Skip to main content

မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း)

နိုင်ငံတော်ဗုဒ္ဓသာသန

မဟာဗုဒ္ဓဝင်

ဆဋ္ဌမတွဲ (ဒုတိယပိုင်း)

ဂေါတမဗုဒ္ဓဝင်

**********

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

သံဃရတနာ

အခဏ်း-၄၄

ထေရီအပဒါနခဏ်း

(၁) မဟာပဇာပတိဂေါတမီထေရီအကြောင်း

(က) ထေရီမ၏ ရှေးဆုတောင်း

     ဤမဟာပဇာပတိဂေါတမီ ထေရီမ၏အလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသမီးဖြစ်လတ်၍ နောက်တချိန်ဝယ် မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ဘိက္ခုနီမတပါးကို ညဉ့်အပိုင်းအခြားကို သိကြသော = ဘိက္ခုနီ-ဝါကြီးကြသော ဘိက္ခုနီမတို့အနက် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော် မူသည်ကို တွေ့မြင်ရ၍

အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုရတ္တညူဧတဒဂ်* ရာထူးဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေ၏။ ပဒုမုတ္တရ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။

ရေခပ်ကျွန်မ အကြီးအကဲဘဝ

     ထိုအမျိုးသမီးသည် အသက်ထက်ဆုံး အလှူကို ပေးလှူကာ သီလကိုစောင့်ထိန်း၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်ပြီးလျှင် တဖန် တခုသော ဗုဒ္ဓန္တရခေတ်၌ နတ်ပြည်မှ စုတေခဲ့၍ ဗာရာဏသီပြည်ဝယ် ရေခပ်ကျွန်မငါးရာတို့၏ အကြီးအကဲကျွန်မ ဖြစ်လာလေ၏။

     ထို့နောက် ဝါလ နီးကပ်သောအခါ ပစ္စေကဗုဒ္ဓါအရှင်မြတ် ၅-ဆူတို့သည် နန္ဒမူလိုဏ်မှ ကြွလာတော်မူကာ ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ သက်ဆင်းတော်မူကြ၍ မြို့၌ ဆွမ်းခံလှည့်လည်တော်မူကြပြီးလျှင် မိဂဒါဝုန်တောသို့ တဖန် ပြန်ကြွတော်မူကြလျက် “ဝါဆိုရန် ကျောင်းငယ်အလို့ငှါ လက်အမှု = ဟတ္ထကံကို တောင်းခံကြကုန်အံ့”ဟု ကြံစည်တိုင်ပင်ကြလေ၏။

(ဝါကပ်သော ရဟန်းသည် နာလကအကျင့် = မောနေယျအကျင့်ကို ကျင့်သူပင် ဖြစ်လင့်ကစား (အုတ်, ကျောက်, အင်္ကတေ, မြက်, သစ်ရွက်ဟူသော) အမိုး၅-မျိုးတို့တွင် တမျိုးမျိုးဖြင့် မိုးအပ်သော တံခါးဖွဲ့ရှိသော ကျောင်း၌ ဝါကပ်ရ၏။ ကျောင်းမရှိပဲ ဝါကပ်လျှင် = ဝါလပတ်လုံးနေလျှင် ဒုက္ကဋ်အာပတ်သင့်သည် (ဝိ ၃-၂၁၂-မျက်နှာ)။ ထို့ကြောင့် ဝါလနီးကပ်သောအခါ ဝါဆိုရန်ကျောင်းကို ရလျှင် ကောင်း၏၊

* ရတ္တညုပုဂ္ဂိုလ်။ ။ရဟန်းပြုချိန်မှစ၍ ကာလရှည်ကြာ ညဉ့်တို့ကို သိသောသူ။ ထိုသို့ သိသောသူတို့တွင် ရဟန်းဝါအကြီးဆုံးဖြစ်သူသည် ရတ္တညူပုဂ္ဂိုလ်တို့တွင် အသာဆုံး = ဧတဒဂ်ဘွဲ့ကို ရလေသည်။ သစ္စာလေးပါးတရား သိမြင်ပြီးနောက် ညဉ့်အပိုင်းအခြားကို သိသောကြောင့်လည်း ရတ္တညူပုဂ္ဂိုလ် ခေါ်၏၊ သာဝကတို့အနက် အဦးအစဆုံး သစ္စာလေးပါး တရားသိသူသည် ထိုရတ္တညူ ဧတဒဂ်ဘွဲ့ထူးကို ရလေ၏။ တနည်း- ရဟန္တာပုဂ္ဂိုလ်ကို ရတ္တညူပုဂ္ဂိုလ် ခေါ်၏။ အစဆုံး ရဟန္တာဖြစ်သော သာဝကသည် ထိုရတ္တညူ ဧတဒဂ်ဘွဲ့ထူးကို ရ၏။

ရလျှင်ရ။ မရခဲ့သော် လက်အမှု = ဟတ္ထကံကို တောင်းခံ၍သော်လည်း ဝါဆိုကျောင်း ဆောက်လုပ်ရသည်။ ဟတ္ထကံကို မရနိုင်မူ ကိုယ်တိုင်သော်လည်း ဆောက်လုပ်ရ၏။ ကျောင်းမရှိပဲကား အဘယ်နည်းနှင့်မျှ ဝါမကပ်ရ = ဝါလပတ်လုံး မနေရ။ ။အဋ္ဌကထာမှ)။

     ဝါဆိုခါနီးကပ်လျှင် ဝါဆိုကျောင်းရှာရမြဲဓမ္မတာ ဖြစ်သောကြောင့် ပစ္စေကဗုဒ္ဓါ ၅-ဆူတို့သည် “ဟတ္ထကံကို တောင်းခံကြကုန်အံ့”ဟု သင်္ကန်းရုံတော်မူကြကာ ညနေချမ်းအခါ၌ မြို့တွင်းသို့ဝင်၍ ဗာရာဏသီသူဌေး၏ အိမ်တံခါးဝ၌ ရပ်တော်မူကြလေကုန်၏။ ရေခပ်ကျွန်မ အကြီးအကဲဖြစ်သော အမျိုးသမီးသည် ရေအိုး ရွက်၍ ရေဆိပ်သို့သွားစဉ် ပစ္စေကဗုဒ္ဓါအရှင်မြတ် ၅-ဆူတို့ မြို့တွင်းသို့ ဝင်တော်မူကြသည်တို့ကို မြင်လိုက်ရလေ၏။ ဗာရာဏသီသူဌေးသည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ ကြွလာတော်မူကြသောအကြောင်းကို ကြားသိပြီးလျှင် “တပည့်တော်တို့မှာ အရှင်ဘုရားတို့အား ဟတ္ထကံပေးနိုင်ရန် အခွင့်မရှိ၊ ကြွတော်မူကြကုန်လော့”ဟု ပစ်ပစ်ခါခါစကား ပြောကြားလိုက်လေသည်။

     ထိုအခါ ပစ္စေကဗုဒ္ဓါအရှင်မြတ် ၅-ဆူတို့ မြို့တွင်းမှ ပြန်ကြွလာ ထွက်လာကြသည်တို့ကို ရေခပ်ကျွန်မ အကြီးအကဲ အမျိုးသမီးသည် ရေအိုးကိုရွက်၍ မြို့တွင်းသို့ဝင်စဉ် ပက်ပင်းတွေ့မြင်ရ၍ ရေအိုးကိုချကာ ရှိခိုးဦးညွှတ်လျက် မျက်နှာကိုမော့ချီကာ “အရှင်မြတ်တို့သည် မြို့တွင်းသို့ ဝင်ပြီးကာမျှဖြစ်ကြ၍လျှင် ပြန်လည် ထွက်ခွါတော်မူခဲ့ကြကုန်ပြီ၊ အကြောင်းအသို့နည်း = ဘယ်လိုအကြောင်း ရှိပါသနည်း”ဟု မေးလျှောက်လေ၏။ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့က “ဝါဆိုကျောင်းငယ်အတွက် ဟတ္ထကံ = လက်အမှုကို တောင်းခံရန် ငါတို့ လာခဲ့ကြကုန်ပြီ”ဟု မိန့်တော်မူကြလေလျှင် အမျိုးသမီးသည် “ရခဲ့ပါပြီလား အရှင်ဘုရားတို့..”ဟု မေးပြန်လေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့က “မရခဲ့ပါ ဒါယိကာမ..”ဟု မိန့်တော်မူကြလေလျှင် အမျိုးသမီးသည် “အရှင်မြတ်တို့.. ဤဝါဆိုကျောင်းဆိုသည်ကို အစိုးရသူ = လူကုံထံတို့သာ ဆောက်လုပ် လှူဒါန်းကောင်းပါသလော၊ သို့မဟုတ် တပည့်တော်များ

ဆင်းရဲသားတို့သည်လည်း ဆောက်လုပ် လှူဒါန်းနိုင်ပါသလော”ဟု မေးပြန်လေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့က “အစိုးရသူ လူကုံထံဖြစ်စေ, ဆင်းရဲသားဖြစ်စေ မည်သူမဆို ဆောက်လုပ် လှူဒါန်းနိုင်၏ ဒါယိကာမ..”ဟု မိန့်တော်မူကြလေလျှင် အမျိုးသမီး သည် “ကောင်းပါပြီ အရှင်ဘုရားတို့.. တပည့်တော်မတို့ ဆောက်လုပ် လှူဒါန်းကြပါမည်၊ နက်ဖြန်ခါ တပည့်တော်မ၏ ဤယခု ပင့်ဖိတ်သည့်ဆွမ်းကို အလှူခံတော်မူကြပါဘုရား”ဟု ပင့်ဖိတ်၍ ရေအိုးကို တဖန် ကောက်ယူကာ (မြို့တွင်းသို့ ပြန်မသွားသေးပဲ) လာခဲ့ရင်းဖြစ်သည့် ရေဆိပ်လမ်း (=ရေခပ်လမ်း)၌ ရပ်တည်၍ လာတိုင်း လာတိုင်းသော ကြွင်းကုန်သည့် ရေခပ်ကျွန်မတို့ကို “ဤနေရာ၌ ရှင်မတို့ ထိုင်ကြလော့”ဟု စုဝေးဖိတ်ခေါ်လေ၏။

     ရေခပ်ကျွန်မငါးရာ စုံညီကြသောအခါ “အမိတို့.. အမြဲတစေ သူတပါး၏ ကျွန်မအလုပ်ကိုသာ ပြုလုပ်လိုကြသလော၊ သို့မဟုတ် ကျွန်မအဖြစ်မှ လွတ်ခြင်းငှါ အလိုရှိကြသလော”ဟု မေးမြန်းလေ၏။ အားလုံးသော ရေခပ်ကျွန်မတို့က “အိုရှင်မ.. ငါတို့သည် ယနေ့ပင် ကျွန်မအဖြစ်မှ လွတ်လိုကြပါကုန်၏”ဟု တညီတညွတ်တည်း ပြောဆိုကြလေလျှင် ထိုအကြီးအကဲ အမျိုးသမီးသည် “ယင်းသို့ဖြစ်လျှင် ငါသည် ဟတ္ထကံ = လက်အမှု တောင်းခံ၍ မရကြသည့် ပစ္စေကဗုဒ္ဓါအရှင်မြတ် ၅-ဆူတို့ကို နက်ဖြန် ကောင်းမှုကုသိုလ်အလို့ငှါ ပင့်ဖိတ်အပ်ပြီးကုန်ပြီ၊ အမိတို့၏ အရှင်သခင် လင်ယောက်ျားများကို တနေ့တာမျှ ဟတ္ထကံ = လက်အမှုကို လှူဒါန်းကြပါကုန်စေ”ဟု တိုက်တွန်းစကား ပြောကြားလေ၏။ ထိုရေခပ်ကျွန်မတို့သည် “ကောင်းပါပြီ”ဟု ဝန်ခံကြ၍ ညနေချမ်းအခါ တောအုပ်မှ အလုပ်လုပ်ပြီး၍ ပြန်လာကြသော မိမိတို့၏သခင် လင်ယောက်ျားများအား ထိုအကြောင်းကို ပြောကြားကြလေကုန်၏။ ထိုလင်ယောက်ျားတို့သည်လည်း “ကောင်းပြီ”ဟု အားလုံး သဘောတူ ဝန်ခံကြကာ အကြီးဆုံး ကျွန်ယောက်ျား၏ အိမ်တံခါးဝ၌ စည်းဝေးညီမူကြလေကုန်၏။

     ထိုအခါ ထိုကျွန်ယောက်ျားတို့ကို ရေခပ်ကျွန်မ အကြီးအကဲ အမျိုးသမီးသည် “အမောင်တို့.. နက်ဖြန်ခါ ပစ္စေကဗုဒ္ဓါအရှင်မြတ် ၅-ဆူတို့အား ဝါဆိုကျောင်း ဆောက်လုပ်ရန် ဟတ္ထတံ = လက်အမှုကို လှူကြကုန်လော့”ဟု တိုက်တွန်းစကား အကျိုးအာနိသင်ကို ဖော်ပြကာ ပြောကြားပြီးလျှင် မလိုက်နာလိုသော ကျွန် ယောက်ျားများကိုလည်း အတင်းအကြပ် တရားဟောပြ အဆုံးအမဖြင့် ခြိမ်းချောက်၍ အားလုံးကိုပင် ဝန်ခံစေလေ၏။ ရေခပ်ကျွန်မ အကြီးအကဲ အမျိုးသမီးသည် နောက်တနေ့၌ ပစ္စေကဗုဒ္ဓါတို့အား ဆွမ်းလှူပြီးလျှင် ဟတ္ထကံ = လက်အမှုလှူဒါန်းရန် ကျွန်သားတို့အား အမှတ် = အချက် ပေးလိုက်လေ၏။ ကျွန်ယောက်ျား ငါးရာတို့သည် ထိုခဏမှာပင် တောသို့ဝင်ကြ၍ သစ်အဆောက်အဦတို့ကို စုပေါင်း သယ်ဆောင်ခဲ့ကြပြီးလျှင် လူတရာလျှင် တကျောင်းကျစီ စင်္ကြံ, နေ့သန့်ရာ-စသည်နှင့် တကွသော ဝါဆိုကျောင်း ၅-ကျောင်းကို ဆောက်လုပ်ကြ၍ ညောင်စောင်း, အင်းပျဉ်, သောက်ရေ, သုံးရေ-စသည်တို့ကို မလိုရအောင် တည် ထားကြလျက် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့အား ဝါတွင်းသုံးလပတ်လုံး ထိုမိမိတို့၏ ဝါဆိုကျောင်းများ၌ နေထိုင်သီတင်းသုံးရန် လျှောက်ထားတောင်းပန် ခံဝန်ချက်ရယူပြီးလျှင် အလှည့်ကျ ဆွမ်းအလှူဒါနကို ပေးလှူကြလေကုန်၏။

     မိမိအလှည့်ကျသောနေ့၌ ဆွမ်းလှူရန် မတတ်နိုင်သော ရေခပ်ကျွန်မအား အကြီးအကဲ အမျိုးသမီးသည် မိမိအိမ်မှပင် ဆွမ်းအလျာပစ္စည်းများကို ထုတ်၍ပေးလေ၏။ ဤသို့ ဝါတွင်းသုံးလကြာ ပြုစုလုပ်ကျွေးကြ၍ ဝါကျွတ်ခါနီးလတ်သော် ရေခပ်ကျွန်မ အကြီးအကဲ အမျိုးသမီးသည် ကျွန်မ တယောက် တယောက်လျှင် အဝတ်အထည် တထည်ကျစီ စီမံရက်လုပ်စေလေ၏။ ထိုသို့ စီမံချက်အရ အဝတ်ကြမ်း အထည်ငါးရာ ဖြစ်လာလေသည်။ ထိုအဝတ်ကြမ်း အထည်ငါးရာတို့ကိုမှ တဖန်လဲလှယ်ဖလယ်၍ အကြီးအကဲ ရေခပ်ကျွန်မသည် ပစ္စေကဗုဒ္ဓါအရှင်မြတ် ၅-ဆူတို့အား တိစီဝရိက် (=သင်္ကန်းကြီး, ဧကစ္စီ, သင်းပိုင်)

သင်္ကန်းအချော သုံးထည်စီ ပြုလုပ်ကာ ဆက်ကပ်လှူဒါန်းလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ထိုကျွန်မတို့ ကြည့်ရှုနေကြစဉ်ပင် ကောင်းကင်ခရီးဖြင့် ဂန္ဓမာဒနတောင်သို့ ကြွတော်မူကြလေကုန်၏။

ယက်ကန်းသည် အကြီးအကဲဘဝ

     ထိုအမျိုးသမီးကျွန်မ အားလုံးတို့သည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြုကြ၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်ကြလေကုန်၏။ ထိုနတ်သမီး ငါးရာတို့အနက် အကြီးဆုံးဖြစ်သော နတ်သမီးသည် နတ်ပြည်မှ စုတေခဲ့၍ ဗာရာဏသီပြည်၏အနီး ယက်ကန်းသည်ရွာဝယ် ယက်ကန်းသည် အကြီးအကဲ၏အိမ်၌ ဖြစ်လေ၏။ တနေ့သ၌ ပဒုမ၀တီ မိဖုရားကြီး၏သား ပစ္စေကဗုဒ္ဓါ ငါးရာတို့သည် ဗာရာဏသီ မင်းကြီး ပင့်ဖိတ်ချက်အရ ရွှေနန်းတော်တံခါးဝသို့ ကြွရောက်တော်မူကြ၍ (နေရာထိုင်ခင်းပေးဖို့, ဆွမ်းကျွေးဖို့ကိုထား) ကြည့်ရုံမျှကြည့်မည့်သူ တဦးတယောက်ကိုမျှ မတွေ့ရသဖြင့် ပြန်နစ်တော်မူခဲ့ကြကာ မြို့မှထွက်ခဲ့ကြ၍ ထိုယက်ကန်းသည်ရွာသို့ ကြွရောက်တော်မူကြလေကုန်၏။ ထိုယက်ကန်းသည်မ အကြီးအကဲသည် ပစ္စေကဗုဒ္ဓါတို့ကို ဖူးမြင်ရလျှင်ပင် ချစ်ခင်ကြည်ညိုလျက် ရိုသေမြတ်နိုး ရှိခိုးဦးညွှတ်ကာ ဆွမ်းအလှူဒါနကို လှူဒါန်း ဆက်ကပ်လေ၏။ ပစ္စေကဗုဒ္ဓါအရှင်မြတ် ငါးရာတို့သည် ဆွမ်းဘုဉ်းပေးပြီးကြလတ်သော် ဂန္ဓမာဒနတောင်သို့သာလျှင် ကြွသွားတော်မူကြလေကုန်၏။

(ခ) နောက်ဆုံးဘဝ ဘိက္ခုနီမ-ပြုခြင်း

     ထိုယက်ကန်းသည်မအကြီးအကဲ အမျိုးသမီးသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် အကျွန်ုပ်တို့၏ မြတ်စွာဘုရား ပွင့်ထွန်းတော်မူသည်မှ ရှေးကာလကပင် ဒေဝဒဟပြည် မဟာသုပ္ပဗုဒ္ဓ သာကီဝင်မင်းကြီး၏ သမီးတော်အငယ် ဖြစ်လာလေသည်။ ထိုမင်းသမီးငယ်၏ အမည်ကို “ဂေါတမီ”ဟူ၍ မှည့်ခေါ်ကြလေသည်။

မဟာမာယာမင်းသမီး၏ ညီမတော်ဖြစ်လေသည်။ ဗေဒင်ကျမ်းတတ် လက္ခဏာဖတ် ပုဏ္ဏားတို့သည် ထိုမင်းသမီးနှစ်ယောက်တို့၏ လက္ခဏာတို့ကို စုံစမ်းကြည့်ရှုကြကုန်လျက် “ဤမင်းသမီးညီအမ နှစ်ယောက်တို့၏ ဝမ်း၌ ကိန်းနေလာသော သားတို့သည် စကြဝတေးမင်းများ ဖြစ်ကြလိမ့်မည်”ဟု နိမိတ်ဖတ်ကြလေကုန်၏။

     သုဒ္ဓေါဒနမင်းကြီးသည် အရွယ်သို့ ရောက်သောအခါ ထိုမဟာမာယာနှင့် ဂေါတမီမင်းသမီး ညီအမနှစ်ယောက်လုံးကိုပင် ထိမ်းမြားမင်္ဂလာမှုပြု၍ မိမိ၏ ကပိလဝတ်ရွှေနန်းတော်သို့ ဆောင်ယူခဲ့လေ၏။ ရွှေနန်းတော်သို့ရောက်လျှင် မဟာမာယာမင်းသမီးကို အဂ္ဂဒေဝီ မဟေသီ မိဖုရားခေါင်ကြီးအရာ၌ တင်ထားလေ၏။ နောက်အဖို့၌ အကျွန်ုပ်တို့၏ မြတ်စွာဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်မှ စုတေတော်မူခဲ့၍ မဟာမာယာမိဖုရားခေါင်ကြီး၏ ဝမ်း၌ ပဋိသန္ဓေ ယူနေတော်မူလေ၏။ မဟာမာယာမိဖုရားကြီးသည် ဘုရားအလောင်းတော်ကို ဖွားမြင်တော်မူသည့် (=မဟာသက္ကရာဇ် ၆၈-ခုနှစ် ကဆုန်လပြည့်)နေ့မှ နောက် ခုနစ်ရက်မြောက် (=ကဆုန်လပြည့်ကျော် ခုနစ်ရက်နေ့)၌ နတ်ရွာစံ၍ တုသိတာနတ်ပြည်ဝယ် သန္တုသိတနတ်သား ဖြစ်လေ၏။ မဟာမာယာဒေဝီ နတ်ရွာစံပြီးသောအခါ သုဒ္ဓေါဒနမင်းကြီးသည် ညီမတော် ဂေါတမီမိဖုရားကို အဂ္ဂဒေဝီ မဟေသီ မိဖုရားကြီးအရာ၌ မြှောက်စားလေသည်။

     မဟာမာယာမိဖုရားကြီးမှ သားတော် ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားကို မီးရှူးသန့်စင် ဖွားမြင်ပြီးနောက် နှစ်ရက်သုံးရက်မြောက်တွင် မဟာမာယာဒေဝီ၏ ညီမတော် ဘုရားအလောင်း၏ မိထွေးတော် မဟာပဇာပတိဂေါတမီ မိဖုရားမှ နန္ဒမင်းသားကို ဖွားမြင်လေသည်။ မဟာမာယာဒေဝီ နတ်ရွာစံသောအချိန်တွင် ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားမှာ ခုနစ်ရက်သားသာ ရှိသေး၍ (ညီတော်) နန္ဒမင်းသားမှာ လေးရက်,ငါးရက်သားသာ ရှိသေးသည်။ မဟာမာယာဒေဝီ နတ်ရွာစံသွားသောအခါ မိထွေးတော် မဟာပဇာပတိဂေါတမီသည် မိမိ၏သားရင်း

နန္ဒမင်းသားကို အထိန်းတော်များအား ပေးအပ်ပြီးလျှင် မိမိကိုယ်တိုင် ဘုရားအလောင်း (=တူတော်)၏ အထိန်းအယကိစ္စ အဝဝကို ကိုယ်တိုင်ပြုလုပ်ကာ မိမိ၏ နို့ချိုအေးကို အလောင်းတော်အား တိုက်ကျွေးမွေးမြူခဲ့လေသည်။

     နောက်တချိန်၌ ဘုရားအလောင်းတော်သည် တောထွက်၍ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူကာ သတ္တလောကကို ချီးမြှောက်မှု ပြုတော်မူလျက် အစဉ်သဖြင့် ကပိလ၀တ်နေပြည်တော်သို့ (ပဌမအကြိမ်) ရောက်တော်မူ၍ နောက်တနေ့ဝယ် မြို့တွင်းသို့ ဆွမ်းခံဝင်တော်မူလေ၏။ ထိုအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ဆွမ်းခံလမ်းခရီး အကြားမှာပင် တရားစကား နာကြားရ၍ သောတာပန်အရိယာ ဖြစ်လေသည်။ ထို့နောက် နှစ်ရက်မြောက်နေ့၌ နန္ဒမင်းသား ရဟန်းပြု၍ ခုနစ်ရက်မြောက်နေ့၌ ရာဟုလမင်းသား ရှင်ပြုလေသည်။ (ဤအကြောင်းအရာ အကျယ်တို့ကို အောက်က ဖော်ပြအပ်ပြီးလေပြီ)။

     မြတ်စွာဘုရားသည် နောက်တချိန် (ငါးဝါမြောက်)ဝယ် ဝေသာလီပြည် မဟာဝုန်တောအတွင်း (အပြောက်ချယ်သော) ကုဋာဂါရကျောင်းတိုက်၌ ဝါကပ်ဆို သီတင်းသုံး နေထိုင်တော်မူ၏။ ထိုအခါ သုဒ္ဓေါဒနမင်းကြီးသည် ကပိလဝတ်ပြည် ရွှေနန်းတော်အတွင်း မင်္ဂလာထီးဖြူတော်အောက်၌ အရဟတ္တဖိုလ်သို့ ရောက်၍ ထိုနေ့မှာပင် ပရိနိဗ္ဗာန် ဝင်စံလေသည်။ ထိုအခါ မဟာပဇာပတိ ဂေါတမီသည် ရဟန်းပြုရန် စိတ်အားသန်၍ လာလေ၏။ ထို့နောင်မှ မဟာသမယသုတ်လာ ရဟန်းငါးရာတို့၏ ကြင်ယာဟောင်း သာကီဝင် မင်းသမီး ငါးရာတို့သည် တစိတ်တည်းဖြစ်ကြကာ “ငါတို့သည် မဟာပဇာပတိ ဂေါတမီအထံသို့ သွားရောက်ကြ၍ အားလုံးပင် ဘုရားရှင်အထံတော်၌ ရဟန်းမ ပြုကြကုန်စို့”ဟု တိုင်ပင်ညီညွတ်ကြကာ မိထွေးတော်ကြီးကို အကြီးအမှူးပြု၍ ဘုရားထံသို့ သွားရောက်ကြကာ ရဟန်းမ ပြုလိုကြကုန်ဆဲ ဖြစ်ကုန်၏။ မိထွေးတော်ကြီးသည်လည်း ပဌမအကြိမ်က မြတ်စွာဘုရားကို ဘိက္ခုနီမ ရဟန်းမအဖြစ်ကို တောင်းပန်ပါသော်လည်း

အခွင့်မရခဲ့သောကြောင့် ဤအကြိမ်၌မူ ဆေတ္တာသည်ကိုခေါ်၍ ဆံတို့ကို ရိတ်ဖြတ်စေကာ ဖန်ရည်တပ်ဆိုးသော အဝတ်(=သင်္ကန်း)တို့ကို ဝတ်ဆင်လျက် ထိုသာကီဝင်မင်းသမီး ငါးရာတို့ကို ခေါ်ဆောင်ခဲ့ပြီးလျှင် ခြေလျင်ခရီးဖြင့် ဝေသာလီပြည်သို့ သွားရောက်၍ အရှင်အာနန္ဒာမထေရ်ကို အကူအညီတောင်းယူကာ မြတ်စွာဘုရားကို တောင်းပန်စေပြီးနောက် ဂရုဓံရှစ်ပါး တရားတို့ဖြင့် ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရယူလေ၏။ သာကီဝင်မင်းသမီး ငါးရာတို့သည်ကား ရဟန်းယောက်ျား သံဃာတဖက်ဖြင့် ရဟန်းအဖြစ်သို့ ရောက်ရှိကြသည့် = ဧကတောဥပသမ္ပန္နဘိက္ခုနီမ-များ ဖြစ်ကြလေသည်။ (ဤစာပိုဒ်ပါ အကြောင်းအရာ အကျယ်ကို အောက် မဟာဗုဒ္ဓဝင် တတိယတွဲ အခဏ်း-၂၃၊ စာမျက်နှာ ၄၁၄-မှစ၍ ပြန်လည်ကြည့်ရှု မှတ်ယူကုန်ရာ၏)။

     မိထွေးတော် မဟာပဇာပတိဂေါတမီ ထေရီမသည် ရဟန်းမိန်းမဖြစ်ပြီးနောက် (အံ ၃၊ ၁၀၆-လာ) သံခိတ္တသုတ်ဒေသနာကို ကြားနာရသဖြင့် အရဟတ္တဖိုလ်သို့ ရောက်ရှိလေသည်။ သာကီဝင်မင်းသမီး ရဟန်းမ ငါးရာတို့သည်ကား နောက်အခါ၌ (မ ၃၊ ၃၁၄-လာ) နန္ဒကောဝါဒသုတ္တန်ကို ကြားနာရသဖြင့် မိမိတို့အလိုဆန္ဒအတိုင်း အချို့ သောတာပန်, အချို့ သကဒါဂါမ်, အချို့ အနာဂါမ်, အချို့ ရဟန္တာဖြစ်ကြလေကုန်၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     နောက်တချိန်၌ မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတိုက်တော်၌ သီတင်းသုံး နေတော်မူလျက် ဘိက္ခုနီမတို့ကို ရာထူး = ဌာနန္တရ၌ ထားတော်မူသည်ရှိသော် မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီထေရီကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဘိက္ခုနီနံ ရတ္တညူနံ ယဒိဒံ မဟာပဇာပတိဂေါတမီ = ရဟန်းတို့.. ညဉ့် အပိုင်းအခြားကို သိကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဘိက္ခုနီတို့တွင် မဟာပဇာပတိဂေါတမီထေရီသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

၁၀

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ရတ္တညူ = ရှည်စွာသော ညဉ့် အပိုင်းအခြားကို သိသောအရာ = ဘိက္ခုနီဝါကြီးသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

(ဤ၌။ ။ထေရီမကြီး၏ အနွယ်အားဖြင့် မှည့်ခေါ်ရင်းအမည်မှာ “ဂေါတမီ” ဖြစ်လေသည်၊ ဂေါတမအနွယ်ရှိသော မင်းသမီးဟု ဆိုလိုသည်။ အမည်မှည့်သောနေ့ဝယ် ဗေဒင်ကျမ်းတတ် လက္ခဏာဖတ် ပုဏ္ဏားပညာရှိတို့သည် ထိုမင်းသမီး၏ လက္ခဏာနှင့် ပြည့်စုံပုံကို ကြည့်ရှုကြ၍ “ဤမင်းသမီးမှ သမီးတော်ဖွားမြင်လျှင်လည်း ထိုသမီးတော်သည် စကြဝတေးမင်း၏ မိဖုရားခေါင်ကြီး ဖြစ်လိမ့်မည်၊ သားတော်ဖွားမြင်လျှင်လည်း ထိုသားတော်သည် စကြဝတေးမင်းဖြစ်လိမ့်မည်။ ဤသို့လျှင် သမီးတော်ပင်ဖွားဖွား, သားတော်ပင်ဖွားဖွား = နှစ်ပါးစုံသော အခြင်းအရာအားဖြင့်ပင် ဤမင်းသမီး၏ သား,သမီးသည် အထက်တန်းကျ မြင့်မြတ်သူချည်း ဖြစ်ပေလိမ့်မည်”ဟု နိမိတ်ဖတ်ကြလေသည်။ ထိုအခါ မင်းသမီး၏ အနွတ္ထအမည် = အနက်သဘောသို့ အစဉ်လိုက်သော အမည်ကို “မဟာပဇာပတိ”ဟု မှည့်ကြလေသည်။ အထက်တန်းကျ မြင့်မြတ်သော သား,သမီးတို့၏အရှင် မင်းသမီး-ဟု ဆိုလိုသည်။ ဂေါတ္တအမည်, အနွတ္ထအမည် နှစ်ရပ်ရောစပ်၍ ဤထေရီမကြီး၏ အမည်ကို “မဟာပဇာပတိဂေါတမီထေရီ”ဟု ကျမ်းဂန်တို့၌ ခေါ်ဆိုသုံးစွဲလေသည်။ ။မ ဋ္ဌ ၄၊ စာမျက်နှာ ၂၁၉-မှ)။

ဂေါတမီထေရီ ပရိနိဗ္ဗာန် စံယူခြင်း

     ထို့နောက် တနေ့သ၌ မိထွေးတော် မဟာပဇာပတိဂေါတမီ ထေရီမကြီးသည် မြတ်စွာဘုရားရှင် ဝေသာလီပြည် မဟာဝုန်တောရကျောင်းတိုက်၌ သီတင်းသုံး နေတော်မူစဉ် မိမိကိုယ်တိုင်ကလည်း ဝေသာလီပြည်အတွင်း ဘိက္ခုနီမကျောင်းတိုက်၌ နေထိုင်စဉ် (ထိုအချိန်၌ မိထွေးတော်ဂေါတမီ ထေရီမကြီး၏ အသက်ကား နှစ်ပေါင်း ၁၂၀-ရှိလေပြီ။ ဘုရားလက်ထက်တော်က ဘိက္ခုနီမကျောင်းတိုက်ကို မြို့တွင်း ရွာတွင်း၌ တည်ဆောက်ရသည်) တနေ့သ၌ မိထွေးတော်ဂေါတမီ ထေရီမကြီးသည် နံနက်အခါ ဝေသာလီပြည်တွင်း၌ ဆွမ်းခံလှည့်လည်ကာ ဆွမ်းဘုဉ်းပေးပြီးနောက် မိမိ၏ နေ့သန့်နေကျဌာန၌ အချိန်ပိုင်းဖြင့် ဖလသမာပတ်ကို ဝင်စားပြီးလျှင် ထိုဖလသမာပတ်မှထ၍ မိမိအကျင့်စဉ်ကို

၁၁

ဆင်ခြင်အောက်မေ့ကာ လွန်စွာ ဝမ်းမြောက်လျက် မိမိ၏ အာယုသင်္ခါရ = ဇီဝိတသန္တာန်အစဉ်ကို ဆင်ခြင်ကြည့်ရှုလတ်သော် ထိုအာယုသင်္ခါရတို့ ကုန်နေပြီကို သိ၍ “ငါသည် မဟာဝုန်တောရကျောင်းတိုက်သို့ သွားရောက်ကာ မြတ်စွာဘုရားရှင်ကို ပရိနိဗ္ဗာန် စံဖို့ရန် ခွင့်ပြု = သိစေပြီး, မနောဘာဝနီယ ဖြစ်တော်မူကြသည့် အဂ္ဂသာဝကနှစ်ပါးစသော မထေရ်မြတ်များ တည်းဟူသော သီတင်းသုံးဖော် အရိယာ သံဃာတော်တို့ကို ပန်ကြားပြီးမှ ဤဘိက္ခုနီမကျောင်းသို့ တဖန်ပြန်လာ၍ ပရိနိဗ္ဗာန်စံရမူ ကောင်းလေစွာ့”ဟု ကြံစည် ဆင်ခြင်မိလေ၏။ မိထွေးတော်ဂေါတမီ ထေရီမကြီး၏ သန္တာန်မှာကဲ့သို့ ဤအတူပင် သာကီဝင်မင်းသမီး ဘိက္ခုနီငါးရာတို့၏ စိတ်သန္တာန်မှာလည်း အကြံအစည် ဖြစ်ရှိလာလေသည်။

(ဤ၌။ ။မိထွေးတော်ဂေါတမီ ထေရီမကြီး ပရိနိဗ္ဗာန်စံယူခဏ်း အကြောင်းအရာအကျယ် ကြည်ညိုဖွယ်ကို (၁) မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူအပ်သည့် “ဆိဒ္ဒပိဓာနနီကျမ်း” ပဌမတွဲ မာတိကာ ခေါင်းစဉ်အမှတ် ၁၂-၌၎င်း၊ (၂) အပဒါနပါဠိတော် ခု ၄၊ ၂၆ဝ-စာမျက်နှာမှစ၍ ပါဠိတော်နှင့်တကွ ပိဋကတ်မြန်မာပြန် မဟာပဇာပတိဂေါတမီ ထေရီအပဒါန်၌၎င်း ကြည့်ရှုရာကုန်၏။ ဤကျမ်း၌မူ အကျဉ်းဆုံးမျှ ဖော်ပြပေတော့အံ့)-

     မိထွေးတော်ဂေါတမီ ထေရီမကြီး၏ စိတ်သန္တာန်၌ “ငါသည် သားတော်ဘုရား, အဂ္ဂသာဝက မထေရ်မြတ်နှစ်ပါး, မြေးတော် ရာဟုလမထေရ်, တူတော် အာနန္ဒာမထေရ်, သားတော် နန္ဒမထေရ်တို့၏ ပရိနိဗ္ဗာန်ဝင်စံခြင်းကို ဖူးမြင်ခွင့်ရတော့မည်မဟုတ်၊ သားတော်ဘုရား, အဂ္ဂသာဝကမထေရ်မြတ်နှစ်ပါး, မဟာကဿပမထေရ်, တူတော် အာနန္ဒာမထေရ်, သားတော် နန္ဒမထေရ်, မြေးတော် ရာဟုလမထေရ်တို့ ပရိနိဗ္ဗာန် စံတော်မမူကြမီ အာယုသင်္ခါရကိုလွှတ်၍ စောစောစီးစီး သားတော်ဘုရား ခွင့်ပြုချက်ရယူပြီး ပရိနိဗ္ဗာန် စံယူတော့အံ့”ဟု အကြံဖြစ်သကဲ့သို့ ထို့အတူပင် သာကီဝင်မင်းသမီး ဘိက္ခုနီမ ငါးရာတို့၏ စိတ်သန္တာန်မှာလည်း အကြံအစည် ဖြစ်လေသည်။

၁၂

     ထိုအခါ မြေငလျင် ပြင်းစွာတုန်လှုပ်၏၊ ကောင်းကင်မှ အခါမဟုတ် မိုးထစ်ချုန်း၏။ ကျောင်းစောင့်နတ်တို့ ငိုကြွေးကြလေ၏။ ဘိက္ခုနီမငါးရာကို မိထွေးတော်ဂေါတမီ ထေရီမကြီးထံ သွားရောက်၍ ထိုအကြောင်းကို ပြောကြားကြသည်တွင် မိထွေးတော် ထေရီမကြီးက မိမိအကြံအစည် ဖြစ်ရှိသည်ကို ပြန်ကြားပြောဆို လေ၏။ ဘိက္ခုနီမ ငါးရာတို့ကလည်း မိမိတို့လည်း ထိုနည်းပင် အကြံအစည်ဖြစ်ရှိသည်ကို ပြန်ကြားပြောဆိုကြပြီးနောက် ဘိက္ခုနီမ အားလုံးတို့ပင် ကျောင်းစောင့်နတ်တို့ကို အပြစ်ရှိခဲ့က သည်းခံကြရန် တောင်းပန်ပြီး ဘိက္ခုနီမကျောင်းတိုက်ကို နောက်ဆုံးကြည့်ရှုကာ မိထွေးတော်ထေရီမကြီးက-

“န ဇရာ မစ္စု ဝါ ယတ္ထ၊ အပ္ပိယေဟိ သမာဂမော။

ပိယေဟိ န ဝိယောဂေါတ္ထိ၊ တံ ဝဇိဿံ အသင်္ခတံ။

= ငါသည် အိုခြင်းကင်းရာ, သေခြင်းကင်းရာ, မနှစ်သက်အပ်သည့် သတ္တဝါ သင်္ခါရတို့နှင့် တွေ့ဆုံရခြင်းဆင်းရဲ ကင်းရာ, နှစ်သက်အပ်သည့် သတ္တဝါ သင်္ခါရတို့နှင့် ကွေကွင်းရခြင်း ဆင်းရဲကင်းရာ အသင်္ခတဓာတ် နိဗ္ဗာန်ရွှေပြည်မြတ်သို့ သွားရောက်တော့အံ့”–

ဟူသော ဤဂါထာကို ရွတ်ဆိုလိုက်လျှင် ကြားကြားသမျှ ရာဂမကင်းကြသူ နတ်လူအားလုံးတို့ပင် သည်းစွာ ငိုကြွေးကြလေသည်။ (ဖွဲ့နွဲ့ငိုကြွေးပုံကို ပါဠိတော်၌ ကြည့်ရာ၏)။

     မြို့လယ်လမ်းမကြီးအတိုင်း ဘိက္ခုနီမများ ထွက်လာကြသော အခါမှာလည်း သဒ္ဓါတရား အားကြီးကြသူ ဥပါသိကာတို့ အိမ်မှထွက်၍ ဂေါတမီထေရီမကြီး၏ ခြေရင်း၌ တုပ်ဝပ်ကြကာ ဖွဲ့နွှဲ့ ငိုကြွေးကြလေသည် (ဖွဲ့ဖွဲ့နွဲ့နွဲ့ ငိုကြွေးပုံကို ပါဠိတော်၌ ကြည့်ရာ၏)။ မိထွေးတော် ထေရီမကြီးသည် ထိုဥပါသိကာတို့၏သောက ပယ်ဖျောက်နိုင်ရန်လည်း တရားဟောတော်မူခဲ့ရသေး၏ (တရားဟောပုံကို ပါဠိတော်မှ ထုတ်ယူရာကုန်၏။ နောက်၌လည်း ဤနည်းတည်း)။

၁၃

     မိထွေးတော် ဂေါတမီထေရီမကြီးသည် ဝေသာလီပြည်သူ ဥပါသိကာတို့ကို ၉-ဂါထာခွဲတို့ဖြင့် တရားဟောပြ နှစ်သိမ့်စေပြီးနောက် မြတ်စွာဘုရားထံတော်သို့ ရောက်သောအခါ “အဟံ သုဂတ တေ မာတာ၊ တွံ စ ဝီရ ပိတာ မမ”- အစရှိသော ဂါထာများစွာ (၁၆-ဂါထာ)တို့ဖြင့် ဖွဲ့ဆို လျှောက်ထားကာ ပရိနိဗ္ဗာန် စံလိုကြောင်း ခွင့်တောင်း ကန်တော့ပြီးနောက် မြတ်စွာဘုရားက ခွင့်ပြုဂါထာ မိန့်ဆိုတော်မူပြီးလတ်သော် ၅-ဂါထာတို့ဖြင့် ဘုရားရှင်ကို ချီးကျူးပြန်လေသည်။

     ထိုနောက် ရဟန်းသံဃာ, အရှင်ရာဟုလာ, အရှင်အာနန္ဒာ, အရှင်နန္ဒတို့ကိုလည်း ရိုသေစွာရှိခိုး၍ “အာသီဝိသာလယသမေ”စသော ၂-ဂါထာတို့ဖြင့် ခန္ဓာ၏အပြစ်ကို ဖော်ပြကာ မိမိ ပရိနိဗ္ဗာန် ဝင်စံလိုကြောင်း ခွင့်တောင်းပြန်လေသည်။ အရှင်နန္ဒမထေရ်, အရှင်ရာဟုလမထေရ်တို့မှာ ရဟန္တာဖြစ်ကြ၍ ဓမ္မသံဝေဂ ဖြစ်ရှိကြသော်လည်း အရှင်အာနန္ဒာသည်ကား သေက္ခအရိယာဖြစ်၍ “ဟာ သန္တိံ ဂေါတမီ ယာတိ”-စသော ဂါထာကို ရွတ်ဆိုကာ သည်းစွာ ငိုကြွေးလေသည်။ ထေရီမကြီးသည် တူတော် အရှင်အာနန္ဒာမထေရ်ကိုလည်း မျက်ရည်သိမ်းတရားများ ဟောကြားပြီးမှ မြတ်စွာဘုရားရှင်က-

“ထီနံ ဓမ္မာဘိသမယေ၊ ယေ ဗာလာ ဝိမတိံ ဂတာ။

တေသံ ဒိဋ္ဌိပ္ပဟာနတ္ထံ၊ ဣဒ္ဓိံ ဒဿေဟိ ဂေါတမိ။

= ဂေါတမီခေါ် မိထွေးတော်.. မာတုဂါမ မင်းမိန်းမတို့ ဤငါဘုရားသာသနာဝယ် သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခြင်း၌ သို့လောသို့လော တွေးတောယုံမှားကြသည့် ဉာဏ်ပညာနည်းပါးသော သူတို့၏ အယူမှားကို ပယ်ရှားဖို့ရန် တန်ခိုးဣဒ္ဓိကို ပြဦးလော့”-

ဟု တိုက်တွန်းတော်မူသဖြင့် အသက်(၁၂၀)-ရှိပြီဖြစ်သော ထေရီမကြီးသည် ဣဒ္ဓိဝိဓအဘိညာဏ်ခဏ်း၌ လာရှိသည့် တပါးတည်းက အများဖြစ်ခြင်း, အများကြီးမှ တပါးတည်းဖြစ်ခြင်း, ပေါ်ခြင်း, ပျောက်ကွယ်ခြင်း, နံရံတဖက် တောင်တဖက်သို့ မငြိမကပ်

၁၄

သွားခြင်း-စသော တန်ခိုးတို့ကို ပြသသည့်ပြင် မြင်းမိုရ်တောင်ကို ထီးရိုး, မဟာပထဝီမြေကြီးကို ထီးရွက်ပြု၍ အထက်အောက် ပြန်လှန်ကာ ကောင်းကင်၌ ထီးသဖွယ်ဆောင်း၍ စင်္ကြံလျှောက်ကာ ပြသလေသည်။ နေ၆-စင်းထွက်သော အခါကဲ့သို့ ဩကာသလောကတခုလုံး အခိုးတွေ ဖုံးနေပုံကိုလည်း ဖန်ဆင်း ပြသလေသည်။ ဤသို့စသည် များစွာသော တန်ခိုးဣဒ္ဓိတို့ကို ပြပြီးနောက် ကောင်းကင်မှ သက်ဆင်း၍ မြတ်စွာဘုရားကို ရှိခိုးပြီးကာ လျောက်ပတ်ရာ၌ ထိုင်နေလျက် “သားတော်ဘုရား.. တပည့်တော်မ = မိထွေးတော်ကြီးသည် အသက်နှစ်ပေါင်း ၁၂၀-ရှိပါပြီ။ အိုမင်းလှပါပြီ။ ဤမျှဖြင့် သင့်တော်လောက်ပါပြီ။ သားတော်ဘုရား.. ပရိနိဗ္ဗာန် ဝင်စံပါရစေတော့”ဟု လျှောက်ထားလေ၏။

     ထိုအခါ စည်းဝေးရောက်ရှိနေသော ပရိသတ်က အလွန်အံ့ဩ၍ “ဂေါတမီထေရီ အရှင်မကြီးဘုရား.. ဘယ်ပုံကောင်းမှု အဓိကာရကုသိုလ်ကို ပြုခဲ့၍ ဤမျှလောက် တုမရသည့် တန်ခိုးလုံ့လနှင့် ပြည့်စုံရပါသနည်း”ဟု မေးလျှောက်ပြန်သဖြင့် ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်က စခဲ့သည့် မိမိ၏ကျင့်စဉ် = အပဒါန်ကို ယခုနောက်ဆုံး ပစ္ဆိမဘဝတိုင်အောင် ဂါထာများစွာတို့ဖြင့် အကျယ်ဟောပြရပြန်လေသည်။

     ထို့နောက် ဘိက္ခုနီမငါးရာတို့သည်လည်း ကောင်းကင်သို့ ပျံတက်ကြကာ ကြယ်တာရာတို့ကို စုရုံးသီကုံး၍ ထားသကဲ့သို့ အလွန်တင့်တယ်လှစွာ တန်ခိုးအမျိုးမျိုးတို့ကို ပြကြ၍ ကောင်းကင်မှ ဆင်းသက်ကြကာ မြတ်စွာဘုရားရှင် ခွင့်ပြုချက်အရ ဘုရားကို ရှိခိုးကြပြီးလျှင် သင့်လျောက်ပတ်ရာ အရပ်၌ ထိုင်နေကြပြီးလျှင် မိထွေးတော် ဂေါတမီထေရီမကြီး၏ကျေးဇူး မိမိတို့အပေါ်၌ အလွန်များလှကြောင်း ဖွဲ့ဆိုလျှောက်ထားကြ၍ မြတ်စွာဘုရားကို မိမိတို့ ပရိနိဗ္ဗာန်စံဝင်ရန် ခွင့်တောင်း လျှောက်ထားကြလေသည်။

     မြတ်စွာဘုရားက “ယဿ ဒါနိ ကာလံ ဝေါ မညထ = ဘိက္ခုနီတို့.. သင်တို့၏ ပရိနိဗ္ဗာန်စံရာအချိန်ကို သင်တို့ပင် သိကုန်၏”ဟု မိန့်တော်မူလေလျှင် ထိုဘိက္ခုနီမ အားလုံးတို့သည် မြတ်စွာဘုရားကို

၁၅

ရှိခိုး၍ နေရာမှထကာ ပြန်လာကြလေကုန်၏။ မြတ်စွာဘုရားသည် ပရိသတ်များစွာဖြင့် မိထွေးတော်ကြီးကို တောရကျောင်းတိုက် တံခါးမုခ်အရောက် လိုက်၍ပို့တော်မူလေသည်။ တံခါးမုခ်သို့ ရောက်သောအခါ မိထွေးတော်ကြီးသည် မြတ်စွာဘုရား ခြေတော်ရင်း၌ ဝပ်စင်း၍ ဘိက္ခုနီမငါးရာတို့နှင့် အတူတကွ နောက်ဆုံး ရှိခိုးခြင်းဖြင့် ရှိခိုးပြီးလျှင် ဝေသာလီပြည်အတွင်း ဘိက္ခုနီမကျောင်းတိုက်သို့ သွားရောက်၍ ဘိက္ခုနီမအားလုံးပင် မိမိတို့၏ ကျောင်းအသီးအသီး၌ တင်ပလ္လင် ထက်ဝက်ဖွဲ့ခွေ ထိုင်နေကြလေသည်။ (တင်ပလ္လင် ထက်ဝက်ဖွဲ့ခွေဟူသည်မှာ- ၀ဲဖက်ခြေကို တင်ပလ္လင်ခွေသည့်အတိုင်း ထား၍ ယာဖက်ခြေကို ပုဆစ်တုပ်သည့်အတိုင်း ထားကာ ထိုင်နေခြင်းတည်း၊ ထိုင်၍စမ်းလေ)။

     ထိုအခါ သာသနာတော်ကို ကြည်ညိုကြသည့် ဥပါသိကာမတို့သည် ပရိနိဗ္ဗာန် စံကြတော့မည်ကို သိကြ၍ ရှိခိုးပူဇော်ရန် ဆည်းကပ် ရင်ဘတ်ကို တီးခတ်ကြလျက် အမြစ်ပြတ်သော နွယ်သစ်ပင်ကဲ့သို့ မြေတွင် ဗုန်းဗုန်းပစ်လှဲကာ ငိုကြွေးကြကုန်၏။ မိထွေးတော် ထေရီမကြီးသည် အကြီးဆုံးပဓာနဖြစ်သည့် ဥပါသိကာမ၏ ဦးခေါင်းကို ယုယကိုင်သပ်လျက်-

“အလံ ပုတ္တာ ဝိသာဒေန၊ မာရပါသာနုဝတ္တိနာ။

အနိစ္စံ သင်္ခတံ သဗ္ဗံ၊ ဝိယောဂန္တံ စလာစလံ။

သမီးတို့.. မာရ်မင်းကျော့ကွင်းသို့ လိုက်ပါခြင်းဖြစ်သည့် ငိုယိုမြည်တမ်း ပင်ပန်းခြင်းဖြင့် အကျိုးမရှိ၊ အကြောင်းပြုမှ ဖြစ်ခွင့်ရသည့် သင်္ခါရဥဿုံ အလုံးစုံသည် အမြဲမရှိ။ ကွေကွင်းရခြင်း အဆုံးရှိ၏၊ တလျှပ်လျှပ်တုန်လှုပ် ဖောက်ပြန်တတ်၏”-

ဟု ဟောပြောဆုံးမ၍ အိမ်သို့ပြန်ကြရန် စေလွှတ်ပြီးလျှင် ရူပါဝစရပဌမဈာန်မှ နေဝသညာနာသညာယတန ဈာန်တိုင်အောင် (တဖန်) ထိုနေဝသညာနာသညာယတနဈာန်မှ ပဌမဈာန်တိုင်အောင် လောကီဈာန်သမာပတ် ရှစ်ရပ်တို့ကို အနုလုံ,ပဋိလုံ = အစုံ,အဆန် ဝင်စား၍ (တဖန်) ပဌမဈာန်မှသည်

၁၆

စတုတ္ထဈာန်တိုင်အောင် ဝင်စားပြန်၍ စတုတ္ထဈာန်မှ ထပြီးသော် ဆီနှင့်ဆီမီးစာကုန်၍ ဆီမီးတောက်မီးလျှံ ငြိမ်းသကဲ့သို့ အနုပါဒိသေသ နိဗ္ဗာနဓာတ်ကိုယူသိမ်း အငြိမ်းကြီးငြိမ်းလေ၏။ ကြွင်းသော အနွယ်သာကီ ဘိက္ခုနီမငါးရာတို့သည်လည်း ထို့အတူ နိဗ္ဗာန်ယူသိမ်း ငြိမ်းကြလေကုန်၏။

     ထိုအခါ ပြင်းစွာ မြေလှုပ်ခြင်း, ကောင်းကင်မှ ဥက္ကာကျခြင်း, နတ်မိုးနတ်စည် ချုန်းမြည်ခြင်း, နတ်တို့ ငိုယိုမြည်တမ်းခြင်း, ပန်းမိုးရွာခြင်း, ပွဲသဘင်အလယ် ကခြေသည်ကဲ့သို့ မြင်းမိုရ်မဏ္ဍိုင် ယိမ်းယိုင် တုန်လှုပ်ခြင်း, စိုးရိမ်သည့်ပမာ သမုဒြာ အော်မြည်ခြင်း, နဂါး အသုရာ နတ် ဗြဟ္မာတို့ ထိတ်လန့်သံဝေဂ ရရှိကြ၍ “အနိစ္စာ ဝတ သင်္ခါရာ၊ ယထာယံ ဝိလယံ ဂတာ”ဟု သံဝေဂစကား မြွက်ဆိုခြင်းစသည့် အထူးထူး အလည်လည် အံ့ဩဖွယ်တို့သည် ဖြစ်ကုန်၏။

     ထိုအခါ နတ်, ဗြဟ္မာတို့သည် မိထွေးတော်ဂေါတမီ ထေရီမကြီးနှင့်တကွ သာကီဝင်မင်းသမီး ဘိက္ခုနီမငါးရာတို့ ပရိနိဗ္ဗာန် စံကြပြီဖြစ်ကြောင်း မြတ်စွာဘုရားရှင်သို့ ဆည်းကပ်၍ လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် “ရဟန်းတို့အား အကြောင်း ပြောကြားချေ”ဟု အရှင်အာနန္ဒာကို စေလွှတ်၍ ရဟန်းသံဃာ အများနှင့်တကွ ဘုရားရှင်ကိုယ်တော်တိုင် ကြွတော်မူပြီးလျှင် (၁) ရှေ့ဆုံးမှ လူ, နတ်, နဂါး, အသုရာ, ဗြဟ္မာများ (၂) ထို့နောက်မှ ဝိသုကြုံဖန်ဆင်းအပ်သည့် ရွှေသားအလောင်းစင် ပြာသာဒ်ငါးရာထက်သို့ ညောင်စောင်းနှင့်တကွ တင်စေ၍ ဘိက္ခုနီမငါးရာတို့၏ အလောင်းစင် ပြာသာဒ်တို့ကို နတ်တို့က ထမ်းလျက်၎င်း (၃) ထို့နောက်မှ မိထွေးတော် ဂေါတမီထေရီ၏ အလောင်းစင် ပြာသာဒ်ကို လောကပါလနတ်မင်းကြီး လေးယောက်တို့က ထမ်းလျက်၎င်း (၄) ထို့နောက်မှ သံဃာတော်များနှင့် မြတ်စွာဘုရားရှင် လိုက်ပါတော်မူလျက်၎င်း ဤဖော်ပြရာပါ အစီအစဉ်အတိုင်း လမ်းတလျောက် ကောင်းကင်အပြည့် ဗိတာန်မျက်နှာကြက်မိုးကာ, ကြက်လျှာအလံ = တံခွန်ထူစိုက်,

၁၇

မြေ၌ ပန်းမွေ့ရာကြဲမြှောက် အောက်သို့ တွဲလျားကျသည့် ကောင်းကင်ပဒုမာ, အမျိုးမျိုးသော ပန်းနံ့သာ, သာယာချိုအေးသော တူရိယာ, သီချင်း, ကခြင်း အမျိုးမျိုးတို့ဖြင့် ပူဇော်ချီးမြှောက်ကြ၍ သုသာန်သင်းချိုင်း မြေလုပ်တိုင်းသို့အရောက် ပို့ဆောင်ကြလေကုန်၏။

     ထိုသို့ ပို့ဆောင်သောအခါ လ,နေတို့ကို လူအများ မြင်နေကြရ၏။ ကြယ်နက္ခတ်တို့လည်း တောက်ပလျက် ရှိကုန်၏။ နေသည် မွန်းတည့်ချိန်ဖြစ်သော်လည်း လ-ကဲ့သို့ အေးမြ၍ နေ၏။ မိထွေးတော်၏ နိဗ္ဗာန်စံမြန်း သင်္ဂြိုဟ်ခဏ်းလောက် မြတ်စွာဘုရား၏ နိဗ္ဗာန်စံမြန်း သင်္ဂြိုဟ်ခဏ်းမှာ အံ့ဖွယ်သရဲ မများလှချေ။ မြတ်စွာဘုရား နိဗ္ဗာန်လားတော်မူရာ၌ ကိုယ်တော်တိုင်လည်း မကြပ်မတ် မစီရင်၊ အရှင်သာရိပုတ္တရာ- စသည်တို့လည်း မကြပ်မတ် မစီရင်ကြကုန်၊ မိထွေးတော်ဂေါတမီ နိဗ္ဗာန်လားရာ၌ကား မြတ်စွာဘုရားရော အရှင်သာရိပုတ္တရာ- စသည်တို့ပါ ကြပ်မတ်စီရင်ကြကုန်၏။

     သုသာန်သင်းချိုင်းသို့ ရောက်သောအခါ နံ့သာထင်းပုံထက်သို့ တင်၍ မီးသင်္ဂြိုဟ်ပြီးလျှင် အရှင်အာနန္ဒာသည် ဂေါတမီထေရီ၏ အရိုးဓာတ်တို့ကို ယူကိုင်လျက်-

ဂေါတမီ နိဓနံ ယာတာ၊ ဍယှဉ္စဿာ သရီရကံ။

သင်္ကေတံ ဗုဒ္ဓနိဗ္ဗာနံ၊ န စိရေန ဘဝိဿတိ။

ဂေါတမီ = ဂေါတမီခေါ် မိထွေးတော်သည်။ နိဓနံ = ပျက်ဆုံးကွယ်စင် နိဗ္ဗာန်ဝင်ခြင်းသို့။ ယာတာ = ရောက်ရှာလေပြီ။ အဿာ = ထိုမိထွေးတော် ဂေါတမီ၏။ သရီရကဉ္စ = ဥတုဇခေါ်ဆို ရုပ်ကိုယ်အစုကိုလည်း။ ဍယှံ = မီးဖြင့်လောင်အပ် ကျွမ်းပြတ်ခဲ့လေပြီ။ သင်္ကေတံ = ယုံမှားမကင်း တွေးတောခြင်းဖြင့် မှတ်အပ်သော။ ဗုဒ္ဓနိဗ္ဗာနံ = ငါတို့ဆရာ မြတ်စွာဘုရား နိဗ္ဗာန်လားခြင်းသည်။ န စိရေန = မကြာမြင့်မီ။ ဘဝိဿတိ = ဧကန်စင်စစ် ဖြစ်လိမ့်တကား -

၁၈

ဟု သံဝေဂစကား ညည်းတွား ပြောဆိုပြီးလျှင် မိထွေးတော်၏ သပိတ်၌ အရိုးဓာတ်တို့ကိုထည့်ကာ မြတ်စွာဘုရားအား ဆက်ကပ်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် မိထွေးတော်၏ အရိုးဓာတ်တို့ကို လက်တော်ဖြင့် ကိုင်ယူပြသတော်မူကာ စည်းဝေးရောက်ရှိလာသော လူ, နတ်, ဗြဟ္မာ ပရိသတ်အား-

မဟတော သာရဝန္တဿ၊ ယထာ ရုက္ခဿ တိဋ္ဌတော။

ယော သော မဟတ္တရော ခန္ဓော၊ ပလုဇ္ဇေယျ အနိစ္စတာ။

တထာ ဘိက္ခုနိသံဃဿ၊ ဂေါတမီ ပရိနိဗ္ဗုတာ။

သာရဝန္တဿ = အနှစ်သာရ ပြည့်ဝသော။ တိဋ္ဌတော = မြဲမြံခိုင်ခံ့ တည်တံ့သော။ မဟတော ရုက္ခဿ = သစ်ပင်ကြီး၏။ ယော ခန္ဓော = အကြင် ပင်စည်သည်။ မဟတ္တရော = အလွန်ပြန့်ပွါး စည်ကားကြီးကျယ်၏။ သော ခန္ဓော = ထိုကြီးကျယ်စည်ကား ပြန့်ပွါးသော ပင်စည်သည်။ အနိစ္စတာ- အနိစ္စတာယ = ပင်ကိုယ်သူ့ သဘော မမြဲလေသောကြောင့်။ ပလုဇ္ဇေယျ ယထာ = ယိမ်းယိုင်တိမ်းပါး ပျက်ပြားလဲပြိုသကဲ့သို့။ တထာ = ထို့အတူ။ ဘိက္ခုနိသံဃဿ = သစ်ပင်ကြီးပမာ ဘိက္ခုနီသံဃာ၏။ ခန္ဓသဒိသာ = ပင်စည်နှင့်မူ အလားတူသော။ ဂေါတမီ = ဂေါတမီခေါ် မိထွေးတော်သည်။ ပရိနိဗ္ဗုတာ = နိဗ္ဗာန်ယူသိမ်း ငြိမ်းလေပြီတကား -

ဤသို့ အစရှိသော ၁၀-ဂါထာတို့ဖြင့် တရားဟောပြ ဆုံးမတော်မူလေ၏။ (ထိုဂါထာများ ပါဠိ,အနက်ကို ဆိဒ္ဒပိဓာနနီကျမ်း၌ ကြည်ညိုဖွယ်ရာ ဖတ်ရှုကုန်ရာ၏)။

ဤကား မဟာပဇာပတိဂေါတမီထေရီ အကြောင်းတည်း။

**********

(၂) ခေမာထေရီအကြောင်း

(ဤခေမာထေရီမ၏ အကြောင်းအရာကို အင်္ဂုတ္တရအဋ္ဌကထာ, ထေရီဂါထာ အဋ္ဌကထာနှင့် ဓမ္မပဒအဋ္ဌကထာတို့၌ အကျဉ်းမျှ ဖွင့်ပြအပ်၏၊ အပဒါနပါဠိတော်၌ကား ခေမာထေရီကိုယ်တိုင်ပင်

၁၉

အကျယ် ဟောပြအပ်၏။ ထို့ကြောင့် ဤခေမာထေရီအကြောင်းကို အဋ္ဌကထာ သုံးကျမ်းတို့နှင့်လည်း ညှိနှိုင်း၍ အပဒါနပါဠိတော်ကို အဦးတည်ကာ ရေးသားပြဆိုပေအံ့)-

(က) ထေရီမ-၏ ရှေးဆုတောင်း

     ဤခေမာထေရီအလောင်း အမျိုးကောင်းသမီးသည် လွန်ခဲ့သော ကမ္ဘာတသိန်းထက်က ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ သူဌေးသမီးဖြစ်လတ်၍ တနေ့သ၌ မြတ်စွာဘုရား ဟောကြားသည့်တရားကို ကြားနာရ၍ သဒ္ဓါတရားဖြစ်ရှိကာ သရဏဂုံတည်သူ ဥပါသိကာ ဖြစ်လာလေ သည်။

     ထို့နောက် မိ,ဖတို့ထံ ခွင့်ပန်၍ ဘုရားအမှူးရှိသော သံဃာကို ခုနစ်ရက်ပတ်လုံး ဆွမ်းပြုစုလုပ်ကျွေး ဆက်ကပ်၍ ခုနစ်ရက်လွန်မြောက်သောအခါ ပဒုမုတ္တရ မြတ်စွာဘုရားရှင်က သုဇာတာထေရီမကို ပညာဧတဒဂ်ရာထူး = ဌာနန္တရ၌ ထားတော်မူသည်ကို ကြားသိ, တွေ့မြင်, ဝမ်းမြောက်, အားကျကာ တဖန် အဓိကာရ ကောင်းမှုကုသိုလ်ကိုပြု၍ ထိုပညာဧတဒဂ် ရာထူး = ဌာနန္တရကို ဆုတောင်းလေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားကလည်း ကမ္ဘာတသိန်း လွန်သောအခါ ဤမြတ်စွာဘုရား သာသနာ၌ ပညာဧတဒဂ်ရ ခေမာထေရီ ဖြစ်မည့်အကြောင်း ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။

ဘဝများစွာ နတ်မိဖုရား လူမိဖုရား ဖြစ်ခြင်း

     ထိုသူဌေးသမီးသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ ထိုဘဝမှ စုတေလတ်သော် တာဝတိံသာ, ယာမာ, တုသိတာ, နိမ္မာနရတိ, ပရနိမ္မိတဝသဝတ္တီ နတ်ပြည်ကြီး ၅-ထပ်တို့၌ အစဉ်အတိုင်း နတ်မိဖုရားကြီးချည်း ဖြစ်ရသည့်ပြင် နတ်ပြည်မှ စုတေ၍ လူ့ပြည်၌ တဖန် ဖြစ်ပြန်သောအခါလည်း စကြဝတေးမင်း, ဧကရာဇ်မင်းတို့၏ မိဖုရားကြီးချည်း ဖြစ်ရလေသည်။ ဤသို့လျှင် နတ်ပြည် လူ့ပြည်တို့၌ ဖြစ်လေတိုင်းသော ဘဝမှာပင်

၂၀

နတ်မိဖုရားကြီး, လူမိဖုရားကြီး ဖြစ်ကာ ကမ္ဘာပေါင်းများစွာ နတ်စည်းစိမ် လူစည်းစိမ်ကို အလှည့်အလည် ခံစားသုံးဆောင်၍ ကျင်လည်ခဲ့ရလေသည်။

ဗြဟ္မစာရိနီ ဘိက္ခုနီဘဝ

     ယင်းသို့ ကမ္ဘာပေါင်းများစွာ နတ်စည်းစိမ်, လူစည်းစိမ်ကို အလှည့်အလည် ခံစားသုံးဆောင်၍ ကျင်လည်ခဲ့လေရာ ဤကမ္ဘာမှ လွန်ခဲ့သော ကိုးဆယ့်တကမ္ဘာဝယ် ဝိပဿီမြတ်စွာဘုရား ပွင့်ထွန်းတော်မူသောအခါ အမျိုးကောင်းသမီး ဖြစ်လတ်၍ မြတ်စွာဘုရားထံ ဆည်းကပ်၍ တရားကို နာလတ်သည်ရှိသော် သဒ္ဓါတရား ကြီးမားစွာဖြစ်ရှိကာ ဘိက္ခုနီမ-ပြုလုပ်၍ နှစ်ပေါင်း တသောင်းကြာ မြတ်သောအကျင့်ကို ကျင့်သုံးသဖြင့် ကမ္မဋ္ဌာန်းအလုပ် အားထုတ်သူ, ဗဟုသုတပြည့်ဝသူ, ပဋိစ္စသမုပ္ပါဒ်တရား၌ ကျွမ်းကျင်လိမ္မာသူ, သစ္စာလေးပါးတို့၌ ရဲရင့်သူ, သိမ်မွေ့စွာသော တရားအဟောကောင်း = ဓမ္မကထိက ဘိက္ခုနီမဖြစ်၍ သုံးပါး သိက္ခာ သာသနာကို လိုက်နာ ကျင့်သုံးခဲ့လေသည်။

     ထိုဘဝမှ စုတေလတ်သော် တုသိတာနတ်ပြည်သို့ တက်ရ၍ ဖြစ်လေရာရာ ဘဝတို့၌ ဝိပဿီမြတ်စွာ သာသနာဝယ် ကောင်းစွာ အားထုတ်ခဲ့ခြင်း ကောင်းမှုရင်းကြောင့် သူ့ထက်ကဲသာ ပညာ, သီလ, ဘောဂ, ဥစ္စာ လိမ္မာသော အခြွေအရံပရိသတ် ရှိသူဖြစ်ကာ နှစ်သက်ဖွယ်ရာ များစွာသော လူနတ်စည်းစိမ်တို့ကို အလွယ်တကူ ရယူ သုံးဆောင်ခံစားရသည့်ပြင် ထိုပဋိပတ်ကောင်းမှု အစွမ်းကြောင့်ပင် ဖြစ်တိုင်းသော လူ့ဘဝ, နတ်ဘဝတို့၌ အရှင်သခင် စိုးပိုင်သူများက အလေးထား မြတ်နိုးရသူ နတ်မိဖုရား, လူမိဖုရား ဖြစ်ရလေသည်။

ကျောင်းတိုက် ဒါယိကာမဘဝ

     ထိုအမျိုးသမီးသည် ဤဘဒ္ဒကမ္ဘာ ကောဏာဂုံ မြတ်စွာဘုရား လက်ထက်တော်အခါ ဗာရာဏသီပြည်ဝယ် ကြွယ်ဝသော အမျိုးသမီးဖြစ်၍ (အမည်နာမ-မပါ၊ ခေမာဟူ၍သာ လွယ်လွယ်မှတ်ထားရာ၏)

၂၁

ဓနဉ္ဇာနီအမျိုးသမီး, သုမေဓာအမျိုးသမီးတို့နှင့် အတူတကွ ဒါနပြုဖော် သူငယ်ချင်းမ-တို့ ဖြစ်ကြကာ သုံးယောက်သား ဒါယိကာခံ၍ သံဃအရာမ် ကျောင်းတိုက်ကြီးနှင့်တကွ သံဃိကကျောင်းကြီး ဆောက်လုပ်လှူဒါန်းခဲ့ကြလေသည်။ ထိုဘဝမှ စုတေကြသော် သုံးယောက်သားလုံးပင် တာဝတိံသာနတ်ပြည်နှင့် လူ့ပြည်တို့၌ နတ်စည်းစိမ်, လူစည်းစိမ်တို့ကို အထက်တန်းကျကျ သုံးဆောင်ခံစားကြရလေသည်။

ကိကီမင်းကြီး၏ သမီးတော်ကြီးဘဝ

     ဤဘဒ္ဒကမ္ဘာမှာပင် ကဿပမြတ်စွာ ပွင့်ထွန်းတော်မူသော အခါဝယ် ကာသိတိုင်းရှင် ဗာရာဏသီပြည် ကိကီမင်းကြီးသည် မြတ်စွာဘုရား၏ အလုပ်အကျွေး ဒါယကာအရင်း ဖြစ်လေသည်။ ထိုကိကီမင်းကြီးမှာ-

ခေမာ, ဥပ္ပလဝဏ္ဏာ စ၊ ပဋာစာရာ စ ကုဏ္ဍလာ။

ကိသာဂေါတမီ, ဓမ္မဒိန္နာ၊ ဝိသာခါ ဟောတိ သတ္တမီ-

ဟူသော ဂါထာအတိုင်း ဤအကျွန်ုပ်တို့ မြတ်စွာဘုရား သာသနာ၌ အစဉ်အတိုင်း (၁) ခေမာထေရီ၊ (၂) ဥပ္ပလဝဏ္ဏာထေရီ၊ (၃) ပဋာစာရာထေရီ၊ (၄) ကုဏ္ဍလကေသီထေရီ၊ (၅) ကိသာဂေါတမီထေရီ၊ (၆) ဓမ္မဒိန္နာထေရီ၊ (၇) ဝိသာခါကျောင်းအမကြီးတို့ ဖြစ်ကြမည့်-

သမဏီ, သမဏဂုတ္တာ စ၊ ဘိက္ခုနီ, ဘိက္ခဒါယိကာ။

ဓမ္မာ စေဝ, သုဓမ္မာ စ၊ သတ္တမီ သံဃဒါယိကာ-

ဟူသော ဂါထာအတိုင်း (၁) သမဏီမင်းသမီး၊ (၂) သမဏဂုတ္တာမင်းသမီး၊ (၃) ဘိက္ခုနီမင်းသမီး၊ (၄) ဘိက္ခဒါယိကာ မင်းသမီး၊ (၅) ဓမ္မာမင်းသမီး၊ (၆) သုဓမ္မာမင်းသမီး၊ (၇) သံဃဒါယိကာ မင်းသမီးဟူ၍ သမီးတော်ခုနစ်ယောက်တို့ ရှိကြလေသည်။

     ထိုသမီးတော် ခုနစ်ယောက်တို့အနက် ဤခေမာထေရီအလောင်း အမျိုးကောင်းသမီးသည် အကြီးဆုံး သမဏီမင်းသမီး

၂၂

ဖြစ်လာလေသည်။ ထိုသမဏီမင်းသမီးသည် ကဿပ မြတ်စွာဘုရား၏ တရားတော်ကို နာရ၍ ရဟန်းမ = ဘိက္ခုနီပြုရန် အလွန်ပင် စိတ်သန်လျက် ခမည်းတော်မင်းကြီးထံ ခွင့်ပန်ပါသော်လည်း ရဟန်းမ = ဘိက္ခုနီ ပြုလုပ်ရန် အခွင့်မရခဲ့ချေ။ ထိုအခါ သမီးတော် ခုနစ်ယောက်လုံးတို့ပင် အနှစ်နှစ်သောင်းကြာ ခင်ပွန်းမရှာ ကောမာရိဗြဟ္မစရိယ = သတို့သမီး (အပျို)ဘဝဖြင့်ပင် တသက်လုံး ဥပုသ်သီတင်း ကျင့်သုံးခြင်းကို ကျင့်ကြံ၍ ကဿပမြတ်စွာဘုရားကို အသက်ထက်ဆုံး ပစ္စည်းလေးပါးတို့ဖြင့် ပြုစုလုပ်ကျွေး ဆည်းကပ်ကြလေသည်။

     အခါတပါး၌ ကဿပမြတ်စွာဘုရားသည် အလွန် အံ့ဩဖွယ်ကောင်းသော မဟာနိဒါနသုတ္တန်တရားကို ဟောကြားတော်မူလေသည်။ (မဟာနိဒါနသုတ်မှာ ဒီဃနိကာယ်ခေါ် သုတ်သုံးကျမ်းအဝင်အပါ နှစ်ခုမြောက် မဟာဝဂ္ဂပါဠိ၌ နှစ်ခုမြောက်သုတ္တန်ဖြစ်သည်၊ ထိုသုတ်ကို ကြည့်ရှုကုန်ရာ၏)။ သမဏီမင်းသမီးသည် ထိုမဟာနိဒါနသုတ္တန်ကို နာရ၍ သဒ္ဓါတရား ကြီးမားစွာဖြစ်ရှိကာ လေ့လာသင်ကြား နှုတ်ရဆောင် ရွတ်အံသရဇ္ဈာယ်ခဲ့လေသည်။

     ထိုကောင်းမှု ကုသိုလ်ကံများကြောင့် သမဏီမင်းသမီးဘဝမှ စုတေလတ်သော် တာဝတိံသာနတ်ပြည်၌ နတ်မိဖုရားကြီးဖြစ်လေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းမ-ပြုခြင်း

     ထိုအမျိုးကောင်းသမီးသည် နောက်ဆုံးပစ္ဆိမ ဤဘဝဝယ် သာဂလမြို့၌ မဒ္ဒရာဇ်မင်း၏ သမီးတော်ဖြစ်၍ ပြည်သူခပ်သိမ်းကို ချမ်းငြိမ်းဘေးကင်းစေလျက် မွေးဖွားလာသူ ဖြစ်သောကြောင့် “ခေမာ”မင်းသမီးဟု အမည်တွင်လေသည်။ ခေမာမင်းသမီး အရွယ်သို့ ရောက်သောအခါ ဗိမ္ဗိသာရမင်းကြီး၏ အလွန်ချစ်မြတ်နိုးအပ်သည့် မိဖုရားကြီးဖြစ်လာ၍ ကိုယ်အဆင်း၌ အလွန်မာန်ယစ်သူ ဖြစ်လေသည်။

၂၃

     မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသောအခါ ခေမာမိဖုရားသည် “မြတ်စွာဘုရားကား ရုပ်၌ အပြစ်ကိုပြ၍ တရားဟောတော်မူသတဲ့”ဟု အဆင့်စကား ကြားသိရ၍ အဆင်းမာန်ယစ်သူ ဖြစ်ရကား “ငါသွားလျှင်လည်း မြတ်စွာဘုရားသည် အဆင်းရုပ်၌ အပြစ်ကိုပင် ပြတော်မူလေရာ၏”ဟု ကြံစည်မိကာ ကြောက်သဖြင့် မြတ်စွာဘုရားရှင် အထံတော်သို့ အဖူးအမြော် မသွားရောက်ပဲ နေလေ၏။

ဗိမ္ဗိသာရမင်းကြီး၏ ဥပါယကောသလ္လဉာဏ်

     ဗိမ္ဗိသာရမင်းတရားကြီးသည် “ငါကား မြတ်စွာဘုရား၏ အမြတ်ဆုံး အလုပ်အကျွေး ဒါယကာဖြစ်လေသည်၊ သို့စဉ် အရိယာသူတော်ကောင်းကြီးတယောက်၏ မိဖုရားကြီး မြတ်စွာဘုရားရှင်ထံတော်သို့ အဖူးအမြော် မသွားရောက်ခြင်းကို ငါသည် အဘယ်နည်းဖြင့်မျှ မနှစ်သက်နိုင် = လက်မခံနိုင်”ဟု ကြံစည် ဆင်ခြင်ကာ စာဆိုကဝိ (=စာရေးဆရာ)တို့ကို “ဝေဠုဝန်ကျောင်းတော်ဖွဲ့ ဂီတိဂါထာ”တို့ကို ဖွဲ့နွဲ့သီကုံးစေပြီးလျှင် ထိုဂီတိဂါထာများကို “ခေမာမိဖုရား ကြားလောက်သည့် ဥပစာ၌ တစာစာ သီဆိုကြရမည်”ဟု အဆိုကျော်များကို အမိန့်ပေး၍ သီဆိုစေလေသည်။

ဝေဠုဝန်ဥယျာဉ်တော်ဖွဲ့ဂီတိ၄-ဂါထာ

(၁) ရမ္မံ ဝေဠုဝနံ ယေန၊ န ဒိဋ္ဌံ သုဂတာလယံ။

န တေန နန္ဒနံ ဒိဋ္ဌံ၊ ဣတိ မညာမသေ မယံ။

ယေန = အမှတ်မထင် အကြင်သူသည်။ ရမ္မံ = နှလုံးမွေ့လျော် ပျော်ဖွယ်ကောင်းသော။ သုဂတာလယံ = သုံးလူ့မှန်ကင်း တရားမင်း၏ သီတင်းသုံး နေထိုင်ရာလည်းဖြစ်သော။ ဝေဠုဝနံ = ဝါးတောတွင်ခေါ် ဥယျာဉ်တော်ကို။ န ဒိဋ္ဌံ = ကုသိုလ်ကံ မထောက်မ- သဖြင့် မမြင်ရ = မရှုရချေ။ တေန = ထိုသူသည်။ နန္ဒနံ = နတ်တို့ပျော်ရာ ကဲသာမြတ်မွန် နန္ဒဝန်ခေါ် နတ်ဥယျာဉ်တော်ကို။

၂၄

န ဒိဋ္ဌံ = မမြင်ရသည်မည်၏။ ဣတိ = ဤသို့။ မယံ = ငါတို့သည်။ မညာမသေ = အောက်မေ့ဆင်ခြင် မှတ်ထင်ကြကုန်၏။

(၂) ယေန ဝေဠုဝနံ ဒိဋ္ဌံ၊ နရ-နန္ဒန-နန္ဒနံ။

သုဒိဋ္ဌံ နန္ဒနံ တေန၊ အမရိန္ဒ သုနန္ဒနံ။

ယေန = အမှတ်မထင် အကြင်သူသည်။ နရ-နန္ဒန-နန္ဒနံ = လူတိုင်းကြည်ညို ရာဇဂြိုဟ်ပြည်ရှင် ဘုရင်ဗိမ္ဗိသာရ နှစ်သက်အားရအပ်သော။ (ဝါ) နရ-နန္ဒန-နန္ဒနံ = တလောကလုံး ညွှတ်ရုံးချစ်ခင် ဘုရားရှင်သည် ပျော်ရွှင် နှစ်သက်တော်မူအပ်သော။ ဝေဠုဝနံ = ဆိတ်ငြိမ်သာမော ကျယ်ပြန့်ပြောသည့် ဝါးတောမြတ်မွန် တုဖက်လွန်သော ဝေဠုဝန်ခေါ် ဥယျာဉ်တော်ကို။ ဒိဋ္ဌံ = မျက်ဝါးထင်ထင် ရှုမြင်ရ၏။ တေန = ထိုသူသည်။ အမရိန္ဒ သုနန္ဒနံ = နတ်တို့သနင်း သိကြားမင်းသည် လွန်မင်းစွာ နှစ်သက်အပ်သော။ နန္ဒနံ = နတ်တို့ပျော်ရာ ကဲသာမြတ်မွန် နန္ဒဝန်ခေါ် နတ်ဥယျာဉ်တော်ကို။ သုဒိဋ္ဌံ = ကောင်းစွာလှလှ တွေ့မြင်ရသည်မည်၏။

(၃) ဝိဟာယ နန္ဒနံ ဒေဝါ၊ ဩတရိတွာ မဟီတလံ။

ရမ္မံ ဝေဠုဝနံ ဒိသွာ၊ န တပ္ပန္တိ သုဝိမှိတာ။

ဒေဝါ = တာဝတိံသာ နတ်များစွာတို့သည်။ နန္ဒနံ = နန္ဒဝန်ခေါ် နတ်ဥယျာဉ်တော်ကို။ ဝိဟာယ = ပယ်ခွါ ရှောင်ရှား စွန့်ပစ်ထားခဲ့ကြ၍။ မဟီတလံ = ဇမ္ဗူဒီပါ လက်ျာဦးကင် မြေအပြင်သို့။ ဩတရိတွာ = သက်ဆင်းခဲ့ကုန်၍။ ရမ္မံ = နှလုံးမွေ့လျော် ပျော်ဖွယ်ကောင်းသော။ ဝေဠုဝနံ = ဝေဠုဝန်ခေါ် ဥယျာဉ်တော်ကို။ ဒိသွာ = မျက်ဝါးထင်ထင် တွေ့မြင်ကြရကုန်သည်ရှိသော်။ သုဝိမှိတာ = အလွန်အကဲ အံ့အဲကြကုန်လျက်။ န တပ္ပန္တိ = ပူပန်ကင်းလွေ့ စည်းစိမ်မေ့၍ မငြီးငွေ့ မရောင့်ရဲနိုင်ကြကုန်။

၂၅

(၄) ရာဇပုညေန နိဗ္ဗတ္တံ၊ ဗုဒ္ဓပုညေန ဘူသိတံ။

ကော ဝတ္တာ တဿ နိဿေသံ၊ ဝနဿ ဂုဏသဉ္စယံ။

ယံ ဝနံ = အကြင် ဝေဠုဝန်ခေါ် ဥယျာဉ်တော်သည်။ ရာဇပုညေန = မင်းဘုန်းလှုံ့ဖန် ကုသိုလ်ကံကြောင့်။ နိဗ္ဗတ္တံ = ဖြစ်ပေါ်ပေါက်ရောက်လာ၏။ ယံ ဝနံ = အကြင် ဝေဠုဝန်ခေါ် ဥယျာဉ်တော်ကို။ ဗုဒ္ဓပုညေန = ဘုရားဘုန်းတော် အာနုဘော်ဖြင့်။ ဘူသိတံ = တန်းဆာဆင်အပ်၏။ တဿ ဝနဿ = ထိုဝါးတောမြတ်မွန် ဝေဠုဝန်၏။ ဂုဏသဉ္စယံ = များလှဘိတောင်း ဂုဏ်အပေါင်းကို။ ကော = စာဆိုကဝိ အဘယ်ပညာရှိသည်။ နိဿေသံ = အကြွင်းမရှိအောင်။ ဝတ္တာ = သီကုံးဖွဲ့ခိုင် ဆိုစွမ်းနိုင်အံ့နည်း။

     ခေမာမိဖုရား ထိုသီချင်းသံကို ကြားရလျှင် ရှေးအခါက ထိုဝေဠုဝန်ဥယျာဉ်တော်သို့သွား၍ မင်းတရားနှင့် မွေ့လျော်ပျော်ပါး ကစားဘူးသော်လည်း မသွားရဘူးသကဲ့သို့ အထူးတလည် အဆန်းတကြယ် အံ့ဩဖွယ်ကြီးထင်၍ သွားရောက်ကြည့်ရှုချင်သော အာသာဆန္ဒ ပြင်းပြလျက် ဗိမ္ဗိသာရမင်းတရားကို တင်ကြားခွင့်ပန်ပြီးလျှင် ကြီးစွာသော အခမ်းအနားဖြင့် မြတ်ဘုရားနှင့် မတွေ့ရအောင်ကြံ၍ ဆွမ်းခံဝင်ချိန်တွင် ဥယျာဉ်တော်သို့ဝင်ပြီး အပွင့်, အသီး, အကင်းအငုံ ပန်းမျိုးစုံထွေးယှက်, ပန်းဝတ်ရက်ယူသုံး ပျားပိတုန်းတသောသော, ဥဩတွန်ကျူး, ဒေါင်းမြူးကခုန်, လူစုံမရောပြွမ်း, ဆိတ်ချမ်းလူသံ, စင်္ကြံ, မဏ္ဍပ်, ကျောင်း, စရပ်တို့ဖြင့် ယောဂီသူမြတ်တို့ မွေ့လျော်ရာ ဝေဠုဝန်ဥယျာဉ်တော်ကို ရှုမြော်လှည့်လည်လေ၏။

     ထိုသို့ လှည့်လည်စဉ်အတွင်း ခေမာမိဖုရားသည် တခုသော သစ်ပင်ရင်း၌ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်ထိုင်နေသည့် ယောဂီရဟန်းပျိုတပါးကို မြင်၍ “ရှုချင်စဖွယ် ဤအရွယ်မှာ မွေ့လျော်ဖွယ်အာရုံ ကာမဂုဏ်ကိုခံစားပြီး သက်ကြီးယိုယွင်း အိုမင်းမှသာ ရဟန်းတရားကို အားထုတ်သင့်ဘိတကား”ဟု

၂၆

အမှားကြံဆင်ခြင်၍ ဘုရားရှင်မရှိဟူသော အမှတ်ဖြင့် ဂန္ဓကုဋီကျောင်းသို့ လှည့်ပတ် ချဉ်းကပ်လေသော် ခေမာမိဖုရား လာလိမ့်မည်ကို သိတော်မူနှင့်၍ ဆွမ်းခံမကြွပဲ ဂန္ဓကုဋီကျောင်းတော်၌ပင် တန်ခိုးတော်ဖြင့် ခေမာမိဖုရားထက် အဆဆသာလွန် လှပတင့်တယ်သော မိန်းမငယ် = ဣဒ္ဓိရုပ်ကို ဖန်ဆင်းတော်မူလျက် လေညှင်းယပ်ခပ်စေ၍ နေတော်မူလင့်သော မြတ်စွာဘုရားရှင်ကို ပက်ပင်းပါ ဖူးမြင်ရလေ၏။

     ခေမာမိဖုရားသည် မိမိအဆင်း၌ တပ်မက်ခြင်းကို ပယ်စွန့်၍ ထိုဣဒ္ဓိရုပ် သူငယ်မအဆင်း၌ ပြင်းစွာတပ်မှိန်း တစိန်းစိန်းကြည့်ရှုဆဲ၌ပင် မြတ်စွာဘုရားရှင်၏ ဖန်ဆင်းချက်ကြောင့် ထိုသူငယ်မ ရွတ်တွအိုမင်း အဆင်းဖောက်ပြန် ဆံဖြူသွားကျိုး ညှင်းဆိုး, မှည့်စွဲလျက် တွဲရရွဲကျသောသားမြတ်, တွန့်ကပ်ပိန်ခြောက်သော အရေအသား, ကိုးရိုကားရား ခြေလက်အင်္ဂါ, ကြီးစွာသော အဆစ်အပိုင်း, အကြောပြိုင်းရရိုင်းနှင့် ကုပ်ကိုင်းသော ကိုယ်ရှိလျက် ပင့်သက်ရှူရှိုက် တုန်တုန်ခိုက်ခိုက် မျက်ဖြူဆိုက်၍ ဖိုက်ခနဲလဲသေသည်ကို မြင်ရလေလျှင် ခေမာမိဖုရား၏ စိတ်သန္တာန်၌-

“ဓိရတ္ထု ရူပံ အသုစိ၊ ရမန္တေ ယတ္ထ ဗာလိယာ။

ရူပံ = ဓာတ်လေးပါးဆောင် ဤရုပ်ကောင်သည်။ အသုစိ = ပင်ကိုယ် သူ့သဘောဝယ် မစင်ကြယ်ပါတကား။ ဓိ = စက်ဆုပ်ရွံရှာဖွယ်သည်။ အတ္ထု = ဖြစ်စွာ့တကား။ ယတ္ထ = ယင်းသို့ မစင်မကြယ် ထွီဖွယ်ဖြစ်သော ရုပ်ကောင်၌။ ဗာလိယာ = ပညာအန္ဓ အမိုက်မတို့သည်။ ရမန္တေ = မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်၍ နေကုန်၏တကား” -

ဟု သံဝေဂဉာဏ် ထက်သန်စွာ ဖြစ်ရှိလာလေ၏။

     ထိုအခါ မြတ်စွာဘုရားသည် ခေမာမိဖုရားအား ဤဆိုလတ္တံ့သော တရားဂါထာတို့ကို ဟောကြားတော်မူလေ၏-

၂၇

(၁) အာတုရံ အသုစိံ ပူတိံ၊ ပဿ ခေမေ သမုဿယံ။

ဥဂ္ဃရန္တံ ပဂ္ဃရန္တံ၊ ဗာလာနံ အဘိနန္ဒိတံ။

ခေမေ = ခေမာမိဖုရား..။ အာတုရံ = ကျင်နာခံခက် နှိပ်စက်ထသော။ အသုစိံ = မစင်မကြယ် ထွီဖွယ်ရာ ဖြစ်ထသော။ ပူတိံ = ပုပ်ဟောင်ညှီလှောင်း မကောင်းသော အနံ့ရှိထသော။ ဥဂ္ဃရန္တံ = အထက်သို့လည်း တစက်စက် ယိုထွက်ထသော။ ပဂ္ဃရန္တံ = အောက်သို့လည်း တစက်စက် ယိုထွက်ထသော။ ဗာလာနံ = မလိမ္မာသူ လူမိုက်တို့သည်။ အဘိနန္ဒိတံ = လွန်စွာစုံမက် နှစ်သက်မြတ်နိုးအပ်သော။ သမုဿယံ = ခန္ဓာကိုယ် အတ္တဘောကို။ ပဿ = စေ့စေ့ငုငု ကြည့်ရှုလော့။

(၂) အသုဘာယ စိတ္တံ ဘာဝေဟိ၊ ဧကဂ္ဂံ သုသမာဟိတံ။

သတိ ကာယဂတာ တျတ္ထု၊ နိဗ္ဗိဒါဗဟုလာ ဘဝ။

အသုဘာယ = မတင့်မတယ် စက်ဆုပ်ဖွယ်ဟု စိတ်ဝယ်ထင်မြင်ခြင်းအကျိုးငှါ။ ဧကဂ္ဂံ = တခုတည်းသော အာရုံရှိသော။ သုသမာဟိတံ = ကောင်းစွာ တည်ကြည်သော။ စိတ္တံ = ဘာဝနာစိတ်ကို။ ဘာဝေဟိ = ပွါးစေလော့။ ကာယဂတာ = ကာယကောဋ္ဌာသ၌ဖြစ်သော။ သတိ = အောက်မေ့ခြင်းသတိသည်။ တေ = သင့်အား။ အတ္ထု = ဖြစ်စေလော့။ နိဗ္ဗိဒါဗဟုလာ = ငြီးငွေ့ခြင်းများသည်။ ဘဝ = ဖြစ်လော့။

(၃) ယထာ ဣဒံ တထာ ဧတံ၊ ယထာ ဧတံ တထာ ဣဒံ။

အဇ္ဈတ္တဥ္စ ဗဟိဒ္ဓါ စ၊ ကာယေ ဆန္ဒံ ဝိရာဇယ။

ခေမေ = ခေမာမိဖုရား..။ ဣဒံ = ဤငါ့ထံကပ်ခို မိန်းမ၏ကိုယ်သည်။ ဘိဇ္ဇတိ ယထာ = အိုမင်းရွတ်တွ ပျက်စီးရသကဲ့သို့။ တထာ = ထို့အတူ။ ဧတံ = ထိုသင်၏ကိုယ်သည်။ ဘိဇ္ဇိဿတိ = အိုမင်းရွတ်တွ ပျက်စီးရလတ္တံ့။

၂၈

ဧတံ = ထိုသင်၏ကိုယ်သည်။ သောဘတိ ယထာ = မသေခင် ခေတ္တမျှ တင့်တယ်လှပသည်ဟု ထင်ရသကဲ့သို့။ တထာ = ထို့အတူ။ ဣဒံ = ဤငါ့ထံကပ်ခို မိန်းမ၏ကိုယ်သည်။ သောဘတိ = မသေခင် ခေတ္တမျှ တင့်တယ်လှပသည်ဟု ထင်ရ၏။ အဇ္ဈတ္တဉ္စ = အတွင်းလည်းဖြစ်သော။ ဗဟိဒ္ဓါ စ = အပလည်းဖြစ်သော။ ကာယေ = ကိုယ်၌။ ဆန္ဒံ = တပ်မက်သော ဆန္ဒရာဂကို။ ဝိရာဇယ = ပယ်စွန့်ဖြတ်တောက်လော့။

(၄) အနိမိတ္တဉ္စ ဘာဝေဟိ၊ မာနာနုသယမုဇ္ဇဟ။

တတော မာနာဘိသမယာ၊ ဥပသန္တာ စရိဿသိ။

အနိမိတ္တဉ္စ = လုံးလုံးလျောင်းလျောင်း ပေါင်း၍တည်ဟန် သဏ္ဌာန် အကောင်အထည် မရှိဟု ခွဲထုစပ်ဖန် အဖြစ်အပျက်ကိုရှုသော ဝိပဿနာဉာဏ်ကိုလည်း။ ဘာဝေဟိ = ပွါးစေလော့။ မာနာနုသယံ = မိမိကိုယ်၌ ပုန်းလျှိုးခိုအောင်း မကောင်းဆိုးရွား ထောင်လွှားသော မာနာနုသယကို။ ဥဇ္ဇဟ = စွန့်ပယ်လော့။ တတော မာနာဘိသမယာ = ထိုသို့ မာနကို စွန့်ပယ်ခြင်းကြောင့်။ ဥပသန္တာ = ဆယ့်တမီးဟူ အပူခပ်သိမ်း အကုန်ငြိမ်းသည်ဖြစ်၍။ စရိဿသိ = နိဗ္ဗာန်ထုတ်ချောက် ရောက်ရလတ္တံ့။

(၅) ယေ ရာဂရတ္တာနုပတန္တိ သောတံ၊

သယံ ကတံ မက္ကဋကော၀ ဇာလံ။

ဧတမ္ပိ ဆေတွာန ပရိဗ္ဗဇန္တိ၊

အနပေက္ခိနော ကာမသုခံ ပဟာယ။

မက္ကဋကော = ပင့်ကူကောင်သည်။ သယံ ကတံ = မိမိပြုအပ်သော။ ဇာလံ = ကွန်ရက်အသွင် ပင့်ကူချည်မျှင်သို့။ အနုပတန္တိ ယထာ = အစဉ်လျှောက်၍ နေသကဲ့သို့။ ယေ = အကြင်သတ္တဝါတို့သည်။ ရာဂရတ္တာ = ရာဂဖြင့် တပ်မက်မောကုန်၏။ တေ = ထိုသတ္တဝါတို့သည်။ သယံ ကတံ = မိမိသည် ပြုအပ်သော။

၂၉

သောတံ = ကိလေသာအယဉ် ခန္ဓာအစဉ်သို့။ အနုပတန္တိ = အစဉ်လိုက်၍ နေရကုန်၏။ ဓီရာ = ပညာရှိတို့သည်။ ကာမသုခံ = ကာမဂုဏ်ချမ်းသာကို။ အနပေက္ခိနော = ငဲ့ကွက်တွယ်တာခြင်း မရှိကုန်ပဲ။ ပဟာယ = ပယ်စွန့်ကုန်၍။ ဧတမ္ပိ = ထိုကိလေသာအယဉ် ခန္ဓာအစဉ်ကိုလည်း။ ဆေတွာန = တစမကျန် တွန်းလှန်ဖြတ်တောက်ကုန်၍။ ပရိဗ္ဗဇန္တိ = နိဗ္ဗာန်ထုတ်ချောက် သွားရောက်ကြကုန်၏။

ဤတရားဒေသနာကို ကြားနာရ၍ ခေမာမိဖုရား၏စိတ် ကြည်သာရွှင်လန်း ခံ့ကျန်း၍နေသည်ကို သိမြင်တော်မူကာ မြတ်စွာဘုရားသည် (ခေမာမိဖုရားအလောင်း သမဏီမင်းသမီးဘဝ ကဿပ ဘုရားရှင်လက်ထက်တော်က လေ့လာနှုတ်တက် ဆောင်ခဲ့ဘူးသော) မဟာနိဒါနသုတ်ကို ဟောတော်မူလေ၏။ ထိုမဟာနိဒါနသုတ်ကို ကြားနာရသောအခါ ခေမာမိဖုရားသည် ရှေးက မိမိ လေ့ကျက်ခဲ့ဘူးသည်ကို အမှတ်ရကာ ထိုနေရာ၌ပင် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်လေ၏ = သောတာပန်အရိယာမ ဖြစ်လေ၏။

     သောတာပန်အရိယာမ ဖြစ်ပြီးသောအခါ ခေမာမိဖုရားသည် မိမိ ရှေးက ရုပ်မာနဖြင့် အထင်မှား အမြင်မှားခဲ့သည့်အပြစ်ကို တောင်းပန်ကန်တော့လိုရကား မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်စင်းလျက် ဤဆိုလတ္တံ့သော ငါးဂါထာတို့ကို လျှောက်ဆို တောင်းပန်လေ၏-

(၁) နမော တေ သဗ္ဗဒဿာဝိ၊ နမော တေ ကရုဏာကရ။

နမော တေ တိဏ္ဏသံသာရ၊ နမော တေ အမတံ ဒဒ။

သဗ္ဗဒဿာဝိ = ခပ်သိမ်းသော တရားတို့ကို ကြွင်းထားမရှိ မြင်သိတော်မူပေသော မြတ်စွာဘုရား..။ တေ = ရှင်ပင်ဘုရားအား။ နမော = ရိုသေမြတ်နိုး ရှိခိုးပါ၏ဘုရား။ ကရုဏာကရ = မဟာကရုဏာ၏တည်ရာ ဖြစ်တော်မူပေသော မြတ်စွာဘုရား..။ တေ = ရှင်ပင်ဘုရားအား။ နမော = ရိုသေမြတ်နိုး ရှိခိုးပါ၏ဘုရား။

၃၀

တိဏ္ဏသံသာရ = သံသရာဝဲဂယက်မှ ကူးတက်တော်မူပြီးသော မြတ်စွာဘုရား..။ တေ = ရှင်ပင်ဘုရားအား။ နမော = ရိုသေမြတ်နိုး ရှိခိုးပါ၏ဘုရား။ အမတံဒဒ = ဘယ်အခါမှမသေ အမြိုက်မွေကို ပေးဝေတော်မူပေသော မြတ်စွာဘုရား..။ တေ = ရှင်ပင်ဘုရားအား။ နမော = ရိုသေမြတ်နိုး ရှိခိုးပါ၏ဘုရား။

(၂) ဒိဋ္ဌိဂဟနပက္ခန္ဒာ၊ ကာမရာဂဝိမောဟိတာ။

တယာ သမ္မာ ဥပါယေန၊ ဝိနီတာ ဝိနယေ ရတာ။

ဒိဋ္ဌိဂဟနပက္ခန္ဒာ = မိစ္ဆာညစ်ထေး ချုံပျစ်စေးသို့ ပြေးဝင်သော။ ကာမရာဂဝိမောဟိတာ = ကာမဂုဏ်ကို ခင်စုံတပ်မက် နှစ်သက်လိုက်စား၍ မျက်စိလည် လမ်းမှားသော အကျွန်ုပ်သည်။ သမ္မာ ဥပါယေန = လှပတင့်တယ် ရှုချင်ဖွယ်သော မိန်းမငယ်အဆင်းကို ဖန်ဆင်းတုံရှောင်း နည်းကောင်း ဥပါယ်တမျဉ်ဖြင့်။ တယာ = ရှင်ပင်ဘုရားသည်။ ဝိနီတာ = လိမ္မာယဉ်ကျေးအောင် နည်းပေးဆုံးမအပ်သည်ဖြစ်၍။ ဝိနယေ = ကိုယ်နှုတ်နှလုံးကို ဆုံးမယဉ်ကျေးခြင်း၌။ ရတာ = နှစ်ခြိုက်ရွှင်ပျော် မွေ့လျော်ရပါပြီဘုရား။

(၃) အဒဿနေန ဝိယောဂါ၊ တာဒိသာနံ မဟေသိနံ။

အနုဘောန္တိ မဟာဒုက္ခံ၊ သတ္တာ သံသာရသာဂရေ။

တာဒိသာနံ = ရှင်ပင်ဘုရားကဲ့သို့ သဘောရှိကုန်သော။ မဟေသိနံ = သီလ သမာဓိ အစရှိသော ဂုဏ်ကြီးသခင် ဘုရားရှင်တို့ကို။ အဒဿနေန = မဖူးမြင်ရသဖြင့်။ ဝိယောဂါ = ကွေကွင်း ကင်းကွာခြင်းကြောင့်။ သတ္တာ = သတ္တဝါတို့သည်။ သံသာရသာဂရေ = သံသရာပြင်ကျယ် မြစ်ပင်လယ်၌။ မဟာဒုက္ခံ = ကြီးကျယ်သောဆင်းရဲကို။ အနုဘောန္တိ = ခံစားကြရကုန်၏။

(၄) ယဒါဟံ လောကသရဏံ၊ အရဏံ အရဏန္တဂုံ။

နာဒ္ဒသာမိ အဒူရဋ္ဌံ၊ ဒေသယာမိ တမစ္စယံ။

၃၁

အဟံ = ခေမာသမုတ် အကျွန်ုပ်သည်။ လောကသရဏံ = လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်သော။ အရဏံ = ကိလေသာရန်သူ ကင်းဝေးတော်မူသော။ အရဏန္တဂုံ = ကိလေသာရန်သူပုန် ကုန်ရာနိဗ္ဗာန်သို့ ရောက်တော်မူသော ရှင်ပင်ဘုရားကို။ အဒူရဋ္ဌံ = ရာဇဂြိုဟ်မြို့နီး ဝါးတောကြီး၌ နေတော်မူသည်ကိုလျက်။ ယံ န အဒ္ဒသာမိ = အကြင် လာရောက်ဦးတင် မဖူးမြင်မိပါ။ တံ အစ္စယံ = ထိုနီးလျက် ဦးတင် ဖူးမြင်မလာ မလိမ္မာသော အပြစ်ဒေါသ အာဒီနဝကို။ ဒေသယာမိ = ဖော်ပြတင်ကြား လျှောက်ထား တောင်းပန်ပါ၏ဘုရား။

(၅) မဟာဟိတံ ဝရဒဒံ၊ အဟိတောတိ ဝိသင်္ကိတာ။

နောပေသိံ ရူပနိရတာ၊ ဒေသယာမိ တမစ္စယံ။

မဟာဟိတံ = သတ္တဝါအများ သုံးဘုံသားတို့၏ များစွာသော စီးပွါးကို ဆောင်တော်မူတတ်သော။ ဝရဒဒံ = မြတ်သော မဂ်, ဖိုလ်, နိဗ္ဗာန်ကို ပေးတော်မူတတ်သော ရှင်ပင်ဘုရားကို။ အဟိတောတိ = စီးပွါးမဲ့အောင် ကဲ့ရဲ့ရှုတ်ချတတ်သည်ဟူ၍။ ဝိသင်္ကိတာ = ချွတ်ချော်တိမ်းပါး ယုံမှားတွေးတောလျက်။ ရူပနိရတာ = အရောင်အဆင်း၌ လွန်မင်းစွာ မွေ့လျော်ပျော်ပိုက်သည်ဖြစ်၍။ ယံ န ဥပေသိံ =အကြင် မဆည်းကပ် မလာရောက်မိပါ။ တံ အစ္စယံ = ထိုဆင်းရောင်ယစ်လတ် အလွဲမှတ်၍ မဆည်းကပ် မလာရောက် မှားမှောက်မိသမျှ အပြစ်ဒေါသ အာဒီနဝကို။ ဒေသယာမိ = ဖော်ပြတင်ကြား လျှောက်ထား တောင်းပန်ပါ၏ဘုရား။ ။(ဂါထာအနက်တို့မှာ မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး၏ အနက်များဖြစ်သည်။ ဆိဒ္ဒဝိဓာနနီကျမ်းမှ ထုတ်နုတ်ဖော်ပြအပ်သည်)။

     ခေမာမိဖုရားသည် ဤ“ကန်တော့လွှာ ၅-ဂါထာတို့ဖြင့် မြတ်စွာဘုရားကို တောင်းပန်ကန်တော့ လျှောက်ထားလေသော် မြတ်စွာဘုရားရှင်သည် အမြိုက်ရေချမ်းဖြင့် သွန်းဖျန်းတော်မူလိုက်သကဲ့သို့

၃၂

ခေမာမိဖုရားကို “တိဋ္ဌ ခေမေ = ရှိပစေ ချစ်သမီးခေမာ..”ဟု သည်းခံစကား မိန့်ကြားတော်မူလေ၏။ ထိုအခါ ခေမာမိဖုရားသည် မြတ်စွာဘုရားကို ရိုသေစွာရှိခိုး လက်ျာရစ် လှည့်လည်ပြီး၍ ရွှေနန်းတော်သို့ ပြန်လာကာ ဗိမ္ဗိသာရမင်းတရားကို-

(၁) အဟော သမ္မာ ဥပါယော တေ၊

စိန္တိတောယမရိန္ဒမ။

ဝနဒဿနကာမာယ၊

ဒိဋ္ဌော နိဗ္ဗနထော မုနိ။

အရိန္ဒမ = ရွှေရောင်ကိုယ်ဆင်း ဝါဝင်းမှည့်ထိန် စောရန်နှိမ်..။ တေ = အရှင်မင်းမြတ်သည်။ အယံ ဥပါယော = ဝေဠုဝန်ခေါ် ဥယျာဉ်တော်ကို ရှုမြော်စေကြောင်း ဤနည်းလမ်း ဥပါယ်ကောင်းကို။ သမ္မာ = ကောင်းစွာ။ စိန္တိတော = ကြံစည်ရှုမြော် ပြုတော်မူအပ်ပေပြီ။ အဟော = လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေစွာ့။ ဝနဒဿနကာမာယ = ဥယျာဉ်တော်ကို ရှုမြော်လိုသည့် ဆန္ဒပြင်းပြသော ဘုရားကျွန်တော်မသည်။ နိဗ္ဗနထော = တဏှာတည်းဟူသော တောမှ ထွက်မြောက်တော်မူပြီးသော။ မုနိ = မဟာမုနိ အတုမရှိ မြတ်စွာဘုရားကို။ ဒိဋ္ဌော = မံသ,ပညာ = နှစ်ဖြာသောစက္ခုဖြင့် စေ့ငုထင်ထင် ဖူးမြင်အပ်ခဲ့ပါပြီ။

(၂) ယဒိ တေ ရုစ္စတေ ရာဇ၊

သာသနေ တဿ တာဒိနော။

ပဗ္ဗဇိဿာမိ ရူပေဟံ၊

နိဗ္ဗိန္နာ မုနိဝါဏိနာ။

ရာဇ = သမ္မုတိနတ် အိုမင်းမြတ်..။ တေ = အရှင်မင်းမြတ်သည်။ ယဒိ ရုစ္စတေ = အကယ်၍ နှစ်သက်ကြည်ဖြူ ခွင့်ပြုတော်မူပါငြားအံ့။ အဟံ = ခေမာတွင်ခေါ် ဘုရားနှမတော်သည်။ တာဒိနော = တာဒိဂုဏ်ရှင် ဖြစ်တော်မူပေသော။ တဿ မုနိနော = ထိုမဟာမုနိ အတုမရှိ

၃၃

မြတ်စွာဘုရား၏။ သာသနေ = အံ့ဖွယ်ရှစ်ဖြာ သာသနာ၌။ ပဗ္ဗဇိဿာမိ = ရှင်ရဟန်းမ ပြုပါရစေဘုရား။ အဟံ = ခေမာတွင်ခေါ် ဘုရားနှမတော်သည်။ မုနိဝါဏိနာ = မြတ်စွာဟောကြား တရားစကားကြောင့်။ ရူပေ = ဖောက်ပြန်ယွင်းယို ဤရုပ်ကိုယ်၌။ နိဗ္ဗိန္နာ = နိဗ္ဗိဒါဉာဏ်ကိုရသဖြင့် ငြီးငွေ့စက်ဆုပ်လှပါပြီဘုရား။

     ဤဂါထာတို့ဖြင့် ရဟန်းပြုရန် ခွင့်ပန်စကား လျှောက်ထား ပြောကြားလေ၏။ ထိုအခါ ဗိမ္ဗိသာရမင်းတရားသည် အမူအရာဖြင့်ပင်လျှင် ခေမာမိဖုရား အရိယမဂ်ဖိုလ်သို့ ရောက်ဆိုက်လာကြောင်းကို ရိပ်မိသိရှိသဖြင့် လက်အုပ်ကို ချီမြှောက်ကာ “အနုဇာနာမိ တေ ဘဒ္ဒေ၊ ပဗ္ဗဇ္ဇာ တဝ သိဇ္ဈတု = ဘဒ္ဒေ = ခေမာမည်ငြား အိုမိဖုရား..။ တေ = သင်မိဖုရားအား။ အနုဇာနာမိ = အနူးအညွတ် ရဟန်းပြုရန် ငါခွင့်လွှတ်၏။ တဝ = သင်မိဖုရား၏။ ပဗ္ဗဇ္ဇာ = လူ့ရပ်လူ့ဘောင် စွန့်ရှောင်ခွါမြန်း ရှင်ရဟန်းအဖြစ်သည်။ သိဇ္ဈတု = အရဟတ္တဖိုလ်ပေါက် ပြီးမြောက် အောင်မြင်ပါစေသတည်း”ဟူသော ဂါထာဝက်ဖြင့် ခွင့်လွှတ်ဆုတောင်းစကား မိန့်ကြားပြီးလျှင် ခေမာမိဖုရားကို ရွှေထမ်းစင်ထက် တင်ဆောင်ကာ ကြီးစွာသော အခမ်းအနားဖြင့် ဘိက္ခုနီမကျောင်းတိုက်သို့ ဆောင်၍ ရှင်ရဟန်းမ ပြုစေလေ၏။

ခေမာထေရီ ရဟန္တာမဖြစ်ခြင်း

     ထိုသို့ ဘိက္ခုနီ = ရဟန်းမ-အဖြစ်ကို ရရှိပြီးနောက် တဆယ့်ငါးရက်မြောက်သော နေ့ဝယ် ခေမာထေရီမသည် ဥပုသ်ပြုရာ၌ ဝတ်ပြုရင်း ဆီမီး တောက်ထွန်းခြင်း, ဆီမီး ငြိမ်းသေခြင်းများကို မြင်၍ ထိတ်လန့်သံဝေဂဉာဏ်ကို ရသဖြင့် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အဖြစ်အပျက်ကို ဆက်၍တဖန် သုံးသပ် ဆင်ခြင်ပြန်လေလျှင် ပဋိသမ္ဘိဒါဉာဏ်လေးပါး အဘိညာဏ်ခြောက်ပါးတို့ဖြင့် တန်းဆာဆင်အပ်သော အရဟတ္တမဂ်,ဖိုလ်သို့ ရောက်ရှိကာ ရဟန္တာထေရီမ ဖြစ်လေ၏။ ။(ဤခေမာထေရီ ရဟန္တာဖြစ်သောအကြောင်းကို ခေမာထေရီအပဒါန်အတိုင်း ရေးသားဖော်ပြအပ်သည်၊

၃၄

အင်္ဂုတ္တရအဋ္ဌကထာ, ဓမ္မပဒအဋ္ဌကထာတို့၌မူ တမျိုးဖွင့်ပြအပ်လေသည်၊ ဉာဏ်ရှုပ်ထွေးမည်စိုး၍ ဤကျမ်း၌ မဖော်ပြတော့ပြီ။)

     ခေမာထေရီမသည် ပရိယတ် ပဋိပတ် နှစ်ရပ်စွယ်စုံ လေ့လာသူဖြစ်သဖြင့် ဝိသုဒ္ဓိခုနစ်ပါးတို့၌ အထူးကျွမ်းကျင် လိမ္မာသည့်ပြင် ကထာဝတ္ထု ဆယ်ပါးတို့၌လည်း သူမတူတန်အောင် ရဲရင့်သူဖြစ်လျက် အဘိဓမ္မာ နည်း၌လည်း အထူးတတ်သိလိမ္မာသူ = ပရိယတ်ရော ပဋိပတ်ပါ နှစ်ရပ်စွယ်စုံ တတ်ကျွမ်းသူ ပညာရည် ထူးချွန်သူ ဖြစ်လေသည်။ ဤအကြောင်းအရာကို အကျဉ်းဖော်ပြလတ္တံ့သော (သဠာယတနဝဂ္ဂ သံယုတ်ပါဠိ ၁၀-အဗျာကတသံယုတ်၊ သံ ၂၊ စာမျက်နှာ ၅၄၄-လာ) ၁-ခေမာသုတ်ကို ထောက်ဆ၍ သိရာ၏။ ခေမာသုတ်အကျဉ်းချုပ်မှာ-

ခေမာထေရီက ကောသလမင်းကြီးအား

သိမ်မွေ့သောတရား ဟောခြင်း

     အခါတပါး မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ခေမာထေရီမသည် ကောသလတိုင်းအတွင်း ဒေသစာရီ လှည့်လည်လတ်သော် သာဝတ္ထိပြည်နှင့် သာကေတမြို့အကြား တောရဏ-မည်သော အရပ်၌ နေဆဲဖြစ်၏။ ထိုအခါ ပသေနဒိ ကောသလမင်းကြီးသည် သာကေတမြို့မှ သာဝတ္ထိပြည်သို့အသွား ထိုတောရဏ-မည်သော အရပ်၌ တညဉ့်မျှ နားနေ၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် မင်းချင်းယောက်ျားတယောက်ကို “အမောင်ယောက်ျား.. သွားပါချေ၊ သင်သည် ဤတောရဏအရပ်၌ ယနေ့ ဆည်းကပ်သင့်သော သမဏခေါ်ဆို ပုဂ္ဂိုလ်ကိုဖြစ်စေ, ဗြာဟ္မဏခေါ်ဆို ပုဂ္ဂိုလ်ကိုဖြစ်စေ သိအောင် စုံစမ်းလော့”ဟု မိန့်ဆိုလေ၏။ ထိုမင်းချင်းယောက်ျားသည် မင်းကြီးအမိန့်အရ ထို တောရဏအရပ်အားလုံး နှံ့စပ်အောင် စုံစမ်းလှည့်လည်သော်လည်း မင်းကြီး ဆည်းကပ်သင့်သည့် သမဏပုဂ္ဂိုလ် ဗြာဟ္မဏပုဂ္ဂိုလ် တဦးတယောက်ကိုမျှ မတွေ့ရပဲ ထိုတောရဏအရပ်၌ နေထိုင်ဆဲဖြစ်သည့်

၃၅

ခေမာထေရီမကို တွေ့မြင်ရ၍ မင်းကြီးထံသို့ တဖန် ပြန်လာပြီးလျှင် ကောသလမင်းကြီးကို-

“မင်းမြတ်.. ဤတောရဏအရပ်၌ မင်းမြတ် ဆည်းကပ်သင့်သော သမဏပုဂ္ဂိုလ်, ဗြာဟ္မဏပုဂ္ဂိုလ် မရှိပါ၊ သို့ရာတွင် မြတ်စွာဘုရား၏ တပည့်မ ခေမာမည်သော ဘိက္ခုနီမသည်ကား ရှိပါ၏၊ ထိုခေမာမည်သော ဘိက္ခုနီ အရှင်မ၏ ‘ပညာရှိ၏, လိမ္မာ၏, အကြားအမြင်များ၏, ဆန်းကြယ်သော တရားစကား ဟောကြားတတ်၏, ကောင်းသော ထိုးထွင်းဉာဏ် ရှိ၏’ဟူသော ကောင်းသောသတင်း ကျော်စောခြင်းအသံသည် ပြန့်နှံ့လွှမ်းတက်ပါ၏၊ မင်းမြတ်သည် ထိုခေမာဘိက္ခုနီ အရှင်မကို ဆည်းကပ်တော်မူစေချင်ပါ၏”–

ဟု လျှောက်ထားလေ၏။ ကောသလမင်းကြီးသည် ထိုမင်းချင်းယောက်ျား လျှောက်ထားချက်အရ ခေမာထေရီ ဘိက္ခုနီမထံသို့ သွားရောက်ရှိခိုးလျက် အပြစ်လွတ်ရာအရပ်၌ ထိုင်နေလေ၏။ ထို့နောက် မင်းကြီးနှင့် ခေမာထေရီ ဘိက္ခုနီမတို့ အပြန်အလှန် မေး,ဖြေကြပုံမှာ-

(မင်း)

အရှင်မ.. သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်ပါသလော။

(ထေရီ)

မင်းမြတ်.. “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်၏”ဟူသော ဤစကား = ဤအချက်ကို မြတ်စွာဘုရား မဟောကြားအပ်။

(မင်း)

အရှင်မ.. ထိုသို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်ဘူးလော။

(ထေရီ)

မင်းမြတ်.. “သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်”ဟူသော ဤစကား = ဤအချက်ကိုလည်း မြတ်စွာဘုရား မဟောကြားအပ်။

၃၆

(မင်း)

အရှင်မ.. သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းရှိ, မဖြစ်သည်လည်း ရှိသလော။

(ထေရီ)

မင်းမြတ်.. “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းရှိ, မဖြစ်သည်လည်းရှိ”ဟူသော ဤစကား = ဤအချက်ကိုလည်း မြတ်စွာဘုရား မဟောကြားအပ်။

(မင်း)

အရှင်မ.. ထိုသို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းမဟုတ်, မဖြစ်သည်လည်း မဟုတ်သလော။

(ထေရီ)

မင်းမြတ်.. “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်, မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကား = ဤအချက်ကိုလည်း မြတ်စွာဘုရား မဟောကြားအပ်-

ဤကား ကောသလမင်းကြီးနှင့် ခေမာထေရီတို့ ပဌမအဆင့် မေး,ဖြေကြပုံတည်း။ ထို့နောက် တဆင့်တက်၍ မင်းကြီးနှင့် ခေမာထေရီတို့ မေး,ဖြေကြပုံမှာ-

(မင်း)

အရှင်မ.. အရှင်မသည် “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်ပါသလော”ဟု ဤသို့ မေးအပ်သည်ရှိသော် “မင်းမြတ်.. သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်၏”ဟူသော ဤစကား = ဤအချက်ကို မြတ်စွာဘုရား မဟောကြားအပ်”ဟု ဖြေဆို၏ (၁)။ “အရှင်မ.. ထိုသို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်ဘူးလော”ဟု ဤသို့ မေးအပ်သည်ရှိသော် “မင်းမြတ်.. ‘သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်’ဟူသော ဤစကား = ဤအချက်ကိုလည်း မြတ်စွာဘုရား မဟောကြားအပ်”ဟု ဆို၏ (၂ )။ “အရှင်မ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းရှိ, မဖြစ်သည်လည်း ရှိသလော”ဟု ဤသို့ မေးအပ်သည်ရှိသော်

၃၇

“မင်းမြတ်.. ‘သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းရှိ, မဖြစ်သည်လည်းရှိ’ဟူသော ဤစကား = ဤအချက်ကိုလည်း မြတ်စွာဘုရား မဟောကြားအပ်”ဟု အရှင်မ ဖြေဆို၏ (၃)။ “အရှင်မ.. ထိုသို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်, မဖြစ်သည်လည်း မဟုတ်သလော”ဟု ထိုသို့ မေးအပ်သည်ရှိသော် အရှင်မသည် “မင်းမြတ်.. ‘သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်, မဖြစ်သည်လည်း မဟုတ်’ဟူသော ဤစကား = ဤအချက်ကိုလည်း မြတ်စွာဘုရား မဟောကြားအပ်”ဟု ဖြေဆို၏ (၄)။ အရှင်မ.. ဤစကား = ဤအချက် (၄-ရပ်လုံး)ကို မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်နည်း = အဘယ်အကြောင်းကြောင့် ဤစကား = ဤအချက် (၄-ရပ်လုံး)ကို မြတ်စွာဘုရား မဟောကြားအပ်သနည်း။

(ထေရီ)

မင်းမြတ်.. ထိုသို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးဦးအံ့၊ သင်နှစ်သက်သလို ဖြေဆိုပါလော့။ မင်းမြတ်.. ယခု ငါမေးမည့်စကားကို သင် အဘယ်သို့ သဘောကျသနည်း- ဂင်္ဂါမြစ်၌ သဲမှုန်များ “ဤမျှလောက် ရှိ၏” ဟူ၍၎င်း, “သဲမှုန် ရာပေါင်းဤမျှ ထောင်ပေါင်းဤမျှ သိန်းပေါင်းဤမျှ ရှိ၏”ဟူ၍၎င်း သဲမှုန်များကို ရေတွက်ခြင်းငှါ စွမ်းနိုင်သော တစုံတယောက် ဂဏန်းသမားဖြစ်စေ, လက်ချိုးရေသမားဖြစ်စေ, အပေါင်းလိုက်ရေသမားဖြစ်စေ သင်မင်းမြတ်မှာ ရှိပါသလော။

(မင်း)

မရှိပါ အရှင်မ..။

(ထေရီ)

မင်းမြတ်.. မဟာသမုဒြာ၌ ရေပေါက်များ “ကွမ်းစား = ပြည် ဤမျှပမာဏ ရှိ၏” ဟူ၍၎င်း, “ရေပေါက်ကွမ်းစား ပမာဏအားဖြင့် ရာပေါင်းဤမျှ,

၃၈

ထောင်ပေါင်းဤမျှ, သိန်းပေါင်းဤမျှ ရှိ၏”ဟူ၍၎င်း ရေပေါက်များကို ရေတွက်ခြင်းငှါ စွမ်းနိုင်သော တစုံတယောက် ဂဏန်းသမားဖြစ်စေ, လက်ချိုးရေသမား ဖြစ်စေ, အပေါင်းလိုက်ရေသမား ဖြစ်စေ သင်မင်းမြတ်မှာ ရှိပါသလာ။

(မင်း)

မရှိပါ အရှင်မ.. အဘယ့်ကြောင့်နည်းဆိုလျှင် မဟာသမုဒြာသည် နက်လှပါ၏, မနှိုင်းယှဉ်နိုင်ပါ, သက်ဝင်ရန် ခဲယဉ်းပါ၏။

(ထေရီ)

မင်းမြတ်.. ဤအတူပင်လျှင် သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသော ရုပ်ကို မြတ်စွာဘုရားသည် ပယ်အပ်ပြီးပြီ, အမြစ်အရင်းကို အကြွင်းမဲ့ ဖြတ်ပြီးပြီ, နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ, နောက်ထပ်မဖြစ်အောင် ပြုပြီးပြီ, နောက်တဖန် ဖြစ်ခြင်းသဘော မရှိ။ ရုပ်အစု, ရုပ်ဟူသော ခေါ်ဝေါ်ပညတ်ခြင်းမှ လွတ်တော်မူပြီးသော မြတ်စွာဘုရားသည် မဟာသမုဒြာကဲ့သို့ ဂုဏ်တော်နှင့် အဇ္ဈာသယ နက်နဲလှ၏, မနှိုင်းယှဉ်နိုင်, သက်ဝင်ရန် ခဲယဉ်းလှ၏။ ထိုမြတ်စွာဘုရား၏ အဖို့ရာ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်၏”ဟူသော စကား = အချက်သည်လည်း မသင့်တော့ချေ။ “သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်”ဟူသော စကား = အချက်သည်လည်း မသင့်တော့ချေ။ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း ရှိ၏, မဖြစ်သည်လည်း ရှိ၏”ဟူသော စကား = အချက်သည်လည်း မသင့်တော့ချေ။ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်, မဖြစ်သည်လည်း မဟုတ်”ဟူသော စကား = အချက်သည်လည်း မသင့်တော့ချေ။ (မြတ်စွာဘုရား၏ အဖို့ရာ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်၏ဟူ၍လည်း မဆိုသင့်၊ မဖြစ်ဟူ၍လည်း မဆိုသင့်။ ဖြစ်သည်လည်း ရှိ၏၊ မဖြစ်သည်လည်း ရှိ၏ဟူ၍လည်း မဆိုသင့်။

၃၉

ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်-ဟူ၍လည်း မဆိုသင့်တော့ပြီ”ဟု ဆိုလိုသည်။ နက်နဲလှ၏)။

သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသော ဝေဒနာကို (ပ)၊ သညာကို(ပ)၊ သင်္ခါရတို့ကို(ပ)၊ ဝိညာဏ်ကို မြတ်စွာဘုရားသည် ပယ်အပ်ပြီးပြီ, အမြစ်အရင်းကို အကြွင်းမဲ့ ဖြတ်ပြီးပြီ, နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ, နောက်ထပ်မဖြစ်အောင် ပြုပြီးပြီ, နောက်တဖန် ဖြစ်ခြင်းသဘောမရှိ၊ ဝိညာဏ်အစု, ဝိညာဏ်ဟူသော ခေါ်ဝေါ်ပညတ်ခြင်းမှ လွတ်တော်မူပြီးသော မြတ်စွာဘုရားသည် မဟာသမုဒြာကဲ့သို့ ဂုဏ်တော်နှင့် အဇ္ဈာသယ နက်နဲလှ၏, မနှိုင်းယှဉ်နိုင်, သက်ဝင်ရန် ခဲယဉ်းလှ၏။ ထိုမြတ်စွာဘုရား၏ အဖို့ရာ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်၏”ဟူသော စကား = အချက်သည်လည်း မသင့်တော့ချေ။ (ပ)။ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်, မဖြစ်သည်လည်း မဟုတ်”ဟူသော စကား = အချက်သည်လည်း မသင့်တော့ချေ။

(ဤကား ကောသလမင်းကြီးနှင့် ခေမာထေရီတို့ ဒုတိယအဆင့် မေး,ဖြေကြပုံတည်း၊ ရှင်းလင်းချက်ကို နောက်၌ ဖော်ပြပေအံ့)။

     ထို့နောက် ပသေနဒိ ကောသလမင်းကြီးသည် ခေမာဘိက္ခုနီမ၏ စကားကို နှစ်သက်ဝမ်းမြောက်၍ နေရာမှထကာ ရှိခိုးပြီးလျှင် အရိုအသေပြု၍ ဖဲသွားလေ၏။ ထို့နောက် ပသေနဒိ ကောသလမင်းသည် အခါတပါး၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ခေမာထေရီမကို မေးသကဲ့သို့ပင် မြတ်စွာဘုရားရှင်ကို မေးမြန်းပြန်လေသည်။ မြတ်စွာဘုရားရှင်ကလည်း ခေမာထေရီမ ဖြေဆိုသကဲ့သို့ပင် ဖြေဆိုတော်မူလေသည် (မေး, ဖြေပုံကို ပိဋကတ်မြန်မာပြန်၌ ကြည့်ရှုရာ၏)။

     ထိုသို့ မြတ်စွာဘုရား၏ ဖြေဆိုတော်မူပုံနှင့် ခေမာထေရီမ၏ ဖြေဆိုပုံတို့ (သဝေ,ပိုဒ်မ-မျှ မကွဲ) တထပ်တည်း တူညီနေသောအခါ ပသေနဒိ ကောသလမင်းကြီးသည် အလွန်အံ့ဩပြီးလျှင်

၄၀

“မြတ်စွာဘုရား.. အံ့ဖွယ်ရှိပါပေစွာ့၊ မြတ်စွာဘုရား.. မဖြစ်စဘူး အထူးဖြစ်ပါပေစွာ့၊ မြတ်စွာဘုရားနှင့် တပည့်မ၏ တရားဟောရာ၌ အနက်အနက်ချင်း သဒ္ဒါသဒ္ဒါချင်း တထပ်တည်း ကျလှပါ၏, ညီညွတ်လှပါ၏, မဆန့်ကျင်ပါ။ မြတ်စွာဘုရား.. တချိန်က အကျွန်ုပ်သည် ခေမာဘိက္ခုနီမထံသို့ ချဉ်းကပ်ပြီးလျှင် ဤအကြောင်းကို မေးဘူးပါသည်၊ ထိုအရှင်မသည်လည်း ဤပုဒ်, ဤသဒ္ဒါတို့ဖြင့်ပင် ယခု မြတ်စွာဘုရား ဖြေကြားတော်မူသကဲ့သို့ ဖြေကြားခဲ့ပါပြီ၊ မြတ်စွာဘုရား.. အံ့ဖွယ်ရှိပါပေစွာ့၊ မြတ်စွာဘုရား.. မဖြစ်စဘူး အထူးဖြစ်ပါပေစွာ့၊ မြတ်စွာဘုရားနှင့် တပည့်မ၏ တရားဟောရာ၌ အနက်အနက်ချင်း သဒ္ဒါသဒ္ဒါချင်း တထပ်တည်း ကျလှပါ၏, ညီညွတ်လှပါ၏, မဆန့်ကျင်ပါ”ဟု လျှောက်ထားပြီးလျှင် မိမိပြန်ရန် ခွင့်ပန်လျှောက်ထား၍ မြတ်စွာဘုရား၏ ဖြေကြားချက်စကားတော်ကို အလွန်နှစ်သက် ဝမ်းမြောက်ကာ နေရာမှထ၍ မြတ်စွာဘုရားကို ရှိခိုး, အရိုအသေပြုပြီးလျှင် ဖဲသွား = ပြန်သွားလေ၏။ ဤကား ခေမာသုတ္တန် အကျဉ်းချုပ်တည်း။

(ဤ၌။ ။သေသည်မှနောက် သတ္တဝါဖြစ်၏ ဟူ၍၎င်း, မဖြစ်ဟူ၍၎င်း, ဖြစ်သည်လည်းရှိ မဖြစ်သည်လည်းရှိ ဟူ၍၎င်း, ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် ဟူ၍၎င်း မြတ်စွာဘုရား မဟောကြားခြင်း၏ အကြောင်းကို မေးသော (ဒုတိယအဆင့်) အမေးကို ဖြေဆိုရာဝယ်-

(၁) ပရမတ္ထအားဖြင့် ခန္ဓာငါးပါးသာရှိ၍ (ခန္ဓာငါးပါးကိုလွှတ်၍) သတ္တဝါဟူသည် မရှိသောကြောင့် သတ္တဝါဖြစ်,မဖြစ်-ဟူသော အချက်ကို မြတ်စွာဘုရား မဟောကြားအပ်ဟူ၍ (ထိုအဗျာကတသံယုတ် တတိယသုတ်အတိုင်း) ဖြေလျှင်လည်း ပြေလည်၏။

(၂) သို့မဟုတ် (ထိုအဗျာကတသံယုတ် စတုတ္ထသုတ်အတိုင်း) ခန္ဓာငါးပါးနှင့်စပ်၍ သစ္စာလေးချက် အနက်သဘာဝကို မသိသောသူ၏ သန္တာန်မှာသာ သတ္တဝါ ဖြစ်,မဖြစ်နှင့်စပ်သည့် အထက်ပါ အဆိုပါ အယူမှား လေးချက် ဖြစ်၏၊ သစ္စာလေးချက် အနက်သဘောကို သိသောသူ၏ သန္တာန်မှာကား ထိုသတ္တဝါ ဖြစ်,မဖြစ်နှင့်စပ်သည့်

၄၁

အထက်ပါ အဆိုပါ အယူမှားလေးချက် မဖြစ်။ မြတ်စွာဘုရားမှာ သစ္စာလေးချက် အနက်သဘောကို အကြွင်းမဲ့ကုန်စင် သိမြင်တော်မူပြီး ဖြစ်သောကြောင့် ထိုအယူမှားလေးချက် လုံးဝမရှိ၊ မရှိသောကြောင့် မဟော-ဟု ဖြေလျှင်လည်း ပြေလည်၏။

(၃) သို့မဟုတ် (ထိုအဗျာကတသံယုတ် ပဉ္စမသုတ်အတိုင်း) ခန္ဓာငါးပါး၌ တဏှာဆန္ဒ မကင်းသောသူ၏ သန္တာန်မှာသာ ထိုအယူမှားလေးချက် ဖြစ်၏၊ ခန္ဓာငါးပါး၌ တဏှာဆန္ဒ ကင်းပြီးသူ၏ သန္တာန်မှာ ထိုအယူမှားလေးချက် မဖြစ်။ မြတ်စွာဘုရားမှာ ခန္ဓာငါးပါး၌ (ဝါသနာနှင့်တကွ) တဏှာဆန္ဒ အကြွင်းမဲ့ ကင်းပြတ်တော်မူပြီး ဖြစ်သောကြောင့် ထိုအယူမှားလေးချက် လုံးဝမဖြစ်၊ မဖြစ်သောကြောင့် မဟော-ဟု ဖြေလျှင်လည်း ပြေလည်၏။ (ထို့ပြင်လည်း ထိုအဗျာကတသံယုတ် ဆဋ္ဌမသုတ်၌ ဖြေဆိုပုံအကြောင်း ၄-ချက် လာရှိ၏၊ ထို၄-ချက်အတိုင်း ဖြေလျှင်လည်း ရှင်းရှင်းနှင့်ပင် ပြေလည်၏)။

ထိုသို့ ပြေလည်နိုင်ပါလျက် ယခု ခေမာထေရီ၏ ဖြေကြားလိုရင်း အချုပ်မှာ- “မင်းမြတ်.. မြတ်စွာဘုရား၏ အဖို့ရာ သေပြီးသည်မှ နောက်ကာလဝယ် သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသော ရုပ်, ဝေဒဒနာ, သညာ, သင်္ခါရ, ဝိညာဏ်-ဟူသော ခန္ဓာ ၅-ပါးကို (ယင်းတို့ကို ဖြစ်စေနိုင်သည့် အကြောင်း = သမုဒယကို ပယ်သောအားဖြင့်) ပယ်အပ်ပြီးလေပြီ = မြတ်စွာဘုရားမှာ ပရိနိဗ္ဗာန စုတိစိတ်တော်မှနောက် ခန္ဓာအသစ် ဖြစ်တော့မည်မဟုတ်၊ သို့ရကား မြတ်စွာဘုရားသည် အနာဂတ် ဖြစ်လတ္တံ့သော ခန္ဓာငါးပါးအစုမှလည်း လွတ်တော်မူပြီးဖြစ်၏၊ နောက်အခါ၌ ခန္ဓာငါးပါးတို့ အသစ်ဖြစ်တော့မည် မဟုတ်သောကြောင့်တည်း။ ထို့ကြောင့်ပင် ဤသို့သဘောရှိသောပုဂ္ဂိုလ် ဖြစ်တော်မူလိမ့်ဦးမည်ဟု သတ္တပညတ် ပုဂ္ဂလပညတ်လည်း ငြိမ်းပြီးဖြစ်လေသည်၊ ထို့ကြောင့် အနာဂတ ခန္ဓပညတ်မှလည်း လွတ်ပြီး ဖြစ်တော်မူလေသည်။ မင်းမြတ်.. မြတ်စွာဘုရားကား မဟာသမုဒြာကဲ့သို့ပင် ဂုဏ်တော်အားဖြင့်၎င်း, အလိုတော် = အဇ္ဈာသယအားဖြင့်၎င်း နက်နဲလှ၏။ ထိုသို့ ဂုဏဂမ္ဘီရ, အဇ္ဈာသယဂမ္ဘီရ ဖြစ်တော်မူသော သဗ္ဗညု မြတ်စွာဘုရား၏ အဖို့ရာ သေပြီးသည်မှ နောက်ကာလ၌ သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသည့် ခန္ဓာငါးပါး မရှိတော့လေသောကြောင့် သတ္တဝါဟူသော ပညတ်လည်း မရှိတော့ပြီ၊ ထိုသို့ မရှိသည်ကို မြင်တော်မူသော မြတ်စွာဘုရား၏ အဖို့ရာ သေသည်မှနောက် သတ္တဝါသည် ဖြစ်၏-စသည် ၄-ချက်လုံးပင်

၄၂

မပြောသင့်တော့ပြီ၊ ထို့ကြောင့် ယင်း၄-ချက်ကို မြတ်စွာဘုရား မဟာကြားအပ်”ဟု ဖြေကြားလိုရင်းဖြစ်သည်။

ယင်းသို့ဖြစ်လျှင် “မြတ်စွာဘုရား၏ အဖို့ရာ ပရိနိဗ္ဗာနစုတိမှ နောက်ကာလ၌ ခန္ဓာအသစ် ဖြစ်ရန်မရှိသောကြောင့် သတ္တဝါသည် သေသည်မှ နောက်ကာလ၌ ဖြစ်သလော”-ဟူသော ပဌမအမေးအတွက် ဖြစ်၏-ဟု မဟောလျှင် ရှိတန်စေ၊ “သတ္တဝါသည် သေသည်မှ နောက်ကာလ၌ မဖြစ်ဘူးလော”ဟူသော ဒုတိယအမေးအတွက် အာမ = အိမ်း.. မဖြစ်ဘူး”ဟု ဝန်ခံဖြေသင့်သည် မဟုတ်လော”ဟု မေးရန်ရှိပြန်၏။ အဖြေကား- ထိုသို့ဝန်ခံ၍ ဖြေဆိုရန်မှာလည်း ထိုအမေးကိုယ်နှိုက်က ပရမတ္ထအားဖြင့် မရှိသော “သတ္တ”ဟူသော ပညတ်ကို မေးအပ်လေသောကြောင့် “အိမ်း.. မဖြစ်ဘူး”ဟုလည်း ဝန်မခံအပ်ချေ။ ဤကား အဖြေတည်း။ (ဋီကာမှ ထုတ်ပြချက်)

ဤမေး,ဖြေပုံတို့မှာ သိမ်မွေ့နက်နဲလှဘိတောင်း၊ ထိုသို့ သိမ်မွေ့နက်နဲစွာ ခေမာထေရီမကြီး ဖြေဆိုခြင်းမှာလည်း အကြောင်းထူး ရှိသည်၊ ထိုအကြောင်းထူးမှာ ထိုပဌမအဆင့် အမေး၄-ချက်ပါ “သတ္တဝါ”ဟူသော စကားရပ်ထဲ၌ အမေးရှင် ကောသလမင်းကြီး ကိုယ်တိုင်က မြတ်စွာဘုရားရှင်ကိုပါ ထည့်သွင်းရည်ရွယ်၍ မေးရင်းဖြစ်သောကြောင့် ခေမာထေရီမကြီးကလည်း မင်းကြီး ရည်ရွယ်ဦးတည်ချက် ရှိသည်ကို သိမြင်၍ မြတ်စွာဘုရားနှင့်စပ်သော အကြောင်းတို့ကိုသာ လေးနက်စွာ ညွှန်ပြ၍ ဖြေဆိုခြင်းဖြစ်သည်။ ။ဤယခု ခေမာသုတ္တန်ကား သိမ်မွေ့လှဘိ၏၊ ထို့ကြောင့် သူတော်ကောင်းတို့သည် ဤမျှဖြင့် တင်းမတိမ်ကြပဲ ပညာရှိတို့ထံ တဖန် မေးလျှောက်ကုန်ရာ၏)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     ဤဆိုအပ်ပြီးသောအတိုင်း သာဝတ္ထိပြည်နှင့် သာကေတမြို့အကြား တောရဏမည်သော အရပ်၌ ကောသလမင်းကြီးအား ဤခေမာသုတ္တန်ကို ဟောကြားခြင်းသည် ခေမာထေရီမကြီးအဖို့ရာ ပညာဧတဒဂ်ရရှိရန် အနီးကပ်ဆုံးသော အကြောင်းဖြစ်၏။ ထို့ကြောင့်ပင် မြတ်စွာဘုရားသည် နောက်တချိန်ဝယ် ဇေတဝန် ကျောင်းတိုက်တော်၌ သီတင်းသုံး နေတော်မူစဉ် ဘိက္ခုနီမတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူး = ဌာနန္တရ၌ ထားတော်မူသည်ရှိသော် ခေမာထေရီ ဘိက္ခုနီမကြီးကို-

၄၃

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဘိက္ခုနီနံ မဟာပညာနံ ယဒိဒံ ခေမာ = ရဟန်းတို့.. ဉာဏ်ပညာကြီးကြသည့် ငါဘုရား၏ သာဝိကာ = တပည့်မ ဘိက္ခုနီတို့တွင် ခေမာထေရီ ဘိက္ခုနီသည် အသာဆုံး အမြတ်ဆုံးဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “မဟာပည = ဉာဏ်ပညာ ကြီးကျယ်သော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။ ထို့ကြောင့်ပင် ခေမာထေရီမကြီးကိုယ်တိုင် မိမိ၏ အပဒါန်၌ ဤဆိုလတ္တံ့သော ဂါထာတို့ကို ဝမ်းမြောက်စွာ ဟောကြားမိန့်ဆိုအပ်လေပြီ-

(၁) တတော တောရဏဝတ္ထုသ္မိံ၊

ရညာ ကောသလသာမိနာ။

ပုစ္ဆိတာ နိပုဏေ ပဉှေ၊

ဗျာကရောန္တီ ယထာတထံ။

တတော = ထိုသို့ ရဟန္တာဖြစ်ပြီးသည်မှ နောက်ကာလ၌။ အဟံ = ခေမာတွင်မည် ငါထေရီသည်။ တောရဏဝတ္ထုသ္မိံ = သာဝတ္ထိပြည်နှင့် သာကေတမြို့၏ အကြား တောရဏဝတ္ထု အမည်ရှိသော အရပ်၌။ ကောသလသာမိနာ = ကောသလတိုင်းအလုံးကို ဘုန်းမီးတောက်ပ အစိုးရသော။ ရညာ = ပသေနဒိကောသလ မင်းတရားသည်။ ပုစ္ဆိတာ = သိလိုရေးဖြင့် မေးလျှောက်အပ်သည်ဖြစ်၍။ နိပုဏေ ပဉှေ = သိမ်မွေ့လှစွာ ပြဿနာတို့ကို။ ယထာတထံ = မဖောက်မပြန် ဟုတ်မှန်တိုင်း။ ဗျာကရောန္တီ = စိတ်ဖြာခွဲခြား ဖြေကြားခဲ့လေပြီ။

(၂) တဒါ သ ရာဇာ သုဂတံ၊

ဥပသင်္ကမ္မ ပုစ္ဆထ။

တထေဝ ဗုဒ္ဓေါ ဗျာကာသိ၊

ယထာ တေ ဗျာကတာ မယာ။

၄၄

တဒါ = ထိုအခါ၌။ သ-သော ရာဇာ = ကောသလမည်ငြား ထိုမင်းတရားသည်။ သုဂတံ = သာဝတ္ထိပြည်သို့ ပြန်အရောက် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့။ ဥပသင်္ကမ္မ = ချဉ်းကပ်သွားရောက်၍။ ပုစ္ဆထ = ပြဿနာနက်လေး တဖန်မေးလေပြီ။ တဒါ = ထိုသို့ မေးလျှောက်သောအခါ၌။ တေ = ထိုသိမ်မွေ့လှစွာ ပြဿနာတို့ကို။ မယာ ဗျာကတာ ယထာ = ငါလျှင်ခွဲခြား ဖြေကြားအပ်ကုန်သကဲ့သို့။ တထေဝ = ထို့အတူသာလျှင်။ ဗုဒ္ဓေါ = သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်စွာဘုရားသည်။ ဗျာကာသိ = အနက်, သဒ္ဒါ အက္ခရာမပြား အဓိပ္ပါယ် တသားတည်းဖြင့် ဖြေကြားတော်မူလေပြီ။

(၃) ဇိနော တသ္မိံ ဂုဏေ တုဋ္ဌော၊

ဧတဒဂ္ဂေ ဌပေသိ မံ။

မဟာပညာနမဂ္ဂါတိ၊

ဘိက္ခုနီနံ နရုတ္တမော။

နရုတ္တမော = လူတို့ထက်မြတ် ဥက္ကဋ္ဌတဆူ ဖြစ်တော်မူသော။ ဇိနော = ငါးမာရ်အောင်မြင် ဘုရားရှင်ကိုယ်တော်မြတ်သည်။ တသ္မိံ ဂုဏေ = ထိုတရားတော်ကို ဟောဖော်ရင့်ကျူး ဂုဏ်ကျေးဇူး၌။ တုဋ္ဌော = နှစ်သက်အားရ ဝမ်းမြောက်တော်မူလှသည်ဖြစ်၍။ မံ = ခေမာထေရီ ခေါ်မည်သမုတ် အကျွန်ုပ်ကို။ မဟာပညာနံ = ကြီးကျယ်စွာဘိ ပညာရှိကုန်သော။ ဘိက္ခုနီနံ = ကိုယ်တော်၏ သာဝိကာ ဘိက္ခုနီမ- များစွာတို့တွင်။ အဂ္ဂါတိ = အသာဆုံး အမြတ်ဆုံးဟူ၍။ ဧတဒဂ္ဂေ = ဧတဒဂ်ရာထူး၌။ ဌပေသိ = ချီးကျူးမြှောက်စား ထားတော်မူလေပြီ။

ဤကား ခေမာထေရီ အကြောင်းတည်း။

၄၅

(၃) ဥပ္ပလဝဏ္ဏာထေရီအကြောင်း

(က) ထေရီမ၏ ရှေးဆုတောင်း

     ဤဥပ္ပလဝဏ် ထေရီမ၏အလောင်း အမျိုးကောင်းသမီးသည်လည်း ပဒုမုတ္တရမြတ်စွာ လက်ထက်တော် အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသမီး (=သူဌေးသမီး)ဖြစ်၍ နောက်တချိန်ဝယ် လူများအပေါင်းနှင့် အတူတကွ မြတ်စွာဘုရား အထံတော်သို့ လိုက်ပါသွားရောက်၍ တရားနာစဉ် မြတ်စွာဘုရားရှင်က ဘိက္ခုနီမတပါးကို တန်ခိုးကြီးသော အရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာအား မဟာဒါနကြီး ပေးလှူပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ကြာညိုပန်းစည်း ခုနစ်စည်းတို့ကို ချထားပူဇော်ကာ ထိုတန်ခိုးကြီးသော အရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားသည်လည်း ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။

ပစ္စေကဗုဒ္ဓါအား ကြာပန်းလှူခြင်း

     ထိုသူဌေးသမီးသည် ထိုဘဝ၌ အသက်ထက်ဆုံး မြတ်စွာဘုရားနှင့် သံဃာတော်ကို ရိုသေစွာ ပြုစုလုပ်ကျွေးခဲ့၍ ထိုဘဝမှ စုတေလတ်သော် တာဝတိံသာနတ်ပြည်သို့ လားရောက်ရလေသည်။ ထိုနတ်ပြည်မှတဖန် စုတေပြန်သော် လူ့ပြည်၌တဖန် လူဖြစ်ပြန်၍ ပစ္စေကဗုဒ္ဓါအရှင်မြတ် တဆူအား ကြာပန်းနှင့်တကွ ဆွမ်းအလှူဒါန လှူဒါန်းလေသည်။

တဖန် သူဌေးသမီးဘဝ

     ထိုအမျိုးကောင်းသမီးသည် ဤယခု ဘဒ္ဒကမ္ဘာမှ အဆန် လွန်ခဲ့သော ကိုးဆယ့်တကမ္ဘာထက်၌ တဖန် ဗာရာဏသီပြည်ဝယ် သူဌေးသမီးဖြစ်ပြန်၍ ဝိပဿီမြတ်စွာဘုရား အမှူးရှိသော သံဃာတော်ကို ရိုသေစွာ ပင့်ဖိတ်ပြီးလျှင် မဟာဒါနကြီး ပေးလှူ

၄၆

ဝိပဿီမြတ်စွာဘုရားကို ကြာပန်းဖြင့် ပူဇော်၍ စိတ်ဖြင့်ပင်လျှင် ရုပ်ရည်အဆင်း တင့်တယ်လှပခြင်းကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။

ကိကီမင်းကြီး၏ သမီးတော်ဘဝ

     ထိုသူဌေးသမီးသည် ထိုဘဝ၌လည်း အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြုလုပ်လျက် နတ်ပြည် လူ့ပြည် အလှည့်အလည် ကျင်လည်ကျက်စား၍ လာခဲ့ရာ ဤဘဒ္ဒကမ္ဘာဝယ် ကဿပမြတ်စွာ လက်ထက်တော် အခါ၌ ဗာရာဏသီပြည်ဝယ် ကိကီမင်းကြီး၏ (ရှေးဖော်ပြရာပါ) သမီးတော် ခုနစ်ယောက်တို့အနက် နှစ်ယောက်မြောက် သမဏဂုတ္တာမင်းသမီးဖြစ်၍ ခေမာထေရီမအလောင်းနည်းတူ နှစ်ပေါင်း နှစ်သောင်းကြာ ကောမာရိဗြဟ္မစရိယအကျင့်ကို ကျင့်၍ ရဟန်းသံဃာအား ပရိဝုဏ်ကျောင်းတိုက်ကြီး ဆောက်လုပ်လှူဒါန်း၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ တဖန် ဖြစ်ပြန်လေ၏။

ဥမ္မာဒန္တီဘဝ

     ထိုနတ်သမီးသည် နတ်ဘဝမှ စုတေပြန်သော် လူ့ပြည်၌ မြတ်သောအမျိုးဝယ် အမျိုးကောင်းသမီး ဖြစ်ပြန်၍ ပူဇော်အထူးကို ခံတော်မူထိုက်သော ကဿပမြတ်စွာဘုရား၏ တပည့်သာဝက ရဟန္တာမထေရ်မြတ် တပါးအား ရွှေရောင်အဆင်း ဝါဝင်းချောမွေ့သော အဝတ်ကို လှူဒါန်းခဲ့လေသည်။ (အကြောင်းအရာ အကျယ်ကို ငါးရာ့ငါးဆယ်ဇာတ်တော်ဝတ္ထု ပဏ္ဏာသနိပါတ် ဥမ္မာဒန္တီဇာတ်၌ ကြည့်ရှုကုန်ရာ၏)။

     ထိုဘဝမှ စုတေလတ်သော် သိဝိတိုင်း အရိဋ္ဌပုရပြည်ဝယ် တိရိဋိဝစ္ဆ-မည်သော ပုဏ္ဏားသူဌေးကြီး၏သမီး ရုပ်ရည်အဆင်း အလွန်လှပ တင့်တယ်သော ဥမ္မာဒန္တီသူဌေးသမီး ဖြစ်လာလေသည်။ (ဤဥမ္မာဒန္တီ အကြောင်းအရာ အကျယ်ကို ငါးရာ့ငါးဆယ် ဇာတ်တော်ဝတ္ထု ပဏ္ဏာသနိပါတ် ဥမ္မာဒန္တီဇာတ်၌ ကြည့်ရှုကုန်ရာ၏)။

၄၇

လယ်စောင့် အမျိုးသမီးဘဝ

     ထိုဥမ္မာဒန္တီ သူဌေးသမီးဘဝမှ စုတေပြန်သော် ရွာငယ်တခုဝယ် လယ်သမားသမီး ဖြစ်လာပြန်လေသည်။ ထိုသူငယ်မသည် တနေ့သ၌ လယ်လုပ်တဲသို့ သွားလတ်သော် လမ်းခရီးအကြား ရေအိုင်တခု၌ နံနက်စောစော ပွင့်၍နေသော ပဒုမာကြာပန်းကို မြင်တွေ့ရ၍ ရေအိုင်သို့ ဆင်းသက်ကာ ထိုပဒုမာကြာပန်းကို၎င်း, (လယ်လုပ်တဲသို့ရောက်လျှင်) ပေါက်ပေါက်ထည့်ရန် ပဒုမာကြာရွက်ကို၎င်း ခူးယူခဲ့၍ လယ်တဲသို့ ရောက်သောအခါ သလေးနှံတို့ကို ရိတ်ဖြတ်ပြီးလျှင် လယ်တဲအတွင်း ထိုင်နေလျက် ပေါက်ပေါက်တို့ကို လှော်ပြီးသော် ပေါက်ပေါက်ပွင့်ပေါင်း (၅၀၀) ငါးရာစေ့အောင် တပွင့်စီ တပွင့်စီ ရေတွက်၍ နေလေ၏။

     ထိုခဏဝယ် ဂန္ဓမာဒနတောင်၌ နိရောဓသမာပတ်မှ ထတော်မူသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တဆူသည် ကြွလာလတ်၍ ထိုသူငယ်မ၏ မနီးမဝေး၌ ရပ်တည်တော်မူလာ၏။ သူငယ်မသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ဖူးမြင်ရ၍ ပေါက်ပေါက်ပွင့်တို့နှင့်တကွ ပဒုမာကြာပန်းကို ယူခဲ့ပြီးလျှင် လယ်လုပ်တဲပေါ်မှ ဆင်းခဲ့၍ ပေါက်ပေါက်ပွင့်တို့ကို ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ သပိတ်၌ ထည့်ပြီးလျှင် ပဒုမာကြာပန်းဖြင့် သပိတ်ကို ဖုံးအုပ်၍ လှူဒါန်းလိုက်လေ၏။

     ထို့နောက် ပစ္စေကဗုဒ္ဓါအရှင်မြတ် ခရီးအတန်ငယ် ကြွသွားတော်မူပြီးလတ်သော် ထိုသူငယ်မသည် “ရဟန်းတို့မည်သည်မှာ ပန်းကို အလိုမရှိကြကုန်၊ ငါသည် ပန်းကို တဖန်ပြန်ယူ၍ ပန်ဆင်အံ့”ဟု ကြံစည်မိ၍ လိုက်သွားပြီးလျှင် ပစ္စေကဗုဒ္ဓါအရှင်မြတ်၏လက်မှ ပန်းကို တောင်းယူပြီးနောက် တဖန် “ဩ.. အကယ်၍သာ အရှင်ပစ္စေကဗုဒ္ဓါသည် ငါလှူသည့်ပန်းကို အလိုတော်မရှိခဲ့လျှင် လှူစဉ်ကပင် သပိတ်ထက်၌ တင်ထားခွင့်ပေးမည်မဟုတ်၊ မချွတ်ဧကန်ပင် အရှင်ပစ္စေကဗုဒ္ဓါသည် ငါလှူသည့်ပန်းကို အလိုတော်ရှိပေလိမ့်မည်”ဟု ကြံစည်မိပြန်ကာ တဖန် သွားရောက်၍ အရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်ထက်၌ ပဒုမာကြာပန်းကို

၄၈

တင်လှူပြန်လေသည်။ (ဤသို့ ပြုမူခြင်းသည် သံသရာ၌ အကျိုးပေး မဖြောင့်ကြောင်း နောက်၌ ထင်ရှား လတ္တံ့။)

     ထိုသို့ ပဒုမာကြာပန်းကို တင်လှူ၍ အရှင်ပစ္စေကဗုဒ္ဓါကို ဝန်ချတောင်းပန် ကန်တော့ပြီးလျှင် “အရှင်ဘုရား.. ဤပေါက်ပေါက်ပွင့်များ လှူဒါန်းရသော အကျိုးဆက်ကြောင့် တပည့်တော်မမှာ ဤပေါက်ပေါက်ပွင့်များ အရေအတွက်နှင့်အမျှ ရင်သွေးသည်းချာ သားရတနာများ ဖြစ်ထွန်းကြပါစေသတည်း။ ထို့ပြင်လည်း ပဒုမာကြာပန်း လှူဒါန်းရသော အကျိုးဆက်ကြောင့် ဖြစ်လေရာရာ ဘုံဌာနဝယ် တပည့်တော်မ၏ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း၌ ပဒုမာကြာပန်းတို့ အံ့မခန်း မြေမှ တက်ကြပါစေသတည်း”ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။

(ဥပ္ပလဝဏ္ဏာထေရီအပဒါန် အလိုအားဖြင့်)- ဤသို့ လယ်စောင့်အမျိုးသမီး ပေါက်ပေါက်ပွင့်နှင့် ကြာပန်း လှူ၍ ဆုတောင်းမှု ပြုသောအခါ လယ်စောင့်အမျိုးသား ငါးရာတို့သည်လည်း အရှင်ပစ္စေကဗုဒ္ဓါအား ပျားရည်ကို လှူကြ၍ ထိုသူငယ်မ၏ သားငါးရာတို့ ဖြစ်ကြရပါလိုကြောင်း ဆုတောင်းပတ္ထနာမှု ပြုကြလေ၏။

     အရှင်ပစ္စေကဗုဒ္ဓါသည် ထိုသူငယ်မ ကြည့်ရှုနေစဉ်ပင် ကောင်းကင်ခရီးဖြင့် ဂန္ဓမာဒနတောင်သို့ ကြွတော်မူ၍ ထိုပဒုမာကြာပန်းကို နန္ဒမူလိုဏ်၌ အရှင်ပစ္စေကဗုဒ္ဓါတို့ နင်းကြွရာ လှေကားရင်းဝယ် ခြေသုတ်ပြုကာ ထားတော်မူလေ၏။

ပဒုမဝတီဘဝ

     ထိုသူငယ်မသည် ထိုကောင်းမှုကံ၏ အကျိုးဆက်ကြောင့် ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဥပပတ်ပဋိသန္ဓေ ယူနေပြန်လေ၏။ နတ်ပြည်၌ ဖြစ်သောအချိန်မှ စ၍ ထိုနတ်သမီး ခြေလှမ်းတိုင်း လှမ်းတိုင်း၌ ကြီးစွာသော ပဒုမာကြာပန်းသည် မြေမှထကာ ခြေအောက်၌ ခံလာလေ၏။ ထိုနတ်သမီးသည် ထိုဘဝမှ စုတေပြန်လတ်သော် လူ့ပြည်လောကဝယ် တောင်ခြေ၏အနီး

၄၉

တခုသော ပဒုမာကြာအိုင်ကြီးအတွင်း ကြာတိုက်၌ သံသေဒဇပဋိသန္ဓေ ဖြစ်ပွါးယူနေလာလေ၏။ ထိုကြာအိုင်ကို အမှီပြု၍ ရသေ့တပါးသည် နေထိုင်ဆဲဖြစ်၏။ ရသေ့သည် နံနက်စောစော မျက်နှာသစ်ရန် အိုင်သို့သွားလတ်သော် ထို(အမျိုးသမီး သန္ဓေတည်ယူနေသည့်) ပဒုမာကြာပန်းကို မြင်ရ၍ “ဤကြာပန်းသည် အခြားပန်းများထက် အထူးသဖြင့် ကြီးလှ၏။ အခြား ကြာပန်းတို့မှာ ပွင့်ကြ၍ ဤကြာပန်းကြီးမှာမူ ငုံလျက်သာ တည်ရှိနေ၏၊ ထိုသို့ဖြစ်ရာ အကြောင်းထူးဧကန် ရှိရမည်”ဟု ကြံ၍ ရေသို့ဆင်းကာ ထိုပဒုမာကြာငုံကြီးကို ဆွတ်ခူးယူလေ၏။

     ထိုကြာငုံကြီးသည် ရှင်ရသေ့ ဆွတ်ခူးလိုက်လျှင်ပင် ပွင့်၍လာလေ၏။ ရှင်ရသေ့သည် ပဒုမာကြာတိုက်အတွင်း၌ လျောင်းလျက်နေသော သတို့သမီးကို တွေ့မြင်ရလေ၏၊ ထိုသို့ တွေ့မြင်ရသည့်အချိန်ကပင် အစပြုကာ သမီးဟူသောချစ်ခြင်းကို ရ၍ ပဒုမာကြာပန်းနှင့်တကွ သတို့သမီးကို မိမိသင်္ခမ်းကျောင်း = ရသေ့ကျောင်းသို့ ယူဆောင်ကာ ညောင်စောင်းငယ် = ခဋင်ငယ်၌ သိပ်၍ထားလေ၏။ ထို့နောက် သတို့သမီး၏ ကုသိုလ်အာနုဘော်ကြောင့် ရှင်ရသေ့၏ လက်မ၌ နို့ရည်အယဉ်ဖြစ်ကာ ထွက်၍ လာလေ၏။ ရှင်ရသေ့သည် ထိုပဌမကြာပန်း ညှိုးနွမ်းလေလျှင် အခြား ကြာပန်းအသစ်ကို ခူးယူ၍ သတို့သမီးကို ထိုကြာပန်းအသစ်၌ သိပ်၍ထားလေ၏။

     ထို့နောက် သတို့သမီးငယ် ပြေးကာ, လွှားကာ ကစားနိုင်သော အချိန်မှစ၍ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း၌ ပဒုမာကြာပန်းသည် အဆန်းတကြယ် မြေမှ ပေါ်တက်ကာ သတို့သမီး၏ခြေကို ခံလာလေ၏။ ထိုသတို့သမီး၏ ကိုယ်ရေအဆင်းသည်လည်း ကုင်္ကုမံ (=မာလာကျိကျူ) အစုအပုံ၏ အဆင်းကဲ့သို့ အလွန်လျှင် တင့်တယ်လှပ၏၊ သတို့သမီးငယ်သည် လူမက နတ်မမှီ (=လူအဆင်းထက် သာလွန်၍ နတ်အဆင်းကိုမူ မမှီ) ဖြစ်လေ၏။ ထိုသတို့သမီးငယ်၏ အမည်ကို ပဒုမာကြာတိုက်၌ ရအပ်သောကြောင့်

၅၀

ဖခင်ရှင်ရသေ့က “ပဒုမ၀တီ”ဟု အမည်ပညတ် မှည့်ခေါ်အပ်လေသည်။ ပဒုမ၀တီသည် ဖခင်ရှင်ရသေ့ သစ်သီးရှာရန် တောသို့းသွားလျှင် သင်္ခမ်းကျောင်း၌ တယောက်တည်း ကျန်ရစ်နေရ၏။

ပဒုမဒေဝီမိဖုရားကြီး ဖြစ်လာခြင်း

     ပဒုမ၀တီသတို့သမီး အရွယ်သို့ ရောက်သောအခါ တနေ့သ၌ ဖခင်ရှင်ရသေ့ သစ်သီးရှာရန် တောသို့သွားခိုက် မုဆိုးတယောက်သည် သင်္ခမ်းကျောင်းသို့ ရောက်ရှိ၍ ပဒုမ၀တီသတို့သမီးကို တွေ့မြင်ရလေလျှင် “လူသားတို့အဖို့ရာ ဤမျှတင့်တယ် လှပသော အဆင်းမည်သည် မရှိချေ၊ ဤသတို့သမီးကို သိအောင်စုံစမ်းဦးအံ့”ဟု ကြံစည်၍ ရှင်ရသေ့ပြန်လာချိန်ကို စောင့်မျှော်လျက် ထိုင်နေလေ၏။ ပဒုမ၀တီသတို့သမီးသည် ဖခင်ရှင်ရသေ့ တောမှပြန်လာလျှင် ခရီးရင်ဆိုင် သွားရောက်ဆီးကြို၍ ရှင်ရသေ့၏လက်မှ ထမ်းပိုး, ရေကရားကို ယူငင်လေ၏။ သင်္ခမ်းကျောင်းသို့ ရောက်ရှိ ထိုင်နေမိသော ဖခင်ရှင်ရသေ့အတွက် မိမိပြုရမည့် ဝတ်များကို ကျေပွန်အောင် ပြုလုပ်ဆောင်ရွက်လေ၏။

     ထိုအခါမှာမှ မုဆိုးသည် ထိုသတို့သမီး လူစင်စစ်ဖြစ်ကြောင်း သိ၍ ရှင်ရသေ့ကို ရှိခိုးကာ ထိုင်နေလေ၏။ ရှင်ရသေ့သည် မုဆိုးကို တောသစ်သီးကြီး,ငယ် သောက်ရေတို့ဖြင့် တိုက်ကျွေး ဧည့်ခံပြီးနောက် “အမောင်ယောက်ျား.. သင်သည် ဤတောအရပ်၌ပင် နေမည်လော၊ သို့မဟုတ် ပြန်သွားမည်လော”ဟု မေးလေ၏။ မုဆိုးက “ပြန်သွားပါမည် အရှင်ဘုရား.. ဤတောအရပ်၌ အဘယ်ပြုအံ့နည်း = ဘာမှပြုဖွယ်မရှိ”ဟု ပြန်ကြား ပြောဆိုလေလျှင် ရှင်ရသေ့သည် “ဤယခု သင် တွေ့မြင်ခဲ့ရသည့် အကြောင်းကို ဤတောအရပ်မှ မြို့သို့ ရောက်သွားသောအခါ မပြောဆိုပဲ နေနိုင်ပါမည်လော”ဟု မေးပြန်လေ၏။ ထိုအခါ မုဆိုးသည် “အကယ်၍ အရှင်မြတ်က အလိုမရှိလျှင် တပည့်တော်သည်

၅၁

အဘယ့်ကြောင့် ပြောဆိုလိမ့်မည်နည်း = မပြောဆိုပါဘုရား”ဟု နှစ်သက်အောင် ပြောကြား၍ ရှင်ရသေ့ကို ရှိခိုးပြီးလျှင် တဖန် ပြန်လာသောအခါ (=တဖန် ပြန်လာလျှင်) လမ်းခရီးကို မှတ်မိစိမ့်သောငှါ သစ်ခက်များကို မှတ်သားခြင်း သစ်ပင်များကို မှတ်သားခြင်း အမှုကိုပြုလျက် ဖဲသွားလေ၏။

     မုဆိုးသည် ဗာရာဏသီပြည်သို့ ရောက်လျှင် မင်းကြီးကို သွားရောက်ဖူးတွေ့လေ၏။ ဗာရာဏသီမင်းကြီးက “အမောင်မုဆိုး.. အဘယ့်ကြောင့် ငါ့ထံမှောက်သို့ အမောင် လာရောက်သနည်း”ဟု မေးလေလျှင် မုဆိုးသည် “အရှင်မင်းကြီး.. အရှင်မင်းကြီးတို့၏ တောမုဆိုးဖြစ်သူ အကျွန်ုပ်သည် တောင်ခြေ၌ အံ့ဩဖွယ်ကောင်းသော မိန်းမရတနာကို တွေ့မြင်ခဲ့ရ၍ လာရောက်ပါသည်”ဟု ပြောဆိုကာ အကြောင်းအရာ အလုံးစုံကို ပြန်ကြား လျှောက်ထားလေ၏။ မင်းကြီးသည် မုဆိုးစကားကို ကြားသိပြီးနောက် လျင်မြန်စွာ တောင်ခြေသို့ သွားရောက်၍ ရသေ့ကျောင်းနှင့် မနီးမဝေးအရပ်၌ သစ်ခက်တဲနန်း = ယာယီတဲနန်း ဖန်ဆင်း တည်ဆောက်ပြီးလျှင် မုဆိုးနှင့်၎င်း အခြား မင်းချင်းယောက်ျားများနှင့်၎င်း အတူတကွ ရှင်ရသေ့ ဆွမ်းကိစ္စပြီး၍ ထိုင်နေသောအချိန်ဝယ် ရသေ့ကျောင်းသို့ သွားရောက်လျက် ရှင်ရသေ့ကို ရှိခိုးကာ အစေ့အစပ် စကား ပြောကြားပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ထိုင်နေလေ၏။

     ထို့နောက် မင်းကြီးသည် ရှင်ရသေ့အတွက် ယူဆောင်ခဲ့သော ရသေ့ရဟန်း အသုံးအဆောင် ဘဏ္ဍာများကို ရှင်ရသေ့၏ ခြေရင်း၌ ထားပြီးလျှင် “အရှင်ဘုရား.. ဤတောအရပ်ဝယ် အဘယ်အမှု ပြုကုန်အံ့နည်း = ဘာလုပ်ကြမည်နည်း၊ သွားကြပါစို့”ဟု အကဲစမ်းစကား ပြောကြားလေ၏။ ရှင်ရသေ့က “မင်းကြီး.. သင်မင်းကြီးတို့သာ သွားကြပါကုန်လော့”ဟု ပြောဆိုလေလျှင် မင်းကြီးသည် ရှင်ရသေ့ကို “အရှင်ဘုရား.. အိမ်း.. ကောင်းပါပြီ တပည့်တော် ပြန်သွားပါမည်၊ အထူးအားဖြင့်

၅၂

အရှင်ဘုရား၏ အနီး၌ မာတုဂါမတည်းဟူသော = ဝိသဘာဂပရိသတ် ရှိသည်ဟု တပည့်တော်များ ကြားသိကြရပါသည်၊ ဤမာတုဂါမ = ဝိသဘာဂ ပရိသတ်သည် ရသေ့ရဟန်းတို့အား မသင့်လျော်ပါ၊ ထိုမာတုဂါမ = ဝိသဘာဂ ပရိသတ်သည် တပည့်တော်နှင့်အတူ လိုက်စေချင်ပါသည်”ဟု တိုက်ရိုက်ပင် ပြောကြားလေ၏။

     တဖန် ရှင်ရသေ့က “လူတို့၏ စိတ်မည်သည်ကို နှစ်သက်စေနိုင်ခဲ၏ = ကျေနပ်စေရန် ခဲယဉ်းလှပါ၏။ ငါ့သမီးသည် အဘယ်သို့လျှင် မင်းမောင်းမ မိဖုရားတို့အလယ်၌ နေနိုင်လိမ့်မည်နည်း = နေနိုင်လိမ့်မည် မထင်ပါ”ဟု စိုးရိမ်စကား ပြောကြားလေလျှင် မင်းကြီးသည် ရှင်ရသေ့ စိတ်ချရန် “အရှင်ဘုရား.. တပည့်တော်များ မေတ္တာတိမ်းညွတ် နှစ်သက်အပ်သော အချိန်မှစ၍ ကျန်သော မင်းမောင်းမတို့၏ အကြီးအကဲ = မိဖုရားကြီးအရာ၌ ထား၍ ပြုစုစောင့်ရှောက်ပါမည်”ဟု ဖြေသိပ်စကား ပြောကြားလေ၏။

     ရှင်ရသေ့သည် မင်းကြီး၏စကားကို ကြားရလေလျှင် ငယ်စဉ်အခါက မှည့်ခေါ်အပ်သော အမည်အတိုင်း “ချစ်သမီး ပဒုမ၀တီ..”ဟု သမီးကို ခေါ်လိုက်လေ၏။ ပဒုမ၀တီ သတို့သမီးသည် စကားတခွန်းတည်းဖြင့်ပင် သင်္ခမ်းကျောင်းမှ ထွက်ခဲ့၍ ဖခင်ရှင်ရသေ့ကို ရှိခိုးပြီးလျှင် ရပ်တည်နေလေ၏။ ဖခင် ရှင်ရသေ့က သမီးကို “ချစ်သမီး.. သင်ချစ်သမီးသည် အရွယ်သို့ ရောက်ခဲ့လေပြီ။ ဤအရပ်ဝယ် မင်းကြီးမြင်အပ်သော အချိန်မှစ၍ နေခြင်းငှါ မသင့်လျော်ချေ၊ မင်းကြီးနှင့် အတူတကွ လိုက်ပါသွားလော့ ချစ်သမီး..”ဟု ပြောလေလျှင် ပဒုမ၀တီသည် “ကောင်းပါပြီ ဖခင်ဘုရား..”ဟု ဖခင် ရှင်ရသေ့၏စကားကို မငြင်းမဆန် ဝန်ခံ၍ ရှိခိုးငိုကြွေးကာ ရပ်လျက်သာ နေလေ၏။ ဗာရာဏသီ မင်းကြီးသည် “ဤပဒုမဝတီ သတို့သမီး၏ ဖခင် ရှင်ရသေ့စိတ်ကို ငါယူအံ့”ဟု ကြံစည်ကာ ထိုနေရာ၌ပင်လျှင် ပဒုမ၀တီကို ရွှေငွေအသပြာ ရတနာအစုအပုံ၌ တင်ထား၍ အဘိသိက်သွန်းဖျန်းမှုကို ပြုလေ၏။

၅၃

မင်းကြီး မြတ်နိုးလွန်းသဖြင့်

အခြားမိဖုရားမောင်းမတို့ ပဒုမဒေဝီကို မနာလိုကြခြင်း

     ထို့နောက် မင်းကြီးသည် ပဒုမ၀တီမိဖုရားကို သိမ်းပိုက်၍ မိမိ၏မြို့သို့ ခေါ်ဆောင်သွားပြီးလျှင် ရောက်သောအချိန်မှ အစပြု၍ ကျန်သော မောင်းမမိဿံ မိဖုရားတို့ကို ကြည့်ရုံမျှ မကြည့်တော့ပဲ ပဒုမ၀တီမိဖုရား နှင့်သာလျှင် မွေ့လျော်ပျော်ပိုက်၍ နေလေ၏။ အခြား မင်းမိန်းမတို့သည် မနာလိုခြင်း ပြင်းစွာ နှိပ်စက်အပ်ကုန်ရကား ပဒုမ၀တီ မိဖုရားကို မင်းကြီး၏စိတ်၌ အချစ်ကွဲပြို ပျက်စီးလိုကြကုန်သည်ဖြစ်၍ “အရှင်မင်းကြီး.. ဤပဒုမဝတီသည် လူစင်စစ်မဟုတ်ပါ၊ အရှင်မင်းကြီးတို့သည် အဘယ်အရပ်မှာများ လူသားတို့ လှည့်လည်သွားလာရာ ဖဝါးအောက်အရပ်၌ ပဒုမာကြာပန်းတို့ အဆန်းတကြယ် ထပေါ်သည်တို့ကို မြင်အပ်ဘူးပါကုန်သနည်း၊ မချွတ်ဧကန်ပင် ဤပဒုမ၀တီသည် ဘီလူးမ ဖြစ်ပါ၏၊ ထိုပဒုမဝတီကို ရွှေနန်းတော်မှ အမြန် နှင်ထုတ်တော်မူကြပါ အရှင်မင်းကြီး..”ဟု မနာလို = ဣဿာစကား ပြောကြားကြလေ၏။ မင်းကြီးသည် ထိုမိန်းမတို့၏ စကားကို ကြားရလေလျှင် စကားတုံ့မပေးပဲ ဆိတ်ဆိတ်သာလျှင် နေတော်မူ၏။

     ထို့နောက် တချိန်၌ ဗာရာဏသီမင်းကြီး၏ တိုင်းစွန်ပြည်နား = ပစ္စန္တရစ်အရပ်သည် သူပုန်ထကြွမှုကြောင့် ပျက်လုမတတ် ဖြစ်လေ၏။ မင်းကြီးသည် “ပဒုမ၀တီမှာ နှုတ်ငုံသန္ဓေ ရှိချေပြီ”ဟု သိတော်မူကာ ပဒုမ၀တီမိဖုရားကို ရွှေနန်းတော်၌ ထားခဲ့၍ ပစ္စန္တရစ်အရပ်သို့ သွားလေ၏။ ထိုအခါ ထိုမင်းမိန်းမတို့သည် အခွင့်ကောင်းကို ရရှိကြကာ ပဒုမ၀တီမိဖုရား၏ အလုပ်အကျွေး မိန်းမအား လက်ဆောင်တံစိုး ပေးကြပြီးလျှင် “ဤပဒုမ၀တီ၏ သားကို ဖွားပြီးလျှင်ပြီးခြင်း လွတ်ရာဖယ်ရှား၍ အခြားသစ်တုံးတခုကို သွေးဖြင့် လိမ်းကျံကာ ပဒုမ၀တီ၏အနီး၌ ထားပါလေ”ဟု မှာတမ်းပြောဆိုထားကြလေ၏။

     ပဒုမ၀တီမိ ဖုရားမှာလည်း မကြာမီပင် ကိုယ်ဝန်မှထခြင်း = မီးရှူးသန့်စင် ဖွားမြင်ခြင်း ဖြစ်လေ၏။ မဟာပဒုမမင်းသား

၅၄

တဦးတည်းသာလျှင် မယ်တော်ဝမ်း၌ ပဋိသန္ဓေ ယူနေခဲ့လေသည်။ ကျန်သော (၄၉၉) လေးရာ့ကိုးဆယ့်ကိုးယောက်သော သူငယ်မင်းသားတို့သည် မဟာပဒုမမင်းသား မယ်တော်ဝမ်းမှ ဖွားမြောက်ပြီး၍ စက်လျောင်းနေသောအခါ သံသေဒဇမင်းသားများ ဖြစ်၍လာကြလေ၏။ = သွေးစက်၌ သံသေဒဇ သန္ဓေစွဲမှီ ဖြစ်လာကြလေသည်။

     ထိုအခါ အလုပ်အကျွေးမိန်းမသည် “ဤပဒုမ၀တီမိဖုရားကား သတိမရသေး”ဟု သိရှိကာ သစ်သားတုံးတခုကို သွေးဖြင့်လိမ်းကျံ၍ ပဒုမ၀တီမိဖုရား၏ အနီး၌ ထားပြီးလျှင် ထိုမင်းမိန်းမတို့အား (ပဒုမ၀တီမိဖုရား သားဖွားပြီဖြစ်ကြောင်း) အသိပေးလေ၏။ ထိုမင်းမိန်းမ ငါးရာလုံးတို့ပင် တယောက် တယောက်လျှင် မင်းသား တယောက်စီ တယောက်စီကို ဝှက်ယူကြ၍ ပွတ်သမားတို့ထံ လူလွှတ်ပြီးလျှင် ကြုတ်အလုံး (၅၀၀)ငါးရာတို့ကို ယူဆောင်ခဲ့ကြစေ၍ မိမိတို့ ဆောင်ယူအပ်ခဲ့သော မင်းသားငယ်တို့ကို ကြုတ်တို့၌ အသီးအသီး သိပ်ကြပြီးလျှင် ကြုတ်၏ အပြင်အပ၌ အမှတ်တံဆိပ် ခတ်နှိပ်၍ ထားကြလေကုန်၏။

     ပဒုမ၀တီ မိဖုရားသည်လည်း အမှတ်သတိရ၍ အလုပ်အကျွေး မိန်းမကို “အိုအမိ.. အသို့နည်း ငါသည် မီးရှူးသန့်စင် ဖွားမြင်ပြီးပြီလော”ဟု မေးလေ၏။ အလုပ်အကျွေး မိန်းမညစ်သည် ပဒုမဝတီမိဖုရားကို ခြိမ်းချောက် စူအောက်၍ “ရှင်မိဖုရားသည် အဘယ်မှာလျှင် သတို့သားကို ရလိမ့်မည်နည်း”ဟု ရေရွတ်စကား ပြောကြားကာ “ဤသည်ပင် ရှင်မိဖုရား၏ဝမ်းမှဖွားသော သူငယ်တည်း”ဟု ပြောဆိုပြီးလျှင် မိမိစီမံထားသည့် သွေးလိမ်းကျံသော သစ်သားတုံးကို ပဒုမ၀တီမိဖုရား၏ ရှေ့၌ ချထားလေ၏။ ပဒုမဝတီမိဖုရားက ထိုသစ်သားတုံးကို မြင်ရ၍ နှလုံးမသာမယာ ဖြစ်ရှိကာ “အမိ.. ထိုသစ်သားတုံးကို ခွဲစိတ်၍ လျင်မြန်စွာဖယ်ရှားပစ်ပါလော့၊ အကယ်၍ တဦးတယောက် မြင်သွားလျှင် ရှက်ဖွယ်ရာသာ ဖြစ်လေရာ၏”ဟု မချိစကား ပြောကြားလေသော် ထိုအလုပ်အကျွေး မိန်းမညစ်သည် မိဖုရား၏စကားကို ကြားရ၍

၅၅

အကျိုးလိုလားသူကဲ့သို့ သစ်သားတုံးကို ခွဲစိတ်၍ မီးဖိုခုံလောက်အတွင်း၌ ပစ်ချလိုက်လေ၏။

     မင်းကြီးသည်လည်း ပစ္စန္တရစ်အရပ်မှ ပြန်လာ၍ နက္ခတ်အချိန်ကောင်းကို စောင့်ဆိုင်းငံ့လင့်ကာ မြို့ပြင်ပ၌ သစ်ခက်တဲနန်း = ယာယီတဲနန်း ဆောက်လုပ် စံမြန်းနေလေ၏။ ထိုအခါ ထိုမိဖုရား မောင်းမမိဿံ ငါးရာတို့သည် မင်းကြီးအား ခရီးဦးကြိုဆိုရန် လာရောက်ကြ၍ “အရှင်မင်းကြီး.. အရှင်မင်းကြီးသည် ကျွန်တော်မတို့အား ယုံကြည်တော်မမူခဲ့ချေ၊ ကျွန်တော်မတို့ လျှောက်ထားခဲ့သမျှသည် အကြောင်းမဲ့ကဲ့သို့ ဖြစ်ခဲ့ရပါ၏၊ အရှင်မင်းကြီး ယုံကြည်တော်မမူလျှင် ပဒုမ၀တီမိဖုရား၏ အလုပ်အကျွေး မိန်းမကို ခေါ်စေ၍သာ မေးတော်မူပါလော့၊ အရှင်မင်းကြီး၏ အမြတ်နိုးဆုံး မိဖုရား ပဒုမ၀တီသည် သစ်သားတုံးကြီးကို ဖွားမြင်ခဲ့လေပြီ”ဟု ဂုံးချောစကား ပြောကြားကြလေ၏။ မင်းကြီးသည် ထိုအကြောင်းကို မမေးမမြန်း မစူးစမ်း မဆင်ခြင်ပဲ “ပဒုမဝတီကား ဘီလူးမျိုး ဖြစ်လိမ့်မည်”ဟု အထင်လွဲကာ ပဒုမ၀တီမိဖုရားကို နန်းအိမ်မှ နှင်ထုတ်လေတော့၏။

     ပဒုမ၀တီမိဖုရား၏ အဖို့ရာလည်း ရွှေနန်းတော်မှ ထွက်ရသည်နှင့် တပြိုင်နက်ပင် ပဒုမာကြာပန်းတို့သည် ကွယ်ပျောက်ကြလေကုန်၏။ ကိုယ်ရေအဆင်းသည်လည်း ယိုယွင်းဖောက်ပြန် အကျည်းတန်၍သွားလေ၏။ ပဒုမ၀တီသည် တယောက်တည်းသာလျှင် ခိုကိုးရာမဲ့ လမ်းခရီးအကြား၌ သွားနေလေ၏။ ထိုအခါ ပဒုမ၀တီကို အရွယ်ယွင်းယို အမယ်အိုတယောက်သည် တွေ့မြင်ရ၍ သမီးဟူသော ချစ်ခြင်းကို ဖြစ်စေကာ “သမီး.. အဘယ်သို့ သွားမည်နည်း”ဟု မေးလေ၏။ ပဒုမဝတီက “အိုမိခင်.. ကျွန်တော်မကား အာဂန္တု = ဧည့်သည်ဖြစ်ပါသည်။ မိမိနေရာဌာနကို ရလိုရငြား ရှာဖွေရှုကြည့် လှည့်လည်နေပါသည်”ဟု ပြောဆိုလေ လျှင် အမယ်အိုသည် “သမီး.. ထိုသို့ဖြစ်လျှင် ဤ(အမေ့)အိမ်သို့ လိုက်ပါလာခဲ့လော့”ဟု ပြောဆိုခေါ်ဆောင်ကာ နေရာထိုင်ခင်းပေး အစားအစာ ကျွေးမွေး၍ ထားလေ၏။

၅၆

မင်းမိန်းမတို့၏ အလိမ်မှုကြီးပေါ်ခြင်း

     ပဒုမ၀တီမိဖုရား ဤနည်းဖြင့် အမယ်အိုအိမ်၌ နေထိုင်စဉ် ထိုမင်းမိန်းမ ငါးရာတို့သည် တစိတ်တည်းဖြစ်ကြကာ မင်းကြီးကို “အရှင်မင်းကြီး.. အရှင်မင်းကြီးတို့ စစ်ထိုးသွားတော်မူကြစဉ် ကျွန်တော်မတို့သည် ဂင်္ဂါမြစ်စောင့်နတ်အား ‘အကျွန်ုပ်တို့၏မင်းကြီး စစ်အောင်နိုင်၍ ပြန်လာလျှင် အသင် ဂင်္ဂါမြစ်စောင့်နတ်အား ဗလိပူဇော်မှုကို ပြုပြီးလျှင် ရေကစားမှု ပြုကြကုန်အံ့’ဟု ဆုတောင်းပန်ထွာမှု ပြုလုပ်အပ်ပါသည်။ အရှင်မင်းကြီး.. အရှင်မင်းကြီးတို့ စစ်အောင်မြင်သည့် ထိုအကြောင်းကို ဂင်္ဂါမြစ်စောင့်နတ်ကို အသိပေးကြပါစို့” ဟု လျှောက်ထား ပြောဆိုကြလေ၏။ မင်းကြီးသည် ထိုမင်းမိန်းမတို့၏ လျှောက်ထား ပြောကြားချက်ဖြင့် ဝမ်းမြောက်ကာ ဂင်္ဂါမြစ်၌ ရေကစားရန် သွားရောက်လေ၏။

     မင်းမိန်းမ ငါးရာတို့သည်လည်း မိမိတို့ယူအပ်သော ကြုတ်များကို ဖုံးလွှမ်းကာ ယူခဲ့ကြ၍ ဂင်္ဂါမြစ်ဆိပ်သို့ ရောက်ကြလျှင် ထိုကြုတ်များကို ဖုံးကွယ်ရန် (မိမိတို့၏ အပေါ်ရုံကိုယ်ဝတ် = ဆာဒီများကို ခြုံလျက် ရုံလျက်ပင် ရေ၌ ခုန်ဆင်းကြ၍ ကြုတ်တို့ကို စွန့်မျောလိုက်ကြလေ၏။ ကြုတ်ငါးရာတို့သည်လည်း တစုတရုံးတည်း မျောပါကြကာ ရေအောက် (အောက်ဆိပ်)တွင် ဖြန့်ကြက်ကာ ရံထားအပ်သော ကွန်ရက် (ပိုက်)၌ ငြိတွယ်၍ နေကြလေကုန်၏။ ထို့နောင်မှ ရေကစားပြီး၍ မင်းကြီး ရေမှတက်သောအခါ ပိုက်ကွန်ကို ချီမ ရုပ်သိမ်းကြသော သူတို့သည် ကြုတ်တို့ကို အထူးတဆန်းတွေ့ရ၍ မင်းကြီးထံသို့ ပို့ဆက်ကြလေကုန်၏။ မင်းကြီးက ကြုတ်တို့ကိုမြင်၍ “အမောင်တို့.. ကြုတ်များအထဲ၌ အဘယ်ပစ္စည်း ပါရှိသနည်း”ဟု မေးလတ်သော် ကြုတ်ဆက်လာကြသော မင်းမှုထမ်းတို့သည် “အရှင်မင်းကြီး.. ကြုတ်ထဲ၌ အဘယ်ပစ္စည်း ပါရှိသည်ကို အကျွန်ုပ်တို့ မသိကြပါ (အထူးတဆန်းတွေ့ရ၍ ဆက်သကြခြင်း ဖြစ်ပါသည်)ဟု လျှောက်ထားကြလေ၏။ မင်းကြီးသည် ကြုတ်များကို ဖွင့်စေ၍ ကြည့်ရှုလတ်သော် ရှေးဦးစွာ မဟာပဒုမ မင်းသား၏ ကိန်းစံရာကြုတ်ကို ဖွင့်စေမိလေ၏။

၅၇

     အထူးအားဖြင့် ထိုမင်းသား ငါးရာလုံးတို့ကို ကြုတ်တို့၌ သိပ်သောနေ့မှာပင် မင်းသားတို့၏ ကောင်းမှုကုသိုလ် တန်ခိုးကြောင့် လက်မမှ နို့ရည်များ ယိုစီးဖြစ်ပွါးလာလေသည်။ သိကြားနတ်မင်းသည် ထိုဗာရာဏသီ မင်းကြီး၏ ယုံမှားကင်းစိမ့်သောငှါ ကြုတ်တို့၏အတွင်း၌-

“ဤမင်းသားတို့ကား ပဒုမ၀တီမိဖုရား၏ ဝမ်းတိုက်၌ ဖြစ်ပွါးမွေးဖွားကြသည့် ဗာရာဏသီမင်းကြီး၏ သားတော်များ ဖြစ်ကြသည်။ ထိုသို့ဖြစ်ကုန်လျက် မင်းသားတို့ကို ပဒုမ၀တီမိဖုရား၏ ရန်သူ မင်းမိန်းမ ငါးရာတို့သည် ကြုတ်တို့၌ ထည့်ပြီးလျှင် ရေ၌ မျောလိုက်ကြကုန်ပြီ၊ ဗာရာဏသီမင်းကြီးသည် ဤအကြောင်းကို သိပါစေသတည်း”-

ဟူ၍ အက္ခရာတို့ကို ရေးထွင်းစေခဲ့လေသည်။

     ကြုတ်များကို ဖွင့်လျှင်ဖွင့်ခြင်း မင်းကြီးသည် အက္ခရာတို့ကို ဖတ်၍ မင်းသားတို့ကို တွေ့ရလေလျှင် မဟာပဒုမမင်းသားကို မင်းကြီးကိုယ်တိုင် ပွေ့ချီ၍ “အချင်းတို့.. အလျင်အမြန် ရထားတို့ကို က-ကြကုန်လော့၊ မြင်းတော်တို့ကို တန်းဆာဆင်ကြကုန်လော့၊ ငါသည် ယနေ့ မြို့တွင်းသို့ ဝင်ပြီးသော် အချို့သော မာတုဂါမတို့အား ချစ်ခြင်းအမှုကို ပြုပေအံ့”ဟု မိန့်ဆိုကာ ရထားစီး၍ မြို့တွင်းနန်းတော်သို့ ဝင်ပြီးလျှင် ပြာသာဒ်သို့ တက်တော်မူ၍ ဆင်တော်၏လည်၌ အသပြာထောင်ထုပ်ကို ဖွဲ့ချည်ထားစေပြီးလျှင် “အကြင်သူသည် ပဒုမ၀တီမိဖုရားကို တွေ့မြင်ရ၏၊ ထိုသူသည် ဤအသပြာတထောင်ကို ယူလော့”ဟု စည်လည်စေလေ၏။

     ထိုသို့ စည်လည်သောအသံကို ကြားရ၍ ပဒုမ၀တီသည် မိခင် အမယ်အိုအား “အိုမိခင်.. ဆင်တော်၏လည်မှ အသပြာထောင်ထုပ်ကို ယူလိုက်ပါလော့”ဟု ပြောဆို အသိပေးလေ၏။ အမယ်အိုက “သမီး.. ငါသည် ဤသို့သော အသပြာကို မယူဝံ့ပါ”ဟု ပြောဆို၍ ပဒုမ၀တီက နှစ်ကြိမ်မြောက်၎င်း, သုံးကြိမ်မြောက်၎င်း

၅၈

ယူလိုက်ဖို့ရန် ထပ်၍ထပ်၍ ပြောဆိုအပ်လေလျှင် အမယ်အိုသည် “သမီး.. အဘယ်သို့ပြော၍ ယူလိုက်ရမည်နည်း”ဟု မေးလေ၏။ ပဒုမဝတီက “အိုမိခင်.. ငါ့သမီးသည် ပဒုမ၀တီမိဖုရားကို တွေ့မြင်ရ၏-ဟု ပြော၍ ယူလိုက်ပါလော့”ဟု ဆိုလေလျှင် အမယ်အိုသည် “ဟုတ်ဟုတ်ငြားငြား = ဖြစ်ချင်ရာ ဖြစ်ပစေတော့”ဟု အောက်မေ့ကာ မင်းချင်းတို့ စည်လည်ရာသို့ သွား၍ အသပြာထောင်ထုပ်ကို တောင်းယူလေ၏။ မင်း၏လူများက “အိုအဖွား.. အဖွားသည် ပဒုမ၀တီမိဖုရားကို တွေ့မြင်သလော”ဟု မေးကြလေလျှင် အမယ်အိုသည် “ငါကား.. မတွေ့မြင်ပါ၊ ငါ့သမီးသည် ပဒုမ၀တီမိဖုရားကို တွေ့မြင်ရသတဲ့”ဟု ပြန်လည် ဖြေကြားလေ၏။

     မင်းမှုထမ်းတို့သည် “အိုအဖွား.. အဖွား၏သမီးသည် ယခုအခါ အဘယ်မှာနည်း”ဟု ပြောဆိုကြ၍ အမယ်အိုနှင့် အတူတကွ လိုက်ပါသွားကြလေသော် ပဒုမ၀တီမိဖုရားကို တွေ့ရှိမှတ်မိကြ၍ မိဖုရား၏ ခြေရင်း၌ ဝပ်စင်းတုပ်ကွကြလေ၏။ ထိုအခါကျမှ အမယ်အိုသည် “ဤအမျိုးသမီးကား ပဒုမ၀တီမိဖုရားတည်း” ဟု သိရှိကာ “အမျိုးသမီး မင်းမိန်းမသည် ဝန်လေးသောအမှုကို ပြုဘိတကား၊ ယင်းအမျိုးသမီး မင်းမိန်းမသည် ဤသို့သဘောရှိသည့် မင်းကြီး၏ မိဖုရားကြီး ဖြစ်ပါလျက် ဤသို့သဘောရှိသော အရပ်(အိမ်)၌ အစောင့်ကင်းမဲ့ကာ နေရှာဘိ၏”ဟု ကရုဏာဒေါသော = သနား၍ စိတ်ဆိုးသောစကားကို ပြောဆိုလေ၏။

     မင်းချင်းယောက်ျားတို့သည်လည်း ပဒုမ၀တီမိဖုရားနေသော အိမ်ကို တင်းထိမ်ကန့်လန့်ကာ အဖြူထည်တို့ဖြင့် ဝန်းရံကာ၍ တံခါး၌ အစောင့်အနေ ချထားပြီးလျှင် မင်းကြီးအား အကြောင်းကို ပြန်ကြား လျှောက်ထားကြလေကုန်၏။ မင်းကြီးသည် ရွှေထမ်းစင်ကို ပို့သစေလေ၏။ ပဒုမ၀တီမိဖုရားသည် “ငါကား ဤကဲ့သို့ မထင်မရှား ရွှေနန်းတော်သို့ မလိုက်ပါနိုင်၊ ငါ၏ နေထိုင်ရာအိမ်မှ ရွှေနန်းတော်တိုင်အောင် ဤအတွင်း၌ မွန်မြတ်ဆန်းကြယ်သော အခင်းတို့ကို ခင်းစေပြီးမှ ထို၏အထက်က ရွှေကြယ်တို့ဖြင့် ဆန်းကြယ်သော ပိတ်သားမျက်နှာကြက်ကို ကြက်စေပြီးနောက်

၅၉

တန်းဆာဆင်ယင်ရန် မိဖုရားတို့အဆင်တန်ဆာ အလုံးစုံတို့ကို ပို့အပ်ကုန်သည်ရှိသော် ခြေလျင်သာလျှင် ငါလိုက်ပါပေအံ့၊ ဤနည်းဖြင့် ငါ၏ စည်းစိမ်ချမ်းသာကို မြို့သူမြို့သားတို့ မြင်ကြရလိမ့်မည်”ဟု ပြောဆိုလေ၏။ မင်းကြီးကလည်း “ပဒုမ၀တီမိဖုရား၏ အလိုအတိုင်း ပြုလုပ်စီမံကြလော့”ဟု အမိန့်ပေးစကား ပြောကြားလေ၏။ ထို့နောင်မှ ပဒုမ၀တီမိဖုရားသည် အလုံးစုံသော အဆင်တန်းဆာကို တန်းဆာဆင်ပြီးလျှင် “ရွှေနန်းတော်သို့ ငါသွားတော့အံ့”ဟု ခရီးချီလေ၏။ ထိုအခါ “ပဒုမ၀တီမိဖုရား ခြေဖြင့် နင်းတိုင်း နင်းတိုင်းသော နေရာ၌ မွန်မြတ် ဆန်းကြယ်သော အခင်းတို့ကို ဖောက်ခွဲ၍ ပဒုမာကြာပန်းတို့သည် အဆန်းတကြယ် မြေမှ ထွက်ပေါ်၍ လာလေကုန်၏။ ပဒုမ၀တီမိဖုရားသည် လူများအပေါင်းအား မိမိ၏စည်းစိမ်ကို မျက်မြင်ဖော်ပြလျက် မင်းအိမ် ရွှေနန်းတော်သို့ တက်ရောက်ပြီးလတ်သော် မွန်မြတ် ဆန်းကြယ်သော အခင်းအားလုံးတို့ကို အမယ်အိုအား ကျွေးမွေးခအဖိုးပြုကာ ပေးစေလေ၏။

ပဒုမ၀တီ၏ သဘောထားကြီးမြတ်ပုံ

     မင်းကြီးသည်လည်း ထိုမိဖုရား မောင်းမမိဿံ (၅၀၀)ငါးရာတို့ကို အစုံအညီ ခေါ်စေ၍ ပဒုမ၀တီမိဖုရားကို “ရှင်မိဖုရား.. ဤမိဖုရား,မောင်းမ ငါးရာတို့ကို ကျွန်မများပြုကာ ရှင်မိဖုရားအား ငါပေး၏”ဟု ပြောဆိုလေ၏။ ပဒုမ၀တီမိဖုရားက “ကောင်းပါပြီ အရှင်မင်းကြီး.. ဤမင်းမိန်းမ ငါးရာတို့ကို ကျွန်တော်မအား ပေးအပ်ကြောင်းကို မြို့သူမြို့သား အားလုံးတို့ကို အသိပေးတော်မူစေချင်ပါသည်” ဟု လျှောက်ထားလေလျှင် မင်းကြီးသည် “ပဒုမ၀တီမိဖုရားအား ပြစ်မှားကြသည့် မိဖုရားမောင်းမ ငါးရာတို့ကို ထိုပဒုမ၀တီမိဖုရား၏ ကျွန်မများ ပြုလုပ်ကာ ငါပေးအပ်ကုန်ပြီ”ဟု စည်လည်စေလေ၏။ ပဒုမ၀တီမိဖုရားသည် “ယခုအခါ မြို့သူမြို့သား အားလုံးသည် ထိုမိဖုရား,မောင်းမ ငါးရာတို့၏ ကျွန်မများ ဖြစ်ကြကြောင်းကို ကောင်းစွာ သိအပ်ပေပြီ”ဟု ကြံစည်ဆင်ခြင်သိမြင်ကာ “အရှင်မင်းကြီး.. ဘုရားကျွန်တော်မသည်

၆၀

မိမိ၏ ကျွန်မများကို တော်လှန်မင်းစစ် ကျွန်မအဖြစ်မှ ကင်းလွတ်သူများဖြစ်အောင် ပြုလုပ်နိုင်ခွင့်ကို ရပါသလော”ဟု မေးမြန်းလေ၏။ မင်းကြီးက “ရှင်မိဖုရား.. ထိုသို့ပြုလုပ်ရန်မှာ သင်မိဖုရား၏ အလိုအတိုင်းပင် ဖြစ်၏”ဟု မိန့်ဆိုလေလျှင် ပဒုမ၀တီ မိဖုရားကြီးသည် “အရှင်မင်းကြီး.. ထိုသို့ဖြစ်လျှင် ထိုစည်လည်သော မင်းချင်းများကိုပင် ခေါ်စေတော်မူ၍ ‘ပဒုမဝတီမိဖုရားက မိမိအား ကျွန်မများပြုလုပ်၍ မင်းကြီးပေးအပ်သည့် မင်းမိန်းမငါးရာ အားလုံးတို့ကိုပင် ကျွန်မအဖြစ်မှ လွှတ်အပ်ကုန်ပြီ’ဟု တဖန် စည်လည်စေလိုပါသည်”ဟု လျှောက်ထားလေ၏။ ပဒုမ၀တီမိဖုရားသည် ထိုမင်းမိန်းမ ငါးရာတို့အား ကျွန်မအဖြစ်မှ လွှတ်ပြီးလတ်သော် မင်းသား (၄၉၉) လေးရာ့ကိုးဆယ့်ကိုးယောက်တို့ကို ထိုမိဖုရား, မောင်းမတို့၏ လက်၌ ပြုစုကျွေးမွေးရန် အပ်နှံပေးပြီးလျှင် ကိုယ်တိုင်ကမူ မဟာပဒုမ မင်းသားကိုသာလျှင် ယူလေ၏။

မင်းသားငါးရာတို့ ပစ္စေကဗုဒ္ဓါဖြစ်ကြခြင်း

     ထို့နောက် မင်းသား (၅ဝဝ)ငါးရာတို့ မြူးထူးပျော်ပါး ကစားသည့်အရွယ်သို့ ရောက်လတ်သော် ခမည်းတော်မင်းကြီးသည် မင်္ဂလာဥယျာဉ်တော်အတွင်း၌ အထူးထူးအပြားပြား မင်းသားတို့ကစားရန် ဌာနများကို (ကစားကွင်း အမျိုးမျိုးကို) ပြုလုပ်စေလေ၏။ မင်းသားတို့သည် အသက် (၁၆)တဆယ့်ခြောက်နှစ် အရွယ်ရှိသောအခါ၌ အားလုံးပင် စုပေါင်းကြ၍ မင်္ဂလာဥယျာဉ်တော်အတွင်း ပဒုမာကြာပန်းအပြည့် ဖုံးအုပ်လျက်ရှိသော မင်္ဂလာလေးထောင့်ကန်၌ ပြုံးရွှင်ပျော်ပါး ကစားကြကုန်သည်ရှိသော် ပဒုမာကြာပန်း အသစ်များ ငွါးငွါးစွင့်စွင့် ပွင့်ကြသည်တို့ကို၎င်း, ပဒုမာကြာပန်းဟောင်းတို့ အညှာမှ ကြွေပြုတ်ကာ တဖြုတ်ဖြုတ် ကျကြသည်တို့ကို၎င်း မျက်ဝါးထင်ထင် တွေ့မြင်ကြရ၍ ပစ္စေကဗောဓိ ပါရမီကောင်းမှု ကုသိုလ်တို့၏ လှုံ့ဆော် တိုက်တွန်းချက်အရ-

၆၁

“ဣမဿ တာ၀ အနုပါဒိန္နကဿ ဧဝရူပါ ဇရာ ပါပုဏာတိ၊ ကိမင်္ဂံ ပန အမှာကံ သရီရဿ။ ဣဒမ္ပိ ဟိ ဧဝံ ဂတိကမေဝ ဘဝိဿတိ။

= ကံနှင့်မသီ, မြေ့အဆီနှင့် ရေသီတာငွေ့, ဥတုအတွေ့ကြောင့်, ဓလေ့ပွင့်ဆန်း, ဤကြာပန်းသို့, ညှိုးနွမ်းရင့်ကာ, ကြွေကျပါအောင်, ဇရာရန်ဘေး, ရောက်တုံသေး၏..။ လေးရပ်ကြောင်းစု, ပေါင်း၍ပြုသား, နုဖပ်ရွှန်းစို, ငါတို့ကိုယ်သို့, ထိုကြောက်ဖွယ်ရာ, ဘေးဇရာကား, ဘယ်မှာမရောက်, ရှိတုံမြောက်လိမ့်..။ ညှိုးခြောက်ယွင်းယို, ငါတို့ကိုယ်လည်း, ထိုကြာပန်းသွင်, တနေ့တွင်၌, ရွေ့စင်လျှောကျ, မြေသို့ခ-မည်။ ။မုချ မချွတ်ပါတကား..”

ဟု ဝိပဿနာ ကမ္မဋ္ဌာန်းအာရုံကို ယူကြ၍ ပစ္စေကဗောဓိခေါ်သော (=ဆရာမရှိ မိမိတို့အလိုလို ရုပ်,နာမ်ဓမ္မကို လက္ခဏာယာဉ် သုံးချက်တင်၍ ဆင်ခြင်ပွါးများကာ ရောက်ဆိုက်လာသည့် မဂ်ဉာဏ်လေးပါးကို ဖြစ်စေကြပြီးလျှင် (=ပစ္စေကဗုဒ္ဓါများ ဖြစ်ကြကာ) မိမိတို့နေရာမှ ထ၍ ထ၍ ဣဒ္ဓိဝိဓအဘိညာဏ်ဖြင့် ပဒုမာကြာချက်၌ ထက်ဝယ်ဖွဲ့ခွေ (=တင်ပလ္လင်ခွေ) ထိုင်နေတော်မူကြလေကုန်၏။

     ထို့နောက် မင်းသားတို့နှင့် အတူတကွ လာရောက်ကြသည့် မင်းချင်းယောက်ျားတို့သည် နေ့အချိန်များစွာ ကုန်လွန်သွားသည်ကို သိရှိကြကာ “အရှင့်သားတို့.. အရှင့်သားတို့၏ ရွှေနန်းအိမ်ပြန်ချိန်ကို နှိုင်းချိန်ဆင်ခြင် သိမြင်တော်မူကြပါလော့”ဟု လျှောက်တင်ကြလေကုန်၏။ ထိုအရှင်ပစ္စေကဗုဒ္ဓါ ငါးရာတို့သည် အဖြေမပေးပဲ ဆိတ်ဆိတ်သာလျှင် နေတော်မူကြလေကုန်၏။ မင်းချင်းယောက်ျားတို့သည် ရွှေနန်းတော်သို့ ပြန်သွားကြ၍ ဗာရာဏသီပြည့်ရှင် ခမည်းတော်မင်းကြီးအား “အရှင်မင်းကြီး.. မင်းသားတို့သည် ပဒုမာကြာချက်၌ ထိုင်နေကြပါသည်။ အကျွန်ုပ်တို့က ရွှေနန်းတော်သို့ပြန်ရန် ပြောကြားကြပါသော်လည်း တစုံတရာ နှုတ်မြွက်ပြောဆိုမှု မပြုကြပါ”ဟု လျှောက်ထားကြလေ၏။

၆၂

ထိုအခါ ခမည်းတော်မင်းကြီးက “ငါ၏ သားတော်များအား သူတို့အလိုအတိုင်း နေနိုင်ခွင့် ပေးကြရမည်”ဟု အမိန့်တော်မြတ် မှတ်လေ၏။

     မင်းသား ပစ္စေကဗုဒ္ဓါအရှင်မြတ် ငါးရာတို့သည် တညဉ့်လုံးလုံး အစောင့်အနေများ ချထားခံကြရလျက် ပဒုမာကြာချက်တို့၌ ထိုင်နေတော်မူကြမြဲအတိုင်းပင် နေအရုဏ်ကို တက်စေကြကုန်၏။ မင်းချင်းယောက်ျားတို့သည် နောက်တနေ့၌ အနီးသို့ သွားရောက်ချဉ်းကပ်ကြ၍ “အရှင်မင်းသားတို့.. ရွှေနန်းအိမ်ပြန်ချိန်ကို နှိုင်းချိန်ဆင်ခြင် သိမြင်တော်မူကြပါလော့”ဟု ပြောဆိုကြပြန်လေ၏။ မင်းသား ပစ္စေကဗုဒ္ဓါအရှင်မြတ် ငါးရာတို့က “ငါတို့ကား မင်းသားတို့ မဟုတ်ကြကုန်၊ ငါတို့သည် ပစ္စေကဗုဒ္ဓါတို့ မည်ကုန်၏”ဟု မိန့်ဆိုကြလေလျှင် မင်းချင်းယောက်ျားတို့သည် “အရှင်တို့.. အရှင်တို့သည် ဝန်လေးသောစကားကို ပြောကြားကြကုန်ဘိ၏၊ ပစ္စေကဗုဒ္ဓါတို့မည်သည် အရှင်တို့ကဲ့သို့ မဟုတ်ပါကုန်၊ ပစ္စေကဗုဒ္ဓါတို့ဆိုသည်မှာ လက်နှစ်သစ်မျှသော ဆံ,မုတ်ဆိတ်ကိုသာ ဆောင်ကြ = ထားကြကုန်လျက် ကိုယ်၌ ပရိက္ခရာရှစ်ပါးတို့ ဆင်မြန်းဝတ်ရုံပြီး ဖြစ်ကြပါသည် = အရှင်တို့မှာမူ ဆံ,မုတ်ဆိတ်လည်း ထားလျက်, မင်းသားတို့ အဆင်တန်းဆာတို့ကိုလည်း ဝတ်ဆင်လျက် အဘယ်မှာ ပစ္စေကဗုဒ္ဓါ ဖြစ်နိုင်ကုန်အံ့နည်း”ဟု မိမိတို့ သိကြသလောက် ရိုးရိုးပင် ပြောဆိုလျှောက်ထားကြလေကုန်၏။ ထိုအခါ အရှင်ပစ္စေကဗုဒ္ဓါ ငါးရာတို့သည် လက်ျာလက်ဖြင့် ဦးခေါင်းကို သုံးသပ်လိုက်ကြလေ၏။ ထိုခဏမှာပင် လူ့အသွင် ကွယ်ပျောက်၍ ပရိက္ခရာရှစ်ပါးတို့ ကိုယ်၌ ဝတ်ရုံဆင်မြန်းပြီးသား ဖြစ်ကြလေကုန်၏။ ထို့နောင်မှ အရှင်ပစ္စေကဗုဒ္ဓါ ငါးရာတို့သည် လူအများ ကြည့်ရှုနေစဉ်ပင် ကောင်းကင်ခရီးဖြင့် နန္ဒမူလကလိုဏ်သို့ ကြွတော်မူကြလေကုန်၏။

လက်လုပ်စား အိမ့်ရှင်မဘဝ

     ပဒုမ၀တီ မိဖုရားကြီးသည်လည်း “ဩ.. သားများမိခင် ဖြစ်ရာမှ သားမဲ့မိခင် ဖြစ်ရလေပြီ”ဟု နှလုံးပူပန် စိုးရိမ်ခြင်းသို့

၆၃

ရောက်ရှိကာ ထိုနှလုံးပူပန် စိုးရိမ်ချက်ဒဏ်ဖြင့်ပင် ထိုဘဝမှ စုတေခဲ့၍ ရာဇဂြိုဟ်မြို့တံခါးဝ ရွာငယ်တခုဝယ် မိမိလက်ဖြင့် အလုပ်လုပ်ကာ အသက်မွေးရသော (=လက်လုပ်စား) အမျိုးအိမ်၌ အမျိုးသမီး ဖြစ်ပြန်လေ၏။ နောက်တချိန်ဝယ် အိမ်ထောင်ကျ၍ အရှင်သခင် လင်ယောက်ျား၏ အိမ်သို့ လိုက်ပါရကာ တနေ့သ၌ လင်ယောက်ျားအတွက် လယ်တောသို့ ယာဂုပို့ဆောင် သွားလတ်သည်ရှိသော် ထိုမိမိ၏ (ရှေးဘ၀က)သား အရှင်ပစ္စေကဗုဒ္ဓါ ငါးရာတို့အနက် အရှင်ပစ္စေကဗုဒ္ဓါ ရှစ်ဆူတို့ ဆွမ်းခံချိန်၌ ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူကြသည်ကို မြင်လတ်၍ လျင်လျင်မြန်မြန် သွားရောက်ကာ မိမိ၏အရှင် လင်ယောက်ျား လယ်လုပ်သမားအား “အိုအရှင်.. ပစ္စေကဗုဒ္ဓါတို့ကို ဖူးမြော်ပါလော့၊ ဤပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို ပင့်ဖိတ်၍ ဆွမ်းကျွေးကြကုန်စို့”ဟု တိုင်ပင်စကား ပြောကြားလေ၏။ ရိုးအ-သော လယ်လုပ်သမားသည် “ရှင်မ.. ထိုသူတို့ကား ရဟန်းငှက်တို့ မည်ကြ၏ (=ရဟန်းနှင့်တူသော ငှက်များဟု ဆိုလိုသည်)၊ အခြား အရပ်များ၌လည်း (သီဟိုဠ်မူအလို အခြားအခါများ၌လည်း) ဤအတူပင် ကောင်းကင်၌ ပျံသန်း လှည့်လည်ကြကုန်၏။ ထိုသူတို့ကား ပစ္စေကဗုဒ္ဓါတို့ မဟုတ်ကြကုန် (=ငှက်တွေ)”ဟု ပြောဆိုလေ၏။

     အရှင်ပစ္စေကဗုဒ္ဓါ ရှစ်ဆူတို့သည် ထိုလယ်လုပ်သမား ဇနီးမောင်နှံတို့ ထိုသို့ ပြောဆိုနေကြစဉ်ပင် ထိုသူတို့၏ မနီးမဝေးအရပ်၌ မြေသို့ သက်ဆင်းတော်မူကြလေကုန်၏။ ထိုအိမ်ရှင်မ အမျိုးသမီးသည် ထိုနေ့၌ မိမိအတွက် ဝေစုကျရရှိသော ထမင်း, ခဲဖွယ်, ဘောဇဉ်ကို အရှင်ပစ္စေကဗုဒ္ဓါ ရှစ်ဆူတို့အား လှူဒါန်း ဆက်ကပ်၍ “နက်ဖြန်ခါလည်း အရှင်မြတ်တို့ ရှစ်ပါးလုံးပင် တပည့်တော်မ၏ ဆွမ်းကို အလှူခံတော်မူကြပါဘုရား”ဟု ပင့်ဖိတ်လေ၏။ အရှင်ပစ္စေကဗုဒ္ဓါ ရှစ်ဆူတို့သည် “ကောင်းပြီ ဒါယိကာမ.. သင်၏ လှူဖွယ်ဝတ္ထု သည် ဤမျှသာလျှင် (=ရှစ်ပါးစာသာလျှင်) ဖြစ်ပစေ၊ နေရာများလည်း ရှစ်နေရာတို့သာ ဖြစ်ကြပစေ၊ ငါတို့မှတပါး အခြား ပစ္စေကဗုဒ္ဓါ များစွာတို့ကို ဖူးမြင်ရလျှင်

၆၄

သင့်စိတ်သည် သဒ္ဓါကြည်ညို ပို၍ဖြစ်ရာ၏”ဟု မိန့်တော်မူကြလေ၏။ အိမ်ရှင်မ အမျိုးသမီး (=မယ်တော်ဟောင်း)သည် နောက်တနေ့၌ နေရာရှစ်နေရာ ခင်းကျင်းပြီး ရှစ်ပါးစာ လှူဖွယ်ဝတ္ထုများကို စီမံ၍ အသင့်စောင့်ဆိုင်း ထိုင်နေလေ၏။

     အပင့်ခံ အရှင်ပစ္စေကဗုဒ္ဓါ ရှစ်ဆူတို့သည် ကျန်သော ပစ္စေကဗုဒ္ဓါ (၄၉၂) လေးရာ့ကိုးဆယ့်နှစ်ဆူတို့အား “ဒုက္ခငြိမ်းငြား အရှင်ဘုရားတို့.. ယနေ့ အခြားအရပ်တပါးသို့ မသွားရောက်ကြပဲ အရှင်တို့၏ မိခင်အား ချီးမြှောက်မှုကို ပြုတော်မူကြပါလော့”ဟု အသိပေး လျှောက်ထားကြလေ၏။ ထိုအရှင်ပစ္စေကဗုဒ္ဓါ (၄၉၂) လေးရာ့ကိုးဆယ့်နှစ်ဆူတို့သည် အရှင်ပစ္စေကဗုဒ္ဓါ ရှစ်ဆူတို့ လျှောက်ထားသော စကားကို ကြားသိကြရ၍ အရှင်ပစ္စေကဗုဒ္ဓါဆူရေ (၅ဝဝ)ငါးရာလုံးတို့ပင် ကောင်းကင်ခရီးဖြင့် ကြွလာကြ၍ မယ်တော်အိမ်တံခါးဝ၌ ထင်ရှား ဖြစ်တော်မူကြလေကုန်၏။ မယ်တော်သည်လည်း ရှေးဦးကပင် အသိအမှတ်ရပြီး ဖြစ်သောကြောင့် များစွာသော ပစ္စေကဗုဒ္ဓါတို့ကို ဖူးမြင်ရသော်လည်း (အလှူဝတ္ထု မလောက်ငမည့်အရေးအတွက်) လုံးဝမတုန်လှုပ်ချေ၊ အရှင်ပစ္စေကဗုဒ္ဓါ ငါးရာလုံးတို့ကိုပင် အိမ်တွင်းသို့ ပင့်သွင်း၍ နေရာ (ရှစ်နေရာ)တို့၌ ထိုင်နေစေလေ၏။

အရှင်ပစ္စေကဗုဒ္ဓါ ရှစ်ဆူတို့ အစဉ်အတိုင်း တန်းလျက် ထိုင်နေမိကြလျှင် ကိုးဆူမြောက် ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် အခြား ရှစ်နေရာတို့ကို ဖန်ဆင်း၍ မိမိကိုယ်တိုင် အဦးဖြစ်သောနေရာ၌ ထိုင်နေလေ၏။ နေရာများ တိုးပြန့် ကျယ်ဝန်းလာသလောက် အိမ်ကလည်း တိုးပြန့်ကျယ်ဝန်း၍ လာလေ၏။ (ဤအရာမျိုးကား တန်ခိုး၏အရာ ဖြစ်သည်)။

     ဤသို့လျှင် ထိုအရှင်ပစ္စေကဗုဒ္ဓါ ငါးရာလုံးတို့ ထိုင်နေတော်မူမိကြလျှင် ထိုမယ်တော်ဟောင်း အိမ်ရှင်မသည် ပစ္စေကဗုဒ္ဓါအရှင်မြတ် ရှစ်ပါးစာ စီရင်ထားအပ်သော အလှူဝတ္ထုကို အရှင်ပစ္စေကဗုဒ္ဓါ ငါးရာလုံးတို့အား အလိုရှိတိုင်း လောက်လောက်ငင

၆၅

လှူဒါန်းပြီးလျှင် ကြာညိုလက် ရှစ်လက်တို့ကို ဆောင်ယူခဲ့၍ ပင့်ဖိတ်ရင်း ပစ္စေကဗုဒ္ဓါ အရှင်မြတ်ရှစ်ဆူတို့၏ ခြေရင်း၌ ချထားပြီးလျှင် “အရှင်မြတ်တို့ဘုရား.. ဖြစ်လေရာ သံသရာဘဝ၌ တပည့်တော်မ၏ ကိုယ်အဆင်းသည် ဤကြာညိုပန်းတို့၏ အတွင်းကြာတိုက် အဆင်းကဲ့သို့ ဖြစ်ပါစေသား”ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။ အရှင်ပစ္စေကဗုဒ္ဓါ ငါးရာတို့သည် မယ်တော်အား အနုမောဒနာ ပြုကြပြီးလျှင် ဂန္ဓမာဒနတောင်သို့သာ ပြန်ကြွတော်မူကြလေကုန်၏။

(ခ) နောက်ဆုံးဘဝ ရဟန်းမ-ပြုခြင်း

     ထိုအမျိုးသမီးသည်လည်း အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်ပြီးလျှင် ဤအကျွန်ုပ်တို့ ဘုရားမြတ်စွာ ပွင့်ထွန်းတော်မူရာကာလ၌ သာဝတ္ထိပြည်ဝယ် သူဌေးမျိုး၌ ပဋိသန္ဓေ ယူနေလေ၏။ ထိုသူဌေးသမီး၏ ကိုယ်ရေအဆင်းကား ကြာညိုပန်းတိုက်နှင့် တူသောကြောင့် ထိုသူဌေးသမီး၏ အမည်ကို “ဥပ္ပလဝဏ္ဏာ”ဟူ၍ မှည့်ခေါ်ကြလေ၏။ ဥပ္ပလဝဏ္ဏာ သူဌေးသမီး အရွယ်သို့ရောက်သောအခါ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ ရှိကြသည့် မင်းများ, သူဌေးများ အားလုံးကပင် ဖခင်သူဌေးကြီး၏ထံသို့ “သူဌေးကြီး၏သမီးကို ကျွန်ုပ်တို့အား ပေးပါလော့”ဟူ၍ စာသဝဏ်နှင့် တမန်စေလွှတ် တောင်းခံကြလေသည်၊ မတောင်းခံသောမင်း, သူဌေးဟူ၍ မရှိချေ။

     ထိုအခါ ဖခင်သူဌေးကြီးသည် “ငါကား သမီးတယောက်တည်းဖြင့် သမီးကိုလိုသူ အားလုံးတို့၏ စိတ်ကို (=စိတ်ကျေနပ်မှုကို) ရယူခြင်းငှါ မည်သည့်နည်းဖြင့်မျှ စွမ်းနိုင်လိမ့်မည်မဟုတ်။ သို့ရကား ဥပါယ်တမျဉ်ကို ငါပြုပေအံ့”ဟု ကြံစည်၍ သမီးကို ခေါ်စေပြီးလျှင် “ချစ်သမီး.. ရဟန်းမ ပြုနိုင်ပါမည်လော”ဟု မေးမြန်းလေ၏။ ဥပ္ပလဝဏ္ဏာသူဌေးသမီး ကိုယ်တိုင်က သံသရာ နောက်ဆုံးဘဝ၌ ဖြစ်သူ = ပစ္ဆိမဘဝိကသမီး ဖြစ်လေသောကြောင့် ဖခင်ကြီး၏ မေးမြန်းပြောဆိုလိုက်သော စကားသည်

၆၆

ဦးခေါင်းထက်ဝယ် လောင်းချလိုက်သည့် အကြိမ်တရာ ချက်အပ်ပြီးသော ဆီမွှေးကဲ့သို့ ရှိလေ၏။ သို့ရကား ဖခင်သူဌေးကြီးကို “ရဟန်းမ ပြုပါမည် ဖခင်..”ဟု ဝမ်းမြောက်ဝမ်းသာ ဖြေကြား ပြောဆိုလိုက်လေ၏။

     ဖခင်သူဌေးကြီးသည် သမီး ဥပ္ပလဝဏ္ဏာအား ကြီးစွာသော ချီးမြှောက်သက္ကာရ ပြုလုပ်၍ ဘိက္ခုနီကျောင်းသို့ ခေါ်ဆောင်ပြီးလျှင် ရှင်,ရဟန်းမ ပြုလုပ်စေလေ၏။ ဥပ္ပလဝဏ္ဏာဘိက္ခုနီမ ရဟန်းပြု၍ မကြာမြင့်မီပင် ဥပုသ်အိမ် သိမ်အပြင်၌ ဝတ်ပြုရန် အခါအခွင့်အလှည့် ကျရောက်လေ၏။ ဥပ္ပလဝဏ္ဏာ ဘိက္ခုနီမသည် ဆီမီးကို ညှိထွန်း၍ ဥပုသ်အိမ် သိမ်အပြင်ကို တံမြက်လှည်းပြီးလျှင် ဆီမီးတောက်အညွန့်၌ ကမ္မဋ္ဌာန်း အာရုံနိမိတ်ကို ရယူလျက် ရပ်တည်လျက်ပင် အကြိမ်ကြိမ် အဖန်ဖန် ဆီမီးညွန့်ကို ကြည့်ရှု၍ တေဇောကသိုဏ်းကို ပွါးများ အားထုတ်လေရာ မကြာမီပင် တေဇောကသိဏဈာန် (=တေဇောကသိုဏ်းကို အာရုံပြုသောဈာန်)ကို ရ၍ ထိုတေဇောကသိဏဈာန် သမာဓိကို အခြေပြုကာ ဝိပဿနာတရား ပွါးများ အားထုတ်လေလျှင် မကြာမီပင် အရဟတ္တဖိုလ်သို့ ရောက်လေ၏ = ရဟန္တာထေရီမ ဖြစ်လေ၏။ အရဟတ္တဖိုလ်သို့ ရောက်သည်နှင့် တပြိုင်နက်ပင်လျှင် ရှေးဆုတောင်းအတိုင်း တန်ခိုးစီမံ ဖန်ဆင်းခြင်း၌ ဝသီဘော်ငါးတန် လေ့လာနိုင်နင်းပြီးသူ ဖြစ်လေ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     ဥပ္ပလဝဏ္ဏာ ရဟန္တာထေရီမသည် နောက်တချိန် (မြတ်စွာဘုရားရှင် ခုနစ်ဝါမြောက် ရောက်လတ်သောအခါ)ဝယ် ယမိုက်ပြာဋိဟာ ပြတော်မူရာနေ့၌ “မြတ်စွာဘုရား.. တပည့်တော်မ တန်ခိုးပြာဋိဟာကို ပြုပါရစေဘုရား”- စသည်ဖြင့် မရွံ့မကြောက် ခြင်္သေ့ဟောက်သကဲ့သို့ ရဲရဲတောက်စကား လျှောက်ထားခဲ့လေသည် (လျှောက်ပုံ အကျယ်ကို အောက် မဟာဗုဒ္ဓဝင် တတိယတွဲ စာမျက်နှာ ၅၁၇-၌ ပြန်၍ ကြည့်ရှုကုန်ရာ၏)။ မြတ်စွာဘုရားရှင်သည်

၆၇

ဤအကြောင်းကို အဋ္ဌုပ္ပတ်ပြု၍ နောက်တချိန်ဝယ် ဇေတဝန်ကျောင်းတိုက်၌ နေထိုင်တော်မူကာ ဘိက္ခုနီမတို့ကို ရာထူး = ဌာနန္တရ၌ ထားတော်မူသည်ရှိသော် ဤဥပ္ပလဝဏ္ဏာ ရဟန္တာထေရီမကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဘိက္ခုနီနံ ဣဒ္ဓိမန္တီနံ ယဒိဒံ ဥပ္ပလဝဏ္ဏာ = ရဟန်းတို့.. တန်ခိုး = ဣဒ္ဓိနှင့် ပြည့်စုံကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဘိက္ခုနီမတို့တွင် ဥပ္ပလဝဏ္ဏာ ဘိက္ခုနီသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ဣဒ္ဓိမန္တီ = တန်ခိုးဣဒ္ဓိနှင့် ပြည့်စုံသောအရာ” ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား ဥပ္ပလဝဏ္ဏာထေရီ အကြောင်းတည်း။

**********

(၄) ပဋာစာရာထေရီအကြောင်း

(က) ထေရီမ၏ ရှေးဆုတောင်း

     ဤပဋာစာရာ ထေရီမအလောင်း အမျိုးကောင်းသမီးသည်လည်း ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသမီး (=သူဌေးသမီး)ဖြစ်၍ နောက်တချိန်ဝယ် မြတ်စွာဘုရား၏ တရားဒေသနာကို နာယူစဉ် မြတ်စွာဘုရားရှင်က ဘိက္ခုနီမတပါးကို ဝိနည်းပိဋကတ်ကို ဆောင်သောအရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျပြီးကာ အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုဝိနယဓရဧတဒဂ် = ဝိနည်းပိဋကတ်ကို ဆောင်သောအရာဝယ် အသာဆုံး အမြတ်ဆုံး ရာထူးဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေသည်။ ပဒုမုတ္တရ မြတ်စွာ ဘုရားရှင်ကလည်း ရှေးနည်းအတူ ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။

၆၈

ကိကီမင်းကြီး၏ သမီးတော်ဘဝ

     ထိုသူဌေးသမီးသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့၍ ကဿပမြတ်စွာ လက်ထက်တော်အခါဝယ် ကိကီမင်းကြီး၏ ရှေးဖော်ပြရာပါ သမီးတော် ခုနစ်ယောက်တို့တွင် သုံးယောက်မြောက် “ဘိက္ခုနီ”မည်သော သမီးတော်ဖြစ်၍ နှစ်ပေါင်း နှစ်သောင်းကြာ ကောမာရိဗြဟ္မစရိယအကျင့်ကို ကျင့်လျက် ရဟန်းသံဃာတော်အား သံဃအရာမ် ပရိဝုဏ်ကျောင်းတိုက်ကြီး ဆောက်လုပ် လှူဒါန်းခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းမ-ပြုခြင်း

     ထိုမင်းသမီးသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ ထိုဘဝမှ စုတေပြန်သော် တဖန် နတ်ပြည်၌ဖြစ်၍ ဘုရားနှစ်ဆူတို့၏အကြား မရေမတွက်နိုင်သော နှစ်ပရိစ္ဆေဒ ကာလပတ်လုံး သမ္ပတ္တိ = စည်းစိမ်ကို ခံစား၍ အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလဝယ် သာဝတ္ထိပြည်၌ သူဌေးသမီးဖြစ်၍ လာလေ၏။

     ထိုသူဌေးသမီးသည် နောက်အဖို့ဝယ် အရွယ်သို့ရောက်လတ်သော် မိမိအိမ်၌နေသူ အလုပ်သမားတယောက်နှင့် မေတ္တာသက်ဝင် ချစ်ခင်၍ နောက်တချိန်ဝယ် မိ,ဖတို့က မျိုး = ဇာတ် ဂုဏ်တူ သူဌေးသားတယောက်နှင့် ထိမ်းမြားမှု ပြုအံ့ဆဲဆဲ ထိုသူဌေးသားအိမ်သို့ လိုက်ပါရအံ့ဆဲဆဲ ဖြစ်လတ်သော် မေတ္တာသက်ဝင် ချစ်ခင်ခဲ့ရင်းဖြစ်သော အိမ်ကျွန်အလုပ်သမားအား “အမောင်သည် နက်ဖြန်မှစ၍ ငါ့ကို တံခါးပေါက်ပေါင်း တရာဖြင့်လည်း မြင်ခွင့်ရတော့မည်မဟုတ် = မိ,ဖများ ပေးထိမ်းမြားသည့် သူဌေးသားအိမ်သို့ လိုက်ပါရတော့မည်၊ အမောင့်မှာ အလုပ်ရှိလျှင် ယခုပင် ငါ့ကို ခေါ်ဆောင်၍ သွားလော့ = ပြေးလော့”ဟု အသိပေးစကား ပြောကြားလေ၏။ ထိုအိမ်ကျွန် အလုပ်သမားသည် “ကောင်းပြီ ရှိစေတော့”ဟု ဝန်ခံ၍

၆၉

သင့်လျော် လျောက်ပတ်သော လက်ဆောင်ဥစ္စာနှစ်ကို ယူဆောင်ကာ သူဌေးသမီးကို ဦးဆောင်၍ သာဝတ္ထိပြည်မှ သုံး,လေးယူဇနာတို့တိုင်တိုင် ဖဲခွာထွက်ပြေးခဲ့ပြီးလျှင် ရွာငယ်တခု၌ နေထိုင်လေ၏။

     နောက်တချိန်ဝယ် ထိုသူဌေးသမီး၏ ဝမ်းကြာတိုက်၌ ကိုယ်ဝန်သန္ဓေ တည်ရှိလေ၏။ သူဌေးသမီးသည် ကိုယ်ဝန်ရင့်ကျက်လတ်သော် အရှင်သခင် လင်ဖြစ်သူကို “အရှင်.. ဤအရပ်သည် ကျွန်တော်မတို့ အဖို့ရာ ကိုးကွယ်အားထားရာ မဲ့သောအရပ် ဖြစ်လေသည်။ ထို့ကြောင့် မိဖအိမ်သို့ ပြန်သွားကြပါစို့”ဟု တိုင်ပင် စကား ပြောကြားလေ၏။ လင်ယောက်ျားဖြစ်သူက မပြန်ဝံ့သဖြင့် “ယနေ့ သွားကြကုန်အံ့, နက်ဖြန် သွားကြကုန်အံ့”ဟု အချိန်ကို ကုန်စေလတ်သည်တွင် သူဌေးသမီးသည် မိမိလင်ယောက်ျား၏ အကြောင်းကို သိ၍ “ဤသူမိုက်သည် ငါ့ကို မိဖထံသို့ ပို့ဆောင်လိမ့်မည် မဟုတ်”ဟု ဆင်ခြင်မိ၍ လင်ယောက်ျား အပြင်အပသို့ ခရီးသွားခိုက် “ငါတယောက် တည်းပင် မိဖအိမ်သို့ သွားတော့အံ့”ဟု ကြံစည်၍ ခရီးထွက်ခဲ့လေ၏။

     လင်ယောက်ျားဖြစ်သူသည် အိမ်သို့ ပြန်လာ၍ သူဌေးသမီးကို မတွေ့ရလေလျှင် အိမ်နီးချင်းတို့ကိုမေး၍ မိဖအိမ်သို့ ပြန်သွားကြောင်း ကြားသိရလေသော် “ဩ.. ငါ့ကိုအမှီပြု၍ အမျိုးကောင်းသမီးသည် ကိုးကွယ်ရာမဲ့ ဖြစ်ရရှာချေ၏”ဟု သနားကရုဏာ ပြင်းစွာဖြစ်ရှိလျက် ဖဝါးခြေထပ် ထက်ကြပ်မကွာ အပြေးလိုက်ပါ လေသော် လမ်းခရီးအကြား၌ သူဌေးသမီးကို မှီလေ၏။ ထိုသူဌေးသမီးမှာလည်း လမ်းခရီးအကြားမှာပင် ကိုယ်ဝန်မှထခြင်း = မီးရှူးသန့်စင် ဖွားမြင်ခြင်းသည် ဖြစ်လေ၏။ ထိုအခါ ဇနီးမောင်နှံ နှစ်ယောက်လုံးတို့ပင် “ငါတို့သည် အကြင် သားဖွားရန်အတွက် မိဖအိမ်သို့ သွားကြကုန်လေရာ၏။ ထိုသားဖွားခြင်းကိစ္စကား လမ်းခရီးအကြား၌ပင် ပြီးခဲ့လေပြီ၊ ယခုအခါ သွားရောက်၍ အဘယ်အမှု ပြုကုန်အံ့နည်း = ပြုဖွယ်ကိစ္စ မရှိကြတော့ကုန်”ဟု သဘောတူ တိုင်ပင်ညီညွတ်၍ ထိုနေရင်းတောရွာငယ်သို့ပင် ပြန်ကြလေကုန်၏။

၇၀

     နောက်တချိန်ဝယ် တဖန် ထိုသူဌေးသမီး၏ ဝမ်းကြာတိုက်၌ ကိုယ်ဝန်သန္ဓေ တည်ပြန်လေ၏။ သူဌေးသမီးသည် ရှေးနည်းအတူပင် ကိုယ်ဝန်ရင့်ကျက်လတ်သော် မိဖရပ်ဌာန် ပြန်ဖို့ရန် လင်ယောက်ျားကို ပြောကြားပါသော်လည်း လင်ယောက်ျားဖြစ်သူသည် ရှေးနည်းအတူပင် “ယနေ့ သွားကြမည်, နက်ဖြန် သွားကြမည်”ဟု အချိန်ဆွဲနေသဖြင့် သူဌေးသမီးတယောက်တည်း မိဖအိမ်သို့သွားရန် ခရီးထွက်၍ ရှေးနည်းအတူပင် လင်ယောက်ျားလိုက်လာကာ လမ်းခရီးအကြား၌ မှီလေ၏။

     ထိုသူဌေးသမီး လမ်းခရီးအကြား ကိုယ်ဝန်မှထခြင်း = မီးရှူးသန့်စင် ဖွားမြင်ခြင်း ဖြစ်ပြီးလျှင်ပြီးခြင်းပင် အရပ်လေးမျက်နှာတို့၌ မိုးကြီးသည်းစွာ ထပေါ်ရွာသွန်းလာလေသည်။ သူဌေးသမီးသည် လင်ယောက်ျားကို “အရှင်.. ညဉ့်အခါဝယ် အရပ်လေးမျက်နှာတို့၌ မိုးကြီးသည်းစွာ ထပေါ်ရွာသွန်းလာခဲ့ပြီ၊ ကိုယ်တို့ နေထိုင်ရန်ဌာနကို (သီဟိုဠ်မူအလို- မိုးမစွတ်ရာဌာနကို) ပြုလုပ်ရန် အားထုတ်ပါလော့”ဟု ပြောဆိုလေ၏။ လင်ယောက်ျားသည် “ကောင်းပါပြီ ဆောက်လုပ်ပေးပါမည်”ဟု သူဌေးသမီးကို နှစ်သိမ့်စကား ပြောကြား၍ ရနိုင်သမျှသော ထင်းချောင်း တုတ်တံတို့ဖြင့် တဲကုပ်ကလေး ဖြစ်ကတတ်ဆန်း ဆောက်လုပ်ပြီးလျှင် “မိုးဖို့ရန်မြက်ကို ငါဆောင်ချေဦးအံ့”ဟု ကြံ၍ ညဉ့်အခါဖြစ်သဖြင့် တောင်ပို့ရှိသည်, မရှိသည်ကို မသိရှာပဲ တခုသော တောင်ပို့အခြေ၌ မြက်ကို နုတ်ဖြတ်လေ၏။

     ထိုအခါ ထိုယောက်ျားကို တောင်၌ စင်း၍ = အိပ်၍နေသော မြွေဟောက်သည် ခြေ၌ ပေါက်လိုက်လေ၏။ ထိုယောက်ျားသည် ထိုနေရာ၌ပင် လဲကျသေဆုံးလေတော့၏။ သူဌေးသမီးသည်လည်း “ယခုပင် လာတော့မည်, ယခုပင် လာတော့မည်”ဟု မျှော်လင့်ရင်း ညဉ့်သုံးယံကို ကုန်လွန်စေလျက် “ဧကန်ပင် ငါ့ကို ထိုယောက်ျားသည် ‘ဤသူမကား ကိုးကွယ်ရာမဲ့သူတည်း’ဟု လမ်းခရီး၌ စွန့်ပစ်၍သွားသည် ဖြစ်လိမ့်မည်”ဟု ကြံစည်အောက်မေ့ကာ

၇၁

အရုဏ်ရောင် အလင်းရောင် ဖြစ်ပေါ်လာသော အခါ၌ ခြေရာခံလိုက်သွားလျက် ထိုမှဤမှ ကြည့်ရှုလတ်သော် တောင်ခြေ = တောင်ပို့အနီး၌ လဲကျသေဆုံးနေသော လင်ယောက်ျားကို တွေ့ရ၍ “ငါ့ကို အမှီပြု၍ ယောက်ျားသည် ဆုံးရှုံး ပျက်စီးရှာလေပြီ”ဟု သည်းစွာ ငိုကြွေးလျက် သားငယ်ကို ခါးထစ်ဖြင့်ချီကာ, သားကြီးကို လက်က ဆွဲကိုင်စေ၍ လမ်းခရီးအတိုင်း လိုက်ပါသွားလေသော် ခရီးအကြားဝယ် (နက်သည်ဟု ထင်ရသည့်) တိမ်သော မြစ်ငယ် = ချောင်းငယ်တခုကို တွေ့ရ၍ “ငါကား သားနှစ်ယောက်လုံးတို့ကို တပြိုင်နက်တည်း ယူဆောင်၍ ကူးသွားခြင်းငှါ တတ်နိုင်မည်မဟုတ်”ဟု ဆင်ခြင်မိကာ သားအကြီးကို ဤဖက်ကမ်း၌ ထားခဲ့၍ သားအငယ်ကို ထိုမှာဖက်ကမ်းသို့ ပို့ဆောင်ပြီး အနှီးအဝတ်၌ သိပ်ထားပြီးမှ တဖန် ပြန်၍ “သားအကြီးကို ပွေ့ချီကာ ဤမြစ်ကို ကူးသွားတော့အံ့”ဟု ကြံစည်လျက် မြစ်အတွင်း = ချောင်းအတွင်းသို့ သက်ဆင်းရှာလေ၏။

     ထို့နောက် သူဌေးသမီး မြစ်အလယ် = ချောင်းအလယ်သို့ ရောက်သောအခါ၌ သိန်းစွန်ရဲတကောင်သည် “ဤဝတ္ထုကား သားတစ်တည်း”ဟူသော အမှတ်ဖြင့် သားအငယ်ကို ထိုးသုတ်ရန် တဟုန်တည်း ပျံသန်းလာလေ၏။ သူဌေးသမီးသည် ခရီးဝေးနေသဖြင့် လက်ကိုသာ ဆန့်တန်းကာ သိန်းစွန်ရဲကို ပြေးစေရန် အသံပြုရရှာလေ၏။ မိခင် သူဌေးသမီး၏ ထိုကဲ့သို့ လက်ဆန့်တန်းသော အမူအရာကို မြင်ရ၍ သားအကြီး သည် “ငါ့ကို မိခင်သည် ခေါ်၏”ဟူသော အမှတ်သညာဖြင့် မြစ်ချောင်းတွင်းသို့ ပြေးဆင်းလာလတ်သော် ချောင်းရေအဟုန်ဖြင့် တိမ်းလဲကာ ရေစီးရာသို့ မျောပါ သေဆုံးရှာလေ၏။ သိန်းစွန်ရဲသည်လည်း သူဌေးသမီး အနီးသို့မရောက်မီပင် သားအငယ်ကို သုတ်ချီယူဆောင်၍ သွားလေတော့၏။ သူဌေးသမီး ဒုက္ခသယ်သည် စိုးရိမ်ကြီးစွာ နှိပ်စက်အပ်လေရကား လမ်းခရီးအကြားဝယ်-

“ဥဘော ပုတ္တာ ကာလင်္ကတာ၊

ပန္ထေ မယှံ ပတီ မတော။

၇၂

မယှံ = သူဌေးသမီး စောင့်စည်းရန်ဝတ် ယွင်းချွတ်ပျက်ကာ သို့ကြောင်းရာကြောင့် ပဋာစာရာ သညာမည်ထ ကျွန်တော်မ၏။ ဥဘော ပုတ္တာ = အကြီး,အငယ် သားနှစ်သွယ်တို့သည်။ ကာလင်္ကတာ = တဦးရေမြုပ် တဦးကို သိန်းသုတ်သဖြင့် ဆုံးချုပ် ပျက်စီးခဲ့ကြလေပြီ။ ပန္ထေ = ခိုရာမဲ့တီး လမ်းခရီး၌။ ပတိ = အားကိုးအားထား လင်ယောက်ျားသည်။ မတော = စုတိပြတ်ကြွေ သေခဲ့လေပြီတကား”–

ဟူသော ဤငိုချင်းဂါထာဝက်ကို နှုတ်မြွက်ဟစ်ငို ရွတ်ဆိုလျက် သာဝတ္ထိပြည်ဖက်သို့ ဦးတည် ခရီးချီရှာလေ၏။

     ပဋာစာရာ သူဌေးသမီးသည် ဤသို့ ဟစ်ငိုရွတ်ဆိုလျက်ပင် သာဝတ္ထိပြည်သို့ ဆိုက်ရောက်ကာ မိဖအိမ်အနီးသို့ပင် ရောက်ရှာပါသော်လည်း သောကအဟုန် အားကြီးသဖြင့် မိမိ၏ မိဖအိမ်ကို မမှတ်မိနိုင်ရှာပဲ အနီး၌တွေ့သောသူများကို “ဤအရပ်မှာ ဤသို့သဘောရှိသော သူဌေးအိမ် ရှိပါသည်၊ ထိုအိမ်သည် အဘယ်အိမ်ပါနည်း”ဟု မေးမြန်းရှာလေ၏။ ထိုလူများက “ရှင်မသည် ထိုသူဌေးအိမ်ကို မေးမြန်း၍ အဘယ်အမှုကို ပြုနိုင်တော့ အံ့နည်း = ဘယ်အမှုကိုမှ ပြုနိုင်တော့မည် မဟုတ်ပါ၊ ထိုသူဌေးမိသားစုတို့၏ နေအိမ်သည် ယမန်နေ့ညဉ့်က လေပြင်းတိုက်ခတ်သောကြောင့် ပြိုကျခဲ့လေပြီ၊ ထိုတိုက်ပြိုကြီးထဲမှာပင် သူဌေးမိသားစုအားလုံးတို့လည်း အသက်ပျောက်ရှာကြလေပြီ၊ ထိုသို့ အသက်ပျောက်သောအခါ ထိုသူဌေးမိသားစုကြီး,ငယ်တို့ကို ထင်းပုံတခုတည်း၌ပင်လျှင် ဈာပနမှု = မီးသင်္ဂြိုဟ်မှု ပြုကြရလေသည်။ (မီးခိုးညွန့်တက်ရာကို ညွှန်ပြကြလျက်) ထိုမီးခိုးလိပ် = မီးခိုးအညွန့် တတွန့်တွန့်တက်အင် ထင်ရ, မြင်ရသည်ကိုသာ ရှင်မ ကြည့်ရှုပါလော့”ဟု ဝမ်းနည်းစကား ပြောကြားကြလေလျှင် ပဋာစာရာ သူဌေးသမီးသည် “အိုး.. ရှင်တို့ ဘယ်လိုပြောလိုက်ကြဒါလဲ”ဟု တခွန်းတည်းသာ ပြောနိုင်ရှာပြီး အဝတ်ကိုပင် မဆည်းနိုင် မဝတ်နိုင်တော့ပဲ မိမွေးတိုင်းအသွင်ဖြင့်သာ လက်ရုံးနှစ်ဖက်ကို

၇၃

ချီမြှောက်ဟစ်အော်ကာ မိဖဆွေမျိုးများ သင်္ဂြိုဟ်ရာ ထင်းပုံရှိရာအရပ်သို့ သွားရောက်၍ ရှေးဖော်ပြရာပါ ငိုချင်းဂါထာဝက်ကို နောက်ထပ်ဂါထာဝက် ဖြည့်ကာ အပြည့်အစုံ ငိုကြွေးရှာလိုသည်ဖြစ်၍-

“ဥဘော ပုတ္တာ ကာလင်္ကတာ၊

ပန္ထေ မယှံ ပတီ မတော။

မာတာ ပိတာ စ ဘာတာ စ၊

ဧကစိတကသ္မိ ဍယှရေ။

မယှံ = အမျိုးကောင်းသမီး စောင့်စည်းရန်ဝတ် ယွင်းချွတ်ပျက်ကာ သို့ကြောင်းရာကြောင့် ပဋာစာရာ သညာမည်ထ ကျွန်တော်မ၏။ ဥဘော ပုတ္တာ = အကြီး,အငယ် သားနှစ်သွယ်တို့သည်။ ကာလင်္ကတာ = တဦးရေမြုပ် တဦးကို သိန်းသုတ်သဖြင့် ဆုံးချုပ် ပျက်စီးခဲ့ကြလေပြီ။ ပန္ထေ = ခိုရာမဲ့တီး လမ်းခရီး၌။ ပတိ = အားကိုးအားထား လင်ယောက်ျားသည်။ မတော = စုတိပြတ်ကြွေ သေခဲ့လေပြီ။ မာတာ စ = မွေးမိသခင် ကျေးဇူးရှင်ကို၎င်း။ ပိတာ စ = မွေးဖသခင် ကျေးဇူးရှင်ကို၎င်း။ ဘာတာ စ = တမိဝမ်းတွင်း ထက်အောက်ဆင်းသည့် မောင်ရင်းကို၎င်း။ ဧကစိတကသ္မိံ = တိုက်ပြို၌ အသက်ကုန် တခုတည်းသော ထင်းပုံ၌။ ဍယှရေ-ဍယှန္တိ = ဈာပနအပြီး ဖုတ်ကြည်း သင်္ဂြိုဟ်အပ်ကုန်ပြီတကား”–

ဟု ရွတ်ဆိုမြည်တမ်းရှာလေ၏။

ပဋာစာရာ အမည်ရခြင်း

     ထိုသူဌေးသမီးမှာ မိမွေးတိုင်းအသွင်ဖြင့် လှည့်လည်သွားလာနေသဖြင့် အခြားသူ တဦးတယောက်က အရှက်အကြောက် ဖုံးအုပ်ရန် အဝတ်ထဘီကိုပင် ပေးအပ်ပါသော်လည်း ဝတ်ဆင်ရန် သတိမရပဲ ဆုတ်ဖြဲ ဆုတ်ဖြဲ၍သာ စွန့်ပစ်လေတော့၏။ ထိုအခါ ထိုသူဌေးသမီးကို မြင်တိုင်း မြင်တိုင်းသော နေရာ၌ လူအများ

၇၄

ဝိုင်းအုံလျက်သာ လှည့်လည်သွားလာ၍ နေလေ၏။ ထိုအခါ ထိုသူဌေးသမီး၏ အမည်ကို “အဝတ်ထဘီကို ဝတ်ဆင်ခြင်းကင်းကာ ကျက်စား သွားလာသောကြောင့်” ပဋာစာရာ-ဟု ခေါ်ဆိုသမုတ်ကြလေ၏။ ထို့ပြင်လည်း ထိုသူဌေးသမီးမှာ အဝတ်မဝတ်သည့်အတွက် အရှက်မဲ့သူတို့၏ အကျင့်မျိုး ထင်ရှား၍နေလေသည်။ သို့ရကား “အရှက်ရှိသူတို့၏ အကျင့်မှ လျှောကျကာ အရှက်မဲ့သူတို့၏အကျင့် ထင်ရှားသောကြောင့်” ပဋာစာရာဟု ခေါ်ဆို သမုတ်ကြလေ၏။

     ပဋာစာရာ သူဌေးသမီးသည် မိမိစိတ်ကို အစိုးမရပဲ မိမွေးတိုင်းအသွင်ဖြင့် ရှေးဆိုအပ်ပြီးသည့် ငိုချင်းဂါထာကိုသာ ရွတ်ဆို ငိုကြွေးလျက် ဦးတည်မိရာ လှည့်လည် သွားလာ၍သာ နေလေ၏။ ထိုသူဌေးသမီးကို တွေ့မြင်ကြရလျှင် လူတို့သည် “ဟဲ့-သွား အရူး..”ဟု ပြောဆိုကြကာ အချို့က အမှိုက်သရိုက်ကို ဦးခေါင်း၌ ပစ်လွှင့်ကြလေ၏၊ အချို့ကမူ မြေမှုန့်ကို ကြဲဖြန့်ကြကုန်၏။ အချို့က ခဲဖြင့် ပစ်ကြကုန်၏။

အမြိုက်ရေချမ်း အဆွတ်ဖျန်းခံရခြင်း

     မြတ်စွာဘုရားရှင်သည် ဇေတဝန် ကျောင်းတိုက်တော်ဝယ် များစွာသော ပရိသတ်အလယ်၌ ထိုင်နေတော်မူ၍ တရားဟောတော်မူစဉ် ထိုကဲ့သို့ မရပ်မတည် လှည့်လည် သွားလာနေသော ပဋာစာရာ သူဌေးသမီးကို မြင်တော်မူသည့်ပြင် သူမ၏ အသိဉာဏ် ရင့်ကျက်ချိန်တန်သည်ကိုလည်း ကြည့်ရှု သိမြင်တော်မူသောကြောင့် ထိုပဋာစာရာသူဌေးသမီး ကျောင်းတိုက်တော်သို့ ရှေးရှုလာရောက်အောင် အဓိဋ္ဌာန်စီရင်မှု ပြုတော်မူလေ၏။ တရားနာ ပရိသတ်သည် ပဋာစာရာသူဌေးသမီး လာနေသည်ကို မြင်ရ၍ “ဤအရူးမအား ဤအရပ်သို့ လာရောက်ခွင့် မပြုကြလင့်”ဟု ပြောဆိုလေ၏။ မြတ်စွာဘုရားရှင်သည် “ပဋာစာရာကို မတားမြစ်ကြလင့်”ဟု မိန့်တော်မူ၍ အနီးသို့ ရောက်လာသောအခါ “ချစ်သမီး.. သတိကို ရလော့”ဟု မဟာကရုဏာ ကြီးစွာဖြင့် မိန့်ဆိုတော်မူလေ၏။

၇၅

     ပဋာစာရာ သူဌေးသမီးသည် ထိုခဏမှာပင် ဘုရားရှင် အာနုဘော်ကြောင့် သတိရ၍ ထဘီအဝတ် ကျွတ်၍နေသည် (မပါရှိသည်)ကို သတိအမှတ်ရကာ အရှက်အကြောက် ကြီးစွာဖြစ်ရှိလျက် အတတ်နိုင်ဆုံး မိမိကိုယ်ကို ဖုံးပြီးသော် ဒူးထောက် ခါးညွှတ်ကာ ထိုင်နေရှာလေ၏။ ထိုအချိန်တွင် လူတယောက်က အပေါ်ရုံ အဝတ်ကို ပစ်၍ ပေးလိုက်လေ၏။ ပဋာစာရာသည် ထိုအဝတ်ကိုဝတ်၍ မြတ်စွာဘုရား အထံတော်သို့ ဆည်းကပ်ကာ တည်ခြင်းငါးဖြာဖြင့် ရိုသေစွာ ရှိခိုးလျက်-

“မြတ်စွာဘုရား.. တပည့်တော်မ၏ မှီခိုရာ ဖြစ်တော်မူကြပါဘုရား၊ တပည့်တော်မ၏ သားတယောက် (အငယ်)ကို သိန်းစွန်ရဲ ချီသုတ်ခဲ့ပါပြီ၊ တယောက် (အကြီး)ကို မြစ်ရေကြမ်း တိုက်လွှမ်း မျောဆောင်အပ်ခဲ့ပါပြီ၊ လမ်းခရီးအကြား၌ ခင်ပွန်းသည် လင်ယောက်ျား ဆုံးပါးခဲ့ပါပြီ။ မိဖနှစ်ပါးနှင့် မောင်ကိုပါ တိုက်အိမ်ပိကာ သေဆုံးကြပါသဖြင့် ထင်းပုံတခုတည်း၌ မီးသင်္ဂြိုဟ်အပ်ပါကုန်ပြီဘုရား”-

ဟု မိမိ၏ သောကဖြစ်ခြင်း အကြောင်းရင်းကို ရှင်းလင်းလျှောက်ထားလေ၏။

     မြတ်စွာဘုရားရှင်သည် “ချစ်သမီးပဋာစာရာ.. ထွေရာလေးပါး သင်ချစ်သမီး အကြံများမနေလင့်၊ သင်ချစ်သမီး၏ မှီခိုကိုးစား အားထားရာ ဖြစ်နိုင်သောသူ၏ အထံသို့ သင်ချစ်သမီး ရောက်လာခဲ့လေပြီ၊ သင်ချစ်သမီးသည် ယခုအခါ သား, လင်, မိ, ဖ, မောင်တို့ သေဆုံးခြင်းဟူသော အကြောင်းကြောင့် မျက်ရည်ပေါက်ကြီးငယ်ကို ဖြစ်စေရသကဲ့သို့ ဤအတူပင် အနမတဂ္ဂ အစမထင် သံသရာတခွင်၌ သား, လင်, မိ, ဖ, မောင်တို့ သေဆုံးခြင်းဟူသော အကြောင်းကြောင့် ဖြစ်စေခဲ့ရ = ကျခဲ့ရသော မျက်ရည်ပေါက်များကား မဟာသမုဒြာလေးစင်း အတွင်းမှာရှိသော ရေပေါက်တို့ထက် မြားမြောက်လှတုံ၏”ဟု တရားဓမ္မ ညွှန်းဖော်ပြတော်မူလျက်-

၇၆

စတူသု သမုဒ္ဒေသု ဇလံ ပရိတ္တကံ၊

တတော ဗဟုံ အဿုဇလံ အနပ္ပကံ။

ဒုက္ခေန ဖုဋ္ဌဿ နရဿ သောစနာ၊

ကိံ ကာရဏာ အမ္မ တုဝံ ပမဇ္ဇသိ။

ပဋာစာရေ = ချစ်သမီး ပဋာစာရာ..။ စတူသု သမုဒ္ဒေသု = အရှေ့,အနောက်,တောင်,မြောက် လေးမျက်နှာ သမုဒြာတို့၌။ ဇလံ = ရေပေါက်သည်။ ပရိတ္တကံ = သတ္တဝါတယောက်၏ မျက်ရည်ပေါက်နှင့်နှိုင်းစာ နည်းလှစွာသေး၏။ ဒုက္ခေန ဖုဋ္ဌဿ = သား,လင်,မိ,ဖ, မောင်အရင်းတို့ဆုံးရ၍ ကာယ,စိတ္တ ဒုက္ခနှစ်ပုံဖြင့် တွေ့ကြုံနှိပ်စက်အပ်သော။ နရဿ = ဒေါသကိလေသာ မခွါရသေးသူ လူတယောက်၏။ သောစနာ = စိုးရိမ်ပူဆွေး ငိုကြွေးရခြင်းကြောင့်။ ပဝတ္တံ = ဖြစ်ပေါ်ယိုစီး၍လာသော။ အနပ္ပကံ = တပါးမက ဂဏန်းမချနိုင်သော။ အဿုဇလံ = မျက်ရည်ပေါက်များသည်။ တတော = ထိုမဟာသမုဒြာလေးစင်း အတွင်းမှာရှိသောရေထက်။ ဗဟုံ = သင်္ချာဆပွါး များလှပေ၏။ အမ္မ = ချစ်သမီး ပဋာစာရာ..။ တုဝံ = သင်ချစ်သမီးသည်။ ကိံ ကာရဏာ = အဘယ်အကြောင်းကြောင့်။ ပမဇ္ဇသိ = သတိယွင်းပေါ့ ချစ်သမီး မေ့လျော့၍နေသနည်း။ မာ ပမဇ္ဇ = သတိတရား လက်ကိုင်ထား၍ သင်ကား မမေ့မလျော့လေလင့်” -

ဟူ၍ သောကသိမ်း တရားဂါထာကို ဟောကြားတော်မူလေ၏။

     ဤသို့လျှင် မြတ်စွာဘုရားရှင်က အနမတဂ္ဂ အစမထင် သံသရာတခွင်နှင့်စပ်သော တရားစကား (=အနမတဂ္ဂပရိယာယကထာ) ဟောကြားတော်မူလေလျှင် ပဋာစာရာ၏ စိတ်သန္တာန်၌ သောကတရား အထူးသဖြင့် ပါး၍သွားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ပဋာစာရာ သူဌေးသမီးကို သောကတရားပါး၍နေသည်ကို သိမြင်တော်မူ၍ “ချစ်သမီး ပဋာစာရာ.. သား, လင်ခင်ပွန်း-စသော သူများသည် တမလွန်လောကသို့ သွားရသောသူအဖို့ရာ

၇၇

အစောင့်အရှောက်လည်း မဖြစ်နိုင်ကြ၊ ပုန်းအောင်းရာ မှီခိုရာလည်း မဖြစ်နိုင်ကြ၊ သို့ရကား ထိုသား, လင်ခင်ပွန်းစသော သူတို့သည် အသက်ရှင်ကာ ရှိနေကြပါသော်လည်း တမလွန်လောက သွားရမည့်သူအဖို့ရာ မရှိကြသည်သာ မည်ကုန်၏။ ထို့ကြောင့် ပညာရှိသောသူသည် မိမိ၏သီလကို သုတ်သင် စင်ကြယ်စေ၍ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း လမ်းစဉ်ကိုသာ ကောင်းစွာ ပြီးစေရမည်”ဟူသော သဘောအနက် အဓိပ္ပါယ်ကို ဖော်ပြတော်မူလျက်-

န သန္တိ ပုတ္တာ တာဏာယ၊ န ပိတာ နာပိ ဗန္ဓဝါ။

အန္တကေနာဓိပန္နဿ၊ နတ္ထိ ဉာတီသု တာဏတာ။

ပဋာစာရေ = ချစ်သမီး ပဋာစာရာ..။ အန္တကေန = ဘဝဆုံးလျှင်း ရှင်သေမင်းသည်။ အဓိပန္နဿ = အချိန် ရောက်ကာ နှိပ်စက်လာသောသူ၏ (အဖို့ရာ)။ ပုတ္တာ = သား,သမီးတို့သည်။ တာဏာယ = သေမင်းရန်ကို တွန်းလှန် စောင့်ရှောက်ခြင်းငှါ။ န သန္တိ = မဖြစ်နိုင်ကြကုန်။ ပိတာ = ဘ,မိနှစ်ပါး ကျေးဇူးရှင်များသည်။ န သန္တိ = မဖြစ်နိုင်ကြကုန်။ ဗန္ဓဝါပိ =မေတ္တာဖွဲ့ပျိုး ဆွေမျိုး မိတ်သင်္ဂဟတို့သည်လည်း။ န သန္တိ = မဖြစ်နိုင်ကြကုန်။ ဉာတီသု = မိ,ဘ,သမီး,သား ဆွေမျိုးများတို့၌။ တာဏတာ = သေမင်းရန်ကို တွန်းလှန်ပယ်ဖျောက် စောင့်ရှောက်နိုင်ခြင်းသည်။ နတ္ထိ = တစိုးတစိ မရှိချေ။

ဧတမတ္ထဝသံ ဉတွာ၊ ပဏ္ဍိတော သီလသံဝုတော။

နိဗ္ဗာနဂမနံ မဂ္ဂံ၊ ခိပ္ပမေ၀ ဝိသောဓယေ။

ပဏ္ဍိတော = ရှေ့နောက်အရေး ထောက်တွေးမြော်မြင် ပညာ့ရှင်သည်။ ဧတံ အတ္ထဝသံ = သေမင်းရန်ရောက် ကြုံလာမြောက်သော် စောင့်ရှောက်မည့်သူ တလူမျှမရှိခြင်း အကြောင်းရင်းကို။ ဉတွာ = ပညာဆင်ခြင် မြော်သိမြင်၍။ သီလသံဝုတော = ကိုယ်ကျင့်သီလ မပျက်ရအောင်

၇၈

နိစ္စကျင့်ဆောက် စောင့်ရှောက်သည်ဖြစ်၍။ နိဗ္ဗာနဂမနံ = နိဗ္ဗာန်ထုတ်ခြောက် ရောက်စေနိုင်သော။ မဂ္ဂံ = မဂ္ဂင်ရှစ်ခဏ်း အကျင့်လမ်းကို။ ခိပ္ပမေ၀ = လျင်စွာသာလျှင်။ ဝိသောဓယေ = ကျင့်ဆောင်နေ့စဉ် သုတ်သင်ရှင်းလင်းရာ၏” -

ဟူသော ဤဂါထာတို့ဖြင့် တရားဟောတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ ပဋာစာရာ သူဌေးသမီးသည် မဟာပထဝီမြေမှုန့်ပမာဏ များလှစွာသော ကိလေသာတို့ကို သောတာပတ္တိ မဂ်ပညာမီးဖြင့် အပြီးတိုင် လောင်ကျွမ်း ပြာဖြစ်စေလျက် သောတာပတ္တိဖိုလ်၌ တည်လေ၏ = သောတာပန်အရိယာ ဖြစ်လေ၏။

     သောတာပန်ဖြစ်ပြီးသောအခါ ပဋာစာရာ သူဌေးသမီးသည် မြတ်စွာ ဘုရားရှင်ကို မိမိအား ရှင်ရဟန်းမ ပြုပေးရန် တောင်းပန် လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် ပဋာစာရာ သူဌေးသမီးကို ဘိက္ခုနီမတို့ထံ ခေါ်ဆောင်၍ ရှင်ရဟန်းမ ပြုပေးစေတော်မူလေ၏။ ပဋာစာရာ ဘိက္ခုနီမသည် ရဟန်းမိန်းမအဖြစ်ကို ရပြီးသည့်နောက် အထက်မဂ်အလို့ငှါ ဝိပဿနာအလုပ် အားထုတ်ကျင့်ကြံနေစဉ် တနေ့သ၌ ရေအိုးဖြင့် ရေကိုခပ်၍ ခြေတို့ကို ဆေးကြောရန် ရေလောင်းလေလျှင် ထိုရေသည် အနည်းငယ်သော အရပ်တိုင်အောင်ရောက်၍ ပြတ်လေ၏။ ဒုတိယအကြိမ် လောင်းပြန်သောအခါ ထိုအရပ်ထက် အနည်းငယ်ဝေးသော အရပ်တိုင်အောင် ရောက်၍ ပြတ်လေ၏။ တဖန် တတိယအကြိမ် လောင်းပြန်သောအခါ ထိုဒုတိယအရပ်ထက် အနည်းငယ်ဝေးသော အရပ်တိုင်အောင် ရောက်၍ ပြတ်လေ၏။

ပဋာစာရာထေရီ ရဟန္တာဖြစ်ခြင်း

     ပဋာစာရာထေရီသည် ထိုရေသုံးမျိုးရောက်ရာ အရပ်သုံးမျိုးကိုပင် အာရုံယူ၍ အရွယ်သုံးပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားပြီးလျှင်-

၇၉

“ငါသည် ပဌမအကြိမ် သွန်းလောင်းအပ်သော ရေကဲ့သို့ ဤသတ္တဝါတို့သည် ပဌမအရွယ်၌လည်း စုတိပြတ်ကြွေ သေလွန်နိုင်ကြကုန်၏၊ ထိုပဌမရေထက် အနည်းငယ်ဝေးသော အရပ်တိုင်အောင် ရောက်၍ ပြတ်လေသော ဒုတိယအကြိမ် လောင်းအပ်သော ရေကဲ့သို့ မဇ္ဈိမအရွယ်၌လည်း စုတိပြတ်ကြွေ သေလွန်နိုင်ကြကုန်၏၊ ထိုဒုတိယရေထက် အနည်းငယ်ဝေးသော အရပ်တိုင်အောင် ရောက်၍ ပြတ်လေသော တတိယအကြိမ် လောင်းအပ်သော ရေကဲ့သို့ ပစ္ဆိမအရွယ် = နောက်ဆုံးအရွယ်၌လည်း စုတိပြတ်ကြွေ ဧကန်ပင် သေကြကုန်၏”–

ဟု ပညာသက်ဝင် ဆင်ခြင်စဉ်းစား၍ နေလေ၏။ ထိုကဲ့သို့ ကမ္မဋ္ဌာန်းအာရုံကို ရယူဆင်ခြင်ပြီးလျှင် ပဋာစာရာထေရီသည် “ဤရေသုံးမျိုးလုံးပင် ကုန်ခန်းပျက်စီးခြင်းသဘော ရှိသကဲ့သို့ ဤအတူ သတ္တဝါတို့၏ အာယုသင်္ခါရများသည်လည်း ကုန်ခန်းပျက်စီးခြင်း သဘောရှိကုန်၏”ဟု အနိစ္စလက္ခဏာကို၎င်း, ထိုအနိစ္စလက္ခဏာကို အစဉ်လျှောက်သဖြင့် ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာ နှစ်ပါးတို့ကို၎င်း စူးစမ်းဆင်ခြင်လျက် ဝိပဿနာအလုပ် ပွါးများအားထုတ်နေစဉ် ဥတုသပ္ပါယကို ရယူလိုသဖြင့် မိမိနေရာ ကျောင်းတိုက်ခန်းသို့ ဝင်လေလျှင် အမိုက်မှောင်ကို ပယ်ဖျောက်ရန် ဆီမီးခွက်ကို စွဲကိုင်ကာ အခန်းတွင်းသို့ ဝင်ရောက်၍ ဆီမီးခွက်ကို နေရာတကျ ထားပြီးလျှင် ညောင်စောင်းငယ်၌ ထိုင်လျက်ပင်လျှင် ဆီမီးခွက်ကို ငြိမ်းစေရန် အပ်သံချွန်ဖြင့် ဆီမီးစာကို ဆီသို့ရှေးရှူ ဆွဲငင်လိုက်လေသည်။

     ထိုအချိန်၌ မြတ်စွာဘုရားရှင်သည် ဂန္ဓကုဋီကျောင်းတော်၌ ထိုင်နေတော်မူရင်းကပင် ကိုယ်တော်ရောင်ကို ဖြန့်လွှတ်၍ ထေရီမ၏ မျက်မှောက်၌ ရပ်တည်ကာ ဟောတော်မူသကဲ့သို့-

“ချစ်သမီး ပဋာစာရာ.. သင်ချစ်သမီး စဉ်းစားဆင်ခြင်သော ဤအကြောင်းအရာသည် စဉ်းစားဆင်ခြင်သည့်အတိုင်း မှန်ပေ၏၊ ခပ်သိမ်းသော သတ္တဝါတို့သည်ပင်

၈၀

စုတိပြတ်ကြွေ သေလွန်ခြင်းသဘော ရှိကြကုန်၏၊ သို့ရကား ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း, ပျက်ခြင်းကို ဉာဏ်ပညာဖြင့် မသိမြင်သောသူ၏ အနှစ်တရာ အသက်ရှင်နေရခြင်းထက် ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း, ပျက်ခြင်းကို ဉာဏ်ပညာဖြင့် သိမြင်သောသူ၏ တရက်မျှသော်၎င်း, တခဏမျှသော်၎င်း အသက်ရှင်နေရခြင်းသည် ချီးမွမ်းအပ် အထူးသဖြင့် မြတ်လှပေ၏”—

ဟု ဤအနက်သဘောကို ဖော်ပြတော်မူလျက်-

“ယော စ ၀ဿသတံ ဇီဝေ၊

အပဿံ ဥဒယဗ္ဗယံ။

ဧကာဟံ ဇီဝိတံ သေယျော၊

ပဿတော ဥဒယဗ္ဗယံ။

ပဋာစာရေ = ချစ်သမီး ပဋာစာရာ..။ ယော စ = အမှတ်မထင် အကြင်သူသည်ကား။ ဥဒယဗ္ဗယံ = ရုပ်နာမ် နှစ်သင်း ဖြစ်ပျက်ခြင်းကို။ အပဿံ-အပဿန္တော = ဝိပဿနာ ဉာဏ်မျက်စိဖြင့် မသိမမြင်ပဲ။ ဝဿသတံ = အနှစ်တရာ ရှည်မြင့်ကြာအောင်။ ဇီဝေ-ဇီဝေယျ = အသက်ရှည်ထွေ တည်နေရာ၏။ တဿ = ထိုသူ၏။ ဇီဝတော = အနှစ်တရာ ရှည်မြင့်ကြာအောင် ခန္ဓာဆက်စဉ် အသက်ရှင်၍ နေရခြင်းထက်။ ဥဒယဗ္ဗယံ = ရုပ်နာမ်နှစ်သင်း ဖြစ်ပျက်ခြင်းကို။ ပဿတော = ဝိပဿနာ ဉာဏ် မျက်စိဖြင့် ကြည့်ရှုဆင်ခြင် သိမြင်နေသောသူ၏။ ဧကာဟံ = ကာလမကြာ တရက်တာမျှ။ ဇီဝိတံ = ခန္ဓာဆက်စဉ် အသက်ရှင်၍ နေရခြင်းသည်။ သေယျော = အထူးသဖြင့် ချီးမွမ်းအပ် မြတ်လှပေ၏” -

ဟူသော ဤဓမ္မပဒတရားဂါထာကို ဟောကြားတော်မူလေ၏။ ဂါထာနိဂုံး ဆုံးသောအခါ ပဋာစာရာထေရီသည် ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေ၏ = ပဋိသမ္ဘိဒါပတ္တ ရဟန္တာထေရီဖြစ်လေ၏။

၈၁

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     ပဋာစာရာထေရီသည် အာသဝေါကုန်ခန်း ရဟန္တာဖြစ်ပြီးနောက် မြတ်စွာဘုရားရှင်ထံတော်၌ အလုံးစုံသော ဝိနည်းပိဋကတ်ကို အကျယ်အားဖြင့် သင်ကြားတတ်မြောက်၍ ဝိနည်းနှင့်စပ်သော အကြောင်းအရာ အရေးအခင်းများကို ဟုတ်မှန်သည့်အတိုင်း ဟောကြား ဖြေဆိုလေ့ရှိလေသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် ဇေတဝန်ကျောင်းတိုက်၌ နေထိုင်တော်မူကာ ဘိက္ခုနီမတို့ကို အစဉ်အတိုင်း ရာထူး = ဌာနန္တရ၌ ထားတော်မူသည်ရှိသော် ဤပဋာစာရာ ရဟန္တာထေရီမကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဘိက္ခုနီနံ ဝိနယဓရာနံ ယဒိဒံ ပဋာစာရာ = ရဟန်းတို့.. ဝိနည်းကို ဆောင်ကုန်သော ငါဘုရား၏ တပည့်မ = သာဝိကာ ဘိက္ခုနီမတို့တွင် ပဋာစာရာဘိက္ခုနီသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ဝိနယဓရ = ဝိနည်းကို ဆောင်သောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား ပဋာစာရာထေရီ အကြောင်းတည်း။

**********

(၅) ဓမ္မဒိန္နာထေရီအကြောင်း

(က) ထေရီမ၏ ရှေးဆုတောင်း

     ဤဓမ္မဒိန္နာ ထေရီအလောင်း သူတော်ကောင်း အမျိုးသမီးသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ ဆင်းရဲနွမ်းပါးသော အလုပ်သူမ အမျိုးသမီးဖြစ်၍ ရင့်ကျက်သော ပညာရှိသူ သီလစောင့်ထိန်းသူ ဖြစ်လျက် တနေ့သ၌ ပဒုမုတ္တရ မြတ်စွာဘုရား၏ အဂ္ဂသာဝက သုဇာတမထေရ်

၈၂

ဆွမ်းခံကြွဝင်တော်မူလာသည်ကို ရေခပ်သွားရင်း ဖူးတွေ့ရ၍ မထေရ်မြတ်အား မိမိစားသုံးရန် ယူဆောင်ခဲ့သည့် မုံ့ကို သဒ္ဓါကြည်ညိုစွာ သာဟတ္ထိကမြောက် ဆက်ကပ်လှူဒါန်းလေသည်။ မထေရ်မြတ်သည်လည်း ထိုအမျိုးသမီးကို ချီးမြှောက်တော်မူသောအားဖြင့် မုံ့ကို အလှူခံပြီးလျှင် ထိုနေရာ၌ပင် ထိုင်၍ ဘုဉ်းပေးသုံး ဆောင်တော်မူလေ၏။

ထိုသို့ မုံ့အလှူဒါန လှူဒါန်းရသော အရှင်သုဇာတ မထေရ်မြတ်ကား နိရောဓသမာပတ်မှ ထသစ်စဖြစ်လေသည်။ ထို့ကြောင့် ထိုကောင်းမှုကား မကြာမီပင် အကျိုးပေးနိုင်စွမ်း ရှိလေသည်။

     အမျိုးသမီး အလုပ်သူမ (=ကျွန်မ)သည် ဤမျှ မုံ့လှူရရုံဖြင့်လည်း မရောင့်ရဲနိုင်ပဲ မိမိ၏ဆံပင်တို့ကို ရသမျှနှင့် ရောင်းချ၍ အရှင်သုဇာတ မထေရ်မြတ်အား အိမ်သို့ပင့်ဆောင်ကာ မွန်မြတ်သောဆွမ်း ဆက်ကပ်လှူဒါန်းလေ၏။ ထိုအကြောင်းကို ထိုအလုပ်သူမ (=ကျွန်မ)၏ အရှင်ဖြစ်သူ သူဌေးကြားသိရ၍ နှစ်သက်အားရမ်း ဝမ်းမြောက်ကာ မိမိ၏သားနှင့် ပေးထိမ်းမြား၍ ထိုကျွန်မကို ချွေးမပြုလေ၏။

     ထိုသူဌေးချွေးမသည် တနေ့သ၌ ယောက္ခမမိန်းမသူဖြစ်သည့် သူဌေးကတော်ကြီးနှင့် အတူတကွ ပဒုမုတ္တရ မြတ်စွာဘုရားရှင်ထံတော်သို့ သွားရောက်ကြကာ ရှိခိုး တရားနာယူစဉ် ပဒုမုတ္တရ မြတ်စွာဘုရားရှင်က ဘိက္ခုနီ ထေရီတပါးကို “ဓမ္မကထိက = တရားဟောကောင်းသောအရာ”ဝယ် ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားရဝမ်းသာ မြတ်စွာဘုရားအမှူးပြုသော သံဃာတော်အား ကြီးစွာသောအလှူဒါနကို ပေးလှူ၍ ထိုဧတဒဂ် ရာထူးဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားရှင်ကလည်း ဤအကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် လက်ထက်တော်ဝယ် ထိုဆုတောင်း ပြည့်ဝမည့်အကြောင်း ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။

၈၃

ဘဏ္ဍာစိုး သူဌေးကတော်ဘဝ

     ထိုသူဌေးချွေးမသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် ဤကမ္ဘာမှ လွန်ခဲ့သော (၉၂) ကိုးဆယ့်နှစ်ကမ္ဘာထက်ဝယ် ဖုဿမြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလ၌ မြတ်စွာဘုရားနှင့် ဖတူ-မိကွဲဖြစ်သည့် မင်းသားသုံးဦး တို့၏ ဘဏ္ဍာစိုး သူဌေးကတော်ဖြစ်၍ သဒ္ဓါတရား ကြီးမားထက်သန်သူဖြစ်ကာ “တစ်ခုကိုပေးပါ”ဟု တောင်းဆိုအပ်လျှင် နှစ်ခုပင် ပေးခဲ့လေသည်။ (ထိုဘဏ္ဍာစိုး ဇနီးမောင်နှံတို့ အကြောင်းကို အောက် မဟာဗုဒ္ဓဝင် ဒုတိယတွဲ စာမျက်နှာ ၆၀၇-မှ စ၍ ကြည့်ရှုကုန်ရာ၏)။

ကိကီမင်းကြီး၏ သမီးတော်ဘဝ

     ထိုဘဏ္ဍာစိုး သူဌေးကတော်သည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့ရာ ကဿပမြတ်စွာ လက်ထက်တော်အခါဝယ် ကိကီမင်းကြီး၏ ရှေးဖော်ပြရာပါ သမီးတော်ခုနစ်ယောက်တို့တွင် ခြောက်ယောက်မြောက် “သုဓမ္မာ”မည်သော သမီးဖြစ်၍ နှစ်ပေါင်း နှစ်သောင်းကြာ ကောမာရိဗြဟ္မစရိယအကျင့်ကို ကျင့်လျက် ရဟန်းသံဃာတော်အား သံဃအရာမ် ပရိဝုဏ်ကျောင်းတိုက်ကြီး ဆောက်လုပ်လှူဒါန်းခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းမ-ပြုခြင်း

     ထိုမင်းသမီးသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ ထိုဘဝမှ စုတေပြန်သော် တဖန် နတ်ပြည်၌ဖြစ်၍ ဘုရားနှစ်ဆူတို့၏အကြား မရေမတွက်နိုင်သော နှစ်ပရိစ္ဆေဒ ကာလပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် ဤအကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလဝယ် ရာဇဂြိုဟ်ပြည်၌ သူဌေးသမီးဖြစ်၍ အရွယ်သို့ ရောက်လတ်သော်

၈၄

ဝိသာခသူဌေးနှင့် မိဖတို့ စုံဖက်သဖြင့် ဝိသာခသူဌေးအိမ်သို့ ရောက်ရှိကာ ဓမ္မဒိန္နာ သူဌေးကတော်ဟူ၍ ထင်ရှားလေသည်။

     လွန်ခဲ့သော (၉၂) ကိုးဆယ့်နှစ်ကမ္ဘာထက်က ဖုဿမြတ်စွာဘုရားရှင် လက်ထက်တော်အခါဝယ် သဒ္ဓါတရားကြီးမားလှသော ဘဏ္ဍာစိုး ဇနီးမောင်နှံတို့သည် ဤအကျွန်ုပ်တို့ မြတ်စွာဘုရားရှင် လက်ထက်တော်အခါ၌ ဝိသာခသူဌေးနှင့် ဓမ္မဒိန္နာ သူဌေးကတော်တို့ ဖြစ်လာကြလေသည်။ ဝိသာခသူဌေးကား မြတ်စွာဘုရားရှင် ပဌမဆုံးအကြိမ် (မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ပြာသိုလပြည့်နေ့) ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူ၍ ဘုရားဖူးရန် တသိန်း နှစ်သောင်းသော ပရိသတ်နှင့် အတူတကွ လာရောက်သော ဗိမ္ဗိသာရမင်းတရားအား တရားဟောတော်မူသဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်ကြသော တသိန်း တသောင်းသော ပုဂ္ဂိုလ်တို့အနက် တယောက်အပါအဝင် ဖြစ်လေသည်။ ဗိမ္ဗိသာရမင်းကြီးနှင့်လည်း အလွန်ရင်းနှီးသော မိတ်ဆွေ သူဌေး ဖြစ်လေသည်။

     ဝိသာခသူဌေးသည် ပဌမအကြိမ် မြတ်စွာဘုရားကို ဖူးမြော်ရကတည်းကပင် သောတာပတ္တိဖိုလ်၌ တည်၍ တဖန် တနေ့သ၌ တရားနာပြန်သော် သကဒါဂါမိဖိုလ်သို့ ရောက်ဆိုက်လေသည်။ ထို့နောက် တနေ့သ၌ တရားနာပြန်ရာ အနာဂါမိဖိုလ်၌ တည်လေသည်။ ဝိသာခသူဌေးသည် အနာဂါမ်အရိယာ ဖြစ်ပြီးနောက် အိမ်သို့ ပြန်လာသည်ရှိသော် အခြားလွန်ခဲ့သောနေ့များ၌ ထိုမှဤမှ ကြည့်ရှုကာ ပြုံးလျက် ရွှင်လျက် အိမ်သို့ ပြန်လာလေ့ရှိသော်လည်း ထိုအနာဂါမ် အရိယာဖြစ်သော နေ့၌မူ ထိုသို့ မဟုတ်တော့ပဲ အလွန်ငြိမ်သက်သော ဣန္ဒြေ အလွန်ငြိမ်းအေးသော စိတ်ရှိလျက် ပြန်လာလေသည်။

     ဓမ္မဒိန္နာ သူဌေးကတော်သည် ခြင်္သေ့ခံသော လေသာနန်းပြုတင်းကို ဖွင့်၍ လမ်းမဖက်သို့ မျှော်ကြည့်လတ်သော် ဝိသာခသူဌေး၏ ဣန္ဒြေကြီးစွာဖြင့် လာနေပုံ အခြင်းအရာကို မြင်ရလေလျှင် “ငါ၏ အရှင်သခင် ဝိသာခသူဌေး ဤကဲ့သို့ ဣန္ဒြေကြီးစွာဖြင့် လာနေခြင်းသည် အဘယ်သို့ အကြောင်းထူးရှိပါလိမ့်”ဟု

၈၅

ကြံစည်အောက်မေ့ကာ သူဌေးကို ကြိုဆိုမှု ပြုလိုရကား အိမ်လှေကားဦး (=လှေကားရင်း)၌ ရပ်လျက် ဆွဲကိုင်စေရန် မိမိလက်ကို ဆန့်တန်းပေးလိုက်လေသည်။ ဝိသာခသူဌေးသည် အခြားလွန်ခဲ့သောနေ့များ၌ ဓမ္မဒိန္နာ သူဌေးကတော်၏လက်ကို ဆွဲကိုင်၍ အိမ်ပေါ်သို့ တက်ရောက်နေကျ ဖြစ်သော်လည်း ထိုနေ့၌မူ မိမိလက်ကို ကွေး၍ပင် ထားလိုက်လေ၏။ သူဌေးကတော်သည် “နံနက်စာ စားသောအခါ၌ သိရပေလိမ့်မည်”ဟု ကြံစည် အောက်မေ့ကာ စိတ်ကို ဖြေလိုက်လေ၏။ ဝိသာခသူဌေးသည် ရှေးအခါက ဓမ္မဒိန္နာ သူဌေးကတော်နှင့် အတူတကွ စားနေကျ ဖြစ်သော်လည်း ထိုနေ့၌မူ သူဌေးကတော်ကို မခေါ်ငင် မပန်ကြားတော့ပဲ ကမ္မဋ္ဌာန်းအားထုတ်သော ရဟန်းတော်တပါးကဲ့သို့ ဣန္ဒြေကြီးစွာဖြင့် တယောက်တည်းသာ စားလေ၏။ သူဌေးကတော်သည် “ညနေချမ်းကာလ၌ သိရပေလိမ့်မည်”ဟု ကြံစည် အောက်မေ့ကာ စိတ်ကို ဖြေသိပ်လေ၏။

     ဝိသာခသူဌေးသည် ထိုနေ့အဖို့ရာ ညချမ်းကာလ ရောက်လတ်သော် ကြက်သရေတိုက်ခန်းသို့ မဝင်ပဲ အခြားအခန်းတခုကို သုတ်သင်ရှင်းစေကာ ကပ္ပိယခဋင် ညောင်စောင်းတခုကို ခင်းစေ၍ တယောက်တည်းသာ အိပ်စက်လေ၏။ ဓမ္မဒိန္နာ သူဌေးကတော်သည် ထိုအခါကျမှ “ဤသူဌေးအဖို့ရာ အပြင်အပ၌ တောင့်တချစ်ခင်မှုပင် ရှိလေသလော၊ သို့မဟုတ် တစုံတယောက် စိတ်ဝမ်းကွဲအောင် ပြုလုပ်သူကပင် စိတ်ဝမ်းကွဲအောင် ပြုလုပ်အပ်လေသလော၊ သို့မဟုတ် ငါ၏ အပြစ်တစုံတရာပင် ရှိလေသလော”ဟု တွေးတောမိကာ လွန်စွာ့လွန်စွာ စိတ်နှလုံးမချမ်းသာပဲ တရက်နှစ်ရက်နေပြီးသောအခါ၌ “ဤမျှလောက်ဆိုလျှင် သိနိုင်လောက်ပြီ”ဟု ကြံစည် ဆင်ခြင်ကာ ဝိသာခသူဌေးအား ပြုစုမှုယုရန် သွားရောက်၍ ရှိခိုးလျက် ရပ်တည်နေလေ၏။ ထိုအခါ ဝိသာခသူဌေးနှင့် ဓမ္မဒိန္နာ သူဌေးကတော်တို့ အပြန်အလှန် မေးကြ, ဖြေကြသည်မှာ-

၈၆

(သူဌေး)

ဓမ္မဒိန္နာ.. အခါမဟုတ်ပဲ အဘယ့်ကြောင့် ရှင်မ လာရောက်သနည်း။

(သူဌေးကတော်)

ဟုတ်ပါသည် အရှင့်သား.. ကျွန်တော်မသည် အခါမဟုတ်ပဲ လာရောက်မိပါသည်။ အရှင့်သားသည် ယခုအခါ ရှေးကလို မဟုတ်တော့ပါ။ အသို့နည်း (=ဘယ့်နှယ်လဲ) အရှင့်သား၏ အဖို့ရာ ကျွန်တော်မမှ အပြင်အပ၌ တောင့်တချစ်ခင်မှုပင် ရှိလေသလော။

(သူဌေး)

မရှိပါဘူး ဓမ္မဒိန္နာ..။

(သူဌေးကတော်)

သို့မဟုတ်လျှင် အခြားတစုံတယောက် စိတ်ဝမ်းကွဲအောင် ပြုလုပ်သူ ရှိသလော။

(သူဌေး)

ဤသို့ စိတ်ဝမ်းကွဲအောင် ပြုလုပ်သူလည်း မရှိပါ။

(သူဌေးကတော်)

ထိုသို့ဖြစ်လျှင် တစုံတရာ ကျွန်တော်မ၏ အပြစ်ပင် ရှိပါသလော။

(သူဌေး)

သင်၏အပြစ်လည်း မရှိပါ ဓမ္မဒိန္နာ..။

(သူဌေးကတော်)

ထိုသို့ဖြစ်လျှင် အဘယ့်ကြောင့် အရှင့်သားတို့သည် ကျွန်တော်မနှင့် ပင်ကိုယ်ပကတိ ဇနီးမောင်နှံသဘောဖြင့် နှုတ်ခွန်းဆက်စကား, တုန့်ပြန်စကားကိုပင် မပြောကြားကြပါသနည်း။

     ထိုသို့ တိုက်ရိုက် မေးမြန်းသောအခါ ဝိသာခသူဌေးသည် “ဤငါသိရသော လောကုတ္တရာ တရားမည်သည် အလွန်ဝန်လေး အလေးပြုအပ်သည့် တရားဖြစ်၍ အရပ်စကား အရပ်အကြောင်းများလို ထင်ရှားပြထိုက်သည့် တရားမဟုတ်ချေ။ လျှို့ဝှက်ထားသင့်သော တရားဖြစ်ချေ၏၊ သို့သော်လည်း အကယ်၍ မဖြေကြားလျှင် ဤဓမ္မဒိန္နာ သူဌေးကတော်သည် နှလုံးပေါက်ကွဲကာ ဤနေရာမှာပင် သေလေရာ၏”ဟု ဆင်ခြင်စဉ်းစားမိ၍-

၈၇

“ဓမ္မဒိန္နာ.. ငါသည် မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာရသောကြောင့် လောကုတ္တရာ(ခေါ်သော) တရားကို ရရှိသိမြင်ခဲ့လေပြီ၊ ထိုသို့ လောကုတ္တရာတရားကို ရရှိသိမြင်သောသူ၏ အဖို့ရာ ဤသို့သဘောရှိသည့် လောကီအပြုအမူများသည် လားလားမျှ မသင့်တော့ချေ။ သင် အကယ်၍ အလိုရှိ (=သဘောတူညီ)ပါမူ သင့်ဖက်က ပါရှိလာသော ကုဋေလေးဆယ်, ငါ့ဖက်က ပါရှိလာသော ကုဋေလေးဆယ် = နှစ်ရပ်ပေါင်း ကုဋေရှစ်ဆယ်သော ဥစ္စာများ ဤအိမ်မှာ ရှိပေသည်။ ဤကုဋေရှစ်ဆယ်သော ဥစ္စာ၌ သင်သည် စိုးပိုင်သူဖြစ်ကာ ငါ၏ အမိအရာ၌ဖြစ်စေ, အမကြီးအရာ၌ဖြစ်စေ တည်နေပါလော့၊ သင်ပေးအပ်သည့် ထမင်းအစာမျှဖြင့်ပင် ငါသည် မျှတ၍ နေပါမည်။ အကယ်၍ ဤသို့ မပြုလုပ်လိုလျှင်လည်း ဤစည်းစိမ်ဥစ္စာတို့ကို ယူဆောင်ကာ မိဘအိမ်သို့ သင် ပြန်သွားပါလေ။ အကယ်၍ သင့်အဖို့ရာ အပြင်အပ၌ တောင့်တမှု မရှိဘူးပ-ဆိုလျှင် ငါသည် သင့်ကို နှမငယ်အရာ၌သော်၎င်း, သမီးအရာ၌သော်၎င်း ထား၍ ကျွေးမွေးစောင့်ရှောက်ပါမည်”-

ဟု ပွင့်လင်းကျယ်ပြန့်စွာ ပြောကြားလေ၏။ ဓမ္မဒိန္နာ သူဌေးကတော်သည် ထိုစကားကို ကြားသိရလျှင် “သာမန် ယောက်ျားတယောက်သည် ဤသို့ ပြောဆိုနိုင်သောဟူ၍ မရှိဖြစ်ချေသည်။ ဧကန်ပင် ဤအရှင့်သားသည် လောကုတ္တရာတရားကို ပိုင်းခြားထိုးထွင်း သိမြင်အပ်လေပြီ၊ အထူးအားဖြင့် ငါသိလိုသည်မှာ ထိုလောကုတ္တရာတရားကို ယောက်ျားများသာ ထိုးထွင်းသိထိုက်သလော၊ သို့မဟုတ် မာတုဂါမ မင်းမိန်းမများလည်း ထိုးထွင်းသိမြင်ခြင်းငှါ စွမ်းနိုင်သလော”ဟု ကြံစည်ပြီးလျှင် ဝိသာခသူဌေးကို “အရှင့်သား.. အသို့နည်း = ဘယ့်နှယ်လဲ ဤလောကုတ္တရာ တရားကို ယောက်ျားများသာ ရထိုက်ပါသလော၊

၈၈

မာတုဂါမ မင်းမိန်းမများလည်း ရနိုင်ပါသလော”ဟု တိုက်ရိုက်ပင် မေးမြန်းလေ၏။

     ထိုအခါ ဝိသာခသူဌေးက “ဘယ့်နှယ်ပြောပါလိမ့် ဓမ္မဒိန္နာ.. ဓမ္မာနုဓမ္မပဋိပတ်ကို ကျင့်ကြံကြိုးကုတ် အားထုတ်ကြသော သူတိုင်းပင် ဤလောကုတ္တရာ တရားအမွေကို ရယူနိုင်ကြကုန်၏။ မဂ်ဖိုလ်၏ ဥပနိဿယည်း ရှေးကုသိုလ်ပစ္စည်း ရှိသူတိုင်းပင် ဤလောကုတ္တရာတရားကို ရယူနိုင်ကြကုန်၏”ဟု ဖြေကြားပြောဆိုလေလျှင် ဓမ္မဒိန္နာ သူဌေးကတော်သည် “အရှင့်သား.. ထိုသို့ဖြစ်လျှင် ကျွန်တော်မအား ရှင်ရဟန်းမ-ပြုလုပ်ရန် ခွင့်ပြုတော်မူကြပါကုန်လော့”ဟု ခွင့်ပန်စကား ပြောကြားလေ၏။ ထိုအခါ ဝိသာခသူဌေးသည် “ကောင်းပြီ ရှင်မ.. ငါသည်လည်း သင့်ကို ဤလောကုတ္တရာ တရားလမ်းခရီး၌ပင် ယှဉ်စေလို (=တိုက်တွန်းလို)ပါ၏။ သို့သော်လည်း ရှင်မ၏ စိတ်အလိုကို မသိသည့်အတွက် မပြောကြား မတိုက်တွန်းခဲ့မိချေ”ဟု ပြောဆိုပြီးလျှင် ထိုခဏမှာပင် ဗိမ္ဗိသာရမင်းကြီးအထံသို့ သွားရောက်၍ ရှိခိုးကာ ရပ်တည်နေလေ၏။

     ဗိမ္ဗိသာရမင်းကြီးက “သူဌေး.. အဘယ့်ကြောင့် အခါမဟုတ်ပဲ လာရောက်သနည်း”ဟု မေးလေလျှင် ဝိသာခသူဌေးသည် “မြတ်သောမင်းကြီး.. ဓမ္မဒိန္နာ သူဌေးကတော်သည် ရှင်ရဟန်းမ ပြုတော့မည်ဟု ပြောဆိုပါသည်”ဟု လျှောက်ထားလေ၏။ မင်းကြီးက “ဓမ္မဒိန္နာ သူဌေးကတော်အတွက် အဘယ်ဝတ္ထုကို ရသင့်သနည်း = ရလိုသနည်း”ဟု မေးလေလျှင် ဝိသာခသူဌေးသည် “အခြားတစုံတရာဝတ္ထုကို ရလိုမှုမရှိပါ၊ အရှင်မင်းကြီး.. ရွှေထမ်းစင်ကိုလည်း ရသင့်ပါ၏ = ရလိုပါ၏၊ မြို့တော်ကိုလည်း သုတ်သင် ရှင်းလင်းစေခြင်းငှါ ရလိုပါ၏”ဟု လျှောက်ထားလေ၏။ မင်းကြီးသည် ဝိသာခသူဌေး လျှောက်ထားသည့်အတိုင်း ရွှေထမ်းစင်ကိုပေး၍ မြို့တော်ကို သုတ်သင်ရှင်းစေလေ၏။

၈၉

ခမ်းနားစွာ ဘိက္ခုနီမ ပြုပေးခြင်း

     ဝိသာခသူဌေးသည် ဓမ္မဒိန္နာသူဌေးကတော်ကို နံ့သာရေဖြင့် ရေချိုးစေ၍ အဆင်တန်းဆာစုံတို့ဖြင့် တန်ဆာဆင်စေပြီးလျှင် ရွှေထမ်းစင်ထက်၌ တက်ရောက် ထိုင်နေစေလျက် ဆွေမျိုးအပေါင်းကို ဝန်းရံလိုက်ပါစေပြီးနောက် မြို့တော်ကို နံ့သာဖြင့် ထုံလှိုင်အောင် ပြုသည့်အလား များစွာသော နံ့သာ,ပန်းမာလ် စသည် တို့ဖြင့် ပူဇော်မှုပြုလုပ်ကာ ဘိက္ခုနီမများ နေထိုင်ရာ ကျောင်းတိုက်သို့ သွားရောက်၍ “အရှင်မကြီးတို့ဘုရား.. အကျွန်ုပ်၏ကြင်ဖော် ဓမ္မဒိန္နာ သူဌေးကတော်ကို ရှင်ရဟန်းမ ပြုပေးတော်မူကြပါဘုရား”ဟု လျှောက်ထားပြောဆိုလေ၏။ ဘိက္ခုနီမတို့က (အပြစ်ရှိ၍ ထိုသို့လျှောက်ထားသည်ဟု ထင်မှတ်ကြကာ) “ဒါယကာသူဌေး.. တခါနှစ်ခါ မှားမိသောအပြစ်များကို သည်းခံသင့်ပါသည်”ဟု ပြောဆိုကြလေလျှင် ဝိသာခသူဌေးသည် “အရှင်မကြီးတို့ဘုရား.. ဓမ္မဒိန္နာ သူဌေးကတော်မှာ တစိုးတစိ အပြစ်မရှိပါ။ ဓမ္မဒိန္နာသည် သဒ္ဓါကြည်ညိုသဖြင့် ရှင်ရဟန်းမ-ပြုလိုသူ ဖြစ်ပါသည်”ဟု လျှောက်ထားလေ၏။ ထိုအခါ ဝိနည်းအရာ လိမ္မာကျွမ်းကျင်သော ထေရီတပါးသည် ဓမ္မဒိန္နာ သူဌေးကတော်အား တစပဉ္စကကမ္မဋ္ဌာန်းကို ဟောကြားပြီးလျှင် ဆံတို့ကို ပယ်ချရိတ်ဖြတ်၍ ရှင်ရဟန်းမ ပြုပေးလေ၏။ ဝိသာခသူဌေးသည်လည်း ဓမ္မဒိန္နာထေရီကို “အရှင်မဘုရား.. သာသနာတော်၌ မွေ့လျော်စွာ နေတော်မူပါ၊ မြတ်စွာဘုရားသည် တရားတော်ကို စ, လယ်, အဆုံး = သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ဟောကြားအပ်ပါပြီ”ဟု လျှောက်ထား၍ ရှိခိုးပြီးလျှင် အိမ်သို့တဖန် ဖဲသွားလေ၏။

     ဓမ္မဒိန္နာထေရီမ၏ အဖို့ရာ ရဟန်းမ-ပြုသောနေ့မှ စ၍ များစွာသော လာဘ်ပူဇော်သက္ကာရ ဖြစ်ရှိရရှိလေသည်။ ထေရီသည် ထိုသို့ လာဘ်ပူဇော်သက္ကာရ များလှသောကြောင့်ပင် ရဟန်းတရား အားထုတ်ခွင့်ကို မရနိုင်ပဲရှိလေသည်။

၉၀

(ဤတိုင်အောင်သော စကားစုကား မဇ္ဈိမနိကာယ် မူလပဏ္ဏာသအဋ္ဌကထာ စူဠဝေဒလ္လသုတ်အဖွင့်မှ ဖြစ်သည်)။

     ဓမ္မဒိန္နာထေရီသည် ရဟန်းမ ပြုပြီးလတ်သော် “ဤဝိသာခသူဌေးသည် အိမ်အလယ်၌ တည်နေစဉ်ပင် သံသရာဝဋ်ဒုက္ခဆုံးအောင် ပြုတုံသေး၏၊ ရှင်ရဟန်းမ-အဖြစ်ကို ရသောအချိန်မှစ၍ ငါသည်လည်း သံသရာ ဝဋ်ဒုက္ခဆုံးအောင် ကျင့်ဆောင်ကြိုးကုတ် အားထုတ်မှ သင့်တော့မည်”ဟု ကြံစည်ဆင်ခြင်မိကာ ဆရာ, ဥပဇ္ဈာယ်ဖြစ်သော ထေရီမကြီးတို့ထံသို့ သွားရောက်၍ “အရှင်မကြီးတို့ဘုရား.. တပည့်တော်မ၏အဖို့ရာ အာရုံငါးပါး ရောပြွမ်းရှုပ်ထွေးသော နေရာဌာန၌ စိတ်သည် မပျော်ပိုက်ပါ။ ရွာငယ်တောကျောင်းတခုသို့ သွားလိုသည်”ဟု လျှောက်ထားလေ၏။ ထေရီမကြီးတို့သည် အမျိုးကြီးမှ တောထွက်ကာ ရဟန်းမ-ပြုသူ ဖြစ်ခြင်းကြောင့် ထိုဓမ္မဒိန္နာထေရီမ၏ စိတ် (တောကျောင်းနေလိုသော စိတ်)ကို မတားနိုင်ကုန်ရကား ဓမ္မဒိန္နာထေရီမကို ခေါ်ဆောင်ကြကာ ရွာငယ်ကျောင်းတခုသို့ သွားကြလေကုန်၏။

     ဓမ္မဒိန္နာထေရီသည် ရှေးလွန်လေပြီးသော ဘဝများက သင်္ခါရတရားတို့ကို ဉာဏ်ပညာဖြင့် ကြိတ်ချေ (သုံးသပ်)ခဲ့ဘူးသူ ဖြစ်သောကြောင့် မကြာမြင့်မီပင်လျှင် ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်သဖြင့် ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေ၏ = ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်လေ၏။ ထို့နောက် ဓမ္မဒိန္နာထေရီသည် “ငါ၏ ရဟန်းကိစ္စကား အထွတ်အထိပ်သို့ ရောက်ခဲ့လေပြီ၊ ဤတောအရပ်၌နေ၍ အဘယ်အမှု ပြုတုံအံ့နည်း = ပြုဖွယ်မရှိ၊ ရာဇဂြိုဟ်ပြည်သို့သာလျှင် ငါပြန်ပေအံ့၊ ထိုရာဇဂြိုဟ်ပြည်၌ ငါ့ကိုအမှီပြု၍ များစွာသော ဆွေမျိုးအပေါင်းသည် ကောင်းမှုတို့ကို ပြုကြရပေလိမ့်မည်”ဟု ကြံစည်ဆင်ခြင်မိကာ ဆရာ,ဥပဇ္ဈာယ် ထေရီမကြီးတို့ကို ပင့်ခေါ်ခဲ့၍ ရာဇဂြိုဟ်ပြည်သို့သာလျှင် တဖန် ပြန်၍လာလေ၏။

၉၁

ဝိသာခသူဌေး ပြဿနာမေးခြင်း

     ဝိသာခသူဌေးသည် “ဓမ္မဒိန္နာထေရီမ ရာဇဂြိုဟ်ပြည်သို့ ပြန်လာသတဲ့”ဟူသော သတင်းစကားကို ကြားသိရ၍ “ဓမ္မဒိန္နာသည် ရဟန်းမ-ပြုပြီးလျှင် မကြာမီပင် ဇနပုဒ်= တိုက်နယ်သို့ သွားခဲ့လေပြီ၊ သွားပြီးလျှင်လည်း မကြာမီပင် ပြန်လာလေပြီ၊ အဘယ်သို့ ဖြစ်မှာပါလိမ့်၊ ကိုယ်တိုင်သွားရောက်၍ သိအောင် စုံစမ်းဦးအံ့”ဟု ကြံစည်၍ ညနေချမ်းအခါ၌ ဓမ္မဒိန္နာထေရီအထံသို့ သွားရောက်ရှိခိုးကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေပြီးသော် “အရှင်မ.. သာသနာတော်၌ မွေ့လျော်၏လော, မမွေ့လျော်ဘူးလော”ဟု ဤသို့မေးခြင်းသည် ပညာရှိတို့အလုပ် မဟုတ်ချေ။ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ကပ်ကာဆောင်၍ ပြဿနာကို မေးလျှောက်ပေအံ့၊ အမေးပုစ္ဆာ ပြဿနာကို ဖြေဆိုခြင်း (ဖြေဆိုပုံ)ဖြင့်ပင် ထိုဓမ္မဒိန္နာ၏ သာသနာ၌ မွေ့လျော်ခြင်း, မမွေ့လျော်ခြင်းကို ငါသိအောင် စုံစမ်းပေအံ့”ဟု ကြံစည်ဆင်ခြင်ပြီးလျှင် ခန္ဓာငါးပါးအစရှိသော အစွမ်းအားဖြင့် ပြဿနာတို့ကို မေးမြန်းလေသည်။ (ဤ၌ ဝိသာခသူဌေး၏ မေးပုံ, ဓမ္မဒိန္နာထေရီ၏ ဖြေပုံ အလုံးစုံအကျယ်ကို ပိဋကတ်တော် မြန်မာပြန် မူလပဏ္ဏာသ၊ ၅-စူဠယမကဝဂ်၊ ၄-စူဠဝေဒလ္လသုတ်၊ စာမျက်နှာ ၃၈၅-မှ စ၍ ကြည့်ရှု မှတ်ယူကုန်ရာ၏)။

     ဓမ္မဒိန္နာ ရဟန္တာထေရီသည် သန်လျက်ဖြင့် ကြာရိုးကို ဖြတ်သကဲ့သို့ မေးတိုင်းမေးတိုင်းသော ပြဿနာစုကို မဆုတ်မဆိုင်း မြင်းလျင်စိုင်းသကဲ့သို့ ဟုတ်တိုင်းမှန်ရာ ဖြေဆိုလေ၏။ ဝိသာခသူဌေးသည် ဓမ္မဒိန္နာထေရီ၏ ဉာဏ်ထက်မြက်ခြင်းကို သိရှိ၍ မိမိရအပ် သိအပ်ပြီးသော အရာဝယ် အစဉ်အတိုင်း အောက်မဂ်သုံးပါးတို့၌ မေးသင့်သမျှ ခြင်းရာဥဿုံ ကုန်အောင်စုံအောင် မေးပြီးလျှင် နာယူသင်ကြား မှတ်သားဘူးသောအားဖြင့် (=ကိုယ်တိုင် ရသည် သိသည် မဟုတ်ပဲ) အရဟတ္တမဂ်၌လည်း ပြဿနာကို မေးမြန်းပြန်လေသည်။ ဓမ္မဒိန္နာထေရီသည်လည်း ဝိသာခသူဌေး၏ အဖို့ရာ အနာဂါမိဖိုလ်တိုင်အောင်သာ မေးဖို့ရန်

၉၂

အရာဖြစ်သည်ကို သိရှိ၍ “ယခုအခါ ဝိသာခသူဌေးသည် မိမိ၏ မေးသင့်သော အရာနယ်ပယ်ကို လွန်၍ ပြေးသွားလေပြီ”ဟု ဆင်ခြင်သိရှိ၍ ဝိသာခသူဌေးကို တန့်ရပ်စေလို နစ်စေလိုရကား-

“အရှင်မ.. ငြိမ်းအေးမှု = နိဗ္ဗာန်၏ ပြိုင်ဖက်ကား အဘယ်ပါနည်း”-

ဟူ၍ ဝိသာခသူဌေးက မေးအပ်လေလျှင်-

“ဒါယကာဝိသာခ.. သင်သည် ပြဿနာကို လွန်၍သွားပြီ (=မေးသင့်သည်ထက် ပိုလွန်၍ သင်မေးမိလေပြီ-ဟု ဆိုလိုသည်)၊ သင်သည် ပြဿနာတို့၏ အဆုံးအပိုင်းအခြားကို ယူရန် မစွမ်းနိုင် (=နိဗ္ဗာန်တရားကား ပြိုင်ဖက်မရှိသောတရား ဖြစ်သည်။ ယင်းသို့ ပြိုင်ဖက်မရှိသော နိဗ္ဗာန်၏ ပြိုင်ဖက်ကား အဘယ်ပါနည်း-ဟု မေးသော သင်သည် ပြဿနာ၏ အပိုင်းအခြား ပမာဏကို မယူစွမ်းနိုင်ဟု ဆိုလိုသည်)။ မှန်ပါသည် ဒါယကာဝိသာခ.. သုံးပါးသိက္ခာ သာသနာ တည်းဟူသော မြတ်သောအကျင့်သည် နိဗ္ဗာန်သို့ သက်ဝင်၏၊ နိဗ္ဗာန်လျှင် လားရာရှိ၏။ နိဗ္ဗာန်လျှင် အဆုံးရှိ၏။ ဒါယကာဝိသာခ.. အလိုရှိခဲ့မှု (=မကျေနပ်သေး၍ ထပ်မေးလိုလျှင်) သင်သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထိုအနက်အဓိပ္ပါယ် အကြောင်းအရာကို မေးလျှောက်လော့၊ သင့်အား မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း ထိုအနက်အဓိပ္ပါယ် အကြောင်းအရာကို မှတ်လော့”—

ဟု ပြတ်ပြတ်သားသား မိန့်ကြား ပြောဆိုလိုက်လေသည်။

     ထိုအခါ ဝိသာခသူဌေးသည် မြတ်စွာဘုရားရှင် အထံတော်သို့ သွားရောက်၍ မိမိက မေးပုံ, ဓမ္မဒိန္နာထေရီမက ဖြေပုံ အလုံးစုံကို မြတ်စွာဘုရားအား လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်သည် ဝိသာခသူဌေး လျှောက်ထားသည့်စကားကို ကြားသိတော်မူရလေလျှင် “ငါ့သမီးတော် ဓမ္မဒိန္နာထေရီ၏ သန္တာန်မှာ အတိတ်,

၉၃

အနာဂတ်, ပစ္စုပ္ပန် ခန္ဓာတရားတို့၌ တပ်မက်မှု = တဏှာလောဘ မရှိတော့ချေ”ဟု မိန့်တော်မူ၍ ဓမ္မပဒကျမ်းဝယ်-

ယဿ ပုရေ စ ပစ္ဆာ စ၊ မဇ္ဈေ စ နတ္ထိ ကိဉ္စနံ။

အကိဉ္စနံ အနာဒါနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဂဟပတိ = ဒါယကာ ဝိသာခသူဌေး..။ ယဿ = အမှတ်မထင် အကြင်သူ၏ (သန္တာန်၌)။ ပုရေ စ = ရှေးကဖြစ်ငြား အတိတ်ခန္ဓာတရားတို့၌၎င်း။ ပစ္ဆာ စ = နောင်ဖြစ်ပေါ်လာမည့် အနာဂတ်ခန္ဓာ တရားတို့၌၎င်း။ မဇ္ဈေ စ = အတိတ်နှင့် အနာဂတ် နှစ်သွယ်တို့၏ အလယ်ခေါ်ငြား ပစ္စုပ္ပန်ခန္ဓာတရားတို့၌၎င်း။ ကိဉ္စနံ = ငါ့ ဥစ္စာဟု တဏှာအစွဲ ခေါ်မြဲမူလ ကြောင့်ကြတရားသည်။ နတ္ထိ = တစိုးတစိ မရှိချေ။ အကိဉ္စနံ = ရာဂ- စသည် ထိုဤများလှ ကြောင့်ကြဘိခြင်း အလျှင်းမရှိသော။ အနာဒါနံ = တစုံတခုသော တရားကိုမျှ စွဲယူခြင်း အလျှင်းမရှိသော။ တံ တာဒိသံ = ထိုသို့ရှုအပ် ပုဂ္ဂိုလ်မြတ်ကို။ အဟံ = လူသုံးပါးတို့ဆရာ ငါဘုရားသည်။ ဗြာဟ္မဏံ = ဗာဟိတပါပ အနွတ္ထကြောင့် ဗြာဟ္မဏခေါ်ဆို ပုဂ္ဂိုလ်သူမြတ်ဟူ၍။ ဗြူမိ = ပရမတ္ထ သဘာဝအား ဟောကြားပေ၏” -

ဟူသော ဤတရားဂါထာကို ဟောကြားတော်မူလေ၏။ (ဒေသနာနိဂုံး ဆုံးလတ်သောအခါ များစွာသောသူတို့သည် သောတာပတ္တိဖိုလ်- စသည်တို့သို့ ဆိုက်ရောက်ကြလေကုန်၏။ ။ဓမ္မပဒ ဋ္ဌ ၂၊ မျက်နှာ ၄၅၂-မှ)။

     ထို့နောင်မှ မြတ်စွာဘုရားရှင်သည် ဓမ္မဒိန္နာထေရီအား သာဓုကောင်းကြီး ပေးတော်မူပြီးလျှင် ဝိသာခသူဌေးကို “ဒါယကာဝိသာခ.. ဓမ္မဒိန္နာရဟန်းမသည် ပညာရှိ၏။ ဒါယကာဝိသာခ.. ဓမ္မဒိန္နာရဟန်းမသည် များမြတ်သော ပညာရှိ၏။ ဒါယကာဝိသာခ.. ငါဘုရားကို အကယ်၍ ထိုအနက်သဘောကို သင်မေးမြန်းလျှင် ငါဘုရားသည်လည်း ထိုအနက်သဘောကို

၉၄

ဓမ္မဒိန္နာရဟန်းမ ဖြေကြားသကဲ့သို့ပင် ဖြေကြားရာ၏။ ထိုပြဿနာ၏ အနက်သည် ဤအနက်ပင်တည်း။ ဤသို့ ဓမ္မဒိန္နာရဟန်းမ ဖြေကြားသည့်အတိုင်းပင် ထိုအနက်သဘောကို သင် မှတ်ယူလေလော့”ဟု မိန့်တော်မူ၏။ (ဤအကြောင်းအရာ အဋ္ဌုပ္ပတ်ကား ဓမ္မဒိန္နာထေရီမအဖို့ “ဓမ္မကထိက = တရားဟောကောင်းသောအရာ တရားဟောမှု၌ လိမ္မာသော အရာဝယ်” အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူး ရရှိရန် ဖြစ်ပေါ်ခဲ့လေသည်)။

(ဤ၌။ ။မြတ်စွာဘုရားရှင်က ဆိုအပ်ပြီးသည့်အတိုင်း ထောက်ခံ မိန့်ဆိုတော်မူချက်ဖြင့်ပင် ထိုစူဠဝေဒလ္လသုတ္တန် တခုလုံးသည် တပည့်သာဝကဟောသည့် = သာဝကဘာသိတသုတ္တန် မဟုတ်တော့ပဲ မြတ်စွာဘုရား ဟောကြားအပ်သည့် = ဇိနဘာသိတသုတ္တန် ဖြစ်လေတော့၏။ ဥပမာအားဖြင့် မင်းမှုထမ်းတို့ ရေးသားအပ်သော သဝဏ်လွှာသည် မင်းတံဆိပ် မခတ်နှိပ်သေးသမျှ မင်း၏သဝဏ်လွှာ မမည်သေးပဲ မင်းတံဆိပ် ခတ်နှိပ်ပြီးကာမျှမှာပင် မင်း၏သဝဏ်လွှာ မည်လေတော့သကဲ့သို့ ထို့အတူ “ငါဘုရားသည်လည်း ထိုအနက်သဘောကို ဓမ္မဒိန္နာရဟန်းမ ဖြေကြားသကဲ့သို့ပင် ဖြေကြားရာ၏”ဟူသော ဤမြတ်စွာဘုရား၏ နှုတ်တော်ကျူးညိတ် တံဆိပ်ခတ်အပ်လေသောကြောင့် ဤစူဠဝေဒလ္လသုတ္တန် တခုလုံးသည် မြတ်စွာဘုရား ဟောကြားအပ်သည့် ဇိနဘာသိတသုတ္တန် ဖြစ်လေတော့၏-ဟု အထူးကို မှတ်ယူရာ၏။ တပါးသော သုတ္တန်တို့၌လည်း ဤနည်းအတူတည်း)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     နောက်တချိန်ဝယ် မြတ်စွာဘုရားသည် သာဝတ္ထိပြည်မွန် ဇေတဝန်ရွှေကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူစဉ် အစဉ်အတိုင်း ဘိက္ခုနီမတို့ကို ဧတဒဂ်ရာထူး ဌာနန္တရ၌ ထားတော်မူလတ်သည်ရှိသော် ဤစူဠဝေဒလ္လသုတ္တန်ကိုပင် အကြောင်းရင်း အဋ္ဌုပ္ပတ် ပြုတော်မူ၍ ဓမ္မဒိန္နာထေရီကို ဤသာသနာတော်၌-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဘိက္ခုနီနံ ဓမ္မကထိကာနံ ယဒိဒံ ဓမ္မဒိန္နာ = ရဟန်းတို့.. တရားဟော ကောင်းကြ = တရားဟောခြင်း၌ လိမ္မာကြသည့် ငါဘုရား၏

၉၅

တပည့်မသာဝိကာ ဘိက္ခုနီမတို့တွင် ဓမ္မဒိန္နာဘိက္ခုနီသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”–

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ဓမ္မကထိက = တရားဟောကောင်းသော အရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား ဓမ္မဒိန္နာထေရီ အကြောင်းတည်း။

**********

(၆) နန္ဒာထေရီအကြောင်း

(ဤ၌။ ။နန္ဒာထေရီဟူသည်မှာ ဇနပဒကလျာဏီ ရူပနန္ဒာထေရီကိုပင် ခေါ်သည်၊ ထိုထေရီမ၏ အကြောင်းကို အောက် မဟာဗုဒ္ဓဝင် စတုတ္ထတွဲ၊ စာမျက်နှာ ၃၄၄၊ “ဝိဇယသုတ္တန် မြန်မာပြန် နောက်ဆက်တွဲ” အခဏ်း၌ အကျယ်ရေးသား ဖော်ပြအပ်ခဲ့ပြီးဖြစ်၍ ဤအခဏ်း ၄၄-၌ အင်္ဂုတ္တိုရ်အဋ္ဌကထာလာတိုင်းသာ အကျဉ်းအားဖြင့် ရေးသား ဖော်ပြပေအံ့)-

(က) ထေရီမ၏ ရှေးဆုတောင်း

     ဤနန္ဒာထေရီအလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသမီး (=သူဌေးသမီး)ဖြစ်၍ နောက်တချိန်ဝယ် မြတ်စွာဘုရား၏ တရားတော်ကို နာကြားစဉ် မြတ်စွာဘုရားရှင်က ဘိက္ခုနီမတပါးကို ဈာန်ဝင်စားမွေ့လျော်သော အရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုရာထူးဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းမ-ပြုခြင်း

     ထိုအမျိုးကောင်းသမီးသည် ထိုဘဝမှနောက် ကမ္ဘာတသိန်း ကာလပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့၍ ဤနောက်ဆုံး ပစ္ဆိမဘဝဝယ် နန္ဒမင်းသား၏ နှမတော် (ကြင်ယာလောင်း)

၉၆

နန္ဒာမင်းသမီး ဖြစ်၍လာလေသည်။ ထိုမင်းသမီးကို အဘိရူပနန္ဒာမင်းသမီး ဟူ၍လည်း ခေါ်ဆိုအပ်၏။ ထို မင်းသမီးသည် နောက်အဖို့ဝယ် အလွန်တင့်တယ်သော ရုပ်အဆင်းရှိသူ ဖြစ်ခြင်းကြောင့် ဇနပဒကလျာဏီ အမည်တွင်လေသည်။

     မိထွေးတော်ကြီး မဟာပဇာပတိ ဂေါတမီ၏ သမီးအရင်း ထိုဇနပဒကလျာဏီ အဘိရူပနန္ဒာမင်းသမီးသည် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူ၍ အစဉ်သဖြင့် ကပိလ၀တ်နေပြည်တော်သို့ ကြွလာတော်မူကာ နန္ဒမင်းသား, ရာဟုလမင်းသားတို့ကို ရှင်ရဟန်းပြုပေးပြီး ဖဲကြွတော်မူပြီး နောက် သုဒ္ဓေါဒနမင်းတရားကြီး ပရိနိဗ္ဗာန် ဝင်စံပြီးသောအခါ “မယ်တော် မဟာပဇာပတိ ဂေါတမီနှင့် အမတော် ရာဟုလမယ်တော် ယသောဓရာ မိဖုရားတို့သည် အိမ်ရာတည်ထောင် လူ့ဘောင်မှထွက်၍ မြတ်စွာဘုရားအထံတော်၌ ရဟန်းမ ပြုကြကုန်ပြီ”ဟူသော သတင်းစကားကို ကြားသိရ၍ “ငါအဖို့ရာ ဤမယ်တော်, အမတော်တို့ ရဟန်းမ ပြုကြသော အချိန်မှစ၍ ဤရွှေနန်းတော်ဝယ် အဘယ်အမှု ပြုရန်ရှိတော့အံ့နည်း = မရှိတော့သည်သာတည်း”ဟု ကြံစည်ဆင်ခြင်မိကာ မယ်တော် မဟာပဇာပတိဂေါတမီ ထေရီမကြီးအထံသို့ သွားရောက်၍ ရဟန်းမ ပြုလေ၏။

     ရဟန်းမ-ပြုပြီးသော နေ့မှစ၍ “မြတ်စွာဘုရားသည် ရုပ်အဆင်းကို ကဲ့ရဲ့တော်မူ၏”ဟု အောက်မေ့ကာ မြတ်စွာဘုရားရှင်အထံသို့ ဆည်းကပ်ရန် မသွားရောက်ခဲ့ချေ။ အဆုံးအမ ဩဝါဒ ခံယူရန် အလှည့်အကြိမ် ရောက်လတ်သော်လည်း ကိုယ်တိုင်မသွားပဲ အခြား ဘိက္ခုနီမကိုသာ ကိုယ်စားစေလွှတ်၍ အဆုံးအမ = ဩဝါဒကို ဆောင်ယူစေလေသည်။ မြတ်စွာဘုရားရှင်သည် နန္ဒာထေရီမ၏ ရုပ်မာန်ယစ်၍နေကြောင်း ကောင်းစွာ သိတော်မူ၍ “ဘိက္ခုနီများသည် မိမိအတွက် ဩဝါဒကို မိမိကိုယ်တိုင်သာ လာရောက်၍ ခံယူကြရမည်၊ ဘိက္ခုနီများသည် အခြားဘိက္ခုနီမကို ကိုယ်စားမလွှတ်ရ”ဟု ထပ်ဆင့်၍ အမိန့်တော်ထုတ်ပြန် မိန့်ကြားတော်မူလေ၏။

၉၇

ထိုအခါ ရူပနန္ဒာထေရီသည် တိမ်းရှောင်ရန် အခြားလမ်းကို မမြင်ရတော့, မတွေ့ရတော့သည်ဖြစ်၍ အလိုမရှိပဲပင် အဆုံးအမခံယူရန် မြတ်စွာဘုရားထံတော်သို့ သွားရောက်ရလေတော့၏။

     မြတ်စွာဘုရားသည် ရူပနန္ဒာထေရီ၏ စရိုက်နှင့် လိုက်လျောညီညွတ်အောင် စောစီးကပင် ကြိုတင်၍ တန်ခိုးတော်ဖြင့် မိန်းမလှ နိမ္မိတရုပ်တခုကို ဖန်ဆင်းလျက် ထန်းရွက်ယပ်ဝန်းကို ကိုင်စွဲကာ ကိုယ်တော်မြတ်ကို ယပ်ခပ်ပေးနေသည့်အဟန် စီမံဖန်ဆင်း၍ ထားတော်မူလေသည်။ ရူပနန္ဒာထေရီသည် ထိုနိမ္မိတ = မိန်းမလှရုပ်ကို မြင်ရလေလျှင် “ဩ.. ငါသည် အကြောင်းမဟုတ်ပဲလျက်လျှင် မေ့လျော့ကာ မြတ်စွာဘုရားရှင် အထံတော်သို့ မလာမိချေတကား၊ ဤသို့စင် တင့်တယ်လှသည့် မိန်းမများသည်လည်း မြတ်စွာဘုရား အနီး၌ အကျွမ်းတဝင် ဝတ်ပြုကာ လှည့်လည်နေထိုင်ကြကုန်၏၊ ငါ၏အဆင်းကား ဤမိန်းမလှတို့၏ အဆင်းနှင့် နှိုင်းစာလျှင် တဆယ့်ခြောက်စိတ် ဆယ့်ခြောက်ပြန်စိတ်(=၂၅၆-စိတ် စိတ်)သော်လည်း တစိတ်လောက်မျှ မမှီပါတကား၊ ငါသည် မသိသား ဆိုးဝါးသည့်အတွက် ဤမျှကာလကြာအောင် မြတ်စွာဘုရားအထံတော်သို့ မလာရောက်မိချေတကား”ဟု အောက်မေ့၍ ထိုနိမ္မိတ မိန်းမလှအာရုံနိမိတ်ကို ယူကာ စူးစူးစိုက်စိုက် ကြည့်ရှုလျက် ရပ်တည်နေလေ၏။

     မြတ်စွာဘုရားသည် ထိုရူပနန္ဒာထေရီအား ရှေးကောင်းမှု ကုသိုလ်နှင့် ပြည့်စုံသူ ဖြစ်သောကြောင့် ဓမ္မပဒကျမ်းဝယ် “အဋ္ဌီနံ နဂရံ ကတံ”- အစရှိသော တရားဂါထာကို ဟောတော်မူ၍ ထို့နောက်ဆက်ကာ “စရံ ဝါ ယဒိ ဝါ တိဋ္ဌံ၊ နိသိန္နော ဥဒ ဝါ သယံ” အစရှိသော သုတ္တနိပါတ် ပါဠိတော်လာ ဝိဇယသုတ္တန်ကို ဟောကြားတော်မူလေ၏။ ရူပနန္ဒာထေရီသည် ဝိဇယသုတ္တန် တရားဒေသနာကိုပင် အဖန်ဖန် နှလုံးသွင်း၍ သုညတကမ္မဋ္ဌာန်းကို စီးဖြန်းကြိုးကုတ် အားထုတ်လတ်ရကား ၂-ရက် ၃-ရက်အတွင်း၌ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေ၏။

၉၈

(အကြောင်းအရာ အကျယ်ကို မဟာဗုဒ္ဓဝင် စတုတ္ထတွဲ၊ စာမျက်နှာ ၃၄၄-မှစ၍ ကြည့်ရှုကုန်ရာ၏)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     ရူပနန္ဒာထေရီသည် အရဟတ္တဖိုလ်သို့ ရောက်ပြီးသော အချိန်မှစ၍ ဈာန်ဖြင့် မွေ့လျော် ပျော်ပိုက်ကြသော (=ဈာန်ဝင်စားကြသော) ဘိက္ခုနီတို့တွင် အထွတ်အဦးရောက် ထူးချွန်စွာ ဈာန်ဝင်စားသူ ဖြစ်လေသည်။ ထို့ကြောင့်ပင် မြတ်စွာဘုရားရှင်သည် နောက်အဖို့ဝယ် ဇေတဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူစဉ် အစဉ်အတိုင်း ဘိက္ခုနီမတို့ကို ဧတဒဂ်ရာထူး ဌာနန္တရ၌ ထားတော်မူသည်ရှိသော် နန္ဒာထေရီ ဘိက္ခုနီကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဘိက္ခုနီနံ ဈာယီနံ ယဒိဒံ နန္ဒာ = ရဟန်းတို့.. ဈာန်ဝင်စားလေ့ရှိကြသော ငါဘုရား၏ တပည့်မ သာဝိကာ ဘိက္ခုနီတို့တွင် နန္ဒာထေရီ ဘိက္ခုနီသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ဈာယီ = ဈာန်ဝင်စားလေ့ရှိသောအရာ = ဈာန်ဖြင့် မွေ့လျော် ပျော်ပိုက်လေ့ရှိသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား နန္ဒာထေရီ အကြောင်းတည်း။

**********

(၇) (ဗဟုပုတ္တိက) သောဏာထေရီအကြောင်း

(က) ထေရီမ၏ ရှေးဆုတောင်း

     ဤ(ဗဟုပုတ္တိက) သောဏာထေရီအလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော် အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ သူဌေးသမီးဖြစ်၍ နောက်အဖို့ဝယ် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရစဉ် မြတ်စွာဘုရားရှင်က

၉၉

ဘိက္ခုနီမတပါးကို “အာရဒ္ဓဝီရိယ = လုံ့လပြင်းထန် ထက်သန်သော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်ရ၍ အားကျနှစ်သက်ကာ အဓိကာရ ကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုအာရဒ္ဓဝီရိယ ဧတဒဂ်ရာထူးကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းမ-ပြုခြင်း

     ထိုသူဌေးသမီးသည် ကမ္ဘာတသိန်းကြာ ကာလပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့၍ ဤဘုရားမြတ်စွာ ပွင့်ထွန်းတော်မူရာ ကာလဝယ် သာဝတ္ထိပြည်၌ သူဌေးသမီးဖြစ်၍ အရွယ်သို့ရောက်လတ်သော် အရှင်သခင် လင်ယောက်ျား သူဌေးသားအိမ်သို့ လိုက်ပါရကာ သားသမီး (၁၀) တကျိပ်ထွန်းကား ရရှိရကား “ဗဟုပုတ္တိက-သောဏာ”ဟူ၍ ထင်ရှားလေသည်။

     ဗဟုပုတ္တိက-သောဏာ သူဌေးကတော်သည် နောက်တချိန်ဝယ် အရှင်သခင် လင်ယောက်ျား သူဌေးသား ရဟန်းပြု၍ သွားလတ်သော် အရွယ်သို့ရောက်ကြသည့် သားသမီးတကျိပ်တို့ကို အိမ်ထောင်ထိမ်းမြား နေရာချထားပြီးလျှင် အလုံးစုံသော ဥစ္စာကို သားသမီးတို့အား အမွေခွဲဝေ၍ ပေးလေ၏၊ မိမိအတွက် အနည်းငယ်သော ဥစ္စာကိုမျှ ချန်၍မထားချေ။ ဗဟုပုတ္တိက-သောဏာ သူဌေးကတော်ကို သားများ သမီးများက နှစ်ရက်သုံးရက်မျှသာ ကြည်သာယုယ ပြုစုကြပြီး နှစ်ရက်သုံးရက်မှနောက် ရောက်သောအခါ၌ လွှမ်းမိုး ချုတ်ချယ်စကား ပြောကြား၍ လာကြလေသည်။

     ဗဟုပုတ္တိက-သောဏာ သူဌေးကတော်သည် သားသမီးများက မိမိအပေါ်၌ မရိုမသေကြသောအဖြစ်ကို သိရှိ၍ “ငါ့အဖို့ရာ အိမ်ရာတည်ထောင် လူ့ဘောင်၌ နေခြင်းဖြင့် အဘယ်အမှု ပြုရအံ့နည်း = ပြုရန်မရှိသည်သာ”ဟု ကြံစည်ဆင်ခြင်၍ လူ့ဘောင်မှထွက်ကာ ရဟန်းမ-ပြုလေ၏။ ထိုသို့ ရဟန်းမ-ပြုပြီးနောက် ဗဟုပုတ္တိက သောဏာထေရီကို ဆရာဘိက္ခုနီတို့က

၁၀၀

အပြစ်တခု အကြောင်းပြု၍ “ဤဗဟုပုတ္တိက-သောဏာ ဘိက္ခုနီသည် ဝတ်ကို မသိတတ်၊ မလျောက်ပတ်သည်ကို ပြုဘိ၏”ဟု သင့်လျော်ရာ ဒဏ်ထားမှုကို ပြုကြလေ၏။ သားသမီးတို့သည် ဒဏ်ထမ်း၍နေသော မိခင်ဖြစ်သူ ဗဟုပုတ္တိက သောဏာထေရီကို မြင်ကြရလေလျှင် “ဤအမယ်ကြီးသည် ယနေ့တိုင်အောင်လည်း ရဟန်းသိက္ခာမျှကိုပင် မသိမြင်ဘိတကား”ဟု တွေ့လေရာရာအရပ်၌ ပြက်ရယ် ပြောင်လှောင်မှုကို ပြုကြလေ၏။

     ဗဟုပုတ္တိက သောဏာထေရီ ဘိက္ခုနီသည် ထိုသားသမီးတို့၏ ပြက်ရယ်ပြောင်လှောင် ပြောဆိုကြသောစကားကို ကြားရ၍ သံဝေဂကြီးစွာ ဖြစ်ရှိပြီးလျှင် “မိမိ၏ ဂတိစင်ကြယ်အောင် ပြုမှသင့်မည်”ဟု ကြံစည်ဆင်ခြင်၍ ထိုင်သောနေရာ ရပ်သောနေရာတို့၌ ဒွတ္တိံသာကာရ (=၃၂-ကောဋ္ဌာသ) ကမ္မဋ္ဌာန်းကို စီးဖြန်း သရဇ္ဈာယ်၍ နေလေ၏။ (ဗဟုပုတ္တိက သောဏာထေရီ ဘိက္ခုနီသည် “ငါကား ကြီးမှ ရဟန်းမ-ပြုသူ ဖြစ်ရကား မမေ့မလျော့သူဖြစ်မှ သင့်တော်မည်”ဟု ကြံစည်ဆင်ခြင်၍ ဘိက္ခုနီတို့၏ ဝတ်ကြီးဝတ်ငယ်ကို ပြုလုပ်ဆောင်ရွက်ရင်း “ငါသည် ညဉ့်သုံးယံပတ်လုံး ရဟန်းတရားကို အားထုတ်ပေအံ့”ဟု ပြာသာဒ်၏ အောက်ထပ်ဝယ် တိုင်ကြီးတလုံးကို လက်ဖြင့်ကိုင်၍ ထိုတိုင်ကို လက်မလွှတ်ပဲ ရဟန်းတရား ပွါးများအားထုတ်လျက် ပင်ပန်းလှ၍ စင်္ကြံသွားလျှင်လည်း “မှောင်မိုက်ထဲ၌ သစ်ပင်စသည်တို့တွင် တစုံတရာသောအရာ၌ ငါ၏ဦးခေါင်းသည် တိုက်မိခိုက်မိလေရာ၏”ဟု အောက်မေ့ကာ သစ်ပင်ကို လက်ဖြင့်ကိုင်၍ ထိုသစ်ပင်ကို လက်မလွှတ်ပဲ လှည့်လည် စင်္ကြံသွားကာသာ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်လေ၏။ ။ထေရီဂါထာအဋ္ဌကထာမှ)။

အာရဒ္ဓဝီရိယ သောဏာထေရီဟု ထင်ရှားခြင်း

     ထို(ဗဟုပုတ္တိက) သောဏာထေရီသည် ဆိုအပ်ပြီးသည့်အတိုင်း မအိပ်မနေ လုံ့လဝီရိယကြီးစွာဖြင့် ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်လေရကား ရှေးအခါ၌

၁၀၁

ဗဟုပုတ္တိက သောဏာထေရီ အမည်ထင်ရှားရာမှ နောက်အခါဝယ် “အာရဒ္ဓဝီရိယ သောဏာထေရီ = ဝီရိယထက်သန် ပြင်းထန်သော သောဏာထေရီ”ဟု ထင်ရှားလေ၏။

ရဟန္တာမ ဖြစ်ခြင်း

     တနေ့သ၌ ဘိက္ခုနီမတို့သည် ဇေတဝန် ကျောင်းတိုက်တော်သို့ အဆုံးအမခံယူရန် သွားရောက်ကြသည်ရှိသော် အာရဒ္ဓဝီရိယ သောဏာထေရီ ဘိက္ခုနီမကြီးကို “အို ရှင်မသောဏာ.. ဘိက္ခုနီသံဃာအတွက် ရေနွေးတည်၍ ထားလိုက်ပါလော့”ဟု မှာတမ်း၍ သွားကြကုန်၏။ သောဏာထေရီ ဘိက္ခုနီမကြီးသည်လည်း ရေနွေးအိုးမတည်မီ အလျင်ရှေးဦးစွာပင် မီးတင်းကုပ်အနီး၌ လူးလာတုံ့ခေါက် စင်္ကြံလျှောက်ရင်း လျှောက်ရင်း ဒွတ္တိံသာကာရ (၃၂-ကောဋ္ဌာသ) ကမ္မဋ္ဌာန်းကို ရွတ်အံသရဇ္ဈာယ်လျက် ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်း ပွါးများ၍ နေလေ၏။ မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတိုက်တော် ဂန္ဓကုဋီတိုက်တော်အတွင်း နေထိုင်တော်မူရင်းကပင်-

ယော စ ၀ဿသတံ ဇီဝေ၊ အပဿံ ဓမ္မမုတ္တမံ။

ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။

သောဏေ = ချစ်သမီး သောဏာ..။ ယော စ = အမှတ်မထင် အကြင်သူသည်ကား။ ဥတ္တမံ ဓမ္မံ = သင်္ချာ ကိုးရပ် လောကုတ္တရာ တရားတော်မြတ်ကို။ အပဿံ-အပဿန္တော = မျက်မှောက်ထင်ထင် မတွေ့မြင်ရပဲ။ ဝဿသတံ = အနှစ်တရာ ရှည်မြင့်ကြာအောင်။ ဇီဝေ-ဇီဝေယျ = အသက်ရှည်ထွေ တည်နေရာ၏။ တဿ = ထိုသူ၏။ ဇီဝတော = အနှစ်တရာ ရှည်မြင့်ကြာအောင် ခန္ဓာဆက်စဉ် အသက်ရှင်၍ နေရခြင်း ထက်။ ဥတ္တမံ ဓမ္မံ = သင်္ချာကိုးရပ် လောကုတ္တရာ တရားတော်မြတ်ကို။ ပဿတော = မျက်မှောက်ထင်ထင် တွေ့ရမြင်ရသောသူ၏။ ဧကာဟံ = ကာလမကြာ တရက်တာမျှ။

၁၀၂

ဇီဝိတံ = ခန္ဓာဆက်စဉ် အသက်ရှင်၍ နေရခြင်းသည်။ သေယျော = အထူးသဖြင့် ချီးမွမ်းအပ် မြတ်လှပေ၏” -

ဟူသော ဤဩဘာသဂါထာကို ရွတ်ဆို ဟောကြားတော်မူလေ၏။

     သောဏာထေရီ ဘိက္ခုနီမကြီးသည် ဩဘာသတရားဂါထာ၏ အဆုံး၌ အရဟတ္တဖိုလ်သို့ ရောက်ရှိပြီးလျှင် (ရဟန္တာဖြစ်ပြီးလျှင်) “ငါကား အရဟတ္တဖိုလ်သို့ ရောက်ခဲ့လေပြီ၊ ဤအကြောင်းကို မသိကြသည့် ရောက်လာသော ပုဂ္ဂိုလ်များကား မစူးမစမ်းပဲသာလျှင် ငါ့အပေါ်၌ မထီမဲ့မြင်မှု (=အထင်သေးမှု)ပြု၍ တစုံတရာ အပြစ်တင်စကား မထီမဲ့မြင်စကား ပြောကြားမိခဲ့လျှင် များစွာသော အကုသိုလ်ကို တိုးပွါးစေလေရာ၏။ သို့ရကား ငါသည် သူတပါးတို့ သိမှတ်နိုင်ကြောင်းကို ကြိုတင်ပြုလုပ်ထားမှ သင့်တော်တော့မည်”ဟု ကြံစည်ဆင်ခြင်၍ ရေအိုး(ရေနွေးတည် ရန်အိုး)ကို ခုံလောက်ပေါ်၌ တင်ထားရုံ တင်ထား၍ အောက်၌ကား မီးကို မမွေးပဲ ပကတိထားရှိလေ၏။

     အဖော်အတူနေ ဘိက္ခုနီမတို့သည် ကျောင်းတော်မှ ပြန်လာကြသည်ရှိသော် ခုံလောက်ကို လှမ်းမျှော်ကြည့်ကြလျက် မီးတောက်မီးလျှံကို မမြင်ကြရကား “ဤအဖွားကြီးကို ‘ဘိက္ခုနီသံဃာအတွက် ရေနွေးကျို၍ ထားလိုက်ပါ’ဟု ငါတို့မှာထား ပြောကြားခဲ့ကြပါလျက် ဤအဖွားကြီးသည် ယခုတိုင်အောင်ပင် ခုံလောက်၌ မီးကိုမျှ မမွေးသေး မပြုသေးပါတကား”ဟု အပြစ်တင်စကား ပြောကြားကြလေ၏။ ထိုအခါ သောဏာထေရီ ဘိက္ခုနီမကြီးက “ရှင်မတို့.. ရှင်မတို့အဖို့ရာဖြင့် အဘယ်မူစအံ့နည်း = ဘာလုပ်မည်နည်း၊ ရေနွေးဖြင့် ရေချိုးလိုသော ဘိက္ခုနီမတို့သည် ထိုရေအိုးထဲမှ ရေကို ခပ်ယူ၍ ချိုးကြလော့”ဟု အံ့ဖွယ်စကား ပြောကြားလေလျှင် အတူနေအဖော် ဘိက္ခုနီမတို့သည်လည်း “ဤသို့ အံ့ဖွယ်စကား ဤအဖွားကြီး ပြောကြားရာ၌ အကြောင်းထူးတခုခု ဧကန်ပင်ရှိသည် ဖြစ်လိမ့်မည်”ဟု ကြံစည် စဉ်းစားမိကြကာ ထိုရေအိုးရှိရာသို့ သွားကြ၍

၁၀၃

ရေ၌ လက်ကို ချနှစ်ကာ စမ်းသပ်ကြသည်တွင် ပူနွေးသည်၏အဖြစ်ကို သိကြ၍ အခြား အိုးလွတ်တခုကို ယူဆောင်ခဲ့ကြကာ ခုံလောက်ပေါ်၌ တင်ထားသောအိုးတွင်းမှ ရေကို ခပ်ယူကြလေကုန်၏။ ခပ်တိုင်း ခပ်တိုင်းသော နေရာသည် နဂိုရ်ပကတိ ရေတဖန်ပြန်၍ ပြည့်မြဲ ပြည့်နေလေ၏။

     ထိုအခါကျမှ အတူနေအဖော် ဘိက္ခုနီမ အားလုံးတို့သည် သောဏာထေရီ ဘိက္ခုနီမကြီး၏ အရဟတ္တဖိုလ်၌ တည်ကြောင်း = ရဟန္တာဖြစ်ကြောင်းကို ကောင်းစွာ သိရှိကြလျက် ရှေးဦးစွာ သိက္ခာဝါငယ်သော ဘိက္ခုနီမတို့သည် တည်ခြင်း၅-မျိုးဖြင့် ထေရီမကြီး၏ ခြေရင်း၌ ဝပ်စင်းကုန်လျက် “အရှင်မကြီး.. အကျွန်ုပ်တို့သည် ဤမျှ ကာလကြာအောင် မစူးစမ်း မဆင်ခြင်မိကြပဲ အရှင်မကြီးကို အနိုင်ကျင့်ကာကျင့်ကာ လွှမ်းမိုးစကား ပြောမှားမိခဲ့ကြပါပြီ၊ အကျွန်ုပ်တို့ကို သည်းခံတော်မူကြပါလော့”ဟု တောင်းပန်စကား လျှောက်ထားပြောဆို ကန်တော့ကြလေကုန်၏။ သိက္ခာဝါ ကြီးသော ဘိက္ခုနီမတို့ကလည်း ဆောင့်ကြောင့်ထိုင်ကြ၍ “အရှင်မ.. သည်းခံပါလော့”ဟု တောင်းပန်စကား ပြောကြား၍ ကန်တော့ကြလေ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     ထိုအချိန်မှစ၍ “အသက်အရွယ် ကြီးရင့်သောအခါမှ ရဟန်းပြုသော်လည်း လုံ့လပြင်းထန် ထက်သန်သည်၏ အဖြစ်ကြောင့် မကြာမြင့်မီပင် သောဏာထေရီမကြီးသည် အရဟတ္တဖိုလ်၌ တည်လေပြီ”ဟု ထေရီမကြီး၏ ဂုဏ်ကျေးဇူးသည် အထူးထင်ရှား ကျော်ကြား၍ လာလေ၏။ နောက်အဖို့၌ မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတိုက်တော်၌ နေတော်မူကာ ဘိက္ခုနီထေရီမတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူးဌာနန္တရ၌ ထားတော်မူသည်ရှိသော် သောဏာထေရီ ဘိက္ခုနီမကြီးကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဘိက္ခုနီနံ အာရဒ္ဓဝီရိယာနံ ယဒိဒံ သောဏာ = ရဟန်းတို့..

၁၀၄

သမ္မပ္ပဓာန်လုံ့လ ဝီရိယပြင်းထန် ထက်သန်ကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဘိက္ခုနီများစွာတို့တွင် သောဏာတွင်မည် ဘိက္ခုနီသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”—

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “အာရဒ္ဓဝီရိယ = ဝီရိယပြင်းထန် ထက်သန်သော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား သောဏာထေရီ အကြောင်းတည်း။

**********

(၈) သကုလာထေရီအကြောင်း

(ဤထေရီမ၏ အမည်ကို ဆဋ္ဌမူ အင်္ဂုတ္တိုရ် အဋ္ဌကထာ၌ “ဗကုလာ”ဟု ဖော်ပြ၏။ သီဟိုဠ်မူ၌ကား “သကုလာ”ဟု ဖော်ပြ၏။ ဆဋ္ဌမူ ထေရီဂါထာ အဋ္ဌကထာ၌လည်း “သကုလာ”ဟူ၍ပင် ဖော်ပြ၏။ ထို့ကြောင့် သီဟိုဠ်မူနှင့် ထေရီဂါထာ အဋ္ဌကထာ (ကျမ်းနှစ်ကျမ်း) အသုံးများရာသို့ လိုက်၍ ဤမဟာဗုဒ္ဓဝင်ကျမ်း၌ “သကုလာထေရီ” ဟူ၍ပင် ဖော်ပြရေးသားအပ်၏။ ထိုထေရီမ၏ အကြောင်းအရာကိုလည်း ထေရီဂါထာ အဋ္ဌကထာ ဖွင့်ပြပုံက ပို၍စုံလင်သဖြင့် ထိုထေရီဂါထာ အဋ္ဌကထာအတိုင်း ဤကျမ်း၌ ရေးသား ဖော်ပြပေအံ့)—

(က) ထေရီမ၏ ရှေးဆုတောင်း

     ဤသကုလာထေရီအလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အာနန္ဒမင်းကြီး၏ သမီးတော် ဖြစ်ခဲ့လေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားရှင်၏ ဖတူမိကွဲ နှမဖြစ်၍ အမည်အားဖြင့် နန္ဒာ-ဟု ခေါ်တွင်လေသည်။ နန္ဒာမင်းသမီးသည် သိကြားလိမ္မာသော အရွယ်သို့ရောက်၍ တနေ့သ၌ မြတ်စွာဘုရားရှင်၏ အထံတော်ဝယ် တရားတော်ကို နာယူစဉ် ပဒုမုတ္တရ မြတ်စွာဘုရားရှင်က ဘိက္ခုနီမတပါးကို “ဒိဗ္ဗစက္ခုက = ဒိဗ္ဗစက္ခုအဘိညာဏ်ကို လေ့လာနိုင်နင်းသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ လုံ့လဝီရိယ ကြီးစွာဖြင့် အဓိကာရ ကောင်းမှု ကုသိုလ်ကိုပြု၍

၁၀၅

မိမိကိုယ်တိုင်လည်း ထိုဒိဗ္ဗစက္ခုက ဧတဒဂ်ရာထူးကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။ ပဒုမုတ္တရမြတ်စွာဘုရားရှင်ကလည်း ဤအကျွန်ုပ်တို့၏ မြတ်စွာဘုရား သာသနာတော်၌ ထိုမင်းသမီး၏ဆုတောင်း ပြည့်စုံမည့်အကြောင်းကို ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။ (အကြောင်းအရာ အကျယ်ကို သကုလာ ထေရီအပဒါန် ပိဋကတ်မြန်မာပြန်၌ ကြည့်ရှုကုန်ရာ၏)။

ပရိဗိုဇ်ရဟန်းမဘဝ

     နန္ဒာမင်းသမီးသည် ထိုဘဝ၌ အသက်ထက်ဆုံး များမြတ်သော ကုသိုလ်ကောင်းမှုကို ပြုခဲ့၍ နတ်ပြည်၌ ဖြစ်ရကာ ဘဝသံသရာအဆက်ဆက် လူ့ရပ်,နတ်ရွာ ကောင်းရာသုဂတိတို့၌သာလျှင် ကျင်လည်ကျက်စားရလျက် ကဿပမြတ်စွာဘုရား ပွင့်ထွန်းတော်မူရာ အခါဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ ပရိဗိုဇ်ရဟန်းမပြုကာ ဧကစာရီ တကိုယ်တည်းနေသူဖြစ်လျက် (ကဿပမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူ၍ ဓာတုစေတီတော် တည်ထားပြီးနောက်) တနေ့သ၌ ဆီဆွမ်းခံလှည့်လည်၍ ဆီကိုရလတ်သော် ထိုဆီဖြင့် မြတ်စွာဘုရား၏ စေတီတော်၌ တညဉ့်ပတ်လုံး ဆီမီးပူဇော်မှု ပြုခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းမ-ပြုခြင်း

     ထိုပရိဗိုဇ်ရဟန်းမသည် ထိုဘဝမှ စုတေလတ်သော် တာဝတိံသာ နတ်ပြည်၌ အလွန်စင်ကြယ်သော နတ်မျက်စိရှိသည့် နတ်သမီးဖြစ်ကာ ဗုဒ္ဓန္တရအသင်္ချေယျ တကပ်ပတ်လုံး နတ်ပြည်တို့၌သာ ကျင်လည်ကျက်စား၍ အကျွန်ုပ်တို့မြတ်စွာဘုရား ပွင့်ထွန်းတော်မူရာ ကာလဝယ် သာဝတ္ထိပြည်၌ ပုဏ္ဏားအမျိုး၌ ဖြစ်လတ်၍ အမည်အားဖြင့် “သကုလာ”ဟူ၍ မည်တွင်လေသည်။ သကုလာ ပုဏ္ဏေးသမီးသည် သိကြားလိမ္မာသော အရွယ်သို့ ရောက်လတ်သော် မြတ်စွာဘုရားရှင် ဇေတဝန် ကျောင်းတိုက်တော်ကို အလှူခံတော်မူသော ကျောင်းလွှတ် = ကျောင်းရေစက်ချ ပူဇော်ပွဲ၌ သာသနာတော်ဝယ် သဒ္ဓါကြည်ညိုသော ဥပါသိကာတယောက် ဖြစ်ခဲ့၍ နောက်တချိန်ဝယ် ရဟန္တာ မထေရ်မြတ်တပါး အထံမှ

၁၀၆

တရားကို ကြားနာရ၍ သံဝေဂကြီးစွာ ဖြစ်ရှိကာ သာသနာဝန်ထမ်း ရဟန်းမ ပြုခဲ့လေသည်။ ရဟန်းမ-ပြုပြီးနောက် မမေ့မလျော့ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်သဖြင့် မကြာမြင့်မီပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ရဟန္တာထေရီမ ဖြစ်လေတော့၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     သကုလာထေရီ ရဟန္တာ ဘိက္ခုနီမသည် အရဟတ္တဖိုလ်သို့ ရောက်ပြီးသည်မှ အစပြု၍ ရှေးကဆုတောင်းပါခဲ့သည့်အတိုင်း ဒိဗ္ဗစက္ခုအဘိညာဏ်ကို အထူးလေ့လာသဖြင့် အလွန်နိုင်နင်းသူ ဖြစ်လေ၏။ သို့ရကား နောက်အဖို့၌ မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်း၌ နေတော်မူလျက် ဘိက္ခုနီမတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူးဌာနန္တရ၌ ထားတော်မူသည်ရှိသော် သကုလာထေရီ ဘိက္ခုနီကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဘိက္ခုနီနံ ဒိဗ္ဗစက္ခုကာနံ ယဒိဒံ သကုလာ = ရဟန်းတို့.. ဒိဗ္ဗစက္ခု အဘိညာဏ်ကို လေ့လာနိုင်နင်းကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဘိက္ခုနီမများစွာတို့တွင် သကုလာဘိက္ခုနီသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”—

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ဒိဗ္ဗစက္ခုက = ဒိဗ္ဗစက္ခုအဘိညာဏ်ကို လေ့လာနိုင်နင်းသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား သကုလာထေရီ အကြောင်းတည်း။

**********

(၉) ကုဏ္ဍလကေသာထေရီအကြောင်း

(က) ထေရီမ၏ ရှေးဆုတောင်း

     ဤကုဏ္ဍလကေသာ ထေရီအလောင်း အမျိုးကောင်းသမီးသည်လည်း ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ သူဌေးသမီးဖြစ်လတ်၍ မြတ်စွာဘုရား၏

၁၀၇

တရားစကားကို ကြားနာစဉ် ပဒုမုတ္တရမြတ်စွာဘုရားရှင်က သုဘာထေရီ ဘိက္ခုနီကို “ခိပ္ပါဘိည = လျင်မြန်သော မဂ်ဖိုလ်အသိဉာဏ်ရှိသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုခိပ္ပါဘိညဧတဒဂ်ရာထူးကို ဆုတောင်းပတ္ထနာမှု ပြုလေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားရှင်ကလည်း ဤအကျွန်ုပ်တို့၏ မြတ်စွာဘုရား သာသနာတော်၌ ထိုသူဌေးသမီး၏ဆုတောင်း ပြည့်စုံမည့်အကြောင်းကို ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။

ကိကီမင်းကြီး သမီးတော်ဘဝ

     ထိုသူဌေးသမီးသည် ကမ္ဘာတသိန်း ကာလပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့၍ ကဿပမြတ်စွာ ပွင့်တော်မူရာအခါ၌ ကာသိတိုင်း ဗာရာဏသီပြည့်ရှင် ဘုရင်ကိကီမင်းကြီး၏ (ရှေးဖော်ပြရာပါ) သမီးတော် ခုနစ်ယောက်တို့တွင် လေးယောက်မြောက် “ဘိက္ခဒါယိကာ”မည်သော သမီးတော်ဖြစ်၍ အနှစ်နှစ်သောင်းကြာ ဆယ်ပါးသီလတို့ကို ဆောက်တည်ကာ အဖော်မရှာပဲ ကောမာရိဗြဟ္မစရိယအကျင့်ကို ကျင့်သုံးလျက် သံဃာတော် နေထိုင်ရန် ပရိဝုဏ်ကျောင်းတိုက်ကြီးကို ဆောက်လုပ် လှူဒါန်းခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းမ-ပြုခြင်း

     ထိုဘိက္ခဒါယိကာ မင်းသမီးသည် ဗုဒ္ဓန္တရအသင်္ချေယျ တကပ်ပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ခဲ့၍ ဤအကျွန်ုပ်တို့၏ မြတ်စွာဘုရား ပွင့်ထွန်းတော်မူရာ ကာလဝယ် ရာဇဂြိုဟ်ပြည်၌ ဘဒ္ဒါအမည်ရှိသော သူဌေးသမီး ဖြစ်၍လာလေ၏။ ထိုဘဒ္ဒါ သူဌေးသမီးနှင့် တနေ့တည်းမှာပင် ထိုရာဇဂြိုဟ်ပြည်၌ ပုရောဟိတ်၏သား ဖွားမြင်လေသည်။ ထိုပုရောဟိတ်သား ဖွားမြင်သောအချိန်၌ မင်းကြီးနန်းတော်ကို အစပြု၍ တမြို့လုံး၌ လက်နက်မှန်သမျှတို့သည် အလျှံတပြောင်ပြောင် ထွက်ကြလေကုန်၏။

၁၀၈

     ပုရောဟိတ်ဆရာကြီးသည် စောစောပင် မင်းနန်းတော်သို့သွား၍ မင်းကြီးကို “အသို့နည်း = ဘယ့်နှယ်လဲ အရှင်မင်းကြီး.. ချမ်းသာစွာ အိပ်ရနေရပါ၏လော”ဟု စကားစတင် မေးလေ၏။ မင်းကြီးက “ဆရာ.. ကျွန်ုပ်အဖို့ရာ အဘယ်မှာလျှင် ချမ်းသာစွာ အိပ်ရခြင်း ဖြစ်တုံအံ့နည်း = ချမ်းသာစွာ မအိပ်ရသည်သာ၊ ယနေ့ တညဉ့်လုံး ရွှေနန်းတော်၌ ရှိသမျှသော လက်နက်တို့ အလျှံတပြောင်ပြောင် ထွက်၍နေသည်တို့ကို မြင်ရ၍ ငါတို့မှာ လွန်စွာ ကြောက်ရွံ့ခြင်းသို့ ရောက်ကြရပါသည်”ဟု မိန့်ဆိုလေလျှင် ပုရောဟိတ်ဆရာကြီးသည် “မြတ်သောမင်းကြီး.. ထိုလက်နက်များ အလျှံတလက်လက် ထွက်ခြင်းဟူသော အကြောင်းကြောင့်တော့ဖြင့် ထွေရာလေးပါး စိတ်အကြံများကာ ပူပန်တော်မမူပါလင့်၊ အရှင်မင်းကြီးတို့၏ ရွှေနန်းတော်မှာသာ လက်နက်များ အလျှံတလက်လက် ထွက်သည်မဟုတ်ပါ။ တမြို့လုံးမှာပင် ဤကဲ့သို့ လက်နက်များ အလျှံတလက်လက် ထွက်ကွန့်မြူးမှု ဖြစ်ခဲ့ပါပြီ”ဟု ပြန်ကြား လျှောက်ထားလေ၏။ တဖန် မင်းကြီးက “ဆရာ.. အဘယ့်ကြောင့် ထိုကဲ့သို့ လက်နက်များ အလျှံတလက်လက် ထွက်ရပါသနည်း”ဟု မေးလေ လျှင် ပုရောဟိတ်ဆရာကြီးသည် “အရှင်မင်းကြီး.. အကျွန်ုပ်တို့အိမ်၌ စောရနက္ခတ်နှင့်ယှဉ်လျက် သတို့သား ဖွားခဲ့ပါသည်။ ထိုသတို့သားသည် တမြို့လုံး၏ ရန်သူဖြစ်ကာ ဖွား၍လာပါသည်၊ ဤလက်နက်များ အလျှံတလက်လက် ထွက်ခြင်းသည် ထိုသတို့သား တမြို့လုံး၏ ရန်သူဖြစ်မည့် ပုဗ္ဗနိမိတ် (=ရှေ့ပြေးနိမိတ်) ဖြစ်ပါသည်။ အရှင်မင်းကြီးတို့ အဖို့ရာ တစုံတရာ ဥပဒ်မရှိ ဖြစ်ပါသည်။ သို့သော် အကယ်၍ အရှင်မင်းကြီးတို့က ဖယ်ရှားဖို့ရန် အလိုတော်ရှိကြပါမူ အကျွန်ုပ်တို့သည် ထိုသတို့သားကို ဖယ်ရှား ဖျောက်ဖျက်ပစ်ကြပါမည်”ဟု ပြန်လည်လျှောက်ထားလေ၏။ ထိုအခါ မင်းကြီးသည် “ငါတို့အဖို့ရာ ညှဉ်းပန်းနှိပ်စက်လတ်မည့် ဥပဒ်မရှိခဲ့သော် ထိုသတို့သားကို ဖယ်ရှား ဖျောက်ဖျက်မှုပြုရန် မရှိချေ”ဟု မိန့်ဆိုတော်မူလေ၏။

၁၀၉

     ပုရောဟိတ်ဆရာကြီးသည် “ငါ့သားကား မိမိအမည်ကို မိမိပင် မှည့်ယူ၍လာသူ ဖြစ်ချေသည်”ဟု ကြံစည်ဆင်ခြင်မိကာ သား၏အမည်ကို “သတ္တုက”ဟူ၍ မှည့်ခေါ်လေ၏။ သူဌေးအိမ်၌လည်း ဘဒ္ဒါသူဌေးသမီးသည် တနေ့တခြား ကြီးပြင်း၍လာလေ၏။ ပုရောဟိတ်ဆရာကြီး၏ အိမ်၌လည်း သတ္တုက သတို့သားသည် တနေ့တခြား ကြီးပြင်း၍လာလေ၏။ သတ္တုက သတို့သားသည် မိမိအင်အားဖြင့် ပြေးလွှားသွားလာကာ ကစားနိုင်သော အချိန်မှစ၍ မိမိရောက်ရာဌာနရှိ မိမိတွေ့မြင်သမျှ ဝတ္ထုပစ္စည်းအလုံးစုံကို ခိုးယူခဲ့ကာ မိဘတို့၏အိမ်ကို ပြည့်စေလေသည်။ ဖခင် ပုရောဟိတ်ဆရာကြီးသည် ထိုသတ္တုက သားငယ်ဆိုးကို မခိုးယူရန် အကြောင်းပေါင်းအထောင်ကို ပြောပြဆိုဆုံးမပါသော်လည်း တားမြစ်ခြင်းငှါ မတတ်နိုင်ပဲ ရှိရှာလေ၏။

ရာဇဂြိုဟ်ပြည်၌ သတ္တုကလူဆိုး ထကြွသောင်းကျန်းခြင်း

     နောက်တချိန်၌ကား အရွယ်ကြီးမြောက် ရောက်လတ်သော ထိုသတ္တုက လူဆိုး၏ အဖို့ရာ အဘယ်နည်းဖြင့်မျှ မခိုးမဆိုးရန် တားမြစ်၍ မရနိုင်တော့ကြောင်း ကောင်းစွာ သိမြင်လတ်၍ ဖခင် ပုရောဟိတ်ဆရာကြီးသည် ပုဆိုးညို (=အဝတ်မဲ) နှစ်ထည်တို့ကို ပေး၍ အိမ်စပ် ခြံစပ် နံရံကို ဖောက်ထွင်း ဖြတ်တောက်နိုင်သည့် လက်နက်ကိရိယာကို၎င်း, ခရီးသွားယန္တရား (=ကြိုးလှေကား)ကို၎င်း ချင်း၏လက်၌ ပေးအပ်ပြီးလျှင် “သင်သည် ဤခိုးမှုဖြင့်ပင် အသက်ရှင်ပေတော့”ဟု လက်လျှော့စကား ပြောကြားကာ သတ္တုကသားဆိုးကို အိမ်မှနှင်ထုတ် စွန့်ပစ်လိုက်လေတော့၏။

     သတ္တုကလူဆိုးသည် ထိုနေ့မှစ၍ ကြိုးလှေကားကို ပစ်တင်ကာ ဥစ္စာပေါများသော အမျိုးတို့၏ ပြာသာဒ်ထက်သို့ တက်ရောက်၍ နံရံခြံစပ်ကို ဖြတ်တောက်ဖောက်ထွင်းလျက် သူတပါးတို့အိမ်၌ ထားအပ်သမျှသော ဥစ္စာဘဏ္ဍာစုကို မိမိထားအပ်သည့် ဥစ္စာဘဏ္ဍာများပမာ အလိုရှိတိုင်း ခိုးယူလုယက်၍ သွားလေ၏။ ရာဇဂြိုဟ်တမြို့လုံး၌ ထိုသတ္တုကလူဆိုး မခိုးမဝှက်

၁၁၀

မလုယက်အပ်သော အိမ်ဟူ၍ မရှိချေ။ အိမ်တိုင်း အိမ်တိုင်း သတ္တုကလူဆိုး ခိုးဖောက်သဖြင့် အပေါက်တွေချည်း ဖြစ်၍နေလေ၏။

     တနေ့သ၌ ရာဇဂြိုဟ်ပြည့်ရှင် မင်းကြီးသည် ရထားဖြင့် မြို့၌ လှည့်လည်ကြည့်ရှုလတ်သော် အိမ်နံရံပေါက် တို့ကိုမြင်၍ ရထားထိန်းကို “အချင်းရထားထိန်း.. အဘယ့်ကြောင့် ဤမြို့၌ အိမ်တိုင်း အိမ်တိုင်း အပေါက်တွေဖြစ်နေသနည်း”ဟု မေးလေ၏။ ရထားထိန်းက “အရှင်မင်းမြတ်.. ဤမြို့၌ သတ္တုကမည်သော လူဆိုးသည် အိမ်နံရံကို ဖြတ်တောက် ဖောက်ဖျက်၍ အမျိုး (=လူကြီးလူကောင်း)တို့၏ ဥစ္စာကို လုယက် ခိုးဝှက်၍ နေပါသည်။ ထို့ကြောင့် အိမ်တိုင်း အိမ်တိုင်း အပေါက်တွေဖြစ်၍ နေပါသည်”ဟု လျှောက်ထားလေလျှင် မင်းကြီးသည် မြို့ဝန်ကို ရှေ့တော်သို့ ခေါ်စေ၍ “ဤရာဇဂြိုဟ်မြို့မှာ သတ္တုကမည်သော နံရံဖောက် သူခိုး လူဆိုးရှိသည် ဆိုပါလား၊ အဘယ့်ကြောင့် ထိုလူဆိုးကို အသင် မဖမ်းသနည်း”ဟု မေးလေ၏။ မြို့ဝန်က “အရှင်မင်းကြီး.. အကျွန်ုပ်တို့သည် ထိုလူဆိုးကို ခိုးထုပ်ခိုးထည်နှင့်တကွ တွေ့မြင်ခြင်းငှါ မစွမ်းနိုင်ကြပါ (=ခိုးထုပ်ခိုးထည်နှင့်တကွ မတွေ့ရ၍ မဖမ်းနိုင်ပဲ ရှိကြရပါသည်)”ဟု လျှောက်ထားလေလျှင် မင်းကြီးသည် မြို့ဝန်ကို “သင်သည် အကယ်၍ ယနေ့ ထိုသတ္တုကလူဆိုးကို မိအောင်ဖမ်းနိုင်လျှင် သင့်အသက်ရှင်မည်။ အကယ်၍ မိအောင်မဖမ်းက သင့်အား မင်းအာဏာ မင်းဒဏ်ခတ်ရလိမ့်မည်”ဟု အတင်းအကြပ် အမိန့်ထုတ်ဆင့်လေ၏။

     မြို့ဝန်သည် “ကောင်းပါပြီ အရှင်မင်းကြီး..”ဟု ဝန်ခံစကား လျှောက်ထားပြီးလျှင် တမြို့လုံး၌ မိမိ၏သူလျှို မင်းချင်းယောက်ျားတို့ကို ချထား၍ နံရံကိုဖောက်ဖြတ်ကာ သူတပါးဥစ္စာကို ခိုးယူနေဆဲဖြစ်သည့် ထို သတ္တုကလူဆိုးကို ခိုးထုပ်ခိုးထည်နှင့်တကွ လက်ရဖမ်း၍ မင်းကြီးအား ပြလေ၏။ မင်းကြီးသည် “ဤသတ္တုကလူဆိုးကို ရွှေမြို့တော် တောင်တံခါးမှထုတ်၍ သတ်ကြကုန်လော့”ဟု အမိန့်ထုတ်ဆင့်တော် မူလေ၏။ (ဤဖြစ်ရပ်ကား အဇာတသတ်မင်း၏ လက်ထက်၌ဖြစ်သော အကြောင်းအရာ ဖြစ်သည်ဟု

၁၁၁

မှတ်ယူရာ၏)။ မြို့ဝန်သည် မင်းကြီးစကားကို ကောင်းပါပြီဟု ဝန်ခံ၍ ထိုသတ္တုကလူဆိုးကို လမ်းလေးခွ ဆုံတိုင်းဆုံတိုင်းသော အရပ်၌ ကြိမ်ဒဏ်အချက် တထောင် တထောင် ရိုက်နှက်လျက် လက်ပြန်ကြိုးတုပ်ကာ တောင်တံခါးသို့ ရှေးရှုခေါ်ဆောင်၍ သွားလေ၏။

ဘဒ္ဒါသူဌေးသမီး၏ ချစ်ခင်စိတ်

     ထိုအချိန်၌ ဘဒ္ဒါသူဌေးသမီးသည် လမ်းဖက်မှ လူအများ၏ အုတ်အုတ် ကျက်ကျက် အသံကြောင့် ခြင်္သေ့ခံသော လေသာနန်းပြူတင်းကိုဖွင့်၍ ကြည့်ရှုလေလျှင် ထိုသို့ ရိုက်နှက်ကာ ခေါ်ဆောင်အပ်သော သတ္တုကလူဆိုးကို မြင်ရ၍ (ရှေးက အတူတကွ ပေါင်းသင်း ဆက်ဆံခဲ့ရခြင်းဟူသော အကြောင်းကြောင့် အချစ်စိတ် သောကစိတ်တို့ ရောထွေးနှိပ်စက်အပ်ကာ) လက်နှစ်ဖက်ဖြင့် မိမိရင်ကိုမ-၍ သွားရောက်ကာ ကြက်သရေရှိသော အိပ်ရာ၌ မျက်နှာအောက်ချ (=မှောက်လျက်) လျောင်း၍ နေလေ၏။ ။အထူးအားဖြင့်- ဘဒ္ဒါသူဌေးသမီးကား ထိုသူဌေးကြီး, သူဌေးကတော်ကြီးတို့၏ ချစ်၍မငြီး တဦးတည်းသော သမီးဖြစ်လေသည်။ ထို့ကြောင့် ထိုဘဒ္ဒါသူဌေးသမီး၏ ဆွေမျိုးများသည် သမီးကလေး အနည်းငယ်မျှ မျက်နှာပျက်သည်ကိုပင် သည်းမခံနိုင်အောင် ရှိကြလေ၏။

     ထိုအခါ မိခင် သူဌေးကတော်ကြီးသည် ဘဒ္ဒါသူဌေးသမီး အိပ်ရာ၌ အလျားမှောက်၍ နေသည်ကို မြင်ရ၍ “သမီး.. အဘယ်အမှုကို ပြုသနည်း = ဘာလုပ်တာလဲ”ဟု မေးမြန်းလေ၏။ ဘဒ္ဒါသူဌေးသမီးက “အိုမိခင်.. သတ်ဖို့ရန် ခေါ်ဆောင်သွားသော ထိုခိုးသားကို မြင်ပါ၏လော”ဟု မေးလေလျှင် မိခင် သူဌေးကတော်ကြီးသည် “အိမ်း.. မြင်ပါ၏ ချစ်သမီး..”ဟု ပြောဆိုလေ၏။ ထိုအခါ ဘဒ္ဒါသူဌေးသမီးသည် “အိုမိခင်.. ထိုသူကိုရမှ သမီး အသက်ရှင်ရပါလိမ့်မည်၊ မရပါမူ သမီး၏အဖို့ရာ သေရန်သာ ရှိပါတော့သည်”ဟု တိုက်ရိုက်ဖွင့်ဟ ပြောဆိုလေ၏။ မိဘနှစ်ပါး ဆွေမျိုးများတို့သည် ဘဒ္ဒါသူဌေးသမီးကို အနည်းနည်း

၁၁၂

နားချ အသိဉာဏ်ပေးကြသော်လည်း မရနိုင်သည့်အဆုံးဝယ် “သေခြင်းထက်တော့ အသက်ရှင်၍နေခြင်းက မြတ်သေး၏”ဟုသာ မှတ်ချက်ချကြရလေကုန်၏။

     ထို့နောင်မှ ဖခင်သူဌေးကြီးသည် မြို့ဝန်မင်းထံသို့ သွားရောက်၍ အသပြာတထောင် လက်ဆောင်တံစိုး ထိုးပြီးလျှင် “မြို့ဝန်မင်း.. ကျွန်ုပ်၏သမီးသည် ထိုလူဆိုးသတ္တုကအပေါ်၌ တပ်မက်သောစိတ်ရှိ၍ နေပါသည်၊ တစုံတခု ဖြစ်နိုင်သော နည်းလမ်းဥပါယ်ဖြင့် မြို့ဝန်မင်းသည် ဤသတ္တုကလူဆိုးကို လွှတ်စေချင်ပါ သည်”ဟု တိုးတိုးတိတ်တိတ် ပြောကြားလေ၏။ မြို့ဝန်မင်းသည် “ကောင်းပြီ”ဟု ဝန်ခံ၍ သတ္တုကလူဆိုးကို ဖမ်းမြဲဖမ်းဆောင်ကာ နေဝင်သည်တိုင်အောင် ထိုမှဤမှ ကိစ္စကိုချဲ့ထွင်၍ နေဝင်လတ်သည်ရှိသော် ထောင်ထဲမှ ထောင်သားတယောက်ကို ထုတ်ဆောင်စေလျက် သတ္တုကလူဆိုးအား တုပ်နှောင်သည့် အနှောင်အဖွဲ့များကို ဖြေစေပြီးလျှင် ထိုသတ္တုကလူဆိုးကို တိတ်တဆိတ် သူဌေးအိမ်သို့ ပို့စေပြီးနောက် ထိုသတ္တုကလူဆိုးအား တုပ်နှောင်သည့် အနှောင်အဖွဲ့များဖြင့်ပင် ထောင်သားကို ဖွဲ့နှောင်၍ တောင်တံခါးမှ ထုတ်ဆောင်ကာ ကွပ်မျက် သတ်ဖြတ်လိုက်လေ၏။

မိဘမေတ္တာ ကြီးလှစွာ၏

     သူဌေး၏ ကျွန်များသည်လည်း သတ္တုကလူဆိုးကို ခေါ်ဆောင်ခဲ့၍ သူဌေးအိမ်သို့ လာရောက်ကြလေကုန်၏။ သတ္တုကကို တွေ့ရလေလျှင် သူဌေးကြီးသည် “ငါ့သမီး၏ စိတ်အလိုပြည့်ဝအောင် ငါဖြည့်တော့မည်”ဟု ကြံစည်အောက်မေ့ကာ သတ္တုကလူဆိုးကို နံ့သာရေဖြင့် ရေချိုးစေ၍ အဆင်တန်းဆာစုံ ဝတ်ဆင်စေပြီးလျှင် သမီး၏ပြာသာဒ်သို့ သတ္တုကလူဆိုးကို ပို့လေ၏။ ဘဒ္ဒါသူဌေးသမီးသည်လည်း “ငါ့အကြံကား အောင်မြင်ပြည့်ဝလေပြီ”ဟု အားရဝမ်းသာစွာ များစွာသော အဆင်တန်းဆာတို့ဖြင့် မိမိကိုယ်ကို အလှဆုံးပြုပြင် တန်းဆာဆင်၍ ထိုသတ္တုကလူဆိုးကို လုပ်ကျွေးမှုယု ပြုစုလေ၏။

၁၁၃

သတ္တုက၏ ကောက်ကျစ်သောအကြံ

     သတ္တုကလူဆိုးသည် နှစ်ရက်သုံးရက် လွန်သောအခါ “ဤသူဌေးသမီး၏ အဆင်တန်းဆာ ဘဏ္ဍာအားလုံးသည် ငါ့ဥစ္စာ ဖြစ်ရမည်၊ တနည်းနည်းဖြင့် အဆင်တန်ဆာများကို ရယူမှ သင့်တော့မည်”ဟု ယုတ်မာစွာ ကြံစည်၍ မိမိအနီး၌ ချမ်းသာစွာ ထိုင်နေသောအခါ ဘဒ္ဒါသူဌေးသမီးကို “ရှင်မ.. ငါ့မှာ သင့်ကို စကားတခွန်းပြောဆိုရန် ရှိသည်”ဟု ခပ်တည်တည်ပြောလေ၏။ သူဌေးသမီးသည် လာဘ်အထောင်ကို ရသည့်အလား အားရဝမ်းသာစွာ “ရဲရဲဝံ့ဝံ့သာ ပြောဆိုပါ အရှင်..”ဟု အထင်ကြီးစွာဖြင့် ပြန်ကြား ပြောဆိုရှာလေ၏။ ထိုအခါ သတ္တုကလူဆိုးသည် ဘဒ္ဒါသူဌေးသမီးကို “ဘဒ္ဒါ.. သင်ကတော့ ‘ငါ့ကိုအမှီပြု၍ ဤသတ္တုကသည် အသက်ရအပ်လေပြီ’ဟု ကြံစည် အောက်မေ့ပေလိမ့်မည်။ စင်စစ်သော်ကား ငါသည် အဖမ်းခံရလျှင် ခံရခြင်းပင် စောရပပါတ တောင်စောင့်နတ်မင်းအား ‘အကယ်၍ အကျွန်ုပ်သည် အသက်ရှင်မှုကို ရခဲ့ပါမူ အရှင်နတ်မင်းအား ဗလိပူဇော်ပွဲကို ပေးဆက်ပါမည်’ဟု တောင်းပန် တိုးလျှိုးခဲ့လေသည်။ ငါသည် ထိုစောရပပါတ တောင်စောင့်နတ်မင်းကို အမှီပြု၍ အသက်ရှင်မှုကို ရအပ်ခဲ့ပါပြီ၊ သင် ဘဒ္ဒါသည် လျင်မြန်စွာပင် ဗလိပူဇော်ပွဲများကို စီရင် ပြင်ဆင်စေပါလော့”ဟု ပြောဆိုလေ၏။

     ဘဒ္ဒါ သူဌေးသမီးသည် “ငါကား ထိုအရှင်သခင် လင်ယောက်ျား သတ္တုက၏ စိတ်အလိုဆန္ဒကို ဖြည့်ကျင့်မည်”ဟူသော ရည်ရွယ်ချက်ဖြင့် ဗလိပူဇော်ပွဲများကို စီရင်ပြင်ဆင်စေ၍ အဆင်တန်းဆာစုံ ဝတ်ဆင်ပြီးလျှင် သတ္တုကနှင့် အတူတကွ ယာဉ်တခုတည်း၌ စီးနင်းလိုက်ပါ၍ စောရပပါတတောင်သို့ အရောက်သွားပြီးသော် ဘဒ္ဒါသူဌေးသမီးသည် ရိုးသားသော စိတ်ဖြင့်ပင် “တောင်စောင့်နတ်မင်းအား ဗလိပူဇော်မှု ပြုပေ တော့အံ့”ဟု အဖော်များနှင့် အတူတကွ တောင်ပေါ်သို့ တက်ရောက်ရန် စီမံ အားထုတ်ရှာလေ၏။ သတ္တုက လူဆိုးကြီးသည်ကား “အတူတကွ ပါလာသူအားလုံးကို တောင်ပေါ်သို့ တက်ရောက်ကြလျှင်

၁၁၄

ငါ့အဖို့ရာ ဤသူဌေးသမီး၏ အဆင်တန်းဆာများကို လုယူရန် အခွင့်ရလိမ့်မည် မဟုတ်”ဟု ကြံစည်၍ အတူပါလာသူများကို တောင်ခြေ၌သာ နေရစ်စေပြီးလျှင် ဘဒ္ဒါသူဌေးသမီး တယောက်ထီးကိုသာ ဗလိပူဇော်ပွဲကို ရွက်စေလျက် စောရပပါတတောင်သို့ တက်လေ၏။

သတ္တုက၏အကြံ ပေါ်လွင်ခြင်း

     သတ္တုကသည် တောင်ပေါ်သို့ နှစ်ယောက်သား တက်ကြသောအခါ ဘဒ္ဒါသူဌေးသမီးနှင့် စကားပြောဆိုလျှင် ချစ်ဖွယ်စကား လုံးဝမပြောကြားပဲ ကြမ်းတမ်းရုန့်ရင်းသော စကားကိုသာလျှင် ပြောဆိုလေ၏။ ဘဒ္ဒါသူဌေးသမီးသည်လည်း ပါးနပ်သူဖြစ်ရကား စကားပြောပုံ အခြင်းအရာဖြင့်ပင် သတ္တုကလူဆိုး၏ ကောက်ကျစ်သော အလိုအကြံကို ကောင်းစွာရိပ်မိ သိရှိလေ၏။ တောင်ပေါ်သို့ ရောက်သောအခါ သတ္တုကလူဆိုးသည် ဘဒ္ဒါသူဌေးသမီးကို “ဘဒ္ဒါ.. သင်၏ အပေါ်ရုံအဝတ် = တဘက်ကို ချွတ်၍ သင့်ကိုယ်မှာ ဆင်လာသည့် အဆင်တန်းဆာအားလုံးကို ဤတဘက်၌ အထုပ်ထုပ်လိုက်”ဟု မိုက်ရိုင်းစွာ ပြောဆိုလေ၏။ လိမ္မာပါးနပ်သော ဘဒ္ဒါသူဌေးသမီးက “အိုအရှင်.. ကျွန်မ၏အဖို့ရာ ဘာအပြစ် ရှိပါသနည်း”ဟု သာယာချစ်ဖွယ်ရာ မေးမြန်းသော်လည်း သတ္တုကလူဆိုးသည် လူဆိုးပြီပြီ “ဟယ်အမိုက်မ.. ငါသည် ဗလိနတ်စာပူဇော်ရန် လာရောက်သည်ဟု သင်မှတ်သလော၊ (မဟုတ်ပေ)၊ ငါတမူကား (ဗလိနတ်စာ ပူဇော်ရန်ကို မဆိုထားဘိ) ဤတောင်စောင့်နတ်၏ အသည်းကိုပင် ထုတ်နုတ်၍ စားဝံ့သူဖြစ်သည်၊ စင်စစ်သော်ကား ဗလိနတ်စာ ပူဇော်မည့်အယောင်ဖြင့် သင်၏ အဆင်တန်းဆာများကို လုယူလိုသည်ဖြစ်၍ ဤတောင်ထိပ်သို့ လာရောက်ခြင်းဖြစ်သည်”ဟု ရိုင်းပြစွာ ပြောဆိုလေ၏။

ဘဒ္ဒါ၏ အလိမ္မာရည်

     အလွန်ပါးနပ် လိမ္မာလှသော ဘဒ္ဒါသူဌေးသမီးက “အရှင်.. အဆင်တန်းဆာများသည် အဘယ်သူ၏ ဥစ္စာပါနည်း (=အရှင်၏ဥစ္စာပင် ဖြစ်ပါ၏ဟု ဆိုလိုသည်)၊ ကျွန်တော်မသည်လည်း အဘယ်သူ၏ ဥစ္စာပါနည်း

၁၁၅

(=အရှင်၏ဥစ္စာပင် ဖြစ်ပါသည်ဟု ဆိုလိုသည်)” ဤကဲ့သို့ ပြောဆိုသောအခါ သတ္တုကလူဆိုးသည် “ငါတို့သည် ဤသို့သောစကားမျိုးကို နားမလည်ကြကုန်၊ သင့်ဥစ္စာကား တပါး, ငါ့ဥစ္စာကား တခြားသာလျှင်ဖြစ်၏”ဟု ပြတ်တောင်းစကား ပြောကြားလေ၏။ ထိုအခါ ဘဒ္ဒါသူဌေးသမီးသည် “ကောင်းပါပြီ အရှင်.. အထူးတောင်းပန်လိုပါသည်မှာ ကျွန်တော်မ၏ နှလုံးအလိုတခုကိုမူ ဖြည့်စေချင်ပါသည်။ ယခု တန်းဆာဆင်မြဲ တိုင်းဖြင့် ကျွန်တော်မအား အရှင့်ကို ရှေ့မှ၎င်း, နောက်မှ၎င်း လှည့်လည်ကာ လည်ဖက်၍ ယုယခြင်းငှါ အခွင့်ပေးကြစေလိုပါသည်”ဟု အလိမ္မာစကား ပြောကြားလေ၏။ သတ္တုကလူဆိုးသည် “ကောင်းပြီ”ဟု လက်ခံလေ၏။

     ဘဒ္ဒါသူဌေးသမီးသည် သတ္တုကလူဆိုးက လက်ခံသည်ကို သိရလျှင် အချိန်ကိုမဆွဲပဲ လူဆိုး၏ရှေ့မှ လည်ဖက်၍ ယုယပြီးလျှင် နောက်ဖက်မှ လည်ဖက်၍ ယုယသည့်အဟန်ဖြင့် ထိုသတ္တုကလူဆိုးကို တောင်ချပ်ကြား၌ တအားတွန်းချလိုက်လေ၏။ သတ္တုကလူဆိုးသည် တောင်ပေါ်မှ ဒလိမ့်ခေါက်ကွေးကျကာ မြေအပြင်သို့ မရောက်မီ ကောင်းကင်မှာပင် မှုန့်မှုန့်ညက်ညက်ဖြစ်ကာ ပျက်စီးခြင်းမလှ ပျက်စီးရလေတော့၏။

(ဤ၌။ ။သတ္တုကလူဆိုးကို တောင်ပေါ်မှ တွန်းချလိုက်သောအခိုက် ဘဒ္ဒါသူဌေးသမီး၏ သန္တာန်၌ ပါဏာတိပါတစေတနာ ပြဋ္ဌာန်းသော ဒေါသမူစိတ္တုပ္ပါဒ်ဖြစ်၍ ထိုစိတ္တုပ္ပါဒ်၏ ရှေ့ပိုင်း နောက်ပိုင်းတို့၌ အသက်အန္တရာယ်မှ လွတ်မြောက်ရန် ကြံစည်ဆင်ခြင် ပြုလုပ်သောအခါ ဘဒ္ဒါသူဌေးသမီး၏ သန္တာန်၌ ဥပါယကောသလ္လဉာဏ် ပြဋ္ဌာန်းသော မဟာကုသိုလ် စိတ္တုပ္ပါဒ်များ ဖြစ်သည်ကို အထူး မှတ်ယူသင့်ကြောင်း ဆရာကြီးဦးလင်း မသေမီက ဆရာထွန်းကို အထူးမှာကြား ပြောဆိုသွားခဲ့ပါသည်)။

၁၁၆

ဘဒ္ဒါသူဌေးသမီး၏ ဥပါယကောသလ္လဉာဏ်ကို

တောင်စောင့်နတ်မင်း ချီးကျူးခြင်း

     ဘဒ္ဒါသူဌေးသမီးပြုလုပ်အပ်သည့် အလွန်ဆန်းကြယ်သော အပြုအမူကို တွေ့မြင်ရ၍ စောရပပါတ တောင်စောင့်နတ်မင်းသည် သူဌေးသမီး၏ ပညာဂုဏ်ကျေးဇူးကို ချီးကျူးသောအားဖြင့် ဤဆိုလတ္တံ့သော ၂-ဂါထာတို့ကို ရွတ်ဆိုလေ၏-

(၁) န ဟိ သဗ္ဗေသု ဌာနေသု၊

ပုရိသော ဟောတိ ပဏ္ဍိတော။

ဣတ္ထီပိ ပဏ္ဍိတာ ဟောတိ၊

တတ္ထ တတ္ထ ဝိစက္ခဏာ။

(ဤဂါထာ ပဌမပိုဒ်ဝယ် အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ “န သော သဗ္ဗေသု ဌာနေသု”ဟူ၍ ရှိသော်လည်း ထေရီဂါထာ အဋ္ဌကထာ ကိုးကားသည့် အပဒါန်ပါဠိ, ဓမ္မပဒပါဠိတို့၌ “န ဟိ သဗ္ဗေသု ဌာနေသု”ဟူ၍သာ ရှိသည်။ ထိုပါဠိကသာ အနက်သဘောလည်း ချောမောပြေပြစ်သည်)။ အနက်ကား - သဗ္ဗေသု ဌာနေသု = ခပ်သိမ်း ဥဿုံ အလုံးစုံသော အရာဌာနတို့၌။ ပုရိသော ဟိ = ပုရိသော ဧဝ = အမျိုးကောင်းသား မင်းယောက်ျား သည်သာလျှင်။ ပဏ္ဍိတော = ပညာဉာဏ်ရှိ ပဏ္ဍိတပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်နိုင်သည်ကား။ = မဟုတ်။ ဣတ္ထီပိ = မာတုဂါမ မင်းမိန်းမသည်လည်း။ တတ္ထ တတ္ထ = ထိုထိုကိစ္စ အဝဝတို့၌။ ဝိစက္ခဏာ = ကောင်းစွာမြော်မြင် ဆင်ခြင်နိုင်သူ ဖြစ်ဘိမူကား။ ပဏ္ဍိတာ = ပညာဉာဏ်ရှိ ပဏ္ဍိတပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်နိုင်၏။

(၂) န ဟိ သဗ္ဗေသု ဌာနေသု၊

ပုရိသော ဟောတိ ပဏ္ဍိတော။

ဣတ္ထီပိ ပဏ္ဍိတာ ဟောတိ၊

လဟုံ အတ္ထဝိစိန္တိကာ။

၁၁၇

သဗ္ဗေသု ဌာနေသု = ခပ်သိမ်းဥဿုံ အလုံးစုံသော အရာဌာနတို့၌။ ပုရိသော ဟိ = ပုရိသော ဧဝ = အမျိုးကောင်းသား မင်းယောက်ျားသည်သာလျှင်။ ပဏ္ဍိတော = ပညာဉာဏ်ရှိ ပဏ္ဍိတပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်နိုင်သည်ကား။ = မဟုတ်။ ဣတ္ထီပိ = မာတုဂါမ မင်းမိန်းမသည်လည်း။ လဟုံ = လျင်မြန်စွာ။ အတ္ထဝိစိန္တိကာ = အကျိုးရကြောင်း နည်းလမ်းကောင်းကို မစောင်းမဖည် ကြံစည်ဆင်ခြင်နိုင်သူ ဖြစ်ဘိမူကား။ ပဏ္ဍိတာ = ပညာဉာဏ်ရှိ ပဏ္ဍိတပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်နိုင်၏။

ဘဒ္ဒါသူဌေးသမီး ပရိဗိုဇ်ရဟန်းမ-ပြုခြင်း

     ထို့နောင်မှ ဘဒ္ဒါသူဌေးသမီးသည် “ငါကား ဤပုံဤနည်းဖြင့် အိမ်သို့ တဖန် မပြန်နိုင်တော့ချေ = ပြန်၍ မဖြစ်တော့ချေ၊ ဤတောင်မှပင် ဦးတည့်ရာ သွားရောက်၍ တွေ့ရှိသော ရဟန်းအဖြစ်တခုခုသို့ ကပ်ရောက်ပေတော့အံ့”ဟု ကြံစည်ဆင်ခြင်မိကာ ဦးတည့်ရာသွားလေလျှင် တက္ကတွန်းအရာမ်တခုသို့ ရောက်ရှိ၍ တက္ကတွန်းဆရာတို့ကို ရဟန်းပြုပေးရန် တောင်းပန်လေ၏။ ထိုအခါ ဘဒ္ဒါကို တက္ကတွန်းဆရာက “အဘယ်နည်းဖြင့် ရဟန်းဖြစ်စေလိုသနည်း = အညံ့စားရဟန်း ဖြစ်စေလိုသလော, အမြတ်စားရဟန်း ဖြစ်စေလိုသလော”ဟု မေးမြန်းကြလေလျှင် ဘဒ္ဒါသူဌေးသမီးသည် “အရှင်တို့၏ သာသနာဝယ် အမြတ်ဆုံးသော ရဟန်းအဖြစ်ကိုသာ ပြုပေးကြပါလော့”ဟု (ပစ္ဆိမဘဝိကပုဂ္ဂိုလ်ပြီပြီ) ပြောကြားလေ၏။

ကုဏ္ဍလကေသာ အမည်တွင်ခြင်း

     တက္ကတွန်းဆရာတို့သည် “ကောင်းပြီ”ဟု ဝန်ခံကြ၍ ဘဒ္ဒါသူဌေးသမီး၏ ဆံပင်တို့ကို ထန်းစေ့ဖြင့်နုတ်၍ ရဟန်းမ ပြုပေးကြလေ၏။ (သူတို့၏ အယူဝါဒ၌ ကတ်ကျေး, ဓားတို့ဖြင့် ဆံကိုရိတ်ဖြတ်၍ ရဟန်းပြုပေးခြင်းမျိုးကို အညံ့စားရဟန်းအဖြစ်ဟု သမုတ်ကြ၍ ထန်းစေ့ဖြင့် အနာခံကာ ဆံပင်တို့ကိုနုတ်၍

၁၁၈

ရဟန်းပြုပေးခြင်းမျိုးကို အမြတ်စား ရဟန်းအဖြစ်ဟု သမုတ်ကြလေသည်။ ထို့ကြောင့် အမြတ်စား ရဟန်း ဖြစ်စေရန် ထန်းစေ့မှုတ်ဖြင့် ဆံပင်ကိုနုတ်၍ ရဟန်းမ-ပြုပေးခြင်း ဖြစ်သည်)။ ထိုသို့ ထန်းစေ့မှုတ်ဖြင့် ဆံပင်တို့ကို နာကျင်စွာနုတ်၍ ရဟန်းမ ပြုခဲ့သောကြောင့် ဆံပင်အသစ်များ နောက်ထပ်တဖန် ပေါက်လာပြန်သောအခါ အစုလိုက် အစုလိုက် နားဍောင်းပမာ ဝိုင်းလျက် ဝိုင်းလျက် ပေါက်၍လာကြလေသည်။ ထိုအကြောင်းကြောင့်ပင် ထိုသူဌေးသမီးသည် ထိုအချိန်မှစ၍ “ကုဏ္ဍလကေသာ = နားဍောင်းပမာ အစုလိုက်ဝိုင်းသော ဆံပင်ရှိသူ”ဟူ၍ အမည်တွင်လေသည်။

ကုဏ္ဍလကေသာ တက္ကတွန်းမ ဝါဒရှင်ဖြစ်လာခြင်း

     ကုဏ္ဍလကေသာ တက္ကတွန်းရဟန်းမသည် မိမိရဟန်းမ-ပြုရာ တက္ကတွန်းတို့အထံ၌ အလုံးစုံသော အတတ်ပညာကို သင်ယူပြီးနောက် ပါရမီရှိသူဖြစ်ရကား “ဤတက္ကတွန်းတို့အဖို့ ဤအယူဝါဒထက် သာလွန်မြင့်မြတ်သော တရားထူးဟူ၍ မရှိ”ဟု ဆင်ခြင်သိမြင်ကာ တက္ကတွန်းတို့အထံမှ ဖဲခွါခဲ့၍ ထိုထိုရွာ,နိဂုံး, မင်းနေပြည်တို့သို့ လှည့်လည်လျက် ပညာရှိများ ရှိလေရာရာအရပ်သို့ သွားရောက်၍ ထိုထိုပညာရှင်တို့ တတ်သိသော အတတ်ပညာ အားလုံးကို တပည့်မ-ခံကာ သင်ယူရှာလေသည်။ ထိုအခါ ထိုကုဏ္ဍလကေသာ တက္ကတွန်းရဟန်းမအား များစွာသော အရပ်ဌာနတို့၌ အတတ်ပညာ သင်ကြားတတ်မြောက်ပြီး ဖြစ်သောကြောင့် ဝါဒအပြိုင်အဆိုင် ပေးစွမ်းနိုင်သောသူမည်သည် မရှိသလောက်ပင် ဖြစ်၍နေလေ၏။

     ကုဏ္ဍလကေသာ တက္ကတွန်း ရဟန်းမသည် ဝါဒရှင်တယောက်ဖြစ်ကာ မိမိနှင့် ဝါဒအနိုင် ယှဉ်ပြိုင် ပြောဆိုနိုင်မည့်သူကို မတွေ့ရ၍ မိမိဝင်ရောက်ရာရွာ, နိဂုံး၏ တံခါးဝ၌ သဲပုံပြုလုပ်ကာ ထိုသဲပုံထက်၌ သပြေခက်ကို စိုက်ထူထားပြီးလျှင် အနီးရှိ ရွာသူသားငယ်တို့အား “ငါ့အပေါ်၌ ဝါဒယှဉ်ပြိုင် အပြစ်တင်ပြောဆိုနိုင်သောသူသည် ဤသပြေခက်ကို နင်းနှိပ်ကြိတ်ဖျက်စေသတည်း”ဟု

၁၁၉

ပြောဆိုမှာကြားကာ အသိအမှတ်ပေး၍ ထားလေ၏။ ထိုသပြေခက်ကို ခုနစ်ရက်တိုင်၍မှ နင်းနှိပ်ကြိတ်ဖျက်မည့်သူ မရှိသောအခါ ကုဏ္ဍလကေသာ တက္ကတွန်းရဟန်းမသည် ထိုသပြေခက်ကို ယူဆောင်ကာ အရပ်တပါးသို့ ဖဲသွားလေ၏။

အရှင်သာရိပုတ္တရာမထေရ်မြတ် ကုဏ္ဍလကေသာကို

ဆုံးမတော်မူခြင်း

     ထိုအခါဝယ် အကျွန်ုပ်တို့၏ မြတ်စွာဘုရားသည် လောက၌ ပွင့်ထွန်းဖြစ်ပေါ်တော်မူလာ၍ သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံး နေထိုင်တော်မူဆဲ ဖြစ်၏။ ကုဏ္ဍလကေသာ တက္ကတွန်းရဟန်းမ (=အဝတ်တထည်သာဝတ်သော တက္ကတွန်းရဟန်းမ)သည်လည်း အစဉ်အတိုင်း ထိုထိုရွာ, နိဂုံး, မင်းနေပြည်တို့သို့ လှည့်လည်၍လာလေရာ သာဝတ္ထိပြည်သို့ရောက်၍ မြို့တွင်းသို့ ဝင်မည်ရှိလတ်သော် ရှေးပြုမြဲ နည်းလမ်းအတိုင်းပင် သဲပုံ၌ သပြေခက်ကို စိုက်ထား၍ အနီးအပါးရှိ သူငယ်တို့အား ရှေးဆိုအပ်ပြီးနည်းအတိုင်း အသိအမှတ်ပေး ပြောဆို၍ မြို့တွင်းသို့ ဝင်လေ၏။

     ထိုအခါ တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ရဟန်းသံဃာများ ဆွမ်းခံဝင်ပြီးနောက်မှ (ဇေတဝန် ကျောင်းတိုက်ကြီး တခုလုံးကို လှည့်လည်ကာ ထားပုံသိုပုံ နေရာမကျသော ပရိက္ခရာများကို ကြည်ညိုဖွယ်ရှိအောင် ခေါက်လိပ်သိမ်းထားခြင်း, သောက်ရေသုံးရေမရှိသော ကျောင်းများ၌ သောက်ရေသုံးရေတို့ကို တည်ထားခြင်း, အမှိုက်သရိုက်ထူပြောသော ကျောင်းများ၌ တံမြက်လှည်းသုတ်သင်ခြင်း, ထိုထို ဂိလာနရဟန်းတို့အား မေးမြန်း၍ သပ္ပါယဖြစ်မည့် ဆေးအစာကို ဖွေရှာယူဆောင်ခဲ့မည့်အကြောင်း အားပေးစကား ပြောကြားခြင်း- စသော မိမိပြုမြဲဝတ်ကို ပြုလုပ်ပြီးလျှင်) တပါးတည်း မြို့တွင်းသို့ ဆွမ်းခံဝင်လေသော် သဲပုံ၌ စိုက်ထူထားသည့် သပြေခက်ကို မြင်တော်မူ၍ အနီးရှိ ကလေးများကို “အဘယ့်ကြောင့် ဤသပြေခက်ကို စိုက်ထူထားအပ်သနည်း”ဟု မေးတော်မူလေ၏။

၁၂၀

ကလေးတို့သည် ထိုကုဏ္ဍလကေသာ တက္ကတွန်းရဟန်းမ ပြောဆိုခဲ့သမျှသော အကြောင်းအရာကို မခြွင်းမချန် ပြန်ကြား လျှောက်ထားကြလေကုန်၏။ ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်က “ကလေးတို့.. ဤသို့ဖြစ်လျှင် ဤသပြေခက်ကို ဆွဲယူကြကာ သင်တို့ နင်းနှိပ်ကြိတ်ဖျက်ကြလော့”ဟု မိန့်ဆိုတော်မူလေလျှင် ထိုကလေးသူငယ်တို့အနက် မထေရ်၏စကားကို ကြားရ၍ အချို့ ကလေးသူငယ်တို့သည် သပြေခက်ကို မနင်းနှိပ် မကြိတ်ဖျက်ဝံ့ကြသော်လည်း သတ္တိကောင်းသည့် အချို့သော ကလေးသူငယ်တို့သည်မူကား အရှင်သာရိပုတ္တရာ၏စကားကို ကြားရသောခဏမှာပင် အားတက်ကြကာ သပြေခက်ကို နင်းနယ်ကြိတ်ချေ၍ မှုန့်မှုန့်ညက်ညက်ဖြစ်အောင် ပြုလုပ်ကြလေကုန်၏။

     ကုဏ္ဍလကေသာသည် သာဝတ္ထိပြည်တွင်း၌ ဆွမ်းစားခြင်းကိစ္စကို ပြုပြီး၍ ထွက်လာလတ်သော် ကြိတ်ချေနင်းနယ်ထားသော ထိုမိမိ၏သပြေခက်ကို မြင်ရ၍ “ဤအမှုကား အဘယ်သူ၏ အပြုအမူနည်း”ဟု အနီးရှိကလေးတို့ကို မေးမြန်းလေ၏။ ထိုအခါ ကလေးသူငယ်တို့သည် ကုဏ္ဍလကေသာအား တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာမထေရ်က မိမိတို့ကို နင်းနယ်ကြိတ်ဖျက်စေကြောင်းကို ပြန်ကြား ပြောဆိုကြလေ၏။ ထိုအခါ ကုဏ္ဍလကေသာသည် “မိမိ၏စွမ်းအင်ကို မသိမြင်သောသူသည် ဤသပြေခက်ကို ကြိတ်ဖျက် နင်းနယ်စေခြင်းငှါ စွမ်းနိုင်လိမ့်မည် ဝံ့လိမ့်မည် မဟုတ်ချေ။ မချွတ်ဧကန် အမှန်ပင် ဤယခုသပြေခက်ကို ကြိတ်ဖျက် နင်းနယ်စေသော မထေရ်သည် ကြီးမြတ်သူ ဖြစ်လိမ့်မည်၊ အထူးအားဖြင့် ငါသည်လည်း တယောက်တည်းသွား၍ အဖော်နည်းပါးသူဖြစ်လျှင် တင့်တယ်လိမ့်မည် မဟုတ်ချေ။ မြို့တွင်းသို့ ဝင်ရောက်ကာ ပရိသတ်အား ‘ဓမ္မသေနာပတိ သာရိပုတ္တရာမထေရ်နှင့် ငါတို့ ဝါဒပြိုင်ဆိုင်ကြမည့် အကြောင်း’ အသိပေးမှ သင့်တော်တော့မည်”ဟု ကြံစည်အောက်မေ့ကာ ထိုအကြံအစည်အတိုင်းပင် ပြုလေ၏။ အိမ်ခြေ ရှစ်သောင်းရှိသော သာဝတ္ထိပြည်၌ နီးစပ်ရာရာ ဆင့်ကဲဆင့်ကဲ အချင်းချင်း ပြောကြားကြသဖြင့်

၁၂၁

သာဝတ္ထိပြည်သူပြည်သား အားလုံးတို့သည်ပင် ထိုအကြောင်းကို အချိန်အနည်းငယ်အတွင်း ပြန့်နှံ့ သိရှိကြလေကုန်၏။

အရှင်သာရိပုတ္တရာ မထေရ်မြတ်သည်လည်း ဆွမ်းကိစ္စ ပြုပြီးလတ်သော် တခုသော သစ်ပင်ရင်း၌ (ကုဏ္ဍလကေသာတို့ လာမည်ကို သိရှိစောင့်ဆိုင်းကာ) ထိုင်နေတော်မူလေ၏။ ထို့နောက်မှ ကုဏ္ဍလကေသာသည် လူများအပေါင်း ခြံရံအပ်လျက် မထေရ်မြတ်ထံသို့ သွားရောက်ကာ စကားအစေ့အစပ် ပြောဆိုပြီးနောက် အပြစ်လွတ်ရာအရပ်၌ ရပ်တည်လျက် မထေရ်မြတ်နှင့် အတုံ့အလှယ်စကား ပြောကြားကြသည်မှာ-

(ကုဏ္ဍလကေသာ)

အရှင်ဘုရား.. အရှင်ဘုရားတို့သည် တပည့်တော်မ ၏ သပြေခက်ကို ကြိတ်ဖျက် နင်းနယ်စေအပ်သလော။

(အရှင်သာရိပုတ္တရာ)

အိမ်း.. ငါကြိတ်ချေနင်းနယ်စေအပ်သည်။

(ကုဏ္ဍလကေသာ)

အရှင်ဘုရား.. ထိုသို့ဖြစ်လျှင် အရှင်ဘုရားတို့နှင့် တပည့်တော်မတို့၏ ဝါဒပြိုင်ဆိုင်မှု ဖြစ်စေတော့လား။

(အရှင်သာရိပုတ္တရာ)

ဖြစ်ပါစေ တက္ကတွန်းမလေး..။

(ကုဏ္ဍလကေသာ)

မည်သူက အလျင်လက်ဦးမေး၍ မည်သူက ဖြေဆိုပါမည်နည်းဘုရား။

(အရှင်သာရိပုတ္တရာ)

အမေးပုစ္ဆာဟူသည်မှာ ငါတို့အား ရှေးဦးပဌမ ရောက်ရှိ၏။ သို့သော်လည်း သင်တက္ကတွန်းမကလေးသည်ပင် ရှေးဦးစွာ သင်သိသောအချက်ကို မေးလေလော့။

     ကုဏ္ဍလကေသာသည် မထေရ်မြတ်၏ ခွင့်ပေးချက်အရ မိမိသိသမျှ ဝါဒအားလုံးကို မေးလေ၏။ မထေရ်မြတ်သည် အားလုံးကို

၁၂၂

ဖြေရှင်းတော်မူလေ၏။ ထို့နောက်မှ မထေရ်မြတ်က စကားစ၍ ကုဏ္ဍလကေသာနှင့် မိန့်ဆိုပြောကြားကြပြန်သည်မှာ-

(အရှင်သာရိပုတ္တရာ)

တက္ကတွန်းမကလေး.. သင်သည် ငါ့ကို များစွာသော ပုစ္ဆာကို မေးအပ်ပြီး (ငါကလည်း ဖြေအပ်ပြီး)လေပြီ၊ ငါတို့ကလည်း သင့်ကို ပြဿနာတခု မေးကြကုန်အံ့။

(ကုဏ္ဍလကေသာ)

မေးတော်မူကြပါ အရှင်ဘုရားတို့..။

(အရှင်သာရိပုတ္တရာ)

ဧကံ နာမ ကိံ = တက္ကတွန်းမကလေး.. (ပရိညာသုံးပါးဖြင့် ပိုင်းခြား၍ သိရမည့်) တရားတမျိုးဟူသည် အဘယ်တရားနည်း။

(ကုဏ္ဍလကေသာ)

တပည့်တော်မ မသိပါ အရှင်ဘုရား။

(အရှင်သာရိပုတ္တရာ)

တက္ကတွန်းမကလေး.. သင်သည် (ငါတို့သာသနာဝယ် သာမဏေငယ်ကလေးများ လေ့လာရသည့်) ဤမျှကိုမှ မသိလျှင် အခြား အဘယ်တရားကို သင် သိနိုင်လိမ့်မည်နည်း = သိနိုင်လိမ့်မည်မဟုတ်။

     ဤကဲ့သို့ မထေရ်မြတ်က မိန့်ဆိုလျှင်ပင် ပါရမီရှင်ဖြစ်သော ကုဏ္ဍလကေသာသည် မထေရ်၏ခြေရင်း၌ ဝပ်စင်း၍ “အရှင်ဘုရား.. တပည့်တော်မသည် အရှင်ဘုရားတို့ကို ကိုးကွယ်ရာဟူ၍ သိမှတ် ဆည်းကပ်ပါ၏ဘုရား”ဟု လျှောက်ထားရှာလေ၏။ မထေရ်မြတ်သည် ကုဏ္ဍလကေသာကို “ငါ့ကို ကိုးကွယ်ရာဟု သိမှတ်ဆည်းကပ်မှုပြုရန် မရှိ၊ နတ်နှင့်တကွသော သတ္တလောကကြီးတခုလုံး၌ အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတိုက်တော်ဦး ဂန္ဓကုဋီကျောင်းတော်၌ သီတင်းသုံး နေထိုင်တော်မူလျက်ရှိ၏။ သင်သည် ထိုမြတ်စွာဘုရားကို ကိုးကွယ်ရာဟု သိမှတ်ဆည်းကပ်လော့”ဟု မိန့်တော်မူလေ၏။

     ကုဏ္ဍလကေသာသည် “ကောင်းပါပြီ လိုက်နာ ပြုကျင့်ပါမည် အရှင်ဘုရား..”ဟု လျှောက်ထား၍ ညနေချမ်းအခါ မြတ်စွာဘုရားရှင် တရားဟောတော်မူနေသော အချိန်၌ မြတ်စွာဘုရားရှင်ထံတော်သို့

၁၂၃

သွားရောက် ဆည်းကပ်၍ တည်ခြင်းငါးပါးဖြင့် ရှိခိုးပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ရပ်တည်နေလေ၏။ မြတ်စွာဘုရားရှင်သည် ကုဏ္ဍလကေသာ၏ ဉာဏ်ရင့်ကျက်ချိန်ကို သိမြင်တော်မူ၍-

“သဟဿမပိ စေ ဂါထာ၊

အနတ္ထပဒသံဟိတာ။

ဧကံ ဂါထာပဒံ သေယျော၊

ယံ သုတွာ ဥပသမ္မတိ။

သဟဿမပိ စေ ဂါထာ = အထောင်သင်္ချာ ဂါထာတို့ပင် ဖြစ်လင့်ကစား။ အနတ္ထပသံဟိတာ = အကျိုးမတဲ့ မိုးဖွဲ့, တောင်ဖွဲ့- စသော ပုဒ်ဝါကျနှင့် စပ်ယှဉ်ဘိမူ။ န သေယျော = အဘယ်နည်းဖြင့်မျှ မချီးမွမ်းအပ် မမြတ်ပချေ။ ယံ = အကြင် “အပ္ပမာဒေါ အမတံ ပဒံ” အစရှိသော ဂါထာပိုဒ်ကို။ သုတွာ = သဒ္ဓါနားဖြင့် နာကြားရသည်ရှိသော်။ ဥပသမ္မတိ = ကိလေသာဟူ အပူခပ်သိမ်း အပြီးတိုင်ငြိမ်းအေး၏။ တံ ဧကံ ဂါထာပဒံ = ထိုကိလေသာငြိမ်းကြောင်း တရားဂါထာကောင်း တပိုဒ်ကသာလျှင်။ သေယျော = အထူးသဖြင့် ချီးမွမ်းအပ် မြတ်လှပေ၏” -

ဟူသော ဤတရားဂါထာကို ဟောကြားတော်မူ၏။ ကုဏ္ဍလကေသာသည် ဂါထာနိဂုံး ဆုံးလတ်သောအခါ ရပ်တည်ရင်းပင် ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၍ (=ပဋိသမ္ဘိဒါပတ္တ ရဟန္တာမ-ဖြစ်၍) မြတ်စွာဘုရားရှင်ကို ရဟန်းမ-ပြုပေးပါရန် တောင်းပန် လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်သည် ထိုကုဏ္ဍလကေသာအား ရဟန်းမ-ပြုပေးရန် လက်ခံ ခွင့်ပြုတော်မူလေ၏။ ကုဏ္ဍလကေသာသည် ဘိက္ခုနီမကျောင်းတိုက်သို့ သွားရောက်၍ ရဟန်းမ-ပြုလေ၏။

၁၂၄

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     နောက်အဖို့ဝယ် ဘိက္ခု, ဘိက္ခုနီ, ဥပါသကာ, ဥပါသိကာဟူသော ပရိသတ်လေးပါးအလယ်၌ “ဤဘဒ္ဒါ ကုဏ္ဍလကေသာ ထေရီမကား ကြီးမြတ်ပါဘိ၏၊ ယင်း ထေရီမသည် လေးပိုဒ်ရှိသည့် တဂါထာမျှအဆုံး၌ပင် အရဟတ္တဖိုလ်သို့ ရောက်ဆိုက်ခဲ့လေပြီ”ဟု ချီးမွမ်းစကား ဖြစ်ပွါးခဲ့လေသည်။ မြတ်စွာဘုရားသည် ထို အကြောင်းကို အဋ္ဌုပ္ပတ်ပြု၍ ဘဒ္ဒါကုဏ္ဍလကေသာထေရီမကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဘိက္ခုနီနံ ခိပ္ပါဘိညာနံ ယဒိဒံ ဘဒ္ဒါ ကုဏ္ဍလကေသာ = ရဟန်းတို့.. လျင်မြန်စွာ ရအပ်သည့် မဂ်ဉာဏ်ဖိုလ်ဉာဏ်ရှိကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဘိက္ခုနီများစွာတို့တွင် ဘဒ္ဒါမည်သော ကုဏ္ဍလကေသာ ဘိက္ခုနီမသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ခိပ္ပါဘိညအရာ”၀ယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား ကုဏ္ဍလကေသာထေရီ အကြောင်းတည်း။

**********

(၁၀) ဘဒ္ဒါကာပိလာနီထေရီအကြောင်း

(ဤဘဒ္ဒါကာပိလာနီ ထေရီမ၏ အကြောင်းအရာသည် အရှင်မဟာကဿပမထေရ်၏ အကြောင်းအရာနှင့် ဆက်စပ်လျက်ရှိ၏။ အောက် အခဏ်း ၄၃၊ စာမျက်နှာ ၁ဝဝ-ကစ၍ အကြောင်းအရာ အကျယ်ကို ဖွင့်ဆိုပြီးဖြစ်သဖြင့် အဋ္ဌကထာ၌ ဤဘဒ္ဒါကာပိလာနီ ထေရီမအကြောင်းကို အကျဉ်းမျှသာ ဖွင့်ဆိုအပ်လေသည်။ ဗုဒ္ဓဝင်စာတော်ဖတ် သူတော်စင် ပရိသတ်သည် ဤမဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ အခဏ်း ၄၃၊ စာမျက်နှာ ၁၀၀၊ (၄) အရှင်မဟာကဿပမထေရ်အကြောင်းကို ပြန်လည်သုံးသပ် ဖတ်ရှုကုန်ရာ၏။ ဤ၌မူ အဋ္ဌကထာ ဖွင့်ပြချက်အတိုင်း အကျဉ်းမျှသာ ရေးသားဖော်ပြပေအံ့)-

၁၂၅

(က) ထေရီမ၏ ရှေးဆုတောင်း

     ဤဘဒ္ဒါကာပိလာနီ ထေရီမအလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ ဝေဒေဟသူဌေးကြီး၏ အိမ်ရှင်မ သူဌေးကတော်ဖြစ်၍ မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ဘိက္ခုနီထေရီမတပါးကို ရှေး၌ဖြစ်ဘူးသည့် ခန္ဓာအစဉ်ကို အောက်မေ့နိုင်ကြသည့် ဘိက္ခုနီအပေါင်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူးဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။

သူကြွယ်ကတော်ဘဝ

     ထိုသူဌေးကတော်သည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ခဲ့၍ အောက် စာမျက်နှာ ၁၁၁-၌ လာသောအတိုင်း ဗာရာဏသီပြည်ဝယ် သူကြွယ်ကတော်ဖြစ်၍ သူကြွယ်၏နှမနှင့် ခိုက်ရန်ငြင်းခုံမှု ပြုကြစဉ် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တပါး ဆွမ်းခံကြွလာ၍ သူကြွယ်၏နှမက ဆွမ်းလှူပြီးလျှင် သူကြွယ်ကတော်ကို ထိပါး၍ ဆုတောင်းလေရာ သူကြွယ်ကတော်သည် မခံမရပ်နိုင်ဖြစ်၍ အရှင်ပစ္စေကဗုဒ္ဓါ၏ လက်တော်မှ သပိတ်ကိုယူ၍ ဆွမ်းကို စွန့်သွန်ပြီးလျှင် ရွှံ့ညွန်အပြည့်ထည့်၍ လှူသောအခါ ရပ်ရွာနေ မြင်သူအားလုံး၏ ဆုံးမပြောဆိုချက်အရ သတိသံဝေဂ အရှက်ရပြီးလျှင် တဖန် သပိတ်ကိုယူ၍ ရွှံ့ညွန်ကို စွန့်သွန်ပြီးလျှင် သပိတ်ကို စင်ကြယ်အောင် ဆေးကြောပြီးနောက် နံ့သာမှုန့်ဖြင့် ပွတ်တိုက်၍ စတုမဓုအပြည့် ထည့်ပြီးလျှင် ထို၏အထက်၌ ကြာတိုက်အဆင်း ဖြူဝင်းသော ထောပတ်ကို လောင်းထည့်လျက် အရောင်တလက်လက်ထွက်အောင်ပြု၍ အရှင်ပစ္စေကဗုဒ္ဓါ၏လက်၌ သပိတ်ကို ဆက်ကပ်ပြီးလျှင် “ဤဆွမ်းသည် အရောင်တလက်လက် ထွက်သကဲ့သို့ တပည့်တော်မ၏ ကိုယ်သည်လည်း အရောင်တလက်လက် ထွက်သည် ဖြစ်ပါစေသတည်း”ဟု ဆုတောင်းပတ္ထနာမှု ပြုလေသည်။ ဤသို့အစရှိသည်

၁၂၆

အကြောင်းအရာအလုံးစုံကို “အရှင်မဟာကဿပမထေရ် အကြောင်း”၌ ဆိုအပ်ပြီးသော နည်းအတိုင်း သိမှတ်ရာ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းမ-ပြုခြင်း

     အထူးအားဖြင့် နောက်ဆုံးဘဝ ရဟန်းပြုကြသောအခါ အရှင်မဟာကဿပ မထေရ်သည် လက်ျာလမ်းကို ယူတော်မူ၍ မြတ်စွာဘုရား၏ အထံတော် ဗဟုပုတ္တကအမည်ရှိသော ပညောင်ပင်ရင်းသို့ သွားရောက်လေ၏။ ဤဘဒ္ဒါကာပိလာနီ သူဌေးကတော်ကလေးသည်ကား မာတုဂါမများ ရဟန်းပြုရန် အခွင့်မပြုသေးသောကြောင့် လက်ဝဲလမ်းကိုယူ၍ ပရိဗိုဇ်မများအရာမ်သို့ သွားရောက်ကာ ပရိဗိုဇ်ရဟန်းမကလေး ပြုလုပ်ရှာလေသည်။ ဘဒ္ဒါကာပိလာနီသည် ငါးနှစ်ကြာ ပရိဗိုဇ်ရဟန်းမ-အဖြစ်ဖြင့် နေရရှာလေသည်။ ဤအကြောင်းကို “ပဉ္စ ၀ဿာနိ နိဝသိံ၊ ပရိဗ္ဗာဇဝတေ အဟံ”-ဟူသော သူမ၏ အပဒါန်ကို ထောက်၍ သိရ၏။

     ဘဒ္ဒါကာပိလာနီ ပရိဗိုဇ်ရဟန်းမ-ပြု၍ ငါးနှစ်ရှိသောအခါ မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီသည် ဘိက္ခုနီသာသနာကို တောင်းပန်ခွင့်ရ၍ ကိုယ်တိုင် ရှင်ရဟန်းမ ပြုခဲ့လေသည်။ ထိုအခါ ဘဒ္ဒါကာပိလာနီ ထေရီသည် မိထွေးတော် မဟာပဇာပတိဂေါတမီ ထေရီမကြီးအထံ၌ ရှင်,ရဟန်းအဖြစ်ကို ရယူ၍ နောက်အဖို့ဝယ် ဝိပဿနာတရား ပွါးများကြိုးကုတ် အားထုတ်သဖြင့် အရဟတ္တဖိုလ်သို့ ရောက်ရှိလေသည် = ရဟန္တာထေရီမ ဖြစ်လေသည်။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     ဘဒ္ဒါကာပိလာနီ ထေရီမသည် ရဟန္တာဖြစ်ပြီးနောက် ရှေးဆုတောင်းပါရှိသည့်အတိုင်း ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ် = ရှေးကဖြစ်ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့သိမြင်သော အဘိညာဏ်၌ အထူးသဖြင့် လေ့လာနိုင်နင်းလေသည်။ ထို့ကြောင့်ပင် မြတ်စွာဘုရားသည် နောက်တချိန်ဝယ် ဇေတဝန်ကျောင်းတော်၌

၁၂၇

နေတော်မူ၍ ဘိက္ခုနီမတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူးဌာနန္တရ၌ ထားတော်မူသည်ရှိသော် ဤဘဒ္ဒါကာပိလာနီထေရီမကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဘိက္ခုနီနံ ပုဗ္ဗေနိဝါသံ အနုဿရန္တီနံ ယဒိဒံ ဘဒ္ဒါကာပိလာနီ = ရဟန်းတို့.. ရှေး၌ဖြစ်သော ခန္ဓာအစဉ်ကို အောက်မေ့တတ်ကြသော ငါဘုရား၏တပည့်မ = သာဝိကာ ဘိက္ခုနီမများစွာတို့တွင် ဘဒ္ဒါအမည်ရင်းရှိသော ကာပိလာနီ ဘိက္ခုနီသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ ပုဗ္ဗေနိဝါသာနုဿတိအရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

(ဤ၌။ ။ထေရီမ၏ မူလ မိဘတို့မှည့်ခေါ်သော အမည်ကား ဘဒ္ဒါဟူ၍ဖြစ်သည်။ အရွယ်ရောက်၍ အရှင်မဟာကဿပအလောင်း ပိပ္ပလိလုလင်နှင့် မိဘတို့က ထိမ်းမြားသောအခါ ယောက္ခမဖြစ်သူ ကပိလပုဏ္ဏား (ပိပ္ပလိလုလင်၏ဖခင်)၏ ချွေးမဖြစ်သည်ကို အစွဲပြု၍ ကာပိလာနီ တွင်သည်ဟု မှတ်ယူရာ၏)။

ဤကား ဘဒ္ဒါကာပိလာနီထေရီ အကြောင်းတည်း။

**********

(၁၁) ဘဒ္ဒကစ္စနာ = ယသောဓရာထေရီအကြောင်း

(ဤဘဒ္ဒကစ္စနာ = ယသောဓရာထေရီ၏ အကြောင်းအရာသည်လည်း “ဒီနောက် ရေပါ” ဟူဘိသကဲ့သို့ ဗုဒ္ဓ၏ အကြောင်းအရာကို ဖော်ပြလျှင်ပင် ဒီနောက်က ရေအလား ထင်ရှားပြီးသား ဖြစ်လေတော့သည်။ ထို့ကြောင့် အဋ္ဌကထာ၌ ဤထေရီမ၏ အကြောင်းအရာကို အကျဉ်းဆုံး ဖွင့်ပြသကဲ့သို့ ဤကျမ်း၌လည်း အဋ္ဌကထာအတိုင်း အကျဉ်းသာ ဖော်ပြပေအံ့)—

(က) ထေရီမ၏ ရှေးဆုတောင်း

     ဤဘဒ္ဒကစ္စာနာ = ယသောဓရာ ထေရီအလောင်း အမျိုးကောင်းသမီးသည်လည်း ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ်

၁၂၈

ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသမီးဖြစ်၍ နောက်အဖို့ဝယ် မြတ်စွာဘုရား၏ တရားစကားကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ဘိက္ခုနီမတပါးကို “မဟာဘိညာပ္ပတ္တ = ကြီးကျယ်သော အဘိညာဏ်ပညာသို့ ရောက်သောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုရာထူးဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းမ-ပြုခြင်း

     ထိုအမျိုးကောင်းသမီးသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့၍ ဤအကျွန်ုပ်တို့၏ မြတ်စွာဘုရား ပွင့်ထွန်းတော်မူရာ ကာလဝယ် ဘုရားအလောင်း၏ ဦးရီးတော် သုပ္ပဗုဒ္ဓ သာကီဝင်မင်း၏ သမီးတော်ဖြစ်၍ အမည်အားဖြင့် ဘဒ္ဒကစ္စာနာဟူ၍ တွင်မည်လေသည်။

     ဘဒ္ဒကစ္စာနာ = ယသောဓရာမင်းသမီးသည် အရွယ်သို့ရောက်လတ်သော် အောက်က ဖော်ပြအပ်ခဲ့ပြီး သောအတိုင်း ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား၏ မိဖုရားခေါင်ကြီး ဖြစ်လာလေသည်။ ထိုဘဒ္ဒကစ္စာနာ = ယသောဓရာ မိဖုရားခေါင်ကြီးမှ နောက်အဖို့၀ယ် ရာဟုလသားတော်ကို ဖွားမြင်လာလေသည်။ ရာဟုလမင်းသား ဖွားသောနေ့မှာပင် အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် တောထွက်၍ မဟာဗောဓိ မဏ္ဍိုင်၌ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူပြီးလျှင် သတ္တလောကကို ချီးမြှောက်တော်မူလျက် အစဉ်သဖြင့် ကပိလ၀တ် နေပြည်တော်သို့ ရောက်တော်မူ၍ ဆွေတော်မျိုးတော်တို့အား ချီးမြှောက်မှု ပြုတော်မူခဲ့လေသည်။

     နောက်အဖို့ (မြတ်စွာဘုရား ဘုရားဖြစ်ပြီး ငါးဝါအရ)၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ထီးဖြူတော်အောက်ဝယ် အရဟတ္တဖိုလ်သို့ရောက်၍ ထိုနေ့မှာပင် ပရိနိဗ္ဗာန် စံလွန်ပြီးလတ်သော် မိထွေးတော်ကြီး မဟာပဇာပတိ ဂေါတမီသည်

၁၂၉

(မဟာသမယသုတ်လာ ရဟန်းငါးရာတို့၏ ကြင်ယာဟောင်း) သာကီဝင်မင်းသမီး ငါးရာတို့နှင့် အတူတကွ မြတ်စွာဘုရားရှင် အထံတော်၌ ရှင်ရဟန်းမ-ပြုလေသည်။ ထိုအခါ ရာဟုလမယ်တော် ယသောဓရာ မိဖုရားသည်၎င်း, ဇနပဒကလျာဏီ မင်းသမီးသည်၎င်း မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီ ထေရီအထံ၌ ရှင်,ရဟန်းမ ပြုကြလေသည်။

     ဘဒ္ဒကစ္စာနာ = ယသောဓရာဘိက္ခုနီ ရဟန်းပြုသောအချိန်မှ စ၍“ဘဒ္ဒကစ္စာနာထေရီ” ဟူ၍ ထင်ရှားလေသည်။ ဘဒ္ဒကစ္စာနာထေရီသည် ရဟန်းပြုပြီး နောက်အဖို့ဝယ် ဝိပဿနာတရား ပွါးများကြိုးကုတ် အားထုတ်သဖြင့် မကြာမြင့်မီပင် အရဟတ္တဖိုလ်သို့ ရောက်ရှိလေသည် = ရဟန္တာမ ဖြစ်လေသည်။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     ဘဒ္ဒကစ္စာနာထေရီသည် အရဟတ္တဖိုလ်သို့ ရောက်ပြီးသည့်နောက် အဘိညာဏ်တို့၌ အထူးလေ့လာ နိုင်နင်းလေသည်။ တင်ပလ္လင် တခွေတည်းထိုင်လျက် အာဝဇ္ဇန်းတမျိုးတည်းဖြင့် တသင်္ချေနှင့် ကမ္ဘာတသိန်း အတွင်း ဖြစ်ခဲ့သမျှကို ပြန်လည် အောက်မေ့နိုင်လေသည်။ ထိုဘဒ္ဒကစ္စာနာထေရီမ၏ ထိုဂုဏ်ကျေးဇူးသတင်း ထင်ရှား ကျော်ကြားလတ်သော် မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး နေတော်မူလျက် ဘိက္ခုနီမတို့ကို ဧတဒဂ်ရာထူးဌာနန္တရ၌ ထားတော်မူသည်ရှိသော် ဤဘဒ္ဒကစ္စာနာထေရီကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဘိက္ခုနီနံ မဟာဘိညာပ္ပတ္တာနံ ယဒိဒံ ဘဒ္ဒကစ္စာနာ = ရဟန်းတို့.. ကြီးကျယ်သော အဘိညာဏ်ပညာသို့ ရောက်ရှိကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဘိက္ခုနီမများစွာတို့တွင် ဘဒ္ဓကစ္စာနာ ဘိက္ခုနီသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

၁၃၀

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “မဟာဘိညာပ္ပတ္တ = ကြီးကျယ်သော အဘိညာဏ်ပညာသို့ ရောက်သောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

(ဤ၌ အထူးမှတ်ရန်မှာ- တဆူသော ဘုရားရှင်၏ လက်ထက်ဝယ် ကြီးကျယ်သော အဘိညာဏ်ပညာသို့ ရောက်ရှိသော သာဝကတို့ကား လေးပါးသာလျှင် ပေါ်ထွန်းမြဲဖြစ်သည်။ ကျန်သော သာဝကတို့ကား မဟာဘိညအဖြစ်သို့ မရောက်ကြကုန်။ မှန်၏- ကျန်သော သာဝကတို့သည် ကမ္ဘာတသိန်းကိုသာလျှင် အောက်မေ့နိုင်ကုန်၏၊ ထို့ထက် ပိုလွန်၍ မအောက်မေ့နိုင်ကုန်။ မဟာဘိညအဖြစ်သို့ ရောက်ကြသည့် သာဝကတို့သည်ကား တသင်္ချေနှင့် ကမ္ဘာတသိန်းအတွင်း ဖြစ်ရပ်များကို အောက်မေ့နိုင်ကြကုန်သည်။ အကျွန်ုပ်တို့၏ မြတ်စွာဘုရား သာသနာ၌လည်း ၁,၂-အဂ္ဂသာဝက မထေရ်နှစ်ပါး၊ ၃-အရှင်ဗာကုလမထေရ်၊ ၄-ဘဒ္ဒကစ္စာနာထေရီ ဤလေးပါးတို့သာလျှင် တသင်္ချေနှင့် ကမ္ဘာတသိန်းကို အောက်မေ့နိုင်ကြသည်။ ထိုကြောင့် ဤဘဒ္ဒကစ္စာနာထေရီသည် “မဟာဘိညာပ္ပတ္တ-ဧတဒဂ်”ကို ရရှိလေသည်။ ဤထေရီမ၏ မူလအမည်ကား ဘဒ္ဒကစ္စာနာတည်း၊ အလွန်မြတ်သော ရွှေကဲ့သို့သော ကိုယ်ရေအဆင်း ရှိသောကြောင့် ဘဒ္ဒကဉ္စနာဟူ၍လည်း ခေါ်တွင်လေသည်။ ဤကား အထူးမှတ်ရန်တည်း)။

ဤကား ဘဒ္ဒကစ္စာနာထေရီ အကြောင်းတည်း။

**********

(၁၂) ကိသာဂေါတမီထေရီအကြောင်း

(က) ထေရီမ၏ ရှေးဆုတောင်း

     ဤကိသာဂေါတမီ ထေရီအလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ မထင်ရှားသော အမျိုးသမီးဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို ကြားနာစဉ် မြတ်စွာဘုရားက ဘိက္ခုနီမတပါးကို “လူခစီဝရဓရ = ခေါင်းပါးသော သင်္ကန်းကို ဆောင်သောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ မိမိစွမ်းအားရှိသလောက် အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုလူခစီဝရဓရဧတဒဂ်ရာထူးကို

၁၃၁

ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားကလည်း ဤအကျွန်ုပ်တို့ မြတ်စွာဘုရား၏ သာသနာဝယ် ထိုဆုတောင်း ပြည့်စုံမည့်အကြောင်း ဗျာဒိတ်စကား ကြားတော်မူလေသည်။

ကိကီမင်းကြီး၏ သမီးတော်ဘဝ

     ထိုအမျိုးသမီးသည် ကမ္ဘာတသိန်းကြာ အပါယ်လေးပါး မလားမရောက်ရပဲ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည် ကျက်စားခဲ့၍ ဤဘဒ္ဒကမ္ဘာဝယ် ကဿပမြတ်စွာ လက်ထက်တော်အခါ၌ ဗာရာဏသီပြည် ကိကီမင်းကြီး၏ သမီးတော် ခုနစ်ယောက်တို့တွင် ငါးယောက်မြောက် “ဓမ္မာ”မည်သော သမီးတော်ဖြစ်၍ အနှစ် နှစ်သောင်းကြာ ကောမာရိဗြဟ္မစရိယအကျင့်ကို ကျင့်သုံးခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းမ-ပြုခြင်း

     ဓမ္မာမင်းသမီးသည် ထိုဘဝမှ စုတေ၍ တာဝတိံသာနတ်ပြည်သို့ လားရောက်ရပြီးလျှင် ဤနောက်ဆုံး ပစ္ဆိမဘဝ၌ ပင်ကိုယ်က သူဌေးမျိုးဖြစ်လျက် စီးပွါးပျက်ကပ်တိုက်ကာ ဆင်းရဲ၍နေသော အမျိုး(သာဝတ္ထိပြည်ဝယ် ဆင်းရဲသောအမျိုး)၌ အမျိုးသမီး ဖြစ်လာလေသည်၊ သူ၏အမည်ကား ဂေါတမီ အမည်ရှိလေသည်။ အထူးအားဖြင့် ကြုံလှီသေးငယ်သော ကိုယ်ကာယရှိသောကြောင့် ထိုအမျိုးသမီးကို “ကိသာဂေါတမီ = ကြုံလှီသေးသွယ်သော ဂေါတမီ”ဟူ၍ ခေါ်ဆိုအပ်လေသည်။

(ထိုကိသာဂေါတမီ အမျိုးသမီး၏ သူဌေးချွေးမဖြစ်ရပုံကို ဓမ္မပဒအဋ္ဌကထာ ပဌမအုပ် စာမျက်နှာ ၄၄၃, ၄၄၄-တို့မှ ထုတ်နုတ်ဖော်ပြပါဦးအံ့)–

ကံကုန်လျှင် စီးပွါးပျက်တတ်သည်

“ယဒါ ကမ္မက္ခယော ဟောတိ၊ သဗ္ဗမေတံ ဝိနဿတိ။

၁၃၂

ဟူသော နိဓိကဏ္ဍသုတ္တန်လာ ဒေသနာတော်အတိုင်း သာဝတ္တိပြည်ဝယ် တဦးသော သူဌေး၏အိမ်၌ ကုဋေလေးဆယ်သော ရွှေငွေပစ္စည်း ဥစ္စာများသည် (ထိုသူဌေး၏ ကုသိုလ်ကံအဟုန် ကုန်သောကြောင့်) အံ့ဩဖွယ်ရာ မီးသွေးခဲများသာဖြစ်၍ တည်နေလေ၏။ သူဌေးသည် ထိုအဖြစ်အပျက်ကို တွေ့ရ၍ သောကကြီးစွာ ဖြစ်ရှိကာ အစာအာဟာရကို မစားနိုင်တော့ပဲ ညောင်စောင်း၌ လဲလျောင်း၍သာ နေရှာလေ၏။ ထိုသူဌေး၏ သူငယ်ချင်းတယောက် အိမ်သို့ရောက်လာ၍ “သူငယ်ချင်း.. အဘယ့်ကြောင့် ဤမျှလောက် စိုးရိမ်ပူဆွေးရသနည်း”ဟု မေး၍ ထိုအကြောင်းကို ကြားသိရလေသော် “သူငယ်ချင်း.. မစိုးရိမ်ပါလင့်၊ အကြောင်းဥပါယ်တမျဉ်ကို ငါ စဉ်းစားမိပါသည်။ ထိုဥပါယ်တမျဉ်ကို သူငယ်ချင်း ပြုလုပ်စေချင်ပါသည်”ဟု ပြောလေ၏။ သူဌေးက “မိတ်ဆွေ.. အဘယ်သို့ ပြုရမည်နည်း”ဟု မေးလေလျှင် သူငယ်ချင်းဖြစ်သူသည် ဤဆိုလတ္တံ့သောအတိုင်း နည်းလမ်း ဥပါယ်ကောင်းကို ပြောပြလေသည်၊ ထိုဥပါယ်ကောင်းမှာ-

“သူငယ်ချင်း.. မိမိ၏ အိမ်ဈေး (မိမိအိမ်အတွင်း ဆိုင်ခင်းလောက်၍ လူအများ မြင်နိုင်လောက်သည့် နေရာ)၌ ဖျာကိုခင်း၍ ထိုဖျာပေါ်၌ မီးသွေးများကို စုပုံထားကာ ဈေးရောင်းနေသော သူကဲ့သို့ သူငယ်ချင်း ထိုင်နေပါ။

မိမိအိမ်ရှေ့မှ သွားကြလာကြသော လူတို့အနက် “သူဌေး.. အခြားလူများသည် အဝတ်အထည်, ဆီ, ပျား, တင်လဲ- စသည်တို့ကို ရောင်းကြပါကုန်၏၊ အရှင်သူဌေးသည်ကား မီးသွေးတို့ကို ရောင်း၍နေသကိုး”ဟု ပြောလာသူတို့ကို (စကားအရှည် မပြောပဲ) “ကိုယ့်ဥစ္စာကို မရောင်းလျှင် ဘာလုပ်မည်နည်း”ဟုသာ တိုတိုတုတ်တုတ် ပြောလိုက်ပါလေ။ (ထိုသူများကား ဘုန်းကံရှင် မဟုတ်ကြဘူး-ဟု ဆိုလိုသည်)။

ထိုသို့မဟုတ်ပဲ “သူဌေး.. အခြားလူများသည် အဝတ်အထည် ဆီ, ပျား, တင်လဲ-စသည်တို့ကို ရောင်းကြပါကုန်၏၊

၁၃၃

အရှင်သူဌေးသည်ကား ရွှေတွေ ငွေတွေကို ရောင်းချနေသကိုး”ဟု ပြောဆိုလာသူကို “ဘယ်မှာလဲ ရွှေငွေတွေ”ဟု ပြန်၍ မေးလိုက်ပါ၊ ထိုသူက “ဤပစ္စည်းတွေ”ဟု ပြောဆိုလျှင် “ထိုပစ္စည်းတွေကို ယူခဲ့ပါဦး”ဟု သူငယ်ချင်းက ပြောဆိုကာ လက်နှစ်ဖက်တို့ဖြင့် ခံယူလိုက်ပါ။ (ထိုသူသည် ဘုန်းရှင်ကံရှင် ဖြစ်ပါသည်) ဤနည်းဖြင့် ထိုသူပေးအပ်သော ဥစ္စာသည် သူငယ်ချင်း၏ လက်ထဲ၌ မူလပကတိအတိုင်း ရွှေတွေ ငွေတွေပင် ဖြစ်ပါလိမ့်မည်။

အထူး သတိပေးလိုသည်မှာ- ထိုသို့ ပြောဆိုလာသူသည် အကယ်၍ သတို့သမီးဖြစ်လျှင် ထိုသတို့သမီးကို သူငယ်ချင်း၏အိမ်၌ သားအတွက် (မယားအဖြစ်) ဆောင်ယူ၍ ကုဋေလေးဆယ်သော ထိုရွှေငွေဥစ္စာကို ထိုချွေးမအား အပ်နှင်းပါလေ၊ ထိုသို့အပ်နှင်းပြီး ထိုချွေးမက စီမံပေးအပ်သော ဥစ္စာကို သူငယ်ချင်း သုံးဆောင်ပါလေ။

အကယ်၍ ထိုသို့ ပြောဆိုလာသူသည် သတို့သားဖြစ်ခဲ့လျှင် သူငယ်ချင်း၏အိမ်၌ အရွယ်သို့ရောက်သော သမီးကို ထိုသတို့သားအား ပေး၍ ကုဋေလေးဆယ်သော ရွှေငွေများကို ထိုသားမက်အား အပ်နှင်းပြီးလျှင် ထိုသားမက်က စီမံပေးအပ်သော ဥစ္စာကို သူငယ်ချင်း သုံးဆောင်ပါလေ”–

ဤကဲ့သို့ နည်းလမ်းဥပါယ်ကောင်းကို ပေးလေသည်။

ဘုန်းရှင် ကံရှင် ကိသာဂေါတမီ

     စီးပွါးပျက်သူ သူဌေးသည် “အလွန်ကောင်းသော နည်းလမ်းဥပါယ်ဖြစ်သည်”ဟု ပြောဆိုကာ သူငယ်ချင်း ပြောသည့်အတိုင်း မိမိ၏အိမ်အတွင်း ဆိုင်ခင်းသင့်သည့် နေရာ = လမ်းသွားလမ်းလာ လူအများ မြင်လောက်သည့်နေရာ၌ မီးသွေးများကို အစုအပုံပြု၍ ရောင်းနေသကဲ့သို့ ထိုင်နေလေ၏။ “သူဌေး.. အခြားလူများသည်

၁၃၄

အဝတ်အထည်, ဆီ, ပျား, တင်လဲ- စသည်တို့ကို ရောင်းကြပါကုန်၏၊ အရှင်သူဌေးကမူ (ဂုဏ်နှင့်မလိုက်အောင်) အဘယ့်ကြောင့် မီးသွေးတို့ကို ရောင်း၍နေသနည်း”ဟု မေးမြန်းပြောဆိုလာသော (ဘုန်းကံရှင် မဟုတ်သူ) လူတို့အား သူဌေးသည် “မိမိ၏ဥစ္စာကို မရောင်းချလျှင် ဘာလုပ်မည်နည်း”ဟုသာ တိုတိုတုတ်တုတ် စကားတုံ့ ပေးလိုက်လေ၏။

     ထို့နောက် တနေ့သောအခါ ရှေးဖော်ပြရာပါ အထည်ကြီးပျက် စီးပွါးပျက် သူဌေးသမီး ကိသာဂေါတမီသည် မိမိ၏ကိစ္စတခုဖြင့် ထိုအိမ်ဈေးတံခါးဝသို့ ရောက်ရှိလာ၍ သူဌေးကို မြင်လေလျှင် “အို ဖခင်.. အသို့နည်း = ဘယ့်နှာလဲ၊ အခြားလူများသည် အဝတ်အထည်, ဆီ, ပျား, တင်လဲ- စသည်တို့ကို ရောင်းကြပါကုန်၏၊ ဖခင်သည်ကား ရွှေတွေ ငွေတွေကို ရောင်းချ၍နေသကိုး”ဟု ပြောဆိုလေ၏။ သူဌေးက “သမီး.. ဘယ်မှာလဲ ရွှေငွေတွေ”ဟု မေး၍ ကိသာဂေါတမီက “ဖခင်သည် ထိုရွှေတွေ ငွေတွေကိုပင် ကိုင်၍ ထိုင်နေသည်မဟုတ်လော”ဟု ပြောလေလျှင် သူဌေးသည် “သမီး.. ထိုရွှေငွေတွေကို ယူခဲ့ပါဦး”ဟု ပြောဆိုလေ၏။ ကိသာဂေါတမီသည် လက်ခုပ်အပြည့်ယူ၍ သူဌေး၏ လက်နှစ်ဖက်တို့၌ လောင်းထည့်ပေးလိုက်လေ၏။ ထိုပစ္စည်းအားလုံးသည် မူလပကတိအတိုင်း ငွေနှင့် ရွှေများသာ ဖြစ်လေတော့၏။

ကိသာဂေါတမီ သူဌေးချွေးမ ဖြစ်လေပြီ

     ထိုအခါ ကိသာဂေါတမီကို သူဌေးသည် “သမီး.. သမီး၏အိမ်သည် အဘယ်အမည် ရှိသနည်း”ဟု မေး၍ ကိသာဂေါတမီက “ဤသို့သောအမည် ရှိပါ၏”ဟု ဖြေကြားအပ်လေသော် ထိုကိသာဂေါတမီ၏ အရှင်သခင် လင်ယောက်ျား မရှိသေးသူအဖြစ်ကို သိပြီးနောက် မီးသွေးဖြစ်နေသော ဥစ္စာစုကို သိုမှီးသိမ်းဆည်းလျက် ကိသာဂေါတမီကို မိမိ၏သားအတွက် (=ဇနီးအဖြစ်) ဆောင်ယူခဲ့ပြီးလျှင် ကုဋေလေးဆယ်သော ဥစ္စာကို နှင်းအပ်လေ၏။ ထိုအခါ အလုံးစုံသည်ပင် မူလပကတိအတိုင်း

၁၃၅

ငွေနှင့် ရွှေချည်း ဖြစ်လေတော့၏။ ။(ဤစကားစုကား ဓမ္မပဒအဋ္ဌကထာမှ လာသတည်း)။

     ကိသာဂေါတမီသည် နောက်တချိန်၌ သားကို ဖွားမြင်လေ၏။ ထိုအခါ (ရှေးက ဆင်းရဲသူသမီးဟု လွှမ်းမိုးနိုင်ထက်ကလူ ပြုကြသော်လည်း) သားယောက်ျားကလေး ဖွားမြင်လာသည့်အတွက် တအိမ်သားလုံးတို့က မြတ်နိုးတနာမှု ပြု၍လာကြလေ၏။ အထူးအားဖြင့် ကိသာဂေါတမီ၏ ထိုသားကလေးသည် ပြေးကာ လွှားကာ ကစားနိုင်သော အရွယ်မှာပင် သေဆုံး၍ သွားလေ၏။ သို့ရကား တကြိမ်မျှ သားသောက မတွေ့ဘူးသော ကိသာဂေါတမီ၏ သန္တာန်ဝယ် သောကကြီးစွာ ဖြစ်၍လာလေ၏။ ကိသာဂေါတမီသည် “ငါကား ဤအိမ်၌ လာဘ်ပူဇော်သက္ကာရ ခေါင်းပါးနွမ်းနယ်ရာမှ သားကလေးမွေးဖွားသော အချိန်ကစ၍ အပူဇော်ခံ အမြတ်နိုးခံဘဝသို့ ရောက်ခဲ့ရလေပြီ၊ ဤလူများသည် ငါ့သားကလေး (ဥတုဇရုပ်ကလာပ်)ကို မြို့ပြင်၌ စွန့်ပစ်ရန် အားထုတ်ကြကုန်လေရာ၏”ဟု အောက်မေ့၍ သားကလေးအလောင်းကို ရင်ခွင်ဖြင့်ပိုက်၍ “ကျွန်တော်မသားကလေးအတွက် အသက်ရှင်ဆေး ပေးကြပါကုန်”ဟု နှုတ်က တတွတ်တွတ်ပြောဆိုကာ (=သောကရူး ရူးသွပ်လျက်) အိမ်ပေါက်စေ့ လှည့်လည် သွားလာလေတော့သည်။

     မြင်တိုင်းမြင်တိုင်းသော အရပ်၌ လူများက “အဘယ်အရပ်၌ သင်သည် သေပြီးသူအတွက် အသက်ပြန်၍ ရှင်သောဆေးကို တွေ့ဘူး မြင်ဘူးသနည်း”ဟု လက်ဖြောက်တီးကာ ပြက်ရယ်မှု ပြုကြလေ၏။ ကိသာဂေါတမီသည် ထိုလူများ၏ စကားဖြင့်လည်း အသိတရား သတိတရား မရနိုင်ရှာချေ။ ထိုအခါ ကိသာဂေါတမီကို ပညာရှိသူ လူတယောက်က တွေ့မြင်ရ၍ “ဩ.. ဤသူငယ်မသည် သားသောကကြောင့် စိတ်ပြန့်လွင့်ခြင်းသို့ ရောက်ရှာသည် ဖြစ်လိမ့်မည်၊ ဤသူငယ်မအတွက် ဆေးကို အခြားသူ တဦးတယောက်မျှ သိလိမ့်မည်မဟုတ်၊ မြတ်စွာဘုရားရှင်သည်သာလျှင် သိတော်မူလိမ့်မည်”ဟု ကြံစည်ဆင်ခြင်မိ၍

၁၃၆

“ချစ်သမီး.. သင်ချစ်သမီး၏ သားကလေးအတွက် အသက်ပြန်၍ ရှင်မည့်ဆေးကို မြတ်စွာဘုရားမှတပါး အခြား သိနိုင်သောသူမည်သည် မရှိချေ၊ စင်စစ်သော်ကား နတ်နှင့်တကွသော သတ္တလောက၌ အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် သာဝတ္ထိပြည်၏အဦး ဇေတဝန် ကျောင်းတိုက်တော်၌ သီတင်းသုံး နေထိုင်တော်မူဆဲ ရှိ၏၊ ချစ်သမီးသည် ထိုမြတ်စွာဘုရားရှင် အထံတော်သို့သာ သွားရောက်၍ မေးပါလေလော့”ဟု အကြံပေး တိုက်တွန်းစကား ပြောကြားလေ၏။

မြတ်ဘုရားပေးသည့်

သောကငြိမ်းကြောင်း ဥပါယ်ကောင်း

     ထိုအခါ ကိသာဂေါတမီသည် “ဤပညာရှိ ပုဂ္ဂိုလ်မြတ်သည် အမှန်ကိုပြောဆို၏”ဟု အောက်မေ့၍ သားကလေး၏ အလောင်းကို ပိုက်ယူကာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် တရားဟောရန် ဗုဒ္ဓါသနဓမ္မပလ္လင်ဝယ် ထိုင်နေတော်မူသော အချိန်၌ ပရိသတ်အစွန်းက ရပ်တည်ကာ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်မ၏ သားကလေးအတွက် အသက်ရှင်ဆေးကို ပေးတော်မူကြပါဘုရား”ဟု ဟစ်အော် လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်သည် ကိသာဂေါတမီ၏ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှု = ဥပနိဿယကို မြင်တော်မူ၍ “ချစ်သမီးဂေါတမီ.. သားကလေးအသက်ရှင်ရန် ဆေးအလို့ငှါ ဤအရပ်သို့လာရောက်သော သင်ချစ်သမီးသည် ကောင်းသည်ကို ပြုအပ်ခဲ့လေပြီ = သားအသက်ရှင်ဆေး ရရန်အတွက် ဤအရပ်သို့ သင်ချစ်သမီး လာရောက်ခြင်းသည် အလွန်ကောင်းမြတ်လှပေ၏၊ ချစ်သမီး.. သွားပါချေ၊ သာဝတ္ထိပြည်တွင်းသို့ဝင်၍ အစွန်အဖျားဖြစ်သော အိမ်မှစကာ တမြို့လုံးကို လှည့်လည်ပြီးလျှင် လူတယောက်မျှ မသေဘူးသောအိမ်မှ မုံညင်းဆီ အနည်းငယ်ကို ယူဆောင်ခဲ့လော့”ဟု မိန့်တော်မူလေ၏။

(ဤ၌။ ။မြတ်စွာဘုရားရှင်၏ မိန့်ကြားတော်မူချက်ကို သတိပြုရာ၏၊ မြတ်စွာဘုရား၏ မိန့်ကြားတော်မူချက်မှာ “လူတဦးတယောက်မျှ

၁၃၇

မသေဘူးသောအိမ်မှ မုံညင်းဆီ အနည်းငယ်ကို ရှာဆောင်ခဲ့လော့” ဟူ၍သာ ဖြစ်သည်၊ “ထိုမုံညင်းဆီရလျှင် သင်၏သားကလေး အသက်ပြန်ရှင်လာမည်”ဟု မိန့်ကြားတော်မူသည် မဟုတ်။ စင်စစ်သော်ကား “ငါတဦးတည်းသာ သားနှင့် ကွေကွင်းရခြင်း = ဆင်းရဲဒုက္ခကို တွေ့ရသည်မဟုတ်၊ လူတိုင်းလူတိုင်းပင် ထိုဆင်းရဲဒုက္ခကို တွေ့ကြုံရပါတကား”ဟု ကိသာဂေါတမီ၏ သန္တာန်၌ အသိမှန် အမြင်မှန်ရ၍ သောကငြိမ်းအေးရန်သာ ရှေးဆိုအပ်ပြီးသည့်အတိုင်း မုသားမပါ မိန့်ကြားတော်မူခြင်း ဖြစ်သည်ကို သတိပြုရာ၏)။

     ကိသာဂေါတမီသည် (ထိုမုံညင်းဆီရလျှင် မိမိသားကလေး အသက်ပြန်ရှင်လာမည်ဟု အောက်မေ့ကာ) “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု လျှောက်ထား ဝန်ခံ၍ အားရဝမ်းသာစွာ မြို့တွင်းသို့ဝင်ပြီးလျှင် ပဌမတွေ့ရသော အိမ်၌ပင် “မြတ်စွာဘုရားက ကျွန်တော်မ၏သားကလေး အသက်ပြန်ရှင်ဆေးအတွက် မုံညင်းဆီ အနည်းငယ်ကို အယူအဆောင် ခိုင်းတော်မူပါသည်။ ကျွန်တော်မအား မုံညင်းဆီ အနည်းငယ်ကို ပေးတော်မူကြပါ”ဟု အိမ်ရှင်တို့အား ပြောကြားလေ၏။ အိမ်ရှင်များက “ယူလော့ = ရော့ ဂေါတမီ..”ဟု ပြောဆိုကြ၍ မုံညင်းဆီ အနည်းငယ်ကို ထုတ်၍ ပေးကြလေလျှင် ကိသာဂေါတမီသည် “ကျွန်တော်မကား ဤကဲ့သို့ မမေးမမြန်းပဲ မယူနိုင်ပါ၊ ဤအိမ်၌ ရှေးက တစုံတယောက် သေသောသူမည်သည် မရှိဘူးလော”ဟု မေးလေ၏။ အိမ်ရှင်တို့က “ဘယ့်နှယ်ပြောပါလိမ့် သမီးဂေါတမီ.. ဤအိမ်၌ ရှေးက သေသောသူများကို အဘယ်သူသည် ရေတွက်နိုင်ချိမ့်မည်နည်း = မရေမတွက်နိုင်သည်သာ”ဟု ပြောဆိုကြလေလျှင် ကိသာဂေါတမီသည် “ထိုသို့ဖြစ်လျှင် တော်ပါပြီ၊ ကျွန်တော်မသည် ဤမုံညင်းဆီကို မယူတော့ပါဘူး၊ ကျွန်တော်မကို မြတ်စွာဘုရားရှင်က လူမသေဘူးသောအိမ်မှ မုံညင်းဆီကို ဆောင်ယူစေတော်မူပါသည်”ဟု ပြောဆိုကာ ထိုအိမ်မှ ထွက်ခဲ့လေသည်။

     ကိသာဂေါတမီသည် ဤနည်းဖြင့်ပင် နှစ်အိမ် သုံးအိမ် ဝင်ထွက်ခဲ့၍ တတိယအိမ်သို့ ဝင်ရောက်၍အပြီးတွင် “တမြို့လုံး၌ပင် ဤနည်းသာလျှင် ဖြစ်ချိမ့်မည်၊ ဤအချက်ကို သတ္တဝါတို့၏

၁၃၈

အစီးအပွါးကို လိုလားတော်မူသော မြတ်စွာဘုရားရှင်သည် မြင်တော်မူပြီး ဖြစ်လိမ့်မည်”ဟု သတိသံဝေဂကြီးစွာရလျက် ထိုတတိယအိမ်မှပင် မြို့ပြင်သို့ ထွက်ခဲ့၍ သုသာန်သင်းချိုင်း လုပ်တိုင်းသို့ သွားရောက်ကာ သားငယ်၏ ရုပ်အလောင်းကို လက်ဖြင့်ကိုင်၍ “ချစ်သား.. အမေကား ဤသေခြင်းသဘောသည် သင်ချစ်သားအားသာ ကွက်၍ဖြစ်၏-ဟု ကြံမှားခဲ့လေပြီ၊ ဤသေခြင်းသဘောကား စင်စစ်မှာ သင်ချစ်သားအားသာ ဖြစ်သည်မဟုတ်၊ ဤသေခြင်းသဘောသည် လူအများနှင့်ဆက်ဆံ (=သက်ဆိုင်)သော သဘောဖြစ်ချေသည်”ဟု ပြောဆိုကာ သားငယ်၏ ရုပ်အလောင်းကို သုသာန်၌ စွန့်ပစ်ခဲ့၍—

န ဂါမဓမ္မော နော နိဂမဿ ဓမ္မော၊

န စာပိယံ ဧကကုလဿ ဓမ္မော။

သဗ္ဗဿ လောကဿ သဒေဝကဿ၊

ဧသေဝ ဓမ္မော ယဒိဒံ အနိစ္စတာ-

ဟူသော ဤဂါထာကို ရွတ်ဆို၍ မြတ်စွာဘုရား အထံတော်သို့ သွားရောက်လေ၏။ (ဤဂါထာ၏ အနက်ကို နောက်မှ ရေးသားပေအံ့)။ ထိုအခါ ကိသာဂေါတမီကို မြတ်စွာဘုရားရှင်က “ချစ်သမီးဂေါတမီ.. သင်သည် မုံညင်းဆီကို ရအပ်ခဲ့ပြီလော”ဟု မေးတော်မူ၍ ကိသာဂေါတမီက “မြတ်စွာဘုရား.. မုံညင်းဆီဖြင့် ပြုရန်ကိစ္စကား ပြီးပါပြီ၊ စင်စစ်သော်ကား ရှင်တော်ဘုရားတို့သည် တပည့်တော်မအား ထောက်ရာတည်ရာကိုသာ ပေးတော်မူကြပါလော့”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် ကိသာဂေါတမီအား ဓမ္မပဒကျမ်းလာ ဤဆိုလတ္တံ့သော ဂါထာကို ဟောကြားတော်မူ၏-

တံ ပုတ္တပသုသမ္မတ္တံ၊ ဗျာသတ္တမာနသံ နရံ။

သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။

ဂေါတမိ = ချစ်သမီး ဂေါတမီ..။ ပုတ္တပသုသမ္မတ္တံ = သမီးနှင့်သား ကျွဲနွားတို့ဖြင့် တအားတက်ကာ

၁၃၉

ယစ်မူး မေ့လျော့၍နေသော။ ဗျာသတ္တမနသံ = ရအပ်ရအပ် ဝတ္ထုပစ္စည်း အရပ်ရပ်တို့၌ ငြိကပ်တွယ်တာသော စိတ်ရှိ၍နေသော။ တံ နရံ = ထိုလူကို။ (သုတ္တံ = အိပ်ပျော်၍နေသော။ ဂါမံ = ရွာ၌နေသူ လူအပေါင်းကို။ မဟောဃော = ချောင်းပြည့်လျှံစီး ရေအယဉ်ကြီးသည်။ အာဒါယ ဂစ္ဆတိ ဣဝ = ခွေးကိုမျှမကြွင်းအောင် တိုက်ဆောင်ယူငင်၍ သွားသကဲ့သို့)။ မစ္စု = မစ္စုခေါ်ငြား သေခြင်းတရားသည်။ အာဒါယ ဂစ္ဆတိ = ယူဆောင်၍ သွားလေ၏”–

ဟူသော ဤဂါထာကို ဟောကြားတော်မူလေ၏။ ကိသာဂေါတမီသည် ဂါထာနိဂုံး ဆုံးသောအခါ သောတာပတ္တိဖိုလ်၌ တည်လေ၏။ (ဤကား အင်္ဂုတ္တရအဋ္ဌကထာ ဖွင့်ပြချက်ဖြစ်သည်)။

(ကိသာဂေါတမီ ထေရီအပဒါန် ပါဠိတော် အလိုအားဖြင့်- ကိသာဂေါတမီ မြတ်စွာဘုရားရှင် အထံတော်သို့ ပြန်လာသောအခါ မြတ်စွာဘုရားက-

ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။

ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ-

ဟူသော ဂါထာ, (ဤဂါထာအနက်ကို အောက် ပဋာစာရာထေရီအကြောင်း စာမျက်နှာ ၈၀-၌ ဖော်ပြခဲ့ပြီ)။

န ဂါမဓမ္မော နော နိဂမဿ ဓမ္မော၊

န စာပိယံ ဧကကုလဿ ဓမ္မော။

သဗ္ဗဿ လောကဿ သဒေဝကဿ၊

ဧသေဝ ဓမ္မော ယဒိဒံ အနိစ္စတာ။

ဂေါတမိ = ချစ်သမီး ဂေါတမီ..။ ယဒိဒံ - ယာ အယံ အနိစ္စတာ = အကြင် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ တခဏနှင့်ဖြစ်စဲ မမြဲခြင်းသဘောသည်။ အတ္ထိ = ရှိ၏။ အယံ = ဤရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ တခဏနှင့်ဖြစ်စဲ မမြဲခြင်းသဘောသည်။ န ဂါမဓမ္မော = တံတိုင်းမရှိ ဈေးမရှိ၍ သမ္မုတိဝေါဟာ ရွာဟုပညတ် တခုသောအရပ်ဝယ် သတ်မှတ်ပိုင်းခြား တကန့်သား၍ ဖြစ်ပွါးလေ့လာ မဟုတ်ပါတည့်။ နော နိဂမဿ ဓမ္မော = တံတိုင်းမစုံ ဈေးသာစုံ၍ နိဂုံပညတ် တခုသောအရပ်ဝယ် သတ်မှတ်ပိုင်းခြား တကန့်သား၍ ဖြစ်ပွါးလေ့လာ မဟုတ်ပါတည့်။

၁၄၀

န စာပိယံ ဧကကုလဿ ဓမ္မော = ဌာနနယ်ချုံး တနိဂုံးနှင့် ခေါ်ထုံးဝေါဟာ တမြို့ရွာဝယ် မျက်နှာမဲ့လျှင်း တအိမ်တွင်း၌ သင်းသီးသန့်ခြား တကန့်သား၍ ဖြစ်ပွါးလေ့လာ မဟုတ်ပါတည့်။ ဧသေဝ ဓမ္မော = ဤရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ တခဏနှင့်ဖြစ်စဲ မမြဲခြင်းသဘောသည်။ သဒေဝကဿ = နတ်ပြည်ခြောက်ရွာ ဗြဟ္မာနှစ်ဆယ်နှင့် တကွသော။ သဗ္ဗဿ လောကဿ = အလုံးစုံလောက ရှိသမျှ သတ္တဝါအပေါင်း၏။ ဓမ္မော = ဆန်မငြင်းသာ မတင်းသာသည့် ဓမ္မတာမျိုး တရားလမ်းရိုးကြီးပါပေတည်း။

ရုပ်နာမ်နှစ်ဖြာ၊ ငါးခန္ဓာတို့၊ ဖြစ်လာတိုင်းပင်၊ ကွယ်ချုပ်ဝင်သည့်၊ ဤသင်္ခါရ၊ သဘာဝကား၊ ဌာနနယ်ချုံး၊ တနိဂုံးနှင့်၊ ခေါ်ထုံးဝေါဟာ၊ တမြို့ရွာဝယ်၊ မျက်နှာမဲ့လျှင်း၊ တအိမ်တွင်း၌၊ သင်းသီးသန့်ခြား၊ တကန့်သား၍၊ ဖြစ်ပွါးလေ့လာ၊ မဟုတ်ပါဘူး။ ဗြဟ္မာ,လူ,နတ်၊ ထုတ်ချင်းခတ်အောင်၊ ဥပါဒ်စလျှင်၊ ဌီသို့ဝင်၍၊ ဘင်္ဂက္ခဏ၊ မရဏဖြင့်၊ ရွရွလှုပ်လှုပ်၊ တချုပ်ချုပ်လျှင်၊ နာမ်ရုပ်နှစ်မျိုး၊ ဖြစ်တိုင်းညှိုးသည်-

အရိုး အနိစ္စချည်းသာတည်း။

အရိုး ဒုက္ခချည်းသာတည်း။

အရိုး အနတ္တချည်းသာတည်း-

ဟူသောဂါထာ = ဤတရားနှစ်ဂါထာကို ဟောကြားတော်မူသည်ကို ကြားနာရ၍ သောတာပတ္တိဖိုလ်၌ တည်လေသည်-ဟု ထေရီမကြီးကိုယ်တိုင် မိမိ၏ဖြစ်စဉ် ကျင့်စဉ်ကို ပြန်လည် ဟောကြားအပ်သောကြောင့် ထိုအပဒါန်ပါဠိတော် အလာကိုလည်း အထူးသတိချပ် မှတ်ယူရာ၏)။

     ကိသာဂေါတမီသည် သောတာပတ္တိဖိုလ်၌ တည်ပြီးနောက် = သောတာပန်အရိယာ ဖြစ်ပြီးနောက် မြတ်စွာဘုရားရှင်ကို ရဟန်းမ ပြုပေးပါရန် တောင်းပန် လျှောက်ထားလေသည်။ မြတ်စွာဘုရားရှင်သည် ရဟန်းမ-ပြုရန် ခွင့်ပြုတော်မူလေသည်။ ကိသာဂေါတမီသည် မြတ်စွာဘုရားရှင်ကို လက်ျာရစ်သုံးပတ် လှည့်လည်ကာ ရှိခိုး၍ ဘိက္ခုနီကျောင်းတိုက်သို့ သွားရောက်ပြီးလျှင် ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရယူလေ၏။ ထိုအချိန်မှစ၍ ကိသာဂေါတမီထေရီဟူ၍ ထင်ရှားလေ၏။

၁၄၁

ကိသာဂေါတမီထေရီ ရဟန္တာဖြစ်ခြင်း

     ကိသာဂေါတမီ ထေရီသည် ရဟန်းမ-ပြုပြီးနောက် ဝိပဿနာတရား ပွါးများကြိုးကုတ် အားထုတ်လေရာ တနေ့သ၌ ဥပုသ်အိမ် သိမ်အပြင်ဝယ် မိမိအလှည့်အကြိမ် ရောက်သဖြင့် ဆီမီးညှိထွန်းပြီး ထိုဆီမီးတောက်ကို ကြည့်ရှုကာ ထိုင်နေသည်ရှိသော် ဆီမီးအလျှံတို့ တဖြစ်ပျက်ပျက်ရှိနေသည်ကို မြင်ရ၍ “ဤဆီမီးအလျှံများ ဖြစ်၍ ဖြစ်၍ ပျက်ကုန်သကဲ့သို့ ဤအတူပင် ဤသတ္တဝါတို့သည်လည်း ဖြစ်လည်းဖြစ်ကြ, ပျက်လည်းပျက်ကြကုန်၏၊ နိဗ္ဗာန်သို့ ရောက်ကြသူများသာ မထင်ပဲရှိကုန်၏”ဟု အာရုံနိမိတ်ကို ရယူလေသည်။

     မြတ်စွာဘုရားရှင်သည် ဂန္ဓကုဋီ ကျောင်းတော်ဝယ် ထိုင်နေတော်မူရင်းကပင် ရောင်ခြည်တော်ကို ဖြန့်လွှတ်၍ ထေရီမ၏ မျက်မှောက်၌ ထိုင်နေကာ ဟောတော်မူသကဲ့သို့ “ချစ်သမီးဂေါတမီ.. ဤချစ်သမီး စဉ်းစားမိသည့်အတိုင်း မှန်လှပေ၏။ ဤသတ္တဝါတို့သည် ဆီမီးအလျှံတို့ကဲ့သို့ ဖြစ်လည်းဖြစ်ကြ, ပျက်လည်းပျက်ကြကုန်၏၊ နိဗ္ဗာန်သို့ ရောက်ကြသူများသာ မထင်ပဲ ရှိကုန်၏။ ဤသို့ နိဗ္ဗာန်တရားကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မမြင်ရသောသူတို့၏ အနှစ်တရာ အသက်ရှင်ရခြင်းထက် နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မြင်ရသောသူ၏ တခဏမျှ အသက်ရှင်ရခြင်းက ချီးမွမ်းအပ် မြတ်လှပေ၏”ဟု မိန့်တော်မူ၍ စကားအနုသန္ဓေ ဆက်စပ်ပြီးလျှင် တရားဟောတော်မူလိုရကား ဤဆိုလတ္တံ့သော ဂါထာကို ဟောတော်မူ၏-

ယော စ ၀ဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။

ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။

ဂေါတမိ = ချစ်သမီး ဂေါတမီ..။ ယော စ = အမှတ်မထင် အကြင်သူသည်ကား။ အမတံ ပဒံ = သေခြင်းကင်းရာ မဟာအသင်္ခတဓာတ် အမြိုက်နိဗ္ဗာန် ပရမတ်ကို။ အပဿံ-အပဿန္တော = မဂ်ဉာဏ်, ဖိုလ်ဉာဏ်

၁၄၂

နှစ်တန်သော ဓမ္မမျက်စိဖြင့် မသိမမြင်ပဲ။ ဝဿသတံ = အနှစ်တရာ ရှည်မြင့်ကြာအောင်။ ဇီဝေ-ဇီဝေယျ = အသက်ရှည်ထွေ တည်နေရာ၏။ တဿ = ထိုသူ၏။ ဇီဝတော = အနှစ်တရာ ရှည်မြင့်ကြာအောင် ခန္ဓာဆက်စဉ် အသက်ရှင်၍ နေရခြင်းထက်။ အမတံ ပဒံ = သေခြင်းကင်းရာ မဟာအသင်္ခတဓာတ် အမြိုက်နိဗ္ဗာန် ပရမတ်ကို။ ပဿတော = မဂ်ဉာဏ်, ဖိုလ်ဉာဏ် နှစ်တန်သော ဓမ္မမျက်စိဖြင့် သိမြင်သောသူ၏။ ဧကာဟံ = ကာလမကြာ တရက်တာမျှ။ ဇီဝိတံ = ခန္ဓာဆက်စဉ် အသက်ရှင်၍ နေရခြင်းသည်။ သေယျော = အထူးသဖြင့် ချီးမွမ်းအပ် မြတ်လှပေ၏။

     ကိသာဂေါတမီထေရီသည် ဤဂါထာအဆုံးဝယ် အရဟတ္တဖိုလ်သို့ ရောက်လေ၏ = အာသဝေါကုန်ခန်း ရဟန္တာထေရီမ ဖြစ်လေ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     ဤကိသာဂေါတမီ ရဟန္တာထေရီမသည် ရဟန္တာဖြစ်ပြီးနောက် ပရိက္ခရာကို သုံးစွဲရာ၌ ခေါင်းပါးခြင်းဥက္ကဌ် အထွတ်အထိပ်ရောက် ကျင့်ဆောက်ကြိုးကုတ် (ရှေးဆုတောင်းအတိုင်း) အားထုတ်သူဖြစ်ရကား (၁) ဝတ္ထလူခ = အဝတ်အထည် အမျိုးအစားအားဖြင့် ကြမ်းတမ်းညံ့ဖျင်း၍ (၂) သုတ္တလူခ = သင်္ကန်းချုပ်သောချည် အနေအားဖြင့်လည်း ကြမ်းတမ်းခေါင်းပါး ညံ့ဖျင်းလျက် (၃) ရဇနလူခ = ဆိုးရည်အနေအားဖြင့်လည်း အပ်စပ်သည်ဟု ဆိုရရုံ ကြမ်းတမ်းခေါင်းပါး ညံ့ဖျင်းသည့် ဆိုးရည်ဖြင့် ဆိုးအပ်သည့် သင်္ကန်းကိုသာ ဝတ်ရုံသုံးဆောင်၍ လှည့်လည်သွားလာလေ့ရှိ၏။

     ထို့ကြောင့် မြတ်စွာဘုရားသည် နောက်အဖို့ဝယ် ဇေတဝန် ကျောင်းတော်၌ နေတော်မူလျက် ဘိက္ခုမနီတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူးဌာနန္တရ၌ ထားတော်မူသည်ရှိသော် ဤကိသာဂေါတမီ ရဟန္တာထေရီမကို-

၁၄၃

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဘိက္ခုနီနံ လူခစီဝရဓရာနံ ယဒိဒံ ကိသာဂေါတမီ = ရဟန်းတို့.. သုံးမျိုးသော အခြင်းအရာဖြင့် ခေါင်းပါးညံ့ဖျင်းသော သင်္ကန်းကို ဆင်မြန်းဝတ်ရုံ သုံးဆောင်လေ့ရှိကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဘိက္ခုနီမများစွာတို့တွင် ကိသာဂေါတမီ ဘိက္ခုနီသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “လူခစီဝရဓရ = ခေါင်းပါးညံ့ဖျင်းသော သင်္ကန်းကို ဆင်မြန်းဝတ်ရုံ သုံးဆောင်သော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား ကိသာဂေါတမီထေရီ အကြောင်းတည်း။

**********

(၁၃) သိင်္ဂါလကမာတုထေရီအကြောင်း

(ဤထေရီမအကြောင်းကို အင်္ဂုတ္တရအဋ္ဌကထာ၌ အကျဉ်းမျှသာ ဖွင့်ပြသောကြောင့် ထိုအင်္ဂုတ္တရအဋ္ဌကထာနှင့် သိင်္ဂါလကမာတုထေရီ အပါဒါန် = နှစ်ရပ်ကို ပေါင်းစပ်၍ ဖော်ပြပေအံ့)-

(က) ထေရီမ၏ ရှေးဆုတောင်း

     ဤသိင်္ဂါလကမာတု ထေရီအလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် အမတ်သမီးဖြစ်၍ ဖခင်အမတ်ကြီးနှင့် အတူတကွ ကျောင်းတော်သို့လိုက်ပါ မြတ်စွာဘုရား၏ တရားကို နာရသဖြင့် သဒ္ဓါကြည်ညိုဖြစ်ရှိကာ ဘိက္ခုနီမပြုလုပ်၍ စတုပါရိသုဒ္ဓိသီလကို ခရုသင်းပွတ်သစ်အတူ စင်ဖြူစွာ ကျင့်သုံးသည့်ပြင် ဘုရား တရား သံဃာ = ရတနာသုံးပါး၌ အလွန့်အလွန် ရိုသေလေးစားလျက် တရားနာခြင်း၌ အထူးလုံ့လကြိုးကုတ် အားထုတ်သူဖြစ်လျက် ဘုရားရှင်ကို (အရှင်ဝက္ကလိ မထေရ်ကဲ့သို့) ဖူးမြော်ခြင်း၌ အလွန်ဆန္ဒပြင်းပြသူ ဖြစ်လေသည်။

     တနေ့သ၌ ပဒုမုတ္တရ မြတ်စွာဘုရားရှင်က ဘိက္ခုနီမတပါးကို “သဒ္ဓါဓိမုတ္တ = သဒ္ဓါတရား ကြီးမားလွန်ကဲသော အရာ”၌

၁၄၄

အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ ထိုသဒ္ဓါဓိမုတ္တ ဧတဒဂ်ရာထူးကို ဆုတောင်းပတ္ထနာမှု ပြု၍ သိက္ခာသုံးပါးကို တိုးတက်ဖြည့်ကျင့်လေသည်။ ထိုအခါ ပဒုမုတ္တရ မြတ်စွာဘုရားသည် ထိုဘိက္ခုနီမကို “ယဿ သဒ္ဓါ တထာဂတေ၊ အစလာ သုပ္ပတိဋ္ဌိတာ” အစရှိသော သုံးဂါထာတို့ဖြင့် “ဘုရား, တရား, သံဃာ = ရတနာသုံးပါး၌ ကြည်ညိုခြင်း သဒ္ဓါတရား သီလတရား ဖြောင့်မတ်သော အသိဉာဏ်ပညာ ဤတရားရှိသောသူကို မဆင်းရဲသူဟူ၍ ခေါ်ဆိုရကြောင်း(နှင့်) ထို့ကြောင့် သဒ္ဓါ, သီလ, ပသာဒ = တရားသံဃာ၌ ကြည်ညိုခြင်း, ဓမ္မဒဿန = တရားကိုသိမြင်သော ဉာဏ်ပညာ ဤတရားလေးပါးကို ပညာရှိသူသည် အဖန်ဖန် အားထုတ်ရမည့်အကြောင်း” ဟောကြားတော်မူလေသည်။ (ထိုသုံးဂါထာကို အပဒါနပါဠိ ၂၊ မျက်နှာ ၂၈၆-၌ ကြည့်ရှုမှတ်ယူကုန်ရာ၏)။

     ထိုတရားကို ကြားနာရ၍ ထိုဘိက္ခုနီမလေးသည် အလွန် ဝမ်းမြောက်ကာ မိမိ၏ ဆုတောင်းပြည့်မည်, မပြည့်မည်ကို မြတ်စွာဘုရားရှင်သို့ မေးလျှောက်လေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားရှင်ကလည်း ဤအကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် လက်ထက်တော်၌ ထိုဆုတောင်း ပြည့်ဝမည့်အကြောင်း ဗျာဒိတ်စကား မိန့် ကြားတော်မူလေသည်။ မြတ်စွာဘုရား၏ ဗျာဒိတ်စကား ကြားသိရ၍ ထိုဘိက္ခုနီမလေးသည် အလွန် ဝမ်းမြောက်ကာ မြတ်စွာဘုရားရှင်ကို ပဋိပတ်အကျင့်ဖြင့် အသက်ထက်ဆုံး မေတ္တာရှေ့ထား၍ ပြုစုခဲ့လေသည်။ (မြတ်စွာဘုရားအပေါ်၌ မေတ္တာစိတ် အမြဲထား၍ ပဋိပတ်အကျင့်ကို မှန်ကန်စွာ ကျင့်ခြင်းသည်ပင် မြတ်စွာဘုရားကို ပဋိပတ်အကျင့်ဖြင့် ပြုစုလုပ်ကျွေးခြင်း မည်သည်)။

(ခ) နောက်ဆုံးဘဝ ရဟန်းမ-ပြုခြင်း

     ထိုအမျိုးကောင်းသမီးသည် ကမ္ဘာတသိန်းကြာ အပါယ်သို့ မလားမရောက်ရပဲ နတ်ပြည် လူ့ပြည်တို့၌သာ ကျင်လည် ကျက်စားခဲ့၍ ဤဘုရားမြတ်စွာ ပွင့်ထွန်းတော်မူရာ ကာလဝယ်

၁၄၅

ရာဇဂြိုဟ်ပြည်၌ သူဌေးသမီးဖြစ်၍ အရွယ်ရောက်လတ်သော် အမျိုးဇာတ်တူ သူဌေးသားတဦး၏ အိမ်သို့လိုက်ပါ အိမ်ရှင်မဖြစ်၍ သားတယောက်ကို ဖွားမြောက်ခဲ့လေသည်။ ထိုသား၏အမည်ကို “သိင်္ဂါလကသတို့သား”ဟူ၍ မှည့်ခေါ်ကြလေသည်။ မိခင် သူဌေးမကလေးသည်လည်း သားကိုအကြောင်းပြုကာ “သိင်္ဂါလကမာတု = သိင်္ဂါလက၏ မိခင်”ဟူ၍ အမည်တွင်လေ၏။

     သိင်္ဂါလကမာတု သူဌေးမလေး၏ သားဖြစ်သူ သိင်္ဂါလက သတို့သားကား အယူဖောက်ပြား လွဲမှားသူဖြစ်ကာ အရပ်မျက်နှာတို့ကို ရှိခိုးခြင်းအမှု မပြတ်ပြုလေ၏။ တနေ့သ၌ မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည်တွင်းသို့ ဆွမ်းခံကြွဝင်တော်မူလတ်သော် သိင်္ဂါလကသတို့သား အရပ်မျက်နှာတို့ကို လှည့်လည်ကာ ရှိခိုးနေသည်ကို တွေ့မြင်တော်မူရ၍ လမ်းခရီး၌ပင် ရပ်တည်တော်မူကာ မြတ်စွာဘုရားသည် ထိုသိင်္ဂါလက သတို့သားကို အဆုံးအမ ဩဝါဒတရား ဟောကြားတော်မူလေသည်။

     ထိုတရားပွဲ၌ ယောက်ျား မိန်းမပေါင်း နှစ်ကုဋေတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။ သိင်္ဂါလကမာတု သူဌေးမလေးသည် ထိုတရားပွဲ၌ သောတာပတ္တိဖိုလ်သို့ ရောက်၍ ရဟန်းမ-ပြုခဲ့လေသည်၊ သိင်္ဂါလကမာတုထေရီဟူ၍ အမည်တွင်လေသည်။ ထိုသိင်္ဂါလကမာတု ထေရီသည် ရဟန်းမ-ပြုပြီးသော အချိန်မှစ၍ သဒ္ဓိန္ဒြေကို (ရှေးဆုတောင်းအတိုင်း) လွန်လွန်ကဲကဲ ရရှိလေသည်။ ထေရီမသည် တရားနာရန် ကျောင်းတော်သို့ သွားရောက်လတ်သော် မြတ်စွာဘုရား၏ ရူပကာယ အသရေတော်ကို ဖူးမြော်လျက်သာ နေရှာလေသည်။ မြတ်စွာဘုရားရှင်သည် ထေရီမ၏ သဒ္ဓါတရား အထူးသက်ဝင်သည်ကို သိတော်မူ၍ ထိုထေရီမနှင့် သပ္ပါယဖြစ်သည့် ကြည်ညိုဖွယ်သော တရား (သဒ္ဓါဖြစ်စေနိုင်သော တရား)ကိုသာလျှင် အဓိကထား ဟောကြားတော်မူလေသည်။ ထေရီမသည်လည်း သဒ္ဓါတရားကိုပင် အဦးပြု၍ ဝိပဿနာတရား ပွါးများ အားထုတ်လတ်သည်တွင်

၁၄၆

အရဟတ္တဖိုလ်ပေါက် ရောက်လေ၏။ (သဒ္ဓါဓုရရဟန္တာထေရီမ ဖြစ်လေ၏)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     ထို့နောက် မြတ်စွာဘုရားသည် နောက်အဖို့ဝယ် ဇေတဝန်ကျောင်းတော်၌ နေတော်မူလျက် ဘိက္ခုနီမတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူးဌာနန္တရ၌ ထားတော်မူသည်ရှိသော် သိင်္ဂါလကမာတုထေရီကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဘိက္ခုနီနံ သဒ္ဓါဓိမုတ္တာနံ ယဒိဒံ သိင်္ဂါလကမာတာ = ရဟန်းတို့.. သဒ္ဓါတရား ကြီးမားထက်သန်ကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဘိက္ခုနီမများစွာတို့တွင် သိင်္ဂါလကမာတုထေရီ ဘိက္ခုနီသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “သဒ္ဓါဓိမုတ္တ = သဒ္ဓါတရား ကြီးမားလွန်ကဲသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား သိင်္ဂါလကမာတုထေရီ အကြောင်းတည်း။

ဤတွင် ထေရီအပဒါန (အခဏ်း ၄၄) ပြီး၏။

၁၄၇

အခဏ်း-၄၅

ဥပါသကစရိတ

(၁) တပုဿ,ဘလ္လိက ညီနောင်အကြောင်း

(က) ဥပါသကာတို့၏ ရှေးဆုတောင်း

(ဤတပုဿ, ဘလ္လိက ညီနောင်အကြောင်းကို အင်္ဂုတ္တရအဋ္ဌကထာ, ထေရဂါထာ အဋ္ဌကထာ ဧကကနိပါတအဖွင့်တို့မှ ထုတ်နုတ်ရေးသား ဖော်ပြပေအံ့)-

     ဤတပုဿနှင့် ဘလ္လိက ဥပါသကာတို့အလောင်း အမျိုးကောင်းသား ညီနောင်နှစ်ဦးတို့သည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသားများပင် ဖြစ်ကြ၍ နောက်အဖို့ဝယ် မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာကြစဉ် မြတ်စွာဘုရားရှင်က ဥပါသကာ နှစ်ယောက်တို့ကို ရှေးဦးစွာ သရဏဂုံ တည်သောအရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကြကာ အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုဧတဒဂ်ရာထူး ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုခဲ့ကြလေသည်။ (အင်္ဂုတ္တရအဋ္ဌကထာမှ)။

အကြားကာလ ဘဝများ

     ထိုအမျိုးကောင်းသား နှစ်ဦးတို့သည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြုကြ၍ ထိုဘဝမှ စုတေပြီးနောက် အပါယ်လေးပါးသို့ မလားမရောက်ကြပဲ နတ်ပြည်လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့ကြရာ ဘလ္လိက ဥပါသကာအလောင်း အမျိုးကောင်းသားသည် ဤဘဒ္ဒကမ္ဘာမှ အထက် လွန်ခဲ့သော (၃၁) သုံးဆယ့်တကမ္ဘာထက်က မြတ်စွာဘုရား မပွင့်ထွန်းသော ခေတ်အခါဝယ် သုမနအမည်တော်ရှိသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား သစ်သီးကြီးငယ်ကို လှူခဲ့၍ သုဂတိဘုံတို့၌သာ

၁၄၈

ကျင်လည်ကျက်စားခဲ့လျက် သိခီမြတ်စွာဘုရားရှင် လက်ထက်တော်အခါဝယ် အရုဏဝတီပြည်၌ ပုဏ္ဏားသားတဦး ဖြစ်လာလေသည်။ ထိုပုဏ္ဏားသားသည် “သိခီမြတ်စွာဘုရားရှင်အား ဘုရားဖြစ်တော်မူပြီးစ သတ္တသတ္တာဟ စံနေတော်မူပြီး၍ အဋ္ဌမသတ္တာဟသို့ အရောက်တွင် ဥဇိတ, ဩဇိတ- အမည်အသီးသီးရှိကြသည့် လှည်းကုန်သည် ညီနောင်တို့သည် ဆွမ်းဦးကို လှူဒါန်း ဆက်ကပ်ကြလေပြီ”ဟူသော သတင်းစကားကို ကြားသိရ၍ မိမိ၏သူငယ်ချင်း (တပုဿအလောင်း)နှင့် အတူတကွ သိခီမြတ်စွာဘုရားရှင် ထံတော်မှောက်၌ သွားရောက်ရှိခိုးကြ၍ နက်ဖြန် ကောင်းမှုကုသိုလ်အလို့ငှါ ပင့်ဖိတ်ခဲ့ကြကာ ကြီးစွာသော အလှူကို ပေးလှူကြပြီးလျှင် “မြတ်စွာဘုရား.. တပည့်တော်တို့ သူငယ်ချင်း နှစ်ယောက်လုံးပင် နောက်အခါဝယ် အရှင်ဘုရားတို့ကဲ့သို့သော မြတ်စွာဘုရားအား ဆွမ်းဦး အလှူဒါယကာများ ဖြစ်ကြရပါလိုကုန်၏”ဟု ဆုတောင်းပတ္ထနာမှု ပြုခဲ့ကြလေသည်။

     ထိုသူငယ်ချင်း နှစ်ယောက်တို့သည် ထိုထိုဘဝ၌ ကုသိုလ်ကောင်းမှုကို အတူတကွ ပြုလုပ်ကြ၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စား၍ လာခဲ့ကြရာ ကဿပမြတ်စွာ လက်ထက်တော်အခါ၌ ဂေါပါလ (သူဌေး)၏သား ညီနောင်ဖြစ်ကြ၍ နှစ်ပေါင်းများစွာ ရဟန်းသံဃာကို နွားနို့ဆွမ်းဖြင့် လှူဒါန်းပြုစု လုပ်ကျွေးခဲ့ကြလေသည်။ (ဤစကားရပ်စုကား ထေရဂါထာအဋ္ဌကထာမှ ဖြစ်သည်)။

(ခ) နောက်ဆုံးဘဝ ဥပါသကာဖြစ်ကြခြင်း

     ထိုသူနှစ်ယောက်လုံးပင် ကဿပမြတ်စွာဘုရားနှင့် အကျွန်ုပ်တို့၏ မြတ်စွာဘုရား = ဤနှစ်ဆူသော ဘုရားရှင်တို့၏ အကြားကာလ ဗုဒ္ဓန္တရအသင်္ချေယျ တကပ်ပတ်လုံး နတ်ပြည် လူ့ပြည်၌ ကျင်လည်ခဲ့ကြ၍ အကျွန်ုပ်တို့၏ မြတ်စွာဘုရားအလောင်းတော် သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူသည်မှ ရှေးမဆွကပင် “အသိတဉ္ဇန”မြို့ (ထေရဂါထာ အဋ္ဌကထာအလို ပေါက္ခရဝတီမြို့)ဝယ် လှည်းကုန်သည် သူကြွယ်၏ သားနှစ်ယောက်တို့ ဖြစ်လာကြ၍

၁၄၉

နောင်တော်ကား တပုဿအမည်, ညီတော်ကား ဘလ္လိကအမည် အသီးသီး ရှိကြလေသည်။

     ထိုတပုဿနှင့် ဘလ္လိက ညီနောင်ကုန်သည် နှစ်ဦးတို့သည် နောက်တချိန်၌ အိမ်ရာကို စိုးအုပ် နေထိုင်ကြသည်ရှိသော် အခါမပြတ် လှည်းအစီးငါးရာတို့ဖြင့် ကုန်ရောင်းဝယ်မှု ပြုကြလျက် လှည့်လည် နေထိုင်ကြလေ၏။ ထိုအခါ အကျွန်ုပ်တို့၏ မြတ်စွာဘုရား အလောင်းတော်သည် သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူ၍ သတ္တသတ္တာဟ (=ခုနစ်ရက် ခုနစ်လီ =၄၉-ရက်)ပတ်လုံး မဟာဗောဓိမဏ္ဍိုင်၌ နေတော်မူပြီး၍ အဋ္ဌမသတ္တာဟ အဝင်တွင် ရာဇာယတန = လင်းလွန်းပင်ရင်း၌ ထိုင်နေတော်မူဆဲဖြစ်၏။

     ထိုအခါ တပုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် လှည်းအစီးငါးရာတို့ဖြင့် ထိုအရပ်သို့ ရောက်လာကြကုန်၏။ ထိုကုန်သည်ညီနောင်တို့၏ အခြားမဲ့သော ကိုယ်အဖြစ်က မွေးမိသခင် ကျေးဇူးရှင်သည် ထိုအရပ်၌ နတ်ဖြစ်၍ နေလေ၏။ ထိုနတ်သည် “ယခုအခါ မြတ်စွာဘုရားတို့၏ အဖို့ရာ အစာအာဟာရကို ရမှ သင့်တော်မည်၊ မှန်၏- ဤအချိန်မှနောက်၌ မြတ်စွာဘုရားတို့မှာ အစာအာဟာရ မရှိကြပဲ မျှတခြင်းငှါ မတတ်နိုင်ကုန် (=သုဇာတာ သူဌေးကတော် လှူကပ်သော ဃနာနို့ဆွမ်း ၄၉-လုပ်တို့ဖြင့် ၄၉-ရက် မျှတခဲ့ပြီ၊ ယနေ့ အစာအာဟာရကို မြတ်စွာဘုရားရှင် မရခဲ့လျှင် မျှတနိုင်မည်မဟုတ်-ဟု ဆိုလိုသည်)၊ ငါ၏ ဤသားနှစ်ယောက်တို့သည်လည်း ဤခရီးဖြင့် သွားနေကြဆဲဖြစ်သည်။ ထိုငါ့သား နှစ်ယောက်တို့ကို ယနေ့ မြတ်စွာဘုရားရှင်တို့အား ဆွမ်းလှူကြစေမှ သင့်တော့မည်”ဟု ကြံစည် ဆင်ခြင်ကာ လှည်းအစီးငါးရာတို့၌ က-အပ်သော နွားတို့၏ အသွားပြတ်အောင် = အသွားရပ်အောင် နတ်တို့၏တန်ခိုးဖြင့် ပြုလုပ်လေ၏။

     ကုန်သည်ညီနောင်တို့သည် “ဤသို့ နွားများ အသွားရပ်ခြင်းသည် အဘယ့်ကြောင့် ဖြစ်သနည်း”ဟု အထူးထူး အပြားပြားသော အကြောင်းနိမိတ်များကို ကြည့်ရှုရှာဖွေ ဆင်ခြင်ကြလေသည်။ ထိုအခါ မိခင်ဟောင်း ဘုမ္မဇိုဝ်းနတ်သည်

၁၅၀

ကုန်သည်ညီနောင်တို့ ပင်ပန်းနွမ်းနယ်သောအဖြစ်ကို သိရှိ၍ ယောက်ျားတယောက်၏ ကိုယ်၌ ပူးဝင်ပြီးလျှင် “သားတို့.. သင်တို့သည် အဘယ့်ကြောင့် ပင်ပန်းကြကုန်သနည်း၊ သင်တို့အဖို့ရာ ငါမှတပါး အခြားသော ဘီလူးပူးဝင် လှည့်ပတ်မှုသော်၎င်း, ဘုတ်ပြိတ္တာပူးဝင် လှည့်ပတ်မှုသော်၎င်း, နတ်နဂါးပူးဝင် လှည့်ပတ်မှုသော်၎င်း မရှိချေ၊ စင်စစ်သော်ကား သင်တို့၏ လွန်ခဲ့သောဘဝက မိခင်ဖြစ်သော ငါသည် ယခုအခါ ဤအရပ်၌ ဘုမ္မဇိုဝ်းနတ်ဖြစ်၍ နေသည်၊ အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် လင်းလွန်းပင်ရင်း၌ သီတင်းသုံး နေထိုင်တော်မူဆဲဖြစ်၏။ ချစ်သားတို့.. သင်တို့သည် ထိုမြတ်စွာဘုရားအား ဆွမ်းဦးကို လှူဒါန်းကြလော့”ဟု တိုက်တွန်းစကား ပြောကြားလေ၏။

     ကုန်သည်ညီနောင်တို့သည် မိခင်ဟောင်း ဘုမ္မဇိုဝ်းနတ်၏ စကားကို ကြားသိကြရလျှင် အလွန်ဝမ်းမြောက်သော စိတ်နှလုံးရှိကြလျက် “ဆွမ်းအာဟာရအသစ် စီမံနေလျှင် အချိန်ကြာမြင့်နေချေမည်”ဟု ကြံစည် အောက်မေ့ကြ၍ မုံ့ကြွက်ကျစ်(နှင့်) ပျားဆုပ်မုံတို့ကို ရွှေလင်ပန်း၌ ထည့်ယူခဲ့ကြ၍ မြတ်စွာဘုရားရှင် အထံတော်သို့ သွားရောက်ကြပြီးလျှင် “မြတ်စွာဘုရား.. ဤဘောဇဉ်ကို ကရုဏာရှေးရှု အလှူခံတော်မူကြပါဘုရား”ဟု လျှောက်ထားကြလေကုန်၏။ မြတ်စွာဘုရားသည် ရှေးရှေး နောင်တော့်နောင်တော် မြတ်စွာဘုရားရှင်တို့၏ အလေ့အကျက်တော်ကို ကြည့်ရှု ဆင်ခြင်တော်မူလေ၏။ ထိုအခါ မြတ်စွာဘုရားအား စတုမဟာရာဇ် နတ်မင်းကြီး လေးဦးတို့သည် ပဲနောက်အဆင်းရှိသည့် (ပကတိ) ကျောက်သပိတ်လေးလုံးတို့ကို ဆက်ကပ်လှူဒါန်းလာကြကုန်၏။ မြတ်စွာဘုရားသည် “ထိုနတ်မင်းကြီး လေးယောက်တို့၏ အဖို့ရာ အကျိုးကြီးမြတ်ပါစေ”ဟူသော ရည်ရွယ်ချက်ဖြင့် သပိတ်လေးလုံးတို့ကို “သပိတ်တလုံးတည်းသာ ဖြစ်ပါစေသတည်း”ဟု အဓိဋ္ဌာန်တော်မူလေ၏။ ထိုသို့ အဓိဋ္ဌာန်တော်မူချက်အရ ကျောက်သပိတ် လေးလုံးတို့သည် အနားရစ် လေးရစ်ရှိသည့် သပိတ်တလုံးတည်းသာ ဖြစ်လေကုန်၏။

၁၅၁

     ထိုခဏ၌ ကုန်သည်ညီနောင်တို့သည် မြတ်စွာဘုရား၏ သပိတ်တော်၌ မုန့်ကြွက်ကျစ်(နှင့်) ပျားဆုပ်မုန့်တို့ကို လောင်းလှူကြ၍ မြတ်စွာဘုရားရှင် မုန့်ဆွမ်း ဘုဉ်းပေးတော်မူပြီးသောအခါ သောက်တော်ရေ သုံးတော်ရေ ဆက်ကပ်ကြပြီးနောက် ဆွမ်းကိစ္စ ပြီးဆုံးသောအခါဝယ် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးကြပြီးသော် အပြစ်လွတ်ရာအရပ်၌ ထိုင်နေကြကုန်၏။ ထိုအခါ ကုန်သည်ညီနောင်တို့အား မြတ်စွာဘုရားသည် တရားဟောတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးသောအခါ ကုန်သည်ညီနောင် နှစ်ဦးလုံးတို့သည်ပင် ဒွေဝါစိကသရဏဂုံ၌ တည်ကြလေသည်။ (ဤကုန်သည်ညီနောင်တို့ ဒွေဝါစိကသရဏဂုံ တည်ကြောင်းကို အောက် မဟာဗုဒ္ဓဝင် ဒုတိယတွဲ၊ စာမျက်နှာ ၃၉၄-မှ စ၍ ပြန်လည်သုံးသပ် ဖတ်ရှုကုန်ရာ၏)။

     ထိုကုန်သည် ညီနောင်တို့သည် ဒွေဝါစိကသရဏဂုံ တည်ကြပြီးနောက် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးကြ၍ မိမိတို့မြို့သို့ ပြန်လည်လိုကြကုန်သည်ရှိသော် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. တပည့်တော်များအား နေ့စဉ်ပြုစုပူဇော်ရန် ဝတ္ထုကို ကရုဏာရှေ့ထား ပေးသနားတော်မူကြပါဘုရား”ဟု လျှောက် ထားကြလေကုန်၏။ မြတ်စွာဘုရားသည် လက်ျာလက်တော်ဖြင့် ဦးခေါင်းတော်ကို သုံးသပ်၍ ကုန်သည် ညီနောင်တို့အား ဆံတော်ဓာတ်ရှစ်ဆူတို့ကို ပေးသနားတော်မူလိုက်လေ၏။ ကုန်သည် ညီနောင်တို့သည်လည်း ဆံတော်ဓာတ်တို့ကို ရွှေကြုတ်တို့၌ ထည့်သွင်းကြလျက် မိမိတို့မြို့သို့ ပင့်ဆောင်ခဲ့ကြပြီးလျှင် အသိတဉ္ဇနမြို့ တံခါးဝ၌ သက်တော်ရှင်ဆံတော်ဓာတ် ရှစ်ဆူတို့ကို စေတီတော်ကြီး တည်ထား ကိုးကွယ်ကြလေကုန်၏။ ထိုစေတီတော်ကြီးမှ ဥပုသ်နေ့များ၌ နီလရောင်ခြည်တော်တို့သည် ထွက်ကြွကွန့်မြူးကုန်၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     မြတ်စွာဘုရားသည် နောက်အဖို့ဝယ် ဇေတဝန်ကျောင်းတော်၌ နေတော်မူ၍ ဥပါသကာတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူး

၁၅၂

ဌာနန္တရတို့၌ ထားတော်မူသည်ရှိသော် ဤတပုဿ, ဘလ္လိက ကုန်သည်ညီနောင်တို့ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဥပါသကာနံ ပဌမံ သရဏံ ဂစ္ဆန္တာနံ ယဒိဒံ တပုဿဘလ္လိကာ ဝါဏိဇ္ဇာ = ရဟန်းတို့.. သူခပ်သိမ်းတို့အလျင် ကိုးကွယ်ဆည်းကပ်ခြင်း = သရဏဂုံသို့ ရောက်ကြကုန်သော ငါဘုရား၏ တပည့် = သာဝက ဥပါသကာတို့တွင် တပုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် အသာဆုံး အမြတ်ဆုံး ဖြစ်ကုန်၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ပဌမံ သရဏဂမန = ရှေးဦးစွာ သရဏဂုံ ခံယူသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ညီနောင်တို့၏ မဂ်ဉာဏ်အလား

     ထိုတပုဿ, ဘလ္လိက ကုန်သည်ညီနောင်တို့သည် လောကဝယ် အစဆုံး သရဏဂုံခံယူသူ ဥပါသကာတို့ ဖြစ်ကြလေသည်။ ထို့နောက် မြတ်စွာဘုရားရှင်သည် ဗာရာဏသီပြည်သို့ ကြွရောက်တော်မူကာ ဓမ္မစကြာတရားကို ဟောကြားတော်မူပြီးနောက် အစဉ်သဖြင့် ရာဇဂြိုဟ်ပြည်၌ သီတင်းသုံး နေတော်မူစဉ် တပုဿ, ဘလ္လိက ကုန်သည်ညီနောင်တို့သည် ရာဇဂြိုဟ်သို့ ကုန်ရောင်းရောက်ကြ၍ မြတ်စွာဘုရားရှင် အထံတော်သို့ ဆည်းကပ်ရှိခိုးကြကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေလေကုန်၏။ ထိုကုန်သည် ညီနောင်အား မြတ်စွာဘုရား တရားဟောကြားတော်မူလေလျှင် နောင်တော်ဖြစ်သော တပုဿကုန်သည်သည် သောတာပတ္တိဖိုလ်၌ တည်၍ ဥပါသကာသာလျှင် ဖြစ်လေ၏။ ညီတော် ဘလ္လိကကုန်သည်သည်ကား သာသနာဝန်ထမ်း ရဟန်းပြု၍ အဘိညာဏ်ခြောက်ပါးနှင့် ပြည့်စုံသော = ဆဠဘိညရဟန္တာ ဖြစ်လေ၏။ (ထေရဂါထာ ဋ္ဌ ၁၊ မျက်နှာ ၆ဝ-မှ)။

ဤကား တပုဿ, ဘလ္လိကညီနောင် အကြောင်းတည်း။

၁၅၃

အနာထပိဏ်သူဌေးအကြောင်း

(က) သူဌေး၏ ရှေးဆုတောင်း

     ဤအနာထပိဏ် သူဌေးအလောင်း သူတော်ကောင်းသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသား ဖြစ်လတ်၍ မြတ်စွာဘုရား၏ တရားစကားကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ဥပါသကာတယောက်ကို “ဒါယက = အလှူအတန်း၌ မွေ့လျော်ကြသူ ဥပါသကာတို့တွင်” အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျနှစ်သက်ကာ အဓိကာရ ကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုဧတဒဂ်ရာထူး ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ သူဌေးဖြစ်ခြင်း

     ထိုအမျိုးကောင်းသားသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့၍ ဤအကျွန်ုပ်တို့၏ မြတ်စွာဘုရားသာသနာ ခေတ်အခါဝယ် သာဝတ္ထိပြည် သုမနသူဌေးကြီး၏သား ဖြစ်လာလေသည်၊ သူ၏အမည်ကို မိဖတို့က သုဒတ္တဟူ၍ မှည့်ခေါ်ကြသည်။

အနာထပိဏ် အမည်တွင်ခြင်း

     သုဒတ္တ သူဌေးသားသည် နောက်အဖို့၀ယ် အိမ်ရာကိုစိုးအုပ် ဦးစီးပြုလုပ် တည်နေလတ်သော် ကိုးကွယ်ရာမဲ့သူတို့အား အစာထမင်း ပေးကမ်းစွန့်ကြဲခြင်း၌ မွေ့လျော်သူဖြစ်ကာ ထိုဂုဏ်ကျေးဇူးကြောင့်ပင်လျှင် “အနာထပိဏ္ဍိက = အနာထ = ကိုးကွယ်ရာ မဲ့သူတို့အား + ပိဏ္ဍိက = အစာထမင်း ပေးကမ်းသောသူဌေး = အနာထပိဏ်သူဌေး”ဟူ၍ ထင်ရှားလေတော့၏။ (ဤအနာထပိဏ် သူဌေးကြီးအကြောင်း အကျယ်ကို အောက် မဟာဗုဒ္ဓဝင် တတိယတွဲ အခဏ်း ၂ဝ၊ စာမျက်နှာ ၁၈၀-မှစ၍ ပြန်လည်သုံးသပ် ကြည့်ရှုကုန်ရာ၏။ ဤ၌ကား အင်္ဂုတ္တရအဋ္ဌကထာ လာသည့်အတိုင်း အကျဉ်းမျှ ပြဆိုပေအံ့)–

၁၅၄

     အနာထပိဏ်သူဌေးသည် တနေ့သောအခါ လှည်းအစီးငါးရာတို့ဖြင့် ရောင်းချရန် ကုန်ဘဏ္ဍာတို့ကို တင်ဆောင်၍ မိမိ၏သူငယ်ချင်း ရာဇဂြိုဟ်ပြည် သူဌေးအိမ်သို့ ရောက်လတ်သော် ထိုရာဇဂြိုဟ်ပြည်၌ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူနေကြောင်း သတင်းကောင်းကြားသိရကာ မိုးသောက်အားကြီး လင်းခါနီး၌ နတ်တို့အာနုဘော်ဖြင့် ဟင်းလင်းပွင့်သော မြို့တံခါးမှ ထွက်၍ မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ် တရားနာလတ်သော် သောတာပတ္တိဖိုလ် ၌တည်၍ နောက်တနေ့ဝယ် ဘုရားအမှူးရှိသော သံဃာအား မဟာဒါနကြီး ပေးလှူပြီးလျှင် သာဝတ္ထိပြည်သို့ ကြွရောက်တော်မူရန် မြတ်စွာဘုရားရှင်၏ ဝန်ခံချက်ကို ရယူပြီးနောက် ပြန်ခဲ့၍ လမ်းခရီးအကြား ၄၅-ယူဇနာခရီးဝယ် တယူဇနာ တယူဇနာလျှင် အသပြာ တသိန်း တသိန်း အဖိုးတန်သည့် စံကျောင်းတော် တဆောင် တဆောင် ဆောက်လုပ်ရန် မိမိ၏မိတ်ဆွေများအား အပ်နှံခဲ့၍ သာဝတ္ထိပြည်သို့ ရောက်သောအခါ ဇေတမင်းသား၏ ဥယျာဉ်မြေကို ရွှေဒင်္ဂါးဒေါ်လာ အသပြာချင်း အစွန်းချင်း ထိအောင် ခင်း၍ တဆယ့်ရှစ်ကုဋေဖြင့် ဝယ်ယူ, တဆယ့် ရှစ်ကုဋေတို့ဖြင့်ပင် ကျောင်းတိုက်ကြီး တည်ဆောက် ပြီးမြောက်သောအခါ နံနက်ရောနေ့ပါ အလိုရှိအပ်ရာ အလှူဒါနကို ပေးလှူလျက် တဆယ့်ရှစ်ကုဋေ အကုန်အကျခံကာ ကျောင်းလွှတ်ပူဇော်ပွဲ = ကျောင်းရေစက်ချ အလှူပွဲကြီး ကျင်းပ ဆင်ယင်လေသည်။ ကျောင်းလွှတ်ပူဇော်ပွဲ = ကျောင်းရေစက်ချပွဲ ကျင်းပဆင်ယင်သော ကာလအပိုင်းအခြားနှင့်စပ်၍ ကိုးလ, ငါးလ, သုံးလ အသီးသီး ဆရာတို့ ပြောဆိုကြရာဝယ် သုံးလဟူသော ကာလအပိုင်းအခြား၌ ဆရာအားလုံး ငြင်းခုံမှုမရှိ = သဘောတူ လက်ခံတော်မူကြ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     ဤသို့လျှင် အနာထပိဏ်သူဌေးကြီးသည် ငါးဆယ့်လေးကုဋေသော ဥစ္စာကို ဤသာသနာ၌ စွန့်လှူပြီးနောက် နေ့စဉ်အမြဲ မိမိအိမ်၌ ဤဆိုလတ္တံ့သော အလှူဒါနကို ဖြစ်စေလေသည်-

၁၅၅

နေ့တိုင်း စာရေးတံဆွမ်းငါးရာ (=စာရေးတံမဲကျသော ရဟန်းငါးရာတို့အား လှူအပ်သော ဆွမ်း)ကို လှူဒါန်း၏။

ပက္ခိကဆွမ်း ငါးရာတို့ကို လှူဒါန်း၏ = လဆန်းပက္ခ၌ တကြိမ်, လဆုတ်ပက္ခ၌ တကြိမ် အထူးဝတ်ထား၍ သံဃာငါးရာအား ဆွမ်းလှူ၏။

နေ့တိုင်း စာရေးတံ ယာဂုဆွမ်း ငါးရာတို့ကို လှူဒါန်း၏ = စာရေးတံမဲကျသော ရဟန်းငါးရာတို့အား နေ့စဉ် ယာဂုဆက်ကပ်သည်ဟု ဆိုလို၏။

ပက္ခိကယာဂုဆွမ်း ငါးရာတို့ကို လှူဒါန်း၏ = လဆန်းပက္ခ၌ တကြိမ်, လဆုတ်ပက္ခ၌ တကြိမ် အထူးဝတ်ထား၍ သံဃာငါးရာအား ယာဂုဆက်ကပ်သည်ဟု ဆိုလို၏။

ဓုရဘတ် = နိစ္စဘတ်ဆွမ်း ငါးရာတို့ကို လှူဒါန်း၏။ (စာရေးတံဆွမ်း ငါးရာဖြင့် သံဃိက နိစ္စဘတ်ဆွမ်းကို ဆိုပြီးရကား ဤ၌ ပုဂ္ဂလိက နိစ္စဘတ်ဆွမ်းငါးရာတို့ကို လှူဒါန်း၏ဟု ဆိုလိုသည်)။

အာဂန္တုကဆွမ်း ငါးရာတို့ကို၎င်း, ဂမိကဆွမ်း ငါးရာတို့ကို၎င်း, ဂိလာနဆွမ်း ငါးရာတို့ကို၎င်း, ဂိလာနုပဋ္ဌာကဆွမ်း ငါးရာတို့ကို၎င်း နေ့စဉ်လှူဒါန်း၏ = ရောက်သစ်စ လမ်းပန်းမကျွမ်းကျင်ကြသေးသည့် အာဂန္တုက ရဟန်းငါးရာတို့အား၎င်း, ခရီးသွားမည့် ရဟန်းငါးရာတို့အား၎င်း, မမာမကျန်းသော ရဟန်းငါးရာတို့၎င်း, သူနာပြုရဟန်း ငါးရာတို့အား၎င်း နေ့စဉ် ဆွမ်းလှူဒါန်း၏ဟု ဆိုလိုသည်။

အနာထပိဏ်သူဌေး၏အိမ်၌ အမြဲပင် ရဟန်းသံဃာ ထိုင်နေရန်အတွက် နေရာငါးရာတို့ကို အမြဲတမ်း ခင်း၍ ထားအပ်ကုန်လေသည်-

၁၅၆

သို့ရကား မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် ဇေတဝန် ကျောင်းတိုက်တော်၌ နေထိုင်တော်မူလျက် ဥပါသကာတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူး ဌာနန္တရ၌ ထားတော်မူသည်ရှိသော် ဤအနာထပိဏ်သူဌေး (ငယ်မည် သုဒတ္တ)ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဥပါသကာနံ ဒါယကာနံ ယဒိဒံ သုဒတ္တော ဂဟပတိ အနာထပိဏ္ဍိကော = ရဟန်းတို့.. လှူဒါန်းပေးကမ်း စွန့်ကြဲခြင်း၌ မွေ့လျော်ကြသည့် ငါဘုရား၏ တပည့် = သာဝက ဥပါသကာတို့တွင် အနာထပိဏ္ဍိက အမည်ရသော သုဒတ္တသူကြွယ်သည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”—

ဟု ချီးကျူး မိန့်မြွက်တော်မူကာ ဒါယကအရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

အနာထပိဏ်သူဌေး အလွန်နှစ်သက်သည့်

အနာထပိဏ္ဍိကောဝါဒသုတ္တန်

(ဤအရာ၌ ဗုဒ္ဓဝင်စာဖတ် သူတော်စင် ပရိသတ်တို့ အထူးမှတ်ယူဖွယ် အနာထပိဏ်သူဌေးကြီး အလွန်နှစ်သက် မြတ်နိုးအပ်သည့် အနာထပိဏ္ဍိကောဝါဒသုတ္တန်ကို အတတ်နိုင်ဆုံး အကျဉ်းချုံ၍ ဖော်ပြပေအံ့။ အကျယ်ကို အလိုရှိမူ ပိဋကတ်တော် မြန်မာပြန် ဥပရိပဏ္ဏာသ စာမျက်နှာ ၃၀၆-မှစ၍ ကြည့်ရှု မှတ်ယူကုန်ရာ၏)။

     မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူသောအခါ အနာထပိဏ်သူဌေးသည် ဖျားနာနေ, ဒုက္ခရောက်နေ, အသည်းအသန် မမာနေဆဲ ဖြစ်၏ = သေရာညောင်စောင်း လျောင်းနေဆဲဖြစ်၏။ ထိုအခါ အနာထပိဏ်သူဌေးသည် အစေအပါး ယောက်ျားတယောက်ကို ခေါ်၍ “အမောင်ယောက်ျား.. သွားပါလေ၊ သင်သည် မြတ်စွာဘုရားထံတော်သို့ ဆည်းကပ်ပြီးလျှင် ငါ၏စကားဖြင့် ‘မြတ်စွာဘုရား.. အနာထပိဏ်သူဌေးသည် ဖျားနာနေ, ဆင်းရဲနေ, အသည်းအသန် မမာနေပါသည်၊ ထိုအနာထပိဏ်သူဌေးသည်

၁၅၇

မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏’ဟု လျှောက်ထားကာ (ငါ့ကိုယ်စား) မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါလော့။ (ထို့ပြင်လည်း) အရှင်သာရိပုတ္တရာအထံသို့ ဆည်းကပ်ပြီးလျှင် ငါ၏စကားဖြင့် ‘အရှင်ဘုရား.. အနာထပိဏ်သူဌေးသည် ဖျားနာနေ, ဆင်းရဲနေ, အသည်းအသန် မမာနေပါသည်၊ ထို အနာထပိဏ်သူဌေးသည် အရှင်သာရိပုတ္တရာ၏ ခြေတော်တို့ကို ဦးတိုက်ပါ၏’ဟု လျှောက်ထားကာ (ငါ့ကိုယ်စား) အရှင်သာရိပုတ္တရာ၏ ခြေတော်တို့ကို ဦးတိုက်ပါလော့။ ဆက်၍လည်း ‘အရှင်ဘုရား.. တောင်းပန်စကား လျှောက်ထားလိုပါသည်မှာ- အရှင်သာရိပုတ္တရာသည် အနာထပိဏ်သူဌေး၏ အိမ်သို့ မေတ္တာရှေ့ထား သနားသမှု အကြောင်းပြု၍ ကြွတော်မူစေချင်ပါသတဲ့ဘုရား’ ဟူ၍လည်း လျှောက်ထားလေလော့” ဟု ပြောဆိုမှာကြား၍ လွှတ်လိုက်လေ၏။

(အနာထပိဏ်သူဌေးကား ပကတိ ကျန်းမာနေစဉ် တနေ့လျှင် အနည်းဆုံး တကြိမ် သို့မဟုတ် အကြောင်းညီညွတ်လျှင် ညီညွတ်သလို နှစ်ကြိမ်, သုံးကြိမ် ဇေတဝန်ကျောင်းသို့ သွားရောက်၍ မြတ်စွာဘုရားရှင်နှင့် မထေရ်ကြီးတို့ထံ ဆည်းကပ်မှုကို မကျိုးမပြတ် ပြုခဲ့လေသည်။ သူသည် ယခုအခါ သေရာညောင်စောင်း လျောင်းနေဆဲ ဖြစ်ရကား ခြေဖြင့် မသွားနိုင်တော့သဖြင့် အစေအပါး ယောက်ျားတယောက်ကို လွှတ်ကာ ဤသို့ လျှောက်ထားစေခြင်းဖြစ်သည်)။

     ထိုအစေအပါး ယောက်ျားသည် “ကောင်းပါပြီ အရှင်သူဌေး..”ဟု အနာထပိဏ်သူဌေး၏ စကားကို ဝန်ခံပြီးလျှင် သူဌေးမှာလိုက်သည့်အတိုင်း မြတ်စွာဘုရား ထံတော်သို့ ဆည်းကပ်, လျှောက်ထား, ဦးတိုက်ပြီးလျှင် (မြတ်စွာဘုရားရှင်ကို ပန်ကြား လျှောက်ထားပြီးမှ နေဝင်လုလုအချိန်၌) အရှင်သာရိပုတ္တရာထံသို့ ဆည်းကပ်, လျှောက်ထား, ဦးတိုက်ပြီးနောက် သူဌေးမှာလိုက်သည့်အတိုင်း ပင့်လျှောက်လေ၏။ အရှင်သာရိပုတ္တရာသည် ဆိတ်ဆိတ်နေသဖြင့် ထိုပင့်လျှောက်ချက်ကို လက်ခံတော်မူ၏။

၁၅၈

     ထို့နောက် အရှင်သာရိပုတ္တရာသည် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်, သင်္ကန်းကို ယူဆောင်ကာ အရှင်အာနန္ဒာကို အဖော် နောက်လိုက်ရဟန်းပြု၍ အနာထပိဏ်သူဌေးအိမ်သို့ ကြွရောက်လျက် အသင့် ခင်းထားအပ်သော နေရာ၌ ထိုင်နေပြီးသော် အနာထပိဏ်သူဌေးကို “သူဌေး.. အသို့နည်း = ဘယ့်နှယ်လဲ၊ သင့်အဖို့ရာ (ဒုက္ခဝေဒနာကို) ခံနိုင်စွမ်းရှိ၏လော = ခံ့ကျန်း၏လော၊ (ဣရိယာပထ) မျှတ၏လော၊ ဒုက္ခဝေဒနာတို့သည် ဆုတ်ယုတ်ကုန်၏လော၊ မတိုးတက်ပဲ ရှိကုန်၏လော၊ ထိုဒုက္ခဝေဒနာတို့၏ တိုးတက်မည့် အရိပ်မထင်ပဲ ဆုတ်ယုတ်မည့် အရိပ်ထင်၏လော”ဟု မေးမြန်းတော်မူလေ၏။

     ထိုအခါ အနာထပိဏ်သူဌေးသည် အရှင်သာရိပုတ္တရာကို မိမိအဖို့ရာ ဒုက္ခဝေဒနာကို ခံနိုင်စွမ်းမရှိကြောင်း = မခံ့ကျန်းကြောင်း, ဣရိယာပထ မမျှတကြောင်း, ဒုက္ခဝေဒနာကို မဆုတ်ယုတ်ပဲ တိုးတက်၍သာ နေကြောင်း, ဆုတ်ယုတ်မည့် အရိပ်မထင်ပဲ တိုးတက်မည့်အရိပ်သာ ထင်နေကြောင်းကို ဥပမာလေးချက်တို့ဖြင့် အကျယ်ပြန်ကြား လျှောက်ထားလေသည်။

     ထိုအခါ အရှင်သာရိပုတ္တရာသည် “သူဌေးကြီး၏ ဤယခု ရောဂါဝေဒနာကား သေမှ အဆုံးသတ် ရပ်မည့် = မရဏန္တိက ရောဂါဝေဒနာ ဖြစ်သည်၊ တားမြစ်ခြင်းငှါ မတတ်နိုင်ချေ၊ ဤအနေမျိုးတွင် အခြားစကားများသည် အကျိုးမရှိ၊ ထိုသူဌေးကြီးအား တရားစကားကိုသာ ဟောကြားတော့မည်”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် ဤဆိုလတ္တံ့သော တရားစကား အကျယ်ကို ဟောကြားတော်မူလေ၏-

     သူဌေး.. (ဒွါရ ၆-ပါး, အာရုံ ၆-ပါး, ဝိညာဏ် ၆-ပါး, ဖဿ ၆-ပါး, ဝေဒနာ ၆-ပါး အစရှိသော တရားတို့၌ တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲတို့ဖြင့် ငါ့ဥစ္စာ, ငါ, ငါ့လိပ်ပြာဟု စွဲယူနေသောသူသည် မိမိသန္တာန်ဝယ် ဖြစ်ပေါ်လာသည့် သေမှအဆုံးသတ် ရပ်မည့် = မရဏန္တိက ရောဂါဝေဒနာကို တားမြစ်ခြင်းငှါ စွမ်းနိုင်သောမည်သည် မရှိချေ)၊ ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည်-

၁၅၉

“ငါသည် စက္ခုပသာဒ = မျက်စိသမုတ် အကြည်ရုပ်ကို အစွဲသုံးပါးတို့ဖြင့် မစွဲယ မိအောင်, ငါ၏စိတ်သည်လည်း မျက်စိသမုတ် အကြည်ရုပ်၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည်။ (ဒွါရ ၆-ပါးအခဏ်း မဆုံးသေးပါ)။

(ဤ၌။ ။“စက္ခုပသာဒ = မျက်စိသမုတ် အကြည်ရုပ်ကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင် ကျင့်ရမည်”ဟူသော စကားရပ်ဖြင့် စက္ခုပသာဒ = မျက်စိအကြည်ရုပ်ကို အနိစ္စ, ဒုက္ခ, အနတ္တဟူ၍ ရှုရမည်ဟူသော အနက်အဓိပ္ပါယ်ကို ပြ၏။ မှန်၏- စက္ခုပသာဒ = မျက်စိအကြည်ရုပ်ကို အနိစ္စဟု ရှုလျှင် ငါဟူသော မာနစွဲသည် ထောက်တည်ရာ မရနိုင် (=ငါဟူ၍ မာနစွဲဖြင့် မစွဲတော့ချေ)၊ ထိုစက္ခုပသာဒ = မျက်စိအကြည်ရုပ်ကို ဒုက္ခဟု ရှုလျှင် ငါ့ဥစ္စာ-ဟူသော တဏှာစွဲသည် ထောက်တည်ရာ မရနိုင် (=ငါ့ဥစ္စာ-ဟူ၍ တဏှာစွဲဖြင့် မစွဲတော့ချေ)။ ထိုစက္ခုပသာဒ = မျက်စိအကြည်ရုပ်ကို အနတ္တ-ဟု ရှုလျှင် ငါ့လိပ်ပြာဟူသော ဒိဋ္ဌိစွဲသည် ထောက်တည်ရာမရနိုင် (=ငါ့လိပ်ပြာ-ဟူ၍ ဒိဋ္ဌိစွဲဖြင့် မစွဲတော့ချေ)။ သို့ရကား- ထိုပဌမစကားရပ်ဖြင့် စက္ခုပသာဒ = မျက်စိအကြည်ရုပ်၌ ငါ့ဥစ္စာ-ဟူသော တဏှာစွဲ, ငါ-ဟူသော မာနစွဲ, ငါ့လိပ်ပြာ-ဟူသော ဒိဋ္ဌိစွဲ = ဤအစွဲသုံးပါးတို့ ကင်းပြုတ်အောင် ထိုစက္ခုပသာဒ = မျက်စိအကြည်ရုပ်ကို အနိစ္စ, ဒုက္ခ, အနတ္တ-ဟု အဖန်ဖန် ရှုဆင်ခြင်ရမည်ဟု ဆိုလိုရင်းဖြစ်သည်။

ထိုတဏှာဂါဟ = တဏှာစွဲ, မာနဂ္ဂါဟ = မာနစွဲ, ဒိဋ္ဌိဂ္ဂါဟ = ဒိဋ္ဌိစွဲ ဤအစွဲသုံးမျိုးကား ရုန့်ရင်းကြမ်းတမ်းသော တရားများ ဖြစ်လေသည်။ ထိုအစွဲ = ဂါဟတရား ကင်းသော်လည်း စက္ခုပသာဒ = မျက်စိအကြည်ရုပ်၌ နှစ်သက်သည့် နိကန္တိခေါ်သော သိမ်မွေ့သော တဏှာလောဘတရားကား တည်ရှိနေသေးရာ၏၊ ထို့ကြောင့် ထိုနိကန္တိတဏှာကိုပါ ပယ်စွန့်တော်မူစေလိုသဖြင့် အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် တဖန် ဆက်၍ “ငါ၏စိတ်သည်လည်း မျက်စိသမုတ် အကြည်ရုပ်၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည်မဖြစ်အောင် ကျင့်ရမည်”ဟူသော တရားစကားကို ထပ်၍ မိန့်ကြား ဟောတော်မူလေသည်။ နောက်နောက် တရားတို့၌လည်း ဤနည်းအတူ မှတ်ယူရာ၏)။

၁၆၀

     အရှင်သာရိပုတ္တရာသည် အနာထပိဏ်သူဌေးအား စက္ခုပသာဒ = မျက်စိအကြည်ရုပ်၌ အစွဲကြီး သုံးပါးနှင့်တကွ နိကန္တိတဏှာကို ပယ်စွန့်ရန် ဟောတော်မူပြီးနောက် ကျန်သော တရားတို့အတွက်လည်း ဤဆိုလတ္တံ့သောနည်းအတိုင်း ဆက်၍ ဟောတော်မူလေသည်-

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် နားဟုသမုတ် အကြည်ရုပ်ကို (ပ)၊ နှာခေါင်းသမုတ် အကြည်ရုပ်ကို (ပ)၊ လျှာဟုသမုတ် အကြည်ရုပ်ကို (ပ)၊ ကိုယ်ဟုသမုတ် အကြည်ရုပ်ကို (ပ)၊ မနောတွင်မည် စိတ်အကြည်ကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏စိတ်သည်လည်း မနောတွင်မည် စိတ်အကြည်၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည်။ (၁)

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် အဆင်းမျိုးစုံ ရူပါရုံကို (ပ)၊ အသံမျိုးစုံ သဒ္ဒါရုံကို (ပ)၊ အနံ့မျိုးစုံ ဂန္ဓာရုံကို (ပ)၊ ရသာမျိုးစုံ ရသာရုံကို (ပ)၊ အတွေ့မျိုးစုံ ဖောဋ္ဌဗ္ဗာရုံကို(ပ)၊ ရုပ်နာမ်မျိုးစုံ ဓမ္မာရုံကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏စိတ်သည်လည်း ရုပ်နာမ်မျိုးစုံ ဓမ္မာရုံ၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည်။ (၂)

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် မြင်မှု = စက္ခုဝိညာဏ်ကို (ပ)၊ ကြားမှု = သောတဝိညာဏ်ကို (ပ)၊ နံမှု = ဃာနဝိညာဏ်ကို (ပ)၊ လျက်မှု = ဇိဝှါဝိညာဏ်ကို (ပ)၊ ထိမှု = ကာယဝိညာဏ်ကို (ပ)၊ သိမှု = မနောဝိညာဏ်ကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏စိတ်သည်လည်း သိမှု = မနောဝိညာဏ်၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့်

၁၆၁

သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည် (၃)။

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် မျက်စိအတွေ့ = စက္ခုသမ္ဖဿကို (ပ)၊ နားအတွေ့= သောတသမ္ဖဿကို (ပ)၊ နှာခေါင်းအတွေ့ = ဃာနသမ္ဖဿကို (ပ)၊ လျှာအတွေ့ = ဇိဝှါသမ္ဖဿကို (ပ)၊ ကိုယ်အတွေ့ = ကာယသမ္ဖဿကို (ပ)၊ စိတ်အတွေ့= မနောသမ္ဖဿကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏စိတ်သည်လည်း စိတ်အတွေ့= မနောသမ္ဖဿ၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည် (၄)။

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် မျက်စိအတွေ့ကြောင့်ဖြစ်သော ခံစားမှု = ဝေဒနာကို (ပ)၊ နားအတွေ့ကြောင့်ဖြစ်သော ခံစားမှု = ဝေဒနာကို (ပ)၊ နှာခေါင်း အတွေ့ကြောင့်ဖြစ်သော ခံစားမှု=ဝေဒနာကို (ပ)၊ လျှာအတွေ့ကြောင့်ဖြစ်သော ခံစားမှု = ဝေဒနာကို (ပ)၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု = ဝေဒနာကို (ပ)၊ စိတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု = ဝေဒနာကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏စိတ်သည်လည်း စိတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု = ဝေဒနာ၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည် (၅)။

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် ပထဝီဓာတ်ကို (ပ)၊ အာပေါဓာတ်ကို (ပ)၊ တေဇောဓာတ်ကို (ပ)၊ ဝါယောဓာတ်ကို (ပ)၊ အာကာသဓာတ်ကို (ပ)၊ ဝိညာဏဓာတ်ကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏စိတ်သည်လည်း ဝိညာဏဓာတ်၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့်

၁၆၂

သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည် (၆)။

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် ရုပ်ကို (ပ)၊ ဝေဒနာကို (ပ)၊ သညာကို (ပ)၊ သင်္ခါရတို့ကို (ပ)၊ ဝိညာဏ်ကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏စိတ်သည်လည်း ဝိညာဏ်၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည် (၇)။

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် အာကာသာနဉ္စာယတနဈာန်ကို (ပ)၊ ဝိညာဏဉ္စာယတနဈာန်ကို (ပ)၊ အာကိဉ္စညာယတနဈာန်ကို (ပ)၊ နေဝသညာနာသညာယတနဈာန်ကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏စိတ်သည်လည်း နေဝသညာနာသညယတနဈာန်၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည် (၈)။

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် ဤမျက်မှောက်လောကကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏ စိတ်သည်လည်း ဤမျက်မှောက်လောက၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည်။

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် တမလွန်လောကကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏ စိတ်သည်လည်း တမလွန်လောက၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ် အောင် = မမှီတွယ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည်။

(ဤ၌။ ။ပဌမဝါရ, ဒုတိယဝါရ-စသော ရှေးဝါရတို့ဖြင့် သတ္တလောကကို ဟောအပ်ပြီး ဖြစ်သောကြောင့် မျက်မှောက်လောကအရ

၁၆၃

ယခုဘဝ ရရှိနေသည့် နေအိမ်, အဝတ်, အစား အသုံးအဆောင်-စသော သင်္ခါရလောကကို ဆိုလိုရင်း ဟောလိုရင်း ဖြစ်၏။ လူ့ပြည်လောကမှ ကျန်သမျှကို တမလွန်လောကအရ ကောက်ယူရာ၏၊ ထိုတမလွန် လောကဝါရကို “ငါသည် ဤမည်သော နတ်ပြည်၌ဖြစ်၍ ဤမည်သော ဌာန၌ ဖြစ်ရပါစေ၊ ဤမည်သော ခဲဖွယ်ကို ဘောဇဉ်ကို အဝတ်ကို ခဲရပါစေ, စားရပါစေ, ဝတ်ရပါစေ (ဝါ) ဝတ်ရပါလို၏”ဟု ဤကဲ့သို့ တောင့်တမှု တဏှာတရား သူဌေးကြီးသန္တာန်၌ မဖြစ်ပွါးစေရန် ပယ်ရှားစေရန် မထေရ်မြတ်သည် ဟောကြား တော်မူအပ်၏)။

     သူဌေး.. ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ငါသည် မြင်ရ, ကြားရ, တွေ့ရ, သိရ, ရောက်ရ, ရှာမှီးရ, အဖန်ဖန်ရှာမှီးရ, စိတ်ဖြင့် လေ့လာရသော အာရုံအလုံးစုံကို အစွဲသုံးပါးတို့ဖြင့် မစွဲယူမိအောင်, ငါ၏ စိတ်သည်လည်း ထိုမြင်ရ, ကြားရ, တွေ့ရ, သိရ, ရောက်ရ, ရှာမှီးရ, အဖန်ဖန်ရှာမှီးရ, စိတ်ဖြင့် လေ့လာရသောအာရုံအလုံးစုံ၌ (သိမ်မွေ့သော နိကန္တိတဏှာဖြင့်) မှီတွယ်သည် မဖြစ်အောင် = မမှီတွယ်အောင်”ဟု ဤကဲ့သို့ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည် (၉)-

ဟု အရှင်သာရိပုတ္တရာသည် အနာထပိဏ်သူဌေးကြီးအား ဝါရပေါင်း (၉) ကိုးဝါရတို့ဖြင့် တန်းဆာဆင်လျက် အကျယ်တဝင့် တရားဟောတော်မူလေ၏။ (ဤ၌- အရဟတ္တဖိုလ်သို့ ရောက်လျှင် အစွဲသုံးပါး အမြစ်ပြတ်ပြုတ်လေတော့၏။ ဒိဋ္ဌိစွဲမှာ သောတာပတ္တိမဂ် ခဏကပင် ပြုတ်လေတော့သည်။ ထို့ကြောင့် “အစွဲသုံးပါးဖြင့် မစွဲယူမိအောင် ကျင့်ရမည်”ဟု ဟောတော်မူသဖြင့် အရဟတ္တဖိုလ်ပေါက် ကျင့်ရမည်ဟု ဟောဆိုခြင်းကိစ္စ ပြီးလေရကား အရှင်သာရိပုတ္တရာ မထေရ်သည် အနာထပိဏ်သူဌေးကြီးအား ဒွါရ, အာရုံ, ဝိညာဏ်, ဖဿ, ဝေဒနာ, ဓာတ်, ခန္ဓာ, အရူပဈာန်, သဗ္ဗဓမ္မ တည်းဟူသော (၉)ကိုးဝါရတို့ဖြင့် အရဟတ္တဖိုလ် အထွတ်တပ်ကာ သုညတသဘောကို အကျယ် ဟောတော်မူလေသည်)။

     ဤသို့ အရှင်သာရိပုတ္တရာ မထေရ်မြတ် တရားဟောအပ်ပြီးသည်ရှိသော် အနာထပိဏ်သူဌေးကြီးသည် သည်းစွာ ငိုကြွေးလေ၏။

၁၆၄

ထိုအခါ အရှင်အာနန္ဒာနှင့် အနာထပိဏ်သူဌေးကြီးတို့ အတုံ့အလှယ် ပြောဆိုကြသည်မှာ-

(အရှင်အာနန္ဒာ)

သူဌေး.. သင်သည် စည်းစိမ်တို့၌ ငြိကပ်သလော၊ သူဌေး.. သင်သည် ကုသိုလ်တို့၌ ဆုတ်နစ်သလော။

(အနာထပိဏ်သူဌေး)

အရှင်ဘုရားအာနန္ဒာ.. တပည့်တော်သည် စည်းစိမ်တို့၌ မငြိကပ်ပါ၊ ကုသိုလ်တို့၌လည်း မဆုတ်နစ်ပါ။ စင်စစ်သော်ကား တပည့်တော်သည် ကာလရှည်မြင့်စွာ မြတ်စွာဘုရားကိုလည်း ဆည်းကပ်ခဲ့ပါ၏၊ စိတ်နှလုံးကို ပွါးတိုး = စိုပြေစေတတ်သည့် = မနောဘာဝနီယ ရဟန်းတို့ကိုလည်း ဆည်းကပ်ခဲ့ပါ၏။ သို့သော်လည်း တပည့်တော်သည် ဤသို့သဘောရှိသော တရားစကားကို မကြားနာရစဘူးပါ။

(အရှင်အာနန္ဒာ)

သူဌေး.. အဝတ်ဖြူဝတ်သူ လူတို့အဖို့ရာ ဤသို့သဘောရှိသော တရားစကားသည် မထင်နိုင် (=သူဌေး.. လူတို့အဖို့ရာ လယ်မြေ, ယာမြေ, ငွေ, ရွှေ, ကျွန်မိန်းမ, ကျွန်ယောက်ျား, သား, မယား- စသည်တို့၌ တွယ်တာမှု တပ်နှစ်သက်မှု ပြင်းထန်လှဘိ၏၊ ထိုလူတို့အဖို့ရာ “ဤလယ်မြေ, ယာမြေ- စသည်တို့၌ တွယ်တာမှုကို မပြုသင့်၊ တပ်မက်မှုကို မပြုသင့်” ဤသို့စသော တရားစကားသည် မထင်နိုင် = ဤတရားစကားမျိုးကို မနှစ်သက်နိုင်-ဟု ဆိုလိုသည်)၊ သူဌေး.. ရဟန်းတို့အဖို့ရာသာလျှင် ဤသို့ သဘောရှိသော တရားစကားသည် ထင်နိုင်၏ = ဤသို့သဘောရှိသော တရားစကားကို နှစ်သက်နိုင်၏။

(အနာထပိဏ်သူဌေး)

အရှင်ဘုရား သာရိပုတ္တရာ.. တပည့်တော် တောင်းပန် တိုက်တွန်းပါရစေ၊ အဝတ်ဖြူ ဝတ်သူ လူတို့အဖို့ရာလည်း ဤသို့သဘောရှိသော တရားစကားကို ထင်ပါစေ (=ဤသို့သော တရားမျိုးကို

၁၆၅

လူတို့အားလည်း ဟောကြားတော်မူပါ-ဟု ဆိုလိုသည်)၊ အရှင်ဘုရား.. ဉာဏ်ပညာမျက်စိဝယ် ကိလေသာမြူမှုန် နည်းပါးသော သဘောရှိကုန်သော အမျိုးကောင်းသားတို့သည် များစွာရှိကြပါကုန်သည်၊ ထိုသူတို့အဖို့ရာ တရားမနာရခြင်းကြောင့် လောကုတ္တရာတရားမှ ဆုံးရှုံးနစ်နာကြရပါကုန်၏။ အရှင်ဘုရားတို့ ဟောကြားလျှင် တရားတော်ကို အရဟတ္တဖိုလ်ရောက် အသိဉာဏ်ပေါက်ကြမည့် သူများလည်း ထင်ရှားဖြစ်ပေါ်လာကြပါလိမ့်မည်။ ။ဤကား အတုံ့အလှယ် ပြောဆိုကြပုံတည်း။

(ဤ၌။ ။အနာထပိဏ်သူဌေးကြီးက “တပည့်တော်သည် မြတ်စွာဘုရား၏ အထံတော်မှလည်း ဤသို့ သဘောရှိသော တရားစကားကို မကြားနာရစဘူးပါ”ဟု လျှောက်ဆို၏၊ မြတ်စွာဘုရားရှင်က အနာထပိဏ်သူဌေးကို ဤသို့သဘောရှိသည့် သိမ်မွေ့နက်နဲသော တရားစကားကို မဟောကြားဘူးလော-ဟု မေးဖွယ်ရှိ၏။ အဖြေကား- မဟောသည် မဟုတ် = ဟောပါ၏။ သို့သော်လည်း ဤယခု အနာထပိဏ္ဍိကောဝါဒသုတ္တန်လာအတိုင်း ဒွါရ ၆-ပါး, အာရုံ ၆-ပါး, ဝိညာဏ် ၆-ပါး, ဖဿ ၆-ပါး, ဝေဒနာ ၆-ပါး, ဓာတ် ၆-ပါး, ခန္ဓာ ၅-ပါး, အရူပ ဈာန်လေးပါး, ဤပစ္စုပ္ပန်လောကနှင့် တမလွန်လောကတို့ကို သူ့ဝါရနှင့်သူ အသေးစိတ်ဖော်ပြလျက် မြင်အပ်, ကြားအပ်, ရောက်အပ်, သိအပ်သော တရားအလုံးစုံတို့၏ အစွမ်းဖြင့် အရဟတ္တဖိုလ်၌ ထည့်ကာ ထည့်ကာ ဟောကြားအပ်သော တရားစကားကိုကား ဤအနာထပိဏ်သူဌေးကြီးသည် ရှေးက မကြားအပ်စဘူး၊ ထို့ကြောင့် ဤကဲ့သို့ လျှောက်ဆိုလေသည်။

တနည်းကား- ဤကျောင်းဒကာကြီးသည် ဒါနကောင်းမှု၌ စိတ်အလွန်ညွတ်ကိုင်းသူ, ဒါနကောင်းမှု၌ အလွန်မွေ့လျော်သူ ဖြစ်ရကား ဘုရားရှင်နှင့် မနောဘာဝနီယရဟန်းတို့ထံ သွားရောက်လျှင် လက်အချည်းနှီး တခါတခေါက်မျှ မသွားရောက်ဘူးချေ။ နံနက်အခါ ကျောင်းတော်သို့ သွားရောက်လျှင် ယာဂုခဲဖွယ်- စသည်တို့ကို ယူဆောင်စေ၍သာ သွားလေ့ရှိ၏။ နေလွဲအခါ ကျောင်းတော်သို့ သွားရောက်လျှင် ထောပတ် ပျား တင်လဲ-စသည်တို့ကို ယူဆောင်စေ၍သာ သွားလေ့ရှိ၏၊ မတတ်နိုင်သည့် အဆုံးဝယ် သဲနုနုကိုသော်လည်း မိမိ၏ အစေအပါးတို့ကို ယူဆောင်ခဲ့စေ၍ ဂန္ဓကုဋီကျောင်းတော် ပရိဝုဏ်အတွင်း၌

၁၆၆

ခင်းကျင်းကြဲဖြန့်စေလေသည်။ ကျောင်းတော်သို့ ရောက်လျှင်လည်း အလှူဒါနကို ပေးလှူပြီး သီလကို စောင့်ထိန်းပြီးလျှင် အိမ်သို့ ပြန်သွားလေ့ရှိသည်၊ ဤသည့် ကျောင်းဒကာ အနာထပိဏ် သူဌေးကြီးသည်ကား ဘုရားလောင်းကဲ့သို့သော ဖြစ်ရပ်အလားရှိသတဲ့။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် နှစ်ဆယ့်လေးနှစ်ကြာ ကာလတို့ပတ်လုံး အနာထပိဏ်သူဌေးအား များသောအားဖြင့် “ဒါယကာ.. ဤဒါနကောင်းမှုမည်သည် ဘုရားအလောင်းတော်တို့၏ သွားရာလမ်းကြောင်းဖြစ်သည်။ ငါဘုရားသည် လေးအသင်္ချေ ကမ္ဘာတသိန်းကြာ ဒါနကောင်းမှုကို ပြုအပ်ခဲ့လေသည်။ သင်သည် ငါဘုရားလမ်းကြောင်းကို အစဉ်တစိုက် လိုက်ပါပေ၏” ဤသို့စသည်ဖြင့် ဒါနနှင့်စပ်သော တရားစကားကိုသာ ဟောကြားတော်မူ၏။ အရှင်သာရိပုတ္တရာ- အစရှိသော မဟာသာဝကကြီးတို့ကလည်း မိမိတို့ထံမှောက် ကျောင်းဒကာကြီး လာရောက်သောအခါ များသောအားဖြင့် ဒါနကထာတရားကိုသာ ဟောတော်မူကြလေသည်။ ထို့ကြောင့် “သူဌေး.. အဝတ်ဖြူဝတ်သူ လူတို့အဖို့ရာ ဤသို့သဘောရှိသော တရားစကားသည် (စိတ်၌ နှစ်နှစ်သက်သက်) မထင်နိုင်”ဟု အရှင်အာနန္ဒာမထေရ်က မိန့်ကြားတော်မူခြင်းဖြစ်လေသည်။

ဤအဖို့ရာဝယ် ဤသို့ဆိုသဖြင့် “မြတ်စွာဘုရားရှင်က အနာထပိဏ်သူဌေးအား မဂ်ဖိုလ်ရကြောင်း ဝိပဿနာတရားကို လုံးဝမဟောကြား”ဟု မမှတ်ယူရာ၊ ဤအနာထပိဏ္ဍိကောဝါဒသုတ္တန်၌လာသော အစီအစဉ်အတိုင်း (၉) ကိုးဝါရတို့ဖြင့် အကျယ် ဟောပြအပ်သည်ကိုသာ မနာဘူးလေသည်။ ဖြောင့်မှန်စွာ အရိယမဂ်သို့ရောက်ကြောင်း ဝိပဿနာအကျင့်ကိုကား ထိုသူဌေးကြီးသည် ကြားနာဘူးပေ၏၊ ထို့ကြောင့် ဥဇုမဂ္ဂါဝဟာ ဝိပဿနာ ဘဂဝတာ ပနဿ ကထိကပုဗ္ဗာ = စင်စစ်သော်ကား မြတ်စွာဘုရားသည် ဤသူဌေးကြီးအား ဖြောင့်မှန်စွာ အရိယမဂ်သို့ရောက်ကြောင်း ဝိပဿနာတရားကို ရှေးက ဟောအပ်ဘူးလေပြီ-ဟု ဤသုတ်အဖွင့် ဋီကာ၌ အထူးဖွင့်ပြအပ်လေပြီ။ ။ဤကား အထူးမှတ်ရန်တည်း)။

အနာထပိဏ်သူဌေးကြီး

တုသိတာနတ်ပြည်၌ နတ်သားဖြစ်ခြင်း

     ထိုအခါ အရှင်သာရိပုတ္တရာနှင့် အရှင်အာနန္ဒာတို့သည် အနာထပိဏ်သူဌေးကို ဤအဆုံးအမဖြင့် ဆုံးမတော်မူကြ၍ နေရာမှထကာ ဖဲသွားတော်မူကြလေကုန်၏။ ထို့နောက်

၁၆၇

အနာထပိဏ်သူဌေးသည် အရှင်နှစ်ပါး ကြွသွား၍ မကြာမြင့်မီပင် စုတေကွယ်လွန်၍ တုသိတာနတ်ပြည်၌ ဖြစ်လေ၏။

ထိုအခါ အနာထပိဏ္ဍိကနတ်သားသည် သန်းခေါင်ယံအချိန်၌ မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ လာရောက်ရှိခိုးကာ အပြစ်လွတ်ရာအရပ်၌ ရပ်တည်လျက် မြတ်စွာဘုရားရှင်ကို ဤဆိုလတ္တံ့သော ဂါထာတို့ဖြင့် လျှောက်ထားလေ၏-

(ဤ၌ ဂါထာတို့ကို နောက်မှဆက်၍ ဖော်ပြပေအံ့၊ အထူးမှတ်ဖွယ်ကို ရှေးဦးစွာ ဖော်ပြလိုသည်မှာ- “အဘယ့်ကြောင့် အနာထပိဏ္ဍိက နတ်သားသည် ဘုရားထံတော်မှောက်သို့ လာရောက်သနည်း”ဟု မေးဖွယ်ရှိ၏။ အဖြေကား- တုသိတာနတ်ပြည်၌ ဖြစ်လျှင်ဖြစ်ခြင်းပင် သုံးဂါဝုတ်မျှ ပမာဏရှိသည့် ရွှေတုံးရွှေစိုင်ပမာ တောက်ပစွာသော နတ်၏ ကိုယ်ခန္ဓာ အတ္တဘောနှင့် နတ်ဥယျာဉ်, ဗိမာန်, ပဒေသာပင် အစရှိသော နတ်စည်းစိမ်တို့ကို မြင်ရလျှင် အနာထပိဏ္ဍိက နတ်သား၏ စိတ်သန္တာန်၌ “ငါ၏ ဤစည်းစိမ်ကား ကြီးကျယ်လှဘိ၏။ ငါသည် လူ့ပြည် လူ့လမ်းကြောင်း၌ အဘယ်ကောင်းမှုကိုများ ပြုအပ်ခဲ့လေသနည်း”ဟု အကြံဖြစ်ကာ ဉာဏ်ပညာဖြင့် ဆင်ခြင် ကြည့်ရှုလေသော် ရတနာသုံးပါးတို့၌ အဓိကာရ ကောင်းမှုပြုခဲ့သည့် ကုသိုလ်ကို မြင်လတ်၍ “ဤနတ်အဖြစ်မည်သည် မေ့လျော့ရာဌာန ဖြစ်၏။ မှန်၏- ဤနတ်စည်းစိမ်ဖြင့် ဝမ်းမြောက်ရွှင်ပျော် မွေ့လျော်သော ငါ့အဖို့ရာ သတိမေ့ပျောက်ခြင်းသည်လည်း ဖြစ်နိုင်၏၊ ငါသည် ယခုပင် သွားရောက်၍ ငါဆောက်လှူသည့် ဇေတဝန်ကျောင်းတိုက်ကြီး, ရဟန်းသံဃာတော်, မြတ်စွာဘုရား, အရိယမဂ်, အရှင်သာရိပုတ္တရာမထေရ်တို့၏ ဂုဏ်ကျေးဇူးကို ချီးကျူး လျှောက်ထားပြီးလျှင် လူ့ပြည်က ပြန်လာသောအခါမှ ဤနတ်စည်းစိမ်ကို သုံးဆောင်ခံစားပေအံ့”ဟု ကြံစည်မိလေသည်။ ထို့ကြောင့် အနာထပိဏ္ဍိကနတ်သားသည် ဘုရားထံတော်မှောက်သို့ လာရောက်လေသည်။ ဤကား အဖြေတည်း)။

အနာထပိဏ္ဍိကနတ်သား လျှောက်ထားသော ၄-ဂါထာ

ဣဒံ ဟိ တံ ဇေတဝနံ၊ ဣသိသံဃနိသေဝိတံ။

အာဝုတ္ထံ ဓမ္မရာဇေန၊ ပီတိသဉ္ဇနနံ မမ။

ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..။ ဣဒံ တံ ဇေတ၀နံ = ဇေတဝန်ခေါ် ဤကျောင်းတိုက်တော်သည်။

၁၆၈

ဣသိသံဃနိသေဝိတံ = သီလက္ခန္ဓ စသည်ကျေးဇူး ဂုဏ်အထူးကို ဆည်းပူးရှာမှီး လေ့ကျက်ပြီး, လေ့ကျက်ဆဲ ရှိကြသည့် အရိယသံဃာ ပုထုဇန်သံဃာတို့ မကွာနေ့ည နိစ္စအမြဲ မှီဝဲနေထိုင်ရာလည်း ဖြစ်ပါပေ၏။ ဓမ္မရာဇေန = ဓမ္မရာဇ်မှန်ကင်း တရားမင်းဘုရားသည်။ အာဝုတ္ထံ = အမြိုက်အောင်ပွဲ ဆင်ယင်နွှဲလျက် အမြဲနေထိုင်တော်မူရာလည်း ဖြစ်ပါပေ၏။ (တသ္မာ = ထို့ကြောင့်)။ မမ = အနာထပိဏ္ဍိက နာမတွင်ခေါ် တပည့်တော်၏။ ပီတိသဉ္ဇနနံ = နှစ်သိမ့်ခြင်း = ပီတိတရားကို အမြဲတမ်း ဖြစ်ပွါးစေပါ၏ဘုရား။

(ဤ၌။ ။ဇေတဝန်ကျောင်းတိုက်တော်မှာ ဂန္ဓကုဋီကျောင်းတော်, လေးထောင့်ပြာသာဒ်, အပြောက်ချယ်သော ကျောင်းဆောင်တော်များ စသည်အားဖြင့်၎င်း၊ သစ်ပင်, နွယ်ပင်, ပန်းပင်- စသည်အားဖြင့်၎င်း၊ နေစရာ ထိုင်စရာအားဖြင့်၎င်း အခြားတပါးသော အရာမ်တို့နှင့် မတူသည့် မွေ့လျော်ဖွယ်တို့ကား များလှစွာ၏၊ သို့သော် ထိုမွေ့လျော်ဖွယ်များမှာ အာရုံငါးပါး ကာမတရား၌မှီသော မွေ့လျော်ဖွယ်များ ဖြစ်ခြင်းကြောင့် ဘုရားမြတ်စွာ အရိယာသံဃာတို့၏ နေထိုင်ရာဖြစ်ခြင်းကဲ့သို့ အရိယာသာဝကတို့ စိတ်နှလုံးကို မနှစ်သိမ့်စေနိုင်၊ အရိယာသံဃာတို့၏ နေထိုင်ရာဖြစ်ခြင်းကသာလျှင် အနာထပိဏ်တို့လို အရိယာသာဝကတို့၏ စိတ်နှလုံးကို ပိုလွန်၍ နှစ်သိမ့်စေနိုင်သည်။ ထို့ကြောင့် ဘုရားမြတ်နှင့် အရိယာသံဃာတို့၏ နေထိုင်ရာဖြစ်ခြင်း တည်းဟူသော ဂုဏ်ဖြင့် ဇေတဝန်ကျောင်းတိုက်တော်ကို ချီးကျူးဖွဲ့ဆိုလေသည်)။

ကမ္မံ ဝိဇ္ဇာ စ ဓမ္မော စ၊ သီလံ ဇီဝိတမုတ္တမံ။

‌ဧတေန မစ္စာ သုဇ္ဈန္တိ၊ န ဂေါတ္တန ဓနေန ဝါ။

ကမ္မံ = မဂ်၌ယှဉ်သော စေတနာ၎င်း။ ဝိဇ္ဇာ စ = အရိယမဂ်၌ပါသည့် သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ မဂ္ဂင်နှစ်ပါး၎င်း။ ဓမ္မော စ = အရိယမဂ်၌ပါသည့် သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ မဂ္ဂင်သုံးပါး၎င်း။ သီလဉ္စ = အရိယမဂ်၌ပါသည့် သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ မဂ္ဂင်သုံးပါး၎င်း။

၁၆၉

(ဧတသ္မိံ သီလေ ပတိဋ္ဌိတဿ = ဤအရိယမဂ်သီလ၌ တည်ပြီးသောသူ၏)။ ဥတ္တမံ = အတုမရှိ လွန်မြတ်ဘိသော။ ဇီဝိတံ = အပြစ်လွတ်ကင်း အသက်မွေးခြင်း၎င်း။ ဧတေန = ဤမဂ္ဂင်ရှစ်ပါး အကျင့်တရားဖြင့်။ မစ္စာ = သတ္တဝါတို့သည်။ သုဇ္ဈန္တိ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်ကုန်၏။ ဂေါတ္တန ဝါ = အနွယ်ဖြင့်၎င်း။ ဓနေန = ဥစ္စာဖြင့်၎င်း။ န သုဇ္ဈန္တိ = ကိလေသာ အညစ်အကြေးတို့မှ မကင်းဝေး မစင်ကြယ်နိုင်ကြကုန်။

(ဤဂါထာဖြင့် အရိယမဂ်၏ ဂုဏ်ကျေးဇူးကို ချီးကျူးဖွဲ့ဆိုလေသည်။)

တသ္မာ ဟိ ပဏ္ဍိတော ပေါသော၊ သမ္ပဿံ အတ္ထမတ္တနော။

ယောနိသော ဝိစိနေ ဓမ္မံ၊ ဧဝံ တတ္ထ ဝိသုဇ္ဈတိ။

တသ္မာ ဟိ-တသ္မာ ဧဝ = ထိုသို့ အနွယ်,ဥစ္စာဖြင့် ကိလေသာတို့မှ မစင်ကြယ်နိုင်, အဋ္ဌင်္ဂိကမဂ်ဖြင့်သာ ကိလေသာတို့မှ စင်ကြယ်နိုင်သောကြောင့်သာလျှင်။ အတ္တနော = မိမိ၏။ အတ္ထံ = နိဗ္ဗာန်တိုင်ပွါးတိုး ကောင်းမြတ်သောအကျိုးကို။ သမ္ပဿံ- သမ္ပဿန္တော = ကောင်းစွာဆင်ခြင် မြော်သိမြင်သော။ ပဏ္ဍိတော ပေါသော = အမျိုးကောင်းသား ပညာရှိ မင်းယောက်ျားသည်။ ယောနိသော = မဂ်ကိုပွါးကြောင်း ဥပါယ်ကောင်းဖြင့်။ ဓမ္မံ = ဥပါဒါနက္ခန္ဓာငါးပါး တရားအစုကို။ ဝိစိနေ = အနိစ္စ, ဒုက္ခ, အနတ္တဟု လက္ခဏာယာဉ် သုံးချက်တင်၍ ဆင်ခြင်သမှု ဝိပဿနာရှုရာ၏။ ဧဝံ = ဤသို့ ရှုသည်ရှိသော်။ တတ္ထ = ထိုဥပါဒါနက္ခန္ဓာ အဦးဖြာသည့် သစ္စာလေးပါး တရားအစု တည်းဟူသော အာရုံအကြောင်းနိမိတ်ကြောင့်။ ဝိသုဇ္ဈတိ = ပဋိဝေဓဉာဏ်သက်ဝင် ကိလေသာတို့မှ စင်ကြယ်နိုင်၏။

(ဤ၌။ ။ပညာရှိသည် ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားအစုကို ဝိပဿနာရှုရမည်၊ ထိုသို့ ရှုသဖြင့် ဝိပဿနာဉာဏ် အထွတ်အထိပ်သို့ ရောက်သောအခါ မဂ်ဉာဏ်ပေါ်၍ ဒုက္ခသစ္စာကို ပရိညာပဋိဝေဓဖြင့်၎င်း, သမုဒယသစ္စာကို ပဟာနပဋိဝေဓဖြင့်၎င်း, နိရောဓသစ္စာကို

၁၇၀

သစ္ဆိကိရိယာပဋိဝေဓဖြင့်၎င်း, မဂ္ဂသစ္စာကို ဘာဝနာပဋိဝေဓဖြင့်၎င်း ထိုးထွင်းကာသိ၍ ကိလေသာတို့မှ အပြီးတိုင် လွတ်မြောက်စင်ကြယ်၏ဟု ဆိုလိုရင်းဖြစ်သည်။ ။ဤဂါထာဖြင့် ဝိပဿနာဉာဏ် အရိယမဂ်ဉာဏ်တို့၏ ဂုဏ်ကျေးဇူးကို ချီးကျူး ဖွဲ့ဆိုလေသည်)။

သာရိပုတ္တောဝ ပညာယ၊ သီလေန ဥပသမေန စ။

ယောပိ ပါရင်္ဂတော ဘိက္ခု၊ ဧတာဝပရမော သိယာ။

ယောပိ ဘိက္ခု = အမှတ်မထင် အကြင် ရဟန်းသည်လည်း။ ပါရင်္ဂတော = သံသရာတဖက်ကမ်း နိဗ္ဗာန်နန်းသို့ ကူးသန်းထုတ်ချောက် ရောက်ဆိုက်ပေ၏။ သောပိ = ထိုရဟန်းသည်လည်း။ ဧတာဝပရမော = ဤနိဗ္ဗာန်ထုတ်ချောက် ရောက်ရခြင်းလျှင် လွန်သော မြတ်သော အပိုင်းအခြားရှိသည်။ သိယာ = ဖြစ်၏။ သီလေန = သီလဂုဏ်ကျေးဇူးဖြင့်၎င်း။ ပညာယ = ပညာဂုဏ်ကျေးဇူးဖြင့်၎င်း။ ဥပသမေန စ = ကိလေသာငြိမ်းခြင်း ဂုဏ်ဖြင့်၎င်း။ သာရိပုတ္တောဝ = သာဝကများစွာ ထေရ်သံဃာတွင် ပညာဧတဒဂ်ရ သာရိပုတ္တမထေရ်သည်သာလျှင်။ သေယျော = အထူးသဖြင့် ချီးမွမ်းအပ် မြတ်တော်မူပါပေ၏။

(ဤဂါထာဖြင့် အရှင်သာရိပုတ္တရာမထေရ်၏ ဂုဏ်ကျေးဇူးကို ချီးကျူးဖွဲ့ဆိုလေသည်။)

     အနာထပိဏ္ဍိက နတ်သားသည် ဤ၄-ဂါထာကို လျှောက်ထားလေ၏၊ မြတ်စွာဘုရားသည် အနာထပိဏ္ဍိကနတ်သား လျှောက်ထားချက်ကို (မဟန့်မတား) ခွင့်ပြုတော်မူ၏။ ထိုအခါ အနာထပိဏ္ဍိက နတ်သားသည် “ငါ၏ လျှောက်ထားချက်ကို မြတ်စွာဘုရားသည် မဟန့်မတား ခွင့်ပြုတော်မူ၏”ဟု အောက်မေ့ ဝမ်းမြောက်ကာ မြတ်စွာဘုရားရှင်ကို ရှိခိုး အရိုအသေပြုပြီးနောက် ထိုအရပ်မှာပင် ကွယ်ပျောက်လေ၏။

     ထိုနောက် မြတ်စွာဘုရားသည် ထိုညဉ့်လွန်မြောက် နောက်တနေ့ ရောက်သောအခါ ရဟန်းတို့ကို “ရဟန်းတို့.. ဤညဉ့်၌

၁၇၁

နတ်သားတဦးသည် သန်းခေါင်ယံအချိန်၌ ငါဘုရားထံမှောက်သို့ လာရောက်ရှိခိုးလျက် အပြစ်လွတ်ရာအရပ်၌ ရပ်တည်ပြီးလျှင် ငါဘုရားကို ဤဂါထာတို့ဖြင့် လျှောက်ဆို၏”ဟု မိန့်တော်မူ၍ အနာထပိဏ္ဍိကနတ်သား လျှောက်ထားသည့် ၄-ဂါထာတို့ကို ရဟန်းတို့အား တဖန်ပြန်၍ ဟောကြားတော်မူပြန်လေ၏။

(ဤ၌။ ။မည်သည့်နတ်သားဟူ၍ နတ်သား၏အမည်ကို ဖော်ထုတ်၍ မိန့်တော်မမူခြင်းမှာ အရှင်အာနန္ဒာမထေရ်၏ အနုမာနဉာဏ်အစွမ်းကို ထင်ရှားစေလိုတော်မူသောကြောင့် ဖြစ်သည်)။

     ထို့ကြောင့်ပင် မြတ်စွာဘုရား မိန့်ကြားတော်မူချက် ပြီးဆုံးသောအခါ အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်ကို အချိန်မဆိုင်းပဲ “မြတ်စွာဘုရား.. ထိုနတ်သားသည် ဧကန်ပင် အနာထပိဏ္ဍိကနတ်သား ဖြစ်ပါလိမ့်မည်၊ မြတ်စွာဘုရား.. အနာထပိဏ်သူဌေးသည် အရှင်သာရိပုတ္တရာ၌ အလွန်ကြည်ညိုသူ ဖြစ်ပါ၏ဘုရား”ဟု လျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို “အာနန္ဒာ.. ကောင်းပေစွာ့ ကောင်းပေစွာ့၊ အာနန္ဒာ.. ကြံစည်တွေးဆခြင်းဖြင့် ရောက်သင့်ရောက်ထိုက်သော အရာမှန်သမျှသို့ သင်ချစ်သား ရောက်ပေ၏။ အာနန္ဒာ.. ထိုနတ်သားသည် အနာထပိဏ္ဍိက နတ်သားပင်တည်း”ဟု မိန့်တော်မူလေ၏။

ဤကား အနာထပိဏ်သူဌေး အကြောင်းတည်း။

**********

(၃) စိတ္တသူကြွယ်အကြောင်း

(ဤစိတ္တသူကြွယ်သည် အနာထပိဏ်တို့ကဲ့သို့ပင် သူဌေးဖြစ်၏။ သို့သော် သာသနာ့နယ်ပယ် ယနေ့ဝေါဟာရ၌ အနာထပိဏ်ကို “အနာထပိဏ်သူဌေး”ဟု ခေါ်တွင်သကဲ့သို့ ထိုစိတ္တဒါယကာကိုကား “စိတ္တသူဌေး”ဟု မခေါ်တွင်ပဲ “စိတ္တသူကြွယ်”ဟူ၍သာ ခေါ်တွင် အသိများလေသည်၊ ထို့ကြောင့် ဤကျမ်း၌လည်း စိတ္တသူကြွယ်-ဟူ၍ပင် ရေးသားပြဆိုပါအံ့)-

၁၇၂

(က) သူကြွယ်၏ ရှေးဆုတောင်း

     ဤစိတ္တသူကြွယ်အလောင်း သူတော်ကောင်းသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသား (=သူဌေးသား)ဖြစ်၍ နောက်အဖို့၀ယ် မြတ်စွာဘုရား၏ တရားစကားကို နာကြားရစဉ် မြတ်စွာဘုရားရှင်က ဥပါသကာတယောက်ကို “ဓမ္မကထိက = တရားဟောကောင်းသော အရာ”ဝယ် ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုဓမ္မကထိက ဧတဒဂ်ရာထူးဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေ၏။

မုဆိုးသားဘဝ

     ထိုအမျိုးကောင်းသားသည် ကမ္ဘာတသိန်းကြာ ကာလပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့၍ ကဿပမြတ်စွာ လက်ထက်တော်အခါဝယ် သားမုဆိုး၏အိမ်၌ ဖြစ်၍ (=သားသတ်သည့် မုဆိုးကြီး၏ သားဖြစ်၍) အရွယ်ကြီးမြောက် နောက်တချိန်ဝယ် တော၌ မုဆိုးအမှု ပြုနိုင်စွမ်းသော အခါကာလ၌ တနေ့သောအခါ မိုးရွာ၍နေစဉ် သားသတ်အလုပ် ပြုလုပ်ရန် လှန်ကိုစွဲကိုင်၍ တောသို့ သွားရောက်ကာ သားကောင်များကို ထိုမှဤမှ ကြည့်ရှုစူးစမ်း ရှာဖွေလတ်သော် မပြုမပြင်အပ်သော တောင်ခေါင်းတခု၌ ပံသုကူသင်္ကန်းကို ခေါင်းမြီးခြုံ၍ ကျောက်ဖျာပေါ်၌ ထိုင်နေသော ရဟန်းတော်တပါးကို မြင်ရလေလျှင် “အရှင်မြတ်တပါး ရဟန်းတရား ပွါးများအားထုတ်ကာ ထိုင်နေတော်မူသည် ဖြစ်လိမ့်မည်”ဟု သိမှတ်၍ လျင်မြန်စွာ အိမ်သို့ ပြန်ခဲ့ပြီးလျှင် ခုံလောက်တခု၌ ယမန်နေ့က ဆောင်ယူခဲ့သော အသားကို အခြားခုံလောက်တခု၌ ဆွမ်းကို (တပြိုင်နက် ဟင်းရော ဆွမ်းကိုပါ) ချက်စေလေ၏။

     ထိုသို့ ဆွမ်းနှင့် ဆွမ်းဟင်းတို့ကို တပြိုင်နက် ချက်စေပြီးလျှင် မိမိအိမ်သို့ ဆွမ်းခံကြွရောက်လာကြသော ရဟန်းနှစ်ပါးတို့ကို

၁၇၃

မြင်ရ၍ ထိုရဟန်းနှစ်ပါးတို့၏ သပိတ်ကို ဆီးကြိုဆောင်ယူလျက် ခင်းအပ်ပြီးသော နေရာ၌ ထိုင်စေပြီးလျှင် “အရှင်ဘုရားတို့.. တပည့်တော်အား ချီးမြှောက်မှုကို ပြုတော်မူကြပါ၊ ဤနေရာ၌ ထိုင်နေ၍ ဆွမ်းကို အလှူခံတော်မူကြပါဘုရား”ဟု မိမိ၏ဆွမ်းကို ခံယူရန် ဆောက်တည်စေပြီး (=လျှောက်ထားပြီး)မှ အိမ်မှာ ကျန်ရှိမည့် အခြားလူများကို “အရှင်မြတ်နှစ်ပါးတို့ကို ဆွမ်းပြုစုရစ်ကြပါလော့”ဟု စေခိုင်းမှာထား၍ ထိုချက်ပြီးရှိသော ဆွမ်းနှင့် ဆွမ်းဟင်းကို အိုးတလုံး၌ ခူးထည့်လျက် ငှက်ပျောဖက်စသည်ဖြင့် အိုးမျက်နှာဝကို ချည်ကာ ထိုအိုးကို ထမ်းယူ၍ တောစခန်းသို့ သွားလေသော် လမ်းခရီးအကြား၌ အထူးထူးသော ပန်းတို့ကို ဆွတ်ခူးခဲ့၍ ဖက်ဖြင့် ထုပ်ယူကာ မထေရ်ထိုင်နေရာသို့ ရောက်လျှင် ထမ်းယူခဲ့သော ဆွမ်းအိုးကိုချ၍ လျောက်ပတ်ရာအရပ်၌ ထားပြီးသော် “အရှင်ဘုရား.. တပည့်တော်အား ချီးမြှောက်မှုကို ပြုတော်မူကြပါဘုရား”ဟု လျှောက်ထား၍ မထေရ်၏သပိတ်ကို တောင်းယူကာ ဆွမ်း,ဆွမ်းဟင်း အပြည့်အစုံ အလုံအလောက် ထည့်ပြီးနောက် မထေရ်၏လက်၌ သပိတ်ကို ဆက်ကပ်ပြီးလျှင် မိမိယူဆောင်ခဲ့သော ပန်းမျိုးစုံတို့ဖြင့် မထေရ်မြတ်ကို ပူဇော်လေ၏။

     ထိုသို့ ပူဇော်ပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ရပ်တည်လျက် “အရှင်ဘုရား.. အရသာရှိသော ဆွမ်းနှင့်တကွသော ဤပန်းပူဇော်ရမှုသည် တပည့်တော်၏စိတ်ကို အထူး နှစ်သိမ့်စေသကဲ့သို့ ဤအတူ ဖြစ်လေရာရာ သံသရာဘဝ ဘုံဌာန၌ တပည့်တော်၏အတွက်တာ လက်ဆောင်ပဏ္ဏာပေါင်း အထောင်တို့သည်လည်း လာရောက်ကြပါစေသတည်း၊ အဆင်းငါးမျိုးရှိသည့် ပန်းမိုးသည်လည်း ရွာသွန်းပါစေသတည်း”ဟု ဆုတောင်းပတ္တနာစကား လျှောက်ထားလေ၏။ မထေရ်မြတ်သည်လည်း ထိုမုဆိုးသား၏ မဂ်ဖိုလ်ရကြောင်း ကောင်းမှု ဥပနိဿယကို မြင်တော်မူ၍ သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို အကျယ်ဟောကြား ချီးမြှောက်တော်မူလေ၏။ ။(ဝိဝဋ္ဋံ ဥဒ္ဒိဿ ဥပစိတံ

၁၇၄

နိဗ္ဗေဓဘာဂိယကုသလံ ဥပနိဿယော = ဝဋ်ကင်းရာနိဗ္ဗာန်ကို ရည်မျှော်၍ ဆည်းပူးပွါးများ အားထုတ်အပ်သော နိဗ္ဗေဓဘာဂိယ ကုသိုလ်သည် ဥပနိဿယမည်၏။ ။အင်္ဂုတ္တရဋီကာ ၁။ မျက်နှာ ၂၀၁-မှ)။

     ထိုမုဆိုးသားသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်လေ၏။ ထိုနတ်သားဖြစ်ရာဌာန၌ ပုဆစ်ဒူးနစ်လုမျှ နတ်ပန်းမိုး ဖြိုးဖြိုးရွာသွန်းလေ၏၊ ထိုနတ်သားကိုယ်တိုင်ကလည်း အခြားသော နတ်တို့ထက် သာလွန်တင့်တယ်သော အဆင်းနှင့်ပြည့်စုံသူ ဖြစ်လေ၏။

(ခ) နောက်ဆုံးဘဝ ဥပါသကာဖြစ်ခြင်း

     ထိုအမျိုးကောင်းသားသည် ဗုဒ္ဓန္တရအသင်္ချေယျ တကပ်ပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စား၍ ဤအကျွန်ုပ်တို့၏ ဘုရားမြတ်စွာ ပွင့်ထွန်းတော်မူရာ ကာလဝယ် မဂဓတိုင်းအဝင်အပါ မစ္ဆိကာသဏ္ဍ-မည်သော မြို့၌ သူဌေးသားဖြစ်၍ လာလေ၏၊ ထိုသူဌေးသား မွေးဖွားသောအခါ၌ပင် မစ္ဆိကာသဏ္ဍ တမြို့လုံး၌ အံ့ဩဖွယ်ရာ ပုဆစ်ဒူးနစ်လုမျှ အဆင်းငါးမျိုးရှိသည့် ပန်းမိုး တဖြိုးဖြိုးရွာသွန်းလေ၏။ ထိုအခါ ထိုသူဌေးသား၏ မိဘနှစ်ပါးတို့သည် “ငါတို့သားကား မိမိအမည်ကို မိမိပင်ယူ၍ လာသူဖြစ်၏၊ ငါတို့သား မွေးဖွားသော နေ့မှာပင် မစ္ဆိကာသဏ္ဍ တမြို့လုံးသည် အဆင်းငါးမျိုးရှိသော ပန်းတို့ဖြင့် အံ့ဩဘနန်း အဆန်းတကြယ် ဖြစ်ရလေ၏”ဟု နိမိတ်မင်္ဂလာစကား ပြောကြားကြကာ ထိုသူငယ်၏အမည်ကို “စိတ္တသတို့သား”ဟု အမည်မှည့်ကြလေကုန်၏။

     ထိုစိတ္တသူဌေးသားသည် နောက်အဖို့ဝယ် အရွယ်ရောက်လတ်သော် အိမ်ရာတည်ထောင်လျက် ဖခင်သူဌေးကြီး ကွယ်လွန်အနိစ္စရောက်သောအခါ မစ္ဆိကာသဏ္ဍမြို့၌ သူဌေးရာထူးသို့ ဆိုက်ရောက်လေ၏။ ထိုအခါ ပဉ္စဝဂ္ဂီ မထေရ်ငါးဦးတို့တွင် တပါးအပါအဝင်ဖြစ်သော အရှင်မဟာနာမ မထေရ်သည်

၁၇၅

မစ္ဆိကာသဏ္ဍ မြို့သို့ ဆိုက်ရောက်တော်မူလာလေ၏။ စိတ္တသူကြွယ်သည် အရှင်မဟာနာမမထေရ်၏ ငြိမ်သက်သော ဣရိယာပုထ်များ၌ ကြည်ညို၍ သပိတ်ကို ဆီးကြိုယူငင်လျက် မထေရ်မြတ်ကို မိမိအိမ်သို့ ပင့်ဆောင်ကာ ဆွမ်းဆက်ကပ် လှူဒါန်း၍ ဆွမ်းဘုဉ်းပေးပြီးသောအခါ မထေရ်မြတ်ကို မိမိပိုင်သည့် အမ္ဗာဋကအရာမ် (=ဂွေးပင်တော) ဥယျာဉ်သို့ ပင့်ဆောင်သွားပြီးလျှင် ထိုဥယျာဉ်အတွင်း၌ မထေရ်မြတ်နေထိုင်ရန် ကျောင်းကို ဆောက်လုပ်စေပြီးနောက် မထေရ်မြတ်၏အထံမှ အမြဲမပြတ် မိမိအိမ်၌ ဆွမ်းခံ၍ အမ္ဗာဋကအရာမ် ဥယျာဉ်ကျောင်းတိုက်၌ သီတင်းသုံးနေထိုင်တော်မူပါရန် ပဋိညာဉ် ဝန်ခံချက်ကို တောင်းယူလေ၏။ မဟာနာမ မထေရ်သည်လည်း စိတ္တသူကြွယ်၏ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှု = ဥပနိဿယကို သိမြင်တော်မူ၍ စိတ္တသူကြွယ်အား တရားဟောတော်မူလျှင် အတွင်းအာယတန ခြောက်ပါး, အပြင်အာယတန ခြောက်ပါးတို့ကို အကျယ်ဝေဘန် စိတ်ဖြာခြင်းနှင့်စပ်သော တရားစကားကိုသာ ဟောတော်မူလေ့ရှိ၏။ (=မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်-ဟူသော အတွင်းအာယတန ၆-ပါး + အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ, ဓမ္မသဘော-ဟူသော အပြင်အာယတန ၆-ပါးတို့နှင့်စပ်သော တရားစကားကိုသာ အကျယ်အားဖြင့် ဟောကြားတော်မူလေ့ရှိ၏ဟု ဆိုလိုသည်။ ထိုသို့ အာယတန ၁၂-ပါးတို့ကို ဟောကြားတော်မူခြင်းမှာ စိတ္တသူကြွယ်က ဉာဏ်ပညာ အလယ်အလတ်ရှိသူ = မဇ္ဈုံပုဂ္ဂိုလ် ဖြစ်သောကြောင့်တည်း)။

     စိတ္တသူကြွယ်သည် ရှေးရှေးဘဝများက ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တ-ဟု ဝိပဿနာ ရှုခဲ့ဘူးသူ (=သင်္ခါရတရားတို့ကို လက္ခဏဉာဏ်ဖြင့် ကြိတ်ချေခဲ့ဘူးသူ) ဖြစ်သောကြောင့် ဝိပဿနာတရား ပွါးများကြိုးကုတ် အားထုတ်လေလျှင် မကြာမြင့်မီပင် အနာဂါမိဖိုလ်သို့ ဆိုက်ရောက်လေ၏ = အနာဂါမ်အရိယာ ဖြစ်လေ၏။ (ဤ၌ မည်သည့်ကမ္မဋ္ဌာန်းကို စီးဖြန်း၍ အနာဂါမိဖိုလ်သို့ ရောက်ဆိုက်သည်ဟု တိုက်ရိုက်မဆိုသော်လည်း

၁၇၆

ဤစိတ္တသူကြွယ်၏ ရှေ့နောက် အဋ္ဌုပ္ပတ် အကြောင်းအရာတို့ကို ထောက်ရှုလျှင် အာယတနကမ္မဋ္ဌာန်း စီးဖြန်းပွါးများ၍ မဂ်ဖိုလ်ရသည်ဟု ဆိုသင့်ပေ၏)။

(ဤ၌။ ။သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်ဒါယကာ အနာထပိဏ်သူဌေးကား သောတာပန်အရိယာ ဒါနာဘိရတပုဂ္ဂိုလ်ဖြစ်သည်၊ မစ္ဆိကာသဏ္ဍမြို့ အမ္ဗာဋကအရာမ်ကျောင်းတိုက်ကြီးဒါယကာ စိတ္တသူကြွယ်ကား အနာဂါမ်အရိယာ ဒါနာဘိရတ, ဓမ္မာဘိရတ နှစ်မျိုးရပုဂ္ဂိုလ်ဖြစ်သည်။ ဤသို့ ကျောင်းဒါယကာ နှစ်ဦးတို့၏ အရည်အချင်း ကွာခြားမှုကို ကြိုတင်သိမှတ်ထားရာ၏)။

စိတ္တသူကြွယ်၏ ဒါနာဘိရတ, ဓမ္မာဘိရတဖြစ်ပုံ

     ဤအရာဝယ် စိတ္တသူကြွယ်၏ ဒါနာဘိရတ = အလှူ၌ မွေ့လျော်ပုံ, ဓမ္မာဘိရတ = တရားတော်၌ မွေ့လျော်ပုံကို သိသာရုံ အမြွက်မျှ စိတ္တသံယုတ်မှ ထုတ်ဆောင်ပြဦးအံ့-

ပဌမဣသိဒတ္တသုတ်

     အခါတပါး များစွာသော မထေရ်တို့သည် မစ္ဆိကာသဏ္ဍမြို့ စိတ္တသူကြွယ်၏ ကောင်းမှုဖြစ်သော အမ္ဗာဋကအရာမ် ကျောင်းတိုက်ကြီး၌ သီတင်းသုံး နေတော်မူကြကုန်၏။ ထိုအခါ ကျောင်းဒကာ စိတ္တသူကြွယ်သည် ကျောင်းတိုက်သို့ သွားရောက်၍ မထေရ်တို့ကို ဝတ်ပြုပြီး နောက်တနေ့ မိမိအိမ်၌ ဆွမ်းအလှူခံတော်မူကြရန် ပင့်ဖိတ်၍ ပြန်လာခဲ့လေသည်။ နောက်တနေ့ရောက်၍ မထေရ်များ စိတ္တသူကြွယ်အိမ်သို့ ဆွမ်းဘုဉ်းပေးရန် ကြွရောက်ကြ၍ ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူမိကြလျှင် စိတ္တသူကြွယ်သည် မထေရ်မြတ်တို့ထံ ချဉ်းကပ်ရှိခိုးကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေပြီးလျှင် (ထိုမထေရ်တို့အနက် အကြီးဆုံး သံဃထေရ်ဖြစ်သော) အရှင်ထေရ- အမည်တော်ရှိသော မထေရ်ကြီးကို “အရှင်ထေရမထေရ်မြတ်ဘုရား.. ဓာတ်တို့၏ ထူးခြားမှု, ဓာတ်တို့၏ ထူးခြားမှု-ဟု ဆိုအပ်ပါ၏၊ အဘယ်မျှဖြင့် ဓာတ်တို့၏ ထူးခြားမှုကို မြတ်စွာဘုရား ဟောကြားအပ်ပါသနည်း”ဟု မေးလျှောက်လေ၏။

၁၇၇

     ဤသို့ မေးလျှောက်အပ်လေသော် အရှင်ထေရမထေရ်ကြီးသည် သိပင်သိသော်လည်း ဖြေကြားရန် မရဲဝံ့သည့်အတွက် ဆိတ်ဆိတ်သာ နေတော်မူ၏။ ဒုတိယအကြိမ် မေးလျှောက်သော အခါမှာလည်း ထို့အတူ ဆိတ်ဆိတ်သာ နေတော်မူ၏။ တတိယအကြိမ် မေးလျှောက်သော အခါမှာလည်း ထို့အတူ ဆိတ်ဆိတ်သာ နေတော်မူ၏။

     ထိုအခါ ထိုမထေရ်တို့အနက် သီတင်းသိက္ခာ အငယ်ဆုံး (=သံဃနဝက-သံဃနော)ဖြစ်သော အရှင်ဣသိဒတ္တမထေရ်သည် “ဤအရှင်ထေရ မထေရ်ကြီးသည်ကား ကိုယ်တိုင်လည်း မဖြေကြား၊ သူတပါးတို့ကိုလည်း ဖြေကြားရန် မတိုက်တွန်း၊ စိတ္တသူကြွယ် ဥပါသကာသည်လည်း ရဟန်းသံဃာကို (သံဃဖက်က အဖြေမပေးနိုင်သည့်အတွက်) ညှဉ်းပန်းသကဲ့သို့ ဖြစ်နေ၏။ ငါသည် ဤပြဿနာကိုဖြေ၍ သံဃာအား ချမ်းသာစွာ နေနိုင်အောင်ပြု၍ ပေးပေအံ့”ဟု ကြံစည်၍ အရှင်ထေရမထေရ်ကြီးကို “အရှင်ထေရမထေရ်မြတ်ကြီးဘုရား.. တပည့်တော်သည် စိတ္တသူကြွယ်၏ ပြဿနာကို ဖြေကြားပါရစေ”ဟု (မိမိနေရာမှ ထကာ အရှင်ထေရမထေရ်ကြီး အနီးသို့ သွားရောက်၍) အခွင့်တောင်းလေ၏။ အရှင်ထေရ သံဃမထေရ်ကြီးက “ငါ့ရှင်ဣသိဒတ္တ.. သင်သည် စိတ္တသူကြွယ်၏ ဤပြဿနာကို ဖြေလော့”ဟု အခွင့်ပြုလေလျှင် အရှင်ဣသိဒတ္တသည် မိမိနေရာ၌ ပြန်ထိုင်၍ စိတ္တသူကြွယ်နှင့် ဤဆိုလတ္တံ့သောအတိုင်း အပြန်အလှန် မေးဖြေမှု ပြုတော်မူလေ၏-

(အရှင်ဣသိဒတ္တ)

သူကြွယ်.. “အရှင်ထေရ မထေရ်မြတ်ဘုရား.. ဓာတ်တို့၏ ထူးခြားမှု, ဓာတ်တို့၏ ထူးခြားမှု-ဟု ဆိုအပ်ပါ၏၊ အဘယ်မျှဖြင့် ဓာတ်တို့၏ ထူးခြား မှုကို မြတ်စွာဘုရား ဟောကြားအပ်ပါသနည်း”ဟု သင်မေးသည် မဟုတ်လော။

(စိတ္တသူကြွယ်)

မှန်ပါသည် အရှင်ဘုရား..။

၁၇၈

(အရှင်ဣသိဒတ္တ)

သူကြွယ်.. မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဓာတ်တို့၏ ထူးခြားမှုကား စက္ခုဓာတ်, ရူပဓာတ်, စက္ခုဝိညာဏဓာတ်၊ သောတဓာတ်, သဒ္ဒဓာတ်, သောတဝိညာဏဓာတ် ၊(ပ)၊ မနောဓာတ်, ဓမ္မဓာတ်, မနောဝိညာဏဓာတ်တည်း။ သူကြွယ်.. ဤမျှဖြင့် ဓာတ်တို့၏ ထူးခြားမှုကို မြတ်စွာဘုရား ဟောကြားတော်မူအပ်ပေ၏။

     ထိုအခါ စိတ္တသူကြွယ်သည် အရှင်ဣသိဒတ္တ၏ အဖြေစကားကို အလွန်နှစ်သက်ကာ မထေရ်မြတ်တို့ကို မွန်မြတ်သော ဆွမ်းခဲဖွယ် ဘောဇဉ်တို့ဖြင့် ကိုယ်တိုင်ဆက်ကပ် ပြုစုလေသည်၊ ဆွမ်းဘုဉ်းပေးပြီးနောက် မထေရ်မြတ်တို့ ကျောင်းတိုက်သို့ ပြန်ရောက်ကြသောအခါ အရှင်ထေရ မထေရ်မြတ်ကြီးသည် အရှင်ဣသိဒတ္တမထေရ်ကို “ငါ့ရှင်ဣသိဒတ္တ.. ဤပြဿနာသည် သင်၏ဉာဏ်၌ ကောင်းစွာ ထင်ပါပေ၏၊ ဤပြဿနာသည် ငါ၏ဉာဏ်၌ မထင်ပေ၊ ငါ့ရှင်ဣသိဒတ္တ.. သို့ရကား ဤသို့ သဘောရှိသည့် အခြားသော ပြဿနာများ ရောက်လာလျှင် ငါ့ရှင်သည်ပင်လျှင် ဖြေဆိုပါလော့”ဟု မိန့်တော်မူလေ၏။

ဒုတိယဣသိဒတ္တသုတ်

     ဤဒုတိယ ဣသိဒတ္တသုတ်၌လည်း ပဌမဣသိဒတ္တသုတ်အတူပင် စိတ္တသူကြွယ်က မထေရ်ရဟန်းတို့ကို မိမိအိမ်သို့ ဆွမ်းစားပင့်၍ ရောက်ရှိကြလျှင် ဆွမ်းမဆက်ကပ်မီ သံဃထေရ်ကြီး ဖြစ်တော်မူသော အရှင်ထေရမထေရ်မြတ်ကြီးကို “လောကသည် မြဲ၏, လောကသည် မမြဲ”-စသော မိစ္ဆာဒိဋ္ဌိအယူတို့ကို သရုပ်ထုတ် ဖော်ပြလျက် ထိုမိစ္ဆာအယူတို့ ဖြစ်ခြင်း, မဖြစ်ခြင်း၏ အကြောင်းတရားကို မေးလေသည်။ အရှင်ထေရမထေရ်ကြီးက ပဌမဣသိဒတ္တသုတ်အတူ သုံးကြိမ်တိုင် မေးအပ်ပါလျက် (သိသော်လည်း မရဲဝံ့သည့်အတွက်) မဖြေပဲ ဆိတ်ဆိတ်နေလေလျှင် အရှင်ဣသိဒတ္တသည် အရှင်ထေရမထေရ်ကြီးထံ အခွင့်ပန်၍

၁၇၉

စိတ္တသူကြွယ်အား “သက္ကာယဒိဋ္ဌိရှိလျှင် မိစ္ဆာအယူတို့ဖြစ်၍ သက္ကာယဒိဋ္ဌိ မရှိလျှင် မိစ္ဆာအယူတို့ မဖြစ်ကြောင်း” ဖြေကြားတော်မူသည်။

     တဖန် စိတ္တသူကြွယ်က သက္ကာယဒိဋ္ဌိ ဖြစ်ပုံအခြင်းအရာ, မဖြစ်ပုံ အခြင်းအရာတို့ကို မေးမြန်းသော အခါမှာလည်း အရှင်ဣသိဒတ္တသည် စိတ်ဖြာခွဲဝေ ဖြေကြားတော်မူလေ၏။ (အကြောင်းအရာ မေး,ဖြေပုံ အကျယ်ကို ပိဋကတ်မြန်မာပြန် သံယုတ်ပါဠိတော် သဠာယတနသံယုတ် ၇-စိတ္တသံယုတ်၊ ၃-ဒုတိယဣသိဒတ္တသုတ်၊ စာမျက်နှာ ၄၇၁-မှ စ၍ ကြည့်ရှုကုန်ရာ၏)။

     ထိုသို့ သက္ကာယဒိဋ္ဌိ ဖြစ်ပုံ, မဖြစ်ပုံကို မေး,ဖြေပြီးနောက် အရှင်ဣသိဒတ္တနှင့် စိတ္တသူကြွယ်တို့ အပြန်အလှန် မေးကြ, ဖြေကြပြန်သည်မှာ-

(စိတ္တသူကြွယ်)

အရှင်ဘုရား.. အရှင်ဣသိဒတ္တသည် အဘယ်အရပ်မှ ကြွလာပါသနည်း။

(အရှင်ဣသိဒတ္တ)

သူကြွယ်.. အဝန္တိတိုင်းမှ ငါလာခဲ့၏။

(စိတ္တသူကြွယ်)

အရှင်ဘုရား.. အဝန္တိတိုင်း၌ အကျွန်ုပ်တို့ မမြင်ဘူးပဲ မိတ်ဆွေဖြစ်နေသည့် ဣသိဒတ္တ အမျိုးကောင်းသားသည် ရဟန်းပြုနေပါ၏။ ထိုအရှင်ကို အရှင်ဘုရား မြင်ဘူးပါသလော။

(အရှင်ဣသိဒတ္တ)

သူကြွယ်.. မြင်ဘူးပါ၏။

(စိတ္တသူကြွယ်)

အရှင်ဘုရား.. ထိုအရှင်သည် ယခုအခါ အဘယ်အရပ်၌ နေပါသနည်း။

     ထိုသို့ မေးသောအခါ အရှင်ဣသိဒတ္တသည် အဖြေမပေးပဲ ဆိတ်ဆိတ်သာလျှင် နေတော်မူလေ၏။

(အရှင်ဣသိဒတ္တ)

အရှင်ဘုရား.. အရှင်သည် အကျွန်ုပ်တို့၏ (အဒိဋ္ဌသဟာယ) မမြင်ဘူးသော သူငယ်ချင်း ဣသိဒတ္တပါလော။

၁၈၀

(အရှင်ဣသိဒတ္တ)

ဟုတ်ပေ၏ သူကြွယ်..။

(စိတ္တသူကြွယ်)

အရှင်ဘုရား.. အရှင်ဣသိဒတ္တသည် မစ္ဆိကာသဏ္ဍမြို့၌ မွေ့လျော်တော်မူပါလော့၊ အမ္ဗာဋကအရာမ် ကျောင်းတိုက်သည် မွေ့လျော်ဖွယ်ရှိပါ၏၊ တပည့်တော်သည် အရှင်ဣသိဒတ္တအတွက် သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး = ပစ္စည်းလေးရပ်တို့ဖြင့် ကြောင့်ကြပြုပါမည်။

(အရှင်ဣသိဒတ္တ)

သူကြွယ်.. ကောင်းသည်ကို ဆိုအပ်ပါပေ၏။ (ဤစကားကို အရှင်ဣသိဒတ္တသည် စိတ္တသူကြွယ် လျှောက်ထားသော ဖိတ်ကြားချက် စကားအတွက် အနုမောဒနာ ပြုတော်မူလို၍သာ မိန့်ဆိုလေသည်၊ ထိုပစ္စည်းလေးပါးမှ တပါးပါးကို ခံယူလိုသော အလိုဖြင့် မိန့်ဆိုတော်မူသည် မဟုတ်)။

     ထိုအခါ စိတ္တသူကြွယ်သည် အရှင်ဣသိဒတ္တ၏ အဖြေစကားကို အလွန်နှစ်သက်ကာ မထေရ်မြတ်တို့ကို မွန်မြတ်သော ဆွမ်းခဲဖွယ် ဘောဇဉ်တို့ဖြင့် ကိုယ်တိုင်ဆက်ကပ် ပြုစုလေသည်။ ဆွမ်းဘုဉ်းပေးပြီးနောက် မထေရ်မြတ်တို့ ကျောင်းတိုက်သို့ ပြန်ရောက်ကြသောအခါ အရှင်ထေရ မထေရ်မြတ်ကြီးသည် အရှင်ဣသိဒတ္တမထေရ်ကို ရှေး (ပဌမဣသိဒတ္တသုတ်က) နည်းတူပင် မိန့်တော်မူလေ၏။

     ထို့နောက် အရှင်ဣသိဒတ္တမထေရ်သည် (စိတ္တသူကြွယ်က မိမိကို ရှေးလူဖြစ်စဉ်အခါ မမြင်ဘူးသော သူငယ်ချင်းအဖြစ်ကို သိမြင်အပ်စေပြီးလေလျှင် “ငါသည် ဤအရပ်၌ မနေသင့်”ဟု ကြံစည် အောက်မေ့ ဆင်ခြင်တော်မူမိကာ) ကျောင်း, အိပ်ရာနေရာကို သိုမှီးသိမ်းဆည်း၍ မိမိ၏ သပိတ်,သင်္ကန်းကို ယူဆောင်ပြီးလျှင် တဖန် ပြန်မလာသော ဖဲသွားခြင်းဖြင့် မစ္ဆိကာသဏ္ဍမြို့မှ ဖဲကြွတော်မူလေ၏။

၁၈၁

မဟကပါဋိဟာရိယသုတ်

     အခါတပါး များစွာသော မထေရ်တို့သည် မစ္ဆိကာသဏ္ဍမြို့ဝယ် စိတ္တသူကြွယ်၏ ကောင်းမှုဖြစ်သော အမ္ဗာဋကအရာမ် ကျောင်းတိုက်ကြီး၌ သီတင်းသုံး နေတော်မူကြကုန်၏။ ထိုအခါ ကျောင်းဒကာ စိတ္တသူကြွယ်သည် ကျောင်းတိုက်သို့ သွားရောက်၍ မထေရ်တို့ကို ဝတ်ပြုပြီး နောက်တနေ့ မိမိ၏နွားခြံရှိရာ အရပ်၌ ဆွမ်းအလှူခံတော်မူကြရန် ပင့်ဖိတ်၍ ပြန်လာခဲ့လေသည်။ နောက်တနေ့ရောက်၍ မထေရ်များ စိတ္တသူကြွယ်၏ နွားခြံရှိရာအရပ်သို့ ဆွမ်းဘုဉ်းပေးရန် ကြွရောက်ကြ၍ ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူမိကြလျှင် စိတ္တသူကြွယ်သည် မထေရ်မြတ်တို့ကို မွန်မြတ်သော ထောပတ် နို့ဃနာဆွမ်းဖြင့် ကိုယ်တိုင်ဆက်ကပ် ပြုစုလေသည်။

     စိတ္တသူကြွယ်အား သူ၏ ကျွန်ယောက်ျား အလုပ်သမားတို့သည် မထေရ်တို့နှင့် အတူတကွသာလျှင် ရွှေခွက်ကို ဆေးကြော၍ ထောပတ် နို့ဃနာဆွမ်းကို ခူးထည့်၍ ပေးကြလေသည်။ စိတ္တသူကြွယ်သည် နို့ဃနာဆွမ်းကို စားသုံးပြီးလတ်သော် မထေရ်မြတ်တို့နှင့် အတူတကွသာလျှင် လိုက်ပါလိုသည်ဖြစ်၍ “အိမ်မှာဖြစ်လျှင် အိမ့်ရှင်သူဌေးကတော်သည် ကျန်သော နို့ဃနာကို သင့်လျော်သလို စီမံနိုင်၏၊ ဤနွားခြံ၌ကား အလုပ်သမားများသည် ငါက တစုံတရာ မှာထားပြောဆိုမှု မပြုအပ်လျှင် သင့်လျော်သလို စီမံကြလိမ့်မည်မဟုတ်၊ ထိုသို့ မစီမံကြလျှင် ဤမွန်မြတ်သော နို့ဃနာဆွမ်းသည် အကျိုးမပြီး အချည်းနှီး ပျက်စီးလိမ့်မည်”ဟု ကြံစည် ဆင်ခြင်မိကာ အလုပ်သမားများအား သင့်လျော်သလို စီမံခွင့်ပြုလို၍ “အမောင်တို့.. ကြွင်းကျန်နေသော နို့ဃနာကို သင့်လျော်သလို စွန့်လှူရစ်ကြလော့”ဟု ပြောဆိုမှာထားပြီးလျှင် မထေရ်တို့နောက်မှ အစဉ်တစိုက် လိုက်ပါခဲ့လေ၏။

     ထိုအချိန်၌ နေကား ခြစ်ခြစ်တောက် ပူနေ၏။ မထေရ်တို့သည်လည်း ဘောဇဉ်ကို စားပြီးခါစသူတို့ကဲ့သို့ တွန့်ဆုတ်လေးလံသကဲ့သို့သော ကိုယ်ဖြင့် ကြွသွားကြရကုန်၏။ ထိုအခါ ထိုမထေရ်တို့အနက်

၁၈၂

သီတင်းသိက္ခာ အငယ်ဆုံး (=သံဃနဝက-သံဃနော)ဖြစ်သော အရှင်မဟကမထေရ်သည် အရှင်ထေရ သံဃမထေရ်ကြီးကို “အရှင်ထေရ သံဃမထေရ်ကြီးဘုရား.. လေအေးလည်းတိုက်, မိုးလည်းအုံ့, မိုးလည်း တပေါက်ချင်းရွာပါမူ ကောင်းပါမည်လော”ဟု လျှောက်ထားလေ၏။ အရှင်ထေရ သံဃမထေရ်ကြီးက “ငါ့ရှင်မဟက.. လေအေးလည်းတိုက်, မိုးလည်းအုံ့, မိုးလည်း တပေါက်ချင်းရွာပါမူ ကောင်းပေရာ၏”ဟု မိန့်တော်မူသောအခါ အရှင်မဟကမထေရ်သည် လေအေးလည်းတိုက်, မိုးလည်းအုံ့, မိုးလည်း တပေါက်ချင်း ရွာအောင် တန်ခိုးဖန်ဆင်းတော်မူလေ၏။

     ထိုအခါ စိတ္တသူကြွယ်၏ စိတ်သန္တာန်ဝယ် “ဤသံဃနော မထေရ်၏ တန်ခိုးအာနုဘော်သည် ဤသို့ သဘောရှိပေစွာ့”ဟု အကြံအစည် ဖြစ်လေ၏။ ထို့နောက် အရှင်မဟကသည် ကျောင်းတိုက်သို့ ရောက်လျှင် အရှင်ထေရ သံဃမထေရ်ကြီးကို “အရှင်ထေရ သံဃမထေရ်ကြီးဘုရား.. ဤမျှလောက်ဆိုလျှင် သင့်တော်ပြီလော”ဟု မေးလျှောက်လေ၏။ အရှင်ထေရ သံဃမထေရ်ကြီးက “ငါ့ရှင်မဟက.. ဤမျှဆိုလျှင် သင့်တော်ပြီ၊ ငါ့ရှင်မဟက.. ဤမျှဆိုလျှင် ပြုအပ်ပြီ၊ ငါ့ရှင်မဟက.. ဤမျှဆိုလျှင် ပူဇော်အပ်ပေပြီ”ဟု နှစ်သက်အားရစကား မိန့်ကြားတော်မူပြီးသောအခါ မထေရ်တို့သည် မိမိတို့ နေမြဲကျောင်းသို့ အသီးအသီး ကြွကြကုန်၏၊ အရှင်မဟကသည်လည်း မိမိနေရာကျောင်းသို့ ကြွလေ၏။

     ထို့နောက် စိတ္တသူကြွယ်သည် အရှင်မဟကထံသို့ ဆည်းကပ်၍ မိမိအား တန်ခိုးပြာဋိဟာ ပြသရန် တောင်းပန် လျှောက်ထားလေ၏။ အရှင်မဟကမထေရ်က “သူကြွယ်.. ထိုသို့ဖြစ်လျှင် သင်သည် ကျောင်းအဝင်ဝ၌ (ခွေးအိပ်၌) အပေါ်ရုံကိုခင်း၍ မြက်စည်းကို ကြဲဖြန့်လော့”ဟု မိန့်တော်မူလျှင် စိတ္တသူကြွယ်သည် “ကောင်းပါပြီ အရှင်ဘုရား..”ဟု ဝန်ခံ၍ အရှင်မဟကမထေရ် မိန့်ဆိုသည့်အတိုင်း ကျောင်းအဝင်ဝ (ခွေးအိပ်)၌ အပေါ်ရုံကို ခင်း၍ မြက်စည်းကို ကြဲဖြန့်လေ၏။ ထိုအခါ အရှင်မဟကမထေရ်သည်

၁၈၃

ကျောင်းတွင်းသို့ ဝင်ပြီးလျှင် တံခါးကျည်း (=မင်းတုပ်)ကို ချ၍ သော့ပေါက်မှ၎င်း, တံခါးရွက် အကြားမှ၎င်း မီးအလျှံ ထွက်ပြီးလျှင် မြက်တို့ကိုသာ မီးလောင်၍ အပေါ်ရုံကို မလောင်စေသည့် “တန်ခိုးပြာဋိဟာကို ဖန်ဆင်းတော်မူလေ၏။ ထိုသို့ မြက်တို့ကိုသာ မီးလောင်ပြီးသောအခါ စိတ္တသူကြွယ်သည် အပေါ်ရုံကို ခါတွက် ကောက်ယူကာ ထိတ်လန့် ကြက်သီးမွေးညှင်းထလျက် အပြစ်လွတ်သော နေရာ၌ ရပ်တည်နေလေ၏။

     ထိုအခါ အရှင်မဟကမထေရ်သည် ကျောင်းတွင်းမှ ထွက်ပြီးလျှင် စိတ္တသူကြွယ်ကို “သူကြွယ်.. ဤမျှလောက်ဆိုလျှင် သင့်တော်ပြီလော”ဟု မေးတော်မူလေ၏။ စိတ္တသူကြွယ်က “အရှင်မဟကဘုရား.. ဤမျှဆိုလျှင် သင့်တော်ပါပြီဘုရား၊ အရှင်မဟကဘုရား.. ဤမျှဆိုလျှင် ပြုအပ်ပါပြီဘုရား၊ အရှင်မဟကဘုရား.. ဤမျှဆိုလျှင် ပူဇော်အပ်ပါပြီဘုရား၊ အရှင်မဟကသည် မစ္ဆိကာသဏ္ဍမြို့၌ မွေ့လျော်တော်မူပါလော့၊ အမ္ဗာဋကအရာမ် ကျောင်းတိုက်သည် မွေ့လျော်ဖွယ်ရှိပါ၏၊ တပည့်တော်သည် အရှင်မဟကအတွက် သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး ပစ္စည်းလေးရပ်တို့ဖြင့် ကြောင့်ကြပြုပါမည်ဘုရား”ဟု လျှောက်ထားလေလျှင် အရှင်မဟကမထေရ်သည် “သူကြွယ်.. ကောင်းသည်ကို ဆိုအပ်ပါပေ၏”ဟု အနုမောဒနာစကား မိန့်ကြားတော်မူလေ၏။ ထို့နောက် အရှင်မဟကမထေရ်သည် “ငါသည် ဤအရပ်၌ မနေသင့်”ဟု ကြံစည် အောက်မေ့ ဆင်ခြင်တော်မူကာ ကျောင်း,အိပ်ရာနေရာတို့ကို သိုမှီးသိမ်းဆည်း၍ မိမိ၏ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် တဖန်ပြန်မလာသော ဖဲသွားခြင်းဖြင့် မစ္ဆိကာသဏ္ဍမြို့မှ ဖဲကြွတော်မူလေ၏။

(ဤဒုတိယဣသိဒတ္တသုတ်, မဟကပါဋိဟာရိယသုတ် = နှစ်သုတ်လုံး၌ပင် စိတ္တသူကြွယ်အနေဖြင့် သာသနာတော်ဝယ် အလွန်ကြည်ညို၍ အရှင်ဣသိဒတ္တမထေရ်, အရှင်မဟကမထေရ်တို့ကို မိမိ၏ကောင်းမှု အမ္ဗာဋက ကျောင်းတိုက်အရာမ်၌ သီတင်းသုံး နေထိုင်တော်မူရန်နှင့် မိမိက ပစ္စည်းလေးပါးအတွက် ကြောင့်ကြစိုက်မည့်အကြောင်း လျှောက်ထားပါသော်လည်း မထေရ်တို့ဖက်မှကြည့်လျှင် ထိုပစ္စည်းလေးပါးသည်

၁၈၄

တရားဟော၍ရသော ပစ္စည်းမျိုး, တန်ခိုးပြ၍ရသော ပစ္စည်းမျိုးကဲ့သို့ ဖြစ်နေ၍ ထိုပစ္စည်းလေးပါးကို စွန့်လွှတ်တော်မူကြကာ ဖဲကြွတော်မူသည်ဟု အထူး မှတ်ယူသင့်ပေသည်၊ အဋ္ဌကထာ, ဋီကာတို့၌ ထိုအတွက် အထူးမဖွင့်ကြ။

ဤသို့ ဣသိဒတ္တသုတ် နှစ်သုတ်နှင့် မဟကပါဋိဟာရိယသုတ်တို့ကို ဤ၌ ဖော်ပြခြင်းမှာ စိတ္တသူကြွယ်၏ ဓမ္မာဘိရတဖြစ်ပုံကို သိသာရုံ ဖော်ပြခြင်းဖြစ်ပေသည်။ အသင် ဗုဒ္ဓဝင်စာဖတ် ပရိသတ် သူတော်စင်တို့သည် ပိဋကတ်မြန်မာပြန် သံယုတ်ပါဠိတော် ဒုတိယ သဠာယတနဝဂ္ဂ သံယုတ်လာ သုတ်ပေါင်း (၁၀)သုတ်ရှိသည့် ၇-စိတ္တသံယုတ်ကို ကြည့်ရှုဖြစ်အောင် ကြည့်ရှုကြကုန်ရာ၏)။

အရှင်သုဓမ္မမထေရ်အကြောင်း အကျဉ်း

     တနေ့သ၌ အဂ္ဂသာဝက မထေရ်မြတ်နှစ်ပါးတို့သည် တပည့် ရဟန်းတထောင် ခြံရံအပ်ကုန်လျက် အမ္ဗာဋကအရာမ် ကျောင်းတိုက်သို့ ကြွရောက်တော်မူလာကြလေသည်။ (ထိုအချိန်၌ ထိုကျောင်းတိုက်ဝယ် အရှင်သုဓမ္မမထေရ်သည် ကျောင်းတိုက်ကို အုပ်စီး အကြီးအကဲပြု၍နေသော အချိန်ဖြစ်သည်)။ ကျောင်းဒကာ စိတ္တသူကြွယ်သည် ထိုအဂ္ဂသာဝက မထေရ်နှစ်ပါး အမှူးပြုသော ရဟန်းတထောင်တို့အတွက် (အရှင်သုဓမ္မမထေရ်ကို မတိုင်ပင်ပဲ) ကြီးစွာသော ပူဇော်သက္ကာရမှုကို ပြုစီရင်လေသည်။ ကျောင်းထိုင် အရှင်သုဓမ္မမထေရ်သည် ထိုအချက်ကို သည်းမခံနိုင်သဖြင့် စိတ္တသူကြွယ်ကို “ဤပူဇော်ဖွယ်တွေထဲမှာ နှမ်းပျစ်တခုတော့ လိုသေးသည်”ဟု ပြောဆိုခြင်းဖြင့် (သူကြွယ်ကို ဇာတိဝါဒ ဆဲရေးခြင်းဖြင့်) ဆဲရေးခဲ့လေသည်။ (စိတ္တသူကြွယ်၏ အနွယ်အဆက်တွင် အစပိုင်း၌ တဦးသောပုဂ္ဂိုလ်သည် မုန့်သည်ဖြစ်ခဲ့ဘူးလေသည်။ ထို့ကြောင့် သူကြွယ်ကို ဇာတိဝါဒဖြင့် ဆဲရေးလို၍ ဤသို့ ပြောဆိုခြင်းဖြစ်သည်)။

     ထိုအခါ စိတ္တသူကြွယ်က ရဟန်းစကားလည်းမဟုတ် လူစကားလည်း မဟုတ်သည့် ကြက်မပီ ကျီးမကျ ဩက္ကလိအာဝါဒဖြင့် ပြန်လည်ချေပသောကြောင့် အရှင်သုဓမ္မသည် အလွန်အမင်း

၁၈၅

အမျက်ထွက်ကာ မြတ်စွာဘုရားထံတော်သို့ သွားရောက်လျှောက်ထား၍ မြတ်စွာဘုရား၏ အဆုံးအမကို ရရှိပြီးလျှင် အဆုံးအမတော်၌တည်လျက် စိတ္တသူကြွယ်ကို တောင်းပန် ဝန်ချပြီးနောက် ထိုအမ္ဗာဋကအရာမ် ကျောင်းတိုက်မှာပင် နေလျက် ဝိပဿနာတရား ပွါးများအားထုတ်သဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက် တော်မူလေသည်။ (ဤကား အင်္ဂုတ္တရအဋ္ဌကထာ ဖွင့်ပြချက်တည်း၊ ဤဝတ္ထု အကြောင်းအရာ အကျယ်ကို ဓမ္မပဒအဋ္ဌကထာ ပဌမအုပ် စာမျက်နှာ ၃၂၇-မှစသော စိတ္တသူကြွယ်ဝတ္ထုနှင့် ပိဋကတ်မြန်မာပြန် ဝိနယ စူဠဝဂ္ဂ ၄-ပဋိသာရဏီယကံ မျက်နှာ ၃၅-မှစ၍ ကြည့်ရှုကုန်ရာ၏)။

စိတ္တသူကြွယ် ဘုရားဖူးသွားရောက်ခြင်း

     (ဤစိတ္တသူကြွယ် ဘုရားဖူးသွားရောက်ခြင်း အကြောင်းအရာကို ဓမ္မပဒအဋ္ဌကထာမှ ထုတ်ဆောင်ရေးသားပေအံ့)- အရှင်သုဓမ္မမထေရ် ရဟန္တာဖြစ်ပြီးသောအခါ စိတ္တသူကြွယ်သည် “ငါကား မြတ်စွာဘုရားရှင်ကို မဖူးမြင်ရပဲပင် သောတာပတ္တိဖိုလ်သို့ ရောက်အပ်လေပြီ၊ မြတ်စွာဘုရားရှင်ကို မဖူးမြင်ရပဲပင် အနာဂါမိဖိုလ်၌ တည်ခဲ့လေပြီ၊ ငါသည် မြတ်စွာဘုရားရှင်ကို ဖူးမြော်မှ သင့်တော်တော့မည်”ဟု ကြံစည်ဆင်ခြင်ပြီးလျှင် နှမ်း, ဆန်, ထောပတ်, တင်လဲ, ပျား, အဝတ်-စသည် အပြည့်တင်ဆောင်ပါရှိသည့် လှည်းပေါင်း အစီးငါးရာတို့ကို ယှဉ်ကစေပြီးနောက် “ဘုရားဖူးမြင်လိုသော သူတို့သည် ငါနှင့်အတူတကွ လိုက်ပါလာကြကုန်၊ အစာအာဟာရ စသည်တို့ဖြင့် မပင်ပန်းအောင် အကျွန်ုပ် တာဝန်ယူမည်”ဟု မစ္ဆိကာသဏ္ဍမြို့၌ ရှိနေသော ရဟန်းယောက်ျား, ရဟန်းမိန်းမ, ဥပါသကာယောက်ျား, ဥပါသိကာ မိန်းမတို့အား ဖိတ်ခေါ်ပြောကြားစေလေ၏။ ထိုသို့ ဖိတ်ခေါ်ချက်အရ စိတ္တသူကြွယ်နှင့် အတူတကွ ရဟန်းငါးရာ, ရဟန်းမိန်းမငါးရာ, ဥပါသကာငါးရာ, ဥပါသိကာ ငါးရာတို့သည် ဘုရားဖူးထွက်ခွာ လိုက်ပါလာကြကုန်၏။

၁၈၆

     စိတ္တသူကြွယ်သည် ဘုရားဖူးလိုက်ပါလာသော ပရိသတ် ၂၀၀၀-နှင့် မိမိ၏အခြံအရံ ပရိသတ် ၁၀၀၀ = ပေါင်း လူပေါင်း ၃ဝ၀ဝ-တို့အတွက် ယူဇနာသုံးဆယ် ဝေးကွာသော ခရီး၌ ယာဂု,ဆွမ်း,ခဲဖွယ်- စသည်တို့ဖြင့် အနည်းငယ်မျှ ချို့တဲ့မှုမရှိရအောင် အသင့်စီမံ ယူဆောင်ခဲ့လေသည်။ သို့သော်လည်း စိတ္တသူကြွယ် ဘုရားဖူးထွက်ချီလာကြောင်းကို သိလျှင်ပင် တယူဇနာ တယူဇနာ စခန်း၌ နတ်တို့သည် ယာယီမဏ္ဍပ် တဲနန်းများ ဖန်ဆင်းကြ၍ အသင့်စောင့်ကြိုကာ နတ်၌ဖြစ်သော ယာဂု, ခဲဖွယ်, ဆွမ်း, အဖျော်ယမကာ- စသည်တို့ဖြင့် ထိုလူပေါင်း ၃၀၀၀-ကို ပြုစုလုပ်ကျွေး ဧည့်ခံကြလေသည်။ တဦးတယောက်အားမျှ တစုံတရာ စားဖွယ်သောက်ဖွယ်ဖြင့် ချို့တဲ့ခြင်းဟူ၍ မရှိချေ။

     ဤနည်းဖြင့် နတ်တို့က ပြုစုလုပ်ကျွေး ဧည့်ခံအပ်လျက် နေ့စဉ် နေ့စဉ် တယူဇနာမှန်မှန် ခရီးချီခဲ့သဖြင့် စိတ္တသူကြွယ်သည် တလအချိန်ပိုင်းဖြင့် သာဝတ္ထိပြည်သို့ ဆိုက်ရောက်ခဲ့လေသည်။ လှည်းအစီးငါးရာတို့သည် တင်ဆောင်ခဲ့ရင်းအတိုင်း ပြည့်မြဲ ပြည့်လျက်သာ ရှိကုန်၏။ လမ်းခရီးအကြားဝယ် နတ်တို့က၎င်း, လူတို့က၎င်း ပို့သအပ်သည့် လက်ဆောင်ပဏ္ဏာကိုပင် စွန့်ကြဲပေးကမ်း လှူဒါန်းကျွေးမွေးလျက် သာဝတ္ထိပြည်သို့ ရောက်ဆိုက်လာလေသည်။

     စိတ္တသူကြွယ် သာဝတ္ထိပြည်သို့ ရောက်မည့်နေ့ဝယ် မြတ်စွာဘုရားရှင်နှင့် အရှင်အာနန္ဒာမထေရ်တို့ ကြိုတင်၍ မိန့်ဆိုလျှောက်ထားကြသည်မှာ-

(ဘုရားရှင်)

ချစ်သားအာနန္ဒာ.. ယနေ့ ညနေချမ်းအခါဝယ် စိတ္တသူကြွယ်သည် ဥပါသကာငါးရာတို့ ခြံရံအပ်လျက် လာရောက်ကာ ငါဘုရားကို ရှိခိုးလိမ့်မည်။

(အရှင်အာနန္ဒာ)

မြတ်စွာဘုရား.. ထိုစိတ္တသူကြွယ်က အရှင်ဘုရားတို့အား ရှိခိုးလာသောအခါ တစုံတရာ ပြာဋိဟာများ ဖြစ်ပွါးလိမ့်ဦးမည်လားဘုရား။

၁၈၇

(ဘုရားရှင်)

ဖြစ်ပွါးလိမ့်မည် ချစ်သားအာနန္ဒာ..။

(အရှင်အာနန္ဒာ)

အဘယ်သို့ ပြာဋိဟာများ ဖြစ်ပွါးလိမ့်ပါမည်နည်းဘုရား။

(ဘုရားရှင်)

ချစ်သားအာနန္ဒာ.. ထိုစိတ္တသူကြွယ် လာရောက်၍ ငါဘုရားကို ရှိခိုးသောအခါဝယ် ရှစ်မင်းပယ်ခန့်ရှိသော မြေအရပ်၌ ပုဆစ်ဒူးနစ်လုမျှ အဆင်းငါးမျိုးရှိသည့် နတ်ပန်းမိုးကြီး တခဲနက် သွန်ဖြိုးရွာချလိမ့်မည်။

     ထိုစကားကို ကြားသိကြ၍ သာဝတ္ထိ ပြည်သူပြည်သားတို့သည် “ဤသို့စင် ဘုန်းကြီးလှသည့် စိတ္တအမည်ရှိသော သူကြွယ်သည် ယနေ့ လာရောက်ကာ မြတ်စွာဘုရားရှင်ကို ရှိခိုးလိမ့်မည်တဲ့၊ ဤသို့သော ပြာဋိဟာများလည်း ဖြစ်ပွါးလိမ့်မည်တဲ့၊ ငါတို့သည်လည်း ထိုဘုန်းကံရှင် စိတ္တသူကြွယ်ကို ယနေ့ တွေ့မြင်ခွင့် ရကြပေလိမ့်မည်”ဟု တိုင်ပင်ပြောဆိုကြကာ လက်ဆောင်ပဏ္ဏာများကို အသီးသီး ယူခဲ့ကြ၍ လမ်းခရီး ဝဲယာနှစ်ဖက်တို့၌ အသင့်စောင့်ကြို ရပ်တည်နေလင့်ကြကုန်၏။

     စိတ္တသူကြွယ်တို့ ဘုရားဖူးအဖွဲ့ ဇေတဝန်ကျောင်းတိုက်တော် အနီးသို့ ဆိုက်ရောက်လာသောအခါ အတူပါလာသော ရဟန်းငါးရာတို့သည် ရှေးဦးစွာ လာကြကုန်၏။ စိတ္တသူကြွယ်သည် ဥပါသိကာငါးရာတို့ကို “အမိတို့.. သင်တို့သည် နောက်မှ လာကြကုန်”ဟု ပြောဆို ချန်ထားခဲ့၍ ဥပါသကာ ငါးရာတို့ ခြံရံအပ်လျက် မြတ်စွာဘုရား အထံတော်သို့ သွားရောက် ဆည်းကပ်လေ၏။ (အထူးအားဖြင့် မြတ်စွာဘုရားရှင်တို့၏ မျက်မှောက်တော်ဝယ် ရပ်တည်ကြသူ, ထိုင်နေကြသူတို့သည် ဟုတ်ဟုတ်ငြားငြား = စည်းမဲ့ကမ်းမဲ့ ရပ်တည်ကြ, ထိုင်နေကြသည် မဟုတ်၊ စည်းကမ်းသေဝပ်စွာ အလယ်ခေါင်၌ ဘုရားကြွရန် လမ်းကိုထား၍ ထိုလမ်း၏ ဝဲယာနှစ်ဖက်တို့၌ မတုန်မလှုပ် တည်ငြိမ်စွာသာလျှင် ရပ်တည်, နေထိုင်ကြလေသည်)။

၁၈၈

     စိတ္တသူကြွယ်သည် ဘုရားဖူးရန် ကြီးစွာသော ဘုရားကြွလမ်းသို့ သက်ရောက်လေ၏။ အောက်ဖိုလ်သုံးပါးတို့သို့ ရောက်ဆိုက်ပြီးသော အရိယသာဝက ကြည့်တိုင်း ကြည့်တိုင်းသော နေရာသည် တလှုပ်လှုပ် တရွရွ ဖြစ်၍နေ၏။ ထိုကြည့်တိုင်း ကြည့်တိုင်းသော နေရာမှာ ထိုင်နေရင်းရှိကြသည့် လူများအပေါင်းသည် “ဤသူကား စိတ္တသူကြွယ်တဲ့”ဟု ပြောဆိုကြလျက် စိတ္တသူကြွယ်ကို အထူးအဆန်းသဖွယ် ကြည့်ရှုကြလေသည်။ စိတ္တသူကြွယ်သည် မြတ်စွာဘုရားရှင်၏ အနီးသို့ ဆည်းကပ်၍ ဗုဒ္ဓရောင်ခြည်တော် ခြောက်သွယ်တို့၏ အတွင်းသို့ ဝင်ရောက်ကာ ဖမျက်တော်နှစ်ဖက်တို့၌ အားပါးတရ ဆုပ်ကိုင်လျက် မြတ်စွာဘုရား၏ ခြေတော်အစုံတို့ကို ကော်ရော်မြတ်နိုး ရှိခိုးလေ၏။ ထိုခဏမှာပင် ရှေးဆိုအပ်ပြီးသည့် အဆင်းငါးမျိုး နတ်ပန်းမိုးကြီး ဖြိုးဖြိုးရွာသွန်းချလေသည်။ လူအပေါင်း၏ သာဓုကောင်းကြီး အထောင်တို့သည် ဖြစ်လေကုန်၏။

     စိတ္တသူကြွယ်သည် တလပတ်လုံး မြတ်စွာဘုရားရှင်၏အနီး ထံတော်ပါး၌ ဝပ်တွားဆည်းကပ် နေထိုင်ခဲ့လေ၏၊ ထိုသို့ နေထိုင်စဉ်မှာလည်း ဘုရားအမှူးရှိသော ရဟန်းသံဃာတော် အားလုံးကို ကျောင်းတိုက်တော်၌သာလျှင် နေတော်မူရန် တောင်းပန် လျှောက်ထား၍ အလှူကြီးကို ပေးလှူခဲ့လေသည်။ မိမိနှင့်အတူ ဘုရားဖူး လိုက်ပါလာသူတို့ကိုလည်း ကျောင်းတိုက်အတွင်း၌ပင် ထား၍ မလိုရအောင် ပြုစုလေသည်။ ထိုသို့ပြုစုရာ၌ တရက်မျှပင် မိမိလှည်းတို့၌ တင်ဆောင် သယ်ယူအပ်ခဲ့သည့် တစုံတခုသော ဝတ္ထုကိုမျှ ယူရသောဟူ၍ မရှိ၊ နတ်,လူတို့က ပို့သအပ်သည့် လက်ဆောင်ပဏ္ဏာဖြင့်သာလျှင် အလှူဒါန ပေးလှူခဲ့ရလေသည်။

     စိတ္တသူကြွယ်သည် တလပြည့်မြောက်သောအခါ မြတ်စွာဘုရားရှင်ကို ရှိခိုးပြီးလျှင်-

“မြတ်စွာဘုရား.. တပည့်တော်သည် ‘အရှင်ဘုရားတို့အား အလှူပေးအံ့’ဟူ၍ လာရောက်ခဲ့ရာ လမ်းခရီး အကြား၌ တလတာ ကြာခဲ့ပါသည်၊ တပည့်တော်၏

၁၈၉

အဖို့ရာ ဤဇေတဝန် ကျောင်းတိုက်တော်၌ပင် တလအချိန် လွန်ခဲ့ပါပြီ၊ တပည့်တော် ယူဆောင်ခဲ့သော လက်ဆောင်ပဏ္ဏာ တစုံတရာကိုမျှ ယူ၍လှူရန် အခွင့်မရခဲ့ပါ၊ ဤမျှ (၂-လ) အချိန်ကြာအောင် နတ်,လူတို့က ပို့သအပ်သည့် လက်ဆောင်ပဏ္ဏာဖြင့်သာလျှင် အလှူဒါနကို ပေးလှူခဲ့ရပါသည်။ တပည့်တော်သည် ရှေ့သို့ဆက်၍ ဤအရပ်မှာ အကယ်၍ တနှစ်ကြာအောင် နေလျှင်လည်း တပည့်တော်၏ လှူဖွယ်ဝတ္ထုကို လှူခွင့်ရမည်မဟုတ်ပါ။ တပည့်တော်သည် လှည်းအစီးငါးရာတို့၌ ပါရှိသော လှူဖွယ်ဝတ္ထုတို့ကို သံဃာအား ချထားလှူဒါန်း၍ ပြန်လိုပါသည်။ တပည့်တော်အား ထိုလှူဖွယ်ဝတ္ထုများ ချထားသိမ်းဆည်း သိုမှီးရမည့် နေရာဌာနကို ညွှန်ကြားစေတော်မူကြပါဘုရား”-

ဟု လျှောက်ထားလေ၏။

     မြတ်စွာဘုရားရှင်က အရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ.. စိတ္တသူကြွယ်အား နေရာတခုကို အားလပ်အောင်ပြု၍ ပေးလိုက်လော့”ဟု မိန့်တော်မူလေလျှင် အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင် မိန့်ကြားတော်မူသည့်အတိုင်း နေရာတခုကို အားလပ်အောင်ပြု၍ ပေးလေ၏။ စိတ္တသူကြွယ်သည် အရှင်အာနန္ဒာ ရှင်းလင်း၍ ပေးအပ်သော ကပ္ပိယဘူမိကျောင်း၌ လှည်းအစီးငါးရာတိုက် လှူဖွယ်ဝတ္ထုတို့ကို ချထားသိုမှီး သိမ်းဆည်းကာ သံဃာအား လှူဒါန်းပြီးလျှင် မိမိနှင့်အတူတကွ ဘုရားဖူး လိုက်ပါလာကြသည့် ရဟန်းရှင်လူ သုံးထောင်တို့နှင့် အတူတကွ အချည်းနှီးသော လှည်း (=အားလပ်သောလှည်း)တို့ဖြင့် တဖန် မစ္ဆိကာသဏ္ဍမြို့ဖက်သို့ အပြန်ခရီး ချီခဲ့လေ၏။ နတ်,လူတို့သည် ထကာ ထကာ “အရှင်စိတ္တသူကြွယ်.. သင်သည် အချည်းနှီးသော လှည်း (=ပစ္စည်းမပါသော လှည်း)တို့ဖြင့် ခရီးသွားရမည့်ကံကို ပြုအပ်သလော”ဟု မခံနိုင်စကား ပြောကြားကြ၍ ရတနာခုနစ်ပါးတို့ဖြင့် လှည်းများပြည့်အောင် တင်ဆောင်ပေးကြလေကုန်၏။

၁၉၀

စိတ္တသူကြွယ်သည် မိမိအား နတ်,လူတို့က ပို့သအပ်သော လက်ဆောင်ပဏ္ဏာဖြင့်ပင်လျှင် အတူပါသူ ဘုရားဖူး ရှင်,လူအပေါင်းကို ပြုစုလုပ်ကျွေးလျက် မစ္ဆိကာသဏ္ဍမြို့သို့ ချမ်းသာစွာ သွားရောက်လေ၏။

     အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင်-

“မြတ်စွာဘုရား.. စိတ္တသူကြွယ်သည် အရှင်ဘုရားတို့ အထံတော်သို့ လာရာမှာလည်း တလအချိန်ကြာ လာခဲ့ရပါသည်၊ ဤဇေတဝန် ကျောင်းတိုက်၌လည်း တလပတ်လုံးပင် နေ၍သွားပါပြီ၊ ဤမျှ ကာလကြာအောင် နတ်,လူတို့ပို့သအပ်သော လက်ဆောင်ပဏ္ဏာဖြင့်ပင် ကြီးစွာသော အလှူဒါနကို ပေးလှူခဲ့ပါပြီ၊ ယခုအခါ လှည်းအစီး ငါးရာတို့ကို အချည်းနှီးဖြစ်အောင် (=အားလပ်အောင်) ပြုလုပ်၍ တလကြာအချိန်ဖြင့်ပင် မိမိမြို့သို့ သွားရောက်ရပါမည်တဲ့။ အထူးအားဖြင့် နတ်,လူတို့သည် ထကာ ထကာ “အရှင်စိတ္တသူကြွယ်.. သင်သည် အချည်းနှီးသော လှည်း (=ပစ္စည်းမပါသော လှည်း)တို့ဖြင့် ခရီးသွားရမည့်ကံကို ပြုအပ်ခဲ့သလော”ဟု မခံနိုင်စကား ပြောကြားကြ၍ ရတနာခုနစ်ပါးတို့ဖြင့် လှည်းများပြည့်အောင် တင်ဆောင် ပေးကြပါကုန်သတဲ့ဘုရား၊ စိတ္တသူကြွယ်သည် တဖန် မိမိအား နတ်,လူတို့က ပို့သအပ်သော လက်ဆောင် ပဏ္ဏာဖြင့်ပင်လျှင် အတူပါသူ ဘုရားဖူး ရှင်,လူအပေါင်းကို ပြုစုလုပ်ကျွေးလျက် မစ္ဆိကာသဏ္ဍမြို့သို့ ချမ်းသာစွာ သွားရောက်ပါလိမ့်မည်တဲ့။

မြတ်စွာဘုရား.. မေးလျှောက်ပါရစေ၊ ဤစိတ္တသူကြွယ်၏ အဖို့ရာ အရှင်ဘုရားတို့အထံသို့ လာရောက်လျှင်သော်သာ ဤပူဇော်သက္ကာရမှု ဖြစ်ပါသလော၊ သို့မဟုတ် အခြား အရပ်တပါးသို့ သွားရောက်ရာမှာလည်း ဤပူဇော်သက္ကာရမှုသည် ဖြစ်ပါသလော”-

၁၉၁

ဟု မေးမြန်း လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို-

“ချစ်သားအာနန္ဒာ.. ဤစိတ္တသူကြွယ်၏ အဖို့ရာ ငါဘုရား၏ အထံသို့ လာသော်၎င်း, အခြား အရပ်တပါးသို့ သွားသော်၎င်း ပူဇော်သက္ကာရသည် ဖြစ်သည်သာလျှင်တည်း၊ မှန်၏- ချစ်သားအာနန္ဒာ.. ဤစိတ္တသူကြွယ် ဒါယကာကား ကံ,ကံ၏အကျိုးကို လောကီ, လောကုတ္တရာ သဒ္ဓါနှစ်ပါးတို့ဖြင့် မပျက်မစီး ယုံကြည်သူ ဖြစ်သည့်ပြင် ရတနာသုံးပါးကိုလည်း လောကုတ္တရာ သဒ္ဓါတရားဖြင့် အလွန့်အလွန် ကြည်ညိုသူ ဖြစ်သည်။ ဤသို့သဘောရှိသော ပုဂ္ဂိုလ်၏အဖို့ရာ ရောက်လေရာရာ ဌာနတိုင်းမှာပင် လာဘ်ပူဇော်သက္ကာရကား ဖြစ်ပွါးမြဲဓမ္မတာ ဖြစ်ချေသည်”-

ဟု မိန့်တော်မူပြီးလျှင် ဓမ္မပဒ ပကိဏ္ဏကဝဂ်လာ ဤဆိုလတ္တံ့သော ဂါထာကို ဟောကြားတော်မူလေ၏-

သဒ္ဓေါ သီလေန သမ္ပန္နော၊

ယသောဘောဂသမပ္ပိတော။

ယံ ယံ ပဒေသံ ဘဇတိ၊

တတ္ထ တတ္ထေ၀ ပူဇိတော။

အာနန္ဒ = ချစ်သားအာနန္ဒာ..။ သဒ္ဓေါ = လောကီ, လောကုတ္တရာ သဒ္ဓါနှစ်ပုံ ကုံလုံပြည့်ဝသော။ သီလေန = လူတို့ကျင့်ရာ သီလသိက္ခာနှင့်။ သမ္ပန္နော = လောက်ငကုံလုံ ပြည့်စုံသော။ ယသောဘောဂသမပ္ပိတော = အရိယာသာဝက ဥပါသကငါးရာ များစွာသော အခြံအရံနှင့်တကွ လောကဥစ္စာ, သပ္ပုရိသဥစ္စာ ဤနှစ်ဖြာတို့နှင့် လွန်စွာပြည့်ဝသော အရိယသာဝက ဘုရားတပည့်သားသည်။ ယံ ယံ ပဒေသံ = အရှေ့, အနောက်, တောင်, မြောက်- အမှတ်မထင် အကြင် အကြင်သို့သော အရပ်သို့။

၁၉၂

ဘဇတိ = သွားရောက်၏။ သော = ထိုအရိယသာဝက ဘုရားတပည့်သားကို။ တတ္ထ တတ္ထေ၀ = ရောက်လေရာရာ ထိုထိုအရပ်ဒေသ၌သာလျှင်။ ပူဇိတော = မေတ္တာ,သဒ္ဓါ စေတနာလွှမ်းပတ် လူနှင့်နတ်တို့ လေးမြတ်ကော်ရော် ပူဇော်အပ်ပေ၏။

     ဒေသနာနိဂုံး ဆုံးလတ်သောအခါ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ဆိုက်ရောက်ကြလေကုန်၏။ (ဓမ္မပဒ ဋ္ဌ ၁၊ မျက်နှာ ၃၃ဝ- မှ)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     စိတ္တသူကြွယ်သည် ထိုအချိန်မှစ၍ အရိယသာဝက ဥပါသကာငါးရာတို့ ခြံရံအပ်လျက် လှည့်လည်ကျက်စား သွားလာခဲ့လေသည်။ မြတ်စွာဘုရားသည် နောက်တချိန်ဝယ် ဥပါသကာတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူးဌာနန္တရ၌ ထားတော်မူလတ်သည်ရှိသော် (သံ ၂၊ မျက်နှာ ၄၇၄-လာ) သဠာယတနဝဂ္ဂ စိတ္တသံယုတ်ကို အကြောင်းအဋ္ဌုပ္ပတ်ပြု၍ စိတ္တသူကြွယ်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဥပါသကာနံ ဓမ္မကထိကာနံ ယဒိဒံ စိတ္တော ဂဟပတိ = ရဟန်းတို့.. တရားဟောကောင်းကြသည့် ငါဘုရား၏ တပည့် = သာဝက ဥပါသကာတို့တွင် စိတ္တသူကြွယ်သည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ဓမ္မကထိက = တရားဟောကောင်းသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။ (ဤ၌ စိတ္တသူကြွယ်၏ တရားဟောကောင်းကြောင်းကို ပိဋကတ်တော်မြန်မာပြန် သံယုတ်ပါဠိတော် ဒုတိယအုပ်၊ သဠာယတနဝဂ္ဂသံယုတ်၊ ၇-စိတ္တသံယုတ်၊ စာမျက်နှာ ၄၆၉-လာ ၁-သံယောဇနသုတ်နှင့် ၎င်းစာမျက်နှာ ၄၇၅-လာ ၅-ပဌမကာမဘူသုတ်တို့ကို ကြည့်ရှုမှတ်ယူကုန်ရာ၏)။

၁၉၃

စိတ္တသူကြွယ် ကွယ်လွန်ခါနီးပင် တရားဟောကြောင်း

ဂိလာနဒဿနသုတ်

     ဤစိတ္တသူကြွယ်ကား အနာဂါမ်အရိယာ ဖြစ်သောကြောင့် စုတိပြတ်ကြွေ သေလွန်ခါနီးမှာပင် ဓမ္မကထိက ဧတဒဂ်ရပုဂ္ဂိုလ်ပီပီ တရားဟောပြီးမှ ကွယ်လွန် စုတေကြောင်းကို ဤဆိုလတ္တံ့သော စိတ္တသံယုတ် ၁၀-ဂိလာနဒဿနသုတ် အကျဉ်းချုပ်ကို ကြည့်ရှု မှတ်ယူကုန်ရာ၏။ (အကျယ်ကို သံ မြန် ၂၊ မျက်နှာ ၄၈၄-မှစ၍ ကြည့်ရှုကုန်ရာ၏)။

     တချိန်၌ စိတ္တသူကြွယ် မာရဏန္တိကရောဂါ = သေတော့မည့်ရောဂါ စွဲကပ်ရောက်ရှိလတ်သော် များစွာသော အရာမ်စောင့်နတ်, တောစောင့်နတ်, သစ်ပင်စောင့်နတ်, ဆေးပင် မြက်ပင် တောစိုးပင်တို့၌ စိုးအုပ်ကုန်သော နတ်တို့သည် စုဝေးလာရောက်ကြ၍ စိတ္တသူကြွယ်ကို “သူကြွယ်.. ‘ငါသည် အနာဂတ်ကာလ၌ စကြဝတေးမင်း ဖြစ်လို၏’ဟု တောင့်တပါလော့”ဟူ၍ တိုက်တွန်းစကား ပြောကြားကြကုန်၏။

     ထိုအခါ စိတ္တသူကြွယ်သည် ထိုနတ်အပေါင်းကို “ထိုစကြဝတေးမင်း အဖြစ်သည်လည်း မမြဲသော သဘောသာ ဖြစ်ချေ၏။ မခိုင်မာသော သဘောသာ ဖြစ်ချေ၏။ ထိုစကြဝတေးမင်းအဖြစ် = စကြာမင်းစည်းစိမ် သည်ကား နောက်ဆုံး ပယ်စွန့်၍သာ သွားရမည့်အရာ ဖြစ်ချေ၏”ဟု ပြောဆိုလေ၏။ ထိုသို့ စိတ္တသူကြွယ်က ပြောဆိုအပ်လေသော် စိတ္တသူကြွယ်၏ မိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့သည် စိတ္တသူကြွယ်ကို “အရှင့်သား.. သတိထားပါလော့၊ မယောင်ယမ်းပါလင့်”ဟု ယောင်ယမ်းသည် ထင်မှတ်၍ ပြောဆိုကြလေ၏။

     ထိုသို့ ပြောဆိုကြသဖြင့် စိတ္တသူကြွယ်က “သင်တို့က ငါ့ကို ‘အရှင့်သား.. သတိထားပါလော့၊ မယောင်ယမ်းပါလင့်’ဟု ယင်းစကားကို ဆိုကြရအောင် ငါသည် အဘယ်သို့လျှင် ပြောဆိုသနည်း”ဟု မေးလေလျှင် ထိုမိတ်ဆွေ ခင်ပွန်း ဆွေမျိုးသားချင်းတို့သည်

၁၉၄

“အရှင့်သား.. ‘ထိုစကြဝတေးမင်း အဖြစ်သည်လည်း မမြဲသောသဘောသာ ဖြစ်ချေ၏။ မခိုင်မာသော သဘောသာ ဖြစ်ချေ၏၊ ထိုစကြဝတေးမင်းအဖြစ် = စကြာမင်းစည်းစိမ်သည်ကား နောက်ဆုံး ပယ်စွန့်၍သာ သွားရမည့်အရာ ဖြစ်ချေ၏’ဟု ဤသို့လျှင် အရှင့်သားသည် ပြောဆို၏”ဟု ပြန်လည်ဖြေကြားလေသော် စိတ္တသူကြွယ်သည် ထိုမိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့ကို “အမောင်တို့.. ငါ့ကို အရာမ်စောင့်နတ်, တောစောင့်နတ်, သစ်ပင်စောင့်နတ်, ဆေးပင် မြက်ပင် တောစိုးပင်တို့၌ စိုးအုပ်ကုန်သော နတ်တို့သည် ‘သူကြွယ်.. အနာဂတ်ကာလ၌ စကြဝတေးမင်း ဖြစ်လို၏-ဟု တောင့်တပါလော့’ဟူ၍ တိုက်တွန်းစကား ပြောလာကြကုန်သဖြင့် ငါသည် ထိုနတ်တို့ကို ‘ထိုစကြဝတေးမင်း အဖြစ်သည်လည်း မမြဲသောသဘောသာ ဖြစ်ချေ၏။ မခိုင်မာသော သဘောသာ ဖြစ်ချေ၏၊ ထိုစကြဝတေးမင်းအဖြစ် = စကြာမင်းစည်းစိမ်သည်ကား နောက်ဆုံး ပယ်စွန့်၍သာ သွားရမည့်အရာ ဖြစ်ချေ၏’ဟု ပြောဆိုပါ၏ (ယောင်ယမ်းပြောဆိုခြင်း မဟုတ်)”ဟု ရှင်းလင်းဖြေကြားလေ၏။

     ထိုအခါ စိတ္တသူကြွယ်၏ မိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့က “အရှင့်သား.. ထိုနတ်တို့သည် အဘယ်အကျိုးထူးကို မြင်ကြ၍ အရှင့်သားကို ‘သူကြွယ်.. အနာဂတ်ကာလ၌ စကြဝတေးမင်း ဖြစ်လို၏ဟု တောင့်တပါလော့’ဟူ၍ တိုက်တွန်းစကား ပြောကြားကြသနည်း”ဟု မေးကြလေသော် စိတ္တသူကြွယ်သည် ထိုမိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့ကို “အမောင်တို့.. ထိုနတ်တို့၏ စိတ်သန္တာန်ဝယ် ‘ဤစိတ္တသူကြွယ်ကား သီလရှိသူ ကောင်းသောအကျင့်ရှိသူ ဖြစ်၏။ ဤစိတ္တသူကြွယ်သည် အကယ်၍ ‘ငါသည် အနာဂတ်ကာလ၌ စကြဝတေးမင်း ဖြစ်လို၏’ဟု တောင့်တလျှင် သီလရှိသော ထိုစိတ္တသူကြွယ်၏အဖို့ရာ ဤစိတ်၏ တောင့်တမှုသည် သီလစင်ကြယ်သူ ဖြစ်ခြင်းကြောင့် မချွတ်ဧကန် အမှန်ပင် ပြည့်စုံလိမ့်မည်၊ တရားရှိသောသူသည် တရားအားလျော်သော အကျိုးကို မြင်နိုင်၏’ဟု ဤသို့ အကြံဖြစ်သောကြောင့်

၁၉၅

ထိုနတ်တို့သည် ဤအကျိုးထူးကို မြင်ကုန်လျက် ‘သူကြွယ်.. အနာဂတ်ကာလ၌ စကြဝတေးမင်း ဖြစ်လို၏-ဟု တောင့်တလော့’ဟူ၍ ငါ့ကို တိုက်တွန်းစကား ပြောကြားကြလေသည်။ ငါသည် ထိုနတ်တို့ကို ‘ထိုစကြဝတေးမင်းအဖြစ်သည်လည်း မမြဲသော သဘောသာ ဖြစ်ချေ၏။ မခိုင်မာသော သဘောသာ ဖြစ်ချေ၏။ ထိုစကြဝတေးမင်းအဖြစ် = စကြာမင်း စည်းစိမ်သည်ကား နောက်ဆုံးမှာ စွန့်ပယ်၍သာ သွားရမည့်အရာ ဖြစ်ချေ၏’ဟု ပြောဆိုပါ၏ (ယောင်ယမ်း၍ ပြောဆိုခြင်းမဟုတ်)”ဟု ပြန်လည် ဖြေကြားလေ၏။

     မိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့က “အရှင့်သား.. ထိုသို့ဖြစ်လျှင် အကျွန်ုပ်တို့ကိုလည်း ဆုံးမပါလော့”ဟု တောင်းပန်စကား ပြောကြားကြသောအခါ စိတ္တသူကြွယ်သည် ထိုမိတ်ဆွေ ခင်ပွန်း ဆွေမျိုးသားချင်းတို့ကို ဤဆိုလတ္တံ့သောအတိုင်း နောက်ဆုံးတရား ဟောကြားလေ၏-

“မိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့.. ထိုသို့ဖြစ်လျှင် သင်တို့သည်-

‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ-မည်တော်မူ၏ (၁)။ အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏ (၂)။ အသိဉာဏ် = ဝိဇ္ဇာ, အကျင့် = စရဏနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏ (၃)။ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတမည်တော်မူ၏ (၄)။ လောကကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏ (၅)။ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏ (၆)။ နတ်လူတို့၏ဆရာ

၁၉၆

ဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာဒေဝမနုဿာနံ မည်တော်မူ၏ (၇)။ သစ္စာလေးပါးတရားကို သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓမည်တော်မူ၏ (၈)။ ဘုန်းတော်ခြောက်ပါး ရှိတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါမည်တော် မူ၏ (၉)’-

ဟု မြတ်စွာဘုရားရှင်အပေါ်၌ ငါတို့သည် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံကြကုန်အံ့-ဟူ၍၎င်း,

‘တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ဖြစ်ပေ၏ (၁)။ ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ဖြစ်ပါပေ၏ (၂)၊ အခါမလင့် အကျိုးပေးတတ်သော တရားတော် ဖြစ်ပါပေ၏ (၃)။ လာလှည့် ရှုလှည့်-ဟု ပြထိုက်သော တရားတော် ဖြစ်ပါပေ၏ (၄)။ မိမိ၏ ကိုယ်ထဲ, စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော် ဖြစ်ပါပေ၏ (၅)။ အရိယာပညာရှိတို့သည် ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားတော်ဖြစ်ပါပေ၏ (၆)’-

ဟု တရားအပေါ်၌ ငါတို့သည် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံကြကုန်အံ့-ဟူ၍၎င်း,

‘အရိယာရှစ်ဖော် မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသောအကျင့် ရှိတော်မူပါပေ၏ (၁)။ အရိယာရှစ်ဖော် မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့်မတ်သောအကျင့် ရှိတော်မူပါပေ၏ (၂)။ အရိယာရှစ်ဖော် မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် မှန်ကန်လျောက်ပတ်သော အကျင့် ရှိတော်မူပါပေ၏ (၃)။ အရိယာရှစ်ဖော် မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ရိုသေအပ်သော အကျင့်ရှိတော်မူပါပေ၏ (၄)။ (ဤကား အကြောင်းဂုဏ် ၄-ပါးတည်း)။ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးရှိသော အရိယာရှစ်ဖော် ဤမြတ်စွာဘုရား၏

၁၉၇

တပည့်သား သံဃာတော်သည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်ပါပေ၏ (၅)။ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်ပါပေ၏ (၆)။ တမလွန်အတွက် ရည်မျှော်သောအလှူကို ခံတော်မူထိုက်ပါပေ၏ (၇)။ လက်အုပ်ချီမိုး ရှိခိုးရန် ထိုက်တန်ပါပေ၏ (၈)။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေလည်း ဖြစ်တော်မူပါပေ၏ (၉)’–

ဟု သံဃာအပေါ်၌ ငါတို့သည် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံကြကုန်အံ့-ဟူ၍၎င်း,

‘ငါတို့အိမ်၌ရှိသော ပေးလှူဖွယ် ဟူသမျှကို သီလရှိ၍ အကျင့်ကောင်းသူတို့နှင့် မခွဲခြားအံ့’-ဟူ၍၎င်း ဤသို့လျှင် သင်တို့သည် ကျင့်ရမည်”—

ဟု နောက်ဆုံးတရား ဟောကြားလေ၏။ ထို့နောက် စိတ္တသူကြွယ်သည် မိတ်ဆွေ ခင်ပွန်း ဆွေမျိုးသားချင်းတို့ကို ဘုရား, တရား, သံဃာ, စွန့်ကြဲပေးကမ်းခြင်း = ဤလေးဌာနတို့၌ ဆောက်တည်စေပြီးလျှင် ကွယ်လွန်လေ၏။

(ဤ၌။ ။စိတ္တသူကြွယ် စုတေပြီးနောက် မည်သည့်ဘုံ၌ ဖြစ်လေသည်-ဟု ကျမ်းဂန်အဆို အထူးမရှိသော်လည်း ထိုစိတ္တသူကြွယ်မှာ အနာဂါမ်အရိယာ ဖြစ်သောကြောင့် (အသညသတ်ကြဉ်သော) ရူပါဝစရ ဗြဟ္မာ့ဘုံ ၁၅-ဘုံတို့တွင် တဘုံဘုံ၌ ဖြစ်လေ၏။ အထူးအားဖြင့် သုဒ္ဓါဝါသဘုံ၌ ဖြစ်လေ၏-ဟု အထူးမှတ်ယူသင့်၏)။

ဤကား စိတ္တသူကြွယ် အကြောင်းတည်း။

(၄) ဟတ္ထကာဠဝကသီတင်းသည်အကြောင်း

(က) သီတင်းသည်၏ ရှေးဆုတောင်း

     ဤဟတ္ထကာဠဝက သီတင်းသည်အလောင်း သူတော်ကောင်းသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော် အခါဝယ် ဟံသာဝတီ

၁၉၈

မင်းနေပြည်၌ အမျိုးကောင်းသားဖြစ်၍ နောက်တချိန်ဝယ် မြတ်စွာဘုရား၏ တရားစကားကို ကြားနာစဉ် မြတ်စွာဘုရားရှင်က သင်္ဂဟဝတ္ထု လေးပါးတို့နှင့် ပြည့်စုံသူ ဥပါသကာတယောက်ကို ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကာရ ကောင်းမှု ကုသိုလ်ကို ပြုလုပ်၍ ထိုရာထူးဌာနန္တရကို ဆုတောင်း ပတ္ထနာမှု ပြုလေသည်။ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။

(ခ) နောက်ဆုံးဘဝ အာဠဝကမင်းသား ဖြစ်လာခြင်း

     ထိုအမျိုးကောင်းသားသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည် ကျက်စားခဲ့၍ ဤဘုရားမြတ်စွာ ပွင့်ထွန်းရာကာလဝယ် အာဠဝီတိုင်း အာဠဝီပြည် အာဠ၀ကမင်း၏သားတော် အာဠဝကမင်းသား ဖြစ်လာလေသည်။

(ဤမှနောက်- အာဠဝကမင်းကြီး တောကစားထွက်တော်မူသည်မှ အစ အာဠဝကမင်းသား အနာဂါမ်တည် ပိဋကတ်သုံးပုံ တတ်သိသည့် ဥပါသကာ သီတင်းသည်ဖြစ်လျက် သီတင်းသည် ဥပါသကာ-၅၀၀ အခြံအရံရှိကြောင်းတိုင်အောင်သော အကြောင်းအရာ အဋ္ဌုပ္ပတ်ကို အောက် မဟာဗုဒ္ဓဝင် စတုတ္ထတွဲ စာမျက်နှာ ၂၅၇-မှ စ၍ ၃၀၇-တိုင်အောင် ကျယ်ဝန်းစွာ အပြည့်အစုံ ရေးသားအပ်ပြီးလေပြီ၊ ပြန်လည် ကြည့်ရှုကြပါကုန်)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     တနေ့သ၌ ဟတ္ထကာဠဝက သီတင်းသည်သည် ဥပါသကာ ငါးရာတို့နှင့် အတူတကွ မြတ်စွာဘုရားရှင် အထံတော်သို့ သွားရောက်၍ ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ထိုင်နေလေ၏။ မြတ်စွာဘုရားသည် အလွန်ယဉ်ကျေး သိမ်မွေ့လှစွာသော ဟတ္ထကာဠဝက သီတင်းသည်၏ ပရိသတ်ကို မြင်တော်မူရ၍ “ချစ်သားအာဠဝက.. သင်၏ ပရိသတ်ကား များလှ၏။ သင်ချစ်သားသည် ထိုပရိသတ်ကို အဘယ်သို့ သင်္ဂြိုဟ် ချီးမြှင့်သနည်း”ဟု မေးတော်မူလတ်သော် ဟတ္ထကာဠဝက သီတင်းသည်သည် မြတ်စွာဘုရားရှင်ကို-

၁၉၉

“မြတ်စွာဘုရား.. တပည့်တော်သည် စွန့်ကြဲပေးကမ်း လှူဒါန်းမှ နှစ်သက်အားရ ရှိမည့်သူကို စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း = ဒါနဖြင့် သင်္ဂြိုဟ်ချီးမြှင့်ပါသည် (၁)၊ ချစ်ဖွယ်စကား ပြောကြားမှ နှစ်သက်အားရ ရှိမည့်သူကို ချစ်ဖွယ်စကား ပြောကြားခြင်း = ပိယဝါစာဖြင့် သင်္ဂြိုဟ် ချီးမြှင့်ပါသည် (၂)၊ ကိစ္စကြီးငယ် ဖြစ်ပေါ်လာသော် ထိုကိစ္စကြီးငယ်ကို ပြီးမြောက်အောင် စောင့်ရှောက် ရွက်ဆောင်ပေးမှ နှစ်သက်အားရ ရှိမည့်သူကို ဖြစ်ပေါ်လာသောကိစ္စ ပြီးမြောက်အောင် ရွက်ဆောင်ပေးခြင်း = အတ္ထစရိယာဖြင့် သင်္ဂြိုဟ်ချီးမြှင့်ပါသည် (၃)၊ ကိုယ်တူထားမှ နှစ်သက်အားရ ရှိမည့်သူကို ကိုယ်တူထားခြင်း = သမာနတ္တတာဖြင့် သင်္ဂြိုဟ်ချီးမြှင့်ပါသည် (၄)”-

ဟူ၍ ဖြေကြားလျှောက်ထားလေသည်။

     မြတ်စွာဘုရားရှင်သည် ထိုအကြောင်းကို အစွဲပြု၍ နောက်အဖို့၀ယ် ဇေတဝန် ကျောင်းတိုက်တော်၌ နေတော်မူလျက် ဥပါသကာတို့ကို ဧတဒဂ်ရာထူး ဌာနန္တရ၌ ထားတော်မူလတ်သည်ရှိသော် ဤဟတ္ထကာဠဝက သီတင်းသည်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဥပါသကာနံ စတူဟိ သင်္ဂဟဝတ္ထူဟိ ပရိသံ သင်္ဂဏှန္တာနံ ယဒိဒံ ဟတ္ထကော အာဠဝကော = ရဟန်းတို့.. (ဒါန, ပိယဝါစာ, အတ္ထစရိယာ, သမာနတ္တာ-ဟူသော) သင်္ဂဟဝတ္ထုလေးပါးတို့ဖြင့် မိမိ၏ပရိသတ်ကို ချီးမြှောက်ကြသည့် ငါဘုရား၏ တပည့် = သာဝက ဥပါသကာတို့တွင် ဟတ္ထကာဠဝက သီတင်းသည်သည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ ပရိသသင်္ဂဏှန = ပရိသတ်ကို ချီးမြှောက်သော အရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား ဟတ္ထကာဠဝကသီတင်းသည် အကြောင်းတည်း။

၂၀၀

(၅) မဟာနာမသာကီဝင်မင်းအကြောင်း

(က) သာကီဝင်မင်း၏ ရှေးကောင်းမှု

     ဤမဟာနာမ သာကီဝင်မင်းအလောင်း သူတော်ကောင်းသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသား ဖြစ်လတ်၍ မြတ်စွာဘုရား၏ တရားစကားကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ဥပါသကာတယောက်ကို “ပဏီတရသဒါန = အရသာ ကောင်းမြတ်သည့် ဆွမ်း, ဆေး လှူဒါန်းသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုရာထူးဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေသည်။ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။

(ခ) နောက်ဆုံးဘဝ မဟာနာမသာကီဝင်မင်း ဖြစ်ခြင်း

     ထိုသူတော်ကောင်း အမျိုးကောင်းသားသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့၍ ဤဘုရားမြတ်စွာ ပွင့်ထွန်းတော်မူရာ ကာလဝယ် ကပိလဝတ်ပြည် သကျ = သာကီဝင်မင်းမျိုး၌ မဟာနာမ-အမည်ရှိသော သာကီဝင်မင်းသား (အရှင်အနုရုဒ္ဓါ၏ နောင်တော်)ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် မြတ်စွာဘုရားရှင်ကို ပဌမအကြိမ် ဖူးမြော်ရလျှင်ပင် သောတာပတ္တိဖိုလ်၌ တည်လေသည် = သောတာပန်အရိယာ ဖြစ်လေသည်။

(ဂ) ဧတဒဂ်ရာထူး ရရှိခြင်း

     တနေ့သ၌ မြတ်စွာဘုရားသည် ဝေရဉ္ဇာပြည်၌ ဝါလပတ်လုံး သီတင်းသုံး နေတော်မူပြီး၍ (ဝါကျွတ်ပြီး၍) အစဉ်သဖြင့် ဒေသစာရီ ကြွချီတော်မူခဲ့ရာ ကပိလ၀တ် နေပြည်တော်သို့ ရောက်တော်မူ၍ နိဂြောဓာရုံကျောင်းတိုက်၌ ရဟန်းအပေါင်း ခြံရံလျက် သီတင်းသုံး နေထိုင်တော်မူဆဲဖြစ်၏။

၂၀၁

     မဟာနာမ သာကီဝင်မင်းသည် “မြတ်စွာဘုရား ကြွလာပြီ”ဟု သတင်းကြား၍ ဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ရှိခိုးကာ အပြစ်လွတ်ရာအရပ်က ထိုင်နေပြီးလျှင် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. ‘ရဟန်းအပေါင်းသည် ဝေရဉ္ဇာပြည်၌ ဆွမ်းခံလှည့်လည်ရခြင်းဖြင့် အလွန်ပင်ပန်း ဆင်းရဲသတဲ့’ဟု တပည့်တော် သတင်းစကား ကြားသိအပ်ပါသည်၊ တပည့်တော်အား လေးလပတ်လုံး နေ့စဉ်ရက်ဆက် ရဟန်းသံဃာအား ပြုစုလုပ်ကျွေးရန် ခံဝန်ချက် ပေးတော်မူကြပါဘုရား၊ တပည့်တော်သည် ရဟန်းသံဃာ၏ ကိုယ်၌ ဩဇာကို သွင်းထည့်ပေးလိုပါသည်ဘုရား”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်သည် ဆိတ်ဆိတ်နေတော်မူသဖြင့် မဟာနာမ သာကီဝင်မင်း၏ လျှောက်ထားချက်ကို လက်ခံတော်မူလေ၏။

     မဟာနာမ သာကီဝင်မင်းသည် မြတ်စွာဘုရား လက်ခံတော်မူသည်ကို သိ၍ နောက်တနေ့မှ အစပြုကာ ဘုရားအမှူးရှိသော ရဟန်းသံဃာကို လွန်စွာမွန်မြတ်သော ဘောဇဉ်ငါးပါး, စတုမဓုဆေး- စသည်တို့ဖြင့် နေ့စဉ်နေ့စဉ် ပြုစုလုပ်ကျွေး၍ လေးလစေ့ပြန်သောအခါ တဖန်ထပ်၍ လေးလပတ်လုံးပင် ပြုစုလုပ်ကျွေးရန် ခံဝန်ချက် ရယူကာ လေးလဆက်ကာ ပြုစု၍ ရှစ်လစေ့ပြန်လျှင် တဖန်ထပ်၍ လေးလပတ်လုံးပင် ပြုစုလုပ်ကျွေးရန် ခံဝန်ချက်ရယူ လျှောက်ထားကာ လေးလဆက်လက် ပြုစုလုပ်ကျွေး၍ တနှစ်ပြည့်မြောက်လေသည်။ တနှစ်ပြည့်သောအခါလည်း တဖန်ထပ်၍ ပြုစုလုပ်ကျွေးရန် ခံဝန်ချက်ရယူ လျှောက်ထားပါသော်လည်း မြတ်စွာဘုရားသည် ခံဝန်ချက်ကို ပေးတော်မမူတော့ချေ။

(ဤ၌။ ။တနှစ်မှ အထက်ကား မဟာနာမသိက္ခာပုဒ်ဖြင့် ဆေးပစ္စည်းဖြင့် ဖိတ်ကြားမှုအတွက် လက်ခံ သာယာခြင်းကို တားမြစ်အပ်သောကြောင့် ပြုစုလုပ်ကျွေးရန် ခံဝန်ချက် = ခွင့်ပြုချက်ကို ပေးတော်မမူတော့ချေ။ ချဲ့ဦးအံ့- မြတ်စွာဘုရားသည် တတိယအကြိမ်၌ မဟာနာမသာကီဝင်မင်းက “မြတ်စွာဘုရား.. တပည့်တော်သည် သံဃာကို အသက်ထက်ဆုံး ဆေးပစ္စည်းဖြင့် ဖိတ်မန်ခြင်းငှါ အလိုရှိပါ၏ =

၂၀၂

ဖိတ်မန်လိုပါ၏”ဟူ၍ လျှောက်ဆိုလေလျှင် “သာဓု သာဓု မဟာနာမ်..၊ မဟာနာမ်.. ထိုသို့ဖြစ်လျှင် သင်သည် သံဃာကို အသက်ထက်ဆုံး ဆေးပစ္စည်းဖြင့် ဖိတ်မန်လေလော့”ဟု ခံဝန်ချက် = ခွင့်ပြုချက်ကို ပေးတော်မူပြီးသည်သာ ဖြစ်၏။ ဤသို့ ခံဝန်ချက် = ခွင့်ပြုချက် ပေးတော်မူပြီးနောက် ဆဗ္ဗဂ္ဂီရဟန်းတို့သည် မဟာနာမ သာကီဝင်မင်းအား စိတ်ညစ်ဖွယ် သဒ္ဓါတရား ပျက်ပြားလောက်ဖွယ် အတင်းအကြပ် ပြောဆို ညှဉ်းပန်းအပ်ကြောင်းကို ကြားသိတော်မူ၍ ထိုရဟန်းတို့ကို ကဲ့ရဲ့ရှုတ်ချတော်မူပြီးလျှင် (ဝိ ၂၊ ၁၃၆-၁၃၇-တို့၌ လာသည့်) “မနာမဖျားသော ရဟန်းသည် နောက်ထပ် ဖိတ်ကြားခြင်းနှင့် အမြဲဖိတ်ကြားခြင်းကို ကြဉ်၍ (=နောက်ထပ် ဖိတ်ကြားခြင်း, အမြဲဖိတ်ကြားခြင်း မရှိပဲ) လေးလသာ ဆေးဖြင့် ဖိတ်ကြားခြင်းကို လက်ခံ = သာယာရမည်။ ထိုထက်အလွန် သာယာ = လက်ခံငြားအံ့၊ ထိုရဟန်းအား ပါစိတ်အာပတ်သင့်၏”ဟူ၍ သိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။ (ဤသိက္ခာပုဒ်ကို မဟာနာမသိက္ခာပုဒ်ဟူ၍ ခေါ်၏၊ ထိုသိက္ခာပုဒ် ဖြစ်ပေါ်ခြင်း၏ အကြောင်းအရာ အကျယ်ကို ဝိနည်း ပါစိတ်ပါဠိတော် မြန်မာပြန် စာမျက်နှာ ၁၅၃-မှစ၍ ကြည့်ရှုကုန်ရာ၏)။ ထို့ကြောင့် အလျင်လက်ဦးက ခွင့်ပြုပြီးဖြစ်သော်လည်း နောက်အခါဝယ် သိက္ခာပုဒ်ဖြင့် တားမြစ်အပ်သောကြောင့် “ခံဝန်ချက်ကို ပေးတော်မမူတော့ချေ”ဟု ဆိုအပ်လေသည်)။

     မဟာနာမ သာကီဝင်မင်းသည်ကား ထိုအချိန်မှ အစပြု၍ မိမိထံမှောက် ကြွရောက်လာတိုင်းသော ရဟန်းသံဃာအား ထိုနည်းအတိုင်းပင်လျှင် အလွန်မွန်မြတ် အရသာရှိသည့် ဘောဇဉ်ငါးပါး, စတုမဓုဆေးများဖြင့် ပြုစုလုပ်ကျွေးလေသည်။ ထိုသို့ မဟာနာမ သာကီဝင်မင်း၏ “ရဟန်းသံဃာအား အလွန်မွန်မြတ် အရသာရှိသည့် ဘောဇဉ်ငါးပါး, စတုမဓုဆေးများဖြင့် ပြုစုလုပ်ကျွေးခြင်း တည်းဟူသော ဂုဏ်သတင်းသည် ဇမ္ဗူဒိပ် တကျွန်းလုံး၌ ထင်ရှားစွာ ဖြစ်လေတော့၏။

     ထို့ကြောင့်ပင် မြတ်စွာဘုရားရှင်သည် နောက်အဖို့ဝယ် ဇေတဝန်ကျောင်းတိုက်တော်၌ နေတော်မူ၍ ဥပါသကာတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူး၌ ထားတော်မူသည်ရှိသော် ဤမဟာနာမ သာကီဝင်မင်းကို-

၂၀၃

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဥပါသကာနံ ပဏီတဒါယကာနံ ယဒိဒံ မဟာနာမော သက္ကော = ရဟန်းတို့.. မွန်မြတ်သော ဘောဇဉ်ရသာ, ဆေးပစ္စည်းကို လှူဒါန်းကြသည့် ငါဘုရား၏ တပည့် = သာဝက ဥပါသကာတို့တွင် မဟာနာမ သာကီဝင်မင်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ပဏီတဒါန = အကောင်းအမွန်ကို လှူဒါန်းသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား မဟာနာမသာကီဝင်မင်း အကြောင်းတည်း။

**********

(၆) ဥဂ္ဂသူဌေးအကြောင်း

(က) သူဌေး၏ ရှေးကောင်းမှု

     ဤဥဂ္ဂသူဌေးအလောင်း သူတော်ကောင်းသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသား ဖြစ်လတ်၍ နောက်အဖို့ဝယ် မြတ်စွာဘုရား၏ တရားစကားကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ဥပါသကာတယောက်ကို “မနာပဒါန = နှစ်သက်ဖွယ်သော အလှူဝတ်ကို ပေးလှူသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ အဓိကာရ ကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူး = ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေသည်။ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။

(ခ) နောက်ဆုံးဘဝ ဥဂ္ဂသူဌေးဖြစ်ခြင်း

     ထိုသူတော်ကောင်း အမျိုးကောင်းသားသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည် ကျက်စားခဲ့၍ ဤဘုရားမြတ်စွာ ပွင့်ထွန်းတော်မူရာ ကာလဝယ် ဝေသာလီပြည်အရပ်၌ သူဌေးမျိုးဝယ် ဖြစ်၍လာလေ၏။

၂၀၄

ဥဂ္ဂသူဌေး-ဟု အမည်တွင်ခြင်း

     ထိုသူဌေးသား မွေးဖွားပြီးကာလဝယ် အမည်သီးခြား မမှတ်သား မမှည့်မခေါ်အပ်ပေ။ အရွယ်ရောက်လာသော နောက်အဖို့၌ကား ထိုသူဌေးသား၏ ကိုယ်ခန္ဓာ = အတ္တဘောသည်လည်း အလုံးအပေါက် ပြည့်ဖြိုး မြင့်မောက်လျက် တန်းဆာဆင်အပ်သော တုရိုဏ်တိုင်ကဲ့သို့၎င်း, မြှောက်ဆွဲ၍ ထားအပ်သော ရွှေပုဆိုးကဲ့သို့၎င်း အလွန် တင့်တယ်လှပေ၏၊ ထိုသူဌေးသား၏ ဂုဏ်ကျေးဇူးများသည်လည်း တနေ့တခြား ထင်ရှားကျော်လွှမ်း၍သာ လာကုန်၏၊ ဤသို့လျှင် ထိုသူဌေးသားသည် ကိုယ်ခန္ဓာနှင့် ဂုဏ်ကျေးဇူးတို့ မြင့်မောက်ထင်ရှား ကျော်လွှမ်းခြင်းကြောင့် နောက်တချိန်ဝယ် “ဥဂ္ဂသူဌေး”ဟူ၍ လူသူလေးပါးတို့ ပြောကြား ခေါ်ဆိုအပ်သူ ဖြစ်လာလေသည်။

     အထူးအားဖြင့် ဤဥဂ္ဂသူဌေးသည် မြတ်စွာဘုရားရှင်ကို ပဌမအကြိမ် ဖူးတွေ့ရသော အခါကပင် သောတာပတ္တိဖိုလ်၌ တည်၍ (=သောတာပန်အရိယာဖြစ်၍) နောက်အဖို့၀ယ် အောက်မဂ်သုံးပါး, အောက်ဖိုလ်သုံးပါးတို့ကို မျက်မှောက်ပြုရလေသည် (အနာဂါမ်အရိယာ ဖြစ်လေသည်)။

     ထိုဥဂ္ဂသူဌေးသည် အသက်အရွယ် ကြီးရင့်သောအခါ ဆိတ်ငြိမ်ရာသို့ ကပ်ရောက်ထိုင်နေလျက် “ငါသည် အကြင် အကြင် ဝတ္ထုကို နှစ်သက်အပ် မြတ်နိုးအပ်၏၊ ထိုထိုနှစ်သက်အပ် မြတ်နိုးအပ်သော ဝတ္ထုကိုသာလျှင် မြတ်စွာဘုရားရှင်အား လှူပေအံ့၊ ငါသည် မြတ်စွာဘုရားရှင်၏ မျက်မှောက်တော်မှ ‘နှစ်သက်မြတ်နိုးအပ်သော ဝတ္ထုကို လှူဒါန်းသောသူသည် နှစ်သက်မြတ်နိုးအပ်သော အကျိုးကို ရ၏’ဟု မြတ်စွာဘုရား ဟောကြားတော်မူသည်ကိုလည်း ကြားနာအပ်ဘူးလေပြီ”ဟု ကြံစည် ဆင်ခြင်မိလေသည်။ ထို့နောက် ဥဂ္ဂသူဌေး၏ စိတ်သန္တာန်ဝယ် “စင်စစ်သော်ကား မြတ်စွာဘုရားသည် ငါ၏စိတ်အကြံကို သိတော်မူကာ အိမ်တံခါးဝသို့ ကြွသော်မူ ကြွတော်မူလေရာ၏”ဟု ကြံစည်စဉ်းစားမှု အထူးတလည်ဖြစ်၍ လာလေသည်။

၂၀၅

     မြတ်စွာဘုရားသည်လည်း ဥဂ္ဂသူဌေး၏ စိတ်အကြံကို သိတော်မူ၍ ရဟန်းအပေါင်း ခြံရံအပ်လျက် (ထိုခဏမှာပင်) သူဌေး၏ နေအိမ်တံခါးဝ၌ အထင်အရှား အံ့ဩဘနန်း ရောက်ရှိတော်မူလာလေ၏။ ဥဂ္ဂသူဌေးသည် “မြတ်စွာဘုရား ကြွလာတော်မူပြီ”ဟု ကြားသိ၍ အတိုင်းထက်အလွန် အားတက် ဝမ်းမြောက်ကာ မြတ်စွာဘုရား အထံတော်သို့ သွားရောက်၍ တည်ခြင်းငါးပါးဖြင့် ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် မြတ်စွာဘုရား၏ သပိတ်တော်ကို ဆီးကြိုယူလင့်၍ အိမ်အတွင်းသို့ ပင့်ဆောင်ခဲ့ကာ ခင်းထားအပ်ပြီး အသင့်ရှိနေသော ဘုရားနေရာတော်၌ မြတ်စွာဘုရားကို၎င်း, ကြွင်းကျန်သော နေရာတို့၌ ရဟန်းအပေါင်းကို၎င်း ထိုင်နေတော်မူစေပြီးနောက် ဘုရားအမှူးရှိသော ရဟန်းသံဃာကို အထူးထူး အပြားပြား များမြတ်သော အရသာတို့ဖြင့် ပြုစုလုပ်ကျွေးလျက် ဆွမ်းကိစ္စ ပြီးလတ်သောအခါ အပြစ်လွတ်ရာအရပ်၌ ထိုင်နေလျက် မြတ်စွာဘုရားကို ဤသို့ လျှောက်ထားလေ၏-

     “(၁) မြတ်စွာဘုရား.. ‘မနာပဒါယီ လဘတေ မနာပံ = နှစ်ခြိုက်ဖွယ်ဝတ္ထုကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ်အကျိုးကို ရ၏’ဟူသော ဤတရားစကားတော်ကို အကျွန်ုပ်သည် မြတ်စွာဘုရား မျက်မှောက်တော်မှ ကြားနာရဘူး, ခံယူရဘူးပါသည်။ မြတ်စွာဘုရား.. အကျွန်ုပ်၏ အင်ကြင်းပွင့် အဆင်းရှိသော ခဲဖွယ်သည် နှစ်ခြိုက်ဖွယ်ရှိပါသည်။ မြတ်စွာဘုရားသည် သနားသမှု အကြောင်းပြု၍ အကျွန်ုပ်၏ ထိုခဲဖွယ်ကို ခံယူတော်မူစေချင်ပါသည်”ဟု လျှောက်ထား ဆက်ကပ် လှူဒါန်းလေ၏။ မြတ်စွာဘုရားသည် ကရုဏာရှေးရှူ အလှူခံတော်မူလေ၏။

     တဖန် “(၂)- မြတ်စွာဘုရား.. ‘မနာပဒါယီ လဘတေ မနာပံ = နှစ်ခြိုက်ဖွယ်ဝတ္ထုကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ်အကျိုးကို ရ၏’ဟူသော ဤတရားစကားတော်ကို အကျွန်ုပ်သည် မြတ်စွာဘုရား မျက်မှောက်တော်မှ ကြားနာရဘူး, ခံယူရဘူးပါသည်။ မြတ်စွာဘုရား အကျွန်ုပ်၏ ဆီးသီးဖြင့် စီမံထားသော

၂၀၆

ဝက်သားဟင်းသည် နှစ်ခြိုက်ဖွယ်ရှိပါသည်။ (ပ)။ (၃) အကျွန်ုပ်၏ ကန်စွန်းရွက် ဆီပြန်ကြော်သည် နှစ်ခြိုက်ဖွယ်ရှိပါသည်။ (ပ)။ (၄) မြတ်စွာဘုရား.. ဆန်မည်းကို ရွေးဆယ်ဖယ်ရှား၍ များသော အရည်သောက် ဟင်းနှင့် စားမဲဟင်းလျာပါရှိသော အကျွန်ုပ်၏ သလေးဆွမ်းသည် နှစ်ခြိုက်ဖွယ် ရှိပါသည်။ (ပ)။ (၅) မြတ်စွာဘုရား.. အကျွန်ုပ်၏ ကာသိကတိုင်းဖြစ် အဝတ်တို့သည် နှစ်ခြိုက်ဖွယ် ရှိပါကုန်သည်။ (ပ)။ (၆) မြတ်စွာဘုရား.. အကျွန်ုပ်၏ ပလ္လင်, မွေးရှည်ကော်ဇောကြီး, ပန်းပြောက်ချယ် သားမွေးအခင်း, ဝံပိုင့်ရေအခင်း, နီသော မျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိသည့် နေရာသည် နှစ်ခြိုက်ဖွယ်ရှိပါသည်။ မြတ်စွာဘုရား.. အကျွန်ုပ်တို့သည်လည်း ‘ဤအရာဝတ္ထုများကား စင်စစ်အားဖြင့် မြတ်စွာဘုရားအား မအပ်’ဟု သိပါကုန်၏။ မြတ်စွာဘုရား.. အကျွန်ုပ်တို့၏ ဤစန္ဒကူးနှစ်ထိုင်ခုံသည် အဖိုးတသိန်းကျော် တန်ပါ၏၊ အကျွန်ုပ်၏ ထိုအသုံးအဆောင် ဝတ္ထုတို့ကို မြတ်စွာဘုရားသည် သနားသမှု အကြောင်းပြု၍ ခံယူတော်မူစေချင်ပါသည်”ဟု လျှောက်ထား ဆက်ကပ် လှူဒါန်းလေ၏။ မြတ်စွာဘုရားသည် ကရုဏာရှေးရှူ အလှူခံတော်မူလေ၏။

(ဤ၌ အထူးမှတ်ရန်မှာ- ဥဂ္ဂသူဌေးသည် ယာဂုသောက်ပြီးလျှင် ထိုင်နေတော်မူသော မြတ်စွာဘုရားအား ဆွမ်းမကပ်မီ အကြားကာလ၌ ထိုအလှူဝတ်များကို လှူဒါန်းလို၍ ဆိုအပ်ပြီးအတိုင်း လျှောက်ထားလေသည်။

“မြတ်စွာဘုရားသည် ကရုဏာရှေးရှူ အလှူခံတော်မူလေ၏”ဟူသော စကားမှာ ဒေသနာ ဦးတည်ချက်မျှသာ ဖြစ်သည်။ စင်စစ်သော်ကား ဥဂ္ဂသူဌေးသည် ထိုအလှူဝတ်တို့ကို မြတ်စွာဘုရားအား၎င်း, ရဟန်းငါးရာတို့အား၎င်း လှူဒါန်းသည်သာ ဖြစ်၏။

(၆) အမှတ်ပါ စကားရပ်တွင် “ဤအရာဝတ္ထုများကား စင်စစ်အားဖြင့် မြတ်စွာဘုရားအား မအပ်-ဟု သိပါကုန်၏”ဟူသော ဤစကားရပ်၌ မအပ်စပ်သော အလှူဝတ်ကို အစွဲပြု၍ အပ်စပ်သော အလှူဝတ်တို့ကိုပါ “မအပ်”ဟူ၍ ပြောဆိုခြင်းဖြစ်လေသည်။ အမှန် စင်စစ်သော်ကား ဥဂ္ဂသူဌေးသည် အလုံးစုံသော အိပ်ရာနေရာ

၂၀၇

လှူဖွယ်ဝတ္ထုများကို ယူဆောင်စေကာ အစုအပုံ ပြုလုပ်ပြီးလျှင် မအပ်စပ်သည်များကို မိမိ၏ အိမ်ဈေးဆိုင်သို့ပို့၍ အပ်စပ်သော ကပ္ပိယအသုံးအဆောင် အိပ်ရာနေရာ ဘဏ္ဍာများကို မြတ်စွာဘုရား အမှူးပြုသော ရဟန်းငါးရာတို့အား လှူဒါန်းလေသည်။

ထို(၆)အမှတ်ပြ စကားရပ်တွင် ပါရှိသည့် “အဖိုးတသိန်းကျော်တန် စန္ဒကူးနှစ် ထိုင်ခုံ”မှာ အလွန်မကြီးလှ၊ အလျားနှစ်တောင်ထွာ, အနံ တတောင်ထွာ ပမာဏရှိသည်။ ခိုင်မာ၍ လောကပညတ် မြတ်သော ဥစ္စာဖြစ်သောကြောင့် အဖိုးတသိန်းကျော် တန်လေသည်။ မြတ်စွာဘုရားသည် ထိုစန္ဒကူးနှစ် ထိုင်ခုံကို အလှူခံ တော်မူပြီးလျှင် အပိုင်းပိုင်းဖြတ်စေ၍ ရဟန်းတို့အား မျက်စဉ်းကြိတ်ဖို့ရန် လှူဒါန်းစေတော်မူသည်။ ဤကား အထူးမှတ်ရန်တည်း)။

     ထိုနောက် မြတ်စွာဘုရားသည် ဥဂ္ဂသူဌေးကို ဤဆိုလတ္တံ့သော တရားဂါထာတို့ဖြင့် အနုမောဒနာတရား ဟောကြားတော်မူ၏-

မနာပဒါယီ လဘတေ မနာပံ၊

ယော ဥဇ္ဇုဘူတေသု ဒဒါတိ ဆန္ဒသာ။

အစ္ဆာဒနံ သယနမန္နပါနံ၊

နာနာပ္ပကာရာနိ စ ပစ္စယာနိ။

ဂဟပတိ = ဥဂ္ဂသညာ ဒါယကာ..။ မနာပဒါယီ = နှစ်ခြိုက်ဖွယ် အလှူဝတ်တို့ကို ဖြူဆွတ်သည့်စေတနာ သဒ္ဓါပြဋ္ဌာန်း လှူဒါန်းသောသူသည်။ မနာပံ = နှစ်ခြိုက်ဖွယ်အမျိုးမျိုး အလှူ၏အကျိုးကို။ လဘတေ = မုချပိုင်ပိုင် ရယူနိုင်၏။ ယော = အမှတ်မထင် အကြင်သူသည်။ ဥဇ္ဇုဘူတေသု = ကိုယ်,နှုတ်,နှလုံး- သုံးပါးဖြောင့်မတ် ရဟန္တာပုဂ္ဂိုလ်မြတ်တို့၌။ ဆန္ဒသာ = ကုသိုလ်ဆန္ဒ ပြင်းပြသက်ဝင် လိုလိုချင်ချင်အားဖြင့်။ အစ္ဆာဒနံ = အဝတ်ကို၎င်း။ သယနံ = အိပ်ရာနေရာကို၎င်း။ အန္နပါနံ = စားဖွယ်, သောက်ဖွယ် အသွယ်သွယ်ကို၎င်း။ နာနာပ္ပကာရာနိ = ထိုမှတပါး အထူးထူး အပြားပြားကုန်သော။

၂၀၈

ပစ္စယာနိ စ = ပစ္စည်းတို့ကို၎င်း။ ဒဒါတိ = သဒ္ဓါပြဋ္ဌာန်း လှူဒါန်းပေ၏။

စတ္တဉ္စ မုတ္တဉ္စ အနဂ္ဂဟီတံ၊

ခေတ္တူပမေ အရဟန္တေ ဝိဒိတွာ။

သော ဒုစ္စဇံ သပ္ပုရိသော စဇိတွာ၊

မနာပဒါယီ လဘတေ မနာပံ။

ယေန = အမှတ်မထင် အကြင်သူသည်။ ခေတ္တူပမေ = လယ်မြေကောင်းနှင့် မစောင်းပုံယူ တူတော်မူကြကုန်သော။ အရဟန္တေ = ရဟန္တာသခင် အရှင်မြတ်တို့ကို။ ဝိဒိတွာ = ပညာသက်ဝင် လင်းလင်းသိမြင်၍။ စတ္တဉ္စ = စွန့်လည်း စွန့်အပ်ပေ၏။ မုတ္တဉ္စ = လွှတ်လည်း လွှတ်အပ်ပေ၏။ အနဂ္ဂဟီတဉ္စ = ငဲ့ကွက်သည့်စိတ် ပိတ်မရှိနဲ စွဲလည်း မစွဲယူအပ်ချေ။ မနာပဒါယီ = နှစ်ခြိုက်ဖွယ် အလှူဝတ်တို့ကို ဖြူဆွတ်သည့်စေတနာ သဒ္ဓါပြဋ္ဌာန်း လှူဒါန်းလေ့ရှိသော။ သော သပ္ပုရိသော = နှလုံးပျော့ပျောင်း ထိုသူတော်ကောင်းသည်။ ဒုစ္စဇံ = သာမန်စိတ်ဇွဲ သဒ္ဓါမွဲတို့ စွန့်ခဲနိုင်သော အလှူဝတ်ကို။ စဇိတွာ = သဒ္ဓါမတွန့် လှူစွန့်၍။ ဝါ- လှူစွန့်သောကြောင့်။ မနာပံ = နှစ်ခြိုက်ဖွယ်အမျိုးမျိုး အလှူ၏အကျိုးကို။ လဘတေ = မုချပိုင်ပိုင် ရယူနိုင်၏။

     မြတ်စွာဘုရားသည် ဥဂ္ဂသူဌေးကို ဤတရားဂါထာတို့ဖြင့် အနုမောဒနာ ပြုတော်မူ၍ နေရာမှထကာ ဖဲကြွတော်မူလေ၏။ (ဤစကားရပ်စုကို ပိဋကတ်တော်မြန်မာပြန် အင်္ဂုတ္တိုရ် ဒုတိယအုပ် စာမျက်နှာ ၅၃-၄-၅၊ မနာပဒါယီသုတ်မှ ထုတ်နုတ်ဖော်ပြအပ်သည်)။

     ဥဂ္ဂသူဌေးသည် မြတ်စွာဘုရားရှင်ကို ထိုအလှူပွဲ၌ပင် “မြတ်စွာဘုရား.. ‘မနာပဒါယီ လဘတေ မနာပံ = နှစ်ခြိုက်ဖွယ်ဝတ္ထုကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ်အကျိုးကို ရ၏’ဟူသော တရားစကားတော်ကို အကျွန်ုပ်သည် မြတ်စွာဘုရား မျက်မှောက်တော်မှ

၂၀၉

ကြားနာရဘူး, ခံယူရဘူးပါသည်။ မြတ်စွာဘုရား.. အကျွန်ုပ်၏ ဥစ္စာဖြစ်သည့် နှစ်ခြိုက်ဖွယ်ရာ အကြင်အကြင် ဝတ္ထုပစ္စည်းသည် ရှိပါ၏၊ ထိုထိုဝတ္ထုပစ္စည်းကို အကျွန်ုပ်သည် မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာအား လှူဒါန်းအပ်ပြီးသာလျှင် ဖြစ်ပါတော့သည်”ဟု အသိပေး လျှောက်ထားပြီးလျှင် ထိုအချိန်မှစ၍ မိမိပိုင် နှစ်ခြိုက်ဖွယ်ရာ ထိုထိုအလှူဝတ်များကို မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာအား မပြတ်လှူဒါန်းလေ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     ဤအကြောင်းကြောင့်ပင် မြတ်စွာဘုရားသည် နောက်အဖို့ဝယ် ဇေတဝန် ကျောင်းတိုက်တော်၌ နေတော်မူလျက် ဥပါသကာတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူး၌ ထားတော်မူသည်ရှိသော် ဤဥဂ္ဂသူဌေးကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဥပါသကာနံ မနာပဒါယကာနံ ယဒိဒံ ဥဂ္ဂေါ ဂဟပတိ ဝေသာလိကော = ရဟန်းတို့.. နှစ်သက်ဖွယ်သော (=နှစ်ခြိုက်ဖွယ်)ဝတ္ထုကို လှူလေ့ရှိကြသည့် ငါဘုရား၏ တပည့် = သာဝက ဥပါသကာတို့တွင် ဝေသာလီပြည်သား ဥဂ္ဂသူဌေးသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “မနာပဒါန = နှစ်ခြိုက်ဖွယ်သော ဝတ္ထုကို လှူဒါန်းသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဥဂ္ဂသူဌေး၏ ဘဝအလား

     ထို့နောက် အခါတပါး၌ ဝေသာလီပြည်သား ဥဂ္ဂသူဌေးသည် ကွယ်လွန်လေ၏။ ကွယ်လွန်ပြီးသောအခါ ဥဂ္ဂသူဌေးသည် တခုသော သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံ၌ ဖြစ်လေ၏။ ထိုစဉ်အခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူဆဲဖြစ်၏။ ထိုအခါ သန်းခေါင်ယံ၌ အလွန် နှစ်သက်ဖွယ်သော အဆင်းရှိလျက် ဇေတဝန် ကျောင်းတိုက်အလုံးကို

၂၁၀

ထိန်လင်း တောက်ပစေကာ ဥဂ္ဂဗြဟ္မာသည် မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်၍ ရိုသေမြတ်နိုး ရှိခိုးဦးညွှတ်ပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ရပ်တည်နေလေ၏။ ထိုဥဂ္ဂဗြဟ္မာကို မြတ်စွာဘုရားသည်-

“ဥဂ္ဂ.. အသို့နည်း (=ဘယ့်နှယ်လဲ) သင့်အဖို့ရာ အလိုအတိုင်း ပြည့်စုံ၏လော”–

ဟု မေးတော်မူလေ၏။ ဥဂ္ဂဗြဟ္မာသည် မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. တပည့်တော်၏ အဖို့ရာ စင်စစ် အလိုအတိုင်း ပြည့်စုံပါ၏”-

ဟု ပြန်လည်ဖြေကြား လျှောက်ထားလေ၏။

(ဤ၌ “အဘယ်ကို မေး၍ အဘယ်ကို ဖြေသနည်း”ဟု မေးရန်ရှိ၏။ အဖြေကား- အရဟတ္တဖိုလ်ကို မေး၍ အရဟတ္တဖိုလ်ကို ဖြေ၏ဟု မှတ်ယူရာ၏။ ထင်ရှားစေဦးအံ့- ဥဂ္ဂဗြဟ္မာ၏အဖို့ရာ လူဖြစ်စဉ်အခါ၌ အရဟတ္တဖိုလ်ကို ရရှိရန် အလိုဆန္ဒ ပြင်းပြစွာ ဖြစ်ရှိလေသည်။ ထို့ကြောင့် ထိုအရဟတ္တဖိုလ်ကို ရည်တော်မူ၍ “သင့်အဖို့ရာ အလိုအတိုင်း ပြည့်စုံ၏လော”ဟု မေးတော်မူလေသည်။ ဥဂ္ဂဗြဟ္မာသည်လည်း ထိုအချိန်ဝယ် အရဟတ္တဖိုလ်သို့ ရောက်ရှိပြီးဖြစ်သောကြောင့် ထိုအရဟတ္တဖိုလ်ကို ရည်ရွယ်၍ “တပည့်တော်၏အဖို့ရာ စင်စစ် အလိုအတိုင်း ပြည့်စုံပါ၏”ဟု ဖြေကြားလေသည်)။

     ထို့နောက် မြတ်စွာဘုရားသည် ဥဂ္ဂဗြဟ္မာကို ဤဆိုလတ္တံ့သော နှစ်ဂါထာတို့ဖြင့် တရားဟောတော်မူလေ၏-

မနာပဒါယီ လဘတေ မနာပံ၊

အဂ္ဂဿ ဒါတာ လဘတေ ပုနဂ္ဂံ။

ဝရဿ ဒါတာ ဝရလာဘိ ဟောတိ၊

သေဋ္ဌန္ဒဒေါ သေဋ္ဌမုပေတိ ဌာနံ။

နှစ်ခြိုက်ဖွယ်ကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ်ကို ရ၏၊ မွန်မြတ်သည်ကို ပေးလှူသူသည် တဖန် မွန်မြတ်သည်ကို ရ၏၊

၂၁၁

တောင့်တအပ်သည်ကို ပေးလှူသူသည် တောင့်တအပ်သည်ကို ရ၏၊

ချီးမွမ်းအပ်သည်ကို ပေးလှူသူသည် ချီးမွမ်းအပ်သည့် ဌာနသို့ ရောက်၏။

ယော အဂ္ဂဒါယီ ဝရဒါယီ၊

သေဋ္ဌဒါယီ စ ယော နရော။

ဒီဃာယု ယသဝါ ဟောတိ၊

ယတ္ထ ယတ္ထူပပဇ္ဇတိ။

အကြင်သူသည် အထွတ်အမြတ် ဝတ္ထုပစ္စည်းကို ပေးလှူလေ့ရှိ၏၊ တောင့်တအပ်သော ဝတ္ထုပစ္စည်းကို ပေးလှူလေ့ရှိ၏၊ အကြင်သူသည် ချီးမွမ်းအပ်သော ဝတ္ထုပစ္စည်းကို ပေးလှူလေ့ရှိ၏၊ ထိုသူသည် ဖြစ်လေရာရာ ဘုံဘဝ၌ အသက်ရှည်သူ အခြံအရံများသူ ဖြစ်ရ၏။

ဤကား ဥဂ္ဂသူဌေးအကြောင်းတည်း။

**********

(၇) ဥဂ္ဂတသူဌေးအကြောင်း

(က) သူဌေး၏ ရှေးကောင်းမှု

     ဤဥဂ္ဂတသူဌေးအလောင်း သူတော်ကောင်းသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော် အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသား ဖြစ်လတ်၍ နောက်အဖို့ဝယ် မြတ်စွာဘုရား၏ တရားစကားကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ဥပါသကာတယောက်ကို “သံဃုပဋ္ဌာန = ရဟန်းသံဃာအား စိတ်တူမျှစွာ ထား၍ ပြုစုလုပ်ကျွေးသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုရာထူးဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေသည်။ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။

၂၁၂

(ခ) နောက်ဆုံးဘဝ ဥဂ္ဂတသူဌေးဖြစ်ခြင်း

     ထိုသူတော်ကောင်း အမျိုးကောင်းသားသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည် ကျက်စားခဲ့၍ ဤဘုရားမြတ်စွာ ပွင့်ထွန်းတော်မူရာ ကာလဝယ် ဟတ္ထိဂါမအရပ်၌ သူဌေးမျိုးဝယ် ဖြစ်လာလေ၏။ ထိုသူဌေးသား၏ အမည်ကို “ဥဂ္ဂတသတို့သား”ဟူ၍ မှည့်ခေါ်ကြကုန်၏။ ထိုဥဂ္ဂတသူဌေးသားသည် အရွယ်ရောက်သည့် နောက်အဖို့၀ယ် ဖခင်သူဌေး ကွယ်လွန်သောအခါ၌ သူဌေးအရာသို့ ဆိုက်ရောက်လေ၏။

     ထိုအခါ မြတ်စွာဘုရားသည် ရဟန်းသံဃာအပေါင်း ခြံရံအပ်လျက် ခရီးဒေသစာရီ ကြွချီတော်မူလတ်သော် ဟတ္ထိဂါမအရပ်သို့ ရောက်တော်မူ၍ နာဂဝနမည်သော ဥယျာဉ်၌ သီတင်းသုံး နေထိုင်တော်မူဆဲဖြစ်၏။ ထိုအခါ ဥဂ္ဂတသူဌေးသည် ခုနစ်ရက်ပတ်လုံး သေသောက်ကြူး ယစ်မူးလျက် ကခြေသည်တို့ဖြင့် ခြံရံအပ်ကာ နာဂဝနဥယျာဉ်သို့ သွားရောက်၍ မြူးထူးပျော်ပါး ကစားလတ်သည်ရှိသော် မြတ်စွာဘုရားရှင်ကို ဖူးတွေ့ရ၍ အားကြီးသော အရှက်,အကြောက်ကို ဖြစ်စေလေ၏။ ထို့နောက် မြတ်စွာဘုရားရှင်ထံတော်သို့ သွားရောက် ဆည်းကပ်လေလျှင် ထိုဥဂ္ဂတသူဌေး၏ သေယစ်မူးမှု အလုံးစုံသည် ချုပ်ငြိမ်းလေတော့၏။ ဥဂ္ဂတသူဌေးသည် မြတ်စွာဘုရားကို ရိုသေစွာရှိခိုး၍ အပြစ်လွတ်ရာအရပ်၌ ထိုင်နေလေ၏။ ထိုအခါ ဥဂ္ဂတသူဌေးအား မြတ်စွာဘုရားသည် တရားဟောတော်မူ၏။ ဒေသနာနိဂုံး ဆုံးသောအခါ ဥဂ္ဂတသူဌေးသည် အောက်မဂ်,အောက်ဖိုလ် သုံးပါးတို့သို့ ဆိုက်ရောက်လေ၏ (=အနာဂါမ်အရိယာ ဖြစ်လေ၏)။

     ဥဂ္ဂတသူဌေးသည် ထိုအချိန်မှစ၍ ကခြေသည် မိန်းမရွှင်တို့ကို “သင်တို့သည် အလိုရှိတိုင်း ချမ်းသာစွာ သွားကြကုန်လော့”ဟု ပြောဆို စွန့်လွှတ်လိုက်၍ အလှူပေးရခြင်း၌သာ မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်သူဖြစ်လျက် ရဟန်းသံဃာအား အလှူဒါနကိုသာလျှင် ပေးလှူ၍ နေလေတော့၏။ နတ်တို့သည် ညဉ့်အချိန်ပိုင်း၏ အခြားမဲ့ကာလ၌ လာရောက်ကြ၍ ဥဂ္ဂတသူဌေးအား

၂၁၃

“သူဌေး.. ဤမည်သော ရဟန်းသည် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသည့် တေဝိဇ္ဇရဟန္တာဖြစ်၏၊ ဤမည်သော ရဟန်းသည် အဘိညာဏ်ခြောက်ပါးနှင့် ပြည့်စုံသည့် ဆဠဘိညရဟန္တာဖြစ်၏၊ ဤမည်သောရဟန်းသည် သီလရှိ၏၊ ဤမည်သော ရဟန်းသည် သီလမရှိ = ဒုဿီလပုဂ္ဂိုလ်ဖြစ်၏”ဟု ပြောကြားကြကုန်၏။ ဥဂ္ဂတသူဌေးသည် နတ်တို့၏စကားကို ကြားရ၍လည်း (ဒုဿီလပုဂ္ဂိုလ်တို့အတွက်နှင့် သဒ္ဓါတရား ပျက်စီးခြင်းမရှိပဲ) သီလဝန္တရဟန်းသံဃာ အရိယာအရှင်မြတ်တို့၏ ဂုဏ်ကျေးဇူးကိုသာ အမှန်အတိုင်း သိမှတ်အာရုံပြု ကြည်ညိုလေသည်။ (ဒုဿီလပုဂ္ဂိုလ်တို့၏ အပြစ်ကိုမူ အာရုံမပြုချေ၊ အတုယူဖွယ် ကောင်းလှ၏)။ လှူဖွယ်ဝတ္ထု ပစ္စည်းကိုကား သီလဝန္တပုဂ္ဂိုလ်, ဒုဿီလပုဂ္ဂိုလ် = နှစ်မျိုးလုံးအားပင် တူမျှသော သဒ္ဓါစိတ်ဖြင့် လှူဒါန်းလေသည်။ မြတ်စွာဘုရားရှင်၏ အနီးထံပါး၌ ထိုင်နေလျှင်လည်း (ဒုဿီလပုဂ္ဂိုလ်တို့၏ အပြစ်ကို လုံးဝ မလျှောက်ထား မပြောကြားပဲ) သီလဝန္တ အရှင်မြတ်တို့၏ ဂုဏ်ကျေးဇူးကိုသာလျှင် ချီးမွမ်းစကား လျှောက်ထားလေသည်။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     ထို့ကြောင့်ပင် မြတ်စွာဘုရားရှင်သည် နောက်အဖို့ဝယ် ဇေတဝန် ကျောင်းတိုက်တော်၌ နေတော်မူလျက် ဥပါသကာတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူး၌ ထားတော်မူသည်ရှိသော် ဥဂ္ဂတသူဌေးကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဥပါသကာနံ သံဃုပဋ္ဌာကာနံ ယဒိဒံ ဟတ္ထိဂါမကော ဥဂ္ဂတော ဂဟပတိ = ရဟန်းတို့.. သံဃာအား စိတ်တူမျှစွာထား၍ ပြုစုလုပ်ကျွေးကြသော ငါဘုရား၏ တပည့် = သာဝက ဥပါသကာတို့တွင် ဟတ္ထိဂါမအရပ်သား (ဆင်ရွာသား) ဥဂ္ဂတသူဌေးသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”—

၂၁၄

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “သံဃုပဋ္ဌာန = သံဃာတော်အား စိတ်တူမျှစွာထား၍ ပြုစုလုပ်ကျွေးသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

အထူးမှတ်ရန်-

(ဤဥဂ္ဂတသူဌေး၏ နေရပ်ဖြစ်သည့် ဟတ္ထိဂါမအရပ် (ဆင်ရွာ)ကား ဝဇ္ဇီတိုင်း၌ ရှိလေသည်။ ဤယခု (၇) အမှတ်ပါ ဟတ္ထိဂါမအရပ်သား ဥဂ္ဂတသူဌေးနှင့် ရှေး (၆)အမှတ်ပါ ဝေသာလီပြည်သား ဥဂ္ဂသူဌေး- ဤနှစ်ဦးတို့သည် အံ့ဖွယ်ရှစ်ပါးစီရှိကြသော ပုဂ္ဂိုလ်ထူးများ ဖြစ်ကြသည်။ အကြောင်းအရာ အကျယ်ကို ပိဋကတ်တော် မြန်မာပြန် အင်္ဂုတ္တိုရ် တတိယအုပ် အဋ္ဌကနိပါတ် ပဌမပဏ္ဏာသက ၃-ဂဟပတိဝဂ် ပဌမသုတ် ဒုတိယသုတ် စာမျက်နှာ (၄၇)မှစ၍ ကြည့်ရှုမှတ်ယူကုန်ရာ၏။ ဤကျမ်း၌မူ အကျဉ်းချုပ်မျှ ဖော်ပြပေအံ့-

(၆)အမှတ်ပါ ဥဂ္ဂသူဌေး၏ အံ့ဖွယ်ရှစ်ပါး

အခါတပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရသာလာ ကျောင်းတိုက်တော်၌ သီတင်းသုံး နေတော်မူစဉ် ရဟန်းတော်တို့ကို “ရဟန်းတို့.. ဝေသာလီပြည်သား ဥဂ္ဂသူဌေးကို အံ့ဖွယ်တရား ရှစ်ပါးတို့နှင့် ပြည့်စုံသောသူဟူ၍ မှတ်ယူကြကုန်လော့”ဟု အကျဉ်းမျှ မိန့်တော်မူပြီးလျှင် ကျောင်းတွင်း (ဂန္ဓကုဋီ ကျောင်းအတွင်း)သို့ ဝင်တော်မူလေ၏။

ထို့နောက် ရဟန်းတပါးသည် နံနက်အခါ ဥဂ္ဂသူဌေး၏ နေအိမ်သို့ ကြွရောက်၍ အသင့်ခင်းထားအပ်သောနေရာ၌ ထိုင်နေလေ၏။ (ဥဂ္ဂသူဌေးအိမ်၌ ရဟန်းငါးရာ ထိုင်နေနိုင်ရန် နေရာငါးရာ အမြဲခင်းထားပြီး ရှိလေသည်။ ထို့နောက် ထိုရဟန်းသည် မိမိထံမှောက်သို့ လာရောက်ရှိခိုးကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေသော ဥဂ္ဂသူဌေးကို “သူဌေး.. သင့်ကို မြတ်စွာဘုရားရှင်က အံ့ဖွယ်ရှစ်ပါးတို့နှင့် ပြည့်စုံသူဟူ၍ မိန့် ကြားတော်မူအပ်ပြီ၊ သူဌေး.. သင့်ကို မြတ်စွာဘုရားရှင်က အံ့ဖွယ်ရှစ်ပါးတို့နှင့် ပြည့်စုံသူဟူ၍ မိန့်ကြားတော်မူအပ်သည့် ထိုအံ့ဖွယ်ရှစ်ပါး တရားတို့ကား အဘယ်တရားတို့ပါနည်း”ဟု မေးမြန်းလေ၏။

ဥဂ္ဂသူဌေးက “အရှင်ဘုရား.. ‘အဘယ်မည်သော အံ့ဖွယ်ရှစ်မျိုးတို့နှင့် တပည့်တော် ပြည့်စုံ၏’ဟု မြတ်စွာဘုရား မိန့်ကြားတော်မူသည်ကိုမူ

၂၁၅

တပည့်တော် မသိပါ၊ စင်စစ်သော်ကား အရှင်ဘုရား.. တပည့်တော်၏အဖို့ရာ အံ့ဖွယ်ရှစ်ပါးတို့ ရှိကြပါသည်၊ ထိုအံ့ဖွယ်ရှစ်ပါးတို့ကို နာတော်မူပါ၊ ကောင်းစွာ နှလုံးသွင်းတော်မူပါ၊ တပည့်တော် လျှောက်ထားပါမည်”ဟု ဆိုလေလျှင် ထိုရဟန်းသည် “ကောင်းပြီ သူဌေး..”ဟူ၍ ဝန်ခံလေ၏။ ထိုအခါ ဥဂ္ဂသူဌေးသည် ထိုရဟန်းကို ဤသို့ လျှောက်ထားလေ၏-

(၁) အရှင်ဘုရား.. တပည့်တော်သည် မြတ်စွာဘုရားကို ရှေးဦးပဌမ အဝေးမှပင် ဖူးမြင်လိုက်ရသည်နှင့် တပြိုင်နက် တပည့်တော်၏ စိတ်သည် မြတ်စွာဘုရား၏အပေါ်၌ အကြွင်းမဲ့ ယုံကြည်ကြည်ညို၍ သွားပါသည်။ (ဘုရား ဟုတ်လေ‌သော, မဟုတ်လေသလော-ဟု တွေးတောကြံစည်ခြင်း အလျှင်းမဖြစ်ပါ၊ ဤသူမြတ်သည် ဘုရားစင်စစ် ဧကန်ဖြစ်၏-ဟု တပည့်တော်၏စိတ်သည် အလွန်ကြည်ညို၍ သွားပါသည်။ နောက်ကျုခြင်း အလျှင်းမရှိပါ)။ အရှင်ဘုရား.. တပည့်တော်၏ အဖို့ရာ “မြတ်စွာဘုရားကို ဖူးတွေ့ရသည်နှင့် တပြိုင်နက်ပင် ဘုရားရှင်၏ အပေါ်၌ အကြွင်းမဲ့ ယုံကြည် ကြည်ညိုခြင်း” တည်းဟူသော ဤပဌမအံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။

(၂) အရှင်ဘုရား.. တပည့်တော်သည် သဒ္ဓါရွှန်းစို ကြည်ညိုသော စိတ်ရှိလျက် မြတ်စွာဘုရားသို့ ဆည်းကပ်ပါသည်၊ တပည့်တော်အား မြတ်စွာဘုရားသည် မဂ်ဖိုလ်ရောက်ကြောင်း ကောင်းမြတ်သောတရား လမ်းစဉ်ဖြစ်သည့် (၁) ဒါနကထာ = ဒါနနှင့်စပ်သော တရားစကား, (၂) သီလကထာ = သီလနှင့်စပ်သော တရားစကား, (၃) သဂ္ဂကထာ = နတ်ရွာသုဂတိနှင့်စပ်သော တရားစကား, (၄) မဂ္ဂကထာ = မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းကျင့်စဉ်နှင့်စပ်သော တရားစကားတို့ကို အစဉ်အတိုင်း ဟောကြားတော်မူပါသည်။ ထိုသို့ ဟောကြားတော်မူသဖြင့် တပည့်တော်၏အဖို့ရာ ခံ့သောစိတ်ရှိ, နူးညံ့သော စိတ်ရှိ, ပိတ်ပင်ခြင်း နီဝရဏမှကင်းသော စိတ်ရှိ, တက်ကြွဝမ်းမြောက်သော စိတ်ရှိ, ကြည်လင်သော စိတ်ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရားသည် တပည့်တော်အား ဒုက္ခ, သမုဒယ, နိရောဓ, မဂ္ဂဟူသော သစ္စာလေးဝ သာမုက္ကံသိက ဓမ္မဒေသနာကို ဟောကြား ပြသတော်မူပါသည်။ ထိုအခါ တပည့်တော်သည် အနာဂါမိဖိုလ်ရောက် ဓမ္မစက္ခုအသိဉာဏ် ပေါက်ခဲ့ပါသည် = အနာဂါမ်အရိယာ ဖြစ်ခဲ့ပါသည်။ အနာဂါမ်အရိယာ ဖြစ်ပြီးလျှင် လောကုတ္တရာသရဏဂုံ ခံယူ၍ ဗြဟ္မစရိယပဉ္စမကသီလကို ဆောက်တည် ကျင့်သုံးခဲ့ပါသည်။

၂၁၆

(အများဆောက်တည် ကျင့်သုံးနေကျဖြစ်သည့် ရိုးရိုးငါးပါးသီလတွင် “ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ”ဟု ဆောက်တည်သော နေရာဝယ် “အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ”ဟု ဆို၍ ဆောက်တည်ကျင့်သုံးအပ်သော ငါးပါးသီလကို ဗြဟ္မစရိယပဉ္စမကသီလဟူ၍ ခေါ်၏)။ အရှင်ဘုရား.. တပည့်တော်၏ အဖို့ရာ ဤကဲ့သို့ “မြတ်စွာဘုရားရှင်ကို ပဌမအကြိမ် ဖူးတွေ့ တရားနာရ၍ အနာဂါမ်အရိယာ ဖြစ်ရှိကာ လောကုတ္တရာ သရဏဂုံနှင့်တကွ ဗြဟ္မစရိယပဉ္စမကသီလကို ခံယူဆောက်တည် ကျင့်သုံးခြင်း” တည်းဟူသော ဤဒုတိယ အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။

(၃) အရှင်ဘုရား.. တပည့်တော်မှာ ကုမာရီရွယ် နုနယ်ပျိုမျစ်သော မယားလေးယောက်တို့ ရှိကြပါသည်၊ အရှင်ဘုရား.. တပည့်တော်သည် အနာဂါမ်အရိယာ ဖြစ်ပြီးသောအခါ အိမ်သို့ပြန်လာကာ ထိုမယားလေးယောက်တို့ကိုခေါ်၍ “နှမတို့.. ငါသည် ဗြဟ္မစရိယပဉ္စမကသီလကို ဆောက်တည် ကျင့်သုံးအပ်လေပြီ၊ အလိုရှိသော နှမသည် ဤအိမ်၌ပင်လျှင် စည်းစိမ်တို့ကိုလည်း သုံးဆောင်ခံစားလော့၊ ကောင်းမှု ကုသိုလ်တို့ကိုလည်း ပြုလော့၊ ဆွေမျိုးမိဘအိမ်သို့ ပြန်လိုလျှင်လည်း စားသုံးလောက်အောင် ဥစ္စာများကို ယူဆောင်၍ ဆွေမျိုးမိဘအိမ်သို့ ပြန်လော့၊ သို့မဟုတ် ယောက်ျားတပါးကို အလိုရှိကြလျှင်လည်း ‘အဘယ်ယောက်ျားအား သင်တို့ကို ပေးရမည်-ဆိုသည်ကို’ ပြောကြားကြလော့”ဟု ကျယ်ကျယ် ပြန့်ပြန့် ခွင့်ပြုစကား ပြောကြားပါသည်။ အရှင်ဘုရား.. ဤသို့ ပြောဆိုအပ်သော် မယားကြီးသည် “အရှင်.. ကျွန်တော်မကို ဤမည်သော ယောက်ျားအား ပေးစားပါလော့”ဟု ဆို၏၊ အရှင်ဘုရား.. ထိုအခါ တပည့်တော်သည် ထိုယောက်ျားကို ခေါ်စေ၍ လက်ဝဲလက်ဖြင့် မယားကြီးကို ကိုင်လျက်, လက်ျာလက်ဖြင့် ရေကရားကို ကိုင်ပြီးလျှင် ထိုယောက်ျားအား ထိုမယားကြီးကို စွန့်လှူ ပေးစားလိုက်ပါ၏။ အရှင်ဘုရား.. တပည့်တော်သည် ကုမာရီရွယ် နုနယ်ပျိုမျစ်သော မယားကြီးကို ထိုသို့ စွန့်လှူ ပေးစားလိုက်သည်ရှိသော် စိတ်တမျိုး ပြောင်းလွဲဖောက်ပြန်သွားသည်ကို မသိရှိပါ (စိတ်တမျိုး ပြောင်းလွဲဖောက်ပြန်၍ မသွားပါ-ဟု ဆိုလိုသည်)။ အရှင်ဘုရား.. တပည့်တော်၏အဖို့ရာ “မယားကြီးကို ယောက်ျားတပါးအား ပေးစား စွန့်လှူလိုက်ရသော်လည်း စိတ်တမျိုး ပြောင်းလွဲဖောက်ပြန်မှု မရှိခြင်း” တည်းဟူသော ဤတတိယ အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။

၂၁၇

(၄) အရှင်ဘုရား.. တပည့်တော်၏ အိမ်၌ရှိသမျှ စည်းစိမ်ဥစ္စာတို့ကို ကောင်းသော အကျင့်ရှိတော်မူကြသည့် သီလဝန္တပုဂ္ဂိုလ်မြတ်တို့နှင့် မခွဲခြားအပ်ပါကုန်။ (ဤရွေ့ဤမျှကို ငါလှူအံ့၊ ဤရွေ့ဤမျှကိုမူ ငါမလှူ၊ ဤဝတ္ထုများကို ငါလှူအံ့, ဤဝတ္ထုများကိုမူ ငါမလှူ-ဟူ၍ စိတ်ကိုဖြစ်စေသူသည် မိမိစည်းစိမ်ဥစ္စာတို့ကို သီလဝန္တ ပုဂ္ဂိုလ်မြတ်တို့နှင့် ခွဲခြားအပ်သည် မည်ကုန်၏။ “တပည့်တော်၏ အဖို့ရာ ထိုကဲ့သို့ စိတ်မဖြစ်ပါ၊ စင်စစ်သော်ကား တပည့်တော်၏ စည်းစိမ်ဥစ္စာ ရှိသမျှတို့သည် သံဃိက (သံဃပစ္စည်း) ဥစ္စာတို့ကဲ့သို့၎င်း, ဂဏသန္တက (ဂိုဏ်း၏ပစ္စည်း) ဥစ္စာတို့ကဲ့သို့၎င်း သီလဝန္တပုဂ္ဂိုလ်မြတ်တို့နှင့် ဆက်ဆံကုန်၏ = သက်ဆိုင်ကုန်၏ဟူ၍သာ စိတ်ထားပါသည်)။ အရှင်ဘုရား.. တပည့်တော်၏ အဖို့ရာ ယင်းကဲ့သို့ “မိမိ၏ စည်းစိမ်ဥစ္စာ ရှိသမျှတို့ကို သီလဝန္တပုဂ္ဂိုလ်မြတ်တို့နှင့် မခွဲခြားပဲ ဆက်ဆံကုန်၏ = သက်ဆိုင်ကုန်၏ဟူ၍ စိတ်ထားခြင်း” တည်းဟူသော ဤစတုတ္ထ အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။

(၅) အရှင်ဘုရား.. တပည့်တော်သည် ရဟန်းတော်မြတ် တပါးပါးသို့ ဆည်းကပ်, ပြုစုလျှင် ရိုသေစွာသာလျှင် ဆည်းကပ်, ကိုယ်တိုင်ကိုယ်ကြပ် ပြုစုပါသည်၊ မရိုမသေ မဆည်းကပ် မပြုစုပါ။ အရှင်ဘုရား.. တပည့်တော်၏ အဖို့ရာ ယင်းကဲ့သို့သော “ရဟန်းသူမြတ်တို့ကို ရိုသေစွာ ဆည်းကပ်ပြုစုခြင်း” တည်းဟူသော ဤငါးခုမြောက် အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။

(၆) အရှင်ဘုရား.. ထိုအရှင်က တပည့်တော်အား တရားဟောလျှင် ရိုသေစွာသာလျှင် တရားနာပါ၏။ မရိုမသေ မနာပါ။ အကယ်၍ ထိုအရှင်က တပည့်တော်အား တရားမဟောလျှင် တပည့်တော်သည် ထိုအရှင်အား တရားဟောပါ၏။ အရှင်ဘုရား.. တပည့်တော်၏ အဖို့ရာ ယင်းကဲ့သို့ “ရဟန်းသူမြတ်က တရားဟောလျှင် ရိုသေစွာ နာယူခြင်း, ရဟန်းသူမြတ်က တရားမဟောလျှင် မိမိက တရားဟောခြင်း” တည်းဟူသော ဤခြောက်ခုမြောက် အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။

(၇) အရှင်ဘုရား.. တပည့်တော်ကို နတ်တို့က ချဉ်းကပ်၍ “သူဌေး.. မြတ်စွာဘုရားသည် တရားတော်ကို စ,လယ်,အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံစွာ ဟောကြားတော်မူအပ်ပါပေ၏”ဟု ပြောလာကြပါသည်။ အရှင်ဘုရား.. ဤသို့ ပြောလာကြသည်ရှိသော် တပည့်တော်သည် ထိုနတ်တို့ကို “သင်နတ်တို့က ဤသို့

၂၁၈

ပြောကြသည်ဖြစ်စေ, မပြောကြသည်ဖြစ်စေ (=ပြောပြော, မပြောမပြော) စင်စစ်သော်ကား မြတ်စွာဘုရားသည် တရားတော်ကို စ,လယ်,အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံစွာ ဟောကြားတော်မူ အပ်ပေ၏”ဟု ဤသို့ ပြန်လည်ပြောဆိုပါသည်။ ဤသို့ တပည့်တော်ကို နတ်တို့က ချဉ်းကပ်၍ ပြောလာ ကြခြင်းသည် အံ့ဖွယ်မဟုတ်ပါ။ အရှင်ဘုရား.. ထိုသို့ နတ်တို့ မိမိထံ ချဉ်းကပ်လာခြင်း, နတ်တို့နှင့် အတူတကွ စကားပြောရခြင်းဟူသော အကြောင်းကြောင့် “ငါ့ထံသို့ နတ်တို့ ချဉ်းကပ်ကုန်၏” ဟူ၍၎င်း, “ငါသည် နတ်တို့နှင့် အတူတကွ စကားပြောရ၏” ဟူ၍၎င်း စိတ်၏ တက်ကြွမှုကို တပည့်တော် မသိစဘူးပါ (=စိတ်မတက်ကြွစဘူးပါ)။ အရှင်ဘုရား.. တပည့်တော်၏အဖို့ရာ ယင်းကဲ့သို့ “ငါ့ထံသို့ နတ်တို့ ချဉ်းကပ်ကုန်၏, ငါသည် နတ်တို့နှင့် အတူတကွ စကားပြောရ၏-ဟု စိတ်မတက်ကြွခြင်း” တည်းဟူသော ဤခုနစ်ခုမြောက် အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။

(၈) အရှင်ဘုရား.. တပည့်တော်သည် မြတ်စွာဘုရား ဟောတော်မူအပ်သည့် အောက် (ကာမ)ဘုံသို့ ဆွဲဆောင်တတ်သော ဩရမ္ဘာဂိယသံယောဇဉ် ငါးမျိုးတို့တွင် မိမိ၌ မပယ်အပ်သေးသည့် တစုံတခုသော သံယောဇဉ်ကိုမျှ မတွေ့မြင်ပါ။ (ဤစကားရပ်ဖြင့် မိမိ၏ အနာဂါမ်အရိယာဖြစ်ကြောင်းကို ဖော်ပြသည်)။ အရှင်ဘုရား.. တပည့်တော်၏ အဖို့ရာ အနာဂါမ်အရိယာဖြစ်ခြင်း” တည်းဟူသော ဤရှစ်ခုမြောက် အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။

အရှင်ဘုရား.. တပည့်တော်၏ အဖို့ရာ ဤအံ့ဖွယ်တရား ရှစ်ပါးတို့ ထင်ရှားရှိကြပါသည်။ “အဘယ်မည်သော အံ့ဖွယ်ရှစ်မျိုးတို့နှင့် တပည့်တော် ပြည့်စုံ၏”ဟု မြတ်စွာဘုရား မိန့်ကြားတော်မူသည်ကိုကား တပည့်တော် မသိပါ-ဟု ဤကဲ့သို့ လျှောက်ထားလေ၏။

ထို့နောက် ထိုရဟန်းသည် ဥဂ္ဂသူဌေးအိမ်မှ ဆွမ်းခံခဲ့၍ နေရာမှ ဖဲသွားခဲ့ကာ ဆွမ်းစားပြီးနောက် မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက်ရှိခိုး၍ အပြစ်လွတ်ရာအရပ်၌ ထိုင်နေလျက် မိမိနှင့် ဥဂ္ဂသူဌေးတို့ မေးဖြေ = ပြောဆိုခဲ့သမျှ စကားအလုံးစုံကို မြတ်စွာဘုရားအား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းကို-

“ရဟန်း.. ကောင်းစွာ့ ကောင်းစွာ့၊ ကောင်းစွာဖြေကြား ပြောဆိုလိုသူသည် ဥဂ္ဂသူဌေး ပြောကြားသည့်အတိုင်း ဖြေကြားပြောဆိုရာ၏။

၂၁၉

ရဟန်း.. ဥဂ္ဂသူဌေးကို သူဖြေကြားသည့် အံ့ဖွယ်ရှစ်ပါးတို့နှင့် ပြည့်စုံ၏ဟု ငါဘုရား မိန့်ကြားအပ်ပေ၏။ ရဟန်း.. ဥဂ္ဂသူဌေးကို သူဖြေကြားသည့် အံ့ဖွယ်ရှစ်ပါးတို့နှင့် ပြည့်စုံသူဟူ၍ မှတ်ယူလေလော့”ဟု မိန့်တော်မူ၏။ ။(ဤကား ဥဂ္ဂသူဌေး၏ အံ့ဖွယ်ရှစ်ပါးတို့တည်း)။

(၇)အမှတ်ပါ ဥဂ္ဂတသူဌေး၏ အံ့ဖွယ်ရှစ်ပါး

အခါတပါး၌ မြတ်စွာဘုရားသည် ဝဇ္ဇီတိုင်း ဟတ္ထိဂါမအရပ် (ဆင်ရွာ)၌ သီတင်းသုံး နေတော်မူစဉ် ရဟန်းတော်တို့ကို “ရဟန်းတို့.. ဟတ္ထိရွာသား (=ဆင်ရွာသား) ဥဂ္ဂတသူဌေးကို အံ့ဖွယ်တရား ရှစ်ပါးတို့နှင့် ပြည့်စုံသောသူဟူ၍ မှတ်ယူကြကုန်လော့”ဟု အကျဉ်းမျှ မိန့်တော်မူပြီးလျှင် ကျောင်းတွင်းသို့ ဝင်တော်မူလေ၏။

ထို့နောက် ရဟန်းတပါးသည် ရှေးနည်းအတူ နံနက်အခါ ဥဂ္ဂတသူဌေးနေအိမ်သို့ ကြွရောက်၍ ဥဂ္ဂတသူဌေးကို ရှေးဖော်ပြရာပါ ရဟန်းအတူ မေးလေ၏။ ဥဂ္ဂတသူဌေးက ရှေးဥဂ္ဂသူဌေးနည်းတူ လျှောက်ထား၍ မိမိ၏ အံ့ဖွယ်ရှစ်ပါးကို ဖြေကြား လျှောက်ဆိုသည်မှာ-

“(၁) အရှင်ဘုရား.. တပည့်တော်သည် မိမိပိုင်သည့် နာဂဝနဥယျာဉ် (=ကံ့ကော်တော ဥယျာဉ်)၌ အာရုံငါးပါး လိုက်စားမူးမိုက် ပျော်ပိုက်နေစဉ် မြတ်စွာဘုရားကို ရှေးဦးအစ အဝေးမှပင် ဖူးမြင်လိုက်ရသည်နှင့် တပြိုင်နက် တပည့်တော်၏စိတ်သည် မြတ်စွာဘုရား၏ အပေါ်၌ အကြွင်းမဲ့ ယုံကြည် ကြည်ညို၍ သွားပါသည်၊ သေယစ်မူးမှုသည်လည်း ချုပ်ငြိမ်း၍သွားပါသည်။ အရှင်ဘုရား.. တပည့်တော်၏ အဖို့ရာ “မြတ်စွာဘုရားကို ဖူးတွေ့ရသည်နှင့် တပြိုင်နက်ပင် ဘုရားရှင်၏ အပေါ်၌ အကြွင်းမဲ့ ယုံကြည် ကြည်ညိုခြင်း, သေယစ်မူးမှု ချုပ်ငြိမ်းခြင်း” တည်းဟူသော ဤပဌမအံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။

(၂) အရှင်ဘုရား.. တပည့်တော်သည် သဒ္ဓါရွှန်းစို ကြည်ညိုသော စိတ်ရှိလျက် မြတ်စွာဘုရားသို့ ဆည်းကပ်ပါသည်၊ တပည့်တော်အား မြတ်စွာဘုရားသည် မဂ်ဖိုလ်ရောက်ကြောင်း ကောင်းမြတ်သော တရား လမ်းစဉ်ဖြစ်သည့် (၁) ဒါနကထာ, (၂) သီလကထာ, (၃) သဂ္ဂကထာ, (၄) မဂ္ဂကထာတို့ကို အစဉ်အတိုင်း ဟောကြားတော်မူပါသည်၊ ထိုသို့ ဟောကြားတော်မူသဖြင့် တပည့်တော်၏အဖို့ရာ ခံ့သော စိတ်ရှိ, နူးညံ့သော စိတ်ရှိ, ပိတ်ပင်ခြင်း နီဝရဏမှကင်းသော စိတ်ရှိ, တက်ကြွ ဝမ်းမြောက်သော စိတ်ရှိ, ကြည်လင်သော စိတ်ရှိသည်ကို

၂၂၀

သိတော်မူသောအခါ မြတ်စွာဘုရားသည် တပည့်တော်အား ဒုက္ခ, သမုဒယ, နိရောဓ, မဂ္ဂဟူသော သစ္စာလေးဝ သာမုက္ကံသိက ဓမ္မဒေသနာကို ဟောကြား ပြသတော်မူပါသည်။ ထိုအခါ တပည့်တော်သည် အနာဂါမိဖိုလ်ရောက် ဓမ္မစက္ခုအသိဉာဏ် ပေါက်ခဲ့ပါသည် = အနာဂါမ်အရိယာ ဖြစ်ခဲ့ပါသည်။ အနာဂါမ်အရိယာ ဖြစ်ပြီးလျှင် လောကုတ္တရာသရဏဂုံ ခံယူ၍ ဗြဟ္မစရိယပဉ္စမကသီလကို ဆောက်တည် ကျင့်သုံးခဲ့ပါသည်။ အရှင်ဘုရား.. တပည့်တော်၏ အဖို့ရာ ဤကဲ့သို့ “မြတ်စွာဘုရားရှင်ကို ပဌမအကြိမ် ဖူးတွေ့တရားနာရ၍ အနာဂါမ်အရိယာဖြစ်ရှိကာ လောကုတ္တရာ သရဏဂုံနှင့်တကွ ဗြဟ္မစရိယ ပဉ္စမကသီလကို ခံယူဆောက်တည် ကျင့်သုံးခြင်း” တည်းဟူသော ဤဒုတိယ အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။

(၃) အရှင်ဘုရား.. တပည့်တော်မှာ ကုမာရီအရွယ် နုနယ်ပျိုမျစ်သော မယားလေးယောက်တို့ ရှိကြပါသည်။ အရှင်ဘုရား.. တပည့်တော်သည် အနာဂါမ်အရိယာ ဖြစ်ပြီးသောအခါ အိမ်သို့ပြန်လာကာ ထိုမယား လေးယောက်တို့ကို ခေါ်၍ “နှမတို့.. ငါသည် ဗြဟ္မစရိယ ပဉ္စမကသီလကို ဆောက်တည် ကျင့်သုံးအပ်လေပြီ၊ အလိုရှိသော နှမသည် ဤ အိမ်၌ပင်လျှင် စည်းစိမ်တို့ကိုလည်း သုံးဆောင်ခံစားလော့၊ ကောင်းမှု ကုသိုလ်တို့ကိုလည်း ပြုလော့၊ ဆွေမျိုးမိဘအိမ်သို့ ပြန်လိုလျှင်လည်း စားသုံးလောက်အောင် ဥစ္စာများကို ယူဆောင်၍ ဆွေမျိုးမိဘအိမ်သို့ ပြန်လော့၊ သို့မဟုတ် ယောက်ျားတပါးကို အလိုရှိကြလျှင်လည်း ‘အဘယ် ယောက်ျားအား သင်တို့ကို ပေးရမည်ဆိုသည်ကို’ ပြောကြားကြလော့”ဟု ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပြုစကား ပြောကြားပါသည်။ အရှင်ဘုရား.. ဤသို့ ပြောဆိုအပ်သော် မယားကြီးသည် “အရှင်.. ကျွန်တော်မကို ဤမည်သော ယောက်ျားအား ပေးစားပါလော့”ဟု ဆို၏။ အရှင်ဘုရား.. ထိုအခါ တပည့်တော်သည် ထိုယောက်ျားကို ခေါ်စေ၍ လက်ဝဲလက်ဖြင့် မယားကြီးကို ကိုင်လျက် လက်ျာလက်ဖြင့် ရေကရားကို ကိုင်ပြီးလျှင် ထိုယောက်ျားအား ထိုမယားကြီးကို စွန့်လှူ ပေးစားလိုက်ပါ၏။ အရှင်ဘုရား.. တပည့်တော်သည် ကုမာရီရွယ် နုနယ်ပျိုမျစ်သော မယားကြီးကို ထိုသို့ စွန့်လှူ ပေးစားလိုက်သည်ရှိသော် စိတ်တမျိုး ပြောင်းလွဲဖောက်ပြန်၍ မသွားပါ။ အရှင်ဘုရား.. တပည့်တော်၏အဖို့ရာ “မယားကြီးကို ယောက်ျားတပါးအား ပေးစား စွန့်လှူလိုက်ရသော်လည်း စိတ်တမျိုး ပြောင်းလွဲဖောက်ပြန်မှု မရှိခြင်း” တည်းဟူသော ဤတတိယ အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။

၂၂၁

(၄) အရှင်ဘုရား.. တပည့်တော်၏အိမ်၌ ရှိသမျှ စည်းစိမ်ဥစ္စာတို့ကို ကောင်းသောအကျင့် ရှိတော်မူကြသည့် သီလဝန္တ ပုဂ္ဂိုလ်မြတ်တို့နှင့် မခွဲခြားအပ်ပါကုန်။ အရှင်ဘုရား.. တပည့်တော်၏ အဖို့ရာ ယင်းကဲ့သို့ “မိမိ၏ စည်းစိမ်ဥစ္စာ ရှိသမျှတို့ကို သီလဝန္တ ပုဂ္ဂိုလ်မြတ်တို့နှင့် မခွဲခြားပဲ ဆက်ဆံကုန်၏ = သက်ဆိုင်ကုန်၏ဟူ၍ စိတ်ထားခြင်း” တည်းဟူသော ဤစတုတ္ထ အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။

(၅) အရှင်ဘုရား.. တပည့်တော်သည် ရဟန်းတော်မြတ် တပါးပါးသို့ ဆည်းကပ်, ပြုစုလျှင် ရိုသေစွာသာလျှင် ဆည်းကပ်, ကိုယ်တိုင်ကိုယ်ကြပ် ပြုစုပါသည်၊ မရိုမသေ မဆည်းမကပ် မပြုစုပါ။ ထိုအရှင်က တပည့်တော်အား တရားဟောလျှင် ရိုသေစွာသာလျှင် တရားနာပါ၏၊ မရိုမသေ မနာပါ၊ အကယ်၍ ထိုအရှင်က တပည့်တော်အား တရားမဟောလျှင် တပည့်တော်သည် ထိုအရှင်အား တရားဟောပါ၏။ အရှင်ဘုရား.. တပည့်တော်၏ အဖို့ရာ ယင်းကဲ့သို့ “ရဟန်းသူမြတ်တို့ကို ရိုသေစွာ ဆည်းကပ်ပြုစုခြင်း, ရဟန်းသူမြတ်က တရားဟောလျှင် ရှိသေစွာ နာယူခြင်း, ရဟန်းသူမြတ်က တရားမဟောလျှင် မိမိက တရားဟောခြင်း” တည်းဟူသော ဤငါးခုမြောက် အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။

(၆) အရှင်ဘုရား.. တပည့်တော်က သံဃာကို ပင့်ဖိတ်အပ်သည်ရှိသော် နတ်တို့သည် ချဉ်းကပ်၍ တပည့်တော်ကို “သူဌေး.. ဤမည်သော ရဟန်းသည် ရူပကာယ, နာမကာယ = နှစ်ပါးစုံမှ လွတ်မြောက်သော = ဥဘတောဘာဂဝိမုတ္တပုဂ္ဂိုလ်တည်း၊ ဤမည်သော ရဟန်းသည် ပညာဖြင့် လွတ်မြောက်သော = ပညာဝိမုတ္တပုဂ္ဂိုလ်တည်း၊ ဤမည်သော ရဟန်းသည် နာမကာယဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းရှိသော = ကာယသက္ခီပုဂ္ဂိုလ်တည်း၊ ဤမည်သော ရဟန်းသည် အထက်မဂ်ဖိုလ်သို့ရောက်သော = ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်တည်း၊ ဤမည်သော ရဟန်းသည် သဒ္ဓါဖြင့် လွတ်မြောက်သော = သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်တည်း၊ ဤမည်သောရဟန်း သည် ပညာတရားဖြင့် အထက်မဂ်သို့ အစဉ်လျောက်သော = ဓမ္မာနုသာရီပုဂ္ဂိုလ်တည်း၊ ဤမည်သောရဟန်းသည် သဒ္ဓါဖြင့် အထက်မဂ်သို့ အစဉ်လျောက်သော = သဒ္ဓါနုသာရီပုဂ္ဂိုလ်တည်း၊ ဤမည်သော ရဟန်းသည် သီလရှိ၏, ကောင်းသောအကျင့်ရှိ၏။ ဤမည်သော ရဟန်းသည် သီလမရှိ, ယုတ်ညံ့သော အကျင့်ရှိ၏”ဟု ပြောလာကြပါကုန်၏။ ထိုသို့ နတ်တို့လာရောက် ပြောကြားခြင်းသည် အံ့ဖွယ်မဟုတ်ပါ။ အရှင်ဘုရား.. တပည့်တော်သည် သံဃာတော်ကို ပြုစုလုပ်ကျွေးသည်ရှိသော် “ဤမည်သော ပုဂ္ဂိုလ်အားမူ ဒုဿီလဖြစ်သည့်အတွက် အနည်းငယ်

၂၂၂

ပေးလှူအံ့၊ ဤမည်သော ပုဂ္ဂိုလ်အားမူ သီလဝန္တဖြစ်သည့်အတွက် များစွာပေးလှူအံ့”ဟု ဤသို့ စိတ်ဖြစ်သည်ကို မသိစဘူးပါ (ထိုသို့သောစိတ်မျိုး မဖြစ်စဘူးပါ)၊ အရှင်ဘုရား.. စင်စစ်သော်ကား တပည့်တော်သည် သီလဝန္တပုဂ္ဂိုလ်, ဒုဿီလပုဂ္ဂိုလ် = နှစ်မျိုးလုံး၌ပင် ညီမျှသော စိတ်ရှိလျက်သာ ပေးလှူပါ၏။ အရှင်ဘုရား.. တပည့်တော်၏အဖို့ရာ ယင်းကဲ့သို့ “သီလဝန္တပုဂ္ဂိုလ်, ဒုဿီလပုဂ္ဂိုလ် = နှစ်မျိုးလုံး၌ပင် ညီမျှသော စိတ်ရှိလျက် ပေးလှူပြုစုခြင်း” တည်းဟူသော ဤခြောက်ခုမြောက် အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။

(၇) အရှင်ဘုရား.. တပည့်တော်ကို နတ်တို့က ချဉ်းကပ်၍ “သူဌေး.. မြတ်စွာဘုရားသည် တရားတော်ကို စ,လယ်,အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံစွာ ဟောကြားတော်မူအပ်ပါပေ၏”ဟု ပြောလာကြပါသည်၊ အရှင်ဘုရား.. ဤသို့ ပြောလာကြသည်ရှိသော် တပည့်တော်သည် ထိုနတ်တို့ကို “သင်နတ်တို့က ဤသို့ ပြောကြသည်ဖြစ်စေ, မပြောကြသည်ဖြစ်စေ (=ပြောပြော, မပြောပြော) စင်စစ်သော်ကား မြတ်စွာဘုရားသည် တရားတော်ကို စ,လယ်,အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံစွာ ဟောကြားတော်မူအပ်ပေ၏”ဟု ဤသို့ ပြန်လည် ပြောဆိုပါသည်။ ဤသို့ တပည့်တော်ကို နတ်တို့က ချဉ်းကပ်၍ ပြောလာကြခြင်းသည် အံ့ဖွယ်မဟုတ်ပါ။ အရှင်ဘုရား.. ထိုသို့ နတ်တို့ မိမိထံ ချဉ်းကပ်လာခြင်း, နတ်တို့နှင့် အတူတကွ စကားပြောရခြင်းဟူသော အကြောင်းကြောင့် “ငါ့ထံသို့ နတ်တို့ ချဉ်းကပ်ကုန်၏” ဟူ၍၎င်း, “ငါသည် နတ်တို့နှင့် အတူတကွ စကားပြောရ၏” ဟူ၍၎င်း စိတ်၏တက်ကြွမှုကို တပည့်တော် မသိစဘူးပါ (=စိတ်မတက်ကြွစဘူးပါ)။ အရှင်ဘုရား.. တပည့်တော်၏အဖို့ရာ ယင်းကဲ့သို့ “ငါ့ထံသို့ နတ်တို့ ချဉ်းကပ်ကုန်၏, ငါသည် နတ်တို့နှင့် အတူတကွ စကားပြောရ၏-ဟု စိတ်မတက်ကြွခြင်း” တည်းဟူသော ဤခုနစ်ခုမြောက် အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။

(၈) အရှင်ဘုရား.. တပည့်တော်သည် မြတ်စွာဘုရား၏ အလျင်လက်ဦး (=မြတ်စွာဘုရား၏ အလျင်) အကယ်၍ သေရပါမူ တပည့်တော်ကို မြတ်စွာဘုရားက “ဟတ္ထိဂါမအရပ်သား (=ဆင်ရွာသား) ဥဂ္ဂတသူဌေးမှာ နောက်ထပ်တဖန် ဤကာမဘုံသို့ ပြန်လာရောက်ကြောင်း သံယောဇဉ်ဟူ၍ မရှိတော့ပြီ”ဟု မိန့်ကြားတော်မူရာသော အကြောင်းသည် အံ့ဖွယ်မဟုတ်ပါ၊ (ဤစကားရပ်ဖြင့် မိမိ အနာဂါမ်အရိယာဖြစ်ကြောင်းကို ဖော်ပြသည်)။ အရှင်ဘုရား.. တပည့်တော်၏

၂၂၃

အဖို့ရာ ယင်းကဲ့သို့ “နောက်ထပ်တဖန် ဤကာမဘုံသို့ ပြန်လာရောက်ကြောင်း (=ဩရမ္ဘာဂိယ) သံယောဇဉ်ဟူ၍ မရှိခြင်း” တည်းဟူသော ဤရှစ်ခုမြောက် အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။

အရှင်ဘုရား.. တပည့်တော်၏ အဖို့ရာ ဤအံ့ဖွယ်တရား ရှစ်ပါးတို့ ထင်ရှားရှိကြပါသည်။ “အဘယ်မည်သော အံ့ဖွယ်ရှစ်ပါးတို့နှင့် တပည့်တော် ပြည့်စုံ၏”ဟု မြတ်စွာဘုရား မိန့်ကြားတော်မူသည်ကိုကား တပည့်တော် မသိပါ-

ဟု ဤကဲ့သို့ လျှောက်ထားလေ၏။ (ထို့နောက် အကြောင်းအရာများမှာ ရှေးဥဂ္ဂသူဌေးဝတ္ထုနှင့် ထပ်တူ၏။ ဤကား ဥဂ္ဂတသူဌေး၏ အံ့ဖွယ်ရှစ်ပါးတို့တည်း။ အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်၌ ဤသူဌေးနှစ်ယောက်တို့၏ အမည်ကို ဥဂ္ဂ-ဟူ၍ချည်း လာရှိသော်လည်း ဤယခု ဧတဒဂ္ဂဝဂ်ပါဠိတော် အလာကို ထောက်ဆ၍ ဝေသာလီပြည်သား သူဌေးကို ဥဂ္ဂ-သူဌေးဟူ၍, ဟတ္ထိဂါမအရပ်သား (=ဆင်ရွာသား) သူဌေးကို ဥဂ္ဂတ-သူဌေးဟူ၍ ရေးသားဖော်ပြအပ်သည်။ ဤသူဌေးနှစ်ဦးတို့အတွက် အံ့ဖွယ်ရှစ်ပါးကို အကျဉ်းသရုပ် ရေးသားဖော်ပြရန် ဖြစ်သော်လည်း ကြည်ညိုဖွယ် ရှိလှသောကြောင့် အကြောင်းအရာ အကျယ်ကိုပါ ရေးသား ဖော်ပြအပ်ပေသည်။ ။ဤကား အထူးမှတ်ဖွယ်တည်း)။

ဤကား ဥဂ္ဂတသူဌေး အကြောင်းတည်း။

**********

(၈) သူရမ္ဗဋ္ဌသူဌေးအကြောင်း

(က) သူဌေး၏ ရှေးကောင်းမှု

     ဤသူရမ္ဗဋ္ဌ သူဌေးအလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရမြတ်စွာ လက်ထက်တော် အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသား ဖြစ်လတ်၍ မြတ်စွာဘုရား၏ တရားစကားကို ကြားနာရသည်ရှိသော် မြတ်စွာဘုရားရှင်က ဥပါသကာတယောက်ကို “အဝေစ္စပသာဒ = သာသနာ၌ သက်ဝင်၍ မတုန်မလှုပ် ကြည်ညိုသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုရာထူး = ဌာနန္တရကို

၂၂၄

ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။

(ခ) နောက်ဆုံးဘဝ သူရမ္ဗဋ္ဌသူဌေးဖြစ်ခြင်း

     ထိုသူတော်ကောင်း အမျိုးကောင်းသားသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့၍ ဘုရားမြတ်စွာ ပွင့်ထွန်းတော်မူရာ ကာလဝယ် သာဝတ္ထိပြည်၌ သူဌေးမျိုးဝယ် ဖြစ်၍လာလေ၏။ ထိုသူဌေးသား၏ အမည်ကို “သူရမ္ဗဋ္ဌသတို့သား”ဟူ၍ မှည့်ခေါ်ကြကုန်၏။ ထိုသူရမ္ဗဋ္ဌ သူဌေးသားသည် အရွယ်ရောက်သည့် နောက်အဖို့ဝယ် အိမ်ရာ၌တည်၍ (=အိမ်ထောင်ကျ၍) သာသနာပြင်ပ တိတ္ထိများ၏ အလုပ်အကျွေး ဒါယကာဖြစ်လျက် လှည့်လည်ကျက်စား သွားလာနေထိုင်လေ၏။

သူရမ္ဗဋ္ဌသူဌေး သောတာပန်ဖြစ်ခြင်း

     ထို့နောက် တနေ့သ၌ မြတ်စွာဘုရားသည် နံနက်မိုးသောက်ထအခါ သတ္တလောကကို ကြည့်ရှုတော်မူလတ်သော် သူရမ္ဗဋ္ဌသူဌေး၏ သောတာပတ္တိမဂ်ကိုရကြောင်း ရှေးကောင်းမှုကို မြင်တော်မူ၍ ဆွမ်းခံချိန်၌ သူရမ္ဗဋ္ဌသူဌေး နေအိမ်တံခါးဝသို့ ဆွမ်းခံကြွတော်မူလေ၏။ သူရမ္ဗဋ္ဌသူဌေးသည် မြတ်စွာဘုရားရှင်ကို ဖူးမြင်ရလျှင် “ရဟန်းဂေါတမသည် မြတ်သော မင်းမျိုး၌လည်း ဖြစ်သူမှန်၏၊ လောက၌လည်း အလွန်ထင်ရှား ကျော်ကြားသူဖြစ်၏၊ သို့ရကား ထိုရဟန်းဂေါတမထံမှောက်သို့ မသွားရောက်လျှင် သင့်လျောက်ပတ်မည် မဟုတ်ချေ”ဟု ကြံစည်အောက်မေ့၍ မြတ်စွာဘုရား၏ အထံတော်သို့ သွားရောက်လျက် ခြေတော်တို့၌ ရှိခိုးပြီးသော် သပိတ်တော်ကို ယူဆောင်ကာ အိမ်တွင်းသို့ ပင့်သွင်း၍ သူမြတ်တို့နှင့်သာ ထိုက်တန်သောပလ္လင်၌ နေရာပေး ထိုင်နေစေပြီးလျှင် ဆွမ်းဆက်ကပ် ပြုစုလုပ်ကျွေးပြီးနောက် အပြစ်လွတ်ရာ အရပ်၌ ထိုင်နေလေ၏။

၂၂၅

     မြတ်စွာဘုရားသည် သူရမ္ဗဋ္ဌသူဌေးအား စရိုက်နှင့် သင့်လျော် လျောက်ပတ်သော တရားစကားကို ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးသောအခါ သူရမ္ဗဋ္ဌသူဌေးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏ = သောတာပန်အရိယာ ဖြစ်လေ၏။ မြတ်စွာဘုရားသည်လည်း သူရမ္ဗဋ္ဌသူဌေးကို သောတာပတ္တိဖိုလ်အရောက် ချီးမြှောက် ဆုံးမတော်မူပြီးလျှင် ကျောင်းတော်သို့ တဖန် ပြန်ကြွတော်မူလေ၏။

မာရ်နတ် အကဲစမ်းလာခြင်း

     ထို့နောက် မာရ်နတ်သည် “ဤသူရမ္ဗဋ္ဌမည်သည်ကား (တိတ္ထိတို့တပည့်ဖြစ်၍) ငါတို့၏ဥစ္စာ = ငါတို့လူသာ ဖြစ်ချေသည်။ သို့သော် မြတ်စွာဘုရားသည် ယနေ့ သူ၏အိမ်သို့ ကြွတော်မူလေသည်၊ အသို့နည်း (=ဘယ့်နှယ်လဲ) သူရမ္ဗဋ္ဌသည် မြတ်စွာဘုရား၏တရားကို ကြားနာရ၍ အရိယမဂ်တရား ထင်ရှားဖြစ်အောင် ပြုနိုင်လေသလော၊ သူ၏အဖို့ရာ ငါ့ပိုင်နက်ဖြစ်သော အာရုံငါးသွယ် ကာမနယ်ပယ်မှ လွန်မြောက်ခြင်း, မလွန်မြောက်ခြင်းကို လင်းလင်းသိအောင် ငါစုံစမ်းပေအံ့”ဟု ကြံစည်၍ မိမိကိုယ်တိုင်က အလိုရှိရာရုပ်ကို ဖန်ဆင်းနိုင်သော တန်ခိုးရှင်ဖြစ်ရကား မာရ်နတ်သားသည် မြတ်စွာဘုရားနှင့်တူအောင် တန်ခိုးရုပ်ကို ဖန်ဆင်း၍ သင်္ကန်းကိုင်ပုံ, သပိတ်ကိုင်ပုံ အလုံးစုံကိုလည်း မြတ်စွာဘုရား၏ အသွင်အပြင်အတိုင်း ပြုလုပ်ကာ မဟာပုရိသ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့ကို ဆောင်သူဖြစ်လျက် သူရမ္ဗဋ္ဌသူဌေး၏ နေအိမ်တံခါးဝ၌ ရပ်တည်လာလေ၏။

     သူရမ္ဗဋ္ဌသူဌေးသည်လည်း “မြတ်စွာဘုရား တဖန် ကြွလာတော်မူပြန်သည်”ဟု ကြားသိ၍ “ဘုရားရှင်တို့အဖို့ရာ အကြောင်းမဲ့ ကြွလာခြင်းမည်သည် မရှိချေ။ အဘယ်အကြောင်းကြောင့် တဖန် မြတ်စွာဘုရား ကြွလာတော်မူပြန်ပါလိမ့်”ဟု လျင်မြန်စွာ “မြတ်စွာဘုရား”ဟူသော အမှတ်ဖြင့် ဘုရားယောင်ဖန် ထိုမာရ်နတ်အထံသို့ သွားရောက်, ရှိခိုး, အပြစ်လွတ်ရာအရပ်၌ ရပ်တည်လျက်

၂၂၆

“မြတ်စွာဘုရား.. အရှင်ဘုရားတို့သည် ယခုပင်လျှင် အိမ်၌ ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူ၍ ကြွသွားတော်မူပြီးစ ဖြစ်ပါသည်၊ အဘယ်အကြောင်းကို အစွဲပြု၍ တဖန် ကြွရောက်တော်မူလာပြန်ပါကုန်သနည်း”ဟု ရိုသေစွာ မေးလျှောက်လေ၏။

     မာရ်နတ်သည် “ဒါယကာသူရမ္ဗဋ္ဌ.. ငါဘုရားသည် တရားဟောစဉ်က တခုသောစကားကို မစဉ်းစားမဆင်ခြင်မိပဲ ဟောကြားအပ်မိလေပြီ၊ မှန်၏- ငါဘုရားသည် ခန္ဓာငါးပါးတို့ကို ‘အားလုံးကိုပင် အနိစ္စ, ဒုက္ခ, အနတ္တ’ဟူ၍ ဟောအပ်မိကုန်ပြီ။ သို့သော်လည်း ထိုခန္ဓာငါးပါးတို့သည် အားလုံးပင် ဤသို့ (အနိစ္စ, ဒုက္ခ, အနတ္တ) သဘောရှိကြသည် မဟုတ်ကုန်၊ မှန်ပေ၏- ထိုခန္ဓာငါးပါးတို့တွင် မြဲကြ, ခိုင်ကြ, အခါခပ်သိမ်းတည်ကြသည့် အချို့ခန္ဓာများလည်း ရှိကြကုန်သေး၏”ဟု အကဲစမ်းစကား ပြောကြားလာလေ၏။

သူရမ္ဗဋ္ဌ၏ မတုန်လှုပ်သော သဒ္ဓါတရား

     ထိုအခါ သူရမ္ဗဋ္ဌသောတာပန်သူဌေးသည် “ဤယခုစကားကား အလွန်ဝန်လေး အရေးကြီးသော စကား ဖြစ်ချေသည်။ မှန်ပါပေသည်- မြတ်စွာဘုရားရှင်တို့အဖို့ရာ မစဉ်းစား မဆင်ခြင်ပဲ ဟောကြား ပြောဆိုခြင်းမည်သည် တစိုးတစိ မရှိချေ။ မာရ်နတ်သည် မြတ်စွာဘုရား၏ ဆန့်ကျင်ဘက်ပုဂ္ဂိုလ်တယောက် ဖြစ်သတဲ့။ ဧကန်ပင် ဤယခုပုဂ္ဂိုလ်သည် မာရ်နတ်ဖြစ်ပေလိမ့်မည်”ဟု အမှန်အတိုင်း ဆင်ခြင်ကြံစည်မိ၍ “သင်သည် မာရ်နတ်မဟုတ်လား”ဟု တိုက်ရိုက်ပင် မေးလေ၏။ ထိုမာရ်နတ်၏အဖို့ရာ အရိယာ သာဝကကြီးတဦးက ပြောကြား မေးမြန်းအပ်သော စကားသည် ပုဆိန်ဖြင့် ပေါက်လိုက်သကဲ့သို့ ဖြစ်လေ၏၊ သို့ရကား မာရ်နတ်သည် မိမိကိုယ် = ပင်ကိုယ်သဘောအတိုင်း မတည်နိုင်တော့ပဲ “ဟုတ်ပါသည် သူရမ္ဗဋ္ဌ.. ငါသည် မာရ်နတ်ဖြစ်ပါသည်”ဟု ဖြောင့်မှန်စွာ ပြောဆိုလေ၏။

၂၂၇

     ထိုအခါ သူရမ္ဗဋ္ဌသောတာပန်သူဌေးသည် “ဟယ်မာရ်နတ်.. သင်ကဲ့သို့သော မာရ်နတ်ပေါင်း အရာ, အထောင်ပင်သော်လည်း လာရောက်၍ ငါ၏သဒ္ဓါတရားကို တုန်လှုပ်စေခြင်းငှါ မတတ်နိုင်ချေ၊ ဂေါတမနွယ်ဖွား ရှင်တော်မြတ်ဘုရားကြီးသည် ငါ့အား တရားဟောတော်မူသည်ရှိသော် ‘သဗ္ဗေ သင်္ခါရာ အနိစ္စာ = ခပ်သိမ်းဥဿုံ အလုံးစုံသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် မမြဲကြကုန်’ဟူ၍ သောတာပတ္တိမဂ်ဉာဏ်တိုင် အသိပေး၍ ဟောကြားတော်မူခဲ့လေပြီ၊ သင်သည် ငါ၏အိမ်တံခါးဝ၌ မရပ်မတည်လာလင့်”ဟု ဆို၍ လက်ဖျစ်တီးကာ နှင်ထုတ်လိုက်လေ၏။ မာရ်နတ်သည် သူရမ္ဗဋ္ဌ၏ စကားကို ကြားရလျှင် တဖန်စကားကို ဖြန်း၍ မပြောဆိုနိုင်တော့ရကား ထိုနေရာ၌ပင်လျှင် ကွယ်ပျောက်လေ၏။ သူရမ္ဗဋ္ဌသည်လည်း ညနေချမ်းအခါ၌ မြတ်စွာဘုရားရှင် အထံတော်သို့ သွားရောက်၍ မာရ်နတ်ပြုအပ်သော အမူအရာအားလုံးကို လျှောက်ထားပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤသို့လျှင် မာရ်နတ်သည် တပည့်တော်၏ သဒ္ဓါတရားကို တုန်လှုပ်စေခြင်းငှါ အားထုတ်ခဲ့ပါပြီဘုရား”ဟု လျှောက်ထားလေ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     မြတ်စွာဘုရားသည် ဤအကြောင်းကိုပင် အဋ္ဌုပ္ပတ်ပြု၍ နောက်အခါဝယ် ဇေတဝန်ကျောင်းတော်၌ နေတော်မူလျက် ဥပါသကာတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူး၌ ထားတော်မူသည်ရှိသော် ဤသူရမ္ဗဋ္ဌသူဌေးကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဥပါသကာနံ အဝေစ္စပ္ပသန္နာနံ ယဒိဒံ သူရော အမ္ဗဋ္ဌော = ရဟန်းတို့.. သာသနာ၌ သက်ဝင်၍ မတုန်မလှုပ် ကြည်ညိုကြကုန်သော ငါဘုရား၏ တပည့် = သာဝက ဥပါသကာတို့တွင် သူရမ္ဗဋ္ဌသူဌေးသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

၂၂၈

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “အဝေစ္စပသာဒ = သာသနာ၌ သက်ဝင်၍ မတုန်မလှုပ် ကြည်ညိုသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား သူရမ္ဗဋ္ဌသူဌေး အကြောင်းတည်း။

**********

(၉) ဇီဝကဆေးဆရာအကြောင်း

(က) ဇီဝက၏ ရှေးကောင်းမှု

     ဤဆရာဇီဝကအလောင်း သူတော်ကောင်းသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသားဖြစ်လတ်၍ မြတ်စွာဘုရား၏ တရားစကားကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ဥပါသကာတယောက်ကို “ပုဂ္ဂလပ္ပသာဒ = မြတ်စွာဘုရားအပေါ်၌ ပုဂ္ဂိုလ်ကို ကြည်ညိုသောအရာ = ပုဂ္ဂိုလ်စွဲ ကြည်ညိုသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူ သည်ကို တွေ့မြင်ရ၍ အားကျကာ အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူး = ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ဇီဝကဖြစ်ခြင်း

     ထိုအမျိုးကောင်းသား သူတော်ကောင်းသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့၍ ဤဘုရားမြတ်စွာ ပွင့်ထွန်းတော်မူရာ ကာလဝယ် ရာဇဂြိုဟ်ပြည်၌ အဘယမင်းသားကို အစွဲပြု၍ သာလဝတီမည်သော ပြည့်တန်းဆာမ၏ဝမ်း၌ ပဋိသန္ဓေ တည်နေကပ်စွဲ ဖြစ်ပွါးမွေးဖွားလာခဲ့လေသည်။

ပြည့်တန်ဆာမတို့မည်သည် သား,သမီး မွေးဖွားလာသောအခါ အကယ်၍ သားယောက်ျားကလေးဖြစ်လျှင် တော်ရာလွတ်ရာ စွန့်ပစ်ကြမြဲ ဓမ္မတာဖြစ်၍ သမီးမိန်းကလေးဖြစ်လျှင် မွေးကျွေးသုတ်သင်ကြမြဲ ဓမ္မတာ ဖြစ်လေသည်။

၂၂၉

     သို့ရကား သာလဝတီ ပြည့်တန်ဆာမသည် ထိုမွေးဖွားစ သူငယ်ကို စကောအို စကောစုတ်ဖြင့် အိမ်စေမတယောက်ကို လူမသိရအောင် အမှိုက်ပုံ၌ စွန့်ပစ်စေခဲ့လေသည်။ ထိုအခါ ထိုသူငယ်ကို အဘယမင်းသားသည် ခမည်းတော် ဗိမ္ဗိသာရမင်းကြီးထံသို့ အခစားသွားလေလျှင် အဝေးမှပင် မြင်ရ၍ မိမိ၏ မင်းချင်းများကို “အချင်းတို့.. ကျီးများဝိုင်းအုံဝန်းရံအပ်သော ထိုဝတ္ထုကား အဘယ်အရာနည်း”ဟု ပြောဆိုစေ လွှတ်၍ ကြည့်စေရာ မင်းချင်းတို့က “အရှင်မင်းသား.. ဖွားသစ်စ သူငယ်ကလေးတည်း”ဟု ပြောဆိုကြ၍ မင်းသားက တဖန် “အချင်းတို့.. အသက်ရှင်သေး၏လော”ဟု မေးမြန်း၍ “အရှင်မင်းသား.. အသက်ရှင်ပါသေး၏”ဟု မင်းချင်းတို့ ပြန်ကြား လျှောက်ထားသည်ကို ကြားသိရ၍ ထိုသူငယ်ကို မိမိ၏နန်းအိမ်သို့ ပို့ဆောင်စေကာ မိမိနန်းအိမ်မှာပင် ချမ်းသာစွာ မွေးကျွေးပြုစု၍ ထားစေလေ၏။ ထိုသူငယ်၏အမည်ကို မင်းချင်းတို့က “ဇီဝတိ = အသက်ရှင်ပါသေး၏”ဟု ပြန်ကြား ပြောဆိုအပ်သောကြောင့် ဇီဝတီတိ ဇီဝကော-ဟူသော ဝစနတ္ထအရ ဇီဝက-ဟူ၍ မှည့်ခေါ်ကြလေသည်။ ထိုဇီဝက-ဟူသော အမည်ရင်းပေါ်မှာ အဘယမင်းသား မွေးမြူအပ်သောကြောင့် “ကောမာရဘစ္စ”ဟူသော ဝိသေသနပုဒ် တိုးဆင့်ကာ “ဇီဝက ကောမာရဘစ္စ = အဘယမင်းသား မွေးမြူအပ်သည့် = အဘယမင်း၏ မွေးစားသား, ဇီဝက”ဟူ၍ ခေါ်တွင်ကြလေသည်။

     အဘယမင်းသား၏ မွေးစားသား ဇီဝကသတို့သားသည် အသက် တဆယ့်ခြောက်နှစ် အရွယ်မြောက် ရောက်လတ်သောအခါ တက္ကသိုလ်ပြည်သို့သွား၍ ဆေးအတတ်ကို တဖက်ကမ်းရောက် သင်ကြား တတ်မြောက်ခဲ့ပြီးလျှင် ဗိမ္ဗိသာရမင်းကြီးအထံမှ လခရိက္ခာ ပူဇာသက္ကာရ ရရှိပြီးနောက် (=ဗိမ္ဗိသာရမင်းကြီး၏ သမားတော်ကြီး ဖြစ်ပြီးနောက်) စဏ္ဍပဇ္ဇောတမင်း၏ ရောဂါကို ချမ်းသာအောင် ကုသပေးခဲ့လေသည်။ စဏ္ဍပဇ္ဇောတမင်းသည် သမားတော်ကြီး ဇီဝကအား ဆန်လှည်း အစီးငါးရာ,

၂၃၀

အသပြာပေါင်း တသောင်းခြောက်ထောင်, အရံပုဆိုး အဝတ်အထည်ပေါင်း တထောင်နှင့်တကွ အဖိုးအနဂ္ဃ ထိုက်တန်သော သိဝိတိုင်းဖြစ် ပုဆိုးအစုံကို ဉာဏ်ပူဇော်ခ ပို့သဆောင်နှင်းစေခဲ့လေသည်။

     ထိုအချိန်၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်ပေါ်ကျောင်း၌ သီတင်းသုံး နေထိုင်တော်မူဆဲဖြစ်၏။ သမားတော်ကြီး ဇီဝကသည် မြတ်စွာဘုရား၏ ဒေါသမလဓာတ် အားကြီးသော ကိုယ်တော်၌ သိမ်မွေ့သည့် ဝမ်းလားဆေးကိုပေး၍ ဆေးကုသသည်ရှိသော် “မြတ်စွာဘုရား သုံးဆောင်တော်မူအပ်သော ပစ္စည်းလေးရပ်တို့သည် ငါ၏ဥစ္စာ အလှူဒါနချည်း ဖြစ်ကြစေကုန်သတည်း”ဟု ကြံစည်၍ မြတ်စွာဘုရားရှင်ကို မိမိပိုင် သရက်ဥယျာဉ် ကျောင်းတိုက် (=သရက်တော ကျောင်းတိုက်)၌ သီတင်းသုံး နေထိုင်တော်မူရန် တောင်းပန်လျှောက်ထား၍ မြတ်စွာဘုရားအား ဆေးကုသပေးပြီးလျှင် ထိုသိဝေယျက = သိဝိတိုင်းဖြစ် ပုဆိုးအစုံကို ကပ်လှူ၍ “မြတ်စွာဘုရား.. ဤသိဝိတိုင်းဖြစ် ပုဆိုးအစုံကို အရှင်ဘုရားတို့သာလျှင် သုံးဆောင်တော်မူကြပါကုန်ဘုရား”ဟု လျှောက်ထား၍ ထိုပုဆိုးအစုံနှင့်တကွ အရံဖြစ်သော ပုဆိုးအဝတ်အထည် တထောင်ကို ရဟန်းသံဃာအား လှူဒါန်းလေ၏။

(ဤကား- ဤမဟာဗုဒ္ဓဝင်ကျမ်း၌ အင်္ဂုတ္တရအဋ္ဌကထာ ပဌမအုပ် ဧတဒဂ္ဂဝဂ်အဖွင့်၌ လာသည့်အတိုင်း ရေးသားအပ်သော ဇီဝကဆေးဆရာ၏ အကြောင်းအရာဝတ္ထု အကျဉ်းတည်း။ ဝတ္ထုကြောင်း အကျယ်ကို ပိဋကတ်တော်မြန်မာပြန် ဝိနယ မဟာဝဂ်ပါဠိတော် ၈-စီဝရက္ခန္ဓက စာမျက်နှာ ၃၈၁-မှစ၍ ကြည့်ဖြစ်အောင် ကြည့်ရှုကုန်ရာ၏။)

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     မြတ်စွာဘုရားသည် နောက်အဖို့ဝယ် ဇေတဝန်ကျောင်း၌ သီတင်းသုံး နေထိုင်တော်မူလျက် ဥပါသကာတို့ကို ဧတဒဂ်ရာထူး၌ ထားတော်မူသည်ရှိသော် ဇီဝကသမားတော်ကို-

၂၃၁

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဥပါသကာနံ ပုဂ္ဂလပ္ပသန္နာနံ ယဒိဒံ ဇီဝကော ကောမာရဘစ္စော = ရဟန်းတို့.. ပုဂ္ဂိုလ်ကို ကြည်ညိုကြသည့် ငါဘုရား၏ တပည့်သာဝက ဥပါသကာတို့တွင် အဘယမင်းသား၏ မွေးစားသား ဇီဝကသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ပုဂ္ဂလပ္ပသာဒ = ပုဂ္ဂိုလ်စွဲ ကြည်ညိုသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား ဇီဝကဆေးဆရာ အကြောင်းတည်း။

**********

(၁၀) နကုလပိတုသူဌေးအကြောင်း

(က) သူဌေး၏ ရှေးကောင်းမှု

     ဤနကုလပိတု သူဌေးအလောင်း သူတော်ကောင်းသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါ၌ ဟံသာဝတီ မင်းနေပြည်ဝယ် အမျိုးကောင်းသားဖြစ်လတ်၍ မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ဥပါသကာတယောက်ကို “ဝိဿာသက = ကိုယ်တော်မြတ်နှင့် အကျွမ်းဝင် = ရင်းနှီးသော စကားကို ပြောကြားသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုရာထူး = ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေသည်။ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ နကုလပိတုသူဌေးဖြစ်ခြင်း

     ထိုသူတော်ကောင်း အမျိုးကောင်းသားသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည်မှ လူ့ပြည်တို့၌ ကျင်လည် ကျက်စားခဲ့၍ ဤဘုရားမြတ်စွာ ပွင့်ထွန်းတော်မူရာ ကာလဝယ် ဘဂ္ဂတိုင်း အဝင်အပါ သုသုမာရဂိရမြို့၌ သူဌေးမျိုးဝယ် လာရောက်ဖြစ်ပွါးလေသည်။

၂၃၂

(သူဌေးဇနီးမောင်နှံ နှစ်ယောက်လုံးပင် သားဖြစ်သူ “နကုလ”ကို အစွဲပြု၍ ဖခင်သူဌေးမှာ “နကုလပိတု”ဟု အမည်တွင်၍ မိခင်သူဌေးကတော်မှာ “နကုလမာတု”ဟု အမည်အသီးအသီး တွင်ကြလေသည်)။

     မြတ်စွာဘုရားရှင်သည်လည်း ရဟန်းအပေါင်း ခြံရံအပ်လျက် ခရီးဒေသစာရီ ကြွချီတော်မူလတ်သော် သုသုမာရဂိရမြို့သို့ ရောက်တော်မူ၍ ဘေသကဠာမည်သော တောအုပ်၌ သီတင်းသုံး နေထိုင်တော်မူ၏။ ။(မြို့တည်သောအခါ မိကျောင်းမြည်သည်ကို အစွဲပြု၍ မြို့အမည်ကို သုသုမာရဂိရ-ဟု မှည့်ခေါ်ကြလေ သည်။ ဘေသကဠာမည်သော ဘီလူးမ စိုးအုပ်သည့်တော ဖြစ်သောကြောင့် တောအမည်မှာ “ဘေသကဠာ” မည်တွင်လေသည်)။

     ထိုအခါ နကုလပိတုသူဌေးကြီး ဇနီးမောင်နှံတို့သည် သုသုမာရဂိရမြို့နေ လူအပေါင်းတို့နှင့် အတူတကွ မြတ်စွာဘုရားရှင် အထံတော်သို့ လာရောက်ကြသည်ရှိသော် ရှေးဦးပဌမအကြိမ် မြင်လျှင်မြင်ခြင်း ဇနီးမောင်နှံ နှစ်ဦးလုံးပင် မြတ်စွာဘုရားရှင်ကို “ဤသူကား ငါတို့၏ သားကြီးတည်း”ဟု သားဟူသော အမှတ်သညာကို ဖြစ်စေကြ၍ မြတ်စွာဘုရား၏ ခြေတော်တို့၌ တုပ်ဝပ်ပြီးလျှင် “ချစ်သား.. သင်သည် ဤမျှ ကာလကြာအောင် ငါတို့မိဘများကို စွန့်ပစ်၍ အဘယ်အရပ်သို့ လှည့်လည်ကျက်စား သွားလာနေသနည်း”ဟု တညီတညွတ်တည်း ပြောဆိုကြလေသည်။

(နကုလပိတု သူဌေးကြီးသည် ရှေးအခါ ဘဝငါးရာတို့ပတ်လုံး မြတ်စွာဘုရား၏ ဖခမည်းတော် ဖြစ်ခဲ့လေသည်။ ဘဝငါးရာတို့ပတ်လုံး ဖထွေး (အဖေ၏ညီ), ဘဝငါးရာတို့ပတ်လုံး ဘကြီး (အဖေ၏အစ်ကို), ဘဝငါးရာတို့ပတ်လုံး ဦးကြီး (အမေ့မောင်) ဖြစ်ခဲ့လေသည်။ နကုလမာတု သူဌေးကတော်ကြီးသည်လည်း ဘဝငါးရာတို့ပတ်လုံး မြတ်စွာဘုရား၏ မယ်တော်ဖြစ်ခဲ့လေသည်။ ဘဝငါးရာတို့ပတ်လုံး မိထွေး (=အမေ့ညီမ = ဒေါ်လေး), ဘဝငါးရာတို့ပတ်လုံး မိကြီး (အမေ့အမ =ဒေါ်ကြီး), ဘဝငါးရာတို့ပတ်လုံး အရီး (=အဖေ့နှမ) ဖြစ်ခဲ့လေသည်။ ဤသို့ ဘဝသံသရာ ရှည်စွာသော ကာလပတ်လုံး အချစ်မေတ္တာဓာတ်

၂၃၃

ဆက်စပ် ကိန်းဝပ်ခဲ့လေသောကြောင့် မြတ်စွာဘုရားကို မြင်ကြ, တွေ့ကြရလျှင်ပင် သား-ဟူသော အမှတ်သညာကို ပြုကြ၍ မရပ်တည်နိုင်ကြပဲ ထိုကဲ့သို့ အကျွမ်းတဝင် တရင်းတနှီး ပြောဆိုကြလေသည်)။

     မြတ်စွာဘုရားရှင်သည် ထိုသူဌေးကြီး ဇနီးမောင်နှံတို့ စိတ်ကျေနပ်ခြင်းသို့ မရောက်ကြသေးသမျှ “ဖယ်ကြလော့”ဟု မိန့်ကြားတော်မမူချေ။ ထိုသူတို့ စိတ်ကျေနပ်ချိန်ကိုသာ ငံ့လင့်နေတော်မူ၏။ ထို့နောက် ထိုမိဘဟောင်း သူဌေးကြီးဇနီးမောင်နှံတို့ မိမိတို့ စိတ်အလိုအတိုင်း သတိရကြ၍ အလယ်အလတ် မဇ္ဈတ္တ ပင်ကိုယ်သဘောသို့ ရောက်ကြသောအခါမှ မြတ်စွာဘုရားသည် ထိုသူဌေးကြီး ဇနီးမောင်နှံတို့၏ အာသယဓာတ်ကို သိတော်မူကာ တရားဟောတော်မူလေသည်။ တရားဒေသနာနိဂုံး ဆုံးသောအခါ နှစ်ဦးလုံးတို့ပင် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏ = သောတာပန်အရိယာ ဖြစ်ကြလေကုန်၏။

     နောက်တချိန်ဝယ် မြတ်စွာဘုရားရှင်သည် ထိုနကုလပိတု သူဌေးကြီး ဇနီးမောင်နှံတို့ အသက်အရွယ် ကြီးရင့်ကြသောအခါ တဖန် သုသုမာရဂိရမြို့သို့ ကြွရောက်တော်မူလာပြန်လေသည်။ ထိုသူဌေးကြီး ဇနီးမောင်နှံတို့သည် “မြတ်စွာဘုရား ကြွလာတော်မူပြီ”ဟူသော သတင်းစကားကို ကြားသိရလျှင် ဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ရှိခိုးကြကာ နက်ဖြန်ခါ ကောင်းမှုကုသိုလ်အလို့ငှါ ပင့်ဖိတ်ခဲ့ကြပြီး နောက်တနေ့၌ မိမိတို့အိမ်ဝယ် ဘုရားအမှူးရှိသော ရဟန်းသံဃာကို အထူးထူး အပြားပြား များမြတ်သည့် အရသာရှိသော ဆွမ်း, ခဲဖွယ်, ဘောဇဉ်တို့ဖြင့် ပြုစုလုပ်ကျွေးကြပြီးနောက် ဆွမ်းဘုဉ်းပေးပြီးသောအခါ မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ ဆည်းကပ်ကြလျက် အပြစ်လွတ်ရာအရပ်၌ ထိုင်နေကြပြီးလျှင် နကုလပိတုသူဌေးကြီးသည် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. တပည့်တော်သည် ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူ နကုလမာတု သူဌေးမကို ထိမ်းမြားယူဆောင်ခဲ့သည်မှစ၍ စိတ်မျှဖြင့်လည်း နကုလမာတု သူဌေးမကို လွန်၍ကျင့်မိသည်ဟု တပည့်တော် မသိစဘူးပါ၊ ကိုယ်ဖြင့်မူကား အဘယ်မှာ

၂၃၄

ဆိုဖွယ်ရာရှိပါအံ့နည်း။ မြတ်စွာဘုရား.. တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏၊ နောင် တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏”ဟု လျှောက်ထားလေ၏။

     နကုလမာတု သူဌေးကတော်ကြီးကလည်း မြတ်စွာဘုရားရှင်ကို ထိုနည်းအတူပင် “မြတ်စွာဘုရား.. နကုလပိတုသူဌေးသည် ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူ တပည့်တော်မကို ထိမ်းမြား ယူဆောင်ခဲ့သည်မှစ၍ စိတ်မျှဖြင့်လည်း နကုလပိတုသူဌေးကို လွန်၍ ကျင့်မိသည်ဟု တပည့်တော်မ မသိစဘူးပါ၊ ကိုယ်ဖြင့်မူကား အဘယ်မှာ ဆိုဖွယ်ရာရှိပါအံ့နည်း။ မြတ်စွာဘုရား.. တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏၊ နောင် တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏”ဟု လျှောက်ထားလေ၏။ ။(အံ ဋ္ဌ ၁-၌ ဤမျှသာ စကားအမြွက်မျှ ဖော်ပြသည်၊ စကားအပြည့်အစုံကို ဆက်၍ ပြဆိုပေအံ့)–

     ထိုအခါ မြတ်စွာဘုရားသည် နကုလပိတုသူဌေးကြီး ဇနီးမောင်နှံတို့ကို “ဒါယကာတို့.. ဇနီးမောင်နှံ နှစ်ဦးသားတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရန်, နောင် တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရန် အကယ်၍ အလိုရှိကုန်အံ့၊ နှစ်ဦးလုံးတို့သည် (၁) တူမျှသော သဒ္ဓါတရား ရှိကြကုန်ရာ၏၊ (၂) တူမျှသောသီလ ရှိကြကုန်ရာ၏၊ (၃) တူမျှသောစွန့်ကြဲမှု ရှိကြကုန်ရာ၏၊ (၄) တူမျှသော အသိဉာဏ်ပညာ ရှိကြကုန်ရာ၏။ ယင်းသို့ သဒ္ဓါ, သီလ, စာဂ, ပညာ တူမျှစွာ ရှိကြလျှင် ထိုဇနီးမောင်နှံတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်၏၊ နောင် တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်၏”ဟု မိန့်တော်မူပြီးလျှင် ဤတရားဂါထာတို့ကိုလည်း ဆက်၍ ဟောတော်မူ၏—

(၁) ဥဘော သဒ္ဓါ ဝဒညူ စ၊

သညတာ ဓမ္မဇီဝိနော။

တေ ဟောန္တိ ဇာနိပတယော၊

အညမညံ ပိယံဝဒါ။

၂၃၅

(ဂဟပတယော = ဒါယကာတို့..)။ ဥဘော = ဇနီးမောင်နှံ နှစ်ဦးတို့သည်။ သဒ္ဓါ စ = သဒ္ဓါတရားနှင့်လည်း ပြည့်စုံကုန်၏။ ဝဒညူစ = အလှူခံတို့၏ စကားအဓိပ္ပါယ်ကိုလည်း နားလည်သိရှိကုန်၏။ သညတာ စ = ကိုယ်,နှုတ်,နှလုံး သုံးပါးလုံးကိုလည်း စောင့်စည်းကြကုန်၏။ တေ ဇာနိပတယော = ထိုဇနီးမောင်နှံတို့သည်။ အညမညံ = အချင်းချင်း (=တယောက်သည် တယောက်ကို)။ ပိယံဝဒါ = ချစ်ဖွယ်စကား ပြောကြားကြကုန်လျက်။ ဓမ္မဇီဝိနော စ = တရားသဖြင့် အသက်မွေးခြင်း ရှိကြကုန်သည်လည်း။ ဟောန္တိ = ဖြစ်ကုန်၏။

(၂) အတ္ထာသံ ပစုရာ ဟောန္တိ၊

ဖာသုကံ ဥပဇာယတိ။

အမိတ္တာ ဒုမ္မနာ ဟောန္တိ၊

ဥဘိန္နံ သမသီလိနံ။

အာသံ = ထိုဇနီးမောင်နှံတို့၏ (အဖို့ရာ)။ အတ္ထာ = အကျိုးတရားတို့သည်။ ပစုရာ = ဆဆတက်ပွါး များကုန်သည်။ ဟောန္တိ = ဖြစ်ကုန်၏။ ဖာသုကံ = ဘေးရန်မဲ့လျှင်း ချမ်းသာစွာ နေရခြင်းသည်။ ဥပဇာယတိ = ဖြစ်၏။ သမသီလိနံ = တူမျှသောသီလ ရှိကြကုန်သော။ ဥဘိန္နံ = ဇနီးမောင်နှံ နှစ်ဦးသားတို့၏ (အပေါ်၌)။ အမိတ္တာ = ရန်သူတို့သည်။ ဒုမ္မနာ = ကောင်းကျိုးတွေ ပြည့်ဖုံးသဖြင့် နှလုံးမသာ မျက်နှာမလှ မနာလိုကြ ကုန်သည်။ ဟောန္တိ = ဖြစ်ကုန်၏။

(၃) ဣဓ ဓမ္မံ စရိတွာန၊

သမသီလဗ္ဗတာ ဥဘော။

နန္ဒိနော ဒေဝလောကသ္မိံ၊

မောဒန္တိ ကာမကာမိနော။

ကာမကာမိနော = ၀တ္ထုကာမ အဝဝကို တောင့်တလင့်ဆို အလိုရှိကြကုန်လျက်။ သမသီလဗ္ဗတာ = တူမျှသော

၂၃၆

သီလအကျင့် ရှိကုန်သော။ ဥဘော = ဇနီးမောင်နှံ နှစ်ဦးသားတို့သည်။ ဣဓ = ပစ္စုပ္ပန္န ဤလူ့ဘဝ၌။ ဓမ္မံ = သူတော်ကောင်းတရားကို။ စရိတွာန = ကျင့်ကြံကြိုးကုတ် အားထုတ်ကြ၍။ နန္ဒိနော = နှစ်သက်ခြင်းပီတိ ကိုယ်ဝယ်ရှိကြကုန်လျက်။ ဒေဝလောကသ္မိံ = နတ်ပြည်လောက၌။ မောဒန္တိ = နှစ်လိုအားရမ်း ဝမ်းမြောက်ကြရကုန်၏။ ။(အံ ၁၊ ၃၇၂-၃။ ပိဋကတ်တော်မြန်မာပြန် အင်္ဂုတ္တိုရ်ပါဠိတော် ပဌမအုပ် စာမျက်နှာ ၃၈၆-၇-မှ ထုတ်နုတ်ဖော်ပြသည်)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     ရှေးဖော်ပြရာပါ နကုလပိတု သူဌေးကြီး ဇနီးမောင်နှံတို့ လျှောက်ထားအပ်သည်ကို အကြောင်းပြု၍ ဟောကြားအပ်သော သုတ္တန်ကို ပဌမသမဇီဝီသုတ္တန်ဟူ၍ ခေါ်၏။ ထိုသုတ္တန်တရားသွားကို လေးနက်စွာ စဉ်းစားဆင်ခြင်လျှင် နကုလပိတု, နကုလမာတု သူဌေးကြီး, သူဌေးကတော်ကြီး နှစ်ဦးလုံးတို့ပင် မြတ်စွာဘုရားရှင်အပေါ်၌ သားအရင်းနှင့်မခြား အလွန် အကျွမ်းဝင်ရင်းနှီး အားထားခင်မင်သော စိတ်ရှိကြကြောင်း သိသာပေ၏။ ထိုသို့ အလွန် အကျွမ်းဝင်ရင်းနှီး အားထားခင်မင်သော စိတ်ရှိကြသောကြောင့်ပင် မိမိတို့စိတ်၌ ရှိသမျှကို မရှက်မကြောက် အလုံးစုံဖွင့်၍ လျှောက်ထားကြခြင်း ဖြစ်လေသည်။

     ထို့ကြောင့်ပင် နောက်အဖို့၀ယ် မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ နေတော်မူလျက် ဥပါသကာတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူး = ဌာနန္တရ၌ ထားတော်မူသည်ရှိသော် ဤနကုလပိတု သူဌေးကြီး ဇနီးမောင်နှံ နှစ်ယောက်လုံးတို့၏ ဖော်ပြရာပါ အကျွမ်းတဝင် ခင်မင်ရင်းနှီး အားထားသော စိတ်ရှိကြလျက် လျှောက်ထား မေးမြန်းအပ်သော စကားကို အကြောင်းအဋ္ဌုပ္ပတ် ပြုတော်မူ၍ နကုလပိတုသူဌေးကြီးကို-

“ဧဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဥပါသကာနံ ဝိဿာသကာနံ ယဒိဒံ နကုလပိတာ ဂဟပတိ = ရဟန်းတို့..

၂၃၇

(ငါဘုရားနှင့်) အကျွမ်းတဝင် ခင်မင်ရင်းနှီးသော စကားကို ပြောကြားကြသည့် ငါဘုရား၏ တပည့် = သာဝက ဥပါသကာတို့တွင် နကုလပိတု သူဌေးသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ဝိဿာသက = ကိုယ်တော်မြတ်နှင့် အကျွမ်းတဝင် ခင်မင်ရင်းနှီးသော စကားကို ပြောကြားသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား နကုလပိတုသူဌေး အကြောင်းတည်း။

ဤတွင် *ဥပါသကစရိတပိုင်း ပြီး၏။


* ဥပါသကစရိတ = ဒါယကာတို့၏ ကျင့်စဉ်လုပ်ငန်း။

၂၃၈

ဥပါသိကာစရိတ

(၁) သုဇာတာသူဌေးကတော်အကြောင်း

(က) သူဌေးကတော်၏ ရှေးကောင်းမှု

     ဤသုဇာတာ သူဌေးကတော်လောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသမီး (=သူဌေးသမီး) ဖြစ်လတ်၍ နောက်အဖို့ဝယ် မြတ်စွာဘုရား၏ တရားစကားကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ဥပါသိကာတယောက်ကို ရှေးဦးစွာ သရဏဂုံ ခံယူဆောက်တည်သော အရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူး = ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေသည်။ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ သုဇာတာသူဌေးကတော် ဖြစ်ခြင်း

     ထိုအမျိုးကောင်းသမီး (=သူဌေးသမီး)သည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့၍ အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မမူမီကပင် ဥရုဝေလတောအုပ်အနီး သေနာနိဂုံးဝယ် သေနိယသူဌေးကြီး၏သမီး သုဇာတာဖြစ်လာ၍ အရွယ်သို့ ရောက်လတ်သော် ပညောင်ပင်တပင်၌ (ညောင်စောင့်နတ်ကို တိုင်တည်ကာ) “အကျွန်ုပ်သည် အကယ်၍ ဇာတ်တူအမျိုးအိမ်သို့ လိုက်ပါရ၍ ပဌမကိုယ်ဝန်၌ သားယောက်ျားကို ရရှိခဲ့ပါလျှင် နှစ်စဉ်နှစ်စဉ် ဗလိပူဇော်မှု ပြုပါမည်”ဟူ၍ ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။ ထိုသုဇာတာ သူဌေးသမီး၏ ထိုဆုတောင်းသည် ပြည့်ဝခဲ့လေသည်။

(သုဇာတာသည် အရွယ်ရောက်လတ်သော် ဗာရာဏသီ သူဌေးသားနှင့် အထိမ်းမြားခံရ၍ ပဌမကိုယ်ဝန်ဝယ် ယသ-သတို့သားကို ဖွားမြင်လေသည်။ ထိုအချိန်မှစ၍ မိမိဆုတောင်း ပြည့်ဝသည့်အတွက်

၂၃၉

နှစ်စဉ် နှစ်စဉ် ထိုဆုတောင်းရာ ပညောင်ပင်သို့ လာ၍ ညောင်စောင့်နတ်အား ဗလိပူဇော်မှု ပြုလေသည်။

ထိုသို့ ဗလိပူဇော်မှု ပြု၍လာခဲ့ရာ မြတ်စွာဘုရား ပွင့်တော်မူမည့် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၌ကား အကြိမ်ပေါင်း အနည်းဆုံး ၂၀-မျှ ဗလိပူဇော်မှု ပြုပြီးဖြစ်သည်ဟု မှတ်ယူခန့်မှန်းသင့်ပေ၏။ မှန်၏- မြတ်စွာဘုရား ဘုရားဖြစ်တော်မူမည့် ထိုမဟာသက္ကရာဇ် ၁၀၃-ခုနှစ်လောက် အချိန်၌ သုဇာတာ သူဌေးကတော်၏သား ယသ-သူဌေးသားသည်ပင် အိမ်ထောင်ကျ၍ ပြာသာဒ်သုံးဆောင်၌ အလှည့်အလည် အာရုံငါးပါး ခံစားသုံးစွဲ ရှိနေလေပြီ။ ။ဤသို့ အထူးမှာတမ်းခြင်းမှာ “မြတ်စွာဘုရား ဘုရားဖြစ်မည့်နေ့၌ ဃနာနို့ဆွမ်းကပ်လှူလာသော သုဇာတာကို အရွယ်ခပ်ငယ်ငယ် သူဌေးသမီးကလေးအနေဖြင့်” ခန့်မှန်းတတ်ကြသောကြောင့် ဖြစ်သည်)။

     သုဇာတာ သူဌေးကတော်သည် မြတ်စွာဘုရားအလောင်းတော် ဒုက္ကရစရိယာ ကျင့်တော်မူ၍ ခြောက်နှစ်ပြည့်မြောက်သော မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့်နေ့ဝယ် “စောစောပင် ဗလိပူဇော်မှု ငါပြုပေအံ့”ဟူ၍ သန်းခေါင်ကျော် မိုးသောက်အချိန် ရောက်လျှင်ပင် ထ၍ နို့စားနွားမတို့ကို မိမိ၏အစေခံတို့ကို နို့ညှစ်စေလေသည်။ ထိုနေ့၌ နွားငယ်တို့သည် အမိနွားမ၏ နို့တိုင်နားသို့ (အလိုက်သိကြသည့်အလား) မလာရောက်ကြကုန်။ နို့တိုင်အနီး၌ နို့ညှစ်ခွက်ကို ဆောင်အပ်လျှင်ပင် မညှစ်ရပဲ အလိုလို သူ့ဓမ္မတာဖြင့် နို့ရည်အယဉ်တို့ သွင်သွင်ယိုစီး၍ ကျလာကုန်၏။ သုဇာတာ သူဌေးကတော်သည် ထိုအံ့ဖွယ်ကို တွေ့မြင်ရ၍ ကိုယ်တိုင်ပင် နို့ရည်ကို ခံယူလျက် အိုးသစ်၌ ထည့်ပြီးလျှင် ကိုယ်တိုင်ပင် မီးမွေး၍ ဃနာနို့ဆွမ်းကို စတင် ကျိုချက်လေ၏။

     ထိုဃနာနို့ဆွမ်းကို ကျိုချက်အပ်သည်ရှိသော် အလွန့်အလွန် ကြီးကုန် ကြီးကုန်သော အမြှုပ်များ ထပေါ်၍ လက်ျာရစ်လှည့်ကြကာ အိုးအတွင်း၌သာ လည်၍နေကုန်၏၊ အမြှုပ်တပေါက်မျှ အပြင်သို့ မထွက်ကျချေ။ မဟာဗြဟ္မာကြီးသည် ဗြဟ္မာထီးဖြူကို ဆောင်းမိုးလျက်, လောကပါလနတ်မင်းကြီး လေးဦးတို့သည်

၂၄၀

သန်လျက်ကိုယ်စီ စွဲကိုင်ကြကာ စောင့်ရှောက်ကုန်လျက်, သိကြားမင်းသည် မီးစများကိုညှိကာ မီးကိုမှုတ် လျက်, နတ်တို့သည် လေးကျွန်းတို့၌ရှိသည့် ဩဇာကို စုယူကြကာ နို့ဃနာအိုးအတွင်း ထည့်ကြကုန်လျက် ဤဆိုအပ်ပြီး နည်းအတိုင်း ဝေယျာဝစ္စကို ရွက်ဆောင်ကြလေသည်။

     သုဇာတာ သူဌေးကတော်သည် တနေ့တည်းမှာပင် ဤအံ့ဖွယ်တို့ကို တွေ့မြင်ရ၍ ပုဏ္ဏာကျွန်မကို ခေါ်ပြီးလျှင် “အမိပုဏ္ဏာ.. ယနေ့ ငါတို့၏ ညောင်စောင့်နတ်သည် အလွန်လျှင် စိတ်ကြည်ပုံရ၏၊ ငါသည် ဤမျှကာလကြာအောင် ဤသို့သော အံ့ဖွယ်များကို ရှေးအခါက တကြိမ်မျှ မမြင်အပ်စဘူးပါ၊ လျင်မြန်စွာသွား၍ နတ်မင်း၏နေရာ ညောင်ပင်ကို သုတ်သင်ပါလော့”ဟု ပြောဆိုလွှတ်လိုက်လေ၏။ ပုဏ္ဏာကျွန်မသည် “ကောင်းပါပြီ အရှင်မ..”ဟု သူဌေးကတော်၏ စကားကို ဝန်ခံ၍ ဆောဆောလျင်လျင် ပညောင်ပင်ရင်းသို့ သွားရောက်လေ၏။

     ဘုရားအလောင်းတော်သည်လည်း ဆွမ်းခံချိန်ကို ငံ့မြော်တော်မူကာ စောစောပင် သွားရောက်၍ ပညောင်ပင်ရင်း၌ ထိုင်နေတော်မူလေသည်။ ပညောင်ပင်ရင်းကို သုတ်သင်ရန်သွားသော ပုဏ္ဏာကျွန်မသည် အိမ်သို့တဖန် ပြန်လာပြီးလျှင် သုဇာတာ သူဌေးကတော်အား “အရှင်မ.. ပညောင်ပင်စောင့် နတ်မင်းသည် ကိုယ်တိုင်ဆင်း၍ ပညောင်ပင်ရင်း၌ ထိုင်နေပါသည်”ဟု တအံ့တဩ ပြောဆိုလေ၏။ သုဇာတာ သူဌေးကတော်သည် “ဟယ်ကျွန်မ.. အကယ်၍ သင်ပြောသည့်အတိုင်း မှန်ကန်လျှင် သင့်ကို ကျွန်မအဖြစ်မှ လွှတ်မည်”ဟု ပြော၍ အဆင်တန်းဆာအစုံကို ဝတ်ဆင်လျက် အဖိုးတသိန်းတန် ရွှေခွက်၌ နို့ဃနာဆွမ်းကို ခူးထည့်ပြီးနောက် အခြားရွှေခွက်တခုဖြင့် ဖုံးအုပ်ပြီးလျှင် အဝတ်ပိတ်ချောများဖြင့် ရစ်ပတ်လျက် ထက်ဝန်းကျင်မှ နံ့သာပန်းဆိုင်းများကို တွဲလျားချကာ ကိုယ်တိုင်ပင်ရွက်၍ သွားလေလျှင် ဘုရားအလောင်းတော်ကို မြင်ရ၍ အားကြီးသောပီတိကို ဖြစ်စေကာ မြင်ရာအရပ်မှစ၍ ကိုယ်ကို ညွတ်လျက်, ညွတ်လျက်

၂၄၁

သွားရောက်ပြီးလျှင် ဦးခေါင်းမှ ခွက်ကိုချ၍ ဖွင့်ပြီးသော် ရွှေခွက်နှင့်တကွ နို့ဃနာဆွမ်းကို အလောင်းတော်၏လက်၌ ဆက်ကပ်, ရှိခိုးပြီးလျှင် “အကျွန်ုပ်၏ စိတ်နှလုံးအလိုဆန္ဒ ပြည့်ဝသကဲ့သို့ အရှင်တို့၏ အလို ဆန္ဒလည်း ပြည့်ဝပါစေသတည်း”ဟု ဆုတောင်း မင်္ဂလာစကား ပြောကြား၍ ဖဲသွားလေ၏။

     ဘုရားအလောင်းတော်သည် နေရဉ္ဇရာမြစ်ကမ်းနားသို့ သွားရောက်၍ ရွှေခွက်ကို ကမ်းနား၌ ထားပြီးသော် ရေချိုးပြီး ကမ်းသို့တဖန် ပြန်တက်တော်မူ၍ လေးဆယ့်ကိုးလုပ် ပြုလုပ်ကာ နို့ဃနာဆွမ်းကို ဘုဉ်းပေးပြီးလျှင် ရွှေခွက်ကို နေရဉ္ဇရာမြစ်ကြော၌ မျှောပြီးနောက် အစဉ်သဖြင့် မဟာဗောဓိမဏ္ဍိုင်သို့ တက်ရောက် တော်မူကာ သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူပြီး၍ မဟာဗောဓိမဏ္ဍိုင်၏ အနီး၌ပင် သတ္တသတ္တာဟ စံနေတော်မူပြီးနောက် ဣသိပတန မိဂဒါဝုန်သို့ ကြွရောက်ပြီးလျှင် ဓမ္မစကြာတရားဦးကို ဟောတော်မူပြီးလျှင် သုဇာတာ သူဌေးကတော်၏သား ယသ-သတို့သား သူဌေးသား ၏ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှု = ဥပနိဿယကို မြင်တော်မူသဖြင့် သစ်ပင်ရင်းတခုသို့ ကြွရောက်တော်မူကာ ထိုင်နေတော်မူလေ၏။

     ယသ-သူဌေးသားသည်လည်း ထိုညဉ့်၏အခြားမဲ့၌ မောင်းမဆောင်ကို မြင်ရ၍ သံဝေဂဖြစ်ရှိကာ “ဥပဒ္ဒုတံ ဝတ ဘော = အိုး.. သူရော,ကိုယ်ပါ ခပ်သိမ်းသော သတ္တဝါတို့၏ ခန္ဓာကိုယ်ဆိုး ဤဒုက္ခအိုးကြီးကို အမျိုးမျိုးသော ကိလေသာတရားတို့ ထိပါး နှိပ်စက်လှချည့်တကား၊ ဥပဿဋ္ဌံ ဝတ ဘော = အိုး.. သူရော,ကိုယ်ပါ ခပ်သိမ်းသော သတ္တဝါတို့၏ ခန္ဓာကိုယ်ဆိုး ဤဒုက္ခအိုးကြီးကို အမျိုးမျိုးသော ကိလေသာတရားတို့ ညှဉ်းပန်း နှိပ်စက်အပ်လှချည့်တကား”ဟု ညည်းတွားပြောဆိုကာ နေအိမ်မှ ထွက်ခဲ့၍ မြို့ပြင်ပ၌ မြတ်စွာဘုရားထံတော်သို့ သွားရောက်လျက် တရားဒေသနာကို ကြားနာရသောကြောင့် သောတာပတ္တိမဂ်ဖိုလ်ကို ထိုးထွင်းကာ သိမြင်ဆိုက်ရောက်လေ၏။ (အင်္ဂုတ္တရအဋ္ဌကထာ ၁၊

၂၄၂

မျက်နှာ ၃၁၀-အလို အောက်မဂ်အောက်ဖိုလ် သုံးပါးတို့ကို ထိုးထွင်းကာ သိမြင်ဆိုက်ရောက်လေ၏)။

     ထို့နောက် ယသ-၏ဖခင် သူဌေးကြီးသည် ဖဝါးခြေထပ် လိုက်ပါလတ်၍ မြတ်စွာဘုရားထံတော်သို့ သွားရောက်ပြီးလျှင် ယသသူဌေးသား၏ သတင်းကို မေးလေသည်။ မြတ်စွာဘုရားသည် ယသသူဌေးသားကို တန်ခိုးတော်ဖြင့် ဖုံးကွယ်ထား၍ ဖခင်သူဌေးကြီးအား တရားဟောတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးလတ်သော အခါဖခင်သူဌေးကြီး သောတာပတ္တိဖိုလ်၌ တည်၍ ယသသူဌေးသား အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ယသသူဌေးသားကို ဧဟိဘိက္ခု ခေါ်တော်မူ၏။ ထိုခဏမှာပင် ယသသူဌေးသား၏အဖို့ရာ လူ၏အသွင် ကွယ်ပျောက်၍ ဣဒ္ဓိမယ သပိတ်သင်္ကန်း ပရိက္ခရာတို့ကို ဆင်မြန်းပြီးဖြစ်ကာ ယသသူဌေးသားသည် ဧဟိဘိက္ခု ရဟန်းဖြစ်လေ၏။ သူဌေးကြီးသည် မြတ်စွာဘုရားကို ဆွမ်းဘုဉ်းပေးကြွရန် ဖိတ်မန်လေသည်။ မြတ်စွာဘုရားသည် အရှင်ယသကို နောက်ပါရဟန်းပြု၍ သူဌေးကြီး၏အိမ်သို့ ကြွရောက်တော်မူလျက် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးစီးလတ်သော် တရားဟောတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ အရှင်ယသ၏မယ်တော် သုဇာတာ သူဌေးကတော်ကြီးသည်၎င်း, အရှင်ယသ၏ လူဖြစ်စဉ်က ဇနီးဟောင်းသည်၎င်း သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ ထိုနေ့မှာပင် သုဇာတာ သူဌေးကတော်ကြီးသည် ချွေးမနှင့် အတူတကွ တေဝါစိကသရဏဂုံ၌ တည်လေ၏။ (ဤကား အကျဉ်း သံခေပအကြောင်းအရာတည်း။ အကြောင်းအရာ အကျယ်ကို အောက် မဟာဗုဒ္ဓဝင် ဒုတိယတွဲ စာမျက်နှာ ၂၇၁-မှ ၂၇၇-တိုင်အောင်၎င်း, ၎င်း စာမျက်နှာ ၅၀၀-မှ ၅၂၇-တိုင်အောင်၎င်း ပြန်လည်ကြည့်ရှုကုန်ရာ၏)။

၂၄၃

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     မြတ်စွာဘုရားသည် နောက်အဖို့ဝယ် အစဉ်အတိုင်း ဥပါသိကာတို့ကို ဧတဒဂ်ရာထူး = ဌာနန္တရတို့၌ ထားတော်မူသည်ရှိသော် ဤသုဇာတာသူဌေးကတော် ဥပါသိကာကြီးကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဥပါသိကာနံ ပဌမံ သရဏံ ဂစ္ဆန္တီနံ ယဒိဒံ သုဇာတာ သေနိယဓီတာ = ရဟန်းတို့.. ရှေးဦးစွာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်း = သရဏဂုံသို့ ရောက်ကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဥပါသိကာတို့တွင် သေနိယသူဌေး၏သမီး သုဇာတာသူဌေးမသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”—

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ပဌမံ သရဏဂမန = ရှေးဦးစွာ သရဏဂုံခံယူသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး= ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား သုဇာတာသူဌေးကတော် အကြောင်းတည်း။

**********

(၂) ဝိသာခါကျောင်းအမကြီးအကြောင်း

(က) ဝိသာခါ၏ ရှေးကောင်းမှု

     ဤဝိသာခါအလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါ၌ ဟံသာဝတီ မင်းနေပြည်ဝယ် အမျိုးသမီး(သူဌေးသမီး) ဖြစ်လတ်၍ နောက်အဖို့၀ယ် မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာရစဉ် မြတ်စွာဘုရားရှင်က ဥပါသိကာတယောက်ကို “ဒါယိက = အလှူအတန်း ပေးကမ်းခြင်း၌ မွေ့လျော်သော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုရာထူး =ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။

၂၄၄

ကိကီမင်းကြီး၏ သမီးထွေးဘဝ

     ထိုအမျိုးကောင်းသမီးသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့၍ ဤဘဒ္ဒကမ္ဘာဝယ် ကဿပမြတ်စွာ လက်ထက်တော်အခါ၌ ကာသိတိုင်းရှင် ဘုရင်ကိကီမင်းကြီး၏ ရွှေနန်းတော်ဝယ် ဘုရင့်သမီးတော် ညီအမ ခုနစ်ဖော်တို့အနက် အငယ်ဆုံး အထွေးဆုံး ညီမ ဖြစ်ခဲ့လေသည်။ ထိုအခါ၌-

သမဏီ, သမဏဂုတ္တာ စ၊ ဘိက္ခုနီ, ဘိက္ခဒါယိကာ။

ဓမ္မာ စေဝ , သုဓမ္မာ စ၊ သံဃဒါသီ စ သတ္တမာ-

ဟူသော သင်္ဂဟဂါထာအတိုင်း ကိကီမင်းကြီးမှာ (၁) သမဏီမင်းသမီး၊ (၂) သမဏဂုတ္တာမင်းသမီး၊ (၃) ဘိက္ခုနီမင်းသမီး၊ (၄) ဘိက္ခဒါယိကာမင်းသမီး၊ (၅) ဓမ္မာမင်းသမီး၊ (၆) သုဓမ္မာမင်းသမီး၊ (၇) သံဃဒါသီမင်းသမီးဟူ၍ သမီးတော် ညီအမခုနစ်ဖော်တို့ ရှိကြလေသည်။ ထိုသမီးတော် ခုနစ်ဖော်တို့သည် ဤယခု မြတ်စွာဘုရား လက်ထက်တော်အခါဝယ်-

ခေမာ, ဥပ္ပလဝဏ္ဏာ စ၊ ပဋာစာရာ စ, ဂေါတမီ။

ဓမ္မာဒိန္နာ, မဟာမာယာ၊ ဝိသာခါ စေဝ သတ္တာမီ-

ဟူသော သင်္ဂဟဂါထာအတိုင်း အစဉ်အတိုင်း (၁) ခေမာထေရီ (၂) ဥပ္ပလဝဏ်ထေရီ (၃) ပဋာစာရာထေရီ (၄) မိထွေးတော် မဟာပဇာပတိ ဂေါတမီထေရီ (၅) ဓမ္မဒိန္နာထေရီ (၆) မယ်တော် မဟာမာယာမိဖုရား (၇) ဝိသာခါ ကျောင်းအမကြီးတို့ အသီးအသီး ဖြစ်လာကြလေသည်။

(ခ) နောက်ဆုံးဘဝ ဝိသာခါဖြစ်ခြင်း

     ကိကီမင်းကြီး၏ သမီးတော် ခုနစ်ဖော်တို့တွင် အငယ်ဆုံး အထွေးဆုံးဖြစ်သူ သံဃဒါသီမင်းသမီးသည် ဗုဒ္ဓန္တရအသင်္ချေယျ တကပ်ပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့၍ ဤအကျွန်ုပ်တို့ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလဝယ်

၂၄၅

အင်္ဂတိုင်း ဘဒ္ဒိယမြို့၌ မေဏ္ဍကသူဌေးကြီး၏သား ဓနဉ္ဇယသူဌေး၏ အဂ္ဂမဟေသီ သုမနဒေဝီ သူဌေးကတော်ကြီးဝမ်း၌ ကိန်းပိုက်သန္ဓေ တည်နေဖြစ်ပွါးလာလေသည်။ ထိုသူဌေးသမီး၏ အမည်ကို ဝိသာခါ-ဟူ၍ မိဘဆွေမျိုးတို့က မှည့်ခေါ်ကြလေသည်။ ဝိသာခါ သူဌေးသမီး ခုနစ်နှစ်အရွယ်ရှိသောအခါ၌ မြတ်စွာဘုရားရှင်သည် သေလပုဏ္ဏားနှင့် အခြား ကျွတ်ထိုက်သူ ဝေနေယျတို့၏ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံခြင်းကို မြင်တော်မူ၍ များစွာသော ရဟန်းအပေါင်း ခြံရံအပ်လျက် ခရီးဒေသစာရီ ကြွချီတော်မူလတ်သည်ရှိသော် အင်္ဂတိုင်း ဘဒ္ဒိယမြို့သို့ ဆိုက်ရောက်တော်မူလေ၏။

ဘုန်းကြီးသူ ၅-ဦး

     ထိုအချိန်၌ မေဏ္ဍကသူဌေးသည် ဘဒ္ဒိယမြို့ဝယ် “ဘုန်းကြီးသူ ၅-ဦး”တို့၏ အကြီးအမှူးဖြစ်ကာ သူဌေး ပြုလုပ်နေထိုင်ဆဲ ဖြစ်၏။ ဘုန်းကြီးသူ ၅-ဦးတို့ ဟူသည်မှာ (၁) မေဏ္ဍကသူဌေးကြီး (၂) ထိုသူဌေးကြီး၏ စန္ဒပဒုမာမည်သော သူဌေးကတော်ကြီး (၃) ထိုသူဌေးကြီး၏သား ဓနဉ္ဇယသူဌေး (၄) ထိုဓနဉ္ဇယသူဌေး၏ သုမနဒေဝီမည်သော သူဌေးကတော် (၅) မေဏ္ဍကသူဌေးကြီး၏ ပုဏ္ဏမည်သောကျွန် = ဤသူ ၅-ဦးတို့ ဖြစ်သည်။ (ထိုသူ ၅-ဦးတို့၏ ဘုန်းအာနုဘော် ကြီးမားပုံကို ဓမ္မပဒအဋ္ဌကထာ ဒုတိယအုပ် ၁၈-မလဝဂ်၊ ၁၀-မေဏ္ဍကသူဌေးဝတ္ထု၊ စာမျက်နှာ ၂၃၇-၈-တို့မှ အကျဉ်းချုပ် ထုတ်၍ပြဦးအံ့)—

     ၁။ မေဏ္ဍကသူဌေးကြီး၏ အာနုဘော်။ ။တနေ့သ၌ မေဏ္ဍကသူဌေးကြီးသည် မိမိ၏ ဘုန်းအာနုဘော်ကို စုံစမ်းလိုသည်ဖြစ်၍ စပါးကျီအလုံးပေါင်း (၁၂၅၀) တထောင့်နှစ်ရာ့ငါးဆယ်တို့ကို သုတ်သင်ရှင်းလင်းစေပြီးလျှင် ဦးခေါင်းဆေးလျှော်ပြီးနောက် တံခါးဝ၌ ထိုင်နေ၍ အထက်ကောင်းကင်သို့ မော်၍ကြည့်လိုက်လေသည်၊ ထိုခဏဝယ် သလေးနီစပါးမိုးကြီး ဖြိုးဖြိုးဖြုန်းဖြုန်း အုန်းအုန်းရွာချ၍ စပါးကျီအလုံးပေါင်း (၁၂၅၀) တထောင့်နှစ်ရာ့ငါးဆယ်တို့မှာ သလေးနီစပါးတို့ဖြင့် ပြည့်လျက်သား

၂၄၆

ဖြစ်ကြလေကုန်၏။ သူဌေးကြီးသည် ကျန်သည့် အိမ်ရှိလူများ၏ ဘုန်းအာနုဘော်ကိုလည်း စုံစမ်းလိုသည် ဖြစ်၍ သူဌေးကတော်ကြီး, သား, ချွေးမ, ကျွန် ဤသူလေးဦးတို့ကို “သင်တို့၏ ဘုန်းအာနုဘော်တို့ကိုလည်း စုံစမ်းကြကုန်လော့”ဟု တိုက်တွန်းစကား ပြောကြားလေ၏။

     ၂။ စန္ဒပဒုမာ သူဌေးကတော်ကြီး၏ အာနုဘော်။ ။ထိုအခါ စန္ဒပဒုမာ သူဌေးကတော်ကြီးသည် အဆင်တန်းဆာစုံ ဝတ်ဆင်ပြီးလျှင် လူများအပေါင်း ကြည့်ရှုနေစဉ်ပင် ဆန်များကို (တပြည်ခန့်)ခြင်စေ၍ ထိုဆန်တို့ဖြင့် ထမင်းချက်စေပြီးနောက် တံခါးမုခ်ဝယ် ခင်းထားအပ်သော နေရာ၌ ထိုင်နေကာ ရွှေယောက်မကို ကိုင်လျက် “ထမင်းဖြင့် အလိုရှိသော သူတို့သည် လာရောက်ကြကုန်”ဟု ကြွေးကြော်စေ၍ လာတိုင်း လာတိုင်းသော သူတို့အား ခွက်အပြည့်ထည့်၍ ပေးလှူလေသည်။ တနေ့လုံး ပေးလှူသော်လည်း ယောက်မဖြင့် ခပ်ယူသောနေရာသာ ထင်၍ ကျန်သည့်ထမင်းအိုး အရာမယွင်းပဲ ရှိလေသည်။

     စန္ဒပဒုမာအမည်ရခြင်းအကြောင်း။ ။ထိုသူဌေးကတော်ကြီး၏ အဖို့ရာ ရှေးဘုရားရှင်တို့၏ လက်ထက်တော် အခါကလည်း ရဟန်းသံဃာအား လက်ဝဲလက် (ဗယ်ဘက်လက်)ဖြင့် ဆွမ်းအိုး ဆွမ်းဇလုံကို မ-ချီ လျက် လက်ျာလက် (ညာဘက်လက်)ဖြင့် ယောက်ချို, ယောက်မ, ဇွန်းကို စွဲကိုင်ကာ ဤနည်းနှင်နှင် သပိတ်အပြည့် ဆွမ်းလှူခဲ့ဘူးသောကြောင့် လက်ဝဲလက် (ဗယ်ဘက်လက်) ဖဝါးအပြည့် ပဒုမာကြာပန်းလက္ခဏာ အရေးအသား ထင်ရှားဖြစ်ပေါ်၍ လက်ျာလက် (ညာဘက်လက်) ဖဝါးအပြည့် လဝန်းလက္ခဏာ အရေးအသား ထင်ရှား ဖြစ်ပေါ်လေသည်။ ထို့ပြင်လည်း သူဌေးကတော်ကြီးသည် ရှေးဘုရားရှင်များ လက်ထက်တော်အခါက ရဟန်းသံဃာအား လက်ဝဲလက်ဖြင့် ဓမကရိုဏ် = ရေစစ်ကိုယူကာ သောက်ရေကိုစစ်၍ လှူဒါန်းလျက် ထိုမှဤမှ သံဃာရှိရာသို့ မမောနိုင်,မပန်းနိုင် လှည့်လည် သွားလာခဲ့လေသည်။ ထို့ကြောင့် ထိုသူဌေးကတော်ကြီး၏

၂၄၇

လက်ျာခြေ (ညာဘက်ခြေ) ဖဝါးအပြည့် လဝန်းလက္ခဏာ အရေးအသား ထင်ရှားဖြစ်ပေါ်၍ လက်ဝဲခြေ (ဗယ်ဘက်ခြေ) ဖဝါးအပြည့် ပဒုမာကြာပန်းလက္ခဏာ အရေးအသား ထင်ရှား ဖြစ်ပေါ်လေသည်၊ ဤဖော်ပြရာပါ အကြောင်းများကြောင့် ထိုသူဌေးကတော်ကြီး၏ အမည်ကို မိဘဆွေမျိုးတို့က “စန္ဒပဒုမာ”ဟူ၍ မှည့်ခေါ်ကြလေသည်။

     ၃။ သားဖြစ်သူ ဓနဉ္ဇယသူဌေး၏ အာနုဘော်။ ။မေဏ္ဍကသူဌေးကြီး၏သား ဓနဉ္ဇယသူဌေးသည်လည်း ဦးခေါင်းဆေးလျှော်ပြီးလျှင် အသပြာ ထောင်အိတ်ကိုယူ၍ “အသပြာကျပ်တို့ဖြင့် အလိုရှိသောသူတို့သည် လာရောက်ကြကုန်”ဟု ဆို၍ လာတိုင်း လာတိုင်းသော သူတို့အား ခွက်အပြည့် ကျပ်အသပြာတို့ကို ထည့်၍ ပေးလေသည်။ ထိုသို့ပေးသော်လည်း အသပြာအိတ်ထဲ၌ ကျပ်အသပြာတထောင် ရှိမြဲရှိ၍ နေလေသည်။

     ၄။ ချွေးမဖြစ်သူ သုမနဒေဝီသူဌေးကတော်၏ အာနုဘော်။ ။ထိုမေဏ္ဍကသူဌေးကြီး၏ ချွေးမဖြစ်သူ သုမနဒေဝီ သူဌေးကတော်သည်လည်း အဆင်တန်းဆာစုံ ဝတ်ဆင်ပြီးလျှင် ကောက်စပါးတောင်းကို ယူ၍ ဟင်းလင်းအပြင်၌ ထိုင်နေလျက် “မျိုးရိက္ခာ ထမင်းတို့ဖြင့် အလိုရှိသောသူတို့သည် လာရောက်ကြကုန်”ဟု ဆို၍ လာတိုင်း လာတိုင်းသော သူတို့အား ခွက်အပြည့်ထည့်၍ ပေးလေသည်။ ထိုသို့ပေးသော်လည်း ကောက်စပါးထည့်သော တောင်းသည် ပြည့်မြဲတိုင်းသာလျှင် ပြည့်၍နေ၏။

     ၅။ ကျွန်ယုံတော် မောင်ပုဏ္ဏ၏ အာနုဘော်။ ။မေဏ္ဍကသူဌေးကြီး၏ ကျွန်ယုံတော် မောင်ပုဏ္ဏသည်လည်း ကျွန်တို့ဆိုင်ရာ အဆင်တန်းဆာစုံ ဝတ်ဆင်ပြီးလျှင် ရွှေထမ်းပိုးတို့၌ ရွှေချည်ကြိုးတို့ဖြင့် နွားတို့ကို ယှဉ်က၍ ရွှေနှင်တံကို စွဲကိုင်လျက် နွားတရှဉ်းတို့အား နံ့သာလက် ၅-ချောင်းရာများပေးပြီး နွားဦးချိုတို့၌ ရွှေအစွပ်တို့ကိုစွပ်လျက် လယ်တောသို့ သွားရောက်ကာ မောင်းနှင် ထွန်၍ ပြလေသည်။ ထိုအခါ အံ့ဩဖွယ်ရာ လက်ဝဲဘက်မှ

၂၄၈

ထွန်ရေးသုံးကြောင်း, လက်ျာဘက်မှ ထွန်ရေးသုံးကြောင်း, အလယ်ဗဟိုမှ ထွန်ရေးတကြောင်းအားဖြင့် ထွန်ရေးအကြောင်း ခုနစ်ကြောင်းတို့ ခွဲထွက်၍ သွားကြလေသည်။

     ဇမ္ဗူဒိပ်ကျွန်းအပြင်၌ နေကြသော သူတို့သည် ထမင်း , မျိုးရိက္ခာ, ငွေ, ရွှေ- စသည်တို့တွင် မိမိတို့ အလိုရှိရာကို မေဏ္ဍကသူဌေးကြီးအိမ်မှသာလျှင် ယူငင်ကြရလေသည်။ ဤကား ဘုန်းကြီးသူ ၅-ဦးတို့အကြောင်းတည်း။

     ဗိမ္ဗိသာရမင်းကြီး၏ အာဏာစက်ပြန့်နှံ့ရာ ရာဇဂြိုဟ်ပြည်နယ်အတွင်း၌ ဤမေဏ္ဍကသူဌေးကြီးအပြင် ဇောတိကသူဌေး, ဇဋိလသူဌေး, ပုဏ္ဏသူဌေး, ကာက၀လိယသူဌေးဟူ၍ သူဌေးကြီး လေးဦးတို့လည်း ရှိကြသေး၏၊ မေဏ္ဍကသူဌေးကြီးနှင့်သော် ဗိမ္ဗိသာရမင်းကြီး၏ အာဏာစက်ပြန့်နှံ့ရာ နယ်ပယ်၌ “အမိတဘောဂ = သုံးမကုန် စွဲမကုန် စည်းစိမ်ကုံလုံကြွယ်ဝသည့် သူဌေးကြီးပေါင်း” ၅-ဦးတို့ ရှိကြလေသည်။ ။(ထို၅-ဦးတို့တွင် ပုဏ္ဏသူဌေးကြီး၏ အကြောင်းကား အထက် ဥတ္တရာဝတ္ထု၌ ထင်ရှားလတ္တံ့၊ ကျန်သူဌေးကြီး ၄-ဦးတို့၏ အကြောင်းအရာအကျဉ်းချုပ်ကို ဤဆဋ္ဌမတွဲအဆုံး ဤကျမ်းနိဂုံးအုပ်ခါနီးမှ ဖော်ပြပေအံ့)။

     အမိတဘောဂသူဌေးကြီး ၅-ဦးတို့တွင် တဦးအပါအဝင်ဖြစ်သော မေဏ္ဍကသူဌေးကြီးသည် မြတ်စွာဘုရားရှင် မိမိတို့၏ ဘဒ္ဒိယမြို့သို့ ရောက်တော်မူလာကြောင်း သတင်းစကား ကြားသိရလေလျှင် မိမိ၏မြေးမ (=ဓနဉ္ဇယသူဌေး၏သမီး) ဝိသာခါ သတို့သမီးကို ခေါ်၍ “ချစ်မြေး.. ဖိုးဖိုး ယခုပြောပြမည့် ကိစ္စသည် ချစ်မြေး၏အဖို့ရာလည်း မင်္ဂလာကောင်းမှု ကုသိုလ်ဖြစ်၏၊ ဖိုးဖိုးတို့၏ အဖို့ရာလည်း မင်္ဂလာကောင်းမှု ကုသိုလ်ဖြစ်၏၊ ချစ်မြေး၏ ရံရွေဖော်သတို့သမီး ငါးရာတို့နှင့် အတူတကွ ရထားအစီးငါးရာတို့ကို ကိုယ်စီကိုယ်င စီးကြလျက် ကျွန်မငါးရာ ခြံရံအပ်ကာ ချစ်မြေးသည် မြတ်စွာဘုရားအား ခရီးဦးကြိုဆိုမှု ပြုလေလော့”ဟု တိုက်တွန်းစကား ပြောကြားလေ၏။

၂၄၉

ခုနစ်နှစ်အရွယ်ကပင် ဝိသာခါ သောတာပန်ဖြစ်ခြင်း

     ဝိသာခါ သတို့သမီးသည် အဖိုး၏ တိုက်တွန်းစကားကို ကြားရလေလျှင် အားရဝမ်းသာစွာ အဖိုးပြောဆိုသည့်အတိုင်း မြတ်စွာဘုရားအား ခရီးဦးကြိုဆိုမှု ပြုလေ၏။ အထူးအားဖြင့် (အဖိုးဖြစ်သူ မေဏ္ဍကသူဌေးကြီးက သူဌေး၏ ဇာတိမာန်ဖြင့် မြတ်စွာဘုရား၏ အနီးထံမှောက်သို့ရောက်အောင် ရထားစီး၍ သွားရမည်ကဲ့သို့ ပြောဆို မှာကြားလိုက်သော်လည်း) ဝိသာခါ သတို့သမီးသည် အကြောင်းဟုတ်သည် မဟုတ်သည်တို့၌ လိမ္မာပါးနပ် ယဉ်ကျေးပြီးသူ ဖြစ်သောကြောင့် ရထားစီး၍ သွားသင့်လောက်သော မြေအရပ်တိုင်ရုံသာ ရထားစီး၍ သွားပြီးလျှင် (ရထားနှင့်သွားက အဂါရ၀ = မရိုသေမှု ဖြစ်လောက်သည့် အရပ်သို့ ရောက်လျှင်) ရထားမှ ဆင်းသက်၍ ခြေလျင်သာလျှင် မြတ်စွာဘုရား အထံတော်သို့ သွားရောက်ရှိခိုးကာ အပြစ်လွတ်ရာအရပ်၌ ရပ်တည်နေလေ၏။

     ထိုအခါ မြတ်စွာဘုရားသည် ဝိသာခါသတို့သမီး (=သူဌေးသမီး)အား သူမ၏စရိုက်နှင့် လိုက်လျောညီညွတ်စွာ တရားဒေသနာကို ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ ဝိသာခါသူဌေးသမီးသည် ရံရွေဖော်သတို့သမီး ငါးရာတို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်လေ၏ = သောတာပန်အရိယာ ဖြစ်လေ၏။

     မေဏ္ဍကသူဌေးကြီး သည်လည်း မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ဆည်းကပ်၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ရပ်တည်နေလေ၏။ ထိုအခါ မြတ်စွာဘုရားသည် မေဏ္ဍကသူဌေးကြီးအားလည်း သူ၏စရိုက်နှင့် လိုက်လျောညီညွတ်စွာ တရားဒေသနာကို ဟော ကြားတော်မူလေ၏၊ မေဏ္ဍကသူဌေးကြီးသည် တရားဒေသနာနိဂုံး ဆုံးလတ်သောအခါ သောတာပတ္တိဖိုလ် ၌ တည်၍ = သောတာပန်အရိယာ ဖြစ်ပြီး၍ မြတ်စွာဘုရားရှင်ကို နက်ဖြန် ကောင်းမှုကုသိုလ်အလို့ငှါ ပင့်ဖိတ်ပြီးလျှင် နောက်တနေ့၌ မိမိ၏အိမ်၀ယ်

၂၅၀

မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ဖြင့် ဘုရားအမှူးရှိသော ရဟန်းသံဃာကို ဆွမ်းပြုစုလုပ်ကျွေး ဆက်ကပ်လေ၏၊ ဤနည်းဖြင့် မေဏ္ဍကသူဌေးကြီးသည် လခွဲ (=၁၅-ရက်)ပတ်လုံး ကြီးစွာသော အလှူဒါနကို ပေးလှူခဲ့လေသည်။ မြတ်စွာဘုရားရှင်သည် ဘဒ္ဒိယမြို့၌ ချေချွတ်သင့်သော သတ္တဝါဝေနေယျရှိသလောက် သီတင်းသုံး နေထိုင်တော်မူ၍ လောလောဆယ် ချေချွတ်ရန် ဝေနေယျမရှိသောအခါ ဘဒ္ဒိယမြို့မှ ဖဲကြွတော်မူလေ၏။

ဝိသာခါတို့မိသားစု

သာကေတမြို့သို့ ပြောင်းရွှေ့နေထိုင်ခြင်း

     သာဝတ္ထိပြည်ဝယ် ပသေနဒိ ကောသလမင်းတရားသည် (မိမိတိုင်းနိုင်ငံ၌ အမိတဘောဂ သူဌေးတဦးမျှ မရှိသေးရကား) ဗိမ္ဗိသာရမင်းတရား၏ အထံသို့ “ကျွန်ုပ်၏ အာဏာစက်ပြန့်နှံ့ရာ ကောသလတိုင်း နယ်ပယ်ဝယ် အမိတဘောဂ သူဌေးအိမ်ထောင်စု တခုမျှ မရှိဖြစ်ပါသည်၊ ထို့ကြောင့် ကျွန်ုပ်တို့၏ နိုင်ငံသို့ အမိတဘောဂ သူဌေးအိမ်ထောင်စု တခုခုကို ပို့လွှတ်စေလိုပါသည်”ဟူ၍ သဝဏ်လွှာ ပို့သစေလွှတ် တောင်းခံလေ၏။

     ဗိမ္ဗိသာရမင်းတရားကြီးသည် အမတ်တို့နှင့် ထိုအကြောင်းကို တိုင်ပင်ဆွေးနွေးလေ၏။ အမတ်တို့သည် “ကျွန်ုပ်တို့သည် အမိတဘောဂသူဌေးကြီးများ အိမ်ထောင်စုကိုကား မည်သည့်နည်းဖြင့်မျှ မပို့သနိုင်ကြပါကုန်၊ သို့သော် (ကောသလမင်းကြီး စိတ်ကျေနပ်လောက်အောင်) သူဌေးသားတယောက်ကို ပို့သကြကုန်စို့”ဟု တိုင်ပင်ညီညွတ်ကြ၍ မေဏ္ဍကသူဌေးကြီး၏သား ဓနဉ္ဇယသူဌေးကို ကောသလတိုင်းသို့ သွားရောက်နေထိုင်ရန် တောင်းပန်စကား ပြောကြားကြလေကုန်၏။ ဗိမ္ဗိသာရမင်းတရားကြီးသည် အမတ်တို့၏စကားကို ကြားသိရ၍ မေဏ္ဍကသူဌေးကြီး၏ သားဖြစ်သူ ဓနဉ္ဇယသူဌေးကို ကောသလတိုင်းသို့ သွားရောက်နေထိုင်ရန် တောင်းပန်စကား ပြောကြား၍ ပို့သစေလွှတ်လေသည်။

(ဤ၌။ ။ဓမ္မပဒအဋ္ဌကထာ အလိုအားဖြင့် ကောသလမင်းကြီးနှင့် ဗိမ္ဗိသာရ မင်းတရားကြီးတို့သည် အချင်းချင်း နှမ၏လင် = မောင်လယ် နှမလယ်

၂၅၁

တော်စပ်ကြ၍ ကောသလမင်းကြီးက ဗိမ္ဗိသာရမင်းကြီးထံသို့ သွားရောက်၍ သူဌေးကြီးတဦးဦးကို မိမိ၏ ကောသလတိုင်းသို့ ပို့လွှတ်ရန် တောင်းခံသောအခါ ဗိမ္ဗိသာရမင်းတရားကြီးသည် သူဌေးကြီးများကို မတုန်လှုပ်, မချောက်ချားစေနိုင်သဖြင့် မေဏ္ဍကသူဌေးကြီး၏သား ဓနဉ္ဇယသူဌေးကို ကောသလတိုင်းသို့ လိုက်ပါနေထိုင်ရန် တောင်းပန် တိုက်တွန်း၍ ဓနဉ္ဇယသူဌေးက သဘောတူသဖြင့် ထိုဓနဉ္ဇယသူဌေး အိမ်ထောင်စုကို ကောသလမင်းကြီးနှင့်အတူ ထည့်လိုက်ခြင်းဖြစ်သည်)။

     ဓနဉ္ဇယသူဌေးသည် ဘဒ္ဒိယမြို့မှ ပြောင်းရွှေ့ခဲ့၍ သာဝတ္ထိပြည်မှ ခုနစ်ယူဇနာ ဝေးကွာသည့် နေထိုင်ရန် ချမ်းသာမည့်အရပ်သို့ ရောက်လေလျှင် ကောသလမင်းကြီးကို “ဤအရပ်သည် မည်သူ၏ နိုင်ငံနည်း”ဟု မေး၍ ကောသလမင်းကြီးက “သူဌေး.. ငါ၏နိုင်ငံဖြစ်သည်”ဟု ပြောလေလျှင် ဓနဉ္ဇယသူဌေးသည် “ဤအရပ်မှ သာဝတ္ထိပြည်သည် မည်မျှဝေးကွာပါသနည်း”ဟု မေးလေ၏။ ကောသလမင်းကြီးက “ခုနစ်ယူဇနာထက်၌ သာဝတ္ထိပြည်ရှိ၏”ဟု မိန့်ဆိုလေလျှင် ဓနဉ္ဇယသူဌေးသည် “အကျွန်ုပ်တို့နေဖို့ရန် သာဝတ္ထိမြို့တွင်းသည် ကျဉ်းမြောင်းပါ၏၊ အကျွန်ုပ်တို့၏ အခြံအရံလူကား များလှစွာ၏၊ အရှင်မင်းကြီးတို့ နှစ်သက်ကျေနပ် တော်မူကြပါလျှင် အကျွန်ုပ်တို့သည် ဤအရပ်၌ပင် မြို့တည်၍ နေကြပါရစေ”ဟု ခွင့်ပန်စကား ပြောကြားလေ၏။ ကောသလမင်းကြီးသည် “ကောင်းပြီ”ဟု ဝန်ခံ၍ ထိုအရပ်၌ မြို့သစ် ဖန်တီးပြီးလျှင် ဓနဉ္ဇယသူဌေးအား အပ်နှင်း၍ သွားလေ၏။ ထိုအရပ်ဝယ် ကိုယ်တိုင်ပင် နေထိုင်ရန်ဌာနကို ယူအပ်လေသောကြောင့် မြို့၏အမည်မှာ “သာကေတ”ဟု မည်တွင်လေသည်။

     သာဝတ္ထိပြည်၌ မိဂါရသူဌေးကြီး၏သား ပုဏ္ဏဝဍ္ဎနသတို့သားသည် အရွယ်သို့ရောက်ရှိလေပြီ၊ ထိုအခါ ပုဏ္ဏဝဍ္ဎန သတို့သား၏ ဖခင် မိဂါရသူဌေးကြီးသည် “ငါ့သား အရွယ်သို့ ရောက်ခဲ့လေပြီ။ ယခုအချိန်ကား ငါ့သားကို အိမ်ရာဖြင့် နှောင်ဖွဲ့ရမည့်အချိန် ဖြစ်လေသည်”ဟု ဆင်ခြင်စဉ်းစား၍ “ငါတို့နှင့် ဇာတ်တူအမျိုး အိမ်မှ သတို့သမီးကို ရှာကြလော့”ဟု မှာထားပြောဆိုကာ အကြောင်းဟုတ်သည်, မဟုတ်သည်၌ ကျွမ်းကျင်လိမ္မာကြသည့်

၂၅၂

ယောက်ျားတို့ကို စေလွှတ်လေ၏။ ထိုသတို့သမီးရှာသော လူများသည် သာဝတ္ထိပြည်၌ မိမိတို့ နှစ်သက်အပ်သည့် သတို့သမီးကို မတွေ့မမြင်ကြရ၍ သာကေတမြို့သို့ သတို့သမီးအရှာ သွားရောက်ကြလေ၏။

     ထိုနေ့၌ ဝိသာခါသူဌေးသမီးသည် မိမိနှင့် အရွယ်တူ ရံရွေဖော် သတို့သမီးငါးရာတို့ ခြံရံအပ်လျက် ရေသဘင်ကစားရန် မြို့၏အပြင်ဖက်ရှိ ရေကန်ကြီးတခုသို့ သွားရောက်လေ၏။ သတို့သမီးရှာသော သာဝတ္ထိပြည်သား လူများသည်လည်း သာကေတမြို့တွင်း၌ လှည့်လည်ကြ၍ မိမိတို့ ကျေနပ်နှစ်သက်လောက်သည့် သတို့သမီးကို မတွေ့မမြင်ကြရကား မြို့ပြင်ပတံခါးဝ၌ ရပ်တည်နေကြလေကုန်၏။ ထိုအချိန်၌ မိုးကြီးစ၍ ရွာသွန်းလေ၏။ ထိုအခါ ဝိသာခါနှင့်အတူ မြို့မှထွက်ခဲ့ကြသော သတို့သမီးငါးရာတို့သည် မိုးစွတ်မည်မှ ကြောက်ကြသောကြောင့် အလျင်အမြန် ပြေးသွားကြကာ စရပ်တဆောင်သို့ ဝင်ရောက် တည်းခိုကြလေ၏။ သတို့သမီးရှာသူများသည် ထိုသတို့သမီးငါးရာတို့ အတွင်းမှာလည်း မိမိတို့ ကျေနပ်နှစ်သက် လောက်သော သတို့သမီးကို မတွေ့မမြင်ကြရကုန်။

     အထူးအားဖြင့် ထိုသတို့သမီး ငါးရာတို့၏နောက်မှ ဝိသာခါ သူဌေးသမီးသည် မိုးရွာသည်ကိုလည်း မရေမတွက်ပဲ မဆောမလျင် (ဣန္ဒြေရရ) သွားခြင်းဖြင့် မိုးအစွတ်ခံလျက်သာ နောက်ဆုံးမှ စရပ်အတွင်းသို့ ဝင်ရောက်လာလေ၏။ သာဝတ္ထိပြည်သား သတို့သမီးရှာသည့် လူကြီးများသည် ဝိသာခါကို မြင်ကြရသည်ရှိသော် “ဤလောကဝယ် ရုပ်ရည်အဆင်း တင့်တယ်လှပခြင်းရှိသော သတို့သမီးသည် ဤ(ယခုတွေ့မြင် ရသည့်) သတို့သမီးလျှင် လွန်သောအတိုင်းအရှည်ရှိသည် ဖြစ်လေရာ၏ (=ဤယခု တွေ့မြင်ရသည့် သတို့သမီးထက် တင့်တယ်လှပသော သတို့သမီးဟူ၍ မရှိနိုင်လေရာ)။ ဤရုပ်ရည်အဆင်း ဟူသည်ကား အချို့သော သတို့သမီးများ၏ အဖို့ရာ သလဲသီးမှည့်ကဲ့သို့ နုနုထွတ်ထွတ် ဖြစ်ရှိနိုင်ပေသည်။ စကားစကို ဖြစ်စေ၍ ပြောဆိုကြည့်ကြမှသာလျှင်

၂၅၃

‘ဤသတို့သမီးသည် ချိုမြိန်သော နှုတ်သံစကား ရှိ၏, မရှိ၏’ဟု သိနိုင်ကြပေလိမ့်မည်”ဟု ကြံစည် ဆင်ခြင်မိကြလေ၏။ ထို့နောက် လူကြီးများနှင့် ဝိသာခါ သူဌေးသမီးတို့ စကားအပြန်အလှန် မေးကြ, ဖြေကြသည်မှာ-

(လူကြီးများ)

သမီး.. သမီးသည် အလွန် အရွယ်ရင့်ရော်သော မိန်းမကြီးကဲ့သို့ သွားဘိတကား။

(ဝိသာခါ)

ဖခင်တို့.. ဖခင်တို့သည် အဘယ်ကိုမြင်၍ ဤသို့ ပြောဆိုကြပါသနည်း။

(လူကြီးများ)

သင်ချစ်သမီးနှင့် အတူတကွ ကစားဖော်ဖြစ်ကြသည့် အခြားသတို့သမီးများသည် မိုးစွတ်အံ့သည်မှ ကြောက်ကြသောကြောင့် အဟုန်လျင်စွာ ပြေးလာကြ၍ ဤစရပ်အတွင်းသို့ ဝင်ရောက်ခိုလှုံကြပါသည်။ သင်ချစ်သမီးသည်ကား အရွယ်ကြီးသော မိန်းမကြီးကဲ့သို့ ခြေလှမ်းကိုလွန်၍ မလာခဲ့ချေ။ ထဘီကို မိုးစွတ်မည်ကိုလည်း သင်ချစ်သမီးကား မရေတွက်ပေ၊ အကယ်၍များ ချစ်သမီးကို ဆင်ဖြစ်စေ မြင်းဖြစ်စေ လိုက်လာခဲ့လျှင် ချစ်သမီးသည် ဤကဲ့သို့ပင် နုံ့နုံ့နှေးကန် ပြုလုပ်မည်လော။

(ဝိသာခါ)

ဖခင်တို့.. ထဘီများ ဆိုသည်မှာ လောကဝယ် ရခဲသောအရာမဟုတ်ပါ။ သမီး၏အိမ်မှာ ထဘီများကို ရလွယ်လှပါကုန်၏။ အရွယ်ရောက်သည့် မာတုဂါမ မင်းမိန်းမတို့ ဟူသည်ကား ရောင်းကုန်နှင့် တူကြပါသည်၊ မတော်တဆ ပြေးသွားသဖြင့် လက်သော်၎င်း, ခြေသော်၎င်း ကျိုးသွားခဲ့ပါမူ အင်္ဂါချို့တဲ့သော မာတုဂါမ မင်းမိန်းမကို ယောက်ျားတို့သည် စက်ဆုပ်ရွံရှာ တံတွေးထွေး၍သာ သွားကြပါကုန်၏။ ထို့ကြောင့် သမီးသည် ဖြေးဖြေးသာ လာခဲ့ပါသည်။

၂၅၄

     ထိုအခါ လူကြီးများသည် “ဤဇမ္ဗူဒိပ်ကျွန်းအပြင်မှာ ဤသတို့သမီးနှင့် တူညီသော မင်းမိန်းမသည် မရှိချေ၊ ရုပ်ရည်အဆင်း တင့်တယ်ခြင်းနှင့် ပြည့်စုံသကဲ့သို့ ချေချေငံငံ ပြောဆိုသော အသံမှာလည်း သာယာချိုမြိန်လှပေ၏။ အကြောင်းဟုတ်သည်, မဟုတ်သည်ကို သိ၍ ပြောဆိုပေ၏ = အရည်အချင်း, အဆင်း အသံ = ဤနှစ်တန်နှင့် လောက်ငံကုံလုံသူ ဖြစ်ပေ၏”ဟု ကြံစည် ဆင်ခြင်ကြပြီးလျှင် ဝိသာခါ၏အပေါ်၌ ပန်းလုံးကို ပစ်တင်လိုက်ကြလေကုန်၏။ ထိုအခါ ဝိသာခါသူဌေးသမီးသည် “ငါကား ရှေးအခါက အသိမ်းအပိုက် မခံရသေးသူ ဖြစ်ချေသည်။ ယခုမှာကား အသိမ်းအပိုက်ခံရပြီးသူ ဖြစ်ချေပြီ”ဟု ကြံစည်ဆင်ခြင်၍ ယဉ်ကျေးသော အခြင်းအရာဖြင့် ထိုနေရာမှာပင် မြေ၌ ထိုင်လိုက်လေ၏။ ထိုအခါ လူကြီးများသည် ဝိသာခါသူဌေးသမီးကို ထိုနေရာ၌ပင် တင်းထိမ်ကန့်လန့်ကာဖြင့် ဝန်းရံကြလေကုန်၏။ ဝိသာခါသူဌေးသမီးသည် တင်းတိမ်ကန့်လန့်ကာ ဝန်းရံပြီး၍ ဖုံးလွှမ်းအုပ်ခြုံ လုံလဲသောအဖြစ်ကို သိရှိပြီးမှ ကျွန်မအပေါင်း ခြံရံလျက် မိမိအိမ်သို့ သွားလေ၏။ မိဂါရသူဌေး၏ လူကြီးများသည်လည်း ဝိသာခါသူဌေးသမီးနှင့် အတူ တကွပင် ဓနဉ္ဇယသူဌေးကြီး၏အထံသို့ လိုက်ပါသွားရောက်ကြလေကုန်၏။

     ထိုနောက် ဓနဉ္ဇယသူဌေးကြီးနှင့် လူကြီးများ အချင်းချင်း ကြောင်းလမ်းစကား ပြောကြားကြသည်မှာ-

(ဓနဉ္ဇယသူဌေးကြီး)

အမောင်တို့.. အမောင်တို့သည် အဘယ်ရွာ၌ နေသူများ ဖြစ်ကြပါသနည်း။

(လူကြီးများ)

အရှင်သူဌေးမင်း.. အကျွန်ုပ်တို့သည် သာဝတ္ထိပြည်နေ မိဂါရသူဌေးမင်း၏ လူကြီးများ ဖြစ်ကြပါသည်။ အကျွန်ုပ်တို့၏ သူဌေးမင်းက အရှင်သူဌေးမင်းတို့၏အိမ်မှာ အရွယ်ရောက်သော သမီးကညာ ရှိသည်ဟု သတင်းကြား၍ အကျွန်ုပ်တို့ကို ကြောင်းလမ်းစကား ပြောကြားကြရန် စေလွှတ်အပ်ပါကုန်သည်။

၂၅၅

(ဓနဉ္ဇယသူဌေးကြီး)

ကောင်းပြီ အမောင်တို့.. အမောင်တို့၏ သူဌေးသည် စည်းစိမ်ဥစ္စာအနေအားဖြင့် ငါတို့နှင့် မတူညီသော်လည်း အမျိုးဇာတ်အားဖြင့်မူ (သူဌေးမျိုးဖြစ်၍) တူညီပေ၏။ စည်းစိမ်ရော, အမျိုးဇာတ်ပါ ခပ်သိမ်းသော အခြင်းအရာဖြင့် တူညီမှု တည်းဟူသော ဂုဏ်နှင့် ပြည့်စုံသူကိုကား လောက၌ ရခဲလှပေ၏၊ အမောင်တို့သည် ပြန်ကြကုန်လော့၊ အမောင်တို့၏ သူဌေးအား ငါတို့က လက်ခံလိုက်ကြောင်းကိုသာ ပြောကြားကြလော့။

     မိဂါရသူဌေး၏ လူကြီးများသည် ဓနဉ္ဇယသူဌေးကြီး၏ စကားကို ကြားနာကြပြီးလျှင် သာဝတ္ထိပြည်သို့ ပြန်ခဲ့ကြ၍ မိဂါရသူဌေးအား ဝမ်းမြောက်ဖွယ်စကား, တိုးပွါးမည့်စကား ပြောကြားပြီးလျှင် “အရှင်သူဌေးမင်း.. အကျွန်ုပ်တို့သည် သာကေတမြို့ဝယ် ဓနဉ္ဇယသူဌေးကြီး၏ အိမ်၌ သမီးဝိသာခါ သတို့သမီးကို ရအပ်ခဲ့ပါပြီ”ဟု ပြောဆိုကြလေကုန်၏။ ထိုစကားကို ကြား၍ မိဂါရသူဌေးသည် “မြတ်သော အမျိုးကြီးအိမ်၌ ငါတို့သည် သတို့သမီးကို ရအပ်ပြီတဲ့”ဟု နှစ်လိုအားရမ်း ဝမ်းမြောက်သော စိတ်ရှိလျက် ထိုခဏမှာပင် ဓနဉ္ဇယသူဌေးကြီး အထံသို့ “ယခု (ရက်များမကြာမီ)ပင်လျှင် သတို့သမီးကို လာရောက် ဆောင်ယူကြပါမည်။ ပြုသင့်ပြုထိုက်သော ကိစ္စများကို ပြုလုပ်ထားကြစေချင်ပါသည်”ဟု သတင်းစကား သဝဏ်လွှာ ပါးလိုက်လေ၏။ ဓနဉ္ဇယသူဌေးကြီးကလည်း မိဂါရသူဌေးအထံသို့ “ဤပြုသင့်ပြုထိုက်သော ကိစ္စများကို အသင့်ပြုလုပ်ထားဖို့ရန် ငါတို့အဖို့ ဝန်မလေးပါ = တာဝန်မဟုတ်ပါ၊ စင်စစ်သော်ကား သူဌေးကြီးသည်သာ မိမိ ပြုလုပ်ရွက်ဆောင်ရမည့် ကိစ္စကို ပြုလုပ် ဆောင်ရွက်စေချင်ပါသည်”ဟု အတုံ့သတင်းစကား သဝဏ်လွှာပြန်၍ ပါးလိုက်လေ၏။

ကောသလမင်းကြီး ထိမ်းမြားမင်္ဂလာပွဲသို့ လိုက်ပါခြင်း

     မိဂါရသူဌေးသည် ကောသလမင်းကြီးထံသို့ သွားရောက်၍ “အရှင်မင်းကြီး.. အကျွန်ုပ်မှာ မင်္ဂလာကိစ္စတခု ဖြစ်လာပါသည်။ အရှင်မင်းကြီး၏ ကျွန်ရင်း ပုဏ္ဏဝဍ္ဎန သတို့သား၏အတွက်

၂၅၆

ဓနဉ္ဇယသူဌေးကြီး၏သမီး ဝိသာခါမည်သော သတို့သမီးကို သွားရောက် ဆောင်ယူရပါမည်၊ အကျွန်ုပ်အား သာကေတမြို့သို့ သွားရောက်ရန် ခွင့်ပြုတော်မူကြပါကုန်လော့”ဟု ခွင့်ပန်စကား လျှောက်ထားလေ၏။ ကောသလမင်းကြီးက “ကောင်းပြီ သူဌေးကြီး.. ငါတို့ကော လိုက်ပါရန် လိုအပ်ပါသေးသလော”ဟု မေးမြန်းလေလျှင် မိဂါရသူဌေးသည် “အရှင်မင်းကြီး.. အရှင်မင်းကြီးတို့ကဲ့သို့သော ပုဂ္ဂိုလ်များ၏ လိုက်ပါခြင်းကို အကျွန်ုပ်တို့ကဲ့သို့သော သူများသည် အဘယ်သို့လျှင် ရနိုင်ပါမည်နည်း (=ရဖို့ရန်မလွယ်ကူ-ဟု ဆိုလိုသည်)”ဟူ၍ ပြန်ကြား လျှောက်ထားလေ၏။ ထိုအခါ ကောသလမင်းကြီးသည် အမျိုးကြီးနှစ်ဖက်အား ချီးမြှောက်မှုကို ပြုလိုရကား “ရှိပါစေ သူဌေးကြီး..၊ ငါသည်လည်း လိုက်ပါပေအံ့”ဟု ဝန်ခံစကား ပြောကြား၍ မိဂါရသူဌေးကြီးနှင့်အတူ သာကေတမြို့သို့ လိုက်ပါလေ၏။

     ဓနဉ္ဇယသူဌေးကြီးသည်လည်း “ယခုအခါ မိဂါရသူဌေးသည် ကောသလမင်းကြီးကိုပါ ခေါ်ဆောင်၍ ငါတို့၏ သာကေတမြို့သို့ လာနေပြီတဲ့”ဟု သတင်းစကား ကြားသိရလေလျှင် ကိုယ်တိုင်ပင် ခရီးဦးကြိုဆို၍ မင်းကြီးကို တမြတ်တနိုး ခေါ်ယူခဲ့ကာ မိမိ၏နေအိမ်သို့ သွားလေ၏။ အိမ်ရောက်လျှင်ပင် မင်းကြီးအတွက်၎င်း, မင်းကြီး၏ စစ်သည်ဗိုလ်ပါအတွက်၎င်း, မိဂါရသူဌေးနှင့်တကွ လူများအတွက်၎င်း နေရာထိုင်ခင်း, ပန်း , နံ့သာ, ထမင်း-စသည် အလုံးစုံကို အပြီးစီမံလေ၏။ “ဤသူအတွက် ဤအရာဝတ္ထုကို ရမှသင့်မည်၊ ဤသူအတွက် ဤအရာဝတ္ထုကို ရမှသင့်မည်”ဟု အားလုံးအတွက် လိုအပ်သည့် အရာဝတ္ထုမှန်သမျှကို ဓနဉ္ဇယသူဌေးကြီးသည် ကိုယ်တိုင်ပင် သိရှိဆင်ခြင် ပြည့်စုံအောင် စီရင်လေ၏။ ထိုထိုလူအများတို့သည် “ဓနဉ္ဇယသူဌေးကြီးသည် ငါတို့အားသာ ဂရုတစိုက် ပူဇော်မှုကိုပြု၍ နေ၏”ဟု ကြံစည်မှတ်ထင်ကြလေကုန်၏။

     တနေ့သ၌ ပသေနဒိ ကောသလမင်းကြီးသည် ဓနဉ္ဇယသူဌေးကြီး အထံသို့ “သူဌေးကြီးသည် ငါတို့လူတွေ အလွန်များလှသည့်အတွက်

၂၅၇

အခါလေးမြင့် ငါတို့အား ပြုစု,ကျွေးမွေးမှုကို ပြုလုပ်နိုင်လိမ့်မည်မဟုတ်၊ သို့ရကား သတို့သမီး၏ သာဝတ္ထိသို့ လိုက်ပါသွားရောက်ရန် အခါကို ဆင်ခြင်စဉ်းစားစေချင်သည်”ဟု သတင်းစကား ပို့သစေလေ၏။ ဓနဉ္ဇယသူဌေးကြီးကလည်း မင်းကြီးအထံသို့ “ယခုအခါ မိုးကာလသို့ ရောက်ခဲ့လေပြီ၊ လေးလကြာ စစ်သည်ဗိုလ်ပါတို့ လှည့်လည်သွားနိုင်ကြမည် မဟုတ်ပါ။ အရှင်မင်းကြီး၏ စစ်သည်ဗိုလ်ပါတို့အတွက် ရသင့်သမျှဥဿုံ (လိုအပ်သမျှဥဿုံ) အလုံးစုံသည် အကျွန်ုပ်၏တာဝန် ဖြစ်ပါစေ၊ စင်စစ်သော်မူ အရှင်မင်းကြီးသည် အကျွန်ုပ်က ပို့သသောအခါမှ သာဝတ္ထိပြည်သို့ ပြန်ကြွစေချင်ပါသည်”ဟု သတင်းတုံ့တဖန် ပို့သစေပြန်လေ၏။

     ထိုအချိန်မှစ၍ သာကေတ တမြို့လုံးသည် အမြဲတမ်း ပွဲလမ်းသဘင် ခံနေသော ရွာကြီးကဲ့သို့ဖြစ်၍ နေလေ၏။ ဤနည်းဖြင့် ဝါတွင်းသုံးလလွန်မြောက် သီတင်းကျွတ်လပြည့်ကျော်သို့ ရောက်ခဲ့လေပြီ။ အထူးအားဖြင့် ဓနဉ္ဇယသူဌေးကြီးက မိမိ၏သမီး ဝိသာခါ ဆင်မြန်းရန် စီမံနေသော မဟာလတာ တန်းဆာကြီးကား အပြီးသို့ မရောက်သေးချေ။ ထိုအခါ ဓနဉ္ဇယသူဌေးကြီး၏ အလုပ်အမှုဆောင် လူကြီးတို့သည် သူဌေးကြီးထံ လာရောက်ကြ၍ “အရှင်သူဌေးမင်း.. အခြား ကြွင်းကျန်သော ပစ္စည်းဝတ္ထုများ မရှိသောဟူ၍ မပြည့်စုံသောဟူ၍ မရှိပါ၊ မပြည့်စုံသော အရာဝတ္ထုမှာ စစ်သည်ဗိုလ်ပါ ပရိသတ်အတွက် ထမင်းချက်ရန် ထင်းများ မလောက်မင ဖြစ်နေကြပါသည်”ဟု ဓနဉ္ဇယသူဌေးကြီးအား လာရောက် ပြောကြားကြလေကုန်၏။ ထိုအခါ သူဌေးကြီးက “အမောင်တို့.. သွားကြကုန်၊ ဆင်တင်းကုပ် မြင်းတင်းကုပ်များကို ဖျက်ခွါ၍ ထင်းအဖြစ် အသုံးပြုကာ ထမင်းချက်ကြကုန်လော့”ဟု အမိန့်ပေး ပြောဆိုသဖြင့် အလုပ်အမှုဆောင် လူကြီးများသည် သူဌေးကြီးပြောဆိုသည့်အတိုင်း ဆင်တင်းကုပ် မြင်းတင်းကုပ်များကို ဖျက်ခွါ၍ ထင်းအဖြစ် အသုံးပြုကြကာ ထမင်းချက်ကြသဖြင့် လ-ဝက် (၁၅-ရက်အချိန်) လွန်ခဲ့ပြန်လေ၏။

၂၅၈

လ-ဝက် (=၁၅-ရက်) လွန်သောအခါ အလုပ်အမှုဆောင် လူကြီးများသည် သူဌေးကြီးအား “အရှင်သူဌေးမင်း.. ထင်းများ မလောက်ငပါကုန်”ဟု တဖန် ပြောကြားကြပြန်ကုန်၏။ ထိုအခါ ဓနဉ္ဇယသူဌေးကြီးသည် “အမောင်တို့.. ယခုအခါ၌ မိုးကာလဖြစ်၍ ထင်းများကို ရနိုင်လိမ့်မည်မဟုတ်၊ မောင်တို့ ပြုလုပ်ကြစေချင်သည်မှာ ငါတို့၏ ပုဆိုးကျီတိုက် (=အဝတ်ဂိုဒေါင်)များကို ဖွင့်၍ ပုဆိုးကြမ်း အထည်ကြမ်းတို့ကို ယူဆောင် ကြကာ ကြိုးအလွန်းပြုလုပ်ကြလျက် ဆီအိုးကြီးများ၌ စိမ်ပြီးလျှင် ထမင်းချက်ကြစေလိုသည်”ဟု အမိန့်ပေးစကား ပြောကြားလေ၏။ ဤနည်းဖြင့် ထမင်းချက်၍ လာခဲ့ကြရာ လေးလတင်းတင်းပြည့်၍ တန်ဆောင်မုန်းလပြည့်နေ့သို့ ရောက်ခဲ့လေ၏။ ထိုအခါ၌ မဟာလတာ တန်းဆာကြီးလည်း ပြီးဆုံးလေ၏။

     ထိုအခါ ဓနဉ္ဇယသူဌေးကြီးသည် သမီးဝိသာခါအတွက် မဟာလတာတန်းဆာကြီး ပြီးဆုံးကြောင်းကို ကြားသိရ၍ “နက်ဖြန်ခါ သတို့သမီးကို သတို့သားအိမ်သို့ ပို့သရတော့မည်” ဆိုရသောနေ့၌ သမီးဝိသာခါကို မိမိအနီး၌ ထိုင်နေစေပြီးလျှင် “ချစ်သမီး.. အရှင်သခင် လင်၏အိမ်၌ နေထိုင်သော အိမ့်ရှင်မမည်သည် ဤမည် ဤမည်သော အကျင့်ကို သင်ကြား တတ်မြောက်ခြင်းငှါ သင့်၏”ဟု အဆုံးအမ = ဩဝါဒကို ပေးလေ၏။ ထိုအချိန်၌ မိဂါရသူဌေးသည် အခြားမဲ့ဖြစ်သော တိုက်ခန်း၌ ထိုင်နေလျက် ဓနဉ္ဇယသူဌေးကြီးက သမီးဝိသာခါအား ပေးအပ်သော ဩဝါဒ = အဆုံးအမကို နားစိုက်၍ ထောင်နေလေ၏။ ဓနဉ္ဇယသူဌေးကြီးကလည်း သမီးဝိသာခါကို ဤဆိုလတ္တံ့သောအတိုင်း ဆုံးမသင်ကြားပေးလေသည်-

“ချစ်သမီး.. ယောက္ခမအိမ်၌နေသော ချွေးမမည်သည်—

(၁) အိမ်တွင်းကမီးကို အပြင်သို့ မထုတ်ဆောင်ရ၊

(၂) အပြင်အပအိမ်က မီးကို မိမိအိမ်တွင်းသို့ မသွင်းဆောင်ရ၊

၂၅၉

(၃) ပြန်ပေးသောသူတို့အားသာ ပေးရမည်၊

(၄) ပြန်မပေးသောသူတို့အား မပေးရ၊

(၅) ပေးသော်၎င်း, မပေးသော်၎င်း ပေးရမည်၊

(၆) ချမ်းသာစွာ ထိုင်နေရမည်၊

(၇) ချမ်းသာစွာ စားရမည်၊

(၈) ချမ်းသာစွာ အိပ်ရမည်၊

(၉) မီးကို ရိုသေစွာ ပြုစုလုပ်ကျွေးရမည်၊

(၁၀) အိမ်တွင်းနတ်တို့ကို ရှိခိုးရမည်”–

ဟု ဤဩဝါဒ ၁၀-ပါးကို သင်ကြားဆုံးမပေးလေသည်။ (ဤဩဝါဒ ၁၀-ချက်၏ အဓိပ္ပါယ် ဆိုလိုရင်းကို အောက် မဟာဗုဒ္ဓဝင် စတုတ္ထတွဲ စာမျက်နှာ ၄၇၉-၄၈၀-တို့၌ ပြန်၍ ကြည့်ရှုကုန်ရာ၏)။

     ဓနဉ္ဇယသူဌေးကြီးသည် သမီးဝိသာခါအား ဤဩဝါဒ ၁၀-ပါးကို ပေးပြီးလျှင် နောက်တနေ့၌ အားလုံးသော အသင်းအပင်းတို့ကို စုဝေးစေ၍ မင်း၏ စစ်တပ်အလယ်၌ ပညာရှင် သူကြွယ်ရှစ်ဦးတို့ကို အာမခံယူစေ၍ “အကယ်၍ ရောက်လေရာအရပ်၌ ကျွန်ုပ်သမီး၏အတွက် အပြစ်တစုံတရာ ဖြစ်ရှိခဲ့သော် အမောင်ပညာရှင် သူကြွယ်ကြီးရှစ်ဦးတို့က သုတ်သင် ဖြေရှင်းပေးကြပါလေ”ဟု မှာထားပြောဆိုပြီးနောက် မိမိသမီး ဝိသာခါကို ကိုးကုဋေတန်သော မဟာလတာတန်းဆာဖြင့် တန်းဆာဆင်စေလေသည်။ သမီးအား နံ့သာမှုန့်ဖိုးအနေဖြင့် လှည်းအစီးပေါင်း (၁၅၄) တရာ့ငါးဆယ့်လေးစီးတိုက် ဥစ္စာကို ပေးလေသည်။ သမီးနှင့် အတူတကွ အမြဲမပြတ် သွားလာလှည့်လည်ကြမည့် ကျွန်မငါးရာတို့ကို၎င်း, အာဇာနည်မြင်းကသော ရထားအစီး ငါးရာတို့ကို၎င်း, အသုံးအဆောင် အမျိုးစုံကိုလည်း တမျိုးတမျိုးလျှင် တရာစီ တရာစီကို၎င်း ပေးလေသည်။ ထိုသို့ပေးပြီးမှ ကောသလမင်းကြီးနှင့် မိဂါရသူဌေးကို အလျင်လက်ဦး သွားရောက်နှင့်ရန် လွှတ်လိုက်လေ၏။

၂၆၀

     ထို့နောင်မှ ဓနဉ္ဇယသူဌေးကြီးသည် သမီးဝိသာခါ သွားတော့မည့်အချိန်၌ နွားခြံအုပ် လူကြီးများကို ခေါ်စေပြီးလျှင် “အမောင်တို့.. သမီး၏အဖို့ရာ ရောက်လေရာအရပ်၌ နွားနို့သောက်သုံးရန် နို့စားနွားမများကို၎င်း, ယာဉ်က-ရန် ဥသဘနွားလားတို့ကို၎င်း လိုပေလိမ့်မည်၊ သို့ရကား ငါ့သမီးသွားမည့်လမ်း၌ နွားခြံကိုဖွင့်၍ အနံ = အပြန့် ပမာဏအားဖြင့် ရှစ်ဥသဘ (တဥသာလျှင် တာ၂၀-ရှိသည်) အရပ်သို့တိုင်တိုင် နွားအပေါင်းဖြင့် ပြည့်စေ၍ သုံးဂါဝုတ်ထက်၌ ဤအမည်ရှိသော ရေစားထားသည့် ချောက်ကြီးရှိသည်၊ နွားအုပ်အဦးအဖျား ထိုနေရာသို့ရောက်မှ စည်သံ အချက်အမှတ်ပေး၍ နွားခြံကို ပိတ်ကြလော့”ဟု ပြောဆို အမိန့်ပေးလေ၏။ နွားခြံအုပ် လူကြီးများသည် ကောင်းပါပြီဟု ဝန်ခံ၍ သူဌေးကြီး ပြောဆိုမိန့်ကြားသည့်အတိုင်း ရွက်ဆောင်စီမံ ပြုလုပ်ကြလေကုန်၏။ နွားခြံတံခါးကို ဖွင့်အပ်သည်ရှိသော် အရေအသား ကြီးထွားဖွံ့ဖြိုး ကြသည့် နို့စားနွားမတို့သာလျှင် ထွက်ကြလေကုန်၏၊ တံခါးကို ပိတ်အပ်သော်ကား ဝိသာခါ၏ ရှေးကောင်းမှု (=ကဿပမြတ်စွာ သာသနာဝယ် သံဃာတော်များ ဆွမ်းစားပြီးသော်လည်း “အရှင်တို့.. ဤခဲဖွယ်, ဘောဇဉ်ကား သလိပ်, သည်းခြေ, လေဒေါသကို အထူးနိုင်နင်းပါသည်” ဤသို့ အစရှိသည်ဖြင့် မစားချင် စားချင်အောင် လျှောက်ထားကာ လိုသည်ထက်ပို၍ လှူဒါန်းခဲ့သော ကောင်းမှု) ကုသိုလ်အစွမ်းကြောင့် အားအင်ခိုင်ဖြီး ခိုင်းနွားကြီးများ နွားသိုးများသည်လည်း ခြံကိုခုန်ကျော်၍ အပြင်သို့ထွက်ကြကာ လမ်းခရီးသို့ အပြီးလိုက်ပါကြလေကုန်၏။

ဝိသာခါ သာဝတ္ထိပြည်သို့ ဝင်ပုံ

     ထို့နောက် ဝိသာခါသူဌေးမသည် သာဝတ္ထိပြည် မြို့တံခါးဝသို့ ရောက်လတ်သော် “ငါသည် ဖုံးကွယ်သောယာဉ်၌ ထိုင်၍တည်း မြို့သို့ဝင်ရကောင်းမည်လော၊ သို့မဟုတ် ရထား၌ ရပ်တည်ကာ ကိုယ်ကို ထင်စွာပြ၍ ဝင်ရကောင်းမည်လော”ဟု စဉ်းစား ဆင်ခြင်မိလေ၏။ ထို့နောက် ဆက်၍ ဝိသာခါသူဌေးမ၏ စိတ်သန္တာန်ဝယ်

၂၆၁

“ဖုံးကွယ်သောယာဉ်ဖြင့် မြို့သို့ ၀င်သည်ရှိသော် ငါ့အဖို့ရာ မဟာလတာတန်းဆာ၏ ထူးကဲသော ဂုဏ်ကျေးဇူးသည် ထင်ရှားလိမ့်မည် မဟုတ်”ဟု အကြံအစည် ဖြစ်ရှိလာလေသည်။ ဝိသာခါသူဌေးမသည် သာဝတ္ထိပြည်အလုံးအား မိမိကိုယ်ကို ထင်ရှားပြလျက် ရထား၌ ရပ်တည်ကာ မြို့တွင်းသို့ ဝင်လေ၏။ သာဝတ္ထိ ပြည်သူပြည်သားတို့သည် ဝိသာခါ၏ အသရေကို မြင်ကြရ၍ “ဝိသာခါသူဌေးမ ဆိုသည်မှာ ဤအမျိုးသမီးတဲ့, ဤသို့စင် အဆင်းရုပ်ရည် အသရေနှင့် ပြည့်စုံပါဘိ၏၊ ဤစည်းစိမ်အသရေသည်လည်း ဤအမျိုးသမီးအားသာလျှင် သင့်လျော် လျောက်ပတ်လှပါပေ၏”ဟု ပြောဆို ချီးမွမ်းကြလေကုန်၏။ ဤသို့လျှင် ဝိသာခါသူဌေးမသည် ကြီးစွာသော စည်းစိမ်,အသရေဖြင့် မိဂါရသူဌေးအိမ်သို့ ဝင်လေသည်။

     ဝိသာခါသူဌေးမ ရောက်လာသော နေ့မှာပင် မြို့သူမြို့သား အားလုံးတို့သည် “ငါတို့အား ဓနဉ္ဇယသူဌေးကြီးသည် မိမိ(သာကေတ)သို့ ရောက်ရှိကြစဉ်က ကြီးစွာသော ပူဇော်သက္ကာရ ယုယမှု ပြုစုခဲ့ပါပေသည်”ဟု ကြံစည်အောက်မေ့ကြကာ မိမိတို့ စွမ်းအားအလျောက် လက်ဆောင်ပဏ္ဏာများကို ဝိသာခါသူဌေးမထံသို့ ပို့သကြလေ၏။ ဝိသာခါသူဌေးမသည် ပို့တိုင်း ပို့တိုင်းသော လက်ဆောင်ပဏ္ဏာကို ထိုမြို့မှာပင် အခြားအခြားသော အိမ်တို့၌ အလုံးစုံပင် နှံ့စပ်အောင် ပေးစေပြန်လေ၏။ (ဤသို့လျှင် ဝိသာခါသည် ရောက်သည့်နေ့မှာပင် ပေးကမ်းခြင်း = ဒါနသင်္ဂဟတရားဖြင့် သာဝတ္ထိ ပြည်သူပြည်သားများ၏ စိတ်နှလုံးကို ယူကျုံးမိလေ၏။)

     ထိုအခါ ဝိသာခါ၏အဖို့ရာ ညဉ့်ဦးယံ၏ အခြားမဲ့ကာလ၌ ထို မိဂါရသူဌေးအိမ်ဝယ် အာဇာနည်မြည်းမတကောင်၏ ကိုယ်ဝန်သား ဖွားမြင်ခြင်းကိစ္စတရပ် ဖြစ်ပေါ်ကြုံတွေ့၍လာလေ၏။ ဝိသာခါသူဌေးမသည် မိမိ၏အစေခံ ကျွန်မများကို ဆီမီးတိုင်များကို ကိုင်စေ၍ ထိုမြည်းမ (=လားမ) သားဖွားရာနေရာသို့ သွားရောက်ကာ မြည်းမ (=လားမ)ကို ရေနွေးဖြင့် ရေချိုးပေးစေပြီး

၂၆၂

ဆီဖြင့် လိမ်းကျံစေပြီးနောက် မိမိနေရာ ဌာနသို့သာလျှင် သွားလေ၏။

မိဂါရသူဌေး၏ ဧည့်ခံပွဲ

     မိဂါရသူဌေးသည်လည်း ခုနစ်ရက်ပတ်လုံး သားအတွက် ထိမ်းမြားမင်္ဂလာဧည့်ခံပွဲ ကျင်းပပြုလုပ်လေသည်။ ထိုသို့ ပြုလုပ်သည်ရှိသော် မိမိတို့မြို့ဦး ဇေတဝန် ကျောင်းတိုက်တော်၌ မြတ်စွာဘုရားရှင် သီတင်းသုံး နေထိုင်တော်မူသည်ကိုပင် (မိစ္ဆာအယူရှိသူဖြစ်၍) နှလုံးမသွင်း = အမှတ်မရပဲ ခုနစ်ရက်မြောက် ရောက်သောနေ့၌ မိမိတအိမ်လုံးပြည့်အောင် အဝတ်မစည်း အချည်းနှီးသော တက္ကတွန်းရဟန်းတို့ကို ဖိတ်ခေါ် နေရာပေးပြီးလျှင် “ငါ၏သမီးသည် လာလော့၊ ရဟန္တာတို့ကို ရှိခိုးလှည့်လော့”ဟု ဝိသာခါထံသို့ သတင်းပို့စေလေ၏။ ဝိသာခါ သူဌေးမသည် “ရဟန္တာများ”ဟူသော စကားကို ကြားရလျှင်ပင် သောတာပန် အရိယသာဝိကာ ဖြစ်ရကား အားရဝမ်းသာ ဖြစ်ရှိကာ ထိုတက္ကတွန်းရဟန်းတို့ ထိုင်နေရာအရပ်သို့ သွားရောက်၍ ထိုတက္ကတွန်းကို မြင်ရလေလျှင် “ဤသို့သဘောရှိသော ပုဂ္ဂိုလ်တို့မည်သည် အဘယ်နည်းဖြင့်မျှ ရဟန္တာများ မဟုတ်ကြကုန်၊ အရှက်,အကြောက် = ဟိရီ,ဩတ္တပ္ပ လုံးဝကင်းသည့် တက္ကတွန်းတို့အထံသို့ အဘယ့်ကြောင့် ငါ့ကို ယောက္ခမကြီးသည် ခေါ်ဘိသနည်း”ဟု စိတ်အပျက်ကြီးပျက်ကာ “ဓီ,ဓီ = ထွီ,ထွီ”ဟု ကဲ့ရဲ့၍ မိမိနေရာ တိုက်ခန်းသို့သာလျှင် ပြန်သွားလေ၏။

     အဝတ်မလွှမ်း တက္ကတွန်းတို့သည် ထိုအခြင်းအရာကို မြင်ကြရ၍ အားလုံး တပြိုင်နက် တညီတညွတ်တည်းပင် မိဂါရသူဌေးကို “သူဌေး.. သင်သည် အခြားတပါးသော ချွေးမသတို့သမီးကို မရနိုင်ဘူးလော၊ (=ရနိုင်သည်သာ)၊ ရဟန်းဂေါတမ၏ တပည့်မ ကျက်သရေယုတ်မကြီးကိုမှ အဘယ့်ကြောင့် ဤသင့်အိမ်သို့ သွင်းဘိသနည်း၊ လျင်လျင်မြန်မြန် ထိုကာဠကဏ္ဏီ = ကျက်သရေမဲ့သည့် အယုတ်တမာမကို ဤအိမ်မှ နှင်ထုတ်လော့”ဟု ကဲ့ရဲ့စကား ပြောကြားကြလေ၏။ ထိုအခါ မိဂါရသူဌေးသည် “ငါကား

၂၆၃

ဤတက္ကတွန်းရဟန်းတို့၏ စကားကြောင့် ဤဝိသာခါချွေးမကို အိမ်မှ မနှင်ထုတ်နိုင်၊ ဤဝိသာခါချွေးမကား အမျိုးကြီး၏သမီး ဖြစ်လေသည်”ဟု ကြံစည်ဆင်ခြင်၍ “ဆရာတို့.. ငယ်ရွယ်သူတို့မည်သည် သိ၍ဖြစ်စေ, မသိမူ၍ဖြစ်စေ စိတ်လိုက်မာန်ပါ ပြုတတ်, ပြောတတ်ကုန်ရာပါသည်၊ ဆရာတို့သည် ဆိတ်ဆိတ်သာ နေကြပါကုန်လော့”ဟု တက္ကတွန်းတို့ကို ချွေးသိပ်စကား ပြောကြား၍ လွှတ်လိုက်လေ၏။

မိဂါရသူဌေး မခံမရပ်နိုင်အောင်ဖြစ်ခြင်း

     ထို့နောက် ဝိသာခါသည် ယောက္ခမ မိဂါရသူဌေးကို (ချွေးမလိမ္မာပြီပြီ) မြတ်သောပလ္လင်၌ ထိုင်နေစေ၍ ရွှေယောက်ချိုကို ကိုယ်တိုင်ကိုင်ကာ ရွှေခွက်၌ ရေမရောသည့် ချိုမြိန်သောနို့ဃနာ အပြည့်ထည့်လျက် တရိုတသေ ပြုစုလုပ်ကျွေးလေ၏။ မိဂါရသူဌေးသည်လည်း ချွေးမလိမ္မာ ဝိသာခါ၏ အပြုအစု အမှုအယုကို ခံယူကာ ရွှေခွက်၌ ထည့်ထားသည့် ရေမရောသော ချိုမြိန်သော နို့ဃနာကို မြိန်ရှက်စွာ စားသုံး၍ နေလေ၏။ ထိုအချိန်၌ ဆွမ်းခံ မထေရ်မြတ်တပါးသည် ဆွမ်းခံကြွရင်း မိဂါရသူဌေး၏ အိမ်တံခါးဝသို့ ရောက်တော်မူလာလေ၏။ ဝိသာခါသည် ထိုဆွမ်းခံမထေရ်ကို မြင်၍ “ငါကိုယ်တိုင် ယောက္ခမ (မိစ္ဆာဒိဋ္ဌိကြီး)အား ပြောကြားရန် မသင့်”ဟု ဆင်ခြင် စဉ်းစားမိ၍ မထေရ်မြတ်ကို မိဂါရသူဌေး မြင်လောက်အောင် မိမိက ဖယ်ရှား၍ ရပ်တည်နေလေ၏။ မိဂါရသူဌေးသည်ကား ပညာမဲ့သူဖြစ်၍ မထေရ်ကို မြင်ပါလျက်လည်း မမြင်ယောင်ဆောင်ကာ မျက်နှာကို အောက်ချ၍ နို့ဃနာကိုသာ စားသုံး၍ နေလေ၏။

     ဝိသာခါသူဌေးမသည် “မထေရ်ကို မြင်ပါလျက်လည်း ငါ့ယောက္ခမ လူ့ဗာလကြီးသည် အမှတ်သညာကိုမျှ မပြု”ဟု သိရှိရိပ်မိကာ မထေရ်မြတ်အထံသို့ သွားရောက်၍ “ကန်တော့ဆွမ်းပါဘုရား.. တပည့်တော်မ၏ ယောက္ခမကြီးသည် အဟောင်းအမြင်းကိုသာ စားသုံး၍ နေပါသည်ဘုရား”ဟု ရှိခိုးလျှောက်ထားလေ၏။

၂၆၄

     မိဂါရသူဌေးသည် တက္ကတွန်းတို့ ပြောဆိုတုန်းကမူ သည်းခံနိုင်သေး၏။ “အဟောင်းအမြင်းကိုသာ စားသုံး၍နေပါသည်”ဟု ပြောဆိုအပ်သော်ကား ထိုခဏမှာပင် မခံမရပ်နိုင်တော့ပဲ ရွှေခွက်မှ လက်ကိုဖဲပြီးလျှင် “ဤနို့ဃနာကို ဤနေရာမှ လွတ်ရာဖယ်ရှား ဆောင်ယူသွားကြလော့၊ ဤဝိသာခါကိုလည်း ဤအိမ်မှ နှင်ထုတ်ကြ ဆွဲထုတ်ကြလော့၊ မှန်၏- ဤဝိသာခါသည် ငါ့ကို ဤသို့စင် မင်္ဂလာရှိသောအိမ်၌ မင်္ဂလာနို့ဃနာထမင်း စားသုံးနေပါသည်ကို မစင်ကို စားသုံးသူဖြစ်အောင် ပြုမူပြောဆိုဘိ၏”ဟု အမိန့်ပေးစကား ပြောကြားလေ၏။ ထိုသို့ပင် မိဂါရသူဌေးက ပြောကြားအပ်သော်လည်း ထိုအိမ်မှာရှိသမျှ အလုံးစုံသော ကျွန်များ, အလုပ်သမားများသည် ဝိသာခါ၏ ဥစ္စာများ = လူများသာ ဖြစ်ကြကုန်၏၊ သို့ရကား အဘယ်သူသည် ဝိသာခါကို လက်၌ဖြစ်စေ, ခြေ၌ဖြစ်စေ ဆွဲကိုင်ဝံ့အံ့နည်း = မဆွဲမကိုင်ဝံ့သည်သာတည်း၊ (ဆွဲကိုင်ဘို့ နေနေသာသာ) ခံတွင်းဖြင့် = နှုတ်ဖြင့် ပြောဆိုစွမ်းနိုင်သောသူဟူ၍ တလူမျှ မရှိချေ။

ဝိသာခါ အရေးဆိုခြင်း

     ထို့နောင်မှ ဝိသာခါသူဌေးမသည် ယောက္ခမ၏စကားကို ကြားပြီးလျှင် “အိုဖခင်.. ဤမျှသော တရားမဝင်သည့် စကားအစဉ်ဖြင့် ကျွန်တော်မတို့သည် ဤအိမ်မှ မထွက်နိုင်ကြပါ၊ ကျွန်တော်မကို အသင် ဖခင်သူဌေးတို့သည် ရေဆိပ်မှ ရေအိုးရွက်သော ကျွန်မကဲ့သို့ ဆောင်ယူအပ်ခဲ့သည် မဟုတ်ပါ၊ ထင်ရှားရှိသော မိဘနှစ်ပါးတို့၏ သမီးကောင်းများမည်သည် ဤမျှဖြင့် အိမ်မှထွက်သွားရိုး မရှိပါကုန်။ ဤအကြောင်းကြောင့်ပင် ကျွန်တော်မ၏ ဖခင်သည် ဤသာဝတ္ထိသို့ လာမည့်နေ့၌ ပညာရှိ သူကြွယ်လူကြီးမင်း ရှစ်ဦးတို့ကို ခေါ်စေ၍ ‘ငါ့သမီးကို အကြောင်းပြု၍ အပြစ်တစုံတရာ ဖြစ်ပေါ်ခဲ့လျှင် အမောင်တို့ ဖြေရှင်းသုတ်သင်ကြရမည်’ဟု မှာတမ်း ပြောဆိုကာ ထိုသူကြွယ်ပညာရှိကြီး ရှစ်ဦးတို့၏ လက်၌ ကျွန်တော်မကို အပ်နှံထည့်လိုက်ပါသည်။ ထိုသူကြွယ်ပညာရှိလူကြီး ရှစ်ဦးတို့ကို ခေါ်စေ၍ ကျွန်တော်မ၏အပြစ်

၂၆၅

ဟုတ်,မဟုတ်ကို သုတ်သင် ရှင်းလင်းကြစေလိုပါသည်”ဟု ကြောင်းကျိုးပြည့်လျှံ ချေငံသောစကားကို ပြောကြားလေ၏။

အရေးအခင်း ရှင်းလင်းပွဲ ကျင်းပခြင်း

     ထိုအခါ မိဂါရသူဌေးသည် “ဤဝိသာခါကား ကောင်းသော စကားကိုသာ ပြောဆိုပေ၏”ဟု စဉ်းစားဆင်ခြင်မိကာ သူကြွယ်ပညာရှိကြီး ရှစ်ဦးတို့ကို ခေါ်စေပြီးလျှင် “အာမခံလူကြီးမင်းတို့.. ဤဝိသာခါ သတို့သမီးသည် ဤအိမ်သို့ရောက်၍ ခုနစ်ရက်မျှ မပြည့်သေးမီပင် မင်္ဂလာရှိသောအိမ်၌ နေထိုင်သော အကျွန်ုပ်ကို ‘မစင်စား’ဟူ၍ ပြောဆိုပါသည်”ဟု အမှုဖွင့် တိုင်တမ်းစကား ပြောကြားလေ၏။ ထို့နောက် အာမခံလူကြီးများ, ဝိသာခါသူဌေးမ, မိဂါရသူဌေး = ဤသုံးဦးသားတို့ မေးမြန်း, ရှင်းလင်း, တိုင်ကြားခြင်း ပြုကြပုံမှာ-

(လူကြီးများ)

သမီး.. ဤယခု သူဌေးကြီး တိုင်ကြားသည့်အတိုင်း ချစ်သမီး ပြောဆိုမိသလော။

(ဝိသာခါ)

ဖခင်တို့.. သမီး၏ ယောက္ခမသည် မစင်ကိုစားလို၍ ဖြစ်ပါလိမ့်မည်။ သမီးသည်ကား ဤကဲ့သို့ ယောက္ခမကို မစင်စားပြု၍ မပြောဆိုမိပါ။ အမှန်မှာ ပိဏ္ဍပါတ်ဓုတင်ဆောင် မထေရ်မြတ်တပါး ဤအိမ်တံခါးဝ၌ ကြွရောက်ရပ်တည် လာသည်ရှိသော် ဤမိဂါရ (ယောက္ခမ) သူဌေးကြီးသည် ရေမရောသည့် နို့ဃနာထမင်းကို စားသုံးနေစဉ် ထိုပိဏ္ဍပါတ်ဓုတင်ဆောင် အရှင်ကို စိတ်၌မထားပါ။ သမီးသည် ဤအကြောင်းကြောင့် (မထေရ်ထံသို့ သွားရောက်ကာ) “ကန်တော့ဆွမ်းပါ အရှင်ဘုရား၊ တပည့်တော်မ၏ ယောက္ခမသည် ယခုဘဝ ဤကိုယ်အဖြစ်၌ ကုသိုလ်ကောင်းမှုအသစ်ကို မပြုပါ၊ ရှေး အဟောင်းအမြင်း ကုသိုလ်ကောင်းမှု၏ အကျိုးကိုသာ စားသုံးနေပါသည်”ဟု ဤမျှကိုသာ ပြောဆိုမိပါသည်။

၂၆၆

(လူကြီးများ)

အရှင်သူဌေးမင်း.. ဤကိစ္စ၌ ကျွန်ုပ်တို့၏သမီးမှာ အပြစ်မရှိပါ၊ ကျွန်ုပ်တို့၏ သမီးသည် အကြောင်းဟုတ်သည်ကို ပြောဆို၏၊ အရှင်သူဌေးမင်းသည် အဘယ့်ကြောင့် အမျက်ထွက်ရသနည်း။

(မိဂါရ)

အာမခံလူကြီးမင်းတို့.. ဤပြောဆိုချက်သည် အပြစ်မဟုတ်လျှင် ရှိစေဦး၊ ဤဝိသာခါသူငယ်မသည်ကား ဤအိမ်သို့ ရောက်သောနေ့မှာပင် ကျွန်ုပ်၏ သားအပေါ်၌ ရှိသည်ဟု အမှတ်မပြုပဲ မိမိအလိုရှိရာအရပ်သို့ သွားရောက်ခဲ့ပါသည်။

(လူကြီးများ)

သမီး.. ဤယခု သူဌေးကြီး တိုင်ကြားသည့်အတိုင်း ချစ်သမီး သွားရောက်မိသလော။

(ဝိသာခါ)

ဖခင်တို့.. သမီးသည် (ဤသူဌေးကြီး တိုင်ကြားသည့်အတိုင်း) အလိုရှိရာအရပ်သို့ မသွားပါ။ အမှန်မှာ- ထိုနေ့က ဤအိမ်၌ အာဇာနည်မြည်းမ (=လားမ) သားဖွားခြင်းကိစ္စ ဖြစ်ခဲ့ပါသည်။ ထိုသို့ ဤအာဇာနည်မြည်းမ သားဖွားနေပါလျက် အသိအမှတ်ကိုမျှ မပြုပဲ နေထိုင်ခြင်းမည်သည် ငါ့အဖို့ရာ မသင့်လျော်ပါတကား-ဟု စဉ်းစားမိ၍ ဆီမီးတိုင်များကို စွဲကိုင်စေကာ ကျွန်မိန်းမတို့ ခြံရံအပ်လျက် ထိုသားဖွားရာအရပ်သို့ သွားရောက်၍ မြည်းမ (=လားမ)အတွက် သားဖွားခြင်းကိစ္စ စောင့်ရှောက်ပြုစုမှုကို သမီး ပြုစေခဲ့ပါသည်။

(လူကြီးများ)

အရှင်သူဌေးမင်း.. ကျွန်ုပ်တို့သမီးသည် သူဌေးမင်း၏အိမ်၌ ကျွန်မိန်းမများပင် မပြုလုပ်နိုင်သည့် ကိစ္စကို ပြုလုပ်ရွက်ဆောင်ခဲ့ပါသည်၊ ထိုသို့ ပြုလုပ ရွက်ဆောင်ရာ၌ အရှင်သူဌေးမင်းသည် အဘယ့်ကြောင့် အပြစ်ဟု ရှုဘိသနည်း၊ (=ထိုသို့ ပြုလုပ် ရွက်ဆောင်ခြင်းသည် ကျေးဇူးပင် မဟုတ်ပါလော)။

၂၆၇

(မိဂါရ)

အာမခံလူကြီးမင်းတို့.. ဤသို့ ပြုလုပ်ရွက်ဆောင်ခြင်းသည် ဂုဏ်ကျေးဇူးပဲ ဖြစ်သည်ထားပါဦး၊ ကျွန်ုပ် အထူး တင်ပြလိုသည်မှာ- ဤဝိသာခါ သူငယ်မ၏ ဖခင်က ဤအိမ်သို့ လာမည့်နေ့၌ အဆုံးအမ ဩဝါဒကို ပေးသည်ရှိသော် “(၁) အိမ်တွင်းက-မီးကို အပြင်သို့ မထုတ်ဆောင်ရ”ဟူ၍ ပြောဆိုမှာကြားလိုက်ပါသည်။ ကျွန်ုပ်တို့သည် ဝဲ,ယာနှစ်ဖက် အိမ်နီးချင်းများအား မီးကိုမပေးပဲ နေခြင်းငှါ အဘယ်မှာ စွမ်းနိုင်ပါမည်နည်း။

(လူကြီးများ)

သမီး.. ဤယခု သူဌေးကြီး တင်ပြပြောဆိုသည့်အတိုင်း သမီး၏ဖခင် ဓနဉ္ဇယသူဌေးကြီးက ပြောဆိုမှာကြားလိုက်သည် မှန်ပါသလော။

(ဝိသာခါ)

ဖခင်တို့.. သမီး၏ဖခင် ဓနဉ္ဇယသူဌေးကြီးက ဤယခု ယောက္ခမသူဌေးကြီး တင်ပြပြောဆိုသည့် ပကတိမီးကိုစွဲ၍ ပြောသည်မဟုတ်ပါ၊ စင်စစ်သော်ကား အိမ်အတွင်း၌ ယောက္ခမ-စသူ၏ လျှို့ဝှက်အပ်သော စကား (အကြောင်းအရာ)များကို ကျွန်မိန်းမ ကျွန်ယောက်ျား- စသူတို့အား မပြောကြားသင့်ပါ။ မှန်ပါသည်- ဤသို့သော စကားများသည် ကျယ်ပွါးလာလျှင် ခိုက်ရန်ငြင်းခုံမှုပြုရန် ဖြစ်လာတတ်ပါသည်။ ဤအတွင်းမီးကို ရည်စူး၍ သမီး၏ဖခင်က ပြောဆို မှာကြားလိုက်ပါသည်။

(မိဂါရ)

အာမခံလူကြီးမင်းတို့.. ဤပြောဆိုချက်သည် အပြစ်မဟုတ်လျှင် ရှိစေဦး၊ ဤဝိသာခါသူငယ်မ၏ ဖခင်က “(၂) အပြင်အပအိမ်က မီးကို မိမိအိမ်တွင်းသို့ မသွင်းဆောင်ရ”ဟူ၍ ပြောဆိုမှာကြားလိုက်ပါသည်။ ကျွန်ုပ်တို့သည် အိမ်တွင်းကမီး ငြိမ်းနေလျှင် အပြင်အပအိမ်ကမီးကို မဆောင်ယူခြင်းငှါ အဘယ်မှာ စွမ်းနိုင်ပါမည်နည်း = ဆောင်ယူရမည်သာဖြစ်၏။

၂၆၈

(လူကြီးများ)

သမီး.. ဤယခု သူဌေးကြီး တင်ပြပြောဆိုသည့်အတိုင်း မှန်ပါသလော။

(ဝိသာခါ)

ဖခင်တို့.. သမီး၏ဖခင် ဓနဉ္ဇယသူဌေးကြီးက ဤယခု ယောက္ခမသူဌေးကြီး တင်ပြပြောဆိုသည့် ပကတိမီးကို ရည်ရွယ်၍ ပြောသည်မဟုတ်ပါ၊ စင်စစ်သော်ကား ကျွန်အလုပ်သမားတို့က ပြောဆိုအပ်သော အပြစ်ကို အိမ်နေ အတွင်းလူများအား မပြောကြားသင့်ပါ။ ပြောကြား၍ စကားကျယ်ပွါးလာလျှင် ခိုက်ရန်ငြင်းခုံမှု ဖြစ်နိုင်ပါသည်။ ဤအပြင်မီးကို ရည်စူး၍ သမီး၏ဖခင်က ပြောဆိုမှာကြားလိုက်ခြင်း ဖြစ်ပါသည်။ ။သမီး၏ဖခင် သူဌေးကြီးက “(၃) ပြန်ပေးသော သူတို့အားသာ ပေးရမည်”ဟူသော ဤအမှာစကားကိုလည်း “မိမိအိမ်မှ ငှါးရမ်းအပ်သော အသုံးအဆောင်ကို တဖန် ပြန်ပေးသော သူတို့သာလျှင် နောက်ထပ်တဖန် ငှါးရမ်းပေးကမ်းရမည်”ဟူသော ဤအနက်အဓိပ္ပါယ်ကို ရည်ရွယ်၍ ပြောဆို မှာကြားလိုက်ပါသည်။ ။“(၄) ပြန်မပေးသော သူတို့အား မပေးရ”ဟူသော ဤအမှာစကားကိုလည်း “မိမိအိမ်မှ ငှါးရမ်းအပ်သော အသုံးအဆောင်ကို တဖန်ပြန်၍ မပေးသောသူတို့အား နောက်ထပ်တဖန် မငှါးရမ်းရ မပေးကမ်းရ”ဟူသော ဤအနက်အဓိပ္ပါယ်ကို ရည်ရွယ်၍ ပြောဆို မှာကြားလိုက်ပါသည်။ ။“(၅) ပေးသော်၎င်း, မပေးသော်၎င်း ပေးရမည်”ဟူသော ဤအမှာစကားကိုကား “ဆင်းရဲနွမ်းပါးသည့် ဆွေမျိုးမိတ်သင်္ဂဟများ မိမိတို့ထံမှောက် ရောက်လာကြလျှင် တဖန်ပြန်၍ ပေးခြင်းငှါ စွမ်းနိုင်ကြသည်ဖြစ်စေ, မစွမ်းနိုင်ကြသည်ဖြစ်စေ ပေးကမ်းမှသာ သင့်လျော်မည်”ဟူသော ဤအနက်အဓိပ္ပါယ်ကို ရည်ရွယ်၍ ပြောဆို မှာကြားလိုက်ပါသည်။ ။“(၆) ချမ်းသာစွာ ထိုင်နေရမည်”ဟူသော ဤအမှာစကားကိုလည်း “ယောက္ခမ ယောက်ျားသူ, ယောက္ခမ မိန်းမသူတို့ကို

၂၆၉

မြင်လျှင် ကိုယ်က မတ်တတ်ထရမည့်နေရာ၌ ထိုင်နေရန် မသင့်လျော် = အလျင်လက်ဦး ကိုယ်ကထ၍ အရိုအသေ ပြုရမည်”ဟူသော ဤအနက်အဓိပ္ပါယ်ကို ရည်ရွယ်၍ ပြောဆို မှာကြားလိုက်ပါသည်။ ။“(၇) ချမ်းသာစွာ စားရမည်”ဟူသော ဤအမှာစကားကိုကား “ယောက္ခမ ယောက်ျားသူ, ယောက္ခမ မိန်းမသူ, အရှင်သခင် လင်ယောက်ျားတို့ အလျင်လက်ဦး ကိုယ်ကမစားမူ၍ ထိုသူတို့ကို ပြုစုကျွေးမွေး၍ အားလုံးရှိ ခဲဖွယ်ဘောဇဉ် ရ,မရကို ကိုယ်တိုင်သိမြင်ပြီးနောက်မှ မိမိက စားသုံးမှ သင့်လျော်မည်”ဟူသော အနက်အဓိပ္ပါယ်ကို ရည်ရွယ်၍ ပြောဆို မှာကြားလိုက်ပါသည်။ ။“(၈) ချမ်းသာစွာ အိပ်ရမည်”ဟူသော ဤအမှာစကားကိုလည်း “ယောက္ခမ ယောက်ျားသူ, ယောက္ခမ မိန်းမသူ, အရှင်သခင် လင်ယောက်ျားတို့ အလျင်လက်ဦး ကိုယ်က အိပ်ရာသို့ တက်ရောက်ကာ မအိပ်စက်ရ၊ ထိုသူတို့အတွက် ပြုရန်သင့်လျော် သော ဝတ်ကြီးဝတ်ငယ်များကို ပြုပြီးနောက်မှ မိမိက အိပ်စက်မှ သင့်လျော်မည်”ဟူသော အနက်အဓိပ္ပါယ်ကို ရည်ရွယ်၍ ပြောဆို မှာကြားလိုက်ပါသည်။ ။“(၉) မီးကို ရိုသေစွာ လုပ်ကျွေးရမည်”ဟူသော ဤအမှာစကားကိုကား “ယောက္ခမ ယောက်ျားသူကို၎င်း, ယောက္ခမ မိန်းမသူကို၎င်း, အရှင်သခင် ယောက်ျားကို၎င်း ဤသူများကို မီးပုံကြီးကဲ့သို့၎င်း, မြွေနဂါးမင်းကဲ့သို့၎င်း အောက်မေ့ပြုလုပ်ကာ ရိုသေလေးခန့်စွာ ကြည့်ရှုမှ သင့်လျော်မည်”ဟူသော အနက်အဓိပ္ပါယ်ကို ရည်ရွယ်၍ ပြောဆို မှာကြားလိုက်ပါသည်။

(မိဂါရ)

လူကြီးမင်းတို့.. ဤယခု ပြောဆိုခဲ့သည့် အချက်ကြီး ရှစ်ချက်တို့မှာ အပြစ်မဟုတ် = ဂုဏ်ကျေးဇူး တို့ပင် ဖြစ်ကြသည် ထားပါဦးတော့၊ ဤဝိသာခါသူငယ်မ၏

၂၇၀

ဖခင်သည် အိမ်တွင်းနတ်တို့ကို ရှိခိုးရန် စေခိုင်းလိုက်ပါ၏။ ဤအချက်၏ အနက်အဓိပ္ပါယ်ကား အဘယ်ပါနည်း။

(လူကြီးများ)

သမီး.. ဤယခု သူဌေးကြီး တင်ပြပြောဆိုသည့်အတိုင်း မှန်ပါသလော။

(ဝိသာခါ)

ဖခင်တို့.. သမီး၏ဖခင် သူဌေးကြီးက အိမ်တွင်းနတ်များကို ရှိခိုးရန် စေခိုင်းလိုက်သည် မှန်ပါ၏။ မှန်ပါပေသည်- “(၁၀) အိမ်တွင်းနတ်တို့ကို ရှိခိုးရမည်”ဟူသော ဤအမှာစကားကိုလည်း သမီး၏ဖခင်သည် “အသီးအခြား အိမ်ရာကိုစိုးအုပ် နေထိုင်သောအချိန်ကစ၍ မိမိ၏ အိမ်တံခါးဝသို့ ကြွရောက်လာသော ရဟန်းတော်ကို မြင်ရလျှင် မိမိအိမ်မှာရှိသော ခဲဖွယ်ဘောဇဉ်မှ တတ်နိုင်သလောက် ရဟန်းတော် များအား လှူဒါန်းပြီးမှသာလျှင် မိမိ စားသင့်သည်”ဟူသော ဤအနက်အဓိပ္ပါယ်ကို ရည်ရွယ်၍ ပြောဆို မှာကြားလိုက်ပါသည်။

     ထို့နောက် အာမခံလူကြီးများက “သူဌေးကြီး.. သင့်အဖို့မှာကား ရဟန်းတော်တို့ကို မြင်ရလျှင် မပေးမကမ်း မလှူဒါန်းရခြင်းကိုသာ နှစ်သက်အပ်သည် ထင်ပါ၏”ဟူ၍ မှတ်ချက်ချ ရှုတ်ချစကား ပြောကြားကြသောအခါ မိဂါရသူဌေးသည် အခြားချေပ ပြောဆိုရန်စကားကို မတွေ့မမြင်တော့ရကား မျက်နှာအောက်ချလျက်သာ ထိုင်နေလေတော့၏။

ဝိသာခါ၏ နောက်ပိုင်းအရေးဆို အောင်မြင်ပွဲ

     ထို့နောက် အာမခံလူကြီးရှစ်ဦး, မိဂါရသူဌေးကြီးနှင့် ချွေးမ ဝိသာခါတို့ ဆက်၍ အရေးဆိုကြပြန်သည်မှာ-

(လူကြီးများ)

အသို့နည်း = ဘယ့်နှယ်လဲ သူဌေးကြီး.. ကျွန်ုပ်တို့၏ သမီးအဖို့ရာ အခြားသော အပြစ်များကော ရှိပါသေးသလော။

(မိဂါရ)

မရှိတော့ပါ လူကြီးမင်းတို့..။

၂၇၁

(လူကြီးများ)

သူဌေးမင်း.. ထိုသို့ဖြစ်ပါလျက် အဘယ့်ကြောင့် အပြစ်မရှိသော ကျွန်ုပ်တို့၏သမီးကို အကြောင်းမရှိပဲ အိမ်မှ နှင်ထုတ်စေဘိသနည်း။

(ထိုခဏ၌ ဝိသာခါက ထ၍ ပြောသည်မှာ)- ဖခင်တို့.. သမီး၏အဖို့ရာ သမီး၏ ယောက္ခမကြီး (မဆင်မခြင်)ပြောသော စကားဖြင့် အလျင်လက်ဦး ဤအိမ်မှ ထွက်ခွါသွားရန် မသင့်လျော်ချေ။ အမှန်မှာ သမီး ဤအိမ်သို့ လိုက်ပါလာသောနေ့က သမီး၏အပြစ် ရှိ,မရှိ (အရေးပေါ်ခဲ့သော်) သုတ်သင်ရှင်းလင်းရန် သမီး၏ဖခင် သူဌေးကြီးက ဖခင်တို့လက်၌ ထည့်အပ်၍ ပေးလိုက်ပါသည်၊ (ယခုမူ သမီးအပြစ် မရှိကြောင်း သုတ်သင်ရှင်းလင်း၍ ပြီးပြီ)၊ ယခုအခါ သမီးအဖို့ရာ သွားဖို့ရန် ချမ်းသာပေပြီ–

ဤကဲ့သို့ ပြောဆို၍ ဝိသာခါသည် (မိမိနေရာ တိုက်ခန်းသို့ လာရောက်ကာ)ကျွန်မိန်းမ ကျွန်ယောက်ျားတို့ကို “ယာဉ်စသည်တို့ကို စီရင်ပြင်ဆင်မှု ပြုကြလော့”ဟု အမိန့်ပေးလေ၏၊ ထိုအခါ မိဂါရသူဌေးသည် အာမခံသူကြွယ်ကြီး ရှစ်ဦးတို့ကို ခေါ်ယူခဲ့ကာ ချွေးမဝိသာခါကို “သမီး.. ငါသည် မသိမဆင်ခြင်၍ ပြောမှားအပ်ခဲ့ပါပြီ၊ ငါ့အား သည်းခံပါလော့”ဟု တောင်းပန်စကား ပြောကြားလေ၏။ ထိုအခါ ဝိသာခါသည် အခွင့်ကောင်း ကြုံပြီဖြစ်ရကား “အိုဖခင်တို့.. ဖခင်တို့အပေါ်မှာ သည်းခံသင့်သောအရာကို သမီး စောစီးစွာပင် သည်းခံပါ၏၊ သမီး အထူးတင်ပြ ပြောဆိုလိုပါသည်မှာ- သမီးကား ဘုရားမြတ်စွာ သာသနာ၌ မတုန်မလှုပ် သက်ဝင်ယုံကြည်သည့် သဒ္ဓါတရားရှိသော အမျိုး၏သမီး ဖြစ်ပါသည်၊ သမီးတို့သည် ရဟန်းသံဃာနှင့် ကင်းကွာ၍ နေထိုင်ရန် မဖြစ်နိုင်ပါ၊ အကယ်၍ သမီးအလိုကျအတိုင်း ရဟန်းသံဃာကို ပြုစုလုပ်ကျွေးခွင့် ရပါမူ သမီး ဤအိမ်၌ ဆက်၍နေပါမည် = မရလျှင် မနေနိုင်ပါ”ဟု အရေးဆိုစကား ပြောကြားလေ၏၊ မိဂါရသူဌေးကြီးသည်လည်း “ချစ်သမီး.. သင်ချစ်သမီးသည်

၂၇၂

အလိုရှိတိုင်း သမီး၏ ရဟန်းတို့ကို ပြုစုလုပ်ကျွေးပါလော့”ဟု ကြည်ကြည်ဖြူဖြူ ခွင့်ပြုစကား ပြောကြားလေ၏။

မိဂါရသူဌေး သောတာပန်ဖြစ်ခြင်း

     ထို့နောင်မှ ဝိသာခါသူဌေးမသည် မြတ်စွာဘုရားရှင်ကို (နက်ဖြန် ဆွမ်းအလှူခံတော်မူရန်) ပင့်ဖိတ်စေပြီးလျှင် နောက်တနေ့၌ သူဌေးအိမ်ကြီးအပြည့် ဘုရားအမှူးရှိသော သံဃာတော်ကို ထိုင်နေစေလေသည်။ အဝတ်မလွှမ်း တက္ကတွန်း ပရိသတ်တို့သည်လည်း မြတ်စွာဘုရား မိဂါရသူဌေးအိမ်သို့ ကြွတော်မူကြောင်း သတင်းကြားကြ၍ ထိုအရပ်သို့ သွားရောက်ကြလျက် အိမ်ကို ဝန်းရံကာ ထိုင်နေကြလေကုန်၏။

     ဝိသာခါသူဌေးမသည် အလှူရေစက်ကို သွန်ချလှူဒါန်းပြီးလျှင် ယောက္ခမသူဌေးကြီးထံသို့ “ပူဇော်ဖွယ်မှု အစုစုအားလုံး စီမံ၍ပြီးပါပြီ။ ကျွန်တော်မ၏ ယောက္ခမကြီးသည် လာရောက်၍ မြတ်စွာဘုရားကို ကိုယ်တိုင်ကိုယ်ကြပ် ပြုစုလုပ်ကျွေးစေချင်ပါသည်”ဟု သတင်းပို့စေလေ၏။ မိဂါရသူဌေးသည် တက္ကတွန်းဆရာတို့၏ စကားကို လိုက်နာ၍ “ငါ့သမီးပဲ မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးပါတော့”ဟု တိမ်းရှောင်စကား ပြန်ကြားလိုက်လေ၏။ ဝိသာခါသူဌေးမသည် ထူးထွေစုံစွာ များမြတ်သော အရသာတို့ဖြင့် မြတ်စွာဘုရားကို ပြုစုလုပ်ကျွေး၍ ဆွမ်းကိစ္စ ပြီးဆုံးလတ်သော် တဖန်ထပ်၍ ယောက္ခမ သူဌေးကြီးထံသို့ “ဆွမ်းကပ်လှူခြင်းကိစ္စ ပြီးပါပြီ၊ ကျွန်တော်မ၏ ယောက္ခမကြီးသည် လာရောက်၍ တရားစကားကို နာကြားစေချင်ပါသည်”ဟု သတင်းပို့စေပြန်လေ၏။

     ထိုအခါ မိဂါရသူဌေးသည် ရှေးကုသိုလ်ကံ ဆော်ဖန်တိုက်တွန်းအပ်ပြီဖြစ်ရကား “ငါ့အဖို့ရာ ယခုအခါ၌ မသွားရောက်ခြင်းမည်သည် အလွန်လျှင် အကြောင်းမဟုတ်စွာ့တကား”ဟု စဉ်းစားဆင်ခြင်မိ၍ တရားနာယူလိုသောဆန္ဒ ပြင်းပြစွာ ဖြစ်ရှိကာ မြတ်စွာဘုရား တရားဟောတော်မူမည့် နေရာသို့ သွားလေ၏။

၂၇၃

ထိုသို့ သွားနေဆဲသော မိဂါရသူဌေးကို တက္ကတွန်းဆရာတို့က “ရဟန်းဂေါတမ၏ တရားကို နာကြားလျှင် တင်းထိမ်ကန့်လန့်ကာ၏ အပြင်ဖက်၌ ထိုင်နေ၍ နာကြားလော့”ဟု အကြံပေးစကား ပြောကြားကြလေ၏။ ထိုပြောကြားချက်အတိုင်းပင် သူဌေး၏လူများသည် ရှေးဦးစွာ သွားနှင့်ကြ၍ တင်းထိမ်ကန့်လန့်ကာဖြင့် ဝန်းရံကာကြလေကုန်၏။

     မြတ်စွာဘုရားသည် “သင် မိဂါရသူဌေးကား တင်းထိန်ကန့်လန့်ကာ အပြင်ဖက်၌ နေလိုမူလည်း နေစေ၊ နံရံတဖက်, သို့မဟုတ် တောင်တဖက်, သို့မဟုတ် စကြဝဠာတိုက် တဖက်၌ နေလိုမူလည်း နေစေ၊ ငါကား ဘုရားစင်စစ် ဖြစ်ချေသည်၊ မည်မျှပင် ခရီးဝေးကွာ ခြားနေစေကာမူ သင့်ကို ငါဘုရား၏ အသံတော်ကို ကြားစေခြင်းငှါ စွမ်းနိုင်၏”ဟု မိန့်ဆိုတော်မူသည့်ပမာ ရွှေရောင်အဆင်း မှည့်ဝင်းသော အသီးရှိသည့် သရက်ပင်ကြီးကို ပင်စည်မှ ဆွဲကိုင်၍ လှုပ်လိုက်သကဲ့သို့ မိဂါရသူဌေးအား ဒါနကထာ, သီလကထာ, သဂ္ဂကထာ- အစရှိသော မဂ်ဖိုလ်ရကြောင်း တရားစကားကို ဟောကြားတော်မူလေ၏။

(အထူးမှတ်ရန်မှာ- မြတ်စွာဘုရား တရားဟောတော်မူလျှင် ရှေ့တော်၌ တည်နေသူများ, နောက်တော်၌ တည်နေသူများ, စကြဝဠာတိုက် အရာအထောင်ကို ကျော်လွန်၍ တည်နေသူများ, အကနိဋ္ဌ ဗြဟ္မာ့ပြည်၌ တည်နေသူများ အားလုံးတို့သည်ပင် “မြတ်စွာဘုရားသည် ငါ့ကိုသာလျှင် ကြည့်နေတော်မူ၏၊ ငါ့အားသာလျှင် တရားဟောတော်မူ၏”ဟု ပြောဆိုကြရလေသည်။ မှန်၏- မြတ်စွာဘုရားသည် တရားဟောနေတော်မူသောအခါ ထိုထို တရားနာပရိသတ်ကို ကြည့်နေတော်မူသကဲ့သို့၎င်း, ထိုထို တရားနာပရိသတ်နှင့် အတူတကွ စကားပြောနေတော်မူသကဲ့သို့၎င်း ဖြစ်ရှိလေသည်။

အနည်းငယ်ချဲ့၍ ဖော်ပြရလျှင်- မြတ်စွာဘုရားတို့သည် လစန်းနှင့် တူတော်မူကြကုန်၏၊ လစန်းသည် ကောင်းကင်အလယ် သူ၏လမ်း၌ တည်လျက်ကပင် “လစန်းသည် ငါ့အထက်၌ တည်ရှိ၏၊ လစန်းသည် ငါ့အထက်၌ တည်ရှိ၏”ဟု လူတိုင်းလူတိုင်း၏ စိတ်ဝယ် ထင်ရသကဲ့သို့ ဤအတူပင် မြတ်ဘုရားတို့ တရား ဟောတော်မူနေသောအခါ

၂၇၄

ဝဲ,ယာ,ရှေ့,နောက်, အထက်အရပ်ရှိ တရားနာပရိသတ် အားလုံးတို့၏ စိတ်သန္တာန်ဝယ် မိမိတို့၏ မျက်နှာရှေးရှူ တည်နေတော်မူသကဲ့သို့ ထင်ရကုန်၏။

ဤသို့ ဖြစ်ခြင်းသည် ထိုဘုရားရှင်တို့ ပါရမီဖြည့်စဉ်အခါက ဦးခေါင်းကိုဖြတ်၍, မျက်ရေးကွင်းအပ်သည့် မျက်လုံးတော်အစုံကို ထုတ်၍, နှလုံးသားကို ထုတ်၍, သူတပါး၏ အစေအပါး ကျွန်ဖြစ်စေရန် ဇာလီမင်းသားကဲ့သို့သော သားတော်များ ကဏှာဇိန်မင်းသမီးကဲ့သို့သော သမီးတော်များ မဒ္ဒီဒေဝီတို့ကဲ့သို့သော ဇနီးများကို ရက်ရက်ကြီး စွန့်၍ အလှူခံတို့အား လှူဒါန်းအပ်ခဲ့သည့် ဒါနကောင်းမှု၏ အကျိုးဖြစ်သည်။ ။ဓမ္မပဒ ဋ္ဌ ၁၊ စာမျက်နှာ ၂၅၆-မှ)။

     ဒေသနာနိဂုံး ဆုံးသောအခါ မိဂါရသူဌေးသည် သောတာပတ္တိဖိုလ်၌ တည်၍ (=သောတာပန် အရိယာဖြစ်၍) တင်းထိမ်ကန့်လန့်ကာကို မ-ချီပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်တို့ကို တည်ခြင်းငါးပါးဖြင့် ရိုသေမြတ်နိုး ရှိခိုးလျက် မြတ်စွာဘုရား၏ မျက်မှောက်တော်မှာပင် “ချစ်သမီး.. သင်ချစ်သမီးသည် ယနေ့ကို အစပြု၍ ငါ၏မိခင်ပါ”ဟု ဝမ်းမြောက်စကား ပြောကြားကာ ချွေးမဝိသာခါကို မိမိ၏ အမိအရာ၌ ထားလေ၏။ ထိုအချိန်မှစ၍ ဝိသာခါသူဌေးမသည် “မိဂါရမာတာ = မိဂါရသူဌေး၏ မယ်တော်” အမည်ရှိသူ ဖြစ်လေတော့၏။

ဤကား- အင်္ဂုတ္တိုရ်အဋ္ဌကထာ ဖွင့်ပြချက်တည်း။ ဓမ္မပဒအဋ္ဌကထာ၌မူ ဘာဏကမထေရ်များ၏ အလိုသို့လိုက်၍ “မိဂါရသူဌေးသည် သောတာပန်အရိယာ ဖြစ်ပြီးနောက် တင်းတိမ်ကန့်လန့်ကာအနားကို ချီမ၍ လာရောက်ကာ ချွေးမ၏သားမြတ်ကို ခံတွင်းဖြင့်ငုံ၍ “သင်သည် ယနေ့မှစ၍ ငါ့မိခင်ပါပေ”ဟု ပြောဆို၍ အမိအရာ၌ ထားလေ၏။ ထိုအချိန်မှစ၍ ဝိသာခါသည် “မိဂါရမာတာ = မိဂါရသူဌေး၏ မယ်တော်” အမည်ရှိသူ ဖြစ်လေတော့၏။ နောက်အဖို့ဝယ် သားကို ရသည်ရှိသော် (မိဂါရမယ်တော်-ဟူသော အမည်နှင့် လိုက်လျောစွာ) ထိုသား၏ အမည်ကို “မိဂါရသူဌေးသား”ဟု မှည့်ခေါ်လေသည်”- ဤသို့စသည် ဖွင့်ပြ၏။

ဤအရာဝယ် ဝိသာခါ၏ အကြောင်းအရာကို အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ လိုရင်းအကျဉ်းမျှကိုသာ ဖွင့်ပြသဖြင့် ဗုဒ္ဓဝင်စာဖတ် ပရိသတ်

၂၇၅

သူတော်စင်တို့ အခြား သိမှတ်သင့်သော ဝိသာခါ၏ အကြောင်းအရာတို့ကိုလည်း ဓမ္မပဒအဋ္ဌကထာ ပဌမအုပ်မှ ထုတ်နုတ်၍ ပြဆိုဦးအံ့)–

ယောက္ခမ သူဌေးကတော်ကြီးလည်း

သောတာပန်အရိယာဖြစ်ခြင်း

     မိဂါရသူဌေးကြီးသည် ချွေးမကို မိခင်အရာ၌ထားပြီးသော် မြတ်စွာ ဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ကာ မြတ်စွာဘုရား၏ ခြေတော်အစုံတို့၌ ဦးတိုက်ပြီးနောက် ခြေတော်တို့ကို လက်ဖြင့် ဆုပ်နယ်လျက်၎င်း, ခံတွင်းဖြင့် စုပ်လျက်၎င်း “မြတ်စွာဘုရား.. တပည့်တော်သည် မိဂါရဖြစ်ပါသည်ဘုရား၊ တပည့်တော်သည် မိဂါရဖြစ်ပါသည်ဘုရား”ဟု သုံးကြိမ်တိုင်တိုင် မိမိအမည်ကို ထုတ်ဖော်လျှောက်ထား၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်သည် ဤလွန်ခဲ့ပြီးသမျှ ကာလပတ်လုံး အဘယ်မည်သော အလှူခံပုဂ္ဂိုလ်၌ လှူအပ်သော အလှူသည် အကျိုးကြီးမြတ်၏ဟု မသိခဲ့ပါ၊ ယခုအခါ၌မူ တပည့်တော်သည် ချွေးမကို အမှီပြု၍ သိအပ်ပါပြီ၊ အလုံးစုံသော အပါယ်ဆင်းရဲမှ လွတ်မြောက်ရပါပြီ၊ တပည့်တော်၏ ဤအိမ်သို့ ချွေးမဝိသာခါ လာရောက်သည်မှာ တပည့်တော်၏ အကျိုးစီးပွါး, ချမ်းသာဖြစ်ဖို့ရန် လာရောက်ခဲ့ပါပြီ”ဟု လျှောက်ထားပြီးနောက် ဤဆိုလတ္တံ့သော ဂါထာကိုလည်း ရွတ်ဆို လျှောက်ထားလေ၏-

သောဟံ အဇ္ဇ ပဇာနာမိ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ။

အတ္ထာယ ဝတ မေ ဘဒ္ဒါ၊ သုဏိသာ ဃရမာဂတာ။

ဘန္တေ = မြတ်စွာဘုရား..။ သော အဟံ = ထိုတပည့်တော်သည်။ ယတ္ထ = အကြင် အလှူခံပုဂ္ဂိုလ်၌။ ဒိန္နံ = လှူအပ်သော အလှူဒါနသည်။ မဟပ္ဖလံ = အကျိုးကြီးမြတ်၏။ (တံ = ထိုသို့သဘောရှိသော အလှူခံပုဂ္ဂိုလ်ကို)။ အဇ္ဇ = ယနေ့။ ပဇာနာမိ = ခွဲခြမ်းစိတ်ထွင် သိမြင်ရပါပြီဘုရား။ ဘဒ္ဒါ = ကောင်းခြင်းအင်္ဂါ လက္ခဏာနှင့် ပြည့်စုံသော။ သုဏိသာ = ချွေးမလိမ္မာ ဝိသာခါသည်။ မေ = တပည့်တော်၏။ အတ္ထာယ = အကျိုးငှါ။ မေ = မိဂါရတွင်ခေါ် တပည့်တော်၏။ ဃရံ = အိမ်သို့။

၂၇၆

အာဂတာ ဝတ = ရှေးကုသိုလ် ကံကောင်းထောက်၍ ရောက်ခဲ့ပါပြီဘုရား။

     ချွေးမလိမ္မာ ဝိသာခါသည် နောက်တနေ့အတွက်လည်း မြတ်စွာဘုရားကို ပင့်ဖိတ်ပြန်လေ၏။ ထိုအခါ နောက်တနေ့၌လည်း ဝိသာခါ၏ ယောက္ခမမိန်းမသူ သူဌေးကတော်ကြီးသည် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်လေ၏ = သောတာပန်အရိယာ ဖြစ်လေ၏။ ထိုအချိန်မှစ၍ မိဂါရသူဌေးကြီး၏အိမ်သည် ဘုရားမြတ်စွာ သာသနာတော်အတွက် တံခါးဟင်းလင်းဖွင့်ပြီးသား ဖြစ်လေတော့၏။

သူမြတ်တယောက်၊ အိမ်သို့ရောက်က၊ မြားမြောက်ပြောထူ၊ အိမ်နေလူတို့၊ နိဗ္ဗူနန်းခွင်၊ အသော့ဝင်ဖို့၊ မဂ္ဂင်ရှစ်ဆင့်၊ တံခါးပွင့်၏။

ဝိသာခါအား ယောက္ခမကြီး ချီးမြှောက်ခြင်း

     ထို့နောက် မိဂါရသူဌေးကြီးသည် “ဩ.. ငါ့ချွေးမကား ငါ့အပေါ်ဝယ် ဥပကာရကျေးဇူး အထူးများလှဘိ၏၊ ထိုချွေးမလိမ္မာအတွက် ငါသည် ကြည်ညိုသူတို့ ပြုမြဲအမှု အမူအရာကို ပြုပေတော့အံ့၊ ဤငါ့ချွေးမလိမ္မာအဖို့ရာ ဝန်လေးလှစွာသော မဟာလတာ တန်းဆာကြီးကို အမြဲဆင်ထားခြင်းငှါ မတတ်နိုင်၊ ချွေးမလိမ္မာအတွက် နေ့နေ့ညဉ့်ညဉ့် ဣရိယာပုထ်လေးပါးတို့၌ ဆင်ယင်နိုင်မည့် အဆင်တန်ဆာကို ပြုပေအံ့”ဟု ကြံစည်ဆင်ခြင်ပြီးလျှင် အဖိုးတသိန်းထိုက်သော “ဃနမဋ္ဌက = တခဲနက် ပြေပြစ်သည့်” အဆင်တန်းဆာကို ပြုလုပ်စေပြီးနောက် ထိုအဆင်တန်းဆာ ပြီးလတ်သည်ရှိသော် ဘုရားအမှူးရှိသော သံဃာကို ပင့်ဖိတ်၍ ရိုသေစွာ ဆွမ်းဆက်ကပ်ပြီးလျှင် ချွေးမလိမ္မာ ဝိသာခါကို နံ့သာရေအိုး (၁၆) တဆယ့်ခြောက်လုံးတို့ဖြင့် ရေချိုးစေ၍ မြတ်စွာဘုရား ရှေ့တော်မှောက်၌ထားကာ တန်းဆာဆင်ပေး၍ မြတ်စွာဘုရားကို ရှိခိုးစေလေသည်။ မြတ်စွာဘုရားသည် အနုမောဒနာတရား ဟောကြားတော်မူပြီးလျှင် ကျောင်းတော်သို့ တဖန် ပြန်ကြွတော်မူလေ၏။

၂၇၇

     ဝိသာခါ သူဌေးမသည်လည်း ထိုအချိန်မှစ၍ ဒါန-အစရှိသော ကောင်းမှုတို့ကို စိတ်အလိုရှိတိုင်း ပြုလုပ်လျက် မြတ်စွာဘုရားရှင် အထံတော်မှ *ဆုရှစ်ပါးတို့ကို ရ၍ ကောင်းကင်အပြင်ဝယ် လစန်းအရေးကဲ့သို့ အထူးထင်ရှားကာ သား,သမီးတို့ဖြင့် ပွါးစီးစည်ပင်ခြင်းသို့ ရောက်လေ၏။ ထင်ရှားစေဦးအံ့- ဝိသာခါသူဌေးမမှာ သားတကျိပ်, သမီးတကျိပ်တို့ ထွန်းကားခဲ့လေသည်။ ထိုသား,သမီး နှစ်ကျိပ်တို့တွင် တယောက်တယောက်မှာ သားတကျိပ်, သမီးတကျိပ်စီ ထွန်းကားပြန်လေသည်၊ (သို့ရကား ဝိသာခါမှာ မြေးလေးရာတို့ ရှိကြလေသည်)။ ထိုမြေးလေးရာတို့တွင်လည်း တယောက် တယောက်မှာ သားတကျိပ်စီ, သမီးတကျိပ်စီပင် ထွန်းကားလေပြန်သောကြောင့် မြစ်ပေါင်း ရှစ်ထောင်တို့ ရှိကြလေသည်။ ထို့ကြောင့် ရှေးမထေရ်မြတ်တို့သည်-

ဝိသာခါ ဝီသတိ ပုတ္တာ၊

နတ္တာ စ စတုရော သတာ။

ပနတ္တာ အဋ္ဌသဟဿာ၊

ဇမ္ဗုဒီပေ သုပါကဋာ။

ဝိသာခါ = မိဂါရသူဌေး၏ ချွေးမလိမ္မာ ဝိသာခါသည်။ ဝီသတိ ပုတ္တာ = သားသမီးနှစ်ကျိပ် ရှိသည်ဖြစ်၍၎င်း။ စတုရော သတာ နတ္တာ စ = မြေးလေးရာ ရှိသည်ဖြစ်၍၎င်း။ အဋ္ဌသဟဿာ ပနတ္တာ စ = မြစ်ရှစ်ထောင် ရှိသည်ဖြစ်၍၎င်း။


* ဆုရှစ်ပါးဟူသည်မှာ- (၁) သံဃာအား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း လှူဒါန်းခွင့်ရခြင်း၊ (၂) ဧည့်သည် = အာဂန္တု ရဟန်းတို့အား ဆွမ်းလှူဒါန်းခွင့်ရခြင်း၊ (၃) ခရီးသွားရဟန်းတို့အား ဆွမ်းလှူဒါန်းခွင့်ရခြင်း၊ (၄) သူနာရဟန်းတို့အား ဆွမ်းလှူဒါန်းခွင့်ရခြင်း၊ (၅) သူနာပြုရဟန်းတို့အား ဆွမ်းလှူဒါန်းခွင့်ရခြင်း၊ (၆) သူနာရဟန်းတို့အား ဆေးလှူဒါန်းခွင့်ရခြင်း၊ (၇) အမြဲယာဂုလှူဒါန်းခွင့်ရခြင်း၊ (၈) ဘိက္ခုနီသံဃာအား ရေသနုပ်သင်္ကန်း လှူဒါန်းခွင့်ရခြင်း = ဤရှစ်ပါးတို့တည်း။ ဤဆုရှစ်ပါး အကြောင်းအရာဝတ္ထု အကျယ်ကို ဝိနယ မဟာဝဂ်ပါဠိတော် မြန်မာပြန် စာမျက်နှာ (၄၀၇) ဝိသာခါဝတ္ထုမှစ၍ ကြည့်ရှု မှတ်ယူကုန်ရာ၏။

၂၇၈

ဇမ္ဗုဒီပေ = ဇမ္ဗူဒိပ်ခေါ်တွင် ကျွန်းအပြင်၌။ သုပါကဋာ = အလွန်ထင်ရှား ကျော်ကြားလှစွာ၏။

ဟူသော ဤဂါထာကို ဖွဲ့ဆိုချီးကျူးတော်မူကြလေသည်။

ဝိသာခါ၏ ထူးခြားချက်များ

     ဝိသာခါသည် အသက်နှစ်ပေါင်း (၁၂၀) တရာ့နှစ်ဆယ် ရှည်သူဖြစ်၏။ ဦးခေါင်း၌ ဆံပင်ဖြူ တပင်မျှ မပေါက်ရောက်ချေ။ အမြဲတစေ (၁၆) တဆယ့်ခြောက်နှစ် အရွယ်ရှိသူကဲ့သို့ ပျိုနုလျက် နေ၏။ သား, သမီး, မြေး, မြစ်တို့ ခြံရံလျက် ဝိသာခါ ကျောင်းသို့သွားသည်ကို မြင်ရလျှင် “ဤအမျိုးသမီးများ အလယ်တွင် အဘယ်သူသည် ဝိသာခါပါနည်း”ဟု မေးယူရလောက်အောင်ပင် ပျိုမျစ်နုနယ်၏။

     ဝိသာခါသွားနေသည်ကို မြင်ကြသောသူတို့သည် “ယခုအခါ ဖြေးဖြေးသွားပါစေ၊ ငါတို့၏အရှင်မ ဝိသာခါသည် သွားနေမှသာ တင့်တယ်လှဘိ၏”ဟု ကြံစည် ဆင်ခြင် အောက်မေ့ကြလေသည်။ ဝိသာခါ ရပ်နေသည်ကို ၊(ပ)၊ ထိုင်နေသည်ကို ၊ပ၊ လျောင်းစက်နေသည်ကို မြင်ကြသောသူတို့သည် “ယခုအခါ အနည်းငယ် ဆက်၍ လျောင်းစက်ပါစေ၊ ငါတို့၏အရှင်မ ဝိသာခါသည် လျောင်းစက်နေမှသာ တင့်တယ်လှဘိ၏”ဟု ကြံစည် ဆင်ခြင် အောက်မေ့ကြလေသည်။ ဤသို့လျှင် ဝိသာခါကား သွား,ရပ်,ထိုင်,လျောင်း = ဣရိယာပုထ် လေးပါးတို့အနက် “ဤမည်သော ဣရိယာပုထ်ဖြင့်တော့ မတင့်တယ်ဘူး”ဟု ပြောဆိုဖွယ်မရှိအောင်ပင် တင့်တယ်လေသည်။

     (ဆင်ပြောင်ငါးစီး အားရှိသည်)- ဝိသာခါကား ဆင်ပြောင်ငါးစီးတို့၏ အားကို ဆောင်နိုင်သည်။ တချိန်က ကောသလမင်းကြီးသည် “ဝိသာခါကား ဆင်ပြောင်ငါးစီးတို့၏အားကို ဆောင်သတဲ့”ဟူသော သတင်းစကားကို ကြားသိရ၍ ဝိသာခါ ကျောင်းသို့သွား၍ တရားနာပြီး ပြန်လာသောအချိန်၌ အားအစွမ်းကို စုံစမ်းလိုရကား ဆင်ပြောင်ကြီးတစီးကို အလွှတ်ခိုင်းလေသည်။

၂၇၉

ဆင်ပြောင်သည် နှာမောင်းကို ချီမြှောက်၍ ဝိသာခါသို့ရှေးရှု ထိုးသတ်မည့်အမှုဖြင့် ပြေးလာနေ၏။ ဝိသာခါ၏ အခြွေအရံ မိန်းမငါးရာတို့သည် အချို့က ကြောက်လန့်၍ ထွက်ပြေး တိမ်းရှောင်ကြလေသည်။ (ဤမှ နောက်ဝါကျ၌ သီဟိုဠ်မူဝယ် ဧကစ္စာ န ပရိစ္စဇိတွာ-ရှိ၏၊ ဆဋ္ဌမူဝယ် ဧကစ္စာ န ပရိဿဇ္ဇိတွာ ရှိ၏။ ဧကစ္စာ ပန ပရိဿဇ္ဇိတွာ-ဟုရှိသော ပါဌ်သည် ပို၍ ယုတ္တိတန်၏၊ ထိုအတိုင်း မြန်မာပြန်၍ ဖော်ပြပေအံ့)။ အချို့သော အခြွေအရံ မိန်းမတို့ကမူကား ဝိသာခါကို ဝိုင်းဝန်းဖက်ကြ၍ ဝိသာခါက “အဘယ့်ကြောင့် ဤသို့ဖြစ်သနည်း”ဟု မေးအပ်လေသော် “အရှင်မ.. မင်းကြီးသည် အရှင်မ၏ အားအစွမ်းကို စုံစမ်းလိုသည်ဖြစ်၍ ဆင်ပြောင်ကို အလွှတ်ခိုင်းသတဲ့”ဟု ပြောဆိုကြလေ၏။

     ဝိသာခါသူဌေးမသည် “ဤဆင်ပြောင်ကို မြင်ရ = တွေ့ရ၍ ပြေးသဖြင့် အဘယ်အကျိုးရှိအံ့နည်း (=အကျိုးမရှိ)၊ ထိုဆင်ပြောင်ကို အဘယ်ပုံ ဖမ်းယူရမည်နည်း”ဟု ကြံစည်၍ “ငါသည် အကယ်၍ ထိုဆင်ပြောင်ကို အားရှိသလောက် တင်းတင်းကြပ်ကြပ် ဖမ်းယူလိုက်လျှင် ထိုဆင်ပြောင်သည် ပျက်စီးသေဆုံးလေရာ၏”ဟု ဆင်ခြင်မိ၍ မိမိအနီးသို့ ရောက်လာသော ထိုဆင်ပြောင်ကို လက်ချောင်းကလေး ၂-ချောင်းတို့ဖြင့်သာ နှာမောင်း၌ ညှပ်ကိုင်ကာ အသာအယာ တွန်းလှဲလိုက်လေသည်။ ဆင်ပြောင်သည် မိမိကိုယ်ကိုဆောင်၍ ကြံ့ကြံ့ရပ်တည်ခြင်းငှါ မစွမ်းနိုင်ချေ။ (=ဗိုင်းဗိုင်းလဲ၍ သွားလေ၏)။ လူများအပေါင်းသည် သာဓုကောင်းကြီး ပေးကြလေ၏။ ဝိသာခါသည်လည်း မိမိအခြွေအရံ ပရိသတ်နှင့်တကွ ချမ်းသာစွာ အိမ်သို့ပြန်သွားလေ၏။

ပုဗ္ဗာရုံကျောင်းဆောက်ရန် အကြောင်းဖန်ခြင်း

     ထိုအချိန်၌ သာဝတ္ထိပြည်ဝယ် မိဂါရမယ်တော် ဝိသာခါသူဌေးမသည် သား,မြေးများသူဖြစ်၍ ကျန်းမာသန်စွမ်းသော သားများ, မြေးများ ရှိသူဖြစ်၍ “အလွန် မင်္ဂလာရှိသော အမျိုးသမီး သူဌေးကတော်ကြီး”ဟူ၍ လူတိုင်းက အသိအမှတ်ပြု သမုတ်အပ်လေသည်။

၂၈၀

ထိုမျှလောက်သော သား,မြေးတို့အနက် တယောက်မျှလည်း အကြားကာလ သေပျောက်သူဟူ၍ မရှိဘူးသေးချေ။ သာဝတ္ထိ ပြည်သူပြည်သားတို့သည် မင်္ဂလာပွဲသဘင်တို့၌ ဝိသာခါကို ရှေးဦးစွာ ဖိတ်ကြား၍ ကျွေးမွေးကြလေသည်။ ထို့နောက် တရက်သော ပွဲသဘင်နေ့ဝယ် လူအများ ဝတ်စား တန်းဆာစုံလင် ဆင်ယင်ကြလျက် တရားနာရန် ကျောင်းသို့သွားကြစဉ် ဝိသာခါသည်လည်း ဖိတ်ကြားအပ်သော အရပ်၌ ဧည့်ခံကျွေးမွေးသည်ကို စားသောက်ပြီးလျှင် မဟာလတာ တန်းဆာကြီးကို ဆင်ယင်၍ လူများနှင့် အတူတကွ တရားနာရန် ကျောင်းသို့ လိုက်ပါခဲ့လျက် ကျောင်းတိုက်သို့ ဝင်လုလတ်သော် “မြတ်စွာဘုရားရှင်တို့၏ အထံတော်သို့ ဤကဲ့သို့သော ပြန့်လွင့်သူတို့၏ အသွင်အပြင်ဖြင့် သွားရောက်ရန် မသင့်လျော်”ဟု ဆင်ခြင်မိ၍ ထိုမဟာလတာ တန်းဆာကို ချွတ်ပြီးလျှင် အထုပ်ထုပ်လျက် မိမိဘုန်းကံကြောင့် ဖြစ်ပေါ်လာသော ဆင်ပြောင်ငါးစီးအားကို ဆောင်နိုင်သည့် ကျွန်မ၏လက်၌ ပေးအပ်လေ၏။

(ထိုမဟာလတာ တန်းဆာကို ထိုကျွန်မသာလျှင် ရွက်နိုင်သယ်နိုင်၏၊ အခြားသူများ မရွက်နိုင် မသယ်နိုင်။ ထို့ကြောင့် ဝိသာခါသည် ထိုကျွန်မကို “အမိ.. ဤတန်းဆာကို ယူထားလော့၊ မြတ်စွာဘုရား အထံတော်မှ တရားနာပြီး ပြန်သောအခါကျမှ ထိုတန်းဆာကို ဆင်ယင်ပေအံ့”ဟု ပြောဆို၍ ကျွန်မ၏လက်၌ ပေးအပ်လေသည်။)

     ဝိသာခါသည် မဟာလတာတန်းဆာကို ကျွန်မလက်၌ ပေးအပ်ပြီးနောက် ဃနမဋ္ဌကတန်းဆာကို ဆင်၍ မြတ်စွာဘုရားသို့ ဆည်းကပ်ပြီးလျှင် တရားနာလေသည်။ တရားနာ၍ ပြီးဆုံးသောအခါ ဝိသာခါသည် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုး၍ နေရာမှထကာ ဖဲသွားခဲ့လေသည်။ ကျွန်မသည်လည်း ထိုမဟာလတာ တန်းဆာကြီးကို တရားနာရာနေရာ၌ပင် မေ့၍ထားခဲ့လေသည်။ အထူးအားဖြင့် တရားနာပြီး ပြန်သွားသော ပရိသတ်၏ တစုံတရာသောဝတ္ထု မေ့ကျန်နေရစ်ခဲ့လျှင် ထိုဝတ္ထုကို အရှင်အာနန္ဒာမထေရ်သည် သိမ်းဆည်း၍ ထားတော်မူမြဲဖြစ်သည်။ ဤသို့လျှင် အရှင်အာနန္ဒာသည် ထိုနေ့၌ ဝိသာခါ၏ မဟာလတာ တန်ဆာကြီးကို

၂၈၁

တွေ့ရသဖြင့် မြတ်စွာဘုရားအား “မြတ်စွာဘုရား.. ဝိသာခါသည် မဟာလတာ တန်းဆာကြီးကို မေ့၍ သွားခဲ့ပါသည်ဘုရား”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်က “ချစ်သားအာနန္ဒာ.. သင့်လျော်ရာအရပ်၌ သိမ်းထားလော့”ဟု မိန့်တော်မူသဖြင့် အရှင်အာနန္ဒာ မထေရ်သည် ထိုမဟာလတာ တန်းဆာကြီးကို မ-ချီ၍ စောင်းတန်းလှေကားတဖက်၌ ချိတ်ဆွဲ၍ ထားတော်မူလိုက်လေ၏။

     ဝိသာခါ သူဌေးမသည်လည်း *သုပ္ပိယာ ဥပါသိကာမနှင့် အတူတကွ အာဂန္တုရဟန်း, ခရီးသွားရဟန်း, သူနာရဟန်း- စသည်တို့အတွက် ပြုသင့်ပြုထိုက်သည်ကို သိရအောင်ဟူ၍ ဇေတဝန် ကျောင်းတိုက်တော်အတွင်း၌ လှည့်လည်လေ၏။ အထူးအားဖြင့် ဝိသာခါ ဒါယိကာမကြီးနှင့် သုပ္ပိယာ ဒါယိကာမကြီးတို့ ကျောင်းတိုက်အတွင်း လှည့်လည်ကြသည်တို့ကို မြင်ကြရလျှင် ထောပတ်, ပျား, ဆီ-စသည်ကို အလိုရှိကုန်သော ရဟန်းငယ်များ, သာမဏေများသည်


* သုပ္ပိယာဒါယိကာမ- ဟူသည်မှာ ဗာရာဏသီပြည်မှ သုပ္ပိယဥပါသကာ၏ ဇနီးဖြစ်သည်၊ သူတို့ ဇနီးမောင်နှံ နှစ်ဦးလုံးတို့သည် ရတနာသုံးပါးကို အလွန် ကြည်ညိုကုန်၏၊ သံဃာအား ပစ္စည်း၄-ပါးကို လှူလေ့ရှိကုန်၏၊ သံဃအမှုခပ်သိမ်းကို ရွက်ဆောင်လေ့ရှိကုန်၏။ တချိန်က (မြတ်စွာဘုရား ဗာရာဏသီပြည် မိဂဒါဝုန်တော၌ သီတင်းသုံး နေတော်မူစဉ်က) သုပ္ပိယာ ဒါယိကာမကြီးသည် မိဂဒါဝုန်ကျောင်းတိုက်သို့ သွား၍ မမာကျန်းသော ရဟန်းတပါးကို တွေ့ရလျှင် “အရှင်ဘုရားအား အဘယ်ဓာတ်စာဖြင့် အလိုရှိပါသနည်း”ဟု မေး၍ ရဟန်းက “သားဟင်းမျိုးရည် = အသားစွတ်ပြုတ်ဖြင့် အလိုရှိ၏”ဟု ဆိုလေသော် “ရှိပါစေအရှင်ဘုရား.. ပို့လိုက်ပါမည်”ဟု လျှောက်ထားခဲ့၍ နောက်နေ့၌ ကပ္ပိယအသားကို မရနိုင်သည်ဖြစ်၍ မိမိ၏ ပေါင်သားဖြင့် ရဟန်းအတွက် သားဟင်းမျိုးရည် = အသားစွတ်ပြုတ်ရည် ကျိုချက်ကာ လှူဒါန်း၍ တဖန် မြတ်စွာဘုရား၌ ကြည်ညိုခြင်း ပြင်းစွာသောကြောင့် အမာရွတ်မျှမထင် ပကတိ နဂိုရ်ကိုယ်ရှိသူ ဖြစ်ခဲ့လေသည်။ အကြောင်းအရာ အကျယ်ကို ဝိနည်း မဟာဝဂ်ပါဠိတော် မြန်မာပြန် မျက်နှာ ၃၁၁-မှစ၍ ကြည့်ရှု ကုန်ရာ၏။

၂၈၂

ခွက်,ပန်းကန်-စသည်ကို စွဲကိုင်ကြလျက် ထိုဒါယိကာမကြီးတို့ထံ ချဉ်းကပ်ကြစမြဲ ဖြစ်လေသည်၊ ထိုနေ့မှာလည်း ထို့အတူပင် ပြုကြလေသည်။

     ဝိသာခါ ဒါယိကာမကြီးသည်လည်း သူနာရဟန်းများ, ရဟန်းငယ်များ, သာမဏေများကို ကြည့်ရှုကာ လိုအပ်ရာရာကို လှူဒါန်းပြီးလျှင် အခြားတံခါးတခုဖြင့် ဇေတဝန် ကျောင်းတိုက်တော်မှ ထွက်၍ ကျောင်းတိုက်ဥပစာ၌ ရပ်တည်လျက်ပင် မိမိ၏ကျွန်မကို “အမိ.. မဟာလတာ တန်းဆာကို ယူခဲ့လော့၊ ဆင်ယင်ပေအံ့”ဟု ပြောဆိုလေ၏။ ထိုအချိန်ကျမှ ကျွန်မသည် မိမိမေ့၍ ကျောင်းတိုက်မှ ထွက်ခဲ့မိကြောင်း ကောင်းစွာ အမှတ်ရသိရှိ၍ “ဟော.. အရှင်မ.. ကျွန်တော်မ မေ့ထားခဲ့ပြီ”ဟူ၍ ပြောဆိုလေ၏။ ထိုအခါ ဝိသာခါ သူဌေးမသည် “ထိုသို့ဖြစ်လျှင် သွား၍ယူပြီး ပြန်ခဲ့လော့၊ အထူးအားဖြင့် အကယ်၍များ အရှင်အာနန္ဒာ မထေရ်မြတ်က ထိုမဟာလတာ တန်းဆာကို ချီမ၍ အခြားတနေရာရာ၌ သိမ်းထားအပ်ခဲ့လျှင် မယူခဲ့လင့်၊ အရှင်မြတ်အားသာလျှင် ထိုတန်းဆာကို ငါသည် စွန့်လှူအပ်ပြီး ဖြစ်သည်”ဟု မှာကြားပြောဆို၍ ကျွန်မကို လွှတ်လိုက်လေ၏၊ ဝိသာခါကား “အမျိုးလေးပါး လူအများတို့ ကျောင်းတိုက်အတွင်းဝယ် မေ့ကျန်၍ ထားခဲ့သော ပစ္စည်းဘဏ္ဍာများကို မပျောက်မပျက်ရအောင် အရှင်အာနန္ဒာမထေရ်သည် သိမ်းဆည်း၍ ထားတော်မူ၏”ဟူသော ဤအချက်ကို ကြိုတင်၍ သိပြီးဖြစ်သောကြောင့် ဤသို့ မှာကြားပြောဆိုလိုက်လေသည်။

     အရှင်အာနန္ဒာ မထေရ်သည်လည်း ကျွန်မကို မြင်လျှင်ပင် “အဘယ်အကျိုးငှါ လာသနည်း”ဟု မေးတော်မူ၍ ကျွန်မက “တပည့်တော်မ အရှင်မ၏ မဟာလတာ တန်းဆာကို မေ့ထားခဲ့သောကြောင့် လာပါသည်ဘုရား”ဟု လျှောက်ထားလေလျှင် “ထိုမည်သော စောင်းတန်းလှေကား နံပါးတဖက်၌ ငါချိတ်၍ ထားအပ်သည်၊ သွားလော့, ထိုတန်းဆာကို ယူချေလော့”ဟု မိန့်တော်မူလေ၏။ ကျွန်မသည် “အရှင်ဘုရား.. အရှင်ဘုရားတို့၏လက်ဖြင့် သုံးသပ်ပြီးသော ဘဏ္ဍာကို တပည့်တော်မ၏ အရှင်မသည်

၂၈၃

(လှူအပ်ပြီးသား နှလုံးထား၍) တဖန် ပြန်မယူအပ်သောဝတ္ထု ပြုအပ်ပါပြီဘုရား”ဟု လျှောက်ထားခဲ့၍ လက်အချည်းနှီးသာ ဝိသာခါထံသို့ ပြန်လာခဲ့၍ ဝိသာခါက “ဘယ့်နှယ်လဲ အမိ..”ဟု မေးအပ်လေလျှင် ထိုအကြောင်းကို ဝိသာခါအား ပြန်ကြား ပြောဆိုလေ၏။

     ထိုအခါ ဝိသာခါသည် ကျွန်မကို “အမိ.. ငါသည် အရှင်မြတ် သုံးသပ်ကိုင်တွယ်အပ်ပြီးသော မဟာလတာ အဆင်ဘဏ္ဍာကို မဆင်မြန်းတော့ပါ။ ငါသည် စွန့်လှူအပ်ပြီးသားပင် ဖြစ်ပါ၏။ သို့သော် အရှင်မြတ်များအဖို့ရာ စောင့်ရှောက်ထိန်းသိမ်းရန် ဝန်လေးလှ ဆင်းရဲလှပါသည်၊ ထိုတန်းဆာကို စွန့်ကြဲရောင်းချ၍ သံဃာအား အပ်စပ်သော ပစ္စည်းဘဏ္ဍာကို ဆက်ကပ် လှူဒါန်းပေအံ့၊ သွားချေ, ထိုမဟာလတာ တန်းဆာကို ယူခဲ့လော့”ဟု ပြောဆို စေလွှတ်လိုက်လေ၏။ ကျွန်မသည်လည်း ကျောင်းတိုက်သို့သွား၍ မဟာလတာ တန်းဆာကို ယူဆောင်ခဲ့လေ၏၊ ဝိသာခါသည် မဟာလတာ တန်းဆာကို မဆင်မြန်းပဲသာလျှင် ရွှေပန်းထိမ်သည်တို့ကို အခေါ်ခိုင်း၍ တန်ဖိုးပြတ်စေလေသည်။ ရွှေပန်းထိမ်သည်တို့က “ဤတန်းဆာသည် ကိုးကုဋေ အဖိုးထိုက်တန်၏။ လက်ခကား တသိန်းတန်၏”ဟု တန်ဖိုးဖြတ် ပြောဆိုအပ်လေသော် ဝိသာခါသည် ထိုတန်းဆာကို ယာဉ်၌ တင်ထားစေ၍ “ထိုသို့ဖြစ်လျှင် ထိုမဟာလတာ တန်းဆာကို ရောင်းချကြကုန်လော့”ဟု ပြောဆိုလေသည်။

     ထိုမျှလောက်သော အဖိုးဥစ္စာကို ပေး၍ ဝယ်ယူခြင်းငှါ တဦးတယောက်မျှ စွမ်းနိုင်လိမ့်မည်မဟုတ်၊ မှန်၏- ထိုမဟာလတာ တန်းဆာကို ဆင်ယင်ရန် ထိုက်တန်သော အမျိုးသမီးမိန်းမတို့ကား ရခဲလှစွာကုန်၏၊ မှန်ပါပေသည်- မဟာပထဝီ ဤမြေအဝန်း၌ (၁) ဝိသာခါ ဒါယိကာမကြီး၊ (၂) ဗန္ဓုလစစ်သေနာပတိကတော် မလ္လိကာ (=မလ္လတိုင်းသူ)နှင့် (၃) ဗာရာဏသီ သူဌေးကြီး၏သမီး = ဤသုံးယောက်သော မိန်းမတို့သည်သာလျှင် မဟာလတာ တန်းဆာကို ရရှိကြလေသည်။

၂၈၄

     သို့ရကား ဝိသာခါ သူဌေးမသည် မိမိကိုယ်တိုင်သာလျှင် မဟာလတာ တန်းဆာ၏ အဖိုး (ကိုးကုဋေနှင့် တသိန်း)ကို ပေး၍ ထိုကိုးကုဋေနှင့် တသိန်းသော အသပြာကျပ်တို့ကို လှည်း၌ တင်စေကာ ကျောင်းတော်သို့ ယူဆောင်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် “မြတ်စွာဘုရား.. တပည့်တော်မ၏ အရှင်အာနန္ဒာ မထေရ်မြတ်သည် တပည့်တော်မ၏ မဟာလတာ တန်းဆာကို မပျောက်ပျက်အောင် သိမ်းဆည်းရန် လက်ဖြင့် သုံးသပ်အပ်ခဲ့ပါပြီ၊ မထေရ်မြတ် သုံးသပ်ပြီးချိန်မှစ၍ ထိုတန်းဆာကို တပည့်တော်မသည် ဆင်မြန်းခြင်းငှါ မစွမ်းနိုင်တော့ပါ။ သို့အတွက် ထိုမဟာလတာ တန်းဆာကို စွန့်ကြဲ၍ သံဃာတော်အား အပ်စပ်သော = ကပ္ပိယပစ္စည်းကို ဆက်ကပ်မည်ဟု ရောင်းစေရမည်မှာ တပည့်တော်မမှတပါး ထိုတန်းဆာကို ဝယ်ယူစွမ်းနိုင်မည့် အခြားသူတဦးကိုမျှ မတွေ့ရ၍ တပည့်တော်မသည်ပင်လျှင် ထိုတန်းဆာ၏တန်ဖိုး (ကိုးကုဋေနှင့်ကျပ်တသိန်း)ကို ယူဆောင်စေ၍ လာခဲ့ပါသည်ဘုရား၊ သက်န်း, ဆွမ်း, ကျောင်း, ဆေး = ပစ္စည်းလေးပါးတို့တွင် အဘယ်ပစ္စည်းဖြင့် ဆက်ကပ်ရလျှင် သင့်လျော်ပါမည်နည်းဘုရား”ဟု လျှောက်ထား မေးမြန်းလေ၏၊ မြတ်စွာဘုရားရှင်က “ဝိသာခါ.. ဤသာဝတ္ထိမြို့ အရှေ့တံခါးအနီး၌ သံဃာတော်များ နေထိုင်ရန်အလို့ငှာ ကျောင်းဆောက်လုပ်ရန် သင့်အဖို့ရာ သင့်လျော်၏”ဟု မိန့်တော်မူလေလျှင် ဝိသာခါသူဌေးမသည် “သင့်လျော်ပါသည် မြတ်စွာဘုရား..”ဟု လျှောက်ထား၍ အားရဝမ်းမြောက်သော စိတ်ရှိလျက် ပုဗ္ဗာရုံကျောင်းနေရာ မြေအရပ်ကိုပင် (၉၀၀၀၀၀၀၀) ကိုးကုဋေသော ကျပ်အသပြာတို့ဖြင့် ဝယ်ယူလေ၏၊ အခြားကိုးကုဋေသော ဥစ္စာတို့ဖြင့် ပုဗ္ဗာရုံကျောင်းတိုက်ကြီးကို စတင် တည်ဆောက်လေ၏။

အရှင်မောဂ္ဂလာန်ထေရ် ကြီးကြပ်တော်မူ၍

ကိုးလဖြင့်အပြီး ပုဗ္ဗာရုံကျောင်းတိုက်ကြီး ဆောက်လုပ်ခြင်း

     တနေ့သ၌ မြတ်စွာဘုရားသည် မိုးသောက်ထအခါ သတ္တလောကကို ကြည့်ရှုတော်မူလေသော် နတ်ပြည်မှ စုတေ၍

၂၈၅

ဘဒ္ဒိယမြို့ဝယ် သူဌေးမျိုး၌ဖြစ်လာသော ဘဒ္ဒိယသူဌေးသား၏ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှု ဥပနိဿယနှင့် ပြည့်စုံခြင်းကို မြင်တော်မူ၍ အနာထပိဏ်သူဌေးအိမ်၌ ဆွမ်းဘုဉ်းပေးပြီးလျှင် သာဝတ္ထိပြည် မြောက်တံခါးသို့ရှေးရှု ကြွတော်မူလေ၏။

(အထူးမှတ်ရန်မှာ- ပြုလုပ် ရွက်ဆောင်တော်မူနေကျ ပကတိအားဖြင့် မြတ်စွာဘုရားသည် ဝိသာခါ၏အိမ်၌ ဆွမ်းခံ၍ တောင်တံခါးဖြင့် ထွက်ကြွတော်မူပြီးလျှင် ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူ၏။ အနာထပိဏ်သူဌေးအိမ်၌ ဆွမ်းခံတော်မူပြီးလျှင် အရှေ့တံခါးဖြင့် ထွက်ကြွတော်မူ၍ ပုဗ္ဗာရုံကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူ၏၊ မြောက်တံခါးသို့ရှေးရှု မြတ်စွာဘုရား ကြွတော်မူသည်ကို မြင်ကြ ရလျှင်ပင် “ဒေသစာရီ ကြွချီတော်မူလိမ့်မည်”ဟု အားလုံးသိကြရ၏)။

     ဝိသာခါ သူဌေးမသည်လည်း ထိုနေ့၌ “မြတ်စွာဘုရား မြောက်တံခါးသို့ရှေးရှု ကြွတော်မူ၏”ဟူသော သတင်းစကားကို ကြားသိရ၍ လျင်မြန်စွာ မြတ်စွာဘုရားထံတော်သို့ သွားရောက်ရှိခိုးပြီးလျှင် “ဒေသစာရီ ကြွချီတော်မူလိုကြပါသလား ဘုရား”ဟု လျှောက်ထား၍ မြတ်စွာဘုရားရှင်က “အိမ်း.. ဟုတ်ပေသည် ဝိသာခါ..”ဟူ၍ မိန့်တော်မူလေလျှင် “မြတ်စွာဘုရား.. ဤမျှ(=ကိုးကုဋေ)သော ဥစ္စာကိုစွန့်၍ အရှင်ဘုရားတို့အတွက် ကျောင်းဆောက်နေဆဲ ရှိပါသည်၊ ပြန်နစ်တော်မူကြပါဦး မြတ်စွာဘုရား..”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်က “ဝိသာခါ.. ဤယခု သွားခြင်းကား ပြန်နစ်၍မဖြစ်သော သွားခြင်းဖြစ်သည်”ဟု မိန့်တော်မူလေလျှင် ဝိသာခါသည် “ဧကန်ပင် မြတ်စွာဘုရားသည် မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံသူတဦးဦးကို မြင်တော်မူလိမ့်မည်”ဟု ဆင်ခြင်စဉ်းစားမိ၍ “မြတ်စွာဘုရား.. ထိုသို့ဖြစ်လျှင် တပည့်တော်မ၏အဖို့ရာ ကျောင်းဆောက်ရာ၌ ပြုပြီး, မပြုရသေးသည်ကို ခွဲခြမ်းသိမြင် စီရင်ပေးမည့် ရဟန်းတော်တပါးကို ပြန်နစ်စေပြီးမှ (=ထားခဲ့ပြီးမှ) ကြွတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က

၂၈၆

ဝိသာခါကို “ဝိသာခါ.. သင် သဘောကျသည့် ရဟန်း၏သပိတ်ကို ယူလော့”ဟု မိန့်တော်မူလေ၏။

     ဝိသာခါသူဌေးမသည် ပကတိအားဖြင့် အရှင်အာနန္ဒာမထေရ်ကို ချစ်ခင် သဘောကျသော်လည်း “အရှင်မဟာမောဂ္ဂလာန် မထေရ်သည် တန်ခိုးကြီးတော်မူ၏၊ ထိုမထေရ်ကို အမှီပြုရလျှင် ငါ၏ ကျောင်းဆောက်ခြင်းကိစ္စသည် လျင်မြန်စွာ ပြီးစီးပေလိမ့်မည်”ဟု ကြံစည်မိ၍ အရှင်မောဂ္ဂလာန်မထေရ်၏ သပိတ်ကို တောင်းယူလေ၏။ မထေရ်မြတ်သည် မြတ်စွာဘုရားကို ကြည့်လျက်နေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က “ချစ်သားမောဂ္ဂလာန်.. သင်ချစ်သား၏ အခြံအရံ ရဟန်းငါးရာတို့ကို ခေါ်ယူ၍ သင်ချစ်သား ပြန်နစ်လော့”ဟု မိန့်တော်မူသဖြင့် မထေရ်မြတ်သည် မြတ်စွာဘုရား မိန့်တော်မူသည့်အတိုင်း မိမိ၏တပည့် ရဟန်းငါးရာတို့ကို ခေါ်ယူ၍ ပြန်နစ် ကျန်ရစ်တော်မူလေ၏။

     မထေရ်မြတ်၏ အာနုဘော်ကြောင့် ယူဇနာငါးဆယ်, ခြောက်ဆယ်တိုင်တိုင် သစ်သား, ကျောက်တို့အလို့ငှါ သွားရောက်ကြသူ လူတို့သည်လည်း ကြီးကုန်, ကြီးကုန်သော သစ်သား, ကျောက်များကို ယူခဲ့ကြ၍ ထိုနေ့၌ပင်လျှင် (=နေ့ချင်းပြန်) ပြန်လာနိုင်ကြကုန်၏။ လှည်းပေါ်၌ သစ်သားများ, ကျောက်များကို တင်ကြရာမှာလည်း မပင်ပန်းကြကုန်၊ လှည်းဝင်ရိုး ကျိုးသောဟူ၍ မရှိ။ မကြာမီပင် ဘုံနှစ်ဆင့်ရှိသော (=၂-ထပ်)ပြာသာဒ်ကျောင်းကြီး ဆောက်လုပ်၍ ပြီးကြလေသည်။ ထိုပြာသာဒ်ကျောင်းကြီးမှာ အောက်ထပ်၌ တိုက်ခန်း ၅ဝဝ, အထက်ထပ်၌ တိုက်ခန်း ၅ဝဝ = ဤသို့ တိုက်ခန်းပေါင်း (၁၀၀၀) တထောင်တို့ဖြင့် တန်းဆာဆင် အပ်သော ပြာသာဒ်ကြီး ဖြစ်လေသည်။ ဝိသာခါ ကျောင်းအမကြီးသည် ရှစ်မင်းပယ်မျှ ကျယ်ဝန်းသန့်ရှင်းသော မြေအပြင်၌ ပြာသာဒ်ကျောင်းကြီးကို ဆောက်လုပ်စေလေသည်။ ထို့ပြင်လည်း “ပြာသာဒ်တော်ကြီး ထီးထီးသက်သက်ကား မတင့်တယ်ချေ”ဟု ကြံစည်ဆင်ခြင်မိ၍ ထိုပြာသာဒ်မကြီးကို ဝန်းရံလျက် ကမ္မဋ္ဌာန်းကျောင်းပေါင်း ၅၀၀,

၂၈၇

ပြာသာဒ်ငယ် ၅၀၀, တန်ဆောင်းရှည်ပေါင်း ၅၀၀-တို့ကိုလည်း ဆောက်လုပ် ပြီးပြေစေပြန်လေ၏။

ကျောင်းရေစက်ချပွဲကြီး ၄-လကြာ ကျင်းပခြင်း

     ထို့နောက် မြတ်စွာဘုရားသည် ကိုးလကြာ ဒေသစာရီ လှည့်လည်တော်မူပြီး၍ သာဝတ္ထိပြည်သို့ တဖန် ပြန်ကြွတော်မူလာလေ၏။ ဝိသာခါ ကျောင်းအမကြီး၏ ပုဗ္ဗာရုံ ကျောင်းပြာသာဒ်ကြီး၌လည်း ပြုဖွယ်ကိစ္စ အဝဝသည် အရှင်မောဂ္ဂလာန်မထေရ်၏ စောင့်ရှောက်ခြင်း ခံရသည့်အတွက် ကိုးလဖြင့် အလုံးစုံ ပြီးစီးလေ၏။ ကျောင်းအမကြီးသည် ပြာသာဒ်အတွက် ထုပိကာကို ရေအိုးအလုံး ခြောက်ဆယ်ခန့် ဆံ့ဝင်လောက်အောင် တခဲနက် ခတ်အပ်သော ရွှေနီဖလံဖြင့် ပြုလုပ်စေလေသည်။ ဝိသာခါ ကျောင်းအမကြီးသည် “မြတ်စွာဘုရားရှင် ဇေတဝန် ကျောင်းတော်သို့ ကြွရောက်တော်မူလာ၏”ဟူသော သတင်းစကားကို ကြားရလျှင် ခရီးဦးကြိုဆို၍ မြတ်စွာဘုရားကို မိမိ၏ကျောင်းတိုက်သို့ ပင့်ဆောင်သွားပြီးလျှင် “မြတ်စွာဘုရား.. ဤမိုးလေးလပတ်လုံး ရဟန်းသံဃာကိုပါ ခေါ်ယူတော်မူ၍ ဤတပည့်တော်မ၏ ပုဗ္ဗာရုံတိုက်ကျောင်း၌သာ သီတင်းသုံး နေတော်မူကြပါဘုရား။ ကျောင်းလွှတ်ပူဇော်ပွဲ ပြုလုပ်ပါမည်ဘုရား”ဟု လျှောက်ထား၍ မြတ်စွာဘုရား သီတင်းသုံး နေထိုင်တော်မူရန် ခံဝန်ချက်ကို တောင်းယူလေ၏။ မြတ်စွာဘုရားသည် ဝိသာခါ ကျောင်းအမကြီး လျှောက်ထားချက်ကို လက်ခံတော်မူလေ၏။

     ဝိသာခါ ကျောင်းအမကြီးသည် ထိုနေ့မှအစပြု၍ ဘုရားအမှူးရှိသော ရဟန်းသံဃာအား ကျောင်းတိုက်မှာပင် အလှူဒါနကြီး ပေးလှူလေ၏။ ထို့နောက် ဝိသာခါ၏ သူငယ်ချင်းမတယောက်သည် အဖိုးတသိန်းတန်သော အဝတ်တထည်ကို ယူဆောင်ခဲ့၍ ဝိသာခါထံ လာရောက်ပြီးလျှင် “သူငယ်ချင်းမ.. ငါသည်

၂၈၈

ဤအဝတ်ကို သင်၏ ပြာသာဒ်ကျောင်းတော်၌ မြေအခင်းအနေဖြင့် ခင်းလှူလိုပါသည်။ ခင်းရမည့်နေရာကို ငါ့အား ပြောကြားကြစေချင်ပါသည်”ဟု ပြောဆိုလာ၏။ ထိုအခါ ဝိသာခါ ကျောင်းအမကြီးက “ကောင်းပါပြီ သူငယ်ချင်း.. အကယ်၍ ငါက သင့်အား ‘ခင်းရန် နေရာမရှိ’ဟု ဟုတ်မှန်သည့်အတိုင်း ပြောဆိုလျှင် သင်က ငါ့အပေါ်မှာ ‘အခွင့်မပေးလို၍’ဟု အထင်လွဲပေလိမ့်မည်၊ သို့ရကား ကိုယ်တိုင်သာလျှင် ပြာသာဒ် ကျောင်းကြီး၏ အထက်ထပ်, အောက်ထပ် အခန်းတထောင်လုံး နှံ့စပ်အောင် ကြည့်ပြီးလျှင် ခင်းရမည့်နေရာကို စဉ်းစား ရှာကြံပါလော့”ဟု ခွင့်ပြုစကား ပြောကြားသဖြင့် ထိုသူငယ်ချင်းမသည် အဖိုးတသိန်းတန်သော အဝတ်ကို ယူဆောင်၍ အထက်ထပ်, အောက်ထပ် ထိုထိုအရပ်တို့၌ နှံ့စပ်အောင် လှည့်လည် ရှာကြံကြည့်ရှုလေသော် သူမ ယူဆောင်လာသည့် အဝတ်အောက် အဖိုးလျော့၍တန်သော အခင်းအဝတ်ကို မတွေ့ရ၍ “ငါကား ဤသူငယ်ချင်းမ၏ ကောင်းမှု ပြာသာဒ်ကျောင်းတော်ကြီး၌ ကုသိုလ်ကောင်းမှု အဖို့ အစုကို မရနိုင်တော့ချေ”ဟု ဆင်ခြင်မိကာ နှလုံးမသာယာခြင်းသို့ရောက်လျက် တနေရာ၌ ငိုကြွေးလျက်သာ ရပ်နေလေ၏။

     ထိုအခါ ထိုသူငယ်ချင်းမကို အရှင်အာနန္ဒာမထေရ် မြင်တော်မူ၍ “အဘယ့်ကြောင့် ငိုကြွေးသနည်း”ဟု မေးတော်မူလေ၏။ ထိုသူငယ်ချင်းမက ထိုအကြောင်းကို ပြန်ကြား လျှောက်ထားလေလျှင် အရှင်အာနန္ဒာမထေရ်သည် “အကြံပြောထူ စိတ်ပူ၍ မနေလင့်၊ ငါသည် သင့်အား ခင်းရမည့်နေရာကို ပြောကြားပေအံ့”ဟု မိန့်တော်မူ၍ “စောင်းတန်း = လှေကားခြေရင်း သံဃာတော်များ ခြေဆေးကြမည့် နေရာအနီးဝယ် ဤသင်၏အဝတ်ကို ခြေသုတ်စရာပြု၍ ခင်းလေလော့၊ ရဟန်းတို့သည် ခြေဆေးကြပြီးလျှင် ရှေးဦးစွာ ဤသင်၏အဝတ်၌ ခြေကိုသုတ်ပြီးမှ ကျောင်းတွင်းသို့ ဝင်ကြလိမ့်မည်။ ဤသို့ဖြစ်သည်ရှိသော် သင့်အဖို့ရာ အကျိုးကြီးမြတ်သည် ဖြစ်ပေလိမ့်မည်”ဟု အကြံပေးစကား

၂၈၉

မိန့်ကြားတော်မူလေ၏။ (ဤနေရာကား ဝိသာခါ အမှတ်တမဲ့ မစဉ်းစားမိသောနေရာ ဖြစ်သတဲ့။)

ပစ္စည်း ၄-ပုံ စုံအောင်လှူခြင်း

     ဝိသာခါ ကျောင်းအမကြီးသည် မိုးလေးလတို့ ကာလပတ်လုံး ကျောင်းတိုက်အတွင်း၌ မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာအား ကြီးစွာသော အလှူဒါနကို လှူဒါန်းလေသည်။ နောက်ဆုံး (တန်ဆောင်မုန်း လပြည့်နေ့)၌ ရဟန်းသံဃာအား သင်္ကန်းလျာ အထည်အဝတ်တို့ကို လှူဒါန်းလေ၏။ အငယ်ဆုံး သံဃာ (=သင်္ဃနော) ရအပ်သော သင်္ကန်းလျာ အဝတ်တို့သည်ပင် အဖိုးတထောင် ထိုက်တန်ကုန်၏။ အားလုံးသော ရဟန်းတို့အား သပိတ်နှင့် အပြည့်ထည့်၍ စတုမဓုဆေးကို လှူဒါန်းလေ၏။ လေးလကြာ ကျောင်းလွှတ်ပူဇော်ပွဲ ကျင်းပရာ၌ (၉ဝ,ဝဝဝ,ဝဝဝိ) ကိုးကုဋေသော အသပြာတို့ ကုန်လေသည်။

ဤသို့လျှင် ကျောင်းမြေရာ ဝယ်ရာ၌ ကိုးကုဋေ, ကျောင်းဆောက်စေရာ၌ ကိုးကုဋေ, ကျောင်းလွှတ်ပူဇော်ပွဲ (=ကျောင်းရေစက်ချပွဲ) လေးလကြာ ကျင်းပရာ၌ ကိုးကုဋေ = ပေါင်း နှစ်ဆယ့်ခုနစ်ကုဋေသော ဥစ္စာတို့ကို ဝိသာခါ ကျောင်းအမကြီးသည် ဘုရားသာသနာ၌ စွန့်ကြဲ လှူဒါန်းခဲ့လေသည်။ မိန်းမအဖြစ်၌ တည်လျက် မိစ္ဆာဒိဋ္ဌိအယူရှိသူ ယောက္ခမအိမ်ဝယ် နေထိုင်ပြီး ဤသို့စဉ် ကြီးစွာသော စွန့်ကြဲလှူဒါန်းမှုမည်သည် အခြား မိန်းမများအဖို့ရာ မရှိချေ။

ကျောင်းရေစက်ချပွဲအပြီး ဥဒါန်းကျူးရင့်ခြင်း

     ကျောင်းအမကြီး ဝိသာခါသည် ကျောင်းရေစက်ချပွဲကြီး ပြီးဆုံးသောနေ့ ညနေချမ်းအခါဝယ် သား, သမီး, မြေး, မြစ်အပေါင်း ခြံရံလျက် “ငါ တောင့်တခဲ့သမျှ ဆုတောင်းခဲ့သမျှဥဿုံ အလုံးစုံ အထွတ်အထိပ်သို့ အပြီးအဆုံးသို့ ရောက်လေပြီ”ဟု ကြံစည် အောက်မေ့ ဝမ်းမြောက်ကာ ပြာသာဒ်ကျောင်းတော်ကြီးကို

၂၉၀

လှည့်လည်လျက် ၅-ဂါထာတို့ဖြင့် အလွန်ချိုမြိန် သာယာသော အသံဖြင့် ဤဆိုလတ္တံ့သောအတိုင်း ဥဒါန်း ကျူးရင့်လေသည်။

ကဒါဟံ ပါသာဒံ ရမ္မံ၊ သုဓာမတ္တိကလေပနံ။

ဝိဟာရဒါနံ ဒဿာမိ၊ သင်္ကပ္ပေါ မယှံ ပူရိတော။ (၁)

အဟံ = သိန်းကမ္ဘာတည့် အခါပြည့်အောင် အဘိနီဟာရ ပုညသမ္ဘာ ဆည်းပူးခဲ့ပါသော အကျွန်ုပ် ဝိသာခါသည်။ ရမ္မံ = ရောက်လာသသူ ရှင်ရှင်လူတို့ ကြည်ဖြူနှလုံး ရွှင်ပြုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော။ သုဓာမတ္တိကလေပနံ = အင်္ကတေ, မြေသရွတ်တို့ဖြင့် ချောမွတ်အောင် မွမ်းမံ လိမ်းကျံအပ်ပေထသော။ ပါသာဒံ = ပုဗ္ဗာရုံတွင်ခေါ် ပြာသာဒ်ကျောင်းတော် တည်းဟူသော။ ဝိဟာရဒါနံ = သံဃာတော် အရှင်မြတ်တို့ ကိန်းဝပ်ပျော်စံရာ မဟာဝိဟာရ ကျောင်းအလှူဒါနကို။ ကဒါ = ဘယ်ခါသမယ ဘယ်ကာလများမှာမှ။ ဒဿာမိ = နှလုံးစိတ်ဝမ်း ပီတိလွှမ်း၍ လှူဒါန်းကော်ရော် ပူဇော်ရပါမည်နည်း။ ဣတိ = ဤသို့။ မယှံ = ဝိသာခါသမုတ် ကျောင်းအမအကျွန်ုပ်၏။ သင်္ကပ္ပေါ = လွန်ခဲ့သည့်သိန်းကမ္ဘာ ရှည်မြင့်လှထိုအခါက သဒ္ဓါ,ပညာ နှစ်ဖြာညီမျှ ကြံစည်တောင့်တချက် အ၀၀သည်။ ပူရိတော = အလိုရှိတိုင်း မဆိုင်းပြည့်မြောက် သိဒ္ဓိပေါက်ခဲ့လေပြီတကား။

ကဒါဟံ မဉ္ဇပီဌဉ္စ၊ ဘိသိဗိမ္ဗောဟနာနိ စ။

သေနာသနဘဏ္ဍံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။ (၂)

အဟံ = တသိန်းကမ္ဘာ ရှည်မြင့်ကြာအောင် မဟာပုည ကုသလကို လုံ့လကြိုးကုတ် အကျွန်ုပ် ဝိသာခါသည်။ မဉ္ဇပီဌဉ္စ = ညောင်စောင်း, အင်းပျဉ် = ခဋင်နှင့် ထိုင်စရာ သင်္ချာမြားမြောင် သံဃအသုံးအဆောင်ကို၎င်း။ ဘိသိဗိမ္ဗောဟနာနိ စ = သံဃအသုံး ဘုံလျှို (=ဖုံနှင့်)

၂၉၁

ခေါင်းအုံးတို့ကို၎င်း။ သေနာသနဘဏ္ဍံ = ဆိုပြီး,မပြီး ကျောင်းအသုံးအဆောင် အသီးသီးကို။ ကဒါ = ဘယ်ခါသမယ ဘယ်ကာလများမှာမှ။ ဒဿာမိ = နှလုံးစိတ်ဝမ်း ပီတိလွှမ်း၍ အားရမ်းကော်ရော် ပူဇော် လှူဒါန်းရပါမည်နည်း။ (ဣတိ = ဤသို့)။ မယှံ = ကျောင်းအမ- ဟု အပေါင်းကခေါ်သမုတ် အကျွန်ုပ် ဝိသာခါ၏။ သင်္ကပ္ပေါ = ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါက ပဌမာဒိက လက်မွန်စခဲ့သည့် တောင့်တကြံစည်ချက် ဝိဝဋ္ဋကုသိုလ်စက်သည်။ ပူရိတော = လူနတ်နုမော် သာဓုခေါ်လျက် ရည်မြော်သည့်တိုင်း လူ့သမိုင်းတွင် ကြံတိုင်းပြည့်မြောက် (ယခုဖြင့်) သိဒ္ဓိပေါက်ခဲ့လေပြီတကား။

ကဒါဟံ သလာကဘတ္တံ၊ သုစိံ မံသူပသေစနံ။

ဘောဇနဒါနံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။ (၃)

အဟံ = ပုဗ္ဗာရုံကျောင်းအမဟု အပေါင်းကသမုတ် အကျွန်ုပ် ဝိသာခါသည်။ သုစိံ = ဆန်ကွဲဆန်ညှာ စပါးလုံးနှင့် ခဲမပါအောင် ကောင်းစွာရွေးဆယ် စင်ကြယ်စွာထသော။ မံသူပသေစနံ = ဟင်းလျာအခန်းခန်း အသားတို့ဖြင့်ပြွမ်းပေထသော (=ဒန်ပေါက်ဆွမ်း အမျိုးမျိုးကို ဆိုလိုသည်)။ သလာကဘတ္တံ = စာရေးတံခေါ်မှတ် ဆွမ်းဟူ၍ သမုတ်အပ်သော။ (ဝါ) သလာကဘတ္တံ = စာရေးတံဆွမ်းအစ ခုနစ်ဝသော။ ဘောဇနဒါနံ = အာယု, ဝဏ္ဏ, သုခ, ဗလံ, ပဋိဘာန်ဟု ငါးတန်ကျိုးရ ဆွမ်းအလှူဒါနကို။ ကဒါ = ဘယ်ခါသမယ ဘယ်ကာလများမှာမှ။ ဒဿာမိ = နှလုံးစိတ်ဝမ်း ပီတိလွှမ်း၍ အားရမ်းကော်ရော် သံဃာတော်အား ပူဇော် လှူဒါန်းရပါမည်နည်း။ (ဣတိ = ဤသို့)။ မယှံ = ကျောင်းအမ- ဟု အပေါင်းကခေါ်သမုတ် အကျွန်ုပ် ဝိသာခါ၏။ သင်္ကပ္ပေါ = ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါက ပဌမာဒိက လက်မွန်စခဲ့သည့် တောင့်တကြံစည်ချက် ဝိဝဋ္ဋကုသိုလ်စက်သည်။

၂၉၂

ပူရိတော = လူနတ်နုမော် သာဓုခေါ်လျက် ရည်မြော်သည့်တိုင်း လူ့သမိုင်းတွင် ကြံတိုင်းပြည့်မြောက် (ယခုဖြင့်) သိဒ္ဓိပေါက်ခဲ့လေပြီတကား။

ကဒါဟံ ကာသိကဝတ္ထံ၊ ခေါမကပ္ပါသိကာနိ စ။

စီဝရဒါနံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။ (၄)

အဟံ = သံဃဒါယိကာ အကျွန်ုပ် ဝိသာခါသည်။ ကာသိကဝတ္ထံ = ကာသိတိုင်းဖြစ် အသစ်စက်စက် အနဂ္ဃ မျိုးမှန် အဖိုးတန်အဝတ်လည်းဖြစ်သော။ ခေါမကပ္ပါသိကာနိ စ = ခုံချည်သက်န်း, ဝါချည်သင်္ကန်းများလည်းဖြစ်သော။ စီဝရဒါနံ = ဆိုပြီး,မပြီး အသီးသီးအဝဝ သင်္ကန်းအလှူဒါနကို။ ကဒါ = ဘယ်ခါသမယ ဘယ်ကာလများမှာမှ။ ဒဿာမိ = နှလုံးစိတ်ဝမ်း ပီတိလွှမ်း၍ အားရမ်းကော်ရော် သံဃာတော်အား ပူဇော် လှူဒါန်းရပါမည်နည်း။ (ဣတိ = ဤသို့)။ မယှံ = မေဏ္ဍက၏မြေး ဓနဉ္ဇယ၏ရင်သွေး သူဌေးမ ကျောင်းဒါယိကာ အကျွန်ုပ် ဝိသာခါ၏။ သင်္ကပ္ပေါ = ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါက ပဌမာဒိက လက်မွန်စခဲ့သည့် တောင့်တကြံစည်ချက် ဝိဝဋ္ဋကုသိုလ်စက်သည်။ ပူရိတော = လူနတ်နုမော် သာဓုခေါ်လျက် ရည်မြော်သည့်တိုင်း လူ့သမိုင်းတွင် ကြံတိုင်းပြည့်မြောက် (ယခုဖြင့်) သိဒ္ဓိပေါက်ခဲ့လေပြီတကား။

ကဒါဟံ သပ္ပိနဝနီတံ၊ မဓုတေလဉ္စ ဖာဏိတံ။

ဘေသဇ္ဇဒါနံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။ (၅)

အဟံ = သာသနမာတာ အကျွန်ုပ် ဝိသာခါသည်။ သပ္ပိနဝနီတံ = ထောပတ်ကြည်နု ဩဇာစုသား ဆီဥလည်းဖြစ်သော။ မဓုတေလဉ္စ = ပျားနှင့်နှမ်းဆီ နှစ်မည်လည်းဖြစ်သော။ ဖာဏိတဉ္စ = ရသာချိုကဲ တင်လဲလည်းဖြစ်သော။ ဘေသဇ္ဇဒါနံ = သမားတို့ဥစ္စာ ရသာယန

၂၉၃

ဆေးအလှူဒါနကို။ ကဒါ = ဘယ်ခါသမယ ဘယ်ကာလများမှာမှ။ ဒဿာမိ = နှလုံးစိတ်ဝမ်း ပီတိလွှမ်း၍ အားရမ်းကော်ရော် သံဃာတော်အား ပူဇော် လှူဒါန်းရပါမည်နည်း။ (ဣတိ = ဤသို့)။ မယှံ = မိဂါရမာတာ အကျွန်ုပ် ဝိသာခါ၏။ သင်္ကပ္ပေါ = ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါက ပဌမာဒိက လက်မွန်စခဲ့သည့် တောင့်တကြံစည်ချက် ဝိဝဋ္ဋကုသိုလ်စက်သည်။ ပူရိတော = လူနတ်နုမော် သာဓုခေါ်လျက် ရည်မြော်သည့်တိုင်း လူ့သမိုင်းတွင် ကြံတိုင်းပြည့်မြောက် (ယခုဖြင့်) သိဒ္ဓိပေါက်ခဲ့လေပြီတကား။ ။(ဤဆိုအပ်ပြီးသော စကားရပ်စုကို ဓမ္မပဒအဋ္ဌကထာမှ ထုတ်နုတ်ဖော်ပြအပ်သည်)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     ကျောင်းအမကြီး ဝိသာခါ၏ အိမ်သည်ကား နံနက်အခါဝယ် (သံဃာအဝင်အထွက် များလှသောကြောင့်) သင်္ကန်းရောင်တို့ဖြင့် ပြောင်ပြောင်ဝင်းဝင်း ထွန်းလင်းလျက်ရှိသည့်ပြင် အထွက်အဝင် သံဃာတော်တို့ သွားလာလှုပ်ရှားသဖြင့် ဖြစ်ပေါ်လာသော လေ, ဖန်ရည်ရနံ့တို့ဖြင့် သင်းပျံ့ကြိုင်လှိုင်လျက် ရှိပေ၏။ အနာထပိဏ် သူဌေးအိမ်မှာကဲ့သို့ ကျောင်းအမကြီး ဝိသာခါ၏ အိမ်မှာလည်း အာဂန္တုဆွမ်း, ခရီးသွားဆွမ်း- အစရှိသော ဆွမ်းမျိုးစုံတို့သည် အသင့်စီမံ ချက်ပြုတ်ပြီးသာလျှင် ရှိကုန်၏။

     ကျောင်းအမကြီးသည် နံနက်အခါဝယ် ရဟန်းသံဃာအား ဆိုင်ရာဆိုင်ရာ ဆွမ်းများ လှူဒါန်း ဆက်ကပ်ပြီးနောက် နေမွန်းလွဲသောအခါ မိမိ၏ တပည့်များကို ထောပတ်, ဆီဦး, ပျား, ဆီ, တင်လဲ-ဟူသော ဆေးပစ္စည်းများကို၎င်း (သပြေ, သရက်၊ မုဒရက်၊ ဖက်သက်, သစ်မည်စည်။ ငှက်ပျောနှစ်မျိုး၊ ကြာစွယ်တိုး၊ ရှစ်မျိုး အဖျော်ရည်-ဟူသော) အဖျော်ရှစ်မျိုးတို့ကို၎င်း ထမ်း,ရွက်ယူဆောင်ခဲ့စေပြီးလျှင် ဘုရားသီတင်းသုံးတော်မူရာ ကျောင်းတိုက်တော်သို့ သွားရောက်ကာ ရဟန်းသံဃာအား လိုအပ်သလို

၂၉၄

ဆေးပစ္စည်းများ, အဖျော်ယမကာများကို လှူဒါန်းဆက်ကပ်လေသည်။ ထို့နောင်မှ မြတ်စွာဘုရား၏ တရားတော်ကို နာကြားပြီးလျှင် အိမ်သို့ ပြန်လာလေ၏။ (ဤကား ဝိသာခါ၏ နိဗဒ္ဓ ကောင်းမှုဝတ် ဖြစ်သည်)။

     ထို့ကြောင့်ပင် မြတ်စွာဘုရားသည် နောက်အဖို့ဝယ် ဥပါသိကာ ဒါယိကာမကြီးများကို အစဉ်အတိုင်း ဧတဒဂ်ရာထူး = ဌာနန္တရတို့၌ ထားတော်မူသည်ရှိသော် မိဂါရမယ်တော် ဤကျောင်းအမကြီး ဝိသာခါကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဥပါသိကာနံ ဒါယိကာနံ ယဒိဒံ ဝိသာခါ မိဂါရမာတာ = ရဟန်းတို့.. စွန့်ကြဲပေးကမ်း လှူဒါန်းရခြင်း၌ နှစ်ခြိုက်မွေ့လျော်ကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဥပါသိကာတို့တွင် မိဂါရမယ်တော် ဝိသာခါ သူဌေးမသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ဒါယိက = လှူဒါန်းရခြင်း၌ မွေ့လျော်သော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား ဝိသာခါကျောင်းအမကြီး အကြောင်းတည်း။

**********

(၃-၄) ခုဇ္ဇုတ္တရာနှင့် သာမာဝတီတို့အကြောင်း

(က) ဥပါသိကာ၂-ဦးတို့၏ ရှေးဆုတောင်း

     ဤခုဇ္ဇုတ္တရာနှင့် သာမာဝတီအလောင်း သူတော်ကောင်း အမျိုးသမီးတို့ နှစ်ဦးလုံးပင် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါ၌ ဟံသာဝတီ မင်းနေပြည်ဝယ် အမျိုးကောင်းသမီး (သူဌေးသမီး)များ ဖြစ်ကြ၍ နောက်အဖို့ဝယ် မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာကုန်အံ့-ဟု ကျောင်းတော်သို့ သွားကြလေ၏။ ထိုသို့ သွားရောက်ရာ၌ ခုဇ္ဇုတ္တရာအလောင်း သူဌေးသမီးသည် မြတ်စွာဘုရားရှင်က ဥပါသိကာတယောက်ကို

၂၉၅

“ဗဟုဿုတ = အကြားအမြင်များသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုရာထူးဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား ကြားတော်မူခဲ့လေသည်။

     သာမာဝတီအလောင်း သူဌေးသမီးသည်လည်း မြတ်စွာဘုရားရှင်က ဥပါသိကာတယောက်ကို “မေတ္တာဝိဟာရီ = မေတ္တာဖြင့် နေလေ့ရှိသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုရာထူး = ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား ကြားတော်မူခဲ့လေသည်။

     ထိုသူဌေးသမီးနှစ်ဦးတို့ ထိုဘဝ အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြုကြ၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်ကြပြီးလျှင် နည်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားကြစဉ်ပင် ကမ္ဘာတသိန်း လွန်မြောက်၍ ဤဘဒ္ဒကမ္ဘာသို့ ရောက်ခဲ့လေသည်။

     ထိုစဉ်အခါ အကျွန်ုပ်တို့ မြတ်စွာဘုရား ပွင့်ထွန်းတော်မူလာခိုက်ဝယ် ကောသမ္ဗီပြည်အရပ်၌ ဃောသကသူဌေးကြီး ဇနီးမောင်နှံတို့သည် နေ့တိုင်း နေ့တိုင်း အသပြာ တထောင် တထောင်ကို စွန့်လွှတ်၍ နိဗဒ္ဓဒါနဝတ်ကို တည်ထားဖြစ်စေလေသည်။ (ဤဃောသကသူဌေးကြီး ဇနီးမောင်နှံတို့၏ အကြောင်းအရာ အကျယ်ကို အောက် မဟာဗုဒ္ဓဝင် တတိယတွဲ အခဏ်း-၂၇။ စာမျက်နှာ ၆၉၃-မှ ၇၁၂-တိုင်အောင် ပြန်လည်သုံးသပ် ကြည့်ရှုကုန်ရာ၏)။

(ခ) နောက်ဆုံးဘဝ ခုဇ္ဇုတ္တရာနှင့် သာမာဝတီ

ဖြစ်ကြခြင်း

     ထိုသို့ ဃောသကသူဌေးကြီး ဇနီးမောင်နှံတို့ နိဗဒ္ဓဒါနဝတ်ကို ဖြစ်စေကြသောအခါဝယ် ရှေးဖော်ပြရာပါ ပါရမီရှင်နှစ်ဦးတို့တွင်

၂၉၆

ခုဇ္ဇုတ္တရာအလောင်း နတ်သမီးသည် နတ်ပြည်မှ စုတေခဲ့၍ ဃောသကသူဌေး၏ အိမ်ဝယ် အထိန်းတော်ကြီးဝမ်း၌ ပဋိသန္ဓေ တည်နေကပ်စွဲလာ၏။ ထိုသူငယ်မကို ဖွားမြင်လာသောအခါ ထို သူငယ်မ၏ ကိုယ်ခန္ဓာသည် ကုန်းကုန်းကလေး ဖြစ်လာလေသည်။ (ပါရမီရှင်ဖြစ်ပါလျက် အထိန်းတော်၏သမီး ကျွန်မဖြစ်ရခြင်း, ခါးကုန်းရခြင်း ရှေးကံ အကြောင်းအရာ နောက်၌ ထင်ရှားလတ္တံ့)။ ထိုသို့ ကိုယ်ခန္ဓာကုန်းကုန်းကလေး ဖြစ်လာသောကြောင့် ထိုသူငယ်မ၏အမည်ကို ခုဇ္ဇုတ္တရာ-ဟူ၍ မှည့်ခေါ်ကြလေ၏။ (ခုဇ္ဇ = ကုန်းသောကိုယ်ရှိသော + ဥတ္တရာ = ဥတ္တရာသူငယ်မ-ဟု ဆိုလိုသည်)။

သာမာဝတီသူဌေးသမီး

     ထိုအချိန်မှာပင် သာမာဝတီအလောင်း နတ်သမီးသည်လည်း နတ်ပြည်မှ စုတေခဲ့၍ ဘဒ္ဒဝတိယတိုင်း ဘဒ္ဒိယမြို့ဝယ် ဘဒ္ဒဝတိယသူဌေးကြီး၏သမီး ဖြစ်လာလေသည်။ ထိုသူဌေးသမီး၏ အမည်ကို “သာမာ”ဟူ၍ မိဘတို့က မှည့်ခေါ်ကြလေသည်။ နောက်တချိန်ဝယ် ဘဒ္ဒိယမြို့၌ ဆာလောင်မွတ်သိပ်ခြင်း = ဒုဗ္ဘိက္ခဘေးကြီး ဖြစ်ပွါးလာလေသည်။ မြို့နေလူများတို့သည် ဆာလောင်မွတ်သိပ်ခြင်း = ဒုဗ္ဘိက္ခဘေးမှ ကြောက်လန့်ကြသည်ဖြစ်၍ ဟုတ်ဟုတ်ငြားငြား မိမိတို့အဆင်ပြေမည့် အရပ်တပါးသို့ ပြေးသွားကြကုန်၏။

     ထိုအခါ သာမာ၏ဖခင် ဘဒ္ဒဝတိယ သူဌေးကြီးသည် သူဌေးကတော်ကြီးနှင့် “အဘယ် = သူဌေးကတော်ကြီး.. ဤဘဒ္ဒိယမြို့၌ ယခု ကျရောက်နေသော ဆာလောင်မွတ်သိပ်ခြင်းဘေး၏ အဆုံးကို မသိအပ်ချေ။ (=မည်သည့်ရက်,လကျမှ ထိုသည့်ဆာလောင် မွတ်သိပ်ခြင်းဘေး ပြီးဆုံးမည်ကို မသိနိုင်ချေ)၊ ကောသမ္ဗီမြို့နေ ငါတို့၏သူငယ်ချင်း ဃောသကသူဌေးကြီး အထံသို့ သွားကြကုန်စို့၊ ထိုသူဌေးကြီးသည် ငါတို့ကို တွေ့မြင်ရလျှင် မေ့လျော့လိမ့်မည်မဟုတ်”ဟု တိုင်ပင်စကား ပြောကြားလေ၏။ ဃောသကသူဌေးကြီးသည်

၂၉၇

ဘဒ္ဒဝတိယသူဌေးကြီး၏ အဒိဋ္ဌသဟာယ = မတွေ့ဘူးသောသူငယ်ချင်း ဖြစ်သည်၊ ထို့ကြောင့် ဤသို့ တိုင်ပင်စကား ပြောကြားလေသည်။ ဘဒ္ဒဝတိယ သူဌေးကြီးသည် ဤကဲ့သို့ တိုင်ပင်စကား ပြောကြားပြီးနောက် ကျန်လူများကို ထားခဲ့၍ သူဌေးကတော်ကြီးနှင့် သမီးဖြစ်သူ သာမာဝတီကို ခေါ်ယူ၍ ကောသမ္ဗီမြို့ဘက်သို့ ခရီးထွက်ခဲ့လေ၏။ မိသားစု သုံးဦးလုံးတို့ပင် လမ်းခရီးအကြား ဆင်းရဲကြီးစွာကို ခံစားကြလျက် အစဉ်သဖြင့် ကောသမ္ဗီပြည်သို့ ဆိုက်ရောက်ကြ၍ စတုဒိသာစရပ်တခုဝယ် တည်းခို နေထိုင်ကြလေကုန်၏။

သာမာဝတီတွေ့ကြုံရသည့် အနိဋ္ဌလောကဓံ

     ဃောသကသူဌေးကြီးသည်လည်း မိမိ၏အိမ်တံခါးဝဝယ် အထီးကျန် = ဆင်းရဲသား, ခရီးသွားများနှင့် ဖုန်းတောင်းယာစကာတို့အား နေ့စဉ်နေ့စဉ် ကြီးစွာသော အလှူဒါနကို နိဗဒ္ဓ ပေးလှူစေလေ၏။ ထိုအခါ ဘဒ္ဒဝတိယ သူဌေးကြီးသည် “ငါတို့သည် ဤယခု ဆင်းရဲသောအသွင်ဖြင့် ငါ့သူငယ်ချင်း ဃောသကသူဌေးအား မိမိကိုယ်ကိုပြရန် မဝံ့ပေ။ မိမိ၏ခန္ဓာကိုယ် နဂိုရ်ပကတိအနေဖြစ်မှ ကောင်းစွာဝတ်,ရုံကြကာ ဃောသကသူဌေးကြီးကို တွေ့ကြကုန်အံ့”ဟု ကြံစည် ဆင်ခြင်မိလေ၏။ ထိုအခါ ဘဒ္ဒဝတိယသူဌေးကြီး ဇနီးမောင်နှံတို့သည် သမီးသာမာဝတီကို ဃောသကသူဌေး၏ အလှူတင်းကုပ် = အလှူမဏ္ဍပ်သို့ ထမင်း အတောင်း လွှတ်လိုက်ကြလေကုန်၏။

     သာမာဝတီ သူဌေးသမီးသည် ခွက်ကိုလက်စွဲလျက် အလှူမဏ္ဍပ်သို့ သွားရောက်ပြီးလျှင် တိုးဝှေ့နေသော လူအုပ်ကြီးထဲသို့ မတိုးဝှေ့ဝံ့သဖြင့် လူအုပ်မှလွတ်ရာ တခုသောနေရာ၌ ရှက်နိုးသောအမူအရာဖြင့် ရပ်၍နေလေ၏။ ထိုသို့ ဣန္ဒြေရစွာ ရှက်နိုးသောအမူအရာဖြင့် ရပ်၍နေသော သာမာဝတီ သူဌေးသမီးကို မြင်ရ၍ အလှူဝေယျာဝစ္စ အလုပ်သမားမှူးသည် “အခြားလူများသည် ဦးတည့်ရာရာ အရပ်၌ တံငါများ ငါးဝေသည့် ငါးလုသည့်အရပ်မှာကဲ့သို့ ကျယ်စွာသော အသံကို ပြုကြ = အော်ကြကာ

၂၉၈

အစာထမင်းကို လုယက်တောင်းယူ၍ သွားကြလေသည်၊ ဤသူငယ်မကား အမျိုးကောင်းသမီးတဦး ဖြစ်ပေလိမ့်မည်၊ ဤသူငယ်မအဖို့ရာ အဆင်းလက္ခဏာ ကြန်အင်္ဂါ၏ပြည့်စုံခြင်း = ဥပဓိသမ္ပတ္တိလည်း ရှိပေသည်”ဟု ကြံစည်ဆင်ခြင်ပြီးနောက် သာမာဝတီ သူဌေးသမီးကို “အမိ.. သင်သည် အဘယ့်ကြောင့် အခြားလူများကဲ့သို့ တောင်းယူကာ မသွားဘိသနည်း”ဟု မေးလေ၏။ သာမာဝတီက “ဖခင်.. ဤသို့စင် ကြပ်တည်း ကျဉ်းမြောင်းလှသော အရပ်အတွင်းသို့ သမီးလို ဣန္ဒြေရှင် မိန်းခလေးတယောက်သည် အဘယ်သို့ပြု၍ (=ဘယ်လိုလုပ်ပြီး) ဝင်နိုင်ပါမည်နည်း = မဝင်နိုင်သည်သာ”ဟု ပြော၍ ဝေယျာဝစ္စ အလုပ်သမားမှူးက “အမိ.. အမိတို့မှာ လူဘယ်နှစ်ယောက် ရှိကြသနည်း”ဟု မေးလေလျှင် သာမာဝတီ သူဌေးသမီးသည် “အိုဖခင်.. သမီးတို့မှာ မိသားစုသုံးယောက် ရှိကြပါသည်”ဟု ပြန်လည် ဖြေကြားလေ၏။ ဝေယျာဝစ္စ အလုပ်သမားမှူးသည် မိသားစုသုံးယောက်စာ ထမင်းထုပ် သုံးထုပ်တို့ကို ပေးလိုက်လေ၏။

     သာမာဝတီသည် ထိုထမင်းကို မိဘတို့အား ပေးလေ၏။ ဖခင် သူဌေးကြီးသည် ကာလရှည်စွာ ဆာလောင် မွတ်သိပ်ခဲ့သူဖြစ်ခြင်းကြောင့် အလွန်အကျွံစားသဖြင့် ထိုနေ့မှာပင် ကွယ်လွန်သွားရှာလေ၏။ သာမာဝတီသည် နောက်တနေ့၌ အလှူတင်းကုပ် = အလှူစရပ်သို့သွား၍ နှစ်ယောက်စာ ထမင်းနှစ်ထပ်တို့ကိုသာ တောင်းယူခဲ့လေ၏။ ထိုနေ့၌ မိခင် သူဌေးကတော်ကြီးသည် အစာထမင်း ဆင်းရဲခြင်းကြောင့်တကြောင်း, သူဌေးကြီး ကွယ်လွန်သဖြင့် စိုးရိမ်ပူဆွေးခြင်းကြောင့်တကြောင်း = ဤအကြောင်းများကြောင့် သန်းခေါင်ယံ ကျော်လွန်သောအခါ ကွယ်လွန်သွားရှာပြန်လေ၏။ သာမာဝတီ သူဌေးသမီးသည် နောက်တနေ့ တယောက်စာ ထမင်းတထုပ်ကိုသာ တောင်းယူရှာလေ၏။

     ဝေယျာဝစ္စ အလုပ်သမားမှူးသည် သာမာဝတီ၏ အပြုအမူကို စုံစမ်းလို၍ “အမိ.. အမိသည် ပဌမနေ့က သုံးယောက်စာ

၂၉၉

ထမင်းတို့ကို ယူအပ်ကုန်ပြီ၊ ဒုတိယနေ့၌ကား နှစ်ယောက်စာ, ယခုယနေ့ တတိယနေ့၌ကား တယောက်စာသာ အမိသည် တောင်းယူ၏။ အကြောင်းကား အဘယ်သို့နည်း”ဟု မေးလေ၏။ သာမာဝတီက ပဌမနေ့၌ ဖခင်ကွယ်လွန်ကြောင်း, ဒုတိယနေ့ ညဉ့်သန်းခေါင်ကျော်တွင် မိခင်ကွယ်လွန်ကြောင်းနှင့် ထို့ကြောင့် ဤယနေ့ = တတိယနေ့တွင် မိမိတယောက်စာသာ ထမင်းကို တောင်းယူကြောင်းကို ရှင်းလင်း ပြောကြားလေလျှင် ဝေယျာဝစ္စ အလုပ်သမားမှူးသည် “အမိ.. အမိတို့သည် အဘယ်မြို့ရွာ၌ နေသူများ ဖြစ်ကြသနည်း”ဟု မေးပြန်လေ၏။ သာမာဝတီသည် မိမိတို့ မိသားစုသုံးယောက် ဘဒ္ဒိယမြို့မှ ဆာလောင်မွတ်သိပ်ခြင်းဘေးကြောင့် လာရောက်ရကြောင်း အကြောင်းအရာ စုံလင်စွာ ဖြေကြားလေသော် ဝေယျာဝစ္စ အလုပ်သမားမှူးသည် “အမိ.. ဤသို့ဖြစ်လျှင် (=ဒီလိုဆိုလျှင်) အမိသည် ငါတို့ဃောသကသူဌေးကြီး၏ သမီးဟု ဆိုရမည့်သူ ဖြစ်ပေသည်၊ ငါ့မှာလည်း အခြားသမီးဟူ၍ မရှိချေ။ သို့ရကား သင်သည် ယနေ့မှစ၍ ငါ၏သမီး ဖြစ်လေပြီ အမိ..”ဟု ပြောဆိုကာ သမီးပြုလုပ် မွေးယူလေတော့၏။

     အလုပ်သမားမှူးကြီး၏ မွေးစားသမီးဖြစ်သူ သာမာဝတီသည် အလှူမဏ္ဍပ်၌ အလှူခံများ ထ၍ ထ၍ ဟစ်အော် ကျယ်စွာသောအသံကို ကြားရ၍ “အိုဖခင်.. အဘယ့်ကြောင့် ဤယခု မြင့်သောအသံ, ကျယ်သောအသံ ဖြစ်ရသနည်း”ဟု မေးလေ၏။ ဖခင် အလုပ်သမားမှူးက “လူများစွာ၏အတွင်းမှာ အသံနည်းအောင် = တိတ်အောင် ပြုလုပ်ရန် မတတ်နိုင်ဘူး သမီး..”ဟု ပြောလေလျှင် သာမာဝတီသည် “အို ဖခင်.. ဤကိစ္စ၌ အသံနည်းအောင် = တိတ်အောင် ပြုနိုင်သည့် နည်းလမ်းဥပါယ်ကို သမီး စဉ်းစားမိပါသည်”ဟု ဆိုလေလျှင် အလုပ်သမားမှူးသည် “အဘယ်သို့ပြုလုပ်ရန် သင့်သနည်း သမီး..”ဟု မေးလေ၏။ သာမာဝတီက “အို ဖခင်.. ပတ်ဝန်းကျင်မှ စည်းစောင်းရန်း (=သွတ်ဆူးကြိုး) ကာပြီးလျှင် ထွက်ပေါက်, ဝင်ပေါက် နှစ်ပေါက်သာထား၍ စည်းစောင်းရန်းအတွင်း၌ အိုးခွက်များကို

၃၀၀

ချထားကာ အလှူခံပုဂ္ဂိုလ်များ ဝင်ပေါက် = ဝင်တံခါးမှ ဝင်၍ အစာထမင်းကို ခံယူပြီးနောက် ထွက်ပေါက် = ထွက်တံခါးမှ ထွက်နိုင်ကြအောင် ဖခင်တို့သည် စီမံပြုလုပ်ကြကုန်လော့”ဟု နည်းပေးစကား ပြောကြားလေလျှင် ဖခင် ဝေယျာဝစ္စ အလုပ်သမားမှူးသည် “ကောင်းပြီ သမီး..”ဟု ဝန်ခံပြီးလျှင် နောက်တနေ့မှစ၍ သာမာဝတီ နည်းပေးသည့်အတိုင်း ပြုလုပ်စေလေ၏။ ထိုအချိန်မှစ၍ အလှူတင်းကုပ် = အလှူမဏ္ဍပ်ကြီးသည် ပဒုမာကြာအိုင်ကြီးပမာ အလွန်သာယာ တိတ်ဆိတ်လျက် ရှိလေ၏။

သာမာဝတီ ဃောသကသူဌေးကြီးသမီးဖြစ်ခြင်း

     ထို့နောက် တနေ့သ၌ ဃောသက သူဌေးကြီးသည် ရှေးအခါက မိမိ၏ အလှူမဏ္ဍပ်၌ မြင့်သောအသံ, ကျယ်သော အသံများကို ကြားရလျက် ထိုအချိန်၌ ထိုအသံမျိုးကို မကြားရတော့သည်ဖြစ်၍ အလှူဒါန ဝေယျာဝစ္စ အလုပ်သမားမှူးကို အခေါ်ခိုင်း၍ အပြန်အလှန် မေး,ဖြေကြသည်မှာ-

(သူဌေး)

အမောင်.. ယနေ့ အလှူဒါနကို မပေးစေဘူးလော။

(မှူး)

ပေးအပ်ပါသည် အရှင်သူဌေးမင်း..။

(သူဌေး)

ထိုသို့ ပေးအပ်ပါလျက် အဘယ့်ကြောင့် ရှေးအခါကကဲ့သို့ အလှူမဏ္ဍပ်ဝယ် မြင့်,ကျယ်သော အသံများကို မကြားရသနည်း။

(မှူး)

မှန်ပါသည် အရှင်သူဌေးမင်း.. အကျွန်ုပ်မှာ သမီးလိမ္မာတယောက် ရှိပါသည်၊ အကျွန်ုပ်သည် ထိုသမီးလိမ္မာ ပြောဆိုညွှန်ပြအပ်သည့် နည်းလမ်းဥပါယ်၌ တည်၍ အလှူမဏ္ဍပ်ကို အသံတိတ်အောင် ပြုနိုင်ခဲ့ပါသည်။

(သူဌေး)

သင့်အဖို့ရာ သမီးမည်သည် မရှိ၊ (မရှိကြောင်းကို ငါသိ၏)၊ သင်သည် သမီးလိမ္မာကို အဘယ်မှ ရအပ်သနည်း-

၃၀၁

ဤသို့ ပြောဆိုလေလျှင် ဝေယျာဝစ္စမှူးသည် မလိမ်နိုင်တော့ရကား ဃောသက သူဌေးကြီးအား သမီးသာမာဝတီ လာရောက်ပုံ အကြောင်းအရာအစုံကို ဖွင့်ဟ ပြောဆိုလေ၏။ ထိုအခါ ဃောသက သူဌေးကြီးသည် ဝေယျာဝစ္စမှူးကို “အမောင်.. သင်သည် အဘယ့်ကြောင့် ဤသို့သော ဝန်လေးသည့်အမှုကို ပြုဘိသနည်း၊ သင်သည် ဤမျှ ကာလကြာအောင် ငါ၏သမီး မိမိထံ၌ နေသည်ကို မပြောကြားခဲ့ချေ။ ယခုပင် အမြန် ထိုငါ့သမီးကို ငါ့အိမ်သို့ ပို့စေလော့”ဟု ပြောဆိုလေ၏။ ဝေယျာဝစ္စမှူးသည် သူဌေးကြီး၏ စကားကို ကြားရ၍ အလိုမတူပဲ သာမာဝတီကို သူဌေးကြီးအိမ်သို့ ပို့ရလေ၏။ ထိုအချိန်မှစ၍ ဃောသက သူဌေးကြီးသည် သာမာဝတီကို သမီးရင်းအရာ၌ ထားပြီးလျှင် “သမီးအား ချီးမြှောက်မှု ငါပြုပေအံ့”ဟု မိမိနှင့် အမျိုးဇာတ်တူသော အိမ်တို့မှ သမီး = သာမာဝတီနှင့် အရွယ်တူသည့် သတို့သမီး ငါးရာတို့ကို သာမာဝတီ၏ ရံရွေအဖော်များပြု၍ ထားလေ၏။

သာမာဝတီကို ဥဒေနမင်းက မိဖုရားမြှောက်ခြင်း

     တနေ့သ၌ ကောသမ္ဗီပြည့်ရှင် ဥဒေနဘုရင်သည် မြို့တွင်း၌ လှည့်လည်လတ်သော် သတို့သမီး ရံရွေဖော် ငါးရာတို့ ခြံရံအပ်လျက် ကစားနေသော သာမာဝတီ သူဌေးသမီးကိုမြင်၍ မေတ္တာတိမ်းညွတ်ပြီးလျှင် “ဤသူငယ်မကား အဘယ်သူ၏သမီး သူငယ်မ ဖြစ်သနည်း”ဟု မေး၍ “ဃောသကသူဌေးကြီး၏ သမီးတည်း”ဟု ကြားသိရလျှင် အရှင်သခင် လင်ရှိ,မရှိကို မေးပြန်လေ၏။ ထိုအခါ အရှင်သခင် လင်မရှိကြောင်း ပြောကြားအပ်လေသော် “သွားကြလော့.. ဃောသကသူဌေးကြီးအား ‘အသင်သူဌေးကြီးတို့၏သမီး သာမာဝတီကို ပြည့်ရှင်မင်းကြီးက အလိုတော်ရှိ၏’ဟု ပြောကြားကြလော့”ဟု ဆို၍ မင်းချင်းတို့ကို ဃောသကသူဌေးကြီးထံသို့ စေလွှတ်လိုက်လေ၏။ ထိုသတင်းစကားကို ကြားသိရ၍ သူဌေးကြီးသည် “ငါတို့မှာ ဤသာမာဝတီမှတပါး အခြားသမီး မရှိချေ၊ တယောက်တည်းသော ချစ်သမီးငယ်ကို ရန်သူမ-များ

၃၀၂

ဝိုင်းဝိုင်းလည်နေရာဖြစ်သည့် ရွှေနန်းအိမ်၌ မပေးနိုင်ကြကုန်”ဟု ပြတ်ပြတ်တောင်းတောင်း ပြန်ကြားလိုက်လေ၏။

     ဥဒေနမင်းသည် ထိုစကားကိုကြားသိရလျှင် (ပြင်းစွာအမျက်ထွက်၍) ဃောသက သူဌေးကြီးကို၎င်း, သူဌေးကတော်ကြီးကို၎င်း အိမ်ပြင်သို့ထုတ်၍ တအိမ်လုံးကို မင်းတံဆိပ် ခတ်နှိပ်စေလေ၏ = ချိတ်ပိတ်စေလေ၏။ သမီးသာမာဝတီသည် အပြင်ပ၌ ကစားပြီး၍ အိမ်သို့ ပြန်လာလတ်သော် မိဘနှစ်ပါး အားငယ်စွာ အိမ်ပြင်၌ ထိုင်နေကြသည်ကို တွေ့မြင်၍ “အိုမိခင်,ဖခင်တို့.. အဘယ့်ကြောင့် ဤအိမ်အပြင်ဖက်၌ ထိုင်နေကြသနည်း”ဟု မေးမြန်းလေ၏။ ထိုအခါ ဃောသကသူဌေးကြီး ဇနီးမောင်နှံတို့က ထိုအကြောင်းကို ပြန်ကြား ပြောဆိုကြလေလျှင် သမီးလိမ္မာ သာမာဝတီသည် “အိုမိခင်,ဖခင်တို့.. မိခင်,ဖခင် ကျေးဇူးရှင်တို့သည် ‘ငါ့သမီးသည် ရန်သူဝိုင်းဝိုင်းလည်သည့် ရွှေနန်းအိမ်၌ နေရလျှင် တယောက်တည်းတော့ မနေနိုင်၊ အကယ်၍ ငါ့သမီး၏ ရံရွေဖော် သတို့သမီး ငါးရာတို့ကိုပါ နေစေတော်မူကြမည်ဆိုပါလျှင် ငါတို့သမီးသည် နေပါလိမ့်မည်’ဟု ဤသို့သော စကားတို့ကို အဘယ့်ကြောင့် မသိလိုက်ကြ = မပြန်ကြားလိုက်ကြသနည်း။ အိုမိခင်,ဖခင်တို့.. ယခုအခါ ဤကဲ့သို့ ဘုရင်မင်းမြတ်ထံသို့ ပြန်ကြားစေကြပါလော့”ဟု ပြောဆိုလေ၏။ ထိုအခါ သူဌေးကြီး ဇနီးမောင်နှံတို့သည် “ကောင်းပါပြီ သမီး.. ငါတို့က သမီး၏စိတ်ကို သိမှ မသိကြပဲကိုး”ဟု ပြောကြ၍ ဥဒေနမင်းကြီးအား သာမာဝတီ ပြောသည့်အတိုင်း ပြန်ကြား ပြောဆိုစေကြလေကုန်၏။

     ဥဒေနမင်းသည် (ထိုစကားကို ကြားရလေလျှင်) အတိုင်းထက်အလွန် စိတ်ကြည် (=ကျေနပ်)တော်မူ၍ “တထောင်ပင် ရှိချင်ရှိပါစေ၊ အားလုံးတို့ကို သိမ်းယူ ခေါ်ဆောင်ကြရမည်”ဟု မိန့်ဆိုလေ၏။ ထို့နောက် နက္ခတ်ကောင်း, အခါကောင်းကို ရွေးချယ်ကြ၍ သာမာဝတီ သူဌေးသမီးကို အခြံအရံ သတို့သမီး မင်းမိန်းမ ငါးရာတို့နှင့် အတူတကွ ရွှေနန်းတော်သို့ ပို့ဆောင်ကြလေကုန်၏။

၃၀၃

ဥဒေနမင်းသည် ထိုရံရွေဖော် သတို့သမီး ငါးရာလုံးတို့ကို သာမာဝတီ၏ အခြွေအရံများ ပြုလုပ်ခန့်ထား၍ သာမာဝတီ မိဖုရားကို အဘိသိက်ရေချမ်း သွန်းဖျန်းပြီးလျှင် ရွှေနန်းပြာသာဒ်တဆောင်၌ ခမ်းနားစွာ နေစေလေ၏။

     ထိုအချိန်ဝယ် ကောသမ္ဗီပြည်၌ ဃောသကသူဌေး, ကုက္ကုဋသူဌေး, ပါဝါရိကသူဌေး တည်းဟူသော သူငယ်ချင်းသူဌေး သုံးယောက်တို့သည် မိမိတို့ ကိုးကွယ်ရင်းဖြစ်သည့် ရသေ့ငါးရာတို့အထံမှ မြတ်စွာဘုရား ပွင့်ထွန်းတော်မူနေကြောင်းနှင့် ယခုအခါ သာဝတ္ထိပြည်၌ သီတင်းသုံး နေတော်မူကြောင်း ကြားသိရ၍ သာဝတ္ထိပြည်သို့ သွားရောက် တရားနာကြသဖြင့် သောတာပန်အရိယာများ ဖြစ်ကြပြီးလျှင် ဘုရားအမှူးရှိသော သံဃာတော်အား ၁၅-ရက်ကြာ မဟာဒါန ပေးလှူကြပြီးနောက် မြတ်စွာဘုရားကို မိမိတို့က ပင့်လျှောက်သောအခါ ကောသမ္ဗီပြည်သို့ ကြွရောက်တော်မူပါရန် တောင်းပန်လျှောက်ထား ခံဝန်ချက်ရယူ ကြပြီးလျှင် ကောသမ္ဗီပြည်သို့ ပြန်ခဲ့ကြ၍ တယောက်လျှင် ကျောင်းတိုက်ကြီး တတိုက်ကျစီ တည်ဆောက်ပြီးနောက် မြတ်စွာဘုရား အထံတော်သို့ အပင့်လွှတ်ကြလေသည်။ မြတ်စွာဘုရားသည် “ကောသမ္ဗီပြည်သို့ သွားရောက်အံ့”ဟု ရဟန်းသံဃာများစွာ ခြံရံလျက် ခရီးဒေသစာရီ ထွက်ချီတော်မူလတ်သော် လမ်းခရီးအကြားဝယ် မာဂဏ္ဍိယပုဏ္ဏားကြီး ဇနီးမောင်နှံတို့၏ အရဟတ္တဖိုလ်ရောက်ကြမည့် ရှေးကောင်းမှုကို မြင်တော်မူသဖြင့် ကောသမ္ဗီပြည်ဖက်သို့ အသွားဖြတ်တော်မူ၍ ကုရုတိုင်း ကမ္မာသဒမ္မနိဂုံးသို့ ကြွရောက်တော်မူကာ မာဂဏ္ဍိယပုဏ္ဏားကြီး ဇနီးမောင်နှံတို့အား ချေချွတ် ဆုံးမတော်မူပြီးလျှင် ကောသမ္ဗီပြည်ဖက်သို့ ခရီးဆက်၍ ကြွတော်မူခဲ့ရာ အစဉ်သဖြင့် ကောသမ္ဗီပြည်သို့ရောက်ရှိ, သူဌေးသုံးဦးတို့ လှူဒါန်းအပ်သည့် ကျောင်းတိုက်ကြီး သုံးတိုက်တို့ကို အလှူခံပြီး နောက်တနေ့၌ သူဌေးတို့ ပင့်လျှောက်ချက်အရ ကောသမ္ဗီပြည်အတွင်းသို့ ရဟန်းသံဃာအပေါင်း ခြံရံလျက် ကြွရောက်တော်မူလေသည်။ မြို့တွင်းသို့ ဝင်တော်မူလျှင်ပင်

၃၀၄

ရန်ငြိုးဖွဲ့ရင်းရှိသူ မာဂဏ္ဍီမိဖုရား၏ စီမံချက်အရ သေသောက်ကြူးများက အမျိုးမျိုး ဆဲရေးကြလေလျှင် အရှင်အာနန္ဒာသည် အခြားမြို့ရွာသို့ ပြောင်းရွှေ့ရန် လျှောက်ထားလေသော် မြတ်စွာဘုရားသည် အရှင်အာနန္ဒာအား ဓမ္မပဒကျမ်းလာ အတ္တဒဏ္ဍဝတ္ထု တရားဒေသနာကို ဟောတော်မူ၍ သူဌေးသုံးဦးတို့ လှူဒါန်းအပ်သော ကျောင်းတိုက်ကြီး သုံးတိုက်၌ အလှည့်အလည် သီတင်းသုံးနေထိုင် ချီးမြှောက်တော်မူလေသည်။ ။(ဤစာပိုဒ်ပါ အကြောင်းအရာ အကျယ်ကို အောက် မဟာဗုဒ္ဓဝင် တတိယတွဲ စာမျက်နှာ ၇၁၂-မှ ၇၂၇-တိုင်အောင် ပြန်လည်သုံးသပ် ကြည့်ရှုကုန်ရာ၏)။

ခုဇ္ဇုတ္တရာ သောတာပန်ဖြစ်ခြင်း

     ကောသမ္ဗီပြည် သူဌေးကြီးသုံးဦးတို့သည် အလှည့်ကျအားဖြင့် ဘုရားအမှူးရှိသော သံဃာတော်အား တလပတ်လုံး ကြီးစွာသော အလှူဒါနကြီးများကို ပေးလှူကြပြီးနောက် သဘောထားကြီးစွာဖြင့် မြို့သူမြို့သားတို့အားလည်း ကုသိုလ်ကောင်းမှု ပြုလုပ်ရန် အခွင့်ပြုကြသဖြင့် လူအများတို့သည်လည်း လမ်းအလိုက်, ရပ်ကွက်အလိုက်, အသင်းအဖွဲ့အလိုက် ကြီးစွာသော အလှူဒါနကို ပေးလှူကြလေသည်။

     တနေ့သ၌ မြတ်စွာဘုရားရှင်သည် ရဟန်းအပေါင်း ခြံရံအပ်လျက် ပန်းသည်ကြီး၏ ပင့်ဖိတ်ချက်အရ ထိုပန်းသည်ကြီး၏ အိမ်၌ ထိုင်နေတော်မူ၏။ ထိုခဏဝယ် သာမာဝတီမိဖုရား၏ အလုပ်အကျွေး လူယုံတော်ဖြစ်သော ခုဇ္ဇုတ္တရာသည် (နေ့စဉ် ပန်းဝယ်နေကျအတိုင်း) အသပြာရှစ်ကျပ်တို့ကို ယူခဲ့၍ ပန်းဝယ်ရန် ထိုအိမ်သို့ ရောက်ရှိလာလေ၏။ ပန်းသည်ကြီးသည် ခုဇ္ဇုတ္တရာကိုမြင်လျှင် “အိုအမိဥတ္တရာ.. ယနေ့ အမိအား ပန်းများကို ပေးနိုင်ခွင့် မရှိတော့ချေ၊ ငါသည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို ဆွမ်းပြုစုနေရ၏၊ အမိသည်လည်း ဆွမ်းပြုစုရန် အဖော်သဟဲမ ဖြစ်စေချင်ပါ၏၊ ဤသို့ ဝေယျာဝစ္စကောင်းမှု

၃၀၅

သင် ပြုသည်ရှိသော် သူတပါးတို့၏ ဝေယျာဝစ္စကို ပြုရသည့် အလုပ်အကျွေးဘဝမှ သင် လွတ်မြောက်ရပါလိမ့်မည်”ဟု အကြံပေးစကား ပြောကြားလေ၏။ ထိုအခါ ခုဇ္ဇုတ္တရာသည် မိမိရသောအစာကို စားပြီးနောက် ဘုရားအမှူးရှိသော သံဃာအား ဆွမ်းပြုစုဆက်ကပ်ရာ၌ ဝေယျာဝစ္စအမှု ကူညီ၍ ပြုလေ၏။

     သူမသည် မြတ်စွာဘုရားရှင်က ဥပနိသိန္နကထာ = အနီးသို့ ရောက်လာသူတို့အား ဟောကြားသည့် တရားစကားအနေဖြင့် ဟောကြားအပ်သော တရားအလုံးစုံကို နှုတ်ငုံရအောင် သင်ယူလေ၏။ အနုမောဒနာ တရားစကား ကြားနာရသော်ကား သောတာပတ္တိဖိုလ်၌ တည်လေ၏ = သောတာပန် အရိယာမ ဖြစ်လေ၏။

သာမာဝတီတို့တဖွဲ့လုံး သောတာပန်ဖြစ်ကြခြင်း

     ခုဇ္ဇုတ္တရာသည် အခြားနေ့များ၌ ပန်း (၄)လေးကျပ်ဖိုးသာ ဝယ်၍ (၄)လေးကျပ်ကို မိမိ ဝှက်ယူထားမြဲ ဖြစ်သော်လည်း ထိုနေ့၌မူ သစ္စာလေးပါး တရားကိုသိမြင် အရိယာသူတော်စင် ဖြစ်ပြီဖြစ်သောကြောင့် သူတပါးဥစ္စာ၌ ခိုးဝှက်လိုစိတ် ပိတ်(ဗိတ်)မရှိတော့ပဲ ငွေ(၈)ရှစ်ကျပ်ဖိုး ပန်းများကိုဝယ်၍ ခြင်းတောင်းအပြည့် ထည့်ဆောင်ကာ သာမာဝတီ မိဖုရားအထံသို့ ပြန်လာလေ၏။ ထိုအခါ သာမာဝတီမိဖုရားနှင့် ခုဇ္ဇုတ္တရာ တို့ အပြန်အလှန် မေး,ဖြေ ပြောဆိုကြသည်မှာ-

(သာမာ)

အမိ ဥတ္တရာ.. အမိသည် အခြားနေ့များတုန်းက ပန်းတို့ကို များစွာ မယူဆောင်ခဲ့၊ ယနေ့မူ ပန်းတို့သည် များလှကုန်စွာ့တကား၊ အသို့နည်း(=ဘယ့်နှယ်လဲ) ငါတို့၏အပေါ်မှာ မင်းကြီးသည် တိုး၍ သဒ္ဓါကြည်ဖြူတော်မူသလော။

ခုဇ္ဇာသည် မုသားပြောရန် မထိုက်တန်သည့် အရိယာသူမွန် ဖြစ်ပြီဖြစ်သောကြောင့် ရှေးရက်,လ,နှစ်များက

၃၀၆

မိမိပြုခဲ့သည့် လိမ်လည်မှုအားလုံးကို မဖုံးမကွယ်တော့ပဲ အလုံးစုံ ဝန်ခံ ဖွင့်ဟ ပြောကြားလေ၏။

(သာမာ)

သို့ဖြစ်လျှင် အဘယ့်ကြောင့် ယနေ့ ပန်းတွေ အများကြီး ယူဆောင်ခဲ့သနည်း။

(ခုဇ္ဇာ)

ကျွန်တော်မသည် ယနေ့ မြတ်စွာဘုရား၏ တရားတော်ကို နာရ၍ အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုရလေပြီ၊ ထို့ကြောင့် အရှင်မတို့ကို မလိမ်လည် မလှည့်ပတ်တော့ပါ။

ထိုအခါ သာမာဝတီ မိဖုရားနှင့်တကွ ရံရွေတော် ငါးရာတို့ကပါ လက်ကိုယ်စီဖြန့်ကြ၍ “အမိဥတ္တရာ.. အမိ ရအပ်ခဲ့သည့် အမြိုက်နိဗ္ဗာန်တရားကို ငါတို့အားလည်း ပေးပါလော့”ဟု တောင်းခံကြလေသည်။

(ခုဇ္ဇာ)

ရှင်မတို့.. ဤကဲ့သို့ တလက်မှ တလက်သို့ အထည်ဝတ္ထုပမာ ပေးခြင်းငှါ မတတ်ကောင်း (=ပေး၍ မရနိုင်ပါ)၊ အမှန်မှာ- ငါသည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော နည်းအတိုင်း ရှင်မတို့အား တရားဟောပြပါမည်၊ ရှင်မတို့သည် မဂ်ဖိုလ်၏အကြောင်း ရှေးကောင်းမှု ရှိကြပါလျှင် ထိုအမြိုက်နိဗ္ဗာန် တရားကို ရကြပါလိမ့်မည်။

(သာမာတို့)

ထိုသို့ဖြစ်လျှင် အမိဥတ္တရာ.. ယခုပင် ဟောပြပါလော့။

(ခုဇ္ဇာ)

ဤကဲ့သို့ (ကျွန်ုပ်က နိမ့်သောနေရာ၌နေ၍ မြင့်သောနေရာ၌နေကြသော ရှင်မတို့အား) ဟောခြင်းငှါ မတတ်ကောင်း (=မဟောကောင်းပါ)၊ ကျွန်ုပ်၏အတွက် မြင့်သောနေရာကို ခင်းပေးပြီးလျှင် ရှင်မတို့က နိမ့်သောနေရာတို့၌ ထိုင်နေကြရပါမည်။

     ထိုအခါ သာမာဝတီ အမှူးပြုသော မင်းမိန်းမအပေါင်း ငါးရာတို့သည် ခုဇ္ဇုတ္တရာအား မြင့်သောနေရာကို ပေးကြ၍ မိမိတို့ကမူ

၃၀၇

နိမ့်သောနေရာများကို ယူကြကာ ထိုင်နေလေကုန်၏။ ခုဇ္ဇုတ္တရာသည်လည်း (ပဋိသမ္ဘိဒါဉာဏ်ကိုရသည့် သေက္ခအရိယာ သောတာပန်အရိယာ ဖြစ်ရကား) သေက္ခပဋိသမ္ဘိဒါဉာဏ်၌ တည်၍ သာမာဝတီ အမှူးပြုသော မင်းမိန်းမပေါင်း ငါးရာတို့အား တရားဟောလေ၏။ တရားဒေသနာနိဂုံး ဆုံးသောအခါ သာမာဝတီမိဖုရားကို အကြီးအမှူးပြု၍ အလုံးစုံ သော မင်းမိန်းမ ငါးရာတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏ = သောတာပန်အရိယာ ဖြစ်ကြလေကုန်၏။ ထိုအချိန်မှစ၍ ခုဇ္ဇုတ္တရာကို ဝေယျာဝစ္စအလုပ်မှ ဖယ်ရှားပြီးလျှင် (=ဝေယျာဝစ္စအလုပ်ကို မလုပ်စေကြတော့ပဲ) “အမိဥတ္တရာ.. သင်သည် မြတ်စွာဘုရား၏ တရားစကားကို ကြားနာပြီးလျှင် ဆောင်ယူ မှတ်သားခဲ့၍ ငါတို့ကို တဆင့် ဟောကြားပါလော့”ဟု ပြောဆိုကြလေ၏။ ခုဇ္ဇုတ္တရာသည်လည်း ထိုအခါမှစ၍ မင်းမိန်းမတို့ ပြောဆိုသည့်အတိုင်း (နေ့စဉ် မြတ်စွာဘုရားထံမှ တရားနာပြီးလျှင် ဆောင်ယူ မှတ်သားခဲ့၍ မင်းမိန်းမတို့ကို ရွှေနန်းတော်မှာပင် တဆင့်ပြန်၍ ဟောကြားမှုကို) ပြုလေ၏။

ခုဇ္ဇုတ္တရာ၏ ရှေးကုသိုလ် အကုသိုလ်ကံများ

(ဤ၌- “အဘယ့်ကြောင့် ဤခုဇ္ဇုတ္တရာသည် ကျွန်မ-ဖြစ်ရသနည်း”ဟု မေးဖွယ်ရှိ၏။ အဖြေကား- သူမသည် ကဿပမြတ်စွာ သာသနာခေတ်အတွင်းက သာမဏေရီမတပါးအား မိမိ၏ ဝေယျာဝစ္စအမှုကို အပြုခိုင်းခဲ့လေသည်။ ထိုအကုသိုလ်ကံကြောင့် ဘဝငါးရာဆက်လျက် သူတပါးတို့၏ ကျွန်မ ဖြစ်ခဲ့ရလေသည်။

တဖန် “အဘယ့်ကြောင့် ခန္ဓာကိုယ် ကုန်းကွသူ ဖြစ်ရသနည်း”ဟု မေးဖွယ်ရှိပြန်၏။ အဖြေကား- ဘုရားပွင့်တော်မမူမီ ဤခုဇ္ဇုတ္တရာအလောင်း အမျိုးသမီးသည် ဗာရာဏသီမင်း၏ ရွှေနန်းတော်၌ မောင်းမမိဿံဖြစ်၍ နေရစဉ် ရွှေနန်းတော်သို့ ဆွမ်းခံကြွဝင်သည့် ခါးကုန်းသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တပါးကို ဖူးမြင်ရ၍ မိမိနှင့် အတူနေ မင်းမောင်းမတို့၏ရှေ့ဝယ် ပြက်ရယ်ပြောင်လှောင်မှု ပြုလိုသည်ဖြစ်၍ ကုန်းကွသော အမူအရာဖြင့် သွားလာ လှည့်လည်ခဲ့လေသည်။ ထို့ကြောင့် ကိုယ်ခန္ဓာကုန်းကွသူ ဖြစ်ရလေသည်။

၃၀၈

“ခုဇ္ဇုတ္တရာသည် အဘယ်ကောင်းမှု ကုသိုလ်ကို ပြုခဲ့သောကြောင့် ယခုဘဝဝယ် ပညာရှိသူ ဖြစ်ရသနည်း”ဟု မေးဖွယ်ရှိပြန်၏။ အဖြေကား- ဤခုဇ္ဇုတ္တရာအလောင်း အမျိုးသမီးသည် ဘုရားပွင့်တော်မမူမီ ဗာရာဏသီမင်း နန်းတော်၌ နေရစဉ် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ရှစ်ပါးတို့ ရွှေနန်းတော်မှ ပူသော နို့ဃနာဆွမ်း အပြည့်ပါသည့် သပိတ်တို့ကိုယူ၍ ကြွတော်မူကြသည်တို့ကို မြင်ရလျှင် “ဤ(တပည့်တော်မ လှူဒါန်းအပ်သည့်) လက်ကောက်၌ သပိတ်ကို တင်ထား၍ ကြွတော်မူကြပါ အရှင်ဘုရားတို့”ဟု လျှောက်ထား၍ (သပိတ်ခြေ ပြုလုပ်ရန်) မိမိဝတ်ထားသည့် ရွှေလက်ကောက် ရှစ်ကွင်းတို့ကို ချွတ်၍ လှူဒါန်းခဲ့လေသည်။ ထို ကံ၏ အကျိုးဆက်ကြောင့် ပညာရှိသူ ဖြစ်လေသည်။ ဤကား အထူးမှတ်ရန် ခုဇ္ဇုတ္တရာ၏ ရှေးကံများတည်း။ အံ-ဋ္ဌ ၁၊ မျက်နှာ ၃၃၈-မှ)။

မာဂဏ္ဍီမိဖုရား၏ ရန်တိုက်မှုများ

     ထို့နောက် သာမာဝတီမိဖုရား၏ အခြံအရံဖြစ်ကြသည့် မင်းမိန်းမငါးရာတို့သည် မိမိတို့ကိုယ်နှိုက်က သစ္စာလေးပါး တရားသိမြင် သောတာပန်အရိယာ သူတော်စင်များ ဖြစ်ကြပါသော်လည်း ဥဒေနမင်းက သာသနာတော်၌ သဒ္ဓါတရားမရှိသူ ဖြစ်သောကြောင့် အခါမပြတ် ဘုရားရှင်ထံသို့ သွားရောက်ကြ၍ ဘုရားဖူးခွင့်ကို မရကြကုန်၊ (သောတာပန်အရိယာ ဖြစ်ကြခြင်းကြောင့် ဘုရားရှင်ကိုလည်း အလွန်ပင် ဖူးမြင်လိုကြကုန်၏)။ သို့ရကား မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ကောသမ္ဗီမြို့တွင်း လမ်းခရီးသို့ ကြွတော်မူသည်ရှိသော် လေသာပြူတင်းပေါက်တို့က နည်းသဖြင့် မိန်းမငါးရာ မကြည့်လောက်ကုန်ရကား မိမိ မိမိ၏ အိပ်ခန်း၌ အပေါက်ဖောက်၍ ထိုအပေါက်များမှ မြတ်စွာဘုရားကို ဖူးမြော် ကြည့်ရှုကြရကုန်၏။

     တနေ့သ၌ မာဂဏ္ဍီမိဖုရားသည် မိမိ၏ ပြာသာဒ်အပြင်မှ ထွက်၍ စင်္ကြံလျှောက်၍လာရာ ထိုမင်းမိန်းမတို့၏ နေရာဌာနသို့ရောက်၍ တိုက်ခန်း (=အိပ်ခန်း) အပေါက်များကို မြင်ရလေလျှင် “ဤအရာကား အဘယ်နည်း = ဒါဘာလဲ”ဟု မေးမြန်းလေ၏။ မင်းမိန်းမငါးရာတို့က မာဂဏ္ဍီမိဖုရား၏ ဘုရားရှင်အပေါ်၌ ရန်ငြိုးဖွဲ့ထားခြင်းကို မသိကြသဖြင့် “မြတ်စွာဘုရားသည်

၃၀၉

ဤကောသမ္ဗီမြို့သို့ ကြွတော်မူခဲ့ပါပြီ၊ ကျွန်မတို့သည် ဤအိပ်ခန်းပေါက်များအနီး၌ ရပ်ကြ၍ မြတ်စွာဘုရားကို ဖူးလည်း ဖူးမြော်ကြရပါ၏။ ပူလည်း ပူဇော်ကြရပါ၏”ဟု ရိုးသားစွာ ပြောဆိုကြလေလျှင် မာဂဏ္ဍီ မိဖုရားသည် “ယခုအခါ ရဟန်းဂေါတမ၏ အပေါ်၌ ငါပြုရမည့်အမှုကို သိစိမ့်မည်၊ ဤမိန်းမတို့သည်လည်း ရဟန်းဂေါတမ၏ အလုပ်အကျွေး = တပည့်မများ ဖြစ်ကြသည်၊ ဤမိန်းမတို့၏ အပေါ်၌လည်း ငါပြုရမည့်အမှုကို သိစိမ့်မည်”ဟု ကြံစည်အံကြိတ်၍ သွားလေ၏။

     ထိုသို့ သွားပြီးလျှင် ဥဒေနမင်းနှင့်အတူ ဆိတ်ကွယ်ရာသို့ ကပ်ရောက်သော အခါ၌ “မြတ်သောမင်းကြီး.. သာမာဝတီမိဖုရား၏ မောင်းမမိဿံများ၏ အဖို့ရာ အရှင်မင်းကြီးမှ အပြင်အပ၌ တောင့်တမှု ရှိနေပါသည်၊ ထိုသူမတို့သည် နှစ်ရက် သုံးရက် အတွင်း၌ပင် အရှင်မင်းကြီး၏အသက်ကို လုပ်ကြံ သတ်ဖြတ်ကြပါလိမ့်မည်။ သာမာဝတီ မိဖုရားသည် မောင်းမမိဿံ အခြံအရံနှင့်တကွပင် အရှင်မင်းကြီးတို့အပေါ်၌ ချစ်ခြင်း ခင်မင်ခြင်းကို အလျှင်းမပြုပါ၊ ရဟန်းဂေါတမကိုကား မြို့တွင်း လမ်းခရီးဖြင့် သွားသည်ကိုပင် မြင်ကြ၍ လေသာပြုတင်းပေါက်များ မလောက်သည့်အတွက် ပြူတင်းတို့ကို ချိုးဖဲ့ အိပ်ခန်းတို့ကို ဖောက်ကြလျက် ကြည့်ခွင့်မရ-ရအောင် ပြုကြကာ ကြည့်ရှုကြပါသည်”ဟု ရန်တိုက်စကား ပြောကြားလေ၏၊ ဥဒေနမင်းသည် “ထိုမိန်းမတို့ကား ဤသို့သဘောရှိသော အမှုကို ပြုကြလိမ့်မည် မဟုတ်”ဟု ကြံစည် အောက်မေ့ကာ မာဂဏ္ဍီမိဖုရား ပြောကြားချက်ကို လက်မခံ, မယုံကြည်ချေ။ နောက်တဖန် ပြောသော်လည်း မယုံကြည်မြဲ မယုံကြည်ချေ။ ထို့နောက် သုံးကြိမ်မြောက် ပြောကြားအပ်သော်လည်း မယုံကြည်သော ဥဒေနမင်းကို မာဂဏ္ဍိမိဖုရားသည် “မြတ်သောမင်းကြီး.. အကယ်၍ ကျွန်တော်မ၏စကားကို မယုံကြည်လျှင် အရှင်မင်းကြီးကိုယ်တိုင် ထိုမိန်းမတို့၏ နေရာတိုက်ခန်းသို့ သွားရောက်၍ စုံစမ်းတော်မူလော့”ဟု ပြောဆိုလေ၏။ ဥဒေနမင်းသည် သွား၍ အိပ်ခန်းတို့၌

၃၁၀

အပေါက်များကို မြင်ရလေလျှင် “ဤအပေါက်များကား အဘယ်နည်း = ဘယ့်နှယ်ဟာလဲ”ဟု မေးမြန်း၍ မောင်းမတို့က ထိုအကြောင်းကို ရိုးသားစွာပင် ပြန်ကြား ပြောဆိုအပ်လေသော် ထိုမောင်းမတို့အား အမျက်မထွက်မူ၍ တစုံတရာ ဘာကိုမျှ မပြောဆိုပဲ အပေါက်များကိုသာ ပိတ်စေလေ၏၊ ဥဒေနမင်းသည် ထိုအချိန်မှစ၍ ထိုမောင်းမငါးရာတို့ နေရာပြာသာဒ်၌ အထက်၌သာ အပေါက်ရှိသည့် သံဇာလေသာပြူတင်းတို့ကို ပြုလုပ်စေလေ၏။ (ဤကား ပဌမအကြိမ် ရန်တိုက်ခြင်းတည်း)။

     မာဂဏ္ဍီမိဖုရားသည် ထိုအကြောင်းဖြင့် မင်းကြီးကို အမျက်ထွက်စိမ့်သောငှါ (=စိတ်ဆိုးစိမ့်သောငှါ) မတတ်နိုင်ရကား “အရှင်မင်းကြီး.. ဤသာမာဝတီ အမှူးရှိသည့် မောင်းမငါးရာတို့က အရှင်မင်းကြီးတို့၌ ချစ်ခင်မှုရှိသည်, မရှိသည်ကို သိအောင် စုံစမ်းကြစို့လား၊ ကြက်ရှင် ရှစ်ကောင်တို့ကို ထိုသူမတို့ထံ အပို့ခိုင်း၍ အရှင်မင်းကြီးတို့အတွက် အချက်ခိုင်းတော်မူကြပါလော့”ဟု ပြောဆိုလေ၏၊ မင်းသည် မာဂဏ္ဍီမိဖုရား၏ စကားကို ကြားသိပြီးသော် “ဤကြက်တို့ကို ချက်၍ ငါ့ထံသို့ ပို့ဆက်စေချင်၏”ဟု ပြောဆိုကာ သာမာဝတီ၏အထံသို့ ကြက်အရှင် ရှစ်ကောင်တို့ကို ပို့စေလေ၏။ သောတာပန်ဖြစ်သူ အရိယသာဝိကာ = မြတ်စွာဘုရား၏ တပည့်မသည် အသက်ရှင်သော ကြက်တို့ကို အဘယ်မှာလျှင် ချက်လိမ့်မည်နည်း (=အသက်ကို အသေခံမည်၊ မချက်အံ့သည်သာ)။ သို့ရကား သာမာဝတီသည် “မသင့်လျော်ပါ”ဟု ပြောဆို၍ ထိုကြက်ရှင်တို့ကို လက်ဖြင့် တို့ထိရန်ပင် အလိုမရှိပဲဖြစ်၍ နေလေ၏။

     ထိုအခါ မာဂဏ္ဍီသည် “ရှိပါစေ အရှင်မင်းကြီး.. ထိုကြက်တို့ကိုပင် ရဟန်းဂေါတမ၏အတွက် ချက်ပေးရန် စေတော်မူပါ”ဟု ပြောဆိုလေ၏။ ဥဒေနမင်းသည် မာဂဏ္ဍီမိဖုရား ပြောဆိုသည့်အတိုင်း ပြုလေ၏၊ မာဂဏ္ဍီမိဖုရားသည် လမ်းခရီးအကြား၌ပင် ကြက်တို့ကို သတ်စေ၍ “ဤကြက်တို့ကို ချက်စေ၍ ရဟန်းဂေါတမအား လှူစေချင်၏”ဟု ပြောဆိုမှာထား၍ သာမာဝတီထံသို့

၃၁၁

အပို့လွှတ်လိုက်လေ၏၊ အလွန်ရိုးဖြောင့်လှစွာသော သာမာဝတီသည် ကြက်တို့က သေပြီးဖြစ်သောကြောင့်၎င်း, မြတ်စွာဘုရားကို ရည်ညွှန်းပြောဆို၍ ပို့စေအပ်သောကြောင့်၎င်း ထိုကြက်သေသားတို့ကို ချက်၍ မြတ်စွာဘုရားရှင် အထံတော်သို့ ပို့စေလေ၏။ မာဂဏ္ဍီမိဖုရားသည် “ကြည့်တော့ အရှင်မင်းကြီး..”ဟု ပြောဆို၍ ဤမျှဖြင့်လည်း ဥဒေနမင်းကို အမျက်ထွက်စိမ့်သောငှါ (=စိတ်ဆိုးစိမ့်သောငှါ) မတတ်နိုင်ချေ။ (ဤကား ဒုတိယအကြိမ် ရန်တိုက်ခြင်းတည်း)။

တတိယအကြိမ် ရန်တိုက်ခြင်း

     ဥဒေနမင်းမှာ (၁) သာမာဝတီမိဖုရား (၂) ဥဇ္ဇေနီပြည် စဏ္ဍပဇ္ဇောတမင်း၏သမီး ဝါသုလဒတ္တာ မိဖုရား (၃) မာဂဏ္ဍီမိဖုရားဟူ၍ မိဖုရားသုံးယောက်တို့ရှိလေရာ မိဖုရား တယောက် တယောက်လျှင် မောင်းမမိဿံ ရံရွေဖော် ငါးရာ ငါးရာစီ ရှိလေသည်၊ ဥဒေနမင်းသည် ထိုမိဖုရားသုံးယောက်တို့တွင် တယောက် တယောက်သော မိဖုရား၏နေရာ နန်းပြာသာဒ်၌ ခုနစ်ရက်စီ ခုနစ်ရက်စီ အလှည့်အလည် စံနေမြဲ ဖြစ်သည်။ ထို့နောက် မာဂဏ္ဍီမိဖုရားသည် မြွေဟောက်ငယ်တကောင်ကို ဝါးကျည်ဆစ်၌ ထည့်စေ၍ မိမိ၏နေရာအနီး၌ ထားလေ၏၊ ဥဒေနမင်း၏ အဖို့ရာမှာလည်း မည်သည့်နေရာသို့သွားသွား ဆင်ချစ်သောစောင်းကို ယူ၍သာလျှင် သွားမြဲဓမ္မတာ ဖြစ်၏။ မာဂဏ္ဍီမိဖုရားသည် မင်းကြီး မိမိအထံသို့ လာသောအခါ၌ မင်းကြီးမသိအောင် ထိုမြွေဟောက်ငယ်ကို စောင်းခွက်အတွင်း၌ထည့်၍ အပေါက်ကို ပိတ်စေလေ၏။

     ထိုညနောင်မှ သာမာဝတီ မိဖုရားထံသို့ သွားခါနီးဖြစ်သော မင်းကြီးကို “အရှင်မင်းကြီး.. သာမာဝတီမိဖုရား ဆိုသည်မှာ ရဟန်းဂေါတမ၏ အပင်းအသင်း ဖြစ်ပါသည်၊ အရှင်မင်းကြီးတို့ကို မြက်တပင်လောက်မျှ မရေတွက်ပါ၊ တစုံတခုပြုပြီးလျှင် အရှင်မင်းကြီးတို့၏ အပြစ်ကိုသာလျှင် ကြံစည်နေသူ ဖြစ်ပါသည်၊

၃၁၂

မမေ့မလျော့ သတိရှိရှိ နေတော်မူခဲ့ကြပါ”ဟု (အကျိုးလိုသည့်အဟန်) မှာကြားပြောဆိုလိုက်လေ၏။

     ဥဒေနမင်းကြီးသည် သာမာဝတီမိဖုရား၏ နန်းပြာသာဒ်၌ ခုနစ်ရက် အချိန်ကုန်လွန်စေပြီး၍ တဖန် ခုနစ်ရက်၌ မာဂဏ္ဍီမိဖုရား၏ နန်းအိမ်သို့ သွားရောက်လေ၏၊ မာဂဏ္ဍီမိဖုရားသည် မင်းကြီးလာလျှင်ပင် “အရှင်မင်းကြီး.. အသို့နည်း (=ဘယ့်နှယ်လဲ) အရှင်မင်းကြီး၏ အပေါ်မှာ သာမာဝတီ မိဖုရားသည် အခွင့်အပေါက်ကို မရှာပဲ ရှိပါ၏လော”ဟု အကျိုးလိုဟန် ပြောဆို၍ မင်းကြီး၏လက်မှ စောင်းကိုယူကာ လှုပ်ပြီးလျှင် “အသို့နည်း (=ဘယ့်နှယ်လဲ) မြတ်သောမင်းကြီး.. ဤစောင်းတော်အတွင်းမှာ အကောင် တကောင်ကောင် လှည့်လည်ရွေ့ရှား သွားနေပါတကား”ဟု ဆို၍ မြွေထွက်ရန် အပေါက်ကို ပြုလုပ်ပြီးလျှင် (မူလက မိမိပြုလုပ်ထားသည့် အပေါက်ကို ဖွင့်ပြီးလျှင်) “အဗ္ဘုမ္မေ = အလိုလေး ကျွန်တော်မ၏ ပျက်စီးခြင်းပါတကား၊ အန္တော သပ္ပေါ = စောင်းတော်အတွင်းမှာ မြွေကြီး”ဟုဆိုကာ စောင်းကို စွန့်ပစ်၍ ပြေးလေ၏၊ (မာဂဏ္ဍီ၏ ရန်တိုက်ခြင်းကား အောင်မြင်လေပြီ)။ ထိုအခါ ဥဒေနမင်းသည် မီးလောင်သည့် ဝါးတောအလား, ဆားထည့်လိုက်သည့် မီးဖိုပမာ အမျက်ဒေါသဖြင့် တဖျစ်ဖျစ်မြည်လျက် “အလျင်အမြန် အခြံအရံနှင့်တကွသော သာမာဝတီကို ခေါ်ခဲ့ကြလော့”ဟု အမိန့်ပေးလေ၏။ မင်းချင်းတို့သည် သွား၍ ခေါ်ကြလေကုန်၏။

“သူတဖက်သား၊ မျက်မာန်ပ္ပါးသော်၊ တရားမကွာ၊ ထိန်းစောင့်ကာဖြင့်၊ မေတ္တာနှလုံး၊ ကိုယ်ကသုံးလျှင်..၊ အရှုံးဘယ်မှာ ရှိချိမ့်နည်း”။ ။ဓမ္မုပဒေသ။

     သာမာဝတီ မိဖုရားသည် မင်းကြီး အမျက်ထွက်သည်ကို သိ၍ မိမိမှကြွင်းသော မင်းမိန်းမအား “မင်းကြီးသည် သင်တို့ကို သတ်လို၍ ခေါ်၏၊ ယနေ့ တနေ့လုံးလုံး ဩဒိဿကမေတ္တာ ဖြန့်ခြင်းဖြင့် မင်းကြီးကို မေတ္တာဖျန်းကြလော့”ဟု တရားအချက် အမှတ်ပေးလေ၏၊ ဥဒေနမင်းသည် သာမာဝတီမိဖုရားနှင့်တကွ

၃၁၃

ထိုမောင်းမ ငါးရာတို့ကို အခေါ်ခိုင်းပြီးလျှင် အားလုံးတို့ကို အစဉ်လိုက် တန်းစေပြီးမှ လေးကြီးကို စွဲကိုင်၍ အဆိပ်လူးမြားကို ဖွဲ့ပြီးလျှင် လေးကိုဖြည့်လျက် (=လေးညှို့ကို ညှိလျက်) ရပ်တည်လာလေ၏။

     ထိုခဏ၌ သာမာဝတီ အမှူးပြုသော မင်းမိန်းမ ငါးရာလုံးတို့သည် မင်းကြီးအား စူးစိုက်၍ ဩဒိဿကမေတ္တာကို ဖြန့်ကြလေ၏။ မင်းကြီးသည် မြားကို ပစ်ရန်လည်း မစွမ်းနိုင်, ဖယ်ရှားရန်လည်း မစွမ်းနိုင်ပဲ ကိုယ်တို့မှ ချွေးပေါက်များ တဖြိုင်ဖြိုင်ယိုထွက်၍ လာလေကုန်၏၊ တကိုယ်လုံးလည်း တုန်လှုပ်၍ နေသည့်ပြင် ခံတွင်းမှလည်း တံတွေးများ စီးကျလာလေ၏။ ကိုင်ယူသင့် ကိုင်ယူစရာကို မမြင်ပဲ ရှိလေ၏။

     ထိုအခါ မင်းကြီးကို သာမာဝတီက “မြတ်သောမင်းကြီး.. ပင်ပန်းတော်မူသလော”ဟု မေးလေလျှင် မင်းကြီးသည် “အိမ်း.. ဟုတ်ပေသည် ရှင်မိဖုရား.. ငါပင်ပန်းလှ၏၊ သင်သည် ငါ၏မှီရာ ဖြစ်ပါလော့”ဟု ဆိုလေ၏၊ သာမာဝတီမိဖုရားက “ကောင်းပါပြီ အရှင်မင်းကြီး.. မြားကို မဟာပထဝီမြေကြီးသို့ ရှေးရှုပြုတော်မူပါလော့”ဟု ပြောဆိုလေလျှင် မင်းကြီးသည် သာမာဝတီမိဖုရား ဆိုသည့်အတိုင်း ပြုလေ၏။ ထိုအခါ သာမာဝတီ မိဖုရားသည် “မင်းကြီးလက်မှ မြားသည် လွတ်စေသတည်း”ဟု အဓိဋ္ဌာန်လိုက်လေ၏၊ ထိုခဏမှာပင် မြားသည် မင်းကြီးလက်မှ လွတ်၍သွားလေ၏။

     ဥဒေနမင်းကြီးသည် ထိုခဏမှာပင် ရေ၌ငုပ်၍ ပြန်လာပြီးသော် စိုသောဆံ, စိုသောအဝတ်ရှိလျက် သာမာဝတီ၏ ခြေတို့၌ တုပ်ဝပ်ပြီးလျှင် “ရှင်မိဖုရား.. ငါ့အား သည်းခံပါလော့၊ ငါသည် ဂုံးချောသူ မာဂဏ္ဍီ၏ စကားဖြင့် မစူးမစမ်း မဆင်ခြင်ပဲ ဤအမှုကို ပြုမှားအပ်ခဲ့လေပြီ”ဟု တောင်းပန်ဝန်ချစကား ပြောကြားလေ၏၊ သာမာဝတီမိဖုရားက “သည်းခံပါသည် အရှင်မင်းကြီး..”ဟု ခွင့်ပြုသည်းခံစကား ပြောကြားလေလျှင် ဥဒေနမင်းကြီးသည် “ကောင်းပါပြီ ရှင်မိဖုရား.. ဤသို့လျှင် သင်မိဖုရားသည်

၃၁၄

ငါ့အား သည်းခံအပ်သည် မည်ပါပေ၏၊ ယနေ့ ဤအချိန်မှ စ၍ ရှင်မိဖုရားတို့၏ အလိုအတိုင်း မြတ်စွာဘုရားအား အလှူဒါနကို ပေးလှူကြပါလော့၊ နေလွဲအခါ ကျောင်းတော်သို့သွား၍ တရားစကား နာကြားကြပါကုန်လော့၊ ယနေ့မှစ၍ သင်တို့အား အစောင့်အရှောက်ကို ငါပေးအံ့”ဟု ပြောဆိုလေ၏။ ထိုအခါ သာမာဝတီမိဖုရားက အခွင့်ရသဖြင့် “အရှင်မင်းကြီး.. ထိုသို့ဖြစ်လျှင် ယနေ့မှစ၍ ကျွန်တော်မတို့အား တရားသင်ပြပေးမည့် ရဟန်းတော်တပါးကို မြတ်စွာဘုရား အထံတော်မှ တောင်းပန်၍ ပင့်ဆောင်ပေးကြပါလော့”ဟု ဆိုလေလျှင် ဥဒေနမင်းကြီးသည် မြတ်စွာဘုရား အထံတော်သို့ သွားရောက်၍ ရဟန်းတပါးကို တောင်းပန် လျှောက်ထားလေလျှင် အရှင်အာနန္ဒာမထေရ်ကို ရခဲ့လေ၏။ ထိုအချိန်မှစ၍ သာမာဝတီအမှူးပြုသော မင်းမိန်းမ ငါးရာတို့သည် အရှင်အာနန္ဒာမထေရ်ကို ပင့်စေကြ၍ နေ့စဉ်နေ့စဉ် ဆွမ်းဆက်ကပ် ပူဇော်မှု ပြုကြပြီးလျှင် ဆွမ်း ဘုဉ်းပေးပြီးသော အရှင်အာနန္ဒာမထေရ်၏ အထံ၌ တရားစာပေကို သင်ယူကြလေကုန်၏။

     သာမာဝတီမိဖုရား အမှူးပြုသော မင်းမိန်းမ ငါးရာတို့သည် တနေ့သ၌ မထေရ်မြတ်၏ အနုမောဒနာ တရားဝယ် သဒ္ဓါကြည်ညို ဖြစ်ရှိကြသဖြင့် မထေရ်မြတ်အား (တယောက်လျှင် တထည်ကျစီ) အပေါ်ရုံ အဝတ်အထည် ငါးရာတို့ကို လှူဒါန်းကြလေကုန်၏။

(မထေရ်မြတ်သည် ရှေးနုစဉ်အခါ တခုသော ဘဝဝယ် အပ်လျှိုသမား = အဝတ်ချုပ်သမား ဖြစ်သောအခါ၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တပါးအား အပ်တချောင်းနှင့် လက်တဝါးစာ (=လက်တဝါးခန့်ရှိသည့်) အဝတ်ကြမ်းပိုင်းကို လှူဒါန်းခဲ့လေသည်။ မထေရ်မြတ်သည် အပ်လှူခဲ့သော ကောင်းမှုကြောင့် ဤကိုယ်အဖြစ်၌ ပညာကြီးသူဖြစ်၍ အဝတ်ကြမ်းပိုင်းကို လှူခဲ့သော ကောင်းမှုကြောင့် ဤနည်းနှင်နှင် အကြိမ်ငါးရာတိုင်တိုင် သင်္ကန်းလျာအဝတ်တို့ကို ရရှိတော်မူလေသည်)။

၃၁၅

သာမာဝတီတို့ မီးတိုက်၍ အသတ်ခံရခြင်း

     ထို့နောက် မာဂဏ္ဍီမိဖုရားသည် အခြားပြုဖွယ်ကို မမြင်ရတော့ရကား တနေ့သ၌ ဥဒေနမင်းကြီးကို “အရှင်မင်းကြီး.. ဥယျာဉ်တော်သို့ အပျော်အပါး သွားကြကုန်အံ့”ဟု တိုင်ပင်ပြောဆိုလေ၏။ ဥဒေနမင်းကြီးက (မာဂဏ္ဍီ၏အကြံကို မသိသဖြင့်) “ကောင်းပြီ ရှင်မိဖုရား..”ဟု ဝန်ခံလေလျှင် မာဂဏ္ဍီမိဖုရားသည် မိမိ၏ ဘထွေးဖြစ်သူ စူဠမာဂဏ္ဍီပုဏ္ဏားကို ခေါ်စေ၍ “ဘထွေး.. ကျွန်တော်မတို့ ဥယျာဉ်သို့ သွားသောအခါ၌ သာမာဝတီ၏နေရာ နန်းပြာသာဒ်သို့ သွားရောက်ပြီးလျှင် မောင်းမမိဿံ အခြံအရံငါးရာနှင့် တကွသော သာမာဝတီကို ပြာသာဒ်အတွင်း သွင်းထားမှုပြု၍ ‘မင်းကြီး၏ အမိန့်အာဏာ’ဟု ပြောဆိုကာ တံခါးကို ပိတ်ပြီးနောက် ကောက်ရိုးများဖြင့် ရစ်ပတ်ဝန်းဝိုင်း၍ သာမာဝတီ၏ နန်းပြာသာဒ်ကို မီးတိုက်ရစ်လော့”ဟု တိတ်တဆိတ် ပြောဆို မှာထားခဲ့လေ၏။ စူဠမာဂဏ္ဍီ ပုဏ္ဏားမိုက်သည် ဥဒေနမင်းကြီးနှင့် မာဂဏ္ဍီမိဖုရားတို့ အပျော်အပါး ဥယျာဉ်သို့ သွားကြသောအခါ မာဂဏ္ဍီမိဖုရား မှာကြားထားခဲ့သည့်အတိုင်း သာမာဝတီ၏ နန်းပြာသာဒ်ကို မီးတိုက်လေတော့၏။

     ထိုနေ့၌ ထိုမင်းမိန်းမ ငါးရာလုံးတို့ပင် ရှေးကပြုအပ်ခဲ့ သော ဥပပီဠကအကုသိုလ်ကံ၏ အာနုဘော်ကြောင့် သမာပတ်ကို ဝင်စားဖို့ရန် မစွမ်းနိုင်ကြတော့ချေ။ သာမာဝတီ မိဖုရားနှင့်တကွ ငါးရာလုံးတို့ပင် တပြိုင်နက်တည်း ဖွဲအစု ဖွဲဆုပ်ကဲ့သို့ မီးအလောင်ခံကာ သေဆုံးကြရှာလေကုန်၏။ ထိုမင်းမိန်းမတို့အား စောင့်ရှောက်ရသည့် မင်းချင်းယောက်ျားတို့သည် မင်းကြီးထံ သွားကြ၍ “အရှင်မင်းကြီး.. ဤမည်သောအမှု (သာမာဝတီ၏ နန်းပြာသာဒ်ကို မီးတိုက်ခြင်းအမှု)ကို ပြုကုန်ကြပါပြီ”ဟု လျှောက်ထားကြလေကုန်၏။

ဥဒေနမင်း၏ ရာဇပရိယာယ်

     ဥဒေနမင်းကြီးသည် “အဘယ်သူသည် မီးတိုက်မှု ပြုအပ်သနည်း”ဟု လက်သည်တရားခံကို ရှာကြံထောက်လှမ်းလတ်သည်ရှိသော်

၃၁၆

မာဂဏ္ဍီမိဖုရားက ပြုစေအပ်သည်၏အဖြစ်ကို သိရှိရ၍ မာဂဏ္ဍီမိဖုရားကို ရှေ့တော်မှောက်သို့ အရောက်ခေါ်စေပြီးလျှင် “အဘယ် = မာဂဏ္ဍီမိဖုရား.. ငါပြုလုပ်ရမည့်အလုပ်ကို ပြုလုပ်သောသင်သည် ကောင်းသောအမှုကို ပြုအပ်ပါပေပြီ၊ အမျိုးမျိုးထကြွကာ ငါ့ကိုသတ်ရန် အားထုတ်နေသည့် သာမာဝတီ မိဖုရားကို သင်ကား သတ်စေအပ်လေပြီ၊ သင့်အပေါ်မှာ ငါသည် အလွန်ကြည်ညိုပေ၏၊ သင့်အား ဆုလာဘ်စည်းစိမ်ကို ငါပေးပေအံ့၊ သင်၏ ဆွေမျိုးများကို ခေါ်စေလော့”ဟု ရာဇပရိယာယ်ဖြင့် ပြောဆိုလေ၏။

     မာဂဏ္ဍီမိဖုရားသည် ဥဒေနမင်းကြီး၏ စကားကို ကြားရလျှင် အလွန်အားရ နှစ်သက်လျက် ဆွေမျိုးမဟုတ် သူများကိုလည်း ဆွေမျိုးများပြုလုပ်ကာ ခေါ်စေလေ၏။ ဥဒေနမင်းကြီးသည် အားလုံးသော ရာဇဝတ်ကောင်များ စုဝေးမိပြီးသည့်အဖြစ်ကို သိရှိလတ်သော် မင်းယင်ပြင်၌ (=နန်းတော် မြေကွက်လပ်၌) ထိုရာဇဝတ်သားများကို လည်ပင်းပမာဏနက်သော တွင်းများ၌ မြှုပ်သတ်မြေဖို့ပြီးလျှင် မြေပေါ်၌ တည်ရှိနေသော ဦးခေါင်းတို့ကို ရိုက်ခွဲစေလျက် သံထွန်သွား သံထွန်တုံးတပ်သော ထွန်များဖြင့် ထွန်ယက်စေ၏။ မာဂဏ္ဍီမိဖုရားကိုလည်း အပိုင်းအပိုင်း ခုတ်သတ်စေပြီးလျှင် မုံ့ကြော်သော အိုးကင်း၌ထည့်၍ ကြော်စေလေ၏။

သာမာဝတီတို့၏ ရှေးအကုသိုလ်ကံ

(ဤ၌- “မောင်းမမိဿံ အခြံအရံငါးရာနှင့် တကွသော သာမာဝတီ မိဖုရား၏ မီးလောင်တိုက် အသွင်းခံ၍ သေဆုံးရခြင်း၏ ရှေးမကောင်းမှု အကုသိုလ်ကံကား အဘယ်နည်း”ဟု မေးဖွယ်ရှိ၏။

အဖြေကား- သာမာဝတီ မိဖုရားအလောင်း အမျိုးသမီးသည် ဘုရားပွင့်တော်မမူမီ တခုသောဘဝဝယ် ထိုမိန်းမငါးရာတို့နှင့် အတူတကွ ဂင်္ဂါမြစ်၌ ရေကစားပြီး ဆိပ်ကမ်း၏ အပြင်အပ၌ ရပ်တည်နေစဉ် အချမ်း အအေးဓာတ် ပြင်းထန်စွာ ဖြစ်လာလတ်သော် မနီးမဝေးသောအရပ်၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တပါး၏ သင်္ခမ်းကျောင်း = သစ်ရွက်မိုးသည့် ကျောင်းကလေးကို မြင်ရ၍ သင်္ခမ်းကျောင်းအတွင်း၌ ပစ္စေကဗုဒ္ဓါ ရှိ,မရှိကို မစူးစမ်းမဆင်ခြင်ပဲ ပြင်ပမှ မီးတိုက်၍ မီးလှုံကြလေသည်။

၃၁၇

သင်္ခမ်းကျောင်း အတွင်း၌ကား ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် နိရောဓသမာပတ်ကို ၀င်စား၍ ထိုင်နေတော်မူဆဲ ဖြစ်၏ (=ထိုင်ရင်း နိရောဓသမာပတ်ကို ၀င်စားနေတော်မူဆဲ ဖြစ်၏)။ ထိုမိန်းမတို့သည် မီးတောက် မီးလျှံများ ပြတ်စဲသွားသောအခါ ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်ကို မြင်ကြရ၍ (ဤ၌- လွန်ခဲ့ပြီးခဲ့သည့် မီးတိုက်မှုအတွက် သတ်လို, သေစေလိုသော စေတနာမရှိ၍ အပြစ်မရှိသော်လည်း နှလုံးသွင်းမတတ်ကြ, အကြောက်လွန်ကြသည့်အတွက်) “ရှင်မတို့.. ငါတို့သည် အဘယ်အမှု ပြုမိကြသနည်း = အပြုမှားကုန်ပေါ့၊ ဤပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် မင်းကြီး ရွှေနန်းတော်၌ နေ့စဉ် ဆွမ်းခံကြွသောအရှင်မြတ် ဖြစ်လေသည်၊ ဤပစ္စေကဗုဒ္ဓါအရှင်မြတ် ပြန်လွန်တော်မူနေသည်ကို မြင်ရလျှင် မင်းကြီးသည် ငါတို့အား ပြင်းစွာအမျက်ထွက်ပေလိမ့်မည်၊ ယခုအခါ မင်းကြီး မကြားသိမီ ထိုပစ္စေကဗုဒ္ဓါကို အစပျောက် အနပျောက် ပြာကျအောင် မီးသင်္ဂြိုဟ်မှု ငါတို့ပြုမှ သင့်တော်တော့မည်”ဟု အတိုင်ပင်မှား အကြံမှားကြကာ နောက်ထပ်၍ အခြားထင်းတို့ကိုလည်း ထည့်ပြီးလျှင် မီးတိုက်မှားကြပြန်လေ၏။ (ဤနောက်ထပ် မီးတိုက်ခြင်းကား သေစေလိုသော စေတနာ ပါရှိသောကြောင့် အပြစ်ကြီးလေးလေသည်)။

တဖန် (နောက်ထပ်တိုက်သည့်) မီးတောက်မီးလျှံများ ပြတ်လတ်သော် ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် နိရောဓသမာပတ်မှ ထတော်မူ၍ ထိုမိန်းမများ ကြည့်ရှုနေကြစဉ်ပင် သင်္ကန်းတို့ကိုခါ၍ ကောင်းကင်သို့ ပျံတက်ကာ ကြွသွားတော်မူလေ၏။ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် ငရဲ၌ ကျက်ကြပြီးလျှင် ဝိပါက်ကြွင်းအနေဖြင့် ဤယခု မီးလောင်တိုက်အသွင်းခံရ၍ သေဆုံး ပျက်စီးခြင်းသို့ ထိုမိန်းမတို့ ရောက်ကြရလေသည်။ ဤကား အဖြေတည်း)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိကြခြင်း

     သာမာဝတီ မိဖုရားအမှူးပြုသော မင်းမိန်းမငါးရာတို့ အကျိုးမဲ့ ပျက်စီး ဆုံးရှုံးကြပြီးသည့်နောက် ၁-ဘိက္ခု = ရဟန်းယောက်ျား, ၂-ဘိက္ခုနီ = ရဟန်းမ, ၃-ဥပါသကာ = ဒါယကာ, ၄-ဥပါသိကာ = ဒါယိကာမ တည်းဟူသော = ပရိသတ်လေးပါးတို့ အလယ်၌ ဤဆိုလတ္တံ့သောအတိုင်း ချီးမွမ်းစကား ဖြစ်ပွါးခဲ့လေသည်။ ဖြစ်ပွါးပုံမှာ-

၃၁၈

“ခုဇ္ဇုတ္တရာကား အကြားအမြင် = ဗဟုဿုတ များပါပေစွာ့၊ မာတုဂါမကိုယ်အဖြစ်၌ တည်သူဖြစ်ပါလျက် (=မိန်းမသားဖြစ်ပါလျက်) မင်းမိန်းမ ငါးရာတို့အား တရားကို ဟောကြား၍ သောတာပတ္တိဖိုလ်၌ တည်စေပါပေ၏။

သာမာဝတီ မိဖုရားသည်လည်း ဥဒေနမင်းကြီးက မိမိ(သာမာဝတီ)သို့ ပစ်အပ်သော မြားကို ဩဒိဿကမေတ္တာဖြန့်ခြင်းဖြင့် ဖြန့်၍ တားမြစ်နိုင်ပါပေ၏”-

ဤကဲ့သို့ ချီးမွမ်းစကား ဖြစ်ပွါးခဲ့လေသည်။

     နောက်အဖို့ဝယ် မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူလျက် ဥပါသိကာတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူး၌ ထားတော်မူလတ်သည်ရှိသော် ခုဇ္ဇုတ္တရာရှင်မကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဥပါသိကာနံ ဗဟုဿုတာနံ ယဒိဒံ ခုဇ္ဇတ္တရာ = ရဟန်းတို့.. အကြားအမြင် ဗဟုဿုတများကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဥပါသိကာတို့တွင် ခုဇ္ဇုတ္တရာ ဥပါသိကာသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”–

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ဗဟုဿုတ = အကြားအမြင် များသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

(ဧတဒဂ်ရာထူးဖြင့် ချီးလည်း ချီးကျူးလောက်ပါပေသည်။ ထင်ရှားစေဦးအံ့- သာမာဝတီမိဖုရား အမှူးရှိသော မင်းမိန်းမငါးရာတို့ သောတာပန်အရိယာ ဖြစ်ကြပြီးသောအခါ ဤခုဇ္ဇုတ္တရာကို “အမိဥတ္တရာ.. အမိသည် နေ့တိုင်း နေ့တိုင်း မြတ်စွာဘုရား အထံတော်သို့ သွား၍ ဘုရားရှင်ဟောသမျှ တရားကို နာပြီးလျှင် အကျွန်ုပ်တို့အား တဖန်ပြန်၍ ဟောပါလော့”ဟု ဆိုကြလေသည်။ သူမသည် ထိုမင်းမိန်းမတို့ ဆိုသည့်အတိုင်း ပြုလျက် နောက်အဖို့ဝယ် ပိဋကတ်သုံးပုံဆောင် တိပိဋကဓရ အမျိုးသမီး ဖြစ်ခဲ့လေသည်။ ထို့ကြောင့်ပင် မြတ်စွာဘုရားသည်

၃၁၉

ခုဇ္ဇုတ္တရာကို နောက်အဖို့ဝယ် ဗဟုဿုတအရာ၌ ဧတဒဂ် ထားတော်မူလေသည်။

ဤသို့လျှင် ဥပါသိကာ = ဒါယိကာမတို့အနက် ဗဟုသုတများလှသူ ဖြစ်သောကြောင့် မြတ်ဘုရားကပင် ဧတဒဂ်ရာထူး၌ ထားတော်မူအပ်သော သေက္ခပဋိသမ္ဘိဒါပတ္တ ခုဇ္ဇုတ္တရာ အရိယသာဝိကာသည် မြတ်စွာဘုရားရှင် ကောသမ္ဗီပြည်၌ သီတင်းသုံး နေတော်မူစဉ် အခါမပြတ် မြတ်ဘုရားထံသို့သွား၍ တရားနာပြီးလျှင် နန်းတော်သို့ တဖန်ပြန်လာ၍ သာမာဝတီအမှူးပြုသော မင်းမိန်းမငါးရာ အရိယသာဝိကာတို့အား ဘုရားဟောတော်မူသည့်နည်းအတိုင်း မိမိကြားနာခဲ့ရသော တရားများကို “ဝုတ္တံ ဟေတံ ဘဂဝတာ၊ ဝုတ္တမရဟတာတိ မေ သုတံ”ဟု နိဒါန်းပျိုးကာ တဖန်ပြန်၍ ဟောပြလေသည်။

ထိုသို့ ခုဇ္ဇုတ္တရာ တဖန်ပြန်၍ ဟောကြားအပ်သည့် သုတ်ပေါင်း (၁၁၂) တရာ့တဆယ့်နှစ်သုတ်ရှိသော ဇိန၀စန = ဘုရားရှင်၏ စကားအစဉ်ကို သံဂါယနာတင် မထေရ်မြတ်တို့သည် “ဣတိဝုတ္တကပါဠိတော်”ဟူသော အမည်ဖြင့် သံဂါယနာ တင်တော်မူခဲ့ကြလေသည်။ ဣတိဝုတ္တက ဋ္ဌ၊ မျက်နှာ ၂၉-မှ)။

     မြတ်စွာဘုရားသည် ဧတဒဂ်ပွဲကြီးသဘင် ယင်ရာ၌ သာမာဝတီမိဖုရားကိုကား-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဥပါသိကာနံ မေတ္တာဝိဟာရီနံ ယဒိဒံ သာမာဝတီ = ရဟန်းတို့.. မေတ္တာဈာန်ဖြင့် နေလေ့ရှိကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဥပါသိကာတို့တွင် သာမာဝတီသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “မေတ္တာဝိဟာရီ = မေတ္တာဈာန်ဖြင့် နေလေ့ရှိသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား ခုဇ္ဇုတ္တရာနှင့် သာမာဝတီတို့ အကြောင်းတည်း။

၃၂၀

(၅) ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်း

(က) ဥတ္တရာ၏ ရှေးကောင်းမှု

     ဤဥတ္တရာ နန္ဒမာတာ ဥပါသိကာအလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော် အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသမီး (=သူဌေးသမီး)ဖြစ်၍ တနေ့သ၌ မြတ်စွာဘုရား၏ တရားတော်ကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ဥပါသိကာတယောက်ကို “ဈာနာဘိရတ = ဈာန် တရားဖြင့် နေလေ့ရှိသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုရာထူး = ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား ကြားတော်မူခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ပုဏ္ဏသူဌေးကြီး၏သမီး

ဥတ္တရာဖြစ်လာခြင်း

     ထိုအမျိုးကောင်းသမီးသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့၍ ဤအကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလဝယ် ရာဇဂြိုဟ်ပြည်၌ သုမနသူဌေးကြီးကို မှီခို၍နေရသည့် “ပုဏ္ဏသီဟ” အမည်ရှိသော အလုပ်သမားနှင့် ဇနီးဖြစ်သူ ဥတ္တရာတို့၏ သမီးဖြစ်လာလေသည်။ ထိုသမီး၏ အမည်ကိုလည်း အမိအမည်နှင့် အလားတူ “ဥတ္တရာ”ဟူ၍ မှည့်ခေါ်ကြကုန်၏။

ပုဏ္ဏသီဟ သူဌေးဖြစ်ချိန်

     ထို့နောက် တနေ့သ၌ နက္ခတ်ပွဲသဘင်နေ့ဝယ် ရာဇဂြိုဟ်သူဌေးကြီးသည် ပုဏ္ဏကို ခေါ်စေ၍ “အမောင်ပုဏ္ဏ.. နက္ခတ်ပွဲသဘင်သည်၎င်း, ဥပုသ်စောင့်သုံးခြင်းသည်၎င်း ဆင်းရဲသော (မောင်တို့လို) လူ့အဖို့ရာ အဘယ်ပြုအံ့နည်း၊ သို့သော်လည်း အမောင်သည် ပွဲသဘင်အဖိုးအခ ရိက္ခာကိုယူ၍ ပွဲလမ်းသဘင်ကိုပင် ပျော်ရွှင်မည်လော၊ သို့မဟုတ် အားကောင်းသည့်နွားများ,

၃၂၁

ထွန်တုံး, ထွန်သွားများကို ယူကာ လယ်ထွန်မည်လော၊ အမောင်နှစ်သက်ရာကို ပြောပါလော့”ဟု ဆိုလေ၏။ ထိုအခါ ပုဏ္ဏသူဆင်းရဲသည် သူဌေးကြီးကို “အရှင်.. ကျွန်ုပ်၏ အိမ်ရှင်မနှင့် တိုင်ပင်ပြီးမှ စဉ်းစားပါရစေ”ဟု ပြောခဲ့၍ ထိုသူဌေးကြီး မေးသည့်စကားကို အိမ်ရှင်မ ဥတ္တရာအား ပြောကြားလေ၏။ ဇနီးဥတ္တရာသည် “အိုအရှင်.. သူဌေးဟူသည်မှာ အကျွန်တို့၏ အရှင်သခင် အစိုးရသူဖြစ်သည်၊ သို့ဖြစ်သည့်အတွက် ထိုသူဌေးမင်း၏ အဖို့ရာ အရှင်နှင့် အတူတကွ စကားပြောဆိုလတ်သော် ပြောသမျှစကားသည် တင့်တယ်၏ (=အရှင်သခင် အစိုးရသူဖြစ်၍ သူ့အဖို့ရာ သူပြောသမျှ တင့်တယ်၏)၊ သို့သော်လည်း အရှင်သည် မိမိ၏ လုပ်ငန်းဖြစ်သည့် လယ်ထွန်မှုကို မစွန့်ပစ်ပါလင့်”ဟု တိုက်တွန်းစကား ပြောကြားလေ၏။ ပုဏ္ဏသူဆင်းရဲသည် ဇနီး၏စကားကို နားထောင်ပြီးလျှင် လယ်ထွန်ရမည့် ထွန်တုံး, ထွန်သွား, နွား-စသည် ဘဏ္ဍာများကို အပြည့်အစုံယူကာ လယ်တောသို့ သွားရောက်၍ လယ်ထွန်နေလေ၏။

     အကြောင်းထူး တိုက်ဆိုင်လာသည်မှာ ထိုနေ့၌ အရှင်သာရိပုတ္တရာ မထေရ်သည် နိရောဓသမာပတ်မှ ထ၍ “ယနေ့ ငါသည် အဘယ်သူအား ချီးမြှောက်မှုပြုရလျှင် သင့်မည်နည်း”ဟု ဆင်ခြင်တော်မူလတ် သည်ရှိသော် ဤပုဏ္ဏသူဆင်းရဲ၏ *ရှေးကောင်းမှု = ဥပနိဿယကို မြင်တော်မူ၍ ဆွမ်းခံချိန်၌ သပိတ် သင်္ကန်းကို


* ရှေးကောင်းမှု = ဥပနိဿယကို မြင်တော်မူ၍-ဟူသော စကားရပ်ဖြင့် မဂ်ဖိုလ်တရားထူးကို ရရှိရေးအတွက် ပစ္စုပ္ပန်ဤဘဝ၌ ပြည့်စုံရမည့်အကြောင်းတို့ ပေါင်းစုံညီညွတ်မှုပင် ရှိသော်လည်း မချွတ်ဧကန် အမှန်ပင် ရှေးကောင်းမှု ကုသိုလ်နှင့် ပြည့်စုံခြင်းကို အလိုရှိအပ်သကဲ့သို့ ဤအတူပင် ဒိဋ္ဌဓမ္မဝေဒနီယကံအဖြစ်ဖြင့် မျက်မှောက်ဘဝ အကျိုးရမည့်ကံ၏ အဖို့ရာ၌လည်း ပစ္စုပ္ပန် အကြောင်းအပေါင်းကဲ့သို့ပင် ရှေးကောင်းမှု = ဥပနိဿယနှင့် ပြည့်စုံခြင်းကို အလိုရှိအပ်လေသည်ဟု ပြတော်မူ၏။ ထို့ကြောင့်ပင် အထွတ်အထိပ်ရောက်သည့် သပ္ပုရိသူပနိဿယ, ယောနိသော မနသိကာရ-ဟူသော (ပစ္စုပ္ပန်)အကြောင်းတို့

၃၂၂

ယူဆောင်တော်မူကာ ပုဏ္ဏသူဆင်းရဲ လယ်ထွန်ရာအရပ်သို့ ကြွတော်မူလျက် မနီးမဝေးဝယ် ကိုယ်တော်ကို ပြလေ၏။ ပုဏ္ဏသူဆင်းရဲသည် မထေရ်မြတ်ကို မြင်လျှင် လယ်ထွန် ခေတ္တရပ်ထားခဲ့၍ မထေရ်၏အထံသို့ သွားပြီးလျှင် တည်ခြင်းငါးမျိုးဖြင့် ရှိခိုးလေ၏။ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ပုဏ္ဏသူဆင်းရဲကို (ချီးမြှောက်တော်မူလိုသဖြင့်) ကြည့်တော်မူ၍ ရေချမ်းသာမည့်အရပ်ကို မေးတော်မူလေ၏။ ပုဏ္ဏသူဆင်းရဲသည် “အရှင်မြတ်ကြီးကား မျက်နှာသစ်တော်မူလိုသည် ဖြစ်ပေလိမ့်မည်”ဟု ကြံစည် အောက်မေ့ကာ လျင်မြန်စွာ သွားတည့်၍ ဒန်ပူကို ယူဆောင်ခဲ့ပြီးလျှင် အပ်စပ်အောင်ပြုလျက် မထေရ်မြတ်အား ဆက်ကပ် လှူဒါန်းလေ၏။ အရှင်သာရိပုတ္တရာမထေရ်မြတ် ဒန်ပူကို ဝါးနေတော်မူစဉ်ပင် သပိတ်နှင့်တကွ ဓမကရိုဏ် = ရေစစ်ကို ထုတ်ယူခဲ့၍ ရေအပြည့် ခပ်ဆောင်လာခဲ့လေ၏။

     အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် မျက်နှာတော်သစ်ပြီးလျှင် ဆွမ်းခံခရီးသို့ ကြွတော်မူလေ၏။ ထိုအခါ ပုဏ္ဏသူဆင်းရဲသည် “အခြားတပါးသော နေ့တို့၌ မထေရ်မြတ်သည် ဤခရီးသို့ ကြွတော်မမူ၊ ယနေ့မူကား ငါ့အား ချီးမြှောက်ရန် ကြွလာတော်မူသည် ဖြစ်ပေလိမ့်မည်။ ဩ.. ငါ၏ အိမ်ရှင်မသည် ငါ့အတွက် ယူဆောင်လာမည့် ထမင်းကို မထေရ်မြတ်၏ သပိတ်၌ လောင်းထည့်၍ လှူလိုက်ရပါမူ ကောင်းလေစွာ့”ဟု ကြံစည်ဆင်ခြင်မိလေ၏။

     ထို့နောက် ပုဏ္ဏသူဆင်းရဲ၏ အိမ့်ရှင်မသည် “ယနေ့ကား ပွဲသဘင်နေ့ဖြစ်သည်”ဟု ကြံစည်အောက်မေ့၍ စောစောပင် မိမိအတွက်ရရှိသော ရိက္ခာဖြင့် ခဲဖွယ်ဘောဇဉ်များကို စီမံချက်ပြုတ်ကာ ယူဆောင်ခဲ့၍ အရှင်သခင် ခင်ပွန်းသည် မောင်ပုဏ္ဏ၏ လယ်ထွန်ရာလယ်တောသို့ လာလတ်သည်ရှိသော်


ကောင်းကောင်းကြီး ပြည်စုံသော်လည်း မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှု = ဥပနိဿယမှ ကင်းသောသူဋ္ဌအဖို့ရာ မဂ်ဖိုလ်ရခြင်းသည် မပြည့်စုံနိုင်။ ဋီကာ ၂၀၈-မှ။

၃၂၃

လမ်းခရီးအကြား၌ မထေရ်မြတ်ကိုမြင်၍ “ဩ.. အခြားတပါးသော နေ့များ၌ ငါ့အဖို့ရာ မထေရ်မြတ်ကို ဖူးတွေ့ရသော်လည်း လှူဖွယ်ဝတ္ထုက မရှိပဲ ဖြစ်နေ၏။ လှူဖွယ်ဝတ္ထု ရှိပြန်ပါတော့လဲ ငါ၏အရှင်မြတ်ကို မဖူးတွေ့ရချေ။ ယနေ့မူကား လှူဖွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ် = နှစ်မျိုးလုံးတို့ပင် မျက်မှောက်ဖြစ်၍ နေချေပြီ၊ ငါ့အရှင်သခင် ခင်ပွန်းသည်၏အတွက် တဖန် အိမ်ပြန်၍ ချက်ပြုတ်စီမံပြီးမှ ထမင်းကို ပို့တော့မည်၊ ငါ ယခုဆောင်ယူခဲ့သည့် ဤထမင်း အစာအာဟာရကို မထေရ်မြတ်အား လှူဦးမှပဲ”ဟု ဆင်ခြင်မိကာ စေတနာသုံးတန် ပြဋ္ဌာန်းလျက် ထိုမိမိ ယူဆောင်ခဲ့သော ဘောဇဉ်ထမင်းကို အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ သပိတ်၌ လောင်းထည့် လှူဒါန်းလိုက်ပြီးလျှင် “ဤသို့ သဘောရှိသည့် ဆင်းဆင်းရဲရဲ အသက်ရှင်ရခြင်းမှ လွတ်မြောက်ရပါလို၏ဘုရား”ဟု ဆုတောင်းစကား လျှောက်ထားလိုက်လေ၏။ မထေရ်မြတ်သည်လည်း “သင်၏ အလိုဆန္ဒ ပြည့်ဝပါစေ”ဟု ထိုအမျိုးသမီးအား ဝမ်းမြောက်ဖွယ်ရာ = အနုမောဒနာစကား မိန့်ကြားတော်မူ၍ ထိုအရပ်မှပင် ပြန်နစ်ကာ ကျောင်းတော်သို့ ကြွလေ၏။

(ဤ၌- ဒါနကောင်းမှု တခုခုပြုလျှင် မဟာကုသိုလ် ဇောဝါရဝီထိတို့ များစွာ ဖြစ်ကြလေရာ တဝီထိ တဝီထိတို့၌ ကုသိုလ်ဇော ခုနစ်ကြိမ်တို့ ဖြစ်ရှိလေသည်၊ ထိုဇောခုနစ်ကြိမ်တို့အနက် ပဌမဇောစိတ်တို့၌ ပါရှိသော ကုသိုလ်စေတနာကို (အကြောင်းညီညွတ်လျှင် မျက်မှောက်ဘဝ၌ အနုပါဒိဏ္ဏက = သက်မဲ့ဖြစ်သည့် ရွှေ ငွေ-စသော ရုပ်ဝတ္ထု အကျိုးတရားတို့ကို ဖြစ်စေတတ်သောကြောင့်) ဒိဋ္ဌဓမ္မဝေဒနီယကံဟူ၍ ခေါ်ဆိုအပ်၏။

ထိုဒိဋ္ဌဓမ္မဝေဒနီယကံ အကျိုးပေးရန်မှာ- (က) ဝတ္ထုသမ္ပဒါ = အလှူခံပုဂ္ဂိုလ်က အနာဂါမ်အရိယာ (သို့မဟုတ်) ရဟန္တာပုဂ္ဂိုလ် ဖြစ်ခြင်း၊ (ခ) ပစ္စယသမ္ပဒါ = လှူဖွယ်ဝတ္ထုက တရားသဖြင့်ရအပ်သော ပစ္စည်းဖြစ်ခြင်း၊ (ဂ) စေတနာသမ္ပဒါ = အလှူပေးပုဂ္ဂိုလ်၏ စေတနာသုံးတန်နှင့် ပြည့်စုံညီညွတ်ခြင်း၊ (ဃ) ဂုဏာတိရေကသမ္ပဒါ = အလှူခံပုဂ္ဂိုလ်က သမာပတ်မှ ထသစ်စဖြစ်ခြင်း (ပစ္စုပ္ပန်ဘဝအတွက်) = ဤအကြောင်းလေးပါးနှင့် ပြည့်စုံ၍ အလှူရှင်ကလည်း ရှေးကောင်းမှု = ဥပနိဿယနှင့်

၃၂၄

ပြည့်စုံခြင်း- ဤအကြောင်းများ ညီညွတ်မှ မျက်မှောက်ဘ၀၌ အကျိုးပေးရလေသည်။

ယခု ပုဏ္ဏသူဆင်းရဲ ဇနီးမောင်နှံတို့၏ အလှူဒါနမှာလည်း ဖော်ပြရာပါ ပစ္စုပ္ပန်ဘဝအတွက် အကြောင်းလေးပါးတို့နှင့် ပြည့်စုံသည့်ပြင် မောင်ပုဏ္ဏ ကိုယ်တိုင်ကပင် သူဌေးဖြစ်ရန် အတိတ်ဘဝ ရှေးကောင်းမှု = ဥပနိဿယနှင့်လည်း ပြည့်စုံသူဖြစ်၍ ထိုနေ့မှာပင် မဟာဓနသူဌေးကြီးဖြစ်အောင် အနုပါဒိဏ္ဏက = သုံးမကုန် စွဲမကုန်နိုင်သည့် သက်မဲ့ ရွှေတုံးရွှေစိုင် ရုပ်ဝတ္ထု အကျိုးတို့ကို ပေးလေသည်)။

     ပုဏ္ဏသူဆင်းရဲ၏ ဇနီးသည်လည်း တဖန် မိမိအိမ်သို့ပြန်၍ ခင်ပွန်းသည်အတွက် ထမင်းအစာအာဟာရကို ချက်ပြုတ်စီမံကာ ယူဆောင်ခဲ့၍ ပုဏ္ဏလယ်ထွန်ရာအရပ်သို့ ရောက်လေသော် ခင်ပွန်းသည်၏ အမျက်ထွက်အံ့သောဘေးမှ ကြောက်ရှာသည်ဖြစ်၍ (ခင်ပွန်းသည် အမျက်ထွက်ခဲ့လျှင် ထိုဆွမ်းအလှူဒါန အဟောသိကံဖြစ်ကာ အကျိုးမရမည်ကို စိုးရိမ်ရှာသည်ဖြစ်၍) “အိုအရှင်.. ယနေ့ တရက်လောက်တော့ အရှင်၏စိတ်ကို အမျက်မထွက်အောင် စောင့်ရှောက် ထိန်းသိမ်းစေလိုပါသည်”ဟု ကြိုတင်၍ ပြောလေ၏၊ ပုဏ္ဏသူဆင်းရဲက “အဘယ်အကြောင်းကြောင့်နည်း”ဟု မေးလေလျှင် ဇနီးသည်သည် “အရှင်.. ကျွန်တော်မသည် ယနေ့ အရှင်၏ (အတွက်တာ) ထမင်း = အာဟာရကို ဆောင်ယူလာစဉ် လမ်းခရီးအကြား၌ အရှင်သာရိပုတ္တရာမထေရ်ကို ဖူးတွေ့ရ၍ အရှင်၏ ဝေစုကျထမင်းကို မထေရ်မြတ်၏ သပိတ်၌ လောင်းလှူလိုက်ပြီးမှ အိမ်သို့ တဖန်ပြန်ကာ ထမင်းအသစ်ချက်၍ ယူဆောင်ပြီး (ယခုလို နေမြင့်မှ) လာရောက်ရပါသည်”ဟု ကြောင်းကျိုးလုံလောက်စွာ ပြောဆိုလေ၏။

ထွန်စိုင်မြေတုံးတို့ ရွှေတုံးများဖြစ်လေပြီ

     ပုဏ္ဏသူဆင်းရဲကလည်း “ရှင်မ.. သင်သည် နှစ်သက်ဖွယ်သော အမှုကို ပြုအပ်လေပြီ၊ ငါသည်လည်း စောစောကပင် မထေရ်မြတ်ကြီးအား ဒန်ပူနှင့် မျက်နှာသစ်ရေတော်ကို ပူဇော်ဆက်ကပ် လှူဒါန်းအပ်လေပြီ၊ ယနေ့ ငါတို့အဖို့ရာ ကောင်းသော မိုးသောက်ခြင်း

၃၂၅

ဖြစ်ပါပေ၏။ မထေရ်မြတ်၏ ယနေ့ ကိုယ်ရေးကိုယ်တာအတွက် သုံးဆောင်အပ်သမျှ အလုံးစုံပင် ငါတို့၏ ဥစ္စာသာလျှင် ဖြစ်ပေ၏”ဟု ဝမ်းမြောက်ဝမ်းသာ ပြောဆိုကာ ဇနီးမောင်နှံ နှစ်ဦးလုံးတို့၏ သန္တာန်ဝယ် တထပ်တည်းတူမျှသည့် ကုသိုလ်စိတ်များ တဖွားဖွားဖြစ်၍ နေလေ၏။

     ထို့နောက် ပုဏ္ဏသူဆင်းရဲသည် ထမင်းစားပြီးလျှင် ဇနီးသည်၏ ပေါင်ပေါ်၌ ဦးခေါင်းချ၍ ခေတ္တမျှ လဲလျောင်းလေ၏။ ထိုအခါ ပုဏ္ဏ၏ ခန္ဓာအစဉ်ဝယ် အိပ်ပျော်ခြင်း = ဘဝင်စိတ်အစဉ်သည် သက်လေတော့၏ (=အိပ်ပျော်သွား၏ဟု ဆိုလိုသည်)။ ပုဏ္ဏသူဆင်းရဲသည် အချိန်အနည်းငယ် အိပ်ပျော်ပြီး၍ နိုးလာလတ်လျှင် မိမိထွန်ယက်ထားသော အရပ်ကို ကြည့်ရှုလေ၏၊ မောင်ပုဏ္ဏ ကြည့်တိုင်း ကြည့်တိုင်းသော အရပ်သည် သပွတ်ခါးပွင့်ကြီးတို့ဖြင့် ကြဲ၍ထားသကဲ့သို့ ဝါဝါဝင်းရွှေ ထိန်ထိန်ဝေလျက် ရှိလေ၏။ ပုဏ္ဏသူဆင်းရဲသည် ဇနီးသည်ကို “ရှင်မ.. ထိုဝတ္ထုများကား အဘယ်မည်သော ဝတ္ထုများနည်း (ထွန်စိုင် မြေတုံးတို့ကို လက်ဖြင့်ညွှန်၍ ပြောနေသည်)၊ ယနေ့ ထွန်ယက်ပြီးသမျှ ဤလယ်မြေအရပ်ဌာနသည် ငါ့အဖို့ရာ ရွှေရောင်အဆင်း ရှိသည်ဖြစ်၍ ထင်နေရ၏”ဟု ပြောဆိုလေ၏။ ဇနီးသည်က “အရှင်.. ယနေ့ အရှင်သည် တနေ့လုံး ပင်ပန်းလှသောကြောင့် မျက်စိများလည်၍ = မှောက်မှား၍ နေကြသည် ထင်ပါ၏”ဟု ပြောလေလျှင် ပုဏ္ဏသူဆင်းရဲသည် “ရှင်မ.. ငါ့အား မယုံကြည်လျှင် ရှင်မကိုယ်တိုင် ကြည့်ပါလော့”ဟု ပြောဆိုလေ၏၊ ထိုအခါကျမှ ဇနီးသည်သည် လယ်မြေကို ကြည့်ပြီးလျှင် “အရှင်.. အရှင်သည် ဟုတ်မှန်သော သဘောကို ပြောဆိုပါ၏၊ ဤဝတ္ထုများသည် အရှင်ပြောသည့်အတိုင်း ရွှေစိုင်တုံးများ ဖြစ်ကြပေလိမ့်မည်”ဟု ပြောဆိုလေ၏။

     ပုဏ္ဏသူဆင်းရဲသည် ကိုယ်တိုင်ထသွား၍ ထွန်စိုင်မြေတုံးတခုကို ကောက်ယူပြီးလျှင် ထွန်တုံးဦး၌ ထုနှက်ကြည့်လေ၏၊ ထွန်စိုင် မြေတုံးကြီးသည် ရွှေတုံးရွှေစိုင်ကြီးဖြစ်ကာ တင်လဲခဲကြီးကဲ့သို့ ထွန်တုံးဦး၌ ကပ်ငြိလျက် တည်လေ၏၊ ပုဏ္ဏသူဆင်းရဲသည်

၃၂၆

ဇနီးသည်ကိုခေါ်၍ “ရှင်မရေ.. အခြားသူများ စိုက်ပျိုးအပ်သော မျိုးစေ့သည် သုံးလ (သို့မဟုတ်) လေးလကြာမှ အသီးသီး၏၊ ငါတို့၏ အရှင်သာရိပုတ္တရာ မထေရ်မြတ် တည်းဟူသော လယ်မြေကောင်းအတွင်း၌ စိုက်ပျိုးအပ်သည့် သဒ္ဓါမျိုးစေ့သည်ကား ယနေ့ပင် မချွတ်ဧကန် အမှန်ပင် အသီးကို သီးစေအပ် = အကျိုးကို ပေးအပ်လေပြီ၊ ဤတပယ်မျှလောက်သော မြေအရပ်၌ သျှိသျှားသီးမျှသော မြေစိုင်ခဲသော်မှလည်း ရွှေမဟုတ်သောမည်သည် မရှိ”ဟု လက်တွေ့ပြ၍ ပြောဆိုလေ၏။

     ဇနီးသည်က “ယခုအခါ အဘယ်သို့ ပြုလုပ်ကြမည်နည်း အရှင်..”ဟု မေးမြန်းလေလျှင် ပုဏ္ဏသူဆင်းရဲသည် “ရှင်မ.. ဤမျှများပြားလှသော ဤရွှေတွေကို ငါတို့ ခိုးဝှက်၍ စားသုံးခြင်းငှါ အဘယ်နည်းဖြင့်မျှ မတတ်နိုင်”ဟု ပြောဆို၍ ဇနီးသည်ကို ထိုနေရာ၌ ထားခဲ့ပြီးလျှင် ထမင်းအပြည့် ထည့်၍လာသော ခွက်အပြည့် ရွှေတုံးရွှေစိုင်တို့ကိုထည့်၍ မင်းနန်းတော်သို့ သွားရောက်ကာ မင်းကြီးအား “လူတယောက် ရွှေခွက်ကို ယူဆောင်လာ၍ ရွှေနန်းတော်တံခါးဝ၌ ရပ်တည်လာနေပါ၏”ဟု လျှောက်ကြားစေလေ၏။ မင်းကြီးသည် ပုဏ္ဏသူဆင်းရဲကို ရှေ့တော်မှောက်သို့ အရောက် ခေါ်သွင်းစေပြီးလျှင် မင်းကြီးနှင့် ပုဏ္ဏသူဆင်းရဲတို့ အပြန်အလှန် မေး,ဖြေကြသည်မှာ-

(မင်းကြီး)

အမောင်.. သင်သည် ဤရွှေများကို အဘယ်အရပ်၌ ရအပ်သနည်း။

(ပုဏ္ဏ)

အရှင်မင်းကြီး.. ယနေ့ အကျွန်ုပ် လယ်ထွန်အပ်သည့် မြေအရပ်တခုလုံး ရွှေတုံးရွှေစိုင်ချည်းဖြစ်၍ နေပါသည်။ မင်းမှုထမ်းများကို စေလွှတ်၍ မင်းဘဏ္ဍာအဖြစ် သိမ်းပိုက်တော်မူကြစေချင်ပါသည်။

(မင်းကြီး)

သင်သည် အဘယ်အမည် ရှိသနည်း။

(ပုဏ္ဏ)

အရှင်မင်းကြီး.. အကျွန်ုပ်သည် ပုဏ္ဏ-အမည်ရှိပါ၏။

၃၂၇

     ထို့နောက် မင်းကြီးသည် “အချင်းတို့.. သွားကြလော့၊ လှည်းများကို က-ပြီးလျှင် ပုဏ္ဏ၏ လယ်ထွန်ရာ အရပ်မှ ရွှေများကို တိုက်ခဲ့ ဆောင်ခဲ့ကြကုန်လော့”ဟု ဆို၍ မင်းမှုထမ်းတို့ကို လှည်းများနှင့်တကွ စေလွှတ်လိုက်လေ၏။

ပုဏ္ဏတို့မိသားစု

သူဌေးလည်းဖြစ် သောတာပန်အရိယာများလည်း ဖြစ်ကြခြင်း

     လှည်းတို့ဖြင့် သွားရောက်ကြပြီးသော မင်းမှုထမ်းတို့သည် “မင်းကြီး၏ ဘုန်းတည်း”ဟု နှုတ်ကမြွက်ဆို၍ ရွှေစိုင်ခဲတို့ကို ကောက်ယူကြကုန်၏၊ ကောက်ယူသမျှ ရွှေစိုင်ခဲများသည် ပကတိ ထွန်စိုင်မြေခဲများသာလျှင် ဖြစ်ကြလေ၏။ မင်းချင်းတို့သည် ရွှေနန်းတော်သို့ သွားရောက်ကြ၍ မင်းကြီးအား ထိုအကြောင်းကို လျှောက်ထားကြလေကုန်၏၊ ဗိမ္ဗိသာရမင်းကြီးက “အချင်းတို့.. ထိုသို့ဖြစ်လျှင် သင်တို့သည် ‘မောင်ပုဏ္ဏ၏ ဘုန်းကံတည်း’ဟု နှုတ်က မြွက်ဆိုကာ ကောက်ယူကြကုန်လော့”ဟု အကြံပေးစကား ပြောကြားလိုက်ရာ မင်းချင်းတို့သည် တဖန်ပြန်သွားကြ၍ မင်းကြီး မှာကြားလိုက်သည့်အတိုင်း “မောင်ပုဏ္ဏ၏ ဘုန်းကံတည်း”ဟု နှုတ်က မြွက်ဆိုကြကာ ကောက်ယူကြလေကုန်၏။ ယူတိုင်း ယူတိုင်းသည် ရွှေသားအတိသာလျှင် ဖြစ်လေ၏။

     မင်းမှုထမ်းတို့သည် ထိုရွှေအားလုံးကို လှည်းအစီးပေါင်း များစွာဖြင့် တိုက်ဆောင်ခဲ့ကြ၍ မင်းကြီး၏အမိန့်အရ နန်းယင်ပြင် (=နန်းတော်မြေကွက်လပ်)၌ ပုံ၍ ထားကြလေကုန်၏၊ ရွှေတုံးရွှေစိုင် အပုံကြီးကား အမြင့်ပမာဏအားဖြင့် ထန်းတဆင့်ခန့်မြင့်၍ နေလေ၏။ မင်းကြီးသည် ကုန်သည်တို့ကို ထိုအရပ်သို့ ခေါ်စေပြီးလျှင် “ဤမြို့ဝယ် အဘယ်သူ၏အိမ်၌ ဤမျှများပြားသော ရွှေများရှိသနည်း”ဟု မေးလေ၏။ ကုန်သည်တို့က “အရှင်မင်းကြီး.. တဦးတယောက်၏ အိမ်မှာမှ ဤမျှများပြားသော ရွှေများ မရှိပါ”ဟု လျှောက်ထားကြလေလျှင် မင်းကြီးက တဖန် “ဤမျှများလှသော ဥစ္စာ၏ အရှင်ဖြစ်သူ မောင်ပုဏ္ဏအား

၃၂၈

အဘယ်သို့ပြုရသော် သင့်မည်နည်း”ဟု မေးပြန်လေ၏။ ကုန်သည်တို့က “ထိုပုဏ္ဏကို ‘ဓနသေဋ္ဌိ’ အမည်ရှိသော သူဌေးကြီး ခန့်အပ်သင့်ပါသည် အရှင်မင်းကြီး..”ဟု တညီတညွတ်တည်း တင်လျှောက်ကြလေလျှင် ဗိမ္ဗိသာရမင်းကြီးသည် “ထိုသို့ဖြစ်လျှင် မောင်ပုဏ္ဏကို ဤရာဇဂြိုဟ်မြို့ဝယ် ‘ဓနသေဋ္ဌိ’ဟူသော ဘွဲ့တံဆိပ် သတ်မှတ်၍ သူဌေးကြီးအရာကို ခန့်အပ်ကြကုန်လော့”ဟု မိန့်တော်မူပြီးလျှင် ထိုရွှေအားလုံးကို မောင်ပုဏ္ဏအားသာ တဖန်ပြန်ပေး၍ ထိုနေ့မှာပင်လျှင် မောင်ပုဏ္ဏအား ကြီးကျယ် ခမ်းနားစွာသော (မင်းပေး) အဆောင်အယောင်များဖြင့် မဟာဓနသေဋ္ဌိ သူဌေးကြီးရာထူးကို ပေးအပ် ချီးမြှောက်လေ၏။

     ဓနသေဋ္ဌိအမည်ရှိသော ပုဏ္ဏသီဟသူဌေးကြီးသည် သူဌေးဘွဲ့ရ မင်္ဂလာပွဲသဘင် ဆင်ယင်ကျင်းပလတ်သော် ခုနစ်ရက်ပတ်လုံး မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာအား ကြီးစွာသော အလှူဒါနကို ပေးလှူလေ၏။ ခုနစ်ရက်မြောက်သောနေ့၌ မြတ်စွာဘုရား၏ ဒါနအနုမောဒနာတရားကို ကြားနာကြရခြင်းကြောင့် (၁) ပုဏ္ဏသူဌေးကြီး (၂) သူဌေးကတော်ကြီး ဥတ္တရာ (၃) သမီးဥတ္တရာ = ဤမိသားစု သုံးယောက်တို့ပင် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏ = သောတာပန်အရိယာ ဖြစ်ကြလေကုန်၏။ ။ဤကား ဗိမ္ဗိသာရမင်းကြီး၏ အာဏာစက်ပြန့်နှံ့ရာ နယ်အတွင်းဝယ် သုံးမကုန် စွဲမကုန်သည့် စည်းစိမ်ဥစ္စာရှိကြသော = အမိတဘောဂ သူဌေးကြီး ၅-ဦးတို့အနက် ပုဏ္ဏသီဟ (ဓနသေဋ္ဌိဘွဲ့ခံ) သူဌေးကြီး၏ အကြောင်းတည်း။

ပုဏ္ဏသီဟသူဌေးကြီး

(မိစ္ဆာဒိဋ္ဌိ) သုမနသူဌေးကြီးနှင့် ခမည်းခမက်တော်စပ်ရခြင်း

     နောက်အဖို့ဝယ် ရာဇဂြိုဟ်သူဌေးကြီး (သုမန)သည် “ပုဏ္ဏသူဌေးကြီး၏အိမ်မှာ အရွယ်ရောက်သော သတို့သမီးရှိ၏”ဟူသော သတင်းစကားကို ကြားသိ၍ မိမိ၏သားနှင့် ထိမ်းမြားလိုသောကြောင့် ပုဏ္ဏသူဌေးကြီးအိမ်သို့ တမန်စေလွှတ်လေ၏။

၃၂၉

ပုဏ္ဏသီဟသူဌေးကြီးသည် သုမနသူဌေး မှာကြားလိုက်သည့် သတင်းစကားကို ကြားရလေလျှင် “ငါသည် သမီးကို ဘယ်နည်းဖြင့်မျှ မပေးနိုင်”ဟု စကားပြတ် သီတင်းတုံ့တဖန် ပြန်လိုက်လေ၏။ သုမနသူဌေးသည်လည်း သူဌေးမာန်ဖြင့် မခံမရပ်နိုင်ဖြစ်ကာ “သင်သည် ငါ၏အိမ်ကိုမှီ၍ နေသွားပြီးမှ ယခုအခါ တပြိုင်နက်တည်းပင် အစိုးရသူ အထက်တန်းစား ဖြစ်သွားခြင်းကြောင့် ငါ့အား (မာန်တက်ကာ) သမီးကို မပေးသလော”ဟု သတင်းတဖန် ပို့စေပြန်လေ၏။ ပုဏ္ဏသီဟ သူဌေးကြီးကလည်း အညံ့မခံပဲ “အမောင်တို့၏ သုမနသူဌေးက ဤယခု မချေမငံစကားကို (ပြောကြားလိုက်သည်မှာ) သဘာဝ ဟုတ်မှန်သည်ကိုပင် ပြောကြားဦးတော့၊ မင်းယောက်ျားသား မည်သည်ကို အခါခပ်သိမ်း ဤကဲ့သို့ချည်း (=သူဆင်းရဲ ဖြစ်နေရမည်)ဟု မမှတ်ယူသင့်ပါ။ မှန်ပါသည်- ငါကား ယခုအခါဝယ် ထိုသုမနသူဌေးကဲ့သို့သော ပုဂ္ဂိုလ်များကို ကျွန်ပြုလုပ်၍ သိမ်းယူခြင်းငှါပင် စွမ်းနိုင်ပါ၏။ အမှန်မှာ- အသင် သုမနသူဌေး၏ မျိုးရိုးဇာတိ, အနွယ်ကို ငါ မဖျက်ဆီးပါ = ဖျက်လိုဖျက်ဆီး ပြောကြားသည် မဟုတ်ပါ၊ စင်စစ်သော်ကား ငါ့သမီးသည် သောတာပန် အရိယသာဝိကာ = မြတ်စွာဘုရား၏တပည့်မ ဖြစ်သည့်အတွက် နေ့စဉ်နေ့စဉ် အသပြာတကျပ်တန် ပန်းတို့ဖြင့် ရတနာသုံးပါးအား ပူဇော်မှု ပြုနေသူ ဖြစ်သည်၊ ထိုငါ့သမီးကို သင်ကဲ့သို့သော မိစ္ဆာဒိဋ္ဌိအယူရှိ သူ၏အိမ်သို့ ဘယ်နည်းဖြင့်မျှ မပို့သနိုင်”ဟု တင်းတင်းမာမာပင် ပြန်ကြား ပြောဆိုလိုက်လေ၏။

     ဤသို့လျှင် ပုဏ္ဏသီဟသူဌေးကြီး၏ တားမြစ်သောအဖြစ် (= တင်းမာသော အဖြစ်)ကို သိရလေလျှင် သုမနသူဌေးသည် လေပျော့သွားကာ “အဟောင်းဖြစ်သော = ရှိရင်းစွဲဖြစ်သော အကျွမ်းဝင်မှု = ခင်မင်ရင်းနှီးမှုကို မဖျက်ဆီးစေချင်ပါ၊ ငါသည် ချွေးမအတွက် နေ့စဉ် နေ့စဉ် အသပြာနှစ်ကျပ်တန် ပန်းတို့ကို စီမံစေပါမည်”ဟု သတင်းတဖန် ပို့စေပြန်လေ၏။ ထိုအခါကျမှ ပုဏ္ဏသီဟသူဌေးကြီးသည် ကျေးဇူးသိတတ်သူ ကတညူပုဂ္ဂိုလ်

၃၃၀

ဖြစ်သောကြောင့် “ကောင်းပါပြီ”ဟု ဝန်ခံ၍ သမီးဖြစ်သူ ဥတ္တရာကို သုမနသူဌေးအိမ်သို့ ပို့စေလေ၏။

ဥတ္တရာ၏ ကြီးစွာသော သဒ္ဓါဆန္ဒ

     တနေ့သ၌ ပုဏ္ဏသူဌေးကြီး၏သမီး ဥတ္တရာသည် မိမိ၏အရှင် ခင်ပွန်းသည်ဖြစ်သော သူဌေးသားကို “အရှင်.. အကျွန်ုပ်သည် မိမိ၏ မိဘအိမ်ဝယ် တလလျှင် ရှစ်သီတင်း အမြဲမပြတ် အဋ္ဌင်္ဂဥပုသ် စောင့်သုံးခဲ့ပါသည်၊ ယခုအခါလည်း အရှင်တို့က သဘောတူ လက်ခံကြပါလျှင် အဋ္ဌင်္ဂဥပုသ်တို့ကို ဆောက်တည် ကျင့်သုံးလိုပါသည်”ဟု သာယာညွတ်ပျောင်း တောင်းပန်ရှာလေ၏။ သူဌေးသားသည် “ခွင့်မပြုနိုင်”ဟု ပြတ်ပြတ်တောင်းတောင်းပင် ပြောဆိုကာ လက်မခံခဲ့ချေ။ ဥတ္တရာသည်လည်း သူဌေးသားကို အသိမှန် = အမြင်မှန်ကို ရစေရန် မတတ်နိုင်ရှာသည်ဖြစ်၍ ဆိတ်ဆိတ်နေခဲ့ရလေ၏။ နောက်တကြိမ် ဝါတွင်း၌ “ဥပုသ်စောင့်ထိန်းသူ ဖြစ်တော့မည်”ဟု ကြံစည်၍ ထိုအခါ၌ အခွင့်ကို ပြုစေပါသော်လည်း (ခွင့်တောင်းပြန်ပါသော်လည်း) အခွင့်မရပဲ ရှိရှာလေ၏။

     ဥတ္တရာသူဌေးသမီးသည် ဝါတွင်းသုံးလအနက် နှစ်လခွဲလွန်မြောက်၍ လဝက် (=၁၅-ရက်)သာ ကျန်လတ်သော် မိဘတို့၏အထံသို့ “မိခင်,ဖခင်တို့.. သမီးသည် မိဘတို့က အိမ်ထောင်တည်းဟူသော လှောင်အိမ်တွင်း သွင်းထားအပ်ခဲ့သည် ဖြစ်ပါ၍ ဤမျှရှည်ကြာ အခါကာလအတွင်း၌ တရက်တာမျှ ဥပုသ်အင်္ဂါတို့ကို ဆောက်တည် ကျင့်သုံးခွင့်ကို မရခဲ့ပါ။ သမီးအထံသို့ အသပြာ (၁၅ဝဝဝိ) တသောင်းငါးထောင်တို့ကို ပို့လိုက်ကြစေချင်ပါသည်”ဟု သတင်းစကား ပို့သစေလေ၏။ မိဖတို့သည် သမီးပို့လိုက်သော သတင်းကို ကြားကြရ၍ “အဘယ်အကြောင်းကြောင့်နည်း”ဟု အကြောင်းကိုပင် မမေးတော့ပဲ အသပြာ (၁၅ဝဝဝိ)ကျပ် တသောင်းငါးထောင်ကို ပို့လိုက်ကြလေကုန်၏။

၃၃၁

     ဥတ္တရာသူဌေးသမီးသည် ထိုအသပြာတို့ကိုယူ၍ ရာဇဂြိုဟ်မြို့မှာရှိသည့် (ဆရာဇီဝက၏နှမ) “သိရိမာ” အမည်ရှိသော ပြည့်တန်းဆာမကို ခေါ်စေပြီးလျှင် “အမိ သိရိမာ.. ငါသည် ဤလဝက် (=၁၅-ရက်)ပတ်လုံး ဥပုသ်အင်္ဂါတို့ကို ဆောက်တည် ကျင့်သုံးပါအံ့ (=ဆောက်တည်ကျင့်သုံးလို၍ပါ)၊ အမိသည် ဤအသပြာ (၁၅ဝဝဝိ) တသောင်း ငါးထောင်တို့ကို ယူ၍ လဝက် (=၁၅-ရက်)ပတ်လုံး သူဌေးသားကို ပြုစုယုယ ဖျော်ဖြေစေချင်ပါသည်”ဟု ပြောဆိုလေ၏။ သိရိမာသည် “ကောင်းပါပြီ အရှင်..”ဟု ဥတ္တရာ၏ ပြောဆိုချက်ကို လက်ခံ သဘောတူလေ၏။ ထိုအခါမှစ၍ သူဌေးသားသည် “ငါကား သိရိမာနှင့်အတူ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ရတော့မည်”ဟု ဥတ္တရာ၏ လဝက်ဥပုသ် စောင့်သုံးမှုကို လက်ခံ သဘောတူလိုက်လေ၏။

     ဥတ္တရာသူဌေးသမီးသည် သူဌေးသားက လက်ခံ သဘောတူကြောင်း သိရ၍ နေ့တိုင်း နေ့တိုင်း စောစောပင်လျှင် ကျွန်မအပေါင်း ခြံရံအပ်လျက် မြတ်စွာဘုရားရှင်အတွက် ကိုယ်တိုင်ကိုယ်ကျ ခဲဖွယ်ဘောဇဉ်များကို စီမံပြီးလျှင် ဘုရားအမှူးရှိသော သံဃာအား ဆက်ကပ်၍ မြတ်စွာဘုရားရှင် ဆွမ်းဘုဉ်းပေးပြီး ကျောင်းတော်သို့ ကြွသွားလေသော် ဥပုသ်အင်္ဂါတို့ကို ဆောက်တည်လျက် မြတ်သော ပြာသာဒ်ထက်သို့ တက်ရောက်ကာ မိမိ၏သီလတို့ကို ဆင်ခြင်လျက် ထိုင်နေလေ၏။ ဤသို့လျှင် (သီတင်းကျွတ်လဆန်း ၁-ရက်နေ့မှစ၍) လဝက် (=၁၅-ရက်)လွန်မြောက် ဥပုသ်ကို ချရတော့မည့် (သီတင်းကျွတ် လပြည့်ကျော်၁-ရက်)နေ့ သို့ ရောက်သောအခါ စောစောစီးစီးပင် ယာဂုခဲဖွယ်စသည်တို့ကို ကိုယ်တိုင်အုပ်ချုပ် ချက်ပြုတ်စီမံလျက် လှည့်လည်နေလေ၏။

“ဝတ္ထုကာမ၊ သဘာဝကား၊ ကာလရှည်ကြာ၊ သုံးမိပါက၊ ပမာဒစု၊ လွှမ်းမိုးမှုကြောင့်၊ သူ့ဟာကိုပင်၊ ကိုယ့်ဟာထင်၏”။ ။(ဓမ္မုပဒေသ)။

     ထိုအချိန်၌ သူဌေးသားသည် သိရိမာနှင့်အတူတကွ ပြာသာဒ်ထက်ဝယ် မွေ့လျော် ပျော်ပါးနေရာက ဇာလေသာပြုတင်းကို ဖွင့်၍ အိမ်ဝိုင်းအတွင်းကို ကြည့်ကာ ရပ်တည်နေလေ၏။

၃၃၂

ဥတ္တရာသည် ထိုအခိုက်မှာ လေသာပြူတင်းပေါက်ဖြင့် အထက်ကိုမော့၍ ကြည့်မိလေ၏။ (အကြည့်ချင်းဆုံ၍ သွားလေပြီ)။ သူဌေးသားသည် ဥတ္တရာကိုကြည့်၍ “ဤဥတ္တရာသည် ငရဲသူမသဘော ရှိစွာ့တကား၊ ဤသို့ သဘောရှိသော သူဌေးမစည်းစိမ်ကို စွန့်ပယ်၍ ထမင်းအိုး ဟင်းအိုး မီးသွေး (မင်)များဖြင့် လူးလဲ ညစ်ပေကာ အကြောင်းမဲ့ ကျွန်မတို့၏အကြား၌ ဟိုသွားဒီသွား လှည့်လည်ကျက်စားနေဘိ၏”ဟု ကြံစည် အောက်မေ့ကာ ပြုံးရွှင်မှု ပြုလေ၏။ ဥတ္တရာ သူဌေးသမီးကလည်း သူဌေးသား မေ့လျော့သည်ကိုသိ၍ “ဤသူမိုက်မည်သည်ကား မိမိ၏ စည်းစိမ်သည် အခါခပ်သိမ်း တည်နေလိမ့်မည်ဟု မှတ်ထင်သည် ဖြစ်ပေလိမ့်မည်”ဟု ဆင်ခြင်မိကာ ပြုံးရွှင်မှု ပြုလေ၏။

     ထိုအခါ သိရိမာသည် “ဤကျွန်မကား ငါရှိလျက်ပင် ဤကဲ့သို့ အရှင်နှင့် ပြုံးရွှင်မှု ပြုဘိ၏”ဟု အမျက်ထွက်ကာ အောက်ထပ်သို့ ပြေးဆင်းလာလေ၏။ ဥတ္တရာသူဌေးသမီးသည် သိရိမာ၏ ပြေးဆင်းလာပုံဖြင့်ပင် “ဤအမိုက်မသည် လဝက်မျှ ဤအိမ်၌ နေရခြင်းကြောင့် ‘ဤအိမ်သည် ငါ့အိမ်’ဟု အမှတ်ရှိသူ ဖြစ်မှားလေပြီ”ဟု သိ၍ ထိုခဏမှာပင် မေတ္တာအပ္ပနာဈာန်ကို ၀င်စား၍ ဣန္ဒြေမပျက် ရပ်တည်လျက်သာ နေလေ၏။ သိရိမာသည်လည်း ကျွန်မတို့၏အကြားမှ ပြေးလာ၍ ယောက်ချိုတခုကို ဆွဲယူကာ မုံ့ကြော်ရာအရပ်၌ရှိသည့် အိုးကင်းထဲမှ ကျိုက်ကျိုက်ဆူ (ပွက်ပွက်ဆူ)နေသော ဆီကို ယောက်ချိုအပြည့် ခပ်ယူခဲ့ပြီးလျှင် ဥတ္တရာ၏ ဦးခေါင်းပေါ်၌ တအားသွန်လောင်းချလိုက်လေ၏။ မေတ္တာဈာန်ကို ဖြန့်ထားခြင်းကြောင့် ဥတ္တရာ၏ ဦးခေါင်းပေါ်၌ လောင်းချအပ်သည့် ကျိုက်ကျိုက်ဆူ (ပွက်ပွက်ဆူ)သော ဆီပူသည် ပဒုမာကြာရွက် ပေါ်၌ လောင်းချအပ်သည့် ရေကဲ့သို့ လျှော၍သာ ကျသွားလေ၏။

     ထိုခဏ၌ သိရိမာ၏ အနီး၌ ရပ်တည်ရှိနေကြသော ဥတ္တရာ၏ ကျွန်မတို့သည် သိရိမာကို ကြည့်ရှုကြ၍ “ဟယ် ကျွန်မ.. သင်ကား ငါတို့၏ အရှင်မလက်မှ အဖိုးအခရယူ၍ လာနေသူဖြစ်လျက်

၃၃၃

ဤအိမ်ဝယ် ဆယ့်ငါးရက်တာ အနေရကြာသည်ဖြစ်၍ ငါတို့၏ အရှင်မနှင့် တူမျှသူဖြစ်အောင် အားထုတ်ဘိတကား” ဟု မျက်မှောက်ထင်ထင်မှာပင် သိရိမာကို ရေရွတ်စကား ပြောကြားကြလေကုန်၏။ ထိုအခါကျမှ (မေ့လျော့နေသော) သိရိမာသည် မိမိမှာ ဧည့်သည်ဖြစ်ကြောင်း ကောင်းစွာသိမြင် ဆင်ခြင်မိလေ၏။ သိရိမာ မိမိမှားကြောင်း ကောင်းစွာသိမြင် ဆင်ခြင်ပြီးနောက် ထိုနေရာမှပင် သွားရောက်ကာ ဥတ္တရာ၏ ခြေရင်း၌ တုပ်ဝပ်၍ “အရှင်မ.. ကျွန်တော်မသည် မစူးမစမ်းမူ၍ ပြုမှားအပ်ခဲ့ပါပြီ။ ကျွန်တော်မအား သည်းခံကြပါကုန်လော့”ဟု တောင်းပန်ဝန်ချစကား ပြောကြားလေ၏။ ထိုအခါ ဥတ္တရာ သူဌေးသမီးသည် “အမိ သိရိမာ.. ငါကား သင့်အား ဤနေရာ၌ အကန်တော့ မခံနိုင်ပါ၊ ငါကား ဖခင်ရှိသော သမီးဖြစ်သည်၊ မြတ်စွာဘုရားရှင် တည်းဟူသော ငါ၏ဖခင်ကို သည်းခံစေမှ = ကန်တော့မှ ငါသည် သည်းခံပေအံ့”ဟု ပြောဆိုလေ၏။

     ထိုခဏမှာပင် မြတ်စွာဘုရားရှင်သည်လည်း ရဟန်းအပေါင်း ခြံရံလျက် ဥတ္တရာ၏ နေအိမ်ဝယ် အသင့်ခင်းထားအပ်သော နေရာ၌ ကြွရောက် ထိုင်နေတော်မူလေ၏။ သိရိမာသည် မြတ်စွာဘုရားရှင် အထံတော်သို့ သွားရောက်၍ မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးတိုက်တုပ်ဝပ်၍ “မြတ်စွာဘုရား.. တပည့်တော်မသည် အရှင်မ ဥတ္တရာ၏အပေါ်၌ အပြစ်တခု လွန်ကျူးပြုအပ်ခဲ့ပါပြီ၊ အရှင်ဘုရားတို့က သည်းခံတော်မူကြမှ သည်းခံမည်ဟု ပြောပါသည်။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်မအား သည်းခံတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်က “သိရိမာ.. သင့်အား ငါဘုရား သည်းခံ၏”ဟု မိန့်တော်မူလေလျှင် သိရိမာသည် ဥတ္တရာထံသို့ သွားရောက်၍ ဥတ္တရာကိုလည်း သည်းခံစေ = ကန်တော့လေ၏။

     ဆက်၍ ဖော်ပြလိုသည်မှာ- ထိုနေ့၌ သိရိမာသည် မြတ်စွာဘုရားရှင်၏ ဆွမ်းအနုမောဒနာတရား နာကြားရ၍-

၃၃၄

အက္ကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။

ဇိနေ ကဒရိယံ ဒါနေန၊ သစ္စေနာလိကဝါဒိနံ။

ကောဓံ = ဒေါသအမျက် ခြောင်းခြောင်းထွက်သူကို။ အက္ကောဓေန = အမျက်မပါ မေတ္တာနှလုံး ကိုယ်ကသုံးသဖြင့်။ ဇိနေ = ချမ်းမြေ့ကြည်ဖြူ အနိုင်ယူရာ၏။ အသာဓုံ = သူတော်မဟုတ် လူသူနုပ်ကို။ သာဓုနာ = သူတော်နှလုံး ကိုယ်ကသုံးသဖြင့်။ ဇိနေ = ချမ်းမြေ့ကြည်ဖြူ အနိုင်ယူရာ၏။ ကဒရိယံ = ကိုယ်ကလည်းမလှူလို သူလှူမည်ကိုလည်း ဟန့်တား အလွန်ကြမ်းတမ်းသော မစ္ဆရိယသမားကို။ ဒါနေန = စွန့်ကြဲပေးကမ်း ကိုယ်ကလှူဒါန်းသဖြင့်။ ဇိနေ = ချမ်းမြေ့ကြည်ဖြူ အနိုင်ယူရာ၏။ အလိကဝါဒိနံ = မမှန်စကား ပြောကြားလေ့ရှိသောသူကို။ သစ္စေန = အမှန်စကား ကိုယ်ကပြောကြားသဖြင့်။ ဇိနေ = ချမ်းမြေ့ကြည်ဖြူ အနိုင်ယူရာ၏ -

ဟူသော ဤတရားဂါထာ အဆုံးဝယ် သောတာပတ္တိဖိုလ်၌ တည်လေ၏ = သောတာပန်အရိယာ ဖြစ်လေ၏။ ထိုသို့ သောတာပန်အရိယာ ဖြစ်ပြီးနောက် သိရိမာသည် မြတ်စွာဘုရားရှင်ကို ပင့်ဖိတ်၍ နောက်တနေ့ဝယ် ဘုရားအမှူးရှိသော သံဃာအား ကြီးစွာသော အလှူဒါနကို ပေးလှူလေ၏။ ဤသို့လျှင် နန္ဒမည်သော သူငယ်၏ အမိဖြစ်၍ နန္ဒမာတာဟူ၍ ခေါ်ဆိုအပ်သော ဤဥတ္တရာသူဌေးသမီး၏ အကြောင်းအရာ အဋ္ဌုပ္ပတ်သည် ဖြစ်ပေါ်ခဲ့လေသည်။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     နောက်အဖို့၀ယ် မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူ၍ ဥပါသိကာ ဒါယိကာမများကို ဧတဒဂ်ရာထူး၌ ထားတော်မူသည်ရှိသော် ဤနန္ဒမာတာ ဥတ္တရာသူဌေးသမီးကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဥပါသိကာနံ ဈာယီနံ ယဒိဒံ ဥတ္တရာ နန္ဒမာတာ = ရဟန်းတို့..

၃၃၅

ဈာန်ဝင်စားလေ့ရှိကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဥပါသိကာတို့တွင် နန္ဒသူငယ်၏ အမိဖြစ်သူ ဥတ္တရာ ဥပါသိကာသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”–

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ဈာယီ = ဈာန်ဝင်စားလေ့ရှိသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား ဥတ္တရာ နန္ဒမာတာ ဥပါသိကာအကြောင်းတည်း။

**********

(၆) သုပ္ပဝါသာ(ကောလိယ)သာကီဝင်မင်းသမီးအကြောင်း

(က) မင်းသမီး၏ ရှေးကောင်းမှု

     ဤသုပ္ပဝါသာ ကောလိယသာကီဝင် မင်းသမီးအလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသမီးဖြစ်၍ မြတ်စွာဘုရားရှင်၏ တရားဒေသနာကို ကြားနာရစဉ် ပဒုမုတ္တရ မြတ်စွာဘုရားရှင်က ဥပါသိကာတယောက်ကို “ပဏီတဒါယိက = မွန်မြတ်သည်ကို လှူသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုရာထူး = ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေ၏။

(ခ) နောက်ဆုံးဘဝ ကောလိယသာကီဝင် မင်းသမီး

သုပ္ပဝါသာ ဖြစ်လာခြင်း

     ထိုအမျိုးကောင်းသမီးသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့၍ ဤဘုရားမြတ်စွာ ပွင့်ထွန်းတော်မူရာ ကာလဝယ် ကောလိယပြည်၌ သာကီဝင်မင်းသမီး ဖြစ်လာလေသည်။ ထိုမင်းသမီး၏ အမည်ကို သုပ္ပဝါသာ-ဟု မှည့် ခေါ်ကြလေသည်။ သုပ္ပဝါသာ သာကီဝင်မင်းသမီးသည် အရွယ်သို့ ရောက်လတ်သော် သာကီဝင်မင်းသားတယောက်၏

၃၃၆

အိမ်သို့လိုက်ပါ အိမ်ရှင်မပြုလုပ်နေထိုင်ရစဉ် မြတ်စွာဘုရားရှင်ကို ပဌမအကြိမ် ဖူးတွေ့ရစဉ်ကပင် ဘုရားရှင်၏ တရားစကားကို ကြားနာရ၍ သောတာပတ္တိဖိုလ်၌ တည်လေသည်။ ထိုသုပ္ပဝါသာ သာကီဝင် မင်းသမီးသည် နောက်အဖို့ဝယ် သီဝလိသူငယ်ကို ဖွားမြင်လေသည်။ (ဤအကြောင်းအရာ အကျယ်ကို အောက် ထေရာပဒါနခဏ်း ဤဆဋ္ဌမတွဲ ပဌမပိုင်း စာမျက်နှာ ၃၀၅-မှ စ၍ ကြည့်ရှုကုန်ရာ၏)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     အရှင်သီဝလိ၏မယ်တော် ဤသုပ္ပဝါသာ ကောလိယသာကီဝင် မင်းသမီးသည် အခါတပါး၌ ဘုရားအမှူးရှိသော ရဟန်းသံဃာအား အထူးထူးအပြားပြား များမြတ်ချိုမြိန်သော အရသာရှိသည့် ပဏီတဘောဇဉ်ကို လှူဒါန်း ဆက်ကပ်လေသည်။ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီး၍ အနုမောဒနာတရား ဟောကြားတော်မူလတ်သည်ရှိသော် သုပ္ပဝါသာ မင်းသမီးအား-

“ဘောဇနံ သုပ္ပဝါသေ ဒေန္တီ အရိယသာဝိကာ ပဋိဂ္ဂဟကာနံ ပဉ္စ ဌာနာနိ ဒေတိ- အစရှိသည်ဖြင့် သုပ္ပဝါသာ.. ဆွမ်းခဲဖွယ်ဘောဇဉ်ကို လှူဒါန်းသော ငါဘုရား၏ တပည့်မ = သာဝိကာသည် အလှူခံပုဂ္ဂိုလ်တို့အား ၅-ဌာနတို့ကို လှူဒါန်းသည်မည်၏။ အသက်အလှူကို လှူသည်မည်၏, အဆင်းအလှူကို လှူသည်မည်၏, ချမ်းသာသုခအလှူကို လှူသည်မည်၏, ခွန်အားဗလအလှူကို လှူသည်မည်၏, ဉာဏ်ပညာပဋိဘာန် အလှူကို လှူသည်မည်၏။

အာယုဒါနကို ပေးလှူရခြင်းကြောင့် နတ်၌ဖြစ်, လူ၌ဖြစ်သော အသက်၏ အဖို့ဝေစုရသူ (အသက်ရှည်သောနတ်, အသက်ရှည်သောလူ) ဖြစ်၏။ (ပ)။ ဉာဏ်ပညာ ပဋိဘာန် အလှူဒါနကို ပေးလှူရခြင်းကြောင့် နတ်၌ဖြစ်, လူ၌ဖြစ်သော ဉာဏ်ပညာ ပဋိဘာန်၏ အဖို့ဝေစုရသူ

၃၃၇

(=ဉာဏ်ပညာကြီးသောနတ်, ဉာဏ်ပညာကြီးသောလူ) ဖြစ်၏”—

ဟူသော ဤတရားဒေသနာကို ဟောကြားတော်မူလေ၏၊ ဤသို့လျှင် ဧတဒဂ်ဘွဲ့ပေးရန် ဤအကြောင်းဝတ္ထုကား ဖြစ်ပေါ်ခဲ့လေသည်။

     ထိုမှ နောက်အခါ၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတိုက်တော်ဝယ် သီတင်းသုံး နေထိုင်တော်မူ၍ ဥပါသိကာ = ဒါယိကာမများကို ဧတဒဂ်ရာထူး = ဌာနန္တရ၌ ထားတော်မူသည်ရှိသော် ကောလိယ သာကီဝင်မင်း၏ သမီးဖြစ်သူ ဤသုပ္ပဝါသာ ဥပါသိကာမကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဥပါသိကာနံ ပဏီတဒါယိကာနံ ယဒိဒံ သုပ္ပဝါသာ ကောလိယဓီတာ = ရဟန်းတို့.. မွန်မြတ်သောဝတ္ထုကို ပေးလှူကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဥပါသိကာတို့တွင် ကောလိယ သာကီဝင်မင်း၏သမီး သုပ္ပဝါသာသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ပဏီတဒါယိကာ = မွန်မြတ်သောဝတ္ထုကို လှူလေ့ရှိသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား သုပ္ပဝါသာမင်းသမီး အကြောင်းတည်း။

**********

(၇) သုပ္ပိယာဥပါသိကာအကြောင်း

(က) သုပ္ပိယာ၏ ရှေးကောင်းမှု

     ဤသုပ္ပိယာ ဥပါသိကာအလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော် အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသမီးဖြစ်၍ နောက်အဖို့ဝယ် မြတ်စွာဘုရား၏ တရားတော်ကို နာယူစဉ် ပဒုမုတ္တရ မြတ်စွာဘုရားရှင်က ဥပါသိကာ တယောက်ကို “ဂိလာနုပဋ္ဌာကီ = သူနာရဟန်းကို

၃၃၈

ထူးချွန်စွာ ပြုစုသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုရာထူး = ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ သုပ္ပိယာဥပါသိကာဖြစ်ခြင်း

     ထိုအမျိုးကောင်းသမီးသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည် ကျက်စားခဲ့၍ ဤဘုရားမြတ်စွာ ပွင့်ထွန်းတော်မူရာ ကာလဝယ် ဗာရာဏသီပြည် အမျိုးကောင်းအိမ် = သူဌေးအိမ်၌ သူဌေးသမီး ဖြစ်လာလေသည်။ ထိုသတို့သမီး၏ အမည်ကို သုပ္ပိယာ-ဟူ၍ မှည့်ခေါ်ကြလေသည်၊ သုပ္ပိယာ သူဌေးသမီး အရွယ်ရောက်သောအခါ သုဒ္ဓိယမည်သော အမျိုးကောင်းသား = သူဌေးသားအိမ်သို့ လိုက်ပါ (အိမ့်ရှင်မ ဖြစ်ခဲ့)ရလေသည်။

     နောက်အဖို့၀ယ် မြတ်စွာဘုရားရှင်သည် ရဟန်းအပေါင်း ခြံရံလျက် ဗာရာဏသီပြည်သို့ ကြွရောက်တော်မူကာ ဣသိပတန မိဂဒါဝုန် ကျောင်းတိုက်ကြီး၌ သီတင်းသုံး နေထိုင်တော်မူလေ၏။ သုပ္ပိယာ သူဌေးကတော်သည် မြတ်စွာဘုရားရှင်ကို ပဌမအကြိမ် ဖူးမြင်ရသော အခါ၌ပင်လျှင် တရားတော်ကို ကြားနာရ၍ သောတာပတ္တိဖိုလ်၌ တည်လေ၏ = သောတာပန်အရိယာ ဖြစ်လေ၏။

သုပ္ပိယာ၏ အံ့ဩလောက်သော ဒါနစေတနာ

     တနေ့သ၌ သုပ္ပိယာ ဥပါသိကာသည် မိဂဒါဝုန် ကျောင်းတိုက်တော်သို့ သွားရောက်ကာ တရားနာပြီးလျှင် ကျောင်းစဉ်လှည့်လည်လတ်သော် ရဟန်းတပါး ဝမ်းလျှောဆေး စားထား၍ အားနွဲ့ကာ မမာမကျန်း ဖြစ်နေသည်ကို ဖူးတွေ့ရ၍ ထိုရဟန်းကို ရှိခိုး, အစေ့အစပ်စကား ပြောကြားပြီးလျှင် “အရှင်ဘုရား၏ ကျန်းမာရေးအတွက် အဘယ်အရာကိုရမှ သင့်ပါမည်နည်းဘုရား”ဟု မေးလျှောက်လေ၏။ ဂိလာနရဟန်းက “ဒါယိကာမကြီး.. သားမျိုးဟင်းရည် = စွတ်ပြုတ်ရည်ကို ရလျှင် သင့်လျော်ပါ၏”ဟု

၃၃၉

မိန့်ဆိုလေလျှင် သုပ္ပိယာဥပါသိကာသည် “ရှိပါစေ အရှင် ဘုရား..၊ တပည့်တော်မသည် ပို့လိုက်ပါမည်”ဟု လျှောက်ထား ရှိခိုးကာ မြို့တွင်းသို့ ပြန်လာ၍ နောက်တနေ့ဝယ် အလိုလိုဖြစ်သော အသား = ပံသုကူအသား ရယူရန် အိမ်စေကျွန်မကို ဈေးသို့ လွှတ်လိုက်လေ၏။ အိမ်စေကျွန်မသည် တမြို့လုံး၌ပင် ပံသုကူ အသား (=မိမိပယောဂမပါပဲ အလိုလိုဖြစ်ပေါ်သော အသား)ကို ရှာမရ၍ မရသည့်အကြောင်းကို သုပ္ပိယာ ဥပါသိကာအား ပြန်ကြားပြောဆိုလေ၏။

     သုပ္ပိယာဥပါသိကာ သူဌေးကတော်သည် “ငါကား အရှင်မြတ်၏ အတွက်တာ သားမျိုးဟင်းရည် = စွတ်ပြုတ်ရည်ကို ပို့လိုက်ပါမည်ဟု လျှောက်ထားခဲ့ပြီးမှ အကယ်၍ ပံသုကူအသားကို မရသဖြင့် မပို့သပဲ နေချေလျှင် အရှင်မြတ်သည် အခြားမှလည်း သားမျိုးဟင်းရည် = စွတ်ပြုတ်ရည်ကို မရသည်ဖြစ်၍ ငြိုငြင် ပင်ပန်းတော်မူရှာလိမ့်မည်၊ တစုံတခု (=ရသည့်နည်း)ကိုပြု၍ ပို့စေမှ သင့်တော်မည်”ဟု ကြံစည်အောက်မေ့ကာ အိပ်ခန်းတွင်းသို့ ဝင်သွား၍ မိမိ၏ ပေါင်သားကို ဖြတ်ပြီးလျှင် အိမ်စေကျွန်မအား “အမိ.. ဤအသားကို ယူသွားပြီးလျှင် ဟင်းမျိုးရည်ဆိုင်ရာ အဆောက်အဦ (=ငြုတ်, ကြက်သွန်, ဇီယာ, ကရဝေး-စသည်)တို့နှင့် ရောစပ်၍ သားမျိုးဟင်းရည် = စွတ်ပြုတ်ရည် ပြုလုပ်ပြီးလျှင် ကျောင်းတိုက်သို့ ယူဆောင်သွား၍ ဂိလာနရဟန်းတော် အရှင်အား လှူဒါန်းလိုက်ပါလေ၊ အကယ်၍များ ထိုဂိလာန အရှင်မြတ်က ငါ့ကို မေးတော်မူခဲ့လျှင် နေမကောင်းဘူးဟူ၍ ပြောဆို လျှောက်ထားပါလော့”ဟု ပြောဆိုကာ ပေးအပ်လိုက်လေ၏။ ကျွန်မသည် သုပ္ပိယာဥပါသိကာ သူဌေးကတော် ပြောသည့်အတိုင်း ပြုလုပ်ဆက်ကပ်လေ၏။

     မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ နောက်တနေ့ ဆွမ်းခံချိန်၌ ရဟန်းအပေါင်း ခြံရံအပ်လျက် သုပ္ပိယာဥပါသိကာ၏ အိမ်သို့ ကြွတော်မူလေ၏၊ (သုပ္ပိယဒါယကာ ပင့်လျှောက်ချက်အရ ကြွတော်မူခြင်းဖြစ်သည်)၊ မြတ်စွာဘုရားသည်

၃၄၀

ခင်းထားပြီးသော နေရာ၌ ထိုင်နေတော်မူပြီးလျှင် သုပ္ပိယဒါယကာနှင့် အပြန်အလှန် မေးမြန်းပြောဆိုတော်မူသည်မှာ-

(ဗုဒ္ဓ)

သုပ္ပိယာဥပါသိကာမ အဘယ်မှာနည်း။

(သုပ္ပိယ)

မမာမကျန်းဖြစ်နေပါသည် မြတ်စွာဘုရား..။

(ဗုဒ္ဓ)

ထိုသို့ပင် မမာမကျန်းသော်လည်း လာပါစေလော့။

(သုပ္ပိယ)

မလာနိုင်ပါ မြတ်စွာဘုရား..။

(ဗုဒ္ဓ)

ထိုသို့ မလာနိုင်လျှင် ပွေ့ချီ၍သော်လည်း ခေါ်ဆောင်ခဲ့ကြလော့။

     ထိုအခါ သုပ္ပိယဥပါသကာသည် သုပ္ပိယာဥပါသိကာကို ပွေ့ချီ၍ ဆောင်ယူခဲ့လေ၏၊ သုပ္ပိယာ ဥပါသိကာ ၏အဖို့ရာ မြတ်စွာဘုရားရှင်ကို ဖူးမြင်လိုက်ရသည်နှင့် တပြိုင်နက်ပင် ထိုမျှကြီးစွာသော အနာသည် အသားနုတက်ကာ ပကတိအရေ, အမွေးတို့ ဖြစ်လေ၏။ ထိုအခါ ဇနီးမောင်နှံ နှစ်ယောက်လုံးတို့ပင် “အချင်းတို့.. မြတ်စွာဘုရား၏ တန်ခိုးအာနုဘော် ကြီးမြတ်သည်၏အဖြစ် (=ကြီးမြတ်ခြင်း)သည် အံ့ဖွယ်ရှိစွာ့တကား, မဖြစ်စဘူး အထူးဖြစ်စွာ့တကား၊ မြတ်စွာဘုရားကို ဖူးမြင်လိုက်ရသည်နှင့် တပြိုင်နက်ပင် ထိုမျှကြီးစွာသော အနာသည် အသားနုတက်ကာ ပကတိ အရေ, အမွေးတို့ ဖြစ်တုံဘိ၏”ဟု ပြောဆိုကြကာ ရွှင်လန်း နှစ်သက် တက်ကြွသော စိတ်ရှိကြလျက် ဘုရားအမှူးရှိသော သံဃာတော်ကို မွန်မြတ်သော ဆွမ်းခဲဖွယ် ဘောဇဉ်တို့ဖြင့် ပြုစုဆက်ကပ် လုပ်ကျွေးကြလေ၏။

     မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးလတ်သော် သုပ္ပိယဥပါသကာ, သုပ္ပိယာ ဥပါသိကာတို့အား တရားဟောတော်မူပြီး၍ ကျောင်းတော်သို့ ပြန်ကြွတော်မူကာ ရဟန်းသံဃာကို စည်းဝေးစေတော်မူ၍ ထို အစည်းအဝေး၌ မေးမြန်း မိန့်ဆိုတော်မူသည်မှာ-

၃၄၁

(ဗုဒ္ဓ)

ရဟန်းတို့.. အဘယ်သူသည် သုပ္ပိယာဥပါသိကာမကို အသားတောင်းသနည်း။

(ထိုရဟန်း)

မြတ်စွာဘုရား.. တပည့်တော်သည် သုပ္ပိယာဥပါသိကာမကို အသားတောင်းမိပါသည်။

(ဗုဒ္ဓ)

ရဟန်း.. ပို့ဆောင်အပ်သလော။

(ထိုရဟန်း)

ပို့ဆောင်အပ်ပါသည် မြတ်စွာဘုရား။

(ဗုဒ္ဓ)

ရဟန်း.. သင်သည် သုံးဆောင်သလော။

(ထိုရဟန်း)

တပည့်တော်သည် သုံးဆောင်မိပါသည်မြတ်စွာဘုရား..။

(ဗုဒ္ဓ)

ရဟန်း.. သင်သည် (မည်သည့်အသားဟု) စုံစမ်း မေးမြန်းမိ၏လော။

(ထိုရဟန်း)

မစုံစမ်း မမေးမြန်းမိပါ မြတ်စွာဘုရား..။

     ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းကို များစွာသော အကြောင်းတို့ဖြင့် ကဲ့ရဲ့ ရှုတ်ချတော်မူပြီးလျှင်-

“ရဟန်းတို့.. သဒ္ဓါတရားရှိ၍ ကြည်ညိုသော လူတို့သည် မိမိ၏ အသားတို့ကိုသော်လည်း စွန့်လှူကုန်၏။ ရဟန်းတို့.. လူသားကို မစားအပ် = မစားကောင်း၊ စားသောရဟန်းအား ထုလ္လစ္စဉ်းအာပတ် သင့်စေ။ ရဟန်းတို့.. မစုံစမ်း မမေးမြန်းပဲ အသားကို မစားအပ် = မစားကောင်း၊ စားသောရဟန်းအား ဒုက္ကဋ်အာပတ် သင့်စေ”—

ဟု သိက္ခာပုဒ်ကို ပညတ်တော်မူလေ၏။ (အကြောင်းအရာ အကျယ်ကို ပိဋကတ်တော်မြန်မာပြန် ဝိနည်းမဟာဝဂ်ပါဠိတော် မျက်နှာ ၃၁၁-မှစ၍ ကြည့်ရှု မှတ်ယူကုန်ရာ၏)။ ဤသို့လျှင် ဤသုပ္ပိယာဥပါသိကာ၏ ဧတဒဂ်ရကြောင်း အကြောင်းဝတ္ထုကား ဖြစ်ပေါ်ခဲ့လေသည်။

၃၄၂

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     နောက်အဖို့ဝယ် မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတိုက်၌ နေတော်မူစဉ် ဥပါသိကာတို့ကို ဧတဒဂ်ရာထူး = ဌာနန္တရတို့၌ ထားတော်မူသည်ရှိသော် ဤသုပ္ပိယာ ဥပါသိကာကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဥပါသိကာနံ ဂိလုနုပဋ္ဌာကီနံ ယဒိဒံ သုပ္ပိယာ ဥပါသိကာ = ရဟန်းတို့.. သူနာကို လုပ်ကျွေး ပြုစုတတ်ကုန်သော ငါဘုရား၏ တပည့်မ = သာဝိကာ ဥပါသိကာတို့တွင် သုပ္ပိယာ ဥပါသိကာသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ဂိလာနုပဋ္ဌာကီအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား သုပ္ပိယာဥပါသိကာ အကြောင်းတည်း။

**********

(၈) ကာတိယာနီဥပါသိကာအကြောင်း

(က) ဥပါသိကာ၏ ရှေးကောင်းမှု

     ဤကာတိယာနီ ဥပါသိကာအလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသမီး (=သူဌေးသမီး)ဖြစ်၍ မြတ်စွာဘုရားရှင်က ဥပါသိကာတယောက်ကို “အဝေစ္စပသန္န = သာသနာတော်ဝယ် မတုန်မလှုပ် သက်ဝင်ယုံကြည်သော အရာ”၌ ဧတဒဂ် ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ အဓိကာရ ကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူး = ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေ၏။

(ခ) နောက်ဆုံးဘဝ ကာတိယာနီသူဌေးမ ဖြစ်ခြင်း

     ထိုအမျိုးကောင်းသမီးသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည် ကျက်စားခဲ့၍ ဤဘုရားမြတ်စွာ ပွင့်ထွန်းတော်မူရာ ကာလဝယ် ကုရရဃရ-မည်သော မြို့၌ သူဌေးသမီး

၃၄၃

ဖြစ်လာလေသည်။ ထိုသူဌေးသမီး၏ အမည်ကို “ကာတိယာနီ”ဟု မိဖတို့က မှည့်ခေါ်ကြလေသည်။ ထိုကာတိယာနီ သူဌေးသမီးသည် အရွယ်သို့ ရောက်လတ်သော် (အောက် ထေရာပဒါနခဏ်း၌ ဖော်ပြရာပါ) သောဏကုဋိကဏ္ဏမထေရ်၏ မယ်တော်ဖြစ်သူ ကာဠီသူဌေးကတော်နှင့် အလွန်ရင်းနှီးသည့် သူငယ်ချင်းမ ဖြစ်လေ၏။

ကာတိယာနီသူဌေးမ၏ အစလသဒ္ဓါတရား

     နောက်အဖို့ဝယ် သောဏကုဋိကဏ္ဏ မထေရ်မြတ်သည် ဘုရားရှင်အထံတော်မှ ပြန်လာ၍ မယ်တော် ကာဠီသူဌေးကတော်က “မြတ်စွာဘုရားအား ရွတ်ဆိုလျှောက်ထားခဲ့သည့် နည်းအတိုင်း မယ်တော်အားလည်း တရားဟောတော်မူပါ”ဟု တောင်းပန် လျှောက်ထားအပ်ရကား ညဉ့်အဖို့ဝယ် ကုရရဃရမြို့လယ် တရား မဏ္ဍပ်အတွင်း ခင်းထားအပ်သော ဓမ္မာသနပလ္လင်တော်၌ ထိုင်နေတော်မူ၍ မယ်တော် ကာဠီသူဌေးကတော်ကို ကိုယ်တော်၏ မျက်မှောက်၌ တရားနာခံအဖြစ်ထားကာ တရားဟောမှုကို စတင် အားထုတ်တော်မူလေ၏။ ထိုအခါ ဤကာတိယာနီသူဌေးမသည် ကာဠီနှင့် အတူတကွသွား၍ ပရိသတ်အစွန်မှ တရားကို ရိုသေစွာ နာယူလျက် တည်နေလေ၏။

     ထိုအချိန်၌ ခိုးသားငါးရာတို့သည် မြို့တွင်း၌ နေ့အခါက ပြုလုပ်အပ်ခဲ့သော အမှတ်ဖြင့် မြို့အစွန်မှစ၍ ဥမင်လိုဏ်ခေါင်း တူးကြ၍ ဤကာတိယာနီ သူဌေးမ၏အိမ်သို့ ရောက်ကြလေကုန်၏။ ထိုအခါ ခိုးမှူး (ဓားပြ=ဒမြဗိုလ်)သည် ငယ်သားများနှင့်အတူ ဥမင်လိုဏ်ခေါင်းသို့ မဝင်ပဲ “ဤပရိသတ်ကား အဘယ့်ကြောင့် စည်းဝေးနေပါလိမ့်”ဟု စုံစမ်းရန် သောဏမထေရ် တရားဟောရာအရပ်သို့ သွားရောက်၍ ပရိသတ်အစွန်း၌ ရပ်တည်လျက် ဤကာတိယာနီသူဌေးမ၏ ကျောနောက်က ရပ်၍နေလေ၏။

     ထိုအခါ ကာတိယာနီ သူဌေးမသည် အစေအပါး ကျွန်မကို “သွားပါ မယ်မင်း..၊ အိမ်တွင်းသို့ဝင်၍ ဆီမီးထွန်းရန်ဆီကို ယူခဲ့ပါလော့၊ ငါတို့သည် ဆီမီးများကို ညှိထွန်း၍ တရားနာကြကုန်အံ့

၃၄၄

(သီဟိုဠ်မူအလို) ဆီမီးညှိထွန်းကြကုန်အံ့၊ သူငယ်ချင်းမ ကာဠီ၏ ကုသိုလ်မှု၌ အဖို့အစု ယူကြကုန်အံ့”ဟု ပြောဆို စေလွှတ်လိုက်လေ၏။ ထိုကျွန်မသည် အိမ်သို့ရောက်၍ ဥမင်လိုဏ်ခေါင်းအတွင်း၌ သူခိုး (ဓားပြ)တို့ကို တွေ့မြင်ရ၍ မီးထွန်းရန်ဆီကိုမျှ မယူဝံ့တော့ပဲ တရားပွဲသို့ ပြန်လာ၍ မိမိ၏ အရှင်မအား “အရှင်မ.. အိမ်မှာ ခိုးသူ(ဓားပြ)တို့သည် ဥမင်လိုဏ်ခေါင်း တူးဖောက်၍ နေကြပါ၏”ဟု ပြောကြားလေ၏။ ဓားပြဗိုလ်သည် ထိုစကားကို ကြားရ၍ “အကယ်၍များ ဤကာတိယာနီ သူဌေးမသည် ဤကျွန်မ၏စကားကို နာယူ၍ မိမိအိမ်သို့ လိုက်ပါသွားရောက်လျှင် ဤနေရာ၌ပင် ထိုသူဌေးမကို သန်လျက်ဖြင့် နှစ်ပိုင်းဖြတ်ပေအံ့။ ထိုသို့မဟုတ်ပဲ အကယ်၍ နာယူမြဲတိုင်းသော တရားအာရုံနိမိတ်ဖြင့်ပင် ဆက်လက်၍ တရားကို နာယူနေခဲ့သော် ခိုးသားများ ယူအပ်ပြီးသော ဘဏ္ဍာကိုလည်း တဖန်ပြန်၍ ပေးစေအံ့”ဟု စိတ်ထဲက ကြံစည်၍ထားလေ၏။

     ကာတိယာနီ သူဌေးမသည်လည်း ကျွန်မပြောသော စကားကို ကြားသိရလေလျှင် “အမိ.. အသံမပြုပါလင့် = တိတ်တိတ်နေပါ။ ခိုးသူတို့ ခိုးယူကြလျှင် မိမိတွေ့မြင်သော ဝတ္ထုကိုသာ ခိုးယူကြပါလိမ့်မည်၊ ငါကား ယခု ကြားနာရန် ခဲယဉ်းလှသော တရားတော်ကို နာကြားနေပါ၏၊ အမိသည် တရား၏အန္တရာယ်(=ဓမ္မန္တရာယ်)ကို မပြုပါလင့်”ဟု ပြောဆိုလေ၏။ ဓားပြဗိုလ်သည် ကာတိယာနီ သူဌေးမ၏စကားကို နောက်မှနေ၍ ကြားရလေသော် “ဤသို့စင် ကြီးမြတ်လှသည့် ကုသိုလ်ဆန္ဒ အဇ္ဈာသယဖြင့် တည်နေသူ သူမ၏အိမ်က ဥစ္စာကို ခိုးယူကြမည်ဆိုလျှင် ငါတို့သည် မဟာပထဝီ မြေအတွင်းသို့သာ ဝင်ကြရတော့မည် ဧကန်အမှန် ဖြစ်ချေ၏- မြေမျိုခံကြရတော့မည် ဧကန်”ဟု ဆင်ခြင် စဉ်းစားမိ၍ ထိုခဏမှာပင် ကာတိယာနီ သူဌေးမ၏အိမ်သို့ သွား၍ ခိုးသားများ ယူအပ်ပြီးသော ဥစ္စာအားလုံးကို စွန့်ထားခဲ့စေပြီးလျှင် ခိုးသားတို့နှင့် အတူတကွလာ၍ တရားနာလျက် ပရိသတ်အစွန်အဖျား၌ ရပ်တည်နေလေ၏။

၃၄၅

     ကာတိယာနီသူဌေးမ ဥပါသိကာသည် အရှင်သောဏကုဋိကဏ္ဏမထေရ်၏ တရားဒေသနာနိဂုံး ဆုံးလတ်သောအခါ သောတာပတ္တိဖိုလ်၌ တည်လေ၏ = သောတာပန်အရိယာဖြစ်လေ၏။ ထို့နောက် အရုဏ်တက်လတ်သော် ဓားပြဗိုလ်သည် ကာတိယာနီသူဌေးမ ဥပါသိကာ၏ ခြေတို့၌ ဦးတိုက်တုပ်ဝပ်၍ “အရှင်မ.. အကျွန်ုပ်တို့ အားလုံးအားပင် သည်းခံပါလော့”ဟု တောင်းပန်စကား ပြောကြားလေ၏။ ကာတိယာနီသူဌေးမ ဥပါသိကာက “သင်တို့သည် ငါ့အပေါ်၌ အဘယ်သို့သော ပြစ်မှားမှုကို ပြုအပ်သနည်း”ဟု မေးမြန်းလေလျှင် ထားပြဗိုလ်သည် မိမိ ပြုမှား ကြံမှားခဲ့သည့် အပြစ်အားလုံးကို ပြန်ကြားပြောဆိုလေ၏။ ကာတိယာနီသူဌေးမ ဥပါသိကာက “အမောင်တို့.. ထိုသို့ဖြစ်လျှင် ငါသည် သင်တို့အား သည်းခံ၏”ဟု ဆိုလေလျှင် ဓားပြဗိုလ်သည် “အိုအရှင်မ.. အကျွန်ုပ်တို့အား ဤသို့ (သည်းခံပါ၏ဟု ပြောဆိုရုံ)မျှဖြင့် အပြေအလည် သည်းခံအပ်သည် မမည်ပါ၊ စင်စစ်သော်ကား အရှင်မတို့၏သား သောဏကုဋိကဏ္ဏမထေရ်မြတ် အထံ၌ အကျွန်ုပ်တို့ ငါးရာလုံးအားပင် ရှင်ရဟန်း ပြုပေးစေချင်ပါ၏”ဟု တောင်းပန်စကား ပြောကြားလေ၏။ ကာတိယာနီသူဌေးမ ဥပါသိကာသည် ထိုခိုးသား ငါးရာလုံးတို့ကို ခေါ်ဆောင်၍ အရှင်သောဏကုဋိကဏ္ဏ မထေရ်၏အထံ၌ (ရဟန်းဒါယိကာမအဖြစ် ခံယူကာ) ရှင်ရဟန်းပြုပေးစေလေ၏။ ထိုခိုးသားငါးရာတို့ သည်လည်း မထေရ်၏အထံ၌ ရှင်ရဟန်းပြုကြပြီးသော် ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်ကြသဖြင့် ငါးရာလုံးတို့ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြလေ၏ = ရဟန္တာ ဖြစ်ကြလေကုန်၏။ ဤသို့လျှင် ဤကာတိယာနီ ဥပါသိကာမ၏ မတုန်မလှုပ် သာသနာ၌ သက်ဝင်ယုံကြည်ခြင်း သဒ္ဓါတရားနှင့်စပ်သော အကြောင်းဝတ္ထုသည် ဖြစ်ပေါ်ခဲ့လေသည်။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     နောက်အဖို့ဝယ် မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး နေတော်မူစဉ် ဥပါသိကာတို့ကို အစဉ်အတိုင်း

၃၄၆

ဧတဒဂ်ရာထူး = ဌာနန္တရတို့၌ ထားတော်မူသည်ရှိသော် ဤကာတိယာနီသူဌေးမ ဥပါသိကာကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဥပါသိကာနံ အဝေစ္စပ္ပသန္နာနံ ယဒိဒံ ကာတိယာနီ = ရဟန်းတို့.. သာသနာတော်ဝယ် မတုန်မလှုပ် သက်ဝင်ယုံကြည်ကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဥပါသိကာတို့တွင် ကာတိယာနီ ဥပါသိကာသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “အဝေစ္စပသန္န အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား ကာတိယာနီ ဥပါသိကာ အကြောင်းတည်း။

**********

(၉) နကုလမာတုဥပါသိကအကြောင်း

(ဤနကုလမာတု ဥပါသိကာအကြောင်းကို အောက် ဥပါသကစရိတခဏ်း ၁၀-နကုလပိတု ဥပါသကာအကြောင်း၌ ဆိုအပ်ခဲ့ပြီးသော နည်းအတိုင်း သိမှတ်ရာ၏။ အထူးအားဖြင့် နကုလပိတု ဥပါသကာနေရာ၌ နကုလမာတု ဥပါသိကာကို အဦးပြု၍ သိမှတ်ရာ၏။

နကုလပိတုဥပါသကာနှင့် နကုလမာတု ဥပါသိကာတို့ ဇနီးမောင်နှံ နှစ်ဦးလုံးပင် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါ၌ နကုလပိတု ဥပါသကာအလောင်း အမျိုးကောင်းသားက ဥပါသကာတယောက်ကို ပဒုမုတ္တရ မြတ်စွာဘုရားက ဝိဿာသကအရာ၌ ဧတဒဂ် ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုဝိဿာသက ဧတဒဂ်ရာထူးကို ဆုပန်ခဲ့သည့်နည်းတူ နကုလမာတု ဥပါသိကာအလောင်း အမျိုးကောင်းသမီးသည်လည်း ဥပါသိကာမ တယောက်ကို ပဒုမုတ္တရ မြတ်စွာဘုရားရှင်က ဝိဿာသိကအရာ၌ ဧတဒဂ် ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုဝိဿာသိကရာထူးကို ဆုပန်ခဲ့လေသည်။ ဝတ္ထုသွားပုံ အလားတူသောကြောင့် အဋ္ဌကထာ၌ အထူး မဖွင့်ပြတော့ချေ။

ဤနကုလမာတု ဥပါသိကာသည်လည်း နကုလပိတု ဥပါသကာနည်းတူပင် မြတ်စွာဘုရားရှင်က “ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ

၃၄၇

ဥပါသိကာနံ ဝိဿာသိကာနံ ယဒိဒံ နကုလမာတာ ဂဟပတာနီ = ရဟန်းတို့.. (ငါဘုရားနှင့်) အကျွမ်းတဝင် ခင်မင်ရင်းနှီးသော စကားကို ပြောကြားကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဥပါသိကာတို့တွင် နကုလမာတု သူဌေးကတော်သည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”ဟု ဝိဿာသိကအရာဝယ် ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို ခံရလေသည်)။

ဤကား နကုလမာတုဥပါသိကာ အကြောင်းတည်း။

**********

(၁၀) ကုရရဃရမြို့နေ ကာဠီဥပါသိကာအကြောင်း

(က) ဥပါသိကာ၏ ရှေးကောင်းမှု

     ဤကာဠီ ဥပါသိကာအလောင်း အမျိုးကောင်းသမီးသည်လည်း ပဒုမုတ္တရမြတ်စွာ လက်ထက်တော် အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသမီး (=သူဌေးသမီး)ဖြစ်ခဲ့၍ မြတ်စွာဘုရားရှင်၏ တရားစကားကို ကြားနာစဉ် ပဒုမုတ္တရ မြတ်စွာဘုရားရှင်က ဥပါသိကာတယောက်ကို “အနုဿဝပ္ပသန္န = ကိုယ်တိုင် ဘုရားရှင်ကို မဖူးတွေ့ရပဲလျက် တဆင့်ကြားသဖြင့် ဘုရားဂုဏ်ကို သက်ဝင်ကြည်ယုံသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျ-အတုယူကာ အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူး = ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ကာဠီသူဌေးသမီးဖြစ်ခြင်း

     ထိုအမျိုးကောင်းသမီးသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည် ကျက်စားခဲ့၍ ဤဘုရားမြတ်စွာ ပွင့်ထွန်းတော်မူရာ ကာလဝယ် ရာဇဂြိုဟ်ပြည်၌ သူဌေးသမီး ဖြစ်လာလေသည်။ ထိုသူဌေးသမီး၏ အမည်ကို မိဘတို့က “ကာဠီ”ဟူ၍ မှည့်ခေါ်ကြလေသည်။

     ကာဠီသူဌေးသမီးသည် အရွယ်သို့ ရောက်လတ်သော် အဝန္တိ ဒက္ခိဏာပထတိုင်း (ဣန္ဒိယပြည်တောင်ပိုင်း) ကုရရဃရမြို့နေ

၃၄၈

သူဌေးသားနှင့် မိဘတို့က ထိမ်းမြားပေးစားသဖြင့် ထိုကုရရဃရမြို့ သူဌေးသားအိမ်သို့ လိုက်ပါခဲ့ရလေသည်။ ထို့နောက် ကာဠီ သူဌေးကတော်ကလေးမှာ သူဌေးသားနှင့်ဆက်ဆံမှု အကြောင်းပြု၍ နှုတ်ငုံ သန္ဓေ တည်ခဲ့လေသည်။

     ကာဠီ သူဌေးကတော်ကလေးသည် နှုတ်ငုံသန္ဓေ ရင့်ကျက်လတ်သော် “မိဘနှင့်ဝေးကွာ သူတပါးတို့၏ ရပ်ရွာအိမ်၌ ကိုယ်ဝန်မှထရခြင်း (=မီးရှူးသန့်စင်ရခြင်း)မည်သည် မသင့်လျော်”ဟု ဆင်ခြင်စဉ်းစားမိ၍ မိမိ၏ ဇာတိမြို့ဖြစ်သည့် ရာဇဂြိုဟ်ပြည် မိဖတို့အိမ်သို့ ပြန်လာကာ တနေ့သော ညဉ့်သန်းခေါင်ယံအချိန် (မဟာသက္ကရာဇ် ၁၀၃-ခု၊ ဝါဆိုလပြည့် ဓမ္မစကြာတရား ဟောကြားတော်မူသောနေ့ သန်းခေါင်ယံ အချိန်)၌ မိမိနေထိုင်ရာ ဘုံနန်းပြာသာဒ် အထက်ကောင်းကင်၌ ရပ်တည်ကြလျက် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို မေးမြန်း ပြောဆိုနေကြသည့် သာတာဂိရနတ်မင်း, ဟေမဝတနတ်မင်းတို့၏ တရားစကားကို ကြားနာရ၍ တဆင့်ကြားဖြင့် သာသနာတော်၌ သက်ဝင်ယုံကြည်မှု သဒ္ဓါတရားကို အထပ်ထပ် ဖြစ်ပွါးစေပြီးလျှင် မြတ်စွာဘုရားရှင်ကို မဖူးမြင်ရပဲလျက်လျှင် သောတာပတ္တိဖိုလ်၌ တည်လေသည် = သောတာပန်အရိယာ ဖြစ်လေသည်။ (ဤအကြောင်းအရာများကို အောက် မဟာဗုဒ္ဓဝင် ဒုတိယတွဲ စာမျက်နှာ ၄၅၇-၌ ပြည့်စုံစွာ ရေးသားဖော်ပြခဲ့ပြီ၊ ထိုကိုတဖန် ပြန်လည်သုံးသပ် မှတ်ယူကုန်ရာ၏)။

     ထိုကာဠီ အမျိုးသမီးသည် မာတုဂါမ မင်းမိန်းမတို့အနက် ရှေးဦးစွာ သောတာပန်တည် အရိယသာဝိကာဖြစ်၍ အမျိုးသမီးပိုင်းတွင် အကြီးဆုံး အမကြီးသဖွယ် ဖြစ်လေသည်။ ထိုညဉ့်မှာပင် ကာဠီအမျိုးသမီးသည် (သောဏကုဋိကဏ္ဏ မထေရ်အလောင်း) သတို့သားကို ဖွားမြင်ပြီးနောက် မိဘအိမ်တွင် အလိုရှိသလောက် နေထိုင်ပြီးလျှင် ကုရရဃရသို့ တဖန် ပြန်သွားလေ၏။

၃၄၉

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     နောက်အဖို့ဝယ် မြတ်စွာဘုရားရှင်သည် ဇေတဝန် ကျောင်းတိုက်တော်တွင် ရဟန်းတို့အလယ်၌ တင့်တယ်စွာ ထိုင်နေတော်မူလျက် ဥပါသိကာတို့ကို ဧတဒဂ်ရာထူး = ဌာနန္တရတို့၌ အသီးအသီး ထားတော်မူလတ်သည်ရှိသော် ဤကုရရဃရမြို့နေ ကာဠီဥပါသိကာ သူဌေးကတော်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဥပါသိကာနံ အနုဿဝပ္ပသန္နာနံ ယဒိဒံ ကာဠီ ဥပါသိကာ ကုရရဃရိကာ = ရဟန်းတို့.. ငါဘုရားကို အဆင့်ကြားဖြင့် ကြည်ညိုကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဥပါသိကာတို့တွင် ကုရရဃရမြို့နေ ကာဠီဥပါသိကာ သူဌေးကတော်သည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “အနုဿဝပ္ပသန္နအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား ကုရရဃရမြို့နေ ကာဠီဥပါသိကာ အကြောင်းတည်း။

ဤတွင် ဥပါသိကာစရိတပိုင်း ပြီး၏။

ဤတွင် အခဏ်း၄၅-ပြီး၏။

၃၅၀

နောက်ဆက်တွဲ

အမိတဘောဂသူဌေးကြီးများအကြောင်း

(၁) ဇောတိကသူဌေးအကြောင်း

(က) ကြံခင်းရှင်ဘဝ

     လွန်လေပြီးသောအခါ (ဤကမ္ဘာမှအထက် ကိုးဆယ့်တစ်ကမ္ဘာဝယ် ဝိပဿီ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာကာလမှ ရှေးဖြစ်သောအခါ) ဗာရာဏသီပြည်၌ သူကြွယ်ညီနောင် နှစ်ဦးတို့သည် မိမိတို့ အလုပ်သမားများကို ကြံခင်းစိုက်စေကြလေသည်။ တနေ့သ၌ ညီဖြစ်သူ သူကြွယ်သည် ကြံခင်းသို့ သွား၍ “တပင်ကို ငါ့နောင်တော်အား ပေးမည်၊ တပင်ကား ငါ့ဖို့ ဖြစ်လိမ့်မည်”ဟု ရည်ရွယ်အောက်မေ့၍ ကြံပင်ကြံရိုး ၂-ပင်တို့ကို ဖြတ်ယူကာ ကြံရည် အပြင်သို့ထွက်၍ မကျစိမ့်သောငှါ ခုတ်ဖြတ်ရာနေရာ၌ သစ်ရွက်စသည်ဖြင့် ဖွဲ့စည်း၍ ယူခဲ့လေသည်။

ထိုခေတ် ထိုအခါ၌ ကြံရိုးတို့ကို ယခုခေတ်မှာကဲ့သို့ ယန္တရားဖြင့် ကြိတ်ရမှု လုံးဝမရှိချေ။ ကြံပင်တို့ကို အရင်းကဖြစ်စေ, အဖျားကဖြစ်စေ ဖြတ်၍ မြှောက်လိုက်သောအခါ ဓမကရိုဏ်ရေစစ်မှ ရေယို၍ကျသကဲ့သို့ အလိုလိုပင် ကြံရည်များ ယိုထွက်၍ ကျလာလေသည်။

     ထိုသူကြွယ် ကြံခင်းမှ ကြံရိုး၂-ပင်တို့ကို ယူဆောင်၍ အိမ်သို့ ပြန်လာသောအချိန်မှာ ဟိမဝန္တာ ဂန္ဓမာဒနတောင်ဝယ် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တပါးသည် သမာပတ်မှထ၍ “ငါသည် ယနေ့ အဘယ်သူအား ချီးမြှောက်ရပါမည်နည်း”ဟု စူးစမ်း ဆင်ခြင်တော်မူလတ်သော် မိမိ၏ ဉာဏ်ကွန်ရက်၌ ထိုညီဖြစ်သူသူကြွယ် ဝင်လာသည်ကို မြင်တော်မူ၍၎င်း, ထိုသူကြွယ်၏ ဒါနတည်းဟူသော သင်္ဂဟမှု ပြုလုပ်ရန် စွမ်းနိုင်သည်၏အဖြစ်ကို သိတော်မူ၍၎င်း သပိတ်သင်္ကန်းကိုယူ၍ တန်ခိုးဖြင့် လာရောက်ကာ

၃၅၁

ထိုသူကြွယ်၏ရှေ့၌ ရပ်တည်တော်မူလာလေ၏။ သူကြွယ်သည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို မြင်ရလျှင်ပင် ကြည်ညိုသောစိတ် ဖြစ်ရှိလျက် မိမိ၏ အပေါ်ရုံ စုလျားတဘက်ကို မြင့်သောမြေအရပ်၌ ခင်းထား၍ “အရှင်ဘုရား.. ဤနေရာ၌ ထိုင်နေတော်မူကြပါကုန်”ဟု လျှောက်ဆိုကာ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို ထိုင်နေစေပြီးလျှင် “သပိတ်ကို တဆိတ်လောက် စောင်းငဲ့ပေးတော်မူကြပါဘုရား”ဟု လျှောက်ထား၍ ကြံရိုးကြံပင်၏ ဖွဲ့စည်းရာဌာနကို ဖြေလျက် သပိတ်ထက်၌ စိုက်လိုက်လေ၏။ ကြံရည်သည် အလိုလိုလျှောကျကာ သပိတ်ကို ပြည့်စေလေသည်။

     ပစ္စေကဗုဒ္ဓါအရှင်မြတ် ထိုကြံရည်ကို သောက်သုံးတော်မူပြီးလတ်သော်ကား သူကြွယ်သည် “ငါ၏ကြံရည်ကို အရှင်မြတ် သောက်သုံးတော်မူအပ်သည်မှာ အလွန် ကောင်းမြတ်လှဘိတကား၊ အကယ်၍ ငါ့နောင်ကြီးသည် အဖိုးကို ဆောင်စေလိုပါက အဖိုး(တန်ဖိုး)ကို ငါပေးပေအံ့။ အကယ်၍ ကုသိုလ်ကောင်းမှု အဖို့အစုကို ဆောင်စေလိုပါက ကုသိုလ်ကောင်းမှု အဖို့အစုကိုပင် ငါပေးပေအံ့။ (နောင်တော်အတွက် ယူဆောင်လာသည့် ကြံရည်ကိုလည်း ငါလှူတော့အံ့)”ဟု ကြံစည်ပြီးလျှင် “အရှင်ဘုရား.. သပိတ်တော်ကို တပည့်တော်ဖက်သို့ တဆိတ်လောက် စောင်းငဲ့ ပေးတော်မူကြပါဘုရား”ဟု လျှောက်ထား၍ ဒုတိယကြံရိုးကြံပင်ကိုလည်း အဖွဲ့အစည်းကိုဖြေကာ ကြံရည်ကို လောင်းလှူလိုက်ပြန်လေ၏။ (ဤ၌ သူ့နောင်တော်အတွက် သူယူဆောင်လာသည်ကို သူ၏နောင်တော်ကလည်း မသိပါချေ။ သို့စေကာမူ “ငါ့နောင်တော်သည် ကြံခင်းမှ အခြားကြံကို ယူဆောင်၍ စားသုံးလိမ့်မည်”ဟု ဤမျှလောက်ပင်လျှင် ထိုသူကြွယ်၏ စိတ်သန္တာန်မှာ လှည့်ပတ် ကောက်ကျစ်လိုစိတ် ပိတ်မရှိချေ)။

     ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည်ကား လက်ဦး (ပဌမကြံရိုးကို လှူစဉ်ကပင် ကြံရည်)ကို သောက်သုံးတော်မူပြီး ဖြစ်သောကြောင့် ထိုနောက်ထပ်လှူအပ်သော ကြံရည်ကို မိမိမှတပါး အခြား ပစ္စေကဗုဒ္ဓါ

၃၅၂

အရှင်မြတ်တို့နှင့်လည်း အတူတကွ ခွဲဝေ သုံးဆောင်တော်မူလိုသည်ဖြစ်၍ ထိုဒုတိယလှူအပ်သော ကြံရည်ကို အလှူခံရုံသာ ခံယူပြီး သုံးဆောင်တော်မမူပဲ ထိုင်မြဲ ထိုင်နေတော်မူလေသည်။ သူကြွယ်သည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ အမူအရာကို အကဲခပ်သိမြင်၍ တည်ခြင်းငါးမျိုးဖြင့် ရှိခိုးပြီးလျှင် “အရှင်ဘုရား.. တပည့်တော် လှူဒါန်းအပ်သည့် အမြတ်ရသာ ကြံရည်အလှူဒါန၏ အကျိုးဆက်ကြောင့် နတ်ပြည် လူ့ပြည်တို့၌ စည်းစိမ်ကို ခံစံသုံးဆောင်ပြီးလျှင် အဆုံးဘဝ နောက်ကာလ၌ အရှင်ဘုရားတို့ ဆိုက်ရောက် မျက်မှောက်ပြုအပ်သော တရားသို့သာလျှင် ရောက်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။ ပစ္စေကဗုဒ္ဓါအရှင်သူမြတ်သည်လည်း “ဧဝံ ဟောတု = ဤသင်ဆုတောင်းသည့်အတိုင်း ဖြစ်ပါစေသတည်း”ဟု မိန့်တော်မူ၍ “ဣစ္ဆိတံ ပတ္ထိတံ တုယှံ” အစရှိသော ၂-ဂါထာတို့ဖြင့် အနုမောဒနာ ပြုတော်မူပြီးလျှင် ထိုသူကြွယ်မြင်နိုင်အောင် အဓိဋ္ဌာန်တော်မူ၍ ကောင်းကင်ခရီးဖြင့် ဂန္ဓမာဒနတောင်သို့ ကြွတော်မူကာ အဖော် ပစ္စေကဗုဒ္ဓါအရှင်မြတ် ငါးရာတို့အား ထိုကြံရည်ကို လှူဒါန်း ဆက်ကပ်လေ၏။

     ထိုညီဖြစ်သူ သူကြွယ်သည် ထိုတန်ခိုးပြာဋိဟာကို မြင်ရပြီးနောက် နောင်တော် သူကြွယ်ထံသို့ သွားရောက်၍ နောင်တော်သူကြွယ်က “အဘယ်အရပ်သို့ သင် သွားနေသနည်း”ဟု မေးအပ်လေသော် “ကြံခင်းကို ကောင်း,မကောင်း ကြည့်ရှုရန် သွားရောက်ခဲ့ပါသည်”ဟု ဖြေကြားပြောဆိုလေ၏။တဖန် နောင်တော် သူကြွယ်က “သင်ကဲ့သို့သောသူသည် ကြံခင်းသို့ သွားရောက်သဖြင့် အဘယ်အကျိုးရှိအံ့နည်း (ကြံရိုးမပါလာ၍ အပြစ်တင်ခြင်း ဖြစ်သည်)၊ တကယ်ဆိုလျှင် ကြံရိုးတပင် နှစ်ပင်တို့ကို ယူဆောင်၍ လာသင့်သည် မဟုတ်လော”ဟု အပြစ်တင်စကား ပြောကြားအပ်လေသော် ညီဖြစ်သူ သူကြွယ်သည် “ဩ.. နောင်တော်.. ကျွန်ုပ်သည် ကြံရိုး၂-ပင်တို့ကို ယူအပ်ခဲ့ပါသည်။ အထူးသော်ကား လမ်းခရီးမှာ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တပါးကို ဖူးတွေ့ရ၍ ညီတော်အတွက် ကြံရိုးမှ ကြံရည်ကို လှူပြီးလျှင်

၃၅၃

‘နောင်တော်အလိုရှိရာ တန်ဖိုးကိုဖြစ်စေ, ကုသိုလ်ကောင်းမှု အဖို့အစုကိုဖြစ်စေ ငါပေးတော့မည်’ဟု ကြံစည်မိ၍ နောင်တော်တို့အတွက် ယူဆောင်လာသော ကြံရိုးမှ ကြံရည်ကိုလည်း ထိုအရှင်ပစ္စေကဗုဒ္ဓါအား အကျွန်ုပ် လှူဒါန်းအပ်ခဲ့ပါသည်။ အသို့နည်း (=ဘယ့်နှယ်လဲ) ထိုနောင်တော်အတွက် ယူခဲ့သော ကြံရိုး၏ တန်ဖိုးကိုတည်း ယူကြမည်လော၊ သို့မဟုတ် ကုသိုလ်ကောင်းမှု အဖို့အစုကိုတည်း ယူကြမည်လော”ဟု ရိုးသားစွာပင် မေးမြန်းလေ၏။

     ထိုအခါ နောင်တော်သူကြွယ်က “ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် အဘယ်သို့ ပြုတော်မူအပ်သနည်း”ဟု မေးလေလျှင် ညီတော်သူကြွယ်သည် မိမိမြင်ခဲ့ရသည့်အတိုင်း “အို နောင်တော်.. ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ညီတော်၏ ကြံရိုးမှ ကြံရည်ကို သောက်သုံးတော်မူပြီးလျှင် နောင်တော်တို့၏ ကြံရိုးမှ ကြံရည်ကိုကား တရိုတသေ ယူဆောင်သွားတော်မူကာ ကောင်းကင်ခရီးဖြင့် ဂန္ဓမာဒနတောင်သို့ ကြွ၍ ပစ္စေကဗုဒ္ဓါအရှင်မြတ် ငါးရာတို့အား လှူဒါန်းတော်မူပါသည်”ဟု ပြန်ကြား ပြောဆိုလေ၏။

     နောင်တော်သူကြွယ်သည် ညီဖြစ်သူသူကြွယ် ပြောကြားစဉ်မှာပင် တကိုယ်လုံး ပီတိအဟုန် ဖုံးအုပ်လျက် “အကျွန်ုပ်၏အဖို့ရာ ထိုပစ္စေကဗုဒ္ဓါအရှင်မြတ် သိမြင်အပ်သော တရားထူးကို ရခြင်းသည်သာလျှင် ဖြစ်ပါစေသတည်း”ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏၊ ဤသို့လျှင် ညီဖြစ်သူကား လူနတ်နိဗ္ဗာန် = သုံးတန်သော သမ္ပတ္တိချမ်းသာတို့ကို တောင့်တအပ်ကုန်၏။ နောင်တော်သည်ကား တပုဒ်တည်းဖြင့်ပင် အရဟတ္တဖိုလ်ကို တောင့်တအပ်လေသည်။ ဤကား ထိုညီနောင်နှစ်ဦးတို့၏ ရှေးကံကောင်းမှု ကုသိုလ်တည်း။

တဖန် သူကြွယ်ညီနောင်ဘဝ

     ထိုသူကြွယ်ညီနောင်တို့သည် အသက်တမ်းအတိုင်း တည်နေကြ၍ ထိုဘဝမှ စုတေကြသည်ရှိသော် နတ်ပြည်၌ ဖြစ်ကြ၍ ဖုဿဘုရားရှင်နှင့် ဝိပဿီမြတ်စွာဘုရားရှင် နှစ်ဆူတို့၏အကြား မရေမတွက်နိုင်သော နှစ်ကာလအပိုင်းအခြား တည်းဟူသော

၃၅၄

ဗုဒ္ဓန္တရ အသင်္ချေယျတကပ် ကာလကို နတ်ပြည်၌သာ ကုန်လွန်စေကြလေကုန်၏၊ ထိုညီနောင်နှစ်ယောက်တို့ နတ်ပြည်၌ တည်နေကြစဉ်ပင် ဝိပဿီမြတ်စွာဘုရားသည် လောက၌ ပွင့်ထွန်းတော်မူလာလေ၏။ ထိုညီနောင် နှစ်ယောက်တို့သည်လည်း နတ်ပြည်မှ စုတေခဲ့ကြ၍ ဗန္ဓုမတီ မင်းနေပြည်ဝယ် အမျိုးကောင်း သူကြွယ်အိမ်၌ နောင်တော်ကား နောင်တော်ပင်, ညီတော်ကား ညီတော်ပင် ဖြစ်လျက် ပဋိသန္ဓေ ယူနေဖြစ်ပွါးလာကြပြန်လေ၏၊ ထိုညီနောင် နှစ်ယောက်တို့တွင် နောင်တော်၏အမည်ကို သေန-ဟူ၍, ညီတော်၏ အမည်ကိုကား အပရာဇိတ-ဟူ၍ မိဘတို့က မှည့်ခေါ်ကြလေသည်။

     ထိုသူကြွယ်ညီနောင် နှစ်ယောက်တို့ အရွယ်သို့ ရောက်ကြသောအခါ အိမ်ထောင်စုကို ကောင်းစွာတည်တံ့စေ၍ နေထိုင်ကြစဉ် “အို သူတော်ကောင်း သူမြတ်လောင်းတို့.. လောက၌ ဘုရားမြတ်ရတနာ, တရားရတနာ, သံဃာရတနာတို့ နေဝါ,လဝန်း ဖြစ်ထွန်း ပွင့်ပေါ်ခဲ့လေပြီ၊ အလှူဒါနတို့ကို ပေးလှူကြကုန်လော့၊ ကောင်းမှုတို့ကို ပြုကြကုန်လော့၊ ယနေ့သည် ရှစ်ရက်မြောက် = အဋ္ဌမီဥပုသ်နေ့ဖြစ်သည်။ ယနေ့ကား ဆယ့်လေးရက်မြောက် = စာတုဒ္ဒသီဥပုသ်နေ့ဖြစ်သည်။ ယနေ့ကား ဆယ့်ငါးရက်မြောက် = ပန္နရသီဥပုသ်နေ့ဖြစ်သည်၊ ဥပုသ်စောင့်သုံးမှု ပြုကြပါကုန်လော့၊ တရားတော်ကို နာကြားကြပါကုန်လော့”ဟု ဓမ္မဃောသက = နိဗ္ဗာန်ဆော်ပုဂ္ဂိုလ်၏ ဗန္ဓုမတီ နေပြည်တော်အတွင်း၌ လှည့်လည် ကြွေးကြော်သော အသံကို ကြားရသဖြင့် လူများအပေါင်း နံနက်ခင်း အလှူလှူကြ၍ နေမွန်းလွဲသောအခါ တရားနာသွားကြသည်ကို မြင်ရကား နောင်တော်ဖြစ်သော သေန-သူကြွယ်သည် “အဘယ်အရပ်သို့ သွားကြမည်နည်း”ဟု မေး၍ လူအများက “မြတ်စွာဘုရားရှင်ထံ တရားနာရန် သွားကြပါမည်”ဟု ပြန်ကြား ပြောဆိုအပ်လေသော် “ကျွန်ုပ်လည်း လိုက်ပါပါရစေ”ဟု ပြောဆိုကာ ထိုလူများအပေါင်းနှင့် အတူတကွ လိုက်ပါခဲ့၍ ပရိသတ်အစွန်အဖျား၌ ထိုင်နေလျက် တရားနာယူလေ၏။

၃၅၅

     ဝိပဿီမြတ်စွာဘုရားသည် ထိုသေန-သူကြွယ်၏ အလိုအဇ္ဈာသယကို သိတော်မူပြီးလျှင် ဒါနကထာ, သီလကထာစသော အစဉ်အတိုင်းသော တရားစကားကို ဟောကြားတော်မူလေ၏။ သေန-သူကြွယ်သည် မြတ်စွာဘုရား၏ တရားတော်ကို နာပြီးလျှင် ရှင်ရဟန်းပြုရန် အလွန်ထက်သန်သော လုံ့လဝီရိယ ဖြစ်ရှိလာရကား ဝိပဿီ မြတ်စွာဘုရားရှင်ကို (မိမိကို) ရဟန်းပြုပေးရန် တောင်းပန် လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က “ဒါယကာ.. သင့်အဖို့ရာ ပန်ကြားရမည့် ဆွေမျိုးများ ရှိကြသလော”ဟု မေးတော်မူသဖြင့် သေန-သူကြွယ်က “ရှိကြပါသည် မြတ်စွာဘုရား..”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်က “ထိုသို့ဖြစ်လျှင် ဆွေမျိုးများကို ပန်ကြားပြီးမှ လာခဲ့လော့”ဟု မိန့်တော်မူလေ၏။

     ထိုညနောက် သေန-သူကြွယ်သည် ညီဖြစ်သူ အပရာဇိတ-သူကြွယ်ထံသို့ သွားရောက်၍ ညီအစ်ကိုနှစ်ယောက်တို့ တိုင်ပင်ပြောဆိုကြသည်မှာ-

(သေန)

ချစ်ညီ.. ဤအိမ်မှာ ရှိရှိသမျှ စီးပွါးဥစ္စာနှစ် ဟူသမျှသည် ချစ်ညီ၏ဥစ္စာ ဖြစ်ပါစေ။

(အပရာဇိတ)

အရှင်နောင်တော်.. အရှင်နောင်တော်တို့ကကော (ဘာလုပ်ကြမည်နည်း)။

(သေန)

ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းပြုတော့အံ့။

(အပရာဇိတ)

အရှင်နောင်တော်.. ဘယ့်နှယ် ပြောလိုက်ကြကုန်သနည်း၊ အကျွန်ုပ်သည် မိခင်ကွယ်လွန်ပြီးနောက် မိခင်ကဲ့သို့၎င်း, ဖခင်ကွယ်လွန်ပြီးနောက် ဖခင်ကဲ့သို့၎င်း နောင်တော်တို့ကို ရခဲ့ပါပြီ၊ ဤအိမ်ကား များသော အသုံးအဆောင် ရှိပါ၏၊ အိမ်၌ စိုးအုပ် တည်နေရင်းကပင် ကောင်းမှုတို့ကို ပြုနိုင်ပါကုန်သည်။ ဤကဲ့သို့ (ရဟန်း) မပြုကြပါလင့်။

၃၅၆

(သေန)

ငါသည် မြတ်စွာဘုရား အထံတော်၌ တရားတော်ကို ကြားနာအပ်ခဲ့ပြီ၊ ထိုတရားတော်ကို အိမ်၏အလယ်၌ တည်နေသူသည် ဖြည့်ကျင့်ရန် မတတ်နိုင်ချေ။ သို့ရကား ငါသည် ဧကန်ပင် ရဟန်းပြုပေတော့အံ့၊ ချစ်ညီသည် နေရစ်လော့-

သေန-သူကြွယ်သည် ဤကဲ့သို့ပြော၍ ညီဖြစ်သူ အပရာဇိတသူကြွယ်ကို ပြန်နစ်စေပြီးလျှင် ဝိပဿီမြတ်စွာဘုရား အထံတော်၌ ရှင်ပြုပြီးနောက် ရဟန်းအဖြစ်ကို ဆက်လက်ရယူကာ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်သဖြင့် မကြာမြင့်မီပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေ၏ = ရဟန္တာဖြစ်လေ၏။

ဂန္ဓကုဋီ ဆောက်လုပ်လှူဒါန်းခြင်း

     ညီဖြစ်သူ အပရာဇိတ သူကြွယ်သည်လည်း “နောင်တော်၏ ရှင်, ရဟန်းပြုပွဲ ပူဇော်သဘင် ဆင်ယင်ကျင်းပအံ့”ဟူ၍ ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာအား အလှူဒါန ပေးလှူပြီးလျှင် နောင်တော် သေနမထေရ်မြတ်ကို ရိုသေမြတ်နိုး ရှိခိုး၍ “အရှင်ဘုရား.. အရှင်မြတ်တို့သည် မိမိ၏ ဘဝလွတ်မြောက်ရေးအလုပ်ကို ပြုလုပ်အပ်ပြီးပါပြီ၊ အကျွန်ုပ်သည်ကား ကာမဂုဏ်ငါးပါးတို့ဖြင့် အနှောင်အဖွဲ့ ခံနေရပါသဖြင့် တောထွက်၍ ရှင်,ရဟန်းပြုခြင်းငှါ မစွမ်းနိုင်ပါ၊ အကျွန်ုပ်အား အိမ်၌တည်နေရင်းပင် သင့်လျော် လျောက်ပတ်မည့် ကြီးမြတ်သော ကောင်းမှုကို မိန့်ကြားတော်မူကြစေချင်ပါသည်”ဟု လျှောက်ထားလေ၏။ ထိုအခါ အပရာဇိတသူကြွယ်ကို နောင်တော် သေနမထေရ်မြတ်သည် “ကောင်းစွာ့ ကောင်းစွာ့ ပညာရှိ..၊ မြတ်စွာဘုရား၏အတွက် ဂန္ဓကုဋီကျောင်းတော်ကို ဆောက်လုပ် လှူဒါန်းလေလော့”ဟု အကြံပေးစကား မိန့်ကြားတော်မူလေ၏။

     အပရာဇိတ (ညီဖြစ်သူ) သူကြွယ်သည် “ကောင်းပါပြီ”ဟု ဝန်ခံစကား လျှောက်ထားပြီးလျှင် အထူးထူးသော သစ်တို့ကို တိုက်ဆောင်စေ၍ တိုင်စသည်အလို့ငှါ ရွေစေ, တိုက်ခွဲစေပြီးနောက်

၃၅၇

ရွှေစီချယ်သောတိုင်တလုံး, ငွေစီချယ်သောတိုင်တလုံး, ပတ္တမြားစီချယ်သော တိုင်တလုံး— ဤသို့ စသည်ဖြင့် ရတနာခုနစ်မျိုး စီချယ်အပ်သော တိုင်တို့ကို ပြုလုပ်စေလျက် ထိုတိုင်တို့ဖြင့် ဂန္ဓကုဋီကျောင်းတော်ကြီး ဆောက်လုပ်စေပြီးလျှင် ရတနာခုနစ်သွယ် စီချယ်အပ်သော အမိုးအုတ်တို့ဖြင့်ပင် ကျောင်းတော်ကြီးကို မိုးစေလေ၏။

တူတော်မောင် အပရာဇိတ-က ဆင်ဝင်ဆောင် လှူဒါန်းခြင်း

အထူးအားဖြင့် ဂန္ဓကုဋီ အုတ်ကျောင်းတော်ကြီးကို ဆောက်လုပ်နေသောအခါ၌ပင် အပရာဇိတ သူကြွယ်ထံသို့ မိမိနှင့် အမည်တူ (နှမ၏သား) အပရာဇိတပင်မည်သော တူတော်မောင်သည် လာလတ်၍ “ဦးကြီး.. ကျွန်တော်လည်း ကုသိုလ်ကောင်းမှု ပြုလုပ်လိုပါသည်။ ကျွန်တော်အားလည်း ကုသိုလ်ဝေစု ပေးကြစေချင်ပါသည်”ဟု တောင်းပန်စကား ပြောကြားလာလေ၏။ ဦးကြီးတော်သူ အပရာဇိတသူကြွယ်သည် “မပေးနိုင်ပါ တူတော်မောင်..၊ ငါသည် သူတပါးတို့နှင့် မဆက်ဆံသည့် ကောင်းမှုကုသိုလ်ကို ပြုလုပ်ပေအံ့”ဟု ပယ်မြစ်စကား ပွင့်ပွင့်လင်းလင်းပင် ပြောကြားလေ၏။

     တူတော်မောင် အပရာဇိတသူကြွယ်သည် အကြိမ်များစွာ တောင်းပန်ပါသော်လည်း ဂန္ဓကုဋီ အုတ်ကျောင်းတော်ကြီး၌ ပါဝင်ခွင့်ဝေစုကို ဘယ်နည်းနှင့်မှ မရနိုင်ရကား “ဂန္ဓကုဋီ အုတ်ကျောင်းမကြီး ရှေ့တည့်တည့်မှ ဆင်ဝင်ဧည့်ခံဆောင်ကိုရမှ သင့်မည်”ဟု ကြံစည်ဆင်ခြင်မိကာ ရတနာခုနစ်ပါးဖြင့်ပြီးသော ဆင်ဝင်ဧည့်ခံဆောင်ကို ဆောက်လုပ်စေလေ၏။ ထိုတူတော်မောင် အပရာဇိတသူကြွယ်သည် ဤဘုရားမြတ်စွာ ပွင့်ထွန်းတော်မူရာ ကာလ၌ “မေဏ္ဍက”သူဌေးကြီး ဖြစ်လာလေသည်၊ (အကြောင်းအရာအကျယ် နောက်၌ ထင်ရှားလတ္တံ့)။

၃၅၈

ဂန္ဓကုဋီအုတ်ကျောင်းတော်ကြီး၏ ရှုမျှော်ခင်းနှင့်

တင့်တယ်ပုံ

     အထူးအားဖြင့် ဂန္ဓကုဋီ အုတ်ကျောင်းတော်ကြီး၌ ရတနာခုနစ်ပါးတို့ဖြင့်ပြီးသော လေသာပြုတင်းကြီး သုံးပေါက်တို့ ပါရှိကြလေသည်၊ ထိုလေသာပြုတင်းကြီး သုံးပေါက်တို့၏ ရှေ့မျက်မှောက် တည့်တည့်၌ အပရာဇိတသူကြွယ်သည် အောက်မြေအပြင်၌ အင်္ဂတေတို့ဖြင့် အပြေအပြစ်ပြုအပ်သည့် လေးထောင့်ရေကန်ကြီး သုံးလုံးတို့ကို ပြုလုပ်စေပြီးလျှင် နံ့သာလေးမျိုးရေ အပြည့်ထည့်၍ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး ဂန္ဓကုဋီ အုတ်ကျောင်းတော်အတွင်း၌ ထိုင်နေတော်မူသောအခါ လေအဟုန်တိုက်ခတ် ယူဆောင်လာသည့် ကြာဝတ်မှုံတို့ဖြင့် မြတ်စွာဘုရား ကိုယ်တော်မြတ်ကို ကြဲဖြန့်ရန် ရည်သန်လျက် ကြာမျိုးငါးပါးတို့ကို ထိုကန်သုံးလုံးတို့၌ စိုက်ပျိုးစေလေ၏။

     ဂန္ဓကုဋီ အုတ်ကျောင်းတော် ထုပိကာ၏ လေးမျက်နှာ အလွှာများကား ရွှေနီဖလံဖြင့် ပြီးလေသည်၊ အထွတ်ကား သန္တာဖြင့် ပြီးလေသည်။ ထိုထုပိကာ၏အောက် အမိုးအုတ်များကား မြကျောက်ဖြင့် ပြီးလေသည်၊ ဤသို့လျှင် ဂန္ဓကုဋီ အုတ်ကျောင်းတော်ကြီး၏ အထွတ်ထုပိကာသည် က-နေသော ဥဒေါင်းပမာ တင့်တယ်လှစွာ၏။ ထို့ပြင်လည်း ဂန္ဓကုဋီ အုတ်ကျောင်းတော်ကြီး ဒါယကာ အပရာဇိတသူကြွယ်သည် ရတနာခုနစ်ပါးတို့အနက် ခတ်သင့်သော ရတနာမျိုးကို ခတ်၍၎င်း, မခတ်သင့်သော ရတနာမျိုးကိုကား အတုံးလိုက် အခဲလိုက်သာလျှင်၎င်း ယူဆောင်ခဲ့၍ ဂန္ဓကုဋီ အုတ်ကျောင်းတော်ကြီးကို ဝန်းပတ်လျက် ပုဆစ်ဒူးဝန်း နစ်လုမျှမြင့်အောင် ပရိဝုဏ်ကြီးတခုလုံးကို ရတနာခုနစ်ပါးတို့ဖြင့် ပြည့်စေလေ၏။

မြတ်စွာဘုရားအား

ဂန္ဓကုဋီအုတ်ကျောင်းကြီးကို တင်လှူခြင်း

     ဤသို့ ဂန္ဓကုဋီ အုတ်ကျောင်းတော်ကြီးကို ပြီးဆုံး, တင့်တယ်စေပြီးလျှင် အုတ်ကျောင်းတော်ကြီး ဒါယကာ အပရာဇိတသူကြွယ်သည် နောင်တော် အရှင်သေန မထေရ်မြတ်ထံသို့

၃၅၉

ဆည်းကပ်၍ “အရှင်ဘုရား.. ဂန္ဓကုဋီ အုတ်ကျောင်းတော်ကြီးကား ပြီးစီးပါပြီ၊ ထိုအုတ်ကျောင်းတော်ကြီးကို မြတ်စွာဘုရားရှင် သုံးဆောင်တော်မူခြင်းကို ဘုရားတပည့်တော် လိုလားတောင့်တပါသည်၊ သုံးဆောင်ခြင်းဖြင့် ကြီးမြတ်သော ကုသိုလ်တရား ဖြစ်ပွါးပါသတဲ့ဘုရား”ဟု လျှောက်ထားလေ၏။ နောင်တော် အရှင်သေန မထေရ်မြတ်သည် မြတ်စွာဘုရား အထံတော်သို့ ဆည်းကပ်သွားရောက်၍ “မြတ်စွာဘုရား.. ဤအပရာဇိတသူကြွယ်သည် ရှင်တော်ဘုရားတို့အတွက် ဂန္ဓကုဋီ အုတ်ကျောင်းတော်ကို ဆောက်လုပ်ပြီးစေအပ်ပါပြီတဲ့၊ ယခုအခါ၌ကား ရှင်တော်ဘုရားတို့၏ သုံးဆောင်တော်မူခြင်းကို လိုလား တောင့်တပါသည်တဲ့”ဟု လျှောက်ထားလေ၏။

     ဝိပဿီ မြတ်စွာဘုရားရှင်သည် နေရာတော်မှထ၍ ဂန္ဓကုဋီ အုတ်ကျောင်းတော်သို့ရှေးရှု ကြွတော်မူပြီးလျှင် ဂန္ဓကုဋီ အုတ်ကျောင်းတော်ကြီးကို ဝန်းရံ၍ ပရိဝုဏ်အပြည့် ပုဆစ်ဒူးဝန်းနစ်လုမျှ မြင့်အောင် ကြဲဖြန့်ထားသော ရတနာခုနစ်ပါး အစုအပုံကို ကြည့်ရှုတော်မူလျက် တံခါးမုခ်၌သာ ရပ်၍ နေတော်မူလေ၏။ ထိုအခါ မြတ်စွာဘုရားကို အပရာဇိတသူကြွယ်က “မြတ်စွာဘုရား.. ဝင်တော်မူကြပါ”ဟု လျှောက်ထားသော်လည်း မြတ်စွာဘုရားရှင်သည် ဝင်တော်မမူပဲ ထိုတံခါးမုခ်မှာပင် ရပ်တည်တော်မူ၍ တတိယအကြိမ် ထပ်၍ လျှောက်ထားသောအခါ၌ကား သူကြွယ်၏နောင်တော် အရှင်သေနမထေရ်မြတ်ကို ကြည့်ရှုတော်မူလေ၏။

     မထေရ်သည် ကြည့်တော်မူပုံ အခြင်းအရာဖြင့်ပင် မြတ်စွာဘုရား၏ အလိုတော်ကိုသိ၍ ညီဖြစ်သူ သူကြွယ်ကို “သွားလော့ ချစ်ညီ..၊ ‘တပည့်တော်၏သာ စောင့်ရှောက်မှု ဖြစ်ပါလိမ့်မည်၊ ရှင်တော်ဘုရားတို့သည် အလိုရှိတိုင်း ချမ်းသာစွာ သီတင်းသုံး နေတော်မူကြပါ’ဟု မြတ်စွာဘုရားကို လျှောက်ထားလော့”ဟု နည်းပေးစကား မိန့်ကြားတော်မူလေ၏။ သူကြွယ်သည် မထေရ်၏စကားကို ကြားရလျှင် မြတ်စွာဘုရားကို တည်ခြင်းငါးမျိုးဖြင့်

၃၆၀

ရှိခိုး၍ “မြတ်စွာဘုရား.. လူအများသည် သစ်ပင်ရင်း၌ဝင်၍ မငဲ့မကွက် ဖဲသွားကြသကဲ့သို့၎င်း, မြစ်တဖက်ကမ်း ကူးသန်းကြပြီးလျှင် ဖောင်ကို မငဲ့မကွက် စွန့်ပစ်သွားကြကုန်သကဲ့သို့၎င်း ဤအတူပင် ရှင်တော်ဘုရားတို့သည် ငဲ့ကွက်ကြောင့်ကြမှု လုံးဝ ပြုတော်မမူကြပဲ အလိုရှိတိုင်း ချမ်းသာစွာ သီတင်းသုံး နေထိုင် တော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။

(ဤ၌။ ။“မြတ်စွာဘုရားသည် အဘယ့်ကြောင့် ကျောင်းတော်သို့ ဝင်တော်မမူပဲ ရပ်တည်နေတော်မူသနည်း”ဟု မေးဖွယ်ရှိ၏။ အဖြေကား- မြတ်စွာဘုရားသည် “ဘုရားရှင်တို့၏အထံသို့ နံနက်အခါ၌၎င်း, နေလွဲအခါ၌၎င်း များစွာသောသူတို့ လာရောက်ကြလေသည်။ ထိုသူများသည် ရတနာတို့ကို (မြင်နေရ၍) ကောက်ယူ၍ ဖဲသွားကြလျှင် ငါဘုရားတို့သည် မတားမြစ်နိုင်ကုန်ချေ၊ အကယ်၍များ ကျောင်းဒါယကာ အပရာဇိတသူကြွယ်သည် ‘ကျောင်းပရိဝုဏ်အတွင်း၌ ဤမျှသော ရတနာများ ရောပြွမ်းနေပါလျက် မိမိ၏ အလုပ်အကျွေးဒကာများ ခိုးယူသွားကြသည်ကိုလည်း (မြင်နေပါလျက် ဘုရားသည်) တားမြစ်တော်မမူ’ဟု ငါဘုရားအပေါ်၌ ရန်ငြိုးမှု ပြုမှားခဲ့လေလျှင် အပါယ်ဘုံသို့ လားရောက်ရှာချေတော့မည်”ဟု ကြံစည်ဆင်ခြင်တော်မူမိလေသည်၊ ထို့ကြောင့် ရပ်တည်နေတော်မူ၏။ ဤကား အဖြေတည်း)။

     ထိုသို့ အပရာဇိတသူကြွယ်က “မြတ်စွာဘုရား.. တပည့်တော်၏ သာလျှင် စောင့်ရှောက်မှု ဖြစ်ပါလိမ့်မည် = စောင့်ရှောက်ရန်မှာ တပည့်တော်၏ တာဝန်သာ ဖြစ်ပါသည်။ အရှင်ဘုရားတို့သည် ချမ်းသာစွာ နေတော်မူကြပါကုန်လော့”ဟု လျှောက်ထား (တာဝန်ယူ)သောအခါ မြတ်စွာဘုရားသည် ဂန္ဓကုဋီအုတ်ကျောင်း တော်သို့ ဝင်တော်မူလေ၏။ ကျောင်းဒါယကာ သူကြွယ်သည် ပတ်ဝန်းကျင်မှ အစောင့်အနေကို ချထားပြီးလျှင် အစောင့်လူများကို “အမောင်တို့.. ရင်ခွင် (ခါးပိုက်, ပုဆိုးခါးပုံ)ဖြင့်၎င်း, ခြင်းတောင်းများ အိတ်များဖြင့်၎င်း ယူ၍သွားကြသောသူများကို တားမြစ်ကြကုန်၊ လက်ဆုပ်ဖြင့် ယူ၍သွားသော သူများကိုကား မမြစ်ကြကုန်လင့်”ဟု ပြောဆိုမှာထားလေသည်။

၃၆၁

     မြို့တွင်း၌လည်း ကျောင်းဒါယကာ အပရာဇိတသူကြွယ်သည် “ဂန္ဓကုဋီ အုတ်ကျောင်းတော် ပရိဝုဏ်အတွင်း၌ ငါသည် ရတနာခုနစ်ပါးတို့ကို ပုဆစ်ဒူးနစ်မျှ ကြဲချအပ်ခဲ့ကုန်ပြီ၊ မြတ်စွာဘုရားအထံတော်၌ တရားနာ၍ ပြန်လာကြသော လူဆင်းရဲတို့သည် လက်နှစ်ဖက်အပြည့် ရတနာတို့ကို ဆုပ်ယူကြကုန်လော့၊ ချမ်းသာ သောသူများသည်လည်း လက်တဖက်ဖြင့် ရတနာတို့ကို ဆုပ်ယူကြကုန်လော့”ဟု အိမ်ပေါက်စေ့လှည့်လည် ပြောကြားစေလေ၏။ ကျောင်းဒါယကာ သူကြွယ်၏ စိတ်သန္တာန်မှာ “သဒ္ဓါတရား ရှိကြသူတို့သည် တရားနာလိုကြကုန်သည်ဖြစ်၍ သွားရောက်ကြမည် ဧကန်အမှန်ပင် ဖြစ်သည်၊ သဒ္ဓါတရား မရှိကြသောသူများသည်လည်း ဥစ္စာကို ရယူလိုသော လောဘဖြင့် သွားရောက်ကြကာ တရားနာကြ၍ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြပေလိမ့်မည်” ဤကဲ့သို့ အကြံအစည် ဖြစ်ရှိလာလေသည်။ ထို့ကြောင့် လူအပေါင်းအား ချီးမြှောက်ရန် ဤကဲ့သို့ လှည့်လည်ပြောကြားစေခြင်း ဖြစ်သည်။

     လူများအပေါင်းသည် အပရာဇိတသူကြွယ် ပြောကြားသည့်အတိုင်းပင် ဆင်းရဲသူများက လက်နှစ်ဖက်အပြည့်, ချမ်းသာသော သူများက လက်တဖက်ဖြင့် ရတနာတို့ကို ယူကြလေသည်။ ပဌမအကြိမ် ကြဲအပ်သော ရတနာတို့ ကုန်ပြန်သော် ဒုတိယအကြိမ် ထိုနည်းအတူ ပုဆစ်ဒူးနစ်လုမျှ ကြဲပြန်လေ၏၊ ထိုဒုတိယအကြိမ် ကြဲအပ်သော ရတနာတို့ ကုန်ပြန်သော် တတိယအကြိမ်လည်း ထိုနည်းအတူ ပုဆစ်ဒူးနစ်လုမျှ ကြဲပြန်လေ၏။

     အထူးအားဖြင့် ကျောင်းဒါယကာ အပရာဇိတသူကြွယ်သည် “မြတ်စွာဘုရား၏ ကိုယ်တော်မှ ထွက်ကွန့်သော ရွှေရောင်တော်နှင့် အမျက်ကျောက်ရတနာ၏ အရောင် ဤနှစ်ပါးကို ကြည့်ရှုကြရသော လူများအဖို့ ကြည့်၍ အားမရ မရောင့်မရဲနိုင်အောင် ဖြစ်ပေလိမ့်မည်”ဟု ကြံစည် အောက်မေ့ကာ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ သခွါးငဆစ်သီး (ကဆစ်သီးလုံးကြီးခန့်) ပမာဏရှိသော အဖိုးအတိုင်းမသိထိုက်သည့် အမျက်ကျောက်ရတနာကြီးကို

၃၆၂

ထားရှိလေသည်။ လူများအပေါင်းသည်လည်း သူကြွယ်ကြံစည် အောက်မေ့သည့်အတိုင်း မြတ်စွာဘုရား၏ ကိုယ်တော်ရောင်နှင့် အမျက်ကျောက် ရတနာရောင်ကို အားမရ မရောင့်ရဲနိုင်လောက်အောင်ပင် ကြည့်ရှုကြလေ၏။

ကျောက်မျက်ရတနာကြီးကို ပုဏ္ဏားတဦး

ပြောင်ပြောင်ခိုးယူခြင်း

     တနေ့သ၌ မိစ္ဆာအယူရှိသော ပုဏ္ဏားတယောက်သည် “မြတ်စွာ ဘုရား၏ ခြေတော်ရင်း၌ အဖိုးများစွာထိုက်တန်သော ကျောက်မျက်ရတနာကြီးကို ချထားအပ်သတဲ့၊ ငါသည် ထိုကျောက်မျက်ရတနာကြီးကို ခိုးဆောင်ပေအံ့”ဟူသော အကြံ နှလုံးသွင်းဖြင့် ကျောင်းတော်သို့ သွားရောက်၍ ဘုရားဖူးလာကြသူ လူများအကြားမှ ဘုရားရှင်ရှေ့တော်သို့ ဝင်ရောက်လာလေသည်။ ကျောင်းဒါယကာ သူကြွယ်သည် ထိုပုဏ္ဏား၏ (မရိုးဖြောင့်သော) ဝင်လာပုံ အခြင်းအရာဖြင့်ပင် “ကျောက်မျက်ရတနာကို ခိုးယူလို၏”ဟု ရိပ်မိသိရှိ၍ “ဩ.. ဤပုဏ္ဏားသည် ကျောက်မျက်ရတနာကို မခိုးယူပါမူ ကောင်းလေစွာ့”ဟု ကြံစည်မိလေသည်။

     ပုဏ္ဏားသည်လည်း မြတ်စွာဘုရားရှင်ကို ရှိခိုးဘိသကဲ့သို့ ခြေတော်ရင်း၌ မိမိလက်ကို တုပ်ဝပ်ညွှတ်စေကာ ကျောက်မျက်ရတနာကြီးကို ကောက်ယူ၍ မိမိ၏ ခါးပိုက်ကြား၌ ဝှက်ထားပြီးလျှင် ဖဲသွားလေ၏။ ကျောင်းဒါယကာ အပရာဇိတသူကြွယ်သည် ထိုပုဏ္ဏား (အပြုအမူ)အပေါ်၌ မည်သည့်နည်းနှင့်မျှ စိတ်ကို ကြည်ကြည်လင်လင် မထားနိုင်ပဲ မြတ်စွာဘုရား တရားဟော၍အပြီးတွင် မြတ်စွာဘုရား အထံတော်သို့ ဆည်းကပ်၍ “မြတ်စွာဘုရား.. တပည့်တော်သည် သုံးကြိမ်တိုင်တိုင် ဂန္ဓကုဋီ အုတ်ကျောင်းတော် ပရိဝုဏ်အပြည့် ပုဆစ်ဒူးဝန်းနစ်လုမျှ ရတနာခုနစ်ပါးတို့ကို ကြဲဖြန့်အပ်ခဲ့ပါကုန်သည်၊ ထိုရတနာတို့ကို ယူဆောင်သွားကြသော လူများအပေါ်၌ တပည့်တော်၏ စိတ်သည် မကျေမချမ်းမှု အလျှင်းပင်မဖြစ်ပဲ တိုး၍ တိုး၍သာလျှင် သဒ္ဓါကြည်လင် ဖြစ်ခဲ့ပါသည်။ ယနေ့မူကား ‘ဩ.. ဤပုဏ္ဏားသည်

၃၆၃

ကျောက်မျက်ရတနာကြီးကို မခိုးယူပါမူ ကောင်းလေစွာ့’ဟု တပည့်တော် ကြံစည်မိပါလျက် ထိုပုဏ္ဏား ကျောက်မျက်ရတနာကြီးကို ခိုးယူ၍သွားလတ်သော် မိမိစိတ်ကို မည်သည့်နည်းနှင့်မျှ ကြည်ကြည်လင်လင် မထားနိုင်ပဲ ရှိရပါသည်ဘုရား” ဟု လျှောက်ထားလေ၏။

မြတ်စွာဘုရား၏ နည်းညွှန်းအရ အပရာဇိတသူကြွယ်

ဆုတောင်းခြင်း

     ဝိပဿီ မြတ်စွာဘုရားသည် သူကြွယ်၏စကားကို ကြားသိတော်မူလေလျှင် “ဒါယကာ.. မိမိ၏ဥစ္စာကို သူတပါးတို့ မခိုးယူ မဖျက်ဆီးနိုင်အောင် ပြုလုပ်ခြင်းငှါ စွမ်းနိုင်သည်မဟုတ်လော”ဟု နည်းညွှန်းစကား အရိပ်အမြွက် မိန့်ကြားတော်မူလေ၏။ သူကြွယ်သည် မြတ်စွာဘုရားပေးအပ်သည့် နည်းညွှန်း၌တည်၍ မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင်-

“မြတ်စွာဘုရား.. ယနေ့ကို အစပြု၍ တပည့်တော်၏ဥစ္စာကို မြိတ်ဆာချည်မျှင် တပင်ကိုပင်သော်လည်း တပည့်တော်ကို လွှမ်းမိုးအနိုင်ကျင့်၍ ရာပေါင်းများစွာသော မင်းများ, ခိုးသူများသည် သိမ်းပိုက် လုယက် ခိုးယူခြင်းငှါ စွမ်းနိုင်ကြသောမည်သည် မဖြစ်ပါစေကုန်သတည်း = ရာပေါင်းများစွာသော မင်း, ခိုးသူတို့ မသိမ်းပိုက်နိုင်, မလုယက်နိုင်, မခိုးယူနိုင်ကြပါစေကုန်သတည်း၊ မီးသည်လည်း တပည့်တော်၏ ဥစ္စာကို မလောင်ကျွမ်းပါစေသတည်း၊ ရေသည်လည်း မတိုက်မျှောနိုင်ပါစေသတည်း”-

ဟု ဆုတောင်းပတ္ထနာမှုကို ပြုလေ၏။ မြတ်စွာဘုရားသည်လည်း သူကြွယ်အား “ဧဝံ ဟောတု = ဤယခု သင်ဆုတောင်းသည့်အတိုင်း ဖြစ်ပါစေ”ဟု အနုမောဒနာမှုကို ပြုတော်မူလေ၏။ အပရာဇိတသူကြွယ်သည် ဂန္ဓကုဋီ အုတ်ကျောင်းတော် ရေစက်ချပွဲ ပြုလုပ်သည်ရှိသော် ရဟန်းတော်ပေါင်း (၆၈ဝဝဝဝဝ)

၃၆၄

ခြောက်သန်း ရှစ်သိန်းတို့အား ကျောင်းတိုက်တော် အတွင်းမှာပင် ကိုးလတို့ပတ်လုံး ကြီးစွာသောအလှူကို ပေးလှူ၍ ရေစက်ချအလှူပွဲကြီး ပြီးဆုံးသောနေ့၌ အားလုံးသော ရဟန်းတို့အား တိစီဝရိက် သင်္ကန်းသုံးထည်စီ ဆက်ကပ် လှူဒါန်းလေ၏။ အငယ်ဆုံးသံဃာ (=သင်္ဃနော ကိုယ်တော်)အား လှူဒါန်းအပ်သည့် သင်္ကန်းလျာ သုံးထည်စာ အဝတ်တို့သည်ပင် အဖိုးတသိန်း ထိုက်တန်ကုန်၏။

နောက်ဆုံး ဇောတိကသူဌေးဘဝ

     ထိုအပရာဇိတ ကျောင်းဒါယကာ သူကြွယ်သည် ဤနည်းဖြင့် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုတို့ကို ပြု၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်ပြီးလျှင် ဤမျှ ကိုးဆယ့်တကမ္ဘာ ရှည်လျားစွာသော အခါကာလပတ်လုံး အပါယ်လေးပါး မလားမရောက်မူ၍ ဤအကျွန်ုပ်တို့၏ ဘုရားမြတ်စွာ ပွင့်ထွန်းတော်မူရာ ကာလဝယ် ရာဇဂြိုဟ်ပြည်၌ သူဌေးမျိုးတအိမ်ဝယ် ပဋိသန္ဓေ ယူနေခဲ့၍ ကိုးလခွဲကြာ မယ်တော်ဝမ်း၌ ကိန်းနေခဲ့လေသည်။ ထိုသူဌေးသားကို ဖွားမြင်သောနေ့၌ကား ရာဇဂြိုဟ်တပြည်လုံးဝယ် ရှိသမျှ လက်နက် အားလုံးတို့သည် မီးဟုန်းဟုန်း တောက်သည့်အဟန် အလျှံတပြောင်ပြောင် တောက်လောင်ကြလေကုန်၏။ လူအားလုံးတို့၏ကိုယ်ဝယ် ဝတ်ဆင်၍ထားအပ်သည့် အဆင်တန်းဆာတို့သည်လည်း အလျှံလွှတ်ကြသည့်ပမာ အရောင်အဝါကို လွှတ်ကြလေကုန်၏။ သို့ရကား ရာဇဂြိုဟ်တပြည်လုံးသည် တခဲနက် အရောင် တောက်ပြောင်လျက် ရှိလေ၏။

     ထိုသူငယ်၏ ဖခင်သူဌေးသည်လည်း စောစောပင် ဗိမ္ဗိသာရမင်းကြီးထံသို့ အခစား သွားရောက်လေ၏။ ထိုအခါ ဗိမ္ဗိသာရမင်းကြီးနှင့် သူဌေးကြီးတို့ အပြန်အလှန် မေး,ဖြေကြသည်မှာ-

(မင်းကြီး)

ယနေ့ လက်နက်အားလုံး အလျှံတပြောင်ပြောင် တောက်လောင်ကြလေသည်၊ မြို့အလုံးသည် တခဲနက် အရောင်တောက်ပြောင်လျက် ရှိချေသည်။ ဤသို့ဖြစ်ရာ၌ အကြောင်းကို အသင်သူဌေးသည် သိ၏လော။

၃၆၅

(သူဌေး)

သိပါသည် အရှင်မင်းကြီး..။

(မင်းကြီး)

အဘယ်အကြောင်းကြောင့်နည်း သူဌေးကြီး..။

(သူဌေး)

အကျွန်ုပ်၏အိမ်၌ အရှင်မင်းကြီးတို့၏ ကျွန်တယောက် ဖွားမြောက်ခဲ့ပါပြီ၊ ထိုအကျွန်ုပ်သား၏ ကောင်းမှုရှိန်စော် အာနုဘော်ကြောင့် ဤကဲ့သို့ (တမြို့လုံး အလျှံအရောင်ဖုံးခြင်း) ဖြစ်ပါသည်။

(မင်းကြီး)

သူဌေး.. အသို့နည်း = ဘယ့်နှယ်လဲ ထိုသင့်သားသည် ခိုးသူဖြစ်လိမ့်မည်လော။

(သူဌေး)

အရှင်မင်းကြီး.. ဤကဲ့သို့ အကျွန်ုပ်၏သား ခိုးသူဖြစ်ရန်အကြောင်း မရှိပါ။ ဘုန်းကံကြီးလှသည့် ရှေးကပြုဘူး ကုသိုလ်ထူးရှိသည့်သူတယောက် ဖြစ်ပါသည်။

(မင်းကြီး)

ထိုသို့ဖြစ်လျှင် ထိုသူငယ်ကို ကောင်းစွာစောင့်ရှောက် မွေးမြူမှ သင့်လျော်မည်။ ဤအသပြာ တထောင်သည် ထိုသူငယ်၏ နို့ဖိုးဖြစ်စေ။

     ဤကဲ့သို့ ပြောဆို၍ ဗိမ္ဗိသာရမင်းကြီးသည် နေ့စဉ်ပင် နို့ဖိုးအနေဖြင့် အသပြာ တထောင် တထောင် ပေးစေလေ၏။ ထို့နောက် ထိုသူငယ်ကို အမည်မှည့်သောနေ့၌ တမြို့လုံး တခဲနက် အလျှံတပြောင်ပြောင် အရောင်တလက်လက် တောက်ပမှုကို အကြောင်းပြု၍ “ဇောတိကသတို့သား”ဟု အမည်မှည့်ကြလေကုန်၏။

ဇောတိကသူဌေးအိမ်ကို သိကြားဖန်ဆင်းပေးခြင်း

     ထို့နောက် ဇောတိကသူဌေးသား အရွယ်ရောက်သောအခါ သူ့အတွက် နေအိမ်ဆောက်လုပ်ရန် မြေအပြင်ကို သုတ်သင်ရှင်းလင်းအပ်သည်ရှိသော် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် ပူနွေးသောအခြင်းအရာကို ပြလေ၏။ သိကြားမင်းသည် “အဘယ့်ကြောင့် ဤသို့ (ပဏ္ဍုကမ္ဗလာပူနွေးမှု) ဖြစ်သနည်း”ဟု စူးစမ်း ဆင်ခြင်လတ်သော် ဇောတိကအတွက် အိမ်နေရာကို

၃၆၆

ယူကြကုန်၏”ဟု သိ၍ “ဤဇောတိကကား ထိုလူတို့ ဆောက်လုပ်အပ်သော အိမ်၌ နေရမည့်သူမဟုတ်၊ ငါသည်လည်း ထိုအရပ်သို့သွားမှ သင့်လျော်မည်”ဟု ကြံစည်ပြီးလျှင် လက်သမားအသွင်ဖြင့် ထိုအရပ်သို့ သွားရောက်၍ “အမောင်တို့.. အဘယ်အမှု ပြုကြသနည်း”ဟု မေးလေ၏။ လူအများက “ဇောတိက သူဌေးသားအတွက် အိမ်နေရာကို ယူကြပါသည်”ဟု ပြန်ကြား ပြောဆိုကြလေလျှင် သိကြားမင်းသည် “အမောင်တို့.. ဖယ်ရှားကြလော့၊ ဤဇောတိကသူဌေးသည် အမောင်တို့ ဆောက်လုပ်အပ်သော အိမ်၌ နေရမည့်သူ မဟုတ်”ဟု ပြောဆိုပြီးလျှင် (၁၆) တဆယ့်ခြောက်မင်းပယ် ကျယ်ဝန်းသော မြေအရပ်ကို စူးစူးစိုက်စိုက် ကြည့်ရှုလိုက်လေ၏။ ထိုမြေအရပ်သည် ထိုခဏမှာပင် ကသိုဏ်းဝန်းပမာ ညီညွတ်သောမြေအရပ်ဖြစ်၍ သွားလေ၏။ (၁)

     သိကြားမင်းသည် တဖန် “ဤအရပ်၌ မြေကို ဖောက်ခွဲ၍ ရတနာခုနစ်ပါးဖြင့်ပြီးသော ဘုံခုနစ်ဆင့် (ခုနစ်ထပ်) ပြာသာဒ်ကြီး ထပေါ်စေသတည်း”ဟု ကြံစည်၍ စူးစူးစိုက်စိုက် ကြည့်ပြန်လေ၏၊ ထိုခဏမှာပင် ဘုံခုနစ်ဆင့်ရှိ (ခုနစ်ထပ်) ပြာသာဒ်ကြီး မြေကိုခွဲ၍ တက်ပေါ်လာလေ၏။ (၂)

     သိကြားမင်းသည် တဖန် “ဤပြာသာဒ်ကြီးကို ဝန်းရံ၍ ရတနာခုနစ်ပါးဖြင့်ပြီးသော တံတိုင်းကြီးခုနစ်ထပ်တို့ ထပေါ်ကြစေသတည်း”ဟု ကြံစည်၍ စူးစူးစိုက်စိုက် ကြည့်ပြန်လေ၏၊ ထိုခဏမှာပင် ရတနာခုနစ်ပါးနှင့်ပြီးသော တံတိုင်းကြီး ခုနစ်ထပ်တို့ မြေကိုခွဲ၍ တက်ပေါ်လာလေကုန်၏။ (၃)

     ထို့နောက် သိကြားမင်းသည် “တံတိုင်းခုနစ်ထပ်တို့၏ အပိုင်းအခြား အကြားအကြား၌ ပဒေသာပင်တို့ ထပေါ်ကြစေသတည်း”ဟု ကြံစည်၍ စူးစူးစိုက်စိုက် ကြည့်ပြန်လေ၏။ ထိုခဏမှာပင် ပဒေသာပင်တို့သည် သိကြားမင်း ကြံစည်သည့်အတိုင်း ထပေါ်၍ လာလေကုန်၏။ (၄)

     ထို့နောက် တဖန် သိကြားမင်းသည် “ဘုံခုနစ်ဆင့်ရှိသည့် ပြာသာဒ်ကြီး၏ ထောင့်လေးထောင့်တို့၌ ရွှေအိုးကြီး လေးလုံးတို့

၃၆၇

ထပေါ်ကြစေသတည်း”ဟု ကြံစည်၍ စူးစူးစိုက်စိုက် ကြည့်ပြန်လေ၏၊ အလုံးစုံသည် သိကြားမင်း ကြံစည်သည့်အတိုင်းပင် ဖြစ်လာလေ၏။ ။(အထူးအားဖြင့် မြတ်စွာဘုရား အလောင်းတော်အတွက် ဖြစ်ပေါ်လာသည့် ရွှေအိုးကြီး လေးလုံးတို့၏ အဝပမာဏမှာ- တလုံးက တယူဇနာ, အခြားတလုံးက သုံးဂါဝုတ်, အခြား တလုံးက နှစ်ဂါဝုတ်, အခြားတလုံးက တဂါဝုတ် အဝပမာဏရှိ၏။ အောက်မှာ မဟာပထဝီမြေကြီး အဆုံးရှိလေသည်။ ဇောတိကသူဌေးအတွက် ဖြစ်ပေါ်လာသော ရွှေအိုးကြီး လေးလုံးတို့၏ အဝပမာဏကို အဋ္ဌကထာ (ရှေးအဋ္ဌကထာ)၌ အထူး မဖွင့်ပြအပ်ချေ။ လေးလုံးတို့သည်ပင် မျက်နှာဝဖြတ်၍ ထားအပ်သည့် ထန်းသီးပမာ ရတနာအပြည့်သာလျှင် ထပေါ်၍ လာကြလေကုန်သည်၊ ဤကား အထူးတည်း)။ (၅)

     ပြာသာဒ်ကြီး၏ ထောင့်လေးထောင့်တို့၌ပင် ထန်းပင်ပျို ပင်စည်လုံးခန့် လုံးပတ်ပမာဏရှိကြသည့် ရွှေကြံပင်ကြီး လေးပင်တို့ ပေါက်၍လာကုန်၏။ ထိုကြံပင်ကြီးတို့၏ အရွက်တို့မှာ မြရတနာဖြင့်ပြီးကုန်၍ ပင်စည်တို့မှာ ရွှေဖြင့်ပြီးကုန်၏။ ဤကြံပင်ကြီးတို့သည် ဇောတိကသူဌေး၏ ရှေးကောင်းမှု ကုသိုလ်ကံကို ထင်ရှား ပြသရန် ဖြစ်ပေါ်လာကြကုန်သတဲ့။ (၆)

     တံခါးခုနစ်မုခ်တို့၌ နတ်ဘီလူးစစ်မှူး ခုနစ်ဦးတို့ အစောင့်အရှောက်ကို ယူကြလေသည် = စောင့်ရှောက်ကြလေသည်)၊ (၁) ပဌမတံခါးမုခ်၌ ယမကောဠီ-မည်သော နတ်ဘီလူးစစ်မှူးသည် မိမိ၏အခြံအရံ နတ်ဘီလူး(၁ဝဝဝ) တထောင်နှင့် အတူတကွ စောင့်ရှောက်၏၊ (၂) ဒုတိယတံခါးမုခ်၌ ဥပ္ပလ-မည်သော နတ်ဘီလူး စစ်မှူးသည် မိမိ၏ အခြံအရံ နတ်ဘီလူး (၂၀၀၀) နှစ်ထောင်တို့နှင့် အတူတကွ, (၃) တတိယတံခါးမုခ်၌ ဝဇိရ-မည်သော နတ်ဘီလူးစစ်မှူးသည် မိမိ၏ အခြံအရံ နတ်ဘီလူး (၃၀၀၀) သုံးထောင်တို့နှင့် အတူတကွ, (၄) စတုတ္ထတံခါးမုခ်၌ ဝဇိရဗာဟု-မည်သော နတ်ဘီလူးစစ်မှူးသည် မိမိ၏ အခြံအရံ နတ်ဘီလူး (၄ဝဝဝ) လေးထောင်တို့နှင့် အတူတကွ,

၃၆၈

(၅) ပဉ္စမတံခါးမုခ်၌ ကသကန္ဒ-မည်သော နတ်ဘီလူး စစ်မှူးသည် မိမိ၏ အခြံအရံ နတ်ဘီလူး (၅၀၀၀) ငါးထောင်တို့နှင့် အတူတကွ, (၆) ဆဋ္ဌတံခါးမုခ်၌ ကဋတ္ထ-မည်သော နတ်ဘီလူး စစ်မှူးသည် မိမိ၏ အခြံအရံ နတ်ဘီလူး (၆၀၀၀) ခြောက်ထောင်တို့နှင့် အတူတကွ, (၇) သတ္တမတံခါးမုခ်၌ ဒိသာမုခ-မည်သော နတ်ဘီလူး စစ်မှူးသည် မိမိ၏ အခြံအရံ နတ်ဘီလူး (၇၀၀၀) ခုနစ်ထောင်တို့နှင့် အတူတကွ စောင့်ရှောက်နေလေ၏။

ယမကောဠီ စ ဥပ္ပလော၊

ဝဇိရော ၀ဇိရဗာဟု။

ကသကန္ဒော ကဋတ္ထော စ၊

ဒိသာမုခေါ စ သတ္တမော။

ဧတေ ဂဏှိံသု အာရက္ခံ၊

ဇောတိကဿ နိဝေသနေ။ (ပဋိဘာန်ဂါထာ)

ဗိမ္ဗိသာရမင်းကြီးက သူဌေးထီးဖြူပို့သ၍ သူဌေးအဖြစ်

ခန့်အပ်ခြင်း

     “ဇောတိက သူဌေးသားအတွက် ရတနာခုနစ်ပါးဖြင့်ပြီးသော ဘုံခုနစ်ဆင့်ရှိ (=ခုနစ်ထပ်ရှိ) ပြာသာဒ်ကြီး မြေမှ တက်ပေါ်လာသတဲ့၊ တံတိုင်းကြီး ခုနစ်ထပ်, တံခါးမုခ် ခုနစ်ရပ်တို့နှင့်တကွ ရွှေအိုးကြီးလေးလုံးတို့ မြေမှ ထပေါ်ကြကုန်သတဲ့”ဟူသော သတင်းစကားကို ကြားသိရ၍ ဗိမ္ဗိသာရမင်းတရားသည် ဇောတိကထံသို့ သူဌေးထီးဖြူနှင့်တကွ အဆောင်အယောင် အခမ်းအနားများ ပို့သစေလေ၏။ ထိုသူဌေးသားသည် ထိုအချိန့်မှစ၍ “ဇောတိကသူဌေး”ဟူ၍ အမည်ထင်ရှား ကျော်ကြားလာလေ၏။

သတုလကာယီ သူဌေးကတော် မြောက်ကျွန်းသူကို

နတ်တို့ ယူဆောင်ပို့သခြင်း

     ဇောတိကသူဌေးနှင့် အတူတကွ ကုသိုလ်ကောင်းမှု ပြုခဲ့သော အမျိုးသမီးသည်ကား ထိုအချိန်ဝယ် ဥတ္တရကုရုကျွန်း၌ ဖြစ်ရှိနေလေသည်။

၃၆၉

ဇောတိကသူဌေးသား သူဌေးဖြစ်လာသောအခါ ထိုကောင်းမှုပြုဖော် မြောက်ကျွန်းသူ “သတုလကာယီ”ကို နတ်တို့သည် မြောက်ကျွန်းမှ ယူဆောင်ခဲ့ကြ၍ ဇောတိက၏ ခုနစ်ထပ်တိုက်ကြီး ကြက်သရေတိုက်ခန်း၌ ထိုင်နေကြစေလေကုန်၏။ သတုလကာယီ သူဌေးကတော်သည် မြောက်ကျွန်းမှ လာသောအခါ ဆန်တစလယ်နှင့် မီးကျောက်သုံးလုံးတို့ကိုသာ ယူဆောင်ခဲ့လေသည်။ ထိုသူဌေးဇနီးမောင်နှံတို့ အဖို့ရာ အသက်ထက်ဆုံး ထိုဆန်တစလယ်ဖြင့်ပင် ထမင်းဖြစ်ရှိလေသည်။ အကယ်၍ ထိုသူများက ဆန်လှည်း အစီးတရာ (ထိုဆန်ထည့်သည့် ခွက်၌) ဖြည့်လောင်းကြစေကာမူ ထိုဆန်တစလယ်သည် တစလယ်သာလျှင်ဖြစ်၍ တည်လေသည်။ (အံ့ဖွယ်ပါပေ)။

     ထမင်းချက်လိုသောအခါ ဆန်တို့ကို ထမင်းအိုး၌ ထည့်၍ မီးကျောက်သုံးလုံးတို့၏ အပေါ်၌ တည်ထားလိုက်ရလေသည်။ ကျောက်တို့သည် ထိုခဏမှာပင် အလျှံတပြောင်ပြောင် တောက်လောင်လာ၍ ထမင်းကျက်လျှင် ကျက်ခြင်း မီးအလျှံများ ငြိမ်းစဲ၍ သွားကြလေ၏၊ ထိုသို့ မီးငြိမ်းသော အမှတ်ဖြင့်ပင် ထမင်းကျက် သည်၏ အဖြစ်ကို သိကြရကုန်၏။ ဟင်းလျာ-စသည် ချက်သောအခါ၌လည်း ဤနည်းအတူပင်တည်း။ ဤသို့လျှင် ထိုဇောတိကသူဌေး ဇနီးမောင်နှံတို့ အဖို့ရာ မီးကျောက်တို့ဖြင့်သာလျှင် အစာအာဟာရသည် ကျက်ရလေ၏။ (ထင်းမီး-စသည်ဖြင့် မချက်ရ)။ မြကျောက်ရတနာ အရောင်ဖြင့်သာလျှင် နေကြကုန်၏၊ သူတို့သည် မီးရောင် ဆီမီးရောင်ကို လုံးဝ မသိကြကုန်။

     “ဇောတိကသူဌေးကြီး၏ စည်းစိမ်ချမ်းသာကား ဤသို့စင် ခမ်းနားကြီးကျယ်လှသတဲ့”ဟူသော သတင်းစကားသည် ဇမ္ဗူဒိပ်ကျွန်းအလုံး နှံ့၍သွားလေသည်။ လူများအပေါင်းသည် ယာဉ်စသည်တို့ကို က-စေ၍ ဇောတိကသူဌေး၏ စည်းစိမ်ကို ကြည့်ရှုရန် ဥဒဟို လာရောက်ကြလေ၏။ ဇောတိကသူဌေးသည် လာတိုင်း လာတိုင်းသော သူတို့အား မြောက်ကျွန်းဆန်ဖြင့် မီးကျောက်ပေါ်ဝယ် ထမင်းအချက်ခိုင်း၍ ပေးလှူ ကျွေးမွေးစေလေ၏။

၃၇၀

“ပဒေသာပင်တို့မှ မောင်တို့, အမိတို့ အလိုရှိရာ အဝတ်အထည်, အဆင်တန်းဆာတို့ကို ဆွတ်ခူးယူကြကုန်လော့”ဟု တိုက်တွန်း စေခိုင်းသည့်ပြင် တဂါဝုတ်ရှိသော ရွှေအိုးကြီး၏ အဝကို ဖွင့်စေ၍ “မောင်တို့, အမိတို့ သုံးစွဲလောက်အောင် ရွှေငွေဥစ္စာများကို ယူ၍ သွားကြကုန်လော့” ဟူ၍လည်း တိုက်တွန်းစေခိုင်းလေ၏။ ဇမ္ဗူဒိပ်ကျွန်း၌နေသူ လူအားလုံးတို့သည် ရွှေငွေဥစ္စာကို အလိုရှိသမျှ ယူငင်၍ ပြန်သွားကြသည်ရှိသော် ရွှေအိုးကြီးမှာ လက်တသစ်ခန့်မျှပင် ယုတ်လျော့မှုမရှိပဲ ပြည့်မြဲပြည့်၍ နေလေ၏။ ဤသို့ ဖြစ်ခြင်းသည် ထိုဇာတိကသူဌေး၏ ဂန္ဓကုဋီ အုတ်ကျောင်းကြီး ဒါယကာ အပရာဇိတသူကြွယ်ဖြစ်စဉ်က ဂန္ဓကုဋီပရိဝုဏ်အတွင်း သဲဖြူခင်း၍ သုံးကြိမ်တိုင်တိုင် ရတနာခုနစ်ပါးတို့ကို ပုဆစ်ဒူးနစ်လုမျှ ကြဲဖြန့်၍ လှူဒါန်းခဲ့သော ကောင်းမှုကုသိုလ်၏ အကျိုးဆက် ဖြစ်လေသည်။

ဗိမ္ဗိသာရမင်းကြီး ဇောတိက၏ပြာသာဒ်ကို

လာရောက်ကြည့်ရှုခြင်း

     ဤသို့ လူများအပေါင်း အဝတ်အထည်, အဆင်တန်ဆာ, ဥစ္စာရွှေငွေများကို အလိုရှိသမျှ ယူငင်သွားကြစဉ်အခါဝယ် ဗိမ္ဗိသာရမင်းကြီးသည် ဇောတိက၏ ပြာသာဒ်ကို ကြည့်ရှုလိုသော်လည်း လူအများ လာနေဆဲဖြစ်၍ ကြည့်ရှုခွင့်ကို မရခဲ့ချေ။ နောက်အဖို့ဝယ် အလိုရှိသမျှ ယူငင်ကြ၍ သွားကြပြီဖြစ်ရကား လာရောက်ယူငင်သူများ နည်းပါးလတ်သည်ရှိသော် ဗိမ္ဗိသာရမင်းကြီးသည် ဇောတိက၏ခမည်းတော် သူဌေးကြီးကို “သင့်သား၏ ပြာသာဒ်ကို ငါတို့ ကြည့်လိုကုန်၏”ဟု ပြောဆိုလေ၏။ ဖခင်သူဌေးကြီးသည် “ကောင်းပါပြီ အရှင်မင်းကြီး..”ဟု ဝန်ခံစကား ပြောကြားခဲ့၍ သားထံသို့ သွားရောက်ကာ “ချစ်သား.. ပြည့်ရှင်မင်းကြီးသည် သင်ချစ်သား၏ ပြာသာဒ်ကို ကြည့်ရှုတော်မူလိုသည်”ဟု ပြောဆိုလေ၏။ သားဖြစ်သူ ဇောတိက သူဌေးကလည်း “ကောင်းပါပြီ ဖခင်.. ပြည့်ရှင်မင်းကြီး ကြွလာတော်မူပါစေ”ဟု လက်ခံစကား ပြောကြားလေ၏။

၃၇၁

     ဗိမ္ဗိသာရမင်းကြီးသည် များစွာသော အခြံအရံဖြင့် ဇောတိကသူဌေး၏ ဘုံနန်းပြာသာဒ်သို့ သွားရောက်လေ၏။ ရှေးဦးစွာသော တံခါးမုခ်၌ တံမြက်လှည်း၍ အမှိုက်စွန့်သွန်သော ကျွန်မသည် မင်းကြီးအား မိမိလက်ကို ကမ်းလိုက်လေ၏။ မင်းကြီးသည် “သူဌေးကတော်”ဟူသော အမှတ်ဖြင့် ရှက်နိုးရကား ထိုကျွန်မ၏ လက်ရုံး၌ မိမိလက်ကို မတင်ထားချေ။ ဤနည်းအတူပင် ကြွင်းသော တံခါးမုခ်တို့၌လည်း ကျွန်မတို့ကို “သူဌေးကတော်များ”ဟု မှတ်ထင်အောက်မေ့ရကား ထိုကျွန်မတို့၏ လက်ရုံး၌ မိမိလက်ကို မတင်ထားချေ။ (ဤသို့လျှင် ဇောတိက၏ ဘုံနန်းပြာသာဒ်၌ ကျွန်မများပင် သူဌေးကတော်တွေဟု ထင်မှားလောက်အောင် ခမ်းနား တင့်တယ်လှကုန်၏)။

     ဇောတိကသူဌေးသည် လာရောက်၍ မင်းကြီးကို ခရီးဦးကြိုဆိုကာ ရိုသေစွာ ရှိခိုးပြီးလျှင် မင်းကြီးနောက်မှ လိုက်ပါလျက် “ရှေ့မှ ကြွတော်မူကြပါ အရှင်မင်းကြီး..”ဟု ပြောဆိုလေ၏။ မင်းကြီး၏အဖို့ရာ မြကျောက်ရတနာခင်း၍ ထားအပ်သော မြေသည် အသူတရာနက်သော ချောက်ကမ်းပါးကြီးကဲ့သို့ဖြစ်၍ ထင်နေလေ၏။ မင်းကြီးသည် “ဤဇောတိကသူဌေးကား ငါ့ကို ဖမ်းယူရန် တွင်းကြီးကို တူးထားအပ်လေပြီ”ဟု အထင်လွဲကာ ခြေမချဝံ့ပဲ ရှိလေ၏။ ဇောတိကသူဌေးသည် “အရှင်မင်းကြီး.. ဤအရာသည် တွင်းမဟုတ်ပါ၊ ကျွန်တော်မျိုး၏နောက်မှ လိုက်ပါတော်မူခဲ့ကြပါလော့”ဟု ပြောဆိုကာ မင်းကြီး၏ရှေ့မှ သွားလေ၏။ မင်းကြီးသည် ဇောတိကသူဌေး ရှေ့ကနင်း၍ သွားသောအခါမှ မြရတနာမြေကိုနင်း၍ အောက်အပြင်မှ အစပြုကာ ပြာသာဒ်ကို ကြည့်ရှုလျက် လှည့်လည်လေ၏။

အဇာတသတ်မင်းသားငယ်၏ အကြံ။ ။ထိုအချိန်ဝယ် အဇာတသတ် မင်းသားကလေးသည် ခမည်းတော်၏ လက်ချောင်းကို ဆွဲကိုင်လိုက်ပါ လှည့်လည်ရင်းက “ဩ.. ငါ၏ ဖခမည်းတော်သည် မသိဆိုးဝါး မိုက်ကန်းလှဘိတကား၊ ငါတို့အောက် ဇာတ်နိမ့်သည့် သူကြွယ်ဖြစ်သူက ရတနာခုနစ်ပါးဖြင့်ပြီးသော ပြာသာဒ်ကြီး၌ နေထိုင်ပါလျက် ထိုငါ့ခမည်းတော်ကြီးသည် ဧကရာဇ်မင်းစစ် ဖြစ်ပါလျက်

၃၇၂

သစ်သားဖြင့်ပြီးသော နန်းအိမ်၌ နေဘိ၏၊ ယခုအခါ ငါသည် မင်းဖြစ်ခဲ့လျှင် ဤသူဌေးအား ဤရတနာပြာသာဒ်ကြီး၌ ဘယ်နည်းနှင့်မျှ နေဖို့ရန် ခွင့်ပေးလိမ့်မည်မဟုတ်”ဟု ကြံစည်အောက်မေ့လေ၏)။

     မင်းကြီး၏ အဖို့ရာမှာလည်း ပြာသာဒ် အထက်ထပ်များသို့ တက်ရောက်စဉ်ပင် နံနက် ပွဲတော်စာ စားသုံးရန်အခါ ရောက်လာလေ၏။ မင်းကြီးသည် ဇောတိကသူဌေးကို “သူဌေးကြီး.. ငါတို့သည် နံနက်ပွဲတော်စာကို ဤမှာပင် စားကြကုန်အံ့”ဟု ပြောဆိုလေ၏။ ဇောတိကသူဌေးကလည်း “သိပါသည် အရှင်မင်းကြီး..၊ အရှင်မင်းကြီး၏အတွက် နံနက်ပွဲတော်ကို အသင့်စီမံအပ်ပြီး ဖြစ်ပါသည်”ဟု လျှောက်ထားလေ၏။

     ထို့နောက် ဗိမ္ဗိသာရမင်းကြီးသည် နံ့သာရေအိုး (၁၆) တဆယ့်ခြောက်လုံးတို့ဖြင့် ရေချိုးပြီးလျှင် ဇောတိကသူဌေး၏ နေထိုင်ရာ မဏ္ဍပ်အတွင်း ခင်းထားအပ်သော သူဌေး၏ ထိုင်နေရာပလ္လင်၌ပင် ထိုင်နေလေ၏။ ထိုအခါ မင်းကြီးအား လက်ဆေးရေကို ပေးပြီးနောက် အဖိုးတသိန်းတန် ရွှေခွက်၌ ပျော့ပျောင်းသော (လက်ကော်ရ) နို့ဃနာထမင်းကို ခူးထည့်ပြီးလျှင် မင်းကြီး၏ရှေ့၌ ပဌမဦးစွာ လာရောက်ချထားကြလေ၏။ မင်းကြီးသည် “စားရမည့်ဘောဇဉ်”ဟူသော အမှတ်ဖြင့် စားဖို့ရန် ဟန်ပြင်လိုက်လေသည်။ ထိုအခါ ဇောတိကသူဌေးက “အရှင်မင်းကြီး.. ဤအရာသည်ကား စားသုံးရန် မဟုတ်သေးပါ၊ ဤအရာသည်ကား အငွေ့ကောင်းကောင်းပေးရန် စီမံအပ်သည့် ပျော့ပျောင်းသော (လက်ကော်ရ) နို့ဃနာထမင်းသာ ဖြစ်ပါသေးသည်”ဟု ပြောဆိုပြီးမှ ဇောတိကသူဌေး၏ တပည့်များသည် အခြား အဖိုးတသိန်းတန် ရွှေခွက်တခွက်၌ မြောက်ကျွန်းဆန်ဖြင့် ချက်အပ်သည့် ထမင်းကို ခူးကြ၍ ရှေး(နို့ဃနာ)ရွှေခွက်၏ အပေါ်၌ တင်ထားလာကြလေကုန်၏။ (ထိုသို့ ပြုလုပ်မှသာ အောက်နို့ဃနာရွှေခွက်မှ အငွေ့မပြတ် ဟပ်သဖြင့် အထက် ရွှေခွက်၌တည်သော မြောက်ကျွန်းဆန်ထမင်းမှာ အစအဆုံး ပူနွေးလျက် စားသုံး၍ချမ်းသာမှု ဖြစ်သတဲ့)။

၃၇၃

     မင်းကြီးသည် အလွန်ချိုမြိန် အရသာရှိသော မြောက်ကျွန်းဆန် ထမင်းကို စားသုံးရလေသော် (အလွန်စား၍ ကောင်းသဖြင့်) အတိုင်းအရှည်ကို မသိနိုင်ပဲ ရှိလေ၏။ ထိုအခါ မင်းကြီးကို ဇောတိကသူဌေးသည် ရှိခိုး၍ လက်အုပ်ချီပြီးလျှင် “သင့်တော်လောက်ပါပြီ အရှင်မင်းကြီး..၊ ဤမျှသာလျှင် ဖြစ်စေချင် (စားသုံးစေချင်)ပါသည်၊ ဤထက် ပိုလွန်သွားလျှင် အစာကြေနိုင်လိမ့်မည် မဟုတ်ပါ”ဟု လျှောက်ထားလေ၏။ ဗိမ္ဗိသာရမင်းကြီးက “ဘယ့်နှယ်လဲ သူဌေးကြီး.. မိမိ၏ထမင်းကို အလေးပြု၍ (=ဂုဏ်တင်၍) ပြောဆိုသလော”ဟု ဆိုလေလျှင် ဇောတိကသူဌေးသည် “အရှင်မင်းကြီး.. ဤသို့ မိမိ၏ထမင်းကို အလေးပြု၍ ပြောခြင်း (=ဂုဏ်တင်၍ ပြောခြင်း) အလျှင်းပင် မဟုတ်ပါ။ မှန်ပါသည်- အရှင်မင်းကြီးတို့၏ စစ်သည်ဗိုလ်ပါ အားလုံးအတွက်လည်း ဤမြောက်ကျွန်းဆန် ထမင်းနှင့် ကျောက်ချက်ဟင်းပင် ဖြစ်ပါသည်။ စင်စစ်သော်ကား အကျွန်ုပ်သည် အရှိန်အစော်မဲ့ (သတင်းမကောင်းဖြစ်)မည်မှ ကြောက်လန့်ပါ၏”ဟု ပြန်ကြား လျှောက်ထားလေ၏။ “အဘယ်အကြောင်းကြောင့်နည်း”ဟု မင်းကြီးက မေးလေလျှင် ဇောတိကသူဌေးသည် “အကယ်၍များ အရှင်မင်းကြီး၏ ကိုယ်ခန္ဓာမှာ (အစာက ဩဇာများလှသောကြောင့်) လေးလံပျင်းတွဲမှု အနည်းငယ်မျှ ဖြစ်ရှိခဲ့ပါလျှင် ‘မင်းကြီးသည် ယမန်နေ့က ဇောတိကသူဌေးအိမ်၌ ထမင်းပွဲတော်စာ စားသုံးခဲ့လေသည်၊ ဇောတိကသူဌေးက တစုံတရာ ပြုလုပ်လိုက်သည် ဖြစ်လိမ့်မည်’ဟု အထင်မှား အမြင်မှား လူအများ အပြစ်တင်စကား ပြောကြားကြမည်မှ ကြောက်လန့်ပါသည် အရှင်မင်းကြီး..”ဟု ပြန်လည်ဖြေကြား လျှောက်ထားလေ၏။ ထိုအခါကျမှ မင်းကြီးသည် “ထိုသို့ဖြစ်လျှင် ထမင်းပွဲကို သိမ်းလော့၊ ရေကြည်တော်ကို ဆက်သလော့”ဟု အမိန့်ပေးလေသည်။ မင်းကြီး ပွဲတော်စာတည်ပြီးသော အဆုံး၌ အလုံးစုံသော မင်း၏ အခြွေအရံ ဗိုလ်ပါပရိသတ်သည် ထိုမြောက်ကျွန်းဆန် ထမင်းကိုပင် စားသုံးကြလေ၏။

၃၇၄

မင်းကြီးထံ သတုလကာယီ သူဌေးကတော်

အခစားဝင်ခြင်း

     ထို့နောက် ဗိမ္ဗိသာရမင်းကြီးသည် ကျန်းမာ ချမ်းသာကြောင်း စကားနှီးနှော ပြောဆိုနေထိုင်ရင်းက ဇောတိကသူဌေးကြီးနှင့် စကားစပ်ရာ မေး,ဖြေကြသည်မှာ-

(မင်းကြီး)

သူဌေးကြီး.. ဤအိမ်၌ သူဌေးကတော် မရှိဘူး‌လော။

(ဇောတိက)

ရှိပါသည် အရှင်မင်းကြီး..။

(မင်းကြီး)

ယခု သူဌေးကတော် အဘယ်မှာ နေသနည်း။

(ဇောတိက)

ကြက်သရေတိုက်ခန်း၌ ထိုင်နေပါသည်၊ မင်းကြီး လာရောက်ကြောင်းကို မသိ၍ ဖြစ်ပါသည်။ ။(မှန်၏- မင်းကြီး အခြွေအရံ ပရိသတ်နှင့်တကွ အစောကြီးကပင် လာရောက်သော်လည်း သူဌေးကတော် သတုလကာယီကား မင်းကြီး လာရောက်သည်ကို အမှန်ပင် မသိပါချေ)။

     ထို့နောင်မှ ဇောတိကသူဌေးကြီးသည် “မင်းကြီးသည် ငါ၏ဇနီး သူဌေးကတော်ကို တွေ့မြင်တော်မူလို၏”ဟု ဆင်ခြင်မိ၍ သူဌေးကတော်ထံသို့ သွားပြီးလျှင် “မင်းကြီး ငါတို့အိမ်သို့ ကြွရောက်တော်မူလာသည်၊ သင့်အဖို့ရာ မင်းကြီးကို ဖူးတွေ့ရန် မသင့်လျော်ဘူးလော”ဟု မေးမြန်းလေ၏၊ သတုလကာယီသည် ကြက်သရေတိုက်ခန်းဝယ် လျောင်းစက်ရင်းက “အရှင်.. ဤမင်းဆိုသောသူသည် အဘယ်သို့သောသူ ဖြစ်သနည်း”ဟု မေး၍ ဇောတိကသူဌေးက “မင်းဆိုသည်မှာ ငါတို့၏ အပေါ်၌ အစိုးရသောသူ ဖြစ်သည်”ဟု ပြောဆိုလေလျှင် သတုလကာယီသည် မနှစ်သက်ကြောင်း ထင်ရှားစွာ ထုတ်ဖော် ပြောကြားလိုရကား “ငါတို့သည် ကုသိုလ်ကောင်းမှုတို့ကို မကောင်းသဖြင့် ပြုအပ်ခဲ့လေကုန်ပြီတကား၊ ယင်း ငါတို့အပေါ်၌ အစိုးရသောသူ ဟူ၍လည်း ရှိရတုံဘိသေး၏၊ ငါတို့သည် သဒ္ဓါတရားအတုဖြင့်

၃၇၅

ကုသိုလ်ကောင်းမှုတို့ကို ပြုခဲ့မိကြ၍ စည်းစိမ်ဥစ္စာ ကုံထံကြွယ်ဝခြင်းသို့ ရောက်ကြပါသော်လည်း သူတပါး၏ စိုးမိုးပိုင်သရာနေရာ၌ လူဖြစ်၍ လာကြရကုန်၏၊ ဧကန်ပင် ငါတို့သည် ကံ,ကံ၏အကျိုးကို မယုံကြည်ကြပဲ အလှူဒါန ပေးကမ်းခဲ့ကြသည် ဖြစ်ပေလိမ့်မည်။ ဤသို့ သူတပါးစိုးမိုး ပိုင်သရာနေရာ၌ လူဖြစ်လာရခြင်းသည် ထိုသို့ သဒ္ဓါတရားမရှိပဲ ဝတ်ကြေဝတ်ကုန် လှူဒါန်းခဲ့သည့် ကောင်းမှု၏ အကျိုးတည်း”ဟု ညည်းတွား ပြောဆိုပြီးလျှင် “အရှင်.. ယခု ကျွန်တော်မ အဘယ်အမှုကို ပြုရမည်နည်း”ဟု မေးမြန်းလေ၏။ ထိုအခါ ဇောတိကသူဌေးကြီးက“ထန်းရွက်ယပ်ဝန်းကို ယူဆောင်ကာ လာရောက်၍ မင်းကြီးကို ယပ်လေခပ်ပေးလော့”ဟု ပြောဆိုလေ၏။

     ထိုသို့ ဇောတိကသူဌေး၏ ပြောဆိုစေခိုင်းချက်အရ သတုလကာယီ သူဌေးကတော်သည် ထန်းရွက်ယပ်ဝန်းကို ယူဆောင်ကာ လာလတ်၍ မင်းကြီးကို ယပ်လေခပ်ပေးနေစဉ် မင်းကြီး၏ဦးရစ် (ခေါင်းပေါင်းတော်)မှ အနံ့ကို ယူဆောင်လာသော လေသည် သူဌေးကတော်၏ မျက်လုံးနှစ်ဖက်ကို တိုက်ခတ်လေ၏။ ထိုအခါ သူဌေးကတော်၏ မျက်လုံးတို့မှ မျက်ရည်အယဉ်တို့သည် သွင်သွင်ဖြစ်ပွါး စီးကျလာလေကုန်၏၊ ထိုအခြင်းအရာကို မြင်ရ၍ မင်းကြီးသည် ဇောတိကသူဌေးကြီးကို “သူဌေးကြီး.. မာတုဂါမ မင်းမိန်းမမည်သည်မှာ ဉာဏ်ပညာ နည်းပါးလှ၏၊ ‘မင်းကြီးသည် ငါ့အရှင်၏ စည်းစိမ်ကို သိမ်းယူလေရာ၏’ဟု အောက်မေ့ကာ မင်းဘဏ္ဍာအဖြစ် သိမ်းယူမည်မှ ကြောက်ရွံ့ရှာသောကြောင့် ငိုကြွေးနေသည် ထင်ပါ၏၊ ထိုသင့်သူဌေးကတော်ကို ‘ငါ့အဖို့ရာ သင်၏စည်းစိမ်ဖြင့် အလိုမရှိ’ဟု ပြောပြကာ နှစ်သိမ့်စေပါလော့ = သက်သာရာရစေပါလော့”ဟု ပြောဆိုလေ၏။

ဇောတိကသူဌေးက ဗိမ္ဗိသာရမင်းကြီးအား

သခွါးငဆစ်သီးခန့်ရှိ ကျောက်မျက်ရတနာကြီး ပေးလိုက်ခြင်း

     ထိုအခါ ဇောတိကသူဌေးက “အရှင်မင်းကြီး.. ဤသူဌေးကတော်သည် မငိုပါ”ဟု ဆိုလေလျှင် မင်းကြီးက “မငိုလျှင် ယခု

၃၇၆

မျက်ရည်တတွေတွေ ကျနေသည်ကား အဘယ့်ကြောင့်နည်း”ဟု မေးသဖြင့် သူဌေးကြီးသည် “အရှင်မင်းကြီးတို့၏ ဦးရစ် (ခေါင်းပေါင်းတော်) ရနံ့ကြောင့် ဤသူဌေးကတော်မှာ မျက်ရည်များ ဖြစ်ပွါးခဲ့ကြပါသည်၊ မှန်ပါသည်- ဤသူဌေးကတော်ကား ဆီမီးအရောင်, ပကတိ မီးအရောင်များကို မကြည့်ရပဲ ကျောက်မျက် ရတနာ အရောင်ဖြင့်သာလျှင် စားသောက် နေထိုင် အိပ်စက်သူ ဖြစ်ပါသည်။ အရှင်မင်းကြီးသည်ကား ဆီမီးအရောင်ဖြင့် နေထိုင်သည် ဖြစ်တော်မူပါလိမ့်မည်”ဟု ရှင်းလင်းလျှောက်ထားလေ၏။ မင်းကြီးက “အိမ်း.. ဟုတ်ပေသည် သူဌေး..”ဟု ဆိုလေလျှင် ဇောတိကသူဌေးကြီးသည် “အရှင်မင်းကြီး.. ထိုသို့ဖြစ်လျှင် ယနေ့မှစ၍ ကျောက်မျက်ရတနာ အရောင်ဖြင့်သာ နေတော်မူကြပါ”ဟု လျှောက်ထား၍ သခွါးငဆစ်သီး (=ကဆစ်သီးလုံးကြီး)ခန့် ပမာဏရှိသည့် အဖိုးအနဂ္ဃ ထိုက်တန်သော ကျောက်မျက်ရတနာကြီးကို ဆက်သလိုက်လေ၏။ ဗိမ္ဗိသာရမင်းကြီးသည် ဇောတိကသူဌေးကြီး၏ ဘုံခုနှစ်ဆင့်ရှိ (=ခုနစ်ထပ်ရှိ) ပြာသာဒ် ကြီးကို စေ့စေ့စပ်စပ် ကြည့်ရှုပြီးလျှင် “ဇောတိကသူဌေး၏ စည်းစိမ်ကား ကြီးကျယ် ခမ်းနားလှပါဘိ၏”ဟု ချီးမွမ်းစကား ပြောကြားကာ ရွှေနန်းတော်သို့ ပြန်သွားလေ၏။

အဇာတသတ်မင်း၏ မတရားအပြုအမူကြောင့်

ဇောတိကသူဌေးကြီး သံဝေဂရ၍ ရဟန်းပြု ရဟန္တာဖြစ်ခြင်း

     နောက်တချိန်ဝယ် အဇာတသတ်မင်းသားသည် ဒေဝဒတ်တည်းဟူသော မိတ်မကောင်း (=ပါပမိတ်)နှင့် ပေါင်းမိသောကြောင့် ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို ရှားမီးကျီးတို့ဖြင့်ကင်ကာ လုပ်ကြံ သတ်ဖြတ်ပြီးနောက် မင်းအဖြစ်သို့ ရောက်ရှိလတ်သော် “ဇောတိကသူဌေး၏ ပြာသာဒ်ကြီးကို တိုက်ခိုက်သိမ်းယူမည်”ဟူသော အကြံဖြင့် စစ်ကြီးဆင်ကာ ထွက်လာလတ်၍ ဇောတိကသူဌေး၏ ပြာသာဒ်ကြီး အရံအကာ ကျောက်မျက်ရတနာတံတိုင်း၌ အခြံအရံစစ်တပ်ကြီးနှင့် တကွသော မိမိအရိပ်ကို မြင်လေလျှင် “ဇောတိကသူဌေးသည် စစ်ကြီးဆင်လျက်

၃၇၇

ဗိုလ်ပါကို ခေါ်ဆောင်ကာ ငါ့ကို တိုက်ခိုက်ရန် ထွက်လာလေပြီ”ဟု အောက်မေ့၍ တံတိုင်းအနီးသို့ပင် မချဉ်းကပ်ဝံ့ပဲ ရှိလေ၏။

     ဇောတိက သူဌေးကြီးသည်လည်း ထိုနေ့၌ ဥပုသ်စောင့်သုံး ဆောက်တည်ကာ စောစောစီးစီးကပင် နံနက်စာကို စားပြီးလျှင် ကျောင်းတော်သို့ သွားရောက်၍ မြတ်စွာဘုရားရှင် အထံတော်၌ တရားတော်ကို နာယူကာ ချမ်းသာစွာ ထိုင်နေလျက်ရှိ၏။

“ဝိသမလောဘ၊ ပြွမ်းပြွမ်းထ၍၊ အန္ဓကြော့ကြမ်း၊ လူသော့သွမ်းတို့၊ ညှိုးနွမ်းဒုက္ခ၊ ရောက်သမျှပင်၊ ဓမ္မကိန်းပျော်၊ သူ,သူတော်ကား၊ စိတ်ပျော်ရွှင်မွေ့၊ ကိုယ်ချမ်းမြေ့၏”။ ။(ဓမ္မုပဒေသ။)

     ထိုသို့ အဇာတသတ်မင်း စစ်ကြီးဆင်၍ လာရောက်သောအခါ ဇောတိကသူဌေး၏ နန်းပြာသာဒ် ပဌမတံခါးမုခ်၌ အစောင့်ယူနေသော ယမကောဠီ နတ်ဘီလူးသည် “သင် ဘယ်ပြေးနိုင်ဦးမည်နည်း”ဟု ခြိမ်းချောက် ဟစ်ကြွေးကာ အခြံအရံနှင့် တကွသော အဇာတသတ်မင်းကို တိုက်ခိုက်ဖျက်ဆီးလျက် စစ်ကြီးပျက်စေကာ တူရူအရပ်, အထောင့်အရပ် နှံ့စပ်အောင် လိုက်လေတော့၏။ ထိုအခါ အဇာတသတ်မင်းသည် စစ်ကြီးပျက်ရှုံး၍ ဦးတည်မိရာ ကျောင်းတော်သို့သာ ပြေးသွားလေ၏။

     ထိုအခါ အဇာတသတ်မင်းကို ဇောတိကသူဌေးကြီး မြင်လေလျှင် “အရှင်မင်းကြီး.. အကြောင်းအသို့ရှိသနည်း”ဟု ပြောဆိုကာ ထိုင်နေရာမှထ၍ ရပ်တည်လာလေ၏။ အဇာတသတ်မင်းက “သူဌေး.. သင်သည် သင့်လူများကို ‘ငါနှင့် စစ်ထိုးရစ်ကြ’ဟု စေခိုင်းမှာတမ်းပြီး ဤကျောင်းတော်သို့ လာရောက်ကာ တရားနာသကဲ့သို့ အဘယ့်ကြောင့် နေထိုင်ဘိသနည်း”ဟု ရန်တွေ့စကား ပြောကြားလေလျှင် ဇောတိက သူဌေးကြီးသည် “ဩ.. အရှင်မင်းကြီးသည် ကျွန်ုပ်၏အိမ်ကို သိမ်းယူရန် သွားရောက်တော်မူခဲ့ပါ သလော”ဟု မေးလေ၏။ အဇာတသတ်မင်းက “အိမ်း.. ငါသွားရောက်ခဲ့သည်”ဟု ဒေါသသံဖြင့် ပြောကြား လေလျှင် ဇောတိက သူဌေးကြီးသည် “အရှင်မင်းကြီး.. ကျွန်ုပ်က အလိုမရှိ (=သဘောမတူ)လျှင် ကျွန်ုပ်၏အိမ်ကို

၃၇၈

(အရှင်မင်းကြီး တဦးတည်း မဆိုထားဘိ) မင်းပေါင်း အထောင်သော်မှလည်း သိမ်းယူခြင်းငှါ မတတ်နိုင်”ဟု တည်ငြိမ်ရဲရင့်စွာ ပြန်ကြားပြောဆိုလေ၏။

     ထိုအခါ အဇာတသတ်မင်းသည် “သင်သည် မင်းဖြစ်လိမ့်မည်လော = မင်းက မင်းဖြစ်မည့်လူမို့လို့လား”ဟု ပြောဆိုကာ ဒေါသအမျက် ခြောင်းခြောင်း ထွက်လာလေ၏။ ဇောတိကသူဌေးကြီးက တည်ငြိမ်စွာပင် “ကျွန်ုပ်ကား မင်းမဟုတ်ပါ၊ သို့သော်လည်း ကျွန်ုပ်၏ဥစ္စာကို မြိတ်ဆာချည်မျှင် တပင်ကိုမျှ ကျွန်ုပ်က အလိုမရှိ (=သဘောမတူ)လျှင် မင်းများ, ခိုးသူများ သိမ်းပိုက် တိုက်ယူခြင်းငှါ မစွမ်းနိုင်ပါ”ဟု ဆိုလေလျှင် အဇာတသတ်မင်းသည် “ငါက သင်သဘောတူမှ သင့်ပစ္စည်းကို ယူရမှာတဲ့လား = ငါသည် မင်းဖြစ်သောကြောင့် သင့်ပစ္စည်းကို သင် အလိုမတူစေကာမူ ယူနိုင်သည်”ဟု မင်းမာန်တက်ကာ ပြောဆိုလေ၏။ ထိုအခါ ဇောတိကသူဌေးကြီးကလည်း “အရှင်မင်းကြီး.. ထိုသို့ဖြစ်လျှင် (လက်ဖမိုးနှစ်ဖက်ကို ဆန့်တန်းကာ) အကျွန်ုပ်၏ လက်ဆယ်ချောင်းတို့၌ ဤလက်စွပ်ကွင်း (၂၀) နှစ်ဆယ်တို့ ရှိကြပါသည်၊ ဤလက်စွပ်ကွင်းများကို ကျွန်ုပ်သည် အရှင်မင်းကြီးအား မပေး၊ အကယ်၍ စွမ်းနိုင်ကြပါမူ ဖြုတ်ယူကြကုန်လော့”ဟု ရဲရင့်စွာ ပြောဆိုလေ၏။

     အဇာတသတ်မင်းကား မြေ၌ ဆောင့်ကြောင့်ထိုင်၍ ခုန်လိုက်လျှင် တဆယ့်ရှစ်တောင် အမြင့်အရပ်သို့ တက်၏၊ ရပ်တည်၍ ခုန်လိုက်လျှင် အတောင်ရှစ်ဆယ် အမြင့်အရပ်သို့ တက်၏။ ဤသို့စင် အားကောင်းသူ ဖြစ်လင့်ကစား ဇောတိကသူဌေး၏ လက်မှ လက်စွပ်များကို ဗယ်မှ, ညာမှ အပြန်ပြန်လှည့်လည်၍ ချွတ်ယူပါသော်လည်း ရာဇဣန္ဒြေသာပျက်၍ လက်စွပ်တကွင်းကိုမျှပင် ရအောင် မဖြုတ်ယူနိုင်ချေ။ ထိုအခါ ဇောတိကသူဌေးကြီးသည် “အရှင်မင်းကြီး.. အလိုတော်ရှိလျှင် ဝတ်လဲတော်ကို ဖြန့်၍ ခံတော်မူလော့”ဟု ပြောဆိုကာ လက်ချောင်းများကို ဖြောင့်တန်းအောင် ပြုလိုက်လေ၏ = လက်ချောင်းများကို ဖြောင့်ဖြောင့် အောက်သို့ စိုက်ချလိုက်လေ၏။ ထိုခဏ၌ လက်စွပ်ကွင်း နှစ်ဆယ်တို့သည်

၃၇၉

အလွယ်နှင့် ထွက်ကျလာလေကုန်၏။ ထို့နောက် အဇာတသတ်မင်းကို ဇောတိကသူဌေးကြီးသည် “မင်းကြီး.. ဤသို့ (မင်းကြီး မျက်မြင်အတိုင်း)ပင် ကျွန်ုပ်၏ဥစ္စာကို ကျွန်ုပ်က အလိုမရှိ (=သဘောမတူ)လျှင် သိမ်းယူခြင်းငှါ မစွမ်းနိုင်ပါ”ဟု ပြောဆို၍ အဇာတသတ်မင်း၏ ရိုင်းပြသော အပြုအမူများကြောင့် သံဝေဂကြီးစွာ ဖြစ်ရှိပြီးလျှင် “အရှင်မင်းကြီး.. အကျွန်ုပ်အား ရှင်ရဟန်းပြုလုပ်ရန် ခွင့်ပြုပါလော့”ဟု ပြောဆိုလေ၏။

     အဇာတသတ်မင်းသည်လည်း “ဤဇောတိကသူဌေး ရဟန်းပြုလျှင် ငါသည် သူ၏ပြာသာဒ်ကို အလွယ်တကူ သိမ်းယူနိုင်လိမ့်မည်”ဟု ကြံစည် အောက်မေ့ကာ တခွန်းတည်းသော တောင်းပန်စကားဖြင့်ပင် “သင် ရဟန်းပြုလိုမူ ပြုလော့”ဟု အလွယ်ပင် ပြောဆိုလိုက်လေ၏။ ဇောတိကသူဌေးကြီးသည် သံဝေဂကြီးစွာ ဖြစ်ရှိ၍ မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းပြုပြီးသော် မကြာမီပင် ရဟန်းတရား ပွါးများအားထုတ်သဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ဇောတိကမထေရ်ဟု အမည်ထင်ရှား ဖြစ်ပွါးလေတော့၏။ ဇောတိကမထေရ် အရဟတ္တဖိုလ်သို့ရောက်သော ခဏမှာပင် ဘုံနန်းပြာသာဒ်- အစရှိသော စည်းစိမ်ဥဿုံ အလုံးစုံသည် ပျောက်ခြင်းမလှ ပျောက်ကွယ်၍ သွားကြလေ၏။ ဇောတိကသူဌေး၏ သတုလကာယီ အမည်ရှိသော ထိုသူဌေးကတော်ကိုလည်း နတ်တို့သည် ဥတ္တရကုရုကျွန်းသို့သာလျှင် တဖန်ပြန်၍ ပို့ဆောင်ကြလေကုန်၏။

     တနေ့သ၌ ရဟန်းတို့သည် ဇောတိကမထေရ်ကို “ငါ့ရှင်ဇောတိက.. သင့်အဖို့ရာ ထိုပြာသာဒ်ကြီး၌၎င်း, သတုလကာယီ သူဌေးကတော်၌၎င်း တွယ်တာတပ်မက်မှု တဏှာလောဘ ရှိသေးသလော”ဟု မေးကြ၍ ဇောတိကမထေရ်က “မရှိတော့ပါ ငါ့ရှင်တို့..”ဟု ဖြေကြားလေလျှင် ရဟန်းတို့သည် မြတ်စွာဘုရားအား “မြတ်စွာဘုရား.. ဤဇောတိကရဟန်းသည် မဟုတ်မမှန် ပြောကြား၍ အရဟတ္တဖိုလ်ကို ဖြေကြား ဝန်ခံဘိ၏”ဟု လျှောက်ထားကြလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည်

၃၈၀

“ရဟန်းတို့.. ငါ့သားတော် ဇောတိကရဟန္တာ၏ စိတ်အစဉ် ခန္ဓာအစဉ်ဝယ် ထိုဘုံနန်းပြာသာဒ်စည်းစိမ်နှင့် သူဌေးကတော်အပေါ်၌ တပ်မက်မှု တဏှာလောဘ မရှိဧကန် စင်စစ်မှန်၏”ဟု မိန့်တော်မူပြီးလျှင် ဤဆိုလတ္တံ့သော တရားဂါထာကို ဟောကြားတော်မူလေ၏-

ယောဓ တဏှံ ပဟန္တွာန၊ အနာဂါရော ပရိဗ္ဗဇေ။

တဏှာဘဝပရိက္ခီနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဘိက္ခဝေ = ရဟန်းတော်များ အိုချစ်သားတို့..။ ယော = အမှတ်မထင် အကြင်သူသည်။ ဣဓ = ပစ္စုပ္ပန္န ဤလောက၌။ တဏှံ = ခြောက်ဒွါရဝယ် မှီတွယ်ဖြစ်ပွါး တဏှာတရားကို။ ပဟန္တွာန = သမုစ္ဆေဒပဟာန်ဖြင့် ပယ်လှန် ဖြတ်တောက်၍။ အနာဂါရော = အိမ်ရာ၌နေခြင်းကို အလျှင်းပင် အလိုမရှိတော့ပဲ။ ပရိဗ္ဗဇေ = ရဟန်းဘောင်ရောက် ထွက်မြောက်ခဲ့ပေ၏။ တဏှာဘဝပရိက္ခီဏံ = တဏှာခြောက်သင်း ဘ၀သုံးခင်းတို့ အကြွင်းမဲ့ ကုန်ခန်းပြီးသော။ တံ-တာဒိသံ = ထိုသို့ရှုအပ် ရဟန္တာပုဂ္ဂိုလ်မြတ်ကို။ အဟံ = လူသုံးပါးတို့ဆရာ ဘုရားငါသည်။ ဗြာဟ္မဏံ = ထိုထိုပါပ မကောင်းမှုဟူသမျှကို အပပြုပြီး ပယ်စွန့်ပြီး၍ ဘုန်းမီးလျှံပ ဗြာဟ္မဏခေါ်ဆို ပုဂ္ဂိုလ်သူမြတ်ဟူ၍။ ဗြူမိ = ချီးမွမ်းနှုတ်ဖျား ဟောကြားပေ၏ -

ဒေသနာနိဂုံး ဆုံးလတ်သောအခါ များစွာသောသူတို့ သောတာပတ္တိဖိုလ် အစရှိသည်တို့သို့ ဆိုက်ရောက်ကြလေကုန်၏။

ဤကား ဇောတိကသူဌေး အကြောင်းတည်း။

**********

(၂) မေဏ္ဍကသူဌေးအကြောင်း

သူဌေး၏ ရှေးကောင်းမှု

     ဤမေဏ္ဍကသူဌေးအလောင်း သူတော်ကောင်းသည် လွန်ခဲ့သော ကိုးဆယ့်တကမ္ဘာထက်ဝယ် ဝိပဿီမြတ်စွာဘုရားရှင်

၃၈၁

လက်ထက်တော်အခါ၌ (ဇောတိကသူဌေးအလောင်း) အပရာဇိတသူကြွယ်၏ တူ (နှမသား) ဦးလေးနှင့် အမည်တူ အပရာဇိတ အမည်ရှိသူ ဖြစ်ခဲ့လေသည်။ ထို့နောက် ထိုတူဖြစ်သူ အပရာဇိတသူကြွယ်၏ ဦးလေး ဖြစ်သူ အပရာဇိတသူကြွယ်သည် မြတ်စွာဘုရားရှင်အတွက် ဂန္ဓကုဋီ အုတ်ကျောင်းတော်ကို စတင် ဆောက်လုပ်လေ၏။

     တူဖြစ်သူ အပရာဇိတသူကြွယ်သည် ဦးလေး အပရာဇိတ သူကြွယ်ထံသို့ သွားရောက်၍ “ဦးလေး.. ကျွန်ုပ်တို့ တူဝရီးနှစ်ယောက် အတူတကွပင် ဂန္ဓကုဋီ အုတ်ကျောင်းတော် ဆောက်လုပ်ကြပါကုန်စို့”ဟု ခွင့်ပန် တိုင်ပင်စကား ပြောကြား၍ ဦးလေးဖြစ်သူက “ငါသည် အခြားသူတို့နှင့် မဆက်ဆံအောင်ပြု၍ တဦးတည်းသာ ဂန္ဓကုဋီ အုတ်ကျောင်းတော်ကို ဆောက်လုပ်ပေအံ့”ဟု မြစ်ပယ်စကား ပြောကြားသောအခါ၌ တူဖြစ်သူသည် “ဤနေရာ၌ ဂန္ဓကုဋီ အုတ်ကျောင်းတော် ဆောက်လုပ်လျှင် ဤကျောင်းရှေ့ ဥပစာနေရာ၌ ဧည့်ခံဆင်ဝင် ခန်းမဆောင်ကို ရမှသင့်တော်မည်”ဟု ဆင်ခြင်ကြံစည်၍ တောမှ သစ်အဆောက်အဦများကို တိုက်ဆောင်ခဲ့စေပြီးလျှင် ရွှေစီချယ်သော တိုင်တလုံး, ငွေစီချယ်သော တိုင်တလုံး, ပတ္တမြားစီချယ်သော တိုင် တလုံး, ရတနာခုနစ်ပါး စီချယ်သော တိုင်တလုံး = ဤသို့ စသည်ဖြင့် ထုပ်လျောက်, ဒိုင်း, မြှား, တံခါးရွက်, လေသာပြူတင်း, အခြင်, ရနယ်, အမိုးအုတ်များကိုပါ အလုံးစုံတို့ကိုပင် ရွှေ,ငွေ-စသည် ချယ်စီအပ်သည်ချည်း ပြုလုပ်စေ၍ ဂန္ဓကုဋီ အုတ်ကျောင်းတော်၏ ရှေ့မျက်နှာစာ နေရာ၌ မြတ်စွာဘုရားရှင်အတွက် ဆင်ဝင်ဧည့်ခံ ခန်းမဆောင်ကို ဆောက်လုပ်စေလေ၏။

     ထိုခန်းမဆောင်၏ အထက်၌ တခဲနက် ရွှေနီဖလံဖြင့်ပြီးသော အမိုးအုတ်များ သန္တာကျောက်ဖြင့်ပြီးသော အထွတ်ထုပိကာများကို တပ်ဆင်၍ ထားလေ၏။ ဆင်ဝင်ဧည့်ခံ ခန်းမဆောင် အလယ်၌ ရတနာမဏ္ဍပ် (=တရားမဏ္ဍပ်)ကို ထိုးပြီးလျှင် ဓမ္မာသနပလ္လင်ကို ခင်းထားစေလေသည်။ ထိုဓမ္မာသနပလ္လင်၏ ပုံပန်းမှာ-

၃၈၂

အခြေလေးခုတို့နှင့် အပေါင် (ဘောင်)လေးခုတို့သည် တခဲနက် ရွှေနီဖလံဖြင့် ပြီးကုန်၏ (၁)၊ ရွှေဆိတ်ရုပ် လေးရုပ်တို့ကို သွန်းလုပ်စေပြီးလျှင် ပလ္လင်အခြေလေးခု၏အောက်က ခံထားစေ၏ (၂)၊ အခြားရွှေဆိတ်ရုပ် နှစ်ရုပ်တို့ကို သွန်းလုပ်စေပြီးလျှင် ခြေတင် အင်းပျဉ် = ခြေတင်ခုံ၏အောက်က ခံထားစေ၏ (၃)၊ အခြား ရွှေဆိတ်ရုပ် ခြောက်ရုပ်တို့ကို သွန်းလုပ်စေပြီးလျှင် တရားမဏ္ဍပ်ကို ဝန်းရံလျက် ထားစေလေ၏ (၄)၊ တရားဟောရာ နေရာထိုင်ကို ရှေးဦးစွာ ချည်ကြိုးငယ်တို့ဖြင့် ရက်စေပြီးနောက် အလယ်၌ ရွှေနန်းချည်ကြိုးများ ထပ်၍လိုက်စေပြီးလျှင် အထက်၌ ပုလဲကြိုးများဖြင့် ထပ်၍ ရက်စေလေသည် (၅)၊ ထိုဓမ္မာသနပလ္လင်၏ နောက်ခံမှီရာ တံကဲပျဉ်မှာ စန္ဒကူးနံ့သာသားဖြင့် ပြီးလေသည် (၆)။

     ဤသို့ ဆင်ဝင်ဧည့်ခံ ခန်းမဆောင်ကို ဆောက်လုပ်ပြီးပြေလတ်၍ ဆင်ဝင်ခန်းမဆောင် ရေစက်ချပွဲ ကျင်းပဆင်ယင်လတ်သည်ရှိသော် ရဟန်းတော်ပေါင်း (၆၈၀၀၀၀၀) ခြောက်သန်း ရှစ်သိန်းတို့နှင့် အတူတကွ မြတ်စွာဘုရားရှင်ကို ပင့်ဖိတ်၍ လေးလတို့ပတ်လုံး အလှူဒါနကို နေ့စဉ်ရက်ဆက် ပေးလှူပြီး နောက်ဆုံးနေ့၌ တိစီဝရိက် = သင်္ကန်းသုံးထည်စီ လှူဒါန်း ဆက်ကပ်လေသည်။ ထိုအလှူပွဲ၌ အငယ်ဆုံးသံဃာ (သင်္ဃနော)အား လှူဒါန်းသော သင်္ကန်းသည်ပင် အဖိုးတသိန်း (သီဟိုဠ်မူအလို အဖိုးတထောင်) ထိုက်တန်လေသည်။

ဗာရာဏသီသူဌေးကြီးဘဝ

     ဤသို့လျှင် မေဏ္ဍကသူဌေးအလောင်း သူတော်ကောင်းသည် ဝိပဿီမြတ်စွာ လက်ထက်တော်အခါ၌ ကုသိုလ်ကောင်းမှု ပြုခဲ့၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည် လူ့ပြည်တို့၌ ကျင်လည် ကျက်စားခဲ့ရလျက် ဤဘဒ္ဒကမ္ဘာသို့ ရောက်သောအခါ ဗာရာဏသီပြည်ဝယ် မဟာဘောဂ သူဌေးမျိုး၌ဖြစ်၍ အရွယ်ရောက်သောအခါ ဗာရာဏသီသူဌေးကြီး ဖြစ်၍လာလေ၏။ ထိုမဟာဘောဂ သူဌေးကြီးသည် တနေ့သ၌ မင်းကို ခစားရန် သွားလေသော်

၃၈၃

ပုရောဟိတ်ပုဏ္ဏားကို မြင်၍ “ဆရာ.. အသို့နည်း (=ဘယ့်နှယ်လဲ) နက္ခတ်, အချိန်, မုဟုတ်များကို စုံစမ်းဆင်ခြင်မိကြပါကုန်၏လော”ဟု မေး၍ ပုရောဟိတ်ဆရာကြီးက “အိမ်း.. စုံစမ်းရှုကြည့် ဆင်ခြင်မိပါ၏၊ ဆရာတို့မှာ နက္ခတ်, အချိန်, မုဟုတ်များကို စုံစမ်း ရှုကြည့်ခြင်းမှတပါး အခြားအမှု အဘယ်မှာရှိအံ့နည်း”ဟု ပြောဆိုလေလျှင် သူဌေးကြီးသည် ဆက်၍ “ထိုသို့ဖြစ်လျှင် ဇနပုဒ်တိုက်နယ်၌ ဖြစ်မည့်အရေးကား အဘယ်သို့များ ရှိလေသနည်း”ဟု မေးမြန်းလေ၏။ ထို့နောက် ဆက်၍ ပြောဆိုကြသည်မှာ-

(ပုရောဟိတ်)

ဘေးတခု ဖြစ်ပေါ်လိမ့်မည်။

(သူဌေး)

ဘယ်လိုဘေးပါလဲ ဆရာ..။

(ပုရောဟိတ်)

ဆာလောင်မွတ်သိပ်ခြင်းဘေး ဖြစ်လိမ့်မည် သူဌေး..။

(သူဌေး)

ဘယ်အချိန်လောက်မှာ ဖြစ်ပါမည်နည်း ဆရာ..။

(ပုရောဟိတ်)

ဤအချိန်မှနောက် သုံးနှစ်လွန်မြောက်သောအခါ၌ ဖြစ်လိမ့်မည် သူဌေး..။

     ထိုစကားကို ကြားသိရ၍ မဟာဘောဂ သူဌေးကြီးသည် လယ်ထွန်ခြင်းအလုပ်ကို တိုးချဲ့၍ များစွာလုပ်စေကာ အိမ်မှာရှိသော ဥစ္စာဖြင့်လည်း စပါးကိုသာ ဝယ်ယူ၍ စပါးကျီအလုံးပေါင်း (၁၂၅ဝ) တထောင့်နှစ်ရာ့ ငါးဆယ်တို့ကို ဆောက်လုပ်စေပြီးလျှင် အလုံးစုံသော စပါးကျီတို့ကို ကောက်စပါးအပြည့် ထည့်သွင်းသိုလှောင်၍ ထားလေ၏။ စပါးကျီတို့၌ ထည့်သွင်းသိုလှောင်၍ ပိုလျှံသော စပါးတို့ကို အိုးစရည်း (=အိုးတုတ်ကြီး)များအပြည့် ထည့်သွင်းသိုလှောင်၍ တဖန် ပိုလျှံသော စပါးတို့ကို မြေ၌ တွင်းတူး၍ မြှုပ်သိမ်းစေပြီးလျှင် ထိုမှပိုလျှံသော စပါးတို့ကိုမူ မြေညက်နှင့်နယ်၍ အိမ်နံရံ (=ဘိတ္တိ)တို့ကို လိမ်းကျံစေလေ၏။ (နည်းယူ မှတ်သားဖွယ် ကောင်းလှ၏)။

၃၈၄

     မဟာဘောဂသူဌေးကြီးသည် နောက်တချိန် (ပုရောဟိတ်ဆရာကြီး ပြောသည့်အခါ)၌ ဆာလောင်မွတ်သိပ်ခြင်းဘေး (=ဒုဗ္ဘိက္ခဘေး) ဆိုက်ရောက်လတ်သော် မိမိ သိမ်းဆည်း သိုလှောင်ထားသည့် စပါးများကို နေ့ရှည်ရက်များ စားသုံးလျက် စပါးကျီများ, အိုးစရည်းကြီးများ၌ သိုလှောင်ထားသည့်စပါး ကုန်လတ်သည်ရှိသော် အခြံအရံ အစေအပါး လူများကိုခေါ်စေ၍ “အမောင်တို့.. သွားကြဦးလော့၊ တောင်ခြေသို့ ဝင်ကြကာ ဖြစ်သလို အသက်မွေး ထိန်းကျောင်းကြလျက် ဆန်ရေစပါး ပေါများ ဝပြောသောအခါ ငါ၏အထံသို့ လာလိုသူများ ပြန်၍လာကြကုန်လော့၊ မလာလိုသူများသည် ထိုထို မိမိတို့ နှစ်သက်ရာအရပ်၌ပင် အသက်ရှင် နေထိုင်ကြလော့”ဟု ခွင့်လွှတ်လိုက်လေ၏။ ထိုလူများသည် ငိုကြွေး မြည်တမ်းကြကာ မျက်ရည်ဖြိုင်ဖြိုင် စီးကျကုန်လျက် သူဌေးကြီးကို ရှိခိုးကန်တော့ပြီးလျှင် ခုနစ်ရက်ကြာ သူဌေးကြီးအထံမှာပင် နေထိုင်ကြပြီးနောက် သူဌေးကြီး ပြောဆိုသည့်အတိုင်း ပြုကြလေကုန်၏။

     သူဌေးကြီး၏အထံ၌ကား ဝေယျာဝစ္စ ရွက်ဆောင်မည့် ပုဏ္ဏ-မည်သော ကျွန်တယောက်သာ ကျန်ရစ်လေ၏။ ထိုပုဏ္ဏကျွန်နှင့်တကွ သူဌေးကတော်ကြီး, သူဌေးသား, သူဌေးချွေးမ, သူဌေးကြီးပါ အိမ်သား ၅-ယောက်သာ ရှိကြလေကုန်၏။ ထိုသူဌေးကြီး အိမ်သားစု ၅-ယောက်တို့သည် မြေတွင်းတို့၌ မြှုပ်နှံထားသော စပါးများလည်း ကုန်ပြန်လေသော် နံရံလိမ်းသည့် မြေညက်ကို ခွဲယူ၍ ရေစိမ်လျက် ထိုမှရသော စပါးဖြင့် မျှတကြလေကုန်၏။ ထို့နောက် သူဌေးကတော်ကြီးသည် ဆာလောင်မွတ်သိပ်ခြင်း (=ဒုဗ္ဘိက္ခ)ဘေး တိုးတက်လွှမ်းမိုး ပြင်းထန်လာလေသော် နံရံမြေညက်များ ကုန်လုနီးပါးဖြစ်လေလျှင် နံရံခြေတို့၌ ကျန်နေသော မြေညက်ကို ခွဲယူ, ရေစိမ်၍ တခွက်မျှလောက်သော ကောက်စပါးကို ရရှိ, ဆန်ဖွပ်လေလျှင် ဆန်တစလယ် ရရှိ၍ “ဒုက္ခဘေး ရောက်သောအခါ ခိုးသူတို့သည် အလွန်များကုန်၏”ဟု

၃၈၅

လူဆိုးသူခိုးရန်မှ ကြောက်သဖြင့် ထိုဆန်တစလယ်ကို လိုရမယ်ရ အိုးငယ်တလုံး၌ ထည့်သွင်းပိတ်ဖုံးကာ မြေ၌မြှုပ်၍ ထားလေ၏။

     ထို့နောက် တနေ့သ၌ သူဌေးကြီးသည် မင်းကိုခစားရာမှ ပြန်လာ၍ သူဌေးကတော်ကြီးကို “ရှင်မ.. ငါ အလွန်ဆာလောင်လှ၏၊ တစုံတရာ စားဖွယ်ရာများ ရှိသလော”ဟု မေးလေ၏။ သူဌေးကတော်ကြီးသည် ရှိသည်ကို “မရှိ”ဟု မပြောဆိုပဲ သူဌေးကြီးနှင့် အပြန်အလှန် ပြောဆိုကြသည်မှာ-

(ကတော်)

အရှင်.. ဆန်တစလယ်တော့ ရှိပါ၏။

(သူဌေး)

ထိုဆန်တစလယ်သည် ယခု အဘယ်မှာနည်း။

(ကတော်)

သူခိုးဘေးမှ ကြောက်သဖြင့် ကျွန်တော်မသည် မြေ၌မြှုပ်၍ ထားအပ်ပါသည်။

(သူဌေး)

ထိုသို့ဖြစ်လျှင် ထိုဆန်တစလယ်ကို တူးဖော် ထုတ်ယူ၍ တစုံတရာ ချက်စမ်းပါလော့။

(ကတော်)

အရှင်.. ကျွန်တော်မသည် အကယ်၍ ထိုဆန်တစလယ်ကို ယာဂုကျိုရပါလျှင် နှစ်ကြိမ်စာ (=၂-ထပ်စာ) ရနိုင်ပါသည်၊ အကယ်၍ ထမင်းချက်ရပါလျှင် တကြိမ်စာ (=၁-ထပ်စာ)သာ ရနိုင်ပါသည်၊ ယာဂုနှင့် ထမင်း ဤနှစ်မျိုးတွင် အဘယ်ကို ကျိုရ, ချက်ရပါမည်နည်း = ယာဂု ကျိုရမည်လော, ထမင်းချက် ရမည်လော အရှင်.။

(သူဌေး)

ရှင်မ.. ငါတို့အဖို့ရာ အခြား အထောက်အပံ့ မရှိချေ၊ ထမင်းကိုသာ ဝစွာစား၍ သေကြကုန်စို့၊ ထမင်းကိုသာ ချက်လော့။

     သူဌေးကတော်ကြီးသည် သူဌေးကြီး၏ အမိန့်အတိုင်း ထမင်းချက်ပြီးလျှင် ၅-ပုံ၅-စုပြု၍ သူဌေးကြီး၏ အပုံအစုကို ခူးထည့်ပြီးလျှင် သူဌေးကြီး၏ရှေ့၌ အသင့် ချထားလေ၏။ ထိုခဏ၌

၃၈၆

ဂန္ဓမာဒနတောင်ဝယ် ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် သမာပတ်မှ ထတော်မူစ ဖြစ်၏။

(အထူးအားဖြင့်- သမာပတ်ဝင်စားနေချိန် အတွင်း၌ သမာပတ်အစွမ်းကြောင့် ဆာလောင်မွတ်သိပ်ခြင်းသည် မနှိပ်စက်နိုင်၊ သမာပတ်မှ ထတော်မူကြသော အရှင်မြတ်တို့ အဖို့ရာကား ဆာလောင် မွတ်သိပ်ခြင်းသည် အားရှိသည်ဖြစ်၍ ဝမ်းရေလွှာကို လောင်မြိုက်သကဲ့သို့ ပြင်းစွာ ဖြစ်ရှိလေသည်။ ထို့ကြောင့် သမာပတ်မှ ထတော်မူသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ဆွမ်းရနိုင်မည့်အရပ်ကို ကြည့်ရှုဆင်ခြင်၍ ထိုအရပ်သို့ ကြွတော်မူကြမြဲဓမ္မတာ ဖြစ်သည်။ အထူးအားဖြင့် ထိုသမာပတ်မှ ထသောနေ့၌ ထိုအရှင်မြတ်တို့အား အလှူဒါနတခုခုကို ပေးလှူကြရသော သူတို့သည် စစ်သေနာပတိရာထူး- စသည်တို့တွင် တမျိုးမျိုးသော စည်းစိမ်ကို ရကြမြဲ ဖြစ်ကုန်၏)။

     ထို့ကြောင့် ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်သည်လည်း ဒိဗ္ဗစက္ခုအဘိညာဏ်ဖြင့် ဆင်ခြင် ကြည့်ရှုတော်မူလေသော် “ဇမ္ဗူဒိပ် တကျွန်းလုံး၌ ဆာလောင်မွတ်သိပ်ခြင်း (=ဒုဗ္ဘိက္ခ)ဘေး ဖြစ်ပွါးနေလေသည်၊ မဟာဘောဂ ဗာရာဏသီ သူဌေးကြီးအိမ်၌ကား လူ၅-ယောက်စာ ဆန်တစလယ်ချက် ထမင်းသည်သာ ကျက်ပြီး အသင့်ရှိလေသည်။ ဤသူဌေးကြီး အိမ်သားစုတို့သည် သဒ္ဓါတရား ရှိကြကုန်၏လော, ငါ့အား ချီးမြှောက် (=လှူဒါန်း)မှုကို ပြုခြင်းငှါ စွမ်းနိုင်ကြပါကုန်၏လော”ဟု ကြံစည်တော်မူသည်တွင် ထိုသူ၅-ဦးလုံးတို့၏ သဒ္ဓါတရား ရှိကြသောအဖြစ်, ချီးမြှောက် = လှူဒါန်းမှုကို ပြုစွမ်းနိုင်ကြသောအဖြစ်ကို မြင်တော်မူ၍ သပိတ်,သင်္ကန်းကို ယူဆောင်ကာ သူဌေးကြီး၏ရှေ့၌ တံခါးဝဝယ် မိမိကိုယ်ကို ရပ်တည်လျက်သား ထင်ရှားပြတော်မူလေ၏။

     သူဌေးကြီးသည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို မြင်လေလျှင် သဒ္ဓါ ကြည်ညိုစိတ် တဖိတ်ဖိတ် ဖြစ်ရှိလျက် “ငါသည် ရှေးကလည်း အလှူဒါနကို မလှူခဲ့သောကြောင့် ဤကဲ့သို့သော ဆာလောင်မွတ်သိပ်ခြင်း = ဒုဗ္ဘိက္ခဘေးကို ရင်ဆိုင် တွေ့နေရသည်၊ ဤယခု ငါ့အတွက် ထမင်းသည် (စားသုံးလိုက်ပါက) ငါ့ကို တရက်မျှသာ စောင့်ရှောက်နိုင်လေရာ၏၊ အရှင်မြတ်အား လှူဒါန်းအပ်ပါမူကား

၃၈၇

ကမ္ဘာ ကုဋေပေါင်းများစွာတို့၌ ငါ၏ စီးပွါးချမ်းသာကို ရွက်ဆောင်နိုင်သည် ဖြစ်ပေလိမ့်မည်”ဟု ကြံစည်၍ ထိုထမင်းခွက်ကို ဖယ်ရှားစေပြီးလျှင် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ထံသို့ သွားရောက်ကာ တည်ခြင်း ၅-မျိုးဖြင့် ရှိခိုးပြီးနောက် အိမ်အတွင်းသို့ ပင့်သွင်းခဲ့၍ ပစ္စေကဗုဒ္ဓါအရှင်မြတ် နေရာ၌ ထိုင်နေမိလတ်သော် ခြေတို့ကို ဆေးကြော ပွတ်သုတ်ပေးပြီးလျှင် ရွှေအခြေတပ်သော အင်းပျဉ် (=ထိုင်ခုံ)၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကိုထား၍ ထမင်းခွက်ကို ယူဆောင်ခဲ့ကာ ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ သပိတ်၌ လောင်းလှူလေ၏။

     ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် (တဝက်လောင်းလှူပြီး၍) ခွက်ထဲ၌ ထမင်းတဝက်သာ ကျန်ရှိလတ်သော် လက်ဖြင့် သပိတ်ကို ပိတ်တော်မူလိုက်လေသည်။ ထိုအခါ သူဌေးကြီးသည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို “အရှင်ဘုရား.. ဆန်တစလယ်ဖြင့် လူ၅-ဦးအတွက် ချက်အပ်သောထမင်းမှ ဤထမင်းသည် တဦးစာ ဖြစ်ပါသည်၊ ဤထမင်းကို နှစ်ပုံပြုခြင်းငှါ မစွမ်းနိုင်ပါ = နှစ်ယောက်စာ ခွဲဝေ၍ မဖြစ်နိုင်တော့ပါ၊ တပည့်တော်အား ဤပစ္စုပ္ပန်လောကအတွက်သာ ချီးမြှောက်မှု ပြုတော်မမူကြပါလင့်၊ (တမလွန်လောကအတွက်ပါ ချီးမြှောက်တော်မူကြပါ)၊ တပည့်တော်သည် အကြွင်းအကျန် မထားရှိပဲ လှူလိုပါသည်”ဟု လျှောက်ထား၍ အလုံးစုံကိုပင် လောင်းလှူပြီးလျှင် “အရှင်ဘုရား.. တပည့်တော်သည် နောက်ထပ်တဖန် ဖြစ်လေရာရာ သံသရာဘဝ ဘုံဌာနဝယ် ဤကဲ့သို့သော ဆာလောင်မွတ်သိပ်ခြင်း = ဒုဗ္ဘိက္ခဘေးကို မတွေ့မမြင်ရသည့်ကိုယ် ဖြစ်ရပါလို၏၊ ဤနေ့မှ အစပြု၍ ဇမ္ဗူဒိပ်ကျွန်း၌နေသူ လူအားလုံးတို့အား မျိုးရိက္ခာထမင်းကို ပေးစွမ်းနိုင်သည့်ကိုယ် ဖြစ်ရပါလို၏၊ မိမိလက်ဖြင့် အလုပ်လုပ်၍ အသက်မွေးမှုကို မပြုရပါလို၊ စပါးကျီပေါင်း (၁၂၅၀) တထောင့်နှစ်ရာ့ငါးဆယ်ကို သုတ်သင်ရှင်းလင်းစေပြီးလျှင် ဦးခေါင်းဆေးလျှော်၍ ထိုစပါးကျီတို့၏ တံခါးဝ၌ ထိုင်နေလျက် အထက်ကောင်းကင်သို့ မော်၍ကြည့်လိုက်သော ခဏ၌ပင် သလေးနီစပါးမိုးအယဉ်တို့သည်

၃၈၈

ဖြိုးဖြိုးကျလာကာ တပည့်တော်၏ ကျီအားလုံးတို့ကို ပြည့်ပါစေကုန်သတည်း။ ဖြစ်လေရာရာ သံသရာဘဝ ဘုံဌာန၌ ဤယခု သူဌေးကတော်သည်ပင် ဇနီး, ဤယခု သားသည်ပင် သား, ဤယခု ချွေးမသည်ပင် ချွေးမ, ဤယခု ကျွန်သည်ပင် တပည့်တော်၏ကျွန် ဖြစ်ပါစေသတည်း”ဟု ဤ၅-ချက်ကို ဆုတောင်းပတ္ထ နာမှု ပြုလေ၏။

အိမ်သားစုအားလုံး၏ ထူးကဲသောစေတနာ

     သူဌေးကတော်ကြီးသည်လည်း “ငါ၏အရှင် သူဌေးကြီးကို ဆာလောင် မွတ်သိပ်ခြင်း = ဒုဗ္ဘိက္ခဘေးက နှိပ်စက်အပ်နေပါလျက် ငါသည် (တကိုယ်ကောင်း) စားသုံးရန် ဘယ်နည်းဖြင့်မျှ မတတ်နိုင်”ဟု ကြံစည်ဆင်ခြင်၍ မိမိ၏ဝေစုကို ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား လှူဒါန်းပြီးလျှင် “အရှင်ဘုရား.. ယခုအခါ ဖြစ်လေရာရာ သံသရာဘဝ ဘုံဌာန၌ ဤကဲ့သို့သော ဆာလောင်မွတ်သိပ်ခြင်း = ဒုဗ္ဘိက္ခဘေးကို မတွေ့မမြင်ရသည့်ကိုယ် ဖြစ်ပါလို၏၊ တပည့်တော်မ၏ အဖို့ရာ ထမင်းခွက်ကို ရှေ့ကထား၍ ဇမ္ဗူဒိပ်ကျွန်း၌နေသူ လူအားလုံးတို့အား ထမင်းအစာ ပေးရပါသော်လည်း တပည့်တော်မ ထိုင်ရာမှ မထမချင်း ယူတိုင်းယူတိုင်းသော နေရာသည် ပြည့်မြဲပြည့်ပါစေသတည်း၊ ဖြစ်လေရာရာ သံသရာဘဝ ဘုံဌာန၌ ဤသူဌေးကြီးသည်ပင် တပည့်တော်မ၏ အိမ်ရှင်သခင်, ဤသားသည်ပင် တပည့်တော်မ၏ သား, ဤချွေးမသည်ပင် တပည့်တော်မ၏ ချွေးမ, ဤကျွန်သည်ပင် တပည့်တော်မ၏ကျွန် ဖြစ်ပါစေသတည်း”ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။

     သူဌေးကြီး၏ သားသည်လည်း မိမိ၏ဝေစုကို ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား လှူဒါန်းပြီးလျှင် “အရှင်ဘုရား.. ဤနေ့မှစ၍ ဤကဲ့သို့သော ဆာလောင်မွတ်သိပ်ခြင်း = ဒုဗ္ဘိက္ခဘေးကို မတွေ့မမြင်ရသည့်ကိုယ် ဖြစ်ပါလို၏၊ တပည့်တော်၏အဖို့ရာ အသပြာ တထောင်အိတ်ကို စွဲကိုင်၍ ဇမ္ဗူဒိပ်ကျွန်း၌နေသူ လူအားလုံးတို့အား အသပြာကို ပေးရပါသော်လည်း ဤထောင်ဝင်အိတ်သည်

၃၈၉

ပြည့်မြဲ ပြည့်ပါစေသတည်း၊ ဖြစ်လေရာရာ သံသရာဘဝ ဘုံဌာန၌ ဤမိဖနှစ်ပါးတို့သည်ပင် အမိအဖတို့ ဖြစ်ကြပါစေကုန်သတည်း၊ ဤဇနီးသည်ပင် တပည့်တော်၏ ဇနီး, ဤကျွန်သည်ပင် တပည့်တော်၏ကျွန် ဖြစ်ပါစေသတည်း”ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။

     သူဌေးကြီး၏ ချွေးမသည်လည်း မိမိ၏ဝေစုကို ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား လှူဒါန်းပြီးလျှင် “အရှင်ဘုရား.. ဤနေ့မှစ၍ ဤကဲ့သို့သော ဆာလောင်မွတ်သိပ်ခြင်း = ဒုဗ္ဘိက္ခဘေးကို မတွေ့မမြင်ရသည့်ကိုယ် ဖြစ်ပါလို၏၊ တပည့်တော်မ၏ အဖို့ရာ စပါးတတောင်းကို ရှေ့ကထား၍ ဇမ္ဗူဒိပ်ကျွန်း၌နေသူ လူအားလုံးတို့အား မျိုးရိက္ခာထမင်းကို ပေးရပါသော်လည်း ကုန်ခန်းသောအဖြစ် မထင်ပါစေသတည်း၊ ဖြစ်လေရာရာ သံသရာဘဝ ဘုံဌာန၌ ဤယောက္ခမတို့သည်သာ တပည့်တော်မ၏ ယောက္ခမများ ဖြစ်ကြပါစေသတည်း၊ ဤသူဌေးသားသည်ပင် တပည့်တော်မ၏ အိမ်ရှင်သခင် သူဌေးသား, ဤကျွန်သည်ပင် တပည့်တော်မ၏ကျွန် ဖြစ်ပါစေသတည်း”ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။

     ကျွန်ဖြစ်သူ မောင်ပုဏ္ဏသည်လည်း မိမိ၏ဝေစုကို ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား လှူဒါန်းပြီးလျှင် “အရှင်ဘုရား.. ဤနေ့မှစ၍ ဤကဲ့သို့သော ဆာလောင်မွတ်သိပ်ခြင်း = ဒုဗ္ဘိက္ခဘေးကို မတွေ့မမြင်ရသည့်ကိုယ် ဖြစ်ပါလို၏၊ အလုံးစုံသော ဤအရှင် သခင်တို့သည်ပင် ဖြစ်လေရာရာ သံသရာဘဝ ဘုံဌာန၌ အကျွန်ုပ်၏ အရှင်သခင်များ ဖြစ်ကြပါစေသတည်း၊ တပည့်တော်၏အဖို့ရာ တကြိမ်ထွန်လိုက်လျှင်ပင် ဝဲဘက်မှ ထွန်ရေး သုံးကြောင်း, ယာဖက်မှ ထွန်ရေးသုံးကြောင်း, အလယ်မှ ထွန်ရေးတကြောင်း = ဤသို့အားဖြင့် တအမ္ဗဏ (လေးတင်း) မျိုးကြဲနိုင်လောက်သည့် ထွန်ရေး ခုနစ်ကြောင်း ခုနစ်ကြောင်းတို့ ခရီးရောက်ကြပါစေသတည်း”ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။

(ပုဏ္ဏသည် ထိုနေ့၌ သေနာပတိရာထူးကို ဆုတောင်းလျှင် ရနိုင်သော်လည်း အရှင်တို့၌ ချစ်ခင်လှသောကြောင့် ဤအရှင်သခင်တို့သည်ပင်

၃၉၀

ဖြစ်လေရာရာ သံသရာဘဝ ဘုံဌာန၌ အကျွန်ုပ်၏ အရှင်သခင်များ ဖြစ်ကြပါစေသတည်း-ဟု မိမိအဖို့ ကျွန်ဖြစ်ရန်ကိုသာ ဆုတောင်းမိလေ၏)။

     ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ထိုသူအားလုံးတို့၏ စကားဆုံးသောအခါ၌ “ဧဝံ ဟောတု = ဤသို့ (သင်တို့ ဆုတောင်းသည့်အတိုင်း) ဖြစ်ပါစေသတည်း”ဟု မိန့်တော်မူပြီးလျှင်-

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေဝ သမိဇ္ဈတု။

သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ စန္ဒော ပန္နရသော ယထာ။

တုယှံ = သင်၏။ ဣစ္ဆိတံ = အလိုရှိအပ်သမျှသည်။ ပတ္ထိတံ = တောင့်တအပ်သမျှသည်။ ခိပ္ပမေ၀ = လျင်စွာသာလျှင်။ သမိဇ္ဈတု = ပြည့်စုံစေသတည်း။ သဗ္ဗေ = ခပ်သိမ်းကုန်သော။ သင်္ကပ္ပါ = အကြံအစည်တို့သည်။ ပန္နရသော စန္ဒော ယထာ = တဆယ့်ငါးရက် ရွှန်းစက်ပေါ်ထွန်း လပြည့်ဝန်းကဲ့သို့။ ပူရေန္တု = ပြည့်စေကုန်သတည်း။

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ သဗ္ဗမေဝ သမိဇ္ဈတု။

သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ မဏိဇောတိရသော ယထာ။

တုယှံ = သင်၏။ ဣစ္ဆိတံ = အလိုရှိအပ်သော။ ပတ္ထိတံ = တောင့်တအပ်သော။ သဗ္ဗမေဝ = အလုံးစုံသည်ပင်။ သမိဇ္ဈတု = ပြည့်စုံစေသတည်း။ သဗ္ဗေ = ခပ်သိမ်းကုန်သာ။ သင်္ကပ္ပါ = အကြံအစည်တို့သည်။ ဇောတိရသော မဏိ ယထာ = ဇောတိရသ်ပတ္တမြားကဲ့သို့။ ပူရေန္တု = ပြည့်စေကုန်သတည်း။

ဤပစ္စေကဗုဒ္ဓါ ဆုပေးသော ဂါထာတို့ဖြင့် အနုမောဒနာ ပြုပြီးလျှင် “ငါသည် ဤသူတို့၏စိတ်ကို တိုးတက်ကြည်ညိုစေမှ သင့်တော့မည်”ဟု ကြံစည်ဆင်ခြင်တော်မူ၍ “ဂန္ဓမာဒနတောင်တိုင်အောင် ဤသူများသည် ငါ့ကို မြင်ကြစေကုန်သတည်း”ဟု အဓိဋ္ဌာန်တော်မူ၍ ကြွသွားလေ၏။ ထိုသူဌေးကြီး အိမ်သားစု

၃၉၁

၅-ဦးတို့သည်လည်း ကြည့်လျက်သာ ရပ်တည်နေကြလေကုန်၏၊ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ဂန္ဓမာဒနတောင်သို့ ရောက်လေလျှင် ထိုဆွမ်းကို အဖော်ပစ္စေကဗုဒ္ဓါ အရှင်မြတ် ငါးရာတို့နှင့် အတူတကွ ခွဲဝေသုံးဆောင်တော်မူလေ၏၊ ထို၅-ယောက်စာ ဆွမ်းသည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ အာနုဘော်ကြောင့် ငါးရာလုံးတို့အား လောက်လောက်ငင ရှိလေ၏၊ သူဌေးကြီးအိမ်သားစု ၅-ဦးတို့သည်လည်း ကြည့်ရှု ကြည်ညိုကြလျက်သာလျှင် ရပ်တည်နေကြလေကုန်၏။

နေ့ခြင်းပင် ကောင်းကျိုးပေးခြင်း

     အထူးအားဖြင့် နေမွန်းတည့်ချိန် လွန်သောအခါ သူဌေးကတော်ကြီးသည် ထမင်းအိုးကို ဆေးကြောဖုံးပိတ်၍ ထားလိုက်လေ၏။ သူဌေးကြီးသည်လည်း ဆာလောင်မွတ်သိပ်ခြင်း အပြင်း နှိပ်စက်အပ်ရကား လျောင်း၍ အိပ်ပျော်သွားလေ၏။ သူဌေးကြီးသည် ညနေချမ်းအချိန်၌ နိုးလတ်၍ သူဌေးကတော်ကြီးကို “ရှင်မ.. ငါသည် အလွန်ဆာလောင်လှပါ၏၊ ထမင်းအိုးအပြင်၌ ထမင်းချိုး ထမင်းလုံး အကပ်အသပ်ကလေးများ ရှိသေးသလော (ကြည့်ပါဦးလော့)”ဟု ပြောဆိုလေ၏။ သူဌေးကတော်ကြီးသည် အိုးကို ပြောင်စင်အောင်ဆေး၍ မိမိထားအပ်သောအဖြစ်ကို သိပါလျက်လည်း “မရှိပါ”ဟူ၍ မပြောဆိုပဲ “ထမင်းအိုးကို ဖွင့်ကြည့်ပြီးမှ ပြောတော့မည်”ဟု ကြံစည်ကာ ထ၍ ထမင်းအိုးအနီးသို့ သွားပြီးလျှင် ထမင်းအိုးကို ဖွင့်၍ ကြည့်လေ၏။

     ထိုခဏ၌ပင်လျှင် မုလေးပန်းငုံ (မြတ်လေးပန်းဖူး)နှင့်တူသော အဆင်းရှိသည့် ထမင်းဖြင့် ပြည့်၍နေသော ထမင်းအိုးသည် အဖုံး (စလောင်းဖုံး)ကို ကြွအောင်မ-ချီ၍ တည်ရှိနေလေ၏။ သူဌေးကတော်ကြီးသည် ထိုအခြင်းအရာကို မြင်လျှင်ပင် ပီတိဖြင့်နှံ့သော ကိုယ်ရှိလျက် (=တကိုယ်လုံး ပီတိဖုံးလျက်) သူဌေးကြီးကို “အရှင်.. ထလော့၊ ကျွန်တော်မသည် ထမင်းအိုးကို ပြောင်စင်အောင် ဆေးပြီးမှ အုပ်၍ထားခဲ့ပါသည်၊ ထိုထမင်းအိုးသည်ကား ယခုအခါ

၃၉၂

မုလေးပန်းငုံ = မြတ်လေးပန်းဖူးနှင့်တူသော အဆင်းရှိသည့် ထမင်းဖြင့် ပြည့်နေပါပြီ၊ ကုသိုလ်ကောင်းမှုတို့မည်သည် ပြုသင့်ပြုထိုက်သော သဘောရှိပါပေကုန်စွာ့၊ အလှူဒါနမည်သည် ပြုသင့်ပြုထိုက်သော သဘောရှိပါပေစွာ့၊ အရှင်.. ထလော့, ချမ်းသာစွာ စားသုံးပါလော့”ဟု ပြောဆို လေ၏။

     သူဌေးကတော်ကြီးသည် ရှေးဦးစွာ အဖနှင့် သားတို့အား ထမင်းကို ပေးကမ်းကျွေးမွေးလေသည်။ ထိုအဖနှင့်သားတို့ စားပြီး၍ ထသွားကြတော့မှ ချွေးမနှင့် အတူတကွထိုင်၍ မိမိပါ စားပြီးလျှင် ကျွန်ဖြစ်သူ မောင်ပုဏ္ဏအား ထမင်းကို ပေးလေ၏။ ယူတိုင်း, ယူတိုင်းသော နေရာသည် မကုန်နိုင်ပဲရှိလေ၏။ ယောက်မဖြင့် ပဌမအကြိမ် ခူးခပ်ယူသော နေရာသာလျှင် ထင်ရ၏။ ထိုနေ့မှာပင် စပါးကျီ, အိုးစရည်း စသည်တို့သည် ရှေးက စပါးဖြင့် ပြည့်မြဲသောအတိုင်းပင် တဖန်ပြည့်၍ နေကြလေကုန်၏၊ သူဌေးကြီးသည် “မဟာဘောဂ သူဌေးကြီး၏အိမ်၌ ရိက္ခာထမင်း ပြည့်တင်းစွာ ဖြစ်လျက်ရှိသည်၊ မျိုးရိက္ခာထမင်းကို ရယူလိုသူတို့သည် လာရောက်၍ အလိုရှိတိုင်း ယူကြကုန်လော့”ဟု မြို့အတွင်း၌ လှည့်လည် ကြွေးကြော်စေလေ၏။ လူတို့သည် သူဌေးကြီး၏အိမ်မှ မျိုးရိက္ခာထမင်းကို အလိုရှိသမျှ ယူကြလေကုန်၏၊ ဇမ္ဗူဒိပ်ကျွန်း၌နေသူ လူခပ်သိမ်းတို့သည် ထိုမဟာဘောဂသူဌေးကြီးကို အမှီပြု၍ အသက်ရှင်မှုကို ရကြလေကုန်၏။

နောက်ဆုံးဘဝ မေဏ္ဍကသူဌေးဖြစ်ခြင်း

     ထိုမဟာဘောဂ သူဌေးကြီးသည် ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ဖြစ်၍ နတ်ပြည်, လူ့ပြည်တို့ဝယ် ကျင်လည်ကျက်စားခဲ့ရလျက် ဤအကျွန်ုပ်တို့ ဘုရားမြတ်စွာ ပွင့်ထွန်းတော်မူရာ ကာလဝယ် ဘဒ္ဒိယမြို့၌ သူဌေးမျိုး၌ ဖြစ်လာလေသည်။ သူ၏ဇနီး သူဌေးကတော်သည်လည်း မဟာဘောဂ သူဌေးမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ထိုသူဌေး၏ သူဌေးကတော်ကြီးပင် ဖြစ်လာလေ၏။

၃၉၃

မေဏ္ဍကသူဌေးဟု အမည်တွင်ခြင်း

     ထိုသူဌေးကြီး၏ အိမ်နောက်ပိုင်း ရှစ်မင်းပယ်မျှ ကျယ်ဝန်းသော မြေအရပ်၌ ဝိပဿီမြတ်စွာ လက်ထက်တော်အခါက ရွှေဆိတ်ရုပ်ပြုလုပ်ကာ ပူဇော်ခဲ့သော ကောင်းမှုကုသိုလ်ကံ အဟုန်ကြောင့် ဆင်, မြင်း, ဥသဘ ပမာဏရှိသော ရွှေဆိတ်ရုပ်ကြီးများသည် မြေကိုဖောက်ခွဲ၍ ကျောက်ကုန်းချင်း တိုက်ခတ်ထိစပ်ကာ ဖြစ်ပေါ်၍လာလေကုန်၏။ ထိုရွှေဆိတ်ရုပ်ကြီးတို့၏ ခံတွင်းများ၌ အဆင်း၅-မျိုးရှိသည့် ချည်ဂေါ်လီလုံးများ အသင့်ထည့်အပ်ပြီးသား ဖြစ်၍နေကုန်၏။ ထောပတ်, ဆီ, ပျား, တင်လဲ- စသည်တို့ကိုဖြစ်စေ၊ အဝတ်အထည်, ရွှေ, ငွေ- စသည်တို့ကိုဖြစ်စေ အလိုရှိလတ်လျှင် ထိုရွှေဆိတ်ရုပ်တို့၏ ခံတွင်းမှ ချည်ဂေါ်လီလုံးများကို ဖယ်ရှားပစ်ကြရကုန်၏။ ရွှေဆိတ်ရုပ် တရုပ်တည်း၏ ခံတွင်းမှပင် ဇမ္ဗူဒိပ်ကျွန်း၌နေသူ လူအားလုံးတို့အတွက် လောက်ငအောင် ထောပတ်, ဆီ, ပျား, တင်လဲ, အဝတ်အထည်, ရွှေ, ငွေ-တို့ ထွက်၍လာကုန်၏။ ထိုအချိန်မှစ၍ သူဌေးကြီး၏ အမည်သည် “မေဏ္ဍကသူဌေးကြီး”ဟူ၍ ထင်ရှားကျော်ကြား လာလေ၏။ (မေဏ္ဍက = ရွှေဆိတ်ရုပ်ရှင်သူဌေးဟု ဆိုလိုသည်)။

     ထိုသူဌေးကြီး ဇနီးမောင်နှံတို့၏ ရှေးဘဝက သားသည်ပင် ယခုဘဝ၌လည်း သားဖြစ်၍လာလေ၏ (ထိုသားမှာ ဝိသာခါ၏ဖခင် ဓနဉ္ဇယသူဌေးဖြစ်သည်)။ ရှေးဘဝက ချွေးမသည်ပင် ယခုဘဝ၌လည်း ချွေးမဖြစ်လာလေ၏။ ရှေးဘဝကကျွန်သည်ပင် ယခုဘဝ၌လည်း ကျွန်ဖြစ်၍လာလေ၏။ (မေဏ္ဍကသူဌေးကြီး၏ သူဌေးကတော်ကြီးကား စန္ဒပဒုမာ-အမည်ရှိသည်၊ ချွေးမဖြစ်သူ ဓနဉ္ဇယသူဌေးကတော်ကား သုမနဒေဝီ အမည်ရှိသည်၊ မေဏ္ဍကသူဌေးကြီး၏ ကျွန်ကား ပုဏ္ဏ-အမည်ရှိသည်)။

(ဤမေဏ္ဍကသူဌေးကြီး, သူဌေးကတော်ကြီး, သား ဓနဉ္ဇယသူဌေး, ချွေးမ သုမနဒေဝီ, ကျွန်ယုံတော် မောင်ပုဏ္ဏတို့၏ အာနုဘော်အကြောင်းနှင့်တကွ မေဏ္ဍကသူဌေးကြီး သောတာပန်အရိယာ ဖြစ်သည်တိုင်အောင်သော အကြောင်းအရာများကို ဤမဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ

၃၉၄

အောက် ဥပါသိကာစရိတခဏ်း ဝိသာခါအကြောင်း စာမျက်နှာ ၂၄၅-မှစ၍ ပြန်လည်ကြည့်ရှု သုံးသပ်ကုန်ရာ၏)။

     အထူးအားဖြင့် မေဏ္ဍကသူဌေးကြီးသည် မြတ်စွာဘုရား အထံတော်၌ တရားတော်ကို နာရ၍ သောတာပန် ဖြစ်ပြီးသောအခါ မြတ်စွာဘုရားရှင် အထံတော်သို့ မိမိ လာရောက်စဉ်အခါဝယ် တိတ္ထိတို့က မြတ်စွာဘုရား၏ ကျေးဇူးမဲ့ကို ပြောကြား၍ မိမိအား တားမြစ်ကြသည့်အကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည် မေဏ္ဍကသူဌေးကြီးကို “ဒါယကာသူဌေး.. ဤသတ္တဝါတို့မည်သည် ကြီးစွာသော မိမိ၏ အပြစ်ကိုကား မမြင်ကြကုန်၊ သူတပါးတို့၏ အပြစ်ကိုကား မရှိသည်ကိုပင် အရှိပြုကာ ထိုထိုအရပ်၌ ဖွဲဖျင်းကဲ့သို့ လှေ့လွှင့် ပြောကြားတတ်ကုန်၏”ဟု မိန့်တော်မူပြီးလျှင် ဤဆိုလတ္တံ့သော တရားဂါထာကို ဟောကြားတော်မူလေ၏-

သုဒဿံ ဝဇ္ဇမညေသံ၊ အတ္တနော ပန ဒုဒ္ဒသံ။

ပရေသံ ဟိ သော ဝဇ္ဇာနိ၊ ဩပုနာတိ ယထာ ဘုသံ။

အတ္တနော ပန ဆာဒေတိ၊ ကလိံဝ ကိတဝါ သဌော။

ဂဟပတိ = မေဏ္ဍကသညာ အိုဒါယကာ..။ ဣမေသံ သတ္တာနံ = ဤသတ္တဝါတို့သည်။ အညေသံ = သူတပါးတို့၏။ ဝဇ္ဇံ = အပြစ်ကို။ သုဒဿံ = အလွယ်ဖြင့်သာ ရှုမြင်နိုင်စွာ၏။ အတ္တနော = မိမိ၏။ ဝဇ္ဇံ ပန = အပြစ်ကိုကား။ ဒုဒ္ဒသံ = အလွန်ပင်ကြီးကဲသော်လည်း မြင်ခဲလှစွာ၏။ ဟိ = မှန်၏။ သော = ထိုကိုယ့်အပြစ်ကိုကား လျစ်လျူပြုသူ, သူ့အပြစ်ကိုသာ ရှုလေ့ရှိသောသူသည်။ ပရေသံ = သူတပါးတို့၏။ ဝဇ္ဇာနိ = အပြစ်တို့ကို။ ဘုယံ ယထာ = ဖွဲဖျင်းကိုကဲ့သို့။ ဩပုနာတိ = လှေ့လွှင့်သောအား ပြောကြားတတ်ပေ၏။ အတ္တနော = မိမိ၏။ ဝဇ္ဇံ ပန = အပြစ်ကိုကား။ ကိတဝါ = ကောက်ကျစ်သော။ သဌော = ငှက်မုဆိုးသည်။ (တနည်း) သဌော = ကောက်ကျစ်သော ငှက်မုဆိုးသည်။

၃၉၅

ကိတဝါ-ကိတဝါယ = သစ်ခက်စသည်ဖြင့်။ ကလိံ = မိမိကိုယ်ကို။ ဆာဒေတိ ဣဝ = ဖုံးလွှမ်းသကဲ့သို့။ ဆာဒေတိ = ဖုံးလွှမ်းတတ်၏ -

ဤဒေသနာ ဂါထာနိဂုံး ဆုံးလတ်သောအခါ များစွာသော သူတို့သည် သောတာပတ္တိဖိုလ်- စသည်တို့သို့ ဆိုက်ရောက်ကြလေကုန်၏။ (ဓမ္မပဒ ဋ္ဌ ၂၊ ၂၃၂ -မှစ၍)။

ဤကား မေဏ္ဍကသူဌေး အကြောင်းတည်း။

**********

(၃) ဇဋိလသူဌေးအကြောင်း

ဇဋိလ၏ ရှေးကံအကြောင်း

     ဤဇဋိလသူဌေးအလောင်းသည် ကဿပမြတ်စွာ သာသနာခေတ်၌ ရွှေပန်းထိမ်သည် ဖြစ်ခဲ့လေသည်။ ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ဓာတုစေတီတော်ကြီး တည်ထားအပ်ဆဲ ဖြစ်လတ်သော် ရဟန္တာမထေရ်မြတ်တပါးသည် စေတီတော်တည်ရာအရပ်သို့ သွားရောက်ကြည့်ရှု၍ “အမောင်တို့.. အဘယ့်ကြောင့် စေတီတော်၏ မြောက်ဖက်မုခ်သည် မတက်ပဲရှိနေသနည်း”ဟု မေးတော်မူလေ၏။ လူများက “ရွှေမလောက်သောကြောင့်ပါဘုရား”ဟု လျှောက်ထားကြလေသော် ရဟန္တာမထေရ်မြတ်သည် “ငါသည် မြို့တွင်းသို့သွား၍ လူများကို ရွှေလှူဒါန်းရန် ဆောက်တည်စေအံ့၊ သင်တို့သည် ရိုသေသဖြင့် အလုပ်ကို လုပ်ဆောင်ကြလော့”ဟု မိန့်ဆိုအားပေးစကား ပြောကြားခဲ့၍ မြို့တွင်းသို့ဝင်ပြီးလျှင် “အမိတို့.. အမောင်တို့.. သင်တို့၏ စေတီတော်အတွက် မြောက်ဖက်မုခ်၌ ရွှေမလောက်ပဲ ဖြစ်နေသည်၊ ရွှေကို သိကြကုန်လော့”ဟု လူများအပေါင်းကို ဆောက်တည်စေလျက် ရွှေပန်းထိမ်သည်အိမ်သို့ ရောက်တော်မူလေ၏။

     ထိုအချိန်၌ ရွှေပန်းထိမ်သည်သည် ဇနီးဖြစ်သူနှင့် ခိုက်ရန်ပြုကာ ထိုင်နေဆဲဖြစ်၏။ ထို့နောက် မထေရ်သည် ရွှေပန်းထိမ်သည်ကို “ဒါယကာ.. စေတီတော်ကြီးမှာ သင်တို့ တာဝန်ယူကြသည့်

၃၉၆

မြောက်ဖက်မုခ်အတွက် ရွှေမလောက်ပဲဖြစ်နေသည်။ သို့ရကား ရွှေကိုသိမှ သင့်တော်မည်”ဟု မိန့်ဆိုလေ၏။ ရွှေပန်းထိမ်သည်သည် ဇနီးဖြစ်သူအား အမျက်ထွက်သဖြင့် (စိတ်ဆိုးဆိုးနှင့်) “သင်၏ဘုရားကို ရေထဲပစ်ချ၍သာ သွားပေတော့”ဟု ရိုင်းပြစွာ ပြောဆိုလိုက်လေ၏။ ထိုအခါ ဇနီးဖြစ်သူသည် ရွှေပန်းထိမ်သည်ကို “ရှင်သည် အလွန်ကြမ်းကြုတ်သည့် မကောင်းမှုကို ပြုအပ်မိလေပြီ၊ ကျွန်တော်မအား ရှင်အမျက်ထွက်လျှင် ကျွန်တော်မကိုသာ ဆဲရေးလိုမူ ဆဲရေးသင့်၏၊ ရိုက်နှက်လိုမူ ရိုက်နှက်သင့်၏။ အဘယ့်ကြောင့် အတိတ်, အနာဂတ်, ပစ္စုပ္ပန် ဘုရားရှင်တို့အပေါ်၌ ရန်လိုမှု ပြုဘိသနည်း”ဟု အပြစ်ပြစကား ပြောကြားလေ၏။

     ရွှေပန်းထိမ်သည်သည် ထိုခဏမှာပင် သံဝေဂကြီးစွာရ၍ “အရှင်ဘုရား.. တပည့်တော်အား သည်းခံတော်မူပါဘုရား”ဟု လျှောက်ထား တောင်းပန်လေ၏။ ရဟန္တာမထေရ်မြတ်က “အမောင်.. သင်က ငါ့ကို တစုံတရာ ပြစ်မှားပြောဆိုအပ်သည် မဟုတ် = ဘုရားရှင်ကိုသာ ပြစ်မှား ပြောဆိုအပ်ခဲ့လေပြီ၊ ထို့ကြောင့် မြတ်စွာဘုရားကိုသာ ကန်တော့လော့”ဟု မိန့်တော်မူလေလျှင် ရွှေပန်းထိမ်သည်သည် “အရှင်ဘုရား.. အဘယ်သို့ပြု၍ ကန်တော့ရပါမည်နည်း”ဟု မေးလျှောက်လေ၏။ ထိုအခါ ရဟန္တာမထေရ်မြတ်သည် “ရွှေပန်းအိုး သုံးလုံး ပြုလုပ်ပြီးလျှင် ဓာတ်တော်တိုက်အတွင်း၌ ဌာပနာသွင်းထည့်၍ စိုသောအဝတ်, စိုသောဆံရှိလျက် ကန်တော့လေလော့ အမောင်..”ဟု နည်းညွှန်းစကား မိန့်ကြားတော်မူလေ၏။

     ရွှေပန်းထိမ်သည်သည် “ကောင်းပါပြီ အရှင်ဘုရား..”ဟု လျှောက်ထားပြီးလျှင် ရွှေပန်းများ ပြုလုပ်သည်ရှိသော် မိမိ၏ သားသုံးယောက်တို့အနက် သားကြီးကို အခေါ်ခိုင်း၍ “လာလော့ ချစ်သား.. ငါသည် မြတ်စွာဘုရားကို ရန်စကား ပြောမှားမိခဲ့လေပြီ၊ ထို့ကြောင့် ဤရွှေပန်းသုံးခိုင်တို့ကို ပြုလုပ်ပြီးလျှင် ဓာတ်တော်ဌာပနာတိုက်၌ ထည့်၍ ကန်တော့ရပေမည်၊

၃၉၇

ချစ်သားသည်လည်း ငါ၏ အဖော်သဟဲ ဖြစ်ပါလော့”ဟု ပြောလေ၏။ သားကြီးသည် “အဖေ့ကို ကျွန်တော်သည် ရန်စကား အပြောမခိုင်းအပ်ပါ၊ (အဖေ့အလိုအလျောက် ပြောခြင်းဖြစ်သည်)၊ ထို့ကြောင့် အဖေသာလျှင် ပြုလုပ်လေလော့”ဟု ဆို၍ ရွှေပန်းခိုင်ကို ကူညီ၍ မလုပ်လိုခဲ့ချေ။ သားအလတ်ကို ခေါ်၍ ထို့အတူပင် ပြောပြန်လေ၏။ သားလတ်သည်လည်း ထို(သားကြီး)နည်းတူပင် ဆို၍ မလုပ်လိုပဲရှိခဲ့၏။ သားအငယ်ကို ခေါ်၍ ထို့အတူ ပြောသောအခါ သားငယ်သည် “ဖခင်အတွက် ဖြစ်ပေါ်လာသောကိစ္စ အဝဝသည် သား၏တာဝန် ဖြစ်၏”ဟု ပြောဆိုကာ အဖ၏ အဖော်သဟဲဖြစ်၍ ရွှေပန်းခိုင်တို့ကို ကူညီလုပ်ဆောင်၍ ပေးလေ၏။

     ရွှေပန်းထိမ်သည်သည် တထွာခန့်ရှိသော ရွှေသားပန်းစိုက်အိုး သုံးလုံးတို့ကို (ပန်းခိုင်ပါ) ပြီးအောင်ပြုလုပ်၍ ဓာတ်တော်ဌာပနာတိုက်၌ ထည့်သွင်းလျက် (ရဟန္တာမထေရ်မြတ် ညွှန်ကြားအပ်သည့်အတိုင်း) စိုသောအဝတ်, စိုသောဆံရှိလျက် မြတ်စွာဘုရားကို တောင်းပန်ကန်တော့လေ၏။ (ဤကား ဇဋိလသူဌေး၏ ရှေးကံအကြောင်းတည်း)။

နောက်ဆုံးဘဝ ဇဋိလသူဌေးဖြစ်ခြင်း

     ထိုရွှေပန်းထိမ်သည်သည် ရှေးဖော်ပြရာပါ ဝစီကံဒုစရိုက်ကြောင့် ခုနစ်ကြိမ် (=ခုနစ်ဘဝ)တိုင်တိုင် ရေ၌ အမျှောခံခဲ့ရလေသည်။ ဤနောက်ဆုံး ပစ္ဆိမဘဝ၌ကား ဗာရာဏသီ သူဌေးသမီး၏ သားဖြစ်လာလေသည်။ ချဲ့ဦးအံ့- အကျွန်ုပ်တို့၏ ဘုရားမြတ်စွာ လက်ထက်တော်အခါဝယ် ဗာရာဏသီပြည်၌ အလွန် အဆင်းလှသည့် သူဌေးသမီးတယောက် ရှိလေသည်။ ထိုသူဌေးသမီးကို အသက်ဆယ့်ငါးနှစ်, ဆယ့်ခြောက်နှစ် အရွယ်ရှိသောအခါ မိဘတို့သည် စောင့်ရှောက်ရန် ကျွန်မတယောက်ကို ပေးအပ်၍ ဘုံခုနစ်ဆင့် (ခုနစ်ထပ်)ရှိသော ပြာသာဒ်၏ အထက်ဆုံးအထပ်ဝယ် ကြက်သရေတိုက်ခန်း၌ နေထိုင်စေကြလေသည်။

၃၉၈

တနေ့သ၌ လေသာပြူတင်းကို ဖွင့်၍ အပြင်သို့ ကြည့်နေသော ထိုသူဌေးသမီးကို ကောင်းကင်ခရီးဖြင့် သွားသော ဝိဇ္ဇာဓိုရ်တယောက်သည် မြင်၍ အချစ်စိတ် ပြင်းထန်စွာ လေသာပြူတင်းပေါက်ဖြင့် ဝင်လာပြီးလျှင် သူဌေးသမီးနှင့် ချစ်တင်းမိတ်ဖွဲ့မှု ပြုလေ၏။

     သူဌေးသမီးသည် ထိုဝိဇ္ဇာဓိုရ်နှင့် ဆက်ဆံပေါင်းသင်းမှုကို အစွဲပြု၍ မကြာမီပင် ကိုယ်ဝန်ကို ရလေ၏။ ထိုအခါ သူဌေးသမီးကို ကျွန်မကမြင်၍ “အမိ.. ဤအရာသည် အဘယ်နည်း = ဒါ ဘာဖြစ်တာလဲ”ဟု မေး၍ သူဌေးသမီးက “ရှိပါစေ၊ တဦးတယောက်အားမျှ မပြောကြားပါလင့်”ဟု နှုတ်ပိတ်စကား ပြောကြားအပ် ရကား ကျွန်မသည် ကြောက်သဖြင့် ဆိတ်ဆိတ်နေရလေ၏။ သူဌေးသမီးသည် ဆယ်လမြောက်၌ သားကို ဖွားမြင်၍ အိုးသစ်တလုံးကို ယူဆောင်ခဲ့စေပြီးလျှင် ထိုအိုး၌ သူငယ်ကိုသိပ်၍ အဖုံးဖြင့်ပိတ်ကာ ထို၏အထက်၌ ပန်းဆိုင်း ပန်းကုံးများကို တင်ထားပြီးသော် “ဤအိုးကို ဦးခေါင်းဖြင့် ရွက်ယူသွားကာ ဂင်္ဂါမြစ်ကြော၌ မျှောလိုက်လေလော့၊ ‘ဤအရာကား အဘယ်နည်း (=ဘာနည်း)’ဟု တဦးဦးက မေးအပ်လျှင် ‘ကျွန်တော်မ၏ သခင်မအတွက် ဗလိပူဇော်မှု’ဟု ပြောလေ”ဟု ဆိုကာ ကျွန်မကို စေခိုင်းလိုက်လေ၏။ ကျွန်မသည်လည်း သူဌေးသမီး စေခိုင်းသည့်အတိုင်း ပြုလုပ်လေ၏။

     ထိုအချိန်၌ ဂင်္ဂါမြစ်၏အောက် (ရေစုန်)ဝယ် မိန်းမနှစ်ယောက်တို့သည် ရေချိုးကြရင်းက ရေဖြင့်မျောလာသော ထိုအိုးကို မြင်ကြ၍ တယောက်က “ထိုအိုးသည် ငါ့အိုးတည်း”ဟု ပြောလေ၏။ တယောက်က “ထိုအိုး၏အတွင်းဝယ် ပါလာသောပစ္စည်းသည် ငါ့ပစ္စည်းတည်း”ဟု ပြောလေ၏။ ထိုသို့ပြောကြ၍ မိမိတို့အနီးသို့ ထိုအိုး ရောက်လာလတ်သော် ဆယ်ယူ၍ ကုန်း၌ထားကာ ဖွင့်ကြည့်ကြလေလျှင် သူငယ်ကို တွေ့မြင်ကြ၍ တယောက်က “ငါ့အိုးဟု ပြောဆိုအပ်လေသောကြောင့် သူငယ်သည် ငါ့ဥစ္စာဖြစ်သည်”ဟု ပြောဆိုလေ၏။ တယောက်ကလည်း “အိုးအတွင်းဝယ်

၃၉၉

ပါလာသော ပစ္စည်းသည် ငါ့ပစ္စည်းတည်းဟု ငါပြောဆိုအပ်လေသောကြောင့် သူငယ်သည် ငါ၏သူငယ် ဖြစ်သည်”ဟု ပြောဆိုလေ၏။ ထိုမိန်းမနှစ်ယောက်တို့သည် ငြင်းခုံကြလျက် တရားဆုံးဖြတ်ရာ လွှတ်ရုံးသို့ သွားရောက်ကြ၍ ထိုအကြောင်းကို ပြောကြားကြလေကုန်၏။ တရားဆုံးဖြတ်သော အမတ်တို့ အဆုံးအဖြတ် မပေးနိုင်ကြသည်ရှိသော် မင်းထံသို့ သွားရောက်ကြလေကုန်၏။ မင်းသည် ထိုမိန်းမနှစ်ယောက်တို့၏ စကားကို ကြားသိပြီးလျှင် ဒုတိယမိန်းမကို “သင်သည် သူငယ်ကို ပိုင်စေ”ဟု၎င်း, ပဌမမိန်းမကို “သင်သည် အိုးကို ပိုင်စေ”ဟု၎င်း အဆုံးအဖြတ်စကား မိန့်ကြားလေ၏။

     ထိုမိန်းမ နှစ်ယောက်တို့အနက် သူငယ်ကိုရသော မိန်းမသည်ကား အရှင်မဟာကစ္စည်းမထေရ်၏ အလုပ်အကျွေး ရင်းနှီးသူ ဒါယိကာမ ဖြစ်လေသည်။ ထို့ကြောင့် ထိုမိန်းမသည် “ဤသူငယ်ကို မထေရ်၏အထံ၌ ရှင်ပြုစေမည်”ဟု ကြံရွယ်ကာ သူငယ်ကို မွေးမြူလေ၏။ ထိုသူငယ်၏အဖို့ရာ မီးရှူးသန့်စင် ဖွားမြင်သောနေ့၌ ကိုယ်ဝန်အညစ်အကြေးကို ဆေးကြောဖယ်ရှားမှု မပြုရသောကြောင့် ဆံပင်များမှာ ဆံကျစ်ပမာ ရှုပ်ထွေးလျက် တည်နေကုန်၏။ ထို့ကြောင့် ထိုသူငယ်၏အမည်ကို “ဇဋိလ”ဟူ၍ မှည့်ခေါ်ကြလေ၏။

     ထိုဇဋိလသူငယ် ခြေဖြင့် တောက်တောက် သွားနိုင်လောက်သောအခါ၌ အရှင်မဟာကစ္စည်းမထေရ်သည် ထိုအိမ်သို့ ဆွမ်းခံ ကြွဝင်တော်မူလာလေ၏။ ဒါယိကာမသည် မထေရ်မြတ်ကို နေရာထိုင်ခင်း ပေးလှူပြီးလျှင် ဆွမ်းအာဟာရကို ဆက်ကပ်လှူဒါန်းလေ၏။ မထေရ်မြတ်သည် ဇဋိလသူငယ်ကို မြင်တော်မူ၍ “ဒါယိကာမကြီး.. ဘယ့်နှယ်လဲ၊ သင်သည် သူငယ်ကို ရအပ်သလော”ဟု မေးတော်မူလေ၏။ ထိုအခါ ဒါယိကာမကြီးသည် “ရအပ်ပါသည် အရှင်ဘုရား.. ဤသူငယ်ကို တပည့်တော်မသည် အရှင်ဘုရားတို့အထံ၌ ရှင်ပြုစေမည်ဟူသော ရည်ရွယ်ချက်ဖြင့်

၄၀၀

မွေးမြူခဲ့ပါသည်၊ ထိုသူငယ်ကို ရှင်ပြုပေးတော်မူကြပါဘုရား”ဟု လျှောက်ထား၍ မထေရ်မြတ်အား လှူလေ၏။

     အရှင်မဟာကစ္စည်း မထေရ်သည် “ကောင်းပြီ”ဟု လက်ခံကာ ထိုသူငယ်ကို ခေါ်ဆောင်၍ သွားတော်မူရင်းပင် “ဤသူငယ်၏ အဖို့ရာ လူ့စည်းစိမ်ကို ခံစံရန် ကောင်းမှုကံ ရှိလေသလော”ဟု ဉာဏ်တော်ဖြင့် ကြည့်ရှုတော်မူလတ်သော် “ဘုန်းကြီးသော သတ္တဝါတဦးဖြစ်၍ ကြီးစွာသော စည်းစိမ်ကို ခံစားသုံးဆောင် ရလိမ့်ဦးမည်၊ ဤသူငယ်သည် ယခု ငယ်သေး၏၊ သူ၏ ဉာဏ်ပညာသည်လည်း မရင့်ကျက်သေး”ဟု ကြံစည်ဆင်ခြင် သိမြင်တော်မူသောကြောင့် ထိုဇဋိလသူငယ်ကို ခေါ်ဆောင်ကာ တက္ကသိုလ်ပြည်ဝယ် ဒါယကာရင်းတယောက်၏ အိမ်သို့ ကြွရောက်တော်မူလေ၏။

     ဒါယကာသည် မထေရ်ကို ရှိခိုးပြီး ရပ်တည်ရင်းကပင် သူငယ်ကိုမြင်၍ “အရှင်ဘုရား.. အရှင်ဘုရားတို့သည် သူငယ်ကို ရအပ်ခဲ့ပါသလော”ဟု မေးလျှောက်လေ၏။ အရှင်မဟာကစ္စည်းမထေရ်က “အိမ်း.. ရအပ်ခဲ့ပေသည် ဒါယကာ..၊ ဤသူငယ်ကား ရှင်ရဟန်းပြုပေလိမ့်မည်၊ ယခု ငယ်သေး၏၊ သင်၏အထံ၌ပင် နေပါစေ”ဟု အရှင်ကစ္စည်းမထေရ်က မိန့်ကြားတော်မူလေလျှင် ဒါယကာသည် “ကောင်းပါပြီ အရှင်ဘုရား..”ဟု လက်ခံ၍ ထိုသူငယ်ကို သားအရာ၌ ထားပြီးလျှင် ပြုစုလုပ်ကျွေး မွေးမြူလေ၏။

     ထိုဒါယကာကား ကုန်သည်ဖြစ်လေသည်။ အထူးအားဖြင့် သူ၏အိမ်မှာ ဆယ့်နှစ်နှစ်ကြာ မရောင်းရသေးသည့် (=ရောင်း၍ မစွံသေးသည့်) ရောင်းကုန် ဘဏ္ဍာတို့သည် များလှစွာ၏။ တနေ့သ၌ ထိုကုန်သည် ဒါယကာသည် ရွာတပါးသို့ ခရီးသွားအံ့ဆဲ ဖြစ်လတ်သော် ထိုရောင်း၍မစွံသော ကုန်ဘဏ္ဍာအားလုံးကို ဈေးဆိုင်သို့ဆောင်၍ သူငယ်(ဇဋိလ)ကို ဆိုင်ထိုင်ခိုင်းကာ ထိုထိုရောင်းကုန်ဘဏ္ဍာ၏ တန်ဖိုးများကို ပြောပြ၍

၄၀၁

“ဤမည်, ဤမည်သော ရောင်းကုန်ပစ္စည်းကို ဤမျှ ဤမျှသော ဥစ္စာကို ရယူ၍ ပေးလော့”ဟု မှာထားခဲ့၍ ခရီးထွက်သွားလေ၏။

၁၂-နှစ်ကြာ ရောင်း၍မစွံသောကုန်များ တရက်တည်းဖြင့်

ရောင်း၍ စွံခြင်း

     ထိုနေ့၌ မြို့စောင့်နတ်တို့သည် အယုတ်သဖြင့် ငရုတ်, ဇီယာမျှကိုပင် ဝယ်ယူလိုကြသော ဈေးဝယ်များကိုသော်လည်း ထိုဇဋိလသူငယ် ဆိုင်ထိုင်ရောင်းနေသည့်ဆိုင်သို့ ရှေးရှုလာကြအောင် ပြုလုပ်ကြလေကုန်၏။ ဇဋိလသူငယ်သည် ၁၂-နှစ်ကြာအောင် ရောင်း၍မစွံ စုပုံနေသော ရောင်းကုန်များကို တရက်တည်းဖြင့်ပင် ရောင်းချလိုက်ရလေသည်။ အိမ်ရှင်ဈေးသည် သူကြွယ်သည် ပြန်လာ၍ ဈေးဆိုင်၌ အနည်းငယ်မျှသော ရောင်းရန် ကုန်ကိုမျှ မတွေ့ရလေလျှင် “ချစ်သား.. သင်သည် အလုံးစုံသော ရောင်းကုန်ဘဏ္ဍာများကို ဖျက်ဆီးပစ်လိုက်လေသ‌လာ”ဟု မေး၍ ဇဋိလသူငယ်က “ကျွန်တော် မဖျက်ဆီးပါ၊ အားလုံး ရောင်းကုန်များကို အဖေတို့ ပြောဆိုမှာထားအပ်သည့် နည်းအတိုင်း ရောင်းပြီးပါပြီ၊ ဤငွေကား ဤမည်သောကုန်ဘဏ္ဍာ၏ အဖိုးဖြစ်ပါသည် ဤငွေကား ဤမည်သော ကုန်ဘဏ္ဍာ၏ အဖိုးဖြစ်ပါသည်”ဟု ပြောဆိုကာ စာရင်းအတိအကျ အပ်နှံလေလျှင် သူကြွယ်သည် အလွန်ကျေနပ်၍ “အဖိုးမဖြတ်နိုင်အောင် ထိုက်တန်သည့် ယောက်ျားပါပေ၊ မည်သည့်နေရာ မည်သည့် အလုပ်အကိုင်မှာမဆို ချမ်းချမ်းသာသာ အသက်ရှင်နိုင်မည့်သူ ဖြစ်သည်”ဟု ကြံစည်၍ မိမိအိမ်၌ အရွယ်သို့ရောက်ပြီး အသင့်ရှိနေသော သမီးကို ဇဋိလလုလင်အား ပေးထိမ်းမြားပြီးလျှင် မိမိ၏လူများကို “ဤဇဋိလလုလင်အတွက် အိမ်ကြီးတဆောင် ဆောက်လုပ်ကြကုန်လော့”ဟု စေခိုင်း၍ ထိုအိမ်ကြီး ဆောက်လုပ်ပြီးပြေလတ်သော် “သားတို့.. သမီးတို့.. သွားကြလော့၊ သင်တို့သည် မိမိ၏အိမ်၌ ချမ်းသာစွာ နေထိုင်ကြကုန်လော့”ဟု ပြောဆို အပ်နှင်းလေတော့၏။

၄၀၂

ရွှေတောင်ပိုင် ဇဋိလသူဌေးဖြစ်ခြင်း

     ထို့နောက် ဇဋိလလုလင်၏အဖို့ရာ အိမ်တက်မင်္ဂလာ ပြုလုပ်သောအခါ၌ ခြေတဖက် တံခါးခုံကို နင်းမိလျှင်ပင် အိမ်၏ နောက်ပိုင်း၌ မြေကိုဖောက်ထွင်း၍ အတောင်ရှစ်ဆယ်ခန့် မြင့်သော ရွှေတောင်ကြီး ပေါက်၍လာလေ၏။ မင်းကြီးသည် “ဇဋိလသတို့သား၏အိမ်၌ မြေကိုဖောက်ထွင်း၍ ရွှေတောင်ကြီး ပေါက်သတဲ့”ဟူသော သတင်းစကားကို ကြားသိရလျှင်ပင် ထိုဇဋိလလုလင်အထံသို့ သူဌေးထီးဖြူကို ပို့စေ၍ သူဌေးတို့ အဆောင်အယောင် အခမ်းအနားများကို ချီးမြှောက်ကာ သူဌေးကြီးရာထူး၌ ခန့်အပ်လေ၏။ ထိုအခါမှစ၍ သူသည် “ဇဋိလသူဌေးကြီး”ဟူ၍ အမည်ထင်ရှား ကျော်ကြားလာလေ၏။

ဇမ္ဗူဒိပ်တခွင် လှည့်လည်စုံစမ်းစေခြင်း

     ဇဋိလသူဌေးကြီးမှာ သားသုံးယောက်တို့ ရှိကြလေသည်။ သူဌေးကြီးသည် ထိုသားများ အရွယ်သို့ ရောက်ကြသောအခါ၌ ရဟန်းပြုရန် စိတ်ညွတ်လာ၍ “အကယ်၍ ငါတို့နှင့် စည်းစိမ်တူသော သူဌေးမျိုး ရှိခဲ့လျှင် မင်းကြီးတို့သည် ငါ့အား ရဟန်းပြုရန် အခွင့်ပေးကြလိမ့်မည်၊ မရှိလျှင် ပေးကြလိမ့်မည် မဟုတ်။ ဇမ္ဗူဒိပ်ကျွန်းဝယ် ငါတို့နှင့် စည်းစိမ်တူသော သူဌေးမျိုး = သူဌေးအိမ်များ ရှိလေသလား”ဟု စုံစမ်းရန် ရွှေသားအုတ်ချပ်, ရွှေသားနှင်တံ, ရွှေသားခြေနင်းတို့ကို သွန်းလုပ်စေပြီးလျှင် မိမိ၏ လူယုံများလက်၌ ပေးအပ်၍ “အမောင်တို့.. သွားကြကုန်၊ ဤပစ္စည်းတို့ကို ယူဆောင်သွားကြ၍ တစုံတရာကို ကြည့်ရှုကြကုန်သကဲ့သို့ ဇမ္ဗူဒိပ်တခွင်၌ လှည့်လည်ကြပြီးလျှင် ငါတို့နှင့် စည်းစိမ်တူသော သူဌေးမျိုး ရှိ,မရှိကို သိအောင် စုံစမ်းပြီးမှ ပြန်ခဲ့ကြလော့”ဟု ပြောဆိုမှာထား စေလွှတ်လိုက်လေ၏။

     ထိုလူယုံတို့သည် ဒေသစာရီ လှည့်လည်ကြလေလျှင် ဘဒ္ဒိယမြို့သို့ ရောက်ကြလေကုန်၏။ ထိုအခါ ထိုလူများကို မေဏ္ဍကသူဌေးကြီးမြင်၍ “အမောင်တို့.. အဘယ်အမှု ပြုလိုကြကုန်သည်ဖြစ်၍

၄၀၃

လှည့်လည်ကြသနည်း”ဟု မေးလေသော် “ကျွန်တော်များသည် ပစ္စည်းဝတ္ထုတခု ကြည့်ရှုလိုကြ၍ လှည့်လည်ကြပါသည်”ဟု ဖြေကြားကြသဖြင့် မေဏ္ဍကသူဌေးကြီးသည် “ဤလူများအဖို့ရာ ဤရွှေအုတ်, ရွှေနှင်တံ, ရွှေခြေနင်းတို့ကို ယူဆောင်၍ တစုံတရာ ကြည့်ရှုဖို့ရန် လှည့်လည်ဖွယ် ကိစ္စမရှိ၊ တိုင်းနိုင်ငံကို စုံစမ်းလို၍ လှည့်လည်ကြလေသည်”ဟု သိရှိရိပ်မိကာ “အမောင်တို့.. ငါတို့အိမ်နောက်ပိုင်းသို့ ဝင်၍ ကြည့်ရှုကြကုန်လော့”ဟု ပြောဆိုလေ၏။

     ထိုလူများသည် မေဏ္ဍကသူဌေးကြီး၏ အိမ်နောက်ပိုင်း၌ ရှစ်မင်းပယ်မျှ ကျယ်ဝန်းသော မြေအရပ်ဝယ် ရှေးဖော်ပြရာပါ ဆင်, မြင်း, ဥသဘ ပမာဏရှိသည့် ရွှေဆိတ်ရုပ်ကြီးများ ကျောက်ကုန်းချင်း ထိခတ်ဆက်စပ်လျက် မြေကိုဖောက်ထွင်းကာ တက်ပေါ်နေသည်တို့ကို မြင်ကြရ၍ ထိုရွှေဆိတ်ရုပ်ကြီးများ၏ အကြားအကြားမှ လှည့်လည်ကာ ပြန်ထွက်၍ လာကြလေကုန်၏။ ထိုအခါ ထိုလူများကို မေဏ္ဍကသူဌေးကြီးသည် “အမောင်တို့.. အမောင်တို့ တွေ့မြင်ရန် လှည့်လည် ရှာကြံအပ်သော ပစ္စည်းကို တွေ့မြင်အပ်ပြီလော”ဟု မေး၍ ထိုလူများက “တွေ့မြင်ကြရပါကုန်၏ အရှင်သူဌေးကြီး..”ဟု ဆိုကြလေလျှင် “ထိုသို့ဖြစ်က အမောင်တို့သည် အလိုရှိရာသို့ သွားကြလော့”ဟု ပြောဆိုလွှတ်လိုက်လေ၏။

     ဇဋိလသူဌေးကြီး၏ လူများသည် ဘဒ္ဒိယမြို့မှပင် မိမိတို့သူဌေးထံ ပြန်ခဲ့ကြ၍ ဇဋိလသူဌေးကြီးက “အမောင်တို့.. အမောင်တို့သည် ငါတို့နှင့် စည်းစိမ်တူ သူဌေးမျိုးကို တွေ့မြင်အပ်ခဲ့ပြီလော”ဟု မေးလေသော် “အရှင်သူဌေးမင်း.. အရှင်သူဌေးမင်းတို့၏ စည်းစိမ်သည် ဘာရှိ၍နည်း၊ ဘဒ္ဒိယမြို့ဝယ် မေဏ္ဍကသူဌေးကြီး၏ စည်းစိမ်သည် ဤသို့ ဤသို့ သဘောရှိ၏”ဟု စကားပလ္လင်ခံကာ မိမိတို့ တွေ့မြင်ခဲ့ရသည့် အကြောင်းဥဿုံ အလုံးစုံကို အကုန်ပြန်ကြား ပြောဆိုကြလေ၏။ ထိုစကားကိုကြား၍ ဇဋိလသူဌေးကြီးသည် နှစ်သက်အားရ စိတ်တိုင်းကျဖြစ်ပြီးလျှင် “သူဌေးမျိုး တမျိုးကိုကား ရအပ်ပေပြီ၊ အခြားသူဌေးမျိုးလည်း

၄၀၄

ရှိကောင်း ရှိဦးမည်လော”ဟု စဉ်းစား ဆင်ခြင်မိ၍ အဖိုးတသိန်းထိုက်သော ကမ္ဗလာကို ပေးအပ်ပြီးလျှင် ထိုလူယုံများကို “အမောင်တို့.. သွားကြကုန်လော့၊ အခြားသူဌေးမျိုးကိုလည်း စုံစမ်းကြကုန်ဦးလော့”ဟု ပြောဆိုမှာထား၍ လွှတ်လိုက်ပြန်လေ၏။

     ထိုလူများသည် ရာဇဂြိုဟ်ပြည်သို့ သွားရောက်ကြ၍ ဇောတိကသူဌေးကြီး၏ ပြာသာဒ်အိမ်မှ မနီးမဝေး၌ ထင်းများကို စုပုံကာ မီးဖိုကြလျက် ရပ်တည်နေကြကုန်လေ၏။ လူအများက “ဤအမှုသည် အဘယ်နည်း = ဘာလုပ်နေကြသနည်း”ဟု မေးအပ်သောအခါ၌ ထိုဇဋိလသူဌေး၏ လူများသည် “ကျွန်ုပ်တို့၏အဖို့ရာ အဖိုးများစွာ ထိုက်တန်သော ကမ္ဗလာတထည်ကို ရောင်းချကြလေရာ ဝယ်ယူနိုင်မည့်သူ မရှိဖြစ်၍နေပါသည်၊ ယူဆောင်၍ ကျွန်ုပ်တို့မြို့အရောက် သွားကြရမည်ကလည်း လူဆိုးသူခိုးဘေးမှ ကြောက်ကြရပါသည်၊ ထို့ကြောင့် ထိုကမ္ဗလာကို မီးရှို့၍ သွားကြပါမည်”ဟု အကဲစမ်းစကား ပြောကြားကြလေ၏။

     ထိုအခါ ထိုလူများကို ဇောတိကသူဌေးကြီး မြင်လတ်သော် “ဤသူတို့သည် အဘယ်အမှု ပြုကြကုန်သနည်း = ဒီလူတွေ ဘာလုပ်နေကြသနည်း”ဟု မေး၍ ထိုအကြောင်းကို ကြားသိရလေလျှင် ထိုလူများကို အခေါ်ခိုင်း၍ “အမောင်တို့.. ဤကမ္ဗလာသည် အဘယ်မျှ အဖိုးထိုက်သနည်း”ဟု မေးမြန်းလေ၏။ ထိုလူများက “အဖိုးတသိန်း ထိုက်တန်ပါသည် အရှင်သူဌေးကြီး..”ဟု ဖြေကြားအပ်လေသော် ဇောတိကသူဌေးကြီးသည် မိမိလူများကို ထိုလူများအား အသပြာတသိန်း အပေးခိုင်းပြီးနောက် “အမောင်တို့.. ငါ၏ တံခါးမုခ်ကို တံမြက်လှည်း၍ အမှိုက်စွန့်သွန်သော ကျွန်မအား ဤကမ္ဗလာကို ပေးလိုက်ကြပါလော့”ဟု ပြောဆို မှာကြားကာ ဇဋိလသူဌေး၏ လူများလက်၌ပင် အပ်နှံ၍ အပို့ခိုင်းလိုက်လေ၏။

     ဇောတိကသူဌေးကြီး၏ ကျွန်မသည် ကမ္ဗလာကို ယူခဲ့၍ (ထိုလူများ မျက်မှောက်မှာပင်) ငိုကြွေးလျက် မိမိ၏အရှင် ဇောတိကသူဌေးကြီးအထံသို့ သွားရောက်ပြီးလျှင် “အရှင်သူဌေးမင်း..

၄၀၅

အသို့နည်း = ဘယ့်နှာလဲ ကျွန်တော်မကို အပြစ်ရှိလျှင် ရိုက်နှက်ရန် မသင့်ဘူးလော (=ရိုက်နှက်သင့်ပါသည်ဟု ဆိုလို၏)။ အဘယ့်ကြောင့် ဤသို့စင် ကြမ်းတမ်းသော ကမ္ဗလာကို ကျွန်တော်မ၏ထံသို့ ပို့စေတော်မူဘိသနည်း၊ ကျွန်တော်မသည် ဘယ်လိုနည်းဖြင့် ဤကမ္မလာအကြမ်းကြီးကို ဝတ်နိုင်, ခြုံနိုင်လိမ့်မည်နည်း (=မဝတ်နိုင်, မခြုံနိုင်ပါ)”ဟု မကျေမချမ်းစကား တိုင်ကြား ပြောဆိုလေ၏။ ထိုအခါ ဇောတိကသူဌေးကြီးက “အမိ.. ငါသည် ဤသို့ ဝတ်ရန်, ခြုံရန်အတွက် သင့်ထံသို့ အပို့ခိုင်းလိုက်သည် မဟုတ်ပါ။ စင်စစ်သော်ကား ဤကမ္ဗလာကို လိပ်၍ သင့်အိပ်ရာခြေရင်း၌ ထားပြီးလျှင် သင်အိပ်ချိန် ရောက်သောအခါ နံ့သာရေဖြင့် ဆေးကြောပြီးသော သင့်ခြေများကို ပွတ်သုတ်ရန်အလို့ငှါ သင့်ထံသို့ ငါ အပို့လွှတ်လိုက်မိသည်၊ အသို့နည်း = ဘယ့်နှယ်လဲ သင်သည် ဤသို့ (=ခြေသုတ်မှုကို)ပင် ပြုလုပ်ခြင်းငှါ မစွမ်းနိုင်ဘူးလော = ခြေသုတ်ရုံမျှပင်သော်မှ သင်က မသုတ်နိုင်ဘူးလော”ဟု ဖြေရှင်း ပြောကြားတော့မှ ကျွန်မသည် စိတ်ကျေနပ်ကာ “ဤခြေသုတ်ရန်အမှုကိုတော့ ပြုနိုင်ပါလိမ့်မည်”ဟု ပြောဆိုကာ ထိုကမ္ဗလာကို ယူ၍ သွားလေ၏။

     ဇဋိလသူဌေးကြီး၏ လူယုံတော်များသည်လည်း ထိုအကြောင်းကို ကိုယ်တွေ့ မြင်ခဲ့ကြ၍ မိမိတို့၏ သူဌေးကြီးထံသို့ ပြန်လည်ရောက်ရှိကြသည်တွင် ဇဋိလသူဌေး ကြီးက “အမောင်တို့.. အမောင်တို့သည် ငါတို့နှင့် စည်းစိမ်တူ သူဌေးမျိုးကို တွေ့မြင်အပ်ခဲ့ပြီလော”ဟု မေးအပ်လေလျှင် “အရှင်သူဌေးမင်း.. အရှင်သူဌေးမင်းတို့၏ စည်းစိမ်သည် ဘာရှိ၍နည်း၊ ရာဇဂြိုဟ်ပြည်ဝယ် ဇောတိကသူဌေးကြီး၏ စည်းစိမ်သည် ဤသို့ ဤသို့ သဘောရှိ၏”ဟု စကားပလ္လင်ခံကာ ဇောတိကသူဌေးကြီး၏ ပြာသာဒ်ကြီးအသရေ စည်းစိမ်ကုံလုံ ပြည့်စုံပုံကို ပြောကြားပြီးလျှင် မိမိတို့ကိုယ်တွေ့ မြင်ခဲ့ကြရသည့် ထိုကျွန်မနှင့် ကမ္ဗလာအကြောင်းကို ပြန်ပြောင်း ပြောဆိုကြလေကုန်၏။

၄၀၆

ဇဋိလသူဌေးကြီး သားသုံးယောက်၏ဘုန်းကံကို

စုံစမ်းခြင်း

     ဇဋိလသူဌေးကြီးသည် ထိုလူယုံတော်များ၏ စကားကို ကြားရလေလျှင် နှစ်သက်အားရမ်း ဝမ်းမြောက်သော စိတ်ရှိလျက် “ငါသည် ယခုအခါ ရဟန်းပြုရန် အခွင့်ကို ရပေတော့မည်”ဟု ကြံစည်ဆင်ခြင်၍ မင်းကြီးထံသို့ သွားရောက်ပြီးလျှင် “အရှင်မင်းကြီး.. အကျွန်ုပ်သည် ရဟန်းပြုလိုပါ၏”ဟု လျှောက်ထားလေ၏။

(ဤ၌။ ။မည်သည့်မင်းဟု အဋ္ဌကထာ၌ တိုက်ရိုက် မဖော်ပြအပ်သော်လည်း “ဗိမ္မိသာရရညော ပန ဝိဇိတေ ပဉ္စ အမိတဘောဂါ နာမ အဟေသုံ ဇောတိကော, ဇဋိလော, မေဏ္ဍကော, ပုဏ္ဏကော, ကာဠဝဠိယောတိ = အထူးအားဖြင့် ဗိမ္ဗိသာရမင်းကြီး၏ အာဏာပြန့်နှံ့ရာ နိုင်ငံတော်၌ ဇောတိက, ဇဋိလ, မေဏ္ဍက, ပုဏ္ဏက, ကာဠဝဋိယဟူ၍ အမိတဘောဂသူဌေးကြီး ၅-ဦးတို့ ရှိကြ၏”ဟု ဝိသာခါဝတ္ထု ဓမ္မပဒအဋ္ဌကထာ ပဌမအုပ် စာမျက်နှာ ၂၄၃-၌ ဖွင့်ပြအပ်သောကြောင့် ဗိမ္ဗိသာရမင်းကြီးဟူ၍ မှတ်ယူရာ၏)။

     မင်းကြီးကလည်း “ကောင်းပြီ သူဌေးကြီး.. သင်အလိုရှိတိုင်း ရဟန်းပြုလော့”ဟု ကြည်သာစွာ ခွင့်ပြုလေ၏။ ဇဋိလသူဌေးကြီးသည် မိမိအိမ်သို့ ပြန်ခဲ့၍ သားသုံးယောက်တို့ကို အခေါ်ခိုင်းပြီးလျှင် ရွှေအရိုးတပ်သည့် စိန်ပေါက်ချွန်းကို သားအကြီး၏လက်၌ အပ်နှင်းပေးထား၍ “ချစ်သား.. အိမ်၏ နောက်ဖက်ဝယ် ရွှေတောင်မှ ရွှေစိုင်တခဲကို ထုတ်ဆောင် တူးယူခဲ့လော့”ဟု ဆို၍ လွှတ်လိုက်လေ၏။ သားအကြီးသည် စိန်ချွန်းကို ယူဆောင်ကာ သွားရောက်၍ ရွှေတောင်ကို တအားပေါက်လေ၏။ ကျောက်ဖျာကြီး၌ ပေါက်အပ်သော အခါကဲ့သို့ ဖြစ်လေ၏။ ဇဋိလသူဌေးကြီးသည် သားအကြီးလက်မှ စိန်ချွန်းကိုယူ၍ သားအလတ်လက်၌ အပ်နှင်းကာ ရှေးနည်းအတူ လွှတ်လိုက်ပြန်လေ၏။ ထိုသားအလတ်၏ အဖို့ရာလည်း ရွှေတောင်ကို စိန်ချွန်းဖြင့် ပေါက်လေလျှင် ကျောက်ဖျာ၌ ပေါက်အပ်သကဲ့သို့ပင် ဖြစ်လေ၏။

     ထို့နောင်မှ စိန်ချွန်းကို သားအငယ်၏လက်၌ ပေးအပ်၍ အပေါက်လွှတ်လိုက်ပြန်လေ၏၊ ထိုသားအငယ်၏အဖို့ရာ

၄၀၇

စိန်ချွန်းကို ယူသွား၍ ရွှေတောင်ကို ပေါက်သည်ရှိသော် အမှုန့်ထောင်းထုကာ စုပုံ၍ထားအပ်သော မြေညက်၌ ပေါက်အပ်သောအခါကဲ့သို့ အလွှာလိုက်, အစုလိုက် အလွယ်တကူ ရွှေများထွက်၍ ကျလာလေ၏။ ထိုအခါ သားအငယ်ကို ဇဋိလသူဌေးကြီးသည် “လာလော့ ချစ်သား.. ဤမျှလောက်ဖြင့် တော်သင့်ပြီ”ဟု ဆို၍ သားအလတ်နှင့် သားအကြီးတို့ကို “ချစ်သားတို့.. ဤရွှေတောင်သည် ချစ်သားတို့၏ ဘုန်းကံကြောင့် ဖြစ်လာသည်မဟုတ်၊ ငါနှင့် သင်တို့ညီငယ်၏ ဘုန်းကံကြောင့် ဖြစ်လာလေသည်၊ သို့ရကား ဤညီငယ်နှင့် တစိတ်တည်း တပေါင်းတည်း ဖြစ်ကြကာ သင်တို့ စားသုံးကြလော့”ဟု ပြောဆိုလေ၏။

(ဤ၌။ ။ရှေးဖော်ပြရာပါ ဇဋိလသူဌေး၏ ရွှေပန်းထိမ်သည်ဘဝက ဖြစ်ရပ်ကို ပြန်လည် ဆင်ခြင်ရာ၏၊ ထိုရွှေပန်းထိမ်သည်ဘဝက “သင်၏ဘုရားကို ရေထဲပစ်ချ၍ သွားပေတော့”ဟု ရိုင်းပြစွာ ရဟန္တာအရှင်မြတ်အား ပြောကြားခဲ့သည့် အကုသိုလ် ဝစီကံကြောင့် ခုနစ်ဘဝတို့တိုင်တိုင် မွေးဖွားပြီးသောအခါ ရေအမျှောခံခဲ့ရရုံမျှမက ဤယခုနောက်ဆုံး ပစ္ဆိမဘဝမှာလည်း ထိုအကုသိုလ် ဝစီကံကြောင့်ပင် ဖွားပြီးလျှင် ပြီးခြင်း ရေအမျှောခံရလေသည်။

ကဿပမြတ်စွာဘုရား၏ ဓာတုစေတီတော်ကြီးအား ပူဇော်၍ တောင်းပန်ဝန်ချရန် ရွှေပန်းများ ပြုလုပ်သောအခါ သားအငယ်ကသာ အဖော်သဟဲ ဖြစ်ခဲ့သောကြောင့် ဤယခု ရွှေတောင်ကြီးသည် ဇဋိလသူဌေးနှင့် သားအငယ်တို့အတွက် ဖြစ်ပေါ်လာရလေသည်)။

     ဤသို့လျှင် ဇဋိလသူဌေးကြီးသည် သားတို့ကို ဆုံးမမှာထားပြီးလျှင် မြတ်စွာဘုရား အထံတော်သို့ သွားရောက်၍ ရဟန်းပြုပြီးနောက် ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်သဖြင့် နှစ်ရက်, သုံးရက်အတွင်းမှာပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေ၏ = ရဟန္တာဖြစ်လေ၏။

     မြတ်စွာဘုရားသည် နောက်အခါဝယ် ရဟန်းငါးရာတို့နှင့် အတူတကွ ဆွမ်းခံ လှည့်လည်တော်မူလတ် သည်ရှိသော်

၄၀၈

ဇဋိလသူဌေး၏ သားသုံးယောက်တို့နေရာ အိမ်တံခါးဝသို့ ကြွရောက်တော်မူလေ၏။ ထိုသားသုံးယောက်တို့သည် မြတ်စွာဘုရား အမှူးပြုသော ရဟန်းသံဃာအား လ-ဝက် (=၁၅-ရက်)ပတ်လုံး ဆွမ်းအလှူဒါနကို ပေးလှူကြလေကုန်၏။

     ရဟန်းတို့သည် တရားခန်းမဆောင် = ဓမ္မသဘာဝယ် “ငါ့ရှင်ဇဋိလ.. ယနေ့လည်း သင့်အဖို့ရာ အတောင်ရှစ်ဆယ်မြင့်သော ရွှေတောင်ကြီးနှင့် သားသုံးယောက်အပေါ်၌ တွယ်တာတပ်မက်မှု ရှိသေးသလော”ဟု အမေးစကား ဖြစ်ပွါးစေကြလေကုန်၏။ အရှင်ဇဋိလ ရဟန္တာမထေရ်မြတ်က “ငါ့ရှင်တို့.. ငါ့အဖို့ရာ ထိုရွှေတောင်နှင့် သားတို့၌ တပ်မက်ခြင်း, မြတ်နိုးခြင်း အလျှင်းမရှိတော့”ဟု ပြောကြားလေလျှင် ရဟန်းတို့သည် “ဤဇဋိလထေရ်ကား မဟုတ်မမှန် ပြောကြား၍ အရဟတ္တဖိုလ်ကို ဝန်ခံ ပြောဆိုဘိ၏”ဟု အပြစ်တင်စကား ပြောကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ စကားကို ကြားသိတော်မူ၍ “ရဟန်းတို့.. ငါ့သားတော် ဇဋိလရဟန်း၏ သန္တာန်မှာ ထိုရွှေတောင်နှင့် သားတို့၌ တပ်မက်ခြင်း, မြတ်နိုးခြင်း အလျှင်းပင် မရှိတော့ချေ”ဟု မိန့်တော်မူပြီးလျှင် ဤဆိုလတ္တံ့သော တရားဂါထာကို ဟောကြားတော်မူလေ၏-

ယောဓ တဏှံ ပဟန္တွာန၊ အနာဂါရော ပရိဗ္ဗဇေ။

တဏှာဘဝပရိက္ခီနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

(ဤဂါထာအနက်ကို အောက် ဇောတိကသူဌေးဝတ္ထု၌ ရေးသားခဲ့ပြီ)။

     ဒေသနာနိဂုံး ဆုံးလတ်သောအခါ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ဆိုက်ရောက်ကြလေကုန်၏။ ။(ဓမ္မပဒ ဋ္ဌ ၂၊ စာမျက်နှာ ၄၄၁-မှစ၍ ထုတ်နုတ်ရေးသားသည်)။

ဤကား ဇဋိလသူဌေး အကြောင်းတည်း။

၄၀၉

(၄) ကာဠ၀ဠိယသူဌေးအကြောင်း

     ဤကာဠဝဠိယသူဌေး အကြောင်းကား ဥပရိပဏ္ဏာသ အဋ္ဌကထာ ၁-ဒေဝဒဟသုတ်အဖွင့် စာမျက်နှာ (၄)၌ အကျဉ်းချုပ် လာရှိ၏၊ လာရှိပုံကား-

     မြတ်စွာဘုရားရှင် လက်ထက်တော်အခါဝယ် ရာဇဂြိုဟ်ပြည်၌ ကာဠဝဠိယ အမည်ရှိသော ဆင်းရဲသား တယောက် ရှိလေသည်။ တနေ့သ၌ ကာဠဝဠိယ၏ ဇနီးသည် စားသုံးရန်အတွက် ဟင်းရွက်နှင့်ရောသော ယာဂုချဉ်ကို ပြုတ်၍ထား၏။ (အလွန်ဆင်းရဲသောကြောင့် ထမင်းချက်၍ မစားနိုင်ပဲ ယာဂုကိုပင် ဟင်းရွက်နှင့်ရော၍ ကျိုရခြင်းဖြစ်သည်)။ ထိုနေ့၌ အရှင်မဟာကဿပ မထေရ်သည် နိရောဓသမာပတ်မှ ထတော်မူ၍ “ငါသည် အဘယ်သူအား ချီးမြှောက်မှု ပြုရပါမည်နည်း”ဟု ဆင်ခြင် ကြည့်ရှုတော်မူလေလျှင် ကာဠဝဠိယ ဆင်းရဲသားကို ဉာဏ်၌မြင်၍ သူ၏ အိမ်တံခါးဝသို့ ကြွရောက် ဆွမ်းရပ်တော်မူလေ၏။

     ကာဠဝဠိယ၏ ဇနီးသည် မထေရ်၏လက်မှ သပိတ်ကို တောင်းယူ၍ ကျိုပြီး အသင့်ရှိနေသော ဟင်းရွက်နှင့်ရောသည့် ယာဂုချဉ်အားလုံးကို သပိတ်၌ လောင်းထည့်၍ မထေရ်အား ဆက်ကပ် လှူဒါန်းလေ၏။ (ဤအလှူမျိုးကို “နိရဝသေသဒါန = ကိုယ်ဖို့မချန်သော လှူခြင်း”ဟူ၍ ခေါ်ဆိုလေသည်)။ အရှင်မဟာကဿပ မထေရ်သည် ကျောင်းတော်သို့ သွားရောက်၍ ထိုယာဂုကို မြတ်စွာဘုရားအား ဆက်ကပ်လေ၏။ မြတ်စွာဘုရားသည် ကိုယ်တော်မြတ် မျှတတော်မူရုံသာ ခံတော်မူ၏။ ကျန်သောယာဂုသည် ရဟန်းငါးရာတို့အား လောက်ငပေ၏။ ကာဠဝဠိယ ဆင်းရဲသားသည်လည်း ဆွမ်းကြွင်းဆွမ်းကျန် တောင်းခံရန်အတွက် ထိုနေရာသို့ (ယာဂုဝေသောနေရာသို့) ရောက်လာလျက် စားသုံးရန် ယာဂုအနည်းငယ်ကို ရရှိလေ၏။

     အရှင်မဟာကဿပမထေရ်သည် မြတ်စွာဘုရားရှင်ကို ယာဂုဒါယကာ ကာဠဝဠိယအတွက် ရရှိမည့်အကျိုးကို

၄၁၀

မေးလျှောက်လေ၏။ မြတ်စွာဘုရားရှင်သည် “ဤနေ့မှနောက် ခုနစ်ရက်မြောက်၌ ကာဠဝဠိယသည် သူဌေးထီးဖြူကို ရလိမ့်မည် = သူဌေးဖြစ်လိမ့်မည်”ဟု မိန့်ကြားတော်မူလေ၏။ ကာဠဝဠိယ ဆင်းရဲသားသည် မြတ်စွာဘုရား မိန့်ကြားတော်မူအပ်သည့် ထိုစကားကို နားဆတ်ဆတ်ကြားရ၍ အိမ်သို့ ပြန်လာပြီးလျှင် ဇနီးသည်အား ထိုအကြောင်းကို ပြန်ကြား ပြောဆိုလေ၏။

     ထိုအခါ၌ ဗိမ္ဗိသာရမင်းတရားသည် မြို့ကို လှည့်လည်သည်ရှိသော် အရှင်လတ်လတ် ကားစင်တင်ထားရာ တံကျင်၌ နေရသူ ရာဇဝတ်သား ယောက်ျားကို မြင်တော်မူလေ၏။ ရာဇဝတ်သားသည် မင်းကြီးကို မြင်ရလျှင် “အရှင်မင်းကြီး.. အရှင်မင်းကြီးတို့ ပွဲတော်စာတည်သည့် ထမင်းကို ပို့သတော်မူကြစေချင်ပါသည်”ဟု အရဲစွန့်ကာ ကျယ်လောင်စွာသော အသံဖြင့် ဟစ်အော်ပြောဆိုလေ၏။ “မင်းကြီးသည် အိမ်း.. ကောင်းပြီ ပို့စေလိုက်မည်”ဟု ပြောဆိုခဲ့၍ ညချမ်းပွဲတော်စာ ဆက်သလာသောအခါ၌ ထိုရာဇဝတ်သား တောင်းခံလိုက်သည့် စကားကို အမှတ်ရတော်မူ၍ “ဤထမင်းပွဲကို မြို့အပြင် ကားစင်တံကျင်သို့ ရောက်အောင် ပို့ဆောင်နိုင်မည့်သူကို စုံစမ်းကြလော့”ဟု ဆိုင်ရာဝန်တို့ကို မိန့်ဆိုလေ၏။

     ရာဇဂြိုဟ်ပြည်၏ ပတ်ဝန်းကျင် မြို့ဥပစာအရပ်မှာ အလွန် ကြမ်းကြုတ်သည့် ဘီလူးများ လှည့်လည်ကျက်စားရာဌာန ဖြစ်သောကြောင့် ညဉ့်အချိန်၌ အလွယ်တကူ မည်သူမျှ မြို့အပြင်သို့ မထွက်ဝံ့သောကြောင့် ဆိုင်ရာဝန်တို့သည် အသပြာထောင်ထုပ်ကို မြို့တွင်း၌ လှည့်လည်စေကြလေကုန်၏၊ (=မြို့အပြင် ကားစင် တံကျင်သို့ ထမင်းသွားရောက် ပို့ဝံ့သောသူသည် ဤအသပြာထောင်ထုပ်ကို ယူစေ-ဟု မြို့တွင်း၌ လှည့်လည် ကျေညာစေလေသည်)။ ပဌမအကြိမ်, ဒုတိယအကြိမ် လှည့်လည်စေရာ၌ အသပြာထောင်ထုပ်ကို ယူဝံ့မည့်သူ မပေါ်ထွက်ပဲ တတိယအကြိမ် လှည့်လည်စေသောအခါမှ ကာဠဝဠိယ၏ ဇနီးသည်

၄၁၁

ထိုအသပြာ ထောင်ထုပ်ကို မင်းချင်းတို့လက်မှ ယူလိုက်လေ၏ (ကြောက်လျှင်လွဲ ရဲလျှင် သူကောင်းဖြစ်သည့် သဘောမျိုးတည်း)။

     သူမကို မင်းချင်းတို့သည် မင်းကြီးအား ပြသကြလေကုန်၏။ သူမသည် ယောက်ျား၏အသွင်ကို ယူပြီးလျှင် (=ယောက်ျားတို့ အဝတ်အထည်များကို ဝတ်ဆင်ပြီးလျှင်) ကိုယ်၌ လက်နက်ငါးပါးကို ဖွဲ့ချည်လျက် ထမင်းပွဲတော်ကို ယူဆောင်ကာ ရဲရဲရင့်ရင့် မြို့မှ ထွက်ခဲ့လေ၏။ မြို့ပြင်သို့ရောက်လျှင် ထန်းပင်၌ စိုးအုပ်နေထိုင်သည့် “ဒီဃတာလ”မည်သော နတ်ဘီလူးသည် ထန်းပင်အနီးမှသွားသော သူမကို မြင်လေလျှင် “ရပ်လော့ ရပ်လော့၊ သင်သည် ငါ့အစာ ဖြစ်လေပြီ”ဟု ခြိမ်းခြောက်စကား ပြောကြားလေ၏။ ထိုအခါ ဘီလူးနှင့် သူမတို့ အပြန်အလှန် ပြောဆိုကြသည်မှာ-

(သူမ)

ငါသည် သင့်အစာမဟုတ်၊ ငါကား မင်းကြီး၏ တမန်တော်ဖြစ်သည်။

(ဘီလူး)

ယခု အဘယ်သို့ သွားမည်နည်း။

(သူမ)

အရှင်လတ်လတ် ကားစင်တင်သော တံကျင်၌နေသော ရာဇဝတ်သားအထံသို့ ငါသွားမလို့။

(ဘီလူး)

ငါ၏ သတင်းစကားတခုကိုလည်း ဆောင်သွားခြင်းငှါ သင်စွမ်းနိုင်ပါမည်လော။

(သူမ)

အိမ်း.. စွမ်းနိုင်ပေ၏။

(ဘီလူး)

ထိုသို့ဖြစ်လျှင် “သုမနနတ်မင်းကြီး၏ သမီး ဒီဃတာလဘီလူး၏ဇနီး ကာဠီမည်သော နတ်သမီးသည် သားကို မွေးဖွားလေပြီ”ဟု လမ်းတလျှောက်၌ ဟစ်အော် ကြွေးကြော် ပြောကြားပါလေ၊ ဤထန်းပင်အခြေ၌ ရွှေအိုးခုနစ်လုံးတို့ ရှိကြပါကုန်၏။ ထိုရွှေအိုးများကို သတင်းကြွေးကြော်ခအနေ သင်ယူပါလေ။

၄၁၂

     သူမသည် “သုမန နတ်မင်းကြီး၏သမီး ဒီဃတာလဘီလူး၏ ဇနီး ကာဠီမည်သော နတ်သမီးသည် သားကို မွေးဖွားလေပြီ”ဟု လမ်းတလျှောက် ဟစ်အော် ကြွေးကြော်၍ သွားလေ၏။ သုမနနတ်မင်းကြီးသည် နတ်ဘီလူးတို့ အစည်းအဝေး၌ နေထိုင်ရင်းက ထိုအသံကို ကြားရ၍ “လူသားတယောက်သည် ငါတို့အတွက် အလွန် နှစ်သက်ဖွယ်သော သတင်းကို ဆောင်ယူလာ၏၊ ထိုလူသားကို ခေါ်လိုက်ကြလော့”ဟု ပြောဆို ခေါ်ငင်ကာ သတင်းစကားကို ကြားသိရ၍ သဒ္ဓါကြည်ညိုဖြစ်ရှိလျက် “ဤသစ်ပင်၏ ဘေးပတ်လည် အဝန်းအရိပ် ပြန့်နှံ့ရာအရပ်၌ ရွှေအိုးများ ရှိကြသည်၊ ထိုရွှေအိုးများကို သင့်အား ငါပေး၏”ဟု ပြောဆိုလေ၏။

     သူမသည် ကားစင်တံကျင်ရှိရာသို့ သွား၍ ရာဇဝတ်သားကို ထမင်းခွံ့၍ ကျွေးလေ၏။ ရာဇဝတ်သားသည် ထမင်းစားပြီးနောက် ခံတွင်းကို သူမ၏လက်ဖြင့် သုတ်၍ပေးသောအခါ မိန်းမအတွေ့မှန်းသိ၍ သူမ၏ ဆံထုံး၌ တအားကိုက်၍ ထားလေ၏။ သတ္တိကောင်းသော သူမသည် သန်လျက်ဖြင့် မိမိဆံထုံးကို ဖြတ်ထားခဲ့၍ မင်းကြီးထံသို့သာလျှင် ပြန်သွားလေ၏။

     ထိုအခါ မင်းကြီးက “မယ်မင်း.. ထမင်းကျွေးပြီးကြောင်းကို အဘယ်သို့သော အခြင်းအရာ အမှတ်အသားဖြင့် သိရမည်နည်း”ဟု မေးတော်မူလေလျှင် သူမသည် “ကျွန်တော်မျိုးမ၏ ဆံထုံး အမှတ်အသားဖြင့် သိတော်မူနိုင်ပါသည်”ဟု ပြောဆိုကာ မင်းကြီးအား မိမိ တွေ့ကြုံခဲ့ရသမျှသော ဖြစ်ရပ်အားလုံးကို ပြန်ကြားလျှောက်ထား၍ ထိုရွှေအိုးများကို ဆောင်ယူစေလေ၏။ မင်းကြီးသည် ထိုရွှေအိုးများကို ဆောင်ယူစေပြီးလျှင် မှူးမတ်တို့ကို “အခြားတပါးသောသူ၏ အဖို့ရာ ဤမျှများပြားသော ဥစ္စာမည်သည် ရှိသလော”ဟု မေးတော်မူ၍ မှူးမတ်တို့က “မရှိပါ အရှင်မင်းကြီး..”ဟု ပြန်ကြား လျှောက်ထားကြလေလျှင် မင်းကြီးသည်

၄၁၃

သူမ၏အိမ်ရှင် ကာဠ၀ဠိယကို ရာဇဂြိုဟ်ပြည်၌ အဆောင်အယောင် အခမ်းအနား နေရာများ ပေးအပ်ကာ “ဓနသေဋ္ဌိ” ဘွဲ့တံဆိပ်တပ်သည့် သူဌေးကြီးရာထူး၌ ခန့်အပ် မြှောက်စား တင်ထားလေသတည်း။

ဤကား ကာဠဝဠိယသူဌေး အကြောင်းတည်း။

အမိတဘောဂသူဌေးကြီးများအကြောင်း ပြီး၏။

**********

ဤတွင်ရွေ့ကား မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲတည်း။

**********

၁၃၃၁-ခု၊ ပဌမဝါဆိုလပြည့်ကျော် (၁၃)ရက်နေ့

နံနက်(၁၁)နာရီအချိန်တွင် ပြီးသည်။

(ပုံ) ဦးဝိစိတ္တသာရာဘိဝံသ

ဓမ္မနာဒတိုက်၊ မင်းကွန်းတောင်ရိုး။

၄၁၄

ကျမ်းပြီးနိဂုံးဆုတောင်း၉-ဂါထာ

ပါဠိ, အနက်

(၁) တိသတေကသဟဿမှိ၊

သာကေ’ကတ္တိံသတာဓိကေ။

အဍ္ဎတေယျသဟဿမှိ၊

ဇိနစက္ကေ တု တေရသေ။


(၂) ပဌမာသာဠှမာသဿ၊

ကာဠေ တေရသမေ ဒိနေ။

သောရိဝါရမှိ ပုဗ္ဗဏှေ၊

ဧကာဒသဃဋိက္ခဏေ။

ဧကတ္တိံသတာဓိကေ = သုံးဆယ့်တခု အလွန်ရှိသော။ တိသတေကသဟဿမှိ သာကေ = တထောင့်သုံးရာ ကောဇာထိုနှစ် သက္ကရာဇ်၌။ ဝါဧကတ္တိံသတာဓိကေ တိသတေကသဟဿမှိ သာကေ = ကောဇာသက္ကရာဇ် (၁၃၃၁) တထောင့် သုံးရာ့ သုံးဆယ့်တစ်ခုနှစ်၌။ ဇိနစက္ကေ တု = ဘုရားမြတ်စွာ သာသနာနှစ်သော်ကား။ တေရသေ = တဆယ့်သုံးနှစ် အလွန်ရှိသော။ အဍ္ဎတေယျသဟဿမှိ = နှစ်ထောင့်ငါးရာ သာသနာနှစ်၌။ (ဝါ)၊ တေရသေ အဍ္ဎတေယျသဟဿမှိ = နှစ်ထောင့်ငါးရာစွန်းလာ တဆယ့်သုံးနှစ်ကယ်သား ဘုန်းကြွယ်မြတ်စွာ သာသနာနှစ်၌။

ပဌမာသာဠှမာသဿ = ပဉ္စင်းခံပွဲ ခြိမ့်ခြိမ့်သဲလျက် မြိုင်ထဲစုံနက် ရဂုံချက်ဝယ် ပုန်းညက်မာလီ သော်တာရီတို့ ညှာစီပွင့်ကြ ပဌမဝါဆိုလ၏။ ကာဠေ တေရသမေ ဒိနေ = ပုဏ္ဏမီကျော်တက် တဆယ့်သုံးရက်နေ့ဖြစ်သော။ သောရိဝါရမှိ = နဂါးပျော်မွေ့ စနေနေ့၌။

၄၁၅

ပုဗ္ဗဏှေ ဧကာဒသဃဋိက္ခဏေ = ဖလ်ရဝိန်စက် လျှံရှိန်တက်သား နံနက်ဃဋီ ဆယ့်တနာရီအချိန်၌။

(၃) သိဒ္ဓိပတ္တော မဟာဗုဒ္ဓ -

ဝံသော ဗုဒ္ဓတ္ထဒီပကော။

ဆဘာဂေဟိ သုခံ ဆဋ္ဌ -

သံဂီတိသဟဇာတကော။

ဗုဒ္ဓတ္ထဒီပကော = ဗုဒ္ဓမြတ်စွာ ကြောင်းအရာကို ပါရမီအယဉ် ဝါတော်စဉ်ဖြင့် နှိုင်းယှဉ်ထွန်းပ အများဆုံး ညွှန်းပြသော။ ဆဋ္ဌသံဂီတိသဟဇာတကော = နိုင်ငံတော် ဗုဒ္ဓသာသန၏ ရင်မှပေါက်ဖွား သားဩရသ ဆိုသင့်လှသား ဆဋ္ဌယင်လာ သင်္ဂါယနာနှင့် ယှဉ်ကာထွန်းပေါ် ဖွားဖက်တော်သမိုက် ခေါ်ဆိုထိုက်သော။ မဟာဗုဒ္ဓဝံသော = မှတ်ဖွယ်ပုံယင် ပြည့်စုံလင်သား မဟာဗုဒ္ဓဝင် မည်တွင်ခေါ်မှန်း စာတော်ကျမ်းသည်။ ဆဘာဂေဟိ = စိတ်ဖြာဝေခွဲ ဆဋ္ဌမတိုင်အောင်သော ခြောက်တွဲတို့ဖြင့်။ သုခံ = မပင်မပန်း ချမ်းသာစွာ။ သိဒ္ဓိပတ္တော = ဗုဒ္ဓဝါဒီ စာအညီဖြင့် ဝသီဖြူစင်း လူခပင်းအား အလင်းပညာ ဖြန့်ပိမ့်ငှါဟု မင်္ဂလာနဂ္ဃိ အနှက်ပြည့်လျက် သိဒ္ဓိပြီးမြောက် အဆုံးသို့ ရောက်ခဲ့လေပြီ။

(၄) ပဉ္စတာလီသဝဿာနိ၊

ဌတွာ လောကံ သဒေ၀ကံ။

ဥတ္တာရေသိ မဟာဝီရော၊

ဓမ္မနာဝါယ ယော ဇိနော။

မဟာဝီရော = ဗုဒ္ဓကိစ္စ ငါးဌာနကို နေ့ညမပြတ် ပြီးစေလတ်သား သမ္မပ္ပဓာန်လုံ့လ ကြီးမြတ်သော ဝီရိယရှိတော်မူသော။ ယော ဇိနော = ငါးမာရ်အောင်မြင် အကြင်ဘုရားရှင် ကိုယ်တော်မြတ်သည်။ ပဉ္စတာလီသဝဿာနိ = လေးဆယ့်ငါးဝါ အခါကာလတို့ပတ်လုံး။

၄၁၆

ဌတွာ = ရွှေတောင်နှုန်းတူ တည်တော်မူ၍။ သဒေဝကံ လောကံ = ဗြဟ္မာ,နတ်နှင့်တကွ လောကလူသား သတ္တဝါများကို။ (ဝါ)၊ သဒေဝကံ လောကံ = ဗြဟ္မာ,နတ်,လူ သုံးဘုံသူကို။ ဓမ္မနာဝါယ = မဂ္ဂင်ရှစ်ဖော် တရားတည်းဟူသော လှေဖောင်တော်ဖြင့်။ ဥတ္တာရေသိ = နိဗ္ဗူသာဝှမ်း မှာရပ်ကမ်းသို့ ကူးသန်းရောက်အောင် ထုတ်ဆောင်ကယ်ယူ ဆယ်တင်တော်မူခဲ့လေပြီ။

(၅) တံ ဇိနံ ပဉ္စတာလီသ -

ခဏ္ဍေန ပူဇယာမဟံ။

သက္ကစ္စံ ဗုဒ္ဓဝံသေန၊

ဂန္ထေနေဟ သဂဏ္ဌိနာ။

အဟံ = ပညာသံဝတ္တနိက ရှေးပုညကြောင့် ငယ်ကခုထိ စာမျက်စိဖြင့် သတိမကွာ နေခွင့်ကိုရခဲ့ပါသော မဟာ,ဝိသိဋ္ဌ တိပိဋကဓိုရ် ထေရ်ပုဂ္ဂိုလ်သမုတ် အကျွန်ုပ်သည်။ ဣဟ = မျက်မှောက်ကြိမ်လာ ဤဘုရားသာသနာ၌။ ပဉ္စတာလီသခဏ္ဍေန = ဗုဒ္ဓမြတ်စွာ ရှင်ပင့်ဝါကို သဒ္ဓါမြှော်မှန်း လေးဆယ့်ငါးခဏ်းရှိသော။ သဂဏ္ဌိနာ = အနုဒီပနီ တလီကွင်းသတ် ဂဏ္ဌိ = အဆုံးအဖြတ်နှင့် တကွသော။ ဗုဒ္ဓဝံသေန ဂန္ထေန = မဟာဗုဒ္ဓဝင် မည်တွင်ခေါ်မှန်း စာတော်ကျမ်းဖြင့်။ တံ ဇိနံ = ငါးမာရ်အောင်မြင် ထိုဘုရားရှင် ကိုယ်တော်မြတ်ကို။ သက္ကစ္စံ ပူဇယာမိ = ကိုယ်မကြော့ကြမ်း နှုတ်မသွမ်းပဲ စိတ်ဝမ်းနွံကျိုး မာန်ကိုချိုး၍ မြတ်နိုးကော်ရော် ရှိခိုးပူဇော်ပါ၏ဘုရား။

(၆) ယံ ပတ္တံ ကုသလံ တဿ၊

အာနုဘာဝေန ပါဏိနော။

သဗ္ဗေ သဒ္ဓမ္မရာဇဿ၊

ဉတွာ ဓမ္မံ သုခါဝဟံ။

မယာ = တိပိဋကဓိုရ် ထေရ်ပုဂ္ဂိုလ်ဟု ခေါ်ဆိုသမုတ် အကျွန်ုပ်သည်။ ယံ ကုသလံ = မဟာဗုဒ္ဓဝင် မည်တွင်ခေါ်မှန်း

၄၁၇

စာတော်ကျမ်းကို ကြိုးပမ်းပြုရ ဝီရိယနှင့် ဉာဏ,သဒ္ဓါ ယှဉ်ဘက်ပါသော မဟာခေါ်ဆို မြားမြောက်လှသော အကြင်ကုသိုလ်ကို။ ပတ္တံ = ယောနိသော ပဒဋ္ဌာန် အကြောင်းခံ၍ ဧကန်ဆတ်ဆတ် ရောက်အပ် ရအပ်လေပြီ။ တဿ ကုသလဿ = ကျမ်းပြုပါရ ဝီရိယနှင့် ဉာဏ,သဒ္ဓါ ယှဉ်ဘက်ပါသော မဟာခေါ်ဆို မြားမြောက်လှသော ထိုကုသိုလ်၏။ အာနုဘာဝေန = အမွေခံရိုး ကံတန်ခိုးဟု ဖန်ပျိုးရှိန်စော် အာနုဘော်ကြောင့်။ သဗ္ဗေ = ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။ ပါဏိနော = ဇီဝိတိန္ဒြေ ထိန်းစောင့်ချေ၍ ရှည်ထွေခုထိ တည်နေဘိသား သက်ရှိများစွာ သတ္တဝါတို့သည်။ သဒ္ဓမ္မရာဇဿ = ပါရမီ,စာဂ စရိယနှင့် ဘုရားကျေးဇူး တရားထူးတို့ဖြင့် ပွါးလူးများစွာ သတ္တဝါတို့ကို သဒ္ဓါရွှန်းဝေ နှစ်သက်စေသည့် ပရမေမှန်ကင်း တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရား၏။ သုခါဝဟံ = လူ,နတ်,နိဗ္ဗာန် သုံးတန်သော ချမ်းသာစက်ကို လက်ရောက်ရအောင် ရွက်ဆောင်ပေတတ်ထသော။ ဓမ္မံ = ဟောဖော်မိန့်ညောင်း တရားကောင်းကို။ ဉတွာ = သုတ,စိန္တာ ဘာဝနာဟု ပညာသုံးဆိုင်း မြင်းလျင်စိုင်းသို့ ပြိုင်းပြိုင်းထင်ထင် အမှန်အတိုင်း သိမြင်ကြ၍—

(၇) ပါပုဏန္တု ဝိသုဒ္ဓါယ၊ သုခါယ ပဋိပတ္တိယာ။

အသောကမနုပါယာသံ၊ နိဗ္ဗာနသုခမုတ္တမံ။

ဝိသုဒ္ဓါယ = ကာမသုခလ္လိက, အတ္တကိလမထာ နှစ်ဖြာသော အယုတ်တရားတို့မှ ဝေးခြားကင်းကွယ် သန့်ရှင်း စင်ကြယ်သော။ သုခါယ = မဂ်ဖိုလ်၏ အဟန့်အတား နီဝရဏတရားတို့ကို ပယ်ရှားဖို့ငှါ လွယ်ကူချမ်းသာစွာသော။ ပဋိပတ္တိယာ = အဋ္ဌင်္ဂိက ဖြုစင်လှသား မဇ္ဈိမပဋိပတ် အကျင့်မြတ်ဖြင့်။ အသောကံ = ဗျသန၅- မျိုး တရားဆိုးတို့ကြောင့် စိုးရိမ်ပူဆွေးရခြင်း အလျှင်းမရှိသော။

၄၁၈

အနုပါယာသံ = ရင်ဝမ်းမလင်း ပင်ပန်းပြင်း၍ အတွင်းကြိတ်ဟူ မဖိတ်ဆူပဲ စိတ်ပူလှိုက်ဆွေး ဥပါယာသ = အလောင်အမြိုက်ဘေးလည်း မရှိထသော။ ဥတ္တမံ = ဆိုခဲ့ပြီးလတ် ဂုဏ်သကတ်ကြောင့် မြင့်မြတ်ကဲချွန် သာလွန်စွာထသော။ နိဗ္ဗာနသုခံ = ဘဝကြီးငယ် အသွယ်သွယ်ကို မြှေးတွယ်ချုပ်စပ် တဏှာငတ်မှ ကျွတ်ရာ လွတ်ရာ နိဗ္ဗာန်တည်းဟူသော ချမ်းသာသို့။ ပါပုဏန္တု = ခိပ္ပါဘိည ဒသဝိပဿနာ ပညာကွန်းပြောက် သွန်းသွန်းဆောက်၍ ဆိုက်ရောက်နိုင်ကြပါစေကုန်သတည်း။

(၈) စိရံ တိဋ္ဌတု သဒ္ဓမ္မော၊

ဓမ္မေ ဟောန္တု သဂါရဝါ။

သဗ္ဗေပိ သတ္တာ ကာလေန၊

သမ္မာ ဒေဝေါ ပဝဿတု။

သဒ္ဓမ္မော = ပရိယတ်, ပဋိပတ်, ပဋိဝေဓ- ဟု သဒ္ဓမ္မတွင်ခေါ် သာသနာတော် သုံးရပ်သည်။ စိရံ = အနှစ်ငါးထောင် မြားမြောင်ရှည်ကြာ အခါကာလပတ်လုံး။ တိဋ္ဌတု = ဝိတဏ္ဍဝါဒီ ရန်မသီပဲ လျှံခြည်ဝေရွှန်း နေစက်ဝန်းသို့ တည်ထွန်း တောက်ပပါစေသတည်း။ သဗ္ဗေပိ = ကြွင်းမဲ့ဥဿုံ အလုံးစုံလည်း ဖြစ်ကုန်သော။ သတ္တာ = လူ,နတ်,ဗြဟ္မာ သတ္တဝါတို့သည်။ ဓမ္မေ = ရှင်စောဘုရား ဟောကြားမြွက်ဖော် တရားတော်၌။ သဂါရဝါ ဟောန္တု = ကိုးကွယ်ရာစစ် ဧကန်ဖြစ်ဟု နှစ်နှစ်ကာကာ ယုံကြည်စွာဖြင့် ပညာဆီမီး ထွန်းညှိသီး၍ ကျောက်ထီးအတူ အလေးမူကြပါစေကုန်သတည်း။ ဒေဝေါ = လူသူအပေါင်း ပွါးစည်ညောင်းအောင် ကြောင်းရင်းမှန်တုံ ကျေးဇူးပုံသား ပဇ္ဇုန်ခေါ်လျှင်း မိုးနတ်မင်းသည်။ ကာလေန = ရွာချိန်သင့်ရာ ညဉ့်အခါ၌။ (ဝါ) ကာလေ န = မြေညံ့ရာအရပ်၌ ငါးရက်တကြိမ်, မြေအလတ်စား အရပ်၌ ဆယ်ရက်တကြိမ်,

၄၁၉

မြေကောင်းရာအရပ်၌ တဆယ့်ငါးရက် = တပက္ခတကြိမ် ရွာချိန်သင့်ရာ ညဉ့်အခါ၌။ သမ္မာ ပဝဿတု = အရည်ထန်စွာ မြို့ပြည်ရွာတို့ သာယာတင့်မော စည်ပင်ပြောအောင် ဖြောဖြောဝှန်ဝှန် ရွာဖြိုးသွန်ပါစေသတည်း။

(၉) ယထာ ရက္ခိံသု ပေါရာဏာ၊

သုရာဇာနော တထေဝိမံ။

ရာဇာ ရက္ခတု ဓမ္မေန၊

အတ္တနောဝ ပဇံ ပဇံ။

ပေါရာဏာ = ရှေးအထက်ကျော် အခါသော်က တေဇော်ထွန်းသစ် ဘုန်းရောင်လှစ်ကြကုန်သော။ သုရာဇာနော = မဟာသမ္မတ ဤသို့စသည့် ဘုရားအလောင်း ရှေးမင်းကောင်းတို့သည်။ ပဇံ = တိုင်းသားပြည်သူ ဗိုလ်လူအပေါင်းကို။ ဓမ္မေန = ရာဇဓံဆယ်ပါး မင်းကျင့်တရားဖြင့်။ ရက္ခိံသု ယထာ = မိဘအရာ တည်နေကာဖြင့် ပြစ်ဆာမလိမ်း ရန်မာရ်ငြိမ်းအောင် ထိန်းသိမ်းစောင့်ရှောက်ကုန်သကဲ့သို့။ တထေဝ = ထိုဘုရားအလောင်း ရှေးမင်းကောင်းတို့အတူသာလျှင်။ ရာဇာ = နှလုံးဉာဏ်ရည် လက်ရုံးရည်ဖြင့် မြန်ပြည်ထောင်စု စိုးမိုးပြုသား သမ္မုတိနတ် တို့မင်းမြတ်သည်။ ဣမံ ပဇံ = မေတ္တာချည်နှောင် ညီနှင့်နောင်ဟု ပြည်ထောင်စုသား ဤလူများကို။ ဓမ္မေန = ရာဇဓံဆယ်ပါး မင်းကျင့်တရားဖြင့်။ အတ္တနော ပဇံ ဣဝ = ရင်မှပေါက်ဖွား မိမိ၏သားကိုကဲ့သို့။ ရက္ခတု = = မေတ္တာ,ကရုဏာ ဖြန့်ချိကာဖြင့် သဒ္ဓါဆော်နှိုး ဗြဟ္မစိုရ်မိုးကို စွေဖြိုးသွန်ကာ တိုင်းရပ်သာအောင် ပညာဝှန်တောက် တံခွန်ဆောက်၍ စောင့်ရှောက်ချီးပင့် နိုင်ပါစေသတည်း။

(အရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာဆရာတော်သည် အဘိဓမ္မာ ပိဋကအဖွင့် အဋ္ဌသာလိနီအဋ္ဌကထာ, ပဉ္စပကရဏအဋ္ဌကထာကျမ်းကြီးများအဆုံး

၄၂၀

နိဂုံး၌ “ယံ ပတ္တံ ကုသလံ တဿ” အစရှိသော လေးဂါထာတို့ဖြင့် ဆုတောင်းအာသီသ ပြုတော်မူခဲ့ပါသည်။

အကျွန်ုပ်တို့သည်လည်း ထိုအရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာ ဆရာတော်၏ ဆုတောင်းအာသီသ ဂါထာတို့ဖြင့်ပင် အလွန်ကြည်ညိုစွာ ဆုတောင်း အာသီသမှု ပြုကြပါသည်၊ ထိုသို့ပြုခြင်းဖြင့်-

“သစ္စံ ပုနပိ သစ္စန္တိ၊ ဘုဇမုက္ခိပ္ပ ဝုစ္စတေ။

သကတ္ထော နတ္ထိ နတ္ထေဝ၊ ပရဿတ္ထ’မကုဗ္ဗတောတိ-

ဝစနတော ပရတ္ထောဝ သပ္ပုရိသေဟိ ကတ္တဗ္ဗော၊ ပရတ္ထေ သမ္ပာဒိတေ ပန သကတ္ထော သမ္ပန္နော၀ နာမ။

ပရဿ = သူတပါး၏။ အတ္ထံ = အကျိုးကို။ အကုဗ္ဗတော = မပြုသောသူ၏ (အဖို့ရာ)။ သကတ္ထော = မိမိအကျိုးသည်။ နတ္ထိ = မရှိနိုင်။ နတ္ထေဝ = တကယ့်ကို မရှိနိုင်။ (ဣဒံ = ဤစကားသည်)။ သစ္စံ = မှန်၏။ ပုနပိ = တဖန်လည်း။ သစ္စံ = မှန်၏။ ဣတိ = ဤသို့။ ဘုဇံ = လက်ရုန်းကို။ ဥက္ခိပ္ပ = ချီမြှောက်၍။ ဝုစ္စတေ = ဆိုအပ်၏။ (ဝါ = ဆိုလော့) -

ဣတိ = ဤသို့။ ဝစနတော = ကဝိထိုထို ပုဂ္ဂိုလ်ဂ္ဂိုလ်တို့ မိန့်ဆိုတော်မူကြခြင်းကြောင့်။ သပ္ပုရိသေဟိ = သူတော်ကောင်း မှန်သမျှတို့သည်။ ပရတ္ထောဝ = သူတပါး၏ အကျိုးကိုသာလျှင်။ ကတ္တဗ္ဗော = အဦးထားကာ ပြုထိုက်စွာ၏။ ပရတ္ထေ = သူတပါး၏ အကျိုးကို။ သမ္ပာဒိတေ ပန = ပြည့်စုံစေအပ်သည်ရှိသော်ကား။ သကတ္ထော = မိမိအကျိုးသည်။ သမ္ပန္နောဝ နာမ = ပြည့်စုံသည်သာလျှင်မည်၏။” -

ဟူသော “သာရတ္တဝိလာသိနီ” = ပဉ္စိကာဋီကာကျမ်းလာ အရှင်သံဃရက္ခိတ မဟာသာမိမထေရ်၏ အမှာစကားရပ်နှင့် တထပ်တည်း ညီညွတ်စေကြပါသတည်း)။

**********

ဤတွင်ရွေ့ မဟာဗုဒ္ဓဝင်ကျမ်း အလုံးစုံ ပြီး၏။

(ပု, ဒိ, အာ-နှင့် ပြည့်စုံရပါလို၏။)

**********

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ