်အကျွေးရဟန်း၏လက်မှ ရေသနုပ်ကို ယူတော်မူ၍ ရေချိုးအိမ်သို့ ဝင်တော်မူလေသည်။

     ထိုသို့ မြတ်စွာဘုရားရှင် ရေသုံးသပ်တော်မူချိန်မှာပင် အလုပ်အကျွေး ရဟန်းသည်လည်း ဘုရားနေရာတော်ကို ယူဆောင်ခဲ့၍ ဂန္ဓကုဋီ ပရိဝုဏ်အတွင်း၌ ခင်းထားလေ၏။ မြတ်စွာဘုရားရှင်သည် ကိုယ်တော်ကို ရေသုံးသပ်တော်မူပြီးလျှင် ကောင်းစွာ တပ်ဆိုးအပ်သည့် နှစ်ထပ်သင်္ကန်းကို ဝတ်တော်မူ၍ ခါးပန်းကို ပန်းပြီးလျှင် ကိုယ်ဝတ်စံပယ်တင် (လက်ကန်တော့ထိုး)တော်မူလျက် တပါးတည်းပင် ထိုဂန္ဓကုဋီ ပရိဝုဏ်အတွင်း ခင်းထားအပ်သော ဘုရားနေရာတော်၌ တခဏမျှ အပန်းဖြေကာ ထိုင်နေတော်မူလေသည်။

     ခဏကြာသောအခါ ရဟန်းတို့သည် ထိုထို နေ့သန့်ရာ ညဉ့်သန့်ရာ အရပ်တို့မှ အသီး အသီး လာရောက်ကြကာ မြတ်စွာဘုရားရှင်အား ဆည်းကပ် ခစားကြကုန်၏။ ထိုအစည်းအဝေး၌ အချို့သော ရဟန်းတို့က ပြဿနာမေးလျှောက်ကြ၍

၅၀

အချို့သော ရဟန်းတို့က ကမ္မဋ္ဌာန်းတရား မေးမြန်း လျှောက်ထားကြလေသည်။ အချို့သော ရဟန်းတို့က တရားနာဖို့ရန် (=တရားဟောပါမည့်အကြောင်း) တောင်းပန် လျှောက်ထားကြလေသည်။ မြတ်စွာဘုရားရှင်သည် ထိုပြဿနာမေးလျှောက်သော ရဟန်း, ကမ္မဋ္ဌာန်းတရား မေးလျှောက်သော ရဟန်း, တရားနာရန် (တရားဟောပါမည့်အကြောင်း) တောင်းပန် လျှောက်ထားကြသော ရဟန်း အားလုံးတို့၏ လိုလားတောင့်တချက်ကို ပြည့်စုံအောင် ချီးမြှောက်တော်မူလျက် ညဉ့်ဦးယံအချိန်ပိုင်းကို ကုန်လွန်စေတော်မူလေသည်။

(ဤကား ပုရိမယာမဗုဒ္ဓကိစ္စ = ညဉ့်ဦးယံပိုင်း ဗုဒ္ဓလုပ်ငန်းစဉ်တည်း)။

(၄) မဇ္ဈိမယာမဗုဒ္ဓကိစ္စ = သန်းခေါင်ယံပိုင်း

ဗုဒ္ဓလုပ်ငန်းစဉ်

     ညဉ့်ဦးယံပိုင်း ဗုဒ္ဓလုပ်ငန်းစဉ် ပြီးဆုံးသဖြင့် ရဟန်းတော်များ မြတ်စွာဘုရားရှင်ကို ရှိခိုးဝတ်ပြု၍ ဖဲသွားကြလေသော် ဇာတိခေတ် စကြဝဠာပေါင်း တိုက်တသောင်း၌ နေထိုင်ကြသော နတ်ဗြဟ္မာတို့သည် အခွင့်ရကြသဖြင့် မြတ်စွာဘုရားရှင်အထံတော်သို့ ဆည်းကပ်ကြပြီးလျှင် မိမိတို့ စီရင် ဆင်ခြင် စဉ်းစားခဲ့ကြသည့် အမေးပုစ္ဆာ ပြဿနာများကို အယုတ်သဖြင့် အက္ခရာလေးလုံးမျှရှိသည့် ပြဿနာကိုသော်လည်း မေးမြန်း လျှောက်ထားကြလေသည်၊ မြတ်စွာဘုရားရှင်သည် ထိုထိုနတ်ဗြဟ္မာတို့ မေးလျှောက်အပ်သမျှသော ပြဿနာများကို တခုမကျန် ဖြေရှင်းတော်မူကာ မဇ္ဈိမယံ (=သန်းခေါင်ယံ)အချိန်ကို ကုန်လွန်စေတော်မူလေသည်။

(ဤကား မဇ္ဈိမယာမဗုဒ္ဓကိစ္စ = သန်းခေါင်ယံပိုင်း ဗုဒ္ဓလုပ်ငန်းစဉ်တည်း)။

(၅) ပစ္ဆိမယာမဗုဒ္ဓကိစ္စ = မိုးသောက်ယံပိုင်း

ဗုဒ္ဓလုပ်ငန်းစဉ်

     ပစ္ဆိမယံ (=မိုးသောက်ယံ) အချိန်ပိုင်းကို သုံးပိုင်းပိုင်း၍ နံနက်အချိန်မှ အစပြုကာ ထိုင်နေခြင်း ဣရိယာပုထ်ဖြင့်

၅၁

နှိပ်စက်အပ်သည့် ရူပကာယကိုယ်တော်မြတ် အပင်အပန်း အနွမ်းအနယ် ပြေပျောက်စေရန် တပိုင်းတပုံအချိန်ကို စင်္ကြံကြွသွားခြင်းဖြင့် ကုန်လွန်စေတော်မူသည်၊ ဒုတိယပိုင်းအချိန်၌ ဂန္ဓကုဋီကျောင်းတော်သို့ဝင်၍ လက်ျာနံတောင်းဖြင့် သတိသမ္ပဇဉ် လက်မလွတ်ပဲ မြတ်သော လျောင်းစက်မှုကို ပြုတော်မူလေသည်။ တတိယပိုင်းအချိန်၌ လျောင်းတော်မူရာမှ ထပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူ၍ ရှေးရှေး ဘုရားရှင်တို့၏အထံ၌ ဒါန သီလ အစရှိသောအားဖြင့် အဓိကာရ (=အထိကရ) ကုသိုလ်ထူး ပြုခဲ့ဘူးသော ပုဂ္ဂိုလ်များကို ပိုင်းခြားထင်ထင် လင်းလင်းမြင်ရန် အာသယာနုသယဉာဏ်, ဣန္ဒြိယပရောပရိယတ္တိဉာဏ် တည်းဟူသော ဗုဒ္ဓစက္ခုတော်အစုံဖြင့် သတ္တလောကကို ကြည့်ရှုတော်မူလေသည်။ ။ဤကား သံယုတ်အဋ္ဌကထာ သီလက္ခန်အဋ္ဌကထာ စသည်တို့၌ ဖွင့်ပြချက်တည်း။

     သုတ္တနိပါတ်အဋ္ဌကထာ၌ ဖွင့်ပြပုံမှာ.. မိုးသောက်ယံအချိန်ပိုင်းကို လေးပိုင်းပိုင်း၍ ပဌမအချိန်ပိုင်း၌ စင်္ကြံကြွတော်မူသည်၊ ဒုတိယအချိန်ပိုင်း၌ ဂန္ဓကုဋီကျောင်းတော်သို့ဝင်၍ လက်ျာနံတောင်းဖြင့် သတိသမ္ပဇဉ် လက်မလွတ်ပဲ မြတ်သော လျောင်းစက်မှုကို ပြုတော်မူသည်၊ တတိယအချိန်ပိုင်း၌ အရဟတ္တဖိုလ်သမာပတ်ကို ၀င်စားတော်မူသည်၊ စတုတ္ထအချိန်ပိုင်း၌ မဟာကရုဏာသမာပတ်ကို ဝင်စားတော်မူပြီးလျှင် အပ္ပရဇက္ခသတ္တဝါ မဟာရဇက္ခသတ္တဝါ စသည်တို့ကို လင်းလင်းထင်ထင် မြင်နိုင်ရန် ဖော်ပြရာပါ ဗုဒ္ဓစက္ခုတော်အစုံဖြင့် သတ္တလောကကို ကြည့်ရှုတော်မူလေသည်။

(ဤကား ပစ္ဆိမယာမဗုဒ္ဓကိစ္စ = မိုးသောက်ယံပိုင်း ဗုဒ္ဓလုပ်ငန်းစဉ်တည်း)။

ဗုဒ္ဓကိစ္စ ၅-ပါးအကြောင်း ပြီး၏။

**********

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ် သီတင်းသုံးတော်မူရာ ထိုထိုအရပ်ဌာနတို့၌ နေ့စဉ်ပင် ဖော်ပြရာပါ ဗုဒ္ဓကိစ္စ ဗုဒ္ဓလုပ်ငန်းစဉ် ၅-ရပ်တို့ကို ရွက်ဆောင်ကြိုးကုတ် ပြုလုပ်တော်မူမြဲဓမ္မတာ ဖြစ်လေသည်၊ ယင်းသို့ ရွက်ဆောင် ပြုလုပ်တော်မူမြဲ

၅၂

ဓမ္မတာအတိုင်း ယခု ၁၁-ခုမြောက် ဧကာဒသမ၀ါ ကပ်ဆို တော်မူရာ ဒက္ခိဏာဂိရိ ကျောင်းတိုက်ကြီး၌ သီတင်းသုံးတော်မူသော အခါမှာလည်း ဗုဒ္ဓကိစ္စတို့ကို ပြုလုပ်တော်မူခဲ့ရာ တနေ့သောအခါဝယ် ပစ္ဆိမယံကိစ္စ ဗုဒ္ဓလုပ်ငန်းစဉ်အဝင်အပါ “ဗုဒ္ဓစက္ခုဖြင့် သတ္တလောကကို ကြည့်ရှုတော်မူခြင်း” တည်းဟူသော ဗုဒ္ဓကိစ္စကို ပြုတော်မူလတ်သည်ရှိသော် အရဟတ္တဖိုလ်၏ ဥပနိဿယည်း ပစ္စည်းအထောက်အပံ့ အဓိကာရကောင်းမှုနှင့် ပြည့်စုံသော ကသိဘာရဒွါဇပုဏ္ဏားကို သဗ္ဗညုတရွှေဉာဏ်တော်ဖြင့် သိမြင်တော်မူ၍ ဆက်၍တဖန် ဆင်ခြင်တော်မူပြန်သော် “ယနေ့ ကသိဘာရဒွါဇပုဏ္ဏား လယ်ထွန်မင်္ဂလာမှု ပြုလိမ့်မည်။ ထိုပုဏ္ဏား လယ်ထွန်ရာအရပ်သို့ ငါဘုရားကြွရောက်လျှင် စကားနှီးနှော ပြောဆိုရမှု ဖြစ်လိမ့်မည်၊ ထို့နောင် စကားနှီးနှောပြောဆိုမှုအဆုံး၌ ငါဘုရား၏ တရားဒေသနာကို ကြားနာရ၍ ထိုပုဏ္ဏားသည် ရဟန်းပြု၍ အရဟတ္တဖိုလ်သို့ ရောက်လိမ့်မည်”ဟု လင်းလင်းထင်ထင် သိမြင်တော်မူကာ အချိန်ကို စောင့်ဆိုင်းငံ့လင့်၍ ဒက္ခိဏာဂိရိ ကျောင်းတိုက်ကြီးအတွင်း ဂန္ဓကုဋီကျောင်းတော်၌ သီတင်းသုံး နေထိုင်တော်မူလျက်ရှိ၏။

ကသိဘာရဒွါဇပုဏ္ဏား၏ လယ်ထွန်မင်္ဂလာ အခမ်းအနား

     ထိုနေ့ကား ဧကနာဠရွာသား ကသိဘာရဒွါဇမည်သော ပုဏ္ဏား၏ လယ်ထွန်မင်္ဂလာအခမ်းအနား ကျင်းပသောနေ့ဖြစ်၏။ (ထိုပုဏ္ဏားကို အနွယ်အားဖြင့် ဘာရဒွါဇအနွယ် ဖြစ်သောကြောင့်၎င်း, အလုပ်အကိုင်အားဖြင့် လယ်ထွန်မှုဖြင့် အသက်မွေးဝမ်းကျောင်း ပြုသောကြောင့်၎င်း ကသိဘာရဒွါဇပုဏ္ဏားဟူ၍ ခေါ်၏)။ ထိုကသိဘာရဒွါဇပုဏ္ဏား၏ လယ်ထွန်မျိုးချသည့် ပဌမနေ့ အစီအစဉ်မှာ-

     ဝန်ဆောင် နွားဗိုက်ပေါင်း ကောင်ရေ (၃၀၀၀) သုံးထောင်တို့ကို အသင့်ပြင်ဆင်ထားရှိသည်။ အားလုံးသော နွားတို့မှာ ရွှေဦးချိုစွပ်များ လှပစွာ စွပ်၍ထားအပ်သည့်ပြင် ငွေခွါစွပ်များလည်း

၅၃

အသင့်စွပ်၍ ထားအပ်ကုန်၏၊ အားလုံးသော နွားတို့သည်ပင် ပန်းဖြူများ နံ့သာလက်ငါးချောင်းရာများဖြင့် တန်းဆာဆင်အပ်ပြီး ဖြစ်သည့်ပြင် ဦးခေါင်း, ခြေလေးဖက် တည်းဟူသော အင်္ဂါငါးသွယ် တင့်တယ်လှပ၍ နွားကောင်းလက္ခဏာတို့နှင့် ပြည့်စုံသော နွားတို့ချည်း ဖြစ်ကုန်၏၊ အချို့နွားတို့မှာ မျက်စဉ်းဓာတ်ကျောက်ရောင် ညိုမှောင်သော အဆင်းရှိကြကုန်၏။ အချို့မှာ ဖလ်ရောင်ပမာ ဖြူစွာသော အဆင်းရှိကြ၍ အချို့မှာ သန္တာအသွေး နီတွေးသော အဆင်းရှိကြလျက် အချို့မှာ မသာရဂလ်ကျောက်အလား ပြောက်ကျားသော အဆင်းရှိကုန်၏။

     ထို့အတူ လယ်ထွန်ယောက်ျား အလုပ်သမား (၅၀၀) ငါးရာတို့သည် အလုံးစုံပင် အသစ်စက်စက် အဝတ်ဖြူများကို ဝတ်ဆင်ထားကြကုန်လျက် နံ့သာပန်းတို့ဖြင့် တန်ဆာဆင်အပ်ပြီးလျှင် လက်ျာပခုံးစွန်းတို့၌ တညီတညွတ်တည်း ပန်းခွေကြီးများကို စွပ်ထားကြသည့်ပြင် တကိုယ်လုံး ဆေးဒန်းမြင်းသီလာ လိမ်းကျံထားသဖြင့် အရောင်တလက်လက် ထွက်လျက်ရှိကုန်၏၊ ထွက်ချီသောအခါမှာ ထွန်တုံး ဆယ်ခု ဆယ်ခုလျှင် တစုတစုဖြစ်ကာ ထွက်ချီကြကုန်၏၊ ထွန်တုံးဦး ထွန်တုံးဖျား ထမ်းပိုးကြီး နှင်တံများကိုလည်း ရွှေပြားကွပ်၍ ထားအပ်ကုန်၏။ ထွန်တုံး (၅၀၀) ငါးရာရှိသည့်အနက် ပဌမအဦးဆုံးထွန်တုံး၌ ဝန်ဆောင်နွားဗိုက် ရှစ်ကောင်က-အပ်၍ ကျန်သော ထွန်တုံးတို့၌ လေးကောင်စီ လေးကောင်စီ က-အပ်ကုန်၏၊ ကြွင်းသော နွားတို့ကိုကား ပင်ပန်းသောနွားများနှင့် အလဲအလှယ်ပြုလုပ်ရန် အပိုအရံ ယူဆောင်အပ်ခဲ့ကုန်၏။ ထွန်တုံးဆယ်ခု တစုတစု၌ မျိုးလှည်း တစီး တစီးကျစီ ပါရှိ၍ လယ်သမားတယောက် တယောက်စီသာ အလှည့်အလည် ထွန်ယက်ရ၏။ တယောက်စီ တယောက်စီသာလျှင် အလှည့်အလည် ပျိုးကြဲရလေသည်။

     ကသိဘာရဒွါဇ မြေပိုင်ရှင် ပုဏ္ဏားကိုယ်တိုင်ကား ရှေ့ဦး ကပင် မုတ်ဆိတ်ကြင်စွယ်ကို ပြုပြင်စေပြီး၍ ရေချိုးပြီးလျှင် အလွန်မွှေးကြိုင်သော နံ့သာတို့ဖြင့် ကိုယ်ကိုလိမ်းကျံကာ အဖိုးငါးရာတန်

၅၄

ခါးဝတ်ကို ဝတ်၍ အဖိုးတထောင်တန် အပေါ်ရုံကို လက်၀ဲတဖက် ပခုံးထက်၌ တင်လျက် (=လောပတ်တင်လျက်) လက်ချောင်း တချောင်း တချောင်းလျှင် လက်စွပ် နှစ်ကွင်းစီ နှစ်ကွင်းစီအားဖြင့် လက်စွပ်ကွင်းပေါင်း နှစ်ဆယ်ကို စွပ်လျက်၎င်း, နားနှစ်ဖက်တို့၌ ခြင်္သေ့ခံတွင်းပုံဟန် နားဋောင်းတို့ကို ဝတ်ဆင်ပန်လျက်၎င်း, ဦးခေါင်း၌ ဗြဟ္မာမင်း၏ ဦးရစ်နှင့်တူသော ဦးရစ်ခေါင်းပေါင်းကို ပေါင်းထုပ်လျက်၎င်း, ရွှေပန်းခိုင်ကို လည်၌ ဝတ်ဆင်လျက်၎င်း ပုဏ္ဏားအပေါင်းခြံရံလျက် အလုပ်ကိစ္စကို စီမံခန့်ထားလေသည်။

     ထို့နောင်မှ အိမ်ရှင် ပုဏ္ဏေးမကြီးသည် နို့ဃနာအိုးပေါင်းများစွာ ကျိုချက်စေပြီးလျှင် လှည်းကြီးများပေါ်၌ တင်ဆောင်စေ၍ နံ့သာရေမိုး ချိုးပြီးနောက် အဆင်တန်းဆာစုံ ဝတ်ရုံဆင်မြန်းလျက် ပုဏ္ဏေးမအပေါင်း ခြံရံကာ အလုပ်ဌာနသို့ သွားရောက်လေသည်။

     ပုဏ္ဏား၏ အိမ်မှာလည်း နေရာတိုင်းမှာပင် နံ့သာတို့ဖြင့် ကောင်းစွာ လိမ်းကျံအပ်၏။ နေရာအနှံ့ ပေါက်ပေါက်များ ကြဲဖြန့်ထားအပ်၏၊ ရေပြည့်အိုး, ငှက်ပျောပင်ရှင်, တံခွန် ကုက္ကား မုလေးပွါးတို့ဖြင့် တန်ဆာဆင်အပ်လျက် နံ့သာပန်းစသည်တို့ဖြင့် ပူဇော်သက္ကာမှု ပြုအပ်ပြီးဖြစ်၏၊ လယ်ကွက်မှာလည်း ထိုထိုနေရာတို့၌ တံခွန်လုံး တခွန်ပြား အလံများကို မားမားစိုက်ထူ၍ ထားအပ်ပေ၏၊ အခြံအရံများ အလုပ်သမားများနှင့်တကွ အလုပ်ဌာနသို့ လာရောက်စုဝေးသော ပရိသတ်ကား (၂၅ဝ၀) နှစ်ထောင့်ငါးရာရှိ၍ လူတိုင်း လူတိုင်း အဝတ်သစ်ကို ဝတ်ဆင်ကြသည့်ပြင် ထိုလူပေါင်း နှစ်ထောင့်ငါးရာတို့အတွက် ဃနာနို့ဆွမ်း ဘောဇဉ်ကို စီရင်အပ်ပြီး ဖြစ်လေသည်။

     အလုပ်ဌာန၌ အားလုံး အသင့်စုံညီသောအခါ ပုဏ္ဏားကြီးသည် မိမိစားနေကျရွှေခွက်ကို သန့်စင်အောင်ဆေးကြောစေ၍ နို့ဃနာ အပြည့်ထည့်ပြီးလျှင် ထောပတ် ပျား တင်လဲတို့ဖြင့် မွမ်းမံပြင်ဆင် စီရင်ပြီးနောက် ထွန်တုံးနတ်အား ပူဇော်ခြင်းအမှု ပြုစေလေသည်။ ပုဏ္ဏေးမကြီးသည် လယ်သမားငါးရာတို့အား ရွှေခွက် ငွေခွက်

၅၅

ကြေးဖြူခွက် ကြေးနီခွက်တို့ကို အသီးအသီး ပေးစေပြီးလျှင် မိမိကိုယ်တိုင် ရွှေယောက်ချိုကို စွဲကိုင်ကာ နို့ဃနာဖြင့် အစဉ်အတိုင်း လောင်းထည့်ကျွေးမွေးကာ သွားလေ၏။ ပုဏ္ဏားကြီးသည်ကား ဗလိနတ်စာပူဇော်မှု ပြုစေပြီးနောက် ရွှေသည်းကြိုးအနီ (သဲကြိုးနီ)တပ်သော ဘိနပ်တို့ကို စီးနင်း၍ ရွှေတောင်ဝှေးအနီကြီးကို စွဲကိုင်ကာ “ဤသူ၏ခွက်၌ နို့ဃနာကို ထည့်ပေးကြလော့၊ ဤသူ၏ခွက်၌ ထောပတ်ကို ထည့်ပေးကြလော့၊ ဤသူ၏ခွက်၌ သကာကို ထည့်ပေးကြလော့”ဟု လိုအပ်သလို စီမံလျက် လှည့်လည်နေဆဲဖြစ်၏။

     ဤကား ကသိဘာရဒွါဇ မြေပိုင်ရှင်ပုဏ္ဏားကြီး၏ လယ်ထွန်မင်္ဂလာ ကျင်းပရာဌာန၌ အခမ်းအနား အစီအမံတည်း။

မြတ်စွာဘုရားရှင် ကြွရောက်တော်မူခြင်း

     ထိုအခါ မြတ်စွာဘုရားရှင်သည် ဂန္ဓကုဋီကျောင်းတော်၌ နေတော်မူရင်းကပင် ပုဏ္ဏား၏ နို့ဃနာထမင်းကျွေးပွဲ ဖြစ်နေသည်ကို သိမြင်တော်မူကာ “ဤအချိန်ကား ပုဏ္ဏားကိုဆုံးမရန် အချိန်တန်ပြီ”ဟု ဆင်ခြင်တော်မူပြီးလျှင် သင်းပိုင်ကို ပြင်ဝတ်၍ ခါးပန်းကို ပန်းတော်မူလျက် သင်္ကန်းတော်ကို ရုံပြီးလျှင် သပိတ်တော်ကို ယူဆောင်တော်မူ၍ ဂန္ဓကုဋီကျောင်းတော်မှ တပါးတည်း ထွက်ကြွတော်မူကာ ကသိဘာရဒွါဇပုဏ္ဏား၏ လယ်ထွန်မင်္ဂလာပွဲကျင်းပရာအရပ်သို့ ကြွရောက်တော်မူလေသည်။

(ဤ၌။ ။မြတ်စွာဘုရားရှင် ဆွမ်းခံကြွတော်မူလိုလျှင် ပဒုမာကြာပန်းပွင့်အစုံရှိရာသို့ ပိတုန်းသည် သူ့အလိုလို လာရောက်သကဲ့သို့ ဣန္ဒနီလာ ကျောက်ညိုရောင်အဆင်းရှိသော (စတုမဟာရာဇ်နတ်မင်းကြီး လေးဦးတို့ လှူဒါန်းဆက်ကပ်ထားအပ်သော) ကျောက်သပိတ်တော်သည် သပိတ်ရှိရာသို့ မြတ်စွာဘုရားရှင်က သွားရောက်၍ ယူမနေရပဲ သူ့အလိုလို လက်တော်နှစ်ဖက်၏ အလယ်သို့ ရောက်ရှိလာလေသည်။

ဤ၌။ ။“ရဟန်းတော်များ ဘုရားရှင်နောက်သို့ အဘယ့်ကြောင့် မလိုက်ပါကြသနည်း”ဟု မေးမြန်းဖွယ်ရှိ၏၊ အဖြေကား.. မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ် တပါးတည်းသာ ကြွရောက်တော်မူလိုလျှင်

၅၆

နံနက် ဆွမ်းခံချိန်၌ တံခါးကိုပိတ်၍ ဂန္ဓကုဋီကျောင်းတော်အတွင်းသို့ဝင်၍ နေတော်မူ၏၊ ထိုအခါ ရဟန်းတို့သည် ထိုအထိန်းအမှတ်ဖြင့် “ယနေ့ မြတ်စွာဘုရားရှင်သည် တပါးတည်းသာ မြို့ရွာအတွင်းသို့ ကြွဝင်တော်မူလို၏၊ ဧကန်ပင် ချေချွတ်သင့်သော သတ္တဝါတယောက်ယောက်ကို မြင်တော်မူလေပြီ”ဟု သိရှိကြကာ မိမိ မိမိတို့၏ သပိတ်သင်္ကန်းများကို ယူဆောင်ကြကာ ဂန္ဓကုဋီကျောင်းတော်ကို လက်ျာရစ် လှည့်လည်ကြ၍ ဆွမ်းခံ လှည့်လည်ကြကုန်၏။ ထိုကသိဘာရဒွါဇပုဏ္ဏားကြီးကို ချေချွတ်မည့်နေ့၌လည်း မြတ်စွာဘုရားရှင်သည် ဖော်ပြရာပါအတိုင်း ပြုတော်မူသည်။ ထို့ကြောင့် ရဟန်းတို့သည် မြတ်စွာဘုရားရှင်နောက်သို့ မလိုက်ပါကြကုန်၊ ဤကား အဖြေတည်း။)

     မြတ်စွာဘုရားရှင် ကြွရောက်တော်မူချိန်၌ ကသိဘာရဒွါဇပုဏ္ဏားကြီး မိမိ၏ အခြွေအရံများကို နို့ဃနာထမင်း ကျွေးမွေးနေဆဲဖြစ်လေသည်၊ ထိုအခါ မြတ်စွာဘုရားရှင်သည် နို့ဃနာထမင်း ကျွေးမွေးရာအရပ်သို့ ကြွသွား၍ သင့်လျောက်ပတ်ရာအရပ်၌ ရပ်တည်တော်မူလေ၏။

(ဤ၌။ ။နို့ဃနာထမင်း ကျွေးမွေးရာအရပ်သို့ မြတ်စွာဘုရားရှင် ကြွရောက်၍ ရပ်တည်တော်မူခြင်းမှာ ပုဏ္ဏားကြီးအား ချီးမြှောက်ရန်သာ ကြွတော်မူခြင်းဖြစ်သည်၊ မှန်၏- မြတ်စွာဘုရားရှင်သည် အထီးကျန်သော ယောက်ျားကဲ့သို့ စားသောက်လိုသည့်အတွက် ကျွေးမွေးရာအရပ်သို့ ကြွရောက်သည်မဟုတ်။ ချဲ့ဦးအံ့.. မြတ်စွာဘုရားရှင်၏ ဆွေတော်မျိုးတော်တို့ကား မယ်တော်ဖက်မှ ရှစ်သောင်း, ခမည်းတော်ဖက်မှ ရှစ်သောင်းအားဖြင့် တသိန်းခြောက်သောင်းတို့ ရှိကုန်၏။ ထိုဆွေတော်မျိုးတော်များသည် မိမိ မိမိတို့၏ စည်းစိမ်အားဖြင့် အမြဲမပြတ် နိဗဒ္ဓဆွမ်းအလှူကို လှူဒါန်းနိုင်ကြကုန်၏။ စင်စစ်သော်ကား မြတ်စွာဘုရားရှင်သည် ဆွမ်းရေးအတွက် ရဟန်းပြုသည်မဟုတ်၊ အဟုတ်သော်ကား အသင်္ချေများစွာ ကပ်ကမ္ဘာတို့ပတ်လုံး စွန့်ခြင်းကြီးငါးပါးတို့ကို စွန့်ကြဲတော်မူလျက် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးလျှင် “သံသရာဝဋ်မှ ငါကိုယ်တိုင် ကျွတ်လွတ်ပြီးလျှင် ဝေနေယျတို့ကိုလည်း ငါနှင့်ထပ်တူ လွတ်စေမည်၊ ငါကိုယ်တိုင်က ဣန္ဒြေခြောက်ပါးကို ယဉ်ကျေးအောင် ဆုံးမပြီးလျှင် ဝေနေယျတို့ကိုလည်း ငါနှင့်ထပ်တူ ယဉ်ကျေးစေမည်၊ ငါကိုယ်တိုင်က ကိလေသာအပူခပ်သိမ်း ငြိမ်းအေးပြီးလျှင် ဝေနေယျတို့ကိုလည်း ငါနှင့်ထပ်တူ ငြိမ်းအေးစေမည်၊ ငါကိုယ်တိုင်က

၅၇

ခန္ဓာ,ကိလေ နှစ်ထွေသော ပရိနိဗ္ဗာနဓာတ်ကို ရရှိပြီးလျှင် ဝေနေယျတို့ကိုလည်း ငါနှင့်ထပ်တူ ရစေမည်”ဟု နှလုံးသွင်း ရည်ရွယ်ချက်ဖြင့် ရဟန်းပြုတော်မူခဲ့လေသည်။ သို့ရကား ကိုယ်တော်တိုင်က သံသရာဝဋ်မှ လွတ်တော်မူပြီး ဖြစ်သောကြောင့် ဝေနေယျတို့ကိုလည်း ကိုယ်တော်ထပ်တူ လွတ်စေလိုတော်မူသောကြောင့်၎င်း, ကိုယ်တော်တိုင်က ဣန္ဒြေခြောက်ပါးကို ယဉ်ကျေးအောင် ဆုံးမတော်မူပြီး ဖြစ်သောကြောင့် ဝေနေယျတို့ကိုလည်း ကိုယ်တော်ထပ်တူ ယဉ်ကျေးစေတော်မူလိုသောကြောင့်၎င်း ကိုယ်တော်တိုင်က ကိလေသာအပူခပ်သိမ်း ငြိမ်းအေးတော်မူပြီး ဖြစ်သောကြောင့် ဝေနေယျတို့ကိုလည်း ကိုယ်တော်ထပ်တူ ငြိမ်းအေးစေတော်မူလိုသောကြောင့်၎င်း, ကိုယ်တော်တိုင်က ပရိနိဗ္ဗာနဓာတ်နှစ်မျိုးကို စိုးမိုးရရှိတော်မူပြီး ဖြစ်သောကြောင့် ဝေနေယျတို့ကိုလည်း ကိုယ်တော်ထပ်တူ ရစေတော်မူလိုသောကြောင့်၎င်း လောက၌ လှည့်လည်တော်မူသည်ဖြစ်၍ ကသိဘာရဒွါဇပုဏ္ဏားအား ချီးမြှောက်မှု ပြုတော်မူရန် နို့ဃနာထမင်း ကျွေးရာအရပ်သို့ ကြွရောက် ရပ်တည်တော်မူခြင်း ဖြစ်သည်)။

     မြတ်စွာဘုရားရှင်သည် ကသိဘာရဒွါဇပုဏ္ဏား မြင်လောက်ရာ, စကားကို ကြားလောက်ရာ မြင့်သောအရပ်၌ ရပ်တည်တော်မူပြီးလျှင် ထက်ဝန်းကျင် အတောင်ရှစ်ဆယ်အရပ်သို့တိုင်အောင် နေအထောင် လအထောင် အရောင်တို့ထက် လွန်ကဲ တောက်ပြောင်သော ရွှေရည်နှင့် ဆေးဒန်းရွှေဝါနှစ်ပါး ရောစပ်ထားသည့်အယောင် ပီတမည်သော ကိုယ်တော်ရောင်ကို လွှတ်လိုက်လေသည်၊ ယင်း ကိုယ်တော်ရောင်ဖြင့် လွှမ်းမိုးအုပ်ခြံအပ်လေသောကြောင့် ပုဏ္ဏား၏ အလုပ်ရုံ နံရံများ, ပတ်ဝန်းကျင် သစ်ပင်များ, ထွန်အပ်ပြီးသည့် မြေစိုင်ခဲ စသည်များမှာ ရွှေသား ရွှေတုံးကြီးများကဲ့သို့ဖြစ်၍ နေလေကုန်၏။

     ထိုအခါ နို့ဃနာထမင်း စားနေကြသည့် လူအပေါင်းတို့သည် အတုမရှိသော ဗုဒ္ဓအသရေတော်ဖြင့် ပြောင်ပြောင်ဝင်းဝင်း ထွန်းလင်းတောက်ပလျက် ရပ်တည်တော်မူနေသော မြတ်စွာဘုရားရှင်ကို ဖူးမြော်ကြရ၍ လက်ခြေတို့ကို ဆေးကြောကြပြီးလျှင် လက်အုပ်ကိုယ်စီ မြှောက်ချီကြလျက် မြတ်စွာဘုရားရှင်ကို ဝန်းကျင်ပတ်ခြံ ရံလျက် တည်ကြလေကုန်၏။ ယင်းသို့ လူအပေါင်း ပတ်ခြံရံလျက်

၅၈

တည်နေသော မြတ်စွာဘုရားကို ပုဏ္ဏားကြီး မြင်လေသော် “ငါ၏ အလုပ်ပျက်အောင် တမင်သက်သက် လာရောက်နှောက်ယှက်ခြင်း ဖြစ်သည်”ဟု ကြံစည် အောက်မေ့ကာ နှလုံးမသာမယာ ဖြစ်သောကြောင့်၎င်း, မြတ်စွာဘုရားရှင်၏ လက္ခဏာတော်ကြီးငယ်နှင့် ပြည့်စုံတော်မူခြင်းကို ရှုကြည့်၍ “ဤရဟန်းဂေါတမသည် အကယ်၍ စီးပွါးဖြစ်ထွန်းရေးအလုပ်ကို လုပ်ဆောင်ခဲ့လျှင် ဇမ္ဗူဒိပ်တကျွန်းလုံး၌ လူတကာ၏ ဦးခေါင်းထက်ဝယ် ပတ္တမြားဦးသျှောင်ကျင်သဖွယ် ဖြစ်ပေလိမ့်မည်၊ ဤရဟန်းဂေါတမအဖို့ရာ မည်သည့်အကျိုးစီးပွါးမဆို ပြီးမြောက်ပြည့်စုံနိုင်မည်သာ ဖြစ်၏။ ထိုသို့ဖြစ်ပါလျက် ဤရဟန်းဂေါတမသည် ပျင်းရိသည့်အတွက် အလုပ်အကိုင်များကို မလုပ်ဆောင်ပဲ လူအများ၏ လယ်ထွန်မင်္ဂလာသဘင် စသည်တို့၌ ဆွမ်းခံ၍ စားသောက်ပြီးလျှင် ကိုယ်ခန္ဓာကြံ့ခိုင်ရေးကိုသာ အသားပေးလျက် လှည့်လည်ကျက်စား သွားလာနေဘိ၏”ဟု အကြံမှား အစည်မှား ဖြစ်သောကြောင့်၎င်း ပုဏ္ဏားကြီးသည် မြတ်စွာဘုရားရှင်ကို-

“အိုရဟန်း.. ငါသည် လယ်ထွန်မှု မျိုးကြဲမှုကို ပြုပေ၏။ လယ်ထွန်မျိုးကြဲပြီးလျှင် စားသောက်နေထိုင်ပေ၏။ (ငါသည် သင်ကဲ့သို့ လက္ခဏာကြီးငယ်တို့နှင့် ပြည့်စုံသူ မဟုတ်စေကာမူ ဤအလုပ်များကား မပျက်စီးခဲ့ပါကုန်။) အိုရဟန်း.. သင်သည်လည်း ငါကဲ့သို့ပင် လယ်ထွန်မှု မျိုးကြဲမှုကို ပြုပါတော့လော၊ လယ်ထွန်မျိုးကြဲပြီးလျှင် ငါကဲ့သို့ပင် ချမ်းသာစွာ စားသောက် နေထိုင်ပါတော့လော။ (ဤသို့ လက္ခဏာကြီးငယ်တို့ ပြည့်စုံသော သင့်အဖို့ရာ အဘယ်မည်သော အကျိုးစီးပွါးသည် မပြီးမြောက် မပြည့်စုံပဲ ရှိနိုင်အံ့နည်း)”-

ဟူ၍ မထီမဲ့မြင်စကား ပြောကြားလေ၏။ ။(တနည်းအားဖြင့် ဤကသိဘာရဒွါဇ ပုဏ္ဏားကြီးသည် “ကပိလဝတ်နေပြည်တော်ဝယ် သာကီဝင်မင်းတို့၏ ရွှေနန်းတော်၌ ဘုန်းကံကြီးမားသည့် သိဒ္ဓတ္ထမင်းသား ထင်ရှားဖြစ်ပေါ်သည်တဲ့၊ ထိုမင်းသားသည်

၅၉

စကြဝတေးမင်းစည်းစိမ်ကို ပယ်စွန့်၍ ရဟန်းပြုပြီတဲ့”ဟူသော သတင်းစကားကို ရှေးကပင် ကြားသိထားသူ ဖြစ်လေသည်၊ ထို့ကြောင့် ယခုအခါ၌ “ထိုသိဒ္ဓတ္ထမင်းသားဟူသည် ဤရဟန်းပင်တည်း”ဟု သိ၍ “စကြဝတေးမင်းစည်းစိမ်ကို ပယ်စွန့်၍ (ရဟန်းပြုသော သင့်မှာ) ယခုလို ပင်ပန်းနွမ်းနယ်ရသေးသတဲ့လား”ဟု စွပ်စွဲရှုတ်ချမှု ပြုလိုသည်ဖြစ်၍ ဤကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ ။တနည်းလည်း ဤပုဏ္ဏားသည် ထက်မြက်သော ပညာရှင်တယောက်ဖြစ်၏။ မြတ်စွာဘုရားရှင်ကို စွပ်စွဲရှုတ်ချလို၍ ထိုသို့ ပြောဆိုသည်မဟုတ်၊ စင်စစ်သော်ကား မြတ်စွာဘုရားရှင်၏ ရူပကာယနှင့် ပြည့်စုံပုံကို မျက်မှောက်ထင်ထင် တွေ့မြင်ရ၍ ပညာတော်နှင့် ပြည့်စုံခြင်းကို ချီးမွမ်းလိုသည်ဖြစ်၍ စကားစဖြစ်စေရန် ဤကဲ့သို့ ပြောဆိုလေသည်။)

     ထိုအခါ မြတ်စွာဘုရားရှင်သည် ဆုံးမချေချွတ်ရမည့် (ကသိဘာရဒွါဇပုဏ္ဏား တည်းဟူသော) ဝေနေယျ-က လယ်သမား မျိုးကြဲသမားဖြစ်၍ ထိုဝေနေယျ၏ အလိုအာသယနှင့် လိုက်လျောညီညွတ်စွာ နတ်ဗြဟ္မာနှင့်တကွသော သတ္တလောကကြီး၌ ကိုယ်တော်မြတ်၏ အမြတ်ဆုံး အထက်တန်းအကျဆုံးသော လယ်သမားကြီး မျိုးကြဲသမားကြီး ဖြစ်ကြောင်းကို ပြတော်မူကာ တရားဟောတော်မူလိုသည်ဖြစ်၍-

“ပုဏ္ဏား.. ငါဘုရားသည်လည်း သင်ကဲ့သို့ပင် လယ်လည်းထွန်၏၊ မျိုးလည်းကြဲချ၏၊ လယ်ထွန်မျိုးကြဲပြီးလျှင် ချမ်းသာစွာ စားသောက်နေထိုင်ပေ၏”–

ဟူ၍ မိန့်ဆိုတော်မူလေ၏။

     ထိုအခါ ကသိဘာရဒွါဇပုဏ္ဏားသည် “ဤရဟန်းဂေါတမသည် ငါသည်လည်း သင်ကဲ့သို့ပင် လယ်လည်း ထွန်၏၊ မျိုးလည်း ကြဲချ၏ဟူ၍ ပြောဆို၏၊ သို့သော်လည်း ထိုရဟန်းဂေါတမ၏ ထမ်းပိုး, နှင်တံ အစရှိသော အကြမ်းစား လယ်ထွန်ပစ္စည်း ဘဏ္ဍာများကို မတွေ့မမြင်ရချေ။ ထိုရဟန်းဂေါတမသည် မုသားစကားကိုပင် ပြောလေသလော၊ မပြောလေသလော”ဟု ကြံစည်

၆၀

စဉ်းစားပြီးလျှင် မြတ်စွာဘုရားရှင်ကို ခြေတော်အပြင်မှ အစပြုကာ အထက်ဆံတော်ဖျားတိုင်အောင် စုံစမ်းကြည့်ရှုလတ်သည်ရှိသော် အင်္ဂဝိဇ္ဇာတတ်ကျွမ်းသူ ဖြစ်သောကြောင့် မြတ်စွာဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီးများနှင့် ပြည့်စုံပုံကို ကောင်းစွာထင်ထင် သိမြင်ရ၍ “ဤသို့သော မဟာပုရိသ လက္ခဏာတော်ကြီးများနှင့် ပြည့်စုံသော ပုဂ္ဂိုလ်မြတ်အဖို့ရာ မုသားစကား ပြောဆိုရန် အကြောင်းမရှိချေ၊ အရာမဟုတ်ချေ”ဟု ဆင်ခြင်မိ၍ ထိုခဏမှာပင် များစွာ မြတ်နိုးတနာဖြစ်ပြီးလျှင် မြတ်စွာဘုရားရှင်အပေါ်၌ ရိုင်းပြစွာ “သမဏ = ရဟန်း”ဟု ပြောဆိုခြင်းကို ပယ်စွန့်၍ အနွယ်တော်အားဖြင့် မြတ်စွာဘုရားရှင်ကို ပြောဆိုလိုသည်ဖြစ်၍-

“အကျွန်ုပ်တို့သည် အရှင်ဂေါတမ၏ ထမ်းပိုးကို၎င်း, ထွန်တုံးကို၎င်း, ထွန်သွားကို၎င်း, နှင်တံကို၎င်း, ခိုင်းနွားတို့ကို၎င်း မမြင်ကြရပါကုန်၊ ထိုသို့ဖြစ်လျက် အရှင်ဂေါတမသည် ‘ပုဏ္ဏား.. ငါဘုရားသည်လည်း သင်ကဲ့သို့ပင် လယ်လည်း ထွန်၏၊ မျိုးလည်း ကြဲချ၏။ လယ်ထွန်မျိုးကြဲပြီးလျှင် ချမ်းသာစွာ စားသောက် နေထိုင်ပေ၏’ဟု ပြောဆိုဘိ၏”–

ဟူ၍ ပြောဆိုပြီးနောက် ကသိဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားရှင်ကို-

ကဿကော ပဋိဇာနာသိ၊

န စ ပဿာမ တေ ကသိံ။

ကသိံ နော ပုစ္ဆိတော ဗြူဟိ၊

ယထာ ဇာနေမု တေ ကသိံ။ (၁)

(ဘော ဂေါတမ = အို အရှင်ဂေါတမ..။ တွံ = အရှင်ဘုရားသည်)။ ကဿကော = လယ်ထွန်ယောက်ျား လယ်သမားဟူ၍။ ပဋိဇာနာသိ = ဝန်ခံစကား ပြောကြားဘိ၏။ တေ = အရှင်ဂေါတမ၏။

၆၁

ကသိံ = လယ်ထွန်နိုင်ကြောင်း (ထမ်းပိုးထွန်တုံး- အစရှိသော) အဆောက်အဦပေါင်းကို။ န စ ပဿာမ = ငါတို့ မမြင်ကြရကုန်ပါ။ ယထာ = အကြင်အခြင်းဖြင့် ဖြေရှင်းအပ်သည်ရှိသော်။ တေ = အရှင်ဂေါတမ၏။ ကသိံ = လယ်ထွန်နိုင်ကြောင်း အဆောက်အဦပေါင်းကို။ ဇာနေမု = ငါတို့ထင်စွာ သိနိုင်ကုန်ရာ၏။ တထာ = ထိုအခြင်းအရာဖြင့်။ (ဝါ) ငါတို့ထင်ထင် သိမြင်နိုင်လောက်အောင်။ ပုစ္ဆိတော = သိလိုရေးဖြင့် မေးလျှောက်အပ်သော အရှင်ဂေါတမသည်။ နော = ငါတို့ကို။ ကသိံ = လယ်ထွန်နိုင်ကြောင်း (အရှင်ဂေါတမ၏) အဆောက်အဦပေါင်းကို။ ဗြူဟိ = အဖြေစကား မိန့်ကြားပါလော့။-

ဟူသော ဂါထာဖြင့် မေးလျှောက်လေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ပုဏ္ဏား၏ မပြည့်မစုံ မေးလျှောက်ချက်ကို အဖြေ ၃-ဂါထာ, နိဂုံး ၁-ဂါထာ = ပေါင်း ၄-ဂါထာတို့ဖြင့် ပြည့်စုံစွာ ဖြေကြားတော်မူလေသည်။ ထိုဂါထာတို့ပါဌ်အနက် အဓိပ္ပါယ်ကား-

အဖြေဂါထာ (၁)

သဒ္ဓါ ဗီဇံ တပေါ ဝုဋ္ဌိ၊

ပညာ မေ ယုဂနင်္ဂလံ။

ဟိရီ ဤသာ မနော ယောတ္တံ၊

သတိ မေ ဖာလပါစနံ။ (၂)

(ဗြာဟ္မဏ = ဘာရဒွါဇနွယ်ဖွား အိုပုဏ္ဏား)။ မေ = ငါဘုရား၏။ သဒ္ဓါ = အာဂမ, အဓိဂမ, ဩကပ္ပန, ပသာဒသဒ္ဓါတရား ဤလေးပါးသည်။ (သဒ္ဓါလေးမျိုးအကြောင်းကို ပါထိကဝဂ္ဂအဋ္ဌကထာ၊ မျက်နှာ ၂၁၂- စသည်၌ရှု)။ ဗီဇံ = လယ်ကိုထွန်လျှင်း အကြောင်းရင်းမှန်လေ့ မျိုးစေ့မည်၏ (က)။

၆၂

မေ = ငါဘုရား၏။ တပေါ = ဣန္ဒြေခြောက်ခု စောင့်စည်းမှုသည်။ ဝုဋ္ဌိ = သဒ္ဓါမျိုးထူး ပင်သန်နူးအောင် ကျေးဇူးများလျှင်း မိုးရွာခြင်းမည်၏။ (ခ)

မေ = ငါဘုရား၏။ ပညာ = ဝိပဿနာ ဉာဏ်ပညာနှင့်တကွ မဂ်ပညာလေးပါး ဤတရားအစုသည်။ ယုဂနင်္ဂလံ = ထမ်းပိုးနှင့် ထွန်တုံးမည်၏။ (ဂ)

မေ = ငါဘုရား၏။ ဟိရီ = မကောင်းမှုမှ ရှက်ကြောက်မှု ဟိရီ,ဩတ္တပ္ပ တရားနှစ်ခုသည်။ ဤသာ = ထွန်သန်အစုံမည်ပေ၏။ (ဃ)

မေ = ငါဘုရား၏။ မနော = စိတ်ကိုအဦးထား သမာဓိတရားသည်။ ယောတ္တံ = ချည်ကြိုး, ဗွဲ့ကြိုး, ထွန်ညင်းကြိုး သုံးမျိုးမည်ပေ၏။ (င)

မေ = ငါဘုရား၏။ သတိ = ဝိပဿနာ ဉာဏ်ပညာနှင့်ယှဉ်သော သတိ, မဂ်ပညာနှင့်ယှဉ်သော သတိသည်။ ဖာလပါစနံ = ထွန်သွားနှင့် နှင်တံမည်ပေ၏။ (စ)

(ဤ၌ မှတ်ဖွယ်အထူးကား.. ပုဏ္ဏားသည် ထမ်းပိုး, ထွန်တုံး အစရှိသော လယ်ထွန်ကြောင်း အဆောက်အဦ ဘဏ္ဍာကိုသာ မေးလျှောက်၏။ မြတ်စွာဘုရားရှင်သည်ကား ရှေ့ပိုင်းတရားချင်း သဘောတူသဖြင့် (အမေးစကား၌ မပါဝင်သော်လည်း) လိုအပ်သည်ကို ဖြည့်စွက်ကာ ဥပမာတင်ထား၍ ဟောကြားမှုသည် ဘုရားရှင်တိုင်း၏ အာနုဘော်ဖြစ်သောကြောင့် ထိုအာနုဘော်ကို ပြတော်မူလျက် ရှေ့ပိုင်းတရားချင်း သဘောတူသဖြင့် လိုအပ်သည်ကို ဖြည့်စွက်ကာ ဥပမာတင်ထား ဟောကြားတော်မူလိုသည်ဖြစ်၍ “ငါဘုရား၏ သဒ္ဓါတရားသည် မျိုးစေ့မည်၏”ဟု ဟောတော်မူသည်။

ဤ၌ “ရှေ့ပိုင်းတရားချင်း သဘောတူမှုဟူသည် အဘယ်နည်း၊ ပုဏ္ဏားက မြတ်စွာဘုရားရှင် ထမ်းပိုး, ထွန်တုံး အစရှိသော လယ်ထွန်ကြောင်း အဆောက်အဦ ဘဏ္ဍာကိုသာ မေးအပ်သည် မဟုတ်လော။ သို့ပါလျက် ပုဏ္ဏားမမေးအပ်သည့် မျိုးစေ့နှင့် သဘောတူသဖြင့် အသစ်ဖြည့်စွက်ကာ ဥပမာတင်ထားလျက် သဒ္ဓါ တရားကို အဘယ့်ကြောင့်

၆၃

ဟောကြားတော်မူသနည်း၊ ဤသို့ မမေးအပ်သည့်တရားကို ထည့်သွင်း ဖြေကြားတော်မူခဲ့သော် ဤတရား စကားသည် ရှေ့နောက်အဓိပ္ပါယ် မဆက်စပ်သော တရားစကား ဖြစ်လေရာသည် မဟုတ်လော။ (=ပုဏ္ဏားက ထမ်းပိုး, ထွန်တုံးစသည့် လယ်ထွန်အဆောက်အဦ ဘဏ္ဍာကိုသာ မေးအပ်ပါလျက် အဘယ့်ကြောင့် မြတ်စွာဘုရားရှင်က မမေးအပ်သည့် သဒ္ဓါမျိုးစေ့ စသည်ကို အပိုထည့်သွင်း၍ ဖြေကြားတော်မူပါသနည်း၊ ယင်းသို့ အပိုထည့်စွက် ဖြေကြားနေသဖြင့် ရှေ့နောက်အဓိပ္ပါယ် မဆက်စပ်သော တရားစကား ဖြစ်လေရာ သည် မဟုတ်လော)”ဟု မေးဖွယ်ရှိ၏။

အဖြေကား.. ဘုရားရှင်တို့မှာ ရှေ့နောက်အဓိပ္ပါယ် မဆက်စပ်သော တရားစကား ဟောကြားမှုဟူ၍ မရှိပေ၊ ဘုရားရှင်တို့သည် ရှေ့ပိုင်း သဘောတူသော တရားကို အသစ်ဖြည့်စွက်ကာ ဥပမာတင်ထား၍ ဟောကြားတော်မူကြမြဲ ဓမ္မတာဖြစ်သည်။

ဤ၌ ဤဆိုလတ္တံ့သောအတိုင်း ရှေ့နောက်အဓိပ္ပါယ် ဆက်စပ်မှုကို သိမှတ်ရာ၏-

သိမှတ်ရန်မှာ.. ဤကသိဘာရဒွါဇပုဏ္ဏားက မြတ်စွာဘုရားရှင်ကို ထမ်းပိုး, ထွန်တုံး အစရှိသော လယ်ထွန်ကြောင်း အဆောက်အဦဘဏ္ဍာနှင့်စပ်၍ လယ်ထွန်မှုကို မေးမြန်းအပ်လေသည်၊ အမေးခံရသော မြတ်စွာ ဘုရားရှင်သည် မေးမြန်းသူ ထိုပုဏ္ဏားအား သနားစောင့်ရှောက်တော်မူသောအားဖြင့် “ဤအစုကိုကား ပုဏ္ဏားသည် မမေးအပ်ချေ”ဟု ခြွင်းချန်မှုကို လုံးဝပြုတော်မမူပဲ (ပုဏ္ဏား၏အမေး၌ မပါသည့် (၁) မူလတရား (၂) ဥပကာရတရား (၃) သမ္ဘာရတရား (၄) ဖလတရား ဤတရားလေးပါးနှင့်တကွ လယ်ထွန်မှုကို သိစေခြင်းငှါ အရင်းမူလတရားမှစ၍ ပြတော်မူလိုသဖြင့် “သဒ္ဓါဗီဇံ = သဒ္ဓါတရားသည် မျိုးစေ့မည်၏”ဟု ဟောတော်မူသည်။ (ဉာဏ်ပညာ မကျယ်ဝန်းသဖြင့် ပုဏ္ဏားက အပြည့်အစုံ မမေးတတ်သော်လည်း မြတ်ဘုရားရှင်ကမူ ကရုဏာတော် ကြီးမားသဖြင့် လိုနေသည့် တရားများကိုပါ ဖြည့်စွက်တော်မူကာ ဖြေကြားတော်မူ၏ဟု ဆိုလိုသည်)။

ထင်ရှားစေဦးအံ့.. မျိုးစေ့ရှိမှ လယ်ထွန်မှုကို ပြုရသည်၊ မျိုးစေ့မရှိလျှင် လယ်ထွန်မှုကို မပြုရ၊ မျိုးစေ့ရှိသလောက်သာ လယ်ထွန်မှုပြုသည်၊ မျိုးစေ့ရှိသည်ထက် ပိုလွန်၍ လယ်ထွန်မှုကို ပြုရိုးထုံးစံမရှိ။ ထို့ကြောင့် မျိုးစေ့သည် လယ်ထွန်မှု၏ မူလအဓိက အကြောင်းရင်းဖြစ်သည်။

၆၄

ယင်းသို့မျိုးစေ့သည်သာ လယ်ထွန်ခြင်း၏ မူလ အဓိက အကြောင်းရင်းဖြစ်သောကြောင့် မြတ်စွာဘုရားရှင်သည် အကြောင်းရင်းမှစ၍ လယ်ထွန်မှုကို ပြတော်မူလိုရကား ပုဏ္ဏားမေးအပ်သည့် လောကီ လယ်ထွန်မှု၏ အခြေခံမူလ အဓိက အကြောင်းရင်းဖြစ်သော မျိုးစေ့နှင့် သဘောချင်းတူသဖြင့် ကိုယ်တော်မြတ်၏ ဓမ္မ လယ်ထွန်မှု၏ အခြေခံ မူလ အဓိက (ရှေ့ပိုင်း) အကြောင်းရင်းတရားကို ထည့်သွင်းဖော်ပြကာ ဥပမာတင်ထား ဟောကြားတော်မူလိုသည်ဖြစ်၍ “သဒ္ဓါဗီဇံ = ငါဘုရား၏ သဒ္ဓါတရားသည် မျိုးစေ့မည်၏”ဟု ဟောကြားတော်မူ၏။ (ဤဆိုအပ်ပြီးသောအတိုင်း ရှေ့ပိုင်း မူလတရားချင်း သဘောတူမှု = လောကီ လယ်ထွန်မှု၏ ရှေ့ပိုင်း မူလ အကြောင်းရင်းတရားကား မျိုးစေ့ဖြစ်၏။ ဓမ္မလယ်ထွန်မှု၏ ရှေ့ပိုင်း မူလ အကြောင်းရင်းတရားကား သဒ္ဓါတရားဖြစ်၏”ဟူသော လေးနက်သည့်အဓိပ္ပါယ်ကို သိမှတ်ရာ၏)။

ဤ၌ တဖန်ထပ်၍ “ပုဏ္ဏားမေးအပ်သည်ကိုသာ ရှေးဦးစွာ ဖြေပြီးမှ မမေးအပ်သည်ကို နောက်မှ ဖြေဆိုသင့်၏၊ သို့ပါလျက် အဘယ့်ကြောင့် ပုဏ္ဏားမမေးအပ်သည်ကို နောက်မှ ဖြေဆိုမှုမပြုပဲ ရှေးဦးစွာ မြတ်စွာဘုရားရှင်က ဖြေကြားတော်မူအပ်သနည်း”ဟူ၍ မေးမြန်းဖွယ်ရှိပြန်၏။

အဖြေ အကျဉ်းကား.. (၁) ပုဏ္ဏားအား ကျေးဇူးများသောကြောင့် သဒ္ဓါတည်းဟူသော မျိုးစေ့ကို နောက်မှ ဟောသင့်သော်လည်း ရှေးဦးစွာ ဟောတော်မူသည်။ (၂) ဣန္ဒြေကို စောင့်စည်းမှု တည်းဟူသော မိုးရွာခြင်းနှင့် သဒ္ဓါတရားတည်းဟူသော မျိုးစေ့တို့မှာ အကြောင်းအကျိုးအနေနှင့် ဆက်စပ်နေသောကြောင့် ဣန္ဒြေ စောင့်စည်းမှု တည်းဟူသော မိုးရွာခြင်းကို နောက်မှ ဟောသင့်သော်လည်း သဒ္ဓါမျိုးစေ့၏ အခြားမဲ့၌ ကပ်၍ ဟောတော်မူသည်။

အဓိပ္ပါယ် အကျယ်ကား.. (၁) ဤပုဏ္ဏားကား ပညာရှိသူ ဖြစ်၏၊ သို့သော် မိစ္ဆာဒိဋ္ဌိမျိုး၌ လူဖြစ်လာရသောကြောင့် သဒ္ဓါတရား ခေါင်းပါးလျက်ရှိ၏။ သဒ္ဓါတရားခေါင်းပါး၍ ပညာကြီးမားသောသူသည် သူတပါးတို့အား (အယုတ်သဖြင့် ဆရာသမားတို့အားသော်မှ) ယုံကြည်စိတ်ချကာ မိမိကျင့်ကြံသင့်သည့်တရားကို ကျင့်ကြံမှုမပြုသဖြင့် မဂ်ဖိုလ်တရားထူးကို မရနိုင်။ ဤကသိဘာရဒွါဇပုဏ္ဏား၏ ကိုယ်သန္တာန်မှာ ကိလေသာ အနောက်အကျုကင်းသည့် ပသာဒသဒ္ဓါတရားမျှသော်လည်း (မိစ္ဆာဒိဋ္ဌိမျိုး၌ လူဖြစ်လာရသောကြောင့်) အားနည်းလျက်ရှိချေ၏။ သို့ရကား ထိုပုဏ္ဏား၏ အားနည်းလှသော သဒ္ဓါတရားသည်

၆၅

အားကြီးသောပညာနှင့် တွဲဖက်လျက် မဂ်ဖိုလ်တရားထူးရမှု တည်းဟူသော အကျိုးထူးကို မပြီးစေနိုင်၊ ဆင်ကြီးနှင့်တွဲဖက်ကာ ထမ်းပိုးတခု၌ က-အပ်သော နွားကဲ့သို့ ရှိချေ၏။ ထို့ကြောင့် ထိုပုဏ္ဏားအား သဒ္ဓါတရားသည် မဂ်ဖိုလ်ရောက်အောင် ကျေးဇူးပြုမည့်တရား ဖြစ်လေသည်။ ထို့ကြောင့် ထိုပုဏ္ဏားကို (လိုနေသော) သဒ္ဓါတရား၌ တည်စေတော်မူလိုသဖြင့် မြတ်စွာဘုရားရှင်သည် နောက်မှဟောသင့်သည့် သဒ္ဓါမျိုးစေ့ကို တရားဟောနည်း၌ အတုမရှိ ကျွမ်းကျင် လိမ္မာတော်မူသောကြောင့် ရှေးဦးစွာ ဟောတော်မူ၏။

(၂) မိုးရွာခြင်းသည် မျိုးစေ့အား ကျေးဇူးများလှ၏၊ ထိုမိုးရွာခြင်းကို မျိုးစေ့၏ အခြားမဲ့၌ ဟောအပ်မှသာ အကြောင်းအကျိုး ဆက်စပ်မှု ပြည့်စုံ ပြီးစီးနိုင်မည် ဖြစ်သောကြောင့် နောက်မှ ဟောသင့်သော်လည်း မိုးရွာခြင်းတည်းဟူသော ဤအနက်ကို ရှေ့၌ (သဒ္ဓါမျိုးစေ့၏ အခြားမဲ့၌) ဟောတော်မူအပ်သည်။ (ဤမိုးရွာခြင်းကိုသာ မဟုတ်သေး၊ မြတ်စွာဘုရားရှင်သည် ထွန်သန်ကြိုး- စသည်ကိုလည်း သူ့နေရာနှင့်သူ ဟောသင့်သောနေရာမှာ ဟောတော်မူအပ်လေသည်)။ ။(ဤ၌ သဒ္ဓါတရား၏ လက္ခဏာစသည်ကို ကျမ်းဂန်တို့မှ ထုတ်နုတ် မှတ်ယူကုန်ရာ၏။)

သဒ္ဓါနှင့် မျိုးစေ့တို့၌ ဥပမာ ဥပမေယျ စပ်ဟပ်၍ မှတ်ရန်မှာ ပုဏ္ဏား၏ လောကီ လယ်ထွန်မှုဆိုင်ရာ အခြေခံမူလ အကြောင်းရင်းဖြစ်သော ပကတိမျိုးစေ့သည် (၁) အောက်၌ အမြစ်တွယ်ခြင်း (၂) အထက်၌ အညွန့်တက်စေခြင်း အလုပ်ကိစ္စနှစ်ပါးကို ပြုလုပ်သကဲ့သို့ ဤအတူ မြတ်စွာဘုရားရှင်၏ ဓမ္မလယ်ထွန်မှုဆိုင်ရာ အခြေခံမူလ အကြောင်းရင်းဖြစ်သော သဒ္ဓါမျိုးစေ့သည် (၁) အောက်၌ သီလအမြစ်တွယ်ခြင်း (၂) အထက်၌ သမထ ဝိပဿနာ အညွန့်တက်စေခြင်း အလုပ်ကိစ္စနှစ်ပါးကို ပြုလုပ်ပြီးပြေစေ၏။

ပကတိမျိုးစေ့သည် အမြစ်ဖြင့် မြေအရသာ ရေအရသာကို စုတ်ယူ၍ ပင်စည်ရိုးတံဖြင့် ကောက်စပါး၏ ရင့်ကျက်မှုကို ယူဘို့ရန် ကြီးပွါးသကဲ့သို့ ထို့အတူ ဤသဒ္ဓါမျိုးစေ့သည် သီလအမြစ်ဖြင့် သမထဝိပဿနာအရသာကို စုတ်ယူ၍ အရိယမဂ်တည်းဟူသော ပင်စည်ရိုးတံဖြင့် အရိယဖိုလ် တည်းဟူသော ကောက်စပါး၏ ရင့်ကျက်မှုကို ရယူဘို့ရန် ကြီးပွါးလေသည်။

၆၆

ပကတိမျိုးစေ့သည် လယ်မြေကောင်း၌တည်၍ အမြစ်, အညွန့်, အရွက်, ရိုးတံ, အနှံတို့ဖြင့် ကြီးထွား ပြန့်ပြောခြင်းသို့ ရောက်ရှိကာ နို့ရည်ကိုဖြစ်စေ၍ များစွာသော သလေးစပါးသီးတို့ဖြင့်ပြည့်သော သလေးကောက်စပါးနှံကို ဖြစ်စေသကဲ့သို့ ထို့အတူ ဤသဒ္ဓါမျိုးစေ့သည် စိတ်အစဉ်တည်းဟူသော လယ်မြေကောင်း၌တည်၍ သီလဝိသုဒ္ဓိ- အစရှိသော လောကီဝိသုဒ္ဓိ ခြောက်ပါးတို့ဖြင့် ကြီးထွား ပြန့်ပြောခြင်းသို့ ရောက်ရှိကာ ဉာဏဒဿနဝိသုဒ္ဓိ = အရိယမဂ်တည်းဟူသော နို့ရည်ကို ဖြစ်စေ၍ များစွာသော ပဋိသမ္ဘိဒါဉာဏ် အဘိညာဏ်တို့ဖြင့်ပြည့်သော အရဟတ္တဖိုလ်တည်းဟူသော ကောက်စပါးသီးနှံကို ဖြစ်စေ၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် “သဒ္ဓါ ဗီဇံ = ငါဘုရား၏ သဒ္ဓါတရားသည် မျိုးစေ့မည်၏”ဟူ၍ ဟောတော်မူ၏။ (က)

“ငါဘုရား၏ ဣန္ဒြေခြောက်ခု စောင့်စည်းမှုသည် မိုးရွာခြင်းမည်၏”ဟူသော စကားရပ်၌။ ။မိုးရွာခြင်း တည်းဟူသော အထောက်အပံ့ကို ရရှိသဖြင့် ပုဏ္ဏား၏မျိုးစေ့, ထိုမျိုးစေ့ကြောင့် ပေါက်ပွါးလာသော ကောက်ပင်များသည် အခါခပ်သိမ်း မညှိုးမနွမ်းပဲ စည်ကား ပြည့်စုံသကဲ့သို့ ထို့အတူ မြတ်စွာဘုရားရှင်၏ ဣန္ဒြေခြောက်ခု စောင့်စည်းမှု တည်းဟူသော အထောက်အပံ့ကို ရရှိသဖြင့် သဒ္ဓါမျိုးစေ့, ထိုသဒ္ဓါမျိုးစေ့လျှင် အကြောင်းရင်းရှိကြသည့် သီလ သမာဓိ ပညာ တရားတို့သည် အခါခပ်သိမ်း မညှိုးမနွမ်းပဲ စည်ကား ပြည့်စုံကြကုန်၏။ ထိုစကားရပ်ဖြင့် မြတ်စွာဘုရားရှင်သည်-

“ပုဏ္ဏား.. သင် မျိုးစေ့ကို စိုက်ပျိုးကြဲချအပ်ပြီးနောက် မိုးရွာလျှင် ကောင်း၏၊ အကယ်၍ မိုးမရွာလျှင် ရေအသစ် သွန်းလောင်း၍ ပေးအပ်သကဲ့သို့ ထို့အတူ ငါဘုရားသည် ဟိရီ ဩတ္တပ္ပ တည်းဟူသော ထွန်သန်၌ ဝိပဿနာပညာ မဂ်ပညာ တည်းဟူသော ထမ်းပိုး ထွန်တုံးများကို သမာဓိတည်းဟူသော ကြိုးဖြင့် တဆက်တည်းဖြစ်အောင် ဖွဲ့နှောင်ပြီးလျှင် ဝီရိယတည်းဟူသော ဝန်ဆောင်နွား = ခိုင်းနွားတို့ကို ယှဉ်ကပြီးလျှင် သတိတည်းဟူသော နှင်တံဖြင့် ထိုးဆွမောင်းနှင်၍ မိမိ၏ စိတ်အစဉ်တည်းဟူသော လယ်မြေကောင်း၌ ထွန်ယက်၍ သဒ္ဓါမျိုးစေ့ကို စိုက်ပျိုးအပ်လေသည်၊ ယင်း စိုက်ပျိုးအပ်ပြီးသော သဒ္ဓါမျိုးစေ့၌ မိုးရေမရှိသောဟူ၍ ဘယ်သောအခါမျှ မရှိချေ။ ငါဘုရား၏ ဣန္ဒြေခြောက်ခု စောင့်စည်းမှု တည်းဟူသော မိုးရေသည်ကား အမြဲမပြတ် ငါဘုရား၏ စိတ်အစဉ်တည်းဟူသော လယ်မြေကောင်း၌ ရွာသွန်းလျက် ရှိပေ၏”ဟူသော လေးနက်သည့် အဓိပ္ပါယ်ကို ညွှန်ပြတော်မူ၏။ (ခ)

၆၇

“ငါဘုရား၏ ဝိပဿနာပညာ မဂ်ပညာသည် ထမ်းပိုးနှင့် ထွန်တုံးမည်၏”ဟူသော စကားရပ်၌။ ။ပုဏ္ဏား၏ ထမ်းပိုး ထွန်တုံးနှင့် မြတ်စွာဘုရား၏ ဝိပဿနာပညာ မဂ်ပညာတို့ တူကြကုန်၏၊ ထမ်းပိုးသည် ထွန်သန်၏ မှီရာဖြစ်၏၊ ရှေ့ကဖြစ်၏၊ ထွန်သန်နှင့် တစပ်တည်း ဖွဲ့စပ်အပ်၏၊ ကြိုးတို့၏ မှီရာဖြစ်၏၊ ဝန်ဆောင်နွား = ခိုင်းနွားတို့ တပေါင်းတည်းသွားအောင် ရွက်ဆောင် ကျေးဇူးပြု၏။ ထို့အတူ ပညာသည်လည်း ဟိရီဩတ္တပ္ပ အမှူးပြုသည့် များသော အပြစ်မရှိသည့် တရားတို့၏ အားကြီးသောမှီရာ ဥပနိဿယည်း ဖြစ်၏၊ အပြစ်မရှိသော တရားတို့၏ ရှေ့ခေါင်းဦးလည်း ဖြစ်၏၊ ထွန်သန်နှင့်တူသည့် ဟိရီဩတ္တပ္ပတရားတို့နှင့် ကင်း၍ မဖြစ်နိုင်ရကား ထိုဟိရီဩတ္တပ္ပ တည်းဟူသော ထွန်သန်နှင့် ပညာထမ်းပိုးကို တစပ်တည်း ဖွဲ့စပ်အပ်၏။ သမာဓိတည်းဟူသော ကြိုး၏ မှီရာပစ္စည်းအကြောင်း ဖြစ်သောကြောင့် သမာဓိကြိုးတို့၏ မှီရာလည်း ဖြစ်၏၊ ပညာသည် အလွန်အားထုတ်ခြင်း, အလွန်ဆုတ်နစ်ခြင်း နှစ်ပါးကို တားမြစ်တတ်သောကြောင့် ဝီရိယတည်းဟူသော ဝန်ဆောင်နွား = ခိုင်းနွားတို့ကို တညီတညွတ် တပေါင်းတည်း အသွားမှန်အောင် ရွက်ဆောင် ကျေးဇူးပြု၏။

ထွန်သွားတပ်၍ထားသော ထွန်တုံးသည် ထွန်ယက်သောအခါ မြေစိုင်ခဲများကို ဖြိုခွဲ၍ပစ်၏၊ သစ်မြစ်ကြီး သစ်မြစ်ဖွားများကို ဖြိုခွဲဖျက်ဆီးပစ်၏။ ထို့အတူ သတိတည်းဟူသော ထွန်သွားတပ်အပ်သည့် မြတ်စွာဘုရားရှင်၏ ပညာထွန်တုံးသည်လည်း ဝိပသနာအလုပ် အားထုတ် ထွန်ယက်သောအခါ၌ ထိုထိုတရားတို့၏ သန္တတိအခဲ, သမူဟအခဲ, ကိစ္စအခဲ, အာရုံအခဲ တည်းဟူသော အခဲကြီးလေးခဲ (=ဃနလေးမျိုး)တို့ကို ဖြိုခွဲ၍ပစ်၏၊ ခပ်သိမ်းသော ကိလေသာ သစ်မြစ်ကြီး သစ်မြစ်ဖွားများကို ဖြိုခွဲ ဖျက်ဆီးပစ်၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် “ငါဘုရား၏ ဝိပဿနာပညာ မဂ်ပညာ နှစ်ပါးသည် ထမ်းပိုးနှင့် ထွန်တုံးမည်၏”ဟု ဟောတော်မူလေသည်။ (ဂ)

“ဟိရီ ဤသာ = ငါဘုရား၏ ဟိရီတရားသည် ထွန်သန်မည်၏”ဟူသော စကားရပ်၌။ ။ဟိရီနှင့် ဩတ္တပ္ပတရားသည် အတူတကွ ဖြစ်ဖော်ဖြစ်ဖက် ဖြစ်သောကြောင့် ဟိရီတရားကို ယူသဖြင့် ဩတ္တပ္ပတရားကိုလည်း ယူအပ်လေသည်။ ထို့ကြောင့် “ငါဘုရား၏ မကောင်းမှုမှ ရှက်ကြောက်မှု = ဟိရီဩတ္တပ္ပတရား နှစ်ခုသည် ထွန်သန်အစုံမည်၏”ဟု မြန်မာပြန်ဆိုခဲ့ပေသည်။

၆၈

ပုဏ္ဏား၏ ပကတိထွန်သန်သည် ထမ်းပိုးနှင့် ထွန်တုံးကို ဆောင်ယူထားသကဲ့သို့ ထို့အတူ မြတ်စွာဘုရားရှင်၏ ဟိရီဩတ္တပ္ပတရား (ထွန်သန်)အစုံသည် (ထိုတရားနှစ်ပါးရှိမှ ပညာနှစ်မျိုး ရှိနိုင်သောကြောင့်) လောကီ ဝိပဿနာပညာ လောကုတ္တရာ မဂ်ပညာ တည်းဟူသော ထမ်းပိုးနှင့် ထွန်တုံးကို ဆောင်ယူထားပေ၏။ ထမ်းပိုးနှင့် ထွန်တုံးသည် ထွန်သန်နှင့် ဖွဲ့စပ်အပ်မှသာ ( ရှေးဖော်ပြရာပါ) မိမိဆိုင်ရာကိစ္စကို ပြုလုပ်နိုင်၏၊ တုန်လည်း မတုန်လှုပ် လျော့လည်း မလျော့ (တင်းတင်းကြပ်ကြပ်ရှိ၏။) ထို့အတူ ဟိရီဩတ္တပ္ပ တည်းဟူသော ထွန်သန်အစုံနှင့် တွဲယှက် ဖွဲ့စပ်အပ်မှသာ ပညာနှစ်ပါးသည်(ရှေးဖော်ပြရာပါ) မိမိဆိုင်ရာကိစ္စကို ပြုလုပ်နိုင်၏၊ တုန်လည်း မတုန်လှုပ်၊ လျော့လည်း မလျော့၊ အဟိရိက, အနောတ္တပ္ပ အကုသိုလ်များနှင့် ရောယှက်မှုမပြုပဲ တင်းကြပ်စွာ တည်ရှိပေ၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် “ငါဘုရား၏ မကောင်းမှုမှ ရှက်ကြောက်မှု ဟိရီဩတ္တပ္ပ တရားနှစ်ခုသည် ထွန်သန်အစုံမည်၏”ဟူ၍ ဟောတော်မူသည်။ (ဃ)

“မနောယောတ္တံ = စိတ်သည် ကြိုးမည်၏”ဟူသော စကားရပ်၌။ ။စိတ်ကို ခေါင်းတပ်၍ သမာဓိကို ဟောတော်မူလိုရင်း ဖြစ်သည်။ ထို့ကြောင့် “ငါဘုရား၏ စိတ်ကိုအဦးထား သမာဓိတရားသည် ချည်ကြိုး, ဗွဲ့ကြိုး, ထွန်ညင်းကြိုး သုံးမျိုးမည်၏”ဟု မြန်မာပြန်ဆိုခဲ့ပေသည်။

ကြိုးသည် (၁) ထွန်သန်နှင့် ထမ်းပိုးကို ဖွဲ့နှောင်သော ထွန်ညင်းကြိုး၊ (၂) ထမ်းပိုးနှင့် ခိုင်းနွားတို့ကို ဖွဲ့နှောင်သော ဗွဲ့ကြိုး = ထမ်းပိုးကြိုး၊ (၃) မောင်းနှင်သူနှင့် ခိုင်းနွားတို့ကို ဆက်စပ်မိအောင် ဖွဲ့နှောင်သော နွားချည်ကြိုးဟူ၍ သုံးမျိုးရှိ၏၊ ပုဏ္ဏား၏ ကြိုးသုံးမျိုးသည် ထွန်သန်, ထမ်းပိုး, ခိုင်းနွားတို့ကို တခုတခြားစီ မဖြစ်စေပဲ တစပ်တည်းဖြစ်အောင်ပြုလျက် မိမိဆိုင်ရာ ကိစ္စတို့ကို ပြီးစေသကဲ့သို့ ထို့အတူ မြတ်စွာဘုရားရှင်၏ သမာဓိကြိုးသည်လည်း အလုံးစုံသော ထိုဟိရီ,ဩတ္တပ္ပ တည်းဟူသော ထွန်သန်, ပညာတည်းဟူသော ထမ်းပိုး, ဝီရိယတည်းဟူသော ခိုင်းနွား ဤတရားအစုကို အာရုံတခုတည်း၌ မပြန့်လွင့်အောင် ရွက်ဆောင် ပြုလုပ်ခြင်းဖြင့် ဖွဲ့နှောင်၍ မိမိတို့ဆိုင်ရာ ကိစ္စများကို ပြီးစေလေသည်၊ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် “ငါဘုရား၏ စိတ်ကိုအဦးထား သမာဓိတရားသည် ချည်ကြိုး, ဗွဲ့ကြိုး, ထွန်ညင်းကြိုး သုံးမျိုးမည်၏”ဟူ၍ ဟောတော်မူသည်။ (င)

“ငါဘုရား၏ ဝိပဿနာ ဉာဏ်ပညာနှင့်ယှဉ်သော သတိ, မဂ်ပညာနှင့်ယှဉ်သော သတိသည် ထွန်သွားနှင့်နှင်တံမည်၏”ဟူသော စကားရပ်၌။ ။

၆၉

ပကတိ ထွန်သွားသည် ထွန်တုံးကို စောင့်ရှောက်၍ ထိုထွန်တုံး၏ရှေ့မှ သွားသကဲ့သို့ ထို့အတူ သတိသည် လည်း ကုသိုလ်တရားတို့၏ အဖြစ်သနစ် အလားတို့ကို စဉ်းစားဖွေရှာလျက်၎င်း, အာရုံ၌ ထင်လင်းလျက်၎င်း ပညာထွန်ထုံးကို စောင့်ရှောက်၏၊ ထို့ကြောင့်များစွာသော ပါဠိတော်တို့၌ သတိကို အစောင့်အရှောက် တရားအနေဖြင့် မြတ်စွာဘုရား ဟောကြားအပ်လေသည်၊ ထိုသတိတည်းဟူသော ထွန်သွားသည် မမေ့ မပျောက်သော အနေအားဖြင့် ပညာထွန်တုံး၏ ရှေ့မှလည်း သွား၏။ မှန်၏- သတိက ရှေ့သွားပြုကာ လေ့လာအပ်ပြီးသော တရားအစု၌ နောက်ကလိုက်ကာ ပညာသည် ထိုးထွင်း၍သိရ၏။

ပကတိနှင်တံသည် ခိုင်းနွားတို့အား ထိုးဆွရိုက်ပုတ်အံ့သောဘေးကို ပြလျက် ဆုတ်နစ် ရပ်နားခွင့်ကိုလည်း မပေး၊ လမ်းမှာသွားခြင်းကိုလည်း တားမြစ်၏၊ ထို့အတူ သတိတည်းဟူသော နှင်တံသည် ဝီရိယခိုင်းနွားတို့အား အပါယ်ကျမည့်ဘေးကိုပြလျက် ပျင်းရိ ဆုတ်နစ် ရပ်နားခွင့်ကိုလည်း မပေး၊ ကာမဂုဏ်တည်းဟူသော မကျက်စားသင့်သည့်အရာ၌ စိတ်၏ လှည့်လည်ကျက်စားမှုကို တားမြစ်၍ ကမ္မဋ္ဌာန်းအလုပ်၌ ယှဉ်စေလျက် လမ်းမှားသွားခြင်းကို တားမြစ်၏၊ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် “ငါဘုရား၏ ဝိပဿနာ ဉာဏ်ပညာနှင့်ယှဉ်သော သတိ, မဂ်ပညာနှင့်ယှဉ်သော သတိသည် ထွန်သွားနှင့် နှင်တံမည်၏”ဟူ၍ ဟောတော်မူသည်။ (စ)

အဖြေဂါထာ (၂)

ကာယဂုတ္တော ဝစီဂုတ္တော၊

အာဟာရေ ဥဒရေ ယတော။

သစ္စံ ကရောမိ နိဒ္ဒါနံ၊

သောရစ္စံ မေ ပမောစနံ။ (၃)

(ဗြာဟ္မဏ = ဘာရဒွါဇနွယ်ဖွား အိုပုဏ္ဏား..။ တွံ = သင်သည်။ ခေတ္တံ = လယ်ကို။ ဂေါပေတိ ယထာ = စည်းစောင်းရန်းဖြင့် လုံခြုံစေသကဲ့သို့။ အဟံ = လူသုံးပါးတို့၏ဆရာ ငါဘုရားသည်)။ ကာယဂုတ္တော = စိတ်အစဉ်တည်းဟူသော လယ်ကို ကာယသုစရိုက် တည်းဟူသော စည်းစောင်းရန်းဖြင့် လုံခြုံစေ၏။

၇၀

ဝစီဂုတ္တော = ဝစီသုစရိုက်လေးပါးဟူသော စည်းစောင်းရန်းဖြင့် လုံခြုံစေ၏။ (ဤစကားရပ်စုဖြင့် ပါတိမောက္ခ သံဝရသီလကို ဟောတော်မူအပ်၏)။ အာဟာရေ = သုံးစွဲအပ်စွာ ပစ္စည်းလေးဖြာ၌။ ယတော = အနေသန ၂၁- ပါး မဖြစ်ပွါးအောင် ကောင်းစွာစောင့်စည်းပေ၏။ (ဤဖြင့် အာဇီဝပါရိသုဒ္ဓိသီလကို ဟောတော်မူအပ်၏)။ ဥဒရေ = ဝမ်း၌။ ယတော = နှိုင်းနှိုင်းရှည်ရှည် စားသုံးသောအားဖြင့် ကောင်းစွာစောင့်စည်း၏။ (ဤဖြင့် ဘောဇနေမတ္တညုတာကို အဦးထားကာ ပစ္စယသန္နိဿိတသီလကို ဟောတော်မူအပ်၏)။ သစ္စံ–သစ္စေန = အရိယဝေါဟာ ရှစ်ဖြာအပြား မှန်ကန်သောစကားဖြင့်။ နိဒ္ဒါနံ = (အနရိယဝေါဟာရရှစ်ပါး ပေါင်းမြက်များကို) ပယ်ရှားရိတ်ဖြတ် အမြစ်ပြတ် သုတ်သင်ခြင်းကို။ ကရောမိ = ငါပြု၏။ သောရစ္စံ = နိဗ္ဗာန်မည်တောင်း တရားကောင်း၌ နှစ်ခြိုက်မွေ့လျော် ပျော်ပိုက်မှုတည်းဟူသော အရဟတ္တဖိုလ်သည်။ မေ = လူသုံးပါးတို့ဆရာ ဘုရားငါ၏။ ပမောစနံ = ထွန်တုံးကိုချွတ် လယ်ကိုလွှတ်၍ တန့်ရပ်နားနေ အပြီးတိုင် အပန်းဖြေခြင်းတည်း။

(ဤ၌ ဆိုလိုရင်းကား.. ပုဏ္ဏား.. သင်သည် မျိုးကြဲပြီးလျှင် ကောက်စပါးကို စောင့်ရှောက်ရန် ဆူးအရံကိုဖြစ်စေ, သစ်ပင်အရံကိုဖြစ်စေ, တံတိုင်းမျဉ်းတား ဝါးအရံကိုဖြစ်စေ ပြုလုပ်၏။ ထိုသို့ ပြုလုပ်သဖြင့် နွား ကျွဲ သမင် အပေါင်းတို့သည် ဝင်ခွင့်ကို မရရှိကြပဲ သင်၏ကောက်စပါးကို မဖျက်ဆီးနိုင်ကုန်သကဲ့သို့ ထို့အတူ ငါဘုရားသည်လည်း သဒ္ဓါမျိုးစေ့ကို စိုက်ပျိုးပြီးလျှင် ကုသိုလ်အမျိုးမျိုး တည်းဟူသော ကောက်စပါးကို စောင့်ရှောက်ရန် ပါတိမောက္ခသံဝရသီလ, အာဇီဝပါရိသုဒ္ဓိသီလ, ပစ္စယသန္နိဿိတသီလ တည်းဟူသော တံတိုင်းအကာအရံကြီး သုံးထပ်ကို ပြုလုပ်၏။ ထိုသို့ ပြုလုပ်သဖြင့် ရာဂ, ဒေါသ, မောဟ အစရှိသည့် အကုသိုလ်တရား နွား ကျွဲ သမင်များသည် ဝင်ရောက်ခွင့်ကို မရရှိကြပဲ ငါဘုရား (လယ်သမားကြီး)၏ ကုသိုလ်အမျိုးမျိုး တည်းဟူသော ကောက်စပါးကို မဖျက်ဆီးနိုင်ကြကုန်။

၇၁

ပုဏ္ဏား.. သင်သည် အပြင်အပ ဗာဟိရလယ်ထွန်မှုကို ပြုပြီးလျှင် ကောက်စပါးကို ဖျက်ဆီးတတ်သည့် ပေါင်းမြက်သစ်ပင်များကို လက်ဖြင့်ဖြစ်စေ, တံစဉ်(တဇင်)ဖြင့်ဖြစ်စေ နုတ်မှု ရိတ်မှု သုတ်သင်မှု ပြုသကဲ့သို့ ထို့အတူ ငါဘုရားသည်လည်း ကိုယ်တွင်းအဇ္ဈတ္တိက ဓမ္မလယ်ထွန်မှုကို ပြုပြီးလျှင် ကုသိုလ်တရား ကောက်စပါးများကို ပျက်ပြားအောင် ဖျက်ဆီးတတ်ကြသည့်-

မမြင်သည်ကို မြင်သည်ဟုပြောခြင်း,

မကြားသည်ကို ကြားသည်ဟုပြောခြင်း,

မတွေ့ မရောက်သည်ကို တွေ့ရောက်သည်ဟုပြောခြင်း,

မသိသည်ကို သိသည်ဟုပြောခြင်း,

မြင်သည်ကို မမြင်ဟုပြောခြင်း,

ကြားသည်ကို မကြားဟုပြောခြင်း,

တွေ့ရောက်သည်ကို မတွေ့ရောက်ဟုပြောခြင်း,

သိသည်ကို မသိဟုပြောခြင်း-

ဤအနရိယ ဝေါဟာရရှစ်ပါး မုသားပေါင်းမြက်ပင်များကို-

မမြင်သည်ကို မမြင်ဟုပြောခြင်း,

မကြားသည်ကို မကြားဟုပြောခြင်း,

မတွေ့မရောက်သည်ကို မတွေ့မရောက်ဟုပြောခြင်း,

မသိသည်ကို မသိဟုပြောခြင်း,

မြင်သည်ကို မြင်သည်ဟုပြောခြင်း,

ကြားသည်ကို ကြားသည်ဟုပြောခြင်း,

တွေ့ရောက်သည်ကို တွေ့ရောက်သည်ဟုပြောခြင်း,

သိသည်ကို သိသည်ဟုပြောခြင်း-

ဤအရိယဝေါဟာရရှစ်ပါး သစ္စာစကားတည်းဟူသော လက်တံစဉ်ဖြင့် နုတ်မှု ရိတ်ဖြတ်မှု သုတ်သင်မှုကို ငါပြု၏။

ပုဏ္ဏား.. သင်၏ ထွန်တုံးကိုချွတ် လယ်ကိုလွှတ်၍ တန့်ရပ်နားနေ အပန်းဖြေခြင်းသည် တဖန် ညနေချမ်း၌ဖြစ်စေ, နောက်တနေ့၌ဖြစ်စေ, နောက်နှစ်၌ဖြစ်စေ, လယ်ထွန်မှုကို ပြုရပြန်သောကြောင့် အပြီးအပိုင် ထွန်တုံးချွတ်ရ ပိတ်ရမှု လယ်ကိုလွှတ်ရမှု တန့်ရပ်နားနေ အပြီးတိုင်

၇၂

အပန်းဖြေရမှု မဟုတ်ပေ။ ငါဘုရား၏ ထွန်တုံးကိုချွတ် လယ်ကိုလွှတ်၍ တန့်ရပ်နားနေ အပန်းဖြေခြင်းသည်ကား ထိုကဲ့သို့ မဟုတ်ချေ။ မှန်၏- အိုပုဏ္ဏား.. ငါဘုရားမှာ အရဟတ္တဖိုလ်သို့ မရောက်မီအကြား ထွန်တုံးကိုချွတ် လယ်ကိုလွှတ်၍ တန့်ရပ်နားနေ အပန်းဖြေမှုဟူ၍ မရှိခဲ့ချေ၊ ထင်ရှားစေဦးအံ့- အိုပုဏ္ဏား.. ငါဘုရား (=လယ်သမားကြီး)သည် ဒီပင်္ကရာ မြတ်စွာဘုရားရှင်၏ လက်ထက်တော်အခါမှ အစပြု၍ ပညာတည်းဟူသော ထွန်၌ သမ္မပ္ပဓာန်လုံ့လ ဝီရိယတန်ဆောင် နွားကြီးလေးကောင်တို့ကို ယှဉ်က၍ လေးအသင်္ချေ ကမ္ဘာတသိန်း အခါကာလတို့ပတ်လုံး ကြီးစွာသော ကိုယ်တွင်းအဇ္ဈတ္တိက ဓမ္မလယ်ထွန်မှုကို ပြုခဲ့ရာ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ မရောက်မခြင်း (=ဘုရားမဖြစ်မခြင်း) ထွန်တုံးကိုချွတ် လယ်ကိုလွှတ်၍ တန့်ရပ်နားနေ အပန်းဖြေမှု မပြုခဲ့ပေ။

အို ပုဏ္ဏား.. ငါဘုရားသည် ဖော်ပြရာပါ လေးအသင်္ချေ ကမ္ဘာတသိန်းကြာ မရပ်မနား တရားလယ်ထွန်မှုကို ပြုလုပ်ပြီးကာ မဟာဗောဓိပင် အပရာဇိတ ရွှေပလ္လင်၌ ထိုင်နေတော်မူကာ အလုံးစုံသော ဘုရားကျေးဇူး ဂုဏ်အထူးတို့ဖြင့် ခြံရံအပ်သည့် အရဟတ္တဖိုလ်သို့ ရောက်ရှိပြီးသည့်အခါကျမှသာ ကြောင့်ကြခပ်သိမ်း အပြီးတိုင် အေးငြိမ်းခြင်းသို့ရောက်သဖြင့် ပညာထွန်တုံးမှ ဝီရိယနွားကြီးများကိုချွတ်ကာ စိတ်သန္တာန်အစဉ် တည်းဟူသော လယ်ကိုလွှတ်၍ အရဟတ္တဖိုလ်သမာပတ် အချိန်ရသမျှ ဝင်စားလတ်၍ တန့်ရပ်နားနေ အပြီးတိုင် အပန်းဖြေမှုကို ငါပြုအပ်ပေသည်။ ငါဘုရားအဖို့ရာ ယခုတဖန် လယ်ထွန်ယက်ရန်ကိစ္စ လုံးဝမရှိတော့ပြီ”ဟု ဆိုလိုရင်းဖြစ်သည်)။

အဖြေဂါထာ (၃)

ဝီရိယံ မေ ဓုရဓောရယှံ၊

ယောဂက္ခေမာဓိဝါဟနံ။

ဂစ္ဆတိ အနိဝတ္တန္တံ၊

ယတ္ထ ဂန္တွာ န သောစတိ။ (၄)

(ဗြာဟ္မဏ = ဘာရဒွါဇနွယ်ဖွား အိုပုဏ္ဏား..။ မေ = ငါဘုရား၏။ ဝီရိယံ = ကာယိက, စေတသိက ဝီရိယနှစ်ပါးသည်။ ဓုရဓောရယှံ = ထွန်ဦး၌က-ငြား ဝန်ဆောင်နွားအစုံမည်၏။ (တနည်း) မေ = ငါဘုရား၏။

၇၃

ဝီရိယံ = သမ္မပ္ပဓာန်လုံ့လ ဝီရိယလေးပါးသည်။ ဓုရဓောရယှံ = ပဌမထမ်းပိုး မူလထမ်းပိုးတို့၌ အသီးအသီး က- အပ်သည့် ဝန်ဆောင်နွားလေးကောင် (နှစ်ရှဉ်း)မည်၏။ (တံ = ထိုငါဘုရား၏ ကာယိက, စေတသိက ဝီရိယ နွားတရှဉ်းသည်။ ဝါ- သမ္မပ္ပဓာန်လုံ့လ ဝီရိယ နွားနှစ်ရှဉ်းသည်)။ ယောဂက္ခေမာဓိဝါဟနံ = ကာမယောဂ စသည်လေးတန် အနှိပ်စက်မခံရသည့် နိဗ္ဗာန်သို့ရောက်အောင် ရှေးရှုထမ်းဆောင်နိုင်သည်ဖြစ်၍။ ယတ္ထ = အကြင်နိဗ္ဗာန်သို့။ ဂန္တွာ = ငါကဲ့သို့သော လယ်သမား အရောက်သွား၍။ န သောစတိ = စိုးရိမ်ရခြင်း အလျှင်းမရှိ။ တံ = ထိုစိုးရိမ်ကင်းရာ နိဗ္ဗုတာသို့။ အနိဝတ္တံ = နောက်သို့ပြန်ကြုံ့ တဖန်မတုံ့ပဲ။ ဂစ္ဆတိ = ပညာဉာဏ် စွမ်းပကားဖြင့် ရောက်အောင်သွားပေ၏။

(အဓိပ္ပါယ်ကား.. ပုဏ္ဏား၏ ထွန်ဦး၌ က-အပ်သည့် ဝန်ဆောင်နွားတရှဉ်းတို့ ရုန်းဆောင် ဆွဲငင်အပ်သော ထွန်တုံးသည် မြေစိုင်ခဲကိုလည်း ဖြိုခွဲ၏၊ မြစ်ကြီး မြစ်ဖွားတို့ကိုလည်း ပယ်ရှားဖျက်ဆီး၏၊ ထို့အတူ မြတ်စွာဘုရားရှင်၏ ကာယိက, စေတသိက ဝီရိယနွားတရှဉ်းကို အပြင်း ရုန်းဆောင်ဆွဲငင်အပ်သည့် ပညာထွန်တုံးသည် ရှေးဖော်ပြရာပါ သန္တတိမြေစိုင်ခဲ, သမူဟမြေစိုင်ခဲ, ကိစ္စမြေစိုင်ခဲ, အာရုံမြေစိုင်ခဲ တည်းဟူသော ဃနလေးမျိုး = မြေစိုင်ခဲ လေးမျိုးကိုလည်း ဖြိုခွဲဖျက်ဆီး၏၊ ကိလေသာတည်းဟူသော မြစ်ကြီး မြစ်ဖွား များကိုလည်း ပယ်ရှား ဖျက်ဆီးပစ်၏။

(တနည်း) ပုဏ္ဏား၏ ထွန်တခု၌ ပဌမထမ်းပိုးဝယ် က-အပ်သော နွားတရှဉ်း မူလထမ်းပိုးဝယ် က-အပ်သော နွားတရှဉ်းဟူ၍ နွားနှစ်ရှဉ်း (=လေးကောင်) ရှိသကဲ့သို့ မြတ်စွာဘုရားရှင်၏ ဓမ္မထွန်၌လည်း သမ္မပ္ပဓာန်လုံ့လ ဝီရိယလေးပါး တည်းဟူသော နွားနှစ်ရှဉ်း (=လေးကောင်)ရှိလေရာ ပုဏ္ဏား၏ ထမ်းပိုးအစုံ၌ က-အပ်သည့် ဝန်ဆောင်နွားနှစ်ရှဉ်းသည် အပြင်းရုန်းဆောင်မှု ပြုသည်ဖြစ်၍ ဖြစ်ပြီး ဖြစ်လတ္တံ့သော ပေါင်းမြက်ကို ဖျက်ဆီးခြင်းကိစ္စ, ကောက်စပါး ပြည့်စုံခြင်းကိစ္စ ဤကိစ္စနှစ်ပါးကို ပြီးစေသကဲ့သို့ ထို့အတူ မြတ်စွာဘုရားရှင်၏ သမ္မပ္ပဓာန်လုံ့လ ဝီရိယလေးပါး တည်းဟူသော ဝန်ဆောင်နွားကြီး နှစ်ရှဉ်းသည်

၇၄

အပြင်းကြိုးကုတ် အားထုတ် ရုန်းဆောင်သည်ဖြစ်၍ ဖြစ်ပြီး ဖြစ်လတ္တံ့သော အကုသိုလ်ကို ပယ်ရှားခြင်းကိစ္စ, ကုသိုလ်၏ ပြည့်စုံခြင်းကိစ္စ ဤကိစ္စနှစ်ပါးကို ပြီးစေ၏။

အိုပုဏ္ဏား.. သင်၏ ဝန်ဆောင်နွားနှစ်ရှဉ်းသည် သင်မောင်းနှင်ရာ အရှေ့အရပ် အနောက်အရပ် စသည်သို့ ရှေးရှုသွားရောက်သကဲ့သို့ ထို့အတူ ငါဘုရား၏ သမ္မပ္ပဓာန်လုံ့လ ဝီရိယနွားနှစ်ရှဉ်းသည် ငါမောင်းနှင်ရာ နိဗ္ဗာန်သို့ ရှေးရှုရုန်းဆောင်ကာ အဖြောင့်သွားပေ၏။ ယင်းသို့ ရုန်းဆောင်ကာ သွားရောက်ကြရာဝယ် ထူးခြားချက်ရှိသည်မှာ သင်၏ထွန်တုံးကို ရုန်းဆောင်သော နွားနှစ်ရှဉ်းသည် လယ်၏အစွန်း (ကန်သင်း)သို့ ရောက်လျှင် တဖန်ပြန်၍ တုံ့လှည့်ပေ၏။ ငါဘုရား၏ သမ္မပ္ပဓာန်လုံ့လ ဝီရိယ နွားနှစ်ရှဉ်းသည်ကား ဒီပင်္ကရာ မြတ်စွာဘုရား လက်ထက်တော်မှစ၍ နောက်သို့ပြန်မတုံ့ပဲ နိဗ္ဗာန်သို့ဦးတည်ကာ အမြဲတစေ သွားလျက်ရှိပေ၏။

သင်၏ နွားနှစ်ရှဉ်းသည် သင်ကဲ့သို့သော လယ်သမား၏ စိုးရိမ်ကင်းငြိမ်းရာအရပ်သို့ ရောက်အောင်သွားနိုင်သည်မဟုတ်၊ ငါဘုရား၏ သမ္မပ္ပဓာန်လုံ့လ ဝီရိယနွားနှစ်ရှဉ်းသည်ကား ငါကဲ့သို့သော လယ်သမား၏ စိုးရိမ်မှုကင်းငြိမ်းရာ နိဗ္ဗာန်အရပ်သို့ မဆုတ်မနစ် ရောက်အောင်သွားပေ၏ဟု ဆိုလိုသည်။)

နိဂုံးဂါထာ

ဧဝမေသာ ကသီ ကဋ္ဌာ၊ သာ ဟောတိ အမတပ္ဖလာ။

ဧတံ ကသိံ ကသိတွာန၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။ (၅)

(ဗြာဟ္မဏ = ဘာရဒွါဇနွယ်ဖွား အိုပုဏ္ဏား..။ မယာ = လူသုံးပါးတို့၏ဆရာ ငါဘုရားသည်)။ ဧဝံ = ဤဆိုအပ်ပြီးသော အခြင်းအရာဖြင့်။ ဧသာ ကသီ = ထိုသန္တာန်ကိုယ်တွင်း ဓမ္မလယ်ထွန်ခြင်းကို။ ကဋ္ဌာ = သင်္ချေ လေးရပ် ကပ်တသိန်းကြာ အခါမလပ် ထွန်ယက်အပ်ခဲ့လေပြီ။ သာ = ထိုငါဘုရား၏ တရားလယ်ထွန်မှုသည်။ အမတပ္ဖလာ = သန္တိအရသာ ဩဇာခိုင်ဖြီး နိဗ္ဗာန်တည်းဟူသော အသီးရှိသည်။ ဟောတိ = ဖြစ်၏။ (န မမေဝ ဧကဿ = ငါဘုရား တဦးတည်း၏သာ သန္တိအရသာ

၇၅

ဩဇာခိုင်ဖြီး နိဗ္ဗာန်တည်းဟူသော အသီးကို သီးစေနိုင်သည် မဟုတ်။ အပိစ = စင်စစ်သော်ကား။ ယော ကောစိပိ = ဗြဟ္မာလူနတ် အမှတ်မထင် အကြင်အကြင်သူသည်လည်း)။ ဧတံ ကသိံ = ထိုသန္တာန်ကိုယ်တွင်း ဓမ္မလယ်ထွန်ခြင်းကို။ ကသိတွာန = သမ္မပ္ပဓာန်လုံ့လ ဝီရိယနွားက- ၍ ကာလမပျက် ထွန်ယက်သည်ရှိသော်။ သဗ္ဗဒုက္ခာ = ခပ်သိမ်းဥဿုံ အလုံးစုံသော ဆင်းရဲဒုက္ခမှ။ ပမုစ္စတိ = နိဗ္ဗူစိုးပိုင် အပြီးသတ် ကျွတ်လွတ်နိုင်၏။

     ဤသို့ မြတ်စွာဘုရားရှင်သည် ကသိ ဘာရဒွါဇ ပုဏ္ဏားအား အရဟတ္တဖိုလ် အထွတ်တပ်သဖြင့် နိဗ္ဗာန်ကို အဆုံးပြုကာ တရားဒေသနာနိဂုံး ဆုံးစေတော်မူလေသည်။

     ထိုအခါ ကသိဘာရဒွါဇ ပုဏ္ဏားသည် အလွန်နက်နဲသည့် တရားဒေသနာကို ကြားနာရ၍ “ငါ၏ လယ်ထွန်ခြင်းအတွက် ရရှိအပ်သော ကောက်စပါးသီးနှံကို စားရသော်လည်း နေက်တနေ့ရောက်လျှင်ပင် ဆာလောင်မွတ်သိပ်မြဲ ဆာလောင်မွတ်သိပ်ရလေသည်။ ဤအရှင်ဂေါတမ၏ ဓမ္မလယ်ထွန်ခြင်းကား နိဗ္ဗာန်တည်းဟူသော အမြိုက်သီးကို သီးပေ၏။ ထိုတရားလယ်ထွန်မှု၏ အမြိုက်သီးကို စားသုံးရသည်ရှိသော် ခပ်သိမ်းသော ဆင်းရဲဒုက္ခမှ အပြီးတိုင် လွတ်မြောက်နိုင်၏”ဟု လင်းလင်းထင်ထင် သိမြင်ပြီးလျှင် အလွန်ပင် ကြည်ညိုရကား ကြည်ညိုသူတိုင်း၏ ပြုမြဲသောအပြုအမူကို ပြုလိုသည်ဖြစ်၍ မိမိ စားသုံးနေကျဖြစ်သည့် အဖိုးတသိန်းတန် ရွှေခွက်ထည်း၌ နို့ဃနာထမင်းကို လောင်းထည့်ပြီးလျှင် ထို၏အထက်၌ ထောပတ် ပျား တင်လဲ စသည်တို့ဖြင့် စားသုံးချင်စဖွယ် မွမ်းမံပြင်ဆင်၍ ရွှေခွက်၏အပေါ်မှ ဘွဲ့ဖြူပိတ်လွှာဖြင့် ဖုံးပြီးနောက် ကိုယ်တိုင်ပင် မ-ချီကာ ယူဆောင်ခဲ့၍ မြတ်စွာဘုရားရှင်ကို-

“အရှင်ဂေါတမသည် နို့ဃနာကို စားသုံးတော်မူပါလော့၊ အရှင်ဂေါတမသည် နိဗ္ဗာန်တည်းဟူသော

၇၆

အသီးအနှံအကျိုးရှိသည့် ဓမ္မလယ်ထွန်မှုကို ပြုတော်မူသောကြောင့် လယ်ထွန်ယောက်ျားပါတည်း”-

ဟု ပြောဆို လျှောက်ထားကာ ရိုသေစွာ ဆက်ကပ်လေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ကသိဘာရဒွါဇပုဏ္ဏားကို-

ဂါထာဘိဂီတံ မေ အဘောဇနေယျံ၊

သမ္ပဿတံ ဗြာဟ္မဏ နေသ ဓမ္မော။

ဂါထာဘိဂီတံ ပနုဒန္တိ ဗုဒ္ဓါ၊

ဓမ္မေ သတီ ဗြာဟ္မဏ ဝုတ္တိရေသာ။

ဗြာဟ္မဏ = ဘာရဒွါဇနွယ်ဖွား အိုပုဏ္ဏား..။ ဂါထာဘိဂီတံ = ဂါထာတို့ဖြင့် သီဆိုအပ် ရရှိလတ်သော ဘောဇဉ်ကို။ မေ = ငါဘုရားသည်။ အဘောဇနေယျံ = စားသုံးခြင်းငှါ အလျှင်းပင် မထိုက်ချေ။ ဧသ-ဧသော = ဂါထာတို့ဖြင့် သီဆိုအပ် ရရှိလတ်သော ဘောဇဉ်ကို စားသုံးခြင်းသည်။ သမ္မဿတံ = အသက်မွေးစင်ကြယ်မှုကို ရှုမြင်ကုန်သော ဘုရားရှင်တို့၏။ န ဓမ္မော = အလေ့အလာ သဘောဓမ္မတာ မဟုတ်ချေ။ (တသ္မာ = ထို့ကြောင့်)။ ဗုဒ္ဓါ = အဆူဆူသော ဘုရားရှင်တို့သည်။ ဂါထာဘိဂီတံ = ဂါထာတို့ဖြင့် သီဆိုအပ် ရရှိလတ်သော ဘောဇဉ်ကို။ ပနုဒန္တိ = ပယ်တော်မူကုန်၏။ ဗြာဟ္မဏ = ဘာရဒွါဇနွယ်ဖွား အိုပုဏ္ဏား..။ ဓမ္မေ = အသက်မွေးခြင်းစင်ကြယ်မှု တရားသဘောသည်။ သတိ = ရှိလတ်သော်။ ဧသော = ဤကောင်းကင်၌ လက်ကို ဆန့်သည့်အလား တစုံတခုသော အမျိုး၌မျှ ငြိကပ်တွယ်တာမှုမထားပဲ လေးပါးပစ္စည်း တရားသဖြင့် ရှာမှီးခြင်းသည်။ ဝုတ္တိ = အဆူဆူသော ဘုရားရှင်တို့၏ စင်ကြယ်သော အသက်မွေးခြင်းတည်း။-

ဟူသော ဤဂါထာကို မိန့်ဆိုတော်မူလေ၏။

၇၇

(ဤ၌။ ။“ဂါထာတို့ကို သီဆို၍ ရအပ်သောဘောဇဉ်ဟု ဆိုရအောင် မြတ်စွာဘုရားရှင်သည် နို့ဃနာဆွမ်းကို ရရှိဘို့ရန် တရားဂါထာတို့ကို ရွတ်ဆို ဟောကြားတော်မူအပ်ပါကုန်သလော”ဟု မေးဖွယ်ရှိ၏။ အဖြေကား.. နို့ဃနာဆွမ်းကို ရရှိဘို့ရန် တရားဂါထာတို့ကို ဟောကြားအပ်ကုန်သည် မဟုတ်ပါ၊ စင်စစ်သော်ကား နံနက်စောစောကစ၍ လယ်၏အနီး၌ ရပ်တည်၍ တယောက်ချိုသော ဆွမ်းကိုမျှလည်း မရရှိပဲ တဖန် ကိုယ်တော်မြတ်၏ ဓမ္မလယ်ထွန်မှု ပြုလုပ်ပုံကို ထင်ရှားဖော်ပြသည့် တရားဂါထာ သုံးပုဒ်တို့ဖြင့် ဘုရားရှင်၏ ကျေးဇူးဂုဏ်တို့ကို ပြည့်စုံစွာဖော်ပြ၍ ရရှိအပ်သော ဤနို့ဃနာဆွမ်းဘောဇဉ်သည် ကခြေသည်များ က-ကြ သီဆိုကြ၍ ရအပ်သောပစ္စည်းနှင့် တူချေ၏။ ထို့ကြောင့် “ဂါထာတို့ဖြင့် သီဆိုအပ် ရရှိလတ်သော ဘောဇဉ်”ဟု ဟောတော်မူအပ်လေသည်။ ထိုသို့သော ဘောဇဉ်မျိုးသည် ဘုရားရှင်တို့အား မအပ်စပ်ပေ၊ ထို့ကြောင့် “စားသုံးခြင်းငှါ အလျှင်းပင်မထိုက်”ဟု ဟောတော်မူသည်။

ဤဂါထာ၌ စကားဝါကျ လေးပိုဒ်ပါရှိရာ ရှေ့သုံးပိုဒ်ပါ စကားရပ်များဖြင့် “မသဒ္ဓါ မကြည်ညို မလှူလိုသော ပုဏ္ဏားကို ဂါထာသီချင်း သီဆိုခြင်းဖြင့် လှူလိုအောင် ပြုလုပ်ပြီးလျှင် ရဟန်းဂေါတမသည် ဘောဇဉ်ကိုခံယူ၏၊ ဤရဟန်းဂေါတမ၏ တရားဒေသနာသည် ဆွမ်းအာမိသကို ရရှိရန် ရည်သန်ခြင်း အကြောင်းရင်းရှိ၏”ဟု ပညာမဲ့သူ လူအပေါင်းတို့ ကဲ့ရဲမည့်ဘေး စွပ်စွဲမည့်ဘေးမှ ကိုယ်တော်မြတ်ကို လွတ်စေတော်မူကာ ဒေသနာ၏ စင်ကြယ်မှုကို ပြတော်မူ၏။ စတုတ္ထစာပိုဒ်ပါ စကားရပ်ဖြင့် ကိုယ်တော်မြတ်၏ အသက်မွေးမှု စင်ကြယ်ခြင်းကို ပြတော်မူ၏။)

     ဤသို့ မြတ်စွာဘုရား မိန့်ကြားတော်မူအပ်သည်ရှိသော် ကသိဘာရဒွါဇပုဏ္ဏားကြီးသည် “အရှင်ဂေါတမသည် ငါ၏ နို့ဃနာကို ပယ်တော်မူ၏။ ဤဘောဇဉ်သည် မအပ်စပ်သော ဘောဇဉ်ဖြစ်သတဲ့၊ ငါကား ဘုန်းကံမဲ့သူ ဖြစ်စွာ့တကား၊ အလှူဒါနကို ပေးလှူရန် အခွင့်ကို မရခဲ့ချေတကား”ဟု နှလုံးမသာယာခြင်းကို ဖြစ်စေပြီးနောက် “ဤနို့ဃနာကို အလှူမခံလျှင်လည်း အခြားတပါးသော ငါ၏လှူဖွယ်ဝတ္ထုကို အရှင်ဂေါတမသည် အလှူခံပါမူ ကောင်းလေစွာ့” ဟူ၍လည်း ဆက်၍ တဖန် ကြံစည်ပြန်လေ၏။ ထိုအကြောင်းကို သိတော်မူ၍ မြတ်စွာဘုရားရှင်သည်

၇၈

“ငါဘုရားသည် အချိန်ပိုင်း ဤမျှဖြင့် ဤပုဏ္ဏားကို သဒ္ဓါကြည်ညို ဖြစ်စေမည်”ဟု ဆွမ်းခံချိန်ကို ပိုင်းခြားပြီးမှ လာခဲ့ပေပြီ၊ ပုဏ္ဏားသည်လည်း ယခုအခါ နှလုံးမသာယာမှုကို ပြုလေပြီ၊ ယခုအခါ ထိုနှလုံးမသာယာမှုဖြင့် ငါဘုရားအပေါ်၌ စိတ်ကိုများ ပြစ်မှားလိုက်လျှင် မြတ်သော နိဗ္ဗာန်တရားကို ထိုးထွင်းသိမြင်ခြင်းငှါ စွမ်းနိုင်ရှာတော့မည် မဟုတ်”ဟု ဆင်ခြင်တော်မူပြီးလျှင် ပုဏ္ဏား၏သဒ္ဓါတရား ဖြစ်ပွါးစေခြင်းငှါ ထိုပုဏ္ဏား တောင့်တအပ်သည့် စိတ်နှလုံးကို ဖြည့်စွမ်းတော်မူလိုသည်ဖြစ်၍-

အညေန စ ကေဝလိနံ မဟေသိံ၊

ခီဏာသဝံ ကုက္ကုစ္စဝူပသန္တံ။

အန္နေန ပါနေန ဥပဋ္ဌဟဿု၊

ခေတ္တံ ဟိ တံ ပုညပေက္ခဿ ဟောတိ။ (၇)

(ဗြာဟ္မဏ = ဘာရဒွါဇနွယ်ဖွား အိုပုဏ္ဏား..။) အညေန = နို့ဃနာမှ တပါးသော။ အန္နေန စ = ဆွမ်းဖြင့်၎င်း။ ပါနေန စ = အဖျော်ဖြင့်၎င်း။ ကေဝလိနံ = ဘုရားဘုန်းဂုဏ် အလုံးစုံနှင့် ကုံလုံပြည့်ဝတော်မူသော။ မဟေသိံ = မြတ်သော သီလစသော ကျေးဇူးအပေါင်းကို ရှာလေ့ရှိတော်မူသော။ ကုက္ကုစ္စဝူပသန္တံ = ကုက္ကုစ္စခပ်သိမ်း ငြိမ်းတော်မူပြီးသော။ ခီဏာသဝံ = အာသဝေါကုန်ခန်း ရဟန္တာပုဂ္ဂိုလ်မြတ်ကို။ ဥပဋ္ဌဟဿု = ဆည်းကပ်ထံပါး ခစားပြုစုလော့။ (မြတ်စွာဘုရားသည် ပုဏ္ဏားက ပေးလှူလိုစိတ်ကို ဖြစ်စေအပ်သော်လည်း ဤသို့သာ ပရိယာယ်အား မိန့်ကြားတော်မူ၏၊ ပေးလော့ ဆောင်ခဲ့လော့ဟု တိုက်ရိုက် ပြောကြားတော်မမူ။) တံ = ထိုအံ့ဖွယ်ရှစ်ဖြာ ဘုရားသာသနာသည်။ ပုညပေက္ခဿ = ကုသိုလ်တရား လိုလားသောသင်၏။ ခေတ္တံ ဟိ- ခေတ္တံ ဧ၀ = ကောင်းမှုမျိုးကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းကြီးသည်သာလျှင်။ ဟောတိ = ဖြစ်ပေ၏။-

ဟူသော ဤဂါထာကို ဟောကြားတော်မူလေ၏။

၇၉

     ထိုအခါ ကသိဘာရဒွါဇပုဏ္ဏားသည် “ဤနို့ဃနာကို မြတ်စွာဘုရားအတွက် ဆောင်ယူအပ်ခဲ့ပေသည်၊ သို့ရကား ငါသည် ထိုနို့ဃနာကို မိမိသဘောအတိုင်း အခြား တစုံတယောက်သောသူအား မပေးထိုက်ချေ”ဟု ကြံစည်ပြီးလျှင် “အရှင်ဂေါတမ.. ထိုသို့ဖြစ်လျှင် အကျွန်ုပ်သည် ဤနို့ဃနာကို အဘယ်သူအား လှူရပါမည်နည်း”ဟု မေးလျှောက်လေသည်။ မြတ်စွာဘုရားရှင်သည် “အို ပုဏ္ဏား.. နတ်, မာရ်နတ်, ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် ရဟန်း, ပုဏ္ဏား, မင်းများ, လူများနှင့် တကွသော လူ့လောက၌ ငါဘုရားကို၎င်း, ငါဘုရား၏ တပည့်သားကို၎င်း ဖယ်ထား၍ စားအပ်သော ထိုနို့ဃနာ ကောင်းစွာ ကြေကျက်ခြင်းသို့ ရောက်မည့်သူကို (တလူမျှ) ငါဘုရား မြင်တော်မမူ၊ ထို့ကြောင့်ရကား အိုပုဏ္ဏား.. သင်သည် ထိုနို့ဃနာကို စိမ်းရှင်သည့်မြက်မရှိရာ၌သော်မူလည်း စွန့်လော့၊ ပိုးမရှိသော ရေ၌သော်မူလည်း မျှောလော့”ဟု မိန့်တော်မူ၏။

(ဤ၌။ ။“အဘယ့်ကြောင့် ဤနို့ဃနာသည် နတ်နှင့် လူတွင် ဘယ်သူတဦးတယောက်အားမျှ ကြေကျက်ခြင်းသို့ မရောက်ရာသနည်း”ဟု မေးဖွယ်ရှိ၏။ အဖြေကား.. ရုန့်ရင်းကြမ်းတမ်းသော လူ့အစာ၌ သိမ်မွေ့ နူးညံ့သော နတ်ဩဇာကို ထည့်ထားသောကြောင့် မကြေကျက်။ ချဲ့ဦးအံ့.. ဤယခု ကသိဘာရဒွါဇပုဏ္ဏား၏ နို့ဃနာ၌ မြတ်စွာဘုရားကို ရည်ညွှန်း၍ ခပ်ယူအပ်လျှင်ပင် နတ်တို့သည် နတ်ဩဇာကို ထည့်ကြလေသည်။ (နတ်ဩဇာချည်း သက်သက်ဖြစ်လျှင် နတ်တို့စားက ကြေကျက်နိုင်၏၊ နို့ဃနာချည်း သက်သက်ဖြစ်လျှင် လူတို့စားက ကြေကျက်နိုင်၏။)

ယခုမူကား ထိုနို့ဃနာအစာသည် ရုန့်ရင်းကြမ်းတမ်းသော လူ့အစာ၌ သိမ်မွေ့နူးညံ့သော နတ်ဩဇာကို ထည့်၍ထားသောကြောင့် နတ်တို့အား မကြေကျက်နိုင်။ မှန်၏- နတ်တို့သည် နူးညံ့သိမ်မွေ့သော ကိုယ်ရှိကြကုန်၏၊ သို့ရကား ထိုနတ်တို့အား ရုန့်ရင်းကြမ်းတမ်းသော လူ့အစာ (နို့ဃနာ)သည် ကောင်းစွာ မကြေကျက်နိုင်။ လူတို့စားလျှင်လည်း ထိုနို့ဃနာသည် နတ်ဩဇာ ပါနေသောကြောင့် မကြေကျက်နိုင်။ မှန်၏- လူတို့သည် ရုန့်ရင်းကြမ်းတမ်းသောကိုယ် ရှိကြကုန်၏၊ သို့ရကား

၈၀

ထိုလူတို့အား သိမ်မွေ့နူးညံ့သော နတ်ဩဇာသည် ကောင်းစွာ မကြေကျက်နိုင်။

မြတ်စွာဘုရား၏ အဖို့မှာမူကား ပင်ကိုယ်ပကတိ ပါစကဝမ်းမီးဖြင့်ပင် ထိုနတ်ဩဇာရောသည့် နို့ဃနာသည် ကြေကျက်နိုင်၏။ (ဧကေဆရာတို့ကား ကိုယ်တော်အား ဉာဏ်တော်အား အစွမ်းကြောင့် ကြေကျက်နိုင်၏ဟု ဆိုကြကုန်၏။) မြတ်စွာဘုရား၏ တပည့်သား ရဟန္တာပုဂ္ဂိုလ်၏ အဖို့မှာလည်း ထိုနတ်ဩဇာရောသည့် နို့ဃနာသည် သမာဓိစွမ်းအားကြောင့်၎င်း, အတိုင်းအရှည်ကို သိခြင်းကြောင့်၎င်း ကြေကျက်နိုင်၏။ ဘုရား ရဟန္တာမှတပါး အခြားပုဂ္ဂိုလ်များအဖို့မှာမူ တန်ခိုးဣဒ္ဓိရှင်တို့အားသော်မှလည်း မကြေကျက်နိုင်။ (တနည်း) ဤ၌ အကြောင်းကို မကြံစည်သင့်၊ ဤအရာကား မြတ်စွာဘုရားတို့၏ အရာသာဖြစ်၏။)

     ထိုအခါ ကသိဘာရဒွါဇပုဏ္ဏားသည် ထိုနို့ဃနာကို ပိုးမရှိသောရေ၌ မျှောလေ၏။ ထိုအခါ ရေ၌ ပစ်ချအပ်လျှင်ပင် ထိုနို့ဃနာသည် တရှဲရှဲမြည်၏၊ ရှဲရှဲ ရှဲရှဲ-ဟူသော အသံကိုပြု၏။ ထက်ဝန်းကျင်မှ အခိုးထွက်၏။ ထက်ဝန်းကျင်မှ များစွာ အခိုးထွက်၏၊ လောကဥပမာအားဖြင့် တနေ့လုံး မီးဖုတ်အပ်သော ထယ်သွား (သံတုံး)ကို ရေ၌ ပစ်ချအပ်သည်ရှိသော် တရှဲရှဲမြည်သကဲ့သို့ ရှဲရှဲ ရှဲရှဲဟူသော အသံကို ပြုသကဲ့သို့ ထက်ဝန်းကျင်မှ အခိုးထွက်သကဲ့သို့ ထက်ဝန်းကျင်မှ များစွာ အခိုးထွက်သကဲ့သို့ ထို့အတူပင် ထိုနို့ဃနာသည် ရေ၌ ပစ်ချအပ်လျှင်ပင် တရှဲရှဲမြည်၏။ ရှဲရှဲ ရှဲရှဲဟူသော အသံကိုပြု၏၊ ထက်ဝန်းကျင်မှ အခိုးထွက်၏။ ထက်ဝန်းကျင်မှ များစွာ အခိုးထွက်၏။

     ထို့နောက် ကသိဘာရဒွါဇပုဏ္ဏားသည် ထိတ်လန့်ကာ ကြက်သီး မွေးညှင်း ထလျက် မြတ်စွာဘုရားရှင်ထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားရှင်၏ ခြေတော်တို့၌ ဦးဖြင့်တိုက်၍ မြတ်စွာဘုရားရှင်ကို-

“အို အရှင်ဂေါတမ.. အလွန် နှစ်သက်ဖွယ် ရှိပါပေစွာ့၊ အိုအရှင်ဂေါတမ.. အလွန် နှစ်သက်ဖွယ် ရှိပါပေစွာ့၊ အို အရှင်ဂေါတမ.. လောကဥပမာအားဖြင့် မှောက်၍ထားအပ်သော

၈၁

ဝတ္ထုကို လှန်လိုက်သကဲ့သို့၎င်း, ဖုံးအုပ်ထားသော အရာဝတ္ထုကို ဖွင့်လှစ်လိုက်သကဲ့သို့၎င်း, မျက်စိလယ် လမ်းမှားသောသူအား လမ်းမှန်ကို ပြောကြားလိုက်သကဲ့သို့၎င်း, ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်း အမျိုးမျိုးတို့ကို မြင်ကြပေလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ထွန်းညှိထားသကဲ့သို့၎င်း ထို့အတူပင် အရှင်ဂေါတမသည် အကျွန်ုပ်အား များစွာသော အကြောင်းဖြင့် တရားတော်ကို ထင်ရှားစွာ ဟောပြတော်မူအပ်ပါပေပြီ၊ အို အရှင်ဂေါတမ.. ထိုအကျွန်ုပ်သည် အရှင်ဂေါတမကို၎င်း, တရားတော်ကို၎င်း, ရဟန်းသံဃာတော်ကို၎င်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍ ဆည်းကပ် သိမှတ်ပါ၏။

အို အရှင်ဂေါတမ.. အကျွန်ုပ်သည် အရှင်ဂေါတမထံ၌ ရှင်အဖြစ်ကို ရပါရစေ၊ ရဟန်းအဖြစ်ကို ရပါရစေ”–

ဟူ၍ လျှောက်ထား ပြောဆိုလေ၏။

     ကသိဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားရှင်၏အထံ၌ ရှင်အဖြစ် ရဟန်းအဖြစ်ကို ရရှိပြီးနောက် ရဟန်းဖြစ်၍ မကြာမြင့်မီပင် အရှင်ဘာရဒွါဇသည် တပါးတည်း ဆိတ်ငြိမ်ရာသို့ကပ်၍ မမေ့မလျော့ ပြင်းစွာအားထုတ်ကာ နိဗ္ဗာန်သို့ စိတ်ကိုစေလွှတ်လျက် ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်နေလတ်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ရဟန္တာတို့တွင် တပါးအပါအဝင် ဖြစ်လေတော့သတည်း။

ကသိဘာရဒွါဇပုဏ္ဏားအကြောင်း ပြီး၏။

(ဤကသိဘာရဒွါဇပုဏ္ဏားအကြောင်းကို သုတ္တနိပါတ်ပါဠိအဋ္ဌကထာ ပဌမအုပ် ကသိဘာရဒွါဇသုတ်အဖွင့်မှ ထုတ်နုတ်ရေးသား ဖော်ပြအပ်သည်။)

ဤတွင် အခဏ်း၂၉-ပြီး၏။

**********

၈၂

အခဏ်း-၃ဝ

ဝေရဉ္ဇာပြည်၌ ၁၂-ခုမြောက် ဒွါဒသမဝါ

ကပ်တော်မူခြင်း

ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ၁၁-ခုမြောက်ဖြစ်သော ဧကာဒသမ ဝါလပတ်လုံး ဧကနာဠပုဏ္ဏားရွာ၌ သီတင်းသုံး နေထိုင်တော်မူကာ ကသိဘာရဒွါဇပုဏ္ဏား အစရှိသော ကျွတ်ထိုက်သော ဝေနေယျသတ္တဝါတို့အား ကသိဘာရဒွါဇသုတ္တန် အစရှိသော တရားဒေသနာတို့ကို ဟောကြားတော်မူကာ ဆုံးမ ချေချွတ်တော်မူ၍ ဝါကျွတ်သောအခါ ထိုဧကနာဠပုဏ္ဏားရွာမှ ထွက်ကြွတော်မူကာ ခရီးဒေသစာရီ လှည့်လည်ကြွ သွား၍ တရားရေအေး အမြိုက်ဆေးကို လူနတ်တို့အား တိုက်ကျွေးတော်မူလျက် အစဉ်သဖြင့် ဝေရဉ္ဇာပြည်သို့ ရောက်တော်မူ၍ ထိုဝေရဉ္ဇာပြည်၏အနီး နဠေရုမည်သောဘီလူး သိမ်းဆည်း စိုးအုပ်အပ်သည့် တမာပင်ကြီးအနီး၌ ဂုဏ်အားဖြင့် အရိယာဇာတ် မြင့်မြတ်ကြီးမား၍ အရေအတွက်အားဖြင့် ငါးရာအတိုင်းအရှည်ရှိသော ရဟန်းတို့နှင့်တကွ နေထိုင်တော်မူဆဲဖြစ်၏။

ဝေရဉ္ဇပုဏ္ဏား ဘုရားရှင်ထံမှောက် ရောက်ရှိလာခြင်း

ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် (ဤဆိုလတ္တံ့သောအတိုင်း) သတင်းကောင်းစကား ကြားသိလေ၏- “အချင်းတို့.. သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် ငါတို့နေရာ ဤဝေရဉ္ဇာပြည်၏အနီး နဠေရုမည်သောဘီလူး သိမ်းဆည်း စိုးအုပ်အပ်သည့် တမာပင်၏အနီး၌ များမြတ်သော ရဟန်းငါးရာနှင့်အတူ သီတင်းသုံးနေထိုင်ဆဲ ဖြစ်တော်မူ၏၊ ထိုအရှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ဘဝဂ်မဆံ့ နှံ့၍တက်၏-

ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံမည်တော်မူ၏။

၈၃

အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်ကန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏။

အသိဉာဏ် = ဝိဇ္ဇာ, အကျင့် = စရဏနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏။

ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတမည်တော်မူ၏။

လောကသုံးပါးကို ပိုင်းခြားသိမြင်တော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူမည်တော်မူ၏။

ဆုံးမထိုက်သူကို ဆုံးမတော်မူတတ်သည့် အတုမဲ့ လွန်မြတ်သောပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏။

နတ်လူတို့၏ဆရာ ဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာဒေဝမနုဿာန မည်တော်မူ၏။

သစ္စာလေးပါးတရားတို့ကို ကိုယ်တိုင်သိ၍ သူတပါးတို့ကို သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓမည်တော်မူ၏။

ဘုန်းတော်ခြောက်စုံ ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါမည်တော်မူ၏-

ဟု ဘဝဂ်မဆံ့ နှံ့၍တက်၏။

     ထိုမြတ်စွာဘုရားရှင်သည် နတ်နှင့်တကွ မာရ်နှင့်တကွ ဗြဟ္မာနှင့်တကွသော ဤဩကာသလောကကို၎င်း, ရဟန်းပုဏ္ဏားနှင့်တကွ မင်းများ လူများနှင့် တကွသော ဤသတ္တလောကကို၎င်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏။

၈၄

     ထိုမြတ်စွာဘုရားရှင်သည် စ,လယ်,အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံလျက် အနက်သဒ္ဒါနှင့် ပြည့်စုံသော တရားစကားကို ဟောကြားတော်မူ၏။ (အသစ်ဖြည့်ရန်မလို) အလုံးစုံ ပြည့်စုံသော (ပယ်နုတ်ရန် အပြစ်မရှိ) ထက်ဝန်းကျင် စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏။ ထိုသို့သဘောရှိသော ရဟန္တာပုဂ္ဂိုလ်တို့ကို ဖူးမြော်ရခြင်းသည် ကောင်းမြတ်သည်သာတည်း”ဟု သတင်းကောင်းစကား ကြားသိလေ၏။

     ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားရှင်ထံသို့ သွားရောက်ပြီးလျှင် မြတ်စွာဘုရားရှင်နှင့်အတူ ဝမ်းမြောက်ဝမ်းသာစကား ပြောကြားလေ၏။ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကား ပြောကြား ပြီးဆုံးစေပြီးနောက် အပြစ်ခြောက်ပါးကင်းလွတ်ရာ တခုသောနေရာ၌ ထိုင်နေပြီးသော် ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားရှင်ကို-

“အိုအရှင်ဂေါတမ.. ဤစကားကို အကျွန်ုပ် ကြားဘူးပါသည်- ‘ရဟန်းဂေါတမသည် အိုကုန် ကြီးကုန် ရင့်ကုန် ရှေးမှီကုန် အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားတို့ကို ရှိလည်းမခိုး ခရီးဦးလည်းမကြို ထိုင်ရန်နေရာဖြင့်လည်း မဖိတ်’ဟု ကြားဘူးပါသည်။ အိုအရှင်ဂေါတမ.. ထို အကျွန်ုပ်ကြားဘူးသော စကားသည် ကြားဘူးသည့်အတိုင်း မှန်နေပါသည်။ အရှင်ဂေါတမသည် အိုလည်းအို ကြီးလည်းကြီး ရင့်လည်းရင့် ရှေးလည်းမှီ အဆုံးအရွယ်သို့လည်း ရောက်ကြသည့် ပုဏ္ဏားတို့ကို ရှိလည်းမခိုး ခရီးဦးလည်းမကြို ထိုင်ရန်နေရာဖြင့်လည်း မဖိတ်၊ အိုအရှင်ဂေါတမ.. ထိုသို့ ရှိခိုးမှုစသည်ကို မပြုခြင်းသည် လုံးဝ မသင့်လျော်သည်သာတည်း”–

ဟု ကဲ့ရဲ့ရှုတ်ချစကား ပြောကြားလေသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည် မိမိကို မြှောက်ပင့်ခြင်း = အတ္တုက္ကံသနဒေါသ၊ သူ့ကိုနှိပ်ခြင်း = ပရဝမ္ဘနဒေါသ ဤဒေါသနှစ်ပါးသို့ မကပ်ရောက်မူ၍ မဟာကရုဏာ သီဒါရေဖျန်း အေးချမ်းသော နှလုံးတော်ဖြင့်

၈၅

ပုဏ္ဏား၏ ထိုမသိခြင်းမောဟကို ပယ်ဖျောက်၍ သင့်လျော်သည်၏ အဖြစ်ကို ပြတော်မူလိုသည်ဖြစ်၍-

“အိုပုဏ္ဏား.. နတ်နှင့်တကွ မာရ်နှင့်တကွ ဗြဟ္မာနှင့် တကွသော ဩကာသလောက၌၎င်း, ရဟန်းပုဏ္ဏားနှင့် တကွ မင်းများ လူများနှင့် တကွသော သတ္တလောက၌၎င်း ငါဘုရား ရှိခိုးထိုက်သူ ခရီးဦးကြိုလိုက်သူ နေရာဖြင့် ဖိတ်ထိုက်သူကို တလူမျှ မမြင်ရချေ၊ အိုပုဏ္ဏား.. အမှတ်မထင် အကြင်သူကို ငါဘုရားသည် ရှိခိုးမူလည်း ရှိခိုးငြားအံ့၊ ခရီးဦးမူလည်း ကြိုငြားအံ့၊ နေရာဖြင့်လည်း ဖိတ်ငြားအံ့၊ ထိုသူ၏ဦးခေါင်းသည် တောင်းလောင်းပြတ်ကြွေ မြေသို့ ကျလေရာ၏”–

ဟု မိန့်တော်မူလေ၏။

     ဤသို့ မြတ်စွာဘုရားရှင်က မိန့်ကြားအပ်ပါသော်လည်း ဝေရဉ္ဇပုဏ္ဏားသည် ပညာမဲ့သူ ဖြစ်သောကြောင့် မြတ်စွာဘုရားရှင်၏ လောကဝယ် အကြီးမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်ကြောင်းကို မရိပ်မိ မသိနိုင်ပဲ မြတ်စွာဘုရားရှင်၏ ထိုသို့ အမှန်အတိုင်း မိန့်ကြားအပ်သည့် စကားကိုပင် မခံမရပ်နိုင်ဖြစ်ကာ-

“(၁) အရှင်ဂေါတမသည် အရသာကင်းသော သဘောရှိသူ ဖြစ်၏”–

ဟု ဆို၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ထိုပုဏ္ဏား၏ စိတ်နှလုံး နူးညံ့လာစေရန်အတွက် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဖက်အဖြေကို မပေးပဲ အခြားတနည်းတလမ်းဖြင့် ကိုယ်တော်မြတ်အား “အရသာကင်းသော သဘောရှိသူ”ဟု ပြောဆိုရန် နည်းပရိယာယ်အကြောင်း ရှိသည်ကို ပြတော်မူလိုသည်ဖြစ်၍—

“အိုပုဏ္ဏား.. ငါဘုရားကို ‘ရဟန်းဂေါတမသည် အရသာကင်းသော သဘောရှိသူဖြစ်၏’ဟု ပြောဆိုနိုင်ရန် နည်းပရိယာယ် အကြောင်းရှိပေ၏။ (ထိုအကြောင်း ကား) အိုပုဏ္ဏား.. ရူပါရုံ၌ သာယာခြင်း, သဒ္ဒါရုံ၌ သာယာခြင်း, ဂန္ဓာရုံ၌ သာယာခြင်း, ရသာရုံ၌သာယာခြင်း, ဖောဋ္ဌဗ္ဗာရုံ၌

၈၆

သာယာခြင်း = အရသာတို့ကို မြတ်စွာဘုရားသည် ပယ်အပ်ပြီးကုန်ပြီ။ အိုပုဏ္ဏား.. ဤနည်းပရိယာယ်အကြောင်းဖြင့် ငါဘုရားကို ‘ရဟန်းဂေါတမသည် အရသာကင်းသော သဘောရှိသူ ဖြစ်၏’ဟု ပြောဆိုမူ ပြောဆိုနိုင်ရာ၏။ သင်ပုဏ္ဏား ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်အကြောင်းမျိုးကား ငါဘုရားတို့၌ လုံးဝမရှိချေ”-

ဟု မိန့်တော်မူ၏။

(ဤ၌။ ။ပုဏ္ဏား၏ ရည်ရွယ်ချက်မှာ.. လောက၌ ရှိခိုးခြင်း, ခရီးဦးကြိုခြင်း, လက်အုပ်ချီခြင်း, အရိုအသေပြုခြင်းများကို သာမဂ္ဂီရသ (=တဦးနှင့်တဦး ညီညွတ်အောင်ပြုတတ်သည့်) = သာမဂ္ဂီအရသာဟူ၍ ခေါ်ဆိုအပ်လေသည်၊ ထိုသာမဂ္ဂီအရသာသည် အရှင်ဂေါတမမှာ လုံးဝမရှိ၊ ထို့ကြောင့် “အရှင်ဂေါတမသည် အရသာကင်းသော သဘောရှိသူ = သာမဂ္ဂီအရသာ လုံးဝမရှိသူ ဖြစ်၏”ဟု စွပ်စွဲပြောဆိုခြင်း ဖြစ်သည်။

မြတ်စွာဘုရားရှင်၏ အလိုတော် ရည်ရွယ်ချက်မှာ.. လောက၌ ရူပါရုံ၌ သာယာခြင်း = ရူပရသ၊ သဒ္ဒါရုံ၌ သာယာခြင်း = သဒ္ဒရသ၊ ဂန္ဓာရုံ၌ သာယာခြင်း = ဂန္ဓရသ၊ ရသာရုံ၌ သာယာခြင်း = ရသရသ၊ ဖောဋ္ဌဗ္ဗာရုံ၌ သာယာခြင်း = ဖောဋ္ဌဗ္ဗရသ၊ ဤသာယာခြင်း ၅-မျိုးတို့ကို ဝတ္ထုအာရုံစသည်တို့ ပေါင်းဆုံညီညွတ်မှ ဖြစ်ပေါ်နိုင်သောကြောင့် သာမဂ္ဂိရသဟူ၍ ခေါ်ဆိုအပ်ကုန်၏။ ယင်းသည့် သာမဂ္ဂီအရသာ ၅-မျိုးလုံးကိုပင် မြတ်စွာဘုရားရှင်သည် အမြစ်ပြတ် ပယ်အပ်ပြီးဖြစ်သောကြောင့် မြတ်စွာဘုရားရှင်မှာ ထိုသာမဂ္ဂီအရသာ ၅-မျိုး ကင်းပြီးဖြစ်လေသည်။ ထိုနည်းပရိယာယ်အကြောင်းကို ရည်ရွယ်၍ (ဝါ) ဝတ္ထုအာရုံစသည်တို့ ပေါင်းစုံညီညွတ်မှ ဖြစ်ပေါ်နိုင်သည့် အာရုံငါးပါးကို သာယာခြင်းတည်းဟူသော သာမဂ္ဂိရသ = သာမဂ္ဂီအရသာ လုံးဝကင်းသည်ကို ရည်ရွယ်၍ “ရဟန်းဂေါတမသည် အရသာကင်းသော သဘောရှိသူ ဖြစ်သည်”ဟု ပြောဆိုမူ ပြောဆိုနိုင်၏၊ သင်ပုဏ္ဏားရည်ရွယ်သည့် အကြောင်းကား ငါဘုရား၌ လုံးဝမရှိဟု မိန့်ဆိုတော်မူလေသည်။

ဤ၌ “သင်ပုဏ္ဏား ရည်ရွယ်ပြောဆိုသော နည်းပရိယာယ် အကြောင်းမျိုးကား ငါဘုရားတို့၌ လုံးဝမရှိချေ”ဟု အဘယ့်ကြောင့် မြတ်စွာဘုရားရှင်သည် မိန့်ဆိုတော်မူသနည်း၊ ထိုသို့ မိန့်ဆိုတော်မူလိုက်သည့်အတွက်

၈၇

ပုဏ္ဏားရည်ရွယ်သည့် (ရှိခိုးခြင်းစသော) သာမဂ္ဂီအရသာ ကိုယ်တော်မြတ်၌ရှိမှုကို ခွင့်ပြုရာကျရောက်သည် မဟုတ်လောဟု မေးဖွယ်ရှိပြန်၏။

အဖြေကား.. ခွင့်ပြုရာ မကျရောက်ချေ။ ချဲ့ဦးအံ့.. အကြင်သူသည် ပုဏ္ဏားရည်ရွယ်သည့် (ရှိခိုးခြင်းစသော) သာမဂ္ဂီအရသာကို ပြုထိုက်သူဖြစ်ပါလျက် မပြု၊ ထိုသူကိုသာလျှင် မိမိပြုထိုက်သည့် သာမဂ္ဂီအရသာ မရှိခြင်းကြောင့် “အရသာကင်းသော သဘောရှိသူ”ဟု ပြောဆိုစွပ်စွဲထိုက်၏။ မြတ်စွာဘုရားရှင်သည်ကား ထိုပုဏ္ဏားရည်ရွယ်သည့် (ရှိခိုးခြင်းစသော) သာမဂ္ဂီအရသာကို (လောကသုံးပါး၌ ကိုယ်တော်မြတ်ကသာ အကြီးမြတ်ဆုံးဖြစ်သောကြောင့်) ပြုပင် မပြုထိုက်ချေ။ ထို့ကြောင့် ထိုရှိခိုးခြင်းစသည်ကို မပြုထိုက်ကြောင်းကို ထင်ရှားပြတော်မူလိုသောကြောင့် “သင်ပုဏ္ဏား ရည်ရွယ်ပြောဆိုသော နည်းပရိယာယ် အကြောင်းမျိုးကား ငါဘုရားတို့၌ လုံးဝမရှိချေ”ဟု မိန့်ဆိုတော်မူလေသည်)။

     ဤသို့လျှင် ပုဏ္ဏားသည် မိမိအလိုရှိအပ်သည့် သာမဂ္ဂိရသကင်းခြင်း အပြစ်ကို တင်ခြင်းငှာ မတတ်နိုင်ရကား တနည်းတဖုံ ပြောင်း၍ အပြစ်တင်ပြန်လိုသောကြောင့်-

“(၂) အရှင်ဂေါတမသည် အသုံးမရှိသူဖြစ်၏”—

ဟု ဆိုပြန်လေသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်ကို ထိုကဲ့သို့ ပြောဆိုရန် အခြားနည်းပရိယာယ် အကြောင်းရှိသည်ကို ပြတော်မူလို၍-

“အိုပုဏ္ဏား.. ငါဘုရားကို ‘ရဟန်းဂေါတမသည် အသုံးမရှိသူဖြစ်၏’ဟု ပြောဆိုနိုင်ရန် နည်းပရိယာယ် အကြောင်းရှိပေ၏။ (ထိုအကြောင်းကား) အိုပုဏ္ဏား.. တဏှာလောဘဖြင့် ရူပါရုံကို သုံးဆောင်ခြင်း၊ သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံကို သုံးဆောင်ခြင်း = ပရိဘောဂအမှုတို့ကို မြတ်စွာဘုရားသည် ပယ်အပ်ပြီးကုန်ပြီ။ အို ပုဏ္ဏား.. (အာရုံငါးပါးကို တဏှာဖြင့် သုံးဆောင်မှု မရှိခြင်းတည်းဟူသော) ဤအကြောင်း နည်းပရိယာယ်ဖြင့် ငါဘုရားကို ‘ရဟန်းဂေါတမသည် အသုံးမရှိသူ ဖြစ်၏’ဟု

၈၈

ပြောဆိုမူ ပြောဆိုနိုင်၏။ သင်ပုဏ္ဏား ရည်ရွယ်ပြောဆိုသော နည်းပရိယာယ် အကြောင်းမျိုးကား ငါဘုရားတို့၌ လုံးဝမရှိ”–

ဟု မိန့်တော်မူ၏။

(ဤ၌။ ။ပုဏ္ဏား၏ ရည်ရွယ်ချက်မှာ.. အသက်ကြီးသူတို့အား ရှိခိုးခြင်းစသည်ကို လောက၌ “သာမဂ္ဂိပရိဘောဂ = ညီညွတ်အောင် သုံးဆောင်ခြင်း”ဟု အသိအမှတ်ပြုကာ ထို(ရှိခိုးခြင်း အစရှိသည့်) ညီညွတ်အောင် သုံးဆောင်မှုမျိုး မြတ်စွာဘုရားရှင်၌ မရှိသောကြောင့် မြတ်စွာဘုရားရှင်ကို “အရှင်ဂေါတမသည် အသုံးမရှိသူဖြစ်၏”ဟု စွပ်စွဲ ပြောဆိုခြင်းဖြစ်သည်။

မြတ်စွာဘုရားရှင်၏ အလိုတော် ရည်ရွယ်ချက်မှာ တဏှာလောဘဖြင့် ရူပါရုံကို သုံးဆောင်ခြင်း, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံကို သုံးဆောင်ခြင်း = ဤသုံးဆောင်ခြင်း = ပရိဘောဂ ၅-မျိုးလုံးကိုပင် အမြစ်ပြတ် ပယ်အပ်ပြီးဖြစ်သောကြောင့် ကိုယ်တော်မြတ်မှာ ထိုပရိဘောဂ (=တဏှာလောဘဖြင့် အာရုံငါးပါးကို သုံးစွဲခြင်း) ၅-မျိုး ကင်းပြီးဖြစ်လေသည်။ ထို့ကြောင့် ထို အကြောင်းနည်းပရိယာယ်ကို ရည်ရွယ်၍ “ရဟန်းဂေါတမသည် အသုံးမရှိသူဖြစ်၏”ဟု ပြောဆိုလိုမူ ပြောဆိုနိုင်ကြောင်း ခွင့်ပြုတော်မူခြင်းဖြစ်လေသည်)။

     ဤနည်းဖြင့်လည်း ပုဏ္ဏားသည် မြတ်စွာဘုရားရှင်ကို အပြစ်တင်ခြင်းငှာ မတတ်နိုင်ရကား တနည်းပြောင်း၍ အပြစ်တင်ပြန်လိုသောကြောင့်-

“(၃) အရှင်ဂေါတမသည် မပြုထိုက်ဟူသောအယူ = အကိရိယဝါဒရှိသူ ဖြစ်၏”-

ဟု ဆိုပြန်လေသည်။ မြတ်စွာဘုရားရှင်သည်လည်း ရှေးနည်းအတူပင် ထိုကဲ့သို့ ပြောဆိုရန် အခြားနည်းပရိယာယ် အကြောင်းရှိသည်ကို ပြတော်မူလို၍-

“အိုပုဏ္ဏား.. ငါဘုရားကို ‘ရဟန်းဂေါတမသည် မပြုထိုက်ဟု ပြောဆိုလေ့ရှိသူ = အကိရိယဝါဒရှိသူ ဖြစ်၏’ဟု ပြောဆိုနိုင်ရန် နည်းပရိယာယ် အကြောင်းရှိပေ၏။

၈၉

(ထိုအကြောင်းကား) အိုပုဏ္ဏား.. ငါဘုရားသည် ကာယဒုစရိုက်သုံးပါး, ဝစီဒုစရိုက်လေးပါး, မနောဒုစရိုက်သုံးပါး (ထိုမှတပါး) အခြားမကောင်းမှုများကို မပြုထိုက် = မပြုကောင်းဟူ၍ ဟောပေ၏။ အိုပုဏ္ဏား.. (မကောင်းမှု ဒုစရိုက်တို့ကို မပြုထိုက် = မပြုကောင်းဟု ဟောဆိုခြင်း = အကိရိယဝါဒ တည်းဟူသော) ဤအကြောင်း နည်းပရိယာယ်ဖြင့် ငါဘုရားကို ‘ရဟန်းဂေါတမသည် မပြုထိုက်ဟု ပြောဆိုလေ့ရှိသူ = အကိရိယဝါဒရှိသူ ဖြစ်၏’ဟု ပြောဆိုလိုမူ ပြောဆိုနိုင်၏။ သင်ပုဏ္ဏား ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်အကြောင်းမျိုးကား ငါဘုရားတို့၌ လုံးဝမရှိချေ”–

ဟု ဖြေကြား မိန့်ဆိုတော်မူလေ၏။

(ဤ၌။ ။ပုဏ္ဏား၏ ရည်ရွယ်ချက်မှာ.. လောကီလူများအပေါင်းသည် အသက်ကြီးသူတို့အား ရှိခိုးခြင်း-အစရှိသော ကုလစာရိတ္တ = အမျိုးကောင်းတို့၏ အကျင့်ကို ကျင့်ကြ၏၊ ထိုကုလစာရိတ္တကို မပြုခြင်းကြောင့် မြတ်စွာဘုရားရှင်ကို “အရှင်ဂေါတမသည် မပြုထိုက်ဟူသောအယူ = အကိရိယဝါဒရှိသူ ဖြစ်၏”ဟု စွပ်စွဲပြောဆိုလေသည်။

မြတ်စွာဘုရားရှင်၏ အလိုတော် ရည်ရွယ်ချက်မှာ.. ကိုယ်တော်မြတ်သည် မကောင်းမှု ဒုစရိုက်များကို မပြုထိုက် = မပြုကောင်းဟု ဟောတော်မူ၏။ ထို့ကြောင့် ထို(ဒုစရိုက် မကောင်းမှုများကို မပြုထိုက် = မပြုကောင်းဟု ဟောတော်မူခြင်း = အကိရိယဝါဒ တည်းဟူသော) အကြောင်းနည်းပရိယာယ်ကို ရည်ရွယ်၍ “ရဟန်းဂေါတမသည် မပြုထိုက်ဟု ပြောဆိုလေ့ရှိသူ = အကိရိယဝါဒရှိသူ ဖြစ်၏”ဟု ပြောဆိုလိုက ပြောဆိုနိုင်ကြောင်း ခွင့်ပြုတော်မူလေသည်)။

     ဤနည်းဖြင့်လည်း ပုဏ္ဏားသည် မြတ်စွာဘုရားရှင်ကို အပြစ်မတင်နိုင်ရကား အခြား တနည်းပြောင်း၍ အပြစ်တင်ပြန်လိုသောကြောင့်-

“(၄) အရှင်ဂေါတမသည် ဖြတ်အပ်၏ဟူသောအယူ = ဥစ္ဆေဒဝါဒရှိသူဖြစ်၏”—

၉၀

ဟု ဆိုပြန်လေသည်။ မြတ်စွာဘုရားရှင်သည်လည်း ပုဏ္ဏား၏စိတ်နှလုံး နူးညံ့စေရန် ရှေးနည်းအတူပင် ထိုကဲ့သို့ပြောဆိုရန် အခြားနည်းပရိယာယ် အကြောင်းရှိသည်ကို ပြတော်မူလို၍-

“အိုပုဏ္ဏား.. ငါဘုရားကို ‘ရဟန်းဂေါတမသည် ဖြတ်တောက်ရန် ပြောဟောလေ့ရှိသူ = ဥစ္ဆေဒဝါဒရှိသူ ဖြစ်၏’ဟု ပြောဆိုနိုင်ရန် နည်းပရိယာယ် အကြောင်းရှိပေ၏၊ (ထိုအကြောင်းကား) အိုပုဏ္ဏား.. ငါဘုရားသည် ရာဂကို ဖြတ်တောက်ရန်, ဒေါသကို ဖြတ်တောက်ရန်, မောဟကို ဖြတ်တောက်ရန် (ထိုမှတပါး) အခြားမကောင်းမှုများကို ဖြတ်တောက်ရန် တရားကို ဟောပေ၏။ အိုပုဏ္ဏား.. (ရာဂ, ဒေါသ, မောဟနှင့်တကွ အခြားမကောင်းမှုများကို ဖြတ်တောက်ရန် တရားဟောကြားမှု = ဥစ္ဆေဒဝါဒ တည်းဟူသော) ဤအကြောင်း နည်းပရိယာယ်ဖြင့် ငါဘုရားကို ‘ရဟန်းဂေါတမသည် ဖြတ်တောက်ရန် ပြောဟောလေ့ရှိသူ = ဥစ္ဆေဒဝါဒရှိသူ ဖြစ်၏’ဟု ပြောဆိုလိုမူ ပြောဆိုနိုင်၏။ သင်ပုဏ္ဏား ရည်ရွယ်ပြောဆိုသော နည်းပရိယာယ် အကြောင်းမျိုးကား ငါဘုရားတို့၌ လုံးဝမရှိချေ”-

ဟု ဖြေကြားမိန့်ဆိုတော်မူလေ၏။

(ဤ၌။ ။ပုဏ္ဏားသည် မြတ်စွာဘုရားရှင်၌ အသက်ကြီးသူတို့အား ရှိခိုးခြင်း-စသည် ပြုမှုကို မမြင်ရကား “ဤရဟန်းဂေါတမကို အကြောင်းပြု၍ ရှိခိုးခြင်းအစရှိသော ဤလောကအစဉ်အလာ ဓမ္မတာ စာရိတ္တကြီး ပြတ်တောက်သွား၏”ဟု မှတ်ယူကာ မြတ်စွာဘုရားရှင်ကို “ဥစ္ဆေဒဝါဒရှိသူဖြစ်၏”ဟု စွပ်စွဲပြောဆိုလေသည်။

မြတ်စွာဘုရားရှင်သည်ကား လောဘ, ဒေါသ, မောဟ ထိုမှကြွင်းသည့် အကုသိုလ်များကို ဆိုင်ရာဆိုင်ရာ ထိုထိုမဂ်ဖြင့် ပယ်ဖြတ်ရန် တရားဟောတော်မူ၏၊ ထို့ကြောင့် (ထိုအကုသိုလ်တရားတို့ကို ပယ်ရှား ဖြတ်တောက်ရန် တရားဟောခြင်း) = ဥစ္ဆေဒဝါဒတည်းဟူသော အကြောင်းနည်းပရိယာယ်ကို ရည်ရွယ်၍ “ရဟန်းဂေါတမသည်

၉၁

ဖြတ်တောက်ရန် ပြောဟောလေ့ရှိသူ = ဥစ္ဆေဒဝါဒရှိသူ ဖြစ်၏”ဟု ပြောဆိုလိုက ပြောဆိုနိုင်ကြောင်း ခွင့်ပြုတော်မူလေသည်)။

     တဖန် ပုဏ္ဏားသည် ဤနည်းဖြင့်လည်း မြတ်စွာဘုရားရှင်ကို အပြစ်မတင်နိုင်ရကား အခြားတနည်းပြောင်း၍ အပြစ်တင်ပြန်လိုသောကြောင့်-

“(၅) အရှင်ဂေါတမသည် စက်ဆုပ်ခြင်းသဘောရှိသူဖြစ်၏”–

ဟု ဆိုပြန်လေသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည်လည်း ရှေးနည်းအတူပင် ထိုကဲ့သို့ ပြောဆိုရန် အခြားနည်းပရိယာယ် အကြောင်းရှိသည်ကို ပြတော်မူလို၍-

“အို ပုဏ္ဏား.. ငါဘုရားကို ‘ရဟန်းဂေါတမသည် စက်ဆုပ်တတ်သူဖြစ်၏’ဟု ပြောဆိုနိုင်ရန် နည်းပရိယာယ် အကြောင်းရှိပေ၏၊ (ထိုအကြောင်းကား) အို ပုဏ္ဏား.. ငါဘုရားသည် ကာယဒုစရိုက်သုံးပါး, ဝစီဒုစရိုက်လေးပါး, မနောဒုစရိုက်သုံးပါး (ထိုမှတပါး) အခြားမကောင်းမှုများကို စက်ဆုပ်ရွံရှာ၏။ အိုပုဏ္ဏား.. (ဒုစရိုက် မကောင်းမှုများကို စက်ဆုပ်ရွံရှာခြင်း တည်းဟူသော) ဤအကြောင်း နည်းပရိယာယ်ဖြင့် ငါဘုရားကို ‘ရဟန်းဂေါတမသည် စက်ဆုပ်တတ်သူဖြစ်၏’ဟု ပြောဆိုလိုမူ ပြောဆိုနိုင်၏။ သင်ပုဏ္ဏား ရည်ရွယ်ပြောဆိုသော နည်းပရိယာယ် အကြောင်းမျိုးကား ငါဘုရားတို့၌ လုံးဝမရှိ”—

ဟု ဖြေကြားမိန့်ဆိုတော်မူလေ၏။

(ဤ၌။ ။ပုဏ္ဏားသည် မြတ်စွာဘုရားရှင်က အသက်ကြီးသူတို့အား ရှိခိုးခြင်း-စသော ကုလစာရိတ္တကို စက်ဆုပ်၍သာ မပြုခြင်းဖြစ်သည်ဟု မှတ်ထင်ကာ “အရှင်ဂေါတမသည် စက်ဆုပ်ခြင်းသဘောရှိသူ ဖြစ်၏”ဟု စွပ်စွဲပြောဆိုလေသည်။

မြတ်စွာဘုရားရှင်ကမူ ကိုယ်တော်မြတ်သည် မကောင်းမှု ဒုစရိုက်များကို စက်ဆုပ်ရွံရှာတော်မူ၏၊ ထို့ကြောင့် ထို(မကောင်းမှု ဒုစရိုက်များကို စက်ဆုပ်ရွံရှာမှု တည်းဟူသော) အကြောင်းနည်းပရိယာယ်ကို

၉၂

ရည်ရွယ်၍ “ရဟန်းဂေါတမသည် စက်ဆုပ်တတ်သူ ဖြစ်၏”ဟု ပြောဆိုလိုက ပြောဆိုနိုင်ကြောင်း ခွင့်ပြုတော်မူလေသည်)။

     တဖန် ပုဏ္ဏားသည် ဤနည်းဖြင့်လည်း မြတ်စွာဘုရားရှင်ကို အပြစ်မတင်နိုင်ရကား အခြားတနည်းပြောင်း၍ အပြစ်တင်ပြန်လိုသောကြောင့်-

“(၆) အရှင်ဂေါတမသည့် ဖျက်ဆီးတတ်သူ = အဖျက်သမားကြီး ဖြစ်၏”–

ဟု ဆိုပြန်လေသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည်လည်း ရှေးနည်းအတူပင် ထိုကဲ့သို့ ပြောဆိုရန် အခြားနည်းပရိယာယ် အကြောင်းရှိသည်ကို ပြတော်မူလို၍-

“အို ပုဏ္ဏား.. ငါဘုရားကို ‘ရဟန်းဂေါတမသည် ဖျက်ဆီးတတ်သူ = အဖျက်သမားကြီးဖြစ်၏’ဟု ပြောဆိုနိုင်ရန် နည်းပရိယာယ်အကြောင်း ရှိပေ၏။ (ထိုအကြောင်းကား) အိုပုဏ္ဏား.. ငါဘုရားသည် ရာဂကို ပယ်ဖျောက် ဖျက်ဆီးရန်, ဒေါသကို ပယ်ဖျောက်ဖျက်ဆီးရန်, မောဟကို ပယ်ဖျောက် ဖျက်ဆီးရန် (ထိုမှတပါး) အခြားမကောင်းမှုများကို ပယ်ဖျောက်ဖျက်ဆီးရန် တရားကို ဟောပေ၏။ အိုပုဏ္ဏား.. (ရာဂ, ဒေါသ, မောဟနှင့်တကွ အခြား မကောင်းမှုများကို ပယ်ဖျောက် ဖျက်ဆီးရန် တရားဟောခြင်း တည်းဟူသော) ဤအကြောင်း နည်းပရိယာယ်ဖြင့် ငါဘုရားကို ‘ရဟန်းဂေါတမသည် ဖျက်ဆီးတတ်သူ = အဖျက်သမားကြီးဖြစ်၏’ဟု ပြောဆိုလိုမူ ပြောဆိုနိုင်၏။ သင်ပုဏ္ဏား ရည်ရွယ်ပြောဆိုသော နည်းပရိယာယ် အကြောင်းမျိုးကား ငါဘုရားတို့၌ လုံးဝမရှိချေ”-

ဟု ဖြေကြား မိန့်ဆိုတော်မူလေ၏။

(ဤ၌။ ။ပုဏ္ဏားသည် မြတ်စွာဘုရားရှင်၌ အသက်ကြီးသူတို့အား ရှိခိုးခြင်း-စသည် ပြုမှုကို မမြင်ရကား “ဤရဟန်းဂေါတမသည် လောက၌ အကြီးမြတ်ဆုံးဖြစ်သည့် ဤဝုဒ္ဓါပစာယနကောင်းမှုကို

၉၃

ဖျက်ဆီးတတ်သူ = အဖျက်သမားကြီး ဖြစ်သည်”ဟု မှတ်ယူကာ မြတ်စွာဘုရားရှင်ကို “ဖျက်ဆီးတတ်သူ = အဖျက်သမားကြီးဖြစ်၏”ဟု စွပ်စွဲ ပြောဆိုလေသည်။

မြတ်စွာဘုရားရှင်သည်ကား ရာဂ, ဒေါသ, မောဟ (ထိုမှကြွင်းသည့်) အကုသိုလ်များကို ပယ်ရှားဖျက်ဆီးရန် တရားဟောတော်မူ၏၊ ထို့ကြောင့် ထို(အကုသိုလ်တရားတို့ကို ပယ်ရှားဖျက်ဆီးရန် တရားဟောခြင်း တည်းဟူသော) အကြောင်းနည်းပရိယာယ်ကို ရည်ရွယ်၍ “ရဟန်းဂေါတမသည် ဖျက်ဆီးတတ်သူ = အဖျက်သမားကြီးဖြစ်၏”ဟု ပြောဆိုလိုက ပြောဆိုနိုင်ကြောင်း ခွင့်ပြုတော်မူလေသည်)။

     တဖန်လည်း ပုဏ္ဏားသည် ရှေးနည်းအတူ အခြားတနည်းပြောင်း၍ အပြစ်တင်ပြန်လိုသောကြောင့်-

“(၇) အရှင်ဂေါတမသည် ပူပန်စေတတ်သူဖြစ်၏”—

ဟု ဆိုပြန်လေသည်။ မြတ်စွာဘုရားရှင်သည်လည်း ရှေးနည်းအတူပင် ထိုကဲ့သို့ပြောဆိုရန် အခြားနည်း ပရိယာယ် အကြောင်းရှိသည်ကို ပြတော်မူလို၍—

“အိုပုဏ္ဏား.. ငါဘုရားကို ‘ရဟန်းဂေါတမသည် တပဿီပုဂ္ဂိုလ် = တပမည်သော တရားကို ပယ်ရှားတတ်သော ပုဂ္ဂိုလ်ဖြစ်၏’ဟု ပြောဆိုနိုင်ရန် နည်းပရိယာယ် အကြောင်းရှိပေ၏။ (ထိုအကြောင်းကား) အိုပုဏ္ဏား.. ငါဘုရားသည် ကာယဒုစရိုက် သုံးပါး, ဝစီဒုစရိုက်လေးပါး, မနောဒုစရိုက် သုံးပါး (ထိုမှကြွင်းသည့်) အကုသိုလ်တရားများကို (လူအပေါင်း သတ္တဝါအပေါင်းကို ပူပန်စေတတ်သောကြောင့်) တပနီယတရား = တပတရားများဟူ၍ ဟောဆို၏။ ပုဏ္ဏား.. ထိုတပမည်ငြား အကုသိုလ်တရားများကို ပယ်ရှားစွန့်လွှတ်ပြီးဖြစ်သူကို ငါဘုရားသည် တပဿီပုဂ္ဂိုလ် = ပူပန်စေတတ်သည့် အကုသိုလ်တရားများကို ပယ်ရှားပြီးသော ပုဂ္ဂိုလ်ဟူ၍ ဟောဆို၏။ အိုပုဏ္ဏား.. ရှေးဘုရားတို့အတူ လာခြင်းကောင်းတော်မူသော

၉၄

မြတ်စွာဘုရားသည် ထိုတပမည်ငြား အကုသိုလ်တရားများကို ပယ်ရှား စွန့်လွှတ်ပြီး ဖြစ်လေသည်။ အို ပုဏ္ဏား.. (တပမည်ငြား အကုသိုလ်တရားတို့ကို ပယ်ရှားစွန့်လွှတ်ပြီးဖြစ်ခြင်း တည်းဟူသော အကြောင်းနည်းပရိယာယ်ဖြင့် ငါဘုရားကို ‘ရဟန်းဂေါတမသည် တပဿီပုဂ္ဂိုလ် = တပမည်သော အကုသိုလ်တရားတို့ကို ပယ်ရှားစွန့်ပစ်ပြီးသော ပုဂ္ဂိုလ်ဖြစ်၏’ဟု ပြောဆိုလိုမူ ပြောဆိုနိုင်၏။ သင်ပုဏ္ဏား ရည်ရွယ်ပြောဆိုသော နည်းပရိယာယ် အကြောင်းမျိုးကား ငါဘုရားတို့ ၌ လုံးဝမရှိ”–

ဟု ဖြေကြား မိန့်ဆိုတော်မူလေ၏။

(ဤ၌။ ။ပုဏ္ဏား၏ ရည်ရွယ်ချက်မှာ ရှိခိုးခြင်း-စသော အရိုအသေမှုကို ပြုသူတို့သည် အသက်ကြီးသူတို့ကို နှစ်သက်ရွှင်လန်း ဝမ်းမြောက်စေကုန်၏၊ မပြုသောသူတို့သည်ကား အသက်ကြီးသူတို့ကို စိတ်နှလုံး ပူပန်စေကုန်၏။ မြတ်စွာဘုရားရှင်ကလည်း ထိုရှိခိုးခြင်း-စသော အရိုအသေမှုကို ပြုတော်မမူချေ၊ ထို့ကြောင့် “ဤရဟန်းဂေါတမသည် အသက်ကြီးသူတို့ကို ပူပန်စေတတ်သူဖြစ်၏”ဟု မှတ်ယူကာ မြတ်စွာဘုရားရှင်ကို “တပဿီပုဂ္ဂိုလ် = အသက်ကြီးသူတို့ကို စိတ်နှလုံး ပူပန်စေတတ်သူဖြစ်၏”ဟု စွပ်စွဲပြောဆိုလေသည်။

မြတ်စွာဘုရားရှင်သည်ကား အကုသိုလ်တရားများကို သတ္တလောကကို ပူပန်စေတတ်သောကြောင့် တပနီယတရားများ တပ-တရားများဟု ခေါ်ဆိုအပ်ကုန်၏၊ ကိုယ်တော်မြတ်မှာ ထိုပူပန်စေတတ်သည့် အကုသိုလ်တရားများ = တပမည်သော တရားများကို ပယ်ရှားအပ်ပြီး ဖြစ်သောကြောင့် (တပေ အဿီတိ တပဿီ = တပေ-တပမည်ငြား အကုသိုလ်တရားတို့ကို။ အဿိ = ပယ်ရှားပြီးပြီ။ ဣတိ = ထို့ကြောင့်။ တပဿီ = တပဿီမည်၏။ တပဿီ = တပမည်ငြား အကုသိုလ်တရားတို့ကို ပယ်ရှားပြီးသောပုဂ္ဂိုလ်) ဤဝိဂြိုဟ်ဝစနတ္ထအရ ကိုယ်တော်မြတ်ကို “တပဿီပုဂ္ဂိုလ် = တပမည်သော အကုသိုလ်တရားများကို ပယ်ရှားပြီးသော ပုဂ္ဂိုလ်ဖြစ်၏”ဟု ပြောဆိုလိုက ပြောဆိုနိုင်ကြောင်း ခွင့်ပြုတော်မူလေသည်)။

၉၅

     ဝေရဉ္ဇပုဏ္ဏားကြီးသည် ဤနည်းဖြင့်လည်း မြတ်စွာဘုရားရှင်ကို အပြစ်မတင်နိုင်ရကား အခြားတနည်းပြောင်း၍ နောက်ဆုံးအပြစ်တင်သော အနေဖြင့် အပြစ်တင်ပြန်လိုသောကြောင့်-

“(၈) အရှင်ဂေါတမသည် နတ်ရွာပဋိသန္ဓေမှ ကင်းသူဖြစ်၏”—

ဟု အပြစ်တင်ဆိုလေသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်မှာ အနာဂတ်ပဋိသန္ဓေ လေးမျိုးလုံးကိုပင် ပယ်ပြီးဖြစ်သောကြောင့် အပဂဗ္ဘ = ပဋိသန္ဓေနေခြင်း ကင်းသူဟု ဆိုနိုင်ကြောင်း နည်းပရိယာယ်ပြောင်း၍ ဖော်ပြလိုသောကြောင့်-

“အို ပုဏ္ဏား.. ငါဘုရားကို ‘ရဟန်းဂေါတမသည် အပဂဗ္ဘပုဂ္ဂိုလ် = ပဋိသန္ဓေနေခြင်း ကင်းပြီးသောပုဂ္ဂိုလ် ဖြစ်၏’ဟု ပြောဆိုနိုင်ရန် နည်းပရိယာယ် အကြောင်းရှိပေ၏၊ (ထိုအကြောင်းကား) အို ပုဏ္ဏား.. အနာဂတ်ကာလဝယ် ယောနိလေးထွေ ပဋိသန္ဓေ တည်နေမှုကို ပယ်ရှားပြီးဖြစ်သည့် (ရဟန္တာ)ပုဂ္ဂိုလ်ကို ငါဘုရားသည် အပဂဗ္ဘပုဂ္ဂိုလ်ဟု ဟောဆို၏။ အို ပုဏ္ဏား.. ရှေးဘုရားတို့အတူ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားသည် အနာဂတ်ကာလဝယ် ယောနိလေးထွေ ပဋိသန္ဓေ တည်နေရခြင်း လေးမျိုးလုံးကိုပင် အမြစ်ပြတ်ပယ်အပ်ပြီး ဖြစ်လေသည်။ အိုပုဏ္ဏား.. (အနာဂတ်ကာလဝယ် ပဋိသန္ဓေ တည်နေရခြင်း အမြစ်ပြတ်ကင်းပြီးဖြစ်မှု တည်းဟူသော) ဤအကြောင်း နည်းပရိယာယ်ဖြင့် ငါဘုရားကို ‘ရဟန်းဂေါတမသည် အပဂဗ္ဘပုဂ္ဂိုလ် = ပဋိသန္ဓေတည်နေရခြင်း အမြစ်ပြတ်ကင်းပြီးသောပုဂ္ဂိုလ် ဖြစ်၏’ဟု ပြောဆိုလိုမူ ပြောဆိုနိုင်၏။ သင်ပုဏ္ဏား ရည်ရွယ်ပြောဆိုသော နည်းပရိယာယ် အကြောင်းမျိုးကား ငါဘုရားတို့၌ လုံးဝမရှိချေ”–

ဟု ဖြေကြား မိန့်ဆိုတော်မူလေ၏။

(ဤ၌။ ။ပုဏ္ဏားသည် အသက်ကြီးသူတို့အား ရှိခိုးခြင်း-စသည် အရိုအသေပြုမှုသည် နတ်ပြည်လောကပဋိသန္ဓေကို ရနိုင်သောကောင်းမှု

၉၆

ဖြစ်သည်ဟု ယုံကြည်စွဲမှတ်ကာ မြတ်စွာဘုရားမှာလည်း ထိုအသက်ကြီးသူတို့အား ရှိခိုးခြင်း-စသည့် အရိုအသေပြုမှု မရှိသည်ကို ဒိဋ္ဌကိုယ်တွေ့ဖြစ်၍ မြတ်စွာဘုရားရှင်ကို “နတ်ရွာပဋိသန္ဓေမှကင်းသူ ဖြစ်၏”ဟု စွပ်စွဲ ပြောဆိုလေသည်။ သူ၏အလို ရည်ရွယ်ချက်မှာ “မြတ်စွာဘုရားသည် နတ်ရွာပဋိသန္ဓေမှ ကင်းသူဖြစ်ပြီး အနာဂတ်ဘဝဝယ် လူ့ပြည်လောက၌ စက်ဆုပ်ဖွယ်သော အမိဝမ်းခေါင်း ကိန်းအောင်းရမည့်သူ ဖြစ်သည်”ဟု ဆိုလိုရင်း ရည်ရွယ်ချက်ရှိသည်။

မြတ်စွာဘုရားရှင်ကမူ ကိုယ်တော်မြတ်မှာ အနာဂတ်ပဋိသန္ဓေဟူ၍ လုံးဝမရှိ၊ အမြစ်ပြတ် ပယ်ပြီးဖြစ်သောကြောင့် ထိုအကြောင်း နည်းပရိယာယ်ကို ရည်ရွယ်၍ ကိုယ်တော်မြတ်ကို “အပဂဗ္ဘပုဂ္ဂိုလ် = ပဋိသန္ဓေ တည်နေရခြင်း အမြစ်ပြတ် ကင်းပြီးသောပုဂ္ဂိုလ်”ဟု ပြောဆိုလိုက ပြောဆိုနိုင်ကြောင်း ခွင့်ပြုတော်မူလေသည်)။

     ဤသို့လျှင် ကိုယ်တော်မြတ်ထံမှောက်သို့ ရောက်သည့်အချိန်မှ စ၍ “အရသာကင်းမဲ့ခြင်း” အစရှိသော ဆဲရေးခြင်းရှစ်မျိုးဖြင့် ရှုတ်ချစွပ်စွဲ ဆဲရေးသော်လည်း ဝေရဉ္ဇပုဏ္ဏားကို မြတ်စွာဘုရားရှင်သည် လွန်စွာ သနားတော်မူသဖြင့် အေးမြသော မျက်စိတော်အစုံဖြင့်သာ ကြည့်ရှုတော်မူလျက် သဗ္ဗညုတဉာဏ်ရှင် ဖြစ်တော်မူရကား တိမ်တိုက်ကင်းစင်သော ကောင်းကင်၌ တက်ထွန်းသော လပြည့်ဝန်းကဲ့သို့၎င်း, သရဒဥတုအခါ တက်ထွန်းသော နေမင်းကဲ့သို့၎င်း ပုဏ္ဏား၏ စိတ်၌တည်သော အဝိဇ္ဇာမောဟ အမိုက်မှောင်ကို ပယ်ရှား မှုတ်လွှင့်တော်မူလိုသည်ဖြစ်၍ ပုဏ္ဏားပြောဆိုသည့် ရှုတ်ချစွပ်စွဲဆဲရေးသည့် စကားများကို ထိုထိုနည်းပရိယာယ် အကြောင်းဖြင့် ဂုဏ်ပြုစကားများဖြစ်အောင် ဖြေဆို မိန့်ကြားတော်မူခဲ့လေသည်။

     တဖန် ယခုအခါဝယ် ကိုယ်တော်မြတ်၏ မဟာကရုဏာတော် ကြီးမြတ်ပုံကို၎င်း, လောကဓံရှစ်ပါးကြောင့် မတုန်မလှုပ် မြေကြီးနှင့်တူသော စိတ်ရှိတော်မူပုံကို၎င်း, သူတပါးတို့က ဆဲရေးစကား မည်မျှပင် ပြောကြားကြသော်လည်း အမျက်မထွက် အေးမြသော စိတ်နှလုံးရှိတော်မူပုံကို၎င်း ထင်ရှားပြတော်မူလျက်-

၉၇

“ဤပုဏ္ဏားသည် စဉ်းစားဉာဏ်မဖက် လောကသင်္ကေတသက်သက်ဖြင့် ဆံဖြူခြင်း, သွားကျိုးခြင်း, အရေတွန့်ခြင်း စသည်တို့ဖြင့် မိမိကသာ (ငါဘုရားထက်) ကြီးသည်ဟု မှတ်ထင်နေ၏။ မိမိကိုယ်ကို ဇာတိဘေးကပ်လျက် လိုက်နေသည်ကို၎င်း, ဇရာဘေးက ဝန်းဝိုင်းထားအပ်သည်ကို၎င်း, ဗျာဓိဘေးက လွှမ်းမိုးနှိပ်စက်အပ်သည်ကို၎င်း, မရဏဘေးက ရှေးရှုနှိပ်စက်အပ်သည်ကို၎င်း, သံသရာ့သစ်ငုတ်ကြီးဖြစ်လျက် ယနေ့သေပြီးလျှင် နက်ဖြန်၌ ပက်လက်အိပ်ရသည့် (သေမင်းတမန်) ကလေးသူငယ်အဖြစ်သို့ ရောက်ရမည့်အရေးကို၎င်း စိုးစဉ်းမျှ မသိရှာချေ။ စင်စစ်သော်ကား ကြီးစွာသောလုံ့လဖြင့် ငါဘုရားထံမှောက်သို့ လာရောက်ရှာခြင်း ဖြစ်လေသည်။ ထိုပုဏ္ဏား၏ ငါဘုရားထံမှောက်သို့ လာရောက်ခြင်းသည် အကျိုးရှိသော လာရောက်ခြင်း ဖြစ်ပါစေသတည်း”—

ဟု ကြံစည်ဆင်ခြင်တော်မူပြီးလျှင် ဤလောက၌ ကိုယ်တော်မြတ်၏ အတုမရှိသော လက်ဦးစွာဖြစ်ပွါးသည့် အကြီးဆုံးသော ပုဂ္ဂိုလ်၏အဖြစ်ကို ထင်စွာပြတော်မူလိုသည်ဖြစ်၍ ဤဆိုလတ္တံ့သောအတိုင်း တရားဒေသနာတော်ကို ချဲ့ထွင်တိုးပွါး၍ ဟောကြားတော်မူလေသည်—

     “အိုပုဏ္ဏား.. ဥပမာအားဖြင့် ကြက်မ၏ ဥရှစ်လုံး (သို့မဟုတ်) ဆယ်လုံး (သို့မဟုတ်) တဆယ့်နှစ်လုံးတို့ ရှိကြသည်ဆိုပါစို့။ ထိုဥများကို ကြက်မသည် ကောင်းစွာဝပ်ခြင်း, ကောင်းစွာ အငွေ့ပေးခြင်း, ကောင်းစွာ ကြက်နံ့ထုံစေခြင်း အလုပ်ကိစ္စ သုံးမျိုးတို့ကို ပြုအပ်ကုန်သည်ဆိုပါစို့။ (ထိုသို့ပြုသဖြင့် ကြက်ဥတို့အတွင်း၌ တည်ရှိသော) ထိုကြက်ငယ်အပေါင်းတို့တွင် ခြေသည်းဖျား နှုတ်သီးဖျားဖြင့် ဥခွံကို ရှေးဦးစွာဖောက်ခွဲ၍ ချမ်းချမ်းသာသာ ပေါက်ဖွားလာသည့် ထိုကြက်ငယ်ကို အဘယ်သို့ ခေါ်ဆိုအပ်သနည်း၊ အကြီးဟူ၍တည်း ခေါ်ဆိုအပ်သလော၊ အငယ်ဟူ၍တည်း ခေါ်ဆိုအပ်သလော”ဟု မြတ်စွာဘုရားရှင်က

၉၈

မေးမြန်းတော်မူလေလျှင် ပုဏ္ဏားကြီးသည် “အို အရှင်ဂေါတမ.. အကြီးဟူ၍ ဆိုအပ်ပါသည်။ ထိုကြက်ငယ်အပေါင်းတို့တွင် (ဥခွံကိုဖောက်ခွဲ၍ ရှေးဦးစွာ ထွက်လာသော) ထိုကြက်ငယ်သည် (ရှေးဦးစွာ ဥခွံကို ဖောက်ခွဲ၍ ထွက်လာသောကြောင့်ပင်) အကြီးဆုံးဖြစ်ပါ၏”ဟု လျှောက်ဆိုလေသည်။

     ထိုအခါ မြတ်စွာဘုရားရှင်သည် “ပုဏ္ဏား.. ဤအတူပင် အဝိဇ္ဇာတည်းဟူသော ဥခွံအတွင်း၌ ရောက်ရှိတည်နေကြသော အဝိဇ္ဇာဥခွံဖြင့် ထက်ဝန်းကျင် မြှေးယှက်အပ်သည့် သတ္တဝါအပေါင်းတွင် အဝိဇ္ဇာဥခွံကို ဖောက်ခွဲ၍ ငါတဦးတည်းသာ လောက၌ အတုမရှိ လွန်မြတ်သော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ရှေးဦးစွာ သိမြင်ဆိုက်မြောက် ပေါက်ရောက်အပ်လေပြီ၊ ပုဏ္ဏား (သို့ရကား) ငါဘုရားသည် သတ္တလောက ရှိသမျှ သတ္တဝါအပေါင်းထက် အကြီးအမြတ်ဆုံး ဖြစ်၏”ဟူ၍ ဟောတော်မူလေသည်။

(ဤ၌။ ။ဥပမာ ဥပမေယျ စပ်ဟပ်၍ မှတ်ယူရန်မှာ- ဥပမာနဖြစ်သော ကြက်ငယ်ဖက်၌ မိခင်ဖြစ်သော ကြက်မက ဝပ်ခြင်း, ကြက်ငွေ့ပေးခြင်း, ကြက်နံ့ထုံစေခြင်း = ဤသုံးမျိုးဖြင့် စောင့်ရှောက်အပ်သည့် ထို ကြက်ဥများသည် မပုပ်ကုန်၊ ထိုကြက်ဥတို့၏ အပေါ်ရံ အစိုမြှေးသည်လည်း ခန်းခြောက်၍သွား၏၊ ဥခွံသည်လည်း တနေ့တခြား ပါး၍ ပါး၍ လာလေ၏၊ အတွင်းကြက်ငယ်၏ ခြေသည်းဖျား နှုတ်သီးဖျားတို့သည်လည်း ရင့်ကျက်မာကျော၍ လာကုန်၏၊ ကြက်ငယ်တို့သည် ကြီးရင့်၍ လာကုန်၏။ ဥခွံက တနေ့တခြား ပါး၍ ပါး၍ သွားသောကြောင့် အပြင်မှ အလင်းရောင်သည် အတွင်း၌ ကျရောက်လေ၏။ ထိုအခါ ဥခွံတွင်းရှိ ကြက်ငယ်တို့သည် “ငါတို့သည် ခြေများ အတောင်များကို ကုပ်လျက် ကြပ်တည်းကျဉ်းမြောင်းရာ၌ နေကြရသည်မှာ ကြာမြင့်လှလေပြီ၊ အပြင်အပ၌လည်း ဤအလင်းရောင်သည် ထင်၏၊ ဤအလင်း ရောင်ရှိရာ အပြင်အပ၌ ယခုအခါ ငါတို့၏ ချမ်းသာစွာနေရခြင်း ဖြစ်ပေလိမ့်မည်”ဟု ကြံစည်ကြကာ အပြင်သို့ ထွက်လိုကြပြီးလျှင် ဥခွံကို ခြေဖြင့် ကျောက်ကန်ကြကုန်၏၊ လည်ပင်းကို အတင်းဆန့်ကုန်၏၊ ထို့ကြောင့် ထိုဥခွံသည် နှစ်ဖြာထက်ခြမ်း ကွဲ၍သွားလေ၏။ ထိုအခါ ကြက်ငယ်များသည် အတောင်ကလေးများကို ခါကြလျက်

၉၉

ထိုခဏအားလျော်စွာ မြည်ကြလျက် ထွက်၍လာကြလေသည်။ ထိုထွက်၍လာကြသော ကြက်ငယ်တို့အနက် ရှေးဦးစွာထွက်လာသော ကြက်ငယ်ကို အကြီးဆုံးဟူ၍ ခေါ်ဆိုအပ်၏။

ဥပမေယျဖြစ်သော မြတ်စွာဘုရားရှင်ဖက်၌ (သီးခြားဖော်ပြမှု မပြုတော့ပြီ၊ ဥပမာန ဥပမေယျ စပ်ဟပ်၍ ဖော်ပြပေအံ့) ကြက်မ၏ မိမိဥတို့၌ ဝပ်ခြင်း, ကြက်ငွေ့ပေးခြင်း, ကြက်နံ့ထုံစေခြင်း အပြုအမူသုံးမျိုးနှင့် မြတ်စွာဘုရားရှင်၏ ဘုရားအလောင်း ဖြစ်တော်မူစဉ် မဟာဗောဓိပလ္လင်၌ ထိုင်နေတော်မူကာ ကိုယ်တော်မြတ်၏ စိတ်သန္တာန်၌ အနိစ္စ, ဒုက္ခ, အနတ္တဟူ၍ အနုပဿနာသုံးပါး ပြုတော်မူခြင်းတို့ တူကြ၏။ ။ကြက်မ၏ အပြုအမူသုံးမျိုးကို ပြုလုပ်ခြင်းကြောင့် ကြက်ဥများ မပုပ်ခြင်းနှင့် အလောင်းတော်သူမြတ်၏ အနုပဿနာသုံးပါး ပွါးများတော်မူခြင်းကြောင့် ဝိပဿနာဉာဏ်၏ မဆုတ်ယုတ်ခြင်းတို့ တူကြ၏။ ။ကြက်မ၏ အပြုအမူသုံးမျိုးကို ပြုလုပ်ခြင်းကြောင့် ကြက်ဥတို့၏ အပေါ်ရံ အစိုမြှေး ခန်းခြောက်ခြင်းနှင့် အလောင်းတော်သူမြတ်၏ အနုပဿနာသုံးပါး ပွါးများတော်မူခြင်းကြောင့် ဘဝသုံးပါး၌ တွယ်တာတပ်မက်သော နိကန္တိတဏှာအစေး ခန်းခြောက်ခြင်းတို့ တူကြ၏။ ။ကြက်မ၏ အပြုအမူသုံးမျိုးကို ပြုလုပ်ခြင်းကြောင့် ဥခွံ၏ တနေ့တခြား ပါး၍ ပါး၍ သွားခြင်းနှင့် အလောင်းတော်သူမြတ်၏ အနုပသနာသုံးပါး ပွါးများတော်မူခြင်းကြောင့် အဝိဇ္ဇာ မောဟတည်းဟူသော ဥခွံ၏ ဇောဝါရတခုထက်တခု ပါး၍ပါး၍သွားခြင်းတို့ တူကြ၏။ ။ကြက်မ၏ အပြုအမူသုံးမျိုးကို ပြုလုပ်ခြင်းကြောင့် ကြက်ငယ်၏ ခြေသည်းဖျား နှုတ်သီးဖျားတို့ ရင့်ကျက်မာကျော၍ လာခြင်းနှင့် အလောင်းတော်သူမြတ်၏ အနုပဿနာသုံးပါး ပွါးများတော်မူခြင်းကြောင့် ဝိပဿနာဉာဏ် (နှုတ်သီး)၏ ထက်မြက် ခိုင်မာ ကြည်လင် ရဲရင့်လာခြင်းတို့ တူကြ၏။ ။ကြက်မ၏ အပြုအမူသုံးမျိုးကို ပြုလုပ်ခြင်းကြောင့် ကြက်ငယ်၏ ကြီးရင့်၍ လာသောအခါနှင့် အလောင်းတော်သူမြတ်၏ အနုပဿနာသုံးပါး ပွါးများတော်မူခြင်းကြောင့် ဝိပဿနာဉာဏ်၏ ရင့်ကျက်လာသောအခါ ကြီးပွါးလာသောအခါ ဉာဏ်တရားသား ယူလာသောအခါတို့ တူကြ၏။ ။ထို့နောက် ကြက်မ၏ အပြုအမူသုံးမျိုးကို ပြုလုပ်ခြင်းကြောင့် ကြက်ငယ်၏ ဥခွံကို ခြေဖြင့်ကျောက် နှုတ်သီးဖြင့်ပေါက်ကာ ဥခွံကို ဖောက်ခွဲ၍ အတောင်ကလေးများကို ခါလျက် ချမ်းသာစွာ

၁၀၀

ပေါက်ဖွားလာသောအခါနှင့် အလောင်းတော်သူမြတ်၏ အနုပဿနာသုံးပါး ပွါးများတော်မူခြင်းကြောင့် ဝိပဿနာဉာဏ် တရားသားကို ယူစေပြီးနောက် အစဉ်အတိုင်း ဆိုက်ရောက်ရရှိအပ်သော အရဟတ္တမဂ်ဖြင့် အဝိဇ္ဇာဥခွံကို ဖောက်ခွဲ၍ အဘိညာဏ်တည်းဟူသော အတောင်တို့ကို ခါတော်မူလျက် ချမ်းချမ်းသာသာ အလုံးစုံသော ဘုရားကျေးဇူး ဂုဏ်အထူးတို့ကို မျက်မှောက်ပြုအပ်သော အခါတို့ တူကြ၏)။

     ထို့နောင်မှ မြတ်စွာဘုရားရှင်သည် ဆက်လက်၍ ဝေရဉ္ဇပုဏ္ဏားကြီးအား “ဤအကျင့်ပဋိပတ်လမ်းစဉ်ဖြင့် ငါဘုရားသည် အတုမရှိ လွန်မြတ်သော အကြီးအမြတ်ပုဂ္ဂိုလ်၏အဖြစ်သို့ ရောက်ရှိသည်”ဟု ပြတော်မူရန် မဟာဗောဓိမဏ္ဍိုင်၌ အင်္ဂါလေးပါးရှိသော ဝီရိယကို ဦးတည်ကာ ဘာဝနာအလုပ် အားထုတ်တော်မူခဲ့ပုံ, ထိုသို့ အားထုတ်တော်မူသဖြင့် လောကီဈာန်တရားတို့ကို ရရှိတော်မူခဲ့ပုံ, ထိုလောကီဈာန်သမာပတ်ကို အခြေပြုကာ ဘာဝနာအလုပ် အားထုတ်တော်မူသဖြင့် (မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့) ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ကို ရတော်မူ၍ ထိုပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်တည်းဟူသော နှုတ်သီးဖြင့် ရှေးအတိတ် ခန္ဓာအစဉ်ကို ဖုံးလွှမ်းသည့် အဝိဇ္ဇာမောဟဥခွံကို ဖောက်ခွဲ၍ ရှေးဦးစွာ အရိယာဇာတ်အားဖြင့် မွေးဖွား ဖြစ်ပွါးတော်မူလာပုံ, ထိုနေ့ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုအဘိညာဉ်ကို ရတော်မူ၍ ထိုအဘိညာဉ်တည်းဟူသော နှုတ်သီးဖြင့် စုတိပဋိသန္ဓေကို ဖုံးလွှမ်းသည့် အဝိဇ္ဇာမောဟဥခွံကို ဖောက်ခွဲ၍ နှစ်ကြိမ်မြောက် အရိယာဇာတ်အားဖြင့် မွေးဖွား ဖြစ်ပွါးတော်မူလာပုံ, ထိုနေ့ မိုးသောက်ယံ၌ အာသဝက္ခယ အမည်ရသော အရဟတ္တမဂ်ဉာဏ် (တတိယ ဝိဇ္ဇာဉာဏ်)ကို ရတော်မူ၍ ထိုဉာဏ်တည်းဟူသော နှုတ်သီးဖြင့် သစ္စာလေးပါးကို ဖုံးလွှမ်းသည့် အဝိဇ္ဇာမောဟဥခွံကို ဖောက်ခွဲ၍ သုံးကြိမ်မြောက် အရိယာဇာတ် အားဖြင့် မွေးဖွား ဖြစ်ပွါးတော်မူလာပုံတို့ကို အကျယ်အားဖြင့် ဟောကြားတော်မူလေ၏။ (ဟောကြားတော်မူပုံ အကျယ်ကို ပိဋကတ်မြန်မာပြန် ပါရာဇိကဏ်ပါဠိတော် ဝေရဉ္ဇပုဏ္ဏားအကြောင်း ပြဆိုရာအခဏ်း၌ ကြည့်ရှုမှတ်ယူရာ၏။)

၁၀၁

ဝေရဉ္ဇပုဏ္ဏားကြီး သရဏဂုံခံယူခြင်း

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ပုဏ္ဏားကို သနားကရုဏာ ကြီးမားတော်မူလှသဖြင့် ကိုယ်တော်မြတ်၏ အရိယာဇာတ်အားဖြင့် အကြီးဆုံး အမြတ်ဆုံး ဖြစ်တော်မူပုံကို ပု, ဒိ, အာ = ဝိဇ္ဇာသုံးပါး ထင်ရှားဖော်ပြအပ်သည့် တရားဒေသနာဖြင့် ဟောတော်မူအပ်သည်ရှိသော် ဝေရဉ္ဇပုဏ္ဏားကြီးသည် ကိုယ်ရောစိတ်ပါ ပီတိတရား ပြန့်နှံ့ပြည့်စုံကာ မြတ်စွာဘုရားရှင်၏ အရိယာဇာတ်အားဖြင့် အကြီးဆုံး အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူသည့်အကြောင်းကို ကောင်းစွာ သိမြင်လတ်၍ “ငါသည် ဤသို့စဉ် လူသုံးပါး၌ အကြီးအမြတ်ဆုံးဖြစ်လျက် ခပ်သိမ်းသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံတော်မူသော သဗ္ဗညုမြတ်စွာဘုရားကို ‘အသက်ကြီးသူတို့အား ရှိခိုးခြင်းစသည်အမှု မပြုဘိ’ဟု ပြောမှားခဲ့လေပြီ။ အချင်းတို့.. မသိခြင်း မောဟတရားကား စက်ဆုပ်ရွံရှာဖွယ် ဖြစ်စွာ့တကား”ဟု မိမိကိုယ်ကို ကဲ့ရဲ့၍ “ဤအရှင်ဂေါတမသည် ယခုအခါ လောက၌ အရိယာဇာတ်အားဖြင့် ရှေးဦးစွာ မွေးဖွားဖြစ်ပွါးလာသူ ဖြစ်ခြင်းကြောင့် အကြီးဆုံးလည်းဖြစ်၏။ ခပ်သိမ်းသော ဂုဏ်တို့ဖြင့် အတုမရှိသောကြောင့် အမြတ်ဆုံးလည်းဖြစ်၏”ဟု ဆုံးဖြတ်ချက် ချမှတ်ပြီးလျှင် မြတ်စွာဘုရားရှင်ကို-

“အရှင်ဂေါတမသည် လောက၌ အကြီးဆုံး ဖြစ်ပါပေ၏။ အရှင်ဂေါတမသည် လောက၌ အမြတ်ဆုံး ဖြစ်ပါပေ၏။ အို အရှင်ဂေါတမ.. အလွန်နှစ်သက်ဖွယ် ရှိပါပေစွာ့၊ အို အရှင်ဂေါတမ.. အလွန်နှစ်သက်ဖွယ် ရှိပါပေစွာ့၊ အို အရှင်ဂေါတမ.. လောက ဥပမာအားဖြင့် မှောက်၍ထားအပ်သော ဝတ္ထုကို လှန်လိုက်သကဲ့သို့၎င်း, ဖုံးအုပ်ထားသော အရာဝတ္ထုကို ဖွင့်လှစ်လိုက်သကဲ့သို့၎င်း, မျက်စိလည် လမ်းမှားသောသူအား လမ်းမှန်ကို ပြောကြားလိုက်သကဲ့သို့၎င်း, ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းအမျိုးမျိုးတို့ကို မြင်ကြပေလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ထွန်းညှိထားသကဲ့သို့၎င်း ထို့အတူပင်

၁၀၂

အရှင်ဂေါတမသည် အကျွန်ုပ်အား များစွာသော အကြောင်းဖြင့် တရားတော်ကို ထင်ရှားစွာ ဟောပြတော် မူအပ်ပါပေပြီ။ အို အရှင်ဂေါတမ.. ထိုအကျွန်ုပ်သည် အရှင်ဂေါတမကို၎င်း, တရားတော်ကို၎င်း, ရဟန်းသံဃာတော်ကို၎င်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍ ဆည်းကပ် သိမှတ်ပါ၏။ အရှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့ကစ၍ အသက်ရှည်သမျှ ကာလပတ်လုံး သရဏဂုံတည်သူ ဥပါသကာဟူ၍ မှတ်ယူတော်မူပါလော့”—

ဟု နှုတ်မြွက်ကာ သရဏဂုံ ခံယူပြီးလျှင် “အရှင်ဂေါတမသည် ရဟန်းသံဃာနှင့်တကွ အကျွန်ုပ်အား ချီးမြှောက်ရန် ဝေရဉ္ဇာပြည်၌ ဝါဆိုခြင်းကိုလည်း သည်းခံ (လက်ခံ)တော်မူစေချင်ပါသည်”ဟူ၍ တောင်းပန်စကား လျှောက်ထားလေသည်။ မြတ်စွာဘုရားရှင်သည် ဆိတ်ဆိတ်နေခြင်းဖြင့် ပုဏ္ဏားလျှောက်ချက်အရ ဝေရဉ္ဇာပြည်၌ ဝါကပ်ရန် လက်ခံတော်မူ၏။ ထိုအခါ ဝေရဉ္စပုဏ္ဏားကြီးသည် “အကယ်၍ ရဟန်းဂေါတမသည် ငါ၏လျှောက်ထားချက်ကို လက်မခံလျှင် ကိုယ်ဖြင့်ဖြစ်စေ, နှုတ်ဖြင့်ဖြစ်စေ ပယ်မြစ်လေရာ၏၊ ယခုမူ မပယ်မြစ်ပဲ အတွင်း၌ နှစ်သက်လက်ခံမှုကို ဆောင်ရကား ငါ၏လျှောက်ထားချက်ကို စိတ်ဖြင့်ပင် လက်ခံတော်မူ၏”ဟူ၍ အခြင်းအရာကိုမှတ်သားမှု၌ လိမ္မာသူဖြစ်သောကြောင့် မြတ်စွာဘုရားရှင်၏ လက်ခံတော်မူမှုကို သိရှိပြီးလျှင် မိမိနေရာမှထ၍ ရှေ့နောက်၀ဲယာ= လေးမျက်နှာအရပ်တို့၌ မြတ်စွာဘုရားရှင်ကို ရိုသေစွာ ရှိခိုးပြီးနောက် လက်ျာရစ် သုံးပတ်လှည့်လည်ပြီးလျှင် ဘုရားထံမှောက် ရောက်ချိန်ကစ၍ အရွယ်ကြီးသော ပုဏ္ဏားတို့အား ရှိခိုးခြင်းစသည်အမှု မပြုဘိဟူ၍ ကဲ့ရဲ့ခဲ့ငြားသော်လည်း ယခုအခါမှာမူ မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးများကို ပိုင်းခြားသိမြင်ကာ ကိုယ်နှုတ်နှလုံး သုံးဒွါရတို့ဖြင့် အကြိမ် များစွာ ရှိခိုးရပါသော်လည်း တင်းတိမ်ရောင့်ရဲခြင်း အလျှင်းမရှိပဲ လက်အုပ်ကို ဦးခေါင်း၌ မြှောက်တင်ကာ ဘုရားရှင်ကို မြင်ရသလောက် ဘုရားရှင်ဖက်သို့ မျက်နှာမူ နောက်ဆုတ်သွားခဲ့၍

၁၀၃

မြင်လောက်သော ဥပစာကိုလွန်မှ နောက်ဆုံး အားရစွာ ရှိခိုးပြီး ဖဲသွားလေတော့၏။

     မြတ်စွာဘုရားရှင်သည်လည်း ထိုသို့ ဝေရဉ္ဇပုဏ္ဏား လျှောက်ထား တောင်းပန်ချက်အရ ၁၂-ခုမြောက် ဒွါဒသမဝါကို ထိုဝေရဉ္ဇာပြည်၌ ရဟန်းငါးရာနှင့် ကပ်ဆိုတော်မူလေ၏။

ဝေရဉ္ဇာပြည်၌ ဒုဗ္ဘိက္ခဘေးရောက်ခြင်း

     ထိုစဉ်အခါ ဝေရဉ္ဇာပြည်သည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံလက်မှတ်ဖြင့် အသက်မွေးရ၏။ (သို့ရကား) ရဟန်းတော်များအဖို့ရာ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။

     ထိုအခါ ဥတ္တရာပထတိုင်းသား မြင်းကုန်သည်များသည် မြင်းငါးရာတို့နှင့်အတူ ဝေရဉ္ဇာပြည်၌ မိုးခိုကြကုန်၏။ ထိုမြင်းကုန်သည်တို့သည် မြင်းဝိုင်းတို့၌ ရဟန်းတို့အား တစလယ် တစလယ်စီသော ရိက္ခာမုယောဆန်ကို ဝတ်တည်ကြကုန်၏။ ရဟန်းတို့သည် နံနက်အခါ၌ ဝေရဉ္ဇာပြည်သို့ ဆွမ်းခံဝင်၍ ဆွမ်းမရကြကုန်သော် မြင် ဝိုင်းတို့၌ ဆွမ်းခံလှည့်လည်၍ တစလယ် တစလယ်စီသော ရိက္ခာမုယောဆန်ကို (ရရှိကြကာ) အရံတွင်းသို့ ယူဆောင်ခဲ့ကြပြီးလျှင် ဆုံငယ်၌ ထောင်း၍ ထောင်း၍ သုံးဆောင်ကြကုန်၏။

(ဤ၌ အထူးမှတ်ရန်မှာ- ထိုဝေရဉ္ဇာပြည်အရပ်၌ မိုးလေးလ ကာလအတွင်း မိုးအလွန်များခြင်းကြောင့် ခရီးရှည် မသွားနိုင်ကြ၊ ထို့ကြောင့် ဥတ္တရာပထတိုင်းသား မြင်းကုန်သည်များသည် ဝေရဉ္ဇာပြည်၌ မိုးခိုကြရသည်။ ထိုသို့ မိုးခိုကြရာမှာလည်း မြို့၏ပြင်ပ ရေမလွှမ်းမည့်အရပ်၌ မိမိတို့နေရန် အိမ်များ မြင်းများထားရန် တဲများ ဆောက်လုပ်စေပြီး စည်းစောင်းရန်း ကာရံ၍ထားကြလေသည်။ ထိုမြင်းကုန်သည်တို့ နေရာများကို မြင်းဝိုင်းများဟု အသိအမှတ်ပြုအပ်ကြလေသည်။

ထိုမြင်းကုန်သည်များသည် မုယောဆန်ကို အချိန်ကြာမြင့်စွာခံရန် ပိုးမထိုးရန် ပေါင်း၍ ဖွဲမပါအောင်ပြု၍ (ဖွပ်၍) မြင်းမြက်မရနိုင်သော နေရာ၌ မြင်းစားပြုလုပ်ရန် ယူဆောင်ခဲ့ကြလေသည်။ ထိုမြင်းကုန်သည် (ဥတ္တရာပထတိုင်းသား)များကား ဒက္ခိဏာပထတိုင်းသားများကဲ့သို့

၁၀၄

သဒ္ဓါတရား မခေါင်းပါးကြ၊ သဒ္ဓါတရားရှိသူများ ရတနာသုံးပါးကို မြတ်နိုးသူများ ဖြစ်ကြသည်။ ထိုမြင်းကုန်သည်တို့သည် နံနက်အခါ ပြုဖွယ်ကိစ္စတခုဖြင့် မြို့တွင်းသို့ ဝင်ကြသည်တွင် နှစ်ရက် သုံးရက်ဆက်ကာ ရဟန်းတော်များ ခုနစ်ပါးတစု ရှစ်ပါးတစု မြို့တွင်း၌ ဆွမ်းခံလှည့်ကြသော်လည်း တစိုးတစိ မရရှိကြသည်ကို တွေ့ရ၍ “အရှင်ကောင်းတို့သည် ဤဝေရဉ္ဇာပြည်ကို အမှီပြု၍ ဝါကပ်တော်မူကြကုန်၏။ ဒုဗ္ဘိက္ခဘေးကလည်း ဆိုက်ရောက်လျက်ရှိ၏၊ တစိုးတစိမျှ မရရှိကြသဖြင့် အလွန် ပင်ပန်းတော်မူကြကုန်၏။ ငါတို့ကလည်း ဧည့်သည်များ ဖြစ်ကြသည့်အတွက် ထိုအရှင်တို့အဖို့ရာ နေ့စဉ်ရက်ဆက် ယာဂုကို၎င်း, ဆွမ်းကို၎င်း မစီမံနိုင်ကြကုန်။ ငါတို့မြင်းများကား ညဉ့်တကြိမ် နေ့တကြိမ် = နှစ်ကြိမ်တိုင်တိုင် အစာကို ရရှိကြကုန်၏။ ငါတို့သည် မြင်းတကောင် တကောင်၏ နံနက်စာထဲမှ ရဟန်းတော် တပါးတပါးအား တစလယ် တစလယ်သော မုယောဆန်ကို လှူဒါန်းရမူ ကောင်းလေစွာ့၊ ဤသို့ပြုသည်ရှိသော် အရှင်ကောင်းတို့သည်လည်း ပင်ပန်းကြလိမ့်မည်မဟုတ်၊ မြင်းတို့သည်လည်း မျှတကြလိမ့်မည်”ဟု ကြံစည် တိုင်ပင်ကြပြီးလျှင် ရဟန်းတို့ထံ သွားကြ၍ ဤအကြောင်းကို လျှောက်ထားကြပြီးနောက် “အရှင်တို့ဘုရား.. အရှင်ဘုရားတို့သည် တစလယ် တစလယ်သော ရိက္ခာမုယောဆန်ကို ခံယူကြပြီးလျှင် သင့်လျော်သလို ပြုလုပ် သုံးဆောင်တော်မူကြပါဘုရား”ဟု တောင်းပန် လျှောက်ထားကြ၍ နေ့တိုင်း နေ့တိုင်း ရဟန်းတပါးတပါးလျှင် တစလယ် တစလယ်စီသော ရိက္ခာမုယောဆန်ကို အလှူဝတ်တည်ထားကြလေ၏။

ရဟန်းတို့သည် နံနက်အခါ ဝေရဉ္ဇာပြည်အတွင်း ဆွမ်းခံဝင်ကြသည်ရှိသော် တမြို့လုံး လှည့်၍လည်း ဆွမ်းကိုမဆိုထားဘိ ယုတ်စွာ့အဆုံး “ကန်တော့ပါသေး၏”ဟူသော ကန်တော့ဆွမ်းကိုမျှ (စကားကိုမျှ) မရကြပဲ မြို့ပြင်ပ မြင်းဝိုင်းများသို့ ကြွရောက် ဆွမ်းခံကြသောအခါမှ တစလယ် တစလယ်စီသော ရိက္ခာမုယောဆန်ကို ရရှိခဲ့ကြကာ ကျောင်းအရံသို့ ဆောင်ယူခဲ့ကြ၍ ယာဂုကျို ဆွမ်းချက်ပေးမည့် ကပ္ပိယကာရကလည်းမရှိ ကိုယ်တိုင်ကျိုချက်ရန်လည်း မလျောက်ပတ် မအပ်စပ်ရကား “ဤနည်းဖြင့် ငါတို့အား ပေါ့ပါးသော အသက်မွေးမှု = သလ္လဟုကဝုတ္တိလည်း ဖြစ်ပေလိမ့်မည်၊ ကိုယ်တိုင်ချက်ပြုတ်ခြင်း = သာမပါက ဒုက္ကဋ်အာပတ်မှလည်း လွတ်ပေလိမ့်မည်”ဟု ကြံစည်တော်မူကြကာ ရှစ်ပါးတစု ဆယ်ပါးတစု ပေါင်းစုကြ၍ ဆုံငယ်၌ မုယောဆန်ကို ထောင်းကြပြီးလျှင် အသီးသီး သက,သက ရရှိသောဝေစုကို

၁၀၅

ရေဖြင့်ဖျော်၍ သုံးဆောင်ကြလေသည်။ ထိုသို့ သုံးဆောင်ကြပြီး ကြောင့်ကြမှုမရှိကြပဲ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ် နေထိုင်တော်မူကြလေသည်။)

     မြတ်စွာဘုရားရှင်၏ အတွက်ကား မြင်းကုန်သည်များသည် တစလယ်သော ရိက္ခာမုယောဆန်နှင့် ထိုအားလျော်သော ထောပတ်, ပျား, သကာတို့ကို လှူဒါန်းကြလေသည်။ ထိုမုယောဆန်နှင့် ထောပတ်, ပျား, သကာကို အရှင်အာနန္ဒာမထေရ်သည် ယူဆောင်ခဲ့၍ ကျောက်ပျဉ်၌ ကြိတ်လေသည်။ ဘုန်းကံရှိသူ ပညာရှင်ပုဂ္ဂိုလ် ပြုလုပ်စီမံအပ်သော အရာသည် နှစ်သက်ဖွယ်ရှိမြဲ ဓမ္မတာတည်း။ မုယောဆန်ကို ကြိတ်ပြီးလျှင် ထောပတ်-စသည်တို့နှင့် ရောစပ်၍ မြတ်စွာဘုရားရှင်အား ဆက်ကပ်လေသည်။ ထိုအခါ နတ်များသည် ထိုမုယောမှုန့်အတွင်း၌ နတ်ဩဇာကို ထည့်ကြလေသည်။ ထိုမုယောမှုန့်ကိုပင် မြတ်စွာဘုရားရှင်သည် ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ဖလသမာပတ်ကို ၀င်စား၍ အချိန်ကို ကုန်လွန်စေတော်မူသည်။ ထိုဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ချိန်ကစ၍ ဆွမ်းခံကြွတော်မမူ။

(ဤ၌။ ။အရှင်အာနန္ဒာသည် ထိုဝေရဉ္ဇာပြည်၌ ဝါကပ်ချိန်မှာ မြတ်စွာဘုရားရှင်၏ အလုပ်အကျွေး ဥပဋ္ဌာက ဖြစ်သလောဟု မေးဖွယ်ရှိ၏။ အဖြေကား.. အလုပ်အကျွေးတော့ ဖြစ်ပါ၏၊ အလုပ်အကျွေး ဥပဋ္ဌာကရာထူးကိုတော့ မရသေးပါ။ ချဲ့ဦးအံ့- မြတ်စွာဘုရားရှင်မှာ ပဌမဗောဓိ (ဝါတော်နှစ်ဆယ်)အတွင်း၌ အမြဲအလုပ်အကျွေးဟူ၍ မရှိ၊ တရံတခါ နာဂသမာလ မထေရ်သည် မြတ်စွာဘုရားရှင်ကို ပြုစုလုပ်ကျွေး၏၊ တရံတခါ အရှင်နာဂိတမထေရ်, တရံတခါ အရှင်မေဃိယမထေရ်, တရံတခါ အရှင်ဥပဝါနမထေရ်, တရံတခါ သာဂတမထေရ်, တရံတခါ လိစ္ဆဝီမင်းသား သုနက္ခတ္တရဟန်းသည် မြတ်စွာဘုရားရှင်ကို ပြုစုလုပ်ကျွေး၏။ ထိုရဟန်းတို့သည် မိမိတို့အလိုအတိုင်း ပြုစုလုပ်ကျွေးကြပြီး အလိုရှိသောအခါ ဖဲခွါ၍ သွားကြလေသည်။

အရှင်အာနန္ဒာမထေရ်သည် ဖော်ပြရာပါ ထိုထိုရဟန်းတို့ ပြုစုလုပ်ကျွေးကြစဉ် ကြောင့်ကြမဲ့ နေတော်မူ၍ ထိုရဟန်းတို့ ဖဲသွားကြလေသော် ကိုယ်တိုင်ပင် ဝတ်ကြီးဝတ်ငယ်ကို ပြုတော်မူလေသည်။ မြတ်စွာဘုရားရှင်ကလည်း “ငါ၏ ဆွေမျိုးမြတ်ဖြစ်သော အာနန္ဒာထေရ်သည်

၁၀၆

အပြုအစု အလုပ်အကျွေး = ဥပဋ္ဌာကရာထူးကို မရရှိသေးသော်လည်း ဤသို့သဘောရှိသည့် ပြုစုလုပ်ကျွေးဖို့ရန် အရာဌာနတို့၌ ဤအာနန္ဒာထေရ်သာလျှင် အသင့်လျော်ဆုံး ဖြစ်သည်”ဟု ဆင်ခြင်တော်မူကာ လက်ခံတော်မူလေသည်။ ထို့ကြောင့် ယခုဝေရဉ္ဇာပြည်၌ ဝါကပ်ချိန်မှာလည်း အခြား အလုပ်အကျွေး ရဟန်းများ မရှိခိုက်ဖြစ်၍ အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်အတွက် မုယောဆန်ကို ကျောက်ပျဉ်၌ကြိတ်၍ ထောပတ်, ပျား, သကာနှင့် ရောစပ်ပြီး ဆက်ကပ်လေသည်။ မြတ်စွာဘုရားရှင်သည် ထိုအရှင်အာနန္ဒာဆက်ကပ်သည့် မုယောမှုန့်ကို ဘုဉ်းပေး သုံးဆောင်တော်မူကာ ဖလသမာပတ်ဖြင့် အချိန်ကို ကုန်လွန်စေတော်မူသည်။

ဤအရာ၌ ဤဆိုလတ္တံ့သောအတိုင်း အမေးအဖြေကို အထူးသိမှတ်ရာ၏-

(မေး) လူများသည် ငတ်မွတ်ခေါင်းပါးသော အခါ၌ လွန်စွာပင် အားထုတ်၍ ကောင်းမှုတို့ကို ပြုကြသည်မဟုတ်လော၊ ကိုယ်တိုင်က မသုံးဆောင်ပဲလည်း ရဟန်းတို့အား ပေးလှူသင့်၏ဟု အောက်မေ့ကြသည် မဟုတ်လော။ ထိုလူများသည် မြတ်စွာဘုရားရှင် ဝေရဉ္ဇာပြည်၌ ဝါကပ်တော်မူသောအခါ အဘယ့်ကြောင့် တယောက်ချိုသော ဆွမ်းကိုမျှ မလှူဒါန်းကြသနည်း။ ဤဝေရဉ္ဇပုဏ္ဏားကြီးသည်လည်း ကြီးစွာသော လုံ့လဖြင့် မြတ်စွာဘုရားရှင်ကို ဝါကပ်ဆိုရန် တောင်းပန်ခဲ့ပါလျက် အဘယ့်ကြောင့် မြတ်စွာဘုရားရှင် ရှိသည်ကိုမျှလည်း မသိပါသနည်း။

(ဖြေ) မာရ်နတ်ပူးဝင်ကာ လှည့်ပတ်ထားခြင်းကြောင့်လူအများရော ဝေရဉ္ဇပုဏ္ဏားပါ မေ့လျော့နေကြခြင်းဖြစ်သည်။ ထင်ရှားစေဦးအံ့- မြတ်စွာဘုရားရှင်အထံတော်မှ ဖဲခွါလျှင် ဖဲခွါခြင်း ဝေရဉ္ဇပုဏ္ဏားကြီးကို၎င်း, ဝေရဉ္ဇာပြည်သူပြည်သား လူအများကို၎င်း, ဝေရဉ္စာပြည်၏ ပတ်ဝန်းကျင် တယူဇနာအတွင်း နံနက်ခင်း ဆွမ်းခံလှည့်လည် သွားနိုင် ပြန်နိုင်သော အရပ်အတွင်းရှိ လူအများကို၎င်း ထိုအလုံးစုံသော လူအပေါင်းကို မာရ်နတ်သည် ပူးဝင် တွေဝေစေ၍ ထိုလူအပေါင်းတို့အား မြတ်စွာဘုရားရှင်နှင့် သံဃာတော်တို့ကို သတိမရ အမှတ်မရအောင် ပြုလုပ်ပြီးလျှင် ဖဲသွားလေ၏၊ ထို့ကြောင့် တစုံတယောက်သောသူမျှ အယုတ်သဖြင့် အရိုအသေမှု ပြုရန်ပင် အမှတ်မရပဲ ရှိလေသည်။

၁၀၇

(မေး) မြတ်စွာဘုရားရှင်သည်လည်း မာရ်နတ်၏ ပူးဝင် လှည့်ပတ်ခြင်းကို မသိမူ၍သာလျှင် ထိုဝေရဉ္ဇာပြည်၌ ဝါကပ်တော်မူသလော။

(ဖြေ) မသိ၍ ဝါကပ်တော်မူသည်မဟုတ်၊ သိလျက်နှင့်ပင် ဝါကပ်တော်မူခြင်း ဖြစ်သည်။

(မေး) ထိုသို့ မာရ်နတ်လှည့်ပတ် ပူးဝင်မည်ကို သိတော်မူပါလျက် အဘယ့်ကြောင့် စမ္ပာပြည်, သာဝတ္ထိပြည်, ရာဇဂြိုဟ်ပြည် အစရှိသည်တို့တွင် တပြည်ပြည်၌ ဝါကပ်တော်မမူပဲ ဝေရဉ္ဇာပြည်၌သာ ဝါကပ်တော် မူပါသနည်း။

(ဖြေ) စမ္မာပြည်, သာဝတ္ထိပြည်, ရာဇဂြိုဟ် စသည်တို့ကို မဆိုထားဘိဦး၊ ထိုနှစ် ထိုဝါ၌ မြတ်စွာဘုရားရှင်သည် ဥတ္တရကုရု မြောက်ကျွန်းသို့ဖြစ်စေ, တာဝတိံသာ နတ်ပြည်သို့ဖြစ်စေ ကြွရောက်၍ ဝါကပ်လျှင်လည်း ထိုဝါကပ်ဆိုရာ မြောက်ကျွန်းသူ မြောက်ကျွန်းသား တာဝတိံသာ နတ်များကိုလည်း မာရ်နတ်သည် လှည့်ပတ်ပူးဝင်မည်သာဖြစ်၏။ ထိုမာရ်နတ်သည်ကား ထိုနှစ်အဖို့ရာ လွန်လွန်မင်းမင်း မြတ်စွာဘုရားရှင် အပေါ်၌ ရန်ငြိုးအာဃာတ ဒေါသတရားဖြင့် လွှမ်းမိုးနှိပ်စက်အပ်သော စိတ်ရှိလေသည်။ ဤဝေရဉ္ဇာပြည်၌ကား မြတ်စွာဘုရားရှင်သည် “မြင်းကုန်သည်များသည် ရဟန်းတို့အား ချီးမြှောက်ပူဇော်မှု ပြုကြလိမ့်မည်”ဟူသော ဤအကြောင်းကို သိမြင်တော်မူလေသည်။ ထို့ကြောင့် ဝေရဉ္ဇာပြည်၌သာ ဝါကပ်ဆိုတော်မူလေသည်။

(မေး) ဆက်၍ မေးဦးအံ့- မာရ်နတ်သည် မြင်းကုန်သည်များကို ပူးဝင် လှည့်ပတ်ခြင်းငှါ မစွမ်းနိုင်ဘူးလော။

(ဖြေ) မစွမ်းနိုင်သည်မဟုတ်၊ စွမ်းနိုင်သည်သာဖြစ်၏၊ စင်စစ်သော်ကား ထိုမြင်းကုန်သည်များသည် မာရ်နတ်ပူးဝင် လှည့်ပတ်ပြီးမှ ဝေရဉ္ဇာပြည်သို့ ရောက်ရှိလာကြလေသည်။

(မေး) နောက်မှ ရောက်လာသော်လည်း မာရ်နတ်သည် မြင်းကုန်သည်များကို တဖန်ပြန်ဖြစ်၍ အဘယ့်ကြောင့် မပူးဝင် မလှည့်ပတ်သနည်း။

(ဖြေ) မစွမ်းနိုင်သောကြောင့် မပူးဝင် မလှည့်ပတ်ခြင်း ဖြစ်သည်။ ချဲ့ဦးအံ့- မာရ်နတ်သည် မြတ်စွာဘုရားရှင်၏အတွက်

၁၀၈

(၁) ချက်ပြုတ်ပြီး ဆက်ကပ်ရန် ယူဆောင်လာသော ဆွမ်း၏၎င်း, (၂) “ဤမျှ ကာလပတ်လုံး မြတ်စွာဘုရားရှင်အား ပေးလှူကုန်အံ့”ဟု ဆုံးဖြတ်ချက် ချမှတ်ကာ အမြဲ ဆွမ်းဝတ်အနေဖြင့် ပိုင်းခြားသတ်မှတ်၍ ထားအပ်သော အလှူဒါန၏၎င်း, (၃) “ဤဝတ္ထုသည် မြတ်စွာဘုရားရှင်၏ ပစ္စည်းလေးပါး သုံးဆောင်ရန် လှူဒါန်း အပ်သည့် ဝတ္ထုဖြစ်သည်”ဟု ပြောဆို နှုတ်မြွက်ကာ ကျောင်းသို့ယူဆောင်၍ လှူဒါန်းအပ်သော ဝတ္ထု၏၎င်း ဘယ်နည်းဖြင့်မျှ အန္တရာယ်ကို မပြုနိုင်။

ချဲ့ဦးအံ့– ဖော်ပြလတ္တံ့သော အရာဝတ္ထု လေးပါးတို့အတွက် တစုံတယောက်သောသူမျှ အန္တရာယ်ကို မပြုနိုင်၊ လေးပါးတို့ဟူသည်မှာ- (၁) မြတ်စွာဘုရားရှင်အတွက် ယခု ကပ်လှူအံ့ဆဲဆဲ ရှေးရှုဆောင်ယူအပ်သော ဆွမ်းအနေဖြင့်၎င်း, နိဗဒ္ဓအလှူဖြစ်ရန် စီမံဆုံးဖြတ် အပ်နှံထားသော အနေဖြင့်၎င်း စွန့်လှူအပ်ကုန်သော ပစ္စည်းလေးပါးတို့၏ အန္တရာယ်ကို တစုံတယောက်မျှ မပြုနိုင်ချေ။ (၂) မြတ်စွာဘုရားရှင်တို့၏ ပွင့်ရာအာယုကပ် အသက်တမ်းကို ငါးပုံပြု၍ လေးစု လေးပုံ တည်နေမြဲဖြစ်သော အသက်တော်၏ အန္တရာယ်ကို တစုံတယောက်မျှ မပြုနိုင်ချေ၊ (အသက် အနှစ်တရာတမ်း ပွင့်တော်မူသော ငါတို့မြတ်စွာဘုရားရှင်၏ အနှစ်တရာကို ငါးပုံပြု၍ လေးစုဖြစ်သော နှစ်ပေါင်းရှစ်ဆယ် တည်နေရမည့် အသက်တော်ကို နှစ်ပေါင်းရှစ်ဆယ် မပြည့်မီအကြား၌ သန္တာန်ပြတ်သွားအောင် ဖျက်ဆီးမှုအန္တရာယ်ကို ပြုရန် မည်သူမျှ မစွမ်းနိုင်ဟု ဆိုလိုသည်)၊ (၃) မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်၏ လက္ခဏာကြီးငယ်နှင့်တကွ ကိုယ်တော်ရောင်၏ အန္တရာယ်ကို တစုံတယောက်မျှ မပြုနိုင်ချေ။ မှန်၏- လ နေ နတ် ဗြဟ္မာတို့၏ အရောင်သည်လည်း မြတ်စွာဘုရားရှင်၏ လက္ခဏာတော်ကြီးငယ်နှင့် ကိုယ်တော်ရောင်၏ တောက်ပရာအရပ်သို့ ရောက်ရှိလာလျှင် ကွယ်ပျောက်ကြရလေသည်၊ (၄) မြတ်စွာဘုရားရှင်တို့၏ သဗ္ဗညုတဉာဏ်တော်၏ အန္တရာယ်ကို တစုံတယောက်မျှ မပြုနိုင်ချေ၊ ဤဖော်ပြရာပါ မြတ်စွာဘုရားရှင်၏ (၁) ပစ္စည်းလေးရပ် (၂) အသက်တော် (၃) လက္ခဏာကြီးငယ်နှင့် ရောင်ခြည်တော် (၄) သဗ္ဗညုတ ရွှေဉာဏ်တော် ဤလေးပါးသော အရာဝတ္ထုတို့အတွက် တစုံတယောက်သောသူမျှ အန္တရာယ်ကို မပြုနိုင်၊ ထို့ကြောင့် မာရ်နတ် အန္တရာယ်မပြုနိုင်သော မုယောဆန်ဆွမ်းကို ထိုဝေရဉ္ဇာပြည်၌ မြတ်စွာဘုရားရှင်သည် တပည့်ရဟန်းသံဃာ ငါးရာတို့နှင့်တကွ ဘုဉ်းပေး သုံးဆောင်တော်မူ၏ဟု မှတ်ယူရာ၏။)

၁၀၉

ဒုဗ္ဘိက္ခဝဋ်တော်ပါခြင်း၏ ရှေးကံအကြောင်း

     ဤကဲ့သို့ မြတ်စွာဘုရားရှင် ရဟန်းငါးရာနှင့်တကွ ဝေရဉ္ဇာပြည်၌ ဒုဗ္ဘိက္ခဝဋ်တော် ပါရခြင်းမှာလည်း လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာထက်ဝယ် ဖုဿဘုရားရှင်၏ သာသနာတော်ခေတ်အတွင်း အလောင်းတော်သူမြတ်မှာ မိတ်ဆွေမကောင်းတို့နှင့် ပေါင်းသင်းမိသည့်အတွက် လူပျက်လူဆိုးတဦးဖြစ်ကာ ဖုဿမြတ်စွာဘုရားရှင်၏ တပည့်သာဝက ရဟန်းတော်တို့ကို “မုယောဆွမ်းကြမ်းကို ခဲကြကုန်လော့၊ စားကြကုန်လော့။ သလေးဆွမ်းကောင်းတို့ကို မစားကြကုန်လင့်”ဟု ရေရွတ်စကား ပြောမှားခဲ့ဘူးလေသည်။ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် ယခု ဝေရဉ္ဇာပြည်၌ ၀ါကပ်တော်မူသောအခါ ဒုဗ္ဘိက္ခဘေးနှင့် ရင်ဆိုင် တွေ့တော်မူရလေသည်။ (ခု ၃။ အပဒါနပါဠိ၊ ၃၄၉-မျက်နှာ၌ ထိုအကြောင်း တိုက်ရိုက်လာရှိသည်)။

မြတ်စွာဘုရားရှင် ကောင်းကြီးပေးတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် ဆုံငယ်ထောင်းသံကို ကြားတော်မူလေပြီ။

မြတ်စွာဘုရားရှင်တို့သည် သိလျက်လည်း မေးတော်မူကုန်၏၊

သိလျက်လည်း မေးတော်မမူကုန်။ (မသိသောအရာကား မရှိ)။

အခါကိုသိ၍ မေးတော်မူကုန်၏။

အခါကိုသိ၍ မေးတော်မမူကုန်။

မြတ်စွာဘုရားရှင်တို့သည် အကျိုးနှင့် စပ်သည်ကိုသာ မေးတော်မူကုန်၏၊ အကျိုးနှင့် မစပ်သည်ကိုကား မေးတော်မမူကုန်။ (အကျိုးရှိမည့်အရာကိုသာ မေး၍ အကျိုးမရှိမည့်အရာကို မမေးဟု ဆိုလိုသည်)။

၁၁၀

အကျိုးနှင့်မစပ်သော စကားအရာ၌ မြတ်စွာဘုရားရှင်တို့သည် မဂ်ဖြင့် ပယ်သတ်ခြင်းအမှုကို ပြုအပ်ပြီး ဖြစ်ကုန်၏။

“တရားကိုသော်လည်း ဟောကုန်အံ့၊ တပည့် သာဝကတို့အား သိက္ခာပုဒ်ကိုသော်လည်း ပညတ်ကုန်အံ့”ဟူသော အကြောင်းနှစ်မျိုးတို့ဖြင့် မြတ်စွာဘုရားရှင်တို့သည် ရဟန်းတို့ကို မေးတော်မူကုန်၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာကို “ချစ်သားအာနန္ဒာ.. ယခုကြားရသော ဆုံငယ်သံသည် အဘယ်ပြုသော အသံနည်း”ဟု မေးတော်မူလေလျှင် အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်အား ရှေးဖော်ပြရာပါ အကြောင်းအရာကို ဖြေကြား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည်-

“အာနန္ဒာ.. ကောင်းစွာ့၊ ကောင်းစွာ့၊ အာနန္ဒာ.. သူတော်ကောင်းဖြစ်ကြသော သင်တို့သည် (အစာခေါင်းပါးခြင်း, လိုချင်ခြင်း, အလိုဆိုးသို့ လိုက်ပါခြင်း အလျှင်းပင် မပြုကြသဖြင့်) သလေးဆန်ဖြင့် ချက်အပ်သည့် သားပြွမ်းဆွမ်း (=ဒန်ပေါက်ဆွမ်း)ကို အောင်နိုင်အပ်ပြီ။ ယင်းသို့ သင်ချစ်သား သူတော်ကောင်းတို့ အောင်နိုင်အပ်ပြီးဖြစ်သည့် သလေးသားပြွမ်းဆွမ်း (=ဒန်ပေါက်ဆွမ်း)ကို နောင်လာနောက်သားများကား အထင်သေးကြလိမ့်ဦးမည်”–

ဟူ၍ မိန့်ဆိုတော်မူလေ၏။

အရှင်မဟာမောဂ္ဂလာန်၏ ရဲရဲတောက် လျှောက်ထားချက်

     အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကား ရဟန်းပြုပြီးနောက် ခုနစ်ရက်မြောက်သောနေ့၌ သာဝကပါရမီဉာဏ် အထွတ်အထိပ်သို့ ရောက်တော်မူသော ပုဂ္ဂိုလ်မြတ်ဖြစ်ပေသည်။ မြတ်စွာဘုရားရှင်ကလည်း တန်ခိုးကြီးသည်၏အဖြစ်

၁၁၁

(တန်ခိုးကြီးသောအရာ)၌ ဧတဒဂ် ထားတော်မူအပ်သည်။ ထိုအရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် မိမိ၏ တန်ခိုးကြီးမြတ်မှုကို အမှီပြု၍ “ယခုအခါ ဤဝေရဉ္ဇာပြည်သည် အစာခေါင်းပါး၏၊ ရဟန်းတို့သည်လည်း ပင်ပန်းကုန်၏၊ ငါသည် မြေကြီးကိုလှန်၍ အောက်အပြင်ရှိ မြေဆီမြေလွှာ မြေဩဇာကို ကျွေးရမူ ကောင်းလေစွာ့”ဟု ကြံစည်ပြီးနောက် ဆက်၍တဖန် “ငါသည် ဘုရားရှင်ထံ၌ နေသူဖြစ်လျက် မြတ်စွာဘုရားရှင်ကို မတောင်းပန်ပဲ ဤသို့ပြုမူလျှင် ထိုပြုမူချက်သည် ငါ့အား မသင့်လျော်ချေ၊ မြတ်စွာဘုရားရှင်နှင့် အပြိုင်ပြုမူသကဲ့သို့ ဖြစ်ပေလိမ့်မည်”ဟု အကြံဖြစ်ကာ မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ဝပ်လျှိုး ရှိခိုးပြီးလျှင် သင့်လျောက်ပတ်ရာအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားရှင်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ယခုအခါ ဝေရဉ္ဇာပြည်သည် အစာခေါင်းပါး၏။ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံလက်မှတ်ဖြင့် အသက်မွေးရ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤမြေကြီး၏ အောက်အပြင်သည် ပျားကောင် ပျားဥမရှိသော ပျားရည်ကဲ့သို့ ချိုမြိန်ကောင်းမြတ်၍ သာယာဖွယ်ရှိပါသည်။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တောင်းပန်ပါ၏၊ အကျွန်ုပ်သည် မဟာပထဝီ ဤမြေကြီးကို ထက်အောက်ပြောင်းပြန် လှန်ပါအံ့၊ ရဟန်းတို့သည် အောက်အပြင် မြေဆီမြေလွှာ မြေဩဇာကို သုံးဆောင်ကြရပါလိမ့်မည်”–

ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က “ချစ်သားမောဂ္ဂလာန်.. မြေကြီးကို မှီနေကုန်သော သတ္တဝါတို့ကို အဘယ်သို့ ပြုမည်နည်း”ဟု မေးတော်မူလေလျှင် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည်-

၁၁၂

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် လက်တဖက်ကို မြေကြီးကဲ့သို့ ဖန်ဆင်းပါမည်။ မြေကြီးကို မှီနေကုန်သော သတ္တဝါတို့ကို ထိုမြေကြီးကဲ့သို့ ဖန်ဆင်းထားသော လက်ပေါ်၌ ပြောင်းထားပါမည်။ ကျန်သော လက်တဖက်ဖြင့် ဤမြေကြီးကို ထက်အောက်ပြောင်းပြန် လှန်ပါမည်”–

ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က “ချစ်သားမောဂ္ဂလာန်.. မသင့်လျော်ပေ၊ မြေကြီးကိုလှန်ရန် သင်ချစ်သား မနှစ်သက် (မလိုလား)ပါလင့်၊ သတ္တဝါတို့သည် အထင်အမြင် လွဲမှားခြင်းသို့လည်း ရောက်ကုန်ရာသည်”ဟု ပယ်မြစ်စကား မိန့်ကြားတော်မူလေသည်။

ဤ၌။ ။“သတ္တဝါတို့သည် အထင်အမြင် လွဲမှားခြင်းသို့လည်း ရောက်ကုန်ရာသည်”ဟူသော စကားရပ်ဝယ် မှတ်ဖွယ်ကား- ဤအစာခေါင်းပါးခြင်းသည် ယခုအခါ၌သာ ဖြစ်သည်မဟုတ်၊ နောင် အနာဂတ်ကာလ၌လည်း ဖြစ်လိမ့်မည်၊ ထိုအခါ ရဟန်းတို့သည် သင်ချစ်သားကဲ့သို့ တန်ခိုးအာနုဘော်နှင့် ပြည့်စုံသော သီတင်းသုံးဖော်ကို အဘယ်မှ ရလိမ့်မည်နည်း။ ထို နောင်လာနောက်သား ရဟန်းများသည် သောတာပန်, သကဒါဂါမ်, အနာဂါမ်, သုက္ခဝိပဿကရဟန္တာ ဈာန်မျှကိုသာရ၍ (အဘိညာဉ်ကိုမရသည့်) ရဟန္တာ, ပဋိသမ္ဘိဒါပတ္တ ရဟန္တာများပင် ဖြစ်ကြသော်လည်း တန်ခိုးစွမ်းအား မရှိကြခြင်းကြောင့် ဒါယကာတို့အိမ်သို့ ဆွမ်းခံကပ်ကြပေလိမ့်မည်။ ထိုသို့ဖြစ်ရာ၌ လူတို့၏ စိတ်သန္တာန်ဝယ် “ဘုရားရှင် လက်ထက်တော်အခါက ရဟန်းတို့သည် သိက္ခာသုံးပုံ ပြည့်စုံစွာ ဖြည့်ကျင့်တော်မူကြကုန်၏။ ထိုဘုရား လက်ထက်တော်က ရဟန်းတို့သည် အဘိညာဉ် ကျေးဇူးဂုဏ်တို့ကို ဖြစ်စေကြ၍ အစာခေါင်းပါးသောအခါ၌ မြေကြီးကို အထက်အောက်လှန်ကြ၍ မြေဆီမြေလွှာ မြေဩဇာကို ဘုဉ်းပေး သုံးဆောင်တော်မူကြကုန်ပြီ။ ယခုအခါ၌ကား သိက္ခာသုံးပုံ အကျင့်ဂုဏ်ကို ပြည့်စုံစွာ ဖြည့်ကျင့်ကြသော ရဟန်းတို့ မရှိကြကုန်၊ အကယ်၍ ရှိကြလျှင် ထို (ဘုရားရှင်လက်ထက်တော်က) နည်းအတူပင် ပြုကြကုန်လေရာ၏၊ ငါတို့အား အစိမ်း အကျက် တစုံတခုကိုမျှ စားခွင့်ပေးကြမည်မဟုတ် (မြေဩဇာကိုသာ ကျွေးကြလိမ့်မည်ဟု ဆိုလိုသည်)” ဤကဲ့သို့ အကြံအစည်ဖြစ်ပြီးလျှင်

၁၁၃

ထိုအရိယာပုဂ္ဂိုလ်တို့၌ပင် “အရိယာပုဂ္ဂိုလ်များ မရှိကြကုန်”ဟု အထင်အမြင် လွဲမှားခြင်းသို့ ရောက်ကုန်လေရာ၏။ အထင်အမြင် လွဲမှားသဖြင့် အရိယာပုဂ္ဂိုလ်တို့ကို ကဲ့ရဲ့ရှုတ်ချ စွပ်စွဲကြလျက် အပါယ်ဘုံသို့ ကျရောက်ကုန်လေရာ၏။ ထို့ကြောင့် “မြေကြီးကိုလှန်ရန် သင်ချစ်သား မနှစ်သက် (မလိုလား)ပါလင့်”ဟု ပယ်မြစ်စကား မိန့်ကြားတော်မူလေသည်)။

     ထိုအခါ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် ဤတောင်းပန်ချက်ကို အခွင့်မရသည်ဖြစ်၍ အခြားတနည်းပြောင်း၍ တောင်းပန်လိုပြန်ရကား-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တောင်းပန်ပါ၏၊ အားလုံးသော ရဟန်းသံဃာသည် မြောက်ကျွန်းသို့ ဆွမ်းခံကြွပါစေ”-

ဟု လျှောက်ထားလေသော် မြတ်စွာဘုရားရှင်သည် ရှေးနည်းအတူပင် “ချစ်သားမောဂ္ဂလာန်.. မသင့်လျော်ပေ။ အားလုံးသော ရဟန်းသံဃာ၏ မြောက်ကျွန်းသို့ ဆွမ်းခံသွားခြင်းကို သင်ချစ်သား မနှစ်သက် (မလိုလား)ပါလင့်”ဟု ပယ်မြစ်စကား မိန့်ကြားတော်မူလေ၏။

(ဤ၌။ ။“သတ္တဝါတို့သည် အထင်အမြင် လွဲမှားခြင်းသို့လည်း ရောက်ကုန်ရာသည်”ဟု တိုက်ရိုက် မဟောအပ်သော်လည်း ရှေး၌ ဟောအပ်ပြီးဖြစ်သောကြောင့် ထိုအကြောင်းကြောင့်ပင် မြောက်ကျွန်းသို့ ဆွမ်းခံကြွခြင်းကိုလည်း မြတ်စွာဘုရား တားမြစ်တော်မူအပ်သည်ဟု သိအပ်၏။ အဓိပ္ပါယ် မှတ်ဖွယ်ကိုလည်း ရှေးနည်းအတူပင် မှတ်ယူရာ၏။

အကယ်၍ မြတ်စွာဘုရားရှင်က ခွင့်ပြုလျှင် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် အဘယ်သို့ ပြုလေရာသနည်းဟူမူ- မဟာသမုဒြာကို ခြေတလှမ်းဖြင့် ကျော်နိုင်လောက်သည့် မြောင်းငယ်မျှဖြစ်အောင် ဖန်ဆင်းတော်မူပြီးလျှင် နဠေရုတမာပင်မှသည် ဥတ္တရကုရုမြောက်ကျွန်းသို့ ရှေးရှူ (တည့်တည့်) လမ်းအသစ်ကို ဖန်ဆင်း၍ ဥတ္တရကုရု မြောက်ကျွန်းကိုလည်း ရဟန်းတော်များ ဂေါစရဂါမ် ဆွမ်းခံနေကျဖြစ်သော ရွာကဲ့သို့

၁၁၄

အလွယ်တကူ ချမ်းသာစွာ ဆွမ်းခံဝင်နိုင် ထွက်နိုင်လောက်အောင် အသွားအပြန်လမ်းနှင့် ပြည့်စုံသောအရပ်၌ တန်ခိုးဖြင့် ထားလေရာ၏။

ဤကား အရှင်မဟာမောဂ္ဂလာန် မထေရ်သူမြတ်၏ ရဲရဲတောက်စကား လျှောက်ထားချက်တည်း။

**********

အရှင်သာရိပုတ္တရာ မထေရ်မြတ်၏

ဝိနည်းသိက္ခာပုဒ်ပညတ်ရန် တောင်းပန်လျှောက်ထားချက်

     ထိုအခါ ဆိတ်ငြိမ်ရာသို့ တပါးတည်း ကပ်ရောက်နေတော်မူသော အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ စိတ်သန္တာန်ဝယ်-

“ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားရှင်တို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်လေသနည်း၊ ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားရှင်တို့၏ သာသနာတော်သည် ကြာမြင့်စွာ တည်လေသနည်း”–

ဟု အကြံအစည်ဖြစ်ကာ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ထိုနေ့ ညနေချမ်းအချိန်၌ တပါးတည်း ကိန်းစံနေရာမှထ၍ မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက်ဝပ်လျှိုး ရှိခိုးပြီးကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေပြီးလျှင် မြတ်စွာဘုရားရှင်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဆိတ်ငြိမ်ရာသို့ တပါးတည်း ကပ်ရောက်နေထိုင်စဉ် အကျွန်ုပ်၏ စိတ်သန္တာန်ဝယ် ‘အဘယ် မြတ်စွာဘုရားရှင်တို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်လေသနည်း၊ အဘယ် မြတ်စွာဘုရားရှင်တို့၏ သာသနာတော်သည် ကြာမြင့်စွာ တည်လေသနည်း’ဟု အကြံအစည်ဖြစ်ပါသည်။

ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အဘယ် မြတ်စွာဘုရားရှင်တို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်ပါသနည်း၊ အဘယ် မြတ်စွာဘုရားရှင်တို့၏ သာသနာတော်သည် ကြာမြင့်စွာ တည်ပါသနည်း”–

ဟု လျှောက်ထားမေးမြန်းလေ၏။

၁၁၅

(ဤ၌။ ။အရှင်သာရိပုတ္တရာ မထေရ်သည် ဤမိမိ၏ အကြံအစည်ဖြစ်ချက်ကို ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘူးလောဟု မေးဖွယ်ရှိ၏။ အဖြေကား- ဆုံးဖြတ်နိုင်သော အရာလည်းရှိ၏၊ မဆုံးဖြတ်နိုင်သော အရာလည်းရှိ၏။ ချဲ့ဦးအံ့- ဤအရှင်သာရိပုတ္တရာ မထေရ်မြတ်သည် “ဤအမည်ရှိသော ဘုရားရှင်တို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်လေ၊ ဤဘုရားရှင်တို့၏ သာသနာတော်ကား ကြာမြင့်စွာတည်၏”ဟူ၍ ဆုံးဖြတ်တော်မူနိုင်၏။ “ဤမည်သောအကြောင်းကြောင့် ကြာမြင့်စွာ မတည်၊ ဤမည်သော အကြောင်းကြောင့် ကြာမြင့်စွာ တည်၏”ဟူ၍ကား ဆုံးဖြတ်တော်မမူနိုင်။

မဟာပဒုမမထေရ်ကား ဤသို့ မိန့်ဆိုတော်မူ၏- “ဤအကြောင်းရင်းကို ဆုံးဖြတ်နိုင်ရန်မှာလည်း တဆယ့်ခြောက်ပါးသော ပညာဉာဏ်၏ အထွတ်အထိပ်သို့ ရောက်တော်မူသော အဂ္ဂသာဝကအဖို့ရာ ဝန်မလေးပါ၊ စင်စစ်သော်ကား မြတ်စွာဘုရားရှင်နှင့်အတူ တနေရာတည်း၌ နေပါလျက် ကိုယ်တိုင်ဆုံးဖြတ်မှုကို ပြုခြင်းသည် ချိန်ခွင်ကိုစွန့်၍ လက်ဖြင့် ချိန်တွယ်ခြင်းနှင့် တူသောကြောင့် မြတ်စွာဘုရားရှင်သို့ ချဉ်းကပ်၍ မေးမြန်း လျှောက်ထားလေသည်”ဟု မိန့်တော်မူ၏)။

     ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ မေးမြန်း လျှောက်ထားချက်ကို ဖြေကြားတော်မူလိုသည်ဖြစ်၍-

“ချစ်သားသာရိပုတ္တရာ.. ဝိပဿီမြတ်စွာဘုရား, သိခီမြတ်စွာဘုရား, ဝေဿဘူမြတ်စွာဘုရား = ဤဘုရားရှင်တို့၏ သာသနာတော်သည် (သာဝကအဆက်အားဖြင့်) ကြာမြင့်စွာ မတည်ခဲ့ချေ။ ချစ်သားသာရိပုတ္တရာ.. ကကုသန် မြတ်စွာဘုရား, ကောဏာဂုံ မြတ်စွာဘုရား, ကဿပ မြတ်စွာဘုရား = ဤဘုရားရှင်တို့၏ သာသနာတော်သည် (သာဝကအဆက်အားဖြင့်) ကြာမြင့်စွာ တည်ခဲ့၏”-

ဟု မိန့်တော်မူ၏။ ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်က တဖန်ဆက်၍-

၁၁၆

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဝိပဿီမြတ်စွာဘုရား, သိခီမြတ်စွာဘုရား, ဝေဿဘူမြတ်စွာဘုရား = ဤဘုရားရှင်တို့၏ သာသနာတော် ကြာမြင့်စွာမတည်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း”–

ဟု မေးလျှောက်လေလျှင် မြတ်စွာဘုရားရှင်သည် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို-

“ချစ်သားသာရိပုတ္တရာ.. ဝိပဿီမြတ်စွာဘုရား, သိခီမြတ်စွာဘုရား, ဝေဿဘူ မြတ်စွာဘုရားတို့သည် တပည့်တို့အား တရားတော်ကို အကျယ်ဟောရန် ကြောင့်ကြမစိုက်ကြကုန်။ ထိုဘုရားရှင်တို့၏ သုတ္တ, ဂေယျစသည် အင်္ဂါကိုးပါး တရားဓမ္မသည် အနည်းငယ်မျှသာဖြစ်၏။ တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူခဲ့ချေ။ (အာဏာ)ပါတိမောက်ကို ပြတော်မမူအပ်။ ထိုဘုရားရှင်တို့ ပရိနိဗ္ဗာန် စံလွန်ကွယ်ပျောက် သောအခါ, ထိုမြတ်စွာဘုရားရှင်တို့၏ မျက်မှောက်တပည့်များ ပရိနိဗ္ဗာန် စံလွန် ကွယ်ပျောက်သောအခါ၌ အမည်, အနွယ်, ဇာတ် အမျိုးမျိုးရှိကြသည့် နောင်လာနောက်သား တပည့်များသည် ထိုသာသနာတော်ကို လျင်မြန်စွာ ကွယ်ပျောက်စေကုန်၏။

ချစ်သားသာရိပုတ္တရာ.. ပန်းသီကြိုးဖြင့် မသီကုံးပဲ ပျဉ်ချပ်ပေါ်၌ တင်ထားအပ်သော ပန်းအမျိုးမျိုးတို့ကို (ကြိုးဖြင့် မသီကုံးခြင်းကြောင့်ပင်) လေသည် ဖရိုဖရဲ ကြဲဖြန့် တိုက်ခတ် မှုတ်လွှင့် ဖျက်ဆီးသကဲ့သို့ ချစ်သားသာရိပုတ္တရာ.. ဤအတူပင် ထိုဘုရားရှင်တို့ ပရိနိဗ္ဗာန် စံလွန် ကွယ်ပျောက်သောအခါ, ထိုဘုရားရှင်တို့၏ မျက်မှောက်တပည့်များ ပရိနိဗ္ဗာန် စံလွန် ကွယ်ပျောက်သောအခါ၌ အမည်, အနွယ်, ဇာတ် အမျိုးမျိုးရှိကြသည့် နောင်လာနောက်သား တပည့်များသည် ထိုသာသနာတော်ကို လျင်မြန်စွာ ကွယ်ပျောက်စေကုန်၏။

၁၁၇

ချစ်သားသာရိပုတ္တရာ.. ထို(သုံးဆူသော) မြတ်စွာဘုရားရှင်တို့သည် တပည့်တို့၏ စိတ်အကြံကို မိမိ၏စိတ်ဖြင့် သိတော်မူ၍ ဆုံးမရန် ကြောင့်ကြစိုက်တော်မူကုန်၏။

ချစ်သားသာရိပုတ္တရာ.. ရှေး၌ဖြစ်ဘူး အကြောင်းထူးကား ဝေဿဘူ မြတ်စွာဘုရားရှင်သည် ကြောက်မက်ဖွယ်သော တောအုပ်တခု၌ ရဟန်းတို့၏စိတ်ကို မိမိ၏စိတ်ဖြင့် သိတော်မူ၍-

“ဤသို့ နေက္ခမ္မဝိတက် အစရှိသည့် အကြံကောင်းသုံးမျိုးတို့ကို ကြံကြကုန်လော့၊ ဤသို့ ကာမဝိတက်အစရှိသည့် အကြံမှားသုံးမျိုးတို့ကို မကြံကြကုန်လင့်။ ဤသို့ အနိစ္စ ဒုက္ခ အနတ္တ အသုဘဟု နှလုံးသွင်းကြကုန်လော့၊ ဤသို့ နိစ္စ သုခ အတ္တ သုဘဟု နှလုံးမသွင်းကြကုန်လင့်။ ဤအကုသိုလ်တရားကို ပယ်ကုန်လော့၊ ဤကုသိုလ်တရားကို ပြည့်စုံစေ၍ နေကြကုန်လော့”–

ဟု ရဟန်းတထောင်ကို သွန်သင်ဆုံးမတော်မူ၏။ ချစ်သားသာရိပုတ္တရာ.. ဝေဿဘူ မြတ်စွာဘုရားရှင်သည် ဤသို့ သွန်သင်ဆုံးမအပ်သော ထိုရဟန်းတထောင်တို့သည် အာသဝေါကုန်ခန်း ရဟန္တာဖြစ်ကြလေကုန်၏၊ သို့ရကား ထိုရဟန်းတထောင်၏ စိတ်တို့သည် တဏှာဒိဋ္ဌိတို့ဖြင့် တစုံတခုသော တရားကိုမျှ ငါ, ငါ့ဥစ္စာဟု စွဲယူမှု အလျှင်းကင်းပြတ်ပြီးလျှင် မဖြစ်သောချုပ်ခြင်း (မဖြစ်သည်ကိုပင် ချုပ်သည်ဟုဆိုရသော ချုပ်ခြင်း)ဖြင့် ချုပ်ငြိမ်းကြသော အာသဝေါတရားတို့မှ ရှင်းရှင်းကြီး လွတ်မြောက်ကြပြီး ဖြစ်လေကုန်၏။ ချစ်သားသာရိပုတ္တရာ.. ကြောက်မက်ဖွယ်သော တောအုပ်ဟူသော စကားရပ်၌ ထိုတောအုပ်၏ ကြောက်မက်ဖွယ်ကောင်းခြင်းကြောင့်ပင် ရာဂမကင်းသူများ ထိုတောအုပ်အတွင်းသို့ ဝင်မိကြလျှင် များသောအားဖြင့် မွေးညှင်းရွှင်ပျ ကြက်သီးများ ထကြကုန်၏။

၁၁၈

ချစ်သားသာရိပုတ္တရာ.. ဤဆိုအပ်ပြီးသည်ကား ဝိပဿီမြတ်စွာဘုရား, သိခီမြတ်စွာဘုရား, ဝေဿဘူမြတ်စွာဘုရား ဤဘုရားရှင်၏ သာသနာတော် ကြာမြင့်စွာမတည်ခြင်း၏ အကြောင်းပေတည်း”–

ဟု ဖြေကြားမိန့်ဆိုတော်မူလေ၏။

(ဤ၌ မှတ်ဖွယ်အထူးကား- “ထိုဘုရားရှင် သုံးဆူတို့သည် တပည့်တို့အား တရားအကျယ်ဟောရန် ကြောင့်ကြမစိုက်ကြကုန်”ဟူသော စကားရပ်ဝယ် ပျင်းရိ၍ ကြောင့်ကြမစိုက်ကြခြင်း မဟုတ်ချေ၊ မှန်၏- မြတ်စွာဘုရားရှင်တို့မှာ ပျင်းရိခြင်း ဝီရိယဆုတ်နစ်ခြင်းမျိုး လုံးဝမရှိ၊ ထင်ရှားစေဦးအံ့- မြတ်စွာဘုရားရှင်တို့သည် သတ္တဝါ တဦးတယောက်အားဖြစ်စေ, နှစ်ဦး နှစ်ယောက်အားဖြစ်စေ, စကြဝဠာတိုက်အပြည့် တည်ရှိသော သတ္တဝါအများအားဖြစ်စေ တရားဟောတော်မူကြလျှင် ညီမျှသော လုံ့လဝီရိယဖြင့်သာ ဟောတော် မူကြကုန်၏၊ ပရိသတ်နည်းပါးသည်ကို မြင်ရ၍ ဝီရိယကိုလည်း မလျှော့ချကြကုန်၊ ပရိသတ်အများကို မြင်ရ၍လည်း ဝီရိယကို တိုးမြှင့်သည်ဟူ၍ မရှိကြကုန်။ ဥပမာအားဖြင့် သားများသနင်း ခြင်္သေ့မင်းသည် ခုနစ်ရက်လွန်သဖြင့် အစာရှာထွက်လတ်သော် ငယ်သော သားကောင်တို့ကိုဖြစ်စေ, ကြီးသော သားကောင်တို့ကို ဖြစ်စေ ထပ်မျှတူသော အဟုန်ဖြင့်သာ ပြေးသွား ဖမ်းယူလေသည်။ အကြောင်းကား ငါ၏အဟုန် မယုတ်လျော့စေသတည်းဟု ရည်ရွယ်ချက် ရှိသောကြောင့်တည်း။ ဤအတူပင် မြတ်စွာဘုရားရှင်တို့သည် အနည်းငယ်သော ပရိသတ်အားပင်ဖြစ်စေ, များပြားလှစွာသော ပရိသတ်အားပင်ဖြစ်စေ, ညီမျှသော လုံ့လဝီရိယတော်ဖြင့်သာ တရားဟောတော်မူကြကုန်၏။ အကြောင်းကား ငါတို့၏ တရားတော်၌ အလေးပြုခြင်းသည် မယုတ်လျော့စေသတည်းဟု မြတ်သောရည်ရွယ်ချက် ရှိတော်မူကြသောကြောင့်တည်း။

စင်စစ်သော်ကား အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင်သည် မဟာသမုဒြာကို ပြည့်စေသည့်ပမာ အကျယ်အားဖြင့် တရားဟောတော်မူသကဲ့သို့၊ ဤအတူ ထိုသုံးဆူသော မြတ်စွာဘုရားတို့သည် အကျယ်အားဖြင့် တရားမဟောကြရကုန်၊ အကြောင်းကား ထိုခေတ် ထိုအခါ သတ္တဝါတို့၏သန္တာန်မှာ ဉာဏ်ပညာမျက်စိဝယ် ကိလေသာမြူမှုန် နည်းပါးလှခြင်းကြောင့်တည်း။ ချဲ့ဦးအံ့.. ထိုသုံးဆူသော ဘုရားရှင်တို့၏ လက်ထက်တော်အခါဝယ် သတ္တဝါတို့သည် အသက်ကလည်း ရှည်ကြ

၁၁၉

ဉာဏ်ပညာမျက်စိဝယ် ကိလေသာမြူမှုန်ကလည်း နည်းကြလေကုန်သည်။ သို့ရကား ထိုခေတ် ထိုအခါ ဝေနေယျသတ္တဝါတို့သည် သစ္စာလေးရပ်နှင့် စပ်ယှဉ်သည့် တဂါထာမျှကိုပင် ကြားနာကြရင် သစ္စာလေးပါးတရားသိမြင် အကျွတ်တမ်းဝင်ကြလေကုန်သည်။ ထို့ကြောင့် အကျယ်အားဖြင့် တရားဟောတော်မမူကြရကုန်။ ထို့ကြောင့်ပင် ထိုဘုရားရှင်တို့၏ သုတ္တ, ဂေယျစသည် အင်္ဂါကိုးပါး တရားဓမ္မသည် အနည်းငယ်မျှသာဖြစ်၏။

ထိုဘုရားရှင်သုံးဆူတို့၏ လက်ထက်တော်အခါဝယ် တပည့်ရဟန်းတို့မှာ အပြစ်ဒေါသ လုံးဝ ကင်းစင်ကြသောကြောင့် အပြစ်ဒေါသအလျောက် ပညတ်အပ်သည့် အာပတ်ခုနစ်ပုံနှင့်စပ်သည့် အာဏာ သိက္ခာပုဒ်ကိုလည်း မပညတ်အပ်ပေ။

လခွဲတကြိမ် (၁၅-ရက်တကြိမ်) အာဏာပါတိမောက်ကိုလည်း မပြအပ်။ ထိုမြတ်စွာဘုရားရှင်တို့သည် ဩဝါဒပါတိမောက်ကိုသာ ပြတော်မူကုန်၏၊ ထိုဩဝါဒပါတိမောက်ကိုလည်း လခွဲတကြိမ် ပြတော်မူကြသည် မဟုတ်ကုန်။ (အောက် မဟာဗုဒ္ဓဝင် တတိယတွဲ၊ အခဏ်း-၁၆၊ ပါတိမောက် နှစ်ပါးအကြောင်း၊ စာမျက်နှာ ၁၉-၌ အကျယ်တဝင့် ဖော်ပြခဲ့ပြီးပြီ။)

သက်တော်ရှည် မြတ်စွာဘုရားရှင်တို့မှာ (၁) မျက်မှောက်သာဝက တဆက်၊ (၂) ထို မျက်မှောက်သာဝကတို့ထံ ရဟန်းပြုကြသည့် နောင်လာနောက်သား သာဝက တဆက်အားဖြင့် သာဝကနှစ်ဆက်ရှိရာ (၂) အမှတ်ပါ နောင်လာနောက်သား သာဝကတို့လက်ထက် ရောက်လတ်သောအခါ မူလကပင် သိက္ခာပုဒ်ပညတ်ချက် မရှိသောကြောင့်၎င်း, ထိုသာဝကတို့မှာလည်း အမည်, အနွယ်, ဇာတ် အမျိုးချင်းမတူကြသည့်အတွက် ထိုသက်တော်ရှည် မြတ်စွာဘုရားရှင်တို့ ဟောကြားအပ်သည့် အနည်းငယ်မျှသော တရားအစုအပေါ်ဝယ် မိမိတို့မှာ စောင့်ရှောက်ထိန်းသိမ်းရန် တာဝန်မရှိသကဲ့သို့ အောက်မေ့ကြကာ “ဤမည်သောမထေရ်သည် သိလိမ့်မည်၊ ဤမည်သောမထေရ်သည် သိလိမ့်မည်”ဟု တဦးက တဦးကို တွက်ကပ်သည့်ပမာ လျှော့ပေါ့စွာ ပြုမူကြသောကြောင့်၎င်း သံဂါယနာတင်ကာ စောင့်ရှောက်မှု မပြုကြသည့်အတွက် ထိုသာသနာတော်သည် လျင်မြန်စွာ ကွယ်ပလေသည်။

“ထိုသက်တော်ရှည် မြတ်စွာဘုရားရှင်တို့၏ သာသနာတော်သည် ကြာမြင့်စွာ တည်ခြင်းမရှိ” ဟူရာ၌လည်း သာ၀ကအဆက်အားဖြင့် အဆက်များစွာ မတည်သည်ကိုသာ ဆိုလိုရင်းဖြစ်သည်။

၁၂၀

နှစ်အရေအတွက်အားဖြင့်ကား ဝိပဿီ မြတ်စွာဘုရား၏ အသက်တော်သည် နှစ်ပေါင်းရှစ်သောင်း ပမာဏရှိ၏၊ မျက်မှောက်သာဝကတို့၏ အသက်တမ်းသည်လည်း ထိုမျှပင် အနှစ်ရှစ်သောင်းရှိ၏၊ ထိုမျက်မှောက်သာဝကတို့ထံ ရဟန်းပြုကြသည့် နောင်လာနောက်သား သာဝကတို့အနက်လည်း နောက်ဆုံးဖြစ်သော သာဝက၏ အသက်တမ်းသည် အနှစ်ရှစ်သောင်းပင် ရှိရကား မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် သာဝကနှစ်ဆက်တို့၏ သာသနာတော်အသက်သည် နှစ်ပေါင်း တသိန်းခြောက်သောင်း ကာလကြာ တည်ပေသည်၊ သာဝကအဆက်အားဖြင့်မူ နှစ်ဆက်သာရှိသောကြောင့် ထိုသာဝက အဆက်မများ သည်ကို ရည်ရွယ်၍ “ကြာမြင့်စွာ မတည်”ဟု ဟောဆိုခြင်းဖြစ်သည်။ နှစ်ပရိစ္ဆေဒ မများသည်ကိုရည်၍ ဟောခြင်းမဟုတ်-ဟု အထူးသတိပြု မှတ်ယူရာ၏)။

  ဤသို့လျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ဝိပဿီမြတ်စွာဘုရား, သိခီမြတ်စွာဘုရား, ဝေဿဘူ မြတ်စွာဘုရား = ဤဘုရားရှင် သုံးဆူတို့၏ သာသနာတော် (သာဝကအဆက်အားဖြင့်) ရှည်မြင့်စွာ မတည်ခြင်း၏အကြောင်းကို ကြားနာရပြီးလျှင် ကကုသန်မြတ်စွာဘုရား, ကောဏာဂုံ မြတ်စွာဘုရား, ကဿပ မြတ်စွာဘုရား = ဤဘုရားသုံးဆူတို့၏ သာသနာတော် ကြာမြင့်စွာ တည်ခြင်းအကြောင်းကို ကြားနာလိုပြန်ရကား တဖန်ဆက်၍ မြတ်စွာဘုရားရှင်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ကကုသန်မြတ်စွာဘုရား, ကောဏာဂုံ မြတ်စွာဘုရား, ကဿပမြတ်စွာဘုရား = ဤဘုရားရှင်တို့၏ သာသနာတော် ကြာမြင့်စွာတည်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း”-

ဟု မေးလျှောက်လေလျှင် မြတ်စွာဘုရားရှင်သည် အရှင်သာရိပုတ္တရာမထေရ်မြတ်ကို-

“ချစ်သားသာရိပုတ္တရာ.. ကကုသန် မြတ်စွာဘုရား, ကောဏာဂုံ မြတ်စွာဘုရား, ကဿပ မြတ်စွာဘုရားတို့သည် တပည့်တို့အား တရားတော်ကို အကျယ်ဟောရန် ကြောင့်ကြစိုက်တော်မူကုန်၏၊ ထိုဘုရားရှင်၏ သုတ္တ, ဂေယျစသည်

၁၂၁

အင်္ဂါကိုးပါး တရားဓမ္မသည်လည်း များပြားလှကုန်၏၊ တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူအပ်၏။ (အာဏာ)ပါတိမောက်ကို ပြတော်မူအပ်၏။ (ထို့ကြောင့်) ထိုဘုရားရှင်တို့ ပရိနိဗ္ဗာန် စံလွန် ကွယ်ပျောက်သောအခါ, မျက်မှောက်တပည့်များ ပရိနိဗ္ဗာန် စံလွန် ကွယ်ပျောက်သောအခါ၌ အမည်, အနွယ်, ဇာတ် အမျိုးမျိုးရှိကြသည့် နောင်လာနောက်သား (အဆက်ဆက်သော) တပည့်များသည် ထိုသာသနာတော်ကို ကြမြင့်စွာသော ကာလပတ်လုံး တည်စေကုန်၏။

ချစ်သားသာရိပုတ္တရာ.. ပန်းသီကြိုးဖြင့် သီကုံး၍ ပျဉ်ချပ်ပေါ်၌ တင်ထားအပ်သော ပန်းအမျိုးမျိုးတို့ကို (ကြိုးဖြင့် သီကုံးခြင်းကြောင့်ပင်) လေသည် ဖရိုဖရဲ မကြဲဖြန့် မတိုက်ခတ် မမှုတ်လွှင့် မဖျက်ဆီးနိုင်သကဲ့သို့ ချစ်သားသာရိပုတ္တရာ.. ဤအတူပင် ထိုဘုရားရှင်တို့ ပရိနိဗ္ဗာန် စံလွန် ကွယ်ပျောက်သောအခါ, မျက်မှောက်တပည့်များ ပရိနိဗ္ဗာန် စံလွန်ကွယ်ပျောက်သောအခါ၌ အမည်, အနွယ်, ဇာတ် အမျိုးမျိုးရှိကြသည့် နောင်လာနောက်သား (အဆက်ဆက်သော) တပည့်များသည် ထိုသာသနာတော်ကို ကြမြင့်စွာသော ကာလပတ်လုံး တည်စေကုန်၏။

ချစ်သားသာရိပုတ္တရာ.. ဤဆိုအပ်ပြီး (တရားတော်ကို အကျယ်ဟောခြင်း, တရားဓမ္မ များပြားခြင်း, သိက္ခာပုဒ်ကို ပညတ်ခြင်း, ပါတိမောက်ကို ပြတော်မူခြင်းများ)သည်ကား ကကုသန် မြတ်စွာဘုရား, ကောဏာဂုံ မြတ်စွာဘုရား, ကဿပ မြတ်စွာဘုရား = ဤဘုရားရှင်တို့၏ သာသနာတော် ကြာမြင့်စွာတည်ခြင်း၏ အကြောင်းပေတည်း”—

ဟု ပြောကြား မိန့်ဆိုတော်မူ၏။

(ဤ၌။ ။ထိုဘုရားရှင်သုံးဆူတို့၏ သာသနာတော် ကြာမြင့်စွာတည်ခြင်း၌ အသက်အတိုင်းအရှည်အားဖြင့်၎င်း, သာဝက

၁၂၂

အဆက်ဆက်အားဖြင့်၎င်း နှစ်မျိုးလုံးအားဖြင့်ပင် ကြာမြင့်စွာတည်ခြင်းကို သိမှတ်ရာ၏၊ ချဲ့ဦးအံ့- ကကုသန် မြတ်စွာဘုရားရှင်၏ အသက်တမ်းကား အနှစ်လေးသောင်း, ကောဏာဂုံ မြတ်စွာဘုရား၏ အသက်တမ်းကား အနှစ်သုံးသောင်း, ကဿပ မြတ်စွာဘုရားရှင်၏ အသက်တမ်းကား အနှစ်နှစ်သောင်း အသီးသီးဖြစ်လေသည်။ ထိုဘုရားရှင်တို့၏ မျက်မှောက်သာဝကများ၏ အသက်တမ်းမှာလည်း ထိုမျှပင် ရှိလေသည်။ ထိုမျက်မှောက်သာဝကများ၏ အဆက်ပေါင်းများစွာသော သာဝကအဆက်ဆက်တို့သည် သာသနာတော်ကို ဖြစ်စေကြ ဆောင်ကြလေကုန်သည်၊ ဤသို့လျှင် ထိုဘုရားရှင်သုံးဆူတို့၏ သာသနာတော်သည် အသက်အတိုင်းအရှည်အားဖြင့်၎င်း, သာဝက အဆက်ဆက်အားဖြင့်၎င်း နှစ်မျိုးလုံးအားဖြင့်ပင် ကြာမြင့်စွာ တည်ရှိလေသည်။

အကျွန်ုပ်တို့၏ အစိန္တေယျ သုံးလောကထွတ်ထား မြတ်စွာဘုရားရှင်၏အတွက်ကား ကဿပမြတ်စွာဘုရား၏ အသက်တမ်းထက်ဝက် ပမာဏဖြစ်သည့် အနှစ်တသောင်းတမ်း၌ ပွင့်ထွန်းတော်မူသင့်၏၊ ထိုအနှစ်သောင်းတမ်းကို မမှီလျှင်လည်း အနှစ်ငါးထောင်တမ်း, အနှစ်တထောင်တမ်း, အနှစ်ငါးရာတမ်း၌ ပွင့်ထွန်းတော်မူသင့်၏။ သို့သော်လည်း ထိုအချိန်ကျအောင်ပင် ဘုရားဖြစ်လောက်အောင် ဉာဏ်တော်မရင့်သန်သေးပဲ အနှစ်တရာတမ်းသို့ ရောက်သောအခါမှသာ ဉာဏ်တော် ရင့်ကျက်သောကြောင့် အလွန်တိုတောင်းလှသည့် အနှစ်တရာတမ်း ကာလကျမှသာ ဖြစ်ပွင့်တော်မူလာ၏။ ထို့ကြောင့် ထိုအကျွန်ုပ်တို့ မြတ်စွာဘုရားအတွက်မှာ သာဝကအဆက်ဆက်အားဖြင့် သာသနာတော် ကြာမြင့်စွာတည်သော်လည်း အသက်တမ်းအလိုက် နှစ်ပရိစ္ဆေဒ အရေအတွက်အားဖြင့်ကား (ထိုရှေးဘုရားတို့ သာသနာတော်လောက်) ကြာမြင့်စွာ မတည်ဟူ၍ ဆိုသင့်၏။)

     ဤသို့လျှင် ကကုသန်, ကောဏာဂုံ, ကဿပ = ဘုရားရှင် သုံးဆူတို့၏ သာသနာတော် ကြာမြင့်စွာ တည်ခြင်းအကြောင်းကို ကြားနာရလျှင် “သိက္ခာပုဒ် ပညတ်ခြင်းသည်သာ သာသနာတော် ကြာမြင့်စွာတည်ခြင်း၏ အကြောင်းရင်းဖြစ်သည်”ဟု အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်တော်မူကာ ဤမြတ်စွာဘုရား၏ သာသနာတော် အဓွန့်ရှည်စွာ တည်ခြင်းကို အလိုရှိလတ်ရကား အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် နေရာမှထ၍ လက်ဝဲတဖက် ပခုံးထက်၌

၁၂၃

ကိုယ်ဝတ်ကို စမ္ပယ်တင်လျက် မြတ်စွာဘုရား ရှိတော်မူရာသို့ လက်အုပ်ချီ ရှိခိုးပြီးလျှင် မြတ်စွာဘုရားရှင်ကို-

“ဤသာသနာ အဓွန့်ရှည်စွာ တည်ထွန်းရန် မြတ်စွာဘုရားသည် တပည့်သာဝကတို့အား သိက္ခာပုဒ်ကို အကြင် ပညတ်တော်မူရာ၏၊ ပါတိမောက်ကို အကြင် ပြတော်မူရာ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. သာသနာတော် အဓွန့်ရှည်စွာတည်ထွန်းရန် အကြောင်းရင်းဖြစ်သည့် ထိုသိက္ခာပုဒ်ကို ပညတ်တော်မူရန် ပါတိမောက်ကို ပြတော်မူရန် အချိန်တန်ပါပြီ။ ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား.. သာသနာတော် အဓွန့်ရှည်စွာ တည်ထွန်းရန် အကြောင်းရင်းဖြစ်သည့် ထိုသိက္ခာပုဒ်ကို ပညတ်တော် မူရန် ပါတိမောက်ကို ပြတော်မူရန် အချိန်တန်ပါပြီ”–

ဟု လေးနက်စွာ လျှောက်ထား တောင်းပန်လေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် “ဤအချိန်ကား သိက္ခာပုဒ်ပညတ်ရန် အချိန်မတန်သေး”ဟု ပြတော်မူလိုရကား- “ချစ်သားသာရိပုတ္တရာ.. သင် ဆိုင်းငံ့ဦးလော့၊ ချစ်သားသာရိပုတ္တရာ.. သင် ဆိုင်းငံ့ဦးလော့၊ မြတ်စွာဘုရားသည်သာလျှင် ထို(သိက္ခာပုဒ် ပညတ်ခြင်း ပါတိမောက်ပြခြင်း)၌ အချိန်အခါကို သိတော်မူလိမ့်မည်။

     ချစ်သားသာရိပုတ္တရာ.. ဤသာသနာတော်၌ အာသဝေါတရား၏ တည်ရာအကြောင်းရင်း ဖြစ်ကြသည့် အချို့သော လွန်ကျူးမှုတရားတို့ သံဃာ၌ ထင်ရှားမဖြစ်ပေါ်သေးသမျှ ကာလပတ်လုံး မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူချေ။ (အာဏာ)ပါတိမောက်ကို ပြတော်မမူချေ။ ချစ်သားသာရိပုတ္တရာ.. ဤသာသနာတော်၌ အာသဝေါတရား၏တည်ရာ အကြောင်းရင်းဖြစ်ကြသည့် အချို့သော လွန်ကျူးမှုတရားတို့ သံဃာ၌ ထင်ရှား ဖြစ်ပေါ်လာသောအခါ ထိုလွန်ကျူးမှုတရားတို့ကို ပယ်ဖျောက်ခြင်း အကျိုးငှါသာလျှင် မြတ်စွာဘုရားသည်

၁၂၄

တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ)ပါတိမောက်ကို ပြတော်မူ၏။ (၁)

     ချစ်သားသာရိပုတ္တရာ.. သံဃာသည် ညဉ့်အများကိုသိသော (ဝါကြီးသည့်)ရဟန်း များပြားခြင်းသို့ မရောက်သေးသမျှ ကာလပတ်လုံး ဤသာသနာတော်၌ အာသဝေါတရား၏တည်ရာ အကြောင်းရင်းဖြစ်ကြသည့် အချို့သော လွန်ကျူးမှုတရားတို့သည် သံဃာ၌ ထင်ရှားမဖြစ်ပေါ်ကုန်သေး။ ချစ်သားသာရိပုတ္တရာ.. သံဃာသည် ညဉ့်အများကိုသိသော (ဝါကြီးသည့်)ရဟန်း များပြားခြင်းသို့ ရောက်သောအခါ၌မူ ဤသာသနာတော်ဝယ် အာသဝေါတရား၏တည်ရာ အကြောင်းရင်းဖြစ်ကြသည့် အချို့သော လွန်ကျူးမှုတရားတို့သည် သံဃာ၌ ထင်ရှား ဖြစ်ပေါ်လာကုန်၏။ ထိုအခါ ထိုလွန်ကျူးမှုတရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ)ပါတိမောက်ကို ပြတော်မူ၏။ (၂)

     ချစ်သားသာရိပုတ္တရာ.. သံဃာသည် ပြန့်ပြောများပြားခြင်းသို့ မရောက်သေးသမျှ ကာလပတ်လုံး ဤသာသနာတော်၌ အာသဝေါတရား၏ တည်ရာအကြောင်းရင်း ဖြစ်ကြသည့် အချို့သော လွန်ကျူးမှုတရားတို့သည် သံဃာ၌ ထင်ရှားမဖြစ်ပေါ်ကုန်သေး။ ချစ်သားသာရိပုတ္တရာ.. သံဃာသည် ပြန့်ပြော များပြားခြင်းသို့ ရောက်သောအခါ၌မူ ဤသာသနာတော်ဝယ် အာသဝေါတရား၏တည်ရာ အကြောင်းရင်းဖြစ်ကြသည့် အချို့သော လွန်ကျူးမှုတရားတို့သည် သံဃာ၌ ထင်ရှားဖြစ်ပေါ်လာကုန်၏။ ထိုအခါ ထိုလွန်ကျူးမှုတရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ)ပါတိမောက်ကို ပြတော်မူ၏။ (၃)

     ချစ်သားသာရိပုတ္တရာ.. သံဃာသည် လာဘ်များခြင်းသို့ မရောက်သေးသမျှ ကာလပတ်လုံး ဤသာသနာတော်၌ အာသဝေါတရား၏ တည်ရာအကြောင်းရင်း ဖြစ်ကြသည့်

၁၂၅

အချို့သော လွန်ကျူးမှုတရားတို့သည် သံဃာ၌ ထင်ရှား မဖြစ်ပေါ်ကုန်သေး။ ချစ်သားသာရိပုတ္တရာ.. သံဃာသည် လာဘ်များခြင်းသို့ ရောက်သောအခါ၌မူ ဤသာသနာတော်ဝယ် အာသဝေါတရား၏ တည်ရာအကြောင်းရင်း ဖြစ်ကြသည့် အချို့သော လွန်ကျူးမှုတရားတို့သည် သံဃာ၌ ထင်ရှားဖြစ်ပေါ်လာကုန်၏၊ ထိုအခါ ထိုလွန်ကျူးမှုတရားတို့ကို ပယ်ဖျောက်ခြင်း အကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏။ (အာဏာ)ပါတိမောက်ကို ပြတော် မူ၏။ (၄)

     ချစ်သားသာရိပုတ္တရာ.. သံဃာသည် အကြားအမြင် (ဗဟုသုတ) များပြားခြင်းသို့ မရောက်သေးသမျှ ကာလပတ်လုံး ဤသာသနာတော်၌ အာသဝေါတရား၏ တည်ရာအကြောင်းရင်း ဖြစ်ကြသည့် အချို့သော လွန်ကျူးမှုတရားတို့သည် သံဃာ၌ ထင်ရှား မဖြစ်ပေါ်ကုန်သေး။ ချစ်သားသာရိပုတ္တရာ.. သံဃာသည် အကြားအမြင် (ဗဟုသုတ) များပြားခြင်းသို့ ရောက်သောအခါ၌မူ ဤသာသနာတော်ဝယ် အာသဝေါတရား၏ တည်ရာအကြောင်းရင်း ဖြစ်ကြသည့် အချို့သော လွန်ကျူးမှုတရားတို့သည် သံဃာ၌ ထင်ရှားဖြစ်ပေါ်လာကုန်၏၊ ထိုအခါ ထိုလွန်ကျူးမှုတရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ)ပါတိမောက်ကို ပြတော်မူ၏။ (၅)

     ချစ်သားသာရိပုတ္တရာ.. ယခုအခါ ရဟန်းသံဃာသည် (ဒုဿီလပုဂ္ဂိုလ် တည်းဟူသော) အမြှုပ်မှ ကင်း၏။ အပြစ်မှ ကင်း၏၊ အမည်းအညစ်မှ ကင်း၏၊ စင်ကြယ်၏။ (သီလစသော ဂုဏ်ကျေးဇူး)အနှစ်၌ တည်၏။ ချစ်သားသာရိပုတ္တရာ.. ဤရဟန်းငါးရာတို့အနက် အညံ့ဆုံးသော ရဟန်းသည်ပင် အပါယ်သို့ ကျရောက်ခြင်းသဘောမရှိသော ဧကန်မြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန်ပုဂ္ဂိုလ် ဖြစ်၏”ဟူ၍ မိန့်တော်မူလေ၏။

၁၂၆

(ဤ၌။ ။အာသဝေါတရား ဟူသည်မှာ မျက်မှောက်ဘဝ၌ဖြစ်သည့် သူတပါးတို့ အစွပ်စွဲခံရခြင်း, အသတ်အဖြတ် အနှောင်အဖွဲ့ခံရခြင်း အစရှိသည့် ဒုက္ခတရား ကိလေသာတရားနှင့် တမလွန်ဘဝ၌ဖြစ်သည့် အပါယ်ဒုက္ခတရားတို့ကို ဆိုသည်။ ထိုအာသဝေါတရားတို့၏ အကြောင်းရင်းဖြစ်သောကြောင့် မေထုန်မှီဝဲခြင်း, ခိုးခြင်း, လူကိုသတ်ခြင်း အစရှိသည့် လွန်ကျူးမူအမျိုးမျိုးကို အာသဝဋ္ဌာနီယ = အာသဝေါတရား၏ တည်ရာအကြောင်းရင်း တရားများဟူ၍ ခေါ်ဆိုအပ်ကုန်၏၊ အချုပ်အားဖြင့် လွန်ကျူးမှုကို အာသဝဋ္ဌာနီယတရားဟု ခေါ်သည်။

အရှင်သာရိပုတ္တရာ မထေရ်မြတ်က သိက္ခာပုဒ်ပညတ်ရန် တောင်းပန် လျှောက်ထားသည့် ထိုအချိန်မှာ ထိုလွန်ကျူးမှုများကား လုံးဝ မပေါ်ပေါက်သေးချေ၊ လွန်ကျူးမှု မပေါ်ပေါက်သေးမီ ကြိုတင်၍ စောစီးစွာ ပါရာဇိကလေးပါး အစရှိသော သိက္ခာပုဒ်များကို ပညတ်တော်မူခဲ့လျှင် မျက်ကွယ်ဆဲရေးခြင်း, အပြစ်တင်ခြင်း, မျက်မှောက်ကဲ့ရဲ့ခြင်း အပြစ်ဒေါသများမှ မလွတ်နိုင်လေရာ၊ အဘယ်သို့ မလွတ်နိုင်ရာသနည်းဟူမူ-

သိက္ခာပုဒ်ကို ကြိုတင်၍ ပညတ်လျှင် “အကြင်ရဟန်းသည် မေထုန်အကျင့်ကို မှီဝဲငြားအံ့” အစရှိသည်ဖြင့် ပညတ်သင့်သမျှ သိက္ခာပုဒ်ဥဿုံ အလုံးစုံကို ပညတ်တော်မူရပေမည်။ လွန်ကျူးမှုအပြစ်ကို မမြင်ရ မတွေ့ရသေးမီ ဤပညတ်ချက်ကို သိကြလျှင် အခြားတပါးသော သူတို့သည် ဤဆိုလတ္တံ့သောအတိုင်း မျက်ကွယ်ဆဲရေးခြင်း, အပြစ်တင်ခြင်း, မျက်မှောက်ကဲ့ရဲ့ခြင်းများကို ပြုကြပေလိမ့်မည်၊ အဘယ်သို့နည်း-

အဘယ့်ကြောင့် ရဟန်းဂေါတမသည် “ရဟန်းသံဃာသည် ငါ့နောက်လိုက်ကာ ငါ့စကားကို လိုက်နာပေ၏”ဟု ဤမျှဖြင့် သိက္ခာပုဒ်တို့ဖြင့် ရစ်ပတ်ဘိသနည်း၊ ပါရာဇိကသိက္ခာပုဒ်ကို ပညတ်ဘိသနည်း၊ ဤအမျိုးကောင်းသားတို့သည် ကြီးစွာသော စည်းစိမ်အစု များလှစွာသော ဆွေမျိုးအဝန်းအဝိုင်း လက်သို့ရောက်ပြီးသော မင်းစည်းစိမ်များကိုသော်လည်း ပယ်စွန့်၍ ရဟန်းပြုကြသည် မဟုတ်လော၊ စားရရုံမျှ ဝတ်ရရုံမျှဖြင့် ရောင့်ရဲကြကာ သိက္ခာသုံးပါး၌ အလွန့်အလွန် ရိုသေကြကာ ကိုယ်နှင့်အသက်ကို မငဲ့ကွက်ကြပဲ နေကြသည်မဟုတ်လော၊ ထိုသို့စဉ် သူတော်ကောင်းတို့အနက် အဘယ်သူသည် လောကအာမိသဖြစ်သည့် မေထုန်အကျင့်ကို ကျင့်လိမ့်မည်နည်း၊ သူတပါးဥစ္စာကိုမူလည်း ခိုးလိမ့်မည်နည်း၊ သူတပါးအသက်ကို ဖြတ်လိမ့် သတ်လိမ့်မည်နည်း၊ မဟုတ်မမှန်သော ဂုဏ်ကျေးဇူးစကား ပြောကြားခြင်းဖြင့် အဘယ်သူသည်

၁၂၇

အသက်မွေးမှု ပြုလိမ့်မည်နည်း။ ပါရာဇိကသိက္ခာပုဒ် လေးပါးကို မပညတ်အပ်သော်လည်း “ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” အစရှိသည်ဖြင့် ရှင်သာမဏေဘဝ သီလကို ဆောက်တည်ခြင်းဖြင့်ပင် ဤမေထုန်ကျင့်မှု ခိုးမှု-စသည်တို့၏ မအပ်စပ်ကြောင်း မပြုကောင်းကြောင်းကို ထင်ရှားစွာ ပြုအပ်ပြီး မဟုတ်လောဟု မျက်ကွယ်ဆဲရေးခြင်း, အပြစ်တင်ခြင်း, မျက်မှောက်ကဲ့ရဲ့ခြင်းများကို ပြုကြပေလိမ့်မည်။

ဤမျှမကသေး မြတ်စွာဘုရားရှင်၏ စွမ်းအားကိုလည်း သတ္တဝါတို့သည် မသိကြကုန်လေရာ၊ ပညတ်အပ်သည့် သိက္ခာပုဒ်သည်လည်း ပျက်စီးလေရာ၏၊ မတည်လေရာ။ လောကဥပမာအားဖြင့် မလိမ္မာသော ဆေးဆရာသည် အနာမပေါက်သေးသည့် (မကြာမီ အနာပေါက်မည့်) ယောက်ျားကို အခေါ်ခိုင်းပြီးလျှင် “အမောင်ယောက်ျား.. လာလော့၊ သင်၏ ဤကိုယ်အစိတ်အပိုင်းမှာ အနာကြီးပေါက်ပြီးလျှင် အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်စေလိမ့်မည်၊ စောစောစီးစီးပင် ထိုအနာကို ကုစားလော့”ဟု ပြောဆိုလတ်၍ “ကောင်းပါပြီဆရာ.. ဆရာသည်ပင် ထိုအနာကို ကုစားပါလော့”ဟု ပြောဆိုအပ်နှံရကား ထိုယောက်ျား၏ (လောလောဆယ်) အနာမရှိသေးသော ကိုယ်အစိတ်အပိုင်းကို ခွဲစိတ်ကာ (ရောဂါဖြစ်မည့်)သွေးကို ထုတ်ပြီးလျှင် ဆေးလိမ်းပေးခြင်း ကြပ်စည်းခြင်း ဖန်ရည်ဆေးခြင်း စသည်တို့ဖြင့် ထိုအနာပေါက်မည့်နေရာကို အရေအသားကောင်းအောင် ပြုလုပ်ပြီးနောက် ထိုယောက်ျားကို “သင်၏အနာကြီးကို ငါဆေးကုအပ်ပြီးပြီ၊ ဆေးဖိုးဝါးခများ ငါ့အား ပေးလော့”ဟု တောင်းဆိုလေရာ၏။

ထိုဆေးကုခံရသော ယောက်ျားသည် ထိုမလိမ္မာသည့် ဆေးဆရာကို “ဤဆရာမိုက်သည် အဘယ်စကားတွေ ပြောကြားနေဘိသနည်း၊ ဤဆရာမိုက်သည် ငါ၏ အဘယ်ရောဂါကို ဆေးကုအပ်သနည်း၊ တကယ်ဆိုတော့ ဤဆရာမိုက်သည် ငါ့အား ဆင်းရဲဒုက္ခကိုလည်း ဖြစ်စေသည်မဟုတ်လော၊ ငါ့ကို သွေးကုန်အောင်ပြုသည် မဟုတ်လော”ဟု ဤသို့ မျက်ကွယ်ဆဲရေးရာ၏၊ အပြစ်တင်ရာ၏၊ မျက်မှောက် ကဲ့ရဲ့လည်း ကဲ့ရဲ့လေရာ၏။ ထိုဆရာ၏ ဂုဏ်ကျေးဇူးကိုလည်း မသိလေရာ။

ဤအတူပင် လွန်ကျူးမှုတည်းဟူသော အပြစ်ဒေါသ မပေါ်ပေါက်မီ မြတ်စွာဘုရားရှင်သည် တပည့်တို့အား သိက္ခာပုဒ်ကို အကယ်၍ (ကြိုတင်)ပညတ်လျှင် မျက်ကွယ်ဆဲရေးခြင်း စသည်တို့မှလည်း မလွတ်လေရာ၊ မြတ်စွာဘုရားရှင်၏ စွမ်းအားကိုလည်း သတ္တဝါတို့သည် မသိကြကုန်လေရာ၊

၁၂၈

ပညတ်အပ်သည့် သိက္ခာပုဒ်သည်လည်း ပျက်စီးလေရာ၏။ မတည်လေရာ။ ထို့ကြောင့် “ချစ်သားသာရိပုတ္တရာ.. လွန်ကျူးမှုတရားတို့ သံဃာ၌ မဖြစ်ပေါ်သေးသမျှ မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူ” အစရှိသည်ကို ဟောတော်မူအပ်လေသည်။

ဤ၌။ ။သာသနာတော်ဝယ် လွန်ကျူးမှုများ မပေါ်ပေါက်သေးမီအခါသည် သိက္ခာပုဒ်ပညတ်ရန် အခါမဟုတ်သည် မည်၏၊ ပေါ်ပေါက်လာသောအခါသည် သိက္ခာပုဒ်ပညတ်ရန် အခါဟုတ်သည်မည်၏။ အခါမဟုတ်သည်၌ သိက္ခာပုဒ်ကို ပညတ်လျှင် ဆိုအပ်ပြီးသော အပြစ်ဒေါသများ ရောက်လေရာ၏။ လွန်ကျူးမှု အပြစ်ဒေါသများ ပေါ်ပေါက်လာသောအခါမှ သိက္ခာပုဒ်ကို ပညတ်လျှင် ဥပမာအားဖြင့် လိမ္မာသော ဆေးဆရာသည် အနာပေါက်မှ ခွဲစိတ်ခြင်း ဆေးလိမ်း ကြပ်စည်း ဖန်ရည်ဆေးခြင်း စသည်တို့ဖြင့် ဆေးကုလျက် ရောဂါကို ငြိမ်းစေကာ အရေအသားကောင်းအောင် ပြုသည်ရှိသော် မျက်ကွယ်ဆဲရေးခြင်း စသည်ကို မခံရပဲ မိမိ၏ ဆေးဆရာအတတ်၌ ထင်ရှားသော အာနုဘော်ရှိ၍ ပူဇော်သက္ကာရကို ခံယူရသကဲ့သို့ ဤအတူပင် မျက်ကွယ်ဆဲရေးခြင်း အပြစ်တင်ခြင်း စသည်ကို မခံရပဲ ကိုယ်တော်မြတ်၏ သဗ္ဗညုအရာ၌ ထင်ရှားသော အာနုဘော် ရှိတော်မူ၍ ပူဇော်သက္ကာရကို ခံယူတော်မူရ၏၊ ထိုပညတ်အပ်သော သိက္ခာပုဒ်သည်လည်း မပျက်မစီး တည်လေ၏။

ဤ(၁)မှတ် စကားရပ်များဖြင့် သိက္ခာပုဒ်ပညတ်ရာ အခါဟုတ်သည် မဟုတ်သည်ကို ပြတော်မူ၍ (၂) (၃) (၄) (၅) အမှတ်ပြ စကားရပ်တို့ဖြင့် လွန်ကျူးမှုများ ဖြစ်ပေါ်ရာကာလကို ပြတော်မူသည်။ ထိုစကားရပ်စု၏ အဓိပ္ပါယ်အကျယ်ကို ဝိနည်း ပါရာဇိကဏ်အဋ္ဌကထာ ဝေရဉ္ဇကဏ္ဍအဖွင့်မှ မှတ်ယူရာ၏)။

ဝါကျွတ်သောအခါ ဒေသစာရီကြွချီရန်

ပန်ကြားတော်မူခြင်း

     ဤသို့လျှင် တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာမထေရ်ကို မြတ်စွာဘုရားရှင်သည် သိက္ခာပုဒ်ပညတ်ရန်နှင့် စပ်၍ အကျယ်တဝင့် ဟောပြတော်မူပြီးနောက် ဝေရဉ္ဇာပြည်၌ ထိုဝါပတ်လုံး သီတင်းသုံး နေတော်မူ၍ ၀ါကျွတ်သောအခါ

၁၂၉

သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ ပဝါရဏာပြုတော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို ခေါ်တော်မူ၍ “ချစ်သားအာနန္ဒာ.. ဘုရားရှင်တို့သည် ပင့်ဖိတ်သူများရှိ၍ ၀ါကပ်တော်မူရာဝယ် ထိုပင့်ဖိတ်သူတို့ကို မပန်ကြားပဲ ဒေသစာရီ မကြွချီခြင်း (=ပန်ကြားပြီးမှ ဒေသစာရီ ကြွချီခြင်း)သည် ဘုရားရှင်တို့၏ အလေ့အကျက်ဖြစ်သည်။ အာနန္ဒာ.. လာ သွားကြစို့၊ ဝေရဉ္ဇပုဏ္ဏားကို ပန်ကြားကြကုန်စို့”ဟု မိန့်တော်မူကာ ဆွမ်းကိစ္စပြုပြီးနောက် မွန်းလွဲချိန်ကို လွန်စေပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို နောက်ပါရဟန်းပြုတော်မူ၍ ဝေရဉ္ဇာပြည် တံခါးဝမှစ၍ လမ်းကြီးလမ်းငယ် အသွယ်သွယ်တို့ကို ဘုရားရှင်၏ ရောင်ခြည်တော်တို့ဖြင့် တပြောင်ပြောင် တောက်ပစေတော်မူလျက် ဝေရဉ္ဇပုဏ္ဏား၏ အိမ်ရှိရာသို့ ကြွတော်မူလေ၏။

     ပုဏ္ဏား၏ အိမ်တံခါးဝ၌ မြတ်စွာဘုရားရှင် ရပ်တည်တော်မူလျှင်ပင် ပုဏ္ဏား၏ အခြံအရံလူများက ဘုရားရှင်ကို မြင်ကြ၍ ပုဏ္ဏားကြီးအား ပြောကြားကြလေလျှင် ပုဏ္ဏားကြီးသည် (ထိုအချိန်ကျမှ) သတိရကာ ထိတ်ထိတ်ပြာပြာ နေရာမှထပြီးလျှင် သူမြတ်တို့နှင့်သာ ထိုက်တန်သော နေရာကို ခင်းထားစေ၍ မြတ်စွာဘုရားရှင်ကို ခရီးဦးကြိုဆိုပြီးနောက် “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤအရပ်မှ ကြွတော်မူပါ”ဟု တရိုတသေ လျှောက်ထား ပင့်ဆောင်လေသည်။ မြတ်စွာဘုရားရှင်သည် ပုဏ္ဏားပင့်ဆောင်ချက်အတိုင်း ကြွတော်မူ၍ ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူ၏။ (ဤအချိန်ကား မာရ်နတ်သည် မိမိ၏ လှည့်ပတ်ချက်ကို ရုပ်သိမ်းသောအချိန် ဖြစ်လေသည်။)

     ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားရှင်ထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေမြတ်နိုး ရှိခိုး၍ အပြစ်ခြောက်ပါး လွတ်ရာအရပ်၌ ထိုင်နေလေသည်၊ ထိုအခါ ဝေရဉ္ဇပုဏ္ဏားကို မြတ်စွာဘုရားရှင်သည်-

၁၃၀

“ပုဏ္ဏား.. သင်ပင့်ဖိတ်ချက်အရ ငါတို့သည် ဝါကပ်ခဲ့ကုန်ပြီ၊ သင့်ကို ငါတို့ ပန်ကြားကုန်၏၊ ငါတို့သည် ဒေသစာရီ ကြွချီလိုကြကုန်၏”–

ဟု မိန့်တော်မူ၏၊ ထိုအခါ ဝေရဉ္ဇပုဏ္ဏားကြီးသည် မြတ်စွာဘုရားရှင်ကို-

“အရှင်ဂေါတမ.. မှန်ပါသည်။ အကျွန်ုပ်ပင့်ဖိတ်ချက်အရ အရှင်ဂေါတမတို့သည် ဝါကပ်တော်မူခဲ့ကြပါသည်။ သို့ရာတွင် လှူဖွယ်ဝတ္ထုကို မလှူရသေးပါ၊ (ထိုသို့ မလှူရခြင်းမှာ) လှူဖွယ်ဝတ္ထု မရှိ၍လည်း မဟုတ်ပါ၊ မပေးလှူလို၍လည်း မဟုတ်ပါ၊ လူ့ဘောင်၌နေကုန်သော သူတို့သည် ပြုဖွယ်ကိစ္စ များပြားလှပါကုန်၏၊ ထိုပေးလှူခွင့်ကို အဘယ်မှာ ရနိုင်ပါမည်နည်း၊ အရှင်ဂေါတမသည် နက်ဖြန် ကောင်းမှုကုသိုလ်အလို့ငှါ အကျွန်ုပ်၏ဆွမ်းကို ရဟန်းသံဃာနှင့်အတူ လက်ခံတော်မူပါ”–

ဟု လျှောက်ထားလေ၏။ (ပုဏ္ဏားကြီးသည် မာရ်နတ် လှည့်ဖြားထားသည်ကို မသိရှာ၊ “အိမ်၌နေသူ လူတို့ကိစ္စ ပလိဗောဓကြောင့် ငါ့မှာ သတိမေ့လျော့ခြင်း ဖြစ်သည်”ဟု အောက်မေ့၍ ဤသို့ လျှောက်ထားခြင်းဖြစ်သည်)။

     ထိုအခါ မြတ်စွာဘုရားရှင်သည် “ပုဏ္ဏား၏ ပင့်ဖိတ်ချက်ကို အကယ်၍ ငါလက်မခံလျှင် ‘ဤရဟန်းဂေါတမသည် ဝါတွင်းသုံးလပတ်လုံး တစုံတခု အလှူဝတ္ထုကို မရသဖြင့် အမျက်ထွက်သည်ထင်၏၊ ထို့ကြောင့် ငါတောင်းပန်အပ်ပါလျက် ဆွမ်းတထပ်ကိုမျှ လက်မခံချေ။ ဤရဟန်းဂေါတမ၌ သည်းခံခြင်းတရား မရှိ၊ ဤရဟန်းဂေါတမသည် သဗ္ဗညုပုဂ္ဂိုလ်မဟုတ်’ဟူ၍ ပုဏ္ဏားကြီးနှင့်တကွ ဝေရဉ္ဇာပြည်သူပြည်သား အားလုံးတို့သည် များစွာသော အကုသိုလ်ကို ပွါးစေကြလိမ့်မည်၊ ထိုသူတို့၏ အကုသိုလ်တရား

၁၃၁

ပွါးခြင်းသည် မဖြစ်ပါစေလင့်”ဟု ဆင်ခြင်တော်မူကာ ထိုသူတို့အား သနားသဖြင့် မြတ်စွာဘုရားရှင်သည် ဝေရဉ္ဇပုဏ္ဏား၏ ပင့်ဖိတ်ချက်ကို ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူ၏။ လက်ခံတော်မူပြီးနောက် မြတ်စွာဘုရားရှင်သည် ဝေရဉ္ဇပုဏ္ဏားကို “အိမ်၌နေသူ လူတို့ကိစ္စ ပလိဗောဓကို ကြံစည်ခြင်းဖြင့် အကျိုးမရှိ”ဟု သိစေတော်မူပြီးလျှင် ထိုခဏအား လျောက်ပတ်သော တရားစကားဖြင့် မျက်မှောက် တမလွန် အကျိုးနှစ်ပါးကို ပြတော်မူလျက် ကုသိုလ်တရားတို့ကို ဆောက်တည်စေကာ ထိုကုသိုလ်တရား၌ ထက်သန်ရွှင်လန်းစေပြီးလျှင် နေရာမှထကာ ဖဲခွါကြွသွားတော်မူလေ၏။

ဝေရဉ္ဇပုဏ္ဏား၏ ကြီးစွာသော အလှူဒါန

     မြတ်စွာဘုရားရှင် ဖဲခွါ ကြွသွားတော်မူလတ်သော် ဝေရဉ္ဇပုဏ္ဏားကြီးသည် အိမ်သူအိမ်သား သားမယားများကို ခေါ်ယူစည်းဝေးပြီးလျှင် “အချင်းတို့.. ငါတို့သည် မြတ်စွာဘုရားကို ဝါတွင်းသုံးလပတ်လုံး (ဝါဆိုနေထိုင်ရန်) ပင့်ဖိတ်ပြီးလျှင် တနေ့တာမျှ ဆွမ်းတထပ်မျှ မလှူမိခဲ့ကြကုန်၊ ကိုင်း.. ယခုအခါ ဝါတွင်းသုံးလ လှူဒါန်းရမည့် ဒါနဝတ္ထုကို နက်ဖြန်တရက်တည်းဖြင့် အပြီးလှူနိုင်ရန် စီမံကြကုန်လော့”ဟု အမိန့်ပေး ညွှန်ကြားလေ၏၊ ထို့နောင်မှ အလွန်မွန်မြတ်သော အလှူဝတ္ထုများကို စီမံစေပြီးလျှင် နောက်တနေ့မိုးသောက် ရောက်သောအခါ၌ နေရာအရပ်ကို တန်းဆာဆင်စေ၍ သူမြတ်တို့အားသာ ထိုက်တန်သော နေရာထိုင် အခင်းတို့ကို ခင်းထားစေပြီးလျှင် နံ့သာအခိုးအထုံ ပန်းတို့ဖြင့် အဆန်းတကြယ် ပူဇော်ဖွယ်ကို စီမံပြီးနောက် မြတ်စွာဘုရားရှင်အား “အရှင်ဂေါတမ.. အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ”ဟု လျှောက်ထားစေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းငါးရာခြံရံလျက် ဝေရဉ္ဇပုဏ္ဏားအိမ်သို့ ကြွရောက်၍ ခင်းထားအပ်သော နေရာ၌ ရဟန်းသံဃာနှင့်အတူ ထိုင်နေတော်မူလေသော် ဝေရဉ္ဇပုဏ္ဏားကြီးသည်

၁၃၂

မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တန်ပြီဟု တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် ကြပ်မပြုစု လုပ်ကျွေးလေ၏။ မြတ်စွာဘုရားရှင် ဆွမ်းဘုဉ်းပေးပြီး၍ သပိတ်မှ လက်တော်ကို ဖယ်ပြီးသောအခါ ဝေရဉ္ဇပုဏ္ဏားကြီးသည် မြတ်စွာဘုရားရှင်အား သင်္ကန်းတိ-စုံကို ကပ်လှူ၏၊ (ထိုသင်္ကန်းတိ-စုံ၌ တထည် တထည်လျှင် အဖိုးတထောင်စီ ထိုက်၏။ ဤသို့လျှင် ပုဏ္ဏားကြီးသည် မြတ်စွာဘုရားအား သုံးထောင် အဖိုးထိုက်တန်သော သင်္ကန်းတိ-စုံကို လှူဒါန်းလေ၏)။ ရဟန်း တပါး တပါးအားလည်း သင်္ကန်းလျှာ တစုံစီ တစုံစီ ကပ်လှူ၏၊ (ထိုသင်္ကန်းလျာ တစုံ၌ တထည် တထည်လျှင် အဖိုးငါးရာစီ ထိုက်တန်၏။ ဤသို့လျှင် ရဟန်းငါးရာတို့အား အဖိုးငါးသိန်းထိုက်သော သင်္ကန်းလျာတို့ကို လှူဒါန်းလေ၏။ ပါဠိတော်၌ကား ဤမျှသာလာ၏၊ အဋ္ဌကထာဖွင့်ပြချက်ကို ဆက်၍ ဖော်ပြပေဦးအံ့)–

     ဝေရဉ္ဇပုဏ္ဏားကြီးသည် ဤမျှ (အဖိုးငါးသိန်း သုံးထောင်တန် သင်္ကန်းများ)ကို လှူဒါန်းရသော်လည်း တင်းမတိမ် မရောင့်ရဲနိုင်သေး) တဖန် ခုနစ်ထောင် ရှစ်ထောင် အဖိုးထိုက်တန်သည့် ကမ္ဗလာအုပ်ပေါင်း များစွာတို့ကို၎င်း, ပဋ္ဋုဏ္ဏတိုင်းဖြစ် အထည်အုပ်ပေါင်း များစွာတို့ကို၎င်း အပိုင်းအပိုင်းဖြစ်စေကာ အာယောဂပတ် = ထပ်၍ချုပ်သော အဝတ်လွှာ, ပခုံးဖွဲ့ = အံသဗဒ်, ခါးပန်း, ရေစစ်-စသည်ပြုလုပ်ရန် ထပ်မံလှူဒါန်းပြန်လေသည်။

     အကြိမ်တရာ အကြိမ်တထောင် ချက်ပြီးသော ဆေးဆီများကိုလည်း ဘူးအပြည့် ပုလင်းအပြည့် ထည့်ပြီးလျှင် ရဟန်းတော် တပါးတပါးအား နယ်ဆီအလို့ငှါ တထောင်စီ တန်ဖိုးထိုက်သော ဆေးဆီကို လှူဒါန်းလေ၏။ (များစွာဆိုသဖြင့် အဘယ်ဆုံးနိုင်အံ့နည်း) ပစ္စည်းလေးရပ်တို့အနက် ရဟန်းတို့၏ အသုံးအဆောင် ဖြစ်သည့် တစုံတခုသော ပရိက္ခရာကိုမျှ မလှူသောမည်သည် မရှိ။ ခပ်သိမ်းသော သမဏပရိက္ခရာများကို လှူဒါန်းလေသည်။

၁၃၃

     ဤသို့လျှင် ကြီးစွာသော အလှူဒါနကို လှူဒါန်းပြီးလျှင် သားမယားနှင့်တကွ မြတ်စွာဘုရားရှင်အား ရိုသေမြတ်နိုး ရှိခိုးထိုင်နေသော ဝေရဉ္ဇပုဏ္ဏားကို တဝါတွင်းလုံး မာရ်နတ် လှည့်ပတ်ချက်ဖြင့် တရားနာခြင်း တည်းဟူသော အမြိုက်အရသာကို သုံးဆောင်ခြင်းမှ ဆုံးရှုံးနစ်နာသည်ကို တရက်တည်းဖြင့်ပင် မြတ်စွာဘုရားရှင်သည် တရားအမြိုက်မိုး စွေဖြိုးရွာသွန်း၍ အလိုဆန္ဒ ပြည့်ဝအောင် ချီးမြှောက်တော်မူလိုရကား တရားစကားဖြင့် မျက်မှောက်တမလွန် အကျိုးနှစ်ပါးကို ပြတော်မူလျက် ကုသိုလ်တရားတို့ကို ဆောက်တည်စေကာ (=အရယူစေကာ) ထိုကုသိုလ်တရား၌ စိတ်အားထက်သန် ရွှင်လန်းစေပြီးလျှင် နေရာမှထကာ ဖဲခွါ ကြွသွားတော်မူလေ၏။

     ဝေရဉ္ဇပုဏ္ဏားကြီးသည်လည်း သားမယားနှင့်တကွ မြတ်စွာ ဘုရားရှင်ကို၎င်း, ရဟန်း သံဃာကို၎င်း ရိုသေမြတ်နိုး ရှိခိုးလျက် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်တို့အား နောက်တကြိမ်လည်း ချီးမြှောက်တော်မူပါကုန်ဦးဘုရား” ဤသို့ အစရှိသော စကားတို့ကို လျှောက်ထား တောင်းပန်လျက် လိုက်ပါပို့ဆောင်ပြီးလျှင် မျက်ရည်များ တတွေတွေကျကာ ပြန်နစ်ရှာလေ၏။

     ထို့နောက် မြတ်စွာဘုရားရှင်သည် ဝေရဉ္ဇာပြည်၌ အလိုတော်ရှိသလောက် သီတင်းသုံး နေထိုင်တော်မူပြီးလျှင် ထိုဝေရဉ္ဇာပြည်မှ ထွက်တော်မူခဲ့၍ (အောက်က ဖော်ပြခဲ့ပြီးသော ဒေသစာရီခရီး အဝန်းသုံးပါးတို့အနက်) မဟာမဏ္ဍလခရီးဝန်း၌ ကြွရောက်ရမည့် လမ်းခရီးအစဉ်ကို ချုံးတော်မူ၍ တဝါတွင်းလုံး အစာခေါင်းပါးခြင်းဒေါသကြောင့် ပင်ပန်းနွမ်းနယ်နေသော ရဟန်းသံဃာကို လမ်းအဖြောင့်အတိုင်း ခေါ်ဆောင်ကာ ကြွသွားတော်မူလိုသဖြင့် သောရေယျမြို့, သင်္ကဿမြို့, ကဏ္ဏကုဇ္ဇမြို့များသို့ မဝင်မူ၍ ပယောဂဆိပ်ကမ်းသို့ ကြွရောက်ပြီးလျှင် ထိုဆိပ်ကမ်းမှ ဂင်္ဂါမြစ်ကို ကူးတော်မူ၍ ဗာရာဏသီပြည်သို့ ရောက်တော်မူလေသည်။ မြတ်စွာဘုရားသည် ဗာရာဏသီပြည်၌လည်း

၁၃၄

အလိုတော်ရှိသမျှ သီတင်းသုံး နေထိုင်တော်မူပြီးလျှင် ထိုမှတဆင့် ဝေသာလီပြည်ဖက်သို့ အစဉ်သဖြင့် ခရီးဒေသစာရီ ကြွချီတော်မူခဲ့၍ ဝေသာလီပြည်သို့ ရောက်ရှိတော်မူကာ ဝေသာလီပြည် မဟာဝုန်တောအတွင်း ကူဋာဂါရ (=ပြာသာဒ်ဆောင်ပေါက်သော) ကျောင်းကြီး၌ သီတင်းသုံး နေထိုင်တော်မူလေသတည်း။

ဤတွင် အခဏ်း ၃၀-ပြီး၏။

၁၃၅

အခဏ်း-၃၁

ကလန္ဒသူဌေးသား ရှင်သုဒိန်အကြောင်း

     ထိုစဉ်အခါ ဝေသာလီပြည်၏အနီး ကလန္ဒမည်သောရွာဝယ် သုဒိန်မည်သော ကလန္ဒသူဌေးသားသည် ရှိ၏၊ ထိုအခါ ကလန္ဒသူဌေးသား သုဒိန်သည် များစွာသော သူငယ်ချင်းတို့နှင့်အတူ တစုံတခု ပြုဖွယ်ကိစ္စဖြင့် ဝေသာလီပြည်သို့ ရောက်ရှိလာလေသည်။

(ရှဉ့်နက်များ ပေါများသောကြောင့် ရွာအမည်မှာ ကလန္ဒမည်လေသည်။ ကလန္ဒသူဌေးမှာ ကုဋေလေးဆယ် ကြွယ်ဝ၍ မင်းအသိအမှတ်ပြုအပ်သော သူဌေးဖြစ်လေသည်၊ သူဌေးသားသုဒိန် ဝေသာလီပြည်သို့ လာရောက်ခြင်းမှာ အရောင်းအဝယ်ကိစ္စ, ကြွေးမြီသိမ်းယူခြင်းကိစ္စ, နေ့ရက်အချိန်းအချက် ပေးခြင်းကိစ္စ- စသည်ဖြင့် လာရောက်ခြင်းဖြစ်သည်။

ကျတ္တိကာနက္ခတ်သဘင် ပျော်ရွှင်ကစားလိုသော ကိစ္စဖြင့် လာရောက်ခြင်းဖြစ်သည်ဟုလည်း ဆရာတို့ ဆိုတော်မူကြ၏။ မှန်၏- မြတ်စွာဘုရားရှင်သည် တန်ဆောင်မုန်း လဆန်းပက္ခ၌ ဝေသာလီပြည်သို့ ရောက်တော်မူသည်၊ ဝေသာလီပြည်၌ ကျတ္တိကာ နက္ခတ်သဘင်ကား အလွန်စည်ကားလှ၏၊ ထိုပွဲလမ်းသဘင်အတွက် သူဌေးသားသုဒိန် လာရောက်ခြင်းဖြစ်သည်)။

     ကလန္ဒသူဌေးသား သုဒိန်သည် ဝေသာလီပြည်မှ နံနက်စာစား၍အပြီး စင်ကြယ်သော အဝတ်များကို ဝတ်ဆင်ကာ ပန်းနံ့သာ နံ့သာပျောင်းများကို လက်စွဲလျက် ဘုရားဖူးရန် တရားနာရန် ထွက်လတ်သော လူအပေါင်းကို မြင်လေလျှင် “အဘယ်အရပ်သို့ သွားကြမည်နည်း”ဟု မေး၍ “ဘုရားဖူးရန် တရားနာရန် သွားကြကုန်အံ့”ဟု လူများအပေါင်းက ဖြေဆိုလတ်သော် “ထိုသို့ဖြစ်လျှင် ငါသည်လည်း လိုက်ပါသွားအံ့”ဟု ပရိသတ်နှင့်အတူ လိုက်ပါသွားလေသော် ပရိသတ်လေးပါး ခြံရံလျက် ဗြဟ္မာမင်း၏ အသံကဲ့သို့သော အသံဖြင့် တရားဟောနေတော်မူသော မြတ်စွာဘုရားရှင်ကို ကြည်ညိုစဖွယ် ဖူးမြင်ရ၍ ရှေးကုသိုလ်ကံ နှိုးဆော်တိုက်တွန်းအပ်ရကား “ငါသည်လည်း တရားနာရမူ

၁၃၆

ကောင်းလေစွာ့”ဟု ကြံစည်ပြီးလျှင် ပရိသတ်အလွန်များသဖြင့် မြတ်စွာဘုရားရှင်၏ အနီးရောက်အောင် မသွားနိုင်ပဲ ပရိသတ်အစွန်အဖျား သင့်လျောက်ပတ်ရာ နေရာ၌ ထိုင်နေကာ တရားနာလေ၏။

     ထိုသို့ တရားနာနေစဉ် မြတ်စွာဘုရားရှင် ဟောကြားအပ်သည့် သီလ, သမာဓိ, ပညာ = သိက္ခာသုံးပါးနှင့်စပ်သော တရားစကားကို အတန်ငယ် ကြားနာရလျှင်ပင် ကလန္ဒသူဌေးသား သုဒိန်၏ စိတ်သန္တာန်ဝယ်-

“ငါသည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားကို အနည်းနည်းဖြင့် စဉ်းစားဆင်ခြင်ကြည့်သောအခါ လူ့ဘောင်၌ နေသောသူသည် စင်စစ် ပြည့်စုံစင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်အတူ ဤမြတ်သောအကျင့် (သိက္ခာသုံးပါး)ကို ကျင့်ဖို့ရန် မလွယ်ကူချေ။ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ရိတ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွာ့”–

ဟူ၍ အကြံကောင်းဖြစ်လေ၏။

     ထို့နောက် ကလန္ဒသူဌေးသား သုဒိန်သည် တရားနာပြီး၍ ထသွားသော ပရိသတ်နှင့်အတူ အတန်ငယ် လိုက်ပါသွားလေသည်၊ အကြောင်းမှာ ထိုပရိသတ်ထဲ၌ သူဌေးသားသုဒိန်၏ ဆွေမျိုးသားချင်း မိတ်ဆွေသင်္ဂဟများ များစွာပါရှိလေသည်၊ ထိုသူတို့သည် “အမောင်ကား မိဖနှစ်ပါး၏ တဦးတည်းသော သားဖြစ်သည်၊ သင်ရဟန်းပြုခွင့်ကို ဘယ်နည်းဖြင့်မျှ မရနိုင်”ဟု ပြောဆိုကြကာ လက်ရုန်းကိုသော်မူလည်း ဆွဲငင် ခေါ်ဆောင်ကြပေလိမ့်မည်။ ထိုသို့ဆွဲဆောင်လျှင် ရဟန်းပြုခြင်း၏အန္တရာယ် ဖြစ်ပေလိမ့်မည်ဟု ကြံစည်ကာ ပရိသတ်နှင့်အတူ ထသွားကာ အတန်ငယ်လိုက်ပါပြီးလျှင် တဖန် တစုံတခု ကိုယ်လက်သုတ်သင်ရန်ကိစ္စ ရှိဟန်အယောင်ဖြင့် ပြန်နစ်ခဲ့၍ မြတ်စွာဘုရား ထံတော်မှောက်သို့ ချဉ်းကပ်ပြီးလျှင်-

၁၃၇

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားကို အနည်းနည်းဖြင့် စဉ်းစားဆင်ခြင်ကြည့်သောအခါ လူ့ဘောင်၌ နေသောသူသည် စင်စစ် ပြည့်စုံစင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်အတူ ဤမြတ်သောအကျင့် (သိက္ခာသုံးပါး)ကို ကျင့်ဖို့ရန် မလွယ်ကူသည်ကို တွေ့ရပါသည်။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် ဆံမုတ်ဆိတ်ကို ပယ်ရိတ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်လိုပါသည်။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်ကို ရဟန်းပြုပေးတော်မူပါ”—

ဟု လျှောက်ထားတောင်းပန်လေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ရာဟုလမင်းသားကို ရှင်ပြုသောအချိန်မှစ၍ မိဖနှစ်ပါး ခွင့်မပြုသောသားကို ရှင်ရဟန်းပြု၍ ပေးတော်မမူရကား “သုဒိန်.. သင့်ကို အမိအဖတို့က လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်ပြုပြီး၏လော”ဟု မေးတော်မူလေလျှင် သူဌေးသားသူဒိန်သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်ကို မိဖတို့က လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်မပြုသေးပါ”ဟု လျှောက်ထားလေသည်။ တဖန် မြတ်စွာဘုရားရှင်က “သုဒိန်.. မြတ်စွာဘုရားတို့သည် အမိအဖတို့က ခွင့်မပြုသောသားကို ရဟန်းပြုပေးတော်မမူကုန်”ဟု မိန့်တော်မူလေလျှင် သူဌေးသား သုဒိန်သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အမိအဖတို့က ခွင့်ပေးအောင် ပြုပါမည်ဘုရား”ဟု ပြန်ကြား လျှောက်ထားလေ၏။

     ထို့နောင်မှ သူဌေးသားသုဒိန်သည် ဝေသာလီပြည်၌ ထိုပြုဖွယ်ကိစ္စကို ပြီးဆုံးစေပြီးလျှင် ကလန္ဒရွာ အမိအဖတို့ထံသို့ ချဉ်းကပ်ပြီးသော် အမိအဖတို့ကို-

၁၃၈

“မိခင်ဖခင်တို့.. အကျွန်ုပ်သည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားကို အနည်းနည်းဖြင့် စဉ်းစားဆင်ခြင်ကြည့်သောအခါ လူ့ဘောင်၌ နေသောသူသည် စင်စစ် ပြည့်စုံစင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်အတူ ဤမြတ်သောအကျင့် (သိက္ခာသုံးပါး)ကို ကျင့်ဖို့ရန် မလွယ်ကူသည်ကို တွေ့သိရပါသည်။ အကျွန်ုပ်သည် ဆံမုတ်ဆိတ်ကို ပယ်ရိတ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်လိုပါသည်၊ အကျွန်ုပ်ကို လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အခွင့်ပြုပါကုန်”–

ဟု ခွင့်ပန်စကား ပြောကြားလေသည်။ ထိုအခါ မိဖနှစ်ပါးတို့က သူဌေးသားသုဒိန်ကို-

“ချစ်သားသုဒိန်.. သင်သည် ငါတို့၏ အလွန်ချစ်ခင် နှစ်သက်အပ်သည့် တဦးတည်းသောသား ဖြစ်သည်၊ ချမ်းသာစွာ ကြီးပွါးစေအပ်သူ ချမ်းသာစွာ မွေးမြူလာရသူ ဖြစ်ပေသည်။ ချစ်သားသုဒိန်.. သင်သည် မည်သည့်ဆင်းရဲကိုမျှ မသိ၊ သင်သေသော်မှလည်း ငါတို့သည် အလိုမရှိကုန်ပဲလျက် သင်နှင့် ခွဲခွာကြရမည် ဖြစ်ပါသည်။ အသက်ရှင်နေသော သင့်ကိုကား ငါတို့သည် လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အဘယ်မှာလျှင် ခွင့်ပြုနိုင်ပါကုန်အံ့နည်း”-

ဟု မြစ်ပယ်စကား ပြန်ကြား ပြောဆိုကြလေသော် သူဌေးသားသုဒိန်သည် နှစ်ကြိမ်မြောက်လည်း ရှေးနည်းအတူ ခွင့်ပန်စကား ပြောကြားပြန်လေသည်၊ မိဖနှစ်ပါးတို့ကလည်း ထို့အတူပင် မြစ်ပယ်စကား ပြန်ကြား ပြောဆိုကြလေသည်။ သုံးကြိမ်မြောက်လည်း သူဌေးသားသုဒိန်သည် ရှေးနည်းအတူ ခွင့်ပန်စကား ပြောကြားလေသည်၊ သုံးကြိမ်မြောက်လည်း မိဖတို့က ထို့အတူပင် မြစ်ပယ်စကား ပြန်ကြား ပြောဆိုကြလေသည်။

၁၃၉

     ထိုအခါ ကလန္ဒသူဌေးသား သုဒိန်သည် “ငါကိုဖြင့် မိဖတို့က လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန် (ဘယ်နည်းဖြင့်မျှ) ခွင့်မပြုကြတော့ကုန်”ဟု သိရှိပြီးလျှင် အခင်းမရှိသော မြေပေါ်၌ “ဤနေရာ၌ပင် ငါ၏ သေခြင်းသော်၎င်း, ရဟန်းအဖြစ်သော်၎င်း ဖြစ်လိမ့်မည်”ဟု ပြောဆိုကာ ထိုခွင့်ပန်စကား ပြောကြားသော နေရာ၌ပင် အိပ်၍ ထမင်းတနပ်ကိုလည်း မစား၊ နှစ်နပ်ကိုလည်း မစား၊ သုံးနပ်, လေးနပ်, ငါးနပ်, ခြောက်နပ်, ခုနစ်နပ်ကိုလည်း မစားပဲ (အစာငတ်ခံ၍) မိမိ၏ ကြီးကဲသော ကုသိုလ်ဆန္ဒကို ဖော်ပြလေ၏။

     ထိုအခါ မိဖတို့သည် သူဌေးသားသုဒိန်ကို-

“ချစ်သားသုဒိန်.. သင်သည် ငါတို့၏ အလွန်ချစ်ခင် နှစ်သက်အပ်သည့် တဦးတည်းသော သားဖြစ်သည်၊ ချမ်းသာစွာ ကြီးပွါးစေအပ်သူ ချမ်းသာစွာ မွေးမြူလာရသူ ဖြစ်ပေသည်။ ချစ်သားသုဒိန်.. သင်သည် မည်သည့်ဆင်းရဲကိုမျှ မသိ၊ သင်သေသော်မှလည်း ငါတို့သည် အလိုမရှိကုန်ပဲလျက် သင်နှင့် ခွဲခွာကြရမည်ဖြစ်ပါသည်။ အသက်ရှင်နေသော သင့်ကို ငါတို့သည် လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အဘယ်မှာလျှင် ခွင့်ပြုနိုင်ပါကုန်အံ့နည်း။ ချစ်သားသုဒိန်.. ထလော့၊ စားလည်း စားလော့၊ သောက်လည်း သောက်လော့၊ ပျော်လည်း ပျော်ပါးလော့၊ စားကာ သောက်ကာ ပျော်ရွှင်ကာနှင့် ကာမဂုဏ်များကို ခံစား၍ ကောင်းမှုများကိုပြုလျက် မွေ့လျော်လော့၊ သင့်ကို လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန်ကား ငါတို့သည် (အဘယ်နည်းဖြင့်မျှ) ခွင့်မပြုနိုင်ကုန်”—

ဟု ပြောဆိုကြလေသည်။ ဤသို့ ပြောကြကုန်သော် ကလန္ဒသူဌေးသား သုဒိန်သည် ဆိတ်ဆိတ်နေ၏။ ထို့အတူ မိဖတို့က နှစ်ကြိမ်မြောက် ပြောဆိုကြသောအခါ သုံးကြိမ်မြောက် ပြောဆိုကြသော

၁၄၀

အခါမှာလည်း သူဌေးသား သုဒိန်သည် ရှေးနည်းအတူ ဆိတ်ဆိတ်သာလျှင် နေ၏။

     ထိုအခါ သုဒိန်၏ မိဖတို့သည် သုံးကြိမ်တိုင်တိုင် ပြောကြ၍ စကားတုံ့မျှ မရကြသည်ရှိသော် သုဒိန်၏ သူငယ်ချင်းတို့ကို အခေါ်ခိုင်း၍ “မောင်တို့၏သူငယ်ချင်း သုဒိန်သည် ရဟန်းပြုချင်နေသည်။ ထိုသုဒိန်ကို တားမြစ်ကြပါလော့”ဟု ပြောဆိုကြလေသော် သူဌေးသားသုဒိန်၏ သူငယ်ချင်းတို့သည်လည်း သုဒိန်ထံသို့ သွားရောက်ကြကာ မိဖတို့ပြောဆိုသည့် နည်းအတိုင်း သုံးကြိမ်တိုင်တိုင် ပြောဆိုကြလေသည်။ ထိုသူငယ်ချင်းတို့အားလည်း သုဒိန်သည် စကားတုံ့မပြန်ပဲ ဆိတ်ဆိတ်သာလျှင် နေလေ၏။

     ထိုအခါ သုဒိန်၏သူငယ်ချင်းတို့ စိတ်သန္တာန်ဝယ် “ဤသုဒိန်သည် အကယ်၍ ရဟန်းပြုခွင့်မရရှိ၍ သေလွန်ခဲ့သော် တစုံတရာ ကျေးဇူးမရှိနိုင်ချေ။ အထူးအားဖြင့် ရဟန်းပြုရလျှင် သူ့ကို မိဖတို့ရော ငါတို့ပါ အလိုရှိသောအခါမှာ တွေ့မြင်ကြရပေလိမ့်မည်။ ရဟန်းအဖြစ်မည်သည်လည်း အလွန်ဝန်လေးလှ၏။ နေ့စဉ် နေ့စဉ် မြေသပိတ်ကို စွဲကိုင်ကာ ဆွမ်းခံလှည့်လည်ရ၏။ တယောက်တည်း အိပ်ရ၍ နံနက်တထပ်သာ စားရသော မြတ်သောအကျင့်ကို အလွန်ပြုကျင့်နိုင်ခဲ၏၊ ဤသုဒိန်သည်လည်း သိမ်မွေ့လှသည့် မြို့ကြီးသား တယောက် ဖြစ်လေသည်။ သူသည် တယောက်တည်းအိပ်ရ၍ နံနက်တထပ်သာ စားရသော ထိုမြတ်သော အကျင့်ကို ဘယ်လိုနည်းနှင့်မျှ မကျင့်နိုင်ပဲ ဤအိမ်သို့ တဖန်ပြန်လာမည် ဧကန္တပင် ဖြစ်ချေသည်၊ ကိုင်း.. သူ၏မိဖများကို ခွင့်ပြုကြစေကုန်စို့”ဟု အကြံအစည် အတိုင်အပင် ပြုလုပ်ကြပြီးလျှင် သုဒိန်၏ မိဖများထံသို့ သွားရောက်ကြ၍ မိဖတို့ကို-

“မိခင် ဖခင်တို့.. ဤသုဒိန်သည် အခင်းမရှိသော မြေပေါ်၌ ဤနေရာ၌ပင် ငါ၏ သေခြင်းသော်၎င်း, ရဟန်း အဖြစ်သော်၎င်း ဖြစ်လိမ့်မည်ဟု ပြောဆိုကာ အိပ်၍နေ၏။ အကယ်၍ မိဖတို့သည် သုဒိန်ကို လူ့ဘောင်မှထွက်ကာ

၁၄၁

ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်မပြုကြပါမူ ထို(အိပ်သော) နေရာ၌ပင် သေခြင်းသို့ ရောက်ပါလိမ့်မည်။ အကယ်၍ မိဖတို့သည် ရဟန်းပြုရန် ခွင့်ပြုကြပါမူ ရဟန်းအဖြစ်နှင့်နေသော သုဒိန်ကို မြင်ကြရပါဦးမည်။ အကယ်၍ သုဒိန်သည် ရဟန်းပြုပြီးမှ ရဟန်းဘောင်၌ မပျော်ပိုက်ခဲ့ပါလျှင် သူ့အဖို့ရာ မိဖတို့အိမ်မှတပါး အခြားသွားစရာ အဘယ်မှာ ရှိအံ့နည်း၊ ဤအိမ်သို့သာလျှင် တဖန် ပြန်လာပါလိမ့်မည်၊ သုဒိန်ကို လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်ပြုသာ ပြုလိုက်ကြပါကုန်”–

ဟု အကြံပေး တိုက်တွန်းစကား ပြောကြားကြလေကုန်၏။

     ထိုအခါ သုဒိန်၏ မိဖတို့သည် “အမောင်တို့.. သုဒိန်ကို လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ငါတို့ ခွင့်ပြုပါကုန်၏”ဟု ပြောကြလေသော် သုဒိန်၏ သူငယ်ချင်းတို့သည် သူဌေးသား သုဒိန်ထံသို့ သွားရောက်ကြပြီးလျှင် “အဆွေသုဒိန်.. ထလော့၊ သင့်ကို မိဖတို့က လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်ပြုအပ်လေပြီ”ဟု ပြောကြကုန်၏။

     ထိုအခါ သူဌေးသားသုဒိန်သည် “ငါ့ကို မိဖတို့က ရဟန်းပြုရန် ခွင့်ပြုအပ်ပြီတဲ့”ဟု ရွှင်လန်းတက်ကြွသော စိတ်ရှိလျက် ကိုယ်ကို လက်တို့ဖြင့် ပွတ်သပ်ကာ နေရာမှ ထပြီးနောက် တရက် နှစ်ရက် အားယူ၍ မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ဝပ်လျှိုး ရှိခိုးဦးညွှတ်ကာ သင့်လျော်ရာနေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားရှင်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်ကို မိဖတို့က ရဟန်းပြုရန် ခွင့်ပြုအပ်ပါပြီ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်ကို ရဟန်းပြုပေးတော်မူပါ”–

ဟု တောင်းပန် လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်သည် ကိုယ်တော်၏အနီး၌ ရှိနေသော ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းတပါးကို “ရဟန်း.. ထိုသို့ သူဌေးသားသုဒိန် တောင်းပန်အပ်ရကား

၁၄၂

သင်ချစ်သားသည် သုဒိန်ကို ရှင်လည်း ပြုပေးလိုက်၊ ရဟန်းလည်း ခံပေးလိုက်”ဟု မိန့်တော်မူ၏။ ထိုပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းတော်သည် “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု လျှောက်ထားဝန်ခံကာ ဘုရားပေးအပ်သည့် သဒ္ဓိဝိဟာရိကတပည့် သုဒိန်ကို ရရှိကာ သုဒိန်ကို ရှင်သာမဏေပြု၍လည်း ပေးလေသည်။ ရဟန်းပြု၍လည်း ပေးလေသည်။

     ရဟန်းဖြစ်၍ မကြာမီ အရှင်သုဒိန်သည် ဤဆိုလတ္တံ့သော ကိလေသာကို ခါတွက်ကြောင်း ဓုတင်အကျင့်ကောင်းတို့ကို ဆောက်တည် ကျင့်ကြံလေ၏၊ တောကျောင်းနေခြင်း အာရညိကဓုတင်ကို ဆောင်၏၊ ဆွမ်းခံ၍စားခြင်း ပိဏ္ဍပါတိကဓုတင်ကို ဆောင်၏၊ ပံသုကူသင်္ကန်းကို ဝတ်ရုံခြင်း ပံသုကူဓုတင်ကို ဆောင်၏၊ အိမ်စဉ်အတိုင်း ဆွမ်းရပ်ခြင်း သပဒါနစာရိကဓုတင်ကို ဆောင်၏။ ၀ဇ္ဇီတိုင်း မထင်ရှားသော ရွာငယ်တခုကို အမှီဂေါစရဂါမ်ပြုကာ နေတော်မူ၏။

     ထိုအခါ ဝဇ္ဇီတိုင်းသည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏။ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံ မဲလက်မှတ်ဖြင့် အသက်မွေးရ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။ ထိုအခါ အရှင်သုဒိန်၏ စိတ်သန္တာန်ဝယ်–

“ယခုအခါ ဝဇ္ဇီတိုင်းသည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံ မဲလက်မှတ်ဖြင့် အသက်မွေးရ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။ ဝေသာလီပြည်ဝယ် (စီးပွါးဥစ္စာ) ကြွယ်ဝသော (မြှုပ်နှံထားသည့်) ဥစ္စာပေါများသော (နေ့စဉ်သုံးစွဲရန်) များသော စည်းစိမ်ဘဏ္ဍာရှိသော များသော ရွှေငွေရှိသော နှစ်သက်ဖွယ်ရာ များစွာသော အသုံးအဆောင် ရတနာရှိသော (ကူးသန်းရောင်းဝယ် ဖလှယ်သည့်) များသော ဥစ္စာစပါးရှိသော ငါ၏ဆွေမျိုးတို့သည် ပေါများကုန်၏၊ ငါသည် ဆွေမျိုးတို့ကို အမှီပြု၍ နေရမူ ကောင်းလေစွာ့၊ ဆွေမျိုးတို့သည် ငါ့ကို အမှီပြု၍

၁၄၃

လှူဖွယ်တို့ကို ပေးလှူကြလိမ့်မည်၊ ကောင်းမှုတို့ကို ပြုကြလိမ့်မည်၊ ရဟန်းတို့သည်လည်း လာဘ်ကိုရရှိကြလိမ့်မည်။ ငါသည်လည်း ဆွမ်းဖြင့် မပင်ပန်းပဲ ရှိလိမ့်မည်”–

ဟု အကြံအစည် ဖြစ်ပြီးနောက် အရှင်သုဒိန်သည် အိပ်ရာနေရာတို့ကို သိုမှီး သိမ်းဆည်းပြီးလျှင် သပိတ်သင်္ကန်းကို ယူဆောင်၍ ဝေသာလီပြည်သို့ ဖဲခွါခဲ့ရာ အစဉ်သဖြင့် ဝေသာလီပြည်သို့ ရောက်ရှိကာ ဝေသာလီပြည်အနီး မဟာဝုန်တောအတွင်း ပြာသာဒ်ဆောင်ပေါက်သော (ကူဋာဂါရ)ကျောင်းကြီး၌ နေလေ၏။

     အရှင်သုဒိန်၏ ဆွေမျိုးများသည် “ကလန္ဒသူဌေးသား သုဒိန်သည် ဝေသာလီပြည်သို့ ရောက်လာပြီတဲ့”ဟု သတင်းစကား ကြားသိကြပြီးလျှင် ထိုဆွေမျိုးများသည် အရှင်သုဒိန်အား ဆွမ်းအိုး ခြောက်ဆယ်တို့ကို ပို့လှူကြကုန်၏။ (ဆွမ်း တအိုး တအိုးလျှင် ရဟန်း ဆယ်ပါး ဆယ်ပါးစာရှိ၏)။ ထိုအခါ အရှင်သုဒိန်သည် (မူလ ရည်ရွယ်ချက်အတိုင်း) ထိုဆွမ်းအိုး ခြောက်ဆယ်တို့ကို ရဟန်း (ခြောက်ရာ)တို့အား စွန့်လှူပြီးလျှင် (မိမိမူကား ဥက္ကဌ် ပိဏ္ဍပါတ်ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်တော်မူသောကြောင့်) သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ကာ ကလန္ဒရွာအတွင်းသို့ ဆွမ်းခံဝင်တော်မူ၏။ ကလန္ဒရွာ၌ အိမ်စဉ်အတိုင်း ဆွမ်းခံလှည့်လည်လတ်သော် မိမိ၏ဖခင် (ကလန္ဒ)သူဌေးအိမ်တံခါးဝသို့ ချဉ်းကပ်မိလေ၏။

(ဤ၌ အထူးမှာထားလိုသည်မှာ.. ဤအရှင်သုဒိန်၏ ဝဇ္ဇီတိုင်းမှ ပြန်လာသည်ကစ၍ ဖော်ပြအပ်သော ဖြစ်ရပ် အဋ္ဌုပ္ပတ်များမှာ အရှင်သုဒိန် ရဟန်းပြု၍ ရှစ်ဝါရမှ (မြတ်စွာဘုရားရှင်ကိုယ်တော် ဝါတော်နှစ်ဆယ်ရှိမှ)ဖြစ်သည့် အဋ္ဌုပ္ပတ်ဖြစ်လေသည်၊ သို့သော် အရှင်သုဒိန်၏ အကြောင်းစကား အစဉ်မပျက်အောင် ဤ၌ ဆက်လက်ဖော်ပြခြင်း ဖြစ်သည်)။

     ထိုအချိန်တွင် အရှင်သုဒိန်၏ ဆွေမျိုးတို့၏ ကျွန်မသည် တညဉ့်လွန် သိုးလေပြီးသော မုယောမုံ့ကို (ကျွန်ယောက်ျား အလုပ်သမား နွားတို့အားသော်မှ စားသုံး၍ မဖြစ်နိုင်ရကား)

၁၄၄

အိမ့်ပြင်ပသို့ စွန့်ပစ်လိုသဖြင့် ထွက်လာဆဲဖြစ်လေ၏။ ထိုအခါ အရှင်သုဒိန်သည် ထိုကျွန်မကို “နှမ.. (အရိယာတို့၏ ခေါ်ဝေါ်ခြင်းဖြစ်သည်) ထိုမုံ့ကို အကယ်၍ စွန့်ပစ်ရမည်ဖြစ်လျှင် ဤငါ၏သပိတ်၌ လောင်းလော့”ဟု ပြောဆိုလေ၏။

     ထိုအခါ ကျွန်မသည် တညဉ့်လွန် သိုးလေပြီးသော ထိုမုယောမုံ့ကို အရှင်သုဒိန်၏သပိတ်၌ လောင်းထည့်စဉ် ရှစ်နှစ်ကြာ ကွဲကွာနေရသဖြင့် မိမိ၏အရှင့်သား အရှင်သုဒိန်ဟု မမှတ်မိနိုင်ပဲ အရှင်သုဒိန်၏ လက်ခြေပုံပန်းသဏ္ဌာန် အသံအခြင်းအရာများကိုသာ မှတ်သားပြီးနောက် အရှင်သုဒိန်၏ မိခင်ထံသို့ သွားရောက်၍ “အို အရှင်မ.. သိပါလော့၊ အရှင့်သား သုဒိန်သည် ရောက်လာပြီ”ဟု ပြောဆိုလေလျှင် အရှင်သုဒိန်၏ မိခင်က “အို ကျွန်မ.. အကယ်၍ သင် အမှန်ကိုပြောလျှင် သင့်ကို ကျွန်အဖြစ်မှ လွှတ်မည်”ဟု ပြောဆိုလေ၏။

     ထိုအချိန်၌ အရှင်သုဒိန်သည် (ကလန္ဒရွာအတွင်း ဆွမ်းစားစရပ်တခု၏) နံရံခြေတခုကိုမှီ၍ ထိုမုယောမုံ့သိုးကို မြိန်ရည်ရှက်ရည် ဘုဉ်းပေး သုံးဆောင်တော်မူနေဆဲဖြစ်၏။

(ထိုအရပ်နယ်ပယ်၌ အလှူရှင်တို့၏ အိမ်အချို့၌ ဆွမ်းစားစရပ်များ ဆောက်လုပ်ထားလေသည်။ ထိုစရပ်များ၌ နေရာများကို အသင့်ခင်းထားကြလေသည်။ သောက်ရေ သုံးဆောင်ရေးနှင့် ပုန်းရေချဉ်များကိုလည်း တည်ထားအပ်လေသည်၊ ထိုစရပ်များ၌ ရဟန်းတို့သည် ဆွမ်းခံပြီးလျှင် ထိုင်၍ ဆွမ်းဘုဉ်းပေးကြသည်။ အလိုရှိကြလျှင် အလှူရှင်တို့ ဝတ်တည်ထားအပ်သည့် ဒါနဝတ္ထုများကို ခံယူကြကုန်၏။ ထို့ကြောင့် ယခု အရှင်သုဒိန် မုယောမုံ့သိုးကို ဘုဉ်းပေးရာ နံရံခြေ- ဟူသည်မှာလည်း အလှူရှင်တဦးဦး ဆောက်လုပ်အပ်သော ဆွမ်းစားစရပ်တခု၏ နံရံခြေ = ထရံခြေ ဖြစ်သည်။ မှန်၏- ရဟန်းတို့သည် အထီးကျန်ကပ်ပါး ဆင်းရဲသားများကဲ့သို့ ကြည့်၍မလျော် မသင့်တော်သော နေရာ၌ ထိုင်၍ ဘယ်သောအခါမှ ဘုဉ်းပေးတော်မမူကြကုန်။ ။အဋ္ဌကထာ ၁၇၄-မျက်နှာမှ)။

အရှင်သုဒိန်၏ အဖသူဌေးကြီးသည်လည်း အလုပ်လုပ်ရာမှ ပြန်လာလတ်သော် မုယောမုံ့သိုးကို မြိန်ရည်ရှက်ရည်

၁၄၅

ဘုဉ်းပေး သုံးဆောင်နေသော အရှင်သုဒိန်ကို တွေ့မြင်ရသောကြောင့် အရှင်သုဒိန်ရှိရာသို့ သွားရောက်၍ အရှင်သုဒိန်ကို-

“ဖြစ်မှဖြစ်ရပလေ ချစ်သားသုဒိန်.. တညဉ့်လွန် သိုးလေပြီးသော မုယောမုံ့ကို စားမှစားပလေ၊ တကယ်ဆိုတော့ မိမိအိမ်သို့ သွားသင့်သည် မဟုတ်ပါလော”–

ဟု မခံမရပ်နိုင်ဖြစ်ကာ ပြောကြားလေ၏။ ထိုအခါ အရှင်သုဒိန်သည် “ဒါယကာကြီး.. သင့်အိမ်သို့ ရောက်ခဲ့ပြီ၊ ဤမုယောမုံ့သိုးကို သင့်အိမ်မှ ရအပ်ခဲ့ပြီ”ဟု ပြန်ကြား ပြောဆိုလေသော် အရှင်သုဒိန်၏ဖခင် သူဌေးကြီးသည် အရှင်သုဒိန်၏လက်မောင်းကို ဆွဲကိုင်၍ အရှင်သုဒိန်ကို “ချစ်သားသုဒိန်.. လာလော့၊ အိမ်သို့ သွားကြကုန်စို့”ဟု ပြောဆိုလေ၏။ ထိုအခါ အရှင်သုဒိန်သည် အဖအပေါ်၌ ချစ်ခင်သဖြင့် ဆိုလွယ်သော ပုဂ္ဂိုလ်တဦးဖြစ်ကာ မိမိ၏ အဖအိမ်သို့ လိုက်ပါသွားရောက်ပြီးလျှင် အသင့် ခင်းထားအပ်သော နေရာ၌ ထိုင်နေလေ၏။

     ထိုအခါ အရှင်သုဒိန်၏ ဖခင်သူဌေးကြီးသည် အရှင်သုဒိန်ကို “ချစ်သားသုဒိန်.. စားပါလော့”ဟု ပြောဆိုလေသော် အရှင် သုဒိန်က “ဒါယကာကြီး.. တော်ပြီ၊ ယနေ့ ငါသည် ဆွမ်းစားခြင်းကိစ္စ ပြုအပ်ပြီးပြီ”ဟု ပြန်ကြားပြောဆိုလေ၏။ “ချစ်သားသုဒိန်.. နက်ဖြန်အတွက် ဆွမ်းကို လက်ခံပါလော့”ဟု ဖခင်သူဌေးကြီးက ဖိတ်မန္တက ပြုလုပ်သောအခါ အရှင်သုဒိန်သည် မိမိကိုယ်တိုင်က ဥက္ကဌ် ပိဏ္ဍပါတ်ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်သော်လည်း အကယ်၍ ငါသည် ဆွမ်းတထပ်ကိုမျှ လက်မခံခဲ့လျှင် မိဖဆွေမျိုးတို့အရာ လွန်စွာပင် နှလုံးမသာမယာ ဖြစ်ပေလိမ့်မည်”ဟု ဆင်ခြင် အောက်မေ့တော်မူကာ ဆွေမျိုးတို့အား သနားသောအားဖြင့် ဖခင်သူဌေးကြီး၏ ဆွမ်းစားပင့်လျှောက်ချက်ကို ဆိတ်ဆိတ်နေသဖြင့် လက်ခံပြီးနောက် နေရာမှထကာ ဖဲခွါသွားလေ၏။

     ထို့နောက် အရှင်သုဒိန်၏ မိခင်သည် ထိုညဉ့်လွန်မြောက်သောအခါ မြေကြီးကို နွားချေးအစိုဖြင့် လိမ်းကျံစေပြီးလျှင်

၁၄၆

ရွှေတပုံ ငွေတပုံအားဖြင့် ရတနာနှစ်ပုံကို ပြုစေ၏၊ ရတနာပုံတို့ကား အလွန်ကြီးမားလှ၏။ ဤမှာဖက်၌ရပ်သော ယောက်ျားသည် ထိုမှာဖက်၌ရပ်သော ယောက်ျားကို မမြင်နိုင်၊ ထိုမှာဖက်၌ရပ်သော ယောက်ျားသည် ဤမှာဖက်၌ရပ်သော ယောက်ျားကို မမြင်နိုင်၊ သို့စဉ်ကလောက် ကြီးမား မြင့်မောက်လှ၏။ ထိုရတနာပုံတို့ကို ဖျာတို့ဖြင့် ဖုံးအုပ်စေပြီးလျှင် အလယ်၌ နေရာခင်းစေ၍ ကန့်လန့်ကာကို ကာရံပြီးလျှင် အရှင်သုဒိန်၏ လူဖြစ်စဉ်က ဇနီးဟောင်းကို ခေါ်၍ “ချစ်သမီး (ချွေးမ).. ငါတိုက်တွန်း၏၊ ငါ့သားသုဒိန် ကြိုက်နှစ်သက်စေတတ်သည့် အဝတ်တန်းဆာကို ချစ်သမီး ဝတ်ဆင်လော့”ဟု ပြောဆိုလေသော် “ကောင်းပါပြီ မိခင် (အရှင်မ)..”ဟု အရှင်သုဒိန်၏ ဇနီးဟောင်းသည် အရှင်သုဒိန်၏ မိခင်အား ဝန်ခံစကား ပြန်ကြားပြောဆိုလေ၏။

     နောက်တနေ့ နံနက်အချိန်၌ အရှင်သုဒိန်သည် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ကာ မိမိ၏ ဖခင်အိမ်သို့ ချဉ်းကပ်ပြီးလျှင် ခင်းထားအပ်သော နေရာ (ရတနာပုံ နှစ်ပုံတို့၏အကြား)၌ ထိုင်နေလေ၏။ ဖခင်သူဌေးကြီးသည် အရှင်သုဒိန်ထံသို့ လာရောက်ပြီးလျှင် ထိုရတနာပုံတို့ကို ဖွင့်လှစ်စေ၍ အရှင်သုဒိန်ကို-

“ချစ်သားသုဒိန်.. ဤရွှေငွေသည် သင့်အမိ၏ အမိဖက်မှ ပါလာသော ဥစ္စာသာ ဖြစ်ပါသေးသည်။ မိန်းမသား၏ အသုံးအဆောင်အလို့ငှါ ရအပ်သော မိန်းမသုံးဥစ္စာမျှသာ ဖြစ်ပါသေးသည်၊ (သနပ်ခါးဖိုး ပန်းဖိုးမျှသာ ရှိသေး၏ဟု ဆိုလိုသည်။) အဖဖက်မှ ပါလာသောဥစ္စာသည် တခြားရှိသေး၏၊ အဖိုး, အဖေးဖက်မှ ဆင်းသက်လာသော ဥစ္စာလည်း တခြားရှိသေး၏၊ ချစ်သားသုဒိန်.. လူထွက်၍ စည်းစိမ်တို့ကိုလည်း သုံးဆောင်ရန် ကောင်းမှုတို့ကိုလည်း ပြုလုပ်ရန် ရနိုင်ပါ၏။ ချစ်သားသုဒိန်.. လာလော့၊ စည်းစိမ်တို့ကိုလည်း သုံးဆောင်ခံစားလော့၊ ကောင်းမှုတို့ကိုလည်း ပြုလော့”-

၁၄၇

ဟု ပြောဆိုလေလျှင် အရှင်သုဒိန်သည် “ဖခင်.. လူမထွက်နိုင်ပါ။ လူမထွက်ရဲပါ၊ အကျွန်ုပ်သည် အလွန်ပျော်ပိုက်စွာ မြတ်သောအကျင့် (သိက္ခာသုံးပါး)ကို ကျင့်သုံးနေပါသည်”ဟု ပြန်ကြား ပြောဆိုလေ၏။

     နှစ်ကြိမ်မြောက်လည်း ဖခင်သူဌေးကြီးသည် ရှေးနည်းအတူ ဆိုပြန်သည်တွင် အရှင်သုဒိန်ကလည်း ထိုနည်းအတူပင် ပြန်ကြားပြောဆိုလေသည်။ သုံးကြိမ်မြောက် ဖခင်သူဌေးကြီးက ရှေးနည်းအတူ ပြောဆိုသောအခါ၌ကား အရှင်သုဒိန်သည် (တမျိုးပြောင်းလဲကာ)“ ဒါယကာကြီး.. အကယ်၍ သင် အမျက်မထွက်လျှင် သင့်ကို ငါတို့ ပြောပြလိုပါကုန်၏”ဟု မိန့်ဆိုတော်မူလေသည်။ ထိုအခါ ဖခင်သူဌေးကြီးသည် “ငါ့သားက ငါ့အား ချီးမြှောက်မှု ပြုလိုသည်ထင်၏”ဟု အကြံပေါက်ကာ ဝမ်းမြောက်ဝမ်းသာ “ချစ်သားသုဒိန်.. ပြောလော့”ဟု အခွင့်ပြု ပြောကြားလေ၏။ ထိုအခါ အရှင်သုဒိန်သည် ဖခင်သူဌေးကြီးကို-

“ဒါယကာကြီး.. ထိုသို့ဖြစ်လျှင် သင်သည် ပိုက်ဆံလျှော်အိတ် ကြီးကြီးတို့ကို ချုပ်စေပြီးလျှင် ရွှေငွေအပြည့် ထည့်၍ လှည်းများဖြင့် တိုက်ထုတ်ကာ ဂင်္ဂါမြစ်လယ် ရေအယဉ်၌ ပစ်ချလိုက်ပါလော့။ ထိုသို့ အဘယ့်ကြောင့် ပြုလုပ်စေရသနည်းဟူမူ ဒါယကာကြီး.. ထိုဥစ္စာရွှေငွေ ရှိနေခြင်းဟူသော အကြောင်းကြောင့် သင့်အား ကြောက်ခြင်းသည်၎င်း, တုန်လှုပ်ခြင်းသည်၎င်း, မွေးညှင်းရွှင်ပျ = ကြက်သီးထခြင်းသည်၎င်း, စောင့်ရှောက်ရခြင်းသည်၎င်း ဖြစ်ရလိမ့်မည်၊ မရှိခဲ့မူ သင့်အား ထိုကြောက်ခြင်းစသော အန္တရာယ်သည် မဖြစ်နိုင်တော့ပြီ၊ ထို့ကြောင့် ဖြစ်သည်”–

ဟု ပြတ်ပြတ်သားသား တရားစကားကို မိန့်ကြားတော်မူလေသော် ဖခင်သူဌေးကြီးသည် “သားသုဒိန်သည် အဘယ့်ကြောင့် ဤသို့ ပြောဆိုရက်ဘိသနည်း”ဟု နှလုံးမသာ ဖြစ်လေ၏။

၁၄၈

မယားဖြင့် တဖန် ဖြားယောင်းပြန်ခြင်း

     ထို့နောက် အရှင်သုဒိန်၏ ဖခင်သူဌေးကြီးသည် ဥစ္စာကိုပြ၍ သားကို မိမိကိုယ်တိုင် လူဖြစ်အောင် ဖြားယောင်းခြင်းငှါ မစွမ်းနိုင်ရကား “ယခုအခါ မာတုဂါမနှင့်တူသော ယောက်ျားတို့အဖို့ရာ အနှောင်အဖွဲ့သည် မရှိတော့ပြီ”ဟု အောက်မေ့ မှတ်ယူကာ အရှင်သုဒိန်၏ လူဖြစ်စဉ်ကာလ ဇနီးဟောင်းကို ခေါ်ပြီးလျှင် “ချစ်သမီး (ချွေးမ).. ငါတိုက်တွန်းပါ၏၊ သားသုဒိန်သည် သင့်ကို ချစ်လည်းချစ်၏၊ နှစ်သက်လည်း နှစ်သက်၏၊ သားသုဒိန်သည် သင့်စကားကို လိုက်နာကောင်း လိုက်နာပေလိမ့်မည်”ဟု ပြောဆို စေခိုင်းပြန်လေသည်။ ထိုအခါ အရှင်သုဒိန်၏ လူဖြစ်စဉ်ကာလ ဇနီးဟောင်းသည် အရှင်သုဒိန်၏ ခြေတို့ကိုဖက်၍ အရှင်သုဒိန်ကို-

“အရှင့်သား.. အကြင်နတ်သမီးတို့ကို ရလိုမှုဟူသော အကြောင်းကြောင့် အရှင့်သားသည် မြတ်သောအကျင့်ကို ကျင့်၏၊ ထိုနတ်သမီးတို့သည် အဘယ်သို့ သဘောရှိပါကုန်သနည်း”–

ဟု မေးမြန်း ပြောဆိုလေသည်။ (ထင်ရှားစေဦးအံ့- ထိုခေတ် ထိုအချိန်ဝယ် များစွာသော မင်းသား, ပုဏ္ဏားသား, သူဌေးသားများ ကြီးစွာသော စည်းစိမ်ကို စွန့်ပယ်၍ ရှင်ရဟန်းပြုကြသည်တို့ကို မြင်ရ၍ ရဟန်းအဖြစ်၏ ဂုဏ်ကျေးဇူးကို နားမလည် မသိရှိသော လူများသည် “အဘယ့်ကြောင့် ထိုသူများ ရဟန်းပြုကြသနည်း”ဟု မေးသူကမေး၍ “နတ်သမီး နတ်ကခြေသည်များကို ရယူလိုသောကြောင့် ရဟန်းပြုကြသည်”ဟု အသိကြီးပြုလုပ်ကာ ဖြေကြားသူများက ဖြေကြားကြလေသည်၊ ထိုမသိသူများ မေးကြသည့်စကားသည် ကျယ်ပွါးလျက်ရှိသည်။ ထိုစကားကိုယူ၍ ဤအရှင်သုဒိန်၏ ဇနီးဟောင်းသည် ဖော်ပြရာပါအတိုင်း မေးမြန်းပြောဆိုလေသည်)။

     “နှမ.. ငါသည် နတ်သမီးဟူသော အကြောင်းကြောင့် မြတ်သောအကျင့်ကို ကျင့်သည်မဟုတ်ပါ”ဟု အရှင်သုဒိန်က ပြန်ကြား

၁၄၉

မိန့်ဆိုသောအခါ ထိုဇနီးဟောင်းသည် “ယနေ့မှစ၍ ငါ့ကို အရှင့်သား သုဒိန်သည် နှမဟူသော ခေါ်ဝေါ်ပြောဆိုခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုပါပေတကား၊ ယခုအခါ အရှင့်သားသုဒိန်သည် ငါ့ကို အလိုမရှိတော့ပြီ၊ ယင်းသို့ အလိုမရှိသောကြောင့်ပင် ကြင်ဖော်သက်ထား မယားရင်းဖြစ်သည့် ငါ့ကို တမိဝမ်းတွင်း ထက်အောက်ဆင်းသည့် နှမရင်းအသွင် မှတ်ထင်လေပြီတကား”ဟု စဉ်းစားမျှော်တွေး ဝမ်းနည်းပူဆွေးလျက် ထိုနေရာ၌ပင် မိန်းမောတွေဝေ တိမ်းလဲလေ၏။

     ထိုအခါ အရှင်သုဒိန်သည် ဖခင်သူဌေးကြီးကို “ဒါယကာကြီး.. ဆွမ်းဘောဇဉ်များကို ပေးလှူမည်ဖြစ်လျှင် ပေးလှူပါလော့၊ ငါတို့ကို ဥစ္စာ,မိန်းမ အမျိုးမျိုးပြလျက် မညှဉ်းဆဲပါလင့်၊ ဤကဲ့သို့ ဥစ္စာ,မိန်းမ အမျိုးမျိုးပြ၍ ဖြားယောင်းခြင်းသည် ရဟန်းတို့အား ညှဉ်းဆဲခြင်းဖြစ်ပါသည်”ဟု ပြောဆိုလေ၏။ ထို့နောင်မှ မိဖတို့သည် အရှင်သုဒိန်ကို မွန်မြတ်သော ဆွမ်းခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိတို့ကိုယ်တိုင် ပြုစုလုပ်ကျွေးကြလေကုန်၏။

သားမျိုးကို တောင်းခြင်း

     ထိုအခါ အရှင်သုဒိန်၏ မိခင်သည် ဆွမ်းကိစ္စပြီးသော အရှင်သုဒိန်ကို-

“ချစ်သားသုဒိန်.. ဤငါတို့အမျိုးသည် စီးပွါးဥစ္စာ ကြွယ်ဝစွာ၏၊ မြှုပ်နှံထားသည့် ဥစ္စာကား ပေါများလှ၏။ နေ့စဉ်သုံးစွဲရန် များသော စည်းစိမ်ဘဏ္ဍာရှိ၏၊ နှစ်သက်ဖွယ်ရာ များစွာသော အသုံးအဆောင် ရတနာရှိ၏၊ ကူးသန်းရောင်းဝယ် ဖလှယ်သည့် များစွာသော ဥစ္စာစပါးရှိ၏။ ချစ်သားသုဒိန်.. လူထွက်၍ စည်းစိမ်တို့ကိုလည်း ခံစားရန် ကောင်းမှုတို့ကိုလည်း ပြုလုပ်ရန် ရနိုင်ပါ၏။ ချစ်သားသုဒိန်.. လာလော့၊ လူထွက်၍ စည်းစိမ်တို့ကိုလည်း သုံးဆောင် ခံစားလော့၊ ကောင်းမှုတို့ကိုလည်း ပြုလော့”-

၁၅၀

ဟု ပြောဆိုလေသော် အရှင်သုဒိန်သည် “မိခင်.. လူမထွက်နိုင်ပါ။ လူမထွက်ရဲပါ၊ အကျွန်ုပ်သည် အလွန်ပျော်ပိုက်စွာ မြတ်သောအကျင့် (သိက္ခာသုံးပါး)ကို ကျင့်သုံး နေပါသည်”ဟု ဖခင်ကြီးကို ပြောသကဲ့သို့ပင် ငြင်းပယ်စကား ပြန်ကြား ပြောဆိုလေသည်။ နှစ်ကြိမ်မြောက် မိခင်ကြီးက ရှေးနည်းအတူ ပြောဆိုသော အခါမှာလည်း ထိုနည်းအတူပင် အရှင်သုဒိန်သည် ငြင်းပယ်စကား ပြန်ကြားပြောဆိုလေသည်။ သုံးကြိမ်မြောက်၌ကား အရှင်သုဒိန်၏မိခင် သူဌေးကတော်ကြီးသည် အရှင်သုဒိန်ကို-

“ချစ်သားသုဒိန်.. ဤငါတို့အမျိုးသည် စီးပွါးဥစ္စာ ကြွယ်ဝ၏။ မြှုပ်နှံထားသည့် ဥစ္စာပေါများ၏၊ နေ့စဉ်သုံးစွဲရန် များသော စည်းစိမ်ဘဏ္ဍာရှိ၏။ များသော ရွှေငွေရှိ၏။ နှစ်သက်ဖွယ်ရာ များသော အသုံးအဆောင် ရတနာရှိ၏။ ကူးသန်းရောင်းဝယ် ဖလှယ်သည့် များသော ဥစ္စာစပါးရှိ၏၊ ချစ်သားသုဒိန်.. ထိုသို့ဖြစ်လျှင် (သင်ချစ်သား သာသနာ၌ သို့ကလောက် ပျော်မွေ့နေလျှင်) သားမျိုးကိုသော်လည်း ပေးပါလော့၊ အမွေခံသားမရှိသော ငါတို့၏ ပစ္စည်းဥစ္စာကို လိစ္ဆဝီမင်းတို့သည် မင်းဘဏ္ဍာအဖြစ်ဖြင့် မယူဆောင်ကြပါစေလင့်”–

ဟု သားမျိုးပေးရန် တောင်းခံစကား ပြောကြားလေ၏။

     ထိုအခါ အရှင်သုဒိန်သည် “ထိုငါ့မိငါ့ဖတို့၏ ပစ္စည်းဥစ္စာများအပေါ်မှာ ငါသာလျှင် အမွေခံပိုင်ရှင်ဖြစ်၏။ အခြားတဦးတယောက်မျှ မရှိချေ၊ ထိုငါ့မိငါ့ဖတို့သည် (သားမျိုးမပေးသမျှသာဖြင့်) ပစ္စည်းဥစ္စာကို စောင့်ရှောက်ရန် အမြဲတစေ ငါ့နောက်သို့ တကောက်ကောက် လိုက်ကြပေလိမ့်မည်၊ ယင်းသို့ လိုက်နေလျှင် ငါသည် ကြောင့်ကြမဲ့ ရဟန်းတရား ပွါးများကျင့်ကြံခွင့်ကို ရနိုင်လိမ့်မည်မဟုတ်၊ အမွေခံသားငယ်ကို ရမှသာလျှင် မိဖတို့သည် လက်လျှော့ကြလိမ့်မည်၊ ထိုအခါကျမှ ငါသည် ချမ်းချမ်းသာသာ ရဟန်းတရားကို ပွါးများကြိုးကုတ် အားထုတ်နိုင်ပေလိမ့်မည်”ဟု ကြံစည်ဆင်ခြင်ပြီးလျှင် “မိခင်.. ဤသားမျိုးပေးခြင်းကိစ္စကိုမူ

၁၅၁

ပြုလုပ်နိုင်ပါသည်”ဟု (အပြစ်ရှိမည်ကို မသိရှာ၍) ပြန်ကြား ပြောဆိုလေသည်။

     တဖန် မိခင် သူဌေးကတော်ကြီးက “ချစ်သားသုဒိန်.. ယခုအခါ သင်ချစ်သား အဘယ်မှာ နေပါသနည်း”ဟု မေးမြန်းသောအခါ “မိခင်.. မဟာဝုန်တောမှာ နေပါသည်”ဟု ပြန်လည် ဖြေကြားပြီးလျှင် အရှင်သုဒိန်သည် နေရာမှထကာ ဖဲခွါသွားလေ၏။

     ထိုအခါ အရှင်သုဒိန်၏မိခင် သူဌေးကတော်ကြီးသည် အရှင်သုဒိန်၏ ဇနီးဟောင်းကို ခေါ်ပြီးလျှင် “ချစ်သမီး (ချွေးမ).. သားရရန်အကြောင်း တောင်းပန်ပါရစေ၊ ဥတုလာ၍ မိန်းမတို့ဓမ္မတာ ပန်းပွင့်သောအခါ၌ ငါ့အား ပြောကြားပါလော့” ဟု ပြောဆိုလေလျှင် အရှင်သုဒိန်၏ ဇနီးဟောင်းသည် “ကောင်းပါပြီ အရှင်မ..”ဟု ဝန်ခံစကား ပြန်ကြားပြောဆိုလေ၏။

သားမျိုးပေးခြင်း

     ထို့နောက် မကြာမီပင် အရှင်သုဒိန်၏ ဇနီးဟောင်းသည် ဥတုလာ၍ မိန်းမတို့ဓမ္မတာ ပန်းပွင့်သောအခါ၌ မိခင် သူဌေးကတော်ကြီးကို “အရှင်မ.. ကျွန်တော်မမှာ ဥတုလာ၍ ဓမ္မတာပန်းပွင့်ခဲ့ပါပြီ”ဟု ပြောကြားလေသော် မိခင် သူဌေးကတော်ကြီးက “ချစ်သမီး (ချွေးမ).. ထိုသို့ဖြစ်လျှင် သင်သည် ငါ့သားသုဒိန် ကြိုက်နှစ်သက်တတ်သည့် အဝတ်တန်းဆာကို ဝတ်ဆင်လော့”ဟု ပြောကြားသဖြင့် အရှင်သုဒိန်၏ ဇနီးဟောင်း သည် “ကောင်းပါပြီ အရှင်မ..”ဟု ဝန်ခံစကား ပြောကြားကာ လူဖြစ်စဉ်က အရှင်သုဒိန် ကြိုက်နှစ်သက်တတ်သည့် အဝတ်တန်းဆာတို့ကို ဝတ်ဆင်လေ၏။

     ထို့နောက် မိခင် သူဌေးကတော်ကြီးသည် အရှင်သုဒိန်၏ ဇနီးဟောင်းကို ခေါ်ဆောင်၍ မဟာဝုန်တော အရှင်သုဒိန်ထံသို့ သွားရောက်ပြီးလျှင် အရှင်သုဒိန်ကို ရှေးနည်းအတူ လူထွက်၍ စည်းစိမ်ဥစ္စာတို့ကို ခံစားသုံးဆောင်ရန် ကောင်းမှုတို့ကို ပြုလုပ်ရန်

၁၅၂

နှစ်ကြိမ်တိုင်တိုင် ပြောဆိုပြန်လေသည်။ အရှင်သုဒိန်ကလည်း ရှေးနည်းအတူပင် မိမိ လူမထွက်နိုင်ကြောင်း လူမထွက်ရဲကြောင်းနှင့် အလွန်မွေ့လျော် ပျော်ပိုက်စွာ မြတ်သောအကျင့် (သိက္ခာသုံးပါး)ကို ကျင့်ကြံ နေကြောင်း ပြန်ကြား ပြောဆိုလေသည်။ သုံးကြိမ်မြောက်၌ကား အရှင်သုဒိန်၏မိခင် သူဌေးကတော်ကြီးသည် အရှင်သုဒိန်ကို ရှေးဖော်ပြရာပါအတိုင်း သာသနာတော်၌ ဤမျှလောက် မွေ့လျော်နေ၍ လူမထွက်နိုင် လူမထွက်ရဲပါလျှင် ဆွေညွန့်မျိုးညှောက်ဖြစ်သည့် မျိုးပေးရန် တောင်းခံစကား ပြောကြားလေသော် အရှင်သုဒိန်သည် “မိခင်.. ဤသားမျိုးပေးခြင်းကိစ္စကိုမူ ငါသည် ပြုလုပ်နိုင်ပါသည်”ဟု ပြောဆိုပြီးလျှင် ဇနီးဟောင်း၏လက်မောင်းကို ဆွဲကိုင်၍ မဟာဝုန်တောအတွင်းသို့ ဝင်ပြီးလျှင် ပဌမပါရာဇိက သိက္ခာပုဒ်ကို မပညတ်ရသေးမီ ဖြစ်ရကား မေထုန်မှီဝဲမှု၌ အပြစ်ကို မမြင်ရှာပဲ ဇနီးဟောင်း၌ သုံးကြိမ်တိုင်တိုင် အောင်မြင်စွာ မေထုန်အကျင့်ကို ပြုကျင့်မိလေ၏၊ ထိုဇနီးဟောင်းသည် ထိုမေထုန်အကျင့်ကို ပြုကျင့်ခြင်းဖြင့်ပင် ကိုယ်ဝန်ရယူလေတော့၏။

ကိုယ်ဝန်ယူကြောင်း ရှစ်ပါး

ဤ၌-

(၁) မေထုန်မှီဝဲခြင်း,

(၂) ကိုယ်လက်နှီးနှောခြင်း,

(၃) ပုဆိုးအနှီးကို သွင်းယူခြင်း,

(၄) သုက်ကို သောက်မျိုခြင်း,

(၅) ချက်ကို သုံးသပ်ခြင်း,

(၆) ယောက်ျား၏ အဆင်းကို မြင်ခြင်း,

(၇) ၎င်း အသံကို ကြားခြင်း,

(၈) ၎င်း အနံ့ကို နမ်းရှူခြင်း-

ဤအကြောင်း ရှစ်ပါးတို့ကြောင့် မာတုဂါမများသည် ကိုယ်ဝန်ယူနိုင်ကြလေသည်။ ထိုတွင်-

၁၅၃

(၁) မေထုန်မှီဝဲခြင်းကြောင့် ကိုယ်ဝန်ကို ရယူခြင်းကား ထင်ရှားသိသာပြီ၊ (အရှင် သုဒိန်၏ ဇနီးဟောင်း သည် ဤ(၁)အမှတ်ပါ အကြောင်းဖြင့် ကိုယ်ဝန်ရယူလေသည်။)

(၂) အချို့သော မိန်းမများသည် ဥတုပန်းပွင့်သောအခါ ဆန္ဒရာဂ ပြင်းစွာတပ်မက်ကြသဖြင့် ယောက်ျား များ၏ လက်ကိုဆွဲခြင်း, ဆံထုံးကိုဆွဲခြင်း, အခြား အင်္ဂါကြီးငယ်တို့ကို သုံးသပ်ခြင်းများကို သာယာကြသည် ဖြစ်၍လည်း ကိုယ်ဝန်ကို ယူနိုင်ကြလေသည်။ ဤသို့ ကိုယ်လက်နှီးနှောခြင်းဖြင့် ကိုယ်ဝန်ကိုယူခြင်းဖြစ်လေသည်။

(၃) ဘုရားရှင် လက်ထက်တော်အခါက ဥဒါယီမထေရ်သည် ဇနီးဟောင်းဖြစ်သူ ဘိက္ခုနီ၏အင်္ဂါကို စိမ်းစိမ်းကြည့်သဖြင့် သုက်လွတ်ခဲ့ရာ ထိုသုက်လွတ်သည့် သင်္ကန်းကို ဇနီးဟောင်းကို အဖွပ်လျှော်ခိုင်းလေသည်။ ထိုဇနီးဟောင်း ဘိက္ခုနီမသည် ထိုသုက်တစိတ်တဒေသကို ခံတွင်းဖြင့် မျိုခဲ့လေသည်၊ တစိတ်တဒေသကိုကား ပုဆိုးအနှီးနှင့်တကွ မိမိ၏ အင်္ဂါတွင်းသို့ သွင်းလေသည်။ ထိုဘိက္ခုနီမသည် ထိုသို့ ပြုမူခြင်းဖြင့် ကိုယ်ဝန်ယူလေသည်။ ဤသို့ ပုဆိုးအနှီးကို သွင်းခြင်းဖြင့် ကိုယ်ဝန်ကိုယူခြင်း ဖြစ်လေသည်။

(၄) ငါးရာ့ငါးဆယ် ဇာတ်တော်ဝယ် မိဂသိင်္ဂရှင်ရသေ့၏ မိခင်ဖြစ်သော သမင်မသည် ဥတုပန်းပွင့်သော အခါ၌ ဖခင်ရသေ့၏ ကျင်ငယ်စွန့်ရာအရပ်သို့ လာရောက်၍ သုက်နှင့်တကွသော ကျင်ငယ်ကို သောက်မျိုလေသည်။ ထိုသမင်မသည် ထိုသို့ ပြုမူခြင်းဖြင့် ကိုယ်ဝန်ယူ၍ မိဂသိင်္ဂသူငယ်ကို ဖွားမြင်လေသည်။ ဤသို့ သုက်ကို သောက်မျိုခြင်းဖြင့် ကိုယ်ဝန်ယူခြင်း ဖြစ်လေသည်။

၁၅၄

(၅) သုဝဏ္ဏသာမဇာတ်ဝယ် အလောင်းတော် သုဝဏ္ဏသာမ၏ မယ်တော် ခမည်းတော်များ မျက်စိကွယ် ကြမည့်အရေးကို ကြိုတင်သိမြင်၍ သိကြားမင်းသည် သားကို ပေးလိုသည်ဖြစ်၍ ဒုကူလပညာရှိရသေ့ကို “အရှင်ရသေ့တို့အား မေထုန်မှုသည် အပ်စပ်ပါသလော”ဟု မေးလေသည်၊ ဒုကူလပညာရှိရသေ့က “အပ်သည်ဖြစ်စေ, မအပ်သည်ဖြစ်စေ ငါတို့သည် ဤမေထုန်အကျင့်ကို အလိုမရှိကြ၍ ရသေ့ရဟန်း ပြုလုပ်ကြသည်”ဟု ပြန်ကြား ပြောဆိုလတ်သော် သိကြားမင်းသည် “ထိုသို့ဖြစ်လျှင် ဤပါရိကာရသေ့မ ဥတုပန်း ပွင့်သောအခါ၌ အရှင်ဒုကူလပညာရှိ၏ လက်မဖြင့် ပါရိကာ ရှင်ရသေ့မ၏ချက်ကို သုံးသပ်တော်မူကြပါကုန်လော့”ဟု ပြောဆိုလေသည်။ ဒုကူလ ပညာရှိရသေ့သည် သိကြားမှာကြား ပြောဆိုသည့်အတိုင်း ပြုလုပ်လေသည်။ ပါရိကာ ရှင်ရသေ့မသည် ထိုသို့ပြုမူချက်ဖြင့် ကိုယ်ဝန်ရယူ၍ အလောင်းတော် သုဝဏ္ဏသာမ သူငယ်ကို ဖွားမြင်လေသည်။ ဤသို့ ချက်ကို သုံးသပ်ခြင်းဖြင့် ကိုယ်ဝန်ကိုယူခြင်း ဖြစ်လေသည်။

ဤနည်းအတူပင် ဒိဋ္ဌမင်္ဂလိကာ သူဌေးသမီး ဥတုပန်းပွင့်သောအခါ အလောင်းတော် မာတင်္ဂရသေ့က ချက်ကို သုံးသပ်သဖြင့် ဒိဋ္ဌမင်္ဂလိကာ သူဌေးသမီးသည် ကိုယ်ဝန်ယူ၍ မဏ္ဍဗျသူငယ်ကို ဖွားမြင်လေသည်။ စဏ္ဍပဇ္ဇောတမင်း၏ မယ်တော်မှာ ဥတုပန်းပွင့်သောအခါ ချက်ပေါ်၌ ကင်းခြေများ ဖြတ်သန်းသွားသည်ကို သာယာ၍ ကိုယ်ဝန်ယူပြီးလျှင် စဏ္ဍပဇ္ဇောတမင်းသားကို ဖွားမြင်လေသည်။

(၆) ဤလောက၌ အချို့သော မိန်းမသည် ဥတုပန်းပွင့်သောအခါ၌ ယောက်ျားနှင့် ပေါင်းသင်းမှုကို မရရှိသည်ဖြစ်၍ ကာမရာဂ၏အစွမ်းဖြင့် အိမ်တွင်း၌ တည်နေလျက်ပင် မင်းမောင်းမများကဲ့သို့ ယောက်ျားကို စိမ်းစိမ်းကြည့်ရှုသဖြင့် ကိုယ်ဝန်ယူနိုင်လေသည်။ (သီဟိုဠ်ကျွန်း၌

၁၅၅

နန်းတွင်းသူ မင်းမောင်းမတယောက် ထိုအတိုင်း ဖြစ်ခဲ့ဘူးလေသည်)။ ဤသို့ ယောက်ျား၏အဆင်းကို မြင်ခြင်းဖြင့် ကိုယ်ဝန်ယူခြင်း ဖြစ်လေသည်။

(၇) ဗျိုင်းအောက်များ၌ အဖိုဟူ၍ တကောင်မျှမရှိချေ။ ထိုဗျိုင်းအောက်မများသည် မိမိတို့ဥတုပန်း ပွင့်သောအခါ မိုးချုန်းသံကို ကြားရ၍ ကိုယ်ဝန်ယူကြလေသည်။ ကြက်မများသည်လည်း တရံတခါ ကြက်ဖတကောင်၏ တွန်သံကို ကြားရ၍ ကြက်မအများပင် ကိုယ်ဝန်ယူကြလေသည်။ ထို့အတူ နွားမများသည်လည်း တရံတခါ ဥသဘနွားတကောင်၏ တွန်သံကို ကြားရ၍ နွားမအများပင် ကိုယ်ဝန်ယူကြလေသည်။ ဤသို့ ယောက်ျား (အဖို)၏ အသံကို ကြားခြင်းဖြင့် ကိုယ်ဝန်ယူခြင်း ဖြစ်လေသည်။

(၈) နွားမများသည်ပင် တရံတခါ ဥသဘနွားလားအနံ့ကို နမ်းရှုကြရသဖြင့် ကိုယ်ဝန်ယူကြလေသည်။ ဤသို့ ယောက်ျား (အဖို)၏ အနံ့ကို နမ်းရှူခြင်းဖြင့် ကိုယ်ဝန်ယူခြင်း ဖြစ်လေသည်။

ဤသို့ ကိုယ်ဝန်ရယူကြောင်းရှစ်ပါးကို အထူး မှတ်သားရာ၏။ ။(ဝိနည်းပါရာဇိကဏ် အဋ္ဌကထာ ဝိ၊ ဋ္ဌ၊ ၁၊ စာမျက်နှာ-၁၇၉-မှ)။

နတ်ဗြဟ္မာတို့၏ အုတ်ကျက်ဆူညံ ကဲ့ရဲ့သံကြီး ဖြစ်ပွါးခြင်း

     ထိုသို့ အရှင်သုဒိန်က ဇနီးဟောင်း၌ မေထုန်မှုကို ပြုကျင့်သောအခါ (လောက၌ အကုသိုလ်မှု ပြုသောသူအတွက် ဆိတ်ကွယ်ရာဟူ၍ မရှိချေ။ မှန်၏- အလျင်လက်ဦး ထိုမကောင်းမှု အကုသိုလ်ကို အကုသိုလ်ပြုလုပ်သူ သိ၏။ ထို့နောက် ကိုယ်စောင့်နတ်, တောစောင့်နတ်များ သိကြ၏၊ ထို့နောက် အခြားသော နတ်ဗြဟ္မာများ ဆင့်ကဲ ဆင့်ကဲ သိရှိကြလေသည်။ ထို့ကြောင့်) မဟာဝုန်တောအလုံး၌ မှီ၍နေကြသော ဘုမ္မစိုးနတ်တို့သည် ထိုလွန်ကျူးမှုကို မြင်ကြ၍

၁၅၆

အထက်အထက် နတ်ဗြဟ္မာများ ဆင့်ကဲ ဆင့်ကဲ ကြားကြလောက်အောင်ပင်-

“အချင်းတို့.. ရဟန်းသံဃာသည် (ရှေးအခါက) ဒုဿီလတည်းဟူသော ခိုးသူမှ ကင်းခဲ့လေပြီတကား၊ ဒုဿီလတည်းဟူသော အပြစ်မှ ကင်းခဲ့လေပြီတကား၊ ယခုအခါမူ ကလန္ဒသူဌေးသား သုဒိန်သည် ဒုဿီလတည်းဟူသော ခိုးမှုကို ဖြစ်စေခဲ့လေပြီတကား၊ ဒုဿီလတည်းဟူသော အပြစ်ကို ဖြစ်စေခဲ့လေပြီတကား”–

ဟု ဟစ်အော် ကြွေးကြော်ကြလေကုန်၏။ ဘုမ္မစိုးနတ်တို့၏ အသံကိုကြား၍ အာကာသစိုး = စတုမဟာရာဇ်နတ်များ, တာဝတိံသာနတ်များ, ယာမာနတ်များ, တုသိတာနတ်များ, နိမ္မာနရတိနတ်များ, ပရနိမ္မိတဝသဝတ္တီနတ်များ, ဗြဟ္မာများတို့သည်လည်း ထို့အတူပင် အဆင့်ဆင့် ဟစ်အော် ကြွေးကြော်ကြလေသည်။ ဤသို့လျှင် ထိုခဏအတွင်းမှာပင် ဗြဟ္မာပြည်တိုင်အောင် အုတ်ကျက်ဆူညံ ကဲ့ရဲ့ရှုတ်ချသော ကြွေးကြော်သံသည် လွှမ်း၍တက်သွားလေ၏။

     ထို့နောက် အရှင်သုဒိန်၏ ဇနီးဟောင်းသည် ထိုကိုယ်ဝန်ရင့် ကျက်ခြင်းသို့ရောက်၍ သားယောက်ျားကို ဖွားမြင်လေ၏။ ထိုအခါ အရှင်သုဒိန်၏ သူငယ်ချင်းတို့က ထိုသူငယ်အား (အခြားအမည်ကို မှည့်ခွင့်မပေးကြပဲ “ဗီဇကမ္ပိ ဒေဟိ = ချစ်သားသုဒိန်.. ထိုသို့ဖြစ်လျှင် သားမျိုးစေ့ကိုသော်လည်း ပေးလော့”ဟု အဖွားဖြစ်သူ၏ ပြောဆို တောင်းခံအပ်ကြောင်း ထင်ရှားလှသောကြောင့်) ဗီဇကဟု အမည်မှည့်ကြလေ၏။ အရှင်သုဒိန်၏ ဇနီးဟောင်းအား ဗီဇကမာတာ-ဟု အမည်မှည့်ကြလေ၏။ အရှင်သုဒိန်အား ဗီဇကပိတာ-ဟု အမည်မှည့်ကြလေ၏။

     ထိုဗီဇကနှင့် ဗီဇကမာတာ = သားအမိနှစ်ယောက်တို့သည် ခုနစ်နှစ် ရှစ်နှစ်မျှကြာသော နောက်အခါ၌ လူ့ဘောင်မှ ထွက်ကြကာ ရဟန်းဘောင်သို့ ဝင်ရောက်ကြ၍ အသီးသီး ရဟန်းယောက်ျား ရဟန်းမ ပြုလုပ်ကြပြီးလျှင် ဆရာသမားကောင်း

၁၅၇

ကလျာဏ မိတ်ဆွေကောင်း အမှီရကြသဖြင့် အရဟတ္တဖိုလ်၌ တည်ကြလေကုန်သည်။

     ဤသို့လျှင် (နောက်အခါ၌) သားအမိ နှစ်ယောက်တို့၏ ရဟန်းအဖြစ်သည် အကျိုးရသော ရဟန်းအဖြစ် ဖြစ်လေသည်။ အဖဖြစ်သူ (အရှင်သုဒိန်)ကား နှလုံးမသာယာခြင်း ပြင်းစွာ အနှိပ်စက်ခံရလျက်သာ နေရှာရလေ၏။

(ဤအရာဝယ်။ ။အဋ္ဌကထာ၌ “ပိတာ ပန ဝိပ္ပဋိသာရာဘိဘူတော ဝိဟာသိ = အဖဖြစ်သူ (အရှင်သုဒိန်) ကား နှလုံးမသာယာခြင်း ပြင်းစွာ အနှိပ်စက်ခံရလျက်သာ နေရှာရလေ၏”ဟု ဖွင့်ပြသောကြောင့် အရှင် သုဒိန်အဖို့ရာ ထိုကိုယ်အဖြစ် (ထိုဘဝ)၌ အရဟတ္တဖိုလ်ကိုရခြင်း အလျှင်းမရှိဟု သိမှတ်ရာ၏။ သာရတ္ထဋီ၊ ၂၊ ၁၅-မှ။

အဋ္ဌကထာဝယ် (ရှေး) ကလန္ဒသူဌေးသားသုဒိန် တရားနာသွားသောအခဏ်း (ဝိ၊ ဋ္ဌ၊ ၁၊ ၁၆၈)၌ “ဘဗ္ဗကုလပုတ္တဿ = မဂ်ဖိုလ်ရထိုက်သည့် အမျိုးကောင်းသား”ဟု ဖွင့်ဆိုထားသော်လည်း မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံသူပင် ဖြစ်လင့်ကစား အဇာတသတ်မင်းအားကဲ့သို့ မဂ်ဖိုလ်၏အန္တရာယ် ဖြစ်လိမ့်မည် ဖြစ်သောကြောင့် ဤအရှင်သုဒိန်အားလည်း မိမိပြုမှားမိသော (ဇနီးဟောင်း၌ မေထုန်မှီဝဲမှု) မကောင်းမှုကို အကြောင်းပြုကာ နှလုံးမသာယာခြင်း ပြင်းစွာ နှိပ်စက်သောကြောင့် မဂ်ဖိုလ်၏အန္တရာယ် ဖြစ်လေသည်-ဟူ၍ ဆရာတို့ ဆိုတော်မူကြကုန်၏။

ဤ၌ မေးဖွယ်ရှိသည်ကား.. မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံသောသူတို့မှာ မြတ်စွာဘုရားရှင်၏ လက်ထက်တော် မျက်မှောက်တော်မှာလည်း မဂ်ဖိုလ်၏အန္တရာယ် ဖြစ်နိုင်ပါသလောဟု မေးဖွယ်ရှိ၏။

အဖြေကား.. ဖြစ်နိုင်ပါ၏။ အထူးကား မြတ်စွာဘုရားရှင်တို့ကိုစွဲ၍ (ထိုမဂ်ဖိုလ်၏ အန္တရာယ်)ဖြစ်သည် မဟုတ်ပေ။ မှန်၏- မြတ်စွာဘုရားရှင်တို့သည် သူတပါးတို့ မဂ်ဖိုလ်ကိုရရန် အားထုတ်ခြင်း ဖြစ်ရှိတော်မူကြလျက် ထိုသူတပါးတို့ မဂ်ဖိုလ်ရရှိရေး၌ အမြဲမပြတ် သင့်လျောက်ပတ်အောင်သာ အားထုတ်တော်မူကြကုန်၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်တို့ကိုစွဲ၍ ထိုရှေးကောင်းမှု ကုသိုလ်နှင့် ပြည့်စုံသောသူတို့မှာ မဂ်ဖိုလ်၏အန္တရာယ် မဖြစ်နိုင်။

၁၅၈

စင်စစ်သော်ကား (၁) ပြုလုပ်ဆောင်ရွက်မှု ယုတ်လျော့ခြင်း (၂) မိတ်ဆွေမကောင်းနှင့် ပေါင်းမိခြင်း = ဤအကြောင်းများကြောင့် မဂ်ဖိုလ်၏အန္တရာယ် ဖြစ်ရလေသည်။

ထိုနှစ်ပါးတို့တွင် (၁) ပြုလုပ်ဆောင်ရွက်မှု ယုတ်လျော့ခြင်းသည်လည်း (က) တရားဟောပုဂ္ဂိုလ်၏ ထိုမဂ်ဖိုလ်အားလျော်သော (တရားဟောမှု) လုံ့လ၏ မရှိခြင်း (ခ) ထိုရှေးကောင်းမှု ကုသိုလ်နှင့် ပြည့်စုံသောသူ၏ မဂ်ဖိုလ်အားလျော်သော ကျင့်ကြံအားထုတ်မှု၏ မရှိခြင်းဟူ၍ နှစ်မျိုး ပြားပြန်လေသည်။

ထိုတွင် (က)အမှတ် တရားဟောပုဂ္ဂိုလ်ဖက်ဆိုင်ရာ ဆောင်ရွက်မှု ယုတ်လျော့ခြင်းမှာ သာဝကများမှာသာဖြစ်နိုင်၏၊ မြတ်စွာဘုရားရှင်တို့မှာ မဖြစ်နိုင်။ ချဲ့ဦးအံ့- (မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော် ဗြာဟ္မဏဝဂ်၌ ဓနဉ္ဇာနီသုတ္တန်ဟူ၍ လာရှိသည်၊ ထိုသုတ္တန်၌ အရှင်သာရိပုတ္တရာ မထေရ်သူမြတ်က ဓနဉ္ဇာနီပုဏ္ဏားကြီး သေခါနီးကာလ၌ ဗြဟ္မာ့ပြည်ရောက်ကြောင်းဖြစ်သည့် ဗြဟ္မဝိဟာရတရား လေးပါးကို ဟောကြားသဖြင့် ထိုပုဏ္ဏားကြီး စုတေသောအခါ ဗြဟ္မာ့ပြည်ရောက်ကြောင်း လာရှိသည်။ အကျယ်ကို ပိဋကတ်မြန်မာပြန် ထိုသုတ္တန်ကို ကြည့်ရှုမှတ်ယူရာ၏)။ အကယ်၍ တရားစစ်မှူး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ မထေရ်သူမြတ်သည် ဓနဉ္ဇာနီပုဏ္ဏားကြီး၏ အာသယဓာတ်ကို သိရှိ၍ တရားဟောလျှင် ထိုပုဏ္ဏားကြီးသည် သောတာပန် ဖြစ်လေရာ၏။ ယခုမူ ထိုကဲ့သို့ မဟုတ်သဖြင့် အရိယာမဖြစ်လေ။ ဤသို့ တရားဟောပုဂ္ဂိုလ်ဖက်ဆိုင်ရာ ဆောင်ရွက်မှု ယုတ်လျော့ခြင်းကြောင့် မဂ်ဖိုလ်မရမှုအန္တရာယ် ဖြစ်လေသည်။

(ခ) အမှတ်ပြ ရှေးကောင်းမှု ကုသိုလ်နှင့် ပြည့်စုံသောသူဖက်ဆိုင်ရာ ဆောင်ရွက်မှု ယုတ်လျော့ခြင်းအတွက် (မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ၁-ဂဟပတိဝဂ်၌ ၁-ကန္ဒရကသုတ္တန်ဟူ၍ လာရှိသည်။ ထိုသုတ္တန်၌ ကန္ဒရကအမည်ရှိသော ပရိဗိုဇ်နှင့် ဆင်ဆရာ၏သား ပေဿအမည်ရှိသောသူတို့ မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ လာရောက်ကြရာ မြတ်စွာဘုရားရှင်က ဆင်ဆရာ၏သား ပေဿအား အတ္တန္တပပုဂ္ဂိုလ် = မိမိကိုယ်ကို ပူပန်စေတတ်သည့်ပုဂ္ဂိုလ် အစရှိသော ပုဂ္ဂိုလ်လေးမျိုးတို့ကို ဟောကြားတော်မူရာ အကျဉ်း ဥဒ္ဒေသ မာတိကာမျှကို ဟောပြီးလျှင်ပင် အကျယ်နိဒ္ဒေသ ပဒဘာဇနီကို မဟောရသေးမီ ဆင်ဆရာ၏သား ပေဿသည် အားရကျေနပ်ကာ ဖဲသွားလေသည်။

၁၅၉

အကျယ်နိဒ္ဒေသ ပဒဘာဇနီကို ဟောပြီးသည်တိုင်အောင် နာယူလျှင် ပေဿသည် သောတာပန်ဖြစ်လေရာ၏၊ ယခုမူ အကျဉ်းဥဒ္ဒေသ မာတိကာမျှကို နာယူပြီး ထသွားသည့်အတွက် သံဃာ၌ ကြည်ညိုခြင်း, သတိပဋ္ဌာန်သိမ်းဆည်းပုံ နည်းအသစ်ကို ရရှိခြင်း ဤအကျိုးအာနိသင် နှစ်ပါးကိုသာ ရရှာလေသည်။ အကျယ်ကို ပိဋကတ်မြန်မာပြန် ထိုသုတ္တန်မှ ထုတ်နုတ်မှတ်ယူရာ၏)။ အကယ်၍ ဆင်ဆရာ၏သား ပေဿသည် မြတ်စွာဘုရားရှင် မျက်မှောက်တော်ဝယ် တရားနာစဉ် အတ္တန္တပစသော ပုဂ္ဂိုလ်လေးမျိုးတို့ကို အကျယ်အားဖြင့် မြတ်စွာဘုရားရှင် ဝေဘန်၍ ဟောကြားပြီးဆုံးသည်တိုင် တခဏမျှ စောင့်ဆိုင်းနေလျှင် သောတာပန် ဖြစ်လေရာ၏၊ ယခုမူ ထိုမျှလောက် စောင့်၍မနေသဖြင့် သောတာပန်မဖြစ်လေ။ ဤသို့ ရှေးကောင်းမှုကုသိုလ်နှင့် ပြည့်စုံသောသူဖက်ဆိုင်ရာ ဆောင်ရွက်မှု ယုတ်လျော့ခြင်းကြောင့် မဂ်ဖိုလ်မရမှုအန္တရာယ် ဖြစ်လေသည်။

(၂) မိတ်ဆွေမကောင်းနှင့် ပေါင်းမိခြင်းကြောင့် မဂ်ဖိုလ်၏ အန္တရာယ်ဖြစ်ရပုံမှာ အဇာတသတ်မင်းသည် ဒေဝဒတ်တည်းဟူသော ပါပမိတ်၏စကားကို နာယူကာ အဖသတ်မှုကို အကယ်၍ မပြုမိငြားအံ့၊ သာမညဖလသုတ်ကို မြတ်စွာဘုရား ဟောကြား၍ နာယူရသောနေ့၌ သောတာပန် ဖြစ်လေရာ၏။ ယခုမူ ဒေဝဒတ်တည်းဟူသော ပါပမိတ်၏စကားကို နာယူကာ အဖသတ်မှုကို ပြုမိမှားသောကြောင့် သောတာပန် အရိယာ မဖြစ်ရှာလေ။ ဤသို့ မိတ်ဆွေမကောင်းနှင့် ပေါင်းမိခြင်းကြောင့် မဂ်ဖိုလ်၏အန္တရာယ် ဖြစ်ရလေသည်။

ယခု အရှင်သုဒိန်မှာလည်း မိတ်ဆွေမကောင်းနှင့် ပေါင်းမိခြင်းကြောင့် မဂ်ဖိုလ်၏အန္တရာယ် ဖြစ်ရသည်ဟု မှတ်ယူရာ၏။ အကယ်၍ အရှင်သုဒိန်သည် မိဖတို့၏စကားကို မနာယူဘဲ ဇနီးဟောင်း၌ မေထုန်မှီဝဲမှု မပြုမှားမိခဲ့လျှင် ထိုမေထုန်မှီဝဲမှုကို အကြောင်းရင်းပြုကာ နှလုံးမသာယာမှုအတွက် မဂ်ဖိုလ်၏အန္တရာယ် မဖြစ်လေရာ၊ ယခုမူ မိဖတို့၏စကားကို နာယူကာ ဇနီးဟောင်း၌ မေထုန်မှီဝဲမှုကို ပြုမှားမိသောကြောင့် ထိုမေထုန်မှီဝဲမှုကို အကြောင်းရင်းပြုကာ နှလုံးမသာယာခြင်း ဖြစ်ရလေသည်။ ထိုနှလုံးမသာယာခြင်း ပြင်းစွာ နှိပ်စက်အပ်သောကြောင့် မဂ်ဖိုလ်ကိုမရမှု အန္တရာယ် ဖြစ်ရလေသည်။ သာရတ္ထဒီပနီဋီကာ ဒုတိယအုပ် စာမျက်နှာ ၁-နှင့် ၂-မှ)။

၁၆၀

အရှင်သုဒိန်၏ နောင်တတဖန် ပူပန်မှု

     ထိုအခါ အရှင်သုဒိန်၏ စိတ်သန္တာန်ဝယ်“ဈာန်စသော ကျေးဇူးတရားတို့ကို မရလေစွာ့တကား၊ ငါ့အား ရှင်ရဟန်းအဖြစ်ကို အရမတော်လေစွာ့တကား၊ ငါသည် သာသနာတော်ကို မကောင်းသဖြင့် ရအပ်ပေစွာ့တကား၊ ငါသည် သာသနာတော်ကို ကောင်းစွာ မရအပ်ပေစွာ့တကား၊ (အကြောင်းသော်ကား) ငါသည် ဤသို့ ကောင်းစွာ ဟောကြားထားအပ်သည့် ဓမ္မဝိနယ သာသနာတော်၌ ရဟန်းပြုရပြီးလျှင် သိက္ခာသုံးရပ် မြတ်သောအကျင့်ကို အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာ ကျင့်သုံးရန် မတတ်နိုင်ခဲ့”ဟု နောင်တတဖန် ပူပန်ခြင်း နှလုံးမသာယာခြင်း ဖြစ်ရှိလေ၏။ အရှင်သုဒိန်သည် ထိုနောင်တတဖန် ပူပန်ခြင်း နှလုံးမသာယာခြင်းများကြောင့် တနေ့တခြား ကြုံလှီ၍ သွားပြီးလျှင် အသားအရေ ခေါင်းပါး ခြောက်တပ်လျက် ရုပ်အဆင်းပျက်ကာ ဖက်ရွက်လျော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိရှာလေပြီ၊ ကွန်ယက်ကို ဖြန့်ခင်းထားသည့်အလား အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိလျက် အတွင်းဆွေးဆွေးသောစိတ်, ဆုတ်နစ်သောစိတ်များ တရိပ်ရိပ် ဖြစ်ပွါးပြီးလျှင် ကိုယ်ရောစိတ်ပါ မချမ်းသာပဲ နှလုံးမသာယာခြင်း အပြင်းနှိပ်စက်ကာ ကြံမှိုင်လျက်သာ နေရှာလေ၏။

     ထိုအခါ အရှင်သုဒိန်၏သူငယ်ချင်း ရဟန်းတို့က အရှင်သုဒိန်ကို “ရှင်သုဒိန်.. သင်သည် ရှေးကဆိုလျှင် အဆင်းလှသူ ဣန္ဒြေပြည့်ဖြိုးသူ မျက်နှာအဆင်း သန့်ရှင်းကြည်လင်သူ ကိုယ်ရေအဆင်း အထူးကြည်လင်သူ ဖြစ်ပါလျက် ယခုအခါ သင်သည် တနေ့တခြား ကြုံလှီသွားပြီးလျှင် အသားအရေ ခေါင်းပါး ခြောက်တပ်လျက် ရုပ်အဆင်းပျက်ကာ ဖက်ရွက်လျော်ကဲ့သို့ ဖြေဖျော့လျော့သာအဆင်း ရှိနေလေပြီ၊ ကွန်ယက်ကို ဖြန့်ခင်းထားသည့်အလား အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိလျက် အတွင်းဆွေးဆွေးသောစိတ် ဆုတ်နစ်သောစိတ်များ တရိပ်ရိပ် ဖြစ်ပွားပြီးလျှင် ကိုယ်ရောစိတ်ပါ မချမ်းသာပဲ နှလုံးမသာယာခြင်း အပြင်းနှိပ်စက်ကာ ကြံမှိုင်လျက်သာ နေ၏။ အသို့နည်း ငါ့ရှင်သုဒိန်.. သင်သည်

၁၆၁

သာသနာတော်ဝယ် မမွေ့လျော်ပဲ သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်ကြံနေရသလော”ဟု ပြောဆိုကြလေသော် အရှင်သုဒိန်သည်—

“ငါ့ရှင်တို့.. ငါသည် သာသနာတော်ဝယ် မမွေ့လျော်ပဲ သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်ကြံနေသည် မဟုတ်ပါ။ ငါပြုမှားမိသော မကောင်းမှုတခုရှိပါသည်၊ ဇနီးဟောင်း၌ မေထုန်အကျင့်ကို ပြုကျင့်မိပါပြီ။ ငါ့ရှင်တို့.. ငါ၏စိတ်သန္တာန်ဝယ် ‘ငါ့အား ဈာန်စသော ကျေးဇူးတရားတို့ကို မရလေစွာ့တကား၊ ငါ့အား ရဟန်းအဖြစ်ကို အရမတော်လေစွာ့တကား၊ ငါသည် သာသနာတော်ကို မကောင်းသဖြင့် ရအပ်ပေစွာ့တကား၊ ငါသည် သာသနာတော်ကို ကောင်းစွာ မရအပ်စွာ့တကား၊ (အကြောင်းသော်ကား) ငါသည် ဤသို့ ကောင်းစွာဟောကြားအပ်သည့် ဓမ္မဝိနယ သာသနာတော်၌ ရဟန်းပြုရပြီးလျှင် သိက္ခာသုံးရပ် မြတ်သောအကျင့်ကို အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာ ကျင့်သုံးရန် မတတ်နိုင်ခဲ့ချေ’ဟု နောင်တတဖန် ပူပန်ခြင်း နှလုံးမသာယာခြင်း ဖြစ်ရှိနေပါသည်”–

ဟု ပြန်ကြားပြောဆိုလေ၏။

     ထိုအခါ အရှင်သုဒိန်၏ သူငယ်ချင်းရဟန်းတို့သည် အရှင်သုဒိန်ကို-

“ငါ့ရှင်သုဒိန်.. သင်သည် ဤသို့ ကောင်းစွာ ဟောကြားထားအပ်သည့် ဓမ္မဝိနယ သာသနာတော်၌ ရဟန်း ပြုရပြီးလျှင် သိက္ခာသုံးရပ် မြတ်သောအကျင့်ကို အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာ ကျင့်သုံးရန် မတတ်နိုင်တုံဘိရကား သင့်အဖို့ရာ နောင်တတဖန် ပူပန်ခြင်း နှလုံးမသာယာခြင်း ဖြစ်ထိုက်ပါပေ၏။

ငါ့ရှင်သုဒိန်.. မြတ်စွာဘုရားရှင်သည် များစွာသော အကြောင်းဖြင့် ရာဂနှင့်တကွ ဖြစ်ခြင်းငှါ တရားတော်ကို

၁၆၂

ဟောတော်မမူပဲ ရာဂကင်းရန် ဟောတော်မူအပ်သည် မဟုတ်ပါလော၊ ကာမဂုဏ်နှင့် စပ်ယှဉ်ခြင်းငှါ တရားတော်ကို ဟောတော်မမူပဲ ကာမဂုဏ်နှင့် မစပ်ယှဉ်ရန် ဟောတော်မူအပ်သည် မဟုတ်ပါလော၊ တဏှာဒိဋ္ဌိဖြင့် စွဲလမ်းခြင်းနှင့်တကွ ဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူပဲ တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းရန် ဟောတော်မူအပ်သည် မဟုတ်ပါလော။ ငါ့ရှင်သုဒိန်.. မြတ်စွာဘုရားရှင်က ထိုသို့ ရာဂကင်းရန် တရားတော်ကို ဟောတော်မူအပ်ပါလျက် သင်သည် ရာဂနှင့်တကွဖြစ်ရန် အားထုတ်ဘိ၏။ ကာမဂုဏ်နှင့် မစပ်ယှဉ်ရန် တရားတော်ကို ဟောတော်မူအပ်ပါလျက် ကာမဂုဏ်နှင့်စပ်ယှဉ်ရန် အထုတ်ဘိ၏။ တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းရန် တရားတော်ကို ဟောတော်မူအပ်လျက် တဏှာဒိဋ္ဌိဖြင့် စွဲလမ်းခြင်းနှင့်တကွဖြစ်ရန် အားထုတ်ဘိ၏။

ငါ့ရှင်.. မြတ်စွာဘုရားရှင်သည် များစွာသော အကြောင်းဖြင့် ရာဂကင်းဖို့ရန် မာန်မယစ်ဖို့ရန် ကိလေသာဟူသော ဆာလောင်မွတ်သိပ်မှုကို ပယ်ဖျောက်ဖို့ရန် တဏှာမပြယ် အတာအတွယ်ကို ပယ်ဖြတ်ဖို့ရန် ဝဋ်မြစ်ကို ဖြတ်ဖို့ရန် တဏှာကုန်ဖို့ရန် မတပ်မက်ဖို့ရန် တဏှာချုပ်ငြိမ်းဖို့ရန် ကိလေသာငြိမ်းအေးဖို့ရန် တရားတော်ကို ဟောတော်မူအပ်သည် မဟုတ်ပါလော။

ငါ့ရှင်.. မြတ်စွာဘုရားရှင်သည် များစွာသော အကြောင်းဖြင့် ကာမဂုဏ်များကို ပယ်ရှားမှုကို ဟောတော်မူအပ်သည် မဟုတ်ပါလော၊ ကာမဂုဏ်သညာစိတ်တို့ကို ပိုင်းခြား၍သိမှုကို ဟောတော်မူအပ်သည် မဟုတ်ပါလော၊ ကာမဂုဏ်၌ မွတ်သိပ်ခြင်းတဏှာကို ပယ်ဖျောက်မှုကို ဟောတော်မူအပ်သည် မဟုတ်ပါလော၊ ကာမဂုဏ်နှင့်စပ်သော အကြံအစည် = ကာမဝိတက်များကို ပယ်ဖြတ်မှုကို ဟောတော်မူအပ်သည် မဟုတ်ပါလော၊

၁၆၃

ကာမဂုဏ် အပူအအိုက်တို့၏ ငြိမ်းအေးမှုကို ဟောတော်မူအပ်သည် မဟုတ်ပါလော။

ငါ့ရှင်.. ဤယခု သင်ပြုမိသော မကောင်းမှုသည် မကြည်ညိုသေးသောသူတို့အဖို့ ကြည်ညိုရန်၎င်း, ကြည်ညိုပြီးသော သူတို့အဖို့ တိုး၍ ကြည်ညိုရန်၎င်း မဖြစ်နိုင်ပေ။ ငါ့ရှင်.. အမှန်စင်စစ်တော့ ဤယခု သင်ပြုမိသော မကောင်းမှုသည် မကြည်ညိုသေးသောသူတို့အဖို့ မကြည်ညိုစေရန်နှင့် ကြည်ညိုပြီးသော အချို့သူတို့အဖို့ အကြည်ညိုပျက်စေရန်သာ ဖြစ်ပေ၏”–

ဟူ၍ များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်စကား ပြောကြားကြပြီးလျှင် မြတ်စွာဘုရားရှင်အား ဤအကြောင်းကို လျှောက်ထားကြလေကုန်၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ဤအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် အရှင်သုဒိန်ကို “သုဒိန်.. သင်သည် ဇနီးဟောင်း၌ မေထုန်အကျင့်ကို ပြုကျင့်မှီဝဲ၏ဟူသည် မှန်သလော”ဟု မေးတော်မူ၍ အရှင်သုဒိန်က “မှန်ပါသည် မြတ်စွာဘုရား..”ဟု ပြန်ပြီး လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်သည် ဤဆိုလတ္တံ့သောအတိုင်း ကဲ့ရဲ့ရှုတ်ချတော်မူ၏-

“မောဃ ပုရိသ = မဂ်ဖိုလ်မရ ကိစ္စမပြီး အချည်းနှီးသော ယောက်ျား.. (ယခု သင်ပြုသောအမှုသည်) ရဟန်းတို့အား မလျောက်ပတ် မလျော်ကန် မသင့်တင့်၊ ရဟန်းတို့အပြုအမူမဟုတ်၊ အပ်လည်း မအပ်စပ်၊ ပြုလည်းမပြုသင့်။ အချည်းနှီးသောယောက်ျား.. သင်သည် အဘယ့်ကြောင့် ဤသို့ ကောင်းစွာ ဟောကြားထားအပ်သည့် ဓမ္မဝိနယ သာသနာတော်၌ ရဟန်းပြုရပြီးလျှင် သိက္ခာသုံးရပ် မြတ်သောအကျင့်ကို အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာ ကျင့်သုံးရန် မတတ်နိုင်ဘိသနည်း။

၁၆၄

အချည်းနှီးသောယောက်ျား.. ငါဘုရားသည် များစွာသော အကြောင်းဖြင့် ရာဂနှင့် တကွဖြစ်ခြင်းငှါ တရားတော်ကို ဟောအပ်သည် မဟုတ်ပဲ ရာဂကင်းရန် ဟောအပ်သည် မဟုတ်လော၊ ကာမဂုဏ်နှင့် စပ်ယှဉ်ခြင်းငှါ တရားတော်ကို ဟောအပ်သည်မဟုတ်ပဲ ကာမဂုဏ်နှင့် မစပ်ယှဉ်ရန် ဟောအပ်သည် မဟုတ်လော၊ တဏှာဒိဋ္ဌိဖြင့် စွဲလမ်းခြင်းနှင့်တကွ ဖြစ်ခြင်းငှါ တရားတော်ကို ဟောအပ်သည် မဟုတ်ပဲ တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းရန် ဟောအပ်သည်မဟုတ်။ အချည်းနှီးသော ယောက်ျား.. ငါဘုရားက ထိုသို့ ရာဂကင်းရန် တရားတော်ကို ဟောအပ်ပါလျက် သင်သည် ရာဂနှင့်တကွဖြစ်ရန် အားထုတ်ဘိ၏၊ ကာမဂုဏ်နှင့် မစပ်ယှဉ်ရန် တရားတော်ကို ဟောအပ်ပါလျက် ကာမဂုဏ်နှင့် စပ်ယှဉ်ရန် အားထုတ်ဘိ၏။ တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းရန် တရားတော်ကို ဟောအပ်ပါလျက် တဏှာဒိဋ္ဌိဖြင့် စွဲလမ်းခြင်းနှင့်တကွဖြစ်ရန် အားထုတ်ဘိ၏။

အချည်းနှီးသော ယောက်ျား.. ငါဘုရားသည် များစွာသော အကြောင်းဖြင့် ရာဂကင်းဖို့ရန် မာန်မယစ်ဖို့ရန် ကိလေသာဟူသော ဆာလောင်မွတ်သိပ်မှုကို ပယ်ဖျောက်ဖို့ရန် တဏှာမပြယ် အတာအတွယ်ကို ပယ်ဖြတ်ဖို့ရန် ဝဋ်မြစ်ကို ဖြတ်ဖို့ရန် တဏှာကုန်ဖို့ရန် မတပ်မက်ဖို့ရန် တဏှာချုပ်ငြိမ်းဖို့ရန် ကိလေသာငြိမ်းအေးဖို့ရန် တရားတော်ကို ဟောတော်မူအပ်သည် မဟုတ်ပါလော။

အချည်းနှီးသော ယောက်ျား.. ငါဘုရားသည် များစွာသော အကြောင်းဖြင့် ကာမဂုဏ်များကို ပယ်ရှားမှုကို ဟောအပ်သည် မဟုတ်လော၊ ကာမဂုဏ်သညာစိတ်တို့ကို ပိုင်းခြား၍သိမှုကို ဟောအပ်သည်မဟုတ်လော၊ ကာမဂုဏ်၌ မွတ်သိပ်ခြင်းတဏှာကို ပယ်ဖျောက်မှုကို ဟောအပ်သည် မဟုတ်လော၊ ကာမဂုဏ်နှင့် စပ်သော

၁၆၅

အကြံအစည် = ကာမဝိတက်များကို ပယ်ဖြတ်မှုကို ဟောအပ်သည် မဟုတ်လော၊ ကာမဂုဏ် အပူအအိုက်တို့၏ ငြိမ်းအေးမှုကို ဟောအပ်သည်မဟုတ်လော။

အချည်းနှီးသော ယောက်ျား.. လျင်သောအဆိပ်, ကြမ်းသောအဆိပ်ရှိသော မြွေ၏ခံတွင်း၌ သင်၏အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းက မြတ်သေး၏၊ မာတုဂါမ၏ အင်္ဂါဇာတ်၌ သင်၏အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည်ကား မမြတ်သည်သာတည်း။

အချည်းနှီးသော ယောက်ျား.. မြွေဟောက်၏ခံတွင်း၌ သင်၏အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းက မြတ်သေး၏၊ မာတုဂါမ၏ အင်္ဂါဇာတ်၌ သင်၏အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည်ကား မမြတ်သည်သာတည်း။

အချည်းနှီးသော ယောက်ျား.. ရဲရဲညိ၍ ထက်ဝန်းကျင် မီးတောက်မီးလျှံ မီးရောင်နှင့်တကွဖြစ်သော မီးကျီးခဲအစုအပုံ၌ သင်၏အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းက မြတ်သေး၏၊ မာတုဂါမ၏ အင်္ဂါဇာတ်၌ သင်၏အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည်ကား မမြတ်သည်သာတည်း။

ထိုသို့ ဖြစ်ရခြင်းသည် အဘယ့်ကြောင့်နည်းဆိုသော် အချည်းနှီးသော ယောက်ျား.. ထိုမြွေ၏ခံတွင်း, မီးကျီးခဲအစုအပုံ၌ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းဟူသော အကြောင်းကြောင့် သေခြင်းသို့သော်၎င်း, သေလောက်နီးပါး ဆင်းရဲဒုက္ခသို့သော်၎င်း ရောက်ရာ၏၊ ထိုမြွေ၏ခံတွင်း, မီးကျီးခဲအစုအပုံ၌ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းဟူသော အကြောင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ် = အပါယ်လေးဘုံသို့ကား မရောက်နိုင်သည်သာတည်း။ အချည်းနှီးသော ယောက်ျား.. ဤမိန်းမ၏ အင်္ဂါဇာတ်၌ မိမိ၏အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းဟူသော

၁၆၆

အကြောင်းကြောင့်ကား ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ် = အပါယ်လေးဘုံသို့ ကျရောက်လေရာ၏။

အချည်းနှီးသော ယောက်ျား.. ထိုသို့ဖြစ်ပါလျက် သင်သည် သူတော်ကောင်းတို့၏ အကျင့်မဟုတ်သော ရပ်ရွာနေသူ လူတို့၏အကျင့်ဖြစ်သော ရုန့်ရင်းကြမ်းတမ်းသော ရေဆေးရခြင်းလျှင် အဆုံးရှိသော (လူမြင်လျှင် မတင့်တယ်သည့်အတွက်) ဆိတ်ကွယ်ရာ၌သာ ပြုကျင့်ရသော ယောက်ျား မိန်းမ အစုံအစုံ ဒွန်တွဲ၍ ပြုကျင့်ရသော မေထုန်အကျင့်ကို ပြုကျင့်တုံဘိ၏။ အချည်းနှီးသော ယောက်ျား.. သင်သည် များစွာသော အကုသိုလ်တရားတို့ကို (သူခပ်သိမ်းတို့၏) အလျင်လက်ဦး ပြုကျင့်သူဖြစ်၍ ရှေ့သွားခေါင်းဆောင်ဖြစ်ပေ၏။

အချည်းနှီးသောယောက်ျား.. ဤယခု သင်ပြုမိသော မကောင်းမှုသည် မကြည်ညိုသေးသောသူတို့အဖို့ ကြည်ညိုရန်၎င်း, ကြည်ညိုပြီးသောသူတို့အဖို့ တိုး၍ ကြည်ညိုရန်၎င်း မဖြစ်နိုင်ပေ။ အချည်းနှီးသော ယောက်ျား.. အမှန်စင်စစ်ကား ဤယခု သင်ပြုမိသော မကောင်းမှုသည် မကြည်ညိုသေးသော သူတို့အဖို့ မကြည်ညိုစေရန်နှင့် ကြည်ညိုပြီးသော အချို့သူတို့အဖို့ အကြည်ညိုပျက်စေရန်သာ ဖြစ်ပေ၏”–

ဟူ၍ ကဲ့ရဲ့ရှုတ်ချတော်မူ၏။

     ထို့နောက် မြတ်စွာဘုရားရှင်သည် အရှင်သုဒိန်ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ရှုတ်ချတော်မူပြီးလျှင် ကိုယ်တိုင်ပြုစု မွေးမြူရန် ခက်ခဲခြင်း, သူတပါးတို့က ပြုစုမွေးမြူရန် ခက်ခဲခြင်း, အလိုကြီးခြင်း, မရောင့်ရဲနိုင်ခြင်း, အပေါင်းအဖော်၌ မက်မောခြင်း, ပျင်းရိခြင်းတို့၏အတွက် ကျေးဇူးမဲ့ (ကဲ့ရဲ့)စကားကို ဟောကြားတော်မူ၍ များစွာသော အကြောင်းဖြင့် ကိုယ်တိုင်ပြုစု မွေးမြူလွယ်ခြင်း,

၁၆၇

သူတပါးတို့က ပြုစုမွေးမြူလွယ်ခြင်း, အလိုနည်းခြင်း, ရောင့်ရဲလွယ်ခြင်း, ကိလေသာကို ခေါင်းပါးစေခြင်း, ကိလေသာကို ခါထုတ်ခြင်း, ကြည်ညိုဖွယ်ကို ဆောင်ခြင်း, ကိလေသာကို ဖျက်ဆီးခြင်း, ဝီရိယဖြင့် အားထုတ်ခြင်းများ၏အတွက် ဂုဏ်ကျေးဇူးစကားကို ဟောကြားတော်မူပြီးလျှင် ရဟန်းတို့အား ထိုအဖြစ်အပျက်နှင့် လျောက်ပတ် လျော်ညီသော တရားစကားကို ဟောကြားတော်မူပြီးနောက် ရဟန်းတို့ကို-

ဝိနည်းပညတ်ကြောင်း ၁၀-ပါး

“ရဟန်းတို့.. ထိုသို့ဖြစ်လျှင်-

(၁) သံဃာတော်က ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန်၊

(၂) သံဃာတော်များ ချမ်းသာစေရန်၊

(၃) အကျင့်သီလ ဖောက်ဖျက်သူတို့ကို နှိမ်နင်းရန်၊

(၄) အကျင့်သီလကို ချစ်မြတ်နိုးသော ရဟန်းတို့ ချမ်းသာစွာ နေနိုင်ရန်၊

(၅) မျက်မှောက်ဘ၀၌ဖြစ်သော ဆင်းရဲအထူးတို့ကို စောင့်စည်းပိတ်ဆို့ရန်၊

(၆) နောင်ဖြစ်လတ္တံ့သော ဆင်းရဲအထူးတို့ကို ပယ်ရှားရန်၊

(၇) မကြည်ညိုသေးသော သူတို့ကို ကြည်ညိုစေရန်၊

(၈) ကြည်ညိုပြီးသော သူတို့ကို တိုး၍ ကြည်ညိုစေရန်၊

(၉) သဒ္ဓမ္မသုံးဖြာ = သာသနာသုံးရပ် အဓွန့်ရှည်စွာ တည်တံ့ရန်၊

(၁၀) ဝိနည်း စည်းမျဉ်းဥပဒေကို ချီးမြှောက်ရန်-

ဟူသော အကျိုးထူးဆယ်ပါးတို့ကို အစွဲပြု၍ ရဟန်းတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူမည်။

၁၆၈

ရဟန်းတို့.. ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့-

“အကြင်ရဟန်းသည် မေထုန်အကျင့်ကို ပြုကျင့်မှီဝဲငြားအံ့၊ ထိုရဟန်းသည် သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏ (=ပါရာဇိကကျ၏)။ ရဟန်းကောင်းတို့နှင့် အတူတကွ ကံကြီးကံငယ်ဟူသော ပေါင်းသင်းရခြင်းမရှိ၊ ဤသို့ ပြကြကုန်လော့”–

ဟူ၍ ပဌမပါရာဇိက သိက္ခာပုဒ်ကို ပညတ်တော်မူလေသတည်း။

ကလန္ဒသူဌေးသား ရှင်သုဒိန်အကြောင်း ပြီး၏။

**********

သာဝတ္ထိပြည်သို့ ရောက်တော်မူသည်တွင် ဝါလောဒကဇာတ်ကို

ဟောတော်မူခြင်း

(ရှေးဖော်ပြရာပါ ရှင်သုဒိန်၏ အကြောင်းအရာများတွင် မြတ်စွာဘုရားရှင် ဝေရဉ္ဇာပြည်၌ ဝါကျွတ်တော်မူခဲ့၍ အစဉ်သဖြင့် ဝေသာလီပြည်သို့ ရောက်တော်မူသောအကြိမ်၌ သူဌေးသားသုဒိန် ရဟန်းပြုသည်တိုင်ရုံသော အကြောင်းအရာများသာ ဖြစ်ခဲ့လေသည်။ ပဌမပါရာဇိက သိက္ခာပုဒ်ကို ပညတ်ရသော အကြောင်းအရာတို့ကား ရှင်သုဒိန် ရဟန်းဖြစ်ပြီးနောက် ရှစ်ဝါမြောက်၌ ဖြစ်လေသည်၊ ဤအချက်ကို ဗုဒ္ဓဝင်စာဖတ် သူတော်စင်များ သတိထား ခွဲခြား၍ မှတ်သားရာ၏။)

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ဝေသာလီပြည် မဟာဝုန်တော၌ သီတင်းသုံး နေထိုင်တော်မူကာ ကျွတ်ထိုက်သော ဝေနေယျသတ္တဝါတို့ကို တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူ၍ ထိုဝေသာလီပြည်မှ အစဉ်သဖြင့် ခရီးဒေသစရီ ကြွချီတော်မူခဲ့ရာ သာဝတ္ထိပြည်သို့ ရောက်တော်မူ၍ ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူဆဲ ဖြစ်လေသည်။

     ထိုအခါ ဝါလောဒကဇာတ်ကို ဟောကြားတော်မူရန် အကြောင်းအရာ အဋ္ဌုပ္ပတ် ဖြစ်ပေါ်လတ်သည်မှာ-

၁၆၉

     သာဝတ္ထိပြည်၌ ဥပါသကာ ငါးရာတို့သည် အိမ်နှင့်ဆိုင်ရာ ပလိဗောဓ ကိစ္စအရပ်ရပ်ကို သားမယားများအား အပ်နှင်းခဲ့ကြ၍ မြတ်စွာဘုရားရှင်၏ တရားဒေသနာကို နာယူကုန်လျက် တပေါင်းတစုတည်း လှည့်လည်သွားလာကြလေသည်။ ထိုဥပါသကာ ငါးရာတို့တွင် အချို့ကား သောတာပန်, အချို့ကား သကဒါဂါမ်, အချို့ကား အနာဂါမ် ဖြစ်ကြကုန်၏၊ ပုထုဇဉ်ဟူ၍ တယောက်မျှ မပါရှိချေ။ မြတ်စွာဘုရားရှင်ကို ပင့်ဖိတ်ကြသော သူတို့သည်လည်း ထိုဥပါသကာ ငါးရာတို့ကို သံဃာစာရင်း အတွင်းပြုကာ ပင့်ဖိတ်ကြလေသည်။

     ထိုဥပါသကာ ငါးရာတို့၏ ရေပူရေချမ်း ကမ်းလှမ်းပြုစုကြသည့် အလုပ်အကျွေး လူငယ်ငါးရာတို့သည်ကား စားကြွင်းစား ဖြစ်ကြကုန်လျက် နေကြကုန်၏။ ထိုစားကြွင်းစား ငါးရာတို့သည် နံနက်စာ စားကြွင်းကို စားကြပြီးလျှင် အခြားအလုပ်ကိစ္စဟူ၍ မရှိ၊ အိပ်စက်ကြ၍ ထကုန်လတ်သော် အစိရဝတီမြစ်သို့ သွားကြ၍ မြစ်ကမ်းနား၌ ပဲ့တင်ထပ်မျှ ဟစ်အော် ကြွေးကြော်ကြကုန်လျက် လက်ပန်း (လက်ဝှေ့) ထိုးသတ်မှု ပြုကြလေ၏။ ထိုစားကြွင်းစားတို့၏ဆရာ ဥပါသကာအရိယာ ငါးရာတို့သည်ကား အသံတိတ်ဆိတ်ကြကာ ဟစ်အော်ကြွေးကြော်ခြင်း အလျှင်းမရှိကြပဲ တကိုယ်တည်း ကိန်းအောင်းကာ ဖိုလ်ဝင်စားလျက်သာ နေကြကုန်၏။

     မြတ်စွာဘုရားရှင်သည် ထိုစားကြွင်းစား ငါးရာတို့၏ ကျယ်လောင်စွာ ဟစ်အော်သော အသံကို ကြားတော်မူ၍ “အာနန္ဒာ.. ဤယခု ကျယ်လောင်စွာ ဟစ်အော်သောအသံကား အဘယ်အသံနည်း”ဟု အရှင်အာနန္ဒာ မထေရ်ကို မေးတော်မူသည်ရှိသော် အရှင်အာနန္ဒာ မထေရ်သည်လည်း “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. စားကြွင်းစား ငါးရာတို့၏ အသံဖြစ်ပါသည်ဘုရား”ဟု ပြန်ကြားလျှောက်ထားလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် “အာနန္ဒာ.. ဤစားကြွင်းစား ငါးရာတို့သည် ယခုအခါ၌သာလျှင် စားကြွင်းကို စားကြ၍ ကျယ်လောင်စွာ ဟစ်အော် ကြွေးကြော်ကြသည် မဟုတ်သေး၊

၁၇၀

ရှေးအခါကလည်း ကျယ်လောင်စွာ ဟစ်အော် ကြွေးကြော်ကြသည်သာတည်း။ ဤဥပါသကာ ငါးရာတို့သည်လည်း ယခုအခါ၌သာလျှင် ငြိမ်သက်စွာ နေထိုင်ကြသည် မဟုတ်သေး၊ ရှေးအခါကလည်း ငြိမ်သက်စွာ နေထိုင်ကြသည်သာတည်း”ဟု မိန့်တော်မူ၍ အရှင်အာနန္ဒာမထေရ် တောင်းပန်အပ်ရကား အတိတ်ဇာတ် ဖြစ်ရပ်ကို ဟောကြားတော်မူလတ်သည်မှာ-

     လွန်လေပြီးသောအခါ ဗာရာဏသီပြည်အရပ်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုလတ်သော် ဘုရားအလောင်းတော်သည် အမတ်မျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လေလျှင် ဘုရင်မင်းမြတ်၏ ကျိုးကြောင်းညွှန်ပြ ဆိုဆုံးမတတ်သည့် အမတ်ပညာရှိ ဖြစ်လေ၏။

     ထို့နောက် တနေ့သ၌ ဗြဟ္မဒတ်မင်းသည် ပစ္စန္တရစ် နယ်စွန်နယ်ဖျား ထကြွသောင်းကျန်းကြောင်း သတင်းကြားရ၍ သိန္ဓောမြင်း ငါးရာတို့ကို ကကြိုးစုံလင် ပြင်ဆင်စေပြီးလျှင် စစ်အင်္ဂါလေးပါးဖြင့် သွားရောက်လျက် ပစ္စန္တရစ် နယ်စွန်နယ်ဖျားကို ငြိမ်းချမ်းအောင် ပြုပြီးနောက် ဗာရာဏသီပြည်သို့ တဖန်ပြန်ခဲ့၍ “အချင်းတို့.. သိန္ဓောမြင်းများကား ပင်ပန်း နွမ်းလျကြကုန်၏။ ထိုသိန္ဓောမြင်းတို့အား မုဒရက်သီး (သပြက်သီး)အစို ဖျော်ရည်ကို တိုက်ကျွေးကြလော့”ဟု မင်းချင်းတို့ကို စေခိုင်းလေ၏။ မင်းချင်းတို့သည်လည်း မင်းကြီးစေခိုင်းသည့်အတိုင်းပင် သိန္ဓောမြင်း ငါးရာတို့ကို သပြက်သီးအစို ဖျော်ရည်ကို တိုက်ကျွေးကြကုန်၏။

     သိန္ဓောမြင်း ငါးရာတို့သည် အနံ့အရသာနှင့် ပြည့်စုံသော သပြက်သီးစို ဖျော်ရည်ကို သောက်ကြပြီးလျှင် မြင်းတင်းကုပ် (မြင်းဇောင်း)သို့ သွားကြ၍ မိမိတို့၏ နေရာအသီးသီးတို့၌ တည်ငြိမ်စွာ နေကြလေကုန်၏။

     ထိုသိန္ဓောမြင်းငါးရာတို့ သောက်သုံးရန် သပြက်သီးစိုဖျော်ရည် ပြုလုပ်တိုက်ကျွေးပြီးနောက် ဩဇာအရသာမရှိသော သပြက်သီးဖတ်ကား များစွာကျန်ရှိလေသည်။ မင်းချင်းတို့သည် “ဤသပြက်သီးဖတ်များကို ဘယ်သို့ ပြုရပါကုန်မည်နည်း”ဟု မင်းကြီးကို

၁၇၁

မေးကြလေသော် မင်းကြီးသည် “အချင်းတို့.. ထိုသပြက်သီးဖတ်များကို ရေဖြင့်နယ်ပြီးလျှင် သင်ပေါင်းလျှော်ဖြင့်ရက်အပ်သော အဝတ်ကြမ်းတို့ဖြင့်စစ်၍ သိန္ဓောမြင်းများအတွက် ရိက္ခာဝန်ကို ထမ်းဆောင်ကြသည့် မြည်း(လား)တို့အား တိုက်ကျွေးကြလော့”ဟု စေခိုင်း မိန့်တော်မူလေ၏။ မင်းချင်းတို့သည်လည်း မင်းကြီးစေခိုင်းသည့်အတိုင်း သပြက်သီးဖတ်စစ်ရေကို ရိက္ခာဝန်ထမ်း မြည်း(လား)တို့အား တိုက်ပေးကြလေကုန်၏။

     ရိက္ခာဝန်ထမ်း မြည်း(လား)တို့သည် သပြက်သီးဖတ်စစ်ရေကို သောက်ရ၍ မာန်ယစ်ကြပြီးလျှင် တဟီဟီမြည်ကုန်လျက် မင်းယင်ပြင်၌ ခုန်ပေါက်ပြေးလွှား ပျော်ပါးနေကြကုန်၏။ မင်းကြီးသည် လေသာနန်းပြူတင်းကြီးကိုဖွင့်၍ မင်းယင်ပြင်ကို ကြည့်ရှုတော်မူလျက် အနီး၌တည်ရှိသော ဘုရားအလောင်း သုခမိန်အမတ်ကို “အိုသုခမိန်.. ရှုစမ်းပါလော့၊ ဤမြည်း(လား) ငါးရာတို့သည် သပြက်သီးဖတ်စစ်ရေကို သောက်ရ၍ မာန်ယစ်ကြပြီးလျှင် တဟီဟီ မြည်ကုန်လျက် ခုန်ပေါက်ပြေးလွှား ပျော်ပါးနေကြကုန်၏။ သိန္ဓောမျိုး၌ ပေါက်ဖွားကြသည့် သိန္ဓောမြင်းများသည်ကား အနံ့အရသာနှင့် ပြည့်စုံသော သပြက်သီးစိုဖျော်ရည်ကို သောက်ကြပြီးလျှင် အသံမပြုကြပဲ မြူးထူးပျော်ရွှင် ပေါပေါပေါ်လွင်မှု မပြုကြပဲ ငြိမ်သက်စွာ နေကြကုန်၏။ အကြောင်းကား အဘယ်နည်း”ဟု မေးမြန်းလိုသည်ဖြစ်၍-

ဝါလောဒကံ အပ္ပရသံ နိဟီနံ၊

ပိတွာ မဒေါ ဇာယတိ ဂဒြဘာနံ။

ဣမံ စ ပိတွာန ရသံ ပဏီတံ၊

မဒေါ န သဉ္ဇာယတိ သိန္ဓဝါနံ။ (၁)

(ပဏ္ဍိတ = သုခမိန်..)။ အပ္ပရသံ = နည်းသော အရသာရှိသော။ နိဟီနံ = အညံ့စားဖြစ်သော။ ဝါလောဒကံ = သင်ပေါင်းလျှော် အဝတ်ကြမ်းဖြင့် စစ်အပ်သည့် သပြက်သီးဖတ်ရေကို။ ပိတွာ = သောက်ရ၍။ ဂဒြဘာနံ = မြည်း(လား)တို့၏။ မဒေါ = မာန်ယစ်ခြင်းသည်။

၁၇၂

ဇာယတိ = ဖြစ်၏။ ပဏီတံ = မွန်မြတ်သော။ ဣမံ စ ရသံ = ဤသပြက်သီးစိုဖျော်ရည်ကို။ ပိတွာန = သောက်ရပါလျက်။ သိန္ဓဝါနံ = သိန္ဓောမြင်းတို့၏။ မဒေါ = မာန်ယစ်ခြင်းသည်။ န သဉ္ဇာယတိ = မဖြစ်။ (ကာရဏံ = ထိုသို့ဖြစ်ခြင်း အကြောင်းရင်းကား။ ကိန္နုခေါ = အဘယ်ပါနည်း) -

ဟူသော ဤပဌမဂါထာကို ရွတ်ဆို မေးမြန်းတော်မူလေ၏။

     ထိုအခါ ဘုရားအလောင်းတော်သည် မင်းကြီးအား အကြောင်းကို ဖြေကြားတော်မူလိုသည်ဖြစ်၍-

အပ္ပံ ပိဝိတွာန နိဟီနဇစ္စော၊

သော မဇ္ဇတီ တေန ဇနိန္ဒ ဖုဋ္ဌော။

ဓောရယှသီလီ စ ကုလမှိ ဇာတော၊

န မဇ္ဇတီ အဂ္ဂရသံ ပိဝိတွာ။ (၂)

ဇနိန္ဒ = မြတ်သောမင်းကြီး..။ ယော = အကြင် မြည်း(လား)သည်။ နိဟီနဇစ္စော = ယုတ်နိမ့်သော အမျိုးဇာတ်ရှိ၏။ တေန = ထိုယုတ်နိမ့်သော အမျိုးဇာတ်ရှိသည်၏ အဖြစ်သည်။ ဖုဋ္ဌော = တွေ့ထိ နှိပ်စက်အပ်သည်ဖြစ်၍။ သော = ထိုမြည်း(လား)သည်။ အပ္ပံ = အနည်းငယ်မျှ မပြောပလောက်သည့် သပြက်သီးဖတ်စစ်ရေကို။ ပိဝိတွာန = သောက်ရ၍။ မဇ္ဇတိ = မာန်ယစ်၏။ ကုလမှီ = မြတ်သောအမျိုးဇာတ်၌။ ဇာတော– ဇာတတ္တာ = ဖြစ်ပွါးသည်၏ အဖြစ်ကြောင့်။ ဓောရယှသီလီ စ = ပြည်၏ဝန်ကို အားသွန် ထမ်းဆောင်လေ့ရှိသော သိန္ဓောမြင်းသည်ကား။ အဂ္ဂရသံ = သပြက်သီးအစိုမှ ရှေးဦးစွာပေါ်ထွက်သည့် ချိုမြက်သော ရသာရည်ကို။ ပိဝိတွာ = သောက်ရပါလျက်။ န မဇ္ဇတိ = မာန်မယစ်ချေ။-

၁၇၃

ဟူသော ဤဒုတိယဂါထာကို ရွတ်ဆို ဖြေကြားတော်မူလေ၏။ ။(မြည်း = လားတို့ကား အမျိုးဇာတ် ယုတ်ညံ့သောကြောင့် အရသာနည်းပါးသည့် အဖတ်စစ်ရေကို သောက်ရလျက် မာန်ယစ်ကြသည်။ သိန္ဓောတို့ကား အမျိုးဇာတ် မြတ်သောကြောင့် ရသာဦးကို သောက်ရလျက် မာန်မတက်ကြ မာန်မယစ်ကြ-ဟု ဆိုလိုသည်)။

     မင်းကြီးသည် ဘုရားအလောင်းတော်၏ စကားကို ကြားနာရ၍ မြည်းများ (=လားများ)ကို မင်းယင်ပြင်မှ မောင်းနှင်ထုတ်စေလေသည်။ ထို့နောက် မင်းကြီးသည် ဘုရားအလောင်း၏ အဆုံးအမ၌တည်လျက် ဒါနစသော ကောင်းမှုတို့ကို ပြုလုပ်အားထုတ်၍ ကံအားလျော်စွာ လားရောက်လေ၏။

     မြတ်စွာဘုရားရှင်သည် ဝါလောဒကဇာတ် ဤတရားဒေသနာတော်မြတ်ကို ထုတ်ဆောင်ဟောပြတော်မူပြီးလျှင် “ထိုစဉ်အခါ မြည်း(=လား) ငါးရာတို့သည် ယခုအခါ စားကြွင်းစား ငါးရာတို့ ဖြစ်လာကြကုန်၏၊ ထိုစဉ်အခါ သိန္ဓောမြင်း ငါးရာတို့သည် ယခုအခါ ဥပါသကာ အရိယာဒါယကာ ငါးရာတို့ ဖြစ်လာကြကုန်၏၊ ထိုစဉ်အခါ ဗာရာဏသီမင်းသည် ယခုအခါ အာနန္ဒာဖြစ်လာ၏။ ထိုစဉ်အခါ ပညာရှိ သုခမိန်အမတ်သည်ကား ယခုအခါ ငါဘုရားပင် ဖြစ်လာ၏”ဟု ဇာတ်တော်ကို ပေါင်းတော်မူလေ၏။

ဝါလောဒကဇာတ်ကို ဟောတော်မူခြင်းအကြောင်းအရာ ပြီး၏။

**********

ရှင်ရာဟုလာကို အကြောင်းပြု၍

မဟာရာဟုလောဝါဒသုတ်ကို ဟောတော်မူခြင်း

     မြတ်စွာဘုရားရှင် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး နေတော်မူဆဲဖြစ်သော ထိုအချိန်၌ သားတော် ရှင်ရာဟုလာသာမဏေမှာ အသက် တဆယ့်ရှစ်နှစ်အရွယ်သို့ ရောက်ခဲ့လေပြီ၊ သာမဏေ၀ါ တဆယ့်တဝါ ရရှိခဲ့လေပြီ။

၁၇၄

     တနေ့သ၌ မြတ်စွာဘုရားရှင်သည် နံနက်အခါ သာဝတ္ထိပြည်အတွင်းသို့ ဆွမ်းခံကြွဝင်တော်မူလေ၏။ အရှင်ရာဟုလာသည်လည်း မြတ်စွာဘုရားရှင်၏ နောက်တော်မှ ဖဝါးခြေထပ် ထက်ကြပ်မကွာ လိုက်ပါခဲ့လေသည်။

     ထိုသို့ မြတ်စွာဘုရားရှင်နှင့် ရှင်ရာဟုလာတို့ ရှေ့နောက်မကွာ ကြွသွားကြရာဝယ် မြတ်စွာဘုရားရှင်သည် ပင်လုံးကျွတ်ပွင့်သည့် အင်ကြင်းတောအတွင်း၌ ရောက်ရှိကာ သာယာသော မြေအပြင်သို့ သက်ရောက်ရန် တောအုပ်အတွင်းမှ ထွက်ချီလာသော မုန်သောက်ဆင်ကြီးကဲ့သို့ တင့်တယ်တော်မူလှပေ၏။ ရှင်ရာဟုလာသည်လည်း ဆင်ပြောင်ကြီး၏နောက်မှ ထက်ကြပ်မကွာ ထွက်ချီလာသော ဆင်ပေါက်ကလေးကဲ့သို့ တင့်တယ်တော်မူပေ၏။ မြတ်စွာဘုရားရှင်သည် ညနေချမ်းအခါ၌ ပတ္တမြားဂူမှ အစာရှာရန် ထွက်လာသော ကေသရာခြင်္သေ့မင်းအတူ တင့်တယ်တော်မူ၏။ ရှင်ရာဟုလာသည်လည်း သားတို့သနင်း ကေသရာခြင်္သေ့မင်း၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသော ကေသရာ ခြင်္သေ့ငယ်ကဲ့သို့ တင့်တယ်တော်မူပေ၏။ မြတ်စွာဘုရားရှင်သည် ကျောက်စိမ်းတောင်သဖွယ် တင့်တယ်သော အသရေရှိသည့် တောအုပ်အတွင်းမှ ထွက်ချီလာသော ကျားမင်းကဲ့သို့ တင့်တယ်တော်မူပေ၏၊ ရှင်ရာဟုလာသည်လည်း ကျားမင်း၏နောက်မှ ထက်ကြပ်မကွာ လိုက်ပါလာသော ကျားငယ်အတူ တင့်တယ်တော်မူပေ၏။

     မြတ်စွာဘုရားရှင်သည် လက်ပံတောမှ ထွက်ချီလာသော ဂဠုန်ငှက်မင်းကဲ့သို့ တင့်တယ်တော်မူ၍ ရှင်ရာဟုလာသည် ဂဠုန်ငှက်မင်း၏နောက်မှ ထက်ကြပ်မကွာ လိုက်ပါလာသော ဂဠုန်ငှက်ငယ်အတူ တင့်တယ်တော်မူပေ၏။ မြတ်စွာဘုရားရှင်သည် စိတ္တကုဋ်တောင်မှ ကောင်းကင်အပြင်သို့ ပျံတက်သော ရွှေဟင်္သာငှက်မင်းကဲ့သို့ တင့်တယ်တော်မူ၍ ရှင်ရာဟုလာသည် ရွှေဟင်္သာငှက်မင်း၏နောက်မှ ထက်ကြပ်မကွာ လိုက်ပါပျံသန်းသော ရွှေဟင်္သာငှက်ငယ်အတူ တင့်တယ်တော်မူပေ၏။ မြတ်စွာဘုရားရှင်သည် ဆဒ္ဒန်အိုင်ကြီးအတွင်း ချဉ်းနင်း သက်ရောက်သော

၁၇၅

ရွှေလှေကြီးကဲ့သို့ တင့်တယ်တော်မူ၍ ရှင်ရာဟုလာသည် ရွှေလှေကြီးနောက်မှ အစဉ်တစိုက် လိုက်ပါလာသည့် ရွှေလှေငယ်အတူ တင့်တယ်တော်မူပေ၏။ မြတ်စွာဘုရားရှင်သည် စကြာရတနာ အာနုဘော်ဖြင့် ကောင်းကင်အပြင်၌ လှည့်လည်ကြွသွားသည့် စကြာမင်းကဲ့သို့ တင့်တယ်တော်မူ၍ ရှင်ရာဟုလာသည် စကြာမင်း၏နောက်မှ အတူတကွ လိုက်ပါလှည့်လည်သော သားကြီးရတနာအတူ တင့်တယ်တော်မူပေ၏။ မြတ်စွာဘုရားရှင်သည် တိမ်တိုက်ကင်းစင်သည့် ကောင်းကင်အပြင်၌ လှည့်လည်သွားသော ကြယ်များသနင်း လမင်းကဲ့သို့ တင့်တယ်တော်မူ၍ ရှင်ရာဟုလာသည် လမင်း၏နောက်မှ ထက်ကြပ်မကွာ လိုက်ပါတောက်ပသော သောက်ရှူးကြယ် (=သောကြာကြယ်)အတူ တင့်တယ်တော်မူပေ၏။

     မြတ်စွာဘုရားရှင်သည်လည်း မဟာသမ္မတနွယ်စဉ် ဩက္ကာကရာဇဝင်၌ သန့်စင် ဖွားမြောက်တော်မူ၏၊ ရှင်ရာဟုလာသည်လည်း ထိုနည်း၎င်းပင်။ မြတ်စွာဘုရားရှင်သည်လည်း ခရုသင်း၌ လောင်းထည့်အပ်သော နို့ရည်အတူ စင်ကြယ်သော ခတ္တိယဇာတ် မြတ်သောမင်းမျိုး၌ ဖြစ်တော်မူ၏၊ ရှင်ရာဟုလာသည်လည်း ထိုနည်း၎င်းပင်။ မြတ်စွာဘုရားရှင်သည်လည်း မင်းစည်းစိမ်ကို ပယ်စွန့်၍ ရဟန်းပြုတော်မူခဲ့၏။ ရှင်ရာဟုလာသည်လည်း ထိုနည်း၎င်းပင်။ မြတ်စွာဘုရားရှင်၏ ကိုယ်တော်သည်လည်း မဟာပုရိသ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့ဖြင့် တန်းဆာဆင်အပ်လျက် နတ်မြို့တံခါးဝဝယ် ကောင်းစွာ စိုက်ထောင်အပ်သော ရတနာတုရိုဏ်တိုင်ကဲ့သို့၎င်း, ပင်လုံးကျွတ်ပွင့်သော ပင်လယ်ကသစ်ပင်ကြီးကဲ့သို့၎င်း အလွန်လျှင် စိတ်နှလုံးကို ယူကျုံး ဆွဲဆောင်နိုင်ပေ၏။ ရှင်ရာဟုလာ၏ ကိုယ်သည်လည်း ထိုနည်း၎င်းပင်။

     ဤသို့လျှင် ရှေးဆုတောင်းအထူးနှင့် ပြည့်စုံတော်မူကြသည့် မင်းမျိုးမှချည်း ရဟန်းပြုတော်မူကြသည့် မင်းတို့၏ သိမ်မွေ့ခြင်းနှင့်ချည်း ပြည့်စုံတော်မူကြသည့် ရွှေရည်အဆင်း ၀ါဝင်းသော

၁၇၆

ကိုယ်ရေရှိတော်မူကြသည့် မဟာပုရိသ လက္ခဏာတော်တို့နှင့်လည်း ပြည့်စုံတော်မူကြသည့် ဗုဒ္ဓရှင်တော်ဘုရားနှင့် သားတော်ရှင်ရာဟုလာ မဟာပုရိသပုဂ္ဂိုလ်မြတ် နှစ်ဆူတို့သည် လမ်းတကြောင်းတည်း ကြွသွားတော်မူကြကုန်သည်ဖြစ်၍ ရှေ့နောက် အစဉ်အတိုင်းသွားကြသည့် လမင်းနှစ်စင်း နေမင်းနှစ်စင်း နှစ်ဦး နှစ်ဦးစီသော သိကြားနတ်မင်း သုယာမနတ်မင်း သန္တုသိတနတ်မင်း သုနိမ္မိတနတ်မင်း ဝသဝတ္တီနတ်မင်း မဟာဗြဟ္မာမင်း စသည်တို့၏ အသရေကို မိမိတို့၏အသရေဖြင့် လွှမ်းမိုးနှိပ်စက်ကြသည့်ပမာ လွန်စွာ တင့်တယ်တော်မူကြကုန်၏။

     ထိုသို့ တင့်တယ်တော်မူကြရာ၌ အရှင်ရာဟုလာသည် မြတ်စွာဘုရားရှင်၏ နောက်တော်မှ ဖဝါးခြေထပ် ထက်ကြပ်မကွာ လိုက်ပါရင်းကပင် ခြေဖဝါးအပြင်မှသည် ဆံတော်ဖျားတိုင်အောင် မြတ်စွာဘုရားရှင်ကို ကြည့်ရှုလတ်သည်တွင် မြတ်စွာဘုရားရှင်၏ ဗုဒ္ဓအသရေတော်ဖြင့် တင့်တယ်တော်မူပုံကို အာရုံစေ့စေ့ ဖူးမြင်တွေ့ရကား-

“ငါ၏ဖဘုရားသည် သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီးတို့ဖြင့် ဆန်းကြယ်သော ရူပကာယကိုယ်တော် ရှိတော်မူလျက် ကိုယ်တော်ရောင်တို့ဖြင့် ဝန်းရံအပ်ရကား တသုန်သုန် တဖွဲဖွဲ ဖြန့်ကြဲအပ်သည့် ရွှေမှုန်တို့၏အကြားသို့ ရောက်နေတော်မူသကဲ့သို့၎င်း, လျှပ်နွယ်တို့ဖြင့် ဝန်းရံအပ်သော ရွှေတောင်ကြီးကဲ့သို့၎င်း, ယန္တရားချည်တို့ဖြင့် ဆွဲငင် ကုံးသီအပ်သည့် ရတနာခုနစ်ရပ်တို့ဖြင့် ဆန်းကြယ်သော ရွှေတုရိုဏ်တိုင် ကဲ့သို့၎င်း, တွေးတွေးနီမြန်း ပံသုကူသင်္ကန်းဖြင့် ဖုံးလွှမ်းဝတ်ရုံအပ်ပါသော်လည်း ကမ္ဗလာနီဖြင့် ဝန်းရံအပ်သော ရွှေတောင်ကြီးကဲ့သို့၎င်း, သန္တာနွယ်တို့ဖြင့် စီခြယ်ပြုပြင် တန်းဆာဆင်အပ်သည့် ရွှေတုရိုဏ်တိုင်ကဲ့သို့၎င်း, ဆုန်းမှုန့် (=ဟင်းသပြဒါးမှုန့်)တို့ဖြင့် ပူဇော်အပ်သည့် ရွှေစေတီမြတ်ကဲ့သို့၎င်း, ချိပ်ရည်ဖြင့် လိမ်းကျံအပ်သည့် ရွှေယဇ်တိုင်ကဲ့သို့၎င်း, နီမြန်းသော တိမ်တိုက်ကြားမှ

၁၇၇

ဖွားကနဲတက်ထွန်းသည့် လပြည့်ဝန်းကြီးကဲ့သို့၎င်း တင့်တယ်တော်မူလှပါပေ၏။ အမျှသုံးဆယ်သော ပါရမီတော်တို့၏ အာနုဘော်ဖြင့် မွမ်းမံပြုပြင် စီရင်အပ်သော ကိုယ်တော်မြတ်၏ အသရေနှင့် ပြည့်စုံပုံကား အံ့ဩ၍ မဆုံးနိုင်အောင်ပင် ရှိပါပေ၏”–

ဟူ၍ ကြံစည်လေသည်။ ထို့နောက် မိမိကိုယ်ကိုလည်း ကြည့်ရှုပြီးလျှင် “ငါသည်လည်း တင့်တယ်လှပ၏။ အကယ်၍များ မြတ်စွာဘုရားသည် လေးကျွန်းသနင်း စကြာမင်းအဖြစ်ကို ပြုတော်မူခဲ့လျှင် ငါ့အား သားကြီးဩရသ ပရိဏာယကရာထူးကို ပေးသနားတော်မူပေလိမ့်မည်။ ဤသို့ဖြစ်လျှင် အတိုင်းထက်အလွန်ပင် ဇမ္ဗူဒိပ်ကျွန်းအပြင်သည် တင့်တယ်လာရာ၏”ဟူ၍ ကြံစည်ကာ မိမိကိုယ်ကို အမှီပြု၍ ဂေဟဿိတတဏှာကို ဖြစ်စေလေသည်။

     မြတ်စွာဘုရားရှင်သည်လည်း ရှေ့မှ ကြွသွားတော်မူရင်းကပင် “ယခုအခါ သားတော်ရာဟုလာ၏ ကိုယ်ခန္ဓာအတ္တဘောသည် အရေ အသား အသွေးများ ပြည့်ဖြိုး၍ လာလေပြီ၊ တပ်စွန်းဖွယ်ဖြစ်သည့် အဆင်းအဖုံဖုံ ရူပါရုံအစရှိသည်တို့၌ မရပ်မနား စိတ်ကစားလျက် ပြေးသွားသောအခါ ဖြစ်ချေသည်၊ သားတော်ရာဟုလာသည် အဘယ်သို့သော အကြံအစည်များ ပြောများကာ အခါကို လွန်စေသနည်း”ဟူ၍ ကြံစည် ဆင်ခြင်တော်မူလေလျှင် ဆင်ခြင်တော်မူသော ထိုခဏမှာပင် “ကြည်လင်သောရေအပြင်၌ သွားနေသောငါးကို မြင်ရသကဲ့သို့၎င်း, သန့်ရှင်းစင်ကြယ်သော ကြေးမုံ (=မှန်)အဝန်း၌ မျက်နှာရိပ်ကို မြင်ရသကဲ့သို့၎င်း ရှင် ရာဟုလာ၏ ထိုဂေဟဿိတ တဏှာလောဘနှင့်ယှဉ်သော စိတ်ဖြစ်စဉ်ကို လင်းလင်းမြင်တော်မူလေ၏။ ထိုသို့ မြင်လျှင်မြင်ခြင်းပင် “ဤရာဟုလာသာမဏေသည် ငါဘုရား၏ သားတော်ဖြစ်လျက် ငါဘုရား၏နောက်မှ လိုက်ပါရင်းပင် ‘ငါသည် တင့်တယ်၏။ ငါ၏ ရုပ်ရည်အဆင်းကား သန့်ရှင်းကြည်လင်လှပေ၏’ဟူ၍ မိမိ၏ ကိုယ်ခန္ဓာအတ္တဘောကို အမှီပြု၍ ဂေဟဿိတ တဏှာလောဘကို ဖြစ်စေဘိ၏၊ ဆိပ်ကမ်းမဟုတ်သည်၌ သက်ဆင်းကာ

၁၇၈

လမ်းမှားကိုသွားလျက် မကျက်စားသင့်သော အာရုံ၌ ကျက်စားဘိ၏၊ မျက်စိလည် လမ်းမှားသော ခရီးသွားယောက်ျားကဲ့သို့ မသွားသင့်သောအရပ်သို့ သွား၍နေဘိ၏၊ ရာဟုလာ၏ ဤယခုဖြစ်ပွါးသော လောဘကိလေသာသည် ကိုယ်ခန္ဓာအတွင်း၌ ဆက်လက် လက်ခံထားသဖြင့် ကြီးပွါး၍လာခဲ့လျှင် မိမိသူတပါး နှစ်ဦးသားတို့၏ အကျိုးများကို အမှန်အတိုင်းသိမြင်ရန် အခွင့်အရေး ပေးလိမ့်မည်မဟုတ်၊ ထို့ကြောင့် ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ် အပါယ်လေးဘုံနှင့်တကွ ကြပ်တည်းကျဉ်းမြောင်းလှသည့် အမိဝမ်းခေါင်း၌ ပဋိသန္ဓေ တည်နေစေလေရာ၏၊ ဤသို့စသည်ဖြင့် အနမတဂ် သံသရာစက်၌ ပစ်ချလေရာ၏။ မှန်၏-

ဤလောဘတရားသည် အကျိုးမဲ့ကို ဖြစ်စေတတ်၏။ လောဘသည် ကုသိုလ်စိတ်ကို ဖျက်ဆီးတတ်၏၊ဤလောဘကို အကြောင်းပြုကာ စိတ်သန္တာန်အစဉ်၌ ကြောက်ဖွယ်မဟေး ဘေးကြီးဖြစ်နိုင်၏။ ထိုအကြောင်းကို လူအပေါင်းကား မသိမြင်ကြချေ။

တပ်မက်သောသူသည် အကျိုးအကြောင်းကို ကောင်းစွာ မသိမြင်နိုင်၊ သတ္တ၀ါကို လောဘတရား လွှမ်းမိုးနှိပ်စက်သောအခါ အမိုက်မှောင်ကြီးအတိ ဖြစ်၍နေဘိ၏။

     ကွဲပေါက်သော ပျဉ်ချပ်အကြားမှ ရေတဖွားဖွား စိမ့်ဝင်၍နေသော ရတနာအပြည့် တင်ဆောင်လာသည့် စက်လှေကြီးကို တခဏမျှလည်း လျစ်လျူမရှုသင့်၊ ထိုစက်လှေကြီး၏ အကွဲအပေါက်ကို လျင်မြန်စွာ ပိတ်ဆို့သင့်သကဲ့သို့ ထို့အတူပင် ဤ ရာဟုလာ သာမဏေကိုလည်း လျစ်လျူရှုကာ အမှုမဲ့ အမှတ်မဲ့ မထားသင့်ချေ၊ ဤလောဘကိလေသာသည် ရာဟုလာ၏သန္တာန်၌ ဖြစ်ပွါးနေသည့် သီလ-အစရှိသော သူတော်ဥစ္စာ ရတနာတို့ကို မဖျက်ဆီးမီ ထိုကိလေသာကို နှိမ်နင်းပေအံ့”ဟူ၍ ကြံစည်ဆုံးဖြတ်မှုကို ပြုတော်မူလေ၏။

     အထူးအားဖြင့် ဤသို့သောအရာမျိုး၌ မြတ်စွာဘုရားရှင်တို့၏ နာဂဝိလောကန ခေါ်ဆိုသည့် ဆင်ပြောင်ကြီးကဲ့သို့

၁၇၉

တကိုယ်လုံး ပြန်လှည့်၍ ကြည့်တော်မူခြင်းမျိုး ဖြစ်လေသည်၊ သို့ရကား ယန္တရားစက်ဖြင့် လှည့်လိုက်သော ရွှေရုပ်တုတော်ကဲ့သို့ မြတ်စွာဘုရားရှင်သည် ကိုယ်တော်အလုံးကို ပြန်လှည့်၍ ရပ်တည်တော်မူကာ ရှင်ရာဟုလာကို-

“ရာဟုလာ.. ဖြစ်ပြီး (အတိတ်)ရုပ်, ဖြစ်လတ္တံ့ (အနာဂတ်)ရုပ်နှင့် ဖြစ်ဆဲ(ပစ္စုပ္ပန်)ရုပ် (၃), ကိုယ်တွင်းသန္တာန်၌ဖြစ်သော ရုပ်နှင့် ကိုယ်ပသန္တာန်၌ဖြစ်သော ရုပ် (၂), ရုန့်ရင်းကြမ်းတမ်းသော ရုပ်နှင့် နူးညံ့သိမ်မွေ့သော ရုပ် (၂), အညံ့စားဖြစ်သော ရုပ်နှင့် အကောင်းစားဖြစ်သော ရုပ် (၂), အဝေး၌တည်သော ရုပ်နှင့် အနီး၌တည်သော ရုပ် (၂) = ဤသို့လျှင် (၁၁) တဆယ့်တမျိုးပြားသော ရုပ်တရားအားလုံးကို ငါ၏ဥစ္စာ မဟုတ်ပါတကား၊ ငါမဟုတ်ပါတကား၊ ငါ၏ အတ္တလိပ်ပြာ မဟုတ်ပါတကား”ဟု ထိုရုပ်တရားကို ဟုတ်မှန်သောအတိုင်း ကောင်းသော ဝိပဿနာ ဉာဏ်ပညာဖြင့် ရှုရမည်”—

ဟု မိန့်တော်မူလေ၏။

     ထိုအခါ ရှင်ရာဟုလာက “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရုပ်ကိုသာလျှင် (ဤသို့) ရှုရပါမည်လော၊ စကားကောင်းကို ဆိုတော်မူတတ်သော မြတ်စွာဘုရား.. ရုပ်ကိုသာလျှင် (ဤသို့) ရှုရပါမည်လော”ဟု မေးမြန်း လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ရာဟုလာ.. ရုပ်ကိုလည်း (ဤသို့) ရှုရမည်၊ ဝေဒနာကိုလည်း (ဤသို့) ရှုရမည်၊ သညာကိုလည်း (ဤသို့) ရှုရမည်၊ သင်္ခါရတို့ကိုလည်း (ဤသို့) ရှုရမည်၊ ဝိညာဏ်ကိုလည်း (ဤသို့) ရှုရမည်”ဟု မိန့်တော်မူလေ၏။

(ဤ၌။ ။ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရုပ်ကိုသာလျှင် (ဤသို့) ရှုရပါမည်လောဟု အရှင်ရာဟုလာ မေးမြန်း လျှောက်ထားခြင်း၏ အကြောင်းမှာ-

“တဆယ့်တမျိုးပြားသော ရုပ်တရားအားလုံးကို ‘ငါ၏ဥစ္စာ မဟုတ်ပါတကား၊ ငါမဟုတ်ပါတကား၊ ငါ၏ အတ္တလိပ်ပြာ

၁၈၀

မဟုတ်ပါတကား’ဟု ဟုတ်မှန်သောအတိုင်း ဝိပဿနာ ဉာဏ်ပညာဖြင့် ရှုရမည်”ဟူသော တရားစကားကို ကြားသိလိုက်ရလျှင်ပင် ရှင်ရာဟုလာ၏ စိတ်သန္တာန်ဝယ် “မြတ်စွာဘုရားသည် ရုပ်တရားအားလုံးကို ဝိပဿနာ ဉာဏ်ပညာဖြင့် ဤသို့ ရှုရမည်”ဟူ၍ ဟောတော်မူ၏၊ ဝေဒနာစသော ကျန်ခန္ဓာလေးပါးတို့၌ အဘယ်သို့လျှင် ရှုသိ ကျင့်ကြံရပါမည်နည်း၊ “ ရုပ်ခန္ဓာကဲ့သို့ပင် ရှုသိ ကျင့်ကြံရမည် ဖြစ်လေရာ၏”ဟု ဆက်၍ဆင်ခြင် သိမြင်သော နယကုသလဉာဏ် ဖြစ်ပွါးလာလေသည်၊ သို့ရကား ထိုနယကုသလဉာဏ်၌ တည်တော်မူကာ မေးမြန်း လျှောက်ထားလေသည်။

မှန်၏- ဤအရှင်ရာဟုလာသည် နယကုသလဉာဏ် (တထွာပြလျှင် တလံမြင်သည့် အသိဉာဏ်) ရှိသူဖြစ်၏၊ “ဤအမှုကို မပြုလုပ်ကောင်း”ဟု တခုလောက် ဟောပြလိုက်လျှင် “ဤအမှုကိုလည်း မပြုလုပ်ကောင်း၊ ဤအမှုကိုလည်း မပြုလုပ်ကောင်း”ဟု ဆက်၍ ဆင်ခြင်ကာ နည်းပေါင်း အရာအထောင်ဖြင့် ထိုးထွင်းသိမြင်နိုင်၏။ “ဤအမှုကို ပြုလုပ်ကောင်း၏”ဟု တခုလောက် ဟောပြလိုက်လျှင်လည်း ထိုနည်းအတူပင် “ဤအမှုကိုလည်း ပြုလုပ်ကောင်း၏၊ ဤအမှုကိုလည်း ပြုလုပ်ကောင်း၏”ဟု ဆက်၍ဆင်ခြင်ကာ နည်းပေါင်း အရာအထောင်ဖြင့်ပင် ထိုးထွင်း သိမြင်နိုင်၏။

ဆက်ဦးအံ့- ဤအရှင်ရာဟုလာသည် သိက္ခာသုံးပါးကို လိုလား မြတ်နိုးတော်မူပေ၏၊ နံနက်စောစောပင်လျှင် ဘုရားရှင် သီတင်းသုံးတော်မူရာ ဂန္ဓကုဋီကျောင်းတော် ပရိဝုဏ်အတွင်း၌ “ယနေ့ ငါသည် မြတ်စွာဘုရား၏ အထံတော်မှ၎င်း, ငါ၏ ဥပဇ္ဈာယ်ဆရာ အရှင်သာရိပုတ္တရာမထေရ်၏ အထံမှ၎င်း ဤသဲမှုန့်နှင့် အတူအမျှ အဆုံးအမ ဩဝါဒစကား ဤသဲမှုန့်နှင့် အတူအမျှ မြည်တွန်သည့်စကားကို ရပါလို၏”ဟု နှုတ်မြွက်ပြောဆိုကာ တကွမ်းစား (=တပြည်သား)ခန့်သော သဲမှုန့်ကို နေ့စဉ် နေ့စဉ် ကြဲဖြန့်တော်မူလေ့ရှိသည်။ (ထိုသို့ နယကုသလဉာဏ်ရှင် ဖြစ်တော်မူခြင်း, သိက္ခာသုံးပါးကို လိုလား မြတ်နိုးတော်မူခြင်းကြောင့်ပင် အပြည့်အစုံ ကျင့်ကြံလိုသည့်အတွက် ဤသို့ မေးမြန်း လျှောက်ထားခြင်း ဖြစ်လေသည်)။

ထိုသို့ မေးမြန်း လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်သည် ရှင်ရာဟုလာအား ခန္ဓာငါးပါးလုံးကိုပင် ဤနည်းအတူ ရှုရမည်ဖြစ်သောကြောင့် “ရာဟုလာ.. ရုပ်ကိုလည်း (ဤသို့) ရှုရမည်၊ ဝေဒနာကိုလည်း

၁၈၁

(ဤသို့) ရှုရမည်၊ သညာကိုလည်း (ဤသို့) ရှုရမည်၊ သင်္ခါရတို့ကိုလည်း (ဤသို့) ရှုရမည်၊ ဝိညာဏ်ကိုလည်း (ဤသို့) ရှုရမည်”ဟု ဟောကြား ဖြေဆိုတော်မူလေသည်)။

     ဤသို့ မြတ်စွာဘုရားရှင်၏ အဖြေစကား ကြားသိရသောအခါ ရှင်ရာဟုလာ၏ စိတ်သန္တာန်ဝယ်-

“မြတ်စွာဘုရားရှင်သည် ငါ၏ ကိုယ်ခန္ဓာ အတ္တဘော၌မှီသော တဏှာလောဘကို သိတော်မူပြီးလျှင် ‘ရဟန်းမည်သည် ဤသို့သော အကြံမျိုးကို မကြံစည်ကောင်း’ဟု ပရိယာယ် သွယ်ဝိုက်သောနည်းဖြင့်လည်း ဩဝါဒစကားကို မိန့်ကြားတော်မမူ။ ‘ရဟန်း.. သွားချေလော့၊ နောက်တဖန် ဤသို့သော အကြံမျိုးကို မကြံလင့်ဟု ပြောချေလော့’ ဟူ၍လည်း တမန်ရဟန်းတပါးပါးကို စေလွှတ်တော်မမူချေ။ စင်စစ်သော်ကား ငါ့ကို မျက်နှာချင်းဆိုင် ရပ်တော်မူ၍သာလျှင် ခိုးထုပ်ခိုးထည်နှင့်တကွ သူခိုးကို ဦးစွန်း၌ ဆွဲကိုင် ဖမ်းယူတော်မူသကဲ့သို့ မျက်မှောက်ဖြစ်သော ဘုရားအဆုံးအမ ဩဝါဒကို ပေးတော်မူလေသည်။ ဘုရားအဆုံးအမ ဩဝါဒမည်သည်ကိုကား ကပ်ကမ္ဘာ အသင်္ချေယျ ကာလရှည်ကြာသော်လည်း ရနိုင်ခဲလှ၏။ ဤသို့သဘောရှိသော မြတ်စွာဘုရားရှင်၏ မျက်မှောက်ဩဝါဒ အဆုံးအမကို ရရှိလတ်သော် ပညာရှိသူမှန်က အဘယ်သူသည် ယနေ့အဖို့ရာ မြို့ရွာတွင်းသို့ ဆွမ်းခံဝင်ချိမ့်မည်နည်း”–

ဟု အကြံအစည်ဖြစ်ပြီးနောက် အရှင်ရာဟုလာသည် ဆွမ်းကိစ္စကို ပယ်စွန့်တော်မူပြီးလျှင် မျက်မှောက်အဆုံးအမ ဩဝါဒကို ရရှိရာအရပ်မှပင် (ရှေ့သို့ဆက်၍ မလိုက်တော့ပဲ) ပြန်နစ်ခဲ့၍ တခုသော သစ်ပင်ရင်း၌ ထိုင်နေတော်မူလေ၏။

     မြတ်စွာဘုရားရှင်သည်လည်း အရှင်ရာဟုလာ ပြန်နစ်သည်ကို မြင်တော်မူသော်လည်း “ရာဟုလာ.. မပြန်နစ်နှင့်ဦး၊ သင့်အဖို့ရာ ဆွမ်းခံလှည့်လည်ရမည့် အခါဖြစ်သည်”ဟု မိန့်တော်မမူချေ။

၁၈၂

အကြောင်းသော်ကား- မြတ်စွာဘုရားရှင်၏ စိတ်သန္တာန်တော်ဝယ် “ယနေ့အဖို့ရာ ရာဟုလာသည် ကာယဂတာသတိကမ္မဋ္ဌာန်း တည်းဟူသော အမြိုက်ဘောဇဉ်ကို စားသုံးစေဦး”ဟု အကြံတော် ဖြစ်သောကြောင့်တည်း။

အရှင်သာရိပုတ္တရာ၏ လုပ်ငန်းရပ်များ

     အရှင်သာရိပုတ္တရာ၏ လုပ်ငန်းရပ် ဝတ်တရားမှာ တပါးတည်းနေသောအခါ၌ တမျိုး, မြတ်စွာဘုရားနှင့် အတူတကွ နေသောအခါ၌ တမျိုးဖြစ်လေသည်။

     ချဲ့ဦးအံ့- အဂ္ဂသာဝက မထေရ်မြတ်နှစ်ပါးတို့သည် ဧကစာရီ နေတော်မူကြသောအခါ၌ စောစောကပင် ကျောင်းတိုက်နေရာကို တံမြက်လှည်းပြီးလျှင် ကိုယ်လက် သုတ်သင်တော်မူကြပြီးနောက် သမာပတ်ကို ဝင်စား၍ ငြိမ်သက်စွာ ထိုင်နေတော်မူကြပြီးခါ မိမိတို့ စိတ်အလိုကျအတိုင်း ဆွမ်းခံကြွဝင်တော်မူကြလေသည်။ မြတ်စွာဘုရားရှင်နှင့် အတူတကွ နေတော်မူကြသော အခါ၌ကား မထေရ်မြတ် (အဂ္ဂသာဝက) နှစ်ပါးတို့သည် ဤသို့မပြုကြကုန်၊ ထင်ရှားစေဦးအံ့- ထိုသို့ အတူတကွ နေသောအခါ၌ မြတ်စွာဘုရားရှင်သည် ရဟန်းအပေါင်းခြံရံလျက် ရှေးဦးစွာ ဆွမ်းခံကြွဝင်တော်မူလေသည်။ ထိုသို့ မြတ်စွာဘုရားရှင် ဆွမ်းခံ ကြွဝင်တော်မူပြီးနောက်မှ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် မိမိကျောင်းမှ ထွက်ခဲ့၍ “ရဟန်းအများ နေရာအရပ်၌မည်သည် အားလုံးသော ရဟန်းတို့သည်ပင် ကြည်ညိုဖွယ်ရှိအောင် ပြုလုပ်နိုင်ကြသည် လည်း ရှိ၏၊ မပြုလုပ်နိုင်ကြသည်လည်း ရှိ၏”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် ထိုထိုကျောင်းပရိဝုဏ် များသို့ သွားရောက်တော်မူကာ တံမြက်မလှည်းရသေးသောအရပ်ကို တံမြက်လှည်းတော်မူ၏။ မစွန့်ရသေးသောအမှိုက်များ ရှိလျှင်လည်း ထိုအမှိုက်များကို စွန့်သွန်တော်မူ၏။ သောက်ရေအိုး ထားသင့်သည့်နေရာ၌ သောက်ရေအိုးမရှိလျှင် သောက်ရေအိုးကို တည်ထားတော်မူ၏။ မကျန်းမာသော ဂိလာနပုဂ္ဂိုလ်တို့ထံ ကြွရောက်ပြီးလျှင် “ငါ့ရှင်တို့.. သင်တို့အဖို့ရာ အဘယ်အစာအာဟာရကို ဆောင်ယူခဲ့ရမည်နည်း၊

၁၈၃

သင်တို့သည် အဘယ်အစာအာဟာရကို အလိုရှိအပ်သနည်း”ဟု မေးတော်မူ၏၊ ဝါမရသေးသော ရဟန်းငယ်များအထံသို့ သွားရောက်ပြီးလျှင် “ငါ့ရှင်တို့.. သာသနာတော်ဝယ် မွေ့လျော်ကြကုန်လော့၊ မပျင်းရိကြကုန်လင့်၊ ဗုဒ္ဓမြတ်စွာ သာသနာကား အကျင့်ပဋိပတ်တည်းဟူသော အနှစ်သာရ ရှိချေ၏”ဟူ၍ ဆုံးမတော်မူ၏၊ ဤသို့ ကျောင်းတိုက်အတွင်းဝယ် ပြုလုပ်သင့်သမျှကို ပြုလုပ်တော်မူပြီးမှ အားလုံးတို့၏နောက်မှ ဆွမ်းခံကြွဝင်တော်မူလေသည်။

     ဥပမာအားဖြင့် လေးကျွန်းသနင်း စကြာမင်းသည် တစုံတခုသောအရပ်သို့ သွားလိုသည်ရှိသော် အင်္ဂါလေးရပ် စစ်တပ်ကြီးခြံရံကာ ရှေးဦးစွာ ထွက်ချီတော်မူ၏။ သားကြီးဩရသ ပရိဏာယက ရတနာကား စစ်အင်္ဂါများကို စီမံခန့်ခွဲ၍ နောက်မှ ထွက်ချီတော်မူသကဲ့သို့ ထို့အတူပင် တရားစက်ကို လည်စေတော်မူသည့် သဒ္ဓမ္မစကြဝတေးမင်း ဖြစ်တော်မူသော မြတ်စွာဘုရားရှင်သည် ရဟန်းအပေါင်းခြံရံကာ ရှေးဦးစွာ ထွက်ကြွတော်မူ၏။ သားကြီးဩရသ ပရိဏာယကရတနာ ဖြစ်တော်မူသော တရားစစ်သေနာပတိ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကား ရှေးဖော်ပြရာပါ ဤကိစ္စလုပ်ငန်းရပ်များကို လုပ်ဆောင်တော်မူ၍ အလုံးစုံသော ရဟန်းတို့၏နောက်မှ ဆွမ်းခံထွက်ကြွတော်မူလေသည်။

     ထိုနေ့အဖို့ရာ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ဇေတဝန်ကျောင်းတိုက်တော် အတွင်းဝယ် ရှေးဖော်ပြရာပါ ကိစ္စလုပ်ငန်းရပ်များကို လုပ်ဆောင် ပြီးပြေစေတော်မူ၍ အားလုံးသော ရဟန်းတို့၏ နောက်ဆုံးမှ ဆွမ်းခံထွက်ကြွတော်မူလတ်သည်ရှိသော် တခုသော သစ်ပင်ရင်း၌ ထက်ဝယ် (တင်ပလ္လင်)ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်စွာထားလျက် ကမ္မဋ္ဌာန်းသို့ရှေးရှု သတိကိုဖြစ်စေ၍ ထိုင်နေသော အရှင်ရာဟုလာကို မြင်တော်မူ လေလျှင်-

“ရာဟုလာ.. (ထွက်သက်ဝင်သက်၌ အောက်မေ့မှုဟူသော) အာနာပါနဿတိ ဘာဝနာကို ပွါးများလော့၊ ရာဟုလာ.. အာနာပါနဿတိဘာဝနာကို ပွါးများအပ်သည်ရှိသော်

၁၈၄

ကြိမ်ဖန်များစွာ လေ့လာအပ်သည်ရှိသော် များမြတ်သော အကျိုးအာနိသင် ရှိပေ၏”–

ဟု အာနာပါနဿတိ ဘာဝနာကို ပွါးများဖို့ရန် အားပေး တိုက်တွန်းစကား မိန့်ကြားတော်မူလေ၏။

(ဤ၌။ ။အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် အရှင်ရာဟုလာအား အဘယ့်ကြောင့် အာနာပါနဿတိ ဘာဝနာကို ပွါးများဖို့ရန် အားပေး တိုက်တွန်းတော်မူသနည်းဟု မေးရန်ရှိ၏။

အဖြေကား.. အရှင်ရာဟုလာ၏ ထိုနေပုံနှင့် အာနာပါနသတိ ဘာဝနာမှာ လွန်စွာ လျောက်ပတ်သောကြောင့် ထိုသို့ အားပေး တိုက်တွန်းတော်မူသည်။ ချဲ့ဦးအံ့- အရှင်သာရိပုတ္တရာမထေရ်သည် “ဤရာဟုလာအား မြတ်စွာဘုရားရှင်က ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားထားအပ်သည်”ဟူသော အချက်ကို မဆင်ခြင်မိပဲ “ဤရာဟုလာ၏ မတုန်မလှုပ် မဖွဲ့မယှက် ထိုင်နေပုံနှင့် အာနာပါနဿတိ ကမ္မဋ္ဌာန်းသည် အလျောက်ပတ်ဆုံးဖြစ်သည်”ဟု ကြံစည်တော်မူပြီးလျှင် ဤကဲ့သို့ မိန့်ဆိုတော်မူခြင်း ဖြစ်လေသည်။

“အာနာပါနဿတိ ဘာဝနာကို ပွါးများ လေ့လာအပ်သည်ရှိသော် များမြတ်သော အကျိုးအာနိသင် ရှိ၏”ဟူသော စကားရပ်၌ အကျိုးများပုံမှာ-

အာနာပါနဿတိ ဘာဝနာကို ပွါးများသော ရဟန်းသည် တထိုင်တည်းမှာပင် အရဟတ္တဖိုလ်သို့ ရောက်နိုင်၏။ ထိုသို့ မရောက်နိုင်သောသူ ဖြစ်ကလည်း သေခါနီးအခါ သမသီသီရဟန္တာ ဖြစ်နိုင်၏။ ထိုသို့ မတတ်နိုင်သောသူ ဖြစ်ကလည်း နတ်ပြည်၌ဖြစ်၍ ဓမ္မကထိကနတ်သား၏ တရားကို ကြားနာရပြီးလျှင် အရဟတ္တဖိုလ် ရောက်နိုင်၏၊ ထိုသို့ မရောက်နိုင်သောသူ ဖြစ်ကလည်း ဘုရားမပွင့်သောအခါ ပစ္စေကဗုဒ္ဓါ ဖြစ်နိုင်၏။ ထိုသို့ မတတ်နိုင်သောသူ ဖြစ်ကလည်း နောက်နောက် ပွင့်တော်မူကြမည့် မြတ်စွာဘုရားရှင်တို့၏ လက်ထက်တော်အခါဝယ် အရှင်ဗာဟိယဒါရုစီရိယ မထေရ်တို့ကဲ့သို့ ခိပ္ပါဘိည (လျင်မြန်သော အသိဉာဏ်ရှိသည့်) ရဟန္တာပုဂ္ဂိုလ် ဖြစ်နိုင်၏၊ ဤသို့လျှင် အာနာပါနဿတိ ဘာဝနာသည် များမြတ်သော အကျိုးအာနိသင်ရှိ၏။

ဤသို့ အကျိုးကြီးမြတ်ပုံကို ရှုမြင်တော်မူသည်ဖြစ်၍ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ဥပဇ္ဈာယ်ယူ အတူနေ (သဒ္ဓိဝိဟာရိက) တပည့်ဖြစ်သည့်

၁၈၅

အရှင်ရာဟုလာကို အာနာပါနဿတိ ကမ္မဋ္ဌာန်း၌ တိုက်တွန်း အားပေးတော်မူလေသည်)။

     ဤသို့လျှင် မြတ်စွာဘုရားရှင်က ရုပ်ကမ္မဋ္ဌာန်း, အရှင်သာရိပုတ္တရာ မထေရ်မြတ်က အာနာပါနဿတိ ကမ္မဋ္ဌာန်းကို အသီးအသီး ဟောကြားတော်မူကြကာ ကြွသွားတော်မူကြလေသည်။ ရှင်ရာဟုလာသည် ကျောင်းတိုက်မှာပင် ကျန်ရစ်ရှာလေသည်။

     မြတ်စွာဘုရားရှင်သည် ရှင်ရာဟုလာ ကျန်ရစ်သည်ကို သိတော်မူသော်လည်း ကိုယ်တော်တိုင်လည်း (ရှင်ရာဟုလာအတွက်) ခဲဖွယ်ဘောဇဉ်ကို ယူဆောင်၍ သွားတော်မမူ၊ အရှင်အာနန္ဒာ၏လက်၌ အပ်၍လည်း ပို့စေတော်မမူ၊ ပသေနဒီ ကောသလမင်းကြီး အနာထပိဏ်သူဌေးကြီး- အစရှိသော ဒါယကာ ဒါယိကာမတို့အားလည်း ထိုအကြောင်းကို အသိပေးတော်မမူ၊ (မှန်၏- အသိအမှတ်မျှ ရကြလျှင်ပင် ထိုသူတို့သည် ထမ်းပိုးဖြင့် သယ်ယူအပ်သည့် ဆွမ်းအိုးများကို ပို့ကြစေမည်သာဖြစ်၏။)

     မြတ်စွာဘုရားရှင်ကဲ့သို့ပင် အရှင်သာရိပုတ္တရာ မထေရ်ကလည်း တစုံတခုကိုမျှ ပြုတော်မမူ၊ ထိုနေ့အဖို့ရာ ရှင်ရာဟုလာသည် ဆွမ်းအစာအာဟာရကို မရရှိပဲ ဆွမ်းပြတ်တော်မူလေသည်၊ ထိုသို့ပင် ဆွမ်းမစားရသော်လည်း ရှင်ရာဟုလာ၏ စိတ်သန္တာန်ဝယ် “မြတ်စွာဘုရားရှင်သည် ငါ့ကို ကျောင်း၌ကျန်ရစ်သည်ကို သိတော်မူပါလျက်လည်း ကိုယ်တော်ရရှိသည့်ဆွမ်းကို ကိုယ်တိုင်ယူ၍လည်း မကြွလာ၊ အခြားတဦးဦး၏လက်၌ အပ်နှင်း၍လည်း ပို့စေတော်မမူ၊ လူတို့အားလည်း အသိအမှတ်ကို ပေးတော်မမူ၊ ငါ၏ ဥပဇ္ဈာယ် ဆရာတော်သည်လည်း ငါကျန်ရစ်သည်ကို သိတော်မူလျက် ထို့အတူပင် တစုံတခုမျှ ပြုတော်မမူ”ဟု စိတ်အကြံမျှသော်လည်း မဖြစ်ချေ။ ထိုဆွမ်းမပို့ခြင်းဟူသော အကြောင်းကြောင့် ယုတ်သောမာန် မြတ်သောမာန် (အထင်သေးမှု အထင်ကြီးမှု)ကိုကား အဘယ်မှာလျှင် ဖြစ်စေလိမ့်မည်နည်း၊ မဖြစ်စေသည်သာ၊ စင်စစ်သော်ကား မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော ရုပ်ကမ္မဋ္ဌာန်းကိုပင် နံနက်ခင်း၌၎င်း, နေ့ခင်း၌၎င်း-

၁၈၆

“ရုပ်တရားသည် ဤအကြောင်း ဤအကြောင်းကြောင့် အနိစ္စဧကန် မှန်၏။ ရုပ်တရားသည် ဤအကြောင်း ဤအကြောင်းကြောင့် ဒုက္ခဧကန် မှန်၏၊ ရုပ်တရားသည် ဤအကြောင်း ဤအကြောင်းကြောင့် အသုဘဧကန် စင်စစ်မှန်၏၊ ရုပ်တရားသည် ဤအကြောင်း ဤအကြောင်းကြောင့် အနတ္တဧကန် စင်စစ်မှန်၏”–

ဟု အပူတပြင်း မီးကိုမွှေသောသူကဲ့သို့ အကြားမလပ် နှလုံးသွင်းပြီးလျှင် ညနေချမ်းအခါ၌ “ငါ့ကို ဥပဇ္ဈာယ်ဆရာတော်မြတ်က ‘အာနာပါနဿတိကို ပွါးများလော့’ဟု ဆိုဆုံးမအပ်လေပြီ၊ ထိုဥပဇ္ဈာယ်ဆရာမြတ်၏ အဆုံးအမ ဩဝါဒစကားကို လိုက်နာ ပြုကျင့်ပေအံ့၊ မှန်၏- ဆရာဥပဇ္ဈာယ်တို့၏ အဆုံးအမ ဩဝါဒစကားကို မလိုက်နာသောသူသည် ဆုံးမခက်သည့် (=ဒုဗ္ဗစ)ပုဂ္ဂိုလ် မည်ချေသည်၊ ငါ့အဖို့ရာမှာလည်း ရာဟုလာသည် ဆုံးမခက်သူဖြစ်၏၊ ဥပဇ္ဈာယ်ဆရာတော်၏ အဆုံးအမ ဩဝါဒစကားကိုသော်မှလည်း မလိုက်နာ”ဟု သီတင်းသုံးဖော် သံဃာတော်တို့၏ ကဲ့ရဲ့ရှုတ်ချမှု ဖြစ်ပေါ်ခြင်းထက် ကြမ်းခက်သော အနှိပ်စက်ခံရခြင်းမည်သည် မရှိချေ”ဟု ကြံစည်ပြီးလျှင် အာနာပါနဿတိဘာဝနာ ပွါးများပုံအစီအရင်ကို မေးလျှောက်လိုသည်ဖြစ်၍ အရှင်ရာဟုလာသည် ညနေချမ်းအချိန်၌ ကိန်းအောင်းရာမှ ထ၍ မြတ်စွာဘုရားရှင်ထံတော်သို့ ချဉ်းကပ်လျက် အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် အပြစ်ခြောက်ပါး လွတ်ရာအရပ်၌ ထိုင်ပြီးသော် မြတ်စွာဘုရားရှင်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အာနာပါနဿတိ ဘာဝနာသည် အဘယ်သို့ ပွါးများအပ်သည်ရှိသော် အဘယ်သို့ ကြိမ်ဖန်များစွာ လေ့လာအပ်သည်ရှိသော် များမြတ်သောအကျိုး များမြတ်သော အာနိသင် ရှိပါသနည်း”-

ဟူ၍ မေးမြန်း လျှောက်ထားလေ၏၊ ထိုအခါ မြတ်စွာဘုရားရှင်သည် ရှင်ရာဟုလာအား-

၁၈၇

(၁)

(က) ပထဝီဓာတ်(ကောဋ္ဌာသ) နှစ်ဆယ်

(ခ) အာပေါဓာတ် (ကောဋ္ဌာသ) တဆယ့်နှစ်ပါး

(ဂ) တေဇောဓာတ်(ကောဋ္ဌာသ) လေးပါး

(ဃ) ဝါယောဓာတ် (ကောဋ္ဌာသ) ခြောက်ပါး = တည်း ဟူသော မဟာဘူတရုပ်ကမ္မဋ္ဌာန်း ပွါးများပုံကို၎င်း,

(င) အာကာသဓာတ် တည်းဟူသော ဥပါဒါရုပ်ကမ္မဋ္ဌာန်း ပွါးများပုံကို၎င်း,

(၂)

မြေ, ရေ, မီး, လေ, အာကာသတို့နှင့် အလားတူ ဘာ၀နာကိုပွါးများရန် ဖော်ပြသည့် တာဒိဘာဝလက္ခဏာကို၎င်း,

(၃)

မေတ္တာဘာဝနာ

(၄)

ကရုဏာဘာဝနာ

(၅)

မုဒိတာဘာဝနာ

(၆)

ဥပေက္ခာဘာဝနာ

(၇)

အသုဘဘာဝနာ

(၈)

အနိစ္စသညာ ဘာဝနာတို့ကို ပွါးများရန် (အကျိုးကို ဖော်ပြလျက်) တိုက်တွန်းတော်မူသော တရားဒေသနာကို၎င်း,

(၉)

အရှင်ရာဟုလာ လျှောက်ထား မေးမြန်းရင်းဖြစ်သည့် အာနာပါနဿတိဘာဝနာ ပွါးများပုံ အကျယ်ကို၎င်း, ထို၏အကျိုးကို၎င်း-

အကျယ်အားဖြင့် ဟောကြားတော်မူလေသည်။ (ဟောကြားတော်မူပုံ အကျယ်ကို မဇ္ဈိမပဏ္ဏာသပါဠိတော် မြန်မာပြန် စာမျက်နှာ ၉၁-မှစ၍ ကြည့်ရှုမှတ်ယူရာ၏)။

၁၈၈

မြတ်စွာဘုရားရှင်သည် ရှင်ရာဟုလာကို အကြောင်းပြု၍

များစွာသော တရားဒေသနာတို့ကို ဟောတော်မူခြင်းအကြောင်း

     မြတ်စွာဘုရားရှင်သည် ရှင်ရာဟုလာမထေရ်အား များစွာသော တရားဒေသနာတို့ကို ဟောကြားတော်မူအပ်ကုန်၏။ (၁) သာမဏေရပဉှာ (၂) ရာဟုလသံယုတ် (၃) မဟာရာဟုလောဝါဒသုတ် (၄) စူဠရာဟုလောဝါဒသုတ် (၅) အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ် = ဤတရားဒေသနာတို့ကို ရှင်ရာဟုလာမထေရ်အား ဟောကြားတော်မူအပ်ကုန်၏။

     ချဲ့ဦးအံ့– ဤအရှင်ရာဟုလာကို မြတ်စွာဘုရားရှင်သည် ကပိလဝတ် ရွှေနန်းတော်သို့ ပဌမအကြိမ် ရောက်ရှိချိန်ဝယ် ခုနစ်နှစ်အရွယ် ရာဟုလမင်းသားငယ် အချိန်၌ပင် မြတ်စွာဘုရားရှင်၏ သင်္ကန်းတော်စွန်းကို ဆွဲကိုင်၍ “ကိလေသာခပ်သိမ်း ငြိမ်းအေးတော်မူပြီးသော ခမည်းတော်ဘုရား.. အကျွန်ုပ်အား အမွေပေးသနားတော်မူပါ”ဟု အမွေတောင်းခံလာသည်ကို မြတ်စွာဘုရားရှင်သည် အရှင်သာရိပုတ္တရာမထေရ်အား အပ်နှင်း၍ ရှင်သာမဏေ ပြုစေတော်မူအပ်လေသည်။

     (၁) ထို့နောက် မြတ်စွာဘုရားရှင်သည် “ကလေးသူငယ်တို့မည်သည် သင့်သောစကား မသင့်သောစကား ထွေရာလေးပါး ပြောကြားတတ်ကုန်၏။ သို့ရကား ရာဟုလာအား အဆုံးအမ ဩဝါဒပေးပေအံ့”ဟု ဆင်ခြင်ဆုံးဖြတ်တော်မူပြီးလျှင် ရှင်ရာဟုလာကို ခေါ်တော်မူ၍ “ရာဟုလာ.. သာမဏေမည်သည် မဂ်ဖိုလ်အား ကျေးဇူးမပြုသည့် မင်းစကား စိုးစကား- အစရှိသော တိရစ္ဆာနကထာစကားကို မပြောကြားသင့်၊ သင်ချစ်သားသည် စကားပြောဆိုလျှင် ဤသို့သဘောရှိသော တရားစကားကိုသာ ပြောကြားလော့”ဟု မိန့်တော်မူပြီးလျှင် ခပ်သိမ်းသော ဘုရားရှင်တို့ မစွန့်အပ်သော ပုစ္ဆာဆယ်ချက်ရှိ၍ အဖြေတရားပေါင်း ငါးဆယ့်ငါးပါး ပါရှိသော (ခု၊ ၁၊ မျက်နှာ ၃-လာ) “သာမဏေရပဉှာ”မည်သော တရားဒေသနာကို ဟောကြားတော်မူသည်။

၁၈၉

     (၅) တဖန် မြတ်စွာဘုရားရှင် ကြံစည် ဆင်ခြင်တော်မူမိပြန်သည်မှာ “ကလေးသူငယ်တို့မည်သည် မဟုတ်မမှန်စကား ပြောကြားရသည်ကို နှစ်သက်ကြကုန်၏။ မိမိတို့ မမြင်အပ်သည်ကိုပင် ‘ငါတို့ မြင်အပ်ကုန်၏’ ဟူ၍၎င်း, မိမိတို့ မြင်အပ်သည်ကိုပင် ‘ငါတို့ မမြင်အပ်ကုန်’ ဟူ၍၎င်း ပြောဆိုတတ်ကြကုန်၏၊ သို့ရကား ရာဟုလာအား စောစီးကကြိုတင်၍ အဆုံးအမ ဩဝါဒ ပေးပေအံ့”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် မျက်စိဖြင့် ကြည့်၍လည်း သိလွယ် မှတ်လွယ်ရန်အလို့ငှါ ရှေးဦးစွာ ရေခွက်ဥပမာ လေးပါး, ထို့နောက် စစ်ဆင်ကြီးဥပမာ နှစ်ပါး, ကြေးမုံ (မှန်)ဥပမာ တပါး = ဤဥပမာ ခုနစ်ပါးကို အစဉ်အတိုင်း ဖော်ပြကာ (မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ဘိက္ခုဝဂ်၊ မျက်နှာ ၇၇-လာ) အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ္တန်ကို ဟောကြားတော်မူလေသည်။

     ထိုမှတပါး ပစ္စည်းလေးဖြာတို့၌ တွယ်တာတပ်မက်သော တဏှာ မဖြစ်စေရန်ကို၎င်း, ကာမဂုဏ်ငါးပါးတို့၌ ဆန္ဒရာဂ တဏှာကို ပယ်ခြင်းကို၎င်း, မိတ်ဆွေကောင်း ပေါင်းမိခြင်း၏ အကျိုးကြီးမြတ်မှုကို၎င်း ဖော်ပြတော်မူ၍ (ခု၊ ၁၊ ၃၂၈-မျက်နှာ၊ သုတ္တနိပါတ်ကျမ်းလာ) ရာဟုလသုတ်ကို ဟောကြားတော်မူလေသည်။ (ဤရာဟုလသုတ်ကို အဘိဏှရာဟုလောဝါဒသုတ်ဟူ၍လည်း ခေါ်ဆို၏)။

     (၂) ရောက်လေရာရာ ဌာနတိုင်းဝယ် ဘဝသုံးပါး၌ တပ်မက် နှစ်သက်သော တဏှာဆန္ဒကို မပြုရာဟု ပြတော်မူခြင်းငှါ (သံ၊ ၁၊ ၄၃၉-မျက်နှာ စသည်၌လာသော) ရာဟုလသံယုတ်ကို ဟောကြားတော်မူလေသည်။

     (၃) “ငါသည်တင့်တယ်၏၊ ငါ၏ရုပ်အဆင်းသည် သန့်ရှင်း ကြည်လင်လှ၏ဟူ၍ ခန္ဓာကိုယ်အတ္တဘောကို အမှီပြု၍ ဂေဟဿိတ ဆန္ဒရာဂကို မပြုရာ”ဟု ပြတော်မူခြင်းငှါ (မဇ္ဈိမပဏ္ဏာသ ပါဠိ၊ စာမျက်နှာ ၈၃-လာ) မဟာရာဟုလောဝါဒသုတ်ကို ဟောကြားတော်မူလေသည်။

၁၉၀

     (၄) ထို့နောက် မြတ်စွာဘုရားရှင် ၁၄-ဝါအရ (ရှင်ရာဟုလာ ရဟန်းဖြစ်ပြီးစ ဝါမရမီ) အချိန်ဝယ် အရဟတ္တဖိုလ်ပေါက် ချေချွတ်ရန် (ဥပရိပဏ္ဏာသပါဠိ၊ စာမျက်နှာ ၃၂၄-လာ) စူဠရာဟုလောဝါဒသုတ္တန်ကို ဟောတော်မူလေသည်။

     ထိုတွင် ရာဟုလသုတ် (=အဘိဏှရာဟုလောဝါဒသုတ်)ကို ဤမည်သောအခါ၌ ဟောကြားတော်မူအပ်၏ဟု အချိန်ပိုင်းဖြတ် သတ်မှတ်၍ ပြောဆိုမရနိုင်၊ မှန်၏- ထိုရာဟုလသုတ် (=အဘိဏှရာဟုလောဝါဒသုတ်)ကို မပြတ်မပြတ် ဆုံးမတော်မူသောအားဖြင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်လေသည်။

     (၂) ရာဟုလသံယုတ်ကို ရှင်ရာဟုလာ ခုနစ်နှစ်အရွယ် သာမဏေငယ်ဘဝမှစ၍ ဝါမရသေးသော ရဟန်းငယ်ဖြစ်သည့် ကာလတိုင် ဤအတွင်းဝယ် အလျဉ်းသင့်သလို ဟောကြားတော်မူအပ်လေသည်။

     (၃) မဟာရာဟုလောဝါဒသုတ်ကို ရှင်ရာဟုလာ တဆယ့်ရှစ်နှစ်အရွယ်၌ ဟောကြားတော်မူအပ်လေသည်။

     (၄) စူဠရာဟုလောဝါဒသုတ်ကို ရှင်ရာဟုလာ ရဟန်းဖြစ်စ ဝါမရမီအချိန်၌ ဟောကြားတော်မူအပ်လေသည်။

     (၁-၅) သာမဏေရပဉှာ(နှင့်) အမ္ဗလဋ္ဌိကရာဟုလောဝါဒ သုတ္တန်တို့ကို ရှင်ရာဟုလာ ခုနစ်နှစ်အရွယ် သာမဏေငယ်အချိန်၌ ဟောကြားတော်မူအပ်လေသည်။

     ထိုသုတ္တန်တို့တွင် (၁) ရာဟုလသုတ် (=အဘိဏှရာဟုလောဝါဒသုတ်)ကို အမြဲမပြတ် ဆုံးမရန် ဟောကြားတော်မူအပ်သည်။ (၂) ရာဟုလသံယုတ်ကို အရှင်ရာဟုလာမထေရ်မြတ် ဝိပဿနာဉာဏ် တရားသားကို ရယူရန် ဟောကြားတော်မူအပ်သည်။ (၃) မဟာရာဟုလောဝါဒသုတ်ကို ဂေဟဿိတဆန္ဒရာဂ (အာရုံငါးပါး ကာမတရား တည်းဟူသော အိမ်၌မှီသည့် တဏှာလောဘ)ကို ပယ်ဖျောက်ရန် ဟောကြားတော်မူအပ်သည်။ (၄) စူဠရာဟုလောဝါဒသုတ်ကို အရှင်ရာဟုလာမထေရ်၏ ဝိမုတ္တိပရိပါစနီယတရား

၁၉၁

တဆယ့်ငါးပါးတို့ ရင့်ကျက်သောအခါ (ရဟန်းဖြစ်စ ဝါမရသေးမီအချိန်)၌ အရဟတ္တဖိုလ်ကို ရယူစေရန် ဟောကြားတော်မူအပ်သည်၊ ဤအချက်က ရည်ညွှန်းတော်မူ၍ ရှင်ရာဟုလာမထေရ်သည် ရဟန်းသံဃာတော်၏ အလယ်၌ မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးကို ချီးကျူးလိုသည်ဖြစ်၍—

ကိကီဝ ဗီဇံ ရက္ခေယျ၊ စမရီ ဝါလမုတ္တမံ။

နိပကော သီလသမ္ပန္နော၊ မမံ ရက္ခိ တထာဂတော။

ကိကီ = ရစ်မသည်။ ဗီဇံ = မိမိ၏ အဥကို။ ရက္ခေယျ ဣဝ = စောင့်ရှောက်သကဲ့သို့၎င်း။ စမရီ = စမရီမည်သော သားကောင်သည်။ ဥတ္တမံ = မင်းထိုက်စိုးတန် မြတ်မွန်လှစွာသော။ ဝါလံ = မိမိ၏ မြီးဆံမျှင်ကို။ ရက္ခေယျ ဣဝ = စောင့်ရှောက်သကဲ့သို့၎င်း။ (တထာ = ထို့အတူ)။ နိပကော = အလွန်ရင့်ကျက် ထက်မြက်စွမ်းအန် ပညာဉာဏ်ရှိတော်မူသော။ သီလသမ္ပန္နော = အတုမရှိသော သီလဂုဏ်နှင့် ပြည့်စုံတော်မူသော။ တထာဂတော = သုံးလူ့မျက်ဖျော် ငါ့ခမည်းတော် မြတ်စွာဘုရားသည်။ မမံ = ရင်နှစ်သည်းချာ ငါရာဟုလာကို။ ရက္ခိ = ရစ်မနှိုင်းမှီ စမရီပုံထောက် အရဟတ္တဖိုလ်ရောက်အောင် စောင့်ရှောက်တော်မူခဲ့လေပြီ။-

ဟူသော ဤစကားကို လျှောက်ထားခဲ့လေပြီ။ (၁) သာမဏေရပဉှာကို မသင့်လျော်သောစကား ပြောကြားမှုကို ပယ်ဖို့ရန် ဟောကြားတော်မူအပ်သည်။ (၅) အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်ကို သိလျက် မုသားစကား မပြောကြားရန် ဟောကြားတော်မူအပ်သည်။

  ဤသို့လျှင် မြတ်စွာဘုရားရှင်သည် အရှင်ရာဟုလာကို အကြောင်းပြု၍ များစွာသော တရားဒေသနာတို့ကို ဟောကြားတော်မူအပ်လေသည်။

ဤတွင် အခဏ်း ၃၁-ပြီး၏။

၁၉၂

အခဏ်း-၃၂

စာလိကတောင်၌ တေရသမဝါ ကပ်တော်မူခြင်း

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ ဝါပကာလ သီတင်းသုံး နေထိုင်တော်မူကာ မဟာရာဟုလောဝါဒသုတ္တန်စသော တရားဒေသနာတော်ဖြင့် လူ,နတ်,ဗြဟ္မာ သတ္တဝါတို့အား ချေချွတ်ဆုံးမတော်မူ၍ အစဉ်သဖြင့် ခရီးဒေသစာရီ ကြွချီတော်မူခဲ့ရာ စာလိကာမြို့သို့ ရောက်တော်မူ၍ ထိုစာလိကာမြို့၏အနီး စာလိကမည်သော တောင်ပေါ်ကျောင်းတိုက်ကြီး၌ (တေရသမ) တဆယ့်သုံးခုမြောက်ဝါ ကပ်ဆိုသီတင်းသုံး နေထိုင်တော်မူဆဲ ဖြစ်လေသည်။

(ဤ၌။ ။ထိုမြို့၏ တံခါးအရပ်ကို ချန်လှပ်၍ မြို့ပတ်ဝန်းကျင်၌ တလျှပ်လျှပ် လှုပ်ရှားသော ညွန်ပျောင်းများ ဝန်းရံလျက်ရှိလေသည်။ ထိုသို့ တလျှပ်လျှပ် လှုပ်ရှားသော ညွန်ပျောင်းများအလယ်၌ မြို့တည်ထားခြင်းကြောင့် အဝေးမှ မြို့ကို ကြည့်ရှုကုန်သောသူတို့၏ မျက်စိအမြင်၌ မြို့ကြီးသည် တလျှပ်လျှပ် တုန်လှုပ် သကဲ့သို့ ထင်ရလေသည်။ ထို့ကြောင့် ထိုမြို့၏အမည်ကို စာလိကာမြို့ဟု ခေါ်ဆိုအပ်လေသည်။

ထိုစာလိကာမြို့၏ အနီး၌ တောင်တခုရှိလေသည်။ ထိုတောင်သည်လည်း တတောင်လုံး ဆွတ်ဆွတ်ဖြူနေသောကြောင့် လဆုတ်ပက္ခ ဥပုသ်နေ့၌ ကြည့်ရှုကုန်သောသူတို့၏ မျက်စိအမြင်၌ တလျှပ်လျှပ် တုန်လှုပ်သကဲ့သို့ ထင်ရသောကြောင့် တောင်အမည်သည်လည်း စာလိကတောင်ဟူ၍ ထင်ရှားလေသည်။

ထိုစာလိကတောင်ပေါ်၌ မြို့သူမြို့သား ဒါယကာ ဒါယိကာမ အများတို့က မြတ်စွာဘုရားရှင်အတွက် ကျောင်းတိုက်ကြီးတခု တည်ဆောက် လှူဒါန်းကြလေသည်။ မြတ်စွာဘုရားရှင်သည် တဆယ့်သုံးခုမြောက် (=တေရသမ)ဝါ အခါကာလ၌ ထိုစာလိကာမြို့ကို အမှီဂေါစရဂါမ် ပြုတော်မူကာ စာလိကတောင်ပေါ်ကျောင်းတိုက်ကြီး၌ သီတင်းသုံး နေထိုင်တော်မူဆဲ ဖြစ်သည်ဟု ဆိုလိုသည်)။

၁၉၃

ခေတ္တအလုပ်အကျွေးဖြစ်သည့် မေဃိယထေရ်အား

တရားဟောတော်မူခြင်း

     ထိုသို့ စာလိကတောင်ပေါ် ကျောင်းတိုက်ကြီး၌ တေရသမဝါ ကပ်ဆိုတော်မူသောအခါ အရှင်မေဃိယမထေရ်သည် မြတ်စွာဘုရားရှင်အား ဝတ်ကြီးဝတ်ငယ် ပြုစုလုပ်ကျွေးသည့် ခေတ္တအလုပ်အကျွေး = ဥပဋ္ဌာက ဖြစ်လေသည်။

     ထင်ရှားစေဦးအံ့- မြတ်စွာဘုရားရှင်မှာ ပဌမဗောဓိခေါ်သော ဝါတော်နှစ်ဆယ်အတွင်း၌ အမြဲပြုစုလုပ်ကျွေးသည့် ဥပဋ္ဌာကမထေရ်ဟူ၍ အမြဲတမ်း မရှိသေးချေ။ တရံတခါ အရှင်နာဂသမာလမထေရ်, တရံတခါ အရှင်နာဂိတမထေရ်, တရံတခါ အရှင်ဥပဝါနမထေရ်, တရံတခါ လိစ္ဆဝီမင်းသားဖြစ်သည့် သုနက္ခတ္တရဟန်း, တရံတခါ (ရှင်သာရိပုတ္တရာ၏ညီ) အရှင်စုန္ဒမထေရ်, တရံတခါ အရှင်သာဂတမထေရ်, တရံတခါ အရှင်မေဃိယမထေရ် ပြုစုလုပ်ကျွေးလေသည်။ ထိုစာလိကတောင်ပေါ် ကျောင်းတိုက်ကြီး၌ တေရသမဝါ ကပ်တော်မူသောအခါမှာလည်း အရှင်မေဃိယမထေရ်သည်ပင် မြတ်စွာဘုရားရှင်၏ ခေတ္တအလုပ်အကျွေး ဖြစ်လေသည်။

     ထိုအခါ တနေ့သ၌ အရှင်မေဃိယမထေရ်သည် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ဝပ်လျှိုး ရှိခိုးရပ်တည်ပြီးသော် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်သည် ဇန္တုရွာသို့ ဆွမ်းခံဝင်လိုပါသည်ဘုရား”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “မေဃိယ.. ယခုအခါ သွားရန်အချိန်ကို သင်သိ၏ = သွားရန်မှာ သင်၏အလိုအတိုင်းပင် ဖြစ်၏”ဟု မိန့်တော်မူလေ၏။

     ထိုအခါ အရှင်မေဃိယသည် နံနက်အချိန်၌ ဇန္တုရွာသို့ ဆွမ်းခံ ကြွဝင်တော်မူပြီးနောက် ဆွမ်းကိစ္စပြီးလတ်သော် ထိုရွာမှ ဖဲခဲ့၍ ကိမိကာဠာမည်သော မြစ်ကမ်းသို့ ကြွရောက်ပြီးလျှင် ထို မြစ်ကမ်းနား၌ အညောင်းပြေ စင်္ကြံလျှောက်စဉ် မကျဲသော သစ်ပင်နှင့်

၁၉၄

စိုပြေသော အရွက်ရှိခြင်းကြောင့် စိတ်ကြည်နူးဖွယ်ကောင်းသော, ထူထပ်သော အရိပ်နှင့် မြေနေမြေထား ကောင်းမြတ်သောကြောင့် သာလည်း သာယာလှသော, ဥယျာဉ်အတွင်းသို့ ဝင်သောသူတို့၏ စိတ်နှလုံးကိုလည်း ရွှင်ပြုံးမွေ့လျော်စေနိုင်သော သရက်ခြံ ဥယျာဉ်ကြီးတခုကို မြင်တော်မူလေသည်။ ထိုသို့ မြင်တော်မူလျှင် အရှင်မေဃိယ၏ စိတ်သန္တာန်ဝယ်-

“ဤသရက်ဥယျာဉ်ကြီးသည် စိတ်ကြည်နူးဖွယ်လည်းကောင်း၏။ သာလည်း သာယာလှ၏၊ စိတ်နှလုံးကိုလည်း ရွှင်ပြုံးမွေ့လျော်စေနိုင်၏။ ဤသရက်ဥယျာဉ်ကြီးသည် တရားအားထုတ်လိုသော အမျိုးကောင်းသား၏အဖို့ရာ တရားအားထုတ်ရန် သင့်လျော်လှဘိ၏၊ ငါ့ကို မြတ်စွာဘုရားရှင် ခွင့်ပြုတော်မူပါလျှင် ငါသည် ဤသရက်ဥယျာဉ်သို့ တရားအားထုတ်ရန် ပြန်လာပေအံ့”–

ဟု အကြံအစည် ဖြစ်ရှိလေသည်။ (ထိုသရက်ခြံဥယျာဉ် နေရာကား အရှင်မေဃိယမထေရ်သည် ရှေးရှေးဘဝ အခါများက အစဉ်အတိုင်း ဘ၀ငါးရာဆက်၍ မင်းဖြစ်လျက် မင်းစည်းစိမ် ခံစားသုံးဆောင်ခဲ့ဘူးသော ဥယျာဉ်ဖြစ်လေသည်၊ ထို့ကြောင့် ထိုဥယျာဉ်ကို မြင်လျှင်မြင်ခြင်းပင် အရှင်မေဃိယမထေရ်၏ သန္တာန်၌ ထိုဥယျာဉ်ဝယ် နေလိုသောစိတ် ဖြစ်ပေါ်လာခြင်းဖြစ်သည်)။

     ထို့နောက် အရှင်မေဃိယမထေရ်သည် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ဝပ်လျှိုး ရှိခိုးထိုင်နေပြီးသော် မြတ်စွာဘုရားရှင်ကို မိမိဆွမ်းခံဝင်သည်မှအစ သရက်ဥယျာဉ်သို့ တရားအားထုတ်ရန် ပြန်လာလိုသော အကြံအစည် ဖြစ်သည်တိုင်အောင်သော အကြောင်းအရာများကို အကျယ်အားဖြင့် လျှောက် ထားပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဘုန်းတော်သခင် ရှင်ပင်ဘုရား သည် အကျွန်ုပ်ကို အကယ်၍ ခွင့်ပြုပါမူ အကျွန်ုပ်သည် ထိုသရက်ဥယျာဉ်သို့ တရားအားထုတ်ရန် သွားလိုပါ၏”ဟူ၍ တောင်းပန်စကား လျှောက်ထားလေ၏။

၁၉၅

     ဤသို့ လျှောက်ထားလတ်သော် မြတ်စွာဘုရားရှင်သည် အရှင်မေဃိယမထေရ်ကို “ချစ်သားမေဃိယ.. ဆိုင်းငံ့ဦးလော့၊ ယခုအခါ ငါဘုရားတပါးတည်းသာ ဖြစ်နေသေး၍ အခြား ရဟန်းတပါးပါး လာသည့်တိုင်အောင် ဆိုင်းငံ့ဦးလော့”ဟု မြစ်ပယ်ဟန့်တား မိန့်ကြားတော်မူလေသည်။

(ဤ၌။ ။မြတ်စွာဘုရားရှင်သည် အရှင်မေဃိယမထေရ်၏ တောင်းပန် လျှောက်ထားချက်ကို ကြားသိတော်မူ၍ စူးစမ်း ဆင်ခြင်တော်မူလတ်သော် “ထိုမေဃိယရဟန်း၏ ဉာဏ်ပညာကား ရင့်ကျက်ခြင်းသို့ မရောက်သေး”ဟု သိတော်မူ၍ မြစ်ပယ်လိုရကား “ချစ်သားမေဃိယ.. ဆိုင်းငံ့ဦးလော့”ဟု မိန့်တော်မူလေသည်။ “ယခုအခါ ငါဘုရား တပါးတည်းသာ ဖြစ်နေသေးသည်”ဟူသော ဤစကားရပ်ကိုကား “ဤသို့ ငါဘုရား မိန့်ကြား ပြောဆိုသည်ရှိသော် ဤမေဃိယရဟန်းသည် ထိုသရက်ဥယျာဉ်သို့ သွား၍လည်း မိမိ၏ ကမ္မဋ္ဌာန်းအလုပ် မပြည့်စုံလတ်သော် ရွံ့ရှားကြောက်လန့်ခြင်း အလျှင်းမရှိပဲ ငါဘုရားအပေါ် ချစ်ခင်သောစိတ်ဖြင့် တဖန် ပြန်လာလိမ့်မည်”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် ထိုမေဃိယမထေရ်၏ စိတ်နူးညံ့မှုဖြစ်စေရန် မိန့်တော်မူလေသည်)။

     နှစ်ကြိမ်မြောက်လည်း အရှင်မေဃိယသည် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဘုန်းတော်သခင် ရှင်ပင်ဘုရားမှာ မဂ်ကိစ္စ တဆယ့်ခြောက်ချက် ပြုလုပ်ပြီးဖြစ်သောကြောင့် ပိုလွန်၍ တစုံတခု ပြုဖွယ်ကိစ္စ မရှိတော့ပါ။ ပြုပြီးသည်ကို တဖန်ပြန်၍ ပွါးများရန်လည်း မရှိတော့ပါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်အတွက်မှာမူ အလွန်အကဲ (မဂ်ကိစ္စ တဆယ့်ခြောက်သွယ်) ပြုဖွယ်ကိစ္စ ရှိပါသေး၏။ ပြုပြီးသည်ကို တဖန်ပြန်၍ ပွါးများရန်လည်း ရှိပါသေး၏။ ဘုန်းတော်သခင် ရှင်ပင်ဘုရားသည် အကျွန်ုပ်ကို အကယ်၍ ခွင့်ပြုပါမူ အကျွန်ုပ်သည် ထိုသရက်ဥယျာဉ်သို့ တရားအားထုတ်ရန် သွားလိုပါ၏”ဟူ၍ တောင်းပန်စကား လျှောက်ထားပြန်လေ၏။ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားရှင်သည် အရှင်မေဃိယမထေရ်ကို

၁၉၆

“ချစ်သားမေဃိယ.. ဆိုင်းငံ့ဦးလော့၊ ယခုအခါ ငါဘုရား တပါးတည်းသာ ဖြစ်နေသေး၍ အခြားရဟန်းတပါးပါး လာသည့်တိုင်အောင် ဆိုင်းငံ့ဦးလော့”ဟု (ရှေးနည်းအတူ) မြစ်ပယ်ဟန့်တား မိန့်ကြားတော်မူပြန်လေသည်။

     သုံးကြိမ်မြောက်လည်း အရှင်မေဃိယသည် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဘုန်းတော်သခင် ရှင်ပင်ဘုရားမှာ မဂ်ကိစ္စ တဆယ့်ခြောက်ချက် ပြုလုပ်ပြီးဖြစ်သောကြောင့် ပိုလွန်၍ တစုံတခု ပြုဖွယ်ကိစ္စ မရှိတော့ပါ၊ ပြုပြီးသည်ကို တဖန်ပြန်၍ ပွါးများရန်လည်း မရှိတော့ပါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်အတွက်မှာမူ (မဂ်ကိစ္စ တဆယ့်ခြောက်သွယ်) အလွန်အကဲ ပြုဖွယ်ကိစ္စ ရှိပါသေး၏၊ ပြုပြီးသည်ကို တဖန်ပြန်၍ ပွါးများရန်လည်း ရှိပါသေး၏၊ သို့ပါ၍ ဘုန်းတော်သခင် ရှင်ပင်ဘုရားသည် အကျွန်ုပ်ကို အကယ်၍ ခွင့်ပြုပါမူ အကျွန်ုပ်သည် ထိုသရက်ဥယျာဉ်သို့ တရားအားထုတ်ရန် သွားလိုပါ၏”ဟူ၍ တောင်းပန်စကား လျှောက်ထားပြန်လေ၏။ (ဤအကြိမ်၌ကား မြတ်စွာဘုရားရှင်သည် ဟန့်တားတော်မမူပဲ “(ချစ်သား မေဃိယ.. ‘တရားအားထုတ်ရန်’ဟု ပြောဆိုသူကို ငါဘုရားတို့သည် အဘယ်သို့လျှင် တားမြစ်စကား ပြောကြားနိုင်ကုန်အံ့နည်း၊ ချစ်သားမေဃိယ.. ယခု သွားရန်အချိန်ကို သင်သိ၏၊ (သွားရန်မှာ သင်၏အလိုအတိုင်း ဖြစ်၏)”ဟု မိန့်ဆိုတော်မူလေ၏။

     ထိုအခါ အရှင်မေဃိယသည် နေရာမှထကာ မြတ်စွာဘုရားရှင်ကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ သရက်ဥယျာဉ်ရှိရာသို့ သွားရောက်၍ သရက်ဥယျာဉ်အတွင်း ဝင်ရောက်ပြီးလျှင် တခုသော သစ်ပင်ရင်း၌ နေ့သန့်စင်ရန် ထိုင်နေလေ၏။

အရှင်မေဃိယ၏ စိတ်သန္တာန်၌

အကုသိုလ်ဝိတက်များ ဖြစ်ပွါးလာခြင်း

     အရှင်မေဃိယထေရ် ယခုထိုင်နေရာ သစ်ပင်ရင်း ကျောက်ဖျာမှာ ရှေးက အစဉ်အတိုင်း ဘဝငါးရာဆက်၍ ပြည့်ရှင်သနင်း မင်းဖြစ်ကာ ဥယျာဉ်ကစားတော်မူစဉ်က အထူးထူးသော

၁၉၇

ကခြေသည်များ ခြံရံလျက် ပျော်ရွှင်မြူးထူး ထိုင်နေဘူးသော ကျောက်ဖျာနေရာ၌ ထိုင်နေတော်မူခြင်းဖြစ်သည်။

     ထိုသို့ ထိုင်နေသောအခါ အရှင်မေဃိယထေရ်၏ စိတ်သန္တာန်ဝယ် ထိုင်မိသည့်အချိန်ကစ၍ ရဟန်းအဖြစ်သည် ကင်းကွာ၍သွားသကဲ့သို့ဖြစ်ကာ မင်း၏အသွင်ကိုယူလျက် ကခြေသည်များစွာ ဝန်းရံပြီးလျှင် ထီးဖြူတော်၏အောက်၌ သူမြတ်တို့နှင့်သာ ထိုက်တန်သော ရာဇပလ္လင်၌ ထိုင်နေသကဲ့သို့ (အိပ်မက်ပမာ) ဖြစ်ရှိ၍လာလေသည်။

     ထိုသို့ ဖြစ်ရှိလာသောအခါ ထိုမင်းစည်းစိမ်ကို သာယာတပ်မက်သော အရှင်မေဃိယအား ဝတ္ထုကာမနှင့် စပ်ယှဉ်သည့် အကြံအစည်များ တည်းဟူသော ကာမဝိတက် အကုသိုလ်တရားတို့သည် တဖွားဖွားဖြစ်၍ လာကုန်၏။

     ထိုအရှင်မေဃိယထေရ်သည် ထိုခဏမှာပင် ခိုးထုပ်ခိုးထည်နှင့်တကွ ဖမ်းယူခဲ့သော ခိုးသူနှစ်ယောက်တို့ကို မင်းထံသို့ ဆောင်ခဲ့၍ ရှေ့၌ ထားအပ်ကုန်သကဲ့သို့ (အိပ်မက်ပမာ) မြင်၍လာလေသည်၊ ထိုခိုးသူနှစ်ယောက်အနက် တယောက်ကို သတ်ဖြတ်ရန် အမိန့်တော်မြတ် မှတ်သောအနေဖြင့် ဗျာပါဒဝိတက်များ တဖွားဖွားဖြစ်၍ လာလေသည်၊ ကျန်တယောက်ကို ထောင်သွင်း၍ အကျဉ်းချထားရန် အမိန့်တော်မြတ် သတ်မှတ်သောအနေဖြင့် ဝိဟိံသာဝိတက်များ တဖွားဖွားဖြစ်၍ လာလေသည်။

     ဤသို့လျှင် အရှင်မေဃိယကို နွယ်အပေါင်းက သစ်ပင်ကို ဝန်းရံ ဖွဲ့ယှက်အပ်သကဲ့သို့၎င်း, ပျားကောင်များက ပျားဖွပ်သမားကို ဝန်းရံတုပ်အပ်သကဲ့သို့၎င်း ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက် တည်းဟူသော အကုသိုလ်အကြံအစည် = ဝိတက်သုံးပါးတို့က ပြေးမလွတ်နိုင်လောက်အောင် ဝန်းရံအပ်လေတော့သည်။

     ထိုအခါ အရှင်မေဃိယ၏ စိတ်သန္တာန်ဝယ် “အိုး.. အံ့ဩဖွယ် ကောင်းလိုက်ပါဘိ၊ အိုး.. မဖြစ်စဘူး အထူးဖြစ်လိုက်ပါဘိ၊ ငါတို့သည်

၁၉၈

ယုံကြည်မှု = သဒ္ဓါတရားဖြင့် လူ့ဘောင်မှထွက်၍ ရဟန်းဘောင်သို့ စင်စစ် ကပ်ရောက်သူများ ဖြစ်ကြပါကုန်၏၊ ထိုသို့ဖြစ်ပါလျက် ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက် တည်းဟူသော ယုတ်မာသည့် အကုသိုလ်ဝိတက် သုံးပါးတို့ဖြင့် ကပ်ငြိခံကြရကုန်ဘိ၏”ဟု အကြံအစည် ဖြစ်ပေါ်၍လာလေသည်။

     ဤသို့လျှင် အရှင်မေဃိယထေရ်သည် အကုသိုလ်ဝိတက်သုံးပါးတို့ ဝန်းကျင်ပတ်ခြံ ရံအပ်သည်ဖြစ်ရကား ကမ္မဋ္ဌာန်းအလုပ်နှင့် သင့်လျောက်ပတ်သည်ကို မပြုလုပ်နိုင်ပဲ “ဧကန္တပင် ဤအကြောင်းကို မြင်တော်မူ၍ အရှည်မြင်တော်မူသော မြတ်စွာဘုရားသည် ငါ့ကို တားမြစ်တော်မူခဲ့လေသည်”ဟု သတိတရားရရှိကာ “ငါသည် ဤအကြောင်းအရာများကို မြတ်စွာဘုရားအား လျှောက်ထားပေအံ့”ဟု အကြံပြုကာ မိမိထိုင်နေရာမှထ၍ မြတ်စွာဘုရားရှင်ရှိတော်မူရာ စာလိကတောင်ပေါ်ကျောင်းသို့ သွားရောက်ကာ မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ထိုင်နေပြီးသော် အရှင်မေဃိယသည် မြတ်စွာဘုရားရှင်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ထိုသရက်ဥယျာဉ်၌နေသော တပည့်တော်အား ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက် တည်းဟူသော ယုတ်မာသည့် အကုသိုလ်ဝိတက် သုံးပါးတို့သည် ခဏခဏ ဖြစ်ပွါး၍ လာပါကုန်၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. (ထိုသို့ အကုသိုလ်ဝိတက်သုံးပါးတို့ ခဏခဏ ဖြစ်ပွါးလာသောအခါ) တပည့်တော်၏ စိတ်သန္တာန်ဝယ် ‘အိုး.. အံ့ဩဖွယ် ကောင်းလိုက်ပါဘိ၊ အိုး.. မဖြစ်စဘူး အထူးဖြစ်လိုက်ပါဘိ။ ငါတို့သည် ယုံကြည်မှု = သဒ္ဓါတရားဖြင့် လူ့ဘောင်မှထွက်၍ ရဟန်းဘောင်သို့ စင်စစ် ကပ်ရောက်သူများ ဖြစ်ကြပါကုန်၏၊ ထိုသို့ဖြစ်ပါလျက် ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက် တည်းဟူသော ယုတ်မာသည့်

၁၉၉

အကုသိုလ်ဝိတက် သုံးပါးတို့ဖြင့် ကပ်ငြိခံကြရကုန်၏’ဟု ဤအကြံအစည်သည် ဖြစ်ပေါ်၍ လာပါသည်ဘုရား”–

ဟူ၍ မိမိဖြစ်ခဲ့ပုံများကို ပြန်ကြား လျှောက်ထားလေ၏။

(ဤ၌။ ။မြတ်စွာဘုရားရှင်သည် အရှင်မေဃိယထေရ်အား ထိုသရက်ဥယျာဉ်သို့ သွားရောက်ရန် အဘယ့်ကြောင့် ခွင့်ပြုတော်မူသနည်းဟု မေးဖွယ်ရှိ၏။ (အဖြေကား) “ဤမေဃိယရဟန်းသည် ခွင့်မပြုအပ်သော်လည်း ငါဘုရားကို တပါးတည်း ချန်ထားခဲ့ကာ ဧကန်သွားမည်သာဖြစ်၏။ (အကယ်၍ တားမြစ်နေလျှင်) “ပြုစုလုပ်ကျွေးမှု တခုကိုသာ လိုလားပြီး မြတ်စွာဘုရားသည် ငါ့အား သွားခွင့်မပေးသည် ထင်ပါရဲ့”ဟုလည်း အရှင်မေဃိယ၏စိတ်ဝယ် ဖောက်ပြန်ထွေပြား အထင်မှားမှု ဖြစ်လေရာ၏၊ ထိုသို့ အထင်မှားမှု ဖြစ်ခြင်းသည် ထိုမေဃိယရဟန်းအဖို့ရာ ကာလရှည်ကြာ အစီးအပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်လေရာ၏”ဟု စောစီးကပင် ကြိုတင် သိမြင်တော်မူသောကြောင့် ခွင့်ပြုတော်မူခြင်း ဖြစ်လေသည်)။

     ဤသို့လျှင် အရှင်မေဃိယမထေရ်သည် မိမိ၏ဖြစ်ပုံကို ပြန်ကြား လျှောက်ထား၍ ထိုင်နေလတ်သည်ရှိသော် ထိုအခါ၌ မြတ်စွာဘုရားရှင်သည် ထိုမေဃိယမထေရ်အား သင့်လျော် လျောက်ပတ်သော တရားကို ဟောကြားတော်မူလိုသည်ဖြစ်၍ (ပါဠိတော်၌) “အပရိပက္ကာယ မေဃိယ စေတောဝိမုတ္တိယာ ပဉ္စ ဓမ္မာ ပရိပါကာယ သံဝတ္တန္တိ = မေဃိယ.. တရားငါးမျိုးတို့သည် မရင့်ကျက်သေးသော စေတောဝိမုတ္တိ (=စိတ်၏ ကိလေသာမှ လွတ်မြောက်မှု)ကို ရင့်ကျက်စေရန် ဖြစ်ကုန်၏” အစရှိသည်ကို ဟောကြားတော်မူ၏။ (ထိုတရားဒေသနာပါဠိ၏ မြန်မာပြန် အပြည့်အစုံကို ဥဒါန်းပါဠိ ပိဋကတ်တော်မြန်မာပြန် စာမျက်နှာ ၁၀၇-မှစ၍ ကြည့်ရှုရာ၏။ ဤဗုဒ္ဓဝင်ကျမ်း၌ကား ဆိုလိုရင်းမျှကို ဖော်ပြပေအံ့)–

“ချစ်သားမေဃိယ.. (ဖော်ပြလတ္တံ့သော) တရားငါးမျိုးတို့သည် မရင့်ကျက်သေးသော စေတောဝိမုတ္တိ (စိတ်၏ ကိလေသာမှ လွတ်မြောက်မှု)ကို ရင့်ကျက်စေရန် ဖြစ်ကုန်၏၊ ငါးပါးတို့ဟူသည်မှာ-

၂၀၀

(၁) မိတ်ဆွေကောင်းကို ပေါင်းသင်းမိခြင်း၊

(၂) သီလနှင့်ပြည့်စုံခြင်း၊

(၃) (က) အလိုနည်းမှုနှင့် စပ်သောစကား (ခ) ရောင့်ရဲမှုနှင့် စပ်သောစကား (ဂ) ဆိတ်ငြိမ်မှုနှင့် စပ်သောစကား (ဃ) မရောပြွမ်းမှုနှင့် စပ်သောစကား (င) ဝီရိယကို အားထုတ်မှုနှင့် စပ်သောစကား (စ) သီလနှင့် စပ်သောစကား (ဆ) သမာဓိနှင့် စပ်သောစကား (ဇ) ပညာနှင့် စပ်သောစကား (ဈ) မဂ်ဖိုလ်နိဗ္ဗာန်နှင့် စပ်သောစကား (ည) ပစ္စဝေက္ခဏာဉာဏ်နှင့် စပ်သောစကား = ဤကထာဝတ္ထုဆယ်ပါး တရားစကားကို ကြားနာစဉ်းစားမှုများခြင်း၊

(၄) အားထုတ်အပ်သော လုံ့လဝီရိယရှိခြင်း၊

(၅) ဥဒယဗ္ဗယဉာဏ်ပညာနှင့် ပြည့်စုံခြင်း-

ဤငါးပါးတို့ဖြစ်သည်။

(၁) အမှတ်ပါ မိတ်ဆွေကောင်းကို ပေါင်းသင်းမိမှ ကျန်သော တရားလေးပါးတို့ ပြည့်စုံနိုင်သည်။

ချစ်သားမေဃိယ.. ယောဂါဝစရ ရဟန်းသည် ဖော်ပြရာပါ တရားငါးပါးတို့၌ တည်ပြီးနောက် တဆင့် တက်၍ တရားလေးပါးတို့ကို ပွါးရမည်၊ (က) ရာဂကို ပယ်နိုင်ရန် အသုဘကို ပွါးများရမည်၊ (ခ) ဗျာပါဒကို ပယ်နိုင်ရန် မေတ္တာကို ပွါးများရမည်၊ (ဂ) ဝိတက်ကို ဖြတ်တောက်နိုင်ရန် အာနာပါနဿတိကို ပွါးများရမည်၊ (ဃ) ငါဟူသောမာန်ကို ပယ်နိုင်ရန် အနိစ္စသညာကို ပွါးများရမည်။ မှန်၏- မေဃိယ.. အနိစ္စသညာရှိသူအား အနတ္တသညာသည် ထင်၏။ အနတ္တသညာထင်သူသည် ငါဟူသောမာန်ကို ပယ်ခွါနိုင်၍ ယခု ဘဝ၌ပင် နိဗ္ဗာန်သို့ ရောက်နိုင်၏”-

ဟု မိန့်တော်မူလေ၏။

၂၀၁

     ထိုအခါ မြတ်စွာဘုရားရှင်သည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုအချိန်၌-

(၁) ခုဒ္ဒါ ဝိတက္ကာ သုခုမာ ဝိတက္ကာ၊

အနုဂတာ မနသော ဥပ္ပိလာဝါ။

ဧတေ အဝိဒွါ မနသော ဝိတက္ကေ၊

ဟုရာ ဟုရံ ဓာဝတိ ဘန္တစိတ္တော။

ယုတ်ညံ့သော ဝိတက်, သိမ်မွေ့သော ဝိတက်တို့သည် စိတ်သို့ အစဉ်လိုက်တတ်ကုန်၏၊ စိတ်ပေါ်လွင် တက်ကြွမှုကို ပြုတတ်ကုန်၏၊ ဤမနောဝိတက်တို့ကို မသိသူသည် စိတ်မတည်တံ့နိုင်ပဲ အာရုံတခုမှ အာရုံတခုသို့ ပြေးသွားတတ်၏။

(၂) ဧတေ စ ဝိဒွါ မနသော ဝိတက္ကေ၊

အာတာပိယော သံဝရတီ သတီမာ။

အနုဂတေ မနသော ဥပ္ပိလာဝေ၊

အသေသမေတေ ပဇဟာသိ ဗုဒ္ဓေါ။

ထိုမနောဝိတက်တို့ကို သိ၍ ကိလေသာကို ပူပန်စေတတ်သော လုံ့လနှင့် သတိရှိသူ အရိယာသာဝက (သုတဗုဒ္ဓ) ပုဂ္ဂိုလ်သည် စိတ်သို့ အစဉ်လိုက်တတ်, စိတ်ပေါ်လွင်တက်ကြွမှုကို ပြုတတ်သည့် ဝိတက်တို့ကို ပိတ်ဆို့နိုင်၏။ ထိုအရိယာသာဝက (သုတဗုဒ္ဓ) ပုဂ္ဂိုလ်သည် သစ္စာလေးပါးကို သိသည်ဖြစ်၍ ထိုကာမဝိတက်စသည်တို့ကို အကြွင်းမဲ့ ပယ်စွန့်နိုင်၏-

ဟု ဤဥဒါန်း နှစ်ဂါထာကို မိန့်ဆို ကျူးရင့်တော်မူလေ၏။ (ဤဆိုအပ်ပြီးသည်ကား ဥဒါန်းပါဠိအဋ္ဌကထာမှ ထုတ်ဆောင်ဖော်ပြချက်တည်း။)

     (ဓမ္မပဒအဋ္ဌကထာ ဖွင့်ဆိုချက်ကို ဆက်၍ ပြဆိုပေအံ့)–

၂၀၂

     မြတ်စွာဘုရားရှင်သည် ဝိတက်သုံးမျိုးတို့ဖြင့် ကပ်ငြိခံရသောကြောင့် ထိုသရက်တော ဥယျာဉ်အတွင်း၌ တရားအလုပ် အားထုတ်ရန် မတတ်နိုင်ပဲ ပြန်၍ ကိုယ်တော်ထံမှောက် ရောက်ရှိလာသော ထိုမေဃိယမထေရ်ကို-

“ချစ်သားမေဃိယ.. ဆိုင်းငံ့ဦးလော့၊ ယခုအခါ ငါဘုရား တပါးတည်းသာ ဖြစ်နေသေး၍ အခြားရဟန်း တပါးပါး လာသည့်တိုင်အောင် ဆိုင်းငံ့ဦးလော့ဟု တောင်းပန်စကား ပြောကြားသော ငါဘုရားကို တပါးတည်း ထားခဲ့၍သွားသော သင်ချစ်သားသည် ဝန်လေးသောအမှုကို ပြုအပ်မိလေပြီ၊ ရဟန်းမည်သည် ဤကဲ့သို့ စိတ်အလိုအကြိုက် လိုက်ပါသူဖြစ်ရန် မသင့်လျော်ချေ။ ဤစိတ်မည်သည် ပေါ့ပါး လျင်မြန်လှ၏၊ ထိုစိတ်ကို မိမိအလိုသို့ လိုက်ပါစေဖို့သာ သင့်လှ၏”–

ဟု မိန့်တော်မူပြီးလျှင် ဤဆိုလတ္တံ့သော တရားနှစ်ဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။

ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။

(မေဃိယ = ချစ်သားမေဃိယ..)။ ဥသုကာရော = ရဲမာန်ဝင့်ကြွား လေးသမားသည်။ တေဇနံ = အဖုအထစ် မပြေပြစ်ငြား ကောက်သောမြှားကို။ ဥဇုံ ကရောတိ ဣဝ = မီးဝယ်ကင်မြှိုက် ကိုယ့်အကြိုက်သို့ အလိုက်သင့်ဆွဲဆောင် ဖြောင့်အောင်ပြုသကဲ့သို့။ (ဧဝံ = ဤအတူ)။ မေဓာဝီ = ထိုးထွင်းသိမြင် ပညာရှင်သည်။ ဖန္ဒနံ = ရူပ,သဒ္ဒ စသည်ဖုံဖုံ ခြောက်အာရုံ၌ တုန်လှုပ်နေသော။ စပလံ = အာရုံတခုတည်း၌ ကြံ့ကြံ့မတည် လျှပ်ပေါ်လော်လည်စွာထသော။ ဒူရက္ခံ = သပ္ပါယအာရုံ တပါးပါး၌ ထား၍မရပဲ စောင့်ရှောက်ရန် ခဲယဉ်းစွာထသော။ ဒုန္နိဝါရယံ = ဝိသဘာဂ အာရုံများ၌ လှည့်ပတ်ကျက်စားသည်ကို

၂၀၃

တားမြစ်နိုင်ခဲထသော။ စိတ္တံ = ထူးထွေဆန်းပြား စိတ်တရားကို။ ဥဇုံ ကရောတိ = ကာယိက, စေတသိက ဝီရိယနှစ်သွယ် မီးဝယ်ကင်မြှိုက် ကိုယ့်အကြိုက်သို့ အလိုက်သင့်ဆွဲဆောင် ဖြောင့်အောင်ပြုလုပ်နိုင်၏။

ဝါရိဇောဝ ထလေ ခိတ္တော၊ ဩကမောကတဥဗ္ဘတော။

ပရိပ္ဖန္ဒတိဒံ စိတ္တံ၊ မာရဓေယျံ ပဟာတဝေ။

(မေဃိယ = ချစ်သားမေဃိယ..)။ ဩကမောကတော = မိမိနေရာ ရေတည်းဟူသော တည်ရာမှ။ ဥဗ္ဘတော = ထုတ်ဆယ်အပ်သည်ဖြစ်၍။ ထလေ = ကြည်းကုန်းထက်၌။ ခိတ္တော = စွန့်ပစ်ချထားအပ်သော။ ဝါရိဇော = ရေ၌ပေါက်ဖွား ငါးသတ္တဝါသည်။ ပရိပ္ဖန္ဒတိ ဣ၀ = မတည်မရပ် တဖျပ်ဖျပ် တုန်လှုပ်သကဲ့သို့။ (ဧဝံ = ဤအတူ)။ ဣဒံ စိတ္တံ = အာရုံငါးပါး လိုက်စားပျော်ရွှင် ဤစိတ်ဝိညာဉ်သည်။ မာရဓေယျံ = ကိလေသာမာရ် ကိုယ်တွင်းရန်ကို။ ပဟာတဝေ = သမုစ္ဆေဒပဟာန်ဖြင့် ပယ်လှန် ဖြတ်တောက်ခြင်းငှါ။ (ဥဗ္ဘတံ = ကာမနယ်ပယ် ရေပြင်ကျယ်မှ ထုတ်ဆယ်အပ်သည်ဖြစ်၍။ ခိတ္တံ = ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းမှု တည်းဟူသော ကြည်းကုန်းထက်၌ ချထားအပ်သည်ရှိသော်)။ ပရိပ္ဖန္ဒတိ = အာရုံငါးသင်း ရေနှင့်ကင်း၍ ပြင်းစွာအားထုတ်မှု တည်းဟူသော ဝီရိယလေးဆူ အပူရှိန်ဟပ် သေမတတ်လျှင် တဖျပ်ဖျပ်တုန်လှုပ်၍ နေလေ၏။

     တရားဒေသနာ ဂါထာနိဂုံး ဆုံးလတ်သောအခါ၌ အရှင်မေဃိယမထေရ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ အခြားများစွာသော သူတို့သည်လည်း သောတာပန်စသည် ဖြစ်ကြလေကုန်၏။

အရှင်မေဃိယမထေရ်အား တရားဟောတော်မူခြင်းအကြောင်း ပြီး၏။

၂၀၄

သာဝတ္ထိပြည်၌ (စုဒ္ဒသမဝါ) ဆယ့်လေးခုမြောက်ဝါ

ကပ်တော်မူခြင်း

     မြတ်စွာဘုရားရှင်သည် ဆိုအပ်ခဲ့ပြီးသောအတိုင်း တဆယ့်သုံးခုမြောက် (=တေရသမ)ဝါကို စာလိကာမြို့ စာလိကတောင်ပေါ် ကျောင်းတိုက်ကြီး၌ သီတင်းသုံး ဝါဆိုတော်မူကာ မေဃိယသုတ္တန် အစရှိသော ထိုထို တရားဒေသနာတို့ဖြင့် ကျွတ်ထိုက်သော သတ္တဝါတို့အား ချေချွတ်တော်မူပြီးနောက် ဝါကျွတ်သောအခါကို ထိုစာလိကတောင်ပေါ် ကျောင်းတိုက်ကြီး၌ ချေချွတ်ရမည့်သတ္တဝါ ရှိသေးသရွေ့ သီတင်းသုံး နေထိုင်တော်မူပြီး၍ ထိုအရပ်မှ ခရီးဒေသစာရီ အစဉ်သဖြင့် ကြွချီတော်မူကာ လူနတ်ဗြဟ္မာ သတ္တဝါတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူလေရာ သာဝတ္ထိပြည်သို့ရောက်သဖြင့် ထိုသာဝတ္ထိပြည် ဇေတဝန် ကျောင်းတိုက်တော်၌ တဆယ့်လေးခုမြောက် (စုဒ္ဒသမ)ဝါ ကပ်ဆိုသီတင်းသုံး နေထိုင်တော်မူလေသည်။

သာရိပုတ္တထေရ်ဝတ္ထုကို ဟောတော်မူခြင်း

     ထိုအခါ အရှင်သာရိပုတ္တရာမထေရ်သည် တပည့်ရဟန်း ငါးရာတို့နှင့်တကွ ဇနပုဒ်ဝယ် ကျောင်းတိုက်ကြီးတခုသို့ ကြွရောက်တော်မူကာ ဝါကပ်ဆိုတော်မူ၏။ ဇနပုဒ်သား လူအများတို့သည် အရှင်သာရိပုတ္တရာမထေရ်ကို ဖူးမြင်ကြရ၍ ဦးပေါင်းများစွာ ဝါဆိုသင်္ကန်း လှူဒါန်းဖို့ရန် ဝန်ခံစကား လျှောက်ထားကြလေကုန်၏။

     အရှင်သာရိပုတ္တရာမထေရ်သည် ဝါကျွတ်၍ ပဝါရဏာပြုပြီးသော် ဝါဆိုသင်္ကန်းအားလုံး အပြည့်အစုံ မရောက်လာသေးမီပင် မြတ်စွာဘုရားရှင်ထံသို့ သွားရောက်ဖူးမြော်လိုသည်ဖြစ်၍ ရဟန်းတို့ကို “ငါ့ရှင်တို.. ရဟန်းငယ်များ သာမဏေများအတွက် လူဒါယကာတို့က ဝါဆိုသင်္ကန်းများ ပို့ဆောင်လာလျှင် ခံယူကြ၍ ငါ့ထံသို့ ပို့လိုက်ကြကုန်၊ သို့မဟုတ် ကောင်းစွာသိုမှီး သိမ်းဆည်းထားပြီးလျှင် ငါ့ထံသို့ သတင်းစကား ပါးလိုက်ကြကုန်”ဟု

၂၀၅

မိန့်ဆို မှာထားပြီးလျှင် မြတ်စွာဘုရားရှင်ထံတော်သို့ သွားရောက်တော်မူလေ၏။

     သာဝတ္ထိပြည်သို့ ရောက်သောအခါ များစွာသော ရဟန်းတို့သည် “ငါ့ရှင်တို့.. ယခုအခါ၌လည်း သာရိပုတ္တရာထေရ်၏ သန္တာန်ဝယ် တဏှာလောဘ ရှိလေယောင်တကား၊ ထိုသို့ တဏှာလောဘ ရှိသေးသောကြောင့်ပင် ‘လူဒါယကာတို့က ဝါဆိုသင်္ကန်းများ ပို့ဆောင် လှူဒါန်းလာလျှင် မိမိ၏ တပည့်များအတွက် ဝါဆိုသင်္ကန်းများကို ပို့လိုက်ကြကုန်၊ သို့မဟုတ် ကောင်းစွာသိုမှီး သိမ်းဆည်းထားပြီးလျှင် ငါ့ထံသို့ သတင်းစကား ပါးလိုက်ကြကုန်’ဟု ကျန်ရစ်သော ရဟန်းတို့အား အမှာစကား ပြောကြားပြီးမှ မြတ်စွာဘုရားထံတော်သို့ ကြွလာတော်မူခြင်း ဖြစ်သည်”ဟူ၍ တီးတိုးစကား ပြောကြားကြလေသည်။

     မြတ်စွာဘုရားရှင်သည် ထိုရဟန်းတို့ရှိရာသို့ ကြွလာတော်မူ၍ “ရဟန်းတို့.. ယခုအခါ အဘယ်စကားဖြင့် ညီမူစည်းဝေး၍ နေကြသနည်း”ဟု မေးတော်မူ၏၊ ရဟန်းတို့က “ဤမည်သောစကားဖြင့် စည်းဝေးညီမူ၍ နေကြကြောင်း” ပြန်ကြား လျှောက်ထားကြလေသော် မြတ်စွာဘုရားရှင်သည် “ရဟန်းတို့.. ငါဘုရား၏သားကြီး သာရိပုတ္တရာသန္တာန်၌ တပ်မက်တွယ်တာသော တဏှာလောဘ စိုးစဉ်းမျှ မရှိတော့ချေ၊ စင်စစ်သော်ကား ‘လူဒါယကာတို့အား ကုသိုလ်ကောင်းမှုမှ ယုတ်လျော့မှု မဖြစ်ပါစေသတည်း၊ ရဟန်းငယ်များနှင့် သာမဏေများအား တရားသဖြင့် ရအပ်သော သင်္ကန်းလာဘ်မှ ယုတ်လျော့မှု မဖြစ်ပါစေသတည်း’ဟု ဆင်ခြင်စဉ်းစားကာ ပြောဆို မှာထားခဲ့ခြင်းဖြစ်သည်”ဟု မိန့်တော်မူပြီးလျှင်-

အာသာ ယဿ န ဝိဇ္ဇန္တိ၊ အသ္မိံ လောကေ ပရမှိ စ။

နိရာသာသံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

(ဘိက္ခဝေ = ရဟန်းတော်များ အိုချစ်သားတို့..)။ ယဿ = အကြင် အာသဝေါကုန်ခန်း ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်၌။

၂၀၆

အသ္မိံ လောကေ = မျက်မှောက်ပစ္စက္ခ ဤလောက၌၎င်း။ ပရမှိ စ = တမလွန်လောက ဟိုဘဝ၌၎င်း။ အာသာ = တောင့်တလင့်ဆို အလိုရှိငြား တဏှာတရားတို့သည်။ န ဝိဇ္ဇန္တိ = လေးပါးသောမဂ်ဉာဏ် သမုစ္ဆေဒပဟာန်ဖြင့် ပယ်လှန်ဖြတ်ချိုး အမြစ်ပြတ်ကျိုး၍ တစိုးတစိ မရှိကြကုန်။ နိရာသာသံ = တရာ့ရှစ်သင်း တဏှာခပင်းမှ ရှင်းရှင်းလွတ်မြောက်ပြီးသော။ ဝိသံယုတ္တံ = ခပ်သိမ်းသော ကိလေသာတို့နှင့် မယှဉ်မစပ်သော။ တံ = ထိုအာသဝေါကုန်ခန်း ရဟန္တာပုဂ္ဂိုလ်ကို။ အဟံ = လူသုံးပါးတို့၏ဆရာ ငါဘုရားသည်။ ဗြာဟ္မဏံ = ဗြာဟ္မဏခေါ်ဆို ပုဂ္ဂိုလ်စင်စစ်ဟူ၍။ ဗြူမိ = ယထာဘူတ သဘာဝအား ဟောကြားသိစေပေ၏။

ဟူသော ဤဂါထာကို ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ များစွာသောသူတို့သည် သောတာပတ္တိဖိုလ်စသည်သို့ ဆိုက်ရောက်ကြလေကုန်၏။

     ဤကား(ဓမ္မပဒ၊ ဋ္ဌ၊ ၂၊ ၂၆-ဗြာဟ္မဏ၀ဂ်၊ စာမျက်နှာ ၄၂၁-လာ) သာရိပုတ္တတ္ထေရဝတ္ထုတည်း။

     အရှင်သာရိပုတ္တရာ မထေရ်အပေါ်၌ “တဏှာလောဘ ရှိယောင်တကား”ဟု ရဟန်းတို့ အထင်မှားသကဲ့သို့ပင် အရှင်မဟာမောဂ္ဂလာန် မထေရ်အပေါ်၌လည်း အထင်မှားမှု ဖြစ်ခဲ့ဘူးလေသည်။ ဝတ္ထုအကြောင်းအရာ ဖြစ်ပုံမှာ သာရိပုတ္တတ္ထေရဝတ္ထုနှင့် အလားတူ၏။ အထူးအားဖြင့် ဤအရှင်မဟာမောဂ္ဂလာန်မထေရ်၏ ဝတ္ထု၌ကား မြတ်စွာဘုရားရှင်သည် အရှင်မောဂ္ဂလာန်မထေရ်၏ စိတ်သန္တာန်ဝယ် တဏှာ လုံးဝမရှိကြောင်း ရှေးနည်းအတူ ဟောကြားတော်မူပြီးလျှင်-

ယဿာလယာ န ဝိဇ္ဇန္တိ၊ အညာယ အကထံကထီ။

အမတောဂဓမနုပ္ပတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

၂၀၇

(ဘိက္ခဝေ = ရဟန်းတော်များ အိုချစ်သားတို့..)။ ယဿ = အကြင် အာသဝေါကုန်ခန်း ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်၌။ အာလယာ = ငြိတွယ်တတ်ငြား တဏှာတရားတို့သည်။ န ဝိဇ္ဇန္တိ = လေးပါးသောမဂ်ဉာဏ် သမုစ္ဆေဒပဟာန်ဖြင့် ပယ်လှန်ဖြတ်ချိုး အမြစ်ပါပြတ်ကျိုး၍ တစိုးတစိ မရှိကြကုန်။ အညာယ = သုံးပါးရတနာ သုံးသိက္ခာနှင့် သံသရာအစွန်း ပဋိစ္စသမုပ္ပါဒ်စက်ဝန်းကို ခွဲခြမ်းထင်ထင် အမှန်အတိုင်းသိမြင်၍။ အကထံကထီ = သို့လော သို့လော တွေးတောယုံမှားခြင်း ကင်းရှင်းတော်မူ၏။ အမတောဂဓံ = မသေရာမှန် ပြည်နိဗ္ဗာန်ကို ဉာဏ်ဖြင့် သက်ဝင်သည်ဖြစ်၍။ အနုပ္ပတ္တံ = အစဉ်တစိုက် အရဟတ္တဖိုလ်ပေါက် ရောက်ဆိုက်တော်မူသော။ တံ = ထိုအာသဝေါကုန်ခန်း ရဟန္တာပုဂ္ဂိုလ်ကို။ အဟံ = လူသုံးပါးတို့၏ဆရာ ငါဘုရားသည်။ ဗြာဟ္မဏံ = ဗြာဟ္မဏခေါ်ဆို ပုဂ္ဂိုလ်စင်စစ်ဟူ၍။ ဗြူမိ = ယထာဘူတ သဘာဝအား ဟောကြားသိစေပေ၏။—

ဟူသော ဤဂါထာကို ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်သို့ ဆိုက်ရောက်ကြလေကုန်၏။ (ဓမ္မပဒ၊ ဋ္ဌ၊ ၂၊ စာမျက်နှာ ၄၂၂-မှ)။

စူဠရာဟုလောဝါဒသုတ်ကို ဟောတော်မူ၍

ရှင်ရာဟုလာကို အရဟတ္တဖိုလ်၌ တည်စေတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် ဖော်ပြရာပါအတိုင်း သာဝတ္ထိပြည်၌ စုဒ္ဒသမ၀ါ ကပ်ဆိုတော်မူပြီး၍ ထိုသာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ပင် သီတင်းသုံး နေထိုင်တော်မူဆဲ ဖြစ်လေသည်။ ထိုအချိန်၌ အရှင်ရာဟုလာသည် အသက်နှစ်ဆယ်ပြည့်၍ ရဟန်းပြုပြီးစ ၀ါမရသေးသောရဟန်းငယ် ဖြစ်လေသည်။

     ထိုအခါ တနေ့သ၌ နံနက်မိုးသောက်ထအခါ သတ္တလောကကို ရှုကြည့်တော်မူသော မြတ်စွာဘုရား၏ စိတ်သန္တာန်၌-

၂၀၈

“ရာဟုလာ၏သန္တာန်မှာ အရဟတ္တဖိုလ်ကို ရင့်ကျက်စေတတ်သည့် သဘောတရား (=ဝိမုတ္တိပရိပါစနီယတရား) တဆယ့်ငါးပါးတို့သည် ရင့်ကျက်ကုန်ပြီ၊ ငါဘုရားသည် ရာဟုလာကို တဆင့်တက်၍ အရဟတ္တမဂ် အရဟတ္တဖိုလ်ပေါက် ရောက်ရှိအောင် ချေချွတ်ဆုံးမရမူ ကောင်းလေစွာ့”—

ဟု စိတ်အကြံအစည် ဖြစ်ရှိတော်မူလေသည်။

(ဤ၌။ ။ဝိမုတ္တိပရိပါစနီယတရား = အရဟတ္တဖိုလ်ကို ရင့်ကျက်စေတတ်သည့် သဘောတရား တဆယ့်ငါးပါးတို့ ဟူသည်မှာ-

(၁)

သဒ္ဓါတရားမရှိသူတို့ကို ရှောင်ကြဉ်ခြင်း၊

(၂)

သဒ္ဓါတရားရှိသူတို့ကို မှီဝဲဆည်းကပ်ခြင်း၊

(၃)

ကြည်ညိုဖွယ်ကောင်းသည့် သုတ္တန်များကို ဆင်ခြင်ခြင်းဟူ၍

(သဒ္ဓါနှင့်စပ်၍ သုံးပါး)

(၄)

ပျင်းရိသောပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း၊

(၅)

လုံ့လကြိုးကုတ် အားထုတ်သူတို့ကို မှီဝဲဆည်းကပ်ခြင်း၊

(၆)

သမ္မပ္ပဓာန်နှင့်စပ်သော သုတ္တန်များကို ဆင်ခြင်ခြင်းဟူ၍

(ဝီရိယနှင့်စပ်၍ သုံးပါး)

(၇)

မေ့လျော့သူတို့ကို ရှောင်ကြဉ်ခြင်း၊

(၈)

သတိထင်လင်းသူတို့ကို မှီဝဲဆည်းကပ်ခြင်း၊

(၉)

သတိပဋ္ဌာန်နှင့်စပ်သော သုတ္တန်များကို ဆင်ခြင်ခြင်းဟူ၍

(သတိနှင့်စပ်၍ သုံးပါး)

(၁၀)

သမာဓိမရှိသူတို့ကို ရှောင်ကြဉ်ခြင်း၊

(၁၁)

သမာဓိရှိသူတို့ကို မှီဝဲဆည်းကပ်ခြင်း၊

(၁၂)

ဈာန်ဝိမောက္ခနှင့်စပ်သော သုတ္တန်များကို ဆင်ခြင်ခြင်းဟူ၍

(သမာဓိနှင့်စပ်၍ သုံးပါး)

(၁၃)

ပညာမဲ့သူတို့ကို ရှောင်ကြဉ်ခြင်း၊

(၁၄)

ပညာရှိသူတို့ကို မှီဝဲဆည်းကပ်ခြင်း၊

(၁၅)

နက်နဲသော သုတ္တန်များကို ဆင်ခြင်ခြင်းဟူ၍

(ပညာနှင့်စပ်၍ သုံးပါး)-

ဤတဆယ့်ငါးပါးတို့တည်း။

၂၀၉

ထိုမှတပါးလည်း သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ=ဟူသော ဣန္ဒြေငါးပါး၊ အနိစ္စသညာ, ဒုက္ခသညာ, အနတ္တသညာ, ပဟာနသညာ, ဝိရာဂသညာဟူသော ဤနိဗ္ဗေဓဘာဂိယသညာငါးပါး၊ မေဃိယသုတ္တန် (ဥဒါန်းပါဠိတော်)၌ လာရှိသည့် မိတ်ဆွေကောင်းကို ပေါင်းသင်းမိခြင်း, သီလနှင့်ပြည့်စုံခြင်း, ကထာဝတ္ထုဆယ်ပါး တရားစကားကို ကြားနာစဉ်းစားမှုများခြင်း, အားထုတ်အပ်သော လုံ့လဝီရိယရှိခြင်း, ဥဒယဗ္ဗယဉာဏ်ပညာနှင့် ပြည့်စုံခြင်း=ဟူသော တရားငါးပါး = ဤသို့အားဖြင့် ဝိမုတ္တိပရိပါစနီယတရား တဆယ့်ငါးပါးတို့ ဖြစ်သတည်း)။

     ထိုသို့ အကြံအစည်တော် ဖြစ်ပြီးနောက် မြတ်စွာဘုရားရှင်သည် နံနက်အခါ၌ သာဝတ္ထိပြည်အတွင်း ဆွမ်းခံဝင်တော်မူပြီးလျှင် ဆွမ်းကိစ္စပြီးဆုံးပြီးနောက် ဆွမ်းခံရာမှ ဖဲကြွတော်မူခဲ့၍ အရှင်ရာဟုလာကို “ရာဟုလာ.. နိသီဒိုင် ထိုင်စရာအခင်းကို ယူခဲ့လော့၊ အန္ဓဝန်တောအုပ်သို့ နေ့သန့်ခြင်းငှါ သွားကြကုန်စို့”ဟု မိန့်တော်မူလေ၏။ ထိုအခါ အရှင်ရာဟုလာသည် “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု လျှောက်ထား ဝန်ခံပြီးလျှင် နိသီဒိုင် ထိုင်စရာအခင်းကိုယူလျက် မြတ်စွာဘုရား၏ နောက်တော်မှ အစဉ်တစိုက် လိုက်ပါလေ၏။

     ထိုအခါ (လွန်ခဲ့သော ကမ္ဘာတသိန်းထက်က ပဒုမုတ္တရမြတ်စွာဘုရားရှင် အထံတော်၌ အရှင်ရာဟုလာအလောင်း ပါလိတနဂါးမင်းနှင့် အတူတကွ ဆုတောင်းပြုခဲ့ကြသည့်) ထောင်ပေါင်းများစွာ နတ်ဗြဟ္မာတို့သည် “ယနေ့ မြတ်စွာဘုရားသည် အရှင်ရာဟုလာကို တဆင့်တက်၍ အရဟတ္တမဂ် အရဟတ္တဖိုလ်ပေါက် ရောက်ရှိအောင် ချေချွတ်ဆုံးမတော်မူလိမ့်မည်”ဟု နှလုံးပိုက်ကြ၍ မြတ်စွာဘုရားရှင်သို့ အစဉ်တစိုက် လိုက်ပါကြလေကုန်၏။

(ဤ၌။ ။လွန်ခဲ့သော ကမ္ဘာတသိန်းထက်က အတူတကွ ဆုတောင်းမှု ပြုခဲ့ကြသော ထောင်ပေါင်းများစွာ နတ်ဗြဟ္မာတို့သည် “အဘယ်အခါ၌ မြတ်စွာဘုရားရှင်သည် အရှင်ရာဟုလာကို တဆင့်တက်၍ အရဟတ္တဖိုလ်ပေါက် ရောက်ရှိအောင် ဆုံးမ ချေချွတ်တော်မူပါလိမ့်မည်နည်း”ဟု စောင့်မျှော်လျက် ရှိကြလေသည်၊ အရှင်ရာဟုလာ၏

၂၁၀

သဒ္ဓါအစရှိသော ဣန္ဒြေတို့ ရင့်ကျက်ပြီဖြစ်သောကြောင့် မြတ်စွာဘုရားရှင်က ရှေးဖော်ပြရာပါအတိုင်း “ယနေ့ ငါဘုရားသည် ရာဟုလာကို အရဟတ္တဖိုလ်ပေါက် ဆုံးမ ချေချွတ်တော်မူမည်”ဟု ကြံစည်တော်မူသောအခါ အလိုဆန္ဒ တူမျှကြသောကြောင့် အချိန်ရှိသမျှ ထိုသို့ မြတ်စွာဘုရားရှင် ကြံစည်ဆင်ခြင်တော်မူသော ထိုခဏကို စောင့်မျှော်လျက်ရှိနေကြသည့် ထိုထောင်ပေါင်းများစွာ နတ်ဗြဟ္မာတို့သည် ထိုသို့ အကြောင်းညီညွတ်လာပြီကို သိမြင်ကြ၍ အန္ဓဝန်တောအုပ် တခုတည်း၌ပင် စုဝေးလာကြလေကုန်၏။

အန္ဓဝန်တောအုပ်အကြောင်း

ဤ၌။ ။သာဝတ္ထိပြည်၏ အနီးရှိ အန္ဓဝန်တောအုပ်၏ အကြောင်းကို မူလပဏ္ဏာသအဋ္ဌကထာ ဒုတိယအုပ် စာမျက်နှာ ၂၈၊၂၉-ဝမ္မိကသုတ်အဖွင့်မှ အကျဉ်းချုပ် ထုတ်ဆောင်ပြဦးအံ့-

ထိုတောအုပ်ကား ကဿပမြတ်စွာဘုရားရှင်နှင့် အကျွန်ုပ်တို့၏ဘုရားရှင် ဤနှစ်ဆူသော ဘုရားရှင်တို့၏ အခါကာလ၌ပင် အန္ဓဝန်တောအုပ်ဟူ၍ ထင်ရှားခဲ့လေသည်။ ချဲ့ဦးအံ့- အသက်တမ်း တိုတော်မူကြသော မြတ်စွာဘုရားရှင်တို့၏ သာရီရိကဓာတ်တော်သည် တစိုင်တခဲတည်းမဖြစ်၊ အဓိဋ္ဌာန်တော်မူချက်အတိုင်း အစိတ်စိတ်အမြွာမြွာ ကွဲပြားကြလေသည်၊ ထို့ကြောင့်ပင် (အသက်တမ်း တိုတော်မူသော) အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင်သည်လည်း “ငါဘုရားကား ကြာမြင့်စွာ တည်နေရမည်မဟုတ်၊ အသက်တမ်း တိုတောင်းလှသည့်အတွက် ငါဘုရားကို အနည်းငယ်သော သတ္တဝါတို့သာ ဖူးမြင်ကြရပေလိမ့်မည်။ မဖူးမြင်လိုက်ကြရသော သတ္တဝါတို့ကသာ များလှစွာကုန်၏၊ ထိုမဖူးမြင်လိုက်ကြရသော သတ္တဝါတို့သည် ငါဘုရား၏ ဓာတ်တော်များကို ပင့်ဆောင်ကြ၍ ထိုထိုအရပ်ဒေသတို့၌ ပူဇော်ကြကာ နတ်ရွာသုဂတိသို့ လားရောက်ကြရပေလိမ့်မည်”ဟု ကြံစည်ဆင်ခြင်တော်မူကာ ပရိနိဗ္ဗာန် စံတော်မူခါနီး၌ “ငါဘုရား၏ သာရီရိက ဓာတ်တော်များသည် အစိတ်စိတ်အမြွာမြွာ ကွဲပြားကြစေသတည်း”ဟု အဓိဋ္ဌာန်တော်မူခဲ့လေသည်။ (ထို့ကြောင့်ပင် အကျွန်ုပ်တို့၏ မြတ်စွာဘုရား ဓာတ်တော်များမှာ အစိတ်စိတ်အမြွာမြွာ ကွဲပြားခဲ့လေသည်)။

သက်တော်ရှည် မြတ်ဘုရားရှင်တို့၏ သာရီရိက ဓာတ်တော်သည်ကား ရွှေတုံးရွှေစိုင်ပမာ တလုံးတခဲတည်းသာ တည်ရှိ ကျန်ရစ်တော်မူလေသည်၊ သို့ရကား (အသက်တမ်း အနှစ်နှစ်သောင်းခေတ်၌

၂၁၁

ပွင့်တော်မူသည့်) ကဿပမြတ်စွာဘုရား သာရီရိက ဓာတ်တော်သည်လည်း သက်တော်ရှည်မြတ်စွာဘုရား ဖြစ်သောကြောင့် တလုံးတခဲတည်းသာ တည်ရှိ ကျန်ရစ်တော်မူလေသည်။ ထိုအခါ လူအပေါင်းတို့ စည်းဝေးကြပြီးလျှင် “ဓာတ်တော်တို့ကား တစိုင်တခဲတည်း တည်ရှိ ကျန်ရစ်ကြသည်၊ အစိတ်စိတ်ခွဲခြင်းငှါ မတတ်နိုင်၊ အဘယ်သို့ ပြုကြမည်နည်း”ဟု တိုင်ပင်ကြ၍ တစိုင်တခဲတည်း (တဆူတည်း)သော စေတီတော်ကို တည်ထားကြကုန်အံ့ဟု သဘောတူကြပြီးနောက် စေတီတော်ပမာဏကိုလည်း တယူဇနာအမြင့် အဝန်းအဝိုင်း ပမာဏရှိသော စေတီတော် တည်ထားကြရန် တညီတညွတ်တည်း ဆုံးဖြတ်ကြလေသည်၊ အုတ်အင်္ကတေများအတွက် ဆက်၍ တိုင်ပင်ကြသောအခါ အပြင်မှပတ်၍စီသော အုတ်ချပ်များကို အဖိုး တသိန်းတန် ရွှေအုတ်ချပ်များဖြင့်စီရန်, အတွင်းအုတ်များကို ငါးသောင်းတန် ရွှေအုတ်ချပ်များဖြင့်စီရန်, မြေကိစ္စအတွက် ဆေးဒန်း မြင်းသီလာ အမှုန့်တို့ကို အသုံးပြုရန်, ရေကိစ္စအတွက် ဆီကိုအသုံးပြုရန် ဆုံးဖြတ်ချက် ချမှတ်ပြီးနောက် မုခ်လေးမုခ်တို့ကို လေးစုပြုကြပြီး (၁) မင်းကြီးက တမုခ်အတွက် တာဝန်ယူလေသည်၊ (၂) အခြားတမုခ်အတွက် ပထဝိန္ဓရမင်းသားက တာဝန်ယူလေသည်၊ (၃) အခြားတမုခ်အတွက် မင်းမှုထမ်းတို့၏ ရှေ့သွားခေါင်းဆောင်ပြုကာ စစ်သေနာပတိက တာဝန်ယူလေသည်၊ (၄) အခြားတမုခ်အတွက် သူဌေးကြီးက ရှေ့သွားခေါင်းဆောင်ပြုကာ တိုင်းသူပြည်သားတို့က တာဝန်ယူကြလေသည်။

ထိုလေးစုတို့အနက် (၁) မင်းကြီး (၂) ပထဝိန္ဓရ အိမ်ရှေ့မင်းသား (၃) စစ်သေနာပတိကြီးတို့ကား ဥစ္စာပေါများသူများ ဖြစ်ကြသောကြောင့် မိမိတို့ပိုင် ရွှေတုံးရွှေစိုင်များကို ထုတ်ဆောင်ကြစေကာ မိမိတို့ တာဝန်ယူကြသည့် မုခ်အသီးသီးတို့၌ အလုပ်စတင်၍ လုပ်ဆောင်ကြလေတော့သည်။

သူဌေးကြီးခေါင်းဆောင်၍ တာဝန်ယူရသော မုခ်အတွက်ကား ဥစ္စာမပြည့်စုံသဖြင့် အလုပ်ကြံ့ကြာလျက် ရှိလေသည်။ ထိုအခါ “ယသောရတ”မည်သော ပိဋကသုံးပုံဆောင် အနာဂါမ်ဥပါသကာသည် အလုပ်ကြံ့ကြာလျက်ရှိသည်ကို သိရှိ၍ လှည်းအစီးငါးရာတို့ကို ကစေပြီးလျှင် ဇနပုဒ်(တိုင်းပြည်)အတွင်း လှည့်လည် သွားရောက်၍-

“အိုတိုင်းသူပြည်သား လူအများတို့.. ကဿပမြတ်စွာဘုရားရှင်သည် အနှစ်နှစ်သောင်းကြာ ရွှေတောင်ကြီးအလား မားမားတည်တော်မူခဲ့၍ ယခုအခါ ပရိနိဗ္ဗာန် ဝင်စံတော်မူခဲ့လေပြီ၊ ထိုမြတ်စွာဘုရားရှင်၏

၂၁၂

တဆူတည်းသော သာရီရိကဓာတ်တော်ကို ဌာပနာပြီးလျှင် တယူဇနာ ပမာဏရှိသော ရတနာစေတီတော်ကြီး တည်ထားဆဲဖြစ်လေသည်။ မိမိတို့လှူနိုင်ရာ ရွှေကိုဖြစ်စေ, ငွေကိုဖြစ်စေ, ရတနာခုနစ်ပါးကိုဖြစ်စေ, ဆေးဒန်းကိုဖြစ်စေ, မြင်းသီလာကိုဖြစ်စေ ပေးလှူကြစေလိုသည်”–

ဟု ကုသိုလ်မှု၌ ဆောက်တည်စေ နှိုးဆော် ကြွေးကြော်လေသည်။ တိုင်းသူပြည်သား လူအများတို့သည် မိမိတို့ အစွမ်းသတ္တိ ရှိကြသောအလျောက် ရွှေငွေစသည်တို့ကို ပေးလှူကြလေသည်၊ ရွှေငွေကိုမှ မတတ်နိုင်သူများကလည်း ဆန်ဆီစသည်တို့ကို ကုသိုလ်ပါဝင် လှူဒါန်းကြလေသည်။

ယသောရတ အနာဂါမ်ဥပါသကာသည် ဆန်, ဆီ, ပဲ စသည်တို့ကို အလုပ်သမားများ၏ ထမင်းရိက္ခာအတွက် ပို့စေလေ၏။ ကြွင်းသော အလှူဝတ္ထုများဖြင့် ရွှေကို လဲလှယ်ဝယ်စေပြီး ပို့စေလေ၏။ ဤနည်းဖြင့် ဇမ္ဗူဒိပ်တကျွန်းလုံး လှည့်လည်အလှူခံ၍ ပို့စေလေသည်။

စေတီတော်ကြီး တည်ပြီးသောအခါ စေတီတော်တည်ရာဌာနမှ အကြီးအကဲပြုသူများက “စေတီတော်ကြီး တည်ထားခြင်းအလုပ် ပြီးစီးလေပြီ၊ ဆရာကြီး လာရောက်၍ စေတီတော်ကို ရှိခိုးစေလိုသည်”ဟု သဝဏ်လွှာကို ပို့သကြလေသည်။ ယသောရတ အနာဂါမ်ဥပါသကာကလည်း “ငါသည် ဇမ္ဗူဒိပ်ကျွန်းလုံးကို ကုသိုလ်မှု၌ ဆောက်တည်စေအပ် နှိုးဆော်အပ်လေပြီ၊ ရှိသည်ကို ယူ၍သာ စေတီတော်ကြီး အပြီးတည်ထားကြလေ”ဟု သဝဏ်လွှာကို ပို့သစေလေသည်။ သဝဏ်လွှာနှစ်စောင်ကို လမ်းခရီးအကြား၌ ပေါင်းဆုံမိကြလေသည်။ အထူးအားဖြင့် ဆရာကြီးထံမှ ပေးပို့လိုက်သော သဝဏ်လွှာထက် စေတီတော် တည်ရာဌာနမှ ပေးပို့လိုက်သော သဝဏ်လွှာက အလျင်လက်ဦး ဆရာကြီးထံသို့ ရောက်ရှိလာလေသည်။

ဆရာကြီးသည် သဝဏ်လွှာကို ဖတ်ပြီးလျှင် “စေတီတော်ကြီးကို ငါရှိခိုးပေအံ့”ဟု ကြံစည်ကာ အဖော်မပါ တယောက်တည်းသာ စေတီတော်တည်ရာဖက်သို့ ထွက်လာခဲ့လေ၏။ လမ်းခရီးအကြားဝယ် တောအုပ် အတွင်း၌ ခိုးသားငါးရာတို့ ထကြွသောင်းကျန်းလျက် ရှိကြလေသည်၊ ထိုခိုးသားငါးရာတို့အနက် အချို့ခိုးသားတို့သည် ဆရာကြီးကို မြင်ကြလေလျှင် “ဤဆရာကြီးသည် ဇမ္ဗူဒိပ်တကျွန်းလုံးမှ ရွှေငွေများကို စုရုံးကောက်ခံအပ်ခဲ့လေပြီ၊ ရွှေအိုးကြီးများသည် လိမ့်၍ လိမ့်၍

၂၁၃

လာကုန်ပြီ”ဟု ကျန်သော ခိုးသားတို့အား ပြောကြားကြ၍ ဆရာကြီးကို ဖမ်းယူကြလေ၏။

ယသောရတဥပါသကာ၏ ကံကြမ္မာ

ထိုအခါ ဆရာကြီးက “အမောင်တို့.. ငါ့ကို အဘယ့်ကြောင့် ဖမ်းယူကြသနည်း”ဟု မေးလေလျှင် ခိုးသားတို့က “ဆရာကြီးသည် ဇမ္ဗူဒိပ်တကျွန်းလုံးမှ ရွှေငွေအားလုံးကို စုရုံးယူဆောင်အပ်ခဲ့လေပြီ၊ ကျွန်ုပ်တို့အားလည်း ၎င်းရွှေငွေထဲမှ အနည်းငယ် အနည်းငယ် ခွဲ၍ပေးရမည်”ဟု နိုင်ထက်စကား ပြောကြားကြလေသည်။

ထိုအခါ ဆရာကြီးက “အမောင်တို့.. အမောင်တို့ မသိကြဘူးလော၊ ကဿပ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံတော်မူခဲ့ပြီ၊ ထိုမြတ်စွာဘုရားရှင်၏ သာရီရိကဓာတ်တော်ကို ဌာပနာ၍ တယူဇနာ ပမာဏရှိသော ရတနာစေတီတော်ကြီးကို တည်ထားအပ်ဆဲ ဖြစ်လေသည်။ ထိုစေတီတော်ကြီးအတွက် ငါသည် တိုင်းသူပြည်သားတို့အား ကုသိုလ်မှု၌ ဆောက်တည်စေအပ်ပါသည်။ မိမိအတွက် မဟုတ်ပါ။ ထိုထိုရသမျှသော အလှူဝတ္ထုများကိုလည်း ထိုထိုရရာရရာအရပ်မှ ထိုစေတီတော် တည်ရာအရပ်သို့ ပို့အပ်ပြီးဖြစ်လေသည်၊ ငါ့မှာကား ကိုယ်ဝယ်ဝတ်ထားသည့် အဝတ်မှတပါး အခြားဥစ္စာဟူ၍ တချင်ရွေးမျှမရှိပါ”ဟု ပြောဆိုလေလျှင် အချို့သော ခိုးသားများက “ဤဆရာကြီး ပြောသည့်စကားသည် ဆရာကြီးပြောသည့်အတိုင်းပင် အမှန်ဖြစ်လေသည်၊ သို့ရကား ဆရာကြီးကို လွှတ်ကြလော့”ဟု ပြောဆို၍ အချို့သော ခိုးသားများကမူ “ဤဆရာကြီးသည် မင်းအပူဇော်ခံဆရာကြီး အမတ်အပူဇော်ခံ ဆရာကြီး ဖြစ်လေသည်၊ ငါတို့အထဲမှ တယောက်ယောက်ကို မြို့လယ်လမ်း၌ တွေ့မြင်လျှင် မင်း, မင်း၏အမတ် စသည်တို့အား ဤအကြောင်းကို ပြောကြား၍ အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်စေပေလိမ့်မည်”ဟူ၍ မလွှတ်ရန်ဖက်မှ ပြောကြားကြလေသည်။

ထိုအခါ ယသောရတ အနာဂါမ်ဥပါသကာသည် “အမောင်တို့.. ငါသည် ဤ(အမောင်တို့ပြောသည့်)အတိုင်း ပြုလိမ့်မည်မဟုတ်ပါ”ဟု ပြောဆိုလေသည်။ (ထိုသို့ ပြောဆိုခြင်းမှာ ထိုခိုးသားတို့အပေါ်၌ သနားသော ကရုဏာဖြင့် ပြောဆိုခြင်းဖြစ်သည်။ မိမိ၏အသက်၌ တွယ်တာ တပ်မက်သောကြောင့် ပြောဆိုခြင်းမဟုတ်)။ ထိုအခါ ထိုခိုးသားများ “ဆရာကြီးကို အချို့က ဖမ်းမြဲဖမ်းသင့်သည်။ အချို့က လွှတ်သင့်သည်”ဟု အငြင်းပွါးကြလေသော် “ဖမ်းမြဲ ဖမ်းထားသင့်သည်”ဟု

၂၁၄

အယူရှိသော ခိုးသားတို့က မဲများကြလျက် နောက်ဆုံးတွင် ဆရာကြီးကို သတ်ဖြတ်ကြလေကုန်၏။

ထိုခဏမှာပင် ဂုဏ်ကျေးဇူး ကြီးမားလှသော အနာဂါမ်အရိယာကြီးအပေါ်၌ သတ်ဖြတ်သည်အထိ ပြုမှားကြသော ပြစ်မှုကြောင့် ဆီမီးတောက်အညွန့် ငြိမ်းသကဲ့သို့ပင် ထိုခိုးသားတို့၏ မျက်စိတို့သည် ကွယ်ကြလေကုန်၏။ ထိုခိုးသား ငါးရာတို့သည် “အချင်းတို့.. ငါ့မျက်စိ အဘယ်မှာနည်း၊ ငါ့မျက်စိ အဘယ်မှာနည်း”ဟု ငိုကြွေးမြည်တမ်း တစမ်းစမ်း ဖြစ်ကြလေကုန်သော် အချို့(ဆွေမျိုးရှိသော) ခိုးသားများကို ဆွေမျိုး များက မိမိတို့အိမ်သို့ ခေါ်ဆောင်သွားကြလေသည်။ အချို့သော ခိုးသားတို့ကား ဆွေမဲ့မျိုးမဲ့ ကိုးကွယ်ရာမဲ့ ကုန်ရကား ထိုတောအုပ်အတွင်း သစ်ပင်ရင်း၌ပင် သစ်ရွက်မိုးသည့်တဲ၌ ဆင်းရဲစွာ နေကြရလေကုန်၏။

တောအုပ်သို့ လာကြသောလူတို့သည် သနားသဖြင့် ထိုမျက်မမြင် ခိုးသားတို့အား (မိမိတို့ တတ်နိုင်သမျှ) ဆန်ကို၎င်း, ထမင်းထုပ်ကို၎င်း, အခြား စားနပ်ရိက္ခာကို၎င်း ပေးကြလေကုန်၏။ ထင်းခွေရန် ဟင်းရွက်ခူးရန် ထိုတောသို့သွား၍ ပြန်လာကြသော လူတို့သည် “မောင်တို့.. ဘယ်သို့ သွားကြသနည်း”ဟု မေးအပ်လျှင် “ငါတို့သည် မျက်မမြင်တော = အန္ဓဝန်တောသို့ သွားကြသည်”ဟု ဖြေကြား ပြောဆိုကြလေသည်။

ဤသို့လျှင် ဘုရားရှင်နှစ်ဆူတို့၏ သာသနာခေတ်အခါမှာပင် ထိုတောအုပ်သည် “အန္ဓဝန်တော = မျက်မမြင်တော”ဟူ၍ ထင်ရှားလေသည်။ အထူးအားဖြင့် ထိုတောသည် ကဿပမြတ်စွာ သာသနာခေတ်အခါ၌ လူသူလေးပါး အသုံးမပြု စွန့်ပစ်၍ထားအပ်သော ဇနပုဒ်ကြီး၏အနီး၌ တည်ရှိလေသည်၊ အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် လက်ထက်တော်အခါ၌ကား ထိုတောသည် သာဝတ္ထိပြည်၏အနီး ဇေတဝန်ကျောင်းတိုက်၏ နောက်ပိုင်း၌ အာရုံငါးသင်း ဆိတ်ငြိမ်ခြင်းကို အလိုရှိကြသည့် အမျိုးကောင်းသားတို့၏နေရာ ကမ္မဋ္ဌာန်းကျောင်းကြီးသဖွယ် တည်ရှိလေသည်။ ဤကား အန္ဓဝန်တော = မျက်မမြင်တော အကြောင်းအရာတည်း)။

     ထိုအခါ မြတ်စွာဘုရားရှင်သည် အန္ဓဝန်တော = မျက်မမြင်တောသို့ သက်ဝင်တော်မူ၍ တခုသော သစ်ပင်ရင်းဝယ် (ရှင်ရာဟုလာ) ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူလေ၏။ အရှင်ရာဟုလာသည်လည်း မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး

၂၁၅

ရှိခိုးပြီးသော် သင့်လျော်လျောက်ပတ် အပြစ်လွတ်သော နေရာ၌ ထိုင်နေလေ၏၊ အပြစ်လွတ်သောနေရာ၌ ထိုင်နေပြီးသော အရှင်ရာဟုလာကို မြတ်စွာဘုရားရှင်သည် ဤတရားစကားကို မိန့်တော်မူ၏-

ဆပဉ္စကတရားဒေသနာတော်

     (ဗုဒ္ဓ) ချစ်သားရာဟုလာ.. ယခု ငါဘုရားမေးမြန်းမည့် စကားကို သင်ချစ်သားသည် အဘယ်သို့ မှတ်ထင်အောက်မေ့ သဘောကျသနည်း၊ မျက်စိတွင်မည် ရုပ်အကြည်သည် မြဲသလော၊ မမြဲသလော။ (ရှင်ရာဟုလာ) မမြဲပါ မြတ်စွာဘုရား..။ ။(ဗုဒ္ဓ) မမြဲသော မျက်စိတွင်မည် ရုပ်အကြည်သည် ဆင်းရဲသလော၊ ချမ်းသာသလော။ (ရှင်ရာဟုလာ) ဆင်းရဲပါ မြတ်စွာဘုရား..။ ။(ဗုဒ္ဓ) မမြဲ, ဆင်းရဲ, ဖောက်လွဲဖောက်ပြန် ဖြစ်တတ်သည့် မျက်စိတွင်မည် ရုပ်အကြည်ကို (ဧတံ မမ) ငါ့ဥစ္စာဟူ၍ (တဏှာဖြင့်၎င်း), (ဧသော ဟမသ္မိ) ငါဟူ၍ (မာနဖြင့်၎င်း), (ဧသော မေ အတ္တာ) ငါ၏ အတ္တလိပ်ပြာတည်းဟူ၍ (ဒိဋ္ဌိဖြင့်၎င်း) အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော။ (ရှင်ရာဟုလာ) မသင့်ပါ မြတ်စွာဘုရား..(၁)။

     (ဗုဒ္ဓ) ချစ်သားရာဟုလာ.. ယခု ငါဘုရားမေးမြန်းမည့် စကားကို သင်ချစ်သားသည် အဘယ်သို့ မှတ်ထင်အောက်မေ့ သဘောကျသနည်း၊ အဆင်းတွင်မည် ရုပ်ထိုဤတို့သည် မြဲကုန်သလော၊ မမြဲကုန်သလော။ (ရှင်ရာဟုလာ) မမြဲကုန်ပါ မြတ်စွာဘုရား..။ ။(ဗုဒ္ဓ) မမြဲသော အဆင်းတွင်မည် ရုပ်ထိုဤသည် ဆင်းရဲသလော၊ ချမ်းသာသလော။ (ရှင်ရာဟုလာ) ဆင်းရဲပါ မြတ်စွာဘုရား..။ ။(ဗုဒ္ဓ) မမြဲ, ဆင်းရဲ, ဖောက်လွဲ ဖောက်ပြန် ဖြစ်တတ်သည့် အဆင်းတွင်မည် ရုပ်ထိုဤကို (ဧတံ မမ) ငါ့ဥစ္စာဟူ၍ (တဏှာဖြင့်၎င်း), (ဧသော ဟမသ္မိ) ငါဟူ၍ (မာနဖြင့်၎င်း), (ဧသော မေ အတ္တာ) ငါ၏ အတ္တလိပ်ပြာတည်းဟူ၍ (ဒိဋ္ဌိဖြင့်၎င်း) အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော။ (ရှင်ရာဟုလာ) မသင့်ပါ မြတ်စွာဘုရား..(၂)။

၂၁၆

     (ဗုဒ္ဓ) ချစ်သားရာဟုလာ.. ယခု ငါဘုရားမေးမြန်းမည့် စကားကို သင်ချစ်သားသည် အဘယ်သို့ မှတ်ထင်အောက်မေ့ သဘောကျသနည်း၊ မျက်စိ၌မှီသော ဝိညာဏ် (အမြင်ဓာတ်သဘော)သည် မြဲသလော၊ မမြဲသလော။ (ရှင်ရာဟုလာ) မမြဲပါ မြတ်စွာဘုရား..။ ။(ဗုဒ္ဓ) မမြဲသော မျက်စိ၌မှီသည့် ဝိညာဏ် (အမြင်ဓာတ်သဘော)သည် ဆင်းရဲသလော၊ ချမ်းသာသလော။ (ရှင်ရာဟုလာ) ဆင်းရဲပါ မြတ်စွာဘုရား..။ ။(ဗုဒ္ဓ) မမြဲ, ဆင်းရဲ, ဖောက်လွဲဖောက်ပြန် ဖြစ်တတ်သည့် မျက်စိ၌မှီသည့် ဝိညာဏ် (အမြင်ဓာတ်သဘော)ကို (ဧတံ မမ) ငါ့ဥစ္စာဟူ၍ (တဏှာဖြင့်၎င်း), (ဧသော ဟမသ္မိ) ငါဟူ၍ (မာနဖြင့်၎င်း), (ဧသော မေ အတ္တာ) ငါ၏ အတ္တလိပ်ပြာတည်းဟူ၍ (ဒိဋ္ဌိဖြင့်၎င်း) အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော။ (ရှင်ရာဟုလာ) မသင့်ပါ မြတ်စွာဘုရား..(၃)။

     (ဗုဒ္ဓ) ချစ်သားရာဟုလာ.. ယခု ငါဘုရားမေးမြန်းမည့် စကားကို သင်ချစ်သားသည် အဘယ်သို့ မှတ်ထင် အောက်မေ့ သဘောကျသနည်း၊ မျက်စိ၌မှီသော အတွေ့ (စက္ခုသမ္ဖဿ)သည် မြဲသလော၊ မမြဲသလော။ (ရှင်ရာဟုလာ) မမြဲပါ မြတ်စွာဘုရား..။ ။(ဗုဒ္ဓ) မမြဲသော မျက်စိ၌မှီသော အတွေ့ (စက္ခုသမ္ဖဿ)သည် ဆင်းရဲသလော၊ ချမ်းသာသလော။ (ရှင်ရာဟုလာ) ဆင်းရဲပါ မြတ်စွာဘုရား..။ ။(ဗုဒ္ဓ) မမြဲ, ဆင်းရဲ, ဖောက်လွဲဖောက်ပြန် ဖြစ်တတ်သည့် မျက်စိ၌မှီသော အတွေ့ (စက္ခုသမ္ဖဿ)ကို (ဧတံ မမ) ငါ့ဥစ္စာဟူ၍ (တဏှာဖြင့်၎င်း), (ဧသော ဟမသ္မိ) ငါဟူ၍ (မာနဖြင့်၎င်း), (ဧသော မေ အတ္တာ) ငါ၏ အတ္တလိပ်ပြာတည်းဟူ၍ (ဒိဋ္ဌိဖြင့်၎င်း) အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော။ (ရှင်ရာဟုလာ) မသင့်ပါ မြတ်စွာဘုရား..(၄)။

     (ဗုဒ္ဓ) ချစ်သားရာဟုလာ.. ယခု ငါဘုရားမေးမြန်းမည့် စကားကို သင်ချစ်သားသည် အဘယ်သို့ မှတ်ထင်အောက်မေ့ သဘာကျသနည်း၊ မျက်စိအတွေ့ (စက္ခုသမ္ဖဿ)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသမျှသော ခံစားမှု = ဝေဒနာသဘော,

၂၁၇

မှတ်သားမှု = သညာသဘော, ပြုပြင်မှု = သင်္ခါရသဘော, အထူးသိမှု = ဝိညာဏ်သဘော ဤလေးပါးသော နာမ်ခန္ဓာတရားအစုသည် မြဲသလော၊ မမြဲသလော။ (ရှင်ရာဟုလာ) မမြဲပါ မြတ်စွာဘုရား..။ ။(ဗုဒ္ဓ) မမြဲသော နာမ်ခန္ဓာလေးပါး တရားအစုသည် ဆင်းရဲသလော၊ ချမ်းသာသလော။ (ရှင်ရာဟုလာ) ဆင်းရဲပါ မြတ်စွာဘုရား..။ ။(ဗုဒ္ဓ) မမြဲ, ဆင်းရဲ, ဖောက်လွဲဖောက်ပြန် ဖြစ်တတ်သည့် နာမ်ခန္ဓာလေးပါး တရားအစုကို (ဧတံ မမ) ငါ့ဥစ္စာဟူ၍ (တဏှာဖြင့်၎င်း), (ဧသော ဟမသ္မိ) ငါဟူ၍ (မာနဖြင့်၎င်း), (ဧသော မေ အတ္တာ) ငါ၏ အတ္တလိပ်ပြာတည်းဟူ၍ (ဒိဋ္ဌိဖြင့်၎င်း) အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော။ (ရှင်ရာဟုလာ) မသင့်ပါ မြတ်စွာဘုရား..(၅)။ ။ဤကား စက္ခုပဉ္စက ဓမ္မဒေသနာတည်း။

     (ဗုဒ္ဓ) ချစ်သားရာဟုလာ.. ယခု ငါဘုရားမေးမြန်းမည့် စကားကို သင်ချစ်သားသည် အဘယ်သို့ မှတ်ထင်အောက်မေ့ သဘောကျသနည်း၊ နားဟုတွင်မည် ရုပ်အကြည်သည် မြဲသလော၊ မမြဲသလော။ (ရှင်ရာဟုလာ) မမြဲပါ မြတ်စွာဘုရား..။ (ပေယျာလ)။ ။ဤကား သောတပဉ္စက ဓမ္မဒေသနာတည်း။

     (ဗုဒ္ဓ) ချစ်သားရာဟုလာ.. ယခု ငါဘုရားမေးမြန်းမည့် စကားကို သင်ချစ်သားသည် အဘယ်သို့ မှတ်ထင် အောက်မေ့ သဘောကျသနည်း၊ နှာခေါင်းတွင်မည် ရုပ်အကြည်သည် မြဲသလော၊ မမြဲသလော။ (ရှင်ရာဟုလာ) မမြဲပါ မြတ်စွာဘုရား..။ (ပေယျာလ... ရှေးနည်းဖော်လေ)။ ။ဤကား ဃာနပဉ္စက ဓမ္မဒေသနာတည်း။

     (ဗုဒ္ဓ) ချစ်သားရာဟုလာ.. ယခု ငါဘုရားမေးမြန်းမည့် စကားကို သင်ချစ်သားသည် အဘယ်သို့ မှတ်ထင်အောက်မေ့ သဘောကျသနည်း၊ လျှာဟုတွင်မည် ရုပ်အကြည်သည် မြဲသလော၊ မမြဲသလော။ (ရှင်ရာဟုလာ) မမြဲပါ မြတ်စွာဘုရား။။။ (ပေယျာလ ရှေးနည်းဖော်လေ)။ ။ဤကား ဇိဝှါပဉ္စက ဓမ္မဒေသနာတည်း။

၂၁၈

     (ဗုဒ္ဓ) ချစ်သားရာဟုလာ.. ယခု ငါဘုရားမေးမြန်းမည့် စကားကို သင်ချစ်သားသည် အဘယ်သို့ မှတ်ထင် အောက်မေ့ သဘောကျသနည်း၊ ကိုယ်ဟုတွင်မည် ရုပ်အကြည်သည် မြဲသလော မမြဲသလော။ (ရှင်ရာဟုလာ) မမြဲပါ မြတ်စွာဘုရား..။ (ပေယျာလ ရှေးနည်းဖော်လေ)။ ။ဤကား ကာယပဉ္စက ဓမ္မဒေသနာတည်း။

     (ဗုဒ္ဓ) ချစ်သားရာဟုလာ.. ယခု ငါဘုရားမေးမြန်းမည့် စကားကို သင်ချစ်သားသည် အဘယ်သို့ မှတ်ထင်အောက်မေ့ သဘောကျသနည်း၊ မနောတွင်မည် စိတ်အကြည်သည် မြဲသလော၊ မမြဲသလော။ (ရှင်ရာဟုလာ) မမြဲပါ မြတ်စွာဘုရား..။ ။(ဗုဒ္ဓ) မမြဲသော မနောတွင်မည် စိတ်အကြည်သည် ဆင်းရဲသလော၊ ချမ်းသာသလော။ (ရှင်ရာဟုလာ) ဆင်းရဲပါ မြတ်စွာဘုရား..။ ။(ဗုဒ္ဓ) မမြဲ, ဆင်းရဲ, ဖောက်လွဲဖောက်ပြန် ဖြစ်တတ်သည့် မနောတွင်မည် စိတ်အကြည်ကို (ဧတံ မမ) ငါ့ဥစ္စာဟူ၍ (တဏှာဖြင့်၎င်း), (ဧသော ဟမသ္မိ) ငါဟူ၍ (မာနဖြင့်၎င်း), (ဧသော မေ အတ္တာ) ငါ၏ အတ္တလိပ်ပြာတည်းဟူ၍ (ဒိဋ္ဌိဖြင့်၎င်း) အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော။ (ရှင်ရာဟုလာ) မသင့်ပါ မြတ်စွာဘုရား..(၁)။

     (ဗုဒ္ဓ) ချစ်သားရာဟုလာ.. ယခု ငါဘုရားမေးမြန်းမည့် စကားကို သင်ချစ်သားသည် အဘယ်သို့ မှတ်ထင် အောက်မေ့ သဘောကျသနည်း၊ ဓမ္မာရုံမည် ရုပ်နာမ်တို့သည် မြဲကုန်သလော၊ မမြဲကုန်သလော။ (ရှင်ရာဟုလာ) မမြဲကုန်ပါ မြတ်စွာဘုရား..။ ။(ဗုဒ္ဓ) မမြဲသော ဓမ္မာရုံမည် ရုပ်နာမ်နှစ်ပါးသည် ဆင်းရဲသလော၊ ချမ်းသာသလော။ (ရှင်ရာဟုလာ) ဆင်းရဲပါ မြတ်စွာဘုရား..။ ။(ဗုဒ္ဓ) မမြဲ, ဆင်းရဲ, ဖောက်လွဲဖောက်ပြန် ဖြစ်တတ်သည့် ဓမ္မာရုံခေါ်ဆို ရုပ်နာမ်နှစ်ပါးကို (ဧတံ မမ) ငါ့ဥစ္စာဟူ၍ (တဏှာဖြင့်၎င်း), (ဧသော ဟမသ္မိ) ငါဟူ၍ (မာနဖြင့်၎င်း), (ဧသော မေ အတ္တာ) ငါ၏ အတ္တလိပ်ပြာတည်းဟူ၍ (ဒိဋ္ဌိဖြင့်၎င်း) အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော။ (ရှင်ရာဟုလာ) မသင့်ပါ မြတ်စွာဘုရား..(၂)။

၂၁၉

     (ဗုဒ္ဓ) ချစ်သားရာဟုလာ.. ယခု ငါဘုရားမေးမြန်းမည့် စကားကို သင်ချစ်သားသည် အဘယ်သို့ မှတ်ထင်အောက်မေ့ သဘောကျသနည်း၊ မနောဝိညာဏ် (အထူးသိမှု သဘော)သည် မြဲသလော၊ မမြဲသလော။ (ရှင်ရာဟုလာ) မမြဲပါ မြတ်စွာဘုရား..။ ။(ဗုဒ္ဓ) မမြဲသော မနောဝိညာဏ်သည် ဆင်းရဲသလော၊ ချမ်းသာသလော။ (ရှင်ရာဟုလာ) ဆင်းရဲပါ မြတ်စွာဘုရား..။ ။(ဗုဒ္ဓ) မမြဲ, ဆင်းရဲ, ဖောက်လွဲဖောက်ပြန် ဖြစ်တတ်သည့် မနောဝိညာဏ်ကို (ဧတံ မမ) ငါ့ဥစ္စာဟူ၍ (တဏှာဖြင့်၎င်း), (ဧသော ဟမသ္မိ) ငါဟူ၍ (မာနဖြင့်၎င်း), (ဧသော မေ အတ္တာ) ငါ၏ အတ္တလိပ်ပြာတည်းဟူ၍ (ဒိဋ္ဌိဖြင့်၎င်း) အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော။ (ရှင်ရာဟုလာ) မသင့်ပါ မြတ်စွာဘုရား..(၃)။

     (ဗုဒ္ဓ) ချစ်သားရာဟုလာ.. ယခု ငါဘုရားမေးမြန်းမည့် စကားကို သင်ချစ်သားသည် အဘယ်သို့ မှတ်ထင်အောက်မေ့ သဘောကျသနည်း၊ စိတ်၌မှီသော အတွေ့ (မနောသမ္ဖဿ)သည် မြဲသလော၊ မမြဲသလော။ (ရှင်ရာဟုလာ) မမြဲပါ မြတ်စွာဘုရား..။ ။(ဗုဒ္ဓ) မမြဲသော မနောသမ္ဖဿသည် ဆင်းရဲသလော၊ ချမ်းသာသလော။ (ရှင်ရာဟုလာ) ဆင်းရဲပါ မြတ်စွာဘုရား..။ ။(ဗုဒ္ဓ) မမြဲ, ဆင်းရဲ, ဖောက်လွဲဖောက်ပြန် ဖြစ်တတ်သည့် မနောသမ္ဖဿကို (ဧတံ မမ) ငါ့ဥစ္စာဟူ၍ (တဏှာဖြင့်၎င်း), (ဧသော ဟမသ္မိ) ငါဟူ၍ (မာနဖြင့်၎င်း), (ဧသော မေ အတ္တာ) ငါ၏ အတ္တလိပ်ပြာတည်းဟူ၍ (ဒိဋ္ဌိဖြင့်၎င်း) အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော။ (ရှင် ရာဟုလာ) မသင့်ပါ မြတ်စွာဘုရား..(၄)။

     (ဗုဒ္ဓ) ချစ်သားရာဟုလာ.. ယခု ငါဘုရားမေးမြန်းမည့် စကားကို သင်ချစ်သားသည် အဘယ်သို့ မှတ်ထင်အောက်မေ့ သဘောကျသနည်း၊ မနောအတွေ့ (မနောသမ္ဖဿ)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသမျှသော ၁။ ခံစားမှု = ဝေဒနာသဘော, ၂။ မှတ်သားမှု = သညာသဘော, ၃။ ပြုပြင်မှု = သင်္ခါရသဘော, ၄။ အထူးသိမှု = ဝိညာဏ်သဘော ဤလေးပါးသော နာမ်ခန္ဓာတရားအစုသည် မြဲသလော၊ မမြဲသလော။ (ရှင်ရာဟုလာ) မမြဲပါ မြတ်စွာဘုရား..။

၂၂၀

(ဗုဒ္ဓ) မမြဲသော နာမ်ခန္ဓာလေးပါး တရားအစုသည် ဆင်းရဲသလော၊ ချမ်းသာသလော။ (ရှင်ရာဟုလာ) ဆင်းရဲပါ မြတ်စွာဘုရား..။ (ဗုဒ္ဓ) မမြဲ, ဆင်းရဲ, ဖောက်လွဲဖောက်ပြန် ဖြစ်တတ်သည့် နာမ်ခန္ဓာလေးပါး တရားအစုကို (ဧတံ မမ) ငါ့ဥစ္စာဟူ၍ (တဏှာဖြင့်၎င်း), (ဧသော ဟမသ္မိ) ငါဟူ၍ (မာနဖြင့်၎င်း), (ဧသော မေ အတ္တာ) ငါ၏ အတ္တလိပ်ပြာတည်းဟူ၍ (ဒိဋ္ဌိဖြင့်၎င်း) အလွဲလွဲ အချော်ချော် ရှုမျှော်သင့်သလော။ (ရှင်ရာဟုလာ) မသင့်ပါ မြတ်စွာဘုရား..(၅)။ ။(ဤကား မနောပဉ္စက ဓမ္မဒေသနာတည်း)။

(ဤသို့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက် ကွက်ကွက်ကွင်းကွင်း လင်းလင်းပေါ်လွင်အောင် သုံးဖန်သုံးကျော့ မေးမြန်း ဟောကြားအပ်သည့် တရားဒေသနာကို “တေပရိဝဋ္ဋဓမ္မဒေသနာ”ဟူ၍ ခေါ်၏)။

     (နိဂုံး) ချစ်သားရာဟုလာ.. အကြားအမြင်များသော ငါဘုရား၏ တပည့်သာဝကသည် ဤသို့ ရှုမြင်လတ်သော် မျက်စိတွင်မည် ရုပ်အကြည်၌ ငြီးငွေ့၏၊ အဆင်းမျိုးစုံ ရူပါရုံတို့၌ ငြီးငွေ့၏၊ စက္ခုဝိညာဏ် (အမြင်ဓာတ်သဘော)၌ ငြီးငွေ့၏၊ မျက်စိအတွေ့(စက္ခုသမ္ဖဿ)၌ ငြီးငွေ့၏၊ မျက်စိအတွေ့ကို အကြောင်းပြု၍ ဖြစ်ပေါ်သမျှသော ဝေဒနာ သညာ သင်္ခါရ ဝိညာဉ် ဤလေးအင်သော နာမ်ခန္ဓာတရား၌လည်း ငြီးငွေ့၏။ နားဟုတွင်မည် ရုပ်အကြည်၌ ငြီးငွေ့၏၊ အသံမျိုးစုံ သဒ္ဒါရုံတို့၌ ငြီးငွေ့၏၊ (ပေယျာလ)။ နှာခေါင်းတွင်မည် ရုပ်အကြည်၌ ငြီးငွေ့၏။ အနံ့မျိုးစုံ ဂန္ဓာရုံတို့၌ ငြီးငွေ့၏။ လျှာဟုတွင်မည် ရုပ်အကြည်၌ ငြီးငွေ့၏။ အရသာမျိုးစုံ ရသာရုံတို့၌ ငြီးငွေ့၏။ ကိုယ်ဟုတွင်မည် ရုပ်အကြည်၌ ငြီးငွေ့၏။ အတွေ့မျိုးစုံ ဖောဋ္ဌဗ္ဗာရုံတို့၌ ငြီးငွေ့၏။ မနောတွင်မည် စိတ်အကြည်၌ ငြီးငွေ့၏၊ ဓမ္မာရုံတို့၌ ငြီးငွေ့၏။ မနောဝိညာဏ်၌ ငြီးငွေ့၏။ မနောသမ္ဖဿ၌ ငြီးငွေ့၏။ မနောသမ္ဖဿကို အကြောင်းပြု၍ ဖြစ်ပေါ်သမျှသော ဝေဒနာ သညာ သင်္ခါရ ဝိညာဉ် ဤလေးအင်သော နာမ်ခန္ဓာတရား၌လည်း ငြီးငွေ့၏။ ငြီးငွေ့သည်ရှိသော်

၂၂၁

တပ်ခြင်းကင်း၏၊ တပ်ခြင်းကင်းခြင်းကြောင့် ကိလေသာမှလွတ်၏။ ကိလေသာမှ လွတ်ပြီးသော် “ကိလေသာမှ လွတ်ပြီ”ဟု ပစ္စဝေက္ခဏာ အသိဉာဏ် ဖြစ်၏။ “ပဋိသန္ဓေနေရမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်)ကိစ္စကို ပြုပြီးပြီ၊ (မဂ်)ကိစ္စအတွက် နောက်ထပ်ပြုဖွယ် မရှိတော့ပြီ”ဟု အဆက်ဆက်သော ပစ္စဝေက္ခဏာဉာဏ်ဖြင့် သိ၏-

ဟူ၍ ဤစူဠရာဟုလောဝါဒသုတ်ကို မြတ်စွာဘုရား ဟောကြားအပ်သည်ရှိသော် အရှင်ရာဟုလာသည် အရဟတ္တဖိုလ်၌ တည်တော်မူလေ၏။ ထောင်ပေါင်းများစွာ ထိုနတ်ဗြဟ္မာတို့သည်လည်း အချို့ သောတာပန်, အချို့ သကဒါဂါမ်, အချို့ အနာဂါမ်, အချို့ ရဟန္တာ (ပါရမီအလျောက်) အသီးအသီး ဖြစ်ကြလေသည်။

တရားနှလုံး ကျင့်သုံး ဆင်ခြင်ဖွယ်

(သုတ္တန်တခုခုကို ကြည့်ရှုနာယူလျှင် ထိုသုတ္တန်မှ မိမိလိုက်နာကျင့်သုံးရမည့် တရားအချက်ကို သတိပြုရန် အရေးကြီးလှ၏။ ဤစူဠရာဟုလောဝါဒသုတ်၌ မြတ်စွာဘုရားရှင်က စက္ခုပဉ္စက, သောတပဉ္စက, ဃာနပဉ္စက, ဇိဝှါပဉ္စက, ကာယပဉ္စက, မနောပဉ္စက ဤဆပဉ္စကဓမ္မ အချက်တို့ကို တေပရိဝဋ္ဋဓမ္မဒေသနာနည်းဖြင့် ဟောကြားလတ်သည်တွင် အရှင်ရာဟုလာသည် မြတ်စွာဘုရားရှင်၏ မေးမြန်းတော်မူချက်ကို ဖြေဆိုရင်း တရားနာရင်းပင် တရားနှလုံး ကျင့်သုံးတော်မူသောကြောင့် အရဟတ္တဖိုလ်ပေါက် အရိယာအဖြစ်သို့ ရောက်တော်မူသည်။

ထို့ကြောင့် ရှင်ရာဟုလာ အရဟတ္တဖိုလ်ပေါက်ရောက်သော ကမ္မဋ္ဌာန်းကို စီးဖြန်း နှလုံးသွင်းလိုပါသည်ဟု ဆိုလျှင် ဤဆပဉ္စကဓမ္မ အချက်ကိုပင် နှလုံးသွင်း စီးဖြန်းရပေလိမ့်မည်၊ နှလုံးသွင်းပုံမှာ-

ပါဠိဖြင့် နှလုံးသွင်းလိုလျှင် (စက္ခုပဉ္စကအတွက်) စက္ခု အနိစ္စံ ဒုက္ခံ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။ ရူပါ အနိစ္စာ ဒုက္ခာ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။ စက္ခုဝိညာဏံ အနိစ္စံ ဒုက္ခံ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။ စက္ခုသမ္ဖဿော အနိစ္စော ဒုက္ခော အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။ ယမိဒံ စက္ခုသမ္မဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ၊

၂၂၂

တမ္ပိ အနိစ္စံ ဒုက္ခံ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။

(သောတပဉ္စကအတွက်) သောတံ အနိစ္စံ ဒုက္ခံ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။ သဒ္ဒါ အနိစ္စာ ဒုက္ခာ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။ သောတဝိညာဏံ အနိစ္စံ ဒုက္ခံ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။ သောတသမ္ဖဿော အနိစ္စော ဒုက္ခော အနတ္တာ၊ နေတံ မမ၊ နောဟမသ္မိ၊ န မေသော အတ္တာ။ ယမိဒံ သောတသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ၊ တမ္ပိ အနိစ္စံ ဒုက္ခံ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။

(ဃာနပဉ္စကအတွက်) ဃာနံ အနိစ္စံ ဒုက္ခံ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။ ဂန္ဓာ အနိစ္စာ ဒုက္ခာ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိံ၊ န မေသော အတ္တာ။ ဃာနဝိညာဏံ အနိစ္စံ ဒုက္ခံ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိံ၊ န မေသော အတ္တာ။ ဃာနသမ္ဖဿော အနိစ္စော ဒုက္ခော အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။ ယမိဒံ ဃာနသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ၊ တမ္ပိ အနိစ္စံ ဒုက္ခံ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။

(ဇိဝှါပဉ္စကအတွက်) ဇိဝှါ အနိစ္စာ ဒုက္ခာ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။ ရသာ အနိစ္စာ ဒုက္ခာ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။ ဇိဝှါဝိညာဏံ အနိစ္စံ ဒုက္ခံ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။ ဇိဝှါသမ္ဖဿော အနိစ္စော ဒုက္ခော အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။ ယမိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ၊ တမ္ပိ အနိစ္စံ ဒုက္ခံ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။

(ကာယပဉ္စကအတွက်) ကာယော အနိစ္စော ဒုက္ခော အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။ ဖောဋ္ဌဗ္ဗာ အနိစ္စာ ဒုက္ခာ အနတ္တာ၊ နေတံ မမ၊ နေဟမသ္မိ၊ န မေသော အတ္တာ။ ကာယဝိညာဏံ အနိစ္စံ ဒုက္ခံ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။ ကာယသမ္ဖဿော အနိစ္စော ဒုက္ခော အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။

၂၂၃

ယမိဒံ ကာယသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ၊ တမ္ပိ အနိစ္စံ ဒုက္ခံ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။

(မနောပဉ္စကအတွက်) မနော အနိစ္စော ဒုက္ခော အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။ ဓမ္မာ အနိစ္စာ ဒုက္ခာ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။ မနောဝိညာဏံ အနိစ္စံ ဒုက္ခံ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။ မနောသမ္ဖဿော အနိစ္စော ဒုက္ခော အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ၊ ယမိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ၊ တမ္ပိ အနိစ္စံ ဒုက္ခံ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။ (ဤကဲ့သို့ နှလုံးသွင်း ပွါးများရပေမည်)။

မိမိက ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်သည့်အတွက် မြန်မာဘာသာ ဓမ္မလင်္ကာဖြင့် နှလုံးသွင်းလိုလျှင် ဤဆိုလတ္တံ့သောအတိုင်း နှလုံးသွင်း ပွါးများရန် သင့်လျော်ပေသည်-

(၁) စက္ခုပဉ္စကအတွက်

(က) မျက်စိတွင်မည်၊ ရုပ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏..။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏..။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး..။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်။ ။ဒုက္ခ အနတ္တပါတကား။

(ခ) အဆင်းတွင်မည်၊ ရုပ်ထိုဤလည်း၊ မြင့်ရှည်ကာလ။ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏..။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏..။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး..။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်။ ။ဒုက္ခ အနတ္တပါတကား။

(ဂ) မျက်စိ၌မှီ၊ ဝိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏..။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏..။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး..။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်။ ။ဒုက္ခ အနတ္တပါတကား။

၂၂၄

(ဃ) မျက်စိ၌မှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏..။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏..။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး..။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်။ ။ဒုက္ခ အနတ္တပါတကား။

(င) မျက်စိအတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ၊ ဝေဒနာနှင့်၊ သညာ သင်္ခါရ၊ ဝိညာဏဟု၊ အစုလေးမည်၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏..။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏..။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး..။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်။ ။ဒုက္ခ အနတ္တပါတကား။

(ဤစက္ခုပဉ္စကကို ကျေလည်အောင် နှုတ်ရဆောင်၍ထားပါက ကျန်သော ပဉ္စကငါးပါးတို့အတွက် အလွယ်နှင့် နှုတ်တက်နိုင်ပေသည်)။

(၂) သောတပဉ္စကအတွက်

(က) နားဟုတွင်မည်၊ ရုပ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏..။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏..။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး..။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်။ ။ဒုက္ခ အနတ္တပါတကား။

(ခ) အသံတွင်မည်၊ ရုပ်ထိုဤလည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ (ရှေးနည်းအတူဆိုလေ)။

(ဂ) နား၌စွဲမှီ၊ ဝိညာဏ်သည်လည်း၊ မြင့်ရှည်လာလ၊ မတည်ထပဲ။ (ရှေးနည်းအတူဆိုလေ)။

(ဃ) နား၌စွဲမှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ။ (ရှေးနည်းအတူဆိုလေ)။

(င) နား၌အတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ၊ ဝေဒနာနှင့်၊ သညာ သင်္ခါရ၊ ဝိညာဏဟု၊ အစုလေးမည်၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏..။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏..။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး..။ ပညာစက္ခု၊

၂၂၅

မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်။ ။ဒုက္ခ အနတ္တပါတကား။

(၃) ဃာနပဉ္စကအတွက်

(က) နှာခေါင်းတွင်မည်၊ ရုပ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏..။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏..။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး..။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်။ ။ဒုက္ခ အနတ္တပါတကား။

(ခ) အနံ့တွင်မည်၊ ရုပ်ထိုဤလည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ။ (ရှေးနည်းအတူ ဆိုလေ)။

(ဂ) နှာခေါင်း၌မှီ၊ ဝိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ။ (ရှေးနည်းအတူဆိုလေ)။

(ဃ) နှာခေါင်း၌မှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ။ (ရှေးနည်းအတူဆိုလေ)။

(င) နှာခေါင်းအတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ၊ ဝေဒနာနှင့်၊ သညာ သင်္ခါရ၊ ဝိညာဏဟု၊ အစုလေးမည်၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏..။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏..။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး..။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်။ ။ဒုက္ခ အနတ္တပါတကား။

(၄) ဇိဝှါပဉ္စကအတွက်

(က) လျှာဟုတွင်မည်၊ ရုပ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏..။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏..။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး..။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်။ ။ဒုက္ခ အနတ္တပါတကား။

(ခ) ရသာတွင်မည်၊ ရုပ်ထိုဤလည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ။ (ရှေးနည်းအတူဆိုလေ)။

၂၂၆

(ဂ) လျှာ၌စွဲမှီ၊ ဝိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ။ (ရှေးနည်းအတူဆိုလေ)။

(ဃ) လျှာ၌စွဲမှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ။ (ရှေးနည်းအတူဆိုလေ)။

(င) လျှာ၌အတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ၊ ဝေဒနာနှင့်၊ သညာ သင်္ခါရ၊ ဝိညာဏဟု၊ အစုလေးမည်၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏..။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏..။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး..။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်။ ။ဒုက္ခ အနတ္တပါတကား။

(၅) ကာယပဉ္စကအတွက်

(က) ကိုယ်ဟုတွင်မည်၊ ရုပ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏..။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏..။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး..။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်။ ။ဒုက္ခ အနတ္တပါတကား။

(ခ) အတွေ့တွင်မည်၊ ရုပ်ထို၍လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ။ (ရှေးနည်းအတူဆိုလေ)။

(ဂ) ကိုယ်၌စွဲမှီ၊ ဝိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ။ (ရှေးနည်းအတူဆိုလေ)။

(ဃ) ကိုယ်၌စွဲမှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ။ (ရှေးနည်းအတူဆိုလေ)။

(င) ကိုယ်၌အတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ၊ ဝေဒနာနှင့်၊ သညာ သင်္ခါရ၊ ဝိညာဏဟု၊ အစုလေးမည်၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏..။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏..။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး..။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်။ ။ဒုက္ခ အနတ္တပါတကား။

၂၂၇

(၆) မနောပဉ္စကအတွက်

(က) မနောတွင်မည်၊ စိတ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏..။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏..။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး..။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်။ ။ဒုက္ခ အနတ္တပါတကား။

(ခ) ဓမ္မတွင်မည်၊ ရုပ်နာမ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ။ (ရှေးနည်းအတူဆိုလေ)။

(ဂ) မနောတွင်မည်၊ ဝိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ။ (ရှေးနည်းအတူဆိုလေ)။

(ဃ) မနော၌မှီ၊ အတွေ့သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ။ (ရှေးနည်းအတူဆိုလေ)။

(င) မနောအတွေ့၊ ကြောင်းပြု၍လျှင်၊ ဖြစ်လေ့များစွာ၊ ဝေဒနာနှင့်၊ သညာ သင်္ခါရ၊ ဝိညာဏဟု၊ အစုလေးမည်၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏..။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏..။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး..။ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်။ ။ဒုက္ခ အနတ္တပါတကား။

ဤ “ဆပဉ္စကဓမ္မလင်္ကာ”ကို နည်းမှီး၍ ခန္ဓာငါးပါး ကမ္မဋ္ဌာန်းတရားကို အားထုတ်လိုသော သူတော်စင်များသည်လည်း-

ရုပ်ဟုတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ (စသည်ဖြင့်၎င်း)၊ ၊ဝေဒနာမည်၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ (စသည်ဖြင့်၎င်း)၊ ၊သညာတွင်မည်၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ (စသည်ဖြင့်၎င်း)၊ ၊သင်္ခါရမည်၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ (စသည်ဖြင့်၎င်း)၊ ၊ဝိညာဏ်ခြောက်မည်၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ (စသည်ဖြင့်၎င်း)၊ ရှေးနည်းအတူ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာသုံးပါးကို အားထုတ် ဆင်ခြင်ရာ၏။

ဤကား စူဠရာဟုလောဝါဒသုတ်မှ ထုတ်နုတ်ကျင့်သုံး ဆင်ခြင်ဖွယ်တည်း။

၂၂၈

အရှင်ရာဟုလာကို မာရ်နတ်ခြောက်လှန့်ခြင်းအကြောင်း

     တနေ့သ၌ မိုးချုပ်သောအခါတွင် များစွာသော မထေရ်တို့သည် ဇေတဝန်ကျောင်းတိုက်အတွင်းသို့ ဝင်ကြကုန်၍ ရှင်ရာဟုလာမထေရ်၏ နေရာဌာနသို့ သွားရောက်ကြပြီးလျှင် နေထိုင်ကြလေသည်။ ရှင်ရာဟုလာကား ထေရ်ငယ် ဝါငယ်ဖြစ်၍ မိမိ၏နေရာ၌ မထေရ်ကြီးများ လာရောက်နေထိုင်ကြသည်ကို မတားမြစ်ပိုင်ပဲ အခြားနေရာတခုကို ရှာမှီးသည်တွင် နေရာမရရှိသဖြင့် မြတ်စွာဘုရားရှင်၏ ဂန္ဓကုဋီကျောင်းတော် မုခ်ဦး၌ လျောင်းစက်တော်မူရ၏။ ထိုအချိန်၌ အရှင်ရာဟုလာသည် အရဟတ္တဖိုလ်သို့ရောက်ပြီးစ ၀ါမရသေးသော ရဟန်းငယ်ပင် ဖြစ်လေသည်။

     မာရ်နတ်သည် ဝသဝတ္တီနတ်ပြည်၌ တည်နေရင်းကပင် ဂန္ဓကုဋီကျောင်းတော် မုခ်ဦး၌ လျောင်းစက်နေသော အရှင်ရာဟုလာကို မြင်လေလျှင်-

“ရဟန်းဂေါတမ၏ ထိလျှင်နာကျင်မည့် လက်ချောင်းကလေး (=ရှင်ရာဟုလာကို ဆိုလိုသည်)ကား ဂန္ဓကုဋီပြင်ပ၌ လျောင်းစက်နေလေပြီ၊ ရဟန်းဂေါတမကိုယ်တိုင်ကမူ ဂန္ဓကုဋီကျောင်းအတွင်း၌ လျောင်းစက်နေလေပြီ။ လက်ချောင်းကလေးကို နှိပ်စက်အပ်လျှင် ရဟန်းဂေါတမကိုလည်း နှိပ်စက်အပ်သည် ဖြစ်ပေတော့မည်”-

ဟု ကြံစည်၍ ထိုမာရ်နတ်သည် ကြီးစွာသော ဆင်မင်းအသွင်ကို ဖန်ဆင်းပြီးလျှင် ရှင်ရာဟုလာအနီးသို့ လာရောက်၍ နှာမောင်းဖြင့် ရှင်ရာဟုလာ၏ဦးခေါင်းကို ပွေ့ပိုက်ပြီးလျှင် သည်းစွာသောအသံဖြင့် ကြိုးကြာသံ မြည်ဟည်းလေ၏။

     မြတ်စွာဘုရားရှင်သည် ဂန္ဓကုဋီ ကျောင်းတော်အတွင်း ထိုင်နေတော်မူရင်းကပင် မာရ်နတ်မှန်း သိတော်မူ၍—

“ဟယ်မာရ်နတ်.. သင်ကဲ့သို့သော မာရ်နတ်တဦးတည်းကို မဆိုထားဘိ၊ မာရ်နတ်ပေါင်း တသိန်းသည်လည်း

၂၂၉

ငါ့သားတော်အား ကြောက်ရွံ့ခြင်းကို ဖြစ်စေခြင်းငှါ မစွမ်းနိုင်ချေ။ မှန်၏- ငါ့သားတော်သည် ထိတ်လန့်ခြင်း အလျှင်းမရှိ၊ တဏှာကင်းပြီးသူ လုံ့လဝီရိယကြီးမားသူ ဉာဏ်ပညာကြီးမားသူ ဖြစ်ပေ၏”-

ဟု မိန့်တော်မူပြီးလျှင် တရားတံဆိပ် ခတ်နှိပ်တော်မူလိုသဖြင့်-

နိဋ္ဌင်္ဂတော အသန္တာသီ၊

ဝီတတဏှော အနင်္ဂဏော။

အစ္ဆိန္ဒိ ဘဝသလ္လာနိ၊

အန္တိမောယံ သမုဿယော။

(မာရ = နှောက်ယှက်လာလတ် ဟယ်မာရ်နတ်..။ မမ ပုတ္တော = ငါဘုရား၏ သားချစ်သည်းလျာ ရာဟုလာသည်)။ နိဋ္ဌင်္ဂတော = ဗြဟ္မစရိယ ပရိယောသာနခေါ်ဆို အရဟတ္တဖိုလ်တည်းဟူသော အပြီးအဆုံးသို့ရောက်ပြီးသူ ဖြစ်ပေ၏။ အသန္တာသီ = ထိတ်လန့်ကြောက်ရွံ့ခြင်း အလျှင်းမရှိ။ ဝီတတဏှော = တဏှာအစစ် တရာ့ရှစ်တို့မှ စင်စစ် ကင်းပြီးသူလည်း ဖြစ်ပေ၏။ အနင်္ဂဏော = တထောင့်ငါးရာ ကိလေသာအညစ်အကြေး ကင်းဝေးသူလည်း ဖြစ်ပေ၏။ ဘဝသလ္လာနိ = ကာမ, ရူပ, အရူပဟု ဘဝခပင်း ငြောင့်တံသင်းတို့ကို။ အစ္ဆိန္ဒိ = အမြစ်မကျန် ပယ်လှန်ဖြတ်တောက်ပြီးပြီ။ (အဿ = ရာဟုလာတွင်ခေါ် ထိုငါ့သားတော်၏)။ အယံ = ယခုဘဝ ရရှိနေဆဲ ခန္ဓာကိုယ်သည်။ အန္တိမော သမုဿယော = ပစ္ဆိမဘဝ နောက်ဆုံးရသည့် ခန္ဓာကိုယ်တည်း။

ဝီတတဏှော အနာဒါနော၊

နိရုတ္တိပဒကောဝိဒေါ။

အက္ခရာနံ သန္နိပါတံ၊

ဇညာ ပုဗ္ဗာပရာနိ စ။

သ ဝေ အန္တိမသာရီရော၊

မဟာပညော မဟာပုရိသောတိ ဝုစ္စတိ။

၂၃၀

(ယော = အကြင်သူသည်)။ ဝီတတဏှော = တဏှာအစစ် တရာ့ရှစ်မှ စင်စစ် ကင်းပြီးသူလည်း ဖြစ်၏။ အနာဒါနော = ရုပ်နာမ်နှစ်ဖြာ ငါးခန္ဓာ၌ ငါ, ငါ့ဥစ္စာ, ငါ့လိပ်ပြာဟု တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲတို့လည်း အလျှင်းမရှိသူ ဖြစ်၏။ နိရုတ္တိပဒကောဝိဒေါ = နိရုတ္တိပဋိသမ္ဘိဒါနှင့်တကွ အတ္ထ, ဓမ္မ, ပဋိဘာန် ပဋိသမ္ဘိဒါအမြင် ဉာဏ်လေးအင်၌ ကျွမ်းကျင်လိမ်မာ၏။ အက္ခရာနံ = သဘာဝနိရုတ္တိ မည်ရှိသညာ အက္ခရာတို့၏။ သန္နိပါတဉ္စ = အပေါင်းဖြစ်သော ပုဒ်အစုကိုလည်း။ ဇညာ = ပိုင်းခြားထင်ထင် အမှန်အတိုင်းသိမြင်၏။ (သဘာဝနိရုတ္တိကို မသိသူက ဖဿစေတသိက်ကို ရည်ညွှန်း၍ “ဖုဿော”ဟု ပုဒ်အလွဲကို ရွတ်ဆိုလျှင်လည်း “ဖဿော”ဟု သဘာဝနိရုတ္တိ ပုဒ်မှန်ကို သိ၏ဟု ဆိုလိုသည်)။ ပုဗ္ဗာပရာနိ စ = နောက်အက္ခရာကိုထောက်၍ ရှေ့ဖြစ်သော အက္ခရာ, ရှေ့ဖြစ်သော အက္ခရာကိုထောက်၍ နောက်ဖြစ်သော အက္ခရာတို့ကိုလည်း။ ဇညာ = ပိုင်းခြားထင်ထင် အမှန်အတိုင်း သိမြင်၏။ (စေတနာဟူ၍ အက္ခရာသုံးလုံးရှိသော သဘာဝနိရုတ္တိ ပါဠိပုဒ်ဝယ် (စေ)ဟူသော အစအက္ခရာသာ ထင်၍ (တ,နာ)ဟူသော အလယ်အက္ခရာ, အဆုံးအက္ခရာတို့ကို မထင်စေကာမူ ထင်သော အစအက္ခရာ (စေ)ကို ထောက်၍ မထင်သော (တ,နာ) အလယ်အက္ခရာ, အဆုံးအက္ခရာတို့ကို အမှန်အတိုင်းသိသည်။ အလယ်အက္ခရာသာ ထင်၍ အဆုံးအက္ခရာ, အစအက္ခရာ မထင်ရာ၌လည်း ထိုနည်းအတူပင်တည်း၊ အဆုံးအက္ခရာသာထင်၍ အစအက္ခရာ, အလယ်အက္ခရာတို့ မထင်ရာ၌လည်း ထို့အတူပင်တည်း)။ အန္တိမသာရီရော = နောက်ဆုံးခေါ်ဆို ခန္ဓာကိုယ်ရှိသော။ သ-သော = ထိုပုဂ္ဂိုလ်ကို။ ဝေ = စင်စစ်။ မဟာပညော = ကြီးမြတ်သော ပညာရှိသော ပုဂ္ဂိုလ်ဟူ၍၎င်း။ မဟာပုရိသောတိ = တထောင့်ငါးရာ ကိလေသာမှ ကင်းလွတ်သည့် မြတ်သော ယောက်ျားဟူ၍၎င်း။ ဝုစ္စတိ = ခေါ်ဆိုအပ်ပေ၏” -

၂၃၁

ဟူသော နှစ်ဂါထာကို ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးသောအခါ၌ များစွာသောသူတို့ သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ဆိုက်ကြလေသည်။

     မာရ်နတ်သည်လည်း “ငါ့ကို မြတ်စွာဘုရား သိသွားတော်မူပြီ”ဟု အောက်မေ့ကာ ထိုအရပ်မှာပင် ကွယ်လေ၏။

အရှင်ရာဟုလာကို မာရ်နတ်ခြောက်လှန့်ခြင်းအကြောင်း ပြီး၏။

**********

သူစိလောမသုတ်ကို ဟောကြားတော်မူခြင်း

(ဤသူစိလောမသုတ်ကား သုတ္တနိပါတ်ပါဠိတော် သံယုတ် (သဂါထာဝဂ္ဂ) ပါဠိတော်တို့၌ လာရှိ၏၊ ထိုတွင် ဤမဟာဗုဒ္ဓဝင်ကျမ်း၌ သုတ္တနိပါတ် အဋ္ဌကထာ ဖွင့်ပြချက်အတိုင်း ရေးသားဖော်ပြပေအံ့)-

     တနေ့သောအခါ မြတ်စွာဘုရားရှင်သည် မိုးသောက်အားကြီး လင်းလုနီးအချိန်၌ မဟာကရုဏာသမာပတ်မှ ထတော်မူ၍ (အာသယာနုသယဉာဏ်, ဣန္ဒြိယပရောပရိယတ္တိဉာဏ် တည်းဟူသော) ဗုဒ္ဓစက္ခုဖြင့် သတ္တလောကကို ကြည့်ရှုတော်မူလေလျင် သူစိလောမဘီလူး, ခရလောမဘီလူး = ဤဘီလူးသူငယ်ချင်း နှစ်ဦး၏ သောတာပတ္တိဖိုလ်ကို ရရှိကြောင်း ရှေးကောင်းမှုကို မြင်တော်မူရကား သပိတ်သင်္ကန်းကို ယူဆောင်တော်မူကာ အရုဏ်၏အတွင်းမှာပင် ကြွသွားတော်မူ၍ ဂယာရွာ၏အနီး သူစိလောမဘီလူး၏ ဘုံဗိမာန်နေရာ ဋံကိတ-မည်သော ကျောက်ညောင်စောင်း၌ ထိုင်နေတော်မူ၏။

(ဋံကိတ ကျောက်ညောင်စောင်း ဟူသည်မှာ ကျောက်တုံးလေးခုတို့၏ အပေါ်၌ ကျောက်ဖျာကြီးကို တင်ထား၍ ပြုလုပ်အပ်သော ထိုင်စရာ ကျောက်ညောင်စောင်း ဖြစ်သည်)။

     ထိုအခါ သူစိလောမဘီလူးနှင့် ခရလောမဘီလူး သူငယ်ချင်းနှစ်ဦးတို့သည် အစာရှာထွက်ကြရာ မြတ်စွာဘုရားရှင်နှင့် မနီးမဝေးသောအရပ်၌ သွားနေကြဆဲဖြစ်ကုန်၏။

၂၃၂

ခရလောမဘီလူး၏အကြောင်း

     ထိုဘီလူး နှစ်ဦးတို့တွင် တဦးသည် ရှေး လွန်လေပြီးသောအခါ သံဃာ၏ဆီကို သံဃာအား မပန်ကြားပဲယူ၍ မိမိကိုယ်ကို လိမ်းကျံလေ၏၊ ထိုသူသည် ထိုမကောင်းမှု အကုသိုလ်ကံကြောင့် ငရဲ၌ ကျက်ရပြီးလျှင် ဂယာရေကန်၏ ဆိပ်ကမ်းအနီးဝယ် ဘီလူးမျိုး၌ ဖြစ်လာလေသည်။ ထိုမကောင်းမှု အကုသိုလ်ကံ၏ အကျိုးဝိပါက်ကြွင်းအနေဖြင့် ထိုဘီလူး၏ အင်္ဂါကြီးငယ်တို့သည် ကြောက်လန့်စဖွယ် ဖောက်ပြန်သော အဆင်းရှိကြလေသည်။ ထိုဘီလူး၏ ကိုယ်ရေသည်ကား အုတ်ကြွပ်အမိုးပမာ (ငါးအကြေးကဲ့သို့ အဖတ်လိုက် အဖတ်လိုက် တည်ရှိကာ) လွန်စွာကြမ်းတမ်းသော အတွေ့ရှိ၏။

     ထိုဘီလူးသည် သူတပါးကို ခြောက်လှန့်လိုသောအခါ အုတ်ကြွပ်မိုးနှင့်တူသော အရေခွံ (အကြေးလွှာ)တို့ကို ကြွစေ ထစေ၍ ခြောက်လှန့်လေသည်။ ဤသို့လျှင် ထိုဘီလူးသည် ကြမ်းတမ်းသော ကိုယ်အတွေ့ ရှိသောကြောင့် ခရဘီလူးဟူသော အမည်ကို ရရှိလေသည်။

သူစိလောမဘီလူး၏အကြောင်း

     အခြား ဘီလူး တဦးသည်ကား ကဿပ မြတ်စွာဘုရားရှင်၏ လက်ထက်တော်အခါ ဥပါသကာ ဒါယကာ တယောက်ဖြစ်၍ တလလျှင်ရှစ်ရက် တရားပွဲနေ့တိုင်း ကျောင်းတော်သို့ သွားရောက်ကာ တရားနာလေ့ရှိ၏၊ ထိုဒါယကာသည် တနေ့သ၌ တရားနာရန် ကြွေးကြော်လတ်သည်ရှိသော် သံဃအရာမ် ကျောင်းတိုက်တံခါး၏ အနီးရှိ မိမိ၏လယ်ခင်းကို ရှင်းလင်းသုတ်သင်နေစဉ် ကြွေးကြော်သံကို (တရားနာရန် ဖိတ်ခေါ်သံကို) ကြားရ၍ “ငါရေချိုးနေလျှင် အချိန်ကြာလိမ့်မည်”ဟု ကြံစည် အောက်မေ့ကာ ရေမချိုးပဲ ညစ်နွမ်းသောကိုယ်ရှိလျက်သာ ဥပုသ်အိမ်အတွင်း ဝင်ရောက်၍ အဖိုးများစွာထိုက်သော မြေအခင်း၌ မရိုမသေ လျောင်း၍ အိပ်ခဲ့လေသည်။

၂၃၃

     ထိုဒါယကာသည် ထိုကံနှင့် အခြားကံကြောင့် ငရဲ၌ကျက်ရပြီးနောက် ဂယာရေကန်၏ ဆိပ်ကမ်းအနီးဝယ် ဘီလူးမျိုး၌ ဖြစ်လာလေသည်၊ ထိုဘီလူးသည် ထိုမကောင်းမှု အကုသိုလ်ကံ၏ အကျိုးဝိပါက်ကြွင်းအနေဖြင့် မြင်မကောင်း ရှုမကောင်းအောင် အကျည်းတန်လှ၏။ ထိုဘီလူး၏ကိုယ်၌ အမွေးတို့သည်လည်း အပ်ချောင်းပမာ လွန်စွာစူးရှ ကြမ်းခက်လှကုန်၏။ ထိုဘီလူးသည် ခြောက်လှန့်လိုသော သတ္တဝါတို့ကို အပ်သွားတို့ဖြင့် ထိုးဆွသကဲ့သို့ ခြောက်လှန့်လေ၏။ ဤသို့လျှင် ထိုဘီလူးသည် အပ်သွားနှင့်တူသော အမွေးရှိသောကြောင့် သူစိလောမဘီလူးဟူသော အမည်ကို ရရှိလေသည်။

     ထိုဘီလူးသူငယ်ချင်း နှစ်ဦးတို့သည် အစာရှာရန် မိမိတို့ဘုံဗိမာန်မှ ထွက်ခဲ့ကြ၍ ကာလအတန်ငယ် သွားကြပြီး သွားရင်းလမ်းအတိုင်း တဖန် ပြန်လာကြ၍ အခြားအရပ်တခုသို့ သွားနေကြဆဲမှာ မြတ်စွာဘုရားနှင့် မနီးမဝေးသောအရပ်၌ သွားနေကြဆဲ ဖြစ်ကြလေသည်။

     ထိုအခါ ခရဘီလူးသည် သူစိလောမဘီလူးကို “ထိုသူကား ရဟန်းတည်း”ဟု ရိုးသားစွာပင် မိမိအထင်အတိုင်း ပြောကြားလေ၏။ သူစိလောမဘီလူးက တဖန် ခရဘီလူးကို “ထိုသူကား ရဟန်းစစ်မဟုတ်၊ ရဟန်းတုဖြစ်၏။ ထိုသူ ရဟန်းစစ်ဖြစ်မည် ရဟန်းတုဖြစ်မည်ကို ငါသိအောင်စုံစမ်းအံ့”ဟူ၍ ပြောဆိုလေ၏။

(ဤ၌။ ။ခရဘီလူးသည် ရဟန်းအသွင်ကိုမြင်၍ ရိုးသားစွာပင် “ထိုသူကား ရဟန်းတည်း”ဟု ပြောလိုက်လေသည်၊ သူစိလောမဘီလူးသည်ကား “ကြောက်လန့်သောသူဖြစ်လျှင် ရဟန်းစစ်မဟုတ်၊ ရဟန်းတုသာဖြစ်၏”ဟု အယူရှိသောကြောင့် မြတ်စွာဘုရားရှင်ကို ကြောက်လန့်မည့်သူဟု မှတ်ထင်ကာ “ထိုသူကား ရဟန်းစစ်မဟုတ်၊ ရဟန်းတုဖြစ်၏”ဟု အဆောတလျင် ပြောလိုက်ပြီးနောက် တဖန် စုံစမ်းလိုပြန်သည့်အတွက် “ထိုသူ ရဟန်းစစ်ဖြစ်မည်၊ ရဟန်းတုဖြစ်မည်ကို ငါသိအောင် စုံစမ်းအံ့”ဟု ပြောဆိုပြန်သည်)။

၂၃၄

     ထိုသို့ ပြောဆိုပြီးနောက် သူစိလောမဘီလူးသည် မြတ်စွာဘုရားရှင် ရှိတော်မူရာသို့ သွားရောက်ပြီးလျှင် မိမိ၏ အကျည်းတန်လှ အမွေးစောင်းထ၍နေသော ကိုယ်ကြီးကို ဘုရားရှင်ဖက်သို့ ညွတ်ကိုင်းလိုက်လေသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်ကို တိမ်းဖယ်တော်မူလိုက်လေသည်။ ထိုအခါ သူစိလောမဘီလူးက မြတ်စွာဘုရားရှင်ကို “ရဟန်း.. ငါ့ကို ကြောက်သလား”ဟူ၍ မေးမြန်းလေလျှင် မြတ်စွာဘုရားရှင်က “ဒကာဘီလူး.. ငါသည် သင့်ကိုမကြောက်၊ စင်စစ်သော်ကား သင်၏ ကိုယ်အတွေ့သည် ကြမ်းတမ်းယုတ်မာလှ၏”ဟု ဖြေကြား မိန့်ဆိုတော်မူလေ၏။

     ထိုအခါ တစိုးတစိ ကြောက်ရွံ့ခြင်း အလျှင်းမရှိသော မြတ်စွာဘုရားရှင်ကို မြင်ရလေလျှင် သုစိလောမဘီလူးသည် “ဤသို့စဉ်မျှ ကြမ်းတမ်းလှသော ငါ၏ ဘီလူးအတွေ့ဖြင့် တွေ့ထိအပ်ပါလျက် ဤသူကား လူသားစင်စစ်ဖြစ်လျက် မကြောက်ချေ။ ယခုအခါ ငါသည် ထိုရဟန်းကို သဗ္ဗညု မြတ်စွာဘုရားရှင်၏အရာ၌ ပြဿနာကို မေးပေအံ့၊ မချွတ်ပင် ဤရဟန်းသည် ထိုဗုဒ္ဓဝိသယ ပြဿနာ၌ အပြည့်အစုံ ဖြေဆိုနိုင်လိမ့်မည်မဟုတ်၊ ထိုအခါ ငါသည် ထိုရဟန်းကို ဤနည်း ဤနည်းဖြင့် ညှဉ်းပန်းနှိပ်စက်ပေအံ့”ဟု ကြံစည်ပြီးလျှင် “ရဟန်း.. သင့်ကို ငါသည် ပြဿနာကို မေးပေအံ့၊ အကယ်၍ သင်သည် ငါ့အား ထိုပြဿနာကို အပြေအလည် မဖြေဆိုနိုင်လျှင် သင်၏စိတ်ကို ပြန့်လွင့် ရူးသွပ်သွားစေမည်၊ သို့မဟုတ် သင်၏နှလုံးကိုသော်မူလည်း ဖောက်ခွဲပစ်မည်၊ သို့မဟုတ် ခြေထောက်နှစ်ချောင်းတို့ကို ကိုင်၍ မြစ်တဖက်ကမ်းသို့ ပစ်လွှင့်လိုက်မည်”ဟု ရိုင်းပြစွာ ပြောကြားလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် မဟာကရုဏာပြဋ္ဌာန်း ရွှင်လန်းသော မျက်နှာဖြင့် “ဒကာဘီလူး.. နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောက, ရဟန်း ပုဏ္ဏား မင်းများနှင့်တကွသော လူ့လောက ဤလောကအစုံဝယ် ငါဘုရား၏စိတ်ကို ပြန့်လွင့် ရူးသွပ်စေနိုင်သူ (သို့မဟုတ်) နှလုံးသားကို ဖောက်ခွဲပစ်နိုင်သူ

၂၃၅

(သို့မဟုတ်) ခြေနှစ်ချောင်းတို့ကို ကိုင်၍ မြစ်တဖက်ကမ်းသို့ ပစ်လွှင့်နိုင်မည့်သူ တလူကိုမျှ ငါဘုရား မြင်တော်မမူ၊ သို့ပင်ဖြစ်စေကာမူ ဒကာဘီလူး.. သင်မေးလိုရာ ပြဿနာကို မေးလော့၊ (သင်၏ပြဿနာကို အကျန်မထား ငါဘုရား ဖြေကြားပေအံ့)”ဟု သဗ္ဗညုမြတ်စွာဘုရားရှင်တို့၏ ဖိတ်ကြားခြင်းဖြင့် ဖိတ်ကြားတော်မူလေလျှင် သူစိလောမဘီလူးသည် မြတ်စွာဘုရားရှင်ကို ဂါထာဖြင့် ဤသို့ မေးလျှောက်လေ၏-

ရာဂေါ စ ဒေါသော စ ကုတောနိဒါနာ၊

အရတီ ရတီ လောမဟံသော ကုတောဇာ။

ကုတော သမုဋ္ဌာယ မနော ဝိတက္ကာ၊

ကုမာရကာ ဓင်္ကမိဝေါဿဇန္တိ။

(သမဏ = ရဟန်း..)။ ရာဂေါ စ = ရာဂသည်၎င်း။ ဒေါသော စ = ဒေါသသည်၎င်း။ ကုတောနိဒါနာ = အဘယ်လျှင် အကြောင်းရှိကုန်သနည်း။ အရတီ = ဆိတ်ငြိမ်ရာတောကျောင်း ကုသိုလ်တရားကောင်းတို့၌ မမွေ့လျော်ခြင်းသည်၎င်း။ ရတီ = အာရုံငါးပါး လိုက်စားနှစ်ခြိုက် မွေ့လျော် ပျော်ပိုက်ခြင်းသည်၎င်း။ လောမဟံသော = မွေးညှင်းရွှင်ပျ ကြက်သီးထခြင်း (စိတ္တုတြာသ တရား)သည်၎င်း။ (ဣမေ = ဤတရား သုံးပါးတို့သည်)။ ကုတောဇာ = အဘယ်မှ ဖြစ်ကြကုန်သနည်း။ ကုမာရကာ = ရွာသူသားငယ်တို့သည်။ ဓင်္ကံ = ကျီးငှက်ကို။ (ဗန္ဓိတွာ = ကြိုးဖြင့် ခြေ၌ဖွဲ့၍)။ ဩဿဇန္တိ ဣဝ = အထက်သို့ပင့် ပစ်လွှင့် ကစားကြကုန်သကဲ့သို့။ ဝိတက္ကာ = ဝိတက်ကိုးပါး အကြံတရားတို့သည်။ ကုတော = အဘယ်မှ။ သမုဋ္ဌာယ = ဖြစ်ပေါ်ထကြွ၍။ မနော = ကုသိုလ်စိတ်ကို။ ဩဿဇန္တိ = လွှတ်ကုန်သနည်း။ (၁)

     ထိုအခါ မြတ်စွာဘုရားရှင်သည် သူစိလောမဘီလူးအား ဤဆိုလတ္တံ့သော သုံးဂါထာတို့ဖြင့် ပြဿနာဖြေကြား တရားဟောတော်မူလေ၏-

၂၃၆

ရာဂေါ စ ဒေါသော စ ဣတောနိဒါနာ၊

အရတီ ရတီ လောမဟံသော ဣတောဇာ။

ဣတော သမုဋ္ဌာယ မနော ဝိတက္ကာ၊

ကုမာရကာ ဓင်္ကမိဝေါဿဇန္တိ။

(အာဝုသော = ဒကာဘီလူး..)။ ရာဂေါ စ = ရာဂသည်၎င်း။ ဒေါသော စ = ဒေါသသည်၎င်း။ ဣတောနိဒါနာ = ဤခန္ဓာအတ္တဘောလျှင် အကြောင်းရှိကြကုန်၏။ အရတီ = ဆိတ်ငြိမ်ရာတောကျောင်း ကုသိုလ်တရားကောင်းတို့၌ မမွေ့လျော်ခြင်းသည်၎င်း။ ရတီ = အာရုံငါးပါး လိုက်စားနှစ်ခြိုက် မွေ့လျော် ပျော်ပိုက်ခြင်းသည်၎င်း။ လောမဟံသော = မွေးညှင်းရွှင်ပျ ကြက်သီးထခြင်း (စိတ္တုတြာသ တရား)သည်၎င်း။ (ဣမေ = ဤတရားသုံးပါးတို့သည်)။ ဣတောဇာ = ဤခန္ဓာအတ္တဘောမှ ဖြစ်ကြကုန်၏။ ကုမာရကာ = ရွာသူသားငယ်တို့သည်။ ဓင်္ကံ = ကျီးငှက်ကို။ (ဗန္ဓိတွာ = ကြိုးဖြင့် ခြေ၌ဖွဲ့၍)။ ဩဿဇန္တိ ဣဝ = အထက်သို့ပင့် ပစ်လွှင့် ကစားကြကုန်သကဲ့သို့။ ဝိတက္ကာ = ဝိတက်ကိုးပါး အကြံတရားတို့သည်။ ဣတော = ဤခန္ဓာအတ္တဘောမှ။ သမုဋ္ဌာယ = ဖြစ်ပေါ် ထကြွ၍။ မနော = ကုသိုလ်စိတ်ကို။ ဩဿဇန္တိ = လွှတ်ကြကုန်၏။ (၂)

သ္နေဟဇာ အတ္တသမ္ဘူတာ၊

နိဂြောဓဿေဝ ခန္ဓဇာ။

ပုထူ ဝိသတ္တာ ကာမေသု၊

မာလုဝါဝ ဝိတတာ ဝနေ။

(ယက္ခ = ဒကာဘီလူး..)။ နိဂြောဓဿ = ပညောင်ပင် (ပြည်ညောင်ပင်)၏။ (ပါရောဟာ = မြစ်ပျဉ်းတို့သည်)။ ခန္ဓဇာ ဣဝ = ပင်စည်တို့၌ ဖြစ်သကဲ့သို့။ သ္နေဟဇာ = တဏှာအစေးကြောင့် ဖြစ်ကုန်သော ရာဂဒေါသ- အစရှိသော တရားတို့သည်။ အတ္တသမ္ဘူတာ = ဤခန္ဓာကိုယ်

၂၃၇

အတ္တဘော၌ ဖြစ်ကုန်၏။ ဝနေ = တော၌။ (ဇာတာ = ဖြစ်သော)။ မာလုဝါ = မာလောနွယ်သည်။ ဝိတတာ ဣဝ = မိမိနွယ်သော သစ်ပင်ကို ထက်ဝန်းကျင် ရစ်ပတ် ပိတ်ဆို့သကဲ့သို့။ ပုထူ = များပြားလှစွာ ကိလေသာတရားတို့သည်။ ကာမေသု = ဝတ္ထုအာရုံ ကာမဂုဏ်တို့၌။ ဝိသတ္တာ = ထူးထွေဆန်းကြယ် ငြိတွယ် တည်နေကြကုန်၏။ (၃)

ယေ နံ ပဇာနန္တိ ယတောနိဒါနံ၊

တေ နံ ဝိနောဒေန္တိ သုဏောဟိ ယက္ခ။

တေ ဒုတ္တရံ ဩဃမိမံ တရန္တိ၊

အတိဏ္ဏပုဗ္ဗံ အပုနဗ္ဘဝါယ။

ယက္ခ = ဒကာဘီလူး..။ သုဏောဟိ = နားထောင်လော့။ ယေ = အမှတ်မထင် အကြင်သူတို့သည်။ နံ = ထိုဒုက္ခသစ္စာ ခန္ဓာပဉ္စက အတ္တဘောကို။ ယတောနိဒါနံ = အကြင် သမုဒယသစ္စာ တဏှာလောဘလျှင် အကြောင်းရှိ၏ဟူ၍။ ပဇာနန္တိ = ပိုင်းခြားထင်ထင် သိမြင်ကြကုန်၏။ တေ = ထိုသူတို့သည်။ နံ = ထိုဒုက္ခသစ္စာ ခန္ဓာငါးပါး၏အကြောင်း မကောင်းသော သမုဒယသစ္စာ တဏှာလောဘကို။ ဝိနောဒေန္တိ = အဋ္ဌင်္ဂိက မဂ္ဂသစ္စာတရားဖြင့် ပယ်ရှား ဖျောက်လွှင့်ကြကုန်၏။ တေ = ထိုသမုဒယသစ္စာ တဏှာလောဘကို အဋ္ဌင်္ဂိက မဂ္ဂသစ္စာတရားဖြင့် ပယ်ရှား ဖျောက်လွှင့်ကြသည့် အရိယသခင် သူတော်စင်တို့သည်။ ဒုတ္တရံ = ကူးမြောက်နိုင်ခဲသော။ အတိဏ္ဏပုဗ္ဗံ = သံသရာ အတိတ်ဘဝဝယ် အိပ်မက်တွင်မျှ မကူးမြောက်ခဲ့ရဘူးသော။ ဣမံ ဩဃံ = ဤဩဃလေးခန်း ကိလေသာ ရေပြင်ကြမ်းကို။ အပုနဗ္ဘဝါယ = တဖန် ဘဝသစ်၌ မဖြစ်စေခြင်းငှါ။ (ဝါ) နိရောဓသစ္စာအလို့ငှါ။ တရန္တိ = ကူးမြောက်နိုင်ကြကုန်၏။ (၄)

၂၃၈

     ဤသို့လျှင် သစ္စာလေးပါးကို ဖော်ပြသည့် ဤတရားဂါထာကို ကြားနာကြရကုန်သည်ရှိသော် ထိုဘီလူးသူငယ်ချင်း နှစ်ဦးသားတို့သည် ဂါထာနိဂုံး အဆုံး၌ပင်လျှင် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။

     သောတာပန်အရိယာ ဖြစ်ကြသည်နှင့် တပြိုင်နက် ထိုဘီလူးသူငယ်ချင်း နှစ်ဦးသားတို့သည် မူလရှိရင်း အဆင်းမလှ အကျည်းတန်မှုများ အလျှင်းကွယ်ပကြကာ နတ်တန်းဆာ ဆင်ယင်ပြီးသား ရွှေသားအဆင်း ဝါဝင်းသော ကိုယ်ရေရှိကြလျက် ကြည့်မြင်ရသူတို့ ကြည်ညိုဖွယ်သော ပုံပန်းသဏ္ဌာန် ရှိကြလေကုန်သတည်း။

သူစိလောမသုတ်ကို ဟောကြားတော်မူခြင်းအကြောင်း ပြီး၏။

ဤတွင် အခဏ်း ၃၂ -ပြီး၏။

၂၃၉

အခဏ်း-၃၃

ကပိလဝတ်ပြည်၌

(တဆယ့်ငါးခုမြောက်) ပန္နရသမဝါ ကပ်တော်မူခြင်း

     မြတ်စွာဘုရားရှင်သည် ရှေး၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း စုဒ္ဒသမဝါကို သာဝတ္ထိပြည်၌ ကပ်တော်မူပြီး၍ ဝါကျွတ်သောအခါ ချေချွတ်သင့်သောသတ္တဝါတို့ ရှိသလောက် သာဝတ္ထိပြည်၌ သီတင်းသုံး နေထိုင်တော်မူပြီး၍ ခရီးဒေသစာရီ ကြွချီတော်မူကာ လူနတ်ဗြဟ္မာ သတ္တဝါတို့အား တရားအမြိုက်ဆေး တိုက်ကျွေး တော်မူလျက် အစဉ်သဖြင့် ကပိလဝတ်နေပြည်တော်သို့ ရောက်တော်မူ၍ ထိုကပိလဝတ်ပြည်ဝယ် (မြတ်စွာဘုရားရှင် ပဌမအကြိမ် ကပိလဝတ်ပြည်သို့ ရောက်တော်မူစဉ်ကပင် နိဂြောဓသာကီဝင်မင်းသည် မိမိပိုင်သော ဥယျာဉ်အတွင်း၌ ကျောင်းတိုက်ကြီး တည်ဆောက်ကာ မြတ်စွာဘုရားရှင်အား လှူဒါန်းလေသည်။ ထိုကျောင်းတိုက်ကြီးကား နိဂြောဓာရုံကျောင်းတိုက်ဟူ၍ အမည်တွင်လေသည်။ ထိုသည့်) နိဂြောဓာရုံ ကျောင်းတိုက်တော်၌ ရဟန်းအပေါင်း ခြံရံလျက် တဆယ့်ငါးခုမြောက် ပန္နရသမဝါ ကပ်ဆိုတော်မူလေသည်။

မဟာနာမ သာကီဝင်မင်းအား

ဥပါသကာမည်ခြင်းအကြောင်းစသည်ကို ဟောကြားတော်မူခြင်း

     ထိုသို့ မြတ်စွာဘုရားရှင် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံ ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူစဉ် တနေ့သ၌ မဟာနာမ သာကီဝင်မင်းသားသည် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ရှိခိုးကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေပြီးလျှင် မြတ်စွာဘုရားရှင်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အဘယ်မျှဖြင့် ဥပါသကာ ဖြစ်ပါသနည်း”-

ဟု မေးလျှောက်လေ၏၊ ထိုအခါ မြတ်စွာဘုရားရှင်သည် မဟာနာမ သာကီဝင်မင်းသားကို-

၂၄၀

“မဟာနာမ်.. အကြင့်ကြောင့် (၁) မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်၏၊ (၂) တရားတော်ကို ကိုးကွယ် ဆည်းကပ်၏၊ (၃) သံဃာတော်ကို ကိုးကွယ်ဆည်းကပ်၏။ မဟာနာမ်.. ဤမျှဖြင့် ဥပါသကာဖြစ်၏”-

ဟု မိန့်တော်မူ၏၊ (သရဏဂုံတည်သူဖြစ်လျှင် ဥပါသကာမည်၏ဟု ဆိုလိုသည်)။ (၁)

     တဖန်ဆက်၍ မဟာနာမ သာကီဝင်သည် မြတ်စွာဘုရားကို-

“ဘုန်းကြီးသော မြတ်စွာဘုရား.. အဘယ်မျှဖြင့် ဥပါသကာသည် သီလနှင့်ပြည့်စုံသူ ဖြစ်ပါသနည်း”-

ဟု မေးလျှောက်လေသော် မြတ်စွာဘုရားရှင်သည် မဟာနာမ သာကီဝင်မင်းသားကို-

“မဟာနာမ်.. အကြင့်ကြောင့် ဥပါသကာသည် (၁) သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်လေ့ရှိ၏။ (၂) မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်လေ့ရှိ၏။ (၃) ကာမတို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်လေ့ရှိ၏၊ (၄) မမှန်စကား ပြောကြားခြင်းမှ ရှောင်ကြဉ်လေ့ရှိ၏၊ (၅) မေ့လျော့ကြောင်းဖြစ်သော သေရည်အရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်လေ့ရှိ၏။ မဟာနာမ်.. ဤမျှဖြင့် ဥပါသကာသည် သီလနှင့် ပြည့်စုံသူဖြစ်၏”-

ဟု ဟောကြား မိန့်ဆိုတော်မူ၏၊ (သရဏဂုံတည်သူ ဥပါသကာသည် ငါးပါးသီလနှင့် ပြည့်စုံကာ သီလဝန္တ ဥပါသကာ ဖြစ်၏ဟု ဆိုလိုသည်)။ (၂)

     တဖန်ဆက်၍ မဟာနာမ သာကီဝင်သည် မြတ်စွာဘုရားကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အဘယ်မျှဖြင့် ဥပါသကာသည် ယုံကြည်မှု = သဒ္ဓါတရားနှင့် ပြည့်စုံသူ ဖြစ်ပါသနည်း”-

၂၄၁

ဟု မေးလျှောက်လေသော် မြတ်စွာဘုရားရှင်သည် မဟာနာမ သာကီဝင်မင်းသားကို-

“မဟာနာမ်.. ဤသာသနာတော်၌ ဥပါသကာသည် ယုံကြည်မှု = သဒ္ဓါရှိ၏၊ (ယုံကြည်ပုံမှာ) ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ-မည်တော်မူ၏၊ (ပ)၊ ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါမည်တော်မူ၏ဟု မြတ်စွာဘုရားရှင်၏ ဗောဓိဉာဏ်ကို ယုံကြည်၏။ မဟာနာမ်.. ဤမျှဖြင့် ဥပါသကာသည် ယုံကြည်မှု = သဒ္ဓါတရားနှင့် ပြည့်စုံသူဖြစ်၏”-

ဟု ဖြေကြားမိန့်ဆိုတော်မူ၏။ (ဤ၌။ ။ဘုရားဂုဏ်တော် ကိုးပါးကိုသာ ဟောတော်မူခြင်းကား ဥပလက္ခဏနည်းမျှသာ ဖြစ်၏။ ဘုရားဂုဏ်တော်ကိုးပါးကို ယုံကြည်သော ဥပါသကာသည် တရားဂုဏ်တော် ခြောက်ပါးကို၎င်း, သံဃဂုဏ်တော် ကိုးပါးကို၎င်း ယုံကြည်တော့သည်သာ ဖြစ်၏။ ထို့ကြောင့် ရတနာသုံးပါး၏ဂုဏ်ကို သက်ဝင် ယုံကြည်သော ဥပါသကာသည် သဒ္ဓါတရားနှင့်ပြည့်စုံသူ ဖြစ်၏ဟု ဆိုလိုသည်)။ (၃)

     တဖန်ဆက်၍ မဟာနာမ သာကီဝင်သည် မြတ်စွာဘုရားရှင်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အဘယ်မျှဖြင့် ဥပါသကာသည် စွန့်ကြဲခြင်း = စာဂတရားနှင့် ပြည့်စုံသူ ဖြစ်ပါသနည်း”-

ဟု မေးလျှောက်လေသော် မြတ်စွာဘုရားရှင်သည် မဟာနာမ သာကီဝင်မင်းသားကို-

“မဟာနာမ်.. ဤသာသနာတော်၌ ဥပါသကာသည် ဝန်တိုမှု = မစ္ဆေရအညစ်အကြေးမှ ကင်းဝေးသောစိတ်ဖြင့် အိမ်၌နေ၏။ လွတ်လွတ် စွန့်ကြဲတတ်၏၊ လှူဒါန်းရန် ဆေးကြောထားသော လက်ရှိ၏။ (စိုစွတ်သောလက်ရှိ၏။)

၂၄၂

စွန့်ကြဲခြင်း၌ မွေ့လျော်၏။ မျက်နှာကိုတင်း၍ မထားသောကြောင့် အလှူခံပုဂ္ဂိုလ်တို့ တောင်းခံခြင်းငှါ သင့်လျော်သူဖြစ်၏၊ ပေးကမ်းရမှု ဝေဘန်နေရမှု၌ မွေ့လျော်၏။ မဟာနာမ်.. ဤမျှဖြင့် ဥပါသကာသည် စွန့်ကြခြင်း = စာဂတရားနှင့် ပြည့်စုံသူဖြစ်၏”-

ဟု ဖြေကြားမိန့်ဆိုတော်မူ၏။ (၄)

     တဖန် ဆက်၍ မဟာနာမ သာကီဝင်သည် မြတ်စွာဘုရားရှင်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အဘယ်မျှဖြင့် ဥပါသကာသည် ပညာနှင့်ပြည့်စုံသူ ဖြစ်ပါသနည်း”-

ဟု မေးလျှောက်လေသော် မြတ်စွာဘုရားရှင်သည် မဟာနာမ သာကီဝင်မင်းသားကို-

“မဟာနာမ်.. ဤသာသနာတော်၌ ဥပါသကာသည် ပညာရှိ၏၊ ဖြုစင်မြင့်မြတ်သော, ကိလေသာအထုကို ဖြိုခွဲနိုင်သော, ဆင်းရဲကုန်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော, ရုပ်နာမ်နှစ်ပါးတို့၏ အဖြစ်အပျက်ကိုသိသော (ဥဒယဗ္ဗယဉာဏ်) ပညာနှင့် ပြည့်စုံ၏။ မဟာနာမ်.. ဤမျှဖြင့် ဥပါသကာသည် ပညာနှင့် ပြည့်စုံသူဖြစ်၏”-

ဟု ဖြေကြားမိန့်ဆိုတော်မူ၏။ (၅)၊ ၊(မဟာဝဂ္ဂ သံယုတ်ပါဠိတော် စာမျက်နှာ-၃၄၄၊ မှ)။ ။(ဤမဟာနာမ သာကီဝင်မင်းအကြောင်းကို သံဃရတနာအခဏ်းသို့ရောက်မှ အကျယ်တဝင့် ရေးသားဖော်ပြပေအံ့)။

ဦးရီးတော် သုပ္ပဗုဒ္ဓသာကီဝင်မင်း

မြေမျိုခြင်းအကြောင်း

     မြတ်စွာဘုရားရှင်သည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံ ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူစဉ် ဦးရီးတော် သုပ္ပဗုဒ္ဓ သာကီဝင်မင်းကို အကြောင်းပြု၍

၂၄၃

“န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ”- အစရှိသော တရားဒေသနာကို ဟောကြားတော်မူသည်။

     ချဲ့ဦးအံ့.. ဦးရီးတော် သုပ္ပဗုဒ္ဓ သာကီဝင်မင်းသည် “ဤငါ၏တူ သိဒ္ဓတ္ထမင်းသား ဂေါတမမြတ်စွာဘုရားသည် ငါ၏သမီးတော် ယသော်ဓရာကို စွန့်ပစ်ထားခဲ့၍ တောလည်း ထွက်ခဲ့လေပြီ၊ ငါ၏သား ဒေဝဒတ်ကို ရဟန်းပြုပေးပြီးနောက် ထိုသားဒေဝဒတ်၏ ရန်သူအရာ၌လည်း တည်ခဲ့လေပြီ”ဟူ၍ ဤအကြောင်း နှစ်ရပ်တို့ဖြင့် မြတ်စွာဘုရား၌ ရန်ငြိုးဖွဲ့ပြီးလျှင် တနေ့သ၌ “ယခုအခါ သိဒ္ဓတ်မင်းသား ငါ့တူဘုရားအား ဆွမ်းစားပင့်ဖိတ်ရာအရပ်သို့ သွားရောက်၍ စားသောက်ခြင်းငှါ အခွင့်ကို မပေးအံ့”ဟု ကြံစည်၍ မြတ်စွာဘုရားရှင် ကြွတော်မူမည့်လမ်းကို တမင်ပိတ်ဆို့ ၍ လမ်းခရီးအကြား၌ သေရည်အရက်ကို သောက်စား၍ နေနှင့်လေ၏။

     ထိုအခါ မြတ်စွာဘုရားရှင် ရဟန်းအပေါင်း ခြံရံအပ်လျက် ထိုအရပ်သို့ ကြွလာတော်မူလတ်သော် ထိုဦးရီးတော် သုပ္ပဗုဒ္ဓမင်းအား မင်းချင်းယောက်ျားတို့က “မြတ်စွာဘုရားရှင် ကြွလာတော်မူပြီ”ဟု လျှောက်ထားကြလေကုန်၏။ သုပ္ပဗုဒ္ဓ သာကီဝင်မင်းသည် မင်းချင်းယောက်ျားတို့ကို “အချင်းတို့.. ထိုသိဒ္ဓတ်မင်းသား ငါ့တူဘုရားကို ‘အခြားလမ်းက သွားလော့’ဟု ပြောလိုက်ကြ၊ ဤသိဒ္ဓတ်မင်းသားသည် ငါ့ထက် အသက်ကြီးသူ မဟုတ်ချေ။ (သို့ရကား) ထိုငါ့တူ သိဒ္ဓတ်မင်းသားအား သွားရန်လမ်းကို ငါတို့ မပေးနိုင်ကုန်”ဟု ရင့်ရင့်သီးသီး ပြောဆိုလေသည်။ မင်းချင်းတို့က ထပ်တလဲလဲ ပြောဆို လျှောက်တင်အပ်ပါသော်လည်း ထို့အတူသာပြော၍ အရက်သောက်ကာ နေမြဲနေသည်သာဖြစ်၏။

     မြတ်စွာဘုရားရှင်သည် ဦးရီးတော်၏အထံမှ ကြွသွားရန်လမ်းကို ရတော်မမူသဖြင့် ထိုအရပ်မှပင် ပြန်နစ်တော်မူလေ၏။ သုပ္ပဗုဒ္ဓ သာကီဝင်မင်းသည်လည်း သူလျှို ယောက်ျားတယောက်ကို “အမောင်.. သွားလော့၊ ထိုသိဒ္ဓတ်မင်းသား ငါ့တူဘုရား

၂၄၄

ပြောကြားသည့်စကားကို နားထောင်၍ ပြန်ခဲ့လော့”ဟု မှာထား စေလွှတ်လိုက်လေ၏။

     မြတ်စွာဘုရားရှင်သည်လည်း ပြန်နစ်တော်မူလာစဉ် ပြုံးရွှင်မှုကို ပြုတော်မူသောကြောင့် အရှင်အာနန္ဒာမထေရ်မြတ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ပြုံးရွှင်မှုကို ထင်စွာ ပြုတော်မူခြင်း၏ အကြောင်းကား အဘယ်ပါနည်း (=အဘယ့်ကြောင့် ပြုံးရွှင်တော်မူပါသနည်း)”ဟု မေးလျှောက်အပ်သည်တွင် “ချစ်သားအာနန္ဒာ.. ဦးရီးတော် သုပ္ပဗုဒ္ဓမင်းကို မြင်၏လော”ဟု မြတ်စွာဘုရားရှင်က မေးမြန်းတော်မူ၍ “မြင်ပါသည် မြတ်စွာဘုရား..”ဟု အရှင်အာနန္ဒာမထေရ်က ပြန်ကြား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို-

“ချစ်သားအာနန္ဒာ.. ငါသို့စဉ် ဘုရားသဗ္ဗညူအား သွားရန်လမ်းခရီးကို မပေးသော ဦးရီးတော် သုပ္ပဗုဒ္ဓမင်းသည် အလွန် အပြစ်ကြီးလေးသော အကုသိုလ်မှုကို ပြုမှားအပ်လေပြီ၊ ဤနေ့မှနောက် ခုနစ်ရက်မြောက်၌ ပြာသာဒ်၏အောက် စောင်းတန်း (လှေကား)ခြေရင်း၌ သုပ္ပဗုဒ္ဓမင်းသည် မြေသို့ဝင်ရလိမ့်မည် (=မြေမျိုခံရလိမ့်မည်)”-

ဟု ဗျာဒိတ်စကား ကြားတော်မူလေ၏။

     သူလျှိုယောက်ျားသည် ထိုစကားကို ကြားပြီးသော် သုပ္ပဗုဒ္ဓမင်းထံသို့ သွားရောက်၍ သုပ္ပဗုဒ္ဓမင်းက “ပြန်နစ်သွားသော ငါ့တူက ဘာစကားများ ပြောကြားအပ်သနည်း”ဟု မေးမြန်းလတ်သည်တွင် မိမိကြားခဲ့တိုင်းကို ပြန်ကြား လျှောက်ထားလေ၏။ သုပ္ပဗုဒ္ဓမင်းသည် သူလျှို၏ စကားပြန်ကြားချက်ကို ကြားသိလေလျှင် “ယခုအခါ ငါ့တူပြောလိုက်သောစကား၏ အပြစ်ကား မရှိချေ၊ ဧကန်မချွတ်ပင် သူပြောလိုက်လျှင် ပြောတိုင်းဖြစ်တတ်၏။ ဤသို့ဖြစ်သော်လည်း ငါ့တူကို ယခုအခါ မုသာဝါဒဖြင့် နှိပ်ပေတော့အံ့၊ မှန်၏- ထိုငါ့တူ သိဒ္ဓတ်မင်းသား ဘုရားသည် ငါ့ကို ‘ခုနစ်ရက်မြောက်သောနေ့၌ မြေသို့ ဝင်လိမ့်မည်

၂၄၅

(=မြေမျိုခံရလိမ့်မည်)’ဟု နေရာဌာနကို မမှတ်မသား မပြောကြားပဲ ‘ပြာသာဒ်၏အောက် စောင်းတန်း (လှေကား)ခြေရင်း၌ မြေသို့ ဝင်ရလိမ့်မည်’ဟု နေရာကိုပါမှတ်၍ ပြောကြားခဲ့လေပြီ၊ ယခုအခါ ငါသည် ဤအချိန်မှ အစပြု၍ ထိုစောင်းတန်း လှေကားခြေရင်းသို့ မသွားတော့အံ့၊ ထိုသို့မသွားလျှင် ထိုနေရာ၌ မြေမျိုခံရမည်မဟုတ်၊ ခုနစ်ရက်စေ့၍ မြေအမျိုမခံရတော့မှ ထိုသိဒ္ဓတ်မင်းသား ငါ့တူဘုရားကို မုသာဝါဒဖြင့် နှိပ်ပေအံ့”ဟု ကြံစည် စဉ်းစားမိလေ၏။

     ထိုသို့ ကြံစည်ပြီးနောက် သုပ္ပဗုဒ္ဓ သာကီဝင်မင်းသည် မိမိ၏ အသုံးအဆောင်မှန်သမျှကို ဘုံခုနစ်ဆင့် (ခုနစ်ထပ်)ရှိသော ပြာသာဒ်၏ အထက်ဆုံးအထပ်သို့ တင်စေ၍ စောင်းတန်းလှေကားကို ဖယ်ရှားစေပြီးလျှင် တံခါးများကို ပိတ်စေပြီးနောက် တံခါး တပေါက် တပေါက်၌ လက်ဝှေ့သည် (=လက်ပမ်းသည်) နှစ်ယောက်စီ နှစ်ယောက်စီ ထား၍ “အကယ်၍များ ငါသည် မေ့လျော့သဖြင့် အောက်သို့ဆင်းလိုလျှင် အမောင်တို့က ငါ့ကို ရအောင်တားမြစ်ကြလော့”ဟု မှာထားပြီးလျှင် ခုနစ်ဆင့်မြောက် အထက်ဆုံးထပ် ပြာသာဒ်အပြင် ကြက်သရေတိုက်ခန်း၌ နေထိုင်လေ၏။

     မြတ်စွာဘုရားရှင်သည် ထိုအကြောင်းကို ကြားတော်မူ၍ “ရဟန်းတို့.. ငါဘုရား၏ ဦးရီးတော် သုပ္ပဗုဒ္ဓမင်းသည် ပြာသာဒ်အပြင်မှာသာ မဟုတ်ပဲ ကောင်းကင်သို့ ပျံတက်ကာ အထက်ကောင်းကင်၌ နေသည်မူလည်းဖြစ်စေ, လှေဖြင့် သမုဒြာအတွင်း သက်ဆင်း၍ နေသည်မူလည်းဖြစ်စေ, တောင်အတွင်းသို့ဝင်၍ နေသည်မူလည်း ဖြစ်စေ ဘုရားရှင်တို့ မိန့်ကြားအပ်သော စကားတော်၏ ဟုတ်,မဟုတ် မှန်,မမှန် = နှစ်တန်ပြားသောမည်သည် မရှိ၊ (အဟုတ်အမှန် တမျိုးသာလျှင်ရှိ၏)၊ ငါဘုရား မိန့်ကြားအပ်သောနေရာ (=စောင်းတန်းလှေကားခြေရင်း)၌ပင် ထိုသုပ္ပဗုဒ္ဓမင်းသည် မြေသို့ ဝင်ရလိမ့်မည် (=မြေအမျိုခံရလိမ့်မည်)”ဟု မိန့်တော်မူပြီးလျှင် ရှေ့နောက်စကားနှစ်ရပ် ဆက်စပ်၍ တရားဟောတော်မူလိုရကား-

၂၄၆

န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊

န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ။

န ဝိဇ္ဇတီ သော ဇဂတိပ္ပဒေသော၊

ယတ္ထ ဌိတံ နပ္ပသဟေယျ မစ္စု။

ဘိက္ခဝေ = ရဟန်းတို့..။ အန္တလိက္ခေ = ကောင်းကင်၌။ ဌိတောပိ = တည်သောသူသည်လည်း။ မစ္စုတော = သေခြင်းတရားမှ။ န မုစ္စတိ = မလွတ်နိုင်။ သမုဒ္ဒမဇ္ဈေ = သမုဒြာအလယ်၌။ ဌိတောပိ = တည်သောသူသည်လည်း။ မစ္စုတော = သေခြင်းတရားမှ။ န မုစ္စတိ = မလွတ်နိုင်။ ပဗ္ဗတာနံ = တောင်တို့၏။ ဝိဝရံ = အပေါက်အခေါင်းအတွင်းသို့။ ပဝိဿ = ဝင်၍။ ဌိတောပိ = တည်သောသူသည်လည်း။ မစ္စုတော = သေခြင်းတရားမှ။ န မုစ္စတိ = မလွတ်နိုင်။ ယတ္ထ = အကြင်မြေအရပ်၌။ ဌိတံ = တည်သောသူကို။ မစ္စု = သေခြင်းတရားသည်။ နပ္ပသဟေယျ = မလွှမ်းမိုး မနှိပ်စက်နိုင်ရာ။ သော ဇဂတိပ္ပဒေသော = ထိုမြေအရပ်သည်။ န ဝိဇ္ဇတိ = ဆံဖျားတထောက်မျှ လုံးဝမရှိချေ။—

ဟူသော ဤဂါထာကို ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးသောအခါ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သုပ္ပဗုဒ္ဓမင်း မြေအမျိုခံရချိန် ကျရောက်ခြင်း

     ခုနစ်ရက်မြောက်သောနေ့ဝယ် မြတ်စွာဘုရားရှင် ဆွမ်းဘုဉ်းပေးကြွတော်မူရာလမ်းကို ပိတ်ဆို့သောအချိန်၌ နန်းပြာသာဒ်၏ အောက်အရပ်တွင်(ထားရှိသော) သုပ္ပဗုဒ္ဓ သာကီဝင်မင်း၏ မင်္ဂလာစီးတော်မြင်းသည် ချည်တိုင်ကြိုးလွှတ်ကာ ပြင်းစွာဟီလျက် ထိုထိုနံရံများကို ကန်ကျောက်လျက်သာ နေလေ၏။ မည်သူတဦး တယောက်မျှ ခြောက်၍ဖမ်း၍ မရ။ သုပ္ပဗုဒ္ဓ သာကီဝင်မင်းသည် ပြာသာဒ်ထက်ဝယ် နေရင်းကပင် မိမိ၏ မင်္ဂလာစီးတော်မြင်းဟီသံကို

၂၄၇

ကြား၍ “ဤဖြစ်ရပ်ကား အဘယ်သို့ ဖြစ်လာနည်း”ဟု မေးမြန်းလေသော် မင်းချင်း ယောက်ျားတို့က “အရှင်မင်းကြီး၏ မင်္ဂလာစီးတော်မြင်းသည် ချည်တိုင်မှ ကြိုးလွတ်လာပါသည်”ဟု လျှောက်ထားကြလေကုန်၏။

     ထိုမင်္ဂလာစီးတော်မြင်းသည်ကား သုပ္ပဗုဒ္ဓ သာကီဝင်မင်းကို မြင်လျှင်မြင်ခြင်း ငြိမ်သက်စွာ ရပ်နေလေ၏။ ထိုအခါ သုပ္ပဗုဒ္ဓ သာကီဝင်မင်းသည် မင်္ဂလာစီးတော်မြင်းကို မဖမ်းရလျှင်မနေနိုင်အောင်ဖြစ်ကာ ထိုင်နေရာမှထ၍ တံခါးသို့ ရှေးရှုသွားလေ၏။ တံခါးတို့သည် အလိုလိုပင် ပွင့်၍လာကြကုန်၏။ မူလက ဖယ်ရှားထားသော စောင်းတန်းလှေကားသည်လည်း သူ့အလိုလို မူလမိမိနေရာ၌ပင် တည်နှင့်လေ၏။ တံခါး၌ အစောင့်ချထားအပ်သော လက်ဝှေ့သည် = လက်ပမ်းသည်တို့သည် ထိုသုပ္ပဗုဒ္ဓမင်းကို (ပြာသာဒ်အတွင်း ပြန်မသွင်းကြပဲ) လည်ပင်း၌ ဆွဲကိုင်ကြ၍ အောက်သို့ရှေးရှု ပစ်ချလိုက်ကြကုန်၏။ ထိုနည်းဖြင့်ပင် ဘုံခုနစ်ထပ်အပြင်တို့၌ တံခါးတို့သည် အလိုလိုပင် ပွင့်ပြီးဖြစ်နှင့်ကြကုန်၏။ စောင်းတန်းလှေကားတို့သည် မူလ မိမိတို့နေရာ၌ပင် အလိုလို တည်နှင့်ကြကုန်၏၊ ထိုထိုတံခါး၌ အစောင့်ချထားအပ်သည့် လက်ဝှေ့သည် လက်ပမ်းသည်တို့သည် ထိုသုပ္ပဗုဒ္ဓမင်းကို လည်ပင်း၌ပင် ဆွဲကိုင်ကြ၍ အောက်အောက်အဆင့်သို့ ပစ်ချလိုက်ကြကုန်၏။

     ထို့နောက် နန်းပြာသာဒ်၏အောက် စောင်းတန်းလှေကားခြေရင်းသို့ ရောက်လတ်သော် ထိုသုပ္ပဗုဒ္ဓသာကီဝင်မင်းကို မဟာပထဝီမြေကြီးသည် ပြင်းစွာမြည်ဟည်းလျက် ကွဲအက်ကာ ခံယူလေတော့သည်။ ထိုသုပ္ပဗုဒ္ဓမင်းသည် မြေထဲသို့ဝင်၍ အဝီစိငရဲ၌ ဖြစ်ရလေသတည်း။

ဦးရီးတော် သုပ္ပဗုဒ္ဓသာကီဝင်မင်း မြေမျိုခြင်းအကြောင်း ပြီး၏။

၂၄၈

သိကြားမင်းမေးအပ်သည့် ပြဿနာလေးရပ်ကို

ဖြေကြားတော်မူခြင်း

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် တဆယ့်ငါးခုမြောက် ပန္နရသမဝါကို ရှေးဆိုအပ်ပြီးသည့်အတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်းတိုက်၌ ကပ်ဆိုတော်မူကာ ကျွတ်ထိုက်သော သတ္တဝါတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူ၍ ထိုပန္နရသမဝါ ကျွတ်လတ်သည်ရှိသော် ဗုဒ္ဓါစိဏ္ဏ ဘုရား အလေ့အကျက်တော် ဓမ္မတာအတိုင်း ထိုကပိလဝတ်ပြည်မှ ခရီးဒေသစာရီ အစဉ်သဖြင့် ကြွချီတော်မူခဲ့ရာ သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်သို့ ဆိုက်ရောက်တော်မူလတ်သတည်း။

     ယင်းသို့ မြတ်စွာဘုရားရှင် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်၌ ကိန်းအောင်းမွေ့လျော် နေတော်မူသောအခါ နတ်တို့သနင်း သိကြားမင်း မေးလျှောက်အပ်သဖြင့် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” အစရှိသော တရားဒေသနာကို ဟောကြားတော်မူလေသည်။ အကြောင်းအရာ အကျယ်သော်ကား-

     အခါတပါး တာဝတိံသာ နတ်ပြည်၌ နတ်အပေါင်းတို့သည် အညီအညွတ် စည်းဝေးကြကုန်၍-

(၁) အလှူအပေါင်းတို့တွင် အဘယ်အလှူသည် အမြတ်ဆုံးဖြစ်သနည်း၊

(၂) အရသာအပေါင်းတို့တွင် အဘယ်အရသာသည် အမြတ်ဆုံးဖြစ်သနည်း၊

(၃) မွေ့လျော်ခြင်း အပေါင်းတို့တွင် အဘယ်ဖြင့် မွေ့လျော်ခြင်းသည် အမြတ်ဆုံးဖြစ်သနည်း၊

(၄) တဏှာ၏ ကုန်ခြင်းအဆုံး၌ဖြစ်သော အရဟတ္တဖိုလ်ကိုသာလျှင် အဘယ့်ကြောင့် အမြတ်ဆုံးဟူ၍ ခေါ်ဆိုအပ်သနည်း-

ဟု ပြဿနာလေးချက်ကို ဖြစ်စေကြလေကုန်သည်။ ထိုပြဿနာလေးချက်တို့ကို တဦးတယောက်သော နတ်မျှ ဆုံးဖြတ်ခြင်းငှါ

၂၄၉

မတတ်နိုင်ချေ။ စင်စစ်သော်ကား နတ်သားတယောက်က နတ်သားတယောက်ကို ထိုနတ်သားကလည်း အခြားနတ်သားတယောက်ကို တဆင့်တဆင့် အချင်းချင်း မေးမြန်းကြကုန်လျက် (ဆုံးဖြတ် ဖြေကြားချက်ကို မရရှိနိုင်ကြပဲ) စကြ၀ဠာ တိုက်တသောင်းတို့၌ ဆယ့်နှစ်နှစ်ကြာ လှည့်လည်၍သာ နေကြရကုန်၏။

     ဤမျှ ဆယ့်နှစ်နှစ်ကြာ အချိန်ကာလဖြင့်လည်း ပြဿနာတို့၏ အနက်အဓိပ္ပါယ်ကို မသိနိုင်ကြပဲ စကြဝဠာတိုက်တသောင်း၌ နေကြသော နတ်အပေါင်းတို့သည် စည်းဝေးစုပေါင်းကြကာ စတုမဟာရာဇ် နတ်မင်းကြီးလေးဦးတို့၏အထံသို့ သွားရောက်ကြကုန်၏၊ ထိုနတ်မင်းကြီးလေးဦးတို့က “အမောင် နတ်အပေါင်းတို့.. အဘယ့်ကြောင့် များစွာသောနတ်တို့၏ အစည်းအဝေးကြီး ဖြစ်ရသနည်း”ဟု မေးအပ်လေသော် နတ်အပေါင်းတို့က “ပြဿနာလေးချက်တို့ကို ဖြစ်စေကြပြီးလျှင် ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်ကြသောကြောင့် အရှင်နတ်မင်းကြီး လေးဦးတို့၏အထံသို့ အကျွန်ုပ်တို့တစု လာရောက်ကြပါကုန်သည်”ဟု ပြောဆိုကြကုန် ၏။ “အမောင် နတ်အပေါင်းတို့.. အဘယ်မည်သော ပြဿနာလေးချက်နည်း”ဟု နတ်မင်းကြီးတို့က မေးအပ်သည်တွင် “ဒါနပေါင်းများစွာ, အရသာပေါင်းများစွာ, မွေ့လျော်ခြင်းပေါင်း များစွာတို့တွင် အဘယ်မည်သော ဒါန, အဘယ်မည်သော အရသာ, အဘယ်မည်သော မွေ့လျော်ခြင်းသည် အမြတ်ဆုံးဖြစ်သနည်း၊ တဏှာ၏ကုန်ခြင်းအဆုံး၌ဖြစ်သော အရဟတ္တဖိုလ်ကိုသာလျှင် အဘယ့်ကြောင့် အမြတ်ဆုံးဟူ၍ ခေါ်ဆိုအပ်သနည်းဟူသော ဤပြဿနာလေးရပ်တို့ကို မဆုံးဖြတ်နိုင်ကြသောကြောင့် အရှင်နတ်မင်းကြီးတို့၏ ထံမှောက်သို့ အကျွန်ုပ်တို့ လာရောက်ကြပါကုန်သည်”ဟု နတ်အပေါင်းတို့က ပြောဆိုကြလေသည်။

     ထိုအခါ စတုမဟာရာဇ် နတ်မင်းကြီးတို့သည် “အမောင် နတ်အပေါင်းတို့.. ငါတို့သည်လည်း ဤပြဿနာတို့၏ အနက်အဓိပ္ပါယ်တို့ကို မသိကြပါကုန်၊ စင်စစ်သော်ကား ငါတို့၏အရှင်

၂၅၀

သိကြားမင်းသည် ပုဂ္ဂိုလ်တထောင်တို့ ကြံစည်အပ်သော အနက်အဓိပ္ပါယ်တို့ကို ကြံစည်ဆင်ခြင်လိုက်လျှင် တခဏချင်းဖြင့်ပင် သိနိုင်၏၊ ထိုသိကြားမင်းသည် ငါတို့ထက် အသိဉာဏ်ပညာ ဘုန်းသမ္ဘာအားဖြင့် သာလွန်မြင့်မြတ်သူ ဖြစ်ပေ၏။ လာကြလော့.. ထိုသိကြားမင်း၏အထံသို့ သွားကြကုန်အံ့”ဟု ပြောဆိုကြကာ ထိုနတ်အပေါင်းကိုပင် ခေါ်ဆောင်ကြကာ သိကြားနတ်မင်း၏အထံသို့ သွားရောက်ကြ၍ သိကြားမင်းကလည်း “အမောင် နတ်အပေါင်းတို့.. အဘယ့်ကြောင့် ယခုလောက် များစွာသောနတ်တို့၏ အစည်းအဝေးကြီး ဖြစ်ရသနည်း”ဟု မေးအပ်လေသော် ထိုအကြောင်းကို နတ်အပေါင်းတို့က ပြန်ကြား ပြောဆိုကြလေကုန်၏။

     သိကြားမင်းသည် “အမောင် နတ်အပေါင်းတို့.. ဤပြဿနာတို့၏ အနက်အဓိပ္ပါယ်ကို (ဘုရားရှင်မှတပါး) အခြားသူ တဦးတယောက်မျှ မသိနိုင်၊ မှန်၏- ဤပြဿနာလေးရပ်တို့ကား မြတ်စွာဘုရားရှင်၏အရာသာ ဖြစ်ကုန်၏။ ယခုအခါ မြတ်စွာဘုရားသည် အဘယ်အရပ်၌ နေတော်မူဆဲ ဖြစ်သနည်း”ဟု မေး၍ “ဇေတဝန်ကျောင်းတော်၌ နေတော်မူ၏”ဟု ကြားလတ်၍ “လာကြကုန်လော့၊ ထိုမြတ်စွာဘုရားရှင်၏ အထံတော်သို့ သွားရောက် မေးလျှောက်ကြကုန်အံ့”ဟု ပြောဆို၍ နတ်အပေါင်းနှင့် အတူတကွ ညဉ့်အချိန်၌ ဇေတဝန်ကျောင်းတိုက်အလုံးကို ထွန်းလင်းတောက်ပစေ၍ မြတ်စွာဘုရားရှင်သို့ ဆည်းကပ်ပြီးကာ ရိုသေမြတ်နိုး ရှိခိုး၍ အပြစ်လွတ်ရာအရပ်၌ ရပ်တည်လျက် “သိကြားမင်း.. အဘယ့်ကြောင့် များစွာသော နတ်အပေါင်းနှင့်တကွ လာရောက်သနည်း”ဟု မြတ်စွာဘုရားရှင်က မေးမြန်းအပ်သည်တွင် သိကြားမင်းသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. နတ်အပေါင်းသည် ဤမည်သော ပြဿနာလေးရပ်တို့ကို ဖြစ်စေ အပ်ပါကုန်ပြီ၊ ရှင်တော်ဘုရားမှတပါး ဤပြဿနာတို့၏ အနက်အဓိပ္ပါယ်ကို သိစွမ်းနိုင်မည့် အခြားသူ တဦးတယောက်မျှ မရှိပါ။ အရှင်ဘုရားတို့သည် ဤပြဿနာလေးရပ်တို့၏ အနက်အဓိပ္ပါယ်ကို

၂၅၁

အကျွန်ုပ်တို့အား ထင်ရှားဖြေဆိုတော်မူပါကုန်”ဟူ၍ လျှောက်ထားလေ၏။

     မြတ်စွာဘုရားရှင်သည် “ကောင်းပြီ သိကြားမင်း.. ငါဘုရားကား ပါရမီတို့ကို ဖြည့်ကျင့်၍ စွန့်ခြင်းကြီး ငါးမျိုးတို့ကို ရဲရဲရက်ရက် စွန့်လှူ၍ သင်တို့ကဲ့သို့သော ပုဂ္ဂိုလ်တို့၏ ယုံမှားကို ဖြတ်တောက်ရန်ပင် သဗ္ဗညုတဉာဏ်တော်ကို ရအပ် သိအပ်ခဲ့လေပြီ၊ သိကြားမင်း.. သင်မေးအပ်သည့် ပြဿနာလေးရပ်တို့၌ အဖြေကား-

(၁) အလှူခပ်သိမ်းတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

(၂) အရသာ ခပ်သိမ်းတို့တွင် တရားအရသာသည် အမြတ်ဆုံးဖြစ်၏။

(၃) မွေ့လျော်ခြင်း ခပ်သိမ်းတို့တွင် တရားဖြင့် မွေ့လျော်ခြင်းသည် အမြတ်ဆုံးဖြစ်၏။

(၄) တဏှာကုန်ခြင်း၏ အဆုံး၌ဖြစ်သော အရဟတ္တဖိုလ်သည်ကား (ခပ်သိမ်းသောဒုက္ခ၏ ကုန်ခြင်း ငြိမ်းခြင်းသို့) ရောက်စေတတ်သောကြောင့် ဧကန်အမြတ်ဆုံး ဖြစ်၏”*-

ဟု စကားပြေ = စုဏ္ဏိယဖြင့် ဟောကြားတော်မူပြီးလျှင်-

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊

သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊

တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။

(သက္က = နတ်တို့သနင်း သိကြားမင်း..)။ သဗ္ဗဒါနံ = ခပ်သိမ်းဥဿုံ အလုံးစုံသော ဒါနမျိုးကို။


* ဤစတုတ္ထ အဖြေအတွက် နောက်၌ အဓိပ္ပါယ် ဖွင့်ပြသော အဋ္ဌကထာကိုမှီ၍ အနက်အဓိပ္ပါယ် ဖော်ပြပါသည်။

၂၅၂

ဓမ္မဒါနံ = တရားကို ဟောကြားပို့ချ နာကြားခြင်း တည်းဟူသော ဓမ္မဒါနသည်။ ဇိနာတိ = မြင့်မြတ်ကြီးခိုင် အောင်နိုင်၏။

သဗ္ဗရသံ = ခပ်သိမ်းဥဿုံ အလုံးစုံသော အရသာမျိုးကို။ ဓမ္မရသော = ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးနှင့်တကွ လောကုတ္တရာတရား ကိုးပါးတည်းဟူသော တရားအရသာသည်။ ဇိနာတိ = မြင့်မြတ်ကြီးခိုင် အောင်နိုင်၏။

သဗ္ဗရတိံ = ခပ်သိမ်းဥဿုံ အလုံးစုံသော မွေ့လျော်ခြင်းမျိုးကို။ ဓမ္မရတိ = တရားဖြင့် မွေ့လျော်ခြင်းသည်။ ဇိနာတိ = မြင့်မြတ်ကြီးခိုင် အောင်နိုင်၏။

တဏှက္ခယော = တဏှာ၏ ကုန်ခြင်းအဆုံး၌ ဖြစ်သော အရဟတ္တဖိုလ်သည်။ သဗ္ဗဒုက္ခံ = ခပ်သိမ်းဥဿုံ အလုံးစုံသော ဝဋ်ဒုက္ခကို။ ဇိနာတိ = လွှမ်းမိုးပိုင်ပိုင် အောင်နိုင်၏။-

ဟူသော ဤတရားဂါထာကို ဟောကြားတော်မူလေ၏။

အဓိပ္ပါယ်ဖော်ပြချက်

(၁) အကယ်၍ပင် စကြဝဠာတိုက်အတွင်း ဗြဟ္မာ့ပြည်တိုင်အောင် အကြားမရှိအောင်ပြု၍ ထိုင်နေတော်မူကြသည့် ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာအရှင်မြတ်တို့အား ငှက်ပျောဖတ်လွှာကဲ့သို့ သိမ်မွေ့နူးညံ့သော သင်္ကန်းတို့ကို လှူဒါန်းရစေကာမူ ထိုအစည်းအဝေး၌ လေးပိုဒ်ရှိသော တရားဂါထာဖြင့် ပြုအပ်သော တရားအနုမောဒနာ (=အနုမောဒနာတရား ဟောကြားခြင်း)ကသာ မြင့်မြတ်လှ၏။ မှန်၏- ထိုမျှများသော သင်္ကန်းအလှူဒါနသည် ထိုအနုမောဒနာ တရားဂါထာ၏ နှစ်ရာငါးဆယ့်ခြောက်စိတ်စိတ်၍ တစိတ်လောက်မျှ အဖိုးမထိုက်တန်ချေ။ ဤသို့လျှင် တရားတော်ကို ဟောကြားခြင်းသည်၎င်း, ပို့ချခြင်းသည်၎င်း, ကြားနာခြင်းသည်၎င်း မြင့်မြတ်လှစွာ၏။

၂၅၃

အထူးအားဖြင့် များစွာကုန်သော သူတို့အား တရားနာနိုင်ရန် စီမံအားထုတ် ပြုလုပ်ရွက်ဆောင်သော ပုဂ္ဂိုလ်၏ အကျိုးအာနိသင်ကား ကြီးမားလှစွာ၏။

ထိုသို့ ဖော်ပြရာပါ စကြဝဠာတိုက်အပြည့် အကြားမရှိ ထိုင်နေတော်မူကြသည့် ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာအရှင်မြတ် အလှူခံပရိသတ်အား သပိတ်လုံးတိုင်း အပြည့်အပြည့် မွန်မြတ်သော ဆွမ်းကိုထည့်၍ လှူဒါန်းရသည့် ဆွမ်းအလှူထက်၎င်း, သပိတ်လုံးတိုင်း အပြည့်အပြည့် ထောပတ်, ဆီ စသည်တို့ကိုထည့်၍ လှူဒါန်းရသည့် ဆေးအလှူထက်၎င်း, မဟာဝိဟာရ ကျောင်းတိုက်ကြီးနှင့်တူသည့် ကျောင်းတိုက်ကြီးပေါင်း အသိန်းများစွာတို့ကို၎င်း, လောဟပါသာဒ ပြာသာဒ်နှင့်တူသည့် ပြာသာဒ်ဆောင်ပေါင်း အသိန်းများစွာတို့ကို၎င်း ဆောက်လုပ်စေ၍ လှူဒါန်းရသည့် ကျောင်းအလှူထက်၎င်း, အနာထပိဏ်သူဌေး အစရှိသော ကျောင်းဒါယကာတို့ ဇေတဝန်ကျောင်းတိုက် အစရှိသော ကျောင်းတိုက်တို့ကို အကြောင်းပြု၍ လှူဒါန်းအပ်သော အလှူအတန်းအမျိုးမျိုးထက်၎င်း အယုတ်သဖြင့် လေးပါဒ (=လေးပိုဒ်)ရှိသော ဂါထာဖြင့် အနုမောဒနာတရား ဟောကြားသောအနေ ဖြစ်စေအပ်သော တရားအလှူကသာလျှင် ချီးမွမ်းအပ် မြတ်လှစွာ၏။

အဘယ့်ကြောင့်နည်းဟူမူ အဖြေကား- ဖော်ပြရာပါ သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး- ပစ္စည်းလေးပါးအလှူ ကောင်းမှုကုသိုလ်ကို ပြုကြသောသူတို့သည် တရားကို ကြားနာရ၍သာ ပြုလုပ်ကြကုန်သည်၊ မကြားနာရပဲ ပြုလုပ်ကြသည်မဟုတ်။ မှန်၏- ဤသတ္တဝါတို့သည် အကယ်၍များ တရားကို မနာကြားကြရလျှင် တယောက်ချိုမျှသော ယာဂုအလှူကို၎င်း, တယောက်မမျှသော ဆွမ်းအလှူကို၎င်း ပေးလှူကြမည်မဟုတ်ကုန်၊ ဤအကြောင်းကြောင့်

၂၅၄

ခပ်သိမ်းသော အလှူဒါနတို့ထက် တရားအလှူသာလျှင် ချီးမွမ်းအပ် မြတ်လှစွာ၏။

တနည်း ထင်ရှားအောင် ဖော်ပြရလျှင် ဘုရား, ပစ္စေကဗုဒ္ဓါတို့ကိုထား၍ အာယုကပ်အချိန်ပိုင်း ကာလပတ်လုံး မိုးကြီးမပြတ် ရွာသွန်းခဲ့သော် ထိုမိုးရေများကို တပေါက်မကျန် ရေတွက်နိုင်စွမ်းသော ဉာဏ်ပညာနှင့် ပြည့်စုံတော်မူကြသည့် အရှင်သာရိပုတ္တရာ- အစရှိသော ပုဂ္ဂိုလ်သူမြတ်တို့သော်မှလည်း (တရားမနာရပဲ) မိမိဘာသာ ဓမ္မတာဖြင့် သောတာပတ္တိဖိုလ်- အစရှိသော အရိယမဂ်ဖိုလ်သို့ ရောက်ခြင်းရခြင်းငှါ မတတ်နိုင်ကြကုန်၊ စင်စစ်သော်ကား အရှင်အဿဇိမထေရ်- စသည်တို့ ဟောကြားအပ်သော တရားကို ကြားနာရ၍ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုတော်မူကြရလေသည်၊ မြတ်စွာဘုရားရှင်၏ (ဒီဃနခသုတ္တန် အစရှိသော) တရားဒေသနာကို ကြားနာကြရသဖြင့် သာဝကပါရမီဉာဏ်ကို မျက်မှောက်ပြုတော်မူကြရလေသည်။ သိကြားမင်း.. ဤဖော်ပြရာပါ အကြောင်းကြောင့်လည်း ပစ္စယဒါန ဟူသမျှထက် ဓမ္မဒါန = တရားအလှူကသာ ချီးမွမ်းအပ် မြတ်လှစွာ၏။ ထို့ကြောင့် “ခပ်သိမ်းသော ပစ္စယဒါနမျိုးကို ဓမ္မဒါန = တရားအလှူကာ မြင့်မြတ်ကြီးခိုင် အောင်နိုင်၏”ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူအပ်လေသည်။

(၂) သစ်သီးအရသာ, သစ်ပွင့်အရသာ, နံ့သာမျိုးအရသာ အစရှိသော အလုံးစုံသော အရသာမျိုးတို့သည် (အထက်သို့လားသော် နတ်တို့၏ နတ်သုဒ္ဓါ အရသာသည်လည်း) သံသရာဝဋ်၌ ကျရောက်စေပြီးလျှင် ဆင်းရဲဒုက္ခဝေဒနာကို ခံစားရခြင်း၏ အကြောင်းသာလျှင် ဖြစ်ကြ၏။ ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးနှင့်တကွ မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာ တရားတော်တည်းဟူသော တရားအရသာသည်ကား ခပ်သိမ်းသော

၂၅၅

လောကီအရသာမျိုးတို့ထက် သာလွန်မြင့်မြတ် ချီးမွမ်းအပ်ပေ၏။ ထို့ကြောင့် “ခပ်သိမ်းသော အရသာမျိုးကို တရားအရသာကသာ မြင့်မြတ်ကြီးခိုင် အောင်နိုင်၏”ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူအပ်လေသည်။

(၃) သား၌မွေ့လျော်ခြင်း (=သားဖြင့် ပျော်ပိုက်ခြင်း), သမီး၌ မွေ့လျော်ခြင်း (=သမီးဖြင့် ဝမ်းမြောက်ပျော်ရွှင်ခြင်း), ဥစ္စာ၌ မွေ့လျော်ခြင်း (=ဥစ္စာဖြင့် ဝမ်းမြောက်ပျော်ရွှင်ခြင်း), မိန်းမတို့၌ မွေ့လျော်ခြင်း (=မိန်းမတို့ဖြင့် မွေ့လျော်ပျော်ပိုက်ခြင်း), ကခြင်း သီချင်း တီးမှုတ်ခြင်း စသည်တို့ဖြင့် ဝမ်းမြောက်ပျော်ရွှင်ခြင်း = ဤသို့စသည်ပြားသည့် များစွာသော လောကီမှု လောကီဥစ္စာတို့ဖြင့် ဝမ်းမြောက်ရွှင်ပျော် မွေ့လျော်ခြင်း အမျိုးမျိုးသည် သံသရာဝဋ်၌ ကျရောက်စေပြီးလျှင် ဆင်းရဲဒုက္ခဝေဒနာကို ခံစားရခြင်း၏ အကြောင်းသာလျှင် ဖြစ်ကြ၏။ တရားကို ဟောကြားသောပုဂ္ဂိုလ်, ပို့ချသောပုဂ္ဂိုလ်, နာကြားသောပုဂ္ဂိုလ်၏ အတွင်းအဇ္ဈတ္တ သန္တာန်ဝယ် တရားကိုအာရုံပြု၍ ဖြစ်ပေါ်လာသည့် နှစ်သက်မွေ့လျော်ခြင်း = ပီတိတရားကား တက်ကြွရွှင်လန်းခြင်းကို ဖြစ်စေ၏၊ မျက်ရည်တို့ကိုပင် ယိုစီးစေ၏၊ မွေးညှင်းရွှင်ပျ ကြက်သီးထခြင်းကို ဖြစ်စေ၏။ ထိုသို့ တက်ကြွရွှင်လန်းခြင်းကို ဖြစ်စေတတ် မျက်ရည်တို့ကို ယိုကျစေတတ် ကြက်သီးထခြင်းကို ဖြစ်စေတတ်သည့် တရားကိုအာရုံပြု၍ ဖြစ်ပေါ်လာသော နှစ်သက်မွေ့လျော်ခြင်း = ဓမ္မပီတိကသာလျှင် သံသရာဝဋ်၏အဆုံးကို ပြုတတ်၍ အရဟတ္တဖိုလ်တိုင်အောင်သော ကောင်းကျိုးကို ပေးတတ်သောကြောင့် ခပ်သိမ်းသော လောကီမှု လောကီဥစ္စာတို့ဖြင့် ဝမ်းမြောက်ရွှင်ပျော် မွေ့လျော်ခြင်းအမျိုးမျိုးထက် ဖော်ပြရာပါ ဓမ္မပီတိ ဓမ္မရတိသာလျှင် သာလွန်မြင့်မြတ် ချီးမွမ်းအပ်ပေ၏။ ထို့ကြောင့် “ခပ်သိမ်းသော မွေ့လျော်ခြင်းမျိုးကို တရား၌ မွေ့လျော်ခြင်း

၂၅၆

(=တရားဖြင့် မွေ့လျော်ခြင်း) = ဓမ္မရတိသည် မြင့်မြတ်ကြီးခိုင် အောင်နိုင်၏”ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူအပ်လေသည်။

(၄) အရဟတ္တမဂ်ခဏ၌ အလုံးစုံသော တဏှာတရားတို့ ကုန်ကြလေသည်၊ အရဟတ္တမဂ်၏ အခြားမဲ့၌ (ထိုမဂ်၏ အကျိုးဖြစ်သော) အရဟတ္တဖိုလ် ဖြစ်ပေါ်လာလေသည်၊ သို့ရကား အရဟတ္တဖိုလ်ကို တဏှာကုန်ခြင်းအဆုံး၌ ဖြစ်ပေါ်သောကြောင့် တဏှက္ခယဟူ၍ ခေါ်ဆိုရလေသည်။ ထိုတဏှက္ခယမည်သော အရဟတ္တဖိုလ်သည် အလုံးစုံသော ဝဋ်ဒုက္ခကို လွှမ်းမိုးအောင်နိုင်သောကြောင့် ခပ်သိမ်းသော တရားတို့ထက် သာလွန် မြင့်မြတ် ချီးမွမ်းအပ်သော တရားဖြစ်လေသည်။ ထို့ကြောင့် “တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ = တဏှာ၏ ကုန်ခြင်းအဆုံး၌ဖြစ်သော အရဟတ္တဖိုလ်သည် ခပ်သိမ်းဥဿုံ အလုံးစုံသော ဝဋ်ဒုက္ခကို လွှမ်းမိုးပိုင်ပိုင် အောင်နိုင်၏”ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူအပ်လေသည်။

သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်

ကျွတ်တမ်းဝင်ကြခြင်း

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ဤဂါထာ၏ အနက်အဓိပ္ပါယ်ကို အကျယ်ဟောတော်မူစဉ်ပင်လျှင် သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။

     သိကြားမင်းသည်လည်း မြတ်စွာဘုရားရှင်၏ အကျယ်ဟောကြား တရားဒေသနာကို ကြားနာရပြီးလျှင် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုး၍-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တရားအလှူဒါနသည် ဤမျှ ကြီးကျယ်မြင့်မြတ် ချီးမွမ်းအပ်ပါလျက်

၂၅၇

အဘယ့်ကြောင့် တပည့်တော်တို့အား ဓမ္မဒါန၏ အဖို့ဘာဂကို ပေးစေတော်မမူကြပါသနည်း၊ ဤအချိန်မှစ၍ တပည့်တော်တို့အား ရဟန်းသံဃာကို တရားဟောပြီးလျှင် ထိုဓမ္မဒါန ကုသိုလ်အဖို့ဘာဂကို ပေးစေတော်မူကြပါဘုရား”-

ဟု တောင်းပန်စကား လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်သည် သိကြားမင်း၏ တောင်းပန်လျှောက်ထားချက်ကို ကြားသိတော်မူရ၍ ရဟန်းအပေါင်းကို စည်းဝေးစေတော်မူပြီးလျှင်-

“ရဟန်းတို့.. ယနေ့ကို အစပြု၍ ကြီးစွာသော တရားပွဲကြီးကိုဖြစ်စေ, ပကတိရိုးရိုး တရားပွဲကိုဖြစ်စေ, မိမိထံမှောက် ရောက်လာသူတို့အား တရားစကား ဟောကြားမှုကိုဖြစ်စေ, (အယုတ်သဖြင့်) အနုမောဒနာ တရားကိုဖြစ်စေ ဟောကြားပြီးလျှင် ခပ်သိမ်းသော သတ္တဝါတို့အား အမျှပေးကြလော့”-

ဟု မိန့်တော်မူလေ၏။ (ဓမ္မပဒဋ္ဌ၊ ၂၊ မျက်နှာ ၃၅၀-မှ)။

ဤတွင် သိကြားမင်းမေးအပ်သည့် ပြဿနာလေးရပ်တို့ကို

ဖြေကြားတော်မူခြင်းအကြောင်း ပြီး၏။

**********

အာဠ၀ကဘီလူးကို ဆုံးမချေချွတ်တော်မူသောအကြောင်း

     အာဠဝီပြည့်ရှင် ဘုရင်အာဠ၀ကမင်းသည် အထူးထူးသော မင်းမောင်းမ ကခြေသည် အပေါင်းတို့နှင့်တကွ ရွှေနန်းတော်ဝယ် ခံစားသုံးဆောင်ဖွယ် အဝဝကို စွန့်ပယ်တော်မူ၍ သူပုန်ရန်လှေး ခိုးသူဘေးကို ပယ်ရှားတားမြစ်ရန်, ထီးပြိုင်နန်းပြိုင် မင်းတပါးတို့၏ ထိပါးတိုက်ခိုက်မှုကို ဟန့်တားရန်နှင့် အခုန်အလွှား မင်းမာန်ပွါး၍ ကြိုးစားအားထုတ်မှု ပြုလုပ်ရန် ခုနစ်ရက်တကြိမ် ခုနစ်ရက်တကြိမ် သမင်တောသို့ အပျော်အပါး တောကစားထွက်ချီလေ့ရှိ၏။

၂၅၈

     တနေ့သ၌ အာဠ၀ကမင်းသည် တောကစား ထွက်အံ့ဆဲဆဲအချိန်တွင် “အကြင်သူ၏ အနီးအပါး တာငန်းမှ သမင်ထွက်အံ့၊ ထိုသမင်သည် ထိုသူ၏တာဝန်သာ ဖြစ်စေရမည်”ဟု ရဲမက်ဗိုလ်ပါတို့နှင့် ကတိကဝတ်ပြုလုပ်ပြီး သမင်တောသို့ ထွက်ခဲ့ရာ မင်းကြီး၏ အနီးအပါးတာငန်းမှပင် သမင်သည် ထွက်၍ပြေးလေ၏။

     မင်းကြီးသည် လျင်မြန်ခြင်းအရှိန်အဟုန် အားအင်ဗလနှင့် ပြည့်ဝသူဖြစ်ရကား လေးကိုကိုင်စွဲကာ ခြေလျင်ပင် သုံးယူဇနာတိုင်တိုင် ထိုသမင်နောက်သို့ မရပ်မနား လိုက်သွားလေ၏။ ဧဏီမည်သော သားကောင် (သမင်)တို့မှာ သုံးယူဇနာတိုင်ရုံသာ တဟုန်ထိုး ပြေးသွားနိုင်ကြလေသည်၊ သို့ရကား သုံးယူဇနာတိုင်တိုင် လိုက်မိသောအခါ အရှိန်အဟုန် ကုန်သည်ဖြစ်၍ ရေအိုင်အတွင်း သက်ဆင်းတည်နေသော ထိုသမင်ကို လေးဖြင့်ပစ်သတ် နှစ်ပိုင်းဖြတ်ပြီးလျှင် အသားကိုပင် အလိုမရှိသော်လည်း “သမင်ကို အမိဖမ်းရန် မစွမ်းနိုင်”ဟု ဗိုလ်ပါရဲမက်တို့၏ ကဲ့ရဲ့စကား စွပ်စွဲပြောကြားခြင်းမှ လွတ်မြောက်ရန် ထမ်းပိုးဖြင့် ထမ်းယူကာ မင်းကြီးသည် ပြန်လာလတ်သော် မြို့နှင့် မနီးမဝေးသောအရပ်၌ ရွက်နုရွက်ရင့်တို့ဖြင့် ထူထဲပြည့်သိပ် အရိပ်ကောင်းသော ပညောင်ပင်ကြီးကို တွေ့မြင်လေလျှင် အပန်းဖြေရန် ထိုညောင်ပင်ရင်းသို့ ကပ်ရောက်လေ၏။

     ထိုပညောင်ပင်ကြီး၌လည်း အာဠ၀ကဘီလူးသည် ဝေဿဝဏ်နတ်မင်းကြီးအထံမှ ဆုလာဘ်ရ၍ နေမွန်းတိအချိန်၌ ထိုညောင်ပင်အရိပ် တွေ့ထိရောက်ရှိရာ အရပ်အတွင်းသို့ ဝင်ရောက်လာသော သတ္တဝါတို့ကို စားလျက် စိုးအုပ်နေထိုင်၏။ (ဤ၌။ ။နေမွန်းတိချိန်၌သာ ထိုညောင်ပင်အောက်သို့ ဝင်ရောက်လာသူတို့ကို စားသည်ဟု မမှတ်ရာ၊ အမှန်မှာ နေမွန်းတိချိန်၌ ညောင်ပင်ရိပ် တွေ့ထိရောက်ရှိရာအရပ် အပိုင်းအခြားအတွင်းသို့ နေ့ဖြစ်စေ, ညဉ့်ဖြစ်စေ ဝင်ရောက်လာသူတို့ကို စားသည်ဟု မှတ်ယူရာ၏)။

     ထိုအခါ အာဠ၀ကဘီလူးသည် မိမိ၏ညောင်ပင်အောက်သို့ ဝင်ရောက်လာသော မင်းကြီးကို မြင်လေလျှင် စားဖို့ရန် အနီးသို့

၂၅၉

ကိုယ်ထင်ပြကာ ချဉ်းကပ်လာလေ၏။ ။(မင်းကြီးသည် နှစ်ပိုင်းဖြတ်ထားသော သမင်သားကိုပေး၍ မိမိကို လွတ်စေလို၏၊ အာဠဝကဘီလူးသည် “ငါ၏လက်တွင်း သက်ဆင်း ကျရောက်ချိန်မှစ၍ သမင်သား သည် ငါ့ဥစ္စာပင် မဟုတ်လော၊ မင်းကြီး.. သင်သည် သမင်ကိုပေး၍ မိမိ၏ လွတ်မြောက်မှုကို အသို့ပြုနိုင်ချိမ့်နည်း”ဟု ပြောဆို၍ မင်းကြီးကို မလွှတ်ချေ။ ဤ ကွင်းအတွင်း စကားရပ်ကား အချို့သောမူ၌သာ လာရှိသည်)။

     ထိုအခါ မင်းကြီးသည် အာဠ၀ကဘီလူးနှင့် “ငါ့ကိုလွှတ်လော့၊ ငါသည် သင့်အား နေ့တိုင်း နေ့တိုင်း လူတယောက်နှင့် ထမင်းချက်ပြီး တအိုးကို ပို့ဆက်ပါမည်”ဟု ကတိကဝတ်စကား ပြောကြားလေသော် အာဠ၀ကဘီလူးသည် “သင်မင်းကြီးကား မင်းစည်းစိမ်ဖြင့် ယစ်မူးကာ မေ့လျော့နေနိုင်၏၊ ငါတမူကား မိမိဗိမာန်သို့ မကပ်ရောက်လာသူကို၎င်း, ကျေနပ်စွာ ခွင့်မပြုအပ်သူကို၎င်း စားခွင့်မရနိုင်ချေ၊ အကျွန်ုပ်သည် သင်မင်းကြီးကိုလည်း လွှတ်လိုက်က အဘယ်သို့လျှင် အသက်ရှင်နိုင်အံ့နည်း”ဟူ၍ ပြောဆိုကာ မင်းကြီးကို မလွှတ်ချေ။ မင်းကြီးသည် “မဆက်သောနေ့၌ ငါ့ကိုဖမ်း၍ စားလော့”ဟု မိမိကို ကျေနပ်စွာ ခွင့်ပြုစကား ပြောကြားပြီးလျှင် ဘီလူးလက်မှ လွတ်မြောက်ကာ အာဠဝီပြည်သို့ ရှေးရှူသွားလေ၏။

     ဗိုလ်ပါရဲမက်အပေါင်းသည် လမ်းခရီး၌ ယာယီသစ်ခက်တဲနန်း ဆောက်လုပ်ကာ မင်းကြီးကို စောင့်မျှော်နေစဉ် မင်းကြီးပြန်လာသည်ကို မြင်လတ်၍ “အရှင်မင်းကြီး.. အရှိန်အဝါမဲ့မည်မျှကို ကြောက်သဖြင့် အဘယ့်ကြောင့် ဤသို့ အပင်ပန်းခံတော်မူရသနည်း”ဟု ပြောဆို ခရီးဦးကြိုကာ မင်းကြီးကို ဆီး၍ခံလင့်လေသည်။ မင်းကြီးသည် ထိုအကြောင်းကို မပြောကြားပဲ မြို့သို့ရောက်၍ နံနက်စာ စားပြီးလတ်သော် မြို့တော်ဝန်ကို ခေါ်စေ၍ ထို(ဘီလူးနှင့် ကတိကဝတ်ထားခဲ့ရသော) အကြောင်းကို လျှို့ဝှက်စွာ ပြောကြားလေ၏။

၂၆၀

     မြို့တော်ဝန်က “အရှင်မင်းကြီး.. အသို့နည်း (ဘယ့်နှယ်လဲ) အချိန်အပိုင်းအခြားကို ပြုအပ်ခဲ့ပါ၏လော”ဟု မေးလေလျှင် မင်းကြီးသည် “မပြုခဲ့မိပေ အချင်း..”ဟု ပြောဆိုလေ၏။ ထိုအခါ မြို့တော်ဝန်သည် “အရှင်မင်းကြီး.. အလုပ်ဖြင့် မှားခဲ့လေပြီ၊ မှန်၏- ဘီလူးတို့သည် ပိုင်းခြားအပ်သမျှကိုသာ ရနိုင်ကုန်၏၊ (ယခုလို) အပိုင်းအခြား မထားအပ်သော်ကား ဇနပုဒ်တခုလုံး၏ အန္တရာယ် အနာရောဂါ ဖြစ်ချေတော့မည်၊ အရှင်မင်းကြီး.. ရှိပါစေတော့၊ ဤကဲ့သို့ အရှင်မင်းကြီး ပြုမှားခဲ့သော်လည်း ကြောင့်ကြမဲ့သာ သင်မင်းကြီးသည် မင်းစည်းစိမ်ချမ်းသာကို ခံစားသုံးဆောင်တော်မူပါ၊ အကျွန်ုပ်သည်ပင် ဤအရာ၌ ပြုလုပ်ရွက်ဆောင်သင့်သမျှကို ရွက်ဆောင်ပြုလုပ်ပါတော့မည်”ဟု လျှောက်ထားပြီးလျှင် မြို့တော်ဝန်သည် စောစောထ၍ ထောင်သို့ သွားပြီးလျှင် အသတ်ခံရမည့် ရာဇဝတ်သားများကို ရည်ရွယ်ကာ “အသက်ရှင်လိုသူသည် ထွက်ခဲ့လော့”ဟု ပြောဆိုလေ၏။

     ပဌမရှေးဦးစွာ ထွက်လာသော ရာဇဝတ်သားကို အိမ်သို့ ခေါ်ဆောင်သွားပြီး ရေမိုးချိုးပေး ထမင်းကျွေးပြီးနောက် “ဤထမင်းချက်အိုးကို ဘီလူးအား သွားရောက်ပေးလော့”ဟု ပြောဆိုကာ လွှတ်လိုက်လေ၏။ ထိုရာဇဝတ်သားကို ပညောင်ပင်ရိပ်အတွင်း ဝင်မိလျှင် ဝင်မိချင်းပင် ဘီလူးသည် အလွန်ကြောက်မက်ဖွယ်သော ကိုယ်အတ္တဘောကို ဖန်ဆင်း၍ ကြာစွယ်ကြာရင်းပမာ ကျွတ်ကျွတ်ဝါး၍ စားလေတော့၏။

အထူးမှတ်ရန်မှာ.. ဘီလူးများ၏ တန်ခိုးအာနုဘော်ကြောင့် လူတို့၏ ဆံပင်-စသည်တို့ကို အစပြုကာ တကိုယ်လုံးသည် ထောပတ်ဆီဥခဲကဲ့သို့ ဖြစ်သတဲ့။

     အာဠ၀ကဘီလူးအတွက် အစာကိုယူစေ၍ လိုက်ပါသွားကြရသော အစောင့်မင်းချင်း ယောက်ျားတို့သည် ထိုကဲ့သို့ ဘီလူးက ရာဇဝတ်သားကို ကျွတ်ကျွတ်ဝါး၍ စားအပ်သည်ကို တွေ့မြင်ကြရ၍ ကြောက်လန့်ကြပြီးလျှင် အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့အား ထိုအကြောင်းကို ပြောကြားကြလေကုန်၏။ ထိုအချိန်မှစ၍

၂၆၁

“မင်းကြီးသည် ခိုးသူများကို ဖမ်းပြီးလျှင် ဘီလူးအား ပေးသတဲ့”ဟု သတင်းပြန့်နှံ့ကာ လူအပေါင်းတို့သည် ခိုးမှုမှ ရှောင်ကြဉ်ကြလေကုန်၏။

     ထိုမှ နောက်တချိန်ဝယ် ခိုးသူအသစ်တို့ မရှိခြင်းကြောင့်၎င်း, ခိုးသူအဟောင်းတို့ ကုန်ခြင်းကြောင့်၎င်း ထောင်အိမ်များသည် ခိုးသူတို့မှ ဆိတ်သုဉ်းကုန်လေသော် မြို့တော်ဝန်သည် မင်းကြီးအား ထိုအကြောင်းကို လျှောက်ထားလေ၏။ မင်းကြီးသည် “တစုံတယောက်သောသူသည် လိုချင်သဖြင့် ကောက်ယူကောင်း ကောက်ယူလေရာ၏”ဟု ကြံစည်ကာ မိမိ၏ ရွှေငွေဥစ္စာကို မြို့တော်လမ်းမတို့၌ ချထားစေ၏၊ ထိုရွှေငွေဥစ္စာကို ခြေဖြင့်သော်လည်း တဦးတယောက်မျှ မတို့မထိချေ။

     အာဠ၀ကမင်းသည် ဤနည်းဖြင့်လည်း ခိုးသူတို့ကို မရနိုင်သည်ရှိသော် အမတ်တို့အား ထိုအကြောင်းကို ဖွင့်ဟတိုင်ပင် ပြောဆိုလေ၏။ အမတ်တို့သည် “အိမ်စဉ်အတိုင်း လူအို တယောက် တယောက်ကို ပို့စေကြကုန်အံ့၊ ထိုလူအိုသည် ပကတိသဘောအားဖြင့်လည်း သေမင်း၏ခံတွင်းဝ၌ ရောက်နေသူဖြစ်သည်”ဟု အကြံပေးစကား ပြောကြားကြလေသော် မင်းကြီးက “မှူးမတ်တို့.. ထိုသို့ပြုလျှင် လူများအပေါင်းသည် ‘ငါတို့၏အဖကို ဘီလူးထံ ပို့ရက်ပေသည်၊ ငါတို့၏အဖိုးကို ဘီလူးထံ ပို့ရက်ပေသည်’ဟု တုန်လှုပ်ချောက်ချားမှုကို ပြုကြပေလိမ့်မည်၊ သင်တို့သည် ထိုကဲ့သို့ လူအိုများကို ဘီလူးစာကျွေးရန် အစီအမံကို မနှစ်သက်ကြပါလင့်”ဟူ၍ မိန့်ကြားကာ အဆိုကို တားမြစ်လေ၏။

     ထိုအခါ အမတ်များက တနည်းပြောင်း၍ “အရှင်မင်းကြီး.. ထိုသို့ဖြစ်လျှင် ပုခက်အတွင်း ပက်လက်အိပ်သောအရွယ် ကလေးငယ်များကို တနေ့လျှင် တယောက်ကျ ပို့စေကြကုန်အံ့၊ မှန်၏- ထိုသို့ ပက်လက်အိပ်သောအရွယ် ကလေးသူငယ်များမှာ ‘ငါ့အမေတည်း၊ ငါ့အဖေတည်း’ဟု ချစ်ခင်မှုမရှိသေးပါ”ဟု အကြံပေးစကား လျှောက်ထားကြလေသော် မင်းကြီးသည်

၂၆၂

သဘောတူ ခွင့်ပြုလေတော့၏။ မှူးမတ်တို့သည် ထိုအတိုင်း စီမံပြုလုပ်ကြကုန်၏။

     ရွှေမြို့တော်အတွင်း၌ ကလေးမိခင်များသည် မိမိတို့ကလေးများကို ယူဆောင်၍၎င်း, ကိုယ်ဝန်ဆောင် မိန်းမများသည် ထွက်ပြေးတိမ်းရှောင်၍၎င်း တိုင်းတပါး၌ မိမိတို့သားငယ်ကလေးများကို ကြီးထွားစေ၍ လူလားမြောက်မှ တဖန် အာဠဝီပြည်သို့ ခေါ်ဆောင်ကာ ပြန်လာကြကုန်၏။

     ဤသို့လျှင် အာဠဝီပြည်ဝယ် နေ့စဉ် နေ့စဉ် ဘီလူးစာကျွေး၍ နေရသည်မှာ အချိန်အားလုံးကို ပေါင်းလိုက်လျှင် ဆယ့်နှစ်နှစ်ကြာအခါသို့ ရောက်ခဲ့လေပြီ။ ထိုအခါ တနေ့သ၌ တမြို့လုံးကို လှည့်လည်ရှာဖွေသော်လည်း ကလေးသူငယ် တယောက်ကိုမျှ မရရှိသောကြောင့် မင်းချင်းတို့က “အရှင်မင်းကြီး.. ရွှေနန်းတော် အတွင်းဝယ် အရှင်မင်းကြီး၏သားတော် အာဠ၀ကမင်းသားကိုထား၍ မြို့တွင်းမှာဖြင့် ကလေးသူငယ်ဟူ၍ မရှိတော့ပါ”ဟု မင်းကြီးအား လျှောက်ထားကြလေလျှင် မင်းကြီးသည် “ငါ့သားကို ငါချစ်အပ်သကဲ့သို့ ဤအတူ ခပ်သိမ်းသော လူအပေါင်းသည်ပင် မိမိတို့သားကို မိမိတို့ ချစ်အပ်ပေသည်၊ သို့သော်လည်း လောက၌ မိမိထက် ချစ်အပ်သူဟူ၍ မရှိ၊ အမောင်တို့.. သွားကြလော့၊ ထိုငါ၏သားတော် အာဠဝကမင်းသားကိုလည်း ဘီလူးအားပေး၍ အသက်ကို စောင့်ရှောက်ကြလော့”ဟု မိန့်ကြားပြောဆိုလေ၏။

     ထိုအချိန်၌ အာဠ၀ကမင်းသားကလေး၏ မယ်တော်မိဖုရားကြီးသည် မိမိ၏သားကို နံ့သာရေမိုး ချိုးစေပြီးလျှင် တန်းဆာဆင်ကာ ဘွဲ့ဖြူအဝတ်နု၌ ထွေးထားမှုပြုကာ မိမိရင်ခွင်ထက်၌သိပ်၍ ထိုင်နေဆဲဖြစ်လေသည်။ မင်းချင်းယောက်ျားများသည် မင်းကြီး၏ အမိန့်အာဏာဖြင့် ထိုမိဖုရားကြီးသားတော်ကို ရင်ခွင်၌သိပ်၍ ထိုင်နေရာအရပ်သို့ သွားရောက်ကြပြီးလျှင် မိဖုရားကြီးနှင့်တကွ မောင်းမပေါင်း တသောင်းခြောက်ထောင်တို့ ငိုကြွေးမြည်တမ်းကြစဉ်ပင် အထိန်းတော်ကြီးနှင့်တကွ

၂၆၃

ထိုအာဠဝက မင်းသားကလေးကို ယူဆောင်၍ “နက်ဖြန်ခါ ဤမင်းသားကလေးသည် ဘီလူးအစာ ဖြစ်ရပေတော့မည်”ဟု ပြောဆိုကြကာ ဖဲသွားကြလေကုန်၏။

မြတ်စွာဘုရားရှင် အာဠဝီပြည်သို့ ကြွတော်မူခြင်း

     ထိုနေ့၌ပင် မြတ်စွာဘုရားရှင်သည် နံနက်မိုးသောက်ထအခါ စောစောထတော်မူ၍ ဇေတဝန်ကျောင်းတိုက်တော်ကြီးအတွင်း ဂန္ဓကုဋီကျောင်းတော်၌ မဟာကရုဏာသမာပတ်ကို ၀င်စားတော်မူပြီးနောက် တဖန် (အာသယာနုသယဉာဏ် ဣန္ဒြိယပရောပရိယတ္တိဉာဏ် တည်းဟူသော) ဗုဒ္ဓစက္ခုတော်အစုံဖြင့် ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ သတ္တဝါလောကကို ကြည့်ရှုတော်မူလတ်သော်-

(၁) အာဠဝကမင်းသားကလေး၏ အနာဂါမိဖိုလ်သို့ ရရောက်ကြောင်း ရှေးကောင်းမှု ကုသိုလ်ကို၎င်း၊

(၂) အာဠ၀ကဘီလူး၏ သောတာပတ္တိဖိုလ်သို့ ရရောက်ကြောင်း ရှေးကောင်းမှု ကုသိုလ်ကို၎င်း၊

(၃) တရားဒေသနာနိဂုံး ဆုံးလတ်သောအခါ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့၏ သစ္စာလေးပါး တရားသိမြင်မှု ဓမ္မစက္ခုကို ရရောက်ကြောင်း ရှေးကောင်းမှု ကုသိုလ်ကို၎င်း-

ဤအကြောင်းထူးသုံးရပ်ကို မြင်တော်မူရကား ထိုညဉ့်ကုန်ကင်း မိုးလင်းသောအခါ နံနက်ခင်း၌ ပြုလုပ်ဖွယ်ရာ ဗုဒ္ဓကိစ္စကို ပြုလုပ် ရွက်ဆောင်တော်မူပြီး၍ နေလွဲအခါ ပြုလုပ်ရမည့် ဗုဒ္ဓကိစ္စ မပြီးဆုံးသေးမီ လကွယ်နေ့ နေဝင်သောအချိန်၌ အဖော်မမှီး ကိုယ်တော်မြတ် တပါးတည်းသာလျှင် သပိတ်သင်္ကန်းကို ယူဆောင်တော်မူကာ ခြေလျင်ကြွချီတော်မူခြင်းဖြင့် သာဝတ္ထိပြည်မှ ယူဇနာ သုံးဆယ်တို့တိုင်တိုင် ကြွတော်မူ၍ အာဠ၀ကဘီလူး၏ ဘုံဗိမာန် အရာမ်အတွင်းသို့ ဝင်တော်မူလေ၏။

၂၆၄

     ဤ၌ မြတ်စွာဘုရားသည် ပညောင်ပင်၏အနီးဝယ် လူသာမန်တို့ မမြင်နိုင်သည့် အာဠ၀ကဘီလူး၏ ဗိမာန်၌ နေတော်မူသလော၊ သို့မဟုတ် ပညောင်ပင်ရင်း၌ နေတော်မူသလော၊ အဘယ်၌ နေတော်မူသနည်းဟူမူ- ဘီလူး၏ ဗိမာန်၌ပင် နေတော်မူ၏။ ထင်ရှားစေဦးအံ့- ဘီလူးတို့သည် မိမိတို့၏ ဘုံဗိမာန်ကို မြင်ကြသကဲ့သို့ ထို့အတူ မြတ်စွာဘုရားရှင်သည်လည်း မြင်တော်မူ၏။ သို့ရကား မြတ်စွာဘုရားရှင်သည် အာဠ၀ကဘီလူး၏ ဗိမာန်ရှိရာသို့ ကြွသွားတော်မူပြီးလျှင် ဗိမာန်တံခါးဝ၌ ရပ်တည်တော်မူလေ၏။

     ထိုအချိန်၌ အာဠ၀ကဘီလူးကား ဟိမဝန္တာတောင်ဝယ် ဘီလူးတို့၏ အစည်းအဝေးသို့ သွားရောက်နေလေပြီ၊ ထို့ကြောင့် အာဠဝကဘီလူး၏ တံခါးစောင့်ဖြစ်သော ဂဒြဘ-မည်သော ဘီလူးသည် မြတ်စွာဘုရားထံတော်သို့ သွားရောက်ရှိခိုးပြီးလျှင် ဂဒြဘနှင့် မြတ်စွာဘုရားတို့ စကားအချီအချ ပြောဆိုကြသည်မှာ-

(ဂဒြဘ) ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဘုန်းတော်သခင် ရှင်ပင်ဘုရားသည် နေဝင်သောအခါမှ ကြွလာတော်မူပါသလော။

(ဗုဒ္ဓ) အိမ်း.. ဂဒြဘ.. ငါဘုရားသည် နေဝင်သောအခါမှပဲ ကြွလာပေသည်၊ အကယ်၍ သင့်အား ဝန်မလေးလျှင် ငါဘုရားသည် အာဠ၀ကဘီလူး၏ ဗိမာန်၌ ယနေ့တညဉ့်မျှ နေလိုသည်။

(ဂဒြဘ) ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်၏အဖို့မှာ ဝန်မလေးပါ။ သို့သော်လည်း ထိုအာဠဝကဘီလူးသည် ခက်ထန်ကြမ်းတမ်းလှဘိ၏။ မိဖတို့အားသော်မှ ရှိခိုးမှု-စသည်ကို မပြုပါချေ၊ သို့ရကား ဘုန်းတော်သခင် ရှင်တော်ဘုရားသည် ဤအာဠ၀ကဘီလူး၏ ဗိမာန်၌ နေထိုင်ရခြင်းကို နှစ်သက်တော်မမူပါလင့်ဘုရား။

၂၆၅

(ဗုဒ္ဓ) ဂဒြဘ.. ငါဘုရားသည် ထိုအာဠ၀ကဘီလူး၏ ခက်ထန်ကြမ်းတမ်းမှုကို သိပေ၏။ ငါဘုရားမှာ အန္တရာယ်မျိုး တစိုးတစိ ဖြစ်လိမ့်မည်မဟုတ်၊ အကယ်၍ သင့်အား ဝန်မလေးလျှင် ငါဘုရားသည် အာဠ၀ကဘီလူး၏ ဗိမာန်၌ ယနေ့တညဉ့်မျှ နေလိုသည်။

(ဂဒြဘ) ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အာဠဝကဘီလူးသည် ရဲရဲပြောင်ပြောင် မီးစွဲလောင်သည့် သံအိုးကင်းနှင့်တူသူ ဖြစ်ပါသည်၊ သူကား အမိအဖဟူ၍၎င်း, ရဟန်းပုဏ္ဏားတို့ဟူ၍၎င်း, တရားဟူ၍၎င်း လုံးဝ မသိနားမလည်သူ ဖြစ်ပါသည်၊ ဤဘုံဗိမာန်သို့ ရောက်ရှိလာသူတို့၏ စိတ်ပြန့်လွင့်သွားအောင်လည်း ပြုတတ်ပါသည်။ နှလုံးသားကိုသော်လည်း ဖောက်ခွဲပစ်တတ်ပါသည်။ ခြေနှစ်ချောင်းတို့ကိုကိုင်၍ သမုဒြာတဖက်၌သော်၎င်း, စကြဝဠာတိုက် တဖက်၌သော်၎င်း ပစ်လွှင့်တတ်သူ ဖြစ်ပါသည်။

(ဗုဒ္ဓ) ဂဒြဘ.. ဤအကြောင်းများကို ငါဘုရား သိပါသည်။ အကယ်၍ သင့်အား ဝန်မလေးလျှင် ငါဘုရားသည် အာဠ၀ကဘီလူး၏ ဗိမာန်၌ ယနေ့တညဉ့်မျှ နေလိုပေသည်။

(ဂဒြဘ) ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်၏အဖို့မှာ ဝန်မလေးပါ၊ သို့သော်လည်း ထိုအာဠ၀ကဘီလူးသည် မိမိအား မပြောကြားပဲ ခွင့်ပြုသောအကျွန်ုပ်ကို သတ်မူ သတ်လေရာပါ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. (သို့ဖြစ်ရကား) အကျွန်ုပ်သည် ထိုအာဠ၀ကဘီလူးအား အကြောင်းအကျိုးကို သွားရောက် ပြောကြားပါရစေဦး။

(ဗုဒ္ဓ) ဂဒြဘ.. သင်စိတ်ချမ်းသာသောအတိုင်းပင် ပြောကြားလေလော့။

၂၆၆

(ဂဒြဘ) ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ထိုသို့ဖြစ်လျှင် ရှင်ပင်ဘုရားသည်ပင် နေသင့် မနေသင့် စဉ်းစား ဆင်ခြင်တော်မူပါလော့-

ဂဒြဘသည် ဤကဲ့သို့ ပြောကြားပြီးလျှင် မြတ်စွာဘုရားရှင်ကို ရှိခိုးပြီးနောက် ဟိမဝန္တာသို့ ရှေးရှု ဖဲခဲ့လေ၏။ အာဠ၀ကဘီလူး၏ ဗိမာန်တံခါးသည်လည်း မည်သူတဦးတယောက်မျှ မဖွင့်ရ၊ သူ့အလိုလို ပွင့်၍လာလေ၏၊ မြတ်စွာဘုရားရှင်သည် ဗိမာန်တွင်းသို့ ဝင်တော်မူပြီးလျှင် အလွန်ထင်ရှားသော မင်္ဂလာနေ့ရက်စသည်များ၌ အာဠ၀ကဘီလူးထိုင်နေကာ နတ်စည်းစိမ်ကိုခံစားရာ နတ်၌ဖြစ်သော ရတနာပလ္လင်၌ ထိုင်နေတော်မူ၍ ရွှေရောင်အဆင်း ဝါဝင်းသော ပီတရောင်ခြည်တော်ကို လွှတ်တော်မူလေ၏။

     ထိုပီတရောင်ခြည်တော်ကို ဖူးမြော်ကြရ၍ ဘီလူး၏ မောင်းမမိဿံ အခြွေအရံ ဘီလူးမများသည် စုရုံးလာရောက်ကြကာ မြတ်စွာဘုရားရှင်ကို ရှိခိုးကြပြီးလျှင် ဝန်းဝိုင်းခြံရံလျက် ထိုင်နေကြကုန်၏။ မြတ်စွာဘုရားရှင်သည် “ယက္ခိနီ ဒါယိကာမတို့.. သင်တို့သည် ရှေးအခါက အလှူဒါန ပေးလှူခဲ့ကြ၍ သီလကို ဆောက်တည်ခဲ့ကြ၍ ပူဇော်ထိုက်သူကို ပူဇော်ခဲ့ကြ၍ ဤနတ်စည်းစိမ်ကို ရောက်ရှိ ခံစံကြရကုန်ပြီ၊ ယခုအခါ၌လည်း ထိုရှေးအတူသာလျှင် ပြုကြလော့၊ တယောက်သည် ကယောက်ကို မနာလိုခြင်း = ဣဿာ တရား, ဝန်တိုခြင်း = မစ္ဆရိယတရားတို့ လွှမ်းမိုးနှိပ်စက်ကြကာ မနေကြကုန်လင့်” ဤသို့ အစရှိသည်ဖြင့် ထိုဘီလူးမတို့အား ပကိဏ္ဏက ဓမ္မကထာ ဒေသနာတရားကို ဟောကြားတော်မူလေ၏။ ဘီလူးမများသည်လည်း မြတ်စွာဘုရားရှင်၏ ချိုမြိန်လှစွာသော တရားသံကို ကြားနာရ၍ ကောင်းကြီးအထောင်တို့ကို ပေးကြပြီးလျှင် မြတ်စွာဘုရားရှင်ကို ဝန်းဝိုင်းခြံရံကြလျက် ထိုင်နေမြဲ ထိုင်နေကြလေကုန်၏။

     ဂဒြဘဘီလူးသည်လည်း ဟိမဝန္တာသို့ရောက်၍ “ဒုက္ခကင်းရှင်း အိုအရှင်အာဠ၀ကဘီလူးမင်း.. ကျွန်ုပ်တိုက်တွန်းပါ၏၊

၂၆၇

သိတော်မူပါလော့၊ အရှင်ဘီလူးမင်း၏ ဗိမာန်၌ မြတ်စွာဘုရားသခင်သည် ကြွရောက်ကာ ထိုင်နေတော်မူပါသည်”ဟု အာဠဝကဘီလူးအား ရိုသေစွာ လျှောက်ထားပြောကြားလေ၏။ ထိုအခါ အာဠ၀ကဘီလူးသည် “သင် ဆိတ်ဆိတ်နေလော့ (=မင်း တိတ်တိတ်နေစမ်းဟု ဆိုလိုသည်)၊ ယခုပင် ပြန်သွားပြီး ပြုလုပ်သင့်သည်ကို ပြုလုပ်မည်”ဟု ဂဒြဘဘီလူးအား အမှတ်သညာကို ပြုလေ၏။

(ဤ၌။ ။အာဠဝကဘီလူးကား အယောနိသောမနသိကာရ = မသင့်မတင့် နှလုံးသွင်းခြင်း ပြင်းထန်လှသဖြင့် သူ့ဗိမာန်အတွင်းသို့ မြတ်စွာဘုရားရှင် ဝင်၍နေတော်မူသည်ကိုပင် ဘီလူးမာန်တက်ကာ ရှက်နိုးလှသောကြောင့် “ဤနတ်ဘီလူးပရိသတ် အလယ်၌ တစုံတယောက်မျှ ထိုအကြောင်းကို မကြားပါစေလင့်”ဟု အောက်မေ့ကာ အသံကျယ်ကျယ် မပြောရန် တားမြစ်လေသည်)။

     ထိုအခါ သာတာဂိရ နတ်ဘီလူးမင်းနှင့် ဟေမဝတ နတ်ဘီလူးမင်း သူငယ်ချင်း (အရိယာနတ်) နှစ်ဦးတို့သည် “မြတ်စွာဘုရားရှင်ကို ငါတို့သည် ဇေတဝန်ကျောင်းတော်၌ပင် ဖူးမြော်ရှိခိုးကြပြီးမှ နတ်ဘီလူး အစည်းအဝေးသို့ သွားကြကုန်အံ့”ဟု တိုင်ပင်ညီညွတ်ကြကာ အခြံအရံ နတ်စစ်သည်တို့နှင့်တကွ အထူးထူးသောယာဉ်တို့ကို စီးနင်းကြကာ ကောင်းကင်ခရီးဖြင့် သွားကြလေကုန်၏။

အထူးအားဖြင့်.. ကောင်းကင်၌ နတ်ဘီလူးတို့အတွက်တာ နေရာတကာ၌ လမ်းခရီးမရှိ၊ ကောင်းကင်၌ တည်ရှိသော နတ်ဗိမာန်တို့ကို ရှောင်လွှဲဖယ်ရှား၍ လမ်းခရီးဖြစ်သင့်သော အရပ်ဖြင့်သာ သွားရာလမ်းခရီး ဖြစ်ရှိလေသည်။

အာဠ၀ကဘီလူး၏ ဗိမာန်သည်ကား မြေပြင်၌တည်၏၊ ကောင်းစွာ လုံခြုံ၏၊ တံတိုင်းဖြင့် ဝန်းရံအပ်၏၊ တံခါး ပြအိုး, တံခါးမုခ်များကို နေရာတကျ ကောင်းစွာတပ်ဆင် စီရင်၍ ထားအပ်ပေ၏။ ဗိမာန်၏ အထက်၌ ကြေးဖြူဇာကွန်ရက်ဖြင့် ဖုံးအုပ်၍ ထားအပ်၏၊ သေတ္တာနှင့်တူ၏၊

၂၆၈

အမြင့်အစောက်အားဖြင့် သုံးယူဇနာရှိလေသည်။ ထိုအာဠဝကဗိမာန်၏ အထက်၌ နတ်ဘီလူးတို့သွားရာ ကောင်းကင်လမ်းခရီးဖြစ်၍ နေ၏။

     သာတာဂိရ နတ်ဘီလူးမင်းနှင့် ဟေမဝတ နတ်ဘီလူးမင်း သူငယ်ချင်း (အရိယာနတ်) နှစ်ဦးတို့သည် ကောင်းကင်လမ်းခရီးဖြင့် ဘုရားဖူးရန် လာကြလေရာ ထို(အာဠဝကဗိမာန်၏အထက် ကောင်းကင်လမ်းခရီး) အရပ်သို့ ရောက်ကြလေလျှင် မသွားနိုင်ပဲ ရှိကြလေကုန်၏။

မှန်၏- မြတ်စွာဘုရားရှင်တို့ ထိုင်နေရာအရပ်၏ အထက်အဖို့၌ ဘဝဂ်တိုင်အောင် တစုံတယောက်မျှ ဖြတ်ကျော်၍ မသွားနိုင်ချေ။

သို့ရကား ထိုသူငယ်ချင်း (အရိယာနတ်မင်း) နှစ်ဦးတို့သည် “ဤသို့ မသွားနိုင်ပဲ ရှိကြရခြင်းသည် အကြောင်းအသို့ရှိသနည်း”ဟု ဆင်ခြင်ကြလေသော် မြတ်စွာဘုရားရှင်ကို ဖူးမြင်ကြရ၍ ကောင်းကင်၌ ပစ်အပ်သောခဲကဲ့သို့ မြေသို့သက်ဆင်းကြပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးကြပြီးနောက် တရားတော်ကို နာကြားကြ၍ လက်ျာရစ်လှည့်ကြကာ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်တို့သည် နတ်ဘီလူးအစည်းအဝေးသို့ သွားကြပါဦးမည်ဘုရား”ဟု ခွင့်ပန်စကား လျှောက်ထားကြပြီးသော် ရတနာသုံးပါး၏ ကျေးဇူးဂုဏ်တို့ကို ချီးမွမ်းပြောဆိုကြလျက် နတ်ဘီလူးများစည်းဝေးရာ ဟိမဝန္တာသို့ သွားကြလေကုန်၏။

     အာဠ၀ကဘီလူးသည် ထိုသူငယ်ချင်း (အရိယာနတ်မင်း) နှစ်ဦးကို မြင်လေလျှင် “ဤနေရာ၌ ထိုင်တော်မူကြပါ”ဟု ဖိတ်မန်စကား ပြောကြားကာ နေရာဖယ်၍ ပေးလေ၏။

အာဠ၀ကဘီလူး ဒေါသအမျက် ပြင်းစွာထွက်ခြင်း

     ထိုသူငယ်ချင်း (အရိယာနတ်မင်း) နှစ်ဦးတို့သည် “အမောင်အာဠ၀က.. အမောင်၏ ဘုံဗိမာန်၌ မြတ်စွာဘုရားရှင် ကြွရောက် နေထိုင်တော်မူဆဲရှိ၏၊ သို့ရကား အမောင်သည် အရတော်လေစွာ့၊

၂၆၉

အမောင်အာဠဝက.. သွားပါလော့၊ မြတ်စွာဘုရားရှင်ကို ဆည်းကပ်ပါလော့”ဟု အာဠ၀ကဘီလူးအား ပြောကြားသိစေကြကုန်၏။

(သဒ္ဓါတရားမရှိသူ၏အဖို့ရာ သဒ္ဓါနှင့်စပ်သော တရားစကားသည် နားကြားပြင်းကပ်ဖွယ်သာဖြစ်၍ နေ၏။ သီလမရှိသူ၏အဖို့ရာ သီလနှင့်စပ်သော တရားစကားသည် နားကြားပြင်းကပ်ဖွယ်သာဖြစ်၍ နေ၏။ ဗဟုသုတမရှိသူ၏အဖို့ရာ ဗဟုသုတနှင့်စပ်သော တရားစကားသည် နားကြားပြင်းကပ်ဖွယ်သာ ဖြစ်၍နေ၏။ စေးနဲဝန်တို မပေးလိုသော သူ၏အဖို့ရာ စွန့်ကြဲပေးကမ်း လှူဒါန်းမှု = စာဂနှင့်စပ်သော တရားစကားသည် နားကြားပြင်းကပ်ဖွယ်သာ ဖြစ်၍နေ၏။ ပညာမရှိသူ၏အဖို့ရာ ပညာနှင့်စပ်သော တရားစကားသည် နားကြားပြင်းကပ်ဖွယ်သာ ဖြစ်၍နေ၏)။

     ထိုသူငယ်ချင်း (အရိယာနတ်မင်း) နှစ်ဦးတို့ ပြောဆိုအပ်သည့် သဒ္ဓါတရားဖြစ်ဖွယ်ရာ မြတ်စွာဘုရား၏ အကြောင်းအရာနှင့်စပ်သော စကားရပ်များသည် သဒ္ဓါတရားမရှိသူ အာဠဝကဘီလူး၏ အဖို့မှာမူ နားကြားပြင်းကပ်ဖွယ်သာ ဖြစ်၍နေရကား ထိုနတ်မင်းနှစ်ဦးတို့အထံမှ မြတ်စွာဘုရားအား ချီးမွမ်းပြောဆိုသော စကားကို ကြားရလေလျှင် သဒ္ဓါတရားမရှိသူ အာဠဝကဘီလူးသည် မီး၌ ပစ်ချအပ်သော ဆားခဲကဲ့သို့ အတွင်း၌ ဒေါသအမျက် ခြောင်းခြောင်း ထွက်သဖြင့် တဖျစ်ဖျစ်မြည်သော စိတ်နှလုံးရှိလျက် “ငါ့ဗိမာန်အတွင်းသို့ ဝင်ရောက်နေထိုင်သည့် မြတ်စွာဘုရားရှင်ဆိုသူသည် ဘယ်လိုလူစားမျိုးနည်း”ဟု အမျက်ထွက်စကား ပြောကြားလေသည်။

     ထိုအခါ နတ်မင်းနှစ်ဦးတို့က “အမောင်အာဠဝက.. အမောင်သည် ငါတို့၏ဆရာ မြတ်စွာဘုရားရှင်ကို မသိဘူးလော၊ (အလွန်ထင်ရှားမြင့်မြတ်သည့် ပုဂ္ဂိုလ်တဆူ ဖြစ်တော်မူပါသည်)။ ယင်း ငါတို့ဆရာ မြတ်စွာဘုရား အလောင်းတော်သည် တုသိတာနတ်ပြည်၌ တည်နေစဉ်ကပင် ကြည့်ခြင်းကြီးငါးပါးကို ကြည့်တော်မူ၍ (ဤသို့ အစရှိသောနည်းဖြင့် ဓမ္မစကြာတရား ဟောကြားတော်မူသော အကြောင်းအရာတိုင်အောင် ပြောကြားကြလျက်

၂၇၀

ပဋိသန္ဓေ တည်နေတော်မူခြင်း စသည်ဖြင့် ပုဗ္ဗနိမိတ်ကြီး သုံးဆယ့်နှစ်ပါးတို့ ထင်ရှားဖြစ်ပေါ်လာပုံ အကြောင်းအရာများကို အပြည့်အစုံ ဖော်ပြ ပြောဆိုကြပြီးလျှင်) အမောင်အာဠဝက.. အမောင်သည် ဤအံ့ဖွယ်သရဲ ထူးကဲသော ပုဗ္ဗနိမိတ်ကြီးတို့ကိုလည်း မမြင်လိုက်ဘူးလော”ဟု စောထောက်စစ်ဆေး မေးမြန်းကြလေ၏။ အာဠဝကဘီလူးသည် ထိုပုဗ္ဗနိမိတ်ကြီးများကို မြင်ရပါလျက်လည်း အမျက်ကောဓ၏ အလိုသို့လိုက်ပါကာ “ငါမမြင်လိုက်ပါ”ဟု ကွယ်ဝှက်စကား ပြောကြားလေသည်။

     ထိုအခါ နတ်မင်းနှစ်ဦးတို့သည် မခံချိမခံသာ ဖြစ်ကြကာ “အမောင်အာဠဝက.. အမောင်မြင်သည်ဖြစ်စေ, မမြင်သည်ဖြစ်စေ မြင်သောအမောင်ဖြင့်၎င်း, မမြင်သော အမောင်ဖြင့်၎င်း, အဘယ်အကျိုးရှိအံ့နည်း၊ အမောင်သည် ငါတို့ဆရာ မြတ်စွာဘုရားအား အဘယ်အမှုကို ပြုနိုင်ချိမ့်မည်နည်း၊ အမောင်ကား ငါတို့ဆရာ မြတ်စွာဘုရားကို ထောက်ဆလျှင် (က) လည်ဘို့ တလှုပ်လှုပ်ရှိသော ဥသဘနွားလားကြီး၏ အနီး၌ ယနေ့မွေးဖွားသော နွားသူငယ်ကဲ့သို့၎င်း, (ခ) နှာမောင်း, သိုဖျား, နား တည်းဟူသော = သုံးဌာနမှ မုန်ကျယိုစီး ဆင်ပြောင်ကြီး၏ အနီး၌ ယနေ့ဖွားသစ်စ ဆင်ငယ်ကလေးကဲ့သို့၎င်း, (ဂ) အရောင်တောက်ပ ဖားဖားကျသည့် လည်မင်ဆံဖြင့် တင့်တယ်မောက်လုံး ကျောက်ပခုံးရှိသော ကေသရာခြင်္သေ့မင်း အနီး၌ ကြက်သရေယွင်းယို မြေခွေးအိုကဲ့သို့၎င်း, (ဃ) ယူဇနာ တရာ့ငါးဆယ် ဖြိုးကြွယ်သော ကိုယ်ရှိသည့် ဂဠုန်ငှက်မင်းအနီး၌ အတောင်ကျိုးပျက် ကျီးကန်းငှက်ငယ်ကဲ့သို့၎င်း ထင်ချေ၏၊ သွားလော့ သင်ပြုဖွယ် ရှိသည်ကို ပြုလော့”ဟု ပြောဆိုကြလေသော် အာဠ၀ကဘီလူးသည် အမျက်ခြောင်းခြောင်းထွက်ကာ မိမိနေရာမှ ထသွား၍ ဆေးဒန်းမြင်းသီလာ ကျောက်ဖျာအပြင်၌ လက်ဝဲခြေဖြင့် ကြံ့ကြံ့ရပ်တည်ကာ “သင်တို့ဆရာ ဘုရားကပင် တန်ခိုးအာနုဘော် ကြီးသလော၊ ငါကပင် တန်ခိုးအာနုဘော် ကြီးသလော၊ (မည်သူက တန်ခိုးအာနုဘော် ကြီးမြတ်သည်ကို) ယခုပင်

၂၇၁

ကြည့်ကြလော့”ဟု ကြုံးဝါးလျက် လက်ျာဖက်ခြေဖြင့် ယူဇနာခြောက်ဆယ် ပမာဏရှိသော ကေလာသတောင်ထွတ်ကို ဆောင့်၍နင်းလေ၏။ ထိုအခါ ပန်းပဲဖိုအတွင်း၌ မီးပြင်းတိုက်အပ်သော သံတွေခဲသည် ပေပေါ်၌တင်၍ တူဖြင့် ထုခတ်အပ်သည်ရှိသော် သံလွှာမီးပွါးတို့ တဖွားဖွား အလွှာလွှာ ကွာ၍ထွက်သကဲ့သို့ ထို့အတူ ကေလာသတောင်ထွတ်သည်လည်း ကျောက်လွှာကျောက်ချပ်တို့ အထပ်ထပ်ကွာ၍ ထွက်လေ၏။

     အာဠ၀ကဘီလူးသည် ကေလာသတောင်ထွတ်ပေါ်၌ ရပ်တည်လျက် “အာဠဝကဆိုဒါ ငါပဲကွ”ဟု အသံကျယ်စွာ ကြွေးကြော် ဟစ်အော်လေ၏။ ထိုအသံသည် ဇမ္ဗူဒိပ်တကျွန်းလုံးကို ပျံ့နှံ့လွှမ်းမိုး၍ သွားလေသည်။

အသံကြီး လေးမျိုး

     (၁) ဝိဓုရဇာတ်၌ ပုဏ္ဏကဘီလူးစစ်သူကြီး ဓနဉ္စယကောရဗျမင်းကို ကြွေအန်ကစားရာ၌ အောင်နိုင်၍ လက်ပမ်းပေါက် ခပ်ပြီးလျှင် “ငါနိုင်ပြီ ငါနိုင်ပြီ”ဟု ဟစ်အော် ကြွေးကြော်သော အသံ၊ (၂) သိကြားနတ်မင်းသည် ကဿပမြတ်စွာ သာသနာ ဆုတ်ယုတ်သောအခါ၌ ဝိသကြုံနတ်သားကို ခွေးနက်ကြီးယောင် ဆောင်စေ၍ “ငါသည် ယုတ်မာသော ရဟန်းတို့ကို၎င်း, ယုတ်မာသော ရဟန်းမတို့ကို၎င်း, ယုတ်မာသော ဥပါသကာတို့ကို၎င်း, ယုတ်မာသော ဥပါသိကာမတို့ကို၎င်း အဓမ္မဝါဒီပုဂ္ဂိုလ် အလုံးစုံတို့ကို ခဲစားအံ့”ဟူ၍ ဟစ်အော် ကြွေးကြော်စေသော အသံ၊ (၃) ကုသဇာတ်၌ ပဘာဝတီမင်းသမီးကို ရလိုကြသောကြောင့် ခုနစ်ပြည်ထောင်မင်းများ မြို့ကို ဝန်းရံပိတ်ဆို့လတ်သောအခါ ပဘာဝတီမင်းသမီးကို ကိုယ်တော်နှင့်အတူတကွ ဆင်ကျောက်ကုန်းထက်သို့ တင်ဆောင်၍ မြို့မှထွက်ပြီးလျှင် “ခြင်္သေ့မင်းကဲ့သို့ ရဲတင်းစူးရှသောအသံရှိသည့် သီဟဿရ ကုသမင်းမြတ်ဟူသည်မှာ ငါပင်တည်း”ဟု အလောင်းတော် ကုသမင်း၏ ဟစ်အော်ကြွေးကြော်သော အသံ၊ (၄) ယခု ရေးသားဖော်ပြနေဆဲဖြစ်သည့် ကေလာသတောင်ထွတ်၌ ရပ်တည်ကာ “အာဠဝကဆိုဒါ ငါပဲကွ”ဟု

၂၇၂

အာဠဝကနတ်ဘီလူး စစ်သူကြီး၏ ကြုံးဝါးဟစ်အော် ကြွေးကြော်သော အသံ = ဤသို့လျှင် ဇမ္ဗူဒိပ်တကျွန်းလုံးအနှံ့ ကြားသိရသော အသံကြီးတို့သည် လေးမျိုးရှိကုန်၏။ မှန်၏- ထိုအသံကြီးလေးပါးတို့ဖြင့် ကြုံးဝါးဟစ်အော် ကြွေးကြော်သောအခါများက ဇမ္ဗူဒိပ်တကျွန်းလုံး၌ ရှိသမျှသော မြို့ရွာများ၏ တံခါးဝတိုင်း တံခါးဝတိုင်း၌ ရပ်တည်ကာ ကြွေးကြော် ဟစ်အော်အပ်သကဲ့သို့ ထင်ရလေသည်။

     အာဠ၀ကဘီလူး၏ တန်ခိုးအာနုဘော်ကြောင့် ယူဇနာသုံးထောင် အပြန့်ကျယ်သော ဟိမဝန္တာတောင် သည်လည်း တဖိမ့်ဖိမ့် တုန်လှုပ်လေ၏။

     ထို့နောက် အာဠ၀ကဘီလူးသည် (အောက် မဟာဗုဒ္ဓဝင် ဒုတိယတွဲ၊ စာမျက်နှာ ၂၈၇၊ ဒေဝပုတ္တမာရ်ကို အောင်မြင်ခဏ်း၌ ဖော်ပြအပ်ခဲ့သည့်အတိုင်း) လက်နက်ကြီး (၉) ကိုးမျိုးတို့ဖြင့် မြတ်စွာဘုရားရှင်ကို နှောက်ယှက် တိုက်ခိုက်လေတော့သည်၊ (အောက် ဒုတိယတွဲ စာမျက်နှာ ၂၈၇-ကို ပြန်၍ကြည့်ပါ)။ ထိုသို့ လက်နက်ကြီး (၉) ကိုးမျိုးတို့ဖြင့် နှောက်ယှက် တိုက်ခိုက်ပါသော်လည်း မြတ်စွာဘုရားရှင်ကို အရပ်တပါးသို့ ထွက်ခွါပြေးသွားစေခြင်းငှါ မစွမ်းနိုင်ရကား လက်နက်အမျိုးမျိုး စွဲကိုင်ထားသော ရုပ်အဆင်းအမျိုးမျိုးရှိသည့် ဘုတ်ပြိတ္တာအပေါင်းတို့ဖြင့် သောင်းပြောင်းရောယှက်သည့် ကြောက်မက်ဖွယ်ရာ ဆင်, မြင်း, ရထား, ခြေလျင်အားဖြင့် အင်္ဂါလေးပါးရှိသော စစ်တပ်ကြီးဖြင့် မိမိကိုယ်တိုင် ကွပ်ကဲဦးစီးကာ မြတ်စွာဘုရားရှင်သို့ ရှေးရှူတပ်ချီ စစ်တက်၍လာလေ၏။

     ထိုဘုတ်ပြိတ္တာ အပေါင်းတို့သည် ဖောက်ပြန်မှုအမျိုးမျိုး ခြောက်လှန့်မှုအမျိုးမျိုးတို့ကို ပြုလုပ်ကြကာ “ဖမ်းကြလော့၊ သတ်ကြလော့”ဟု ကြွေးကြော်ကြလျက် မြတ်စွာဘုရားရှင်၏အထက် ကောင်းကင်က လွှမ်းမိုး၍လာကြသကဲ့သို့ ဖြစ်ကုန်၏။ သို့သော်လည်း ထိုဘုတ်ပြိတ္တာအပေါင်းတို့သည် လောလောပူသော

၂၇၃

သံတွေခဲသို့ ယင်ကောင် မကပ်ဝံ့သကဲ့သို့ မြတ်စွာဘုရားအနီးသို့ကား မကပ်ဝံ့ပဲ ရှိကြကုန်၏။

     ဤသို့ပင် မကပ်ဝံ့ပဲ ရှိကြသော်လည်း မဟာဗောဓိမဏ္ဍိုင်၌ ဘုရားဖြစ်တော်မူခါနီး ကာလဝယ် ဝသဝတ္တီမာရ်နတ်သည် မာရ်စစ်တပ်ကြီးနှင့် ရောက်ရှိပြီး မကြာမြင့်မီပင် စစ်ရှုံး၍ တပ်ဆုတ်ရသကဲ့သို့ အချိန်ကာလပိုင်း အနည်းငယ်မျှဖြင့် တပ်ဆုတ်မှုကို မပြုပဲ ညဉ့်ထက်ဝက်ကြာ အခါကာလပတ်လုံး နှောက်ယှက်မှု ပြုကြလေကုန်သည်။

ဘွဲ့ဖြူလက်နက်ဖြင့် နောက်ဆုံးပစ်ခတ်ခြင်း

     ဤသို့လျှင် အာဠ၀ကဘီလူးသည် ညဉ့်ထက်ဝက်ကြာ ကာလပတ်လုံး ကြောက်မက်ဖွယ် အာရုံအမျိုးမျိုးကို ပြသဖြင့်လည်း မြတ်စွာဘုရားရှင်ကို တုန်လှုပ်စေခြင်းငှာ မတတ်နိုင်ရကား “ငါသည် မည်သူတဦး တယောက်မျှ မအောင်နိုင်သည့် ဘွဲ့ဖြူနတ်ပုဆိုး လက်နက်ကို ပစ်လွှတ်ရမူ ကောင်းလေစွာ့”ဟု ကြံစည်မိလေ၏။

လက်နက်ကြီး လေးမျိုး

လောက၌ အကြီးမြတ်ဆုံးလက်နက်ကြီး လေးမျိုးတို့ ရှိကြသည်။ ၎င်းတို့မှာ-

(၁) သိကြားမင်း၏ ဝဇိရစိန်လက်နက်၊

(၂) ဝေဿဝဏ်နတ်မင်း၏ သံတင်းပုတ်လက်နက်၊

(၃) ယမမင်း၏ မျက်စောင်းလက်နက်၊

(၄) အာဠ၀ကဘီလူး၏ ဘွဲ့ဖြူနတ်ပုဆိုးလက်နက်တို့ ဖြစ်ကြသည်။

(၁) ချဲ့ဦးအံ့- အကယ်၍ သိကြားမင်းသည် အမျက်ထွက်၍ ဝဇိရစိန်လက်နက်ကို မြင်းမိုရ်တောင်ထိပ်၌ ပစ်လွှတ်လိုက်လျှင် ယူဇနာပေါင်း (၁၆၈၀၀၀) တသိန်း ခြောက်သောင်း ရှစ်ထောင် အစောက်ရှိသော မြင်းမိုရ်တောင်မင်းကို တိုးလျှိုပေါက် ဖောက်ထွင်း၍ အောက်အဖို့ဖြင့် ထွက်သွားလေရာ၏။

၂၇၄

(၂) ဝေဿဝဏ် နတ်မင်းကြီး၏ (ပုထုဇန်ဖြစ်စဉ်) ရှေးယခင်အခါက အမျက်ထွက်၍ ပစ်လွှတ်အပ်သော သံတင်းပုတ်လက်နက်သည် ယက္ခနတ် ထောင်ပေါင်းများစွာတို့၏ ဦးခေါင်းကို တောင်းလောင်းပြတ်ကြွေ ကျစေလျက် တဖန် ဝေဿဝဏ်နတ်မင်း၏ ဟတ္ထပါသ်အတွင်းသို့ ပြန်လာကာ မူလနေရာ၌ တည်လေသည်။

(၃) ငရဲသနင်း ယမမင်း အမျက်ထွက်၍ မျက်စောင်းတချက် ထိုး၍ကြည့်လိုက်လျှင် ကုမ္ဘဏ်နတ် ထောင်ပေါင်းများစွာတို့သည် လောလောပူသော သံအိုးကင်း၌ ထည့်အပ်သော နှမ်းစေ့တို့ကဲ့သို့ တဖျစ်ဖျစ်မြည်ကုန်လျက် ပျက်စီးကြရကုန်၏။

(၄) အာဠ၀ကဘီလူးသည် အကယ်၍ အမျက်ထွက်ကာ ကောင်းကင်သို့ ဘွဲ့ဖြူနတ်ပုဆိုးလက်နက်ကို ပစ်လွှတ်လိုက်လျှင် ဆယ့်နှစ်နှစ်ကြာ မိုးခေါင်လေရာ၏။ အကယ်၍ မြေပေါ်၌ ပစ်ချလိုက်လျှင် အလုံးစုံသော မြက်ပင်သစ်ပင်စသည်တို့ တခါတည်း ခြောက်သွေ့သွားပြီးလျှင် ဆယ့်နှစ်နှစ်အတွင်း၌ တဖန်ပြန်၍ မပေါက်နိုင်ကုန်ရာ။ အကယ်၍ သမုဒြာ၌ ပစ်လွှတ်လိုက်လျှင် လောလောပူသော အိုးကင်း၌ ရေပေါက်ကဲ့သို့ အလုံးစုံသော သမုဒြာရေသည် ခြောက်ခန်းသွားလေရာ၏။ အကယ်၍ မြင်းမိုရ်တောင်နှင့်တူသော တောင်၌မူလည်း ပစ်လွှတ်လိုက်လျှင် အပိုင်းအပိုင်းဖြစ်ကာ ဖရိုဖရဲ ပြိုကွဲပျက်စီးလေရာ၏။

(ဤကား လက်နက်ကြီး လေးမျိုးအကြောင်းတည်း)။

     အာဠ၀ကဘီလူးသည် ဤသို့ ကြံစည်ပြီးနောက် ထိုမျှလောက် အာနုဘော်ကြီးလှသည့် အပေါ်ရုံစုလျားတဘက် ဘွဲ့ဖြူနတ်ပုဆိုးလက်နက်ကို ချွတ်ပြီးလျှင် ငါပစ်လွှတ်တော့မည်ဟု ကိုင်လျက် ရပ်တည်နေလေ၏။

     ထိုအချိန်၌ များသောအားဖြင့် စကြဝဠာတိုက်တသောင်း၌ နေကြသော နတ်အပေါင်းတို့သည် “ယနေ့ မြတ်စွာဘုရားရှင်သည် အာဠ၀ကဘီလူးကြမ်းကို ဆုံးမတော်မူလိမ့်မည်၊ ထိုဆုံးမရာနေရာ၌ ငါတို့သည် တရားနာကြကုန်အံ့”ဟု ကြံစည်ကြကာ လျင်မြန်စွာ စည်းဝေးကြလေကုန်၏။ တရားနာလိုသည့် နတ်များအပြင် စစ်တိုက်ပွဲကို ကြည့်လိုကြသည့် နတ်တို့သည်လည်း စည်းဝေး

၂၇၅

ရောက်လာကြကုန်၏။ ဤသို့လျှင် ကောင်းကင်တခုလုံးသည် နတ်တို့ဖြင့်ပြည့်လျက် နေလေတော့၏။

     ထိုအခါ အာဠ၀ကဘီလူးသည် မြတ်စွာဘုရားရှင်၏ အနီးအပါးဝယ် အထက်အထက် တက်ကာတက်ကာ လှည့်ပတ်သွားလာပြီးလျှင် အပေါ်ရုံ စုလျားတဘက် ဘွဲ့ဖြူနတ်ပုဆိုးလက်နက်ကို မြတ်စွာဘုရားရှင်ရှိရာသို့ ပစ်လွှတ်လိုက်လေ၏။ ထိုအာဠ၀ကဘီလူး ပစ်လွှတ်လိုက်သော ဘွဲ့ဖြူနတ်ပုဆိုး လက်နက်သည် မိုးကြိုးစက်ဝန်းကဲ့သို့ ကောင်းကင်၌ ကြောက်မက်ဖွယ်သော အသံကိုပြုလျက် အခိုးခြောင်းခြောင်းထသည်ဖြစ်၍ အလျှံတပြောင်ပြောင် တောက်လောင်ကာ မြတ်စွာဘုရားရှင်အနီးသို့ ရောက်ရှိလေလျှင် ဘီလူး၏မာန်စွယ် ကျိုးစိမ့်သောငှါ ခြေသုတ်ပုဆိုးဖြစ်၍ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ကျရောက်လေ၏။

     အာဠဝကသည် ထိုအခြင်းအရာကိုမြင်၍ ဦးချိုကျိုးသော နွားလား ဥသဘကဲ့သို့၎င်း, အစွယ်ကို နုတ်အပ်ပြီးသော မြွေဆိုး မြွေဟောက်ကဲ့သို့၎င်း တန်ခိုးကင်းပ ပုရိသမာန်ယစ်ခြင်း အလျှင်းမရှိပဲ မာနတံခွန်ပြုတ်ကျကာ “ဘွဲ့ဖြူနတ်ပုဆိုးလက်နက်သည်လည်း ရဟန်းဂေါတမကို မလွှမ်းမိုး မနှိပ်စက်နိုင်၊ အကြောင်းအသို့နည်း”ဟု စဉ်းစားလတ်သည်တွင် “ရဟန်းဂေါတမသည် မေတ္တာဖြင့်နေခြင်းနှင့် ယှဉ်သူဖြစ်၏။ ဤသည်ပင် အကြောင်းရင်းဖြစ်၏၊ ယခုအခါ ငါသည် ထိုရဟန်းဂေါတမကို ချုတ်ချယ်စကား ပြောကြားပြီးလျှင် မေတ္တာနှင့် ကင်းကွာအောင် ပြုလုပ်ပေအံ့”ဟု ကြံစည်ပြီးနောက် မြတ်စွာဘုရား ကြားလောက်ရာအရပ်သို့ ချဉ်းကပ်၍-

“အို ရဟန်းဂေါတမ.. အဘယ့်ကြောင့် ကျွန်ုပ်အခွင့်ပြုချက် မရရှိပဲ ကျွန်ုပ်၏ ဘုံဗိမာန်အတွင်းသို့ ဝင်ရောက်ကာ အိမ်ရှင်ယောက်ျားကဲ့သို့ မောင်းမမိဿံအပေါင်း၏ အလယ်၌ ထိုင်နေဘိသနည်း၊ အရှင်မပေးအပ်သော သူ့ပစ္စည်းကို သုံးဆောင်ခြင်းသည်၎င်း, မိန်းမတို့နှင့် ရောထွေးယှက်တင် ထိုင်နေခြင်းသည်၎င်း ရဟန်းဖြစ်သူအား မသင့်သည် မဟုတ်ပါလော၊ သို့ရကား

၂၇၆

သင်ရဟန်းဂေါတမသည် အကယ်၍ ရဟန်း တရား၌ တည်သူဖြစ်လျှင် (အို ရဟန်းဂေါတမ.. ယခုပင် ကျွန်ုပ်၏ ဘုံဗိမာန်မှ ထွက်ပါလော့)”-

ဟု ပြောကြားလေ၏။ ။(ဤအာဠ၀ကဘီလူး ပြောဆိုပုံ စကားရပ်စုတွင် ပါဠိတော်၌ ( )ကွင်းအတွင်း စကားလိုရင်းကိုသာ သံဂါယနာ တင်တော်မူကြသည်၊ ကြွင်းသော စကားရပ်စုကား အဋ္ဌကထာ၏ အပြည့်အစုံဖော်ပြချက် ဖြစ်လေသည်)။

     ထိုအခါ မြတ်စွာဘုရားရှင်သည် (ကြမ်းတမ်းသောသူကို အကြမ်းတုံ့မူသဖြင့် ဆုံးမရန် မတတ်နိုင်၊ မှန်၏-ခွေးကြမ်းခွေးဆိုး၏ နှာခေါင်း၌ ဝံသည်းခြေကို ခွဲ၍ ထည့်ပေးလျှင် တိုး၍သာ ကြမ်းတမ်းဆိုးသွမ်းသကဲ့သို့ ထို့အတူ ကြမ်းတမ်း ဆိုးသွမ်းသောသူသည် အကြမ်းတုံ့မူအပ်သည်ရှိသော် တိုး၍သာ ကြမ်းတမ်း ဆိုးသွမ်းလာ၏။ စင်စစ်သော်ကား ကြမ်းတမ်းသောသူကို နူးညံ့သော အစီအရင်ဖြင့်သာ ဆုံးမခြင်းငှါ စွမ်းနိုင်၏ဟူသော ဤဓမ္မသဘာဝအချက်ကို ပိုင်းခြားသိမြင်တော်မူကာ) “ဒကာ အာဠ၀ကဘီလူး.. ကောင်းပါပြီ”ဟု အလွန် ချစ်ဖွယ်သောစကားဖြင့် အာဠဝက၏စကားကို လက်ခံတော်မူကာ ဗိမာန်ပြင်ဖက်သို့ ထွက်ကြွတော်မူလေ၏။

     ထိုအခါ အာဠဝကဘီလူးသည် “ဤရဟန်းဂေါတမသည် ပြောဆို၍ အလွန်လွယ်ကူသူ ဖြစ်ပါပေစွာ့၊ တခွန်းတည်းဖြင့်ပင် ထွက်ရှာလေသည်၊ ဤသို့စဉ် ထွက်စေဖို့ရန် အလွန်လွယ်ကူသော ရဟန်းဂေါတမကို ငါသည် အကြောင်းမဲ့ တညဉ့်လုံး စစ်ထိုးခဲ့မိလေပြီ”ဟု နူးညံ့သောစိတ်ရှိသူ ဖြစ်လာပြီးလျှင် တဖန် “ယခုလည်း ဧကန်ဧက မသိနိုင်သေး၊ ပြောဆို၍ လွယ်ကူသူ ဖြစ်သောကြောင့်တည်း ထွက်လေသလော၊ သို့မဟုတ် အမျက်ထွက် = စိတ်ဆိုး၍တည်း ထွက်လေသလော၊ ယခုအခါ ငါ သူ့ကို စုံစမ်းဦးအံ့”ဟု ကြံစည်ပြီးလျှင် “အို ရဟန်းဂေါတမ.. ဝင်လိုက်ဦး”ဟု ပြောဆိုလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် အာဠဝက၏ စိတ်သန္တာန်၌ “ပြောဆို၍ အလွန်လွယ်ကူသော ရဟန်းကြီးပါပဲ”ဟု နူးညံ့သော

၂၇၇

စိတ်ထားဖြင့် ပိုင်းခြားဆုံးဖြတ်မှု ပြုစိမ့်သောငှါ “ဒကာ အာဠဝကဘီလူး.. ကောင်းပါပြီ”ဟု တဖန် ချစ်ဖွယ်သောစကားကို မိန့်ကြားတော်မူကာ ဗိမာန်တွင်းသို့ ဝင်ကြွတော်မူပြန်လေ၏။

     အာဠ၀ကဘီလူးသည် အဖန်ဖန် အထပ်ထပ် ပြောဆို၍ လွယ်ကူသောသူ ဟုတ်မဟုတ်ကို စုံစမ်းလိုသည်ဖြစ်၍ နှစ်ကြိမ်မြောက်၎င်း, သုံးကြိမ်မြောက်၎င်း “ထွက်လိုက်ဦး၊ ဝင်လိုက်ဦး”ဟု ပြောဆိုလေသည်။ မြတ်စွာဘုရားရှင်သည်လည်း အာဠဝက၏စိတ် နူးညံ့သည်ထက် နူးညံ့လာအောင် သူပြောတိုင်းပင် လိုက်နာပြုကျင့်တော်မူလေသည်။ (မဟာကရုဏာတော် ကြီးမြတ်တော်မူပါပေစွာ့။) အကယ်၍ ဘီလူးဆိုတိုင်း မလိုက်နာ မပြုကျင့်လျှင် ပင်ကိုယ်က ကြမ်းတမ်းသော ဘီလူး၏စိတ်သည် တိုး၍ တိုး၍ ကြမ်းတမ်းလာကာ တရားဒေသနာ၏တည်ရာ မဖြစ်နိုင်လေရာ၊ ထို့ကြောင့် လောကဥပမာအားဖြင့် ငိုကြွေးမြည်တမ်း ဆိုးသွမ်းနေသော သားငယ်ဆိုးကလေးကို သူအလိုရှိရာ ပေး၍၎င်း, အကြိုက်လိုက်နာ ပြုလုပ်၍၎င်း လိမ္မာအောင် စောင့်ရှောက် ချီးမြှောက်သကဲ့သို့ ထို့အတူ (လောကသုံးပါး၏ မိခင်ကြီး ဖြစ်တော်မူသော) မြတ်စွာဘုရားရှင်သည် ဒေါသကိလေသာ တည်းဟူသော ငိုကြွေးခြင်းဖြင့် ငိုကြွေး မြည်တမ်း၍နေသော အာဠဝကဘီလူး (သားဆိုး သားကြမ်းကလေး)ကို လိမ္မာအောင် စောင့်ရှောက် ချီးမြှောက်တော်မူလိုရကား ထိုဘီလူး ပြောဆိုသမျှကို လိုက်နာ ပြုလုပ်တော်မူလေသည်။

     ဥပမာ တနည်းသော်ကား.. အထိန်းတော်သည် နို့မစို့သော ကလေးဆိုးကို တစုံတခုပေး၍ သွေးဆောင် ဖြားယောင်းပြီးလျှင် နို့ချိုအေးကို တိုက်ကျွေးသကဲ့သို့ ထို့အတူပင် (လောကသုံးပါး၏ အထိန်းတော်ကြီး ဖြစ်တော်မူသော) မြတ်စွာဘုရားသည် အာဠဝကဘီလူး (ကလေးဆိုး)ကို လောကုတ္တရာ တရားတော်တည်းဟူသော နို့ချိုအေးကို တိုက်ကျွေးတော်မူခြင်းငှါ ထိုအာဠဝကဘီလူး (ကလေးဆိုး)၏ တောင့်တအပ်သောအချက်ကို

၂၇၈

လိုက်နာ ပြုကျင့်တော်မူခြင်းဖြင့် သွေးဆောင် ဖြားယောင်းတော်မူလိုသည်ဖြစ်၍ ဤသို့ သူပြောသမျှကို လိုက်နာ ပြုကျင့်တော်မူလေသည်။

     ဥပမာ တနည်းသော်ကား.. ယောက်ျားတယောက်သည် ဖလ်ဘူးအတွင်း၌ စတုမဓုအပြည့် ထည့်လိုသည်ရှိသော် ထိုဖလ်ဘူး၏အတွင်းကို စင်ကြယ်အောင် သုတ်သင် ဆေးကြောသကဲ့သို့ ထို့အတူပင် မြတ်စွာဘုရားရှင်သည် ဘီလူး၏ စိတ်တည်းဟူသော ဖလ်ဘူးအတွင်း၌ လောကုတ္တရာ တရားတည်းဟူသော စတုမဓုအပြည့် ထည့်တော်မူလိုသည်ဖြစ်၍ ထိုဘီလူး၏ စိတ်တည်းဟူသော ဖလ်ဘူးအတွင်း၌ အမျက်ကောဓတည်းဟူသော အညစ်အကြေးကို စင်ကြယ်အောင် သုတ်သင် ဆေးကြောတော်မူလိုသည်ဖြစ်၍ သုံးကြိမ်တိုင်အောင်ပင် ဘီလူးပြောဆိုတိုင်း ဗိမာန်မှထွက်ခြင်း, ဗိမာန်အတွင်းသို့ ဝင်ခြင်းအမှုကို လိုက်နာ ပြုကျင့်တော်မူလေသည်။ (ကြောက်၍ လိုက်နာပြုကျင့်ခြင်းမဟုတ်)။

     ထို့နောက် အာဠ၀ကဘီလူးသည် “ဤရဟန်းကြီးကား တကယ်ပင် ပြောဆို၍လွယ်ကူသူ ဖြစ်ပေ၏။ ‘ထွက်လော့’ဟု ဆိုလျှင် တခွန်းတည်းနှင့် ထွက်၏၊ ‘၀င်လော့’ဟု ဆိုလျှင် တခွန်းတည်းနှင့် ဝင်၏၊ ငါသည် ဤရဟန်းကြီးကို ဤနည်းဖြင့် (ဤသို့ အထွက်ခိုင်း အဝင်ခိုင်းသဖြင့်) တညဉ့်လုံး ပင်ပန်း နွမ်းနယ်စေပြီးမှ ခြေတို့ကိုဆွဲကိုင်၍ ဂင်္ဂါမြစ်တဖက်ကမ်းသို့ ပစ်လွှင့်လိုက်ရမူ ကောင်းလေစွာ့”ဟု ယုတ်မာသော စိတ်အကြံအစည်ကို ဖြစ်စေပြီးလျှင် လေးကြိမ်မြောက် “အိုရဟန်းကြီး.. ထွက်လိုက်ဦး”ဟု ပြောဆိုလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် အာဠ၀ကဘီလူး၏ ယုတ်မာသော စိတ်အကြံကို သိတော်မူ၍၎င်း, ဤဆိုလတ္တံ့သောအတိုင်း (ကိုယ်တော်မြတ်က) မိန့်ကြားတော်မူလိုက်လျှင် တဆင့်တက်ကာ ပြုဖွယ်ကို ရှာကြံသည်ရှိသော် ပြဿနာမေးဖို့ကို စဉ်းစားအောက်မေ့လိမ့်မည်၊ ထိုသို့ ပြဿနာမေးခြင်းသည် တရားဟောရန် အလွန်ကောင်းသည့် အကြောင်းကြီးတခု ဖြစ်ပေလိမ့်မည်ဟု သိတော်မူ၍၎င်း “ဒကာဘီလူး.. သင့်စိတ်သန္တာန်ဝယ် ထိုကဲ့သို့

၂၇၉

မကောင်းကြံသောကြောင့် ငါဘုရားသည် ဗိမာန်မှ မထွက်တော့အံ့၊ သင် ပြုဖွယ်ကိစ္စ ရှိသမျှကို ပြုလော့”ဟု မိန့်တော်မူ၏။

     ထိုအခါ အာဠ၀ကဘီလူးသည် ဘုရားနှင့်မတွေ့မီ ရှေးအခါကလည်း ကောင်းကင်ခရီးဖြင့် လာသောအခါ “ဤဗိမာန်သည် ရွှေဗိမာန်လော၊ သို့မဟုတ် ငွေဗိမာန်, ပတ္တမြားဗိမာန်တို့တွင် တခုခုပင်ဖြစ်သလော၊ ယခုပင် ထိုဗိမာန်ကို ကြည့်ကုန်အံ့”ဟု ဤကဲ့သို့ ကြံစည်ကြကာ မိမိ၏ဗိမာန်သို့ လာရောက်ကြသော အဘိညာဉ် တန်ခိုးရှင် ရသေ့ပရိဗိုဇ်များကို ပြဿနာမေးမြန်း၍ မဖြေဆိုနိုင်သည်ရှိသော် စိတ်ပြန့်လွင့် ရူးသွပ်သွားအောင် ပြုလုပ်ခြင်း, နှလုံးသားကို ဖောက်ခွဲခြင်း, ခြေတို့၌ကိုင်၍ ဂင်္ဂါမြစ်တဖက်သို့ ပစ်လွှင့်ခြင်းဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့၏၊ အဘယ်သို့ ညှဉ်းပန်းနှိပ်စက်သနည်းဟူမူ-

     အဖြေကား.. ဘီလူးတို့သည် (၁) ကြောက်ဖွယ်အဆင်းကို ပြသဖြင့်၎င်း၊ (၂) ဟဒယဝတ္ထု = နှလုံးအိမ်ကို ဆုပ်ချေသဖြင့်၎င်း = ဤသို့လျှင် နှစ်ပါးသော အခြင်းအရာတို့ဖြင့် စိတ်ပြန့်လွင့် ရူးသွပ်သွားအောင် ပြုလုပ်ကြကုန်၏။ အာဠ၀ကဘီလူးသည်ကား ဤနည်းနှစ်ပါးတွင် တန်ခိုးအဘိညာဉ် ဣဒ္ဓိရှင်ဖြစ်ကြသည့် ရသေ့ပရိဗိုဇ်တို့သည် ကြောက်မက်ဖွယ်သော အဆင်းကိုပြသဖြင့် ထိတ်လန့်ကြမည်မဟုတ်ဟု သိရှိသောကြောင့် (၁)မှတ် ပဌမနည်းကို အသုံးမပြုပဲ မိမိ၏ နတ်တန်ခိုးအစွမ်းဖြင့် သိမ်မွေ့သော အတ္တဘောကို ဖန်ဆင်းပြီးလျှင် ထိုရသေ့ပရိဗိုဇ် (ဣဒ္ဓိရှင်)တို့၏ ကိုယ်တွင်းသို့ဝင်၍ ဟဒယဝတ္ထု = နှလုံးသားကို ဆုပ်ချေလေသည်၊ ထိုအခါ ထိုဣဒ္ဓိရှင်တို့၏ စိတ်အစဉ်သည် ကောင်းစွာ မတည်တံ့နိုင်၊ ထိုစိတ်အစဉ် ကောင်းစွာ မတည်တံ့နိုင်သည်ရှိသော် စိတ်ပြန့်လွင့် ရူးသွပ်ကြလေကုန်၏။ ဤသို့ စိတ်ပြန့်လွင့် ရူးသွပ်ကြသော ထိုဣဒ္ဓိရှင် ရသေ့ပရိဗိုဇ်တို့၏ နှလုံးသားကိုလည်း ဖောက်ခွဲ၏။ “ဤသို့ ပြဿနာကို မဖြေဆိုနိုင်သော ရသေ့ပရိဗိုဇ်တို့သည် ငါ၏ဗိမာန်သို့ နောက်တဖန် မလာကြကုန်လင့်”ဟု ပြောဆိုကာ ထိုဣဒ္ဓိရှင် ရသေ့ပရိဗိုဇ်တို့ကို

၂၈၀

ခြေနှစ်ဖက်တို့၌သော်လည်း ဆွဲကိုင်ကာ ဂင်္ဂါမြစ်တဖက်ကမ်းသို့ ပစ်လွှတ်လေသည်။

     ထို့ကြောင့် ထိုရှေးက မိမိမေးခဲ့ဘူးသော ပြဿနာတို့ကို သတိရကာ “ငါသည် ဤရဟန်းဂေါတမကို ယခုအခါ ဤသို့ ပြဿနာမေး၍ မဖြေနိုင်သောအခါ စိတ်ပြန့်လွင့် ရူးသွပ်အောင် ပြုလုပ်၍ နှလုံးသားကို ဖောက်ခွဲပြီး ခြေနှစ်ဖက်တို့ကို ဆွဲကိုင်ကာ ဂင်္ဂါမြစ်တဖက်သို့ ပစ်လွှတ်ခြင်းအမှု ပြုလုပ်ညှဉ်းဆဲရမူ ကောင်းလေစွာ့”ဟု ကြံစည်ပြီးလျှင်-

“အိုရဟန်းကြီးဂေါတမ.. သင့်ကို ငါသည် ပြဿနာကို မေးပေအံ့၊ အကယ်၍ သင်သည် ငါ့အား ထိုပြဿနာကို အပြေအလည် မဖြေဆိုနိုင်လျှင် သင်၏စိတ်ကို ပြန့်လွင့် ရူးသွပ်သွားစေမည်၊ သို့မဟုတ် သင်၏ နှလုံးသားကိုသော်မူလည်း ဖောက်ခွဲပစ်မည်၊ သို့မဟုတ် ခြေထောက်နှစ်ချောင်းတို့ကိုကိုင်၍ မြစ်တဖက်ကမ်းသို့ ပစ်လွှင့်လိုက်မည်”-

ဟု ရိုင်းပြစွာ ပြောကြားလေ၏။

(ထိုအာဠဝကဘီလူးမေးမည့် ပြဿနာတို့သည် အဘယ်မှ ဆင်းသက်လာကြသနည်းဟူမူ အဖြေကား- ထိုအာဠ၀ကဘီလူး၏ မိခင်ဖခင် နတ်ဘီလူးတို့သည် ကဿပ မြတ်စွာဘုရားရှင်ကို ဆည်းကပ်ကြ၍ ပြဿနာရှစ်ရပ်တို့ကို အဖြေနှင့်တကွ သင်ကြားထားကြလေသည်။ ထိုမိဖဖြစ်သူ နတ်ဘီလူးတို့သည် အာဠဝကဘီလူးကို ငယ်စဉ်အခါကပင် အဖြေနှင့်တကွ ပြဿနာရှစ်ရပ်တို့ကို သင်ကြား၍ ပေးထားကြလေသည်။

ထိုအာဠ၀ကဘီလူးသည် အချိန်အခါ ကုန်လွန် ကြာမြင့်သဖြင့် အဖြေများကို မေ့ပျောက်ပစ်လေသည်။ ထိုအခါ အာဠဝကသည် “ဤအမေးပုစ္ဆာ ပြဿနာတို့သည်လည်း (ကြာလျှင် ပျောက်ကုန်လိမ့်မည်) မပျောက်ပါစေကုန်လင့်”ဟု ကြံစည် စဉ်းစားမိ၍ ရွှေပြား၌ ဟင်္သပြဒါးစစ်ဖြင့် ရေးစေ၍ ဗိမာန်ဦး၌ ထားရှိလေသည်။ ဤသို့လျှင် ဤအာဠဝကဘီလူးမေးမည့် ပြဿနာတို့သည် ဘုရားရှင်မှ ဆင်းသက်လာသော ပြဿနာ ဘုရားရှင်တို့သာ ဖြေဆိုနိုင်သည့် ဗုဒ္ဓဝိသယပြဿနာတို့ ဖြစ်ကြလေသည်)။

၂၈၁

     မြတ်စွာဘုရားရှင်သည် ထိုဘီလူး၏စကားကို ကြားတော်မူလေလျှင် မြတ်စွာဘုရားရှင်တို့အား စွန့်လှူအပ်သော လာဘ်လာဘ, မြတ်စွာဘုရားရှင်တို့၏ အသက်, သဗ္ဗညုတဉာဏ်တော်, ကိုယ်တော်ရောင် = ဤလေးမျိုးတို့အတွက် တဦးတယောက်မျှ အန္တရာယ် မပြုနိုင်သောကြောင့် လောက၌ မည်သူတဦးတယောက်နှင့်မျှ မဆက်ဆံသော ဘုရားအာနုဘော်ကို ပြတော်မူလိုသည်ဖြစ်၍-

“ဒကာဘီလူး.. နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောက, ရဟန်း ပုဏ္ဏား မင်းများ လူများနှင့် တကွသော လူ့လောက ဤလောကအစုံဝယ် ငါဘုရား၏စိတ်ကို ပြန့်လွင့်ရူးသွပ်စေနိုင်သူ (သို့မဟုတ်) နှလုံးသားကို ဖောက်ခွဲပစ်နိုင်သူ (သို့မဟုတ်) ခြေနှစ်ချောင်းတို့ကိုကိုင်၍ မြစ်တဖက်ကမ်းသို့ ပစ်လွှင့်နိုင်မည့်သူ တလူကိုမျှ ငါဘုရား မြင်တော်မမူ၊ (ဤကဲ့သို့ မြတ်စွာဘုရားသည် ထိုဘီလူး၏ ညှဉ်းပန်းလိုသောစိတ်ကို တားမြစ်တော်မူပြီးလျှင် ပြဿနာမေးခြင်း၌ အားထုတ်မှုကို ဖြစ်စေလိုရကား) ဒကာဘီလူး.. ထိုသို့ပင် ဖြစ်စေကာမူ သင်မေးလိုရာ ပြဿနာကို မေးလော့၊ (သင်၏ပြဿနာကို အကျန်မထား ငါဘုရား ဖြေကြားပေအံ့)”-

ဟု သဗ္ဗညုဘုရားရှင်တို့၏ ဖိတ်ကြားခြင်းဖြင့် ဖိတ်ကြားတော်မူလေ၏။

(ဤ၌။ ။သဗ္ဗညူမြတ်စွာဘုရားနှင့် ထိုဘုရားအလောင်းတော်တို့၏ ဖိတ်ကြားခြင်း, အခြားပုဂ္ဂိုလ်တို့၏ ဖိတ်ကြားခြင်းဟူ၍ = ဖိတ်ကြားခြင်း နှစ်မျိုးရှိလေသည်။ ထိုတွင် သဗ္ဗညူမြတ်စွာဘုရားနှင့် ထိုဘုရား အလောင်းတော်တို့သည် “သင်အလိုရှိရာ မေးလော့၊ သင်၏ပြသနာကို အကျန်မထား ငါကား ဖြေကြားပေအံ့”ဟု ရဲရဲတောက် ဖိတ်ကြားတော်မူကြသည်။ အခြားပုဂ္ဂိုလ်များကား “မေးပါဒကာ..၊ သင်၏အမေးကို ကြားနာပြီး ငါသိလျှင် ဖြေဆိုပါမည်”ဟု လျှော့လျှော့သာ ဖိတ်ကြား ပြောဆိုကြလေသည်)။

၂၈၂

အာဠ၀ကဘီလူးအမေးနှင့် မြတ်စွာဘုရားရှင်၏အဖြေ

     ဤသို့ မြတ်စွာဘုရားရှင်က သဗ္ဗညူမြတ်စွာဘုရားရှင်တို့၏ ဖိတ်ကြားခြင်းဖြင့် ဖိတ်ကြားတော်မူအပ်သည်ရှိသော် ထိုအခါ အာဠဝကဘီလူးသည် မြတ်စွာဘုရားကို ဂါထာဖြင့် ဤသို့ မေးလျှောက်လေ၏-

ကိံသူဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ၊

ကိံသု သုစိဏ္ဏံ သုခမာဝဟာတိ။

ကိံသု ဟဝေ သာဒုတရံ ရသာနံ၊

ကထံ ဇီဝိံ ဇီဝိတမာဟု သေဋ္ဌံ။ (၁)

(သမဏ = နွယ်တော်ဝံသ ဂေါတမ- ဟု မည်ရတွင်မှန်း အိုရဟန်း..)။ ဣဓ = ဤလောက၌။ ပုရိသဿ = ယောက်ျား၏။ သေဋ္ဌံ = ချီးမွမ်းအပ် အမြတ်ဆုံးသော။ ဝိတ္တံ = ဥစ္စာကား။ ကိံသု = အဘယ်နည်း။ သုစိဏ္ဏံ = နေ့ရှည်ရက်ဆက် ကောင်းစွာ လေ့ကျက်အပ်သော။ ကိံသု = အဘယ်တရားသည်။ သုခံ = လူ,နတ်,နိဗ္ဗာန် = ချမ်းသာသုံးတန်ကို။ အာဝဟာတိ = ကျေးဇူးများမြောင် ရွက်ဆောင်နိုင်သနည်း။ ရသာနံ = သာယာအပ်တောင်း အရသာအပေါင်းတို့တွင်။ ကိံသု = အဘယ်မည်သော တရားသည်။ ဟဝေ = စင်စစ်။ သာဒုတရံ = လွန်ကဲထူးချွန် သာလွန်လှစွာ သတ္တဝါတို့ သာယာအပ်တောင်း အရသာကောင်းမည်ပါသနည်း။ ကထံ ဇီဝိံ ဇီဝိတံ = အဘယ်သို့လျှင် အသက်ရှင်သောသူ၏ အသက်ရှင်ခြင်းမျိုးကို။ သေဋ္ဌံ = ချီးမွမ်းအပ် အမြတ်ဆုံးဟူ၍။ အာဟု = ဘုရားအစ များလှဘိတောင်း သူတော်ကောင်းတို့ ငြိမ့်ညောင်းသံချို မိန့်ဆိုတော်မူကြကုန်သနည်း။

     ဤဂါထာဝယ် ပဌမပုစ္ဆာစကား၌ “ယောက်ျား၏ အမြတ်ဆုံးဥစ္စာကား အဘယ်နည်း”ဟု မေးခြင်းမှာ ဥက္ကဋ္ဌနည်း = အကြီးအမြတ်ကိုသာ ဦးတည်ဖော်ပြသောနည်း ဖြစ်သောကြောင့်

၂၈၃

“ယောက်ျားမိန်းမ ဟူသမျှ၏ အမြတ်ဆုံးဥစ္စာကား အဘယ်နည်း”ဟု မေးလိုရင်းဖြစ်သည်ကို အထူးမှတ်ယူရာ၏။ ဤသို့လျှင် ဤဂါထာဖြင့်-

(၁) လောက၌ အဘယ်အရာသည် အမြတ်ဆုံ ဥစ္စာ ဖြစ်သနည်း။

(၂) အဘယ်တရားသည် နေ့ရှည်ရက်ဆက် လေ့ကျက် ပွါးများအပ်လျှင် လူ,နတ်,နိဗ္ဗာန် = ချမ်းသာသုံးပါးကို ပို့ဆောင်နိုင်သနည်း။

(၃) အရသာအပေါင်းတို့တွင် အဘယ်အရာသည် အချိုမြိန်ဆုံးဖြစ်သနည်း။

(၄) အဘယ်တရားဖြင့် အသက်ရှင်ခြင်းသည် အမြတ်ဆုံးဖြစ်သနည်း-

ဟု ဤပြဿနာလေးရပ်ကို မေးမြန်းလေသည်။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ကဿပမြတ်စွာဘုရား ဖြေကြားတော်မူသော နည်းအတိုင်းပင် ဖြေကြားတော်မူလိုသည်ဖြစ်၍ ဤအဖြေဂါထာကို ဟောကြားတော်မူလေသည်-

သဒ္ဓီဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ၊

ဓမ္မော သုစိဏ္ဏော သုခမာဝဟာတိ။

သစ္စံ ဟဝေ သာဒုတရံ ရသာနံ၊

ပညာဇီဝိံ ဇီဝိတမာဟု သေဋ္ဌံ။

(အာဝုသော = အာဠဝက နာမမည်ထူး အိုဒကာဘီလူး..)။ ဣဓ = ဤလောက၌။ ပုရိသဿ = ယောက်ျား မိန်းမ ဟူသမျှ၏။ သေဋ္ဌံ = ချီးမွမ်းအပ် အမြတ်ဆုံးသော။ ဝိတ္တံ = ဥစ္စာကား။ သဒ္ဓါ = လောကီ လောကုတ္တရာ နှစ်ဖြာအပြား သဒ္ဓါတရားပင်တည်း။

သုစိဏ္ဏော = နေ့ရှည်ရက်ဆက် ကောင်းစွာလေ့ကျက်အပ်သော။ ဓမ္မော = ကုသိုလ်ဆယ်ပါး

၂၈၄

ကောင်းမှုတရားသည်။ (ဝါ) ဒါန, သီလ, ဘာဝနာ သုံးဖြာအပြား ကောင်းမှုတရားသည်။ သုခံ = လူ,နတ်,နိဗ္ဗာန် ချမ်းသာသုံးတန်ကို။ အာဝဟာတိ = ကျေးဇူးများမြောင် ရွက်ဆောင်နိုင်ပေ၏။

ရသာနံ = သာယာအပ်တောင်း အရသာအပေါင်းတို့တွင်။ သစ္စံ = ပရမတ္ထသစ္စာ မည်သာထင်ရှား နိဗ္ဗာန်တရားသည်။ (ဝါ) မဟုတ်စကား ရှောင်ရှားပယ်ခွါ = ဝိရတီသစ္စာနှင့်တကွ အမှန်စကား ပြောကြားမြွက်ဆိုခြင်း တည်းဟူသော ဝစီမင်္ဂလာ သစ္စာစကားသည်။ ဟဝေ = စင်စစ်ဧကန် အမှန်အားဖြင့်။ သာဒုတရံ = လွန်ကဲထူးချွန် သာလွန်လှစွာ သတ္တဝါတို့ သာယာအပ်တောင်း အရသာကောင်းမည်ပေ၏။

ပညာဇီဝိံ ဇီဝိတံ = သမ္မာပဋိပတ် အကျင့်မြတ်ကို မပြတ်ပွါးထွေ ပညာဖြင့်ပြီးစေလျက် အသက်ရှင်သော သူ၏ အသက်ရှင်ခြင်းမျိုးကို။ သေဋ္ဌံ = ချီးမွမ်းအပ် အမြတ်ဆုံးဟူ၍။ အာဟု = ဘုရားအစ များလှဘိတောင်း အရိယာသူတော်ကောင်းတို့ ငြိမ့်ညောင်းသံချို မိန့်ဆိုတော်မူကြလေကုန်ပြီ။

(ဤ၌။ ။အဓိပ္ပါယ် မကျဉ်းမကျယ်ကို ဤသို့ သိမှတ်ရာ၏- (၁) ရွှေငွေအစရှိသော လောကီဥစ္စာသည် အသုံးအဆောင် အရပ်ရပ်ကို သုံးဆောင်ခြင်းကို အကြောင်းပြု၍ ရရှိဖြစ်ပွါးသော ကာယိကသုခ, စေတသိကသုခ = နှစ်ပါးကို ရွက်ဆောင်သကဲ့သို့၎င်း, မွတ်သိပ်ဆာလောင်ခြင်းစသော ဆင်းရဲကို တားမြစ်သကဲ့သို့၎င်း, ဆင်းရဲမွဲတေခြင်းကို ငြိမ်းအေးစေသကဲ့သို့၎င်း, ပုလဲ ပတ္တမြား အစရှိသော ရတနာကို ရခြင်း၏ အကြောင်းဖြစ်သကဲ့သို့၎င်း, လူအပေါင်း၏ ချီးမွမ်းခြင်း (အချီးမွမ်းခံရခြင်း)ကို ရွက်ဆောင်သကဲ့သို့၎င်း ဤအတူ လောကီ လောကုတ္တရာ သဒ္ဓါတရား နှစ်ပါးသည်လည်း ဆိုင်ရာဆိုင်ရာ လောကီအကျိုးဝိပါက် ချမ်းသာ, လောကုတ္တရာ အကျိုးဝိပါက် ချမ်းသာ = နှစ်ပါးကို ရွက်ဆောင်၏။ သဒ္ဓါတရားကို အဦးမူသဖြင့် အကျင့်မှန်ကို ကျင့်ကြံသော သူတို့အဖို့ ပဋိသန္ဓေ တည်နေရခြင်းဆင်းရဲ အိုရခြင်းဆင်းရဲ အစရှိသော

၂၈၅

သံသရာဆင်းရဲဒုက္ခ အမျိုးမျိုးကို ပယ်ရှားတားမြစ်၏။ ဂုဏ်ကျေးဇူး သတင်းကင်းမဲ့ ဆင်းရဲမွဲတေခြင်းကို ငြိမ်းစေ၏။ သတိသမ္ဗောဇ္ဈင် အစရှိသော ဗောဇ္ဈင်ခုနစ်ပါး တရားရတနာကို ရခြင်း၏အကြောင်း ဖြစ်၏။

သဒ္ဓေါ သီလေန သမ္ပန္နော၊ ယသော ဘောဂသမပ္ပိတော။

ယံ ယံ ပဒေသံ ဘဇတိ၊ တတ္ထ တတ္ထေ၀ ပူဇိတော။

သဒ္ဓါတရားလည်းရှိ သီလနှင့်လည်းပြည့်စုံ အခြံအရံ စည်းစိမ်ဥစ္စာနှင့်လည်း ပြည့်စုံသူသည် ရောက်လေရာရာ အရပ်တို့၌ အပူဇော်ခံရ၏-ဟူ၍ (ဓမ္မပဒပါဠိတော် ၂၁-ပကိဏ္ဏကဝဂ်၊ ၇-စိတ္တဂဟပတိဝတ္ထု၌) မြတ်စွာဘုရား ဟောကြားတော်မူခြင်းကြောင့် လူအပေါင်း နတ်အပေါင်း၏ ချီးမွမ်းခြင်း (အချီးမွမ်းခံရခြင်း)ကိုလည်း ရွက်ဆောင်နိုင်၏။ ထို့ကြောင့် လောကီ လောကုတ္တရာ သဒ္ဓါတရားနှစ်ပါးကို ဥစ္စာဟူ၍ မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သည်။

ဤသဒ္ဓါတရားတည်းဟူသော ဥစ္စာသည် လူနတ်နိဗ္ဗာန် သုံးတန်သောစည်းစိမ်၏ အကြောင်းဖြစ်သည့် သူတပါးတို့နှင့် မဆက်ဆံသော ရတနာမျိုး ဥစ္စာမျိုးဖြစ်သည့်ပြင် လောကီဥစ္စာ ရတနာမျိုးဖြစ်သည့် ရွှေငွေစသည်တို့ကို ရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။ မှန်၏- သဒ္ဓါတရားရှိသော သူသည်သာလျှင် ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ လောကီဥစ္စာ ရတနာတို့ကို ရနိုင်၏။ သဒ္ဓါတရားမရှိသူ၏ ဥစ္စာသည် အကျိုးမဲ့ဖြစ်ဖို့ရန်သာ ဖြစ်၏၊ ထို့ကြောင့် ဤသဒ္ဓါတရား တည်းဟူသော ဥစ္စာကို ချီးမွမ်းအပ် အမြတ်ဆုံး ဥစ္စာ”ဟူ၍ ဟောတော်မူအပ်၏။

(၂) ကုသိုလ်ကမ္မပထတရားဆယ်ပါး (တနည်း ဒါန, သီလ, ဘာ၀နာတရား သုံးပါး)တို့သည် နေ့ရှည်ရက်ဆက် လေ့ကျက် ပွါးများအပ်သည်ရှိသော် သောဏသူဌေးသား ရဋ္ဌပါလသူဌေးသား အစရှိသော သူတို့အားကဲ့သို့ လူ့ချမ်းသာကို၎င်း, သိကြားမင်း စသူတို့အားကဲ့သို့ နတ်၌ဖြစ်သော ချမ်းသာကို၎င်း, အဆုံး၌ မဟာပဒုမမင်း စသူတို့အားကဲ့သို့ နိဗ္ဗာန်ချမ်းသာကို၎င်း ရွက်ဆောင်နိုင်၏။

(၃) လျက်အပ် သာယာအပ်သော အရာဝတ္ထုကို အရသာဟူ၍ ခေါ်ဆိုအပ်သည်၊ အမြစ်အရသာ ပင်စည်အရသာ- အစရှိသော အရသာအမျိုးမျိုးတို့သည် ပကတိကိုယ်ကို ပြည့်ဖြိုး တိုးပွါးစေတတ်ကုန်၏၊ လောကီသုခကိုသာ ရွက်ဆောင်နိုင်ကုန်၏။ ဝိရတီသစ္စာ ဝစီသစ္စာ

၂၈၆

တည်းဟူသော အရသာတို့သည် သမထ ဝိပဿနာ စသည်တို့ဖြင့် စိတ်ကို ပြည့်ဖြိုး တိုးပွါးစေတတ်ကုန်၏၊ လောကုတ္တရာ သုခကိုလည်း ရွက်ဆောင်တတ်ကုန်၏၊ ပရမတ္ထသစ္စာ နိဗ္ဗာန်၏ သန္တိအရသာဖြင့် ပွါးထုံအပ်သောကြောင့် ဝိမုတ္တိရသမည်သော အရဟတ္တဖိုလ်သည် ချိုမြိန် ကောင်းမြတ်လှပေ၏။ ထို့ကြောင့် ပရမတ္ထသစ္စာ, ဝိရတီသစ္စွာ, ဝစီသစ္စာ ဤသုံးမျိုးသော အရသာသည် အရသာတကာတို့တွင် အမြတ်ဆုံးအရသာ ဖြစ်ကြလေသည်။

(၄) လောကီ စီးပွါးရေးဖက်ဆိုင်ရာ အသိဉာဏ်မျက်စိ, ဓမ္မဖက်ဆိုင်ရာ အသိဉာဏ်မျက်စိ = နှစ်မျိုးလုံး မရှိသူကို အန္ဓပုဂ္ဂိုလ် (=စုံလုံးကန်းသောပုဂ္ဂိုလ်)ဟု ခေါ်ဆို၏။ လောကီ စီးပွါးရေးဖက်ဆိုင်ရာ အသိဉာဏ်မျက်စိသာရှိ၍ ဓမ္မဖက်ဆိုင်ရာ အသိဉာဏ်မျက်စိ မရှိသောသူကို ဧကစက္ခုပုဂ္ဂိုလ် (=တဖက်သာမြင်သော ပုဂ္ဂိုလ်)ဟု ခေါ်ဆို၏။ ဖော်ပြရာပါ အသိဉာဏ်မျက်စိ နှစ်မျိုးလုံးရှိသောသူကို ဒွိစက္ခုပုဂ္ဂိုလ် (=နှစ်ဖက်မြင်သောပုဂ္ဂိုလ်)ဟု ခေါ်ဆို၏။

ထိုပုဂ္ဂိုလ်သုံးမျိုးတို့အနက် ဒွိစက္ခု = နှစ်ဖက်မြင်ဖြစ်သော လူဝတ်ကြောင်ပုဂ္ဂိုလ်သည် အိမ်မှုကိစ္စတို့ကို အားထုတ်ခြင်း, သရဏဂုံ ဆောက်တည်ခြင်း, လှူဒါန်းခွဲဝေခြင်း, သီလဆောက်တည်ခြင်း, ဥပုသ်ကျင့်သုံးခြင်း အစရှိသော လူ့ကျင့်ဝတ်များကို ပညာဖြင့်သာ ပြီးစေ၍ အသက်ရှင်လေသည်။ ရဟန်းဖြစ်သော ပုဂ္ဂိုလ်သည်လည်း သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိ အစရှိသော ရဟန်းကျင့်ဝတ်များကို ပညာဖြင့်သာ ပြီးစေ၍ အသက်ရှင်လေသည်၊ ထိုသို့ ပညာဖြင့် အသက်ရှင်သောသူ၏ အသက်ရှင်ခြင်းမျိုးကိုသာ ချီးမွမ်းအပ် မြတ်၏ဟူ၍ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ မိန့်ဆိုတော်မူကြလေသည်။ (ထွက်သက် ဝင်သက်မျှဖြင့် အသက်ရှင်နေသူ၏ အသက်ရှင်ခြင်းမျိုးကို ချီးမွမ်းအပ် မြတ်၏ဟူ၍ မိန့်ဆိုတော်မမူကြချေ)။ ။ဤသို့ ပဌမဂါထာ၌ မကျဉ်းမကျယ် အဓိပ္ပါယ်ကို မှတ်ယူရာ၏)။

     ဤသို့ မြတ်စွာဘုရားရှင် ဖြေကြားတော်မူအပ်သော ပြဿနာလေးရပ်တို့ကို ကြားနာရ၍ အာဠ၀ကဘီလူးသည် အလွန် ဝမ်းမြောက်ဝမ်းသာဖြစ်ရှိကာ ကြွင်းကျန်သော ပြဿနာလေးရပ်တို့ကိုလည်း မေးမြန်းလိုသည်ဖြစ်၍ ဤဆိုလတ္တံ့သော ဂါထာကို ရွတ်ဆို လျှောက်ထားလေသည်-

၂၈၇

ကထံသု တရတိ ဩဃံ၊ ကထံသု တရတိ အဏ္ဏဝံ။

ကထံသု ဒုက္ခမစ္စေတိ၊ ကထံသု ပရိသုဇ္ဈတိ။

(ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ ကထံသု = အဘယ်သို့လျှင်။ (ဝါ) အဘယ်တရားဖြင့်။ ဩဃံ = ဩဃလေးခဏ်း ရေပြင်ကြမ်းကို။ တရတိ = ကူးမြောက်နိုင်ပါသနည်း။ ကထံသု = အဘယ်သို့လျှင်။ (ဝါ) အဘယ်တရားဖြင့်။ အဏ္ဏဝံ = ဘဝသံသရာ သမုဒြာကို။ တရတိ = ကူးမြောက်နိုင်ပါသနည်း။ ကထံသု = အဘယ်သို့လျှင်။ (ဝါ) အဘယ်တရားဖြင့်။ ဒုက္ခံ = ဝဋ်ဆင်းရဲကို။ အစ္စေတိ = လွန်မြောက်နိုင်ပါသနည်း။ ကထံသု = အဘယ်သို့လျှင်။ (ဝါ) အဘယ်တရားဖြင့်။ ပရိသုဇ္ဈတိ = ကိလေသာအညစ်အကြေးမှ ကင်းဝေး စင်ကြယ်နိုင်ပါသနည်း။

     ထိုသို့ မေးမြန်းလျှောက်ထားသောအခါ မြတ်စွာဘုရားရှင်သည် ရှေးနည်းဖြင့်ပင် ဖြေဆိုတော်မူလိုရကား ဤဆိုလတ္တံ့သော ဂါထာကို ဟောတော်မူလေသည်—

သဒ္ဓါယ တရတီ ဩဃံ၊ အပ္ပမာဒေန အဏ္ဏဝံ။

ဝီရိယေန ဒုက္ခမစ္စေတိ၊ ပညာယ ပရိသုဇ္ဈတိ။

(အာဝုသော = အာဠဝက နာမမည်ထူး အိုဒကာဘီလူး..)။ သဒ္ဓါယ = သဒ္ဓါတရားဖြင့်။ ဩဃံ = ဩဃလေးခဏ်း ရေပြင်ကြမ်းကို။ တရတိ = ကူးမြောက်နိုင်၏။ အပ္ပမာဒေန = ကုသိုလ်ဆယ်တန် ပွါးများရန်ကို ဖန်ဖန်ထပ်ထပ် မပြတ်ပြုခြင်း တည်းဟူသော အပ္ပမာဒတရားဖြင့်။ အဏ္ဏဝံ = ဘဝသံသရာ သမုဒြာကို။ တရတိ = ကူးမြောက်နိုင်၏။ ဝီရိယေန = ဝီရိယတရားဖြင့်။ ဒုက္ခံ = ဝဋ်ဆင်းရဲကို။ အစ္စေတိ = လွန်မြောက်နိုင်၏။ ပညာယ = ပညာတရားဖြင့်။ ပရိသုဇ္ဈတိ = ကိလေသာအညစ်အကြေးမှ ကင်းဝေးစင်ကြယ်နိုင်၏။

၂၈၈

(ဤ၌။ ။ဩဃလေးပါးကို ကူးမြောက်သောသူသည် ဘဝသံသရာ သမုဒြာကိုလည်း ကူးမြောက်နိုင် ဝဋ်ဆင်းရဲကိုလည်း လွန်မြောက်နိုင် ကိလေသာအညစ်အကြေးမှလည်း ကင်းဝေး စင်ကြယ်နိုင်သော်လည်း (၁) သဒ္ဓါတရားမရှိသောသူသည် ဩဃလေးပါးကို ကူးမြောက်ကြောင်း အကျင့်ကောင်း၌ သက်ဝင်ယုံကြည်မှု မရှိသောကြောင့် ဘာဝနာအလုပ် အားထုတ်မှုတည်းဟူသော ကူးသန်းမှုကို မပြုနိုင်၊ မပြုနိုင်သောကြောင့် ဩဃလေးပါးကို မလွန်မြောက် မကူးမြောက်နိုင်။ (၂) အာရုံငါးပါး ကာမဂုဏ်တရားတို့၌ စိတ်ကိုလွှတ်ထားသောအားဖြင့် မေ့လျော့သောသူသည် ထိုအာရုံငါးပါး ကာမဂုဏ်တရား၌ပင် ငြိကပ်တွယ်တာ နေသောကြောင့် ဘဝသံသရာ သမုဒြာကို မကူးမြောက်နိုင်။ (၃) လုံ့လမရှိ ပျင်းရိသောသူသည် အကုသိုလ်တရားတို့နှင့်သာ ရောပြွမ်းယှက်ထွေးကာ ဆင်းရဲစွာနေရ၏။ (၄) ပညာမရှိသောသူသည် ကိလေသာမှ စင်ကြယ်ကြောင်း အကျင့်ပဋိပတ် လမ်းကောင်းကို မသိရကား ကိလေသာအညစ်အကြေးမှ မကင်းဝေး မစင်ကြယ်နိုင်ချေ။ ထို့ကြောင့် အသဒ္ဓိယတရား၏ ဆန့်ကျင်ဘက်ဖြစ်သော သဒ္ဓါတရား, ပမာဒတရား၏ ဆန့်ကျင်ဘက်ဖြစ်သော အပ္ပမာဒတရား, ကောသဇ္ဇတရား၏ ဆန့်ကျင်ဘက်ဖြစ်သော ဝီရိယတရား, မောဟ၏ ဆန့်ကျင်ဘက်ဖြစ်သော ပညာတရားများကို ဖော်ပြလျက် မြတ်စွာဘုရားရှင်သည် ဤအဖြေဂါထာကို ဟောကြားတော်မူအပ်လေသည်။

ဤသို့ ဟောတော်မူအပ်သော အဖြေဝိဿဇ္ဇနာ ဂါထာလေးပိုဒ်တွင်လည်း-

သဒ္ဓါတရားတည်းဟူသော သဒ္ဓိန္ဒြေသည် (က) သူတော်ကောင်းတို့ကို ပေါင်းသင်းမှီဝဲ ဆည်းကပ်ခြင်း = သပ္ပုရိသသံသေဝ (ခ) သူတော်ကောင်းတရားကို နာကြားခြင်း = သဒ္ဓမ္မသဝန (ဂ) အသင့်အားဖြင့် နှလုံးသွင်းခြင်း = ယောနိသောမနသိကာရ (ဃ) လောကုတ္တရာတရား ကိုးပါးအားလျော်သော သမထ, ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်ခြင်း = ဓမ္မာနုဓမ္မပ္ပဋိပတ္တိ တည်းဟူသော သောတာပတ္တိမဂ်ကိုရကြောင်း = သောတာပတ္တိယင်္ဂတရား လေးပါး၏ အခြေခံမူလ အကြောင်းရင်းတရားဖြစ်၏၊ (သဒ္ဓါတရားရှိမှ ဖော်ပြရာပါ သောတာပတ္တိယင်္ဂတရားလေးပါး ဖြစ်ပွါးနိုင်သည်၊ ထိုတရားလေးပါး ဖြစ်ပွါးမှ သောတာပတ္တိမဂ်ကို ရရှိနိုင်သည်။) ထို့ကြောင့် “သဒ္ဓါယ တရတီ ဩဃံ = သဒ္ဓါတရားဖြင့် ဩဃလေးခဏ်း ရေပြင်ကြမ်းကို ကူးမြောက်နိုင်၏”ဟူသော ဤပဌမ အဖြေဂါထာပိုဒ်ဖြင့် ဒိဋ္ဌောဃကို

၂၈၉

ကူးမြောက်ကြောင်း သောတာပတ္တိမဂ်ကို၎င်း, သောတာပန်အရိယာ ပုဂ္ဂိုလ်ကို၎င်း ပြတော်မူ၏။

သောတာပန် အရိယာပုဂ္ဂိုလ်သည် ကုသိုလ်တရား ပွါးများခြင်း၌ အမြဲမပြတ် ပြုမူခြင်းတည်းဟူသော အပ္ပမာဒတရားနှင့် ပြည့်စုံရကား ဒုတိယမဂ်ကို ပြီးစေ၍ ဤလူ့ပြည်သို့ တကြိမ်သာ ပဋိသန္ဓေ တည်နေလာခြင်းကိုထား၍ ကြွင်းသော သောတာပတ္တိမဂ်ဖြင့် မကူးမြောက်ရသေးသော ဘဝေါဃလျှင် အကြောင်းရင်းရှိသော သံသရာသမုဒြာကို ကူးမြောက်လေသည်။ ထို့ကြောင့် “အပ္ပမာဒေန အဏ္ဏဝံ = အပ္ပမာဒတရားဖြင့် ဘဝသံသရာ သမုဒြာကို ကူးမြောက်နိုင်၏”ဟူသော ဤဒုတိယ အဖြေဂါထာပိုဒ်ဖြင့် ဘဝေါဃကို ကူးမြောက်ကြောင်း သကဒါဂါမိမဂ်ကို၎င်း, သကဒါဂါမ် အရိယာပုဂ္ဂိုလ်ကို၎င်း ပြတော်မူ၏။

သကဒါဂါမ် အရိယာပုဂ္ဂိုလ်သည် ဝီရိယဖြင့် တတိယမဂ်ကို ပြီးစေ၍ (သကဒါဂါမိမဂ်ဖြင့် မလွန်မြောက်ခဲ့ရသေးသော) ကာမောဃလျှင် အကြောင်းရင်းရှိ ကာမောဃနှင့် စပ်ယှဉ်သော ကာမဒုက္ခကို လွန်မြောက်လေသည်။ ထို့ကြောင့် “ဝီရိယေန ဒုက္ခမစ္စေတိ = ဝီရိယဖြင့် ဒုက္ခကို လွန်မြောက်နိုင်၏”ဟူသော ဤတတိယ အဖြေဂါထာပိုဒ်ဖြင့် ကာမောဃကို ကူးမြောက်ကြောင်း အနာဂါမိမဂ်ကို၎င်း, အနာဂါမ် အရိယာပုဂ္ဂိုလ်ကို၎င်း ပြတော်မူ၏။

အနာဂါမ် အရိယာပုဂ္ဂိုလ်သည် ကာမညွန်ဗွက် ကင်းရှင်းသောကြောင့် အလွန်စင်ကြယ်သော ဝိပဿနာပညာဖြင့် စင်စစ်ဧကန် ကိလေသာတို့မှ စင်ကြယ်သော စတုတ္ထမဂ်ပညာကို ပြီးစေ၍ (အနာဂါမိမဂ်ဖြင့် မပယ်နိုင်ခဲ့သော) အဝိဇ္ဇာတည်းဟူသော လွန်သော အညစ်အကြေးကို ပယ်စွန့်လေသည်၊ ထို့ကြောင့် “ပညာယ ပရိသုဇ္ဈတိ = ပညာဖြင့် ကိလေသာအညစ်အကြေးမှ ကင်းဝေး စင်ကြယ်နိုင်၏”ဟူသော ဤစတုတ္ထ အဖြေဂါထာပိုဒ်ဖြင့် အဝိဇ္ဇောဃကို ကူးမြောက်ကြောင်း အရဟတ္တမဂ်ကို၎င်း, ရဟန္တာပုဂ္ဂိုလ်ကို၎င်း ပြတော်မူ၏)။

     အရဟတ္တဖိုလ် အထွတ်တပ်သဖြင့် ဟောကြားတော်မူအပ်သော ဤအဖြေဂါထာ၏ အဆုံး၌ အာဠ၀ကဘီလူးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

၂၉၀

သောတာပန်ဖြစ်ပြီးနောက်

အာဠ၀ကဘီလူး မေးလျှောက်သည့် ပြဿနာများ

     ယခုအခါ အာဠ၀ကဘီလူးသည် “ပညာယ ပရိသုဇ္ဈတိ = ပညာတရားဖြင့် ကိလေသာ အညစ်အကြေးမှ ကင်းဝေး စင်ကြယ်နိုင်၏”ဟူသော စတုတ္ထ အဖြေဂါထာပိုဒ်၌ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပညာတရားဟူသော ပုဒ်ကို စွဲယူကာ (သောတာပန်အရိယာ ဖြစ်ပြီးသူပြီပြီ) မိမိ၏ ဉာဏ်ပညာ ပဋိဘာန်ဖြင့် လောကီ လောကုတ္တရာ အရောဖြစ်သော အမေးပုစ္ဆာ ပြဿနာကို မေးလျှောက်လိုရကား ဤဆိုလတ္တံ့သော ခြောက်ပုဒ်ရှိသည့် ဂါထာကို ရွတ်ဆိုလျှောက်ထားလေ၏-

ကထံသု လဘတေ ပညံ၊

ကထံသု ဝိန္ဒတေ ဓနံ။

ကထံသု ကိတ္တိံ ပပ္ပေါတိ၊

ကထံ မိတ္တာနိ ဂန္ထတိ။

အသ္မာ လောကာ ပရံ လောကံ၊

ကထံ ပေစ္စ န သောစတိ။

(ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ ကထံသု = အဘယ်အကြောင်းကြောင့်။ ပညံ = လောကီ လောကုတ္တရာ ပညာနှစ်ပါးကို။ လဘတေ = ရနိုင်ပါသနည်း။ ကထံသု = အဘယ်အကြောင်းကြောင့်။ ဓနံ = လောကီ လောကုတ္တရာ ဥစ္စာနှစ်ပါးကို။ ဝိန္ဒတေ = ရနိုင်ပါသနည်း။ ကထံသု = အဘယ်အကြောင်းကြောင့်။ ကိတ္တိံ = ကျေးဇူးသတင်း ကျော်စောခြင်းသို့။ ပပ္ပေါတိ = ရောက်ရသနည်း။ ကထံ = အဘယ် တရားဖြင့်။ မိတ္တာနိ = အဆွေခင်ပွန်းတို့ကို။ ဂန္ထတိ = ဖွဲ့ယှက်သောထွေ ပြည့်စုံစေနိုင်ပါသနည်း။ အသ္မာ လောကာ = ပစ္စုပ္ပန္န ဤလောကမှ။ ပရံ လောကံ = တမလွန်လောက ဟိုဘဝသို့။ ပေစ္စ = လားရရောက်ရသည်ရှိသော်။

၂၉၁

ကထံ = အဘယ်တရားဖြင့်။ န သောစတိ = မပူပန် မညှိုးမှိန် မစိုးရိမ်ရပါသနည်း။

(ဤဂါထာဖြင့် အာဠဝကဘီလူးသည်-

၁။ ပညာကို ရကြောင်းတရား,

၂။ ဥစ္စာကို ရကြောင်းတရား,

၃။ ကျေးဇူးသတင်း ကျော်စောခြင်းသို့ ရောက်ကြောင်းတရား,

၄။ အဆွေခင်ပွန်းနှင့် ပြည့်စုံနိုင်ကြောင်းတရား,

၅။ ဤဘဝမှ စုတေ၍ တမလွန်ဘဝသို့ ရောက်ရှိသော် မစိုးရိမ်ရကြောင်းတရား-

ဤပြဿနာ ၅-ချက်ကို မေးမြန်းလျှောက်ထားလေသည်)။

     ထိုအခါ မြတ်စွာဘုရားရှင်သည် အာဠဝကဘီလူးအား အကြောင်းလေးပါးတို့ကြောင့် လောကီ လောကုတ္တရာ ပညာနှစ်ပါးကို ရရှိနိုင်ကြောင်း ကောင်းစွာ ဖော်ပြတော်မူလိုသည်ဖြစ်၍ (၁-အမှတ်ပြ ပုစ္ဆာကို ဖြေကြားတော်မူလို၍) ဤဆိုလတ္တံ့သော ဂါထာကို ဟောကြားတော်မူလေသည်-

သဒ္ဒဟာနော အရဟတံ၊ ဓမ္မံ နိဗ္ဗာနပတ္တိယာ။

သုဿူသံ လဘတေ ပညံ၊ အပ္ပမတ္တော ဝိစက္ခဏော။

(အာဝုသော = အာဠဝက နာမမည်ထူး ဒကာဘီလူး..)။ အရဟတံ-အရဟန္တာနံ = ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာသခင် အရှင်မြတ်တို့၏။ နိဗ္ဗာနပတ္တိယာ = နိဗ္ဗာန်ထုတ်ခြောက် ရရောက်ခြင်း၏။ ဓမ္မံ = ကြောင်းရင်းမှန်ငြား သုစရိုက်ဆယ်ပါး ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါး ဤတရားအစုကို။ သဒ္ဒဟာနော = မမှိတ်မသုန် ယုံကြည်သည်ဖြစ်၍။ သုဿူသံ = ရိုသေကျိုးနွံ ပညာရှိတို့အထံဝယ် နာခံမှတ်သားလျက်။ အပ္ပမတ္တော = မမေ့မလျော့ မပေါ့မတန် ထက်သန်သောသတိ ရှိသည်ဖြစ်၍။ ဝိစက္ခဏော = သုဘာသိတ, ဒုဗ္ဘာသိတစကား ဤနှစ်ပါးကို

၂၉၂

ပိုင်းခြားထင်ထင် ဆင်ခြင်တတ်သောသူသည်။ ပညံ = လောကီ လောကုတ္တရာ ပညာနှစ်ပါးကို။ လဘတေ = ရနိုင်၏။

(ဤဂါထာဖြင့် မြတ်စွာဘုရားရှင်သည်-

(၁) သဒ္ဓါတရား,

(၂) သုဿူသာတရား,

(၃) အပ္ပမာဒတရား,

(၄) ဝိစက္ခဏာတရား,

ဤတရား လေးပါးသည် ပညာကို ရကြောင်းတရားများ ဖြစ်၏ဟု ဖြေကြားတော်မူလိုရင်းဖြစ်သည်။

ထင်ရှားစေဦးအံ့- ဘုရား, ပစ္စေကဗုဒ္ဓါ, အရိယာသာဝကတို့သည် ရှေ့ပိုင်း၌ သုစရိုက်ဆယ်ပါး နောက်ပိုင်း၌ ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့ဖြင့် နိဗ္ဗာန်သို့ ရောက်တော်မူကြသည်၊ သို့ရကား ထိုသုစရိုက် ဆယ်ပါး, ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့ကို နိဗ္ဗာန်သို့ရောက်ကြောင်း တရားကောင်းတို့ဟူ၍ ခေါ်ဆိုအပ်၏၊ ထိုနိဗ္ဗာန်ရောက်ကြောင်း သုစရိုက်ဆယ်ပါး, ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါး ဤတရားအစုကို မမှိတ်မသုန် ယုံကြည်ခြင်း = သဒ္ဓါတရား ရှိသောသူသည်သာလျှင် လောကီ လောကုတ္တရာ ပညာနှစ်ပါးကို ရနိုင်သည်။

ထိုသို့ ရခြင်းသည်လည်း သဒ္ဓါတရား သက်သက်မျှဖြင့် ရ၍မဖြစ်နိုင်၊ စင်စစ်သော်ကား သဒ္ဓါတရား ဖြစ်ပွါးသောသူသည် ပညာရှိတို့ထံ သွားရောက် ဆည်းကပ်ခြင်း, ဝတ်ကြီးဝတ်ငယ်ပြုခြင်း, ပညာရှိတို့ဟောကြားသော တရားစကားကို နားစိုက်ထောင်ကာ နာယူခြင်း- တည်းဟူသော သုဿူသာတရားကို တဆင့်တိုးတက် ပွါးများမှသာ လောကီ လောကုတ္တရာ ပညာနှစ်ပါးကို ရနိုင်သည်။ (ဆိုလိုရင်းကား- ထိုနိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကို ယုံကြည်ပြီးနောက် ဆရာဥပဇ္ဈာယ်တို့ထံ လျောက်ပတ်သောအခါ၌ ဆည်းကပ်၍ ဝတ်ကြီးဝတ်ငယ်တို့ဖြင့် ပြုစုလုပ်ကျွေးရမည်။ ယင်းသို့ ပြုစုလုပ်ကျွေးသဖြင့် နှစ်သက်ကျေနပ်သောစိတ် ရှိတော်မူကြကာ ဆရာဥပဇ္ဈာယ်တို့က တရားစကား ဟောကြားတော်မူကြသောအခါ၌ နားစိုက်ထောင်ကာ နာယူရမည်၊ ဖော်ပြရာပါ ဆရာဥပဇ္ဈာယ်တို့ထံ သွားရောက် ဆည်းကပ်ခြင်း, ဝတ်ကြီးဝတ်ငယ် ပြုခြင်း,

၂၉၃

ဆရာဥပဇ္ဈာယ်တို့ ဟောပြသော တရားစကားကို နားစိုက်ထောင်နာယူခြင်း = ဤအရာများကို သုဿူသာ = ရိုသေစွာ နာခံမှတ်သားခြင်းဟူ၍ အကျဉ်းချုပ်အားဖြင့် ခေါ်ဆိုသည်။ ယင်း သုဿူသာ = ရိုသေစွာ နာခံမှတ်သားခြင်း ရှိသောသူမှသာ လောကီ လောကုတ္တရာ ပညာနှစ်ပါးကို ရနိုင်၏ဟု ဆိုလိုသည်)။

ဤသို့ သဒ္ဓါတရားဖြစ်ရှိကာ ရိုသေစွာ နာခံမှတ်သားသော သူသည်လည်း မမေ့မလျော့ သတိရှိခြင်း အပ္ပမာဒတရား, အပြစ်မရှိသော သုဘာသိတစကား, အပြစ်ရှိသော ဒုဗ္ဘာသိတစကား ဤနှစ်ပါးကို ခွဲခြားဆင်ခြင်ခြင်း = ဝိစက္ခဏာတရား ဤနှစ်ပါးတို့နှင့် တဆင့်ပွါးကာ ပြည့်စုံမှသာလျှင် လောကီ လောကုတ္တရာ ပညာနှစ်ပါးကို ရနိုင်၏။ ဖော်ပြရာပါ သဒ္ဓါ, သုဿူသာ, အပ္ပမာဒ, ဝိစက္ခဏာ = ဤလေးပါး မရှိသောသူသည် လောကီ လောကုတ္တရာ ပညာနှစ်ပါးကို မရနိုင်။

ထိုတရားလေးပါးနှင့် လောကုတ္တရာပညာတို့ အကြောင်းအကျိုး ဆက်စပ်ပုံကား- (၁) သဒ္ဓါတရားဖြင့် ပညာရမှုကို ဖြစ်စေတတ်သည့် အကျင့်ပဋိပတ်ကို ကျင့်၏၊ (၂) သုဿူသာတရားဖြင့် ရိုသေစွာ ပညာရကြောင်း တရားကောင်းကို နာယူနားထောင်၏၊ (၃) အပ္ပမာဒတရားဖြင့် နာယူမှတ်သားအပ်သော တရားကို မပျောက်ပျက် မမေ့လျော့၊ (၄) ဝိစက္ခဏာ = ဆင်ခြင်တုံတရားဖြင့် အလိုအပိုလည်းမရှိအောင် ဖောက်ပြန် မှားယွင်းခြင်းလည်း မရှိအောင် မှတ်ယူပြီးလျှင် အသိဉာဏ်ပညာ ကျယ်ပြန့်အောင် ပြုလေသည်၊ (တနည်း- (၂) သုဿူသာတရားဖြင့် နားစိုက်ထောင်ကာ ပညာရကြောင်း တရားကောင်းကို ရိုသေစွာ နာယူ၏။ (၃) အပ္ပမာဒတရားဖြင့် နာကြားပြီးနောက် ထိုတရားများကို မေ့ပျောက်မသွားအောင် ဆောင်၍ထား၏၊ (၄) ဝိစက္ခဏာ = ဆင်ခြင်တုံတရားဖြင့် ဆောင်ထားအပ်သော တရားတို့၏ လေးနက်သော အနက်အဓိပ္ပါယ်ကို ဆင်ခြင်စဉ်းစား၏)။ ထိုတရားလေးပါးဖြင့် လေ့လာပွါးများဖန် များလတ်သောအခါ အစဉ်အတိုင်း ပရမတ္ထသစ္စာ နိဗ္ဗာန်တရားကို အရဟတ္တဖိုလ်ပေါက် မျက်မှောက်ပြုရ၏။ ဤသို့လျှင် ထိုတရားလေးပါးကြောင့် လောကုတ္တရာ မဂ်ပညာ ဖိုလ်ပညာတို့ ဖြစ်ပွါးသည်ကို ကောင်းစွာ သိရှိမှတ်သားရာ၏)။

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ပဌမပုစ္ဆာ ပြဿနာကို ဖြေကြားတော်မူပြီးလျှင် ယခုအခါ ဒုတိယ, တတိယ, စတုတ္ထပုစ္ဆာ =

၂၉၄

ပြဿနာ သုံးရပ်တို့ကို အစဉ်အတိုင်း ဖြေကြားတော်မူလို၍ ဤဆိုလတ္တံ့သော ဂါထာကို မိန့်ဆိုဟောကြားတော်မူလေသည်-

ပတိရူပကာရီ ဓုရဝါ၊ ဥဋ္ဌာတာ ဝိန္ဒတေ ဓနံ။

သစ္စေန ကိတ္တိံ ပပ္ပေါတိ၊ ဒဒံ မိတ္တာနိ ဂန္ထတိ။

(အာဝုသော = အာဠဝက နာမမည်ထူး အိုဒကာဘီလူး..)။ ပတိရူပကာရီ = လောကီ လောကုတ္တရာ နှစ်ဖြာသော ဥစ္စာများ ရရှိကြောင်းတရားကို အရပ်အားလျော်စွာ အခါကာလ စသည်အားလျော်စွာ ပြုသည်ဖြစ်၍။ ဓုရဝါ = စေတသိက ဝီရိယစွမ်းအနေဖြင့် တာဝန်ကို ပစ်ချမထားသော။ ဥဋ္ဌာတာ = ကာယိကဝီရိယဖြင့် ထကြွကြိုးကုတ် အားထုတ်သောသူသည်။ ဓနံ = လောကီ လောကုတ္တရာ ဥစ္စာနှစ်ပါးကို။ ဝိန္ဒတေ = မုချပိုင်ပိုင် ရယူနိုင်၏။ (ဤဂါထာ ရှေ့ထက်ဝက်ဖြင့်— ဥစ္စာရကြောင်း ဥပါယ်ကောင်းကို ဒေသကာလ- စသည်အား လျောက်ပတ်စွာ ပြုလုပ်ခြင်း, စေတသိကဝီရိယရှိခြင်း, ကာယိကဝီရိယရှိခြင်း = ဤအကြောင်းသုံးပါးကြောင့် လောကီ လောကုတ္တရာ ဥစ္စာနှစ်ပါးကို ရနိုင်၏ဟု ဖြေတော်မူသည်)။ သစ္စေန = ဝစီသစ္စာ မင်္ဂလာစကားကြောင့်။ ကိတ္တိံ = “ဤသူကား အမှန်အဟုတ်ကို ပြောလေ့ရှိသူ = သစ္စဝါဒီ ဘူတဝါဒီပုဂ္ဂိုလ်”ဟူ၍ ကျေးဇူးသတင်း ကျော်စောခြင်းသို့။ ပပ္ပေါတိ = ရောက်နိုင်၏။ သစ္စေန = ပရမတ္ထသစ္စာ နိဗ္ဗာန်တရားကြောင့်။ ကိတ္တိံ = “ဤသူကားဘုရား, ဤသူကား ပစ္စေကဗုဒ္ဓါ, ဤသူကား အရိယသာဝက”ဟူ၍ ကျေးဇူးသတင်း ကျော်စောခြင်းသို့။ ပပ္ပေါတိ = ရောက်နိုင်၏။ (ဤတတိယဂါထာပိုဒ်ဖြင့် တတိယပုစ္ဆာ၏ အဖြေကို ဟောတော်မူသည်)။ ဒဒံ-ဒဒန္တော = သူလိုသည်ကို ဝန်မတိုပဲ ကြည်ညိုရွှင်လန်း ပေးလှူဒါန်းသော သူသည်။ မိတ္တာနိ = အဆွေခင်ပွန်းတို့ကို။ ဂန္ထတိ = ဖွဲ့ယှက်သောထွေ

၂၉၅

ပြည့်စုံစေနိုင်၏။ (ဤစတုတ္ထ ဂါထာပိုဒ်ဖြင့် စတုတ္ထပုစ္ဆာ၏ အဖြေကို ဟောတော်မူသည်)။

(ဤ၌။ ။သင့်လျောက်ပတ်စွာပြုခြင်း ကာယိက စေတသိက ဝီရိယနှစ်ပါးနှင့် ပြည့်စုံခြင်းကြောင့် လောကီဥစ္စာကို ရရှိပုံကို ကြွက်သေတခု အရင်းပြုသဖြင့် လေးလအတွင်း နှစ်သိန်းကြွယ်ဝသည့် (လူသိများသော) စူဠသေဋ္ဌိဇာတ်ဖြင့် သိမှတ်ရာ၏။

လောကုတ္တရာ ဥစ္စာကို ရရှိပုံကား မဟာတိဿမထေရ်ဝတ္ထုဖြင့် သိမှတ်ရာ၏၊ ထင်ရှားစေဦးအံ့- သီဟိုဠ်ကျွန်းဝယ် အသက်အရွယ် ကြီးရင့်ပြီဖြစ်သော မဟလ္လက မဟာတိဿမထေရ်သည် ထိုင်ခြင်း ရပ်ခြင်း သွားခြင်း = ဤဣရိယာပုထ်သုံးပါးဖြင့်သာ ငါနေအံ့ဟု ကြံတော်မူကာ ဝတ်ကြီးဝတ်ငယ်ကို ပြု၍ ထိနမိဒ္ဓ ရောက်ဆိုက်လာသောအချိန်၌ ကောက်ရိုးခေါင်းခုကြီးကို ရေဆွတ်၍ ဦးခေါင်းပေါ်၌ တင်ထားပြီးလျှင် လည်မျိုပမာဏနက်သော ရေသို့ဝင်၍ ထိနမိဒ္ဓကို ပယ်ရှားတားမြစ်တော်မူလျက် တရားအားထုတ်တော်မူရာ ဆယ့်နှစ်နှစ်ကြာသောအခါ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေသည်)။

     ဤသို့လျှင် လူ,ရဟန်း နှစ်ဦးတို့အား ဆက်ဆံသော လောကီ လောကုတ္တရာ နှစ်ပါးရောသော နည်းဖြင့် ရှေ့ပြဿနာ လေးချက်တို့ကို ဖြေဆိုတော်မူပြီးလျှင် ယခုအခါ ပဉ္စမပြဿနာကို လူတို့နှင့်စပ်၍ ဖြေဆိုတော်မူလိုသည်ဖြစ်၍ မြတ်စွာဘုရားရှင်သည် ဤဆိုလတ္တံ့သော ဂါထာကို ဟောကြားတော်မူလေသည်-

ယဿေတေ စတုရော ဓမ္မာ၊ သဒ္ဓဿ ဃရမေသိနော။

သစ္စံ ဓမ္မော ဓိတိ စာဂေါ၊ သ ဝေ ပေစ္စ န သောစတိ။

သဒ္ဓဿ = သဒ္ဓါတရားနှင့် ပြည့်စုံသည်ဖြစ်၍။ ဃရံ = အိမ်၏အစီးအပွါးကို။ ဧသိနော = ရှာမှီးတတ်သော။ ယဿ = အမှတ်မထင် အကြင်သူ၏ (သန္တာန်၌)။ သစ္စံ = မှန်ကန်စွာပြောဆိုမှု = သစ္စာတရားသည်၎င်း။ ဓမ္မော = ပညာတရားသည်၎င်း။ ဓိတိ = ကာယိက, စေတသိက ဝီရိယနှစ်ပါးသည်၎င်း။ စာဂေါ = စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းသည်၎င်း။

၂၉၆

ဧတေ စတုရော ဓမ္မာ = ဤတရား လေးမျိုးတို့သည်။ သန္တိ = ရှိကုန်၏။ သ-သော = တရားလေးပုံ ပြည့်စုံသော ထိုသူသည်။ ဝေ = စင်စစ်။ ပေစ္စ = တမလွန်လောက ဟိုဘဝသို့ ရောက်သည်ရှိသော်။ န သောစတိ = မပူပန် မညှိုးမှိန် မစိုးရိမ်ရချေ။

     ဤသို့ မြတ်စွာဘုရားရှင်သည် ပဉ္စမပြဿနာကိုလည်း ဖြေကြားတော်မူပြီးလျှင် အာဠ၀ကဘီလူးကို တိုက်တွန်းတော်မူလိုသည်ဖြစ်၍ ဤဂါထာကို မိန့်ဆို ဟောကြားတော်မူလေသည်-

ဣင်္ဃ အညေပိ ပုစ္ဆဿု၊ ပုထူ သမဏဗြာဟ္မဏေ။

ယဒိ သစ္စာ ဒမာ စာဂါ၊ ခန္တျာ ဘိယျောဓ ဝိဇ္ဇတိ။

(အာဝုသော = အာဠဝက နာမမည်ထူး ဒကာဘီလူး..)။ ဣင်္ဃ = တိုက်တွန်းစကား ငါဘုရားပြောကြား၏။ ဣဓ = ဤလောက၌။ သစ္စာ = ငါဘုရားတို့ ဟောကြားအပ်ငြား သစ္စာနှစ်ပါးထက်။ ဘိယျော = သာလွန်ဘိတောင်း ကျော်စောခြင်းသို့ရောက်ကြောင်း တရားသည်၎င်း။ ဒမာ = သုဿူသန ပညာတစိတ်တဒေသဖြင့် ဆုံးမညွှန်ကြား ဆင်ခြင်တုံပညာတရားထက်။ ဘိယျော = သာလွန်ဘိတောင်း လောကီ လောကုတ္တရာ ပညာကိုရကြောင်း တရားသည်၎င်း။ စာဂါ = စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းထက်။ ဘိယျော = သာလွန်ဘိတောင်း မိတ်ဆွေကိုရကြောင်း တရားသည်၎င်း။ ခန္တျာ = ကာယိက, စေတသိက ဝီရိယနှစ်ပါးတည်းဟူသော ခန္တီတရားထက်။ ဘိယျော = သာလွန်ဘိတောင်း လောကီ လောကုတ္တရာ ဥစ္စာကိုရကြောင်း တရား သည်၎င်း။ ဣမေဟိ = ဤသစ္စာ, ဒမ, စာဂ, ခန္တီ = လေးမည်သော တရားတို့ထက်။ ဘိယျော = သာလွန်ဘိတောင်း တမလွန်ဘဝ၌ မစိုးရိမ်ရကြောင်း တရားသည်၎င်း။ ယဒိ ဝိဇ္ဇတိ = အကယ်၍များ ရှိသေးသည်ဟု (သင်) ထင်စားသေးလျှင်။ အညေပိ = ငါဘုရားမှ တပါးလည်းဖြစ်ကုန်သော။ ပုထူ = များစွာကုန်သော။ သမဏဗြာဟ္မဏေ = “အကြင်ငါကား သဗ္ဗညူဘုရား”ဟု

၂၉၇

အမှားဖော်ပြ ဝန်ခံကြသည့် ပူရဏကဿပ အစရှိသော သမဏဗြာဟ္မဏတို့ကို။ ပုစ္ဆဿု = စိတ်ကျေနပ်ရေး သင်မေးချေဦးလော့။

     ဤသို့ မြတ်စွာဘုရားမိန့်ကြားတော်မူအပ်သည်ရှိသော် အာဠ၀က ဘီလူးသည် မြတ်စွာဘုရားရှင်မှတပါး ပူရဏကဿပ စသည်တို့ကို မေးမြန်းရမည့် ယုံမှားသံသယတရားကို (မိမိ သောတာပတ္တိမဂ်ဖြင့်) ပယ်ရှားပြီး ဖြစ်သောကြောင့် “ကထံ နု ဒါနိ ပုစ္ဆေယျံ၊ ပုထူ သမဏဗြာဟ္မဏေ”ဟူသော ဂါထာဝက်ကို ဆိုပြီးလျှင် မိမိ မမေးမြန်းခြင်း၏အကြောင်းကို မသိသောသူအား သိစေလိုသည်ဖြစ်၍ “ယောဟံ အဇ္ဇ ပဇာနာမိ၊ ယော အတ္ထော သမ္ပရာယိကော”ဟူသော ဂါထာ နောက်ထက်ဝက်ကို ဆက်၍ လျှောက်ဆိုလေသည်-

ကထံ နု ဒါနိ ပုစ္ဆေယျံ၊

ပုထူ သမဏဗြာဟ္မဏေ။

ယောဟံ အဇ္ဇ ပဇာနာမိ၊

ယော အတ္ထော သမ္ပရာယိကော။

(ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..။ အဟံ = အာဠဝကမည်ခေါ် တပည့်တော်သည်)။ ဒါနိ-ဣဒါနိ = သောတာပတ္တိမဂ်ဉာဏ်သွား သန်လျက်ဓားဖြင့် ယုံမှားမှု = သံသယခပင်းကို ပယ်ရှင်းပြီးပါ ယခုအခါ၌။ ပုထူ = ရှင်တော်ဘုရားမှတပါး များစွာကုန်သော။ သမဏဗြဟ္မဏေ = “အကြင်ငါကား သဗ္ဗညူဘုရား”ဟု မတရားဖော်ပြ ဝန်ခံကြသည့် ပူရဏကဿပ အစရှိသော သမဏဗြာဟ္မဏတို့ကို။ ကထံ နု ပုစ္ဆေယျံ = အဘယ်မှာလျှင် မေးတော့အံ့နည်း။ (န ပုစ္ဆေယျံ ဧဝ = ဝိစိကိစ္ဆာ ကိလေသာရန်လှေး ကင်းစင်ဝေးသဖြင့် မမေးမြန်းတော့အံ့သာလျှင်တည်း)။ ယော အဟံ = အကြင် အာဠ၀ကမည်ခေါ် တပည့်တော်သည်။ အဇ္ဇ = ဤယနေ့ကို အစပြု၍။ ယော အတ္ထော = အကြင် ပညာရကြောင်း

၂၉၈

ဥစ္စာရကြောင်း ကျော်စောခြင်းသို့ ရောက်ကြောင်း မိတ်ဆွေတို့ကို ဖွဲ့မိကြောင်း တရားအပေါင်းသည်၎င်း။ ယော သမ္ပရာယိကော = အကြင် တမလွန်လောက ဟိုဘဝသို့ရောက်သော် မစိုးရိမ်ရကြောင်း တရားအပေါင်းသည်၎င်း။ အတ္ထိ = ရှိ၏။ တံ = ထိုတရားအပေါင်းကို။ ပဇာနာမိ = ရှင်တော်ဘုရား ဟောညွှန်ကြားသဖြင့် ပိုင်းခြားထင်ထင် ကိုယ်တိုင် သိမြင်ရပေ၏။ (တသ္မာ = ထို့ကြောင့်။ န ပုစ္ဆေယျံ ဧဝ = စိတ်ကျေနပ်ရေး အခြားသူတို့ကို မမေးတော့အံ့သည်သာလျှင်တည်း)။

     ယခုအခါ အာဠ၀ကဘီလူးသည် မိမိရရှိသော အသိဉာဏ်ပညာ၏ မြတ်စွာဘုရားလျှင် အမွန်အစ ပဘဝရှိကြောင်းကို ကောင်းစွာ ပြလိုသည်ဖြစ်၍ ဤဂါထာကို လျှောက်ဆိုပြန်လေသည်-

အတ္ထာယ ဝတ မေ ဗုဒ္ဓေါ၊

ဝါသာယာဠဝိမာဂမာ။

ယောဟံ အဇ္ဇ ပဇာနာမိ၊

ယတ္ထ ဒိန္နံ မဟပ္ဖလံ။

ဗုဒ္ဓေါ = သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်စွာဘုရားသည်။ မေ = အာဠဝကမည်ခေါ် တပည့်တော်၏။ အတ္ထာယ = လောကီ လောကုတ္တရာ ချမ်းသာကောင်းကျိုး ပွါးတိုးစည်ပင်ခြင်းငှါ။ အာဠဝိံ = အာဠဝီခေါ် မင်းနေပြည်တော်သို့။ ဝါသာယ = ဝါလပတ်လုံး သီတင်းသုံး နေထိုင်တော်မူခြင်းငှါ။ အာဂမာ ဝတ = ကရုဏာရှေးရှူ ကြွလာတော်မူပေစွာ့တကား။ ယော အဟံ = အကြင် အာဠဝကမည်ခေါ် တပည့်တော်သည်။ ယတ္ထ = အကြင်ဘုရားသဗ္ဗညူ၌။ ဒိန္နံ = သဒ္ဓါဖွေးဖြူ ပေးလှူအပ်သော အလှူဒါနသည်။ မဟပ္ဖလံ = လူ့ရပ်နတ်ဌာန် နိဗ္ဗာန်တိုင်ထိ သမ္ပတ္တိဖွံ့ဖြိုး များမြတ်သော အကျိုးရှိပေ၏။ တံ = ထိုအမြတ်ဆုံးအလှူခံ ဉာဏ်သဗ္ဗညူသခင်

၂၉၉

ဘုရားရှင်ကို။ အဇ္ဇ = ယခု။ ပဇာနာမိ = ပိုင်းခြားထင်ထင် သိမြင်ရလေပြီ။

     ဤသို့လျှင် အာဠ၀ကဘီလူးသည် ဤဂါထာဖြင့် မိမိ၏ အစီးအပွါးကောင်း ရရှိကြောင်းကို ပြဆိုပြီး၍ ယခုအခါ မိမိသည် သူတပါးတို့ အစီးအပွါးဖြစ်ရန် ကျင့်ကြံမည့်အကြောင်းကို ကောင်းစွာ ဖော်ပြလိုသည်ဖြစ်၍ ဤဂါထာကို ဆက်၍ လျှောက်ဆိုပြန်လေသည်-

သော အဟံ ဝိစရိဿာမိ၊ ဂါမာ ဂါမံ ပုရာ ပုရံ။

နမဿမာနော သမ္ဗုဒ္ဓံ၊ ဓမ္မဿ စ သုဓမ္မတံ။

(ဘန္တေ = ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူသော မြတ်စွာဘုရား..)။ သော အဟံ = ထို အာဠဝကမည်ခေါ် တပည့်တော်သည်။ (အဇ္ဇ ပဋ္ဌာယ = ဘုရားနှင့်တွေ့ ဤယနေ့မှစ၍)။ သမ္ဗုဒ္ဓံ-သမ္ဗုဒ္ဓဘာဝဉ္စ = သုံးလောကထွတ်ထား ရှင်တော်ဘုရား၏ များပြားပြောဟုန် ကျေးဇူးဂုဏ်နှင့် ပြည့်စုံထင်ရှား ဟုတ်မှန်သော ဘုရားအဖြစ်ကို၎င်း။ ဓမ္မဿ = မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်၏။ သုဓမ္မတဉ္စ = ဝဋ်မှထွက်ကြောင်း ကောင်းသော တရားအဖြစ်ကို၎င်း။ နမဿမာနော =

“သုံးလူ့ရှင်ပင်၊ ဒို့ထိပ်တင်သည်၊ သဗ္ဗညုတ၊ ဉာဏဦးကိုင်၊ စိုးမိုးပိုင်သည့်၊ ဘုန်းလှိုင်ဘုရား၊ မှန်လှငြား၏..။ မြတ်ဖျားဇိနော်၊ စိန္တေယျော်သည်၊ ဆယ်ဖော်ဓမ္မ၊ မြတ်ထွတ်လှကို၊ စ,လယ်,အဆုံး၊ သုံးပါးအစုံ၊ ကောင်းခြင်းဂုဏ်နှင့်၊ ပြည့်စုံထင်ရှား၊ ဟောညွှန်ကြားခဲ့..။ ရှစ်ပါးအရိယာ၊ မြတ်သံဃာလည်း၊ သိက္ခာသုံးရပ်၊ ချီးမွမ်းအပ်သည့်၊ စေ့စပ်လုံးစုံ၊ ကျင့်ဖုံဖုံကို၊ အာရုံနှစ်လို့၊ အားသစ်မြို့၏”-

ဤသို့စသည် ရတနာသုံးမည်၏ ဂုဏ်ရည်သီးသီး အံ့မပြီးကို တချီးမွမ်းမွမ်း မြွက်ဆိုညွှန်း၍ ဦးစွန်းထိပ်ပြင် ဆယ်လက်စုံတင်ပြီးလျှင် ကြည်ရွှင်မြတ်နိုး ရှိခိုးပူဇော် နိဗ္ဗာန်ဆော်တဦးဖြစ်လျက်။ ဂါမာ = နတ်ရွာတခုမှ။

၃၀၀

ဂါမံ = နတ်ရွာတခုသို့၎င်း။ ပုရာ = နတ်ပြည်တခုမှ။ ပုရံ = နတ်ပြည်တခုသို့၎င်း။ ဝိစရိဿာမိ = လှည့်လည်ကျက်စား သွားလာ ကြွေးကြော်ပါတော့အံ့ဘုရား..။

ဤသို့လျှင်-

(၁) အာဠ၀ကဘီလူး လျှောက်ဆိုသော ဤဂါထာ၏ ပြီးဆုံးခြင်း,

(၂) ညဉ့်မှောင်ကင်းရှင်း မိုးစင်စင်လင်းခြင်း,

(၃) ကောင်းကြီးကြွေးကြော် သာဓုခေါ်သံ၏ ဆူညံစွာ ဖြစ်ပေါ်ခြင်း,

(၄) အာဠ၀ကမင်းသားကို မင်းချင်းများက ဘီလူး၏ ဗိမာန်အရောက် ပို့ဆောင်ကြခြင်း-

ဤကိစ္စလေးချက်သည် တပြိုင်နက်တည်းသောကာလ၌ ဖြစ်လေ၏။

     မင်းချင်းယောက်ျားတို့သည် ကောင်းကြီးကြွေးကြော် သာဓုခေါ်သံကို ကြားကြရ၍ “ဤသို့ သဘောရှိသော ကောင်းကြီးကြွေးကြော် သာဓုခေါ်သံသည် မြတ်စွာဘုရားတို့ကိုထား၍ အခြားသူတို့အား မဖြစ်ပေါ်နိုင်၊ မြတ်စွာဘုရားရှင်သည် ကြွလာတော်မူများ ကြွလာတော်မူလေရော့သလား”ဟု ဆင်ခြင်ကြည့်ရှုကြသည်ရှိသော် မြတ်စွာဘုရားရှင်၏ ကိုယ်တော်ရောင်ကို ဖူးမြော်ကြရ၍ ရှေးတုန်းကကဲ့သို့ အပြင်အပ၌ မရပ်တည်ကြတော့ပဲ ရဲရဲရင့်ရင့်ပင် ဗိမာန်အတွင်းသို့ ဝင်ကြလေသော် ဘီလူး၏ဗိမာန်၌ မြတ်စွာဘုရားရှင် ထိုင်နေတော်မူသည်ကို၎င်း, အာဠဝကဘီလူး လက်အုပ်ချီ၍ ရပ်တည်နေသည်ကို၎င်း ပက်ပင်းပါ တွေ့မြင်ကြရလေကုန်၏။

     ထိုသို့ တွေ့မြင်ကြပြီးလျှင် အာဠဝကဘီလူးကို မင်းချင်းယောက်ျားတို့သည် “အိုဘီလူးကြီး.. ဤအာဠဝကမင်းသားကို သင့်အတွက် ဗလိနတ်စာပူဇော်ရန် ဆောင်ယူအပ်ခဲ့ပါပြီ၊ ယခုပင် ထိုမင်းသားကို ခဲလိုမူလည်း ခဲလော့၊ စားလိုမူလည်း စားလော့၊

၃၀၁

အကြောင်းအားလျော်စွာ ပြုလိုရာ ပြုပါလော့”ဟု ပြောဆိုကြကာ မင်းသားကို ဘီလူးလက်သို့ ရဲရဲရင့်ရင့် ပေးအပ်ကြလေကုန်၏။ အာဠ၀ကဘီလူးသည် ထိုအချိန်၌ သောတာပန်အရိယာ ဖြစ်ပြီးဖြစ်သောကြောင့်၎င်း, (အထူးသဖြင့်) မြတ်စွာဘုရားရှင်၏ ရှေ့တော်မှောက်၌ ထိုသို့ ပြောဆိုအပ်သောကြောင့်၎င်း များစွာ ရှက်နိုးလှလေသည်။

     ထို့နောက် အာဠ၀ကဘီလူးသည် ထိုအာဠ၀ကမင်းသားကို လက်နှစ်ဖက်တို့ဖြင့် တယုတယ ပွေ့ချီခံယူပြီးလျှင်-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤမင်းသားကို အကျွန်ုပ်အတွက် ပို့ဆက်အပ်ပါပြီ၊ အကျွန်ုပ်သည် ဤမင်းသားကို မြတ်စွာဘုရားအား ပေးကပ်လှူဒါန်းပါ၏။ မြတ်စွာဘုရားတို့သည် သတ္တလောကအား စီးပွါးဖြစ်လောက်အောင် သနားစောင့်ရှောက်တော်မူကြပါကုန်၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဘုန်းတော်သခင် ရှင်ပင်ဘုရားသည် ဤအာဠဝကမင်းသားကို ဤမင်းသား၏ စီးပွါးချမ်းသာဖြစ်ဖို့ရန် ခံယူတော်မူပါလော့”–

ဟု လျှောက်ထားကာ မြတ်စွာဘုရားအား ဆက်ကပ်လိုက်လေ၏။ ဤဂါထာကိုလည်း ရွတ်ဆို လျှောက်ထားလိုက်လေ၏-

ဣမံ ကုမာရံ သတပုညလက္ခဏံ၊

သဗ္ဗင်္ဂုပေတံ ပရိပုဏ္ဏဗျဉ္ဇနံ။

ဥဒဂ္ဂစိတ္တော သုမနော ဒဒါမိ တေ၊

ပဋိဂ္ဂဟ လောကဟိတာယ စက္ခုမ။

စက္ခုမ = စက္ခုငါးမျိုးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား..။ (အဟံ = အာဠဝကမည်ခေါ် တပည့်တော်သည်)။ ဥဒဂ္ဂစိတ္တော = တက်ကြွရွှင်လန်း ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍။ သုမနော = ချမ်းသာသော စိတ်ရှိသည်ဖြစ်၍။ သတပုညလက္ခဏံ = အရာမက ရှေးပုညကြောင့် ပြည့်ဝစုံစွာ လက္ခဏာလည်း ရှိထသော။

၃၀၂

သဗ္ဗင်္ဂုပေတံ = အလုံးစုံသော အင်္ဂါကြီးငယ်တို့နှင့် ပြည့်ကြွယ်စွာထသော။ ပရိပုဏ္ဏဗျဉ္ဇနံ = ပြည့်ဖြိုးဝန်းကျင် အသွင်သဏ္ဌာန်လည်း ရှိထသော။ ဣမံ ကုမာရံ = အာဠ၀က နာမတွင်ငြား ဤမင်းသားကို။ တေ = အရှင်ဘုရားအား။ ဒဒါမိ = သဒ္ဓါကြည်ဖြူ ပေးလှူပါ၏။ (တွံ = အရှင်ဘုရားသည်)။ လောကဟိတာယ = သတ္တလောက၏ အစီးအပွါး ကြီးထွားစေခြင်းငှါ။ ပဋိဂ္ဂဟ = ကရုဏာရှေးရှူ အလှူခံတော်မူပါဘုရား..။

     မြတ်စွာဘုရားရှင်သည် အာဠဝကမင်းသားငယ်ကို လက်တော်ဖြင့် ခံယူတော်မူလေ၏၊ ထိုသို့ ခံယူတော်မူရင်းပင် ဘီလူးနှင့် မင်းသားတို့၏ အသက်ရှည်ကြာ အနာကင်းပျောက် အစီးအပွါးရောက်ခြင်းအကျိုးငှါ မင်္ဂလာအာသီသအမှု ပြုတော်မူလို၍ တပိုဒ်လျော့သော (အဖြည့်ခံသဘော) ဂါထာကို ဟောတော်မူလေသည်။ ထိုတပိုဒ်လျော့ (အဖြည့်ခံ)ဂါထာကို အာဠ၀ကဘီလူးသည် မင်းသားကလေး သရဏဂုံတည်စေရန် သုံးကြိမ်တိုင်တိုင် စတုတ္ထပိုဒ်ဖြင့် ဖြည့်၍ပေးလေသည်။ ဤသို့ မြတ်စွာဘုရားရှင်နှင့် အာဠ၀ကဘီလူးတို့ အဖြည့်ခံ အဖြည့်စွက် သဘောဖြင့် ဟောကြား ရွတ်ဆိုအပ်သော ဂါထာတို့မှာ ဤဆိုလတ္တံ့သောအတိုင်း ဖြစ်လေသည်-

(ဗုဒ္ဓ)

ဒီဃာယုကော ဟောတု အယံ ကုမာရော၊

တုဝဉ္စ ယက္ခ သုခိတော ဘဝါဟိ။

အဗျာဓိတာ လောကဟိတာယ တိဋ္ဌထ၊

(ယက္ခ)

အယံ ကုမာရော သရဏမုပေတိ ဗုဒ္ဓံ။ (၁)

(ဗုဒ္ဓ)

ဒီဃာယုကော ဟောတု အယံ ကုမာရော၊

တုဝဉ္စ ယက္ခ သုခိတော ဘဝါဟိ။

အဗျာဓိတာ လောကဟိတာယ တိဋ္ဌထ၊

(ယက္ခ)

အယံ ကုမာရော သရဏမုပေတိ ဓမ္မံ။ (၂)

၃၀၃

(ဗုဒ္ဓ)

ဒီဃာယုကော ဟောတု အယံ ကုမာရော၊

တုဝဉ္စ ယက္ခ သုခိတော ဘဝါဟိ။

အဗျာဓိတာ လောကဟိတာယ တိဋ္ဌထ၊

(ယက္ခ)

အယံ ကုမာရော သရဏမုပေတိ သံဃံ။ (၃)

(ဗုဒ္ဓ) အယံ ကုမာရော = အာဠဝကမည်ငြား ဤမင်းသားသည်။ ဒီဃာယုကော = ရှည်သော အသက်ရှိသည်။ ဟောတု = ဖြစ်စေသတည်း။ ယက္ခ = အာဠဝက နာမမည်ထူး ဒကာဘီလူး..။ တုဝဉ္စ = သင်ဒကာ ဘီလူးသည်လည်း။ သုခိတော = ကာယ စိတ္တ သုခနှစ်ပါးနှင့် ပြည့်စုံသည်။ ဘဝါဟိ = ဖြစ်စေသတည်း။ (တုမှေ = မင်းသားနှင့် ဘီလူး သင်တို့နှစ်ဦးသည်)။ အဗျာဓိတာ = ကိုးဆယ့်ခြောက်ဖြာ ရောဂါခပ်သိမ်း ကင်းငြိမ်းကြကုန်လျက်။ လောကဟိတာယ = လူသူအများ အစီးအပွါးအလို့ငှါ။ တိဋ္ဌထ = အခါမြင့်ရှည် တည်ကြစေကုန်သတည်း။

(ယက္ခ) (ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ အယံ ကုမာရော = အာဠဝကမည်ငြား ဤမင်းသားသည်။ ဗုဒ္ဓံ = သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်စွာဘုရားကို။ သရဏံ = ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍။ ဥပေတိ = ရိုသေလေးမြတ် ဆည်းကပ်သိရှိပါ၏ဘုရား..။ (၁)

(ဗုဒ္ဓ) အယံ ကုမာရော = အာဠဝကမည်ငြား ဤမင်းသားသည်။ ဒီဃာယုကော = ရှည်သော အသက်ရှိသည်။ ဟောတု = ဖြစ်စေသတည်း။ ယက္ခ = အာဠဝက နာမမည်ထူး ဒကာဘီလူး..။ တုဝဉ္စ = သင်ဒကာ ဘီလူးသည်လည်း။ သုခိတော = ကာယစိတ္တ သုခနှစ်ပါးနှင့် ပြည့်စုံသည်။ ဘဝါဟိ = ဖြစ်စေသတည်း။ (တုမှေ = မင်းသားနှင့်ဘီလူး သင်တို့နှစ်ဦးသည်)။

၃၀၄

အဗျာဓိတာ = ကိုးဆယ့်ခြောက်ဖြာ ရောဂါခပ်သိမ်း ကင်းငြိမ်းကြကုန်လျက်။ လောကဟိတာယ = လူသူအများ အစီးအပွါးအလို့ငှါ။ တိဋ္ဌထ = အခါမြင့်ရှည် တည်ကြစေကုန်သတည်း။

(ယက္ခ) (ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ အယံ ကုမာရော = အာဠဝကမည်ငြား ဤမင်းသားသည်။ ဓမ္မံ= မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်ကို။ သရဏံ = ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍။ ဥပေတိ = ရိုသေလေးမြတ် ဆည်းကပ်သိရှိပါ၏ဘုရား..။ (၂)

(ဗုဒ္ဓ) အယံ ကုမာရော = အာဠဝကမည်ငြား ဤမင်းသားသည်။ ဒီဃာယုကော = ရှည်သော အသက်ရှိသည်။ ဟောတု = ဖြစ်စေသတည်း။ ယက္ခ = အာဠဝက နာမမည်ထူး ဒကာဘီလူး..။ တုဝဉ္စ = သင်ဒကာ ဘီလူးသည်လည်း။ သုခိတော = ကာယစိတ္တ သုခနှစ်ပါးနှင့် ပြည့်စုံသည်။ ဘဝါဟိ = ဖြစ်စေသတည်း။ (တုမှေ = မင်းသားနှင့်ဘီလူး သင်တို့နှစ်ဦးသည်)။ အဗျာဓိတာ = ကိုးဆယ့်ခြောက်ဖြာ ရောဂါခပ်သိမ်း ကင်းငြိမ်းကြကုန်လျက်။ လောကဟိတာယ = လူသူအများ အစီးအပွါးအလို့ငှါ။ တိဋ္ဌထ = အခါမြင့်ရှည် တည်ကြစေကုန်သတည်း။

(ယက္ခ) (ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ အယံ ကုမာရော = အာဠဝကမည်ငြား ဤမင်းသားသည်။ သံဃံ = ပရမတ္ထ အရိယာ သံဃာတော်မြတ်ကို။ သရဏံ = ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍။ ဥပေတိ = ရိုသေလေးမြတ် ဆည်းကပ်သိရှိပါ၏ဘုရား..။ (၃)

၃၀၅

     မြတ်စွာဘုရားရှင်သည် “ဤမင်းသားငယ်ကို ကြီးပြင်းအောင် မွေးကျွေးကြပြီးလျှင် ငါဘုရားအားပင်လျှင် တဖန်ပြန်၍ ပေးကြရမည်”ဟု မိန့်ဆိုတော်မူကာ မင်းသားငယ်ကို မင်းချင်းတို့၏လက်သို့ ပေးအပ်တော်မူလေသည်။

ဟတ္ထကအာဠဝကဟု အမည်တွင်ခြင်း

     မင်းသားငယ်၏ မူလအမည်မှာ “အာဠဝက”ဟူ၍ ဖြစ်လေသည်၊ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း အာဠ၀ကဘီလူးကို ဆုံးမတော်မူသောနေ့ဝယ် ထိုမင်းသားငယ်သည် မင်းချင်းတို့၏လက်မှ ဘီလူးလက်သို့, ဘီလူး၏လက်မှ မြတ်စွာဘုရား လက်တော်သို့, မြတ်စွာဘုရားရှင်လက်တော်မှ တဖန် မင်းချင်းတို့၏လက်သို့ အဆင့်ဆင့် ကူးပြောင်း ရောက်ရှိလေသောကြောင့် အမည်အားဖြင့် “ဟတ္ထကအာဠဝက”ဟူ၍ အမည်တွင် လေသည်။ (ဟတ္ထကာဠဝက-ဟူ၍လည်း ခေါ်ဆိုကြလေသည်)။

     ထိုမင်းသားငယ်ကို ပွေ့ချီ၍ ပြန်လာကြသည့် မင်းချင်းယောက်ျားများကို မြင်ကြရ၍ လယ်သမား တောအလုပ်သမား အစရှိသော မြင်သမျှ လူအပေါင်းတို့သည် “အသို့နည်း (=ဘယ့်နှယ်လဲ) အာဠ၀ကဘီလူးသည် မင်းသားကလေးကို အလွန်ငယ်သောကြောင့် မစားလိုပဲ ရှိသလော” ဤသို့စသည်ဖြင့် ကြောက်လန့်တကြား မေးမြန်းကြလေကုန်၏။ မင်းချင်းယောက်ျားတို့သည် “အမောင်တို့.. မကြောက်ကြလင့်၊ မြတ်စွာဘုရားသည် ဘေးကင်းအောင် ပြုတော်မူအပ်ပြီ” ဤသို့ အစရှိသည်ဖြင့် ဖြစ်ရပ်အလုံးစုံကို ပြန်ကြားပြောဆိုကြလေကုန်၏။

     ထိုအခါ “သာဓု သာဓု”ဟူ၍ ကောင်းကြီးပေးကြကာ အာဠဝီပြည်အလုံးသည် “မြတ်စွာဘုရားရှင်က ဘေးကင်းအောင် ပြုတော်မူအပ်ပြီတဲ့၊ မြတ်စွာဘုရားရှင်က ဘေးကင်းအောင် ပြုတော်မူအပ်ပြီတဲ့”ဟု အုတ်ကျက်ဆူညံ တခုတည်းသော ကောလာဟလအသံဖြင့် အာဠ၀ကဘီလူး ရှိရာဖက်သို့ မျက်နှာရှေးရှူ မူလျက်သား

၃၀၆

ရှိလေ၏။ အာဠ၀ကဘီလူးသည်လည်း မြတ်စွာဘုရားရှင် ဆွမ်းခံဝင်ချိန်သို့ ရောက်လတ်သော် သပိတ်သင်္ကန်းကို ယူဆောင်၍ ခရီးတဝက်ရောက်အောင် မြတ်စွာဘုရားကို လိုက်ပါပို့ဆောင်ပြီးမှ မိမိ၏ ဘုံဗိမာန်သို့ ပြန်နစ်လေ၏။

ဓမ္မာဘိသမယကျွတ်ပွဲကြီး

     ထို့နောက် မြတ်စွာဘုရားရှင်သည် အာဠဝီပြည်အတွင်း၌ ဆွမ်းခံ လှည့်လည်တော်မူပြီးလျှင် ဆွမ်းကိစ္စ ပြီးလတ်သည်ရှိသော် မြို့တံခါးဝဝယ် ဆိတ်ငြိမ်သော တခုသောသစ်ပင်ရင်း ခင်းထားအပ် မြတ်သောဘုရားနေရာ၌ ထိုင်နေတော်မူလေ၏၊ ထိုအခါ မှူးမတ်ဗိုလ်ပါ အပေါင်းနှင့်တကွ အာဠဝကမင်းသည်၎င်း, အာဠဝီ ပြည်သူပြည်သားတို့သည်၎င်း တစုတပေါင်းတည်း မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ရှိခိုးပြီးလျှင် ဝန်းဝိုင်းခြံရံကာ ထိုင်နေကြကုန်လျက် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်ဘုရားတို့သည် အဘယ်သို့သော နည်းလမ်းဖြင့် ဤမျှလောက် ကြမ်းတမ်းရက်စက်သော ဘီလူးကို ဆုံးမ ချေချွတ်တော်မူကြပါသနည်း”ဟု မေးမြန်း လျှောက်ထားကြလေကုန်၏။

     မင်းနှင့်တကွသော ထိုအာဠဝီ ပြည်သူပြည်သား လူများအပေါင်းအား မြတ်စွာဘုရားရှင်သည် အာဠ၀ကဘီလူး၏ စစ်ထိုးမှုက တရားဦးစ–တော်မူကာ “ဤသို့ဤပုံ လက်နက်မိုး ကိုးမျိုးကို ရွာသွန်းစေခဲ့လေပြီ၊ ဤသို့ဤပုံ ကြောက်မက်ဖွယ်ကို ပြုခဲ့လေပြီ၊ ဤသို့ဤပုံ ငါဘုရားကို ပြဿနာ မေးလျှောက်လေပြီ၊ ထိုဘီလူးအား ငါဘုရားသည် ဤသို့ဤပုံ ပြဿနာကိုဖြေကြား တရားဟောတော်မူခဲ့လေပြီ”ဟု အကြောင်းအရာအကျယ်ကို ညွှန်ပြတော်မူကာ (၁၂) တဆယ့်နှစ်ဂါထာရှိသော ဖော်ပြရာပါ အာဠဝကသုတ္တန်ကို တဖန် ဟောတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။

၃၀၇

ဒေဝတာဗလိ အမြဲပူဇော်ကြခြင်း

     ထို့နောက် အာဠ၀ကမင်းနှင့် တကွသော အာဠဝီ ပြည်သူပြည်သား လူအများတို့သည် ဝေဿဝဏ်နတ်မင်း၏ (ရှိရင်း) နတ်ကွန်းဗိမာန်၏အနီး၌ အာဠ၀ကဘီလူးအတွက် ဗိမာန်နတ်ကွန်းအသစ် တည်ဆောက်ကြပြီးလျှင် ပန်း, နံ့သာ အစရှိသော ပူဇော်ဖွယ်နှင့်ပြည့်စုံသော ဒေဝတာဗလိကို အမြဲတစေ ဖြစ်စေကြလေကုန်၏။

     အာဠဝကမင်းသားကလေးကိုလည်း သိ,ကြား,လိမ္မာသောအရွယ်သို့ ရောက်သောအခါ “သင်မင်းသားသည် မြတ်စွာဘုရားကို အမှီပြု၍ အသက်ရှင်မှုကို ရခဲ့လေသည်၊ သွားပါလော့ မြတ်စွာဘုရားကိုသာလျှင် ဆည်းကပ် လုပ်ကျွေးပါလော့၊ ရဟန်းသံဃာကိုလည်း ဆည်းကပ် လုပ်ကျွေးပါလော့”ဟု ပြောဆိုကြကာ မြတ်စွာဘုရားထံတော်သို့ ပို့သစေလွှတ်ကြလေကုန်၏။ မင်းသားကလေးသည် မြတ်စွာဘုရားကို၎င်း, ရဟန်းသံဃာကို၎င်း ဆည်းကပ်ပြုစု လုပ်ကျွေးကာ တရားနှလုံး ကျင့်သုံးပွါးများ၍ မကြမြင့်မီပင် အနာဂါမိဖိုလ်၌ တည်ပြီးနောက် ပိဋကသုံးပုံ အလုံးစုံသော ဘုရားစကားကို သင်ကြားတတ်မြောက်ပြီးလျှင် သီတင်းသည် ဥပါသကာငါးရာ အခြံအရံရှိသူ ဖြစ်လေ၏။ နောက်တချိန်၌ မြတ်စွာဘုရားသည် ဧတဒဂ်ဘွဲ့နှင်းသဘင် ယင်တော်မူသောအခါ တိုဟတ္ထကာဠ၀က သီတင်းသည် အနာဂါမ်မင်းသားကို သင်္ဂဟဝတ္ထုလေးပါးဖြင့် ပရိသတ်အား ချီးမြှောက်သောအရာဝယ် ဧတဒဂ်ဘွဲ့ထူး ချီးကျူး ပေးသနားတော်မူလေသတည်း။

ဤတွင် အခဏ်း ၃၃-ပြီး၏။

၃၀၈

အခဏ်း-၃၄

ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်၌ သတ္တရသမဝါ

ကပ်တော်မူခြင်း

     မြတ်စွာဘုရားရှင်သည် ရှေး၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း အာဠဝကဘီလူးကို ဆုံးမ ချေချွတ်တော်မူပြီးလျှင် သောဠသမဝါကို အာဠဝီပြည်၌ ကပ်တော်မူကာ ဝေနေယျ သတ္တဝါတို့အား ချေချွတ် ဆုံးမတော်မူ၍ ထိုဝါကျွတ်လတ်သောအခါ အာဠဝီပြည်မှ ခရီးဒေသစာရီ ကြွချီတော်မူခဲ့၍ အစဉ်သဖြင့် ရာဇဂြိုဟ်ပြည်သို့ ရောက်ရှိတော်မူပြီးလျှင် ထိုရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်၌ သတ္တရသမ (=တဆယ့်ခုနစ်ခုမြောက်)ဝါ ကပ်ဆိုသီတင်းသုံး နေတော်မူလေ၏။

သိရိမာပြည့်တန်းဆာမအကြောင်း အကျဉ်းချုပ်

ဤ၌ သိရိမာ ပြည့်တန်းဆာမအကြောင်း အကျဉ်းချုပ်ကို ရှေးဦးစွာ သိထားသင့်၏၊ အကြောင်းအရာ အကျဉ်းချုပ်မှာ.. ဝေသာလီပြည်၌ အမ္ဗပါလီ ပြည့်တန်းဆာမကို အကြောင်းပြု၍ မြို့ပြပြည်ရွာ တင့်တယ်ပုံကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသဖြင့် ရာဇဂြိုဟ်ပြည်မှ ကုန်သည်ကြီးအသင်းဝင် သူဌေးအပေါင်းသည် ရာဇဂြိုဟ်ပြည်သို့ ရောက်ရှိကြသောအခါ မိမိတို့ပြည်၌လည်း ပြည့်တန်းဆာမ ထားရှိသင့်ကြောင်း ဗိမ္ဗိသာရမင်းကြီးအား လျှောက်ထားကြ၍ မင်းကြီးက ထားရှိရန် တာဝန်ပေး ခွင့်ပြုသောအခါ အလွန် အဆင်းလှသည့် သာလဝတီမည်သော မိန်းမကို ပြည့်တန်းဆာမ အဆောင်အယောင်ဖြင့် မင်းအသိအမှတ်ပြု ပြည့်တန်းဆာမ ခန့်ထားကြလေသည်။ ထိုသာလဝတီ ပြည့်တန်းဆာမကို တညဉ့်ပျော်ပါး သွားလာလိုလျှင် ငွေအသပြာ ကျပ်တရာ ပေးရလေသည်။

ထိုသာလဝတီ ပြည့်တန်းဆာမမှ ရှေးဦးစွာ သားယောက်ျားတယောက် ဖွားမြောက်လာသောအခါ

၃၀၉

ထိုသားငယ်ကို လမ်းမ၌ လူမသိအောင် စွန့်ပစ်ထားသည်ကို အဘယမင်းသား ကောက်ယူကာ မွေးစား၍ ဇီဝက-ဟု အမည်မှည့်လေသည်။ ထိုဇီဝကသူငယ် အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာ့အထံ၌ ဆေးပညာကို တဖက်ကမ်းရောက် သင်ကြားတတ်မြောက်၍ နောက်တချိန်တွင် သမားတော်ဇီဝက (=ဆေးဆရာကြီး ဇီဝက)ဟု ယနေ့တိုင် ထင်ရှားကျော်ကြားလေသည်။

ထိုသာလဝတီ ပြည့်တန်းဆာမမှ ဒုတိယအကြိမ် သမီးတယောက် ဖွားမြင်ပြန်ရာ ထိုသမီးကိုကား အမိ၏ လုပ်ငန်းဖြစ်သည့် ပြည့်တန်းဆာမအလုပ်ကို ပြုလုပ်နိုင်မည်ဖြစ်သဖြင့် (သား-ဇီဝကတုန်းကကဲ့သို့) စွန့်ပစ်မှု မပြုတော့ပဲ ကောင်းစွာမွေးမြု၍ ထားခဲ့လေသည်။ သိရိမာ-ဟူ၍လည်း အမည်မှည့်လေသည်။ အမိဖြစ်သူ သာလဝတီ ပြည့်တန်းဆာမ ကွယ်လွန်သောအခါ သမီးဖြစ်သူ သိရိမာသည်ပင် မိခင်၏ အရာဖြစ်သော မင်းအသိအမှတ်ပြု ပြည့်တန်းဆာမရာထူးကို ရရှိလေသည်။ ထိုသိရိမာ ပြည့်တန်းဆာမကို တနေ့တာ မြူးထူးပျော်ပါး သွားလာလိုသော သူများသည် ငွေကျပ် အသပြာတထောင် ပေးကြရလေသည်။ ဤကား သိရိမာ ပြည့်တန်ဆာမအကြောင်း အကျဉ်းချုပ်တည်း။

သိရိမာပြည့်တန်းဆာမကို အကြောင်းပြု၍

တရားဟောတော်မူခြင်း

     မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတိုက်၌ သတ္တရသမ (=ဆယ့်ခုနစ်ခုမြောက်)ဝါ ကပ်ဆိုသီတင်းသုံး နေထိုင်တော်မူသောအခါ ထိုရာဇဂြိုဟ်ပြည်၌ သိရိမာ ပြည့်တန်းဆာမသည် အလွန်အဆင်းလှသူ ဖြစ်လေသည်၊ အထူးအားဖြင့်- ထိုသိရိမာ ပြည့်တန်းဆာမသည် တခုသောဝါတွင်း (=မိုးတွင်း)ကာလဝယ် သုမနသူဌေးကြီး၏ ချွေးမ = ပုဏ္ဏသူဌေးကြီး၏သမီး သောတာပန် အရိယာဖြစ်သော ဥတ္တရာ ဥပါသိကာမအပေါ်၌ ပြစ်မှားမိ၍ ထိုဥတ္တရာကို ကြည်စေလို (=ကျေနပ်စေလို)ရကား

၃၁၀

ဥတ္တရာ၏အိမ်၌ ရဟန်း သံဃာနှင့်တကွ ဆွမ်းကိစ္စ ပြုတော်မူပြီးသော မြတ်စွာဘုရားရှင်ကို ကန်တော့ (သည်းခံစေ)ပြီးလျှင် ထိုနေ့ မှာပင် မြတ်စွာဘုရားရှင်၏ ဆွမ်းအနုမောဒနာတရားကို ကြားနာရ၍ “အက္ကောဓေန ဇိနေ ကောဓံ” အစရှိသော တရားဂါထာအဆုံး၌ သောတာပတ္တိဖိုလ်သို့ ရောက်ရှိခဲ့လေသည်။ ။(ဤကား အကျဉ်းမျှတည်း၊ အကြောင်းအရာ အကျယ်ကို သံဃရတနာခဏ်း ဥပါသိကာဝင် နန္ဒမာတာ ဥတ္တရာဥပါသိကာ အခဏ်းသို့ရောက်မှ ရေးသားဖော်ပြပေအံ့)။

     သိရိမာပြည့်တန်းဆာမသည် သောတာပတ္တိဖိုလ်သို့ ရောက်ရှိပြီး နောက်တနေ့၌ ဘုရားအမှူးရှိသော သံဃာတော်အား ပင့်ဖိတ်ကာ ကြီးစွာသော အလှူဒါနကို ပေးပြီးလျှင် ထိုနေ့မှ အစပြု၍ သံဃာတော် ရှစ်ပါး ရှစ်ပါးအား နိဗဒ္ဓဆွမ်းအလှူကို ပေးလှူလေသည်၊ ပဌမ ပင့်ဖိတ်သည့်နေ့မှ အစပြုကာ နေ့စဉ် နေ့စဉ် အမြဲမပြတ် အလှည့်ကျသော ရဟန်းရှစ်ပါးတို့သည် သိရိမာ၏အိမ်သို့ ဆွမ်းအလို့ငှါ ကြွတော်မူကြရကုန်၏။ သိရိမာ ဒါယိကာမသည် “အရှင်ဘုရားတို့.. ထောပတ်ကို အလှူခံကြပါကုန်၊ နို့ရည်ကို အလှူခံတော်မူကြပါကုန်” ဤသို့ အစရှိသည်ဖြင့် သဒ္ဓါကြည်ညိုစကား လျှောက်ထားပြီးလျှင် ထိုအလှည့်ကျ ရဟန်းရှစ်ပါးတို့အား သပိတ်အပြည့် လောင်းလှူလေသည်။ သို့ရကား ရဟန်းတပါး (သိရိမာအိမ်မှ) ရရှိသောဆွမ်းသည် ရဟန်း သုံးပါး လေးပါး စားလောက်လေသည်။ သိရိမာသည် နေ့စဉ် နေ့စဉ် ငွေအသပြာ တဆယ့်ခြောက်ကျပ် တဆယ့်ခြောက်ကျပ် အကုန်ခံကာ ဆွမ်းလှူလေသည်။

     တနေ့သောအခါ ရဟန်းတပါးသည် သိရိမာ၏အိမ်၌ အလှည့်ကျ ရဟန်းရှစ်ပါးတွင် တပါးအပါအဝင်ဖြစ်ကာ ဆွမ်းဘုဉ်းပေးပြီးနောက် ရာဇဂြိုဟ်ပြည်မှ သုံးယူဇနာအထက်၌ရှိသော = သုံးယူဇနာကျော် ဝေးကွာသော ကျောင်းတိုက်တခုသို့ ရောက်ရှိလေ၏။ ထို့နောက် ညနေချမ်းအခါ မထေရ်ကြီးအား ဆည်းကပ်ဝတ်ပြုရာဌာန၌ ထိုင်နေသော ထိုအာဂန္တုရဟန်းကို

၃၁၁

သီတင်းသုံးဖော် ရဟန်းတော်တို့က “ငါ့ရှင်.. အဘယ်အရပ်၌ ဆွမ်းကို ခံယူသုံးဆောင်၍ ကြွလာခဲ့သနည်း”ဟု ပဋိသန္ဓာရ (=အစေ့အစပ်)စကား ပြောကြား မေးမြန်းကြလေသော် အာဂန္တုရဟန်းသည် “ငါ့ရှင်တို့.. ငါသည် သိရိမာ၏ သံဃာရှစ်ပါးအား နိဗဒ္ဓလှူဒါန်းအပ်သော ဆွမ်းကိုစားပြီး လာခဲ့ပါသည်”ဟူ၍ ဖြေကြားလေ၏။ တဖန် ရဟန်းများက “ငါ့ရှင်.. သိရိမာသည် နှစ်သက်ဖွယ်ဖြစ်အောင်ပြု၍ ပေးလှူပါ၏လော”ဟု မေးကြပြန်သောအခါ အာဂန္တုရဟန်းသည် “ငါ့ရှင်တို့.. ထိုသိရိမာ၏ဆွမ်းကို အကုန်အစင် ချီးမွမ်းခြင်းငှါ မတတ်နိုင်ပါ၊ အလွန့်ထက်အလွန် မွန်မြတ်အောင် ကောင်းအောင် ပြု၍ လှူဒါန်းပါသည်၊ ရဟန်းတပါး ရရှိအပ်သော ဆွမ်းသည် ရဟန်း သုံးပါး လေးပါးပင် စားလောက်ပါသည်။ အထူးအားဖြင့် ထိုသိရိမာ ပြည့်တန်းဆာမ၏ လှူဖွယ်ဝတ္ထုထက် သူမကို မြင်ရခြင်းကပင် သာလွန်၍ မြတ်လှပါသည်။ မှန်၏- ထိုသိရိမာမိန်းမသည် ဤသို့ဤသို့သော အဆင်းလက္ခဏာ အင်္ဂါကြီးငယ် တင့်တယ်ပြည့်ဝသူ ဖြစ်ပါသည်”ဟု ထိုသိရိမာ၏ ဂုဏ်ကျေးဇူးများကို ချီးမွမ်းပြောဆိုလေ၏။

     ထိုအခါ ရဟန်းတပါးသည် သိရိမာ၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကို ကြားရ၍ သိရိမာကို မမြင်ရပဲပင် ချစ်ခင်ခြင်းကို ဖြစ်စေလျက် “ငါသွား၍ သိရိမာကို ကြည့်ရှုမှ သင့်တော်မည်”ဟု ကြံစည်စဉ်းစားမိကာ မိမိ၏ဝါစဉ်ကို ထိုအာဂန္တုရဟန်းအား ပြောကြား၍ ထိုအာဂန္တုရဟန်းကို (သိရိမာ၏အိမ်၌ ယခုရောက်ဆဲ သံဃာတည်စဉ်) = ထေစဉ်ကို မေးလေလျှင် အာဂန္တုရဟန်းက “ငါ့ရှင်.. သင် ယခုသွားလျှင် နက်ဖြန်ခါအတွက် သိရိမာ၏အိမ်၌ သံဃထေရ်ဖြစ်ကာ အဋ္ဌကဘတ် (=သံဃာရှစ်ပါးအား လှူဒါန်းအပ်သည့်ဆွမ်း)ကို ရပေလိမ့် မည်”ဟု ဖြေဆိုသည့်စကားကို ကြားသိရ၍ ထိုခဏမှာပင် သပိတ်သင်္ကန်းကို ယူဆောင်ကာ ဖဲသွားပါသော်လည်း (ထိုနေ့ညဉ့် ရာဇဂြိုဟ်သို့ မရောက်နိုင်ပဲ ကြိုးစား၍သွားသဖြင့်) နံနက်စောစော အရုဏ်တက်ချိန်မှာပင် စာရေးတံမဲရုံသို့ဝင်၍ ရပ်တည်လေလျှင်

၃၁၂

သံဃမထေရ်ဖြစ်၍ သိရိမာ၏အိမ်၌ အဋ္ဌကဆွမ်းကို စာရေးတံမဲကျ၍ ရရှိလေသည်။

     အထူးအားဖြင့်- ယမန်နေ့က ဆွမ်းလှည့်ကျ၍ သိရိမာ၏ဆွမ်းကို ဘုဉ်းပေးပြီး ခရီးထွက်သွားသော ထိုရဟန်း၏ ခရီးထွက်သွားချိန်မှာပင် သိရိမာ၏ကိုယ်၌ သေမည့်အနာရောဂါ စွဲကပ်ဖြစ်ပွါးလာလေသည်။ သို့ရကား သိရိမာသည် ဆင်ယင်မြဲဖြစ်သော အဆင်တန်းဆာတို့ကို ချွတ်၍ အိပ်ရာညောင်စောင်း၌ လျောင်းစက်ကာ နေရရှာ၏။ ထို့နောက် သိရိမာ၏ အိမ်စေကျွန်မတို့သည် အဋ္ဌကဆွမ်း စာရေးတံမဲကျ ရရှိ၍ ကြွလာသော ရဟန်းရှစ်ပါးတို့ကို မြင်ကြသဖြင့် သိရိမာအား အကြောင်းကို ပြောကြားကြလေသော် သိရိမာသည် မိမိလက်ဖြင့် (ရှေးရှေးနေ့များကကဲ့သို့) သပိတ်တို့ကိုယူ၍ ရဟန်းတို့အား နေရာပေးရန် ပြုစုလုပ်ကျွေးရန် မတတ်နိုင်ရှာတော့သည်ဖြစ်၍ အိမ်စေကျွန်မတို့ကို “အမိတို့.. အရှင်မြတ်တို့၏ သပိတ်များကို ဆီးကြိုယူငင်ကြလျက် အရှင်မြတ်တို့အား နေရာထိုင်ခင်းများ ပေးကြပြီးလျှင် ယာဂုကို ရှေးဦးစွာ ကပ်လှူကြပြီးနောက် ခဲဖွယ် (=မုံ့)များကို ပေးလှူကြ၍ ဆွမ်းချိန်ကျသောအခါ သပိတ်များအပြည့် ဆွမ်းထည့်လှူကြပါကုန်လော့”ဟု လျောင်းစက်ရင်းကပင် စေခိုင်းရှာလေသည်။

     အိမ်စေကျွန်မတို့သည် “ကောင်းပါပြီ အရှင်မ..”ဟု ဝန်ခံကြ၍ ရဟန်းတို့ကို အိမ်တွင်းသို့ ပင့်ခဲ့ကြပြီးလျှင် ရှေးဦးစွာ ယာဂုတိုက်ကျွေးကြပြီးနောက် ခဲဖွယ် (=မုံ့)များကို ဆက်ကပ်ပေးလှူကြ၍ ဆွမ်းချိန်ကျသောအခါ သပိတ်များအပြည့် ဆွမ်း, ဆွမ်းဟင်းများ ထည့်ပြီးသော် သိရိမာအား ထိုအကြောင်းကို ပြောကြားကြလေကုန်၏။ သိရိမာသည် “အမိတို့.. ငါ့ကို ပွေ့ချီကြ၍ အရှင်မြတ်များအနီးသို့ ပို့ဆောင်ကြပါကုန်၊ ငါသည် အရှင်မြတ်တို့ကို ရှိခိုးပါဦးအံ့”ဟု ပြော၍ အိမ်စေကျွန်မတို့က ပွေ့ချီကြကာ ရဟန်းများအနီးသို့ ပို့ဆောင်အပ်ရကား ပကတိမတည်နိုင်ပဲ တုန်လှုပ်သောကိုယ်ဖြင့် ရဟန်းတို့ကို ရိုသေမြတ်နိုး ရှိခိုးလေ၏။

၃၁၃

     သိရိမာကို မမြင်ရပဲပင် ချစ်ခင်၍နေသော ထိုရဟန်းသည် သိရိမာကို စူးစူးစိုက်စိုက် ကြည့်ရှု၍ “မကျန်းမာပဲလျက်ပင်သော်မှလည်း ဤသိရိမာ၏ ရုပ်ရည်အဆင်း တင့်တယ်ခြင်းသည် ဤသို့ လှပတင့်တယ်သော သဘောရှိသေး၏၊ အနာရောဂါကင်းရှင်း ကျန်းမာသောအခါ၌ အလုံးစုံသော အဆင်တန်းဆာဖြင့် တန်းဆာဆင်အပ်သော ဤသိရိမာ၏ ရုပ်ရည်အဆင်း တင့်တယ်ခြင်း ကြက်သရေကား ဘယ်လိုများ ရှိချေမည်နည်း”ဟု ကြံစည်မိလေ၏။ ထိုအခါ ထိုရဟန်း၏သန္တာန်၌ နှစ်-ကုဋေပေါင်းများစွာ စုဆောင်း၍ ထားအပ် သကဲ့သို့သော ရာဂကိလေသာသည် ထကြွသောင်းကျန်း ဖြစ်ပွါး၍ လာလေ၏။ ထိုရဟန်းသည် မည်သည့် အရာကိုမျှ မသိနိုင်တော့ပဲ ဆွမ်းကိုလည်း မစားနိုင်တော့ပဲ သပိတ်ကို ယူဆောင်၍ ကျောင်းတိုက်သို့ ပြန်သွားပြီးလျှင် သပိတ်ကိုပိတ်၍ တနေရာ၌ ထားပြီးသော် သင်္ကန်းကိုဖြန့်ခင်း၍ စင်းစင်းကြီး လျောင်းစက်လေတော့၏။ ထိုအခါ ထိုရဟန်းကို အဖော်ရဟန်းတပါးပါးကမျှ တောင်းပန်အပ်ပါသော်လည်း ဆွမ်းစားစေခြင်းငှါ မတတ်နိုင်ပဲ ရှိလေ၏၊ ထိုရဟန်းသည် ဆွမ်းအစာဖြတ် အငတ်ခံ၍ နေလေတော့၏။

     ထိုနေ့ ညနေချမ်းအခါမှာပင် သိရိမာသည် စုတိပြတ်ကြွေ သေလွန်လေ၏။ ဗိမ္ဗိသာရမင်းတရားသည် မြတ်စွာဘုရားရှင်၏ အထံတော်သို့ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဆရာဇီဝက၏နှမငယ် သိရိမာသည် စုတိပြတ်ကြွေ သေလွန်ခဲ့ပါပြီ”ဟု သတင်းစကား ပို့သလျှောက်ထားစေလေ၏။ မြတ်စွာဘုရားရှင်သည် ထိုအကြောင်းကို ကြားသိတော်မူ၍ မင်းကြီးထံသို့ “သိရိမာ၏ ဥတုဇရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်မှု မပြုလင့်ဦး၊ သူကောင်ပစ်ချရာ သုသာန်၌ ထိုသိရိမာ၏ ဥတုဇရုပ်ကလာပ်ကို ကျီး, ခွေး, မြေခွေး စသည်တို့ မစားနိုင်အောင် ပက်လက်သိပ်ထားလျက် စောင့်ရှောက်စေကြကုန်လော့”ဟု အမှာတော်စကား ပြန်ကြားတော်မူစေ၏။ မင်းကြီးသည်လည်း မြတ်စွာဘုရားရှင် မှာကြားတော်မူတိုင်းပင် ပြုလေ၏။

၃၁၄

     အစဉ်အတိုင်း သုံးရက်လွန်မြောက်၍ လေးရက်သို့ ရောက်လေလျှင် သိရိမာ၏ ဥတုဇရုပ်ကလာပ်သည် ဖူးဖူးရောင်ပွ ကြွ၍လာ၏၊ ကိုးပေါက်ဒွါရ အမာဝတို့မှ ပိုးလောက်တို့သည် တဖွားဖွားယိုထွက်၍ လာကြကုန်၏၊ တကိုယ်လုံးသည် ကွဲအက်ကာ သလေးထမင်းအိုးကဲ့သို့ ပွက်ပွက်ထ၍ လာလေ၏။ ထိုအခါ ဗိမ္ဗိသာရမင်းတရားသည် ရာဇဂြိုဟ်မြို့တော်အတွင်း၌ “အိမ်စောင့်ရန် ကလေးသူငယ်များကိုသာ ထား၍ ကျန်သည့်လူများ သိရိမာ၏ ဥတုဇရုပ်ကလာပ်ကို ကြည့်ရှုရန် လာရောက်ကြရမည်၊ မလာရောက်သူတို့အား ငွေအသပြာရှစ်ကျပ် ဒဏ်တပ်မည်”ဟု စည်လည်စေတော်မူ၏။ မြတ်စွာဘုရားရှင်၏ အထံတော်သို့လည်း “မြတ်စွာဘုရား အမှူးပြုသော ရဟန်းသံဃာတော်အပေါင်းသည် သိရိမာ၏ ဥတုဇရုပ်ကလာပ်ကို ကြည့်ရှုရန် ကြွလာတော်မူစေချင်ပါသည်”ဟု ပင့်လျှောက်စေလေသည်။

     မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား “သိရိမာ၏ ဥတုဇရုပ်ကလာပ်ကို ကြည့်ရှုရန် သွားကြကုန်အံ့”ဟု မိန့်ကြားတော်မူလေ၏။ သိရိမာကို ချစ်ခင်၍နေသော ထိုရဟန်းငယ်သည်လည်း လေးရက်လုံးလုံး မည်သူ၏စကားကိုမျှ မနာယူပဲ အစာဖြတ် ဆွမ်းငတ်ခံ၍သာ လျောင်းစက်နေလေသည်၊ သပိတ်ထည်း၌ (လွန်ခဲ့သော လေးရက်က ခံယူထားအပ်သော) ဆွမ်းသည် ပုပ်သိုးလျက်ရှိချေပြီ၊ သပိတ်၌ အညစ်အကြေးများ ထလျက်ရှိချေပြီ၊ ထိုအခါ ထိုရဟန်းငယ်ကို သူငယ်ချင်းရဟန်းက “ငါ့ရှင်.. မြတ်စွာဘုရားရှင်သည် သိရိမာ၏ ဥတုဇရုပ်ကလာပ်ကို ကြည့်ရှုရန် ကြွတော်မူအံ့ဆဲဆဲ ဖြစ်သည်”ဟု ပြောကြားလေလျှင် ထိုစိတ္တဇရဟန်းငယ်သည် ထိုမျှလောက် ဆာလောင်မွတ်သိပ်ခြင်း အပြင်း နှိပ်စက်အပ်ပါလျက်လည်း “သိရိမာ”ဟူ၍ ပြောဆိုလိုက်လျှင်ပင် အဆောတလျင်ထ၍ “ငါ့ရှင်.. ဘာကို ပြောလိုက်သနည်း”ဟု မေးမြန်းလေ၏။ သူငယ်ချင်းရဟန်းက “ငါ့ရှင်.. မြတ်စွာဘုရားရှင်သည် သိရိမာကို ကြည့်ရှုရန် ကြွသွားတော်မူအံ့ဆဲဆဲ ဖြစ်လေသည်၊ ငါ့ရှင်သည်လည်း လိုက်ပါမည်လော”ဟု မေးမြန်းအပ်လေသော်

၃၁၅

“အိမ်း.. ငါလိုက်မည်”ဟု ပြောဆိုကာ ဆွမ်းသိုးကို စွန့်ပစ်လျက် သပိတ်ကိုဆေးကြော၍ သပိတ်အိတ်၌ ထည့်ပြီးလျှင် ရဟန်းသံဃာနှင့် အတူတကွ လိုက်ပါခဲ့လေ၏။

     မြတ်စွာဘုရားရှင်သည် ရဟန်းအပေါင်းခြံရံလျက် သုသာန်အရပ်ဝယ် နံပါးတဖက်၌ ရပ်တည်တော်မူလေ၏။ ရဟန်းမအပေါင်းသည်၎င်း, မင်းပရိသတ်သည်၎င်း, ဥပါသကာ ပရိသတ်သည်၎င်း, ဥပါသိကာ ပရိသတ်သည်၎င်း နံပါးတဖက်စီ၌ နေရာယူကာ ရပ်တည်ကြလေကုန်၏။ ပရိသတ်စုံညီသောအခါ မြတ်စွာဘုရားရှင်သည် ဗိမ္ဗိသာရမင်းကြီးကို “မြတ်သောမင်းကြီး.. ဤသူမကား အဘယ်သူမ-နည်း”ဟု မေးတော်မူ၏။ မင်းကြီးက “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဆရာဇီဝက၏နှမ သိရိမာအမည်ရှိသော သူငယ်မ ဖြစ်ပါသည်ဘုရား”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “မြတ်သောမင်းကြီး.. ဤသူမကား သိရိမာလော”ဟု အခိုင်အမာ ထပ်၍ မေးတော်မူပြန်၏။ မင်းကြီးက “မှန်ပါသည် မြတ်စွာဘုရား..”ဟု အခိုင်အမာစကား လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည်-

“မြတ်သောမင်းကြီး.. ထိုသို့ (ဇီဝက၏နှမ သိရိမာ)ဖြစ်ခဲ့လျှင် မြို့တော်အတွင်း၌ “အသပြာတထောင်ကို ပေး၍ အလိုရှိသော သူတို့သည် သိရိမာကို ယူကြကုန်”ဟု စည်လည်စေလော့”-

ဟု မိန့်ဆိုတော်မူ၏။ မင်းကြီးသည် ဘုရားရှင် မိန့်တော်မူတိုင်း ပြုစေလေ၏။ တဦးတယောက်မျှ (ဟံ)ဟူ၍၎င်း, (ဟုံ)ဟူ၍၎င်း ပြောဆိုမည့်သူ မရှိခဲ့ချေ။ မင်းကြီးသည် “မြတ်စွာဘုရား.. တဦးတယောက်မျှ ယူမည့်သူ မရှိကြပါဘုရား”ဟု ပြန်ကြား လျှောက်ထားလေသော် မြတ်စွာဘုရားရှင်က “မြတ်သောမင်းကြီး.. ထိုသို့ အသပြာတထောင်ဖြင့် ယူမည့်သူမရှိခဲ့လျှင် အဖိုးကို လျှော့ချလေလော့”ဟု မိန့်တော်မူသဖြင့် မင်းကြီးသည် “အသပြာငါးရာတို့ကိုပေး၍ အလိုရှိသူတို့ ယူကြကုန်”ဟု စည်လည်စေပြန်၍ ယူလိုသူ တဦးတယောက်ကိုမျှ မတွေ့ရှိရသဖြင့် “အသပြာ

၃၁၆

နှစ်ရာ့ငါးဆယ်တို့ကိုပေး၍ ၊(ပ)၊ အသပြာ နှစ်ရာတို့ကိုပေး၍၊ အသပြာတရာကို၊ အသပြာ ငါးဆယ်ကို၊ အသပြာ နှစ်ဆယ့်ငါးကျပ်ကို၊ အသပြာ ဆယ်ကျပ်တို့ကို၊ အသပြာ ငါးကျပ်တို့ကို၊ အသပြာတကျပ်ကို၊ ငါးမူးကို၊ တမတ်ကို၊ တပဲကို၊ တချင်ရွေးကိုပေး၍ အလိုရှိသူတို့သည် သိရိမာကို ယူကြကုန်” ဟု စည်လည်စေသော်လည်း တဦးတယောက်မျှ လိုချင်သူ မရှိချေ။ “အချည်းနှီး (=အလကား) အလိုရှိသူတို့ ယူကြကုန်”ဟု စည်လည်စေပြန်သော်လည်း (ဟံ)ဟူ၍၎င်း, (ဟုံ)ဟူ၍၎င်း ပြောဆိုမည့်သူ တဦးတယောက်မျှ မရှိချေ။

     မင်းကြီးသည် “မြတ်စွာဘုရား.. အချည်းနှီး (=အလကား)သော်မှလည်း ယူမည့်သူ မရှိ”ဟူ၍ လျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည်-

“ရဟန်းတို့.. လူများအပေါင်းသည် ချစ်ခင်စုံမက် နှစ်သက်အပ်သော မာတုဂါမ (=သိရိမာ)ကို သင်ချစ်သားတို့ ကြည့်ရှုကြကုန်လော့၊ ဤရာဇဂြိုဟ်မြို့မှာပင် ရှေးအခါက(ဆိုလျှင်) အသပြာတထောင်ပေးမှ တနေ့တာ မြူးထူးပျော်ပါး သွားလာခွင့်ကို ရနိုင်ခဲ့ကြကုန်ပြီ၊ ယခုအခါ၌မူ အချည်းနှီး (=အလကား)သော်မှလည်း ယူမည့်သူ မရှိတော့ချေ၊ သို့စင်ကလောက် တင့်တယ်လှဘိ တန်ဖိုးရှိခဲ့သော ရုပ်အဆင်းသည် ကုန်ခြင်းပျက်ခြင်းသို့ ရောက်ခဲ့လေပြီ၊ ရဟန်းတို့.. မပြတ်မစဲ အမြဲကျင်နာ မခံသာသည့် ဤခန္ဓာကိုယ်အတ္တဘောကို ဉာဏ်စက္ခုဖြင့် ကြည့်ရှုကြလော့”-

ဟု မိန့်တော်မူပြီးလျှင် ဤဆိုလတ္တံ့သော တရားဂါထာကို ဟောကြားတော်မူလေ၏-

ပဿ စိတ္တကတံ ဗိမ္ဗံ၊ အရုကာယံ သမုဿိတံ။

အာတုရံ ဗဟုသင်္ကပ္ပံ၊ ယဿ နတ္ထိ ဓုဝံ ဌိတိ။

၃၁၇

(ဘိက္ခဝေ = ရဟန်းတော်များ အိုချစ်သားတို့..)။ ယဿ = အကြင်သို့သော ခန္ဓာကိုယ်အတ္တဘောအား။ ဓုဝံ = မယိုင်မလဲ ခိုင်မြဲသော သဘောသည်၎င်း။ ဌိတိ = ကြံ့ကြံ့ခိုင်ကျည် တည်တံ့ခြင်းသဘောသည်၎င်း။ နတ္ထိ = တစိုးတစိ မရှိပချေ။ စိတ္တကတံ = အဝတ်တန်းဆာ ပန်းနံ့သာ စသည်တို့ဖြင့် သာယာခုံမက်ဖွယ် အဆန်းတကြယ် ခြယ်လယ်ပြုပြင်၍ ထားအပ်သော။ ဗိမ္ဗံ = ရှည်သင့်ရာရှည် တိုသင့်ရာတို ထိုထိုအင်္ဂါကြီးငယ်တို့ဖြင့် တင့်တယ်သည်ဟု အမှတ်မှားပြုလောက်အောင် ပေါင်းစု၍တည်နေသော။ သမုဿိတံ = သုံးရာသော အရိုးများကြောင့် မားမားမြင့်ခေါင် စိုက်ထောင်ရပ်တည်နိုင်သော။ အာတုရံ = မပြတ်မစဲ အမြဲကျင်နာ မခံသာသော။ ဗဟုသင်္ကပ္ပံ = လူသူအများ ပုထုဇန်အန္ဓသားတို့ တရားမမှီ ဉာဏ်မသီ၍ တင့်တယ်သည် ဖွယ်ရာသည် မင်္ဂလာရှိသည် ထိုဤများပြား အကြံမှားအပ်သော။ တံ အရုကာယံ = ကိုးပေါက်ဒွါရ အမာဝမှ ယိုကျဖြုန်းဖြုန်း ရွံရှာဖွယ်အပြည့်ဖုံးသဖြင့် တကိုယ်လုံး အမာကြီးသဖွယ် မတင့်တယ်သော ထိုခန္ဓာကိုယ်အတ္တဘောကို။ ပဿ—ပဿထ = ဖန်ဖန်စေ့ငု ဉာဏ်စက္ခုဖြင့် ကြည့်ရှုကြကုန်လော့။

     ဒေသနာနိဂုံး ဆုံးသောအခါ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။ သိရိမာကို ချစ်ခင်နှစ်သက်နေသော ထိုရဟန်းငယ်သည်လည်း သောတာပတ္တိဖိုလ်၌ တည်လေ၏။

(ဤဆိုအပ်ခဲ့ပြီးသည်ကား ဓမ္မပဒအဋ္ဌကထာ ဒုတိယအုပ် စာမျက်နှာ ၆၆၊ ၁၁-ဧရာဝဂ်၊ ၂-သိရိမာဝတ္ထုမှ ထုတ်ဆောင် ဖော်ပြချက်တည်း။

ဤသိရိမာဝတ္ထုနှင့်စပ်၍ သုတ္တနိပါတ်အဋ္ဌကထာ ပဌမအုပ် စာမျက်နှာ ၂၃၅၊ ၁-ဥရဂဝဂ်၊ ၁၁-ဝိဇယသုတ် အဖွင့်၌ လာရှိသည်ကိုလည်း ကြည်ညိုဖွယ်ကောင်းလှ၍ ဆက်လက်ဖော်ပြဦးအံ့)-

၃၁၈

     ထိုရဟန်းငယ် အစာဖြတ်၍ အငတ်ခံနေစဉ်ပင် သိရိမာသည် စုတိပြတ်ကြွေ သေလွန်ခဲ့၍ ယာမာနတ်ပြည်ဝယ် သုယာမနတ်မင်း၏ နတ်မိဖုရားကြီး ဖြစ်လေသည်။ ထို့နေက် သိရိမာ၏ ဥတုဇရုပ်ကလာပ်ကို မီးမသင်္ဂြိုဟ်စေပဲ သူကောင်ပစ်ရာ သုသာန်၌ ဗိမ္ဗိသာရမင်းကြီး (မြတ်စွာဘုရား မိန့်ကြားချက်အရ) ထားရှိအပ်သော ဥတုဇရုပ်ကလာပ်ကို ကြည့်ရှုတော်မူရန် မြတ်စွာဘုရားရှင်သည် ရဟန်းအပေါင်းခြံရံလျက် ထို စိတ္တဇရဟန်းငယ်ကိုလည်း ခေါ်ဆောင်၍ ကြွတော်မူ၏။ ထို့အတူ မြို့သူမြို့သား လူအများတို့သည်၎င်း, ဗိမ္ဗိသာရ မင်းတရားသည်၎င်း လာရောက်ကြလေ၏။

     ထိုသုသာန်အရပ်၌ လူအများတို့သည် “အချင်းတို့.. ရှေးအခါတုန်းကဆိုလျှင် ငွေအသပြာ တထောင့်ရှစ်ကျပ်ဖြင့်လည်း သိရိမာကို ကြည့်ရှုပျော်ပါးရန် အချိန်အလှည့်ကို ရခဲလှဘိ၏။ ယခုအခါ ထိုသိရိမာကို ချင်ရွေးဖြင့်လည်း ကြည့်ရှုလိုသူ မရှိတော့ပြီတကား”ဟု ပြောဆိုကြကုန်၏။

     သိရိမာ နတ်မိဖုရားသည်လည်း နတ်ရထား အစီးငါးရာ ခြံရံအပ်လျက် ထိုသုသာန်အရပ်သို့ ရောက်ရှိလာလေ၏။ ထိုသုသာန်အရပ်၌ မြတ်စွာဘုရားရှင်သည် စည်းဝေးမိကြသော လူရဟန်းတို့အား တရားဟောရန် ဝိဇယသုတ္တန်ကို၎င်း, ထိုရဟန်းငယ်အား ဆုံးမတော်မူရန် (ရှေးပြရာပါ) “ပဿ စိတ္တကတံ ဗိမ္ဗံ” အစရှိသော ဓမ္မပဒကျမ်းလာ ဤဂါထာကို၎င်း ဟောကြားတော်မူလေ၏။

(ဤအရာ၌ တရားသားပါလှ၍ ဗုဒ္ဓဝင်စာဖတ် သူတော်စင်ပရိသတ်တို့ တရားနှလုံး ကျင့်သုံးပွါးများ အောက်မေ့နိုင်ကြရန် ဝိဇယသုတ္တန် မြန်မာပြန်ကို ထုတ်ဆောင်ဖော်ပြဦးအံ့)–

ဝိဇယသုတ္တန် မြန်မာပြန်

(၁) စရံ ဝါ ယဒိ ဝါ တိဋ္ဌံ၊ နိသိန္နော ဥဒ ဝါ သယံ။

သမိဉ္ဇေတိ ပသာရေတိ၊ ဧသာ ကာယဿ ဣဉ္ဇနာ။

၃၁၉

စရံ ဝါ = သွားလည်း သွား၏။ ယဒိ = ထိုမျှို့။ တိဋ္ဌံ ဝါ = ရပ်လည်း ရပ်တည်၏။ နိသိန္နော ဝါ = ထိုင်လည်း ထိုင်နေ၏။ ဥဒ = ထိုမျှို့။ သယံ ဝါ = လျောင်းလည်း လျောင်းစက်၏။ သမိဉ္ဇေတိ = ထိုထို အဆစ်တို့ကို ကွေးလည်း ကွေးညွတ်၏။ ပသာရေတိ = ဆန့်လည်း ဆန့်တန်း၏။ ဧသာ = ဤ သွား,ရပ်,ထိုင်,လျောင်း, ရှေ့နှောင်းတက်,ဆုတ်, ကွေးရုပ်,ဆန့်တန်းမှု အစုစုအဖုံဖုံ အမူအရာ အလုံးစုံသည်။ ကာယဿ = ကိုယ်ခန္ဓာ၏။ ဣဉ္ဇနာ = လှုပ်ရှားမှုသာတည်း။

(ဤဂါထာဖြင့် ဤဆိုလတ္တံ့သော အနက်အဓိပ္ပါယ်ကို ဖော်ပြသည်-

ဤခန္ဓာကိုယ်၌ အခြားတပါးသော တစုံတယောက်သော သွားတတ်သူ ပုဂ္ဂိုလ်သတ္တဝါ, ရပ်တတ်သူ ပုဂ္ဂိုလ်သတ္တဝါ၊ (ပ)၊ ဆန့်တတ်သူ ပုဂ္ဂိုလ်သတ္တဝါဟူ၍ မရှိ၊ စင်စစ်သော်ကား-

(က) သွားလို ရပ်လို၊ ထိုင်နေလို၊ အိပ်လို စိတ်ဟုသိ။

(ခ) စိတ်ကြောင့်ဖြစ်သော၊ ဓာတ်ဝါယော၊ နှံ့နှောကိုယ်ဝယ်ပြည့်။

(ဂ) ဝါယောပြည့်သော်၊ ရုပ်သစ်ပေါ်၊ ရုပ်သော်သွားပေ၏။

(ဃ) ပုဂ္ဂိုလ်မသွား၊ ငါမသွား၊ ရုပ်သွား ဉာဏ်ဖြင့်သိ။

(င) ပုဂ္ဂိုလ်မရပ်၊ ငါမရပ်၊ ရုပ်ရပ် ဉာဏ်ဖြင့်သိ။

(စ) ပုဂ္ဂိုလ်မထိုင်၊ ငါမထိုင်၊ ရုပ်ထိုင် ဉာဏ်ဖြင့်သိ။

(ဆ) ပုဂ္ဂိုလ်မအိပ်၊ ငါမအိပ်၊ ရုပ်အိပ် ဉာဏ်ဖြင့်သိ။

(ဇ) ပုဂ္ဂိုလ်မကွေး၊ ငါမကွေး၊ ရုပ်ကွေး ဉာဏ်ဖြင့်သိ။

(ဈ) ပုဂ္ဂိုလ်မဆန့်၊ ငါမဆန့်၊ ရုပ်ဆန့် ဉာဏ်ဖြင့်သိ-

ဟူသောအတိုင်း (၁) သွားလိုသောစိတ် ဖြစ်လတ်သော် ထိုစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်သည် တကိုယ်လုံး၌ ပြန့်နှံ့လေသည်။ ထိုသို့ ဝါယောဓာတ် တကိုယ်လုံးပြန့်နှံ့ခြင်းကြောင့် ကိုယ်ကာယ၏ သွားလိုရာအရပ်သို့ ရှေးရှုဆောင်ခြင်းသည် ဖြစ်၏။ သွားလိုရာ အရပ်တပါးဖက်၌ သွားသောအမူအရာအားဖြင့် ရုပ်ထူးတို့ ထင်ရှားဖြစ်ပေါ်လာကြ၏ဟု ဆိုလိုသည်။ ထိုသို့ ရုပ်အဆက်ဆက်တို့၏

၃၂၀

သွားသောအမူအရာဖြင့် ဖြစ်ကြသောကြောင့်ပင် (ဝါ-ဖြစ်ကြသည်ကိုပင်) “သွား၏”ဟူ၍ လောကပညတ် ခေါ်ဆိုအပ်လေသည်။

(၂) ထို့အတူ ရပ်လိုသောစိတ် ဖြစ်လတ်သော် ထိုစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်သည် တကိုယ်လုံးသို့ ပြန့်နှံ့လေသည်။ ထိုသို့ ဝါယောဓာတ် တကိုယ်လုံး ပြန့်နှံ့ခြင်းကြောင့် ကိုယ်ကာယ၏ မတ်မတ်စိုက်ထောင်ခြင်းသည် ဖြစ်၏၊ အထက်အထက် ဌာနဖြင့် ရုပ်အထူးတို့၏ အဆင့်ဆင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်ဟု ဆိုလိုသည်။ ထိုသို့ ရုပ်အဆက်ဆက်တို့ အောက်နှင့်အထက် အဆင့်ဆင့် ရပ်သောအမူအရာဖြင့် ဖြစ်ကြသောကြောင့်ပင် (ဝါ-ဖြစ်သည်ကိုပင်) “ရပ်၏”ဟူ၍ လောကပညတ် ခေါ်ဆိုအပ်လေသည်။

(၃) ထို့အတူ ထိုင်လိုသောစိတ် ဖြစ်လတ်သော် ထိုစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်သည် တကိုယ်လုံးသို့ ပြန့်နှံ့လေသည်။ ထိုသို့ ဝါယောဓာတ် တကိုယ်လုံး ပြန့်နှံ့ခြင်းကြောင့် ကိုယ်ကာယ၏ အောက်ပိုင်းက ကွေးသောအမူအရာ အထက်ပိုင်းက စိုက်ထောင်သော အမူအရာ ဖြစ်ပေါ်လာ၏၊ အောက်ပိုင်း ကိုယ်ကာယက ကွေးသောအမူအရာ အထက်ပိုင်း ကိုယ်ကာယက စိုက်ထောင်သော အမူအရာဖြင့် ရုပ်အထူးတို့ ထင်ရှားဖြစ်ပေါ်ကြသည်ဟု ဆိုလိုသည်၊ ထိုသို့ ရုပ်အထူးတို့ ထိုင်သောအမူအရာဖြင့် ဖြစ်ကြသောကြောင့်ပင် (ဝါ-ဖြစ်ကြသည်ကိုပင်) “ထိုင်၏”ဟူ၍ လောကပညတ် ခေါ်ဆိုအပ်လေသည်။

(၄) ထို့အတူ လျောင်းလို အိပ်လိုသောစိတ် ဖြစ်လတ်သော် ထိုစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်သည် တကိုယ်လုံးသို့ ပြန့်နှံ့လေသည်။ ထိုသို့ ဝါယောဓာတ် တကိုယ်လုံး ပြန့်နှံ့ခြင်းကြောင့် ကိုယ်ကာယ၏ ဖီလာကန့်လန့် ဆန့်သောအခြင်းအရာ ဖြစ်ပေါ်လာ၏၊ ဖီလာကန့်လန့် ဆန့်သောအမူအရာဖြင့် ရုပ်အထူးတို့ ထင်ရှားဖြစ်ပေါ်ကြသည်ဟု ဆိုလိုသည်၊ ထိုသို့ ရုပ်အထူးတို့ ဖီလာကန့်လန့် ဆန့်သောအမူအရာ = လျောင်းအိပ်သော အမူအရာဖြင့် ဖြစ်ကြသောကြောင့်ပင် (ဝါ-ဖြစ်ကြသည်ကိုပင်) “လျောင်း၏ = အိပ်၏”ဟူ၍ လောကပညတ် ခေါ်ဆိုအပ်လေသည်။

ထို့အတူ “ကွေး၏, ဆန့်၏”ဟု ဆိုရာ၌လည်း ကွေးလို ဆန့်လိုသော စိတ်ဖြစ်လတ်သော် ထိုစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်သည် ထိုထိုအဆစ်တို့သို့ ပြန့်နှံ့လေသည်၊ ထိုသို့ ဝါယောဓာတ် ပြန့်နှံ့ခြင်းကြောင့် အဆစ်တို့၏ ကွေးသောအမူအရာ, ဆန့်သောအမူအရာ

၃၂၁

ဖြစ်ပေါ်လာလေသည်၊ ကွေးသောအမူအရာ, ဆန့်သောအမူအရာဖြင့် ရုပ်အထူးတို့ ထင်ရှား ဖြစ်ပေါ်ကြသည်ဟု ဆိုလိုသည်၊ ထိုသို့ ရုပ်အထူးတို့ ကွေးသောအမူအရာ, ဆန့်သောအမူအရာဖြင့် ဖြစ်ကြသောကြောင့်ပင် (ဝါ-ဖြစ်ကြသည်ကိုပင်) “ကွေး၏, ဆန့်၏”ဟူ၍ လောကပညတ် ခေါ်ဆိုအပ်လေသည်။

ထို့ကြောင့် ဖော်ပြရာပါ လောကပညတ် ခေါ်ဆိုအပ်သည့် သွားမှု, ရပ်မှု, ထိုင်မှု, လျောင်းမှု = အိပ်မှု, ကွေးမှု, ဆန့်မှု အမူအရာအစုစုသည် ဤကိုယ်ခန္ဓာ၏ လှုပ်ရှားမှုသာဖြစ်၏၊ = ထိုထိုအမူအရာဖြင့် ရုပ်တရား အထူးတို့ ထင်ရှားဖြစ်ပေါ်မှုသာ ဖြစ်၏ဟု ဆိုလိုသည်၊ ဤခန္ဓာကိုယ်၌ အခြားတပါး တစုံတယောက် သွားတတ်, ရပ်တတ်, ထိုင်တတ်, လျောင်းတတ် = အိပ်တတ်, ကွေးတတ်, ဆန့်တတ်သော ပုဂ္ဂိုလ်သတ္တဝါ အတ္တဇီဝဟူ၍ မရှိ၊ ဤကိုယ်ခန္ဓာသည် တစုံတယောက် သွားတတ်သော ပုဂ္ဂိုလ်သတ္တဝါ, ရပ်တတ်သော, ထိုင်တတ်သော, လျောင်းတတ် = အိပ်တတ်သော, ကွေးတတ်သော ပုဂ္ဂိုလ်သတ္တဝါ, ဆန့်တတ်သော ပုဂ္ဂိုလ်သတ္တဝါ အတ္တဇီဝမှ ဆိတ်သုဉ်း၏။ စင်စစ်သော်ကား-

စိတ္တနာနတ္တမာဂမ္မ၊ နာနတ္တံ ဟောတိ ဝါယုနော။

ဝါယုနာနတ္တတော နာနာ၊ ဟောတိ ကာယဿ ဣဉ္ဇနာ။

စိတ်ထူးခြားမှုကို အစွဲပြု၍ ဝါယောဓာတ်၏ ထူးခြားမှုသည် ဖြစ်၏။ ဝါယောဓာတ် ထူးခြားမှုကြောင့် ဤကိုယ်ခန္ဓာ၏ လှုပ်ရှားမှု အထူးထူး အထွေထွေ ဖြစ်ပေါ်လေသည်။ ။ဤကား ဤဂါထာ၌ ပရမတ္ထ သဘော အနက်အဓိပ္ပါယ်တည်း။

ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ဤပဌမဂါထာဖြင့် အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာ = သုံးပါးကို ထင်ရှားပြတော်မူ၏၊ ပြတော်မူပုံမှာ-

သွား, ရပ်, ထိုင်, လျောင်း = ဣရိယာပုထ် လေးပါးတို့အနက် တခုသော ဣရိယာပုထ်၌ ကြာမြင့်စွာနေသဖြင့် ကိုယ်ဆင်းရဲ နာကျင်မှုသည် ဖြစ်ပေါ်လာ၏။ ထိုကိုယ်ဆင်းရဲ နာကျင်မှုကို ပယ်ဖျောက်ရန် အခြားဣရိယာပုထ်တပါးသို့ ပြောင်းလဲမှုကို ပြုရတော့၏။ (ကိုယ်ဆင်းရဲ နာကျင်မှု = ဒုက္ခသဘောလက္ခဏာကို ဣရိယာပုထ်ဖြင့် ဖုံးထားအပ်လေသည်၊ ဝါ-ဒုက္ခသဘောလက္ခဏာ မပေါ်နိုင်အောင် အခြား ဣရိယာပုထ်တပါး တပါးဖြင့် ပြောင်းလဲဖုံးအုပ်၍ ထားလေသည်။ ထို့ကြောင့် “ဒုက္ခလက္ခဏာကို ဣရိယာပုထ် ဖုံးအုပ်သည်”ဟု ပညာရှိတို့ မိန့်ဆိုတော်မူကြသည်)။

၃၂၂

သို့ရကား “စရံ ဝါ ယဒိ ဝါ တိဋ္ဌံ”စသော ဂါထာသုံးပိုဒ်ဖြင့် ဣရိယာပုထ် တမျိုး တမျိုး ပြောင်းလဲဖုံးအုပ်၍ ထားအပ်သော ဒုက္ခလက္ခဏာကို ပြတော်မူ၏။ (ကိုယ်ဆင်းရဲသောကြောင့် ဣရိယာပုထ် အမျိုးမျိုး ပြောင်းလဲရသည်၊ သို့ရကား ဣရိယာပုထ် အမျိုးမျိုးပြောင်းလဲရမှု တည်းဟူသော အကျိုးကို ဖော်ပြသဖြင့် အကြောင်းဖြစ်သည့် ကိုယ်ဆင်းရဲမှု = ဒုက္ခလက္ခဏာကို သိရလေသည်)။

ထို့အတူ သွားသောအခါ၌ ရပ်ခြင်းစသည်တို့ မရှိသောကြောင့် “ဧသာ ကာယဿ ဣဉ္ဇနာ = ဤသွား,ရပ်,ထိုင်,လျောင်း ရှေ့နှောင်းတက်,ဆုတ် ကွေးရုပ်,ဆန့်တန်းမှု အစုစုအဖုံဖုံ အမူအရာ အလုံးစုံသည် ကိုယ်ခန္ဓာ၏ လှုပ်ရှားမှုသာတည်း”ဟု ဟောတော်မူသော မြတ်စွာဘုရားရှင်သည် သန္တတိဖြင့် ဖုံးလွှမ်းအပ်သော အနိစ္စလက္ခဏာကို ပြတော်မူ၏။

ထင်ရှားစေဦးအံ့- ရုပ်နာမ်တရားတို့၏ အဆက်မပြတ် ဖြစ်ပွါးနေမှုကို သန္တတိဟူ၍ ခေါ်ဆိုသည်။ ယင်းသို့ ရုပ်နာမ်တို့၏ အဆက်မပြတ် ဖြစ်ပွါးနေမှု = သန္တတိကြောင့် ထိုရုပ်နာမ်တရားတို့၏ သူ့ခဏနှင့်သူ ချုပ်ပျောက်ပျက်ဆုံး၍သွားမှု တည်းဟူသော = အနိစ္စလက္ခဏာကို မမြင်ရခြင်းဖြစ်သည်။ ထိုအကြောင်းကို အစွဲပြု၍ “အနိစ္စလက္ခဏာကို သန္တတိ ဖုံးအုပ်ထားသည်”ဟု ပညာရှိတို့ မိန့်ဆိုတော်မူကြသည်။ “ဧသာ ကာယဿ ဣဉ္ဇနာ = ဤသွား,ရပ်,ထိုင်,လျောင်း ရှေ့ နှောင်းတက်,ဆုတ် ကွေးရုပ်,ဆန့်တန်းမှု အစုစုအဖုံဖုံ အမူအရာ အလုံးစုံသည် ကိုယ်ခန္ဓာ၏ လှုပ်ရှားမှုသာတည်း”ဟု ဟောတော်မူလိုက်ခြင်းဖြင့်-

“ဣရိယာပုထ် အမူအရာတခုတခု၌ သဘောတူသော နာမ်ရုပ် တစုတစုတို့ အဆက်မပြတ် ဖြစ်ပေါ်နေကြသည်။ ဣရိယာပုထ်တပါး အမူအရာတပါး ပြောင်းလဲသွားသောအခါ ထိုနာမ်ရုပ်တရားတို့သည် အစုလိုက် အစုလိုက်ပင် ပြောင်းလဲ၍ သွားကြသည် = ချုပ်ပျောက်၍ သွားကြသည်”—

ဟူသော အနက်အဓိပ္ပါယ်ကို သိစေတော်မူ၏။ ထို့ကြောင့် ထိုနောက်ဆုံး စတုတ္ထပိုဒ်ဖြင့် သန္တတိဖြင့် ဖုံးလွှမ်းထားသည့် အနိစ္စလက္ခဏာကို မြတ်စွာဘုရား ထင်ရှားပြတော်မူသည်ဟု အဓိပ္ပါယ်ကို သိရလေသည်။

ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း ပရမတ္ထသဘာဝ စင်စစ်အားဖြင့် သွားလို, ရပ်လို, ထိုင်လို, လျောင်းလိုသော စိတ်ကြောင့်

၃၂၃

စိတ္တဇဝါယောဓာတ် ဖြစ်သည်၊ ထိုဝါယောဓာတ် တကိုယ်လုံး ပြန့်နှံ့သောကြောင့် သွားသောအမူအရာ, ရပ်သောအမူအရာ, ထိုင်သောအမူအရာ, လျောင်းသော အမူအရာဖြင့် ရုပ်အထူးတို့ ဖြစ်ကြသည်။ ထိုသို့ ဖြစ်ကြသည်ကိုပင် လောက ပညတ်အားဖြင့် သွားသည်, ရပ်သည်, ထိုင်သည်, လျောင်းသည်, ရှေ့သို့တက်သည်, နောက်သို့ဆုတ်သည်, ကွေးသည်, ဆန့်သည်ဟူ၍ ခေါ်ဆိုအပ်လေသည်၊ ပရမတ္ထအားဖြင့်ကား ထိုထိုအကြောင်း စုပေါင်းညီညွတ်သဖြင့် ရုပ်အထူးတို့ ဖြစ်ကြခြင်းသာ ဖြစ်သည်၊ ရုပ်နာမ်နှစ်ဖြာ ကိုယ်ခန္ဓာ၏ ဆိုင်ရာအကြောင်း စုပေါင်းညီညွတ်သဖြင့် ထိုထိုသွားခြင်း, ရပ်ခြင်း-စသော အမူအရာအားဖြင့် ရုပ်အထူးတို့၏ ဖြစ်ကြခြင်းသာဟု ဆိုလိုသည်။ ဤအချက်ကို လေးနက်စွာ မသိသောကြောင့် အတ္တဝါဒသမားတို့က “အတ္တလိပ်ပြာသည်ပင် သွား၏, ရပ်၏, ထိုင်၏, လျောင်း၏”ဟု ပြောဆိုကြလေသည်။ ထိုသူတို့ အလိုအားဖြင့် “အတ္တလိပ်ပြာ၏ သွားမှု, ရပ်မှု, ထိုင်မှု, လျောင်းမှု”ဟု ဆိုကြသည်၊ ထိုကို မြတ်စွာဘုရားရှင်က “အတ္တလိပ်ပြာ၏ သွားမှု, ရပ်မှု, ထိုင်မှု, လျောင်းမှုမဟုတ်၊ ဧသာ ကာယဿ ဣဉ္ဇနာ = ဤအပြုအမူ အလုံးစုံသည် ကိုယ်ခန္ဓာ၏ လှုပ်ရှားမှု ထိုထိုအကြောင်း စုပေါင်းညီညွတ်သဖြင့် ထိုထိုအမူအရာအားဖြင့် ရုပ်အထူးတို့၏ ထင်ရှား ဖြစ်ပွါးခြင်းမျှသာ ဖြစ်သည်”ဟု ဟောတော်မူသည်။

ဃနလေးပါး

ဤအရာ၌ (၁) သန္တတိဃန (၂) သမူဟဃန (၃) ကိစ္စဃန (၄) အာရမ္မဏဃနဟူ၍ ဃနလေးပါးရှိသည်။

(၁) ထိုလေးပါးတို့တွင် ရှေ့နောက်ဖြစ်သော ရုပ်နာမ်တရားတို့၏ အခြားမရှိ အကြားမထင်သောအားဖြင့် တရားလုံး တခုတည်းကဲ့သို့ ထင်မှတ်ယူရအောင် ဖြစ်ပွါးခြင်း စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွါးခြင်းသည် သန္တတိဃနမည်၏။

ဤ၌ “အခြားမရှိသောအားဖြင့် ဖြစ်ခြင်း”ဟူသည်မှာ ရှေ့တရား၏ ဘင်ခဏနှင့်ပြိုင်လျက် နောက်တရားကဖြစ်ခြင်း (တနည်း) ရှေ့တရားချုပ်သည်၏ အခြားမဲ့မှာပင် နောက်တရားက ထင်ရှားဖြစ်ခြင်းကို ဆိုလိုသည်။ ၎င်းကို (ပုရိမပစ္ဆိမာနံ နိရန္တရတာ = ရှေ့တရား နောက်တရားတို့၏ အကြားမရှိ ဖြစ်သည်၏အဖြစ်)ဟူ၍ ဋီကာဆရာကြီးများ ခေါ်ဆို အသုံးပြုတော်မူကြသည်။ ယင်းကဲ့သို့ အခြားမရှိ အကြားမထင်အောင်

၃၂၄

ဖြစ်ပွါးခြင်းဖြင့် အဖြစ်တရားဖက်က အားရှိကာ ဖုံးလွှမ်းအပ်သကဲ့သို့ဖြစ်၍ အပျက်တရားဖက်က မထင်ရှားသောကြောင့် “ယခု တွေ့မြင်ရသော တရားသည် ယခင်တွေ့မြင်ရသော တရားပင်တည်း”ဟု မှတ်ယူသောအနေဖြင့် လူများအပေါင်းတို့ ဖောက်ပြန်ထွေပြား အထင်မှား အမှတ်မှားကြရလေသည်။ ဤသဘောကို “ထင်းမီးစတခုကိုကိုင်၍ ဝှေ့ရမ်းလျှင် မီးဝိုင်းကြီးဟု ထင်ရမှု”က သက်သေခံလျက်ရှိသည်။ (ဤကား သန္တတိဃနတည်း)။

(၂) ဖဿ-အစရှိသော နာမ်တရား, ပထဝီ-အစရှိသော ရုပ်တရားတို့၏ ထိုထို နာမ်ကလာပ် ရုပ်ကလာပ်တို့၌ တပေါင်းတည်း တစုတည်းအနေဖြင့် ပရမတ္ထတရားသား တခုတည်းကဲ့သို့ ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွါးခြင်းသည် သမူဟဃနမည်၏။

နာမ်တရား ရုပ်တရားတို့သည် ဖြစ်ပွါးကြသောအခါ တရားလုံး (သဘာဝသတ္တိ) တခုတည်းသာ ဖြစ်ကြသည်မဟုတ်၊ နာမ်တရားဖက်ကလည်း အနည်းဆုံး ရှစ်မျိုး ( စက္ခုဝိညာဏ်နှင့် သဗ္ဗစိတ္တသာဓာရဏစေတသိက် ခုနစ်ပါးကို ဆိုလိုသည် )၊ ရုပ်တရားဖက်ကလည်း အနည်းဆုံး ရှစ်မျိုးပင် (အဋ္ဌကလာပ်ရုပ်ကို ရည်ညွှန်းသည်) ဖြစ်ပွါးကြသည်။ ယင်းကဲ့သို့ အနည်းဆုံး သဘာဝသတ္တိရှစ်မျိုးတို့ သဘာဝသတ္တိ တမျိုးတည်းဟု ထင်မှတ်ယူရအောင် စုလျက် ပေါင်းလျက် တွဲလျက် ခဲလျက် ဖြစ်ပွါးခြင်းကို သမူဟဃနခေါ်သည်ဟု ဆိုလိုသည်။ (ဤကား သမူဟဃနတည်း)။

(၃) နာမ်ကလာပ် တခုတခု, ရုပ်ကလာပ် တခုတခု၌ ပါရှိကြသည့် နာမ်တရား ရုပ်တရား အသီးသီးတို့သည် ဆိုင်ရာဆိုင်ရာ မိမိမိမိတို့၏ ကိစ္စအလုပ်တို့ကို ပြုလုပ် ပြီးပြေစေကြလျက် ဖြစ်ပွါးကြလေသည်။ ထိုသို့ ဖြစ်ပွါးကြရာ၌ (အဘိဓမ္မာ ဉာဏ်ပညာမျက်စိ မရှိသောသူတို့အဖို့မှာ) ဤကား ဖဿ၏အလုပ်ကိစ္စ, ဤကား ဝေဒနာ၏အလုပ်ကိစ္စ, ဤကား သညာ၏အလုပ်ကိစ္စ- စသည်ဖြင့်၎င်း, ဤကား ပထဝီ၏ကိစ္စ, ဤကား အာပေါ၏ကိစ္စ, ဤကား ဝါယာ၏ကိစ္စ, ဤကား တေဇော၏ကိစ္စ- စသည်ဖြင့်၎င်း အလုပ်ကိစ္စအထူးကို သိဖို့ရန် ခဲယဉ်းလှကုန်၏၊ ယင်းသို့ နာမ်တရား ရုပ်တရားတို့၏ မိမိ မိမိတို့၏ ဆိုင်ရာကိစ္စအထူးကို သိနိုင်ခဲသောအနေဖြင့် တရားလုံးတခုတည်းဟု ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွါးမှုကို ကိစ္စဃနခေါ်သည်။ (ဤကား ကိစ္စဃနတည်း)။

၃၂၅

(၄) နာမ်ကလာပ်တခုတခု၌ ပါရှိသော ထိုထိုနာမ်တရားတို့၏ အာရုံတခုကို စု၍ပေါင်း၍ အာရုံပြုသော အနေဖြင့်၎င်း, ရုပ်ကလာပ် တခုတခု၌ ပါရှိသော ထိုထိုရုပ်တရားတို့၏ အာရုံတခုတည်း အနေဖြင့်၎င်း ပရမတ္ထတရားသား (သဘာဝသတ္တိ) တခုတည်းဟု ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွါးခြင်းကို အာရမ္မဏဃနခေါ်သည်။ (ဤကား အာရမ္မဏဃနတည်း)။

အချုပ်အားဖြင့် အကြောင်းပစ္စည်းတရား အကျိုးပစ္စယုပ္ပန်တရားအနေဖြင့် ဖြစ်ပွါးကြသည့် များစွာသော ရုပ်နာမ်တရားတို့၏ ကာလအားဖြင့်, သဘာဝအားဖြင့်, ကိစ္စအားဖြင့်, အာရုံသဘောအားဖြင့် အထူးအပြားကို သိနိုင်ခဲသောအနေအားဖြင့် တရားလုံး တရားသား တခုတည်းကဲ့သို့ ထင်မှတ်ယူရအောင် ဖြစ်ပွါးခြင်းကို အစဉ်အတိုင်း သန္တတိဃန, သမူဟဃန, ကိစ္စဃန, အာရမ္မဏဃနဟူ၍ ခေါ်ဆိုအပ်လေသည်။ (ဤဃနလေးပါးအကြောင်းကို ဓမ္မသင်္ဂဏီ မူလဋီကာ စာမျက်နှာ ၆ဝ-နှင့် ဓမ္မသင်္ဂဏီအနုဋီကာ စာမျက်နှာ ၆၆-တို့မှ ထုတ်နုတ်ဖော်ပြအပ်သည်)။

“ငရုတ်စေ့၌၊ စိတ်တွေ့သတ်သတ်၊ အစပ်ကိုတည့်၊ ရှုမျှော်ကြည့်သို့၊ သတ္တိကိုမျှ၊ ရှုကြည့်ရ၊ ပရမတ္ထမှာ”–

ဟူသောအတိုင်း ထိုထို နာမ်ရုပ်တရားတို့၏ သဘာဝသတ္တိကို “ဉာဏ်မျက်စိဖြင့် ရှုကြည့်နိုင်မှ ပရမတ္ထသို့ အမြင်ဆိုက်ရောက်သည်၊ ပရမတ္ထသို့ အသိဉာဏ် အမြင်ဆိုက်ရောက်မှ ဃနပြိုသည်။ ဃနပြိုမှ အနတ္တအသိဉာဏ်ကို ရနိုင်သည်။ သဘာဝသတ္တိကို ဉာဏ်မျက်စိဖြင့် မရှုကြည့်က ပရမတ္ထသို့ အမြင်မဆိုက်၊ ပရမတ္ထသို့ အသိဉာဏ်အမြင် မဆိုက်လျှင် ဃနမပြို၊ ဃနမပြိုလျှင် အနတ္တအသိဉာဏ်ကို မရနိုင်၊ ထို့ကြောင့် “အနတ္တလက္ခဏာကို ဃနဖုံးသည်”ဟု ပညာရှိတို့ မိန့်ဆိုတော်မူကြသည်။

ဤပဌမဂါထာ၌ မြတ်စွာဘုရားရှင်သည် စတုတ္ထပါဒ “ဧသာ ကာယဿ ဣဉ္ဇနာ = ဤအပြုအမူ အလုံးစုံသည် ပုဂ္ဂိုလ်သတ္တဝါ အတ္တလိပ်ပြာ၏ အပြုအမူမဟုတ်၊ စင်စစ်သော်ကား ထိုထိုရုပ်နာမ်တရား အစု၏ ဆိုင်ရာဆိုင်ရာ မိမိမိတို့၏ အလုပ်ကိစ္စကို ပြုလုပ်ပြီးပြေစေသောအားဖြင့် ဖြစ်ပွါးမှု = လှုပ်ရှားမှုသာတည်း”ဟု ဟောတော်မူလိုက်သဖြင့် ဃနဖြင့် ဖုံးလွှမ်းအပ်သော အနတ္တလက္ခဏာသဘောကို ပြတော်မူ၏။ ဤအရာစုကား နက်နဲဘိတောင်း၊ သာမန်ဉာဏ်မျက်စိဖြင့် မသိနိုင်ချေ)။

ပဌမဂါထာ ပြီး၏။

၃၂၆

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် လက္ခဏာရေးသုံးပါးကို ပြတော်မူသောအားဖြင့် နိစ္စသဘော, သုခသဘော, အတ္တသဘောမှ ဆိတ်သုဉ်းသည့် သုညတကမ္မဋ္ဌာန်းကို ဟောတော်မူပြီးလျှင် တဖန် သဝိညာဏကအသုဘ = သက်ရှိအသုဘ, အဝိညာဏကအသုဘ = သက်မဲ့အသုဘ နှစ်ပါးကို ပြအံ့သောငှါ နောက် ဂါထာများကို ဆက်၍ ဟောကြားတော်မူလေသည်-

(၂) အဋ္ဌိနဟာရုသံယုတ္တော၊

တစမံသာဝလေပနော။

ဆဝိယာ ကာယာ ပဋိစ္ဆန္နော၊

ယထာဘူတံ န ဒိဿတိ။

ကာယော = သဝိညာဏကခေါ်ဆို ဤခန္ဓာကိုယ်သည်။ အဋ္ဌိနဟာရုသံယုတ္တာ = (သုံးရာသော) အရိုး, အရိုးကိုဖွဲ့သည့် (ကိုးရာသော) အကြော, အရသာကို ဆောင်သည့် (ခုနစ်ထောင်သော) အကြောတို့နှင့် ဖွဲ့ယှက် ရစ်ပတ် စပ်ယှဉ်သည်ဖြစ်၍။ တစမံသာဝလေပနော = အဆင်းဖွေးဖြူ ထူသောအတွင်းရေ, ကိုးရာသောသားတစ်တို့ဖြင့် လိမ်းကျံအပ်သည်ဖြစ်၍။ (ပရမဒုဂ္ဂန္ဓဇေဂုစ္ဆပဋိကူလော = အလွန်ပင် ရနံ့ပုပ်လောင်း စက်ဆုပ်ဖွယ် ရွံရှာဖွယ် ကောင်းလှ၏)။ ကာယော = သဝိညာဏကခေါ်ဆို ဤခန္ဓာကိုယ်ကို။ ဆဝိယာ = အဆင်းထူးထွေ အပေါ်ရေ (=အရေပါး)ဖြင့်။ ပဋိစ္ဆန္နော = အိမ်နံရံကို အညိုစသည် ဆိုးရည်သုတ်မွှန်း ပုံနှုန်းနှန်းလျှင် ဖုံးလွှမ်းခြယ်လှယ်အပ်သည်ဖြစ်၍။ ယထာဘူတံ = ဟုတ်မှန်လှစွာ အသုဘ အခြင်းအရာကို။ န ဒိဿတိ = ပညာအန္ဓ လူ့ဗာလတို့ လုံးဝမထင် မမြင်ကြရချေ။

(ဤကိုယ်၏ သဘောကား- အိမ်၌ ထုပ်, လျောက်, ဒိုင်း, မြှား, အမာခံများကို မရွေ့ရှားအောင် ကြိမ်နွယ်ဖြင့် တုပ်နှောင် ဖွဲ့ချည်အပ်သကဲ့သို့ အမာခံဖြစ်သော အရိုးပေါင်း သုံးရာခြောက်ဆယ်တို့ကို မရွေ့မရှား တည်ရှိအောင် ကြိမ်နွယ်နှင့်တူသော အကြောပေါင်း ကိုးရာတို့ဖြင့်

၃၂၇

ဖွဲ့ယှက်တုပ်နှောင်၍ ထားအပ်လေသည်။ ထို၏အပေါ်မှ ဘိတ္တိခေါ်သော မျက်ကွက်နံရံကို နွားချေး မြေညက်စိုင်တို့ဖြင့် မွမ်းမံလိမ်းကျံအပ်သကဲ့သို့ အသားတစ် အသားစိုင်ပေါင်း ကိုးရာတို့ဖြင့် လိမ်းကျံ မွမ်းမံ အပ်လေသည်။ ထို၏အထက်မှ တဖန် အင်္ဂတေ အချောကိုင်သကဲ့သို့ အရေထူဖြင့် ရစ်ပတ်ဖွဲ့ယှက်၍ ထားအပ်လေသည်။ ဖော်ပြရာပါ အရိုး, အကြော, အသားတစ်, အရေထူများကား ပင်ကိုယ်သဘာဝအားဖြင့် ရနံ့ပုပ်လှောင်း စက်ဆုပ်ဖွယ် ရွံရှာဖွယ် ကောင်းလှ၏၊ သို့သော် အိမ်နံရံကို ကြည့်ရှု၍ တင့်တယ်အောင် အညို, အဝါ, အစိမ်း, အနီစသော ဆေးအမျိုးမျိုးတို့ဖြင့် အသွေးအမျိုးမျိုးဖြစ်ရန် ခြယ်လှယ် ဖုံးအုပ်ထားသကဲ့သို့ ထိုအရိုး, အကြော, အသားတစ်, အရေထူတို့ကို ဆိုးဆေးနှင့်တူသည့် အညို, အရွှေ, အနီ, အဖြူ အဆင်းအမျိုးမျိုးရှိသော ယင်ကောင်၏ တောင်ပံအလား (တကိုယ်လုံးကိုခွါ၍ လုံးလိုက်လျှင် ဇီးစေ့ခန့်မျှသာ ပမာဏရှိသည့်) သိမ်မွေ့လှစွာသော အပေါ်ရံ အရေပါးက ဖုံးအုပ်၍ ထားအပ်သောကြောင့် ပညာမျက်စိ မရှိသူတို့သည် ဟုတ်တိုင်းမှန်စွာ အသုဘ အခြင်းအရာကို မမြင်ကြရချေဟု ဆိုလိုသည်။)

     ယင်းသို့ အရေပါးတည်းဟူသော ဆိုးရေတပ်စွန်းအပ်သည့် အရေထူဖြင့် ရစ်ပတ်ဖွဲ့ယှက်၍ ထားအပ်သောကြောင့် လူအပေါင်းအား မထင်ရှားသည့် အလွန်လျှင် မစင်ကြယ်, ရနံ့မကောင်း, စက်ဆုပ်ဖွယ်, ရွံရှာဖွယ်ကောင်းသည့် အထူးထူးသော အတွင်းအသုဘ ကောဋ္ဌာသတို့ကို ပညာမျက်စိဖြင့် ထိုးဖောက်၍ ဤသို့မြင်အောင် ကြည့်ရှုရမည်ဟု ပြတော်မူလိုသဖြင့် ဤဂါထာတို့ကို ဆက်၍ ဟောတော်မူအပ်လေသည်-

(၃) အန္တပူရော ဥဒရပူရော၊

ယကနပေဠဿ ဝတ္ထိနော။

ဟဒယဿ ပပ္ဖါသဿ၊

ဝက္ကဿ ပိဟကဿ စ။


(၄) သိင်္ဃာဏိကာယ ခေဠဿ၊

သေဒဿ စ မေဒဿ စ။

လောဟိတဿ လသိကာယ၊

ပိတ္တဿ စ ဝသာယ စ။

၃၂၈

(အယံ ကာယော = သဝိညာဏကခေါ်ဆို ဤခန္ဓာကိုယ်သည်။ န စန္ဒနာဒိပူရော = စန္ဒကူးနံ့သာ စသည်တို့ဖြင့် ပြည့်သည်မဟုတ်။ အထ ခေါ = အဟုတ်သော်ကား)။ အယံ ကာယော = သဝိညာဏကခေါ်ဆို ဤခန္ဓာကိုယ်သည်။ အန္တပူရော = အူမဖြင့် ပြည့်၏။ (ဝါ-အန္တပူရော = ယောက်ျားဒွတ္တိံ မိန်းမဋ္ဌာဝီ အတောင်ရှည်သား ဖြူသည်အဆင်း ကတေအင်းသို့ သွေးကျင်းမှာခွေ ခေါင်းပြတ်မြွေလို လည်မျိုဝစ္စ ပဒေသဝယ် နှစ်ဆယ်တတွန့် လိမ်တွန့်ရစ်နေ အူမခွေဖြင့် ပြည့်၏။ ။ ဝါ- ပေါက်သည့် နောက်အနက်ကား မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး၏ အနက်များဖြစ်သည်၊ နောက်၌လည်း ဤနည်းအတူပင်)။

ဥဒရပူရော = အစာသစ်ဖြင့် ပြည့်၏။ (ဝါ-ဥဒရပူရော = စားသည့်အစာ သွင်လျာရူပ အူမထက်ဖျား ဆန့်ထုပ်လားသို့ - ကားသန့်ရှင်း တွင်း- ပိန္နဲခွံ ရွံဖွယ်ဘိခြင်း တစိတွင်းနှယ် သုံးဆယ်နှစ်မျိုး ပိုးတို့နေရာ အူထုံးမှာဝယ် လျှာရည်တံထွေး သွားမြှေးအာစေး ထိုထိုကြေးကို သိမ်းထွေးပေါင်းစု ထောင်းထုဝါးချေ မျိုလေဆင်းသက် ဓာတ်မီးချက်၍ ပရပွက်အူ ကျိုက်ကျိုက်ဆူပွ အမြှုပ်ထကာ ပိုးစာ,လောင်မီး, ကျင်ကြီး,ကျင်ငယ် တသွယ်သွေးသား ငါးပါးကွဲလျက် ခွေးစားခွက်ဝယ် ထွေးဟက်စွန့်လတ် ခွေးအန်ဖတ်တရှိ အစာသစ်ဖြင့် ပြည့်၏)။

ယကနပေဠဿ = အသည်းစိုင်ဖြင့်။ ပူရော = ပြည့်၏။ (ဝါ-ယကနပေဠဿ = ကုမုဒြာ ကြာချပ် ကျောက်နှယ် စဉ်းငယ်နီလျက် ကသစ်ရွက်သဏ္ဌာန် ဉာဏ်မဲ့ကြီးကြီး တခုတည်းသာ ပညာရှိဝယ် နှစ်,သုံးငယ်လတ် ထနဗ္ဘန္တရေ ညာမှာနေသော အသည်းစိုင်ဖြင့်။ ပူရော = ပြည့်၏)။

ဝတ္ထိနော = ကျင်ငယ်ဖြင့်။ ပူရော = ပြည့်၏။ (ဝါ-ဝတ္ထိနော = ပဲပြာရည်ဆင်း ဆီးစတွင်းဝယ် သက်ဆင်းကိုယ်မှ

၃၂၉

မရဝင်ပေါက် ထွက်ပေါက်သာထင် စိမ့်၍ဝင်သော ကျင်ငယ်အစုဖြင့်။ ပူရော = ရွံ့ဖွယ်လိလိ ပြည့်၍နေ၏)။

ဟဒယဿ = နှလုံးသားဖြင့်။ ပူရော = ပြည့်၏။ (ဝါ-ဟဒယဿ = ဆင်းရွက်ပဒုံ ကျောပြင်ပုံတည်း ကြာငုံ အောက်ရှူ ဉာဏ်ရှိသူဝယ် စဉ်းငယ်ပွင့်တုံ, စုငုံမန္ဒ အပသန့်ရှင်း တွင်းသပွတ်အူ နှစ်ဆူဓာတ်မှီ နီသည်ရာဂ, ဒေါသမည်းငြား, သားဆေးရည်မောဟ, တက္ကပဲရည်, ဝါသည်သဒ္ဓါ, ပညာပြိုးပြက် ဇောတမြက်သွင် ဖြူစင်လွန်ကဲ လက်ဆွံ့ခွဲမျှ လောဟိတသည် ပုန္နာဂဋ္ဌိ တွင်းမှာရှိလတ် သားမြတ်လယ်ဗွေ ရင်မှာနေသော နှလုံးသားဖြင့်။ ပုရော = ရွံ့ဖွယ်လိလိ ပြည့်၍နေ၏)။

ပပ္ဖါသဿ = အဆုပ်အစုံဖြင့်။ ပူရော = ပြည့်၏။ (ဝါ-ပပ္ဖါသဿ = ရွမ်းမှည့်သဖန်း နီမြန်းဆင်းဟန် သဏ္ဌာန်စုတ်ပဲ့ မုံ့ယှက်ကဲ့နှုန်း သည်းနှလုံးကို အုပ်ဖုံးတွဲရရွဲ အစာနဲက ထန်ကဲတေဇာ ပူလောင်လာ၍ ဩဇာ မကပ် နွားဝါးဖတ်နှယ် သုံးဆယ်နှင့်နှစ် အသားတစ်ဟူသော အဆုပ်အစုဖြင့်။ ပူရော = ရွံ့ဖွယ်လိလိ ပြည့်၍နေ၏)။

ဝက္ကဿ = အညှို့နှစ်ခုဖြင့်။ ပူရော = ပြည့်၏။ (ဝါ-ဝက္ကဿ = ကသစ်စေ့နှယ် စဉ်းငယ်နီမှု တန္တုတညှာ နှစ်မြွှာသရက် လည်မှသက်သည့် တချက်နှစ်ခု ကြောဖွဲ့ပြုလျက် ဝတ္ထုပတ်လည် ရံ၍တည်သော အ ညှို့နှစ်ခုဖြင့်။ ပူရော = ရွံဖွယ်လိလိ ပြည့်၍နေ၏)။

ပိဟကဿ စ = အဖျဉ်းဖြင့်လည်း။ ပူရော = ပြည့်၏။ (ဝါ-ပိဟကဿ စ = ကြောင်ပန်းပွင့်သွင် ညိုရောင်ထင်သော သတ္တင်္ဂုလာ နွားလျှာပုံတု ဝတ္ထုဝဲဖက် သရက်ရွက်ဝမ်းလျှာ ဘေသညာတွင်သော အဖျဉ်းအစုဖြင့်လည်း။ ပူရော = ရွံဖွယ်လိလိ ပြည့်၍နေ၏)။ (၃)

၃၃၀

အယံ ကာယော = သဝိညာဏကခေါ်ဆို ဤခန္ဓာကိုယ်သည်။ သိင်္ဃာဏိကာယ = နှပ်အစုဖြင့်။ ပူရော = ပြည့်၏။ (ဝါ-သိင်္ဃာဏိကာယ = ငိုယိုသောက်စား ဓာတ်ချောက်ချား၍ ဖောက်ထားသိမ်းအုပ် ကြာရွက်ထုပ်မှ နို့ဓမ်းကျသို့ နုလှထန်းဆန် ဆင်းဟန်မယုတ် သလိပ်ပုပ်အဖြစ် စင်စစ်ဖြစ်မြောက် ဦးနှောက်ရည်လျှင်း ဦးခေါင်းတွင်းမှ သက်ဆင်းအာစောက် အထက်ပေါက်ဖြင့် လျှောလျှောက်နှာဖု တည်ယိုစုသော နှပ်အစုဖြင့်။ ပူရော = ရွံ့ဖွယ်လိလိ ပြည့်၍နေ၏)။

ခေဠဿ = တံတွေးဖြင့်။ ပူရော = ပြည့်၏။ (ဝါ-ခေဠဿ = ချဉ်,ငန်,စပ်,ခါး မြင်,စား,ကြံမိ စိုစိစက်ဆုပ် နှလုံးလှုပ်၍ ရေမြှုပ်မယွင်း ပါးမှဆင်းလျက် လျှာရင်းပြစ်ချွဲ လျှာဖျားကျဲသည် လျှာ၌တည်သော တံထွေးဖြင့်။ ပူရော = ရွံဖွယ်လိလိ ပြည့်၍နေ၏)။

သေဒဿ စ = ချွေးဖြင့်လည်း။ ပူရော = ပြည့်၏။ (ဝါ-သေဒဿ စ = ဓာတ်ဝိပရီ ပူမညီ၍ နှမ်းဆီအဆင်း ဆံမွေးတွင်းမှ သက်ဆင်းယိုကျသော ချွေးဖြင့်လည်း။ ပူရော = ရွံ့ဖွယ်လိလိ ပြည့်၍နေ၏)။

မေဒဿ စ = အဆီခဲ အစုဖြင့်လည်း။ ပူရော = ပြည့်၏။ (ဝါ-မေဒဿ စ = ထက်ခြမ်းခွဲသည့် နနွင်းခဲတူ ဆူသောသူအား ရေသားကြား၌, ကြုံသူအားမှာ ဆူရာရာမှီသော အဆီခဲဖြင့်လည်း။ ပူရော = ရွံ့ဖွယ်လိလိ ပြည့်၍နေ၏)။

လောဟိတဿ = သွေးဖြင့်။ ပူရော = ပြည့်၏။ (ဝါ-လောဟိတဿ = ချိပ်ရည်အဆင်း တခွက်ခင်းမျှ ရင်တွင်းဆုပ်ညှို့ နှလုံးတို့ထက် တစက်စက်ကျ ယကနအောက်နေ ဤလေးထွေကို စိုစေလျက် စုဝေးသော သွေး (သန္နိစိတသွေးကို ဆိုလိုသည်), ကျဲသောချိပ်ရည် ပမည်ပိုက်ကျုံး ကိုယ်လုံးနှံ့ရောက် အကြောလျှောက်သောသွေး (သံသရဏသွေးကို ဆိုလိုသည်), ကျဲသောချိပ်ရည် ပမည်ပိုက်ကျုံး

၃၃၁

ကိုယ်လုံးနှံ့ရောက် အကြောလျှောက်သောသွေး (သံသရဏသွေးကို ဆိုလိုသည်)အားဖြင့် နှစ်ပါးသော သန္နိစိတ, သံသရဏ သွေးအစုဖြင့်။ ပူရော = ရွံ့ဖွယ်လိလိ ပြည့်၍နေ၏)။

လသိကာယ = အစေးပုပ်ဖြင့်။ ပူရော = ပြည့်၏။ (ဝါ-လသိကာယ = မဟာလှေကား စေးလားသဖွယ် ရာ့ရှစ်ဆယ်ဆက် အရိုးဆက်၌ ဆွတ်လျက်တည်ကာ ပြစ်၍ချွဲသော အစေးပုပ်ဖြင့်။ ပူရော = ရွံ့ဖွယ်လိလိ ပြည့်၍နေ၏)။

ပိတ္တဿ စ = သည်းခြေဖြင့်လည်း။ ပူရော = ပြည့်၏။ (ဝါ-ပိတ္တဿ စ = ဆုပ်နှလုံးကြား အသည်းနား၌ ထွားထွားကြီးကြီး သပွတ်သီးနှယ် အအိမ်ဝယ်တည် မည်စည်ဆီကဲ့ အိမ်ဖွဲ့သည်းခြေ (ဗဒ္ဓသည်းခြေကို ဆိုလိုသည်), စိုလေရာရာ ရေမှာဆီဆမ်း ပမာလှမ်းသား ညှိုးနွမ်းပျဉ်းပွင့် ကစော့ပွင့်တောင်ကြာ ပန်းဆင်းဝါသို့ အိမ်မှာမနေ (အဗဒ္ဓသည်းခြေကို ဆိုလိုသည်) နှစ်ပါးသော ဗဒ္ဓသည်းခြေ, အဗဒ္ဓသည်းခြေဖြင့်လည်း။ ပူရော = ရွံဖွယ်လိလိ ပြည့်၍နေ၏)။

ဝသာယ စ = ဆီကြည်ဖြင့်လည်း။ ဝါ- ခြင်ဆီဖြင့်လည်း။ ပူရော = ပြည့်၏။ (ဝါ-ဝသာယ စ = သဘောမတူ ရှိန်ပူဆာလျှင်း နှိပ်စက်ခြင်းကြောင့် အဆင်းအုန်းဆီ ရေပေါ်ဆီသဏ္ဌာန် ပြည့်ဟန်မသွေ လက်,ခြေ,နှာစွန်း ပခုံးစွန်းမှီ ခြင်ဆီဖြင့်လည်း။ ပူရော = ရွံဖွယ်လိလိ ပြည့်၍နေ၏)။ (၄)

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် အန္တပူရော-စသော နှစ်ဂါထာတို့ဖြင့် “ဤကိုယ်အတွင်း၌ ပုလဲပတ္တမြား- စသည်အတူ အမြတ်တနိုး ယူလောက်သည့် ကောဋ္ဌာသဟူ၍ မြူမျှမရှိ၊ စင်စစ်သော်ကား ဤကိုယ်ကောင်သည် မစင်မကြယ် ရွံဖွယ်တို့ဖြင့်သာလျှင်

၃၃၂

ပြည့်၍နေ၏”ဟု ကိုယ်တွင်း၌ဖြစ်သော ရွံရှာဖွယ်ကို ပြတော်မူပြီး၍ ထိုကိုယ်တွင်း၌ဖြစ်သော ရွံရှာဖွယ်ကိုပင် အပ၌ဖြစ်သော ရွံရှာဖွယ်ဖြင့် ထင်စွာပြု၍ ရှေး၌ဆိုပြီး, မဆိုရသေးသည်ကိုပါ သိမ်းရုံး၍ ပြတော်မူလိုရကား ဤဆိုလတ္တံ့သော နှစ်ဂါထာကို ဟောတော်မူသည်—

(၅) အထဿ နဝဟိ သောတေဟိ၊

အသုစီ သဝတိ သဗ္ဗဒါ။

အက္ခိမှာ အက္ခိဂူထကော၊

ကဏ္ဏမှာ ကဏ္ဏဂူထကော။


(၆) သိင်္ဃာဏိကာ စ နာသတော၊

မုခေန ဝမတေကဒါ။

ပိတ္တံ သေမှဉ္စ ဝမတိ၊

ကာယမှာ သေဒဇလ္လိကာ။

အထ = ထိုမှတပါး။ အဿ ကာယဿ = သဝိညာဏကခေါ်ဆို ဤခန္ဓာကိုယ်၏။ နဝဟိ သောတေတိ = ကိုးပေါက်ဒွါရ အမာဝတို့မှ။ သဗ္ဗဒါ = နေ့နေ့ညည ခပ်သိမ်းသော ကာလ၌။ အသုစီ = မစင်မကြယ် ရွံရှာဖွယ်အစုသည်။ သဝတိ = တားမရ ဆီးမရ ယိုစီး၍ကျ၏။ (ကိံ သဝတိ = အဘယ်သို့ ယိုစီး၍ ကျသနည်းဟူမူ)။ အက္ခိမှာ = မျက်စိနှစ်ဖက်မှ။ အက္ခိဂူထကော = မျက်ဝတ်မျက်ချေး အညစ်အကြေးသည်။ သဝတိ = တားဆီးမရ ယိုစီး၍ကျ၏။ ကဏ္ဏမှာ = နားတွင်းနှစ်ဖက်မှ။ ကဏ္ဏဂူထကော = နဖာနားချေး အညစ်အကြေးသည်။ သဝတိ = တားဆီးမရ ယိုစီး၍ကျ၏။ (၅)

သိင်္ဃာဏိကာ စ = နှာရည်နှပ်ချေး အညစ်အကြေးသည်လည်း။ ဧကဒါ = တရံတခါ။ နာသတော = နှာခေါင်းနှစ်ဖက်မှ။ သဝတိ = တားဆီးမရ ယိုစီး၍ကျ၏။ ဧကဒါ = တရံတခါ။ မုခေန = ခံတွင်းဖြင့်။ ဝါ- ခံတွင်းမှ။ ဝမတိ = တစိစိ တပွက်ပွက် ပျို့အန်၍ထွက်၏။

၃၃၃

ပိတ္တဉ္စ = ဗဒ္ဓ, အဗဒ္ဓ နှစ်ဝသော သည်းခြေသည်၎င်း။ သေမှဉ္စ = သလိပ်သည်၎င်း။ (ဝါ-သေမှဉ္စ = ဝက်ချေးဘနဲ ပြစ်ချွဲရွက်ရည် ပုံပမည်သို့ ဖြူသည်အဆင်း တခွက်ခင်းမျှ အူတွင်းစာထက် စာနံ့သက်ကို ဆို့လျက်ဖုံးပိတ်သော သလိပ်အညစ်အကြေးသည်၎င်း)။ ဧကဒါ = တရံတခါ။ မုခေန = ခံတွင်းဖြင့်။ ဝါ- ခံတွင်းမှ။ ဝမတိ = တစိစိ တပွက်ပွက် ပျို့အန်၍ထွက်၏။ ကာယမှာ = ကိုယ်အလုံးမှ။ သေဒဇလ္လိကာ =ချွေး, ဆား, အရေလွှာ, မြူ အညစ်အကြေးသည်။ သဗ္ဗဒါ = နေ့နေ့ညည ခပ်သိမ်းသောကာလ၌။ သဝတိ = တားဆီးမရ ယိုစီး၍ကျ၏။ (၆)

(ဤ၌။ ။ဝစ္စမဂ်မှ ကျင်ကြီး, ပဿာဝမဂ်မှ ကျင်ငယ်တို့ ယိုစီး၍ကျမှုကို လူအသိများ ထင်ရှားသောကြောင့်၎င်း၊ အခါ, ပုဂ္ဂိုလ်, ပရိသတ်ကို သိတော်မူသောကြောင့်၎င်း မြတ်စွာဘုရားရှင်သည် အထူးဟောတော်မမူပဲ အခြား တနည်းတဖုံအားဖြင့် တကိုယ်လုံးမှပင် မစင်မကြယ် ရွံရှာဖွယ်တို့သာ ယိုစီး၍ကျသည်ကို ပြတော်မူလိုသောကြောင့် “ကာယမှာ သေဒဇလ္လိကာ”ဟု ချုပ်၍ ပြတော်မူသည်။

ထိုဖော်ပြရာပါ နှစ်ဂါထာတို့ဖြင့် မြတ်စွာဘုရားရှင်သည် ထမင်းချက်လျှင် ဆန်ရေအညစ်အကြေးများသည် အမြှုပ်နှင့်တကွ တက်ပြီးလျှင် ထမင်းအိုးမျက်နှာ၀ကို လိမ်းကျံ၍ အပသို့ လျှောကျသကဲ့သို့ ထို့အတူ စားသောက်အပ်သော အစာကို ကမ္မဇတေဇောဓာတ်မီးဖြင့် ချက်အပ်သည်ရှိသော် အစာ၏ အညစ်အကြေးများ တက်ပြီးလျှင် မျက်စိစသည်မှ မျက်ဝတ် မျက်ချေးစသော အညစ်အကြေးတို့ ထွက်၍ အပသို့ ယိုစီးကျကြောင်းကို ပြတော်မူသည်)။

     ယခုအခါ လောက၌ အမြတ်ဆုံးအင်္ဂါဟူ၍ သမုတ်အပ်သော အကြင်ဦးခေါင်းသည် ရှိ၏။ အလွန် ထွတ်မြတ်သောကြောင့်ပင် ယင်းဦးခေါင်းအင်္ဂါဖြင့် ခိုက်၍ ရှိခိုးထိုက်သော သူတို့အားသော်မှလည်း (မာနခံကာ တရံတခါ) ရှိခိုးမှုကို မပြုကြကုန်၊ ထိုဦးခေါင်းအင်္ဂါ၏လည်း အနှစ်မရှိသည်၏အဖြစ် မစင်ကြယ်သည်၏ အဖြစ်ဖြင့် ဤခန္ဓာကိုယ်၏ မစင်မကြယ် ရွံရှာဖွယ်အဖြစ်ကို ပြတော်မူလိုပြန်သောကြောင့် ဤဂါထာကို ဟောတော်မူ၏-

၃၃၄

(၇) အထဿ သုသိရံ သီသံ၊

မတ္ထလုင်္ဂဿ ပူရိတံ။

သုဘတော နံ မညတီ ဗာလော၊

အဝိဇ္ဇာယ ပုရက္ခတော။

အထ = ထိုမှတပါး။ အဿ ကာယဿ = သဝိညာဏကခေါ်ဆို ဤခန္ဓာကိုယ်၏။ သုသိရံ = အခေါင်းရှိသော။ သီသံ = ဦးခေါင်းသည်။ မတ္ထလုင်္ဂဿ = ဦးနှောက်ဖြင့်။ (ဝါ-မတ္ထလုင်္ဂဿ = ဦးခွံထဲချောင် မှိုခဲလှောင်သို့ ဆင်းရောင်ဖြူစွာ ဦးချာလေးဆက် လေးပုံဝက်သည် မုံ့ညက်စိုင်အတု ဦးနှောက်အစုဖြင့်)၊ ပူရိတံ = ရွံဖွယ်လိလိ ပြည့်၍နေ၏။ ဗာလော = ပညာအန္ဓ လူ့ဗာလသည်။ နံ = ထိုမစင်မကြယ် ရွံဖွယ်အတိ ပြည့်၍နေသော ကိုယ်ကို။ အဝိဇ္ဇာယ = အဝိဇ္ဇာတရားသည်။ ဝါ- အဝိဇ္ဇာတရားဖြင့်။ ပုရက္ခတော = ရှေးရှုပတ်ကုံး ဖုံးလွှမ်းပိတ်ပင်အပ်သည်ဖြစ်၍။ ဝါ- ပိတ်ပင်အပ်သောကြောင့်။ သုဘတော = ငါ့ကိုယ်ကာယ တင့်တယ်စွာ့, ငါတင့်တယ်စွာ့, ငါ၏ တင့်တယ်ခြင်းကား နိစ္စဟူ၍။ မညတိ = တဏှာ, မာန, ဒိဋ္ဌိအားဖြင့် အမှားမှားပင် မှတ်ထင်အောက်မေ့၏။

သဝိညာဏက အသုဘခဏ်း ပြီး၏။

**********

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် သဝိညာဏက (သက်ရှိ)အသုဘခဏ်းကို ပြတော်မူပြီး၍ ယခုအခါ အဝိညာဏက (သက်မဲ့)အသုဘကို ပြတော်မူအံ့သောငှါ (တနည်း) စကြာမင်း၏ ကိုယ်ပင်သော်လည်း ဆိုအပ်ပြီးသော အပုပ်အတိ ပြည့်သည်သာတည်း၊ ထို့ကြောင့် ခပ်သိမ်းသော အပြားအားဖြင့် ပြည့်စုံစွာဖြစ်ခြင်း တည်းဟူသော သမ္ပတ္တိဘဝ၌ အသုဘကို ပြတော်မူပြီး၍ ယခုအခါ ပျက်စီးခြင်း တည်းဟူသော ဝိပတ္တိဘဝ၌ အသုဘကို ပြတော်မူအံ့သောငှါ ဤဂါထာကို ဟောတော်မူ၏-

၃၃၅

(၈) ယဒါ စ သော မတော သေတိ၊

ဥဒ္ဓုမာတော ဝိနီလကော။

အပဝိဒ္ဓေါ သုသာနသ္မိံ၊

အနပေက္ခာ ဟောန္တိ ဉာတယော။

ယဒါ စ = အကြင်အခါ၌ကား။ သော ကာယော = ထိုကိုယ်သည်။ (အာယုဥသ္မာဝိညာဏာပဂမေန = ရုပ်နာမ်ဇီဝိတ, ကမ္မဇတေဇော, စိတ်ဝိညာဏ် တည်းဟူသော သုံးပါးသောတရားတို့ ကင်းသဖြင့်)။ မတော = စုတိပြတ်ကြွေ သေလွန်သည်ဖြစ်၍။ ဥဒ္ဓုမာတော = သေသည်မှအထက်၌ လေပြည့်သော သားရေအိတ်ကဲ့သို့ ဖူးဖူးရောင်ပွလျက်။ ဝိနီလကော = နဂိုရ်အဆင်း ပျက်ယွင်းယုတ်ယို မည်းညိုသော အဆင်းရှိသည်ဖြစ်၍။ သုသာနသ္မိံ = သူကောင်ပစ်ချ သုသာန်တစ သင်းချိုင်းဝ၌။ အပဝိဒ္ဓေါ = စွန့်ပစ်အပ်သည်ဖြစ်၍။ သေတိ = မသာခေါင်းဝယ် လျောင်းရလေ၏။ တဒါ = ထိုအခါ၌။ ဉာတယော = မသေမီခါ ချစ်လှစွာသည့် ဆွေဉာတိရင်း မိတ်ခပင်းတို့သည်။ အနပေက္ခာ = “ထိုသူတဖန် ပြန်၍အသက် မဆက်တော့ပြီ မှန်လှသည်”ဟု ရွယ်ရည်ရိုးရင်း အပြီးတိုင် ငဲ့ကွက်ခြင်း ကင်းကြကုန်သည်။ ဟောန္တိ = ဖြစ်ကုန်၏။

(ဤဂါထာ၌။ ။“မတော = စုတိပြတ်ကြွေ သေလွန်”ဟူသော စကားရပ်ဖြင့် မမြဲသော အနိစ္စသဘောကို ပြတော်မူ၏။ “သေတိ = မသာခေါင်းဝယ် လျောင်းရလေ၏”ဟူသော စကားရပ်ဖြင့် ထိုသူ၏ လုံ့လဝီရိယ လုံးဝမရှိတော့သည်ကို ပြတော်မူ၏။ ထိုနှစ်ပါးစုံဖြင့် အသက်ရှည်မှုကို စွဲ၍ဖြစ်သော စိတ်တက်ကြွမှု = ဇီဝိတမာန်, အင်အားကောင်းမှုကို စွဲ၍ဖြစ်သော စိတ်တက်ကြွမှု = ဗလမာန်- ဤမာန်နှစ်ပါးကို ပယ်ရှားရန် တိုက်တွန်းတော်မူသည်။

“ဥဒ္ဓုမာတော = ဖူးဖူးရောင်ပွ”ဟူသော စကားရပ်ဖြင့် ပုံပန်းသဏ္ဌာန် ပျက်စီးခြင်းကို ပြတော်မူ၏။ “ဝိနီလကော = မည်းညိုသော အဆင်းရှိသည်ဖြစ်၍”ဟူသော စကားရပ်ဖြင့် ပင်ကိုယ်ကရှိရင်း အရေအဆင်းတို့၏ ပျက်စီးခြင်းကို ပြတော်မူ၏။ ထိုနှစ်ပါးစုံဖြင့်

၃၃၆

ရုပ်ရည်အဆင်း တင့်တယ်လှပခြင်းကို စွဲ၍ဖြစ်သော စိတ်တက်ကြွမှု = မာန်မာနကို ပယ်ရှားရန်(နှင့်) ပုံပန်းသဏ္ဌာန် တင့်တယ်လှပမှုကို စွဲ၍ဖြစ်သော စိတ်တက်ကြွမှု = မာန်မာနကို ပယ်ရှားရန် တိုက်တွန်းတော်မူ၏။

“အပဝိဒ္ဓေါ = စွန့်ပယ်အပ်သည်ဖြစ်၍”ဟူသော စကားရပ်ဖြင့် ယူစရာ, ရစရာ ဘာမျှမရှိတော့သည်ကို ပြတော်မူ၏။ “သုသာနသ္မိံ = သုသာန်တစ သင်းချိုင်း၀၌”ဟူသော စကားရပ်ဖြင့် အိမ်တွင်း၌ထားရန် မထိုက်တန်အောင်ပင် စက်ဆုပ်ရွံရှာဖွယ်အဖြစ်ကို ပြတော်မူ၏။ ထိုနှစ်ပါးစုံဖြင့် ငါ့ဥစ္စာဟု စွဲလမ်းမှုကို ပယ်ရှားရန်(နှင့်) သုဘ = တင့်တယ်သည်ဟု မှတ်ထင်မှုကို ပယ်ရှားရန် တိုက်တွန်းတော်မူ၏။

“အနပေက္ခာ ဟောန္တိ ဉာတယော = ဆွေမျိုးမိတ်သင်္ဂဟတို့က အပြီးတိုင် ငဲ့ကွက်ခြင်း ကင်းကြသည်”ဟူသော စကားရပ်ဖြင့် မိမိကို ရှေးက မြတ်နိုးမှုပြုခဲ့ကြသော ဆွေမျိုးမိတ်သင်္ဂဟတို့က မြတ်နိုးမှု မပြုကြတော့ခြင်းကို ပြတော်မူ၏၊ ယင်းသို့ပြသဖြင့် အခြံအရံများမှုကို စွဲ၍ဖြစ်သော စိတ်တက်ကြွမှု = ပရိဝါရမာန်ကို ပယ်ရှားရန် တိုက်တွန်းတော်မူ၏။

ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ဤဂါထာဖြင့် အကောင်မပျက်သေးသော အဝိညာဏက (သက်မဲ့)အသုဘကို ပြတော်မူ၏)။

     ယခုအခါ အကောင်ပျက်စီးသော အဝိညာဏက (သက်မဲ့)အသုဘကို ပြတော်မူလို၍ ဤဂါထာကို ဟောတော်မူ၏-

(၉) ခါဒန္တိ နံ သုဝါနာ စ၊

သိင်္ဂါလာ စ ဝကာ ကိမီ။

ကာကာ ဂိဇ္ဈာ စ ခါဒန္တိ၊

ယေ စညေ သန္တိ ပါဏိနော။

နံ ကာယံ = ထိုသုသာန်တစ သင်းချိုင်းဝ၌ ပစ်ချအပ်သော ကိုယ်ကို။ သုဝါနာ စ = အိမ်ခွေးတို့သည်၎င်း။ သိင်္ဂါလာ စ = မြေခွေး (တောခွေး)တို့သည်၎င်း။ ဝကာ = သစ်ကျုတ်တို့သည်၎င်း။ ကိမီ = ပိုးလောက်တို့သည်၎င်း။ ခါဒန္တိ = ခဲစားကြကုန်၏။ ကာကာ စ = ကျီးတို့သည်၎င်း။ ဂိဇ္ဈာ စ = လင်းတတို့သည်၎င်း။

၃၃၇

ခါဒန္တိ = ခဲစားကြကုန်၏။ အညေ = ဆိုအပ်ပြီးသည်မှ တပါးကုန်သော။ ယေ စ ပါဏိနော = အကြင်အသားစား သစ်, ကျား, သိန်း, စွန်-စသော သတ္တဝါတို့သည်လည်း။ သန္တိ = ရှိကုန်၏။ တေ စ ပါဏိနော = ထို သတ္တဝါတို့သည်လည်း။ ခါဒန္တိ = ခဲစားကြကုန်၏။

အဝိညာဏက အသုဘခဏ်း ပြီး၏။

**********

     ဤသို့လျှင် “စရံ ဝါ ယဒိ ဝါ တိဋ္ဌံ”စသော ပဌမဂါထာဖြင့် သုညတကမ္မဋ္ဌာန်း၏ အစွမ်းဖြင့်၎င်း, “အဋ္ဌိနဟာရုသံယုတ္တော” အစရှိသော ၆-ဂါထာတို့ဖြင့် သဝိညာဏက အသုဘ၏ အစွမ်းဖြင့်၎င်း, “ယဒါ စ သော မတော သေတိ” အစရှိသော ၂-ဂါထာတို့ဖြင့် အဝိညာဏက အသုဘ၏ အစွမ်းဖြင့်၎င်း ဤကိုယ်၏သဘောကို ပြပြီးလျှင် ဤသို့စင် နိစ္စ, သုခ, အတ္တအဖြစ်မှ ဆိတ်သုဉ်းသော စင်စစ် အသုဘဖြစ်သော ဤကိုယ်၌ “အဝိဇ္ဇာဖုံးလွှမ်းသော သူမိုက်သည် သုဘဟု အောက်မေ့ ထင်မှတ်ဘိ၏”ဟု သူမိုက်၏ဖြစ်ပုံကို ပြလျက် အဝိဇ္ဇာကို အဦးမူသဖြင့် ဝဋ်ကို ပြပြီးလျှင် ယခုအခါ ထိုသို့သဘောရှိသော ကိုယ်၌ ပညာရှိ၏ ဖြစ်ပုံကို၎င်း, ပရိညာသုံးပါးကို အဦးမူသဖြင့် ဝိဝဋ္ဋကို၎င်း ပြတော်မူခြင်းငှါ မြတ်စွာဘုရားရှင်သည် ဤဂါထာတို့ကို ဟောတော်မူ၏-

(၁၀) သုတွာန ဗုဒ္ဓဝစနံ၊

ဘိက္ခု ပညာဏဝါ ဣဓ။

သော ခေါ နံ ပရိဇာနာတိ၊

ယထာဘူတဉှိ ပဿတိ။

ဣဓ = အံ့ဖွယ်ရှစ်ဖြာ ဤသာသနာ၌။ ဗုဒ္ဓဝစနံ = မြတ်စွာဘုရား၏ စကားတော်ဖြစ်သော ဤဝိဇယသုတ် (တနည်း- ကာယဝိစ္ဆန္ဒနိကသုတ်) ဒေသနာတော်ကို။ သုတွာန = အသင့်အားဖြင့် နာကြားရသောကြောင့်။ ပညာဏဝါ = ပိပဿနာ ဉာဏ်ပညာနှင့် ပြည့်စုံသော။

၃၃၈

သော ဘိက္ခု = ထိုပုထုဇန်,သေက္ခ ယောဂါဝစရရဟန်းသည်။ ဟိ ယသ္မာ = အကြင့်ကြောင့်။ ယထာဘူတံ = ဟုတ်မှန်သောအတိုင်း။ ပဿတိ = ပိပဿနာ ဉာဏ်ပညာစက္ခုဖြင့် ရှုမြင်၏။ တသ္မာ = ထို့ကြောင့်။ နံ ကာယံ = ထိုကိုယ်ကို။ ပရိဇာနာတိ = ဉာတ, တီရဏ, ပဟာနအား ပရိညာသုံးပါးဖြင့် ပိုင်းခြားထင်ထင် သိမြင်လေ၏။

     ဤအရာ၌ ပရိညာသုံးပါးဖြင့် ဤကိုယ်ကို သိပုံမှာ-

     လိမ္မာသော ကုန်သည်သည် မိမိဝယ်ယူမည့် ဘဏ္ဍာအမျိုးမျိုးကို သေချာစေ့ငု ကြည့်ရှုပြီးမှ “အဖိုးဤမျှဖြင့် ဝယ်ယူလျှင် အမြတ်အစွန်း ဤမျှဖြစ်လိမ့်မည်”ဟု ရှေးဦးစွာ ဉာဏ်ဖြင့် နှိုင်းချိန်စဉ်းစား၍ ထိုသို့ နှိုင်းချိန်စဉ်းစားတိုင်း ပြုပြီးလျှင် တဖန် အမြတ်အစွန်းနှင့်တကွ အရင်းဥစ္စာကို ယူလျက် ထိုဘဏ္ဍာကို ရောင်းချ စွန့်လွှတ်သကဲ့သို့ ဤအတူပင် ပုထုဇန်,သေက္ခ ယောဂါဝစရ ရဟန်းသည် “ဤကိုယ်၌ တကယ်စင်စစ်ရှိနေသော တရားတို့ကား (ပါဠိတော်၌ တိုက်ရိုက်ထုတ်ဖော် ဟောပြတော်မူအပ်သော) အရိုး,အကြောစသည် (ပါဠိတော်၌ တိုက်ရိုက် မဟောအပ်သော) ဆံပင်,မွေးညှင်း စသည်တို့သာတည်း”ဟု ဉာဏ်ပညာစက္ခုဖြင့် ကြည့်ရှု ဆင်ခြင်သောအခါ ဉာတပရိညာဖြင့် ဤကိုယ်ကို ပိုင်းခြား၍သိ၏။ ။ဤကိုယ်၌ရှိကြသော တရားတို့ကား အနိစ္စ, ဒုက္ခ, အနတ္တ တရားတို့သာတည်းဟု ဝိပဿနာ ဉာဏ်ပညာစက္ခုဖြင့် ကြည့်ရှုသုံးသပ် ဆုံးဖြတ်သောအခါ တီရဏပရိညာဖြင့် ဤကိုယ်ကို ပိုင်းခြား၍သိ၏။ ။ဤသို့ “အနိစ္စ, ဒုက္ခ, အနတ္တ တရားတို့သာတည်း”ဟု ဝိပဿနာ ဉာဏ်ပညာစက္ခုဖြင့် ကြည့်ရှုသုံးသပ် ဆုံးဖြတ်၍ အရိယမဂ်သို့ ဆိုက်ရောက်သောအခါ ဤကိုယ်ခန္ဓာ၌ တွယ်တာတပ်မက်မှု = ဆန္ဒရာဂကို ပယ်စွန့်သောအားဖြင့် ဤကိုယ်ကို ပဟာနပရိညာဖြင့် ပိုင်းခြား၍သိ၏။

(ဤ၌။ ။သူခပ်သိမ်းအားပင် မျက်မြင်ထင်ရှားဖြစ်သော ဤကိုယ်ကို (ယင်းသို့ မျက်မြင်ထင်ရှား ဖြစ်လင့်ကစား)

၃၃၉

ဘုရားစကားတော်ကို မကြားနာရလျှင် သုညတစသော အခြင်းအရာကို ပရိညာသုံးပါးဖြင့် ပိုင်းခြား၍ မသိနိုင်သောကြောင့်၎င်း, ဘုရားစကားတော်ကို ကြားနာရမှသာ သိနိုင်သောကြောင့်၎င်း, ထိုသုညတ-စသော အခြင်းအရာကို ပရိညာသုံးပါးဖြင့် ပိုင်းခြား၍သိခြင်း၏ အကြောင်းကို၎င်း, ဤသာသနာတော်မှ ပြင်ပ ဗာဟိရက အယူရှိကြသူတို့မှာ ဤသို့ရှုမြင်ခြင်းငှါ မစွမ်းနိုင်သည်၏ အဖြစ်ကို၎င်း ပြတော်မူလို၍ (သုတွာန ဗုဒ္ဓဝစနံ ဣဓ-ဟူသော) ဤစကားရပ်တို့ကို ဟောတော်မူ၏။

နန္ဒာထေရီ ဘိက္ခုနီမကို၎င်း, သိရိမာ၏ ရုပ်အဆင်း၌ တပ်စွန်းဖောက်ပြန်သော စိတ်ရှိသည့် ရဟန်းကို၎င်း အကြောင်းပြု၍ ဤယခု ဝိဇယသုတ္တန် (တနည်း ကာယဝိစ္ဆန္ဒနိကသုတ္တန်) ဒေသနာတော်ကို ဟောကြားအပ်သောကြောင့်၎င်း, ပရိသတ်လေးပါးတို့တွင် ရဟန်းပရိသတ်က အမြတ်ဖြစ်သောကြောင့်၎င်း, ထိုရဟန်းပရိသတ်ကသာ ဘုရားအနား နီးပါးစွဲမြဲသောကြောင့်၎င်း, ထိုအသုဘဟုရှုသော အကျင့်ပဋိပတ် အနိစ္စ, ဒုက္ခ, အနတ္တဟု ရှုသော အကျင့်ပဋိပတ်သို့ ဆိုက်ရောက်သူမှန်က ရဟန်းရှင်လူ မည်သူမဆို “ဘိက္ခု”မည်သည်၏ အဖြစ်ကို ပြတော်မူလိုသောကြောင့်၎င်း ဘိက္ခု-ဟူ၍ ဟောတော်မူ၏၊ ရဟန်းများမှသာ ပရိညာသုံးပါးဖြင့် သိကောင်းသောကြောင့် ဘိက္ခု-ဟု ဟောတော်မူသည်မဟုတ်။ ဤအနက်အဓိပ္ပါယ်ကိုလည်း အထူး မှတ်ယူရာ၏)။

     ယခုအခါ မြတ်စွာဘုရားရှင်သည် “ယထာဘူတဉှိ ပဿတိ”ဟူသော စကားအရ ယထာဘူတ အဟုတ်အမှန်ကျအောင် ရှုကြည့်ပုံကို ပြတော်မူလို၍ ဤဂါထာကို ဟောတော်မူ၏-

(၁၁) ယထာ ဣဒံ တထာ ဧတံ၊

ယထာ ဧတံ တထာ ဣဒံ။

အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ၊

ကာယေ ဆန္ဒံ ဝိရာဇယေ။

ဣဒံ သဝိညာဏကာသုဘံ = ဤသက်ရှိ အသုဘကောင်သည်။ (အာယုဥသ္မာဝိညာဏာနုပဂမာ = ရုပ်နာမ်ဇီဝိတ, ကမ္မဇတေဇော, စိတ်ဝိညာဏ် တည်းဟူသော သုံးပါးသောတရားတို့ မကင်းခြင်းကြောင့်။ စရတိ တိဋ္ဌတိ နိသီဒတိ သယတိ ယထာ = သွား, ရပ်, ထိုင်, လျောင်းသကဲ့သို့)။

၃၄၀

တထာ = ထို့အတူ။ ဧတံ-ဧတရဟိ သုသာနသယိတမ္ပိ = ယခု သုသာန်၌လျောင်းသည့် အသက်မဲ့ အသုဘကောင်သည်လည်း။ (ပုဗ္ဗေ = မသေမီ ရှေးအခါက။ တေသံ = ထိုတရားသုံးမျိုးတို့၏။ အနပဂမာ = မကင်းခြင်းကြောင့်။ စရဏာဒိဓမ္မံ = သွား, ရပ်, ထိုင်, လျောင်းခြင်း သဘောရှိသည်။ အဟောသိ = ဖြစ်ခဲ့လေပြီ)။

ဧတံ- ဧတရဟိ မတသရီရံ = ယခုသေသော ထိုအဝိညာဏက အသုဘအကောင်သည်။ (တေသံ ဓမ္မာနံ = ထိုဆိုအပ်ငြား တရားသုံးမျိုးတို့၏။ အပဂမာ = ချုပ်စဲ ပြတ်ကင်းခြင်းကြောင့်။ န စရဏာဒိဓမ္မံ ယထာ = သွား, ရပ်, ထိုင်, လျောင်းခြင်းသဘော မရှိသကဲ့သို့)။ တထာ = ထို့အတူ။ ဣဒံ သဝိညာဏကမ္ပိ = ဤသဝိညာဏက အသုဘအကောင်သည်လည်း။ (တေသံ ဓမ္မာနံ = ထိုဆိုအပ်ငြား တရားသုံးမျိုးတို့၏။ အပဂမာ = ချုပ်စဲ ပြတ်ကင်းခြင်းကြောင့်။ န စရဏာဒိဓမ္မံ = သွား, ရပ်, ထိုင်, လျောင်းခြင်းသဘော မရှိသည်။ ဘဝိဿတိ = ဖြစ်လတ္တံ့)။

(ဧဝံ = ဤသို့။ ပဋိပန္နော = ကျင့်သော။ ဘိက္ခု = သံသရာဘေး ခန္ဓာရေးကို ထောက်တွေးမြော်မြင် ပညာရှင်သည်)။ အဇ္ဈတ္တဉ္စ ကာယေ = အတွင်းအဇ္ဈတ္တ ကိုယ်ကာယ၌၎င်း။ ဗဟိဒ္ဓါ စ ကာယေ = အပြင်ဗဟိဒ္ဓ ကိုယ်ကာယ၌၎င်း။ ဆန္ဒံ = တွယ်တာငြိကပ် တပ်မက်ခြင်း ဆန္ဒရာဂကို။ ဝိရာဇယေ-ဝိရာဇေယျ = လေးပါး မဂ်ဉာဏ် သမုစ္ဆေဒပဟာန်ဖြင့် ပယ်လှန်ရှင်းကာ ကင်းကွာစေနိုင်ရာ၏။

(ဤဂါထာ၌ “ယထာ ဣဒံ တထာ ဧတံ = ဤသက်ရှိ သဝိညာဏက ငါ၏ကိုယ်ကဲ့သို့ပင် ထိုသက်မဲ့ အဝိညာဏက အသုဘကောင်သည်လည်း ရှေးကဖြစ်ခဲ့ဘူးလေပြီ”ဟု မိမိနှင့် သေသောသူကောင်ကို ထပ်မျှပြုကာ ရှုကြည့်ခြင်းဖြင့် အပြင်ဗဟိဒ္ဓ ကိုယ်ကာယ၌ (ဖြစ်မည့်) ဒေါသကိလေသာကို ပယ်၏။

၃၄၁

“ယထာ ဧတံ တထာ ဣဒံ = ထိုသေသော သူကောင်ကဲ့သို့ပင် ဤငါ၏ သက်ရှိ သဝိညာဏက ကိုယ်ကောင်သည်လည်း နောက်တချိန်၌ ဖြစ်လိမ့်မည်”ဟု သေသောသူကောင်နှင့် မိမိကို ထပ်မျှပြုကာ ရှုကြည့်ခြင်းဖြင့် အတွင်းအဇ္ဈတ္တ ကိုယ်ကာယ၌ (ဖြစ်မည့်) ရာဂကိလေသာကို ပယ်၏။

အဇ္ဈတ္တ ဗဟိဒ္ဓ ကိုယ်ကာယနှစ်ပါးကို (တနည်း) သက်ရှိသက်မဲ့ ကိုယ်ကာယနှစ်ပါးကို ထပ်မျှပြုကာ ရှုကြည့်နိုင်ကြောင်းဖြစ်သော အခြင်းအရာကို ပညာဖြင့် သိရကား ထိုကိုယ်ကာယနှစ်ပါး၌ သဘောသွားကို မသိခြင်း = မောဟကိလေသာကို ပယ်၏။

ဤသို့လျှင် ရှေ့ပိုင်း ဝိပဿနာဉာဏ် အခိုက်၌ပင် အမှန်အတိုင်း သိမြင်သဖြင့် လောဘ, ဒေါသ, မောဟ = အကုသိုလ်မူလ သုံးပါးကို တဒင်္ဂပဟာန်ဖြင့် ပယ်ရှားနိုင်ပြီးလျှင် ထိုဝိပဿနာဉာဏ်မှအထက် မဂ်လေးပါးအစဉ်ဖြင့် အလုံးစုံသော ဆန္ဒရာဂကို သမုစ္ဆေဒပဟာန် အနေအားဖြင့် အကြွင်းမဲ့ ပယ်စွန့်နိုင်လေသည်ဟု ဆိုလိုရင်းအဓိပ္ပါယ်ကို သိမှတ်ရာ၏)။

     ဤသို့လျှင် သေက္ခဘုံကို ပြပြီး၍ ယခုအခါ အသေက္ခဘုံကို ပြတော်မူလိုရကား ဤဂါထာကို ဟောတော်မူ၏-

(၁၂) ဆန္ဒရာဂဝိရတ္တော သော၊

ဘိက္ခု ပညာဏဝါ ဣဓ။

အဇ္ဈဂါ အမတံ သန္တိံ၊

နိဗ္ဗာနံ ပဒမစ္စုတံ။

ဣဓ = အံ့ဖွယ်ရှစ်ဖြာ ဤသာသနာတော်၌။ ဝါ— သဝိညာဏက အဝိညာဏက အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်သောဤကိုယ်ကာယ၌။ ဆန္ဒရာဂဝိရတ္တော = တဏှာဆန္ဒ ဟူသမျှကို တစမကျန် ပယ်လှန်ဖြတ်ရှင်း ကင်းတော်မူပြီးသော။ ပညာဏဝါ = အရဟတ္တမဂ်ပညာရှိသော။ သော ဘိက္ခု = ထိုမဂ္ဂါနန္တရဖိုလ်သို့ ရောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည်။ အမတံ = သေခြင်းကင်းသော။ ဝါ- အမြိုက်သုဒ္ဓါ အရသာသို့ လွန်စွာမွန်မြတ်သော။ သန္တိံ = သင်္ခါရခပ်သိမ်း ငြိမ်းရာဖြစ်သော။ ဝါ- သန္တိလက္ခဏာ ငြိမ်းလှစွာသော။ နိဗ္ဗာနံ = တဏှာမှ လွတ်မြောက်ရာဖြစ်သော။

၃၄၂

အစ္စုတံ = လျှောကျသက်ကြွေ စုတေရခြင်း အလျှင်းမရှိသော။ ပဒံ = မဂ်ဉာဏ်စသည်ဖြင့် ရောက်အပ်သော နိဗ္ဗာန်သို့။ အဇ္ဈဂါ = ရောက်လေပြီ။

(ဤဂါထာဖြင့် ဖော်ပြရာပါအတိုင်း ကျင့်ကြံ အားထုတ်သော သူသည် ဤတဏှာဆန္ဒ (=တဏှာဆန္ဒ အဦးပြုသော ကိလေသာအပေါင်း)ကို စွန့်ပယ်၍ နိဗ္ဗာနဓာတ်နှစ်ပါးကို ရရှိကြောင်း ပြဆိုတော်မူသည်)။

     ဤသို့လျှင် သက်ရှိသက်မဲ့ = သဝိညာဏက အဝိညာဏက၏ အစွမ်းဖြင့် အသုဘကမ္မဋ္ဌာန်းကို မဂ်,ဖိုလ်,နိဗ္ဗာန်ဟူသော အပြီးအဆုံးနှင့်တကွ ဟောတော်မူပြီး၍ တဖန် အကျဉ်းချုပ်ဖြစ်သော ဒေသနာဖြင့် သို့စင် ကြီးကျယ်ဖွံ့ဖြိုး အကျိုးအာနိသင်ရှိသည့် ကမ္မဋ္ဌာန်း၏အန္တရာယ်ကို ပြုတတ်သည့် ပမာဒဝိဟာရ = မေ့လျော့စွာနေခြင်းကို ကဲ့ရဲ့ရှုတ်ချတော်မူလိုရကား၏ နောက်ဆုံး ၂-ဂါထာကို ဟောတော်မူ၏-

(၁၃) ဒွိပါဒကောယံ အသုစိ၊

ဒုဂ္ဂန္ဓော ပရိဟာရတိ။

နာနာကုဏပပရိပူရော၊

ဝိဿဝန္တော တတော တတော။


(၁၄) ဧတာဒိသေန ကာယေန၊

ယော မညေ ဥဏ္ဏမေတဝေ။

ပရံ ဝါ အဝဇာနေယျ၊

ကိမညတြ အဒဿနာ။

ဒွိပါဒကော = အခြေနှစ်ချောင်းရှိသော။ အယံ ကာယော = ဤလူ၏ကိုယ်သည်။ အသုစိ = မစင်မကြယ် ရွံဖွယ်အတိ ပြည့်သည်ဖြစ်၍။ ဒုဂ္ဂန္ဓော = ပုပ်နံညှီဟောင်း ရနံ့မကောင်းသည်ဖြစ်၍။ ပရိဟာရတိ = ရေချိုးခြင်း, နံ့သာလိမ်းခြင်း စသည်ဖြင့် နေ့ဆက်ရက်စဉ် ပြုပြင်ဆောင်ရွက်၍နေရ၏။ (အထ = ထိုသို့ နေ့ဆက်ရက်စဉ် ပြုပြင်ဆောင်ရွက်၍ ပေးနေပါလျက်)။ နာနာကုဏပပရိပူရော = အထူးထူးအပြားပြား တပါးမက များလှစွာဘိ

၃၄၃

အပုပ်အတိ ပြည့်မြဲပြည့်၍နေ၏။ တတော တတော = ထိုထို ကိုးပေါက်ဒွါရ အမာ၀ခပင်း ဆံမွေးတွင်းတို့မှ။ ဝိဿဝန္တော = နံ့သာလိမ်းကျံ ပန်းကိုပန်၍ ဖန်ဖန်ကြိုးကုတ် ဖုံးလွှမ်းရန် အားထုတ်သော်လည်း ပြုလုပ်သမျှ ကျိုးမရပဲ ခေဠတံထွေး မျက်ဝတ်ချွေးနှင့် နှိပ်စေးနဖာ ရွံဖွယ်ရာတို့ များစွာဒီးဒီး တတွေတွေ ယိုစီးလျက် ရှိပေ၏။

ဧတာဒိသေန = ဤသို့ မစင်မကြယ် ရွံ့ဖွယ်အတိ ပြည့်၍နေသော။ ကာယေန = ကိုယ်ဖြင့်။ ဝါ- ကိုယ်ကြောင့်။ ယော = အမှတ်မထား ယောက်ျားမိန်းမ အကြင်သို့သော လူ့ဗာလသည်။ ဥဏ္ဏမေတဝေ = မာန်တကြွားကြွား ငါတကားဟု ထောင်လွှားခြင်းငှါ။ မညေ-မညေယျ = တဏှာအားဖြင့် ငါ၏ကိုယ်, မာနအားဖြင့် ငါတကား, ဒိဋ္ဌိအားဖြင့် ငါ့ကိုယ်နိစ္စဟု တက်ကြွစိတ်ဝင် မှတ်ထင်လေရာ၏။ ပရံ ဝါ = သူတပါးကိုမူလည်း။ အဝဇာနေယျ = ဇာတိနာမ ဂေါတ္တ- စသည် ထိုထိုသို့သော ဂုဏ်ရည်ဖြင့် မထီမဲ့မြင် ရှုတ်ချရာ၏။ (အတြ = ထိုသို့ ကိုယ့်ကိုမြှောက်လျှင်း သူ့ကိုနှိပ်ခြင်း၌)။ အဒဿနာ = သစ္စာလေးအင် အမှန်အတိုင်း မသိမြင်ခြင်းကို။ အညတြ = မယူကြဉ်ဖဲ ရှောင်လွှဲဖယ်ရှား အလွတ်ထား၍။ ကာရဏံ = အခြားတပါး အကြောင်းတရားသည်။ ကိံ သိယာ = အဘယ်မှာလျှင် ဖြစ်ရာတော့အံ့နည်း။ (သစ္စာလေးပါးတရားကို မသိခြင်းကြောင့်သာ ထိုကဲ့သို့ မိမိကိုယ်ကို မြှောက်ပင့်၍ သူ့ကိုနှိပ်ခြင်း ဖြစ်သည်ဟု ဆိုလိုသည်)။

     ဒေသနာနိဂုံး ဆုံးလတ်သောအခါ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။ သိရိမာ နတ်မိဖုရားသည်လည်း အနာဂါမိဖိုလ်သို့ ရောက်ရှိလေသည်။ သိရိမာကို တပ်မက်သော ရဟန်းသည်လည်း သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဝိဇယသုတ္တန် မြန်မာပြန် ပြီး၏။

**********

၃၄၄

ဝိဇယသုတ္တန် မြန်မာပြန် နောက်ဆက်တွဲ

အမည်သုံးပါး ခေါ်ဆိုခြင်း

     ဤသုတ္တန်ကို (၁) ဝိဇယသုတ္တန်ဟူ၍၎င်း (၂) ကာယဝိစ္ဆန္ဒနိကသုတ္တန်ဟူ၍၎င်း (၃) နန္ဒသုတ္တန်ဟူ၍၎င်း အမည်သုံးပါးဖြင့် ခေါ်ဆိုအပ်လေသည်။ အကြောင်းကား-

     (၁)(၂) ကိုယ်ကာယ၌ တပ်မက်သော ဆန္ဒရာဂ (=တဏှာလောဘ)ကို အောင်နိုင်ကြောင်း ဖြစ်သောကြောင့် ဝိဇယသုတ္တန်ဟူ၍ ခေါ်ဆိုအပ်၏၊ ထိုကိုယ်ကာယ၌ တပ်မက်သော ဆန္ဒရာဂ (=တဏှာလောဘ)ကို ဖြတ်ပယ်ကြောင်း ဖြစ်သောကြောင့် ကာယဝိစ္ဆန္ဒနိကသုတ္တန် (တနည်း) ကာယဝိစ္ဆိန္ဒနိကသုတ္တန်ဟူ၍ ခေါ်ဆိုအပ်သည်။

     (၃) ဤသိရိမာ ပြည့်တန်းဆာမ အဋ္ဌုပ္ပတ်ကား ဤသုတ္တန်ကို နှစ်ကြိမ်မြောက် (=ဒုတိယ) ဟောဆိုကြောင်း အဋ္ဌုပ္ပတ်ဖြစ်သည်။ ပဌမအဋ္ဌုပ္ပတ်မှာ ဇနပဒကလျာဏီ နန္ဒာထေရီမကို အကြောင်းပြု၍ သာဝတ္ထိပြည်၌ ဤသုတ္တန်ကို မြတ်စွာဘုရား ဟောကြားတော်မူသည်။ ထို့ကြောင့် ဤသုတ္တန်ကို နန္ဒသုတ္တန်ဟူ၍လည်း ခေါ်ဆိုအပ်သည်။

     ချဲ့ဦးအံ့- ဤဝိဇယသုတ္တန်ကို (၁) သာဝတ္ထိပြည်၌ ဇနပဒကလျာဏီ နန္ဒာထေရီကို အကြောင်းပြု၍ ပဌမအကြိမ် ဟောတော်မူသည်။ (၂) ရာဇဂြိုဟ်ပြည်၌ သိရိမာ ပြည့်တန်းဆာမကို အကြောင်းပြု၍ ဒုတိယအကြိမ် ဟောတော်မူသည်။ ထိုတွင် ဒုတိယအကြိမ် ဟောတော်မူကြောင်းကို ရေးသားဖော်ပြပြီးပြီ၊ ပဌမအကြိမ် ဟောတော်မူသော အကြောင်းအရာ အဋ္ဌုပ္ပတ္တိမှာ-

     မြတ်စွာဘုရားရှင်သည် အစဉ်သဖြင့် ကပိလ၀တ်နေပြည်တော်သို့ ပဌမအကြိမ် ကြွရောက်၍ သာကီဝင်မင်းတို့ကို ဆုံးမတော်မူပြီးလျှင် နန္ဒမင်းသား- စသည်တို့ကို ရဟန်းပြုပေးတော်မူပြီးနောက် (၅-ဝါအရောက်တွင်) မာတုဂါမများကို ရဟန်းပြုရန် ခွင့်ပြုတော်မူလတ်သော်-

၃၄၅

(၁) အရှင်အာနန္ဒာမထေရ်၏ နှမနန္ဒာ,

(၂) ခေမကသာကီဝင်မင်း၏သမီး အဘိရူပနန္ဒာ,

(၃) နန္ဒမင်းသား၏ဇနီးလျာ ဇနပဒကလျာဏီနန္ဒာ-

ဟူသော နန္ဒာ (သာကီဝင်)မင်းသမီး သုံးယောက်တို့သည်လည်း ရဟန်းမ ပြုကြကုန်၏။

     ထိုမင်းသမီးတို့ ရဟန်းမ ပြုလုပ်ကြသောအခါ မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်၌ နေတော်မူဆဲဖြစ်၏၊ ထိုမင်းသမီးတို့အနက် (၂) အဘိရူပနန္ဒာကား လွန်စွာ အဆင်းလှသောကြောင့် အဘိရူပနန္ဒာဟု တွင်သည်၊ (၃) ဇနပဒကလျာဏီ နန္ဒာသည်လည်း အဆင်းအားဖြင့် မိမိနှင့်တူသောသူကို မမြင်၊ ထိုဘိက္ခုနီ ရဟန်းမ နှစ်ယောက်လုံးတို့ပင် အဆင်းမာန် ယစ်ကြသောကြောင့် “မြတ်စွာဘုရားသည် အဆင်းကို ကဲ့ရဲ့တော်မူ၏၊ များစွာသော အကြောင်းဖြင့် အဆင်း၌ အပြစ်ကို ပြတော်မူ၏”ဟု အောက်မေ့ကြကာ မြတ်စွာဘုရား အထံတော်သို့ ဆည်းကပ်ရန် မသွားကြကုန်၊ ဖူးမြော်ခြင်းငှာလည်း အလိုမရှိကြကုန်။

(ယင်းသို့ဖြစ်လျက် အဘယ့်ကြောင့် ရဟန်းမ ပြုကြသနည်းဟု မေးရန်ရှိ၏။ အဖြေကား.. လူ့ဘောင်မှာ မှီခိုကိုးစား အားထားရာ မရှိသောကြောင့် ရဟန်းမ ပြုကြခြင်းဖြစ်သည်။

ထင်ရှားစေဦးအံ့- အဘိရူပနန္ဒာ သာကီဝင်မင်းသမီး၏ လင်ယောက်ျားဖြစ်သော သာကီဝင်မင်းသားသည် ထိမ်းမြားသော နေ့မှာပင် သေလွန်လေသည်၊ ထိုအခါ မိဖတို့သည် အဘိရူပနန္ဒာကို သူမ အလိုမရှိပဲလျက်ပင် ဘိက္ခုနီမ ပြုလုပ်ပေးကြလေသည်။

ဇနပဒကလျာဏီနန္ဒာမူကား အရှင်နန္ဒမထေရ်သည် အရဟတ္တဖိုလ်သို့ ရောက်လတ်သော် မျှော်လင့်ချက်အာသာ ကင်းပြတ်သည်ဖြစ်၍ “ငါ၏အရှင်သခင် နန္ဒမင်းသားသည်၎င်း, မယ်တော် မဟာပဇာပတိ ဂေါတမီသည်၎င်း, အခြားတပါးသော သာကီဝင် ဆွေမျိုးတို့သည်၎င်း ရဟန်းပြုကြလေပြီ၊ ဆွေမျိုးတို့နှင့်ကင်း၍ အိမ်ရာတည်ထောင် လူ့ဘောင်၌ နေရခြင်းသည် ဆင်းရဲလှ၏”ဟု စဉ်းစားမိကာ အိမ်ရာတည်ထောင် လူ့ဘောင်ဝယ် နေခြင်း၌ သက်သာရာကို မရသည်ဖြစ်၍

၃၄၆

ရဟန်းမ ပြုလုပ်လေသည်။ ထိုသူမ နှစ်ဦးလုံးပင် သဒ္ဓါ၍ ရဟန်းမ ပြုကြသည်မဟုတ်)။

     ထို့နောက် မြတ်စွာဘုရားရှင်သည် ထိုဘိက္ခုနီမ နှစ်ဦးတို့၏ ဉာဏ်ရင့်ကျက်ခြင်းကို သိတော်မူ၍ “အားလုံးသော ဘိက္ခုနီမတို့သည် အစဉ်အတိုင်း အဆုံးအမခံယူရန် လာရောက်ကြရမည်”ဟု မိထွေးတော် မဟာပဇာပတိ ဂေါတမီထေရ်ကို မိန့်တော်မူ၏၊ ထိုဘိက္ခုနီမ နှစ်ဦးတို့ကား မိမိတို့အလှည့် ရောက်လတ်သော် သူတပါးကို ကိုယ်စားပြုကာ စေလွှတ်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် “အလှည့်ရောက်လျှင် ကိုယ်တိုင်လာရမည်။ သူတပါးကို မစေလွှတ်ရ”ဟု ထပ်၍ မိန့်တော်မူရပြန်၏။

     ထို့နောက် တနေ့သ၌ အဘိရူပနန္ဒာ ထေရီမသည် မြတ်စွာဘုရားရှင်ထံတော်သို့ အဆုံးအမခံယူရန် လာရောက်လေ၏။ မြတ်စွာဘုရားရှင်သည် ထိုအဘိရူပနန္ဒာ ထေရီမကို ဖန်ဆင်းအပ်သော နိမ္မိတမိန်းမရုပ်အဆင်းဖြင့် ထိတ်လန့်သံဝေဂ ရစေတော်မူ၍-

အဋ္ဌီနံ နဂရံ ကတံ၊ မံသလောဟိတလေပနံ။

ယတ္ထ ဇရာ စ မစ္စု စ၊ မာနော မက္ခော စ ဩဟိတော။

(နန္ဒေ = ချစ်သမီး အဘိရူပနန္ဒာ..။ ကဋ္ဌာနိ = သစ်တို့ကို။ ဥဿာပေတွာ = စိုက်ထူ၍။ ဝလ္လိဗဒ္ဓံ = ကြိမ်နွယ်ဖြင့် ဖွဲ့အပ်သော။ မတ္တိကာလေပနံ = မြေစိုင်ဖြင့် လိမ်းကျံအပ်သော။ နဂရံ = ကောက်ပဲထည့်ရာ ပကတိသော ကျီကြအိမ်ကို။ ကရောန္တိ ယထာ = ပြုကုန်သကဲ့သို့။ တထာ = ထို့အတူ)။ အဋ္ဌီနံ = သုံးရာသော အရိုးတို့ကို။ (ဥဿာပေတွာ = စိုက်ထူ၍။ နှာရုဝိနဒ္ဓံ = ကိုးရာသော အကြောတို့ဖြင့် ဖွဲ့ယှက် ရစ်ပတ်အပ်သော)။ မံသလောဟိတလေပနံ = ကိုးရာသော အသားတစ်, တပြည်မျှလောက်သော သွေးတို့ဖြင့် လိမ်းထေးမွမ်းမံ ကျံအပ်ပေထသော။ နဂရံ = ခန္ဓာကိုယ်တည်းဟူသော ကျီကြအိမ်ကို။ ကတံ = တဏှာယောက်ျား လက်သမားသည်

၃၄၇

တည်ထား ဆောက်လုပ်အပ်ပြီ။ ယတ္ထ = အကြင် ခန္ဓာအိမ်၌။ ဇရာ စ = ဆိုးရွားဟောင်းမြင်း အိုမင်းမှည့်ပျော် ရင့်ရော်ခြင်း = ဇရာတရားကို၎င်း။ မစ္စု စ = စုတိပြတ်ကြွေ သေလွန်ခြင်း = မရဏတရားကို၎င်း။ မာနော စ = ဝင့်တကြွားကြွား ငါတကားဟု ထောင်လွှားခြင်း = မာနတရားကို၎င်း။ မက္ခော စ = ကောင်းစွာပြုဘူး သူ့ကျေးဇူးကို ချေဖျက်ခြင်း = မက္ခတရားကို၎င်း။ ဩဟိတော = ထည့်သွင်းသိုလှောင်၍ ထားအပ်၏။ ။ဤသို့လာသော ဓမ္မပဒဂါထာဖြင့်၎င်း -

အာတုရံ အသုစိံ ပူတိံ၊

ပဿ နန္ဒေ သမုဿယံ။

ဥဂ္ဃရန္တံ ပဂ္ဃရန္တံ၊

ဗာလာနံ အဘိပတ္ထိတံ။ (*)


အနိမိတ္တဉ္စ ဘာဝေဟိ၊

မာနာနုသယမုဇ္ဇဟ။

တတော မာနာဘိသမယာ၊

ဥပသန္တာ စရိဿသိ။

နန္ဒေ = ချစ်သမီး အဘိရူပနန္ဒာ..။ အာတုရံ = မစဲရံခါ ဆင်းရဲ နာကျင်စွာသော။ အသုစိံ = မစင်ကြယ်သော။ ပူတိံ = ပုပ်သိုးသော။ ဥဂ္ဃရန္တံ = အထက်သို့လည်း လျှံတက်ယိုစီးသော။ ပဂ္ဃရန္တံ = အောက်သို့လည်း လျှောကျယိုစီးသော။ သမုဿယံ = ခန္ဓာကိုယ်ကို။ ပဿ-ပဿာဟိ = စေ့စေ့ငုငု ဉာဏ်စက္ခုဖြင့် ကြည့်ရှုလေလော့။ (တံ = ထိုခန္ဓာကိုယ်ကို)။ ဗာလာနံ = သူမိုက်တို့သည်။ အဘိပတ္ထိတံ = လွန်စွာခုံမက် နှစ်သက် တောင့်တအပ်ပေ၏။

(*) ဤဂါထာ နောက်ထက်ဝက်မှာ ထေရီဂါထာ၌ “အသုဘာယ စိတ္တံ ဘာဝေဟိ

၃၄၈

ဧကဂ္ဂံ သုသမာဟိတံ”ဟူ၍ လာရှိသည်။ ထိုသို့ လာရှိသောအလို- “နန္ဒေ = ချစ်သမီး အဘိရူပနန္ဒာ..။ အာတုရံ = မစဲရံခါ ဆင်းရဲ နာကျင်စွာသော။ အသုစိံ = မစင်ကြယ်သော။ ပူတိံ = ပုပ်သိုးသော။ သမုဿယံ = ခန္ဓာကိုယ်ကို။ ပဿ-ပဿာဟိ = စေ့စေ့ငုငု ဉာဏ်စက္ခုဖြင့် ကြည့်ရှုလေလော့။ ဧကဂ္ဂံ = ဥပစာရသမာဓိဖြင့် တခုသောအာရုံရှိသော။ သုသမာဟိတံ = အပ္ပနာသမာဓိဖြင့် ကောင်းစွာ တည်ကြည်ခြင်းရှိသော။ အသုဘာယ စိတ္တံ = သဝိညာဏက အသုဘဈာန်စိတ်ကို။ ဘာဝေဟိ = ပွါးများလေလော့”ဟူ၍ အနက်ယောဇနာရာ၏။

နန္ဒေ = ချစ်သမီး အဘိရူပနန္ဒာ..။ အနိမိတ္တဉ္စ = အနိမိတ္တ အမည်ရသည့် အနိစ္စဘာဝနာ, ဒုက္ခဘာဝနာ, အနတ္တဘာဝနာကိုလည်း။ ဘာဝေဟိ = မနေမနား (သင်ချစ်သမီး) ပွါးများလေလော့။ မာနာနုသယံ = အနမတဂ် သံသာစက်မှ ငုပ်လျက်ကိန်းပါ ငါဟူ၍ မှတ်ထင်မှု = မာနာနုသယကို။ ဥဇ္ဇဟ = သမုစ္ဆေဒပဟာန်ဖြင့် ပယ်လှန်ရှင်းဖျောက် အမြစ်ပြတ် ဖြတ်တောက်လော့။ တတော မာနာဘိသမယာ = ထိုသို့ မာနာနုသယကို သမုစ္ဆေဒပဟာန်ဖြင့် ပယ်လှန်ရှင်းဖျောက် အမြစ်ပြတ် ဖြတ်တောက်ရသောကြောင့်။ ဥပသန္တာ = ကိလေသာဟူ အပူခပ်သိမ်း ငြိမ်းသည်ဖြစ်၍။ စရိဿသိ = သင်ချစ်သမီး နေရလိမ့်သတည်း။-

ဤသို့လာသော ထေရီဂါထာတို့ဖြင့်၎င်း အဆုံးအမ ဩဝါဒ ပေးတော်မူသဖြင့် အဘိရူပနန္ဒာထေရီ ဘိက္ခုနီမကို အစဉ်အတိုင်း အရဟတ္တဖိုလ်၌ တည်စေတော်မူ၏။ ။(ဤကား အဘိရူပနန္ဒာထေရီမ အကြောင်းတည်း)။

၃၄၉

ဇနပဒကလျာဏီ နန္ဒာထေရီမကို

အရဟတ္တဖိုလ်၌ တည်စေတော်မူခြင်း

     တနေ့သ၌ သာဝတ္ထိပြည်သူ လူအပေါင်းတို့သည် နံနက်အခါ အလှူကိုပေးကြ၍ ဥပုသ်ဆောက်တည်ကြပြီးလျှင် ကောင်းစွာ ဝတ်ရုံကုန်လျက် နံ့သာ,ပန်း-စသည်တို့ကို ယူဆောင်ကြကာ တရားနာရန် ဇေတဝန်ကျောင်းတိုက်သို့ သွားရောက်ကြပြီးလျှင် တရားနာမှု ပြီးဆုံးသောအခါ၌ မြတ်စွာဘုရားရှင်ကို ရှိခိုးကြပြီး မြို့တွင်းသို့ တဖန်ပြန်၍ ဝင်ကြကုန်၏။ ဘိက္ခုနီမအပေါင်းသည်လည်း တရားနာပြီးလျှင် ဘိက္ခုနီမကျောင်းတိုက်သို့ ပြန်သွားကြလေ၏။

     ထို သာဝတ္ထိ ပြည်အတွင်းဝယ် လူအများရော ဘိက္ခုနီမများပါ မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးကို ပြောကြားကြသည်မှာ-

“ရူပ, ဃောသ, လူခ, ဓမ္မ = လေးဌာနတို့ ပမာဏဂရု အလေးပြု ကြည်ညိုကြသည့် နတ်လူအစုအဝေး၌ မြတ်စွာဘုရားရှင်ကို ဖူးမြော်ရလျှင် မကြည်ညိုသောသူဟူ၍ မရှိချေ။

ထင်ရှားစေရမည်ဆိုလျှင်- (၁) ရုပ်ရည်အဆင်း တင့်တယ်ခြင်းကို အလေးဂရု ပမာဏပြုကာ ကြည်ညိုကြသည့် = ရူပပ္ပမာဏိက နတ်လူအပေါင်းတို့သည် မြတ်စွာဘုရားရှင်၏ လက္ခဏာတော်ကြီးငယ် ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် တင့်တယ်သော အဆင်းတော်ကို ဖူးမြော်ကြရ၍ ကြည်ညိုကြကုန်၏။

(၂) ဂုဏ်ကျေးဇူးသတင်း ကောင်းခြင်း(နှင့်) အသံကောင်းခြင်း၌ အလေးဂရု ပမာဏပြုကာ ကြည်ညိုကြသည့် = ဃောသပ္ပမာဏိက နတ်လူအပေါင်းတို့သည် များစွာသော ဇာတ်တော်တို့၌ လာရှိသော မြတ်စွာဘုရား အလောင်းတော်၏ ဂုဏ်ကျေးဇူး ကျော်စောသတင်းနှင့်တကွ အင်္ဂါရှစ်ပါးရှိသော မြတ်စွာဘုရားရှင်၏ အသံတော်ကို ကြားနာကြရ၍ ကြည်ညိုကြကုန်၏။

၃၅၀

(၃) ပစ္စည်းလေးဖြာ, ကိလေသာ ခေါင်းပါးခြင်းကို အလေးဂရု ပမာဏပြုကာ ကြည်ညိုကြသည့် = လူခပ္ပမာဏိက နတ်လူအပေါင်းတို့သည် မြတ်စွာဘုရားရှင်၏ အသမ္ဘိန္န ခတ္တိယနွယ်စင် သာကီဝင်မင်းသားမြတ် ဖြစ်ပါလျက် ပစ္စည်းလေးပါး ခေါင်းပါးခြိုးခြံပုံ ဒုက္ကရစရိယာ အကျင့်တော်မြတ် ခေါင်းပါးပုံများကို တွေ့သိရ၍ ကြည်ညိုကြကုန်၏။

(၄) သီလ, သမာဓိ, ပညာ-စသော တရားကို အလေးဂရု ပမာဏပြုကာ ကြည်ညိုကြသည့် = ဓမ္မပ္ပမာဏိက နတ်လူအပေါင်းတို့သည် မြတ်စွာဘုရားရှင်၏ သူမတူတန်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏဒဿန ကျေးဇူးဂုဏ် ငါးပါးတို့အနက် တပါးပါးသော ဓမ္မဂုဏ်ကျေးဇူးကို စူးစမ်းဆင်ခြင်ကြ၍ ကြည်ညိုကြကုန်၏”-

ဤသို့စသည်ဖြင့် နေရာတိုင်းမှာပင် မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးစကားကို တဖွားဖွား ခံတွင်းမဆံ့ ချီးအံ့ပြောဆိုလျက် ရှိကြလေသည်။

(ဤ၌ အထူးမှတ်ဖွယ်ကား- (၁) သတ္တဝါအားလုံးတို့ကို သုံးပုံပုံလျှင် နှစ်ပုံသော သတ္တဝါတို့သည် ရုပ်ရည်အဆင်း တင့်တယ်ခြင်း၌ ကြည်ညိုကြသည့် = ရူပပ္ပမာဏိကပုဂ္ဂိုလ်တို့ ဖြစ်ကြ၏၊ (တရာလျှင် ၆၆-ယောက်ဖြစ်သည်)။ (၂) သတ္တဝါအားလုံးတို့ကို ငါးပုံပုံလျှင် လေးပုံသော သတ္တဝါတို့သည် ကျေးဇူးသတင်း ကောင်းခြင်းနှင့် အသံကောင်းခြင်း၌ ကြည်ညိုကြသည့် = ဃောသပ္ပမာဏိကပုဂ္ဂိုလ်တို့ ဖြစ်ကြ၏။ (တရာလျှင် ၈၀-ယောက်ဖြစ်သည်)။ (၃) သတ္တဝါအားလုံးတို့ကို ဆယ်ပုံပုံလျှင် ကိုးပုံသော သတ္တဝါတို့သည် ပစ္စည်းလေးဖြာ ကိလေသာ ခေါင်းပါးခြင်း၌ ကြည်ညိုကြသည့် = လူခပ္ပမာဏိကပုဂ္ဂိုလ်တို့ ဖြစ်ကြ၏။ (တရာလျှင် ၉၀-ယောက်ဖြစ်သည်။ (၄) သတ္တဝါအားလုံးတို့ကို အပုံတသိန်းပုံလျှင် တပုံသော သတ္တဝါတို့သည် သီလ, သမာဓိ, ပညာတည်းဟူသော တရား၌ ကြည်ညိုကြသည့် = ဓမ္မပ္ပမာဏိကပုဂ္ဂိုလ်တို့ ဖြစ်ကြ၏ (လူတသိန်းမှ တယောက်သာ ဓမ္မပ္ပမာဏိကပုဂ္ဂိုလ် ဖြစ်သည်ဟု ဆိုလိုသည်)။

၃၅၁

သတ္တဝါတွေ မည်မျှပင် များနေစေကာမူ ဤနည်းဖြင့် ခွဲဝေလျှင် လေးမျိုးလေးစု၌ အကုန်ဝင်လေ၏။

ထိုသတ္တဝါလေးစုတို့အနက် ဘုရားရှင်တို့အား မကြည်ညိုသူတို့ကား နည်းလှကုန်၏၊ ကြည်ညိုသူတို့သာ များလှကုန်၏။ ထင်ရှားစေဦးအံ့- (၁) ရူပပ္ပမာဏိက ပုဂ္ဂိုလ်များအဖို့ရာ မြတ်စွာဘုရား၏ အဆင်းတော်ထက် ပိုလွန်၍ ကြည်ညိုဖွယ်ကိုဆောင်သော အဆင်းဟူ၍ မရှိ။ (၂) ဃောသပ္ပမာဏိက ပုဂ္ဂိုလ်များအဖို့ရာ မြတ်စွာဘုရားရှင်တို့၏ ဂုဏ်ကျေးဇူး ကျော်စောသံ ပကတိအသံတော်တို့ထက် သာလွန်ပိုမို၍ ကြည်ညိုဖွယ်ကိုဆောင်သော အသံဟူ၍ မရှိ။ (၃) လူခပ္ပမာဏိက ပုဂ္ဂိုလ်များ အဖို့ရာမှာလည်း ကာသိတိုင်းဖြစ် နူးညံ့သော အဝတ်များ, စားတော် ရွှေခွက်ကြီးများ, ဥတုသုံးပါးအား လျောက်ပတ်သည့် သုံးဆောင်ဖွယ် ကာမစည်းစိမ်အမျိုးမျိုးနှင့် ပြည့်စုံသော ရွှေနန်းမသုံးဆောင်တို့ကို စွန့်ပယ်၍ ပံသုကူသင်္ကန်း, ကျောက်သပိတ်, သစ်ပင်ရင်းစသော ကျောင်းကို မှီဝဲသုံးဆောင်တော်မူသည့် မြတ်စွာဘုရား၏ ပစ္စည်းလေးပါး ခေါင်းပါးမှုထက် သာလွန်ပိုမို၍ ကြည်ညိုဖွယ်ကိုဆောင်သော အခြား ခေါင်းပါးမှုဟူ၍ မရှိ။ (၄) ဓမ္မပ္ပမာဏိက ပုဂ္ဂိုလ်များအဖို့ရာ တလောကလုံး၌ အတုမရှိသော သီလ-စသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်၏ သီလ-စသော ဂုဏ်ကျေးဇူးထက် သာလွန်ပိုမို၍ ကြည်ညိုဖွယ်ကိုဆောင်သော အခြား သီလ-စသော ဂုဏ်ကျေးဇူးဟူ၍ မရှိ။ ဤသို့လျှင် မြတ်စွာဘုရားရှင်သည် စတုပ္ပမာဏိက ဤသတ္တလောကကြီး တခုလုံးကို လက်ဆုပ်ဖြင့် ဆုပ်ကိုင်သိမ်းဆည်း၍ ထားသကဲ့သို့ ဖြစ်ပေ၏။ ။ဤကွင်းအတွင်း စကားရပ်များမှာ အဘိဋ္ဌ၊ ၃၊ စာမျက်နှာ ၈၀, ၈၁-တို့မှ ဖြစ်သည်။ ကျန်သော စကားရပ်စုမှာ သုတ္တနိပါတ် အဋ္ဌကထာ ပဌမအုပ် စာမျက်နှာ ၂၃၄-မှဖြစ်သည်)။

     ဇနပဒကလျာဏီ ရူပနန္ဒာ ထေရီမသည် ဘိက္ခုနီမကျောင်းတိုက်သို့ ရောက်လျှင်လည်း များစွာသော အကြောင်းတို့ဖြင့် မြတ်စွာဘုရားရှင်၏ ကျေးဇူးစကား ပြောကြားကြသော ထိုသူတို့၏စကားကို ကြားရ၍ “ဤသူတို့သည် ငါ့မောင်တော်ကြီး (=မြတ်စွာဘုရား)၏ ဂုဏ်ကို ခံတွင်းမဆံ့ ချီးကျူးပြောဆိုကြ၏။ မြတ်စွာဘုရားသည် တနေ့ပတ်လုံး ငါ့အား အဆင်း၌အပြစ်ကို ဟောတော်မူစေကာမူ အဘယ်မျှ ဟောတော်မူလိမ့်မည်နည်း၊

၃၅၂

ငါသည် ရဟန်းမတို့နှင့် အတူတကွသွား၍ ကိုယ်ကိုမပြပဲ မြတ်စွာဘုရားကို ဖူးမြော်ပြီးလျှင် တရားတော်ကိုနာ၍ ပြန်လာရမူ ကောင်းလေစွာ့”ဟု ကြံစည်ပြီးသော် “ယနေ့ ငါသည်လည်း တရားနာလိုက်အံ့”ဟု ဘိက္ခုနီမတို့အား ပြောကြားလေ၏။ ဘိက္ခုနီမတို့သည် “ဤရူပနန္ဒာ ဘိက္ခုနီမ၏ မြတ်စွာဘုရားအထံသို့ ဆည်းကပ်ရန် သွားလိုမှုကား အလွန်ကြာမြင့်မှ ဖြစ်ပေါ်လာသည်၊ ယနေ့ မြတ်စွာဘုရားသည် ဤရူပနန္ဒာ ဘိက္ခုနီမကို အကြောင်းပြု၍ နည်းမျိုးစုံစွာ ဆန်းကြယ်သော တရားဒေသနာကို ဟောတော်မူလိမ့်မည်”ဟု အောက်မေ့ ဝမ်းမြောက်ကြကာ ဇနပဒကလျာဏီ ရူပနန္ဒာထေရီကို ခေါ်ဆောင်၍ သွားကြလေကုန်၏။

     မြတ်စွာဘုရားရှင်သည် စောစောကပင် ရူပနန္ဒာထေရီမ လိုက်ပါလာသည်ကို ကြိုတင် သိမြင်တော်မူ၍ ဆူး ဖြင့် ဆူးကိုထွင်သော ယောက်ျား, မယ်န (ပရစ်)ဖြင့် မယ်နကိုထုတ်သော ယောက်ျားကဲ့သို့ အဆင်းဖြင့်ပင် ရူပနန္ဒာထေရီမ၏ အဆင်းမာန်ကို ပယ်ဖျောက်တော်မူရန် ကိုယ်တော်မြတ်၏ တန်ခိုးအစွမ်းဖြင့် ၁၅-နှစ် ၁၆-နှစ်အရွယ် အလွန်ရှုချင်ဖွယ်ရှိသော မိန်းမငယ်ကို ကိုယ်တော်မြတ်၏ နံပါးအနီး၌ တည်နေကာ ယပ်လေခပ်နေဟန် ဖန်ဆင်း၍ ထားတော်မူနှင့်၏။

     ရူပနန္ဒာထေရီမသည် ဘိက္ခုနီမတို့နှင့် အတူတကွ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားရှင်ကို ရှိခိုးပြီးလျှင် ဘိက္ခုနီသံဃာအကြား၌ ထိုင်နေလျက်ပင် ခြေတော်ဖျားမှစ၍ ဆံတော်ဖျားတိုင် မြတ်စွာဘုရားရှင်၏ ရူပကာယ အသရေတော်ကို ဖူးမြော်ရ၍၎င်း, တဖန် မြတ်စွာဘုရား၏ နံပါးတော်၌တည်နေကာ ယပ်လေခပ်နေသော ထိုနိမ္မိတ အမျိုးသမီးရုပ်ကို မြင်ရ၍၎င်း “ဩ.. ဤမိန်းမငယ်ကား ရုပ်ရည်အဆင်း တင့်တယ်လှဘိတကား”ဟု ကြံစည်ကာ မိမိ၏ အဆင်းမာန်ကို စွန့်ပယ်၍ ထိုနိမ္မိတအမျိုးသမီး၏ အဆင်း၌ အလွန်တပ်မက်သော အလိုဆန္ဒ ဖြစ်ရှိလာလေသည်။

၃၅၃

     ထိုအခါ မြတ်စွာဘုရားရှင်သည် ထိုနိမ္မိတမိန်းမကို (တရားဟောရင်းကပင်) အသက်နှစ်ဆယ်အရွယ် ပမာဏရှိသည်ကို ပြု၍ ပြောင်းလဲဖန်ဆင်း ပြတော်မူလေသည်။ မှန်၏- မာတုဂါမသည် ၁၆-နှစ်အရွယ် ရှိစဉ်သာလျှင် တင့်တယ်၏၊ ထိုမှအထက်၌ (၁၆-နှစ်လောက်) မတင့်တယ်တော့ချေ။ သို့ရကား ထိုသို့ ပြောင်းလဲ ဖန်ဆင်းပြတော်မူသောအခါ၌ ထိုနိမ္မိတမိန်းမ၏ ရုပ်ရည်အဆင်း ဆုတ်ယုတ်ခြင်းကို ပက်ပင်းတွေ့မြင်ရ၍ ရူပနန္ဒာထေရီမ၏ သန္တာန်ဝယ် ထိုနိမ္မိတရုပ်၌ တပ်မက်မှု (=ဆန္ဒရာဂ)တရား စောစောကအောက် ပါး၍ ပါး၍ သွားလေ၏။

     ထို့နောက် မြတ်စွာဘုရားရှင်သည် သားမဖွားသေးမီ မိန်းမအဆင်း, တကြိမ်သားဖွားပြီးသော မိန်းမအဆင်း, မိန်းမလတ်အဆင်း, မိန်းမကြီးအဆင်း, ဇနောင်ဇနင်ဖြစ်လျက် တောင်ဝှေးကိုလက်စွဲကာ မှည့်မည်းများ တကိုယ်လုံးစွဲကပ်နေသည့် အနှစ်တရာရှိ မိန်းမအိုအဆင်းများကို အစဉ်အတိုင်း ပြောင်းလဲ ပြောင်းလဲ ဖန်ဆင်း၍ ပြပြီးသော် ရူပနန္ဒာထေရီမ ရှုကြည့်နေစဉ်ပင် ထိုနိမ္မိကမိန်းမအို၏ သေခြင်းကို၎င်း, ဖူးဖူးရောင်သောသူကောင် စသည်တို့၏ ကိုယ်ကို၎င်း, ရနံ့ပုပ်လောင်း စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အဖြစ်ကို၎င်း ဖန်ဆင်း၍ ပြတော်မူလေ၏။

     ထိုနိမ္မိတရုပ်အစဉ်ကို မြင်ရလေသော် ဇနပဒကလျာဏီ ရူပနန္ဒာထေရီ၏ စိတ်သန္တာန်ဝယ် “ဤယခု ငါမြင်ရသော မိန်းမအတူပင် ဤဖြစ်စဉ်ကား ငါရောသူပါ အားလုံးသော သတ္တ၀ါ)တို့နှင့် ဆက်ဆံသောသဘော ဖြစ်စွာ့တကား”ဟု ရှုဆင်ခြင်ကာ အနိစ္စသညာ တည်၍ ဖြစ်၍ လာလေ၏။ ထိုအနိစ္စသညာနောက်သို့ အစဉ်လိုက်ကာ ဒုက္ခသညာ အနတ္တသညာတို့လည်း တည်လာ ထင်လာ ဖြစ်ပွါးလာကြလေ၏။ ဘဝသုံးပါးတို့သည် မီးဟုန်းဟုန်း တောက်လောင်သော အိမ်ကဲ့သို့ ကိုးကွယ်ရာမဲ့သောအနေဖြင့် ထင်လာကုန်၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် “နန္ဒာဘိက္ခုနီ၏စိတ်ကား ကမ္မဋ္ဌာန်းအလုပ်၌ သက်ဝင်လေပြီ”ဟု သိတော်မူ၍

၃၅၄

ထိုနန္ဒာထေရီမအား သင့်လျော်လျောက်ပတ် သပ္ပါယဖြစ်သော အစွမ်းဖြင့် ဤတရားဂါထာတို့ကို ဟောတော်မူ၏-

အာတုရံ အသုစိံ ပူတိံ၊ ပဿ နန္ဒေ သမုဿယံ။

ဥဂ္ဃရန္တံ ပဂ္ဃရန္တံ၊ ဗာလာနံ အဘိပတ္ထိတံ။


ယထာ ဣဒံ တထာ ဧတံ၊ ယထာ ဧတံ တထာ ဣဒံ။

ဓာတုတော သုညတော ပဿ၊ မာ လောကံ ပုနရာဂမိ။

ဘဝေ ဆန္ဒံ ဝိရာဇေတွာ၊ ဥပသန္တာ စရိဿသိ။

(ပဌမဂါထာအနက်ကို ရှေးစာမျက်နှာ ၃၄၇-၌ ကြည့်လေ)။

နန္ဒေ = ချစ်သမီး ရူပနန္ဒာ..။ ဣဒံ = ဤအဇ္ဈတ္တဖြစ်သော သင်၏ကိုယ်သည်။ အနိစ္စာဒိဓမ္မံ ယထာ = အနိစ္စစသော သဘောရှိသကဲ့သို့။ ဧတံ = ထိုဗဟိဒ္ဓ သင်မြင်ရသည့် အပြင်အပကိုယ်သည်။ တထာ = ထို့အတူ အနိစ္စစသော သဘောရှိ၏။ ဧတံ = ထိုဗဟိဒ္ဓ သင်မြင်ရသည့် အပြင်အပကိုယ်သည်။ ဥဒ္ဓုမာတကာဒိဘာဝပ္ပတ္တံ ယထာ = အစဉ်အတိုင်း အရွယ်အစုစု အနုအရင့်တွေကိုစွန့်ကာ ဖူးဖူးရောင်သော သူကောင်စသည် အဖြစ်သို့ ရောက်သကဲ့သို့။ ဣဒံ = ဤအဇ္ဈတ္တဖြစ်သော သင်၏ကိုယ်သည်။ တထာ = ထို့အတူ အရွယ်အစုစု အနုအရင့်တွေကိုစွန့်၍ ဖူးဖူးရောင်သော သူကောင်- စသည်အဖြစ်သို့ ရောက်သည်။ ဘဝိဿတိ = ဧကန်စင်စစ် ဖြစ်လတ္တံ့။ (တွံ = သင်ချစ်သမီးသည်။ ကာယဒွယံ = အဇ္ဈတ္တ,ဗဟိဒ္ဓ ကိုယ်ကာယနှစ်ပါးအပေါင်းကို)။ ဓာတုတော = ပထဝီဓာတ်စသောအားဖြင့်။ သုညတော = အတ္တ, အတ္တနိယ စသည်မှ ဆိတ်သုဉ်းသောအားဖြင့်။ ပဿ-ပဿာဟိ = ဝိပဿနာ ဉာဏ်ပညာစက္ခုဖြင့် ကြည့်ရှုလေလော့။ လောကံ = ဥပါဒါနက္ခန္ဓာ တည်းဟူသော လောကသို့။ မာ ပုန အာဂမိ = တဖန်ထပ်လှောက် ချစ်သမီး မလာရောက်ချင်လင့်။ ဘဝေ = ကာမ,ရူပ, အရူပအား ဘဝသုံးပါး၌။ ဆန္ဒံ = တွယ်တာခုံမက် တပ်နှစ်သက်သည့်

၃၅၅

တဏှာဆန္ဒကို။ ဝိရာဇေတွာ = သမုစ္ဆေဒပဟာန်ဖြင့် ပယ်လှန်ဖြတ်ရှင်း ကင်းစေ၍။ ဝါ- ကင်းစေသည်ရှိသော်။ (တွံ = သင်ချစ်သမီးသည်)။ ဥပသန္တာ = ကိလေသာဟူ အပူခပ်သိမ်း အေးငြိမ်းသည်ဖြစ်၍။ စရိဿသိ = ချမ်းကြည်အေးမြ နေရလိမ့်သတည်း။

     ဂါထာအဆုံး၌ ဇနပဒကလျာဏီ ရူပနန္ဒာထေရီမသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထို့နောက်မှ မြတ်စွာဘုရားရှင်သည် ဇနပဒကလျာဏီ ရူပနန္ဒာထေရီမအား အထက်မဂ်ဖိုလ်တို့ကို ရစေရန် သုညတအခြံအရံရှိသည့် ဝိပဿနာကမ္မဋ္ဌာန်းကို ဟောကြားတော်မူလို၍ ဤဝိဇယသုတ္တန်ကို (ရှေး၌ ဆိုအပ်ပြီးသောအတိုင်း) ဟောတော်မူ၏။

(မြတ်စွာဘုရားရှင်သည် ဤဝိဇယသုတ္တန်ကို (၁)ဇနပဒကလျာဏီ ရူပနန္ဒာထေရီမအား ပဌမအကြိမ် ဟောတော်မူသည်ကား ၅-ဝါ, ၆-ဝါရ အချိန်လောက်တွင်ဖြစ်သည်။ (၂) သိရိမာ၌ တပ်မက်သည့်ရဟန်းကို အကြောင်းပြု၍ ဒုတိယအကြိမ် ဤဝိဇယသုတ္တန်ကို ဟောတော်မူသည်ကား သတ္တရသမ = ဆယ့်ခုနစ်ဝါမြောက်၌ ဖြစ်သည်)။

     ဤဝိဇယသုတ္တန်ကို ပဌမအကြိမ် ဟောတော်မူသော အဆုံး၌ ဇနပဒကလျာဏီ ရူပနန္ဒာထေရီမသည် “အိုး.. မိုက်လှချည့်တကား၊ အကြင်ငါသည် ငါ့ကိုပင် အာရုံပြု၍ ကရုဏာကြီးစွာဖြင့် ဤသို့စင် အထူးထူးသော တရားဒေသနာကို ဟောတော်မူသော ငါ့မောင်တော်ကြီး (=မြတ်စွာဘုရား)အား ဆည်းကပ်ရန် မလာရောက်မိချေပြီတကား”ဟု ပြင်းစွာထိတ်လန့်ခြင်း သံဝေဂသို့ ရောက်ရှိလေသည်။

     ဤသို့ ထိတ်လန့်ပြီးလျှင် ထိုဝိဇယသုတ္တန် တရားဒေသနာကိုပင် အဖန်ဖန် နှလုံးသွင်း၍ သုညတကမ္မဋ္ဌာန်းကို စီးဖြန်းကြိုးကုတ် အားထုတ်လတ်ရကား နှစ်ရက်သုံးရက်အတွင်း၌ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေသတည်း။

ဝိဇယသုတ္တန် မြန်မာပြန် နောက်ဆက်တွဲ ပြီး၏။

**********

၃၅၆

ဧကဥပါသကဝတ္ထု

     မြတ်စွာဘုရားရှင်သည် ရှေး၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း သတ္တရသမ = ဆယ့်ခုနစ်ခုမြောက်ဝါကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ ကပ်ဆိုတော်မူ၍ ဝိဇယသုတ္တန် အစရှိသော ထိုထိုတရားဒေသနာဖြင့် ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ သတ္တဝါတို့ကို ဟောကြား ချေချွတ်တော်မူကာ ဝါကျွတ်သောအခါ ခရီးဒေသစာရီ အစဉ်သဖြင့် ကြွချီ၍ သာဝတ္ထိပြည်သို့ ရောက်တော်မူပြီးလျှင် ဇေတဝန်ကျောင်းတိုက်၌ ကိန်းအောင်းမွေ့လျော် သီတင်းသုံး စံနေတော်မူ၏။

     ထိုအခါ တနေ့သ၌ မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတိုက် ဂန္ဓကုဋီကျောင်းတော်၌ ထိုင်နေတော်မူလျက်ပင် မိုးသောက်ထအခါ သတ္တလောကကို ကြည့်ရှုတော်မူလတ်သော် အာဠဝီပြည်သား ဆင်းရဲသားတယောက်ကို မြင်တော်မူ၍ ထိုဆင်းရဲသား၏ သောတာပတ္တိမဂ်ဖိုလ်ကို ရရောက်ကြောင်း ရှေးကောင်းမှုကို သိတော်မူပြီးလျှင် ရဟန်းငါးရာ ခြံရံလျက် အာဠဝီပြည်သို့ ကြွချီတော်မူလေ၏။ အာဠဝီ ပြည်သူပြည်သား လူအများသည်လည်း ယဉ်ကျေးပြီးသော ဗုဒ္ဓဘာသာ သမ္မာအယူ ရှိသူများပြီပြီ မြတ်စွာဘုရားအမှူးပြုသော သံဃာတော်အရှင်မြတ်များကို ဆွမ်းပြုစုလုပ်ကျွေးရန် ရိုသေစွာ ပင့်ဖိတ်ကြလေကုန်၏။

     ထိုဆင်းရဲသားသည်လည်း “မြတ်စွာဘုရားရှင် ကြွလာပြီ”ဟူသော သတင်းစကားကို ကြားသိရ၍ “ငါသည် မြတ်စွာဘုရားရှင်အထံတော်၌ တရားတော်ကို နာရပေတော့အံ့”ဟု ကြိုတင် ဝမ်းမြောက်ကာ နှလုံးသွင်းထားလေသည်။ ထူးခြားသော ဖြစ်ရပ်တခုမှာ မြတ်စွာဘုရားရှင် မြို့တွင်းသို့ ကြွဝင်တော်မူမည့် ထိုနေ့မှာပင် ထိုဆင်းရဲသား၏ နွားတကောင်သည် ချည်ကြိုးပြတ်ကာ အရပ်တပါးသို့ ပြေးသွားလေ၏။

     ဆင်းရဲသားသည် “အသို့နည်း ငါသည် နွားကိုပင် အလျင်ရှာရမည်လော၊ သို့မဟုတ် တရားကိုပင် အလျင်နာရမည်လော”ဟု

၃၅၇

ကြံစည်၍ “နွားကို အလျင်ရှာပြီးနောက်မှ စိတ်ချလက်ချ တရားကို နာပေတော့အံ့”ဟု ဆုံးဖြတ်ချက် ချမှတ်ကာ စောစောကပင် နွားပျောက်ကိုရှာရန် အိမ်မှထွက်ခဲ့လေ၏။

     အာဠဝီ ပြည်သူပြည်သား လူအများသည်လည်း မြတ်စွာဘုရားအမှူးပြုသော ရဟန်းသံဃာကို နေရာထိုင်ခင်း ပေးလှူကြကာ ဆွမ်းဆက်ကပ်လုပ်ကျွေးကြ၍ အနုမောဒနာတရား ဟောကြားတော်မူဖို့ရာ စီမံပြုလုပ်ကြလေသည်။ မြတ်စွာဘုရားရှင်သည် “အကြင်ဆင်းရဲသားကို အကြောင်းပြု၍ ငါဘုရားသည် ယူဇနာ သုံးဆယ်ရှိသော ခရီးကို လာရောက်ခဲ့ရလေသည်၊ ထိုဆင်းရဲသားကား နွားပျောက်ကိုရှာဖို့ရန် တောသို့ ဝင်ရှာလေပြီ၊ ထိုဆင်းရဲသား လာရောက်မှသာလျှင် ငါဘုရားသည် တရားဟောပေအံ့”ဟု ကြံစည် ဆင်ခြင်တော်မူကာ ဆိတ်ဆိတ်သာ နေတော်မူလေ၏။

     ထိုဆင်းရဲသားသည်လည်း နေမြင့်မှ နွားပျောက်ကို ရှာတွေ့၍ နွားအုပ်ထဲ၌ သွင်းထားခဲ့ပြီးလျှင် “ဤအချိန်၌ အခြားဝေယျာဝစ္စ ဒါနကောင်းမှုပြုရန် မရှိသော်လည်း မြတ်စွာဘုရားအား ရှိခိုးခြင်းမျှကိုသော်လည်း ငါပြုပေအံ့”ဟု ကြံစည်ဆင်ခြင်မိကာ ဆာလောင်မွတ်သိပ်ခြင်းဖြင့် ပြင်းစွာ နှိပ်စက်အပ်သော်လည်း အိမ်သို့သွားရန် အနည်းငယ်မျှ စိတ်အကြံကိုမပြုပဲ လျင်မြန်စွာ မြတ်စွာဘုရားအထံတော်သို့ လာရောက်၍ ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် သင့်လျောက်ပတ်ရာအရပ်၌ ရပ်တည်လေ၏။

     မြတ်စွာဘုရားရှင်သည် ထိုသူ ရပ်တည်လာသောအခါ၌ အလှူကိစ္စ ဝေယျာဝစ္စမှူးကို “ဒါယကာ.. ရဟန်းသံဃာအား လှူဒါန်းပြီးနောက် ပိုလျှံသော ဆွမ်းခဲဖွယ်ဘောဇဉ် တစုံတရာ ရှိသေးသလော”ဟု မေးတော်မူလေ၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အပြည့်အစုံပင် ရှိပါသည်”ဟု ဝေယျာဝစ္စမှူးက လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ဒါယကာ.. ထိုသို့ဖြစ်လျှင် ဤလူကို ထမင်းကျွေးလိုက်လော့”ဟု မိန့်တော်မူလေ၏။

၃၅၈

     ဝေယျာဝစ္စမှူးသည် မြတ်စွာဘုရားရှင်က မိန့်ကြားအပ်သော အရပ်မှာပင် ထိုဆင်းရဲသားကို ထိုင်စေပြီးသော် ယာဂု, ခဲဖွယ်, ဘောဇဉ်တို့ဖြင့် ရိုသေကောင်းမွန်စွာ ကျွေးမွေးလေ၏၊ ထိုဆင်းရဲသားသည် ထမင်းကို မြိန်ရှက်စွာ စားပြီးလျှင် ခံတွင်းကို စင်ကြယ်စွာ ဆေးကြောလေ၏။

(ဤနေရာကိုထား၍ ပိဋကသုံးပုံဝယ် အခြားနေရာ၌ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်က လူဝတ်ကြောင်တဦးတယောက်အတွက် “ထမင်းကျွေးလိုက်စမ်း”ဟု စီမံ မိန့်ကြားတော်မူသောအရာဟူ၍ မရှိ)။

     ထမင်းကို မြိန်ရှက်စွာ စားရသဖြင့် ဆာလောင်မွတ်သိပ်ပူပန်မှု ငြိမ်းအေးသော ထိုဆင်းရဲသား၏ စိတ်သည် အာရုံတခုတည်း၌ ငြိမ်သက်တည်ကြည်စွာ ဖြစ်လေသည်၊ ထိုအခါ ထိုဆင်းရဲသားအား မြတ်စွာဘုရားရှင်သည် ဒါနကထာ, သီလကထာ, သဂ္ဂကထာ, ကာမာနံ အာဒီနဝကထာ, နေက္ခမ္မေ အာနိသံသကထာ တည်းဟူသော အစဉ်အတိုင်းသော တရားစကားကို ဟောကြားတော်မူပြီးသော် သစ္စာလေးပါးကို ဟောကြားပြသတော်မူလေ၏၊ ထိုဆင်းရဲသားသည် ဒေသနာတော်အဆုံး၌ သောတာပတ္တိဖိုလ်သို့ ရောက်ရှိလေ၏ (=သောတာပန်အရိယာ ဖြစ်လေ၏)။ မြတ်စွာဘုရားသည်လည်း အနုမောဒနာတရား ဟောကြားတော်မူပြီးလျှင် နေရာမှထ၍ ဖဲကြွတော်မူလေ၏။ လူများအပေါင်းသည် မြတ်စွာဘုရားကို လိုက်၍ပို့ကြပြီးလျှင် အာဠဝီပြည်သို့ ပြန်နစ်ခဲ့ကြလေ၏။

     ရဟန်းတို့သည် မြတ်စွာဘုရားရှင်နှင့် အတူတကွ သွားကြရင်းကပင်-

“ငါရှင်တို့.. မြတ်စွာဘုရား၏ ပြုတော်မူပုံကို ကြည့်ကြပါလော့၊ အခြားနေရာများ၌ ဤသို့ လူဝတ်ကြောင် တယောက်အား ထမင်းကျွေးရန် စီမံမိန့်ကြားမှု အလျှင်းပင် မရှိခဲ့ချေ။ ယနေ့မှာကား ဆင်းရဲသားလူတယောက်ကို မြင်လျှင်မြင်ခြင်းပင် ယာဂု-စသည်တို့ကို ကိုယ်တော်တိုင် နှုတ်မြွက်စီမံကာ ပေးစေတော်မူဘိ၏”-

၃၅၉

ဟု ကဲ့ရဲ့မေးငေါ့စကား ပြောကြားကြလေ၏။ မြတ်စွာဘုရားရှင်သည် ပြန်လှည့်တော်မူ၍ ရပ်တည်တော်မူရင်းကပင် “ရဟန်းတို့.. အဘယ်စကား ပြောကြားကြသနည်း”ဟု မေးတော်မူ၍ ထိုအကြောင်းကို ကြားသိတော်မူရလေလျှင် “အိမ်း.. ဟုတ်ပေသည် ရဟန်းတို့.. ငါဘုရားသည် ယူဇနာသုံးဆယ်ရှိသော ခရီးခဲကို တပင်တပန်း လာရောက်တော်မူသည်မှာ ထိုဆင်းရဲသား ဥပါသကာ၏ သောတာပတ္တိ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှု = ဥပနိဿယကို မြင်၍ လာရောက်ခဲ့လေသည်။ ထိုဆင်းရဲသားကား အလွန်လျှင် ဆာလောင်မွတ်သိပ်လျက် ရှိချေသည်၊ နံနက်စောစောကပင် အစပြုကာ နွားပျောက်ကိုရှာလျက် တောအရပ်၌ လှည့်လည်ခဲ့ရလေပြီ၊ ငါဘုရားသည် (ထိုသူအား အစာမကျွေးစေပဲ) အကယ်၍ တရားဟောအပ်ငြားက ဆာလောင်ခြင်းဒုက္ခကြောင့် ထိုသူသည် တရားကို ထိုးထွင်း၍ သိစွမ်းနိုင်လိမ့်မည်မဟုတ်ဟု ကြံစည်ဆင်ခြင်ပြီးလျှင် ဤသို့ ပြုပေသည်၊ ဆာလောင်မွတ်သိပ်ခြင်း တည်းဟူသော အနာရောဂါနှင့်တူသော အခြားရောဂါမည်သည် မရှိ”ဟု မိန့်တော်မူ၍ ဤတရားဂါထာကို ဟောကြားတော်မူလေ၏-

ဇိဃစ္ဆာ ပရမာ ရောဂါ၊ သင်္ခါရပရမာ ဒုခါ။

ဧတံ ဉတွာ ယထာဘူတံ၊ နိဗ္ဗာနံ ပရမံ သုခံ။

ဘိက္ခဝေ = ရဟန်းတော်များ အို ချစ်သားတို့..။ ရောဂါ = နှိပ်စက်ကျင်နာ ရောဂါတို့သည်။ ဇိဃစ္ဆာပရမာ = ဆာလောင်ခြင်းလျှင် လွန်သောအတိုင်းအရှည် ရှိကုန်၏။ (ရောဂါဟူသမျှတွင် ဆာလောင်ခြင်းသည် အပြင်းထန်ဆုံးသော ရောဂါဖြစ်၏၊ မှန်၏- အခြားရောဂါ များမှာ တကြိမ်ဆေးကုလိုက်လျှင် အရှင်းသော်လည်း ပျောက်ကင်း၍သွားသည်၊ သို့မဟုတ် ရက်ပိုင်း, လပိုင်း, နှစ်ပိုင်းအားဖြင့်သော်မူလည်း ငြိမ်းစဲ၏၊ ဆာလောင်ခြင်းရောဂါကား တကြိမ်အစာစား၍လည်း အရှင်းမပျောက်၊ နေ့တိုင်း နေ့တိုင်းပင် အစာကျွေး ဆေးကုနေရသည်။

၃၆၀

ထို့ကြောင့် ဆာလောင်ခြင်းသည် အခြားရောဂါတို့ထက် အပြင်းထန်ဆုံးသော ရောဂါ ဖြစ်၏ဟု ဆိုလိုသည်)။

ဒုခါ = အခံခက်စွာ ဆင်းရဲဒုက္ခ ဝေဒနာတို့သည်။ သင်္ခါရပရမာ = ခန္ဓာငါးပါး သင်္ခါရတရားလျှင် လွန်သော အတိုင်းအရှည်ရှိကုန်၏။ (ခန္ဓာငါးပါး သင်္ခါရတရား ထင်ရှားရှိနေသရွေ့ ဆင်းရဲဒုက္ခ မငြိမ်းနိုင်ရကား ထိုခန္ဓာငါးပါး သင်္ခါရတရားအစုသည် ဆင်းရဲတကာတို့အနက် အပြင်းထန်ဆုံးသော ဆင်းရဲဒုက္ခဖြစ်၏ဟု ဆိုလိုသည်)။

နိဗ္ဗာနံ = အသင်္ခတဓာတ် နိဗ္ဗာန်ပရမတ်သည်။ ပရမံ = အမြတ်ဆုံးသော။ သုခံ = ချမ်းသာသုခ ဖြစ်ပေ၏။ (လောကီလူများ နှစ်သက်အပ်သည့် ဝေဒယိတ သုခချမ်းသာမှာ ထင်ရှားရှိစဉ် တည်နေစဉ်သာ သက်သာချမ်းသာ၍ ဘင်ခဏသို့ ရောက်သောအခါ (ပျက်စီးသွားသောအခါ) မသက်သာ မချမ်းသာ၊ နိဗ္ဗာန်တည်းဟူသော သန္တိချမ်းသာကား ဘယ်သောအခါမှ ပျက်စီးခြင်းသဘော မရှိသဖြင့် အခါခပ်သိမ်း ငြိမ်းချမ်းလျက်ရှိသောကြောင့် ချမ်းသာတကာထက် အမြတ်ဆုံးဖြစ်လေသည်။

ပဏ္ဍိတော = ပညာရှိသည်။ ဧတံ = ဤအကြောင်းကို။ ယထာဘူတံ = ဟုတ်မှန်တိုင်း။ ဉတွာ = သိ၍။ နိဗ္ဗာနံ = နိဗ္ဗာန်ချမ်းသာကို။ သစ္ဆိကရောတိ = ကိုယ်တိုင်ဆိုက်ရောက် မျက်မှောက်ပြု၏။

     ဒေသနာနိဂုံး ဆုံးသောအခါ များစွာသောသတ္တဝါတို့ သောတာပတ္တိဖိုလ်- စသည်တို့သို့ ရောက်ကြလေကုန်၏။ (ဓမ္မပဒ ဋ္ဌ၊ ၂၊ သုခ၀ဂ်၊ မျက်နှာ ၁၆၉-မှ)။

ဧကဥပါသကဝတ္ထု ပြီး၏။

၃၆၁

အဋ္ဌာရသမဝါ စာလိယတောင်ကျောင်း၌

ဝါကပ်တော်မူခြင်း

     မြတ်စွာဘုရားရှင်သည် ဆိုအပ်ပြီးသောအတိုင်း အာဠဝီပြည်သား နွားပျောက်ရှာသည့် ဆင်းရဲသား အစရှိသော ကျွတ်ထိုက်သသူ ဗိုလ်လူများစွာတို့အား စရိုက်နှင့်လျော်စွာ တရားဓမ္မ ဟောပြ ချေချွတ်တော်မူ၍ တဆယ့်ရှစ်ခုမြောက် (=အဋ္ဌာရသမ)ဝါကို စာလိယတောင်ကျောင်း၌ ကပ်ဆိုသီတင်းသုံးတော်မူကာ ကျွတ်ထိုက်သော သတ္တဝါတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေး ချေချွတ်တော်မူလေသည်။

     ထိုစာလိယတောင်ကျောင်း၌ အဋ္ဌာရသမဝါကျွတ်ခဲ့၍ ခရီးဒေသစာရီ အစဉ်သဖြင့် ကြွချီတော်မူခဲ့ရာ သာဝတ္ထိပြည်သို့ရောက်၍ ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူဆဲ ဖြစ်လေသည်။

ယက်ကန်းသည်သမီးအား တရားဟောတော်မူခြင်း

ပေသကာရဓီတုဝတ္ထု

     ယခု အဋ္ဌာရသမဝါကျွတ်ပြီး၍ သာဝတ္ထိပြည် ဇေတဝန်ကျောင်း တိုက်၌ သီတင်းသုံး နေထိုင်တော်မူသည်မှ လွန်ခဲ့သော သုံးနှစ်ထက်က တနေ့သောအခါ မြတ်စွာဘုရားသခင် အာဠဝီပြည်သို့ ရောက်တော်မူသည်တွင် အာဠဝီ ပြည်သူပြည်သား လူအများတို့သည် မြတ်စွာဘုရားကို ပင့်ဖိတ်၍ ကြီးစွာသော အလှူဒါနမှု ပြုကြလေသည်။ မြတ်စွာဘုရားရှင်သည် ဆွမ်းကိစ္စပြီးသောအခါ အနုမောဒနာတရား ဟောကြားတော်မူသည်ရှိသော်-

“ဒါယကာ ဒါယိကာမ အပေါင်းတို့.. ‘ငါ၏ အသက်ကား မခိုင်မြဲ၊ ငါ၏ သေခြင်းတရားကား မချွတ်ပင် ဖြစ်လိမ့်မည်၊ ငါသည် မချွတ် သေရမည်သာဖြစ်၏။ ငါ၏ အသက်ကား သေခြင်းလျှင် အဆုံးရှိ၏။ အသက်ကသာ မမြဲသည်၊ သေခြင်းတရားကား မချွတ်မြဲ၏’ဟု ဤသို့ မရဏဿတိကို ပွါးများကြလော့။

၃၆၂

မရဏဿတိကို ပွါးများရခြင်း၏ အကျိုးကား- မရဏဿတိကို မပွါးများသော သူတို့သည် နောက်ဆုံး (=သေခါနီး)အခါ၌ မြွေကိုမြင်၍ ဒုတ်လက်နက်မပါ ကြောက်ရွံ့သော ယောက်ျားကဲ့သို့ ထိတ်လန့်ကြောက်ရွံ့ ကြလျက် ကြောက်လန့်သော အသံကို မြည်တွန်ပြောဆိုကြကာ သေရကုန်၏။ မရဏဿတိကို ပွါးပြီးသော သူတို့သည်ကား အဝေးကပင် မြွေကိုမြင်၍ ဒုတ်လှင်ကန်ဖြင့် ဖိနှိပ်ဖမ်းယူကာ လွတ်ရာ၌ စွန့်ပစ်၍ ချမ်းသာစွာရပ်တည်သော ယောက်ျားကဲ့သို့ နောက်ဆုံး (=သေခါနီး)အခါ၌ မထိတ်မလန့် မကြောက်မရွံ့ပဲ ရဲရဲရင့်ရင့် သေဆုံးကြရကုန်၏။ ထို့ကြောင့် မရဏဿတိကို (ဆိုအပ်ပြီးသောအတိုင်း) ဆင်ခြင်စဉ်းစား ပွါးများကြရမည်”-

ဟု ဩဝါဒစကား မိန့်ကြားတော်မူလေ၏။

     ထိုတရားဒေသနာကို ကြားနာရ၍ အခြားသော လူများသည် မိမိ မိမိတို့၏ ကိစ္စအလုပ်ကို စိတ်ပါဝင်စား၍ ပြုလုပ်နေကြသော်လည်း အသက်(၁၆)ဆယ့်ခြောက်နှစ်အရွယ်ရှိ ယက်ကန်းသည်သမီးသည်ကား “ဩ.. မြတ်စွာဘုရားရှင်တို့၏ စကားမည်သည် အံ့ဖွယ်ရှိပါပေစွာ့၊ ငါသည်ကား မရဏဿတိကို ပွါးများမှ သင့်လျော်တော့မည်”ဟု ကြံစည်၍ ညဉ့်ညဉ့်နေ့နေ့ မရဏဿတိကိုသာ ပွါးများနေလေ၏၊ မြတ်စွာဘုရားရှင်သည်လည်း ထိုအာဠဝီပြည်မှ ထွက်ကြွတော်မူ၍ ဇေတဝန်ကျောင်းတိုက်သို့ ပြန်ကြွတော်မူလေ၏၊ ထိုယက်ကန်းသည် သမီးသည်လည်း သုံးနှစ်ကြာ ကာလပတ်လုံး မရဏဿတိကို အမြဲမပြတ် ပွါးများမြဲ ပွါးများနေလေ၏။

     သုံးနှစ်လွန်မြောက်၍ (ယခု ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး နေတော်မူစဉ်) တနေ့သ၌ မြတ်စွာဘုရားရှင်သည် မိုးသောက်ထသောအခါ သတ္တလောကကို ကြည့်တော်မူလေသော် ကိုယ်တော်မြတ်၏ ဉာဏ်တော်ကွန်ရက်အတွင်း ဝင်၍လာသော

၃၆၃

ထိုသတို့သမီးကို မြင်တော်မူ၍ “အဘယ်သို့များ ဖြစ်လိမ့်မည်နည်း”ဟု ဆက်လက်စူးစမ်း ဆင်ခြင်တော်မူသည်ရှိသော်-

“ဤသတို့သမီးသည် ငါဘုရား၏ မရဏဿတိ တရားဒေသနာကို ကြားနာရသောနေ့မှစ၍ သုံးနှစ်ကြာ ကာလပတ်လုံး မရဏဿတိကို ပွါးများခဲ့လေပြီ၊ ယခုအခါ ငါဘုရားသည် ထိုအာဠဝီပြည်သို့ ကြွသွား၍ ဤသတို့သမီးကို ပြဿနာလေးချက် မေး၍ ထိုသတို့သမီးက ဖြေဆိုလတ်သည်ရှိသော် လေးဌာနတို့၌ သာဓုကောင်းကြီး ပေးပြီးလျှင် ဤ‘အန္ဓီဘူတော အယံ လောကော’ အစရှိသော တရားဂါထာကို ဟောကြားပေအံ့၊ ထိုသတို့သမီးသည် တရားဂါထာအဆုံး၌ သောတာပတ္တိဖိုလ်သို့ ရောက်လိမ့်မည်၊ ထိုသတို့သမီးကို အမှီပြု၍ လူများအပေါင်းအတွက်လည်း အကျိုးရှိသော (=အကျိုးရသော) တရားဒေသနာ ဖြစ်လိမ့်မည်”-

ဟု ပိုင်းခြားသိမြင်တော်မူ၍ ရဟန်းငါးရာ ခြံရံလျက် ဇေတဝန်ကျောင်းတိုက်မှ ထွက်တော်မူ၍ အစဉ်သဖြင့် ကြွချီတော်မူသည်တွင် အာဠဝီပြည် အဂ္ဂါဠဝ အမည်ရှိသော ကျောင်းတိုက်ကြီးသို့ ဆိုက်ရောက်တော်မူလေ၏။

     အာဠဝီ ပြည်သူပြည်သား လူအများတို့သည် “မြတ်စွာဘုရားရှင် ကြွလာတော်မူပြီ”ဟူသော သတင်းစကားကို ကြားသိကြရ၍ အားရဝမ်းသာ ထိုအဂ္ဂါဠဝကျောင်းတိုက်သို့ သွားရောက်ကြပြီးလျှင် မြတ်စွာဘုရားအမှူးရှိသော သံဃာတော်ကို ပင့်ဖိတ်ကြလေကုန်၏။

     ထိုအခါ ထိုယက်ကန်းသည်သမီး သတို့သမီးသည်လည်း မြတ်စွာ ဘုရားရှင် ကြွလာတော်မူကြောင်းကို ကြားသိရ၍ “ငါ၏ တရားဖခင် ဆရာရှင်ဖြစ်၍ လပြည့်ဝန်းအတူ သပ္ပါယ်သော မျက်နှာရှိတော်မူသော ဂေါတမနွယ်ဖွား ရှင်တော်ဘုရားကြီးသည် ကြွလာတော်မူပြီတဲ့”ဟု ဝမ်းမြောက်သော စိတ်ရှိလျက်-

၃၆၄

“ငါသည် ဤယနေ့မှအထက် လွန်ခဲ့သောသုံးနှစ်က ရွှေရည်မယွင်း ဝါဝင်းသော အဆင်းရှိတော်မူသည့် မြတ်စွာဘုရားကို ဖူးမြော်ရဘူးလေပြီ၊ ယခုအခါ ထိုငါ့ဖဘုရား၏ ရွှေရည်အဆင်း ဝါဝင်းသော ကိုယ်တော်ကို ဖူးမြော်ခြင်းငှါ၎င်း, ချိုမြိန်လှစွာ ဩဇာတက်ပွါး တရားတော်မြတ်ကို နာကြားခြင်းငှါ၎င်း အခွင့်ကောင်းကို ရပေတော့မည်”-

ဟု ကြံစည်စဉ်းစားမိလေသည်။

     အထူးအားဖြင့် ထိုသတို့သမီး၏ ဖခင်ဖြစ်သူက ယက်ကန်းအလုပ်ရုံသို့ သွားအံ့ဆဲအခါ “သမီး.. ငါသည် သူတပါး၏ ဥစ္စာဖြစ်သော အဝတ်ကို ယက်ကန်းစင်သို့ တင်ထားအပ်လေပြီ၊ ထိုအဝတ်အတွက် တထွာမျှလောက်သာ မပြီးဆုံးသေးပဲ ကျန်ရှိနေသည်၊ ထိုအဝတ်ကို ယနေ့ပြီးအောင် ရက်ပေအံ့၊ ချစ်သမီးသည် လျင်မြန်စွာ ရက်ဖောက်ကို လုံး၍ ငါ၏ထံသို့ ဆောင်ယူခဲ့လော့”ဟု မှာကြားသွားခဲ့လေသည်။

     သတို့သမီးသည် “ငါကား မြတ်စွာဘုရားရှင်၏ တရားတော်ကို နာယူလိုသူဖြစ်သည်။ ငါ့ဖခင်ကလည်း ငါ့ကို ဤကဲ့သို့ အရေးတကြီး မှာကြားသွားခဲ့လေသည်၊ အသို့နည်း (=ဘယ့်နှယ်လဲ) ငါသည် မြတ်စွာဘုရားရှင်၏ တရားတော်ကိုတည်း အလျင်လက်ဦး နာရမည်လော၊ သို့မဟုတ် ဖခင်ထံသို့ ရက်ဖောက်ကိုတည်း လုံး၍ ပို့ရမည်လော”ဟု ကြံစည်လေ၏။ ထို့နောက် တဖန်ဆက်၍ ထိုသတို့သမီး၏ စိတ်သန္တာန်ဝယ် “ဖခင်သည် ရက်ဖောက်ကို မပို့အပ်သည်ရှိသော် ငါ့ကို ပုတ်ခတ်မူလည်း ပုတ်ခတ်လေရာ၏။ ရိုက်မူလည်း ရိုက်လေရာ၏၊ သို့ရကား ရက်ဖောက်ကို လုံးပြီးလျှင် ဖခင်အား ပေးပြီးနောက်မှ တရားကို နာယူတော့အံ့”ဟူ၍ အကြံဖြစ်ပြီးလျှင် အင်းပျဉ်ငယ် (=ထိုင်ခုံငယ်)၌ ထိုင်၍ ရက်ဖောက်ကို လုံးလေ (=ယောက်လေ)၏။

     အာဠဝီ ပြည်သူပြည်သား လူအများသည်လည်း မြတ်စွာဘုရားရှင်ကို ဆွမ်းဆက်ကပ် ပြုစုလုပ်ကျွေးပြီး၍ ရေစက်ခွက်ကို ကိုင်ကြကာ

၃၆၅

အနုမောဒနာတရား နာကြားကြရန် စီမံကြလေသည်။ မြတ်စွာဘုရားရှင်သည် “အကြင် ယက်ကန်းသည်သမီးဖြစ်သူ အမျိုးသမီးကို အကြောင်းပြု၍ ငါဘုရားသည် ယူဇနာသုံးဆယ်ရှိသော ခရီးကို လာရောက်ခဲ့ရလေသည်၊ ထိုအမျိုးသမီးကား ယခုအချိန်တိုင်အောင်ပင် တရားနာခွင့်ကို မရရှာသေး၊ ထိုအမျိုးသမီး တရားနာခွင့်ရမှသာ ငါဘုရားသည် အနုမောဒနာတရား ဟောကြားမည်”ဟု ကြံစည်ဆင်ခြင်တော်မူကာ ဆိတ်ဆိတ်သာ နေတော်မူလေ၏။

(အထူးကား.. ဤသို့ ဆိတ်ဆိတ်နေတော်မူသော မြတ်စွာဘုရားရှင်အား နတ်နှင့်တကွသော သတ္တလောက၌ တဦးတယောက်ကမျှ တစုံတရာ “တရားဟောတော်မူပါ”-စသော စကားကို လျှောက်ထားခြင်းငှါ မဝံ့ချေ)။

     ထိုသတို့သမီးသည်လည်း ရက်ဖောက်ကို လုံး(=ယောက်)ပြီးနောက် ခြင်းတောင်း၌ ထည့်ပြီးလျှင် ဖခင်အထံသို့သွားစဉ် ပရိသတ်အစွန်အနား၌နေ၍ မြတ်စွာဘုရားရှင်ကို ဖူးမြော်လျက်သာ ရပ်တည်ရှာလေ၏။ မြတ်စွာဘုရားရှင်သည်လည်း လည်တော်ကိုမော့၍ ထိုသတို့သမီးကို ကြည့်ရှုတော်မူလေ၏၊ ထိုသတို့သမီးသည် မြတ်စွာဘုရားရှင်၏ ကြည့်တော်မူပုံ အခြင်းအရာဖြင့်ပင် “မြတ်စွာဘုရားရှင်သည် ဤသို့ များပြားလှသော ပရိသတ်အလယ်၌ ထိုင်နေတော်မူရင်းကပင် ငါ့ကို ကြည့်ရှုတော်မူသည်မှာ ကိုယ်တော်မြတ် ထံတော်ပါးသို့ ငါခစားဆည်းကပ်ရန် လာရောက်ခြင်းကို တောင့်တတော်မူ၏”ဟု ရိပ်မိ သိရှိလေသည်။

     ထိုသတို့သမီးသည် ရက်ဖောက်ထည့်သော ခြင်းတောင်းကလေးကို ချထားခဲ့၍ မြတ်စွာဘုရားရှင်၏အနီး ထံတော်ပါးသို့ သွားရောက် ဆည်းကပ်လေ၏။

(ဤ၌။ ။မြတ်စွာဘုရားရှင်သည် အဘယ့်ကြောင့် ထိုသတို့သမီးကို လည်တော်မော့၍ ကြည့်ရှုတော်မူသနည်းဟု မေးဖွယ်ရှိ၏။

အဖြေကား.. မြတ်စွာဘုရားရှင်၏ စိတ်သန္တာန်တော်ဝယ် “ဤသတို့သမီးသည် ပရိသတ် အစွန်အဖျားမှပင် တရားမနာပဲ ဖခင်ထံသို့

၃၆၆

သွားခဲ့လျှင် ပုထုဇဉ်အဖြစ်ဖြင့် သေ၍ လားရာဂတိမမြဲသူ ဖြစ်ပေလိမ့်မည်။ ငါဘုရားထံသို့ လာရောက်၍ တရားတော်ကိုနာပြီးမှ သွားမူကား သောတာပတ္တိဖိုလ်သို့ရောက်၍ လားရာသုဂတိ မြဲသူဖြစ်လျက် တုသိတာနတ်ဗိမာန်၌ ဖြစ်ပေလိမ့်မည်”ဟု ဆင်ခြင်စဉ်းစားမှု အကြံတော်ဖြစ်ရှိလေသည်။ အထူးအားဖြင့် ထိုသတို့သမီးအဖို့ရာ ထိုနေ့၌ သေခြင်းမှ လွတ်မြောက်မှုမည်သည် မရှိချေ။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် ထိုသတို့သမီးကို ပရိသတ်အလယ်မှပင် လည်တော်ကိုမော့၍ ကြည့်ရှုတော်မူလေသည်)။

     ထိုသတို့သမီးသည် ကြည့်ရှုတော်မူသော အမှတ်နိမိတ်ဖြင့်ပင် ဘုရားရှင်၏ အလိုတော်ကို ရိပ်မိသိရှိကာ မြတ်စွာဘုရားရှင် ထံတော်အနီးသို့ ဆည်းကပ်၍ ရောင်ခြည်တော် ခြောက်သွယ်တို့၏ အကြားသို့ ဝင်ရောက်လျက် ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ရပ်တည်လေ၏။ ထိုသို့ ရပ်တည်သောအခါ မြတ်စွာဘုရားရှင်က မေး၍ ထိုသတို့သမီးက ဖြေဆိုပုံ စကားအစဉ်မှာ-

(ဗုဒ္ဓ)

သတို့သမီးငယ်.. သင် ဘယ်ကလာသနည်း။

(သတို့သမီး)

မသိပါ အရှင်ဘုရား..။

(ဗုဒ္ဓ)

သင် ဘယ်သို့ သွားမည်နည်း။

(သတို့သမီး)

မသိပါ အရှင်ဘုရား..။

(ဗုဒ္ဓ)

သတို့သမီးငယ်.. သင် မသိဘူးလော။

(သတို့သမီး)

သိပါ၏ အရှင်ဘုရား..။

(ဗုဒ္ဓ)

သတို့သမီးငယ်.. သင် သိ၏လော။

(သတို့သမီး)

မသိပါ အရှင်ဘုရား..။

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ထိုသတို့သမီးငယ်ကို ပြဿနာလေးချက် မေးမြန်းတော်မူလေ၏။ သတို့သမီးငယ်ကလည်း မိမိ၏ လေးနက်သော အဓိပ္ပါယ်ဖြင့် မြတ်စွာဘုရားရှင်၏ အလိုတော်ကို သိကာ ဖြေကြားလေ၏။

၃၆၇

     အဓိပ္ပါယ်ကို မသိကြသော လူများအပေါင်းသည် “အမောင်တို့.. ကြည့်ကြလော့၊ ဤယက်ကန်းသည်သမီးသည် မြတ်စွာဘုရားနှင့်အတူ ရောက်တတ်ရာရာ သူပြောလိုရာစကား ပြောကြားဘိ၏။ တကယ်ဆိုတော့ မြတ်စွာဘုရားရှင်က ‘ဘယ်ကလာသနည်း’ဟု မေးတော်မူအပ်သော် ‘ယက်ကန်းသည်အိမ်မှ လာပါသည်ဘုရား’ဟု လျှောက်ထား ဖြေကြားသင့်၏။ ‘ဘယ်သို့ သွားမည်နည်း’ဟု မေးတော်မူအပ်သော် ‘ယက်ကန်းအလုပ်ရုံသို့ သွားပါမည်ဘုရား’ဟု လျှောက်ထား ဖြေကြားသင့်၏”ဟူ၍ ကဲ့ရဲ့ရှုတ်ချစကား ပြောကြားကြလေ၏။

     မြတ်စွာဘုရားရှင်သည် လူအပေါင်းကို အသံတိတ်အောင် ပြုတော်မူပြီးလျှင်-

“(၁) သတို့သမီးငယ်... ‘သင် ဘယ်ကလာသနည်း’ဟု ငါဘုရားက မေးမြန်းအပ်သော် အဘယ့်ကြောင့် ‘မသိပါ အရှင်ဘုရား..’ဟု သင် ဖြေကြားပြောဆိုသနည်း”ဟု မေးတော်မူ၏။

သတို့သမီးငယ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်ဘုရားတို့သည် တပည့်တော်မ ယက်ကန်း သည်အိမ်မှ လာခဲ့သည်ကို သိတော်မူကြပါကုန်၏၊ စင်စစ်သော်ကား ‘ဘယ်ကလာသနည်း’ဟု မေးတော်မူကြသည်မှာ ‘အဘယ်ဘုံမှလာ၍ ဤယက်ကန်းသည်ဘဝ၌ ဖြစ်သနည်း’ဟု မေးတော်မူလိုကြပါသည်။ တပည့်တော်မကား ‘အဘယ်ဘုံမှ လာ၍ ဤယက်ကန်းသည်ဘဝ၌ ငါဖြစ်ရသည်’ဟု မသိပါ၊ ထို့ကြောင့် တပည့်တော်မသည် ‘မသိပါ အရှင်ဘုရား..’ဟု ဖြေကြား လျှောက်ထားပါသည်”-

ဟူ၍ ရှင်းလင်းဖြေကြား လျှောက်ထားလေသော် မြတ်စွာဘုရားရှင်သည် “သာဓု သာဓု သတို့သမီးငယ်..၊ ငါဘုရား မေးမြန်းအပ်သော ပြဿနာကိုပင် သင် သတို့သမီးငယ်သည် ဖြေကြားအပ်ပေပြီ”ဟု ပဌမအကြိမ် သာဓုကောင်းကြီး ပေးတော်မူပြီးလျှင် အထက်သို့ တဆင့်တက်၍-

၃၆၈

“(၂) သတို့သမီးငယ်.. ‘သင် ဘယ်သို့ သွားမည်နည်း’ဟု တဖန် ငါဘုရားက မေးမြန်းအပ်သော် အဘယ့်ကြောင့် ‘မသိပါ အရှင်ဘုရား..’ဟု သင် ဖြေကြားပြောဆိုသနည်း”ဟု မေးတော်မူပြန်၏။

သတို့သမီးငယ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်ဘုရားတို့သည် တပည့်တော်မကို ရက်ဖောက်ခြင်းကို ယူဆောင်၍ ယက်ကန်းအလုပ်ရုံသို့ သွားမည်ကို သိတော်မူကြပါကုန်၏၊ စင်စစ်သော်ကား ‘ဤလူ့ပြည်မှ စုတေ၍သွားလေသော် အဘယ်ဘုံ၌ ဖြစ်လိမ့်မည်နည်း’ဟု မေးတော်မူလိုကြပါသည်၊ တပည့်တော်မသည်လည်း ‘ဤဘဝမှ စုတေသော် အဘယ်ဘုံ၌ သွားရောက်ဖြစ်ရလိမ့်မည်’ဟု မသိပါ၊ ထို့ကြောင့် တပည့်တော်မသည် ‘မသိပါ အရှင်ဘုရား..’ဟု ဖြေကြားလျှောက်ထားပါသည်”-

ဟူ၍ ရှင်းလင်းဖြေကြား လျှောက်ထားလေသော် မြတ်စွာဘုရားရှင်သည် “ငါဘုရား မေးမြန်းအပ်သော ပြဿနာကိုပင် သင်သတို့သမီးငယ်သည် ဖြေကြားအပ်ပေပြီ”ဟု မိန့်တော်မူကာ ဒုတိယအကြိမ်မြောက် သာဓုကောင်းကြီး ပေးတော်မူပြီးလျှင် အထက်သို့ တဆင့်တက်၍-

“(၃) သတို့သမီးငယ်.. ထိုသို့ဖြစ်လျက် ငါဘုရားက ‘သင် မသိဘူးလား’ဟု မေးသောအခါ အဘယ့်ကြောင့် ‘သိပါ၏ အရှင်ဘုရား..’ဟု သင် ဖြေကြားသနည်း”ဟူ၍ မေးတော်မူပြန်၏။

သတို့သမီးငယ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. သေရမည့်အဖြစ်ကို တပည့်တော်မ သိပါသည်။ ထို့ကြောင့် ‘သိပါ၏ အရှင်ဘုရား..’ဟု ဖြေကြားလျှောက်ထားပါသည်”—

ဟူ၍ ရှင်းလင်းဖြေကြား လျှောက်ထားလေသော် မြတ်စွာဘုရားရှင်သည် “ငါဘုရား မေးမြန်းအပ်သော ပြဿနာကိုပင်

၃၆၉

သင် သတို့သမီးငယ်သည် ဖြေကြားအပ်ပေပြီ”ဟု မိန့်ဆိုတော်မူကာ တတိယအကြိမ်မြောက် သာဓုကောင်းကြီး ပေးတော်မူပြီးလျှင် အထက်သို့ တဆင့်တက်၍-

“(၄) သတို့သမီးငယ်.. ထိုသို့ဖြစ်လျက် ငါဘုရားက ‘သင် သိ၏လော’ဟု မေးသောအခါ အဘယ့်ကြောင့် ‘မသိပါ အရှင်ဘုရား..’ဟု သင် ဖြေကြားသနည်း”ဟူ၍ မေးတော်မူပြန်၏။

သတို့သမီးငယ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်မသည် မိမိ၏ သေရမည့်အဖြစ်ကိုသာ သိပါသည်၊ ညဉ့်, နေ့, နံနက်-အစရှိသော အခါတို့တွင် ဤမည်သောအခါ၌ သေရလိမ့်မည်ဟူ၍ကား မသိပါ။ ထို့ကြောင့် ‘မသိပါ အရှင်ဘုရား..’ဟု ဖြေကြားလျှောက်ထားပါသည်”-

ဟူ၍ ရှင်းလင်းဖြေကြား လျှောက်ထားလေသော် မြတ်စွာဘုရားရှင်သည် “ငါဘုရား မေးမြန်းအပ်သော ပြဿနာကိုပင် သင်သတို့သမီးငယ်သည် ဖြေကြားအပ်ပေပြီ”ဟု မိန့်ဆိုတော်မူကာ စတုတ္ထအကြိမ်မြောက် သာဓုကောင်းကြီး ပေးတော်မူပြီးလျှင် ပရိသတ်ကို ခေါ်တော်မူ၍-

“သင်တို့သည် ဤသတို့သမီးငယ် ဖြေကြားအပ်သည့် ဤမျှသော အနက်အဓိပ္ပါယ်ကိုပင် မသိကြချေ၊ သက်သက် ကဲ့ရဲ့ရုံသာ ကဲ့ရဲ့တတ်ကြပေ၏။ မှန်၏- ပညာမျက်စိ မရှိသောသူတို့သည် (မံသမျက်စိပင် ရှိစေကာမူ) သူကန်းတို့သာတည်း၊ ပညာမျက်စိ ရှိသောသူတို့မှာ မျက်စိအမြင်ရှိသူတို့ ဖြစ်ကြသည်”-

ဟု မိန့်တော်မူပြီးလျှင် ဤတရားဂါထာကို ဟောကြားတော်မူ၏-

အန္ဓီဘူတော အယံ လောကော၊

တနုကေတ္ထ ဝိပဿတိ။

သကုဏော ဇာလမုတ္တောဝ၊

အပ္ပေါ သဂ္ဂါယ ဂစ္ဆတိ။

၃၇၀

သာဓဝေါ = ပရိသတ်အပေါင်း သူတော်ကောင်းတို့..။ အယံ လောကော = သင်္ချာများတောင်း ဤလောကီလူအပေါင်းသည်။ အန္ဓီဘူတော = ပညာစက္ခု မရှိမှုကြောင့် ကြည့်ရှုမထင် မမြင်စမ်းတမ်း သူကန်းသဖွယ် ဖြစ်၍နေ၏။ ဧတ္ထ = သင်္ချာများတောင်း ဤလောကီလူအပေါင်းတွင်။ တနုကော = ပညာစူးရှ အနည်းငယ်မျှသောသူသည်။ ဝိပဿတိ = ရုပ်နာမ်ဓမ္မ သင်္ခါရကို လက္ခဏာယာဉ် သုံးချက်တင်၍ ဆင်ခြင် ကြည့်ရှုနိုင်၏။ ဇာလမုတ္တော = မူဆိုး၏ကွန်ရက်မှ လွတ်ထွက်သော။ သကုဏော = ငုံးငှက်သည်။ အပ္ပေါ ဣ၀ = အနည်းငယ်မျှ မပြောပလောက်သကဲ့သို့။ တထာ = ထို့အတူ။ အပ္ပေါ = ပညာစူးရှ အနည်းငယ်မျှသော သူသည်။ သဂ္ဂါယ = လူ့ရပ်နတ်ဌာန် နိဗ္ဗာန်ချမ်းသာသို့။ ဂစ္ဆတိ = ကုသိုလ်ပံ့ထောက် ဆိုက်ရောက်ရလေ၏။

     ဒေသနာနိဂုံး ဆုံးသောအခါ ယက်ကန်းသည်သမီး သတို့သမီးငယ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ လူများအပေါင်းအားလည်း အကျိုးရသော တရားဒေသနာ ဖြစ်လေ၏။

သတို့သမီးငယ်၏အလား

     ထိုသတို့သမီးငယ်သည်လည်း ရက်ဖောက်ခြင်းကို ယူဆောင်၍ ဖခင်အထံသို့ သွားလေ၏။ ဖခင်ဖြစ်သူသည်လည်း ယက်ကန်းစင်တွင် ထိုင်နေရင်းပင် အိပ်ငိုက်နေလေသည်၊ သတို့သမီးသည် အမှတ်တမဲ့ ရက်ဖောက်ခြင်းကို တွန်း၍ရွှေ့လိုက်စဉ် ရက်ဖောက်ခြင်းသည် လွန်းအစွန်း၌ ထိခိုက်၍ အသံမြည်လျက် အောက်သို့ကျလေ၏။

     ဖခင်ဖြစ်သော ယက်ကန်းသည်သည် အိပ်ငိုက်နေရာမှ နိုးလတ်၍ ပင်ကိုယ်က ကိုင်ယူမြဲတိုင်းသော အမှတ်နိမိတ်ဖြင့် လွန်းအစွန်းကို ဆွဲလိုက်လေသော် လွန်းအစွန်းသည် အရှိန်လွန်၍ ထိုသတို့သမီးငယ်ကို ရင်ဝ၌တည့်တည့် ထိုးမိ ခိုက်မိလေ၏။

၃၇၁

သတို့သမီးငယ်သည် ထိုနေရာ၌ပင် စုတိပြတ်ကြွေ သေလွန်၍ တုသိတာနတ်ပြည်၌ ဖြစ်လေ၏။

     ဖခင် ယက်ကန်းသည်သည် သမီးကို ကြည့်ရှုလေသော် တကိုယ်လုံး သွေးအလိမ်းလိမ်းကပ်ငြိလျက် လဲ၍သေနေသည်ကို မြင်ရလေ၏။ ထိုအခါ ဖခင်ယက်ကန်းသည်၏ စိတ်သန္တာန်၌ ကြီးစွာသော စိုးရိမ်ခြင်း ပူဆွေးခြင်း ဖြစ်လေ၏။ ထို့နောက်မှ ဖခင် ယက်ကန်းသည်သည် “ငါ၏သန္တာန်ဝယ် ယခု ဖြစ်ပွါးနေသော သောကမီးကို (မြတ်စွာဘုရားမှ)တပါး အခြားသောသူသည် ငြိမ်းအေးစေရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်”ဟု အောက်မေ့ကာ သည်းစွာငိုကြွေးလျက် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ပြီးလျှင် ထိုအကြောင်းကို လျှောက်ထား၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်၏ သောကမီးကို ငြိမ်းသတ်ပေးတော်မူပါဘုရား”ဟု လျှောက်ထားလေ၏။

     မြတ်စွာဘုရားရှင်သည် ထိုဖခင် ယက်ကန်းသည်ကို သက်သာရာရစေ၍ “ဥပါသကာ.. မစိုးရိမ်လင့်၊ မှန်၏- အစမထင် အတိတ်သံသရာတခွင်၌ သင့်အဖို့ရာ ဤကဲ့သို့ သမီးသေသောအခါများက ယိုစီးထွက်ကျခဲ့ရသော မျက်ရည်အစုသည် မဟာသမုဒြာ လေးစင်း၌ရှိသော ရေပေါက်ထက်ပင် အလွန့်အလွန် များလှလေပြီ”ဟု မိန့်တော်မူပြီးလျှင် အနမတဂ္ဂိယ ဓမ္မကထာစကား ဟောကြားတော်မူလေ၏။

     ထိုဖခင် ယက်ကန်းသည်သည် သောကနည်းပါးပြီးလျှင် မြတ်စွာ ဘုရားရှင်ကို မိမိအား ရှင်ရဟန်းပြုပေးပါရန် တောင်းပန်လျှောက်ထား၍ ရဟန်းအဖြစ်ကို ရရှိပြီးနောက် တရားအလုပ် အားထုတ်သဖြင့် မကြာမြင့်မီပင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ (ဓမ္မပဒ-ဋ္ဌ၊ ၂၊ ၁၃-လောကဝဂ်၊ မျက်နှာ ၁၁၁-မှ)

ပေသကာရဓီတုဝတ္ထု ပြီး၏။

**********

၃၇၂

ဧကူနဝီသတိမ = ၁၉-ခုမြောက်ဝါကိုလည်း

စာလိယတောင်ကျောင်း၌ပင် ကပ်တော်မူခြင်း

     မြတ်စွာဘုရားရှင်သည် ဆိုအပ်ခဲ့ပြီးသောအတိုင်း အာဠဝီပြည် အစရှိသော ထိုထိုအရပ်ဒေသသို့ ခရီးဒေသစာရီ ကြွချီတော်မူ၍ တရားရေအေး အမြိုက်ဆေးကို လူနတ်တို့အား တိုက်ကျွေးတော်မူပြီးလျှင် ဧကူနဝီသတိမ = ၁၉-ခုမြောက် ဝါကိုလည်း စာလိယတောင်ကျောင်း၌ပင် ကပ်ဆိုတော်မူကာ ကျွတ်ထိုက်သော ဝေနေယျသတ္တဝါတို့အား တရားရေအေး တိုက်ကျွေး ချေချွတ်တော်မူလေသည်။

     ထိုစာလိယတောင်ကျောင်း၌ ၁၉-ခုမြောက် ဝါလပတ်လုံး သီတင်းသုံး နေတော်မူပြီးနောက် ဝါကျွတ်သောအခါ ခရီးဒေသစာရီ အစဉ်သဖြင့် ကြွချီတော်မူခဲ့ရာ ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူ၍ ဝေဠုဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူဆဲဖြစ်သတည်း။

ကုက္ကုဋမိတ္တနေသာဒဝတ္ထု

     ထိုသို့ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူသောအခါ ကုက္ကုဋမိတ္တမူဆိုး မိသားစုကို အကြောင်းပြု၍ “ပါဏိမှိ စေ ဝဏော နာဿ” အစရှိသော တရားဒေသနာကို ဟောကြားတော်မူလေသည်။ အကြောင်းအရာ အကျယ်ကား-

     ရာဇဂြိုဟ်ပြည်၌ သူဌေးသမီးတယောက်သည် အရွယ်သို့ ရောက်လတ်သော် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ် (ခုနစ်ထပ်တိုက်)၏ အထက်ဆုံးထပ်ဝယ် အသရေရှိသော တိုက်ခန်း၌ စောင့်ရှောက်ထိန်းသိမ်းရန် အလုပ်အကျွေး မိန်းမတယောက်ကိုပေး၍ မိဖနှစ်ပါးတို့က ချမ်းသာစွာ နေစေအပ်စဉ် တနေ့သ၌ ညနေချမ်းအခါ၀ယ် လေသာပြူတင်းမှ မြို့တွင်းလမ်းမကို ကြည့်ရှုလတ်သည်တွင် ကျော့ကွင်းငါးရာ တံကျင်(တံစို့) ငါးရာတို့ကို ယူဆောင်၍ သားသမင်တို့ကို သတ်ဖြတ်ကာ အသက်မွေးမှုပြုသော

၃၇၃

ကုက္ကုဋမိတ္တ-အမည်ရှိသော သားသတ်မူဆိုးတယောက် သားကောင်ငါးရာတို့ကိုသတ်၍ ထိုသားကောင်များအသားဖြင့် လှည်းအပြည့် တင်ဆောင်ကာ လှည်းဦး၌ထိုင်၍ အသားရောင်းရန် မြို့တွင်းသို့ လှည်းမောင်းဝင်လာသည်ကို မြင်လတ်၍ ထိုမူဆိုး၌ တပ်မက်စိတ်ရှိရကား အလုပ်အကျွေးမိန်းမ၏လက်၌ လက်ဆောင်ပဏ္ဏာများကို နှင်းအပ်ပြီးလျှင် “ရှင်မ.. သွားပါချေ၊ ထိုမူဆိုးအား ဤလက်ဆောင်ပဏ္ဏာများကို ပေးပြီးလျှင် သူပြန်မည့်အချိန်ကိုသိအောင် စုံစမ်းမေးမြန်းပြီးမှ ပြန်ခဲ့လော့”ဟု မှာကြား စေလွှတ်လိုက်လေ၏။

     အလုပ်အကျွေး (=အစေခံ) မိန်းမသည် သွားလေ၍ မူဆိုးအား လက်ဆောင်များကို ပေးပြီးလျှင် “အဘယ်အချိန်၌ ပြန်မည်နည်း”ဟု မေး၍ မူဆိုးကလည်း “ငါကား ယနေ့ အသားများကို ရောင်းချ၍ နက်ဖြန်နံနက် စောစောပင် ဤမည်သောတံခါးမှထွက်၍ ပြန်ပေအံ့”ဟု ပြောဆိုလေ၏။ အလုပ်အကျွေးမိန်းမသည် မူဆိုးပြောသောစကားကို ကြားနာခဲ့၍ သူဌေးသမီးထံ ပြန်လာပြီးလျှင် သူဌေးသမီးအား ထိုအကြောင်းကို ပြန်ကြားပြောဆိုလေ၏။

     သူဌေးသမီးသည် မိမိယူသင့်သော အဝတ်, တန်းဆာ, ရွှေငွေဥစ္စာများကို စီမံထည့်သွင်း၍ နံနက်စောစောပင် အဝတ်ညစ်ကို ဝတ်ဆင်ကာ ရေအိုးကို ရွက်ပြီးလျှင် ကျွန်မတို့နှင့်အတူ ရေဆိပ်သို့သွားသကဲ့သို့ အိမ်မှ ထွက်ခဲ့၍ ထိုမူဆိုးပြောသော အရပ်သို့ သွားရောက်ကာ မူဆိုးလာချိန်ကို စောင့်မျှော်လျက် ရပ်တည်နေလေ၏။ မူဆိုးသည်လည်း နံနက်စောစောပင် လှည်းကိုမောင်းလျက် မြို့မှထွက်လာ၏။ သူဌေးသမီးသည် မူဆိုး၏ လှည်းနောက်မှ ကောက်ကောက်လိုက်ပါလာလေ၏။

     မူဆိုးသည် သူဌေးသမီးကို မြင်ရလေလျှင် “အိုအမိ.. ငါသည် သင့်ကို ဤမည်သောသူ၏ သမီးဟူ၍ မသိပါချေ၊ ငါ့နောက်သို့ မလိုက်လာပါလင့်”ဟု ပြောဆိုလေ၏။ သူဌေးသမီးက “ငါ့ကို သင်မခေါ်ပါ၊ ငါသည် မိမိသဘောအတိုင်း လိုက်ပါလာသည်။ သင်သည် ဆိတ်ဆိတ်သာ မိမိ၏လှည်းကို မောင်းပါလော့”ဟု

၃၇၄

ပြောဆိုလေလျှင် မူဆိုးသည် အဖန်ဖန်ပင် သူဌေးသမီးကို ရှေးနည်းအတူ တားမြစ်စကား ပြောကြားလေ၏။ ထိုအခါ သူဌေးသမီးသည် မူဆိုးကို “အိုအရှင်.. မိမိထံမှောက်သို့ ကြက်သရေ လာရောက်သည်ကို မတားမြစ်သင့်ပါ”ဟု ပြောဆိုလေ၏။ ထိုအခါမှ မူဆိုးလူရိုးသည် သူဌေးသမီး၏ မိမိနောက်သို့ ကောက်ကောက် လိုက်ပါလာသောအကြောင်းကို ယုံမှားမရှိ သိရ၍ သူဌေးသမီးကို လှည်းပေါ်သို့ တင်ဆောင်ကာ မောင်းနှင်သွားလေ၏။

     သူဌေးသမီး၏ မိဖတို့သည် ထိုမှဤမှ သမီးကို ရှာဖွေစေကြ၍ မတွေ့ရသည့်အဆုံး၌ “သေလေတော့သည် ဖြစ်လိမ့်မည်”ဟု အောက်မေ့ကြကာ သေသူအား ရည်မှန်း၍ ထမင်းကျွေးခြင်းအမှု (=မတကဘတ်)ကို ပြုကြလေ၏။

     သူဌေးသမီးသည်လည်း ကုက္ကုဋမိတ္တမူဆိုးနှင့် ဆက်ဆံပေါင်းဖက် နေထိုင်ချက်ကို အစွဲပြုကာ သား(၇)ခုနစ်ယောက်တို့ကို ဖွားမြင်ပြီးနောက် ထိုသားခုနစ်ယောက်တို့ အရွယ်သို့ ရောက်ကြလေသော် အိမ်ရာထောင်ခြင်းဖြင့် နှောင်ဖွဲ့လေ၏။

ကုက္ကုဋမိတ္တမူဆိုးမိသားစုတို့ ကျွတ်တမ်းဝင်ချိန်

     ထို့နောက် တနေ့သ၌ မြတ်စွာဘုရားရှင်သည် နံနက်မိုးသောက်ထအခါ သတ္တလောကကို ကြည့်ရှုတော်မူလေသော် သားခုနစ်ယောက် ချွေးမခုနစ်ယောက်တို့နှင့် တကွသော ကုက္ကုဋမိတ္တမူဆိုးကို ကိုယ်တော်မြတ်၏ ဉာဏ်တော်ကွန်ရက်အတွင်း ဝင်လာကြသည်ကို မြင်တော်မူ၍ “အကြောင်း အသို့နည်း”ဟု ဆက်၍ စုံစမ်း ဆင်ခြင်တော်မူလေသော် ထို(၁၅)တကျိပ်ငါးယောက်သော သူတို့၏ သောတာပတ္တိမဂ်ကိုရကြောင်း ရှေးကောင်းမှု = ဥပနိဿယကို မြင်တော်မူ၍ နံနက်စောစောပင် သပိတ်သင်္ကန်းကို ယူဆောင်တော်မူပြီးလျှင် ကုက္ကုဋမိတ္တမူဆိုး ကျော့ကွင်းများထောင်ရာအရပ်သို့ တပါးတည်း ကြွသွားတော်မူလေ၏။ ထိုနေ့၌ သားကောင်တကောင်မျှပင် ကျော့ကွင်း၌ ဖွဲ့မိသောဟူ၍မရှိ။

၃၇၅

     မြတ်စွာဘုရားရှင်သည် မူဆိုး၏ ကျော့ကွင်းများအနီး၌ ခြေတော်ရာကို ချတော်မူခဲ့ (=ထင်စေတော်မူခဲ့)၍ ရှေ့နားမှာရှိသည့် ချုံတခု၏အောက် အရိပ်၌ ထိုင်နေတော်မူလေ၏။

     ကုက္ကုဋမိတ္တမူဆိုးသည် နံနက်စောစောပင် လေးမြားတို့ကို ယူဆောင်ခဲ့၍ ကျော့ကွင်းထောင်ရာအရပ်သို့ သွားရောက်ပြီးလျှင် အစကျော့ကွင်းမှ အစဉ်အတိုင်း ကျော့ကွင်းများကို ကြည့်ရှုလတ်သော် ကျော့ကွင်း၌မိသည့် သားကောင်တကောင်ကိုမျှ မတွေ့ရပဲ မြတ်စွာဘုရားရှင်၏ ခြေတော်ရာကိုသာ တွေ့မြင်ရလေ၏။

     ထိုအခါ ကုက္ကုဋမိတ္တမူဆိုး၏ စိတ်သန္တာန်ဝယ် “ဘယ်လူများ ငါ၏ကျော့ကွင်း၌မိသော သားကောင်များကို ဖြေလွှတ်ကာ လှည့်လည်ကျက်စား သွားလာနေပါလိမ့်မည်နည်း”ဟု အကြံအစည်ဖြစ်ပွါးလျက် မြတ်စွာဘုရားရှင်၌ (မမြင်ရသေးခင်ကပင်) ရန်ငြိုးဖွဲ့၍ သွားလေလျှင် ရှေ့နားဝယ် ချုံတခုအောက်၌ ထိုင်နေတော်မူသော မြတ်စွာဘုရားကို တွေ့မြင်ရ၍ “ဤသူသည်ပင် ငါ၏ကျော့ကွင်း၌ ဖွဲ့မိသောသမင်များကို ဖြေလွှတ်ပေလိမ့်မည်။ ချင်းကို ငါသည် လေးဖြင့်ပစ်ခွင်း၍ သတ်တော့အံ့”ဟု ကြံစည်၍ လေးကိုတင်ကာ တအားကုန် ဆွဲငင်လေ၏။

     မြတ်စွာဘုရားရှင်သည် လေးကိုတင်၍ ဆွဲငင်ရုံသာ အခွင့်ပေး၍ လွှတ်ရန်ကား အခွင့်မပေးချေ။ (လေးကိုတင်၍ ဆွဲငင်ရုံသာ ဆွဲငင်နိုင်ပြီး မလွှတ်နိုင်ဖို့ရန် တန်ခိုးဖန်ဆင်းတော်မူလေသည်)။ မူဆိုးသည် မိမိ၏မြှားကို လွှတ်ခြင်းငှါလည်း မတတ်နိုင်၊ တဖန် ပြန်၍ချခြင်းငှါလည်း မတတ်နိုင်ပဲ နံရိုးများ ကျိုးအံ့သကဲ့သို့ ဖြစ်ရှိကာ ခံတွင်းမှ တံတွေးတစိုစို စီးယိုလျက် အလွန်ပင်ပန်းသော သဘောရှိ၍ ကျောက်ရုပ်ကြီးပမာ ရပ်တည်၍သာ နေလေ၏။

     ထိုအခါ မူဆိုး၏ သားခုနစ်ယောက်တို့သည် ဖခင်အိမ် ရောက်လာကြ၍ “ငါတို့၏ဖခင်သည် ကြာတင်လှချေတကား၊ ဤကဲ့သို့ ကြာတင်ခြင်းသည် အကြောင်း အသို့ရှိသနည်း”ဟု မိခင်အား စကားစပ်ပြောကြလေရာ မိခင်က “သားတို့.. မောင်တို့ဖခင်ထံ

၃၇၆

လိုက်ကြဦး”ဟု စေခိုင်းအပ်ကုန်ရကား ကိုယ်စီကိုယ်င လေးတို့ကိုယူဆောင်၍ လိုက်ကြလေသော် ကျောက်ရုပ်ပမာ ရပ်တည်ကာနေသော ဖခင်မူဆိုးကို တွေ့မြင်ကြရ၍ (ချုံရိပ်၌ ထိုင်နေတော်မူသော မြတ်စွာဘုရားရှင်ကို) “ဤသူသည် ငါတို့ဖခင်၏ ရန်သူဖြစ်လိမ့်မည်”ဟု ကြံစည်အောက်မေ့ကြကာ ခုနစ်ယောက်သားတို့သည် လေးတို့ကို ကိုယ်စီကိုယ်င တင်၍ ဆွဲငင်ကြလေလျှင် မြတ်စွာဘုရားရှင်၏ တန်ခိုးအာနုဘော်ကြောင့် ထိုသူတို့၏ဘခင် ကုက္ကုဋမိတ္တမူဆိုး ရပ်တည်နေသကဲ့သို့ပင် ပင်ပန်းကြီးစွာ ကျောက်ရုပ်ကြီးများပမာ ရပ်တည်၍သာ နေကြလေကုန်၏။

     ထို့နောက် ထိုသူတို့၏ မိခင်သည် “အသို့နည်း (=ဘယ့်နှယ်လဲ) ငါ၏သားများသည်လည်း ကြာမြင့်လှချေကုန်တကား”ဟု ပြောဆို၍ ချွေးမခုနစ်ယောက်တို့နှင့်အတူ လိုက်ပါသွားလေသော် ကျောက်ရုပ်ကြီးများပမာ ရပ်တည်နေကြသော သားအဖ ရှစ်ယောက်တို့ကို တွေ့မြင်ရ၍ “ဤသားအဖ ရှစ်ယောက်တို့သည် အဘယ်သူအား လေးတို့ကိုတင် ဆွဲငင်၍ ရပ်တည်နေကြပါလိမ့်နည်း”ဟု ထိုမှဤမှ ကြည့်ရှုလေသော် မြတ်စွာဘုရားရှင်ကို ဖူးမြင်ရ၍ လက်မောင်းနှစ်ဖက်တို့ကို ချီးမြှောက်ပြီးလျှင် “သားတို့.. ငါ့ဖခင်ကို မဖျက်ဆီးကြကုန်လင့်”ဟု ကျယ်လောင်စွာ ဟစ်အော် ပြောဆိုလေ၏။

     ကုက္ကုဋမိတ္တမူဆိုးသည် ထို(မယား)အသံကို ကြားရ၍ “ဩ.. ငါသည် ပျက်စီးချေပြီတကား၊ ဤသူကား ငါ၏ယောက္ခမတဲ့။ ဩ.. ငါသည် ဝန်လေးသောအမှုကို ပြုမှားခဲ့လေပြီတကား”ဟု စဉ်းစားကြံစည်မိလေ၏။ သားခုနစ်ယောက်တို့သည်လည်း “ဤသူကား ငါတို့၏ အဖိုးတဲ့၊ ဩ.. ငါတို့သည် ဝန်လေးသောအမှုကို ပြုမှားအပ်ခဲ့လေပြီတကား”ဟု စဉ်းစားကြံစည်ကြလေ၏။ ထို့နောက် ကုက္ကုဋမိတ္တဆိုးသည် “ဤသူကား ငါ၏ယောက္ခမ ယောက်ျားသူတည်း”ဟု ကြံစည်အောက်မေ့ကာ မေတ္တာစိတ်ကို ဖြစ်ပွါးစေလေသည်။ သားခုနစ်ယောက်တို့သည်လည်း

၃၇၇

“ငါတို့၏ အဖိုးပေတကား”ဟု ကြံစည်အောက်မေ့ကြကာ မေတ္တာစိတ်ကို ဖြစ်ပွါးစေကြလေသည်။

     ထိုအခါ ထိုသားခုနစ်ယောက်တို့၏မိခင် သူဌေးသမီးသည် သားအဖ ရှစ်ယောက်တို့ကို “လျင်မြန်စွာ လေးများကို စွန့်ပစ်၍ ငါ၏ဖခင်ကို ကန်တော့ကြလော့”ဟု ပြောဆိုလေ၏။ မြတ်စွာဘုရားရှင်သည် ထိုသူရှစ်ယောက်တို့၏ နူးညံ့သောစိတ် ဖြစ်ရှိသည်ကို သိတော်မူ၍ လေးများကိုချခြင်းငှါ အခွင့်ပေးလေ၏။ (=စောစောက တန်ခိုးတော်ဖြင့် လေးများကို မချနိုင်အောင် တားမြစ်ထားရာက ယခုအခါ ထိုတန်ခိုးတော်ကို ရုပ်သိမ်းတော်မူသည်ဟု ဆိုလိုသည်)။ ထိုသူရှစ်ယောက်တို့သည် မြတ်စွာဘုရားရှင်ကို ရှိခိုးကြ၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်တို့ကို သည်းခံတော်မူပါလော့”ဟု ပြောဆိုကန်တော့ကြ၍ အပြစ်လွတ်ရာအရပ်၌ ထိုင်နေကြလေကုန်၏။

     ထိုသို့ အညီအညွတ် ထိုင်မိကြသောအခါ မြတ်စွာဘုရားရှင်သည် ကုက္ကုဋမိတ္တမူဆိုး မိသားစု (၁၆) တဆယ့်ခြောက်ယောက်တို့အား ဒါနကထာ, သီလကထာ, သဂ္ဂကထာ, ကာမာနံ အာဒီနဝကထာ, နေက္ခမ္မေ အာနိသံသကထာ တည်းဟူသော အစဉ်အတိုင်းသော တရားစကားကို ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးသောအခါ ကုက္ကုဋမိတ္တမူဆိုးသည် သားခုနစ်ယောက် ချွေးမခုနစ်ယောက်တို့နှင့်တကွ မိမိပါ တကျိပ်ငါးဦးဖြစ်လျက် သောတာပတ္တိဖိုလ်၌ တည်လေ၏။ မြတ်စွာဘုရားရှင်သည် ထိုမူဆိုးသားအဖ ချွေးမတို့ကို သောတာပတ္တိဖိုလ်အရောက် ချီးမြှောက်တော်မူပြီးလျှင် ရာဇဂြိုဟ်ပြည်အတွင်း ဆွမ်းခံလှည့် လည်တော်မူ၍ နေလွဲသောအခါ၌ ကျောင်းတော်သို့ ကြွတော်မူလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်ကို အရှင်အာနန္ဒာမထေရ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အဘယ်အရပ်သို့ ကြွနေတော်မူကြပါသနည်း”ဟု မေးလျှောက်လေလျှင် မြတ်စွာဘုရားရှင်သည် “ချစ်သားအာနန္ဒာ.. ငါဘုရားသည် ကုက္ကုဋမိတ္တမူဆိုးထံသို့

၃၇၈

သွားရောက်ခဲ့သည်”ဟု ဖြေကြားတော်မူ၏။ တဖန် အရှင်အာနန္ဒာက “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်ဘုရားတို့သည် ထိုကုက္ကုဋမိတ္တမူဆိုးကို ပါဏာတိပါတ ဒုစရိုက်မှုမှ ရှောင်ကြဉ်သူဖြစ်အောင် ပြုလုပ်အပ်ပါပြီ = ဆုံးမချေချွတ်တော်မူအပ်ပါပြီလော”ဟု မေးလျှောက်လေလျှင် “အိမ်း.. ပြုလုပ်အပ်ပြီ ချစ်သားအာနန္ဒာ..၊ ထိုကုက္ကုဋမိတ္တမူဆိုးသည် မိမိလျှင် တဆယ့်ငါးယောက်မြောက်ဖြစ်၍ (=သားခုနစ်ယောက် ချွေးမခုနှစ်ယောက်တို့နှင့်တကွ မိမိပါ တဆယ့်ငါးယောက်သားတို့) မတုန်လှုပ်သော သဒ္ဓါတရား၌ တည်ကြ၍ ရတနာသုံးပါးတို့၌ ယုံမှားခြင်း အလျှင်းကင်းပျောက်ကြကာ ပါဏာတိပါတ ဒုစရိုက်မှုကို မပြုလုပ်သူ ဖြစ်ခဲ့လေပြီ”ဟု မြတ်စွာဘုရားရှင်က မိန့်တော်မူလေ၏။

     ထိုအခါ ရဟန်းတို့က ကြားဖြတ်၍ “ဘုန်းတော်ကြီးသော မြတ်စွာ ဘုရား.. ထိုကုက္ကုဋမိတ္တမူဆိုး၏ မယားလည်း ရှိသေးသည်မဟုတ်ပါလော”ဟု မေးမြန်း လျှောက်ထားကြလေလျှင် “အိမ်း.. ရှိပေသည် ရဟန်းတို့.. ထိုအိမ်ရှင်မသည်ကား မိဖတို့အိမ်၌ သတို့သမီး ဖြစ်စဉ်ကပင် သောတာပတ္တိဖိုလ်သို့ ရောက်ရှိပြီးသူဖြစ်၏”ဟု မြတ်စွာဘုရားရှင်က ပြန်လည်ဖြေကြားတော်မူလေ၏။

     ရဟန်းတို့သည် တရားသဘင် (=တရားနာယူ ဆွေးနွေးရာ ဓမ္မသာလာဓမ္မာရုံ)၌ စကားကို ဖြစ်စေကြသည်မှာ-

“ငါ့ရှင်တို့.. ကုက္ကုဋမိတ္တမူဆိုး၏မယား (=သူဌေးသမီး)သည် မိဖတို့အိမ်၌ သတို့သမီးငယ် ဖြစ်စဉ်ကပင် သောတာပတ္တိဖိုလ်သို့ ရောက်ပြီး၍ ထိုမူဆိုးအိမ်သို့ လိုက်ပါကာ သားခုနစ်ယောက်တို့ကို ရခဲ့လေပြီ၊ ထိုမူဆိုးမယား (=သူဌေးသမီး)သည် အရှင်သခင် လင်ဖြစ်သူမူဆိုးက ‘လေးယူခဲ့၊ မြှားယူခဲ့၊ လှံယူခဲ့၊ တံကျင်ယူခဲ့၊ ပိုက်ကွန်ယူခဲ့’ဟု စေခိုင်းပြောဆိုအပ်လျှင် ထိုလေး,မြှား-စသည်တို့ကို ယူဆောင်၍ ပေးခဲ့လေပြီ၊ ထိုမူဆိုးသည်လည်း ထိုခင်ပွန်းမ = သောတာပန်မ ပေးအပ်သည့် လေး,မြှား စသည်တို့ကို

၃၇၉

ယူဆောင်သွားပြီးလျှင် ပါဏာတိပါတ (=သူ့သက်သတ်မှု) ဒုစရိုက်ကို နေ့ရက်ရှည်ကြာ ပြုလုပ်ခဲ့၏။ ငါ့ရှင်တို့.. ဘယ့်နှယ်လဲ၊ သောတာပန်အရိယာ ပုဂ္ဂိုလ်များသည်လည်း ပါဏာတိပါတ ဒုစရိုက်မှုကို ပြုကြသလော”-

ဟု တရားဆွေးနွေးစကား ဖြစ်ပွါးစေကြလေသည်။ မြတ်စွာဘုရားရှင်သည် ဓမ္မသဘင်သို့ ကြွလာတော်မူ၍ “ရဟန်းတို့.. ယခု ငါဘုရားလာသောအခါ သင်ချစ်သားတို့သည် အဘယ်စကားဖြင့် ဆွေးနွေးညီမူ၍ နေကြသနည်း”ဟု မေးတော်မူ၍ ရဟန်းတို့က “ဤမည်သော (ကုက္ကုဋမိတ္တမူဆိုးမယား သူဌေးသမီးအကြောင်းနှင့် စပ်သော) စကားဖြင့် ညီမူ၍ နေကြပါကြောင်း” လျှောက်ထားကြသည်တွင် မြတ်စွာဘုရားရှင်က-

“ရဟန်းတို့.. သောတာပန် အရိယာပုဂ္ဂိုလ်တို့သည် ပါဏာတိပါတ (=သူ့သက် သတ်မှု) ဒုစရိုက်ကို မပြုကြကုန်၊ ထိုကုက္ကုဋမိတ္တမူဆိုး၏ဇနီး သူဌေးသမီးသည်ကား ‘အရှင်သခင် လင်ယောက်ျား၏စကားကို လိုက်နာရမည့် ဝတ်တရားရှိသည်’ဟု မိမိဝတ်တရားကို စဉ်းစားဆင်ခြင်ကာ ထိုမူဆိုးတောင်းသည့် လေး,မြှား-စသည်ကို ယူပေးမှု ပြုလုပ်လေသည်။ ဤလေး,မြှား-စသည်ကို ယူဆောင်၍ ဤမူဆိုးသည် တောသို့သွားပြီးလျှင် ပါဏာတိပါတ ဒုစရိုက်မှုကို ပြုပါစေဟူသော စိတ်အကြံအစည်မျိုး ထိုသူဌေးသမီးမှာ တစိုးတစိမျှ မရှိချေ။

ဥပမာဖြင့် ထင်စွာညွှန်ပြရလျှင် လက်ဖဝါးအပြင်၌ အနာ (ဖအောင်းနာစသည်) မရှိလျှင် အဆိပ်ကို လက်ဖြင့် ကိုင်သောသူအား ထိုအဆိပ်သည် လောင်ကျွမ်းခြင်းငှါ မစွမ်းနိုင်သကဲ့သို့ ဤအတူပင် အကုသိုလ်စေတနာ မရှိသဖြင့် မကောင်းမှုကို မပြုသောသူအား လေး,မြှား-စသည်တို့ကို ယူဆောင်၍ ပေးငြားသော်လည်း ဒုစရိုက်မည်သည် မဖြစ်နိုင်”-

၃၈၀

ဟု မိန့်တော်မူပြီးလျှင် ရှေ့နောက်အနုသန္ဓေ စကားဆက်စပ်၍ တရားဟောတော်မူလိုရကား ဤဆိုလတ္တံ့သောဂါထာကို ဟောကြားတော်မူ၏-

ပါဏိမှိ စေ ဝဏော နာဿ၊ ဟရေယျ ပါဏိနာ ဝိသံ။

နာဗ္ဗဏံ ဝိသမနွေတိ၊ နတ္ထိ ပါပံ အကုဗ္ဗတော။

ဘိက္ခဝေ = ရဟန်းတို့..။ ပါဏိမှိ = လက်ဖဝါးအပြင်၌။ ဝဏော = ပေါက်သောအနာ, ထိရှသောအနာသည်။ စေ န အဿ = အကယ်၍ မရှိငြားအံ့။ အဗ္ဗဏံ = ပေါက်နာ, ထိရှနာ မရှိသောလက်ကို။ ဝိသံ = အဆိပ် သည်။ န အနွေတိ = မလောင်ကျွမ်းနိုင် မနှိပ်စက်နိုင် အဆိပ်မတက်နိုင်။ (တသ္မာ = ထို့ကြောင့်)။ ပါဏိနာ = ပေါက်နာ, ထိရှနာ မရှိသောလက်ဖြင့်။ ဝိသံ = အဆိပ်ကို။ ဟရေယျ = ယူဆောင်ခြင်းငှါ စွမ်းနိုင်ရာ၏။ ဧဝံ = ဤအတူ။ ပါပံ = ဒုစရိုက်စု မကောင်းမှုကို။ အကုဗ္ဗတော = အကုသိုလ်စေတနာ မရှိမှုကြောင့် မပြု မလုပ်သောသူအား။ (ဓနုအာဒိဒါနမတ္တေန = လေး,မြှား-စသည် ယူပေးကာမျှဖြင့်)။ ပါပံ = ဒုစရိုက်စု မကောင်းမှုသည်။ နတ္ထိ = တစိုးတစိ မရှိချေ။

(ပေါက်နာ, ထိရှနာ မရှိသောလက်ကို အဆိပ်သည် လောင်ကျွမ်းခြင်း နှိပ်စက်ခြင်းငှါ မစွမ်းနိုင်သကဲ့သို့ ဤအတူ လေး,မြားစသည်တို့ကို ယူဆောင်၍ ပေးငြားသော်လည်း အကုသိုလ်စေတနာ မရှိခြင်းကြောင့် မကောင်းမှုကို မပြုသောသူအား မကောင်းမှုမည်သည် မဖြစ်နိုင်။ အနာမရှိသောလက်ကို အဆိပ်သည် မတက်နိုင် မလောင်ကျွမ်းနိုင်သကဲ့သို့ ထိုသူ၏စိတ်ကို မကောင်းမှုသည် မလိုက်ပါနိုင်ချေဟု ဆိုလိုသည်)။

     ဒေသနာနိဂုံး ဆုံးလတ်သောအခါ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ကုက္ကုဋမိတ္တမူဆိုးမိသားစု၏ ရှေးကောင်းမှု

     နောက်တချိန်၌ ရဟန်းတို့သည် တရားသဘင်ဝယ်-

၃၈၁

“(၁) ငါ့ရှင်တို့.. သားခုနစ်ယောက်, ချွေးမခုနစ်ယောက်တို့နှင့် တကွသော ကုက္ကုဋမိတ္တမူဆိုး၏ သောတာပတ္တိမဂ်ကိုရကြောင်း ရှေးကောင်းမှု = ဥပနိဿယသည် အဘယ်သို့ပါနည်း။ (၂) အဘယ်အကြောင်းကြောင့် မူဆိုးအမျိုး၌ ဖြစ်ရပါသနည်း”–

ဟု ဆွေးနွေးစကား ဖြစ်ပွါးစေကြလေသည်။ ထိုအခါ မြတ်စွာဘုရားရှင် ကြွလာတော်မူ၍ “ရဟန်းတို့.. ယခုအခါ အဘယ်စကားဖြင့် ဆွေးနွေးညီမူစည်းဝေး၍ နေကြသနည်း”ဟု မေးတော်မူ၍ ရဟန်းတို့က ထိုအကြောင်းကို ပြန်ကြား လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် ထိုမူဆိုးမိသားစု၏ ရှေးကံအကြောင်းကို ဤဆိုလတ္တံ့သောအတိုင်း ဟောကြားတော်မူလေ၏-

     ရဟန်းတို့.. ရှေးလွန်လေပြီးသောအခါ ကဿပမြတ်စွာဘုရားရှင်၏ ဓာတုစေတီတော်ကြီး တည်ထားပူဇော်ရန် စီမံကြသည်ရှိသော် “ဤယခု ဓာတုစေတီတော်ကြီးအတွက် အဘယ်အရာကို မြေညက်အဖြစ် အသုံးပြု၍ အဘယ်အရာကို ရေအဖြစ် အသုံးပြုကြမည်နည်း”ဟု လူအများ တိုင်ပင်ဆွေးနွေးကြလေ၏။

     ထိုအခါ ထိုအစည်းအဝေးပါ လူများ၏ စိတ်သန္တာန်ဝယ် ဆေးဒန်းမြင်းသီလာကို အင်္ကတေ မြေညက်အဖြစ် အသုံးပြုရန်နှင့် နှမ်းဆီကို ရေအဖြစ် အသုံးပြုရန် အကြံအစည်ဖြစ်ကြကာ ညီညွတ်သဘောတူကြ၍ ထိုလူများအပေါင်းသည် ဆေးဒန်းမြင်းသီလာကို အမှုန့်ထောင်း၍ နှမ်းဆီနှင့် ရောမွှေကြကာ အုတ်နှင့်တွဲစပ်အောင် အင်္ကတေအဖြစ် အသုံးပြုကြပြီးလျှင် ထို၏အပေါ်မှ ရွှေချ၍ စေတီတော်ကြီး အတွင်းသားကို စီထားကြလေသည်။ အပြင်မျက်နှာ အုတ်လွှာ၌ကား ရွှေသားစတိ အုတ်တို့ကိုသာ စီကုန်၏။ အုတ်တချပ်တချပ်လျှင် အဖိုးငွေ ကျပ်တသိန်း တသိန်း ထိုက်တန်လေသည်။

၃၈၂

ဌာပနာပွဲ ဥက္ကဋ္ဌရွေးချယ်ကြခြင်း

     ထိုလူတို့သည် ဓာတ်တော် ဌာပနာနိုင်လောက်အောင် စေတီတော်ကြီး ပြီးလတ်သောအခါ “ဓာတ်တော် ဌာပနာသောအခါ ငွေများစွာ လိုအပ်သည်၊ အဘယ်သူကို အကြီးအကဲ ဥက္ကဋ္ဌ တင်မြှောက်ကြရပါမည်နည်း”ဟု ကြံစည်တိုင်ပင် ဆွေးနွေးကြကုန်၏။

     ထိုအခါ တောရွာနေ သူဌေးတယောက်သည် “ငါသည် အကြီးအကဲ ဥက္ကဋ္ဌဖြစ်ပေအံ့”ဟု ကြံစည်ကာ ဓာတ်တော်ဌာပနာပွဲအတွက် ငွေတကုဋေ ထည့်ဝင်လှူဒါန်းလေ၏။ ထိုတောရွာနေသူဌေး၏ သဒ္ဓါရက်ရောပုံကို တွေ့မြင်ကြရ၍ တိုင်းသူပြည်သား လူအများတို့သည် “ဤ မြို့နေသူဌေးကြီးကား ခြပုန်းပမာ ဥစ္စာကိုသာ စုဆောင်းသူဖြစ်၏၊ ဤသို့သော ဓာတုစေတီတော်ကြီး တည်ထားပူဇော်ပွဲ၌ အကြီးအကဲ ဥက္ကဋ္ဌဖြစ်ခြင်းငှါ မစွမ်းနိုင်ချေ။ တောရွာနေ သူဌေးသည်ကား ငွေတကုဋေ ရက်ရက်ရောရော ထည့်ဝင်လှူဒါန်း၍ ဌာပနာပွဲ အကြီးအကဲ ဥက္ကဋ္ဌဖြစ်ချေပြီ”ဟူ၍ ကဲ့ရဲ့စကား ပြောကြားကြလေ၏။

     မြို့နေသူဌေးကြီးသည် ထိုလူအများပြောသော စကားကို ကြားရ၍ “ငါကား နှစ်ကုဋေ ထည့်ဝင်လှူဒါန်း၍ အကြီးအကဲ ဥက္ကဋ္ဌဖြစ်ပေအံ့”ဟု ကြံစည်ကာ ငွေနှစ်ကုဋေ ထည့်ဝင်လှူဒါန်းလေ၏။

     တောရွာနေ သူဌေးက “ငါသာလျှင် ဌာပနာပွဲ အကြီးအကဲ ဥက္ကဋ္ဌဖြစ်ပေအံ့”ဟု ကြံစည်ကာ ငွေသုံးကုဋေ ထည့်ဝင်လှူဒါန်းလေသည်။ ဤနည်းဖြင့် တဖက်ထက်တဖက် တိုး၍ တိုး၍ အစဉ်သဖြင့် လှူဒါန်းလာကြရာ မြို့နေသူဌေးကြီးသည် ရှစ်ကုဋေ ထည့်ဝင်လှူဒါန်းလေ၏။

အထူးအားဖြင့် တောရွာနေသူဌေး၏အိမ်၌ ငွေကိုးကုဋေသာ ရှိ၏။ မြို့နေသူဌေးကြီး၏ အိမ်၌ကား ငွေကုဋေလေးဆယ် ရှိလေသည်၊ သို့ရကား-

၃၈၃

     တောရွာနေသူဌေးသည် “အကယ်၍ ငါက ကိုးကုဋေ လှူလိုက်လျှင် ဤမြို့နေသူဌေးကြီးက ‘ငါက ဆယ်ကုဋေတို့ကို လှူပေအံ့’ဟု ပြောဆိုလိမ့်မည်၊ ထိုအခါ (သူ့ကိုမှီအောင် ငါမလိုက်နိုင်သဖြင့်) ငါ၏ ဥစ္စာမဲ့သောအဖြစ်သည် ထင်ရှားသွားလိမ့်မည်”ဟု ကြံစည် ဆင်ခြင်ပြီးလျှင် “ငါသည် ဤမျှသော ဥစ္စာကိုလည်း ထည့်ဝင်လှူဒါန်းပါမည်၊ သားခုနစ်ယောက်, ချွေးမခုနစ်ယောက်, မယားနှင့်တကွ စေတီတော်ကြီး၏ ကျေးကျွန်အဖြစ်လည်း ခံယူပါမည်”ဟု ပြောဆိုကာ သားခုနစ်ယောက်တို့ကို၎င်း, ချွေးမခုနစ်ယောက်တို့ကို၎င်း, အိမ်ရှင်မ သူဌေးကတော်ကို၎င်း ခေါ်ခဲ့၍ မိမိနှင့်တကွ (၁၆) တကျိပ်ခြောက်ယောက်သော သူတို့ကို စေတီတော်ကြီးအား အပ်နှင်းလှူဒါန်းလိုက်လေ၏။

     တိုင်းသူပြည်သား လူအများတို့သည် “ဥစ္စာမည်သည်ကို နောက်ထပ်ဖြစ်စေခြင်းငှါ တတ်ကောင်း၏၊ ဤတောရွာနေ သူဌေးသည်ကား သား, ချွေးမ, မယားတို့နှင့်တကွ မိမိကိုယ်ကို စေတီတော်ကြီးအား အပ်နှင်းလှူဒါန်းသူ ဖြစ်လေသည်၊ သို့ရကား ဤတောရွာနေ သူဌေးသည်ပင် ဌာပနာပွဲ အကြီးအကဲ ဥက္ကဋ္ဌဖြစ်စေ”ဟု တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ချက်ချမှတ်ကာ တောရွာနေသူဌေးကို အကြီးအကဲ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြလေ၏။

     ဤသို့လျှင် ထို(၁၆) တကျိပ်ခြောက်ယောက်သော မိသားစုတို့သည် စေတီတော်ကြီး၏ ကျေးကျွန်များ (=ဘုရားကျွန်များ) ဖြစ်ကြလေကုန်ပြီ၊ သို့သော် တိုင်းသူပြည်သား လူအများတို့သည် ထိုမိသားစု ဆယ့်ခြောက်ယောက်တို့ကို ကျွန်အဖြစ်မှ သဘောတူ လွှတ်ကြကုန်၏၊ ထိုသို့ပင် လွှတ်ကြသော်လည်း ထိုမိသားစု ဆယ့်ခြောက်ယောက်တို့သည် စေတီတော်ကြီးကိုသာ သုတ်သင်ကြ၍ အသက်ထက်ဆုံး တည်နေကြပြီးသော် ထိုဘဝမှ စုတေကြ၍ နတ်ပြည်၌ ဖြစ်ကြလေကုန်၏။

     ထိုသူ တကျိပ်ခြောက်ယောက်တို့ ဗုဒ္ဓန္တရ အသင်္ချေယျတကပ် (=ကဿပမြတ်စွာဘုရားနှင့် ဤအကျွန်ုပ်တို့ မြတ်စွာဘုရား

၃၈၄

နှစ်ဆူတို့၏ အကြားကာလ)ပတ်လုံး နတ်ပြည်၌ ချမ်းသာစွာ နေကြကုန်စဉ် ဤငါတို့မြတ်စွာဘုရား ဖြစ်ပွင့်တော်မူရာအခါကာလ ဗုဒ္ဓုပ္ပါဒခေတ်သို့ ရောက်လတ်သောအခါ အိမ်ရှင်မ သူဌေးကတော်သည် နတ်ပြည်မှ စုတေခဲ့၍ ရာဇဂြိုဟ်ပြည်ဝယ် သူဌေးသမီး ဖြစ်လာလေ၏။ ထိုသူဌေးသမီးသည် ကုမာရီရွယ် သတို့သမီးငယ် ဖြစ်စဉ်ကပင် သောတာပတ္တိဖိုလ်သို့ ရောက်ရှိခဲ့လေသည်။

     (အဒိဋ္ဌသစ္စဿ ပန ပဋိသန္ဓိ နာမ ဘာရိယာ။ ။အဋ္ဌကထာ) = သစ္စာလေးပါးတရားတို့ကို မသိမြင်သော ပုထုဇဉ်ပုဂ္ဂိုလ်၏ ပဋိသန္ဓေ တည်နေခြင်းသည် ဝန်လေးလှ၏။ (ဝိနိပါတဘေး မလွတ်သေးသဖြင့် ပစ္ဆိမဘဝိကသားပင် ဖြစ်လင့်ကစား ယုတ်ညံ့သောအမျိုး၌ သွားရောက်၍ ပဋိသန္ဓေ တည်နေရတတ်လေသည်)။ သို့ရကား ထိုသူဌေးသမီး၏ အရှင်သခင် လင်ယောက်ျားဖြစ်သော နတ်သားသည် လူ့ပြည်သို့ တဖန် ပြန်လည်၍ဖြစ်သောအခါ မူဆိုးအမျိုး၌ သွားရောက်၍ ပဋိသန္ဓေ တည်နေဖြစ်ပွါးလေ၏။ ထိုမူဆိုးကို မြင်သည်နှင့်တပြိုင်နက် သူဌေးသမီးသန္တာန်ဝယ် ရှေး၌ဖြစ်ဘူးသော တဏှာပေမ = အချစ်ဓာတ်သည် လွှမ်းမိုးဖြစ်ပွါး၍ လာလေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် ဤဂါထာကို ဟောတော်မူအပ်လေပြီ-

ပုဗ္ဗေ ဝ သန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေန ဝါ။

ဧဝံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။

ပုဗ္ဗေ = ရှေးရှေးဘ၀ ကာလများက။ သန္နိဝါသေန ဝါ = တကွမကွာ မေတ္တာယှက်ကူး အတူနေထိုင်ဘူး သောကြောင့်၎င်း။ ပစ္စုပ္ပန္နဟိတေန ဝါ = ပစ္စုပ္ပန္န ဤဘဝဝယ် အကျိုးရအောင် ရွက်ဆောင် သည်ပိုးခြင်း ကြောင့်၎င်း။ ဧဝံ = ဤသို့ပေါင်းစပ် ကြောင်းနှစ်ရပ်ကြောင့်။ ပေမံ = တဏှာပေမ, မေတ္တာပေမ နှစ်ဝအပြား အချစ်ဓာတ်တရားသည်။ ဇာယတေ = ဥပါဒ်ထင်ရှား ဖြစ်ပွါးလာ၏။ (ကိမိဝ = အဘယ်ကဲ့သို့နည်း ဟူမူကား)။ ဥပ္ပလံ ဝါ = ကြာသည်၎င်း။ အညံ ဝါ = ကြာမှတပါး အခြား

၃၈၅

ရေ၌ဖြစ်သော ပန်းသည်၎င်း။ (ဒွေ ကာရဏာနိ = ရေနှင့်ကားညွန် ကြောင်းနှစ်တန်တို့ကို။ နိဿာယ = အမှီပြု၍)။ ဇာယတေ ယထာ = ဖြစ်သကဲ့သို့တည်း။

     ထိုသူဌေးသမီးသည် ရှေး၌ဖြစ်ဘူးသော အချစ်ဓာတ်ကြောင့်ပင် မူဆိုးအိမ်သို့ လိုက်ပါသွားလေသည်။ သားတို့သည်လည်း နတ်ပြည်မှ စုတေခဲ့ကြ၍ ထိုသူဌေးသမီး (မိခင်ဟောင်း)၏ ဝမ်းတိုက်၌ ပဋိသန္ဓေ တည်နေကြလေကုန်သည်။ ချွေးမ ခုနစ်ယောက်တို့သည်လည်း ထိုထိုအမျိုး၌ ဖြစ်ကြ၍ အရွယ်သို့ ရောက်ကုန်လတ်သော် ရှေး၌ဖြစ်ဖူးသော အချစ်ဓာတ်ကြောင့် ထိုမူဆိုးမိသားစုတို့၏ အိမ်သို့သာလျှင် လိုက်ပါ ရောက်ရှိလာကြကုန်၏။

     ဤသို့လျှင် ထိုမူဆိုးမိသားစု (၁၆) တဆယ့်ခြောက်ယောက်တို့သည် ထိုစဉ်အခါ ကဿပမြတ်စွာဘုရား၏ ဓာတုစေတီတော်ကြီးကို အတူတကွ သုတ်သင်ခဲ့ကြ၍ ထိုကုသိုလ်ကံ အာနုဘော်ကြောင့် ဤသာသနာတော်၌ သောတာပတ္တိဖိုလ်သို့ ရောက်ရှိကြလေကုန်၏။

ဤကား ကုက္ကုဋမိတ္တမူဆိုး မိသားစုတို့၏ ရှေးကံအကြောင်းတည်း။

ကုက္ကုဋမိတ္တနေသာဒဝတ္ထု ပြီး၏။

**********

အာနန္ဒာသူဌေးဝတ္ထု

     မြတ်စွာဘုရားရှင်သည် ရှေး၌ ဆိုအပ်ပြီးသောအတိုင်း ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေထိုင်တော်မူကာ ကုက္ကုဋမိတ္တ မူဆိုးမိသားစု အစရှိသော ကျွတ်ထိုက်သော သတ္တဝါတို့ကို တရားရေအေး အမြိုက်ဆေးဖြင့် တိုက်ကျွေး ချေချွတ်တော်မူပြီး၍ ရဟန်းတော်အပေါင်း ခြံရံလျက် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှ ထွက်တော်မူ၍ အစဉ်သဖြင့် ဒေသစာရီ ကြွချီတော်မူလတ်သည်ရှိသော် သာဝတ္ထိပြည်သို့ရောက်၍ ဇေတဝန်ကျောင်းတော်၌ ကိန်းအောင်းမွေ့လျော် သီတင်းသုံး နေထိုင်တော်မူသောအခါ သာဝတ္ထိပြည်သား အာနန္ဒာသူဌေးကို အကြောင်းပြု၍

၃၈၆

“ပုတ္တာ မတ္ထိ ဓနံ မတ္ထိ” အစရှိသော တရားဒေသနာကို ဟောတော်မူ၏။ အကြောင်းအရာ အကျယ်ကား-

     သာဝတ္ထိပြည်၌ ကုဋေလေးဆယ် စည်းစိမ်ကြွယ်ဝ၍ လွန်စွာ့လွန်စွာ ဝန်တိုစေးနှဲ နှမြောလှသည့် အာနန္ဒာ-မည်သော သူဌေးတဦး ရှိလေသည်။ ထိုသူဌေးသည် လခွဲတကြိမ် လခွဲတကြိမ် ဆွေမျိုးများကို စည်းဝေးစေပြီးလျှင် မူလသိရီ အမည်ရှိသော သားကို ဆွေမျိုးများအလယ်၌ အချိန်သုံးပါးဝယ် “ချစ်သား.. ဤကုဋေလေးဆယ်သော ဥစ္စာကို များလှ၏ဟု မမှတ်လင့်၊ မိမိလက်ရှိ ပစ္စည်းဥစ္စာကို သူတပါးအား မပေးသင့်၊ အသစ်အသစ်ဖြစ်သော ပစ္စည်းဥစ္စာကို ဖြစ်ပွါးစေရမည်၊ မှန်၏- တကျပ်တကျပ်ကိုပင်သော်လည်း ကုန်အောင်သုံးစွဲမှု ပြုသောသူ၏ ဥစ္စာသည် တနေ့တွင် ဧကန်မုချ ကုန်ခန်းသည်သာ ဖြစ်၏။ သို့ရကား-

အဉ္ဇနာနံ ခယံ ဒိသွာ၊ ဥပစိကာနဉ္စ အာစယံ။

မဓူနဉ္စ သမာဟာရံ၊ ပဏ္ဍိတော ဃရမာဝသေ။

တာတ = ချစ်သား..။ အဉ္ဇနာနံ = မျက်စဉ်းကျောက်တို့၏။ ခယဉ္စ = သွေးဖန်များလျှင်း ကုန်ခန်းခြင်းကို၎င်း။ ဥပစိကာနံ = ခြကောင်တို့၏။ အာစယဉ္စ = စုဖန်များ၍ ကြီးပွါးသော တောင်ပို့ကို၎င်း။ မဓူနံ = ပျားကောင်တို့၏။ သမာဟာရဉ္စ = သယ်ဆောင်ဖန်များ ကြီးပွါးသော ပျားအုံကို၎င်း။ ဒိသွာ = သက်သေပုံပြု ကြည့်ရှု၍။ ပဏ္ဍိတော = ပညာရှိသောသူသည်။ ဃရံ = အိမ်ရာကို။ အာဝသေ-အာဝသေယျ = စီးပွါးဟောင်းမညှိုး စီးပွါးသစ်တိုးအောင် ကြိုးပမ်းအားထုတ် ပြုလုပ်နေထိုင်ရာ၏” -

ဟူ၍ ဆုံးမစကား ပြောကြားလေသည်။ ထိုအာနန္ဒာသူဌေးသည် နောက်တချိန်၌ မိမိ၏ မြှုပ်နှံထားအပ်သည့် ရွှေအိုးကြီး ၅-လုံးတို့ကို သားဖြစ်သူ မူလသိရီအား မပြောကြားခဲ့ပဲ ဥစ္စာ၌ လောဘတပ်စွဲမှီကာ မစ္ဆရိယအညစ်အကြေး လိမ်းထေးပေကျံလျက် စုတိပြတ်ကြွေ သေလွန်ခဲ့၍ ထိုသာဝတ္ထိပြည်၏တံခါးဝ

၃၈၇

အိမ်ခြေတထောင်ရှိသော ဒွန်းစဏ္ဍားရွာတခုဝယ် ဒွန်းစဏ္ဍားမတယောက်၏ဝမ်း၌ ပဋိသန္ဓေ ယူနေခဲ့လေသည်။

     ပသေနဒီ ကောသလမင်းကြီးသည် ထိုအာနန္ဒာသူဌေး ကွယ်လွန်ကြောင်းကို ကြားသိရ၍ သားဖြစ်သူ မူလသိရီကို ရှေ့တော်သို့ ခေါ်ဆောင်စေပြီးလျှင် အဖ၏အရိုက်အရာ သူဌေးရာထူး၌ ခန့်ထားတော်မူ၏။

     ထိုဒွန်းစဏ္ဍား (အလုပ်ကြမ်းသမား) အိမ်ခြေတထောင်သည်လည်း တစုတပေါင်းတည်း နေ့စားဖြင့် အလုပ်လုပ်၍ အသက်မွေးလာခဲ့ကြရာ ထိုအာနန္ဒာသူဌေးဟောင်း မစ္ဆရိယသမား ပဋိသန္ဓေ တည်နေချိန်ကပင် အစပြုကာ နေ့စားခကိုလည်း မရတော့ချေ။ မျှတရုံထက် ပိုလွန်သော ထမင်းကိုလည်း မရတော့ချေ။ ထိုအလုပ်ကြမ်းသမား ဒွန်းစဏ္ဍားတို့သည် “ယခုအခါ ငါတို့သည် အလုပ်လုပ်ကြသော်လည်း ထမင်းခဲကလေးကိုမျှ မရကြကုန်၊ ငါတို့၏အတွင်း၌ ဘုန်းကံမဲ့သူ လူယုတ်မာတယောက် ပါရှိလိမ့်မည်”ဟု ပြောဆိုကြကာ နှစ်စုခွဲကြပြီး အစဉ်သဖြင့် ထိုမစ္ဆရိယသမား အာနန္ဒာသူဌေးဟောင်း၏ မိဖများ တအိမ်တည်းဖြစ်သည့်တိုင် အောင် ခွဲကြ၍ ထိုတအိမ်တည်း ဖြစ်သောအခါ၌လည်း “ဤငါတို့အိမ်မှာ ဘုန်းကံမဲ့သူ လူယုတ်မာ ဖြစ်ပွါးလာပြီ”ဟု ပြောဆိုကြကာ ထိုမစ္ဆရိယသမား အာနန္ဒာသူဌေးဟောင်း၏ မိခင်ကို အိမ်မှ နှင်ထုတ်ကြပြန်လေ၏။

     ထိုမိခင်သည်လည်း ထိုသား ဝမ်းထဲ၌ရှိနေသလောက် မျှတရုံ အစာအာဟာရကိုပင် ငြိုငြင်ပင်ပန်းစွာ ရရှိ၍ သားကို ပင်ပန်းစွာ ဖွားမြင်ရလေသည်။ ထိုသူငယ်၏ လက်များ, ခြေများ, မျက်စိများ, နားများ, နှာခေါင်းများ, ခံတွင်း ဤကိုယ်အင်္ဂါ အစိတ်အပိုင်းများသည် တည်မြဲသောနေရာ၌ မတည်ကြပဲ တလွဲတခြား ဖြစ်ပွါးကြကုန်၏။ ထိုသူငယ်သည် ဤသို့သော ကိုယ်အင်္ဂါချို့တဲ့သူ ဖြစ်ရကား မြေဘုတ်ဘီလူးကလေးကဲ့သို့ အလွန်ပင် အရုပ်ဆိုး အကြည့်ရခက်သူ ဖြစ်လေ၏။ ထိုသို့ပင် ဖြစ်လင့်ကစား မိခင်သည် ထိုသူငယ်ကို

၃၈၈

မစွန့်ရက်ချေ။ မှန်၏- ဝမ်း၌ ကိန်းအောင်းသော သားအပေါ်ဝယ် မိခင်၏ချစ်ခြင်းကား အားကြီးလှ၏။

     မိခင်ဖြစ်သူသည် ထိုသူငယ်ကို ပင်ပန်းငြိုငြင်စွာ မွေးမြူလျက်ရှိရာ ထိုသူငယ်ကို ခေါ်ဆောင်၍သွားသော နေ့များ၌ တစုံတခုကိုမျှ မရပဲ ထိုသူငယ်ကို အိမ်၌ထားခဲ့ပြီးလျှင် မိမိတဦးတည်း သွားသောနေ့၌ နေ့ခကို ရရှိလေသည်။

     ထို့နောက် ထိုသူငယ်ကို မိမိဘာသာ အစာရှာလှည့်လည်ရန် စွမ်းနိုင်လောက်သောအချိန်၌ ထိုဒွန်းစဏ္ဍာမ မိခင်သည် ခွက်ငယ်တခုကို ကလေး၏လက်၌ အပ်နှင်း၍ “ချစ်သား.. ငါတို့မှာ မောင့်ကိုအမှီပြု၍ ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်ခဲ့ကြရပြီ၊ ယခုအခါ မောင့်ကို ဆက်လက်၍ မွေးမြူခြင်းငှါဖြင့် မတတ်နိုင်ကြတော့ပြီ၊ ဤသာဝတ္ထိမြို့အတွင်း၌ အထီးကျန်သူ, ခရီးသွားသောသူ အစရှိသည်တို့အတွက် ပေးကမ်းရန် စီမံထားသော ထမင်းများရှိပါသည်၊ ထိုထမင်းများရှိရာ၌ လှည့်လည်တောင်းခံ၍ အသက်မွေးလေလော့”ဟု ပြောဆိုကာ ထိုသားငယ်ကို စွန့်လွှတ်လိုက်လေ၏။

     ထိုသူငယ်သည် အိမ်စဉ်အတိုင်း ထမင်းတောင်းခံ လှည့်လည်လတ်သော် အာနန္ဒာသူဌေးဖြစ်စဉ်က နေခဲ့ဘူးသောအရပ်သို့ ရောက်၍ ဇာတိဿရဉာဏ် ရရှိ (မိမိ၏အဖြစ်ကို အောက်မေ့သတိရ)ကာ မိမိ၏ အိမ်အတွင်းသို့ ရဲတင်းစွာ ဝင်၍သွားလေ၏။ ပဌမ, ဒုတိယ, တတိယ တံခါးမုခ်သုံးခုတို့၌ ဝင်သွားသောအခါ တဦးတယောက်ကမျှ အမှတ်မရလိုက်ကြ သတိမမူမိလိုက်ကြချေ။ စတုတ္ထတံခါးမုခ်၌ကား မူလသိရီသူဌေး၏ သားငယ်တို့သည် ထိုသူငယ်ကို မြင်ကြ၍ ထိတ်လန့်ကြောက်ရွံ့ကြကာ သည်းစွာ ငိုကြွေးကြလေကုန်၏။

     ထိုအခါ ထိုသူငယ်ကို မူလသိရီသူဌေး၏ အစေခံလူများသည် “ဘုန်းကံမဲ့သူ သူယုတ်မာ”ဟု ပြောဆို ပုတ်ခတ်ကြကာ တံခါးမုခ်မှထုတ်၍ အမှိုက်ပုံ၌ ပစ်ချထားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ် နောက်ပါရဟန်းနှင့်တကွ

၃၈၉

ဆွမ်းခံ လှည့်လည်တော်မူလတ်သော် ထိုအရပ်သို့ရောက်ရှိ၍ ရှင်အာနန္ဒာမထေရ်ကို ကြည့်တော်မူပြီးလျှင် ရှင်အာနန္ဒာမထေရ်က အကြောင်းကို မေးလျှောက်အပ်ရကား ထိုအာနန္ဒာသူဌေး၏ ရှေးနှင့်ယခု အကြောင်းအရာစုကို ဖွင့်ထုတ် မိန့်ကြားတော်မူလေ၏။

     အရှင်အာနန္ဒာမထေရ်သည် မူလသိရီသူဌေးကို ခေါ်စေတော်မူ၏။ ထိုအခါ လူအများ စုဝေး၍လာလေ၏။ မြတ်စွာဘုရားရှင်သည် မူလသိရီသူဌေးကို “ဒကာမူလသိရီ.. ဤသူငယ်ကို သင်သိ၏လော”ဟု မေးတော်မူ၍ “မသိပါဘုရား”ဟု ပြန်ကြား လျှောက်ဆိုလတ်သော် “ဤသူငယ်ကား သင်၏ဖခင် အာနန္ဒာသူဌေးဖြစ်သည်”ဟု မိန့်တော်မူ၍ မူလသိရီသူဌေးက မယုံမကြည်ရှိလတ်လျှင် “အာနန္ဒာသူဌေး.. သင့်သား မူလသိရီသူဌေးအား သင်မြှုပ်နှံထားခဲ့သည့် ရွှေအိုးကြီး ၅-လုံးတို့ကို ပြောကြားလိုက်လော့”ဟု မိန့်တော်မူကာ ရွှေအိုးကြီး ၅-လုံးတို့ကို ပြောကြားစေ၍ မူလသိရီသူဌေးကို ယုံကြည်စေတော်မူ၏။

     မူလသိရီသူဌေးသည် မြတ်စွာဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေသည် (=သရဏဂုံ ခံယူလေသည်)။ ထိုမူလသိရီသူဌေးအား မြတ်စွာဘုရားရှင်သည် တရားဟောတော်မူလိုသည်ဖြစ်၍ ဤဂါထာကို ဟောတော်မူ၏-

ပုတ္တာ မတ္ထိ ဓနံ မတ္ထိ၊

ဣတိ ဗာလော ဝိဟညတိ။

အတ္တာ ဟိ အတ္တနော နတ္ထိ၊

ကုတော ပုတ္တာ ကုတော ဓနံ။

မေ = ငါ၏။ ပုတ္တာ = သားသမီးတို့သည်။ အတ္ထိ = ရှိကုန်၏။ မေ = ငါ၏။ ဓနံ = ဥစ္စာစီးပွါးသည်။ အတ္ထိ = ရှိ၏။ ဣတိ = ဤသို့ နှလုံးပိုက်၍။ ဗာလော = သူမိုက်သည်။ ဝိဟညတိ = ပုတ္တတဏှာ ဓနတဏှာဖြင့် ပင်ပန်းနွမ်းနယ်ရ၏။ ဟိ = မှန်၏။ (ဝါ) အမှန်မှာကား။ အတ္တနော = မိမိအတွက်တာ။ အတ္တာ-အတ္တာပိ = မိမိပင်သော်လည်း။

၃၉၀

ဒုက္ခပရိတ္တာဏံ ကာတုံ = ဆင်းရဲဒုက္ခကို ကာကွယ်စောင့်ရှောက်မှု ပြုခြင်းငှါ။ နတ္ထိ = မဖြစ်နိုင်။ ပုတ္တာ = သားသမီးတို့သည်။ ကုတော အတ္ထိ = အဘယ်မှာ ဖြစ်နိုင်ကုန်အံ့နည်း။ ဓနံ = ဥစ္စာစီးပွါးသည်။ ကုတော အတ္ထိ = အဘယ်မှာ ဖြစ်နိုင်အံ့နည်း။

(အဓိပ္ပါယ်ကား- “ငါ့မှာ သားသမီးများ ဥစ္စာများ ရှိ၏”ဟု အောက်မေ့မှတ်ထင်ကာ လူမိုက်သည် သားသမီး၌ တပ်မက်သောတဏှာ, ဥစ္စာ၌ တပ်မက်သောတဏှာ နှစ်ပါးဖြင့် ပင်ပန်းနွမ်းနယ် ဆင်းရဲရ၏။ (ပုတ္တတဏှာ, ဓနတဏှာ နှစ်ပါးရှိသောကြောင့် ပင်ပန်းဆင်းရဲရ၏-ဟု ဆိုလိုသည်)။ အဘယ်သို့ ပင်ပန်းဆင်းရဲရသနည်းဟူမူ “ငါ၏ သားသမီးတို့သည် ပျက်စီးခဲ့ကုန်ပြီ” ဟူ၍ ပင်ပန်းဆင်းရဲရ၏။ “ပျက်စီးကြကုန်ဆဲ”ဟူ၍ ပင်ပန်းဆင်းရဲရ၏။ “ပျက်စီးကြလိမ့်မည်”ဟူ၍ တွေးတောကြံစည်ကာ ပင်ပန်းဆင်းရဲရ၏။ ဥစ္စာ၌လည်း ဤနည်းအတူပင်။ ဤသို့လျှင် သားသမီးအတွက် အခြင်းအရာသုံးပါး, ဥစ္စာအတွက် အခြင်းအရာ သုံးပါး, ဤ၆-ပါးသော အခြင်းအရာတို့ဖြင့် ပင်ပန်းဆင်းရဲရ၏။ ပုတ္တတဏှာ ရှိနေသောကြောင့် “ငါ့သားသမီးများကို ကျွေးမွေးပေအံ့”ဟု ကြံစည်ကာ ညဉ့်ညဉ့်နေ့နေ့ ရေလမ်း ကုန်းလမ်း စသည်တို့၌ အထူးထူး အထွေထွေ လုံ့လပြုရသည်ဖြစ်၍လည်း ပင်ပန်းဆင်းရဲရ၏။ ဓနတဏှာ ရှိနေသောကြောင့် “ငါသည် ဥစ္စာစီးပွါးကို ဖြစ်စေအံ့”ဟု ကြံစည်ကာ လယ်လုပ်ခြင်း ကုန်သွယ်ခြင်း စသည်တို့ကို ပြုလုပ်ရသည်ဖြစ်၍လည်း ပင်ပန်းဆင်းရဲရ၏။

အမှန်မှာ- ဤသို့ ပုတ္တတဏှာ, ဓနတဏှာကြောင့် ပင်ပန်းဆင်းရဲခြင်းသို့ ရောက်ရှိနေသော မိမိအတွက်တာ ပဝတ္တိအခါဝယ် မိမိသည်ပင် ထိုဒုက္ခမှ လွတ်မြောက်အောင် စောင့်ရှောက်မှု ကာကွယ်မှု ပြုလုပ်ရန် မဖြစ်နိုင်ချေ။ မတတ်နိုင်ချေ။ သေခါနီးအခါဝယ် မရဏန္တိကဝေဒနာတို့က မီးအလျှံများပမာ တောက်လောင် နှိပ်စက်အပ်သည်ဖြစ်၍ အရိုးဆက် အဖွဲ့များပြတ်လျက် အရိုးစုများပြုတ်လျက် မျက်စိကလေး ပုတ်ကလတ် ပုတ်ကလတ်ဖြစ်ကာ မျက်စိမှိတ်၍ တမလွန်လောကကို ကြည့်လိုက် မျက်စိဖွင့်၍ ဤလောကကို ကြည့်လိုက်နှင့် ဒုက္ခရောက်သော သေရာညောင်စောင်း လျောင်းစက်သော မိမိအဖို့ရာ နေ့တိုင်းနေ့တိုင်း နှစ်ကြိမ်ရေချိုးပေး သုံးကြိမ် ထမင်းကျွေး၍ နံ့သာပန်းစသည်တို့ဖြင့် တန်းဆာဆင်ပြီးလျှင် တသက်လုံး ပြုစုမွေးမြူခဲ့ရသော မိမိသည်ပင်လျှင်

၃၉၁

အဖော်သဟဲကောင်းအနေဖြင့် ရောက်ဆိုက်နေသော ဆင်းရဲဒုက္ခမှ လွတ်မြောက်အောင် စောင့်ရှောက်မှု ကာကွယ်မှု ပြုလုပ်ရန် မတတ်နိုင်ချေ။

ထိုသို့ ပဝတ္တိအခါ သေခါနီးအခါ ဆင်းရဲဒုက္ခ ကြီးစွာရောက်ရှိနေသော အခါမျိုး၌ သားသမီးတို့က၎င်း, မိမိ၏ ဥစ္စာစီးပွါးက၎င်း စောင့်ရှောက်ကာကွယ်မှုကို အဘယ်မှာ ပြုနိုင်ကုန်အံ့နည်း၊ မပြုနိုင်ကြသည်သာတည်း။

အာနန္ဒာသူဌေး၏ အတွက်တာလည်း တဦးတယောက်အား တစိုးတစိမျှ မပေးရက်ပဲ သားမူလသိရီအတွက် ဥစ္စာများကို စုဆောင်းထားရှိခဲ့ကာ ရှေးဘဝ သေရာညောင်စောင်း လျောင်းစက်ရသောအခါ ယခုဘဝ ဤငတ်မွတ်ခေါင်းပါးမှု သူတပါးတို့ အနှိပ်စက်ခံရမှု ဆင်းရဲဒုက္ခသို့ ရောက်ရှိသောအခါများ၌ မိမိချစ်အပ်သည့် သားသမီးများက၎င်း, မိမိစုဆောင်းထားခဲ့သည့် ဥစ္စာများက၎င်း အဘယ်ဆင်းရဲကို ပယ်ဖျောက် နိုင်ကြကုန်သနည်း (မပယ်ဖျောက်နိုင်ကုန်သည်သာတည်း)။ အဘယ်သို့သော ချမ်းသာသုခကို ဖြစ်စေနိုင်ကြသနည်း (=မဖြစ်စေနိုင်ကြသည်သာတည်း)ဟူ၍ ဟောကြားတော်မူလိုရင်း ဖြစ်သည်)။

     ဒေသနာနိဂုံး ဆုံးသောအခါ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။ (သို့ရကား) တရားဒေသနာသည် လူအများ ၏အတွက်တာ အကျိုးရသော တရားဒေသနာ ဖြစ်လေသည်။ (ဓမ္မပဒ ဋ္ဌ၊ ၁၊ စာမျက်နှာ ၂၉၇-မှ)။

အာနန္ဒာသူဌေးဝတ္ထု ပြီး၏။

**********

ရာဇဂြိုဟ်ပြည်၌ ဝီသတိမ = ၂၀-မြောက်ဝါ

ကပ်ဆိုတော်မူခြင်း

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ဗုဒ္ဓကိစ္စတော်ကြီး ငါးပါးကို အမြဲမပြတ် မလစ်လပ် မဟာဟင်းစေပဲ သည်ပိုး ရွက်ဆောင်တော်မူလျက် ကျွတ်ထိုက်သသူ နတ်လူအပေါင်းတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူကာ သာဝတ္ထိပြည်မှ

၃၉၂

ထွက်ခွါတော်မူခဲ့ပြီးလျှင် အစဉ်သဖြင့် နောက်ပါရဟန်းအပေါင်းနှင့်တကွ ဒေသစာရီ ကြွချီတော်မူလတ်သော် မဂဓတိုင်း ရာဇဂြိုဟ်ပြည်သို့ ဆိုက်ရောက်၍ ဝေဠုဝန် ကျောင်းတိုက်၌ ဝီသတိမ = ၂၀-မြောက်သောဝါကို ကပ်ဆိုသီတင်းသုံး နေထိုင်တော်မူလေ၏။

အနိဗဒ္ဓဝါ-စသည် အထူးမှတ်ရန်

     မြတ်စွာဘုရားရှင်၏ ဝါတော် ၄၅-ဝါတို့ ရှိသည်တွင် ဘုရားဖြစ်တော်မူသည်မှ အစပြုကာ ရှေးဦးစွာသော ဝါတော်(၂၀)နှစ်ဆယ်ကို ထိုထိုမြို့ရွာတို့၌ တဝါ နှစ်ဝါ သုံးဝါ-စသည်ဖြင့် မမြဲသောအားဖြင့် ဝါကပ်နေထိုင် သီတင်းသုံးရာ ဝါတော်များဖြစ်သောကြောင့် အနိဗဒ္ဓဝါဟူ၍၎င်း, အနိယတဝါဟူ၍၎င်း ကျွတ်ထိုက်သသူ နတ်လူတို့အား ပဌမပိုင်း ရှေ့ပိုင်း၌ မဂ်ဉာဏ်လေးပါး တည်းဟူသော ဗောဓိကို ထိုးထွင်းသိမြင်စေသည့် ဝါတော်များ ဖြစ်သောကြောင့် ပဌမဗောဓိဝါ, ပုရိမဗောဓိဝါတော်များဟူ၍၎င်း ခေါ်ဆိုရပေသည်။

     ထိုမှနောက် ကြွင်းကျန်သော ဝါတော်(၂၅) နှစ်ဆယ့်ငါးဝါတို့ကိုကား ကောသလတိုင်း သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်နှင့် ပုဗ္ဗာရုံကျောင်းတို့၌သာ အမြဲမပြတ် နိစ္စဗဒ်အားဖြင့် ဝါကပ်နေထိုင် သီတင်းသုံးရာ ဝါတော်များဖြစ်သောကြောင့် နိဗဒ္ဓဝါဟူ၍၎င်း, နိယတဝါဟူ၍၎င်း ကျွတ်ထိုက်သသူ နတ်လူတို့အား ဒုတိယပိုင်း နောက်ပိုင်း၌ မဂ်ဉာဏ်လေးပါး တည်းဟူသော ဗောဓိကို ထိုးထွင်းသိမြင်စေသည့် ဝါတော်များဖြစ်သောကြောင့် ဒုတိယဗောဓိဝါ, ပစ္ဆိမဗောဓိဝါတော်များဟူ၍၎င်း ခေါ်ဆိုရပေသည်။

(ချဲ့ဦးအံ့- မြတ်စွာဘုရားရှင်သည် ပဌမဗောဓိ၌ အနှစ်နှစ်ဆယ် (=ဝါတော်နှစ်ဆယ်)တို့ပတ်လုံး မမြဲသောနေခြင်းရှိလျက် ချမ်းသာတော်မူရာ ထိုထိုမြို့သို့ ကြွရောက်ဝါကပ် သီတင်းသုံးတော်မူ၏။ ဝါတော်နှစ်ဆယ့်တဝါမှ အစပြု၍ကား သာဝတ္ထိပြည်ကို အမှီဂေါစရဂါမ် ပြုတော်မူကာ ဇေတဝန်ကျောင်းတိုက်ကြီး၌၎င်း, ပုဗ္ဗာရုံကျောင်းတိုက်၌၎င်း

၃၉၃

အမြဲသုံးဆောင်တော်မူသောအားဖြင့် သီတင်းသုံး နေထိုင်တော်မူသည်။ ။ဗုဒ္ဓဝံသ ဋ္ဌ၊ စာမျက်နှာ ၄-မှ)။

(အံ ဋ္ဌ၊ ၂၊ စာမျက်နှာ ၃ဝ- သမစိတ္တသုတ်အဖွင့်၌ အထူးဖွင့်ပြသည်မှာ-

ဝါတော်(၂၁) နှစ်ဆယ့်တဝါမှ အစပြု၍ကား ဇေတဝန်ကျောင်းတိုက်နှင့် ပုဗ္ဗာရုံကျောင်းတိုက် = ဤကျောင်းတိုက်ကြီး နှစ်တိုက်တို့ကို အမြဲ အသုံးအဆောင် ပြုတော်မူသည်။ အဘယ့်ကြောင့်နည်းဟူမူ အနာထပိဏ်သူဌေးနှင့် ဝိသာခါ ကျောင်းအမကြီးတို့၏ သာသနာတော်ဝယ် ကျေးဇူးကြီးမားလှသောကြောင့်တည်း။ မှန်၏- အနာထပိဏ်သူဌေးကြီးနှင့် ဝိသာခါကျောင်းအမကြီး နှစ်ဦးသားတို့၏ ကျေးဇူးကို အစွဲပြုကာ မြတ်ဘုရားသည် ထိုဇေတဝန်ကျောင်း ပုဗ္ဗာရုံကျောင်းတို့ကို အမြဲ သုံးဆောင်ခြင်းဖြင့် သုံးဆောင်တော်မူလေသည်။

အထူးအားဖြင့် ဝါပအခါ ဒေသစာရီ (ထိုထိုမြို့ရွာသို့) ကြွချီတော်မူ၍လည်း ဝါတွင်းသို့ ရောက်သောအခါ ထိုကျောင်းတိုက်ကြီး နှစ်တိုက်တို့၌သာ အလှည့်အလည် သီတင်းသုံး နေထိုင်တော်မူ၏၊ ဤသို့ နေထိုင်တော်မူသော မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတိုက်၌ ညဉ့်အခါဝယ် သီတင်းသုံး နေထိုင်တော်မူပြီးလျှင် နောက်တနေ့ နံနက်ခင်း၌ ရဟန်းအပေါင်း ခြံရံလျက် သာဝတ္ထိပြည် တောင်တံခါးမှဝင်၍ မြို့တွင်း၌ ဆွမ်းခံပြီးလျှင် အရှေ့တံခါးမှ ထွက်တော်မူ၍ ပုဗ္ဗာရုံကျောင်းတိုက်၌ နေ့သန့်နေထိုင်တော်မူ၏။ ပုဗ္ဗာရုံကျောင်းတိုက်၌ ထိုနေ့ညဉ့် သီတင်းသုံး နေထိုင်တော်မူပြီးလျှင် နောက်တနေ့ နံနက်ခင်း၌ ရဟန်းအပေါင်း ခြံရံလျက် သာဝတ္ထိပြည် အရှေ့တံခါးမှဝင်၍ မြို့တွင်း၌ ဆွမ်းခံပြီးလျှင် တောင်တံခါးမှ ထွက်တော်မူ၍ ဇေတဝန်ကျောင်းတိုက်၌ နေ့သန့် နေထိုင်တော်မူ၏။ ။ပါဠိကိုလိုမူ ထိုအဋ္ဌကထာတို့မှ ထုတ်နုတ်မှတ်ယူရာ၏)။

အရှင်အာနန္ဒာမထေရ်ကို

အမြဲတမ်းအလုပ်အကျွေး=နိဗဒ္ဓဥပဋ္ဌာက ခန့်ထားတော်မူခြင်း

     (ထေရဂါထာ ဋ္ဌ၊ ၂၊ စာမျက်နှာ ၄၁၄-မှ)။ ။ပဌမဗောဓိ ဝါတော်(၂၀) နှစ်ဆယ်တို့ ကာလပတ်လုံး မြတ်စွာဘုရားရှင်အတွက် အပြုအစု အလုပ်အကျွေး ရဟန်းတို့မှာ အမြဲမရှိကြကုန်။ တရံတခါ နာဂသမာလမထေရ်သည် မြတ်စွာဘုရား၏ သပိတ်သင်္ကန်းကို ယူဆောင်ကာ ပြုစုလုပ်ကျွေးလျက် လှည့်လည်လိုက်ပါ၏။

၃၉၄

တရံတခါ နာဂိတမထေရ်, တရံတခါ အရှင်ဥပဝါနမထေရ်, တရံတခါ လိစ္ဆဝီမင်းသား သုနက္ခတ္တရဟန်း, တရံတခါ ရှင်သာရိပုတ္တရာ၏ညီ အရှင်စုန္ဒ, တရံတခါ အရှင်သာဂတ, တရံတခါ အရှင်မေဃိယတို့ ပြုစုလုပ်ကျွေးလျက် လှည့်လည်လိုက်ပါကြလေသည်။ ထိုအရှင်မြတ်တို့သည် များသောအားဖြင့် မြတ်စွာဘုရားရှင်၏စိတ်တော် နှစ်သက်ကျေနပ်လောက်အောင် မပြုစုနိုင်ကြကုန်။

     တနေ့သ၌ မြတ်စွာဘုရားရှင်သည် ဂန္ဓကုဋီ ပရိဝုဏ်အတွင်း ခင်းထားအပ်သော မြတ်သော ဘုရားနေရာတော်၌ ရဟန်းအပေါင်းခြံရံကာ ထိုင်နေတော်မူစဉ် ရဟန်းတို့ကို-

“ရဟန်းတို့.. ငါဘုရားသည် ယခုအခါ အသက်အရွယ် ကြီးရင့်ခဲ့လေပြီ၊ (ထိုအချိန်၌ မြတ်စွာဘုရားမှာ ၅၅-နှစ်အရွယ် ရှိလေပြီ)။ အချို့ အလုပ်အကျွေး ရဟန်းများသည် ‘ဤလမ်းဖြင့် သွားကြပါစို့’ဟု ဆိုအပ်လျက် ငါဘုရားကို ထားခဲ့ကာ အခြားလမ်းဖြင့် သွားကြလေသည်၊ အချို့ အလုပ်အကျွေး ရဟန်းများကား ငါဘုရား၏ သပိတ်သင်္ကန်းကို မြေကြီး၌ ချမည်ကဲ့သို့ ပြုလုပ်ကြသည်။ ငါဘုရားအတွက် အမြဲတမ်း ပြုစုလုပ်ကျွေးမည့်ရဟန်းကို စဉ်းစား ရွေးချယ်ကြလော့”-

ဟု မိန့်တော်မူ၏၊ ထိုစကားကို ကြားရ၍ ရဟန်းတို့၏ သန္တာန်ဝယ် ဓမ္မသံဝေဂ ဖြစ်ပွါးလေသည်၊ ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်သည် နေရာမှထ၍ မြတ်စွာဘုရားကို လက်အုပ်ချီမိုး ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်သည် အရှင်ဘုရားတို့ကို ပြုစုလုပ်ကျွေးပါမည်”ဟူ၍ လျှောက်ထားလေ၏။ ထိုအရှင်သာရိပုတ္တရာ လျှောက်ထားချက်ကို မြတ်စွာဘုရားသည် ပယ်မြစ်တော်မူ၏၊ ထိုနည်းဖြင့် အရှင်မဟာမောဂ္ဂလာန်မထေရ်ကို အစပြု၍ အရှင်အာနန္ဒာမှတပါး အားလုံးသော မဟာသာဝက ရဟန္တာမထေရ်မြတ်တို့သည် “တပည့်တော် ပြုစုလုပ်ကျွေးပါမည်ဘုရား၊ တပည့်တော် ပြုစုလုပ်ကျွေးပါမည်ဘုရား”ဟု

၃၉၅

အသီးအသီး ထ၍ထ၍ လျှောက်ထားကြလေသည်။ ထိုမဟာသာဝက မထေရ်ကြီးများကိုလည်း မြတ်စွာဘုရားရှင်သည် ပယ်တော်မူ၏။

     အရှင်အာနန္ဒာမထေရ်သည်ကား စကားမပြော တုဏှိဘောသာ ထိုင်နေလေသည်။ ထိုအခါ အရှင်အာနန္ဒာကို ရဟန်းတော်များက “ငါ့ရှင်အာနန္ဒာ.. သင်သည်လည်း မြတ်စွာဘုရား၏ အလုပ်အကျွေးရာထူးကို တောင်းခံပါလော့”ဟု ဝိုင်းဝန်းတိုက်တွန်းကြသည်တွင် အရှင်အာနန္ဒာမထေရ်သည် “ငါ့ရှင်တို့.. တောင်းခံ၍ရသော ရာထူးမည်သည် မည်သို့သောရာထူး ဖြစ်သနည်း၊ အကယ်၍ မြတ်စွာဘုရားရှင် လိုလားတောင့်တတော်မူလျှင် ကိုယ်တိုင်ပင် မိန့်ကြားတော်မူပါလိမ့်မည်”ဟု ပြောဆိုတော်မူလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည်-

“ရဟန်းတို့.. အာနန္ဒာသည် အခြားသူများက တိုက်တွန်းရမည့် ပုဂ္ဂိုလ်စားမဟုတ်၊ မိမိကိုယ်တိုင်ပင် သိရှိကာ ငါဘုရားကို ပြုစုလုပ်ကျွေးပေလိမ့်မည်”-

ဟု မိန့်တော်မူလေ၏။ ထိုအခါ ရဟန်းတော်များက “ငါရှင်အာနန္ဒာ.. ထပါလော့၊ မြတ်စွာဘုရားရှင်ကို အလုပ်အကျွေးရာထူးကို တောင်းခံပါလော့”ဟု ပြောဆိုကြပြန်လေသည်။ အရှင်အာနန္ဒာမထေရ်သည် နေရာမှထ၍-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်ပင်ဘုရားသည်-

(၁) ကိုယ်တော်မြတ် ရအပ်သည့် သင်္ကန်းကောင်းများကို တပည့်တော်အား မပေးစွန့်ပါလျှင်၎င်း,

(၂) ကိုယ်တော်မြတ် ရအပ်သည့် ဆွမ်းဘောဇဉ်ကောင်းများကို တပည့်တော်အား မပေးစွန့်ပါလျှင်၎င်း,

၃၉၆

(၃) ကိုယ်တော်မြတ်နှင့် အတူတကွ ဂန္ဓကုဋီကျောင်းတော် တခုတည်း၌ တပည့်တော်အား နေခွင့်ကို မပေးပါလျှင်၎င်း,

(၄) ကိုယ်တော်မြတ်အား ပင့်ဖိတ်ရာသို့ တပည့်တော်ကို နောက်ပါခေါ်၍ သွားတော်မမူပါလျှင်၎င်း,

ဤသို့ဖြစ်လျှင် (=ဤလေးချက် လိုက်လျောခွင့်ပေးလျှင်) တပည့်တော်သည် ရှင်တော်ဘုရားကို ပြုစုလုပ်ကျွေးပါမည်”-

ဟု လျှောက်ထားလေ၏။ ။(“ဤမျှသော ကျေးဇူးများ = လာဘ်များကို ရသောသူအဖို့ရာ မြတ်စွာဘုရားရှင်ကို ပြုစုလုပ်ကျွေးရန် အဘယ်ဝန်လေးတော့အံ့နည်း”ဟု သူတပါးတို့ စွပ်စွဲခြင်းဘေးမှ ကင်းဝေးလွတ်မြောက်ရန် ဤ(ပယ်လေးပါး)ဆုများကို တောင်းခံတော်မူခြင်းဖြစ်သည်)။ ။တဖန်ဆက်၍-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်ပင်ဘုရားသည်-

(၁) အကျွန်ုပ် ပင့်ဆောင်အပ်သည့် (ဒကာ,ဒကမများ) ဖိတ်ကြားရာအရပ်သို့ ကြွရောက် လိုက်ပါတော်မူလျှင်၎င်း,

(၂) အကျွန်ုပ်သည် အရပ်တပါးမှ လာတိုင်း လာတိုင်းသော ဘုရားဖူးပုဂ္ဂိုလ်များကို ထိုခဏမှာပင် ဖူးမြော်နိုင်စေခွင့်ကို ရပါလျှင်၎င်း,

(၃) အကျွန်ုပ်၏သန္တာန်၌ ယုံမှားသံသယ ဖြစ်သောခဏမှာပင် မြတ်စွာဘုရားသို့ ဆည်းကပ် မေးမြန်း လျှောက်ထားခွင့်ကို ရပါလျှင်၎င်း,

၃၉၇

(၄) ရှင်ပင်ဘုရားသည် အကျွန်ုပ်၏မျက်ကွယ်၌ ဟောကြားတော်မူခဲ့သော တရားကို တဖန် အကျွန်ုပ်အား ဟောကြားတော်မူပါလျှင်၎င်း-

ဤသို့ဖြစ်လျှင် (=ဤလေးချက်ကို လိုက်လျောခွင့်ပြုပါလျှင်) တပည့်တော်သည် ရှင်တော်ဘုရားကို ပြုစုလုပ်ကျွေးပါမည်”-

ဟု လျှောက်ထားပြန်လေ၏။ ။(“ရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်ကို နေ့ညဉ့်မအားအောင် ပြုစုလုပ်ကျွေးရရှာပါလျက် ဤမျှလောက်သော ချီးမြှောက်ခြင်းကိုမျှလည်း မြတ်စွာဘုရားရှင်အထံတော်၌ မရရှာချေ”ဟု သူတပါးတို့ စွပ်စွဲခြင်းဘေးမှ ကင်းဝေးလွတ်မြောက်ရန်၎င်း, တရားဘဏ္ဍာစိုးဟူ၍ နတ်လူတို့ သိရှိကြောင်း ကောင်းမှုကုသိုလ်ပါရမီကို ဖြည့်ကျင့်တော်မူရန်၎င်း ဤ(ယူလေးပါး)ဆုများကို တောင်းခံတော်မူခြင်းဖြစ်သည်)။

     ဤသို့လျှင် အရှင်အာနန္ဒာသည် ပယ်လေးပါး, ယူလေးပါး = ဤဆုရှစ်ပါးကို တောင်းခံလေသည်။ မြတ်စွာဘုရားရှင်သည်လည်း ထိုအရှင်အာနန္ဒာအား တောင်းခံအပ်သော ဆုရှစ်ပါးကို ပေးတော်မူလေသည်။ ဤသို့လျှင် အရှင်အာနန္ဒာသည် ဆုရှစ်ပါးတို့ကို ရယူ၍ အမြဲနိဗဒ္ဓ အပြုအစု အလုပ်အကျွေး ဖြစ်တော်မူလာသည်၊ ထိုဥပဋ္ဌာက (=အလုပ်အကျွေး) ရာထူးအတွက်ပင်လျှင် ကမ္ဘာတသိန်း ကာလပတ်လုံး ဖြည့်ကျင့်အပ်သော ပါရမီတို့၏အကျိုးကို ထိုနေ့၌ ရရောက်တော်မူလေသည်။

ပြုစုလုပ်ကျွေးပုံအမြွက်

     အရှင်အာနန္ဒာသည် ဥပဋ္ဌာကရာထူးကို ရရှိသောနေ့မှ အစပြု၍ မြတ်စွာဘုရားရှင်ကို ရေပူရေချမ်း နှစ်ပါးဖြင့်၎င်း, အတို အရှည် အလတ် = သုံးရပ်သော ဒန်ပူဖြင့်၎င်း, ခြေလက်ဆုပ်နယ်ခြင်းဖြင့်၎င်း, ရေသုံးသပ်တော်မူသောအခါ ကျောတော်ကို ပွတ်သပ်ပေးခြင်းဖြင့်၎င်း, ဂန္ဓကုဋီကျောင်းတော်ကို တံမြက်လှည်းခြင်းဖြင့်၎င်း

၃၉၈

ဤသို့အစရှိသော အလုပ်ကိစ္စတို့ဖြင့် ပြုစုလုပ်ကျွေးတော်မူလျက် “ဤမည်သောအချိန်၌ မြတ်စွာဘုရားရှင်အား ဤမည်သောအရာကို ရမှသင့်မည်၊ ဤမည်သောအမှုကို ပြုမှသင့်မည်”ဟု တနေ့လုံး မြတ်စွာဘုရား၏ အနီး၌သာ လှည့်လည်ကျက်စား နေထိုင်တော်မူ၍ ညဉ့်အဖို့၌ ကြီးစွာသော ဆီမီးတိုင်ကြီးကို စွဲကိုင်တော်မူကာ ဂန္ဓကုဋီပရိဝုဏ်ကို ကိုးပတ်ကိုးကြိမ် မြတ်စွာဘုရားရှင် ခေါ်တော်မူလိုက်လျှင် စကားတုံ့ အလွယ်တကူဖြင့် ပြန်နိုင်ရန်, ထိနမိဒ္ဓကို ပယ်ဖျောက်နိုင်ရန် လှည့်လည်တော်မူလေသည်။ ။ဤကား အရှင်အာနန္ဒာ၏ ပြုစုလုပ်ကျွေးပုံ အမြွက်တည်း။ ထိုမှကြွင်းသော အရှင်အာနန္ဒာ၏ အကြောင်းအရာတို့ကို သံဃရတနာအခဏ်းသို့ ရောက်မှ ရေးသားဖော်ပြပါအံ့။

ဤတွင် အခဏ်း ၃၄-ပြီး၏။

၃၉၉

အခဏ်း-၃၅

မာရဝတ္ထု

(ဤအခဏ်း ၃၅-မှစ၍ ပစ္ဆိမဗောဓိ = ဝါတော်၂၅-အတွင်း ဖြစ်ရှိသည့် ဗုဒ္ဓမြတ်စွာ၏ အကြောင်းအရာပေါင်း များစွာတို့မှ သိမှတ်ဖွယ်ရာ တစိတ်တဒေသကိုသာ ဖော်ပြရေးသားခြင်း ပြုပါတော့အံ့)။

     အခါတပါး၌ မြတ်စွာဘုရားရှင်သည် မဂဓတိုင်းအဝင်အပါ ပဉ္စသာလအမည်ရှိသော ပုဏ္ဏားရွာသူ သတို့သမီးငါးရာတို့၏ သောတာပတ္တိမဂ်ကိုရကြောင်း ရှေးကောင်းမှု ဥပနိဿယကို မြင်တော်မူ၍ ထိုပဉ္စသာလရွာကို အမှီဂေါစရဂါမ်ပြုကာ နေတော်မူ၏။ ထိုပဉ္စသာလ ပုဏ္ဏားရွာသူ သတို့သမီးငါးရာတို့သည်လည်း တခုသာပွဲနေ့၌ မြစ်ဆိပ်သို့သွားရောက် ရေချိုးကြပြီးသော် အဝတ်တန်းဆာ ကောင်းစွာ ဝတ်ဆင်ကြကုန်လျက် ပဉ္စသာလရွာဖက်သို့ ရှေးရှူလာရောက်ကြကုန်၏။

     မြတ်စွာဘုရားရှင်သည်လည်း ထိုရွာသို့ဝင်၍ ဆွမ်းခံ လှည့်လည်တော်မူ၏။ ထိုအခါ မာရ်နတ်သည် ရွာနေသူ လူအားလုံးတို့၏ကိုယ်၌ ပူးဝင်၍ ဆွမ်းတဇွန်း တယောက်မမျှ မရအောင် ပြုလုပ်ပြီးလျှင် ဆေးမြဲတိုင်းသော သပိတ်ဖြင့် ရွာမှ ထွက်ကြွတော်မူလာသော မြတ်စွာဘုရားရှင်ကို ရွာတံခါး၌ ရပ်တည်ပြီးသော် “အို ရဟန်း.. ဆွမ်းကို ရခဲ့ပါ၏လော”ဟု မေးလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က “ဟယ်မာရ်ယုတ်.. ငါဘုရား ဆွမ်းကိုမရအောင် သင် ပြုလုပ်ထားသည် မဟုတ်လော”ဟု မိန့်ဆိုတော်မူသည်တွင် မာရ်နတ်သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ထိုသို့ဖြစ်လျှင် တဖန် ဆွမ်းခံဝင်တော်မူပါကုန်ဦးလော့”ဟု ပြောဆိုလေ၏။ ။(မာရ်နတ် ဤသို့ပြောဆိုခြင်းမှာ ရိုးသားစွာ ပြောဆိုခြင်းမဟုတ်၊ အမှန်မှာ “ငါတောင်းပန်သည့်အတွက် တဖန်ပြန်၍ ဆွမ်းခံဝင်လျှင် ရွာသားအားလုံးတို့၏ကိုယ်၌ ပူးဝင်၍ ဤရဟန်းကြီး၏ရှေ့မှ လက်ခုပ်လက်ဝါး တဝါးဝါးတီးကြကာ ပြက်ရယ်ပြောင်လှောင်မှု ငါပြုပေအံ့”ဟု မကောင်းကြံ၍

၄၀၀

ပြောဆိုခြင်းဖြစ်သည်။ မြတ်စွာဘုရားရှင်သည်ကား မာရ်နတ်၏အကြံကို သိတော်မူ၍ “အကယ်၍ ဤမာရ်နတ်သည် ငါဘုရားကို ဤသို့ သူကြံစည်သည့်အတိုင်း ညှဉ်းပန်းမှုကို ပြုလုပ်ဖြစ်သော် ထိုမာရ်နတ်၏ ဦးခေါင်းသည် ခုနစ်စိတ်ခုနစ်မြွာ ကွဲလိမ့်မည်”ဟု သိတော်မူသဖြင့် ထိုမာရ်နတ်အပေါ်၌ သနားတော်မူသောကြောင့် တဖန် ဆွမ်းခံဝင်တော်မမူ)။

     ထိုသို့ မာရ်နတ် လျှောက်ထားသော ခဏမှာပင် ထိုသတို့သမီး ငါးရာတို့သည် ရွာတံခါးဝသို့ ရောက်လာကြ၍ မြတ်စွာဘုရားရှင်ကို ဖူးမြော်ရှိခိုးကြပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ရပ်တည်ကြလေကုန်၏။ မာရ်နတ်သည်လည်း မြတ်စွာဘုရားရှင်ကို “အရှင်ဘုရား.. ဆွမ်းကို မရရှိသော အရှင်ဘုရားတို့ကို ဆာလောင်မွတ်သိပ်ခြင်း ဆင်းရဲဒုက္ခသည် ပြင်းစွာ နှိပ်စက်အပ်လိမ့်မည် မဟုတ်ပါလော”ဟု လျှောက်ဆိုလေ၏။ မြတ်စွာဘုရားရှင်သည် “ဟယ်မာရယုတ်.. ငါတို့သည် ယနေ့ ဆွမ်းတစုံတရာကို မရသော်လည်း အာဘဿရဘုံသား မဟာဗြဟ္မာကြီးများကဲ့သို့ ဈာန်နှင့်ယှဉ်သော ပီတိသုခဖြင့်သာလျှင် အချိန်ကို ကုန်လွန်စေကုန်အံ့”ဟု မိန့်တော်မူပြီးလျှင် ဤတရားဂါထာကို ဟောကြားတော်မူလေ၏-

သုသုခံ ဝတ ဇီဝါမ၊ ယေသံ နော နတ္ထိ ကိဉ္စနံ။

ပီတိဘက္ခာ ဘဝိဿာမ၊ ဒေဝါ အာဘဿရာ ယထာ။

မာရ = ဟယ် မာရယုတ်..။ ယေသံ နော = အကြင် ငါတို့၏သန္တာန်၌။ ကိဉ္စနံ = ရာဂ,ဒေါသ စသည်များပြား ကြောင့်ကြမှု = ကိဉ္စနတရားသည်။ နတ္ထိ = တစိုးတစိ မရှိချေ။ တေ မယံ = ထိုငါတို့သည်။ သုသုခံ = ဆင်းရဲကင်းကွာ အလွန့်အလွန် ချမ်းသာစွာ။ ဇီဝါမ = အသက်ရှည်ထွေ တည်နေကြရပေကုန်၏။ ဒေဝါ အာဘဿရာ ယထာ = အာဘဿရဘုံသား ဗြဟ္မာကြီးများကဲ့သို့။ တေ မယံ = ထိုငါတို့သည်။ (အဇ္ဇ = ယနေ့ အတွက်တာ)။ ပီတိဘက္ခာ = သပ္ပီတိက ဈာန်ဖြင့်မျှ၍

၄၀၁

ပီတိသုခလျှင် အစာအာဟာရရှိကုန်သည်။ ဘဝိဿာမ = ဧကန်စင်စစ် ဖြစ်ကြကုန်အံ့။

     ဒေသနာနိဂုံး ဆုံးသောအခါ သတို့သမီး ငါးရာတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ (ဓမ္မပဒ ဋ္ဌ၊ ၂၊ ၁၅-သုခဝဂ်၊ စာမျက်နှာ ၁၆၇-မှ)။

မာရဝတ္ထု ပြီး၏။

**********

ကောသလမင်းကြီး၏ အသဒိသဒါနအကြောင်း

     အခါတပါး၌ မြတ်စွာဘုရားသည် ဒေသစာရီ လှည့်လည်တော်မူပြီး၍ ရဟန်းတော်အပေါင်း (၅၀၀)ငါးရာ ခြံရံအပ်လျက် ဇေတဝန်ကျောင်းတိုက်ကြီးသို့ ဝင်တော်မူလေ၏။ ပသေနဒီ ကောသလမင်းကြီးသည် ကျောင်းတိုက်သို့ သွားရောက်၍ မြတ်စွာဘုရားကို ပင့်ဖိတ်ပြီးလျှင် နောက်တနေ့၌ အာဂန္တုကအလှူ (=ခရီးရောက်စ သံဃာအား လှူအပ်သောအလှူ)ကို ကြီးကျယ်စွာ စီရင်၍ “ငါ၏ အလှူဒါနကို ကြည့်လှည့်ကြ”ဟု မြို့သူမြို့သား လူအများတို့ကို ဖိတ်ခေါ်လေ၏။

     မြို့သူမြို့သားတို့သည် လာရောက်၍ မင်းကြီး၏ အလှူဒါနကို မြင်ကြပြီးလျှင် အားကျမခံ နောက်တနေ့၌ မြတ်စွာဘုရားရှင်ကို ပင့်ဖိတ်ကြပြီးလျှင် အလှူဝတ္ထုများကို ပြည့်စုံစွာ စီမံကြပြီးနောက် “သမ္မုတိနတ် အရှင်မင်းမြတ်သည်လည်း အကျွန်ုပ်တို့၏ အလှူဒါနကို ကြွရောက် ရှုစားတော်မူပါ”ဟု မင်းကြီးအား ဖိတ်မန်ကြလေသည်။

     မင်းကြီးသည် ထိုမြို့သူမြို့သားတို့၏ အလှူဒါနကို မြင်ရ၍ “ဤမြို့သူမြို့သား လူအများတို့သည် ငါ၏အလှူထက် ထူးကဲသာလွန်သော အလှူဒါနကို ပြုအပ်ကြလေပြီ၊ ငါသည် တဖန် သူတို့ထက်သာလွန်သော အလှူဒါနကို ပြုပေအံ့”ဟု ကြံစည်၍ နောက်တနေ့၌လည်း အလှူကြီးစွာ စီမံ၍ မြို့သူမြို့သားများကို ဖိတ်ကြားပြီး လှူဒါန်းပြန်လေသည်။ မြို့သူမြို့သား လူအများတို့လည်း မင်းကြီး၏

၄၀၂

ထိုအလှူဒါနကို မြင်ကြရ၍ အားကျမခံ ထိုထက်သာလွန်အောင် နောက်တနေ့၌ အလှူကြီးစွာ စီမံကြ၍ မင်းကြီးကို ဖိတ်ကြားပြီး လှူဒါန်းကြပြန်လေသည်။ ဤနည်းဖြင့် မင်းကြီးကလည်း မြို့သူမြို့သားတို့ကို ရှုံးစေရန် မတတ်နိုင်ချေ။ မြို့သူမြို့သားတို့ကလည်း မင်းကြီးကို ရှုံးစေရန် မတတ်နိုင်ကြချေ။

     ထို့နောက် ခြောက်ကြိမ်မြောက် အလှူပွဲကြီး၌ မြို့သူမြို့သားတို့သည် အဆအရာ အဆအထောင် တိုးတက်ကြ၍ “ဤမြို့သူမြို့သားတို့၏ အလှူဒါန၌ ဤမည်သော အလှူဝတ္ထုတခုဖြင့် မရှိချေ”ဟု တဦး တယောက်ကမျှ မပြောဆိုနိုင်အောင် အလှူဝတ္ထုများကို စီမံကြလေကုန်၏။ မင်းကြီးသည် ထိုအလှူဒါနကို မြင်ရ၍ “ငါသည် အကယ်၍ ဤမြို့သူမြို့သားတို့၏ အလှူဒါနထက် ထူးချွန်သာလွန်အောင် မပြုလုပ် နိုင်လျှင် ငါ့အဖို့ရာ အသက်ရှင်ခြင်းဖြင့် အဘယ်အကျိုးရှိတော့အံ့နည်း”ဟု မြို့သူမြို့သားတို့၏ အလှူဒါနထက် သာလွန်ရန် နည်းလမ်းဥပါယ်ကို ကြံစည်လျက် သလွန်ညောင်စောင်း၌ လျောင်းတော်မူလေ၏။ ထိုအခါ မလ္လိကာမိဖုရားသည် မင်းကြီးထံ ဆည်းကပ်၍ “မြတ်သောမင်းကြီး.. အဘယ့်ကြောင့် ဤကဲ့သို့ လျောင်းတော်မူရသနည်း၊ အဘယ့်ကြောင့် အရှင်မင်းကြီး၏ မျက်စိ-စသော ဣန္ဒြေများသည် ညှိုးနွမ်းသကဲ့သို့ ဖြစ်ကြရပါကုန်သနည်း”ဟု မေးမြန်းလေ၏။ မင်းကြီးက“ရှင်မိဖုရား.. အကြောင်းကို သင်မသိဘူးလော”ဟု မေးတော်မူလေလျှင် “မသိပါ အရှင်မင်းကြီး..”ဟု မလ္လိကာမိဖုရားက ပြန်ကြား လျှောက်တင်လေ၏။ မင်းကြီးသည် မလ္လိကာမိဖုရားအား ထိုအကြောင်းကို ပြောကြားလေ၏။

မလ္လိကာမိဖုရား

အသဒိသအလှူဝတ္ထုများကို စီမံခန့်ခွဲခြင်း

     ထိုအခါ မင်းကြီးကို မလ္လိကာမိဖုရားသည် ဤသို့ ပြန်ကြားလျှောက်ထား ပြောဆိုလေသည်-

“အရှင်မင်းကြီး.. ထွေရာလေးပါး အကြံများမနေပါလင့်၊ အရှင်မင်းကြီးသည် အဘယ်မှာ ရေမြေကိုအစိုးရသော

၄၀၃

ပြည့်ရှင်မင်းက မြို့သူမြို့သားတို့မှ ရှုံးရသည်ကို မြင်ဘူး ကြားဘူးပါသနည်း။ ဘုရားကျွန်တော်မသည် အရှင်မင်းကြီး၏ အလှူဒါနကို စီမံခန့်ခွဲပါမည်”-

ဤသို့ မင်းကြီး၏ အသဒိသ အလှူဒါနကို စီမံခန့်ခွဲလိုသည့်အတွက် ဤသို့ အားပေးစကား ပြောကြားပြီးလျှင်-

“အရှင်မင်းကြီး.. သာလကလျာဏီ နံ့သာပျဉ်ချပ်တို့ဖြင့် ရဟန်းငါးရာတို့အတွက် ရွှေနန်းတော် မြေအဝန်း အတွင်း၌ ထိုင်နေတော်မူကြရန် မဏ္ဍပ်ကို ဆောက်လုပ်စေတော်မူပါ။ ကျန်သော လူပရိသတ်တို့သည် ရွှေနန်းတော် မြေအဝန်းအပြင်က နေကြပါလိမ့်မည်။

ထီးဖြူတော် ငါးရာတို့ကို ပြုလုပ်စေတော်မူပါ၊ ထိုထီးဖြူများကို နှာမောင်းဖြင့် ပွေ့ပိုက်ကုန်၍ ဆင်တော်ငါးရာတို့သည် ရဟန်းငါးရာတို့၏ ဦးထိပ်ပေါ်ဝယ် (ရဟန်းတပါးလျှင် ဆင်တကောင်ကျ) ဆောင်းမိုးကြလျက် ရပ်တည်ကြပါလိမ့်မည်။

ရွှေနီဖလံဖြင့်ပြီးသည့် ရွှေလှေ ရှစ်စင်း ဆယ်စင်းတို့ကို ပြုလုပ်စေတော်မူပါ၊ ထိုရွှေလှေများသည် မဏ္ဍပ်၏အလယ်၌ နံ့သာရည်ထည့်ရန် ဖြစ်ကြပါလိမ့်မည်။

ရဟန်း နှစ်ပါး နှစ်ပါးတို့၏ အကြားအကြား၌ မင်းသမီး တယောက် တယောက် ထိုင်နေကာ နံ့သာတို့ကို ကြိတ်ကြ သွေးကြပါလိမ့်မည်။ မင်းသမီး တယောက် တယောက်သည် ယပ်ဝန်းကို စွဲကိုင်၍ ရဟန်းတော် နှစ်ပါး နှစ်ပါးတို့ကို မပြတ်မလပ် ယပ်ခတ်လျက် တည်နေကြပါလိမ့်မည်။ ကြွင်းကျန်သော မင်းသမီးများသည် ကြိတ်ပြီး ကြိတ်ပြီးတိုင်းသော နံ့သာတို့ကို ယူဆောင်၍ ရွှေလှေတို့၌ ထည့်ကြရပါလိမ့်မည်။

ထိုမင်းသမီးတို့အနက် အချို့သော မင်းသမီးများက ကြာညိုပန်းစည်းတို့ကို စွဲကိုင်ကြကာ ထိုရွှေလှေများ၌

၄၀၄

ထည့်ထားပြီးသော နံ့သာတို့ကို နှောက်မွှေကြ၍ အထုံကို ယူစေကြရပါလိမ့်မည်။

မှန်ပါသည်- မြို့သူမြို့သားတို့မှာ မင်းသမီးများလည်း မရှိကြကုန်၊ ထီးဖြူများလည်း မရှိကြကုန်၊ ဆင်များလည်း မရှိကြကုန်၊ ဤအကြောင်းများကြောင့် မြို့သူမြို့သားတို့သည် ရှုံးကြပါလိမ့်မည်။

အရှင်မင်းကြီး.. ဤယခု ဘုရားကျွန်တော်မ လျှောက်ထားခဲ့သည့်အတိုင်းသာ စီမံပြုလုပ်တော်မူပါ”-

ဟု အကြံပေးစကား ဆက်၍ လျှောက်ထားလေ၏။ မင်းကြီးသည် “ကောင်းပါပြီ ရှင်မိဖုရား..၊ သင်သည် ကောင်းမြတ်သော အကြံပေးစကားကို ပြောကြားအပ်ပေသည်”ဟု ဝန်ခံကာ မလ္လိကာမိဖုရား ပြောကြားသော နည်းအတိုင်း အလုံးစုံကို ပြုလုပ်စေလေသည်။

     အထူးအားဖြင့် မလ္လိကာမိဖုရား အကြံပေးသည့်အတိုင်း ပြုလုပ်စေလေရာ ရဟန်းတပါးအတွက် ဆင်လိမ္မာတကောင်လို၍ နေလေသည်။ ထိုအခါ မင်းကြီးသည် မလ္လိကာမိဖုရားကို “ရှင်မိဖုရား.. ရဟန်းတော်တပါးအတွက် ဆင်လိမ္မာတကောင် လို၍နေသည်၊ ဘယ်သို့ ပြုကြရမည်နည်း”ဟု မေးမြန်းလေသော် မလ္လိကာမိဖုရားက “အရှင်မင်းကြီး.. ဆင်အကောင်ငါးရာ မရှိသလော”ဟု မေးမြန်းလေ၏။ “ရှင်မိဖုရား.. ရှိပါ၏၊ ကျန်သော ဆင်များသည် ဆင်ကြမ်းများသာ ဖြစ်ကြကုန်၏။ ထိုဆင်များသည် ရဟန်းတို့ကိုမြင်လျှင်ပင် ဝေရမ္ဘလေကဲ့သို့ အလွန်ကြမ်းတမ်းကုန်၏”ဟု မင်းကြီးက ပြောဆိုသည်တွင် မလ္လိကာမိဖုရားက “အရှင်မင်းကြီး.. အကျွန်ုပ်သည် ဆင်ကြမ်းငယ်တကောင်၏ ထီးဖြူကို နှာမောင်းဖြင့်ပွေ့ပိုက်၍ ရပ်တည်ရမည့်နေရာကို စဉ်းစားမိပြီ”ဟု ပြန်ကြားလျှောက်ထားလေ၏။ မင်းကြီးက “ထိုဆင်ကြမ်းငယ်ကို အဘယ်နေရာ၌ ထားကြရမည်နည်း”ဟု မေးသည်တွင် မလ္လိကာမိဖုရားက “အရှင်အင်္ဂုလိမာလမထေရ်၏

၄၀၅

အနီး၌ ထားကြရပါမည်”ဟု ပြန်လည်ဖြေကြား လျှောက်ထားလေ၏။

     မင်းကြီးသည် မလ္လိကာမိဖုရား အကြံပေးသည့်အတိုင်း ပြုလုပ်စေလေ၏။ ဆင်ကြမ်းငယ်သည် မြီးထူးကို ပေါင်ကြား၌သွင်း၍ နားနှစ်ဖက်တို့ကို ချပြီးလျှင် မျက်စိများကိုမှိတ်လျက် ငြိမ်သက်စွာ ရပ်တည်နေလေ၏။ လူများအပေါင်းသည် “ဤသို့စင် ကြမ်းတမ်းလှသော ဆင်၏သော်မှ ဤသို့ ယဉ်ကျေးသိမ်မွေ့ ငြိမ်သက်သောအခြင်းအရာ ဖြစ်ဘိ၏”ဟု ဆင်ကိုသာလျှင် တအံ့တဩ ကြည့်ရှုနေကြလေသည်။

     မင်းကြီးသည် မြတ်စွာဘုရား အမှူးပြုသော ရဟန်းအပေါင်းကို ပြုစုလုပ်ကျွေး၍ မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင်-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤအလှူတင်းကုပ် မဏ္ဍပ်၌ ရဟန်းတို့အား အပ်စပ်သော = ကပ္ပိယဘဏ္ဍာ, ရဟန်းတို့အား မအပ်စပ်သော = အကပ္ပိယဘဏ္ဍာ နှစ်မျိုးလုံးကိုပင် အရှင်ဘုရားတို့အား လှူဒါန်းပါ၏”-

ဟု လျှောက်ထား လှူဒါန်းလေ၏။ အထူးအားဖြင့် ထိုအသဒိသ အလှူကြီး၌ တနေ့တည်းဖြင့်ပင် စွန့်ကြဲလှူဒါန်းအပ်သော ဥစ္စာသည် တဆယ့်လေးကုဋေ တန်ဖိုးရှိလေသည်။ မြတ်စွာဘုရားရှင်အတွက် လှူဒါန်းအပ်သော (၁) ထီးဖြူ (၂) ထိုင်နေရာပလ္လင်တော် (၃) သပိတ်ခြေ (၄) ခြေတော်ဆေးပြီးလျှင် နင်းစရာ အင်းပျဉ် = ဤလေးမျိုးတို့ကား အဖိုးအနဂ္ဃ ထိုက်တန်ကုန်၏။ နောက်တဖန် ဤသို့သော အလှူဝတ်တို့ကို ပြုလုပ်စီမံ၍ မြတ်စွာဘုရားရှင်တို့အား အလှူဒါနမည်သည်ကို ပေးလှူခြင်းငှါ မစွမ်းနိုင်၊ ထို့ကြောင့်ပင် ထိုကောသလမင်းကြီး၏ အလှူသည် အသဒိသဒါန = အတူမရှိသော အလှူကြီးဟူ၍ သာသနာတော်ဝယ် ထင်ရှားလေသည်။

အထူးအားဖြင့် ထိုအသဒိသဒါနသည် ခပ်သိမ်းသော ဘုရားရှင်တိုင်းအား တကြိမ်သာလျှင် ဖြစ်မြဲဓမ္မတာတည်း၊

၄၀၆

ဘုရားရှင်တိုင်းအား တကြိမ် တကြိမ်သာ ဖြစ်မြဲဓမ္မတာဖြစ်သော ထိုအသဒိသ ဒါနများကိုလည်း မာတုဂါမ မင်းမိန်းမ ပညာရှင်သာလျှင် စီမံခန့်ခွဲ၏။

ဇုဏှအမတ်နှင့် ကာဠအမတ်တို့အကြောင်း

     ပသေနဒီ ကောသလမင်းကြီးမှာ ဇုဏှအမတ်, ကာဠအမတ်ဟူ၍ မင်းတိုင်ပင်အမတ် နှစ်ဦးတို့ ရှိကြလေသည်။ ထိုသူနှစ်ဦးတို့တွင် ကာဠအမတ်သည် ဤသို့ ဆင်ခြင်စဉ်းစား၏-

“ဩ.. မင်းကြီးနန်းတော်၏ ဆုတ်ယုတ်ခြင်း ဆုံးရှုံးခြင်းသည် ဖြစ်ခဲ့လေပြီတကား၊ တနေ့တည်း တရက်တည်းဖြင့်ပင် တဆယ့်လေးကုဋေသော ဥစ္စာသည် ကုန်ခန်းခြင်းသို့ ရောက်ခဲ့လေ၏။ ဤရဟန်းတို့သည် ဤမင်းကြီး၏အလှူကို ခံယူသုံးဆောင်၍ ကျောင်းသို့ ပြန်သွားပြီးလျှင် စင်းစင်းကြီး အိပ်ကြကုန်တော့မည်၊ ဩ.. မင်း၏ ရွှေနန်းတော်မှာ ပျက်စီးခြင်းမလှ ပျက်စီးပါပကော”-

ဟု ကြံစည် စဉ်းစားလေသည်၊ ဇုဏှအမတ်ကမူ ဤသို့ ကြံစည်ဆင်ခြင်၏-

“ဩ.. မင်းကြီးသည် အလှူဒါနကို ကောင်းမွန်အောင်မြင်စွာ ပေးလှူအပ်လေပြီတကား၊ မှန်၏- မင်းအဖြစ်၌ မတည်သောသူ (မင်းမဟုတ်သောသူ)သည် ဤသို့သော အလှူဒါနကို မပေးလှူနိုင်ချေ၊ ခပ်သိမ်းသော သတ္တဝါတို့အား အလှူ၏အဖို့ဘာဂ အမျှကိုမပေးသော အလှူရှင်မည်သည် မရှိ၊ ငါသည် မင်းကြီး၏ အလွန်မွန်မြတ်သော အသဒိသအလှူဒါနကြီးကို ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ပါ၏၊ သာဓု သာဓု သာဓု”-

ဤကဲ့သို့ ဇုဏှအမတ်သည် ကြံစည်ဆင်ခြင် ဝမ်းမြောက်လေ၏။ မြတ်စွာဘုရားရှင်၏ ဆွမ်းကိစ္စ ပြီးဆုံးသောအခါ၌ ပသေနဒီ ကောသလမင်းကြီးသည် အနုမောဒနာတရား နာယူရန် ရေစက်ခွက်ကို ကိုင်ယူပြင်ဆင်လေ၏။ မြတ်စွာဘုရားရှင်သည်-

၄၀၇

“မင်းကြီးကား ကြီးစွာသော ရေအယဉ်ကို လိမ့်၍ လိမ့်၍ စီးစေသကဲ့သို့ ကြီးစွာသော အလှူဒါနကို ပေးလှူအပ်လေပြီ၊ လူများအပေါင်းသည် စိတ်ကို ကြည်လင်စေခြင်းငှါ စွမ်းနိုင်၏လော၊ သို့မဟုတ် မစွမ်းနိုင်သလော”-

ဟု ဆင်ခြင်တော်မူလတ်သော် ထိုအမတ်နှစ်ဦးတို့၏ စိတ်ဖြစ်ပုံကို သိတော်မူ၍ “အကယ်၍ ငါဘုရားသည် မင်းကြီး၏အလှူဒါနနှင့် လိုက်လျောအောင် အနုမောဒနာတရား အကျယ်အားဖြင့် ဟောကြားခဲ့လျှင် ကာဠအမတ်၏ ဦးခေါင်းသည် ခုနစ်စိတ် ကွဲပေလိမ့်မည်၊ ဇုဏအမတ်မူကား သောတာပတ္တိဖိုလ်၌ တည်ပေလိမ့်မည်”ဟု ဆက်၍ သိတော်မူပြီးလျှင် ကာဠအမတ်၌ သနားသမှု အကြောင်းပြု၍ ဤသို့စင် ကြီးစွာသော အလှူဒါနကို ပေးလှူ၍တည်သော မင်းကြီးအား စတုပ္ပဒိက = လေးပါဒသာရှိသည့် ဂါထာတပုဒ်မျှကိုသာ ဟောတော်မူ၍ နေရာမှ ထပြီးလျှင် ကျောင်းတော်သို့ ကြွတော်မူလေ၏။

အရှင်အင်္ဂုလိမာလမထေရ်၏ ရဲရင့်သောစိတ်

     ကျောင်းတော်သို့ ရောက်သောအခါ ရဟန်းတော် အရှင်မြတ်တို့က အရှင်အင်္ဂုလိမာလမထေရ်ကို “ငါ့ရှင်.. သင်သည် ထီးဆောင်းပေးနေသော ဆင်ကြမ်းကိုမြင်ရတော့ မကြောက်ဘူးလော”ဟု မေးကြကုန်၏၊ အရှင်အင်္ဂုလိမာလမထေရ်က “ငါ့ရှင်တို့.. မကြောက်ပါ”ဟု ဆိုလတ်သော် ရဟန်းတို့သည် မြတ်စွာဘုရားရှင်ထံ ချဉ်းကပ်ကြ၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်အင်္ဂုလိမာလမထေရ်သည် အရဟတ္တဖိုလ်ကို ဝန်ခံ ပြောကြားဘိသည်”ဟု ကဲ့ရဲ့ရှုတ်ချ လျှောက်ထားကြလေကုန်၏။

     မြတ်စွာဘုရားရှင်သည် “ရဟန်းတို့.. အင်္ဂုလိမာလသည် တကယ်ပင် မကြောက်ချေ။ မှန်၏- ရဟန္တာပုဂ္ဂိုလ်မြတ်တို့အလယ်တွင် ကြီးကဲလွန်မြတ်သည့် ပုဂ္ဂိုလ်မြတ်ဖြစ်ကြသည့် ငါ့သားတော်နှင့်တူသော ရဟန်းတို့သည် မကြောက်ကြကုန်”ဟု မိန့်တော်မူ၍ ဗြာဟ္မဏဝဂ်လာ ဤဆိုလတ္တံ့သော ဂါထာကို ဟောတော်မူ၏-

၄၀၈

ဥသဘံ ပဝရံ ဝီရံ၊ မဟေသိံ ဝိဇိတာဝိနံ။

အနေဇံ နှာတကံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

(ဘိက္ခဝေ = ရဟန်းတို့..)။ ဥသဘံ = တုန်လှုပ်ခြင်းကင်း ရဲတင်းစွာလှ ဥသဘနွားမင်းနှင့်တူသော။ ပဝရံ = မြတ်သော။ ဝီရံ = သမ္မပ္ပဓာန်လုံ့လ ဝီရိယနှင့် ပြည့်စုံသော။ မဟေသိံ = သီလက္ခန္ဓ စသည်ကျေးဇူး ဂုဏ်အထူးကို ဆည်းပူးရှာမှီး လေ့ကျက်ပြီးသော။ ဝိဇိတာဝိနံ = ဒေဝပုတ္တ ကိလေသနှင့် အဘိသင်္ခါရမာရ် ဤသုံးတန်ကို တွန်းလှန်ပယ်နှင် အောင်ပွဲယင်ပြီးသော။ အနေဇံ = ဘဝတဏှာ ဧဇာခပ်သိမ်း ငြိမ်းအေးပြီးသော။ နှာတကံ = ကိလေသာအညစ်အကြေးကို မဂ်ရေစင်ဖြင့် ဆေးကြောသုတ်သင်ပြီးသော။ ဗုဒ္ဓံ = သစ္စာလေးပါးတရားကို သိမြင်ပြီးသော။ တံ = ထိုအာသဝေါကုန်ခန်း ရဟန္တာပုဂ္ဂိုလ်ကို။ အဟံ = ငါဘုရားသည်။ ဗြာဟ္မဏံ = ပရမတ္ထ ဗြာဟ္မဏဟူ၍။ ဗြူမိ = ယထာဘူတ သဘာဝအား ဟောကြားပေ၏။

အမတ်နှစ်ဦး၏ ဖြစ်ပုံအလား

     ပသေနဒီ ကောသလမင်းကြီးသည်လည်း နှလုံးမသာမယာခြင်းသို့ရောက်လျက် “ဤသို့သဘောရှိသော ပရိသတ်၌ ကြီးစွာသော အလှူဒါနကို ပေးလှူ၍တည်သော ငါ့အား အလှူကြီးနှင့် လိုက်လျောအောင် အနုမောဒနာတရား မဟောကြားပဲ ဂါထာလေး တပုဒ်မျှကိုသာ ဟောကြားပြီးလျှင် မြတ်စွာဘုရားသည် နေရာမှထ၍ ကြွတော်မူခဲ့လေပြီ။ ငါသည် မြတ်စွာဘုရားအား လျောက်ပတ်သော အလှူဒါနကို မပြုမူ၍ မလျောက်ပတ်သော အလှူဒါနကို ပြုအပ်သည် ဖြစ်လိမ့်မည်၊ အပ်သောဘဏ္ဍာကို မလှူပဲ မအပ်သောဘဏ္ဍာကို လှူအပ်သည် ဖြစ်လိမ့်မည်၊ မြတ်စွာဘုရားသည် ငါ့အား အမျက်ထွက်တော်မူသည် ဖြစ်လေရာ၏။ မှန်၏- ဤသည့် ငါယခု လှူဒါန်းအပ်သော အလှူဒါနသည် အသဒိသဒါန မည်ပေသည်၊ (သို့ရကား) အသဒိသဒါနနှင့် သင့်လျော်

၄၀၉

လျောက်ပတ်သော အနုမောဒနာတရား ဟောကြားသင့်ပေ၏”ဟု ကြံစည်ကာ ကျောင်းတော်သို့ သွားရောက်၍ မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင်-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် လှူသင့်သော အလှူဒါနကို မလှူအပ်ပါသလော၊ သို့မဟုတ် ဒါနအားလျော်သော (ပေးလှူရန် သင့်လျော်သော) ကပ္ပိယဘဏ္ဍာကို မပေးလှူမိပဲ အကပ္ပိယဘဏ္ဍာကိုသာ လှူအပ်မိပါသလော”-

ဟု မေးမြန်းလျှောက်ထားလေ၏။ “မြတ်သောမင်းကြီး.. ဤသို့ လျှောက်ထားခြင်းသည် အဘယ့်ကြောင့်နည်း”ဟု မြတ်စွာဘုရားရှင်က မေးအပ်သည်တွင် ကောသလမင်းကြီးသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်ဘုရားတို့သည် အကျွန်ုပ်၏ အသဒိသဒါနကြီးနှင့် လိုက်လျော လျောက်ပတ်သော အနုမောဒနာတရား မဟောကြားအပ်ပါကုန်”ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ကောသလမင်းကြီးကို-

“မြတ်သောမင်းကြီး.. သင်သည် လှူရန်သင့်လျော်သော အလှူဒါနကိုပင် လှူအပ်ပေပြီ၊ မှန်၏- ယခု သင်လှူသော အလှူဒါနသည် အသဒိသဒါနကြီးမည်၏၊ ဤအသဒိသ အလှူကြီးကို တဆူတဆူသော ဘုရားရှင်အား တကြိမ်တကြိမ်သာ လှူဒါန်းနိုင်၏၊ နောက်တဖန် ဤသို့သော အသဒိသဒါနကိုလှူရန် လွယ်ကူသည်မဟုတ်”-

ဟု မိန့်ကြားတော်မူလေလျှင် ကောသလမင်းကြီးသည် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ထိုသို့ဖြစ်ပါလျက် အရှင်ဘုရားတို့သည် အဘယ့်ကြောင့် တပည့်တော်အား အသဒိသအလှူကြီးနှင့် လိုက်လျောအောင် အနုမောဒနာတရား မဟောကြားကြပါသနည်း”ဟု မေးမြန်း လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်က “မြတ်သောမင်းကြီး.. ပရိသတ် မစင်ကြယ်သောကြောင့်”ဟု အကြောင်းကို မိန့်သည်တွင် ကောသလမင်းကြီးသည်

၄၁၀

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ပရိသတ်၏အပြစ်ကား အဘယ်ပါနည်း”ဟု မေးမြန်းလျှောက်ထား လေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် မင်းကြီးအား အမတ်နှစ်ဦးတို့၏ စိတ်ဖြစ်ပုံကို ပြန်ကြားမိန့်တော်မူပြီးလျှင် ကာဠအမတ်၌ သနားသမှု အကြောင်းပြု၍ အနုမောဒနာတရား အကျယ်မဟောကြားသောအဖြစ်ကို မိန့်ဆိုတော်မူလေ၏။ ထိုအခါ ကောသလမင်းကြီးသည် “ကာဠ.. သင် ဤကဲ့သို့ ကြံစည်အပ်သည် မှန် သလော”ဟု မေးမြန်း၍ “မှန်ပါသည်”ဟု ကာဠအမတ်က လျှောက်ဆိုအပ်လေသော် မင်းကြီးသည်-

“သင့်ဥစ္စာကို ငါသည် တပြားတချပ်မျှ မယူပဲ ငါ၏သားမယားတို့နှင့် အတူတကွ ငါသည် မိမိဥစ္စာကို ပေးလှူသည်ရှိသော် (=ပေးလှူသည့်အတွက်) သင့်အား ဘာများ နှိပ်စက်မှုရှိသနည်း။ အမောင်ကာဠအမတ်.. သွားလော့၊ သင့်အား ငါပေးအပ်ပြီးသော စည်းစိမ်သည် ပေးအပ်ပြီးပင် ဖြစ်ပစေ (=ပြန်၍မသိမ်းဟု ဆိုလိုသည်)၊ စင်စစ်သော်ကား သင်သည် ငါ၏ တိုင်းနိုင်ငံအတွင်းမှ ယနေ့ပင် ထွက်သွားလော့”-

ဟု ကာဠအမတ်ကို ပြည်နှင်ဒဏ်ခတ်ပြီးလျှင် ဇုဏှအမတ်ကို ခေါ်စေ၍ “ဇုဏှ.. သင် ဤကဲ့သို့ ကြံစည်အပ်သည် မှန်သလော”ဟု မေးမြန်း၍ “မှန်ပါသည်”ဟု ဇုဏှအမတ်က လျှောက်ဆိုအပ်လေသော် မင်းကြီးသည်-

“သာဓု သာဓု ဦးလေး..၊ ကျွန်ုပ်သည် ဦးလေးကို ကြည်ညိုပါ၏။ ဦးလေးသည် ကျွန်ုပ်၏အခြံအရံ လူများကို ယူပြီးလျှင် ကျွန်ုပ်လှူသောနည်းအတိုင်းပင် ခုနစ်ရက်ပတ်လုံး အလှူဒါနကို ပေးလှူပါလော့”-

ဟု ပြောဆိုကာ ဇုဏှအမတ်အား ခုနစ်ရက် မင်းစည်းစိမ်ကို အပ်နှင်းပြီးနောက် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. လူမိုက်၏ ပြုပုံကို ရှုတော်မူပါကုန်လော့၊

၄၁၁

သူကား တပည့်တော် ဤကဲ့သို့လှူအပ်သော အလှူဒါန၌ ထိပါးပုတ်ခတ်မှုကို ပေးသောသူ ဖြစ်ချေသည်”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်သည်“အိမ်း ဟုတ်ပေသည် မြတ်သောမင်းကြီး.. လူမိုက်တို့မည်သည် သူတပါး၏ အလှူဒါနကို မနှစ်သက်နိုင်ကြ ကဲ့ရဲ့ရှုတ်ချကြသောကြောင့် အပါယ်ဘူမိ ဒုဂ္ဂတိသာ နောက်ဆုံးလားရာ ရှိကြကုန်၏။ ပညာရှိ သူတော်ကောင်းတို့သည်ကား သူတပါးတို့၏ အလှူဒါနကိုလည်း ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ကုသိုလ်တရား ပွါးများကြ၍ လူ့ရပ်နတ်ရွာ ကောင်းရာသုဂတိလျှင် နောက်ဆုံး လားရာရှိကြကုန်၏”ဟု မိန့်တော်မူ၍ ဤတရားဂါထာကို ဟောကြားတော်မူလေ၏-

န ဝေ ကဒရိယာ ဒေဝလောကံ ၀ဇန္တိ၊

ဗာလာ ဟဝေ နပ္ပသံသန္တိ ဒါနံ။

ဓီရော စ ဒါနံ အနုမောဒမာနော၊

တေနေဝ သော ဟောတိ သုခီ ပရတ္ထ။

(မဟာရာဇ = မြတ်သောမင်းကြီး..)။ ဝေ = စင်စစ်။ ကဒရိယာ = ကြမ်းခက်လှငြား မစ္ဆရိယသမားတို့သည်။ ဒေဝလောကံ = နတ်ပြည်လောကသို့။ န ဝဇန္တိ = မလားရောက်ရကုန်။ ဗာလာ = ပစ္စုပ္ပန် တမလွန် နှစ်တန်သော လောကကို မသိကြသော လူမိုက်တို့သည်။ ဟဝေ = စင်စစ်။ ဒါနံ = အလှူဒါနကို။ နပ္ပသံသန္တိ = မချီးမွမ်း ဝမ်းမမြောက်နိုင်ကြကုန်။ ဓီရော စ-ဓီရော ဧဝ = ရှေ့နောက်အရေး ထောက်တွေးမြော်မြင် ပညာ့ရှင်သည်သာလျှင်။ ဒါနံ = အလှူဒါနကို။ အနုမောဒမာနော = နှစ်လိုအားရမ်း ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ပြုနိုင်၏။ သော = ထိုပညာရှင်သည်။ တေနေဝ = ထိုသို့ သူတပါးလှူအပ်သည့် ဒါနများကို အားရဝမ်းသာ သာဓုအနုမောဒနာပြုရသော ကောင်းမှုကြောင့်ပင်လျှင်။ ပရတ္ထ = သေပြီးနောက်ခါ ထက်နတ်ရွာ၌။

၄၁၂

သုခီ = နတ်စည်းစိမ်ကို ခံစားကာ လွန်စွာ ချမ်းသာခြင်းရှိသည်။ ဟောတိ = ဖြစ်၏။

     ဒေသနာနိဂုံး ဆုံးလတ်သောအခါ ဇုဏှအမတ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏ (=သောတာပန်အရိယာ ဖြစ်လေ၏)။ ရောက်ဆိုက်လာသော တရားနာပရိသတ် အဖို့ရာလည်း အကျိုးရသော တရားဒေသနာ ဖြစ်လေ၏။

     ဇုဏှအအမတ်သည်လည်း သောတာပန်အရိယာ ဖြစ်ပြီးလျှင် မင်းအချီးအမြှောက်ကို ခံယူရရှိကာ ခုနစ်ရက်ပတ်လုံး မင်းကြီး ပေးလှူအပ်သော နည်းအတိုင်းပင်လျှင် အလှူကြီးစွာ လှူဒါန်းရလေသည်။

ကောသလမင်းကြီး၏ အသဒိသဒါနအကြောင်း ပြီး၏။

**********

ကောသလမင်းကြီး၏ အသဒိသဒါနကို အကြောင်းပြု၍

သိဝိဇာတ်နှင့် အာဒိတ္တဇာတ်ကို ဟောတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် “န ဝေ ကဒရိယာ ဒေဝလောကံ ဝဇန္တိ” အစရှိသော ဤဂါထာဖြင့် တရားဟောတော်မူသောအခါ ပသေနဒီ ကောသလမင်းကြီးသည် အလွန် ကြည်ညိုလှ၍ အဖိုးတသိန်းထိုက်တန်သော သိဝိတိုင်းဖြစ် အပေါ်ရုံအဝတ်ဖြင့် မြတ်စွာဘုရားကို ပူဇော်ပြီးလျှင် မြို့တွင်းသို့ ဝင်လေ၏။

     နောက်တနေ့၌ ဓမ္မသဘင်ဝယ် ရဟန်းတို့သည် “ငါ့ရှင်တို့.. ကောသလမင်းကြီးသည် အသဒိသအလှူကြီးကို ပေးပြီးနောက် ထိုသို့သော ဒါနဖြင့်လည်း မရောင့်ရဲ တင်းမတိမ်နိုင်သည်ဖြစ်၍ မြတ်စွာဘုရားရှင်က တရားဟောအပ်သည်ရှိသော် တဖန်ထပ်၍ အဖိုးတသိန်းထိုက်တန်သော သိဝိတိုင်းဖြစ် အပေါ်ရုံအဝတ်ကို လှူပြန်လေသည်။ ငါ့ရှင်တို့.. မင်းကြီးသည် အလှူဒါနဖြင့် အလွန့်အလွန် မရောင့်ရဲပေစွာ့တကား”ဟု ဆွေးနွေးစကား ဖြစ်ပွါးစေကြလေသည်။ မြတ်စွာဘုရား ကြွလာတော်မူ၍ အကြောင်းကို

၄၁၃

မေးသဖြင့် ပြန်ကြား လျှောက်ထားအပ်လေသော် မြတ်စွာဘုရားရှင်သည်-

“ရဟန်းတို့.. အပြင်အပ ဗာဟိရ ဥစ္စာမည်သည်ကို ပေးလှူအပ်လွယ်ပေ၏။ ရှေးပညာရှိ ဘုရားအလောင်း သူတော်ကောင်းတို့သည် ဇမ္ဗူဒိပ်တကျွန်းလုံးကို ထွန်တုံးပိတ်အောင်ပြုကာ နေ့စဉ်နေ့စဉ် ခြောက်သိန်း ခြောက်သိန်းသော ဥစ္စာကို စွန့်သဖြင့် အလှူဒါနကို ပေးလှူရသော်လည်း အပြင်အပ ဗာဟိရဒါနဖြင့် မရောင့်ရဲကြပဲ ‘မိမိနှစ်သက်အပ်သော ဝတ္ထုကို ပေးလှူသောသူသည် မိမိနှစ်သက်အပ်သော အကျိုးထူးကို ရနိုင်၏’ဟု မမှိတ်မသုန် ယုံကြည်တော်မူကြကာ မိမိတို့ထံမှောက်သို့ ရောက်လာသော အလှူခံပုဂ္ဂိုလ်တို့အား မျက်လုံးတော်အစုံတို့ကို ထုတ်၍ လှူဖူးတော်မူကြကုန်ပြီ”-

ဟု မိန့်တော်မူပြီးလျှင် ရဟန်းတော်တို့ တောင်းပန်အပ်ရကား အတိတ်ဖြစ်ရပ် (ဝီသတိနိပါတ်လာ) သိဝိဇာတ်ကို ဟောကြားတော်မူလေသည်။

အာဒိတ္တဇာတ်ကို ဟောတော်မူခြင်း

     ကောသလမင်းကြီး အသဒိသအလှူကြီး ပေးလှူပြီး နောက်တနေ့ဝယ် ဓမ္မသဘင်၌ ရဟန်းတို့သည် “ငါ့ရှင်တို့.. ကောသလမင်းကြီးသည် ရွေးချယ် စိစစ်ပြီးမှသာ ကောင်းမှုမျိုးကို စိုက်ပျိုးကြဲချရာ လယ်ယာကောင်းကို ကိုယ်တိုင်သိရှိပြီး မြတ်စွာဘုရား အမှူးပြုသော အရိယာ သံဃာတော်အပေါင်းအား အသဒိသ အလှူ ကြီးကို ပေးလှူခဲ့လေပြီ”ဟု ဆွေးနွေးစကား ဖြစ်ပွါးစေကြလေသည်။

     မြတ်စွာဘုရား ကြွလာတော်မူ၍ အကြောင်းကို မေးသဖြင့် ပြန်ကြား လျှောက်ထားအပ်လေသော် မြတ်စွာဘုရားရှင်သည်-

“ရဟန်းတို့.. ယခုအခါ ကောသလမင်းကြီး၏ ရွေးချယ်စိစစ်ပြီးမှ အတုမရှိ လွန်မြတ်သော ကောင်းမှုမျိုးကို

၄၁၄

စိုက်ပျိုးကြဲချရာ သာသနာလယ်မြေကောင်း၌ အသဒိသ အလှူဒါနမျိုးစေ့ကို တည်ထားကြဲချခြင်းကား မအံ့ဩလောက်သေး၊ ရှေးပညာရှိ သူတော်ကောင်း ဘုရားအလောင်းတို့သည်လည်း ရွေးချယ် စိစစ်ပြီးမှသာလျှင် ကြီးစွာသော အလှူဒါနကို ပေးလှူခဲ့ဖူးကြလေပြီ”-

ဟု မိန့်တော်မူပြီးလျှင် ရဟန်းတော်တို့ တောင်းပန်အပ်ရကား အတိတ်ဖြစ်ရပ် (အဋ္ဌကနိပါတ်လာ) အာဒိတ္တဇာတ်ကို ဟောကြားတော်မူလေသည်။

(ထိုဝီသတိနိပါတ် သိဝိဇာတ်နှင့် အဋ္ဌကနိပါတ် အာဒိတ္တဇာတ် အကြောင်းအရာ အကျယ်ကို ငါးရာ့ငါးဆယ် စကားပြေကျမ်းတို့မှ ထုတ်ယူမှတ်သားကုန်ရာ၏)။

သိဝိဇာတ်နှင့် အာဒိတ္တဇာတ် ဟောတော်မူခြင်းအကြောင်း ပြီး၏။

**********

တိတ္ထိတို့ကိုကိုးကွယ်သော ဂရဟဒိန္နနှင့်

မြတ်စွာဘုရားကိုကိုးကွယ်သော သိရိဂုတ္တ

အဆွေခင်ပွန်းနှစ်ဦးတို့အကြောင်း

ဂရဟဒိန္နဝတ္ထု

     သာဝတ္ထိပြည်၌ သိရိဂုတ္တ သူကြွယ်နှင့် ဂရဟဒိန္န သူကြွယ်ဟူ၍ သူငယ်ချင်းနှစ်ဦးတို့ ရှိကြလေသည်။ ထိုသူနှစ်ဦးတို့တွင် သိရိဂုတ္တသူကြွယ်ကား မြတ်စွာဘုရား၏ တပည့်သာဝကဖြစ်၍ ဂရဟဒိန္နသူကြွယ်ကား တက္ကတွန်း၏ တပည့်ဖြစ်လေသည်။ ဂရဟဒိန္နသူကြွယ်ကို သူ၏ဆရာ တက္ကတွန်းတို့က-

“သင်၏ သူငယ်ချင်းဖြစ်သော သိရိဂုတ္တကို ‘သူငယ်ချင်း.. သင်သည် အဘယ့်ကြောင့် ရဟန်းဂေါတမကို ဆည်းကပ်ဘိသနည်း၊ ထိုရဟန်းဂေါတမအထံ၌ အဘယ်အရာကို ရလိမ့်မည်နည်း’ဟု ပြောကြားပြီးလျှင် အကြင်နည်းဖြင့် ဆုံးမအပ်သည်ရှိသော် သိရိဂုတ္တသည် ငါတို့ထံသို့

၄၁၅

ဆည်းကပ်၍ ငါတို့အားလည်း လှူဖွယ်ဝတ္ထုကို ပေးလှူပေလိမ့်မည်၊ ထိုနည်းဖြင့် ဆုံးမခြင်းငှါ မသင့်ဘူးလော”-

ဟူ၍ အမြဲမပြတ် ပြောဆိုကြကုန်၏။ ဂရဟဒိန္နသူကြွယ်သည် ထိုမိမိဆရာ တက္ကတွန်းတို့၏စကားကို အဖန်ဖန်ကြားရ၍ အမြဲမပြတ် သွားရောက်ပြီးလျှင် ရပ်ရာဌာန, ထိုင်ရာဌာန- စသည်တို့၌ သူငယ်ချင်း သိရိဂုတ္တသူကြွယ်ကို-

“သူငယ်ချင်း.. သင့်အဖို့ရာ ရဟန်းဂေါတမဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ထိုရဟန်းဂေါတမကို ဆည်းကပ်၍ အဘယ်အကျိုးကို ရလိမ့်မည်နည်း၊ သင့်အဖို့ရာ ငါ၏အရှင် ဆရာတက္ကတွန်းတို့ကို ဆည်းကပ်၍ ထိုငါ၏ဆရာ တက္ကတွန်းတို့အား အလှူဒါနကို ပေးလှူခြင်းငှါ မသင့်သလော”-

ဟု ဆုံးမသောအနေ ပြောကြားလေ၏။ သိရိဂုတ္တသူကြွယ်သည် ထိုဂရဟဒိန္န၏စကားကို ကြားရ၍လည်း ရက်ပေါင်းများစွာ မပြောမဖြေ ဆိတ်ဆိတ်သာ နေခဲ့ရာမှ ပြောဖန်များလှ၍ နားငြီးပြီးလျှင် တနေ့သ၌ ဂရဟဒိန္နကို-

“သူငယ်ချင်း.. သင်သည် အမြဲမပြတ် ငါ့ထံသို့လာ၍ ငါ့ကို ရပ်ရာဌာန, ထိုင်ရာဌာန- စသည်တို့၌ ‘ရဟန်းဂေါတမကို ဆည်းကပ်၍ အဘယ်အကျိုးကို ရလိမ့်မည်နည်း၊ ငါ၏အရှင် ဆရာတက္ကတွန်းတို့ကို ဆည်းကပ်၍ ထိုဆရာတက္ကတွန်းတို့အား အလှူဒါနကို ပေးလှူလော့’ဟု ပြောဆိုလာ၏။ (လှူရေးတန်းရေးထက်) ရှေးဦးစွာ ‘သူငယ်ချင်း၏ အရှင်ဆရာ တက္ကတွန်းတို့သည် အဘယ်တရားကို သိကြသည်’ဟူသော ဤအချက်ကို ငါ့အား ပြောပြပါဦးလော့”-

ဟု ပြောဆို စကားတုံ့ပေးလေ၏။ ထိုအခါ ဂရဟဒိန္နသူငယ်ချင်းသည် သိရိဂုတ္တသူကြွယ် သူငယ်ချင်းကို-

၄၁၆

“ဩ.. အံ့ပါဘိ အရှင်သူကြွယ်မင်း..။ ဤကဲ့သို့ မပြောပါလင့်၊ ငါ၏အရှင် ဆရာတက္ကတွန်းတို့အဖို့ရာ မသိအပ်သောအရာဟူ၍ မရှိချေ၊ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့သော ကာလသုံးပါး တရားအားလုံးကို၎င်း ပြုသမျှ ပြောသမျှ ကြံသမျှ = ကာယကံ ၀စီကံ မနောကံ အားလုံးကို၎င်း ‘ဤအရာသည် ဖြစ်လိမ့်မည်၊ ဤအရာသည် ဖြစ်လိမ့်မည်မဟုတ်’ဟု ဖြစ်ထိုက် မဖြစ်ထိုက် အားလုံးကို၎င်း အကုန်အစင် သိမြင်တော်မူကြကုန်၏”-

ဟူ၍ ပြောဆိုလေသော် သိရိဂုတ္တသူငယ်ချင်းက “သူငယ်ချင်း.. မင်း ဒီလိုပြောသလား”ဟု စကားကို ချည်လေ၏။ ဂရဟဒိန္န သူငယ်ချင်းကလည်း “အိမ်း.. ဒီလိုပြောသည်”ဟု ရဲရဲတောက် ဝန်ခံလေ၏။ ထိုအခါ သိရိဂုတ္တသူကြွယ်သည် ဂရဟဒိန္နသူငယ်ချင်းကို-

“သူငယ်ချင်း.. ယင်းသို့ဖြစ်လျှင် ဤမျှအချိန်ကြာအောင် ငါ့အား ဤအကြောင်းကို မပြောကြားသော သင်သည် အလွန်ဝန်လေးသောအမှုကို ပြုအပ်ဘိ၏၊ ယနေ့မှ ငါသည် သင့်အရှင် ဆရာတက္ကတွန်းတို့၏ ဉာဏ်ပညာစွမ်းရည်ကို သိရပေတော့သည်။ သူငယ်ချင်း.. သွားပါလော့၊ သင်၏အရှင် ဆရာတက္ကတွန်းတို့ကို စကားဖြင့် (နက်ဖြန် ဆွမ်းစားကြွကြရန်) ပင့်ဖိတ်ပေးပါလော့”-

ဟု ပြောဆိုလေ၏။ ဂရဟဒိန္နသူကြွယ်သည် (အားရဝမ်းသာ ဖြစ်ရှိကာ) တက္ကတွန်းတို့ထံ သွားရောက်၍ ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် “အရှင်တို့.. အကျွန်ုပ်၏သူငယ်ချင်း သိရိဂုတ္တသူကြွယ်က နက်ဖြန် ဆွမ်းစားကြွကြရန် အရှင်တို့ကို ပင့်ဖိတ်လိုက်ပါ၏”ဟု လျှောက်ထားလေသော် တက္ကတွန်းဆရာကြီးတို့က “သိရိဂုတ္တသူကြွယ်က သင့်ကို ကိုယ်တိုင်ပြောဆိုလိုက်သလော”ဟု မေးမြန်းကြသဖြင့် ဂရဟဒိန္နသူကြွယ်သည် “အရှင်တို့.. ဟုတ်ပါသည် = သိရိဂုတ္တသူကြွယ် ကိုယ်တိုင်က ပြောဆို ပင့်ဖိတ်လိုက်ပါသည်”ဟု အခိုင်အမာစကား ပြန်ကြားပြောဆိုလေ၏။ တက္ကတွန်းဆရာကြီးများသည်

၄၁၇

အားရဝမ်းသာ ဖြစ်ရှိကြကာ “ဒကာဂရဟဒိန္န.. ကိစ္စပြီးမြောက်လေပြီ၊ သိရိဂုတ္တသူကြွယ်က ငါတို့အပေါ်၌ ကြည်ညိုသော အခါမှစ၍ အဘယ်မည်သော စည်းစိမ်သည် ငါတို့မှာ မဖြစ်ပဲရှိတော့အံ့နည်း”ဟု ပြောဆိုကြလေကုန်၏။

သိရိဂုတ္တ၏အိမ်၌ စီမံထားပုံ

     သိရိဂုတ္တသူကြွယ်၏ နေအိမ်သည်ကား အလွန်ကျယ်ဝန်းလှ၏။ သိရိဂုတ္တသူကြွယ်သည် ထိုမိမိနေအိမ်ဝင်းအတွင်း အိမ်နှစ်ဆောင်တို့၏အကြား၌ နံပါးနှစ်ဖက်အားဖြင့် ရှည်လျားသော တွင်းကြီးကို တူးစေပြီးလျှင် မစင်ညွန်ပျောင်းအပြည့် လောင်းထည့်စေလေသည်။

     တွင်းကြီး၏ပြင်ပ အစွန်းနှစ်ဖက်တို့၌ သစ်ငုတ်များကို စိုက်နှက်စေ၍ ထိုသစ်ငုတ်များ၌ ကြိုးတို့ကို ဖွဲ့ချည်စေပြီးလျှင် နေထိုင်စရာ ညောင်စောင်းတို့၏ ရှေ့တန်းအခြေများကို တွင်းကြီး၏ ရှေ့ပိုင်းနံပါး (နှုတ်ခမ်း)၌ တင်ထားစေ၍ နောက်တန်းအခြေများကို ကြိုးများအပေါ်၌ တင်ထားစေလေသည်။ ဤသို့ ပြုလုပ်ခြင်းမှာ “ရောက်ရှိလာကြလျှင် ဤသို့ ထိုင်ကြလိမ့်မည်၊ ဤသို့ ထိုင်ကြလျှင် ဤသို့ ဦးခေါင်းစောက်ထိုး (ဦးစိုက်ဂျွမ်းပြန်) တွင်းထဲသို့ ကျကြလိမ့်မည်”ဟု ဆင်ခြင်အောက်မေ့ကာ စီမံပြုလုပ်ခြင်း ဖြစ်လေသည်။

     ထို့နောက်မှ တွင်းကြီးကို မထင်ရ မမြင်ရလေအောင် နေရာညောင်စောင်းတို့၏ အထက်၌ အခင်းများကို (အစွန်းအနားများ မြေကြီးထိအောင်) ခင်းထားစေလေသည်။

     အိုးကြီး အလုံးပေါင်းများစွာတို့ကို အိမ်၏နောက်ဖက်၌ တည်ထားစေ၍ ငှက်ပျောရွက်များ ပိတ်များဖြင့် အိုးနှုတ်ခမ်းတို့ကို ချည်စေပြီးလျှင် အချည်းနှီး ဘာမျှမပါရှိသော ထိုအိုးကြီးများကို အပြင်အပက ယာဂု, ဆွမ်း, ထောပတ်, ဆီ, ပျား, တင်လဲ မုံ့မှုန့်များဖြင့် လိမ်းကျံ၍ ထားစေလေသည်။

     နောက်တနေ့ ရောက်ရှိလေသော် ဂရဟဒိန္နသူကြွယ်သည် နံနက်စောစောပင် သိရိဂုတ္တအိမ်သို့ အလျင်အမြန် သွားရောက်၍

၄၁၈

“အရှင်မြတ်တို့ အတွက်တာ ပူဇော်လှူဒါန်းဖွယ်ရာများကို စီရင်အပ်ပြီးပြီလာ”ဟု မေးလေ၏။ “အိမ်း.. သူငယ်ချင်း.. စီရင်အပ်ပြီးပါပြီ”ဟု သိရိဂုတ္တက ပြန်ကြားပြောဆိုလေလျှင် “ဤပူဇော်လှူဒါန်းဖွယ်ရာများကား အဘယ်မှာနည်း”ဟု ဂရဟဒိန္နက မေးမြန်းပြန်၏။ သိရိဂုတ္တသူကြွယ်က (အိုးများ နေရာများကို ညွှန်ပြပြီးလျှင်) “ဤမျှသော ထိုအိုးတို့၌ ယာဂုအပြည့် ထည့်ထားပါသည်။ ဤမျှသော ထိုအိုးတို့၌ ဆွမ်းအပြည့် ဤမျှသော ထိုအိုးတို့၌ ထောပတ် တင်လဲ မုံ့များအပြည့် ထည့်၍ထားပါသည်၊ နေရာများလည်း ခင်းထားအပ်ပြီးကုန်ပြီ”ဟု ပြောဆိုလေလျှင် ဂရဟဒိန္နသူကြွယ် သူငယ်ချင်းသည် “ကောင်းတယ် သူငယ်ချင်း..”ဟု ပြောဆိုကာ ပြန်သွားလေ၏။ ဂရဟဒိန္နသူကြွယ် ပြန်သွားသောအခါ တက္ကတွန်း (၅ဝဝ) ငါးရာတို့သည် သိရိဂုတ္တ၏အိမ်သို့ လာရောက်ကြလေကုန်၏။

သိရိဂုတ္တက တက္ကတွန်းတို့ကို ဆုံးမခြင်း

     သိရိဂုတ္တသူကြွယ်သည် မိမိနေအိမ်မှထွက်၍ တည်ခြင်းငါးပါးဖြင့် တက္ကတွန်းတို့ကို ရိုသေစွာ ရှိခိုးပြီးလျှင် ထိုတိတ္ထိတက္ကတွန်းတို့၏ ရှေ့မှ လက်အုပ်ကို ချီမြှောက်လျက် ရပ်တည်ကာ ဤသို့ ကြံစည်လေသည် (စိတ်ထဲက ကြံစည်ခြင်းဖြစ်သည်)-

“အရှင်ဘုရားတို့သည် အတိတ်စသည်ပြားသော ခပ်သိမ်းသောတရားကို သိတော်မူကြသတဲ့၊ ဤသို့ အရှင်ဘုရားတို့၏ အလုပ်အကျွေး တပည့်ဒကာ ဂရဟဒိန္နက အကျွန်ုပ်အား ပြောကြားအပ်ပါသည်။

အရှင်ဘုရားတို့သည် အကယ်၍ အလုံးစုံကို သိတော်မူကြရိုးမှန်လျှင် အကျွန်ုပ်၏ အိမ်တွင်းသို့ မဝင်ကြပါကုန်လင့်၊ မှန်၏- အကျွန်ုပ်၏အိမ်တွင်းသို့ ဝင်တော်မူကြသော အရှင်တို့အတွက် ယာဂုလည်း မရှိပါ၊ ဆွမ်း စသည်တို့လည်း မရှိပါကုန်။

၄၁၉

အရှင်ဘုရားတို့သည် မသိပဲ အိမ်တွင်းသို့ အကယ်၍ ဝင်မိကြလျှင် အရှင်ဘုရားတို့ကို မစင်တွင်း၌ ချပြီးလျှင် အကျွန်ုပ်သည် ရိုက်နှက်ပုတ်ခတ်စေရပါလိမ့်မည်”-

ဟု စိတ်ထဲကသာ ကြံစည်စဉ်းစား လျှောက်ထားပြီးလျှင် မိမိ၏ အလုပ်သမား ယောက်ျားများအား “ဤသို့ ထိုတိတ္ထိတက္ကတွန်းတို့ ထိုင်နေကြမည့်အဖြစ်ကို သိရှိကြပြီးလျှင် အမောင်တို့သည် နောက်ဖက်က ရပ်တည်ကြ၍ ညောင်စောင်းများ၏ အထက်၌ ခင်းထားအပ်သည့် အခင်းများကို (သူတို့မထိုင်မီ) ဖယ်ရှားရုပ်သိမ်းကြကုန်၊ ထိုအခင်းများကို မစင်ဖြင့် မလိမ်းကျံကြပါစေကုန်လင့်”ဟု မျက်ရိပ် အချက်ပြ အမှတ်ပေးလေ၏။

     ထို့နောင်မှ သိရိဂုတ္တသည် တက္ကတွန်းတို့ကို “အရှင်ဘုရား.. ဤမှကြွတော်မူကြ ပါကုန်”ဟု လျှောက်ထားလေ၏။ တက္ကတွန်းတို့သည် အိမ်နှစ်ဆောင်အကြားသို့ ဝင်ကြ၍ ခင်းထားအပ်သော နေရာများ၌ ထိုင်ရန် ပြင်ဆင်ကြကုန်၏။ ထိုအခါ တက္ကတွန်းတို့ကို သိရိဂုတ္တ၏လူများက “ဆိုင်းကြပါဦး အရှင်ဘုရား..၊ မထိုင်လိုက်ကြပါနှင့်ဦး”ဟု ပြောဆိုသောအခါ တက္ကတွန်းတို့က “အဘယ်အကြောင်းကြောင့်နည်း”ဟု မေးမြန်းကြကုန်၏။ သိရှိဂုတ္တ၏ လူများက “တပည့်တော်တို၏အိမ်သို့ ဝင်ကြသော အရှင်ကောင်းတို့ အတွက် ဝတ်တရားကို သိရှိပြီးမှ ထိုင်သင့်ပါသည်ဘုရား”ဟု လျှောက်ထားကြလေလျှင် တက္ကတွန်းတို့က “ဒကာတို့ အဘယ်သို့ပြုရန် သင့်သနည်း”ဟု မေးကြပြန်၏။ သိရိဂုတ္တ၏ လူများက “မိမိ မိမိအတွက် ရောက်ဆိုက်သော နေရာများ၏အနီး၌ ရပ်တည်ကြပြီးလျှင် အရှင်ကောင်းတို့အားလုံးပင် တပြိုင်နက်တည်း ထိုင်ရန် သင့်ပါသည်ဘုရား”ဟု လျှောက်ထားကြလေသည်။

(ထိုသို့ လျှောက်ထားကြခြင်း၏ ရည်ရွယ်ချက်မှာ တက္ကတွန်း တဦးစီ (တဦးပြီးမှတဦး) ထိုင်နေ၍ တဦးတွင်းထဲသို့ ကျသွားလျှင် “ငါ့ရှင်တို့ ကျန်သောပုဂ္ဂိုလ်များ နေရာ၌ မထိုင်ကြကုန်လင့်”ဟု ပြောဆိုခွင့်ကို မရကြဖို့ရန် ရည်ရွယ်ရင်းဖြစ်သည်)။

၄၂၀

     တက္ကတွန်းတို့သည် “ကောင်းပြီ”ဟု ဝန်ခံစကား ပြောကြားကြပြီးလျှင် “ဤလူများ ပြောသောစကားကို ငါတို့သည် လိုက်နာသင့်ကြသည်”ဟု ကြံစည်ကြပြီးနောက် တက္ကတွန်းအားလုံး (ငါးရာလုံး)တို့ပင် မိမိ မိမိအတွက် ရောက်ဆိုက်သော နေရာများ၏အနီး၌ အစဉ်အတိုင်း ရပ်၍နေကြကုန်၏။ ထိုအခါ သိရိဂုတ္တ၏ လူများက တက္ကတွန်းတို့ကို “အရှင်ဘုရားတို့.. လျင်လျင်မြန်မြန် တပြိုင်နက်တည်းပင် ထိုင်တော်မူကြပါလော့”ဟု ပြောဆိုကြ၍ ထိုတိတ္ထိတက္ကတွန်းတို့ ထိုင်ကြသောအဖြစ်ကို သိကြပြီးလျှင် ညောင်စောင်းတို့၏ အထက်၌ ခင်းထားအပ်သော အခင်းတို့ကို ဖယ်ရှားရုပ်သိမ်းလိုက်ကြကုန်၏။ တက္ကတွန်းတို့သည် တပြိုင်နက်တည်းပင် ထိုင်လိုက်ကြသည်ရှိသော် ကြိုးပေါ်၌ တင်ထားအပ်သော ညောင်စောင်းခြေများသည် လျှော၍ကျကုန်၏။ တက္ကတွန်းတို့သည် ဦးစိုက်ဂျွန်းပြန် တွင်းထဲ၌ ကျကြလေကုန်၏။

     သိရိဂုတ္တသူကြွယ်သည် ထိုတိတ္ထိတက္ကတွန်းတို့ တွင်းထဲသို့ ကျကြလေသော် အိမ်တံခါးကိုပိတ်၍ တက်လာ တက်လာတိုင်းသော တက္ကတွန်းတို့ကို “သင်တို့သည် သင်တို့ဒကာ ဂရဟဒိန္နပြောသည့်အတိုင်း အဘယ့်ကြောင့် အတိတ်, အနာဂတ်, ပစ္စုပ္ပန် သုံးတန်ကာလ ဖြစ်သမျှတရားကို မသိကြသနည်း”ဟု ပြောဆိုလျက် ဒုတ်တို့ဖြင့် အားရအောင် ရိုက်နှက်ပုတ်ခတ်ပြီးလျှင် “ဤမျှလောက်ဆိုလျှင် ထိုတက္ကတွန်းတို့အဖို့ရာ သင့်တော်လောက်ပေပြီ”ဟု ပြောဆို၍ တံခါးကို ဖွင့်စေလေ၏။

     တက္ကတွန်းတို့သည် အိမ်မှထွက်၍ ပြေးရန် အားထုတ်ကြလေကုန်၏၊ သို့သော် ထိုတက္ကတွန်းတို့သွားမည့် (ဝင်းအတွင်း) လမ်းတလျောက်၌ အင်းကတေ အချောကိုင်ပြီးသောမြေကို ချွဲကျိကျိဖြစ်အောင် စောစောကပင် ကြိုတင်စီမံထားပြီးဖြစ်ရကား တက္ကတွန်းများသည် ထိုချွဲကျိကျိဖြစ်အောင် စီမံထားအပ်သော မြေအပြင်၌ ကိုယ်ကို မထိန်းနိုင်ကြပဲ တဖိုင်းဖိုင်း တိမ်းလည်း (တိမ်းလဲ)ကြလေကုန်၏၊ တိမ်းလည်းတိုင်း တိမ်းလည်းတိုင်းသော ထိုတိတ္တိ တက္ကတွန်းတို့ကို တဖန် ရိုက်နှက်ပုတ်ခတ်စေပြီးလျှင်

၄၂၁

“သင်တို့အဖို့ရာ ဤမျှဆိုလျှင် သင့်တော်လောက်ပြီ”ဟု ပြောဆို၍ လွှတ်လိုက်လေ၏။

     တက္ကတွန်းတို့သည် “သိရိဂုတ္တ.. သင်သည် ငါတို့ကို အရှက်တကွဲ အကျိုးနဲဖြစ်အောင် ဖျက်ဆီးအပ်ကုန်ပြီ၊ သင်သည် ငါတို့ကို အရှက်တကွဲ အကျိုးနဲဖြစ်အောင် ဖျက်ဆီးအပ်ကုန်ပြီ”ဟု ရေရွတ် မြည်တမ်းကြကာ အလုပ်အကျွေးဒကာ ဂရဟဒိန္န၏ အိမ်တံခါးဝသို့ သွားကြလေကုန်၏။

ဂရဟဒိန္နက သိရိဂုတ္တကို တရားစွဲခြင်း

     ဂရဟဒိန္နသူကြွယ်သည် ထိုမိမိ၏ဆရာ တက္ကတွန်းတို့၏ အရှက်တကွဲ အကျိုးနဲဖြစ်ကာ ဖောက်ပြန်ပျက်စီးလာသော အခြင်းအရာကို မြင်ရ၍ ပြင်းစွာ အမျက်ထွက်ရကား-

“သိရိဂုတ္တသူငယ်ချင်းသည် ငါ့ကို ဖျက်ဆီးအပ်လေပြီ။ (လှူဒါန်းသူကို မဆိုထားဘိ) လက်ကိုဆန့်တန်း၍ ရှိခိုးရုံမျှ ရှိခိုးကြသော သူတို့အားပင် နတ်နှင့်တကွသော လောက၌ အလိုရှိတိုင်း ကောင်းကျိုးကို ပေးနိုင်ကုန်သော ကောင်းမှုမျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူကြကုန်သော ငါ၏အရှင် ဆရာတက္ကတွန်းတို့ကို ရိုက်နှက်ပုတ်ခတ်စေ၍ အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်စေရက်ပါဘိ”-

ဟု ရေရွတ်မြည်တမ်းကာ ပသေနဒီ ကောသလမင်းကြီး၏ ရွှေနန်းတော်သို့ သွားရောက်၍ သိရိဂုတ္တသူကြွယ်အား ငွေအသပြာတထောင် ဒဏ်တပ်ရန် တရားစွဲဆိုလေ၏။

     ထိုအခါ ကောသလမင်းကြီးသည် သိရိဂုတ္တသူကြွယ်ထံ စာချွန်တော် စေလွှတ်၍ (သမ္ဗန်စာချ၍) ရွှေနန်းတော်သို့ လာရောက်ရန် ဆင့်ခေါ်စေလေ၏၊ သိရိဂုတ္တသူကြွယ်သည် ရွှေနန်းတော်သို့ သွားရောက်၍ မင်းကြီးကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် “အရှင်မင်းကြီး.. ဤအမှုကို အမှန်ကျအောင် စူးစမ်း မေးမြန်းပြီးမှ

၄၂၂

ဒဏ်တပ်မှုကို ပြုတော်မူကြပါကုန်၊ မစူးစမ်း မေးမြန်းပဲ ပြုတော်မမူကြပါကုန်လင့်”ဟု လျှောက်လဲလေ၏။ ကောသလမင်းကြီးက “သူကြွယ်.. စူးစမ်းမေးမြန်းပြီးမှပင် ဒဏ်တပ်ကြကုန်အံ့”ဟု ဆိုလေသော် သိရိဂုတ္တ သူကြွယ်သည် “ကောင်းပြီ အရှင်မင်းကြီး..”ဟု လျှောက်ဆိုလေ၏။

     “ထိုသို့ဖြစ်လျှင် အသင် သိရိဂုတ္တသူကြွယ်သည် အမှုသွားကို ငါမင်းတရားအား လျှောက်ထားလော့”ဟု မင်းကြီးက အမှုဖွင့် မိန့်ဆိုလေလျှင် သိရိဂုတ္တသူကြွယ်သည်-

“အရှင်မင်းမြတ်.. အကျွန်ုပ်၏သူငယ်ချင်း တက္ကတွန်းဆရာကြီးတို့၏ တပည့်ဖြစ်သူ ဂရဟဒိန္နသည် အကျွန်ုပ်ထံ အဖန်ဖန် လာရောက်ပြီးလျှင် ရပ်ရာဌာန, ထိုင်ရာဌာန စသည်တို့၌ အမြဲမပြတ် ‘သူငယ်ချင်း.. သင့်အဖို့ရာ ရဟန်းဂေါတမဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ထိုရဟန်းဂေါတမကို ဆည်းကပ်၍ အဘယ်အကျိုးကို ရနိုင်လိမ့်မည်နည်း”-

ဟူသော ဤစကားရပ်ကို အစချီကာ သိရိဂုတ္တသူကြွယ်သည် ထိုဖြစ်သမျှအကြောင်း အလုံးစုံကို မင်းကြီးအား လျှောက်ထား၍ “အရှင်မင်းမြတ်.. အကယ်၍ ဖြစ်စဉ် အကြောင်းရပ်၌ ဒဏ်တပ်ရန် သင့်လျော်ပါက ဒဏ်တပ်တော်မူပါကုန်”ဟု နိဂုံးစကား လျှောက်လဲ ပြောကြားလေ၏။

     မင်းကြီးသည် ဂရဟဒိန္နသူကြွယ်ကိုကြည့်၍ “သင် ဤကဲ့သို့ ပြောဆိုအပ်သည် မှန်သလော”ဟု မေးတော်မူ၏။ “မှန်ပါသည် အရှင်မင်းမြတ်..”ဟု ဂရဟဒိန္နက ဝန်ခံလေသော် ပသေနဒီ ကောသလမင်းကြီးသည်—

“ဂရဟဒိန္န .. သင်သည် ဤမျှလောက် (မစင်တွင်း စီမံထားသည်)ကိုမျှ မသိကြသူ တက္ကတွန်းတို့ကို ‘ဘုရားကြီးများ’ဟု စွဲမှတ်လှည့်လည်ကာ ‘အတိတ်, အနာဂတ်, ပစ္စုပ္ပန် = သုံးတန်သောကာလ၌ ဖြစ်သမျှ တရားဥဿုံ အလုံးစုံကို ငါ့အရှင်များ သိကြကုန်၏’ဟု အဘယ့်ကြောင့်

၄၂၃

မြတ်စွာဘုရား၏တပည့် သိရိဂုတ္တအား ပြောကြားဘိသနည်း။ သင် စွဲဆိုတင်ပြအပ်သော အသပြာကျပ်တထောင် ငွေဒဏ်သည် သင့်အားသာ ဖြစ်စေ (=သင်သည်ပင်ဆောင်လေ)”-

ဟု အမိန့်တော်မြတ် မှတ်တော်မူကာ ထိုဂရဟဒိန္နကိုပင် ဒဏ်ငွေတထောင် တပ်လိုက်လေ၏။ ရွှေနန်းတော်သို့ အမှုသည်အဖြစ် လိုက်ပါရောက်ရှိလာသော (ဂရဟဒိန္န၏ဆရာ) တက္ကတွန်းများကိုလည်း ရိုက်နှက် ပုတ်ခတ်၍ နှင်ထုတ်အပ်လေကုန်၏။

ဂရဟဒိန္န၏ အကြံ

     ဂရဟဒိန္နသူကြွယ်သည် သိရိဂုတ္တကို အမျက်ထွက်၍ ထိုအခါမှ အစပြုကာ လခွဲ (၁၅-ရက်)မျှ သိရိဂုတ္တနှင့် စကားမပြောပဲ နေပြီးနောက် “ဤကဲ့သို့ စကားမပြောပဲ နေခြင်းငှါ ငါ့အဖို့အရာ မသင့်လျော်ချေ။ ထိုသိရိဂုတ္တ၏ ဆရာများအားလည်း ငါသည် (လက်စားချေသောအားဖြင့်) ပျက်စီးအောင် ပြုမှသင့်မည်”ဟု ကြံစည်ပြီးလျှင် သိရိဂုတ္တထံသို့ သွားရောက်၍ “သူငယ်ချင်း သိရိဂုတ္တ..”ဟု စ၍ ခေါ်လိုက် လေ၏။ “ဘာတုန်း သူငယ်ချင်း..”ဟု သိရိဂုတ္တက ပြောသောအခါ ဂရဟဒိန္နသည်-

“သူငယ်ချင်း.. ဆွေမျိုး မိတ်သင်္ဂဟများ အဖို့ရာ ခိုက်ရန်မှု ငြင်းခုံမှုများ ဖြစ်တတ်မြဲဓမ္မတာ ဖြစ်ပါသည်။ သူငယ်ချင်း.. သင်သည် အဘယ့်ကြောင့် ငါ့ကို တစုံတရာစကား မပြောကြားဘိသနည်း၊ အဘယ့်ကြောင့် ဤကဲ့သို့ (=စကားမပြောမှု = မခေါ်မှု) ပြုဘိသနည်း”-

ဟု အပြစ်တင်စကား ပြောကြားလေ၏။

     “သူငယ်ချင်း.. မင်းက ငါနှင့်အတူ စကားမပြောသောကြောင့် ငါလည်း မပြောဆိုခြင်း ဖြစ်ပါသည်။ (အခြားအကြောင်းတော့ မရှိပါ)”ဟု သိရိဂုတ္တ-က အေးဆေးစွာ ပြောဆိုလတ်သော် ဂရဟဒိန္နသည် “သူငယ်ချင်း.. ပြုလုပ်ပြီးသော အမှုမှာ

၄၂၄

ပြုလုပ်ပြီးပင်ရှိပါစေ၊ ငါတို့သည် အချင်းချင်း ချစ်ခင်ခြင်းကို မဖျက်ဆီးကြကုန်စို့”ဟု ရန်ပြေစကား ပြောကြားလေ၏။ ထိုအချိန်မှစ၍ နှစ်ယောက်သား တနေရာတည်း၌ အတူတကွ ရပ်ကြကုန်၏၊ ထိုင်ကြကုန်၏၊ (=သွားတူ လာတူ ပြုမူကြကုန်၏)။

     တနေ့သ၌ သိရိဂုတ္တ သူကြွယ်သည် ဂရဟိန္န သူငယ်ချင်းကို “သူငယ်ချင်း.. သင့်ဆရာ တက္ကတွန်းတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ထိုတက္ကတွန်းတို့ကို ဆည်းကပ်၍ အဘယ်အကျိုးကို ရလိမ့်မည်နည်း၊ သင့်အဖို့ရာ ငါ၏ဆရာ မြတ်စွာဘုရားရှင်ကို ဆည်းကပ်၍ အရှင်မြတ်တို့အား အလှူဒါနကို ပေးလှူခြင်းငှါ မသင့်သလော”ဟု (ရှေးက ဂရဟဒိန္န ပြောဘူးသည့်အတိုင်း) ပြောဆိုလေ၏။ ဂရဟိန္နသည်လည်း ဤသို့ ပြောဆိုခြင်းကိုသာ အမြဲတောင့်တနေသူ ဖြစ်ရကား ဂရဟဒိန္နသူကြွယ်၏အဖို့မှာ ယားနာရှိသောနေရာ၌ လက်သည်းဖြင့် ဖျောက်ပေးသကဲ့သို့ ဖြစ်ရှိလေ၏။

     သို့ရကား ဂရဟဒိန္နသည် “သူငယ်ချင်းသိရိဂုတ္တ.. သင်၏ဆရာ ဂေါတမရဟန်းသည် အဘယ်ကို သိသနည်း”ဟု မေးလိုက်လေသည်။ ထိုအခါ သိရိဂုတ္တသူကြွယ်သည်-

“သူငယ်ချင်း ဂရဟဒိန္န.. ဤကဲ့သို့ မပြောပါလင့်၊ ငါ၏ဆရာ မြတ်စွာဘုရားအမှာ မသိအပ်သော တရားဟူ၍ မရှိပါ။ အတိတ်စသည်ပြားသော ခပ်သိမ်းသော တရားကိုပင် သိတော်မူ၏၊ တဆယ့်ခြောက်ပါးသော အခြင်းအရာတို့ဖြင့် သတ္တဝါတို့၏ စိတ်ဖြစ်ပုံကို ပိုင်းခြားသိမြင်တော်မူ၏”-

ဟူ၍ ပြောဆိုလေသော် ဂရဟဒိန္နသူငယ်ချင်းက “သူငယ်ချင်း.. ငါသည် စောစောက ဤသို့ မသိပါ၊ ငါ့အား ဤမျှ အချိန်ကြာအောင် အဘယ့်ကြောင့် မပြောဘိသနည်း၊ သူငယ်ချင်း ထိုသို့ဖြစ်လျှင် သင်သွားပါ၊ သင့်ဆရာ ဘုရားရှင်ကို နက်ဖြန် (အိမ်၌ ဆွမ်းဘုဉ်းပေးရန်) ပင့်ဖိတ်ပေးပါ၊ ဆွမ်းကျွေးလိုပါသည်၊ ရဟန်းငါးရာတို့နှင့်တကွ ငါလှူသောဆွမ်းကို ခံယူဖို့ရန်

၄၂၅

လျှောက်ထားပေးပါလော့”ဟု ပြောဆိုလေ၏။ သိရိဂုတ္တသူကြွယ်သည် မြတ်စွာဘုရားထံ ဆည်းကပ်၍ ရိုသေမြတ်နိုး ရှိခိုးပြီးသော်-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်၏ သူငယ်ချင်းဖြစ်သူ ဂရဟဒိန္နသူကြွယ်က အရှင်ဘုရားတို့ကို ပင့်ဖိတ်ခိုင်းပါသည်၊ ရဟန်းငါးရာတို့နှင့် အတူတကွ နက်ဖြန်ခါ သူ၏ဆွမ်းကို အလှူခံတော်မူကြပါတဲ့။ အကြောင်းထူးတခု ရှိခဲ့သည်မှာ- ရှေးဖြစ်သောတနေ့က သူ၏ဆရာ တက္ကတွန်းများအား တပည့်တော်သည် ဤမည်သောအမှုကို ပြုအပ်ခဲ့ပါပြီ၊ တပည့်တော် ပြုလုပ်အပ်သော အမှုကို တဖန် လက်စားချေလို၍လားလည်း မသိ၊ အရှင်ဘုရားတို့အား စင်ကြယ်သောစိတ်ဖြင့် ဆွမ်းလှူလို၍လားလည်း မသိပါ၊ ဆင်ခြင်တော်မူ၍ အကယ်၍ သင့်လျော်လျှင် လက်ခံတော်မူပါကုန်၊ မသင့်လျော်လျှင် ပင့်ဖိတ်ချက်ကို လက်ခံတော်မမူကြပါကုန်လင့်ဘုရား”-

ဟု လျှောက်ထားလေ၏၊ မြတ်စွာဘုရားရှင်သည် “ထိုဂရဟဒိန္န သူကြွယ်သည် ငါတို့အား အဘယ်သို့သောအမှုကို ပြုလိုသနည်း”ဟု ဆင်ခြင်တော်မူလတ်သော် အိမ်နှစ်ဆောင်တို့၏ အကြား၌ ကြီးစွာသောတွင်းကို တူးစေ၍ လှည်းအစီး (၈၀) ရှစ်ဆယ်တိုက်မျှသော ရှားသားထင်းတို့ကို တိုက်စေပြီးလျှင် တွင်းအပြည့် ထည့်စေ၍ မီးရှို့ပြီးနောက် ငါဘုရားတို့ကို မီးကျီးတွင်း၌ ကျစေ၍ နှိပ်လိုဘိသည်”ဟူသော ဤအချက်ကို မြင်တော်မူလေ၏။

     တဖန်ဆက်၍ “အသို့နည်း ထိုဂရဟဒိန္န၏အိမ်သို့ သွားရောက်ခြင်းဟူသော အကြောင်းကြောင့် အကျိုးရှိမည်လော၊ မရှိမည်လော”ဟု ဆင်ခြင်တော်မူလေသော် ဤဆိုလတ္တံ့သော အချက်ကို ကွက်ကွက်ထင်ထင် သိမြင်တော်မူလေ၏-

“ငါဘုရားသည် ရှားမီးကျီးတွင်း၌ ခြေတော်ကို ဆန့်တော်မူရလိမ့်မည်၊ ထိုခဏမှာပင် တွင်းကို ဖုံး၍ထားအပ်သော ဖြာကြမ်းသည် ကွယ်ပျောက်၍ သွားလိမ့်မည်၊

၄၂၆

ရှားမီးကျီးတွင်းကို ဖောက်ခွဲကာ ရထားဘီး လှည်းဘီး ပမာဏရှိသော ပဒုမာကြာပန်းကြီး ထပေါ်လာလိမ့်မည်။ ထိုအခါ ငါဘုရားသည် ပဒုမာကြာပန်း၏အချက်ကို နင်း၍ နေရာ၌ ထိုင်နေရလိမ့်မည်၊ ရဟန်းငါးရာတို့သည်လည်း ထို့အတူပင် ပဒုမာကြာပန်းတို့ကို နင်းကြကာ မိမိ မိမိတို့ နေရာ၌ ထိုင်ကြရလိမ့်မည်၊ လူများအပေါင်းသည် စည်းဝေးကြလိမ့်မည်၊ ငါဘုရားသည် ထိုအစည်းအဝေး၌ တရားဂါထာနှစ်ခုတို့ဖြင့် အနုမောဒနာတရား ဟောကြားရလိမ့်မည်၊ အနုမောဒနာတရား ဟောကြား၍ ပြီးဆုံးသောအခါ ရှစ်သောင်း လေးထောင်သော သတ္တဝါတို့သည် သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလိမ့်မည်။ သိရိဂုတ္တသူကြွယ်နှင့် ဂရဟဒိန္နသူကြွယ် = သူငယ်ချင်းနှစ်ယောက်တို့သည် သောတာပန်အရိယာများ ဖြစ်ကြလိမ့်မည်၊ သူငယ်ချင်းနှစ်ဦးလုံးပင် မိမိတို့ပိုင်သော ဥစ္စာအစုကို အံ့ဖွယ်ရှစ်ဖြာ ဤငါဘုရား သာသနာ၌ သဒ္ဓါရွှင်လန်း ကြဲဖျန်းပူဇော်ကြလိမ့်မည်၊ ဤဂရဟဒိန္န အမျိုးကောင်းသားကို အမှီပြု၍ ငါဘုရားသည် သွားရောက်သင့်သည်”-

ဟူသော ဤအကြောင်းအချက်ကို ကွက်ကွက်ထင်ထင် သိမြင်တော်မူကာ ဆွမ်းစားပင့်ဖိတ်ချက်ကို ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူလေ၏၊ သိရိဂုတ္တသူကြွယ်သည် ဂရဟဒိန္နသူကြွယ်အိမ်သို့ သွားရောက်၍ မြတ်စွာဘုရားရှင်က လက်ခံတော်မူလိုက်ကြောင်းကို ဂရဟဒိန္နသူငယ်ချင်းအား ပြောကြားပြီးလျှင် “သူငယ်ချင်း.. သုံးလောကဦးစီး အမှူးအကြီး ဖြစ်တော်မူသော မြတ်စွာဘုရားအား ပူဇော်သက္ကာရအမှု ချမ်းသာစွာ ပြုပေတော့”ဟု ပြောဆိုကာ မိမိအိမ်သို့ ပြန်သွားလေ၏။

ဂရဟဒိန္န၏အိမ်၌ စီမံထားပုံ

     ဂရဟဒိန္နသူကြွယ်သည် “ယခုအခါ ထိုသိရိဂုတ္တ၏အပေါ်၌ ပြုသင့်သည်နှင့်ယှဉ်သော အမှုကို သိရတော့မည်”ဟု ကြံစည်ကာ

၄၂၇

အိမ်နှစ်ဆောင်တို့၏ အကြား၌ ကြီးစွာသောတွင်းကို တူးစေ၍ လှည်းအစီး ရှစ်ဆယ်တိုက်ခန့်မျှသော ရှားထင်းတို့ကို တိုက်စေပြီးလျှင် တွင်းကြီးအပြည့် ထင်းများကိုထည့်လျက် မီးတိုက်၍ ရှားမီးကျီးအစု ပြုလုပ်ပြီးသော် တညဉ့်လုံး မှုတ်စေ၍ တွင်းထက်၌ သစ်သားပျဉ်ချပ်တို့ကို ခင်းထားစေ၍ ဖျာကြမ်းဖြင့် ဖုံးအုပ်စေလျက် နွားချေးဖြင့် လိမ်းကျံစေပြီးလျှင် နံပါးတဖက်ဖြင့် အားနည်းသော ဒုတ်တံများကို ခင်းထား၍ သွားရန်လမ်းကို ပြုလုပ်စေ၏။ (ယင်းသို့ ပြုလုပ်ခြင်းမှာ “ဤသို့ အားနည်းသော ဒုတ်တံများကို ခင်းထားလျှင် နင်းတိုင်း နင်းတိုင်းသော အခါ၌ ဒုတ်တံများ ကျိုးကြကာ မီးကျီးတွင်း၌ လိမ့်ကျကြလိမ့်မည်”ဟု ရည်ရွယ် အောက်မေ့ကာ ပြုလုပ်ခြင်းဖြစ်သည်)။

     အိမ်၏ နောက်ဖက်၌ သိရိဂုတ္တသူကြွယ်ထားရှိသော နည်းအတိုင်းပင် အိုးကြီးများကို ထားရှိလေသည်၊ နေရာများကိုလည်း ထိုနည်းအတူပင် ခင်းထားစေသည်။

     သိရိဂုတ္တသူကြွယ်သည် နံနက်စောစောပင် ဂရဟဒိန္နသူကြွယ်၏ အိမ်သို့ သွားရောက်၍ “သူငယ်ချင်း.. သင်သည် ပူဇော်ဖွယ်ဝတ္ထုများကို ပြုအပ်ပြီးပြီလော”ဟု မေးမြန်းလေ၏။ “အိမ်း.. သူငယ်ချင်း.. စီမံပြုလုပ်ပြီးပါပြီ”ဟု ဂရဟဒိန္နက ဖြေကြားလတ်သော် သိရိဂုတ္တသူငယ်ချင်းက “ထိုပူဇော်ဖွယ်ဝတ္ထုကား အဘယ် မှာနည်း”ဟု မေးမြန်း၍ ဂရဟဒိန္နသူငယ်ချင်းသည် “သူငယ်ချင်း.. လာလော့၊ သွားကြည့်ကြစို့” ဤသို့ အစရှိသည်ဖြင့် ပြောဆိုကာ သိရိဂုတ္တသူငယ်ချင်းကပြသည့် နည်းအတိုင်းပင် လိုက်၍ပြလေ၏။ သိရိဂုတ္တ သူငယ်ချင်းသည် “သာဓုပါ သူငယ်ချင်း..”ဟု ဝမ်းမြောက်စကား ပြောကြားလေ၏။

     လူများအပေါင်းသည် စည်းဝေး ရောက်လာကြလေပြီ။ မှန်၏- မိစ္ဆာအယူဝါဒရှိသော ပုဂ္ဂိုလ်တယောက်ယောက်က မြတ်စွာဘုရားကို ပင့်ဖိတ်လျှင် ကြီးစွာသောအစည်းအဝေး ဖြစ်မြဲတည်း၊ မိစ္ဆာအယူဝါဒရှိသော ပုဂ္ဂိုလ်တို့သည်လည်း “ရဟန်းဂေါတမ၏

၄၂၈

ဖောက်ပြန်ပျက်စီးခြင်းကို မျက်ဝါးထင်ထင် မြင်ကြရတော့မည်”ဟု ကြံစည်ပြောဆိုကာ စည်းဝေးလာကြကုန်၏။ သမ္မာအယူဝါဒရှိသော ပုဂ္ဂိုလ်တို့သည်လည်း “ယနေ့ မြတ်စွာဘုရားရှင်သည် ကြီးစွာသော တရားဒေသနာကို ဟောကြားတော်မူလိမ့်မည်။ မြတ်စွာဘုရားရှင်၏ အရာကို မြတ်စွာဘုရားရှင်၏ တင့်တယ်တော်မူပုံကို စူးစမ်းဆင်ခြင် တွေ့မြင်ကြရတော့မည်”ဟု ကြံစည်အားတက် ပြောဆိုကြကာ စည်းဝေးလာကြကုန်၏။

မီးပုံထဲမှ ကြာပွင့်ကြီးများ ပေါ်ပေါက်လာခြင်း

     နောက်တနေ့၌ မြတ်စွာဘုရားသည် ရဟန်းငါးရာတို့နှင့် အတူတကွ ဂရဟဒိန္န၏ အိမ်တံခါးသို့ ကြွရောက်တော်မူလေ၏။ ဂရဟဒိန္နသည် အိမ်မှထွက်၍ တည်ခြင်းငါးပါးဖြင့် ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် မြတ်စွာဘုရားရှင်၏ရှေ့မှ လက်အုပ်ကို မြှောက်ချီရပ်တည်လျက် (နှုတ်ကမမြွက်ပဲ စိတ်ထဲကသာ)-

“အရှင်ဘုရား.. အရှင်ဘုရားတို့သည် အတိတ်စသည်ပြားသော ခပ်သိမ်းသောတရားကို သိတော်မူကြသတဲ့။ သတ္တဝါတို့၏ စိတ်ဖြစ်ပုံကို တဆယ့်ခြောက်ပါးသော အခြင်းအရာတို့ဖြင့် ပိုင်းခြား၍ သိနိုင်ကြသတဲ့၊ ဤကဲ့သို့ အရှင်ဘုရားတို့၏ တပည့်ဒကာ သိရိဂုတ္တက အကျွန်ုပ်အား ပြောကြားအပ်ပါသည်။ (သူပြောသည့်အတိုင်း) အကယ်၍ သိတော်မူကြရိုး မှန်ပါလျှင် အကျွန်ုပ်၏အိမ်သို့ ဝင်တော်မမူကြကုန်လင့်။ မှန်၏- အကျွန်ုပ်၏ အိမ်တွင်းသို့ ဝင်တော်မူကြသော အရှင်တို့အတွက် ယာဂုလည်းမရှိပါ။ ဆွမ်းစသည်တို့လည်း မရှိပါကုန်။ စင်စစ်သော်ကား အရှင်ဘုရားတို့ အားလုံးကိုပင် ရှားမီးကျီးတွင်း၌ ကျစေ၍ နှိပ်ကွပ်ပေအံ့”-

ဟု ကြံစည်ပြီးလျှင် မြတ်စွာဘုရားရှင်၏ လက်တော်မှ သပိတ်ကိုယူ၍ “မြတ်စွာဘုရား.. ဤမှကြွတော်မူပါ”ဟု လျှောက်ထားပြီးနောက် “မြတ်စွာဘုရား.. အကျွန်ုပ်တို့၏အိမ်သို့ ကြွလာသော

၄၂၉

အရှင်မြတ်တို့၏အဖို့ရာ ဝတ်ကိုသိ၍ ကြွလာသင့်ပါသည် ဘုရား”ဟု လျှောက်ထားလေ၏။ “ဒကာ.. အဘယ်အမှုကို ပြုသင့်သနည်း”ဟု မြတ်စွာဘုရားရှင်က မေးလတ်သော် ဂရဟဒိန္နသူကြွယ်သည် “ကိုယ်တော် တပါးချင်း တပါးချင်း အိမ်တွင်းဝင်၍ ရှေ့မှသွားပြီးလျှင် ထိုင်ပြီးသောအခါမှ နောက်ကိုယ်တော်တပါး လာရောက်ရန် သင့်ပါသည်ဘုရား”ဟု လျှောက်ထားလေ၏။ (ထိုသို့ လျှောက်ထားခြင်း၏ ရည်ရွယ်ချက်မှာ- ရဟန်းအားလုံး တစုတရုံးတည်း ဝင်ရောက်သွားလျှင် ရှေ့ကကြွသွားသောရဟန်း မီးကျီးတွင်း၌ ကျသည်ကို မြင်ရလိမ့်မည်၊ ထိုသို့မြင်လျှင် ကျန်သော ရဟန်းများ လာကြလိမ့်မည်မဟုတ်၊ (သို့ရကား) ရဟန်း တပါးစီ တပါးစီကိုသာ မီးတွင်း၌ချ၍ နှိပ်ကွပ်ပေအံ့-ဟု ကြံစည် ရည်ရွယ်ချက်ဖြင့် လျှောက်ထားခြင်းဖြစ်လေသည်)။

     မြတ်စွာဘုရားရှင်သည် “ကောင်းပြီ ဒကာ..”ဟု မိန့်တော်မူ၍ တပါးတည်းသာ ကြွသွားတော်မူလေ၏။ ဂရဟဒိန္နသူကြွယ်သည် ရှားမီးကျီးတွင်းအနီးသို့ ရောက်ရှိလျှင် ဖယ်ရှားဆုတ်နစ် ရပ်တည်လျက် “မြတ်စွာဘုရား.. ရှေ့မှကြွတော်မူပါ”ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ရှားမီးကျီးတွင်း အပေါ်၌ ခြေတော်ကို ဆန့်တန်းတော်မူလိုက်လျှင်ပင် ဖျာကြမ်းသည် ကွယ်ပျောက်၍ သွားလေ၏၊ မီးကျီးတွင်းကို ဖောက်ခွဲ၍ ရထားဘီး လှည်းဘီး ပမာဏရှိသော ပဒုမာကြာပန်းကြီးတို့သည် အစီအရီ ပေါ်တက်၍ လာကြကုန်၏။ မြတ်စွာဘုရားရှင်သည် ပဒုမာကြာအချက်တို့ကို နင်းတော်မူလျက် ကြွသွားတော်မူကာ ခင်းထားအပ်သော ဘုရားနေရာ၌ ထိုင်နေတော်မူလေ၏။ ရဟန်းငါးရာတို့သည်လည်း ထို့အတူပင် ပဒုမာ ကြာအချက်တို့ကို နင်းကြွကြလျက် မိမိ မိမိတို့ နေရာ၌ ထိုင်နေတော်မူကြကုန်၏။

ဂရဟဒိန္န ကြီးစွာ စိတ်ဒုက္ခရောက်ခြင်း

     မမြင်စဘူး ထူးကဲသော အခြင်းအရာကို တွေ့မြင်ရ၍ ဂရဟဒိန္နသူကြွယ်၏ကိုယ်မှ ထောပတ်ဆီပူအိုးကဲ့သို့ အခိုးအပူ

၄၃၀

တချောင်းချောင်း ထလေ၏။ ဂရဟဒိန္နသည် လျင်မြန်စွာသွား၍ သိရိဂုတ္တ သူငယ်ချင်းထံ ချဉ်းကပ်ပြီးလျှင် “အရှင်သိရိဂုတ္တ.. အရှင်သည် ကျွန်ုပ်၏ အားထားကိုးစားရာ ဖြစ်ပါလော့”ဟု တောင်းပန်စကား ပြောကြားလေသော် “ဤသို့ ပြောဆိုခြင်းသည် အဘယ့်ကြောင့်နည်း”ဟု သိရိဂုတ္တက မေးမြန်းလေ၏၊ ဂရဟဒိန္နက “သူငယ်ချင်း.. ရဟန်းငါးရာတို့အတွက် ငါ့အိမ်မှာ ယာဂုလည်း မရှိ၊ ဆွမ်းစသည်တို့လည်း မရှိကြကုန်၊ အဘယ်သို့ ပြုလုပ်ရမည်နည်း”ဟု ပြောဆိုလေသော် သိရိဂုတ္တသူကြွယ်သည် “သူငယ်ချင်း.. မင်း ဘာတွေပြုလုပ်ထားသနည်း”ဟု တိုက်ရိုက်ပင် မေးလေ၏။ ထိုအခါ ဂရဟဒိန္နသူကြွယ်သည်-

“သူငယ်ချင်း.. (ငါ အတိအလင်း ဖွင့်ဟပြောဆိုရလျှင်) အိမ်နှစ်ဆောင်တို့၏ အကြား၌ ‘ဘုရားအမှူးရှိသော ရဟန်းငါးရာကို မီးကျီးတွင်း၌ချ၍ နှိပ်ကွပ်မည်’ဟု ကြံစည်ကာ ကြီးစွာသောတွင်းကို မီးကျီးဖြင့်ပြည့်အောင် ပြုစေခဲ့လေပြီ။ သို့ပါလျက် ထိုမီးကျီးတွင်းကို ဖောက်ခွဲ၍ ပဒုမာကြာပန်းကြီးများ အစီအရီ ပေါ်တက်၍ လာကြလေသည်၊ ဘုရားနှင့်တကွ အလုံးစုံသော ရဟန်းတို့သည် ပဒုမာကြာအချက်တို့ကို နင်းကြွတော်မူကြကာ ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူကြလေကုန်ပြီ၊ ယခုအခါ အဘယ်သို့ ပြုလုပ်ရမည်နည်း အရှင်သိရိဂုတ္တ..”-

ဟု ဝန်ခံဖြေကြား အကြံတောင်းစကား ပြောကြားလေ၏။ တဖန် ဆက်၍ သိရိဂုတ္တသူကြွယ်က “သူငယ်ချင်း.. သင်သည် ယခု မကြာမီကပင်လျှင် ‘အိုးကြီးများကား ဤမျှတို့တည်း၊ ယာဂုကား ဤမျှ ဆွမ်း-စသည်တို့ကား ဤမျှတို့တည်း’ဟု ငါ့အား ကိုယ်တိုင်ကိုယ်ကျ ပြလိုက်သေးသည် မဟုတ်လား”ဟု ပြောသော အခါ “အရှင်သိရိဂုတ္တ.. ထိုကျွန်ုပ်ပြောသော စကားများသည် လုံးဝမမှန်ပါ၊ အိုးကြီးတို့မှာလည်း ယာဂုဆွမ်း စသည်မမှီး အချည်းနှီးသော အိုးကြီးတို့သာ ဖြစ်ပါကုန်သည်”ဟု ဂရဟဒိန္နသည်

၄၃၁

တဖန် ဝန်ခံပြန်လေ၏။ ထိုအခါ သိရိဂုတ္တ သူကြွယ်သည် (မြတ်စွာဘုရား၏ ကျေးဇူးဂုဏ် ဘုန်းတော်အဟုန်ကို မမှိတ်မသုန် ယုံကြည်သူ ဖြစ်ရကား) “ရှိပါစေသူငယ်ချင်း.. အိမ်သို့သာ ပြန်သွားပါ၊ သူငယ်ချင်းပြောသည့် အိုးများ၌ ယာဂုစသည်တို့ကို ကြည့်ပါချေ”ဟု ပြောဆိုလေ၏။

ဗုဒ္ဓဝိသယ အစိန္တေယျ ဘုရားအရာ မကြံသာ

     ထိုသို့ သိရိဂုတ္တသူကြွယ် ပြောဆိုလိုက်သော ခဏမှာပင် စောစောပိုင်းက ဂရဟဒိန္နသူကြွယ် လိမ်လည်၍ “ဤအိုးကြီးများကား ယာဂုအိုးကြီးများ ဖြစ်သည်”ဟု ပြောအပ်သော အိုးကြီးအားလုံးပင် ယာဂုဖြင့် ပြည့်လျက်ရှိလေ၏။ “ဤအိုးကြီးများကား ဆွမ်းအိုးကြီးများ ဖြစ်သည်” အစရှိသည်ဖြင့် ပြောဆိုအပ်သော အိုးကြီးအားလုံးပင် ဆွမ်းစသည်တို့ဖြင့် ပြည့်လျက်ရှိကုန်၏၊ ဂရဟဒိန္နသည် အိမ်သို့ရောက်သောအခါ ထိုအံ့ဩဖွယ် အားလုံးကို ပက်ပင်းပါ တွေ့မြင်ရလေသည်၊ ထိုသို့ပြည့်ကြွယ် အံ့ဩဖွယ်အားလုံးကို မြင်ရလျှင်ပင် ဂရဟဒိန္န၏ တကိုယ်လုံးသည် နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းဖြင့် ပြည့်လျက်နေတော့၏၊ စိတ်သည်လည်း အလွန်ကြည်လင်လာလေ၏။

     ဂရဟဒိန္နသူကြွယ်သည် မြတ်စွာဘုရား အမှူးပြုသော ရဟန်းသံဃာကို ရိုသေစွာ ဆွမ်းပြုစုလုပ်ကျွေးပြီးလျှင် အနုမောဒနာတရား ဟောကြားစေလိုသည်ဖြစ်၍ ဆွမ်းဘုဉ်းပေးပြီးသော မြတ်စွာဘုရားရှင်၏ သပိတ်ကို ကိုင်ယူလေ၏။ မြတ်စွာဘုရားရှင်သည် အနုမောဒနာတရား ဟောကြားတော်မူလိုသည်ဖြစ်၍ “ဤသတ္တဝါတို့သည် ပညာမျက်စိ မရှိကြသောကြောင့်ပင် ဘုရားတပည့်များ၏ ကျေးဇူးကို၎င်း, သာသနာတော်၏ ကျေးဇူးဂုဏ်ကို၎င်း မသိမြင်ကြကုန်၊ မှန်၏- ပညာမျက်စိ မရှိသောသူတို့သည် သူကန်းတို့သာ မည်ကုန်၏၊ ပညာမျက်စိရှိသော သူတို့သည် မျက်စိအမြင်ရှိသူတို့ မည်ကြကုန်၏”ဟု မိန့်တော်မူပြီးလျှင် ဤဆိုလတ္တံ့သော နှစ်ဂါထာတို့ကို ဟောကြားတော်မူ၏-

၄၃၂

ယထာ သင်္ကာရဓာနသ္မိံ၊ ဥဇ္ဈိတသ္မိံ မဟာပထေ။

ပဒုမံ တတ္ထ ဇာယေထ၊ သုစိဂန္ဓံ မနောရမံ။ (၁)


ဧဝံ သင်္ကာရဘူတေသု၊ အန္ဓဘူတေ ပုထုဇ္ဇနေ။

အတိရောစတိ ပညာယ၊ သမ္မာသမ္ဗုဒ္ဓသာဝကော။ (၂)

မဟာပထေ = လူသူအများ သွားရာလမ်းမ၌။ ဥဇ္ဈိတသ္မိံ = အသုံးမဝင်ငြား စွန့်ပစ်၍ထားအပ်သော။ သင်္ကာရဓာနသ္မိံ = ညစ်ကြေးပေါင်းစုံ အမှိုက်ပုံ၌။ တတ္ထ = ထိုအမှိုက်ပုံ၌။ သုစိဂန္ဓံ = သင်းပျံ့လှိုင်ကြွယ် စင်ကြယ်သော ရနံ့ရှိသော။ မနောရမံ = မြင်မြင်သူ စိတ်နှလုံးကို ရွှင်ပြုံး မွေ့လျော်စေတတ်သော။ ပဒုမံ = အထပ်တရာ ပဒုမာကြာပန်းသည်။ ဇာယေထ ယထာ = အံ့ဖွယ်ထူးဆန်း ဖြစ်ထွန်းပေါ်ပေါက်၍ လာသကဲ့သို့။ (၁)

ဧဝံ = ပမာမှီးယူ ဤနည်းအတူ။ သင်္ကာရဘူတေသု = အမှိုက်သဖွယ် စွန့်ပယ်အပ်သော သဘောရှိသော သတ္တဝါတို့၌။ သမ္မာသမ္ဗုဒ္ဓသာဝကော = မြတ်စွာဘုရား၏ တပည့်သားသာဝက ခီဏာသ၀ဘုန်းဝှန် ပုဂ္ဂိုလ်မွန်သည်။ ပညာယ = အသိအလိမ္မာ ဉာဏ်ပညာဖြင့်။ အန္ဓဘူတေ = ပညာဉာဏ်စွမ်း မရှိခန်းသဖြင့် အကန်းသဖွယ် ဖြစ်၍ဖြစ်ကုန်သော။ ပုထုဇ္ဇနေ = လောကီလူသား ပုထုဇန်များတို့ကို။ အတိရောစတိ = သာလွန်မြင့်ကယ် တင့်တယ်ပေ၏။ (၂)

ဒေသနာနိဂုံး ဆုံးသောအခါ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။ ဂရဟဒိန္နသူကြွယ်နှင့် သိရိဂုတ္တသူကြွယ် သူငယ်ချင်းနှစ်ဦးတို့သည်လည်း သောတာပတ္တိဖိုလ်သို့ ရောက်ကြလေကုန်၏။ (=သောတာပန်အရိယာ ဖြစ်ကြလေကုန်၏)။ ထိုသူငယ်ချင်း နှစ်ဦးတို့သည် မိမိတို့ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာ အလုံးစုံကို အံ့ဖွယ်ရှစ်ဖြာ ဤဘုရား သာသနာ၌ သဒ္ဓါရွှင်လန်း ကြဲဖျန်းကော်ရော် ပူဇော်လှူဒါန်းကြလေကုန်၏။

၄၃၃

ဧကကနိပါတ်

ခဒိရင်္ဂါရဇာတ်တော်ကိုလည်း ဟောတော်မူခြင်း

     မြတ်စွာဘုရားသည် အနုမောဒနာတရား ဟောကြားတော်မူပြီးလျှင် နေရာမှ ထတော်မူ၍ ကျောင်းတော်သို့ ပြန်ကြွတော်မူလေ၏။ ရဟန်းတို့သည် ညနေချမ်းအခါ၌ တရားသဘင်ဝယ်-

“ငါ့ရှင်တို့.. မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်တို့မည်သည် ဩ.. လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေစွာ့၊ ထိုသို့ ကြောက်ဖွယ်လိလိဖြစ်သော ရှားမီးကျီးအစုကို ဖောက်ခွဲ၍ ရထားဘီး လှည်းဘီး ပမာဏရှိသည့် ပဒုမာ ကြာပန်းတို့သည် အစီအရီပေါ်တက် ဖြစ်ထွန်းလာကုန်ပေ၏”-

ဟု ချီးမွမ်းစကား ပြောကြား ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားရှင်သည် ဓမ္မသဘင်သို့ ကြွလာတော်မူ၍ “ရဟန်းတို့.. ယခုအခါ အဘယ်စကားဖြင့် စည်းဝေးညီမူ၍ နေကြကုန်သနည်း”ဟု မေးတော်မူ၍ “ဤမည်သော (ရှင်တော်ဘုရား၏ ဂုဏ်ကျေးဇူးနှင့်စပ်သော) စကားဖြင့် စည်းဝေးညီမူ၍ နေကြပါ၏”ဟု ရဟန်းတို့က လျှောက်တင်အပ်လေသော် မြတ်စွာဘုရားရှင်သည်-

“ရဟန်းတို့.. ယခုအခါ သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား သဗ္ဗညုဘုရားဖြစ်ပြီးသော ငါဘုရားအတွက် နင်းကြွသွားဖို့ရန် မီးကျီးအစုအပုံထဲမှ ပဒုမာကြာပန်းတို့ ဖြစ်ထွန်းပေါ်တက်၍ လာကြသည်မှာ အံ့ဩဖွယ် မဟုတ်ပါသေး၊ ရှေးအခါ မရင့်ကျက်သေးသောဉာဏ်၌ တည်သော ငါ့အဖို့ရာ ဘုရားအလောင်းတော် ဖြစ်စဉ်ကလည်း ပဒုမာကြာပန်းတို့ ဖြစ်ထွန်းပေါ်တက်၍ လာဘူးကုန်ပြီ”-

ဟု မိန့်တော်မူ၍ ရဟန်းတော်များ တောင်းပန်အပ်ရကား (ဧကကနိပါတ်၊ ၄-ကုလာဝကဝဂ်လာ) ခဒိရင်္ဂါရဇာတ်ကို အကျယ်ဟောပြတော်မူပြန်လေသည်။

(ဤခဒိရင်္ဂါရဇာတ် အကြောင်းအရာ အကျယ်ကို ငါးရာ့ငါးဆယ် ဇာတ်တော်စကားပြေ ဝတ္ထုကျမ်းတို့မှ ထုတ်နုတ် မှတ်ယူကုန်ရာ၏။

၄၃၄

အထူးအားဖြင့် ထိုငါးရာ့ငါးဆယ်ဇာတ်တော်၌ အနာထပိဏ်သူဌေး၏အလှူကို အကြောင်းပြု၍ ဟောတော်မူသည်။ ထိုခဒိရင်္ဂါရဇာတ်ကိုပင် ဤဂရဟဒိန္နသူကြွယ် ဝတ္ထု၌လည်း အကြောင်းအရာ အနုသန္ဓေ ဆက်စပ်သဖြင့် တဖန်ထပ်၍ ဟောကြားတော်မူအပ်၏ဟု အထူးမှတ်ယူကုန်ရာ၏။

ဤဂရဟဒိန္နဝတ္ထုကို ဓမ္မပဒဋ္ဌ၊ ၁၊ ၄-ပုပ္ဖဝဂ်၊ ၁၂-ဂရဟဒိန္နဝတ္ထု၊ စာမျက်နှာ ၂၇၅-မှ ထုတ်နုတ်ရေးသား ဖော်ပြအပ်သည်။)

ဂရဟဒိန္နဝတ္ထု ပြီး၏။

**********

အရှင်မောဂ္ဂလ္လာန်အား နည်းညွှန်းပေး၍

နန္ဒောပနန္ဒနဂါးမင်းကို ဆုံးမတော်မူခြင်း

     အခါတပါး၌ အနာထပိဏ်သူဌေးသည် မြတ်စွာဘုရားရှင်၏ တရားဒေသနာကို ကြားနာပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. နက်ဖြန်ခါ၌ ရဟန်းငါးရာတို့နှင့် အတူတကွ တပည့်တော်တို့၏အိမ်၌ ဆွမ်းကို အလှူခံတော်မူပါကုန်ဘုရား”ဟု လျှောက်ထားပင့်ဖိတ်၍ အိမ်သို့ ဖဲသွားလေ၏။

     မြတ်စွာဘုရားရှင်သည် အနာထပိဏ်သူဌေး ပင့်လျှောက်ချက်ကို လက်ခံတော်မူ၍ ထိုကြွင်းကျန်သော နေ့ပိုင်းနှင့် ညပိုင်းကို လွန်မြောက်စေပြီးနောက် မိုးသောက်အားကြီး လင်းခါနီး၌ လောကဓာတ် စကြဝဠာပေါင်း တိုက်တသောင်းကို ကြည့်ရှုတော်မူလေသော် နန္ဒောပနန္ဒမည်သော နတ်နဂါးမင်းသည် ကိုယ်တော်မြတ်၏ ဉာဏ်တော်ဝ၌ ထင်လာလေ၏။

     မြတ်စွာဘုရားရှင်သည် “ဤနဂါးမင်းကား ငါဘုရား၏ဉာဏ်ဝ၌ ထင်လာ၏။ ထိုနဂါးမင်း၏အဖို့ရာ ရှေးကောင်းမှု ဥပနိဿယ ရှိလေသလော”ဟု ဆင်ခြင်တော်မူလတ်သော် “ဤနဂါးကား ရတနာသုံးပါး၌ မကြည်ညိုသူ မိစ္ဆာအယူရှိသူဖြစ်၏”ဟု သိမြင်တော်မူပြီးလျှင် “အဘယ်သူသည် ဤနဂါးကို မိစ္ဆာအယူမှ ဆိတ်စေ သုဉ်းစေပါမည်နည်း” ဟု ဆက်၍တဖန် ဆင်ခြင်တော်မူပြန်သည်တွင် အရှင်မဟာမောဂ္ဂလာန် မထေရ်ကို မြင်တော်မူလေ၏။

၄၃၅

     ထို့နောက် မိုးလင်းသောအခါ ကိုယ်လက်သုတ်သင်မှု ပြုတော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ.. “မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်သို့ ဒေသစာရီ ကြွချီတော်မူတော့မည်”ဟု ရဟန်းငါးရာတို့အား ပြောကြားလော့”ဟု စေခိုင်းတော်မူ၏။

     အထူးအားဖြင့် ထိုနေ့၌ နတ်နဂါးတို့သည် နန္ဒောပနန္ဒနဂါးမင်း၏ စားသောက်ပျော်ရွှင် သေရည်ပွဲသဘင်ကို စီရင်ကြကုန်၏။ နန္ဒောပနန္ဒ နဂါးမင်းသည် နတ်ဖြစ် ရတနာပလ္လင်၌ နတ်ထီးဖြူ ဆောင်းမိုးကာလျက် အကြီး အငယ် အလတ် = သုံးထွေပြားသည့် နတ်နဂါး ကခြေသည်မ အပေါင်းတို့ဖြင့်၎င်း, နတ်နဂါး ပရိသတ်ဖြင့်၎င်း ခြံရံအပ်လျက် နတ်ဖြစ် ရွှေခွက် ငွေခွက်တို့၌ ထည့်ထားအပ်သော နတ်ထမင်း နတ်အဖျော် စသည်များကို ကြည့်ရှုလျက် ထိုင်နေဆဲဖြစ်သည်။

     ထိုအခါ မြတ်စွာဘုရားရှင်သည် နဂါးမင်းမြင်နိုင်အောင်ပြု၍ နဂါးမင်း၏ ဘုံဗိမာန်အထက်ကပင် ရဟန်းငါးရာတို့နှင့် အတူတကွ တာဝတိံသာနတ်ပြည်သို့ရှေးရှူ ကြွတော်မူလေ၏။

     ထိုစဉ်အခါ နန္ဒောပနန္ဒနဂါးမင်း၏ စိတ်သန္တာန်ဝယ် “ဤဦးပြည်းယုတ် ရဟန်းယုတ်တို့သည် ငါတို့၏ အထက် အထက် ဘုံဗိမာန်များက သွားကြကာ တာဝတိံသာနတ်ပြည်သို့ ဝင်လည်း ဝင်ကြကုန်ဘိ၏၊ ထွက်လည်း ထွက်ကြကုန်ဘိ၏။ ယခုအခါ ဤအချိန်မှစ၍ ငါတို့အပေါ်၌ ခြေမှုန့်ကို ကြဲဖျန်းကာ သွားကြသော ထိုဦးပြည်းယုတ် ရဟန်းယုတ်တို့အား သွားခွင့်ကို ငါမပေးတော့အံ့”ဟု ဤကဲ့သို့ ယုတ်မာသော မိစ္ဆာအယူ ဖြစ်ပွါးလေ၏၊ ထိုသို့ မိစ္ဆာအယူဖြစ်ပြီးနောက် နန္ဒောပနန္ဒ နဂါးမင်းသည် ရတနာပလ္လင်မှ ထခဲ့၍ မြင်းမိုရ်တောင်ခြေသို့ သွားပြီးလျှင် ထိုမူလ ကိုယ်အဖြစ်ကို စွန့်၍ မြင်းမိုရ်တောင်ကို အခွေများဖြင့် ခုနစ်ပတ် ရစ်ပတ်ပြီးနောက် ထိုအထက်၌ ပါးပျဉ်းထောင်ကာ တာဝတိံသာနတ်ပြည်ကို မှောက်ခုံဖြစ်သော မိမိပါးပျဉ်းဖြင့် ငုံယူကာ မမြင်ရခြင်းသို့ ရောက်စေလေ၏။

၄၃၆

     ထိုအခါ အရှင်ရဋ္ဌပါလသည် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှေးအခါများကဆိုလျှင် ဤအရပ်၌ ရပ်တည်လျက် မြင်းမိုရ်တောင်ကို မြင်ရပါ၏၊ တောင်ရံခုနစ်လုံးကို မြင်ရပါ၏။ တာဝတိံသာနတ်ပြည်ကို မြင်ရပါ၏၊ ဝေဇယန္တာပြာသာဒ်ကို မြင်ရပါ၏၊ ဝေဇယန္တာပြာသာဒ်အထက်၌ စိုက်ထူထားသော သိကြားမင်း၏ အလံတော်ကို မြင်ရပါ၏၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ယခုအခါ တပည့်တော်များ မြင်းမိုရ်တောင်, တောင်ရံခုနစ်လုံး, တာဝတိံသာနတ်ပြည်, ဝေဇယန္တာပြာသာဒ်နှင့် သိကြားမင်း၏ အလံတော်များကို မမြင်ကြရခြင်း၏ အကြောင်းကား အဘယ်ပါနည်း”ဟု မေးမြန်း လျှောက်ထားလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်က “ချစ်သားရဋ္ဌပါလ.. ဤနန္ဒောပနန္ဒမည်သော နဂါးမင်းသည် သင်ချစ်သားတို့အား အမျက်ထွက်သည်ဖြစ်၍ မြင်းမိုရ်တောင်ကို အခွေများဖြင့် ခုနစ်ပတ် ရစ်ပတ်ပြီးလျှင် ထိုအထက်က ပါးပျဉ်းဖြင့် ဖုံးအုပ်၍ အမိုက်မှောင်ကို ပြုလုပ်ဖန်ဆင်းကာ တည်နေ၏”ဟု မိန့်တော်မူလျှင် အရှင်ရဋ္ဌပါလမထေရ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ထိုနဂါးမင်းကို အကျွန်ုပ် ဆုံးမပါရစေ”ဟု လျှောက်ထား တောင်းပန်လေ၏။ မြတ်စွာဘုရားရှင်သည် ခွင့်ပြုတော်မမူချေ။ ထို့နောက် အရှင်ဘဒ္ဒိယ, အရှင်ရာဟုလာ စသည်ဖြင့် အစဉ်အတိုင်း ခပ်သိမ်းသော ရဟန်းတို့သည် ထကာ ထကာ အရှင်ရဋ္ဌပါလ လျှောက်ထားသည့်အတိုင်း တောင်းပန် လျှောက်ထားကြသော်လည်း မြတ်စွာဘုရားရှင်သည် ခွင့်ပြုတော်မမူချေ၊ (အကြောင်းနောက်၌ ထင်ရှားလတ္တံ့)။

     နောက်ဆုံး၌ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ထိုနဂါးမင်းကို အကျွန်ုပ် ဆုံးမပါရစေ”ဟု လျှောက်ထားလေလျှင် “ဆုံးမလော့ ချစ်သားမောဂ္ဂလာန်..”ဟု မြတ်စွာဘုရားရှင်သည် ခွင့်ပြုတော်မူလေ၏။ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် မြတ်စွာဘုရားရှင်၏

၄၃၇

ခွင့်ပြုတော်မူချက်ကို ရရှိပြီးနောက် မိမိ၏ မူလကိုယ်ခန္ဓာ အတ္တဘောကို ပယ်စွန့်၍ ကြီးစွာသော နဂါးမင်း အသွင် ဖန်ဆင်းပြီးလျှင် နန္ဒောပနန္ဒနဂါးမင်းကို မိမိအခွေများဖြင့် တဆယ့်လေးပတ် ရစ်ပတ်၍ နဂါးမင်း၏ ပါးပျဉ်းအထက်၌ မိမိ၏ပါးပျဉ်းကို အုပ်မိုးထားကာ နန္ဒောပနန္ဒနဂါးမင်းကို မြင်းမိုရ်တောင်ကြီးနှင့် ဖိညှပ်ကြိတ်၍ ထားလေ၏။ နန္ဒောပနန္ဒ နဂါးမင်းသည် အခိုးအငွေ့ကို လွှတ်လေ၏၊ မထေရ်မြတ်သည်လည်း “သင်၏ကိုယ်၌သာလျှင် အခိုးအငွေ့ ရှိသည်မဟုတ်၊ ငါ့မှာလည်းရှိ၏”ဟု ပြောဆိုတော်မူကာ ထို့ထက်သာလွန်သော အခိုးအငွေ့ကို လွှတ်တော်မူလေ၏။ နဂါးမင်း၏ အခိုးအငွေ့သည် မထေရ်မြတ်ကို မနှိပ်စက်နိုင်၊ မထေရ်မြတ်၏ အခိုးအငွေ့ကား နဂါးမင်းကို နှိပ်စက်နိုင်၏။ ထိပါးနိုင်၏။

     ထို့နောက် နန္ဒောပနန္ဒနဂါးမင်းသည် မီးအလျှံ တဟုန်းဟုန်းလွှတ်လေ၏။ မထေရ်မြတ်ကလည်း “သင်၏ကိုယ်မှာသာ အလျှံရှိသည်မဟုတ်၊ ငါ့မှာလည်း ရှိ၏”ဟု မိန့်တော်မူကာ ထို့ထက်သာလွန်သော မီးအလျှံများကို တဟုန်းဟုန်း လွှတ်တော်မူလေ၏။ နဂါးမင်းလွှတ်လိုက်သော မီးအလျှံသည် မထေရ်မြတ်ကို မထိပါး မနှိပ်စက်နိုင်ပဲ မထေရ်မြတ် လွှတ်လိုက်သော မီးအလျှံကမူ နဂါးမင်းကို ထိပါး နှိပ်စက်နိုင်၏။

     နန္ဒောပနန္ဒနဂါးမင်းသည် “ဤသူကား ငါ့ကို မြင်းမိုရ်တောင်ကြီးနှင့် ဖိညှပ်ကြိတ်ချေ၍ အခိုးအငွေ့ကိုလည်း လွှတ်၏။ မီးအလျှံကိုလည်း တဟုန်းဟုန်းလွှတ်၏”ဟု ကြံပြီးလျှင် “အိုအရှင်.. သင်သည် အဘယ်သူဖြစ်သနည်း”ဟု မထေရ်မြတ်ကို မေးလေသော် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်က “နန္ဒ.. ငါကား မောဂ္ဂလာန်မထေရ်တည်း”ဟု မိန့်တော်မူ၏။ “အရှင်ဘုရား.. ထိုသို့ဖြစ်လျှင် မိမိ၏ ရဟန်းအဖြစ်ဖြင့် တည်တော်မူပါ”ဟု နန္ဒောပနန္ဒနဂါးမင်းက လျှောက်သောအခါ မထေရ်မြတ်သည် ထိုနဂါးကိုယ်ခန္ဓာ အတ္တဘောကို စွန့်ပယ်၍ (ပကတိ ရဟန်းအသွင်ဖြင့်) ထိုနန္ဒောပနန္ဒနဂါးမင်း၏ လက်ျာနားဖက်မှဝင်၍ လက်ဝဲနားဖက်မှ ထွက်တော်မူ၏၊ တဖန် လက်ဝဲနားဖက်မှဝင်၍

၄၃၈

လက်ျာနားဖက်မှ ထွက်တော်မူ၏။ ထို့အတူပင် လက်ျာနှာခေါင်းပေါက်မှ ဝင်၍ လက်ဝဲနှာခေါင်းပေါက်မှ ထွက်တော်မူ၏။ တဖန် လက်ဝဲနှာခေါင်းပေါက်မှ ဝင်၍ လက်ျာနှာခေါင်းပေါက်မှ ထွက်တော်မူ၏။

     ထို့နောက် နန္ဒောပနန္ဒ နဂါးမင်းသည် ခံတွင်းကို ဖွင့်ဟပေးလေသည်။ မထေရ်မြတ်သည် ခံတွင်းမှပင် ဝင်၍ ဝမ်းတွင်း၌ အရှေ့အနောက် လူးလာတုံ့ခေါက် စင်္ကြံလျှောက်တော်မူလေ၏။ မြတ်စွာဘုရားရှင်သည်-

“ချစ်သားမောဂ္ဂလာန်.. သင်ချစ်သားသည် ကြပ်ကြပ်တင်းတင်း နှလုံးသွင်းလော့၊ ဤနန္ဒောပနန္ဒနဂါးမင်းသည် အလွန်တန်ခိုးကြီးသူ ဖြစ်လေသည်-

ဟု သတိပေးစကား မိန့်ကြားတော်မူ၏။ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည်—

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ဝသီဘော်ငါးသင်းဖြင့် နိုင်နင်းအောင် ပွါးများအပ်ပြီး ဖြစ်ပါကုန်သည်၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. နန္ဒောပနန္ဒ နဂါးတကောင်ကို မဆိုထားဘိ၊ အကျွန်ုပ်သည် နန္ဒောပနန္ဒ နဂါးမင်းနှင့် အလားတူကြသည့် နတ်နဂါးမင်းပေါင်း အရာ အထောင် အသိန်းကိုသော်လည်း ဆုံးမနိုင်ပါသည်ဘုရား”-

ဟု ပြန်ကြား လျှောက်ထားလေ၏။

     နန္ဒောပနန္ဒ နဂါးမင်းသည် “ငါသည် အရှင်မောဂ္ဂလာန်မထေရ် ခံတွင်းမှ ဝင်သွားလိုက်သည်ကို ရှိစေဦး၊ ယခု ထွက်လာသောအခါ ထိုမထေရ်ကို အစွယ်ကြား၌ ထည့်ထားပြီးလျှင် ကျွတ်ကျွတ်ဝါး၍ စားပေအံ့”ဟု ကြံ၍ “အရှင်ဘုရား.. အပြင်သို့ ထွက်ပါလော့၊ ဝမ်းတွင်း၌နေကာ လူးလာတုံ့ခေါက် စင်္ကြံလျှောက်လျက် အကျွန်ုပ်ကို မနှိပ်စက်ပါလင့်”ဟု ပြောဆိုလျှောက်ထားလေ၏။ မထေရ်မြတ်သည် ထွက်၍ အပ၌ ရပ်တည်တော်မူလေ၏၊

၄၃၉

နဂါးမင်းသည် “ဤသူကား ထိုအရှင်မောဂ္ဂလာန် မထေရ်တည်း”ဟု မြင်လျှင်မြင်ခြင်း ပြင်းစွာသော နှာခေါင်းလေကို မှုတ်လွှတ်လေ၏။ မထေရ်သည် စတုတ္ထဈာန်ကို ၀င်စား၍ ထိုလေကို ကာကွယ်လိုက်လေသည်၊ (သို့ရကား) နဂါးမင်းလွှတ်သော နှာခေါင်းလေသည် မထေရ်မြတ်၏ မွေးညှင်းတွင်းကိုမျှသော်လည်း မတုန်လှုပ်စေနိုင်။

(အထူးမှတ်ရန်မှာ- အခြားရဟန်းတော်များသည် အစမှစ၍ အလုံးစုံသော တန်ခိုးပြာဋိဟာတို့ကို ပြုစွမ်းနိုင်ကြမည် ဖြစ်သော်လည်း ဤနှာခေါင်းလေဖြင့် မှုတ်လိုက်သော အခဏ်းသို့ရောက်လျှင် ဤအရှင်မောဂ္ဂလာန် မထေရ်မြတ်ကဲ့သို့ အလွန်လျင်မြန်သော အဘိညာဏ် အသိဉာဏ်ရှိသူ (=ခိပ္ပနိသန္တိပုဂ္ဂိုလ်)များ ဖြစ်ကြကာ သမာပတ်ကို လျင်လျင်မြန်မြန် ဝင်စားနိုင်ကြလိမ့်မည် မဟုတ်ကုန်၊ ထို့ကြောင့်ပင် မြတ်စွာဘုရားရှင်သည် ထိုအခြား ရဟန်းတော်တို့အား နဂါးမင်းကို ဆုံးမရန် ခွင့်ပြုတော်မမူခြင်းဖြစ်သည်)။

     ထိုအခါ နန္ဒောပနန္ဒနဂါးမင်းသည် “ငါကား ဤနှာခေါင်းလေဖြင့် ဤရဟန်း၏ မွေးညှင်းတွင်းကလေး တတွင်းကိုသော်လည်း တုန်လှုပ်စေခြင်းငှာ မတတ်နိုင်ခဲ့ချေ၊ ရဟန်းကား အလွန် တန်ခိုးကြီးမားသူ ဖြစ်လေသည်”ဟု ကြံစည်စဉ်းစားမိလေ၏။ မထေရ်မြတ်သည် ပကတိကိုယ်တော်ကို စွန့်ပယ်၍ ဂဠုန်ငှက်မင်းအသွင်ကို ဖန်ဆင်းပြီးလျှင် ဂဠုန်ငှက်မင်း၏ လေအဟုန်ကို ဖော်ပြလျက် နဂါးမင်းကို အစဉ်တစိုက် လိုက်လေ၏။ နဂါးမင်းသည် (ပြေး၍ မလွှတ်နိုင်သည့်အဆုံး၌) မိမိ၏ ပင်ကိုယ်ပကတိ နဂါးကိုယ်ခန္ဓာ အတ္တကို စွန့်ပယ်၍ လုလင်ငယ်အသွင် ဖန်ဆင်းပြီးလျှင် “အရှင်ဘုရား.. အကျွန်ုပ်သည် အရှင်ဘုရားတို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သိရှိပါ၏”ဟု ပြောဆိုလျက် မထေရ်မြတ်၏ ခြေတော်အစုံတို့ကို ရိုသေစွာ ရှိခိုးလေ၏။

     အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် “နန္ဒ.. မြတ်စွာဘုရားရှင် ကြွလာတော်မူပြီ၊ လာလော့ (မြတ်စွာဘုရားထံသို့) သွားကြစို့”ဟု မိန့်ဆိုကာ နဂါးမင်းကို ဆုံးမ၍ မာန်မာန

၄၄၀

အဆိပ်အတောက် ကင်းပျောက်အောင်ပြုပြီးမှ နဂါးမင်းကို ခေါ်ဆောင်၍ မြတ်စွာဘုရားရှင် အထံတော်သို့ သွားရောက်လေ၏။ နဂါးမင်းသည် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုး၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် အရှင်ဘုရားတို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သိရှိပါ၏”ဟု လျှောက်ထားကာ သရဏဂုံ ခံယူလေ၏။ မြတ်စွာဘုရားရှင်သည် “နဂါးမင်း.. သင်သည် ကာယ စိတ္တ သုခနှစ်ပါးနှင့် ပြည့်စုံသူ ဖြစ်စေသတည်း”ဟု မိန့်တော်မူပြီးလျှင် ရဟန်းအပေါင်း ခြံရံလျက် အနာထပိဏ်သူဌေးအိမ်သို့ ကြွတော်မူလေ၏။

     အနာထပိဏ်သူဌေးသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အဘယ့်ကြောင့် အလွန်ကြီး နေမြင့်မှ ကြွလာတော်မူကြပါသနည်း”ဟု လျှောက်ထား မေးမြန်းလေသော် မြတ်စွာဘုရားရှင်က “ဒါယကာသူဌေး.. ယနေ့ မောဂ္ဂလာန်နှင့် နန္ဒောပနန္ဒ နဂါးမင်းတို့၏ သူရှုံး ငါနိုင် အပြိုင်ဆင်နွှဲ စစ်တိုက်ပွဲကြီး ဖြစ်ခဲ့လေသည်။ (ထို့ကြောင့် နေမြင့်မှ ငါဘုရားတို့ ကြွလာကြကုန်၏)”ဟူ၍ မိန့်တော်မူ၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အဘယ်သူ၏ အောင်ခြင်းဖြစ်၍ အဘယ်သူ၏ ရှုံးခြင်း ဖြစ်ပါသနည်း (=အဘယ်သူက အောင်နိုင်၍ အဘယ်သူက ရှုံးနိမ့်ပါသနည်းဘုရား)”ဟု အနာထပိဏ်သူဌေးက လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်သည် “ဒါယကာသူဌေး.. မောဂ္ဂလာန်၏ အောင်ခြင်းဖြစ်၍ နန္ဒ၏ရှုံးခြင်း ဖြစ်လေသည် (=မောဂ္ဂလာန်က အောင်နိုင်၍ နန္ဒောပနန္ဒက ရှုံးနိမ့်လေသည်)”ဟု မိန့်ဆိုတော်မူလေ၏။

     အနာထပိဏ်သူဌေးသည် အလွန် နှစ်သက်အားရမ်း ဝမ်းမြောက်လှရကား “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်ပင်ဘုရားသည် နေ့စဉ်ရက်ဆက် ခုနစ်ရက်ပတ်လုံး တပည့်တော်၏ဆွမ်းကို ရဟန်းအပေါင်းနှင့်တကွ လက်ခံတော်မူပါ၊ ခုနစ်ရက်ပတ်လုံး မထေရ်မြတ်အား ပူဇော်သက္ကာရမှုကို ပြုလုပ်ပါအံ့”ဟု လျှောက်ထားပြီးလျှင် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော

၄၄၁

ရဟန်းငါးရာတို့အား ကြီးစွာသော ပူဇော်သက္ကာရမှု တည်းဟူသော အောင်ပွဲသဘင်ကို ဆင်ယင်ကျင်းပ ပြုလုပ်လေ၏။

(ဤ အရှင်မဟာမောဂ္ဂလာန် မထေရ်က နန္ဒောပနန္ဒ နဂါးမင်းကို ဆုံးမတော်မူသော အကြောင်းအရာများကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယအုပ် ၁၂-ဣဒ္ဓိဝိဓနိဒ္ဒေသ၊ စာမျက်နှာ ၂၇-နှင့် ထေရဂါထာ အဋ္ဌကထာ ဒုတိယအုပ် စာမျက်နှာ ၅၀၁- မဟာမောဂ္ဂလ္လာနတ္ထေရဂါထာအဖွင့်မှ ထုတ်ဆောင်ဖော်ပြအပ်ပါသည်)။

အရှင်မောဂ္ဂလာန်အား နည်းညွှန်းပေး၍

နန္ဒောပနန္ဒနဂါးမင်းကို ဆုံးမစေတော်မူခြင်းအကြောင်း

ပြီး၏။

**********

ဗကဗြဟ္မာကြီးကို နှိမ်နင်းဆုံးမတော်မူခြင်း

(မြတ်ာဘုရားရှင် ဗကဗြဟ္မာကြီးကို ချေချွတ် ဆုံးမတော်မူသည့် ဤအကြောင်းအရာများကား- သတ္တကနိပါတ် ဗကဇာတ်နှင့် စတုက္ကနိပါတ် ကေသ၀ဇာတ် ပါဠိအဋ္ဌကထာတို့၌၎င်း, သံယုတ်ပါဠိတော် ဗြဟ္မသံယုတ် ဗကဗြဟ္မသုတ် ပါဠိအဋ္ဌကထာတို့၌၎င်း လာရှိ၏။ မူလပဏ္ဏာသ ဗြဟ္မနိမန္တနိကသုတ် ပါဠိအဋ္ဌကထာ ဖွင့်ပြချက်သည် ထိုဇာတ်နှင့် သံယုတ် ပါဠိအဋ္ဌကထာ ဖွင့်ပြချက်တို့ကိုပါ ငုံမိသောကြောင့် ဤမဟာဗုဒ္ဓဝင်ကျမ်း၌ မူလပဏ္ဏာသ ဗြဟ္မနိမန္တနိကသုတ် ပါဠိအဋ္ဌကထာ ဖွင့်ပြချက်ကို ဦးတည်ရေးသား ဖော်ပြပေအံ့)-

     အခါတပါး၌ မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတဝန်ရွှေကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူစဉ် ရဟန်းတို့ကိုခေါ်၍ မိန့်တော်မူသည်မှာ-

     ရဟန်းတို့.. ငါဘုရားသည် အခါတပါး၌ ဥက္ကဋ္ဌမြို့ သုဘဂတောအုပ်အတွင်း အင်ကြင်းပင်မင်းအရင်း၌ နေ၏၊ ရဟန်းတို့.. ထိုအခါ ဗကဗြဟ္မာ၏ စိတ်သန္တာန်ဝယ်-

“ဤကိုယ်နှင့် တကွသော ဗြဟ္မလောကသည် မြဲ၏။ ခိုင်ခံ့၏၊ တည်တံ့၏။ သီးသန့်ဖြစ်၏။ ရွေ့လျောခြင်း သဘောမရှိ၊ ဤဗြဟ္မလောက၌ ပဋိသန္ဓေနေသူ, အိုသူ, သေသူ, ရွေ့လျောသူ, (ရွေ့လျောပြီးနောက် တဖန်ပဋိသန္ဓေ

၄၄၂

တည်နေသောအားဖြင့်) ကပ်ရောက်သောသူဟူ၍ မရှိ၊ ဤကိုယ်နှင့်တကွသော ဗြဟ္မလောကမှတပါး အခြား လွန်မြတ်သော ထွက်မြောက်ရာလည်း မရှိ”-

ဟု ဤသို့သဘောရှိသော အလွန်အားကောင်းသည့် သဿတမိစ္ဆာဒိဋ္ဌိအယူ ဖြစ်ပေါ်နေ၏။

(အထူးအားဖြင့် ဤသို့ ပြောဆိုယူလေ့ရှိသော ထိုဗကဗြဟ္မာကြီးသည် (မိမိက ပဌမဈာန်ဘုံသို့ ကပ်ရောက်နေသူ ဖြစ်ရကား ထို၏အထက်ဖြစ်သော) ဒုတိယဈာန် ဗြဟ္မာ့ဘုံ, တတိယဈာန် ဗြဟ္မာ့ဘုံ, (အရူပ ၄-ဘုံနှင့် တကွသော) စတုတ္ထဈာန် ဗြဟ္မာ့ဘုံတို့နှင့်တကွ မဂ်,ဖိုလ်,နိဗ္ဗာန် တည်းဟူသော အထက်အထက် တရားများကို တားမြစ်ပယ်ရှားသည် မည်၏)။

     ရဟန်းတို့.. ထိုအခါ ငါဘုရားသည် ဗကဗြဟ္မာ၏ စိတ်အကြံကို (ငါဘုရား၏)စိတ်ဖြင့် သိ၍ ခွန်အားရှိသော ယောက်ျားသည် ကွေးထားသောလက်ကို ဆန့်သကဲ့သို့၎င်း, ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့၎င်း ဤအတူပင် ဥက္ကဋ္ဌမြို့ သုဘဂတောအုပ် အင်ကြင်းပင်မင်းအရင်း၌ ကွယ်ခဲ့၍ ထို(ပဌမဈာန်) ဗြဟ္မာ့ပြည်၌ ထင်ရှားဖြစ်လေ၏။

     ရဟန်းတို့.. ဗကဗြဟ္မာသည် ငါဘုရား လာလတ်သည်ကို အဝေးမှပင် မြင်၍-

“အရှင်မြတ်.. လာပါလော့ ၊ အရှင်မြတ်.. (အရှင်မြတ်၏) လာခြင်းသည် ကောင်းသောလာခြင်း ဖြစ်ပါ သည်၊ အရှင်မြတ်.. အရှင်မြတ်သည် ဤဗြဟ္မာ့ပြည်သို့ လာရောက်ရန် အလှည့်အကြိမ်ကို ကြာမြင့်မှပင် ပြုဘိ၏။ အရှင်မြတ်.. ဤကိုယ်နှင့်တကွသော ဗြဟ္မာလောကသည် မြဲ၏၊ ခိုင်ခံ့၏၊ တည်တံ့၏၊ သီးသန့်ဖြစ်၏၊ ရွေ့လျောခြင်း သဘောမရှိ၊ ဤဗြဟ္မလောက၌ ပဋိသန္ဓေနေသူ, အိုသူ, သေသူ, ရွေ့လျောသူ, (ရွေ့လျောပြီးနောက် တဖန် ပဋိသန္ဓေ တည်နေသောအားဖြင့်) ကပ်ရောက်သောသူဟူ၍ မရှိ၊

၄၄၃

ဤကိုယ်နှင့် တကွသော ဗြဟ္မာလောကမှတပါး အခြား လွန်မြတ်သော ထွက်မြောက်ရာလည်း မရှိ”-

ဟူ၍ ပြောဆိုလေသည်၊ ရဟန်းတို့.. ဤသို့ဆိုလေသော် ငါဘုရားသည် ဗကဗြဟ္မာကို-

“အချင်းတို့.. ဗကဗြဟ္မာသည် မိုက်မဲလေစွာ့တကား..။ အချင်းတို့.. ဗကဗြဟ္မာသည် မိုက်မဲလေစွာ့တကား..။ ယင်းသည့် ဗကဗြဟ္မာသည် မမြဲသည်သာလျှင်ဖြစ်သော တရားကို ‘မြဲ၏’ဟု ဆိုတုံဘိ၏၊ မခိုင်ခံ့သည်, မတည်တံ့သည်, သီးသန့်မဟုတ်သည်, ရွေ့လျောခြင်း သဘောရှိသည်သာလျှင်ဖြစ်သော တရားကို ‘ခိုင်ခံ့၏’ ‘သီးသန့်ဖြစ်၏’ ‘ရွေ့လျောခြင်း သဘောမရှိ’ဟု ဆိုတုံဘိ၏၊ အကြင် (ပဌမဈာန်) ဗြဟ္မာ့ဘုံ၌ ပဋိသန္ဓေနေသူ, အိုသူ, သေသူ, ရွေ့လျောသူ, တဖန် ကပ်ရောက်သောသူ ရှိပါလျက် ထို(ပဌမဈာန်) ဗြဟ္မာ့ဘုံကို ‘ဤဗြဟ္မာလောက၌ ပဋိသန္ဓေနေသူ, အိုသူ, သေသူ, ရွေ့လျောသူ, တဖန်ကပ်ရောက်သော သူဟူ၍ မရှိ’ဟု ပြောဆိုတုံဘိ၏၊ ဤ(ပဌမဈာန်) ဗြဟ္မာလောကမှတပါး အခြား ဒုတိယဈာန် ဗြဟ္မာလောက, တတိယဈာန် ဗြဟ္မာလောက, စတုတ္ထဈာန် ဗြဟ္မာလောက, မဂ်,ဖိုလ်,နိဗ္ဗာန် တည်းဟူသော လွန်မြတ်သော ထွက်မြောက်ရာတရား ထင်ရှားရှိပါလျက် ‘ဤကိုယ်နှင့် တကွသော ဗြဟ္မာလောကမှတပါး အခြားလွန်မြတ်သော ထွက်မြောက်ရာလည်း မရှိ’ဟု ဆိုတုံဘိ၏”–

ဟူ၍ မိန့်ဆို၏။

အလုပ်အကျွေး ဗြဟ္မာတဦးကို မာရ်နတ်ပူးဝင်ခြင်း

     ရဟန်းတို့.. ထိုအခါ မာရ်နတ်ယုတ်သည် အလုပ်အကျွေး ဗြဟ္မပါရိသဇ္ဇ ဗြဟ္မာငယ်တဦးကို ပူးဝင်ပြီးသော် ငါဘုရားကို ဤသို့ ထိပါး ပြောဆိုလာလေသည်-

၄၄၄

“ရဟန်း.. ရဟန်း.. ဤဗကဗြဟ္မာကို မထိခိုက်လင့်၊ ဤဗကဗြဟ္မာကို မထိခိုက်လင့်၊ ရဟန်း.. ဤဗကဗြဟ္မာသည် ဗြဟ္မာကြီးလည်း ဖြစ်သည်၊ လွှမ်းမိုးနိုင်သူလည်း ဖြစ်သည်။ မည်သူကမျှ မလွှမ်းမိုးနိုင်သူလည်း ဖြစ်သည်၊ စင်စစ်ဧကန်ပင် အလုံးစုံကို မြင်တတ်သူလည်း ဖြစ်သည်။ သတ္တဝါအားလုံးကို မိမိအလိုသို့ လိုက်စေနိုင်သူလည်း ဖြစ်သည်။ လောက၌ အစိုးရသူလည်း ဖြစ်သည်၊ လောကကို ပြုလုပ်ဖန်ဆင်းတတ်သူလည်း ဖြစ်သည်၊ လောက၏ အကြီးအမြတ်လည်း ဖြစ်သည်၊ (သင်သည် မင်းဖြစ်ရမည်၊ ပုဏ္ဏားဖြစ်ရမည်၊ ကုန်သည် လယ်လုပ် ဖြစ်ရမည်၊ သူဆင်းရဲ ဖြစ်ရမည်။ သင်သည် လူဖြစ်ရမည်၊ ရဟန်းဖြစ်ရမည်၊ (အယုတ်သဖြင့်) သင်သည် ကုလားအုပ်ဖြစ်ရမည်၊ သင်သည် နွားဖြစ်ရမည်ဟု) သတ္တဝါတို့ကို စီမံတတ်သူလည်း ဖြစ်သည်၊ ဈာန်၌ လေ့လာပြီးသူလည်း ဖြစ်သည်။ ဖြစ်ပြီးသော သတ္တ၀ါ, ဖြစ်ဆဲသော သတ္တဝါတို့၏* အဖလည်း ဖြစ်သည်။

ရဟန်း.. လောက၌ ပထဝီဓာတ်ကို (သင်ကဲ့သို့ပင် အနိစ္စ ဒုက္ခ အနတ္တဟူ၍) ကဲ့ရဲ့တတ် စက်ဆုပ်တတ်ကုန်သော အာပေါဓာတ်ကို, တေဇောဓာတ်ကို, ဝါယောဓာတ်ကို,


     * ဖြစ်ပြီးသောသတ္တဝါ ဖြစ်ဆဲသောသတ္တဝါ- ဟူရာ၌ ဥ၌ဖြစ်သော သတ္တဝါ သားအိမ်၌ဖြစ်သော သတ္တဝါတို့သည် ဥတွင်း သားအိမ်တွင်း၌ တည်နေကြစဉ် ဖြစ်ဆဲသတ္တဝါ မည်ကြ၍ ထိုဥ ထိုသားအိမ်မှ အပြင်သို့ ထွက်သောအခါမှ အစပြု၍ ဖြစ်ပြီးသောသတ္တဝါ မည်ကြလေသည်။

     အညှိ၌ဖြစ်သော (=သံသေဒဇ) သတ္တဝါတို့သည် ပဋိသန္ဓေစိတ်ခဏ၌ ဖြစ်ဆဲသတ္တဝါ မည်ကြ၍ ထိုမှနောက်၌ ဖြစ်ပြီးသတ္တဝါ မည်ကြလေသည်။

     ဥပပတ်သတ္တဝါတို့သည် ပဌမ ဣရိယာပုထ်အခိုက်၌ ဖြစ်ဆဲသတ္တဝါ မည်ကြ၍ ဒုတိယ ဣရိယာပုထ်မှစ၍ နောက်၌ ဖြစ်ပြီးသတ္တဝါတို့ မည်ကြသည်။ ။မ ဋ္ဌ၊ ၂၊ ၃ဝ၃-မျက်နှာမှ။

၄၄၅

သတ္တဝါကို, နတ်ကို, မာရ်နတ်ကို, ဗြဟ္မာကို (သင်ကဲ့သို့ပင် အနိစ္စ ဒုက္ခ အနတ္တဟူ၍) ကဲ့ရဲ့တတ် စက်ဆုပ်တတ်ကုန်သော သင့်ထက် ရှေးကျသည့် သမဏဗြာဟ္မဏတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်အခါဝယ် ယုတ်ညံ့သော (အပါယ်)ဘုံဘဝ၌ ဖြစ်ကြကုန်၏။

ရဟန်း.. လောက၌ ပထဝီဓာတ်ကို (မြဲ၏၊ ခိုင်ခံ့၏၊ တည်တံ့၏၊ မပြတ်နိုင်၊ မကွဲနိုင်၊ မကုန်နိုင်ဟူ၍) ချီးမွမ်းတတ် အလွန် နှစ်သက်တတ်ကုန်သော အာပေါဓာတ်ကို, တေဇောဓာတ်ကို, ဝါယောဓာတ်ကို, သတ္တဝါကို, နတ်ကို, မာရ်နတ်ကို, ဗြဟ္မာကို (မြဲ၏၊ ခိုင်ခံ့၏၊ တည်တံ့၏၊ မပြတ်နိုင်၊ မကွဲနိုင်၊ မကုန်နိုင်ဟူ၍) ချီးမွမ်းတတ် အလွန် နှစ်သက်တတ်ကုန်သော သင့်ထက် ရှေးကျသည့် သမဏဗြာဟ္မဏတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်အခါဝယ် မြတ်သော (ဗြဟ္မာ့)ဘုံဘဝ၌ ဖြစ်ကြကုန်၏။

ရဟန်း.. ထို့ကြောင့် သင့်ကို ငါ ဤသို့ဆို၏၊ အချင်း.. သင့်ကို ငါ တိုက်တွန်းလိုသည်မှာ- ဗြဟ္မာပြောဆိုသော စကားကိုသာလျှင် သင်လိုက်နာလော့၊ သင်သည် ဗြဟ္မာ၏စကားကို မလွန်ဆန်လင့်၊ ရဟန်း.. သင်သည် ဗြဟ္မာ၏စကားကို အကယ်၍ လွန်ဆန်ပါမူ ယောက်ျားသည် မိမိထံမှောက် ရောက်လာသော ကြက်သရေကို (လေးတောင်ရှိသော) တုတ်ရှည်ကြီးဖြင့် ရိုက်နှက်ပုတ်ခတ်ကာ မောင်းနှင်ထုတ်သကဲ့သို့၎င်း, ယောက်ျားသည် ချောက်ကမ်းပါးပြတ်၌ ကျသည်ရှိသော် မြေကို လက်တို့ဖြင့်၎င်း ခြေတို့ဖြင့်၎င်း မကိုင်စွဲမိ မထောက်တည်မိသကဲ့သို့၎င်း ဤအတူပင် သင့်အတွက် ဤဥပမာနှင့် ပြည့်စုံခြင်းသည် ဖြစ်ပါလိမ့်မည်။ အချင်း.. (ထို့ကြောင့်) သင့်ကို ငါတိုက်တွန်းလိုသည်မှာ- ဗြဟ္မာပြောဆိုသော စကားကိုသာလျှင် သင်လိုက်နာလော့၊ သင်သည်

၄၄၆

ဗြဟ္မာ၏စကားကို မလွန်ဆန်လင့်၊ ရဟန်း.. သင်သည် စုဝေးနေသော ဗြဟ္မာပရိသတ်ကို မြင်သည်မဟုတ်လော”-

ဟု ထိပါးပြောဆိုလာလေသည်။ ရဟန်းတို့.. ဤသို့လျှင် မာရ်နတ်ယုတ်သည် ငါဘုရားကို ဗြဟ္မာ၏ပရိသတ်ဖြစ်အောင် ဆွဲဆောင်လာ၏။

(ဤ၌။ ။မာရ်နတ်သည် မြတ်စွာဘုရားကို အဘယ်သို့ မြင်သနည်းဟု မေးဖွယ်ရှိ၏။ အဖြေကား- မာရ်နတ်သည် မိမိ၏ဘုံဗိမာန်၌ နေရင်းပင် မကြာမကြာ မြတ်စွာဘုရားရှင်ကို “ယခုအခါ ရဟန်းဂေါတမသည် အဘယ်ရွာနိဂုံး၌ နေသနည်း”ဟု ဆင်ခြင်လေ့ရှိ၏၊ ယခုအကြိမ် ဆင်ခြင်လတ်သော်ကား “ဥက္ကဋ္ဌမြို့ သုဘဂတောအုပ်၌ နေ၏”ဟု သိပြီးလျှင် “ရဟန်းဂေါတမသည် အဘယ်အရပ်သို့ သွားသနည်း”ဟု ဆက်၍ ကြည့်ရှုပြန်သည်တွင် ဗြဟ္မာ့ပြည်သို့ ကြွသွားသော မြတ်စွာဘုရားကို မြင်လတ်၍ “ရဟန်းဂေါတမသည် ယခု ဗြဟ္မာ့ပြည်သို့ ကြွသွား၏။ ထိုဗြဟ္မာပြည်၌ တရားဟော၍ ဗြဟ္မာအပေါင်းကို ငါ၏နယ်ပယ်မှ မလွန်မြောက်စေသေးမီ ငါသွားရောက်ကာ တရားဟောခြင်း၌ ဆန္ဒကင်းပြတ်အောင် ပြုပေအံ့”ဟု ကြံစည်ကာ မြတ်စွာဘုရားနောက်သို့ မျက်ခြေမပျောက် လိုက်ပါလျက် ဗြဟ္မာပရိသတ်၏ အလယ်၌ မထင်ရှားသောကိုယ်ဖြင့် ရပ်တည်နေလေသည်။ သူသည် မြတ်စွာဘုရားက ဗကဗြဟ္မာကြီးကို “အချင်းတို့.. ဗကဗြဟ္မာသည် မိုက်မဲလေစွာ့တကား”- စသည်ဖြင့် မောင်းမဲအပ်လေပြီဟု သိရှိ၍ ဗကဗြဟ္မာဖက်က အထောက်အကူဖြစ်ကာ ရပ်တည်လာလေသည်။

ထိုမာရ်နတ်သည် မဟာဗြဟ္မာကြီးနှင့် ဗြဟ္မပုရောဟိတ ဗြဟ္မာတို့ကိုကား မပူးဝင်နိုင်၊ ထို့ကြောင့် အလုပ်အကျွေး ဗြဟ္မပါရိသဇ္ဖ ဗြဟ္မာငယ်တဦး၏ ကိုယ်တွင်းသို့ ပူးဝင်လေသည်)။

     ရဟန်းတို့.. မာရ်နတ်ယုတ်က ဤသို့ (ပူးဝင်ကာ) ပြောဆိုအပ်လေသော် ငါဘုရားသည် မာရ်နတ်ယုတ်ကို-

“ဟယ်မာရ်ယုတ်.. သင့်ကို ငါဘုရားသိ၏၊ ‘ငါ့ကို ရဟန်းဂေါတမသည် မသိ’ဟူ၍များ သင် အထင်မမှားလင့်၊ ဟယ်မာရ်ယုတ်.. သင်ကား မာရ်နတ်ဖြစ်၏၊

၄၄၇

ဟယ်မာရ်ယုတ်.. မဟာဗြဟ္မာကြီးသည်၎င်း, ဗြဟ္မာပရိသတ်သည်၎င်း, အလုပ်အကျွေး ဗြဟ္မာအပေါင်းသည်၎င်း အလုံးစုံသောသူတို့ပင် သင့်လက်တွင်းသို့ သက်ဆင်း ကျရောက်ရကုန်၏၊ အလုံးစုံသော သူတို့ပင် သင့်အလိုသို့ လိုက်ပါကြရကုန်၏။ ဟယ်မာရ်ယုတ်.. သင်၏ စိတ်သန္တာန်ဝယ် ‘ဤရဟန်းသည်လည်း ငါ့လက်တွင်းသို့ သက်ဆင်းကျရောက်သူ ဖြစ်လေရာ၏၊ ဤရဟန်းသည်လည်း ငါ့အလိုသို့ လိုက်ပါရသူ ဖြစ်လေရာ၏’ဟု အကြံမှား အစည်မှား ဖြစ်ဘိ၏။ ဟယ်မာရ်ယုတ်.. စင်စစ်သော်ကား ငါဘုရားသည် သင့်လက်တွင်း သက်ဆင်းကျရောက်သူလည်း မဟုတ်၊ သင့်အလိုသို့ လိုက်ပါရသူလည်း မဟုတ်ချေ”-

ဟု ပြန်လည်ချေပ ပြောဆိုခဲ့လေပြီ။

     ရဟန်းတို့.. ဤသို့ ငါဘုရားက မာရ်နတ်ကို ပြောဆိုအပ်ပြီးလတ်သော် ဗကဗြဟ္မာကြီးသည် ငါဘုရားကို ဤသို့ ပြောဆို၏။ ပြောဆိုပုံမှာ-

“အရှင်မြတ်.. ငါသည် မြဲသော တရားကိုသာလျှင် ‘မြဲ၏’ဟု ဆို၏၊ ခိုင်ခံ့သော တရား, တည်တံ့သောတရား, သီးသန့်ဖြစ်သော တရား, ရွေ့လျောခြင်း သဘောမရှိသော တရားကိုသာလျှင် ‘ခိုင်ခံ့၏’ ‘တည်တံ့၏’ ‘သီးသန့်ဖြစ်၏’ ‘ရွေ့လျောခြင်း သဘောမရှိ’ဟု ဆို၏။ အကြင် ဗြဟ္မာ့ဘုံ၌ ပဋိသန္ဓေနေသူ, အိုသူ, သေသူ, ရွေ့လျောသူ, တဖန် ကပ်ရောက်သောသူ မရှိ၊ ထိုဗြဟ္မာ့ဘုံကိုပင် ‘ဤဗြဟ္မာ့လောက၌ ပဋိသန္ဓေနေသူ, အိုသူ, သေသူ, ရွေ့လျောသူ, တဖန် ကပ်ရောက်သောသူ မရှိ’ဟူ၍ ငါသည် ဆို၏။ ဤကိုယ်နှင့် တကွသော ဗြဟ္မာလောကမှတပါး အခြား လွန်မြတ်သော ထွက်မြောက်ရာတရား မရှိသည်ကိုပင် (=မရှိ၍ပင်) ဤကိုယ်နှင့် တကွသော ဗြဟ္မာလောကမှတပါး အခြား လွန်မြတ်သော ထွက်မြောက်ရာတရားလည်း မရှိ’ဟု ငါဆို၏။

၄၄၈

ရဟန်း.. လောက၌ သင့်ထက် ရှေးကျသည့် သမဏဗြာဟ္မဏတို့၏ ကျင့်ကြံမှုကား သင်၏ အသက်နှင့်အမျှပင် ဖြစ်ပေ၏၊ ထိုသမဏဗြာဟ္မဏတို့သည် (ဤကိုယ်နှင့် တကွသော ဗြဟ္မာလောကမှ) တပါး အခြားလွန်မြတ်သော ထွက်မြောက်ရာ ရှိသည်ကိုလည်း ‘(ကိုယ်နှင့်တကွသော ဗြဟ္မာလောကမှ) တပါး အခြားလွန်မြတ်သော ထွက်မြောက်ရာ ရှိ၏’ဟူ၍၎င်း (ဤကိုယ်နှင့် တကွသော ဗြဟ္မာလောကမှ) တပါး အခြား လွန်မြတ်သော ထွက်မြောက်ရာ မရှိသည်ကိုလည်း ‘(ဤကိုယ်နှင့် တကွသော ဗြဟ္မာလောကမှ) တပါး အခြား လွန်မြတ်သော ထွက်မြောက်ရာ မရှိ’ဟူ၍၎င်း သိကုန်ရာ၏။

ရဟန်း.. ထို့ကြောင့် သင့်ကို ငါသည် ဤသို့ဆို၏-- (ဤဆိုလတ္တံ့သောအတိုင်း အခိုင်အမာ ရဲရဲကြီး ပြောဆို၏ဟု ဆိုလိုသည်) သင်သည် (ဤကိုယ်နှင့်တကွသော ဗြဟ္မာလောကမှ တပါး) အခြား လွန်မြတ်သော ထွက်မြောက်ရာကိုလည်း တွေ့လိမ့်မည်မဟုတ်၊ ပင်ပန်းရုံ ဆင်းရဲရုံသာ သင် ဖြစ်ပေလိမ့်မည်။

ရဟန်း.. သင်သည် အကယ်၍ ပထဝီဓာတ်ကို စွဲလမ်းမူ ငါ၏အနီး၌ နေရသူ, ငါ၏တည်ရာ၌ နေရသူ, ငါအလိုရှိတိုင်း ပြုပိုင်သည့် လက်အောက်လူ ဖြစ်ပေလိမ့်မည်။ သင်သည် အကယ်၍ အာပေါဓာတ်ကို, တေဇောဓာတ်ကို, ဝါယောဓာတ်ကို, သတ္တဝါတို့ကို, နတ်တို့ကို, မာရ်နတ်ကို, အကယ်၍ ဗြဟ္မာကို စွဲလမ်းမူ ငါ၏အနီး၌ နေရသူ, ငါ၏တည်ရာ၌ နေရသူ, ငါအလိုရှိတိုင်း ပြုပိုင်သည့် ငါလက်အောက်လူ ဖြစ်ပေလိမ့်မည်”-

ဟု ဤကဲ့သို့ ပြောဆို၏။ (မြတ်စွာဘုရားရှင်က တုံ့ပြန်၍ မိန့်တော်မူသည်မှာ)-

“ဗြဟ္မာ.. ငါဘုရားသည်လည်း ဤသို့သိ၏- ‘အကယ် ဤငါသည် ပထဝီဓာတ်ကို စွဲလမ်းမူ သင်၏အနီး၌ နေရသူ,

၄၄၉

သင်၏တည်ရာ၌ နေရသူ, သင်အလိုရှိတိုင်း ပြုပိုင်သည့် သင့်လက်အောက်လူ ဖြစ်ပေလိမ့်မည်၊ အာပေါဓာတ်ကို, တေဇောဓာတ်ကို, ဝါယောဓာတ်ကို, သတ္တဝါတို့ကို, နတ်တို့ကို, မာရ်နတ်ကို, အကယ်၍ ငါသည် ဗြဟ္မာကို စွဲလမ်းမူ သင်၏အနီး၌ နေရသူ, သင်၏တည်ရာ၌ နေရသူ, သင်အလိုရှိတိုင်း ပြုပိုင်သည့် သင့်လက်အောက်လူ ဖြစ်ပေလိမ့်မည်’-ဟု ငါဘုရားသည်လည်း သိပေ၏။

ဗြဟ္မာ.. စင်စစ်သော်ကား ‘ဗကဗြဟ္မာသည် ဤသို့ ကြီးသော တန်ခိုးရှိ၏၊ ဤသို့ ကြီးသော အာနုဘော်ရှိ၏။ ဤသို့ များသော အကျော်အစော အခြံအရံရှိ၏’ဟု သင်၏ ဖြစ်ပုံကိုလည်း ငါဘုရားသိ၏၊ အစွမ်းသတ္တိကိုလည်း ငါဘုရား သိ၏”-

ဟူ၍ မိန့်တော်မူ၏၊ ထိုအခါ ဗကဗြဟ္မာက တဖန် ပြန်ကြားလျှောက်ထား မေးမြန်းသည်မှာ-

“အရှင်မြတ်.. ‘ဗကဗြဟ္မာသည် ဤသို့ ကြီးသော တန်ခိုးရှိ၏။ ဤသို့ ကြီးသော အာနုဘော်ရှိ၏၊ ဤသို့ များသော အကျော်အစော အခြံအရံ ရှိ၏’ဟု အဘယ်သို့ ငါ၏ဖြစ်ပုံကို သင်သိသနည်း၊ အစွမ်းသတ္တိကိုလည်း သင်သိသနည်း”-

ဟူ၍ မေးမြန်းလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က ဖြေကြားတော်မူသည်မှာ-

“အရပ်မျက်နှာတို့၌ တင့်တယ် ထွန်းလင်းစေလျက် လ,နေတို့ လှည့်လည်ရာ (=လောကဓာတ် စကြဝဠာ တခု တခု) ပမာဏအားဖြင့် လောကဓာတ် စကြဝဠာပေါင်း တထောင်၌ သင်၏အာဏာသည် ဖြစ်၏။ ။(အဓိပ္ပါယ်ကား- လ,နေအစုံတို့ အရပ်မျက်နှာတို့၌ တင့်တယ် ထွန်းလင်းစေလျက် လှည့်လည်ရာ အရပ်ဒေသ အဝန်းအဝိုင်းတခုကို လောကဓာတ် စကြဝဠာတခုဟူ၍ ခေါ်သည်၊

၄၅၀

ထိုသို့သော လောကဓာတ် စကြဝဠာတိုက်ပေါင်း တထောင်၌ သင်၏ အာဏာတန်ခိုး ပြန့်နှံ့သည်-ဟု ဆိုလိုသည်)။

ဤလောကဓာတ် စကြဝဠာပေါင်း တထောင်အတွင်း၌သာ မြတ်သောသတ္တဝါ, ယုတ်သောသတ္တဝါ အပေါင်းကို၎င်း, တပ်မက်မှုရှိသူ, တပ်မက်မှု ကင်းသူတို့ကို၎င်း, ဤစကြဝဠာကို၎င်း, ကျန်သော (၉၉၉) ကိုးရာကိုးဆယ့်ကိုးခုကို၎င်း, ဤအတွင်း၌ သတ္တဝါတို့၏ ပဋိသန္ဓေတည်နေမှု သေမှုကို၎င်း အသင်ဗကဗြဟ္မာသည် သိ၏။

ဗကဗြဟ္မာ.. ‘ဤသို့လျှင် ဗကဗြဟ္မာသည် တန်ခိုးကြီးသူ အာနုဘော်ကြီးသူ များသော အခြံအရံ အကျော်အစောရှိသူ ဖြစ်သည်’ဟု သင်၏ ဖြစ်ပုံကိုလည်း ငါဘုရားသိ၏။ အစွမ်းသတ္တိကိုလည်း ငါဘုရားသိ၏။ (မြတ်စွာဘုရားရှင်၏ မိန့်ကြားချက် မဆုံးသေးပါ၊ ကြားညှပ်၍ မှတ်ဖွယ်ကို ပြပါဦးမည်)-

(ဤကဲ့သို့ မိန့်တော်မူသော မြတ်စွာဘုရားရှင်သည် “ဗကဗြဟ္မာ.. သင်ကား စကြဝဠာတိုက်ပေါင်း တထောင်အတွင်း၌သာ တန်ခိုးအာဏာ ပြန့်နှံ့သူ ဖြစ်၏၊ သို့စေကာမူ ‘ငါသည် အလွန်ကြီးသော ဗြဟ္မာကြီးတဦး ဖြစ်သည်’ဟု သင်ထင်မှတ်၍ နေ၏၊ သင်ကား စကြဝဠာတိုက် တထောင်ကိုသာ မြင်နိုင်သည့် သဟဿီဗြဟ္မာသာ ဖြစ်သည်။ စင်စစ်၌မူ သင်မှတပါး သင့်ထက် သာလွန်ကြသည့် စကြဝဠာတိုက် နှစ်ထောင်ကို မြင်နိုင် စိုးအုပ်နိုင်ကြသည့် ဒွိသဟဿီ ဗြဟ္မာကြီးများ, စကြဝဠာတိုက် သုံးထောင်ကို, လေးထောင်ကို, ငါးထောင်ကို, တသောင်းကို, စကြဝဠာတိုက်ပေါင်း တသိန်းကို မြင်နိုင် စိုးအုပ်နိုင်ကြသည့် သတသဟဿီ ဗြဟ္မာကြီးများကား မရေတွက်နိုင်အောင်ပင် များစွာ ရှိကြကုန်၏၊ သို့စေကာမူ သင်သည် လေးတောင်မျှသော လုံကွင်းဖြင့် အတောင်များစွာ ရှည်လျားသည့် တောင်ရှည်ပုဆိုးကို နှိုင်းပြိုင်မှုပြုလုပ်ရန် အားထုတ်သောသူကဲ့သို့၎င်း (အဋ္ဌကထာလာ ဥပမာ) ဖမျက်နစ်ရုံသောရေ၌ ငုပ်လျှိုးလိုသော သူကဲ့သို့၎င်း (ဋီကာလာ ဥပမာ) နွားခြေရာကွက်ကို ရေနက်ကြီးထင်မှတ်သော ဖားငယ်ကဲ့သို့၎င်း (ပညာရှိများသုံးသည့် ဥပမာ) ‘ငါသည် အလွန်ကြီးသော ဗြဟ္မာကြီးတဦး ဖြစ်သည်’ဟု အထင်ကြီးနေသူ ဖြစ်၏”ဟူ၍ နှိပ်ကွပ်တော်မူလေသည်)။

၄၅၁

ဗကဗြဟ္မာ.. ဤပဌမဈာန်ဘုံမှ တပါးသော ဘုံဘဝသည် ရှိသေးသည်သာတည်း၊ ထိုဘုံဘဝကို သင် မသိ, မမြင်၊ ငါဘုရား သိ၏, မြင်၏။ ဗကဗြဟ္မာ.. အာဘဿရမည်သော ဘုံဘဝသည် ရှိသေးသည်သာတည်း၊ ယင်း အာဘဿရ ဘုံဘဝမှ စုတေခဲ့၍ ဤပဌမဈာန်ဘုံ၌ သင် ဖြစ်လာရ၏။ သင့်အဖို့ရာ (ဤပဌမဈာန်ဘုံ၌) အနေကြာသွားခြင်းကြောင့် ထိုအောက်မေ့မှု = သတိသည် မေ့ပျောက်၍ နေ၏၊ ထို့ကြောင့် ထို(အာဘဿရ) ဘုံဘဝကို သင် မသိ, မမြင်၊ ထို(အာဘဿရ) ဘုံဘဝကို ငါဘုရား သိ၏, မြင်၏၊ ဗကဗြဟ္မာ.. ငါဘုရားသည် ဤသို့ (သင်မသိသည့် အာဘဿရ ဘုံဘဝကို) သိသောကြောင့်လည်း သင်နှင့် ဉာဏ်ပညာအားဖြင့် တူညီသူမဟုတ်ချေ။ အဘယ်မှာ သင့်အောက် နိမ့်ကျပေအံ့နည်း၊ စင်စစ်မှာမူ ငါသာလျှင် သင့်ထက် ဉာဏ်ပညာအားဖြင့် သာလွန်သူဖြစ်၏။ (၁) (မြတ်စွာဘုရားရှင်၏ မိန့်ကြားချက် မဆုံးသေးပါ။ ကြားညှပ်၍ မှတ်ဖွယ်ကို ပြဆိုပါဦးမည်)-

(ဤဗကဗြဟ္မာကြီးကား အထက်အထက် ဗြဟ္မာ့ပြည်မှ စုတေခဲ့၍ အောက်အောက် ဗြဟ္မာ့ပြည်၌ ပဋိသန္ဓေ တည်နေသူ ဖြစ်လေသည်၊ ချဲ့ဦးအံ့- ထိုဗကဗြဟ္မာကြီးသည် လွန်ခဲ့သည့် ဘုရားမပွင့်သော ကပ်ကမ္ဘာတခုက ရသေ့ရဟန်းပြု၍ ကသိုဏ်းရှုမှု = ပရိကံကို ပြုပြီးလျှင် သမာပတ်တို့ကို ဖြစ်စေခဲ့၍ ဈာန် မလျောကျပဲ ထိုဘဝမှ စုတေလတ်သော် မဟာကပ်ငါးရာ အသက်ရှည်သည့် စတုတ္ထဈာန်ဘုံ ဝေဟပ္ဖိုလ်ဘုံ၌ဖြစ်၍ ထိုဝေဟပ္ဖိုလ်ဘုံ၌ အသက်တမ်းပြည့် = မဟာကပ်ငါးရာ တည်နေပြီးလျှင် အောက်ဘုံ၌ ပဋိသန္ဓေကို တောင့်တ၍ အထက်တန်းစား ရူပါဝစရ တတိယဈာန်ကို ပွါးများပြီးလျှင် ထို(ဝေဟပ္ဖိုလ်ဘုံမှ စုတေလတ်သော်) မဟာကပ်ပေါင်း (၆၄) ခြောက်ဆယ့်လေးကပ် အသက်ရှည်သည့် တတိယဈာန်ဘုံ = သုဘကိဏှ ဗြဟ္မာ့ဘုံ၌ ဖြစ်လေသည်။

အထူးမှတ်ရန်မှာ- တစုံတယောက်သောသူသည် အမိသတ်ခြင်းစသော အာနန္တရိယကံပေါင်း များစွာတို့ကို ပြုအပ်ခဲ့သော် ထိုအာနန္တရိယကံပေါင်း များစွာတို့အနက်မှ အားအကြီးဆုံး အလေးဆုံး

၄၅၂

အာနန္တရိယကံ ကသာလျှင် မဟာအဝီစိ အပါယ်ဘုံ၌ ပဋိသန္ဓေကျိုးပေး၍ ကျန်သော အာနန္တရိယကံများကမူ ပဋိသန္ဓေကျိုး မပေးကြပဲ ထိုပဋိသန္ဓေကျိုးပေးသည့် အာနန္တရိယကံအား အားအထောက်အကူသာ ပေးကြသကဲ့သို့၊ ထို့အတူပင် ရူပဈာန် လေးပါးလုံးတို့ကို ပွါးများအပ်သည်ရှိသော် ထိုဈာန်လေးပါးတို့အနက်မှ အဓိပတိလေးပါးဖြင့် အထူးပြု၍ ပွါးအပ်သော ဈာန်ကသာလျှင် မိမိဆိုင်ရာ ရူပါဝစရဗြဟ္မာ့ဘုံ၌ ပဋိသန္ဓေကျိုးပေး၍ ကျန်သော ရူပဈာန်တို့ကမူ မိမိတို့ကိုယ်တိုင်က ပဋိသန္ဓေအကျိုးပေးခွင့် မရကြသောကြောင့် ပဋိသန္ဓေကျိုးကို မပေးကြတော့ပဲ ထိုပဋိသန္ဓေကျိုးပေးသည့် ရူပဈာန်အားသာ အသက်တမ်းပြည့် အကျိုးပေးနိုင်ရန် အားအထောက်အကူသာ ပေးကြလေကုန်သည်။ (ဋီကာမှ)

ဗကဗြဟ္မာကြီးသည် ထိုသုဘကိဏှ ဗြဟ္မာ့ဘုံ၌ အသက်တမ်းပြည့် မဟာကပ်ပေါင်း (၆၄) ခြောက်ဆယ့်လေးကပ် တည်နေပြီးလျှင် ရှေးနည်းအတူ အထက်တန်းစား ရူပါဝစရ ဒုတိယဈာန်ကို ပွါးများ၍ (ထိုသုဘကိဏှဘုံမှ စုတေလတ်သော်) မဟာကပ်ပေါင်း (၈)ရှစ်ကပ် အသက်ရှည်သည့် ဒုတိယဈာန်ဘုံ = အာဘဿရ ဗြဟ္မာ့ဘုံ၌ ဖြစ်လေသည်။ ထိုဘုံ၌ အသက်တမ်းပြည့် မဟာကပ်ပေါင်း (၈)ရှစ်ကပ် တည်နေပြီးလျှင် ရှေးနည်းအတူ အထက်တန်းစား ရူပါဝစရ ပဌမဈာန်ကို ပွါးများ၍ (ထိုအာဘဿရဘုံမှ စုတေလတ်သော်) အန္တရကပ် အနေအားဖြင့် ခြောက်ဆယ့်လေးကပ် = အသင်္ချေယျကပ် အနေအားဖြင့် တကပ်သာ အသက်ရှည်သည့် ပဌမဈာန်ဘုံ = မဟာဗြဟ္မာဘုံ၌ ဖြစ်လေ၏။

ထိုဗကဗြဟ္မာကြီးသည် မိမိ ယခုရောက်နေဆဲ ပဌမဈာန် မဟာဗြဟ္မာဘုံ၌ ပဌမရှေ့ပိုင်း အချိန်ကာလကမူ မိမိပြုခဲ့သည့် ဈာန်ကုသိုလ်ကံကို၎င်း, မိမိဖြစ်ခဲ့ရသည့် အတိတ်ဘဝ ဘုံဌာနကို၎င်း သိသေး၏၊ အချိန်ကာလ ကြာလွန်လတ်သော်ကား ထိုနှစ်ပါးစုံကိုပင် မေ့လျော့၍ သဿတအယူမှားကို ယူမှားလေတော့၏။ ထို့ကြောင့် ထိုဗကဗြဟ္မာကြီးကို မြတ်စွာဘုရားရှင်သည် “ထိုအောက်မေ့မှုသတိ မေ့ပျောက်၍ နေသောကြောင့် ထိုအာဘဿရဘုံဘ၀ကို သင် မသိ မမြင်”စသည် မိန့်ဆိုတော်မူလေသည်။

ဗကဗြဟ္မာကြီး၏ အတိတ်ဖြစ်ရပ်ဇာတ်

ထိုသို့ မြတ်စွာဘုရားရှင်က မိန့်ကြားတော်မူလတ်သောအခါ ဗကဗြဟ္မာကြီးသည် “ရဟန်းဂေါတမသည် ငါ၏ ဘဝအဆက်ဆက်

၄၅၃

အသက်တမ်းကို၎င်း, ဖြစ်ခဲ့ဘူးသည့် ဘုံဘဝ ဌာနများကို၎င်း, ရှေးကပြုခဲ့ဘူးသည့် ဈာန်ကုသိုလ်ကံများကို၎င်း သိ၏၊ ယခုအခါ ငါသည် ရဟန်းဂေါတမကို ရှေးကပြုခဲ့ဘူးသည့် (ငါ၏) ကုသိုလ်ကံကို မေးတော့အံ့”ဟု ကြံစည်စဉ်းစားပြီးနောက် မြတ်စွာဘုရားရှင်ကို မိမိ၏ ရှေးကပြုခဲ့ဘူးသော ကောင်းမှုကုသိုလ်ကံကို မေးလေ၏၊ မြတ်စွာဘုရားရှင်သည် ဖြေကြား ဟောဆိုတော်မူ၏။

ချဲ့ဦးအံ့– ဤဗကဗြဟ္မာကြီးသည် ရှေးအတိတ်အခါဝယ် အမျိုးကောင်းသားတဦးဖြစ်၍ ကာမတရားတို့၌ အပြစ်ကို မြင်ပြီးလျှင် “ပဋိသန္ဓေနေခြင်း, အိုခြင်း, နာခြင်း, သေခြင်း၏ အဆုံးကို ငါပြုအံ့”ဟု ကြံစည်ကာ တောထွက်၍ ရသေ့ရဟန်းပြုပြီးလျှင် လောကီသမာပတ် ဈာန်များကို ဖြစ်စေ၍ အဘိညာဏ်၏ အခြေပါဒ ဈာန်ကိုရရှိလျက် ဂင်္ဂါမြစ်ကမ်းအနီး၌ သစ်ရွက်မိုးကျောင်းကလေး ဆောက်လုပ်ကာ ဈာန်တရား၌ မွေ့လျော်ခြင်းဖြင့် အချိန်ကို ကုန်လွန်စေ၏။

အထူးအားဖြင့် ထိုသို့နေစဉ်အခါ မကြာမကြာ လှည်းကုန်သည်တို့သည် လှည်းအစီးငါးရာတို့ဖြင့် သဲကန္တာရကို ဖြတ်သန်းသွားလာကြကုန်၏။ သဲကန္တာရ၌ကား နေ့အခါ၌ မသွားနိုင်ပဲ ညဉ့်အခါ၌သာ သွားရခြင်း ဖြစ်လေသည်။ ထိုသို့ လှည်းကုန်သည်များ သဲကန္တာရခရီးကို ဖြတ်သန်း၍ ညဉ့်အခါ၌ သွားကြသောအခါ ရှေ့ဆုံးလှည်း၏ ရှေ့ဆုံးထမ်းပိုး၌ က-အပ် (ကောက်အပ်)သော နွားတို့သည် သွားကြရင်းပင် (မျက်စိလည်ကာ) နောက်သို့ ပြန်လှည့်၍ လာရင်းလမ်းသို့သာ ရှေးရှူသွားကြလေကုန်၏။ ကျန်သောလှည်းများလည်း ထိုနည်းအတူပင် လာလမ်းသို့ ပြန်လှည့်ကြ၍ အရုဏ်တက်သော အခါကျမှ ကုန်သည်များသည် ပြန်လှည့်လာကြောင်းကို သိရှိကြလေ၏။

ထိုလှည်းကုန်သည်တို့အဖို့ ထိုနေ့ကား သဲကန္တာရကို လွန်မြောက်ရမည့်နေ့ ဖြစ်၏၊ အလုံးစုံသော ထင်း,ရေများကား ကုန်ခဲ့လေပြီ၊ သို့ရကား “ယခုအခါ ငါတို့အသက် မရှိတော့ပြီ”ဟု ကြံစည်ကြ၍ လှည်းများကို ချွတ်ကြကာ နွားများကို လှည်းဘီးတို့၌ ချည်ကြ၍ လူများသည် လှည်းနောက်မြီး အရိပ်သို့ဝင်၍ အိပ်ကြကုန်၏။

ဗကဗြဟ္မာအလောင်း ဈာန်ရရသေ့သည်လည်း နံနက်စောစောပင် သစ်ရွက်မိုးကျောင်းကလေးမှ ထွက်၍ ကျောင်းတံခါး၌ထိုင်လျက် ဂင်္ဂါမြစ်ကို ကြည့်ရှုလတ်သော် ကျောက်စိမ်းတုံးကြီး လိမ့်၍ လိမ့်၍ လာသကဲ့သို့ ဂင်္ဂါမြစ်တပြင်လုံး ကြီးစွာသော ရေအယဉ်ဖြင့်

၄၅၄

လွှမ်းဖုံးစီးဆင်း၍ လာသည်ကို မြင်ရ၍ “ဤလောက၌ ဤသို့သဘောရှိသည့် ချိုမြိန်သောရေကို မရသည့်အတွက် ပင်ပန်းနွမ်းနယ်နေကြသော သတ္တဝါများ ရှိကြလေသလော”ဟု ကြံစည်ဆင်ခြင်လတ်သော် သဲကန္တာရအတွင်း၌ ဒုက္ခရောက်နေသော ထိုလှည်းကုန်သည်အပေါင်းကို မြင်၍ “ဤသတ္တဝါတို့သည် မပျက်စီးကြပါစေကုန်လင့်”ဟု စိတ်သန်တောင့်တပြီးလျှင် “ဤဂင်္ဂါမြစ်မှ ကြီးစွာသော ရေအစုသည် ပြတ်၍ သဲကန္တာရ၌ လှည်းကုန်သည်များသို့ရှေးရှု စီးသွားစေသတည်း”ဟုအဘိညာဏ်စိတ်ဖြင့် အဓိဋ္ဌာန်လေ၏။

အဘိညာဏ်စိတ် ဖြစ်သည်နှင့် တပြိုင်နက်ပင် မြောင်းတွင်းသို့ စီးဆင်းသည့်အလား ကြီးစွာသော ရေအစုသည် ထိုသဲကန္တာရသို့ စီးသွားလေ၏၊ လူများသည် ရေသံဖြင့် နေရာမှထကြ၍ ရေကို မြင်ကြရလေလျှင် အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရှိကြလျက် ရေမိုးချိုးကြ သောက်ကြပြီးလျှင် နွားများကိုလည်း ရေတိုက်ကြ၍ ချမ်းချမ်းသာသာ မိမိတို့ အလိုရှိရာဌာနသို့ ရောက်ဆိုက်ကြလေကုန်၏။

မြတ်စွာဘုရားရှင်သည် ဗကဗြဟ္မာကြီး၏ ထိုရှေးကုသိုလ်ကံကို ပြတော်မူလိုသည် ဖြစ်၍-

ယံ တွံ အပါယေသိ ဗဟူ မနုဿေ၊

ပိပါသိတေ ဃမ္မနိ သမ္ဗရေတေ။

တံ တေ ပုရာဏံ ဝတသီလဝတ္တံ၊

သုတ္တပ္ပဗုဒ္ဓေါဝ အနုဿရာမိ။

(ဗြဟ္မေ = ဗကသညာ အိုဗြဟ္မာ..)။ တွံ = သင်သည်။ (ပုဗ္ဗေ = အတိတ်ဝေးစွာ ဈာန်ရရသေ့ဖြစ်သည့် ရှေးအခါ၌)။ ဃမ္မနိ သမ္ဗရေတေ = သဲကန္တာရအတွင်းဝယ် နေပူဖြင့် နှိပ်စက်အပ်ကုန်သော။ ပိပါသိတေ = ရေသိပ် (ရေငတ်)၍ နေကုန်သော။ ဗဟူ မနုဿေ = များလှဘိတောင်း လှည်းကုန်သည် လူအပေါင်းတို့ကို။ ယံ အပါယေသိ = အဘိညာဏ် ဈာန်တန်ခိုးဖြင့် အကြင်ရေမိုး သောက်ချိုး သုံးဆောင်စေခဲ့လေပြီ။ တေ = သင်၏။ ပုရာဏံ = ရှေး၌ဖြစ်သော။ တံ ဝတသီလဝတ္တံ = ထိုဆောက်တည်အပ် လေ့လာကျင့်သုံးအပ်သည့် အကျင့်သီလဝတ်ကို။ အဟံ = လူသုံးပါးတို့၏ဆရာ ဘုရားငါသည်။ သုတ္တပ္ပဗုဒ္ဓေါဝ = အိပ်သည့်ယောက်ျား နိုးသောလားသို့။ အနုဿရာမိ = ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ဖြင့် ဖန်ဖန်စေ့စေ့ အောက်မေ့သိမြင်ပေ၏။-

ဟူသော ဤဂါထာကို ဟောကြားတော်မူလေ၏။ (က)

၄၅၅

နောက်တချိန်၌ ထိုရသေ့သည် ဂင်္ဂါမြစ်ကမ်းတခုဝယ် သစ်ရွက်မိုးကျောင်းကလေး ဆောက်လုပ်ကာ တောရွာကလေးတခုကို အမှီဂေါစရဂါမ်ပြုကာ နေထိုင်လေ၏။ ထိုအခါ ခိုးသားဓားပြများသည် ထိုရွာကလေးကို ရိုက်နှက်ပုတ်ခတ် လုယက်၍ ရွှေငွေအနှစ်များကို လုယူကြကာ ကျွဲနွားတို့ကို၎င်း, သုံ့ပန်းလူများကို၎င်း ခေါ်ဆောင်၍ သွားကြလေကုန်၏။ ကျွဲများ နွားများ ခွေးများ လူများသည် ဆူဆူညံညံ ကျယ်စွာသောအသံဖြင့် ဟစ်အော်ကြလေ၏။ ရသေ့သူမြတ်သည် ထိုအသံကို ကြားရ၍ “ဤသို့ဖြစ်ခြင်းသည် အသို့နည်း”ဟု ဆင်ခြင်သည်ရှိသော် “ရွာနေလူတို့အား ဘေးဖြစ်လေပြီ”ဟု သိ၍ “ငါမြင်စဉ် ဤသတ္တဝါတို့သည် မပျက်စီးကြပါစေကုန် သတည်း”ဟု စိတ်သန်တောင့်တလျက် အဘိညာဏ်၏ အခြေပါဒဖြစ်သော ဈာန်ကိုဝင်စား၍ ထိုဈာန်မှ ထပြီးသော် အဘိညာဏ် ဈာန်စိတ်ဖြင့် ခိုးသားဓားပြတို့၏ ခရီးရင်ဆိုင်၌ မိမိတို့ဆိုင်ရာ ပစ်ခတ်တီးမှုတ် ဟစ်ကြွေးမှုပြုလုပ်ကာ ချီတက်လာသော (ဆင်,မြင်း,ရထား, ခြေလျင်အားဖြင့်) အင်္ဂါလေးရပ်ပါရှိသည့် စစ်တပ်ကြီးကို ဖန်ဆင်းလေသည်။

ခိုးသားဓားပြတို့သည် ထိုစစ်တပ်ကြီးကို မြင်ကြရ၍ “ပြည့်ရှင်မင်းကြီး ထွက်ကြွလာပြီ”ဟု ထင်မှတ်ကြကာ လုယက်ထားသမျှသော ပစ္စည်းများအားလုံးကို စွန့်ပစ် ထွက်ပြေးကြလေကုန်၏။ ရသေ့သူမြတ်သည် “အကြင်ပစ္စည်းသည် အကြင်သူ၏ ဥစ္စာဖြစ်၏၊ ထိုပစ္စည်းသည် ထိုသူ၏ဥစ္စာသာ ဖြစ်စေသတည်း”ဟု အဓိဋ္ဌာန်၏၊ ထိုရှင်ရသေ့ အဓိဋ္ဌာန်ချက်အတိုင်းပင် ဖြစ်လေသည်၊ လူများအပေါင်းသည် ချမ်းသာခြင်းသို့ ရောက်ရှိကြလေသည်။

မြတ်စွာဘုရားရှင်သည် ဗကဗြဟ္မာကြီး၏ ဤရှေးကုသိုလ်ကံကိုလည်း ပြတော်မူလိုသည်ဖြစ်၍-

ယံ ဧဏိကူလသ္မိ ဇနံ ဂဟီတံ၊

အမောစယီ ဂယှက နီယမာနံ။

တံ တေ ပုရာဏံ ဝတသီလဝတ္တံ၊

သုတ္တပ္ပဗုဒ္ဓေါဝ အနုဿရာမိ။

(ဗြဟ္မေ = ဗကသညာ အိုဗြဟ္မာ..)။ တွံ = သင်သည်။ (ပုဗ္ဗေ = အတိတ်ဝေးစွာ ဈာန်ရရသေ့ဖြစ်သည့် ရှေးအခါ၌)။ ဧဏိကူလသ္မိံ = ဧဏီမည်သောသား အလွန်ပေါများသဖြင့် ဧဏီကုလ အမည်ရသော ဂင်္ဂါမြစ်ဆိပ်ကမ်း၌။ ဂယှကနီယမာနံ = သုံ့ပန်းပြုကာ

၄၅၆

ဖမ်းဆောင်လာသော။ ဇနံ = ရွာ၌နေသူ လူအပေါင်းကို၎င်း။ ဂဟီတံ = ခိုးသူတို့ ယူငင်အပ်သည့် ဥစ္စာစုကို၎င်း။ ယံ အမောစယီ = အင်္ဂါလေးရပ် စစ်တပ်ကို ဖန်ဆင်း၍ ခိုးသူတို့လက်တွင်းမှ ရှင်းရှင်း လွတ်မြောက်စေခဲ့လေပြီ။ တေ = သင်၏။ ပုရာဏံ = ရှေး၌ဖြစ်သော။ တံ ဝတသီလဝတ္တံ = ထိုဆောက်တည်အပ် လေ့လာကျင့်သုံးအပ်သည့် အကျင့်သီလဝတ်ကို။ အဟံ = လူသုံးပါးတို့၏ဆရာ ဘုရားငါသည်။ သုတ္တပ္ပဗုဒ္ဓေါဝ = အိပ်သည့်ယောက်ျား နိုးသောလားသို့။ အနုဿရာမိ = ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ဖြင့် ဖန်ဖန်စေ့စေ့ အောက်မေ့သိမြင်ပေ၏။-

ဟူသော ဤဂါထာကို ဟောကြားတော်မူလေ၏။ (ခ)

တဖန် နောက်တချိန်၌ ဂင်္ဂါမြစ်အထက် (=အညာ)နေ အိမ်တအိမ်သည် ဂင်္ဂါမြစ်အောက် (=အကြေ)နေ အိမ်တအိမ်နှင့် သမီးပေးခြင်း သမီးဆောင်ခြင်း = ထိမ်းမြားမင်္ဂလာသဘင် ဆင်ယင်ကျင်းပ မိတ်ဖွဲ့ကြ၍ လှေချင်းပေါင်းစပ်ကာ ဖောင်ပမာ ပြုလုပ်ကြပြီးလျှင် ထိုအပေါ်၌ များစွာသော ခဲဖွယ်စားဖွယ်များ နံ့သာပန်းမာလ် စသည်များကို တင်ဆောင်ကြ၍ ဂင်္ဂါမြစ်ရေအယဉ်ဖြင့် လာရောက်လေ၏။ လှေပေါ်ပါ လူအများတို့သည် ခဲကြ, စားကြ, ကခုန်ကြ, သီဆိုကြလျက် နတ်ဗိမာန်ကြီးဖြင့် သွားကြရသကဲ့သို့ လွန်စွာ မြူးထူးပျော်ပါး အားရဝမ်းသာ ဖြစ်ရှိကြကုန်၏။

ထိုအခါ ဂင်္ဂါမြစ်၌ စိုးအုပ်နေထိုင်သော နဂါးမင်းသည် ထိုလူများကို မြင်၍ အမျက်ထွက်ကာ “ဤလူများသည် ‘ငါတို့ ဤကဲ့သို့ မြူးထူးပျော်ပါး ကစားလွန်းကြလျှင် ဂင်္ဂါမြစ်နေ နဂါးမင်း အမျက်ထွက်လိမ့်မည်’ဟု ငါ့အပေါ်၌ အမှတ်မပြုကြကုန်၊ ယခုအခါ ထိုလူများကို သမုဒြာတွင်းသို့သာလျှင် ရောက်စေအံ့”ဟု ကြံစည်၍ ကြီးစွာသော ကိုယ်ခန္ဓာအတ္တဘောကို ဖန်ဆင်းပြီးလျှင် ရေကို နှစ်ခြမ်းခွဲ၍ ဖွားကနဲ ပေါ်တက်လာကာ ကြီးစွာသော ပါးပျဉ်းကိုထောင်လျက် တရှူးရှူးအသံကို ပြုလျက် ပေါက်သတ်တော့မည့်အဟန်ဖြင့် တည်နေလေ၏။

လူများအပေါင်းသည် နဂါးမင်းကို မြင်ရ၍ ကြောက်လန့်ရကား ဟစ်အော်ဖောက်ပြန် ကျယ်လောင်သော အသံကို ပြုကြလေ၏၊ ရသေ့သူမြတ်သည် သစ်ရွက်မိုးကျောင်း၌ ထိုင်နေရင်းကပင် ထိုအသံကို ကြားရ၍ “ဤလူများသည် စောစောပိုင်းက က-ခုန်ကြ သီဆိုကြကာ အလွန် ဝမ်းမြောက်ဝမ်းသာ လာကြကုန်၏၊ ယခုအခါ၌ကား ဘေးတွေ့၍ ကြောက်လန့်သောအသံကို ဟစ်အော်မြည်တမ်းကြကုန်၏၊

၄၅၇

အကြောင်း အသို့နည်း”ဟု ဆင်ခြင်တော်မူလေလျှင် နဂါးမင်းကို မြင်ရ၍ “ငါမြင်စဉ် ဤလူများသည် မပျက်စီးကြပါစေလင့်”ဟု ကြံစည်အောက်မေ့ကာ အဘိညာဏ်၏ အခြေပါဒဈာန်ကို ဝင်စား၍ မိမိ၏ ပကတိအတ္တဘောကို စွန့်ပယ်ကာ ဂဠုန်ငှက်မင်းအသွင် ဖန်ဆင်းပြီးလျှင် နဂါးမင်းအား သုတ်ချီတော့မည့်အဟန် ပြလေ၏။

နဂါးမင်းသည် အလွန်ကြောက်လန့်ကာ ပါးပျဉ်းကို ရုပ်သိမ်း၍ ရေတွင်းသို့ ဝင်လေ၏၊ လူများအပေါင်းသည် ချမ်းသာခြင်းသို့ ရောက်ကြလေ၏။

မြတ်စွာဘုရားရှင်သည် ဗကဗြဟ္မာကြီး၏ ဤရှေးကောင်းမှု ကုသိုလ်ကံကိုလည်း ပြတော်မူလိုသည်ဖြစ်၍-

ဂင်္ဂါယ သောတသ္မိ ဂဟီတနာဝံ၊

လုဒ္ဒေန နာဂေန မနုဿကပ္ပါ။

အမောစယိတ္ထ ဗလသာ ပသယှ၊

တံ တေ ပုရာဏံ ဝတသီလဝတ္တံ။

သုတ္တပ္ပဗုဒ္ဓေါဝ အနုဿရာမိ။

(ဗြဟ္မေ = ဗကသညာ အိုဗြဟ္မာ..။ တွံ = သင်သည်။ ပုဗ္ဗေ = အတိတ်ဝေးစွာ ရသေ့ဖြစ်သည့် ရှေးအခါ၌)။ လုဒ္ဒေန = ကြမ်းကြုတ်ခက်ထန်သော။ နာဂေန = ရေနတ်နဂါးသည်။ ဂင်္ဂါယ = ဂင်္ဂါမြစ်၏။ သောတသ္မိံ = ရေအယဉ်၌။ မနုဿကပ္ပါ = နှစ်ရွာနေငြား လူအများကို ပျက်ပြားဆုံးရှုံးစေလိုသောကြောင့်။ ဂဟီတနာဝံ = ခြောက်လှန့် နှိပ်စက်အပ်သော လှေကို။ ဗလသာ = ဝိကုဗ္ဗနိဒ္ဓိ မည်ရှိထင်ရှား အဘိညာဏ်စွမ်းအားဖြင့်။ ပသယှ = လွှမ်းမိုး၍။ အမောစယိတ္ထ = နဂါးဘေးမှ ကင်းဝေး လွတ်မြောက်စေခဲ့ပြီ။ တေ = သင်၏။ ပုရာဏံ = ရှေး၌ဖြစ်သော။ တံ ဝတသီလဝတ္တံ = ထိုဆောက်တည်အပ် လေ့လာကျင့်သုံးအပ်သည့် အကျင့်သီလဝတ်ကို။ အဟံ = လူသုံးပါးတို့၏ဆရာ ဘုရားငါသည်။ သုတ္တပ္ပဗုဒ္ဓေါဝ = အိပ်သည့်ယောက်ျား နိုးသောလားသို့။ အနုဿရာမိ = ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ဖြင့် ဖန်ဖန်စေ့စေ့ အောက်မေ့သိမြင်ပေ၏။-

ဟူသော ဤဂါထာကို ဟောကြားတော်မူလေ၏။ (ဂ)

နောက်တချိန် တခုသောဘဝဝယ် ဤဗကဗြဟ္မာကြီး အလောင်းသည် ကေသဝ-မည်သော ရသေ့သူမြတ် ဖြစ်လေသည်၊ ထိုအခါ၌ အကျွန်ုပ်တို့

၄၅၈

ဘုရားအလောင်းတော်သည် ကပ္ပ-မည်သော လုလင်ဖြစ်ကာ ကေသဝ ရသေ့ဆရာကြီး၏ အနီးထံပါး အမြဲခစား ပြုစုလုပ်ကျွေးသည့် အန္တေဝါသိက တပည့်ဖြစ်လျက် ဆရာကြီး၏ အဘယ်အမှုကို ပြုရမည်နည်းဟု အမြဲ အမိန့်ကိုနာခံသူ, ဆရာကြီး နှစ်သက်သည်ကိုသာ ပြုလုပ်လေ့ရှိသူ, ဉာဏ်ပညာနှင့် ပြည့်စုံသူ, အကျိုးရှိအောင် ကျင့်ကြံသူ ဖြစ်ခဲ့လေသည်။ ကေသဝ ရသေ့ဆရာကြီးသည် ထိုတပည့်ရင်း ကပ္ပရသေ့ကို ကင်းကွာ၍ သွားလာ နေထိုင် စားသောက်မှု အစရှိသည်ကို ပြုခြင်းငှါ မစွမ်းနိုင်။ ဗာရာဏသီမင်းက ပြုစုလုပ်ကျွေးအပ်ပါသော်လည်း မင်းကိုစွန့်ခဲ့၍ တပည့်ရင်းကြီး ကပ္ပရသေ့ကိုသာ အမှီပြု၍ အသက်မွေးမှုကို ပြုလေသည်။ (ဝတ္ထုကြောင်း အကျယ်ကို စတုက္ကနိပါတ် ကေသ၀ဇာတ်၌ ကြည့်ရှုရာ၏)။

မြတ်စွာဘုရားရှင်သည် ဗကဗြဟ္မာကြီး၏ ဤရှေးကောင်းမှု ကုသိုလ်ကံကိုလည်း ပြတော်မူလိုသည်ဖြစ်၍-

ကပ္ပေါ စ တေ ဗဒ္ဓစရော အဟောသိ၊

သမ္ဗုဒ္ဓိမန္တံ ဝတိနံ အမညိ။

တံ တေ ပုရာဏံ ဝတသီလဝတ္တံ၊

သုတ္တပ္ပဗုဒ္ဓေါဝ အနုဿရာမိ။

(ဗြဟ္မေ = ဗကသညာ အိုဗြဟ္မာ..။ အဟံ = လူသုံးပါးတို့၏ဆရာ ဘုရားငါသည်။ အတီတေ ဧကသ္မိံ ဘဝေ = အတိတ်ကာလ တခုသော ဘဝတုန်းက)။ တေ = ကေသဝဟု နာမမည်တွင် သူတော်စင်ရသေ့ဖြစ်ခဲ့သော သင်၏။ ဗဒ္ဓစရော = ထံပါးနီးရပ် ဆည်းကပ်မြဲထွေ အန္တေဝါသိက တပည့်ဖြစ်သော။ ကပ္ပေါ = ကပ္ပမည်တွင် ရသေ့သူတော်စင်သည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။ (တွံ = သင်သည်။ မံ = ငါ့ကို။ တဒါ = ထိုစဉ်အခါ၌။ သမ္ဗုဒ္ဓိမန္တံ = ကောင်းမြတ်ထူးချွန် ပညာဉာဏ်ရှိသူ ဟူ၍၎င်း။ ဝတိနံ = ကိုယ်ကျင့်သီလ လောက်ငကုံလုံ ပြည့်စုံသူ ဟူ၍၎င်း။ အမညိ = မြတ်နိုးအားရမ်း ချီးမွမ်းခဲ့လေပြီ။ တေ = သင်၏။ ပုရာဏံ = ရှေး၌ဖြစ်သော။ တံ ဝတသီလဝတ္တံ = ထိုဆောက်တည်အပ် လေ့လာကျင့်သုံးအပ်သည့် အကျင့်သီလဝတ်ကို။ အဟံ = လူသုံးပါးတို့၏ဆရာ ဘုရားငါသည်။ သုတ္တပ္ပဗုဒ္ဓေါဝ = အိပ်သည့်ယောက်ျား နိုးသောလားသို့။ အနုဿရာမိ = ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ဖြင့် ဖန်ဖန်စေ့စေ့ အောက်မေ့သိမြင်ပေ၏။-

ဟူသော ဤဂါထာကို ဟောကြားတော်မူလေ၏။ (ဃ)

၄၅၉

ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ဗကဗြဟ္မာကြီး၏ အမျိုးမျိုးသော ကိုယ်အဖြစ်တို့က ပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ်ကံကို ဟောကြားညွှန်ပြတော်မူ၏၊ မြတ်စွာဘုရား ဟောကြားတော်မူစဉ်ပင် ဗကဗြဟ္မာကြီးသည် မိမိ၏ အတိတ်ဖြစ်ရပ် ဇာတ်များကို ပြန်၍ အမှတ်ရရှိလေသည်။ ထိုဗကဗြဟ္မာကြီး၏ ဉာဏ်ဝ၌ ဆီမီးအထောင် ထွန်းညှိသောအခါ အဆင်းအမျိုးမျိုး ထင်ရှားသကဲ့သို့ အလုံးစုံသော အတိတ်ကံများ ထင်ရှား၍ ထင်ရှား၍ လာလေကုန်၏။ ဗကဗြဟ္မာကြီးသည် သဒ္ဓါရွှန်းစို ကြည်ညိုသောစိတ် တရိပ်ရိပ် ဖြစ်ရှိလတ်ရကား-

အဒ္ဓါ ပဇာနာသိ မမေတမာယုံ၊

အညမ္ပိ ဇာနာသိ တထာ ဟိ ဗုဒ္ဓေါ။

တထာ ဟိ တျာယံ ဇလိတာနုဘာဝေါ၊

ဩဘာသယံ တိဋ္ဌတိ ဗြဟ္မလောကံ။

(မာရိသ = ဒုက္ခခပ်သိမ်း ငြိမ်းတော်မူပြီးသော မြတ်စွာဘုရား။ တွံ = အရှင်ဘုရားသည်)။ အဒ္ဓါ = မချွတ်ဧကန် အမှန်ပင်။ မမ = အကျွန်ုပ်၏။ ဧတံ အာယုံ = ထိုအတိတ်ဘဝက ဖြစ်ခဲ့သမျှ အသက်တမ်းကို။ ပဇာနာသိ = ပိုင်းခြားထင်ထင် သိမြင်တော်မူပါပေ၏။ အညမ္ပိ = (အကျွန်ုပ်၏ အသက်မှတပါး) ဉေယျတရား အားလုံးကိုလည်း။ ဇာနာသိ = ပိုင်းခြားထင်ထင် သိမြင်တော်မူပါပေ၏။ တထာ ဟိ = ထို့ကြောင့်ပင်လျှင်။ ဗုဒ္ဓေါ = သဗ္ဗညူဗုဒ္ဓ မှန်လှပါပေ၏။ တထာ ဟိ = ထိုသို့ သဗ္ဗညူဗုဒ္ဓ မှန်လှသောကြောင့်ပင်လျှင်။ တေ = အရှင်ဘုရား၏။ အယံ ဇလိတာနုဘာဝေါ = ဤထွန်းလင်းတောက်ပြောင် ကိုယ်တော်ရောင် အာနုဘော် သည်။ ဗြဟ္မလောကံ = ဗြဟ္မာ့ပြည်အလုံးကို။ ဩဘာသယံ-ဩဘာသယန္တော = နေ,လရာထောင် မကအောင်ပင် တောက်ပြောင်ထွန်းပလျက်။ တိဋ္ဌတိ = တည်ပါပေ၏။-

ဟူသော ဤဂါထာကို လျှောက်ဆိုလေသည်)။

     မြတ်စွာဘုရားရှင်သည် ကြားညှပ်အနေဖြင့် ဗကဗြဟ္မာကြီး မေးမြန်း လျှောက်ထားချက်အရ အတိတ်ဇာတ် ဖြစ်ရပ်များကို ဟောကြားတော်မူပြီးလျှင် တဖန် မူလ အနုသန္ဓေစကားရပ်နှင့် ဆက်စပ်၍ ဤသို့ ဟောတော်မူအပ်လေသည်-

ဗကဗြဟ္မာ.. သုဘကိဏှမည်သော ဘုံဘဝသည်၎င်း, ဝေဟပ္ဖိုလ်မည်သော ဘုံဘဝသည်၎င်း, အဘိဘူမည်သော

၄၆၀

ဘုံဘဝသည်၎င်း ရှိသေးသည်သာတည်း၊ ထိုဘုံဘဝကို သင် မသိ, မမြင်၊ ထိုဘုံဘဝကို ငါဘုရား သိ၏, မြင်၏။ ဗကဗြဟ္မာ.. ငါဘုရားသည် ဤသို့ (သင်မသိသည့် အဘိဘူဘုံဘဝကို) သိသောကြောင့်လည်း သင်နှင့် ဉာဏ်ပညာအားဖြင့် တူညီသူ မဟုတ်ချေ။ အဘယ်မှာ သင့်အောက် နိမ့်ကျပေအံ့နည်း၊ စင်စစ်မှာမူ ငါဘုရားသာလျှင် ဉာဏ်ပညာအားဖြင့် သင့်ထက် သာလွန်သူဖြစ်၏။

     ထို့နောင်မှ မြတ်စွာဘုရားရှင်သည် ဗကဗြဟ္မာကြီးအား တဆင့်တက်၍ ကိုယ်တော်မြတ်သည် ဗြဟ္မာကြီးနှင့် အသိဉာဏ်ပညာအားဖြင့် တူညီမျှသူ မဟုတ်သည်၏ အဖြစ်ကို၎င်း, ကိုယ်တော်မြတ်ကသာ အသိဉာဏ် ပညာအားဖြင့် ဗကဗြဟ္မာကြီးထက် သာလွန်မြင့်မြတ်သူ ဖြစ်သည်ကို၎င်း ထင်စွာ ဖော်ပြတော်မူလို၍ ဤဆိုလတ္တံ့သောအတိုင်း ဆက်၍ ဟောတော်မူ၏-

“ဗကဗြဟ္မာ.. ငါဘုရားသည် ပထဝီဓာတ်ကို ပထဝီဓာတ် သဘောအားဖြင့် အနိစ္စ, ဒုက္ခ, အနတ္တဟု ထူးသောဉာဏ်ဖြင့် သိရှိပြီးလျှင် ပထဝီဓာတ်ဟူသမျှ၏ ပထဝီသဘောအားဖြင့် မရောက်ရာဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုကာ သိရှိ၍ ပထဝီဓာတ်ကို (တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့်) မစွဲယူ၊ ပထဝီဓာတ်၌ (အတ္တ-စသည် တည်သောအနေဖြင့်လည်း) မစွဲယူ၊ ပထဝီဓာတ် (အတ္တ-စသည် ဖြစ်ပွါးထွက်ပေါ်လာသော အနေဖြင့်လည်း) မစွဲယူ၊ ပထဝီဓာတ်ကို ငါ့ဥစ္စာဟူ၍ မစွဲယူ။ ပထဝီဓာတ်ကို (ငါ,ငါ့ဥစ္စာ, ငါ့လိပ်ပြာဟူ၍) မစွဲဆို။ ဗကဗြဟ္မာ.. ငါဘုရားသည် ဤသို့ (သင်မသိသည့် နိဗ္ဗာန်ကို) သိသောကြောင့်လည်း သင်နှင့် ဉာဏ်ပညာ အားဖြင့် တူညီသူမဟုတ်ချေ၊ အဘယ်မှာ သင့်အောက် နိမ့်ကျပေအံ့နည်း၊ စင်စစ်မှာမူ ငါဘုရားကသာလျှင် ဉာဏ်ပညာအားဖြင့် သင့်ထက် သာလွန်သူဖြစ်၏။

ဗကဗြဟ္မာ.. ငါဘုရားသည် အာပေါဓာတ်ကို ၊(ပ)၊ တေဇောဓာတ်ကို ၊(ပ)၊ ဝါယောဓာတ်ကို ၊(ပ)၊

၄၆၁

သတ္တဝါတို့ကို ၊(ပ)၊ နတ်တို့ကို ၊(ပ)၊ မာရ်နတ်ကို ၊(ပ)၊ ဗြဟ္မာကို ၊(ပ)၊ အာဘဿရဗြဟ္မာတို့ကို ၊(ပ)၊ သုဘကိဏှဗြဟ္မာတို့ကို ၊(ပ)၊ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို ၊(ပ)၊ အဘိဘူဗြဟ္မာကို ၊(ပ)၊ အလုံးစုံ (တေဘူမက သက္ကာယတရား)ကို အလုံးစုံ (တေဘူမက သက္ကာယတရား) သဘောအားဖြင့် အနိစ္စ, ဒုက္ခ, အနတ္တဟု ထူးသောဉာဏ်ဖြင့် သိရှိပြီးလျှင် အလုံးစုံ (တေဘူမက သက္ကာယတရား) ဟူသမျှ၏ အလုံးစုံ (တေဘူမက သက္ကာယတရား) သဘောအားဖြင့် မရောက်ရာဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုကာ သိရှိ၍ အလုံးစုံ = တေဘူမက သက္ကာယတရားကို (တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့်) မစွဲယူ၊ အလုံးစုံ = တေဘူမက သက္ကာယတရား၌ (အတ္တစသည် တည်သောအနေဖြင့်လည်း) မစွဲယူ၊ အလုံးစုံ = တေဘူမက သက္ကာယတရားမှ (အတ္တ-စသည် ဖြစ်ပွါး ထွက်ပေါ်လာသော အနေဖြင့်လည်း) မစွဲယူ၊ အလုံးစုံ = တေဘူမက သက္ကာယတရားကို ငါ့ဥစ္စာဟူ၍ မစွဲယူ၊ အလုံးစုံ = တေဘူမက သက္ကာယတရားကို (ငါ, ငါ့ဥစ္စာ, ငါ့လိပ်ပြာဟူ၍) မစွဲဆို။ ဗကဗြဟ္မာ.. ငါဘုရားသည် ဤသို့ (သင်မသိသည့် နိဗ္ဗာန်ကို) သိသောကြောင့်လည်း သင်နှင့် ဉာဏ်ပညာအားဖြင့် တူညီသူမဟုတ်ချေ။ အဘယ်မှာ သင့်အောက် နိမ့်ကျပေအံ့နည်း၊ စင်စစ်မှာမူ ငါဘုရားကသာလျှင် ဉာဏ်ပညာအားဖြင့် သင့်ထက် သာလွန်သူဖြစ်၏”-

ဟူ၍ မိန့်တော်မူ၏။ (ထိုအခါ ဗကဗြဟ္မာကြီးသည် မြတ်စွာဘုရားရှင်ကို မုသာဝါဒဖြင့် နှိပ်လိုရကား)-

“အရှင်ဘုရား.. အကယ်၍ အလုံးစုံ၏ အလုံးစုံသော သဘောအားဖြင့် မရောက်ရာတရားဖြစ်ခဲ့မူ ယင်း မရောက်ရာတရားကို သိ၍(ဟူသော) အရှင်၏စကားသည် (ဆိတ်သုဉ်းသောစကား ဖြစ်သွားပါလိမ့်မည်။ ယင်းကဲ့သို့ ဆိတ်သုဉ်းသောစကား မဖြစ်ပါစေလင့်၊ အရှင်၏စကားသည်

၄၆၂

(အချည်းနှီးသောစကား ဖြစ်သွားပါလိမ့်မည်။ ထိုကဲ့သို့) အချည်းနှီးသောစကား မဖြစ်ပါစေလင့်”-

ဟူ၍ ပြောဆိုလေ၏။

(ဤ၌။ ။ဗုဒ္ဓဝင်စာဖတ် သူတော်စင်ပရိသတ်တို့ နားမရှုပ်အောင် အနည်းငယ် ရှင်းလင်းဖော်ပြဦးအံ့-

အလုံးစုံဟူသော မြန်မာစကားနှင့် သဗ္ဗဟူသော ပါဠိစကားသည် အနက်အဓိပ္ပါယ် တူမျှ၏။ ထိုသဗ္ဗ = အလုံးစုံဟူသော ပါဠိစကား မြန်မာစကားကို လောကီတရား အားလုံး (=သက္ကာယတရားအားလုံး)ကို ရည်ရွယ်၍လည်း ခေါ်ဆိုသုံးစွဲ၏၊ ထိုသို့ လောကီတရား အားလုံးကို ရည်ရွယ်၍ ခေါ်ဆိုသုံးစွဲအပ်သည့် “သဗ္ဗ = အလုံးစုံ”ဟူသော ပါဠိစကား မြန်မာစကားကို “သက္ကာယသဗ္ဗ= သက္ကာယတရားအားလုံး”ဟူ၍ ခေါ်သည်၊ ယင်း သက္ကာယသဗ္ဗ = သက္ကာယတရားအားလုံး = လောကီတရားအားလုံးကို ရည်ရွယ်၍ အာဒိတ္တပရိယာယသုတ်၌ “သဗ္ဗံ ဘိက္ခဝေ အာဒိတ္တံ”ဟူ၍ ဟောတော်မူအပ်သည်။

ဤပါဠိတော်၌ “ရဟန်းတို့.. အလုံးစုံသော တရားကို ရာဂအစရှိသော မီးတို့သည် လောင်အပ်၏”ဟူရာဝယ် လောကုတ္တရာ တရားများကို ရာဂ, ဒေါသ, မောဟစသော အကုသိုလ်တရားတို့က လုံးဝ အာရုံမပြုနိုင်သောကြောင့် ထိုလောကုတ္တရာ တရားများကို ရာဂအစရှိသော မီးတို့သည် လောင်အပ်၏ဟု မဆိုရချေ၊ လောကီတရားများ = သက္ကာယတရား = ဥပါဒါနက္ခန္ဓာ တရားများကိုသာ လောဘ, ဒေါသ, မောဟစသော အကုသိုလ်တရားတို့က အာရုံပြုနိုင်သောကြောင့် ထိုလောကီ တရားများကိုသာ ရာဂအစရှိသော မီးတို့သည် တောက်လောင်အပ်၏ဟု ဆိုရသည်။ ထို့ကြောင့် “သဗ္ဗံ = အလုံးစုံသော တရားကို”ဟူသော စကားအရ၌ လောကုတ္တရာတရားများကို လွှတ်၍ လောကီတရားအားလုံး = သက္ကာယတရားအားလုံး = ဥပါဒါနက္ခန္ဓာ တရားအားလုံးကိုသာ ကောက်ယူရသည်၊ ထို့ကြောင့် ထိုအာဒိတ္တပရိယာယသုတ်လာ “သဗ္ဗ”ကို “သက္ကာယသဗ္ဗ = သက္ကာယတရား အားလုံး”ဟူ၍ ခေါ်ဆိုသည်။

“သဗ္ဗညုတဉာဏ = အလုံးစုံကို သိသောဉာဏ်” ဟူရာ၌ ထိုသဗ္ဗညုတဉာဏ်ဖြင့် မြတ်စွာဘုရားရှင်သည် လောကီတရား အားလုံး, လောကုတ္တရာ အားလုံး, ပညတ်တရား အားလုံးကို သိတော်မူသောကြောင့်

၄၆၃

ထို“သဗ္ဗညုတဉာဏ = အလုံးစုံကို သိသောဉာဏ်”ဟူသော စကား၌ ပါရှိသည့် “သဗ္ဗ = အလုံးစုံ”ဟူသော စကားအရ လောကီ, လောကုတ္တရာ, ပညတ် ရှိရှိသမျှ တရားအားလုံးကို ကောက်ယူရသည်၊ ထို့ကြောင့် ထို“သဗ္ဗညုတဉာဏ”ပုဒ်ပါ သဗ္ဗကို “သဗ္ဗသဗ္ဗ = ရှိရှိသမျှ တရားအားလုံး”ဟူ၍ ခေါ်ဆိုသည်။

ဤမျှဆိုလျှင် တရားစာပေနယ်၌ “သဗ္ဗ = အလုံးစုံ”ဟူ၍ ခေါ်ဆို သုံးစွဲ ဟောပြောမှုသည် (၁) သက္ကာယသဗ္ဗ = သက္ကာယတရား အားလုံး = လောကီတရား အားလုံးကိုသာ ရည်ရွယ်၍ ခေါ်ဆိုသုံးစွဲ ဟောပြောမှုလည်းရှိသည်၊ (၂) သဗ္ဗသဗ္ဗ = လောကီ, လောကုတ္တရာ, ပညတ် ရှိရှိသမျှ တရားအားလုံးကို ရည်ရွယ်၍ ခေါ်ဆိုသုံးစွဲ ဟောပြောမှုလည်း ရှိသည်။ (အချုပ်အားဖြင့်) (၁) သက္ကာယသဗ္ဗ (၂) သဗ္ဗသဗ္ဗဟူ၍ သဗ္ဗ = အလုံးစုံ နှစ်မျိုးရှိသည်ဟူ၍ ဗုဒ္ဓဝင်စာဖတ် ပရိသတ်သူတော်စင်တို့ နားလည်လောက်ပြီ။ ယခုအခါ မြတ်စွာဘုရားရှင်နှင့် ဗကဗြဟ္မာကြီးတို၏ သဗ္ဗ-အရကို စိစစ်ကြစို့-

မြတ်စွာဘုရားရှင်က ကိုယ်တော်မြတ်သည် ဗကဗြဟ္မာကြီးထက် အသိဉာဏ်ပညာအားဖြင့် သာလွန် မြင့်မြတ်သူဖြစ်ကြောင်း ဖော်ပြရာ၌-

(၁) ငါဘုရားသည် (သင်သိသည့်) ပထဝီဓာတ်ကိုလည်း သိသည်။ (သင် မသိသည့်) ပထဝီဓာတ် သဘောအားဖြင့် မရောက်ရာ နိဗ္ဗာန်တရားကိုလည်း သိသည်။ (၂) ငါဘုရားသည် (သင်သိသည့်) အာပေါဓာတ်ကိုလည်း သိသည်၊ (သင် မသိသည့်) အာပေါဓာတ် သဘောအားဖြင့် မရောက်ရာ နိဗ္ဗာန်တရားကိုလည်း သိသည်.. (ဤသို့ အစရှိသည်ဖြင့်) (၃) တေဇောဓာတ်၊ (၄) ဝါယောဓာတ်၊ (၅) သတ္တဝါ၊ (၆) နတ်၊ (၇) မာရ်နတ်၊ (၈) ဗြဟ္မာ၊ (၉) အာဘဿရဗြဟ္မာ၊ (၁၀) သုဘကိဏှဗြဟ္မာ၊ (၁၁) ဝေဟပ္ဖိုလ်ဗြဟ္မာ၊ (၁၂) အဘိဘူ ဗြဟ္မာ = အသညသတ်ဗြဟ္မာကို ဆိုလိုသည်၊.. (၁၃) ငါဘုရားသည် (သင် သိသည့်) အလုံးစုံသော တရားကိုလည်း သိသည် = သက္ကာယသဗ္ဗကို ရည်ရွယ်တော်မူသည်၊ (သင် မသိသည့်) အလုံးစုံတရား သဘော အားဖြင့် မရောက်ရာ (နိဗ္ဗာန်)တရားကိုလည်း သိသည်၊-

ဟူ၍ အချက်ပေါင်း (၁၃) တဆယ့်သုံးချက် ဖော်ပြတော်မူခဲ့ရာ ဗကဗြဟ္မာကြီးသည် ရှေ့ (၁၂) တဆယ့်နှစ်ချက်အပေါ်၌ အပြစ်တင်ရန်

၄၆၄

အချက်ကို လုံးဝရှာ၍ မတွေ့ချေ။ နောက်ဆုံး (၁၃) တဆယ့်သုံးခုမြောက် အချက်၌မူ—

(မြတ်စွာဘုရားရှင်က) သက္ကာယသဗ္ဗ = သက္ကာယတရားအားလုံး = လောကီတရား အားလုံးကို ရည်ညွှန်းတော်မူ၍- “ဗကဗြဟ္မာ.. ငါဘုရားသည် အလုံးစုံ (သက္ကာယ = လောကီတရားများ)ကို အလုံးစုံသဘော အားဖြင့် အနိစ္စ, ဒုက္ခ, အနတ္တဟု ထူးသောဉာဏ်ဖြင့်လည်း သိသည်။ ယင်းသို့ သိပြီးနောက် (ထိုဝိပဿနာဉာဏ်အထူး၏ ကျေးဇူးပြုပေးချက်ကြောင့် မဂ်ဉာဏ်ဖြင့်) အလုံးစုံ (သက္ကာယ = လောကီတရားစု)၏ အလုံးစုံ သဘောအားဖြင့် မရောက်ရာ (နိဗ္ဗာန်)တရားကိုလည်း သိသည်”ဟု မိန့်တော်မူခဲ့သည်။ ထိုအနက်အဓိပ္ပါယ်ကို “ငါသည် အလုံးစုံကို အလုံးစုံသဘောအားဖြင့် အထူးသိပြီးလျှင် အလုံးစုံ၏ အလုံးစုံသဘောအားဖြင့် မရောက်ရာ တရားကိုလည်း သိ၍”ဟု အသိခက် လျှို့ဝှက်သောစကားဖြင့် မိန့်ကြားတော်မူလေသည်။

ထိုမိန့်ကြားချက်တွင် “ငါသည် အလုံးစုံကို အလုံးစုံ သဘောအားဖြင့် အထူးသိပြီးလျှင်” ဟူသည်မှာ- “ငါဘုရားသည် အလုံးစုံသော တေဘူမက သက္ကာယတရား လောကီခန္ဓာငါးပါးကို ချင်းတို့၏ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောအားဖြင့် (ဝိပဿနာဉာဏ်ဖြင့်) ပိုင်းပိုင်းခြားခြား သိပြီးလျှင်”ဟု ဆိုလိုသည်။ ဤ၌ မြတ်စွာဘုရားရှင်က သက္ကာယသဗ္ဗကိုသာ ရည်ညွှန်း၍ “အလုံးစုံကို အလုံးစုံ သဘောအားဖြင့်”ဟု မိန့်ဆိုတော်မူခြင်းဖြစ်သည်။ ။“အလုံးစုံ၏ အလုံးစုံ သဘောအားဖြင့် မရောက်ရာတရားကို သိ၍” ဟူသည်မှာ- “အလုံးစုံသော တေဘူမက သက္ကာယတရား လောကီခန္ဓာငါးပါး၏ ချင်းတို့၏ သင်္ခတသဘောအားဖြင့်မရောက်ရာ နိဗ္ဗာန်တရားကို မဂ်ဉာဏ်ဖြင့် မျက်မှောက်ပြုကာ သိရှိ၍”ဟု ဆိုလိုသည်။ ။(သင်္ခတတရားမျိုးဖြစ်သည့် ပထဝီဓာတ်, အာပေါဓာတ် အစရှိသော ရုပ်တရားများ၏ ခက်မာမှု, ဖွဲ့စေးမှု အစရှိသော သင်္ခတသဘော၊ ဖဿ, ဝေဒနာ- အစရှိသော သင်္ခတမျိုး နာမ်တရားတို့၏ တွေ့ထိမှု, ခံစားမှု- အစရှိသော သင်္ခတသဘောများသည် အသင်္ခတတရားဖြစ်သည့် နိဗ္ဗာန်၌ လုံးဝမရှိ၊ ထိုနိဗ္ဗာန်တည်းဟူသော အသင်္ခတတရား၌ကား သင်္ခတသဘောများမှ ဆန့်ကျင်ဖက်ဖြစ်သည့် သန္တိသဘော = ငြိမ်းအေးခြင်းသဘော ရှိသည်။ ထိုအချက်ကိုပင် ရည်ရွယ်၍ “ပထဝီဓာတ်၏ ပထဝီသဘောအားဖြင့် မရောက်ရာ နိဗ္ဗာန်၊ အာပေါဓာတ်၏ အာပေါသဘောအားဖြင့် မရောက်ရာ နိဗ္ဗာန်၊ (ပ) အလုံးစုံသော သက္ကာယတရား၏ သက္ကာယ သဘောအားဖြင့်

၄၆၅

မရောက်ရာ နိဗ္ဗာန်”ဟူ၍ ဟောတော်မူသည်ကိုလည်း အထူးသိမှတ်ရာ၏)။

ဤမျှဆိုလျှင် ဗုဒ္ဓဝင်စာဖတ် သူတော်စင်ပရိသတ်တို့အဖို့ မြတ်စွာဘုရားရှင်က ဗကဗြဟ္မာကြီးအား-

“ငါဘုရားသည် (သင်သိနိုင်မည့်) အလုံးစုံသော သက္ကာယတရား လောကီခန္ဓာ ငါးပါးကိုလည်း ပိုင်းပိုင်းခြားခြား သိ၏၊ (သင်မသိနိုင်သည့်) အလုံးစုံသော သက္ကာယတရား သဘောအားဖြင့် မရောက်ရာ နိဗ္ဗာန်ကိုလည်းသိ၏”—

ဟု မိန့်ဆိုတော်မူလိုရင်း ဖြစ်ကြောင်းနှင့် ထိုစကားဝယ် “အလုံးစုံ”အရ လောကီ ခန္ဓာငါးပါး = သက္ကာယသဗ္ဗ တရားကိုသာ ကောက်ယူ၍ “အလုံးစုံ သဘောအားဖြင့် မရောက်ရာ တရား”အရ နိဗ္ဗာန်ကို ကောက်ယူရမည်ဖြစ်ကြောင်း ကောင်းစွာ သိနိုင်ပေပြီ။

(ဗကဗြဟ္မာကြီးကမူ) အပြစ်တင်ယူတတ်သည့် ဝါဒရှင်ပုဂ္ဂိုလ်တယောက် ဖြစ်သည့်အလျောက် (မြတ်စွာဘုရားရှင်၏ သက္ကာယသဗ္ဗကို ရည်ညွှန်းမိန့်ဆိုခြင်းကို အလျှင်းပင်မသိပဲ) “အလုံးစုံ”အရ “သဗ္ဗသဗ္ဗ = ရှိရှိသမျှ လောကီတရား လောကုတ္တရာတရား ပညတ်တရား အားလုံး”ဟု အကောက်အယူ လွဲမှားကာ မြတ်စွာဘုရားရှင်ကို-

“အရှင်ဘုရား.. အကယ်၍ အလုံးစုံ၏ အလုံးစုံ သဘောအားဖြင့် မရောက်ရာတရား ဖြစ်ခဲ့မူ ယင်း မရောက်ရာတရားကို သိ၍(ဟူသော) အရှင်ဘုရား၏ စကားသည် (အနက်အဓိပ္ပါယ်မှ ဆိတ်သုဉ်းသောစကား ဖြစ်သွားပါလိမ့်မည်၊ ယင်းကဲ့သို့) ဆိတ်သုဉ်းသောစကား မဖြစ်ပါစေလင့်။ အရှင်ဘုရား၏ စကားသည် (အချည်းနှီးသောစကား ဖြစ်သွားပါလိမ့်မည်။ ထိုကဲ့သို့) အချည်းနှီးသောစကား မဖြစ်ပါစေလင့်”-

ဟု မုသာဝါဒဖြင့် နှိပ်လေသည်။

ဗကဗြဟ္မာ၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ- အရှင်ဘုရား၏ မိန့်ကြားချက်၌-

(၁) အလုံးစုံသောတရားကို ငါသိ၏။

(၂) ထိုအလုံးစုံသော တရား၏ အလုံးစုံ သဘောအားဖြင့် မရောက်ရာ တရားကိုလည်း ငါသိ၏-

ဟု စကားနှစ်စုရှိလေသည်။ ထိုနှစ်စုတွင်—

၄၆၆

(၁) “အလုံးစုံကို ငါသိ၏”ဟူသော စကား၌ “အလုံးစုံ”ဟူသော စကားဖြင့်ပင် ရှိရှိသမျှ တရားအားလုံး ပါဝင်နေပြီး ယူပြီးဖြစ်သောကြောင့် (တရားအားလုံး ပဌမစကားထဲ၌ပင် ကုန်နေပြီဖြစ်ရကား) (၂) အမှတ်ပြ “ထိုအလုံးစုံသော တရား၏ အလုံးစုံ သဘောအားဖြင့် မရောက်ရာ တရား”ဟူ၍ မရှိနိုင်တော့ပြီ၊ မရှိပါပဲလျက် ထိုတရားရှိသည့်အနေ ထိုတရားကို ငါသိ၏ဟု ပြောဆိုပါမူ အရှင်ဘုရား၏ ထို(၂)အမှတ်ပြ တရားသည် ကောင်းကင်ပန်း ယုန်ချို လိပ်မွေး ပုဇွန်သွေးဟူသော စကားများကဲ့သို့ စကားအဆိုသာရှိ၍ အနက်ဒြဗ်ဝတ္ထု လုံးဝမရှိသော စကားဖြစ်ပါလိမ့်မည်။

(၂) အမှတ်ပြ “ထိုအလုံးစုံ၏ အလုံးစုံ သဘောအားဖြင့် မရောက်ရာတရား” အသီးအခြားရှိပါသည် ဆိုလျှင်လည်း (၁)အမှတ်ပြ “အလုံးစုံသော တရား”အရ၌ ထိုတရား မပါဝင်ရကား ထို (၁) အမှတ် တရားသည် အလုံးစုံပင် မဖြစ်နိုင် မဖြစ်ထိုက်၊ ထိုသို့ အလုံးစုံ မဟုတ်ပါပဲလျက် “အလုံးစုံကို ငါသိ၏”ဟုဆိုသော အရှင်ဘုရား၏ စကားသည် ချွတ်လွဲသော မုသားစကား ဖြစ်ပါလိမ့်မည်။ ဤကဲ့သို့ မြတ်စွာဘုရားရှင်ကို မုသာဝါဒဖြင့် နှိပ်လိုရင်းဖြစ်သည်။ (ဤ၌ မြတ်စွာဘုရားက သက္ကာယသဗ္ဗကို ရည်၍ ဟောတော်မူသဖြင့် တရားနှစ်မျိုးလုံးပင် ရှိသည်၊ ဗကဗြဟ္မာကမူ သဗ္ဗသဗ္ဗ အနေအားဖြင့် အယူမှားသောကြောင့် အနှိပ်မှားလေသည်ဟု အချုပ်မှတ်ယူရာ၏)။

     မြတ်စွာဘုရားရှင်သည်ကား ထိုဗကဗြဟ္မာကြီးထက် အပြန်အရာ, အပြန်အထောင်, အပြန်အသိန်းအားဖြင့် လွန်ကဲမြင့်မြတ်သည့် ဝါဒရှင် (ဝါဒီပုဂ္ဂိုလ်မြတ်ကြီး) ဖြစ်တော်မူသောကြောင့် “ငါဘုရားသည် အလုံးစုံကိုလည်း ဟောဆိုအံ့သည်သာ၊ အလုံးစုံ၏ အလုံးစုံ သဘောအားဖြင့် မရောက်ရာ နိဗ္ဗာန်တရားကိုလည်း ဟောဆိုအံ့သည်သာဖြစ်သည်။ သင်သည် နားထောင်လော့”ဟု ထိုဗကဗြဟ္မာ၏ အလွဲလွဲ အမှားမှား မုသာဝါဒဖြင့် အပြစ်တင်ချက်ကို ပယ်ဖျက် ချိုးနှိမ်တော်မူရန် အကြောင်းကို ထုတ်ဆောင် ဟောပြလိုသည်ဖြစ်၍-

“ဗကဗြဟ္မာ.. မဂ်ဉာဏ်, ဖိုလ်ဉာဏ်, ပစ္စဝေက္ခဏာဉာဏ်တို့ဖြင့် အထူးအားဖြင့် ခပ်သိမ်းသော သင်္ခတတရားတို့ထက် ထူးကဲလွန်မြတ်သော တရားအနေဖြင့် သိအပ်သော,

၄၆၇

ပကတိ မံသစက္ခုဖြင့် မမြင်အပ် မမြင်ကောင်းသော (ဝါ) အတူပြုကာ ညွှန်ပြဖွယ်ရာ တရားတပါးမရှိသော ဖြစ်မှု = ဥပါဒ်စွန်း, ပျက်ဆုံးမှု = ဘင်စွန်း အလျှင်းမရှိသော အလုံးစုံ (တရား)ထက် ပြိုးပြက်ထွန်းပြောင် အလင်းရောင်ရှိသော (ဝါ) အခါခပ်သိမ်းပင် အမှောင်ဟူ၍မရှိ ပကတိပြိုးပြက် တလက်လက် ထွန်းပြောင် နေသော နိဗ္ဗာန်တရားသည် ရှိ၏။ (ဤစကားရပ်ဖြင့် အလုံးစုံသော တေဘူမက သက္ကာယတရားစု၏ သက္ကာယတရား သဘောအနေဖြင့် မရောက်ရာ နိဗ္ဗာန်တရား ဧကန်ရှိကြောင်း ရဲရဲတောက် မိန့်တော်မူခြင်း ဖော်ပြတော်မူခြင်း ဖြစ်သည်)။

ထိုနိဗ္ဗာန်တရားကို (၁)ပထဝီဓာတ်၏ ပထဝီသဘောအားဖြင့် မရောက်အပ်၊ (၂) အာပေါဓာတ်၏ အာပေါဓာတ်သဘောအားဖြင့် မရောက်အပ်၊ (၃) တေဇောဓာတ်၏၊ (၄) ဝါယောဓာတ်၏။ (၅) သတ္တဝါတို့၏ သတ္တဝါ သဘောအားဖြင့် မရောက်အပ်၊ (၆) နတ်တို့၏၊ (၇) မာရ်နတ်၏၊ (၈) ဗြဟ္မာတို့၏ ဗြဟ္မာသဘောအားဖြင့် မရောက်အပ်၊ (၉) အာဘဿရ ဗြဟ္မာတို့၏၊ (၁၀) သုဘကိဏှ ဗြဟ္မာတို့၏၊ (၁၁) ဝေဟပ္ဖိုလ် ဗြဟ္မာတို့၏ ဝေဟပ္ဖိုလ်ဗြဟ္မာ သဘောအားဖြင့် မရောက်အပ်၊ (၁၂) အဘိဘူဗြဟ္မာ (=အသညသတ်ဗြဟ္မာ)၏ အဘိဘူဗြဟ္မာ သဘောအားဖြင့် မရောက်အပ်၊ (၁၃) အလုံးစုံ (သက္ကာယတရားအစု)၏ အလုံးစုံ (သက္ကာယ)သဘောအားဖြင့် မရောက်အပ်။ (ဤစကားရပ်ဖြင့် အလုံးစုံကိုလည်း ကိုယ်တော်မြတ် ဟောဆိုကြောင်း ထင်ရှားစေသည်)။

ဤသို့လျှင် သင် ဗကဗြဟ္မာကဲ့သို့သော ပုဂ္ဂိုလ်များ၏ သိမှီရာ နယ်ပယ်ဖြစ်သော အလုံးစုံသော တေဘူမက = သက္ကာယတရားအစုသည် ရှိ၏၊ ထိုအလုံးစုံသော တေဘူမက = သက္ကာယတရားအစု၏ သက္ကာယတရားသဘော

၄၆၈

အနေအားဖြင့် ထို(ရှေးဆိုအပ်ပြီးဂုဏ် ၄-ချက်နှင့် ပြည့်စုံသည့်) နိဗ္ဗာန်တရားကို မရောက်အပ် မရောက်နိုင်ချေ”-

ဟူ၍ မိန့်တော်မူကာ ကိုယ်တော်မြတ်၏ ဝါဒကို ကြံ့ကြံ့ခိုင်ကျည် တည်စေတော်မူလေ၏။

မြတ်စွာဘုရားနှင့် ဗကဗြဟ္မာကြီးတို့

ပုန်းကွယ်ပျောက်လျှိုး တန်ခိုးပြိုင်ကြခြင်း

     ထို့နောင်မှ ဗကဗြဟ္မာသည် မိမိ ယူတိုင်း ယူတိုင်း ပြောတိုင်း ပြောတိုင်းသော “ဤကိုယ်နှင့် တကွသော ဗြဟ္မာ့ဘုံဌာနသည် မြဲ၏ ခိုင်ခံ့၏ တည်တံ့၏”- အစရှိသော စွဲယူချက်အားလုံးကို ထိုထိုအချက်တိုင်းမှာပင် မြတ်စွာဘုရားရှင်က အပြစ်ကိုပြကာ နှိပ်ကွပ်အပ် စွန့်ပယ်စေအပ်ရကား အခြား တစုံတရာ ယူဖွယ် ပြောဖွယ် ကိုးစားဖွယ်ကို မတွေ့မမြင်၍ မိမိ၏အရှုံးကို ဖုံးလွှမ်းခြင်းငှါ ဝါဒစကား ယှဉ်ပြိုင် ပြောကြားခြင်းကို ပယ်ရှား၍ ပုန်းကွယ်ပျောက်လျှိုး တန်ခိုးပြာဋိဟာချင်း ပြိုင်ဆိုင်လိုရကား-

“အရှင်မြတ်.. ထိုသို့ဖြစ်လျှင် (=ဒီလိုဆိုလျှင်) ငါသည် သင်၏ မျက်မှောက်၌ ယခုပင် ကွယ်လိုက်မည် (=သင် ငါ့ကို မမြင်နိုင်သည့် တန်ခိုးပြာဋိဟာကို ငါပြုမည်)၊ အရှင်မြတ်သည် ရှုလော့”-

ဟု ပြောဆိုလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က ဗကဗြဟ္မာကို-

“ဗကဗြဟ္မာ.. ထိုသို့ဖြစ်က (တကယ်တော့ သင် စွမ်းနိုင်မည်မဟုတ်ပါ) အကယ်၍ သင်စွမ်းနိုင်ခဲ့လျှင် သင်သည် ငါ၏မျက်မှောက်၌ ယခုပင် ကွယ်လိုက်လော့”-

ဟူ၍ ခွင့်ပြုစကား မိန့်ကြားတော်မူလေ၏။

     ဗြဟ္မာတို့မှာ (၁)ပကတိအတ္တဘော (၂) ပြုပြင်ဖန်ဆင်းထားသော အတ္တဘောဟူ၍ = အတ္တဘောနှစ်မျိုး ရှိသည်။ ထိုနှစ်မျိုးတို့တွင် (၁) ပကတိအတ္တဘော = အဦးအစ ပဋိသန္ဓေ တည်နေစဉ်ကဖြစ်သော အတ္တဘောသည် သိမ်မွေ့၏၊ အခြားဗြဟ္မာတို့အဖို့

၄၆၉

(သိမ်မွေ့လွန်းသောကြောင့်) မထင်မမြင်နိုင်၊ ထို့ကြောင့် အခြားသူများ မြင်နိုင်ရန် (၂) ပြုပြင်ဖန်ဆင်းထားသော အတ္တဘော = ရုန့်ရင်းကြမ်းတမ်းသော ကိုယ်ဖြင့်သာလျှင် တည်နေကြလေသည်။ ထို့ကြောင့် ဗကဗြဟ္မာကြီးသည် မြတ်စွာဘုရားရှင်က ခွင့်ပြုစကား မိန့်ကြားတော်မူလိုက်သောအခါ-

     လက်ရှိ ပြုပြင် ဖန်ဆင်းထားသော ရုန့်ရင်း ကြမ်းတမ်းသည့် အတ္တဘောကို ရုပ်သိမ်း၍ သိမ်မွေ့နူးညံ့သော ပကတိအတ္တဘောသို့ ပြောင်းလိုက်ရန် စိတ်ညွတ်လေ၏။ ထိုအကြောင်းကို သိတော်မူသဖြင့် မြတ်စွာဘုရားရှင်က “ဤဗကဗြဟ္မာသည် သိမ်မွေ့သော ပကတိအတ္တဘောဖြင့် မတည်ပဲ ယခုလက်ရှိ ပြုပြင်ဖန်ဆင်းထားသည့် ရုန့်ရင်းကြမ်းတမ်းသော အတ္တဘောဖြင့်သာ တည်စေသတည်း”ဟု အဓိဋ္ဌာန်တော်မူ၏။ ထို့ကြောင့် ဗကဗြဟ္မာကြီးသည် ပကတိ အတ္တဘောသို့လည်း မပြောင်းနိုင်ပဲ ရှိလေသည်။ ထို့ကြောင့် သူ၏ ကိုယ်ကာယကား မပျောက်ကွယ်ပဲ ရှိလေသည်။

     တဖန် ဗကဗြဟ္မာကြီးသည် ပကတိအတ္တဘောသို့ မပြောင်းနိုင်သဖြင့် လက်ရှိအတ္တဘောကို ဖုံးလွှမ်းမည့် အမိုက်မှောင်ကြီးကို ဖန်ဆင်းရန် အားထုတ်ပြန်လေသည်။ မြတ်စွာဘုရားရှင်ကလည်း ကိုယ်တော်၏တန်ခိုးဖြင့် ဗကဗြဟ္မာကြီး ဖန်ဆင်းသည့် အမိုက်မှောင်ကို ပယ်ဖျောက်ပစ်လိုက်ပြန်လေသည်။ ထို့ကြောင့် ပုန်းကွယ်ခြင်းငှါ မတတ်နိုင်ပဲ ရှိပြန်လေသည်။

     ဗကဗြဟ္မာကြီးသည် ပကတိအတ္တဘောသို့လည်း မပြောင်းနိုင်၊ အမိုက်မှောင်ကိုလည်း မဖန်ဆင်းနိုင်သဖြင့် ပုန်းကွယ်ခြင်းငှါ မတတ်နိုင်ရကား ပြုမိပြုရာ ပြုလုပ်သောအားဖြင့် ဘုံဗိမာန်အတွင်းသို့ဝင်၍ ပုန်းပြန်၏။ ပဒေသာပင်၌ ပုန်းပြန်၏၊ ဆောင့်ကြောင့် ကုပ်ကုပ်ကလေး ထိုင်နေပြန်၏။ ထိုအခါ ပရိသတ် ဗြဟ္မာအပေါင်းသည် “ဤဗကဗြဟ္မာကြီးသည် ဗိမာန်၌ ပုန်းအောင်းနေ၏။ ပဒေသာပင်၌ ပုန်းအောင်းနေ၏၊ ဆောင့်ကြောင့် ကုပ်ကုပ်ကလေး ထိုင်နေ၏၊ အိုဗကဗြဟ္မာ.. သင်သည် “ငါပုန်းလျှိုး ကွယ်ပျောက်နေ၏”ဟူသော

၄၇၀

အမှတ်သညာကို ဖြစ်မှဖြစ်စေဘိပလေ”ဟူ၍ ပြက်ရယ် ပြောင်လှောင်မှုကို ပြုကြလေသည်၊ ဗကဗြဟ္မာကြီးသည် ဗြဟ္မာအပေါင်းက ပြက်ရယ် ပြောင်လှောင်အပ်ရကား မျက်နှာမသာမယာ ဖြစ်ရှိလေ၏။ ။ဤအကြောင်းအရာများကို အကျဉ်းချုပ်၍ ပါဠိတော်၌-

“ရဟန်းတို့.. ထိုအခါ ဗကဗြဟ္မာသည် ‘ရဟန်းဂေါတမ၏ မျက်မှောက်၌ ငါ ကွယ်လိုက်မည်၊ ရဟန်းဂေါတမ၏ မျက်မှောက်၌ ငါ ကွယ်လိုက်မည်’ဟု ဆိုသော် လည်း ငါဘုရား၏ မျက်မှောက်၌ ကွယ်ခြင်းငှါ မစွမ်းနိုင်”-

ဟူ၍ ဟောတော်မူအပ်လေသည်။

     ဤကဲ့သို့ ဗကဗြဟ္မာကြီး မပုန်းကွယ်နိုင်သောအခါ မြတ်စွာဘုရားရှင်သည် ဗကဗြဟ္မာကြီးကို-

“ဗကဗြဟ္မာ.. ထိုသို့ သင်မပုန်းကွယ်နိုင်လျှင် ငါသည် သင်၏မျက်မှောက်၌ ယခုပင် ပုန်းကွယ်လိုက်မည် = သင် ငါ့ကိုမမြင်နိုင်သည့် တန်ခိုးပြာဋိဟာကို ငါပြုတော့မည်”-

ဟူ၍ မိန့်တော်မူ၏။ ထိုအခါ ဗကဗြဟ္မာကြီးသည်လည်း မြတ်စွာဘုရားရှင်ကို-

“အရှင်မြတ်.. ထိုသို့ဖြစ်လျှင် အကယ်၍ စွမ်းနိုင်ပါက အရှင်မြတ်သည် ငါ၏မျက်မှောက်၌ ယခုပင် ကွယ်လိုက်လော့”-

ဟူ၍ ပြန်ကြားပြောဆိုလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် (ပါဒကဈာန်၊ အဓိဋ္ဌာန်နှင့်၊ တဖန်ပါဒက၊ စတုတ္ထ၊ ကျတုံအဘိညာ- ဟူသောအတိုင်း) (၁) ရှေးဦးစွာ အဓိဋ္ဌာန်၏ အခြေပါဒဖြစ်သော ရူပါဝစရကိရိယာ စတုတ္ထဈာန်ကို ၀င်စားတော်မူလေ၏၊ (၂) ထို့နောင်မှ ထိုဈာန်မှထ၍ “မဟာဗြဟ္မာကြီးသည်၎င်း, ဗြဟ္မာပရိသတ်သည်၎င်း, အလုပ်အကျွေး ဗြဟ္မာငယ်များသည်၎င်း

၄၇၁

ငါဘုရား၏ အသံကိုသာ ကြားကြ၍ ငါဘုရားကိုကား မမြင်ကြစေကုန်သတည်း”ဟု မဟာကိရိယာ ဉာဏသမ္ပယုတ်ဇော ဝီထိဖြင့် အဓိဋ္ဌာန်တော်မူလေသည်၊ အဓိဋ္ဌာန်ဝီထိ ဖြစ်လေသည်ဟု ဆိုလိုသည်၊ (၃) ထို့နောင်မှ အဘိညာဏ်၏ အခြေပါဒဖြစ်သော ရူပါဝစရကိရိယာ စတုတ္ထဈာန်ကို ၀င်စားတော်မူလေ၏။ (၄)ထိုဈာန်မှ ထတော်မူပြီးသော် မြတ်စွာဘုရားရှင်၏ စိတ်အစဉ်၌ ဣဒ္ဓိဝိဓအဘိညာဏ် ဝီထိစိတ်အစဉ် ဖြစ်လာလေသည်၊ ထိုဝီထိစိတ်အစဉ်ဝယ် ဣဒ္ဓိဝိဓအဘိညာဏ် ဈာန်ဇော တကြိမ်စောလိုက်သည်နှင့် တပြိုင်နက် ကိုယ်တော်မြတ်၏ ရူပကာယကြီး ပျောက်ကွယ်သွားလေတော့သည်၊ တဦးတယောက်သော ဗြဟ္မာကမျှ မမြင်ရတော့ချေ။ ထိုအခါ မြတ်စွာဘုရားရှင်သည် ပျောက်ကွယ်တော်မူရင်းကပင် ကိုယ်တော်မြတ် ဤနေရာ၌ ရှိနေသည်ကို သိသာရန်-

“ဘဝေဝါဟံ ဘယံ ဒိသွာ၊ ဘဝဉ္စ ဝိဘဝေသိနံ။

ဘဝံ နာဘိဝဒိံ ကိဉ္စိ၊ နန္ဒိဉ္စ န ဥပါဒိယိံ။

(ဘောန္တော = စည်းဝေးညီညာ အိုဗြဟ္မာတို့..)။ အဟံ = လူသုံးပါးတို့၏ဆရာ ဘုရားငါသည်။ ဘဝေ = ကာမ, ရူပ, အရူပဟု ဘ၀သုံးပါး ဝဋ်ရထား၌။ ဘယဉ္စ = ပဋိသန္ဓေ အိုနာသေရေး ကြောက်ဖွယ်ဘေးကို၎င်း။ ဝိဘဝေသိနံ = ဘဝကင်းရာ နိဗ္ဗုတာကို ဖွေရှာလမ်းမှား (ဗကဗြဟ္မာကဲ့သို့သော) သတ္တဝါများ၏။ ဘဝဉ္စ = ဘဝသုံးထပ် ဘုံသုံးရပ်ဝယ် မရပ်မနား ဖြစ်ပွါးခြင်းကို၎င်း။ ဒိသွာ ဧဝ = ဉာဏ်မျက်စိဖြင့် တိကျထင်ထင် တွေ့မြင်ရသောကြောင့်ပင်လျှင်။ ကိဉ္စိ ဘဝံ = တစုံတခုသော ဘဝကိုမျှ။ နာဘိဝဒိံ = တဏှာဒိဋ္ဌိတို့၏ အစွမ်းဖြင့် နိစ္စ, ဓုဝ, သဿတ- က စသည်ဖောက်ပြား အထင်မမှားတော့ပြီ။ နန္ဒိဉ္စ = ဘဝတဏှာကိုလည်း။ န ဥပါဒိယိံ = လေးမဂ်လျှံရှိန် ဉာဏ်ပုဆိန်ဖြင့် လေးကြိမ်ဖြတ်တောက် အမြစ်ပါပျောက်သဖြင့် မကပ်ရောက် မစွဲယူတော့ပြီ။” -

ဟူသော ဤဂါထာကို ရွတ်ဆို ဟောကြားတော်မူ၏။

၄၇၂

ဗြဟ္မာတသောင်း အရိယာဖြစ်ခြင်း

     ဤဂါထာ၌။ ။ဘဝံ-ဟူသော ပါဌ်ဖြင့် ဒုက္ခသစ္စာကို ပြတော်မူသည်။ နန္ဒိံ-ဟူသော ပါဌ်ဖြင့် သမုဒယသစ္စာကို ပြတော်မူသည်။ ဝိဘဝ-သဒ္ဒါဖြင့် နိရောဓသစ္စာကို ပြတော်မူသည်၊ နန္ဒိဉ္စ န ဥပါဒိယိံ-ဟူသော ပါဌ်ဖြင့် မဂ္ဂသစ္စာကို ပြတော်မူသည်။

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် စည်းဝေးရောက်ရှိလာကြသော ထိုဗြဟ္မာတို့၏ အဇ္ဈာသယအားလျော်စွာ သစ္စာလေးပါးတို့ကို အကျယ်တဝင့် ဖွင့်ပြတော်မူလျက် ဝိပဿနာ ဉာဏ်ပညာသို့ ရောက်စေပြီးလျှင် အဆုံး၌ အရဟတ္တဖိုလ်ဖြင့် ဒေသနာ၏အထွတ် တပ်ဆင်ယူတော်မူလေသည်။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ တရားဒေသနာတော်နောက် ဉာဏ်အစဉ်လျှောက်သဖြင့် ဝိပဿနာ ဉာဏ်တရားသားကို ယူစေကြ၍ ဗြဟ္မာပေါင်း တသောင်းတို့သည် အချို့ကား သောတာပတ္တိဖိုလ်၌, အချို့ကား သကဒါဂါမိဖိုလ်၌, အချို့ကား အနာဂါမိဖိုလ်၌, အချို့ကား အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။ ထိုအခါ ဗြဟ္မာအပေါင်းသည် အလွန် နှစ်သက်အားရမ်း ဝမ်းမြောက်အံ့ဩ ချီးမွမ်းစကား ပြောကြားကြလေသည်။ ထို့ကြောင့် ပါဠိတော်၌-

“ရဟန်းတို့.. ထိုအခါ ဗြဟ္မာသည်၎င်း, ဗြဟ္မာပရိသတ်သည်၎င်း, ဗြဟ္မာအလုပ်အကျွေးတို့သည်၎င်း ‘အချင်းတို့.. ရဟန်းဂေါတမ၏ ကြီးသော တန်ခိုးရှိသည့်အဖြစ်, ကြီးသော အာနုဘော်ရှိသည့် အဖြစ်သည် အံ့ဩဖွယ်ဖြစ်ပေစွာ့၊ မဖြစ်စဘူး အထူးဖြစ်ပေစွာ့၊ သာကီဝင်မင်းသားဖြစ်၍ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ဤရဟန်းဂေါတမကဲ့သို့ ဤသို့ ကြီးသောတန်ခိုးရှိသူ, ဤသို့ ကြီးသော အာနုဘော်ရှိသူ အခြား တပါးသော သမဏကိုသော်၎င်း, ဗြာဟ္မဏကိုသော်၎င်း ရှေးယခင်အခါက ငါတို့ မြင်လည်း မမြင်ခဲ့စဘူး၊ ကြားလည်း မကြားခဲ့စဘူး။ အချင်းတို့.. သာကီဝင်မင်းသားဖြစ်၍ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ဤရဟန်းဂေါတမသည် ဘဝ၌မွေ့လျော်

၄၇၃

ဘဝ၌ပျော်ပိုက် ဘဝ၌ဖြစ်ပွါးသော သတ္တဝါအပေါင်း၏ ဘဝကို (အဝိဇ္ဇာ တဏှာ တည်းဟူသော) အမြစ်နှင့်တကွ နုတ်နိုင်ပါပေစွာ့’ဟု အံ့ဩခြင်း မဖြစ်စဘူး စိတ်ဖြစ်ခြင်း ရှိကြလေကုန်၏”-

ဟူ၍ ဟောတော်မူလေသည်။

မာရ်နတ် အနှောက်အယှက် ပေးလာပြန်ခြင်း

     ထိုအခါ မာရ်နတ်သည် အမျက်ထွက်ကာ “ငါ လှည့်လည်ကျက်စား သွားလာနေစဉ်ပင် ရဟန်းဂေါတမသည် တရားစကား ဟောကြားပြီးလျှင် ဗြဟ္မာပေါင်း တသောင်းကို ငါ၏ အလိုနိုင်ငံကို လွန်မြောက်စေအပ်ကုန်ပြီ”ဟု စဉ်းစားဆင်ခြင် သိရှိကာ အမျက်ကောဓ ပြင်းထန်စွာ နှိပ်စက်အပ်ရကား အလုပ်အကျွေး ဗြဟ္မာငယ်တယောက်၏ကိုယ်၌ ပူးဝင်ပြန်လေ၏။

(ဤ၌။ ။မာရ်နတ်သည် ဗြဟ္မာတသောင်း အရိယာဖြစ်ကြောင်းကို အဘယ်သို့ သိသနည်းဟူမူ- နယဂ္ဂါဟ မှန်းဆသော အနုမာနဉာဏ်ဖြင့် သိ၏၊ သိပုံမှာ- “ရဟန်းဂေါတမသည် တရားဟောလျှင် သံသရာ၌ အပြစ်, နိဗ္ဗာန်၌ အကျိုးကို ဖော်ပြလျက် တရားနာ ဝေနေယျ သတ္တဝါအပေါင်းကို နိဗ္ဗာန်ကိုမြင်အောင် ဟောပြလေ့ရှိသည်၊ သူဟောသမျှ တရားဒေသနာသည်လည်း သိကြားပစ်လွှတ်လိုက်သော ဝဇိရစိန်လက်နက်ကဲ့သို့ အကျိုးရသည်ချည်းဖြစ်သည်၊ သူ၏ အဆုံးအမ ဩဝါဒအာဏာ၌ တည်ကြသော နတ်လူတို့သည် သံသရာ၌ မထင်ရ မမြင်ရကုန်သည်ချည်း ဖြစ်သည်”ဟု နယဂ္ဂါဟ မှန်းဆသော အနုမာနဉာဏ်ဖြင့် သိ၏)။

     ထိုသို့ ပူးဝင်ပြီးနောက် မာရ်နတ်သည် မြတ်စွာဘုရားရှင်ကို အနှောက်အယှက်စကား ပြောကြားလေသည်။ ထိုအကြောင်းကို ပါဠိတော်၌ ဤဆိုလတ္တံ့သောအတိုင်း ဟောကြားအပ်လေသည်-

ရဟန်းတို့.. ထိုအခါ မာရ်နတ်ယုတ်သည် အလုပ်အကျွေး ဗြဟ္မာငယ်တဦးကို ပူးဝင်၍ ငါဘုရားကို ဤသို့ ပြောဆိုလာ၏၊ ပြောဆိုပုံမှာ-

၄၇၄

အရှင်မြတ်.. အကယ်၍ အရှင်မြတ်သည် ဤသို့ (သစ္စာလေးပါးတရားကို) ခွဲခြား၍ သိပါမူ ဤသို့ သယမ္ဘူဉာဏ်ဖြင့် သစ္စာလေးပါးကို သိပါမူ တပည့်သာဝကတို့သို့ ထိုတရားကို မပို့ဆောင်ပါလင့်၊ ရသေ့ပရိဗိုဇ်ရဟန်းတို့သို့ ထိုတရားကို မပို့ဆောင်ပါလင့်၊ တပည့်သာဝကတို့အား တရားမဟောပါလင့်၊ ရသေ့ပရိဗိုဇ်ရဟန်းတို့အား တရားမဟောပါလင့်၊ တပည့်သာဝကတို့၌ တပ်မက်မောခြင်းကို မပြုပါလင့်၊ ရသေ့ပရိဗိုဇ် ရဟန်းတို့၌ တပ်မက်မောခြင်းကို မပြုပါလင့်။

ရဟန်း.. လောက၌ ကိလေသာရန်သူကို သတ်တတ်သူ = အရဟန္တ, တရားအားလုံးကို ကိုယ်တိုင်သိသူ = သမ္မာသမ္ဗုဒ္ဓတို့ဟူ၍ ဝန်ခံကြသော သင့်ထက်ရှေးကျသည့် သမဏ, ဗြာဟ္မဏတို့သည် ရှိကြကုန်၏၊ ထို သမဏ, ဗြာဟ္မဏတို့သည် တပည့်သာဝကနှင့် ရသေ့ပရိဗိုဇ်ရဟန်းတို့သို့ တရားကို ပို့ဆောင်ကြကုန်၏။ တပည့်သာဝကတို့နှင့် ရသေ့ပရိဗိုဇ် ရဟန်းတို့အား တရားဟောကြကုန်၏။ တပည့်သာဝကတို့နှင့် ရသေ့ပရိဗိုဇ် ရဟန်းတို့၌ မက်မောခြင်းကို ပြုကြကုန်၏။ ထိုသမဏ, ဗြာဟ္မဏတို့သည် တပည့်သာဝကတို့နှင့် ရသေ့ပရိဗိုဇ် ရဟန်းတို့သို့ တရားကို ပို့ဆောင်ကြ၍ တပည့်သာဝကတို့နှင့် ရသေ့ပရိဗိုဇ် ရဟန်းတို့အား တရားဟောကြားကြ၍ တပည့်သာဝကတို့နှင့် ရသေ့ပရိဗိုဇ် ရဟန်းတို့၌ တပ်မက်မောသောစိတ် ရှိကြကုန် ၍ ကိုယ်ခန္ဓာပျက်စီး သေပြီးသည်မှနောက်ဝယ် ယုတ်ညံ့သော အပါယ်ဘုံဘဝ၌ ဖြစ်ကြကုန်၏။ (က)

ရဟန်း.. လောက၌ ကိလေသာရန်သူကို သတ်တတ်သူ = အရဟန္တ, တရားအားလုံးကို ကိုယ်တိုင်သိသူ = သမ္မာသမ္ဗုဒ္ဓတို့ဟူ၍ ဝန်ခံကြသော သင့်ထက်ရှေးကျသည့် သမဏ, ဗြာဟ္မဏတို့သည် ရှိကြကုန်၏၊ ထိုသမဏ, ဗြာဟ္မဏတို့သည် တပည့်သာဝကတို့နှင့် ရသေ့ပရိဗိုဇ်

၄၇၅

ရဟန်းတို့သို့ တရားကို မပို့ဆောင်ကြကုန်။ တပည့်သာဝကတို့နှင့် ရသေ့ပရိဗိုဇ် ရဟန်းတို့အား တရားမဟောကြကုန်။ တပည့်သာဝကတို့နှင့် ရသေ့ပရိဗိုဇ် ရဟန်းတို့၌ မက်မောခြင်းကို မပြုကြကုန်။ ထိုသမဏ, ဗြာဟ္မဏတို့သည် တပည့်သာဝကတို့နှင့် ရသေ့ပရိဗိုဇ် ရဟန်းတို့သို့ တရားကို မပို့ကြကုန်၍ တပည့်သာဝကတို့နှင့် ရသေ့ပရိဗိုဇ် ရဟန်းတို့အား တရားမဟောကြကုန်၍ တပည့်သာဝကတို့နှင့် ရသေ့ပရိဗိုဇ် ရဟန်းတို့၌ တပ်မက်မောသောစိတ် မရှိကြကုန်၍ ကိုယ်ခန္ဓာပျက်စီး သေပြီးသည်မှနောက်ဝယ် မြတ်သော ဗြဟ္မာ့ဘုံဘဝ၌ ဖြစ်ကြကုန်၏။ (ခ)

ရဟန်း.. ထို့ကြောင့် သင့်ကို ငါသည် ဤသို့ ပြောဆိုလို၏- “အရှင်မြတ်.. သင့်ကို ကျွန်ုပ်တိုက်တွန်းပါ၏။ မျက်မှောက်ဘ၀၌ ချမ်းသာစွာနေခြင်းကို အားထုတ်လျက် ကြောင့်ကြမဲ့ နေပါလော့။ အရှင်မြတ်.. တရားမဟောခြင်းသည် ကောင်းမြတ်၏။ သူတပါးကို မဆုံးမပါလင့်-ဟု သင့်ကို ငါသည် ဤသို့ ပြောဆိုလို၏”ဟု ပြောဆိုလာ၏။

ရဟန်းတို့.. ဤသို့ ပြောဆိုသော် ငါဘုရားသည် မာရ်နတ်ယုတ်ကို ဤသို့ မိန့်ဆို၏၊ မိန့်ဆိုပုံမှာ-

“မာရ်ယုတ်.. သင့်ကို ငါဘုရားသိ၏၊ သင်သည် ‘ငါ့ကို ရဟန်းဂေါတမသည် မသိ’ဟု မမှတ်ထင်လင့်။ မာရ်ယုတ်.. သင်သည် မာရ်နတ်ဖြစ်၏။ ဟယ်မာရ်ယုတ်.. ငါဘုရားကို သင်သည် အကျိုးစီးပွါးကို လိုလားခြင်းရှိ၍ ဤသို့ ဆိုလာသည်မဟုတ်၊ ဟယ်မာရ်ယုတ်.. ငါဘုရားကို သင်သည် အကျိုးမဲ့ စီးပွါးမဲ့ကို လိုလားခြင်းရှိ၍ ဤသို့ ဆိုလာ၏။ ဟယ်မာရ်ယုတ်.. သင်၏ စိတ်သန္တာန်ဝယ် ‘ရဟန်းဂေါတမ ဟောပြမည့်တရားကို နာယူကြသူတို့သည် ငါ၏နယ်ပယ်ဖြစ်သည့် ဘဝသုံးပါးကို လွန်မြောက်ကုန်ကြလိမ့်မည်’ ဤကဲ့သို့ အကြံအစည် ဖြစ်၏။

၄၇၆

ဟယ်မာရယုတ်.. သင်ပြောဆိုသည့် ထိုသမဏ, ဗြာဟ္မဏတို့သည် ကိုယ်တိုင်က သမ္မာသမ္ဗုဒ္ဓ မဟုတ်ကြပါပဲလျက် ‘ငါတို့သည် သမ္မာသမ္ဗုဒ္ဓ ဖြစ်ကြကုန်၏’ဟု ဝန်ခံခဲ့ကြလေပြီ။ ဟယ်မာရ်ယုတ်.. ငါဘုရားကား ကိုယ်တိုင်က တရားအားလုံးကို ကိုယ်တိုင်သိသူ = သမ္မာသမ္ဗုဒ္ဓသာလျှင် ဖြစ်၍ “ငါသည် သမ္မာသမ္ဗုဒ္ဓ ဖြစ်၏”ဟု အစစ်အမှန်ကို ဝန်ခံသူ ဖြစ်လေသည်။

ဟယ်မာရ်ဟုတ်.. မြတ်စွာဘုရားသည် တပည့်သာဝကတို့အား တရားကို ဟောသော်၎င်း, မဟောသော်၎င်း ချစ်,မုန်းမရှိ တာဒိဂုဏ်နှင့် ပြည့်စုံသည်သာတည်း။ ဟယ်မာရ်ယုတ်.. မြတ်စွာဘုရားသည် တပည့်သာဝကတို့သို့ တရားကို ပို့ဆောင်သော်၎င်း, မပို့ဆောင်သော်၎င်း ချစ်,မုန်းမရှိ တာဒိဂုဏ်နှင့် ပြည့်စုံသည်သာတည်း။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ-

ဟယ်မာရ်ယုတ်.. မြတ်စွာဘုရားသည် ပူပန်ညစ်ညူးစေတတ်ကုန်, တဖန်ဘဝ အသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်၍ ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုး ရှိကြလျက် နောက်အခါဝယ် ပဋိသန္ဓေ တည်နေဖြစ်ပွါးခြင်း အိုခြင်း သေခြင်းကို ဖြစ်စေတတ်ကြသည့် အာသဝေါတရားတို့ကို ပယ်အပ်ပြီးကုန်ပြီ၊ အနုသယအမြစ်ပါ အကြွင်းမဲ့ ဖြတ်အပ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ပြီးကုန်ပြီ၊ တဖန်မဖြစ်အောင် ပြုအပ်ပြီးကုန်ပြီ၊ (သို့ရကား မြတ်စွာဘုရား၏အဖို့မှာ ထိုအာသဝေါတရားတို့သည်) နောက်အခါ ဖြစ်ခြင်းသဘော လုံးဝမရှိကြတော့ချေ။

ဟယ်မာရယုတ်.. ထန်းပင်သည် လည်ဆစ်ပြတ်ခဲ့သော် နောက်ထပ် စည်ပင်ခြင်းငှါ မထိုက်သကဲ့သို့ ဤအတူပင် မြတ်စွာဘုရားသည် ပူပန်ညစ်ညူးစေတတ်ကုန်, တဖန်ဘဝ အသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်၍ ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုး ရှိကြလျက် နောက်အခါဝယ် ပဋိသန္ဓေ

၄၇၇

တည်နေဖြစ်ပွါးခြင်း အိုခြင်း သေခြင်းကို ဖြစ်စေတတ်ကြသည့် အာသဝေါတရားတို့ကို ပယ်အပ်ပြီးကုန်ပြီ၊ အနုသယအမြစ်ပါ အကြွင်းမဲ့ ဖြတ်အပ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ပြီးကုန်ပြီ၊ တဖန်မဖြစ်အောင် ပြုအပ်ပြီးကုန်ပြီ၊ (သို့ရကား မြတ်စွာဘုရား၏အဖို့မှာ ထိုအာသဝေါတရားတို့သည်) နောက်အခါ ဖြစ်ခြင်းသဘော လုံးဝမရှိကြတော့ချေ”ဟု မိန့်တော်မူ၏။

     ဤသို့လျှင် ဤသုတ်ကို မာရ်နတ်အား စကားမဆိုနိုင်စေခြင်းအားဖြင့်၎င်း, ဗြဟ္မာအား အထူးသိစေခြင်းအားဖြင့်၎င်း ဟောကြားတော်မူအပ်သောကြောင့် “ဗြဟ္မနိမန္တနိကသုတ္တန်”ဟူ၍ ဤသုတ္တန်၏အမည်သည် ဖြစ်၏။

ဤတွင် ဗကဗြဟ္မာကြီးအား နှိမ်နင်းဆုံးမခြင်းအကြောင်း ပြီး၏။

**********

အနာထပိဏ်သူဌေးသမီး စူဠသုဘဒ္ဒါနှင့်

ယောက္ခမ (မိစ္ဆာဒိဋ္ဌိ) ဥဂ္ဂသူဌေးတို့အကြောင်း

စူဠသုဘဒ္ဒါဝတ္ထု

     မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူစဉ် အနာထပိဏ်သူဌေး၏သမီး စူဠသုဘဒ္ဒါကို အကြောင်းပြု၍ “ဒူရေ သန္တော ပကာသေန္တိ”- အစရှိသော တရားဒေသနာကို ဟောကြားတော်မူသည်၊ အကြောင်းအရာ အကျယ်ကား-

     ဥဂ္ဂမြို့သား ဥဂ္ဂမည်သော သူဌေးသားသည် အနာထပိဏ်သူဌေး၏ ငယ်ရွယ်စဉ် ကာလကပင် သူငယ်ချင်း ဖြစ်ခဲ့လေသည်။ ထိုသူငယ်ချင်း နှစ်ဦးတို့သည် ဆရာတဦးတည်း၏အထံ၌ ပညာသင်ကြားကြစဉ်ကပင် “ငါတို့နှစ်ယောက် အရွယ်သို့ ရောက်ကြသောအခါ သားသမီးများ ဖြစ်ကြသည်ရှိသော် သားအတွက် သမီးကို တောင်းရမ်းလာသူအား သမီးရှင်ဖြစ်သူက

၄၇၈

သားရှင်ဖြစ်သူအား မိမိသမီးကို ပေးကြစတမ်း”ဟူ၍ အချင်းချင်း ကတိကဝတ် ထားခဲ့ကြလေသည်။

     ထိုသူငယ်ချင်း နှစ်ဦးလုံးတို့ပင် အရွယ်သို့ ရောက်ကြသည်ရှိသော် မိမိ မိမိတို့၏ မြို့၌ သူဌေးကြီးရာထူး၌ တည်ရှိကြလေသည်။ ထို့နောက် အခါတပါး၌ ဥဂ္ဂသူဌေးသည် ကုန်ရောင်းဝယ်မှု ပြုလုပ်ရန် လှည်းအစီး (၅၀၀) ငါးရာတို့ဖြင့် သာဝတ္ထိပြည် အနာထပိဏ်သူဌေးအိမ်သို့ ရောက်ရှိလာလေ၏၊ အနာပိဏ်သူဌေးသည် မိမိ၏သမီး စူဠသုဘဒ္ဒါကို ခေါ်ပြီးလျှင် “ချစ်သမီး.. သင်ချစ်သမီး၏ဖခင် ဥဂ္ဂမည်သော သူဌေးသည် ရောက်ရှိလာလေပြီ၊ ထိုသူဌေးအတွက် ဝတ်ကြီးဝတ်ငယ် ပြုဖွယ်ဥဿုံ အလုံးစုံသည် သင်ချစ်သမီး၏ တာဝန်ဖြစ်သည်”ဟု တာဝန်လွှဲအပ် စေခိုင်းလေ၏။

     စူဠသုဘဒ္ဒါသည် “ကောင်းပါပြီ”ဟု ဝန်ခံ၍ ဥဂ္ဂသူဌေး လာရောက်သောနေ့မှစ၍ မိမိလက်ဖြင့်ပင် ကိုယ်တိုင်ကိုယ်ကျ စားမဲဟင်းလျာ စသည်တို့ကို စီမံ ချက်ပြုတ်လေ၏၊ ပန်း, နံ့သာ, နံ့သာပျော့ (=နံ့သာပျောင်း) စသည်တို့ကို စီမံလေ၏၊ ထမင်းကျွေးသောအခါ၌ ဥဂ္ဂသူဌေးအတွက် ချိုးရေကို စီမံစေပြီးလျှင် ဥဂ္ဂသူဌေး ရေချိုးပြီးသောအချိန်မှစ၍ သူဌေးအတွက် ပြုလုပ်ဖွယ်ကိစ္စ အဝဝတို့ကို ရိုသေစွာ ကိုယ်တိုင်အုပ်ချုပ် ပြုလုပ်လေ၏။

     ဥဂ္ဂသူဌေးသည် စူဠသုဘဒ္ဒါ၏ အိမ်ရှင်မကောင်းတို့ဆိုင်ရာ ကိုယ်ကျင့်တရားနှင့် ပြည့်စုံပုံကို မြင်ရ၍ ချစ်ခင်ကြည်ညိုသော စိတ်ရှိရကား တနေ့သ၌ အနာထပိဏ်သူဌေးနှင့် အတူတကွ ချမ်းချမ်းသာသာ စကားနှီးနှော ပြောဆိုတိုင်ပင် ထိုင်နေစဉ် “သူငယ်ချင်း.. ငါတို့သည် ငယ်စဉ်အခါက ဤသို့သော ကတိကဝတ်ကို ပြုခဲ့ထားခဲ့ကြပြီ”ဟု အမှတ်ရစေ၍ စူဠသုဘဒ္ဒါကို မိမိ၏သားအတွက် တောင်းရမ်းလေ၏၊ အထူးအားဖြင့် ဥဂ္ဂသူဌေးသည် ပင်ကိုယ် ပကတိကပင် မိစ္ဆာအယူရှိသူ ဖြစ်လေသည်။ ထို့ကြောင့် အနာထပိဏ်သူဌေးသည် (မိမိသဘောအတိုင်း) ဆုံးဖြတ်ချက် မချမှတ်သေးပဲ မြတ်စွာဘုရားရှင်အား ထိုအကြောင်းကို

၄၇၉

လျှောက်ထား၍ မြတ်စွာဘုရားရှင်က ဥဂ္ဂသူဌေး၏ သောတာပတ္တိ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှု (=ဥပနိဿယည်း)ကို မြင်တော်မူ၍ ခွင့်ပြုတော်မူအပ်ရကား “ပုညလက္ခဏဒေဝီ” သူဌေးကတော်ကြီးနှင့် တိုင်ပင်ပြီးလျှင် ဥဂ္ဂသူဌေး၏ တောင်းရမ်းသောစကားကို လက်ခံ၍ နေ့ရက်သတ်မှတ်ပြီးသော် သမီးစူဠသုဘဒ္ဒါကို ဓနဉ္စယသူဌေးကြီးသမီး ဝိသာခါကို ပေးအပ်၍ လွှတ်သကဲ့သို့ ကြီးစွာသော ထိမ်းမြားမင်္ဂလာ အခမ်းအနား အဆောင်အယောင်များကို ပြုလုပ်စီမံ၍ သမီးသုဘဒ္ဒါကို အနီးသို့ ခေါ်ပြီးလျှင်-

“ချစ်သမီး.. ယောက္ခမအိမ်၌နေသော ချွေးမမည်သည်—

(၁) အိမ်တွင်းကမီးကို အပြင်သို့ မထုတ်ဆောင်ရ။ (=ယောက္ခမ လင်သား၏ အပြစ်စကားကို အခြားအိမ်များသို့ မပြောကြားရဟု ဆိုလိုသည်)။

(၂) အပြင်အပအိမ်ကမီးကို မိမိအိမ်တွင်းသို့ မသွင်းဆောင်ရ။ (=အိမ်နီးနားချင်းများက ယောက္ခမ လင်သား၏ အပြစ်စကား ပြောကြားကြသော် ထိုစကားကို ယောက္ခမ လင်သားတို့အား မပြောကြားရဟု ဆိုလိုသည်)။

(၃) ပြန်ပေးသော သူတို့အားသာ ပေးရမည်။ (=မိမိအိမ်က ငှါးရမ်းသွားသော ပစ္စည်းများကို တဖန်ပြန်၍ မှန်မှန်ပေးသော သူတို့အားသာလျှင် နောက်ထပ်တဖန် ငှါးရမ်းရမည်ဟု ဆိုလိုသည်)။

(၄) ပြန်မပေးသော သူတို့အား မပေးရ။ (=မိမိအိမ်က ငှါးရမ်းသွားသော ပစ္စည်းများကို တဖန်ပြန်၍ မှန်မှန် မပေးသူတို့အား နောက်ထပ်တဖန် ငှါးရမ်းမှု မပြုရဟု ဆိုလိုသည်)။

(၅) ပေးသော်၎င်း, မပေးသော်၎င်း ပေးရမည်။ (=ဆင်းရဲနွမ်းပါးသော ဆွေမျိုးမိတ်သင်္ဂဟများ မိမိအိမ်သို့ ရောက်လာကြလျှင် ထိုသူများက တဖန်ပြန်၍

၄၈၀

ပေးနိုင်သည်ဖြစ်စေ, မပေးနိုင်သည်ဖြစ်စေ ထိုဆင်းရဲနွမ်းပါးသော ဆွေမျိုးမိတ်သင်္ဂဟများအား ဧကန် ပေးသင့်၏ဟု ဆိုလိုသည်)။

(၆) ချမ်းသာစွာ ထိုင်နေရမည်။ (=ယောက္ခမ လင်သားတို့ကို မြင်လျှင် အလျင် ကိုယ်ကထရမည်။ ယင်းသို့ ထရမည့်နေရာ၌ ကိုယ်ကထိုင်နေရန် မသင့်လျော်ဟု ဆိုလိုသည်)။

(၇) ချမ်းသာစွာ စားရမည်။ (=ယောက္ခမ လင်သားတို့၏ အလျင် မိမိက မစားမူ၍ ထိုသူများကို အလျင် ကျွေးမွေးပြီးလျှင် အိမ်သူအိမ်သားအားလုံး အစာထမင်း အစေ့အင ရ,မရကို သိအောင်စိစစ်ပြီးနောက်မှ မိမိက စားရမည်ဟု ဆိုလိုသည်)။

(၈) ချမ်းသာစွာ အိပ်ရမည်။ (=ယောက္ခမ လင်သားတို့၏ အလျင် မိမိက အိပ်ရာပေါ်သို့တက်၍ မအိပ်ရ။ ထိုသူတို့အတွက် ပြုသင့်သော ဝတ်ကြီး ဝတ်ငယ်များကို ပြုပြီးနောက်မှ မိမိက အိပ်ရမည်ဟု ဆိုလိုသည်)။

(၉) မီးကို ရိုသေစွာ ပြုစုလုပ်ကျွေးရမည်။ (=ယောက္ခမ လင်သားတို့ကို မီးပုံကြီးကဲ့သို့၎င်း, အဆိပ်ထန်ပြင်း မြွေနဂါးမင်းကဲ့သို့၎င်း အောက်မေ့ မှတ်ထင်ကာ ရိုသေစွာ ကြည့်ရှုရမည်၊ မျက်စောင်းထိုး မျက်မှောင်ကျိုး၍ မရိုမသေ မကြည့်ရဟု ဆိုလိုသည်)။

(၁ဝ) အိမ်တွင်းနတ်တို့ကို ရှိခိုးရမည်။ (=ယောက္ခမ လင်သားတို့ကို အိမ်ဦးနတ်အဖြစ်ထား၍ ကိုးစားရိုသေရမည်ဟု ဆိုလိုသည်)။

ဤကဲ့သို့ ဓနဉ္စယသူဌေးကြီးက သမီးဝိသာခါအား ဩဝါဒပေးသည့် နည်းအတိုင်းပင် အဆုံးအမ ဩဝါဒ ဆယ်ချက်တို့ကိုပေး၍-

၄၈၁

“ရောက်ရာအရပ်၌ ကျွန်ုပ်၏သမီး စူဠသုဘဒ္ဒါ၏အပြစ် ဖြစ်ပေါ်ခဲ့သော် အမောင်တို့ တရားလမ်းအတိုင်း သုတ်သင်ဆုံးဖြတ် ရှင်းလင်းရမည်”-

ဟု ပြောဆိုမှာတမ်းကာ သူကြွယ်ပညာရှိ ရှစ်ယောက်တို့ကို အာမခံပုဂ္ဂိုလ်များအဖြစ် ထည့်လိုက်၍ သမီးစူဠသုဘဒ္ဒါအား ဥဂ္ဂသူဌေးအိမ်သို့ လွှတ်လိုက်ရမည့်နေ့၌ မြတ်စွာဘုရား အမှူးပြုသော ရဟန်းသံဃာအား ကြီးစွာသော အလှူဒါနကို ပေးလှူ၍ ရှေးဘဝက မိမိသမီးပြုခဲ့သော ကောင်းမှုကုသိုလ်တို့၏ အကျိုးပေးတင့်တယ်ပုံကို လူအပေါင်းအား ထင်ရှားပြသကဲ့သို့ ကြီးစွာသော အဆောင်အယောင် အခမ်းအနားဖြင့် သမီးစူဠသုဘဒ္ဒါကို ဥဂ္ဂသူဌေးအိမ်သို့ လွှတ်လိုက်လေ၏။

     စူဠသုဘဒ္ဒါ သူဌေးသမီး အစဉ်သဖြင့် မြို့သို့ရောက်သောအခါ၌ ယောက္ခမတအိမ်လုံးနှင့်တကွ မြို့သူမြို့သား လူအများသည် ခရီးဦးကြိုဆိုမှု ပြုကြလေ၏။ စူဠသုဘဒ္ဒါသည်လည်း မိမိ၏ဘုန်းကံ အသရေ၏ တင့်တယ်ပုံကို ထင်ရှားစိမ့်သောငှါ ဝိသာခါ သူဌေးသမီးကဲ့သို့ တမြို့လုံးအား မိမိကိုယ်ကိုပြလျက် ရထားထက်၌ ရပ်တည်၍ မြို့တွင်းသို့ဝင်ပြီးသော် မြို့သူမြို့သားတို့က ပို့သအပ်သော လက်ဆောင်ပဏ္ဏာများကို လက်ခံကာ ထိုထိုမြို့သူမြို့သားတို့ထံ ဂုဏ်ဒြဗ်နှင့် ထပ်မိလိုက်လျောအောင် လက်ဆောင်တုံ့ တဖန်ပြန်လည်ပေးလျက် တမြို့လုံးကို မိမိ၏ အလိမ္မာဂုဏ်တို့ဖြင့် တစပ်တည်း ဖွဲ့စပ်မိအောင် ပြုလေ၏။

     အထူးအားဖြင့် စူဠသုဘဒ္ဒါ၏ ယောက္ခမ (မိစ္ဆာဒိဋ္ဌိ) ဥဂ္ဂသူဌေးသည် မိမိအိမ်ဝယ် မင်္ဂလာပွဲသဘင် ဆင်ယင်ကျင်းပသောနေ့ အစရှိသည်တို့၌ အစေလက (=အဝတ်မလွှမ်းသည့် တက္ကတွန်း) ဆရာကြီးများအား ပူဇော်သက္ကာရမှု ပြုသည်ရှိသော် “ချွေးမသည် လာရောက်ကာ ငါတို့၏ ဆရာရဟန်းများကို ရှိခိုးလှည့်လော့”ဟု လူလွှတ်၍ ခေါ်စေလေ၏။ စူဠသုဘဒ္ဒါသည် ရှက်သဖြင့် အဝတ်မလွှမ်း = တက္ကတွန်းတို့ကို မကြည့်ဝံ့ရကား ထိုပူဇော်ရာဌာနသို့ မသွားလိုပဲ ငြင်းဆန် ပယ်ရှားခဲ့လေ၏။

၄၈၂

     ဥဂ္ဂသူဌေးသည် ချွေးမ စူဠသုဘဒ္ဒါကို အဖန်ဖန် လူလွှတ်၍ ခေါ်စေသော်လည်း စူဠသုဘဒ္ဒါက ငြင်းဆန်မြဲ ငြင်းဆန် ပယ်ရှားမြဲ ပယ်ရှားအပ်ရကား အမျက်ပြင်းစွာထွက်၍ “အမောင်တို့.. သင်တို့သည် ထိုစူဠသုဘဒ္ဒါကို အိမ်မှ ဆွဲငင်နှင်ထုတ်ကြလော့”ဟု ပြောဆိုလေ၏။ စူဠသုဘဒ္ဒါသည် “ငါ့အပေါ်မှာ အကြောင်းမဟုတ်သဖြင့် အပြစ်တင်ခြင်းငှါ မတတ်နိုင် = အပြစ်တင်သည်ကို ငါမခံနိုင်”ဟု ကြံစည်ပြီးလျှင် အာမခံထည့်လိုက်သော သူကြွယ်ပညာရှိ ရှစ်ယောက်တို့ကို အခေါ်ခိုင်း၍ ထိုအကြောင်းကို မျက်နှာစုံညီ တင်ပြ ပြောဆိုလေ၏။ ထိုသူကြွယ်ပညာရှိ ရှစ်ယောက်တို့သည် စူဠသုဘဒ္ဒါ၏ လုံးဝ အပြစ်မရှိသည်၏အဖြစ်ကို သိရှိကြပြီးသော် ဥဂ္ဂသူဌေးကို စူဠသုဘဒ္ဒါမှာ တစုံတရာ အပြစ်မရှိကြောင်းကို ပြောကြား သိစေကြကုန်၏။

     ဥဂ္ဂသူဌေးသည် “ရှင်မ.. ဤစူဠသုဘဒ္ဒါသည် ငါ၏ဆရာ ရဟန်းတို့ကို ‘အရှက်မရှိသူများ’ဟု ပြောဆိုကာ ရှိမခိုးခဲ့”ဟု မိမိ၏ သူဌေးကတော်အား ပြောကြားလေ၏၊ သူဌေးကတော်ကြီးသည် “ဤချွေးမ စူဠသုဘဒ္ဒါ၏ ဆရာရဟန်းများကား ဘယ်လိုရဟန်းများ ဖြစ်ကြသနည်း၊ ဤစူဠသုဘဒ္ဒါသည် သူ၏ဆရာ ထိုရဟန်း များကို အလွန်အမင်း ချီးမွမ်းပြောဆိုဘိ၏”ဟု ကြံစည်၍ စူဠသုဘဒ္ဒါကို မိမိထံမှောက် အရောက်ခေါ်စေပြီးလျှင်-

ကီဒိသာ သမဏာ တုယှံ၊

ဗာဠှံ ခေါ နေ ပသံသသိ။

ကိံ သီလာ ကိံ သမာစာရာ၊

တံ မေ အက္ခာဟိ ပုစ္ဆိတာ။

(သုဘဒ္ဒေ = ငါတို့ချွေးမ စူဠသုဘဒ္ဒါ..)။ တုယှံ = သင်၏။ သမဏာ = ကိုးကွယ်ရာပြဋ္ဌာန်း ဆရာရဟန်းတို့သည်။ ကီဒိသာ = ဘယ်သို့ရှုအပ် အကျင့်မြတ်ဂုဏ်နှင့် ပြည့်စုံကြသနည်း။ (တွံ = သင်သည်)။ နေ = ထိုရဟန်းဂေါတမနှင့်တကွ တပည့်သာဝက ရဟန်းတို့ကို။

၄၈၃

ဗာဠှံ = အလွန်အမင်း အပြင်းအထန်။ ပသံသသိ = ချီးမွမ်းစကား ပြောကြားဘိ၏။ (တေ = ထိုသင့်ဆရာ ရဟန်းဂေါတမနှင့်တကွ တပည့်သာဝက ရဟန်းတို့သည်)။ ကိံ သီလာ = ဘယ်သို့ထူးတုံ အလေ့ဂုဏ်နှင့် ပြည့်စုံကြသနည်း။ ကိံ သမာစာရာ = ဘယ်လိုထူးလင့် ကိုယ်အကျင့်နှင့် ပြည့်စုံကြသနည်း။ ပုစ္ဆိတာ = ငါမေးအပ်သော သင်သည်။ တံ = ထိုအကြောင်းကို။ မေ = ငါ့အား။ အက္ခာဟိ = အဖြေစကား အမှန်အတိုင်း ပြောကြားလော့” -

ဟူ၍ ပြောဆိုမေးမြန်းလေ၏။

     ထိုအခါ စူဠသုဘဒ္ဒါသည် သူဌေးကတော်ကြီးအား မြတ်စွာဘုရားနှင့်တကွ တပည့်သာဝက ရဟန်းတို့၏ ဂုဏ်ကျေးဇူးတို့ကို ထင်ရှားစွာ ဖော်ပြလိုသည်ဖြစ်၍ ဤဆိုလတ္တံ့သော ဂါထာတို့ကို ရွတ်ဆိုဖြေကြားလေ၏-

သန္တိန္ဒြိယာ သန္တမာနသာ၊

သန္တံ တေသံ ဂတံ ဌိတံ။

ဩက္ခိတ္တစက္ခူ မိတဘာဏီ၊

တာဒိသာ သမဏာ မမ။ (၁)

(အယျေ = ယောက္ခမတွင်ခေါ် သူဌေးကတော်..)။ မမ = ကျွန်တော်မ၏။ (အာစရိယာ = ဆရာသခင် ကျေးဇူးရှင် ဖြစ်တော်မူကြသည့် မြတ်စွာဘုရားနှင့်တကွ တပည့်သာဝက ရဟန်းတော်တို့သည်)။ သန္တိန္ဒြိယာ = သူဌေးကတော်ကြီးတို့၏ ကိုးကွယ်ရာ ဆရာတက္ကတွန်းများကဲ့သို့ ဖောက်ပြားလျှပ်ပေါ်ခြင်း အလျှင်းမရှိ ပကတိတည်ငြိမ်သော ဣန္ဒြေနှင့် ပြည့်စုံတော်မူကြကုန်၏။ သန္တမာနသာ = ကိလေသာဟူ အပူမလိမ်း အေးငြိမ်းသော စိတ်ရှိတော်မူကြကုန်၏။ (တေန = ထို့ကြောင့်)။ တေသံ = ထိုအကျွန်ုပ်၏ဆရာ မြတ်စွာဘုရားနှင့်တကွ တပည့်သာဝက ရဟန်းတော်တို့၏။ ဂတံ = ပဒုံစက်ပန်း

၄၈၄

ကြွချီမြန်းခြင်းသည်၎င်း။ ဌိတံ = ရွှေစက်စုံညီ ရပ်တည်ခြင်းသည်၎င်း။ သန္တံ = ဖူးမြင်သူ သဒ္ဓါတက်အောင် ငြိမ်သက် တည်ကြည်လှပေ၏။ (တေ = ထိုအကျွန်ုပ်၏ဆရာ မြတ်စွာဘုရားနှင့်တကွ တပည့်သာဝက ရဟန်းတော်တို့သည်)။ ဩက္ခိတ္တစက္ခူ = ထမ်းပိုးတပြန် မလွန်စေရ ကြည့်ရှုကြသဖြင့် ချအပ်သော မျက်လွှာရှိတော်မူကြကုန်၏။ မိတဘာဏီ = အချိန်ကာလ ဌာနနှင့်ကိုက်ညီ အတိုင်းအရှည်နှင့်ယှဉ်သော စကားကို ပြောကြားလေ့ရှိကုန်၏။ မမ သမဏာ = ကျွန်တော်မ၏ဆရာ မြတ်စွာဘုရားနှင့်တကွ တပည့်သာဝက ရဟန်းတော်တို့သည်။ တာဒိသာ = ထိုသို့ ရှုအပ်တုံ ကြည်ညိုဖွယ်အကျင့်ဂုဏ်နှင့် ပြည့်စုံတော်မူကြကုန်၏။ (၁)

ကာယကမ္မံ သုစီ နေသံ၊

ဝါစာကမ္မံ အနာဝိလံ။

မနောကမ္မံ သုဝိသုဒ္ဓံ၊

တာဒိသာ သမဏာ မမ။ (၂)

(အယျေ = ယောက္ခမတွင်ခေါ် သူဌေးကတော်..)။ နေသံ = ထိုကျွန်တော်မ၏ဆရာ မြတ်စွာဘုရားနှင့်တကွ တပည့်သာဝက ရဟန်းတော်တို့၏။ ကာယကမ္မံ = ကိုယ်ဖြင့်ပြုဖန် ကာယကံမှု အစုစုသည်။ သုစီ = အကုသိုလ်ညစ် အပြစ်မတွယ် စင်ကြယ် သန့်ရှင်းလှပေ၏။ ဝစီကမ္မံ = နှုတ်ဖြင့်မြွက်ဖန် ဝစီကံမှု အစုစုသည်။ အနာဝိလံ = အကုသိုလ်ဟူ မြူအညစ်စု နောက်ကျုခြင်းမရှိ ပကတိ ကြည်လင်လှပေ၏။ မနောကမ္မံ = စိတ်ဖြင့်ကြံဖန် မနောကံမှု အစုစုသည်။ သုဝိသုဒ္ဓံ = ဒုစရိုက်မှုလှေး အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်လှပေ၏။ မမ သမဏာ = ကျွန်တော်မ၏ဆရာ မြတ်စွာဘုရားနှင့်တကွ တပည့်သာဝက ရဟန်းတော်တို့သည်။ တာဒိသာ = ထိုသို့ ရှုအပ်တုံ ကြည်ညိုဖွယ်အကျင့်ဂုဏ်နှင့် ပြည့်စုံတော်မူကြကုန်၏။ (၂)

၄၈၅

ဝိမလာ သင်္ခမုတ္တာဘာ၊

သုဒ္ဓါ အန္တရဗာဟိရာ။

ပုဏ္ဏာ သုဒ္ဓေဟိ ဓမ္မေဟိ၊

တာဒိသာ သမဏာ မမ။ (၃)

(အယျေ = ယောက္ခမတွင်ခေါ် သူဌေးကတော်..)။ တေ = ထိုကျွန်တော်မ၏ဆရာ မြတ်စွာဘုရားနှင့်တကွ တပည့်သာဝက ရဟန်းတော်တို့သည်။) သင်္ခမုတ္တာဘာ = ခရုသင်းနှယ် ပုလဲသွယ်ကဲ့သို့။ ဝိမလာ = ကိလေသာအညစ်အကြေး ကင်းဝေး စင်ကြယ်တော်မူကြကုန်၏။ အန္တရဗာဟိရာ = အတွင်းအပ နှစ်ဌာနလုံးတို့ပင်။ သုဒ္ဓါ = အပြစ်ဟူ၍ မြူမရှိလျှင်း သန့်ရှင်း စင်ကြယ်တော်မူကြကုန်၏။ သုဒ္ဓေဟိ ဓမ္မေဟိ = သန့်ရှင်းစင်ကြယ် သုံးသွယ်သော သိက္ခာတရားတို့နှင့်။ ပုဏ္ဏာ = ဝန်းကျင်ကုံလုံ ပြည့်စုံတော်မူကြကုန်၏။ မမ သမဏာ = ကျွန်တော်မ၏ဆရာ မြတ်စွာဘုရားနှင့်တကွ တပည့်သာဝက ရဟန်းတော်တို့သည်။ တာဒိသာ = ထိုသို့ ရှုအပ်တုံ ကြည်ညိုဖွယ်အကျင့်ဂုဏ်နှင့် ပြည့်စုံတော်မူကြကုန်၏။ (၃)

လာဘေန ဥန္နတော လောကော၊

အလာဘေန စ ဩနတော။

လာဘာလာဘေန ဧကဋ္ဌာ၊

တာဒိသာ သမဏာ မမ။ (၄)

(အယျေ = ယောက္ခမတွင်ခေါ် သူဌေးကတော်..)။ လောကော = လောကရှိသူ လူအပေါင်းသည်။ လာဘေ န = ပယောဂသမ္ပတ္တိနှင့် မိမိပြုခဲ့သော ကုသိုလ်ကံ = နှစ်တန်အကြောင်း စုပေါင်းဖန်လျှင်း လာဘ်ရခြင်းကြောင့်။ ဥန္နတော = မာန်တံခွန်ထူ တလူလူ တက်ကြွပေ၏။ အလာဘေန စ = ပယောဂဝိပတ္တိနှင့် မိမိပြုခဲ့သော အကုသိုလ်ကံ = နှစ်တန်အကြောင်း စုပေါင်းဖန်လျှင်း လာဘ်မရခြင်းကြောင့်ကား။ ဩနတော = အောက်ကျ နောက်ကျ

၄၈၆

စိတ်ကနွမ်းညှိုး ငုံ့လျှိုး၍ နေတတ်၏။ (တေ = ထိုကျွန်တော်မ၏ဆရာ မြတ်စွာဘုရားနှင့်တကွ တပည့်သာဝက ရဟန်းတော်တို့သည်)။ လာဘာလာဘေန = လာဘ်ကိုရခြင်း, မရခြင်းဟူသော အကြောင်းနှစ်ပါးကြောင့်။ ဧကဋ္ဌာ = ဖောက်ပြန်တုန်လှုပ်ခြင်း အလျှင်းမရှိ ပကတိ တည်ကြည်တော်မူကြကုန်၏။ မမ သမဏာ = ကျွန်တော်မ၏ဆရာ မြတ်စွာဘုရားနှင့်တကွ တပည့်သာဝက ရဟန်းတော်တို့သည်။ တာဒိသာ = ထိုသို့ ရှုအပ်တုံ ကြည်ညိုဖွယ်အကျင့်ဂုဏ်နှင့် ပြည့်စုံတော်မူကြကုန်၏။ (၄)

ယသေန ဥန္နတော လောကော၊

အယသေန စ ဩနတော။

ယသာယသေန ဧကဋ္ဌာ၊

တာဒိသာ သမဏာ မမ။ (၅)

(အယျေ = ယောက္ခမတွင်ခေါ် အို သူဌေးကတော်..)။ လောကော = လောကရှိသူ လူအပေါင်းသည်။ ယသေန = ပယောဂသမ္ပတ္တိနှင့် မိမိပြုခဲ့သော ကုသိုလ်ကံ = နှစ်တန်အကြောင်း စုပေါင်းဖန်လျှင်း အခြံအရံများခြင်း ကျော်စောခြင်းကြောင့်။ ဥန္နတော = မာန်တံခွန်ထူ တလူလူ တက်ကြွပေ၏။ အယသေန စ = ပယောဂဝိပတ္တိနှင့် မိမိပြုခဲ့သော အကုသိုလ်ကံ = နှစ်တန်အကြောင်း စုပေါင်းဖန်လျှင်း အခြံအရံနည်းပါးခြင်း ဂုဏ်သတင်း ယုတ်လျော့ခြင်းကြောင့်ကား။ ဩနတော = အောက်ကျနောက်ကျ စိတ်ကနွမ်းညှိုး ငုံ့လျှိုး၍နေတတ်၏။ (တေ = ထိုကျွန်တော်မ၏ဆရာ မြတ်စွာဘုရားနှင့်တကွ တပည့်သာဝက ရဟန်းတော်တို့သည်)။ ယသာယသေန = အခြံအရံများခြင်း, အခြံအရံနည်းခြင်း (တနည်း) ဂုဏ်သတင်း ကျော်စောခြင်း, ဂုဏ်သတင်းယုတ်လျော့ခြင်း = ကြောင်းနှစ်သင်းကြောင့်။ ဧကဋ္ဌာ = ဖောက်ပြန်တုန်လှုပ်ခြင်း အလျှင်းမရှိ ပကတိ တည်ကြည်တော်မူကြကုန်၏။

၄၈၇

မမ သမဏာ = ကျွန်တော်မ၏ဆရာ မြတ်စွာဘုရားနှင့်တကွ တပည့်သာဝက ရဟန်းတော်တို့သည်။ တာဒိသာ = ထိုသို့ရှုအပ်တုံ ကြည်ညိုဖွယ်အကျင့်ဂုဏ်နှင့် ပြည့်စုံတော်မူကြကုန်၏။ (၅)

ပသံသာယုန္နတော လောကော၊

နိန္ဒာယာပိ စ ဩနတော။

သမာ နိန္ဒာပသံသာသု၊

တာဒိသာ သမဏာ မမ။ (၆)

(အယျေ = ဥဂ္ဂဘရိယာ သညာတွင်ခေါ် အို သူဌေးကတော်..)။ လောကော = လောကရှိသူ လူအပေါင်းသည်။ ပသံသာယ = ပယောဂသမ္ပတ္တိနှင့် မိမိပြုခဲ့သော ကုသိုလ်ကံ = နှစ်တန်အကြောင်း စုပေါင်းဖန်လျှင်း အချီးမွမ်းခံရခြင်းကြောင့်။ ဥန္နတော = မာန်တံခွန်ထူ တလူလူ တက်ကြွပေ၏။ နိန္ဒာယာပိ စ = ပယောဂဝိပတ္တိနှင့် မိမိပြုခဲ့သော အကုသိုလ်ကံ = နှစ်တန်အကြောင်း စုပေါင်းဖန်လျှင်း အကဲ့ရဲ့ခံရခြင်းကြောင့်ကား။ ဩနတော = အောက်ကျ နောက်ကျ စိတ်ကနွမ်းညှိုး ငုံ့လျှိုး၍နေတတ်၏။ (တေ = ထိုကျွန်တော်မ၏ဆရာ မြတ်စွာဘုရားနှင့်တကွ တပည့်သာဝက ရဟန်းတော်တို့သည်)။ နိန္ဒာပသံသာသု = အကဲ့ရဲ့ခံရခြင်း, အချီးမွမ်းခံရခြင်း ကြောင်းနှစ်သင်းတို့ကြောင့်။ သမာ = ဖောက်ပြန်တုန်လှုပ်ခြင်း အလျှင်းမရှိ ပကတိ တူညီတော်မူကြကုန်၏။ မမ သမဏာ = ကျွန်တော်မ၏ဆရာ မြတ်စွာဘုရားနှင့်တကွ တပည့်သာဝက ရဟန်း တော်တို့သည်။ တာဒိသာ = ထိုသို့ရှုအပ်တုံ ကြည်ညိုဖွယ်အကျင့်ဂုဏ်နှင့် ပြည့်စုံတော်မူကြကုန်၏။ (၆)

သုခေန ဥန္နတော လောကော၊

ဒုက္ခေနာပိ စ ဩနတော။

အကမ္ပာ သုခဒုက္ခေသု၊

တာဒိသာ သမာ မမ။ (၇)

၄၈၈

(အယျေ = ဥဂ္ဂမြို့ပေါ် သူဌေးကတော်ဟု အကျော်ဘွဲ့ချီး ယောက္ခမကြီး..)။ လောကော = လောကရှိသူ လူအပေါင်းသည်။ သုခေန = ပယောဂသမ္ပတ္တိနှင့် မိမိပြုခဲ့သော ကုသိုလ်ကံ = နှစ်တန်အကြောင်း စုပေါင်း ဖန်လျှင်း ချမ်းသာခြင်းကြောင့်။ ဥန္နတော = မာန်တံခွန်ထူ တလူလူတက်ကြွပေ၏။ ဒုက္ခေနာပိ စ = ပယောဂဝိပတ္တိနှင့် မိမိပြုခဲ့သော အကုသိုလ်ကံ = နှစ်တန်အကြောင်း စုပေါင်းဖန်လျှင်း ဆင်းရဲခြင်းကြောင့်ကား။ ဩနတော = အောက်ကျ နောက်ကျ စိတ်ကနွမ်းညှိုး ငုံ့လျှိုး၍နေတတ်၏။ (တေ = ထိုကျွန်တော်မ၏ဆရာ မြတ်စွာဘုရားနှင့်တကွ တပည့်သာဝက ရဟန်းတော်တို့သည်)။ သုခဒုက္ခေသု = ချမ်းသာခြင်း, ဆင်းရဲခြင်း ကြောင်းနှစ်သင်းတို့ကြောင့်။ အကမ္ပာ = ဖောက်ပြန်တုန်လှုပ်ခြင်း အလျှင်းမရှိ ပကတိ တည်ကြည်တော်မူကြကုန်၏။ မမ သမဏာ = ကျွန်တော်မ၏ဆရာ မြတ်စွာဘုရားနှင့်တကွ တပည့်သာဝက ရဟန်းတော်တို့သည်။ တာဒိသာ = ထိုသို့ရှုအပ်တုံ ကြည်ညိုဖွယ်အကျင့်ဂုဏ်နှင့် ပြည့်စုံတော်မူကြကုန်၏။ (၇)

     စူဠသုဘဒ္ဒါ ချွေးမ-လိမ္မာသည် ဤသို့အစရှိသော ဂုဏ်ကျေးဇူးစကားတို့ဖြင့် ယောက္ခမ သူဌေးကတော်ကြီးကို နှစ်သက်အားရစေလေ၏၊ ထိုအခါ သူဌေးကတော်ကြီးက “သင်၏ဆရာ မြတ်စွာဘုရားနှင့်တကွ တပည့်သာဝက ရဟန်းတို့ကို ငါတို့အားလည်း ပြခြင်းငှါ စွမ်းနိုင်ပါအံ့လော”ဟု ချွေးမ စူဠသုဘဒ္ဒါကို မေး၍ စူဠသုဘဒ္ဒါကလည်း “တတ်စွမ်းနိုင်ပါ၏”ဟု ပြောဆိုအပ်လေသော် ယောက္ခမ သူဌေးကတော်ကြီးသည် “ထိုသို့ဖြစ်လျှင် သင့်ဆရာရဟန်းတို့ကို ငါတို့မြင်နိုင်အောင် စီရင်ပြုလုပ်လော့”ဟု ခွင့်ပြုစကား ပြောကြားလေ၏။

     စူဠသုဘဒ္ဒါသည် “ကောင်းပါပြီ”ဟု ဝန်ခံ၍ မြတ်စွာဘုရား အမှူးပြုသော ရဟန်းသံဃာအတွက် ကြီးစွာသော အလှူဝတ္ထုများကို

၄၈၉

စီမံပြီးလျှင် ပြာသာဒ်မ အထက်အပြင်၌ ရပ်တည်၍ ဇေတဝန်ကျောင်းတိုက်တော်ဖက်သို့ မျက်နှာရှေးရှူမူလျက် တည်ခြင်းငါးပါးဖြင့် ရိုသေစွာ ရှိခိုးပြီးလျှင် မြတ်စွာဘုရားရှင်၏ အရဟံအစရှိသော ကျေးဇူးဂုဏ်တော်တို့ကို ဆင်ခြင်အောက်မေ့၍ နံ့သာဖြင့်ထုံအပ်သော ပန်း,အခိုးတိုင်တို့ဖြင့် ပူဇော်လျက်-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်မသည် နက်ဖြန် ကောင်းမှုကုသိုလ်အလို့ငှါ မြတ်စွာဘုရား အမှူးပြုသော ရဟန်းသံဃာကို ပင့်ဖိတ်ပါ၏။ လူနတ်တို့၏ဆရာ မြတ်စွာဘုရားသည် ယခု စေလွှတ်လိုက်သော မုလေး (မြတ်လေး)ပန်းအမှတ်ဖြင့် တပည့်တော်မ = စူဠသုဘဒ္ဒါက ပင့်ဖိတ်လိုက်တာကို ကောင်းစွာ သိတော်မူပါစေသတည်း”-

ဟု အဓိဋ္ဌာန်မှု ပြုပြီးလျှင် မုလေးပန်း (၈) ရှစ်ဆုပ်တို့ကို ကောင်းကင်၌ ပစ်လွှင့်လိုက်လေသည်၊ မုလေးပန်းများသည် ကောင်းကင်ခရီးဖြင့် လိပ်ပြာကလေးများပမာ ဝဲပျံကာသွားကြ၍ ဇေတဝန်ကျောင်းတိုက်ဝယ် ပရိသတ်လေးပါး၏ အလယ်၌ တရားဟောတော်မူနေဆဲဖြစ်သော မြတ်စွာဘုရားရှင်၏ အထက်တွင် ပန်းမျက်နှာကြက် ဖြစ်ကြကာ ရပ်တည်ကြလေကုန်၏။

     ထိုခဏ၌ အနာထပိဏ်သူဌေးသည်လည်း တရားစကားကို ကြားနာပြီး၍ နက်ဖြန် ကောင်းမှုကုသိုလ်အလို့ငှါ မြတ်စွာဘုရားရှင်ကို ပင့်ဖိတ်လေ၏။ မြတ်စွာဘုရားရှင်သည် “ဒါယကာသူဌေး.. ငါဘုရားသည် နက်ဖြန် ကောင်းမှုကုသိုလ်အလို့ငှါ ဆွမ်းကို လက်ခံပြီးသား ဖြစ်ခဲ့ပြီ”ဟု မိန့်တော်မူ၍ အနာထပိဏ်သူဌေးကြီးက “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်ထက် ရှေးကျ၍ လာရောက်ပင့်ဖိတ်သူ တလူမျှမရှိပါ။ အရှင်ဘုရားတို့သည် အဘယ်သူ၏ဆွမ်းကို လက်ခံအပ်ပြီး ဖြစ်ပါသနည်း”ဟု မေးလျှောက်အပ်လေသော် “ဒါယကာသူဌေး.. ငါဘုရားကို စူဠသုဘဒ္ဒါက ပင့်ဖိတ်အပ်ပြီး ဖြစ်လေပြီ”ဟု မိန့်တော်မူ၍ အနာထပိဏ်သူဌေးကြီးက “ဘုန်းတော်ကြီးသော မြတ်စွာဘုရား..

၄၉၀

တပည့်တော်၏သမီး စူဠသုဘဒ္ဒါသည် ဤသာဝတ္ထိပြည်မှ အလွန်ဝေးကွာသည့် ယူဇနာ (၁၂၀) တရာ့နှစ်ဆယ်ထက်ဝယ် ဥဂ္ဂမြို့၌ နေထိုင်သည် မဟုတ်ပါလော”ဟု တဖန်ထပ်၍ မေးလျှောက်အပ်လေသော် မြတ်စွာဘုရားရှင်သည်-

“အိမ်း ဟုတ်ပေ၏ ဒါယကာသူဌေး..၊ မှန်၏- သူတော်ကောင်းတို့သည် ခရီးယူဇနာ ဝေးခြားရာအရပ်၌ နေကြကုန်သော်လည်း ငါဘုရား၏ ထံပါးရှေ့မှောက်ဝယ် ရပ်တည်ကြကုန်သကဲ့သို့ ထင်ရှားကုန်၏”-

ဟု မိန့်တော်မူပြီးလျှင် ဤဆိုလတ္တံ့သော တရားဂါထာကို ဟောကြားတော်မူလေ၏-

ဒူရေ သန္တော ပကာသေန္တိ၊

ဟိမဝန္တော၀ ပဗ္ဗတော။

အသန္တေတ္ထ န ဒိဿန္တိ၊

ရတ္တိံ ခိတ္တာ ယထာ သရာ။

(ဂဟပတိ = ဇေတဝန်ကျောင်းဒါယကာ အနာထပိဏ်သူဌေး..)။ သန္တော = အဓိကာရ (=အထိကရ) ပုညကောင်းမှု ကုသိုလ်အရှင် စိတ်နှလုံးဖြူလွင်သည့် သူတော်စင်တို့သည်။ ဒူရေ = ခရီးယူဇနာ ဝေးခြားရာ အရပ်၌။ ဌိတာပိ = တည်ကုန်သော်လည်း။ ဟိမဝန္တော ပဗ္ဗတော၀ = ဟိမဝန္တာတောင်ကြီးကဲ့သို့။ ပကာသေန္တိ = ဘုရားရှင်တို့၏ ဉာဏ်ဝဝယ် ဌာနနီးကပ် ရပ်တည်ကြသည့်အလား ထင်ရှားပေကုန်၏။ အသန္တော = ရဟန်းနှင့်လူ မိုက်သောသူတို့သည်။ ဧတ္ထ = ဤငါဘုရား၏ ထံပါးချဉ်းကပ် အနီးအရပ်၌။ ဌိတာပိ = တည်ကုန်သော်လည်း။ ရတ္တိံ = သန်းခေါင်, လကွယ်, တောအုပ်လယ်နှင့် ရှစ်နယ်တိမ်တိုက် လွှမ်းဖုံးခိုက်ဟု = အမိုက်အပြား အင်္ဂါလေးပါးရှိသော ညဉ့်၌။ ခိတ္တာ = ပစ်လွှင့်အပ်ကုန်သော။ သရာ ယထာ = မြှားတို့ကဲ့သို့။ န ဒိဿန္တိ = မဂ်ဖိုလ်ရရန်

၄၉၁

ပြုခဲ့ဖန်သည့် ရှေးကံ ဥပနိဿယတရား လွန်ခေါင်းပါးသဖြင့် ဘုရားရှင်တို့ ဉာဏ်ဝဝယ် စိုးစဉ်းမျှ မထင်ကြကုန်။

     ဒေသနာနိုရုံး ဆုံးလတ်သောအခါ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် အစရှိသည်တို့သို့ ရောက်ဆိုက်ကြလေကုန်၏။

ဝိသကြုံဖန်ဆင်းအပ်သည့် ပြာသာဒ်ငါးရာတို့ဖြင့်

ဥဂ္ဂမြို့သို့ ကြွတော်မူခြင်း

     သိကြားမင်းသည် “မြတ်စွာဘုရားရှင်က စူဠသုဘဒ္ဒါ၏ ဖိတ်ကြားချက်ကို လက်ခံအပ်လေပြီ”ဟု သိရှိ၍ ဝိသကြုံနတ်သားကို “အမောင်ဝိသကြုံ.. အထွတ်တပ်သည့် ပြာသာဒ်ငါးရာတို့ကို ဖန်ဆင်း၍ နက်ဖြန်ခါ၌ မြတ်စွာဘုရား အမှူးပြုသော ရဟန်းသံဃာကို ဥဂ္ဂမြို့သို့ အမောင်ပင့်ဆောင်ရမည်”ဟု စေခိုင်းလေ၏။ ဝိသကြုံနတ်သားသည် နောက်တနေ့၌ အထွတ်တပ်သော ပြာသာဒ်ငါးရာတို့ကို ဖန်ဆင်း၍ ဇေတဝန်ကျောင်းတိုက်တော် တံခါးဝ၌ ရပ်တည်လာလေ၏။

     မြတ်စွာဘုရားရှင်သည် လက်ရွေးစင် ရဟန္တာငါးရာတို့ကို နောက်ပါခေါ်တော်မူ၍ အခြံအရံ ရဟန္တာငါးရာ တို့နှင့်တကွ ဝိသကြုံဖန်ဆင်းအပ်သည့် ပြာသာဒ်ငါးရာတို့၌ အသီးအသီး ထိုင်တော်မူကြ၍ ဥဂ္ဂမြို့သို့ ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူလေ၏။

     ဥဂ္ဂသူဌေးသည်လည်း အခြံအရံ ပရိသတ်နှင့်တကွ ချွေးမ-လိမ္မာ စူဠသုဘဒ္ဒါက ပေးအပ်သည့် နည်းအတိုင်း မြတ်စွာဘုရား ကြွလာတော်မူမည့်လမ်းကို မှန်းမျှော် ကြည့်ရှုလတ်သော် ကြီးစွာသော ဘုန်းအသရေ၏ တင့်တယ်ခြင်းဖြင့် မြတ်စွာဘုရားရှင် ကြွလာတော်မူသည်ကို မြင်လတ်၍ အလွန်ကြည်ညိုသောစိတ် ဖြစ်ရှိကာ ပန်းနံ့သာစသည်တို့ဖြင့် ကြီးစွာသော ပူဇော်သက္ကာရမှုပြုလျက် အခြံအရံ ပရိသတ်နှင့်တကွ မြတ်စွာဘုရားရှင်ကို ခရီးဦးကြိုဆို လက်ခံရှိခိုးပြီးလျှင် ကြီးစွာသော အလှူဒါနကို ပေးလှူပြီးနောက် အဖန်ဖန် ပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး ကြီးစွာသော အလှူဒါနကို ဆက်၍ ဆက်၍ လှူဒါန်းလေ၏။

၄၉၂

ဥဂ္ဂသူဌေးနှင့်တကွ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့

ကျွတ်တမ်းဝင်ကြခြင်း

     မြတ်စွာဘုရားရှင်သည်လည်း ဥဂ္ဂသူဌေးနှင့် သပ္ပါယဖြစ်မည့် တရားဒေသနာကို ဆင်ခြင်ကြည့်ရှုတော်မူကာ ဟောကြားတော်မူလေ၏။ သို့ရကား ဥဂ္ဂသူဌေး ဇနီးမောင်နှံကို အစပြု၍ သတ္တဝါပေါင်း ရှစ်သောင်း လေးထောင်တို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။

     မြတ်စွာဘုရားရှင်သည် စူဠသုဘဒ္ဒါအား ချီးမြှောက်တော်မူရန် “ချစ်သားသည် ဤဥဂ္ဂမြို့မှာပင် နေရစ်ရမည်”ဟု မိန့်တော်မူကာ အရှင်အနုရုဒ္ဓါမထေရ်ကို နေရစ်ခဲ့စေ၍ သာဝတ္ထိပြည်သို့ပင် ပြန်ကြွတော်မူလေ၏။ ထိုအချိန်မှ အစပြု၍ ထိုဥဂ္ဂမြို့ကြီးသည် ရတနာသုံးပါးကို ကြည်ညိုသည့် = သဒ္ဓါတရားနှင့် ပြည့်စုံသောမြို့ကြီး ဖြစ်လာလေသတည်း။ ။(ဓမ္မပဒအဋ္ဌကထာ၊ ဒုတိယအုပ်၊ ၂၁-ပကိဏ္ဏကဝဂ်၊ စာမျက်နှာ ၂၉ဝ-မှ)။

ဤတွင်ရွေ့ စူဠသုဘဒ္ဒါဝတ္ထု ပြီး၏။

**********

မိစ္ဆာဒိဋ္ဌိအယူရှိသော ပုဏ္ဏားတယောက်အား

တရားဟောတော်မူခြင်း

အညတရဗြာဟ္မဏဝတ္ထု

     မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူစဉ် မထင်မရှား ပုဏ္ဏားတယောက်ကို အကြောင်းပြု၍ “တဏှာယ ဇာယတီ သောကော” အစရှိသော တရားဒေသနာကို ဟောကြားတော်မူလေသည်၊ အကြောင်းအရာ အကျယ်သော်ကား-

     သာဝတ္ထိပြည်သား မိစ္ဆာဒိဋ္ဌိအယူရှိသော ပုဏ္ဏားတယောက်သည် တနေ့သ၌ အစိရဝတီ မြစ်ကမ်းအနီးသို့ သွားရောက်၍ လယ်ကွက်ကို သုတ်သင်ရှင်းလင်းနေ၏၊ မြတ်စွာဘုရားရှင်သည် ထိုပုဏ္ဏား၏ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှု ကုသိုလ်နှင့်

၄၉၃

ပြည့်စုံသည်ကို သိမြင်တော်မူ၍ လယ်ကွက်ကို သုတ်သင်ရှင်းလင်းနေသော ထိုပုဏ္ဏားအထံသို့ ကြွသွားတော်မူလေ၏၊ ပုဏ္ဏားသည် မြတ်စွာဘုရားကို မြင်သော်လည်း မိစ္ဆာအယူရှိသူ ဖြစ်သည့်အတိုင်း အရိုအသေပေးမှု မပြုပဲ စကားမပြော တုဏှီဘောသာ နေလေ၏၊ ထိုအခါ မြတ်စွာဘုရားရှင်ကပင် ထိုပုဏ္ဏားကို ရှေးဦးစွာ နှုတ်ခွန်းဆက်ခေါ်ငင်၍ “အိုပုဏ္ဏား.. သင်သည် အဘယ်ကို ပြုလုပ်သနည်း”ဟု မေးတော်မူ၏။ “အိုအရှင်ဂေါတမ.. ကျွန်ုပ်သည် လယ်ကို သုတ်သင်ရှင်းလင်းနေပါသည်”ဟု ပုဏ္ဏားက ပြန်ကြားပြောဆိုလေ၏။ မြတ်စွာဘုရားရှင်သည် ပဌမနေ့ဝယ် ဤမျှသာ မိန့်ဆိုပြီးလျှင် ကြွသွားတော်မူလေ၏။

     နောက်တနေ့၌လည်း မြတ်စွာဘုရားရှင်သည် လယ်ထွန်ရန်လာသော ထိုပုဏ္ဏားအထံသို့ ကြွသွားတော်မူ၍ “အိုပုဏ္ဏား.. အဘယ်အမှုကို သင်ပြုလုပ်သနည်း”ဟု မေးတော်မူ၍ “အိုအရှင်ဂေါတမ.. ကျွန်ုပ်သည် လယ်ကို ထွန်နေပါသည်”ဟု ပုဏ္ဏား၏ ဖြေကြားပြောဆိုချက်ကို ကြား၍ ဖဲသွားတော်မူလေ၏။

     နောက်နေ့ နောက်နေ့များ၌လည်း ထို့အတူပင် ကြွသွားတော်မူကာ “အိုပုဏ္ဏား.. အဘယ်အမှုကို သင်ပြုလုပ်သနည်း”ဟု ရှေးနည်းအတူပင် မေးတော်မူ၍ ပုဏ္ဏားက “အိုအရှင်ဂေါတမ.. ကျွန်ုပ်သည် လယ်ကို ပျိုးကြဲပါ၏၊ စိုက်ပျိုးပါ၏၊ ပေါင်းသင်ပါ၏။ စောင့်၍နေပါ၏”ဟူ၍ အလုပ်နှင့် လိုက်လျောစွာ အဖြေပေးသည့် စကားများကို ကြားနာ၍ ဖဲသွားတော်မူလေ၏။

     ဤနည်းဖြင့် ကြွရောက်ဖန်များရကား ပုဏ္ဏားသည် တနေ့သ၌ မြတ်စွာဘုရားရှင်ကို ချစ်ခင်ကြည်ညိုလာကာ “အိုအရှင်ဂေါတမ.. အရှင်သည် ကျွန်ုပ်လယ်ကို သုတ်သင်သည့်နေမှ အစပြု၍ ကြွလာတော်မူပေ၏။ ကျွန်ုပ်၏ ကောက်စပါးများ အကယ်၍ ပြီးစီးပြည့်စုံ အောင်မြင်ပါလျှင် အရှင်အားလည်း ခွဲခြမ်းပေးဝေမှု ပြုလုပ်ပါမည်၊ အရှင့်အားမပေးပဲ ကျွန်ုပ်ချည်း

၄၉၄

စားသုံးမည်မဟုတ်ပါ၊ ယနေ့မှစ၍ အရှင်သည် ကျွန်ုပ်၏သူငယ်ချင်း ဖြစ်ပါပြီ”ဟု မိတ်ဖြစ်စကား ပြောကြားလေ၏။

     ထို့နောက် အခါတပါး၌ ထိုပုဏ္ဏား၏ ကောက်စပါးများကား ပြည့်စုံရင့်ကျက်ခြင်းသို့ ရောက်ရှိခဲ့လေ၏၊ ပုဏ္ဏားသည် “ငါ၏ ကောက်စပါးများကား ပြည့်စုံရင့်ကျက်ခဲ့လေပြီ၊ ယခုမကြာ နက်ဖြန်ခါပင် ရိတ်စေတော့အံ့”ဟု ကြံစည်ဆုံးဖြတ်ကာ ကောက်ရိတ်ရန်အတွက် ပြုဖွယ်ကိစ္စ အဝဝကို စီမံဖန်တီးနေစဉ် ညဉ့်အခါ၌ မိုးကြီးသည် သည်းထန်စွာ ရွာသွန်း၍ ကောက်ပင်အားလုံးကို တိုက်ဆောင်၍ သွားလေ၏၊ သို့ရကား ပုဏ္ဏား၏ လယ်ကွက်ကြီးတခုလုံးသည် ပြောင်တလင်းခါကာ နုတ်၍ထားသည်နှင့် တူလေတော့၏။

မြတ်စွာဘုရားရှင်ကား ပုဏ္ဏားထံသို့ ကြွသွားသည့် ပဌမနေ့ကပင် “ထိုကောက်စပါးများသည် ပြည့်စုံပြီးမြောက်လိမ့်မည် မဟုတ်”ဟု စောစီးကပင် ကြိုတင်၍ သိတော်မူပြီးဖြစ်၏။ သို့သော်လည်း ကောက်စပါးများ ပျက်စီးသည့်နေ့မှ ပုဏ္ဏားထံကြွ၍ တရားဟော ဩဝါဒပေးလျှင် နာယူမည်မဟုတ်သဖြင့် ကောက်စပါး ပျက်စီးသောနေ့၌ တရားဟော ဩဝါဒပေးလျှင် နာယူကောင်းသည်ဟု ယုံကြည်ရင်းနှီးမှုရှိစေရန် လယ်ကို သုတ်သင်သည့် နေ့ကပင် ပုဏ္ဏားထံသို့ ကြွရောက်တော်မူခဲ့လေသည်။

     ပုဏ္ဏားသည် စောစောစီးစီးပင် “လယ်ကို ကြည့်အံ့”ဟူ၍ သွားလေသော် ပြောင်တလင်းခါ၍နေသော လယ်ကို မြင်ရ၍ စိုးရိမ်ပူဆွေးခြင်း ပြင်းထန်စွာဖြစ်ရှိကာ-

“ရဟန်းဂေါတမသည် ငါလယ်ကို သုတ်သင်ရှင်းလင်းသည့် အချိန်ကပင် အစပြုကာ လာခဲ့လေပြီ၊ ငါသည်လည်း ရဟန်းဂေါတမကို ဤကောက်စပါး ပြည့်စုံပြီးမြောက်သော် အရှင်အားလည်း ခွဲခြမ်းပေးဝေမှု ပြုပါအံ့၊ အရှင့်အားမပေးပဲ မိမိချည်း မစားပါ၊ ယခုအခါ ယနေ့မှစ၍

၄၉၅

အရှင်သည် ကျွန်ုပ်၏ သူငယ်ချင်းဖြစ်ခဲ့ပြီ”ဟူ၍ ငါပြောဆိုခဲ့လေပြီ၊ ငါ၏ ထိုစိတ်နှလုံးအလိုသည် အပြီးအဆုံးသို့ မရောက်ခဲ့ပြီ”-

ဟု ကြံစည်စဉ်းစားကာ အိမ်သို့ပြန်ခဲ့၍ အစာကိုဖြတ် အငတ်ခံလျက် ညောင်စောင်းငယ်၌ လျောင်းစက်လေတော့၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ပုဏ္ဏား၏ အိမ်တံခါးသို့ ကြွသွားတော်မူလေ၏၊ ပုဏ္ဏားသည် မြတ်စွာဘုရား ကြွလာတော်မူကြောင်းကို ကြားသိရ၍ “အမောင်တို့.. ငါ့သူငယ်ချင်းကို ခေါ်ဆောင်၍ ဤအိမ်တွင်း၌ နေရာထိုင်ခင်း ပေးကြပါလော့”ဟု အိမ်နေလူများကို ပြောကြားလေ၏၊ အိမ်နေလူများသည် ပုဏ္ဏား ပြောသည့်အတိုင်းပင် ပြုကြလေ၏။ မြတ်စွာဘုရားရှင်သည် ထိုင်နေတော်မူပြီးလျှင် “ပုဏ္ဏားကြီး အဘယ်မှာနည်း”ဟု မေးမြန်း၍ အိမ်နေလူများက “အခန်းတွင်းဝယ် ညောင်စောင်းငယ်၌ လျောင်း၍နေပါသည်”ဟု လျှောက်ထားအပ်လေသော် “ထိုပုဏ္ဏားကြီးကို ခေါ်ခဲ့ကြလော့”ဟု ရှေ့တော်မှောက်သို့ ခေါ်ခဲ့စေ၍ လာရောက်ကာ လျောက်ပတ်ရာ၌ ထိုင်နေသော ပုဏ္ဏားကို “အိုပုဏ္ဏား.. ဘယ့်နှယ်ဖြစ်ထာလဲ”ဟု မေးမြန်းတော်မူလေ၏။

     ပုဏ္ဏားသည် မြတ်စွာဘုရားရှင်ကို “အိုအရှင်ဂေါတမ.. အရှင်တို့သည် ကျွန်ုပ်လယ်ကို သုတ်သင်ရှင်းလင်းသောနေ့မှ အစပြု၍ ကြွလာတော်မူခဲ့ကြပါသည်၊ ကျွန်ုပ်ကလည်း ‘ကောက်စပါးများ ပြည့်စုံပြီးမြောက်သော် အရှင်တို့အား ခွဲခြမ်းပေးမှု ပြုပါအံ့’ဟူ၍ ပြောဆိုခဲ့ပါသည်၊ ကျွန်ုပ်၏ ထိုနှလုံးအလိုဆန္ဒ တောင့်တချက်သည် ယခုတော့ဖြင့် မပြည့်စုံတော့ပြီ၊ ထို့ကြောင့် ကျွန်ုပ်၏ စိတ်သန္တာန်မှာ ပူပန်စိုးရိမ်ခြင်း အပြင်း ဖြစ်ရှိလာပါသည်။ ကျွန်ုပ်၏အဖို့ရာ ထမင်းကိုသော်မှလည်း မစားလိုတော့ပါ”ဟူ၍ ပြန်ကြား လျှောက်ထား လေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ပုဏ္ဏားကို “အိုပုဏ္ဏား.. အဘယ်ကို အမှီပြု၍ သင်၏စိတ်သန္တာန်ဝယ် စိုးရိမ်ပူဆွေးမှု =

၄၉၆

သောကတရား ဖြစ်ပွါးလာသည်ကို သင်သိပါ၏လော”ဟု မေးတော်မူ၍ ပုဏ္ဏားက “အိုအရှင်ဂေါတမ.. အကျွန်ုပ်မသိပါ။ အရှင်ဘုရားသည် သိသလော”ဟု မေးလျှောက်အပ်လေသော် မြတ်စွာဘုရားရှင်သည် “အိမ်း..သိပေ၏ ပုဏ္ဏား..၊ ဖြစ်ပေါ်လာသမျှသော စိုးရိမ်ပူဆွေးမှု = သောကတရား, ကြောက်လန့်မှု = ဘေးအစုများသည် တပ်မက်မှု = တဏှာလောဘကိုသာ အမှီပြု၍ ဖြစ်ပေါ်ကြပေ၏”ဟု မိန့်တော်မူပြီးလျှင် ဤဆိုလတ္တံ့သော တရားဂါထာကို ဟောကြားတော်မူလေ၏-

တဏှာယ ဇာယတီ သောကော၊

တဏှာယ ဇာယတီ ဘယံ။

တဏှာယ ဝိပ္ပမုတ္တဿ၊

နတ္ထိ သောကော ကုတော ဘယံ။

(ဗြာဟ္မဏ = သောကဖြစ်ပွါး အိုပုဏ္ဏား..)။ တဏှာယ = တပ်မက်တွယ်တာမှု တဏှာလောဘ တရားအစုကြောင့်။ သောကော = စိုးရိမ်ပူဆွေး စိတ်မအေးရခြင်း သောကတရားသည်။ ဇာယတိ = ဥပါဒ်ထင်ရှား ဖြစ်ပွါးလာ၏။ တဏှာယ = တပ်မက်တွယ်တာမှု တဏှာလောဘ တရားအစုကြောင့်။ ဘယံ = အားနည်းသော ဒေါသဖြင့် စိတ်ကမသန့် ကြောက်ရွံ့ထိတ်လန့်မှု စိတ္တုတြာသ ဘေးအစုသည်။ ဇာယတိ = ဥပါဒ်ထင်ရှား ဖြစ်ပွါးလာ၏။ တဏှာယ = တွယ်တာတပ်မက်မှု တဏှာလောဘ တရားအစုမှ။ ဝိပ္ပမုတ္တဿ = အရဟတ္တဖိုလ်ပေါက် လွတ်မြောက်ပြီးသောသူ၏ (သန္တာန်၌)။ သောကော = စိုးရိမ်ပူဆွေး စိတ်မအေးရခြင်းသည်။ နတ္ထိ = တစိုးတစိ မဖြစ်တော့ချေ။ ဘယံ = ကြောက်ရွံ့ထိတ်လန့်မှု စိတ္တုတြာသ ဘေးအစုသည်။ ကုတော အတ္ထိ = အနာဂါမိမဂ်ခဏကပင် ဖျက်ချပယ်ခွါ ပြီးခဲ့စွာကြောင့် အဘယ်မှာလျှင် ဖြစ်ရှိချေတော့အံ့နည်း။

၄၉၇

     ဒေသနာနိဂုံး ဆုံးလတ်သောအခါ ထိုအညတရပုဏ္ဏားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ။(ဓမ္မပဒအဋ္ဌကထာ ဒုတိယအုပ်၊ ၁၆-ပိယဝဂ်၊ စာမျက်နှာ ၁၈၅-မှ)။

အညတရဗြာဟ္မဏဝတ္ထု ပြီး၏။

**********

စန္ဒာဘမထေရ်အကြောင်း

စန္ဒာဘတ္ထေရဝတ္ထု

     မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတဝန်ရွှေကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူစဉ် အရှင်စန္ဒာဘမထေရ်ကို အကြောင်းပြု၍ “စန္ဒံဝ ဝိမလံ သုဒ္ဓံ”- အစရှိသော တရားဂါထာကို ဟောကြားတော်မူ၏၊ အကြောင်းအရာ အကျယ်ကား-

စန္ဒာဘမထေရ်၏ ရှေးကောင်းမှု

     ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်သား ကုန်သည်တယောက်သည် “ပစ္စန္တရစ်သို့ သွားရောက်၍ စန္ဒကူးနံ့သာများကို ဆောင်ယူအံ့”ဟု ကြံစည်ကာ များစွာသော အဝတ်တန်းဆာ စသည်တို့ကို တင်ဆောင်ယူငင်၍ လှည်းအစီးငါးရာတို့ဖြင့် တိုင်းစွန်ပြည်နား ပစ္စန္တရစ်အရပ်သို့ သွားရောက်ပြီးလျှင် ထိုပစ္စန္တရစ်ရွာတံခါးဝ၌ နေရာကိုယူပြီးသော် တောအုပ်၌ နွားကျောင်းသားတို့ကို “အမောင်တို့.. ဤရွာ၌ တောင်ခြေဝယ် အလုပ်လုပ်သူ တစုံတယောက်သောသူ ရှိသလော”ဟု မေးလေ၏။ နွားကျောင်းသားများက “ဩ.. ရှိပါ၏”ဟု ပြောကြားလတ်သော် “ထိုသူသည် အဘယ်အမည်ရှိသနည်း”ဟု မေးပြန်လေ၏။ နွားကျောင်းသားများက “ထိုသူကား ဤအမည်ရှိ၏”ဟု ဖြေကြားကြလျှင် ထိုသူ၏ ဇနီးမယား သမီးသားတို့၏ အမည်ကို တဖန် မေးပြန်လေ၏။ နွားကျောင်းသားများက ဇနီးမှာ ဤအမည်ရှိ၍ သမီးသားတို့မှာ ဤအမည် ဤအမည် ရှိကြကြောင်း ဖြေကြားသောအခါ “ထိုသူ၏အိမ်ကား အဘယ်အရပ်၌နည်း”ဟု မေးပြန်၍

၄၉၈

နွားကျောင်းသားများကလည်း “ဤအမည်ရှိသော အရပ်၌”ဟု ရိုးသားစွာ ဖြေဆိုကြလေသည်။

     ထိုကုန်သည်သည် နွားကျောင်းသားများ ပြောဆိုပေးအပ်သော အမှတ်သညာဖြင့် လှည်းယာဉ်ငယ်ကိုစီး၍ ထိုတောင်ခြေအလုပ်သမား၏ နေအိမ်သို့ သွားရောက်ပြီးလျှင် လှည်းယာဉ်မှ သက်ဆင်း၍ အိမ်တွင်းသို့ဝင်ရောက်လျက် အိမ်ရှင်မ၏အမည်ကို ထုတ်ဖော်၍ ခေါ်လိုက်လေသည်၊ အိမ်ရှင်မသည်လည်း “ငါတို့၏ ဆွေမျိုးတဦး ဖြစ်ပေလိမ့်မည်”ဟု ကြံစည်အောက်မေ့ကာ လျင်မြန်စွာ သွားရောက်၍ နေရာခင်းပေးလေ၏။ ကုန်သည်သည် နေရာ၌ ထိုင်ပြီးသော် အမည်ကို ထုတ်ဖော်၍ “ယခု ငါ့သူငယ်ချင်း အဘယ်သို့ သွားသနည်း”ဟု မေးလေလျှင် အိမ်ရှင်မသည်လည်း “အရှင်.. အရှင့်သူငယ်ချင်းသည် တောသို့သွားပါသည်”ဟု ပြန်လည် ရိုးသားစွာ ဖြေကြားလေ၏။ ထို့နောင်မှ ကုန်သည်သည် ကလေးများ၏အမည်ကို ထုတ်ဖော်ပြီးလျှင် “ငါ့သား (မောင်ဘယ်သူ, ငါ့သမီး (မဘယ်သူ)တို့ကော အဘယ်သို့ သွားနေကြသနည်း”ဟု အားလုံး၏အမည်ကို ဖော်ရွေစွာ ထုတ်ဖော်မေးမြန်းပြီးလျှင် “ငါ့သား (မောင်ဘယ်သူ), ငါ့သမီး(မဘယ်သူ)တို့အား ဤအဝတ်အစား အဆင်တန်ဆာများကို ပေးပါလော့၊ ငါ့ သူငယ်ချင်း (မောင်ဘယ်သူ)အားလည်း တောမှ ပြန်လာသောအခါ ဤအဝတ်အစား တန်းဆာများကို ပေးပါလော့”ဟု ဆို၍ လက်ဆောင်အဖြစ် အဝတ်တန်းဆာများကို ပေးလေ၏။ အိမ့်ရှင်မသည်လည်း ထိုကုန်သည်အား အလွန်ကောင်းမြတ်သော စားဖွယ်သောက်ဖွယ်တို့ဖြင့် ဧည့်ဝတ်ကျေပြွန်စွာ ပြုလုပ်ပြီးလျှင် လင်ယောက်ျား တောမှပြန်လာသောအခါ၌ “အရှင်.. ဤဧည့်သည်သည် ရောက်သည့်အချိန်ကစ၍ အိမ်ရှိလူအားလုံး၏ အမည်ကို ထုတ်ဖော်ပြောဆို နှုတ်ဆက်ပြီး ဤမည် ဤမည်သော အဝတ်အစား အဆင်တန်းဆာများကိုလည်း ပေးအပ်လေသည်”ဟု ဖြစ်ရပ်ကို ပြန်ကြားပြောဆိုလေ၏။ အလုပ်သမား ယောက်ျားသည်လည်း အကျွမ်းတဝင် ဖြစ်ရှိကာ ထိုကုန်သည်အတွက် ပြုလုပ်ရွက်ဆောင်ဖွယ်

၄၉၉

ရှိသမျှ ဧည့်ဝတ်အားလုံးကို ကျေပွန်စွာ ရွက်ဆောင်ပြုလုပ်လေ၏။

ညချမ်းအခါ

     ထို့နောင်မှ ကုန်သည်သည် ထိုတောအလုပ်သမားကို ညချမ်းအခါ အိပ်ရာ၌ ထိုင်နေလျက် “အဆွေတော်.. တောင်ခြေ၌ လှည့်လည်သော အဆွေတော်သည် အဘယ်ဝတ္ထုကို များစွာ တွေ့မြင်အပ်သနည်း”ဟု မေးလေ၏။ တောအလုပ်သမားက “အခြား ထူးထူးထွေထွေကိုတော့ မတွေ့မြင်ရပါ၊ နီမြန်းသော အခက်ရှိသည့် သစ်ပင်တို့ကိုကား မြောက်မြားစွာ တွေ့ရှိအပ်ပါသည်”ဟု ရိုးသားစွာ ပြောဆိုဖြေကြားသောအခါ ကုန်သည်သည် တဖန်ထပ်၍ “သစ်ပင်တွေ အများကြီး ဟုတ်၏လော”ဟု အခိုင်အမာ မေးမြန်း၍ “ဩ.. ဟုတ်ပါသည်၊ များစွာသော သစ်ပင်တို့ကို တွေ့မြင်အပ်ပါသည်”ဟု တောအလုပ်သမားက ဖြေကြားလေသော် “ထိုသို့ဖြစ်လျှင် ထိုသစ်ပင်များကို ငါတို့အား ပြပါလော့”ဟု ပြောဆို၍ ထိုအလုပ်သမားနှင့် အတူတကွ တောသို့သွားပြီးလျှင် စန္ဒကူးနီပင်တို့ကို ခုတ်လှည်းကာ လှည်းငါးရာအပြည့် တင်ဆောင်၍ ပြန်လာသည်ရှိသော် “အဆွေတော်.. ဗာရာဏသီပြည်ဝယ် ဤမည်သောအရပ်၌ ကျွန်ုပ်၏နေအိမ် ရှိပါသည်၊ အခါမပြတ် ကျွန်ုပ်၏အထံသို့ လာရောက်စေချင်ပါသည်၊ လာရောက်သော အခါမှာလည်း အခြားတပါးသော လက်ဆောင်များကို ကျွန်ုပ်အလိုမရှိပါ၊ နီမြန်းသော အခက်ရှိသည့် ထိုသစ်ပင်များကိုသာ ခုတ်လှည်း ယူဆောင်ခဲ့စေချင်ပါသည်”ဟု သာယာချေငံစွာ မိတ်ဖွဲ့စကား ပြောဆိုမှာကြားပြီးလျှင် ဗာရာဏသီပြည်သို့ ပြန်သွားလေ၏။

     တောအလုပ်သမားသည်လည်း ကုန်သည် မှာသွားသည့်အတိုင်း အခါမပြတ် ကုန်သည်ထံသို့ လာလတ်သည်ရှိသော် စန္ဒကူးနီများကိုသာ ယူဆောင်၍ လာလေ၏။ ကုန်သည်သည်လည်း သူ့ကျေးဇူးကို သိရှိသူပြီပြီ ထိုတောအလုပ်သမားအား များစွာသော ဥစ္စာရွှေငွေများကို ပေးလေသည်။

၅၀၀

ဓာတုစေတီတော်အား လဝန်းသဏ္ဌာန်ပြုကာ

စန္ဒကူးနီဖြင့် ပူဇော်ခြင်း

     ထိုမှ နောက်တချိန်၌ ကဿပမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီး၍ ဓာတုရွှေစေတီတော်ကြီး တည်ထားပြီးသောအခါ ထိုတောအလုပ်သမားသည် များစွာသော စန္ဒကူးတို့ကို ယူဆောင်၍ ဗာရာဏသီပြည် သူငယ်ချင်းကုန်သည်ထံသို့ ရောက်ရှိလာလေ၏။ ထိုအခါ ထိုတောအလုပ်သမားအား သူငယ်ချင်း ကုန်သည်သည် များစွာသော စန္ဒကူးမှုန့်တို့ကို ကြိတ်စေပြီးလျှင် ခွက်အပြည့်ထည့်၍ “အဆွေတော်.. လာလော့၊ ထမင်းချက်၍ မပြီးသေးမီ စေတီတော်ကြီး တည်ရာအရပ်သို့ သွားရောက်ပူဇော်ကြပြီး ပြန်လာကြကုန်အံ့”ဟု ပြောဆိုကာ ထိုတောအလုပ်သမား သူငယ်ချင်းကို ခေါ်ဆောင်၍ စေတီတော်ကြီး တည်ပြီးရှိရာသို့ သွားပြီးလျှင် စန္ဒကူးမှုန့်တို့ဖြင့် ပူဇော်မှုကို ပြုလေ၏။ ပစ္စန္တရစ်သား ထိုတောအလုပ်သမား သူငယ်ချင်းသည်လည်း အားရဝမ်းမြောက်စွာ စေတီတော်ကြီး၏ သပိတ်မှောက် (ဝမ်းတိုက်တော်)၌ စန္ဒကူးနီမှုန့်တို့ဖြင့် လဝန်းသဏ္ဌာန် ပြုလုပ်ကာ ပူဇော်ရှာလေ၏။ (ဤတောအလုပ်သမားသည်ပင် စန္ဒာဘမထေရ်၏ အလောင်းအလျာ ဖြစ်သည်၊ သူ၏ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုကား ဤမျှသာဖြစ်သည်)။

စန္ဒာဘပုဏ္ဏားဘဝ

     ထိုတောအလုပ်သမားသည် ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်၍ ဗုဒ္ဓန္တရ အသင်္ချေယျတကပ်လုံး ထိုနတ်ပြည်၌ အချိန်ကို ကုန်လွန်စေပြီးနောက် ဤဘုရားလက်ထက်သို့ ရောက်သောအခါ ရာဇဂြိုဟ်ပြည်ဝယ် ဥစ္စာစီးပွါး အနှစ်များသော ပုဏ္ဏားမျိုး၌ ဖြစ်လာလေ၏။ ထိုပုဏ္ဏားလုလင်၏ ချက်အဝန်းမှ လပြည့်ဝန်းနှင့်တူသော ဖြူစင်တောက်ပြောင်သော အရောင်တလက်လက် ထွက်ရှိလေသည်၊ ထို့ကြောင့် ထိုပုဏ္ဏားလုလင်၏ အမည်ကို “စန္ဓာဘ = မောင်လရောင်”ဟူ၍ မိဖဆွေမျိုးတို့က မှည့်ခေါ်ကြလေသည်။ ။(ဤသို့ ချက်မှ လဝန်းပုံသွင် ဖြူစင်တောက်ပြောင်သည့်

၅၀၁

အရောင်တလက်လက် ထွက်ရှိခြင်းမှာ ကဿပမြတ်စွာ စေတီတော်၌ စန္ဒကူးနီမှုန့်တို့ဖြင့် လဝန်းသဏ္ဌာန် ပြုလုပ်၍ ပူဇော်ခဲ့သော ကောင်းမှု၏ အကျိုးဆက် အာနိသင် ဖြစ်သည်)။

     ပုဏ္ဏားတို့သည် “ငါတို့ကား ဤသူငယ်ကို ယူဆောင်လှည့်လည်ကာ လောကလူများကို လှည့်ဖြားစားသောက်နိုင်လောက်ပြီ”ဟု ကြံစည်တိုင်ပင်ကြ၍ ထိုသူငယ်ကို ယာဉ်၌ ထိုင်စေပြီးလျှင် “ဤစန္ဒာဘသူငယ်၏ ကိုယ်ကို လက်ဖြင့် သုံးသပ်ကိုင်တွယ်ရသောသူသည် ဤသို့သဘောရှိသော စည်းစိမ်ချမ်းသာကို ရရှိနိုင်၏”ဟု ဝါကြွားပြောဆိုကြကာ ဇမ္ဗူဒိပ်ကျွန်းအနှံ့ လှည့်လည်ကြကုန်၏။ တရာဖြစ်စေ တထောင်ဖြစ်စေ ပေးနိုင်သောသူတို့သည်သာ ထိုစန္ဒာဘသူငယ်၏ကိုယ်ကို လက်ဖြင့် တွေ့ထိ သုံးသပ်နိုင်ခွင့် ရရှိကြလေသည်။

     ထိုပုဏ္ဏားတို့သည် ဤနည်းဖြင့် အစဉ်တစိုက် လှည့်လည်ခဲ့ကြရာ သာဝတ္ထိပြည်သို့ ဆိုက်ရောက်ကြလျက် သာဝတ္ထိပြည်နှင့် ဇေတဝန်ကျောင်းတော်၏ အကြားအရပ်ဝယ် တည်းခိုရန်နေရာကို ယူကြလေကုန်၏။ သာဝတ္ထိပြည်၌လည်း ငါးကုဋေမျှသော အရိယာ သူတော်ကောင်းတို့သည် နံနက်အခါ အလှူဒါန ပေးလှူကြ၍ မွန်းလွဲပြီး နောက်ကာလဝယ် နံ့သာ, ပန်းမာလ်, အဝတ်သင်္ကန်း, ဆေးပစ္စည်း- စသည်တို့ကို လက်စွဲကုန်လျက် တရားနာရန် ဇေတဝန်ကျောင်းတော်သို့ သွားကြလေကုန်၏။

     ပုဏ္ဏားတို့သည် ထိုအရိယာ သူတော်ကောင်းတို့ကို မြင်ကြ၍ “အဘယ်သို့ သွားကြမည်နည်း”ဟု မေးကြကုန်၏။ “မြတ်စွာဘုရားထံ တရားနာရန် သွားကြကုန်အံ့”ဟု အရိယာ သူတော်ကောင်းတို့က ဖြေကြားကြလေသော် ထိုပုဏ္ဏားတို့သည် “အမောင်တို့.. လာကြလော့၊ ထိုမြတ်စွာဘုရားထံသို့ သွားကြ၍ အဘယ်မူစကုန်အံ့နည်း = အဘယ်အကျိုးရှိကုန်အံ့နည်း၊ ငါတို့စန္ဒာဘပုဏ္ဏား၏ အာနုဘော်နှင့်တူသော အခြားအာနုဘော် တပါးမည်သည် မရှိချေ။ မှန်ပါသည်- ထိုစန္ဒာဘပုဏ္ဏား၏ကိုယ်ကို တွေ့ထိကိုင်တွယ်ရသော သူတို့သည် ဤမည်သောအကျိုးကို

၅၀၂

ရရှိကြပါကုန်၏၊ လာကြလော့၊ ထိုစန္ဒာဘပုဏ္ဏားကို ကြည့်ရှုကြလော့”ဟု ပြောဆိုကြလေကုန်၏။

စန္ဒာဘကိုခေါ်၍ ကျောင်းတော်သို့ သွားကြခြင်း

     အရိယာ သူတော်ကောင်းတို့ကလည်း “အမောင်တို့.. စန္ဒာဘပုဏ္ဏား၏ အာနုဘော်မည်သည် အဘယ်အာနုဘော်မျိုးနည်း၊ ငါတို့ဆရာ မြတ်စွာဘုရားသည်သာ လောက၌ အာနုဘော် အကြီးမြတ်ဆုံး ဖြစ်တော်မူ၏”ဟု ပြောဆိုကြလေကုန်၏၊ ပုဏ္ဏားများနှင့် အရိယာ သူတော်ကောင်းများသည် အချင်းချင်း အပြီးသတ် ဆုံးဆုံးဖြတ်ဖြတ် သိစေရန် မတတ်နိုင်ကုန်ရကား နောက်ဆုံး၌ “ကျောင်းတော်သို့ သွားရောက်၍ စန္ဒာဘပုဏ္ဏား၏ အာနုဘော်ကို၎င်း, ငါတို့ဆရာဘုရား၏ အာနုဘော်ကို၎င်း သိအောင် စုံစမ်းကြစို့”ဟု သဘောတူ ဆုံးဖြတ်ကြကာ စန္ဒာဘပုဏ္ဏားကိုခေါ်၍ ကျောင်းတော်သို့ သွားကြလေကုန်၏။

စန္ဒာဘပုဏ္ဏား ရဟန်းပြုခြင်း

     မြတ်စွာဘုရားရှင်သည် စန္ဒာဘပုဏ္ဏား ကိုယ်တော်မြတ်အနီးသို့ ကပ်ရောက်မိလျှင်ပင် အဓိဋ္ဌာန် တန်ခိုးတော်ဖြင့် ပုဏ္ဏား၏ချက်မှ လဝန်းအရောင် ကွယ်ပျောက်အောင် ပြုတော်မူလေ၏၊ ပုဏ္ဏားသည် ဘုရားရှင်၏အနီး၌ မီးကျီးခြင်းတောင်းဝယ် ကျီးငယ်ကဲ့သို့ ဖြစ်ရှိလေ၏။ ထိုအခါ စန္ဒာဘပုဏ္ဏားကို မြတ်စွာဘုရားမှလွတ်ရာ အခြားအရပ်တပါးသို့ ခေါ်ဆောင်သွားကြလေ၏၊ ပုဏ္ဏား၏ချက်မှ အရောင်သည် နဂိုရ်ပကတိ ပေါ်လာပြန်၏၊ တဖန် မြတ်စွာဘုရား အထံတော်သို့ ဆောင်ကြပြန်သောအခါ ပုဏ္ဏား၏ချက်မှ အရောင် သည် ရှေးနည်းအတူ ပျောက်ကွယ်မြဲ ပျောက်ကွယ်ပြန်လေ၏၊ ဤနည်းနှင်နှင် သုံးကြိမ်တိုင်တိုင် သွားရောက်၍ အရောင်ကွယ်ပျောက်သည်ကို တွေ့မြင်၍ စန္ဒာဘပုဏ္ဏားသည် “ဤအရှင်မြတ်ဘုရားသည် အရောင်ကို ကွယ်ပစေတတ်သည့် မန္တန်ကို တတ်သိမည်ထင်၏”ဟု ကြံစည်၍ “အသို့နည်း အရှင်မြတ်ဘုရားသည် အရောငကွယ်ပစေတတ်သည့် မန္တာန်ကို တတ်သိတော်မူပါသလော”ဟု မေးမြန်း လျှောက်ထားလေ၏။

၅၀၃

     မြတ်စွာဘုရားရှင်က “အိမ်း.. သိပေ၏”ဟု မိန့်တော်မူလျှင် ပုဏ္ဏားသည် “ထိုသို့ဖြစ်လျှင် အကျွန်ုပ်အား ထိုမန္တာန်ကို ပေးပါလော့”ဟု တောင်းခံ၍ မြတ်စွာဘုရားရှင်ကလည်း “ရဟန်းမဟုတ်သူအား ပေးခြင်းငှါ မစွမ်းနိုင်”ဟု မိန့်တော်မူ၏၊ စန္ဒာဘပုဏ္ဏားသည် အဖော်ပုဏ္ဏားတို့ကို “ဤမန္တန်ကို သင်ယူပြီးသော် ငါသည် ဇမ္ဗူဒိပ်တကျွန်းလုံး၌ အကြီးမြတ်ဆုံး ဖြစ်ပေလိမ့်မည်၊ သင်တို့သည် ဤသာဝတ္ထိပြည် ယခုတည်းခိုနေရာမှာပင် စောင့်ဆိုင်းနေကြလော့၊ ငါသည် ရှင်ရဟန်းပြုပြီးလျှင် နှစ်ရက် သုံးရက် အတွင်းမှာပင် မန္တာန်ကို သင်ယူခဲ့မည်”ဟု အားရနှစ်သက်စေပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှင်အဖြစ်ကို တောင်းယူပြီးနောက် ရဟန်းပြုလေ၏။

စန္ဒာဘမထေရ် ရဟန္တာဖြစ်ခြင်း

     ထို့နောက် စန္ဒာဘမထေရ်အား မြတ်စွာဘုရားရှင်သည် ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို ဟောကြားတော်မူ၏။ စန္ဒာဘမထေရ်က “ဤကေသာ, လောမာ စသည်ကား အဘယ်အရာနည်း”ဟု မေးမြန်း လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်က “ဤ ကေသာ, လောမာစသော ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းသည် မန္တာန်၏ ရှေ့ပိုင်းပရိကံ အစီအမံဖြစ်သည်။ ယင်းပရိကံကို ရွတ်အံသရဇ္ဈာယ်မှ သင့်မည်”ဟု မိန့်တော်မူ၏။

     အဖော်ပုဏ္ဏားတို့သည်လည်း အကြားအကြားကာလ၌ လာရောက်ကြပြီးလျှင် “သင်သည် မန္တာန်ကို သင်ကြားအပ်ပြီလော”ဟု မေးကြကုန်၏။ စန္ဒာဘမထေရ်ကလည်း “ငါသည် မန္တာန်ရင်းကို မသင်ရသေးပါ၊ (ပရိကံကိုသာ ရွတ်အံ သရဇ္ဈာယ်နေရပါသေးသည်)”ဟု ဖြေကြားလေသည်။ ဤနည်းဖြင့် စန္ဒာဘမထေရ်သည် ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းဖြင့် သမာဓိဘာဝနာကို ထူထောင်၍ တဆင့်တက်ကာ ဝိပဿနာတရား ပွါးများကြိုးကုတ် အားထုတ်လေရာ နှစ်ရက် သုံးရက်ဖြင့်ပင် အရဟတ္တဖိုလ်သို့ရောက်၍ ပုဏ္ဏားများက လာရောက်ကြကာ မေးအပ်သောအခါ၌ “သင်တို့ သွားကြလော့၊ ယခုအခါ ငါသည် လူ့ဘောင်သို့

၅၀၄

တဖန် ပြန်လာခြင်းသဘော မရှိတော့ပြီ”ဟု ရှင်းလင်းပြတ်သားစွာ မိန့်ကြားလေ၏။

     ရဟန်းတို့သည် အရှင်စန္ဒာဘမထေရ်ပြောဆိုသော စကားကို ကြားကြရ၍ မြတ်စွာဘုရားရှင်အား “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤစန္ဒာဘရဟန်းသည် မဟုတ်မမှန် ပြောကြား၍ အရဟတ္တဖိုလ်ကို ဝန်ခံဘိ၏”ဟု လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားရှင်သည် “ရဟန်းတို့.. ယခုအခါ ငါဘုရား၏သား စန္ဒာဘရဟန်းသည် အာသဝေါကုန်ခန်း ရဟန္တာဖြစ်လေပြီ၊ ဤစန္ဒာဘ ရဟန်းသည် ဟုတ်မှန်သည်ကိုသာ ပြောကြားပေ၏”ဟု မိန့်တော်မူ၍ ဤဆိုလတ္တံ့သော တရားဂါထာကို ဟောကြားတော်မူ၏-

စန္ဒံဝ ဝိမလံ သုဒ္ဓံ၊ ဝိပ္ပသန္နမနာဝိလံ။

နန္ဒီဘဝပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြဟ္မဏံ။

(ဘိက္ခဝေ = ရဟန်းတော်များ အိုချစ်သားတို့..)။ ဝိမလံ = ညစ်မျိုးငါးသင်း ကင်းရှင်းသော။ ဝါ- ကင်းရှင်းသောကြောင့်။ သုဒ္ဓံ = အပြစ်မထင် သန့်စင်သော။ စန္ဒံဝ = ပြာသာဒ်ယာဉ်သာ လ- စကြာကဲ့သို့။ ဝိပ္ပသန္နံ = အပြစ်မထင် ကြည်လင်သော စိတ်ရှိသော။ အနာဝိလံ = ကိလေသာခပင်း နောက်ကျုခြင်းမှ ကင်းရှင်းပြီးသော။ နန္ဒီဘဝပရိက္ခီဏံ = ဘ၀သုံးပါး ၀ဋ်ရထား၌ လိုက်စားတွယ်တာ တဏှာလောဘ ကုန်ခန်းပြီးသော။ တံ = ထိုခီဏာသ၀ခေါ်ဆို ရဟန္တာပုဂ္ဂိုလ်ကို။ အဟံ = လူသုံးပါးတို့ဆရာ ဘုရားငါသည်။ ဗြာဟ္မဏံ = ဗြာဟ္မဏခေါ်ဆို ပုဂ္ဂိုလ်စင်စစ်ဟူ၍။ ဗြူမိ = ယထာဘူတ သဘာဝအား ဟောကြားသိစေပေ၏။

     ဒေသနာနိဂုံး ဆုံးလတ်သောအခါ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ဆိုက်ကြလေကုန်၏။ (ဓမ္မပဒအဋ္ဌကထာ ဒုတိယအုပ်၊ ၂၆-ဗြာဟ္မဏဝဂ်၊ စာမျက်နှာ ၄၂၃-မှ)။

စန္ဒာဘမထေရ်အကြောင်း စန္ဒာဘတ္ထရဝတ္ထု ပြီး၏။

၅၀၅

မြတ်စွာဘုရားရှင်ကို မာရ်နတ်က

မင်းပြုရန် ဖြားယောင်းတောင်းပန်လာခြင်း

မာရဝတ္ထု

     မြတ်စွာဘုရားရှင်သည် မင်းပြုလုပ်ရန် တောင်းပန် ဖြားယောင်းလာသော မာရ်နတ်သားကို အကြောင်းပြု၍ “အတ္ထမှိ ဇာတမှိ သုခါ သဟာယာ” အစရှိသော တရားဒေသနာကို ဟောကြားတော်မူ၏၊ အကြောင်းအရာ အကျယ်ကား-

     အခါတပါး၌ မြတ်စွာဘုရားရှင်သည် ကောသလတိုင်း ဟိမဝန္တာတောင်နံပါး တောကျောင်းငယ်တခု၌ သီတင်းသုံး နေထိုင်တော်မူ၏၊ ထိုအချိန်၌ မင်းများသည် တိုင်းသားပြည်သူ လူတို့ကို ညှဉ်းပန်းနှိပ်စက်၍ မင်းပြုကြဆဲ ဖြစ်ကုန်၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် တရားမကျင့်သော မင်းတို့၏ တိုင်းနိုင်ငံ၌ ဒဏ်အမျိုးမျိုး မတရားသည့် အခွန်အမျိုးမျိုးတို့ဖြင့် အနှိပ်စက်ခံနေရသော လူတို့ကို မြင်တော်မူ၍ သနားကြင်နာတော်မူလှသဖြင့်-

“ကိုယ်တိုင်လည်း မသတ်ဖြတ်ပဲ, သူ့ကိုလည်း မသတ်ဖြတ်စေပဲ, သူ့ဥစ္စာ ပျက်စီးဆုံးရှုံးအောင် ကိုယ်တိုင်လည်း မပြုပဲ, သူ့ကိုလည်း မပြုစေပဲ, သူတဖက်သား စိုးရိမ်ပူဆွေးအောင် ကိုယ်တိုင်လည်းမပြုပဲ, သူ့ကိုလည်း မပြုစေပဲ တရားသဖြင့် မင်းပြုခြင်းငှါ တတ်နိုင်ပါ၏လော”-

ဟု ကြံစည် ဆင်ခြင်တော်မူလေ၏။ မာရ်နတ်သားသည် မြတ်စွာဘုရားရှင်၏ အကြံတော်ကို သိရှိ၍ “ယခုအခါ ရဟန်းဂေါတမသည် ‘မင်းပြုခြင်းငှါ တတ်နိုင်ပါ၏လော’ဟု ကြံစည်နေ၏၊ ယခုအခါ သူသည် မင်းပြုလိုသည် ဖြစ်ပေလိမ့်မည်၊ ဤမင်းအဖြစ်မည်သည်ကား မေ့လျော့ခြင်း၏ အကြောင်းရင်း ဖြစ်ပေ၏၊ အကယ်၍ ရဟန်းဂေါတမ မင်းပြုလုပ်လျှင် ငါသည် နှောက်ယှက်ခွင့်ကို ရနိုင်လိမ့်မည်၊ ယခုပင် ငါသွား၍ ထိုရဟန်းဂေါတမအား မင်းပြုရန် အားထုတ်မှုကို ဖြစ်စေအံ့”ဟု ကြံစည်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်-

၅၀၆

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဘုန်းတော်သခင် ရှင်ပင်ဘုရားသည် မင်းပြုတော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူသော မြတ်စွာဘုရားသည် ကိုယ်တိုင်လည်း မသတ်ဖြတ်ပဲ, သူ့ကိုလည်း မသတ်ဖြတ်စေပဲ, သူ့ဥစ္စာ ပျက်စီးဆုံးရှုံးအောင် ကိုယ်တိုင်လည်း မပြုလုပ်ပဲ, သူ့ကိုလည်း မပြုလုပ်စေပဲ, သူတဖက်သား စိုးရိမ်ပူဆွေးအောင် ကိုယ်တိုင်လည်း မပြုပဲ, သူ့ကိုလည်း မပြုစေပဲ တရားသဖြင့် မင်းပြုတော်မူပါလော့”-

ဟု ဖြားယောင်း တိုက်တွန်းစကား ပြောကြားလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်က “ဟယ်မာရ်ယုတ်.. သင်က ငါ့ကို ဤကဲ့သို့ ပြောဆိုရအောင် ငါဘုရား၏သန္တာန်၌ အဘယ်တရားကို သင်မြင်သနည်း”ဟု မေးတော်မူ၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်ပင်ဘုရားသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို အပြည့်အစုံ နိုင်နင်းစွာ ပွါးများအပြီး ဖြစ်ပါကုန်သည်။ မှန်ပါသည်- ရှင်ပင်ဘုရားသည် အလိုတော်ရှိ၍ ဟိမဝန္တာတောင်ကြီးကို ‘ရွှေဖြစ်စေ’ဟူ၍ စိတ်ညွတ်တော်မူလျှင် ဟိမဝန္တာ တောင်ကြီးသည်လည်း ရွှေစင်အတိ ဖြစ်လေရာပါ၏၊ အရှင်ဘုရားတို့သည် တရားသဖြင့် မင်းပြုတော်မူကြမည်ဆိုလျှင် အကျွန်ုပ်သည်လည်း ရွှေငွေဥစ္စာဖြင့် ပြုလုပ်ရမည့် ကိစ္စကြီးငယ် အသွယ်သွယ်ကို ကူညီ၍ ရွက်ဆောင်ပြုလုပ်ပါအံ့”ဟူ၍ မာရ်နတ်သားက လျှောက်ထား ပြောဆိုအပ်လေသော် မြတ်စွာဘုရားရှင်သည်-

ပဗ္ဗတဿ သုဝဏ္ဏဿ၊

ဇာတရူပဿ ကေဝလော။

ဒွိတ္တာဝ နာလမေကဿ၊

ဣတိ ဝိဒွါ သမံ စရေ။

ဇာတရူပဿ = နေ၏အရောင် တောက်ပြောင်သော အဆင်းရှိသော။ သုဝဏ္ဏဿ = ရွှေ၏။ ကေဝလော = မြေ,ကျောက်မရော သက်သက်သော။

၅၀၇

ပဗ္ဗတော = ဟိမဝန္တာလောက်နီးနီး တောင်ကြီးသည်။ (ဝါ) ကေဝလော သုဝဏ္ဏဿ ပဗ္ဗတော = ကြေး, သံ, ခဲ- စသည်တို့နှင့်မရော သက်သက်သော ရွှေတောင်ကြီးသည်။ အဿ-ဘဝေယျ = ကုသိုလ်ကံထောက် ဖြစ်မြောက်လေရာ၏။ (တိဋ္ဌတု ဧကော ပဗ္ဗတော = ရွှေတောင်ကြီးတခုကိုကား ထားဘိဦး)။ ဒွိတ္တာဝ = ဟိမဝန္တာလောက် နှစ်ပြန်ဆောက်သား မြင့်မောက်ခိုင်ဖြီး ရွှေတောင်ကြီးသော်(မှလည်း)။ ဧကဿ = တဦးသော ပုဂ္ဂိုလ်၏အတွက်။ န အလံ = တဏှာဆန္ဒ အလိုပြည့်ဝရန် မစွမ်းနိုင်ချေ။ ဣတိ = ဤသို့။ ဝိဒွါ = တဏှာဆန္ဒ ပြည့်ဝနိုင်ခဲ သူ့ဖြစ်နဲကို ဝေခွဲသိမြင် ပညာရှင်သည်။ သမံ = နှလုံး, နှုတ်, ကိုယ် ထိုထိုဒွါရ = သုံးဌာနဝယ် ဓမ္မနှင့်လျော်ညီ သုစရိုက်ဆယ်လီကို။ စရေ-စရေယျ = ကျင့်ကြံကြိုးကုတ် အားထုတ်ပွါးများရာ၏။

ယော ဒုက္ခမဒ္ဒက္ခိ ယတောနိဒါနံ၊

ကာမေသု သော ဇန္တု ကထံ နမေယျ။

ဥပဓိံ ဝိဒိတွာ သင်္ဂေါတိ လောကေ၊

တဿေဝ ဇန္တု ဝိနယာယ သိက္ခေ။

ယော ဇန္တု = အကြင်သတ္တဝါသည်။ ဒုက္ခံ = ဆင်းရဲဒုက္ခ အမျိုးမျိုးကို။ ယတောနိဒါနံ = အကြင် အာရုံငါးပါး ကာမတရားလျှင် အကြောင်းရင်းရှိ၏ဟူ၍။ အဒ္ဒက္ခိ = လင်းလင်းထင်ထင် သိမြင်၏။ သော ဇန္တု = “ဆင်းရဲဒုက္ခ ဟူသမျှကား ကာမဥပဓိ အကြောင်းရင်းရှိ”ဟု မြင်သိတတ်စွာ ထိုသတ္တဝါသည်။ ကာမေသု = ဝတ္ထုအာရုံ ကာမဂုဏ်တို့၌။ ဝါ- ကာမဝတ္ထု အစုစုတို့၌။ ကထံ နမေယျ = ဘယ်သို့ထူးတောင်း ဘယ်အကြောင်းကြောင့် အကောင်းထင်ကာ စိတ်ညွတ်ရာအံ့နည်း။ လောကေ = ယခုနေကျ လူ့လောက၌။ ဥပဓိံ = ကာမဝတ္ထု အစုစုတည်းဟူသော ကာမုပဓိတရားကို။ သင်္ဂေါတိ = ရာဂ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိတို့ဖြင့် ငြိကပ်တွယ်တာရာ

၅၀၈

တရားဟူ၍။ ဝိဒိတွာ = ပိုင်းခြားထင်ထင် သိမြင်၍။ ဇန္တု = သတ္တဝါသည်။ တဿေ၀ = ထိုကာမဝတ္ထု တရားအစုကိုပင်လျှင်။ ဝိနယာယ = ပယ်ဖျောက်ခြင်းငှါ။ သိက္ခေ-သိက္ခေယျ = သိက္ခာသုံးပါး ပွါးများကျင့်ကြံရာ၏။

     ဤတရားဂါထာတို့ဖြင့် ထိတ်လန့်စေပြီးလျှင် “ဟယ် မာရ်ယုတ်.. သင်၏ အဆုံးအမကား တခြားသာတည်း။ ငါဘုရား၏ အဆုံးအမကား တပါးသာတည်း၊ (သင်ကား ဝတ္ထု,ကိလေ နှစ်ထွေသော ကာမတရားကို ကြိုးစား၍ အရယူရန် ဆုံးမသည်။ ငါဘုရားကား ထိုကာမတရားကို ပယ်ဖျောက်ရန် ဆုံးမသည်ဟု ဆိုလိုသည်)။ သင်နှင့် အတူတကွ တရားကို နှီးနှောမှုမည်သည် (အဘယ်နည်းဖြင့်မျှ) မဖြစ်နိုင်၊ မှန်၏- ငါဘုရားကား ဤဆိုလတ္တံ့သောအတိုင်း ဆုံးမ၏”ဟု မိန့်ဆိုတော်မူ၍ ဤဆိုလတ္တံ့သော တရားဂါထာ သုံးဂါထာတို့ကို ဟောကြားတော်မူ၏-

အတ္ထမှိ ဇာတမှိ သုခါ သဟာယာ၊

တုဋ္ဌီ သုခါ ယာ ဣတရီတရေန။

ပုညံ သုခံ ဇီဝိတသင်္ခယမှိ၊

သဗ္ဗဿ ဒုက္ခဿ သုခံ ပဟာနံ။ (၁)

(လောကေ = ယခုနေကျ လူ့လောက၌)။ အတ္ထမှိ = ကိစ္စကြီးငယ် အသွယ်သွယ်သည်။ ဇာတမှိ = ဘဝအလျောက် ပေါ်ပေါက် ဖြစ်ပွါးလတ်သော်။ သဟာယာ = ဆွေတော်မိတ်သင်း သူငယ်ချင်းတို့သည်။ သုခါ = ချမ်းသာနိုင်ခြင်း အကြောင်းရင်းတို့ ဖြစ်ကုန်၏၊ (က)။ ဣတရီတရေန = ရတတ်သမျှ ပစ္စယဖြင့်။ ယာ တုဋ္ဌီ = အကြင် နှစ်သက်စံပယ် ရောင့်ရဲလွယ်ခြင်းသည်။ (အတ္ထိ = ရှိ၏။ သာ တုဋ္ဌီ = ထိုရသမျှနှင့် မျှတရောင့်ရဲခြင်းသည်)။ သုခါ = ချမ်းသာနိုင်ခြင်း အကြောင်းရင်းဖြစ်ပေ၏၊ (ခ)။ ဇီဝိတသင်္ခယမှိ = အသက်ကုန်လာ သေခါနီးအခါ၌။

၅၀၉

ပုညံ = အဇ္ဈာသယ ဆန္ဒအလျောက် ကျင့်ဆောက်ခဲ့ပြီး ကုသိုလ်ကောင်းမှု အသီးသီးသည်။ သုခါ = ချမ်းသာနိုင်ခြင်း အကြောင်းရင်းဖြစ်ပေ၏။ (ဂ)။ သဗ္ဗဿ ဒုက္ခဿ = ကြွင်းမဲ့ဥဿုံ အလုံးစုံသော သံသရာဝဋ်ဒုက္ခကို။ ပဟာနံ = ပယ်စွန့်ရာဖြစ်သော အရဟတ္တမဂ်သည်။ သုခါ = ချမ်းသာရခြင်း အကြောင်းရင်းဖြစ်ပေ၏၊ (ဃ)။ ။(ဤ၌။ ။သုခ၏ အကြောင်းကို သုခဟူ၍ ဖလူပစာအားဖြင့် ဟောကြားတော်မူ၏၊ နောက်ဂါထာတို့၌လည်း ဤနည်းအတူပင်တည်း။ ဤဂါထာဖြင့် ချမ်းသာရကြောင်း လေးပါးကို ဟောပြတော်မူ၏)။

သုခါ မတ္တေယျတာ လောကေ၊

အထော ပေတ္တေယျတာ သုခါ။

သုခါ သာမညတာ လောကေ၊

အထော ဗြဟ္မညတာ သုခါ။ (၂)

လောကေ = ယခုနေကျ လူ့လောက၌။ မတ္တေယျတာ = ကျေးဇူးအရှင် မွေးမိခင်၌ ကြည်ရွှင်လုလု ပြုစုလုပ်ကျွေးခြင်းသည်။ သုခါ = ချမ်းသာရခြင်း အကြောင်းရင်း ဖြစ်ပေ၏၊ (၁)။ အထော = ထိုမှတပါး။ ပေတ္တေယျတာ = ကျေးဇူးအရှင် မွေးဖခင်၌ ကြည်ရွှင်လုလု ပြုစုလုပ်ကျွေးခြင်းသည်။ သုခါ = ချမ်းသာရခြင်း အကြောင်းရင်း ဖြစ်ပေ၏၊ (၂)။ လောကေ = ယခုနေကျ လူ့လောက၌။ သာမညတာ = ရသေ့ရဟန်း ပရိဗိုဇ်တို့၌ နှစ်ခြိုက်ကြည်ထွေ ရိုသေလေးမြတ် ဆည်းကပ်လှူဒါန်းခြင်းသည်။ သုခါ = ချမ်းသာရခြင်း အကြောင်းရင်း ဖြစ်ပေ၏၊ (၃)။ အထော = ထိုမှတပါး။ ဗြဟ္မညတာ = မကောင်းမှုများ ပယ်စွန့်ရှားသည့် ဘုရား ပစ္စေကာ အရိယာသာဝကတို့၌ နှစ်ခြိုက်ကြည်ထွေ ရိုသေလေးမြတ် ဆည်းကပ်လှူဒါန်းခြင်းသည်။ သုခါ = ချမ်းသာရခြင်း အကြောင်းရင်း ဖြစ်ပေ၏၊ (၄)။ ။(ဤဂါထာဖြင့်လည်း

၅၁၀

ချမ်းသာရကြောင်း လေးပါးကို ဟောပြတော်မူ၏)။

သုခံ ယာ၀ ဇရာ သီလံ၊

သုခါ သဒ္ဓါ ပတိဋ္ဌိတာ။

သုခေါ ပညာယ ပဋိလာဘော၊

ပါပါနံ အကရဏံ သုခံ။ (၃)

သီလံ = ငါးပါး, ရှစ်ပါး, ဆယ်ပါးစသည် ထိုဤများလှ ကျင့်သီလသည်။ ယာဝ ဇရာ = ဆံဖြူသွားကြွေ သားရေယိုယွင်း အိုမင်းသည်တိုင်အောင်။ သုခံ = ချမ်းသာရကြောင်း ကောင်းမြတ်တင့်တယ်လှပေ၏။ (I)။

(ပတ္တမြားနားဍောင်း နီမြန်းသော အဝတ်တန်းဆာ- စသည်တို့သည် ထိုထိုအရွယ်၌ တည်သော သူတို့အားသာ တင့်တယ်ကြကုန်၏၊ လူငယ်တို့၏ အဆင်တန်းဆာသည် ကြီးသောအခါ၌ မတင့်တယ်၊ ကြီးသူတို့၏ အဆင်တန်းဆာသည် ငယ်စဉ်အခါ၌ မတင့်တယ်၊ အကယ်၍ ကြီးသူက လူငယ်တို့၏ အဆင်တန်းဆာကို ဆင်မြန်းလာလျှင်၎င်း, လူငယ်က လူကြီးတို့၏ အဆင်တန်းဆာကို ဆင်မြန်းလာလျှင်၎င်း “ဤသူ ရူးသွပ်လာသည် ထင်ပါ၏”ဟု ကဲ့ရဲ့မှုကို ဖြစ်စေသဖြင့် အပြစ်ကိုသာ ဖြစ်စေ၏။ ငါးပါးသီလ, ဆယ်ပါးသီလ- အစရှိသော သီလအကျင့်ကား လူငယ်အား၎င်း, လူကြီးအား၎င်း အရွယ်သုံးပါး၌ပင် တင့်တယ်၏။ “ဩ.. ဤသူကား သီလရှိသူပါတည်း”ဟု ချီးမွမ်းခြင်းကို ဖြစ်စေသဖြင့် နှစ်သက်ဝမ်းမြောက်မှု ပီတိ, သောမနဿ တရားကို ရွက်ဆောင်ပေ၏ဟု ဆိုလိုသည်)။

ပတိဋ္ဌိတာ = မတုန်မလှုပ် သက်ဝင်ယုံကြည်ကာ ကောင်းစွာတည်တံ့သော။ သဒ္ဓါ = လောကီ လောကုတ္တရာ သဒ္ဓါတရားသည်။ သုခါ = ချမ်းသာရကြောင်း ကောင်းမြတ် တင့်တယ်လှပေ၏။ (II)။ ပညာယ = လောကီ လောကုတ္တရာ ပညာနှစ်ပါးကို။ ပဋိလာဘော = လုံ့လထန်ပြင်း အရယူနိုင်ခြင်းသည်။ သုခေါ = ချမ်းသာရကြောင်း ကောင်းမြတ် တင့်တယ်လှပေ၏။ (III)။ ပါပါနံ = အကုသိုလ်စု မကောင်းမှုတို့ကို။

၅၁၁

အကရဏံ = အနုသယ အကြောင်းကိုပါပယ်ရှင်း မပြုခြင်းသည်။ သုခံ = ချမ်းသာရကြောင်း ကောင်းမြတ် တင့်တယ်လှပေ၏။ (IIII)။ (ဤဂါထာဖြင့်လည်း ချမ်းသာရကြောင်း လေးပါးကို ဟောပြတော်မူ၏)။

     ဒေသနာနိဂုံး ဆုံးသောအခါ အကုဋေမက များလှစွာသော နတ်အပေါင်းတို့သည် သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြကုန်၏။ (ဓမ္မပဒ-ဋ္ဌ၊ ၂၊ မျက်နှာ ၃၂၄-မှ)။

မာရဝတ္ထု ပြီး၏။

**********

ပေါက္ခရသာတိပုဏ္ဏားကြီးအကြောင်း

(ဒီ၊ ၁၊ ၃-အမ္ဗဋ္ဌသုတ်မှ)

(ဤပေါက္ခရသာတိ ပုဏ္ဏား၏ အကြောင်းအရာ အကျယ်ကို သီလက္ခန္ဓဝဂ် ပိဋကတ်မြန်မာပြန်မှ ထုတ်ယူမှတ်သားရာ၏၊ ဤကျမ်း၌ကား အတတ်နိုင်ဆုံး အကျဉ်းချုံး၍ ရေးသားပြဆိုပေအံ့)–

     တနေ့သောအခါ မြတ်စွာဘုရားရှင်သည် မိုးသောက်ထ ကာလဝယ် သတ္တလောကကို ကြည့်ရှုတော်မူလတ်သော် ကိုယ်တော်၏ သဗ္ဗညုတဉာဏ်တော် ကွန်ရက်၌ ပေါက္ခရသာတိပုဏ္ဏားကြီး ဝင်လာသဖြင့် ထိုပုဏ္ဏား၏ ရှေးကောင်းမှု ဥပနိဿယည်းကို ဆက်၍ ဆင်ခြင်တော်မူသောအခါ သောတာပတ္တိမဂ်၏ ဥပနိဿယည်းကို မြင်တော်မူ၍-

“ပေါက္ခရသာတိ ဆရာပုဏ္ဏားကြီးသည် ငါဘုရား ဣစ္ဆာနင်္ဂလဇနပုဒ်သို့ ကြွသွားလျှင် လက္ခဏာတော်ကြီးငယ်ကို စုံစမ်းရန် တပည့်ဖြစ်သူ အမ္ဗဋ္ဌပုဏ္ဏားလုလင်ကို စေလွှတ်လိမ့်မည်၊ အမ္ဗဋ္ဌသည် ငါဘုရားနှင့် စကား အပြိုင်အဆိုင်ပြော၍ အထူးထူးသော သူယုတ်တို့၏စကားကို ပြောကြားလိမ့်မည်။ ငါဘုရားသည် ထိုအမ္ဗဋ္ဌလုလင်ကို ဆုံးမကာ မာန်မာနအဆိပ်အတောက် ကင်းပျောက်အောင် ပြုရလိမ့်မည်၊ အမ္ဗဋ္ဌလုလင်သည် ဆရာပေါက္ခရသာတိ ပုဏ္ဏားကြီးအား

၅၁၂

အကြောင်းအကျိုး ပြန်ကြား ပြောဆိုလိမ့်မည်။ ထိုအခါ သူ၏ဆရာ ပေါက္ခရသာတိ ပုဏ္ဏားကြီးသည် ထိုစကားကို ကြားသိရ၍ ငါဘုရား၏အထံသို့ လာရောက်၍ ငါဘုရား၏ လက္ခဏာတော်ကြီးငယ်တို့ကို စုံစမ်းလိမ့်မည်၊ ထိုဆရာပုဏ္ဏားကြီးအား ငါဘုရား တရားဟောကြားရပေလိမ့်မည်၊ ထိုပုဏ္ဏားကြီးသည် တရားနိဂုံး ဆုံးသောအခါ သောတာပတ္တိဖိုလ်၌ တည်လိမ့်မည်”-

ဟု ဖြစ်အံ့သော အကြောင်းအရာများကိုလည်း ခွဲခြားကြိုတင် သိမြင်တော်မူကာ ရဟန်းငါးရာခြံရံလျက် ကောသလတိုင်းဖက်သို့ ခရီးဒေသစာရီ ကြွချီတော်မူခဲ့ရာ အစဉ်သဖြင့် ကောသလတိုင်း အဝင်အပါ ဣစ္ဆာနင်္ဂလ ပုဏ္ဏားရွာသို့ ဆိုက်ရောက်တော်မူ၍ ထိုရွာ၏အနီး “ဣစ္ဆာနင်္ဂလ”အမည်ရှိသော တောအုပ်ကြီး၌ သီတင်းသုံး နေထိုင်တော်မူ၏။

     ထိုအခါ ပသေနဒီ ကောသလမင်းတရား မြို့စားခန့်အပ်ချက်အရ ပေါက္ခရသာတိ ပုဏ္ဏားသည် လူနေစည်ကား မြက်, ထင်း, ရေ, ဆန်, စပါး ပေါများသည့် ဥက္ကဋ္ဌမြို့ကို စိုးအုပ်နေထိုင်ဆဲ ဖြစ်လေသည်။

(မြို့တည်မည် ပြုသောအခါ မီရှူးမီးတိုင်များ ထွန်းညှိထားစဉ် မြို့ရာကို သတ်မှတ် တည်ထားအပ်သောကြောင့် မြို့အမည်ကို ဥက္ကဋ္ဌမြို့ဟု ခေါ်တွင်စေသည်။ ဥက္ကာ = မီးရှူးမီးတိုင်များ ထွန်းညှိထားစဉ် + ဌာ = တည်ထားအပ်သောမြို့)။

ပေါက္ခရသာတိပုဏ္ဏားအကြောင်း- ဤပုဏ္ဏားသည် ကဿပမြတ်စွာဘုရား လက်ထက်တော်အခါ ဗေဒင်သုံးရပ် ကမ်းခတ်အောင် တတ်သိသူ ပုဏ္ဏားဖြစ်၍ အလှူပေး တရားနာပြီးလျှင် နတ်ပြည်၌ ဖြစ်ခဲ့လေသည်

သူသည် နတ်ပြည်မှ စုတေခဲ့၍ ဤလူ့ပြည်သို့ လာရောက်သောအခါ အမိဝမ်း၌ နေရခြင်းကို စက်ဆုပ်၍ ဟိမဝန္တာအနီး အိုင်ကြီးတခုဝယ် ပဒုမာကြာတိုက်၌ သံသေဒဇ ပဋိသန္ဓေ တည်နေဖြစ်ပွါးလာလေသည်။ ထိုရေအိုင်ကြီး၏အနီး၌ ရသေ့တဦးသည် သင်္ခမ်းကျောင်း ဆောက်လုပ်ကာ နေထိုင်၏၊ ရသေ့သည် ရေအိုင်ကမ်းနား၌ ရပ်တည်လျက်

၅၁၃

ထိုပဒုမာကြာဖူးကြီးကို အထူးတဆန်း တွေ့မြင်ရ၍ “ဤပဒုမာကြာဖူးကြီးသည် အခြားပဒုမာကြာဖူးများထက် ထူးချွန်၍ ကြီးလှ၏၊ ပွင့်သောအခါ၌ ထိုကြာပန်းကို ငါခူးယူအံ့”ဟု ကြံစည်လေသည်။

ထိုကြာဖူးကြီးကား ခုနစ်ရက်ရှိ၍လည်း မပွင့်သေးချေ၊ ရသေ့သည် “အဘယ့်ကြောင့် ဤကြာဖူးကြီးသည် ခုနစ်ရက်ရှိ၍လည်း မပွင့်သနည်း၊ ယခုပင် ငါသည် ထိုကြာဖူးကို ခူးတော့အံ့”ဟု ကြံစည်ကာ အိုင်တွင်းသို့ဆင်း၍ ခူးယူလေ၏၊ ကြာဖူးသည် ရသေ့က ကြာရိုးမှ ဖြတ်လိုက်လျှင် ဖြတ်လိုက်ခြင်း ပွင့်၍လာလေ၏။ ထိုအခါ ထိုကြာပန်း၏အတွင်း၌ ရွှေမှုန်ဖြင့် ကြဲဖြန့် လိမ်းကျံအပ်သည့် ငွေရုပ်တုပမာ ပဒုမာကြာဝတ်မှုံတို့ဖြင့် ကြဲဖြန့်လိမ်းကျံအပ်သည့် ငွေစင်အသွေး ဖွေးဖွေးဖြူသော သူငယ်ကို အထူးတဆန်း တွေ့ရလေ၏။

ရသေ့သည် “ဤသူငယ်ကား ဘုန်းကြီးသူ ဖြစ်လိမ့်မည်။ ယခုပင် ငါသည် ထိုသူငယ်ကို သုတ်သင်ကျွေးမွေးအံ့”ဟု ကြံစည်အောက်မေ့၍ သင်္ခမ်းကျောင်းသို့ ယူဆောင်ကာ သုတ်သင်ကျွေးမွေးပြီးလျှင် ခုနစ်နှစ် အရွယ်ကစ၍ ဗေဒင်သုံးပုံတို့ကို သင်ကြားပေးလေသည်။ သူငယ်သည် ဗေဒင်သုံးရပ် ကမ်းခတ်အောင် တတ်သိ၍ ဇမ္ဗူဒိပ်ကျွန်းအပြင်ဝယ် အလွန်ထင်ရှားသော ပုဏ္ဏားဆရာကြီး ဖြစ်လာလေသည်။ ထိုပုဏ္ဏားဆရာကြီးသည် နောက်တချိန်၌ ကောသလမင်းကြီးအား အတတ်ပညာကို ပြလေသည်၊ ထိုအခါ သူ၏အတတ်၌ ကြည်ညိုရကား ကောသလမင်းကြီးသည် ရှေးဖော်ပြရာပါ ဥက္ကဋ္ဌမြို့ကြီးကို မြို့စားခန့်အပ် ပေးသနားလေသည်။ ဤသို့လျှင် ထိုပုဏ္ဏားကို ကြာတိုက်၌ ပဋိသန္ဓေ ကိန်းတည်နေလာသောကြောင့် ပေါက္ခရသာတိပုဏ္ဏားဟူ၍ လူအများ အသိအမှတ်ပြုကြကုန်၏။

ထိုပုဏ္ဏား၏ကိုယ်သည် ကြာဖြူအဆင်းရှိလျက် နတ်မြို့တံခါးဝဝယ် စိုက်ထူအပ်သော တုရိုဏ်တိုင်ကဲ့သို့ တင့်တယ်လှ၏၊ သူ၏ဦးခေါင်းကား ဣန္ဒနီလာ ကျောက်သို့ကဲ့သို့ မည်းညိုသော အဆင်းရှိ၏၊ မုတ်ဆိတ်သည်လည်း လဝန်း၌ အမည်းကြောင်းကလေး ရေးဆွဲထားသကဲ့သို့ ထင်ရ၏။ မျက်လုံးတို့သည် ကြာညိုနှင့် တူကြလျက် နှာခေါင်းနှာတံကား ငွေကျည်တောက်ကဲ့သို့ ကောင်းစွာလုံးဝန်း သန့်ရှင်းစင်ကြယ်၏၊ လက်ခြေဖဝါး နှုတ်ခမ်းများမှာလည်း ချိတ်ရည်ဖြင့် အပြေအပြစ် ပြုအပ်သကဲ့သို့ ရှိကုန်၏၊ ပုဏ္ဏား၏အတ္တဘောကား အလွန်တင့်တယ်လှ၏၊

၅၁၄

မင်းမရှိသော အရပ်၌ ဤပုဏ္ဏားကို မင်းပြုလုပ်စေရန် သင့်လျော်သူဖြစ်၏၊ ဤသို့လျှင် ထိုပုဏ္ဏားကား ကြက်သရေရှိလှ၏၊ ဤသို့လျှင် ထိုပုဏ္ဏားကို ကြာဖြူနှင့် တူသောကြောင့် “ပေါက္ခရသာတိ”ဟု အသိအမှတ်ပြုကြလေသည်။ အဋ္ဌကထာမှ)။

     ပေါက္ခရသာတိ ပုဏ္ဏားကြီးသည် အောက် ဝေရဉ္ဇပုဏ္ဏားကြီးနည်းတူ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးသတင်းကို ကြားသိလေသည်။ ထိုပေါက္ခရသာတိ ပုဏ္ဏားဆရာကြီးမှာ ဗေဒင်သုံးရပ်နှင့်တကွ ပုဏ္ဏားတို့တတ်အပ်ရာ ကျမ်းအမျိုးမျိုး၌ တတ်ကျွမ်းသိမြင်၍ ဆရာကြီးကိုယ်တိုင်ကပင် တန်းတူထား၍ မြှောက်စားအပ်သော “အမ္ဗဋ္ဌ”ခေါ် အန္တေဝါသိက အနီးနေတပည့်ကြီး ပုဏ္ဏားလုလင်တယောက် ရှိလေသည်။

     ထိုအခါ ပေါက္ခရသာတိ ဆရာကြီးသည် အန္တေဝါသိကတပည့် အမ္ဗဋ္ဌလုလင်ကို မိမိကြားသိရသော မြတ်စွာဘုရား၏ ဂုဏ်သတင်းများကို ထုတ်ဖော်ပြောကြားပြီးလျှင် “ချစ်သားအမ္ဗဋ္ဌ.. သင် သွားပါ၊ ရဟန်းဂေါတမရှိရာအရပ်သို့ သင်သွားပြီးလျှင် ရဟန်းဂေါတမကို ‘သူ၏ ကျော်စောသတင်းသည် အမှန်အတိုင်း ပြန့်နှံ့၍ ထွက်သလော၊ အမှန်အတိုင်းမဟုတ်ပဲ ပြန့်နှံ့၍ ထွက်သလော။ သူသည် ကျော်စောသည့်အတိုင်း မှန်သလော၊ မမှန်သလော’ဟု ငါတို့သိနိုင်ရန် စုံစမ်းချေလော့”ဟူ၍ စေခိုင်းပြောဆိုလေ၏။

     ထိုအခါ အမ္ဗဋ္ဌလုလင်က “အိုဆရာကြီး.. ‘ထိုအရှင်ဂေါတမ၏ ကျော်စောသံသည် အမှန်အတိုင်း ပြန့်နှံ့၍ ထွက်သလော၊ အမှန်အတိုင်းမဟုတ်ပဲ ပြန့်နှံ့၍ ထွက်သလော၊ ထိုအရှင်ဂေါတမသည် ကျော်စောသည့်အတိုင်း မှန်သလော၊ မမှန်သလော’ဟု ထိုအရှင်ဂေါတမကို အကျွန်ုပ်သည် အဘယ်သို့လျှင် သိအောင် စုံစမ်းရပါမည်နည်း”ဟူ၍ မေးလေလျှင် ပေါက္ခရသာတိဆရာကြီးက “ချစ်သားအမ္ဗဋ္ဌ.. ငါတို့ ဗေဒင်ကျမ်းများ၌ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်လက္ခဏာတို့ တိုက်ရိုက်လာရှိကုန်၏၊ ယင်းလက္ခဏာတို့နှင့် ပြည့်စုံသော ယောက်ျားမြတ်အဖို့ရာ အဖြစ်နှစ်မျိုးသာရှိ၍

၅၁၅

အခြားသောအဖြစ် မရှိကုန်၊ ထိုယောက်ျားမြတ်သည် လူ့ဘောင်၌နေလျှင် လေးကျွန်းသနင်း စကြာမင်းဖြစ်၍ ရဟန်းပြုလျှင် လူသုံးပါး၌ ဘုရားစင်စစ် ဖြစ်၏၊ ချစ်သားအမ္ဗဋ္ဌ.. ငါသည် သင့်အား ဗေဒင်ကျမ်းများကို သင်ကြားပေးသူဖြစ်၍ သင်ကား ဗေဒင်ကျမ်းများကို သင်ကြားနာယူပြီးသူ ဖြစ်လေသည်”ဟု ရှင်းလင်း ပြောကြားလေ၏။

(ပေါက္ခရသာတိ ပုဏ္ဏားကား အစဉ်းစားဉာဏ်ရှိသူ ဖြစ်သည့်အတိုင်း “ဤလောက၌ ‘ငါဘုရား.. ငါဘုရား’ဟု ထင်ရှားသူ၏ အမည်ကိုယူ၍ ပူရဏကဿပ- အစရှိသော များစွာသောသူတို့သည် လှည့်လည်လျက် ရှိကြသည်။ ထို့ကြောင့် ငါသည် တဆင့်ကြားမှုဖြင့်ပင် ဆည်းကပ်ရန် မသင့်ချေ။ မှန်၏- အချို့ပုဂ္ဂိုလ်ကို ဆည်းကပ်မိလျှင် ဖဲခွါဖို့ရန်လည်း ခဲယဉ်းဝန်လေးသည့်ပြင် အကျိုးမဲ့လည်း ဖြစ်တတ်သည်၊ သို့ရကား ငါသည် တပည့်အမ္ဗဋ္ဌလုလင်ကို စေလွှတ်၍ ဘုရားဟုတ်မဟုတ် သေချာစွာ စုံစမ်းသိရှိပြီးမှ ဆည်းကပ်ရမူ ကောင်းလေစွာ့”ဟု စဉ်းစားဆင်ခြင်မိသောကြောင့် အမ္ဗဋ္ဌလုလင်ကို စေလွှတ်ခြင်းဖြစ်သည်)။

     ထိုအခါ အမ္ဗဋ္ဌလုလင်သည် “ကောင်းပါပြီ ဆရာကြီး..”ဟု ဝန်ခံပြီးလျှင် နေရာမှထကာ ဆရာကြီးကို ရှိခိုးအရိုအသေပေးပြီးနောက် ဆရာကြီးစီးသည့် မြည်း(လား)ကသော ရထားကို စီးနင်း၍ လုလင်ငယ်ပေါင်း များစွာတို့နှင့်တကွ ဣစ္ဆာနင်္ဂလ တောအုပ်ရှိရာသို့ သွားရောက်လေ၏။ ဣစ္ဆာနင်္ဂလတောအုပ်သို့ ရောက်ရှိလျှင် ယာဉ်ဖြင့် သွားနိုင်သမျှသွား၍ တံခါးမုခ်အနီးသို့ ရောက်သောအခါ ယာဉ်မှ ဆင်းပြီးသော် ခြေလျင်သာလျှင် ကျောင်းတိုက်သို့ ဝင်လေ၏။ (ထိုအချိန်ကား နေမွန်းတည့်အချိန် ဖြစ်သည်)။

     ထိုအချိန်၌ နေ့ကမ္မဋ္ဌာန်းအလုပ် အားထုတ်ကြသည့် များစွာသော ရဟန်းတို့သည် ဟင်းလင်းလွင်ပြင်၌ စင်္ကြံသွားနေကုန်၏။ ထိုအခါ အမ္ဗဋ္ဌလုလင်သည် ထိုရဟန်းတို့ထံ သွားရောက်ပြီးလျှင် ထိုရဟန်းတို့ကို-

၅၁၆

“အရှင်တို့.. အရှင်ဂေါတမသည် ယခု အဘယ်မှာနေပါသနည်း၊ အကျွန်ုပ်တို့သည် ထိုအရှင်ဂေါတမကို ဖူးမြော်ရန် ဤအရပ်သို့ ကပ်ရောက်လာပါကုန်၏”-

ဟု ပြောဆိုလေ၏။ ထိုအခါ ထိုရဟန်းတို့၏ စိတ်သန္တာန်ဝယ်-

“ဤအမ္ဗဋ္ဌလုလင်သည် ထင်ရှားသောအမျိုး၌လည်း ဖြစ်၏။ ထင်ရှားသော ပေါက္ခရသာတိပုဏ္ဏား၏ တပည့်လည်းဖြစ်၏။ မြတ်စွာဘုရား၏အဖို့ရာ ဤသို့သော အမျိုးကောင်းသားများနှင့်အတူ စကားနှီးနှော ပြောဆိုမှုသည် ဝန်လေးမည်မဟုတ်”-

ဟု ကြံစည်ကြပြီးလျှင် အမ္ဗဋ္ဌလုလင်ကို-

“အမ္ဗဋ္ဌ.. တံခါးပိတ်ထားသော ထို(ဟောဟို)ကျောင်းသို့ တိတ်ဆိတ်စွာ ချဉ်းကပ်ပြီးနောက် မုခ်ဦးသို့ ဖြည်းညှင်းစွာဝင်၍ ချောင်းဟန့်ပြီးလျှင် တံခါးရွက်ကို ခေါက်လော့၊ မြတ်စွာဘုရားသည် သင့်အား တံခါးဖွင့်ပေးပါလိမ့်မည်”-

ဟု မိန့်ဆိုကြကုန်၏။

     ထိုအခါ အမ္ဗဋ္ဌလုလင်သည် ရဟန်းများပြောသည့်အတိုင်း သွား၍ တံခါးကိုခေါက်၏၊ မြတ်စွာဘုရားသည် တံခါးကို ဖွင့်တော်မူ၏၊ အမ္ဗဋ္ဌလုလင်သည် ကျောင်းတွင်းသို့ဝင်၏။ လုလင်ငယ်များသည်လည်း ကျောင်းတွင်းသို့ ဝင်ကြ၍ မြတ်စွာဘုရားနှင့် အတူတကွ ဝမ်းမြောက်ဝမ်းသာစကား ပြောကြားကြပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ထိုင်နေကြကုန်၏။

(ဤ၌။ ။ဘုရားရှင် ကိုယ်တိုင်ထ၍ တံခါးဖွင့်ပေးသည်မဟုတ်၊ စင်စစ်သော်ကား မြတ်စွာဘုရားရှင်သည် “တံခါးပွင့်စေသတည်း”ဟု အောက်မေ့တော်မူကာ လက်တော်ကို ဆန့်တန်းလိုက်၏။ ထိုအခါ “မြတ်စွာဘုရား.. ကမ္ဘာပေါင်း ကုဋေပေါင်းများစွာ အလှူဒါန ပေးတော်မူခဲ့သော အရှင်ဘုရားတို့သည် မိမိလက်ဖြင့် တံခါးဖွင့်ပေးရမည့်ကံမျိုး ပြုတော်မူခဲ့ကြသည် မဟုတ်ပါ”ဟု ပြောဆိုသည့်ပမာ အလိုလိုပင်

၅၁၇

တံခါးပွင့်သွားလေ၏၊ ထိုသို့ အလိုလိုပင် တံခါးပွင့်လာခြင်းမှာ မြတ်စွာဘုရား၏ (တံခါးကို ပွင့်စေလိုသော) စိတ်အလိုတော်ကြောင့် ပွင့်လာခြင်းဖြစ်ရကား ပါဠိတော်၌ “ဝိဝရိ ဘဂဝါ ဒွါရံ”ဟူ၍ ဟောတော်မူသည်၊ မြန်မာပြန်၌လည်း “မြတ်စွာဘုရားသည် တံခါးကို ဖွင့်တော်မူ၏”ဟု ရေးသားခြင်းဖြစ်သည်)။

အမ္ဗဋ္ဌလုလင်၏ အပြုအမူများ

     အမ္ဗဋ္ဌလုလင်သည်ကား မြတ်စွာဘုရားရှင်၏ ရူပကာယ အသရေတော်၌ စိတ်ကြည်ညိုမှုကိုမျှသော်လည်း မပြုနိုင်ပဲ “မြတ်စွာဘုရားကို ငါမောင်းမဲအံ့”ဟူသော အကြံမျိုးဖြင့် ရင်၌ဖွဲ့ချည်ထားသော တဘက်ကို ဖြေ၍ လည်၌ တွဲလျားချပြီးလျှင် လက်တဖက်ဖြင့် ပုဆိုးအနားကို ဆွဲကိုင်လျက် စင်္ကြံသို့ တက်ရောက်ကာ မိမိကိုယ်တိုင်က ရံခါ စင်္ကြံသွားလျက်၎င်း, ရံခါ ရပ်လျက်၎င်း, ထိုင်နေတော်မူသော မြတ်စွာဘုရားရှင်အား ရံခါ လက်ရုန်းကို ပြလျက်၎င်း, ရံခါ ရင်ပတ်ကို ပြလျက်၎င်း, ရံခါ ကျောက်ကုန်းကို ပြလျက်၎င်း, ရံခါ လက်၏ ဖောက်ပြန်ခြင်းကို ပြုလျက်၎င်း, ရံခါ မျက်မှောင်၏ ဖောက်ပြန်ခြင်း(မျက်မှောင်ကုတ်ခြင်း)ကို ပြုလျက်၎င်း-

“အိုအရှင်ဂေါတမ.. အရှင်၏အဖို့ရာ ဓာတ်လေးပါး ညီမျှပါ၏လော၊ ဆွမ်းအစာအာဟာရဖြင့်ကော မပင်ပန်းပဲ ရှိပါ၏လော၊ သင့်အဖို့ရာ မပင်ပန်းသော အခြင်းအရာသာ ထင်ပါ၏။ မှန်၏- အရှင်၏ အင်္ဂါကြီးငယ်တို့ကား ဆူဖြိုးကုန်၏၊ အလွန်လည်း ကြည်ညိုဖွယ်ရှိပါကုန်၏။ ရောက်လေရာရာ အရပ်တိုင်း၌ အရှင်ဘုရားအား လူများအပေါင်းတို့သည် ‘မင်းမျိုးမှ ရဟန်းပြုသော သူပေ’ ဟူ၍၎င်း, ‘မြတ်စွာဘုရားပါပေ’ ဟူ၍၎င်း အလွန် မြတ်နိုးတနာ ဖြစ်ရှိကြကာ ကောင်းပေ့, ဩဇာရှိပေ့ဆိုသော အစာအာဟာရများကို ပေးလှူကြကုန်၏။ အချင်းတို့.. ရှုကြစမ်းပါလော့၊(အရှင်ဂေါတမ၏) နေအိမ်သည် ဆန်းကြယ်သော စရပ်ကဲ့သို့ ရှိဘိ၏။ နတ်၌ဖြစ်သော

၅၁၈

ပြာသာဒ်ဆောင်ကဲ့သို့ ရှိဘိ၏။ ဤ(သူအိပ်သည့်) ညောင်စောင်းကို ရှုကြစမ်းပါလော့၊ (သူအုံးသည့်) ခေါင်းအုံးကို ရှုကြစမ်းပါလော့၊ ဤသို့စဉ် ကောင်းမွန်လှသော နေရာ၌ နေထိုင်သော သူ၏အဖို့ရာ ရဟန်းတရား အားထုတ်ရန် အဘယ်မှာလျှင် ငြိုငြင်ခဲယဉ်းမှု ရှိနိုင်တော့အံ့နည်း”-

ဤသို့ အစရှိသည်ဖြင့် ပြက်ရယ် ပြောင်လှောင်သော စကား, သူတော်စင်တို့အကျင့် မဟုတ်သောအနေဖြင့် အမှတ်ရဖွယ်စကား (သာမန်လူများအဖို့ တသက်လုံး နာကျည်းဖွယ်ကောင်းသော စကား)များကိုသာ ပြောဆို၍ နေလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် “ဤအမ္ဗဋ္ဌလုလင်ကား လက်ကိုဆန့်၍ ဘဝဂ်ကို ဆွဲကိုင်ယူလိုသူကဲ့သို့၎င်း, ခြေကိုဆန့်၍ အဝီစိငရဲသို့ လှည့်လည်လိုသူကဲ့သို့၎င်း, မဟာသမုဒြာကို ကူးခတ်လိုသူကဲ့သို့၎င်း, မြင်းမိုရ်တောင်ထက်သို့ တက်လိုသော သူကဲ့သို့၎င်း အရာမဟုတ်သည်၌ အားထုတ်ဘိ၏၊ ယခုအခါ ငါဘုရားသည် ထိုအမ္ဗဋ္ဌလုလင်နှင့် စကားနှီးနှော ပြောဆိုပေအံ့”ဟု ကြံစည် ဆင်ခြင်တော်မူကာ အမ္ဗဋ္ဌလုလင်ကို-

“အမ္ဗဋ္ဌ.. ယခု သင်သည် စင်္ကြံသွားလျက် ရပ်လျက်ပင် ထိုင်နေသော ငါဘုရားနှင့် စိုးစဉ်းစိုးစဉ်းသော (သူတော်စင်တို့ အကျင့်မဟုတ်သည့်အနေဖြင့်) အမှတ်ရဖွယ်စကားကို (မရိုမသေ) ပြောကြားသည့်နည်းတူ အသက်ကြီးလင့် အရွယ်ရင့်ကုန်သော ဆရာပုဏ္ဏား, ဆရာ့ဆရာ ပုဏ္ဏားတို့နှင့် စကားပြောဆိုမှု ပြုသလော”-

ဟု (စကားစ၍) မေးတော်မူလေ၏။ ထိုအခါ အမ္ဗဋ္ဌလုလင်သည်-

“အိုအရှင်ဂေါတမ.. ဤသို့ မပြောဆိုပါ၊ အိုအရှင်ဂေါတမ.. သွားနေသော ဆရာပုဏ္ဏားနှင့် စကားပြောလိုသော တပည့်ပုဏ္ဏားသည် သွားလျက်သာလျှင် ပြောရပါသည်။ အိုအရှင်ဂေါတမ.. ရပ်နေသော ဆရာပုဏ္ဏားနှင့် စကားပြောလိုသော တပည့်ပုဏ္ဏားသည် ရပ်လျက်သာလျှင်

၅၁၉

ပြောရပါသည်။ အိုအရှင်ဂေါတမ.. ထိုင်နေသော ဆရာပုဏ္ဏားနှင့် စကားပြောလိုသော တပည့်ပုဏ္ဏားသည် ထိုင်လျက်သာလျှင် ပြောရပါသည်။ အိုအရှင်ဂေါတမ.. လျောင်းနေသော ဆရာပုဏ္ဏားနှင့် စကားပြောလိုသော တပည့်ပုဏ္ဏားသည်လည်း လျောင်းလျက်သာလျှင် ပြောရပါသည်”-

ဟူ၍ ဆိုလေသည်။

ဇာတ်နိမ့်ဟူသောစကားဖြင့် ရှေးဦးစွာ ရှုတ်ချခြင်း

     (ဤ၌။ ။တပည့်ပုဏ္ဏားသည် ဆရာပုဏ္ဏားနှင့် သွား, ရပ်, ထိုင် တည်းဟူသော ဣရိယာပုထ် သုံးပါးတို့၌သာ စကားပြောဆိုရိုး ရှိသော်လည်း အမ္ဗဋ္ဌလုလင်သည်ကား မာန်မာန ခက်ထန်လှသောကြောင့် လျောင်းခြင်းဟူသော ဣရိယာပုထ်ကိုပါ ထည့်သွင်း ပြောဆိုလေသည်၊ သို့ရကား) မြတ်စွာဘုရားရှင်သည် အမ္ဗဋ္ဌလုလင်ကို “အမ္ဗဋ္ဌ.. သွားနေသော တပည့်ပုဏ္ဏားက သွားနေသော ဆရာပုဏ္ဏားနှင့်၎င်း, ရပ်နေသော တပည့်ပုဏ္ဏားက ရပ်နေသော ဆရာပုဏ္ဏားနှင့်၎င်း, ထိုင်နေသော တပည့်ပုဏ္ဏားက ထိုင်နေသော ဆရာပုဏ္ဏားနှင့်၎င်း အတူတကွ စကားပြောဆိုခြင်းမည်သည်ကို ခပ်သိမ်းသော ဆရာပုဏ္ဏားတို့၌ပင် ရအပ်ပေ၏။ သင်တမူကား အိပ်နေလျက် အိပ်နေသော ဆရာပုဏ္ဏားနှင့် အတူတကွ စကားပြောဆို၏၊ (ဤသို့ဆိုလျှင် နွားနှင့် တူလှချေတကား။) သင့်ဆရာက-တည်း နွားဖြစ်လေသလော၊ သင်က-တည်း နွားဖြစ်လေသလော”ဟု (သူ၏ စကားကျအတိုင်း) မေးမြန်းတော်မူလေသော် အမ္ဗဋ္ဌလုလင်သည် ပြင်းစွာ အမျက်ထွက်ပြီးလျှင်-

“အိုအရှင်ဂေါတမ.. ဇာတ်နိမ့် မည်းညစ်ကုန်လျက် ဗြဟ္မာ့ခြေဖမိုးမှ ပေါက်ဖွားကြသည့် ဦးပြည်းယုတ် ရဟန်းယုတ်တို့နှင့်မူကား ယခု အရှင်ဂေါတမနှင့် စကားပြောဆိုသကဲ့သို့ပင် အကျွန်ုပ်၏ စကားပြောဆိုခြင်းသည် ဖြစ်ပါ၏”-

၅၂၀

ဟူ၍ “ဇာတ်နိမ့်”ဟူသော စကားဖြင့် ရှေးဦးစွာ ရှုတ်ချပြောဆိုလေ၏။

(ဤ၌။ ။အမ္ဗဋ္ဌ၏အယူမှာ- “ပုဏ္ဏားများသည် ဗြဟ္မာ၏ခံတွင်းမှ မွေးဖွား ထွက်လာကြသည်၊ မင်းများသည် ဗြဟ္မာ၏ရင်မှ မွေးဖွား ထွက်လာကြသည်။ ကုန်သည် (=အသည်များသည်) ဗြဟ္မာ၏ချက်မှ မွေးဖွား ထွက်လာကြသည်၊ ဆင်းရဲသားများသည် ဗြဟ္မာ၏ဒူးမှ မွေးဖွား ထွက်လာကြသည်၊ ရဟန်းများသည် ဗြဟ္မာ၏ ခြေဖမိုးမှ မွေးဖွား ထွက်လာကြသည်”ဟူ၍ အယူရှိလေသည်။ ။ဤသို့ အယူရှိကာ ရဟန်းများကို ဇာတ်အနိမ့်ကျဆုံး ထားရှိကာ ပြောဆိုသော အမ္ဗဋ္ဌသည် မည်သူမည်ဝါဟူ၍ မမှတ်မသား ပြောဆိုအပ် သော်လည်း “မြတ်စွာဘုရားကိုသာလျှင် ငါပြောဆိုအံ့”ဟူသော ရည်ရွယ်ချက်ဖြင့် ပြောဆိုလေသည်)။

     ထိုအခါ မြတ်စွာဘုရားရှင်သည် “ဤအမ္ဗဋ္ဌလုလင်သည် ရောက်လာသောအချိန်မှ အစပြု၍ ငါဘုရားနှင့် အတူတကွ စကားပြောဆိုသည်ရှိသော် မာန်မာနကိုသာမှီ၍ ပြောဆို၏။ လျင်သော အဆိပ်ရှိသော မြွေကို လည်၌ဆုပ်ကိုင်သော သူကဲ့သို့၎င်း, မီးပုံကြီးကို ဖက်ရမ်းသူကဲ့သို့၎င်း, အမုန်ယစ်သော ဆင်ပြောင်ကြီးကို နှာမောင်း၌ ဆွဲကိုင်သောသူကဲ့သို့၎င်း မိမိ၏ပမာဏ (=အတိုင်းအရှည်)ကို မသိရှာချေ၊ ယခုအခါ ငါဘုရား သည် ထိုအမ္ဗဋ္ဌလုလင်ကို သိစေအံ့”ဟု ကြံစည် ဆင်ခြင်တော်မူ၍-

“အမ္ဗဋ္ဌ.. ဤအရပ်သို့ သင်၏လာခြင်းသည် ကိစ္စရှိ၍ လာခြင်းဖြစ်သည်။ သင်တို့သည် အကြင်ကိစ္စအလို့ငှါ လာကြကုန်၏။ ထိုကိစ္စကိုသာလျှင် ကောင်းစွာ နှံလုံးသွင်းကုန်ရာ၏။ (၁)

အိုး.. အမ္ဗဋ္ဌလုလင်သည်ကား မလိမ္မာသေးပဲလျက် မိမိကိုယ်ကို လိမ္မာပြီးဟု မှတ်ထင်နေ၏၊ ယင်းသို့ ပြုမူပြောဆိုခြင်း၌ မလိမ္မာသေးသည်မှလွဲ၍ အခြား မည်သည့်အကြောင်းမျှ မရှိချေ။ (၂)”

ဟူ၍ မိန့်တော်မူ၏။ ။(ဤ၌။ ။၁-စာပိုဒ်ဝယ် “သင့်ကို သင့်ဆရာက မိမိကိစ္စဖြင့် စေလွှတ်လိုက်သည်၊ ငါဘုရားတို့ကို

၅၂၁

ယခုလို လွှမ်းမိုးရှုတ်ချစကား ပြောကြားရန် လွှတ်လိုက်သည်မဟုတ်၊ ထို့ကြောင့် သင့်ဆရာ စေလွှတ်လိုက်သည့် ကိစ္စကို နှလုံးသွင်းလော့”ဟု ဆိုလိုသည်။ ဤသို့လျှင် အမ္ဗဋ္ဌအား မြတ်စွာဘုရားရှင်သည် သူတပါးတို့ထံ လာရောက်သူတို့ လိုက်နာကျင့်သုံးရမည့် ဝတ်တရားကို ပြတော်မူပြီးလျှင် အမ္ဗဋ္ဌ၏ မာန်မာနကို နှိမ်ချိုးခြင်းငှါ ၂-အမှတ်ပြ စကားရပ်ကို မိန့်ဆိုတော်မူသည်)။

     ထိုအခါ အမ္ဗဋ္ဌလုလင်သည် မိမိကို မြတ်စွာဘုရားရှင်က “မလိမ္မာသေး”ဟူသော စကားဖြင့် ဆိုအပ်ရကား အမျက်ထွက်ကာ နှလုံးမသာယာပဲ မြတ်စွာဘုရားကိုပင် ပုတ်ခတ်လို ရှုတ်ချလို စွပ်စွဲလိုသည်ဖြစ်၍ “အချင်းတို့.. ငါသည် ရဟန်းဂေါတမကိုလည်း ထိပါးစေမည်”ဟူသော ရည်ရွယ်ချက်ဖြင့် မြတ်စွာဘုရားရှင်ကို-

“အရှင်ဂေါတမ.. သာကီဝင်မင်းမျိုးသည် ခက်ထန်၏။ ကြမ်းတမ်း၏၊ စိတ်နေသဘောထား နုလှ၏။ စကား များ၏၊ ဇာတ်နိမ့်သူများ ဖြစ်ကြလျက် ပုဏ္ဏားတို့ကို မရိုသေကုန်၊ အလေးမပြုကုန်၊ မမြတ်နိုးကြကုန်၊ မပူဇော်ကြကုန်၊ မတုပ်ဝပ်ကြကုန်၊ အရှင်ဂေါတမ၏ သာကီဝင်မင်းများသည် ဇာတ်ရှိသူများ ဖြစ်ကြလျက် ပုဏ္ဏားတို့ကို မရိုသေခြင်း အလေးမပြုခြင်း မမြတ်နိုးခြင်း မပူဇော်ခြင်း မတုပ်ဝပ်ခြင်းသည် အလျှင်းပင် မသင့်လျော် မလျောက်ပတ်ပေ”-

ဟု ပြောဆိုလေ၏။ ဤသို့လျှင် အမ္ဗဋ္ဌလုလင်သည် သာကီဝင်မင်းတို့ကို ဇာတ်နိမ့်သူဟူသော စကားဖြင့် ရှေးဦးစွာ (ပဌမအကြိမ်) ရှုတ်ချပြောဆိုလေ၏။

ဇာတ်နိမ့်သူဟူသောစကားဖြင့် ဒုတိယအကြိမ် ရှုတ်ချခြင်း

     ထိုအခါ မြတ်စွာဘုရားရှင်သည် အမ္ဗဋ္ဌလုလင်ကို “အမ္ဗဋ္ဌ.. သာကီဝင်မင်းတို့သည် သင့်အပေါ်မှာ အဘယ်ကဲ့သို့များ ပြစ်မှားဘူးကုန်သနည်း”ဟု မေးတော်မူ၏၊ အမ္ဗဋ္ဌလုလင်က

၅၂၂

မြတ်စွာဘုရားရှင်ကို “အရှင်ဂေါတမ.. တချိန်က အကျွန်ုပ်သည် ဆရာကြီး ပေါက္ခရသာတိ၏ ကိစ္စတခုဖြင့် ကပိလဝတ်ပြည်သို့ သွားရောက်ခဲ့ပါသည်၊ သာကီဝင်မင်းတို့၏ စည်းဝေးဆောင်ခန်းမသို့ ရောက်ခဲ့ပါသည်၊ ထိုစဉ်အခါ များစွာသော (အဘိသိက်သွန်းပြီး) သာကီဝင်မင်းတို့သည်၎င်း, (အဘိသိက် မသွန်းရသေးသည့်) သာကီဝင် မင်းသားတို့သည်၎င်း အချင်းချင်း ကလိထိုး၍ ပြင်းစွာရယ်ကြ ပြင်းစွာ ကစားကြလျက် စည်းဝေးဆောင်ခန်းမတွင် မြင့်သောနေရာတို့၌ ထိုင်နေကြကုန်၏၊ စင်စစ်မူ အကျွန်ုပ်ကိုသာ ရယ်ကြသည်ဟု ထင်၏၊ မည်သူ တဦးတယောက်မျှ အကျွန်ုပ်ကို နေရာဖြင့်လည်း မဖိတ်ပါ (နေရာမပေးပါ)။ အို အရှင်ဂေါတမ.. ဤသို့ သာကီဝင်မင်းများသည် ဇာတ်နိမ့်သူများ ဖြစ်ကြလျက် ပုဏ္ဏားတို့ကို မရိုသေခြင်း အလေးမပြုခြင်း မမြတ်နိုးခြင်း မပူဇော်ခြင်း မတုပ်ဝပ်ခြင်းသည် အလျှင်းပင် မသင့်လျော် မလျောက်ပတ်ပေ”ဟု ဆိုလေ၏။ ဤသို့လျှင် အမ္ဗဋ္ဌလုလင်သည် သာကီဝင်မင်းတို့ကို ဤဇာတ်နိမ့်သူဟူသော စကားဖြင့် နှစ်ကြိမ်မြောက် (=ဒုတိယအကြိမ်) ရှုတ်ချပြောဆိုလေ၏။

(အဘယ့်ကြောင့် သာကီဝင်မင်းတို့က ဤကဲ့သို့ ပြက်ရယ်ပြောင်လှောင်မှု ပြုကြသနည်းဟူမူ ထိုသာကီဝင်မင်းတို့ကား အမ္ဗဋ္ဌ၏ အမျိုးအနွယ်ကို သိသူများ ဖြစ်ကြသည်။ ဤအမ္ဗဋ္ဌလုလင်ကလည်း ထိုအချိန်၌ ခြေဖျားတိုင်အောင် တွဲလျားချ၍ ဝတ်အပ်သော အဝတ်၏ ပုဆိုးအနားကို လက်တဖက်ဖြင့် ဆွဲကိုင်၍ ပခုံးရိုးကိုညွတ်လျက် (လက်တဖက်က ပုဆိုးစကိုဆွဲလျက် ကျန်လက်တဖက်ကို လက်သီးဆုပ်ကာ တောင့်တင်းစွာ အောက်သို့ချကြည့်ပါ၊ ပခုံးရိုးကို ညွတ်သည့်ပုံ ပေါ်လာပါလိမ့်မည်) မာန်မာနဖြင့် ယစ်သကဲ့သို့ လာနေ၏၊ ထိုအခါ “အချင်းတို့.. ငါတို့၏ ကျွန်ဖြစ်သူ ကဏှာယန အနွယ်ရှိသော အမ္ဗဋ္ဌ၏ လာပုံကို ကြည့်ကြစမ်းပါလော့”ဟု ပြောဆိုကြလျက် ဤကဲ့သို့ ကလိထိုး၍ ပြင်းစွာရယ်ခြင်း ပြင်းစွာကစားခြင်း အမှုကို ပြုကြလေသည်။ အမ္ဗဋ္ဌသည်လည်း မိမိ၏ အမျိုးအနွယ်ကို သိသူဖြစ်လေသည်၊ ထို့ကြောင့် “ငါ့ကိုသာ ရယ်သွမ်းသွေးကြသည်”ဟု အမှန်အတိုင်း ကြံစည် စဉ်းစားမိလေသည်)။

၅၂၃

ဇာတ်နိမ့်သူဟူသောစကားဖြင့် တတိယအကြိမ် ရှုတ်ချခြင်း

     ထိုအခါ မြတ်စွာဘုရားရှင်သည် အမ္ဗဋ္ဌလုလင်ကို “အမ္ဗဋ္ဌ.. ဘီလုံးငှက်မငယ်ပင်သော်လည်း မိမိ၏ အသိုက်၌ အလိုရှိတိုင်း မြည်နိုင်သေး၏။ အမ္ဗဋ္ဌ.. ကပိလဝတ်ပြည်ကား သာကီဝင်မင်းတို့၏ ကိုယ်ပိုင်ပြည် ဖြစ်ပေ၏၊ အမောင်အမ္ဗဋ္ဌသည် ဤအသေးအဖွဲ အမှုကလေးမျှဖြင့် အခဲမကြေ မဖြစ်ထိုက်ပါ”ဟူ၍ မိန့်တော်မူ၏။

     ဤသို့ မြတ်စွာဘုရားရှင်က ဘီလုံးငှက်မငယ် ဥပမာထား၍ ဟောကြားတော်မူသောအခါ အမ္ဗဋ္ဌလုလင်သည် “ဤရဟန်းဂေါတမကား မိမိ၏ ဆွေမျိုးများကို ဘီလုံးငှက်မငယ် ဥပမာထား၍ ငါတို့ကို ဟင်္သာ, ကြိုးကြာ, ဥဒေါင်းတို့နှင့် တူသည်တို့ကို ပြု၏၊ ယခုအခါ မာန်မာနကင်းသူတယောက် ဖြစ်လေပြီ”ဟု အောက်မေ့မှတ်ထင်ကာ တဆင့်တက်၍ အမျိုးလေးပါးကို ဖော်ပြလျက် “အရှင်ဂေါတမ.. မင်း, ပုဏ္ဏား, ကုန်သည်, သူဆင်းရဲဟူသော = ဤအမျိုးလေးပါးတို့ ရှိကြပါသည်။ အရှင်ဂေါတမ.. ဤအမျိုးလေးပါးတို့တွင် မင်း, ကုန်သည်, သူဆင်းရဲဟူသော = အမျိုး၃-ပါးတို့သည် ပုဏ္ဏားမျိုး၏ အလုပ်အကျွေးသာ စင်စစ် ဖြစ်ကုန်၏၊ အိုအရှင်ဂေါတမ.. ဤသို့ သာကီဝင်မင်းများသည် ဇာတ်နိမ့်သူများ ဖြစ်ကြလျက် ပုဏ္ဏားတို့ကို မရိုသေခြင်း အလေးမပြုခြင်း မမြတ်နိုးခြင်း မပူဇော်ခြင်း မတုပ်ဝပ်ခြင်းသည် အလျှင်းပင် မသင့်လျော် မလျောက်ပတ်ပေ”ဟု ဆိုလေ၏။

     ဤသို့လျှင် အမ္ဗဋ္ဌလုလင်သည် သာကီဝင်မင်းတို့ကို ဤဇာတ်နိမ့်သူဟူသော စကားဖြင့် သုံးကြိမ်မြောက် (=တတိယအကြိမ်) ရှုတ်ချပြောဆိုလေ၏။

အမ္ဗဋ္ဌလုလင် ကျွန်မ၏သား ဖြစ်ပုံကို ထင်ရှားစေခြင်း

     ထိုအခါ မြတ်စွာဘုရားရှင်၏ စိတ်သန္တာန်ဝယ် “ဤအမ္ဗဋ္ဌလုလင်သည် သာကီဝင်မင်းမျိုးတို့ကို ‘ဇာတ်နိမ့်သူများ’ဟူသော စကားဖြင့် အပြင်းအထန် ဖိနှိပ်၍သာ နေဘိ၏၊ ငါဘုရားသည်

၅၂၄

သူ၏အနွယ်ကို မေးရမူ ကောင်းလေစွာ့”ဟု အကြံတော်ဖြစ်ရှိကာ အမ္ဗဋ္ဌလုလင်ကို မြတ်စွာဘုရားရှင်သည် “အမ္ဗဋ္ဌ.. သင်သည် အဘယ်အနွယ်ရှိသူ ဖြစ်သနည်း”ဟု မေးတော်မူလေ၏။ အမ္ဗဋ္ဌလုလင်သည် ကျယ်လောင်သောအသံဖြင့် “အရှင်ဂေါတမ.. အကျွန်ုပ်ကား ကဏှအနွယ်ရှိသူ ဖြစ်ပါ၏”ဟု သုံးကြိမ်တိုင် ဟစ်အော်၍ ပြောဆိုလေသည်။

(ဤ၌။ ။အမ္ဗဋ္ဌသည် ကဏှအနွယ်၏ မစင်ကြယ်ကြောင်းကို မသိသလောဟု မေးဖွယ်ရှိ၏၊ (အဖြေကား) မစင်ကြယ်ပုံကို သာမန်အားဖြင့်ကား သိ၏၊ ကဏှ၏ အတိတ်ဘဝ ဖြစ်ပုံကိုကား သူသည် မမြင်အပ်ပေ၊ ယင်းသို့ မမြင်သောကြောင့်ပင် “ရဟန်းကြီးသည် အဘယ်ကို ဆိုနိုင်လိမ့်မည်နည်း၊ မည်သို့မျှ ဆိုနိုင်လိမ့်မည်မဟုတ်”ဟု မှတ်ထင်ကာ မာန်မာန ခက်ထန်လှသောကြောင့် ဤသို့ ပြောဆိုလေသည်)။

     ထိုအခါ မြတ်စွာဘုရားရှင်သည် အမ္ဗဋ္ဌလုလင်အား သကျသာကီဝင် အမျိုးအနွယ်နှင့် ကဏှအမျိုးအနွယ် ဇစ်မြစ်အကြောင်းကို ဤသို့ ဟောတော်မူ၏-

“အမ္ဗဋ္ဌ.. သင်၏ မိဖဆိုင်ရာ ရှေးအမည်အနွယ်ကို အစဉ်လျှောက်၍ အောက်မေ့စိစစ်သော် သာကီဝင်မင်းတို့သည် အရှင်သခင်၏သားများ ဖြစ်ကုန်၏၊ သင်သည် သာကီဝင်မင်းတို့၏ ကျွန်မသားဖြစ်၏။

အမ္ဗဋ္ဌ.. သာကီဝင်မင်းတို့သည် ဩက္ကာကမင်းကို အဘိုးအရာ၌ ထားကြကုန်၏၊ အမ္ဗဋ္ဌ.. ရှေး၌ဖြစ်ဘူး အကြောင်းထူးကား ဩက္ကာကမင်းသည် ချစ်မြတ်နိုးအပ်သော မိဖုရားငယ်၏ သားတော်အား မင်းအဖြစ်ကို ဆောင်နှင်း ပေးအပ်တော်မူလို၍ ဥက္ကာမုခ, ကရကဏ္ဍ, ဟတ္ထိနိက, သိနိသူရဟူသော သားတော်ကြီးတို့ကို တိုင်းပြည်မှ နှင်ထုတ်တော်မူခဲ့၏။ (ထိုမင်းသားတို့၏ အမရင်း နှမရင်းများ ဖြစ်ကြသည့် ပိယာ, သုပ္ပိယာ, အာနန္ဒာ, ဝိဇိတာ, ဝိဇိတသေနာ = ဤမင်းသမီး ၅-ယောက်ကို့သည်လည်း ခမည်းတော်ကို ခွင့်ပန်၍ မင်းသားတို့နှင့်အတူ

၅၂၅

လိုက်ပါခဲ့ကြလေသည်)။ တိုင်းပြည်မှ နှင်ထုတ်ခံရကုန်သော ထိုသားတော်ကြီးတို့သည် ဟိမဝန္တာနံပါး ရေကန်၏အနီး ကျွန်းတောကြီး၌ မြို့တည်၍ နေကြကုန်၏၊ ထိုမင်းသားတို့သည် အမျိုးရောယှက် ပျက်မည်ကြောက်သဖြင့် မိမိတို့၏ နှမများနှင့် အိမ်ထောင်ပြုကြကုန်၏။

အမ္ဗဋ္ဌ.. ထိုအခါ ဩက္ကာကမင်းသည် မှူးမတ်ပရိသတ်တို့ကို “အချင်းတို့..ယခုအခါ သားတော်တို့သည် အဘယ်အရပ်မှာ နေကြသနည်း”ဟု မေးတော်မူ၏။ မှူးမတ် ပရိသတ်တို့က “အရှင်မင်းမြတ်.. ဟိမဝန္တာနံပါး ရေကန်၏အနီး ကျွန်းတောကြီး၌ မင်းသားတို့သည် ယခုအခါ မြို့တည်နေကြပါ၏၊ ထိုမင်းသားတို့သည် အမျိုးရောယှက် ပျက်မည်ကြောက်သဖြင့် မိမိတို့၏ နှမတော်များနှင့် အိမ်ထောင်ပြုကြပါကုန်သည်”ဟု တင်လျှောက်ကြကုန်၏။

အမ္ဗဋ္ဌ.. ထိုအခါ ဩက္ကာကမင်းသည် “အချင်းတို့.. သားတော်တို့သည် စွမ်းနိုင်ကုန်စွာ့တကား၊ အချင်းတို့.. သားတော်တို့သည် စွမ်းနိုင်ကုန်စွာ့တကား”ဟု ဥဒါန်း ကျူးရင့်လေသည်၊ အမ္ဗဋ္ဌ.. ထိုဥဒါန်းကို အစွဲပြု၍ သာကီဝင်မင်းတို့သည် သကျ-ဟု ထင်ရှားကုန်၏။ (သကျ = စွမ်းနိုင်သူများဟု ဆိုလိုသည်)။ ထိုဩက္ကာကမင်းသည် သာကီဝင်မင်းတို့၏ ရှေးဦးအစ ပုဂ္ဂိုလ်ဖြစ်၏။

ကဏှအနွယ်အစ

အမ္ဗဋ္ဌ.. ဩက္ကာကမင်းမှာ ဒိသာ-မည်သော ကျွန်မတဦးရှိ၏၊ ထိုကျွန်မသည် ကဏှမည်သော သားကို ဖွားမြင်၏၊ ကဏှသည် မွေးဖွားပြီးစမှာပင် ဤသို့ စကားဆို၏-

“အိုမိခင်.. အကျွန်ုပ်ကို ဆေးကြောကြပါ၊ အိုမိခင်.. အကျွန်ုပ်ကို ရေချိုးပေးကြပါ၊ အကျွန်ုပ်ကို ဤအညစ်အကြေးမှ

၅၂၆

လွတ်စေကြပါ၊ အကျွန်ုပ်သည် မိခင်တို့၏အကျိုးကို သည်ပိုးရွက်ဆောင်နိုင်သူ ဖြစ်ပါလိမ့်မည်”ဟု ဆို၏။

အမ္ဗဋ္ဌ.. ယခုအခါ လူတို့သည် ဘီလူး (=ပိသာစ)တို့ကို မြင်လျှင် “ဘီလူး (=ပိသာစ)တို့”ဟူ၍ သိမှတ်ကုန်သကဲ့သို့ ထိုစဉ်အခါ၌ လူတို့သည် ဘီလူး (=ပိသာစ)တို့ကို “ကဏှ”ဟူ၍ သိမှတ်ကုန်၏။ ထိုခေတ်လူတို့သည် “ဤသူငယ်ကား မွေးဖွားပြီးစမှာပင် စကားပြော၏၊ ကဏှမွေးဖွား၏၊ ဘီလူး (=ပိသာစ)ကလေးမွေးဖွား၏”ဟု ပြောဆိုကြကုန်၏။ အမ္ဗဋ္ဌ.. ထိုစကားကို အစွဲပြု၍ ကဏှအနွယ်ဝင်တို့သည် (ကဏှာယန-ဟု) ထင်ရှားကုန်၏။ ထိုကဏှသည်လည်း ကဏှအနွယ်ဝင်တို့၏ ရှေးဦးအစ ပုဂ္ဂိုလ်ဖြစ်၏။

အမ္ဗဋ္ဌ.. ဤသို့လျှင် သင်၏ မိဖဆိုင်ရာ ရှေးအမည် အနွယ်ကို အစဉ်လျှောက်၍ အောက်မေ့စိစစ်သော် သာကီဝင်မင်းတို့သည် အရှင်သခင်၏သားများ ဖြစ်ကုန်၏၊ သင်သည် သာကီဝင်မင်းတို့၏ ကျွန်မသား ဖြစ်၏”-

ဟူ၍ မိန့်ဆိုတော်မူလတ်သော် အမ္ဗဋ္ဌနှင့် အတူပါလာသူ ထိုလုလင်တို့သည် မြတ်စွာဘုရားရှင်ကို “အရှင်ဂေါတမသည် အမ္ဗဋ္ဌကို ကျွန်မသားဟူသော စကားဖြင့် အပြင်းအထန် မနှိပ်ပါလင့်၊ အိုအရှင်ဂေါတမ.. အမ္ဗဋ္ဌလုလင်သည် ကောင်းသောဇာတ်ရှိသူလည်း ဖြစ်ပါသည်။ အမျိုးကောင်းသားလည်း ဖြစ်ပါသည်။ အကြားအမြင်များသူလည်း ဖြစ်ပါသည်၊ စကားချေငံသူလည်း ဖြစ်ပါသည်၊ ပညာရှိလည်း ဖြစ်ပါသည်၊ အမ္ဗဋ္ဌလုလင်သည် ဤ(ကျွန်မသားဟူသော) စကား၌ အရှင်ဂေါတမနှင့် အတူဖက်ပြိုင်၍ ပြန်ပြောဆိုရန် စွမ်းနိုင်သူလည်း ဖြစ်ပါသည်”ဟု ဝိုင်းဝန်းကာ ကျယ်ကျယ်လောင်လောင် ပြောဆိုကြကုန်၏။

(ဤ၌။ ။ထိုလုလင်များ ဤသို့ ပြောကြားကြခြင်းမှာ ဆရာကြီးထံမှောက် ရောက်လတ်လျှင် အပြစ်တင်ခြင်းမှ လွတ်ရန်သာ ဖြစ်သည်။ ထိုလုလင်တို့၏ စိတ်သန္တာန်ဝယ် “အမ္ဗဋ္ဌသည် ငါတို့ဆရာကြီး၏

၅၂၇

တပည့်အကြီးဆုံး ဖြစ်လေသည်၊ အကယ်၍ ငါတို့သည် ဤကဲ့သို့ စကားအချေအတင် ပြောဆိုရာ၌ တခွန်းနှစ်ခွန်းမျှ ဝင်ရောက်၍ မပြောကြလျှင် ဤအမ္ဗဋ္ဌသည် ဆရာကြီးထံ၌ ငါတို့ကို စိတ်ဝမ်းကွဲအောင် ပြောဆိုလိမ့်မည်”ဟု ကြံစည် စဉ်းစားမိကြကာ အပြစ်တင်ခြင်းမှ ကင်းလွတ်ရန်သာ ဤကဲ့သို့ ပြောဆိုကြခြင်း ဖြစ်လေသည်။ စိတ်အလိုအားဖြင့်မူ ထိုအမ္ဗဋ္ဌ၏ အဖိအနှိပ်ခံရခြင်းကို အလိုရှိကြကုန်၏၊ မှန်၏- မာနအလွန်ကြီးသူ ဖြစ်သောကြောင့် အမ္ဗဋ္ဌကို ထိုလုလင်များကလည်း ပင်ကိုယ်ကပင် မုန်းနေပြီးသား ဖြစ်၏)။

     ထိုအခါ မြတ်စွာဘုရားရှင်သည် “အကယ်၍ ဤလုလင်ငယ်များသည် ဤနေရာ၌ ထိုင်နေကြလျက် ဤကဲ့သို့ ကျယ်လောင်သောအသံကိုသာ ပြုမူပြောဆိုနေကြလျှင် ယခုပြောဆိုနေဆဲစကားသည် အဆုံးသို့ ရောက်တော့မည်မဟုတ်၊ ယခုအခါ ထိုလုလင်တို့ကို အသံတိတ်အောင် ပြုပြီးလျှင် အမ္ဗဋ္ဌနှင့်သာ အတူတကွ စကားပြောဆိုပေအံ့”ဟု ကြံစည်ဆင်ခြင်တော်မူကာ ထိုလုလင်တို့ကို-

“လုလင်တို့.. အကယ်၍ ‘အမ္ဗဋ္ဌသည် ဇာတ်နိမ့်သူ, အမျိုးကောင်းသား မဟုတ်သူ, အကြားအမြင် နည်းပါးသူ, စကားမချေငံသူ, ပညာမဲ့သူဖြစ်၍ ဤ(ကျွန်မသား ဟူသော) စကား၌ ရဟန်းဂေါတမနှင့်အတူ တုံ့ပြန်ပြောဆိုရန် မစွမ်းနိုင်သူ’ဟု သင်လုလင်တို့ ထင်မြင်ယူဆကြလျှင် အမ္ဗဋ္ဌလုလင်သည် အသာနေပါစေ၊ သင်တို့သည်သာ ဤစကား၌ ငါဘုရားနှင့်အတူ ဖက်ပြိုင် ပြောဆိုကြလော့။ အကယ်၍ ‘အမ္ဗဋ္ဌသည် ကောင်းသော ဇာတ်ရှိသူ, အမျိုးကောင်းသားဖြစ်သူ, အကြားအမြင်များသူ, စကားချေငံသူ, ပညာရှိသူဖြစ်၍ ဤစကား၌ ရဟန်းဂေါတမနှင့်အတူ တုံ့ပြန်ပြောဆိုရန် စွမ်းနိုင်သူ’ဟု သင်လုလင်တို့ ထင်မြင်ယူဆကြလျှင် သင်တို့ အသာနေကြကုန်၊ အမ္ဗဋ္ဌလုလင်သည်သာ ငါဘုရားနှင့်အတူ တုံ့ပြန်ပြောဆိုပါစေ”-

ဟူ၍ မိန့်တော်မူလေ၏။

၅၂၈

ထိုအခါ လုလင်ငယ်တို့သည် “အမ္ဗဋ္ဌသည် ‘သင်ကား ကျွန်မသားဖြစ်၏’ဟူ၍ ဆိုအပ်လျှင်ပင် နောက်တဖန် ဦးခေါင်း မထောင်နိုင်တော့ချေ။ ဤဇာတ်မည်သည်ကို သိနိုင်ခဲ၏။ အကယ်၍များ ရဟန်းဂေါတမက တခြားတဦးတယောက်ကို ‘သင်သည် ကျွန်တည်း’ဟု ပြောဆိုလိုက်လျှင် အဘယ်သူသည် ထိုရဟန်းဂေါတမနှင့် ဖက်ပြိုင်၍ တရားတွေ့နိုင်အံ့နည်း (=မတွေ့နိုင်သည်သာ)၊ အမ္ဗဋ္ဌသည် မိမိ ဖွဲ့ချည် ထားသော အထုပ်ကြီးကို မိမိပင် ဖြေပစေတော့”ဟု ကြံစည်ကြကာ မိမိတို့ကိုယ်ကို အလွတ်ရုန်း၍ အမ္ဗဋ္ဌ၏ အပေါ်မှာပင် တာဝန်ပစ်ချလိုကြကုန်သည်ဖြစ်၍ မြတ်စွာဘုရားရှင်ကို-

“အိုအရှင်ဂေါတမ.. အမ္ဗဋ္ဌလုလင်သည် ကောင်းသော ဇာတ်လည်း ရှိသူ, အမျိုးကောင်းသားလည်း ဖြစ်သူ, အကြားအမြင်လည်း များသူ, စကားလည်း ချေငံသူ, ပညာလည်း ရှိသူဖြစ်၍ သူသည် အရှင်ဂေါတမနှင့် ဖက်ပြိုင်၍ ဤ(ကျွန်မသားဟူသော) စကား၌ တုံ့ပြန်ပြောဆိုရန် စွမ်းနိုင်သူလည်း ဖြစ်ပါသည်၊ အကျွန်ုပ်တို့သည် ဆိတ်ဆိတ်သာ နေပါကုန်အံ့၊ အမ္ဗဋ္ဌလုလင်သည်သာ စကား၌ အရှင်ဂေါတမနှင့်အတူ ဖက်ပြိုင်တုံ့ပြန် ပြောဆိုပါစေ”-

ဟူ၍ တိမ်းရှောင်စကား ပြောကြားကြလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် အမ္ဗဋ္ဌလုလင်ကို ဤသို့ မေးတော်မူ၏-

“အမ္ဗဋ္ဌ.. အကြောင်းလုံလောက်သော ဤမေးခွန်းသည် သင့်ထံသို့ ရောက်လာ၏။ သင်အလိုမရှိသော်လည်း ကြားရပေလိမ့်မည်။ အကယ်၍ သင်သည် အတိအကျမဖြေပဲ နေသော်၎င်း, တခြားတပါးကို လှီးလွှဲပြောဆိုနေသော်၎င်း, ဆိတ်ဆိတ်နေသော်၎င်း, အရပ်တပါး ဖဲခွါသွားသော်၎င်း ဤနေရာ၌ပင် သင့်ဦးခေါင်းသည် ခုနစ်စိတ် ကွဲပေလိမ့်မည်။

၅၂၉

အမ္ဗဋ္ဌ.. ယခု ငါဘုရားမေးမည့်စကားကို သင် မည်သို့မှတ်ထင် သဘောကျသနည်း၊ အသက်ကြီးလင့် အရွယ်ရင့်ကြသည့် ဆရာပုဏ္ဏား, ဆရာ့ဆရာပုဏ္ဏားတို့ ပြောဆိုကြသည်ကို သင် အဘယ်သို့ ကြားဘူးသနည်း၊ ကဏှအနွယ်ဝင်တို့သည် အဘယ်မှစ၍ ဖြစ်ကုန်သနည်း၊ ကဏှအနွယ်ဝင်တို့၏ ရှေးဦးအစ ပုဂ္ဂိုလ်ကား အဘယ်သူနည်း”-

ဟု မေးတော်မူ၏။

     ဤသို့ မေးတော်မူအပ်သော် အမ္ဗဋ္ဌလုလင်သည် ဆိတ်ဆိတ်နေ၏။ ။(ဤ၌။ ။အမ္ဗဋ္ဌလုလင်၏ အကြံမှာ “ရဟန်းဂေါတမသည် ငါ့ကို ကိုယ်တိုင်ပင် ကျွန်မသားအဖြစ်ကို နှုတ်မြွက် ပြောဆို ဝန်ခံစေလို၏။ ကိုယ်တိုင် နှုတ်မြွက်ပြောဆို ဝန်ခံအပ်သော်ကား ဧကန်ပင် ကျွန်ဖြစ်တော့သည်သာတည်း၊ ဤရဟန်းဂေါတမသည် နှစ်ကြိမ်သုံးကြိမ် ငါ့ကို မေးမြန်း၍ ငါက အဖြေမပေးလျှင် ဆိတ်ဆိတ်ပင် နေပေလိမ့်မည်။ ထိုအခါ ငါသည် လှည့်၍ ပြန်သွားပေအံ့”ဟု ကြံစည်၍ ဆိတ်ဆိတ်နေခြင်း ဖြစ်သည်)။ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားရှင်သည် အမ္ဗဋ္ဌလုလင်ကို-

“အမ္ဗဋ္ဌ.. ယခု ငါဘုရားမေးမည့် စကားကို သင် မည်သို့ မှတ်ထင်သဘောကျသနည်း၊ အသက်ကြီးလင့် အရွယ်ရင့်ကြသည့် ဆရာပုဏ္ဏား, ဆရာ့ဆရာပုဏ္ဏားတို့ ပြောဆိုကြသည်ကို သင် အဘယ်သို့ ကြားဘူးသနည်း၊ ကဏှအနွယ်ဝင်တို့သည် အဘယ်မှစ၍ ဖြစ်ကုန်သနည်း၊ ကဏှအနွယ်ဝင်တို့၏ ရှေးဦးအစ ပုဂ္ဂိုလ်ကား အဘယ်သူနည်း”-

ဟု မေးတော်မူ၏။ နှစ်ကြိမ်မြောက်လည်း အမ္ဗဋ္ဌလုလင်သည် (သူကြံထားသည့်အတိုင်း) ဆိတ်ဆိတ်သာလျှင် နေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် အမ္ဗဋ္ဌလုလင်ကို-

“အမ္ဗဋ္ဌ.. ယခု ဖြေကြားလော့၊ ယခုအခါ သင့်အဖို့ရာ ဆိတ်ဆိတ်နေရန် အခါမဟုတ်၊ အမ္ဗဋ္ဌ.. အကြင်သူသည်

၅၃၀

သုံးကြိမ်တိုင်တိုင် အကြောင်းလုံလောက်သော မေးခွန်းကို မြတ်စွာဘုရားက မေးအပ်ပါလျက် မဖြေပဲနေငြားအံ့၊ ထိုသူ၏ဦးခေါင်းသည် ယင်းသည့်နေရာ၌ပင် ခုနစ်စိတ်ကွဲလတ္တံ့”-

ဟု မိန့်တော်မူ၏။

     ထိုစဉ်အခါ သိကြားမင်းသည် ဘီလူးအသွင်ဖြင့် ရဲရဲပြောင်ပြောင် တောက်လောင်စွဲငြိ မီးအလျှံရှိသော သံတူကြီးကို စွဲကိုင်ပြီးလျှင် “ဤအမ္ဗဋ္ဌလုလင်သည် သုံးကြိမ်တိုင်တိုင် အကြောင်းလုံလောက်သော မေးခွန်းကို မြတ်စွာဘုရားက မေးအပ်ပါလျက် အကယ်၍ မဖြေပဲနေခဲ့လျှင် ထိုအမ္ဗဋ္ဌ၏ဦးခေါင်းကို ဤနေရာ၌ပင် ခုနစ်စိတ် ခွဲပေအံ့”ဟု ကြံရွယ်၍ အမ္ဗဋ္ဌလုလင်၏အထက် ကောင်းကင်၌ ရပ်တည်လာ၏၊ ထိုဘီလူးအသွင်ရှိသော သိကြားမင်းကို မြတ်စွာဘုရားရှင်နှင့် အမ္ဗဋ္ဌလုလင်တို့သာ မြင်ကြရ၏။

(ဤ၌။ ။သိကြားမင်းက အဘယ့်ကြောင့် လာရသနည်းဟု မေးဖွယ်ရှိ၏။ (အဖြေကား) မိစ္ဆာအယူကို စွန့်စေဖို့ရန် လာရောက်သည်ဟု ဖြေ။ (တနည်းကား) အောက် ဗြဟ္မယာစန (တရားဟောရန် ဗြဟ္မာမင်း တောင်းပန်သည့်) အခဏ်းတုန်းက သိကြားမင်းသည် သဟမ္ပတိဗြဟ္မာကြီးနှင့် အတူတကွ လိုက်ပါလာရောက်၍ “မြတ်စွာဘုရား.. အရှင်ဘုရားတို့သည် တရားဟောတော်မူကြပါ၊ အရှင်ဘုရားတို့၏ အာဏာ၌ မလိုက်ပါ ဖီဆန်နေသော သူများကို အကျွန်ုပ်တို့သည် လိုက်ပါစေကုန်အံ့။ အရှင်ဘုရားတို့ဖက်က ဓမ္မစက်ဖြစ်ပါစေ၊ အကျွန်ုပ်တို့ဖက်က အာဏာစက် ဖြစ်ပါစေမည်”ဟု ဝန်ခံခဲ့လေပြီ၊ ထို့ကြောင့် ထိုဝန်ခံချက်အတိုင်း “ယနေ့ အမ္ဗဋ္ဌကို ထိတ်လန့်စေ၍ ပြဿနာကို ဖြေဆိုစေမည်”ဟူသော ရည်ရွယ်ချက်ဖြင့် လာရောက်ခြင်းဖြစ်သည်။

“ဘီလူးအသွင်ရှိသော သိကြားမင်းကို မြတ်စွာဘုရားရှင်နှင့် အမ္ဗဋ္ဌလုလင်တို့သာ မြင်ကြရ၏”ဟူသော စကားရပ်၌ ဘီလူးအသွင်ရှိသော သိကြားမင်းကို အခြားသူများလည်း အကယ်၍ မြင်နေကြရလျှင် ထိုအကြောင်းသည် မလေးစားအပ်သော အကြောင်းသာ ဖြစ်လေရာ၏၊ “ဤရဟန်းဂေါတမသည် အမ္ဗဋ္ဌလုလင်ကို မိမိဝါဒ၌ မသက်ဝင်သည်ကို သိ၍ ဘီလူးကို ခေါ်ဆောင်၍ ပြလေသည်။ ထို့ကြောင့် အမ္ဗဋ္ဌသည်

၅၃၁

ကြောက်သဖြင့်သာ မပြောလိုပဲ ပြောရရှာသည်”ဟု ကဲ့ရဲ့စကား ပြောကြားကြလေရာ၏၊ ထို့ကြောင့် မြတ်စွာဘုရားရှင်နှင့် အမ္ဗဋ္ဌတို့သာ မြင်ကြရအောင် သိကြားမင်းက ဖန်ဆင်းပြသလေသည်)။

     ထိုဘီလူးအသွင်ကို မြင်ရလျှင်ပင် အမ္ဗဋ္ဌ၏ တကိုယ်လုံးမှ ချွေးများ ဖြိုင်ဖြိုင်ယိုစီး၍ ကျလာကုန်၏၊ ဝမ်းတွင်းတခုလုံးသည် အထက်အောက် လှည့်လည်ကာ တဂျုံးဂျုံးမြည်လျက် ရှိ၏၊ အမ္ဗဋ္ဌလုလင်သည် “အခြားလုလင်များလည်း ငါလိုပင် ဘီလူးကို မြင်ကြရသလော”ဟု အကဲခပ် ကြည့်ရှုလတ်သော် တဦးတယောက်၏ ကြက်သီးမွေးညှင်းထခြင်းကိုမျှ မမြင်ရချေ။ ထိုအခါ “ဤဘေးသည် ငါ့အားသာလျှင် ဖြစ်၍နေ၏။ အကယ်၍ ငါသည် ‘ဘီလူး ကြီး’ဟု ပြောဆိုလျှင် ‘သင့်မှာသာလျှင် မျက်စိများ ရှိကြသလော၊ သင်တဦး တည်းသာ ဘီလူးကို မြင်၍နေ၏။ အစက ဘီလူးကို မမြင်ရပဲ ရဟန်းဂေါတမက ဝါဒတည်းဟူသော ပေါင်းချုပ် (ဝါ-ဝါဒတည်းဟူသော ပေါင်းချောင်)အတွင်း၌ ထည့်သွင်း ပစ်ချအပ်မှသာလျှင် ဘီလူးကို မြင်ဘိ၏’ဟု အပြစ်တင်စကား ပြောကြားကြကုန်လေရာ၏”ဟု ကြံစည်၍ “ယခုအခါ ငါ့အဖို့ရာ ဤအရပ်ဝယ် ရဟန်းဂေါတမကိုထား၍ အခြားကိုးကွယ်ရာ မရှိတော့ပြီ”ဟု အောက်မေ့ကာ အမ္ဗဋ္ဌလုလင်သည် ကြောက်ရွံ့ထိတ်လန့် ကြက်သီးမွေးညှင်းထလျက် မြတ်စွာဘုရားကိုသာလျှင် မှီခိုရာ ပုန်းအောင်းရာ ကိုးကွယ်ရာဟု ရှာမှီးလျက် ဘုရားအနီးသို့ကပ်၍ နိမ့်သောနေရာ၌ ထိုင်ပြီးလျှင် မြတ်စွာဘုရားရှင်ကို-

“အရှင်ဂေါတမသည် ထိုစကားကို အဘယ်သို့ ဆိုလိုက်ပါသနည်း၊ အရှင်ဂေါတမသည် တဖန် ဆိုတော်မူပါဦးလော့”-

ဟု လျှောက်ဆို၏။ ထိုအခါ မြတ်စွာဘုရားရှင်က-

“အမ္ဗဋ္ဌ.. ယခု ငါဘုရားမေးမည့်စကားကို သင် မည်သို့မှတ်ထင် သဘောကျသနည်း၊ အသက်ကြီးလင့် အရွယ်ရင့်ကြသည့် ဆရာပုဏ္ဏား, ဆရာ့ဆရာပုဏ္ဏားတို့ ပြောဆိုကြသည်ကို သင် အဘယ်သို့ ကြားဘူးသနည်း၊

၅၃၂

ကဏှအနွယ်ဝင်တို့သည် အဘယ်မှစ၍ ဖြစ်ကုန်သနည်း၊ ကဏှအနွယ်ဝင်တို့၏ ရှေးဦးအစ ပုဂ္ဂိုလ်ကား အဘယ်သူနည်း”-

ဟု နောက်ဆုံး မေးတော်မူလေသော် အမ္ဗဋ္ဌလုလင်သည်-

“အရှင်ဂေါတမ.. အရှင်ဘုရား မိန့်တော်မူသည့်အတိုင်းပင် အကျွန်ုပ် ကြားဘူးပါ၏၊ ကဏှအနွယ်ဝင်တို့သည် ထို(ကျွန်မ၏သား) ကဏှမှစ၍ ဖြစ်ပါကုန်၏၊ ထို(ကျွန်မ၏သား) ကဏှသည်ပင် ကဏှအနွယ်ဝင်တို့၏ ရှေးဦးအစ ပုဂ္ဂိုလ်ဖြစ်ပါသည်”-

ဟု အမှန်အတိုင်း နှုတ်မြွက်ဝန်ခံ ဖြေဆိုလျှောက်ထားလေ၏။

အမ္ဗဋ္ဌ၏ အဆက်အနွယ်အကြောင်း

     ဤသို့ လျှောက်ဆိုအပ်လေသော် ထိုလုလင်တို့သည် ပြင်းပြကျယ်လောင်သော အသံဖြင့် ပဲ့တင်ထပ်မျှ-

“အချင်းတို့.. အမ္ဗဋ္ဌလုလင်သည် ဇာတ်ယုတ်သောသူ ဖြစ်သတဲ့၊ အမျိုးကောင်းသား မဟုတ်ဘူးတဲ့၊ သာကီဝင်မင်းတို့၏ ကျွန်မသားတဲ့၊ အချင်းတို့.. သာကီဝင်မင်းတို့သည် အမ္ဗဋ္ဌလုလင်၏ အရှင်သခင့်သားများ ဖြစ်ကြသတဲ့။ ငါတို့သည် အမှန်အတိုင်း ပြောဆိုသည့် (ဓမ္မဝါဒီ) ရဟန်းဂေါတမကိုပင် အပြစ်တင်သင့်သည်ဟု ထင်မှားမိခဲ့ကုန်ပြီ”-

ဟု ဟစ်အော်ပြောဆိုကြလေကုန်၏။ ထိုအခါ မြတ်စွာဘုရားရှင်၏ စိတ်သန္တာန်ဝယ် “ဤလုလင်တို့သည် အမ္ဗဋ္ဌလုလင်ကို ကျွန်မသားဟူသော စကားဖြင့် အပြင်းအထန် ဖိနှိပ်ကြကုန်၏။ ငါဘုရားသည် အမ္ဗဋ္ဌကို ထိုသို့ ဖိနှိပ်ခြင်းမှ လွတ်စေရမူ ကောင်းလေစွာ့”ဟု အကြံတော်ဖြစ်ပြီးလျှင် ထိုလုလင်တို့ကို မြတ်စွာဘုရားရှင်သည်-

“လုလင်တို့.. သင်တို့သည် အမ္ဗဋ္ဌလုလင်ကို ကျွန်မသားဟူသော စကားဖြင့် အပြင်းအထန် မဖိနှိပ်ကုန်လင့်၊ ထိုကဏှသည် တန်ခိုးကြီးသော ရသေ့ဖြစ်ပေသည်၊

၅၃၃

ထိုကဏှရသေ့သည် ဒက္ခိဏဇနပုဒ် (=ဂင်္ဂါမြစ်၏တောင်ဖက် နယ်ပယ်)သို့ သွား၍ မြတ်သော မန္တာန်တို့ကို သင်ယူပြီးလျှင် ဩက္ကာကမင်းထံသို့ ချဉ်းကပ်လျက် မဒ္ဒရူပီ-မည်သော သမီးတော်ကို တောင်းခဲ့လေသည်။

ဩက္ကာကမင်းသည် “အချင်းတို့.. ဤကဏှရသေ့သည် ငါ၏ ကျွန်မသားဖြစ်လျက် သမီးတော် မဒ္ဒရူပီကို တောင်းဘိ၏၊ ဤကဏှကား ဘယ်လိုလူစားနည်း”ဟု ထိုကဏှရသေ့အား အမျက်ထွက်ကာ နှလုံးမသာယာသည်ဖြစ်၍ ပစ်ခတ်ရန် မြှားကိုတင်လေ၏။ ဩက္ကာကမင်းသည် ထိုမြှားကို ပစ်လွှတ်ခြင်းငှါလည်း မတတ်နိုင်၊ ပြန်လည် ရုပ်သိမ်းခြင်းငှါလည်း မတတ်နိုင်ချေ။

လုလင်တို့.. ထိုအခါ မှူးမတ်ပရိသတ်တို့သည် ကဏှရသေ့ထံ ချဉ်းကပ်ကြ၍ “အရှင်ရသေ့.. မင်းအား ချမ်းသာခြင်း ဖြစ်ပါစေလော့၊ အရှင်ရသေ့.. မင်းအား ချမ်းသာခြင်း ဖြစ်ပါစေလော့”ဟု ဆိုကုန်၏။ (ထိုအခါ ကဏှရသေ့သည်) “မင်းအား ချမ်းသာခြင်း ဖြစ်လတ္တံ့၊ သို့သော် မင်းသည် အကယ်၍ မြှားကို အောက်သို့ လွှတ်လိုက်လျှင် မင်း၏နိုင်ငံတော် တဝှန်းလုံး၌ မြေကြီးသည် ကြေမွပျက်စီးလတ္တံ့”ဟု ခြိမ်းချောက်စကား ပြောကြားလေ၏။

(ဤ၌။ ။ကဏှရသေ့သည် လူဝတ်ဖြင့်ပင် ဒက္ခိဏဇနပုဒ်သို့သွား၍ ပုဏ္ဏားရသေ့တဦးကို ဝတ်ကြီးဝတ်ငယ်ပြုသဖြင့် ထိုရသေ့ထံမှ မြှားဟန့်မန္တာန်ကို ရရှိခဲ့ကာ ကိုယ်တိုင်လည်း ရသေ့အသွင် ဝတ်ဆင်၍ ဩက္ကာကမင်းထံ လာရောက်ပြီးလျှင် သမီးကို တောင်းရမ်းသောအခါ ဩက္ကာကမင်း အမျက်ထွက်၍ ပစ်သတ်ရန် မြှားကိုတင်သည်တွင် မန္တာန်ဖြင့် မြှားကို ဟန့်တားထားခြင်းဖြစ်သည်။ မြှားကို ဟန့်တားရုံမျှသာ မန္တာန်၏အာနုဘော်ရှိသည်။ “မြေကြီး ကြေမွပျက်စီးလတ္တံ့”ဟု ဆိုခြင်းမှာ သက်သက် ခြိမ်းချောက်ခြင်း မုသားပြောခြင်းမျှသာ ဖြစ်၏။ နောက်စကားများ၌လည်း ဤနည်းအတူတည်း။)

၅၃၄

တဖန် မှူးမတ်ပရိသတ်တို့က “အရှင်ရသေ့.. မင်းအားလည်း ချမ်းသာခြင်း ဖြစ်ပါစေလော့၊ ဇနပုဒ် တိုင်းနိုင်ငံအားလည်း ချမ်းသာခြင်း ဖြစ်ပါစေလော့”ဟု တောင်းပန်စကား ပြောကြားကြသောအခါ ကဏှရသေ့သည် “မင်းအားလည်း ချမ်းသာခြင်း ဖြစ်လတ္တံ့၊ ဇနပုဒ် တိုင်းနိုင်ငံလည်း ချမ်းသာခြင်း ဖြစ်လတ္တံ့၊ သို့သော် မင်းသည် အကယ်၍ မြှားကို လွှတ်လိုက်လျှင် မင်း၏ နိုင်ငံတော်တဝှန်းလုံး၌ ခုနစ်နှစ်တိုင်တိုင် မိုးမရွာလတ္တံ့” ဟု ခြိမ်းချောက်စကား မုသားပြောဆိုပြန်လေ၏။

တဖန် မှူးမတ်ပရိသတ်တိုက “အရှင်ရသေ့.. မင်းအားလည်း ချမ်းသာခြင်း ဖြစ်ပါစေလော့၊ ဇနပုဒ် တိုင်းနိုင်ငံအားလည်း ချမ်းသာခြင်း ဖြစ်ပါစေလော့၊ မိုးလည်း ရွာပါစေလော့”ဟု တောင်းပန်စကား ပြောကြားကြသောအခါ ကဏှရသေ့သည် “မင်းလည်း ချမ်းသာခြင်း ဖြစ်လတ္တံ့၊ ဇနပုဒ် (တိုင်းနိုင်ငံ)အားလည်း ချမ်းသာခြင်း ဖြစ်လတ္တံ့၊ မိုးလည်း ရွာလတ္တံ့၊ သို့သော် မင်းသည် သားကြီး၌ မြှားကို တည်ပါစေလော့၊ မင်းသားသည် ကြက်သီးမွေးညှင်းမျှ မထမူ၍ ချမ်းသာသည် ဖြစ်လတ္တံ့”ဟု ဆိုလေ၏။ (မင်းက သမီးကို ပေးပါမည်ဟု ဝန်ခံစေပြီးမှ ကဏှရသေ့သည် ဤစကားကို ပြောဆိုခြင်းဖြစ်သည်။)

လုလင်တို့.. ထိုအခါ အမတ်တို့သည် ဩက္ကာကမင်းအား ထိုအကြောင်းကို လျှောက်ထားကြကုန်၏။ ထိုအခါ ဩက္ကာကမင်းသည် သားကြီး၌ မြှားကိုတည်စေ၏၊ မင်းသားသည်လည်း ကြက်သီးမွေးညှင်းမျှ မထမူ၍ ချမ်းသာသည်သာ ဖြစ်လေ၏။ ထိုအခါ ဩက္ကာကမင်းသည် မန္တာန်လက်နက်ဖြင့် ခြိမ်းချောက်ခံရသောကြောင့် ကြောက်ရွံ့ထိတ်လန့် ကြက်သီးမွေးညှင်းထလျက် ကဏှရသေ့အား (ဦးခေါင်း လျှော်စေပြီးလျှင် ကျွန်အဖြစ်မှလွှတ်၍) သမီးတော် မဒ္ဒရူပီကို ပေးလေ၏။

၅၃၅

လုလင်တို့.. သင်တို့သည် အမ္ဗဋ္ဌလုလင်ကို ကျွန်မသားဟူသော စကားဖြင့် အပြင်းအထန် မဖိနှိပ်ကုန်လင့်၊ ထိုကဏှသည် တန်ခိုးကြီးသော ရသေ့ဖြစ်ပေသည်”-

ဟု မိန့်တော်မူ၏။

     ဤစကားရပ်ကို မြတ်စွာဘုရားရှင်သည် “အမ္ဗဋ္ဌကား တဖို့တပက္ခအားဖြင့် (မိမိ၏ဖက်မှဟု ဆိုလိုသည်) သာကီဝင်မင်းတို့၏ ဆွေမျိုးဖြစ်သည်”ဟု ဖော်ပြလျက် အမ္ဗဋ္ဌလုလင်အား သက်သာမှုရစေရန် မိန့်ဆိုတော်မူလေသည်။ ထို့ကြောင့်ပင် အမ္ဗဋ္ဌလုလင်သည် ရေအိုးအရာဖြင့် သွန်းလောင်းအပ်သော သူကဲ့သို့ ပူပန်ခြင်း ငြိမ်းအေးလျက် အလွန်ပင် သက်သာပြီးလျှင် “ရဟန်းဂေါတမသည် ငါ့ကို နှစ်သိမ့်စေအံ့ဟု မိခင်တဖက်အားဖြင့် ဆွေမျိုးပြုပေ၏။ ငါသည် ခတ္တိယစာရင်း မင်းဖြစ်သူတဲ့”ဟု ကြံစည်စဉ်းစား မိမိကိုယ်ကို အထင်ကြီး၍လာလေ၏။

မင်းမျိုးသာလျှင် မြင့်မြတ်ကြောင်း

     ထိုအခါ မြတ်စွာဘုရားသည် “ဤအမ္ဗဋ္ဌလုလင်ကား ငါ မင်းမျိုးဖြစ်သည်ဟု အမှတ်ပြုနေလေသည်၊ မိမိ မင်းမဟုတ်ကြောင်းကို မသိချေ၊ ယခုအခါ ထိုအမ္ဗဋ္ဌလုလင်ကို မင်းမဟုတ်ကြောင်း သိစေအံ့”ဟု မင်းမျိုးအနွယ်ကို ပြခြင်းငှါ တရားဒေသနာကို တိုးချဲ့တော်မူလျက်-

“အမ္ဗဋ္ဌ.. ယခု ငါဘုရားမေးမည့်စကားကို သင် မည်သို့မှတ်ထင် သဘောကျသနည်း၊ ဤလောက၌ မင်းမျိုး သတို့သားသည် ပုဏ္ဏားမျိုး သတို့သမီးနှင့် အိမ်ထောင်ပြုရာ၏၊ ထိုသူတို့၏ အိမ်ထောင်ပြုခြင်းကိုစွဲ၍ သားဖွားလေရာ၏၊ မင်းမျိုးသတို့သားနှင့် ပုဏ္ဏားမျိုး သတို့သမီးမှ ဖွားသော ထိုသားသည် ပုဏ္ဏားတို့၌ နေရာဦး ရေဦးကို ရရာ၏လော”-

ဟု မေးတော်မူ၏၊ အမ္ဗဋ္ဌလုလင်က “အရှင်ဂေါတမ.. ရရာပါ၏”ဟု ဖြေကြားသောအခါ မြတ်စွာဘုရားရှင်က တဖန်ဆက်၍—

၅၃၆

“ပုဏ္ဏားတို့သည် ထိုသားအား ကုပ္ဖီးထမင်း (=သေသူတို့ကို ရည်စူး၍ ကျွေးသောထမင်း) ကျွေးပွဲ၌၎င်း, မင်္ဂလာထမင်း ကျွေးပွဲ၌၎င်း, ယဇ်ထမင်း ကျွေးပွဲ၌၎င်း, ဧည့်ခံထမင်း ကျွေးပွဲ၌၎င်း ကျွေးကုန်ရာ၏လော”-

ဟု မေးတော်မူပြန်၏။ အမ္ဗဋ္ဌလုလင်က “အရှင်ဂေါတမ.. ကျွေးကုန်ရာပါ၏”ဟု ဖြေကြားသောအခါ မြတ်စွာဘုရားရှင်က တဖန်ဆက်၍-

“ပုဏ္ဏားတို့သည် ထိုသားအား ဝေဒကျမ်းတို့ကို သင်ပေးကုန်ရာ၏လော၊ သင်မပေးကုန်ရာသလော”-

ဟု မေးတော်မူပြန်၏။ အမ္ဗဋ္ဌလုလင်က “အရှင်ဂေါတမ.. သင်ပေးကုန်ရာပါ၏”ဟု ဖြေကြားသောအခါ မြတ်စွာဘုရားရှင်က တဖန်ဆက်၍-

“ထိုသားကို ပုဏ္ဏေးမတို့နှင့် လက်ထပ်ရေး၌ တားမြစ်ရာသလော၊ မတားမြစ်ရာသလော”-

ဟု မေးတော်မူပြန်၏။ အမ္ဗဋ္ဌလုလင်က “အရှင်ဂေါတမ.. မတားမြစ်ရာပါ”ဟု ဖြေကြားသောအခါ မြတ်စွာဘုရားရှင်က အချက်ပိုင်စွာ-

“ထိုသားကို မင်းမျိုးတို့သည် မင်းတို့၏ အဘိသိက်မင်္ဂလာ ပြုကုန်ရာသလော”-

ဟု မေးတော်မူ၏။ အမ္ဗဋ္ဌလုလင်က “အရှင်ဂေါတမ.. မပြုကုန်ရာပါ၊ အဘယ့်ကြောင့်ဆိုသော် အရှင်ဂေါတမ.. ထိုသားကား အမိဖက်မှ မင်းမျိုးသို့ မဝင်သောကြောင့် ဖြစ်ပါသည်”ဟု အကြောင်းလုံလောက်စွာ ဖော်ပြဖြေဆိုလေသည်။ (ဤဝါရ၌ အဖကား မင်း, အမိကား ပုဏ္ဏေးမ နှစ်ဦးတို့မှ ဖြစ်သောသားသည် အမိဖက်မှ ဇာတ်ညံ့သောကြောင့် ခတ္တိယအဘိသိက် မခံရသကဲ့သို့ ထို့အတူ အဖကား ပုဏ္ဏား, အမိကား မင်းသမီး ဤသူနှစ်ဦးတို့မှဖြစ်သော သားသည်လည်း အဖဖက်မှ ဇာတ်ညံ့သောကြောင့်

၅၃၇

ခတ္တိယအဘိသိက် မခံရကြောင်း ထင်ရှားသိသာအောင် ဗုဒ္ဓကမေး၍ အမ္ဗဋ္ဌလုလင်က ဖြေဆိုပုံမှာ)-

(ဗုဒ္ဓ) အမ္ဗဋ္ဌ.. ယခု ငါဘုရားမေးမည့်စကားကို သင် မည်သို့မှတ်ထင် သဘောကျသနည်း၊ ဤလောက၌ ပုဏ္ဏားမျိုး သတို့သားသည် မင်းမျိုး သတို့သမီးနှင့် အိမ်ထောင်ပြုလေရာ၏။ ထိုသူတို့၏ အိမ်ထောင်ပြုခြင်းကိုစွဲ၍ သားဖွားလေရာ၏၊ ပုဏ္ဏားမျိုး သတို့သားနှင့် မင်းမျိုး သတို့သမီးတို့မှ ဖွားသော ထိုသားသည် ပုဏ္ဏားတို့၌ နေရာဦး ရေဦးကို ရရာ၏လော။

(အမ္ဗဋ္ဌ) အရှင်ဂေါတမ.. ရရာပါ၏။

(ဗုဒ္ဓ) ပုဏ္ဏားတို့သည် ထိုသားအား ကုပ္ဖီးထမင်း ကျွေးပွဲ၌၎င်း, မင်္ဂလာထမင်း ကျွေးပွဲ၌၎င်း, ယဇ်ထမင်း ကျွေးပွဲ၌၎င်း, ဧည့်ခံထမင်း ကျွေးပွဲ၌၎င်း ကျွေးကုန်ရာ၏လော။

(အမ္ဗဋ္ဌ) အရှင်ဂေါတမ.. ကျွေးကုန်ရာပါ၏။

(ဗုဒ္ဓ) ပုဏ္ဏားတို့သည် ထိုသားအား ဝေဒကျမ်းတို့ကို သင်ပေးကုန်ရာ၏လော၊ သင်မပေးကုန်ရာသလော။

(အမ္ဗဋ္ဌ) အရှင်ဂေါတမ.. သင်ပေးကုန်ရာပါ၏။

(ဗုဒ္ဓ) ထိုသားကို ပုဏ္ဏေးမတို့နှင့် လက်ထပ်ရေး၌ တားမြစ်ရာသလော၊ မတားမြစ်ရာသလော။

(အမ္ဗဋ္ဌ) အရှင်ဂေါတမ.. မတားမြစ်ရာပါ။

(ဗုဒ္ဓ) ထိုသားကို မင်းမျိုးတို့သည် မင်းတို့၏ အဘိသိက်မင်္ဂလာ ပြုကုန်ရာသလော။

(အမ္ဗဋ္ဌ) အရှင်ဂေါတမ.. မပြုကုန်ရာပါ၊ အဘယ့်ကြောင့်ဆိုသော် အရှင်ဂေါတမ.. ထိုသား အဖဖက်မှ မင်းမျိုးသို့ မဝင်သောကြောင့် ဖြစ်ပါသည်။

၅၃၈

(ဗုဒ္ဓ၏ စကားသိမ်း) အမ္ဗဋ္ဌ.. ဤသို့လျှင် မိန်းမအချင်းချင်း နှိုင်းယှဉ်သော်၎င်း, ယောက်ျားအချင်းချင်း နှိုင်းယှဉ်သော်၎င်း မင်းမျိုးတို့သာ မြတ်ကုန်၏၊ ပုဏ္ဏားမျိုးတို့သည် ယုတ်ကုန်၏။

     တနည်းပြောင်း၍ မင်းမျိုးကသာ မြတ်ကြောင်း, ပုဏ္ဏားမျိုးမှာ ယုတ်ညံ့ကြောင်း ဗုဒ္ဓကမေး၍ အမ္ဗဋ္ဌလုလင်က ဖြေဆိုပုံမှာ-

(ဗုဒ္ဓ) အမ္ဗဋ္ဌ.. ယခု ငါဘုရားမေးမည့်စကားကို သင် မည်သို့မှတ်ထင် သဘောကျသနည်း၊ ဤလောက၌ ပုဏ္ဏားတို့သည် ပုဏ္ဏားတယောက်ကို အပြစ်တစုံတခုကြောင့် ဦးပြည်းရိတ်၍ (=ခေါင်းတုံးရိတ်၍) ဦးခေါင်းထက် ပြာဖြူးပြီးလျှင် တိုင်းပြည်မှဖြစ်စေ, မြို့မှဖြစ်စေ နှင်ထုတ်ကုန်လေရာ၏၊ ထို(ပြည်နှင်ဒဏ်ခံရသော) ပုဏ္ဏားသည် ပုဏ္ဏားတို့ထံ၌ နေရာဦး ရေဦးကို ရရာ၏လော။

(အမ္ဗဋ္ဌ) အရှင်ဂေါတမ.. မရရာပါ။

(ဗုဒ္ဓ) ပုဏ္ဏားတို့သည် ထို(ပြည်နှင်ဒဏ်ခံရသော) ပုဏ္ဏားအား ကုပ္ဖီးထမင်း ကျွေးပွဲ၌၎င်း, မင်္ဂလာထမင်း ကျွေးပွဲ၌၎င်း, ယဇ်ထမင်း ကျွေးပွဲ၌၎င်း, ဧည့်ခံထမင်း ကျွေးပွဲ၌၎င်း ကျွေးကုန်ရာ၏လော။

(အမ္ဗဋ္ဌ) အရှင်ဂေါတမ.. မကျွေးကုန်ရာပါ။

(ဗုဒ္ဓ) ပုဏ္ဏားတို့သည် ထို(ပြည်နှင်ဒဏ်ခံရသော) ပုဏ္ဏားအား ဝေဒကျမ်းတို့ကို သင်ပေးကုန်ရာ၏လော၊ သင်မပေးကုန်ရာသလော။

(အမ္ဗဋ္ဌ) အရှင်ဂေါတမ.. သင်မပေးကုန်ရာပါ။

(ဗုဒ္ဓ) ထို(ပြည်နှင်ဒဏ်ခံရသော) ပုဏ္ဏားကို ပုဏ္ဏေးမတို့နှင့် လက်ထပ်ရေး၌ တားမြစ်ရာသလော၊ မတားမြစ်ရာသလော။

၅၃၉

(အမ္ဗဋ္ဌ) အရှင်ဂေါတမ.. တားမြစ်ရာ၏။ ။တခဏ်း။

(ဗုဒ္ဓ) အမ္ဗဋ္ဌ.. ယခု ငါဘုရားမေးမည့်စကားကို သင် မည်သို့မှတ်ထင် သဘောကျသနည်း၊ ဤလောက၌ မင်းမျိုးတို့သည် မင်းမျိုးဖြစ်သူ တစုံတယောက်ကို အပြစ်တစုံတခုကြောင့် ဦးပြည်းရိတ်၍ ဦးခေါင်းထက် ပြာဖြူးပြီးလျှင် တိုင်းပြည်မှဖြစ်စေ, မြို့မှဖြစ်စေ နှင်ထုတ်ကုန်လေရာ၏၊ ထိုသူသည် ပုဏ္ဏားတို့၌ နေရာဦး ရေဦးကို ရရာ၏လော။

(အမ္ဗဋ္ဌ) အရှင်ဂေါတမ.. ရရာပါ၏။

(ဗုဒ္ဓ) ပုဏ္ဏားတို့သည် ထိုသူအား ကုပ္ဖီးထမင်း ကျွေးပွဲ၌၎င်း, မင်္ဂလာထမင်း ကျွေးပွဲ၌၎င်း, ယဇ်ထမင်း ကျွေးပွဲ၌၎င်း, ဧည့်ခံထမင်း ကျွေးပွဲ၌၎င်း ကျွေးကုန်ရာ၏လော။

(အမ္ဗဋ္ဌ) အရှင်ဂေါတမ.. ကျွေးကုန်ရာပါ၏။

(ဗုဒ္ဓ) ပုဏ္ဏားတို့သည် ထိုသူအား ဝေဒကျမ်းတို့ကို သင်ပေးကုန်ရာ၏လော၊ သင်မပေးကုန်ရာသလော။

(အမ္ဗဋ္ဌ) အရှင်ဂေါတမ.. သင်ပေးကုန်ရာပါ၏။

(ဗုဒ္ဓ) ထိုသူကို ပုဏ္ဏေးမတို့နှင့် လက်ထပ်ရေး၌ တားမြစ်ရာသလော၊ မတားမြစ်ရာသလော။

(အမ္ဗဋ္ဌ) အရှင်ဂေါတမ.. မတားမြစ်ရာပါ။

(ဗုဒ္ဓ၏ စကားအုပ်) အမ္ဗဋ္ဌ.. မင်းမျိုးတို့သည် ထိုမင်းမျိုးဖြစ်သူကို အပြစ်တစုံတခုကြောင့် ဦးပြည်းရိတ်၍ ဦးခေါင်းထက် ပြာဖြူးပြီးလျှင် တိုင်းပြည်မှဖြစ်စေ, မြို့မှဖြစ်စေ နှင်ထုတ်ကုန်လတ်သော် ဤမျှဖြင့်ပင် ထိုသူသည် အလွန်ယုတ်သောအဖြစ်သို့ ရောက်လေ၏၊ အမ္ဗဋ္ဌ.. မင်းမျိုးဖြစ်သူသည်

၅၄၀

ဤသို့ အလွန်ယုတ်သောအဖြစ်သို့ ရောက်သောအခါ၌လည်း မင်းမျိုးတို့သာ မြတ်ကုန်၏၊ ပုဏ္ဏားမျိုးတို့သည် ယုတ်ကုန်၏။

အမ္ဗဋ္ဌ.. သနင်္ကုမာရ ဗြဟ္မာသည်လည်း ဤဂါထာကို ရွတ်ဆို၏-

ခတ္တိယော သေဋ္ဌော ဇနေတသ္မိံ၊

ယေ ဂေါတ္တပဋိသာရိနော။

ဝိဇ္ဇာစရဏသမ္ပန္နော၊

သော သေဋ္ဌော ဒေဝမာနုသေ။

ဇနေတသ္မိံ = လူအပေါင်း၌။ ယေ = အကြင်သူတို့သည်။ ဂေါတ္တပဋိသာရိနော = အမျိုးအနွယ်ကို အားကိုးလေ့ရှိကုန်၏။ တေသု= ထိုသူတို့တွင်။ ခတ္တိယော = မင်းမျိုးသည်။ သေဋ္ဌော = ချီးမွမ်းအပ် မြတ်လှပေ၏။ ဒေဝမာနုသေ = နတ်လူအပေါင်း၌။ ဝိဇ္ဇာစရဏသမ္ပန္နော = အသိဉာဏ် = ဝိဇ္ဇာ + အကျင့် = စရဏနှင့် ပြည့်စုံသော။ (ယော = အကြင်သူသည်။ အတ္ထိ = ရှိ၏)။ သော = ထိုသူသည်။ သေဋ္ဌော = ချီးမွမ်းအပ် မြတ်လှပေ၏။

အမ္ဗဋ္ဌ.. သနင်္ကုမာရ ဗြဟ္မာသည် ထိုဂါထာကို ကောင်းစွာ သီဆိုအပ် ရွတ်အပ်ပေ၏။ မကောင်းသဖြင့် သီဆိုအပ် ရွတ်အပ်သည်မဟုတ်၊ အကျိုးနှင့်စပ်၏၊ အကျိုးနှင့် မစပ်သည်မဟုတ်။ ငါဘုရားသည် သဘာတူ၏၊ အမ္ဗဋ္ဌ.. ငါဘုရားသည်လည်း သနင်္ကုမာရ ဗြဟ္မာအတူပင်-

ခတ္တိယော သေဋ္ဌော ဇနေတသ္မိံ၊

ယေ ဂေါတ္တပဋိသာရိနော။

ဝိဇ္ဇာစရဏသမ္ပန္နော၊

သော သေဋ္ဌော ဒေဝမာနုသေ။

(အနက် ရှေးနည်းအတူပင်)

ဟု ရွတ်ဆိုပေ၏-ဟု မိန့်တော်မူ၏။

၅၄၁

အသိဉာဏ်=ဝိဇ္ဇာနှင့် အကျင့်=စရဏကို

အကျယ်ဟောတော်မူခြင်း

     ဤဂါထာ၌ “ဝိဇ္ဇာစရဏသမ္ပန္နော = အသိဉာဏ် = ဝိဇ္ဇာ, အကျင့် = စရဏနှင့် ပြည့်စုံသူ”ဟူသော ပုဒ်ကို ကြားသိရလျှင် အမ္ဗဋ္ဌလုလင်သည် “ဝိဇ္ဇာမည်သည် ဗေဒင်သုံးပုံပင် ဖြစ်၏၊ စရဏဟူသည် ငါးပါးသီလတို့ပင် ဖြစ်၏၊ ထိုဗေဒင်သုံးပုံ တည်းဟူသော = ဝိဇ္ဇာ, ငါးပါးသီလ တည်းဟူသော = စရဏတရားအစုသည် ငါတို့ ပုဏ္ဏားများမှာသာ ရှိ၏၊ အကယ်၍ ဝိဇ္ဇာတရား, စရဏတရားအစုနှင့် ပြည့်စုံသူသည် ချီးမွမ်းအပ် မြတ်ခဲ့သော် ငါတို့ ပုဏ္ဏားများသာလျှင် ချီးမွမ်းအပ် မြတ်သူတို့ ဖြစ်ကုန်၏”ဟု ဆုံးဖြတ်ချက် ချမှတ်ကာ ဝိဇ္ဇာတရား, စရဏတရားကို မေးလို၍ “အိုအရှင်ဂေါတမ.. ထိုအကျင့် = စရဏတရားကား အဘယ်နည်း၊ ထိုအသိဉာဏ် = ဝိဇ္ဇာတရားကား အဘယ်နည်း”ဟု မေးလျှောက်လေ၏။

     ထိုအခါ အမ္ဗဋ္ဌလုလင်အား မြတ်စွာဘုရားရှင်သည် ပုဏ္ဏားတို့၏ အယူ၌ ထင်ရှားသော ဇာတိဝါဒ စသည်နှင့် စပ်ယှဉ် ရောယှက်နေသော ဝိဇ္ဇာတရား = ဗေဒင်သုံးပုံ, စရဏတရား = ငါးပါးသီလများကို ပယ်ရှား၍ အတုမရှိ လွန်မြတ်သည့် ဝိဇ္ဇာတရား, စရဏတရားအစုကို ပြတော်မူလိုရကား-

“အမ္ဗဋ္ဌ.. အတုမရှိ လွန်မြတ်သော ဝိဇ္ဇာတရား, စရဏတရားနှင့် ပြည့်စုံမှု၌ ‘သင်သည် ငါနှင့် ထိုက်တန်၏။ သင်သည် ငါနှင့် မထိုက်တန်’ဟု ဇာတ်ကိုစွဲ၍ဖြစ်သော စကား, အနွယ်ကိုစွဲ၍ဖြစ်သော စကား, မာန်ကိုစွဲ၍ဖြစ်သော စကားများကို လုံးဝ မပြောဆိုသင့်။

အမ္ဗဋ္ဌ.. သမီးဆောင်ယူ၍ ထိမ်းမြားခြင်း = အာဝါဟ, သမီးပေး၍ ထိမ်းမြားခြင်း = ဝိဝါဟ, သမီးဆောင်ယူ သမီးပေး၍ ထိမ်းမြားခြင်း = အာဝါဟ ဝိဝါဟမှုရှိသော ဤလူတို့ဘောင်၌သာ ‘သင်သည် ငါနှင့် ထိုက်တန်၏။ သင်သည် ငါနှင့် မထိုက်တန်’ဟု ဇာတ်ကိုစွဲ၍ဖြစ်သော စကား,

၅၄၂

အနွယ်ကိုစွဲ၍ဖြစ်သော စကား, မာန်ကိုစွဲ၍ဖြစ်သော စကားများကို ပြောဆိုသင့်၏။

အမ္ဗဋ္ဌ.. ဇာတ်ကိုစွဲ၍ဖြစ်သောစကား (=ဇာတိဝါဒ)၌ စွဲလမ်းမှုရှိသောသူ, အနွယ်ကိုစွဲ၍ဖြစ်သောစကား (=ဂေါတ္တဝါဒ)၌ စွဲလမ်းမှုရှိသောသူ, မာန်ကိုစွဲ၍ဖြစ်သောစကား (=မာနဝါဒ)၌ စွဲလမ်းမှုရှိသောသူ, သမီးဆောင်ယူ၍ ထိမ်းမြားခြင်း (=အာဝါဟ) သမီးပေး၍ ထိမ်းမြားခြင်း (=ဝိဝါဟ)၌ စွဲလမ်းမှုရှိသောသူ ထိုသူများသည် အတုမရှိသော ဝိဇ္ဇာတရား, စရဏတရားတို့နှင့် ပြည့်စုံမှုမှ ဝေးကုန်၏။

အမ္ဗဋ္ဌ.. ဇာတိဝါဒ၌ စွဲလမ်းမှု, ဂေါတ္တဝါဒ၌ စွဲလမ်းမှု, မာနဝါဒ၌ စွဲလမ်းမှု, အာဝါဟ ဝိဝါဟ၌ စွဲလမ်းမှု = ဤအမှုများကို ပယ်မှသာလျှင် အတုမရှိ လွန်မြတ်သော ဝိဇ္ဇာတရား, စရဏတရားနှင့် ပြည့်စုံမှုကို မျက်မှောက်ပြုနိုင်၏-

ဟု မိန့်တော်မူ၏။ ထိုအခါ အမ္ဗဋ္ဌလုလင်သည် “ယခုအခါ ငါတို့သည် ဝိဇ္ဇာတရား, စရဏတရား၌ တွယ်မိသေး၏ဟု ကြံစည်မိကုန်၏။ ရဟန်းဂေါတမသည် လေပြင်းမုန်တိုင်း၌ ဖွဲကို ခါလှေ့သည့်အလား ငါတို့ကို ထိုဝိဇ္ဇာတရား, စရဏတရားအစုမှ အဝေးသို့ ပစ်လွှင့်လိုက်လေပြီ၊ ငါတို့ မတွယ်မိနိုင်သည့် အတုမရှိသော ဝိဇ္ဇာတရား, စရဏတရားအစု၌သာ တိုက်တွန်း ချီးမွမ်းပေ၏၊ ဤရဟန်းဂေါတမ ဟောပြသည့် ဝိဇ္ဇာတရား, စရဏတရားနှင့် ပြည့်စုံမှုကို ငါတို့သည် သိသင့်၏”ဟု ကြံစည်၍ တဖန်လည်း “အိုအရှင်ဂေါတမ.. ထိုအကျင့် = စရဏတရားကား အဘယ်နည်း၊ ထိုအသိဉာဏ် = ဝိဇ္ဇာတရားကား အဘယ်နည်း”ဟု မေးလျှောက်ပြန်လေ၏။

     ထိုအခါ အမ္ဗဋ္ဌလုလင်အား မြတ်စွာဘုရားရှင်သည် သာမညဖလသုတ်၌ကဲ့သို့ မြတ်စွာဘုရား ပွင့်ထွန်းတော်မူသည်မှအစ

၅၄၃

အရဟတ္တမဂ်တိုင်အောင်သော အတုမရှိ လွန်မြတ်သည့် ဝိဇ္ဇာတရား, စရဏတရားတို့ကို အကန့်အကန့် သန့်လျက် သန့်လျက် ဟောကြားတော်မူလေသည်။ (သာမညဖလသုတ် မြန်မာပြန်၌ ကြည့်ရာ၏)။

ပျက်စီးကြောင်းလေးပါးကို ဟောတော်မူခြင်း

     (အကျဉ်းချုံး၍ ဖော်ပြပေအံ့။) ထို့နောင်မှ မြတ်စွာဘုရားရှင်သည် အမ္ဗဋ္ဌလုလင်အား ဝိဇ္ဇာစရဏနှင့် ပြည့်စုံမှု၏ (=သာသနာ၏) ပျက်စီးကြောင်းတရား လေးပါးရှိကြောင်း၊ ၎င်းလေးပါးတို့မှာ-

     (၁) ဝိဇ္ဇာစရဏနှင့် ပြည့်စုံအောင် မကျင့်နိုင်သည့်အတွက် တောသို့ဝင်ကာ ကြွေကျသော သစ်သီးကိုသာ စားလေ့ရှိသော ရသေ့ရဟန်းအဖြစ်၊ (၂)ထိုမျှလောက်ပင် မကျင့်နိုင်သည့်အတွက် တောသို့ဝင်ကာ သစ်မြစ် သစ်ဖု သစ်သီးကိုသာ စားလေ့ရှိသော ရသေ့ရဟန်းအဖြစ်၊ (၃) ထိုမျှလောက်ပင် မကျင့်နိုင်သည့်အတွက် မြို့ရွာအနီး မီးတင်းကုပ်ကို ဆောက်လုပ်ကာ မီးကို လုပ်ကျွေးပြုစုလေ့ရှိသော ရသေ့ရဟန်းအဖြစ်၊ (၄) ထိုမျှလောက်ပင် မကျင့်နိုင်သည့်အတွက် လမ်းလေးခွဆုံရာ၌ လေးမျက်နှာ မဏ္ဍပ်ဆောက်လုပ်ကာ အရပ်လေးမျက်နှာမှ လာလာသမျှသော သူတို့အား ရေချမ်းတိုက်ခြင်း စသည်ပြုကာ စီးပွါးရှာသော ရသေ့ရဟန်း အဖြစ် = ဤလေးပါးတို့ဖြစ်ကြောင်း၊ ထိုဣသိပဗ္ဗဇ္ဇာ = ရသေ့ရဟန်းအဖြစ် လေးမျိုးရှိသော သမဏ,ဗြာဟ္မဏအမည်ခံ ပုဂ္ဂိုလ်များသည် ဤသာသနတော်က ဝိဇ္ဇာစရဏနှင့် ပြည့်စုံသော ရဟန်း၏ အလုပ်အကျွေးမျှသာ ဖြစ်ကြောင်း အကျယ်ဟောပြ၍ အမ္ဗဋ္ဌလုလင်တို့မှာ ဆရာနှင့်တကွပင် ဝိဇ္ဇာစရဏနှင့်ပြည့်စုံမှု အကျင့်မှ ဝေးသေးကြောင်း, (စရဏနှင့် ပြည့်စုံမှုကို မဆိုထားဘိ) ဝိဇ္ဇာစရဏနှင့် ပြည့်စုံမှု (=သာသနာ)၏ ပျက်စီးကြောင်းတရား လေးပါးခေါ်သည့် ရသေ့ရဟန်းအဖြစ် လေးပါးတို့နှင့် ပြည်စုံကြသူများ မဟုတ်ကြောင်းကို မြတ်စွာဘုရားကမေး၍ အမ္ဗဋ္ဌလုလင်ကို အတိအလင်း ဖြေဆိုဝန်ခံစေပြီးနောက်-

၅၄၄

“အမ္ဗဋ္ဌ.. ဤသို့လျှင် ဆရာနှင့်တကွသော သင်သည် အတုမရှိသော ဝိဇ္ဇာစရဏနှင့် ပြည့်စုံမှုမှလည်း ယုတ်လျော့၏၊ ထိုဝိဇ္ဇာစရဏနှင့် ပြည့်စုံမှု၏ ပျက်စီးကြောင်းတရား လေးပါးတို့မှလည်း ယုတ်လျော့၏။

အမ္ဗဋ္ဌ.. သင့်ဆရာ ပေါက္ခရသာတိ ပုဏ္ဏားသည် ပျက်စီးကြောင်းတရားကိုမှ ကိုယ်တိုင် မဖြည့်စွမ်းနိုင်ပဲလျက် “ဇာတ်နိမ့် မည်းညစ်ကုန်သော ဗြဟ္မာ၏ခြေဖမိုးမှ ပေါက်ဖွားကုန်သော ဦးပြည်းရဟန်းညံ့တို့သည် အဘယ်သို့သောသူများ ဖြစ်ကြသနည်း၊ ထိုသူတို့နှင့် ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆွေးနွေးမှုသည် အဘယ်မှာဖြစ်နိုင်အံ့နည်း”ဟူသော စကားကို ရိုင်းပြစွာ ဆိုခဲ့ဘိ၏။ အမ္ဗဋ္ဌ.. သင့်ဆရာ ပေါက္ခရသာတိ ပုဏ္ဏား၏ ဤမျှလောက်သော ချွတ်ယွင်းချက်ကိုလည်း ရှုလော့”-

ဟု ပဌမအကြိမ် အပြစ်တင်ပြ မိန့်ကြားတော်မူလေသည်။ ။(ဤအခဏ်း၌ အကျယ်ကို သီလက္ခန္ဓဝဂ်ပါဠိတော် မြန်မာပြန် မျက်နှာ-၁၀၅,၆,၇-တို့၌ ကြည့်ရှုရာ၏။)

     ထို့နောင်မှ ဆက်၍ မြတ်စွာဘုရားရှင်သည် အမ္ဗဋ္ဌလုလင်ကို-

“အမ္ဗဋ္ဌ.. သင့်ဆရာ ပေါက္ခရသာတိ ပုဏ္ဏားသည် ပသေနဒီ ကောသလမင်းပေးသော စည်းစိမ်ကို ခံစား၏။ သို့ပါလျက် ထိုပေါက္ခရသာတိ ပုဏ္ဏားအား ပသေနဒီ ကောသလမင်းသည် မျက်နှာချင်းဆိုင်ခွင့်ကိုလည်း မပေး၊ ထိုပေါက္ခရသာတိ ပုဏ္ဏားနှင့် တိုင်ပင်သောအခါ၌လည်း ကန့်လန့်ကာခြား၍ တိုင်ပင်၏။ အမ္ဗဋ္ဌ.. တရားနှင့်အညီ ပေးထားသော ရိက္ခာတော်ကို ခံယူရသူအား ပသေနဒီ ကောသလမင်းက အဘယ့်ကြောင့် မျက်နှာချင်းဆိုင်ခွင့်ကို မပေးဘိသနည်း၊ (ထိုအကြောင်းကို သင်စဉ်းစားလော့)။ အမ္ဗဋ္ဌ.. သင့်ဆရာ ပေါက္ခရသာတိ

၅၄၅

ပုဏ္ဏား၏ ဤမျှလောက်သော ချွတ်ယွင်းချက် (=အပြစ်)ကိုလည်း သင်ရှုလော့”-

ဟု ဒုတိယအကြိမ် အပြစ်တင်ပြ မိန့်ကြားတော်မူလေသည်။

(ဤ၌။ ။ပေါက္ခရသာတိပုဏ္ဏားသည် “သမ္မုခါအာဝဋ္ဋနီ = မျက်မှောက်လှည့်ဖြား တတ်သည့်” မန္တန်ကို တတ်သိသူဖြစ်၏။ မင်းကြီး အလွန်အဖိုးထိုက်တန်သည့် အဆင်တန်းဆာကို ဝတ်ဆင်သောအခါ မင်း၏အနီး၌ ရပ်တည်၍ ထိုအဆင်တန်းဆာ၏ အမည်ကို ထုတ်ဖော်ကာ မန္တာန်ကို ရွတ်ဆိုလိုက်လျှင် မင်းသည် ထိုအဆင်တန်ဆာကို ငါမပေးဟု မဆိုနိုင်တော့ပဲ ပေးလိုက်တော့သည်သာ ဖြစ်၏၊ ပေးပြီးနောက် ပွဲသဘင်ရှိသောနေ့၌ “မဟာရဟ အဆင်တန်းဆာကို ယူခဲ့ကြ”ဟု ပြောဆိုလတ်သော် “မရှိတော့ပါ အရှင်မင်းကြီး..၊ အရှင်မင်းကြီးတို့သည် ပေါက္ခရသာတိ ပုဏ္ဏားအား ပေးအပ်ပြီးပါပြီ”ဟု မင်းချင်းတို့က လျှောက်ဆိုကြ၏။ “ငါက အဘယ့်ကြောင့် ပေးအပ်သနည်း”ဟု မင်းကြီးက မေးလေလျှင် မှူးမတ်တို့က “အရှင် မင်းကြီး.. ပေါက္ခရသာတိပုဏ္ဏားသည် သမ္မုခါအာဝဋ္ဋနီမန္တန်ကို တတ်သိ၏၊ ထိုမန္တန်ဖြင့် အရှင်မင်းကြီးတို့ကို လှည့်ဖြား၍ မဟာရဟတန်းဆာကို ယူဆောင်သွားလေသည်”ဟု ပြောဆိုကြကုန်၏။

မင်းကြီးနှင့် ပေါက္ခရသာတိ ပုဏ္ဏားတို့ အလွန်အမင်း ချစ်ကျွမ်းဝင်ကြသည်ကို မနာလို မရှုစိမ့်ကြသော အခြားအမတ်များကလည်း “အရှင်မင်းကြီး.. ပေါက္ခရသာတိ ပုဏ္ဏားကိုယ်မှာ ခရုသင်းခေါ် နူနာတမျိုးရှိပါသည်။ အရှင်မင်းကြီးတို့သည် ထိုပုဏ္ဏားကို တွေ့မြင်လျှင်ပင် ဖက်ရမ်းသုံးသပ်ကုန်ဘိ၏၊ ဤနူနာမည်သည် ကိုယ်လက်နှီးနှောခြင်းဖြင့် ကူးစက်နိုင်ပါသည်။ ဤသို့ ပြုတော်မမူကြပါလင့်”ဟု ပြောဆိုကြကုန်၏။ ထိုအချိန်မှစ၍ ပသေနဒီ ကောသလမင်းသည် ပေါက္ခရာတိပုဏ္ဏားအား မျက်နှာချင်းဆိုင်ခွင့် မပေးတော့ချေ။

ထိုသို့ပင် မျက်နှာချင်းဆိုင်ခွင့် မပေးသော်လည်း ပေါက္ခရသာတိ ပုဏ္ဏားကား နီတိကျမ်းတတ် ပဏ္ဍိတ်တယောက်ဖြစ်သည်။ သူနှင့် တိုင်ပင်၍ပြုသော အမှုမှန်သမျှ ချွတ်ယွင်းသောမည်သည် မရှိ၊ ထို့ကြောင့် မင်းကြီးသည် ကန့်လန့်ကာအတွင်း၌ တည်နေ၍ ကန့်လန့်ကာပြင်ဖက်မှာ တည်ရှိသော ထိုပုဏ္ဏားနှင့် တိုင်ပင်လေသည်။

၅၄၆

ဤအကြောင်းကို မင်းနှင့် ပုဏ္ဏားကိုထား၍ အခြားသူ တဦးတယောက်မျှ မသိချေ၊ သို့စင် ဖုံးလွှမ်းလျှို့ဝှက်အပ်သော အကြောင်းကို “(ဤအကြောင်းကို ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြင့်) ရဟန်းဂေါတမသည် ဧကန်ပင် သဗ္ဗညုတဉာဏ်ရှင် ဖြစ်ပေသည်ဟု သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက်ချလိမ့်မည်”ဟု သိမြင်တော်မူကာ မြတ်စွာဘုရားရှင် ထုတ်ဖော်မိန့်ကြားတော်မူလေသည်။ (သက်သက် ပုဏ္ဏားအား အရှက်ရစေလို၍ မိန့်တော်မူသည်မဟုတ်)။

     ထို့နောင်မှ တဖန်ဆက်၍ မြတ်စွာဘုရားရှင်သည် အမ္ဗဋ္ဌလုလင်အား ပသေနဒီ ကောသလမင်းနှင့် အမတ်ဖြစ်စေ, မင်းညီမင်းသားဖြစ်စေ တိုင်ပင်စကား ပြောကြားရာ နေရာ၌ပင် နေ၍ အခြား ဆင်းရဲသားဖြစ်စေ, ဆင်းရဲသား၏ ကျွန်ဖြစ်စေ, မင်းနှင့် အမတ် (သို့မဟုတ်) မင်းနှင့် မင်းညီမင်းသားတို့ ပြောဆိုတိုင်ပင်ကြသည့် စကားအတိုင်း ပြောဆိုရုံမျှဖြင့် ထိုဆင်းရဲသား, ဆင်းရဲသား၏ ကျွန်သည် မင်းသော်၎င်း, အမတ်သော်၎င်း မဖြစ်နိုင်သည်ကို အမ္ဗဋ္ဌလုလင်အား မေးမြန်းတော်မူကာ ဝန်ခံစေ၍ ဥပမာတင်ထားပြီးလျှင် အဋ္ဌက, ဝါမကစသော ရှေးရသေ့ သူတော်စင်တို့ သီဆိုရွတ်ဖတ် ပို့ချအပ်သည့် ဝေဒကျမ်းများကို သီဆိုရွတ်ဖတ် ပို့ချရုံမျှဖြင့် ဆရာနှင့်တကွသော အမ္ဗဋ္ဌလုလင်တို့ ရသေ့သော်၎င်း, ရသေ့ဖြစ်ရန် ကျင့်သောသူသော်၎င်း မဖြစ်နိုင်ကြောင်းကို မိန့်တော်မူ၏။

     တဖန်ဆက်၍ ထိုအဋ္ဌက, ဝါမကစသော ရှေးရသေ့ သူတော်စင်တို့သည် ယနေ့ ဆရာနှင့်တကွသော အမ္ဗဋ္ဌလုလင်တို့ကဲ့သို့ အဝတ်တန်းဆာကောင်းတို့ကို ဝတ်ဆင်ကုန်လျက်, အစားကောင်းတို့ကို စားသောက်ကုန်လျက်, မိန်းမတို့ဖြင့် ဝန်းရံကုန်လျက်, ရထားကောင်းတို့ကို စီးကုန်လျက်, နေရာကောင်း တိုက်အိမ်ကောင်းတို့၌ အစောင့်အနေတို့ကို ချထားကုန်လျက်, ကာမဂုဏ်ခံစားမှု လုံးဝမရှိကြောင်းကို အမ္ဗဋ္ဌလုလင်အား မေးမြန်းတော်မူကာ ဝန်ခံစေပြီးနောက် နိဂုံးချုပ်အနေအားဖြင့် အမ္ဗဋ္ဌလုလင်ကို-

၅၄၇

“အမ္ဗဋ္ဌ.. ဤသို့လျှင် ဆရာနှင့်တကွသော သင်သည် ရသေ့လည်းမဟုတ်၊ ရသေ့ဖြစ်ရန် ကျင့်သူလည်း မဟုတ်၊ အမ္ဗဋ္ဌ.. ငါဘုရား၌ ဘုရားဟုတ်မဟုတ် ယုံမှားတွေးတောခြင်း ရှိသောသူသည် ငါဘုရားကို မေးမြန်းခြင်းဖြင့် ထိုယုံမှားတွေးတောခြင်းကို သုတ်သင်ရာ၏၊ ငါဘုရားသည် ဖြေကြားခြင်းဖြင့် ထိုယုံမှားတွေးတောခြင်းကို သုတ်သင်ပေအံ့”-

ဟူ၍ မိန့်တော်မူ၏။ (ဤစကားကို မြတ်စွာဘုရားရှင်သည် “အမ္ဗဋ္ဌလုလင်၏အဖို့ရာ ဤဘဝ၌ မဂ်ဖိုလ်ရခွင့် လုံးဝမရှိ၊ စင်စစ်သော် နေ့သာကုန်လွန်၍ သွားချိမ့်မည်။ ဤအမ္ဗဋ္ဌလုလင်သည်ကား ငါဘုရား၏ လက္ခဏာတော်ကြီးများကို စုံစမ်းရန် လာရောက်သူဖြစ်သည်။ ထိုကိစ္စကိုလည်း အမ္ဗဋ္ဌသည် မေ့၍နေ၏။ ယခုအခါ ငါဘုရားသည် အမ္ဗဋ္ဌလုလင်အား သတိဖြစ်ရန် နည်းပေးအံ့”ဟု ကြံစည် ဆင်ခြင်တော်မူ၍ မိန့်တော်မူ လေသည်)။

     ဤသို့ မိန့်တော်မူပြီးလျှင် ထိုင်၍ လျောင်း၍ နေတော်မူကြသော မြတ်စွာဘုရားရှင်တို့၏ လက္ခဏာတော်ကို တစုံတယောက်မျှ စုံစမ်းကြည့်ရှုရန် မစွမ်းနိုင်၊ ရပ်တော်မူ စင်္ကြံကြွတော်မူကုန်သော မြတ်စွာဘုရားရှင်တို့၏ လက္ခဏာတော်ကို စုံစမ်းရန် စွမ်းနိုင်သောကြောင့်၎င်း, လက္ခဏာတော်ကို စုံစမ်းရန် လာရောက်ကြောင်းကို သိလျှင် နေရာမှထ၍ စင်္ကြံကြွချီတော်မူခြင်းသည် ဘုရားရှင်တို့၏ အလေ့အကျက် ဓမ္မတာ ဖြစ်သောကြောင့်၎င်း မြတ်စွာဘုရားရှင်သည် ကျောင်းတော်မှ ထွက်တော်မူ၍ စင်္ကြံသို့ရှေးရှူ ကြွတော်မူလေ၏။ အမ္ဗဋ္ဌလုလင်သည်လည်း ဘုရားရှင်နောက်မှ ထက်ကြပ်မကွာ လိုက်ပါသွားလေ၏။

လက္ခဏာတော်နှစ်မျိုးကို ပြခြင်း

     ထိုအခါ အမ္ဗဋ္ဌလုလင်သည် စင်္ကြံကြွသော မြတ်စွာဘုရားရှင်သို့ နောက်မှလိုက်၍ စင်္ကြံသွားလျက် မြတ်စွာဘုရားရှင်၏ ကိုယ်တော်၌ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ် လက္ခဏာတော်တို့ကို ကြည့်ရှုစုံစမ်းသောအခါ (၁) အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော

၅၄၈

ယောက်ျားနိမိတ်နှင့် (၂) ပါးလျရှည်ပြန့်သော လျှာတော် = ဤလက္ခဏာတော်ကြီး နှစ်ပါးကိုချန်၍ ကျန်သော လက္ခဏာတော်ကြီး သုံးဆယ်ကို မျက်မှောက်ထင်ထင် တွေ့မြင်ရလေ၏။ ဖော်ပြရာပါ လက္ခဏာတော်ကြီး နှစ်ပါးတို့ကိုသာ မမြင်ရသဖြင့် ထိုလက္ခဏာတော် နှစ်ရပ်၌ ယုံမှားတွေးတောကာ မဆုံးဖြတ်နိုင် မယုံကြည်နိုင်ပဲ ရှိလေ၏။

     ထိုအကြောင်းကို ကောင်းစွာ သိမြင်တော်မူကာ မြတ်စွာဘုရားရှင်သည် အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ယောက်ျားနိမိတ်ကို အမ္ဗဋ္ဌလုလင် မြင်နိုင်ရန် တန်ခိုးဖန်ဆင်းတော်မူ၏။ ထို့နောက် မြတ်စွာဘုရားရှင်သည် လျှာတော်ကို ထုတ်၍ နားတွင်းတော် နှစ်ဖက်တို့ကို အပြန်အလှန် သုံးသပ်တော်မူ၏။ (ဤဖြင့် လျှာတော်ရှည်မှုကို သိစေတော်မူသည်)။ နှာခေါင်းတွင်းတော် နှစ်ခုတို့ကိုလည်း အပြန်ပြန်အလှန်လှန် (ဗယ်ပြန်ညာပြန်) သုံးသပ်တော် မူ၏။ (ဤဖြင့် လျှာတော်နူးညံ့မှုကို သိစေတော်မူသည်)။ အလုံးစုံသော နဖူးပြင် (နဖူးပြင်တခုလုံး)ကို လျှာဖြင့် ဖုံးအုပ်တော်မူ၏။ (ဤဖြင့် လျှာတော်ပြန့်သည်ကို သိစေတော်မူ၏)။

     ထိုအခါ အမ္ဗဋ္ဌလုလင်သည် “ရဟန်းဂေါတမကား တကယ်ပင် သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ် လက္ခဏာတော်တို့နှင့် တင်းတင်းကုံလုံ ပြည့်စုံသူဖြစ်ပေ၏”ဟု ကြံစည်ဆင်ခြင် ဆုံးဖြတ်ပြီးလျှင် မြတ်စွာဘုရားရှင်ကို “ကိုင်း.. အရှင်ဂေါတမ.. ယခုအခါ အကျွန်ုပ်တို့ သွားကြပါဦးမည်၊ အကျွန်ုပ်တို့သည် ကိစ္စများသူ ပြုဖွယ်များသူတို့ ဖြစ်ကြပါသည်”ဟု ခွင့်ပန်စကား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က “အမ္ဗဋ္ဌ.. ယခုအခါ သင်သွားရန် အချိန်ကို သင်သိ၏၊ (=သွားရန်မှာ သင်၏အလိုအတိုင်းပင် ဖြစ်၏)”ဟု မိန့်တော်မူလေလျှင် အမ္ဗဋ္ဌလုလင်သည် မြည်း (=လား)ကသော ရထားကို တက်စီး၍ ပြန်သွားလေ၏။

ပေါက္ခရသာတိဆရာကြီး မြို့မှထွက်၍ စောင့်ကြိုနေခြင်း

     ထိုစဉ်အခါ၌ ပေါက္ခရသာတိ ပုဏ္ဏားဆရာကြီးသည် ဥက္ကဋ္ဌမြို့မှထွက်၍ ပုဏ္ဏားပေါင်း များစွာတို့နှင့်တကွ အမ္ဗဋ္ဌလုလင်ကိုသာ

၅၄၉

စောင့်မျှော်လျက် မိမိပိုင် ဥယျာဉ်၌ နေလင့်၏။ ထိုအခါ အမ္ဗဋ္ဌလုလင်သည် ထိုဥယျာဉ်ရှိရာသို့ ယာဉ်ဖြင့် သွားနိုင်သလောက် သွား ရောက်ပြီးလျှင် ယာဉ်မှသက်ဆင်းကာ ခြေလျင်သာလျှင် ဆရာကြီး ပေါက္ခရသာတိထံသို့ သွားရောက်ရှိခိုးကာ တခုသောနေရာ၌ ထိုင်နေလေ၏။ ထိုအခါ ဆရာနှင့် တပည့်တို့ အပြန်အလှန် မေးကြ ဖြေကြပုံမှာ-

     (ပေါက္ခရသာတိ) ချစ်သားအမ္ဗဋ္ဌ.. ထိုအရှင်ဂေါတမကို သင် တွေ့မြင်ခဲ့ရ၏လော။

     (အမ္ဗဋ္ဌ) အရှင်.. အကျွန်ုပ်တို့သည် ထိုအရှင်ဂေါတမကို တွေ့မြင်ခဲ့ရပါကုန်သည်။

     (ပေါက္ခရ) ချစ်သားအမ္ဗဋ္ဌ.. ထိုအရှင်ဂေါတမ၏ ကျော်စောသတင်းသည် အမှန်အတိုင်း ပြန့်နှံ့၍ ထွက်သလော၊ အမှန်အတိုင်းမဟုတ်ပဲ ပြန့်နှံ့၍ ထွက်သလော၊ ထိုအရှင်ဂေါတမသည် ကျော်စောသည့်အတိုင်း မှန်သလော၊ မမှန်ဘူးလော။

     (အမ္ဗဋ္ဌ) အရှင်.. ထိုအရှင်ဂေါတမ၏ ကျော်စောသတင်းသည် အမှန်အတိုင်း ပြန့်နှံ့၍ ထွက်ပါ၏၊ မမှန်ပဲ ပြန့်နှံ့၍ထွက်သည် မဟုတ်ပါ။ ထိုအရှင်ဂေါတမသည် ကျော်စောသည့်အတိုင်း မှန်ပါ၏၊ မမှန်သည် မဟုတ်ပါ။ ထိုအရှင်ဂေါတမသည် တကယ်ပင် သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ် လက္ခဏာတော်တို့နှင့် တင်းတင်းကုံလုံ ပြည့်စုံသူ ဖြစ်ပါ၏၊ တင်းတင်းမပြည့်သော လက္ခဏာတို့နှင့် ပြည့်စုံသူမဟုတ်ပါ။

     (ပေါက္ခရ) ချစ်သားအမ္ဗဋ္ဌ.. သင်သည် ရဟန်းဂေါတမနှင့် အတူတကွ စကားတစုံတရာ ပြောဆိုခဲ့ရပါ၏လော။

     (အမ္ဗဋ္ဌ) အရှင်.. အကျွန်ုပ်သည် ရဟန်းဂေါတမနှင့် အတူတကွ စကားတစုံတရာ ပြောဆိုခဲ့ရပါ၏။

     (ပေါက္ခရ) ချစ်သားအမ္ဗဋ္ဌ.. သင်သည် ရဟန်းဂေါတမနှင့် အတူတကွ စကားတစုံတရာကို အဘယ်ကဲ့သို့ ပြောဆိုခဲ့ရသနည်း။

၅၅၀

     ဤသို့ ဆရာကြီးက မေးသောအခါ အမ္ဗဋ္ဌလုလင်သည် မြတ်စွာဘုရားနှင့်အတူ မိမိပြောဆိုခဲ့သမျှ စကားအလုံးစုံကို ဆရာကြီး ပေါက္ခရသာတိ ပုဏ္ဏားအား ပြန်ကြား ပြောဆိုလတ်သော် ပေါက္ခရသာတိ ဆရာကြီးသည် အမ္ဗဋ္ဌလုလင်ကို-

“ဟယ်.. ငါတို့၏ ပညာရှိကလေးတို့.. အံ့ဖွယ်ကောင်းပါဘိ၊ ဟယ်.. ငါတို့၏ ဗဟုသုတရှင်ကလေးတို့.. အံ့ဖွယ်ကောင်းပါဘိ၊ ဟယ်.. ငါတို့၏ ဗေဒင်သုံးပုံတတ်ကလေးတို့.. အံ့ဖွယ်ကောင်းပါဘိ။ အချင်းတို့.. ဤသို့သော အကျိုးဆောင်ပုဂ္ဂိုလ်နှင့်(ဆိုလျှင်) ယောက်ျားသည် ကိုယ်ခန္ဓာပျက်ကြွေ စုတေသည်မှ နောက်ကာလဝယ် အပါယ်လေးဘုံသို့ ကျရောက်ရန် သေချာလှ၏။

ဟယ်.. အမ္ဗဋ္ဌ.. သင်သည် ထိုအရှင်ဂေါတမကို ဤသို့ ထိပါးကာ ထိပါးကာ အကြင်စကားကို ဆို၏၊ ထိုစကားကြောင့်ပင် ထိုအရှင်ဂေါတမသည် ငါတို့၏ အပြစ်ကိုလည်း ဤသို့ ထုတ်ဖော်ကာ ထုတ်ဖော်ကာ ဆိုတော်မူ၏။ ဟယ်.. ငါတို့၏ ပညာရှိကလေးတို့.. အံ့ဖွယ်ကောင်းပါဘိ၊ ဟယ်.. ငါတို့၏ ဗဟုသုတရှင်ကလေးတို့.. အံ့ဖွယ်ကောင်းပါဘိ၊ ဟယ်.. ငါတို့၏ ဗေဒင်သုံးပုံတတ်ကလေးတို့.. အံ့ဖွယ်ကောင်းပါဘိ။ အချင်းတို့.. ဤအမ္ဗဋ္ဌလုလင်ကဲ့သို့သော အကျိုးဆောင်ပုဂ္ဂိုလ်နှင့်သာ(ဆိုလျှင်) ယောက်ျားသည် ကိုယ်ခန္ဓာပျက်ကြွေ စုတေသည်မှ နောက်ကာလဝယ် အပါယ်လေးဘုံသို့ ကျရောက်ရန် သေချာလှဘိ၏”-

ဟု မြည်တွန်ကဲ့ရဲ့စကား ပြောကြားပြီးလျှင် အမျက်ထွက်ကာ နှလုံးမသာမယာ ဖြစ်ရှိရကား အမ္ဗဋ္ဌလုလင်ကို ခြေဖြင့်သာလျှင်ကန်၍ မြေ၌ တိမ်းလည်းစေ၏။ အမ္ဗဋ္ဌအတွက် အမျက်ထွက်ရင်း ထွက်ရင်းကပင် ထိုခဏ၌ မြတ်စွာဘုရားရှင်ကို ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန်လည်း အလိုရှိလေ၏။ (အမ္ဗဋ္ဌလုလင်အဖို့မှာ ရှေးအခါက ဆရာကြီးပေါက္ခရသာတိနှင့် အတူတကွ ရထားတက်စီးကာ

၅၅၁

ရထားထိန်းအဖြစ် လိုက်ပါရသော အခွင့်အရေးကို ရုပ်သိမ်းခံရပြီးလျှင် ထိုအချိန်မှစ၍ ရထား၏ရှေ့မှ ခြေလျင်သာလျှင် သွားရလေတော့၏)။

ပေါက္ခရသာတိပုဏ္ဏားကြီး ဘုရားထံ ဆည်းကပ်ခြင်း

     ထိုသို့ ပေါက္ခရသာတိပုဏ္ဏား မြတ်စွာဘုရားထံမှောက်သို့ သွားရောက် ဖူးမြော်လိုသောစိတ် အပြင်းအထန် ဖြစ်ပွါးသောအခါ ပုဏ္ဏားတို့သည် ပေါက္ခရသာတိဆရာကြီးကို-

“အရှင်.. ယနေ့ ရဟန်းဂေါတမကို ဖူးမြော်ခြင်းငှါ သွားရောက်ရန် အချိန်မဲ့လှပါပြီ၊ အရှင်ပေါက္ခရသာတိသည် နက်ဖြန်၌ ရဟန်းဂေါတမကို ဖူးမြော်ခြင်းငှါ သွားရောက်နိုင်ပါလိမ့်မည်”-

ဟု ပြောဆိုကြကုန်၏။

     ထို့နောက် ပေါက္ခရသာတိ ပုဏ္ဏားကြီးသည် မိမိအိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီမံချက်ပြုတ်စေပြီးလျှင် (*ယာဉ်၌တင်၍) မီးရှူးတိုင်တို့ကို စိုက်ထောင်ဆောင်အပ်ကုန်လျက် ဥက္ကဋ္ဌမြို့မှထွက်၍ ဣစ္ဆာနင်္ဂလတောအုပ်သို့ သွားလေ၏။ ယာဉ်ဖြင့် သွားနိုင်သမျှသောအရပ်ကို ယာဉ်ဖြင့်သွား၍ ယာဉ်မှသက်ဆင်းပြီးသော်


     * (ယာဉ်၌ တင်၍)ဟု ပြန်ဆိုခြင်းမှာ သီဟိုဠ်မူ, မြန်မာပိဋကဆဋ္ဌမူ နှစ်ဆူလုံး၌ပင် (ယာနေ အာရောပေတွာ)ဟု ပါဠိရှိသောကြောင့် ပြန်ဆိုခြင်းဖြစ်သည်။ (ယာနံ အာရောပေတွာ)ဟု ပါဠိရှိမူ (ယာဉ်သို့ တက်စီး၍)ဟု ပြန်ဆိုရမည်ဖြစ်၍ အလွန်ပင် အသင့်ယုတ္တိရှိ၍ ကောင်းမွန်ပါမည်။

     ထင်ရှားစေဦးအံ့- မြန်မာ, သီဟိုဠ် ပါဠိမူ နှစ်ရပ်လုံးမှာပင် တညီတညွတ်တည်း (ယာနေ အာရောပေတွာ)ဟု ပါဠိရှိနေသောကြောင့် ပိဋကမြန်မာပြန် ဆရာတော်များသည်လည်း (ယာဉ်၌ တင်ပြီးလျှင်)ဟူ၍ မြန်မာပြန်ဆိုတော်မူကြ၍ နောက်(ပုဏ္ဏားအိမ်သို့ မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးကြွသောအခဏ်း)၌ “အပိုဒ် (၂၉၂)၌ ‘ခဲဖွယ်ဘောဇဉ်ကို ယာဉ်၌တင်ပြီးလျှင် ဥက္ကဋ္ဌမြို့မှ ထွက်ခဲ့သည်’ဟု ဆိုထားသောကြောင့် ဤအိမ်သည် ဥက္ကဋ္ဌမြို့တွင်းရှိ အိမ်မဟုတ်တန်ရာ၊ ဣစ္ဆာနင်္ဂလရွာ၌သော်၎င်း,

၅၅၂

ခြေလျင်သာလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (=နှုတ်ခွန်းဆက်)စကား အမှတ်ရဖွယ်စကား ပြောဆိုပြီးဆုံးစေ၍ တခုသောနေရာ၌ ထိုင်နေ၏။

     ထိုသို့ ထိုင်နေပြီးသော ပေါက္ခရသာတိ ပုဏ္ဏားကြီးနှင့် မြတ်စွာဘုရားရှင်တို့ စကားနှီးနှော ပြောဆိုကြသည်မှာ-

     (ပေါက္ခရ) အရှင်ဂေါတမ.. အကျွန်ုပ်တို့၏တပည့် အမ္ဗဋ္ဌလုလင်သည် ဤအရပ်သို့ လာပါသလော။

     (ဗုဒ္ဓ) ပုဏ္ဏား.. သင့်တပည့် အမ္ဗဋ္ဌလုလင်သည် လာပေ၏။

     (ပေါက္ခရ) အရှင်ဂေါတမ.. အရှင်သည် အမ္ဗဋ္ဌလုလင်နှင့် စကားတစုံတရာ ပြောဆိုရပါ၏လော။

     (ဗုဒ္ဓ) ပုဏ္ဏား.. ငါဘုရားသည် အမ္ဗဋ္ဌလုလင်နှင့်အတူ စကားတစုံတရာ ပြောဆိုရပေ၏။

     (ပေါက္ခရ) အရှင်ဂေါတမ.. အရှင်သည် အမ္ဗဋ္ဌလုလင်နှင့်အတူ စကားတစုံတရာကို အဘယ်သို့ ပြောဆိုရပါသနည်း။


အခြား တနေရာ၌သော်၎င်း ရှိသော ပေါက္ခရသာတိ၏အိမ် ဖြစ်တန်ရာ၏”ဟူ၍ အထူးမှတ်ချက် ဖော်ပြတော်မူခဲ့ကြသည်။

     (ယာနံ အာရောပေတွာ)ဟု ပါဠိရှိလျှင်ကား “မိမိအိမ်၌ ခဲဖွယ်ဘောဇဉ်များကို အသင့်စီမံ ချက်ပြုတ်ထားခဲ့ကြပြီးလျှင် ယာဉ်စီး၍ မီးရှူးများ စိုက်ထောင်ထွန်းညှိအပ်ကုန်လျက် ဥက္ကဋ္ဌမြို့မှ ထွက်ခဲ့၍ ဘုရားထံသို့ သွားရောက်ပင့်ဖိတ်ပြီး မိမိအိမ်၌ပင် ဆွမ်းကပ်သည်”ဟု အဖြောင့်အနက် အဓိပ္ပါယ်ထွက်ရှိ၏၊ ထိုသို့ ပါဠိရှိမှသာ အောက် သာမညဖလသုတ် အဇာတသတ်မင်း ဘုရားထံသို့ သွားရောက်ခဏ်း၌ လာရှိသည့် အာရောဟနီယံ နာဂံ အဘိရုဟိတွာ ဥက္ကာသု ဓာရိယမာနေသု ရာဇဂဟာ နိယျာသိ-ဟူသော ပါဠိနှင့်လည်း ညီညွတ်ပေမည်။ မှန်၏- ဣစ္ဆာနင်္ဂလကား ဥက္ကဋ္ဌမြို့နယ်အတွင်း၌ တည်ရှိ၏။ နေအိမ်ကိုသာ နိဝေသနဟု ပါဠိသုံးရိုးရှိ၍ ခေတ္တတည်းခိုအိမ်ကိုကား ပရိဝေသနာဟု သုနိဓဝဿာကာရဝတ္ထု၌ သုံးစွဲထားသည်ကို သတိပြုရပေမည်။

၅၅၃

     ထိုအခါ မြတ်စွာဘုရားရှင်သည် အမ္ဗဋ္ဌလုလင်နှင့်အတူ ပြောဆိုခဲ့သမျှ စကားအလုံးစုံကို ပေါက္ခရသာတိပုဏ္ဏားအား မိန့်ကြားတော်မူလေလျှင် ပေါက္ခရသာတိပုဏ္ဏားသည် မြတ်စွာဘုရားရှင်ကို “အရှင်ဂေါတမ.. အမ္ဗဋ္ဌလုလင်သည် မိုက်မဲသူဖြစ်ပါသည်။ အရှင်ဂေါတမသည် အမ္ဗဋ္ဌလုလင်အား သည်းခံတော်မူပါ”ဟု တောင်းပန်စကား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည်-

“ပုဏ္ဏား.. အမ္ဗဋ္ဌလုလင်သည် ချမ်းသာစေသတည်း”-

ဟု သည်းခံစကား မိန့်ကြားတော်မူလေ၏။

ပေါက္ခရသာတိပုဏ္ဏား

လက္ခဏာတော်ကြီးများကို ကြည့်ရှုစုံစမ်းခြင်း

     ထိုအခါ ပေါက္ခရသာတိ ပုဏ္ဏားသည် မြတ်စွာဘုရားရှင်၏ ကိုယ်တော်၌ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ် လက္ခဏာတော်တို့ကို ကြည့်ရှုစုံစမ်းသောအခါ (အမ္ဗဋ္ဌလုလင်နည်းတူ) (၁) အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ယောက်ျားနိမိတ်နှင့် (၂) ပါးလျရှည်ပြန့်သော လျှာတော် = ဤလက္ခဏာတော်ကြီး နှစ်ပါးကိုချန်၍ ကျန်သော လက္ခဏာတော်ကြီး သုံးဆယ်တို့ကို မျက်မှောက်ထင်ထင် တွေ့မြင်ရလေ၏။ ဖော်ပြရာပါ လက္ခဏာတော်ကြီး နှစ်ပါးတို့ကိုသာ မမြင်ရသဖြင့် ထိုလက္ခဏာတော် နှစ်ရပ်၌ ယုံမှားတွေးတောကာ မဆုံးဖြတ်နိုင် မယုံကြည်နိုင်ပဲ ရှိလေ၏။

     ထိုအကြောင်းကို ကောင်းစွာ သိမြင်တော်မူကာ မြတ်စွာဘုရားရှင်သည် အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ယောက်ျားနိမိတ်ကို ပေါက္ခရသာတိပုဏ္ဏား မြင်နိုင်ရန် တန်ခိုးဖန်ဆင်းတော်မူ၏။ ထို့နောက် မြတ်စွာဘုရားရှင်သည် လျှာတော်ကိုထုတ်၍ နားတွင်းတော်နှစ်ဖက်တို့ကို အပြန်အလှန် (ဗယ်တလှည့် ညာတလှည့်) သုံးသပ်တော်မူ၏၊ (ဤဖြင့် လျှော်တော်ရှည်မှုကို သိစေတော်မူသည်)။ နှာခေါင်းတွင်းတော် နှစ်ခုတို့ကိုလည်း အပြန်ပြန်အလှန်လှန် (ဗယ်ပြန်ညာပြန်) သုံးသပ်တော်မူ၏။ (ဤဖြင့်

၅၅၄

လျှာတော်နူးညံ့မှုကို သိစေတော်မူသည်)။ နဖူးပြင်တခုလုံးကို လျှာတော်ဖြင့် ဖုံးအုပ်တော်မူ၏။ (ဤဖြင့် လျှာတော်ပြန့်သည်ကို သိစေတော်မူ၏)။

     ထိုအခါ ပေါက္ခရသာတိ ပုဏ္ဏားသည် “ရဟန်းဂေါတမကား တကယ်ပင် သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ် လက္ခဏာတော်တို့နှင့် တင်းတင်းကုံလုံ ပြည့်စုံသူ ဖြစ်ပေ၏”ဟု ကြံစည်ဆင်ခြင် အပြီးတိုင် ဆုံးဖြတ်ချက် ချမှတ်ပြီးလျှင် မြတ်စွာဘုရားရှင်ကို-

“အရှင်ဂေါတမသည် တပည့်ရဟန်းသံဃာနှင့်တကွ ယနေ့ ကောင်းမှုကုသိုလ်အလို့ငှါ အကျွန်ုပ်၏ဆွမ်းကို လက်ခံတော်မူပါ”-

ဟု လျှောက်ထားလေ၏၊ မြတ်စွာဘုရားရှင်သည်လည်း ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူလေ၏။

     ထိုအခါ ပေါက္ခရသာတိ ပုဏ္ဏားသည် မြတ်စွာဘုရားရှင်က လက်ခံတော်မူကြောင်းကို သိရှိကာ မြတ်စွာဘုရားရှင်ကို “အရှင်ဂေါတမ.. ဆွမ်းဘုဉ်းပေးရန် အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ”ဟု လျှောက်ထားလေ၏။ ယင်းသို့ ပေါက္ခရသာတိပုဏ္ဏား လျှောက်ထား ပင့်ဖိတ်ချက်အရ မြတ်စွာဘုရားရှင်သည် ရဟန်းသံဃာနှင့်တကွ နံနက်အခါ ပေါက္ခရသာတိပုဏ္ဏား၏ နေအိမ်သို့ ကြွတော်မူပြီးလျှင် အသင့်ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူ၏။

     ထိုအခါ ဆရာဖြစ်သူ ပေါက္ခရသာတိပုဏ္ဏားက မြတ်စွာဘုရားရှင်ကို တပည့်လုလင်ငယ်များက ရဟန်းသံဃာကို ကိုယ်စီကိုယ်င တာဝန်ယူကြ၍ မွန်မြတ်သော ဆွမ်းခဲဖွယ်ဘောဇဉ်တို့ဖြင့် ကိုယ်တိုင်ကိုယ်ကျ ပြုစုလုပ်ကျွေးကြလေသည်။ ထို့နောက် ပေါက္ခရသာတိပုဏ္ဏားသည် မြတ်စွာဘုရားရှင် ဆွမ်းဘုဉ်းပေးပြီး၍ သပိတ်တော်မှ လက်တော်ကို ဖယ်ရှားပြီးသည်ကို သိရှိကာ နိမ့်သော ထိုင်စရာတခုကို ယူ၍ အပြစ်လွတ်ရာအရပ်၌ ထိုင်နေလေ၏။

၅၅၅

     မြတ်စွာဘုရားရှင်သည် အပြစ်လွတ်ရာအရပ်၌ ထိုင်နေပြီးသော ပေါက္ခရသာတိပုဏ္ဏားအား မဂ်ဖိုလ်ရောက်ကြောင်း ကောင်းမြတ်သော တရားလမ်းစဉ်ဖြစ်သည့် (၁) ဒါနကထာ = ဒါနနှင့်စပ်သော တရားစကား, (၂) သီလကထာ = သီလနှင့်စပ်သော တရားစကား, (၃) သဂ္ဂကထာ = နတ်ရွာသုဂတိနှင့်စပ်သော တရားစကား, (၄) မဂ္ဂကထာ = မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းကျင့်စဉ်နှင့်စပ်သော တရားစကားတို့ကို အစဉ်အတိုင်း ဟောကြားတော်မူ၍ ထိုပေါက္ခရသာတိပုဏ္ဏား ခံ့သောစိတ်ရှိ, နူးညံ့သောစိတ်ရှိ, ပိတ်ပင်ခြင်းနီဝရဏမှ ကင်းသောစိတ်ရှိ, တက်ကြွဝမ်းမြောက်သော စိတ်ရှိ, ကြည်လင်သော စိတ်ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရားရှင်သည် ပေါက္ခရသာတိ ပုဏ္ဏားကြီးအား သစ္စာလေးဝ သာမုက္ကံသိက ဓမ္မဒေသနာကို ဟောကြားတော်မူလေလျှင် ပေါက္ခရသာတိ ပုဏ္ဏားကြီးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏ = သောတာပန်အရိယာ ဖြစ်လေ၏။

ပေါက္ခရသာတိပုဏ္ဏား

ဥပါသကာအဖြစ် အထူးလျှောက်ထားခြင်း

     ထိုအခါ သောတာပန်အရိယာ ဖြစ်ပြီးသော ပေါက္ခရသာတိ ပုဏ္ဏားကြီးသည် မြတ်စွာဘုရားရှင်ကို-

“အိုအရှင်ဂေါတမ.. အလွန် နှစ်သက်ဖွယ် ရှိပါပေစွာ့။ အိုအရှင်ဂေါတမ.. အလွန် နှစ်သက်ဖွယ် ရှိပါပေစွာ့။ အိုအရှင်ဂေါတမ.. လောကဥပမာအားဖြင့် မှောက်၍ထားအပ်သော ဝတ္ထုကို လှန်လိုက်ဘိသကဲ့သို့၎င်း, ဖုံးအုပ်ထားသော အရာဝတ္ထုကို ဖွင့်လှစ်လိုက်ဘိသကဲ့သို့၎င်း, မျက်စိလည် လမ်းမှားသောသူအား လမ်းမှန်ကို ပြောကြားလိုက်သကဲ့သို့၎င်း, ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းအမျိုးမျိုးတို့ကို မြင်ကြပေလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ထွန်းညှိထားဘိသကဲ့သို့၎င်း ထို့အတူပင် အရှင်ဂေါတမသည် အကျွန်ုပ်အား များစွာသော အကြောင်းဖြင့် တရားတော်ကို ထင်ရှားစွာ ဟောပြတော်မူအပ်ပါပေပြီ။

၅၅၆

အိုအရှင်ဂေါတမ.. ထိုအကျွန်ုပ်သည် သား, သမီး, မယား, ပရိသတ်, အမတ်တို့နှင့်တကွ အရှင်ဂေါတမကို၎င်း, တရားတော်ကို၎င်း, ရဟန်းသံဃာတော်ကို၎င်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍ သိမှတ် ဆည်းကပ်ပါ၏။ အရှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ရှည်သမျှ ကာလပတ်လုံး သရဏဂုံတည်သူ ဥပါသကာဟူ၍ မှတ်ယူတော်မူပါလော့။

အရှင်ဂေါတမသည် ဥက္ကဋ္ဌမြို့၌ အခြားတပါးသော ဥပါသကာ ဒါယကာများအိမ်တို့သို့ ကြွရောက်တော်မူသကဲ့သို့ ထို့အတူပင် အကျွန်ုပ် ပေါက္ခရသာတိအိမ်သို့လည်း ကြွရောက်တော်မူပါ၊ ထိုအကျွန်ုပ် ပေါက္ခရသာတိအိမ်၌ အကြင် လုလင်ပျို လုံမပျိုတို့သည် အရှင်ဂေါတမကို ရိုသေမြတ်နိုး ရှိခိုးမူလည်း ရှိခိုးကြပါလိမ့်မည်၊ ခရီးဦးသော်မူလည်း ကြိုဆိုကြပါလိမ့်မည်။ နေရာကိုဖြစ်စေ, ရေကိုဖြစ်စေ ပေးလှူသော်မူလည်း ပေးလှူကြပါလိမ့်မည်၊ (အနည်းဆုံး) မိမိတို့၏စိတ်ကို သဒ္ဓါရွှန်းစို ကြည်ညိုမူလည်း ကြည်ညိုကြစေပါလိမ့်မည်၊ ထိုလုလင်ပျို လုံမပျိုတို့၏ ထိုသို့ ပြုမူခြင်းသည် ထိုသူတို့အဖို့ရာ ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွါး,ချမ်းသာ တိုးတက်ခြင်းငှါ ဖြစ်ပါလိမ့်မည်”-

ဟု လောကုတ္တရာ သရဏဂုံ ခံယူဆောက်တည်ပြီးလျှင် မြတ်စွာဘုရားရှင်ကို ဖိတ်ကြားနိမန်မှု ပြုလေ၏။ ။(ဤပေါက္ခရသာတိ ပုဏ္ဏားကြီး၏ သရဏဂုံ ခံယူခဏ်း၌ (၁) သား, သမီး, မယား, ပရိသတ်, အမတ်တို့ကိုပါ ထည့်သွင်း၍ သရဏဂုံခံယူခြင်း၊ (၂) နောက်ဆုံးစကားပိုဒ်ဖြင့် ကျိုးကြောင်းဖော်ပြကာ မြတ်စွာဘုရားကို ဖိတ်ကြားနိမန်မှု ပြုလုပ်ခြင်း ဤအချက်များသည် အခြားသူတို့၏ သရဏဂုံ ခံယူခဏ်းထက် ထူးကဲ လေသည်၊ ထို့ကြောင့်ပင်) မြတ်စွာဘုရားရှင်ကလည်း နောက်ဆုံး နိဂုံးချုပ်အနေအားဖြင့်-

၅၅၇

“ပုဏ္ဏား.. ကောင်းသောစကားကို သင် ဆိုအပ်ပါပေ၏”-

ဟု ချီးကျူးနှုတ်မြွက်၍ ပေါက္ခရသာတိပုဏ္ဏား၏ လျှောက်ထားချက်ကို နှစ်သက်ကြည်ဖြူ လက်ခံတော်မူလေသတည်း။

ဤတွင်ရွေ့ ပေါက္ခရသာတိပုဏ္ဏားကြီးအကြောင်း ပြီး၏။

ဤတွင် အခဏ်း ၃၅-ပြီး၏။

**********

၅၅၈

အခဏ်း-၃၆

မြတ်စွာဘုရား၏ အရပ်တော်ကို

ဝါးဖြင့်တိုင်းတာသော ပုဏ္ဏားအကြောင်း

     အခါတပါး၌ ရာဇဂြိုဟ်ပြည်သား မထင်ရှားသော ပုဏ္ဏားတယောက်သည် “ရဟန်းဂေါတမ၏ အတိုင်းအရှည် ပမာဏကို ယူခြင်းငှါ မစွမ်းနိုင်”ဟူ၍ သတင်းစကား ကြားရသည့်အတွက် မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည်တွင်းသို့ ဆွမ်းခံကြွတော်မူသော အခါ၌ အတောင်ခြောက်ဆယ်ရှိသော ဝါးလုံးတခုကို ယူဆောင်၍ မြို့တံခါး၏ အပြင်ပ၌ ရပ်တည်ပြီးလျှင် မြတ်စွာဘုရား မြို့တံခါးအနီးသို့ ရောက်ရှိတော်မူလာသောအခါ ဝါးကို စွဲကိုင်၍ အနီး၌ ရပ်တည်လာလေ၏၊ ပုဏ္ဏား၏ဝါးသည် မြတ်စွာဘုရားရှင်၏ ပုဆစ်ဒူးတော်မျှလောက်သာ ရောက်ရှိလေသည်။

     နောက်တနေ့၌ ပုဏ္ဏားသည် အတောင်ခြောက်ဆယ်ရှိသော ဝါးလုံးနှစ်လုံးတို့ကို ဆက်၍ ရှေးနည်းအတူပင် အနီး၌ ရပ်တည်လာပြန်လေ၏၊ မြတ်စွာဘုရားရှင်သည်လည်း ဝါးနှစ်ဆက်တို့၏ အထက်၌ ခါးတော်မျှလောက်ကိုသာ ထင်ရမြင်ရလျက် ထိုပုဏ္ဏားကို “ပုဏ္ဏား.. သင်သည် အဘယ်အမှုကို ပြုသနည်း”ဟု မေးတော်မူလေလျှင် ပုဏ္ဏားသည် “အရှင်ဘုရားတို့၏ အတိုင်းအရှည် ပမာဏကို ယူနေပါသည်”ဟု ဖြေကြားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ပုဏ္ဏားကို-

“ပုဏ္ဏား.. သင်သည် အကယ်၍ပင် စကြဝဠာတိုက်အပြည့် တည်ရှိသော ဝါးတို့ကို ဆက်စပ်၍ လာစေကာမူ ငါဘုရား၏ အတိုင်းအရှည်ပမာဏကို ယူခြင်းငှါ စွမ်းနိုင်လိမ့်မည်မဟုတ်၊ မှန်၏- ငါဘုရားသည် လေးအသင်္ချေ ကမ္ဘာတသိန်း ကာလပတ်လုံး သူတပါးက ငါဘုရား၏ အတိုင်းအရှည်ပမာဏကို ယူနိုင်လောက်အောင် ပါရမီတော်တို့ကို ဖြည့်ကျင့်ခဲ့သည်မဟုတ်၊ (ပမာဏကို မယူနိုင်လောက်အောင်ပင် ပါရမီတော်တို့ကို ဖြည့်ကျင့်ခဲ့ပေသည်ဟု

၅၅၉

ဆိုလိုသည်)။ ပုဏ္ဏား.. မြတ်စွာဘုရားသည် အတုမရှိသောပုဂ္ဂိုလ် မနှိုင်းရှည်အပ်သော ပုဂ္ဂိုလ်သာ ဖြစ်ပေ၏”-

ဟု မိန့်တော်မူပြီးလျှင် ဓမ္မပဒကျမ်းလာ ဤဆိုလတ္တံ့သော ဂါထာကို ဟောတော်မူ၏-

တေ တာဒိသေ ပူဇယတော၊

နိဗ္ဗုတေ အကုတောဘယေ။

န သက္ကာ ပုညံ သင်္ခါတုံ၊

ဣမေတ္တမပိ ကေနစိ။

နိဗ္ဗုတေ = ကိလေသာဟူ အပူခပ်သိမ်း အေးငြိမ်းတော်မူကုန်ပြီးသော။ အကုတောဘယေ = ဘဝအာရုံ တစုံတခုကြောင့်မျှ ကြောင့်ကြပူဆွေး ဘေးမရှိကုန်ထသော။ တာဒိသေ = ထိုသို့ရှုအပ် မြတ်သော ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူကုန်ထသော။ တေ = ထိုဘုရား ပစ္စေကဗုဒ္ဓါ အရိယာသူမြတ်တို့ကို။ ပူဇယတော = သဒ္ဓါကော်ရော် ပူဇော်သောသူ၏။ ပုညံ = ကုသိုလ်ကောင်းမှုကို။ ဣမေတ္တံ = “ဤကောင်းမှုကား ဤမျှအကျိုးရှိ၏၊ ဤကောင်းမှုကား ဤမျှအကျိုးရှိ၏”ဟူ၍။ ကေနစိ အပိ = ဗြဟ္မာနတ်လူ သုံးဘုံသူတွင် တလူတယောက်မျှသော်လည်း။ သင်္ခါတုံ = အတိအကျ ရေတွက်၍ပြခြင်းငှါ။ န သက္ကာ = မတတ်နိုင်သည်သာတည်း။

     ဂါထာနိဂုံး ဆုံးသောအခါ၌ ရှစ်သောင်း လေးထောင်သော သတ္တဝါတို့သည် သောတာပန်အရိယာစသည် ဖြစ်ကြကာ နိဗ္ဗာန်တည်းဟူသော အမြိုက်ရည်ကို ချမ်းကြည်စွာ သောက်သုံးကြရလေကုန်သတည်း။ ။(ဒီ ဋ္ဌ၊ ၁၊ စာမျက်နှာ- ၂၅၄၊ သောဏဒန္တသုတ်အဖွင့်မှ)။

မြတ်စွာဘုရား၏ အရပ်တော်ကို ဝါးဖြင့်တိုင်းတာသော

ပုဏ္ဏားအကြောင်း ပြီး၏။

၅၆၀

ပုက္ကုသာတိမင်းကြီးအကြောင်း

(ဥပရိပဏ္ဏာသ ဓာတုဝိဘင်္ဂသုတ်မှ)

     မဇ္ဈိမဒေသအရပ်ဝယ် မဂဓတိုင်း ရာဇဂြိုဟ်ပြည်၌ ဗိမ္ဗိသာရမင်းတရား တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်ချိန်တွင် မဇ္ဈိမဒေသ၏ အစွန်အဖျား တက္ကသိုလ်မြို့၌ ပုက္ကုသာတိမင်းတရား တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်ဆဲဖြစ်၏။

     ထိုအခါ တက္ကသိုလ်မြို့မှ ကုန်သည်များသည် ရောင်းချဖွယ်ရာ ကုန်ဘဏ္ဍာတို့ကို ယူဆောင်ခဲ့ကြ၍ ရာဇဂြိုဟ်ပြည်သို့ ရောက်လာကြကုန်သည်ရှိသော် လက်ဆောင်ပဏ္ဏာကို ယူဆောင်ကြ၍ ဗိမ္ဗိသာရမင်းကြီးထံ အဖူးအမြော် ဝင်ရောက်ကြကုန်၏။ မင်းကြီးသည် လက်ဆောင်ပဏ္ဏာ ဆက်သကြကာ ရှိခိုးရပ်တည်ကြသော ထိုကုန်သည်များကို “သင်တို့သည် အဘယ်အရပ်၌ နေကြကုန်သနည်း”ဟု မေးတော်မူ၍ ကုန်သည်များက “အရှင်မင်းကြီး.. အကျွန်ုပ်တို့သည် တက္ကသိုလ်မြို့၌ နေကြပါကုန်၏”ဟု လျှောက်ထားကြလေကုန်၏။

     ထို့နောက် မင်းကြီးသည် ကုန်သည်များကို ဇနပုဒ်(တိုက်နယ်)၏ အေးချမ်းသာယာမှု အစာအာဟာရ ပြည့်ဝမှု အစရှိသည်တို့ကို၎င်း, တက္ကသိုလ်မြို့တော်၏ အကြောင်းအရာကို၎င်း မေးမြန်းပြီးလျှင် “သင်တို့၏ ပြည့်ရှင်မင်းကြီးသည် အဘယ်အမည်ရှိသနည်း”ဟု မေးတော်မူ၍ ကုန်သည်များက “အရှင်မင်းကြီး.. အကျွန်ုပ်တို့၏ ပြည့်ရှင်မင်းကြီးသည် ပုက္ကုသာတိ အမည်ရှိပါ၏”ဟု လျှောက်ထားကြလေလျှင် “အမောင်တို့၏ မင်းကြီးသည် ရာဇဓံဆယ်ပါး မင်းကျင့်တရားကို လိုက်စားကျင့်ကြံပါ၏လော”ဟု မင်းကြီးကမေး၍ ကုန်သည်များကလည်း “အရှင်မင်းကြီး.. အကျွန်ုပ်တို့၏ ပြည့်ရှင်မင်းကြီး (ပုက္ကုသာတိ)သည် ရာဇဓံဆယ်ပါး မင်းကျင့်တရားကို လိုက်စားကျင့်ကြံပါ၏၊ တိုင်းသူပြည်သား

၅၆၁

လူအများကို သဿမေဓ, ပုရိသမေဓ, သမ္မာပါသ, ဝါစာပေယျ-ဟူသော = သင်္ဂဟတရား ဤလေးပါးတို့ဖြင့် ချီးမြှောက်တော်မူပါ၏၊ လူအပေါင်း၏ မိဖအရာ၌တည်လျက် တိုင်းသားပြည်သူ လူအပေါင်းကို ရင်ခွင်၌အိပ်နေသော သားငယ်ကိုကဲ့သို့ နှစ်သက်ရွှင်လန်းစေပါ၏”ဟူ၍ လျှောက်ထားကြလေ၏။

     တဖန်ဆက်၍ မင်းကြီးက “အမောင်တို့၏ ပြည့်ရှင်မင်းကြီးသည် အဘယ်အရွယ်၌ ဖြစ်ပါသနည်း”ဟု မေး၍ ကုန်သည်များက ပုက္ကုသာတိမင်းတရား၏ အရွယ်ကို လျှောက်ထားကြလေရာ မင်းနှစ်ပါးတို့၏အရွယ်သည် တူညီ၍နေလေ၏။

     ထိုအခါ မင်းကြီးသည် ကုန်သည်များကို “အမောင်တို့.. အမောင်တို့၏ မင်းကြီးသည် တရားကို ကျင့်ကြံသူဖြစ်၏၊ အရွယ်အားဖြင့်လည်း ငါနှင့်တူသူဖြစ်၏၊ အမောင်တို့၏ မင်းကြီးကို ငါ၏ မဟာမိတ်ဖြစ်အောင် အမောင်တို့ ပြုလုပ်နိုင်ကြပါမည်လော”ဟု မေး၍ ကုန်သည်တို့က “ပြုလုပ်နိုင်ကြပါကုန်၏ အရှင်မင်းကြီး..”ဟူ၍ လျှောက်ထားကြလေလျှင် မင်းကြီးသည် ကုန်သည်များအား အခွန်အကောက် လွတ်ငြိမ်းခွင့်ပြု၍ တည်းခိုရန်


၁။ သဿမေဓ = ကောက်ပဲသီးနှံ၌ လိမ္မာခြင်း = မြေခွန်တော် ကောက်ခံရာ၌ ထွက်ရှိသော သီးနှံ၏ ဆယ်ဖို့တဖို့ (ဆယ်ခိုင့်တခိုင်) ကောက်ခံခြင်းကို ခေါ်ဆိုသည်။

၂။ ပုရိသမေဓ = အမှုထမ်း သူရဲကောင်းတို့အပေါ်၌ လိမ္မာခြင်း = အမှုထမ်း သူရဲကောင်းကြီးများအား ခြောက်လတကြိမ် ခြောက်လတကြိမ် ဆုလာဘ်ပေးခြင်း, ထမင်းလစာ ရိက္ခာတော်များ ထုတ်ပေးခြင်းကို ခေါ်ဆိုသည်။

၃။ သမ္မာပါသ = ဆင်းရဲသားတို့ စိတ်နှလုံး၌ ဖွဲ့ချည်၍ထားသကဲ့သို့ဖြစ်အောင် ပြုခြင်း = ဆင်းရဲသားများအား လက်မှတ် အရေးအသားကို ယူကာ (လက်မှတ်ထိုးစေကာ) သုံးနှစ် အတိုးမရှိပဲ အမတော် တထောင် နှစ်ထောင် ချေးငှါးထုတ်ပေးခြင်းကို ခေါ်ဆိုသည်။

၄။ ဝါစာပေယျ = ချစ်ဖွယ်စကား ပြောကြားခြင်း = အရွယ်အလိုက် အမောင်, ဦးလေး, ဦးကြီး စသည်ဖြင့် ချစ်ဖွယ်စကား ပြောကြားခြင်း၊ ဤလေးပါးကို ရာဇသင်္ဂဟဝတ္ထုလေးပါး ခေါ်သည်။

၅၆၂

အိမ်ကိုလည်း ပေးစေပြီးလျှင် “အမောင်တို.. သွားကြလော့၊ ကုန်ပစ္စည်းများကို ရောင်းချပြီးသော် ပြန်ခါနီး၌ ငါ့ကို တွေ့မြင်ပြီးမှ ပြန်ကြကုန်”ဟု မိန့်တော်မူလေ၏။

     ကုန်သည်တို့သည် မင်းကြီးမိန့်ဆိုတိုင်း ပြုလုပ်ကြ၍ ပြန်ခါနီး၌ မင်းကြီးထံသို့ အဖူးအမြော် ဝင်ရောက်ကြလေကုန်၏။ မင်းကြီးသည် ကုန်သည်များကို “အမောင်တို့.. ချမ်းသာစွာ ပြန်ကြလော့၊ အမောင်တို့၏ ပြည့်ရှင်မင်းကြီးကို ငါ၏ကိုယ်စား မှာလိုက်သောစကားဖြင့် ကျန်းမာရေးကို အဖန်ဖန်မေးပြီးလျှင် ‘ဗိမ္ဗိသာရမင်းကြီးသည် အရှင်မင်းမြတ်တို့နှင့် မဟာမိတ်အဖြစ်ကို အလိုရှိပါ၏’ဟု မိတ်ဆက်စကား ကိုယ်စား ပြောကြားကြပါလေ”ဟု အမှာစကား မိန့်ကြားတော်မူလိုက်၏။

     ကုန်သည်တို့သည်လည်း “ကောင်းပါပြီ”ဟု ဝန်ခံကြ၍ တက္ကသိုလ်မြို့သို့ ပြန်သွားကြပြီးလျှင် မြို့သို့ရောက်သောအခါ မိမိတို့ဝယ် ပါလာသော ကုန်ပစ္စည်းဘဏ္ဍာများကို နေရာတကျ သိုမှီးသိမ်းဆည်းကြပြီးနောက် နံနက်စာ စားပြီးကုန်လတ်သော် ပုက္ကုသာတိမင်းကြီးထံသို့ အခစားဝင်ရောက် ရှိခိုးကြလေကုန်၏။ ပုက္ကုသာတိမင်းကြီးသည် “အချင်းတို့.. သင်တို့သည် အဘယ်အရပ်သို့ သွားရောက်ကြသနည်း၊ ဤမျှလောက်သော ရက်တို့ပတ်လုံး သင်တို့ကို မမြင်ရပါကုန်တကား”ဟု မေးမြန်းတော်မူလေ၏။ ကုန်သည်များကလည်း အကြောင်းအရာ အလုံးစုံကို ပြန်ကြား လျှောက်ထားကြလေကုန်၏။ ပုက္ကုသာတိမင်းကြီးသည် “ကောင်းပါပြီ အမောင်တို့..၊ အမောင်တို့ကို အမှီပြု၍ ငါသည် မဇ္ဈိမဒေသ၌ မဟာမိတ်မင်းတပါးကို ရအပ်ပေပြီ”ဟု ပြောဆိုမိန့်ကြားကာ လွန်စွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်လေ၏။

     နောက်တချိန်၌ ရာဇဂြိုဟ်ပြည်သား ကုန်သည်များလည်း တက္ကသိုလ်မြို့သို့ ကုန်ရောင်းကုန်ဝယ် သွားရောက်ကြလေကုန်၏။ လက်ဆောင်ပဏ္ဏာများကို ယူဆောင်ကြကာ ပုက္ကုသာတိမင်းကြီးထံသို့ အဖူးအမြော် လာရောက်ကြသော ထိုကုန်သည်များကို ပုက္ကုသာတိ မင်းကြီးသည် “အမောင်တို့.. အဘယ်အရပ်မှ

၅၆၃

လာကြသနည်း”ဟု မေး၍ ရာဇဂြိုဟ်ပြည်မှ လာရောက်ကြကြောင်း သတင်းကောင်း ကြားသိရသဖြင့် “အမောင်တို့သည် ငါ၏သူငယ်ချင်း မဟာမိတ်ရင်း ဗိမ္ဗိသာရမင်းတရား၏ ရွှေမြို့တော်မှ လာရောက်ကြသူများပ”ဟု မင်းကြီး မိန့်ဆိုလေလျှင် ကုန်သည်တို့ကလည်း “ဟုတ်ပါသည် အရှင်မင်းကြီး..”ဟု ပြန်ကြား လျှောက်ထားကြလေကုန်၏။

     ထို့နောင်မှ ပုက္ကုသာတိ မင်းကြီးသည် “ငါ့သူငယ်ချင်း ကျန်းမာပါ၏လော” စသည်ဖြင့် ကျန်းမာရေးကို မေးပြီးလျှင် “ယနေ့မှ အစပြု၍ ငါ့သူငယ်ချင်း ဗိမ္ဗိသာရမင်း၏ နိုင်ငံတော်မှ လာရောက်ကြသည့် ခြေလျင်ကုန်သည် လှည်းကုန်သည် အားလုံးတို့အား ငါ၏နိုင်ငံတော်အတွင်းသို့ ဝင်ရောက်သည့်အချိန်မှစ၍ ́တည်းခိုနေထိုင်ရန် အိမ်များကို၎င်း, မင်း၏ကျီကြမှ စားနပ်ရိက္ခာများကို၎င်း ပေးကြကုန်စေ၊ အခွန်အတုတ်ကိုလည်း လွတ်ကြစေ၊ တစုံတရာ အနှောက်အယှက် နှိပ်စက်မှု မရှိစေရ”ဟု နိုင်ငံတော် အတွင်းဝယ် စည်လည်စေတော်မူ၏။ ဗိမ္ဗိသာရ မင်းတရားသည်လည်း မိမိ၏ နိုင်ငံတော်၌ ထို့အတူပင် စည်လည်စေတော်မူလေသည်။

မင်းနှစ်ပါးတို့ သဝဏ်လွှာပါးကြပုံ

     ထို့နောင်မှ ဗိမ္ဗိသာရမင်းတရားသည် ပုက္ကုသာတိမင်းတရားထံသို့-

“အဆွေတော်.. ပတ္တမြား ပုလဲ-စသော ကျောက်မျက်ရတနာမျိုးတို့မည်သည် ပစ္စန္တရစ်အရပ်၌ ပေါ်ထွက်ကြတတ်ပါကုန်သည်၊ အကျွန်ုပ်၏သူငယ်ချင်း နိုင်ငံတော်၌ ကြည့်ရှုချင်ဖွယ် နားထောင်ချင်ဖွယ် အသွယ်သွယ်သော ရတနာများ ဖြစ်ပွါးပေါ်ပေါက်လာလျှင် အကျွန်ုပ်အားလည်း အသိပေး မျှတစေလိုပါသည်”-

ဟု သာဏ်လွှာ ပါးလိုက်လေသည်။ ပုက္ကုသာတိ မင်းတရားကလည်း ဗိမ္ဗိသာရမင်းတရားထံသို့-

၅၆၄

“အဆွေတော်.. မဇ္ဈိမဒေသဟူသည်မှာ အလွန်မြတ်သော တိုက်နယ်ကြီးဖြစ်ပါသည်၊ ထိုမဇ္ဈိမတိုက်ဝယ် ကြည့်ရှုချင်ဖွယ် နားထောင်ချင်ဖွယ် အသွယ်သွယ်သော ရတနာများ ဖြစ်ပွါး ပေါ်ပေါက်ခဲ့ပါလျှင် အကျွန်ုပ်အားလည်း အဆွေတော် မင်းတရားသည် အသိပေး မျှတစေလိုပါသည်”-

ဟု အတုံ့သဝဏ်လွှာ ပြန်ကြား ပါးလိုက်လေသည်။ ဤသို့လျှင် ထိုသူငယ်ချင်း မင်းနှစ်ပါးတို့သည် ရက်,လ,နှစ်လွန်မြောက် ရှည်မြင့်သောအချိန်သို့ ရောက်လတ်သော် တယောက်နှင့်တယောက် မမြင်ကြရပဲလျက်သာလျှင် မြဲမြံသော မဟာမိတ်များ ဖြစ်ကြလေကုန်၏။

ပုက္ကုသာတိမင်း၏ လက်ဆောင်

     ဤသို့လျှင် မင်းနှစ်ပါးတို့ ကတိကဝတ်ထား၍ နေကြကုန်စဉ် အလျင်လက်ဦး ပုက္ကုသာတိ မင်းတရားအား လက်ဆောင် ပဏ္ဏာတော်အထူး ဖြစ်ပွါးလာလေသည်၊ ဖြစ်ပွါးလာပုံမှာ- ပုက္ကုသာတိမင်းကြီးသည် အဆင်းငါးပါးရှိသော အဖိုးအနဂ္ဃ ထိုက်တန်သော ကမ္ဗလာရှစ်ထည်တို့ကို ရရှိလေသည်။ မင်းကြီးသည် “ဤကမ္ဗလာတို့ကား အလွန်ကောင်းမြတ်သော အထည်များ ဖြစ်ကြလေသည်၊ ငါသည် သူငယ်ချင်းထံ ဤကမ္ဗလာတို့ကို လက်ဆောင်တော်အဖြစ် ပေးပို့ပေအံ့”ဟု ကြံစည်၍ ချိပ်လုံးပမာဏရှိသော စန္ဒကူးနံ့သာနှစ် ကြုတ်ရှစ်လုံးတို့ကို ပွတ်ခံစေပြီးလျှင် ထိုနံ့သာကြုတ်တို့၌ ကမ္ဗလာ တထည်စီ တထည်စီ ထည့်ပြီးနောက် ချိပ်ဖြင့် မွမ်းမံကာ အလုံးပြု၍ ပိတ်ဖြူဖြင့်ရစ်ပတ်၍ သေတ္တာ၌ ထည့်ပြီးလျှင် ထိုသေတ္တာကို အဝတ်ဖြင့် ရစ်ပတ်ပြီးနောက် မင်းတံဆိပ် ခတ်နှိပ်၍ “ငါ့သူငယ်ချင်း ဗိမ္ဗိသာရမင်းအား ဆက်သကြကုန်လော့”ဟု မှာတမ်း၍ အမတ်တို့ကို ဗိမ္ဗိသာရမင်းကြီးထံသို့ ပို့စေ၏။ “ဤလက်ဆောင်တော်ကို ရွှေမြို့တော်၏အလယ်တွင် အမတ်စသော ပရိသတ်ခြံရံလျက် အဆွေတော်သည် ဖွင့်လှစ်ရှုကြည့်စေချင်ပါသည်” ဟူ၍လည်း သဝဏ်လွှာ အမှာစကား ပါးလိုက်လေ၏။

၅၆၅

     အမတ်တို့သည် သွားရောက်ကြ၍ ဗိမ္ဗိသာရမင်းကြီးအား ဆက်သကြလေကုန်၏။ ဗိမ္ဗိသာရမင်းကြီးသည် သဝဏ်လွှာ အမှာစကားကို ကြားသိတော်မူရ၍ “မှူးမတ်ဗိုလ်ပါ အပေါင်းတို့သည် တညီတညွတ်တည်း စည်းဝေးကြရမည်”ဟု စည်လည်စေတော်မူ၍ ရွှေမြို့တော်၏ အလယ်၌ မှူးမတ်ဗိုလ်ပါအပေါင်း ခြံရံအပ်လျက် ထီးဖြူတော် ဆောင်းမိုးကာ ရတနာပလ္လင်ထက်၌ ထိုင်နေတော်မူလျက် မင်းတံဆိပ်ကိုခွါ၍ အပေါ်မှ ဖွဲ့ချုပ်လုပ်ထားသော အဝတ်ကို ဖယ်ရှားပြီးလျှင် သေတ္တာကို ဖွင့်ပြီးနောက် သေတ္တာအတွင်းပါရှိသော အထုပ်ကို ဖြေ၍ ချိပ်လုံးတို့ကို မြင်ရလေလျှင် “ဩ.. ငါ့သူငယ်ချင်း ပုက္ကုသာတိမင်းသည် ‘ငါ၏သူငယ်ချင်း ဗိမ္ဗိသာရမင်းကား ကြွေအန်ကြူးသူ ဖြစ်သည်’ဟု အောက်မေ့မှတ်ထင်ကာ ဤချိပ်လုံးအန်စာ လက်ဆောင်ပဏ္ဏာများကို ပို့သလိုက်သည် ထင်ပါ၏”ဟု ကြံစည်မှတ်ထင်လျက် ချိပ်လုံးတခုကိုယူ၍ လက်ဖြင့်လှိမ့်ကာ အချိန်ပမာဏကို ခန့်မှန်းရင်းပင် ‘အတွင်း၌ ကမ္ဗလာအဝတ်ထုပ် ပါရှိ၏’ဟု အတပ်သိလေ၏။

     ထို့နောင်မှ ချိပ်လုံးကို ပလ္လင်တော်ခြေ၌ ရိုက်ခတ်လိုက်လေသော် ထိုခဏမှာပင် ချိပ်များ အလွှားလိုက် ကွာကျလေ၏၊ မင်းကြီးသည် လက်သည်းဖြင့် နံ့သာကြုတ်ကို အသာအယာ ဖွင့်လှစ်တော်မူ၍ ကြုတ်တွင်း၌ ကမ္ဗလာထည်ရတနာကို တွေ့မြင်တော်မူပြီးလျှင် ကျန်သော ကြုတ်ခုနစ်ခုတို့ကိုလည်း ဖွင့်လှစ်စေတော်မူ၏။ အားလုံးပင် အဖိုးအနဂ္ဃ ထိုက်တန်သည့် ကမ္မလာထည်များ ဖြစ်ကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ကြရလေကုန်၏။ ထို့နောင်မှ ထိုကမ္ဗလာ ရှစ်ထည်တို့ကို ဖြန့်ခင်းတိုင်းထွာစေအပ်ကုန်သည်တွင် ထိုကမ္ဗလာထည်များသည် အဆင်းနှင့်လည်း ပြည့်စုံ, အတွေ့ကောင်းနှင့်လည်း ပြည့်စုံကြ၍ အလျား(၁၆) တဆယ့်ခြောက်တောင်စီ, အနံ(၈) ရှစ်တောင်စီ ရှိကြကုန်၏။ လူများအပေါင်းသည် အဖိုးတန်ရတနာ ကမ္ဗလာရှစ်ထည်တို့ကို တွေ့မြင်ကြရ၍ လက်ဖျစ်တီးကြလေသည်၊ ဦးရစ်ခေါင်းပေါင်း ပစ်မြှောက်မှုကို ပြုကြလေသည်၊ “ငါတို့မင်းကြီး၏ မမြင်ဘူးသော သူငယ်ချင်း

၅၆၆

ပုက္ကုသာတိမင်းသည် အချင်းချင်း မမြင်ဘူးပါပဲလျက်လျှင် ဤသို့ အဖိုးအနဂ္ဃထိုက်တန်သည့် လက်ဆောင်ပဏ္ဏာတော်ကို ပို့စေပါ၏၊ ဤသို့သောမင်းကို မဟာမိတ်ပြုဖို့ရန် လျော်ကန် သင့်မြတ်လှပါ၏”ဟု ပြောဆိုလျက် နှစ်သက်အားရမ်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ရှိကြလေ၏။

     ဗိမ္ဗိသာရမင်းကြီးသည် ကမ္ဗလာ တထည် တထည်စီကို အဖိုးပြတ်စေတော်မူလတ်သော် အားလုံးပင် အဖိုးအနဂ္ဃ ထိုက်တန်ကြလေသည်။ ထိုကမ္ဗလာ ရှစ်ထည်တို့အနက်မှ လေးထည်တို့ကို မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ ပို့ရောက်ဆက်ကပ် လှူဒါန်းစေ၏၊ ကျန်သော လေးထည်တို့ကိုမူ မိမိ၏ ရွှေနန်းတော်၌ ထားရှိလေသည်။

ဗိမ္ဗိသာရမင်းကြီး၏ အတုံ့လက်ဆောင်တော်

     ထို့နောင်မှ ဗိမ္ဗိသာရမင်းကြီးသည် “နောက်မှ လက်ဆောင်တုံ့ ပို့သသောသူသည် ရှေးဦးစွာ ပို့သအပ်သော လက်ဆောင်ပဏ္ဏာထက် သာလွန်သော လက်ဆောင်တုံ့ကို ပို့သသင့်၏။ ငါ့သူငယ်ချင်း ပုက္ကုသာတိမင်းကလည်း ငါ့အထံသို့ အဖိုးအနဂ္ဃ ထိုက်တန်သော လက်ဆောင်ပဏ္ဏာတော်ကို ပို့သစေအပ်ပြီ၊ ငါသည် အဘယ်သို့သော လက်ဆောင်ပဏ္ဏာတော်ကို ပို့သရပါမည်နည်း”ဟု ကြံစည် ဆင်ခြင်တော်မူ၏။

     ဤ၌။ ။“ရာဇဂြိုဟ်ပြည်ဝယ် ထိုကမ္ဗလာရှစ်ထည်ထက် သာလွန်သောရတနာ မရှိဘူးလော”ဟု မေးဖွယ်ရှိ၏၊ (အဖြေကား) မရှိမဟုတ်၊ ရှိပါ၏။ ဗိမ္ဗိသာရမင်းတရားကား အလွန်ဘုန်းကြီးသော မင်းတပါးဖြစ်သည်၊ ထို့ကြောင့် ထိုကမ္ဗလာရှစ်ထည်ထက် သာလွန်သော ရတနာ မရှိမဟုတ်၊ ရှိသည်သာဖြစ်၏၊ ထိုသို့ပင် ရှိငြားသော်လည်း မင်းကြီးအဖို့ရာ သောတာပန်ဖြစ်သော အချိန်မှစ၍ ဘုရား, တရား, သံဃာ ရတနာ သုံးပါးမှတပါး အခြားတပါးသော လောကီဥစ္စာ ရတနာများသည် မင်းကြီး၏ စိတ်နှလုံးကို နှစ်သက် ဝမ်းမြောက်စေနိုင်သောမည်သည်

၅၆၇

မရှိဖြစ်ချေသည်၊ သို့ရကား ဗိမ္ဗိသာရမင်းကြီးသည် အတုံ့လက်ဆောင် ပြန်ဖို့ရန် အဖိုးအနဂ္ဃ ထိုက်တန်သော ရတနာကို စိစစ်ရွေးချယ်တော်မူသည်မှာ-

“လောက၌ နှစ်သက်ဖွယ်ရာ ရတနာမည်သည်မှာ.. (၁) သဝိညာဏက = သက်ရှိရတနာ (၂) အဝိညာဏက = သက်မဲ့ရတနာဟူ၍ = နှစ်မျိုးရှိသည်။ ထိုနှစ်မျိုးတို့တွင် သက်မဲ့ဖြစ်သည့် ရွှေငွေအစရှိသော အဝိညာဏက ရတနာသည် သက်ရှိရတနာ၏ အဆင်တန်ဆာ စသည်အားဖြင့် အသုံးအဆောင်သာ ဖြစ်ရ၏၊ သို့ရကား ဤသဝိညာဏကရတနာ, အဝိညာဏကရတနာ နှစ်မျိုးတို့တွင် သညာဏက ရတနာသည်သာလျှင် ချီးမွမ်းအပ် မြတ်လှပေ၏။

သဝိညာဏက (သက်ရှိ) ရတနာသည်လည်း (၁) တိရစ္ဆာန်ရတနာ (၂) လူရတနာဟူ၍ = နှစ်မျိုးနှစ်စား ရှိပြန်ရာ ဆင်ရတနာ, မြင်းရတနာ အစရှိသော တိရစ္ဆာန်ရတနာသည် လူတို့သုံးဆောင်ရန်သာလျှင် ဖြစ်လာ၏၊ သို့ရကား ဤတိရစ္ဆာန်ရတနာ, လူရတနာ နှစ်ပါးတို့တွင်လည်း လူရတနာသည်သာလျှင် ချီးမွမ်းအပ် မြတ်လှပေ၏။

တဖန် လူရတနာသည်လည်း (၁) မိန်းမရတနာ (၂) ယောက်ျားရတနာဟူ၍ = နှစ်မျိုးနှစ်စားပင် ရှိပြန်ရာ စကြဝတေးမင်း၏ မိဖုရားရတနာပင် ဖြစ်လင့်ကစား မိန်းမရတနာသည် ယောက်ျား၏ အသုံးအဆောင်သာလျှင် ဖြစ်ချေ၏၊ သို့ရကား ဤမိန်းမရတနာ, ယောက်ျားရတနာ နှစ်မျိုးတို့တွင်လည်း ယောက်ျားရတနာသည်သာလျှင် ချီးမွမ်းအပ် မြတ်လှပေ၏။

တဖန် ယောက်ျားရတနာသည်လည်း (၁) အာဂါရိယရတနာ = အိမ်ရာအစီးအပွါး၌ အားထုတ်ယှဉ်သူ လူဝတ်ကြောင်ရတနာ (၂) အနာဂါရိယရတနာ =

၅၆၈

အိမ်ရာအစီးအပွါး၌ အားမထုတ် မယှဉ်သူ ရဟန်းသာမဏေ ရတနာဟူ၍ = နှစ်မျိုးနှစ်စားပင် ရှိပြန်လေရာ အာဂါရိယရတနာတို့တွင် အမြတ်ဆုံးဖြစ်သည့် စကြဝတေးမင်းပင် ဖြစ်လင့်ကစား ယနေ့ရှင်ပြုသစ်စ သာမဏေငယ်ကို တည်ခြင်းငါးမျိုးဖြင့် ရှိခိုးပူဇော်ရလေသည်၊ သို့ရကား ဤအာဂါရိယရတနာ, အနာဂါရိယရတနာ နှစ်မျိုးတို့တွင်လည်း အနာဂါရိယ ရတနာသည်သာလျှင် ချီးမွမ်းအပ် မြတ်လှပေ၏။

တဖန် အနာဂါရိယ ရတနာသည်လည်း (၁) သေက္ခရတနာ = သိက္ခာသုံးပါးကို ကျင့်နေဆဲ (ကျင့်၍မပြီးသေး)ဖြစ်သည့် ပုထုဇဉ်နှင့် အောက်အရိယာပုဂ္ဂိုလ် ရတနာ (၂) အသေက္ခရတနာ = ရဟန္တာပုဂ္ဂိုလ်ရတနာဟူ၍ နှစ်မျိုးပင် ရှိပြန်လေရာ သေက္ခရတနာပေါင်း တသိန်းပင် ဖြစ်လင့်ကစား အသေက္ခရတနာ ရဟန္တာပုဂ္ဂိုလ်တပါးကို (ဂုဏ်ကျေးဇူးကြီးမြတ်သော အရာ၌) လိုက်၍မမှီနိုင်ချေ။ သို့ရကား ဤသေက္ခရတနာ, အသေက္ခရတနာ နှစ်မျိုးတို့တွင်လည်း အသေက္ခရတနာ = ရဟန္တာပုဂ္ဂိုလ်သည်သာလျှင် ချီးမွမ်းအပ် မြတ်လှပေ၏။

ထိုအသေက္ခ ရတနာသည်လည်း (၁) ဗုဒ္ဓရတနာ (၂) သာဝကရတနာဟူ၍ = နှစ်မျိုးနှစ်စားပင် ရှိပြန်လေရာ သာဝကရတနာပေါင်း တသိန်းပင် ဖြစ်လင့်ကစား ဗုဒ္ဓရတနာ ဘုရားတဆူကို (ဂုဏ်ကျေးဇူးကြီးမြတ်သော အရာ၌) လိုက်၍မမှီနိုင်ချေ။ သို့ရကား ဤဗုဒ္ဓရတနာ, သာဝကရတနာ နှစ်မျိုးတို့တွင်လည်း ဗုဒ္ဓရတနာသည်သာလျှင် ချီးမွမ်းအပ် မြတ်လှပေ၏။

တဖန် ဗုဒ္ဓရတနာသည်လည်း (၁) ပစ္စေကဗုဒ္ဓရတနာ = ဘုရားငယ် ဘုရားသီး ပစ္စေကဗုဒ္ဓါ အရှင်မြတ်ရတနာ (၂) သဗ္ဗညုဗုဒ္ဓရတနာ = သဗ္ဗညုတဉာဏ်ရှင် သမ္မာသမ္ဗုဒ္ဓ ဘုရားရတနာဟူ၍ = နှစ်ဆူနှစ်မျိုးပင် ရှိပြန်လေရာ

၅၆၉

ပစ္စေကဗုဒ္ဓါအရှင် တသိန်းပင် ဖြစ်လင့်ကစား သဗ္ဗညုဘုရားတဆူကို (ဂုဏ်ကျေးဇူးကြီးမြတ်သော အရာ၌) တစိတ်တဒေသပင် လိုက်၍မမှီနိုင်ချေ။ သို့ရကား ပစ္စေကဗုဒ္ဓရတနာ, သဗ္ဗညုဗုဒ္ဓရတနာ နှစ်မျိုးတို့တွင် လည်း သဗ္ဗညုဗုဒ္ဓရတနာသည်သာလျှင် ချီးမွမ်းအပ် အမြတ်ဆုံးဖြစ်ပေ၏။

မှန်၏- နတ်ဗြဟ္မာနှင့်တကွသော သတ္တလောကကြီးတခုလုံး၌ သဗ္ဗညူမြတ်စွာဘုရား ရတနာနှင့် တူသောရတနာမည်သည် မရှိချေ၊ သို့ရကား အတူမရှိသော ရတနာကိုသာလျှင် ငါ့သူငယ်ချင်း ပုက္ကုသာတိမင်းထံ ပို့သပေအံ့”-

ဟု ကြံစည်၍ တက္ကသိုလ်ပြည်သား အမတ်များကို “အမောင်တို့.. အမောင်တို့၏ တက္ကသိုလ်ပြည်အရပ်ဝယ် ဘုရား, တရား, သံဃာ ဤရတနာသုံးပါးကို ဖူးတွေ့ကြရပါ၏လော”ဟု မေးမြန်းလေ၏။ ထိုအခါ တက္ကသိုလ်အမတ်များက “မြတ်သောမင်းကြီး.. ထိုအကျွန်ုပ်တို့နေရာ တက္ကသိုလ်ပြည်အရပ်၌ ဘုရား, တရား, သံဃာဟူသော အသံမျှပင် ကြားသိရခြင်း မရှိသေးပါ၊ ဖူးမြော်ခွင့်ကိုကား အဘယ်မှာ ရနိုင်အံ့နည်း”ဟု ပြန်ကြား လျှောက်ထားကြလေ၏။ မင်းကြီးသည် “ကောင်းပြီ အမောင်တို့..”ဟု မိန့်ဆိုကာ “ထိုအရပ်၌မရှိသော လက်ဆောင်ကို ပို့သခွင့်ရပြီ”ဟု အလွန်ဝမ်းမြောက် နှစ်သက်လျက် ဆက်၍တဖန် ကြံစည်မိပြန်သည်မှာ-

“လူအပေါင်းအား ချီးမြှောက်ရန် သူငယ်ချင်း ပုက္ကုသာတိမင်း၏ နေရပ်ဌာန တက္ကသိုလ်ပြည်အရပ်သို့ မြတ်စွာဘုရားရှင်ကို တောင်းပန်လျှောက်ထား၍ ပို့သရန် စွမ်းနိုင်စေကာမူ မြတ်စွာဘုရားရှင်တို့သည်ကား ပစ္စန္တရစ်အရပ်များ၌ အရုဏ်တက်စေရိုး ထုံးစံမရှိကုန်၊ သို့ဖြစ်ရကား မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး ကြွရောက်ရန်လည်း မဖြစ်နိုင်။

၅၇၀

အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလ္လာန်- အစရှိသော သာဝက ရဟန္တာကြီးများကို ငါတောင်းပန် လျှောက်ထား၍ ပို့သရန် စွမ်းနိုင်သည်ပင် ဖြစ်ဦးတော့၊ စင်စစ်သော်မူ ငါသည် ‘မထေရ်မြတ်ကြီးများ ပစ္စန္တရစ်အရပ်၌ နေတော်မူကြသည်’ဟု ကြားရလျှင်ပင် မင်းချင်းလူများကို စေလွှတ်ကာ ထိုမထေရ်မြတ်ကြီး များကို မိမိ၏ အနီးအရပ်သို့ မရောက်ရောက်အောင် ပင့်ဆောင်ပြီးလျှင် ပစ္စည်းလေးပါးဖြင့် ပြုစုလုပ်ကျွေးရန် သင့်လျော်ပေ၏။ သို့ရကား မထေရ်မြတ်ကြီးများလည်း ကြွသွားတော်မူကြရန် မဖြစ်နိုင်။

စင်စစ်သော်ကား ငါသည် မြတ်စွာဘုရားရှင်နှင့်တကွ မထေရ်မြတ်ကြီးများ ကိုယ်တော်တိုင် ကြွသွားတော မူကြသကဲ့သို့ဖြစ်အောင် သဝဏ်လွှာကို ပို့သပေအံ့”—

ဟု ကြံစည်၍ အလျားလေးတောင် အနံတလွှာရှိသည့် မပါးလွန်း မထူလွန်းသော ရွှေပြားကို ခတ်စေပြီးလျှင် ထိုရွှေပြားဝယ် အက္ခရာတို့ကို ရေးသားတော့မည့်နေ့၌ နံနက်စောစောပင် ဦးခေါင်းဆေးလျှော် ရေမိုးချိုး၍ အဋ္ဌင်္ဂဥပုသ်ကို ဆောက်တည်ပြီးလျှင် နံနက်စာစားပြီးလတ်သော် ထိုနေ့အဖို့ရာ နံ့သာပန်းမာလ် အဆင် တန်းဆာများကို ဝတ်စားပန်ဆင် လိမ်းကျံမှု လုံးဝမပြုတော့ပဲ ရွှေခွက်ဖြင့် ဟင်္သပဒါးကိုထည့်၍ ယူပြီးနောက် အောက်ထပ်မှစ၍ တံခါးများကိုပိတ်လျက် နန်းပြာသာဒ်ထက်သို့ တက်ရောက်တော်မူ၍ အလင်းရောင် ပို၍ရစေရန် အရှေ့အရပ်မျက်နှာ ခြင်္သေ့ခံသော လေသာနန်းပြုတင်းကို ဖွင့်တော်မူပြီးလျှင် လေသာ အဆောင်တော်၌ ထိုင်နေလျက် ရွှေပြား၌ အက္ခရာများကို ရေးသားလိုရကား-

“ဤလောက၌ အရဟံဂုဏ်ရှင်, သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်, ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်ရှင်, သုဂတဂုဏ်ရှင်, လောကဝိဒူဂုဏ်ရှင်, အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်ရှင်, သတ္ထာဒေဝမနုဿာနံဂုဏ်ရှင်, ဗုဒ္ဓဂုဏ်ရှင်, ဘဂဝါဂုဏ်ရှင်

၅၇၁

ဖြစ်တော်မူသော မြတ်စွာဘုရားရှင်သည် ပွင့်ထွန်း ဖြစ်ပေါ်တော်မူလာပြီ”-

ဤသို့ အစရှိသည်ဖြင့် ရှေးဦးစွာ မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်များကို တစိတ်တဒေသအားဖြင့် ရေးသားလေ၏။ ထို့နောင်မှ ဤသို့ဤပုံ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်တော်မူ၍ ဤသို့ဤပုံ တုသိတာနတ်ပြည်မှ စုတေတော်မူခဲ့၍ ဤသို့ဤပုံ မယ်တော်ဝမ်းတိုက်၌ ပဋိသန္ဓေ ယူနေတော်မူ၏။ ထိုအခါ ဤသို့ဤပုံ သုံးဆယ့်နှစ်ပါးသော နိမိတ်ကြီးများ ထင်ရှားဖြစ်ပေါ်ကာ လောကကြီးတခုလုံး ဟင်းလင်းပွင့်သကဲ့သို့ ဖြစ်ရှိလေသည်။ မယ်တော်ဝမ်းတိုက်၌ ပဋိသန္ဓေ တည်နေတော်မူစဉ် ဤအမည်ရှိသော အံ့ဖွယ်သရဲ ထူးကဲချက်များ ဖြစ်ခဲ့လေသည်။ အိမ်ရာတည်ထောင် လူ့ဘောင်၌နေစဉ် ဤအမည်ရှိသော အံ့ဖွယ်သရဲ ထူးကဲချက်များ ဖြစ်ခဲ့လေသည်။ ဤသို့ဤပုံ မြတ်သော တောထွက်ခြင်းကို တောထွက်တော်မူခဲ့ကာ ဤသို့ဤပုံ ပဓာနအလုပ် အားထုတ်တော်မူခဲ့လေသည်။ ဤသို့ဤပုံ ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူ၍ မဟာဗောဓိမဏ္ဍိုင်သို့ တက်ရောက်တော်မူပြီးလျှင် အပေရာဇိတပလ္လင်တော်၌ ထိုင်နေတော်မူလျက် သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရရှိတော်မူခဲ့လေသည်။ သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိတော်မူသော မြတ်စွာဘုရားရှင်၏အဖို့ရာ ဤသို့ဤပုံ အံ့ဖွယ်သရဲ ထူးကဲလှစွာသော လောကဝိဝရဏ အဘိညာဉ်တန်ခိုး ဖြစ်ခဲ့လေသည်။ နတ်ဗြဟ္မာနှင့်တကွသော သတ္တလောကကြီး တခုလုံး၌ ဤဘုရားရတနာမှတပါး ဤကဲ့သို့သော ကျေးဇူးဂုဏ်နှင့် ပြည့်စုံသော အခြားရတနာမည်သည် မရှိဖြစ်ချေသည်ဟူ၍ ဗုဒ္ဓရှင်တော်ဘုရား၏ အကြောင်းအရာတို့ကို ရေးသား၍-

ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊

သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။

န နော သမံ အတ္ထိ တထာဂတေန၊

ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။-

၅၇၂

ဤသို့ အစရှိသည်ဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်များကို တစိတ်တဒေသအားဖြင့် ရေးသားပြန်လေသည်။

     ထို့နောင်မှ တရားရတနာကို ချီးမွမ်းလိုသည်ဖြစ်၍ “မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်သည် သွာက္ခာတတာဂုဏ်, သန္ဒိဋ္ဌိကဂုဏ်, အကာလိကဂုဏ်, ဧဟိပဿိကဂုဏ်, ဩပနေယျိကဂုဏ်, ပစ္စတ္တံဝေဒိတဗ္ဗဝိညူဟိဂုဏ်တို့နှင့် ဤသို့ဤပုံ ပြည့်စုံတော်မူ၏။ သတိပဋ္ဌာန်လေးပါး, သမ္မပ္ပဓာန်လေးပါး, ဣဒ္ဓိပါဒ် လေးပါး, ဣန္ဒြေငါးပါး, ဗိုလ်ငါးပါး, ဗောဇ္ဈင်ခုနစ်ပါး, မဂ္ဂင်ရှစ်ပါး ဤသို့အားဖြင့် မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်သည် ဤသို့ ဤသို့သော ဂုဏ်ကျေးဇူးအထူးနှင့် ပြည့်စုံ၏။ ဤသို့ အစရှိသည်ဖြင့် ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့ကို တစိတ်တဒေသအားဖြင့် ရေးသား၍-

ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိံ၊

သမာဓိမာနန္တရိကညမာဟု၊

သမာဓိနာ တေန သမော န ဝိဇ္ဇတိ၊

ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။-

ဤသို့ အစရှိသည်ဖြင့် တရားတော်၏ ဂုဏ်ကျေးဇူးတော်များကို တစိတ်တဒေသအားဖြင့် ရေးသားပြန်လေသည်။

     ထို့နောင်မှ သံဃာရတနာကို ချီးမွမ်းလိုသည်ဖြစ်၍ “မြတ်စွာဘုရား၏ တပည့်သားသာဝက သံဃာတော်သည် သုပ္ပဋိပန္နတာ ဂုဏ်ကျေးဇူး, ဥဇုပ္ပဋိပန္နတာ ဂုဏ်ကျေးဇူး, ဉာယပ္ပဋိပန္နတာ ဂုဏ်ကျေးဇူး, သာမီစိပ္ပဋိပန္နတာ ဂုဏ်ကျေးဇူး, (အကြောင်းဖြစ်သော) ဤဂုဏ်ကျေးဇူး လေးပါးတို့နှင့် အခြေခံ ပြည့်စုံတော်မူရကား လေးစုံရှစ်ပါး (မြတ်စွာဘုရား၏) တပည့်သား သာဝက သံဃာတော်သည် အာဟုနေယျဂုဏ်, ပါဟုနေယျဂုဏ်, ဒက္ခိဏေယျဂုဏ်, အဉ္ဇလိကရဏီယဂုဏ်, အနုတ္တရပုညက္ခေတ္တဂုဏ် = ဤ(အကျိုးဖြစ်သော) ဂုဏ်ကျေးဇူး ငါးပါးတို့နှင့်လည်း ပြည့်စုံတော်မူ၏။

၅၇၃

     ဇာတိအာစာရ နှစ်ဌာန အမျိုးကောင်းသားတို့သည် မြတ်စွာဘုရားရှင်၏ တရားစကားတော်ကို ကြားနာကြ၍ ဤသို့ဤပုံ တောထွက်၍ ရဟန်းပြုကြကုန်၏၊ အချို့သော အမျိုးကောင်းသားတို့သည် ထီးဖြူ(မင်းစည်းစိမ်)ကို ပယ်စွန့်၍ ရဟန်းပြုကြကုန်၏။ အချို့ကား အိမ်ရှေ့မင်းစည်းစိမ်ကို, အချို့ကား စစ်သေနာပတိရာထူး- စသည်တို့ကို ပယ်စွန့်၍ ရဟန်းပြုကြကုန်၏။ ရဟန်းပြုကြပြီးနောက် ဤဆိုလတ္တံ့သော အကျင့်ပဋိပတ်ကို ဖြည့်ကျင့်ကြကုန်၏”ဟု စကားပလ္လင်ခံပြီးလျှင် ဗြဟ္မဇာလသုတ်လာ စူဠသီလ, မဇ္ဈိမသီလ, မဟာသီလ စသည်တို့ကို တစိတ်တဒေသအားဖြင့် ရေးသားပြီးလျှင် ခြောက်ဒွါရ၌ စောင့်စည်းပုံ, သတိသမ္ပဇညတရား ဖြစ်ပွါးစေပုံ, ပစ္စည်းလေးပါး၌ ရောင့်ရဲလွယ်ပုံ, ကမ္မဋ္ဌာန်းအလုပ်နှင့် လျောက်ပတ်သည့် ကျောင်းကိုးမျိုးရှိပုံ, နီဝရဏတရား ငါးပါးကို ပယ်ရှားပုံ, ကသိုဏ်းပရိကံအလုပ် စတင်တည်ထောင်ပုံ, ဈာန်တရား အဘိညာဉ်တရားတို့ ဖြစ်ပွါးပုံ, ကမ္မဋ္ဌာန်းအလုပ် သုံးဆယ့်ရှစ်မျိုးရှိပုံ- စသည်များကို အရဟတ္တမဂ်တိုင်အောင် တစိတ်တဒေသအားဖြင့် ရေးသားလေသည်။

     တဆယ့်ခြောက်ပါး အစုရှိသော အာနာပါနဿတိ ကမ္မဋ္ဌာန်းကိုကား အကျယ်အားဖြင့်ပင် ရေးသားပြီးလျှင် “မြတ်စွာဘုရားရှင်၏ တပည့်သားသာဝက သံဃာမည်သည် ဤသို့ဤသို့သော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံပေ၏။

ယေ ပုဂ္ဂလာ အဋ္ဌသတံ ပသတ္ထာ၊

စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။

တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ၊

ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။-

ဤသို့ အစရှိသည်ဖြင့် သံဃာတော်၏ ဂုဏ်ကျေးဇူးများကို တစိတ်တဒေသအားဖြင့် ရေးသားပြီးလျှင် “မြတ်စွာဘုရားရှင်၏ သုံးပါးသိက္ခာ သာသနာသည် အစ, အလယ်, အဆုံး = သုံးပါးအစုံ

၅၇၄

ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ဟောကြားအပ်သော သာသနာတော်ဖြစ်သည်၊ သံသရာဒုက္ခမှ မုချဧကန် ထွက်မြောက် ကျွတ်လွတ်စေနိုင်သော သာသနာတော်လည်း မှန်ပေသည်။ ငါ၏အဆွေတော် ပုက္ကုသာတိမင်းသည် အကယ်၍ စွမ်းနိုင်ပါလျှင် တောထွက်၍ ရဟန်းပြုစေချင်ပါသည်”ဟု တိုက်တွန်းစကား ရေးသား၍ ရွှေပြားကို လိပ်ပြီးလျှင် အလွန်နူးညံ့သော ကမ္ဗလာဖြင့် ရစ်ပတ်၍ နံ့သာနှစ်ကြုတ်၌ ထည့်ပြီးနောက် ထိုနံ့သာနှစ်ကြုတ်ကို ရွှေကြုတ်၌, ရွှေကြုတ်ကို ငွေကြုတ်၌, ငွေကြုတ်ကို ပတ္တမြားကြုတ်၌, ပတ္တမြားကြုတ်ကို သန္တာကြုတ်၌, သန္တာကြုတ်ကို ပတ္တမြားနီကြုတ်၌, ပတ္တမြားနီကြုတ်ကို ပတ္တမြားပြောက် = မသာရဂလ်ကြုတ်၌, မသာရဂလ်ကြုတ်ကို ဖလ်ကြုတ်၌, ဖလ်ကြုတ်ကို ဆင်စွယ်ကြုတ်၌, ဆင်စွယ်ကြုတ်ကို ရတနာဆယ်ပါး ခြယ်စီသောကြုတ်၌, ရတနာဆယ်ပါး ခြယ်စီသောကြုတ်ကို နှီးကြုတ်၌ ထည့်ပြီးလျှင် ထိုနှီးကြုတ်ကို နံ့သာနှစ်သေတ္တာ၌ ထည့်ပြန်လေသည်။ တဖန် နံ့သာနှစ်သေတ္တာကို ရွှေသေတ္တာ၌ (ရှေးနည်းအတူ) ငွေသေတ္တာ, ပတ္တမြားသေတ္တာ, သန္တာသေတ္တာ, ပတ္တမြားနီသေတ္တာ, မသာရဂလ်သေတ္တာ, ဖလ်သေတ္တာ, ဆင်စွယ်သေတ္တာ, ရတနာဆယ်ပါး ခြယ်စီသောသေတ္တာ, နှီးသေတ္တာတို့၌ အဆင့်ဆင့် ထည့်လေသည်။

     ထို့နောင်မှ နှီးသေတ္တာကို နံ့သာနှစ်ပခြုပ်၌ ထည့်ပြန်လေသည်၊ နံ့သာနှစ်ပခြုပ်ကို ရွှေပခြုပ်၌ (ရှေ့နည်းတူ) ငွေပခြုပ်, ပတ္တမြားပခြုပ်, သန္တာပခြုပ်, ပတ္တမြားနီပခြုပ်, မသာရဂလ်ပခြုပ်, ဖလ်ပခြုပ်, ဆင်စွယ်ပခြုပ်, ရတနာဆယ်ပါး ခြယ်စီသောပခြုပ်, နှီးပခြုပ် = ယွန်းပခြုပ်တို့၌ အဆင့်ဆင့် ထည့်စေပြီးမှ အပြင်က ကမ္ဗလာအဝတ်ထည်ဖြင့် ရစ်ပတ်စေ၍ မင်းတံဆိပ် ခတ်နှိပ်ပြီးလျှင် အမတ်တို့ကို-

“ငါ၏အာဏာတော် ပြန့်နှံ့ရာအရပ်၌ လမ်းကို တန်းဆာဆင်စေကြရမည်၊ လမ်းသည် အကျယ်အပြန့်အားဖြင့် ရှစ်ဥသဘ ကျယ်ပြန့်စေရမည်၊ ထိုရှစ်ဥသဘအနက်

၅၇၅

လက်ဝဲ လက်ျာ နှစ်ဥသဘစီ = လေးဥသဘရှိသော အရပ်မှာ သုတ်သင်အပ်ကာမျှ ဖြစ်စေရမည်။ အလယ်ဖြစ်သည့် လေးဥသဘကို မင်းသုံးမင်းဆောင်များဖြင့် ခမ်းနားစွာ စီမံကြရမည်”-

ဟု အမိန့်တော်မြတ် မှတ်လေသည်။ ထို့နောင်မှ မင်္ဂလာဆင်တော်ကို တန်းဆာအပြည့်အစုံ ဆင်ယင်စေ၍ ထိုမင်္ဂလာဆင်တော်အထက်၌ ပလ္လင်ကို ခင်းထားစေလျက် ထိုအထက်မှ ထီးဖြူတော်ကို စိုက်ထူစေပြီးလျှင် မြို့တော်လမ်းများကို ရေဖျန်း၍ တံမြက်တလင်း အညီအညာ လှည်းကျင်းပြီးဖြစ်အောင်, တံခွန်ကုက္ကား မုလေးပွါးတို့ကို အစီအရီ စိုက်ထူပြီးဖြစ်အောင်, ဝဲယာ တဖက်တချက်မှ ငှက်ပျောပင်ရှင်များ ရေပြည့်အိုးများ နံ့သာအမျိုးမျိုး အခိုးအထုံ ပန်းအမျိုးမျိုးတို့ဖြင့် တန်ဆာဆင်ပြီးဖြစ်အောင် စီမံ ပြုလုပ်စေပြီးသော် လမ်းတလျောက်အကြားရှိ တိုင်းကြပ် မြို့စားမင်းများအားလည်း-

“မိမိ မိမိတို့ ပိုင်စံသော နယ်ပယ်အရပ်၌ ဤနည်းနှင်နှင် ပူဇော်သက္ကာရမှု ပြုလုပ်စေကြရမည်”-

ဟု တမန်လျင်တို့ကို စေလွှတ်ကာ သဝဏ်လွှာပို့သ၍ မင်းကြီးကိုယ်တိုင်ကမူ ခပ်သိမ်းသော မင်းမြှောက် တန်းဆာများဖြင့် တင့်တယ်စွာ တန်းဆာဆင်လျက် တီးမှုတ်ဖွယ်ရာ တူရိယာမျိုးစုံ ဝန်းရုံဆူညံ ဗိုလ်ပါအပေါင်း ရံပြီးလျှင် လက်ဆောင်တော်ကို ပို့သမည်ဟု မိမိပိုင်စံသော နိုင်ငံတော် နယ်စပ်ရောက်အောင် ကြီးစွာသော အခမ်းအနားဖြင့် သွားရောက်ပို့ဆောင်ပြီးလျှင် တမန်တော်အမတ်အား-

“အမောင်.. ငါ့သူငယ်ချင်း အဆွေတော် ပုက္ကုသာတိမင်းသည် ဤလက်ဆောင်တော်ကို လက်ခံသောအခါ မောင်းမမိဿံ အလယ်၌ လက်မခံပဲ ပြာသာဒ်ထက်သို့ တက်ရောက်၍ လက်ခံစေချင်ပါသည်”-

ဟု အတွင်းစကား နှုတ်ဖြင့် မှာကြား ပေးအပ်လိုက်လေသည်။ ဤသို့ အမှာစကား မိန့်ကြားပေးအပ်ပြီးလျှင် မင်းကြီးသည်

၅၇၆

“မြတ်စွာဘုရားရှင်သည် ပစ္စန္တရစ်အရပ်သို့ ကြွသွားတော်မူပေ၏”ဟု အောက်မေ့ကာ တည်ခြင်းငါးပါးဖြင့် ရှိခိုး၍ နိုင်ငံတော်သို့ ပြန်လည်တော်မူခဲ့လေ၏။

     တိုင်းကြပ် မြို့စားမင်းအများတို့သည်လည်း ထိုနည်းအတိုင်းပင် လမ်းခရီးကို မွမ်းမံ ပြင်ဆင်ကြ၍ လက်ဆောင်တော်ကို အဆင့်ဆင့် ကမ်းလှမ်း ပို့ဆောင်ကြလေ၏။

ပုက္ကုသာတိမင်း လက်ဆောင်တော် ကြိုယူခြင်း

     ပုက္ကုသာတိ မင်းတရားသည်လည်း မိမိပိုင် နိုင်ငံတော်နယ်စပ်မှစ၍ ထိုနည်းအတိုင်းပင် လမ်းခရီးကို မွမ်းမံပြင်ဆင်၍ မြို့တော်ကို လှပစွာ တန်းဆာဆင်စေပြီးလျှင် ခမ်းနားကြီးကျယ်စွာ လက်ဆောင်တော်ကို ကြိုယူလေသည်။

     လက်ဆောင်တော်သည် တက္ကသိုလ်ပြည်သို့ အံ့ဩဖွယ်ရာ ဥပုသ်နေ့၌ ရောက်ရှိ၍သွားလေသည်။ လက်ဆောင်တော်ကို ယူဆောင်လာသော အမတ်သည်လည်း ဗိမ္ဗိသာရမင်းတရား နှုတ်ဖြင့် မှာကြားလိုက်သည့် အမှာစကားကို ပုက္ကုသာတိမင်းအား လျှောက်ထားလေ၏။

     ပုက္ကုသာတိမင်းကြီးသည် ထိုအမှာစကားကို ကြားသိရပြီးနောက် လက်ဆောင်တော်နှင့် အတူတကွ လာရောက်ကြသူများအတွက် ပြုလုပ်စီမံဖွယ် အသွယ်သွယ်သော ကိစ္စများကို ပြည့်စုံအောင် စီမံခန့်ခွဲပြီးလျှင် လက်ဆောင်တော်ကို ကိုယ်တိုင်ပင် ယူဆောင်၍ ပြာသာဒ်ထက်သို့တက်၍ “ဤပြာသာဒ်အတွင်းသို့ တဦးတယောက်မျှ မဝင်စေရ”ဟု တံခါး၌ အစောင့်အနေများ ချထားတော်မူပြီးလျှင် ခြင်္သေ့ခံသော လေသာနန်း ပြူတင်းပေါက်ကို ဖွင့်လှစ်တော်မူ၍ လက်ဆောင်တော်ကို မြင့်သောနေရာ၌ထားလျက် မိမိကမူ နိမ့်သောနေရာ၌ ထိုင်နေလျက် မင်းတံဆိပ်ကိုခွါ၍ အပေါ်ဖုံး ကမ္ဗလာအဝတ်ကို ဖယ်ရှားပြီးလျှင် ယွန်းပချုပ်မှ အစပြုကာ အစဉ်အတိုင်း ဖွင့်လှစ်တော်မူလတ်သော် (အတွင်းဆုံး) နံ့သာနှစ်ကြုတ်ကို မြင်လေလျှင် “ဤအဆောင်အယောင်ကား

၅၇၇

ကြီးကျယ်လှ၏။ ဤအဆောင်အယောင်သည် အခြား လောကီဖွယ်ရာ ရတနာ၏ အဆောင်အယောင် ဖြစ်လိမ့်မည်မဟုတ်၊ ဧကန်ပင် မဇ္ဈိမဒေသ၌ ကြားနာရန် သင့်လျော်သည့် ရတနာတမျိုးမျိုး ပေါ်ထွန်းသည် ဖြစ်လိမ့်မည်”ဟု အမှန်အတိုင်းပင် ကြံစည်စဉ်းစားမိလေသည်။

     ထို့နောက်မှ နံ့သာနှစ်ကြုတ်ကို ဖွင့်၍ မင်းတံဆိပ်ကို ခွာပြီးလျှင် အလွန်နူးညံ့သော ကမ္ဗလာကို အစွန်းနှစ်ဖက်မှကိုင်ကာ အသာအယာဖြေ၍ ကြည့်လေသော် ရွှေပြားအလိပ်ကို မြင်ရလေ၏။

ပုက္ကုသာတိမင်း၏ ကြီးစွာသော ပီတိသောမနဿ

     ပုက္ကုသာတိမင်းကြီးသည် ရွှေပြားလိပ်ကို ဖြန့်၍ “အက္ခရာ စာလုံးတို့ကား နှစ်သက်ဖွယ် ရှိကုန်စွာ့တကား၊ ညီညွတ်သော အက္ခရာစာလုံး ဦးထိပ်ရှိကုန်စွာ့တကား၊ ညီညွတ်သော အစဉ်အတန်း ရှိကုန်စွာ့တကား၊ လေးထောင့်စပ်စပ် မျဉ်းခတ်သကဲ့သို့ ကျကုန်စွာ့တကား”ဟု အံ့ဩခြင်းဖြစ်ကာ အစမှစ၍ တလုံးမချန် ဖတ်ရှုလေ၏။

     “ဤလောက၌ မြတ်စွာဘုရားရှင်သည် ပွင့်ထွန်းတော်မူလာပြီ” အစချီသော ဘုရာ့ဂုဏ်ကျေးဇူးတို့ကို ဖတ်ရှုစဉ်ပင် မင်းကြီး၏သန္တာန်၌ အားကြီးသော နှစ်သက်ခြင်း ဝမ်းမြောက်ခြင်း = ပီတိသောမနဿ ဖြစ်ရှိလေ၏။ မွေးညှင်းတွင်းပေါင်း (၉၉၀၀၀) ကိုးသောင်း ကိုးထောင်တို့မှ မွေးညှင်းများသည် အဖျားအထက်သို့ ထောင်လျက် တည်ကြကုန်၏။ မိမိ၏ ရပ်နေသည် ထိုင်နေသည်ကိုပင် မသိနိုင်အောင် ဖြစ်ရှိလေ၏။ ထို့နောက် “ဩ.. ငါသည် မဟာကမ္ဘာပေါင်း ကမ္ဘာကုဋေ အသိန်းတို့ လွန်သော်လည်း ကြားနာရန် ရရန် ခဲယဉ်းလှစွာသော ဘုရားရတနာနှင့်စပ်သည့် သတင်းစကားကို သူငယ်ချင်း ဗိမ္ဗိသာရမင်းကို အမှီပြု၍ ကြားနာခွင့်ကို ရရှိပေသည်”ဟု ဆက်၍ ကြံစည်ဆင်ခြင်ကာ မင်းကြီး၏သန္တာန်၌ ဆဆထမ်းပိုး တိုး၍ တိုး၍ အားကြီးသော အားကြီးသော နှစ်သက်ခြင်း ဖြစ်ရှိလေ၏။

၅၇၈

     ပုက္ကုသာတိမင်းကြီးသည် အထက်သို့ ဆက်၍ဖတ်ရှုရန် မစွမ်းနိုင်သေးပဲ ပီတိအဟုန် ငြိမ်းအေးသည်တိုင်အောင် စဉ်းစား ထိုင်နေပြီးမှ နောက်၌ “မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်သည် သွာက္ခာတတာဂုဏ်နှင့်လည်း ပြည့်စုံ၏” အစရှိသည်ဖြင့် တရားတော်၏ ဂုဏ်ကျေးဇူးတို့ကို ဆက်၍ ဖတ်ရှုပြန်လေသည်။ ထိုသို့ ဖတ်ရှုရာ၌လည်း မင်းကြီး၏သန္တာန်ဝယ် ရှေးနည်းအတူပင် ကြီးစွာသော ပီတိသောမနဿတရားများ ထင်ရှား ဖြစ်ပေါ်လာလေ၏။

     မင်းကြီးသည် ပီတိအဟုန် ငြိမ်းအေးသည်တိုင်အောင် စဉ်းစားစောင့်ဆိုင်း ထိုင်နေပြီးမှ တဖန် နောက်၌ “မြတ်စွာဘုရား၏ တပည့်သား သာဝက သံဃာတော်သည် သုပ္ပဋိပန္နတာ ဂုဏ်ကျေးဇူးနှင့်လည်း ပြည့်စုံတော်မူ၏” အစရှိသည်ဖြင့် သံဃာတော်၏ ဂုဏ်ကျေးဇူးတို့ကို ဆက်၍ ဖတ်ရှုပြန်လေသည်။ ထိုသို့ ဖတ်ရှုရာ၌လည်း မင်းကြီး၏သန္တာန်ဝယ် ရှေးနည်းအတူပင် ကြီးစွာသော ပီတိသောမနဿတရားများ ထင်ရှား ဖြစ်ပေါ်လာလေ၏။

ပုက္ကုသာတိမင်းကြီး ဈာန်ရပြီး ရဟန်းပြုခြင်း

     ထို့နောင်မှ ရွှေပေသဝဏ်လွှာတွင် နောက်ဆုံးအခဏ်းဖြစ်သည့် အာနာပါနဿတိ ကမ္မဋ္ဌာန်းကို ဖတ်ရှု၍ သဝဏ်လွှာပါအတိုင်း နှလုံးသွင်းသဖြင့် ရူပါဝစရဈာန်တို့ကို အပြည့်အစုံ ရရှိလေ၏။ မင်းကြီးသည် ဈာန်ချမ်းသာဖြင့်ပင် အချိန်ကို ကုန်လွန်စေလေ၏။ အခြားသူ တဦးတယောက်မျှ ဖူးမြော်ခွင့်မရပဲ အလုပ်အကျွေး လူငယ်တဦးသာလျှင် ဝင်ခွင့် ထွက်ခွင့် ရလေသည်။ ဤနည်းဖြင့် လဝက် (၁၅-ရက်)ခန့် အချိန်ကို ကုန်လွန်စေလေသည်။

     မြို့သူမြို့သားတို့သည် မင်းယင်ပြင် (နန်းတော် မြေကွက်လပ်ကွင်းကြီး)ထဲ၌ စည်းဝေးကြ၍-

“လက်ဆောင်တော်ကို လက်ခံသည့်နေ့မှစ၍ မင်းကြီးမှာ ဗိုလ်ပါကို ကြည့်ရှုခြင်း (=ဗိုလ်ရှုခံခြင်း), ကခြေသည်များကို ကြည့်ရှုခြင်း အလျှင်းပင် မရှိခဲ့ချေ၊

၅၇၉

တရားအဆုံးအဖြတ်ပေးခြင်းလည်း အလျှင်းပင် မရှိခဲ့ချေ။ ပြည့်ရှင်မင်းကြီးသည် အဆွေတော် ဗိမ္ဗိသာရမင်းက ပေးပို့လိုက်သော လက်ဆောင်ပဏ္ဏာတော်ကို ပြလိုသူအား ပြစေချင်ပါသည်။ မင်းတို့မည်သည် အချို့သော ပြည်ထောင်ဖက်မင်းအား လက်ဆောင်ပဏ္ဏာတော်ဖြင့် ဖြားယောင်း၍ တိုင်းပြည်ကို မိမိ၏ တိုင်းပြည်ဖြစ်အောင် ပြုလုပ် အားထုတ်တတ်ကြပါသည်၊ ငါတို့မင်းကြီးသည် ဘယ်လိုများ ပြုလုပ်နေသနည်း”–

ဟု ကြွေးကြော် ဟစ်အော်ကြလေကုန်၏။ မင်းကြီးသည် ကြွေးကြော်ဟစ်အော်သံကို ကြားရလျှင် “ငါသည် ပြည်၏အစီးအပွါးကိုတည်း ဆောင်ရအံ့လော၊ သို့မဟုတ် မြတ်စွာဘုရားရှင်၏ အဆုံးအမ ဩဝါဒ သာသနာကိုတည်း ဆောင်ရအံ့လော”ဟု ကြံစည်လေ၏။ ထို့နောင်မှ ဆက်၍ တဖန် မင်းကြီး၏သန္တာန်ဝယ် “တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်ခဲ့သော ကိုယ်အဖြစ်မည်သည်ကို ဂဏန်းသင်္ချာ တတ်သောသူ ဂဏန်းသင်္ချာတတ် အမတ်တဦးဦးမျှ ရေတွက်ခြင်းငှါ မစွမ်းနိုင်၊ (သို့ရကား) ငါသည် မြတ်စွာဘုရားရှင်၏ အဆုံးအမ ဩဝါဒ သာသနာကိုသာလျှင် ဆောင်ပေတော့အံ့”ဟု စိတ်အကြံဖြစ်ပြီးလျှင် အိပ်ရာအနီး၌ထားသော သန်လျက်ကိုယူ၍ ဆံတော်တို့ကို ဖြတ်ပယ်ပြီးလျှင် ခြင်္သေ့ခံသော လေသာနန်းပြုတင်းကို ဖွင့်၍ “အမောင်တို့.. ဤငါ၏ ဆံတော်တို့ကိုယူ၍ မင်းအဖြစ်ကို ပြုစေကြကုန်လော့”ဟု ပြောဆိုလျက် ပတ္တမြား ဥသျှောင်တော်နှင့်တကွ ဆံထုံးကို ပရိသတ်အလယ်၌ ပစ်ချလိုက်လေ၏။

     လူများအပေါင်းသည် ထိုဥသျှောင်တော်နှင့် တကွသော ဆံထုံးကို မြှောက်ချီခံယူကြ၍ “အိုအရှင်မင်းကြီး.. အဆွေတော်မင်း၏အထံမှ လက်ဆောင်ပဏ္ဏာတော်ရသော မင်းတို့သည် အရှင်မင်းကြီးတို့ကဲ့သို့ချည်း ဖြစ်ကြပါသလော”ဟု ဟစ်အော်ပြောဆို ငိုကြွေးမြည်တမ်းကြလေကုန်၏။ ပုက္ကုသာတိမင်းကြီး၏

၅၈၀

ဆံမုတ်ဆိတ်များကား ဘုရားအလောင်းတော် ရဟန်းပြုခါနီးမှာကဲ့သို့ လက်နှစ်သစ်ခန့်သာလျှင် ဖြစ်ရှိကြလေ၏။

     ထို့နောင်မှ ပုက္ကုသာတိမင်းကြီးသည် အလုပ်အကျွေး လူငယ်ကို စေလွှတ်၍ ဈေးအတွင်းမှ ဖန်ရည်စွန်းသော အဝတ်နှစ်ထည်နှင့် မြေသပိတ်တို့ကို ယူဆောင်ဝယ်ခြမ်းခဲ့စေပြီးလျှင် “လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားရှင်တို့ကို ရည်စူး၍ အကျွန်ုပ်၏ ရဟန်းပြုခြင်းသည် ဖြစ်ပေ၏”ဟု နှုတ်မြွက်ပြောဆိုကာ မြတ်စွာဘုရားရှင်ကို ရည်စူး၍ ဖန်ရည်စွန်းသော အဝတ်တထည်ကို ဝတ်လျက် တထည်ကို ရုံပြီးမှ သပိတ်ကို လက်ဝဲပခုံးစွန်း၌ ချိတ်ဆွဲ လွယ်ဆောင်၍ တောင်ဝှေးကို စွဲကိုင်ပြီးလျှင် “ငါ၏ ရဟန်းအဖြစ်သည် တင့်တယ်၏လော၊ မတင့်တယ်ဘူးလော”ဟု နန်းပြာသာဒ်အပြင်၌ နှစ်ခေါက် သုံးခေါက် စင်္ကြံ လျှောက်၍ “ငါ၏ ရဟန်းအဖြစ်သည် တင့်တယ်လှ၏”ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်ရှိကာ တံခါးမ (=ဝင်းတံခါး)ကို ဖွင့်၍ ပြာသာဒ်မှ ဆင်းသက်တော်မူခဲ့လေ၏။

     အထူးအားဖြင့် ဆင်းသက်တော်မူလာသော ထိုပုက္ကုသာတိ အရှင်ရဟန်းကို တံခါးသုံးထပ်တို့၌ စောင့်တည်နေကြသော ကခြေသည် အစရှိသူတို့သည် မြင်ကြလျက်လည်း မင်းကြီးဟူ၍ မသိကြကုန်၊ “ပစ္စေကဗုဒ္ဓါ အရှင်မြတ်တပါးသည် ငါတို့မင်းကြီးထံ တရားဟောရန် ကြွလာတော်မူ၏”ဟူ၍သာ ကြံစည်စဉ်းစားမိကြလေ၏။ နန်းပြာသာဒ်ထက်သို့ တက်ရောက်ကြ၍ မင်းကြီး၏ ရပ်တည်ရာ ထိုင်နေရာတို့ကို သေချာစွာ ကြည့်ရှုကြမှသာ “မင်းကြီးသည် ကြွသွားလေပြီ”ဟု သိကြ၍ သမုဒြာအလယ် နစ်မြုပ်သောလှေ၌ ပါရှိသော လူများကဲ့သို့ တပြိုင်နက်တည်း ငိုကြွေးကြလေကုန်၏။

     ရဟန်းအသွင် ယူဆောင်ထားသော ပုက္ကုသာတိ အမျိုးကောင်းသားကို မြေအပြင်သို့ သက်ဆင်းမိလျှင် သက်ဆင်းမိခြင်း တဆယ့်ရှစ်သင်း လူခပင်းတို့သည်၎င်း, အလုံးစုံသော မြို့သူမြို့သား လူအများတို့သည်၎င်း, ဗိုလ်ပါရဲမက် အပေါင်းတို့သည်၎င်း ဝန်းရံကြ၍

၅၈၁

သည်းထန်စွာ ငိုကြွေး မြည်တမ်းကြလေကုန်၏။ အမတ်တို့ကလည်း ထိုပုက္ကုသာတိ အမျိုးကောင်းသားကို-

“အရှင်မင်းကြီး.. မဇ္ဈိမဒေသ၌ နေထိုင်ကြသော မင်းတို့မည်သည် အလွန် မာယာများကြပါကုန်သည်။ သဝဏ်လွှာပါး တမန်များကို စေလွှတ်၍ ‘လောက၌ ဘုရားရတနာမည်သည် တကယ်ပင် ဖြစ်ပွင့်တော်မူသည်။ သို့မဟုတ် ဖြစ်ပွင့်တော်မမူ’ဟူသော ဤအချက်ကို အတိအကျသိအောင် စုံစမ်းတော်မူပြီးမှ ကြွတော်မူကြပါကုန်။ ယခုမူ ရွှေနန်းတော်သို့ပင် တဖန် ပြန်နစ်တော်မူပါကုန်ဘုရား”-

ဟု လျှောက်ထား ပြောဆိုကြလေကုန်၏။ ထိုအခါ ရဟန်းအသွင် ယူဆောင်ထားသော ပုက္ကုသာတိ အမျိုးကောင်းသားသည် “အချင်းတို့.. ငါသည် ငါ့အဆွေတော် ဗိမ္ဗိသာရမင်း၏စကားကို မမှိတ်မသုန် ယုံကြည်၏၊ ထိုသူငယ်ချင်း ဗိမ္ဗိသာရမင်း၏အဖို့ရာ ငါနှင့် နှစ်ခွစကား ပြောကြားဘူးသောမည်သည် မရှိချေ။ သင်တို့ နေရစ်ကြလော့”ဟု မိန့်ဆိုကာ ကြွသွားလေ၏။ အမတ်များနှင့်တကွ လူအများသည် အစဉ်တစိုက် နောက်မှ လိုက်မြဲ လိုက်ကြလေကုန်၏။

     ပုက္ကုသာတိ အမျိုးကောင်းသားသည် တောင်ဝှေးဖြင့် မြေ၌ အရေးကို ရေးသားပြီးလျှင် “ဤတိုင်းပြည်သည် မည်သူ၏ တိုင်းပြည်နည်း”ဟု မေးလေ၏။ လူအများက “အရှင်မင်းကြီး.. အရှင်မင်းကြီးတို့၏ တိုင်းပြည်ဖြစ်ပါသည်”ဟု လျှောက်ထားကြလေလျှင် “အကြင်သူသည် ဤအရေးအသားကို ပျက်စီးအောင် ပြု၏။ ထိုသူကို မင်းအာဏာဖြင့် ဆုံးဖြတ်ရမည်”ဟု မိန့်တော်မူလေသည်။ မဟာဇနကဇာတ်တော်၌ အလောင်းတော် မဟာဇနကမင်း မြေ၌ ရေးသားအပ်သော အရေးအကြောင်းကို သီဝလိဒေဝီ မိဖုရားသည် မဖျက်ဝံ့သဖြင့် မြေ၌လူးလှိမ့်ကာ (ဥပါယ်တမျဉ်ဖြင့် အရေးအကြောင်းကို ပျက်အောင်ပြုကာ) မင်းကြီးနောက်သို့ လိုက်လေ၏။ ထိုသီဝလိဒေဝီမိဖုရား လိုက်ပါသွားသည့်

၅၈၂

(အရေးအသား ပျက်နေသော) လမ်းဖြင့်ပင် လူများအပေါင်းသည် လိုက်ပါလေသည်။ ဤယခု ပုက္ကုသာတိမင်းကြီး ရေးသားအပ်သည့် အရေးအကြောင်းကိုကား လူအပေါင်းသည် ပျက်အောင် မပြုဝံ့ကြချေ။ အရေးမျဉ်းကြောင်းကို ဦးစိုက်ကြကာ လူးလှိမ့်၍သာ ငိုကြွေးမြည်တမ်း ကျန်ရစ်ကြလေကုန်၏။

ဧကစာရီ ပုက္ကုသာတိ အမျိုးကောင်းသား

     ပုက္ကုသာတိ အမျိုးကောင်းသားသည် “ဤသူကား ငါ့အား ရောက်လေရာရာအရပ်၌ မျက်နှာသစ်ရေ, ဒန်ပူများကို ပေးလိမ့်မည်”ဟု ရည်ရွယ်ကာ အယုတ်သဖြင့် အစေခံ ကျွန်တယောက်ကိုမျှလည်း မခေါ်ပဲ တကိုယ်တည်း ဖဲသွားတော်မူလေ၏။ “ငါ၏ဆရာ မြတ်စွာဘုရားသည်လည်း မြတ်သော တောထွက်ခြင်းကို တောထွက်တော်မူ၍ အဖော်မမှီ တပါးထီးသာ ရဟန်းပြုတော်မူလေသည်”ဟု ကြံစည်ကာ တကိုယ်ထီးသာ သွားရှာလေ၏။ “မြတ်စွာဘုရားအား ငါရှက်လှ၏” ဟူ၍၎င်း, “ငါ၏ဆရာ မြတ်စွာဘုရားသည် ရဟန်း ပြုတော်မူပြီးနောက် ယာဉ်စီးတော်မမူဘူးတဲ့” ဟူ၍၎င်း အောက်မေ့ဆင်ခြင်ကာ အယုတ်သဖြင့် တလွှာ တထပ်ရှိသော ဘိနပ်ကိုသော်လည်း မစီးရှာချေ။ သစ်ရွက်ထီးကလေးကိုသော်လည်း မဆောင်းရှာချေ။ လူများအပေါင်းသည် သစ်ပင်, တံတိုင်းမြို့ရိုး, ပြအိုးပစ္စင် အစရှိသည်တို့အပေါ်သို့ တက်ကြ၍ “ထိုငါတို့မင်းတရားသည် တပါးထီး ကြွသွားတော်မူရှာလေပြီ”ဟု ပြောဆိုကြည့်ရှုကြကာ ကျန်ရစ်ကြလေ၏။

     ပုက္ကုသာတိ အမျိုးကောင်းသားသည် “သွားရမည့်ခရီးကား ဝေးလှဘိ၏။ တယောက်ထီးတည်း ဤခရီးကို လွန်မြောက်ရန် မတတ်နိုင်ချေ”ဟု ကြံစည်၍ လှည်းကုန်သည်တစုနောက် လိုက်ပါသွားလေ၏။ ကြမ်းလည်းကြမ်းလှ ပူလည်း ပူပြင်းလှသည့် မြေအပြင်၌ ခြေလျင်သွားရသဖြင့် အလွန် သိမ်မွေ့နူးညံ့လှသော ပုက္ကုသာတိ အမျိုးကောင်းသား၏ ခြေဖဝါးတပြင်လုံး အဖူးအရူးတို့ထလျက် ကွဲအက်ပေါက်ရကား ကြီးစွာသော ဒုက္ခဝေဒနာများ ဖြစ်ပွါးကြလေသည်။ လှည်းကုန်သည်များ

၅၈၃

သစ်ခက်မိုးသော တဲကိုထိုး၍ အပန်းဖြေ နားနေကြသည်ရှိသော် ပုက္ကုသာတိ အမျိုးကောင်းသားသည် ခရီးမမှ ဖဲခဲ့သက်ခဲ့၍ သစ်ပင်ရင်းတခု၌ ထိုင်နေ၏။ ထိုသို့ ထိုင်နေရာ အရပ်ဌာန၌ ခြေဆုပ်လက်နယ် ဝတ်ကြီး ဝတ်ငယ် ပြုပေးမည့်သူ တလူမျှမရှိချေ၊ ပုက္ကုသာတိ အမျိုးကောင်းသားသည် အာနာပါန စတုတ္ထဈာန်ကို ဝင်စား၍ ခရီးပင်ပန်း နွမ်းနယ်မှုကို ခွါဖျောက်ပြီးလျှင် ဈာန်ချမ်းသာ၌ မွေ့လျော်ခြင်းဖြင့် အချိန်ကို ကုန်လွန်စေခဲ့လေသည်။

     နောက်တနေ့ နေအရုဏ် တက်လတ်သော် ကိုယ်လက်သုတ်သင်၍ တဖန် လှည်းကုန်သည်တစု နောက်သို့ပင် လိုက်ပြန်လေ၏။ လှည်းကုန်သည် လူများသည် နံနက် ဆွမ်းဘုဉ်းပေးချိန် ရောက်လတ်သောအခါ ပုက္ကုသာတိ အမျိုးကောင်းသား၏ သပိတ်ကို ယူဆောင်ကြ၍ ခဲဖွယ်ဘောဇဉ် အပြည့်ထည့်၍ လှူဒါန်းကြလေသည်။ ထိုကုန်သည်တို့ လှူသောဆွမ်းသည် ရံခါ မနပ်သည်လည်းရှိ၏။ ရံခါ အလွန်ပျော့လွန်းလှ၏၊ အလွန်ကြမ်းတမ်းသည့်အပြင် ကျောက်ခဲ သလဲ မစင်ကြယ်သော ဆွမ်းဖြစ်၏။ ရံခါ အလွန်လေး၍ ရံခါ အလွန်ပေါ့၏။ အမျိုးကောင်းသားသည် ပျော့သည်, မာသည်, ကြမ်းသည်, နုသည်, လေးသည်, ပေါ့သည်ကို မစဉ်းစားပဲ အစာအာဟာရ ဝင်သွားရာဌာနကိုသာ ဆင်ခြင်စဉ်းစား၍ နတ်သုဓာဘုတ်ပမာ ဘုဉ်းပေးရှာလေသည်။

     ဤနည်းဖြင့် လာခဲ့ရာ သာဝတ္ထိပြည်အရောက် ခရီးယူဇနာ (၁၉၂) တရာကိုးဆယ့်နှစ်ယူဇနာမြောက် ပေါက်ခဲ့လေသည်။ သာဝတ္ထိပြည်သို့ရောက်၍ ဇေတဝန် ကျောင်းတိုက်တော်အနီးမှ လှည်းများဖြတ်၍ မောင်းသွားသော်လည်း “မြတ်စွာဘုရားရှင်သည် အဘယ်အရပ်၌ သီတင်းသုံး နေထိုင်တော်မူသနည်း”ဟု မမေးမိချေ၊ ထိုသို့ မမေးမိခြင်းမှာ အကြောင်းနှစ်ပါးရှိသည်။ ၎င်းတို့မှာ-

(၁) မြတ်စွာဘုရားရှင်၌ ရိုသေလှသောကြောင့်၎င်း,

(၂) ဗိမ္ဗိသာရမင်း၏ သဝဏ်လွှာ သတင်းကြောင့်၎င်း-

ဤအကြောင်းနှစ်ပါးကြောင့် မမေးမိခြင်းဖြစ်သည်၊ ချဲ့ဦးအံ့-

၅၈၄

(၁) အမျိုးကောင်းသားသည် လမ်းတလျောက်လုံး အခြားစိတ်များ မဝင်စားပဲ မြတ်စွာဘုရားရှင်ကိုသာ နှလုံးသွင်း၍ ဘုရား၌ ညွတ်, ကိုင်း, ရှိုင်းသူဖြစ်လျက် လာရောက်ရကား ဇေတဝန်ကျောင်းတိုက်အနီးသို့ပင် ရောက်သော်လည်း “ဤကျောင်းတိုက်၌ မြတ်စွာဘုရားရှင် သီတင်းသုံး နေတော်မူလေသလော”ဟူ၍ပင် အကြံမဝင်သောကြောင့် “မေးဦးအံ့”ဟူသော စိတ်မျှပင် မဖြစ်ချေ။

     (၂) ဗိမ္ဗိသာရမင်းကြီးက လက်ဆောင်တော် သဝဏ်လွှာ ပို့ရာမှာလည်း “ဣဓ တထာဂတော လောကေ ဥပ္ပဇ္ဇတိ = ဤ၌ မြတ်စွာဘုရားသည် လောက၌ ဖြစ်ပွင့်တော်မူဆဲဖြစ်သည်” အစရှိသည်ဖြင့် မြတ်စွာဘုရားရှင်ကို ရာဇဂြိုဟ်ပြည်၌ ဖြစ်ပွင့်တော်မူသကဲ့သို့ အဓိပ္ပါယ် ထင်မှတ်ရန် သဝဏ်လွှာ ပေးပို့အပ်လေသည်။ ထို့ကြောင့် ဇေတဝန် ကျောင်းတိုက်တော်၏ အနီးအပါးမှ ကပ်၍သွားသော်လည်း မြတ်စွာဘုရားရှင်ကို မမေးမိပဲ ခရီးဆက်လက်၍ လိုက်ခဲ့ရာ ရာဇဂြိုဟ်ပြည်အရောက် (၄၅) လေးဆယ့်ငါးယူဇနာခန့် ခရီးလွန်၍ လာခဲ့လေသည်။

     ပုက္ကုသာတိ အမျိုးကောင်းသားသည် နေဝင်စအချိန်၌ ရာဇဂြိုဟ်ပြည်သို့ရောက်၍ ဗိမ္ဗိသာရမင်းကြီး၏ သဝဏ်လွှာသတင်း အရကြောင့်၎င်း, မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည်၌ပင် သီတင်းသုံး နေတော်မူမည် ထင်သောကြောင့်၎င်း, ထိုရာဇဂြိုဟ်ပြည်၌ ကျောင်းတိုက်တွေက များလှသောကြောင့်၎င်း တွေ့မြင်ရသောလူများကို “အဘယ်ကျောင်းတိုက်၌ မြတ်စွာဘုရားရှင် သီတင်းသုံး နေတော်မူသနည်း”ဟု မေးလေ၏။ လူအများက “အရှင်ဘုရား ယခု ဘယ်အရပ်မှ ကြွလာတော်မူခဲ့ပါသနည်း”ဟု မေးမြန်းသောအခါ ပုက္ကုသာတိ အမျိုးကောင်းသားသည် “ဤရာဇဂြိုဟ်ပြည်မှ မြောက်အရပ်က လာခဲ့ပါသည်”ဟု ဖြေကြားလေ၏။ လူများက “အရှင်ဘုရား ခရီးလွန်၍ လာခဲ့ချေပြီ၊ မြတ်စွာဘုရားရှင်ကား အရှင်ဘုရားကြွလာသည့် လမ်းမှာပင် ဤရာဇဂြိုဟ်ပြည်မှ လေးဆယ့်ငါးယူဇနာခန့်မှာ တည်ရှိသည့် သာဝတ္ထိပြည်၌ သီတင်းသုံး နေ တော်မူဆဲ ဖြစ်ပါသည်”ဟု ပြောဆိုကြလေသော်

၅၈၅

ပုက္ကုသာတိ အမျိုးကောင်းသားသည် “ယခုအခါ အချိန်မဟုတ်တော့ပြီ။ ဘုရားထံမှောက် အရောက်မသွားနိုင်တော့၊ ယနေ့တညဉ့် ဤရာဇဂြိုဟ်ပြည်၌ အိပ်နေပြီးလျှင် နက်ဖြန်မိုးသောက် ရောက်သောအခါမှ မြတ်စွာဘုရားရှင်ထံတော်သို့ သွားတော့မည်”ဟု ကြံစည်ပြီးနောက် ထိုလူများကို “အမောင်တို့၏ ရာဇဂြိုဟ်ပြည်သို့ နေဝင်သောအခါ ရောက်လာသော ရသေ့ရဟန်းများသည် အဘယ်အရပ်၌ တည်းခိုနေထိုင်ကြသနည်း”ဟု မေးမြန်းလေ၏။ လူများက “အရှင်ဘုရား.. ဤအိုးထိန်းသည်တဲ၌ တည်းခိုနေထိုင်ကြပါသည်”ဟု အနီးရှိ အိုးထိန်းသည် တဲကုပ်ကလေးကို ညွှန်ပြ ပြောဆိုကြသောအခါ အမျိုးကောင်းသားသည် ထိုတဲကုပ်ကလေးကို တညဉ့်တည်းခို အိပ်နေရန်အတွက် ပိုင်ဆိုင်သူ အိုးထိန်းသည်ကို တောင်း၍ ထိုတဲကုပ်ကလေး၌ တညဉ့်တည်းခိုနေထိုင်ရန် ဝင်၍ ထိုင်နေလေ၏။

မြတ်စွာဘုရားရှင် ကြွလာတော်မူခြင်း

     မြတ်စွာဘုရားရှင်သည်လည်း ထိုနေ့မိုးသောက်ထအခါ သတ္တလောကကို ကြည့်ရှုတော်မူလေလျှင် ပုက္ကုသာတိ အမျိုးကောင်းသားကို မြင်တော်မူ၍-

“ဤအမျိုးကောင်းသားသည် သူ့သူငယ်ချင်း ဗိမ္ဗိသာရမင်းက ပို့သအပ်သော လက်ဆောင် သဝဏ်လွှာကို ဖတ်ပြီးလျှင် ယူဇနာ တရာကျော် ကျယ်ဝန်းသော တက္ကသိုလ်ပြည်နယ်ကြီးကို ရက်ရက်စွန့်ပစ်ကာ ငါဘုရားကို ရည်ညွှန်း၍ ရဟန်းပြုပြီးနောက် ယူဇနာ (၁၉၂) တရာကိုးဆယ့်နှစ်ယူဇနာကို လွန်မြောက်၍ (၄၅) လေးဆယ့်ငါးယူဇနာလောက် ခရီးလွန်ကာ ယနေ့ ရာဇဂြိုဟ်ပြည်သို့ ရောက်ရှာလိမ့်မည်။

ငါဘုရား မသွားရောက်ခဲ့လျှင် အောက်ဖိုလ်သုံးပါးတို့သို့ မရောက်ရှာ မသိရှာပဲ တညဉ့်တာမျှ နေပြီးနောက် ကိုးရာမဲ့သေခြင်းသို့ ရောက်ရှာလိမ့်မည်၊ ငါဘုရား

၅၈၆

သွားရောက်လျှင်ကား အောက်အရိယဖိုလ် သုံးပါးတို့သို့ ဆိုက်ရောက်သိမြင် ကျွတ်တမ်းဝင်ရှာလိမ့်မည်။ ငါဘုရားသည် ဝေနေယျ သတ္တဝါများအား သနားချီးမြှောက်ရန်ပင် လေးသင်္ချေ ကမ္ဘာတသိန်းကြာ ကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်အပ်ခဲ့လေပြီ၊ ငါဘုရားသည် ထိုအမျိုးကောင်းသားအား သနားချီးမြှောက်မှု ပြုပေတော့အံ့”-

ဟု ဆင်ခြင် ကြံစည်တော်မူ၍ နံနက်စောစောပင် ကိုယ်လက်သုတ်သင်ပြီးလျှင် ရဟန်းအပေါင်းခြံရံလျက် သာဝတ္ထိပြည်အတွင်း ဆွမ်းခံကြွဝင်တော်မူ၍ နေလွဲအခါ ဆွမ်းခံရာမှ ဖဲကြွတော်မူခဲ့ပြီးလျှင် ဂန္ဓကုဋီတိုက်တော်အတွင်း တမုဟုတ်မျှ အပန်းဖြေ နားနေတော်မူပြီးနောက်-

“အမျိုးကောင်းသည် ငါဘုရား၌ ရှက်နိုးရိုသေလှသဖြင့် ပြုနိုင်ခဲသောအမှုကို ပြုပေသည်၊ ယူဇနာတရာကျော် ကျယ်ဝန်းသော တက္ကသိုလ်ပြည်အဝှန်းကို စွန့်ပစ်ကာ အယုတ်သဖြင့် မျက်နှာသစ်ရေပေးမည့် အစေခံကလေးတယောက်ကိုမျှ မခေါ်ဆောင်ခဲ့ပဲ တကိုယ်ထီးသာ ထွက်ခဲ့ရှာလေသည်”-

ဟု ကြံစည် ဆင်ခြင်တော်မူ၍ အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလ္လာန်- အစရှိသော သာဝကကြီးများတွင် တပါးပါးကိုမျှ မခေါ်ယူပဲ ကိုယ်တော်မြတ်၏ သပိတ်သင်္ကန်းကို ကိုယ်တော်တိုင် ယူဆောင်တော်မူ၍ သာဝတ္ထိမှ ထွက်ကြွတော်မူခဲ့လေသည်။

     ယင်းသို့ ထွက်ကြွတော်မူရာမှာလည်း ကောင်းကင်သို့လည်း ပျံတက်တော်မမူ, မြေပြင်ခရီးကိုလည်း ချုံးတော်မမူပဲ “အမျိုးကောင်းသားသည် ငါဘုရားအပေါ်မှာ ရှက်နိုးရိုသေလှရှာသည်ဖြစ်၍ ဆင်မြင်းရထား ရွှေထမ်းစင် စသည်တို့တွင် တခုသော ယာဉ်၌မျှ မထိုင်ရှာမူ၍ အယုတ်သဖြင့် (ယာဉ်ဟူ၍ ခေါ်ဆိုရမည့်) လွှာဘိနပ်ကလေးကိုမျှလည်း မစီး သစ်ရွက်ထီးကလေးကိုမျှလည်း မဆောင်းရှာပဲ ထွက်ခဲ့လေသည်၊ ငါဘုရားသည်လည်း

၅၈၇

ခြေလျင်သာလျှင် သွားမှ သင့်တော့မည်”ဟု ကြံစည် ဆုံးဖြတ်တော်မူ၍ ခြေလျင်သာလျှင် ကြွသွားတော်မူလေ၏။

     မြတ်စွာဘုရားရှင်သည် လက္ခဏာတော်ကြီးငယ် ရောင်ခြည်တော် ခြောက်သွယ် အစရှိသော ဘုရာ့အသရေတော်ကို ဖုံးအုပ်၍ တိမ်တိုက်ဖုံးသော လဝန်းကြီးပမာ မထင်ရှားသော ရဟန်းတော်တပါးအသွင်ဖြင့် ကြွသွားတော်မူလေရာ နေတမွန်းလွဲ (=၆-နာရီခန့်) အချိန်ဖြင့်ပင် (၄၅) လေးဆယ့်ငါး ယူဇနာတို့ကို လွန်မြောက်၍ နေဝင်စအချိန်တွင် ပုက္ကုသာတိ အမျိုးကောင်းသား အိုးထိန်းသည် တဲကုပ်အတွင်းသို့ ဝင်ပြီးစအချိန်မှာပင် ထိုအိုးထိန်းသည် တဲကုပ်အနီးသို့ ဆိုက်ရောက်တော်မူလေ၏။ ။ဤ၌ မြတ်စွာဘုရား၏ အသရေတော်ကို ဖုံးအုပ်၍ ကြွတော်မူခြင်းမှာ ပုက္ကုသာတိ အမျိုးကောင်းသားအတွက် လွတ်လွတ်လပ်လပ် ခရီးအပန်း အနွမ်းဖြေနိုင်ရန် ဖြစ်သည်။ မှန်၏- ခရီးအပန်း အနွမ်းမပြေငြိမ်းသောသူသည် တရားဒေသနာ၏တည်ရာ မဖြစ်နိုင်ချေ။

     ဤသို့ အိုးထိန်းသည် တဲကုပ်အနီး ဆိုက်ရောက်တော်မူပြီးလျှင် မြတ်စွာဘုရားရှင်သည် “ငါကား သဗ္ဗညူဘုရားပေ”ဟု အနိုင်အထက်ပြုကာ အိုးထိန်းသည် တဲကုပ်အတွင်းသို့ ဝင်တော်မမူပဲ တဲကုပ်အဝ၌ ရပ်တော်မူလျက်သာ “အိုရဟန်း.. သင့်အဖို့ရာ အကယ်၍ ဝန်မလေးပါက ငါတို့သည် ဤတဲကုပ်၌ တညဉ့်တာမျှ နေထိုင်လိုကြပါကုန်၏”ဟု အခွင့်တောင်းစကား မိန့်ကြားတော်မူလေ၏၊ ပုက္ကုသာတိ အမျိုးကောင်းသားသည် မြတ်စွာဘုရားရှင်ကို သာမန်ရဟန်းတပါးပင် မှတ်ထင်ကာ “ငါ့ရှင်.. ဤအိုးထိန်းသည်တဲသည် ဆိတ်လည်း ဆိတ်ငြိမ်ပါ၏။ ကျဉ်းလည်း မကျဉ်းမြောင်းပါ၊ အရှင်မြတ်သည် အလိုရှိတိုင်း ချမ်းသာစွာ နေတော်မူပါလော့”ဟု ကြည်ဖြူစွာပင် အခွင့်ပြုစကား ပြောကြားလေ၏။

(ယူဇနာ တရာကျော် ကျယ်ဝန်းသော တက္ကသိုလ်ပြည် မင်းအဖြစ်ကို စွန့်ပယ်၍ ရဟန်းပြုသော ပုက္ကုသာတိ အမျိုးကောင်းသားသည် သူတပါး စွန့်ပစ်အပ်သည့် အိုးထိန်းသည် တဲကုပ်ကလေးကျမှ မိမိမှအခြား

၅၈၈

တပါးသော သီတင်းသုံးဖော်၏ အပေါ်၌ အဘယ်မှာလျှင် ဝန်တိုလိမ့်မည်နည်း၊ ဝန်မတိုသည်သာ။ အချို့သော မောဃပုရိသ (အချည်းနှီးသော ပုဂ္ဂိုလ်)များကား သာသနာတော်၌ ရဟန်းပြုပြီးလျှင် အာဝါသမစ္ဆရိယ (=ကျောင်း၌ ဝန်တိုခြင်း) စသည်တို့ဖြင့် လွှမ်းမိုး နှိပ်စက်အပ်ကုန်ရကား မိမိ၏ နေရာကျောင်းတိုက်၌ “ငါ၏ကုဋီ, ငါ၏ပရိဝုဏ်”ဟု အစွဲလမ်းကြီး စွဲလမ်းကြကာ အခြားသီတင်းသုံးဖော်တို့ နေရာမရအောင် အားထုတ်ကြကုန်ဘိ၏။ ။အဋ္ဌကထာဩဝါဒ)။

     အလွန် သိမ်မွေ့နူးညံ့တော်မူသော မြတ်စွာဘုရားရှင်သည် နတ်ဗိမာန်နှင့်တူသော ဂန္ဓကုဋီကျောင်းတော်ကို စွန့်ပယ်တော်မူကာ နေရာအနှံ့ ပြာတို့ဖြင့်ရောပြွမ်းလျက် အိုးကွဲများ, မြက်များ, ကောက်ရိုးများ, ကြက်ချေး, ဝက်ချေး စသည်တို့ဖြင့် စက်ဆုပ်ရွံရှာဖွယ်ရာ လွန်စွာညစ်ပေပြီးလျှင် အမှိုက်စုဝေးရာအရပ်နှင့် တူသည့် အိုးထိန်းသည် တဲကုပ်ကလေး၌ မြက်အခင်းကို ခင်းတော်မူ၍ ထိုအပေါ်မှ ပံသုကူသင်္ကန်းကို ခင်းတော်မူပြီးလျှင် နတ်ဗိမာန်နှင့်တူသည့် နတ်နံ့သာတို့ဖြင့် ကြိုင်လှိုင်လျက်ရှိသော ဂန္ဓကုဋီကျောင်းတော်သို့ ဝင်၍ ထိုင်နေတော်မူသကဲ့သို့ ဖောက်ပြန်ခြင်း အလျှင်းမရှိပဲ ထိုင်နေတော်မူလေ၏။

     ဤသို့လျှင် ခတ္တိယဇာတ် မြတ်သော အမျိုးအနွယ် ရှိကြသူ, ရှေးဆုတောင်း ကုသိုလ်ကောင်းမှုအထူးနှင့် ပြည့်စုံကြသူ, မင်းစည်းစိမ်ကို စွန့်၍ ရဟန်းပြုကြသူ, ရွှေရောင်အဆင်း ဝါဝင်းသော ကိုယ်ရေအဆင်း ရှိကြသူ, သမာပတ်ကို ရရှိကြသူ ဖြစ်တော်မူကြသည့် မြတ်စွာဘုရားရှင်နှင့် ပုက္ကုသာတိ အမျိုးကောင်းသား ဤနှစ်ဦးသားတို့ အိုးထိန်းသည် တဲကုပ်အတွင်း ဝင်ရောက် ထိုင်နေတော်မူကြရကား အိုးထိန်းသည် တဲကုပ်ကလေးသည် ကေသရာ ခြင်္သေ့မင်းနှစ်ဦး ကိန်းစံသော ဖလ်ဂူစသည်ပမာ လွန်စွာ တင့်တယ်လှပေ၏။

     ထိုနှစ်ဦးတို့အနက် မြတ်စွာဘုရားရှင်သည် “ငါကား အလွန် သိမ်မွေ့နူးညံ့သူဖြစ်လျက် နေတမွန်းလွဲ (၆-နာရီခန့်) အချိန်ကာလဖြင့် လေးဆယ့်ငါးယူဇနာ ခရီးပြင်း ကြွလာခဲ့ရပေ၏၊

၅၈၉

လက်ျာနံတောင်း လျောင်းပြီးလျှင် တမုဟုတ်မျှ ခရီးအပန်း အနွမ်းကို ငြိမ်းစေဦးမည်”ဟု စိတ်ကိုမျှ မဖြစ်စေပဲ ထိုင်နေတော်မူရင်းပင် စတုတ္ထဈာန် ဖလသမာပတ်ကို ၀င်စားတော်မူ၏။

     ပုက္ကုသာတိ အမျိုးကောင်းသားသည်လည်း “ငါကား ယူဇနာ တရာကိုးဆယ့်နှစ်ယူဇနာ ခရီးကို ခြေလျင်လာခဲ့ရပေ၏။ တမုဟုတ်မျှလောက် လျောင်း၍ ခရီးအပန်း အနွမ်းကို ပယ်ဖျောက်ဦးမည်”ဟူသော စိတ်ကို လုံးဝမဖြစ်စေပဲ ထိုင်နေရင်းပင် အာနာပါန စတုတ္ထဈာန်ကို ၀င်စား၍နေလေ၏။

(ဤ၌။ ။မြတ်စွာဘုရားသည် အမျိုးကောင်းသားအား တရားဟောမည်ဟူ၍ ကြွလာတော်မူခဲ့သည် မဟုတ်ပါလော၊ အဘယ့်ကြောင့် တရားကိုမဟောပဲ ဖလသမာပတ်ကိုသာ ဝင်စား၍ နေတော်မူပါသနည်းဟူ၍ မေးဖွယ်ရှိ၏။ ။အဖြေကား- ထိုအချိန်၌ ခရီးရောက်ဆိုက်စ ဖြစ်၍ ပုက္ကုသာတိ အမျိုးကောင်းသား၏ ခရီးပန်း နွမ်းနယ်မှုသည် မငြိမ်းအေးသေးပေ၊ (ထိုအချိန်၌ အကယ်၍ တရားဟောလျှင် ခရီးပန်းနေသည့်အတွက်) တရားဒေသနာကို ခံယူနိုင်လိမ့်မည် မဟုတ်ချေ။ ထိုအမျိုးကောင်းသား၏ ခရီးပန်း နွမ်းနယ်မှု ငြိမ်းစေဦးတော့ဟု ဆင်ခြင်တော်မူကာ တရားမဟောသေးခြင်း ဖြစ်သည်။

အပရေဆရာတို့ကမူ “ရာဇဂြိုဟ်ပြည်သည် လူနေစည်ကား၍ အသံဆယ်ပါးဖြင့် မတိတ်ဆိတ်သော မင်းနေပြည်ဖြစ်သည်၊ ထိုအသံသည် ညဉ့်ထက်ဝက် (=သန်းခေါင်)အချိန်လောက်ရောက်မှ တိတ်ဆိတ်သွားသည်၊ ထိုအသံတိတ်ချိန်ကို စောင့်ဆိုင်းတော်မူကာ တရားမဟောသေး”ဟူ၍ ဆိုကြကုန်၏။ ထိုဆရာတို့ ဆိုသောအကြောင်းသည် အကြောင်းမဟုတ်။ မှန်၏- မြတ်စွာဘုရားရှင်သည် အမြင့်အားဖြင့် ဗြဟ္မာ့ပြည်တိုင် ပြန့်တက်နေသော အသံကိုပင်ဖြစ်စေ ကိုယ်တော်မြတ်၏ တန်ခိုးအာနုဘော်ဖြင့် ငြိမ်းစေခြင်းငှါ စွမ်းနိုင်တော်မူ၏။ (တန်ခိုးအာနုဘော်ဖြင့် ထိုအသံကို အမျိုးကောင်းသား၏ နားဥပစာသို့ မရောက်အောင် မကြားအောင် ပြုတော်မူနိုင်၏ဟု ဆိုလိုသည်)။ စင်စစ် အမှန်သော်ကား အမျိုးကောင်းသား၏ ခရီးအပန်း အနွမ်းပြေချိန်ကို စောင့်ဆိုင်း ငံ့လင့်တော်မူလိုသည်ဖြစ်၍သာ တရားမဟောသေးခြင်း ဖြစ်သည်)။

     မြတ်စွာဘုရားရှင်သည် နေမွန်းလွဲစ အချိန်လောက်တွင် သာဝတ္ထိပြည်မှ ၄၅-ယူဇနာ ဝေးကွာသော ရာဇဂြိုဟ်ပြည်သို့

၅၉၀

ခြေလျင် (ခရီးကိုမချုံးပဲ) ကြွတော်မူခဲ့ရာ နေဝင်စ (၆-နာရီခန့်)အချိန် အိုးထိန်းသည် တဲကုပ်သို့ ရောက်၍ တဲကုပ်အတွင်း အခွင့်တောင်းကာ ဝင်ရောက်တော်မူ၍ ထိုအချိန် (၆-နာရီခန့်)မှစ၍ ညဉ့်ထက်ဝက် (၆-နာရီခန့်)ကြာ ဖလသမာပတ်ကို ၀င်စားတော်မူပြီးလျှင် သန်းခေါင် (၁၂-နာရီခန့်)အချိန်၌ ဖလသမာပတ်မှ ထတော်မူ၍ ရွှေဗိမာန်၌ ခြင်္သေ့ခံသော လေသာနန်းပြုတင်းကို ဖွင့်သည့်ပမာ အကြည်ဓာတ်ငါးမျိုးတို့ဖြင့် တန်းဆာဆင်အပ်သော မျက်လုံးတော်အစုံကိုဖွင့်၍ ကြည့်တော်မူသောအခါ လက်လှုပ်ခြင်း, ခြေလှုပ်ခြင်း, ဦးခေါင်းလှုပ်ခြင်း အလျှင်းမရှိပဲ အခိုင်အမာ စိုက်ထူအပ်သော တံခါးတိုင်ကဲ့သို့ တုန်လှုပ်ခြင်း အလျှင်းမရှိ လျှပ်ပေါ်လော်လည်ခြင်း ကင်းမဲ့လျက် ရွှေဆင်းတုပမာ (အာနာပါန စတုတ္ထဈာန်ကို ၀င်စား၍) ထိုင်နေရှာသော ပုက္ကုသာတိ အမျိုးကောင်းသားကို မြင်တော်မူလတ်ရကား မြတ်စွာဘုရားရှင်၏ စိတ်သန္တာန်ဝယ် “ဤအမျိုးကောင်းသားသည် ကြည်ညိုဖွယ်ကိုဆောင်သော ဣရိယာပုထ်ကို ဖြစ်စေ၏။ ငါဘုရားသည် စကားစ၍ မေးရမူ ကောင်းလေစွာ့”ဟု အကြံတော် ဖြစ်ပေါ်လာလေ၏။

ထင်ရှားစေဦးအံ့- ဣရိယာပုထ် လေးပါးတို့တွင် သွား,ရပ်,လျောင်းဟူသော ဣရိယာပုထ် သုံးပါးတို့သည် မတင့်တယ်ကုန်၊ မှန်၏- သွားသောရဟန်း၏ လက်,ခြေ,ဦးခေါင်း အင်္ဂါများ တုန်လှုပ်ကုန်၏။ ရပ်တည်သော ရဟန်း၏ ကိုယ်သည် တောင့်တောင့်ခိုင်ခိုင်ကြီး ဖြစ်၍နေ၏။ လျောင်းသောရဟန်း၏ ဣရိယာပုထ် သည်လည်း နှစ်သက်ဖွယ်မရှိချေ။ စင်စစ်သော်ကား နေလွဲအခါ နေ့သန့်ရာအရပ်ကို တံမြက်လှည်း၍ စမ္မခဏ် (=သားရေနယ်)ကို ခင်းပြီးလျှင် လက်ခြေများကို ဆေးကြောသုတ်သင်ပြီး (ခါး၌ ပေါင်စပ်နှစ်ခု, မြင်းခေါင်း = ဒူးစပ်နှစ်ခုအားဖြင့်) အစပ်လေးပါးရှိသော တင်ပလ္လင်ကို ဖွဲ့ခွေ၍ ထိုင်နေသောရဟန်း၏ ထိုထိုင်ခြင်း ဣရိယာပုထ်သည်သာ တင့်တယ်လှပေ၏။ ဤပုက္ကုသာတိ အမျိုးကောင်းသားသည်လည်း တင်ပလ္လင်

၅၉၁

ဖွဲ့ခွေ၍ အာနာပါန စတုတ္ထဈာန်ကို ၀င်စားကာ ထိုင်နေလေသည်။ ဤသို့လျှင် ထိုပုက္ကုသာတိ အမျိုးကောင်းသား၏ ထိုင်ခြင်း ဣရိယာပုထ်ဖြင့်ပင် ကြည်ညိုတော်မူလှ၍ မြတ်စွာဘုရားရှင်သည် “အမျိုးကောင်းသားသည် ကြည်ညိုဖွယ်ကိုဆောင်သော ဣရိယာပုထ်ကို ဖြစ်စေ၏”ဟု ကြံစည်တော်မူလေသည်။

“ငါဘုရားသည် စကားစ၍ မေးရမူ ကောင်းလေစွာ့”ဟု အကြံတော်ဖြစ်ရှိရာ၌ အဘယ့်ကြောင့် မေးနေရသနည်း၊ မြတ်စွာဘုရားသည် ကိုယ်တော်မြတ်ကို ရည်ညွှန်း၍ ရဟန်းပြုလာကြောင်းကို မသိဘူးလား”ဟု မေးဖွယ်ရှိ၏။ အဖြေကား- မသိမဟုတ် (=သိပါ၏)၊ စင်စစ်ကား မမေးအပ်လျှင် စကားစပ်ပင် ဖြစ်မည်မဟုတ်ချေ၊ ထိုသို့ စကားစပ်မဖြစ်လျှင် တရားစကား ဟောကြားရမှုပင် ဖြစ်မည်မဟုတ်ချေ၊ သို့ရကား (နောက်၌ တရားဟောရန်အတွက်) စကားစ–ဖြစ်ဖို့ရန် မေးတော်မူရလေသည်။

     ထိုသို့ အကြံအစည် ဖြစ်ပြီးနောက် မြတ်စွာဘုရားရှင်သည် အရှင်ပုက္ကုသာတိကို “ရဟန်း.. သင်သည် အဘယ်သူကို ရည်မှန်း၍ ရဟန်းပြုခဲ့သနည်း၊ အဘယ်သူသည် သင်၏ဆရာ ဖြစ်သနည်း၊ အဘယ်သူ၏တရားကို သင်နှစ်သက်သနည်း”ဟု စကားစ၍ မေးတော်မူလေ၏။ ထိုအခါ အရှင်ပုက္ကုသာတိသည် မြတ်စွာဘုရားရှင်ကို ရည်မှန်း၍ ရဟန်းပြုခဲ့ကြောင်း- စသည်ကို အကျယ် ဖြေတော်မူလေ၏။

     တဖန် မြတ်စွာဘုရားရှင်က “ရဟန်း.. ယခုအခါ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ထိုမြတ်စွာဘုရားသခင်သည် အဘယ်အရပ်၌ သီတင်းသုံး နေထိုင်တော်မူသနည်း”ဟု မေးမြန်းသည်တွင် အရှင်ပုက္ကုသာတိက “ငါ့ရှင်.. ဥတ္တရတိုင်း ဇနပုဒ်တို့၌ သာဝတ္ထိမည်သော မြို့ရှိပါသည်၊ ထိုမြို့၌ ယခုအခါ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ထိုမြတ်စွာဘုရားသခင်သည် သီတင်းသုံး နေထိုင်တော်မူပါသည်”ဟု ဖြေကြားလေ၏။

၅၉၂

မြတ်စွာဘုရားရှင်က “ရဟန်း.. သင်သည် ထိုမြတ်စွာဘုရားသခင်ကို မြင်ဘူးပါ၏လော၊ မြင်လျှင်ကော သိပါမည်လော”ဟု မေးတော်မူသောအခါ အရှင်ပုက္ကုသာတိသည် “ငါ့ရှင်.. ငါသည် ထိုမြတ်စွာဘုရားသခင်ကို မမြင်ဘူးပါ၊ မြင်လျှင်လည်း သိမည်မဟုတ်ပါ”ဟု ဆိုလေသည်။

(ဤ၌။ ။ဗုဒ္ဓအသရေတော်ဖြင့် တင့်တယ်တော်မူသော မြတ်စွာဘုရားကို “ဤသူကား မြတ်စွာဘုရားတည်း”ဟု လူတိုင်းသိကြ၏၊ ဤသို့ သိခြင်းသည် အံ့ဖွယ်မဟုတ်ချေ။ ဗုဒ္ဓအသရေတော်ကို ဖုံးကွယ်၍ မထင်မရှား ဆွမ်းခံကြွသည့် ရဟန်းအသွင်ဖြင့် ကြွသွားတော်မူသော မြတ်စွာဘုရားကို လူတိုင်းသိနိုင်ခဲ၏။ ဤသို့လျှင် အရှင်ပုက္ကုသာတိသည် မိမိမသိနိုင်သည်ကို “မသိနိုင် = သိမည်မဟုတ်ပါ”ဟု ရိုးသားစွာပင် ဖြေဆိုလေသည်၊ သဘာဝကိုပင် ဖြေဆိုလေသည်။ ထို့ကြောင့်ပင် မြတ်စွာဘုရားရှင်ကို အိုးထိန်းသည် တဲကုပ်တခုတည်း၌ နေတော်မူသော်လည်း မသိနိုင်ချေ)။

     ထိုအခါ အရှင်ပုက္ကုသာတိ၏ ခရီးအပန်း အနွမ်းပြေငြိမ်းပြီးသည်ကို သိတော်မူ၍ မြတ်စွာဘုရားရှင်သည် “ဤအမျိုးကောင်းသားသည် ငါဘုရားကို ရည်မှန်း၍ ရဟန်းပြုခဲ့၏၊ ထိုအမျိုးကောင်းသားကို ငါဘုရားသည် တရားဟောရမူ ကောင်းလေစွာ့”ဟု ကြံစည်ဆင်ခြင်တော်မူပြီးလျှင် အရှင်ပုက္ကုသာတိကို “ရဟန်း.. သင့်အား တရားဟောပေအံ့၊ ထိုတရားကို နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ အကျယ်အားဖြင့် ဟောကြားပေအံ့”ဟု မိန့်တော်မူ၏။ (ဤအချိန်ကျအောင်ပင် အရှင်ပုက္ကုသာတိကား မြတ်စွာဘုရားဟူ၍ မသိသေးပေ)။

     ပုက္ကုသာတိ အမျိုးကောင်းသားသည် သူငယ်ချင်း ဗိမ္ဗိသာရမင်းတရားက ပို့သအပ်သော လက်ဆောင်တော် သဝဏ်လွှာကို ဖတ်ကြား၍ မင်းအဖြစ်ကို စွန့်ပယ်ကာ ရဟန်းပြုခဲ့သည်မှာ “မြတ်စွာဘုရား၏ ချိုမြိန်လှစွာသော တရားဒေသနာကို ကြားနာရပေတော့မည်”ဟု မျှော်လင့်ချက်ကြီးစွာဖြင့် ရဟန်းပြုခဲ့သူ ဖြစ်လေသည်၊ ယင်းသို့ ရဟန်းပြုပြီးနောက် ဤမျှ ရှည်လျားလှသော ခရီးကို လာခဲ့ရာ “ရဟန်း.. သင့်အား တရားဟောမည်”ဟူသော

၅၉၃

စာပိုဒ်ကိုမျှ ပြောဆိုမည့်သူကို မရခဲ့ရှာချေ။ ထိုအမျိုးကောင်းသားသည် “ရဟန်း.. သင့်အား တရားဟောမည်”ဟု မိန့်ဆိုလိုက်သော စကားကို အဘယ်မှာလျှင် ရိုသေစွာ မနာယူပဲ ရှိအံ့နည်း၊ (နာယူအံ့သည်သာ)။ မှန်၏- ဤအရှင်ပုက္ကုသာတိသည် ရေမွတ်သိပ် ဆာလောင်နေသူ = ရေအလွန်သောက်လိုသူကဲ့သို့ တရားရေကို အလွန်ပင် သောက်သုံးလိုသူ ဖြစ်သည်၊ သို့ရကား ရိုသေစွာ နာယူမည့်အကြောင်း ဝမ်းမြောက်ဝမ်းသာ ဝန်ခံလိုရကား “ကောင်းပါပြီ ငါ့ရှင်..”ဟူ၍ ပြန်ကြားပြောဆိုလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်ပုက္ကုသာတိအား-

“ရဟန်း.. ဤပုဂ္ဂိုလ်သတ္တဝါသည် ဓာတ်ခြောက်ပါးရှိ၏၊ ဖဿာယတန ခြောက်ပါးရှိ၏။ စိတ်၏ ကြံစည်သုံးသပ်ခြင်း တဆယ့်ရှစ်ပါးရှိ၏၊ တည်ရာတရား လေးပါးရှိ၏။ ယင်း တည်ရာတရား လေးပါးတို့၌ တည်သော ပုဂ္ဂိုလ် သတ္တဝါအား ငါဟူ၍ ထောင်လွှားမှတ်ထင်မှု = မာနရေအယဉ်တို့ မယိုစီးကုန်၊ မာနရေအယဉ် တသွင်သွင် မစီးလတ်သော် ထို(ခီဏာသ၀)ရဟန်းကို ကိလေသာခပ်သိမ်း ငြိမ်းအေးသော ရဟန်းဟု ဆိုအပ်၏။ (၁) ဝိပဿနာပညာကို မမေ့ရာ၊ (၂) ဝစီသစ္စာကို စောင့်ရာ၏။ (၃) ကိလေသာစွန့်ခြင်းကို = ၀ါ-ကိလေသာကိုစွန့်ရန် ပွါးများအားထုတ်ရာ၏၊ (၄) ထိုရဟန်းသည် ကိလေသာ ငြိမ်းအေးမှုကိုသာ (၀ါ-ကိလေသာငြိမ်းအေးရန်သာ) ကျင့်ရာ၏။ ဤကား ဓာတုဝိဘင်္ဂသုတ်၏ ဥဒ္ဒေသ (=အကျဉ်း) မာတိကာတည်း”-

ဟု မာတိကာတရား ခင်းထားပြီးလျှင် ထိုမာတိကာစကား ဝါကျစုကို တစုစီ တစုစီ အကျယ်နိဒ္ဒေသ ဖွင့်ပြ ဟောကြားတော်မူလေ၏။ (အကျယ်နိဒ္ဒေသ ဟောပြတော်မူပုံကို ပိဋကတ်မြန်မာပြန် ဥပရိပဏ္ဏာသပါဠိ ဓာတုဝိဘင်္ဂသုတ်မှ ထုတ်ယူ မှတ်သားရာ၏)။

၅၉၄

အရှင်ပုက္ကုသာတိ အနာဂါမ်အရိယာဖြစ်ခြင်း

     ဤသို့ မြတ်စွာဘုရားရှင်က မာတိကာဥဒ္ဒေသပါ စကားဝါကျ တစုစီ တစုစီကို အကျယ်နိဒ္ဒေသ ဖွင့်ပြ ဟောကြားတော်မူလေရာ “ဝိပဿနာပညာကို မမေ့ရာ”ဟူသော အကျဉ်းဥဒ္ဒေသ မာတိကာ စကားရပ်၏ အကျယ်နိဒ္ဒေသကို အရဟတ္တဖိုလ်ပညာ အထွတ်တပ်၍ ဟောကြားတော်မူအပ်သောအခါ အရှင်ပုက္ကုသာတိသည် မိမိ၏ ရှေးကောင်းမှု ဥပနိဿယ ရှိသည့်အလျောက် အောက်ဖိုလ်သုံးပါးသို့ ရောက်ရှိကာ အနာဂါမ်အရိယာ ဖြစ်လေ၏။

     ဥပမာအားဖြင့် ပြည့်ရှင်မင်းကြီးသည် စားတော်ရွှေခွက်ဖြင့် အထူးထူးသော အရသာရှိသည့် ဘောဇဉ်ကို စားနေစဉ် မိမိ၏ ခံတွင်းပမာဏအတိုင်း ထမင်းလုပ်ကို ပြုလုပ်၍ ရင်ခွင်၌ ထိုင်နေသော မင်းသားငယ်က ထမင်းလုပ်ကို စားလိုသော အမူအရာကို ပြလတ်သော် ထိုမိမိစားရန် ပြုလုပ်ထားသည့် ထမင်းလုပ်ကို မင်းသားငယ်သို့ ခွံ့ပေးလေရာ၏၊ မင်းသားငယ်သည် မိမိခံတွင်းပမာဏ ရှိသလောက်သာလျှင် ထမင်းလုပ်ကို စားသုံးလေရာ၏။ ကျန်သော ထမင်းဘောဇဉ်ကို မင်းကြီးသည် ကိုယ်တိုင်သော်မူလည်း စားသုံးလေရာ၏၊ စားတော် ရွှေခွက်၌သော်လည်း တဖန်ပြန်၍ ထည့်လေရာ၏။ ဤဥပမာအတူပင် တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကိုယ်တော်မြတ်၏ ရွှေဉာဏ်ခံတွင်းတော် ပမာဏအတိုင်း အရဟတ္တဖိုလ် အထွတ်တပ်လျက် တရားဒေသနာကို ဟောကြားတော်မူ၏။ (=ဒေသနာထမင်းလုပ် ပြုလုပ်ခွံ့ပေးတော်မူ၏)။ အရှင်ပုက္ကုသာတိ အမျိုးကောင်းသား တည်းဟူသော မင်းသားငယ်သည် မိမိ၏ ရှေးကောင်းမှု = ဥပနိဿယ ခံတွင်းပမာဏအတိုင်း တရားဒေသနာ ထမင်းလုပ်၏ လေးပုံသုံးပုံ ပမာဏဖြစ်သည့် အောက်ဖိုလ်သုံးပါးတို့သို့ ဆိုက်ရောက်ကာ အနာဂါမ်အရိယာ ဖြစ်လေ၏။

     အထူးအားဖြင့် အနာဂါမိဖိုလ်သို့ မရောက်မီ (အရိယာမဖြစ်မီ) ရှေ့ပိုင်းအချိန်၌ ခန္ဓာဟူ၍, အာယတနဟူ၍, ဓာတ်ဟူ၍, ဖဿာယတနဟူ၍ ဤသို့စသည်ဖြင့် တရားဓမ္မ ဟောပြသည်ကို

၅၉၅

နာယူနေစဉ် ပုက္ကုသာတိ အမျိုးကောင်းသား၏ စိတ်သန္တာန်ဝယ် တရားသဘောပေါ်၌ ယုံမှားမှု သံသယ လုံးဝမရှိချေ၊ သာမန် ရဟန်းတပါးအသွင်ဖြင့် ဟောပြနေသည့် မြတ်စွာဘုရားရှင် အပေါ်၌သာလျှင် “မြတ်စွာဘုရားတို့သည် အချို့အချို့သော အရပ်ဌာနတို့၌ မထင်ရှားသောအသွင်ဖြင့် လှည့်လည်တတ်ကုန်၏။ ဤယခု တရားဟောနေသော ပုဂ္ဂိုလ်သူမြတ်မှာ မြတ်စွာဘုရားပင် ဖြစ်နေမည်လော”ဟု ယုံမှားသံသယ ဖြစ်ရှိလေသည်။ အနာဂါမိဖိုလ်သို့ရောက်သော ယခုအခါ၌ကား “ဤယခု တရားဟောသော အရှင်မြတ်ကား ငါ၏ဆရာ မြတ်စွာဘုရားပေတည်း”ဟု သံသယကင်းပြတ် ဆုံးဖြတ်ချက် ချမှတ်လေ၏။

     ယင်းသို့ဖြစ်လျှင် (ဘုရားမှန်း မသိမီက) “ငါ့ရှင်ဟူ၍ ပြောမှားခဲ့သော အပြစ်ကို အဘယ့်ကြောင့် ယခု ဝန်မချ မတောင်းပန်သနည်း”ဟု မေးဖွယ်ရှိ၏။ အဖြေကား- ယင်းသို့ ဝန်ချတောင်းပန်ရန် အခါအခွင့်ကို မရသေးသောကြောင့် ဝန်မချ မတောင်းပန်သေး။ ချဲ့ဦးအံ့- မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ် ချထားအပ်သည့် တရားမာတိကာစဉ်အတိုင်း တရားအယဉ် မပြတ်အောင် ကောင်းကင်မြစ်ကြီး ယိုစီးသည့်ပမာ တရားဒေသနာကို ဟောကြားတော်မူမြဲ ဟောကြားနေတော်မူ၏၊ သို့ရကား ထိုအချိန်၌ ဝန်ချတောင်းပန်ရန် အခွင့်မရသောကြောင့် ဝန်မချ မတောင်းပန်သေးပဲ ရှိနေရသည်။

အရှင်ပုက္ကုသာတိ ရဟန်းအဖြစ်ကို တောင်းပန်ခြင်း

     မြတ်စွာဘုရားရှင် မာတိကာပုဒ်စဉ်အတိုင်း အကျယ်ဝိတ္တာရတရားဟော၍ ဒေသနာနိဂုံး ဆုံးလတ်သောအခါ အရှင်ပုက္ကုသာတိနှင့် မြတ်စွာဘုရားရှင်တို့ အပြန်အလှန် လျှောက်ထား မိန့်ဆိုတော်မူကြပုံ အစဉ်မှာ-

(အရှင်ပုက္ကုသာတိ) “လူနတ်တို့ဆရာ မြတ်စွာဘုရားရှင်သည် ငါ၏ထံသို့ မဟာကရုဏာပံ့ထောက် ကြွရောက်တော်မူလာချေပြီတကား၊ ကောင်းမြတ်သည့် တရားစကားကို

၅၉၆

မိန့်ကြားတော်မူသော မြတ်စွာဘုရားရှင်သည် ငါ၏ထံသို့ မဟာကရုဏာပံ့ထောက် ကြွရောက်တော်မူလာ ချေပြီတကား၊ ခပ်သိမ်းသောတရားကို ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရားရှင်သည် ငါ၏ထံသို့ မဟာကရုဏာပံ့ထောက် ကြွရောက်တော်မူလာချေပြီတကား”(ဟု အားရဝမ်းသာ ပြောဆိုပြီးလျှင် နေရာမှထ၍ လက်ဝဲပခုံးစွန်း၌ သင်္ကန်းကိုတင်လျက် မြတ်စွာဘုရားရှင်၏ ခြေတော်တို့၌ ဦးတိုက်ပြီးလျှင်) ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. မိုက်မဲတွေဝေ မလိမ္မာသည့်အလျောက် အပြစ်သည် အကျွန်ုပ်ကို လွှမ်းမိုးသွားခဲ့ပါပြီ၊ အကြင်အကျွန်ုပ်သည် မြတ်စွာဘုရားကို ငါ့ရှင်ဟူ၍ ခေါ်ဝေါ်ပြောဆိုမှုဖြင့် ခေါ်ဝေါ်ပြောဆိုထိုက်၏ဟု မှတ်ထင်မိခဲ့ပါသည်၊ (မှတ်ထင်သည့်အတိုင်းလည်း ခေါ်မှား ပြောမှား ဖြစ်ခဲ့ပါသည်)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်ပင်ဘုရားသည် ထိုအကျွန်ုပ်၏အပြစ်ကို နောက်အခါ စောင့်စည်းခြင်းငှါ အပြစ်ဟု သည်းခံတော်မူပါဘုရား..။

(ဗုဒ္ဓ) ရဟန်း.. စင်စစ် = တကယ်ပင် မိုက်မဲတွေဝေ, မလိမ္မာသည့်အလျောက် အပြစ်သည် သင့်ကို လွှမ်းမိုးခဲ့ပြီ။ သင်သည် ငါဘုရားကို ငါ့ရှင်ဟူ၍ ခေါ်ဝေါ်ပြောဆိုမှုဖြင့် ခေါ်ဝေါ်ပြောဆိုထိုက်၏ဟု မှတ်ထင်မိခဲ့၏။ (မှတ်ထင်သည့်အတိုင်းလည်း ခေါ်မှား ပြောမှား ဖြစ်ခဲ့၏) ရဟန်း.. သင်သည် အပြစ်ကို အပြစ်ဟု ရှု၍ အပြစ်အားလျော်စွာ ကုသသောကြောင့် သင်၏ ထိုအပြစ်ကို ငါတို့သည် သည်းခံကုန်၏၊ ရဟန်း.. အကြင်သူသည် အပြစ်ကို အပြစ်ဟု ရှုမြင်၍ အကြောင်းအားလျော်စွာ ကုစား၏။ နောက်အခါ စောင့်စည်း၏၊ ဤကုစားခြင်း, စောင့်စည်းခြင်းသည် ငါဘုရား၏ အဆုံးအမ = သာသနာ၌ ကြီးပွါးခြင်းပင်တည်း။

၅၉၇

(အရှင်ပုက္ကုသာတိ) ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် မြတ်စွာဘုရား အထံတော်၌ ရဟန်းအဖြစ်ကို ရပါရစေ။

(ဗုဒ္ဓ) ရဟန်း.. သင်၏ (ကိုယ်ပိုင်) သပိတ် သင်္ကန်း ပြည့်စုံပြီလော။

(အရှင်ပုက္ကုသာတိ) ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်၏ (ကိုယ်ပိုင်) သပိတ် သင်္ကန်း မပြည့်စုံသေးပါ။

(ဗုဒ္ဓ) ရဟန်း.. မြတ်စွာဘုရားတို့သည် သပိတ် သင်္ကန်း မပြည့်စုံသောသူကို ရဟန်းပြုမပေးကြကုန်။

     ထို့နောက် အရှင်ပုက္ကုသာတိသည် မြတ်စွာဘုရား၏ တရားတော်ကို အလွန်နှစ်သက် ဝမ်းမြောက်ကာ (သာဓုအနုမောဒနာ ပြုပြီးလျှင်) နေရာမှထလျက် မြတ်စွာဘုရားကို ရှိခိုး အရိုအသေပြုပြီးလျှင် သပိတ်သင်္ကန်းရှာဖို့ရန် ဖဲသွားလေ၏။

(ဤ၌ အထူးမှတ်ရန်မှာ- “ပုက္ကုသာတိ အမျိုးကောင်းသားအဖို့ ဧဟိဘိက္ခုရဟန်းများ ရရှိသည့် ဣဒ္ဓိမယ သပိတ်သင်္ကန်းကို အဘယ့်ကြောင့် မရသနည်း”ဟု မေးဖွယ်ရှိ၏။ အဖြေကား- ရှေးက ပရိက္ခရာရှစ်ပါး မလှူဘူးသောကြောင့်ဟု ဖြေဆိုကြ၏။ (ထိုအဖြေကို အဋ္ဌကထာဆရာ လက်ခံတော်မမူ)။ မှန်၏- ပုက္ကုသာတိ အမျိုးကောင်းသားသည် အလှူဒါန ပေးခဲ့ဘူးသူ အဘိနီဟာရ ဆုတောင်းနှင့် ပြည့်စုံသူ ဖြစ်ရကား “ပရိက္ခရာရှစ်ပါး မလှူဘူးသောကြောင့်”ဟု မဆိုသင့်။ စင်စစ်သော်ကား ဣဒ္ဓိမယ သပိတ်သင်္ကန်းသည် ပစ္ဆိမဘဝိကသားများအားသာ ဖြစ်ရှိ၏၊ ဤပုက္ကုသာတိ အမျိုးကောင်းသားကား တဖန် ပဋိသန္ဓေ တည်နေရဦးမည့်သူ ဖြစ်ချေသည်။ ထို့ကြောင့် ဣဒ္ဓိမယ သပိတ်သင်္ကန်းများ မဖြစ်ချေ၊ (ဤကား အဖြေတည်း)။

“ထိုသို့ဖြစ်လျှင် မြတ်စွာဘုရားသည် ကိုယ်တော်တိုင် သပိတ်သင်္ကန်းကို ရှာတော်မူ၍ အဘယ့်ကြောင့် ရဟန်းပြုမပေးသနည်း”ဟု မေးဖွယ်ရှိ၏။ အဖြေကား- ရဟန်းပြုပေးရန် အခါအခွင့်ပင် မရှိတော့သောကြောင့် ရဟန်းပြုမပေး။ မှန်၏- ထိုအချိန်မှာ ပုက္ကုသာတိ

၅၉၈

အမျိုးကောင်းသား၏ အသက် = အာယုသင်္ခါရကား ကုန်နေလေပြီ၊ သုဒ္ဓါဝါသဘုံသား ဗြဟ္မာကြီးတယောက် အိုးထိန်းသည်တဲကုပ်သို့ ခေတ္တခဏ လာရောက် နေထိုင်သကဲ့သို့ ရှိလေသည်၊ ထို့ကြောင့် မြတ်စွာဘုရားသည် ကိုယ်တော်တိုင် သပိတ်သင်္ကန်းကို ရှာတော်မမူချေ။ (ဤကား အဖြေတည်း)။

     ပုက္ကုသာတိ အမျိုးကောင်းသား သပိတ်သင်္ကန်း ရှာမှီးရန် ဖဲသွားသည့်အချိန်မှာ အရုဏ်တက်ပြီးစ အချိန်ဖြစ်သည်။ ချဲ့ဦးအံ့- မြတ်စွာဘုရားရှင်၏ တရားဒေသနာ ပြီးဆုံးခြင်း, အရုဏ်တက်ခြင်း, ရောင်ခြည်တော် ခြောက်သွယ် လွှတ်ခြင်းတို့သည် တပြိုင်နက် ဖြစ်ကုန်၏။

  မြတ်စွာဘုရားရှင်သည် တရားဒေသနာပြီးဆုံးလျှင်ပင် ရောင်ခြည်တော် ခြောက်သွယ်တို့ကို လွှတ်တော်မူလေသည်၊ အိုးထိန်းသည်တဲကုပ် တခုလုံးသည် ထိန်ထိန်လင်းလျက် ရှိ၏။ ရောင်ခြည်တော် ခြောက်သွယ်တို့သည် အပေါင်းလိုက် အစုလိုက် ဖြစ်ကြကာ ပြေးသွားကြကုန်လျက် အရပ်မျက်နှာ အလုံးစုံတို့ကို ရွှေလွှာပုဆိုးဖြင့် ဖုံးမိုးလွှမ်းအုပ်အပ်ကုန်သကဲ့သို့၎င်း, အထူးထူးသော အဆင်းရှိသည့် ပန်းပေါင်းရတနာ အပေါင်းတို့ဖြင့် တောက်ပြောင်ကုန်ဘိသကဲ့သို့၎င်း ပြုလေကုန်၏။ မြတ်စွာဘုရားရှင်သည် “မြို့သူမြို့သား လူအများတို့သည် ဘုရားကို မြင်ကြစေကုန်သတည်း”ဟူ၍ အဓိဋ္ဌာန်တော်မူလေသည်။ ယင်းသို့ အဓိဋ္ဌာန်တော်မူချက်အရ မြို့သူမြို့သား လူအများတို့သည် မြတ်စွာဘုရားရှင်ကို မြင်ကြလျှင်ပင် “မြတ်စွာဘုရားရှင် ကြွလာတော်မူပြီတဲ့။ အိုးထိန်းသည် တဲကုပ်၌ ထိုင်နေတော်မူသတဲ့”ဟု အချင်းချင်း ပြောကြားကြပြီးလျှင် ဗိမ္ဗိသာရမင်းတရားအား ထိုအကြောင်းကို လျှောက်ထားကြလေကုန်၏။

ဗိမ္ဗိသာရမင်းကြီး လာရောက်၍ ပူဇော်ပသခြင်း

     ဗိမ္ဗိသာရမင်းကြီးသည် မြို့သူမြို့သားတို့ လျှောက်ထားချက်အရ အိုးထိန်းသည်တဲကုပ်သို့ ထွက်ကြွလာပြီးလျှင် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးပြီးသော် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား..

၅၉၉

အဘယ်အချိန်က ဤအိုးထိန်းသည်တဲကုပ်သို့ ကြွတော်မူလာပါသနည်း”ဟု မေးလျှောက်လေ၏။ မြတ်စွာဘုရားရှင်က “မြတ်သောမင်းကြီး.. ယမန်နေ့ နေဝင်စအချိန်က ကြွလာပေ၏”ဟု ဖြေကြားတော်မူလေလျှင် မင်းကြီးက တဖန် “အဘယ်အလုပ်ကိစ္စဖြင့် ကြွလာတော်မူပါသနည်းဘုရား..”ဟု လျှောက်ထား မေးမြန်းပြန်လေသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည်-

“မြတ်သောမင်းကြီး.. သင်မင်းကြီးတို့၏ မိတ်ဆွေရင်း ပုက္ကုသာတိမင်းသည် သင်မင်းကြီးတို့ ပို့သအပ်သော လက်ဆောင်တော် သဝဏ်လွှာကို ဖတ်ရှုနာကြားရ၍ လူ့ဘောင်မှထွက်ကာ ရဟန်းပြုပြီးလျှင် ငါဘုရားကို ရည်ညွှန်း၍ လာလတ်သည်တွင် သာဝတ္ထိပြည်ကို ကျော်လွန်၍ လေးဆယ့်ငါးယူဇနာတို့တိုင်တိုင် ခရီးအပိုလာခဲ့၍ ဤအိုးထိန်းသည်တဲကုပ်အတွင်း ဝင်၍ နေထိုင်လေသည်။

ငါဘုရားသည် ထိုပုက္ကုသာတိမင်းအား ချီးမြှောက်ရန် ခြေလျင်လာရောက်၍ တရားစကား ဟောကြားခဲ့လေပြီ။ ပုက္ကုသာတိ အမျိုးကောင်းသားသည် ယခုအခါ အောက်ဖြစ်သော အရိယဖိုလ်သုံးပါးတို့သို့ ဆိုက်ရောက်ကာ အနာဂါမ်အရိယာ ဖြစ်လေပြီ”-

ဟု မိန့်တော်မူလေ၏။ မင်းကြီးက အံ့အားသင့်စွာဖြင့် “မြတ်စွာဘုရား.. ယခုအခါ တပည့်တော်၏ မဟာမိတ်ရင်း ပုက္ကုသာတိမင်းသည် အဘယ်အရပ်၌နည်း”ဟူ၍ မေးလျှောက်လေလျှင် မြတ်စွာဘုရားရှင်က “မြတ်သောမင်းကြီး.. ပုက္ကုသာတိမင်းသည် ငါဘုရားကို ရဟန်းပြုပေးရန် လျှောက်ထား တောင်းပန်၍ သပိတ်သက်န်း မပြည့်စုံသေးသည့်အတွက် သပိတ်သင်္ကန်း ရှာမှီးဖို့ရန် သွားလေပြီ”ဟု ပြန်လည် ဖြေကြားတော်မူလေ၏။ ဗိမ္ဗိသာရမင်းကြီးသည် ပုက္ကုသာတိ အမျိုးကောင်းသား သပိတ်သင်္ကန်း အရှာသွားရာ အရပ်မျက်နှာဖက်သို့ ချက်ခြင်းပင် အလျင်တဆော လိုက်ပါသွားလေ၏။ မြတ်စွာဘုရားရှင်သည်လည်း ကောင်းကင်ခရီးဖြင့်

၆၀၀

ပြန်ကြွတော်မူကာ ဇေတဝန်ကျောင်းတိုက် ဂန္ဓကုဋီကျောင်းတော်၌ ထင်ရှားဖြစ်တော်မူလေပြီ။

ပုက္ကုသာတိမင်း စုတေ၍ အဝိဟာဗြဟ္မာ့ဘုံ၌ ဖြစ်ခြင်း

     ပုက္ကုသာတိ အမျိုးကောင်းသားသည်လည်း သပိတ်သင်္ကန်းကို ရှာမှီးလတ်သည်ရှိသော် မဟာမိတ်ရင်း ဗိမ္ဗိသာရမင်းထံသို့လည်း မသွား၊ တက္ကသိုလ်မှ လာရောက်ကြသည့် ကုန်သည်များထံသို့လည်း မသွားချေ။ သူ၏ စိတ်သန္တာန်ဝယ် “ကြက်ကဲ့သို့ ထိုထိုအရပ်၌ နှစ်သက်ဖွယ် ကောင်း,မကောင်းကို ရွေးချယ်စိစစ်၍ သပိတ်သင်္ကန်းကို ရှာမှီးဖို့ရန် ငါ့အဖို့ရာ မသင့်လျော်ချေ။ မြို့ကြီးကို ရှောင်ကြဉ်၍ ရေဆိပ်, သုသာန်, အမှိုက်ပုံ, လမ်းသွယ်လမ်းကြားတို့၌ ငါရှာပေအံ့”ဟု ပံသုကူစစ်စစ် ရှာမှီးလိုသော အကြံဖြစ်၍ လမ်းအကြား အမှိုက်ပုံတို့၌ ပံသုကူအဝတ်ကြမ်းကို ရှာမှီးရန် အားထုတ်လေ၏။

     အမှိုက်ပုံတခု၌ ပံသုကူအဝတ်ကြမ်းကို စူးစမ်းရှာဖွေ ကြည့်ရှုနေသော ပုက္ကုသာတိ အမျိုးကောင်းသားကို (အတိတ်ဘဝ ရန်သူဘီလူးမ ပူးဝင်အပ်သည့်) စိတ်ဖောက်ပြန်နေသော သားသည်အမိ နွားမတကောင်သည် အနီးသို့ ပြေးကပ်လာ၍ ဦးချိုဖြင့်ဝှေ့၍ သတ်လေတော့၏။ ပုက္ကုသာတိ အမျိုးကောင်းသားသည် ဆာလောင်မွတ်သိပ်ခြင်း ပြင်းစွာ နှိပ်စက်အပ်၍ အားအင်ဗလ အလွန်နည်းပါးနေရကား ကောင်းကင်မှာပင် အသက်ပျောက်ကာ မြေပြင်သို့ ကျရောက်လာသော် အမှိုက်ပုံပေါ်၌ မှောက်လျက်ထားအပ်သော ရွှေစင်ရုပ်တုပမာ ဖြစ်ရှာလေတော့၏။ စုတိပြတ်ကြွေ သေလွန်ပြီးလတ်သော် အဝိဟာဗြဟ္မာ့ဘုံ၌ ဖြစ်လေ၏။ ဖြစ်ပြီးလျှင်ပင် ကာလမကြာမီ အရဟတ္တဖိုလ်သို့ ရောက်ရှိကာ ရဟန္တာဗြဟ္မာကြီး ဖြစ်လေ၏။

     အဝိဟာ ဗြဟ္မာ့ဘုံ၌ ဥပပတ် ပဋိသန္ဓေ တည်နေပြီးစမှာပင် အရဟတ္တဖိုလ်သို့ ရောက်ဆိုက်ကြသော ပုဂ္ဂိုလ်တို့မှာ (၁) ဥပက, (၂) ပလဂဏ္ဍ, (၃) ပုက္ကုသာတိ, (၄) ဘဒ္ဒိယ, (၅) ခဏ္ဍဒေ၀,

၆၀၁

(၆) ဗာဟုရဂ္ဂိ, (၇) သိင်္ဂိယဟူ၍ = ခုနစ်ဦးရှိကြောင်း သဂါထာဝဂ္ဂ သံယုတ်ပါဠိတော် အာဒိတ္တဝဂ် ၁၀-ခုမြောက်သုတ်နှင့် နာနာတိတ္ထိယဝဂ် ၄-ခုမြောက်သုတ်တို့၌ ဟောကြားအပ်လေပြီ။

     ဗိမ္ဗိသာရမင်းတရားသည်လည်း “ငါ့သူငယ်ချင်း ပုက္ကုသာတိမင်းသည် ပို့သအပ်သည့် လက်ဆောင်တော် သဝဏ်လွှာကို ဖတ်ကြား၍ လက်သို့ရောက်ပြီးသော မင်းစည်းစိမ်ကို ပယ်စွန့်ပြီးလျှင် ဤမျှ အဓွန့်ရှည်လျားသော ခရီးကို ပင်ပန်းကြီးစွာ လာရှာခဲ့လေပြီ၊ အမျိုးကောင်းသားသည် လူသာမန်တို့ ပြုနိုင်ခဲသောအမှုကို ပြုရှာပေ၏။ ထိုငါ့သူငယ်ချင်း ပုက္ကုသာတိမင်းကို ရဟန်းတို့အား ပူဇော်သောနည်းဖြင့် ငါပူဇော်ပေအံ့”ဟု ကြံစည်ပြီးလျှင် “ငါ့သူငယ်ချင်း ပုက္ကုသာတိမင်းကို တွေ့အောင်ရှာကြလော့”ဟု မင်းချင်းယောက်ျားများကို မြို့တော်ဝန်းကျင်အနှံ့ အရှာအဖွေ စေလွှတ်တော်မူလေ၏။ စေလွှတ်အပ်သော မင်းချင်း ယောက်ျားတို့သည် အမှိုက်ပုံပေါ်၌ ရွှေစင်ရုပ်တုအလား မှောက်လျက်သား စုတေနေသော ပုက္ကုသာတိမင်းကို တွေ့မြင်ကြရ၍ ပြန်လာပြီးလျှင် ဗိမ္ဗိသာရမင်းကြီးအား ထိုအကြောင်းကို ပြန်ကြား လျှောက်ထားကြလေကုန်၏။

     ဗိမ္ဗိသာရမင်းကြီးသည် ထိုအရပ်သို့ သွားရောက်၍ ပုက္ကုသာတိ အမျိုးကောင်းသားကို တွေ့မြင်ရလျှင် “အချင်းတို့.. ငါတို့သည် မဟာမိတ်ရင်း သူငယ်ချင်းအား အသက်ရှင်စဉ်ကာလဝယ် ပူဇော်သက္ကာရမှု ပြုခွင့်ကို မရခဲ့ကြချေ၊ သူငယ်ချင်း ပုက္ကုသာတိမင်းသည် ခိုကိုးရာမဲ့ ဖြစ်ခဲ့ချေပြီတကား”ဟု ပြောဆို ငိုကြွေးမြည်တမ်း၍ ပုက္ကုသာတိ အမျိုးကောင်းသား၏ ဥတုဇရုပ်ကလာပ်ကို ညောင်စောင်းငယ်ဖြင့် တင်ယူစေပြီးနောက် သင့်လျောက်ပတ်ရာအရပ်၌ ထားရှိပြီးလျှင် ရဟန်းပဉ္စင်းဖြစ်သူအား ပူဇော်သက္ကာရမှု ပြုလုပ်ရန် မသိသောကြောင့် ရေချိုးသမား ဆေတ္တာသည် အစရှိသောသူများကို ခေါ်စေ၍ အမျိုးကောင်းသားကို ရေမိုးချိုးပေးစေပြီးနောက် အဝတ်ဖြူစင်ကြယ်ကို ဝတ်စေလျက် မင်း၏အသွင်ဖြင့် တန်ဆာဆင်စေပြီးလျှင်

၆၀၂

ရွှေထမ်းစင်ထက်သို့ တင်စေ၍ အလုံးစုံသော တူရိယာမျိုး နံ့သာပန်း အမျိုးမျိုးတို့ဖြင့် ပူဇော်လျက် မြို့ပြင်သို့ ထုတ်ဆောင်ပြီးလျှင် နံ့သာထင်း များစွာတို့ဖြင့် ဖုတ်ကြည်းသင်္ဂြိုဟ်မှု ပြုပြီးနောက် အရိုးဓာတ်များကို ယူဆောင်၍ စေတီတည်ထားစေလေ၏။

     ထို့နောက် သာဝတ္ထိပြည်၌ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက် ဝပ်လျှိုး ရှိခိုးကြကာ သင့်လျောက်ပတ်ရာအရပ်၌ ထိုင်နေကြလျက် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ပုက္ကုသာတိ အမျိုးကောင်းသားကို ရှင်ပင်ဘုရားသည် အကျဉ်းဖြစ်သော အဆုံးအမဖြင့် ဆုံးမတော်မူအပ်ခဲ့ပါပြီ၊ ထိုပုက္ကုသာတိ အမျိုးကောင်းသားသည် ယခုအခါ သေရှာလေပြီ၊ ထို အမျိုးကောင်းသား၏ လားရာဂတိကား အဘယ်ပါနည်း၊ တမလွန်ဘဝသည်ကား အဘယ်ပါနည်း”ဟု လျှောက်ထားကြကုန်၏။

     ထိုအခါ မြတ်စွာဘုရားရှင်က “ရဟန်းတို့.. ပုက္ကုသာတိ အမျိုးကောင်းသားသည် ပညာရှိသူတယောက် ဖြစ်ပေ၏၊ လောကုတ္တရာတရားအားလျော်သော အကျင့် (=ဝိပဿနာ)ကို ကျင့်ရှာလေပြီ၊ ငါဘုရားကိုလည်း တရားဟူသော အကြောင်းကြောင့် မပင်ပန်းစေခဲ့၊ ရဟန်းတို့.. ပုက္ကုသာတိ အမျိုးကောင်းသားသည် အောက်ကာမဘုံသို့ ဆွဲဆောင်တတ်သည့် = ဩရမ္ဘာဂိယ သံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် အဝိဟာဗြဟ္မာ့ဘုံ၌ ပဋိသန္ဓေ ကပ်ရောက်နေ၍ ထိုသုဒ္ဓါဝါသဘုံ၌ပင် ပရိနိဗ္ဗာန် ပြုပေလိမ့်မည်။ ထိုအဝိဟာဘုံမှ (အောက်ကာမဘုံသို့) တဖန် ပြန်လည်ခြင်း သဘောမရှိ”ဟု မိန့်တော်မူ၏။

ဤကား ပုက္ကုသာတိမင်းကြီးအကြောင်းတည်း။

**********

၆၀၃

(ရာဟု)အသူရိန် နတ်မင်းကြီးသည်

ဘုရားမျက်နှာတော်ကို မော့၍ဖူးရကြောင်း

(ဒီ-ဋ္ဌ၊ ၁၊ မျက်နှာ ၂၅၄-မှ)

     ရာဟု-မည်သော အသူရိန်နတ်မင်းသည် ယူဇနာပေါင်း (၄၈ဝဝ) လေးထောင့်ရှစ်ရာ အရပ်အမြင့် ရှိလေသည်။ ထိုရာဟု အသူရိန်နတ်မင်း၏ လက်ရုံးနှစ်ခုအကြားသည် ယူဇနာ(၁၂၀၀) တထောင့်နှစ်ရာရှိ၏၊ ကိုယ်လုံးကိုယ်ပေါက် ရှေ့နောက် အထုအားဖြင့် ယူဇနာ (၆၀၀) ခြောက်ရာရှိ၏၊ လက်ဖဝါးပြင် ခြေဖဝါးပြင်တို့သည် အပြန့်အကျယ်အားဖြင့် ယူဇနာ (၃ဝဝ)သုံးရာ ရှိကုန်၏။ လက်တဆစ် တဆစ်လျှင် ယူဇနာငါးဆယ် ငါးဆယ် ရှည်၏။ မျက်မှောင်နှစ်ဖက် (=မျက်ခုန်းနှစ်ခု) အကြားသည် ယူဇနာငါးဆယ်ရှိ၏။ ခံတွင်းသည် အပြန့်အားဖြင့် ယူဇနာ (၂၀၀)နှစ်ရာရှိလျက် ယူဇနာသုံးရာ နက်ပြီးလျှင် အဝန်းအဝိုင်းအားဖြင့် ယူဇနာ (၃၀၀) သုံးရာရှိ၏၊ လည်ပင်းသည် ယူဇနာ (၃၀၀) သုံးရာရှိ၏၊ နဖူးပြင်သည် ယူဇနာ (၃၀၀) သုံးရာ ကျယ်ပြန့်၏။ ဦးခေါင်းသည် ယူဇနာ (၉၀၀) ကိုးရာရှိ၏။

     ထိုရာဟု အသူရိန်နတ်မင်းသည် “ငါကား အရပ် အလွန်မြင့်သူ ဖြစ်လေသည်။ မြတ်စွာဘုရားရှင်ကို ငုံ့၍ဖူးမြော်ခြင်းငှါ စွမ်းနိုင်လိမ့်မည်မဟုတ်”ဟု ကြံစည်၍ ဘုရားထံသို့ မလာရောက်ပဲ နေလေ၏။ တနေ့သ၌ကား ရာဟုအသူရိန် နတ်မင်းသည် မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးစကားကို ကြားသိရ၍ တစုံတခုသော အခြင်းအရာ (=ဖြစ်နိုင်သည့်နည်း)ဖြင့် ငါသည် မြတ်စွာဘုရားကို ဖူးမြော်အံ့ဟု ကြံစည်၍ ဘုရားဖူး လာရောက်လေသည်။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ရာဟုအသူရိန်နတ်မင်း၏ စိတ်နှလုံးအလိုအကြံကို သိမြင်တော်မူ၍ “ဣရိယာပုထ် လေးပါးတို့တွင် အဘယ်ဣရိယာပုထ်ဖြင့် အဖူးမြော်ခံရမည်နည်း”ဟု ကြံစည်ဆင်ခြင်တော်မူ၍ “ရပ်တည်နေသောသူမည်သည် အရပ်နိမ့်သော်လည်း မြင့်သည်ဟု ထင်ရ၏။ လျောင်းလျက်သာလျှင် ထိုရာဟုအသူရိန် နတ်မင်းအား ကိုယ်တော်ကို ပြပေအံ့

၆၀၄

(=အဖူးအမြော်ခံပေအံ့)”ဟု ဆုံးဖြတ်ချက် ချမှတ်တော်မူပြီးလျှင်“ချစ်သားအာနန္ဒာ.. ဂန္ဓကုဋီပရိဝုဏ် = ဂန္ဓကုဋီတိုက်တော်မှ အပြင်ဖက် ပရိဝုဏ်၌ ညောင်စောင်းငယ်ကို ခင်းလော့”ဟု မိန့်တော်မူ၍ ထိုညောင်စောင်းငယ်၌ ခြင်္သေ့မင်းပမာ လက်ျာနံတောင်းဖြင့် လျောင်း၍ နေတော်မူနှင့်၏။

     ရာဟုအသူရိန် နတ်မင်းသည် မြတ်စွာဘုရားအနီးသို့ လာရောက်၍ လျောင်းနေတော်မူသော မြတ်စွာဘုရားရှင်ကို လည်ပင်းကိုမော့၍ ကောင်းကင်အလယ်၌ လဝန်းကြီးကို ကြည့်ရှုရသကဲ့သို့ မြတ်စွာဘုရားရှင်၏ မျက်နှာတော်ကို မော့၍ ဖူးမြော်ရလေ၏။ မြတ်စွာဘုရားရှင်က “ရာဟုအသူရိန်နတ်မင်း.. ငါဘုရားထံ ဤကဲ့သို့ အချိန် အလွန်ကြာမြင့်မှ အဖူးမြော် ရောက်လာခြင်းသည် အကြောင်း အသို့ရှိသနည်း”ဟု မေးတော်မူလေလျှင် ရာဟုအသူရိန်နတ်မင်းသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ‘ငါသည် ဘုရားကို ငုံ့၍ဖူးမြော်ခြင်းငှါ စွမ်းနိုင်လိမ့်မည်မဟုတ်’ဟု ကြံစည်စဉ်းစား အထင်မှားခဲ့သောကြောင့် မလာရောက်မိပါ” ဟု ပြန်ကြားလျှောက်ထားလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်က ရာဟုအသူရိန်နတ်မင်းကို “အသူရိန်နတ်မင်း.. ငါဘုရားသည် အောက်သို့ မျက်နှာမူလျက် (=လုံ့လဝီရိယကို လျှော့လျက်ဟု ဆိုလိုသည်) ပါရမီတော်တို့ကို ဖြည့်ကျင့်ခဲ့သည်မဟုတ်၊ ဦးခေါင်းမော့လျက်သာလျှင် (=လုံ့လဝီရိယကို မလျှော့ပဲသာလျှင်) အလှူဒါနကို ပေးလှူအပ်ခဲ့လေပြီ”ဟု မိန့်တော်မူလေ၏။ ထိုနေ့၌ပင် ရာဟုအသူရိန်နတ်မင်းသည် သရဏဂုံ ခံယူလေ၏။

ဤကား ရာဟုအသူရိန်နတ်မင်းအကြောင်းတည်း။

**********

၆၀၅

ရှင်ဒေဝဒတ်အကြောင်း

(ဤရှင်ဒေဝဒတ်၏ အကြောင်းအရာ ဝတ္ထုကို ရဟန်းပြုသည့်အချိန်မှစ၍ မြေမျိုသည်တိုင်အောင် ရှင်ဒေဝဒတ်ကို အကြောင်းပြု၍ ဟောကြားအပ်သည့် များစွာသော ဇာတ်တို့ကို အကျယ်ထုတ်ပြကာ ရေးသား ဖွင့်ပြသင့်သော်လည်း ဤကျမ်း၌ အတတ်နိုင်ဆုံး ချုံး၍ ဖော်ပြပေအံ့)-

     ရှင်ဒေဝဒတ် ရဟန်းပြုသည်တိုင်အောင်သော အကြောင်းအရာဝတ္ထုကို (မဟာဗုဒ္ဓဝင် တတိယတွဲ၊ မျက်နှာ-၁၄၅၊ အခဏ်း-၁၉၊ “သာကီဝင်မင်းသား ခြောက်ဦးနှင့် ဥပါလိဆေတ္တာသည်တို့ ရဟန်းပြုကြခြင်း”ဟူသော ခေါင်းစဉ်ဖြင့်) အောက်က ဖော်ပြခဲ့ပြီ။ အလိုရှိမူ ထိုမှယူရာ၏။

     ရှေးအခဏ်း-၁၉၊ စာမျက်နှာ-၁၄၅-မှ ၁၆၀-တိုင်အောင်ဖြင့် ဖော်ပြအပ်ခဲ့ပြီးသည့်အတိုင်း ဥပါလိဆေတ္တာသည်နှင့်တကွ သာကီဝင်မင်းသား ခြောက်ဦးတို့ ရဟန်းပြုကြပြီးနောက် ထိုရဟန်း ခုနစ်ပါးတို့အနက်-

(၁) အရှင်ဘဒ္ဒိယသည် ထိုနှစ် ဝါတွင်းမှာပင် တေဝိဇ္ဇရဟန္တာ ဖြစ်တော်မူလေသည်။

(၂) အရှင်အနုရုဒ္ဓါသည် ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိသူဖြစ်ပြီးနောက် (အံ၊ ၃၊ ၆၂ -မျက်နှာလာ) မဟာဝိတက္ကသုတ်ကို ကြားနာရ၍ အရဟတ္တဖိုလ်သို့ ရောက်တော်မူလေသည်။

(၃) အရှင်အာနန္ဒာမထေရ်သည် (သံ ၂၊ မျက်နှာ ၈၆-လာ ခန္ဓဝဂ္ဂသံယုတ် ၄-ထေရဝဂ်၊ ၁-အာနန္ဒသုတ်ကို ထောက်၍) မန္တာဏိပုတ္တ အရှင်ပုဏ္ဏမထေရ် ဟောကြားအပ်သော မှန်ရိပ်ဥပမာပြ တရားကို ကြားနာရ၍ သောတာပတ္တိဖိုလ်၌ တည်တော်မူလေသည်။

(၄-၅) ဘဂုမထေရ်နှင့် ကိမိလမထေရ်တို့သည် နောက်အချိန်၌ ဝိပဿနာတရား ပွါးများကြ၍ အရဟတ္တဖိုလ်သို့ ရောက်တော်မူကြသည်။

၆၀၆

(၆) ရှင်ဒေဝဒတ်သည် ပုထုဇဉ် ရဟန်းအဖြစ်ဖြင့်ပင် လောကီဈာန် အဘိညာဏ်တို့ကို ရရှိလေသည်၊ အရိယာ မဖြစ်လေ။

     နောက်တချိန်၌ မြတ်စွာဘုရားရှင် ကောသမ္ဗီပြည်၌ သီတင်းသုံး နေထိုင်တော်မူစဉ် တပည့်သံဃာပေါင်း များစွာတို့နှင့်တကွ မြတ်စွာဘုရားရှင်အား ကြီးမားများပြားစွာသော လာဘ်ပူဇော်သက္ကာရ ဖြစ်ရှိလေသည်။ သင်္ကန်းပစ္စည်း, ဆေးပစ္စည်းစသည် လက်စွဲကြကုန်လျက် လူအများတို့သည် ကျောင်းတိုက်အတွင်းသို့ ဝင်ရောက်ကြ၍ “မြတ်စွာဘုရားရှင် အဘယ်မှာနည်း, အရှင်သာရိပုတ္တရာထေရ် အဘယ်မှာနည်း, အရှင်မဟာမောဂ္ဂလ္လာန်ထေရ် အဘယ်မှာနည်း, အရှင်မဟာကဿပမထေရ် အဘယ်မှာနည်း, အရှင်ဘဒ္ဒိယမထေရ် အဘယ်မှာနည်း, အရှင်အနုရုဒ္ဓါမထေရ် အဘယ်မှာနည်း, အရှင်အာနန္ဒာမထေရ် အဘယ်မှာနည်း, အရှင်ဘဂုမထေရ် အဘယ်မှာနည်း, အရှင်ကိမိလမထေရ် အဘယ်မှာနည်း” ဤသို့စသည် ပြောဆိုမေးမြန်းကြကာ မဟာသာဝကကြီး ရှစ်ကျိပ်တို့ နေထိုင်ရာအရပ်ကို ကြည့်ရှုရှာမှီးလျက်သာ လှည့်လည်ကြလေကုန်၏။ “အရှင်ဒေဝဒတ်မထေရ်သည် အဘယ်အရပ်၌ ထိုင်နေသနည်း, ရပ်နေသနည်း” ဟူ၍ကား မေးမြန်းသူ တလူမျှမရှိချေ။

ရှင်ဒေဝဒတ် ဘုန်းကြီးရန် ကြံစည်အားထုတ်ခြင်း

     ထိုအခါ ရှင်ဒေဝဒတ်သည် “ငါလဲပဲ ထိုအရှင်ဘဒ္ဒိယနှင့် အတူတကွပင် ရဟန်းပြုခဲ့သူဖြစ်၏။ သူတို့လည်း မင်းမျိုးမှ ရဟန်းပြုကြသူများ ဖြစ်ကုန်၏၊ ငါသည်လည်း မင်းမျိုးမှ ရဟန်းပြုသူဖြစ်၏၊ လာဘ်ပူဇော်သက္ကာရ လက်စွဲလာကြသည့် လူများတို့သည် ထိုအရှင်ဘဒ္ဒိယတို့ကိုသာ ရှာကြကုန်၏။ ငါ့အတွက်ကား အမည်ကိုမျှ ထုတ်ဖော်ခေါ်ဆို မေးမြန်းမည့်သူ တလူမျှမရှိချေ၊ ငါသည် အဘယ်သူနှင့်ပေါင်း၍ အဘယ်သူကို ကြည်ညိုအောင် ပြုလုပ်ပြီးလျှင် ငါ့အတွက် လာဘ်ပူဇော်သက္ကာရ ပေါများအောင် ပြုလုပ်ရပါမည်နည်း”ဟု ကြံစည်လေ၏။ ထို့နောက် တဖန်ဆက်၍

၆၀၇

“ဗိမ္ဗိသာရမင်းသည် မြတ်စွာဘုရားရှင်ကို ပဌမအကြိမ် ဖူးမြော်ရစဉ်ကပင် ပုဏ္ဏားသူဌေးပေါင်း တသိန်းတသောင်းတို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်သူဖြစ်သည်၊ ထိုဗိမ္ဗိသာရမင်းနှင့် တစိတ်တဝမ်းတည်း ဘယ်နည်းနှင့်မျှ မဖြစ်နိုင်၊ ကောသလမင်းကြီးနှင့်လည်း တစိတ်တဝမ်းတည်း ဘယ်နည်းနှင့်မျှ မဖြစ်နိုင်၊ ဗိမ္ဗိသာရမင်း၏ သားဖြစ်သူ အဇာတသတ် မင်းသားငယ်ကား အသက်အရွယ် ငယ်သူဖြစ်၍ တဦးတယောက်၏ ဂုဏ်,အပြစ်ကို ဘာမျှမသိသူဖြစ်၏၊ ထိုအဇာတသတ် မင်းသားငယ်နှင့် ငါသည် တစိတတဝမ်းတည်းဖြစ်အောင် စီမံပေအံ့”ဟု ကြံစည်ကာ ရှင်ဒေဝဒတ်သည် ကောသမ္ဗီပြည်မှ ရာဇဂြိုဟ်သို့ သွားရောက်၍ သူငယ်အသွင်ကို ဖန်ဆင်းလျက် လက်နှစ်ဖက် ခြေနှစ်ဖက်တို့၌ မြွေတကောင်စီအားဖြင့် = လေးကောင်, လည်ပင်း၌ မြွေတကောင်ကို ပန်ဆင်၍ အခြား မြွေတကောင်ကို ဦးခေါင်းပေါ်၌ ခေါင်းခုအသွင် ပြုလုပ်ကာ အခြားမြွေတကောင်ကို လက်ဝဲပခုံး၌ တင်ပြီးလျှင် = ဤမြွေ ခြောက်ကောင်တို့ကို အမြီးချင်းယှက်ထိုး၍ ခါးကြိုးတန်ဆာ (=ခါးပတ်)ကဲ့သို့ တန်းဆာဆင်ပြီးလျှင် ကောင်းကင်မှ သက်ဆင်း၍ အဇာတသတ်မင်းသား၏ ရင်ခွင်၌ ထိုင်နေလေ၏။

     အဇာတသတ်မင်းသားက အလွန်ကြောက်လန့်သဖြင့် “သင် အဘယ်သူနည်း”ဟု မေးလတ်သော် “ငါသည် ရှင်ဒေဝဒတ်တည်း”ဟု ပြောကြားလေသည်။ မင်းသားက “အရှင်ဘုရားသည် ရှင်ဒေဝဒတ်ဖြစ်ခဲ့လျှင် ပကတိအသွင်ဖြင့် ထင်ရှားဖြစ်တော်မူပါလော့”ဟု လျှောက်ထားသဖြင့် ရှင်ဒေဝဒတ်သည် သူငယ်အသွင်ကို ရုပ်သိမ်း၍ သပိတ်သင်္ကန်းကို ဆင်မြန်းဝတ်ရုံလျက် အဇာတသတ်မင်းသား၏ ရှေ့မှောက်ဝယ် ပကတိအသွင်ဖြင့် ရပ်တည်လေ၏။ ထိုအခါ အဇာတသတ်မင်းသားသည် ရှင်ဒေဝဒတ်အား ဤတန်ခိုးပြာဋိဟာဖြင့်ပင် အလွန်ကြည်ညိုရကား ရထားငါးရာတို့ဖြင့် နံနက်ခင်း ညနေခင်း အချိန်မှန် သွားရောက်ချဉ်းကပ်လေသည်၊ နေ့စဉ်နေ့စဉ် ဆွမ်းချက်အိုး ငါးရာတို့ကိုလည်း

၆၀၈

ဆွမ်းဝတ်တည်လေသည်၊ (ဆွမ်းတအိုး တအိုးလျှင် ဆယ်ယောက် ဆယ်ယောက် စားလောက်၏)။

ရှင်ဒေဝဒတ် ဈာန်လျှောကျခြင်း

     ထိုအခါ ရှင်ဒေဝဒတ်၏သန္တာန်ဝယ် လာဘ်ပူဇော်သက္ကာရဖြင့် လွှမ်းမိုး နှိပ်စက်အပ်ရကား “ငါကား ဘုရားတဆူပြုလုပ်ကာ ရဟန်းသံဃာကို ခေါင်းဆောင်တော့အံ့”ဟု ယုတ်မာသော စိတ်အလိုအကြံ ဖြစ်ပေါ်လာလေ၏။ ထိုသို့ စိတ်အလိုအကြံ ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက်ပင် ရှင်ဒေဝဒတ်သည် လောကီဈာန် အဘိညာဏ်တန်ခိုးမှ လျှောကျလေတော့၏။

ကကုဓဗြဟ္မာက အရှင်မဟာမောဂ္ဂလ္လာန်မထေရ်အား

လာရောက်လျှောက်ထားခြင်း

     ထိုအချိန်၌ အရှင်မဟာမောဂ္ဂလ္လာန်၏ အလုပ်အကျွေး တပည့်ဒါယကာဖြစ်သူ “ကကုဓ”မည်သော ကောဠိယမင်းသားသည် ယခုမှပင် စုတေပြီးကာ ဗြဟ္မာဖြစ်၍ သုံးဂါဝုတ်ခန့် ပမာဏရှိသော အတ္တဘောဖြင့် အရှင် မဟာမောဂ္ဂလ္လာန်ထံသို့ လာရောက်၍ “အရှင်ဘုရား.. ရှင်ဒေဝဒတ်၏ စိတ်သန္တာန်ဝယ် လာဘ်ပူဇော် သက္ကာရဖြင့် လွှမ်းမိုးနှိပ်စက်အပ်ရကား ‘ငါကား ဘုရားတဆူ ပြုလုပ်ကာ ရဟန်းသံဃာကို ခေါင်းဆောင်တော့အံ့’ဟု ယုတ်မာသော စိတ်အလိုအကြံ ဖြစ်ပေါ်လာပါသည်။ အရှင်ဘုရား.. ထိုသို့ စိတ်အလိုအကြံ ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက်ပင် ရှင်ဒေဝဒတ်သည် လောကီဈာန် အဘိညာဏ်တန်ခိုးမှ လျှောကျပါလေပြီ”ဟု လျှောက်ထားပြီးလျှင် ထိုနေရာ၌ပင် ကွယ်ပျောက်လေ၏။

     ထိုသို့ ကကုဓဗြဟ္မာ လာရောက် လျှောက်ထားသော အကြောင်းကို အရှင်မဟာမောဂ္ဂလ္လာန် မထေရ်သူမြတ် မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက် လျှောက်ထားသောအခါ မြတ်စွာဘုရားက အရှင်မဟာမောဂ္ဂလ္လာန်မထေရ်ကို “ကကုဓဗြဟ္မာ လာရောက် လျှောက်ထားသမျှ မှန်ကန်ကြောင်း

၆၀၉

စေတောပရိယ အဘိညာဏ်ဖြင့် သင်ချစ်သား သိသလော”ဟု မေးတော်မူ၍ အရှင်မဟာမောဂ္ဂလ္လာန် မထေရ်က သိပါကြောင်း ပြန်ကြား လျှောက်ထားသည်တွင် မြတ်စွာဘုရားရှင်သည်-

“မောဂ္ဂလ္လာန်.. ဤစကားကို စောင့်စည်းလော့၊ မောဂ္ဂလ္လာန်.. ဤစကားကို စောင့်စည်းလော့။ ယခုအခါ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ထိုယောက်ျား (=ဒေဝဒတ်)သည် မိမိကိုယ်ကို ကိုယ်တိုင်ပင် ထင်စွာပြုလိမ့်မည်”-

ဟု မိန့်တော်မူပြီးလျှင် လောက၌ (၁) စင်ကြယ်သော သီလမရှိပဲလျက် “စင်ကြယ်သော သီလရှိ၏”ဟု ဝန်ခံသော ဆရာတမျိုး၊ (၂) စင်ကြယ်သော အသက်မွေးမှု မရှိပဲလျက် “စင်ကြယ်သော အသက်မွေးမှုရှိ၏”ဟု ဝန်ခံသော ဆရာတမျိုး၊ (၃) မစင်ကြယ်သော တရားဟောခြင်းရှိလျက် “စင်ကြယ်သော တရားဟောခြင်း ရှိ၏”ဟု ဝန်ခံသော ဆရာတမျိုး၊ (၄) မစင်ကြယ်သော ပြောကြားခြင်းရှိလျက် “စင်ကြယ်သော ပြောကြားခြင်းရှိ၏”ဟု ဝန်ခံသော ဆရာတမျိုး၊ (၅) စင်ကြယ်သော ဉာဏ်အမြင် မရှိပဲလျက် “စင်ကြယ်သော ဉာဏ်အမြင်ရှိ၏”ဟု ဝန်ခံသော ဆရာတမျိုး = ဤသို့ ဆရာ ၅-မျိုးရှိကြောင်း၊ ထိုဆရာ ၅-မျိုးတို့ကို သက်ဆိုင်ရာ တပည့်အသီးသီးတို့က အကြောင်းစုံကို သိကြသော်လည်း မိမိတို့အား ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ပေးကမ်းထားခြင်းကြောင့် လူဒါယကာတို့အား ထိုအကြောင်းကို ပြောကြားကြလျှင် မိမိတို့၏ဆရာ မနှစ်သက်မည်ဖြစ်သည့်အတွက် မပြောကြားကြပဲ “သူပြုသောအမှုဖြင့်ပင် တနေ့ကျလျှင် သူထင်ရှားလိမ့်မည်”ဟု လျစ်လျူရှုကာ နေကြကြောင်း(နှင့်) ထိုကဲ့သို့သော ဆရာမျိုးကိုသာ တပည့်ဖြစ်သူတို့က စောင့်ရှောက် ရ၍ ဆရာဖြစ်သူကလည်း တပည့်တို့၏ စောင့်ရှောက်မှုကို တောင့်တကြောင်း ဟောကြားတော်မူပြီးလျှင် ကိုယ်တော်မြတ်၏ အဖို့မှာမူ အမှန်ပင် စင်ကြယ်သော သီလရှိသောကြောင့် “စင်ကြယ်သော သီလရှိ၏”ဟု ဝန်ခံတော်မူကြောင်း စင်ကြယ်သော အသက်မွေးမှု ။ပ။ စင်ကြယ်သော တရားဟောခြင်း, စင်ကြယ်သော ပြောကြားခြင်း,

၆၁၀

စင်ကြယ်သော ဉာဏ်အမြင် တကယ်ပင် ရှိသောကြောင့် “စင်ကြယ်သော ဉာဏ်အမြင်ရှိ၏”ဟု ဝန်ခံတော်မူကြောင်း(နှင့်) ထို့ကြောင့်ပင် ငါဘုရားကို တပည့်ဖြစ်သူတို့က ဖော်ပြရာပါ သီလ, အသက်မွေးမှု, တရားဟောမှု, ပြောကြားမှု, ဉာဏ်အမြင် တည်းဟူသော ၅-ဌာနကြောင့် လုံးဝ မစောင့်ရှောက်ရပဲ ငါဘုရားကလည်း တပည့်တို့၏ စောင့်ရှောက်မှုကို လုံးဝ မတောင့်တကြောင်း အကျယ်ဟောကြားတော်မူလေသည်။ (အကျယ်ကို ဝိနည်း စူဠဝဂ္ဂ ပိဋကမြန်မာပြန် စာမျက်နှာ ၃၄၈၊ ၃၄၉၊ ၃၅၀-တို့မှ ထုတ်နုတ် မှတ်ယူရာ၏)။

ဒေ၀ဒတ်၏ လာဘ်လာဘနှင့်စပ်၍

တရားဟောတော်မူခြင်း

     ထို့နောက် မြတ်စွာဘုရားရှင်သည် ကောသမ္ဗီပြည်မှ ဒေသစာရီ ကြွချီတော်မူ၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတိုက်၌ ကိန်းအောင်းမွေ့လျော် နေတော်မူ၏။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဒေဝဒတ်၏အထံသို့ အဇာတသတ် မင်းသားသည် ရထားငါးရာတို့ဖြင့် ညဉ့်နံနက် ဆည်းကပ်၍ နေပါ၏။ ဆွမ်းချက်အိုး ငါးရာတို့ကိုလည်း နေ့စဉ် ပို့ပါ၏”ဟူ၍ လျှောက်ထားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား-

“ရဟန်းတို့.. ဒေဝဒတ်၏ လာဘ်သပ်ပကာ ကျော်စောမှုကို မမြတ်နိုးကြလင့်၊ ရဟန်းတို့.. အဇာတသတ် မင်းသားသည် ဒေ၀ဒတ်၏အထံသို့ ရထားငါးရာတို့ဖြင့် ညဉ့်နံနက် ဆည်းကပ်နေသမျှ ကာလပတ်လုံး ဆွမ်းချက်အိုး (ဆွမ်းအုပ်) ငါးရာတို့ကို နေ့စဉ် ပို့နေသမျှ ကာလပတ်လုံး ဒေဝဒတ်၏အဖို့ရာ ကုသိုလ်တရားတို့၌ ယုတ်လျော့မှုကိုသာ အလိုရှိအပ်၏၊ ကြီးပွါးမှုကို အလိုမရှိအပ်။

ရဟန်းတို့.. ဥပမာအားဖြင့် ခွေးကြမ်း၏ နှာခေါင်း၌ ဝံ-စသော တိရစ္ဆာန်သည်းခြေကို ခွဲ၍ ထည့်ပေးလျှင်

၆၁၁

ထိုခွေးသည် တိုး၍ ကြမ်းသကဲ့သို့ ထို့အတူပင် အဇာတသတ် မင်းသားသည် ဒေဝဒတ်၏အထံသို့ ရထားငါးရာတို့ဖြင့် ညဉ့်နံနက် ဆည်းကပ်နေသမျှ ကာလပတ်လုံး ဆွမ်းချက်အိုး ငါးရာတို့ကို နေ့စဉ် ပို့နေသမျှ ကာလပတ်လုံး ဒေဝဒတ်၏အဖို့ရာ ကုသိုလ်တရားတို့၌ ယုတ်လျော့မှုကိုသာ အလိုရှိအပ်၏ (=ယုတ်လျော့ရန် သေချာ၏) ကြီးပွါးမှုကို အလိုမရှိအပ် (ကြီးပွါးဖို့ကား မသေချာ)။

ရဟန်းတို့.. မိမိကိုယ်ကို သတ်ဖို့ရန် ပျက်စီးဖို့ရန် ဒေဝဒတ်၏ လာဘ်သပ်ပကာ ကျော်စောမှုသည် ဖြစ်လာ၏။ ရဟန်းတို့.. ဥပမာအားဖြင့် (၁) ငှက်ပျောပင်သည် မိမိကိုယ်ကို သတ်ဖို့ရန် ပျက်စီးဖို့ရန် အသီးသီးသကဲ့သို့၎င်း, (၂) ဝါးပင်သည် မိမိကိုယ်ကို သတ်ဖို့ရန် ပျက်စီးရန် အသီးသီးသကဲ့သို၎င်း, (၃) ကျူပင်သည် မိမိကိုယ်ကို သတ်ဖို့ရန် ပျက်စီးဖို့ရန် အသီးသီးသကဲ့သို့၎င်း, (၄) အဿတိုရ်မြင်းမသည် မိမိကိုယ်ကို သတ်ဖို့ရန် ပျက်စီးဖို့ရန် ကိုယ်ဝန်ကို ဆောင်သကဲ့သို့၎င်း ထို့အတူပင် ဒေ၀ဒတ်၏ လာဘ်သပ်ပကာ ကျော်စောမှုသည် မိမိကိုယ်ကို သတ်ဖို့ရန် ပျက်စီးဖို့ရန် ဖြစ်လာ၏။

ဖလံ ဝေ ကဒလိံ ဟန္တိ၊

ဖလံ ဝေဠုံ ဖလံ နဠံ။

သက္ကာရော ကာပုရိသာ ဟန္တိ၊

ဂဗ္ဘော အဿတရိံ ယထာ။

ဘိက္ခဝေ = ရဟန်းတို့။ ဖလံ = ငှက်ပျောသီးသည်။ ဝေ = စင်စစ်။ ကဒလိံ = ငှက်ပျောပင်ကို။ ဟန္တိ ယထာ = သတ်သကဲ့သို့၎င်း။ ဖလံ = ဝါးသီးသည်။ ဝေဠုံ = ဝါးပင်ကို။ ဟန္တိ ယထာ = သတ်သကဲ့သို့၎င်း၊ ဖလံ = ကျူသီးသည်။ နဠံ = ကျူပင်ကို။ ဟန္တိ ယထာ = သတ်သကဲ့သို့၎င်း။ ဂဗ္ဘော = ကိုယ်ဝန်သားသည်။ အဿတရိံ = = မိခင်ဖြစ်သူ အဿတိုရ်မြင်းမကို။

၆၁၂

ဟန္တိ ယထာ = သတ်သကဲ့သို့၎င်း။ ဧဝံ = ဤအတူ။ သက္ကာရော = ပူဇော်သက္ကာရ လာဘ်လာဘသည်။ ကာပုရိသံ = စိတ်နေဖောက်ပြား ယုတ်မာသော ယောက်ျားကို။ ဟန္တိ = သတ်၏။”-

ဟူ၍ တရားဒေသနာကို ဟောကြားတော်မူလေ၏။

မြတ်စွာဘုရား၌ ရှင်ဒေဝဒတ်၏ ပဌမရန်ငြိုး

     ထို့နောက် တနေ့သ၌ မြတ်စွာဘုရားရှင်သည် များစွာသော ပရိသတ်ခြံရံအပ်လျက် မင်းနှင့်တကွသော ပရိသတ်၌ တရားဟောလျက် ထိုင်နေတော်မူသောအခါ ရှင်ဒေဝဒတ်သည် နေရာမှထ၍ လက်ဝဲပခုံးထက်၌ ဧကစ္စီသင်္ကန်းကို စံပယ်တင်လျက် (=လက်ကန်တော့ထိုးလျက်) မြတ်စွာဘုရား ရှိတော်မူရာသို့ လက်အုပ်ချီကာ မြတ်စွာဘုရားရှင်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ယခုအခါ ရှင်ပင်ဘုရားသည် အိုမင်းပါပြီ, ကြီးပါပြီ, ရင့်ပါပြီ, အချိန်လွန်ပါပြီ, ပစ္ဆိမအရွယ် (=အဆုံးစွန်သော အရွယ်)သို့ ရောက်ပါပြီ၊ မြတ်စွာဘုရား.. ရှင်ပင်ဘုရားသည် ယခုအခါ မျက်မှောက်ချမ်းသာစွာ နေထိုင်ရေးကို အားထုတ်လျက် ကြောင့်ကြမဲ့ နေတော်မူပါလော့၊ အကျွန်ုပ်အား ရဟန်းသံဃာကို လွှဲအပ်ပါလော့၊ အကျွန်ုပ်သည် ရဟန်းသံဃာကို ထိန်းသိမ်းစောင့်ရှောက် ရှေ့ဆောင်ပါအံ့”—

ဟု လျှောက်လေလျှင် မြတ်စွာဘုရားရှင်သည် ရှင်ဒေဝဒတ်ကို “မလျော်ဘူး ဒေဝဒတ်..၊ သင်သည် ရဟန်းသံဃာကို ထိန်းသိမ်းစောင့်ရှောက် ရှေ့ဆောင်ဖို့ရန် မနှစ်သက်လင့်”ဟု မိန့်တော်မူ၏။

     နှစ်ကြိမ်မြောက်လည်း ရှင်ဒေဝဒတ်သည် ထို့အတူပင် လျှောက်ထားသဖြင့် မြတ်စွာဘုရားကလည်း ထို့အတူပင် ပယ်မြစ်တော်မူ၏။ သုံးကြိမ်မြောက် ရှင်ဒေဝဒတ်က ရှေးနည်းအတူ လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်သည် ရှင်ဒေဝဒတ်ကို-

၆၁၃

“ဒေဝဒတ်.. ငါဘုရားသည် သာရိပုတ္တရာ, မောဂ္ဂလ္လာန်တို့အားသော်မှလည်း ရဟန်းသံဃာကို လွှဲအပ်မည်မဟုတ်ရာ၊ တံတွေးနှင့်တူသည့် ပစ္စည်းများကို သုံးစားသော ယုတ်မာသော သင့်အား အဘယ့်ကြောင့် လွှဲအပ်ရာအံ့နည်း”-

ဟု မိန့်တော်မူ၏။

     ထိုအခါ ရှင်ဒေဝဒတ်သည် “မြတ်စွာဘုရားသည် ငါ့ကို မင်းနှင့်တကွသော ပရိသတ်အလယ်၌ ‘ခေဠာသက = တံတွေးစား (=တံတွေးနှင့်တူသည့် မစင်ကြယ်သော ပစ္စည်းလေးပါးကို စားသုံး)သူ’ ဟူသောစကားဖြင့် မောင်းမဲ၏၊ သာရိပုတ္တရာ, မောဂ္ဂလ္လာန်တို့ကိုသာလျှင် မြှောက်စား၏”ဟု အမျက်ထွက်ကာ နှလုံးမသာပဲ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲသွားလေ၏။

ဤကား မြတ်စွာဘုရား၌ ရှင်ဒေဝဒတ်၏ ပဌမ ရန်ငြိုးဖွဲ့ခြင်းတည်း။

ပကာသနီယကံ ပြုစေတော်မူခြင်း

     ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို ဒေဝဒတ်အား (ဉတ္တိဒုတိယ ကမ္မဝါစာဖြင့်) ရာဇဂြိုဟ်ပြည်၌ ပကာသနီယကံကို ပြုစေတော်မူ၏။ သံဃာတော်က ဉတ္တိဒုတိယ ကမ္မဝါစာဖြင့် ပကာသနီယကံ ပြုပြီးသောအခါ အရှင်သာရိပုတ္တရာကို ဉတ္တိဒုတိယ ကမ္မဝါစာဖြင့်ပင် သမ္မုတိပေး၍ ရာဇဂြိုဟ်ပြည်၌ ရှင်ဒေဝဒတ်ကို ထင်ရှားအောင် ပြစေ (ပြောကြားစေ)တော်မူ၏။ အရှင်သာရိပုတ္တရာသည်လည်း ဘုရားရှင် အမိန့်တော်အတိုင်း သံဃာက ဉတ္တိဒုတိယ ကမ္မဝါစာဖြင့် သမ္မုတိအပေးခံရ၍ ရှင်ဒေဝဒတ်ကို ရာဇဂြိုဟ်ပြည်၌ ထင်ရှားအောင် ပြတော်မူ (ပြောဆိုတော်မူ)၏။

     ထိုသို့ ပြရာ ပြောဆိုရာ၌ သဒ္ဓါ,ပညာမရှိကြသော သူတို့က “သာကီဝင်မင်းသား ဘုရားသားတော် ဖြစ်ကြသော ရဟန်းတို့သည် ငြူစူကြကုန်၏။ (=မနာလိုကြကုန်)။ ရှင်ဒေဝဒတ်၏

၆၁၄

လာဘ်သပ်ပကာကို ငြူစူကြကုန်၏၊ (=မနာလိုကြကုန်)”ဟူ၍ ကဲ့ရဲ့စကား ပြောကြားကြကုန်၏။ သဒ္ဓါ,ပညာရှိကြသော လူတို့ကမူ “မြတ်စွာဘုရားရှင်က ရှင်ဒေဝဒတ်ကို ရာဇဂြိုဟ်ပြည်၌ ထင်ရှားအောင် ပြစေခြင်းသည် ယုတ်ညံ့လိမ့်မည် မဟုတ်”ဟု ပြောဆိုကြကုန်၏။

(ဤ၌။ ။“ပကာသနီယကံပြုမှု” ဟူသည်မှာ- ဝိနည်းကိစ္စဖြစ်သည်။ ကံအပြုခံရသော ပုဂ္ဂိုလ်(ရဟန်း)၏ ပြုမူသမျှ ပြောဆိုသမျှသည် ဘုရား, တရား, သံဃာနှင့် မသက်ဆိုင်ပဲ ထိုကံပြုခံရသော ရဟန်း၏ သဘောအတိုင်း ပြုမူမှု, ပြောဆိုမှုသာဖြစ်ကြောင်း ထင်ရှားအောင် ပြုခြင်းကို ဆိုလိုသည်။

ရှင်ဒေဝဒတ်အား ပကာသနီယကံပြုပုံမှာ “ရှေးအခါက ဒေဝဒတ်၏ အမူအကျင့်သည် တမျိုးဖြစ်၏၊ ယခုအခါ၌ အမူအကျင့်သည် တမျိုးဖြစ်၏၊ အကြင်အမှုကို ဒေဝဒတ်သည် ကိုယ်ဖြင့်၎င်း, နှုတ်ဖြင့်၎င်း ပြုရာ၏၊ ထိုအမှုဖြင့် ဘုရားဟူ၍၎င်း, တရားဟူ၍၎င်း, သံဃာဟူ၍၎င်း မမှတ်ယူအပ်၊ ထိုအမှုဖြင့် ဒေဝဒတ်ဟူ၍သာလျှင် မှတ်ယူရမည်”ဟူသော ဤအနက်အဓိပ္ပါယ်ကို သံဃာက ဉတ္တိဒုတိယကမ္မဝါစာဖတ်၍ ပကာသနီယကံ ပြုလေသည်။ ထို့နောင်မှ သံဃာက ဘုရားရှင် အမိန့်တော်အရ အရှင်သာရိပုတ္တရာကို (ရာဇဂြိုဟ်ပြည်၌ ရှင်ဒေဝဒတ်အကြောင်းကို ထင်စွာပြမည့် ပြောဆိုမည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း) ဉတ္တိဒုတိယကမ္မဝါစာဖြင့် သမုတ်ရသည်။ ထိုသို့ သမုတ်ပြီးသောအခါ အရှင်သာရိပုတ္တရာသည် ရဟန်းများခြံရံလျက် ရာဇဂြိုဟ်ပြည်တွင်းသို့ ဝင်ရောက်ပြီးလျှင် “ရှေးအခါက ဒေဝဒတ်၏ အမူအကျင့်သည် တမျိုးဖြစ်၏၊ ယခုအခါ၌ အမူအကျင့်သည် တမျိုးဖြစ်၏၊ အကြင်အမှုကို ဒေဝဒတ်သည် ကိုယ်ဖြင့်၎င်း, နှုတ်ဖြင့်၎င်း ပြုရာ၏၊ ထိုအမှုဖြင့် မြတ်စွာဘုရားဟူ၍၎င်း, တရားတော်ဟူ၍၎င်း, သံဃာတော်ဟူ၍၎င်း မမှတ်ယူအပ်၊ ထိုအမှုဖြင့် ဒေဝဒတ်ဟူ၍သာ မှတ်ယူရမည်”ဟု ဒေဝဒတ်ကို ရာဇဂြိုဟ်ပြည်၌ ထင်ရှားအောင် ပြတော်မူ (ပြောဆိုတော်မူ)လေ၏)။ ။ဤကား ပကာသနီယကံပြုမှုနှင့်စပ်၍ အကျဉ်းမှတ်ဖွယ်တည်း။

အဇာတသတ်မင်းသား အကြောင်း

     ထိုသို့ ပကာသနီယကံ အပြည့်အစုံ ပြုအပ်ပြီးသောအခါ ရှင်ဒေဝဒတ်သည် “ယခုအခါ ငါ့ကို ရဟန်းဂေါတမသည် စွန့်ပယ်အပ်လေပြီ၊ ယခုပင် ထိုရဟန်းဂေါတမ၏ အကျိုးမဲ့ကို

၆၁၅

ငါပြုတော့အံ့”ဟု ကြံစည်ကာ အဇာတသတ်မင်းသားထံ သွားရောက် ချဉ်းကပ်ပြီးလျှင်-

“မင်းသား.. ရှေးခေတ်လူများသည် အသက်ရှည်ကြ၍ ယခုခေတ် လူများသည် အသက်တိုကြကုန်၏။ သင်သည် မင်းသားဘဝနှင့် (သေမည်ဆိုလျှင်) သေနိုင်သော အကြောင်းရှိ၏။ ထို့ကြောင့် သင်သည် အဖကိုသတ်၍ မင်းဖြစ်လော့၊ ငါသည် မြတ်စွာဘုရားကိုသတ်၍ ဘုရားဖြစ်အံ့”-

ဟု ပြောဆိုလေ၏။ ထိုအခါ အဇာတသတ်မင်းသားသည် “အရှင်ဒေဝဒတ်ကား တန်ခိုးအာနုဘော်ကြီးသူ ဖြစ်သည်။ အရှင်ဒေဝဒတ်သည် အကြောင်းကိုသိ၍ (ပြောသည်) ဖြစ်လိမ့်မည်”ဟု ကြံစည်ကာ ပေါင်၌ ဓားမြှောင်ကို ဖွဲ့ချည်၍ နေ့ခင်းကြောင်တောင် ကြောက်ထိတ်ရွံ့ရှား တုန်လှုပ်လျက် အဆောတလျင် နန်းတွင်းသို့ ဝင်လေသော် သက်တော်စောင့် အမတ်ကြီးများ မင်းသားကိုဖမ်း၍ ရှာဖွေကြသည်တွင် မင်းသားပေါင်၌ ဖွဲ့ချည်ထားသော ဓားမြှောင်ကို တွေ့ကြ၍ မင်းသားကို-

     “မင်းသား.. သင်သည် ဘယ်အရာကို ပြုလိုသနည်း”ဟု မေးကြကုန်၏။ “ခမည်းတော်ကို သတ်လို၏”ဟု မင်းသားက ဆိုလတ်သော် အမတ်တို့က “သင့်ကို အဘယ်သူက တိုက်တွန်း (အားပေးအားမြှောက် ပြု)သနည်း”ဟု မေးကြ၍ မင်းသားကလည်း “အရှင်ဒေဝဒတ်က တိုက်တွန်း (အားပေးအားမြှောက် ပြု)၏”ဟု အဖြောင့်ပင် ဝန်ခံလေသည်။ ထိုအခါ-

     (က-အုပ်စု) အချို့သော အမတ်တို့က “မင်းသားနှင့် ဒေဝဒတ်ကို၎င်း, ရဟန်းအားလုံးကို၎င်း သတ်ထိုက်၏”ဟု အယူရှိကြကုန်၏။

     (ခ-အုပ်စု) အချို့သော အမတ်တို့က “ရဟန်းတို့ကို မသတ်ထိုက်၊ ရဟန်းတို့သည် တစုံတခုကိုမျှ မပြစ်မှားကြကုန်။ မင်းသားနှင့် ဒေဝဒတ်ကိုသာ သတ်ထိုက်၏”ဟု အယူရှိကြကုန်၏။

၆၁၆

     (ဂ-အုပ်စု) အချို့သော အမတ်တို့က “မင်းသားနှင့် ဒေဝဒတ်ကိုလည်း မသတ်ထိုက်၊ ရဟန်းတို့ကိုလည်း မသတ်ထိုက်၊ မင်းကြီးအား လျှောက်ထားသင့်၏၊ မင်းကြီးပြောဆို အမိန့်ရှိသည်အတိုင်း ပြုလုပ်ကုန်အံ့”ဟု အယူရှိကြကုန်၏။

     ထို့နောက် အမတ်တို့သည် မင်းသားကို ဖမ်းကြ၍ ခမည်းတော် ဗိမ္ဗိသာရမင်းကြီးထံသို့ သွားရောက်ကြကာ မင်းကြီးအား ထိုအကြောင်းကို လျှောက်ထားကြလေကုန်၏။ မင်းကြီးက “အချင်းတို့.. အမတ်ကြီးတို့သည် အဘယ်သို့ အယူရှိသနည်း”ဟု မေး၍ အမတ်တို့က အယူအဆ သုံးမျိုးသုံးစု ကွဲပြားလျက် ရှိကြကြောင်း ပြန်ကြား လျှောက်ထားကြလေသော် မင်းကြီးသည်-

“အချင်းတို့.. မြတ်စွာဘုရားသည်၎င်း, တရားတော်သည်၎င်း, သံဃာတော်သည်၎င်း အဘယ်အပြစ်ကို ပြုလိမ့်မည်နည်း (မပြုအံ့သည်သာတည်း)၊ မြတ်စွာဘုရားသည် စောစောကပင် ရာဇဂြိုဟ်ပြည်၌ ‘ရှေးအခါက ဒေဝဒတ်၏ အမူအကျင့်သည် တမျိုးဖြစ်၏။ ယခုအခါ အမူအကျင့်သည် တမျိုးဖြစ်၏’ စသည်ဖြင့် ဒေဝဒတ်ကို ထင်ရှားအောင် ပြုပြီး (ပကာသနီယကံ ပြုပြီး) မဟုတ်လော”-

ဟု မိန့်ဆိုပြီးလျှင် (က-အုပ်စုဝင်) ပဌမအမတ်တို့ကို ရာထူးမှ လုံးဝ နုတ်ပယ်ချထားလေ၏။ (ခ-အုပ်စုဝင်) ဒုတိယအမတ်တို့ကို နိမ့်သောရာထူး၌ လျောချထားပြီးလျှင် (ဂ-အုပ်စုဝင်) တတိယ အမတ်တို့ကိုကား ရာထူးတိုးမြှင့်၍ ခန့်ထားလေ၏။

     ထို့နောင်မှ မင်းကြီးသည် သားတော်ကို “မင်းသား.. သင်သည် အဘယ့်ကြောင့် ငါ့ကို သတ်လိုသနည်း”ဟု မေးတော်မူ၍ “ခမည်းတော်.. အကျွန်ုပ် (သားတော်)သည် မင်းအဖြစ်ကို အလိုရှိပါ၏”ဟု မင်းသားက လျှောက်ထားလေလျှင် ဗိမ္ဗိသာရမင်းကြီးသည် သားတော်ကို “မင်းသား.. သင်သည် မင်းအဖြစ်ကို အလိုရှိမူ ဤမင်းစည်းစိမ်သည် သင်ချစ်သား၏ မင်းစည်းစိမ်တည်း”ဟု ပြော၍ အဇာတသတ်မင်းသားအား ထီးနန်းစည်းစိမ် မင်းအဖြစ်ကို အပြီးအပိုင် လွှဲအပ်တော်မူလေ၏။

၆၁၇

ဒေဝဒတ်၏ ရက်စက်သော အကြံပေးချက်

     အဇာတသတ်မင်းသားသည် “ငါ၏ စိတ်နှလုံးအလိုကား ပြည့်ဝလေပြီ”ဟု အားရဝမ်းသာစွာ ထိုအကြောင်းကို ဒေဝဒတ်အား ပြန်ကြားပြောဆိုလေ၏။ ထိုအခါ ဒေဝဒတ်သည် မင်းသားကို “သင်သည် မြေခွေးကို အတွင်းကထား၍ စည်ကြက်သော ယောက်ျားကဲ့သို့ ‘ငါ့ကိစ္စ အောင်မြင်ပြီ’ဟု ထင်မှတ်နေ၏၊ သင့်ခမည်းတော်သည် နှစ်ရက်သုံးရက်လောက်ရှိလျှင် သင်ပြုခဲ့သည့် မထီမဲ့မြင်မှုကို ကြံစည်စဉ်းစား၍ ကိုယ်တိုင်ပင် မင်းပြုလုပ်လိမ့်မည်”ဟု ရန်တိုက်စကား ပြောကြားလေ၏။

     မင်းသားက “အရှင်ဘုရား.. ထိုသို့ဖြစ်လျှင် အဘယ်အမှုကို တပည့်တော် ပြုရမည်နည်း”ဟု မေးလတ်သော် ဒေဝဒတ်သည် “သင့်ခမည်းတော်ကို အမြစ်ပြတ် သတ်လော့”ဟု ရက်စက်စွာ အကြံပေးစကား ပြောကြားလေ၏။ “အရှင်ဘုရား.. တပည့်တော်၏ ခမည်းတော်သည် ရာဇသွေးဖြစ်၍ လက်နက်ဖြင့် မသတ်ထိုက်သူ မဟုတ်ပါလော”ဟု မင်းသားက လျှောက်ထားသောအခါ ဒေဝဒတ်သည် “သင့်ခမည်းတော်ကို အာဟာရဖြတ် အစာငတ်ထား၍ သတ်ပါတော့လော”ဟု ရိုင်းပြရက်စက်စွာ အကြံပေးစကား ပြောကြားလေ၏။

အဇာတသတ်မင်း ခမည်းတော်ကို သတ်စေခြင်း

     အဇာတသတ်မင်းသည် ခမည်းတော် ဗိမ္ဗိသာရမင်းတရားကို လွန်စွာပူပြင်းလျက် အခိုးခြောင်းခြောင်းထွက်သော သံလှောင်အိမ်၌ အကျဉ်းချထားစေလေ၏။ “ငါ၏ မယ်တော်မှတပါး အခြား မည်သူတဦးတယောက်အားမျှ ဖူးမြင်ခွင့် မပေးရ”ဟူ၍လည်း အမိန့်ထုတ်ဆင့်လေ၏။

     (၁) ထိုအခါ ဝေဒေဟီမိဖုရားကြီးသည် စားတော်ရွှေခွက်၌ ပွဲတော်စာကို ထည့်ပြီးလျှင် ရင်ခွင်ဖြင့်ပိုက်၍ သံလှောင်အိမ်သို့ ဝင်လေ၏။ မင်းကြီးသည် ထိုပွဲတော်စာကို စားသုံး၍ မျှတတော်မူ၏။ အဇာတသတ်မင်းသည် “ဘယ်လိုနည်းဖြင့် ငါ့ခမည်းတော်သည်

၆၁၈

မျှတ၍နေသနည်း”ဟု မေး၍ ထိုအကြောင်းကို ကြားသိရလေလျှင် “ငါ့မယ်တော်အား ပွဲတော်စာကို ရင်ခွင်ပိုက်၍ ဝင်ခွင့် မပေးကြကုန်လင့်”ဟူ၍ ထပ်ဆင့် အမိန့်ထုတ်ပြန်လေသည်။

     (၂) ထိုအခါမှစ၍ ဝေဒေဟီ မိဖုရားကြီးသည် ပွဲတော်စာကို ဆံထုံး၌ ထည့်ပြီးလျှင် သံလှောင်အိမ်သို့ ဝင်လေ၏။ မင်းကြီးသည် ထိုပွဲတော်စာကို စားသုံး၍ မျှတတော်မူ၏။ ထိုသတင်းစကားကိုလည်း အဇာတသတ်မင်း ကြားသိလေလျှင် “မယ်တော်အား ဆံထုံး၍ ဝင်ခွင့် မပေးကြကုန်လင့်”ဟူ၍ ထပ်ဆင့် အမိန့် ထုတ်ပြန်လေသည်။

     (၃) ထိုအခါ ဝေဒေဟီမိဖုရားကြီးသည် ရွှေခြေနင်းတို့၌ ပွဲတော်စာကိုထည့်၍ ပိတ်ပြီးလျှင် ခြေနင်းတို့ကို စီးလျက် ဝင်လေ၏။ မင်းကြီးသည် မိဖုရားကြီး ရွှေခြေနင်းအတွင်း ထည့်သွင်း ယူဆောင်လာသော ပွဲတော်စာဖြင့် မျှတတော်မူရှာလေ၏။ အဇာတသတ် မင်းမိုက်သည် တဖန် “ဘယ်လိုနည်းဖြင့် ငါ့ခမည်းတော်သည် မျှတ၍နေသနည်း”ဟု မေး၍ ထိုအကြောင်းကို ကြားသိရပြန်လေလျှင် “မယ်တော်အား ခြေနင်းစီး၍ ဝင်ခွင့် မပေးကြကုန်လင့်”ဟူ၍ ထပ်ဆင့် အမိန့်ထုတ်ပြန်လေသည်။

     (၄) ထိုအခါမှစ၍ ဝေဒေဟီ မိဖုရားသည် နံ့သာရေမိုး ချိုးပြီးလျှင် မိမိကိုယ်ကို စတုမဓုဖြင့် လိမ်းသုတ်၍ အပေါ်ရုံခြုံလျက် သံလှောင်အိမ်သို့ ဝင်လေ၏။ မင်းကြီးသည် မိဖုရားကြီး၏ကိုယ်ကို လျှာဖြင့် လျက်၍ လျက်၍ မျှတတော်မူရှာလေ၏။ အဇာတသတ် မင်းမိုက်သည် တဖန်မေး၍ ထိုအကြောင်းကို ကြားသိပြန်လေလျှင် “ဤအချိန်မှစ၍ မယ်တော်အား လှောင်အိမ်အတွင်းသို့ ဝင်ခွင့် မပေးကြကုန်လင့်”ဟူ၍ တချက်လွှတ်အမိန့် ထုတ်ဆင့်ပြန်လေသည်။

     ဝေဒေဟီမိဖုရားကြီးသည် အတွင်းသို့ဝင်ခွင့်မရသဖြင့် သံလှောင်အိမ်တံခါးအနီး၌ ရပ်တည်ပြီးလျှင် “အိုအရှင်သခင် ဗိမ္ဗိသာရ.. အရှင်သည်ပင် ထိုအဇာတသတ် သားမိုက်ကို

၆၁၉

ငယ်စဉ်အခါ သတ်ခွင့်မပေးခဲ့ချေ၊ မိမိ၏ ရန်သူကို မိမိသည်ပင် မွေးမြူခဲ့၏။ ယခုအခါ အရှင်အား ဖူးမြော်ရခြင်းသည် နောက်ဆုံး ဖူးမြော်ရခြင်း ဖြစ်ပါသည်။ ကျွန်တော်မသည် ဤအချိန်မှစ၍ အရှင်မင်းကြီးတို့ကို ဖူးမြော်ခွင့် မရတော့ပါ။ ကျွန်တော်မ၏ တစုံတရာ အပြစ်များရှိခဲ့လျှင် သည်းခံတော်မူပါ အရှင်သခင် ဗိမ္ဗိသာရ မင်းတရား..”ဟု ပြောဆို ငိုကြွေးမြည်တမ်းကာ အိမ်တော်သို့ ပြန်သွားရှာလေ၏။

ဗိမ္ဗိသာရမင်းကြီး နတ်ရွာစံခြင်း

     ထိုအချိန်မှစ၍ မင်းကြီးအား အစာအာဟာရဟူ၍ မရှိတော့ပြီ။ မင်းကြီးသည် လူးလာတုံ့ခေါက် စင်္ကြံလျှောက်လျက် မိမိရရှိပြီးသော သောတာပတ္တိဖလသမာပတ် ချမ်းသာဖြင့် မျှတတော်မူရှာရ၏။ ထိုသို့ ဖလသမာပတ်ကို မပြတ်ဝင်စားနေသောကြောင့် မင်းကြီး၏ ကိုယ်ခန္ဓာအတ္တဘောသည် အလွန့်အလွန် တင့်တယ်၍နေလေ၏။

     အဇာတသတ်မင်းမိုက်သည် “အချင်းတို့.. ငါ့ခမည်းတော်သည် ဘယ်လိုနည်းဖြင့် မျှတနေသနည်း”ဟု မေး၍ “အရှင်မင်းမြတ်.. ခမည်းတော် မင်းတရားကြီးသည် လူးလာခေါက်ပြန် စင်္ကြံသွားခြင်းဖြင့် မျှတတော်မူနေပါသည်၊ ထိုခမည်းတော် မင်းတရားကြီး၏ ကိုယ်ခန္ဓာ အတ္တဘောသည်လည်း ရှေးကထက် သာလွန်၍ တင့်တယ်နေပါသည်”ဟု မင်းချင်းများ၏ လျှောက်ထားချက်ကို ကြားသိရ၍ “ယခုအခါ ထိုခမည်းတော်၏ လူးလာခေါက်ပြန် စင်္ကြံသွားခြင်းကို ပယ်ရှားစေအံ့”ဟု ကြံစည်ပြီးလျှင် “ငါခမည်းတော်၏ ခြေဖဝါးတို့ကို သင်ဓုန်းဓားဖြင့် မွှန်းကြ၍ ဆီနှင့်ဆားဖြင့် လိမ်းသုတ်နယ်ပြီးလျှင် အလျှံကင်းဖဲ ရဲရဲညီးညီး ရှားမီးကျီးတို့ဖြင့် ကင်ကြကုန်လော့”ဟု ဆေတ္တာသည်တို့ကို စေခိုင်းလေ၏။

     ဗိမ္ဗိသာရမင်းကြီးသည် ဆေတ္တာသည်တို့ကို မြင်ရလျှင် “ဧကန်ပင် သားတော်ကို တဦးတယောက်က အမြင်မှန်ရအောင်

၆၂၀

ပြုလုပ်အပ်သည် ဖြစ်ပေလိမ့်မည်။ (ထို့ကြောင့်ပင်) ဤဆေတ္တာသည်တို့သည် ငါ၏ ဆံမုတ်ဆိတ်များကို ပယ်ရိတ်ပြုပြင်ရန် လာရောက်ကြကုန်၏”ဟု ကြံစည်စဉ်းစားတော်မူလေ၏။

     ဆေတ္တာသည်တို့သည် မင်းကြီးအနီးသို့ သွားရောက်ရှိခိုး ရပ်တည်ကြလေကုန်၏။ မင်းကြီးက “အဘယ့်ကြောင့် လာကြကုန်သနည်း”ဟု မေးအပ်ကုန်ရကား ထိုအကြောင်းကို လျှောက်ထားကြလေကုန်၏။ ထိုအခါ မင်းကြီးက “မောင်တို့မင်း၏ စိတ်အလိုအတိုင်း ပြုကြလော့”ဟု ခွင့်ပြုစကား မိန့်ကြားလတ်သော် ဆေတ္တာသည်တို့သည် “အရှင်မင်းကြီး.. ထိုင်တော်မူပါလော့”ဟု လျှောက်ထားကြ၍ မင်းကြီးကို ရှိခိုးပြီးလျှင် “အိုအရှင်မင်းကြီး.. အကျွန်ုပ်တို့သည် အဇာတသတ်မင်း၏ အာဏာအတိုင်း ပြုကြပါကုန်အံ့၊ အကျွန်ုပ်တို့အား အမျက်ထွက်တော်မမူကြပါလင့်၊ ဤအမှုသည်ကား အရှင်မင်းကြီးတို့ကဲ့သို့ တရားမင်းတို့အား လားလားမျှ မလျောက်ပတ်ပါ”ဟု လျှောက်ဆိုကြလျက် လက်ဝဲလက်ဖြင့် ဖမျက်ကို မြဲစွာကိုင်ကြ၍ လက်ျာလက်ဖြင့် သင်ဓုန်းထက်ထက်ကို ကိုင်ကြပြီးလျှင် မင်းကြီး၏ ခြေဖဝါးအပြင်တို့ကို မွှန်းကြ၍ ဆီနှင့်ဆားဖြင့် လိမ်းသုတ်နယ်ကြပြီးလျှင် အလျှံကင်းဖဲ ရဲရဲညီးညီး ရှားမီးကျီးတို့ဖြင့် ကင်ကြလေကုန်၏။

(မင်းကြီးသည်ကား ရှေးအတိတ် တခုသောဘဝဝယ် စေတီတော်ယင်ပြင်၌ ဘိနပ်စီးလျက် သွားခဲ့လေသည်၊ ထိုင်နေရန် ခင်းထားအပ်သော ဖျာသင်ဖြူးကိုလည်း မဆေးကြောအပ်သော ခြေတို့ဖြင့် နင်းခဲ့ဘူးလေပြီ၊ ဤယခု ဓားဖြင့်မွှန်း၍ ဆီဆားသိပ်ကာ ရှားမီးကျီးခဲဖြင့် အကင်ခံရခြင်းသည် ထိုမကောင်းမှု၏ အကျိုးဆက်တည်းဟု ဆရာတို့ ဆိုတော်မူကြကုန်၏)။

     ဗိမ္ဗိသာရမင်းကြီးအား သည်းစွာသော ဒုက္ခဝေဒနာတို့ ဖြစ်ကြကုန်၏။ ဗိမ္ဗိသာရမင်းကြီးသည် “မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်သည် ဩ.. အံ့ဖွယ်ရှိပါပေစွာ့၊ တရားတော်၏ ဂုဏ်ကျေးဇူးတော်သည် ဩ.. အံ့ဖွယ်ရှိပါပေစွာ့၊ သံဃာတော်၏ ဂုဏ်ကျေးဇူးတော်သည် ဩ.. အံ့ဖွယ်ရှိပါပေစွာ့..ဟု

၆၂၁

(လုံးဝအမျက်မထား) ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကိုသာ အောက်မေ့တော်မူလျက် စေတီတော်ယင်ပြင်ဝယ် စွန့်ပစ်အပ်သော ပန်းကဲ့သို့ ညှိုးနွမ်းခြောက်သွေ့ကာ စတုမဟာရာဇ်နတ်ပြည်၌ ဝေဿဝဏ်နတ်မင်း၏ အခြံအရံ အလုပ်အကျွေး “ဇန၀သဘ”မည်သော နတ်ဘီလူးစစ်မှူးကြီး ဖြစ်လေတော့၏။

(ဤ၌။ ။ဗိမ္ဗိသာရမင်းတရားဘဝဝယ် ပုဏ္ဏားသူဌေးပေါင်း (၁၁၀၀၀၀) တသိန်းတသောင်းတို့၏ အကြီးအကဲဖြစ်ကာ သောတာပန်အရိယာ ဖြစ်ခဲ့သောကြောင့် ထိုနတ်ဘီလူး၏အမည်မှာ “ဇန၀သဘ”ဟူ၍ တွင်လေသည်။ ဇန = တသိန်းတသောင်း ပုဏ္ဏားသူဌေးအပေါင်း၏။ ဝသဘ = အကြီးအကဲ-ဟု ဆိုလိုသည်။

“ထိုသို့ သောတာပန် အရိယာကြီး ဖြစ်ပါလျက် အဘယ့်ကြောင့် အောက်တန်းကျသည့် စတုမဟာရာဇ် နတ်ဘီလူးမျိုး၌ ဖြစ်ရသနည်း”ဟူ၍ မေးဖွယ်ရှိ၏။ ထိုအမေး၏ အဖြေကို ထိုဇနဝသဘ နတ်ဘီလူးသည်ပင် ဖြေကြားအပ်ပြီး ဖြစ်လေသည်။

ဖြေကြားပုံမှာ- သူသည် စတုမဟာရာဇ်နတ်ပြည်မှ စုတေ၍ လူ့ပြည်၌ မင်းအဖြစ် ခုနစ်ဘဝ, လူ့ပြည်မှ စုတေ၍ စတုမဟာရာဇ်နတ်ပြည်၌ ခုနစ်ဘဝ သံသရာလည်ဘူးခဲ့ရလေပြီ၊ ဤသို့ ရှေးက ခုနစ်ဘဝဆက်ကာ ထိုစတုမဟာရာဇ်နတ်ပြည်၌ နေဘူး ဖြစ်ဘူးလေသောကြောင့်ပင် ယခုအခါ သောတာပန် အရိယာဖြစ်၍ ရတနာသုံးပါးတို့၌ များစွာသော ကုသိုလ်ကောင်းမှုကို ပြုလုပ်ကာ ထိုကောင်းမှု အာနုဘော်ကြောင့် အထက်အထက် နတ်ပြည်တို့၌ ဖြစ်ခြင်းငှါ စွမ်းနိုင်ပါသော်လည်း “ဘဝများစွာ ကာလရှည်ကြာ ဖြစ်ခဲ့ဘူး နေခဲ့ဘူးသည့်အတွက် စတုမဟာရာဇ်နတ်ပြည်၌ ဘဝနိကန္တိ အားကြီးခဲ့လေသည်။ ထိုသို့ စတုမဟာရာဇ် နတ်ပြည်၌ ဘဝနိကန္တိ (=ဘဝ၌ တပ်မက်သော တဏှာ) အားကြီးသောကြောင့် ထိုစတုမဟာရာဇ် နတ်ပြည်၌ပင် ယခုအခါ ဖြစ်ရလေသည်”-ဟု ၎င်း ဇနဝသဘ နတ်ဘီလူးကိုယ်တိုင်ပင် သုတ်မဟာဝါပါဠိတော် ဇနဝသဘသုတ်၌—

ဣတော သတ္တ တတော သတ္တ၊ သံသရာနိ စတုဒ္ဒသ။

နိဝါသမဘိဇာနာမိ၊ ယတ္ထ မေ ဝုသိတံ ပုရေ-

ဟူ၍ ထုတ်ဖော်ဝန်ခံ ဖြေကြားထားလေသည်။ ။ဒီဋ္ဌ၊ ၂၊ ၂၃၁-မှ)။

၆၂၂

လူမိုက်နောက်မှ နောင်တရ

     ခမည်းတော် ဗိမ္ဗိသာရမင်းကြီး နတ်ရွာစံသော ထိုနေ့မှာပင် အဇာတသတ်မင်းမိုက်၏ မိဖုရားမှ ဥဒယဘဒ္ဒမည်သော သားတော်ကို ဖွားမြင်လေ၏။ သားတော် ဖွားမြင်ကြောင်းနှင့် ခမည်းတော် ဗိမ္ဗိသာရမင်းကြီး နတ်ရွာစံကြောင်း လျှောက်ကြားလွှာ နှစ်စောင်ကို သက်ဆိုင်ရာ အိမ်တော်ဝန်, ထောင်ဝန်တို့ထံမှ နန်းတော်သို့ တချိန်တည်းပင် ရောက်ရှိလာလေ၏။

     အပါးတော်မြဲ အမတ်တို့သည် “သားတော်ဖွားမြင်ကြောင်း လျှောက်ကြားလွှာကို ရှေးဦးစွာ ဆက်သမှ သင့်လျော်မည်”ဟု တိုင်ပင်ညီညွတ်ကြ၍ ထိုလျှောက်ကြားလွှာကို အဇာတသတ်မင်းလက်သို့ ဆက်သကြလေကုန်၏၊ ထိုလျှောက်ကြားလွှာကို ဖတ်ကြားသော ခဏမှာပင် အဇာတသတ်မင်းအား သား၌ ချစ်ခြင်းပြင်းစွာ ဖြစ်ရှိကာ တကိုယ်လုံး ချောက်ချားစေလျက် ရိုးတွင်းခြင်ဆီကို ခိုက်၍တည်လေ၏။ ထိုခဏမှာပင် “ငါ ဖွားမြင်သော အခါကလည်း ငါ့ခမည်းတော်၏ စိတ်သန္တာန်ဝယ် ဤနည်းအတိုင်းပင် သား၌ချစ်ခြင်း ပြင်းစွာ ဖြစ်ပေလိမ့်မည်”ဟု အောက်မေ့ကာ ခမည်းတော်၏ကျေးဇူးကို သတိရ သိရှိလာလေ၏။

     အဇာတသတ်မင်းသည် “အချင်းတို့.. သွားကြလော့၊ ခမည်းတော်ကို လွှတ်လိုက်ကြလော့”ဟု အရေးတကြီး အမိန့်တော် ထုတ်ဆင့်လေသည်။ ထိုအခါ အမတ်များသည် “အရှင်မင်းကြီး.. အဘယ်မှာလျှင် လွှတ်နိုင်တော့အံ့နည်း”ဟု ပြောဆိုကြကာ အခြား (ခမည်းတော် နတ်ရွာစံကြောင်း) လျှောက်လွှာကို မင်း၏လက်သို့ ဆက်သကြလေကုန်၏။ အဇာတသတ်မင်းသည် ခမည်းတော် နတ်ရွာစံကြောင်း ကြားသိရလေလျှင် သည်းစွာငိုကြွေးလျက် မယ်တော် ဝေဒေဟီမိဖုရားကြီးအနီးသို့ သွားရောက်၍ “အိုမယ်တော်.. အကျွန်ုပ် ဖွားမြင်သောအခါက အကျွန်ုပ်ခမည်းတော်၏ စိတ်သန္တာန်ဝယ် သား၌ချစ်ခြင်း ဖြစ်ရှိပါသလော”ဟု မေးလေ၏။ ဝေဒေဟီမိဖုရားကြီးက “သားမိုက်.. ဘယ့်နှယ်ပြောပါလိမ့်၊ သင် ငယ်ရွယ်စဉ်အခါက သင်၏ လက်ချောင်းမှာ ခူနာပေါက်ခဲ့လေသည်၊

၆၂၃

ထိုအခါ အထိန်းတော်တို့သည် မောင့်ကို အငိုတိတ်အောင် မချော့နိုင်ကြလေတော့သည့်အဆုံး၌ မောင့်ကို ချီယူကြကာ တရားလွှတ်ရုံး အဆုံးအဖြတ်ပေးရာဌာန၌ ထိုင်နေသော မောင့်ခမည်းတော်ထံသို့ သွားရောက် အပ်နှံကြရလေသည်။ မောင့်ခမည်းတော်သည် ခူနာပေါက်နေသော မောင့်လက်ကို မိမိခံတွင်း၌ ငုံ၍ထားလေသည်။ အာငွေ့ရသဖြင့် ခူနာသည် မောင့်ခမည်းတော်၏ ခံတွင်းထဲမှာပင် ပြည်ပေါက်ခဲ့လေသည်။ ထိုအခါ မောင့်ခမည်းတော်သည် မောင့်အပေါ်မှာ လွန်စွာ ချစ်မြတ်နိုးလှသောကြောင့် သွေးပုပ်နှင့်ရောနှောသော ထိုပြည်ကို (ထွေးပစ်လိုက်လျှင် မောင်နိုးမည်စိုးသဖြင့်) ထွေးအန်ပစ်တော်မမူပဲ မျို၍ ချလေသည်။ မောင့်ခမည်းတော်သည် မောင့်အပေါ်မှာ ဤမျှပင် ချစ်ခင်ရှာတော်မူလေသည်”ဟု အကျယ်တဝင့် ဖြေကြား ပြောဆိုသောအခါ အဇာတသတ်မင်းသည် သည်းစွာ ငိုကြွေးမြည်တမ်း၍ ခမည်းတော်၏ ဈာပနကိစ္စကို ပြုလုပ်ရှာလေ၏။

ရှင်ဒေဝဒတ် လူသတ်သမားတို့ကို စေလွှတ်ခြင်း

     ထို့နောက် ရှင်ဒေဝဒတ်သည် အဇာတသတ်မင်းသားထံသို့သွားရောက်ပြီးလျှင် အဇာတသတ်မင်းသားကို “မင်းမြတ်.. ရဟန်းဂေါတမကိုသတ်မည့် မင်းချင်းယောက်ျားတို့ကို စေလွှတ်လော့”ဟု ပြောဆိုလေ၏။ အဇာတသတ် မင်းသားသည် မင်းချင်းယောက်ျားတို့ကို “အချင်းတို့.. .အရှင်ဒေဝဒတ် ပြောသည့်အတိုင်း ပြုလုပ်ကြကုန်လော့”ဟု ပြောဆို မှာထား၍ ရှင်ဒေဝဒတ်ထံသို့ လွှတ်လိုက်လေ၏။

     ထိုအခါ ရှင်ဒေဝဒတ်သည် (ပဌမ) ယောက်ျားတယောက်ကို “ဒါယကာ.. သွားလော့၊ ဤမည်သောအရပ်၌ ရဟန်းဂေါတမသည် နေလျက်ရှိ၏၊ ထိုရဟန်းဂေါတမကို သတ်ပြီးလျှင် ဤမည်သောလမ်းဖြင့် ပြန်ခဲ့လော့”ဟု စေခိုင်းလေ၏။

     ထိုယောက်ျား ပြန်လာမည့်လမ်း၌ (ဒုတိယအသုတ်) ယောက်ျားနှစ်ယောက်တို့ကို “ဤလမ်းမှလာသော

၆၂၄

ယောက်ျားတယောက်ကို သတ်ပြီးလျှင် ဤမည်သောလမ်းဖြင့် ပြန်ခဲ့ကြလော့”ဟု ပြောဆိုမှာကြား ချထားလေ၏။

     ထိုယောက်ျားနှစ်ယောက် ပြန်လာမည့်လမ်း၌ (တတိယအသုတ်) ယောက်ျားလေးယောက်တို့ကို “ဤလမ်းမှ လာကြသော ယောက်ျားနှစ်ယောက်တို့ကို သတ်ပြီးလျှင် ဤမည်သောလမ်းဖြင့် ပြန်ခဲ့ကြလော့”ဟု ပြောဆိုမှာကြား ချထားလေ၏။

     ထိုယောက်ျားလေးယောက် ပြန်လာမည့်လမ်း၌ (စတုတ္ထအသုတ်) ယောက်ျား ရှစ်ယောက်တို့ကို “ဤလမ်းမှ လာကြသော ယောက်ျားလေးယောက်တို့ကို သတ်ပြီးလျှင် ဤမည်သောလမ်းဖြင့် ပြန်ခဲ့ကြလော့”ဟု ပြောဆိုမှာကြား ချထားလေ၏။

     ထိုယောက်ျားရှစ်ယောက် ပြန်လာမည့်လမ်း၌ (ပဉ္စမအသုတ်) ယောက်ျား တဆယ့်ခြောက်ယောက်တို့ကို “ဤလမ်းမှ လာကြသော ယောက်ျား ရှစ်ယောက်တို့ကို သတ်ပြီးလျှင် ဤမည်သောလမ်းဖြင့် ပြန်ခဲ့ကြလော့”ဟု ပြောဆိုမှာကြား ချထားလေ၏။

လူသတ်သမားတို့ သောတာပန်တည်ကြခြင်း

     ထိုအခါ ထိုပဌမယောက်ျားသည် သန်လျက်နှင့် ကာကို ယူကာ လေးနှင့် တောင့် (=မြှားကျည်တောက်)ကို လွယ်၍ မြတ်စွာဘုရားထံသို့ သွားရောက်ပြီးနောက် မြတ်စွာဘုရားရှင်၏ အနီး၌ ကြောက်ထိတ်ရွံရှား တုန်လှုပ်ချောက်ချားလျက် တောင့်တင်းသောကိုယ်ဖြင့် ရပ်နေလေ၏။

     မြတ်စွာဘုရားရှင်သည် ထိုယောက်ျားကို မြင်တော်မူ၍ “ဒါယကာ.. လာလော့၊ မကြောက်လင့်”ဟု မိန့်ခေါ်တော်မူလေ၏။ ထိုအခါ ထိုပဌမယောက်ျားသည် (အကြောက်ပြေကာ) သန်လျက်နှင့် ကာကို သင့်ရာ၌ထား၍ လေးနှင့် တောင့် (=မြှားကျည်တောက်)ကို ချ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးနောက် မြတ်စွာ ဘုရား၏ ခြေတော်တို၌ ဦးတိုက်ပြီးလျှင် မိမိအပြစ်ကို ဝန်ခံတောင်းပန် ကန်တော့လေ၏။ မြတ်စွာဘုရားရှင်သည်လည်း ထိုဒါယကာ၏ အပြစ်ကို သည်းခံတော်မူကြောင်း မိန့်ကြားတော်မူပြီးလျှင်

၆၂၅

ထိုယောက်ျားအား မဂ်ဖိုလ်ရောက်ကြောင်း ဒါနကထာ, သီလကထာ အစရှိသော တရားဒေသနာအစဉ်ကို ဟောကြားတော်မူသဖြင့် ထိုပဌမယောက်ျားသည် သောတာပန်အရိယာ ဖြစ်ပြီးနောက် လောကုတ္တရာ သရဏဂုံ (တထိုင်တည်းမှာပင်) ခံယူလေတော့၏။

     ထိုအခါ မြတ်စွာဘုရားသည် ထို(ပဌမ)ယောက်ျားကို “ဒါယကာ.. သင်သည် ဤလမ်းဖြင့် မသွားလင့်၊ ဤမည်သောလမ်းဖြင့် သွားလော့”ဟု မိန့်တော်မူကာ အခြားလမ်းဖြင့် လွှတ်တော်မူလိုက်၏။

     ထိုအခါ (ဒုတိယအသုတ်) ယောက်ျားနှစ်ယောက်တို့သည် “အသို့နည်း = ဘယ့်နှယ်လဲ။ ထိုယောက်ျား တယောက်သည် လာခဲလှဘိတကား”ဟု ခရီးရင်ဆိုင် သွားကြလေသော် ရှေးနည်းအတူပင် မြတ်စွာဘုရားရှင်ကို သစ်ပင်တပင်၏ အရင်း၌ ထိုင်နေတော်မူသည်ကို ဖူးမြင်ကြရ၍ မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက်ဝပ်လျှိုး ရှိခိုးကြပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ထိုင်နေကြလေကုန်၏။ မြတ်စွာဘုရားသည် ထို(ဒုတိယအသုတ်) ယောက်ျားနှစ်ယောက်တို့အား အစဉ်အတိုင်းသော တရားဒေသနာကို ဟောကြား သစ္စာလေးပါးကိုပြ၍ သောတာပတ္တိဖိုလ်၌ တည်စေတော်မူပြန်လေ၏။ ထိုယောက်ျား နှစ်ယောက်တို့သည်လည်း (ပဌမ) ယောက်ျားတယောက်နည်းတူ သောတာပန် အရိယာဖြစ်ပြီးနောက် လောကုတ္တရာ သရဏဂုံကို ခံယူဆောက်တည်ကြလေ၏။

     ထိုအခါ မြတ်စွာဘုရားသည် ထို(ဒုတိယအသုတ်) ယောက်ျား နှစ်ယောက်တို့ကို “ဒါယကာတို့.. သင်တို့သည် ဤလမ်းဖြင့် မသွားကြလင့်၊ ဤမည်သောလမ်းဖြင့် သွားကြလော့”ဟု မိန့်တော်မူကာ အခြားလမ်းဖြင့် လွှတ်တော်မူလိုက်၏။

     ထိုအခါ (တတိယအသုတ်) ယောက်ျားလေးယောက်တို့သည် (ပေယျာလ)။

၆၂၆

     ထိုအခါ (စတုတ္ထအသုတ်) ယောက်ျား ရှစ်ယောက်တို့သည် (ပေယျာလ)။

     ထိုအခါ (ပဉ္စမအသုတ်) ယောက်ျား တဆယ့်ခြောက်ယောက်တို့သည် “အသို့နည်း = ဘယ့်နှယ်လဲ၊ ထိုယောက်ျား ရှစ်ယောက်တို့သည် လာခဲလှကုန်ဘိတကား”ဟု ခရီးရင်ဆိုင် သွားကြလေသော် ရှေးနည်းအတူပင် မြတ်စွာဘုရားရှင်ကို ဖူးမြင်ကြရ၍ မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက်ဝပ်လျှိုး ရှိခိုးကြပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ထိုင်နေကြလေကုန်၏။ မြတ်စွာဘုရားရှင်သည် ထို(ပဉ္စမအသုတ်) ယောက်ျား တဆယ့်ခြောက်ယောက်တို့အားလည်း အစဉ်အတိုင်းသော တရားဒေသနာကို ဟောကြား သစ္စာလေးပါးကိုပြ၍ သောတာပတ္တိဖိုလ်၌ တည်စေတော်မူပြန်လေ၏။ ထိုယောက်ျား တကျိပ်ခြောက်ယောက်တို့ ရှေးနည်းအတူ လောကုတ္တရာသရဏဂုံ ခံယူဆောက်တည်ပြီးကြသောအခါ ထိုယောက်ျား တကျိပ်ခြောက်ယောက်တို့ကိုလည်း “ဒါယကာတို့.. သင်တို့သည် ဤလမ်း (ဒေဝဒတ်ညွှန်လိုက်သည့် လမ်း)ဖြင့် မသွားကြလင့်၊ ဤမည်သော လမ်းဖြင့် သွားကြလော့”ဟု မိန့်တော်မူကာ အခြားလမ်းဖြင့် လွှတ်တော်မူလိုက်၏။

     ထိုအခါ ထို(ပဌမ) ယောက်ျားတယောက်သည် ရှင်ဒေဝဒတ်ထံသို့ ချဉ်းကပ်ပြီးနောက် ရှင်ဒေဝဒတ်ကို “အရှင်ဘုရား.. အကျွန်ုပ်သည် ထိုမြတ်စွာဘုရားကို မသတ်နိုင်ပါ။ ထိုမြတ်စွာဘုရားရှင်သည် တန်ခိုးအာနုဘော် ကြီးမြတ်တော်မူလှပါပေ၏”ဟု ပြောဆိုလတ်သော် ရှင်ဒေဝဒတ်သည် “ဒါယကာ.. တန်ပြီ (=တော်ပြီ)၊ သင်သည် ရဟန်းဂေါတမကို မသတ်နှင့်၊ ငါသည်ပင် ရဟန်းဂေါတမကို သတ်ပေအံ့”ဟု ပြောဆိုလေ၏။

မြတ်စွာဘုရားကို သွေးစိမ်းတည်အောင်ပြုခြင်း

     လူသတ်သမားများကို သောတာပတ္တိဖိုလ်ရောက် ချီးမြှောက်တော်မူပြီးနောက် တနေ့သ၌ မြတ်စွာဘုရားရှင်သည် ဂိဇ္ဈကုဋ်တောင်ရိပ်၌ လူးလာခေါက်ပြန် စင်္ကြံကြွနေတော်မူဆဲဖြစ်၏။

၆၂၇

ထိုအခါ ရှင်ဒေဝဒတ်သည် ဂိဇ္ဈကုဋ်တောင်သို့တက်၍ “ဤကျောက်တုံးဖြင့် ရဟန်းဂေါတမကို သတ်အံ့”ဟု ကြံစည်ကာ ကြီးစွာသော ကျောက်တုံးကို လှိမ့်ချလိုက်လေ၏။ ထိုအခါ တောင်ထွတ်နှစ်ခုတို့သည် အလိုလို လာလတ်၍ ထိုလိမ့်ကျလာသော ကျောက်တုံးကို ခံလင့်ကုန်၏။ ထိုကျောက်တုံးမှ ကျောက်လွှာစင်၍ မြတ်စွာဘုရားရှင်၏ ခြေတော်၌ သွေးစိမ်းကို ဖြစ်စေ တည်စေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် အထက်သို့ မော့ကြည့်ပြီးလျှင် ရှင်ဒေဝဒတ်ကို “မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား.. သင်သည် ပြစ်မှားလိုသောစိတ်ရှိ သတ်လိုသော စိတ်ရှိလျက် ငါဘုရားအား သွေးစိမ်းကို ဖြစ်စေ တည်စေဘိ၏၊ သို့ရကား သင်သည် များစွာသော မကောင်းမှုကို ပွါးစေအပ်လေပြီ”ဟု မိန့်တော်မူ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို “ရဟန်းတို့.. ဒေဝဒတ်သည် ပြစ်မှား, သတ်ဖြတ်လိုသော စိတ်ရှိလျက် ငါဘုရားအား သွေးစိမ်းကို ဖြစ်စေ တည်စေရကား ရှေးဦးစွာသော ဤအာနန္တရိယကံကို ဆည်းပူးအပ်လေပြီ”ဟု မိန့်တော်မူ၏။

     ရဟန်းတို့သည် မြတ်စွာဘုရားရှင်ကို မဒ္ဒကုစ္ဆိဥယျာဉ်ကျောင်းတိုက်သို့ ပင့်ဆောင်ကြလေ၏၊ မြတ်စွာဘုရားရှင်သည် ထိုမဒ္ဒကုစ္ဆိ ကျောင်းတိုက်မှလည်း “ငါဘုရားသည် ဇီဝက၏ သရက်ဥယျာဉ် ကျောင်းတိုက်သို့ သွားလိုသည်။ ထိုကျောင်းတိုက်သို့ ငါဘုရားကို ဆောင်ကြကုန်လော့”ဟု မိန့်တော်မူ၏၊ ရဟန်းတို့သည် မြတ်စွာဘုရား အမိန့်ရှိတော်မူသည့်အတိုင်း ဇီဝက၏ သရက်ဥယျာဉ် ကျောင်းတိုက်သို့ မြတ်စွာဘုရားကို ပင့်ဆောင်ကြလေ၏။

     ဆရာကြီး ဇီဝကသည် ထိုအကြောင်းကိုကြား၍ မြတ်စွာဘုရားထံတော်သို့ သွားရောက်ပြီးလျှင် အနာကို ဆေးကုရန်အတွက် အလွန်ထက်သော ဆေးကိုတင်၍ အနာကို အဝတ်(=ပဋ္ဋီး) စည်းပြီးလျှင် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် မြို့တွင်း၌ လူတယောက်အား

၆၂၈

ဆေးပေးထားပါသည်၊ ထိုလူနာထံသို့ သွားပြီးလျှင် တဖန်ပြန်၍လာပါမည်။ ဤဆေးကို အကျွန်ုပ် ပြန်လာသည်တိုင်အောင် (အဝတ်=ပဋ္ဋီး အစည်းကို မဖြေပဲ) စည်းမြဲတိုင်းသာ ထားရှိစေလိုပါသည်”ဟု လျှောက်ထား၍ ဆရာဇီဝကသည် မြို့တွင်းလူနာထံ သွားရောက်၍ ထိုလူနာအတွက် ပြုဖွယ်ကိစ္စကို ပြုလုပ်ပြီးလျှင် မြို့တော်တံခါး ပိတ်ချိန်နီးလတ်မှ ပြန်လာသည်ရှိသော် တံခါးအရောက် အမှီမလာနိုင်ပဲ ရှိလေ၏။

     ထိုအခါ ဆရာဇီဝက၏ စိတ်သန္တာန်ဝယ် “ငါသည် သာမန်လူတယောက် အပေါ်မှာကဲ့သို့ မြတ်စွာဘုရားရှင်၏ ခြေတော်၌ ထက်မြက်သောဆေးကိုတင်၍ အနာကို အဝတ်=ပဋ္ဋီး စည်းခဲ့လေပြီ၊ သို့ရကား ငါသည် ဝန်လေးသောအမှုကို ပြုမိခဲ့လေပြီတကား၊ ဤအချိန်ကား ထိုဆေးအဝတ်ကို ဖြေရမည့် အချိန်ဖြစ်သည်၊ ထိုဆေးအဝတ် = ပဋ္ဋီးကို မဖြေမိသော် တညဉ့်လုံးလုံး မြတ်စွာဘုရားရှင် ကိုယ်တော်၌ ပြင်းစွာ ပူလောင်မှု ဖြစ်ချေတော့မည်”ဟု ကြံစည်ပူပန်မှု ဖြစ်လေ၏။ ထိုခဏ၌ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို ခေါ်တော်မူ၍ “ချစ်သားအာနန္ဒာ.. ဆရာဇီဝကသည် မိုးချုပ်မှ ပြန်လာသည်ဖြစ်၍ တံခါးအရောက် အမှီမလာနိုင်ပဲ ရှိလေသည်။ ဤအချိန်သည် အနာကို အဝတ် = ပဋ္ဋီး ဖြေရမည့် အချိန်တည်းဟု ကြံစည်ပူပန်နေသည်၊ ချစ်သားအာနန္ဒာ.. ထိုအဝတ် = ပဋ္ဋီးကို ဖြေလော့”ဟု မိန့်ဆိုတော်မူ၏။ အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားရှင် အမိန့်တော်ရှိသည့်အတိုင်း အဝတ် = ပဋ္ဋီးကို ဖြေလိုက်သည်၊ အနာသည် သစ်ပင်မှ သစ်ခွံပမာ ကင်းကွာ ပျောက်ရှင်း၍ သွားလေ၏။

     ဆရာဇီဝကသည် (မြို့တံခါးဖွင့်လျှင် ဖွင့်ခြင်း) အရုဏ်အတွင်းမှာပင် မြတ်စွာဘုရားထံတော်သို့ လျင်မြန်စွာ လာရောက်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အသို့နည်း = ဘယ့်နှယ်လဲ။ အရှင်ဘုရားတို့၏ ကိုယ်တော်၌ ပူလောင်မှုများ ဖြစ်ပါသေးသလား”ဟု မေးလျှောက်လေ၏။ မြတ်စွာဘုရားရှင်သည် “ဇီဝက.. ငါဘုရား၏အဖို့ရာ မဟာဗောဓိမဏ္ဍိုင်တုန်းကပင်

၆၂၉

ပူလောင်မှုခပ်သိမ်း ငြိမ်းအေးပြီး ဖြစ်လေသည်”ဟု မိန့်တော်မူ၍ စကားအနုသန္ဓေ ဆက်စပ်ပြီးလျှင် တရားဟောတော်မူလိုသည်ဖြစ်၍ ဤဆိုလတ္တံ့သော ဂါထာကို ဟောကြားတော်မူ၏-

ဂတဒ္ဓိနော ဝိသောကဿ၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။

သဗ္ဗဂန္ထပဟီနဿ၊ ပရိဠာဟော န ဝိဇ္ဇတိ။

ဇီဝက = ကျောင်းတိုက်ဒါယကာ ဆရာဇီဝက..။ ဂတဒ္ဓိနော = သံသရာခရီး ကူးမြောက်ပြီးဖြစ်ထသော။ ဝိသောကဿ = စိုးရိမ်မှုခပင်း ကင်းပြီးထသော။ သဗ္ဗဓိ = ခန္ဓာစသား ခပ်သိမ်းသော တရားတို့၌။ ဝိပ္ပမုတ္တဿ = သံယောဇဉ်အဖွဲ့ခပင်းမှ ရှင်းရှင်းလွတ်ပြီးထသော။ သဗ္ဗဂန္ထပဟီနဿ = အလုံးစုံသော ဂန္ထတရားကို ပယ်ရှားပြီးလတ် ရဟန္တာပုဂ္ဂိုလ်မြတ်၏ သန္တာန်၌။ ပရိဠာဟော = မရွှင်ညှိုးချုံး စိတ်နှလုံးပူပန်ခြင်းသည်။ န ဝိဇ္ဇတိ = တစိုးတစိ မရှိချေ။

(ပူပန်မှု = ပူလောင်မှုသည် (၁) ကာယိကပရိဠာဟ = ကိုယ်၌မှီသော ပူလောင်မှု, (၂) စေတသိကပရိဠာဟ = စိတ်၌မှီသော ပူလောင်မှုဟူ၍ နှစ်မျိုးရှိရာ ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်၌ အချမ်းအပူစသည်နှင့် စပ်၍ ကိုယ်ပင်ပန်းမှု ဖြစ်သောကြောင့် ကာယိကပရိဠာဟ = ကိုယ်ပူလောင်ဆင်းရဲမှု မငြိမ်းချေ။ ထိုကာယိကပရိဠာဟ = ကိုယ်ပူလောင် ဆင်းရဲမှုကို ရည်၍ ဆရာဇီဝက-က မေးမြန်းခြင်းဖြစ်သည်။ မြတ်စွာဘုရားရှင်သည်ကား ဓမ္မရာဇ်ဖြစ်တော်မူသည့်ပြင် တရားဟောမှု အစီအရင်၌ သူမတူတန်အောင် ကျွမ်းကျင်လိမ္မာတော်မူလှသောကြောင့် စေတသိကပရိဠာဟ စိတ်ပူလောင် ဆင်းရဲမှုနှင့်စပ်၍ ဒေသနာကို ပြန်နစ်စေတော်မူလိုရကား “ဇီဝက.. ဖော်ပြရာပါ ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသော ရဟန္တာအရှင်မြတ်အား ပူလောင်ဆင်းရဲမှု လုံးဝမရှိ”ဟု ဖြေဆိုတော်မူသည်။ ဇီဝက-က ကာယိကပရိဠာဟ ရှိ-မရှိ မေး၍ မြတ်စွာဘုရားရှင်က စေတသိကပရိဠာဟ မရှိကြောင်း ဖြေတော်မူသည်ဟု ဆိုလိုသည်)။

     ဒေသနာနိဂုံး ဆုံးလတ်သောအခါ များစွာသော သတ္တဝါတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ဆိုက်ရောက်ကြလေကုန်၏။

၆၃၀

မြတ်စွာဘုရားကို ရဟန်းတို့က အထူးသဖြင့် စောင့်ရှောက်ကြခြင်း

     ထိုအခါ “ဒေဝဒတ်က မြတ်စွာဘုရားအား သတ်ဖြတ်ရန် အားထုတ်သတဲ့”ဟူသော စကားကို ကြားသိကြသော ရဟန်းများစွာတို့သည် မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ကျောင်းတော်၏ ပတ်ဝန်းကျင်အရပ်မှ အထပ်ထပ်ရံကြကုန်၍ ပြင်းပြ ကျယ်လောင်သော အသံဖြင့် တရားစာပေ ရွတ်အံသရဇ္ဈာယ်မှု ပြုကြကုန်လျက် မြတ်စွာဘုရားအတွက် စောင့်ရှောက်မှု, ကာကွယ်မှု, လုံခြုံစေမှု ပြုလုပ်ကြရန် လူးလာခေါက်ပြန် စင်္ကြံသွားလျက် နေကုန်၏။

     မြတ်စွာဘုရားရှင်သည် ထိုအသံကိုကြား၍ (သိတော်မူလျက်ပင်) အရှင်အာနန္ဒာကို မေးတော်မူ၍ အရှင်အာနန္ဒာက ထိုအကြောင်းကို ပြန်ကြား လျှောက်ထားလေလျှင် ထိုရဟန်းတို့ကို ရှေ့တော်မှောက်သို့ ခေါ်စေတော်မူပြီးလျှင်-

“အဋ္ဌာနမေတံ ဘိက္ခဝေ အန၀ကာသော၊ ယံ ပရုပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ၊ အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ = ရဟန်းတို့.. သူတပါးလုံ့လဖြင့် မြတ်စွာဘုရားကို သတ်နိုင်ရာသော အကြောင်းအခွင့် လုံးဝမရှိဖြစ်သည်။ ရဟန်းတို့.. မြတ်စွာဘုရားတို့သည် သူတပါးက လုံ့လမပြုရပဲ ပရိနိဗ္ဗာန် စံတော်မူကုန်၏”-

ဟု မိန့်တော်မူပြီးလျှင် (အောက်စာမျက်နှာ ၆ဝ၉-၆၁၀-တို့၌ အရှင်မောဂ္ဂလ္လာန် မထေရ်အား ဟောကြားတော်မူသော နည်းအတိုင်း) လောက၌ ဆရာ ၅-မျိုးရှိကြောင်း, ထိုဆရာ ၅-မျိုးတို့ကိုသာလျှင် တပည့်တို့က စောင့်ရှောက်ရန် လိုအပ်ကြောင်း, ထိုဆရာ ၅-မျိုးတို့သည်သာလျှင် တပည့်တို့၏ အစောင့်အရှောက်ကို လိုလား တောင့်တကြောင်း(နှင့်) ကိုယ်တော်မြတ်မှာမူ အမှန်တကယ်ပင် စင်ကြယ်သော သီလ, စင်ကြယ်သော အသက်မွေးမှု, စင်ကြယ်သော တရားဟောခြင်း, စင်ကြယ်သော ပြောဆိုခြင်း, စင်ကြယ်သော ဉာဏ်အမြင် ရှိတော်မူသောကြောင့် စင်ကြယ်သော သီလရှိ၏ဟု ဝန်ခံတော်မူကြောင်း, စင်ကြယ်သော အသက်မွေးမှု

၆၃၁

ရှိ၏ဟု (ပ) စင်ကြယ်သော ဉာဏ်အမြင် ရှိ၏ဟု ဝန်ခံတော်မူကြောင်း, ထို့ကြောင့် တပည့်တို့က စောင့်ရှောက်ရန် မလိုကြောင်း, ကိုယ်တော်မြတ်ကလည်း တပည့်တို့၏ အစောင့်အရှောက်ကို တောင့်တ လိုလားတော်မမူကြောင်း, သူတပါးလုံ့လဖြင့် မြတ်စွာဘုရားကို သတ်နိုင်ရာသော အကြောင်းအခွင့် လုံးဝမရှိကြောင်း, သူတပါးလုံ့လ မပြုရပဲ မြတ်စွာဘုရားတို့သည် ပရိနိဗ္ဗာန် စံတော်မူကြကြောင်းများကို မိန့်တော်မူ၍ ထိုရဟန်းတို့ကို-

“ရဟန်းတို့.. သင်တို့သည် နေမြဲကျောင်းသို့သာ သွားကြကုန်လော့၊ ရဟန်းတို့.. မြတ်စွာဘုရားတို့သည် သူတပါးစောင့်ရှောက်မှ အသက်ဘေးလုံခြုံသည့် ပုဂ္ဂိုလ်များ မဟုတ်ကြကုန်”-

ဟူ၍ မိန့်တော်မူလေ၏။

နာဠာဂီရိဆင်ကို စေလွှတ်ခြင်း

(ဤနာဠာဂီရိဆင်ကို စေလွှတ်သော အကြောင်းအရာကား ဝိနည်း စူဠဝါ သံဃဘေဒကက္ခန္ဓက၌၎င်း, အသီတိနိပါတ် စူဠဟံသဇာတ် အဋ္ဌကထာ၌၎င်း လာရှိ၏၊ ထိုတွင် ဤကျမ်း၌ စူဠဟံသဇာတ် အဋ္ဌကထာကိုမှီ၍ ရေးပေအံ့)-

     မြတ်စွာဘုရားရှင်သည် ဆရာဇီဝက ဆေးကုသပေးသဖြင့် ပကတိ ကျန်းမာတော်မူကာ ရှေးနည်းအတူသာလျှင် ရဟန်းအပေါင်း ခြံရံလျက် ကြီးမြတ်သော ဘုရား၏ တင့်တယ် စံပယ်တော်မူခြင်းဖြင့် လှည့်လည် စံနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားရှင်ကို ဖူးမြင်ရ၍ ရှင်ဒေဝဒတ်သည် “ရဟန်းဂေါတမ၏ ရူပကာယ တင့်တယ်ခြင်း အထွတ်အထိပ်သို့ ရောက်သော ကိုယ်တော်ကို မြင်ရလျှင် လူဖြစ်သူ တဦးလူမျှ ဖျက်ဆီးသတ်ဖြတ်ရန်အတွက် ချဉ်းကပ်ခြင်းငှါ မစွမ်းနိုင်ချေ။ အဇာတသတ်မင်း၏ နာဠာဂီရိဆင်သည်ကား ရုန့်ရင်းကြမ်းတမ်း၍ လူကိုသတ်၏၊ ဘုရား, တရား, သံဃာ၏ ကျေးဇူးဂုဏ်ကို မသိတတ်၊ ထိုနာဠာဂီရိဆင်ကြမ်းမှသာ ရဟန်းဂေါတမကို သတ်နိုင်လိမ့်မည်”ဟု ကြံစည်၍ အဇာတသတ်မင်းထံ

၆၃၂

သွားရောက်ပြီးလျှင် ထိုအကြောင်းကို အဇာတသတ်မင်းအား ပြောကြားလေ၏။

     အဇာတသတ်မင်းသည် သဘောတူလက်ခံ၍ ဆင်ဆရာကို ခေါ်စေပြီးလျှင် “အချင်း.. သင်သည် နက်ဖြန်ခါ နာဠာဂီရိဆင်ကြမ်းကို မူးယစ်အောင်ပြု၍ နံနက်စောစောပင် ရဟန်းဂေါတမ ကြွလာသောခရီး၌ လွှတ်ရမည်”ဟု အမိန့်ထုတ်ဆင့်လေ၏။ ဒေဝဒတ်သည်လည်း ဆင်ဆရာကို “အခြားနေ့များ၌ နာဠာဂီရိဆင်သည် အရက်မည်မျှသောက်သနည်း”ဟု မေး၍ ဆင်ဆရာက “ရှစ်အိုးသောက်ပါသည်ဘုရား”ဟု ပြန်ကြား ပြောဆိုလေလျှင် “ထိုသို့ဖြစ်လျှင် သင်သည် နက်ဖြန်ခါ နာဠာဂီရိဆင်ကို အရက် (၁၆) တဆယ့်ခြောက်အိုး တိုက်၍ ရဟန်းဂေါတမ ကြွလာသောခရီး၌ မျက်နှာချင်းဆိုင် လွှတ်လိုက်လော့”ဟု ထပ်၍ ပြောဆိုလေ၏။ ဆင်ဆရာသည်လည်း “ကောင်းပါပြီ”ဟု ဝန်ခံလေ၏။

     အဇာတသတ်မင်းသည် “နက်ဖြန်ခါ နာဠာဂီရိဆင်ကို မူးယစ်အောင် ပြုလုပ်ပြီးလျှင် မြို့တွင်း၌ လွှတ်လိမ့်မည်၊ မြို့သူမြို့သား လူအများသည် စောစောပင် ပြုဖွယ်ကိစ္စ အဝဝကို ပြုလုပ်ကြ၍ မြို့တွင်းလမ်းသို့ အသွားအလာ မရှိကြစေရ”ဟု မြို့တော်အတွင်း၌ စည်လည် ကြွေးကြော်စေလေ၏။

     ရှင်ဒေဝဒတ်သည်လည်း နန်းတော်မှ ဆင်းသက်ခဲ့၍ ဆင်တင်းကုပ်သို့ သွားရောက်ပြီးလျှင် ဆင်ထိန်းတို့ကို ခေါ်ယူ၍ “အချင်းတို့.. ငါတို့ကား ရာထူးနိမ့်သူကို ရာထူးကြီးမြင့်အောင်၎င်း, ရာထူးကြီးမြင့်သူကိုလည်း ရာထူးနိမ့်အောင်၎င်း ပြုလုပ်နိုင်သည့် မင်းဆရာတို့ဖြစ်ကြသည်။ အမောင်တို့သည် ရာထူးဌာနန္တရ တိုးတက်လိုကြလျှင် နက်ဖြန်ခါ စောစောပင် နာဠာဂီရိဆင်ကို အလွန်ထက်သော အရက် (၁၆) တဆယ့်ခြောက်အိုး တိုက်ပြီးလျှင် ရဟန်းဂေါတမ မြို့တွင်းသို့ ကြွဝင်လာသောအချိန်၌ နားရင်းတုတ် လှံမတိုဖြင့် ထိုးဆွကြကာ အမျက်ထွက်စေပြီးလျှင် ဆင်တင်းကုပ်ကို ချိုးဖောက်စေ၍ ရဟန်းဂေါတမ ကြွလာသောခရီး၌

၆၃၃

မျက်နှာချင်းဆိုင်လွှတ်၍ ရဟန်းဂေါတမကို သတ်ကြကုန်လော့”ဟု ပြောဆိုလေ၏။ ဆင်ထိန်းတို့ကလည်း “ကောင်းပြီ”ဟု ဝန်ခံကြလေသည်။

     ထိုသတင်းသည် တမြို့လုံး ပြန့်နှံ့၍သွားလေသည်၊ ရတနာသုံးပါး၌ မြတ်နိုးကြသော ဗုဒ္ဓဘာသာဝင် ဥပါသကာတို့သည် ထိုသတင်းကို ကြားကြ၍ မြတ်စွာဘုရားထံသို့ ဆည်းကပ်ကြပြီးလျှင် “မြတ်စွာဘုရား.. ရှင်ဒေဝဒတ်သည် မင်းနှင့် တစိတ်တည်း တသဘောတည်းဖြစ်ကာ နက်ဖြန်ခါ အရှင်ဘုရားတို့ ကြွတော်မူရာလမ်း၌ နာဠာဂီရိဆင်ကြမ်းကို လွှတ်စေပါလိမ့်မည်၊ နက်ဖြန်ခါ မြို့တွင်းသို့ ဆွမ်းခံဝင်တော်မမူကြပဲ ဤဝေဠုဝန် ကျောင်းတိုက်၌ပင် သီတင်းသုံး နေတော်မူကြစေချင်ပါသည်၊ တပည့်တော်တို့သည် ကျောင်းတိုက်အတွင်းမှာပင် ဘုရားအမှူးပြုသော ရဟန်းသံဃာအား ဆွမ်းလှူကြပါကုန်အံ့”ဟု လျှောက်ထားကြလေကုန်၏။

     မြတ်စွာဘုရားရှင်သည်လည်း “နက်ဖြန် ဆွမ်းခံမဝင်ဘူး”ဟု မိန့်ကြားတော်မမူပဲ “ငါဘုရားသည် နက်ဖြန်ခါ၌ နာဠာဂီရိဆင်ကြမ်းကို ဆုံးမ၍ အဆုံးအမ ပြာဋိဟာကိုပြုလျက် (*) တိတ္ထိတို့ကို နှိမ်နင်းပြီးလျှင် ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံမလှည့်လည်ပဲ ရဟန်းအပေါင်း ခြံရံလျက် မြို့မှထွက်၍ ဝေဠုဝန်ကျောင်းသို့ပင် ပြန်လာပေအံ့၊ ထိုအခါ ရာဇဂြိုဟ်ပြည်သား ဒကာဒကာမများသည်လည်း ဆွမ်းအုပ် ဆွမ်းအိုး များစွာတို့ကို ယူဆောင်ကြ၍


     * ပါဋိဟာရိယ-ပါဠိမှ ပြာဋိဟာဟူသော မြန်မာစကား ဖြစ်ပွါးလာသည်။ ဆန့်ကျင်ဘက်တို့ကို နှိပ်နင်းပယ်ရှား၍ ဖြစ်ပွါးတတ်သောကြောင့် ပါဋိဟာရိယမည်သည်။ ထိုပါဋိဟာရိယ = ပြာဋိဟာသည် (၁) သူတပါး၏ စိတ်အကြံကို သိ၍ ပြောကြားခြင်း = အာဒေသနာ ပါဋိဟာရိယ (၂) တန်ခိုးရုပ်အမျိုးမျိုး ဖန်ဆင်းပြခြင်း = ဣဒ္ဓိ ပါဋိဟာရိယ (၃) မြတ်စွာဘုရားနှင့် တပည့်သာဝကတို့၏ အမြဲမပြတ် တရားဟောခြင်း ဆုံးမခြင်း = အနုသာသနီ ပါဋိဟာရိယဟူ၍ သုံးပါးရှိသည်။ ထိုတွင် ဤ၌ ၃-အမှတ်ပြ အနုသာသနီ ပါဋိဟာရိယ = အဆုံးအမ ပြာဋိဟာကို ဆိုလိုသည်။ ။တန်ခိုးဖန်ဆင်းပြပြီးမှ တရားဟော ဆုံးမသည်ကား အရှင်မဟာ မောဂ္ဂလ္လာန်၏ အလေ့အကျက့််တည်း၊ သူတပါး၏ စိတ်အကြံဖြစ်ပုံကို ပြောကြားပြီးမှ တရားဟော ဆုံးမသည်ကား အရှင်သာရိပုတ္တရာ၏ အလေ့အကျက်တော်တည်း။ ဤကား အထူးမှတ်ရန်တည်း။

၆၃၄

ဝေဠုဝန်ကျောင်းတိုက်သို့သာ လာကြလိမ့်မည်၊ နက်ဖြန်ခါ ကျောင်းတိုက်၌ပင် ဆွမ်းစားရခြင်း ဖြစ်ပေလိမ့်မည်”ဟု ဆင်ခြင်သိမြင်တော်မူကာ ဤဖော်ပြရာပါ အကြောင်းကြောင့်ပင် ထိုဥပါသကာ ဒါယကာတို့၏ ပင့်လျှောက်ဖိတ်မန်ချက်ကို လက်ခံတော်မူလေ၏။

     ထိုဥပါသကာတို့သည် မြတ်စွာဘုရားရှင် လက်ခံတော်မူကြောင်း ကောင်းစွာသိရှိကြ၍ “ဆွမ်းအိုး ဆွမ်းအုပ်များကို ယူဆောင်ကြ၍ ကျောင်းတိုက်၌ပင် ငါတို့သည် ဆွမ်းအလှူကို လှူကြကုန်အံ့”ဟု ပြောဆို တိုင်ပင်ကြကာ ဖဲသွားကြလေကုန်၏။

     မြတ်စွာဘုရားရှင်သည်လည်း ပဌမယံ (=ညဉ့်ဦးယံ) အချိန်၌ ရဟန်းတို့အား တရားဟောတော်မူပြီး၍ မဇ္ဈိမယံ (=သန်းခေါင်ယံ)အချိန်၌ နတ်ဗြဟ္မာတို့ မေးလျှောက်ကြသည့် ပြဿနာကို ဖြေဆိုတော်မူပြီးနောက် ပစ္ဆိမယံ (=မိုးသောက်ယံ)အချိန်ကို သုံးပုံသုံးစုပြု၍ ပဌမအပုံအစုအချိန်၌ ခြင်္သေ့မင်းပမာ လက်ျာနံတောင်းဖြင့် လျောင်းစက်မှု ပြုတော်မူ၍ ဒုတိယအပုံအစုအချိန်၌ အရဟတ္တဖိုလ်သမာပတ်ကို ဝင်စားတော်မူပြီးလျှင် တတိယအပုံအစုအချိန်၌ မဟာကရုဏာ သမာပတ်ကို ဝင်စားတော်မူကာ ထိုသမာပတ်မှ ထတော်မူ၍ ကျွတ်ထိုက်သော သတ္တဝါတို့ကို ကြည့်တော်မူလေလျှင် နာဠာဂီရိဆင်ကို ဆုံးမရာ၌ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြမည်ကို လင်းလင်းမြင်တော်မူပြီးလျှင် နေအရုဏ်ကျင်း လင်းသောအခါ၌ ကိုယ်လက်သုတ်သင်မှု ပြုတော်မူပြီးနောက် အရှင်အာနန္ဒာကို ခေါ်တော်မူ၍ “ချစ်သားအာနန္ဒာ.. ယနေ့ ရာဇဂြိုဟ်ပြည် ပတ်ဝန်းကျင်ရှိ ကျောင်းတိုက်ကြီး (၁၈) တဆယ့်ရှစ် တိုက်တို့၌ နေထိုင်ကြသည့် ရဟန်းအားလုံးတို့အား ဘုရားနှင့်အတူတကွ ရာဇဂြိုဟ်ပြည်တွင်းသို့ ဝင်ရောက်ကြရန် ပြောကြားလော့”ဟူ၍ မိန့်တော်မူလေ၏။

     အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရား မိန့်တော်မူတိုင်း ပြုလုပ် ရွက်ဆောင်တော်မူလေသည်၊ ရဟန်း အားလုံးတို့သည်လည်း ဝေဠုဝန်ကျောင်းတိုက်၌ စည်းဝေးကြလေသည်၊

၆၃၅

မြတ်စွာဘုရားသည် ရဟန်းများစွာ ခြံရံလျက် ရာဇဂြိုဟ်ပြည်သို့ ဝင်တော်မူလေ၏။

     ထိုအခါ ဆင်ထိန်းတို့သည် အဇာတသတ်မင်းနှင့် ဒေဝဒတ်တို့ ပြောကြားထားသည့်အတိုင်း စီမံကြလေသည်၊ အလွန်များပြားသော လူထုအစည်းအဝေးကြီး ဖြစ်လေသည်၊ ထိုအစည်းအဝေး၌ သဒ္ဓါတရားရှိကြသူ လူတို့သည်-

“ယနေ့ ဘုရားတည်းဟူသော ဆင်ပြောင်ကြီးနှင့် နာဠာဂီရိ တည်းဟူသော တိရစ္ဆာန်ဆင်ပြောင်ကြီးတို့ စစ်ထိုးခြင်း ဖြစ်ပေတော့မည်၊ ငါတို့သည် ဗုဒ္ဓဆင်ပြောင်ကြီး၏ အတုမရှိသော ဘုရား၏ တင့်တယ်ခြင်းဖြင့် နာဠာဂီရိ တိရစ္ဆာန်ဆင်ပြောင်အား ဆုံးမတော်မူပုံတို့ လှလှကြီး ဖူးတွေ့ကြရပေတော့မည်”-

ဟု ပြောဆိုကြကာ အထွတ်တပ်သော ပြာသာဒ်, အထွတ်မတပ်သော ပြာသာဒ် အိမ်ခေါင်မိုး စသည်တို့သို့ တက်ရောက်ကြ၍ အသင့်စောင့်ဆိုင်း နေကြလေကုန်၏။ သဒ္ဓါတရားမရှိသော မိစ္ဆာဒိဋ္ဌိတို့သည်ကား-

“ဤနာဠာဂီရိဆင်သည် ရုန့်ရင်းကြမ်းတမ်း၍ လူကိုသတ်၏၊ ဘုရား, တရား, သံဃာ၏ ကျေးဇူးဂုဏ်ကို မသိတတ်၊ ထိုနာဠာဂီရိဆင်သည် ယနေ့ ရဟန်းဂေါတမ၏ ရွှေရောင်အဆင်း ဝါဝင်းသော ကိုယ်တော်ကို ဖျက်ဆီး၍ အသက်ဆုံးစေပေတော့မည်၊ ယနေ့ ရန်သူ၏ ကျောက်ကုန်းကို လှလှကြီး မြင်တွေ့ကြရပေတော့မည်”-

ဟု ပြောဆိုကြကာ အထွတ်တပ်သော ပြာသာဒ်စသည်တို့၌ အသင့်စောင့်ဆိုင်း တည်နေကြကုန်၏။

     နာဠာဂီရိ ဆင်ပြောင်သည်လည်း မြတ်စွာဘုရားရှင် ကြွဝင်တော်မူလာသည်ကို မြင်လတ်လျှင် လူများကို ထိတ်လန့်စေလျက် အိမ်များကို ချိုးဖဲ့ဖျက်ဆီးလျက် လှည်းများကို မှုန့်မှုန့်ညက်ညက် နင်းဖျက်လျက် နှာမောင်းကို မြှောက်ချီကာ မြူးသော

၆၃၆

နားမြီးထူးရှိလျက် (နားရွက် မြီးထူးတို့ကို ထောင်လျက်) တောင်ကြီးကဲ့သို့ လွှမ်းမိုးချီတက်ကာ မြတ်စွာဘုရားရှင်ရှိရာသို့ ရှေးရှူ ပြေးသွားလေ၏။

     နာဠာဂီရိဆင်ပြေးလာသည်ကို မြင်ကြ၍ ရဟန်းတို့သည် မြတ်စွာ ဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရုန့်ရင်းကြမ်းတမ်းလျက် လူကိုသတ်သော ဤနာဠာဂီရိဆင်ကြီးသည် ဤခရီးသို့ လာနေပါသည်၊ ဤဆင်သည် ဘုရား, တရား, သံဃာ၏ ကျေးဇူးဂုဏ်ကို လုံးဝမသိတတ်ပါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဖယ်ရှားတော်မူစေချင်ပါသည်၊ ကောင်းသောစကား မိန့်ကြားတော်မူသော မြတ်စွာဘုရားသည် ဖယ်ရှားတော်မူစေချင်ပါသည်”ဟူ၍ လျှောက်ထားကြလေကုန်၏။ ထိုအခါ မြတ်စွာဘုရားရှင်က ရဟန်းတို့ကို “ရဟန်းတို့.. မကြောက်ကြလင့်၊ ငါဘုရားသည် နာဠာဂီရိဆင်ကို ဆုံးမနိုင်စွမ်းရှိပေ၏”ဟု မိန့်တော်မူလေ၏။

     ထိုအခါ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဖခင်အား ဖြစ်ပေါ်လာသော ကိစ္စမည်သည် သားကြီး၏တာဝန် ဖြစ်ပါသည်၊ အကျွန်ုပ်သည်ပင် ထိုနာဠာဂီရိဆင်ကို ဆုံးမပါရစေ”ဟု တောင်းပန်စကား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က အရှင်သာရိပုတ္တရာကို “ချစ်သားသာရိပုတ္တရာ.. မြတ်စွာဘုရား၏ အားအစွမ်းသည် တပါးဖြစ်၏။ တပည့်သာဝကတို့၏ အားအစွမ်းသည် တခြားဖြစ်၏။ သင်ချစ်သားသည် အသာနေလော့”ဟု မိန့်ဆိုတော်မူကာ တားမြစ်လေ၏။ ဤနည်းအတူပင် များသောအားဖြင့် မဟာသာဝကကြီး ရှစ်ကျိပ်တို့သည် တောင်းပန်ကြကုန်၏။ မြတ်စွာဘုရားရှင်သည် အားလုံးကိုပင် အခွင့်မပြု တားမြစ်တော်မူလေသည်။

အရှင်အာနန္ဒာ၏ အသက်စွန့်ရဲသော မေတ္တာ

     ထိုအခါ အရှင်အာနန္ဒာသည် မြတ်စွာဘုရား၌ အားကြီးသော ချစ်ခြင်းကြောင့် သည်းခံ၍ မနေနိုင်တော့ပဲ “ဤနာဠာဂီရိဆင်သည်

၆၃၇

ရှေးဦးစွာ ငါ့ကို နင်းသတ်စေလော့”ဟု အောက်မေ့ကာ မြတ်စွာဘုရားအတွက် မိမိအသက်ကို စွန့်လွှတ်၍ ရှေ့သို့တက်ကာ မြတ်စွာဘုရား၏ ရှေ့မှ ရပ်တည်လာလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာကို “အာနန္ဒာ.. ဖယ်လော့၊ ငါ ဘုရား၏ရှေ့မှ မရပ်တည်လာလင့်”ဟု မိန့်တော်မူ၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤနာဠာဂီရိဆင်သည် ရုန့်ရင်း ကြမ်းတမ်းလှ၏၊ လူကိုသတ်၏၊ ကမ္ဘာဖျက်မီးနှင့် တူ၏၊ ရှေးဦးစွာ အကျွန်ုပ်ကို နင်းသတ်ပြီးနောက်မှ အရှင်ဘုရားတို့အထံသို့ လာရောက်ပါစေ”ဟု အရှင်အာနန္ဒာက ပြန်ကြား လျှောက်ထားလေသည်။ သုံးကြိမ်တိုင်တိုင် မြတ်စွာဘုရားရှင်က တားမြစ်စကား မိန့်ကြားပါသော်လည်း ရပ်မြဲရပ်၍ နေလေ၏၊ မဖဲသွားချေ။ ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာကို (ပြော၍မရသည့် အဆုံး၌) တန်ခိုးတော်ဖြင့် ဖဲစေ၍ ရဟန်းတို့အကြား၌ ထားယူရလေသည်။

သားသည်မိခင်တယောက်၏ ဖြစ်ပုံ

     ထိုခဏ၌ သားသည်မိခင် မိန်းမတယောက်သည် နာဠာဂီရိဆင်ကို မြင်တွေ့ရ၍ သေဘေးမှ ကြောက်လန့်ကာ ပြေးသွားရှာလေသော် ရင်ခွင်ဖြင့် လွယ်ပိုက်လာသော သားငယ်ကို နာဠာဂီရိဆင်နှင့် မြတ်စွာဘုရားရှင်တို့၏ အကြား၌ စွန့်ပစ်ချထား၍ ပြေးသွားလေ၏။

     နာဠာဂီရိဆင်သည် ထိုမိန်းမကိုလိုက်၍ မမှီသည့်အဆုံး၌ ပြန်နစ်လာပြီး သူငယ်၏အနီးသို့ သွားပြန်လေ၏။ ထိုအခါ သူငယ်သည် သည်းစွာ ဟစ်အော်ငိုကြွေးလေ၏။ မြတ်စွာဘုရားရှင်သည် နာဠာဂီရိဆင်ကို (သီးသန့်ရည်ညွှန်း ပို့သအပ်သည့်) ဩဒိဿကမေတ္တာတော်ဖြင့် ဖြန့်၍ အလွန်ချိုမြိန်သော ဗြဟ္မာမင်းအသံတော်ဖြင့်-

“အိုနာဠာဂီရိ.. သင့်ကို အရက် (၁၆) တဆယ့်ခြောက်အိုးတိုက်၍ မူးယစ်အောင် ပြုကြသည်မှာ အခြားသူကို

၆၃၈

ဖမ်းယူရန် ပြုလုပ်ကြသည်မဟုတ်၊ စင်စစ်သော်ကား ငါဘုရားကို ဖမ်းယူသတ်ဖြတ်ရန် ပြုလုပ်ကြလေသည်။ အကြောင်းမဲ့ ခရီးသွားများကို ပင်ပန်းစေကာ မလှည့်လည်ပါလင့်၊ ငါဘုရားရှိရာ ဤအရပ်သို့သာ ဖြောင့်ဖြောင့်လာခဲ့လော့”-

ဟု ဖိတ်ခေါ်တော်မူလိုက်လေ၏။

ဘုရားတေဇော် အာနုဘော်

     နာဠာဂီရိဆင်ကြမ်းကြီးသည် မြတ်စွာဘုရား၏ ချိုမြိန်လှစွာသော စကားတော်ကို ကြားရလျှင်ပင် မျက်စိနှစ်ပွင့် လင်းလင်းဖွင့်၍ မြတ်စွာဘုရား၏ ရူပကာယ အသရေတော်ကို ဖူးမြော်ရ၍ ထိတ်လန့်သံဝေဂ ရရှိကာ ဘုရားတေဇော် အာနုဘော်ကြောင့် အရက်မူး ကင်းပျောက်ပြီးလျှင် နှာမောင်းကို အောက်သို့ တွဲရရွဲချလျက် နားနှစ်ဖက်တို့ကို တဖျတ်ဖျတ်လှုပ်ရှားကာ မြတ်စွာဘုရားရှင်ထံသို့ လာရောက်၍ ခြေတော်ရင်း၌ ဝပ်စင်းလေတော့၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် နာဠာဂီရိဆင်ကို “နာဠာဂီရိ.. သင်သည် တိရစ္ဆာန်ဆင် ဖြစ်ချေသည်၊ ငါကား ဘုရားတည်းဟူသော ဆင်မင်းဖြစ်ချေသည်။ ဤအချိန်မှစ၍ ရုန့်ရင်းသူ ကြမ်းတမ်းသူ လူသတ်သူ မဖြစ်လေလင့်၊ သတ္တဝါခပ်သိမ်းတို့၌ မေတ္တာနှင့်ယှဉ်သော စိတ်ကို ရအောင်ကြိုးကုတ် အားထုတ်လော့”ဟု မိန့်တော်မူ၍ လက်ျာလက်တော်ကို ဆန့်တန်းလျက် ဆင်၏ဦးကင်း၌ သုံးသပ်ကိုင်တွယ်တော်မူကာ-

မာ ကုဉ္ဇရ နာဂမာသဒေါ၊

ဒုက္ခံ ဟိ ကုဉ္ဇရ နာဂမာသဒေါ။

န ဟိ နာဂဟတဿ ကုဉ္ဇရ၊

သုဂတိ ဟောတိ ဣတော ပရံ ယတော။

ကုဉ္ဇရ = နာဠာဂီရိမည်တွင် အိုတိရစ္ဆာန်ဆင်..။ နာဂံ = ဒုစရိုက်စု မကောင်းမှုကို မပြုရှင်းရှင်း ငါဘုရား တည်းဟူသော ဆင်မင်းသို့။ မာ အာသဒေါ = သတ်လိုသောစိတ်ရင်းဖြင့်

၆၃၉

မချဉ်းမကပ်လာလင့်။ ကုဉ္ဇရ = နာဠာဂီရိမည်တွင် အိုတိရစ္ဆာန်ဆင်..။ နာဂံ = ဗုဒ္ဓနာဂ အမည်ရသား ငါဘုရားသို့။ အာသဒေါ = သတ်လိုစိတ်ရင်း ချဉ်းကပ်ခြင်းသည်။ ဒုက္ခံ ဟိ- ဒုက္ခံ ဧ၀ = ဆင်းရဲဖြစ်ကြောင်း မကောင်းမှုသာတည်း။ ဟိ = ထိုစကား မှန်လှငြား၏။ ကုဉ္ဇရ = နာဠာဂီရိမည်တွင် အိုတိရစ္ဆာန်ဆင်..။ နာဂဟတဿ = ဗုဒ္ဓနာဂ အမည်ရသား ငါဘုရားကို ထိပါးပုတ်ခတ် သတ်ဖြတ်လိုစိတ် ရှိသောသူ၏ (အဖို့ရာ)။ ဣတော = ပစ္စုပ္ပန္န ဤဘဝမှ။ ပရံ = တမလွန်လောက ဟိုဘဝသို့။ ယတော = စုတိပြတ်ကြွေ သွားရလေသည်ရှိသော်။ သုဂတိ = လူ့ရပ်နတ်ရွာ ကောင်းရာသုဂတိသည်။ န ဟောတိ = တစိုးတစိ မဖြစ်ရှိနိုင်ချေ။

မာ စ မဒေါ မာ စ ပမာဒေါ၊

န ဟိ ပမတ္တာ သုဂတိံ ဝဇန္တိ တေ။

တွညေဝ တထာ ကရိဿသိ၊

ယေန တွံ သုဂတိံ ဂမိဿသိ။

ကုဉ္ဇရ = နာဠာဂီရိမည်တွင် အိုတိရစ္ဆာန်ဆင်..။ မာ စ မဒေါ = ငါတကားဟု ဝါကြွားဆိုးညစ် မာန်မယစ်လင့်။ မာ စ ပမာဒေါ = ကုသိုလ်ဆယ်ပွင့် သင် မမေ့လျော့လင့်။ ဟိ = အကြောင်းကား။ ပမတ္တာ = ကုသိုလ်ဆယ်ပါး မြတ်တရား၌ စိတ်အားဖျင်းပေါ့ မေ့လျော့ကြကုန်သော။ တေ = ဦးမည်းဦးဖြူ ထိုသသူတို့သည်။ သုဂတိံ = လူ့ရပ်နတ်ရွာ ကောင်းရာသုဂတိသို့။ န ဝဇန္တိ = မလားမရောက်ကြရကုန်။ ယေန = အကြင်ကုသိုလ်ကောင်းမှုဖြင့်။ တွံ = သင်သည်။ သုဂတိံ = လူ့ရပ်နတ်ရွာ ကောင်းရာသုဂတိသို့။ ဂမိဿသိ = လားရောက်ရလတ္တံ့။ တွညေဝ = သင်သည်သာလျှင်။ တထာ-တံ ပုညံ = ထိုကောင်းမှုကို။ ကရိဿသိ = ပြုရပေလတ္တံ့။

၆၄၀

(=သင် ကုသိုလ်ကောင်းမှုပြုမှ သုဂတိသို့ သင် ရောက်လိမ့်မည်ဟု ဆိုလိုသည်)။-

ဟူ၍ တရားဟောတော်မူလေ၏။ နာဠာဂီရိဆင်မင်း၏ တကိုယ်လုံး အကြားမလပ် နှစ်သက်ခြင်း ပီတိဖြင့် တွေ့ထိအပ်လေသည်။ အကယ်၍များ တိရစ္ဆာန်မဟုတ်ခဲ့လျှင် ထိုနေရာမှာပင် သောတာပတ္တိဖိုလ်သို့ ရောက်လေရာ၏။

     လူအပေါင်းတို့သည် ထိုတန်ခိုးပြာဋိဟာကို မြင်ကြရ၍ ပဲ့တင်ထပ်မျှ ကောင်းကြီးပေးကြလေ၏။ လက်ပမ်းပေါက် ခတ်ကြကုန်၏၊ အလွန် ဝမ်းမြောက်ကြကာ အထူးထူးသော တန်းဆာတို့ကို ဆုလာဘ်အဖြစ် ပစ်ချကြကုန်၏။ ထိုတန်းဆာတို့သည် ဆင်တကိုယ်လုံး အုပ်ဖုံးလုမတတ် ဖြစ်ကုန်၏။ ထိုအချိန်မှစ၍ နာဠာဂီရိဆင်သည် “ဓနပါလဆင်”ဟူ၍ အမည်တွင်လေသည်။ အထူးအားဖြင့် ထို“ဓနပါလဆင်”ကို ဆုံးမသော အစည်းအဝေး တရားပွဲ၌ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့သည် အမြိုက်ရည်ကို သောက်သုံးကြရလေသည်။

     မြတ်စွာဘုရားရှင်သည် ဓနပါလဆင်မင်းကို ငါးပါးသီလ၌ တည်စေတော်မူ၏။ ဆင်မင်းသည် မိမိနှာမောင်းဖြင့် မြတ်စွာဘုရားခြေတော်၌ မြေမှုန်တို့ကို တယုတယ ပွေ့ယူကာ ဦးခေါင်းထက်၌ ဖြန့်ကျဲ၍ ပုဆစ်တုပ်လျက်သာ နောက်သို့ဆုတ်လေ၏။ မြတ်စွာဘုရားရှင်ကို နောက်ဆုံး မြင်လောက်ရာအရပ်၌ ရပ်တည်ပြီးလျှင် တရိုတသေ ရှိခိုးလျက် မိမိ၏ ဆင်တင်းကုပ်သို့ ဝင်လေ၏။ ထိုအချိန်မှ အစပြုကာ အလွန့်အလွန် ယဉ်ကျေးသော ဆင်သူတော်ကောင်းကြီးဖြစ်ကာ တသက်လုံး တဦးတယောက်ကိုမျှ ညှဉ်းဆဲမှု မပြုတော့ပြီ။

     မြတ်စွာဘုရားရှင်သည် စိတ်နှလုံးအလိုတော် ပြည့်လတ်ရကား “စုပုံနေသော အဆင်တန်းဆာ ဥစ္စာများသည် ပစ်လွှင့်သူ ဥစ္စာရှင်တို့လက်သို့ အသီးအသီး ရောက်စေသောဝ်”ဟု အဓိဋ္ဌာန်တော်မူပြီးနောက် “ယနေ့ ငါဘုရားသည် ကြီးစွာသော တန်ခိုးပြာဋိဟာကို

၆၄၁

ပြုအပ်လေပြီ၊ (သို့ရကား) ဤရာဇဂြိုဟ်မြို့တွင်း၌ ဆွမ်းခံလှည့်လည်ရန် မသင့်လျော်တော့ချေ”ဟု ဆင်ခြင်တော်မူ၍ တိတ္ထိတို့ကို နှိမ်နင်းတော်မူပြီးလျှင် စစ်အောင်နိုင်သော မင်းမြတ်ပမာ ရဟန်းအပေါင်း ခြံရံလျက် ရာဇဂြိုဟ်မြို့မှ ထွက်ကြွ၍ ဝေဠုဝန်ကျောင်းတိုက်သို့သာ ပြန်ကြွတော်မူလေ၏။ မြို့သူမြို့သား လူအများတို့သည် များစွာသော စားဖွယ် သောက်ဖွယ် ခဲဖွယ်တို့ကို ယူဆောင်ကြကာ ဝေဠုဝန်ကျောင်းတိုက်သို့ သွားရောက်ကြပြီးလျှင် ကြီးစွာသော အလှူဒါနကို ဖြစ်ကြစေကုန်၏။ ထိုအခါ လူတို့သည်-

ဒဏ္ဍေနေကေ ဒမယန္တိ၊ အင်္ကုသေဟိ ကသာဟိ စ။

အဒဏ္ဍေန အသတ္ထေန၊ နာဂေါ ဒန္တော မဟေသိနာ။

ဧကေ = ဆင်,မြင်း,ကျွဲ,နွား အချို့သော ဆရာများတို့သည်။ ဒဏ္ဍေန = သံဆူးတပ်နှံ တုတ်လှင်ကန်ဖြင့်၎င်း။ အင်္ကုသေဟိ = လှံမ ချွန်းတောင်း လက်နက်ကောင်းတို့ဖြင့်၎င်း။ ကသာဟိ စ = ကြိမ်လုံးတို့ဖြင့်၎င်း။ ဒမယန္တိ = ရိုက်နှက်ထိုးဆွ အကြမ်းနည်း ဆုံးမကြကုန်၏။ မဟေသိနာ = သုံးလူ့ထွတ်ထား မြတ်ဘုရားကမူ။ အဒဏ္ဍေန = သံဆူးတပ်နှံ တုတ်လှင်ကန်မပါပဲ။ အသတ္ထေန = သတ်ဖြတ်နှိပ်စက် တစုံတရာ လက်နက်မပါပဲ။ နာဂေါ = နာဠာဂီရိဆင်မင်းကို။ ဒန္တော = မေတ္တာရေချမ်း ကိုယ်တော်ဖျန်း၍ အကြမ်းဟူသမျှပျောက်စေ ဆုံးမတော်မူအပ်လေပြီ။-

ဤဂီတိဂါထာကို ဝမ်းမြောက်ဝမ်းသာ သီဆိုကြလေသည်။

ရှင်ဒေဝဒတ် လာဘ်လာဘ ဆုတ်ယုတ်ခြင်း

     ထိုအခါ လူများအပေါင်းသည် “ဗိမ္ဗိသာရ မင်းတရားကြီးကိုလည်း ဒေဝဒတ်ပင် သတ်စေအပ်လေပြီ၊ လူသတ်သမားများကိုလည်း ဒေဝဒတ်ပင် စေလွှတ်အပ်လေပြီ၊ ကျောက်တုံးကြီးကိုလည်း သူပင် လှိမ့်ချအပ်လေပြီ။ ယခုအခါ၌လည်း သူသည်ပင်

၆၄၂

နာဠာဂီရိဆင်ကို လွှတ်စေအပ်လေပြီ၊ သို့စင်ကလောက် ယုတ်မာသောပုဂ္ဂိုလ်ကို အဖော်သဟဲ ဆရာတဆူပြုလုပ်ကာ အဇာတသတ်မင်းသည် လှည့်လည်ဘိ၏”ဟု အုတ်အုတ်ကျက်ကျက် ဆူဆူညံညံ ရှုတ်ချပြစ်တင်သောအသံကို ဟစ်အော် ပြောဆိုကြလေ၏။

     အဇာတသတ်မင်းသည် လူများအပေါင်း၏ ကဲ့ရဲ့ရှုတ်ချ ပြစ်တင်သော စကားကို ကြားသိရ၍ ရှင်ဒေဝဒတ်အား ဝတ်တည်ထားသည့် ဆွမ်းအိုးငါးရာတို့ကို ရပ်စဲရုပ်သိမ်းစေပြီးလျှင် နောက်ထပ်တဖန် ရှင်ဒေဝဒတ်အထံသို့ ဆည်းကပ်ရန် မသွားရောက်တော့ချေ။ မြို့သူမြို့သားတို့သည်လည်း မိမိတို့အိမ်သို့ ဆွမ်းရပ်လာသော ဒေဝဒတ်အား ဆွမ်းကိုမျှလည်း မလောင်းလှူကြတော့ချေ။

ဝတ္ထုငါးမျိုးကို တောင်းဆိုခြင်း

     ရှင်ဒေဝဒတ်သည် တနေ့တခြား လာဘ်လာဘ လျော့ပါးလာရကား အံ့ဖွယ်မှု ပြုလုပ်ကာ အသက်မွေးလိုသည့်အတွက် မြတ်စွာဘုရားထံသို့ သွားရောက်ပြီးလျှင်-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ် တောင်းပန်ပါ၏၊

(၁) ရဟန်းအားလုံး အသက်ထက်ဆုံး တောကျောင်း နေကြပါစေ၊ ရွာနီးကျောင်းသို့ သက်ရောက်နေထိုင်သော ရဟန်းအား အပြစ်ရောက်ပါစေ၊

(၂) ရဟန်းအားလုံး အသက်ထက်ဆုံး ပိဏ္ဍပါတ်ဓုတင်ဆောင်ချည်း ဖြစ်ကြပါစေ (=ဆွမ်းခံ၍ချည်း စားကြပါစေ) ဒါယကာတို့ ပင့်ဖိတ်၍ကျွေးသောဆွမ်းကို စားရန် လက်ခံသော ရဟန်းအား အပြစ်ရောက်ပါစေ၊

(၃) ရဟန်းအားလုံး အသက်ထက်ဆုံး ပံသုကူဓုတင်ဆောင်ချည်း ဖြစ်ကြပါစေ (=ပံသုကူသင်္ကန်းကိုသာ ဝတ်ရုံကြပါစေ)၊ လူဒါယကာတို့ လှူသောသင်္ကန်းကို လက်ခံသာယာသော ရဟန်းအား အပြစ်ရောက်ပါစေ၊

၆၄၃

(၄) ရဟန်းအားလုံး အသက်ထက်ဆုံး ရုက္ခမူဓုတင်ဆောင်ချည်း ဖြစ်ကြပါစေ (=သစ်ပင်ရင်း၌သာ နေကြပါစေ)၊ အမိုးရှိသောကျောင်းသို့ ချဉ်းကပ်သော ရဟန်းအား အပြစ်ရောက်ပါစေ၊

(၅) ရဟန်းအားလုံး အသက်ထက်ဆုံး ငါး,အမဲကို မစားကြပါစေလင့် (=သက်သတ်လွတ်သာ စားကြပါစေ)၊ ငါး,အမဲကိုစားသော ရဟန်းအား အပြစ်ရောက်ပါစေ”-

ဟု ဤအချက်ကြီး ၅-ချက်တို့ကို လျှောက်ထား တောင်းဆိုလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် “မသင့်လျော်ဘူး ဒေဝဒတ်..၊ (၁) အလိုရှိသော ရဟန်းသည် တောကျောင်းနေ ဖြစ်ပစေ၊ အလိုရှိသော ရဟန်းသည် ရွာနီးကျောင်း၌ နေပစေ။ (၂) အလိုရှိသော ရဟန်းသည် ပိဏ္ဍပါတ်ဓုတင်ဆောင် ဖြစ်ပစေ(=ဆွမ်းခံ၍ စားပစေ)၊ အလိုရှိသော ရဟန်းသည် ဒါယကာတို့ ပင့်ဖိတ်၍ ကျွေးသောဆွမ်းကို လက်ခံသာယာပစေ။ (၃) အလိုရှိသော ရဟန်းသည် ပံသုကူဓုတင်ဆောင် ဖြစ်ပစေ (=ပံသုကူသင်္ကန်းကို ဝတ်ရုံပစေ)၊ အလိုရှိသော ရဟန်းသည် ဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို လက်ခံသာယာဝတ်ရုံပစေ။ (၄) ဒေဝဒတ်.. ငါဘုရားသည် ရှစ်လတို့ပတ်လုံး သစ်ပင်ရင်း အိပ်ရာ နေရာကို ခွင့်ပြုအပ်ပြီး ဖြစ်လေသည်။ (၅) (မြင်ခြင်း, ကြားခြင်း, ရွံရှာယုံမှားခြင်း) = ဤအစွန်းသုံးပါးမှ ကင်းလွတ်စင်ကြယ်သည့် မမြင်အပ် မကြားအပ် မရွံရှာ မယုံမှားအပ်သည့် ငါး,အမဲကို (စားသုံးရန်) ငါဘုရား ခွင့်ပြုအပ်ပြီး ဖြစ်လေသည်”ဟု မိန့်တော်မူ၏။

(ဤ၌ အထူးမှတ်ရန်မှာ- အချက်ကြီး ၅-ချက်ကို ဒေဝဒတ်က တောင်းဆိုလျှင်ပင် “ဤဒေဝဒတ်သည် သံဃာသင်းခွဲလို၍ တောင်းဆိုသည်”ဟု မြတ်စွာဘုရားရှင် သိတော်မူ၏။ ထိုအချက်ကြီး ၅-ချက်ကို ခွင့်ပြုလိုက်လျှင် များစွာသော အမျိုးကောင်းသားတို့အဖို့ရာ မဂ်ဖိုလ်အန္တရာယ် ဖြစ်လေရာသောကြောင့် “မသင့်လျော်ဘူး ဒေဝဒတ်”ဟု

၆၄၄

ပယ်မြစ်တော်မူ၍ “(၁) အလိုရှိသော ရဟန်းသည် တောကျောင်းနေ ဖြစ်ပစေ” စသည်ကို မိန့်တော်မူလေသည်။

ဤအရာ၌ မြတ်စွာဘုရားရှင်၏ အလိုတော်ကို သိရှိပြီးလျှင် အမျိုးကောင်းသားသည် မိမိနှင့် သင့်လျော် လျောက်ပတ်သည်ကို သိရာ၏၊ ဤ၌ ဘုရားရှင် အလိုတော်ကား ဤဆိုလတ္တံ့သောအတိုင်း ဖြစ်သည်-

(က) ကာယ, ဉာဏ ဗလနှစ်ပါး လွန်ကြီးမား၍ တောကျောင်း၌နေလျက် ရဟန်းတရား ပွါးများအားထုတ်က မဂ်ဖိုလ်ရောက်မည့် ရဟန်းတပါး၊ ၊(ခ) ကာယဗလ နည်းပါး၍ တောကျောင်း၌ မနေနိုင်ပဲ ရွာကျောင်း၌နေကာ ရဟန်းတရား ပွါးများအားထုတ်မှ မဂ်ဖိုလ်ရောက်မည့် ရဟန်းတပါး၊ ၊(ဂ) ကာယဗလကြီးမား ခန္တီတရားနှင့် ပြည့်စုံ၍ တောကျောင်း၌ နေလျက်၎င်း, ရွာကျောင်း၌ နေလျက်၎င်း ရဟန်းတရား ပွါးများအားထုတ်က မဂ်ဖိုလ်ရောက်မည့် ရဟန်းတပါး၊ ၊(ဃ) တောကျောင်း, ရွာကျောင်း နှစ်မျိုးလုံး၌ပင် နေလျက် ရဟန်းတရား အားထုတ်သော်လည်း ထိုဘဝ မဂ်ဖိုလ်ကိုမရမည့် (=ပဒပရမ) ရဟန်းတပါး = ဤသို့ ရဟန်းလေးမျိုးရှိသည်။

ထိုလေးမျိုးတို့တွင် (က)အမှတ်ပြ ရဟန်းကို မြတ်ာဘုရားရှင်က တောကျောင်း၌သာ နေစေလိုတော်မူသည်။ ဤတောကျောင်းသည် ထိုရဟန်းအဖို့ သင့်လျော် လျောက်ပတ်သော ကျောင်းဖြစ်သည့်ပြင် ထိုရဟန်း တောကျောင်း၌ နေခြင်းဖြင့် ထိုရဟန်း၏ တပည့်များလည်း အတုလိုက်ကာ ကျင့်ကြံကြ၍ တောကျောင်း၌ နေ့ဖို့ရန် စိတ်အားထက်သန်ကြပေလိမ့်မည်။

(ခ)အမှတ်ပြ ရဟန်းကို မြတ်စွာဘုရားရှင်က ရွာကျောင်း၌ပင် နေစေလိုတော်မူသည်။

(ဂ)အမှတ်ပြ ရဟန်းကို မြတ်စွာဘုရားရှင်က တောကျောင်း၌သာ နေစေလိုတော်မူသည်၊ ဤတောကျောင်းသည် ထိုရဟန်းအဖို့ သင့်လျော် လျောက်ပတ်သောကျောင်း ဖြစ်သည့်ပြင် ထိုရဟန်း၏ တပည့်များလည်း အတုလိုက်ကာ ကျင့်ကြံကြ၍ တောကျောင်း၌ နေဖို့ရန် စိတ်အားထက်သန်ကြပေလိမ့်မည်။

(ဃ)အမှတ်ပြ (ပဒပရမ) ရဟန်းကိုလည်း မြတ်စွာဘုရားရှင်က တောကျောင်း၌သာ နေစေလိုတော်မူသည်။ ထို(ပဒပရမ) ရဟန်း၏ တောကျောင်းနေကာ ဓုတင်ကို မှီဝဲခြင်း, ကမ္မဋ္ဌာန်းတရား အားထုတ်ခြင်းများသည်

၆၄၅

နောက်နောက်ဘဝ၌ မဂ်ဖိုလ်ရရန် ဥပနိဿယည်းပစ္စည်း ဖြစ်နိုင်သည့်ပြင် ထိုရဟန်း၏ တပည့်များလည်း ဆရာ့အတုလိုက်ကာ ကျင့်ကြံကြ၍ တောကျောင်း၌ နေဖို့ရန် စိတ်အားထက်သန်ကြပေလိမ့်မည်။

ဤသို့လျှင် (ခ)အမှတ်ပြ ကာယဗလနည်းပါး၍ တောကျောင်း၌ မနေနိုင်ပဲ ရွာကျောင်း၌နေကာ ရဟန်းတရား ပွါးများအားထုတ်မှ မဂ်ဖိုလ်ရောက်မည့်ရဟန်းကို ရည်ညွှန်းတော်မူ၍ မြတ်စွာဘုရားသည် “(၁) အလိုရှိသော ရဟန်းသည် ရွာနီးကျောင်း၌ နေပစေ”ဟူ၍ မိန့်တော်မူသည်၊ ဤရဟန်းကပင် အခြားရဟန်းတို့အားလည်း ရွာကျောင်းနေရန် တံခါးပေါက် ဖွင့်ပေးသကဲ့သို့ ရှိလေသည်။

အကယ်၍ မြတ်စွာဘုရားရှင်က ဒေဝဒတ်၏ တောင်းဆိုချက်ကို လက်ခံတော်မူလိုက်ခဲ့သော် (၁) ကာယဗလနည်းပါးသည့် ဖော်ပြရာ (ခ)အမှတ်ပြရဟန်း (၂) ငယ်စဉ်အခါ တောကျောင်းနေ၍ အိုမင်းသောအခါ၌ဖြစ်စေ, သလိပ် သည်းခြေ လေဒေါသတို့ ဖောက်ပြန်၍ ဓာတ်ချောက်ချားသော အခါ၌ဖြစ်စေ တောကျောင်း၌ (လုံး၀) နေ၍ မဖြစ်နိုင်တော့ပဲ ရွာနီးကျောင်း၌ နေထိုင်ကာ ရဟန်းတရား အားထုတ်မှ မဂ်ဖိုလ် ရောက်မည့်ရဟန်း ဤရဟန်း နှစ်မျိုးတို့အတွက် အရိယမဂ်ကို ဖြတ်တောက်ပစ်လိုက်သကဲ့သို့ ဖြစ်လေရာ၏။ ထိုရဟန်းတို့အဖို့ရာ အရဟတ္တဖိုလ်ကို မရနိုင်တော့လေရာ၊ ဤသို့စသော အကြောင်းများကြောင့် ဒေဝဒတ်၏ တောင်းဆိုချက်ကို လက်ခံတော်မမူခြင်းဖြစ်သည်)။

ရှင်ဒေဝဒတ် သံဃာသင်းခွဲရန် အားထုတ်ခြင်း

     ထိုအခါ ရှင်ဒေဝဒတ်သည် “မြတ်စွာဘုရားသည် ဤဝတ္ထု ၅-မျိုးတို့ကို ခွင့်မပြု”ဟု ရွှင်လန်းတက်ကြွသော စိတ်ရှိလျက် မိမိ၏ ပရိသတ်ဖြစ်သော ကောကာလိက, ခဏ္ဍမိဖုရား၏သား ကဋမောဒကတိဿက, သမုဒ္ဒဒတ္တတို့နှင့် အတူတကွ နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုလျက် ဖဲသွားလေ၏။ (ဤ၌ ကောကာလိကရဟန်း, ခဏ္ဍမိဖုရား၏သား ကဋမောဒကတိဿကရဟန်း, သမုဒ္ဒဒတ္တရဟန်းတို့သည် ရှင်ဒေဝဒတ်၏ လက်ရင်းလူယုံကြီးများ ဖြစ်ကြလေသည်)။

၆၄၆

     ထို့နောက် ရှင်ဒေဝဒတ်သည် မိမိ၏ ပရိသတ်နှင့်တကွ ရာဇဂြိုဟ်ပြည်တွင်းသို့ဝင်၍ “မိမိတို့က အလိုနည်းခြင်း-စသည် အကျိုးပြီးစေနိုင်သည့် ဝတ္ထု ၅-မျိုးကို ကြောင်းကျိုးဖော်ပြ တောင်းခံကြပါသော်လည်း ရဟန်းဂေါတမက ခွင့်မပြုကြောင်းနှင့် မိမိတို့ကမူ ထိုဝတ္ထု ၅-မျိုးတို့ဖြင့် ဆောက်တည် ကျင့်ကြံကြမည့်အကြောင်း” လူများအပေါင်းကို ဝါဒဖြန့် ပြောကြားကြလေသည်။

     ထိုလူအပေါင်းတို့တွင် သဒ္ဓါ,ပညာမရှိကြသူ လူများက ရှင်ဒေဝဒတ်တို့ကို ချီးမွမ်း၍ မြတ်စွာဘုရားရှင်ကိုမူ ကဲ့ရဲ့ကြလေသည်။ သဒ္ဓါ,ပညာနှင့် ပြည့်စုံသော လူတို့ကမူ “ရှင်ဒေဝဒတ်သည် မြတ်စွာဘုရား၏ သံဃာသင်းကွဲရန် အာဏာစက် ပျက်စီးရန် အဘယ့်ကြောင့် လုံ့လပြုဘိသနည်း”ဟု ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ ပြောဆိုကြကုန်၏။ ထိုလူတို့၏စကားကို ကြားသိကြသော ရဟန်းတို့ကလည်း ထို့အတူပင် ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ ပြောဆိုကြပြီးလျှင် မြတ်စွာဘုရားရှင်အား ထိုအကြောင်းကို လျှောက်ထားကြလေကုန်၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ထိုရဟန်းများ လျှောက်ထားသော အကြောင်းဝတ္ထု၌ သံဃာကို စည်းဝေးစေပြီးလျှင် ပရိသတ်အစုံအညီ မျက်မှောက်၌ ရှင်ဒေဝဒတ်ကို “ဒေဝဒတ်.. သင်သည် သံဃာသင်းကွဲရန် အာဏာစက်ပျက်စီးရန် လုံ့လပြုသည်ဟူသည် မှန်သလော”ဟု မေးတော်မူ၍ ရှင်ဒေဝဒတ်က “မှန်ပါသည် မြတ်စွာဘုရား..”ဟု လျှောက်ထားသောအခါ-

“ဒေဝဒတ်.. မသင့်လျော်ဘူး၊ သင်သည် သံဃာကွဲပြားခြင်းကို မနှစ်သက်လင့်၊ ဒေဝဒတ်.. သံဃာကို သင်းခွဲခြင်းသည် ဝန်လေးလှ၏။ ဒေဝဒတ်.. ညီညွတ်သော သံဃာကို သင်းခွဲသူသည် တကပ်လုံး တည်စေတတ်သော မကောင်းမှုကို ပွါးစေ၏၊ တကပ်လုံး ငရဲ၌ကျက်ရ၏။

ဒေဝဒတ်.. ကွဲပြားသော သံဃာကို ညီညွတ်အောင် ပြုလုပ်ရွက်ဆောင်သူသည် မြတ်သောကုသိုလ်ကို ပွါးစေ၏။

၆၄၇

တကပ်ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏။ ဒေဝဒတ်.. မသင့်လျော်ဘူး၊ သင်သည် သံဃာကွဲပြားခြင်းကို မနှစ်သက်လင့်၊ ဒေဝဒတ်.. သံဃာကို သင်းခွဲခြင်းသည် ဝန်လေးလှ၏”-

ဟူ၍ လေးနက်စွာ ဆုံးမတော်မူလေသည်။

     ထိုသို့ပင် မြတ်စွာဘုရားရှင်က လေးနက်စွာ ဆုံးမအပ်ပါသော်လည်း ရှင်ဒေဝဒတ်သည် မိမိ၏ သံဃာသင်းခွဲရန် အကြံကို လက်မလျှော့ပဲ သံဃာသင်းခွဲခြင်း၏ ရှေ့ပိုင်း ပြုလုပ်ရန်များကို ပြုလုပ်စီမံပြီးလျှင် နောက်တနေ့ ရောက်သောအခါ “ငါသည် ယနေ့ ဧကန်ပင် အသီးအခြား ဥပုသ်ကံ သံဃကံများကို ပြုလုပ်တော့မည်”ဟု ကြံစည် ဆုံးဖြတ်ချက် ချမှတ်၍ ထိုနေ့နံနက် ရာဇဂြိုဟ်ပြည်တွင်းသို့ ဆွမ်းခံကြွဝင်လာသော အရှင်အာနန္ဒာမထေရ်မြတ်ထံ ချဉ်းကပ်ပြီးလျှင် “ငါ့ရှင်အာနန္ဒာ.. ယနေ့မှစ၍ ငါသည် မြတ်စွာဘုရားနှင့် အခြားသာလျှင် (ဘုရား၏အဆုံးအမခံ) ရဟန်းသံဃာနှင့် တခြားသာလျှင် ဥပုသ်ပြုတော့အံ့၊ သံဃကံပြုတော့အံ့”ဟု ပြောဆိုလေ၏။

     ထိုအကြောင်းကို အရှင်အာနန္ဒာက မြတ်စွာဘုရားရှင်အား ပြန်ကြား လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်သည်-

သုကရံ သာဓုနာ သာဓု၊

သာဓု ပါပေန ဒုက္ကရံ။

ပါပံ ပါပေန သုကရံ၊

ပါပမရိယေဟိ ဒုက္ကရံ။

သူတော်ကောင်းသည် ကောင်းမှုကိုပြုရန် လွယ်ကူ၏။

သူယုတ်မာသည် ကောင်းမှုကိုပြုရန် ခဲယဉ်း၏။

သူယုတ်မာသည် မကောင်းမှုကိုပြုရန် လွယ်ကူ၏။

သူတော်ကောင်းတို့သည် မကောင်းမှုကိုပြုရန် ခဲယဉ်း၏။

ဟူသော ဤဥဒါန်းဂါထာကို ကျူးရင့်တော်မူလေ၏။

၆၄၈

ရှင်ဒေ၀ဒတ် သံဃာကို သင်းခွဲခြင်း

     ထိုအခါ ရှင်ဒေဝဒတ်သည် ထိုဥပုသ်နေ့၌ သံဃအစည်းအဝေးဝယ် နေရာမှထ၍ “မိမိတို့က အလိုနည်းခြင်း-စသည် အကျိုးပြီးစေနိုင်သည့် ဝတ္ထု ၅-မျိုးကို ကြောင်းကျိုးဖော်ပြ တောင်းခံကြပါသော်လည်း ရဟန်းဂေါတမက ခွင့်မပြုကြောင်း, မိမိတို့ကမူ ထိုဝတ္ထု ၅-မျိုးတို့ဖြင့် ဆောက်တည် ကျင့်ကြံကြမည့်အကြောင်းနှင့် ဤဝတ္ထု ၅-မျိုးကို နှစ်သက်သောအရှင်သည် စာရေးတံမဲကို ယူစေလိုကြောင်း” ပြောကြား၍ စာရေးတံမဲကို ယူစေသောအခါ အသက်လည်းငယ် ဝိနည်း၌လည်း မလိမ္မာကြသည့် ဝေသာလီပြည်နေ ဝဇ္ဇီတိုင်းသား ရဟန်းငါးရာတို့သည် “ဤကား ဓမ္မ, ဝိနယ, ဘုရာ့သာသနာတော်တည်း”ဟု အောက်မေ့ မှတ်ထင်ကြကာ စာရေးတံမဲကို ယူကြလေကုန်၏။ ထိုအခါ အရှင်ဒေဝဒတ်သည် သံဃာကို သင်းခွဲ၍ ထိုငါးရာမျှသော ရဟန်းတို့ကို ခေါ်ဆောင်ပြီးလျှင် ဂယာသီသအရပ်သို့ ဖဲသွားလေ၏။

အဂ္ဂသာဝကနှစ်ပါး၏ ကျေးဇူး

     ထိုအခါ အရှင် သာရိပုတ္တရာနှင့် အရှင် မဟာမောဂ္ဂလ္လာန် (= အဂ္ဂသာဝက) မထေရ်မြတ်ကြီး နှစ်ပါးတို့သည် မြတ်စွာဘုရားရှင်ထံတော်သို့ သွားရောက်ကြပြီးလျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဒေဝဒတ်သည် သံဃာကို သင်းခွဲ၍ ငါးရာမျှသော ရဟန်းတို့ကို ခေါ်ဆောင်လျက် ဂယာသီသအရပ်သို့ ဖဲသွားပါ၏”ဟူ၍ လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်က “သာရိပုတ္တရာတို့.. သင်တို့၏ သန္တာန်ဝယ် ထိုရဟန်းငယ်တို့၌ သနားခြင်းသော်မှ မဖြစ်လေစွာ့”ဟု မြည်တွန်တော်မူပြီးလျှင် “သာရိပုတ္တရာတို့.. ထိုရဟန်းငယ်များ အကျိုးမဲ့ မပျက်စီးကုန်မီ သင်တို့ သွားကြကုန်လော့”ဟု တိုက်တွန်းစကား မိန့်ကြားတော်မူလေလျှင် “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလ္လာန် မထေရ်မြတ်ကြီး နှစ်ပါးတို့သည် မြတ်စွာဘုရားအား ဝန်ခံကြ၍ နေရာမှ ထပြီးလျှင်

၆၄၉

မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးကြပြီးနောက် ဂယာသီသအရပ်သို့ ကြွတော်မူကြလေကုန်၏။

ရဟန်းငယ်တပါး၏ စိုးရိမ်ချက်

     ထိုအခါ ရဟန်းတပါးသည် မြတ်စွာဘုရား၏အနီး၌ ငိုလျက် ရပ်တည်လာ၏၊ ထိုရဟန်းကို မြတ်စွာဘုရားရှင်က “ရဟန်း.. သင်သည် အဘယ့်ကြောင့် ငိုသနည်း”ဟု မေးတော်မူ၏။ ရဟန်းငယ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဘုန်းတော်သခင် ရှင်ပင်ဘုရား၏ အဂ္ဂသာဝက ဖြစ်တော်မူကြသည့် သာရိပုတ္တရာထေရ်, မောဂ္ဂလ္လာန်ထေရ်တို့သည်လည်း ဒေဝဒတ်၏တရားကို နှစ်သက်ကြ၍ ဒေဝဒတ်၏အထံသို့ လိုက်ပါသွားကြ၏”ဟု လျှောက်လေလျှင် မြတ်စွာဘုရားရှင်သည် ထိုရဟန်းကို “ရဟန်း.. သာရိပုတ္တရာ, မောဂ္ဂလ္လာန်တို့သည် ဒေဝဒတ်၏တရားကို နှစ်သက်နိုင်ရာသော အကြောင်းအခွင့် လုံးဝမရှိချေ။ စင်စစ်သော်ကား ဒေဝဒတ်နောက် လိုက်ပါသွားကြသည့် ရဟန်းငယ် ငါးရာတို့ကို နားလည်စေရန် (=အမြင်မှန် ရကြစေရန်) ထိုသာရိပုတ္တရာ, မောဂ္ဂလ္လာန်တို့ သွားကြခြင်း ဖြစ်သည်”ဟူ၍ ရှင်းလင်း မိန့်ကြားတော်မူ၏။

     ထိုအချိန်၌ ရှင်ဒေဝဒတ်သည် များသော ပရိသတ်အခြံအရံဖြင့် တရားဟောလျက် ထိုင်နေဆဲဖြစ်၏။ ရှင်ဒေဝဒတ်သည် အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလ္လာန် မထေရ်နှစ်ပါးတို့ ကြွလာတော်မူကြသည်ကို အဝေးမှပင် မြင်လတ်၍ အခြံအရံဖြစ်သော ရဟန်းငယ်တို့ကို “ရဟန်းတို့.. ရှုကြလော့၊ ငါသည် တရားကို အလွန်လျှင် ကောင်းစွာ ဟောအပ်ပြီ၊ ရဟန်းဂေါတမ၏ အဂ္ဂသာဝက ဖြစ်ကြသော သာရိပုတ္တရာ, မောဂ္ဂလ္လာန်တို့သော်မှလည်း ငါ့တရားကို နှစ်သက်ကြ၍ ငါ့ထံသို့ လိုက်ပါလာကြကုန်၏”ဟု ပြောဆိုလေ၏။

     ဤသို့ ဒေဝဒတ်က ပြောဆိုလတ်သော် (၎င်းတို့၏ဂိုဏ်းတွင် အကြီးအမှူးတဦးဖြစ်သူ) ကောကာလိကရဟန်းက ရှင်ဒေဝဒတ်ကို

၆၅၀

“ငါ့ရှင်ဒေဝဒတ်.. သင်သည် သာရိပုတ္တရာ, မောဂ္ဂလ္လာန်တို့ကို အရောမဝင်လင့်၊ သာရိပုတ္တရာ, မောဂ္ဂလ္လာန်တို့သည် အလိုဆိုးရှိသူများ ဖြစ်ကြ၍ အလိုဆိုး၏ ဆွဲဆောင်ရာသို့ လိုက်ပါသူများ ဖြစ်ကြကုန်၏”ဟု သတိပေးစကား ပြောကြားလေသည်။ ထိုအခါ ရှင်ဒေဝဒတ်က ကောကာလိကရဟန်းကို “ငါ့ရှင်.. ဤသို့ မဆိုသင့်ပါ။ ထိုသာရိပုတ္တရာ, မောဂ္ဂလ္လာန်တို့၏ လာခြင်းသည် ငါ့တရားကို နှစ်သက်ကြ၍ လာခြင်းဖြစ်သောကြောင့် ကောင်းသောလာခြင်း ဖြစ်ပေသည်”ဟု ရှင်းလင်းပြောပြလေ၏။

     အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလ္လာန် မထေရ်မြတ်နှစ်ပါးတို့ အနီးသို့ ရောက်လတ်သောအခါ ရှင်ဒေဝဒတ်သည် အရှင်သာရိပုတ္တရာကို “ငါ့ရှင်သာရိပုတ္တရာ.. လာပါလော့၊ ဤ၌ ထိုင်ပါလော့”ဟု ပြောဆိုကာ နေရာထက်ဝက်ဖြင့် ထိုင်နေဖို့ရန် ဖိတ်မန္တကပြုလေသည်။ “တန်ပါပြီ ငါ့ရှင်..”ဟု ဆို၍ အရှင်သာရိပုတ္တရာသည် အခြား ထိုင်စရာတခုကိုယူ၍ သင့်လျော်ရာ၌ ထိုင်နေတော်မူ၏။ အရှင်မဟာမောဂ္ဂလ္လာန်သည်လည်း အခြား ထိုင်စရာတခုကို ယူ၍ သင့်လျော်ရာ၌ ထိုင်နေတော်မူ၏။ ထိုအခါ ရှင်ဒေဝဒတ်သည် များစွာသော ညဉ့်ကာလပတ်လုံး (=ညဉ့်သုံးယံပတ်လုံး) ရဟန်းတို့ကို တရားစကား ဟောကြားပြီးလျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို-

“ငါ့ရှင်သာရိပုတ္တရာ.. ရဟန်းသံဃာသည် ထိနမိဒ္ဓကင်း၏၊ ငါ့ရှင်သာရိပုတ္တရာ.. ရဟန်းတို့အား တရား စကား ဟောကြားပါလော့၊ ငါ၏ ကျောက်ကုန်းသည် ညောင်းညာလှ၏၊ ငါသည် ကျောက်ကုန်းကို ဆန့်ဦးအံ့ (=ငါ ကျောဆန့်လိုက်ပါဦးမည်)”-

ဟူ၍ ပြောဆိုတိုက်တွန်းလေ၏။ (ပြောဆိုပုံမှာ မြတ်စွာဘုရားရှင်၏ အတုယူ၍ ပြောဆိုခြင်း ဖြစ်သည်၊ ဘုရားတု တုခြင်းဖြစ်သည်)။

     အရှင်သာရိပုတ္တရာက “ကောင်းပါပြီ ငါ့ရှင်..”ဟု ဝန်ခံစကား မိန့်ကြားသောအခါ ရှင်ဒေဝဒတ်သည် ဒုကုဋ်သင်္ကန်းကြီးကို

၆၅၁

လေးထပ်ခေါက်၍ ခင်းပြီးလျှင် လက်ျာနံပါးဖြင့် လျောင်းစက်လေ၏။ ပင်ပန်း၍ သတိချွတ်ယွင်း ဆင်ခြင်ဉာဏ်ကင်းသော ထိုရှင်ဒေဝဒတ်သည် တမုဟုတ်အတွင်းမှာပင် အိပ်ပျော်၍ သွားလေ၏။

     ထိုအခါ အရှင်သာရိပုတ္တရာသည် ထိုရဟန်းငယ် ငါးရာတို့ကို သူတပါး၏ စိတ်ဖြစ်ပုံကို အမှန်အတိုင်း ညွှန်ပြခြင်း တည်းဟူသော အာဒေသနာပြာဋိဟာကို ရှေ့သွားပြု၍ “ဤတရား ဤတရားကို ပယ်လော့၊ ဤတရား ဤတရားကို ပွါးလော့”ဟု ဆုံးမခြင်း တည်းဟူသော အနုသာသနီ ပြာဋိဟာတရားဖြင့် ဆုံးမ, ကံမြစ်တော်မူလေသည်။ အရှင်မဟာမောဂ္ဂလ္လာန် မထေရ်သည် တန်ခိုးဖန်ဆင်းပြသခြင်း တည်းဟူသော ဣဒ္ဓိပြာဋိဟာကို ရှေ့သွားပြု၍ “ဤတရား ဤတရားကို ပယ်လော့၊ ဤတရား ဤတရားကို ပွါးလော့”ဟု ဆုံးမခြင်း တည်းဟူသော အနုသာသနီပြာဋိဟာဖြင့် ဆုံးမ, ကံမြစ်တော်မူလေသည်။ သို့ရကား ထိုရဟန်းငယ် ငါးရာတို့သည် ထိုနေရာ၌ပင် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်ကြကာ သောတာပန် အရိယာတို့ ဖြစ်ကြလေကုန်၏။

(ဤအရာ၌ ပြာဋိဟာသုံးမျိုးကို အကျဉ်းချုပ်အားဖြင့် မှတ်သားရန်မှာ- ဆန့်ကျင်ဘက် အကုသိုလ်တရားတို့ကို ပယ်ရှားတတ်သည်ကို ပါဠိလို ပါဋိဟာရိယ = မြန်မာလို ပြာဋိဟာဟု ခေါ်ဆိုသည်။ ထိုပြာဋိဟာသည် (၁) အာဒေသနာပြာဋိဟာ = “သင်၏စိတ်သည် ဤပုံဤပန်း ဖြစ်၍နေ၏”ဟု သူတပါး၏ စိတ်ဖြစ်နေပုံကို အမှန်အတိုင်း ညွှန်ပြလျက် သာသနာ၌ ယုံမှားခြင်းကို ပယ်ရှားခြင်းတပါး၊ (၂) ဣဒ္ဓိပြာဋိဟာ = တန်ခိုးရုပ် ဖန်ဆင်းပြလျက် သာသနာ၌ ယုံမှားမှုကို ပယ်ရှားခြင်းတပါး၊ (၃)အနုသာသနီပြာဋိဟာ = “ဤတရား ဤတရားစုကို ပယ်လော့၊ ဤတရား ဤတရားစုကို ပွါးများလော့”ဟု ပယ်ရန်တရား, ပွါးများရန် တရားတို့ကို ဟောဖော်ဆုံးမ ညွှန်ပြလျက် လောဘစသော ဆန့်ကျင်ဘက် ကိလေသာတို့ကို ပယ်ရှားခြင်းတပါး- ဤသို့အားဖြင့် ပြာဋိဟာသုံးပါး ရှိလေသည်။

ထိုတွင် ဣဒ္ဓိပြာဋိဟာကို ရှေ့သွားပြု၍ အနုသာသနီပြာဋိဟာဖြင့် ဆုံးမတော်မူခြင်းသည် အရှင်မဟာမောဂ္ဂလ္လာန်မထေရ်၏

၆၅၂

အလေ့အကျက်တော်ဖြစ်သည်။ (အရှင်မဟာမောဂ္ဂလ္လာန် မထေရ်သည် သတ္တဝါ တယောက်ယောက်ကို ချေချွတ်တော်မူမည်ဆိုလျှင် ရှေးဦးစွာ တန်ခိုးပြခြင်း = ဣဒ္ဓိပြာဋိဟာဖြင့် ထိုသတ္တဝါကို သာသနာ၌ ယုံမှားခြင်းကင်းအောင် ပြုပြီးမှ အနုသာသနီပြာဋိဟာဖြင့် ပယ်ရန်တရား, ပွါးရန်တရားတို့ကို ဟောကြားပြသ ဆုံးမတော်မူလေ့ရှိသည်ဟု ဆိုလိုသည်)။

အာဒေသနာပြာဋိဟာကို ရှေ့သွားပြု၍ အနုသာသနီပြာဋိဟာဖြင့် ဆုံးမတော်မူခြင်းသည် အရှင်သာရိပုတ္တရာ မထေရ်၏ အလေ့အကျက်တော်ဖြစ်သည်။ (အရှင်သာရိပုတ္တရာ မထေရ်သည် သတ္တဝါတယောက်ယောက်ကို ချေချွတ်တော်မူမည်ဆိုလျှင် ရှေးဦးစွာ “သင်၏စိတ်သည် ဤပုံဤပန်း ဖြစ်၍နေ၏”ဟု ထိုသူ၏ စိတ်ဖြစ်ပုံကို အမှန်အတိုင်း ညွှန်ပြပြောဆိုခြင်း တည်းဟူသော = အာဒေသနာပြာဋိဟာဖြင့် ထိုသတ္တဝါကို သာသနာ၌ ယုံမှားခြင်းကင်းအောင် ပြုပြီးမှ အနုသာသနီပြာဋိဟာဖြင့် ပယ်ရန်တရား, ပွါးရန်တရားတို့ကို ဟောကြားပြသ ဆုံးမတော်မူလေ့ရှိသည်ဟု ဆိုလိုသည်)။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကား သတ္တဝါ၏ အလိုအကြိုက် စရိုက်နှင့်လျော်စွာ ရံခါ အာဒေသနာပြာဋိဟာကို ရှေ့သွားပြု၍ အနုသာသနီပြာဋိဟာဖြင့် ဆုံးမတော်မူသည်။ ရံခါ ဣဒ္ဓိပြာဋိဟာကို ရှေ့သွားပြု၍ အနုသာသနီပြာဋိဟာဖြင့် ဆုံးမချေချွတ်တော်မူလေသည်။ နည်းနှစ်မျိုးလုံးကိုပင် အသုံးပြုတော်မူသည်။ ။ဤကား ပြာဋိဟာသုံးပါး မှတ်ရန်အကျဉ်းတည်း)။

     ရဟန်းငယ်ငါးရာတို့ သောတာပန်အရိယာ ဖြစ်ကြပြီးသောအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ရဟန်းငယ်ငါးရာတို့ကို “ငါ့ရှင်တို့.. ငါတို့သည် မြတ်စွာဘုရားထံတော်သို့ သွားကြတော့မည်၊ မြတ်စွာဘုရား၏ တရားတော်ကို နှစ်သက်သော ရဟန်းသည် ငါတို့နှင့်အတူ လိုက်ခဲ့လော့”ဟု ခေါ်တော်မူ၏။ ထိုအခါ အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလ္လာန် မထေရ်မြတ်နှစ်ပါးတို့သည် ရဟန်းငယ်ငါးရာတို့ကို တပါတည်း ခေါ်ဆောင်ခဲ့၍ ကောင်းကင်ခရီး ဈာန်ယာဉ်စီးကြ၍ ဝေဠုဝန်ကျောင်းတိုက်သို့ သွားရောက်တော်မူကြလေကုန်၏။

၆၅၃

ရှင်ဒေဝဒတ် သွေးအန်ခြင်း

     ထိုသို့ အဂ္ဂသာဝက မထေရ်မြတ်ကြီးနှစ်ပါး ရဟန်းငယ်ငါးရာကို ခေါ်ဆောင်၍ ကြွသွားတော်မူကြပြီးသောအခါ ကောကာလိက ဂိုဏ်းဆရာသည် “ရှင်ဒေဝဒတ် .. ထလော့၊ ထိုရဟန်းငယ်တို့ကို သာရိပုတ္တရာ, မောဂ္ဂလ္လာန်တို့ ခေါ်ဆောင်သွားကြပြီ၊ ‘ငါ့ရှင်ဒေဝဒတ်.. သင်သည် သာရိပုတ္တရာ, မောဂ္ဂလ္လာန်တို့ကို အရောမဝင်လင့်၊ သာရိပုတ္တရာ, မောဂ္ဂလ္လာန်တို့သည် အလိုဆိုးရှိသူများ ဖြစ်ကြ၍ အလိုဆိုး၏ ဆွဲဆောင်ရာသို့ လိုက်ပါသူများ ဖြစ်ကြကုန်၏’ဟု သင့်ကို ငါသည် ပြောထားအပ်သည် မဟုတ်လော”ဟု ဆို၍ ဒေဝဒတ်၏ ရင်ဝ (အရှိုက်)ကို ဒူးဖြင့်တိုက်၍ ဒေဝဒတ်ကို နှိုးလေ၏။ ထိုအခါ ထိုနေရာမှာပင် ရှင်ဒေဝဒတ်၏ခံတွင်းမှ သွေးပူသည် အန်၍ထွက်လေ၏။

ဇာတ်တော်အများ ဟောကြားတော်မူခြင်း

     ဝေဠုဝန်ကျောင်းတိုက်၌ နေထိုင်ကြသော ရဟန်းတို့သည် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို ရဟန်းငယ်ငါးရာ ခြံရံလျက် ကောင်းကင်ခရီးဖြင့် ကြွလာသည်ကို မြင်ကြ၍ မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်သာရိပုတ္တရာသည် ကြွသွားတော်မူစဉ်အခါ အရှင်မဟာမောဂ္ဂလ္လာန် အဖော်တပါးသာပါ၍ ကြွသွားတော်မူ၏။ ယခု ပြန်လာသောအခါ အခြံအရံများစွာပါလျက် ကြွလာတော်မူသည်မှာ တင့်တယ်လှပပါဘိ၏”ဟူ၍ လျှောက်ထားကြလေကုန်၏။ မြတ်စွာဘုရားရှင်သည် “ရဟန်းတို့.. သာရိပုတ္တရာသည် ယခုအခါမှာသာ တင့်တယ်သည် မဟုတ်သေး၊ ရှေး တိရစ္ဆာန်ဖြစ်စဉ် ကာလ၌လည်း ငါ့သားကြီးသည် ငါ့ထံမှောက်သို့ ပြန်လာသောအခါ တင့်တယ်ဘူးသည်သာတည်း”ဟု မိန့်တော်မူ၍ (ဟောတိ သီလဝတံ အတ္ထော) အစရှိသော (ဧကကနိပါတ်၊ ၂-သီလဝဂ်) ၁-လက္ခဏမိဂဇာတ်ကို ဟောတော်မူ၏။

     တဖန် ရဟန်းတို့က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဒေဝဒတ်သည် အဂ္ဂသာဝကနှစ်ပါးကို ဝဲယာထား၍ ဘုရား၏

၆၅၄

တင့်တယ်ခြင်းဖြင့် တရားကိုဟောအံ့ဟု ကြံစည်ကာ ရှင်တော်ဘုရားတို့ကို အတုလိုက်မှု ပြုသတဲ့ဘုရား”ဟု လျှောက်ထားကြပြန်လေသော် “ရဟန်းတို့.. ယခုအခါမှာသာ မဟုတ်သေး၊ ရှေးအခါကလည်း ဒေဝဒတ်သည် ငါဘုရား၏ အတုလိုက်မှုပြုရန် အားထုတ်ခဲ့သော်လည်း မစွမ်းနိုင်သည်သာ ဖြစ်ခဲ့ပြီ”ဟု မိန့်တော်မူ၍ (အပိ ဝီရက ပဿေသိ) အစရှိသော (ဒုကနိပါတ်၊ ၆-နတံဒဠှဝဂ်) ၄-ဝီရကဇာတ်ကို ဟောတော်မူ၏။

     နောက်နောက်နေ့များ၌လည်း ထိုသို့ သင့်လျော်သောစကားကို အကြောင်းပြု၍ (အစရိ ဝတာယံ ဝိတုဒံ ဝနာနိ) အစရှိသော (ဒုကနိပါတ်၊ ၆-နတံဒဠှဝဂ်) ၁၀-ကန္ဒဂလကဇာတ် အစရှိသော ဇာတ်တို့ကို ဟောတော်မူ၏။

     တဖန် “ဒေဝဒတ်သည် ကျေးဇူးမသိတတ်သူ ဖြစ်သည်”ဟူသော စကားကို အကြောင်းပြု၍ (အကရမှသ တေ ကိစ္စံ) အစရှိသော (စတုက္ကနိပါတ်၊ ၁-ကာလိင်္ဂဝဂ်) ၈-သကုဏဇာတ် အစရှိသော ဇာတ်တို့ကို ဟောတော်မူ၏။

     တဖန် ရှင်ဒေဝဒတ်၏ မြတ်စွာဘုရားရှင်ကို သတ်ရန် အားထုတ်ခြင်းကို အကြောင်းပြု၍ (ဉာတမေတံ ကုရုင်္ဂဿ) အစရှိသော (ဧကကနိပါတ်၊ ၃-ကုရုင်္ဂဝဂ်) ၁-ကုရုင်္ဂမိဂဇာတ် အစရှိသော ဇာတ်တော်များကို ဟောကြားတော်မူ၏။

     နောက်တချိန် တနေ့သ၌ “ဒေဝဒတ်သည် လာဘ်ပူဇော်သက္ကာရနှင့် ရဟန်းတရား ဤနှစ်ပါးတို့မှ လျှောကျ ဆုံးရှုံးလေပြီ”ဟု ရဟန်းအများ စကားဖြစ်ပွါးရာဝယ် “ရဟန်းတို့.. ယခုမှာ ဒေဝဒတ်သည် လျှောကျဆုံးရှုံးသည် မဟုတ်သေး၊ ရှေးအခါကလည်း လျှောကျ ဆုံးရှုံးဘူးသည်သာတည်း” ဟု မိန့်တော်မူ၍ (အက္ခိ ဘိန္နာ ပဋော နဋ္ဌော) အစရှိသော (ဧကကနိပါတ်၊ ၁၄-အသမ္ပဒါနဝဂ်) ၉-ဥဘတောဘဋ္ဌဇာတ် အစရှိသော ဇာတ်တော်များကို ဟောကြားတော်မူ၏။

၆၅၅

(ဤ၌။ ။ရှင်ဒေဝဒတ်ကို အကြောင်းပြု၍ ဟောကြားတော်မူအပ်သော ဇာတ်တော်များကို အကျဉ်းအားဖြင့် တတ်နိုင်သမျှ ညွှန်ပြရပါမူ-

ဧကကနိပါတ်၌ သေရိဝဇာတ်, လက္ခဏဇာတ်, ကုရုင်္ဂမိဂဇာတ်, ဝါနရိန္ဒဇာတ်, တယောဓမ္မဇာတ်, သီလဝဇာတ်, သစ္စံကိရဇာတ်, သိင်္ဂါလဇာတ်, ဒုမ္မေဓဇာတ်, အသမ္ပဒါနဇာတ်, ဥဘတောဘဋ္ဌဇာတ်, ဝိရောစနဇာတ်, သဉ္ဇီဝဇာတ်များ၊

ဒုကနိပါတ်၌ ဝိနီလကဇာတ်, ဒုဗ္ဘိယမက္ကဋဇာတ်, မဏိစောရဇာတ်, ဝီရကဇာတ်, ကုရုင်္ဂမိဂဇာတ်, သံသုမာရဇာတ်, ကန္ဒဂလကဇာတ်, ဓမ္မဓဇဇာတ်, ကာသာဝဇာတ်, စူဠနန္ဒိယဇာတ်, ကုမ္ဘိလဇာတ်, ဥပါဟနဇာတ်, မဟာပိင်္ဂလဇာတ်, သဗ္ဗဒါဌိဇာတ်, ဂုတ္တိလဇာတ်များ၊

တိကနိပါတ်၌ ရောမကဇာတ်, ဇမ္ဗုခါဒကဇာတ်များ၊

စတုက္ကနိပါတ်၌ သကုဏဇာတ်, ကက္ကာရုဇာတ်, ကာဠဗာဟုဇာတ်, ဇမ္ဗုကဇာတ်, ဝါနရဇာတ်, ခန္တိဝါဒီဇာတ်များ၊

ပဉ္စကနိပါတ်၌ စူဠဓမ္မပါလဇာတ်, သာဠိယဇာတ်များ၊

သတ္တကနိပါတ်၌ ကပိဇာတ်, ပရန္တပဇာတ်များ၊

အဋ္ဌကနိပါတ်၌ စေတိယဇာတ်၊

နဝကနိပါတ်၌ တိတ္တိရဇာတ်၊

ဒသကနိပါတ်၌ နိဂြောဓဇာတ်, ကုက္ကုရဇာတ်များ၊

ဧကာဒသကနိပါတ်၌ ဓမ္မဒေဝပုတ္တဇာတ်၊

ဒွါဒသကနိပါတ်၌ သမုဒ္ဒဝါဏိဇဇာတ်၊

တေရသကနိပါတ်၌ အမ္ဗဇာတ်, ရုရုမိဂဇာတ်များ၊

ပကိဏ္ဏကနိပါတ်၌ စန္ဒကိန္နရီဇာတ်၊

ဝီသတိနိပါတ်၌ သတ္တိဂုမ္ဗဇာတ်, သောမနဿာဇာတ်များ-

ဤဇာတ်တော်များ ဖြစ်သည်။ အလိုရှိမူ ငါးရာ့ငါးဆယ်ဝတ္ထု၌ ကြည့်ရှု မှတ်ယူကုန်ရာ၏။)

၆၅၆

ရှင်ဒေဝဒတ်၏ နောက်ဆုံးအချိန်

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည်၌ နေတော်မူစဉ်ပင် ရှင်ဒေဝဒတ်ကို အကြောင်းပြု၍ များစွာသော အတိတ်ဇာတ် ဖြစ်ရပ်တို့ကို ဟောကြားတော်မူပြီးလျှင် ရာဇဂြိုဟ်ပြည်မှ သာဝတ္ထိပြည်သို့ ခရီးဒေသစာရီ ကြွချီတော်မူ၍ ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူဆဲ ဖြစ်၏။

     ရှင်ဒေဝဒတ်သည်လည်း ကိုးလကြာ မမာမကျန်းဖြစ်ရှိကာ နောက်ဆုံးအချိန်၌ မြတ်စွာဘုရားရှင်ကို ဖူးမြော်လိုသည်ဖြစ်၍ မိမိ၏ တပည့်များကို “ငါသည် နောင်တော်ဘုရားရှင်ကို ဖူးမြင်လိုပါသည်၊ ငါ့အား မြတ်စွာဘုရားကို ဖူးရအောင် ပို့ဆောင်ကြပါကုန်လော့”ဟု တောင်းပန်စကား ပြောကြားလေ၏။ “သင်သည် ကျန်းမာသန်စွမ်းစဉ်အခါက မြတ်စွာဘုရားရှင်နှင့် ရန်သူကြီးဖြစ်၍ လှည့်လည်ခဲ့၏၊ အကျွန်ုပ်တို့သည် သင့်ကို ထိုဘုရာ ရှိရာသို့ မပို့ဆောင်ဝံ့ကြပါကုန်”ဟု တပည့်တို့က ဆိုအပ်လေသော် ရှင်ဒေဝဒတ်သည် “တပည့်တို့.. ငါ့ကို မပျက်စီးပါစေကုန်လင့်၊ အမှန်မှာ ငါကသာ မြတ်စွာဘုရားအပေါ်၌ ရန်ငြိုးဖွဲ့မှု ပြုအပ်ပေသည်။ မြတ်စွာဘုရား၏ကား ငါ့အပေါ်၌ ဆံချည်ဖျားမျှပင် ရန်ငြိုးဖွဲ့မှုဟူ၍ မရှိပါချေ။ မှန်ပါသည်- ထိုငါ့နောင်တော်ဘုရားသည်-

ဝဓကေ ဒေဝဒတ္တမှိ၊ စောရေ အင်္ဂုလိမာလကေ။

ဓနပါလေ ရာဟုလေ စ၊ သဗ္ဗတ္ထ သမမာနသော။

ဝဓကေ ဒေဝဒတ္တမှီ = ကိုယ်တော်မြတ်ကို အသေသတ်မည့် ယောက်ဖတော် (ငါ)ဒေဝဒတ်၌၎င်း။ အင်္ဂုလိမာလကေ စောရေ = လက်ညှိုးပန်းတထောင် ပန်ဆောင်ဘိငြား အင်္ဂုလိမာလ ခိုးသား၌၎င်း။ ဓနပါလေ စ = နောက်ပစ္ဆိမ ချိန်ကာလဝယ် ဓနပါလ နာမခေါ်မှန်း နာဠာဂီရိ ဆင်ကြမ်း၌၎င်း။ ရာဟုလေ စ = ရင်သွေးသည်းချာ သားတော်ရာဟုလာ၌၎င်း။

၆၅၇

သဗ္ဗတ္ထ = ခပ်သိမ်းဥဿုံ အလုံးစုံသော သတ္တဝါတို့၌။ သမမာနသော = ကောင်းကျိုးလိုထ တူမျှသောစိတ် ရှိတော်မူပါပေ၏။

     ငါ့အား နောင်တော်ဘုရားကို ဖူးမြော်ရအောင် ပို့ဆောင်ကြပါကုန်လော့”ဟု အကြိမ်ကြိမ် တောင်းပန်ရှာလေ၏။ ထိုအခါ ရှင်ဒေဝဒတ်ကို တပည့်များသည် ညောင်စောင်းငယ်ဖြင့် ယူဆောင်ခဲ့ကြ၍ ရာဇဂြိုဟ်ပြည်မှ မြတ်စွာဘုရားရှင်ရှိရာ သာဝတ္ထိပြည်ဖက်သို့ ထွက်ခဲ့ကြလေကုန်၏။

     ရှင်ဒေဝဒတ်လာနေကြောင်း သတင်းစကား ကြားသိရ၍ ရဟန်းတို့သည် မြတ်စွာဘုရားရှင်အား “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်ဒေဝဒတ်သည် အရှင်ဘုရားတို့ကို ဖူးမြော်ရန် လာနေပါသတဲ့ဘုရား”ဟု လျှောက်ထားကြလေကုန်၏။ “ရဟန်းတို့.. ဒေဝဒတ်သည် ထိုယခုဘဝကိုယ်အဖြစ်ဖြင့် ငါဘုရားကို ဖူးမြော်ခွင့် လုံးဝပင် ရတော့မည်မဟုတ်ချေ”ဟူ၍ မြတ်စွာဘုရားရှင်က ရဟန်းတို့ကို မိန့်ကြားတော်မူလေ၏။

(ဒေဝဒတ်သည် ဝတ္ထု ၅-မျိုးကို တောင်းသည့်အချိန်မှစ၍ တဖန် မြတ်စွာဘုရားကို ဖူးမြော်ခွင့် မရနိုင်တော့ချေ။ ဤကား ဓမ္မတာတည်း)။

     သာမန်ရဟန်းများ အဖို့ရာမှာ ရှင်ဒေဝဒတ်ကလည်း မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ သာဝတ္ထိပြည်ဖက်သို့ ဦးတည်၍ အဖူးအမြော် လာရောက်နေ၏၊ မြတ်စွာဘုရားရှင်ကလည်း အရပ်တပါးသို့ ကြွသွားမှု ပြုတော်မမူပဲ “ဒေဝဒတ်သည် ဤကိုယ်အဖြစ်ဖြင့် ငါဘုရားကို ဘယ်နည်းနှင့်မျှ ဖူးမြော်ခွင့် ရတော့မည်မဟုတ်”ဟူ၍ မိန့်ကြားတော်မူနေ၏၊ ဤနှစ်ချက်သည် မချင့်မရဲ ဖြစ်ဖွယ်ရာ မယုံရအခက် ယုံရအခက်ကဲ့သို့ ဖြစ်ရှိနေလေ၏။ သို့အတွက် ရှင်ဒေဝဒတ် ခရီးတထောက် ရောက်တိုင်း ရောက်တိုင်းမှာပင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ယခု ရှင်ဒေဝဒတ်သည် ဤမည်သောအရပ်သို့ ရောက်လာပြီတဲ့၊ ယခု ဤမည်သောအရပ်သို့ ရောက်လာပြီတဲ့”ဟူ၍ ထပ်တလဲလဲ လျှောက်ထားကြလေသည်။ ထိုသို့ ရဟန်းတို့က လျှောက်ထားတိုင်းပင် မြတ်စွာဘုရားရှင်ကလည်း “သူပြုချင်ရာ ပြုပါစေ၊

၆၅၈

ဒေဝဒတ်ကား ငါဘုရားကို ဘယ်နည်းနှင့်မျှ ဖူးမြော်ခွင့် ရလိမ့်မည်မဟုတ်”ဟူ၍သာ အခိုင်အမာ မိန့်ကြားတော်မူလေ၏။

     “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်ဒေဝဒတ်သည် ဤသာဝတ္ထိပြည်မှ တယူဇနာလောက် ရောက်လာပြီတဲ့ဘုရား၊ ယူဇနာဝက်လောက် ရောက်လာပြီတဲ့ဘုရား၊ တဂါဝုတ်လောက် ရောက်လာပြီတဲ့ဘုရား၊ ဇေတဝန်ကျောင်းတိုက်တော်အနီးရှိ ရေကန်အနီးသို့ ရောက်လာပြီတဲ့ဘုရား”ဟု ရဟန်းတို့က ထပ်တလဲလဲ လျှောက်ထားကြလေလျှင် မြတ်စွာဘုရားရှင်သည် “ဇေတဝန်ကျောင်းတိုက်အတွင်းသို့ ဝင်ရောက်စေကာမူ ဒေဝဒတ်ကား ငါဘုရားကို ဖူးမြော်ခွင့် လုံးဝ ရတော့မည်မဟုတ်ချေ”ဟူ၍ နောက်ဆုံးစကား မိန့်ကြားတော်မူလေ၏။

ရှင်ဒေဝဒတ်ကို မြေမျိုခြင်း

     ရှင်ဒေဝဒတ်ကို ယူဆောင်လာကြသော တပည့်များသည် ဇေတဝန်ကျောင်းတိုက်တော်အနီးရှိ ရေကန်ကမ်းနား၌ ညောင်စောင်းကို ခေတ္တချ၍ ရေချိုးကြရန် ရေကန်တွင်းသို့ ဆင်းသက်သွားကြကုန်၏။ ရှင်ဒေဝဒတ်သည်လည်း ညောင်စောင်းပေါ်မှထ၍ ခြေနှစ်ဖက်တို့ကို မြေကြီးပေါ်၌ ချထားကာ ထိုင်နေရှာလေ၏။ သူ၏ ခြေများသည် မြေကြီးအတွင်းသို့ ဆွဲငင်၍မရအောင် ဝင်သွားကြလေ၏။ ရှင်ဒေဝဒတ်သည် အစဉ်အတိုင်း ဖမျက်တိုင်အောင် ပုဆစ်ဒူးဝန်းတိုင်အောင် ခါးတိုင်အောင် ရင်ဝတိုင်အောင် လည်ပင်းတိုင်အောင် မြေသို့ဝင်၍ မေးရိုး၏ မြေအတွင်းသို့ ဝင်တော့မည့်ဆဲဆဲအချိန်၌-

ဣမေဟိ အဋ္ဌီဟိ တမဂ္ဂပုဂ္ဂလံ၊

ဒေဝါတိဒေဝံ နရဒမ္မသာရထိံ။

သမန္တစက္ခုံ သတပုညလက္ခဏံ၊

ဝါဏေဟိ ဗုဒ္ဓံ သရဏံ ဥပေမိ။

အဟံ = သေချိန်နီးကပ် အကျွန်ုပ်ဒေဝဒတ်သည်။ ဣမေဟိ အဋ္ဌီဟိ = ဤအရိုးတို့ဖြင့်၎င်း။

၆၅၉

ဣမေဟိ ပါဏေဟိ = ဤကျန်ရှိနေသေးသော အသက်တို့ဖြင့်၎င်း။ အဂ္ဂပုဂ္ဂလံ = လောကဓာတ်ဝယ် အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူထသော။ ဒေဝါတိဒေဝံ = သမ္မုတိနတ်, ဥပပတ္တိနတ်တို့ထက် မြင့်မြတ်ထွန်းပြောင် အခေါင်ဥက္ကဌ် ဝိသုဒ္ဓိနတ် ဖြစ်တော်မူထသော။ နရဒမ္မသာရထိံ = = ဆုံးမသင့်သူ နတ်လူဗြဟ္မာ သတ္တဝါကို ဒေသနာမြိုက်ဆေး တိုက်ဖျော်ကျွေး၍ ယဉ်ကျေးအောင် ဆုံးမတော်မူတတ်ထသော။ သမန္တစက္ခုံ = သမန္တစက္ခု သဗ္ဗညုတာ ဉာဏ်မဟာနှင့် ကောင်းစွာလောက်လုံ ပြည့်စုံတော်မူထသော။ သတပုညလက္ခဏံ = အရာမက များလှဘိတောင်း ကုသိုလ်ပေါင်းကြောင့် မငြောင်းရှုဖွယ် လွန်တင့်တယ်သည့် ကြီးငယ်နှစ်ဖြာ မဟာပုရိသလက္ခဏာတို့နှင့် ပြည့်စုံတော်မူထသော။ တံ ဗုဒ္ဓံ = သဗ္ဗညုဗုဒ္ဓ အမည်ရသည့် သုံးလောကထွတ်ထား ထိုမြတ်စွာဘုရားကို။ သရဏံ = ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမှီခိုရာဟူ၍။ ဥပေမိ = မဟာကုသလ ဉာဏသမ္ပယုတ် ဥက္ကဌ်တိဟိတ် မြတ်သောစိတ်ဖြင့် ဖိတ်ဖိတ်ကြည်ရွှင် သက်ဝင်ဆည်းကပ် သိမှတ်ပါ၏။

ဟူသော ဤဂါထာကို ရွတ်ဆိုရှာလေ၏။

ဤအချက်ကို မြင်တော်မူ၍ပင် မြတ်စွာဘုရားရှင်သည် ဒေဝဒတ်ကို ရှင်ရဟန်းပြုပေးခြင်း ဖြစ်သည်။ အကယ်၍ ရှင်ဒေဝဒတ်သည် ရဟန်းမပြုလျှင် လူဘဝနှင့်ပင် အလွန်ဝန်လေးလှသည့် လောဟိတုပ္ပါဒက = မြတ်စွာဘုရားရှင်ကို သွေးစိမ်းတည်စေသော အာနန္တရိယကံကြီးကိုလည်း ပြုလေမည်မှာ ဧကန္တပင်ဖြစ်သည်၊ နောက်အခါ သံသရာဝဋ်ဘဝမှ လွတ်မြောက်ခြင်း၏ အကြောင်းဖြစ်သော ဤယခု ကောင်းမှုမျိုးကိုလည်း ပြုလုပ်ရန် ဧကန်ပင် မစွမ်းနိုင်မည်သာဖြစ်၏။

ဆက်၍ အထူးဖော်ပြလိုသည်မှာ ရဟန်းပြုပြီးလျှင်ကား အလွန်ဝန်လေးလှသည့် လောဟိတုပ္ပါဒက, သံဃဘေဒက အာနန္တရိယကံကြီး နှစ်မျိုးကို ပြုလိမ့်မည်ဖြစ်သော်လည်း နောက်အခါ သံသရာဝဋ်ဘဝမှ လွတ်မြောက်ကြောင်း ဤယခု ကောင်းမှုမျိုးကို ပြုစွမ်းနိုင်လိမ့်မည်ဟု သိမြင်တော်မူသောကြောင့် ထိုအရှင်ဒေဝဒတ်ကို မြတ်စွာဘုရားရှင်သည်

၆၆၀

ရှင်ရဟန်း ပြုပေးတော်မူလေသည်။ မှန်၏- ရှင်ဒေဝဒတ်သည် ဤယခု ကောင်းမှုကြောင့် ဤကမ္ဘာမှနောက် ကမ္ဘာတသိန်းထက်၌ “အဋ္ဌိဿရ”မည်သော အရှင်ပစ္စေကဗုဒ္ဓါ ဖြစ်ပေလိမ့်မည်။

ရှင်ဒေဝဒတ် အဝီစိငရဲ၌ ဆင်းရဲဒုက္ခခံရပုံ

     ရှင်ဒေဝဒတ်သည် ဖော်ပြရာပါ ဂါထာကို ရွတ်ဆိုပြီးနောက် မြေသို့ဝင်၍ မဟာအဝီစိငရဲ၌ ဖြစ်ရလေတော့၏။ “မတုန်လှုပ်သော မြတ်စွာဘုရားရှင်၌ ပြစ်မှားခဲ့သောကြောင့် မတုန်မလှုပ် ငရဲ၌ ကျက်လေတော့”ဟု ပြောဆိုအပ်သည့်အလား ယူဇနာတရာ ကျယ်ပြန့်သော မဟာအဝီစိငရဲကြီး၌ ထိုရှင်ဒေဝဒတ်၏ကိုယ်သည် ယူဇနာတရာ အမြင့်ရှိ၏။ သူ၏ဦးခေါင်းသည် နားနှစ်ဖက်တိုင်အောင် အထက် သံအိုးကင်းထဲ၌ ဝင်၍နေ၏။ ခြေနှစ်ဖက်တို့သည် ဖမျက်တိုင်အောင် အောက် ရဲရဲငြိသော သံမြေအတွင်းသို့ ဝင်၍နေကြကုန်၏။ သူကား အရှေ့ဖက်သို့ မျက်နှာမူ ရပ်တည်လျက် အကျက်ခံနေရသည်။ ထန်းလုံးကြီးခန့် ပမာဏတုတ်သော သံတံကျင်ကြီးတချောင်းသည် အနောက်မျက်နှာ ငရဲအိုးနံရံမှထွက်၍ ရှင်ဒေဝဒတ်၏ နောက်ကျောအလယ်တည့်တည့်ကို ဖောက်ထွင်းပြီးလျှင် ရှေ့ရင်ဝမှထွက်၍ အရှေ့ဖက်မျက်နှာ ငရဲအိုးနံရံသို့ ဝင်လေသည်။ အခြားသံတံကျင်ကြီး တချောင်းသည် တောင်မျက်နှာ ငရဲအိုးနံရံမှထွက်၍ ရှင်ဒေဝဒတ်၏ လက်ျာနံပါးကို ဖောက်ထွင်းပြီးလျှင် လက်ဝဲနံပါးမှထွက်၍ မြောက်မျက်နှာ ငရဲအိုးနံရံသို့ ဝင်လေသည်။ အခြားသံတံကျင်ကြီး တချောင်းသည် ငရဲအိုး၏ အထက် သံမိုး (သံအိုးကင်း)မှထွက်၍ ရှင်ဒေဝဒတ်၏ ဦးထိပ်တည့်တည့်ကို ဖောက်ထွင်းပြီး အောက်ဒွါရမှထွက်၍ ငရဲအိုး အောက်အပြင် သံမြေသို့ ဝင်လေသည်။ ဤဆိုအပ်ပြီးသော နည်းအတိုင်း ရှင်ဒေဝဒတ်သည် အဝီစိငရဲကြီး၌ မလှုပ်မယှက် ဒုက္ခဝေဒနာကို အကျက်ခံနေရလေသည်။

(အဝီစိငရဲဟူသည်မှာ.. ထိုဘုံ၌ (၁) ငရဲသား သတ္တဝါတို့လည်း အကြားမရှိ၊ ပြည့်လျက် ညပ်လျက် ရှိကြလေသည်၊ (၂) ငရဲမီးတို့လည်း အကြားမရှိ၊ ပြည့်လျက် ဆက်လျက် နေကြလေသည်၊ (၃) ငရဲသား သတ္တဝါတို့၏ ဒုက္ခဝေဒနာမှာလည်း အကြားအလပ်မရှိ၊ အချိန်တိုင်း

၆၆၁

ဆက်လျက် စပ်လျက်သာ နေလေတော့သည်၊ ဤသို့ ၁-ငရဲသားသတ္တဝါ ၂-ငရဲမီးအလျှံ ၃-ဆင်းရဲဒုက္ခဝေဒနာ = ဤသုံးမျိုးတို့ အကြားအလပ်မရှိသည်ကို အကြောင်းပြု၍ ထိုငရဲကို အဝီစိငရဲကြီးဟူ၍ ခေါ်ဆိုအပ် လေသည်)။

ရှင်ဒေဝဒတ်ကို မြေမျိုပြီးနောက် ဇာတ်တော်များကို ဟောတော်မူခြင်း

     ထိုသို့ ရှင်ဒေဝဒတ်ကို မြေမျိုပြီးလတ်သောအခါ ရဟန်းတို့သည် “ဤမျှ ၄၅-ယူဇနာ ဝေးကွာသောအရပ်သို့ ပင်ပန်းကြီးစွာ လာရောက်ရပါလျက် ဒေဝဒတ်သည် မြတ်စွာဘုရားရှင်ကို ဖူးမြော်ခွင့် အလျှင်းမရပဲ မြေမျိုခံရလေပြီ”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားရှင်သည် “ရဟန်းတို့.. ဒေဝဒတ်သည် ယခုအခါ၌သာ ငါဘုရား၌ ပြစ်မှား၍ မြေမျိုခံရသည် မဟုတ်သေး၊ ရှေးကလည်း မြေမျိုခံရလေပြီ”ဟု မိန့်တော် မူ၍ အလောင်းတော် ဆင်မင်း(သီလဝဆင်မင်း) ဖြစ်သောဘဝ၌ မျက်စိလည် လမ်းမှားနေသော ယောက်ျားကို ကိုယ်တော်မြတ်၏ ကျောက်ကုန်းထက်သို့ တင်၍ ဘေးကင်းရာ မြေအရပ်သို့ ပို့ဆောင်အပ်ပါလျက် တဖန် အလောင်းတော် သီလဝဆင်မင်းထံသို့ သုံးကြိမ်သုံးခေါက် လာရောက်ပြီးလျှင် ပဌမအကြိမ် စွယ်တော်အဖျားပိုင်း, ဒုတိယအကြိမ် စွယ်တော်အလယ်ပိုင်း, တတိယအကြိမ်၌ စွယ်တော်အရင်းပိုင်းကို ဖြတ်၍ ပြန်လေသည်တွင် အလောင်းတော်ဆင်မင်း မြင်လောက်ရာအရပ်ကို လွန်မြောက်လျှင်ပင် ဒေဝဒတ်အလောင်း မိတ္တဒုဗ္ဘိမူဆိုး၏ မြေမျိုခံရခြင်းကို ပြတော်မူရန် (အကတညုဿ ပေါသဿ) အစရှိသော (ဧကကနိပါတ်၊ ၈-ဝရုဏဝဂ်) ၂-သီလဝဆင်မင်းဇာတ်ကို ဟောတော်မူလေသည်။

     နောက်တဖန် ထိုနည်းအတူပင် ရဟန်းတို့ စကားကို ဖြစ်စေသောအခါ၌ အလောင်းတော် ခန္တိဝါဒီရှင်ရသေ့ဖြစ်သော ကိုယ်တော်မြတ်၌ ပြစ်မှား၍ ကလာဗုမင်းဖြစ်သော ထိုဒေဝဒတ်၏ မြေမျိုခံရခြင်းကို ပြတော်မူရန် (စတုက္တနိပါတ်၊ ၂-ပုစိမန္ဒဝဂ်) ၃-ခန္တိဝါဒီဇာတ်ကို၎င်း, စူဠဓမ္မပါလမင်းသားဖြစ်သော

၆၆၂

ကိုယ်တော်မြတ်အပေါ်၌ ပြစ်မှား၍ မဟာပတာပမင်းဖြစ်သော ဒေဝဒတ်၏ မြေအမျိုခံရခြင်းကို ပြတော်မူရန် (ပဉ္စကနိပါတ်၊ ၁-မဏိကုဏ္ဍလဝဂ်) ၈-စူဠဓမ္မပါလဇာတ်ကို၎င်း ဟောတော်မူလေသည်။

     ရှင်ဒေဝဒတ်ကို မြေမျိုပြီးလတ်သော် လူအပေါင်းသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကာ တံခွန်လုံး, တံခွန်ပြား, ငှက်ပျောပင်ရှင်- စသည်များကို စိုက်ထားကြ၍ ရေပြည့်အိုးများကို တည်ထားကြလျက် “ငါတို့အဖို့ရာ အရတော်လေစွာ့”ဟု ကြီးစွာသော ပွဲသဘင်ကို ခံကြလေ၏။ ထိုအကြောင်းကို ရဟန်းတို့က မြတ်စွာဘုရားအား လျှောက်ထားကြသောအခါ မြတ်စွာဘုရားရှင်သည် “ရဟန်းတို့.. ယခုမှသာ ဒေဝဒတ် ကွယ်လွန်သောအခါ လူများအပေါင်း နှစ်သက်ကြသည်မဟုတ်သေး၊ ရှေးကလည်း နှစ်သက်ကြဘူးပြီ”ဟု မိန့်တော်မူ၍ လူအားလုံး မုန်း၍နေသည့် ဗာရာဏသီပြည် ပိင်္ဂလ မင်းဆိုး မင်းကြမ်း ကွယ်လွန်သောအခါ လူများအပေါင်း၏ နှစ်သက်ကြခြင်းကို ပြတော်မူရန် (သဗ္ဗော ဇနော ဟိံသိတော ပိင်္ဂလေန) အစရှိသော (ဒုကနိပါတ်၊ ၉-ဥပါဟနဝဂ်) ၁၀-မဟာပိင်္ဂလဇာတ်ကို ဟောတော်မူလေ၏။

     ရဟန်းတို့သည် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ယခုအခါ ဒေဝဒတ်သည် အဘယ်ဘဝ၌ ဖြစ်သနည်း”ဟု မေးလျှောက်ကြလေကုန်၏။ မြတ်စွာဘုရားရှင်က “ရဟန်းတို့.. ဒေဝဒတ်သည် အဝီစိငရဲကြီး၌ ဖြစ်ရလေပြီ”ဟု မိန့်တော်မူလျှင် တဖန် ရဟန်းတို့က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဒေဝဒတ်သည် ဤပစ္စုပ္ပန်ဘဝ၌ ပူပန်ဆင်းရဲစွာ လှည့်လည်ကျက်စား သွားလာရပြီးလျှင် တဖန် ဤဘဝမှ သွားပြန်ရသော အခါမှာလည်း ပူပန်ဆင်းရဲရသော ဘုံဌာန၌သာ ဖြစ်ရလေပြီ”ဟု လျှောက်ထားကြလေကုန်၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည်“အိမ်း.. ဟုတ်ပေသည် ရဟန်းတို့.. ရဟန်းတို့ပင် ဖြစ်ကုန်စေ, လူတို့သည်ပင် ဖြစ်ကုန်စေ ကုသိုလ်တရား၌ မေ့လျော့၍နေသူ မှန်သမျှတို့သည် ပစ္စုပ္ပန်, တမလွန်

၆၆၃

နှစ်တန်သော ဘဝ၌ပင် ပူပန်ဆင်းရဲကြရကုန်၏”ဟု မိန့်တော်မူ၍ ဤဆိုလတ္တံ့သော တရားဂါထာကို ဟောတော်မူလေ၏-

ဣဓ တပ္ပတိ ပေစ္စ တပ္ပတိ၊

ပါပကာရီ ဥဘယတ္ထ တပ္ပတိ။

ပါပံ မေ ကတန္တိ တပ္ပတိ၊

ဘိယျော တပ္ပတိ ဒုဂ္ဂတိံ ဂတော။

ဘိက္ခဝေ = ရဟန်းတို့။ ပါပကာရီ = မကောင်းမှုကို ပြုလေ့ရှိသောသူသည်။ ဣဓ = ပစ္စုပ္ပန္န ဤဘဝ၌။ တပ္ပတိ = ကံကြောင့် ပူပန်ခြင်းဖြင့် ဆင်းရဲပူပန်ရ၏။ ပေစ္စ = တမလွန်လောက ဟိုဘ၀၌။ တပ္ပတိ = အကျိုးဝိပါက်ကြောင့် ပူပန်ခြင်းဖြင့် ဆင်းရဲပူပန်ရ၏။ ဥဘယတ္ထ = ပစ္စုပ္ပန်, တမလွန် နှစ်တန်သော ဘဝ၌။ တပ္ပတိ = ဆင်းရဲပူပန်ရ၏။ “မေ = ငါသည်။ ပါပံ = မကောင်းမှုကို။ ကတံ = ပြုအပ်ပြီ”။ ဣတိ = ဤသို့ နှလုံးပိုက်၍။ တပ္ပတိ = ပစ္စုပ္ပန္န ဤဘဝ၌ ဆင်းရဲပူပန်ရ၏။ ဒုဂ္ဂတိံ ဂတော = အပါယ်ဘူမိ ဒုဂ္ဂတိသို့ ရောက်ရသည်ရှိသော်။ ဘိယျော = အတိုင်းထက်အလွန်။ တပ္ပတိ = အကျိုးဝိပါက်ကြောင့် ပူပန်ခြင်းဖြင့် ဆင်းရဲပူပန်ရ၏။

     တရားဒေသနာ ဂါထာနိဂုံး ဆုံးလတ်သောအခါ များစွာသော သတ္တဝါတို့သည် သောတာပန်အရိယာ-စသည် ဖြစ်ကြလေကုန်၏။ တရားဒေသနာသည် လူများအပေါင်းအဖို့ အကျိုးရသော တရားဒေသနာ ဖြစ်လေသတည်း။

ရှင်ဒေဝဒတ်အကြောင်း ပြီး၏။

ဤတွင် အခဏ်း ၃၆-ပြီး၏။

**********

၆၆၄

အခဏ်း-၃၇

အဇာတသတ်မင်းအကြောင်း

     အဇာတသတ်မင်း၏ အကြောင်းအရာကား ဤမင်းကို မမွေးဖွားမီကပင် ခမည်းတော် ဗိမ္ဗိသာရမင်းကြီး၏ ရန်သူဖြစ်သောကြောင့် အဇာတသတ္တု = အဇာတသတ်မင်းဟု ခေါ်တွင်လေသည်။ (အဇာတ = မမွေးဖွားမီကပင် + သတ္တု = ခမည်းတော်၏ ရန်သူဖြစ်သော မင်းသားဟု ဆိုလိုသည်)။ မမွေးဖွားမီကပင် ခမည်းတော်၏ ရန်သူဖြစ်လာပုံမှာ-

     ဗိမ္ဗိသာရမင်းကြီး၏ အဂ္ဂမဟေသီ ဝေဒေဟီမိဖုရားမှာ ထိုမင်းသား ပဋိသန္ဓေ တည်နေလျှင်ပင် “ငါသည် မင်းကြီး၏ လက်ျာလက်မောင်းသွေးကို သောက်မျိုရမူ ကောင်းလေစွာ့”ဟူ၍ တောင့်တမှု = ချင်ခြင်း ဖြစ်ရှိလေသည်။ မိဖုရားကြီးသည် “ဝန်လေးသောအရာ၌ ငါ၏ချင်ခြင်းကား ဖြစ်လေသည်၊ အခြားသူ တဦးတယောက်အားမျှ ပြောကြား၍ မသင့်လျော်”ဟု ဆင်ခြင်စဉ်းစားကာ ထိုချင်ခြင်းကို ထင်လင်းစွာ မပြောဆိုဝံ့ရကား ကြုံလှီညှိုးနွမ်းလျက် ရုပ်ပျက်ဆင်းပျက် ဖြစ်ရှိနေလေ၏။

     ထိုအခြင်းအရာကိုမြင်၍ ဗိမ္ဗိသာရမင်းကြီးသည် မိဖုရားကြီးကို “အဘယ် = မိဖုရားကြီး.. သင်၏ ခန္ဓာကိုယ် အတ္တဘောသည် နဂိုရ်ပကတိအဆင်း မဟုတ်ပဲတကား၊ အကြောင်း အသို့ရှိသနည်း”ဟု မေးလေ၏။ “မြတ်သောမင်းကြီး.. မေးတော်မမူပါလင့်”ဟု မိဖုရားကြီးက လျှောက်ဆိုလတ်သော် မင်းကြီးသည် “အဘယ် = မိဖုရားကြီး.. သင်သည် မိမိ၏ လိုလားချက်ကို ငါ့အားမျှ မပြောကြားလျှင် အခြားအဘယ်သူအား ပြောကြားမည်နည်း” ဤသို့ အစရှိသည်ဖြင့် အနည်းနည်း မေးမြန်းကာ မိဖုရားကြီး၌ဖြစ်ရှိသော ချင်ခြင်းကို ပြောကြားစေလေ၏။

     ထိုသို့ အနည်းနည်း မေးမြန်းသဖြင့် မိဖုရားကြီး၏ ချင်ခြင်းကို ကြားသိတော်မူရလျှင် ချစ်ခင်သောစိတ် လွှမ်းမိုးကာ “မိုက်လှစွာသော အဘယ် = မိဖုရား.. ဤကိစ္စ၌ အဘယ့်ကြောင့် သင့်မှာ

၆၆၅

ဝန်လေးလှ၏ဟူသော အမှတ်သညာ ဖြစ်ရသနည်း”ဟု မြည်တွန်တောက်တီးကာ ဆေးဆရာကို ခေါ်စေတော်မူ၍ ရွှေဓားငယ်ဖြင့် လက်ရုန်းတော်ကို ဖောက်စေပြီးလျှင် ရွှေခွက်ဖြင့် သွေးကိုခံယူလျက် ရေနှင့်ရော၍ မိဖုရားကြီးကို တိုက်လေ၏။

     နိမိတ်ဖတ်သော ဟူးရားဆရာတို့သည် ထိုသတင်းကို ကြားသိရလေလျှင် “ဤယခု မိဖုရားကြီး၌ စွဲတည်သော ကိုယ်ဝန်သည် မင်းတရားကြီး၏ ရန်သူစင်စစ် ဖြစ်လိမ့်မည်၊ ဤကိုယ်ဝန်မင်းသားသည် မင်းတရားကြီးကို သတ်လိမ့်မည်”ဟု နိမိတ်ဖတ်စကား ဟောကြားကြလေကုန်၏။ မိဖုရားကြီးသည် ထိုအကြောင်းကိုကြား၍ “ငါ၏ဝမ်းမှ ဖွားမြင်သောသားသည် မင်းကြီးကို သတ်လိမ့်မည်”ဟု စိုးရိမ်ခြင်းကြီးစွာ ဖြစ်ရှိကာ ကိုယ်ဝန်သားကို ချလိုသည့်အတွက် ဥယျာဉ်သို့သွား၍ ဝမ်းတိုက်ကို နှိပ်နင်းစေလေ၏၊ ကိုယ်ဝန်သားကား မကျချေ။ မိဖုရားကြီးသည် အခေါက်ခေါက်ပင် ဥယျာဉ်သို့သွား၍ ထို့အတူပင် ပြုစေလေသည်။ (ထိုဥယျာဉ်ကား နောက်အချိန်၌ မဒ္ဒကုစ္ဆိ = ကိုယ်ဝန်သားကို နှိပ်နင်းချရာ ဥယျာဉ်ဟူ၍ အမည်တွင်လေသည်)။

     ဗိမ္ဗိသာရမင်းကြီးသည် “အဘယ်အတွက် ဤမိဖုရားကြီးသည် ဥယျာဉ်သို့ မပြတ်မပြတ် သွားသနည်း”ဟု အကြောင်းကို စုံစမ်းလတ်သည်တွင် ထိုအကြောင်းကို ကြားသိရ၍ “အဘယ် = မိဖုရားကြီး.. ရှင်မိဖုရား၏ ဝမ်းတိုက်၌ သားဟူ၍၎င်း, သမီးဟူ၍၎င်း မသိအပ်သေးချေ။ ‘မိမိအား ဖြစ်လာသော သားသူငယ်ကို ဤသို့ပြုသတဲ့’ ဟူ၍လည်း ငါတို့အဖို့ရာ ကြီးစွာသော ဂုဏ်ကျေးဇူးမဲ့ မကောင်းသတင်း ဇမ္ဗူဒိပ်တဝှန်းလုံး၌ ထင်ရှားဖြစ်ပါလိမ့်မည်။ သင်မိဖုရားကြီးသည် ဤသို့ မပြုပါလင့်”ဟု တားမြစ်၍ အစောင့်အနေများကို ချထားလေသည်။ မိဖုရားကြီးသည် “ဖွားမြင်သောအခါမှ သတ်တော့မည်”ဟု ကြံစည်မိလေ၏။

     ထိုသို့ ဖွားမြင်သော အခါမှာလည်း အစောင့် မင်းချင်းများက သားသူငယ်ကို (မိဖုရားကြီး မသတ်နိုင်ရန်) လွတ်ရာသို့ ယူဆောင်ကြလေသည်။ ထို့နောက်မှ ကြီးပြင်းလာသော မင်းသားကို

၆၆၆

မိဖုရားကြီးအား ပြကြလေ၏။ မိဖုရားကြီးသည် မင်းသားကို မြင်လျှင်ပင် သား၌ချစ်ခြင်းကို ပြင်းထန်စွာ ဖြစ်စေလေတော့၏။ (သတ်လိုသောစိတ် အလျှင်းပင် မဖြစ်တော့ချေ)။ ထို့ကြောင့် မင်းသားကို မသတ်နိုင်ချေ။ ခမည်းတော် ဗိမ္ဗိသာရမင်းကြီးသည်လည်း အစဉ်သဖြင့် ကြီးပြင်းလာသော သားတော် အဇာတသတ် မင်းသားအား အိမ်ရှေ့ဥပရာဇာရာထူးကို ပေးတော်မူလေ၏။

(ဤမှနောက် ရှင်ဒေဝဒတ် တည်းဟူသော မိတ်မကောင်းနှင့် ပေါင်းသင်းမိကာ ခမည်းတော် မင်းတရားကြီးကို သတ်ဖြတ်၍ မင်းပြုသော အခဏ်းတိုင်အောင်သော အကြောင်းအရာများကို အောက် “ရှင်ဒေဝဒတ်အကြောင်း”၌ ဖော်ပြအပ်ပြီး ဖြစ်လေသည်၊ ထိုမှ ထုတ်ယူမှတ်သားကုန်ရာ၏)။

     အဇာတသတ်မင်းသည် ရှေး၌ ဖော်ပြအပ်ပြီးသောအတိုင်း ခမည်းတော် ဗိမ္ဗိသာရ မင်းတရားကြီးကို သတ်စေသောနေ့မှစ၍ “ငါအိပ်စက်တော့မည်”ဟု မျက်စိများကိုမှိတ်သော ခဏမှာပင် လှံမပေါင်း အရာဖြင့် ထိုးဆွအပ်သကဲ့သို့ အိပ်မက်ပမာ ဂတိနိမိတ်ထင်ကာ တဖျပ်ဖျပ် တုန်လှုပ်မြည်တမ်းလျက် မအိပ်စက်နိုင်ပဲ ရှိလေ၏။ (ဤအဇာတသတ်မင်း၏ ဖြစ်ရပ်ကို ထောက်သဖြင့် အကုသိုလ်ကြီးမားသူတို့မှာ သေခါနီးအချိန်မှ မဟုတ်၊ စောစီးစွာကပင် အပါယ်ဒုဂ္ဂတိနိမိတ် ထင်တတ်ကြောင်း သတိချပ်၍ မှတ်ယူရာ၏)။ ထိုသို့ မင်းကြီး တဖျပ်ဖျပ် တုန်လှုပ်မြည်တမ်း ဟစ်အော်သောအခါ အစောင့်မင်းချင်းတို့က “ဤအရာကား အဘယ်နည်း = ဘာဖြစ်သနည်း”ဟု မေးသောအခါ အဇာတသတ်မင်းသည် “တစုံတရာ ဘာမျှမဖြစ်ပါ” ဟူ၍သာ အဖြေပေးလေသည်။ ထိုသို့ အိပ်မည်ကြံလျှင် ဒုဂ္ဂတိနိမိတ်ထင်ကာ တဖျပ်ဖျပ် တုန်လှုပ်မြည်တမ်း ဟစ်အော်ရသောကြောင့် အဇာတသတ်မင်းသည် အိပ်ရမည်ကို မနှစ်သက်နိုင်ပဲ ရှိလေသည်။ သို့ရကား အိပ်ချင်ပြေအောင် ညစဉ်ညစဉ် အချိန်ကြာမြင့်စွာ ညီလာခံအစည်းအဝေး ကျင်းပလေ့ရှိသည်။ (ဤကား ဒီဋ္ဌ၊ ၁၊ စာမျက်နှာ ၁၂၈-မှ ထုတ်နုတ် ပြဆိုချက်တည်း)။

၆၆၇

     (ဧကကနိပါတ်၊ ၁၅-ကကဏ္ဍကဝဂ်) ၁၀-သဉ္ဇီဝဇာတ် အဋ္ဌကထာ၌ ဖွင့်ပြချက်ကို ဤ၌ ထုတ်ဆောင်ပြဆိုဦးအံ့-

     အဇာတသတ်မင်းသည် မြတ်စွာဘုရားရှင်တို့၏ ဆူးငြောင့်သဖွယ်ဖြစ်သော ရှင်ဒေဝဒတ် ဒုဿီလပုဂ္ဂိုလ်၌ ကြည်ညို၍ ထိုသူယုတ်မာ ဒေဝဒတ်ကို ချီးမြှောက်အားပေးကာ ထိုဒေဝဒတ်အား ပူဇော်သက္ကာရ ပြုပေအံ့ဟု ကြံစည်၍ များစွာသော ဥစ္စာကို စွန့်ကြဲလျက် ဂယာသီသအရပ်၌ ရှင်ဒေဝဒတ်အတွက် ကျောင်းတိုက်ကြီး တည်ဆောက်ပြီးလျှင် ထိုဒေဝဒတ်၏စကားကို လိုက်နာ၍ သောတာပန် အရိယာဖြစ်သည့် ခမည်းတော် မင်းတရားကြီးကို သတ်ခြင်းဖြင့် မိမိ၏ (ထိုဘဝရရှိမည့်) သောတာပတ္တိမဂ်၏ ဥပနိဿယ ကောင်းမှုကို ဖျက်ဆီး၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ခဲ့ရလေသည်။

     အဇာတသတ်မင်းသည် “ရှင်ဒေဝဒတ်ကို မြေမျိုပြီတဲ့”ဟူသော သတင်းစကားကို ကြားသိရလေလျှင် “ငါ့ကိုလည်း မြေမျိုလိမ့်မည်လား”ဟု ကြောက်ရွံ့ထိတ်လန့်ကာ မင်းစည်းစိမ်ကို မြိန်ရှက်စွာ မခံစားနိုင်တော့ချေ။ အိပ်စက်ရာ၌လည်း သက်သာမှု ချမ်းသာကို မရရှိချေ။ ထက်မြက်စူးရှသော သံတံကျင်ဖြင့် ထိုးဆွအပ်သော ဆင်ငယ်ကဲ့သို့ တဖျပ်ဖျပ် တုန်လှုပ်ချောက်ချားကာ သွားလာနေထိုင်ရလေ၏။ အဇာတသတ်မင်းသည် မြေကြီးကို ကွဲအံ့မည်ကဲ့သို့၎င်း, အဝီစိငရဲမီးလျှံများ ထွက်၍ ထွက်၍ လာသကဲ့သို့၎င်း, မြေကြီးက မိမိကို မျိုတော့အံ့ကဲ့သို့၎င်း, မိမိကို ငရဲထိန်းများက ရဲရဲတောက်လောင်သော သံမြေအပြင်၌ ပက်လက်အိပ်စေကာ သံတံကျင်တို့ဖြင့် ထိုးဆွအပ်သကဲ့သို့၎င်း စိတ်ထဲ၌ အမြဲတစေ ထင်၍ မြင်၍ နေလေ၏။ သို့ရကား ထိုအဇာတသတ်မင်းအဖို့ရာ ရိုက်နှက်ထားအပ်သော ကြက်ပမာ တဖျပ်ဖျပ် တုန်လှုပ်လျက် တမုဟုတ်လောက်မျှ ထောက်ရာတည်ရာကို မရနိုင်ချေ, ရပ်တည်၍ မနေနိုင်ချေ။

     ထို့ကြောင့်ပင် အဇာတသတ်မင်းသည် မြတ်စွာဘုရားရှင်ကို ဖူးမြင်လို, ကန်တော့လို, ပြဿနာ မေးလျှောက်လိုပါသော်လည်း

၆၆၈

မိမိ၏ အပြစ်က ကြီးလေးလှသဖြင့် မြတ်စွာဘုရားရှင် ထံတော်သို့ မဆည်းကပ်ဝံ့ပဲ ရှိလေ၏။

     ထို့နောက် ရာဇဂြိုဟ်ပြည်ဝယ် ကျတ္တိကာ နက္ခတ်ပွဲသဘင် ဆင်ယင်ကျင်းပသည့် တန်ဆောင်မုန်းလပြည့်နေ့ ညအခါ၌ တမြို့လုံး နတ်မြို့ကဲ့သို့ တန်ဆာဆင်ပြီးကာ မီးရှူးမီးလျှံများ တထိန်ထိန် ညှိထွန်းလျက် ပွဲလမ်းသဘင် ဆင်ယင်ကျင်းပချိန်တွင် ရွှေနန်းတော် ညီလာခံခန်းမဆောင်၌ အမတ်အပေါင်းခြံရံကာ ရွှေပလ္လင်ထက်၌ ထိုင်နေစဉ် အဇာတသတ်မင်း၏ စိတ်သန္တာန်ဝယ် မနီးမဝေး၌ ခစားထိုင်နေလျက်ရှိသော သမားတော် ဇီဝကအမတ်ကို မြင်လေလျှင် “ငါသည် ဆရာဇီဝကကို ရှေ့ဆောင်အဖြစ် ခေါ်ယူကာ မြတ်စွာဘုရားထံသို့ သွားပေအံ့၊ သို့သော် ‘အချင်းဇီဝက.. ငါသည် မိမိကိုယ်တိုင် ဘုရားထံမှောက်သို့ မသွားရောက်ဝံ့ချေ။ လာပါလော့၊ ငါ့ကို ဘုရားရှင် ထံတော်မှောက်သို့ အရောက်ပို့ဆောင်ပါလော့’ဟု အဖြောင့်အတိုင်း ပြောဆိုရန် မသင့်ချေ၊ ပရိယာယ်အားဖြင့် ညဉ့်၏ တင့်တယ်ပြည့်စုံပုံကို ချီးမွမ်းပြီးလျှင် ‘ဆည်းကပ်သော ငါတို့၏စိတ်ကို သဒ္ဓါကြည်ညို ဖြစ်စေနိုင်မည့် အဘယ်မည်သော သမဏ,ဗြာဟ္မဏခေါ်ဆို ပုဂ္ဂိုလ်သူမြတ်ထံသို့ ယနေ့ ငါတို့ ဆည်းကပ်ကြရပါမည်နည်း’ဟူ၍ ငါ ပြောဆိုပေအံ့၊ ထိုစကားကို ကြားကြလျှင် အမတ်တို့သည် မိမိ မိမိတို့၏ ဆရာများဂုဏ်ကျေးဇူးကို အသီးအသီး ပြောကြားကြလိမ့်မည်၊ ဆရာဇီဝကသည်လည်း မိမိ၏ဆရာ မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးကို ပြောကြားပေလိမ့်မည်၊ ထိုအခါမှ ဆရာဇီဝကကို ခေါ်ဆောင်၍ မြတ်စွာဘုရားထံ သွားရောက် ဆည်းကပ်မည်”ဟူ၍ အကြံအစည် ဖြစ်လေ၏။

     ထိုသို့ အကြံအစည်ဖြစ်ပြီးနောက် အဇာတသတ်မင်းသည်—

(က) အချင်းတို့.. ဆီးနှင်း, မြူ, တိမ်, အသူရိန်, မီးခိုး = ညစ်ညူးကြောင်းငါးမျိုးမှ ကင်းပသော ဤယနေ့ညသည် နှလုံးမွေ့လျော်ဖွယ် ရှိပါပေစွာ့။ (ခ) အချင်းတို့.. ဆီးနှင်း, မြူ, တိမ်, အသူရိန်, မီးခိုး = ညစ်ညူးကြောင်းငါးမျိုးမှ

၆၆၉

ကင်းပသော ဤယနေ့ညသည် အလွန်ကောင်းသော အဆင်းရှိပါပေစွာ့။ (ဂ) အချင်းတို့.. ဆီးနှင်း, မြူ, တိမ်, အသူရိန်, မီးခိုး = ညစ်ညူးကြောင်းငါးမျိုးမှ ကင်းပသော ဤယနေ့ညသည် ရှုချင်စဖွယ် ရှိပါပေစွာ့။ (ဃ) အချင်းတို့.. ဆီးနှင်း, မြူ, တိမ်, အသူရိန်, မီးခိုး = ညစ်ညူးကြောင်းငါးမျိုးမှ ကင်းပသော ဤယနေ့ညသည် စိတ်ကို ကြည်လင်စေပါပေစွာ့။ (င) အချင်းတို့.. ဆီးနှင်း, မြူ, တိမ်, အသူရိန်, မီးခိုး = ညစ်ညူးကြောင်းငါးမျိုးမှ ကင်းပသော ဤယနေ့ညသည် အလွန်ထင်ရှား အမှတ်အသား ဖြစ်သင့်ပါပေစွာ့-

ဟူ၍ ၅-ဝါကျဖြင့် တန်ဆောင်မုန်းလပြည့်နေ့ညကို ချီးပစကား ပြောကြားပြီးနောက် ဆက်၍ပင်-

ဆည်းကပ်ကြသော ငါတို့၏စိတ်ကို သဒ္ဓါကြည်ညို ဖြစ်စေနိုင်မည့် အဘယ်မည်သော သမဏ,ဗြာဟ္မဏခေါ်ဆို ပုဂ္ဂိုလ်သူမြတ်ထံသို့ ယနေ့ ငါတို့ ဆည်းကပ်ကြရပါမည်နည်း-

ဟူ၍ ပြောဆိုကာ ဆရာဇီဝကအား အရိပ်နိမိတ်ပြုလေသည်။ မှန်ပါသည်- အဇာတသတ်မင်းကား ရှေး၌ ဖော်ပြအပ်ပြီးသောအတိုင်း (က) မြတ်စွာဘုရား၏ အလုပ်အကျွေး သောတာပန်အရိယာ ဒကာရင်း (မိမိ၏) ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်ခဲ့ခြင်း, (ခ) မြတ်စွာဘုရားရှင်အပေါ်၌ များစွာသော အကျိုးမဲ့ကို ပြုလုပ်သူ ရှင်ဒေဝဒတ်အား အားပေးအားမြှောက် ပြုလုပ်ခဲ့ခြင်း = ဤအကြောင်းနှစ်ရပ်ကြောင့် အလွန်အပြစ်ကြီးသူ ဖြစ်ရကား ကိုယ်တိုင်ပင် ဘုရားထံသို့ မသွားဝံ့ချေ။ “ဆရာဇီဝကကား မြတ်စွာဘုရား၏ အလုပ်အကျွေး ကျောင်းဒကာအရင်း ဖြစ်လေသည်၊ သူ၏ကျောရိပ်မှ မှီခိုကာ ငါသည် မြတ်စွာဘုရားကို ဖူးမြော်ပေအံ့”ဟု ကြံစည်ကာ ဆရာဇီဝကအား အရိပ်နိမိတ်ပြုခြင်း ဖြစ်လေသည်။

     ဆရာဇီဝက-ကလည်း အဇာတသတ်မင်းက မိမိအား အရိပ်နိမိတ်ပြုသည် (ရည်ညွှန်း၍ ပြောသည်)ကို မသိမဟုတ် သိပါ၏၊

၆၇၀

သို့သော် ထိုပရိသတ် အစည်းအဝေး၌ တိတ္ထိဆရာကြီး ၆-ဦးတို့၏ တပည့်အများပင် ပါဝင်လျက် ရှိကြချေသည်၊ “ထိုသူတို့သည် မလိမ္မာသူဆရာတို့ထံ ဆည်းကပ်ကြသဖြင့် သူတို့ကိုယ်တိုင်လည်း မလိမ္မာ, အစည်းအဝေးသဘော စည်းကမ်းကို နားမလည်သူများ ဖြစ်ကြသည်။ ထိုသူများသည် ငါက မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးစကားကို ပြောကြားမည်ဟု စလျှင်ပင် အကြားအကြား ထ၍ထ၍ မိမိ မိမိတို့ ဆရာများ၏ ဂုဏ်ကျေးဇူးစကားကို ပြောကြားကြပေလိမ့်မည်၊ ဤသို့ ပြောကြားကြလျှင် ပြောဆိုသည့် ဘုရားရှင်၏ ဂုဏ်ကျေးဇူးစကားကား အဆုံးရောက်နိုင်တော့မည် မဟုတ်ချေ။ မင်းကြီးသည်ကား ဤအမတ်တို့၏ ကိုးကွယ်ရာ တိတ္ထိဆရာကြီး ခြောက်ဦးတို့ထံ ဆည်းကပ်သော်လည်း မှတ်ယူလိုက်နာဖွယ်ရာ တစုံတခု အနှစ်သာရ မရှိရကား ထိုအမတ်တို့ ပြောကြားချက်ကို နှစ်သက်တော်မမူပဲ ငါ့ကိုပင် တိုက်ရိုက် မေးတော်မူလိမ့်မည်။ ထိုအခါမှ ငါသည် အပြန့်အလွင့်မရှိ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးစကားကို ပြောကြား၍ မင်းကြီးကို ဘုရားရှင် ထံတော်မှောက်သို့ ခေါ်ဆောင်၍ သွားရတော့အံ့”ဟု လေးနက်စွာ ကြံစည် ဆင်ခြင်ပြီးလျှင် မင်းကြီးက မိမိအား အရိပ်နိမိတ်ပြသည် = ရည်ညွှန်း၍ ပြောကြားသည်ကို သိလျက်ပင် ပြန့်လွင့်မှုကို ဖြတ်တောက်ရန် စကားမပြော တုဏှီဘော ဆိတ်ဆိတ်သာ ထိုင်နေလေသည်။

     တိတ္ထိဆရာကြီး ခြောက်ဦးတို့၏ တပည့်အမတ်များသည်လည်း “ယနေ့ မင်းကြီးသည် တန်ဆောင်မုန်း လပြည့်နေ့ညကို ၅-ဝါကျတို့ဖြင့် ချီးမွမ်း၏၊ ဧကန်ပင် တဦးတယောက်သော သမဏ,ဗြာဟ္မဏခေါ်ဆို ပုဂ္ဂိုလ်သူမြတ်ထံ ချဉ်းကပ်၍ ပြဿနာကို မေးလျှောက်ပြီးလျှင် တရားနာယူလိုသည်ဖြစ်မည်၊ ဤမင်းကြီးသည် မိမိ တရားနာယူ၍ ကြည်ညိုအပ်သော ဆရာအား များစွာသော ပူဇော်သက္ကာရမှု ပြုပေလိမ့်မည်၊ အကြင်အမတ်၏ တိတ္ထိဆရာ ရဟန်းသည် မင်းဆရာဖြစ်၏၊ ထိုအမတ်အဖို့ရာ ကောင်းမြတ်သည့် မင်္ဂလာပင် ဖြစ်ချေတော့သည်”ဟု ကြံစည်ကြပြီးလျှင်

၆၇၁

“ငါသည် ငါ့ဆရာ၏ ကျေးဇူးစကားကို ပြောကြား၍ မင်းကြီးကို ငါ့ဆရာထံ ခေါ်ဆောင်၍ သွားပေအံ့”ဟု အသီးသီး ရည်ရွယ်ချက် ထားရှိကြပြီး အမတ်တယောက်က မိမိ၏ဆရာ ပူရဏကဿပ၏ ကျေးဇူးစကားကို ပြောကြားလေ၏။ အခြား အမတ်တယောက်က မိမိ၏ဆရာ မက္ခလိဂေါသာလ၏ ကျေးဇူးစကား, အခြားတယောက်က မိမိ၏ဆရာ အဇိတကေသကမ္ဗလ၏ ကျေးဇူးစကား, အခြားတယောက်က မိမိ၏ဆရာ ပကုဓကစ္စာယန၏ ကျေးဇူးစကား, အခြားတယောက်က မိမိ၏ဆရာ သိဉ္စည်းဆရာကြီး၏ ကျေးဇူးစကား, အခြား အမတ်တယောက်က မိမိ၏ဆရာ နိဂဏ္ဌနာဋပုတ္တ၏ ကျေးဇူးစကားကို ပြောကြားလေ၏။ ။(ထိုအမတ်ခြောက်ဦးတို့ မိမိတို့၏ ကိုးကွယ်ရာ တိတ္ထိဆရာကြီးများ၏ ကျေးဇူးစကား ပြောကြားပုံကို ပိဋကတ်တော် မြန်မာပြန် သီလက္ခန္ဓဝဂ်၊ ၂-သာမညဖလသုတ်မှ ထုတ်နုတ် မှတ်သားရာ၏)။

     အဇာတသတ်မင်းကား ရှေးကပင် ထိုတိတ္ထိဆရာကြီးတို့ကို မြင်ဘူးသူဖြစ်၏။ ထိုသို့မြင်ရစဉ် ထိုတိတ္ထိ ဆရာကြီးတို့ အသွင်အပြင်ကို မြင်ရသဖြင့်ပင် ကြည်ညိုရန်ဝေးစွာ့၊ နှလုံးမသာမယာပင် ဖြစ်ခဲ့လေသည်၊ ယခုသော်မူ ထိုအမတ်တို့စကားကို ကြားသိရသောအခါ ရွှေရောင်အဆင်း ဝါဝင်းလျက် ချိုမြိန်သော အရသာရှိသည့် သရက်သီးမှည့်ကို စားလိုသော ယောက်ျားသည် တဦးတယောက်က ယူဆောင်လာကာ မိမိ၏လက်၌ တင်ထားအပ်သော အလွန်ချဉ်စူးသည့် ကံပြင်းသီးကို မြင်ရသကဲ့သို့ ဈာန်အဘိညာဏ် အစရှိသော ဂုဏ်ကျေးဇူးနှင့် စပ်ယှဉ်သည့် လက္ခဏာရေးသုံးပါးသို့ ခိုက်ရောက်သော ချိုမြိန်လှစွာ တရားဒေသနာကို ကြားနာလိုပါလျက် (ရှေးကပင် တိတ္ထိဆရာတို့၏ အသွင်အပြင်ကို မြင်ရ၍ နှလုံးမသာမယာ ဖြစ်ရှိရသည့်အပေါ်ဝယ်) ယခုတဖန် ထိုတိတ္ထိဆရာတို့၏ ဂုဏ်ကျေးဇူးစကားကို ကြားသိရသောအခါ အလွန့်အလွန် နှလုံးမသာမယာ ဖြစ်ရှိကာ ဆိတ်ဆိတ်သာ နေလေ၏။

၆၇၂

     အဇာတသတ်မင်းသည် ထိုအမတ်တို့၏ စကားကို ကြားသိရ၍ နှလုံးမသာမယာ ဖြစ်ရှိသော်လည်း “ငါသည် အကယ်၍ ဤအမတ်များကို ခြိမ်းမောင်း၍ လည်ပင်းကို ဆွဲကိုင်ကာ ရွှေနန်းတော် ခန်းမဆောင်မှ နှင်ထုတ်စေလိုက်လျှင် ‘မင်းကြီးသည် ပြောတိုင်းသောသူများကို ဤသို့သာ ပြုတော်မူဘိသည်’ဟု ကြောက်ရွံ့ကာ အခြားသူများလည်း စကားတခွန်းမျှ ပြောဆိုဝံ့ကြတော့မည် မဟုတ်”ဟု ကြံစည်ဆင်ခြင်ပြီးလျှင် ထိုအမတ်တို့၏စကားကို မနှစ်သက်သော်လည်း တစုံတရာ အပြစ်တင်စကား မပြောကြားပဲ ဆိတ်ဆိတ်သာ နေလေသည်။

ဆရာဇီဝက၏ ရဲရဲတောက်စကား

     အဇာတသတ်မင်းသည် ထိုအမတ်တို့၏စကားကို ကြားရလေလျှင် “ငါ နားမထောင်လိုသော အမတ်များကသာ စကားဆိုကြ၏၊ ငါနားထောင်လိုသော ဆရာဇီဝကကား နဂါးဦးနှောက်ကို သောက်မျိုထားသော ဂဠုန်ငှက်မင်းကဲ့သို့ ဆိတ်ဆိတ်သာ နေဘိ၏။ ငါ့အား အကျိုးမရ ဖြစ်လေစွာ့”ဟု ကြံစည်ပြီးနောက် ဆက်၍တဖန် “ဆရာဇီဝကသည် ငြိမ်သက်တော်မူသော မြတ်စွာဘုရား၏ တပည့်အလုပ်အကျွေး ဒါယကာတဦး ဖြစ်လေသည်၊ သို့ရကား မိမိကိုယ်တိုင်လည်း ငြိမ်သက်သူ ဖြစ်လေသည်။ ထို့ကြောင့် ဝတ်အကျင့်နှင့် ပြည့်စုံသော ရဟန်းတော်တပါးကဲ့သို့ ဆိတ်ဆိတ်သာ နေထိုင်လေသည်၊ ဤဆရာဇီဝကသည် ငါက မမေးမြန်း မပြောဆိုလျှင် စကားပြောဆိုလိမ့်မည် မဟုတ်၊ ဆင်အနင်းခံရလျှင် ထိုနင်းသောဆင်၏ ခြေကိုသာ ဖက်ယူရမည် ဖြစ်လေသည်”ဟု ကြံစည်ပြီးလျှင် ဆရာဇီဝကနှင့် စကားနှီးနှော ပြောဆိုတိုင်ပင်လိုရကား-

“အချင်းဇီဝက.. သင်သည် အဘယ့်ကြောင့် ဆိတ်ဆိတ်နေဘိသနည်း။ ဤအမတ်များအဖို့ မိမိတို့ကိုးကွယ်ရာ ဆရာရဟန်းတို့၏ ဂုဏ်ကျေးဇူးကို ပြောဆိုကြရသည်မှာ ခံတွင်းမလောက်အောင်ပင် ရှိချေသည်၊ ဤအမတ်များမှာကဲ့သို့ သင့်မှာ ကိုးကွယ်ရာ ဆရာရဟန်း မရှိဘူးလော၊

၆၇၃

သင့်အား ငါ့ခမည်းတော်က ရာထူးစည်းစိမ်များ မပေးသနားသည့်အတွက် ဆင်းရဲသားတဦးဖြစ်ကာ ကိုးကွယ်ရာ ဆရာရဟန်း မရှိသလော၊ သို့မဟုတ် သဒ္ဓါတရား ခေါင်းပါးသူ ဖြစ်သည့်အတွက် ကိုးကွယ်ရာ ဆရာရဟန်း မရှိသလော”-

ဟူ၍ တိုက်ရိုက်ပင် မေးမြန်းလေ၏။

     ထိုအခါ ဆရာဇီဝကသည် “ဤမင်းကား ငါ့ကို ကိုးကွယ်ရာ ရဟန်းသူမြတ်၏ ဂုဏ်ကျေးဇူးစကားကို ပြောကြားစေလေပြီ၊ ယခုအချိန်ကား ငါ့အဖို့ရာ ဆိတ်ဆိတ်နေရန် အခါမဟုတ်တော့ပြီ၊ ဤတိတ္ထိဆရာတို့၏ တပည့်အမတ်များသည် မင်းကိုသာ ရှိခိုးလျက် ထိုင်နေရင်းကပင် မိမိ မိမိတို့၏ ကိုးကွယ်ရာ တိတ္ထိတို့၏ ဂုဏ်ကျေးဇူးများကို ပြောကြားကြသကဲ့သို့ ထိုအတူ ငါ့အဖို့ရာ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကို ပြောဆိုရန် မသင့်လျော်”ဟု ကြံစည်ပြီးလျှင် နေရာမှထ၍ မြတ်စွာဘုရားရှင် သီတင်းသုံး နေထိုင်တော်မူရာ “ဇီဝကသရက်ဥယျာဉ် ကျောင်းတိုက်”ဖက်သို့ မျက်နှာမူလျက် တည်ခြင်းငါးမျိုးဖြင့် ရှိခိုးဦးညွတ်ပြီးလျှင် ဦးခေါင်းထက်၌ လက်အုပ်ကို တင်ချီ၍-

“မြတ်သောမင်းကြီး.. သင်မင်းကြီးသည် အကျွန်ုပ်ကို ‘ဤဆရာဇီဝကကား ယံ ဝါ တံ ဝါ = တွေ့ကရာ ဖြစ်ကတတ်ဆန်း ရဟန်းအမည် ခံယူရုံမျှသောသူကို ကြည်ညိုဆည်းကပ်သူ’ဟူ၍ ကြံစည်အောက်မေ့တော် မမူပါလင့်၊ မှန်ပါပေသည်- အကျွန်ုပ်၏ ကိုးကွယ်ရာ မြတ်စွာဘုရားရှင်၏ မယ်တော်ဝမ်းတိုက်သို့ မြန်းသက်သောအခါ, မယ်တော်ဝမ်းတိုက်မှ ဖွားမြောက်သောအခါ, တောထွက်တော်မူသောအခါ, ဘုရားဖြစ်တော်မူသောအခါ, ဓမ္မစကြာတရား ဟောကြားတော်မူသော အခါများ၌ လောကဓာတ် စကြဝဠာပေါင်း တိုက်တသောင်း သိမ့်သိမ့်တုန်လှုပ်ခဲ့လေပြီ။ ဤနည်းဤပုံ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို

၆၇၄

ပြတော်မူ၏။ ဤနည်းဤပုံ တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းမှု ပြုတော်မူခဲ့၏၊ အကျွန်ုပ်သည် မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးများကို သင်မင်းကြီးအား စွမ်းအားရှိသမျှ တင်လျှောက်ပါမည်၊ တည်ကြည်သော စိတ်နှလုံးရှိ၍သာ (သမာဓိရှိရှိနှင့်သာ) နာယူတော်မူပါ အရှင်မင်းကြီး..(ဟူ၍ စကားပလ္လင်ခံပြီးလျှင်)-

သမ္မုတိနတ် အိုမင်းမြတ်.. ဘဂဝါဂုဏ်ရှင် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် (အကျွန်ုပ်၏ဆရာ) မြတ်စွာဘုရားသခင်သည် ယခုအခါ အကျွန်ုပ်တို့ လှူဒါန်းအပ်သည့် သရက်ဥယျာဉ် ကျောင်းတိုက်၌ ရဟန်းသံဃာပေါင်း (၁၂၅၀) တထောင်နှစ်ရာ့ငါးဆယ်တို့နှင့် အတူတကွ သီတင်းသုံး နေထိုင်တော်မူဆဲ ဖြစ်ပါသည်။

ထိုအကျွန်ုပ်၏ဆရာ မြတ်စွာဘုရားသည် လူ,နတ်,ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံထိုက်ကြောင်းဖြစ်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏဒဿန ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံ တော်မူသော အကြောင်းကြောင့် အရဟံဂုဏ်ရှင်လည်း ဖြစ်တော်မူပါပေ၏။ (ပေယျာလ)။ ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသောကြောင့် ဘဂဝါဂုဏ်ရှင်လည်း ဖြစ်တော်မူပါပေ၏၊ ဤကဲ့သို့ အကျွန်ုပ်၏ဆရာ မြတ်စွာဘုရား၏ ကောင်းမြတ်သော ကျေးဇူးသတင်း ကျော်စောခြင်းကား ဘဝဂ်မဆံ့ နှံ့၍တက်ပါ၏။

သမ္မုတိနတ်ရှင်မင်းမြတ်သည် ထိုအကျွန်ုပ်၏ဆရာ မြတ်စွာဘုရားကို ဆည်းကပ်တော်မူစေချင်ပါသည်၊ မြတ်စွာဘုရားရှင်ကို ဆည်းကပ်တော်မူလျှင် အရှင်မင်း၏စိတ်သည် ဧကန်ပင် ကြည်လင်ပါလိမ့်မည်”-

ဟု ရဲရဲတောက်စကား လျှောက်ထားလေ၏။

၆၇၅

ဘုရားဖူးသွားရန် ဆင်ယာဉ်တို့ကို ပြင်ဆင်ခြင်း

     မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးစကားကို ကြားနာရစဉ်ပင် အဇာတသတ်မင်း၏ တကိုယ်လုံးမှာ ပီတိငါးမျိုးဖြင့် အကြားမလပ် တွေ့ထိအပ်လေသည်။ သို့ရကား အဇာတသတ်မင်းသည် ထိုခဏမှာပင် ဘုရားဖူးသွားလိုရကား “ဤအချိန်၌ ဘုရားဖူးသွားလိုသော ငါ့အဖို့ရာ ဆရာဇီဝကကိုဖယ်၍ အခြားသူ တဦးတယောက်မျှ ယာဉ်များကို လျင်မြန်စွာ က-ဖို့ရန် စွမ်းနိုင်လိမ့်မည်မဟုတ်”ဟု ကြံစည်ပြီးလျှင် “အချင်းဇီဝက.. သွားပါတည့်ချေ၊ ဆင်ယာဉ်များကို ပြင်ဆင်စေပါလော့”ဟု စေခိုင်းလေ၏။

(ဤ၌။ ။မြင်းယာဉ်, ရထားယာဉ် အစရှိသော ယာဉ်အမျိုးမျိုးတို့ ရှိကြသော်လည်း ဆင်ယာဉ်သည် လောကပညတ် အမြတ်ဆုံးသော ယာဉ်ဖြစ်လေသည်။ “အမြတ်ဆုံးသော မြတ်စွာဘုရားရှင်၏ အထံသို့ အမြတ်ဆုံးသော ယာဉ်ဖြင့်သာ သွားသင့်၏” ဟူ၍၎င်း, မြင်းယာဉ် ရထားယာဉ်တို့ကား အသံမြည်ကုန်၏၊ အဝေးကပင် ထိုမြင်းယာဉ် ရထားယာဉ်တို့၏ အသံကို ကြားရ၏၊ ဆင်ယာဉ်မှာမူကား ဖဝါးခြေထပ် သွားစေကာမူ အသံကိုမကြားရချေ။ “ငြိမ်းအေး ငြိမ်သက်တော်မူသော မြတ်စွာဘုရားရှင်၏ အထံတော်သို့ ငြိမ်းအေး ငြိမ်သက်သော ယာဉ်တို့ဖြင့်သာ သွားသင့်၏” ဟူ၍၎င်း ကြံစည်မိ၍ အဇာတသတ်မင်းသည် ဆင်ယာဉ်တို့ကို အက-ခိုင်းခြင်းဖြစ်သည်)။

     ထိုအခါ ဆရာဇီဝကသည် “ကောင်းပါပြီ အရှင်မင်းကြီး..”ဟု ဝန်ခံစကား ပြောကြားပြီးလျှင် ဆင်မယာဉ်သာပေါင်း ငါးရာတို့နှင့်တကွ မဂ်လာ မင်းစီးဆင်တော်ကို ကကြိုးတန်းဆာ စုံလင်စွာ ဆင်ယင်စေလေသည်။ ဆင်ယင်စေပုံမှာ-

     ဆရာဇီဝကသည် အဇာတသတ်မင်းက “ဆင်မယာဉ်သာတို့ကို ပြင်ဆင်စေပါလော့”ဟု တိုက်ရိုက် မစေခိုင်းအပ်သော်လည်း ပညာရှိသူ ဖြစ်သောကြောင့် ဆင်မယာဉ်သာတို့ကို ကကြိုးတန်းဆာ စုံလင်စွာ ဆင်ယင်စေသည်။ ထိုသို့ ဆင်ယင်စေရာ၌ ဆရာဇီဝက၏ စိတ်သန္တာန်ဝယ် ကြံစည်ဆင်ခြင်မိသည်မှာ “မင်းကြီးသည် ဤညချမ်းအချိန်၌ ဘုရားဖူးသွားမည်ဟု ဆိုတော်မူ၏၊

၆၇၆

မင်းတို့မည်သည်ကား ရန်များလှ၏၊ အကယ်၍များ လမ်းခရီးအကြား၌ တစုံတရာ အန္တရာယ်ဖြစ်ခဲ့လျှင် ‘ဆရာဇီဝကသည် ငါ့စကားကို မင်းကြီး လိုက်နာသည်ဟု မစူးမစမ်း မဆင်မခြင်ပဲ အကာလ ညအခါ၌လည်း မင်းကြီးကို ခေါ်ဆောင်၍ ရွှေနန်းတော်မှ ထွက်ဘိ၏’ဟု ငါ့ကို လူအများ ကဲ့ရဲ့ကြပေလိမ့်မည်။ ဤမျှမကသေး ‘ရဟန်းဂေါတမသည် ငါ့စကားကို လူအများ လိုက်နာကြသည်ဟု အချိန်အခါကို မမှတ်မသား (စည်းကမ်းမထား) တရားဟောဘိ၏’ဟူ၍ မြတ်စွာဘုရားကိုလည်း လူအများ ကဲ့ရဲ့ကြပေလိမ့်မည်။ သို့ရကား ငါ့အားလည်း ကဲ့ရဲ့မှု မဖြစ်လေအောင် မြတ်စွာဘုရားရှင်အားလည်း ကဲ့ရဲ့မှု မဖြစ်လေအောင် မင်းကြီးအားလည်း အစောင့်အရှောက် ကောင်းစွာစီမံပြီး ဖြစ်လေအောင် ငါကြံဆောင် ပြုလုပ်ပေအံ့”ဟု ကြံစည်ဆင်ခြင်မိလေသည်။

     ထို့နောင်မှ ဆက်၍တဖန် “မိန်းမတို့ကို အမှီပြု၍ ယောက်ျားတို့အဖို့ရာ ကြောက်လန့်ခြင်းမည်သည် မရှိ၊ သို့ရကား မင်းမိန်းမအပေါင်း ခြံရံအပ်လျက် ချမ်းသာစွာ သွားစေမည်”ဟု ကြံစည် ဆင်ခြင်၍ ဆင်မယာဉ်သာ ငါးရာတို့ကို ကကြိုးတန်းဆာ စုံလင်စွာ ဆင်ယင်စေပြီးလျှင် နန်းတွင်းသူ မင်းမိန်းမ ငါးရာတို့ကို ယောက်ျားအသွင် ဝတ်ဆင်စေလျက် “အမိတို့သည် သန်လျက် လှံမများ ကိုယ်စီကိုယ်င လက်စွဲကြ၍ မင်းကြီးကို ဝန်းရံ၍ လိုက်ပါကြရမည်”ဟု ညွှန်ကြား ပြောဆိုလေသည်။

     တဖန်ဆက်၍ ဆရာဇီဝကသည် “ဤအဇာတသတ်မင်းအဖို့ရာ ပိတုဃာတက = အဖသတ်မှု အာနန္တရိယကံကြီး ထိုက်ပြီးသူ ဖြစ်သောကြောင့် ဤဘဝ ဤကိုယ်အဖြစ်၌ မဂ်ဖိုလ်တရားတို့၏ ဥပနိဿယ ကောင်းမှုထူး မရှိချေ။ ဘုရားရှင်တို့ကလည်း မဂ်ဖိုလ်၏ ဥပနိဿရည်းပစ္စည်း ကောင်းမှုကုသိုလ်ထူး (ရှိသူ)ကို မြင်မှသာလျှင် တရားဟောတော်မူကြမြဲ ဓမ္မတာဖြစ်သည်၊ ယခုပင် ငါသည် လူများအပေါင်းကို စည်းဝေးစေအံ့၊ ဤသို့ စည်းဝေးစေသည်ရှိသော် မြတ်စွာဘုရားသည် ထိုလူများအပေါင်းထဲမှ တဦးတယောက်သောသူ၏ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှု =

၆၇၇

ဥပနိဿယကြောင့် တရားဟောတော်မူလိမ့်မည်၊ ထိုတရားဒေသနာသည် လူများအပေါင်းအဖို့ရာ ကျေးဇူးများရန် ဖြစ်ပေလိမ့်မည်”ဟု ကြံစည်ပြီးလျှင် ထိုခဏခြင်းမှာပင် “မင်းကြီးသည် ယနေ့ပင် မြတ်စွာဘုရားရှင်ထံတော်သို့ တရားနာ သွားရောက်တော်မူတော့မည်၊ လူအားလုံးတို့သည် မိမိ၏ ရာထူးစည်းစိမ်အလျောက် မင်းကြီးအား စောင့်ရှောက် ဝန်းရံ လိုက်ပါကြရမည်”ဟု ထိုထိုမြို့တော် ရပ်ကွက်အနှံ့ သဝဏ်လွှာ သတင်းစကား ပို့သစေလေ၏။ စည်ကိုလည်း လည်စေလေ၏။

     ထိုအခါ လူများအပေါင်းသည် “ငါတို့အရှင်မင်းကြီးသည် မြတ်စွာ ဘုရားကို ဖူးမြော်ရန် သွားတော့မည်တဲ့၊ အချင်းတို့.. အဘယ်သို့သော တရားဟောမှုမျိုး ဖြစ်မှာပါလိမ့်၊ ငါတို့အဖို့ရာ နက္ခတ်သဘင် ပျော်ရွှင်မြူးထူးခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ မင်းကြီးအား မြတ်စွာဘုရား တရားဟောတော်မူမည့် ကျောင်းတိုက်တော်သို့သာ ငါတို့ လိုက်ပါသွားကြကုန်အံ့”ဟု ကြံစည်ကြ၍ လူအားလုံးပင် နံ့သာပန်းစသည်တို့ကို လက်စွဲ ကုန်လျက် မင်းကြီး လာရောက်မည်ကို မျှော်လင့်ကြကာ လမ်းခရီးက အသင့်ကြိုဆို စောင့်မျှော်လျက် ရှိကြကုန်၏။

     ဆရာဇီဝကသည်လည်း လုပ်ဆောင်ရန်ကိစ္စ အဝဝကို ပြီးပြေစေပြီးလျှင် အဇာတသတ်မင်းအား “အရှင်မင်းကြီး.. အရှင်မင်းကြီးအဖို့ရာ ဆင်ယာဉ်များကို ပြင်ဆင်၍ ပြီးပါပြီ၊ သွားရောက်ရန် အချိန်ကာလကို အရှင်မင်းကြီးပင် စဉ်းစားဆင်ခြင်တော်မူပါလော့”ဟု လျှောက်ထားလေ၏။

အဇာတသတ်မင်း ကြီးစွာသော မင်းခမ်းမင်းနားဖြင့်

ဘုရားဖူးထွက်ကြွခြင်း

     ထိုအခါ အဇာတသတ်မင်းသည် ဆင်မယာဉ်သာ ငါးရာတို့၌ ယောက်ျားအသွင် ဝတ်ဆင်ထားသော မင်းမိန်းမ တယောက်စီ တယောက်စီ တင်ပြီးလျှင် ကိုယ်တိုင်ကမူ မင်္ဂလာစီးတော်ဆင်ကို တက်စီးလျက် မီးရှူးမီးတိုင်တို့ကို အပြိုင်အပြိုင် ထွန်းဆောင်စေပြီးလျှင် ကြီးစွာသော မင်းခမ်းမင်းနားဖြင့် ရာဇဂြိုဟ်ပြည်မှ

၆၇၈

ထွက်ကြွ၍ မြတ်စွာဘုရားရှင် သီတင်းသုံး နေထိုင်တော်မူရာ ဆရာဇီဝက၏ သရက်ဥယျာဉ် ကျောင်းတိုက်သို့ သွားရောက်လေ၏။

(ဤ၌။ ။“ကြီးစွာသော မင်းခမ်းမင်းနားဖြင့်” ဟူရာဝယ် အဇာတသတ်မင်းကား ယူဇနာသုံးရာ အကျယ်အဝန်းရှိသော အင်္ဂတိုင်း, မဂဓတိုင်း = ဤတိုင်းကြီးနှစ်တိုင်းကို အစိုးရသူ ဖြစ်လေသည်၊ ထိုမျှ အစိုးရခြင်း ကြက်သရေအစုနှင့် ပြည့်စုံသော အဇာတသတ်မင်းအဖို့ရာ “ဤမည်သောနေ့၌ မင်းကြီးသည် မြတ်စွာဘုရားရှင်တော်ထံသို့ အဖူးအမြော် သွားရောက်လိမ့်မည်”ဟု စောစီးစွာ ကြိုတင်၍ စီစဉ်ရာထားချက် မရှိသော်လည်း ထိုခဏခြင်းမှာပင် မင်းမိန်းမပေါင်း ငါးရာတို့သည် (ဆရာဇီဝက၏ အစီအမံအတိုင်း) ယောက်ျားအသွင် ဝတ်ဆင် ပေါင်းထုပ်ကြ၍ သန်လျက်ကိုယ်စီ ပခုံး၌လွယ်ကြလျက် ပတ္တမြားကျောက်မြတ် အရိုးတပ်သော လှံမတို့ကို စွဲကိုင်ကြကာ အသင့်ထွက်၍ လာကြကုန်၏။

ထို့ပြင် မင်းသမီး ကခြေသည်ပေါင်း တသောင်းခြောက်ထောင်တို့သည်လည်း မင်းကြီးကို ခြံရံ၍ လိုက်ပါကြကုန်၏။ ထိုကခြေသည်တို့၏ အစွန်အဖျားမှ ထိုကခြေသည်တို့၏ အပြုအစု အလုပ်အကျွေးဖြစ်သော မိန်းမကြီးများ ခြေလျင် လိုက်ပါကြလေသည်။

ထိုမိန်းမကြီးများ၏ အစွန်အဖျားမှ ရွှေနန်းတော်စောင့် မိန်းမစိုးများ၊ ထိုမိန်းမစိုးများ၏ အစွန်အဖျား (နောက်)မှ အဝတ်အဆင် အသွင်အမျိုးမျိုးတို့ဖြင့် ဆန်းကြယ် တင့်တယ်လှသော အမတ်ပေါင်း ခြောက်သောင်းတို့ ခြေလျင် လိုက်ပါကြလေသည်။

ထိုအမတ်တို့၏ အစွန်အဖျား (နောက်)မှ အဆင်တန်ဆာအမျိုးမျိုး တန်းဆာဆင်ကြလျက် လက်နက်အမျိုးမျိုး စွဲကိုင်ကြကာ ဝိဇ္ဇာဓိုရ်လုလင်ပျိုများကဲ့သို့ (၉ဝဝဝဝ) ကိုးသောင်းမျှသော တိုင်းကြပ်မင်းသားတို့ ခြေလျင် လိုက်ပါကြလေသည်။

ထိုမင်းသားတို့၏ အစွန်အဖျား (နောက်)မှ တရာတန် ခါးဝတ်ပုဆိုးများကို ဝတ်ကြ၍ ငါးရာတန် အပေါ်ရုံ စုလျားတဘက်တို့ကို လက်ဝဲပခုံး၌ စံပယ်တင်ကြကာ ရေမိုးချိုးပြီး နံ့သာလိမ်းပြီး ရွှေပန်းစသည် ဆင်ယင်ပြီးကြသည့် ပုဏ္ဏားတော်ပေါင်း တသောင်းတို့သည် လက်ျာလက်ကို မြှောက်ချီကြ၍ “ဇယတု မဟာရာဇာ- အရှင်မင်းကြီးသည် ဘေးရန်အပေါင်းတို့ကို အောင်တော်မူပါစေ” အစရှိသည်ဖြင့် အောင်မင်္ဂလာ ကြွေးကြော်သံကို ကြွေးကြော်ကြကာ ခြေလျင်ပင် လိုက်ပါကြလေသည်။

၆၇၉

ထိုပုဏ္ဏားတော်တို့၏ အစွန်အဖျား (နောက်)မှ တူရိယာငါးမျိုး၊ ထိုတူရိယာငါးမျိုးတို့နောက်မှ လေးတော်သားများ၊ ထိုလေးတော်သားတို့နောက်မှ ဆင်တပ်၊ ထို့နောက်မှ လည်ချင်းစပ်မျှ မြင်းတပ်ကြီး၊ ထို့နောက်မှ အကြားမလပ် ရထားတပ်ကြီး၊ ထို့နောက်မှ လက်ရုံးချင်း ထိစပ်သည့် ခြေလျင်တပ်ကြီး၊ ထို့နောက်မှ ရာထူးအလိုက် အဆင်တန်းဆာအမျိုးမျိုး ဝတ်ဆင်ထားကြသည့် (၁၈) တဆယ့်ရှစ်သင်းတို့ ခြေလျင် လိုက်ပါကြလေသည်။

ဤသို့လျှင် ပရိသတ်အစွန်အဖျားမှ ပစ်ခတ်လိုက်ကြသော မြှားသည် မင်းကြီးထံသို့ မရောက်နိုင်အောင် ဆရာဇီဝကသည် မင်းပရိသတ်ကို စီမံခန့်ခွဲ၍ ကိုယ်တိုင်ကမူ “တစုံတရာ ဘေးရန်ပေါ်ပေါက်ခဲ့သော် လက်ဦးအောင် မင်းကြီးအား အသက်ချမ်းသာရေး ငါပေးမည်”ဟု ရည်ရွယ်စိတ်ထားကာ မင်းကြီး၏အနီးမှ သတိကြီးစွာဖြင့် လိုက်ပါလေသည်။

မီးရှူးမီးတိုင်တို့အတွက်မှာမူ ရာပေါင်းဤမျှ ထောင်ပေါင်းဤမျှဟု ပိုင်းခြား၍ မရနိုင်ချေ။ ဤမင်းခမ်းမင်းနားဖြင့် အဇာတသတ်မင်းသည် ဘုရားကျောင်းတော်သို့ သွားရောက်လေသည်)။

အဇာတသတ်မင်း ကြောက်ရွံ့ခြင်း

     မြို့တော်မှထွက်၍ သရက်တောဥယျာဉ် ကျောင်းတိုက်အနီးသို့ ရောက်သောအခါ အဇာတသတ်မင်းမှာ ကြောက်ခြင်း, ကိုယ်တုန်လှုပ်ခြင်း, ကြက်သီးမွေးညှင်းထခြင်းတို့ ပြင်းထန်စွာ ဖြစ်ရှိလာလေသည်။ ထင်ရှားစေဦးအံ့-

     အဇာတသတ်မင်းသည် အသံတိတ်ဆိတ်မှုကို အကြောင်းပြု၍ ဆရာဇီဝက၏အပေါ်၌ ယုံမှားသံသယဖြစ်ကာ ပြင်းထန်စွာ ကြောက်လန့်လေသည်၊ မှန်၏- ဆရာဇီဝကသည် ရွှေနန်းတော်ထက်မှာ နေစဉ်ကပင် “မြတ်သောမင်းကြီး.. မြတ်စွာဘုရားသည် အသံတိတ်သည်ကို အလိုရှိတော်မူ၏။ အသံတိတ်ဆိတ်စွာဖြင့်ပင် မြတ်စွာဘုရားကို ဆည်းကပ်ရပါလိမ့်မည်”ဟု လျှောက်ထားခဲ့လေသည်၊ ထို့ကြောင့် အဇာတသတ်မင်းသည် တူရိယာ တီးမှုတ်သံများကို တားမြစ်ထားတော်မူ၏။ တူရိယာများကို သက်ဆိုင်ရာ အမှုထမ်းတို့က ကိုင်ရုံသာကိုင်၍ လိုက်ပါကြ ရလေသည်။ စကားကိုလည်း ကျယ်လောင်စွာ မပြောကြရပဲ လက်ဖြောက်အမှတ်ဖြင့်သာ

၆၈၀

အားလုံး သွားကြရလေသည်။ သရက်တောဥယျာဉ် ကျောင်းတိုက်ကြီး၌လည်း ရဟန်းတပါးပါး၏ ချေဆတ်သံကိုမျှ မကြားရချေ။ မင်းတို့မည်သည် အသံရှိမှ မွေ့လျော် ပျော်ပိုက်တတ်သူများ ဖြစ်ကြလေသည်။

     အဇာတသတ်မင်းသည် ထိုဖော်ပြရာပါ အသံတိတ်ဆိတ်မှုကို အကြောင်းပြု၍ ပျင်းရိ ငြီးငွေ့လာကာ ဆရာဇီဝကအပေါ်၌လည်း ဤဆိုလတ္တံ့သောအတိုင်း ယုံမှားသံသယ ဖြစ်ရှိ၍လာလေသည်။ ဖြစ်ရှိပုံမှာ- ဤဆရာဇီဝကသည် “အကျွန်ုပ် လှူဒါန်းထားသော သရက်တောဥယျာဉ် ကျောင်းတိုက်ကြီး၌ ရဟန်းတော်ပေါင်း (၁၂၅၀) တထောင်နှစ်ရာ့ငါးဆယ် ရှိကြပါသည်”ဟု ဆို၏။ ထိုသို့ပင် သူဆိုသော်လည်း ဤသရက်တော ကျောင်းတိုက်ကြီးအတွင်းမှာ ချေဆတ်သံကလေးကိုမျှ မကြားရချေ။ သူပြောသည့်အတိုင်း ဟုတ်မည်မထင်၊ ဤဆရာဇီဝကသည် လိမ်လည်လှည့်ဖြား၍ ငါ့ကို မြို့မှထုတ်ပြီးလျှင် စစ်သည်ဗိုလ်ပါကို ရှေ့ကထားလျက် ငါ့ကိုဖမ်းယူကာ ကိုယ်တိုင်က ထီးဖြူစိုက်ထူကာ မင်းပြုလိုသည်ထင်၏၊ မှန်ပေသည်- ဤဆရာဇီဝကသည် ဆင်ပြောင်းငါးစီးအားကို ဆောင်သူဖြစ်ချေသည်၊ အနီးအပါးမှာလည်း တရစ်ဝဲဝဲသွားလျက် ရှိချေသည်၊ ငါ့အနီးမှာလည်း လက်နက်ဆွဲကိုင်သော မင်းချင်းယောက်ျား တယောက်မျှ မရှိချေ၊ ဩ.. ငါ့အဖို့ရာ လွန်စွာ အကျိုးမဲ့စွာ့တကား”ဟု ဆရာဇီဝကအပေါ်၌ ယုံမှားသံသယ ဖြစ်ရှိကာ လွန်စွာ ကြောက်လန့်လာလေသည်။

     အဇာတသတ်မင်းသည် ဤသို့ ကြောက်လန့်ပြီးလျှင် မကြောက်သည့်အယောင် ရာဇဣန္ဒြေဖြင့်မျှ ဟန်မဆောင်နိုင်တော့ပဲ မိမိ၏ ကြောက်ရွံ့သောအဖြစ်ကို ဆရာဇီဝကအား ထင်ရှားဖော်ပြလျက်-

“အချင်းဇီဝက.. ငါ့ကို မလှည့်ပတ်သည် မှန်၏လော၊ အချင်းဇီဝက.. ငါ့ကို မဖြားယောင်းသည် မှန်၏လော၊ အချင်းဇီဝက.. ငါ့ကို ရန်သူတို့အား မအပ်နှင်းသည် မှန်၏လော၊ ထိုသို့စင် တထောင်နှစ်ရာငါးကျိပ်ရှိ၍

၆၈၁

များလှဘိသော ရဟန်းအပေါင်း၏ ချေဆတ်သံ ချောင်းဟန့်သံ စကားပြောသံသည် အဘယ့်ကြောင့် မဖြစ်ဘိသနည်း”-

ဟု ဆရာဇီဝကကို မေးမြန်းလေ၏။

     ထိုအခါ ဆရာဇီဝကသည် အဇာတသတ်မင်းကို-

“မင်းကြီး.. ကြောက်တော်မမူပါလင့်၊ မင်းကြီး.. ကြောက်တော်မမူပါလင့်၊ မင်းမြတ်.. သင့်ကို မလှည့်ပတ်ပါ၊ မင်းမြတ်.. သင့်ကို မဖြားယောင်းပါ၊ မင်းမြတ်.. သင့်ကို ရန်သူတို့အား မအပ်နှင်းပါ။ မင်းကြီး.. ရှေ့သို့ ကြွတော်မူပါလော့၊ မင်းကြီး.. ရှေ့သို့ ကြွတော်မူပါလော့၊ တန်ဆောင်းဝန်းအတွင်းမှာ ဤဆီမီးများ တညီးညီးတောက်ပလျက် ရှိပါကုန်သည်”-

ဟူ၍ အားပေးစကား လျှောက်ထားလေ၏။

(ဤ၌။ ။ဆရာဇီဝကသည် “ဤမင်းကြီးကား ငါ့ကို ဤဆရာဇီဝကသည် သူတပါးအသက်ကို မသတ်သူဖြစ်၏”ဟူ၍ မသိရှာချေ၊ အကယ်၍ ငါသည် ဤမင်းကြီးကို သက်သာအောင် မပြောဆိုလျှင် ဤမင်းကြီးသည် ဤနေရာမှာပင် ပျက်စီးရှာတော့မည်”ဟု ကြံစည်ပြီးလျှင် အခိုင်အမာ သက်သာဖွယ်စကား ပြောကြားလို၍ “မင်းကြီး.. ကြောက်တော်မမူပါလင့်”ဟု နှစ်ကြိမ်တိုင် ထပ်ဆင့်၍ ပြောပြီးမှ “မင်းမြတ်.. သင့်ကို မလှည့်ပတ်ပါ”-စသော သုံးဝါကျကို ပြောဆို သက်သာစေလေသည်။

ထို့နောင်မှ ခိုင်မာစေရန် “မင်းကြီး.. ရှေ့သို့ ကြွတော်မူပါလော့”ဟူသော စကားပိုဒ်ကို နှစ်ကြိမ်တိုင်တိုင် ပြောဆိုပြီးလျှင် “မင်းကြီး.. လူဆိုးသူခိုး ဂိုဏ်းအဖွဲ့မည်သည် ဆီမီးညှိထွန်း၍ မတည်နေပါ၊ လူဆိုးသူခိုး ဂိုဏ်းအဖွဲ့ မဟုတ်၍သာ တန်ဆောင်းဝန်းအတွင်းမှာ ဆီမီးများ တညီးညီး တောက်ပလျက် ရှိပါကုန်သည်၊ မင်းကြီး.. ထိုဆီမီး ထွန်းညှိထားသော အမှတ်ဖြင့်ပင် သူတော်ကောင်းတို့နေရာဟူ၍ စိတ်ချယုံကြည်စွာ ကြွဝင်တော်မူပါ”ဟူသော အဓိပ္ပါယ်ဖြင့် “တန်ဆောင်းဝန်းအတွင်းမှာ ဤဆီမီးများ တညီးညီး တောက်ပလျက် ရှိပါကုန်သည်”ဟု လျှောက်ထားလေသည်။ အဓိပ္ပါယ်အလိုဆန္ဒ နဲနက်ပါပေစွာ့၊

သံခေပေနေဝ ဘာသန္တိ၊ သာဓိပ္ပါယံ ဟိ ပဏ္ဍိတာ။

ဂမ္ဘိရံ နိပုဏံ ဝါကျံ၊ သာယံ ပဏ္ဍိတဓမ္မတာ။ ။

၆၈၂

အဇာတသတ်မင်း

ရဟန်းပြုရခြင်း၏အကျိုးကို မေးလျှောက်ခြင်း

     ထိုအခါ အဇာတသတ်မင်းသည် ဆင်ဖြင့်သွားနိုင်သမျှသော အရပ်ကို ဆင်ဖြင့်ပင် သွား၍ ကျောင်းတိုက်၏ တံခါးမုခ်အပြင်သို့ ရောက်လျှင် ဆင်မှဆင်းသက်၍ မြေ၌ ခြေချမိလျှင်ပင် မြတ်စွာဘုရားရှင်၏ တန်ခိုးအရှိန်အဝါသည် အဇာတသတ်မင်း၏ ကိုယ်အလုံးကို ပြန့်နှံ့ရိုက်ခတ်လေတော့၏။ ထိုအခါ အဇာတသတ်မင်း၏ တကိုယ်လုံးမှ ချွေးပေါက်ချွေးသီးများ တဒီးဒီးယိုစီး၍ ကျသည်မှာ ဝတ်လဲတော်များကို လဲရလုမတတ်ပင် ဖြစ်လေသည်။ မိမိ၏ (ခမည်းတော်ကို သတ်ခဲ့သော) အပြစ်ကို အမှတ်ရကာ သည်းထန်စွာ ကြောက်ရွံ့လာလေ၏။ သို့ရကား အဇာတသတ်မင်းသည် မြတ်စွာဘုရားထံတော်သို့ တိုက်ရိုက် ဖြောင့်ဖြောင့် မသွားပဲ ဆရာဇီဝကကို လက်၌ဆွဲ၍ ကျောင်းစဉ်လှည့်လည်ကာ လှည့်ပတ် ကြည့်ရှုသောသူကဲ့သို့ “အချင်းဇီဝက.. သင်သည် ဤအဆောက်အဦကို ကောင်းစွာ ဆောက်လုပ်စေအပ်ပါပေသည်၊ ဤအဆောက်အဦကို ကောင်းစွာ ဆောက်လုပ်စေအပ်ပါပေသည်”ဟု ကျောင်းတိုက်ကြီး၏ ကျေးဇူးကို ပြောကြားလျက် အစဉ်သဖြင့် လာခဲ့ရာ ညီမူရာ တန်ဆောင်းဝန်း (တရားခန်းမဆောင်) တံခါးဝသို့ ဆိုက်ရောက်သောအခါ အဇာတသတ်မင်းသည် ဆရာဇီဝကကို “အချင်းဇီဝက.. မြတ်စွာဘုရားရှင် အဘယ်မှာနည်း”ဟု မင်း၏ စံပယ်ခြင်းဖြင့် မေးမြန်းလေ၏။ မှန်၏- သိပါလျက်လည်း မသိဟန်မူ၍ မေးမြန်းခြင်းသည် မင်းမျိုးတို့၏ အဓလေ့ ပြကတေ့ ဖြစ်သည်။

     ထိုစကားကို ကြားရလေလျှင် ဆရာဇီဝကသည် “ဤမင်းကား မြေကြီး၌ ရပ်တည်ပြီးလျှင် ‘မြေကြီးအဘယ်မှာနည်း’ဟု မေးသောသူကဲ့သို့၎င်း, ကောင်းကင်ကို မော့ကြည့်ပြီးလျှင် ‘လ,နေတို့ အဘယ်မှာနည်း’ဟု မေးသောသူကဲ့သို့၎င်း, မြင်းမိုရ်တောင်ခြေ၌ ရပ်တည်ပြီးလျှင် ‘မြင်းမိုရ်တောင် အဘယ်မှာနည်း’ဟု မေးသောသူကဲ့သို့၎င်း မြတ်စွာဘုရားရှင်၏ ရှေ့တော်မှောက်၌ ရပ်တည်ပြီးလျှင် ‘မြတ်စွာဘုရားရှင် အဘယ်မှာနည်း’ဟု မေးဘိ၏။ ယခုပင်

၆၈၃

ငါသည် ထိုမင်းအား မြတ်စွာဘုရားရှင်ကို ပြပေအံ့”ဟု ကြံစည်ပြီးလျှင် မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီညွတ်လျက် “မင်းကြီး.. အလယ်တိုင်ကိုမှီ၍ အရှေ့အရပ်သို့ မျက်နှာမူလျက် ရဟန်းသံဃာ၏ရှေ့၌ ထိုင်နေသော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားပါတည်း”ဟု ဖြေကြားလျှောက်ဆိုလေ၏။

     ထိုအခါ အဇာတသတ်မင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုး၍ တခုသောနေရာ၌ ရပ်တည်ပြီးသော် အလွန်ကြည်လင်လှသော ရေအိုင်ကြီးပမာ ငြိမ်သက်သော ဣန္ဒြေနှင့် ပြည့်စုံလျက် ထိုမျှ ခမ်းနားကြီးကျယ်လှစွာသော မင်းပရိသတ်နှင့်တကွ မင်းကို တချက်မျှ ဣန္ဒြေအပျက်ခံကာ မကြည့်ရှုပဲ မြတ်စွာဘုရားရှင်ကိုသာ တည်ငြိမ်စွာ ကြည့်ရှုလျက် ချောင်းညံ့ခြင်း, ချေဆတ်ခြင်း အလျှင်းမရှိပဲ အလွန်တိတ်ဆိတ်သော ရဟန်းသံဃာကို အဖန်ဖန်ကြည့်ရှု၍-

“ယခုအခါ ရဟန်းသံဃာသည် အကြင် ငြိမ်သက်ခြင်းနှင့် ပြည့်စုံ၏၊ ငါ၏(သား) ဥဒယဘဒ္ဒမင်းသားသည် ဤငြိမ်သက်ခြင်းနှင့် ပြည့်စုံပါစေသတည်း”-

ဟူ၍ ဥဒါန်းကျူးရင့်လေ၏။

(ဤ၌။ ။အဇာတသတ်မင်းသည် “ငါ့သား ဥဒယဘဒ္ဒမင်းသားသည် ဤရဟန်းများကဲ့သို့ ရှင်ရဟန်းပြုပြီးလျှင် ငြိမ်သက်သူဖြစ်ပါမူ ကောင်းလေစွာ့”ဟူသော ဤအဓိပ္ပါယ်ကိုရည်၍ ဤသို့ ဥဒါန်းကျူးရင့်သည် မဟုတ်၊ စင်စစ်သော်ကား ဤအဇာတသတ်မင်းသည် ရဟန်းသံဃာကို ဖူးမြင်ရလေလျှင် စိတ်အလွန်ကြည်လင်၍ မိမိ၏သား ဥဒယဘဒ္ဒမင်းသားကို အမှတ်ရလာလေသည်။ မှန်သည်- ရခဲသောဝတ္ထုကို ရလျှင်၎င်း, အံ့ဖွယ်ကို မြင်ရသော်၎င်း မိမိ ချစ်ခင်အပ်သော ဆွေမျိုးမိတ်သင်္ဂဟ စသည်ကို အမှတ်ရခြင်းသည် လောက၏ ပြကတေ့ ဓမ္မတာ ဖြစ်လေသည်။ ဤသို့လျှင် အဇာတသတ်မင်းသည် ရဟန်းသံဃာကို မြင်ရလေလျှင် ချစ်လှစွာသောသားကို အမှတ်ရ၍ ဤသို့ ဥဒါန်းကျူးရင့်ခြင်းဖြစ်သည်။ (သားကို ရှင်ရဟန်းပြုစေလို၍ မဟုတ်)။

၆၈၄

တနည်းအားဖြင့် သားပေါ်၌ စိတ်မချသဖြင့် ထိုသား၏ ငြိမ်သက်ခြင်းကို အလိုရှိသည် ဖြစ်၍လည်း ဤအဇာတသတ်မင်းသည် ဤသို့ ဥဒါန်းကျူးရင့်လေသည်။ ချဲ့ဦးအံ့- အဇာတသတ်မင်း၏ စိတ်သန္တာန်၌ “ငါ၏သားတော် ဥဒယဘဒ္ဒမင်းသားသည် တနေ့နေ့တွင် ‘ကျွန်ုပ်၏ ခမည်းတော်သည် အသက်အရွယ် ငယ်သေး၏၊ ငါ့အဖိုး အဘယ်မှာနည်း’ဟု မေးလိမ့်မည်၊ ထိုအခါ ငါ့သား ဥဒယဘဒ္ဒမင်းသားသည် ‘မောင့်ဖခမည်းတော်က မောင့်အဖိုးကို သတ်အပ်ချေပြီ’ဟူသော စကားကို တနည်းနည်းဖြင့် ကြားသိရလေလျှင် ‘ငါသည်လည်း ခမည်းတော်ကိုသတ်၍ တနေ့တွင် မင်းပြုအံ့’ဟု ကြံစည် အောက်မေ့လိမ့်မည်” ဤကဲ့သို့ သားအပေါ်၌ စိတ်မချသဖြင့် ထိုသား၏ ငြိမ်သက်ခြင်းကို အလိုရှိသည် ဖြစ်၍လည်း ဤအဇာတသတ်မင်းသည် ဤသို့ ဥဒါန်းကျူးရင့်လေသည်။

ဆက်ဦးအံ့- ဤအဇာတသတ်မင်းက သားအပေါ်၌ စိတ်မချကာ ဤသို့ ဥဒါန်းကျူးရင့်သော်လည်း ထိုအဇာတသတ်မင်းကို သားဖြစ်သူ ဥဒယဘဒ္ဒမင်းသားကမူ သတ်လိမ့်မည်သာဖြစ်၏။ ထင်ရှားစေဦးအံ့- ထိုအဇာတသတ်မင်းတို့၏ အဆက်အနွယ်၌ ငါးဆက်တိုင်တိုင် သားက အဖကို သတ်အပ်လေသည်။ (၁) အဇာတသတ်မင်းသားသည် ခမည်းတော် ဗိမ္ဗိသာရမင်းကိုသတ်၍ မင်းပြုလေသည်။ (၂) ဥဒယမင်းသားသည် ခမည်းတော် အဇာတသတ်မင်းကိုသတ်၍ မင်းပြုလေသည်။ (၃) ဥဒယမင်း၏သား မဟာမုဏ္ဍိကမင်းသားသည် ခမည်းတော် ဥဒယမင်းကိုသတ်၍ မင်းပြုလေသည်။ (၄) မဟာမုဏ္ဍိကမင်း၏သား အနုရုဒ္ဓမင်းသားသည် ခမည်းတော် မဟာမုဏ္ဍိကမင်းကိုသတ်၍ မင်းပြုလေသည်။ (၅) အနုရုဒ္ဓမင်း၏သား နာဂဒါသ မင်းသားသည် ခမည်းတော် အနုရုဒ္ဓမင်းကိုသတ်၍ မင်းပြုလေသည်။ နာဂဒါသမင်းကိုကား “ဤမင်းတို့သည် ရာဇဝင်အနွယ်အဆက်ကို ဖြတ်တောက်သော မင်းတို့ဖြစ်ကုန်သည်၊ ဤမင်းတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု တိုင်ပင်ညီညွတ်ကြကာ တိုင်းသူပြည်သား လူအများတို့သည် သတ်ဖြတ် ဖျောက်ဖျက်ကြလေကုန်၏)။

     မြတ်စွာဘုရားရှင်သည် အဇာတသတ်မင်း ဥဒါန်းကျူးရင့်မှု မပြုမီပင် “ဤမင်းသည် ငါဘုရားထံမှောက်သို့ လာရောက်ကာ အသံတိတ် ဆိတ်ဆိတ်သာ ရပ်တည်လာ၏၊ အဘယ်အရာကိုများ ကြံစည်နေသနည်း”ဟု ဆင်ခြင်တော်မူသောအခါ အဇာတသတ်မင်း၏

၆၈၅

စိတ်ဖြစ်ပုံကို သိမြင်တော်မူ၍ “ဤမင်းသည် ဘုရားနှင့် စကားမပြောဝံ့သည်ဖြစ်၍ ရဟန်းသံဃာကို အဖန်ဖန်ကြည့်ရှု၍ သားကို အမှတ်ရနေ၏၊ ဤမင်းသည် ငါဘုရားက စကားစ-၍ မပြောလျှင် တစုံတခုကိုမျှ ပြောဝံ့လိမ့်မည်မဟုတ်။ ထိုမင်းနှင့် စကားနှီးနှော ပြောဆိုအံ့”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် အဇာတသတ်မင်း ဥဒါန်းကျူးရင့်ပြီးသည်၏ အခြားမဲ့မှာပင်-

“မင်းကြီး.. ချစ်မြတ်နိုးရာသို့ သင်ရောက်သွားလေပြီ”-

ဟု စကား စ-တော်မူလိုက်ပေသည်။

     ထိုအခါ အဇာတသတ်မင်း၏ စိတ်သန္တာန်ဝယ်“ဩ.. မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်တို့သည် အံ့ဖွယ်ရှိပါကုန်စွာ့၊ မြတ်စွာဘုရားရှင်၏ အပေါ်မှာ အပြစ်ကျူးလွန်သူ ငါနှင့်တူသူမည်သည် မရှိချေ၊ မှန်၏- ငါသည် မြတ်စွာဘုရား၏ အမြတ်ဆုံးသော အလုပ်အကျွေး အရိယာ ဒါယကာ (ငါ့ခမည်းတော်)ကြီးကို သတ်အပ်လေပြီ၊ ဤတွင်မျှမကသေး ရှင်ဒေဝဒတ်၏စကားကို လိုက်နာမှားပြီးလျှင် လူသတ်သမားများကိုလည်း စေလွှတ်အပ်ခဲ့ကုန်ပြီ၊ ဤတွင်မျှမကသေး နာဠာဂီရိဆင်ကိုလည်း လွှတ်အပ်ခဲ့လေပြီ၊ ငါ့ကို အမှီပြု၍ပင် ရှင်ဒေဝဒတ်သည် ဂိဇ္ဈကုဋ်တောင်ပေါ်မှ ကျောက်ကို (မြတ်စွာဘုရားကို သတ်ဖို့ရန်) လှိမ့်ချအပ်လေပြီ၊ ဤသို့စင် အပြစ်ကြီးလှသော ငါ့ကို စကားစ၍ ဆိုတော်မူသော မြတ်စွာဘုရားရှင်၏ ခံတွင်းတော်သည် မလောက်နိုင်အောင် မဝနိုင်အောင်ပင် ရှိလေသည်၊ ဩ.. မြတ်စွာဘုရားရှင်သည် ငါးပါးသော အခြင်းအရာတို့ဖြင့် *တာဒိလက္ခဏာ၌ ကြံ့ကြံ့ခိုင်ကျည်


* တာဒိလက္ခဏာ အခြင်းအရာ ငါးပါးဟူသည်မှာ- (၁) ဣဋ္ဌလောကဓံ အနိဋ္ဌလောကဓံတို့၌ ချစ်မှု+မုန်းမှု လုံးဝမပြုပဲ ညီမျှသောစိတ်ကို ထားနိုင်ခြင်း (၂) ကိလေသာတို့ကို စွန့်ပြီးဖြစ်ခြင်း (၃) သံသရာရေအယဉ်ကို ကူးမြောက်ပြီးဖြစ်ခြင်း (၄) ရာဂစသည်တို့မှ လွတ်ပြီးဖြစ်ခြင်း (၅) ထိုထိုသီလ+သဒ္ဓါ- အစရှိသော ဂုဏ်ကျေးဇူးတို့ဖြင့် “သီလရှိသောသူ + သဒ္ဓါရှိသောသူ” အစရှိသည်ဖြင့် ညွှန်ပြ ညွှန်ပြ၍

၆၈၆

တည်တော်မူပါပေ၏၊ ဤသို့သဘောရှိသော မြတ်စွာဘုရားကို ရှောင်ဖယ်၍ အပြင်အပ၌ ကိုးကွယ်ရာကို ဘယ်လိုနည်းဖြင့်မျှ ငါတို့ မရှာမှီးကြကုန်တော့အံ့”ဟု အကြံအစည် ဖြစ်ရှိလေသည်။

     ထိုသို့ ကြံစည်ပြီးသော် အဇာတသတ်မင်းသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရှိကာ မြတ်စွာဘုရားကို စကားတုံ့ပြန် လျှောက်ထားလိုသည်ဖြစ်၍-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည်သား (=ဥဒယဘဒ္ဒမင်းသား)ကို ချစ်လှပါ၏၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ယခုအခါ ရဟန်းသံဃာသည် အကြင် ငြိမ်သက်ခြင်းနှင့် ပြည့်စုံ၏၊ အကျွန်ုပ်၏(သား) ဥဒယဘဒ္ဒမင်းသားသည် ဤငြိမ်သက်ခြင်းနှင့် ပြည့်စုံပါစေသတည်း”-

ဟူ၍ မိမိ ဥဒါန်းကျူးရင့်သည့်အတိုင်းပင် လျှောက်ထားလေ၏။

     ထို့နောင်မှ အာတသတ်မင်းသည် “မြတ်စွာဘုရားကို ရှိခိုးပြီး ဤမှထိုမှ ရဟန်းသံဃာများရှိရာသို့ သွားရောက်ကာ ရှိခိုးနေလျှင် မြတ်စွာဘုရားရှင်ကို ကျောပေးရပေလိမ့်မည်၊ ထိုသို့ဖြစ်လျှင်


ပြောဆိုအပ်သူဖြစ်ခြင်း = ဤငါးပါးတို့တည်း။ (မဟာနိဒ္ဒေသပါဠိတော် မျက်နှာ ၈၈-၃၆၅-တို့၌ အကျယ်လာ၏)။

(တနည်း) (၁) အနိဋ္ဌဖြစ်သော သတ္တဝါ + သင်္ခါရတို့၌ အလိုတော်ရှိလျှင် ဣဋ္ဌသညာရှိ၍ နေနိုင်ခြင်း (၂) ဣဋ္ဌဖြစ်သော သတ္တဝါ + သင်္ခါရတို့၌ အလိုတော်ရှိလျှင် အနိဋ္ဌသညာရှိ၍ နေနိုင်ခြင်း (၃) အလိုတော်ရှိလျှင် ဣဋ္ဌ + အနိဋ္ဌဖြစ်သော သတ္တဝါ + သင်္ခါရ ၂-မျိုးလုံး၌ပင် ဣဋ္ဌသညာရှိ၍ နေနိုင်ခြင်း (၄) အလိုတော်ရှိလျှင် ဣဋ္ဌ + အနိဋ္ဌဖြစ်သော သတ္တဝါ + သင်္ခါရ ၂-မျိုးလုံးတို့၌ပင် အနိဋ္ဌသညာရှိ၍ နေနိုင်ခြင်း (၅) အလိုတော်ရှိလျှင် ဣဋ္ဌ + အနိဋ္ဌဖြစ်သော သတ္တဝါ + သင်္ခါရ ၂-မျိုးလုံးတို့၌ပင် အလယ်အလတ် မဇ္ဈတ္တသဘော လျစ်လျူရှုကာ နေနိုင်ခြင်း = ဤအရိယိဒ္ဓိ ၅-မျိုးကြောင့်ပြီးသည့် အခြင်းအရာ ၅-မျိုးတို့ကို တာဒိလက္ခဏာ အခြင်းအရာ ငါးပါးဟူ၍ ခေါ်၏ (သီလက္ခန် ဋီကာသစ် ဒုတိယအုပ် မျက်နှာ ၂၇၊ ၈၊ ၉-တို့မှ ထုတ်ပြအပ်သည်)။

၆၈၇

မြတ်စွာဘုရားရှင်ကို အရိုအသေပြုရာမရောက် ရှိချေမည်၊ မှန်၏- မင်းကြီးကို ရှိခိုးပြီး အိမ်ရှေ့မင်းကို ၎င်းရှိရာသို့ သွားရောက် ရှိခိုးသောသူသည် မင်းကြီးအား မရိုသေမှု ပြုရာရောက်၏”ဟု ကြံစည် ဆင်ခြင်မိလေသည်။ သို့ရကား မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် မိမိရပ်နေသော နေရာမှပင် ရဟန်းသံဃာအား လက်အုပ်ချီ၍ အပြစ်ခြောက်ပါး လွတ်ရာအရပ်၌ ထိုင်နေလေ၏။

     ထိုသို့ ထိုင်နေပြီးနောက် အဇာတသတ်မင်းသည် မြတ်စွာဘုရားရှင်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်အား အကယ်၍ ပြဿနာမေးရန် ရှင်ပင်ဘုရား ခွင့်ပြုပါက တစုံတခုသော အကြောင်းအရာကို အကျွန်ုပ်သည် ရှင်ပင်ဘုရားကို အနည်းငယ်မျှ မေးလျှောက်လိုပါသည်”-

ဟူ၍ ခွင့်ပန်စကား လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် အဇာတသတ်မင်းကို “မင်းကြီး.. သင်မေးလိုရာကို မေးလော့”ဟူ၍ သဗ္ဗညုမြတ်စွာဘုရားတို့၏ ဖိတ်ကြားခြင်းဖြင့် ဖိတ်ကြားတော်မူလေ၏။

ဖိတ်ကြားခြင်းနှစ်မျိုး

(တဦးတယောက်က ပြဿနာကို မေးမြန်းသောအခါ အမေးခံရသူ၏ ဖိတ်ကြားခြင်းသည် (၁) သဗ္ဗညုပဝါရဏာ = သဗ္ဗညု မြတ်စွာဘုရားရှင်တို့၏ ဖိတ်ကြားခြင်း, (၂) သာဝကပဝါရဏာ = တပည့်သာဝကတို့၏ ဖိတ်ကြားခြင်းဟူ၍ နှစ်မျိုးရှိလေသည်။

ထိုတွင် သဗ္ဗညုမြတ်စွာဘုရားရှင်တို့သည် တဦးတယောက်က ပြဿနာကို မေးလျှောက်သောအခါ “သင်အလိုရှိရာကို မေးလော့၊ မေးသမျှကို သင့်အား ငါသည် အဆုံးရောက် ဖြေကြားပေအံ့”ဟူ၍ စကား အကြွင်းအကျန်မထား ရဲရဲတောက် ဖိတ်ကြားတော်မူကြကုန်၏။ ဤသဗ္ဗညုပဝါရဏာ = သဗ္ဗညု မြတ်စွာဘုရားရှင်တို့၏ ဖိတ်ကြားခြင်းမျိုးကို မြတ်စွာဘုရားရှင်နှင့် ပါရမီဉာဏ် ရင့်သန်ပြီးသော ဘုရားအလောင်းတော်များသာ ဖိတ်ကြားတော်မူကြကုန်၏။

၆၈၈

တပည့်သာဝကတို့ကား တဦးတယောက်က ပြဿနာကို မေးလာသောအခါ “သင်အလိုရှိရာကို မေးလော့”ဟူ၍ မဖိတ်ကြားကြပဲ “သုတွာ ဝေဒိဿာမ = သင်မေးသောစကားကို ကြားနာရပြီးမှ ငါသိလျှင် ဖြေကြားပေအံ့” ဟူ၍သာ စကားအကြွင်းထား၍ ဖိတ်ကြားကြလေသည်။ ဤကား ဖိတ်ကြားခြင်းနှစ်မျိုးတည်း။ ဒီဋ္ဌ၊ ၁၊ မျက်နှာ ၁၄၁-စသည်မှ)။

     ဤသို့ မြတ်စွာဘုရားရှင်က သဗ္ဗညုပဝါရဏာ=သဗ္ဗညုမြတ်စွာဘုရားတို့၏ ဖိတ်ကြားခြင်းဖြင့် ရဲရဲတောက် ဖိတ်ကြားအပ်လေသော် အဇာတသတ်မင်းသည် အလွန်နှစ်သက် အားတက်လာကာ ပြဿနာကို မေးလျှောက်လိုရကား-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. များစွာသော အတတ်သည်တို့ ရှိကြပါသည်၊ ၎င်းတို့မှာ-

ဆင်စီးသူရဲများ, မြင်းစီးသူရဲများ, ရထားစီးသူရဲများ, လေးတော်သားများ, အောင်လံကိုင်များ, စစ်ဆင်သူများ, တဖက်စစ်တပ်သို့ ဝင်၍ ရန်သူ့ဦးခေါင်းကို အတုံးအတစ် ဖြတ်တောက်သွားနိုင်သူများ, စစ်၌ ထူးချွန် ကျော်စောသော မင်းသားများ, တဟုန်တည်း ပြေးဝင် စစ်ထိုးနိုင်သူများ, ဆင်ပြောင်ကြီးကဲ့သို့သော သူရဲများ, လွန်စွာရဲရင့်သူများ, ချပ်ဝတ်သူရဲများ, ကျွန်ယုံတော်များ, ထမင်းချက်သူများ, ဆေတ္တာသည်များ, ရေချိုးပေးသူများ, စဖိုသည်များ, ပန်းကုံးသူများ, ခဝါသည်များ, ရက်ကန်းသည်များ, ကျူထရံသည်များ, အိုးထိန်းသည်များ, ဂဏန်းတတ်သူများ, လက်ချိုးရေတွက်တတ်သူများ, ထိုမှတပါးလည်း ဤနှင့်အလားတူ များစွာသော အတတ်သည်တို့ ရှိပါကုန်သေး၏၊ ထိုသူများသည် မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင်တတ်သိသော အတတ်၏အကျိုးကို မှီ၍ အသက်ရှည်ကြပါကုန်၏၊ ထိုသူတို့သည် ထိုမိမိတို့တတ်သိသော အတတ်ဖြင့်ပင် မိမိကိုယ်ကို၎င်း, အမိအဖ သားမယား မိတ်ဆွေ ခင်ပွန်းတို့ကို၎င်း ချမ်းသာစေကြ

၆၈၉

အားအင်ပြည့်ဖြိုးစေကြပါသည့်အပြင် တမလွန်လောက ဟိုဘ၀အတွက်လည်း နတ်ပြည်ရောက်ကြောင်း အလှူကောင်းမှုကို ရဟန်းပုဏ္ဏားတို့၌ တည်စေကြ = လှူဒါန်းကြပါသည်။

ဤအတတ်တို့၏ အကျိုးနှင့်တူစွာ မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင်သိမြင်ရသော ရဟန်းပြုရကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသလော မြတ်စွာဘုရား..”-

ဟူ၍ လျှောက်ထားလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ပြဿနာကို မဖြေသေးပဲပင် “သာသနာပြင်ပ ဗာဟိရအယူရှိကြသည့် တိတ္ထိတို့၏ တပည့်ဒကာ များစွာသော မင်းအမတ်တို့သည် ဤအရပ်၌ ရောက်လာကြလေသည်။ ထိုတိတ္ထိတပည့်ဒကာ မင်းအမတ်တို့သည် ဘုရားက တိတ္ထိဝါဒတည်းဟူသော ကဏှပက္ခ = မည်းညစ်သောအပိုင်း, ဘုရား၏ အယူဝါဒတည်းဟူသော သုက္ကပက္ခ = ဖြူစင်သောအပိုင်း = နှစ်ပိုင်းခွဲခြား၍ ဟောကြားအပ်လျှင် ‘ငါတို့မင်းကြီးသည် ကြီးစွာသောလုံ့လဖြင့် ဤအရပ်သို့ တရားနာ လာရောက်လေသည်၊ ထိုငါတို့မင်းကြီး လာရောက်သောအခါမှ အစပြုကာ ရဟန်းဂေါတမသည် ရဟန်းတို့၏ ဝါဒအချင်းချင်း ဆန့်ကျင်ဖွယ်တွေ ငြင်းခုံဖွယ်တွေကိုသာ ပြောဆိုနေ၏’ဟူ၍ ကဲ့ရဲ့ကြလိမ့်မည်၊ တရားကို ရိုသေစွာ နာကြမည်မဟုတ်။ မင်းကြီးကိုယ်တိုင်က တိတ္ထိတို့၏ဝါဒကို ပြောကြားအပ်လျှင် ကဲ့ရဲ့နိုင်ကြလိမ့်မည်မဟုတ်၊ မင်းအလိုသို့သာ လိုက်ကြပေလိမ့်မည်။ (ဣဿရာနုဝတ္တကော ဟိ လောကော) = မှန်၏- လူအပေါင်းသည် မင်းနောက်သို့ လိုက်ကြမြဲဓမ္မတာ ဖြစ်သည်။ ယခုအခါ ငါဘုရားသည် တိတ္ထိတို့၏ဝါဒကို ပြောဆိုရန်အတွက် မင်းကြီး၏တာဝန် ပြုပေအံ့”ဟု ကြံစည်တော်မူပြီးလျှင် အဇာတသတ်မင်းကို “မင်းကြီး.. သင်သည် တပါးသော သမဏ, ဗြာဟ္မဏတို့အား ဤပြဿနာ မေးဘူးသည်ကို မှတ်မိပါ၏လော”ဟု မေးမြန်းတော်မူလေ၏။

     ထိုအခါ အဇာတသတ်မင်းက “အကျွန်ုပ်သည် တပါးသော သမဏ, ဗြာဟ္မဏတို့အား ဤပြဿနာ မေးဘူးသည်ကို

၆၉၀

မှတ်မိပါသည်”ဟု လျှောက်ထားလေသော် မြတ်စွာဘုရားရှင်က “မင်းကြီး.. ထိုသမဏ, ဗြာဟ္မဏတို့သည် အဘယ်သို့ ဖြေကြားကုန်သနည်း၊ အကယ်၍ သင့်အား ဝန်မလေးမူ ပြောကြားလော့”ဟု တိုက်တွန်းတော်မူသဖြင့် အဇာတသတ်မင်းသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. မြတ်စွာဘုရားဖြစ်စေ, မြတ်စွာဘုရားကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်စေ ထိုင်နေရာအရပ်၌ အကျွန်ုပ်အဖို့ရာ ဝန်မလေးပါ”ဟူ၍ ပြန်ကြားလျှောက်ထားလေ၏။

(ဤအဇာတသတ်မင်း၏ ပြန်ကြားလျှောက်ထားချက်၌ ရည်ရွယ်ချက်မှာ ပညာရှိယောင် ဟန်ဆောင်သောပုဂ္ဂိုလ်တို့၏အထံ၌ ပြောဆိုဖို့ရန် ဆင်းရဲ = ခဲယဉ်းပါသည်၊ ထိုပညာရှိယောင် ဟန်ဆောင်သူတို့သည် ပုဒ်တိုင်း ပုဒ်တိုင်း, အက္ခရာ စာလုံးတိုင်း စာလုံးတိုင်း အပြစ်ကိုသာ ပြောဆိုတတ်ကြကုန်၏။ ပညာရှိစစ်စစ် ပုဂ္ဂိုလ်တို့သည်ကား ပြောဆိုဖြေကြားအပ်သော စကားကို ကြားကြလျှင် အပြစ်မရှိသော စကားဖြစ်က ချီးမွမ်းကြ၍ အပြစ်ရှိသော စကားဖြစ်လျှင် ဆန့်ကျင်ချွတ်ယွင်းသော ပါဠိ, ပုဒ်, အနက်, အက္ခရာတို့ကို ဖြောင့်မတ်အောင် ပြင်ဆင်၍ ပေးတော်မူကြသည်။ မြတ်စွာဘုရားနှင့်တူသော ပညာရှိစစ်စစ် ပုဂ္ဂိုလ်မည်သည် လောက၌ မရှိ၊ ထို့ကြောင့် ရှေးဖော်ပြပါအတိုင်း ပြန်ကြားလျှောက် ထားလေသည်)။

     ထိုသို့ လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်က အဇာတသတ်မင်းကို “မင်းကြီး.. သို့ဖြစ်လျှင် ပြောကြားလော့”ဟု တိုက်တွန်းတော်မူသဖြင့် အဇာတသတ်မင်းသည် မိမိ ရှေးက ပူရဏကဿပ ဆရာကြီး, မက္ခလိဂေါသာလ ဆရာကြီး, အဇိတကေသကမ္ဗလ ဆရာကြီး, ပကုဓကစ္စာယန ဆရာကြီး, နိဂဏ္ဌနာဋပုတ္တ ဆရာကြီး, သဉ္စယဗေလဋ္ဌပုတ္တ ဆရာကြီး = ဤတိတ္ထိဆရာကြီး ခြောက်ဦးတို့ထံ ချဉ်းကပ်၍ ရဟန်းပြုရခြင်း၏ မျက်မှောက်ဘဝ အကျိုးရပုံကို မေးမြန်းခဲ့လေရာ ထိုတိတ္ထိဆရာကြီး ခြောက်ဦးတို့က အသီးအသီး မိမိ မိမိတို့၏ အယူဝါဒကိုသာ ဖြေကြားကြသဖြင့် သရက်ပင်ကို မေးအပ်ပါလျက် တောင်ပိန္နဲကို ဖြေသကဲ့သို့၎င်း, တောင်ပိန္နဲကို မေးအပ်ပါလျက် သရက်ပင်ကို ဖြေသကဲ့သို့၎င်း အမေးတခြား အဖြေတပါး ဖြစ်ရှိနေ၍ မိမိကိုယ်တိုင်က

၆၉၁

ထိုဖြေကြားချက်များကို မနှစ်သက်ပါသော်လဲ “ငါကဲ့သို့သော မင်းသည် နိုင်ငံတော်အတွင်း၌နေသော သမဏ, ဗြာဟ္မဏ = ရဟန်း,ပုဏ္ဏား သူတော်ကောင်းများကို ပြစ်တင်မောင်းမဲသင့်သည်ဟု အဘယ့်ကြောင့် မှတ်ယူနိုင်ပါအံ့နည်း”ဟု ဆင်ခြင် အောက်မေ့ ကြံစည်ကာ ထိုတိတ္ထိဆရာကြီး ခြောက်ဦးတို့၏ အသီးအသီး ဖြေကြား အလွဲလွဲပြောဆိုအပ်သော ဝါဒစကားကို လက်လည်းမခံ, ပယ်လည်း မပယ်လှန်ပဲ နှလုံးမသာသော်လည်း ထိုနှလုံးမသာသော စကားကို မပြောဆိုမူ၍ ထိုစကားများကို မနာယူမမှတ်သားပဲ နေရာမှထကာ ပြန်ခဲ့ကြောင်း လျှောက်ထားပြီးလျှင် မြတ်စွာဘုရားရှင်ကို တဖန်ထပ်၍ ရှေးနည်းတူပင် ရဟန်းပြုရခြင်း၏ မျက်မှောက်ဘ၀ အကျိုးရပုံကို မေးလျှောက်ပြန်လေသည်။

     ထိုအခါ မြတ်စွာဘုရားရှင်သည် အဇာတသတ်မင်းအား (၁) ကျွန်ယောက်ျား ရဟန်းပြုသဖြင့် မင်း၏အပူဇော်ကိုခံရသော ဥပမာ၊ (၂) မင်း၏အခွန်ထမ်း လယ်သမား ရဟန်းပြုသဖြင့် မင်း၏အပူဇော်ကိုခံရသော ဥပမာ၊ (၃) ထို့ထက် သာလွန်မွန်မြတ်သော ရဟန်းပြုရကျိုးကို ပြဆိုရန် မြတ်စွာဘုရား ပွင့်တော်မူသည်မှ အစပြုကာ မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသဖြင့် အမှတ်မထင် ဇာတ်နိမ့်သူ ဇာတ်မြင့်သူ တဦးဦးသည် သဒ္ဓါတရားဖြစ်ရှိကာ သာသနာဝန်ထမ်း ရဟန်းပြု၍ (က) စူဠသီလ (ခ) မဇ္ဈိမသီလ (ဂ) မဟာသီလတို့ကို ဖြည့်ကျင့်လျက် ထိုမှ တဆင့်တက်ကာ ဣန္ဒြေကို စောင့်စည်းခြင်း, သတိသမ္ပဇဉ်နှင့် ပြည့်စုံခြင်း, ရောင့်ရဲလွယ်ခြင်း, နီဝရဏတရား ငါးပါးကိုပယ်ခြင်း, ပဌမဈာန်ကိုရခြင်း, (၄) ဒုတိယဈာန်ကိုရခြင်း, (၅) တတိယဈာန်ကိုရခြင်း, (၆) စတုတ္ထဈာန်ကိုရခြင်း, (၇-၁၄) ထိုမှတဆင့် တက်ကာ ဝိပဿနာဉာဏ်, မနောမယိဒ္ဓိဉာဏ်, ဣဒ္ဓိဝိဓဉာဏ်, ဒိဗ္ဗသောကဉာဏ်, စေတောပရိယဉာဏ်, ပုဗ္ဗေနိဝါသဉာဏ်, စုတူပပါတဉာဏ်, အာသဝက္ခယမည်သော အရဟတ္တမဂ်ဉာဏ် တိုင်အောင်သော အဆင့်ဆင့် သာလွန်မြင့်မြတ်သည့် ဝိဇ္ဇာရှစ်ပါး တရားထူးကို ရရှိသဖြင့် ရဟန်းပြုရခြင်း၏ မျက်မှောက်ဘဝ အကျိုးရပုံကို အကျယ်တဝင့် ဖွင့်ပြ ဟောကြားတော်မူလေ၏။

၆၉၂

(အကျယ်ဟောပြပုံကို ပိဋ္ဋကမြန်မာပြန် သီလက္ခန္ဓဝဂ်၊ ၂-သာမညဖလသုတ်မှ ထုတ်နုတ် မှတ်ယူကုန်ရာ၏၊ မှတ်ယူကြပါကုန်)။

(သံဂါယနာတင် မထေရ်မြတ်တို့ သံဂါယနာ တင်တော်မူကြသောအခါ တကြိမ်ရွတ် တကြိမ်ရွတ်စာ စာမျက်နှာ ၁၂-ခန့်ကို တစ်ဘာဏဝါရဟု ခေါ်၏။ အဇာတသတ်မင်းအား မြတ်စွာဘုရားရှင်က ဟောကြားတော်မူအပ်သော ရဟန်းပြုရခြင်း၏ မျက်မှောက်ဘဝ အကျိုးရပုံကို ဖော်ပြသည့် သာမညဖလသုတ္တန်တော်မှာ သုံးဘာဏဝါရခန့် ရှိလေသည်)။

အဇာတသတ်မင်း

သရဏဂုံခံယူ၍ တောင်းပန်ကန်တော့ခြင်း

  ဤသို့လျှင် မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား အရဟတ္တဖိုလ် အထွတ်တပ်၍ ရဟန်းပြုရခြင်း၏ မျက်မှောက်ဘ၀ အကျိုးရပုံ သာမညဖလကို အကျယ်တဝင့် ဟောကြားတော်မူသောအခါ အဇာတသတ်မင်းသည် ထိုထို သာမညဖလ အခဏ်းတိုင်း အခဏ်းတိုင်း၌ သာဓုကောင်းကြီးပေးကာ အစ, အလယ်, အဆုံး = သုံးဌာနလုံးကို ရိုသေစွာ နာကြား၍ “ငါသည် ကြာမြင့်စွာသော (အတိတ်)ကာလများက ဤပြဿနာတို့ကို များစွာသော သမဏ, ဗြာဟ္မဏတို့ကို မေးမြန်းခဲ့ရာ ဖွဲကြမ်းကို ထောင်းထုသော သူကဲ့သို့ တစုံတရာ အနှစ်သာရကို မရခဲ့ချေ၊ မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးနှင့် ပြည့်စုံတော်မူခြင်းကား ဩအံ့ဖွယ် ရှိပါပေစွာ့၊ ယင်းသည့် မြတ်စွာဘုရားရှင်သည် ဆီမီးအထောင်ကို စိုက်ထောင် ညှိထွန်းပြသကဲ့သို့ အားကြီးစွာသော အသိဉာဏ် အလင်းရောင်ကို ပြု၍ (ပေး၍) ဤပြဿနာများကို ဖြေဆိုတော်မူပါပေ၏။ ရှည်မြင့်စွာသော ကာလပတ်လုံး မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော် အာနုဘော်ကို မသိမမြင်အောင် ငါ့ကို မောဟတရားက လှည့်ပတ်အပ်ခဲ့လေပြီတကား”ဟု ကြံစည် အောက်မေ့၍ ဗုဒ္ဓါနုဿတိကြောင့်ဖြစ်သော ပီတိငါးမျိုးဖြင့် တွေ့ထိအပ်သော ကိုယ်ရှိလျက် မိမိ၏ ရတနာသုံးပါး၌ သက်ဝင်ယုံကြည်ပုံကို ထင်စွာပြုလိုရကား-

“မြတ်စွာဘုရား.. အလွန် နှစ်သက်ဖွယ် ရှိပါပေစွာ့၊ မြတ်စွာဘုရား.. အလွန် နှစ်သက်ဖွယ် ရှိပါပေစွာ့၊

၆၉၃

မြတ်စွာဘုရား.. လောက ဥပမာအားဖြင့် မှောက်၍ထားအပ်သော ဝတ္ထုကို လှန်လိုက်ဘိသကဲ့သို့၎င်း, ဖုံးအုပ်ထားသော အရာဝတ္ထုကို ဖွင့်လှစ်လိုက်ဘိသကဲ့သို့၎င်း, မျက်စိလည် လမ်းမှားသောသူအား လမ်းမှန်ကို ပြောကြားလိုက်သကဲ့သို့၎င်း, ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းအမျိုးမျိုးတို့ကို မြင်ကြပေလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ထွန်းညှိထားဘိသကဲ့သို့၎င်း ထို့အတူပင် ရှင်ပင်ဘုရားသည် အကျွန်ုပ်အား များစွာသောအကြောင်းဖြင့် တရားတော်ကို ထင်ရှားစွာ ဟောပြတော်မူအပ်ပါပေပြီ။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ် အဇာတသတ်သည် မြတ်စွာဘုရားကို၎င်း, တရားတော်ကို၎င်း, ရဟန်းသံဃာတော်ကို၎င်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍ သိမှတ်ဆည်းကပ်ပါ၏၊ ဘုန်းတော်သခင် ရှင်ပင်ဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ရှည်သမျှ ကာလပတ်လုံး သရဏဂုံတည်သူ ဥပါသကာဟူ၍ မှတ်ယူတော်မူပါလော့။

မြတ်စွာဘုရား.. မိုက်မဲ, တွေဝေ, မလိမ္မာသည့်အလျောက် အပြစ်သည် အကျွန်ုပ်ကို လွှမ်းမိုးခဲ့ပါပြီ။ အကျွန်ုပ်သည် တရားစောင့်သော တရားသဖြင့် မင်းပြုတော်မူသော ခမည်းတော်မင်းတရားကြီးကို မင်းစည်းစိမ်ဟူသော အကြောင်းကြောင့် သတ်ခဲ့မိပါပြီ၊ မြတ်စွာဘုရားသည် ထိုအကျွန်ုပ်၏အပြစ်ကို နောက်အခါ စောင့်စည်းဖို့ရန် အပြစ်အနေအားဖြင့် သည်းခံတော်မူပါဘုရား”-

ဟု သရဏဂုံ ခံယူဆောက်တည်၍ မိမိ၏အပြစ်ကို တောင်းပန်ဝန်ချ ကန်တော့လေသည်။ ထိုအခါ မြတ်စွာဘုရားရှင်ကလည်း အဇာတသတ်မင်းကို-

“မင်းကြီး.. စင်စစ် = တကယ်ပင် မိုက်မဲ, တွေဝေ, မလိမ္မာသည့်အလျောက် အပြစ်သည် သင့်ကို လွှမ်းမိုးခဲ့လေပြီ၊ သင်မင်းကြီးသည် တရားစောင့်သော

၆၉၄

တရားသဖြင့် မင်းပြုသော ခမည်းတော် မင်းတရားကြီးကို သတ်မိခဲ့လေပြီ၊ မင်းကြီး.. သင်သည် အပြစ်ကို အပြစ်ဟုရှု၍ အပြစ်အားလျော်စွာ ကုသသောကြောင့် သင်၏ ထိုအပြစ်ကို ငါတို့သည် သည်းခံကုန်၏၊ မင်းကြီး.. အကြင်သူသည် အပြစ်ကို အပြစ်ဟု ရှုမြင်၍ အကြောင်းအားလျော်စွာ ကုစား၏၊ နောက်အခါ စောင့်စည်း၏၊ ဤကုစားခြင်း, စောင့်စည်းခြင်းသည် ငါဘုရား၏ အဆုံးအမ = သာသနာ၌ ကြီးပွါးခြင်းပင်တည်း”–

ဟူ၍ သည်းခံစကား မိန့်ကြားတော်မူလေသည်။

     ဤသို့ မြတ်စွာဘုရား မိန့်ကြားတော်မူလတ်သော် အဇာတသတ်မင်းသည် မြတ်စွာဘုရားရှင်ကို—

“ကိုင်း.. မြတ်စွာဘုရား.. တပည့်တော်များ ပြန်ကြပါဦးမည်၊ တပည့်တော်များသည် ကိစ္စများသူ ပြုဖွယ်များသူတို့ ဖြစ်ကြပါသည်”-

ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်ကလည်း “မင်းကြီး.. ယခုအခါ၌ သင်၏ သွားရန်အချိန်ကို သင်သိလော့၊ (သွားရန်မှာ သင်၏ အလိုအတိုင်းပင် ဖြစ်၏)”ဟူ၍ မိန့်တော်မူသောအခါ အဇာတသတ်မင်းသည် မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်ကို အလွန်နှစ်သက်စွာ လက်ခံ၍ ဝမ်းမြောက်ဝမ်းသာ ချီးကျူးပြီးနောက် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။

သရဏဂုံနှင့်စပ်၍ မှတ်ဖွယ်

ဤ၌ သရဏဂုံနှင့်စပ်၍ မှတ်ဖွယ်ကို အကျဉ်းမျှ ဖော်ပြဦးအံ့-

ဤသရဏဂုံအရာ၌-

(က) သရဏ = ကိုးကွယ်ရာ,

(ခ) သရဏဂုံ = ကိုးကွယ်ရာဟုသိသော စိတ်စေတသိက်,

(ဂ) သရဏဂုံတည်သူ,

(ဃ) သရဏဂုံအပြား,

၆၉၅

(င) သရဏဂုံ၏ အကျိုး,

(စ) သရဏဂုံ၏ ညစ်နွမ်းခြင်း,

(ဆ) သရဏဂုံ၏ ပျက်စီးခြင်း-

ဤခုနစ်ပါးကို နားလည်သင့်၏။

(က) သရဏ

ထိုခုနစ်ပါးတို့တွင် ဘုရား, တရား, သံဃာ = ရတနာမြတ်သုံးပါး အပေါင်းသည် (သရတိ ဟိံသတီတိ သရဏံ–ဟူသော ဝစနတ္ထအရ) ကိုးကွယ်ဆည်းကပ် သရဏဂုံတည်သူ ဟူဟူသမျှတို့၏ ကြောက်ခြင်း, ထိတ်လန့်ခြင်း, ကိုယ်စိတ်ဆင်းရဲခြင်း, အပါယ်ဘုမ္မိ ဒုဂ္ဂတိ၌ ညစ်နွမ်းပင်ပန်း ဆင်းရဲရခြင်း အမျိုးမျိုးကို ပယ်ဖျောက်တတ်သောကြောင့် သရဏမည်၏။ တနည်းကား မြတ်စွာဘုရားရှင်သည် အစီးအပွါး (=ချမ်းသာကြောင်းတရား)၌ ဖြစ်စေခြင်းဖြင့်၎င်း, အစီးအပွါးမဲ့ (=ဆင်းရဲကြောင်းတရား)မှ တားမြစ်ခြင်းဖြင့်၎င်း သတ္တဝါတို့၏ ဘေးအမျိုးမျိုးကို ပယ်ဖျောက်တော်မူတတ်၏၊ တရားတော်သည် ဘဝခရီးခဲမှ လွတ်မြောက်စေသောအားဖြင့်၎င်း, သက်သာရာကို ပေးသောအားဖြင့်၎င်း သတ္တဝါတို့၏ ဘေးအမျိုးမျိုးကို ပယ်ဖျောက်တော်မူတတ်၏။ သံဃာတော်သည် အနည်းငယ်မျှသော ကောင်းမှုများ၏သော်မှလည်း ပြန့်ပြော ကြီးကျယ်သော အကျိုးကိုရအောင် ပြုတတ်သောအားဖြင့် သတ္တဝါတို့၏ ဘေးအမျိုးမျိုးကို ပယ်ဖျောက်တော်မူတတ်၏၊ ထို့ကြောင့် ရှေးဆိုအပ်ပြီးသော ဝစနတ္ထအရ ဘုရား, တရား, သံဃာ = ရတနာမြတ်သုံးပါးသည် သရဏမည်၏။ (သရဏ = သတ္တဝါတို့၏ ဘေးဒုက္ခအမျိုးမျိုးကို ပယ်ဖျောက်တတ်သော ဝတ္ထုမှန်သုံးပါးဟု ဆိုလိုသည်)။

(ခ) သရဏဂုံ

ထိုရတနာသုံးပါး၌ ကြည်ညိုခြင်း, ထိုရတနာသုံးပါး၌ အလေးပြုခြင်းတို့ဖြင့် ညစ်ညူးကြောင်း အကုသိုလ်တရားတို့ကို ပယ်ရှားလျက် ထိုရတနာသုံးပါး၌ ညွတ်ကိုင်းရှိုင်းသော အခြင်းအရာဖြင့်ဖြစ်သော မဟာကုသိုလ်စိတ် စေတသိက်, (ရဟန္တာတို့အဖို့ရာ) မဟာကြိယာစိတ် စေတသိက်, (မဂ္ဂဋ္ဌအရိယာတို့ အဖို့ရာ) မဂ်စိတ် စေတသိက် = ဤတရားစုသည် သရဏဂုံမည်၏။ (သရဏန္တိ ဂစ္ဆတိ အနေနာတိ သရဏဂမနံ။ အနေန = ဤစိတ်စေတသိက်ဖြင့်။ သရဏန္တိ = ဘေးဒုက္ခအမျိုးမျိုးကို ပယ်ဖျောက်တတ်သော ဝတ္ထုမှန်သုံးပါးဟူ၍။ ဂစ္ဆတိ = သိတတ်

၆၉၆

ဆည်းကပ်တတ်၏။ ဣတိ တသ္မာ = ထိုသို့ သိကြောင်း ဆည်းကပ်ကြောင်း ဖြစ်သောကြောင့်။ တံ = ထိုစိတ်စေတသိက် တရားအစုသည်။ သရဏဂမနံ = သရဏဂမနမည်၏။ သရဏဂမနံ = ဘေးဒုက္ခအမျိုးမျိုးကို ပယ်ဖျောက်တတ်သော ဝတ္ထုမှန်သုံးပါးဟူ၍ သိကြောင်း ဆည်းကပ်ကြောင်းဖြစ်သော စိတ်စေတသိက်တရားအစု။ ဤကဲ့သို့ ဝိဂြိုဟ်ပြုရာ၏)။

(ဂ) သရဏဂုံတည်သူ

ထိုဖော်ပြရာပါ စိတ်စေတသိက် တရားအစုနှင့် ပြည့်စုံသောသူသည် သရဏဂုံတည်သူ မည်၏။ (သရဏံဂတ = ဘေးဒုက္ခအမျိုးမျိုးကို ပယ်ဖျောက်တတ်သော ဝတ္ထုမှန်သုံးပါးဟူ၍ သိတတ်သောသူ၊ ဝါ-သိသော စိတ်စေတသိက် တရားအစုနှင့် ပြည့်စုံသော သူဟူ၍ ဆိုလိုသည်)။ ။ဤသို့လျှင် ရှေးဦးစွာ (က) သရဏ (ခ) သရဏဂုံ (ဂ) သရဏဂုံတည်သူ = ဤသုံးမျိုးကို သိရှိနားလည်အပ်၏။

(ဃ) သရဏဂုံအပြား

ဖော်ပြရာပါ သရဏဂုံသည် (၁) လောကုတ္တရာသရဏဂုံ (၂) လောကီသရဏဂုံဟူ၍ နှစ်ပါးအပြားရှိ၏။

(၁) ထိုနှစ်ပါးတို့တွင် လောကုတ္တရာ သရဏဂုံသည် သစ္စာလေးပါး တရားသိမြင် အရိယာအရှင်တို့၏ သန္တာန်၌ ဆိုင်ရာဆိုင်ရာ မဂ်ခဏဝယ် သရဏဂုံညစ်ညူးကြောင်း ဥပက္ကိလေသ အကုသိုလ်တရားတို့ကို အကြွင်းမထား ပယ်ဖြတ်သောအားဖြင့် နိဗ္ဗာန်ကို အာရုံပြုလျက် ကိစ္စသိဒ္ဓိအားဖြင့် ရတနာသုံးပါး၌ပင် စိတ္တက္ခဏ တချက်တည်း၌ ပြည့်စုံလေသည်။ (အဓိပ္ပါယ်ကား- လောကုတ္တရာ သရဏဂုံဟူသည် မဂ်စိတ်စေတသိက်တို့ကို ခေါ်သည်။ ယင်း မဂ်စိတ်စေတသိက်တို့သည် နိဗ္ဗာန်ကို အာရုံပြု၍ဖြစ်ကြရာ သရဏဂုံညစ်ညူးကြောင်း ဥပက္ကိလေသ အကုသိုလ်တရားတို့ကို အကြွင်းမထား အမြစ်ပြတ် ပယ်သတ်လျက် ဖြစ်ကြလေသည်၊ ထိုသို့ဖြစ်သဖြင့်ပင် ထိုစိတ်စေတသိက်တို့က ရတနာသုံးပါးကို အာရုံပြု၍မဖြစ် (နိဗ္ဗာန်ကိုသာ အာရုံပြု၍ဖြစ်)သော်လည်း ရတနာသုံးပါး၏ ဝတ္ထုမှန်အဖြစ်ကို သိခြင်းကိစ္စ ပြီးပြီးသားဖြစ်လေသည်။ ယင်းသို့ သိခြင်းကိစ္စ ပြီးပြီးသား ဖြစ်သည်ကိုပင် ကိစ္စသိဒ္ဓိအားဖြင့် ရတနာသုံးပါး၏ ဝတ္ထုမှန်အဖြစ်ကို သိသည်ဟု ခေါ်ဆိုသည်။ ထိုကိုပင် “မဂ်ခဏ၌ လောကုတ္တရာ သရဏဂုံ ပြည့်စုံသည်”ဟု ဆိုသည်။ ဥပမာအားဖြင့် “မဂ်ခဏဝယ် သစ္စာလေးပါးတရားကို သိ၏”ဟု ဆိုရာ၌

၆၉၇

မဂ်စိတ်ဖြစ်သောအခါ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်ရကား မဂ်စိတ်သည် နိဗ္ဗာန်တည်းဟူသော နိရောဓသစ္စာကို အာရုံပြုသောအားဖြင့် သိ၏ = အာရုံပြု၍သိ၏၊ ကျန်သော သစ္စာသုံးပါး အတွက်မှာမူ မဂ်စိတ္တုပ္ပါဒ်သည် ဖြစ်ပေါ်လာသောအခါ သစ္စာလေးပါးကို ဖုံးလွှမ်းပိတ်ကွယ်တတ်သော မောဟအမိုက်ကို အကြွင်းမထား အမြစ်ပြတ် ပယ်သတ်ပစ်လိုက်သည်။ ထိုသို့ ပယ်သတ်သဖြင့် ထိုအရိယာပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဒုက္ခသစ္စာကို ဒုက္ခသစ္စာမှန်းမသိသော မောဟ၊ သမုဒယသစ္စာကို သမုဒယသစ္စာမှန်းမသိသော မောဟ၊ နိရောဓသစ္စာကို နိရောဓသစ္စာမှန်းမသိသော မောဟ၊ မဂ္ဂသစ္စာကို မဂ္ဂသစ္စာမှန်းမသိသော မောဟ = ဤသစ္စာလေးပါးကို ဖုံးလွှမ်းပိတ်ကွယ်တတ်သော အဝိဇ္ဇာမောဟတရား အမြစ်ပြတ် ကင်းရှင်းသွားသောကြောင့် ထိုအရိယာပုဂ္ဂိုလ်သည် ကျန်သော သစ္စာသုံးပါးတို့ကို အာရုံမပြု (နိဗ္ဗာန်ကိုသာ အာရုံပြု)သော်လည်း ထိုကျန်သော သစ္စာသုံးပါးတို့ကို သိခြင်းကိစ္စ ပြီးပြီးသူ ဖြစ်လေတော့သည်။ ယင်းသို့ သိခြင်းကိစ္စ ပြီးပြီးသား ဖြစ်သည်ကိုပင် “ကိစ္စသိဒ္ဓိအားဖြင့် ကျန်သော သစ္စာသုံးပါးတို့ကိုလည်း သိ၏”ဟု ခေါ်ဆိုရသကဲ့သို့တည်း။ နက်နဲဘိစွာ့၊ သိသာအောင် ဆင်ခြင် အထပ်ထပ် စဉ်းစားကြလေ)။

(၂) လောကီသရဏဂုံသည် ပုထုဇန်ပုဂ္ဂိုလ်တို့၏ သန္တာန်၌ သရဏဂုံညစ်ညူကြောင်း ဥပက္ကိလေသ အကုသိုလ်တရားတို့ကို ပယ်ခွါသောအားဖြင့် ဘုရားဂုဏ်, တရားဂုဏ်, သံဃာဂုဏ်ကို အာရုံပြု၍ ဖြစ်ရှိပြည့်စုံ၏။ ထိုသရဏဂုံသည် တရားကိုယ်အားဖြင့် ဘုရားအစရှိသော ရတနာသုံးပါး ဝတ္ထုမှန်တို့၌ သဒ္ဓါတရားကိုရရှိခြင်း သဒ္ဓါတရားလျှင် အရင်းခံရှိသော သမ္မာဒိဋ္ဌိ = ပညာစေတသိက်ပင်တည်း၊ ပုညကိရိယာဝတ္ထု ဆယ်ပါးတို့တွင် ဒိဋ္ဌိဇုကမ္မဟူ၍ ခေါ်ဆိုအပ်လေသည်။

ဤ၌ သဒ္ဓါတရားကိုလည်း သရဏဂုံဟူ၍ ခေါ်ဆို၏။ သဒ္ဓါ, ပညာ = နှစ်ပါးစုံကိုလည်း သရဏဂုံဟူ၍ ခေါ်ဆို၏။ မှန်၏- လောကီသရဏဂုံသည် ၁-ဉာဏသမ္ပယုတ် သရဏဂုံ, ၂-ဉာဏဝိပ္ပယုတ် သရဏဂုံဟူ၍ နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် အမိအဖ-အစရှိသော သူတို့က တိုက်တွန်းသဖြင့် ကလေးသူငယ်-အစရှိသော သူတို့၏ ခံယူနှုတ်မြွက် ဆောက်တည်အပ်သော သရဏဂုံသည် ဉာဏဝိပ္ပယုတ် သရဏဂုံဖြစ်၏။ ဤဉာဏဝိပ္ပယုတ် သရဏဂုံ၌ သဒ္ဓါစေတသိက်ကို အရကောက်ယူရ၏။ ရတနာသုံးပါး၏ ကျေးဇူးဂုဏ်ကို သိရှိ၍ နှုတ်မြွက်ဆောက်တည် ခံယူအပ်သော သရဏဂုံသည် ဉာဏသမ္ပယုတ် သရဏဂုံဖြစ်၏၊ ဤဉာဏသမ္ပယုတ် သရဏဂုံ၌ သဒ္ဓါစေတသိက်, ပညာစေတသိက် = နှစ်ပါးလုံးကိုပင်

၆၉၈

အရကောက်ယူရ၏။ ဤ၌ သဒ္ဓါစေတသိက်နှင့် ပညာစေတသိက် ဤနှစ်ပါးတို့ကို သရဏဂုံဟူ၍ ရေးသား ပြဆိုရခြင်းမှာ ပဓာန (ပြဓာန်းသည်) ဖြစ်၍သာ ပြဆိုရေးသားခြင်းဖြစ်သည်၊ စင်စစ်သော်ကား ထိုသဒ္ဓါ,ပညာ ပြဓာန်းသော ဦးဆောင်သော စိတ်စေတသိက်တို့ကိုပင် သရဏဂုံဟူ၍ ခေါ်ဆိုအပ်လေသည်။

ထိုလောကီသရဏဂုံသည်—

(၁) အတ္တသန္နိယျာတန သရဏဂုံ = မိမိကိုယ်ကို ရတနာသုံးပါးအား အပ်နှင်းသော အခြင်းအရာအားဖြင့်ဖြစ်သော သရဏဂုံ,

(၂) တပ္ပရာယဏ သရဏဂုံ = ရတနာသုံးပါး၌ လည်းလျောင်း ညွတ်ကိုင်းရှိုင်းသော အခြင်းအရာအားဖြင့်ဖြစ်သော သရဏဂုံ,

(၃) သိဿဘာဝူပဂမန သရဏဂုံ = တပည့်အဖြစ်သို့ ကပ်ရောက်သော အခြင်းအရာဖြင့်ဖြစ်သော သရဏဂုံ,

(၄) ပဏိပါတ သရဏဂုံ = ရတနာသုံးပါး၌ အလွန်အမင်း အရိုအသေပြုသော အခြင်းအရာဖြင့်ဖြစ်သော သရဏဂုံ-

ဟူ၍ လေးပါးဖြစ်ပြန်သည်။

(၁) ထိုလေးပါးတို့တွင် “အဇ္ဇာဒိံ ကတွာ အဟံ အတ္တာနံ ဗုဒ္ဓဿ နိယျာတေမိ၊ ဓမ္မဿ နိယျာတေမိ၊ သံဃဿ နိယျာတေမိ = ငါသည် ယနေ့ကစ၍ မိမိကိုယ်ကို မြတ်စွာဘုရားအား အပ်နှင်းပေးလှူပါ၏။ တရားတော်အား အပ်နှင်းပေးလှူပါ၏၊ သံဃာတော်အား အပ်နှင်းပေးလှူပါ၏” ဤကဲ့သို့ မိမိကိုယ်ကို ရတနာသုံးပါးအား အပ်နှင်းလှူဒါန်းသော အခြင်းအရာဖြင့်ဖြစ်သော သရဏဂုံသည် အတ္တသန္နိယျာတန သရဏဂုံမည်၏။

(၂) “အဇ္ဇာဒိံ ကတွာ အဟံ ဗုဒ္ဓပရာယဏော ဓမ္မပရာယဏော သံဃပရာယဏောတိ မံ ဓာရေထ = ငါသည် ယနေ့ကစ၍ မြတ်စွာဘုရား, တရားတော်, သံဃာတော်သာလျှင် လည်းလျောင်း ကိုင်းညွတ်ရာရှိသူ ဖြစ်၏ဟူ၍ အကျွန်ုပ်ကို မှတ်ပါကုန်လော့”ဟု ဤကဲ့သို့ ရတနာသုံးပါး၌ လည်းလျောင်း ညွတ်ကိုင်းသော အခြင်းအရာအားဖြင့်ဖြစ်သော သရဏဂုံသည် တပ္ပရာယဏသရဏဂုံ မည်၏။

(၃) “အဇ္ဇာဒိံ ကတွာ အဟံ ဗုဒ္ဓဿ အန္တေဝါသိကော၊ ဓမ္မဿ အန္တေဝါသိကော၊ သံဃဿ အန္တေဝါသိကောတိ မံ ဓာရေထ = ငါသည် ယနေ့ကစ၍ မြတ်စွာဘုရား, တရားတော်, သံဃာတော်၏

၆၉၉

အန္တေဝါသိက တပည့်ရင်းဖြစ်သူဟူ၍ အကျွန်ုပ်ကို မှတ်ပါကုန်လော့”ဟု ဤကဲ့သို့ ရတနာသုံးပါး၏ တပည့်အဖြစ်ကို ခံယူသော အခြင်းအရာဖြင့်ဖြစ်သော သရဏဂုံသည် သိဿဘာဝူပဂမန သရဏဂုံ မည်၏။ ။(ဤ၌ မဟာဇနကဇာတ်တော်ဝယ် အသက်မဲ့ဖြစ်သည့် အသီးသီးသော သရက်ပင်, အသီးမသီးသော သရက်ပင် နှစ်မျိုးကိုပင် အလောင်းတော် မဟာဇနကမင်းသည် မိမိ၏ ဆရာအဖြစ်ဖြင့် “ဖလော အမ္ဗော အဖလော စ၊ တေ သတ္ထာရော ဥဘော မမ”ဟု ညွှန်ပြ ပြောဆိုတော်မူသကဲ့သို့ တရားတော်က အစီးအပွါးရရှိအောင် ညွှန်ပြသကဲ့သို့ ဖြစ်သောကြောင့် တရားတော်ကို ဆရာအနေဖြင့်၎င်း, မိမိကိုယ်ကို တပည့် အနေဖြင့်၎င်း ပြောဆိုအပ်လေသည်)။

(၄) “အဇ္ဇာဒိံ ကတွာ အဟံ အဘိဝါဒနပစ္စုဋ္ဌာနအဉ္ဇလိကမ္မသာမီစိကမ္မံ ဗုဒ္ဓါဒီနံယေဝ တိဏ္ဏံ ဝတ္ထူနံ ကရောမီတိ မံ ဓာရေထ = အကျွန်ုပ်သည် ယနေ့ကစ၍ ဘုရား, တရား, သံဃာ = ရတနာသုံးပါးတို့အားသာလျှင် ရှိခိုးခြင်း, ခရီးဦးကြိုဆိုခြင်း, လက်အုပ်ချီခြင်း, အရိုအသေပြုခြင်းအမှုကို ပြုလုပ်သောသူဟူ၍ အကျွန်ုပ်ကို မှတ်ပါကုန်လော့”ဟု ဤကဲ့သို့ ဘုရားအစရှိသော ရတနာသုံးပါးတို့၌ အလွန်အမင်း အရိုအသေပြုသော အခြင်းအရာဖြင့်ဖြစ်သော သရဏဂုံသည် ပဏိပါတသရဏဂုံ မည်၏။ (ပါဏိပါတ-မဟုတ်)။

ဤဖော်ပြရာပါ အခြင်းအရာ လေးပါးတို့တွင် တပါးပါးသော အခြင်းအရာကို ပြုလုပ်သောသူသည် သရဏဂုံ ခံယူအပ်သည်မည်၏။

တနည်းကား- (၁) “ဘဂဝတော အတ္တာနံ ပရိစ္စဇာမိ”- အစရှိသည်ဖြင့် = ငါသည် မိမိကိုယ်ကို မြတ်စွာဘုရားအား စွန့်လှူပါ၏။ တရားတော်အား စွန့်လှူပါ၏၊ သံဃာတော်အား စွန့်လှူပါ၏ဟူ၍ ဖြစ်စေ၊ ငါသည် မိမိအသက်ကို ရတနာသုံးပါးအား စွန့်လှူပါ၏ဟူ၍ ဖြစ်စေ၊ ငါ၏ကိုယ်ကို ရတနာသုံးပါးအား စွန့်လှူအပ်ပြီးသာလျှင် ဖြစ်၏ဟူ၍ ဖြစ်စေ၊ ငါ၏အသက်ကို ရတနာသုံးပါးအား စွန့်လှူအပ်ပြီးသာလျှင် ဖြစ်၏ဟူ၍ ဖြစ်စေ၊ ငါသည် အသက်ထက်ဆုံး မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သိရှိပါ၏၊ တရားတော်ကို (ပ) သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သိရှိပါ၏ဟူ၍ ဖြစ်စေ၊ မြတ်စွာဘုရားသည် တရားတော်သည် သံဃာတော်သည် ငါ၏ ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာ ဖြစ်၏ဟူ၍ ဖြစ်စေ ဤကဲ့သို့ မြွက်ဆို၍ မိမိကိုယ်ကို ရတနာသုံးပါးအား အပ်နှင်းစွန့်လှူသော အခြင်းအရာဖြင့်ဖြစ်သည့် အတ္တသန္နိယျာတနသရဏဂုံ ဖြစ်၏။

၇၀၀

(၂) အရှင်မဟာကဿပ-ဟု နောက်တချိန်တွင် ထင်ရှားမည့် ပိပ္ပလိလုလင်သည် မိမိဘာသာ ရဟန်းအသွင်ကို ယူပြီးလျှင် မဟာတိတ္ထ နေရင်းပုဏ္ဏားရွာမှ ထွက်၍ ဘုရားရှင်ရှိရာသို့ အစဉ်သဖြင့် သွားလတ်သော် သုံးဂါဝုတ်ခရီးမှ ဆီးကြို၍ ရာဇဂြိုဟ်ပြည်နှင့် နာဠန္ဒမြို့အကြား ဗဟုပုတ္တကမည်သော ပညောင်ပင်ရင်း၌ တပါးတည်း ထိုင်နေတော်မူသော မြတ်စွာဘုရားကို ဖူးတွေ့ရလေလျှင် မြတ်စွာဘုရားရှင်အပေါ်၌ “ဤပုဂ္ဂိုလ်မြတ်သည် လူနတ်တို့၏ဆရာ သတ္ထာမည်တော်မူ၏၊ ကောင်းသော ပဋိပတ်ဖြင့် နိဗ္ဗာန်သို့ အမှန်ပင် ဆိုက်ရောက်သောကြောင့် သုဂတမည်တော်မူ၏၊ မဖောက်မပြန် ကိုယ်တော်တိုင် သစ္စာဉေယျ ဓမ္မခပင်း ထိုးထွင်းသိမြင်တော်မူသောကြောင့် သမ္မာသမ္ဗုဒ္ဓမည်တော်မူ၏”ဟု ယုံမှားကင်းပြတ် ဆုံးဖြတ်ချက် ချမှတ်ပြီးလျှင်-

“သတ္ထာရဉ္စ ဝတာဟံ ပဿေယျံ၊ ဘဂဝန္တမေဝ ပဿေယျံ = အကျွန်ုပ်သည် လူနတ်တို့၏ဆရာ သတ္ထာမည်သော ပုဂ္ဂိုလ်မြတ်ကို ကြည့်ရှုလျှင် ရှင်ပင်ဘုရားကိုသာ ကြည့်ရှုပါအံ့။ သုဂတဉ္စ ဝတာဟံ ပဿေယျံ၊ ဘဂဝန္တမေဝ ပဿေယျံ = အကျွန်ုပ်သည် သုဂတခေါ်ဆို ပုဂ္ဂိုလ်သူမြတ်ကို ကြည့်ရှုလျှင် ရှင်ပင်ဘုရားကိုသာ ကြည့်ရှုပါအံ့။ သမ္မာသမ္ဗုဒ္ဓဉ္စ ဝတာဟံ ပဿေယျံ၊ ဘဂဝန္တမေဝ ပဿေယျံ = အကျွန်ုပ်သည် သမ္မာသမ္ဗုဒ္ဓခေါ်ဆို ပုဂ္ဂိုလ်သူမြတ်ကို ကြည့်ရှုလျှင် ရှင်ပင်ဘုရားကိုသာ ကြည့်ရှုပါအံ့။ (=အကျွန်ုပ်သည် ရှင်တော်ဘုရားမှတပါး အခြားသူကို သတ္ထုဟူ၍, သုဂတဟူ၍, သမ္မာသမ္ဗုဒ္ဓဟူ၍ ဉာဏ်စက္ခုဖြင့် မကြည့်ရှုပါ မမြင်ပါ၊ ရှင်တော်ဘုရားကိုသာလျှင် သတ္ထုဟူ၍, သုဂတဟူ၍, သမ္မာသမ္ဗုဒ္ဓဟူ၍ ဉာဏ်စက္ခုဖြင့် ကြည့်ရှုသိမြင်ပါ၏”ဟု ဆိုလိုသည်)”-

ဤကဲ့သို့ နှုတ်မြွက်ကာ သရဏဂုံ ခံယူလေသည်။ ဤသို့လည်း အရှင်မဟာကဿပ၏ တပည့်အဖြစ် ခံယူသော သရဏဂုံကဲ့သို့ ရတနာသုံးပါး၏ တပည့်အဖြစ် ခံယူသော သိဿဘာဝူပဂမန သရဏဂုံသည် ဖြစ်၏။

(၃) ရှေးဖော်ပြရာပါ အာဠဝကသုတ် ဟေမဝတသုတ်တို့၌ လာရှိသည့်-

သော အဟံ ဝိစရိဿာမိ၊ ဂါမာ ဂါမံ ပုရာ ပုရံ။

နမဿမာနော သမ္ဗုဒ္ဓံ၊ ဓမ္မဿ စ သုဓမ္မတံ။ (ဟူ၍၎င်း)


တေ မယံ ဝိစရိဿာမ၊ ဂါမာ ဂါမံ နဂါ နဂံ။

နမဿမာနာ သမ္ဗုဒ္ဓံ၊ ဓမ္မဿ စ သုဓမ္မတံ။ (ဟူ၍၎င်း)

၇၀၁

ဤသို့လည်း အာဠဝကဘီလူး, ဟေမဝတနတ်မင်း, သာတာဂိရနတ်မင်းတို့၏ သရဏဂုံကဲ့သို့ ရတနာသုံးပါး၌ လည်းလျောင်း ညွတ်ကိုင်းသော အခြင်းအရာဖြင့်ဖြစ်သော တပ္ပရာယဏ သရဏဂုံသည် ဖြစ်၏။ (ဂါထာအနက်များ အောက်၌ ရေးခဲ့ပြီ)။

(၄) မဇ္ဈိမပဏ္ဏာသ ဗြဟ္မာယုသုတ်ဝယ် လာရှိသည့်အတိုင်း ဗြဟ္မာယုပုဏ္ဏား မေးလျှောက်အပ်သော ပြသနာရှစ်ချက်ကို မြတ်စွာဘုရားရှင် ဖြေကြား၍ ပြီးဆုံးသောအခါ ဗြဟ္မာယုပုဏ္ဏားကြီးသည် မြတ်စွာဘုရား၌ အလွန်ကြည်ညိုရကား နေရာမှထ၍ မြတ်စွာဘုရားရှင်၏ ခြေတော်တို့၌ ဦးဖြင့်တိုက် (ဦးခိုက်)ပြီးလျှင် ဘုရားရှင်၏ ခြေတော်တို့ကို ခံတွင်းဖြင့်လည်း စုပ်လေသည်။ လက်နှစ်ဖက်တို့ဖြင့် တအားသွန် ဆုပ်နယ်လေသည်၊ “အိုအရှင်ဂေါတမ.. အကျွန်ုပ်သည် ဗြဟ္မာယုပုဏ္ဏားဖြစ်ပါသည်၊ အိုအရှင်ဂေါတမ.. အကျွန်ုပ်သည် ဗြဟ္မာယုပုဏ္ဏားဖြစ်ပါသည်”ဟု အမည်ကိုလည်း ထုတ်ဖော် ပြောကြား လျှောက်ထားလေသည်။

ဤဗြဟ္မာယုပုဏ္ဏားကြီးကဲ့သို့ ကိုယ်ထိလက်ရောက် ရတနာသုံးပါး၌ အလွန်အမင်း ရိုသေသော အခြင်းအရာအားဖြင့်လည်း ပဏိပါတသရဏဂုံသည် ဖြစ်၏။

အချုပ်အားဖြင့် အတ္တသန္နိယျာတန အစရှိသော သရဏဂုံ လေးမျိုးတို့အတွက် ပြုမူပုံ တမျိုးတည်းအနေဖြင့် မမှတ်ယူရာ၊ ရတနာသုံးပါး၌ ရိုသေလေးမြတ် ဆည်းကပ်သော အခြင်းအရာဖြင့်ဖြစ်သည့် အပြုအမူ အမျိုးမျိုး၊ အပြောအဆို အမျိုးမျိုးတို့ ရှိလေရာ ထိုပြုမူပြောဆိုချက်အပေါ်မှာ မူတည်၍ “ဤအပြုအမူ အပြောအဆိုမျိုးကား အတ္တသန္နိယျာတန သရဏဂုံ ဖြစ်၏၊ ဤအပြုအမူ အပြောအဆိုမျိုးကား တပ္ပရာယဏ သရဏဂုံဖြစ်၏၊ ဤအပြုအမူ အပြောအဆိုမျိုးကား သိဿဘာဝူပဂမန သရဏဂုံဖြစ်၏၊ ဤအပြုအမူ အပြောအဆိုမျိုးကား ပဏိပါတသရဏဂုံဖြစ်၏”ဟူ၍ သင့်လျော်သလို မှတ်ယူနိုင်ရန် ဤယခု နောက်နည်းကို အဋ္ဌကထာဆရာတော်မြတ် ဖွင့်ပြတော်မူအပ်လေသည်။

ပဏိပါတ အရိုအသေပြုမှု လေးမျိုး

ထိုပဏိပါတခေါ်သော အရိုအသေပြုမှု ရှိခိုးမှုသည် ၁-ဆွေမျိုးဖြစ်၍ ရှိခိုးခြင်း, ၂-ကြောက်သဖြင့် အရိုအသေပြုခြင်း ရှိခိုးခြင်း, ၃-ဆရာဖြစ်၍ အရိုအသေပြုခြင်း ရှိခိုးခြင်း, ၄ -မြတ်သာအလှူကို ခံယူထိုက်သည့်

၇၀၂

ရတနာသုံးတန် ဝတ္ထုမှန်အနေဖြင့် အရိုအသေပြုခြင်း ရှိခိုးခြင်းဟူ၍ လေးမျိုး ပြားပြန်လေသည်။

ထိုလေးမျိုးတို့အနက် ၄-အမှတ်ပြပါ မြတ်သောအလှူကို ခံယူထိုက်သည့် ရတနာသုံးတန် ဝတ္ထုမှန်အနေဖြင့် အရိုအသေပြုမှ ရှိခိုးမှသာလျှင် ပဏိပါတသရဏဂုံ မြောက်လေသည်။ ကျန်သုံးမျိုးဖြင့် ရိုသေမှု ရှိခိုးမှုကား သရဏဂုံ မမြောက်ပေ။

မှန်၏- ချီးမွမ်းအပ် မြတ်သော ရတနာမှန်အနေဖြင့် ရိုသေမြတ်နိုး ရှိခိုးမှတ်ယူမှသာ သရဏဂုံမြောက်လေသည်၊ စစ်မှန်သော ဘုရား, တရား, သံဃာ = ရတနာသုံးပါးကို စွန့်ပယ်၍ အခြား မစစ်မမှန်သည့် ဘုရား အမည်ခံ, တရားအမည်ခံ, သံဃာအမည်ခံများကို စစ်မှန်သော ဘုရား, တရား, သံဃာ ရတနာအနေဖြင့် ရိုသေမြတ်နိုး ရှိခိုး ကိုးကွယ်မှသာ သရဏဂုံ ပျက်လေသည်။

ထို့ကြောင့် ၁-အမှတ်မထင် အကြင် သာကီဝင်မင်း ကောလိယမင်းသည် “မြတ်စွာဘုရားသည် ငါတို့၏ မဟာဆွေတော်မျိုးတော် ဖြစ်သည်”ဟု အောက်မေ့ကာ ရှိခိုးငြားအံ့၊ ထိုသူသည် သရဏဂုံကို ခံယူအပ်သည် မမည်။

၂-အမှတ်မထင် အကြင်သူသည် “ရဟန်းဂေါတမသည် မင်းအပူဇော်ခံပုဂ္ဂိုလ် တန်ခိုးအာနုဘော်ကြီးသော ပုဂ္ဂိုလ် ဖြစ်လေသည်၊ သူ့ကို ရှိခိုးမှု ငါမပြုခဲ့လျှင် ငါ၏ အကျိုးမဲ့ကိုသော်မူလည်း ပြုလေရာ၏”ဟု အောက်မေ့ ကြောက်ရွံ့သဖြင့် ရှိခိုးငြားအံ့၊ ထိုသူသည်လည်း သရဏဂုံကို ခံယူအပ်သည် မမည်။

၃-အမှတ်မထင် အကြင်သူသည် မြတ်စွာဘုရား ဘုရားမဖြစ်မီ ဘုရားအလောင်းတော် ဖြစ်စဉ်အခါ၌ အလောင်းတော်သူမြတ်ထံ အတတ်ပညာ တစုံတရာ သင်ကြားခဲ့ဘူးသည်ကို အောက်မေ့ကာ ဘုရားဖြစ်တော်မူသောအခါ၌ “ငါ၏ဆရာ ဖြစ်ခဲ့ပေသည်”ဟု အောက်မေ့ကာ ရှိခိုးငြားအံ့၊ အမှတ်မထင် အကြင်သူသည်လည်း မြတ်စွာဘုရား ဖြစ်သောအခါ-

စတုဓာ ဝိဘဇေ ဘောဂေ၊ ပဏ္ဍိတော ဃရမာဝသံ။

ဧကေန ဘောဂံ ဘုဉ္ဇေယျ၊ ဒွီဟိ ကမ္မံ ပယောဇယေ။

စတုတ္ထဉ္စ နိဓာပေယျ၊ အာပဒါသု ဘဝိဿတိ။

အိမ်ရာကို စိုးအုပ်နေသော ပညာရှိ မင်းယောက်ျားသည် မိမိရရှိသော စည်းစိမ်ဥစ္စာများကို လေးပုံပုံပြီးနောက် တပုံသော ဥစ္စာဖြင့်

၇၀၃

လူစည်းစိမ်ကို ခံစားသုံးဆောင်ရမည်၊ နှစ်ပုံသော ဥစ္စာတို့ဖြင့် မိမိအလုပ်ကို ဆက်၍ လုပ်ဆောင်ရမည်၊ စတုတ္ထ အပုံကိုကား “ဘေးရန်ရောက်ခဲ့သော် သုံးစွဲရန် ဖြစ်လိမ့်မည်”ဟု ရည်ရွယ်၍ သိမ်းထားရမည်။ (=မိမိ ရောင်းဝယ်ဖောက်ကား၍ ငွေ-၁၀ဝိ/ကျပ်တရာ အမြတ်အစွန်း ရရှိလာလျှင် ထိုကျပ်တရာကို လေးပုံပြု၍ တပုံ ၂၅ိ/ နှစ်ဆယ့်ငါးကျပ်ဖြင့် အိမ်ထောင်မှုလောက်အောင် သုံးရမည်၊ နှစ်ပုံဖြစ်သည့် ၅ဝိ/ ကျပ်ငါးဆယ်ကို အလုပ်ထဲ၌ ပြန်၍ ရင်းနှီးရမည်၊ စတုတ္ထအပုံဖြစ်သည့် ၂၅ိ/ ကျပ်အစိတ်ကို ဘေးရန်ပေါ်ပေါက်လျှင် အသုံးပြုရန် သိမ်းထားရမည်)-

ဤကဲ့သို့သော လောကီကြီးပွါးရေးဆိုင်ရာ ဆုံးမချက်ကို သင်ကြား၍ လောကီကြီးပွါးရေး ညွှန်ကြားပေးပေသည်ဟု စိတ်ကရည်ရွယ်၍ “ငါ၏ဆရာ ဖြစ်ပါပေသည်”ဟု အောက်မေ့ကာ ရှိခိုးငြားအံ့၊ ထိုသူနှစ်ဦးလုံးပင် သရဏဂုံကို ခံယူအပ်သည်မမည်။

၄-အမှတ်မထင် အကြင်သူသည်ကား “ဤမြတ်စွာဘုရားသည် လောက၌ နောက်နောက်ဘဝ အကျိုးရအောင် ပျိုးချတုံလတ် မြတ်သောအလှူကို ခံယူတော်မူထိုက်သော ရတနာစစ် ရတနာမှန် ဖြစ်တော်မူ၏”ဟု အောက်မေ့ကာ ရှိခိုး၏၊ ထိုသူသည်သာလျှင် သရဏဂုံကို ခံယူအပ်သည်မည်၏။

ဆက်ဦးအံ့- ဤကဲ့သို့ အဂ္ဂဒက္ခိဏေယျပုဂ္ဂိုလ် = မြတ်သောအလှူကို ခံထိုက်သော ပုဂ္ဂိုလ်အနေဖြင့် ဘုရားရှင်ကို သိရှိကာ သရဏဂုံ ခံယူပြီးသော ဥပါသကာ, ဥပါသိကာ၏ အဖို့ရာ သာသနာပြင်ပ တိတ္ထိတို့၌ တိတ္ထိရဟန်းပြုနေသော ဆွေမျိုးဖြစ်သူကို “ဤသူကား ငါ၏ ဆွေမျိုးဖြစ်သည်”ဟု အောက်မေ့ကာ ရှိခိုးသော်လည်း သရဏဂုံမပျက်၊ တိတ္ထိရဟန်းမဟုတ်သူ ဆွေမျိုးတော်စပ်သော ပကတိလူကို ရှိခိုးမူကား အဘယ် ဆိုဖွယ်ရှိအံ့နည်း၊ သရဏဂုံ မပျက်သည်သာတည်း (၁)။ ထို့အတူ သရဏဂုံ ခံယူပြီးသော ဥပါသကာ, ဥပါသိကာ၏ အဖို့ရာ တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်သူကို ရှိမခိုးလျှင် အကျိုးမဲ့ကို ပြုမည်စိုး၍ ရှိခိုးသော်လည်း သရဏဂုံ မပျက်ချေ၊ မှန်၏- ထိုမင်းဖြစ်သောသူသည် တိုင်းပြည်အလုံးက ပူဇော်အပ်သူ ဖြစ်ရကား ရှိမခိုးအပ်လျှင် အကျိုးမဲ့ကိုသော်လည်း ပြုလေရာ၏၊ ထို့ကြောင့် ရှိခိုးရမည်သာ၊ ထိုသို့ မင်းကို ကြောက်သဖြင့် ရှိခိုးသော်လည်း သရဏဂုံမပျက် (၂)။ ထို့အတူ အတတ်ပညာ တစုံတရာ သင်ကြားပြသပေးသော

၇၀၄

ဆရာဖြစ်ဘူးသည့် တိတ္ထိဖြစ်သူကိုပင်သော်လည်း “ဤသူသည် ငါ၏ဆရာ ဖြစ်ခဲ့ဘူးပြီ”ဟု ကြံစည်အောက်မေ့ကာ ရှိခိုးသော (သရဏဂုံတည်သူ) ဥပါသကာအဖို့လည်း သရဏဂုံမပျက် (၃)။ ဤသို့ ဆိုအပ်ပြီးအတိုင်း သရဏဂုံအပြားကို သိမှတ်ရာ၏။

(င) သရဏဂုံ၏ အကျိုး

ဖော်ပြရာပါ လောကီသရဏဂုံ လောကုတ္တရာသရဏဂုံ နှစ်မျိုးတို့တွင် အရိယဖိုလ် လေးပါးတို့သည် လောကုတ္တရာ သရဏဂုံ (=မဂ်စိတ္တုပ္ပါဒ်)၏ အကျိုးရင်း ဖြစ်ကုန်၏၊ သံသရာဝဋ်ဒုက္ခ၏ ကုန်ခန်းချုပ်ငြိမ်းခြင်းသည် အကျိုးဆက် အကျိုးဖျား အာနိသံသမည်၏။ တနည်းကား အနိစ္စ, ဒုက္ခ, အနတ္တဖြစ်သော ရုပ်နာမ်ဓမ္မ သင်္ခါရတို့ကို ဘယ်သောအခါမှာမှ နိစ္စဟူ၍, သုခဟူ၍, အတ္တဟူ၍ မစွဲယူခြင်း- စသည်သည် လောကုတ္တရာ သရဏဂုံ၏ အကျိုးဆက်မည်၏။ ဘဝသမ္ပတ္တိ = သုဂတိဘဝသို့ ကပ်ရောက်ရခြင်း, ဘောဂသမ္ပတ္တိ = စည်းစိမ်ဥစ္စာနှင့် ပြည့်စုံခြင်း- စသည်သည် လောကီသရဏဂုံ၏ အကျိုးမည်၏။ ။ဤကား သရဏဂုံ၏ အကျိုးတည်း။

(စ) သရဏဂုံ၏ ညစ်နွမ်းခြင်း

ထိုလောကီသရဏဂုံ, လောကုတ္တရာသရဏဂုံ- နှစ်ပါးတို့တွင် လောကီသရဏဂုံသည် ရတနာသုံးပါးတို့၌ ဂုဏ်ကျေးဇူးကို မသိခြင်း ယုံမှားခြင်း အလွဲလွဲအမှားမှား စွဲယူမှတ်ထင်ခြင်း- စသည်တို့ကြောင့် ညစ်နွမ်း၏။ အရောင်မလက် မပြန့်ပြူး မကြီးကျယ်။ လောကုတ္တရာ သရဏဂုံမှာကား ညစ်နွမ်းမှုဟူ၍ မရှိ၊ အမြဲတစေ သန့်ရှင်းစင်ကြယ်လျက် ရှိချေ၏။

(ဆ) သရဏဂုံ၏ ပျက်စီးခြင်း

သရဏဂုံနှစ်ပါးတို့တွင် လောကုတ္တရာသရဏဂုံမှာ ဘယ်သောအခါမှာမှ ပျက်စီးသောဟူ၍ မရှိ၊ မှန်၏- လောကုတ္တရာသရဏဂုံ တည်ပြီးသူဖြစ်သည့် အရိယာ သူတော်ကောင်းသည် တမလွန်လောက ဟိုဘ၀၌သော်လည်း ရတနာသုံးပါးမှတပါး အခြားသူကို ဆရာဟူ၍ မညွှန်ပြတော့ချေ။ လောကီသရဏဂုံမှာသာ ပျက်စီးခြင်း ရှိသည်။

ထိုလောကီသရဏဂုံ၏ ပျက်စီးခြင်းသည် ၁-အပြစ်ရှိသော ပျက်စီးခြင်း၊ ၂-အပြစ်မရှိသော ပျက်စီးခြင်းဟူ၍ နှစ်မျိုးရှိ၏။ ထိုနှစ်မျိုးတို့တွင် ၁-ရတနာသုံးပါးမှတပါး အခြားတိတ္ထိဆရာ- စသည်တို့၌

၇၀၅

“မိမိကိုယ်ကို အပ်နှင်းသော အခြင်းအရာ” အစရှိသော ရှေးဖော်ပြရာပါ အခြင်းအရာ လေးပါးတို့အနက် တပါးပါးသော အခြင်းအရာဖြင့် ဆည်းကပ်ကိုးကွယ်လျှင် သရဏဂုံလည်းပျက်၍ တဏှာ,ဒိဋ္ဌိ အစရှိသော အကုသိုလ်အပြစ်တို့နှင့်လည်း တကွဖြစ်သောကြောင့် မကောင်းသော ဆင်းရဲဒုက္ခအကျိုးကို ပေး၏။ ၂-ဤဘဝ ကိုယ်ခန္ဓာပြတ်ကြွေ စုတေသောအခါ ခံယူရင်း လောကီသရဏဂုံ ပျက်၏၊ သို့သော် သရဏဂုံ ပျက်ရုံမျှသာဖြစ်၍ တစုံတခု အကုသိုလ်မဟုတ်သောကြောင့် အပြစ်မရှိ။ ။(ယနေ့ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ဆောက်တည်အပ်သော သရဏဂုံသည် လောကီသရဏဂုံဖြစ်၏၊ ထိုလောကီသရဏဂုံသည် သိက္ခာပုဒ်ကို ဆောက်တည်ခြင်းကဲ့သို့ ကာလအပိုင်းအခြားကို မပြုမူ၍ ဆောက်တည်အပ်ရကား အသက်ပျက်ဆုံးမှ သရဏဂုံလည်း ဆုံးလေ ပျက်လေတော့သည်၊ ထိုကဲ့သို့ သေသဖြင့် သရဏဂုံပျက်ခြင်းကား တဏှာ,ဒိဋ္ဌိ- အစရှိသော အကုသိုလ်အပြစ်တရားများ မပါရှိ၍ အပြစ်မရှိသော ပျက်စီးခြင်းသာ ဖြစ်၏။ ။ဤကား သရဏဂုံ၏ ပျက်စီးခြင်းကို ပြဆိုချက်တည်း။ (သုတ်သီလက္ခန် အဋ္ဌကထာ၊ စာမျက်နှာ ၂၀၅။ ပ။ ၂၀၉-မှ)။

ဥပါသကာနှင့်စပ်၍ မှတ်ဖွယ်

ဤ၌ ဥပါသကာနှင့်စပ်၍ မှတ်ဖွယ်ကိုလည်း အကျဉ်းမျှ ဖော်ပြဦးအံ့၊ ဤဥပါသကာ အရာ၌လည်း-

(က) ဥပါသကာမည်သောသူ,

(ခ) ဥပါသကာမည်ကြောင်း,

(ဂ) ဥပါသကာ၏ သီလ,

(ဃ) ဥပါသကာ၏ အသက်မွေးမှု,

(င) ဥပါသကာ၏ ပျက်စီးခြင်း,

(စ) ဥပါသကာ၏ ပြည့်စုံခြင်း-

ဤခြောက်ပါးကို နားလည်သင့်၏။

(က) ဥပါသကာမည်သောသူ

ထိုခြောက်ပါးတို့တွင် “အဘယ်သို့သောသူသည် ဥပါသကာမည်သနည်း”ဟူမူ အမျိုးယုတ်ညံ့မဟူ သရဏဂုံတည်သူ မှန်သမျှသည် ဥပါသကာမည်၏။ (ဆိုင်ရာသာဓကကို သံ၊ ၃၊ ၃၄၄-မျက်နှာမှ ယူလေ)။

၇၀၆

(ခ) ဥပါသကာမည်ကြောင်း

“အဘယ့်ကြောင့် ဥပါသကာမည်သနည်း”ဟူမူ ဘုရား, တရား, သံဃာ = ရတနာသုံးပါးကို ဆည်းကပ်တတ်သောကြောင့် ဥပါသကာမည်၏။ (ဥပါသတီတိ ဥပါသကော။ ဥပါသတိ = ရတနာသုံးပါးကို ဆည်းကပ်တတ်၏။ ဣတိ တသ္မာ = ထို့ကြောင့်။ ဥပါသကော = ဥပါသကမည်၏။ ဥပါသကော = ရတနာသုံးပါးကို ဆည်းကပ်တတ်သူ ဒါယကာ။ ဤကား ဝစနတ္ထတည်း)။

(ဂ) ဥပါသကာ၏ သီလ

“ဥပါသကာ၏ သီလကား အဘယ်နည်း”ဟူမူ ငါးပါးသီလသည် ဥပါသကာ၏ သီလမည်၏။ (သာဓကကို သံ၊ ၃၊ ၃၄၅-မျက်နှာမှ ယူလေ)။

ဥပါသကာ၏ အသက်မွေးမှု

“ဥပါသကာ၏ အသက်မွေးမှုကား အဘယ်နည်း”ဟူမူ ၁-လက်နက် ရောင်းဝယ်ကုန်သွယ်ခြင်း, ၂-လူကို ရောင်းဝယ်ကုန်သွယ်ခြင်း, ၃-အသားငါးကို ရောင်းဝယ်ကုန်သွယ်ခြင်း, ၄-သေအရက်ကို ရောင်းဝယ်ကုန်သွယ်ခြင်း, ၅-အဆိပ်ကို ရောင်းဝယ်ကုန်သွယ်ခြင်း = ဤမိစ္ဆာကုန်သွယ်ခြင်း ၅-မျိုးကို ရှောင်ရှား၍ တရားနှင့်အညီ နွားကျောင်း၍ ကုန်သွယ်၍ လယ်လုပ်၍ အသက်မွေးခြင်းသည် ဥပါသကာ၏ အသက်မွေးမှုမည်၏။ (သာဓကကို အံ၊ ၂၊ စာမျက်နှာ ၁၈၃-မှ ယူလေ။)

(င) ဥပါသကာ၏ ပျက်စီးခြင်း

“ဥပါသကာ၏ ပျက်စီးခြင်းကား အဘယ်နည်း”ဟူမူ ရှေးဖော်ပြရာပါ ငါးပါးသီလနှင့် တရားသော အသက်မွေးမှုတို့၏ ပျက်စီးခြင်းသည် ဥပါသကာ၏ ပျက်စီးခြင်းမည်၏။ (ငါးပါးသီလ ပျက်စီးလျှင်၎င်း, မိစ္ဆာကုန်သွယ်ခြင်း ၅-မျိုးတို့တွင် တမျိုးမျိုးဖြင့် ကုန်သွယ်၍ အသက်မွေးလျှင်၎င်း ဥပါသကာ၏အဖြစ် ပျက်စီးလေတော့၏ဟု ဆိုလိုသည်)။ ထို့ပြင် ဥပါသကာကြမ်း ဥပါသကာညစ် စက်ဆုပ်ဖွယ်သော ဥပါသကာ၏ အဖြစ်ကို ပြုတတ်သည့် ၁-သဒ္ဓါတရား မရှိခြင်း, ၂-ကိုယ်ကျင့်သီလ မရှိခြင်း, ၃-လူမလိမ္မာ ပညာမဲ့သူတို့ ကြံဆအပ်သည့် အမြင် အကြား အတွေ့ဟူသော လောကီမင်္ဂလာတို့နှင့် ပြည့်စုံခြင်း ထိုလောကီမင်္ဂလာတို့ကိုသာ လိုက်စားခြင်း, ၄-ကုသိုလ်ကံ အကုသိုလ်ကံကို မယုံကြည်ပဲ မင်္ဂလာကိုသာ အနှစ်သာရအားဖြင့် ယုံကြည်ခြင်း, ၅-သဗ္ဗညူမြတ်စွာ သာသနာပြင်ပ တိတ္ထိတို့၏ အယူဝါဒ၌ မြတ်သော အလှူခံပုဂ္ဂိုလ်ရှိနိုး

၇၀၇

မျှော်ကိုးရှာမှီးလျက် ကုသိုလ်ကောင်းမှု ပြုလုပ်လျှင် တိတ္ထိတို့၏ အယူဝါဒ၌ ဦးစားပေး ရှေးဦးစွာ ပြုလုပ်ပြီးနောက်မှ ဘုရားသာသနာ၌ ပြုလုပ်ခြင်း ဤတရားငါးပါးသည် ဥပါသကာ၏ ပျက်စီးခြင်းမည်၏။ (ဤတရားငါးပါး ဖြစ်လာလျှင် ဥပါသကာအဖြစ် ပျက်စီးတော့၏-ဟု ဆိုလိုသည်)။ (သာဓကကို အံ၊ ၂၊ ၁၈၁-မှ ယူလေ။)

(စ) ဥပါသကာ၏ ပြည့်စုံခြင်း

“ဥပါသကာ၏ ပြည့်စုံခြင်းကား အဘယ်နည်း”ဟူမူ ရှေးဖော်ပြရာပါ ငါးပါးသီလ တရားသော အသက်မွေးမှုတို့နှင့် ပြည့်စုံခြင်းသည် ဥပါသကာ၏ ပြည့်စုံခြင်းမည်၏၊ (ငါးပါးသီလ မပျက်စီးလျှင် တရားသော အသက်မွေးမှု မပျက်စီးလျှင် ဥပါသကာ၏အဖြစ် ပြည့်စုံနေ၏ဟု ဆိုလိုသည်)။ ထို့ပြင် ရတနာနှင့်တူသော ဥပါသကာ, ပဒုမာကြာနှင့်တူသော ဥပါသကာ, ကြာပုဏ္ဍရိက်နှင့်တူသော ဥပါသကာအဖြစ်ကို ပြုတတ်သည့် ၁-သဒ္ဓါတရားရှိခြင်း, ၂-ကိုယ်ကျင့်သီလ မပျက်စီးခြင်း, ၃-လောကီမင်္ဂလာတို့ကို မလိုက်စားခြင်း, ၄-လောကီမင်္ဂလာများကို မယုံကြည်ပဲ ကုသိုလ် အကုသိုလ်ကံကိုသာ ယုံကြည်ခြင်း, ၅-သာသနာပြင်ပ တိတ္ထိတို့၏ အယူဝါဒ၌ မြတ်သော အလှူခံပုဂ္ဂိုလ်ရှိနိုး မျှော်ကိုးရှာမှီးမှု မပြုပဲ ကုသိုလ်ကောင်းမှု ပြုလုပ်လျှင် ဤသာသနာတော်၌ ဦးစားပေး ရှေးဦးစွာ ပြုလုပ်ပြီးနောက်မှ တိတ္ထိတို့၏ဝါဒ သာသနာ၌ ပြုလုပ်ခြင်း ဤတရားငါးပါးသည် ဥပါသကာ၏ ပြည့်စုံခြင်းမည်၏၊ (ဤတရားငါးပါး ထင်ရှားရှိနေလျှင် ဥပါသကာ၏အဖြစ် ပြည့်စုံနေ၏ဟု ဆိုလိုသည်)။ (သာဓကကို အံ၊ ၂၊ ၁၁-မှ ယူလေ)။

အဇာတသတ်မင်း၏ နစ်နာမှုနှင့် အကျိုးရမှု

     ထို့နောက် မြတ်စွာဘုရားရှင်သည် အဇာတသတ်မင်း ဖဲခွါသွား၍ မကြာမြင့်မီပင် ရဟန်းတော်များကို “ရဟန်းတို့.. အဇာတသတ်မင်းသည် မိမိ၏တည်ရာကို မိမိပင် တူးဖြိုဖျက်ဆီးခဲ့၏၊ ရဟန်းတို့.. ဤအဇာတသတ်မင်းသည် တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို မသတ်မိပါမူ၍ အဇာတသတ်မင်း၏သန္တာန်၌ ဤနေရာမှာပင်လျှင် သောတာပတ္တိ မဂ်ဉာဏ်အမြင် ဖြစ်ပေါ်လေရာ၏၊ (ဤမင်းသည် ဤနေရာမှာပင် သောတာပန်တည် အရိယာဖြစ်လေရာ၏)”ဟု မိန့်တော်မူ၏။

၇၀၈

     ဤ၌ “ဤအဇာတသတ်မင်းသည် ခမည်းတော်ကို မသတ်မိခဲ့ပါမူ ယခု သာမညဖလသုတ်ကို ကြားနာသောအခါ ဤနေရာ၌ ထိုင်နေလျက်ပင် သောတာပတ္တိမဂ်သို့ ရောက်လေရာ၏။ ယခုမှာမူ ဒေဝဒတ်တည်းဟူသော မိတ်ဆွေမကောင်းနှင့် ပေါင်းသင်းမိသည့်အတွက် သောတာပတ္တိမဂ်ဉာဏ်၏ အန္တရာယ် ဖြစ်ရှိလေတော့၏။ ထိုသို့ပင် ဖြစ်သော်လည်း ဤအဇာတသတ်မင်းသည် ငါဘုရားကို ဆည်းကပ်၍ ရတနာသုံးပါးကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သောကြောင့်၎င်း, သူ၏ဆည်းကပ်ရာ ငါဘုရား၏ သာသနာသုံးရပ်က မြတ်လှ ကြီးမားလှသောကြောင့်၎င်း ဥပမာအားဖြင့် တစုံတယောက်သော ယောက်ျားသည် လူသတ်မှုကို ကျူးလွန်မိ၍ သေစားသေရန် အပြစ်ဒဏ်ကို ခံရမည်ဖြစ်သော်လည်း အမှီကောင်းကို ရရှိသည့်အတွက် ပန်းတဆုပ်မျှသော လက်ဆောင်ဖြင့် (၀ါ-ပန်းတဆုပ်သော ဥစ္စာဒဏ်ကို ပေးဆောင်ကာ) သေဒဏ်မှ လွတ်သကဲ့သို့ ဤအတူပင် အဖကိုသတ်ခြင်း တည်းဟူသော အာနန္တရိယကံကြောင့် အဝီစိငရဲ၌ ဖြစ်ထိုက်သော်လည်း ဘုရားသာသနာ တည်းဟူသော အမှီကောင်းကို ရရှိသည့်အတွက် လောဟကုမ္ဘီငရဲ၌သာ (သေပြီးနောက်) ဖြစ်ပြီးလျှင် အနှစ်သုံးသောင်းကြာ အောက်သို့မြုပ်၍ အောက်အပြင်သို့ ရောက်ရှိကာ တဖန် အနှစ်သုံးသောင်းကြာ အထက်သို့တက်၍ အထက်အနားရေးအပြင်သို့ ရောက်ရှိလတ်၍ (အနှစ်ခြောက်သောင်းကြာလျှင်) ထိုလောဟကုမ္ဘီငရဲမှ လွတ်မြောက်လိမ့်မည်” ဟူ၍လည်း မြတ်စွာဘုရားရှင်သည် ဆက်၍ မိန့်တော်မူ၏။

(ဤ၌။ ။အဇာတသတ်မင်း အကျိုးရမှု မှတ်ဖွယ်အထူးကို အဋ္ဌကထာမှ ထုတ်ဆောင် ဖော်ပြဦးအံ့- “ဤသာမညဖလသုတ်ကို ကြားနာရ၍ အဇာတသတ်မင်းသည် တစုံတခုသော အကျိုးအာနိသင်ကို ရအပ်ပါ၏လော”ဟု မေးဖွယ်ရှိ၏။

အဖြေကား- ကြီးစွာသော အကျိုးအာနိသင်ကို ရအပ်ပါ၏။ ရပုံမှာ.. ဤမင်းသည် ခမည်းတော်ကို သတ်ပြီးသောအခါမှစ၍ ဒုဂ္ဂတိနိမိတ်တို့သာ ထင်နေသဖြင့် နေ့နေ့ညဉ့်ညဉ့် အိပ်စက်ခွင့်ကို မရခဲ့ချေ၊

၇၀၉

မြတ်စွာဘုရားရှင်ထံတော်သို့ ဆည်းကပ်၍ ချိုမြိန်လှစွာ ဩဇာရှိသော ဤသာမညဖလသုတ် တရားဒေသနာကို ကြားနာရသောအခါမှစ၍ နေ့နေ့ညဉ့်ည၌ ချမ်းသာစွာ အိပ်စက်ခွင့်ကို ရလေ၏။ ရတနာသုံးပါး တို့အားလည်း ကြီးစွာသော ပူဇော်သက္ကာရမှုကို ပြုလေသည်၊ ဤအဇာတသတ်မင်းနှင့်တူသော ပုထုဇန်တို့ သန္တာန်၌ဖြစ်သည့် သဒ္ဓါတရား (=ပေါထုဇ္ဇနိကသဒ္ဓါတရား)နှင့် ပြည့်စုံသူ အခြားတလူမျှ မရှိချေ။ (အိပ်စက်ခွင့်ကိုရခြင်းမှ ရတနာသုံးပါး၌ ပူဇော်သက္ကာရမှုပြုသည့် ကောင်းမှုကုသိုလ်ကိုရခြင်း သူမတူတန်သော ပေါထုဇ္ဇနိကသဒ္ဓါတရားကို ရခြင်း-စသည့် မျက်မှောက်ဘဝ၌ဖြစ်သော အကျိုးတို့ကို ရသည်)။ တမလွန်လောက နောက်အနာဂတ် အတွက်မှာလည်း ဝိဇိတာဝီ အမည်ရှိသော ပစ္စေကဗုဒ္ဓါဖြစ်၍ ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ် သိမ်းရပေလိမ့်မည်။ ဤကား တမလွန်အကျိုးတည်း။

အဇာတသတ်မင်း၏ ဗောဓိဉာဏ်မှတ်ဖွယ်

ဤအရာ၌ “အဇာတသတ်မင်းအား အဖသတ်မှု = အာနန္တရိယ ကမ္မန္တရာယ်မရှိလျှင် ထိုနေရာ၌ပင် အကယ်၍ သောတာပတ္တိမဂ်ဉာဏ် ဖြစ်ပေါ်လိမ့်မည်မှန်က အဘယ်သို့လျှင် နောက်အနာဂတ်ကာလ၌ ပစ္စေကဗုဒ္ဓါဖြစ်၍ ပရိနိဗ္ဗာန် စံနိုင်ပါအံ့နည်း။ အကယ်၍ နောက်အနာဂတ်ကာလ၌ ပစ္စေကဗုဒ္ဓါဖြစ်၍ ပရိနိဗ္ဗာန် စံလိမ့်မည်မှန်က အဘယ်သို့လျှင် ထိုနေရာ၌ပင် သောတာပတ္တိမဂ်ဉာဏ် ဖြစ်ပေါ်နိုင်အံ့နည်း၊ ပစ္စေကဗောဓိဉာဏ်မှာ- ၁-မနုဿတ္တ၊ ၂-လိင်္ဂသမ္ပတ္တိ၊ ၃-ဝိဂတာသဝဒဿန၊ ၄-အဓိကာရ၊ ၅-ဆန္ဒတာ = ဤအင်္ဂါ ၅-ရပ်နှင့်ပြည့်စုံမှ ဆုတောင်းပြည့်၍ သာဝကဗောဓိဉာဏ်မှာ ၁-အဓိကာရ၊ ၂-ဆန္ဒတာ = ဤအင်္ဂါ ၂-ရပ်နှင့် ပြည့်စုံလျှင် ဆုတောင်းပြည့်နိုင်၏၊ ပါရမီဖြည့်ရာ ကာလအားဖြင့်လည်း ပစ္စေကဗောဓိဉာဏ်အတွက် ၂-သင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ရ၍ သာဝကဗောဓိဉာဏ်အတွက် အဂ္ဂသာဝကဖြစ်လျှင် ၁-သင်္ချေနှင့် ကမ္ဘာတသိန်း, မဟာသာဝကဖြစ်လျှင် ကမ္ဘာတသိန်း ပါရမီဖြည့်ရသည်၊ သစ္စာလေးပါး တရားသိပုံအားဖြင့်လည်း ပစ္စေကဗုဒ္ဓါတို့မှာ ဆရာမရှိပဲ မိမိတို့၏ ပင်ကိုယ်ဉာဏ်ဖြင့် သစ္စာလေးပါးတရားကို သိ၍ သာဝကပုဂ္ဂိုလ်တို့မှာ ဆရာကို အမှီရမှ သစ္စာလေးပါးတရားကို သိကြသည်၊ သို့ရကား ပစ္စေကဗောဓိဉာဏ်နှင့် သာဝကဗောဓိဉာဏ်တို့သည် အခြေခံ အကြောင်းရင်းအားဖြင့် မတူကြသည် မဟုတ်လော”ဟူ၍ မေးဖွယ်ရှိ၏။ (နက်နဲလှ၏၊ သတိကြီးစွာထား၍ စဉ်းစားကြလေ)။

၇၁၀

အဖြေကား- စောဒကဆရာ မေးသည့်အတိုင်း ဆန့်ကျင်မှု မရှိနိုင်၊ မဖြစ်နိုင်ချေ။ အကြောင်းကား ဤအဇာတသတ်မင်းအဖို့ရာ ဤဘဝမှ စုတေ၍ လောဟကုမ္ဘီငရဲ၌ နှစ်ခြောက်သောင်းကြာ ကျက်ပြီးနောက်မှ ပစ္စေကဗောဓိဉာဏ်၏ အဆောက်အဦတို့ကို ဖြည့်ကျင့်အပ်မည် ဖြစ်သောကြောင့်တည်း။ မှန်၏- သာဝကဗောဓိဉာဏ်ဖြင့် ကျွတ်တမ်းဝင်ကြမည့် ပုဂ္ဂိုလ်တို့သည်လည်း ထိုသာဝကဗောဓိဉာဏ်၏ အကြောင်းများ ပေါင်းဆုံညီညွတ်မှု မရှိခဲ့သော် နောက်အခါ ကာလတပါး၌ ပစ္စေကဗောဓိဉာဏ်ဖြင့် ကျွတ်တမ်းဝင်ကြကုန်လတ္တံ့၊ အကြောင်းကား- ထိုသို့ ပစ္စေကဗောဓိဉာဏ်ဖြင့် ကျွတ်တမ်းဝင်ရန် ဆုပန်မှု၏ ဖြစ်သင့်သောကြောင့်တည်း။ ။(ဤကား ပဌမဆရာတို့၏ အဖြေတည်း။ ဤပဌမဆရာတို့၏ အလိုအားဖြင့် အဇာတသတ်မင်းမှာ အကြောင်းညီညွတ်လျှင် ဤဘဝမှာပင် သာဝကဗောဓိဉာဏ်ဖြင့် ကျွတ်တမ်းဝင်မည့်သူ (သောတာပတ္တိမဂ်ဉာဏ်ကို ရရှိမည့်သူ) မှန်သော်လည်း ဒေဝဒတ်တည်းဟူသော မိတ်မကောင်းနှင့် ပေါင်းသင်းမိသောကြောင့် သာဝကဗောဓိဉာဏ်ဖြင့် ကျွတ်တမ်းဝင်ရမည့် အကြောင်းများ ပေါင်းဆုံးညီညွတ်မှုမရှိပဲ ပျက်စီးကုန်၍ ဤဘဝ သောတာပတ္တိမဂ်ကို မရပဲရှိခဲ့လေသည်။ သို့သော် ထိုမင်းသည် နောက်အခါ၌ ပစ္စေကဗောဓိဉာဏ်၏ အဆောက်အဦ ကောင်းမှုများကို ဖြည့်ကျင့်ကာ ထိုပစ္စေကဗောဓိဉာဏ်ဖြင့် ကျွတ်တမ်းဝင်လိမ့်မည်ဟု ဆိုလိုရင်းဖြစ်သည်)။

အပရေဆရာတို့ အလိုအားဖြင့်- ဤအဇာတသတ်မင်းသည် ပစ္စေကဗေဓိဉာဏ် အတွက်သာလျှင် ရှေးဆုတောင်းကောင်းမှု ပြုခဲ့ပြီးသူ ဖြစ်သည်၊ မှန်၏- ပစ္စေကဗောဓိဉာဏ်အတွက် ရှေးဆုတောင်းကောင်းမှု ပြုခဲ့ပြီးသူများပင် ဖြစ်ကြသော်လည်း ထိုပစ္စေကဗောဓိအတွက် နိယတဗျာဒိတ်ကို မရသေးကြလျှင် ထိုပစ္စေကဗောဓိဉာဏ်၏ ရင့်ကျက်မှုသို့ မရောက်သေးသောကြောင့် သက်တော်ထင်ရှား မြတ်စွာဘုရား၏ မျက်မှောက်တော်ဝယ် သာဝကဗောဓိဉာဏ်သို့ ရောက်ကြလိမ့်မည် ဖြစ်သောကြောင့် မြတ်စွာဘုရားရှင်က “ရဟန်းတို့.. ဤအဇာတသတ်မင်းသည် အကယ်၍ ခမည်းတော်မင်းကြီးကို မသတ်မိပါမူ ဤမင်း၏ ခန္ဓာအစဉ်ဝယ် သာမညဖလသုတ်ကို ကြားနာရာ ဤနေရာ၌ပင် သောတာပတ္တိ မဂ်ဉာဏ်အမြင် ဖြစ်လေရာ၏”ဟူ၍ ဟောတော်မူသည်။

ဆက်ဦးအံ့- ဘုရားအလောင်း, ပစ္စေကဗုဒ္ဓါအလောင်း, သာဝကအလောင်းဟူ၍ အလောင်းအလျာ = သုံးမျိုးတို့ ရှိကြသည့်အနက် ဘုရားအလောင်းတော်ကြီးများသာလျှင် ပဉ္စာနန္တရိယကံမှ

၇၁၁

လွတ်ကြလေသည်။ ကျန်သော အလောင်းအလျာ နှစ်မျိုးတို့မှာ အာနန္တရိယကံမှ မလွတ်ကြချေ။ ထိုစကား မှန်၏- ရှင်ဒေဝဒတ်သည် ပစ္စေကဗောဓိဉာဏ်အတွက် မြဲသူ (နိယတဗျာဒိတ်ရပြီးသူ) ဖြစ်ပါလျက် မြတ်စွာဘုရားအပေါ်၌ ကာလမြင့်ကြာ ဖြစ်ပွါးလာခဲ့သော အာဃာတ = ရန်ငြိုးကြောင့် အလွန်ဝန်လေးသော သံဃဘေဒကကံ, လောဟိတုပ္ပါဒကကံ တည်းဟူသော = အာနန္တရိယကံကြီးများကို လွန်ကျူးလေသည်၊ ဤသည်ကိုထောက်၍ ပစ္စေကဗုဒ္ဓါအလောင်း, သာဝကဗောဓိအလောင်းတို့မှာ အာနန္တရိယကံမှ မလွတ်နိုင်ကြသေးကြောင်း သိရှိရာ၏။ ထို့ကြောင့် ဤအဇာတသတ်မင်းသည် အဖသတ်မှု တည်းဟူသော ကမ္မန္တရာယ်ကြောင့် ယခုဘဝ ယခုအခါ သောတာပတ္တိမဂ်ဉာဏ်ကို ရရန်အတွက် အကြောင်းတို့၏ ပေါင်းဆုံညီညွတ်မှု မရှိတော့ပဲ ပစ္စေကဗောဓိနိယာမဖြင့် နောက်အခါဝယ် ဝိဇိတာဝီ-မည်သော ပစ္စေကဗုဒ္ဓါဖြစ်၍ ပရိနိဗ္ဗာန် စံလိမ့်မည်ဟူ၍ မှတ်ယူရာ၏။ ဤကား အပရေဆရာတို့၏ ဝါဒတည်း။ ။ဤနှစ်ဝါဒတို့တွင် သင့်လျော်သောဝါဒကို စူးစမ်းဆင်ခြင်၍ မှတ်ယူရာ၏။ (သီလက္ခန်ဋီကာသစ်၊ ဒုတိယအုပ်၊ သာမညဖလသုတ်အဖွင့် စာမျက်နှာ ၁၉၈-မှ)။

အဇာတသတ်မင်းအကြောင်း ပြီး၏။

**********

ဤတွင်ရွေ့ကား မဟာဗုဒ္ဓဝင် စတုတ္ထတွဲတည်း။

**********

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ