ဗုဒ္ဓရှင်တော်မြတ်ဘုရားဟောကြား ပညတ် ဝိနည်း ဥပဒေတော်မြတ်ကို အကြောင်းဝတ္ထုနှင့်တကွ
အရှင် ဇနကာဘိဝံသ
ဘာသာပြန်ဆိုရေးသားအပ်သော ဘုရား ဥပဒေတော်ကြီး
သာသနာ ၂၅၃၉
ကောဇာ ၁၃၅၈
ခရစ် ၁၉၉၆
အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာဖြစ်စဉ်အကျဉ်း
၁။ အရှင်ဇနကာဘိဝံသ ဆရာတော်လောင်းလျာ သူငယ်ကို စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် သရိုင်ရွာ ဦးဇောတိ-ဒေါ်အုန်းလှိုင်တို့မှ ၁၂၆၁-ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၄)ရက် [၁၉၀၀-ပြည့်၊ ဖေဖော်ဝါရီ (၂၇) ရက်] အင်္ဂါနေ့တွင် ဖွားမြင်တော်မူသည်။
၂။ ၁၂၆၆-ခုနှစ်၌ (ပထမအကြိမ်) ရှင်သာမဏေ ပြုတော်မူသည်။
၃။ ၁၂၇၅-ခုနှစ်၌ (ဒုတိယအကြိမ်) ရှင်သာမဏေ ပြုတော်မူသည်။
၄။ ၁၂၇၉-ခုနှစ်သက်တော် ၁၈-နှစ် အရွယ်တွင် ပထမကြီးတန်း စာမေးပွဲကို အောင်မြင်တော်မူသည်။
၅။ ၁၂၈၀-ပြည့်နှစ် တပေါင်းလပြည့်နေ့၌(ပထမအကြိမ်), ၁၂၈၁-ခုနှစ် နယုန်လပြည့်နေ့၌ (ဒုတိယအကြိမ်), ၁၂၈၁-ခုနှစ် တပေါင်းလပြည့်နေ့၌ (တတိယအကြိမ်) ရဟန်းအဖြစ်ကို ခံယူတော်မူသည်။
၆။ ၁၂၈၃-ခုနှစ် ကဆုန်လဆန်း(၁) ရက်နေ့၌ ပခုက္ကူဆရာတော်ကြီးများ၏ "ပခုက္ကူစာချ" အဖြစ် တင်မြှောက်မှုကို ခံယူတော်မူရသည်။
၇။ ၁၂၈၇ (၁၉၂၆)ခုနှစ်၌ "ပထမကျော်" အောင်မြင်တော်မူသည်။
၈။ ၁၂၈၉-ခုနှစ်၌ သကျသီဟစာမေးပွဲခေါ် "ပရိယတ္တိသာသနဟိတဓမ္မာစရိယ" ဘွဲ့ ရရှိအောင်မြင်တော်မူသည်။
၉။ ၁၃၀၃-ခုနှစ်၊ ဝါဆိုဦး (၁၉၄၁-၄၂) ဂျပန်စစ်တပ်များ မြန်မာပြည်သို့ ဝင်ရောက်သိမ်းပိုက်မည့်နှစ်တွင် ယခုလက်ရှိ အမရပူရ မဟာဂန္ဓာရုံ ကျောင်းတိုက်နေရာသို့ ပြောင်းရွှေ့သီတင်းသုံးတော်မူသည်၊ ပြောင်း ရွှေ့လာခဲ့စဉ်က သံဃာတော် ငါးပါးမျှသာ ရှိ၍ ပျံလွန်တော်မူချိန်တွင် သံဃာတော် ငါးရာကျော် သီတင်း သုံးလျက်ရှိသည်။
၁၀။ (လွတ်လပ်ရေးရရှိပြီးနောက်) ၁၃၁၂-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၏ (ရှေးဦးစွာ) "အဂ္ဂမဟာပဏ္ဍိတ" ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းကို ခံယူတော်မူရသည်။
၁၁။ ၎င်းနှစ်မှာပင် နိုင်ငံတော်စာသင်ကျောင်းများ၌ သင်ကြားရန် မူလတန်း ဗုဒ္ဓဘာသာလက်စွဲခေါ် သင်ခန်း စာများကို ရေးသားတော်မူခဲ့သည်။
၁၂။ ၁၃၁၅-ခုနှစ်၌ (က) ဆဋ္ဌသံဂီတိ ဩဝါဒါစရိယသံဃနာယက,
(ခ) ဆဋ္ဌသံဂီတိ ဘာရနိတ္ထာရက,
(ဂ) ဆဋ္ဌသံဂီတိ ပါဠိပဋိဝိသောဓက,
(ဃ) ဆဋ္ဌသံဂီတိဩသာနသောဓေယျပတ္တပါဌက အဖြစ် တင်မြှောက်ခြင်းကို ခံယူတော်မူရသည်။
၁၃။ ၁၃၃၇-ခုနှစ်၊ ပဲခူးမြို့၌ ကျင်းပအပ်သော ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ် အစည်းဝေးကြီးက ရွှေကျင် ဂိုဏ်းကြီး၏ ဥပဥက္ကဋ္ဌ (ဒုတိယသာသနာပိုင်) အဖြစ် တင်မြှောက်ခြင်းကို ခံယူတော်မူရသည်။
၁၄။ ၁၂၉၁-ခုနှစ်၊ သက်တော်(၃၀)မှစ၍ ကျမ်းစာများကို စတင် ပြုစုတော်မူခဲ့ရာ ၁၃၃၉-ခုနှစ်၊ နတ်တော်လ ဆန်း (၁၃)ရက် (၂၁-၁၂-၇၇) သောကြာနေ့ ပျံလွန်တော်မမူမီ (၅) ရက်အထိ ကျမ်းစာပေါင်းများစွာကို ရေးသားပြုစုတော် မူခဲ့ပါသည်။
၁၅။ ၁၃၃၉-ခုနှစ်၊ သက်တော်(၇၈)နှစ်အရောက် နတ်တော်လပြည့်ကျော် (၂) ရက် [၂၇-၁၂-၇၇] အင်္ဂါနေ့ ညနေ (၄:၃၀) နာရီတွင် တစ်ဘဝအတွက် ငြိမ်းတော်မူသည်။
အခြေခံနိဒါန်း
၁။ သဉ္စောဒိတော ကာရုညေန,
ပရံပရတ္ထမာဝဟော၊
ကရောပယာတနိဗ္ဗာနံ,
ဩသဇ္ဇ ဒုက္ကရံ ကရံ။
၂။ တဿာယံ ဥပဒေသော ဟိ,
နာထဿ နာထဒေသကော၊
ယေန နော ဒမထံ ယာမ,
ကော တံ အဇ္ဈာစရေန ဘော။
ယောနာထော-ငါ၏ကိုးကွယ်, ငါ့ကိုကယ်သည့်, ငါ့နှယ်မခြား, လူနတ်များ၏, ကိုးစားရာသခင်, အကြင်ဘုရားရှင် ကိုယ်တော်မြတ်သည်၊ ကာရုညေန သဉ္စောဒိတော-သတ္တာခပင်း, ဆင်းရဲခြင်းကြောင့်, ပြင်းပြလှစွာ, မဟာကရုဏာတော်, နှိုးဆော်တိုက်တွန်းအပ်သည် (ဖြစ်၍)၊ ကရောပယာတ နိဗ္ဗာနံ-လက်လှမ်းမှီလောက်, အနီးရောက်သည့်, မျက်မှောက်ပြုရန်, မြတ် နိဗ္ဗာန်ကို၊ ဩသဇ္ဇ-အလွယ်တကူ, လှမ်းမယူဘဲ, ဗိုလ်လူတွက်တာ, စွန့်လွှတ်ခွါ၍၊ ဒုက္ကရံ-သာမန်လူများ, မကြံအားအောင်, ထူးခြားလွန်ကဲ, ပြုနိုင်ခဲသော ပါရမီဖြည့်မှုကို၊ ကရံ (ကရောန္တော)-လေးသင်္ချေကိန်း, ကပ်တသိန်းမျှ, ထိန်းသိမ်းဆင့်ဆင့်, ပြုကျင့်တော်မူလျက်၊ ပရံ-လွန်လွန်ကဲကဲ, စိတ်ဇွဲသန်သန် နောက်ပြန်မဆုတ်, ကြိုးအားထုတ်၍သာလျှင်၊ ပရတ္ထမာဝဟော-ကိုယ်ဆင်းရဲမှုလျစ်လျူရှု၍, ဗိုလ်လူမြားမြောင်, စီးပွါးကိုသာ ဆောင်တော်မူပါပေ၏။
အယံ-ယခုခါတွင်, လူရှင်အများ, ရှုမှတ်သားဖို့, ပြန်ကြားလှစ်ဘွေ, ဤဥပဒေတော်သည်ကား၊ တဿ နာထဿ-နတ်လူအပေါင်း, ခညောင်း ဆည်းကပ်, ထိုဘုရားရှင်ကိုယ်တော်မြတ်၏၊ နာထဒေသကော-ရဟန်းရှင်မှန်, ကိုးကွယ်ခံဖို့, ကျင့်ရန်ပုံသေ, ညွှန်ပြပေသော၊ ဥပဒေသော ဟိ-ကရုဏာဓာတ်, ဉာဏ်တော်မြတ်ဖြင့်, ပိုင်းဖြတ်ချင့်သုံး, ကျင့်ထုံးဥပဒေတော်ကြီး ပါပေတည်း၊
ယေန-ကိုယ်နှုတ်နှစ်တန်, ကျင့်ရန်ထုတ်ဖေါ်, ယင်းဥပဒေတော်ကြောင့်၊ နော-သဒ္ဓါအလျောက်, ဥပဒေအောက်၌ ကပ်ရောက်ဝင်, တို့တတွေသည်၊
စာမျက်နှာ-(ခ)
ဒမထံ-ကိုယ်နေအေးအေး, နှုတ်ချိုမွှေး၍, ယဉ်ကျေးမွေ့သိမ်, တည်ငြိမ်သူ အဖြစ်သို့၊ ယာမ-လူသာမန်ထက်, ဆင့်ဆင့်တက်၍, မပျက်ပုံသေ, ရောက်ကြရပေ၏၊ ဘော-ဘုရားသခင်, တရားရင်ဝယ်, ဖွားမြင်ရပြား, အို...သားတော်အများ တို့၊ တံဥပဒေသံ-ယခုလည်းကောင်း, နောင်လည်းကောင်းဘို့, ငဲ့စောင်းထုတ်ဖေါ်, ထိုဥပဒေတော်ကြီးကို၊ ကော-ဘခင်စကား, လွန်လေးစား၍, တရား ကိန်းအောင်း, အဘယ်ရဟန်းကောင်းသည်၊ အဇ္ဈာစရေနု-မလိုက်နာဘဲ, သွေဖီလွှဲ၍, တနဲသူးချွန်, အဘယ်မှာ ကျူးလွန်ဆိုက်ပါတော့အံ့နည်း။
အလောင်းတော်ဘဝ။ ။ ဗုဒ္ဓမြတ်စွာ၏ လောင်းလျာဖြစ်သော သုမေဓာရှင်ရသေ့သည် ပင်ကိုယ်အားဖြင့် ကုဋေများစွာ ချမ်းသာကြွယ်ဝ သော သူဌေးသားဖြစ်၍ ၁၆-နှစ် အဖွယ်ရောက်သောအခါ လောကီအတတ်ဟူသမျှ၌ တဘက်ကမ်းရောက် တတ်မြောက်ပြီးဖြစ်၏၊ ထိုများစွာ ဥစ္စာအားလုံးကို စွန့်လွှတ်နိုင်သော (သဒ္ဓါပညာ)စွမ်းရည် သတ္တိရှိသည် အားလျော်စွာ ရသေ့ရဟန်းပြုပြီးသောအခါလည်း ၇-ရက် အတွင်း၌ လောကီဈာန် အဘိညာဉ်ကို ရတော်မူ၏၊ ဤမျှလောက် ပင်ကိုယ် ဉာဏ်ထက်မြက်၍ လောကီဘက်တရားအားလုံးကို ကုန်ဆုံးအောင် သိပြီးသော ရသေ့အရှင်မြတ်သည် ဒီပင်္ကရာဘုရားရှင်ကို ဖူးမြင်ရသောအခါ သတ္တဝါတို့အား ငဲ့ညှာထောက်ထား သနားကြင်နာ ကရုဏာတော်မပြင်းပြပါမူ ထိုနေရာမှာပင် နိဗ္ဗာန်ကို မြင်နိုင်လောက်ပါပေသည်၊ သို့သော် သတ္တဝါတို့၏ ဆင်းရဲ ဒုက္ခ ရောက်နေကြပုံကိုမြင်ရ, မိမိ၏ ဉာဏ်စွမ်းကိုလည်း သိရသဖြင့် လက်လှမ်းမှီလောက် အနီးရောက်နေသော နိဗ္ဗာန်ကို ယူတော်မမူ သေးဘဲ သတ္တဝါတို့ကို ကယ်တင်ဖို့ရာ ဘုရားဖြစ်အောင် အားသစ်ကြိုးစားတော်မူခဲ့ပါပေသည်။
ကိုယ်ဆင်းရဲ ခံတော်မူရပုံ။ ။ ထိုသို့ ဘုရားဖြစ်အောင် ကြိုးစားရာ၌ ပါရမီဆယ်ပါး ဖြည့်ကျင့်ရပုံ, စွန့်ခြင်းကြီး ငါးပါးစွန့်ရပုံ, လောကတ္ထ စရိယ စသော စရိယ ၃-ပါးကျင့်ရပုံများကို အသေးစိတ် စဉ်းစားသောအခါ ဘုရားအလောင်းတော်၏ ကိုယ်ဆင်းရဲခံခဲ့ရပုံများကို ထင်ရှားစွာသိမြင်နိုင်ပါသည်၊ တခြားဘဝပေါင်းများစွာကို ဖယ်ထားလိုက် ပါဦး၊ ဝေဿန္တရာမင်းဘဝ၌ပင် ဒါနပါရမီ ဖြည့်ကျင့်ရာဝယ် ဆင်ဖြူတော်ကြောင့် တောထဲမှာ ဒုက္ခခံ၍ စံတော်မူရလေသည်၊ သိဝိမင်း ဘဝတုန်းက မျက်လုံးတော်ကို ထုတ်ဖေါ်၍ လှူရာ၌လည်း မည်မျှနာကျင် ဆင်းရဲ
စာမျက်နှာ-(ဂ)
တော်မူမည်ကို မှန်းဆသင့်ပါသည်၊ ဘူရိဒတ်နဂါးမင်းဘဝ၌ မုဆိုးကညှဉ်းပန်း နှိပ်စက်သော်လည်း သီလမပျက်အောင် စောင့်စည်းလျက် ကိုယ်ဆင်းရဲခံပုံကို အာရုံပြုနိုင်ပါသည်၊ ခန္တီဝါဒီရသေ့ ဘဝတုန်းက ကလာဗုမင်း၏ ညှဉ်းပန်း နှိပ်စက်ဒဏ်ကို အသက်စွန့်၍ သည်းခံတော်မူသည်မှာလည်း သတ္တဝါတို့ကို ကယ်တင်လိုသော အရင်းခံ ကရုဏာတော် ကြောင့်ပင် မဟုတ်ပါလော၊ ဒီပင်္ကရာဘုရားလက်ထက်တော်ဝယ် ကိုယ်တော်တစ်ပါးအတွက် နိဗ္ဗာန်ကို ယူခဲ့ပါမူ မည်သည့် ဆင်းရဲဒုက္ခကိုမျှ ခံစားရမည်မဟုတ်ပါ၊ ယခုသော်ကား သတ္တာအများကို သနားကြင်နာသော ကရုဏာတော်ကြောင့်သာ ကိုယ်တော်၏ ဆင်းရဲဒဏ်ကို ကမ္ဘာပေါင်းများစွာ ခံတော်မူခဲ့ပါသည်။
သာသနာတော် တည်ထောင်ခြင်း။ ။ ဤကဲ့သို့ အသက်ပေါင်းများစွာ စွန့်ရသည့် တိုင်အောင် ကိုယ်တော်၏ ဆင်းရဲဒဏ်ကို ခံတော်မူ၍ ဘုရားဖြစ်တော် မူပြီးသောအခါ အေးဆေး ချမ်းသာစွာ နေနိုင်ပါလျက်နေတော်မမူဘဲ စ လယ် အဆုံး စကားလုံးပရိယာယ် ပြည့်ကြွယ် ကုန်လို့ အနက်အဓိပ္ပါယ် ပြည့်စုံသော တရားတော်များကို ဟောပြတော်မူ၏၊ ထိုတရားတော်ဖြင့်သီလ အကြောင်းအရာကိုလည်း ပြတော်မူ၏၊ သမာဓိနှင့်ပညာ အကြောင်းအရာကိုလည်းပြတော်မူ၏၊ ထိုသီလ, သမာဓိ, ပညာ ၃-မျိုးကိုကျင့်သင့် ကျင့်ထိုက်သောကြောင့် “သိက္ခာ ၃-ပါး” ဟု ခေါ်၏။ [သိက္ခိတဗ္ဗာ-ကျင့်သင့် ကျင့်ထိုက်၏၊ ဣတိ-ထို့ကြောင့်၊ သိက္ခာ-သိက္ခာမည်၏၊] ထိုသိက္ခာ ၃-ပါးကိုပင် “သာသနဗြဟ္မစရိယ = ဘုရားအဆုံးအမ ဖြစ်သောမြတ်သော အကျင့်”ဟု ခေါ်၏၊ ဆိုလိုရင်းကား— “တရား ဓမ္မ ဟောပြတော်မူရင်းပင် ထိုသိက္ခာ ၃ ဖြာ သာသနာတော်လည်း တည်ထောင်ပြီးဖြစ်တော့သည်”ဟု ဆိုလိုသည်။ ထိုသို့ သာသနာတော် ထွန်းပေါ်လာသောအခါ တရားတော်ကို သဘောကျ၍ ကျင့်ကြံ အားထုတ်လိုသော ပုဂ္ဂိုလ်, တရားဟောတော် မူလိုက်ရုံဖြင့် ကျင့်မှုကိစ္စပြီးမြောက်၍ တရားပေါက်သော ပုဂ္ဂိုလ်များ ပေါ်ထွန်းလာ၏၊ ထိုပုဂ္ဂိုလ်များကို “သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်များ”ဟု အသိအမှတ်ပြုကြရ၏၊ ဤစကားအစဉ်ဖြင့် သာသနာတော် တည်ထောင်ပုံနှင့် သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်များ ဖြစ်ပေါ် လာပုံကို နားလည်ကြပြီ။
သာသနာတည်စ၌ ဥပဒေမလို။ ။ ထိုသို့ သာသနာတော်တည်ထောင်စ၌ သာသနာ့တာဝန်ကို ထမ်းဆောင်ကြသော ရဟန်းတော်များသည် တရား ပေါက်ပြီးပုဂ္ဂိုလ်, တကယ့်သဒ္ဓါတရားဖြင့် တရားကျင့်လို
စာမျက်နှာ-(ဃ)
၍ ဝင်လာသောပုဂ္ဂိုလ်တို့သာ များပြားလေရကား ချုပ်ချယ်တားမြစ်သော ဝိနည်းဥပဒေများ ထိုအချိန်မှာ မလိုသေးချေ။ ပြုလုပ်ဖို့ရန် ခွင့်ပြုသောဥပဒေ လောက်သာ ပညတ်တော်မူရလေသည်၊ ထို့ကြောင့်ပင် ဗုဒ္ဓမြတ်စွာ၏ သာသနာတော်သည် ဘုရားဝါတော် ၂၀ အတွင်း၌ အစွမ်းကုန် သန့်ရှင်းလျက် အတိုးတက်ကြီးတိုးတက်ကာ ခတ္တိယ ဗြာဟ္မဏဇာတ်ရှိကြသော အထက်တန်း အမျိုးသားတို့ ... အားကျပါးကျ သာသနာတော်သို့ ဝင်ရောက်လာကြပေသည်။
သာသနာ ၃-ရပ် တစ်မျိုး။ ။ “သာသနာ” ဟူသော စကား၌ “ဘုရား၏ အဆုံးအမ ဩဝါဒ”ဟု အဓိပ္ပါယ်ရ၏၊ ထိုအဆုံးအမဩဝါဒ”ဟူသည် အရင်းအမြစ်အားဖြင့် ပရိယတ်”ဟု ခေါ်သော ပိဋကတရားတော်များတည်း၊ ထိုပရိယတ်တရားတော်၌ ညွှန်ပြသည့်အတိုင်း ကျင့်ခြင်းကို(သီလကျင့်ခြင်း, သမာဓိရအောင် သမထကမ္မဋ္ဌာန်း အားထုတ်ခြင်း, ဉာဏ်ပညာတိုးပွားအောင် ဝိပဿနာကမ္မဋ္ဌာန်း အားထုတ်ခြင်းကို) “ပဋိပတ္တိသာသနာ”ဟုလည်းကောင်း, ထိုအကျင့်ဖြင့် ထိုးထွင်း၍ သိအပ်သောမဂ်ဖို့လ် နိဗ္ဗာန်ကို “ပဋိဝေဓသာသနာ”ဟုလည်းကောင်း, ခေါ်၏၊ ပြခဲ့သောသီလ, သမာဓိ, ပညာ သိက္ခာ ၃-ပါးသည် အကျင့်တရားများဖြစ်သောကြောင့် ပဋိပတ္တိ သာသနာလည်းကောင်း, မဂ်ပညာ ဖိုလ်ပညာဖြစ်လျှင် ပဋိဝေဓသာသနာ၌လည်းကောင်း, ပါဝင်ကြတော့၏။ ဤကားစဉ်အရ-“ပရိယတ်”ဟု ခေါ်အပ်သော တရားတော်များသည် သီလ, သမာဓိ, ပညာ သိက္ခာ ၃-ရပ် မြတ်သောအကျင့် သာသနာ၏လည်းကောင်း, ပဋိပတ် ပဋိဝေဓ သာသနာတော် ၂-ရပ်၏လည်းကောင်း, အခြေခံဖြစ်ကြောင်းကို သိနိုင်ပြီ။ မှန်၏-ကျင့်နည်းကြံနည်းကို ညွှန်ပြသောတရားတော်မရှိလျှင်မှန်ကန် အောင်မကျင့်နိုင်၊ မှန်ကန်အောင် မကျင့်နိုင်လျှင် အမှားကို ကျင့်မိကြတော့မည်၊ ထိုအကျင့်များဖြင့်ကား မည်သည့်ထူးခြားသော တရားကိုမျှ ရနိုင်ကြ မည်မဟုတ်ချေ။
သီလနှင့် ဝိနည်း။ ။ သိက္ခာ ၃-ပါးတွင် သီလသည် အရင်းခံဖြစ်၏။ လက်တွေ့အားဖြင့်လည်း သီလသိက္ခာ စင်ကြယ်သူသာ မှန်ကန်သော သမာဓိရှိသည်ကို တွေ့ရ၏။ သမာဓိရှိသူမှလည်း ထိုးထွင်းသော အသိဉာဏ်ပညာကို ရနိုင်၏၊ [သမာဟိတော ယထာဘူတံ ဇာနာတိ = တည်ကြည် သူသည် ဟုတ်တိုင်းမှန်စွာသိနိုင်၏။] ပရိယတ် တရားတော်တွင်လည်း ဝိနည်း တရားတော်သည် ရဟန်းတော်များ၏ သီလသိက္ခာကို အပြည့်အစုံ ညွှန်ပြသော တရားတော်ဖြစ်၏၊ ထိုမျှလောက်ကြီးကျယ်သော သီလသည် သာသနာပ
စာမျက်နှာ-(င)
ကာလ၌ မရှိနိုင်၊ မှန်၏-သာသနာပကာလ၌ ငါးပါး, ရှစ်ပါး, ဆယ်ပါး စသော ကိုယ်ကျင့်သီလများ ရှိနိုင်သော်လည်း သာသနာတွင်း၌ကဲ့သို့ ကုဋေ ကိုးထောင်ကျော် သီလကား ကြားမျှ မကြားရချေ၊ ထိုသီလတော်များသည် သာသနာ့ဝန်ထမ်း ရဟန်းတော်များအတွက် ဘုရားရှင်ပညတ်ထားအပ်သော ဥပဒေတော်ကြီးလည်းဖြစ်၏။ ထိုဥပဒေတော်အရ စောင့်စည်း နေထိုင်သော ရဟန်းတော်များသည် ကိုယ်အမူအရာအားဖြင့်လည်းကောင်း, နှုတ် အပြောအဆိုအားဖြင့်လည်းကောင်း, မည်သည့် လူကြီးလူကောင်းနှင့်မျှ မတူအောင် ယဉ်ကျေးသိမ်မွေ့ရကား ဗုဒ္ဓဘာသာဝင်များကို မဆိုထားဘိ ဘာသာခြားတို့ကပင် လေးစားရလောက်အောင် ကြက်သရေကို ဆောင်နိုင်ပါသည်။
သာသနာတော်၏ အသက်။ ။ ဤစကားစဉ်ကို ဆင်ခြင်သောအခါ ဝိနည်းပါဠိတော်အရ ညွှန်ပြအပ်သော သီလသိက္ခာသည် သာသနာတော်၏ အရင်းအမြစ် အကျဆုံးဖြစ်၍ “သာသနာ့အသက်”ဖြစ်ကြောင်းထင်ရှား၏၊ ရဟန်းတော်များသည် ထိုဝိနည်းတရားတော်အတိုင်း သီလသိက္ခာကို မထိန်းသိမ်း မစောင့်စည်းတော့ဘဲ ဆယ်ပါးသီလမျှကိုသာ စောင့်စည်း နေထိုင်ခဲ့သော် (ယခုသင်္ကန်းမျိုးကို ဝတ်နေသော်လည်း) ဘုရားရှင်၏ အဆုံးအမ ဩဝါဒခံများ မဟုတ်ကြတော့၊ သာသနာပ ရသေ့ ပရိဗိုဇ် အနေမျှသာ ဖြစ်ကြတော့၏၊ ထို့ကြောင့် ဝိနည်းတော်လာ သီလ သိက္ခာကို မစောင့်စည်းသောအခါ သာသနာတော် အသက် မရှိတော့ပြီ သာသနာ ကွယ်ပြီ”ဟု ဆိုရတော့လတံ့၊ သို့ဖြစ်လျှင် ထိုသီလသိက္ခာပုဒ်များကို ညွှန်ပြ ထားသော ဝိနည်းတရား (ဝိနည်းပါဠိ)တော်သည်လည်း သာသနာတော်၏ အသက်ပင်ဖြစ်၏”ဟု မှတ်ယူလိုက်၏။ ဘာကြောင့်နည်း ဝိနည်းပါဠိတော် ကွယ်ပျောက်လျှင် သီလသိက္ခာကျင့်စဉ်လည်း သေသေချာချာ မရှိနိုင်သောကြောင့်တည်း၊ ထို့ကြောင့် “ဝိနယော နာမ သာသနဿ အာယု = ဝိနည်း တရားတော်သည် သာသနာတော်၏ အသက်”ဟု ဆောင်ပုဒ်တစ်ခု အဖြစ်ဖြင့် ရဟန္ထာအရှင်မြတ်တို့ မိန့်တော်မူအပ်ခဲ့ပေသည်။
ဥပဒေတော်ကြီး။ ။ “ဥပဒေသ”ဟူသော ပါဠိစကားကို “ဥပဒေ”ဟုခေါ်နေကြ၏။ ထိုပါဠိ၏မြန်မာလိုဆိုလိုရင်းမှာ နည်းလမ်းညွှန်ပြချက်” ဟူသည်တည်း၊ ဗုဒ္ဓမြတ်စွာသည် အကြောင်းဝတ္ထု အပြစ်တစ်စုံတရာ မပေါ်ခင် ဝိနည်း ဥပဒေတော်ကို ကြိုတင်၍ ပညတ်တော်မမူ၊ အကြောင်း ဝတ္ထု တစ်ခုခုပေါ်လာမှသာ ပညတ်တော်မူသည်။ ထိုသို့ပညတ်တော်မူခါနီး၌
စာမျက်နှာ-(စ)
လည်း သံဃာစည်းဝေးစေ၍ ထိုသံဃာအစည်းအဝေး၌ အမှုရှင်, ရဟန်းကို စစ်ဆေးမေးမြန်းတော်မူ၏၊ ထိုသို့ မေးမြန်းတော်မူပြီးမှ အပြစ်တင်တန်လျှင် အပြစ်တင်တော်မူ၍ ဆုံးမဩဝါဒ တရားစကားကို ခပ်များများမိန့်တော်မူ၏။ ထိုတရားစကားတော်ကို ကြားနာရသော သံဃာတော်အများကပင် ဤအမှုမျိုး နောင်မဖြစ်ပေါ် အောင် “ဥပဒေပညတ်တော်”ထားထိုက်သည်ဟု အယူရှိကြသောအခါကျမှ ထိုက်သင့်ရာ ဥပဒေကို ပညတ်တော်မူသည်၊ တချို့ ဥပဒေတော်များကား တားမြစ်ချုပ်ချယ်သော ဥပဒေမဟုတ်, အရေးအခွင့် ပေးသောဥပဒေဖြစ်၏၊ ထိုဥပဒေများ၏ အကြောင်းဝတ္ထု အမှုကိစ္စမှာလည်း မလွှဲသာမရှောင်သာသော အမှု, သို့မဟုတ် အလွန်အကြူး စောင့်စည်းထားသဖြင့် ဆင်းရဲပင်ပန်းခံရသော အမှုကိစ္စမျိုး ဖြစ်လေသည်။
မဟာကရုဏာတော်။ ။ ထိုကြောင့် ဗုဒ္ဓမြတ်စွာသည် ဝိနည်းဥပဒေတော်ကြီးကို တည်ထားတော်မူခါနီးဝယ် သာသနာတော်ကို ကိုးကွယ် ဆည်းကပ်နေသော လူဝတ်ကြောင်များကိုလည်း ငဲ့ညှာထောက်ထား(လူတို့ စိတ်ကို မထိခိုက်အောင်, ပူဇော်သမျှ အကျိုးများများရအောင်)သနားညှာတာသော ကရုဏာ, ရဟန်းကောင်း ရဟန်းမြတ်တို့ အနေအထိုင် မကျဉ်း ကြပ်စေဘဲ သူတို့အလေးအမြတ်ကို ခံနိုင်လောက်စေလိုသော မဟာကရုဏာ, ရဟန်းဆိုး ရဟန်းယုတ်များလည်း အပြစ်တွေ ဗလဗွေဖြင့် လူဝတ်ကြောင်တို့၏ အကိုးကွယ် အဆည်းကပ် ပစ္စည်းလာဘ်ကို ခံယူနေခြင်းကြောင့် နောင်သံသရာဝယ် ကယ်တင်၍ မဖြစ်နိုင်အောင် ဒုက္ခချောက်တွင်းသို့ သက်ဆင်းကျ ရောက်ရမည့် အရေးကို တွေးတောထောက်ထား ကြီးမားသော မဟာကရုဏာ, ဤသို့ ကရုဏာအမျိုးမျိုးကို ဖြစ်ပေါ်စေပြီးမှ တရားဓမ္မ ဟောညွှန်ပြ၍ ဝိနည်းဥပဒေသကို ထားတော်မူခဲ့ပါသည်။
ဉာဏ်တော်ကြီး။ ။ ဗုဒ္ဓမြတ်စွာသည် ထိုကဲ့သို့ ဥပဒေသကို ထားတော်မမူမီ ဖြစ်ပေါ်လာသော အကြောင်းဝတ္ထု၏(ပြစ်မှု၏)အကြီး အငယ်ကိုလိုက်၍(ထိုပြစ်မှုကိုဖြစ်စေသော စိတ်ရင်းစေတနာရင်းကို လိုက်၍) ထိုက်သင့်သော ဥပဒေကို ပညတ်တော်မူရန် ဉာဏ်တော်ဖြင့် စဉ်းစားတော်မူ၏ “ရှေးရှေးဘုရားရှင်တို့သည် ဤအပြစ်မျိုး၌ မည်သည့်အာပတ်ကို ပညတ်တော်မူလေသနည်း”ဟုလည်း ဆင်ခြင်တော်မူ၏၊ ဤသို့ဆင်ခြင်စဉ်းစားတော်မူပြီးမှ ပညတ်တော်မူအပ်ရကား ဘုရားပညတ် အရပ်ရပ်ဥပဒေတော်သည် သာမန်လူဝတ်ကြောင်များ၏ ဥပဒေထက် သာလွန် လေးနက်ပါပေသည်၊
စာမျက်နှာ-(ဆ)
သို့ဖြစ်လျှင် ဘုရားရှင်သည် ဉာဏ်တော်ဖြင့်ကြိုတင်၍ မြှော်မြင်တော်မူကာ အပြစ်မပေါ်လာမီကပင် ပညတ်တော်များကို ထားပါတော့လော”-ဟူအံ့၊ သမားကောင်းတို့မည်သည် လူတစ်ယောက်၏လက်၌ အနာပေါက်လောက်အောင် သွေးဆိုးနေသည်ကို သိမြင်သော်လည်း ထိုနေရာ၌ အနာမပေါ်ခင် ခွဲစိတ်ကုသ၍ ဆေးတင်ပေးရိုးမရှိ၊ အကယ်၍ ခွဲစိတ်ကုသ ဆေးတင်ပေးခဲ့သော် ထိုရောဂါရှင်က ကျေးဇူးတင်မည် မဟုတ်ရုံသာမက, သမားတော်ကိုပင် “ငါ၏အသားကောင်းကို ခွဲရမည်လား”ဟု အပြစ်တင်လိုပေလိမ့်ချူးမည်၊ ထို့အတူ ဗုဒ္ဓမြတ်စွာလည်း တင်ကြို၍ မြင်အပ်သော အပြစ်များကြောင့် ဝိနည်းပညတ်တော်ကို ကြိုတင်၍ထားတော်မမူ၊ အကယ်၍ ကြိုတင်ထားခဲ့ ပြန်လျှင်လည်း “အမျိုးကောင်းသားတွေကို အပြစ်မရှိဘဲ ချုပ်ချယ်ရမည် လား”ဟု တချို့က အပြစ်ပင် တင်လိုကြပေလိမ့်ဦးမည်၊ ဘုရားရှင်၏ ဉာဏ်တော်ကား ဥပဒေပညတ် တည်ထားအပ်ရာဝယ် ထိုကဲ့သို့ အကျိုးမရမည့် အချက်ကိုလည်း ရှောင်ကြဉ်တော်မူခဲ့ရပေသေးသည်။
အရှင်သာရိပုတြာ လျှောက်ခြင်း။ ။ ဤအကြောင်းကိုအရှင်သာရိပုတြာလျှောက်သောစကား, ဘုရားရှင် ပြန်၍ မိန့်တော်မူသော စကားဖြင့် ထင်ရှားစေအံ့။
အရှင်သာရိ။ ။ မြတ်စွာဘုရား....သိက္ခာပုဒ် ပညတ်တော်မူခြင်းသည် သာသနာတော်၏ ရှည်တည်ဖို့ရန် အကြောင်းတရပ် ဖြစ်ပါသောကြောင့် သိက္ခာပုဒ် ပညတ်တော်မူဖို့ရန် ယခုအခါ အချိန်တန်ပါပြီ။
မြတ်စွာဘုရား။ ။ သာရိပုတြာ...စောင့်ဆိုင်းဦး, သာရိပုတြာစောင့် ဆိုင်းဦး၊ သိက္ခာပုဒ်ပညတ်ခြင်း၌ သင့်တော်သော အချိန်အခါကို ငါဘုရားကိုယ်တော်တိုင် သိတော်မူမည်၊ သာရိပုတြာ ... သံဃာတော်မှာ ကျူးလွန်မှ အပြစ်မပေါ်သေးသမျှ မြတ်စွာဘုရားသည် သိက္ခာပုဒ်ပညတ်တော်မူလိမ့်ဦးမည်မဟုတ်။
ဥပဒေသ၏အကျိုး ဆယ်ပါး။ ။ ဗုဒ္ဓရှင်တော်မြတ်သည် ဝိနည်းဥပဒေ တရပ်တရပ်ကို ပညတ်တော်မူရာ၌ ထိုဥပဒေ ပညတ်တော်ကြောင့် ၁၀ ပါးသော အကျိုးကို ရစေတော်မူ၏၊ (၁) ပညတ်တော် မမူမီ ထိုဥပဒေနှင့်စပ်ဆိုင်သော တရားစကားကို ဟောထားပြီး ဖြစ်သောကြောင့် ထိုဥပဒေတော်ကို ပညတ်လိုက်သည်နှင့်တပြိုင်နက် “သုဋ္ဌုဘန္တေ =
စာမျက်နှာ-(ဇ)
ကောင်းပါသည်ဘုရား”ဟု သံဃာတော်အများပင် လက်ခံကြရ၏။ ဤသို့ စကားတော်ကို လက်ခံကြခြင်းသည် စီးပွါးချမ်းသာရဖို့ရာ ဖြစ်သောကြောင့် ဘုရားစကားတော်ကို လက်ခံခြင်းသည်ပင် “ဥပဒေ၏ အကျိုးတစ်မျိုး”ဟု ခေါ်ဆိုအပ်တော့သည်။
၂။ ဤဥပဒေပညတ်တော်ကြောင့် သံဃာတော်များသည် နေရထိုင်ရချမ်းသာ၏၊ ထင်ရှားစေအံ့-“လောက၌ လူကြီးသူမကို ရိုသေရခြင်း” ဟူသော လူ့ဝိနည်း (လူ့ ဥပဒေ) တရပ်ရှိ၏၊ အမျိုးကောင်းသားသ္မီးတိုင်း ထိုကျင့်ဝတ် ကိုလိုက်နာရ၏။ ထိုသို့လိုက်နာမှု၌ သူတစ်မျိုး ငါတဖုံ သဘောမကွဲလွဲဘဲ သဘောတူကြ၏။ ထိုသို့သဘောတူသဖြင့်လည်း ထိုကျင့်ဝတ်အတိုင်း နေကြ ထိုင်ကြသည့်အတွက် နေရထိုင်ရချမ်းသာကြလေသည်၊ ထို့အတူ ဘုရားရှင်၏ ဝိနည်းဥပဒေတော်ကြောင့် ရဟန်းကောင်းဟူသမျှတို့လည်း သူတစ်မျိုးငါတဖုံ မကျင့်ကြဘဲ သဘောတူကျင့်ကြသဖြင့် နေရထိုင်ရချမ်းသာကြပေသည်၊ ဤသို့ သံဃာတော်များ၏ ချမ်းသာအးမြ နေထိုင်ရခြင်းသည် သိက္ခာပုဒ်ပညတ်တော် ဥပဒေ၏ အကျိုးတစ်မျိုးပေတည်း။
၃။ ဤဥပဒေတော်သည် ဒုဿီလပုဂ္ဂိုလ်တို့အား နှိမ်နင်းရာဝယ် လက်နက်ကောင်းတစ်မျိုးလည်းဖြစ်၏၊ ချဲ့ဦးအံ့-သိက္ခာပုဒ် ပညတ်တော်သာမရှိပါလျှင် ရဟန်းဆိုး ရဟန်းယုတ်တို့ လုပ်ချင်တိုင်းလုပ်၍နေရာ၌ သာသနာတော် ကြောင်းအားဖြင့် မည်သည့်အပြစ်ကိုမျှ မပြနိုင်သောကြောင့် နှိမ်နိုင်လောက်သော သံဃာ့အင်အားရှိစေကာမူ နှိမ်၍မဖြစ်နိုင်ချေ။ ဥပဒေပညတ်တော် ရှိခြင်းကြောင့်ကား (ကာလအလိုက်သံဃာ့အား, အစိုးရအား, တိုင်းပြည်အား မရှိသောကြောင့် မနှိမ်ကြစေကာမူ နှိမ်လိုလျှင်) “အသင်၏ကျူးလွန်မှု၌ မည်သည့်အာပတ်သင့်နေ၏၊ ထိုအမှုကို ရှောင်လျှင်ရှောင်, မရှောင်လျှင် မည်သည့်အပြစ်ကိုခံရမည်”ဟု နှိမ်ခွင့်ရှိသည်သာ၊ ထို့ကြောင့် ဝိနည်းဥပဒေ ပညတ်တော်သည် ဒုဿီလရဟန်းယုတ်များအား နှိမ်နင်းနိုင်ခြင်း အကျိုး တစ်မျိုးကိုလည်း ရစေနိုင်သည်။
၄။ ဒုဿီလရဟန်းများကြောင့် ထိုထိုသံဃာ့ကိစ္စကို ပြုရာ၌ သံဃာကောင်းတို့မှာ အနှောင့်အယှက်များ၍ ဆင်းရဲကြရ၏၊ ထိုကဲ့သို့ ဒုဿီလ ရဟန်းယုတ်များကို နှိမ်နိုင်ခြင်းကား သီလကို ချစ်ခင်မြတ်နိုးကြသော ရဟန်းကောင်းတို့၏ ချမ်းသာစွာနေရခြင်းဟူသော အကျိုးကိုလည်း ပြီးစေနိုင်သည်၊ တနည်းအားဖြင့် စဉ်းစားပြန်လျှင်-သီလအကျင့်ကို ချစ်ခင်မြတ်နိုးကြသော သူတော်
စာမျက်နှာ-(ဈ)
ကောင်းရဟန်းတို့သည် သီလသိက္ခာကိုဖြည့်ကျင့်လိုကြသော်လည်းကျင့်နည်းကို ညွှန်ပြသော ဝိနည်းဥပဒေပညတ်တော်မရှိလျှင် “မည်ကဲ့သို့ ဖြည့်ကျင့်ရမည်”ဟု မသိသောကြောင့် သီလဖြည့်ကျင့်ရေး၌ ဟိုလိုဖြည့်ကျင့်ရမှာလေလား, သည်လို ဖြည့်ကျင့်ရမှာလေလား”ဟု တွေးတော ပင်ပန်းကြကုန်ရာ၏၊ဥပဒေပညတ်တော် ရှိခြင်းကြောင့်ကား ထိုသို့မပင်ပန်းကြရ, ဥပဒေညွှန်ပြချက်အတိုင်း ဖြည့်ကျင့်ရသဖြင့် ရွှင်ပျချမ်းသာကြလေသည်၊ ထို့ကြောင့် ဝိနည်း ဥပဒေပညတ်တော်သည် သီလချစ်ခင် သူတော်စင်ရဟန်းတို့၏ ချမ်းသာရွှင်ပျနေထိုင်ရခြင်း အကျိုးကိုလည်း ရစေနိုင်ပေသည်။
၅-၆။ ဥပဒေပညတ်တော်သည် “ယခုဘဝ၌ လောကအပြစ်ဒဏ် ဘေးရန်အန္တရာယ်တို့ကို စောင့်ရှောက်ပြီးဖြစ်၍ နောင်သံသရာရေး ရန်ဘေးတို့ကိုလည်း ပိတ်ဆို့တားဆီးပြီးဖြစ်ခြင်း” ဟူသောအကျိုး ၂-မျိုးကိုလည်း ရစေ နိုင်၏၊ မှန်၏-ဥပဒေပညတ်တော်မရှိလျှင် အချို့ ရဟန်းများသည် လူဝတ်ကြောင်တို့ ပြုလေ့ရှိသော ပါဏာတိပါတမှ အဒိန္နာဒါနမှ မိစ္ဆာစာရမှ စသည်ကို ပြုလတ္တံ့၊ ထိုသို့ပြုခြင်းကြောင့် အရိုက်အနှက် အသတ်အဖြတ် ခံရခြင်း, မင်းပြစ်မင်းဒဏ်ခံရခြင်း, နာမည်ပျက်ခြင်းစသော ဘေးရန်အန္တရာယ်တို့ကို ယခုဘဝ၌ပင် ခံကြရတော့မည်၊ ထိုပါဏာတိပါတစသော မကောင်းမှုတို့ကြောင့်ပင် နောင်သံသရာ၌ အပါယ်ဆင်းရဲစသော ဘေးရန်ကိုလည်း ခံကြရဦးမည်၊ ဝိနည်းသိက္ခာပုဒ် ဥပဒေတော်ရှိခြင်းကြောင့်ကား ထိုပစ္စုပ္ပန် သံသရာဘေးရန်အန္တရာယ်များကို စောင့်စည်းပြီး, တားဆီးပြီး ဖြစ်လေတော့၏။
၇။ ဝိနည်းဥပဒေတော်သည် မကြည်ညိုသေးသူများကိုလည်း ကြည်ညို စေနိုင်၏။ မှန်၏-ရဟန်းတော်တစ်ပါးသည် မြို့ရွာအတွင်း၌ ဝိနည်းဥပဒေတော် နှင့်ညီစွာ သင်္ကန်းလည်းရုံ စက္ခုန္ဒြေလည်းရ (အအေးအပူညီမျှလျှင်) ဖိနပ်လည်းမစီးဘဲ သွားအံ့၊ ဆွမ်းစားလျှင်လည်း ဆွမ်းလုပ်ကိုပြင်၍ ရှူးရှူးရှဲရှဲ မမည်စေဘဲ သပ်ယပ်စွာစားအံ့၊ ထိုရဟန်းတော်ကို မကြည်ညိုသေးသော ဘာသာခြားလူများကပင် လေးစားရမည်သာ၊ ရှေးတုန်းက ဗုဒ္ဓဘာသာဝင် မဟုတ်သော ဗြာဟ္မဏလူမျိုး တစ်ယောက်သည် ဝိနည်းဥပဒေစာကို ကြည့်၍ “ရဟန်းဆိုတာ ဤမျှလောက် စောင့်စည်းရပေသကိုး” ဟု တွေးတောကာ လွန်စွာကြည်ညိုစိတ် ဖြစ်လာသတတ်၊ ဤသို့လျှင် ဝိနည်းဥပဒေတော်သည် မကြည်ညိုသေးသူကို ကြည်ညိုစေနိုင်ခြင်း အကျိုးရှိပါသည်။
စာမျက်နှာ-(ည)
၈။ ဝိနည်းဥပဒေတော်သည် ကြည်ညိုပြီး ဗုဒ္ဓဝင် ဖြစ်ပြီးသူတို့ကိုလည်း သဒ္ဓါတရား တိုးပွားစေနိုင်၏။ မှန်၏-နုဂိုက သာမန်လောက်သာ ကြည်ညိုနေသူသည် မိမိကိုးကွယ်ထားသော ဆရာသ္မား၏ ဝိနည်းဥပဒေတေ လေးစားပုံ ဥပဒေနှင့်အညီ နေထိုင်ပုံကို တွေ့မြင်ရသောအခါ “ငါတို့မှာ ဤမျှလောက် အကျင့်သိက္ခာပြည့်ဝသော ဆရာသ္မားကို ကိုးကွယ်ရပေသည် ဟု ကြည်နူးဝမ်းမြောက်လျက် တိုးတက်၍ ကြည်ညိုစိတ်ပေါ်ပေါက်လာတတ်သည်၊ အကြမ်းအားဖြင့် စဉ်းစားလျှင် စာတတ် အပြော အဟောကောင်း ပုဂ္ဂိုလ်များကို လူတို့က ကြည်ညိုသည်ဟု ထင်ရသော်လည်း အသေအချာ စဉ်းစားသော် ထိုပုဂ္ဂိုလ်တို့အပေါ်၌ လူတို့ကြည်ညိုပုံမှာ လေးလေးနက်နက် မရှိလှ၊ ဝိနည်းသိက္ခာကို ရိုသေစောင့်ရှောက်သော ပုဂ္ဂိုလ်တို့အပေါ်၌ ကြည်ညိုပုံသာ လေးနက်သည်။ အကယ်၍ ယခုလက်ရှိ ပုဂ္ဂိုလ်တိုင်း မိမိ၏ ကိုယ်ကျင့်သိက္ခာကို ဝိနည်းဥပဒေတော်နှင့်အညီ ပြုပြင်နေနိုင်သည်ဖြစ်အံ့၊ ထိုပုဂ္ဂိုလ်ကို ကိုးကွယ်ဆည်းကပ်သော ဒါယကာ ဒါယိကာမတို့သည် ယခုထက်ပို၍ ဧကန်ကြည်ညိုကြလိမ့်မည်သာ၊ ဤသို့လျှင် ဝိနည်းဥပဒေတော်သည် ကြည်ညိုပြီးသူများကိုလည်း ပို၍လေးစား ကြည်ညိုစေနိုင်ပါသည်။
၉။ ပြခဲ့ပြီးသော ပရိယတ်, ပဋိပတ်, ပဋိဝေဓ, ၃-ပါးကို “သဒ္ဓမ္မ = သူတော်ကောင်းတရား” ဟု ခေါ်၏၊ ဘုရားရှင်တို့သည် ထိုသူတော်ကောင်း တရား၏ ကြာရှည်စွာ တည်တံ့ရစ်တို့ အကျိုးငှါလည်း ဝိနည်းဥပဒေတော်များကို ထားတော်မူခဲ့ကြပေသည်၊ ချဲ့ဦးအံ့-ဝိနည်းဥပဒေပညတ်တော် မရှိလျှင် ဘုရားရှင် မျက်မှောက်တော်၌ ရဟန်းဖြစ်ကြသော သံဃာတော်များသည် နောက်တဆက် ရဟန်းသစ်များကို တည်ထောင်ပြီးနောက် ထိုရဟန်းသစ်များကမူ နောက်ထပ် မတည်ထောင်နိုင်ကြတော့ဘဲ ထိုဒုတိယအဆက် ထိုရဟန်းတော်များ ကုန်သည်နှင့်တပြိုင်နက် သာသနာအဆက် ပြတ်တော့၏၊ ထိုရဟန်းသံဃာ သာသနာ အဆက်ပြတ်လျှင် ပရိယတ်တရားတော်များကို လူဝတ်ကြောင်အဖြစ်ဖြင့် စွမ်းစွမ်းတမန် မရွက်ဆောင်နိုင်ကြတော့၊ ပရိယတ် လမ်းညွှန်ကွယ်လျှင် ကျင့်စဉ်ပဋိပတ်နှင့် ထိုးထွင်းသိအပ်သော မဂ်, ဖိုလ်, နိဗ္ဗာန် ပဋိဝေဓတို့လည်း အရင်းလဲ၍ အဖျားထင်းဖြစ်ကြရတော့သည်။
ဝိနည်းဥပဒေတော် တည်ရှိလျှင်ကား ဘုရားရှင်နှင့် မျက်မှောက် သံဃာတော်များ ပရိနိဗ္ဗာန်စံပြီးကြပါသော်လည်း ဝိနည်း ဥပဒေတော်၏ ညွှန်ပြချက်ကိုကြည့်ရှုကာ ရဟန်းသံဃာ အဆက်မပြတ်အောင်တည်ထောင်နိုင်ကြ
စာမျက်နှာ-(ဋ)
သေး၏၊ ထိုရဟန်းသံဃာများသည်ပင် ပရိယတ် တရားတော်များကို မကွယ် မပအောင် ယခုအချိန်အထိ ဆောင်တော်မူခဲ့ကြ၏။ ထိုပရိယတ်တရားတော်မှာ လာသည့်အတိုင်း ကျင့်ကြံမှု ပဋိပတ်ကြောင့် အချိန်မရွေး ပဋိဝေဓ မဂ်, ဖိုလ်တရားများလည်း ထင်ရှားနိုင်သေး၏။ ထို့ကြောင့် ဝိနည်း ဥပဒေတော်သည် (သဒ္ဓမ္မ ၃ ဖြာ) သာသနာ ၃ ရပ်ကိုလည်း ကြာရှည်စွာ တည်တံ့ စေနိုင်ပါပေသည်။
၁၀။ “ဝိနည်း” ဟူသည် ကိုယ်နှုတ် ၂-ပါးကို ထိန်းသိမ်း စောင့်စည်း ထားရသော (ရဟန်းများ၏) ကိုယ်ကျင့်တရားတည်း ထိုကိုယ်ကျင့် တရားသည် သဘာဝအားဖြင့် ထင်ရှားရှိနေ၏၊ သို့သော် ဘုရားရှင်ကိုယ်တော်မြတ်က ထုတ်ဖေါ် ပညတ်ခြင်းမပြုပါမူ ထိုဝိနည်းသည် တိမ်မြုပ် ငုပ်နေဦးမည်သာ၊ လောက၌ အရည်အချင်းရှိလျက် တိမ်မြုပ်နေသူ တစ်ယောက်ကို အထက်လူ တစ်ယောက်ယောက်က ထင်ရှားအောင် ထုတ်ဖေါ်လိုက်လျှင် ထိုမြုပ်နေသူကို ချီမြှောက်ရာ (ချီပင့်+မြှင့်မြှောက်ရာ) ရောက်သကဲ့သို့ ထို့အတူမထင်ရှား သေးသော ဝိနည်းကျင့်ဝတ်များကို ဥပဒေတော်အဖြစ်ဖြင့် ထုတ်ဖေါ်ပညတ် လိုက်ခြင်းသည် ထိုဝိနည်းကို ချီမြှောက်ရာရောက်၏၊ ထို့ကြောင့် ဝိနည်း ဥပဒေတော်သည် ရဟန်းကျင့်ဝတ် ဝိနည်းတရားတော်ကို မြှောက်ကော် မြှင့်တင်ရာလည်း ရောက်ပါသည်။ အချုပ်မှာ...
(၁) ကောင်းပါပြီဘုရားဟု စကားတော်ကို လက်ခံနိုင်ခြင်းအကျိုး,
(၂) သံဃာတော်အများ၏ ချမ်းသာစွာနေထိုင်ရခြင်းအကျိုး,
(၃) အလဇ္ဇီဒုဿီလ (ရဟန်းယုတ်)များကိုနှိမ်နိုင်ခြင်းအကျိုး,
(၄) သီလချစ်ခင်သူတော်စင် ရဟန်းတို့ချမ်းသာစွာ နေနိုင်ခြင်းအကျိုး,
(၅) ယခုဘဝ၌ ဘေးရန်အန္တရာယ်တို့ကို စောင့်ရှောက်ပြီး ဖြစ်ခြင်း အကျိုး,
(၆) နောင်တမလွန်ဘဝ၌ ဘေးရန်အန္တရာယ်ကို ပယ်နိုင်ခြင်းအကျိုး,
(၇) သာသနာတော်၌ မကြည်ညိုသေးသူများကို ကြည်ညိုလာစေခြင်း အကျိုး,
(၈) ကြည်ညိုပြီးသူများအား သဒ္ဓါတရား တိုးပွားစေခြင်းအကျိုး,
(၉) သူတော်ကောင်းတရား၏ တည်တံ့ခြင်းအကျိုး,
(၁၀) ဝိနည်းကိုယ်ကျင့်တရားများကို ချီမြှောက်ခြင်း အကျိုး
ဤဆယ်မျိုးသော အကျိုးကို ရည်ရွယ်တော်မူ၍ ဝိနည်းဥပဒေတော်ကို ဘုရားရှင် ပညတ်တည်ထားတော်မူရပေသည်။
စာမျက်နှာ-(ဌ)
ကိုယ်ကျိုးရဖွယ်။ ။ များစွာသော သတ္တဝါတို့သည် မိမိအကျိုးကိုသာ ပထမဆုံး စဉ်းစားလေ့ရှိကြ၏၊ မိမိအကျိုးရမည့် လမ်းစဉ်ကိုသာ ညွှန်ပြသည့်အတိုင်း လိုက်လိုကြ၏၊ ထိုကြောင့် ပြခဲ့သော အကျိုးဆယ်ပါးတို့တွင် ဝိနည်းဥပဒေတော်အတိုင်း စောင့်စည်းနေထိုင်ပါလျှင် မကြည်ညိုသေးသော ဒါယကာ ဒါယိကာမတို့၏ အကြည်ညိုကို ခံရခြင်း, ကြည်ညိုပြီးသော ဒါယကာ ဒါယိကာမတို့ အကြည်ညိုတိုးခြင်း, ယခုဘဝဘေးရန် အန္တရာယ်ကို စောင့်ရှောက်ပြီးဖြစ်ခြင်း, တမလွန်ဘဝ၌ ဒုက္ခကင်းကွာ ချမ်းသာစွာ နေနိုင်ခြင်း, ဤအကျိုး ၄-ပါးတို့ကား ကျင့်သောပုဂ္ဂိုလ်တိုင်း ရနိုင်ကြ၏၊ ထို့ကြောင့် မိမိအကျိုး သာသနာတော်အကျိုးကို လိုလားသော ရဟန်းကောင်းဟူသမျှသည် ဘုရားအမိန့်တော် ဥပဒေများကို လေးလေးစားစား လိုက်နာသင့်ကြပေသည်၊ ထို့ကြောင့်ပင် ရှေးဆရာမြတ်တို့လည်း ဘုရားအမိန့်တော် ဥပဒေကို အသက်စွန့်၍ စောင့်ရှောက်ကြရန် တိုက်တွန်းတော်မူခဲ့ကြပေသည်။
ပါတိမောက္ခံ ဝိသောဓေန္တော,
အပွေဝ ဇီဝိတံ ဇဟေ၊
ပညတ္တံ လောကနာထေန,
န ဘိန္ဒေ သီလသံဝရံ။
ပါတိမောက္ခံ-ဝိနည်းပိဋကတ်, အရပ်ရပ်၌, ပညတ်ထုတ်ဘော်, သိက္ခာပုဒ် သီလတော်ကို၊ ဝိသောဓေန္တော-မကျိုးမပေါက်, မညှိုးပျောက်ဘဲ, တိုးတောက်စေချင်, သုတ်သင်သူသည်၊ ဇီဝိတံ-လွန်စွာစုံမက်, ကိုယ့်အသက်ကို၊ အပ္ပေဝ ဇဟေ-မဝံ့တဝံ့, ရွံ့တရွံ့ဖြင့်, တွန့်ကာလွန့်ကာ, စွန့်လိုက်ရစေကာမူ၊ လောကနာထေန-ဗြဟ္မာလူနတ်, မြတ်ထက်မြတ်သည့်, နတ်နတ်ထိပ်ထား, ဘဘုရားသည်၊ ပညတ္တံ-အာဏာတော်မြတ်, မိန့်တော်မှတ်၍, ပညတ်ထုတ်ဖော်, ဟောပြတော်မူအပ်သော၊ သီလသံဝရံ-ကိုယ်နှုတ်နှစ်ထွေ, ချုပ်တည်းစေဖို့, ကုဋေကိုးထောင်, ကျော်ခေါင်မြင့်ဟီး, သီလတော်ကြီးကို၊ န ဘိန္ဒေ-အမိန့်တော်ချက်, ဦး ထိပ်ရွက်၍, မဖျက်မိစေ, စောင့်စည်းသင့်ပေသတည်း။
စာမျက်နှာ-(ဍ)
အာပတ်ခုနစ်မျိုး ပြခန်း
အာပတ်။ ။ “အာပတ္တိ”ဟူသောပါဠိကို “အာပတ်”ဟုခေါ်၏၊ “ရဟန်းများ ရောက်ထိုက်သောအပြစ်, (တနည်း)-အပြစ်သင့်ခြင်း = အပြစ်ရောက် ခြင်းဟု ဆိုလို၏၊ ထိုအာပတ်သည် ပါရာဇိက, သံဃာဒိသေသ်, ထုလ္လစ္စဉ်း, ပါစိတ်, ပါဋိဒေသနီယ, ဒုက္ကဋ်, ဒုဗ္ဘာသိတ၊ ဤသို့အားဖြင့် ၇-မျိုးရှိသည်။
ပါရာဇိက။ ။ ဤအာပတ်သို့ရောက်သော(ဤအာပတ်သင့်သော)ရဟန်းသည် သာသနာတော်မှ ဆုံးရှုံးရတော့၏၊ “လူဖြစ်ရှုံးသူ”ဟု ဆိုရလောက်အောင် ဖေါက်ပြန်ပျက်စီးနေသူသည် လူရာမဝင်တော့သကဲ့သို့ ထိုအတူ ရဟန်းအဖြစ် ဆုံးရှုံးလောက်အောင် ပါရာဇိက အာပတ်သင့်နေသူသည် ရဟန်းအရာ မဝင်တော့ချေ၊ ရဟန်းကောင်းတို့က ထိုသူနှင့် အပေါင်းအသင်း မလုပ်ကြရတော့ပြီ၊ ထို့ကြောင့် ဤအာပတ်သည် ကျူးလွန်သော ရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သောကြောင့် “ပါရာဇိကအာပတ်”မည်၏၊ [ပရာဇေတိ-သာသနာတော်မှ ဆုံးရှုံးစေတတ်၏၊ ဣတိ-ထိုကြောင့်၊ ပါရာဇိကာ-ပါရာဇိက မည်၏။]
ပါရာဇိကန္တိ ယံ ဝုတ္တိ,
တံ သုဏောဟိ ယထာတထံ၊
စုတော ပရဒ္ဓေါ ဘဋ္ဌောစ,
သဒ္ဓမ္မာ ဟိ နိရင်္ကတော၊
သံဝါသောပိ တဟိံ နတ္ထိ,
တေနေတံ ဣတိ ဝုစ္စတိ။
အကြင်အာပတ်ကို “ပါရာဇိက”ဟုဆိုအပ်၏၊ ထိုအာပတ် (အကြောင်းကို ဟုတ်တိုင်းမှန်စွာ နားထောင်ပါလော၊ ပါရာဇိကအာပတ်သင့်သော ပုဂ္ဂိုလ်သည် သူတော်ကောင်းတရားမှ ရွေ့သွား၏၊ ချို့ယွင်းသွား၏၊ လျောကျသွား၏၊ သူတော်ကောင်းတရားမှ ကင်းကွာအောင်လည်း အပြုခံရ၏၊ ထိုပါရာဇိက ကျသူနှင့်အတူတကွ(ကံကြီး-ကံငယ်ကိစ္စ၌) ပေါင်းသင်းခွင့်လည်း မရှိတော့၊ ထို့ကြောင့် ဤအာပတ်ကို “ပါရာဇိက”ဟု ခေါ်ဆိုအပ်လေသည်။ ပရိဝါပါဠိတော်။
မှတ်ချက်။ ။ “အပေါင်းအသင်းမလုပ်”ဟူသည်ကား ရဟန်းခံစသော ကိစ္စကြီးငယ်ဟူသမျှ၌ ထိုပုဂ္ဂိုလ်ကို ရဟန်းတစ်ပါးအရေအတွက်အဖြစ်ဖြင့် ထည့်သွင်း၍ မပါဝင်စေရ၊ ပါရာဇိက ကျရောက်နေသော ရဟန်းယုတ်မှန်း သိလျက်
စာမျက်နှာ-(ဎ)
ထိုသူနှင့် ကံကြီး ကံငယ်လည်း မပြုကြ၊ မသိ၍ပါနေစေကာမူ ထိုကံကို ပြီးစေနိုင်လောက်သော အခြားသံဃာများ အပြည့်အစုံပါမှ ထိုကံထမြောက် အောင်မြင်နိုင်သည်။ ထို့ကြောင့် ရဟန်းခံကိစ္စကဲ့သို့သော ကံကြီးများ၌ ပြည့်စုံသင့်သော သံဃာထက် ပိုမိုများပြားအောင်လည်း ကြိုးစားရ၏၊ အကြားအကြား၌ ရဟန်းမစစ်သူတွေ ပါဝင်နေပြန်လျှင် ထိုသူ့အတွက် ရဟန်းကောင်းချင်း ၂-တောင့်ထွာထက် ဝေးကွာနေမည်စိုး၍လည်း အချင်းချင်းနီးကပ်နိုင်သမျှ နီးကပ်အောင် ထိုင်ကြရလေသည်။ ၂-တောင့်ထွာ အရပ်ကို “ဟတ္ထပါသ် = လက်လှမ်းမှီအရပ်”ဟု ခေါ်၏။ သံဃာ့ကံပြုရာ၌ ရဟန်းအစစ်ချင်းချင်း ဟတ္ထပါသ် ဆက်စပ်နေစေရသည်၊ ဟတ္ထပါသ်တိုင်းရာမှာလည်း တဘက်ရဟန်း၏ အပြင်ဘက်ဆုံး ကိုယ်အင်္ဂါနှင့် မိမိ၏အနီးဆုံး ကိုယ်အင်္ဂါကို တိုင်းရသည်။
သံဃာဒိသေသ်။ ။ “သံဃာဒိသေသ”ဟူသောပါဠိကို “သံဃာဒိသေသ်” ဟုခေါ်၏၊ [သံဃ+အာဒိ+သေသ။] ဤအာပတ်သင့်သော ရဟန်းသည် အာပတ်ပြေပျောက်အောင် ပြုရာ၌ အခြားအာပတ်များကဲ့သို့ တစ်ပါးထံမှာ ဖြေ၍မဖြစ်၊ သံဃာတော်များထံ ပရိဝါသ်တောင်း၍ ပရိဝါသ်နေရ၏၊ ထို့နောက် သံဃာ့ထံမှာပင် မာနတ်တောင်း၍ မာနတ်ကျင့်ရ၏၊ တချို့မှာ ပရိဝါသ်နေရင်း သံဃာဒိသေသ် အာပတ်ထပ်သင့်ပြန်သဖြင့် အရင်းအစ ပြန်၍ကျင့်ရ၏၊ ထိုသို့အရင်းအစသို့ပြန်၍ ငင်ရမှုကို “မူလာယပဋိကဿန” ဟုခေါ်၏၊ ထိုကံကိုလည်း သံဃာကပင်ပြုရ၏။ ထို့နောက်မှ သံဃာ့အထံ ခွင့်တောင်း၍ အဗ္ဘာန်သွင်းစေရ၏၊ ပရိဝါသ်, မာနတ်ကျင့်မှုသည် ဒဏ်ထမ်းခြင်းနှင့်တူ၏၊ ထိုသို့ ဒဏ်ခံနေရခိုက်၌ သံဃာကအပြင် ထုတ်ထားသကဲ့သို့ ဖြစ်၏၊ ထို့ကြောင့် ပါရိဝါသ်မာနတ်ကျင့်ပြီးသောအခါ သံဃာကကျေနပ်၍ သံဃာအတွင်းသို့ သွင်းမှုကို – “အဗ္ဘာန်သွင်း”ဟု ခေါ်သည်။
ဤသို့လျင် ဤအာပတ်အတွက် အစဆုံး၌ ပရိဝါသ်ပေးမှု, အစမှ ကြွင်းသော အလယ်၌မာနတ်ပေးမှု, အဆုံး၌ အဗ္ဘာန်သွင်းမှုများဝယ် သံဃာနှင့် ကင်းရကား (သံဃာပါမှ ကံအထမြောက်ရကား) “သံဃော+အာဒိ-သေသေသု၊ ဣစ္ဆိတဗ္ဗော အဿ”ဟု ဝိဂြိုဟ်ပြု၍ သံဃာဒိသေသ”ဟုအမည်ရလေသည်၊ အဿ-ဤအာပတ် အပေါင်း အတွက်၊ အာဒိသေသေသု-အစ အဆုံး ပရိဝါသ်ပေးကံ, အစမှကြွင်းသော အလယ်အဆုံး မာနတ်ပေးစသောကံတို့၌၊ သံဃော-သံဃာကို၊ ဣစ္ဆိတဗ္ဗော-လိုလားထိုက်၏၊ ဣတိ-ထို့ကြောင့်၊ သံဃာဒိသေသော-သံဃာဒိသေသမည်၏။
စာမျက်နှာ-(ဏ)
သံဃာဒိသေသောတိ ယံ ဝုတ္တံ,
တံ သုဏော ဟိ ယထာတထံ၊
သံဃောဝ ဒေတိ ပရိဝါသံ,
မူလာယ ပဋိကဿတိ၊
မာနတ္တံ ဒေတိ အဗ္ဘေတိ,
တေနေ တံ ဣတိ ဝုစ္စတိ။
အကြင်အာပတ်ကို “သံဃာဒိသေသ်”ဟု ဆိုအပ်၏၊ ထိုအာပတ် (အကြောင်း)ကို ဟုတ်တိုင်းမှန်စွာ နားထောင်ပါလော၊ (ထိုအာပတ်သင့်၍ အာပတ်မှ ထလိုသူအား) သံဃာသည်သာ ပရိဝါသ်ပေးရ၏၊ အရင်းသို့ ပြန်၍ ငင်ရ၏၊ မာနတ်ပေးရ၏။ အာဗ္ဘန်သွင်းရ၏၊ ထို့ကြောင့် (ထိုသို့ အစ, အလယ်, အဆုံး ၃-ပါးလုံး၌ သံဃာပါဝင်ရသောကြောင့်)ဤအာပတ်ကို “သံဃာဒိသေသ်”ဟု ခေါ်ဆိုအပ်လေသည်။ ... ပရိဝါပါဠိတော်, ဂါထာသင်္ဂဏိက။
ထုလ္လစ္စဉ်း။ ။ “ထူလစ္စယ”ဟူသော ပါဠိကို “ထုလ္လစ္စဉ်း”ဟု ခေါ်၏၊ (ထူလ+အစ္စယ။)ပါရာဇိကအာပတ်သင့်သူသည် ရဟန်းအဖြစ်ကို စွန့်လွှတ်မှ (လူအဖြစ်နှင့်ဖြစ်စေ သာမဏေအဖြစ်နှင့်ဖြစ်စေနေမှ) စင်ကြယ်၏၊ သံဃာဒိသေသ် အာပတ်သင့်သော ရဟန်းသည် ပရိဝါသ်မာနတ်ကျင့်၍ အဗ္ဘာန် သွင်းပြီးမှ စင်ကြယ်၏၊ ထုလ္လစ္စဉ်းစသော အောက်အာပတ် ၅-ပါးတွင် တစ်ပါးပါးသင့်သော ရဟန်းကား အခြားရဟန်းတစ်ပါးအထံ (၂-ပါး၃-ပါးနှင့် သံဃာ့အထံလည်း ဖြစ်နိုင်၏) “တပည့်တော်မှာ မည်သည့် အာပတ်သင့်ပါ
ဟု ပြောရုံမျှဖြင့် စင်ကြယ်၏၊ ဤသို့ ပြောခြင်းကို “ဒေသနာ = ပြောခြင်း, ဒေသနာကြားခြင်း”ဟု ခေါ်ကြ၏။
ထိုသို့ ဒေသနာပြောရုံမျှဖြင့် စင်ကြယ်သော အာပတ် ၅ဖုံတို့တွင်ကား ဤထုလ္လစ္စဉ်းအာပတ်သည် အချို့ အရုန့်အရင်း အကြမ်းထန်းဆုံး အပြစ်တည်း၊ ထိုကြောင့် “ထူလော-ရုန့်ရင်းကြမ်းထန်းသော-အစ္စယော-အပြစ်တည်း”ဟု သော ဝိဂြိုဟ်အရ “ထုလ္လစ္စယ”ဟု အမည်ရလေသည်။ [သဒ္ဒါနည်းအရ“ထူ”၌ ရဿပြု။ ဤစကားအစဉ်ဖြင့် “သံဃာဒိသေသ် အာပတ်”ကို “ဝုဋ္ဌာနဂါမ် အာပတ်”ဟုလည်းကောင်း, ထုလ္လစ္စဉ်းစသော အောက်အာပတ်ငါးဖုံကို “ဒေသနာဂါမ်အာပတ်ဟုလည်းကောင်း, ဝိနည်းအခေါ် မှတ်ခဲ့ပါဦး။ [ဝုဋ္ဌာန-ပရိဝါသ်စသည်
စာမျက်နှာ-(တ)
ကျင့်မှ ထမြောက်ခြင်းသို့+ဂါမိနီ (ဂါမ်)− ရောက်စေနိုင်သော အာပတ်၊ ဒေသနာ-အချင်းချင်းပြောပြရုံဖြင့်+ဂါမိနီ(ဂါမ်)-စင်ကြယ်ခြင်းသို့ရောက် စေနိုင်သော အာပတ်။]
ထုလ္လစ္စယန္တိ ယံ ဝုတ္တံ,
တံ သုဏောဟိ ယထာတထံ၊
ဧကဿ မူလေ ယော ဒေသေတိ,
ယောစ တံ ပဋိဂ္ဂဏှတိ၊
အစ္စယော တေန သမော နတ္ထိ,
တေနေတံ ဣတိ ဝုစ္စတိ။
အကြင်အာပတ်ကို “ထုလ္လစ္စဉ်း”ဟု ဆိုအပ်၏၊ ထိုအာပတ်(အကြောင်း)ကို ဟုတ်တိုင်းမှန်စွာ နားထောင်ပါလော၊ ရဟန်းတစ်ပါးအထံ၌ အကြင် ရဟန်းသည် ဒေသနာပြော၏၊ အကြင်ရဟန်းကလည်း ထိုအာပတ်ကို လက်ခံ၏၊ ထိုရဟန်း ၂-ပါးတို့ ပြောအပ် ခံယူအပ်သော အပြစ်တို့တွင် ထိုအပြစ်နှင့် တန်းတူ ရုန့်ရင်းသော အပြစ်မရှိ၊ ထို့ကြောင့် ဤအာပတ်ကို “ထုလ္လစ္စဉ်း” ခေါ်ဆိုအပ်လေသည်။ ...ပရိဝါပါဠိတော်, ဂါထာသင်္ဂဏိက။
ပါစိတ်။ ။ “ပါစိတ္တိယ”ဟူသော ပါဠိကို “ပါစိတ်”ဟု ခေါ်၏၊ [စိတ္တ+ပါတိယ။]လွန်ကျူးလိုသောစိတ်ဖြင့် ဤအာပတ်သင့်သောအခါ ကုသိုလ်စိတ်များ မရှိတော့ရကား ဤအာပတ်သည် ကုသိုလ်စိတ်ကိုကျစေ (ပျောက်စေ ပျက်စေ)သည်မည်၏၊ ထို့ကြောင့် စိတ္တံ-ကုသိုလ်စိတ်ကို+ပါတေတိ-ကျစေတတ်၏”ဟူသော ဝိဂြိုဟ်နှင့် အညီ “ပါစိတ္တိယ”ဟု အမည်ကို ဘုရားရှင် ပညတ်တော်မူခဲ့လေသည်။ [“စိတ္တပါတိယ”ဟု မူလပုဒ်ရင်းရှိသော်လည်း “ပါတိယ”မှ (တ)ကိုချေ, ပါနှင့်စိတ္တကို နောက်ပြန်စေ၍ “ပါစိတ္တိယ” ဟု ပြီးစေရသည်။]
ပါစိတ္တိယန္တိ ယံ ဝုတ္တံ,
တံ သုဏောဟိ ယထာတထံ၊
ပါတေတိ ကုသလံ ဓမ္မံ,
အရိယမဂ္ဂံ အပရဇ္ဈတိ၊
စိတ္တသမ္မောဟနဋ္ဌာနံ,
တေနေ တံ ဣတိ ဝုစ္စတိ။
စာမျက်နှာ-(ထ)
အကြင်အာပတ်ကို “ပါစိတ္တိယ”ဟု ဆိုအပ်၏၊ ထိုအာပတ်(အကြောင်း)ကို ဟုတ်တိုင်းမှန်စွာ နားထောင်ပါလော၊ အကြင်အာပတ်သည် ကုသိုလ်တရားကို (ကုသိုလ်စိတ်ကို)ကျစေတတ်၏၊ အရိယမဂ်ကို ဖျက်ဆီးတတ်၏၊ စိတ် တွေဝေခြင်း၏အကြောင်းလည်း ဟုတ်၏။ ထို့ကြောင့် ဤအာပတ်ကို “ပါစိတ်”ဟု ခေါ်ဆိုအပ်လေသည်။ ...ပရိဝါပါဠိတော်, ဂါထာသင်္ဂဏိက။
ပါဋိဒေသနီ။ ။ “ပါဋိဒေသနီယ” ဟူသောပါဠိကို “ပါဋိဒေသနီ” ဟု ခေါ်နေကြ၏၊ အခြားအာပတ်များကို ဒေသနာပြောသလို မပြောရဘဲ “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံပဋိဒေသေမိ”စသည်ဖြင့် သီးခြား ဒေသနာပြောရသောကြောင့် “ပဋိ(ပိသုံ)သီးခြား၊ ဒေသေတဗ္ဗာ-ပြောလိုက်၏”ဟူသောဝိဂြိုဟ်နှင့်အညီ “ပဋိဒေသနီယ”ဟုဖြစ်၏၊ ထိုနောက်မှ “ပဋိဒေသနီယံ ယေဝ ပါဋိဒေသနီယံ”ဟု သွတ္ထတဒ္ဓိတ်ဆင့် ရသည်။
ပါဋိဒေသနီယန္တိ ယံ ဝုတ္တိ,
တံ သုဏောဟိ ယထာတထံ၊
ဘိက္ခု အညာတကော သန္တော,
ကိစ္ဆာ လဒ္ဓါယ ဘောဇနံ၊
သာမံ ဂဟေတွာ ဘုဉ္ဇေယျ,
ဂါရယှန္တိ ပဝုစ္စတိ။
အကြင်အာပတ်ကို “ပါဋိဒေသနီယ” ဟုဆိုအပ်၏၊ ထိုအာပတ် (အကြောင်း)ကို ဟုတ်တိုင်းမှန်စွာ နားထောင်ပါလော၊ ရဟန်းတစ်ပါးသည် ဘိက္ခုနီနှင့် ဆွေမျိုးမတော်ပါဘဲ ခဲခဲယဉ်းယဉ်းရှာမှ ရရှာသောဘိက္ခုနီ၏ ဘောဇဉ်(အစာ)ကို ကိုယ်တိုင်ယူ၍စားအံ့၊ ထိုစားမှုကို ကဲ့ရဲ့ဖွယ်ဟုဆိုအပ်၏။ ...ဤသို့စသည်ဖြင့် ပရိဝါ၌ ဂါထာများစွာလာလေသည်။
ဒုက္ကဋ်။ ။ “ဒုက္ကတ”ဟူသောပါဠိကို “ဒုက္ကဋ်” ဟုခေါ်၏၊ [ဒူ×ကတ။] လိမ်၍ပြောခြင်း, ဆဲခြင်း, ရန်တိုက်ပေးခြင်းစသော မကောင်းမှု အငယ်များကို “ဒုဋ္ဌ-မကောင်းသဖြင့်။ တနည်း, ဝိရူပံ-ဖေါက်ဖေါက် ပြန်ပြန်။ ကတံ-ပြုအပ်၏”ဟူသော ဝိဂြိုဟ်နှင့်အညီ “ဒုက္ကဋ”ဟု ခေါ်ရ၏၊ ထိုမကောင်းမှုကြောင့် သင့်ရောက်အပ်သော အာပတ်ကိုလည်း(အကြောင်းအမှု၏အမည်
စာမျက်နှာ-(ဒ)
ကို အကျိုးအာပတ်ပေါ် တင်စား၍ ကာရဏူပစာရအားဖြင့်) ဒုက္ကဋဟု ပင် ခေါ်ရတော့သည်၊ [ဈာန်မရဘဲ ဈာန်ရ၏ဟု ပြောခြင်းစသော အကြီး အကျယ် လိမ်မှုများကိုမူ ပါရာဇိက အာပတ် စသည်ဖြင့် ကြီးလေးသော အပြစ်များဟု ပညတ်တော်မူသည်။]
ဒုက္ကဋံ ဣတိ ယံ ဝုတ္တံ,
တံ သုဏောဟိ ယထာတထံ၊
အပရဒ္ဓံ ဝိရဒ္ဓံစ,
ခလိတံ ယဉ္စ ဒုက္ကဋံ၊
ယံ မနုဿော ကရေ ပါပံ,
အာဝီဝါ ယဒိဝါ ရဟော၊
ဒုက္ကဋန္တိ ပဝေဒေန္တိ,
တေနေတံ ဣတိ ဝုစ္စတိ။
အကြင်အာပတ်ကို “ဒုက္ကဋ်”ဟု ဆိုအပ်၏၊ ထိုအာပတ် (အကြောင်း)ကို ဟုတ်တိုင်းမှန်စွာ နားထောင်ပါလော၊ အကြင်အမှုကို မကောင်းသဖြင့် (ဖေါက်ဖေါက်ပြန်ပြန်) ပြုအပ်၏၊ ထိုအမှုသည် (ဘုရားဟောတော်မူတိုင်း မပြုအပ်သည့်အတွက်ကြောင့်) အပြစ်ဖြစ်၏၊ ကုသိုလ်ကောင်းမှုကိုလည်းဖျက် ဆီးရာရောက်၏၊ အရိယာမဂ်လမ်းမှ ချွတ်ချော်၏၊ လူတစ်ယောက်သည် သူတစ်ပါး၏ မျက်မှောက်ဖြစ်စေ မျက်ကွယ်ဖြစ်စေ အကြင်မကောင်းမှုကို ပြုအံ့၊ ထိုမကောင်းမှုကို “ဒုက္ကဋ”ဟု ပြောဆိုကြ သိစေကြ၏။ ထို့ကြောင့် ဤအာပတ်ကို “ဒုက္ကဋ်”ဟု ဆိုအပ်လေသည်။ ...ပရိဝါပါဠိတော်။
ဒုဗ္ဘာသီ။ ။ “ဒုဗ္ဘာသိတ”ဟူသောပါဠိကို “ဒုဗ္ဘာသီဟု ခေါ်နေကြ၏။ [ဒု-မကောင်းသဖြင့်+ဘာသိတ-ပြောဆိုအပ်သောစကား။] စိတ်ဆိုး၍ ဆဲခြင်းမျိုးမဟုတ်ဘဲ, ပြောင်လှောင်လိုသဖြင့် အမျိုးနှင့်စပ်၍ဖြစ်စေ, အတတ်ပညာနှင့်စပ်၍ဖြစ်စေ “ဟေး.. စဏ္ဍာလကြီး လာပြီကွ-ပညာရှိကြီးပြော ပါလိမ့်မယ်”စသည်ဖြင့် ပြောဆိုအပ်သောစကားကို “ဒုဗ္ဘာသိတ”ဟု ခေါ်၏၊ ထိုစကားကြောင့် သင့်ရောက်အပ်သော အာပတ်ကိုလည်း(ဥပစာတင် စား၍ “ဒုဗ္ဘာသိတ အာပတ်”ဟု မိန့်တော်မူအပ်လေသည်။
စာမျက်နှာ-(ဓ)
ဒုဗ္ဘာသိတန္တိ ယံ ဝုတ္တံ,
တံ သုဏောဟိ ယထာတထံ၊
ဒုဗ္ဘာသိတံ ဒုရာဘဋ္ဌံ,
သံကိလိဋ္ဌဉ္စ ယံပဒံ၊
ယဉ္စ ဝိညူ ဂရဟန္တိ,
တေနေတံ ဣတိ ဝုစ္စတိ။
အကြင်အာပတ်ကို “ဒုဗ္ဘာသိတ”ဟု ဆိုအပ်၏၊ ထိုအာပတ်(အကြောင်း)ကို ဟုတ်တိုင်းမှန်စွာ နားထောင်ပါလော၊ မကောင်းသဖြင့် ပြောဆိုအပ်သော စကားသည် ဒုဗ္ဘာသိတမည်၏၊ အကြင်ပုဒ်ဗျည်း(စကား)သည် (ပြောင်မှုလှောင်မှုဖြစ်၍) ညစ်ညမ်းဆိုးဝါး၏၊ အကြင်စကားမျိုးကို ပညာရှိတို့လည်း ကဲ့ရဲ့ကြ၏၊ ထို့ကြောင့် ထိုစကားကို (ထိုစကားကြောင့် သင့်ရောက် အပ်သောအာပတ်ကို “ဒုဗ္ဘာသိတ”ဟု ဆိုအပ်လေသည်။ — ပရိဝါပါဠိတော်။ [ယောဇနာ၌ ယံ, ယဉ္စတို့ကို “ယသ္မာ”ဟု ချည်းဖွင့်လေ၏။]
အဆင့်ဆင့် အပြစ်ကြီးပုံ။ ။ ဤအာပတ် ၇ ဖုံတို့တွင် ဒုဗ္ဘာသိတထက် ဒုက္ကဋ်သည် အပြစ်ကြီးလေး၏၊ ဒုက္ကဋ်ထက် ပါဋိဒေသနီ, ပါဋိဒေသနီထက် ပါစိတ်, ပါစိတ်ထက် ထုလ္လစ္စဉ်းသည် အစဉ်အတိုင်း အပြစ်ကြီးလေး၏၊ သံဃာဒိသေသ်ကား ထုလ္လစ္စဉ်းထက် အပြစ်ကြီးသောကြောင့် သံဃာ့အထံ၌သာ ထိုအပြစ်ကို ဖြေရသည်၊ ပါရာဇိကအာပတ်သည်ကား ရိုးရိုးဖြေရုံနှင့် မပြေနိုင်တော့ရကား ရဟန်းအဖြစ်ကို စွန့်လွှတ်လိုက်မှသာ ထိုအပြစ် ကျေလေတော့၏၊ ယခုအခါ ထိုအာပတ်များကို ဝိနည်း ပါဠိတော် အခြေ တည်၍ ညွှန်ပြပေအံ့။
စာမျက်နှာ-၁
ဘုရားဥပဒေတော်ကြီး
၁။ ပါရာဇိကအခန်း
က။ မေထုနဓမ္မပါရာဇိက
မူလပညတ်
အမှုသည်—ရှင်သုဒိန်။
အမှု—ဇနီးဟောင်း၌မေထုန်မှီဝဲမှု။
ရဟန်းပြုခဲ့ပုံ။ ။ အရှင်သုဒိန်မည်သော ရဟန်းတော်သည် သာမညပုဂ္ဂိုလ် မဟုတ်၊ ဝေသာလီပြည် ကလန္ဒရွာဝယ် ကုဋေလေးဆယ် ကြွယ်ဝသော ကလန္ဒ သူဌေး၏သားတည်း၊ သူသည် ကိစ္စတစ်စုံ တစ်ခုအတွက် ဝေသာလီမြို့၌ ရောက်နေစဉ် ဘုရားရှင်၏တရားတော်ကို ကြားနာနေရင်း စဉ်းစားမိသည်မှာ-“ဤတရားတော်လာသည့်အတိုင်း နေထိုင်ကျင့်ကြံဖို့ ကိစ္စသည် လူ့ဘောင်မှာ မဖြစ်နိုင်၊ ရဟန်းပြုမှသာ တရားတော် အတိုင်း နေနိုင်မည်”ဤသို့ ကြံစည်စဉ်းစား၍ တရားတော်အပြီး၌ ဘုရားရှင်ထံရဟန်း ပြုပေးပါရန် ခွင့်တောင်းလေသည်။
ထိုအခါ ဘုရားရှင်သည် “မိဘတို့ခွင့်မပြုအပ်သော သားကို ရဟန်းပြု မပေးကောင်း”ဟု မိန့်တော်မူလေသော် မိဘတို့နေရာ ကလန္ဒရွာသို့ ပြန်၍ “ရဟန်းပြုခွင့် ပေးပါရန်”မိဘတို့ထံ ခွင့်တောင်းလေသည်။ သူ၏မိဘတို့သည် ဗုဒ္ဓဘာသာဝင်များမဟုတ်ကြ၊ သားတစ်ယောက်လည်းသာရှိသည်၊ ထို့ကြောင့်
စာမျက်နှာ-၂
ရဟန်းပြုခွင့်မပေးကြချေ။ ထိုအခါ “ရဟန်းမပြုရလျှင် မနေ, သေချင်သေပေ စေတော့ဟု ဓိဋ္ဌာန်ကာ ၇ ထပ်လောက် ထမင်းအငတ်ခံနေမှ ရဟန်းပြုခွင့် ရလေသည်၊ အရှင်သုဒိန်ဆိုသူကား ဤမျှလောက် သဒ္ဓါဆန္ဒ ပြင်းပြစွာဖြင့် ရဟန်းပြုခဲ့သော အမျိုးကောင်း သူဌေးသား ဖြစ်လေသည်။
ရဟန်းပြုပြီး ကျင့်ပုံ။ ။ ရဟန်းပြုပြီးသောအခါ(ကိလေသာတို့ကို ခါပစ်ကြောင်း ဖြစ်၍ “ဓုတင်”ဟု ခေါ်ရသော) အကျင့်များကို ဆောက်တည်၍ မိမိအရပ်မှ ဝေးကွာသော ဝဇ္ဇီတိုင်းတွင် ပါဝင်သည့် အခြားတစ်ရွာ၌ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်း ပွါးများနေလေသည်၊ ထိုသို့နေစဉ် ဝဇ္ဇီတတိုင်းလုံး ငတ်မွတ်ခြင်းဘေးနှင့် ကြုံနေသောကြောင့် ရဟန်းအများနှင့် မိမိပါ ဆွမ်းကိစ္စလွယ်ကူစေရန် မယ်တော်ခမည်းတော်နှင့် ဆွေမျိုးများကို အားကိုးကာ ရဟန်းများစွာကို ပင့်ခေါ်၍ ကလန္ဒရွာသို့ ကြွလာလေသည်၊ ထိုသို့ကြွလာကြောင်းကို အလျင်ကြားသိ၍ ပို့လှူလာသော ဆွေမျိုးများ၏ ဆွမ်းအိုးပေါင်း အလုံး ၆၀- လောက်ကို ရဟန်းတော်များအား လှူဒါန်း၍ မိမိမှာဆွမ်းခံမြဲ ဆွမ်းခံဝင်လေသည်၊ ထိုအခါ မိမိတို့အိမ်မှ ကျွန်မတစ်ယောက်သည် ကျွန်များပင် မစားချင်လောက်အောင် သိုးနေသော မူယောမုန့်ကို လမ်းသို့ စွန့်ပစ်ရန် ထွက်အလာဝယ် အရှင်သုဒိန်နှင့် ပက်ပင်းပါ တွေ့၍ “အဲဒီမုန့်ဟာ စွန့်ပစ်မှာဖြစ်လျှင် ငါ့သပိတ်ထဲ ထည့်လိုက်ပါတော့” ဟု ပြောဆိုခံယူပြီးလျှင် ထိုမုန့်အသိုးကိုပင် ရွာတွင်းရှိသော ဇရပ်တစ်ခုပေါ်သို့ ကြွ၍ ဘုဉ်းပေးတော်မူရှာလေသည်။
ခမည်းတော်နှင့် တွေ့ရပုံ။ ။ ရှင်သုဒိန်ရောက်လာကြောင်းကို အလျင် ကြားသိသော ဆွေမျိုးများသည် သဘောမတူဘဲ ရဟန်းပြုသွားသူဖြစ်၍ သူဌေးကြီးအား သားဖြစ်သူရောက်လာကြောင်းကို မပြောဝံ့ကြ၊ ထိုကြောင့် သူဌေးကြီး မသိသေးချေ၊ မုန့်ကို သပိတ်ထဲ၌ လောင်းလိုက်သော ကျွန်မလည်း ရှစ်နှစ်လောက် ကွဲနေ၍ ဘုန်းကြီးရုပ် တစ်မျိုးပြောင်းနေသော မိမိသခင်ကလေးကို ကောင်းစွာမမှတ်မိချေ။ သို့သော် အသံနှင့် လက်များကို သတိထား၍ “မိမိသခင်ကလေးဘဲ”ဟု အတတ်စွဲကာ ကဗျာ ကယာပြေး၍ (အိန္ဒိယအမျိုးသ္မီးပီပီ) အိမ်တွင်းပုန်းလုပ်နေရသော သူဌေး ကတော်သခင်မကို ပြောပြလေသည်။ ခမည်းတော် သူဌေးကြီးလည်း အလုပ် အကိုင်များကို စီမံရာမှ ပြန်အလာတွင် သူများအိမ် အနီးအပါး ဇရပ်ကြို ဇရပ်ကြား၌ မုန့်အသိုးစားနေသော သူ့ သားကိုမြင်ရ၍ ရင်ထုမနာဖြစ်ပြီးလျှင် အိမ်လိုက်ဖို့ အတန်တန်ပြောသော်လည်း “ယနေ့ ဆွမ်းကိစ္စ ပြီးပါပြီ”ဟု
စာမျက်နှာ-၃
ပြောဆို ပယ်မြစ်နေသောကြောင့် နက်ဖြန် အိမ်လာခဲ့ဖို့ရန် မှာထား သွားလေသည်။
ပစ္စည်းဖြင့် ဖြားယောင်းပုံ။ ။ နက်ဖြန်နံနက်၌ကား သူဌေးကြီးသည် ရွှေပုံနှင့်ငွေပုံကို လက်ခုပ်တဖေါင်လောက်စီ မြင့်အောင် ပုံ၍ ထိုရွှေပုံ ငွေပုံနှစ်ပုံတို့၏ အလယ်မှာ နေရာခင်းပြီးလျှင် ချွေးမ (ရှင်သုဒိန်၏ ဇနီးဟောင်း)ကိုလည်း ရှင်သုဒိန် သဘောအကျဆုံး တန်ဆာများကို ဆင်ထားဖို့ရန် သတိပေးပြီးနောက် ရှင်သုဒိန် အလာကို စောင့်မျှော် နေလေသည်။ ရှင်သုဒိန်ရောက်လာသောအခါ ထိုရွှေပုံငွေပုံများကို ပြ၍ “ချစ်သား...ဟောဒီရွှေပုံနှင့် ငွေပုံသည် သားရဲ့မိခင်နှင့် လက်ထပ်စဉ်က သနပ်ခါးပန်းမန်ဖိုးအဖြစ်ဖြင့် သားရဲ့ဘိုးဘွားများက မိခင်ကို ပေးလိုက်တဲ့ ဥစ္စာကလေးများ ဖြစ်ပါတယ်၊ ဘိုးဘွားမိဘ အမွေအနှစ်နှင့် ကူးသန်း ရောင်းဝယ်လို့ ရရှိတဲ့ ပစ္စည်းတွေမှာ မရေတွက်နိုင်အောင် များပါတယ်, လူထွက်ပြီး ကုသိုလ်ကောင်းမှု ပြုချင်တိုင်းပြုနိုင်ပါတယ်, လူထွက်ပါတော့”ဟု ဖျောင်းဖျ ပြောဆိုလေသည်။ ထိုအခါ ရှင်သုဒိန်က လူမထွက်နိုင်တဲ့ အကြောင်း အလွန်မွေ့လျော်၍ သာသနာတော်မှာနေကြောင်းကို ပြောပြသော်လည်း မရသဖြင့် တတိယအကြိမ်မှာ-“ဖခင်...ဆွဲမထုတ်ဘူးဆိုလျှင် စကားတခွန်းလောက်ပြောစမ်းချင်တယ်”အစချီ၍ “ပြောတာပေါ့”ဟု ခွင့်ပြုသောအခါ- “ဖခင်...ဖခင်၏ရွှေငွေစသော ရတနာတွေကို အိတ်ကြီးတွေ့မှာ ထည့်၍ လှည်းပေါင်းများစွာဖြင့် တိုက်ထုတ်ပြီးလျှင် ဂင်္ဂါရေလယ်ကျော၌ မျှောပစ်လိုက်ပါ၊ အဲသလိုမျှောပစ်လိုက်ခြင်းက ဖခင်မှာ စိုးရိမ်ကြောင့်ကြ ကင်း၍ ချမ်းသာခြင်း ဖြစ်ပါလိမ့်မည်”ဟု ပြောလေသည်။
ဇနီးဟောင်း ဖြားယောင်းပုံ။ ။ ထိုစကားကို ကြားရ၍ အလွန် စိတ်မချမ်းသာသော သူဌေးကြီးသည် ချွေးမကို ဖြားယောင်းခိုင်းရလေတော့၏၊ ထိုအခါ အခန်းတွင်းမှ ထွက်ချင်ပါလျက်များ အပြစ်တင်မည်စိုး၍ မထွက်ဝံ့သော ဇနီးဟောင်းသည် အကောင်းဆုံး ဝတ်ဆင်၍ ထွက်လာပြီးလျှင် အရှင်သူဒိန်၏ခြေကို ဖက်၍ *အရှင့်သား ဘုရားသာသနာ တည်ထောင်ခါစ၌ မင်းညီ မင်းသား သူဌေး သူကြွယ်သားတွေ ရဟန်းပြုသွားကြသောအခါ အမျိုးသ္မီးများနယ်၌ အသွယ်သွယ်ထင်မြင်ချက် ပေးကြရာဝယ် နောက်ဆုံး၌ “ဒီအမျိုးသားတွေဟာ ငါတို့ထက်သာသော နတ်ကညာတွေကို လိုချင်ကြသဖြင့် ငါတို့ကိုဖယ်ထား၍ ရဟန်းပြုသွားကြတာ ဖြစ်တယ်”ဟု အတည် မှတ်ချက်ချထားလေသည်။
စာမျက်နှာ-၄
အရှင်သားတို့ မျှော်မှန်းပြီးနေတဲ့ နတ်ကညာတွေဆိုတာ ဘယ်လောက်များ လှပါသလဲ”ဟု သူ့ စိတ်ထဲမှာ မခံချည့်မခံသာ ဖြစ်နေသောအကြောင်းအရာကိုပင် မေးရှာလေတော့သည်။ ထိုအခါ ရှင်သုဒိန်သည် တရားရင် ပီပီ တည်ကြည်သောစိတ်ဖြင့် “နှမ”နတ်ကညာတွေကိုမှန်းပြီး ရဟန်းအကျင့်ကို ကျင့်နေတာမဟုတ်ပါ”ဟု ပြောလေသော်- “ဇနီးဖြစ်ပါလျက် (နှစ်မ)ဟု အခေါ်ခံရလေခြင်း, ငါ့မျှော်လင့်ချက်တွေ ကုန်ပါပေါ့”ဟု တွေး၍ အဆွေးကြီးဆွေးကာ ထိုနေရာမှာပင် မူးမိုက် လဲသွားရှာလေသည်။ [သူ့မျှော် လင့်ချက်ကား “နောက်ထပ် ပေါင်းရလိမ့်ဦးမည်, ပေါင်းရလို့ရှိလျှင် သားသ္မီးရ၍ ဒီအမွေအနှစ်တွေ ငါပိုင်ဖြစ်နိုင်သည်”ဟူသော မျှော်လင့်ချက်တည်း၊ “နှမ”ဟူသော အသုံးအနှုန်းမှာ မောင်နှမအရင်းလို သဘောထားသဖြင့် “ဇနီး” မဖြစ်နိုင်တော့ကြောင်းကို ပြသော ရှေးသုံး စကားလုံး ဖြစ်သည်။]
မယ်တော်ကြီး သားမျိုးစေ့တောင်းပုံ။ ။ ထိုအခါ မယ်တော်ကြီး ပြောသည်မှာ- ငါ့သား... တကယ်လူမထွက်နိုင်လျှင် ရဟန်းဘဝမှာပင် ပျော်ရွှင်စွာ နေပါတော့၊ သို့သော် သားသ္မီးမရှိသော ပစ္စည်းတွေကို ငါတို့သေလျှင် လိစ္ဆဝီမင်းတို့ သိမ်းရစ်ပါလိမ့်မယ်၊ သားတစ်ယောက်လောက်ရရုံ သားမျိုးစေ့ဘဲပေးပါတော့”ဟု နောက်ဆုံး ပူဆာခြင်းမျိုးဖြင့် ပူဆာလေသော်, ဘုရားပညတ်တော်မူပြီးသော သိက္ခာပုဒ်လည်း မရှိသေးသဖြင့် အပြစ်ရှိလိမ့်မည် မထင်သောကြောင့် “သူတို့၏ နပူနဆာလုပ်ခြင်းမှ အေးစေတော့”ဟု သဘောထား၍ “ဒီကိစ္စလောက်တော့ ကူညီနိုင်ပါရဲ့”ဟု ဝန်ခံခဲ့ပြီးလျှင် မိမိနေရာ မဟာဝုန်တောသို့ မယ်တော်ကြီးနှင့်အတူလာသော ဇနီးဟောင်းအား သားမျိုးစေ့ပေးမိလေသည်။
သိက္ခာပုဒ်ပညတ်ရပုံ။ ။ ထိုကဲ့သို့ သားမျိုးစေ့ ပေးပြီးနောက် အရှင်သုဒိန်ကိုယ်တိုင် (“သာသနာတော်နှင့်မလျော်သော အမှုကို ငါပြုမိပေါ့” ဟု) နောင်တ-ရသဖြင့် မစားနိုင်, မသောက်နိုင် တမှိုင်မှိုင်နှင့်ပိန်ချုံးနေသော ခန္ဓာကိုယ်ကို သီတင်းသုံးဖော်တို့မြင်ကြ၍ အကြောင်းကို မေးကြလေရာ သူ၏ ဖြစ်ပျက်ပုံကို အလုံးစုံပြောပြရှာလေသည်၊ ထိုအခါ ကြားရသော ရဟန်းတော်များလည်း အပြစ်တင်ကြ၍ ဘုရားရှင်အား လျှောက်ကြလေသော်, ဘုရားရှင်လည်း ရှင်သုဒိန်အား ကဲ့ရဲ့ပြစ်တင်တော်မူ၍...
ယော ပန ဘိက္ခု၊ မေထုနံဓမ္မံ ပဋိသေဝေယျ, ပါရာဇိကော ဟောတိ အသံဝါသော”။
စာမျက်နှာ-၅
“အကြင်ရဟန်းသည် မေထုန်မှီဝဲအံ့၊ ထိုရဟန်းသည် ပါရာဇိကကျ၍ ရဟန်းကောင်းတို့နှင့် ကံကြီးကံငယ် ပေါင်းသင်းခွင့်မရှိရဟု ပထမ ပါရာဇိကသိက္ခာပုဒ်ကို ရှေးဦးစွာ(အပြည့်အစုံမဟုတ်သေးဘဲ)ပညတ်တော် မူရလေသည်။
ဝတ္ထုမှတ်ချက်။ ။ ဤဝတ္ထု၌ အရှင်သုဒိန်သည် မိမိကိုယ်တိုင် သဒ္ဓါဆန္ဒပြင်းပြသော သူတော်ကောင်းဖြစ်ပါလျက် မယ်တော်ကြီး ပူဆာချက်ကြောင့် သာသနာတော်နှင့် မလျော်သော အမှုကို ပြုမိရလေ၏။ [အပေါင်းအသင်း မကောင်း၍ ပျက်စီးရခြင်းမျိုးပင်တည်း။] ထိုကျူးလွန်မိသော ပြစ်မှုကြောင့်ပင် နောင်တ-ကြီးစွာဖြင့် တဘဝလုံး လူဖြစ်ရှုံးကာ တရားထူး မရတော့ချေ။ မိမိမျိုးစေ့ ပေးလိုက်သော သားကလေးနှင့်မိခင်တို့ကား နောင်အခါ သာသနာဘောင်သို့ ဝင်လာကြ၍ သားအမိ ၂ ဦးလုံးပင် ရဟန္တာ ဖြစ်ကြပေသည်။
ပထမ အနုပညတ်
အမှုသည်—တောကျောင်းဘုန်းကြီး။
အမှု—မျောက်မကို မှီဝဲမှု။
တောကျောင်းဘုန်းကြီး ဖြစ်ထွေ။ ။ ဝေသာလီပြည် မဟာဝုန်တော၌ တောကျောင်း ဘုန်းကြီးတစ်ပါးကား မျောက်မကြီး တကောင်ကို ထမင်းမုန့်စသည်ကျွေး၍ အတော်ယဉ်ပါးသည့်အခါ ထိုမျောက်မ၌ မေထုန်မှီဝဲလေ့ရှိ၏။ အခါတစ်ပါး၌ အာဂန္တုက ရဟန်းတော်များသည် အခြားရဟန်းတို့ ဆွမ်းခံချိန်တွင် ကျောင်းစဉ်လှည့်၍ ကြည့်ရှုကြလေရာ, ထိုမျောက်မကြီးသည် ထိုရဟန်းတို့ကို မြင်၍ သူ့ ဘုန်းကြီး၌ ပြုနေကျဖြစ်သော “အမြီးနန့်ခြင်း, ခါးကိုကွပေးခြင်း” အမူအရာကို ပြလေသည်၊ ထိုအခါ ထိုတောကျောင်းဘုန်းကြီးအပေါ် မယုံသင်္ကာ ဖြစ်ကြသောကြောင့် ပုန်းအောင်းချောင်းနေကြလေသည်၊ ထိုဘုန်းကြီးလည်း ဆွမ်းခံပြန်လာပြီးနောက် တချို့ကို သူစား၍ တချို့ကို သူ့ မျောက်မကြီးအား ပေးပြီးလျှင် ရှေးရှေး နေ့များ၌ ကျင့်နေကျအတိုင်း မျောက်မကြီး၌ ကျင့်လေတော့၏။
ထိုအခါ ပုန်းအောင်းနေသော ရဟန်းများထွက်လာ၍ “သိက္ခာပုဒ် ပညတ်ထားတယ်မဟုတ်လား, ဘာပြုလို့ သည်လိုကျင့်ရသလဲ”ဟု အပြစ်တင်ကြလေရာ, တောကျောင်းဘုန်းကြီးက “သိက္ခာပုဒ် ပညတ်ထားတာက လူမိန်းမအတွက်သာဖြစ်တယ်, တိရစ္ဆာန်မအတွက် မဟုတ်ဘူး”ဟု ငြင်းချက်
စာမျက်နှာ-၆
ထုတ်လေသော်, ဘုရားအထံတော်ရောက်ကြ၍ ဘုရားရှင်က ထိုတောကျောင်း ဘုန်းကြီးကို များစွာရှုတ်ချတော်မူပြီးလျှင် အနုပညတ်ထပ်၍...
ယောပန ဘိက္ခု မေထုနံ ဓမ္မံ ပဋိသေဝေယျ, အန္တမသော တိရစ္ဆာနဂတာယပိ ပါရာဇိကော ဟောတိ အသံဝါသော။
“အကြင်ရဟန်းသည် မေထုန်မှီဝဲအံ့, အယုတ်သဖြင့် တိရစ္ဆာန်မ၌ ဖြစ်စေ မှီဝဲအံ့၊ ထိုရဟန်းသည် ပါရာဇိကကျ၍ ရဟန်းကောင်းတို့နှင့် ပေါင်းသင်း ဆက်ဆံမှု (ကံကြီး-ကံငယ် အတူပြုခွင့်) မရှိစေရ”ဟု ပညတ်တော် မူရပြန်လေသည်။
ဒုတိယ အနုပညတ်
အမှုသည်—ဝေသာလီမြို့သားရဟန်းများ။
အမှု—သိက္ခာမချဘဲ မေထုန်မှီဝဲမှု။
ဝေသာလီမြို့သား ရဟန်းများဖြစ်ပုံ။ ။ ဝေသာလီမြို့သား ရဟန်းများသည် စားချင်တိုင်းစား အိပ်ချင်တိုင်းအိပ် ရေချိုးချင်တိုင်း ချိုးကြ၍ တရားကိုကား နှလုံးမသွင်းကြ၊ သူတို့သည် ကာမရာဂထကြွသောင်းကျန်းသဖြင့် မထိန်းနိုင်, မသိမ်းနိုင်ဖြစ်ကာ သိက္ခာမချ-လူမထွက်ကြဘဲ မေထုန်မှီဝဲ ကြလေသည်၊ ထို့နောက်မှ လူထွက်ကြ၍ လူ့ ဘောင်ရောက်သောအခါ ဆွေမျိုး စည်းစိမ်ပျက်စီးကြ, ရောဂါဖြစ်ကြသဖြင့် နောင်တရ၍ သာသနာ့ဘောင်သို့ ပြန်ဝင်လိုပါကြောင်းဖြင့် ဘုရားကို လျှောက်ပေးဖို့ရန် အရှင်အာနန္ဒာထံ တောင်းပန်ကြလေသည်၊ အရှင်အာနန္ဒာက ဘုရားထံ တဆင့်လျှောက်လေသော် ဘုရားရှင်သည် “ရဟန်းဝတ်နှင့် သိက္ခာမချဘဲ မေထုန်မှီဝဲပြီးနှောက် ရဟန်းဘောင်ပြန်လာသူကို (ရဟန်းသိက္ခာ မလေးစားသူဖြစ်၍) ရဟန်းခံ မပေးရ”ဟု မိန့်တော်မူပြီးလျှင် “ဘိက္ခူနံ သိက္ခာ သာဇီဝ သမာပန္နော သိက္ခ အပ္ပစ္စက္ခာယ”တို့ကို ဖြည့်စွက်၍ ဒုတိယ တဖန် အနုပညတ် ထပ်တော်မူရ ပြန်သည်၊ ထိုအခါ အပြည့်အစုံဖြစ်သော ပထမ ပါရာဇိက သိက္ခာပုဒ် ပါဠိတော်မှာ-
ယော ပန ဘိက္ခု၊ ဘိက္ခူနံ သိက္ခာ သာဇီဝ သမာပန္နော သိက္ခံ အပ္ပစ္စက္ခာယ ဒုဗ္ဗလျံ အနာဝိကတွာ မေထုနံ ဓမ္မံ ပဋိသေဝေယျ, အန္တမသော တိရစ္ဆာနဂတာယပိ ပါရာဇိကော ဟောတိ အသံဝါသော”ဟု ဖြစ်၏။
စာမျက်နှာ-၇
သိက္ခာပုဒ်မြန်မာပြန်။ ။ အကြင်ရဟန်းသည် ရဟန်းတို့၏ သိက္ခာနှင့် သာဇီဝသို့ ကောင်းစွာ ရောက်သူဖြစ်ပါလျက် သိက္ခာမချဘဲ သိက္ခာပုဒ်၌ ဖြည့်ကျင့်လိုသော စိတ်အားမရှိကြောင်းကိုလည်း ထင်ရှား မပြဘဲ မေထုန်မှီဝဲအံ့၊ အောက်ထစ်ဆုံး တိရစ္ဆာန်မ၌ပင် မှီဝဲစေဦးတော့၊ ထိုရဟန်းမှာ ပါရာဇိကကျ၍ ရဟန်းကောင်းများနှင့် ပေါင်းသင်းခွင့် မရှိတော့ချေ။
အင်္ဂါ ၂-ပါး။ ။ ၁-မှီဝဲလိုသောစိတ်ရှိခြင်း, ၂-သူတစ်ပါး၏ မဂ်တွင်းသို့ မိမိအင်္ဂါဇာတ်ကို သွင်းခြင်း ဤအင်္ဂါ ၂-ပါးနှင့်ညီလျှင် ပါရာဇိက အာပတ်သင့်၏။
[ဆောင်] မှီဝဲလိုဘိ, စိတ်ကူးရှိ၍ သူ၏မဂ်တွင်း, ကိုယ့်မဂ်သွင်း, ကြောင်းရင်း နှစ်လီ, အင်္ဂါညီ, သင့်ပြီ ပထမပါရာဇိက။
မဂ် ၃-ပါး။ ။ “မဂ္ဂ”ဟူသောပါဠိကို “မဂ်”ဟု ဆိုထား၏၊ မြန်မာလို “လမ်း” ဟု ဆိုလို၏၊ ထိုမဂ်သည် ဝစ္စမဂ်-ကျင်ကြီးလမ်း (ဖင်ပေါက်), ပဿာဝမဂ်- ကျင်ငယ်လမ်း (အင်္ဂါဇာတ်ပေါက်), မုခမဂ် အစာဝင်လမ်း (ပါးစပ်ပေါက်)ဟု ၃-မျိုးရှိ၏၊ ထို၃-မျိုးသော လမ်းပေါက်ထဲသို့ အင်္ဂါဇာတ်ကို နှမ်းတစေ့ခန့်မျှ သွင်းမိလျှင်ပင် ပါရာဇိက ကျ၏။
ကိုယ့်မဂ်ကိုယ်သွင်း။ ။ သူ၏မဂ်တွင်းသို့သွင်းမှ ပါရာဇိကကျသည် မဟုတ် သေး၊ ကျောက်ကုန်း ပြောသူသည် ငုံံ့၍ မိမိအင်္ဂါဇာတ်ကို ပါးစပ်ဖြင့်စုတ်လျှင်လည်းကောင်း, အင်္ဂါဇာတ်ရှည်သူသည် မိမိ၏ ဝစ္စမဂ်သို့ သွင်းလျှင်လည်းကောင်း, ပါရာဇိက ကျသည်သာ။
ထုလ္လစ္စဉ်း။ ။ ဘုရားလက်ထက်တော်၌ ရဟန်းတစ်ပါးသည် အသေကောင် မိန်းမကို တွေ့မြင်၍ ရာဂစိတ်ဖြစ်၏၊ ထိုမိန်းမ၏ အင်္ဂါဇာတ်ကို တဝက် ကျော်ကျော် ခွေးစားထား၏၊ ထိုရဟန်းသည် ထိုအင်္ဂါဇာတ်ကိုပင် မှီဝဲလေသည်၊ ထို့နောက် ပါရာဇိက ကျ, မကျ၌ ယုံမှားသံသယ ဖြစ်သောကြောင့် ဘုရားရှင်ကိုလျှောက်လေရာ ဘုရားရှင်သည် “ထုလ္လစ္စဉ်းအာပတ်သင့်၏”ဟု ဆုံးဖြတ်တော်မူလေသည်၊ အင်္ဂါဇာတ်သည် တဝက်အတိကျအောင်ခွေးစား ထားလျှင်လည်းကောင်း, တဝက်ကျော်အောင် ခွေးစားထားလျှင်လည်းကောင်း,
စာမျက်နှာ-၈
အာပတ်သာ သင့်၏။ [“ဥပဍ္ဎက္ခာယိတေစ ယေဘုယျေန ခါယိတေစ ထုလ္လစ္စယံ”-ပထမ ပါရာဇိကဋ္ဌကထာ။ ]
ဒုက္ကဋ်။ ။ ဘုရား လက်ထက်တော်၌ ရဟန်း တစ်ပါးသည် မိန်းမ တစ်ယောက်၌ စွဲလမ်းနေ၏၊ သူမရှိခိုက်၌ ထိုမိန်းမသေသွား၏။ အတော်ကြာမှ ပြန်လာ၍ ထိုအကြောင်းကို သိသောအခါ သုသာန်သွား၍ ထိုမိန်းမ၏ အရိုးများကို ဆက်စပ်လျက် အင်္ဂါဇာတ် နေရာ၌ မှီဝဲ၏၊ ထို့နောက် ဘုရားရှင်အား လျှောက်ကြလေရာ “ဒုက္ကဋ်အာပတ်”ဟု ဆုံးဖြတ်တော်မူသည်၊ ဤသို့လျှင် အရိုးဖြစ်စေ, လုံးလုံးပုတ်၍ ပျက်စီးနေသော အင်္ဂါဇာတ်၌ ဖြစ်စေ မှီဝဲလျှင် ဒုက္ကဋ်အာပတ်သင့်၏။ .
အာပတ်မသင့်သူများ
မသိသူ။ ။ ဘုရားလက်ထက်တော်၌ မဟာဝုန်တောဝယ် နေ့အခါ ပက်လက် အိပ်ပျော်နေသော ရဟန်းတစ်ပါးကို မိန်းမတစ်ယောက်မြင်၍ အင်္ဂါဇာတ်ပေါ်ဖိ၍ထိုင်ကာ အလိုရှိတိုင်း ကျင့်ပြီးနောက် အနီး၌ ရယ်မောလျက် ရပ်နေ၏။ ရဟန်းသည် (ထိုကိစ္စပြီးမှ နိုးလာ၍) “ငါ့မှာ အာပတ် သင့်လေသလား”ဟု ယုံမှား သံသယဖြစ်သောကြောင့် ဘုရားကို လျှောက်၏၊ ဘုရားရှင်က “သင်ကသာယာမိသလား”ဟု မေးတော်မူရာ “တပည့်တော် သူပြုကျင့်နေတုန်းက အိပ်ပျော်နေလို့ သိတောင်မှ မသိလိုက်ပါ” ဟု လျှောက်လေသော် “လုံးလုံးမသိလိုက်သူမှာ အာပတ်မသင့်”ဟု ဆုံးဖြတ်တော်မူလေသည်။
မှတ်ချက်။ ။ ဝတ္ထုနှင့်အလားတူ နောက်၌ တံခါးမပိတ်ဘဲ နေ့လည် အိပ်ပျော်နေသော ရဟန္တာတစ်ပါးကိုလည်း မိန်းမအများ အပြုကျင့်ခံရသေး၏။ ထိုဝတ္ထုကြောင့် “နေ့အခါ ဆိတ်ငြိမ်စွာ ကိန်းအောင်းနေသော (အိပ်နေသော-အဋ္ဌကထာ) ရဟန်းသည် အဝင်အထွက် တံခါးမကိုပိတ်၍ (စေ့၍) ထားရမည်”ဟု မိန့်တော်မူ၏၊ “တံခါးမကို မပိတ်မစေ့ဘဲ အိပ်လျှင် ဒုက္ကဋ် အာပတ်သင့်၏”ဟု အဋ္ဌကထာ၌ မိန့်သည်။
မသာယာသူ။ ။ ဘုရားလက်ထက်တော်၌ ရဟန်းတစ်ပါးသည် ဝေသာလီမြို့ မဟာဝုန်တောဝယ် နေ့ အခါ ကမ္မဋ္ဌာန်းတရား ကြိုးစားအားထုတ်နေစဉ် သစ်ပင်ကိုမှီ၍ အိပ်ပျော်သွား၏၊ ထိုရဟန်းကို မိန်းမတစ်ယောက်မြင်၍ အင်္ဂါဇာတ်ကို အဖိလိုက်တွင် ဆတ်ကနဲနိုးကာ ကပျာကယာထ၍ ထိုမိန်းမကို ၂-လိမ့်, ၃-လိမ့်လိမ့်အောင် လှိမ့်၍ လှိမ့်၍ ကန်ကျောက် လေသည်။
စာမျက်နှာ-၉
ထိုနောက်မှ ယုံမှားသံသယဖြစ်၍ ဘုရားရှင်ကို လျှောက်လေရာ ဘုရားရှင်က သာယာမိသလား”ဟု မေးတော်မူ၍ မသာယာကြောင်း” လျှောက်လေသော်, မသာယာလျှင် အာပတ်မသင့်”ဟု ဆုံးဖြတ်တော်မူလေသည်။
မှတ်ချက်။ ။ ဤနေရာမျိုး၌ မသာယာခြင်းမှာ နဂိုကပင် ကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်ကာ ကိလေလာစစ်တပ်ကို နေ့စဉ် တိုက်ခိုက်နေသော သူရဲကောင်းကြီး ဖြစ်သောကြောင့်သာတည်း၊ နဂိုက ပေါ့ပေါ့ဆဆ နေ့သူတို့မှာ ဧကန်မုချ သာယာကြမည်သာ။
အရူးသူများ။ ။ ဗဒ္ဓသည်းခြေ ပျက်၍ ဆေးကု မရလောက်အောင် တကယ်ရူးသဖြင့် သူ့ဟာသူ ဘာလုပ်လို့ လုပ်မှန်း မသိသော အရူး, ဘီလူး, သူရဲ, နတ်စသူတို့ ဖမ်းစားချောက်လှန့်ထားသဖြင့် စိတ်ပြန့်လွင့်နေသူ, ရောဂါ ဝေဒနာဒဏ် အပြင်းအပြခံနေရသဖြင့် သူများက ပြုကျင့်သည်ကိုမျှ မသိ သူနှင့် ဤသိက္ခာပုဒ်၏ အစဆုံး အမှုသည်ဖြစ်သော အရှင်သုဒိန်တို့မှာ အာပတ်မသင့်။
သတိပေးချက်။ ။ မေထုန်နှင့် စပ်သောစကားသည် ရုန့်ရင်းသော စကားဖြစ်၍ သူတော်ကောင်းတို့ ပြောဆိုသင့်, ရေးသားသင့်သော စကားမဟုတ်ချေ၊ ထို့ကြောင့် ဤစာကို ကြည့်ရှုသူတို့သည် စက်ဆုပ်ရွံရှာ မသတီ စရာသဘောကို တွေးတောနိုင်ကြပါစေ၊ ထို့ပြင်-ဤမျှလောက်စက်ဆုပ် ရွံရှာဖွယ် ကောင်းသော အမှုကို ဝေးစွာရှောင်ကြဉ်ပြီး ဖြစ်တော်မူသော မြတ်စွာဘုရားသည် ရဟန်းသံဃာတော်များအပေါ်၌ ပြင်းပြ သော မဟာကရုဏာတော်ကြောင့်, နှုတ်တော်နှင့်မသင့်လျော်သော အကြောင်းအရာတို့ကိုပင် သာယာလိုက်သလား, သိလိုက်သလား? စသည်ဖြင့် စစ်ဆေးမေးမြန်းတော်မူကာ ထိုက်သင့်ရာ ဥပဒေသကို ထားတော်မူရပေသည်-ဟု ဘုရားရှင်၏ မဟာကရုဏာဂုဏ်တော်ကို အာရုံပြုလျက် လေးနက်သော စိတ်ထားဖြင့် ရှုစားနိုင်ကြပါစေ။
ခ။ အဒိန္နာဒါနပါရာဇိက
မူလပညတ်
အမှုသည်—ရှင်ဓနိယ။
အမှု—ဘုရင်၏သစ်တော်တို့ကို လှည့်စား၍ယူမှု။
ရှင်ဓနိယ ကျောင်းကလေး။ ။ အရှင်ဓနိယသည် ရာဇဂြိုဟ်မြို့ ဣသိဂိလိတောင်ကမ်းပါး၌ မြက်မိုးမြက်ကာ ကျောင်းကုဋ်ကလေးတဆောင် ဆောက်၍ နေ၏၊ အခါတစ်ပါး၌ သူဆွမ်းခံသွားစဉ် မြက်ရိပ်သမားနှင့် ထင်းခုတ်သမားတို့သည် မြက်ကျောင်းကုဋ်ကလေးကို ဖျက်၍ မြက်နှင့်
စာမျက်နှာ-၁၀
ထင်းတို့ကို ယူသွားကြလေသည်။ ထို့အတူ သုံးကြိမ်တိုင်အောင် ထိုကျောင်း ကလေးမျိုးကို ဆောက်၍ သုံးကြိမ်တိုင်အောင်ပင် အဖျက်အဆီး အယူအငင် ခံရလေသည်။ အရှင်ဓနိယသည် အိုးလုပ်ငန်း၌ ကောင်းစွာ ကျွမ်းကျင်သော အိုးထိန်းသည်၏သားဖြစ်ရကား ထိုမြက်ကျောင်းကုဋ်ကလေးမျိုး နောက်ထပ် မဆောက်တော့ဘဲ ရွံ့တွေကို ကိုယ်တိုင်နယ်၍ မြေကျောင်းကလေး လုပ်ပြီးလျှင် မီးဖုတ်လိုက်သည့်အခါ နီနီရဲရဲနှင့် အလွန်ရှုချင်ဖွယ် ကောင်းသော မြေတိုက်ကလေးဖြစ်လာလေသည်။
မြေတိုက်ကလေး အဖျက်ခံရပုံ။ ။ ဘုရားရှင်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းတော်မူလာသောအခါ ထိုမြေတိုက်ကလေးကို မြင်တော်မူ၍ “ဤမောဃ ပုရိသသည် မြေတိုက်လုပ်ဖို့ရန် မြေတူးစဉ်, မြေကိုရွံ့ဖြစ် အောင်နယ်စဉ် မီးဖုတ်စဉ်တုန်းက ပျက်စီးရှာမည့် ပိုးကောင်ကလေးများကိုမှ မသနားလေရော့သလား, သူလုပ်ပုံကို အတုလိုက်၍ နောင်လာနောက်သားတို့သည် အလုပ်ကိစ္စဆိုင်ရာဝယ် ပိုးမွှားတိရစ္ဆာန်ကလေးများကို သတ်လို့ ပါဏာတိပါတကံ မထိုက်ဟု အထင်မှားရစ်ဖွယ်ရှိသည်”ဟု မိန့်တော်မူပြီးလျှင် “နောင်ခါ ဤမြေတိုက်မျိုးကို မလုပ်ရ”ဟု သိက္ခာပုဒ် ပညတ်တော် မူလေသည်၊ ထိုမြေတိုက်ကလေးကိုလည်း အဖျက်ခိုင်းတော်မူလေရာ ရဟန်း များ သွား၍ဖျက်ကြလေသည်၊ အရှင်ဓနိယသည် အခြားတနေရာမှ ကျောင်းတိုက်ကလေး ဖျက်သံကြား၍ လာပြီးလျှင် “ဘာကြောင့် ဖျက်ကြပါသလဲ”ဟု မေးရာ “မြတ်စွာဘုရားက အဖျက်ခိုင်း၍ ဖျက်ကြောင်းကို ပြောကြလေ သော် “တရားရှင်ဘုရားက ခိုင်းစေလျှင် ဖျက်ကြပါတော့”ဟု ကျေကျေ နပ်နပ်ပင် ခွင့်ပြုရှာလေသည်။
မှတ်ချက်။ ။ ဤဝတ္ထု၌ တိုက်ကျောင်းကလေးအပျက်ခိုင်းပုံကို ထောက်၍ ယခုကာလ၌လည်း ရဟန်းများနှင့်မအပ်စပ်သော ပရိက္ခရာတစ်စုံတစ်ခုကို သုံးစွဲနေတာ တွေ့လျှင် ဝိနည်းဓိုရ်ပုဂ္ဂိုလ်သည် ထိုမအပ်သော ပရိက္ခရာကို (ထိုဥစ္စာရှင်အား အာပတ်မသင့်စေလိုသော စိတ်ကောင်းဖြင့်) ဖျက်ပစ်ကောင်း၏-ဟု အဋ္ဌကထာမိန့်သည်။
အရှင်ဓနိယ သစ်တော်များယူပုံ။ ။ “ငါ၏ မြက်ကျောင်းကလေးများကို သူတစ်ပါးတို့ဖျက်ဆီး ယူသွားခြင်း ခံရသည်မှာ ၃-ခါရှိပြီ၊ မြေတိုက်ကလေးကိုလည်း ဘုရားရှင် အဖျက်ခိုင်းတော်မူသောကြောင့် ရဟန်းအများ ဖျက်သွားကြလေပြီ၊ ဗိမ္ဗိသာရမင်း၏ သစ်တော်တို့ကို ရေတွက်မှတ်သားရသော သစ်တောဘက်ဆိုင်ရာ စာရေးကြီးတစ်ယောက်ကား
စာမျက်နှာ-၁၁
ငါ့မိတ်ဆွေဖြစ်ဖူး၏၊ သူ့အထံမှာ သစ်သားတို့ကိုတောင်း၍ သစ်သားကျောင်းငယ် ဆောက်လုပ်ရလျှင် ကောင်းမှာဘဲ”ဟု အရှင်ဓနိယမှာ အကြံဖြစ်လေသည်၊ ဤသို့ ကြံပြီးနောက် စာရေးကြီးထံ သစ်များကို တောင်းလေသော် “အရှင်ဘုရား လှူရန် သစ်များမရှိပါ၊ မြို့ကို ပြုပြင်ရန်ထားသော ဘုရင့်သစ်တော်များသာ ရှိပါသည်, ထိုသစ်တော်တို့ကို မင်းတရားက လှူစေဟု အမိန့်ချလျှင် အရှင်ဘုရားယူပါတော့”ဟု လျှောက်လေလျှင်, အရှင်ဓနိယလည်း “မင်းတရားက လှူပြီးသားဘဲ”ဟု ညာဖြန်းပြောဆို၍ သစ်တော်တို့ကို လှည်းဖြင့် တိုက်ယူစေလေသည်။
စာရေးကြီး အဖမ်းခံရ၍ဘုရင့်ထံ ရှင်းရပုံ။ ။ ထိုကိစ္စအတွက် ဆိုင်ရာအမတ်တို့က သစ်တောစာရေးကြီးကို ဖမ်းကြသဖြင့် ရှင်ဓနိယကိုယ်တိုင် ဘုရင့်ထံသို့ဝင်ကာ “ဘိသိက် ခံစဉ်တုန်းက မြက် ထင်း ရေများကို ရဟန်းပုဏ္ဏားတို့အား ပေးလှူပါသည်” ဟု မင်းတရား ပြောဘူးသောစကားကြောင့် သစ်တော်များကို ယူမိကြောင်း ရှင်းပြလေသည်၊ “ထိုစကားမှာ တောထဲ၌ ပိုင်ရှင်မရှိသော မြက် ထင်း ရေတို့ကို ရည်ရွယ်ပြောသော စကားဖြစ်ပါတယ်, ယခုလိုပိုင်ရှင်ရှိသော အရာကို မဆိုလိုပါ၊ ကိုယ်တော်ဟာ သေသောက်ကြူးလက် ရောက်ပြီးဖြစ်လျက် အမွေးတန်ဘိုးရှိ၍ လူတစ်ယောက်က နှုတ်ယူသောကြောင့် အသတ်မခံရသော သိုးကလေးကဲ့သို့ ဘုရားရှင်၏ အရေအမွေးတော်ကြောင့် သတ်လောက်သောအပြစ်မှ လွတ်ရပါတယ်, နောင်လဲ ဤအမှုမျိုးကို မပြုပါနှင့်” ဟု ပြောဆို လွှတ်လိုက်လေသည်၊ ရှင်ဓနိယက သူ့အပြစ်ဟု ဝန်ခံသောကြောင့် စာရေးကြီးလည်း လွှတ်ရမည်သာ။] ထိုအကြောင်းကို အရပ်သူ အရပ်သားတို့ သိသဖြင့် ကဲ့ရဲ့ကြလေရာ, တဆင့်စကား တဆင့်နားဖြင့် ဘုရားရှင်ထံတော်ပါးသို့ ရောက်သွားလေသော်... ဘုရားရှင်လည်း မောဃပုရိသ = အလကာ့ယောက်ျား-ဟု ကဲ့ရဲ့ပြစ်တင်တော်မူလေသည်၊ [အရှင်ဓနိယသည် ဤနေရာဝယ် ကဲ့ရဲ့ရှုတ်ချခံရသော်လည်း နောင်အခါ၌မူ တရားရ၍ ရဟန္တာဖြစ်လေသည်။ ဥပနိဿယေ သတိပိ တသ္မိံ ခဏေ မဂ္ဂေဝါ ဖလေဝါ အသတိ မောဃပုရိသာတိ ဝဒန္တိယေဝ, ဓနိယ ဥပသေနတ္ထရာဒိကာဝိယ။ [သာရတ္ထဋီကာ, ပထမပါရာဇိက အဖွင့်]
သိက္ခာပုဒ် ပညတ်တော်မူပုံ။ ။ ထိုအမှုရောက်လာချိန်မှာ တရားသူကြီး လုပ်ခဲ့ဘူးသော ရဟန်းတစ်ပါးလည်း ဘုရားအနီး၌ရှိလေရာ ဗိမ္ဗိသာရ မင်းသည် ဘယ်လောက်တန်ဘိုးရှိသော ပစ္စည်းကိုခိုးလျှင်
စာမျက်နှာ-၁၂
ထိုသူ့ကိုဖမ်း၍ ညဉ်းဆဲမှုချုပ်ထားမှု တိုင်းပြည်မှနှင်ထုတ်မှုကို ပြုသနည်း” ဟု ဘုရားရှင် မေးတော်မူလေသည်၊ ထိုအခါ တရားသူကြီးဟောင်းရဟန်းက “ငွေစင်တမတ်ကို ဖြစ်စေ, တမတ်တန်ပစ္စည်းကိုဖြစ်စေ ခိုးလျှင်ညှဉ်းဆဲမှုစသည် ကို ပြုပါကြောင်း” လျှောက်လေသော် ထိုလျှောက်ချက်အရ ရာဇဂြိုဟ်ပြည် သုံးဖြစ်သော “ငွေတမတ်, သို့မဟုတ် တမတ်တန် ခိုးလျှင် ပါရာဇိကကျစေ”ဟု “ယောပန ဘိက္ခု အဒိန္နံ ထေယျသင်္ခါတံ အာဒိယေယျ”မှစ၍ ပါရာဇိကော ဟောတိ အသံဝါသော တိုင်အောင် မူလပညတ်ကို ထားတော်မူသည်။ [ထိုသိက္ခာပုဒ် ပညတ်တော်မူချိန်၌ ရာဇဂြိုဟ်ပြည်ဝယ် “ရွှေ ၅-ပဲသား, ငွေ ၅-ပဲသား, ကြေးနီ ၁၀-ပဲသား၊ ပေါင်း ပဲ ၂ဝကို တစ်ကျပ်” ဟု သုံးစွဲ၏၊ ထို့ကြောင့် ပြခဲ့သော ရွှေ, ငွေ, ကြေးနီပေါင်းထားသော ၅-ပဲသားကို တမတ်”ခေါ်သည်ဟု မှတ်။]
အနုပညတ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ခဝါထုပ်ကိုခိုးမှု။
ခဝါထုပ်ကြီးခိုးမှု။ ။ ထိုသိက္ခာပုဒ် ပညတ်တော်မူပြီးနောက် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခဝါဆိပ်ကမ်းသို့သွား၍ ခဝါသည်တို့၏ အလုပ်ကြီးကို ခိုးယူလာလေသည်၊ ထိုသို့ခိုးယူပြီးနောက် ဝေစုဝေနေသည်ကို အခြား ရဟန်းတို့မြင်၍ “ငါ့ရှင်တို့ တယ်ဘုန်းကြီးကြပါကလား, သင်္ကန်းချုပ်ဖို့ အဝတ်တွေအများကြီး ရသကိုး”ဟုပြောဆိုကြလေရာ, ဘယ်မှာဘုန်းကြီးလို့တုံး ခဝါဆိပ်က ခိုးလာကြတာဘဲ” ဟု ရဲရဲကြီး ပြောဆိုကြလေသည်၊ ထိုအခါ “သူများဥစ္စာကို ပိုင်ရှင်က မပေးဘဲ မယူရဘူး”လို့ ပညတ်တော် မူထားတယ် မဟုတ်ပါလား၊ “ပညတ် ထားတာမှန်တယ်, အဲဒီသိက္ခာပုဒ်ကို မြို့ထဲ ရွာထဲအတွက် ပညတ်တာဖြစ်တယ်၊ ယခုမြို့ပြင်ကယူတာဘဲ”ဟု ဆင်ခြေ လဲကြသည်ကို ဘုရားရှင်အား လျှောက်ကြလေသော်... ဘုရားရှင်သည် “ဂါမာဝါ အရညာဝါ = ရွာမှ မြို့မှဖြစ်စေ တောမှဖြစ်စေ”ဟု ထည့်စွက်၍ အနုပညတ် ထပ်တော်မူရလေသည်။
သိက္ခာပုဒ်မြန်မာပြန်။ ။ အကြင်ရဟန်းသည် ရွာမှဖြစ်စေ, တောမှဖြစ်စေ, ဥစ္စာရှင်တို့သည် မပေးအပ်သော လူ့ဥစ္စာကို ခိုးလိုသောစိတ် (လိမ်ယူလို, ညာယူလိုသောစိတ်)ဖြင့် ယူအံ့၊ အနည်းဆုံးအားဖြင့် တမတ်-တမတ်တန်လောက်ဥစ္စာကို ခိုးလျှင် အစိုးရမင်းတို့က ခိုးသူကို
စာမျက်နှာ-၁၃
ဖမ်း၍ နှိပ်စက်ညှဉ်းဆဲမှု ချုပ်နှောင်မှ နှင်ထုတ်မှု တစ်ခုခုကို ပြုကြစရာ ရှိ၏။ “ဟဲ့သူခိုး, ဟဲ့လူမိုက်, ဟဲ့လူဖျင်း, ဟဲ့သူဝှက်”ဟု ဆဲဆိုကြိမ်း မောင်းမူလည်း ကြိမ်းမောင်းကြစရာရှိ၏။ ထိုတမတ်-တမတ်တန်က စ၍ ခိုးသော ဤရဟန်းလည်း ပါရာဇိကကျ၍ ရဟန်းကောင်းတို့နှင့် ပေါင်းသင်းခွင့် မရှိတော့ချေ။
ဒုတိယပါရာဇိကအင်္ဂါ။ ။ ၁-လူဇာတ်ရှိသူ (လူစင်စစ်)၏ ဥစ္စာဖြစ်ခြင်း, ၂-သူတစ်ပါးဥစ္စာမှန်း သိခြင်း, ၃−ခိုးလိုသော စိတ်ရှိခြင်း, ၄-ဂရု ပရိက္ခရာဖြစ်ခြင်း, ၅-ခိုးယူခြင်း, ဤအင်္ဂါ ၅-ပါးညီညွတ်မှ ပါရာဇိကအာပတ်သင့်၏။
[ဆောင်] လူဇာတ်ရှိငြား-သူတစ်ပါး၏-ပိုင်ထားဥစ္စာ, သူ့ဥစ္စာဟု-သိမှတ် မှုနှင့် ဂရုပရိက်, ထေယျစိတ်သွင်း, ခိုးယူခြင်း, ကြောင်းရင်း ၅ လီ, အင်္ဂါညီ, ကျပြီ ပါရာဇိက်။
၁။ လူ့ဇာတ်ရှိသူ လူစင်စစ်၏ ဥစ္စာကိုခိုးမှ ပါရာဇိကကျသောကြောင့် နတ်, ဥစ္စာစောင့်စသော ပြိတ္တာ, တိရစ္ဆာန်တို့၏ ဥစ္စာကို ခိုးဝှက်လုယူလျှင် ပါရာဇိကမကျ, သို့သော် ထုံးစံအတိုင်း ငါးပါးသီလကားပျက်၏။
၂။ သူတစ်ပါးဥစ္စာမှန်း သိလျက် ခိုးယူမှ ပါရာဇိကကျသည်၊ သူ့ဥစ္စာပင် ဖြစ်သော်လည်း ကိုယ့်ဥစ္စာထင်၍ ယူမိလျှင်လည်းကောင်း, ပိုင်ရှင်မရှိသော ပံသကူဥစ္စာ ဟုထင်၍ ယူလျှင်လည်းကောင်း, ပါရာဇိကမကျ၊ သို့သော် သိသောအခါ ပြန်ပေးရမည်။
၃။ ခိုးယူလို ဓားပြတိုက်၍ လုယူလို ညာယူလိုသောစိတ်ဖြင့် ယူမှ ပါရာဇိကကျသည်၊ ခေတ္တခဏငှါးယူလျှင်လည်းကောင်း, အကျွမ်းဝင်သူ ဥစ္စာဖြစ်၍ ငါယူသည်ကို ကျေနပ်ပါလိမ့်မည်ဟု ထင်၍ယူလျှင်လည်းကောင်း, ပါရာဇိကမကျ။
၄။ တမတ်-တမတ်တန်ဥစ္စာကို “ဂရု = ကြီးလေးသော + ပရိက္ခရာ = = ပစ္စည်းအသုံးအဆောင်” ဟု ခေါ်၏၊ ထိုဂရုပရိက္ခရာကိုယူမှ ပါရာဇိကကျသည်၊ တပဲတန်အထက် တမတ်တန်အောက် ယူလျှင် ထုလ္လစ္စဉ်း အာပတ်, တစ်ပဲနှင့် တစ်ပဲတန်အောက်ယူလျှင် ဒုက္ကဋ်အာပတ်သင့်၏။
၅။ သည်းခြေပျက်၍ တကယ်ရူးနေစဉ်လည်းကောင်း, ဘီးလူးစသည် လှန့်၍ စိတ်ပျံ့လွင့်နေစဉ် လည်းကောင်း, ဒုက္ခဝေဒနာ အပြင်းအထန် ခံနေရစဉ်လည်းကောင်း, သူ့ဥစ္စာကို ယူမိသော်လည်း ပါရာဇိကမကျ၊ အစဆုံး အမှုသည်ဖြစ်သော အရှင်ဓနိယလည်း ပါရာဇိက မကျ။ သူ့ဥစ္စာကို တရားစွဲ၍ ယူမှုနှင့် စပ်၍မှတ်ဖွယ် ရှိသေး၏၊ ထိုမှတ်ဖွယ်ကို ဘိက္ခုနီ(သံဃာဒိသေသ်) ခန်းကျမှ ပြဦးမည်။]
စာမျက်နှာ-၁၄
အဒိန္နာဒါနအမျိုးမျိုး။ ။ မတရားသဖြင့်ယူခြင်း မရိုးမသားယူခြင်းဟူသမျှကို ဤသိက္ခာပုဒ်အရ “အဒိန္နာဒါန”ဟုချည်းခေါ်ရ၊ ထိုအဒိန္နာဒါန်သည်-
၁။ အာဒိယန-သူ့ဥစ္စာကို ကိုယ်ရအောင် တရားစွဲ၍ယူခြင်း။
၂။ ဟရဏ-သူ့ဥစ္စာကို အရိုးခံအတိုင်း ဆောင်ယူသွားခြင်း၊ လမ်းကျမှ လိုချင်၍ယူခြင်း။
၃။ အဝဟရဏ-မိမိအထံ၌ အပ်နှံထားသည်ကို ပြန်တောင်းသောအခါ မပေးဘဲ (မအပ်ပါဘူးစသည်ဖြင့် လိမ်၍ညာ၍)ယူခြင်း။
၄။ ဣရိယာပထဝိကောပန-အသက်ရှိသောဥစ္စာကို သူ့ နေမြဲ ဣရိယာပုထ် ပျက်အောင် ဖျက်၍(နေရာပြောင်းအောင် ချောက်လှန့်၍) ယူခြင်း။
၅။ ဌာနာစာဝန-မြှုပ်ထားသော အိုးစသည်ကို နဂိုနေရာမှ ရွေ့အောင်လုပ်၍ယူခြင်း။
၆။ သင်္ကေတ ဝီတိနာမန-ကင်းခွန် ကောက်ရာ အရပ်ကို ရှောင်လွှဲ၍ အခွန်မပေးဘဲ သွားခြင်း။
၇။ ထေယျာဝဟာရ-ပုန်းလျှိုး, ကွယ်လျှိုး ခိုးခြင်း, အလေး တင်းတောင်း စဉ်းလဲ၍ ခိုးခြင်း။
၈။ ပသယှာဝဟာရ-ဥစ္စာရှင်ကို လွှမ်းမိုးနှိပ်စက်၍(ဒဏ်တပ်မည်, ထောင် ချမည်, သပိတ်မှောက်မည် စသည်ဖြင့် ခြိမ်းချောက်၍)ယူခြင်း။
၉။ ကုသာဝဟာရ -မဲချရာ၌ မိမိကျသော ညံ့သောမဲကို သူတစ်ပါး၏ ကောင်းသောမဲနှင့် လဲ၍ယူခြင်း။
၁၀။ ပဋိစ္ဆန္နာဂဟာရ-ဥယျာဉ် စသော အရပ်၌ သူတစ်ပါး၏ လက်ဝတ် တန်ဆာကို မြက်စသည်ဖြင့် ဖုံး၍ နောင်မှလာယူခြင်း။
၁၁။ ပရိကပ္ပါဝဟာရ-အဝတ်ဖြစ်လျှင်ယူမည်, အခြားဝတ္ထု ဖြစ်လျှင်မယူ ဟု ကြံစည်စိတ်ကူး၍ အထုပ်ကိုယူခြင်း, မည်သည့်အရပ်လွန်မှ ယူမည်၊ ဒီအတွင်းမှာ ဥစ္စာရှင်မြင်လျှင် ခဏယူသလို လုပ်၍ ပြန်ထားမည် စသည်ဖြင့် အရပ်ဌာနကို ကြံဆ၍ ယူခြင်း၊
[အဋ္ဌကထာတို့၌ ခိုးနည်း ၂၅-ပါးလာ၏၊ ထိုတွင် တချို့မှာ သဘောတူ ဖြစ်၍ ခုဒ္ဒသိက္ခာလာတိုင်း ၁၁-ပါးကိုသာ ရေးလိုက်သည်။]
သတိထားဖွယ်။ ။ ဒုတိယ ပါရာဇိကသည် အလွန် သတိထားထိုက်သော အာပတ်တည်း၊ (တိရစ္ဆာန်စသည်မဟုတ်သော) လူ့ဥစ္စာမှန်လျှင်
စာမျက်နှာ-၁၅
မိခင်ဥစ္စာကိုပင်သော်လည်း ခိုးလိုသော လိမ်လို ညာလို လှည့်စားလို သော စိတ်ဖြင့်မယူကောင်း၊ ထို့ကြောင့် ဈေးသွား၍ ကိုယ်တိုင် ကပ္ပိဝယ်ယူရာ၌ ကိုင်ကြည့်ရင်းက ခိုးယူချင်စိတ်ပေါက်လာလျှင် တနေရာ ဝှက်လိုက်ရုံဖြင့် အပြစ်သင့်နေတတ်၏။ ရထားသင်္ဘော၌ လက်မှတ် မပေးဘဲ စီးပြီးနောက် လက်မှတ်စစ်သည့်အခါ ရှောင်တိမ်းနေရုံမျှဖြင့်လည်းကောင်း, လက်မှတ်စစ်ရာ အပေါက်မှမထွက်ဘဲ ရှောင်တိမ်း၍ ထွက်ရုံဖြင့်၎င်း အပြစ်သင့်၏၊ ကျောင်းသားကပ္ပိယ၏ အသက်ကို လူကြီးလက်မှတ် မယူရအောင်) ညာ၍ပြောခြင်း, ပါလာသော ကုန်ပစ္စည်းများကို တန်ဆာမလုပ်ရအောင် ဟိုတခြားသည်တခြားထား၍လှည့်ပတ်ခြင်း, သူတစ်ပါးထံ အပ်နှံထားခြင်းတို့ကြောင့်လည်း အပြစ်သင့်တတ်၏၊ ရထားသင်္ဘော စသည်၌ လူတို့က အခွန်အကောက် မပေးရအောင် မိမိထံလာအပ်၍ ထိုပစ္စည်းကို မိမိဝှက်ထားလျှင်လည်း အပြစ်သင့်၏၊ တချို့အရပ်၌ ငွေထည့်လျှင်ထည့်, မထည့်လျှင် သပိတ်မှောက်မည်ဟု ခြိမ်းချောက်၍လည်း အပြစ်သင့်တတ်၏။ အလွန်မကြာသေးသော ရှေးက ရဟန်းကလေးတစ်ပါးသည် ဝိနည်းကို စောစောက မသင်ခဲ့ဘဲ နောက်မှသင်ယူသောအခါ ဖြေ၍မရနိုင်သော အာပတ်သင့်နေမှန်း သိသဖြင့် ဝိနည်းတက်ရင်း ချုံးချုံးချ၍ ငိုရလေသတဲ့၊ ထို့ကြောင့် ဤ ဒုတိယပါရာဇိကနှင့်စပ်၍ သင့်တတ်သော အပြစ်များကို အထူး သတိထားသင့်ကြပေသည်။
ဂ။ မနုဿဝိဂ္ဂဟ ပါရာဇိက မူလပညတ်
အမှုသည်—ရဟန်အများ။
အမှု—အချင်းချင်းသတ်မှု။
ရဟန်းများဖြစ်ရပုံ။ ။ မြတ်စွာဘုရားသည် ဝေသာလီမြို့ မဟာဝုန်တော ကူဋာဂါရသာလာ၌ သီတင်းသုံးတော်မူစဉ် အသုဘကမ္မဋ္ဌာန်း၏ အကျိုးကို အမျိုးမျိုးဟောတော်မူပြီးနောက် ၁၅-ရက်လုံး ဆွမ်းပို့မည့် ရဟန်းတစ်ပါးမှ လွဲ၍ အခြားသူများ၏ အဖူးအမျှော် အတွေ့ခံတော်မမူဘဲ တစ်ပါးတည်း ကိန်းအောင်းတော်မူလေသည်၊ ထိုအချိန်၌ များစွာသော ရဟန်းတို့သည် အသုဘကမ္မဋ္ဌာန်းကို အားထုတ်ကြစဉ် မိမိတို့ခန္ဓာကိုယ်ကို စက်ဆုပ် ရွံမုန်းလာကြရကား ကိုယ့်ကိုယ်ကိုလည်း ကိုယ်တိုင်သတ်ကြ တစ်ပါးက တစ်ပါးကိုလည်းသတ်ကြ “မိဂလဏ္ဍိက”မည်သော ရှင်ယောင်ကြီး (ရဟန်းအသွင်ဖြင့် နေသော်လည်း ရဟန်းမဟုတ်သော ရသေ့လိုနေသူ)
စာမျက်နှာ-၁၆
ကိုလည်း ငါတို့သေလျှင် သပိတ်သင်္ကန်းကို သင်ရရစ်ပါလိမ့်မည်, ငါတို့ကို သတ်ပါ”ဟု ခိုင်းကြသဖြင့် ထိုရှင်ယောင်ကြီးကလည်း တစ်နေ့လျှင် တစ်ပါးကျ နှစ်ပါးကျမှစ၍, တစ်နေ့လျှင် ၆ ကျိပ်တိုင်အောင်ပင် သတ်ပေးလေသည်။ ဤနည်းအားဖြင့် ရဟန်းပေါင်းငါးရာ ပျက်စီးကြလေသတတ်။]
သိက္ခာပုဒ် ပညတ်တော်မူရပုံ။ ။ ဘုရားရှင်သည် ၁၅-ရက်လွန်၍ ကိုယ်တော်တစ်ပါးထည်း နေရာမှ ထွက်တော်မူလာသည့် အခါ ကျောင်းတိုက်တွင်း၌ ရဟန်းများနည်းပါး၍ ကြဲတောက်တောက် ဖြစ်နေသောကြောင့် အရှင်အာနန္ဒာကို မေးတော်မူလေသော်. အရှင်အာနန္ဒာက အကျိုး အကြောင်း လျှောက်လေရာ, မြတ်စွာဘုရားသည် အာနာပါနကမ္မဋ္ဌာန်းကို ထပ်မံဟောတော်မူ၍ ရဟန်းတို့ သတ်ကြဖြတ်ကြသော အမှုကို ကဲ့ရဲ့တော်မူပြီးလျှင်-
“ယောပန ဘိက္ခု သဉ္စိစ္စ မနုဿဝိဂ္ဂဟံ ဇီဝိတာ ဝေါရောပေယျ, သတ္ထဟာရကံ ဝါဿ ပရိယေသေယျ၊ အယမ္ပိပါရာဇိကော ဟောတိ အသံဝါသော”။
ဟု မူလပညတ်ကိုထားတော်မူရလေသည်။ [အကြင်ရဟန်းသည် သတ္တဝါ မှန်းသိသော သညာနှင့်တကွ (သေစေလိုသော စေတနာဖြင့်) စေ့ဆော်၍ လူ၏ကိုယ်ကို ဇီဝိတိန္ဒြေမှ ချအံ့၊ (“သတ်အံ့”ဟူလို) ထိုသေလိုသူ အနီး၌ (အလွယ်တကူရအောင်) လက်နက် တစ်စုံတစ်ခုကိုမူလည်း ရှာ၍ ချထားအံ့၊ ဤရဟန်းသည် ပါရာဇိကကျ၍ ရဟန်းကောင်းတို့နှင့် ပေါင်းသင်းဆက်ဆံခွင့် မရတော့ချေ။ -ဤမူလပညတ်၌ “မရဏဝဏ္ဏံဝါ သံဝဏ္ဏေယျ” စသော စကားများ မပါသေးသည်ကို သတိပြု၊]
မှတ်ချက်။ ။ ရှေးလွန်လေပြီးသောအခါ မူဆိုးငါးရာတို့သည် တသက်ပတ်လုံး သားငှက်တို့ကိုသတ်၍ အသက်မွေးခဲ့ကြပြီးနောက် ငရဲရောက်၍ ငရဲမှ လွတ်သောအခါ လူ့ဘဝရကြပြန်သဖြင့် ဘုရားအထံတော်၌ ရဟန်းပြုကြလေသည်၊ ထိုသူတို့တွင် အချို့မှာ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်ကြ၍ အချို့ကား ပုထုဇဉ်ဘဝ၌သာ တည်နေကြသေး၏။ မုဆိုးဘဝ၌ ပြုခဲ့သော အကုသိုလ်ကံကြွင်းသည် ယခုအခါ အခွင့် သာတော့မည်ဖြစ်၍ ကိုယ့်ကိုယ် ကိုယ်သတ်၍ဖြစ်စေ, သူတစ်ပါး၏ အသတ် ခံ၍ဖြစ်စေ ဧကန်ပျက်စီးကြရတော့မည်၊ ကံအကျိုးပေးခွင့် ကြုံလာလျှင် ဘုရားရှင်လည်း မတားမြစ်နိုင်။
ထိုသူတို့တွင် သောတာပန် စသည်ဖြစ်ပြီး သူတို့မှာ ဂတိမလွဲနိုင်သော်လည်း ပုထုဇဉ်ရဟန်းတို့အတွက် လားရမည့်ဘဝကို စိတ်မချရ၊
စာမျက်နှာ-၁၇
သေခါနီး၌ မိမိကိုယ်ကိုစွဲလမ်းခင်မင်နေလျှင် ဧကန်အပါယ်ကျရလိမ့်မည်။ ခန္ဓာကိုယ်ကို မစွဲလမ်းလျှင်ကား မိမိတရားကို နှလုံးသွင်းခါ နတ်ပြည်သို့ ရောက်နိုင်ရာ၏-ဟု မြှော်မြင်တော်မူသောကြောင့် ဘုရားရှင်လည်း အသုဘကမ္မဋ္ဌာန်းကို ဟောထားတော်မူနှင့်လေသည်။
ထိုသို့ တရားဟောတော်မူပြီးလျှင် “လာမည့် ၁၅-ရက်အတွင်းမှာ ထိုသတ်ဖြတ်မှုကိစ္စ ပေါ်လာတော့မည်, ငါဘုရား မကယ်နိုင်သော ကံ အကျိုး တရားကြီးကို တွေ့မြင်နေရသဖြင့် အကျိုးမရှိ” ဟု သဘောတော်ရ၍ ၁၅-ရက်လုံးလုံး အဖူးအမျှော် အတွေ့ခံတော်မမူဘဲ တစ်ပါးထည်း ကိန်းအောင်း နေတော်မူ၍ ရဟန်း ငါးရာလုံး ကုန်ဆုံးပြီးမှ ထွက်တော်မူလာပြီးလျှင် ရဟန်းများ နည်းသွားခြင်း၏ အကြောင်းကို သိတော်မူသော်လည်း စကားလက်စရမှ သိက္ခာပုဒ် ပညတ်တော် မူလိုသောကြောင့် အရှင်အာနန္ဒာအား ရဟန်းများ နည်းပါးခြင်း၏ အကြောင်းကိုမေးတော်မူလေသည်။
အနုပညတ်
အမှုသည်−ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု−သေခြင်း၌ ကျေးဇူးရှိပုံကို ပြောမှု။
သေရခြင်း၌ ကျေးဇူး ကျေးဇူးရှိကြောင်းပြောမှု။ ။ ဥပါသကာ တစ်ယောက်သည် မကျန်းမမာ ဖြစ်နေ၏၊ သူ၏ဇနီးသည် အလွန်လှပ၏၊ ဆဗ္ဗဂ္ဂီ ရဟန်းတို့ကား ထိုဇနီး၌ စွဲလမ်းနေကြလေသည်၊ ထို့ကြောင့် “ဥပါ သကာသေလျှင် သူ့ ဇနီးကို ရလိမ့်မည်”ဟုမျှော်လင့်ချက်ဖြင့် ဥပါသကာအား ပြောပြကြသည်မှာ-“ဒကာ...သင်သည် မကောင်းမှုကို ရှောင်ကြဉ်၍ ကုသိုလ်ကောင်းမှုကို ပြုထားသူဖြစ်၏၊ သင့်မှာ ရောဂါစွဲကပ်၍ ဆင်းရဲသော အသက်ရှင်ခြင်းဖြင့် ဘာအကျိုးရှိဦးမှာလဲ၊ အသက်ရှင်နေခြင်းထက် သေရ ခြင်းက မြတ်ပါသေး၏၊ သေလျှင် နတ်ပြည်ရောက်၍ ချမ်းချမ်းသာသာ နေရလိမ့်မည်” ဤသို့ ပြောကြလေသော် ဥပါသကာလည်း “ကိုယ်တော်များပြောတာ မှန်ပေသည်”ဟု ယူဆ၍ မသင့်သော အစာများကို စားသောက်လေရာ မကြာခင် ရောဂါတိုးသဖြင့် စုတေလေသည်၊ ထိုအခါ “ရဟန်းတွေက သေခြင်း၏ အကျိုးကျေးဇူးကို ပြောသောကြောင့်သာ သူ့ယောက်ျား သေရသည်”ဟု ဇနီးသည်က အတတ်စွဲ၍ ကဲ့ရဲ့သည်ကို တဆင့်စကား တဆင့်နားဖြင့် ဘုရားရှင် ကြားတော်မူသောကြောင့်—
စာမျက်နှာ-၁၈
“မရဏဝဏ္ဏဝါ သံဝဏ္ဏေယျ, မရဏယဝါ သမာဒါပေယျ အမ္ဘော ပုရိသ ကိံ တုယှိမိနာ ပါပကေန ဒုဇ္ဇီဝိတေန, မတံတေ ဇီဝိတာ သေယျောတိ, ဣတိစိတ္တမနော စိတ္တသင်္ကပ္ပေါ အနေကပရိယာယေန မရဏဝဏ္ဏံဝါ သံဝတ္တေယျ, မရဏာယဝါ သမာဒါပေယျ”။
ဟု ဖြည့်စွက်၍ အနုပညတ် ထပ်ဆင့်တော် မူရလေသည်။
သိက္ခာပုဒ်မြန်မာပြန်။ ။ ၁-ယောပန ဘိက္ခု၊ သဉ္စိစ္စ မနုဿဝိဂ္ဂဟံ ဇီဝိတာဝေါရောပေယျ = အကြင်ရဟန်းသည် သတ္တဝါမှန်းသိလျက် တမင် အားထုတ်၍ လူကို ကိုယ်တိုင်သတ်အံ့, သို့မဟုတ် အသတ်ခိုင်းအံ့။
၂-သတ္တဟာရကံဝါဿ ပရိယေသေယျ(ထိုသို့ အသတ်မခိုင်းလျှင်) သေချင်နေသူ အလွယ်တကူသေရအောင် ထိုသူ အနီး၌ လက်နက်တစ်စုံရာကို ရှာမှီး၍ ချထားအံ့။
၃-မရဏဝဏ္ဏံ ဝါ သံဝဏ္ဏေယျ = (ဆင်းရဲစွာ အသက် ရှင်နေရခြင်း၏ အပြစ်ကိုပြောပြခြင်း, သေသည့်အခါ ရောက်ရမည့် သုဂတိ ဘဝကို ပြောပြခြင်းအားဖြင့်) သေခြင်း၏ အကျိုးကျေးဇူးကို (ထိုသူ သေချင်စိတ် ပေါက်လာအောင်) ပြောပြအံ့။
[“အမ္ဘော ပုရိသ ကိံ တုယှိမိနာ ပါပကေန ဒုဇ္ဇီဝိတေန, မတံ တေ ဇီဝိတာ သေယျော”ကား သေခြင်း၏ ကျေးဇူးကို ပြောပြပုံ စကားတည်း။ အမောင်ယောက်ျား... သင့်မှာ ဆင်းဆင်းရဲရဲ စားချင်တာ မစားရ, သောက်ချင်တာ မသောက်ရနှင့် အသက်ရှင်နေရခြင်းဖြင့် ဘာအကျိုးရှိတော့မှာလဲ၊ သင့်အတွက်တော့ အသက်ရှင်နေ ရခြင်းထက် သေရခြင်းက ကောင်းပါသေးတယ်”ဟု ပြောသည်။]
၄-မရဏာယဝါ သမာဒါပေယျ (ကြိုးဆွဲချပြီးလဲ သေနိုင်တယ်, အဆိပ်သောက်ပြီးလဲ သေနိုင်တယ်, ရေထဲခုန်ချပြီးလဲ သေနိုင်တယ် စသည်ဖြင့်) သေဖို့ရာနည်းလမ်းကိုလည်း ပြောပြအံ့။
[“ဣတိ စိတ္တ မနော စိတ္တသင်္ကပ္ပေါ အနေက ပရိယာယေန မရဏဝဏ္ဏံဝါ သံဝဏ္ဏေယျ, မရဏာယဝါ သမာဒါပေယျ”ဟု ထပ်၍ ပါနေသော စကား တို့ကား ပြီးခဲ့သောစကားကို ပြန်၍အုပ်သော နိဂုံးစကားတည်း၊ ဤသေခြင်း စိတ်ရှိ, သေခြင်း သညာ စေတနာ ဝိတက်ရှိသည်ဖြစ်၍ နည်းအမျိုးမျိုးဖြင့်
စာမျက်နှာ-၁၉
သေခြင်း၌ အကျိုးကျေးဇူးကိုပြောအံ့၊ သေဖို့ရန် နည်းပေးလမ်းပြလုပ်အံ့” ဟု ဆိုလိုသည်။
အယမ္ပိပါရာဇိကော ဟောတိ အသံဝါသော-သူသတ်လို့ဖြစ်စေ အသတ်ခိုင်းလို့ဖြစ်စေ သေသွားလျှင်, သူချထားသော လက်နက်ဖြင့် သေသွားလျှင်, သူပြောသည့်အတိုင်း မတော်တာစား၍ ရောဂါတိုးပြီး သေသွားလျှင်, သူနည်းပေးသည့်အတိုင်း ကြိုးဆွဲချမှုစသည်ပြု၍ သေလျှင် ဤရဟန်းမှာ ပါရာဇိက ကျ၍ ကံကြီးကံငယ်ကိစ္စ၌ ရဟန်းကောင်းတို့နှင့် ပေါင်းသင်းခွင့်မရတော့ချေ။
တတိယပါရာဇိကအင်္ဂါ။ ။ ၁-လူဇာတ်ရှိခြင်း (လူ အ စစ် ဖြစ် ခြင်း), ၂’သတ္တာမှန်းသိခြင်း, ၃’သတ်လို (သေစေလို) သောစိတ်ရှိခြင်း, ၄-လုံ့လအားစိုက်ခြင်း, ၅’သေခြင်း၊ ဤအင်္ဂါ၅-ပါးစုံမှ ပါရာဇိက ကျသည်။
[ဆောင်] လူဇာတ်လည်းရှိ, သတ္တဝါဟုသိ၍, သတ်မည့်လိုလား, စိတ်စက်ထား ဖြင့်အားပါးစိုက်လျှင်း, စုတေခြင်း, ကြောင်းရင်း ၅လီ, အင်္ဂါညီ, ကျပြီပါရာဇိက်။
၁။ လူဇာတ်ရှိသူလူစင်စစ်ကိုသတ်မှပါရာဇိကကျသည်၊ လူစင်စစ်မဟုတ်-လူယောင်ဆောင်နေသော ဘီလူး ပြိတ္တာနှင့် နတ်ဘီလူးစသော နတ် မျိုးတို့ကိုသတ်လျှင် ထုလ္လစ္စဉ်းအာပတ်သင့်၏၊ တိရစ္ဆာန်ကိုသတ်လျှင် ကား ပါစိတ်အာပတ်”ဟု ပါစိတ်အခန်း၌ လာလတ္တံ့။ [လူဇာတ် ရှိသူဖြစ်လျှင်ကား ပဋိသန္ဓေနေစ ကလလရေကြည်ဘဝ၌ပင် ကိုယ် ဝန်ကျဆေးပေးခြင်း, ဗိုက်ကိုအနှိပ်ခံစေခြင်း စသည်ပြုလျှင်ပင် ပါရာဇိက ကျ၏။]
၂။ သတ္ထာမှန်းသိမှလည်း အာပတ်သင့်၏၊ ညဥ့်မှောင်မိုက်၌ သတ္တာဟု မထင်ဘဲ သစ်ငုတ်ကြီးထင်၍ လူကိုပစ်ခတ်သော်လည်း သေစေကာမူ ပါရာဇိကမကျ။
၃။ သေစေလိုသောစိတ်ရှိမှလည်း ပါရာဇိကကျ၏၊ သေစေလိုသော စိတ် မရှိဘဲ ညှဉ်းဆဲလိုသောစိတ်ဖြင့် ရိုက်နှက်ရာ၌ သေသွားစေကာမူ ပါရာဇိကမကျ၊ သို့သော် ပါစိတ်ခန်း၌ လာလတံ့အတိုင်း ... ပါစိတ် အာပတ်ကားသင့်သည်။
၄။ သေစေလို၍ ရိုက်နှက်မှု ကိုယ်ဝန်ကျဆေးပေးမှုစသော ကိုယ်လက် ဆိုင်ရာ လုံ့လကိုဖြစ်စေ, အသတ်ခိုင်းမှ, သေဖို့ရာနည်းလမ်းပေးခြင်း, ဂါထာမန္တန်စုတ်ခြင်းစသော နှုတ်မှုဆိုင်ရာ လုံ့လကိုဖြစ်စေ (ကိုယ်မှု
စာမျက်နှာ-၂၀
နှုတ်မှတစ်ခုခု)ပြု၍ သေစေမှ ပါရာဇိကကျသည်၊ ကိုယ်မှုနှုတ်မှတစ်ခုခု ပြုသော်လည်း မသေလျှင်ပြုသည့်အတွက်(ပြုရုံမျှဖြင့်)ဒုက္ကဋ်အာပတ် သင့်၍, အပြုခံရသူမှာ ဆင်းဆင်းရဲရဲ ခံနေရလျှင် ထုလ္လစ္စဉ်းအာပတ် သင့်၏။
သတိပြုဖွယ်။ ။ သေခြင်း၏အကျိုးကျေးဇူးကိုပြောပြရာ၌ ကိုယ်တိုင်လည်းမသတ်-သူတစ်ပါးကိုလည်း အသတ်မခိုင်းဘဲ သေချင်လာအောင်ပြောပြရုံဖြင့် အာပတ်သင့်ရသည်၊ ယခုအခါ လူမမာနား၌ သေရမှာ မကြောက်အောင် သူမမာကိုအားပေးစကားပြောတတ်၏။ ဆင်းရဲစွာရောဂါခံနေရသည်ကို မြင်၍ မြန်မြန်သေအော်ပြောတတ်ကြ၏။ အသတ်ခံရတော့မည့်ရာဇဝတ် ကောင်ကို တချက်တည်းနှင့်သေပါစေဟု (သနားသဖြင့်) ပြောတတ်ကြ၏။ ထိုသို့ပြောကြရာ၌ မိမိပြောမှုကြောင့် အနည်းငယ်မျှ အချိန်စော၍ သေလျှင် ပြောသူမှာ ဤသိက္ခာပုဒ်ဖြင့် အပြစ်သင့်တတ်သည်၊ ထို့ကြောင့် လူမမာ အနား၌ အားပေးမမှားဖို့ သတိပြုသင့်ကြသည်။
ဃ။ ဥတ္တရိမနုဿဓမ္မပါရာဇိက မူလပညတ်
အမှုသည်—ဝတ္ထုပုဒါမြစ်ကမ်း၌ ဝါကပ်သောရဟန်းများ။
အမှု—ဈာန်မဂ်ဖိုလ်မရဘဲ ဝါကြွား၍ပြောမှု။
ရဟန်းများ ညာကြပုံ။ ။ ဝဠုမုဒါမြစ်သည် ဝဇ္ဇီတိုင်းတွင် အပါအဝင်ဖြစ်၏၊ ဝဂ္ဂုမုဒါမြစ်ကမ်း၌ ရဟန်းအများ ဝါကပ်ချိန်ဝယ် ဝဇ္ဇီတိုင်းသည် ငတ်မွတ်ခေါင်းပါးခြင်းဘေး (ဒုဗ္ဘိက္ခန္တရကပ်) ဆိုက်ရောက်နေသောကြောင့် ရဟန်းအများပင် ဆွမ်းခံ၍ မလွယ်ကူတော့ချေ၊ ထိုအခါရဟန်းများ စည်းဝေး၍ အမျိုးမျိုး အကြံပေးကြရာဝယ်, “မည်သည့်ကိုယ်တော်ဟာ ဈာန်ရပုဂ္ဂိုလ်ဖြစ်တယ်, မည်သည့်ကိုယ်တော်ကတော့ သောတာပန်ဖြစ်တယ်, မည်သည့်ကိုယ်တော်ကမူ ရဟန္တာဖြစ်တယ်” ဤသို့ စသည်ဖြင့် တစ်ပါး၏ဂုဏ်ကို အခြားတစ်ပါးက လူတို့အား ပြောပြသောနည်းကို အားလုံး သဘောတူအတည်ပြု၍ မိမိတို့မှာ မရှိသောဂုဏ်ကို လူတို့အား ကြွားဝါ၍ ပြောကြလေသည်၊ ထိုအခါ လူတို့က လွန်စွာကြည်ညိုကြသဖြင့် မိမိတို့မစားရက် မသောက်ရက် သားသ္မီး, မိဘတို့ကိုမျှ မကျွေးရက်သော အစားအစာများကို လှူဒါန်းကြလေသည်။
ဘုရားရှင် ကဲ့ရဲ့တော်မူပုံ။ ။ သီတင်းဝါလကျွတ်လျှင် ဘုရားအထံ အဖူးအမျှော်လာကြရိုး ထုံးစံရှိသည့်အတိုင်း ထိုဝတ္တုမုဒါမြစ်ကမ်းမှ ရဟန်းတို့လည်း ဘုရားထံလာကြလေရာ, ဘုရားရှင်က (သိတော်
စာမျက်နှာ-၂၁
မူလျက်နှင့် စကားလက်စရအောင်) “သင်တို့ ဝါတွင်း၌ ချမ်းသာစွာ နေခဲ့ကြရ၍လား, ဆွမ်းကိစ္စလဲ မပင်ပန်းဘဲ မျှတကြ၍လား”ဟု မေးတော်မူလေသည်၊ ထိုအခါ ဆွမ်းကိစ္စ မပင်ပန်းပါကြောင်း လျှောက်ကြလေလျှင် “ဘယ်နည်းနဲ့ မပင်ပန်းဘဲ နေခဲ့ကြရသလဲ”ဟု ထပ်မံ မေးတော်မူသောအခါ သူတို့ ကြွားဝါခဲ့ပုံကို အလုံးစုံလျှောက်ကြလေသည်၊ ထိုအခါဘုရားရှင်က “သင်တို့အလုပ်ဟာ ရဟန်းများနှင့် မလျော်သော အလုပ်ဖြစ်သည်၊ အလွန် ထက်သော သားလှီးဓားဖြင့် ဗိုက်ကိုဖြတ်လှီးလိုက်ရတာက တဘဝသာ အသက်သေ၍ နောင်အရှည် ငရဲမကျနိုင်သဖြင့် ကောင်းသေး၏၊ (သက်သာ သေး၏၊) ဝမ်းရေးအတွက်ကြောင့် မဟုတ်မမှန် လုပ်ကြံညာဖြန်း၍ မိမိဂုဏ် ပြောမှရသော အစာကို စားရခြင်းကြောင့်ကား သေလျှင် အပါယ် ရောက်ဖွယ်ရာရှိသဖြင့် မကောင်းမြတ်ချေ”ဟု ကဲ့ရဲ့တော်မူပြီးလျှင် သူခိုးဓားပြ ငါးမျိုးကို ဆက်လက်ဟောတော်မူပြန်သည်။
ဓားမြကြီးငါးမျိုး
၁။ ရဟန်းတစ်ပါးသည် “ရာထောင်များစွာ တပည့်ပရိသတ် ခြံရံလျက် မြို့ရွာများကို လှည့်လည်ကာ ဒကာ ဒကာမတို့၏ အပူဇော်ကို ဘယ်တော့များခံရပါ့မလဲ”ဟု ကြံစည်၍ ထိုကဲ့သို့ အပူဇော်ခံရအောင် ကြိုးစားအားထုတ်သဖြင့် အပူဇော်ခံရ၏၊ ထိုသူသည် သာသနာတော်ကြီးပွားရေး သတ္တဝါတို့ အကျိုးများရေးကို မရည်ရွယ်ဘဲ သာသနာတော်မှီပြီး မိမိကြီးကျယ်ခမ်းနားရေးကိုသာ တွေး၍ အားထုတ်သော ပထမသူခိုးဓားပြတစ်ဦးတည်း။
၂။ ရဟန်းတစ်ပါးကား ဘုရားဟောအပ်သော တရားတော်ကို သူ ကိုယ်တိုင် ကြံစည်၍ သိသကဲ့သို့ ပြော၍ တရားတော်ကို ခိုးယူ၏၊ ထိုသူလည်း ဒုတိယ သူခိုးဓားပြ တစ်မျိုးပင်တည်း။
၃။ ရဟန်းတစ်ပါးကမူ သီလစင်ကြယ်သော ရဟန်းတော်ကို သီလမစင်ကြယ်ဘူးဟု စွပ်စွဲ၏၊ ထိုသူလည်း တတိယသူခိုး ဓားပြတစ်မျိုးပင်တည်း။
၄။ ရဟန်းတစ်ပါးကား သံဃိကပစ္စည်းဖြစ်သော ကျောင်းမှစ၍ မြက်ဝါး တိုင်အောင် ပစ္စည်းများကို လူတို့အားပေး၏၊ ထိုသူလည်း သူခိုး ဓားပြတစ်မျိုးပင်တည်း။
၅။ ရဟန်းတစ်ပါးကမူ မိမိမှာမရှိသော ဈာန်မဂ်ဖိုလ်တရားကို ရှိဟန်ဆောင်၍ လူတို့အားပြောဆို၏ “ထိုသူကား တစ်ယောက်နှစ်ယောက်
စာမျက်နှာ-၂၂
မက တလောကလုံးကို လိမ်ရာကျသောကြောင့် အကြီးကျယ်ဆုံး သူခိုးဓားပြတည်း”ဟု သူခိုးငါးမျိုးကို ခွဲခြားဟောပြတော်မူ၍ “ယော ပန ဘိက္ခု အနဘိဇာနံ မှစ၍ တုစ္ဆံမုသာ ဝိလပိန္တိ” တိုင် အောင် သိက္ခာပုဒ်ကို ပညတ်တော်မူသည်၊ [ဤမူလပညတ်၌ အညတြ အဓိမာနာ”ဟု မပါသေးသည်ကို သတိပြု။
အနုပညတ်
အထင်မှား၍ ပြောမှု။ ။ သီလစင်ကြယ်၍ ကမ္မဋ္ဌာန်းအားထုတ်လေ့ ရှိကြသော များစွာသော ရဟန်းတို့သည် မိမိတို့ သန္တာန်၌ ကိလေသာ စိတ်လုံးလုံး မဖြစ်ကြသောကြောင့် ကိုယ့်ကိုယ်ကို ရဟန္တာဖြစ်ပြီဟု မှတ်ထင်ကြ၍ အခြားသီတင်း သုံးဖော် ရဟန်းတို့အား ပြောပြကြလေသည်၊ ထို့နောက် ရာဂဒေါသ မောဟစိတ်များဖြစ်လာပြန်သောအခါမှ ရဟန္တာမဖြစ်သေး မှန်းသိ၍ ရှေးက “ရဟန္တာဖြစ်ပြီ”ဟု ပြောမိသည့်အတွက် ပါရာဇိကပြစ်များ သင့်လေရော့သလားဟု ယုံမှားသံသယ ဖြစ်ပြီးလျှင် အရှင်အာနန္ဒာအား လျှောက်ကြလေရာ, အရှင်အာနန္ဒာကတဆင့် ဘုရားရှင်အထံ လျှောက်လေသော် “မဂ်ဖိုလ်ရပြီဟု ထင်မိ၍ ပြောခြင်းသည် လိမ်ခြင်း မဟုတ်ရကား အာပတ်မသင့်ဟု မိန့်တော်မူပြီးလျှင် အညတြ အဓိမာနာ”ဟု ချွင်းချက်ပြု၍ အနုပညတ် တပ်တော်မူရလေသည်။
အပြည့်အစုံသိက္ခာပုဒ်။ ။ ယောပန ဘိက္ခု အနဘိဇာနံ ဥတ္တရိမနုဿဓမ္မံ အတ္တုပနာယိကံ အလမရိယဉာဏဒဿနံ သမုဒါစရေယျ ဣတိဇာနာမိ ဣတိပဿာမီတိ၊ တတော အပရေန သမယေန သမနုဂ္ဂါဟိယမာနောဝါ အသမနုဂ္ဂါဟိယမာနောဝါ အာပန္နော ဝိသုဒ္ဓါ ပေက္ခော ဧဝံ ဝဒေယျ၊ အဇာန မေဝံ အာဝုသော အဝစံ ဇာနာမိ အပဿံ ပဿာမိ တုစ္ဆံ မုသာ ဝိလပိန္တိ အညတြ အဓိမာန၊ အယမ္ပိ ပါရာဇိကော ဟောတိ အသံဝါသော။
စာမျက်နှာ-၂၃
အခန်း သိက္ခာပုဒ် မြန်မာပြန်။ ။ အကြင်ရဟန်းသည် ဥတ္တရိမနုဿဓမ္မဟုခေါ်ရသော ဈာန်မဂ်ဖိုလ်တရားကို မိမိမှာ မရှိကြောင်း သိပါလျက်, ကိလေသာကို ဖျက်ဆီးစွမ်းနိုင်သော ဉာဏ်အမြင်အထူးပါရှိသော ဥတ္တရိမနုဿဓမ္မကို မိမိသို့ ဆောင်ယူ၍ (ဈာန်မဂ်, ဖိုလ် ရှိဟန်ဆောင်၍) “ဤအကြောင်းကြောင့် ငါသိ၏, ဤအကြောင်းကြောင့် ငါမြင်၏ဟု ပြောအံ့၊ [ဤသို့ပြော လျှင်ပင် ပါရာဇိကကျပြီ “တတော အပရေန”စသည်ကား သူ့မှာ သင့်သော အာပတ်ကို ထုတ်ဖေါ် ဝန်ခံပုံကို ပြသော စကားတည်း၊ ထိုသို့ ဝန်မခံသော်လည်း ပါရာဇိကကား ကျပြီးပင်။ ထိုပြောပြီးရာကာလမှ နောက်၌ သူတစ်ပါးတို့က စစ်ဆေးအပ်သည် ဖြစ်စေ, မစစ်ဆေးအပ်သည် ဖြစ်စေ အာပတ် သင့်ပြီးဖြစ်၍ မိမိစင်ကြယ်ရာ စင်ကြယ်ကြောင်း လူ့အဖြစ်ကိုလိုလားရကား ဤသို့ပြောတန်ရာ၏.. “အရှင်ဘုရား... တပည့်တော်သည် မသိပါဘဲ သိတယ်, မမြင်ပါဘဲ မြင်တယ်ဟု အချီးနှီးသောစကားကို လိမ်၍ ပြောမိပါပြီ”ဟု ပြောဆိုဝန်ခံရာ၏၊ မိမိ၌ ဈာန်မဂ်ဖိုလ်ရှိ၏ဟု ထင်၍ ပြောခြင်း မှတစ်ပါး (သက်သက်လိမ်၍ ပြောသော) ဤရဟန်းလည်း ပါရာဇိကကျ၍ ရဟန်းကောင်းတို့နှင့် ကံကြီးကံငယ် ကိစ္စ၌ ပေါင်းသင်းခွင့်မရတော့ချေ။
အသိခက်သောပါဠိများ
ဥတ္တရိမနုဿဓမ္မံ။ ။ ဥတ္တရိ = မြင့်မြတ်သော+မနုဿ = လူ၊ (ဈာန်ရသော ဈာယီပုဂ္ဂိုလ်, မဂ်ဖိုလ်ရသော အရိယာ ပုဂ္ဂိုလ်များကို ဆိုသည်၊) ဓမ္မ= တရား၊ ထိုဈာယီ အရိယာလူတို့၏ တရား-ဟူသည် ဈာန်မဂ်ဖိုလ် တရားတည်း။
အလမရိယဉာဏဒဿနံ။ ။ အလံ = စွမ်းနိုင် (ကိလေသာတို့ကို ဖျက်ဆီးခြင်း ကိစ္စ၌ စွမ်းနိုင်) +အရိယ = ကိလေသာ အညစ်အကြေးမှ ဖြူစင် သန့်ရှင်းသော+ဉာဏ+ဒဿန သိလည်းသိတတ် + မြင်လည်း မြင်တတ်သောဉာဏ်၊ ထိုဉာဏ်နှင့်ယှဉ်သော ဈာန်မဂ်ဖိုလ် တရားကို “အလမရိယဉာဏဒဿန”ဟု ဆိုသည်။
စာမျက်နှာ-၂၄
အတ္တုပနာယိကံ။ ။ အတ္တ=မိမိသို့+ ဥပ = ကပ်၍+နာယိက = = ဆောင်လျက်၊ “မရအပ်သေးသော ဈာန်မဂ်ဖိုလ်တရားကို မိမိရလေဟန် ဆောင်ခြင်း”ဟူလို။
ဝိသုဒ္ဓါပေက္ခာ။ ။ ပါရာဇိကကျနေသော ရဟန်းဘဝကား သူ့ အတွက်မှာ မသန့်ရှင်းသော ဘဝဖြစ်၍ လူ့ဘဝသာလျှင် သူ့အတွက် သန့်ရှင်း စင်ကြယ်သော ဘဝဖြစ်၏၊ ထို့ကြောင့် လူ့ ဘဝကို “ဝိသုဒ္ဓ”ဟု၎င်း၊ ထိုလူ့ ဘဝသို့ပြောင်းလို လူဝတ်လဲလိုခြင်းကို “အပေက္ခ”ဟု၎င်းဆိုသည်။
အဓိမာနာ။ ။ အဓိ= ရအပ်ပြီဟု+မာန = မှတ်ထင်ခြင်း၊ မရသေးသော်လည်း အလွန်ကြိုးစား အားထုတ်နေသူဖြစ်၍ ရပြီးပြီဟု မှတ်ထင်မှုကို “အဓိမာန”ဟု ခေါ်သည်၊ တနည်း- အဓိက=လွန်ကဲသော+မာန = မှတ်ထင်ခြင်း၊ မိမိမှာရရှိပြီးသော သီလ, သမာဓိ, ပညာဂုဏ်ထက် တိုးတက်လွန်ကဲ၍ (ဈာန်မဂ်ဖိုလ် တစ်ခုခုရပြီဟု) အထင်ကြီးနေခြင်း-ဟူလို။
စတုတ္ထ ပါရာဇိက အင်္ဂါ။ ။ ဈာန်မဖိုလ်ဥတ္တရိရယ်က, မိမိ၌မရှိမှန်၊ ပါပိစ္ဆာ စိတ်ဝါကြွားနှင့်, ပြောမှားမိဟန်၊ သူတစ်ပါးမညွှန်ပြန်, နာခံသူ့ လူသား၊ ပြောခြင်းပင် အမြန်သိလျှင်လ, အင်ငါးတန်-အမှန်ရှိတာကြောင့်, စတုတ္တာ ပါရာဇိငယ်, ကျ၏မမှား။
၁။ ဈာန်တရား, မဂ်ဖိုလ်တရားကို “ဥတ္တရိ မနုဿဓမ္မဟုခေါ်၏၊ [ဥတ္တရိ=မြင့်မြတ်သော+မနုဿာ=လူ။ ဈာန်ရနေသူဖြစ်၍ ရိုးရိုးလူတို့ထက် မြင့်မြတ်သောလူကို “ဥတ္တရိမနုဿ”ဟု ခေါ်၏။ “ထိုမြင့်မြတ်သော လူတို့၏တရား” ဟူသည် ဈာန်တရား-မဂ်ဖိုလ်တရားတည်း။] ထိုဈာန် မဂ်ဖိုလ်တရားတို့ မိမိမှာ မရှိဘဲလျက် “ရှိသည်-ဈာန်ရသည်, မဂ်ဖိုလ် ရသည်ဟု ပြောလျှင် ပါရာဇိကကျ၏။
၂။ [ပါပ = ယုတ်မာသော+ဣစ္ဆာ = အလို။] ဤသိက္ခာပုဒ်၌ “ယုတ်မာ သော အလို”ဟူသည် ဝါကြွားလိုသော အလိုဆန္ဒတည်း၊ ထိုသို့ ဝါကြွားလိုသော ဆန္ဒဖြင့် ပြောမှ ပါရာဇိကကျသည်၊ ကမ္မဋ္ဌာန်း အားထုတ်နေသူဖြစ်၍ လောဘ ဒေါသ စသော စိတ်များလည်း အတော်ကြာကြာ မဖြစ်သောကြောင့် တကယ်ပင် ဈာန် (မဂ်ဖိုလ်) ရပြီဟုထင်၍ ပြောမိလျှင်ကား ပါရာဇိကမကျ။
စာမျက်နှာ-၂၅
၃။ သူတစ်ပါးကိုညွှန်ပြ၍ ပြောခြင်းမဟုတ်ဘဲ, မိမိကိုညွှန်ပြ၍ “ငါဈာန်ရ သည်, ငါမဂ်ဖိုလ်ရသည်” စသည်ဖြင့် ပြောမှ ပါရာဇိကကျသည်၊ “ငါ့ဥပဇ္ဈာယ်ဆရာ၏ တပည့်များ ရဟန္တာချည်းဘဲ”ဟု ကြွားဝါလို၍ ပြောရာ၌ကား ထိုတပည့်တို့တွင် မိမိလည်းပါဝင်သော်လည်း “ငါ= တပည့်တော်”ဟု မိမိကိုတိုက်ရိုက် မညွှန်ပြသောကြောင့် ပါရာဇိက မကျ၊ ထုလ္လစ္စဉ်းအာပတ်သာ-ဟု မိန့်တော်မူသည်။
၄။ အပြောခံရသူကလူဖြစ်မှ ပါရာဇိကကျသည်၊ နတ်စသူကိုပြောမိလျှင် ပါရာဇိကမကျ၊ နတ်တို့သည် အသိမြန်လွန်းသောကြောင့် နတ်အား ပြောရာ၌ ပါရာဇိကမကျဟု ချွင်းချက်ပြုတော်မူသည်။
၅။ ဥတ္တရိမနုဿဓမ္မကို ငါရသည်”ဟု ပြေပြီးလျှင် ပြီးခြင်း (ယခု ကာလစကားပြောကြရာ၌ ပြောပြီးလျှင် နားထောင်သူက ချက်ခြင်း နားလည်သလို)နားလည်မှ ပါရာဇိကကျသည်၊ အကြာကြီး တွေးပြီးမှ “သူဟာဈာန်ရသူဘဲ”စသည်ဖြင့် သိရာ၌ ပါရာဇိကမကျ။
သတိပြုဖွယ်များ
ဤစတုတ္ထပါရာဇိကမှာလည်း သတိထားဖွယ်များသေး၏၊ ရဟန်းအများတို့သည် “ဤနေရာမှအရင်ဆုံးထွက်သွားသူကို ရဟန္တာဟူ၍ သိရလိမ့်မည်” ဟု ကတိကဝတ်ပြု၍ ဝါကပ်ကြကုန်၏၊ ရဟန်းတစ်ပါးသည် မိမိကို ရဟန္တာဟု ထင်စေလိုသောကြောင့် (ရဟန္တာမဖြစ်သေးဘဲ) အရင်ဆုံး ထွက်သွား၏၊ ထိုရဟန်း ညာဖြန်းမှုအတွက် ပါရာဇိကကျ၏-ဟု ဆုံးဖြတ်တော်မူသည်၊ ထို့ကြောင့် ယခုကာလ၌လည်း ထိုကဲ့သို့ မညာမိအောင် သတိပြုသင့်၏။ ဘုရားလက်ထက်တော်၌ ရဟန်းတစ်ပါးသည် သူ့ကိုလူအများက ချီးမွမ်းစေလို(အထင်ကြီးစေလို)သောကြောင့် ဣန္ဒြေကြီးစွာ ထား၍ ဆွမ်းခံသွား၏၊ အခြားရဟန်းများကား အထင်ကြီးအောင် ဣန္ဒြေကြီးစွာ ထား၍ စင်္ကြန် သွားကြ, ရပ်နေကြ, ထိုင်နေကြ, လျောင်းနေကြ၏၊ ထိုရဟန်းများကို လူတို့က “ရဟန္တာကိုယ်တော်မြတ်တွေ” ဟု အထင်ကြီးကြ၏၊ ထိုသို့ အထင်ကြီးအောင် ဟန်ဆောင်သောရဟန်းတို့အား “ထုလ္လစ္စဉ်းအာပတ်” ဟု ပညတ်တော်မူသည်။
ထို့ကြောင့် ယခုကာလ၌လည်း မိမိကိုယ်ကို အထင်ကြီးအောင် ဟန် မလုပ်ဖို့ သတိပြုသင့်ကြသည်၊ ဆွမ်းခံသွားမှုစသည်၌ ဘုရားပညတ်တော် မူအပ်သော သိက္ခာပုဒ်ကို စောင့်ထိန်းသောအားဖြင့်သာ ဣန္ဒြေရစွာသွားရ,
စာမျက်နှာ-၂၆
လာရ, နေထိုင်ရမည်၊ ထိုသို့ သိက္ခာပုဒ်ကိုစောင့်ထိန်းသောအားဖြင့် ဣန္ဒြေ ရရသွားမှ စသည်ကြောင့်ကား အာပတ်မသင့်ရုံသာမက, သိက္ခာပုဒ်ကို ရိုသေစောင့်ထိန်းမှု ကုသိုလ်ပင် ရပါသေး၏။
မှန်၏-မြတ်စွာဘုရား၏ ဝိနည်းသိက္ခာပုဒ်တော်များသည် ကိုယ်မှု, နှုတ်မှုကို ဣန္ဒြေရအောင် ပညတ်အပ်သော သိက္ခာပုဒ်များချည်း ဖြစ်၏။ ဥပမာ-“မြို့ရွာ အတွင်း၌ စက္ခုန္ဒြေချ၍သွားရမည်”ဟု ပညတ်တော်မူ၏၊ ရဟန်းသာမဏေများ၏ နဂိုစိတ်ကား တောင်ကြည့် မြောက်ကြည့် ကြည့်ချင်၏။ သို့သော် သိက္ခာပုဒ်တော်ကို ရိုသေသောအားဖြင့် ကြည့်ချင်သော စိတ်အလိုသို့ မလိုက်ဘဲ စက္ခုန္ဒြေချထားခြင်းကို “အထင်ကြီးအောင် ဟန်လုပ်သည်”ဟု မဆိုရ၊ “သိက္ခာပုဒ်တော်ကို စောင့်ထိန်းဖော်ရသော သူတော်ကောင်း” ဟုသာ ဆိုရသည်၊ ထို့ကြောင့် မည်သည့် ကိစ္စ၌မဆို သူတစ်ပါးက အထင်ကြီးအောင် ဟန်လုပ်ခြင်းမျိုး မဖြစ်စေဘဲ သိက္ခာပုဒ်စောင့်ထိန်းခြင်းမျိုး ဖြစ်အောင် သတိပြုသင့်ကြပါသည်။
မှတ်ဖွယ်။ ။ ဘိက္ခုဆိုရာ ပါရာဇိကသိက္ခာပုဒ် ၄-ပါးကို စဉ်းစားလျှင် လူကောင်း များ၏၊ ကျင့်ရိုးကျင့်စဉ် ငါးပါးသီလတွင် ရှေ့သီလ ၄-ပါးနှင့် သဘော တူပင်ဖြစ်၏။ မှန်၏-ပထမပါရာဇိကသည် အဗြဟ္မစရိယမှ ရှောင်ကြဉ် ရသော သိက္ခာပုဒ်ဖြစ်၏၊ ထို့အတူ ဒုတိယပါရာဇိကနှင့် အဒိန္နာဒါန, တတိယပါရာဇိကနှင့် ပါဏာတိပါတ, စတုတ္ထပါရာဇိကနှင့် မုသာဝါဒတို့ သဘောတူပုံကိုသိပါ။
ထိုသို့ သဘောတူသော်လည်း မူး၌ ထိုသီလပျက်သော် ထပ်၍ ဆောက်တည်နိုင်သေး၏၊ ရဟန်းဟော်များ၌ကား ဤသီလ ပျက်လျှင် ထပ်၍ သိက္ခာတင်ခွင့်မရ၊ ဒုဿီလ(သီလမရှိသူ)ဖြစ်တော့ရကား ဘိက္ခုအဖြစ်ကို တသက်လုံး စွန့်လွှတ် လိုက်ရတော့သည်။ ထို့ကြောင့် ရဟန်းဟူသမျှတို့ ဤသီလ ၄-ပါးကို အသက်လို သဘောထား၍ ရိုသေ လေးစားစွာ စောင့်ထိန်းကြရလေသည်။ [ငါးပါးသီလတွင် သုရာမေ သိက္ခာပုဒ်ကို ပါစိတ်ခန်းကျမှ ပညတ်တော်မူလိမ့်မည်၊ ဘိက္ခုနီများ အတွက်က ဤ ၄-ပါးအပြင် နောက်ထပ်ပါရာဇိကများ လာလိမ့်ဦးမည်။]
ပါရာဇိကအခန်းပြီး၏။
စာမျက်နှာ-၂၇
၂။ သံဃာဒိသေသအခန်း
သုက္ကဝိသဒ္ဓိသိက္ခာပုဒ်
မူလပညတ်
အမှုသည်—ရှင်သေယျသက။
အမှု—လုံ့လပြု၍ သုက်လွှတ်စေမှု။
အရှင်သေယျသက။ ။ အရှင်သေယျသကသည် ကာမစိတ်အားကြီး၍ သာသနာတော်၌ မပျော်ပိုက်ဘဲ ရှိနေလေရာ သူ၏ ဥပဇ္ဈာယ် ဖြစ်သော ရှင်ဥဒါယီ၏အကြံပေးချက်အရ စားချင်တိုင်းစား အိပ်ချင်တိုင်းအိပ် ရေချိုးချင်တိုင်း ချိုးပြီးလျှင် ကာမစိတ်ဖြစ်သည့် အခါ သူ၏ အင်္ဂါဇာတ်ကို လက်ဖြင့် လုံ့လပြု၍ သုက်ကိုလွှတ်စေ၏၊ ထိုအကြောင်းကို ရဟန်းများသိ၍ ဘုရားရှင်ထံ လျှောက်ကြလေရာ ဘုရားရှင်သည် များစွာပြစ်တင်ရှုတ်ချကော်မူ၍ “သဉ္စေတနိကာ သုက္ကဝိသဋ္ဌိ, သံဃာဒိသေသော” ဟု မူလပညတ်ကို ထားတော်မူရလေသည်။
အနုပညတ်
အိပ်မက်၌လွတ်စေမှု။ ။ ထိုသို့ ပညတ်တော်မူပြီးနောက် များစွာသော ရဟန်းတို့သည် မွန်မြတ်သော ဘောဇဉ်ကို စားသောက်ကြပြီးလျှင် အိပ်ခါနီး၌ “မည်သည့်အချိန်ကျလျှင် ထမည်”ဟု ထဖို့ရန်လည်း သတိမပြုကြ၊ ဗုဒ္ဓါနုဿတိစသော ကမ္မဋ္ဌာန်း တစ်မျိုးမျိုးကိုလည်း မးဖြန်းကြဘဲ အမှတ်တမဲ့ အိပ်ကြလေသော် ကာမဂုဏ်နှင့် စပ်သော အိမ်မက် မက်၍ သုက်လွတ်ကြလေသည်၊ ထိုအခါ “အာပတ်သင့်လေရော့သလားဟု ယုံမှား သံသယ ဖြစ်ကြသဖြင့် ဘုရားရှင်အား လျှောက်ကြလေရာ အိပ်မက် မက်၍ သုက်လွတ်ရာ၌ သာယာမှု စေတနာကားရှိ၏, သို့သော် ပင်ကိုယ် သတိမျိုး မရှိဘဲ အိပ်မက်ထဲ၌ ဖြစ်ရသောကြောင့် မထိန်းနိုင် မစောင့်စည်းနိုင်သော အရာဖြစ်ရကား အာပတ်မသင့်ဟု မိန့်တော်မူ၍ “အညတြ သုပိနန္တာ” ဟု အနုပညတ် ထပ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ သဉ္စေတနိကာ သုက္ကဝိသဋ္ဌိ အညတြသုပိနန္တာ သံဃာဒိသေသော။ မြန်မာပြန်ကား-အိပ်မက် မက်၍ သုက်လွှတ်ခြင်း မဟုတ်ဘဲ, စေတနာ အထင် အရှား ရှိသော (လွတ်စေလိုသော စေတနာဖြင့် အားထုတ်၍ ဖြစ်သော သုက်လွှတ်စေခြင်းသည်
စာမျက်နှာ-၂၈
သံဃာဒိသေသ်အာပတ်ဖြစ်၏။ [သုက်လွှတ်အောင် အားထုတ်သဖြင့် သုက်လွတ်လျှင် သံဃာဒိသေသ် အာပတ်သင့်၏—ဟူလို။
အင်္ဂါ ၃-ပါး။ ။ ၁-လွှတ်စေလိုသော စေတနာရှိခြင်း, ၂-လွတ်အောင် လုံ့လပြုခြင်း, ၃-သုက်လွှတ်ခြင်း၊ ဤအင်္ဂါ ၃-ပါးစုံမှ အာပတ်သင့်၏။ ထို့ကြောင့် လုံ့လမပြုဘဲ ကာမစိတ်အားကြီး၍ သူ့ဘာသာ လွတ်ရာ၌ အာပတ်မသင့်၊ သို့သော် ထိုစိတ်မျိုးဖြစ်လာလျှင် အသုဘဘာဝနာကို ဖြစ်စေခြင်း, ကျမ်းစာကို ကြည့်ရှုခြင်းစသည်ဖြင့် စိတ်ကို ထိန်းချုပ်လေ့ရှိစေရသည်။
[ဆောင်] လွှတ်စေလိုငှါ-စေတနာတည့်, ဗျာပါလုံ့လ-ပြုမိကလျှင်း, သုက်လွှတ်ခြင်းဟု, ကြောင်းရင်း ၃ လီ, အင်္ဂါညီ, သင့်ပြီ ဝိသဋ္ဌိ။
ကာယသံသဂ္ဂသိက္ခာပုဒ်
အမှုသည်—ရှင်ဥဒါယီ။
အမှု—မာတုဂါမကို ဆွဲကိုင်မှု။
အရှင်ဥဒါယီ ကျင့်ကြံပုံ။ ။ အရှင်ဥဒါယီသည် တောကျောင်း၌နေ၏၊ သူ၏ကျောင်းကား အလွန်လှပ၏၊ အလယ်၌ အခန်းထား၍ နံပါးလေးဘက်၌ လှည့်ပတ်သွားလာဖို့ရာ စင်္ကြံလှည့်၍ထားသည်၊ ခုဋင်ထိုင်ခုံများနှင့် အခင်းခေါင်းအုံးများကိုလည်း သူ့နေရာနှင့်သူ သပ်သပ်ရပ်ရပ် သားသားနားနား ဆင်ပြင်ထား၏၊ သောက်ရေနှင့် ခြေဆေးရေ အဆင်သင့် ခပ်ထားပြီးလျှင် ကျောင်းဝင်းကိုပါ တံမြက်လှည်း ထားသဖြင့် အလွန်သာယာသော ကျောင်းဟု ဆိုထိုက်ရကား လူအများပင် တမင်္ဂလာ ကျောင်းအကြည့်လာတတ်ကြလေသည်၊ အခါတစ်ပါး၌ ပုဏ္ဏားဇနီးခင်ပွန်း ၂-ယောက် ကျောင်းကြည့်ရောက်လာလေသော် ကျောင်းပေါ်တက်၍ အရှင်ဥဒါယီက ပုဏ္ဏားကအလယ်, ပုဏ္ဏားမကလေးက နောက်ကလိုက်လျက် လှည့်ပတ်ကြည့်နေစဉ် အရှင်ဥဒါယီသည် တံခါးများကို တချို့ပိတ် တချို့ဖွင့်လုပ်ရင်း နောက်ချန်ကာ ပုဏ္ဏားမကလေး၏ ကိုယ်အင်္ဂါကို ဆွဲငင်လေသည်။
ပုဏ္ဏေးမကလေးက ဖော်ခြင်း။ ။ ကျောင်းကြည့်ရင်း စကားတပြောပြောနှင့် သွားနေစဉ် ပုဏ္ဏားသည် အရှင်ဥဒါယီအား တောကျောင်းမှာ သီတင်းသုံးတော်မူသဖြင့် အလွန်မြင့်မြတ်တဲ့ အကြောင်းကို ချီးမွမ်းလေသော်, ပုဏ္ဏားမကလေးသည် သူ့ယောက်ျား သူတော်
စာမျက်နှာ-၂၉
ကောင်းကို (ရှင်ဥဒါယီအပေါ် အထင်ကြီးပြီး) ဘုန်းကြီးလုပ်သွားမည် စိုးသောကြောင့် “အရှင်ဥဒါယီဟာ ဘာမြင့်မြတ်သလဲ, ကျွန်မရဲ့ကိုယ်အင်္ဂါတွေကို ရှင်ကိုင်သလို ဟိုကိုင်သည်ကိုင် ကိုင်တယ်ဟု ထုတ်ဖော်ပြောလေသည်၊ ထိုအခါ ပုဏ္ဏားသည် “ဘုန်းကြီးတွေ မကောင်းကြောင်း, အမျိုးသမီးများနှင့်အတူ ကျောင်းသွားဖို့မတော်ကြောင်း” ကဲ့ရဲ့သဖြင့် ဘုရားရှင်ကြား သိတော်မူလေရာ, အရှင်ဥဒါယီကို များစွာ ပြစ်တင်ရှုတ်ချတော်မူ၍ ဤကာယသံသဂ္ဂသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်ပါဠိတော်။ ။ ယောပနဘိက္ခု ဩတိဏ္ဏော ဝိပရိဏတေန စိတ္တေန မာတုဂါမေန သဒ္ဓိံ ကာယသံသဂ္ဂ သမာပဇ္ဇေယျ ဟတ္ထဂ္ဂါဟံဝါ ဝေဏိဂ္ဂါဟံဝါ အညတရဿဝါ အညတရဿဝါ အင်္ဂဿ ပရာမသနံ သံဃာဒိသေသော။
သိက္ခာပုဒ်မြန်မာပြန်။ ။ အကြင်ရဟန်းမှာ မာတုဂါမကို သုံးသပ်ကိုင်ဆွဲလိုသောရာဂသည် ဘီလူးအသွင် ပူးဝင်၍နေသဖြင့် မရိုးမသားစိတ် ဖောက်ပြားပြီးလျှင် မာတုဂါမနှင့်အတူ ကိုယ်လက်နှီးနှောအံ့, လက်ကိုဆွဲအံ့, ဆံထုံးဆံပင်တစ်ခုခုကိုကိုင်အံ့, အင်္ဂါကြီးငယ်တစ်ခုခုကို သုံးသပ်ကိုင်ဆွဲအံ့၊ ထိုရဟန်းမှာ သံဃာဒိသေသ်အာပတ်သင့်၏။
အင်္ဂါ ၅-ပါး။ ။ ၁-လူမိန်းမဖြစ်ခြင်း, ၂-မိန်းမမှန်းသိခြင်း, ၃-ကာယသံသဂ္ဂရာဂရှိခြင်း, ၄-ထိမိအောင် လုံ့လပြုခြင်း, ၅-လက်စသည်ကို ကိုင်မိခြင်း ဤအင်္ဂါငါးပါးညီလျှင် အာပတ်သင့်၏။
[ဆောင်] လူမိန်းမပင်, မိန်းမတင်လျက်, သံသဂ်ရာဂ, လုံ့လပြုခြင်း, ကိုင်မိခြင်း ဟု, ကြောင်းရင်း ၅ လီ, အင်္ဂါညီ, သင့်ပြီသံသဂ္ဂ။
မှတ်ချက်။ ။ မာတုဂါမကိုယ်၌ ဝတ်ထားသော အဝတ်စသည်ကို ကိုင်လျှင် ထုလ္လစ္စဉ်းအာပတ်သင့်၍, မာတုဂါမဝတ်ဖို့ထားသော အဝတ်တန်ဆာများကိုကိုင်လျှင် ဒုက္ကဋ်အာပတ်သင့်သေး၏။ ရိုးသားသောစိတ်ဖြင့် အမိ, နှမ အစသူကိုကိုင်လျှင်လည်း ဒုက္ကဋ်အာပတ်ပင်၊ စာရွက် ရေခွက်စသည်၌ ရေးဆွဲထုလုပ်ထားသော မိန်းမရုပ်များကိုလည်း မကိုင်ကောင်း, ဒုက္ကဋ်ပင်၊ ကိုင်မှဖြစ်တော့မည့်အရာ၌ကား ထိုအရုပ်ကိုမထိစေဘဲလည်းကောင်း, ဓားငယ်ခဲတံစသည်ဖြင့် ခြစ်၍ အနည်းငယ်မျှ ဖျက်ပြီးမှလည်းကောင်း, ကိုင်ကောင်းသည်။
စာမျက်နှာ-၃၀
မထိမကိုင်ကောင်းများ။ ။ မာတုဂါမနှင့် စပ်ဆိုရာသာမက, သာယာဖွယ်ပစ္စည်း ဖြစ်သောကြောင့်ဖြစ်စေ, သူတစ်ပါးကို နှိပ်စက်ဖွယ်ပစ္စည်း ဖြစ်သောကြောင့်ဖြစ်စေ, ထိကိုင်လျှင် လက်ဆော့ရာ ရောက်သဖြင့် လူကြီးလူကောင်း မပြုသင့်သောကြောင့်ဖြစ်စေ, တားမြစ်ထားသော အခြားမထိမကိုင်ကောင်းများလည်း ရှိသေး၏၊ ထိုဝတ္ထုများကို (မတော်တဆ ထိမိခြင်းမျိုး မဟုတ်ဘဲ) တမင်တကာထိကိုင်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊ ထိုပစ္စည်းများကား-
စပါးအမျိုးမျိုး။ ။ ရဟန်းတော်များသည် သလေးစပါး မုယောစပါး စသော စပါးအမျိုးမျိုးကို မထိမကိုင်ရ၊ လယ်ခင်း၌သာ လမ်းရှိ၍ အခြားနေရာ၌ လမ်းမရှိသဖြင့် သွားခွင့်ကြုံလျှင် စပါးအသီးများကို မထိမကိုင်မိအောင် သတိထား၍ သွားရမည်၊ အိမ်ဝင်းပေါက်စသည်၌ စပါးဖြန့်ထားရာဝယ် နင်း၍သွားမှဖြစ်လျှင် “လမ်း” ဟုသဘောထား၍ နင်းသွားနိုင်၏၊ စပါးပုံပေါ်မှာ နေရာခင်းပေးလျှင်လည်း ထိုင်ကောင်း၏။
သစ်သီးများ။ ။ အပင်၌သီးနေသော ပဲအမျိုးမျိုး, ထန်းအုန်း ငှက်ပျော စသော အသီးအမျိုးမျိုးကိုလည်း လက်ဆော့သောအားဖြင့် မထိမကိုင်ရ၊ သစ်ပင်မှ ဆွတ်ခူးပြီးသော လူတို့သစ်သီးကိုလည်း (အကပ်မခံဘဲ) မကိုင်ရ၊ သို့သော် သစ်ပင်အောက်၌ ကြွေကျနေသော သစ်သီးကို လူ သာမဏေတို့ကို ရည်မှန်း၍ ကောက်ယူကောင်း၏၊ လူသာမဏေတို့အား ပေးပြီးနောက် သူတို့က ပြန်၍ ကပ်လှူလျှင်လည်း သုံးစားကောင်း၏၊ ရဟန်းများပိုင်သော သစ်သီးကိုလည်း အကပ်မခံဘဲ မကိုင်ရ၊ ကိုင်မိရုံမျှဖြင့် ထိုရဟန်းမစားကောင်း၊ နေရာအောင်ကိုင်မိလျှင် ထိုသစ်သီးကို အခြားရဟန်းများလည်း မစားကောင်း။
ရတနာအမျိုးမျိုး။ ။ ပုလဲ ပတ္တမြားမှစ၍ ရွှေငွေ (ပိုက်ဆံ, ငွေစက္ကူတို့ပါ) ရတနာအမျိုးမျိုးကိုလည်း မထိမကိုင်ရ၊ [ငွေကိုင်လျှင် ဒုက္ကဋ်အာပတ်, မိဘဒကာ ဒကာမတို့က လှူသည်ကို ခံယူလျှင်လည်းကောင်း, ကိုယ်နှုတ်ဖြင့် မခံယူသော်လည်း စိတ်ထဲ၌ သာယာနေလျှင်လည်းကောင်း, သက်သက်အလှူခံ၍ ယူလျှင်လည်းကောင်း, ပါစိတ်အာပတ်သင့်၍, ကိုင်တိုင် ဒုက္ကဋ်အာပတ်သင့်၏။] ရွှေငွေဖြင့် ပြုလုပ်ထားသော စေတီ-ကြုတ်-ဆင်းတုတော်များကို မထိမကိုင်ရ၊ ထိုဆင်းတုစေတီတော်ပေါ်မှာ တင်နေသော အမှိုက် အညစ်အကြေးကိုကား ရှင်းလင်းသုတ်သင်ကောင်း၏၊ စေတီတော် စသည်အား လှူထားသော
စာမျက်နှာ-၃၁
ငွေလုပ်ပစ္စည်းများကိုမူ ဘုရားစောင့်ရဟန်းတော်သည် ကိုင်၍ ဟိုဟိုသည်သည် ရွှေ့ကောင်းသတဲ့၊ ရွှေကျောင်းနှင့် ကျောင်းသံဃိက ငွေလုပ်ပစ္စည်းကိုကား (မထိမဖြစ်၍) ထိကိုင်ကောင်းပြန်၏။
လက်နက်အမျိုးမျိုး။ ။ ဓား လှံ သေနတ်စသော လက်နက်အမျိုးမျိုးလည်း မထိမကိုင်ရ၊ လက်နက်အဖြစ် အသုံးပြုသမျှ နွားရိုက်တန်ပြာ (နှင်တန်)ကိုမျှ မကိုင်ရ၊ လက်နက်မဟုတ်လျှင်ကား ထင်းဖြတ်ဖို့ ဓားစသည်ကို ကိုင်ကောင်း၏၊ ပိုက်ကွန်မြှုံးစသည်ကိုလည်း မကိုင်ရ၊ ထိုပစ္စည်းများကို လှူလာလျှင် လက်နက် ပိုက်ကွန်အဖြစ်ကို ဖျက်၍ သင့်တော်သောနေရာ၌ သုံးစွဲကောင်း၏။
တူရိယာအမျိုးမျိုး။ ။ တီးမှုတ်ခြင်းနှင့် စပ်ဆိုင်သော တူရိယာမျိုးကိုလည်း မထိမကိုင်ရ၊ အဋ္ဌကထာ၌ ဗုံ-စောင်းစသည်သာ လာသော်လည်း နှဲပလွေလကွင်းစသော တူရိယာဟူသမျှ မထိမကိုင်ရဟု ယူဆကြသည်၊ လှူလာလျှင်ကား တူရိယာအဖြစ်ကို ဖျက်၍ သင့်တော်သောနေရာ၌ သုံးစွဲကောင်း၏။
၈။ ဒုဋ္ဌုလ္လဝါစာသိက္ခာပုဒ်
အမှုသည်—ရှင်ဥဒါယီ။
အမှု—အယုတ်တမာပြောဆိုမှု။
ရှင်ဥဒါယီပြောပုံ။ ။ ရှင်ဥဒါယီသည် သာဝတ္ထိပြည် (ရှေ့သိက္ခာပုဒ်၌ ပြခဲ့သော) တောကျောင်းဝယ်နေ၏၊ များစွာသော မိန်းမတို့သည် ကျောင်းအကြည့်လာကြ၏၊ ရှင်ဥဒါယီသည် ထိုမိန်းမတို့အား ကျောင်းပြပြီးနောက် ထိုမိန်းမအချို့၏ ဝစ္စမဂ် ပဿာဝမဂ်ကို ရည်ရွယ်၍ လှကြောင်းကိုလည်း ချီးမွမ်း၏၊ တချို့မိန်းမမဂ်များ မလှကြောင်းကိုလည်း ကဲ့ရဲ့၏၊ (ဘာရယ်လို့ နာမည်မတပ်ဘဲ ဝစ္စမဂ် ပဿာဝမဂ်ကို ရည်စူး၍) “ငါ့ပေးစမ်းပါ, ငါ့ပေးထိုက်တယ်” ဟု တောင်း၏၊ “မင့်အမေက ငါ့များ ဘယ်တော့ကြည်ညိုပါ့မလဲ (ကြည်ညိုရင်တော့ မင်းရဲ့ မေထုန်ရမှာဘဲ)” ဟု တောင့်တစကား ပြော၏၊ “မင်းတို့ရဲ့ယောက်ျားများကို ဘယ်လိုနေပြီး ပေးသလဲ” ဟု (မေထုန်ပေးပုံကိုလည်း) မေး၏၊ “ဒီလိုနေပြီးပေးရတယ်, ဒီလိုနေပြီးပေးမှ ယောက်ျားက ချစ်တယ်” ဟု ပေးနည်းကိုလည်း သင်ပြ၏၊ ဤသို့စသည်ဖြင့် အမျိုးကောင်းသမီးတို့ မကြားကောင်း မနာသာ ယုတ်ယုတ်မာမာတွေကို ပြောလေသည်။
စာမျက်နှာ-၃၂
သိက္ခာပု၌ပညတ်ရပုံ။ ။ ထိုဥဒါယီ၏ စကားကို အရှက်မရှိသောမိန်းမတွေက ရယ်ကြမောကြနှင့် သဘောကျကြသော်လည်း အရှက် ရှိသော အမျိုးကောင်းသ္မီးတို့ကမူ ထိုနေရာမှထွက်၍ အခြား ရဟန်းများကို ကဲ့ရဲ့အောင် လျှောက်ကြသည်မှာ— “အရှင်ဘုရားတို့ ဥဒါယီ ကိုယ်တော်ပြောဆိုပုံဟာ မတော်ပါဘူး, ဒီစကားမျိုးကို ကိုယ့်ယောက်ျားက ပြောတာတောင် မနှစ်သက်နိုင်ပါ, ရှင်ဥဒါယီ ပြောတာကို ဘယ်မှာ တပည့်တော်တို့ ခံနိုင်ပါ့မလဲ”ဟု လျှောက်ကြလေသော် အခြားရဟန်းတို့က ရှင်ဥဒါယီကိုကဲ့ရဲ့ကြပြီးလျှင် ဘုရားရှင်ထံလျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်ပါဠိတော်။ ။ ယောပန ဘိက္ခု၊ ဩတိဏ္ဏော ဝိပရိဏတေန စိတ္တေန မာတုဂါမံ ဒုဋ္ဌုလ္လာဟိ ဝါစာဟိ ဩဘာသေယျ၊ ယထာတံ ယုဝါ ယုဝတိံ မေထုနုပသံဟိတာဟိ သံဃာဒိသေသော။
သိက္ခာပုဒ်မြန်မာပြန်။ ။ အကြင်ရဟန်းသည် ဘီလူးအသွင် ရာဂပူးဝင်အပ်သည်ဖြစ်၍ (ရိုးသားသောစိတ်မရှိဘဲ)ဖေါက်ပြန်သောစိတ်ဖြင့် မာတုဂါမကို ဝစ္စမဂ် ပဿာဝမဂ် မေထုန်နှင့်စပ်သော ရုန့်ရင်းသော စကားတို့ဖြင့် ယုတ်ယုတ်မာမာပြောဆိုအံ့၊ [လုလင်ပျိုတစ်ယောက်က မိန်းမပျိုတစ်ယောက်ကို မေထုန်နှင့်စပ်သော စကားတို့ဖြင့် မရှက် မကြောက်ပြောဆိုနည်းမျိုးတည်း။]ထိုသို့ပြောဆိုသော ရဟန်းသည် သံဃာဒိသေသ်အာပတ်သင့်၏။
အင်္ဂါ ၅-ပါး။ ။ ၁-လူအစစ် မိန်းမဖြစ်ခြင်း (လူယောင်ဆောင်သော နဂါးမစသည် မဟုတ်ရ)၊ ၂-မိန်းမမှန်းသိခြင်း, ၃-ဒုဋ္ဌုလ္လဝါစဿာ ဒရာဂ (ယုတ်ယုတ်မာမာ ပြောနေရသည်ကို သာယာသောရာဂ) ရှိခြင်း, ၄-ထိုရာဂဖြင့် ယုတ်ယုတ်မာမာပြောဆိုခြင်း, ၅-ပြောလျှင် ပြောခြင်း (အပြောခံရသူက)သိခြင်း, ဤအင်္ဂါ ၅-ပါး ညီညွတ်လျှင် ဤသိက္ခာပုဒ်အရ သံဃာဒိသေသ်အာပတ်သင့်၏။
[ဆောင်] လူမိန်းမပင်, မိန်းမတင်လတ်, ဝါစဿာဒ, ထိုရာဂဖြင့်-ပြောပြလေဘိ, ချက်ချင်းသိ ကြောင်းရှိငါးလီ, အင်္ဂါညီ, သင့်ပြီဒုဋ္ဌုလ္လ။
စာမျက်နှာ-၃၃
မှတ်ချက်။ ။ ဝစ္စမဂ် ပဿာဝမဂ်၏ လှကြောင်းကို ချီးမွမ်းလျှင်လည်းကောင်း, မလှကြောင်း-တစ်စုံတရာချို့ယွင်းနေကြောင်းကို ကဲ့ရဲ့၍လျှင်လည်းကောင်း, သံဃာဒိသေသ် အာပတ်ပင်၊ ထိုသို့ချီးမွမ်းသည်ဖြစ်စေ ကဲ့ရဲ့သည်ဖြစ်စေ အပြောခံရသော မိန်းမက နားလည်မှလည်း သံဃာဒိသေသ်သင့်သည်။ နားမလည်လျှင် ဒုက္ကဋ် အာပတ်သာသင့်၏။
ဃ။ အတ္တကာမပါရိစရိယ သိက္ခာပုဒ်
အမှုသည်—ရှင်ဥဒါယီ။
အမှု—မေထုန်အလှူခံမှု။
မေထုန်အလှူခံပုံ။ ။ ရှင်ဥဒါယီသည် သာဝတ္ထိပြည်၌ ဟိုအိမ်ကပ်ဒီအိမ်ကပ်နှင့် လူ့အိမ်သို့ ချဉ်းကပ်သွားလာတတ်သော ရဟန်းတည်း၊
လင်သေပြီးသော မူဆိုးမတစ်ယောက်ကား အလွန်အဆင်းလှ၏၊ ဥဒါယီသည် ဆွမ်းခံသွားရင်း ထိုမာတုဂါမ အိမ်သို့ ဝင်၍ တရားစကားပြောလေရာ ထိုမာတုဂါမက တရားကို သဘောကျ၍ ပစ္စည်း ၄-ပါး ဖိတ်လေသော်... “ငါတို့မှာ ဆွမ်းသင်္ကန်း ကျောင်းဆေးဆိုတဲ့ ပစ္စည်း ၄-ပါးတော့ ရလွယ်ပါတယ်, ရခဲတာကိုလှူပါလား”ဟု ပြောဆိုလေသည်၊ မာတုဂါမက “ဘာများရခဲပါ သလဲ”ဟု မေးလျှင် “မေထုန်ရခဲသည်”ဟု ပြောလေသည်၊ မာတုဂါမက “အလိုရှိပါသလား” “ဥဒါယီက “အလိုရှိတာပေါ့”-မာတုဂါမက “လိုက်ခဲ့” ဟုခေါ်ပြီးလျှင် အခန်းတွင်းဝင်၍ အဝတ်လှစ်ပြီး ခုတင်ပေါ် ပက်လက်အိပ် နေလေသည်၊ ထိုအခါ ရှင်ဥဒါယီ လိုက်သွား၍-“ထွီ(ရွှံ့စရာ) ဒီအနံ့ မကောင်းတဲ့ အယုတ်တမာကို ဘသူသုံးသပ်ချင်မှာလဲ”ဟု ပြောဆိုထွက်သွားလေသည်။
မခံချင်၍ ပြစ်တင်ကဲ့ရဲ့ ပုံ။ ။ ထိုမာတုဂါမသည် ဥဒါယီက ထွီ ဟုဆို၍ ပြောဆိုတွက် သွားသည်ကို မခံချင်သောကြောင့် “စည်းစိမ်ဥစ္စာအဆင်းအားဖြင့် ဘယ်မိန်းမနှင့်ပြိုင်ပြိုင် ငါက အောက်မကျဘူး ဥဒါယီဟာ ငါ့ကိုမေထုန်တောင်းပြီး မကောင်းသော အနံ့ရှိသလေး, အယုတ် တမာလေးနှင့် ငါ့ဥစ္စာကို ရှုတ်ချသွားတယ်”ဟု ကဲ့ရဲ့သည်မှ စ၍ ဥဒါယီ၏ မေထုန်တောင်းမှုကို ဘုရားရှင်ကြားတော်မူလျှင် ရှင်ဥဒါယီအား များစွာ ပြစ်တင် ကဲ့ရဲ့တော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
စာမျက်နှာ-၃၄
သိက္ခာပုဒ်ပါဠိတော်။ ။ ဟော ပန ဘိက္ခု ဩတိဏ္ဏော ဝိပရိဏတေန စိတ္တေန မာတုဂါမဿ သန္တိကေ အတ္တကာမပါရိစရိယာယ ဝဏ္ဏံ ဘာသေယျ၊ ဧတဒဂ္ဂံ ဘဂိနိ ပါရိစရိယာနံ, ယာ မာဒိသံ သီလဝန္တံ ကလျာဏဓမ္မံ ဗြဟ္မစာရိံ ဧတေန ဓမ္မေန ပရိစရေယျာတိ မေထုနုပသံဟိတေန၊ သံဃာဒိသေသော။
သိက္ခာပုဒ်မြန်မာပြန်။ ။ အကြင်ရဟန်းသည် ရာဂတည်းဟူသော တွင်းသို့ (စိတ်အားဖြင့်) သက်ဆင်းကျရောက် နေရကား မရိုးမသား ဖေါက်ပြားသောစိတ်ဖြင့် မာတုဂါမအထံ၌ မိမိအတွက် ကာမဖြင့် ပြုစုရခြင်း၏ အကျိုးကျေးဇူးကို ဟောပြောအံ့၊ (ကာမဖြင့် လုပ်ကျွေး ဖို့ရန် ကာမကိုတောင်းအံ့-ဟူလို၊) [ဧတဒဂ္ဂံ ဘဂိနိ-စသော စကားကား ကာမဖြင့်ပြုစုရခြင်း၏ အကျိုးကျေးဇူးကို ပြောပြသောစကားတည်း၊ နှမ...သီလသိက္ခာရှိလျက် ကိုယ်ကျင့်တရားပြည့်ဝ၍ (အဗြဟ္မစရိယမှ ရှောင်ကြဉ်ကာ) ဗြဟ္မစာရီဖြစ်သော ငါလိုပုဂ္ဂိုလ်ကို မေတုန် ပေးလှူခြင်းသည် ပစ္စည်း ၄-ပါး အလှူများနှင့် လားလားမှ မတူအောင် မြင့်ခေါင်ကြီးကျယ်သော အကျိုးကို ရတတ်သဖြင့် အမြတ်ဆုံး အလှူဖြစ်သည်၊] ဤသို့ မေထုန်နှင့်စပ်သော စကားဖြင့် ပြောဆိုသော ရဟန်းသည် သံဃာဒိသေသ် အာပတ်သင့်၏။
အင်္ဂါ ၅-ပါး။ ။ ၁-လူသားစင်စစ်မိန်းမဖြစ်ခြင်း, ၂-လူမိန်းမမှန်းသိခြင်း, ၃-အတ္တကာမပါရိစရိယရာဂ (မိမိလိုလားအပ်သော ကာမဂုဏ်ဖြင့် ပြုစုစေလိုသောရာဂ)ရှိခြင်း, ၄-ဂုဏ်ကျေးဇူးကို ပြောဆိုတောင်းခံခြင်း, ၅-အတောင်းခံရသူ မိန်းမက နားလည်ခြင်း၊ ဤအင်္ဂါငါးပါး ညီလျှင် သံဃာဒိသေသ် အာပတ်သင့်၏။
[ဆောင်] လူမိန်းမပင် မိန်းမထင်လျက်, ကိုယ့်တွက်တာဟု -ကာမမှုဖြင့်-ပြုစေလိုတုံ-ရာဂကြုံ၍, ဂုဏ်ကိုပြောဘိ, ချက်ချင်းသိဟု, ကြောင်းရှိ ၅ လီ, အင်္ဂါညီ, သင့်ပြီကာမ-ပါရိစရိယ။
စာမျက်နှာ-၃၅
င။ သဉ္စရိတ္တသိက္ခာပုဒ်
မူလပညတ်
အမှုသည်—ရှင်ဥဒါယီ။
အမှု—အောင်သွယ်မှု။
အောင်သွယ်မှု။ ။ ရှင်ဥဒါယီသည် များစွာသော အမျိုးအိမ်သို့ သွားလာ ထွက်ဝင်တတ်သော (အလယ်စား) ရဟန်းတစ်ပါးဖြစ်၍ အပျိုလူပျိုရှိသော အိမ်ကိုလည်း သိနိုင်၏၊ လူပျိုကလေး၏ မိဘများအထံ၌ အခြားအိမ်က မိန်းမပျို၏ဂုဏ်ကို များစွာပြောပေး၏၊ မိန်းမပျို၏မိဘများ အထံ၌လည်း အခြားအိမ်က လုလင်ပျို၏ ဂုဏ်ကို များစွာပြောပေး၏၊ “မည်သည့် ယောက်ျားကလေးသည် မည်သည့်မိန်းကလေးနှင့် သင့်တော်၏” ဟုလည်း ပြောလေ့ရှိ၏၊ ဤနည်းအားဖြင့် ရှင်ဥဒါယီဆွယ်ပေး၍ အကြောင်း ပါသွားကြသော အိမ်ထောင်သည်တို့ကား သာဝတ္ထိမြို့၌ အတော်များပြားလေသည်။
ကျိန်ဆဲကြ ဆုတောင်းကြ။ ။ ထိုသို့ ရှင်ဥဒါယီအောင်သွယ်ပေးမှုကြောင့် အကြောင်းပါရသော မာတုဂါမတို့တွင် ဆိုးဝါးသော ယောက္ခမ မိဘတို့နှင့် အတူနေရသော မာတုဂါမတို့က “ငါတို့ ဆင်းရဲသလို ဥဒါယီကိုယ်တော်ကြီးလဲ ဆင်းရဲဒုက္ခ ရောက်ပါစေဟယ်” ဟု ကျိန်ဆဲကြ၏၊ ယောက္ခမမိဘတို့နှင့် ချမ်းချမ်းသာသာ နေထိုင်ရသူတို့ကမူ “ငါတို့ ချမ်းသာသလို အရှင်ဥဒါယီကိုယ်တော်လဲ ချမ်းသာတော်မူပါစေ, ငါတို့မှာ အရာရာ စီစဉ်ပြီးရှိသလို အရှင်ဥဒါယီကိုယ်တော်မှာလဲ စီစဉ်ပြီး ရှိပါစေ, ငါတို့ ချမ်းသာအဆီယစ်နေသလို အရှင်ဥဒါယီကိုယ်တော်လဲ ချမ်းသာအဆီယစ်တော်မူပါစေ”ဟု ဆုတောင်းကြ၏၊ ထိုသို့ အချို့က ကျိန်ဆဲကြ၍ အချို့က ဆုမွန်ကောင်း တောင်းကြသည်ကို ရဟန်းများမှတဆင့် ဘုရားရှင်ကြားတော်မူ၍ “ယောပနဘိက္ခု၊ သဉ္စရိတ္တံ သမာပဇ္ဇေယျ ဣတ္ထိယာဝါ ပုရိသမတိံ ပုရိသဿဝါ ဣတ္ထိမတိံ ဇာယတ္တနေဝါ ဇာရတ္တနေဝါ၊ သံဃာဒိသေသော” ဟု ရှေးဦးစွာ ပညတ်တော်မူရလေသည်။
အနုပညတ်။ ။ အခါတစ်ပါး၌ မိန်းမလိုက်စားသော လူတစုတို့သည် ဥယျာဉ်တစ်ခုမှနေ၍ ပြည့်တန်ဆာမတစ်ယောက်ကို အခေါ် ခိုင်းကြ၏၊ ပြည့်တန်ဆာမကား လိုက်မလာချေ၊ ထိုအခါ လူတစ်ယောက်က
စာမျက်နှာ-၃၆
“ဘာလို့ ဒီပြည့်တန်ဆာမကို တောင်းတောင်းပန်ပန် ခေါ် နေရသလဲ, အရှင်ဥဒါယီပြောလျှင် အရှင်ဥဒါယီက သူ့ကို လွှတ်လိုက်မှာပေါ့” ဟု ပြောလေသော် ထိုစကားကိုကြားသော သီတင်းသည် ဥပါသကာက “မောင်.. ဒီလိုမပြောပါနဲ့ ရဟန်းတော်များမှာ ဒီအမှုကို မအပ်ပါဘူး”ဟု ကန့်ကွက်၏၊ ထို့နောက်...ဒီအမှုကို ရှင်ဥဒါယီပြုစေရဲ့, မပြုစေဘူး”ဟု ငြင်းခုန်၍ အလောင်းအစား ပြုပြီးလျှင် ရှင်ဥဒါယီထံသွား၍ ထိုပြည့်တန်ဆာမကို လွှတ်လိုက်ပါရန် တောင်းပန်ကြလေသည်၊ ရှင်ဥဒါယိလည်း ပြည့်တန်ဆာမ ထံသွား၍ ထိုလူများဆီ လိုက်သွားဖို့ ပြောပြလေရာ ပြည့်တန်ဆာမက “ဒီလူ တွေကို တပည့်တော်မသိပါ, တပည့်တော်မှာလဲ တန်ဘိုးများသော အဝတ် တန်ဆာရှိနေသည့်ပြင်, မြို့ပြင်လိုက်ရမည်ဖြစ်၍ မလိုက်လိုကြောင်း”လျှောက်လေ၏၊ ထိုအခါ ရှင်ဥဒါယီက “လိုက်သာလိုက်သွားပါ, သူတို့ကို ငါသိပါ တယ်ဟု ပြောသဖြင့် လိုက်သွားရလေသည်၊ ထိုအခါ အလောင်းအစား လုပ်သော ဥပါသကာသည် များစွာကဲ့ရဲ့၍ ရဟန်းများကို လျှောက်ထားသဖြင့် ဘုရားထံရောက်ပြန်ရာ “အန္တမသောတင်္ခဏိကာယပိ”ဟု ထပ်၍ ပညတ်တော် မူရပြန်လေသည်။ [ယခုကာလ ပြည့်တန်ဆာမများကို “တင်္ခဏိကာမယား” ဟု ခေါ်သည်။]
သိက္ခာပုဒ်မြန်မာပြန်။ ။ အကြင် ရဟန်းသည် အောင်သွယ် ပေးအံ့၊ ယောက်ျားဘက်က ခိုင်းသဖြင့် ယောက်ျားအလိုကို မိန်းမအား မယားဖြစ်ဖို့ရန် ပြောအံ့၊ မိန်းမဘက်က ခိုင်း၍ ယောက်ျားအား လင်ဖြစ်ဖို့ရန် ပြောအံ့၊ အယုတ်ဆုံး တခဏမျှ ပေါင်းအပ်သော ပြည့်တန်ဆာမကိုလည်းပြောအံ့၊ ထိုရဟန်းသံဃာဒိသေသ် အာပတ်သင့်၏။
သိက္ခာပုဒ်အင်္ဂါ ၅-ပါး။ ။ ၁-မိန်းမယောက်ျားတို့ လူသားစင်စစ်ဖြစ်ခြင်း, ၂-အောင်သွယ် ထိုက်ခြင်း, ၃-ဝန်ခံခြင်း, ၄-စုံစမ်းခြင်း, ၅-ပြန်ပြောခြင်း၊ ဤအင်္ဂါ ၅-ပါးညီလျှင် သဉ္စရိတ္တသံဃာဒိသေသ်သင့်၏။
ချဲ့ဦးအံ။ ။ “၂-အောင်သွယ် ထိုက်ခြင်း” ဟူသည် တစ်ယောက်နှင့် တစ်ယောက် သ္မီးခင်ပွန်း မဖြစ်သေးခြင်း, ဖြစ်သော်လည်း ယခုအချိန်မှာ ကွာပြီးရှင်းပြီးဖြစ်ခြင်းကို ဆိုလိုသည်။ ၃-“ဝန်ခံခြင်း” ဟူသည် မည်သူ့ကို ပြောပေးပါ”ဟု စေခိုင်းသည့်အခါ နှုတ်ဖြင့်ဖြစ်စေ, ဦးခေါင်းညိတ်၍
စာမျက်နှာ-၃၇
ဖြစ်စေ, ဝန်ခံခြင်းတည်း၊ ၄-“စုံစမ်းခြင်း” ဟူသည် ဝန်ခံခဲ့သည့်အတိုင်း သွား၍ သဘောတူ-မတူကို စုံစမ်းခြင်းတည်း၊ ၅-“ပြန်ပြောခြင်း”ဟူသည် စုံစမ်းပြီးနောက် ထိုသူသဘောကို ပြန်၍ပြောခြင်းတည်း၊ ထိုကဲ့သို့ အောင်သွယ်ပေးရာ၌ သူတို့ချင်းပေါင်းရသည်ဖြစ်စေ, မပေါင်းရသည်ဖြစ်စေ၊ အင်္ဂါ ၅-ပါးညီလျှင် အာပတ်သင့်လေပြီ။
[ဆောင်] ကျား-မ ၂ ရှပ်-လူသားဇာတ်တို့, ကင်းပြတ်ကွဲခိုက်-အောင်သွယ် ထိုက်၍, ခိုင်းခိုက်ဝန်ခံ, စုံစမ်းဟန်နှင့်, တဖန်မယွင်း-ပြန်ပြောခြင်းဟု, ကြောင်းရင်း ၅ လီ, အင်္ဂါညီ, သင့်ပြီသဉ္စရိတ်။
ကုဋိကာရသိက္ခာပုဒ်
အမှုသည်—အာဠဝီတိုင်းသားရဟန်းများ။
အမှု—အတာင်းအရမ်းများ။
အာဠဝီရဟန်းတို့အတောင်း အရမ်းများပုံ။ ။ အာဠဝီတိုင်းသား ရဟန်းတို့သည် ကျောင်း ဒကာမရှိဘဲ မိမိတို့ဘာသာ ပဲခွပ် ပုဆိန်စသော လက်သ္မားကြိယာကို ငှါးရမ်း၍ မိမိတို့နေထိုင်ဖို့ရာ ကျောင်းဆောက်ကြကုန်၏၊ “မည်သည့် အရွယ်လောက် ရှိလျှင် ကျောင်းပြီးစေမည်”ဟုကား အတိုင်းအရှည် ပမာဏမရှိချေ၊ ထို့ကြောင့် ထိုကျောင်းများသည် မပြီးနိုင်ဘဲရှိလေရာ “ယောက်ျားတစ်ယောက်လောက် ပေးကြစမ်းပါဦး, ယောက်ျားများလုပ်ရမည့်အလုပ်ကို လုပ်ပေးကြပါဦး, နွားငှါးကြပါဦး, လှည်းငှါးကြပါဦး, ပဲခွပ်-ဓားမ-ပေါက်တူး-ဆောက်များ ငှါးကြပါဦး, နွယ်-ဝါး-မြက်-မြေညက်များပေးကြပါဦး” ဤသို့စသည်ဖြင့် ခဏခဏ အတောင်းအရမ်း လာကြလေသည်။
လူတွေ့ဖြစ်ပုံ။ ။ ရဟန်းများ၏ အတောင်းအရမ်းဖြင့် နှိပ်စက်ခံရသူတို့သည် ရဟန်းတွေကို မြင်လျှင် တောင်းလိမ့်ဦးမည်ထင်၍ ထိတ်ခနဲဖြစ်ကြကုန်၏၊ (မြွေကိုမြင်လျှင် လန့်ပြီးနောက်ဆုတ်သကဲ့သို့)ရဟန်းများကိုမြင်လျှင် လန့်ပြီးနောက်ဆုတ်ကြကုန်၏၊ တချို့လည်း ခပ်ဝေးဝေးမှပင် ထွက်ပြေးကြကုန်၏၊ တချို့လည်း ရဟန်းများသွားရာလမ်းမှ ရှောင်လွှဲ၍ အခြားလမ်းဖြင့် သွားကြကုန်၏။ ထိုသို့ မရှောင်သာလျှင် မျက်နှာချင်း မဆိုင် မိအောင် မျက်နှာလွှဲ၍ နေကြကုန်၏၊ ရဟန်းများလာနေသည်ကို မြင်လျှင်
စာမျက်နှာ-၃၈
အိမ်ရှင်တို့က အိမ်တံခါးကို ပိတ်ထားကြကုန်၏၊ ခပ်ဝေးဝေး၌ နွားမကြီးကို မြင်ရုံမျှဖြင့် ရဟန်းထင်၍ ပြေးကြသူတွေလည်း မရှားပင်၊ ထိုကဲ့သို့ဖြစ်ချိန်မှာ အရှင်မဟာကဿပသည် အာဠဝီပြည်၌ သီတင်းသုံးခိုက်နှင့် ကြုံ၍ ဆွမ်းခံ ဝင်တော်မူရာ အရှင်မဟာကဿပကိုလည်း အခြားရဟန်းများ နည်းတူ အပြုအမူခံရလေသည်။
မဏိကဏ္ဌဇာတ်။ ။ ထိုအချိန်မှာပင် ဗုဒ္ဓရှင်တော်မြတ်လည်း ရာဇဂြိုဟ်မှ အာဠဝီမြို့သို့ ကြွလာတော်မူလေရာ အရှင်မဟာကဿပသည် အာဠဝီရဟန်းတို့ အတောင်းအရမ်းများသဖြင့် လူတို့အကြည်ညို ပျက်ပြားပုံကို ဘုရားရှင်အားလျှောက်လေသည်၊ ထိုအခါဘုရားရှင်သည် ထိုရဟန်းတို့ကို များစွာပြစ်တင်တော်မူ၍ အတောင်းအရမ်းများလျှင် လူကို မဆိုထားဘိ, တိရစ္ဆာန်များပင် မုန်းတတ်ကြောင်းကို ပြလိုရကား မဏိကဏ္ဌဇာတ်ကို ဟောတော်မူသည်။
ရှေးအခါ၌ ဂင်္ဂါမြစ်ကမ်းဝယ် ညီနောင်ရသေ့ ၂ ဦးတို့ နေကြလေသည်၊ ညီငယ်ရသေ့သည် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်း ပွားများလေ့ရှိသဖြင့် (လည်ပင်း၌ ပတ္တမြားတန်ဆာရှိ၍) မဏိကဏ္ဌမည်သော နဂါးမင်းသည် ထိုညီငယ်ရသေ့၏ မေတ္တာစွမ်းကြောင့် ချစ်ခင်နေရကား နှုတ်အသွင်ဖြင့် မပြတ်လာ၍ စကားပြော၏၊ စကားပြောပြီးသည့်အခါ နဂါးအသွင်အတိုင်း ခုနစ်ထပ်လောက် အခွေဖြင့် ပတ်ပြီးလျှင် ဦးထိပ်၌ ပါးပျဉ်း မိုးကာ ကြည်ညိုသော အခြင်းအရာကိုပြလျက် နေတတ်လေသည်။
ညီငယ်ရသေ့ကမူ နဂါးကိုကြောက်သဖြင့် ပိန်ချုံးနေတော့၏၊ ထိုပိန်ချုံး နေသည်ကို နောင်တော်ရသေ့မြင်၍ “နဂါးမလာစေလိုလျှင် သူ၏ ပတ္တမြားကို တောင်းလိုက်”ဟု အကြံပေးလေရာ နောက်တစ်ကြိမ်အလာဝယ် ပတ္တမြားကို တောင်းလေသော်... “ရဟန်းက ပတ္တမြားတောင်းတယ်, ရဟန်းက ပတ္တမြား လိုချင်သတဲ့၊ ဒီပတ္တမြားကြောင့် ငါ့မှာအစားအသောက် ပြည့်စုံရတယ်, ဒီပတ္တမြားကို မပေးနိုင်”ဟုဆို၍ နောက်မလာတော့ဘဲ တခါတည်းပြန် သွားလေတော့သည်။
နဂါးမလာခါမှ ကြည့်၍လှသော နဂါးကို မမြင်ရသဖြင့် ရသေ့ကလေး သာ၍ ပိန်ချုံးပြန်ရာ, နောင်တော်က- “အကြင် သူ၏ ချစ်ခြင်းကို အလိုရှိ၏၊ ထိုသူကို မတောင်းရဘူး, တောင်းလျှင် မုန်းတတ်သည်”ဟု ဆုံးမလေသည်၊
စာမျက်နှာ-၃၉
မြတ်စွာဘုရားသည် ဤဝတ္ထုကို ဟောတော်မူပြီးလျှင်- “အိုရဟန်းများ... တိရစ္ဆာန်များသော်မှ တောင်းရမ်းသည်ကို မကြိုက်လျှင် လူများဆိုတာ ပြောဖွယ်ရာမရှိ, “သာ၍ပင်မကြိုက်မည်သာ”ဟု အခြားဝတ္ထု ၂-မျိုးကိုပါ မိန့်တော်မူ၍ ဤကုဋိကာရသိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။
သိက္ခာပုဒ်ပါဠိတော်။ ။ သညာစိကာယ ပန ဘိက္ခုနာ ကုဋိံ ကာရယမာနေန အဿာမိကံ အတ္တုဒ္ဒေသံ ပမာဏိကာ ကာရေတဗ္ဗာ၊ တတြိဒံ ပမာဏံ၊ ဒီဃသော ဒွါဒသ ဝိဒတ္ထိယော သုဂတ ဝိဒတ္ထိယာ, တိရိယံ သတ္တန္တရာ၊ ဘိက္ခူ အဘိနေတဗ္ဗာ ဝတ္ထုဒေသနာယ၊ တေဟိ ဘိက္ခူဟိ ဝတ္ထု ဒေသေတဗ္ဗံ အနာရမ္ဘံ သပရိက္ကမနံ၊ သာမ္ဘေ စေ ဘိက္ခု ဝတ္ထုသ္မိံ အပရိက္ကမနေ သညာစိကာယ ကုဋိံ ကာရေယျ ဘိက္ခူဝါ အနဘိနေယျ ဝတ္ထုဒေသနာယ, ပမာဏံ ဝါ အတိက္ကာမေယျ၊ သံဃာဒိသေသော။
သိက္ခာပုဒ်မြန်မာပြန်။ ။ ရဟန်းသည် ပဲခွပ် ပုဆိန်စသော လက်သ္မား ကြိယာများကို ငှါးရမ်း၍ ကျောင်းဒကာလည်း မရှိ-မိမိနေဖို့လည်း ဖြစ်သော ကျောင်းကုဋီကို ဆောက်လုပ်လိုလျှင် (သိပ်မကြီးစေဘဲ) သင့်တော်လောက်သော ပမာဏနှင့် ယှဉ်သော ကျောင်းကုဋီကိုသာ, ဆောက်လုပ်စေရမည်၊ ထိုကျောင်းနှင့်၏ ပမာဏကား— “ဘုရား အထွာတော်ဖြင့် အလျား ၁၂ ထွာ, အနံ (နံရံအတွင်း စွန်းကို တိုင်းသောအားဖြင့်)ခုနှစ်ထွာ”ဖြစ်၏၊ ထိုပြင်-ကုဋိနေရာကို အသေ အချာမသတ်မှတ်သေးခင် “မည်သည့်နေရာ၌ သင့်တော်သည်” ဟု ညွှန်ပြပေးဖို့ရာ ရဟန်းတို့ကို မိမိဆောက်လိုသော နေရာသို့ပင့်ရမည်၊ ထိုရဟန်းတို့က ပိုးရွ-ခြပုန်းစသော ခြင်္သေ့-သစ်ကျားစသော ပိုးမွှား တိရစ္ဆာန်လည်းမရှိသော, ကောက်ပဲသီးနှံ စိုက်ပျိုးရာစသော အရပ်လည်း မဟုတ်၍ ဘေးရန်အန္တရာယ်ကင်းသော, ကျောင်း၏ပတ်ဝန်းကျင်၌ လှည်းများသွားလာနိုင်လောက်အောင် ဥပစာလည်း ကျန်ရှိ သေးသော အရပ်ကိုသာ (ကုဋိနေရာအဖြစ်ဖြင့်) ညွှန်ပြရမည်၊ ဘေးရန်အန္တရာယ်ရှိသောအရပ်, သို့မဟုတ် ဥပစာမကျန်သောအရပ်၌ ကိုယ်တိုင် လက်သ္မားကြိယာကို ငှါးရမ်း၍ ဆောက်လျှင်၎င်း
စာမျက်နှာ-၄၀
ကုဋိနေရာကို ညွှန်ပြပေးဖို့ရာ ရဟန်းတို့ကို မပင့်လျှင်လည်းကောင်း, အလျား ၁၂ ထွာ အနံခုနှစ်ထွာ ပမာဏထက် လွန်စေလျှင်လည်းကောင်း, သံဃာဒိသေသ် အာပတ်သင့်၏။
မှတ်ချက်။ ။ အတွင်း၌ဖြစ်စေ အပြင်ဘက်၌ဖြစ်စေ အတွင်းအပြင် ၂ ဘက်လုံး၌ ဖြစ်စေ အင်္ဂတေ သုတ်ထားသော-သို့မဟုတ် မြေညက် သုတ်ထားသော တစ်ယောက်နေသာရုံမျှ အလျား ၁၂ လွှာ အနံခုနစ်လွှာရှိသော ကျောင်းကုဋိ ကလေးကို ဥလ္လိတ္တကုဋိ, အဝလိတ္တကုဋိ, ဥလ္လိတ္တာဝလိတ္တကုဋိ”ဟု ခေါ်၏။ ပုဏ္ဏားတို့နေရာ၌ ထိုအိမ်ကလေးမျိုး တွေ့ရတတ်သည်။ ယခု ကာလ သစ်သား-သစ်ရွက် ကျောင်းငယ်ကလေးမျိုးကို ဤသိက္ခာပုဒ်အရ “ကုဋိ”ဟု မဆိုလို။
ထိုကျောင်းကုဋ် (ကုဋိ)ကို ဆောက်လုပ်ရာ၌ ပိုးရွ-ခြံပုန်း စသည်တို့မှာ ကျောင်းဆောက်သဖြင့် ပျက်စီးကျမည်ဖြစ်၍ သနားဖွယ် ကောင်းသောကြောင့်လည်းကောင်း, ခြင်္သေ့ စသည်တို့မှာ ရန်မူတတ်သောကြောင့်လည်းကောင်း, ကောက်ပဲ သီးနှံတို့ကား ပျက်စီးသဖြင့် ဥစ္စာရှင်တို့ မကျေမနပ် ရှိတတ်သောကြောင့်လည်းကောင်း, ထိုပိုးရွ-ခြပုန်း စသည်ရှိသောအရပ်ကို ရှောင်ကြဉ်၍ ကျောင်းဆောက် ရသည်။ [ဤမှနောက်၌ အင်္ဂါများကို (အထူးမပြလျှင်) ပါတိမောက် ဘာသာဋီကာမှာ ရှုပါ။]
ဆ။ ဝိဟာရကာရသိက္ခာပုဒ်
အမှုသည်—အရှင်ဆန္န။
အမှု—ကျောင်းဆောက်လို၍ သစ်ပင်ခုတ်စေမှု။
အရှင်ဆန္န၏သစ်ပင် ခုတ်စေမှု။ ။ အရှင်ဆန္န၏ ဒါယကာ သူကြွယ် တစ်ယောက်သည် “အရှင်ဘုရား... ကျောင်းနေရာကို ကြည့်တော်မူပါ, အရှင်ဘုရားဖို့ ကျောင်းဆောက် လိုပါသည်”ဟု လျှောက်၏၊ အရှင်ဆန္နသည် ကျောင်းနေရာကို ရှင်းလင်းသည့်အခါ လူများက “နတ်ကြီးသောသစ်ပင်”ဟု အသိအမှတ်ပြု၍ ကိုးကွယ်ထားသော စေတီသစ်ပင်ကို ခုတ်ဖြတ်စေလေသည်၊ ထိုအခါ လူအများပင် မခံမရပ်နိုင်အောင် ဖြစ်ကြ၍ ကဲ့ရဲ့ကြသောကြောင့် ဤဝိဟာရကာရသိက္ခာပုဒ်ကို ဘုရားရှင်ပညတ်တော် မူရလေသည်။ [ဤသိက္ခာပုဒ်၌ ကျောင်းဒါယကာရှိခြင်း, အရွယ်ပမာဏ ကန့်သတ်ချက်မရှိခြင်းသည် ရှေ့သိက္ခာပုဒ်မှထူး၏။]
စာမျက်နှာ-၄၁
သိက္ခာပုဒ်ပါဠိတော်။ ။ မဟလ္လကံ ပန ဘိက္ခုနာ ဝိဟာရံ ကာရယမာနေန သဿာမိကံ အတ္တုဒ္ဒေသံ ဘိက္ခူ အဘိနေတဗ္ဗာ ဝတ္ထုဒေသနာယ၊ တေဟိ ဘိက္ခူဟိ ဝတ္ထု ဒေသေတဗ္ဗံ အနာရမ္ဘံ သပရိက္ကမနံ၊ သာရမ္ဘေ စေ ဘိက္ခု၊ ဝတ္ထုသ္မိံ အပရိက္ကမနေ မဟလ္လကံ ဝိဟာရံ ကာရေယျ, ဘိက္ခု၊ ဝါ အဘိနေယျ ဝတ္ထုဒေသနာယ သံဃာဒိသေသော။
သိက္ခာပုဒ် မြန်မာပြန်။ ။ ဆောက်လုပ်ပေးမည့်ကျောင်းဒါယကာ ရှိသောကြောင့် မြင့်မြတ်သောကျောင်းဟု ဆိုထိုက်သော(တနည်း-ဆောက်လုပ်သူ ဒါယကာရှိသဖြင့် အတိုင်းအရှည် ပမာဏမထားဘဲ ကြီးမားနိုင်သော) မိမိတို့ ရည်စူးအပ်သော ကျောင်းကို ဆောက်လုပ်စေလိုသော ရဟန်းသည် ကျောင်းနေရာကို ညွှန်ပြဖို့ရာ ရဟန်းတို့ကို (မိမိ ရည်ရွယ်ထားသော နေရာသို့ပင့်ရမည်၊ ထိုရဟန်းတို့က ပိုး ရွှ ခြ ပုန်း ခြင်္သေ့သစ်ကျားစသော ဘေးရန်မရှိသော ကောက်ပဲသီးနှံစိုက်ပျိုးရာ စသည်လည်း မဟုတ်သော ကျောင်း၏ ပတ်ဝန်းကျင်၌ လှည်းတစီး သွားလောက်အောင် ဥပစာလည်းရှိသော နေရာကို ညွှန်ပြရမည်၊ ဘေးရန်အန္တရာယ်ရှိ၍ လှည်းတစီး လှည့်ပတ်သာလောက်အောင် ဥပစာမရှိသောနေရာ၌ မဟလ္လကကျောင်းကို ဆောက်စေလျှင်၎င်း၊ ရဟန်းတို့ကို ကျောင်းနေရာညွှန်ပြဖို့ မပင့်လျှင်၎င်း၊ ထိုရဟန်းမှာ သံဃာဒိသေသ်အာပတ်သင့်၏။
ဇ။ ဒုဋ္ဌဒေါသသိက္ခာပုဒ်
အမှုသည်—မေတ္တိယ, ဘူမဇာကရဟန်းများ။
အမှု—အရှင်ဒဗ္ဗကိုပါရာဇိကဖြင့် စွပ်စွဲမှု။
အရှင်ဒဗ္ဗ အကြောင်း။ ။ အရှင်ဒဗ္ဗသည် မလ္လမင်း၏သားတော်တည်း၊ ၇ နှစ် အရွယ်ကပင် ရဟန္တာဖြစ်ခဲ့သော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ် မြတ်ဖြစ်၏၊ ထိုအရှင်သည် တစ်နေ့သ၌ တစ်ပါးတည်း ကိန်းအောင်းတော်မူစဉ် အကြံဖြစ်သည်မှာ-“ငါသည် ရသင့်ရထိုက်သော တရားထူးကို ရပြီပြီ၊ ငါ၏ဤခန္ဓာကိုယ်သည် နောက်ဆုံးဘဝဖြစ်၏၊ ဤခန္ဓာကိုယ်လည်း လေလမ်း အဝ၌တည်နေသော မီးတောက်ကဲ့သို့ အနိစ္စတာ (မမြဲခြင်း) လမ်းဝ၌
စာမျက်နှာ-၄၂
တည်နေရကား မကြာခင် ချုပ်ငြိမ်းတော့မည်၊ ဤခန္ဓာကိုယ် မချုပ်ငြိမ်းခင် သံဃာ့ဝေယျာဝစ္စ (သံဃာကိစ္စ)ကို ရွက်ဆောင်နေရမူ ကောင်းလေစွ”ဟု ကြံလေသည်၊ ဤအကြံကိုဘုရားရှင်အား ယောက်ထားလေရာ ဘုရားရှင် ခွင့်ပြုတော်မူ၍ ဉတ်ကမ္မဝါစာဖြင့် သံဃာ့အလယ်မှာ “သေနာသနပညာပက = အိပ်ရာနေရာခင်းပေးသူ၊ ဘတ္တုဒေသက = ဆွမ်းညွှန်ချသူ”ဟု သမ္မုတိ ပေးထားလေသည်၊ “ဤသို့သမ္မုတိ ရသောရှင်ဒဗ္ဗသည် ဘုရားရှင်ကို အဖူးအမျှော်လာကြသော သံဃာများအတွက် အိပ်ရာနေရာ ခင်းပေးမှု, “မည်သည့်ဒါယကာက ဆွမ်းခံပင့်ထားပါသည်”စသည်ဖြင့် ဆွမ်းညွှန်ပြမှုကို အမြဲထာဝရပြုကာ သံဃာ့ကိစ္စကို ဆောင်ရွက်တော်မူလေသည်။
မေတ္တိယ, ဘူမကတို့ဖြစ်ထွေ။ ။ မေတ္တိယအမည် ဘူမဇကအမည် ရှိကြသော ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ဝါလည်းငယ်ကြ၏၊ ရှေးဘုန်းရှေးကံလည်း နည်းကြ၏၊ သံဃိက ပစ္စည်းများကို သုံးစွဲသည့် အခါ ငယ်ရွယ်သူတို့မှာ ညံ့သောအိပ်ရာ နေရာကိုသာ ရမြဲ ထုံးစံဖြစ်၏၊ ထို့ကြောင့် ဝါငယ်သော မေတ္တိယ ဘူမဇကတို့မှာ ညံ့သော အိပ်ရာနေရာကိုသာ ရကြသည်၊ ဘုန်းကံမရှိသောကြောင့် မဲချ၍ရသော ဆွမ်းခံ အလှည့်များလည်း ညံ့သောအိမ်များ၌သာ ကျရှာကြလေသည်၊ အခါတစ်ပါး၌ကား (ကောင်းမြတ်သော ဆွမ်းဟင်းများကို လှူဒါန်းလေ့ရှိသောကြောင့်) “ကလျာဏဘတ္တိက”ဟု ထင်ရှားသောသူကြွယ်၏အိမ်သို့ မေတ္တိယဘူမဇက တို့ ဆွမ်းစားအလှည့်ကျလေသော်, နက်ဖန်ဆွမ်းကောင်း ဟင်းကောင်းနှင့် သူဌေးကိုယ်တိုင် သားသ္မီးများနှင့်အတူ ပြုစုမည့်အရေးကို တွေးတော ဝမ်းမြောက်ကာ တညလုံး အိပ်မပျော်ကြရှာချေ။
ထိုရဟန်းများ ကံဆိုးပုံ။ ။ ထိုသူကြွယ်သည် ညနေလောက်ကပင် ကျောင်းသို့ ကိစ္စ တစ်ခုနှင့်လာ၍ အရှင်ဒဗ္ဗထံ ဝင်ပြီးလျှင် စကားစပ်မိ စပ်ရာ မေးလျှောက်ရင်းက နက်ဖြန် မေတ္တိယ ဘူမဇကတို့ ဆွမ်းစားလှည့် ကျကြောင်းသိသွားသဖြင့် (“ငါ့အိမ်မှာ ဒီလိုယုတ်မာတဲ့ ကိုယ်တော်တွေ ဆွမ်းစားမှ ကျပလေတယ်”ဟု စိတ်ပျက်ကာ) အိမ်ရောက်လျှင် ရောက်ခြင်း ကျွန်မကိုပြောသည်မှာ— “နက်ဖြန်ဆွမ်းစားလာသော ကိုယ်တော်များကို တံခါးမုခ်မှာ နေရာပေး၍ ဆန်ကွဲထမင်း ပုန်းရည်ဟင်းနဲ့ ဆွမ်းကျွေးလိုက်”ဟု မှာထားလေသည်။ ထိုရဟန်းတို့လည်း နံနက်အချိန်ကျ၍ ဆွမ်းစားကြွကြလေရာ, ကျွန်မက တခါးမုခ်၌ နေရာခင်းပေးလျှင် “အင်း... ဆွမ်းကျက်ဟန်
စာမျက်နှာ-၄၃
မတူသေးဘူး, ဒါကြောင့် ဒီမှာ ခေတ္တနေရာ ခင်းပေးတာဘဲ”ဟု အောက်မေ့ကြသတဲ့၊ ထို့နောက် ဆန်ကွဲထမင်း ပုန်းရည်ဟင်းကို ယူလာခါမှ အံ့အားသင့်ကြ၍ “နှမရ, နိစ္စဘတ် ဆွမ်းလှည့်ကျတဲ့ ကိုယ်တော်များပါဟ” ဟုပြော လေသော်... သိပါရဲ့ဘုရား- မနေ့ကပင် သူကြွယ်က ဒီလိုကျွေးရမယ်”ဟု အမိန့်ထားကြောင်း လျှောက်လေလျှင် “မနေ့က သူကြွယ်အလာမှာ ဒဗ္ဗက ဂုံးတိုက်လိုက်လို့သာ ဒီလိုကျွေးရသပေါ့”ဟု အရှင်ဒဗ္ဗအပေါ် အထင်မှားကြလေသည်၊ ထိုအထင်မှားသည့်ပြင် မျှော်လင့်ချက်နှင့် မကိုက်သော ဆန်ကွဲ ထမင်း ပုန်းရည်ဟင်းကို စိတ်မချမ်းမသာနှင့်ပင် စားကြလေရာ စိတ်တိုင်း ကျအောင်ဆွမ်းမစားနိုင်ရှာကြချေ။
အရှင်ဒဗ္ဗကို စွပ်စွဲခိုင်းပုံ။ ။ ကျောင်းသို့ပြန်လာ၍ ကျောင်းတံခါး မုခ်ပြင်ဘက်မှာ မှိုင်နေကြစဉ် သူတို့ဘက်သူဖြစ်သော မေတ္တိယာဘိက္ခုနီမသည် သူတို့ထံ ရောက်လာ၍ ရှိခိုးဝပ်ချသော်လည်း စကား မပြောဘဲ မှိုင်မြဲ မှိုင်နေကြလေသည်၊ ထိုအခါ ဘိက္ခုနီမသည် သူ့အပေါ် အပြစ်ရှိ၍ စကားမပြောကြတာဘဲဟု တွေးပြီး “တပည့်တော်မက ဘာကို အပြစ်ပြုမိပါသလဲ” ဟု လျှောက်လေသော် “သင်သည် ဒဗ္ဗက ငါတို့အား နှိပ်စက်နေတာကို လျစ်လျူရှု နေတယ်” ဟု ပြောကြလေ၏၊ ဘိက္ခုနီက “ဘယ်လို ကူညီစေလိုပါသလဲ” ဟု မေးလေသော် “သင်ကူညီလိုလျှင် ဘုရားရှင်ထံသွား၍ ဒဗ္ဗကသင့်ကို မတရားကျင့်တဲ့ အကြောင်း လျှောက်ချေ” ဟု စေခိုင်းလေသည်။
ဘိက္ခုနီက စွပ်စွဲပုံ။ ။ မေတ္တိယာ ဘိက္ခုနီမသည် (မျက်နှာငယ်သလို မရွှင်မပျ သောမျက်နှာဖြင့်) ဘုရားရှင်ထံလာ၍-“မြတ်စွာဘုရား .. ဒီကိစ္စကြီးဟာ သိပ်မတော်တာပါဘဲဘုရား, ဘေးရန်ဥပဒ် မရှိဘူးတဲ့ အရပ်ဒေသဟာ ယခုတော့ ဘေးရန်ဥပဒ်ရှိနေပေါ့ဘုရား၊ လေမရှိတဲ့ အရပ်က လေတိုက်ခတ်နေပါပေါ့ဘုရား၊ အေးမြပေ့ဆိုတဲ့ ရေကလဲ မီးလို ပူနေပြီဘုရား၊ (လောကကြီး ကမောက်ကမ ဖြစ်ကုန်ပါပြီ-ဟုဆိုလိုသည်၊) “လျှောက်ပါရစေတော့-ရဟန္တာလို့ ကျော်စောနေတဲ့ အရှင်ဒဗ္ဗက တပည့်တော်မကို ဖျက်ဆီးပါတယ်ဘုရား” ဟု ဝမ်းနည်းသံကလေးဖြင့် လျောက်ထားလေသည်။
ဘုရား စစ်ဆေးတော်မူပုံ။ ။ ထိုသို့ လျှောက်လာသောအခါ ဘုရားရှင်သည်-(အကြောင်းမှန်ကို သိပါသော်လည်း အများကျေနပ် ဖို့ရာ ထုံးစံအတိုင်း) သံဃာစည်းဝေးစေတော်မူ၍ အရှင်
စာမျက်နှာ-၄၄
သူ့ကိုစစ်ဆေး မေးမြန်းတော်မူသည်မှာ— “ဒဗ္ဗ...မေတ္တိယာ ဘိက္ခုနီက သင့်အပေါ်မှာ ဒီလိုဒီလိုပြောဆိုနေတယ်, သူပြောသလိုသင်ပြုမိသလား”... ထိုအခါအရှင်ဒဗ္ဗက-“ဘုန်းတော်ကြီးဘုရား သိတော်မူတဲ့အတိုင်းပါဘုရား” ဟု လျှောက်ထားလေသော်— (၂-ကြိမ် ၃-ကြိမ် ထပ်မေးသော်လည်း ဤအတိုင်းပင်လျှောက်လေသော်) “ဒဗ္ဗ... ပညာရှိများဟာ (သူများအပေါ် တာဝန်ချ၍) သင်ဖြေသလို ဖြေလေ့မရှိကြ၊ “ဘိက္ခုနီ ပြောသလို ပြုမိလျှင် ပြုမိကြောင်း-မပြုမိလျှင် မပြုမိကြောင်း” အတိအလင်း ဖြေရှင်းပါ၊ ဤသို့ မိန့်တော်မူသောအခါ-“ဘုန်းတော်ကြီးဘုရား...တပည့်တော်သည် မွေးသည့်နေ့ကစ၍ မေထုန်မှီဝဲမှုဆိုတာ အိပ်မက်မျှ မမက်ဘူးပါ”ဟု (၇ နှစ် အရွယ်က ရဟန္တာဖြစ်ခဲ့သူပီပီ, တည်ကြည်ရဲဝံ့စွာ) လျှောက်ထားလေသည်။
ဘုရားရှင် ဆုံးဖြတ်တော်မူခြင်း။ ။ (အရှင်ဒဗ္ဗသည် နဂိုကပင် လဇ္ဇီ သူတော်ကောင်းဟု ထင်ရှားနေသော ပုဂ္ဂိုလ်ဖြစ်၏၊ မေတ္တိယာ ဘိက္ခုနီကား နဂိုကပင် အလဇ္ဇိနီဒုဿီလာဟု ထင်ရှား၏၊ လဇ္ဇီပုဂ္ဂိုလ်အတွက် သူ၏ပဋိညာဉ် ဝန်ခံချက်အတိုင်း ဆုံးဖြတ်နိုင်၏”ဟု ဝိနည်းထုံးတစ်ခု ဖြစ်စေတော်မူလိုခြင်းကြောင့် မေတ္တိယာဘိက္ခုနီသည် မတရားစွပ်စွဲသူ ဖြစ်ရကား)-“မေတ္တိယာဘိက္ခုနီကို လူဝတ်လဲစေ (သူသည် သူ့ အလိုအတိုင်း မဟုတ်၊ သူ့ကိုအားပေးတိုက်တွန်းသော ရဟန်းများရှိသည်၊ ထိုရဟန်းများကို ရှာဖွေစစ်ဆေးကြ”ဟု မိန့်တော်မူပြီးလျှင် ဂန္ဓကုဋိတိုက်တော်သို့ ဝင်တော်မူလေသည်။
ဝန်ခံကြရပုံ။ ။ ဘုရားရှင် ဂန္ဓကုဋိသို့ ဝင်ကြွတော်မူသောအခါ (စွပ်စွဲသည်ကို မခံမရပ်နိုင်ဖြစ်နေသော)ရဟန်းများက အဝတ်ဖြူကို ပေး၍ ဘိက္ခုနီကို လူထွက်ခိုင်းကြသောအခါ ထိုမေတ္တိယ ဘူမဇက ရဟန်းတို့သည် “ဘိက္ခုနီမကို မဖျက်ဆီးကြပါနှင့်, တပည့်တော်တို့က ခိုင်းလို့ စွပ်စွဲရရှာတာပါ”ဟုလျှောက်ကြလေသည်၊ ထိုအခါ ထိုလက်သည် ရဟန်းများကို “အခြေအမြစ်မရှိသော ပါရာဇိကဖြင့် စွပ်စွဲရမလား”ဟု ကဲ့ရဲ့၍ ဘုရားရှင်အား လျှောက်ကြပြန်ရာ, ဘုရားရှင်လည်း ထိုရဟန်းများကို ကဲ့ရဲ့ ရှုတ်ချတော်မူပြီးလျှင် ဤသိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။
သိက္ခာပုဒ်ပါဠိတော်။ ။ ယောပဘိက္ခု ဘိက္ခုံ ဒုဋ္ဌော ဒေါသော အပ္ပတီတော အမူလကေန ပါရာဇိကေန ဓမ္မေန အနုဒ္ဓံသေယျ၊ “အပ္ပေဝ နာမ နံ ဣမမှာ ဗြဟ္မရိယာ စာဝေ-
စာမျက်နှာ-၄၅
ယျန္တိ၊ တတော အပရေန သမယေန သမနုဂ္ဂါဟိယမာနောဝါ အသမနုဂ္ဂါဟိယ မာနောဝါ အမူလကဉ္စေဝ တံ အဓိကရဏံ ဟောတိ၊ ဘိက္ခုစ ဒေါသံ ပတိဋ္ဌာတိ သံဃာဒိသေသော။
သိက္ခာပုဒ်မြန်မာပြန်။ ။ အကြင်ရဟန်းသည် သူ့ကို ဒေါသက ဖျက်ဆီးအပ်, ဒေါသဖြင့် သူတစ်ပါးကိုလည်း ဖျက်ဆီးတတ်, ပီတိသုခ စသည်တို့ သူ့ကိုမကပ် မရောက် အပ်သည်ဖြစ်၍ (စိတ်ဆိုး၍, သက်သက်မုန်း၍ ဟူလို၊) အခြေအမြစ်မရှိသော ပါရာဇိက အာပတ်ဖြင့် ရဟန်းကို (“ဤမြတ်သော အကျင့်မှ သူ့ ကို ရွေ့လျောစေနိုင်လျှင် ကောင်းမှာဘဲ” ဟူသောအလိုဆန္ဒဖြင့်) စွပ်စွဲအံ့၊ ထိုရဟန်းမှာ သံဃာဒိသေသ် အာပတ်သင့်၏၊ ထိုစွပ်စွဲပြီးနောက် အခြားရဟန်းတို့က စစ်ဆေးမေးမြန်း အပ်သည်ဖြစ်စေ မစစ်ဆေး မမေးမြန်းဘဲဖြစ်စေ ထိုပါရာဇိက အာပတ်မှုဟူသော အဓိကရုဏ်းသည် အခြေအမြစ်လည်း မရှိ, စွပ်စွဲသော ရဟန်းလည်း မိမိအပြစ်ကို ဝန်ခံရတော့၏။
မှတ်ချက်။ ။ ပါရာဇိကပြုကျင့်နေသည်ကိုမြင်၍, သို့မဟုတ် သူတစ်ပါးထံမှ တဆင့် ကြားရ၍, သို့မဟုတ် ဆိတ်ကွယ်ရာ၌ ဖြစ်စေ မှောင်တည်း၌ ဖြစ်စေ မာတုဂါမနှင့် အတူနေသည်ကို တွေ့ရသဖြင့် ပါရာဇိကမှုကို ပြုလေသလားဟု ယုံမှားသံသယဖြစ်၍ စွပ်စွဲလျှင် မြင်ခြင်း ကြားခြင်း ယုံမှားဖြစ်ခြင်း ဟူသောအကြောင်း ၃-ပါးတွင် တစ်ပါးပါး အကြောင်း ဟူသော အခြေအမြစ်ရှိ၏။ ထိုသုံးပါးလုံးမရှိဘဲ စွပ်စွဲလျှင်ကား အခြေအမြစ် မရှိသော စွပ်စွဲခြင်းမည်၏၊ ထိုသို့အခြေအမြစ်မရှိဘဲ သက်သက် အရှက်တကွဲ အကျိုးနဲ ဖြစ်အောင် စွပ်စွဲလျှင် စွပ်စွဲရာ ခဏ၌ပင် သံဃာဒိသေသ် အာပတ်သင့်၏၊ အပရေန-စသော စကားကား အခြေအမြစ် မရှိကြောင်း ထင်ရှားအောင် ပြသောစကားသာတည်း။
ဈ။ ဒုတိယ ဒုဋ္ဌဒေါသ သိက္ခာပုဒ်
အမှုသည်—မေတ္တိယ, ဘူမဇကရဟန်းများ။
အမှု—အရှင်ဒဗ္ဗကို ပါရာဇိကဖြင့် စွပ်စွဲမှု။
မေတ္တိယ, ဘူမဇကတို့ ကြံစည်ကြပုံ။ ။ မေတ္တိယ ဘူမဇက ရဟန်းတို့သည် ရှေ့သိက္ခာပုဒ်လာ ပထမဝတ္ထု၌ မိမိတို့ အလိုမပြည့်သည့်ပြင် အနှိပ်ခံရသည် ဖြစ်၍ “သိကြလိမ့်မပေါ့”ဟု စိတ်ထဲ၌ ကြုံးဝါးကာ
စာမျက်နှာ-၄၆
အချက်ကောင်းကို ရှာနေကြလေရာ, တစ်နေ့သ၌ ဂိဇ္ဈကုဋ်တောင်မှ ဆင်းအလာဝယ် ဆိတ်မ၌ မှီဝဲနေသော ဆိတ်ဖိုကို မြင်ကြလေသည်။ ထိုအခါ ဆိတ်ဖိုကို “ဒဗ္ဗမလ္လပုတ္တ”ဟု နာမည်မှည့်၍ ဆိတ်မကို “မေတ္တိယာ, ဘိက္ခုနီ”ဟု နာမည်မှည့်ကြစို့”ဟု တိုင်ပင်ကြပြီးလျှင် “ရှေးတုန်းက တဆင့်ကြားနဲ့ ပြောခဲ့ရလို့ မသေချာဘူး၊ ယခုတော့ ဒဗ္ဗက မေတ္တိယာ၌ မေထုန်ကျင့်နေတာကို ကိုယ်တိုင်မြင်ကြရတယ်”ဟု ရဟန်းတို့အား ပြောလေသော်, ရဟန်းတို့က ဘုရားထံ လျှောက်ကြသဖြင့် သံဃာစည်းဝေးစေပြီးလျှင် စစ်ဆေးသည့်အခါ ထိုရဟန်းတို့အကြံ အမှန်အတိုင်း ပေါ်ပေါက်ရကား ဤသိက္ခာပုဒ်ကို ပညတ်တော်မူရပြန်သည်။
သိက္ခာပုဒ်ပါဠိတော်။ ။ ယော ပန ဘိက္ခု ဘိက္ခုံ ဒုဋ္ဌော ဒေါသော အပ္ပတီတော အညဘာဂိယဿ အဓိကရဏဿ ကိဉ္စိဒေသံ လေသမတ္တံ ဥပါဒါယ ပါရာဇိကေန ဓမ္မေန အနုဒ္ဓံသေယျ၊ “အပ္ပေဝ နာမ နံ ဣမမှာ ဗြဟ္မစရိယာ စာဝေယျ”န္တိ၊ တတော အပရေန သမယေန သမနုဂ္ဂါဟိယမာနောဝါ အသမနုဂ္ဂါဟိယ မာနောဝါ အညဘာဂိယဉ္စေဝ တံအဓိကရဏံ ဟောတိ၊ ကောစိ ဒေသော လေသမတ္တော ဥပါဒိန္နော၊ ဘိက္ခုစ ဒေါသံ ပတိဋ္ဌာတိ၊ သံဃာဝိသေသော။
သိက္ခာပုဒ်မြန်မာပြန်။ ။ အကြင် ရဟန်းသည် ဒုဋ္ဌဒေါသ စိတ်ဖြင့် အခြား သူ၏ အမျိုးအမည်စသည်ကို အခြားသူ၌ ပြောင်းလဲမှည့်ခေါ်၍ ထိုအမျိုးတူခြင်း နာမည်တူခြင်းစသော အမြွက်လောက်ကို စွဲပြီးလျှင် “သူ့ကို သာသနာတော်မှ ရွေ့လျောအောင် တတ်နိုင်လျှင် ကောင်းရဲ့”ဟု ကြံစည်၍ ပါရာဇိက အာပတ်ဖြင့်စွပ်စွဲအံ့၊ ထိုရဟန်းသည် သံဃာဒိသေသ် အာပတ်သင့်၏၊ [ထိုစွပ်စွဲပြီးနောက် အခြားရဟန်းတို့က စစ်ဆေးအပ်သည်ဖြစ်စေ မစစ်ဆေးအပ်သည်ဖြစ်စေ သူ၏အာပတ် ဟူသော အဓိကရုဏ်းသည် စွပ်စွဲခံရသူအတွက် မဟုတ်ဘဲ အခြား တစ်ဦး၏အတွက်လည်းဖြစ်နေ၏၊ တစ်စုံတစ်ခုကို ဆင်တူရိုးမှားဖြစ်အောင် အမြွက် ထောင်ထားကြောင်းလည်း ထင်ရှား၏။ ထိုရဟန်းလည်း မိမိအပြစ်ကို ဝန်ခံရတော့သည်။]
စာမျက်နှာ-၄၇
ဉ။ သံဃဘေဒကသိက္ခာပုဒ်
အမှုသည်—ရှင်ဒေဝဒတ်။
အမှု—သံဃာသင်းခွဲမှု။
သံဃာသင်းခွဲရန်ကြံစည်မှု။ ။ မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတိုက်တော်ဝယ် သီတင်းသုံးတော်မူစဉ် ရှင်ဒေဝဒတ်သည် ဘုရားရှင်၏ တပည့်သံဃာများကွဲပြားဖို့ရန် အာဏာစက် ပျက်ပြားဖို့ရန် သူ၏အသင်းဝင်ဖြစ်ကြသော ကောကာလိက, ကဋမောဒကတိဿ, သမုဒ္ဒဒတ္တတို့နှင့် တိုင်ပင်လေသည်၊ ထိုအခါ လက်ထောက် ဖြစ်သော ကောကာလိကရဟန်းက “ရှင်ဂေါတမသည် တန်ခိုးအာနုဘော်ကြီးမား၏၊ ဘယ်နည်းနှင့် သံဃာကွဲအောင် အာဏာစက်ပျက်အောင် ပြုမည်နည်း”ဟု မေးလေသော်, ရှင်ဒေဝဒတ်က ဘုရားထံ သူလျှောက်မည့်အကြံများကို ပြောပြသည်မှာ—
“မြတ်စွာဘုရား-မြတ်စွာဘုရားသည် သန္တုဋ္ဌီသလ္လေခအကျင့်၏ (ခြိုးခြံသော အကျင့်, ခေါင်းခေါင်းပါးပါးသုံးစွဲသော အကျင့်၏၊) ဂုဏ်ကျေးဇူးကို များစွာ ဟောလေ့ ရှိပါသည်၊ ယခုတောင်းမည့် အကြောင်းအရာတို့မှာ သန္တုဋ္ဌီသလ္လေခဖြစ်ဖို့ အကြောင်းများ ဖြစ်ပါသည်။
၁။ ရဟန်းအားလုံးအသက်ရှည်သမျှ တောကျောင်းနေဖို့ရန်,
၂။ ဆွမ်းခံစားသောအားဖြင့် ပိဏ္ဍပါတ်ဓုတင်အမြဲဆောင်ဖို့ရန်,
၃။ သုသာန်စသည်မှ ကောက်ရသောသင်္ကန်းဖြင့် ပံသုကူဓုတင်အမြဲ ဆောင်ဖို့ရန်,
၄။ သစ်ပင်ရင်းမှာသာ နေဖို့ရန်,
၅။ အမဲသားငါးမစားဖို့ရန်—
ပညတ်တော်မူပါ”ဟု လျှောက်မည်၊ ထိုလျှောက်ချက်များ ဧကန်ရမည် လည်းမဟုတ်, မရလျှင် “ရှင်ဂေါတမသည် ဤအချက်များ မကျင့်ဘူး, ဒို့က ဤငါးပါးသော အကျင့်တို့ကို ကျင့်တယ်”ဟု လူတို့အား ပြောပြမည်၊ လူတို့သည် ခေါင်းခေါင်းပါးပါး ခြိုးခြိုးခြံခြံ ကျင့်တာကိုမှ ကြည်ညိုကြသည်။ ထို့ကြောင့် ငါတို့ကို အကြည်ညိုများလျှင် နောက်လိုက် သံဃာရ၍ သံဃာတွေကို ခွဲထုတ်ယူနိုင်လိမ့်မည်ဟု ပြောပြလေသည်။
စာမျက်နှာ-၄၈
ထိုအခါ အားလုံးသဘောတူကြ၍ ဘုရားထံ သွားပြီးလျှင် ထိုအတိုင်း လျှောက်တောင်းကြလေသည်၊ ထိုအခါ ဘုရားရှင်သည် (“ဝိနည်းတော်နှင့် အညီ နေထိုင်စားသောက်၍ တရားရအောင် ကျင့်နိုင်ခြင်းသာ ပဓာန” ဟု သဘောထားတော်မူ၍) “၁-တောကျောင်းနေလိုသူ နေပေစေ, ရွာကျောင်းနေလိုသူလည်း ရွာကျောင်းမှာပင် နေပေစေ”ဤသို့ စသည်ဖြင့် အလိုရှိသလို နေထိုင်စားသောက်နိုင်ကြောင်း မိန့်တော်မူလေရာ, ရှင်ဒေဝဒတ်သည် သူ့ ထင်ကြေးကိုက်သဖြင့် ဝမ်းသာအားရဖြစ်ပြီးလျှင် လူများကို လိုက်၍ ပြောပြလေသည်၊ ထိုအခါ ဉာဏ်နဲသူတို့က ရှင်ဒေဝဒတ်စကားကို သဘောကျ၍, ဉာဏ်ရှိသူတို့က “ရှင်ဒေဝဒတ်သည် သံဃာကွဲပြားအောင် အားထုတ်ရမလား”ဟု ကဲ့ရဲ့ကြပြီးလျှင် ဘုရားရှင်အား လျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်ပါဠိတော်။ ။ ယော ပန ဘိက္ခု၊ သမဂ္ဂဿ သံဃဿ ဘေဒါယ ပရက္ကမေယျ၊ ဘေဒသံဝတ္တနိကံ ဝါ အဓိကရဏံ သမာဒါယ ပဂ္ဂယှ တိဋ္ဌေယျ၊ သောဘိက္ခု ဘိက္ခူဟိ ဧဝမဿ ဝစနီယော “မာယသ္မာ သမဂ္ဂဿ သံဃဿ ဘေဒါယပရက္ကမိ၊ ဘေဒနသံဝတ္တနိကံဝါ အဓိကရဏံ သမာဒါယ ပဂ္ဂယှ အဋ္ဌာသိ၊ သမေတာယသ္မာ သံဃေန၊ သမဂ္ဂါဟိ သံဃော သမ္မောဒမာနော အဝိဝဒမာနော ဧကုဒ္ဒေသော ဖါသု ဝိဟရတီ”တိ၊ ဧဝဉ္စ သော ဘိက္ခု ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂဏှေယျ၊ သောဘိက္ခု ဘိက္ခူဟိ ယာဝတတိယ သမနုဘာသိတဗ္ဗော၊ တဿ ပဋိနိဿဂ္ဂါယ၊ ယာဝတတိယဉ္စေ သမနုဘာသိယ မာနော တံ ပဋိနိဿဇ္ဇေယျ ဣစ္စေတံ ကုသလံ၊ နော စေ ပဋိနိဿဇ္ဇေယျ၊ သံဃာဒိသေသော။
သိက္ခာပုဒ်မြန်မာပြန်။ ။ အကြင် ရဟန်းသည် ညီညွတ်နေသော သံဃာကို ကွဲပြားအောင် အားထုတ်အံ့၊ ကွဲပြားမှုကို ဖြစ်စေတတ်သော အကြောင်းတစ်စုံတရာကိုမူလည်း (ဥပမာ-အဓမ္မတွေကို ဓမ္မဟုယူခြင်း စသော အယူဝါဒကို) စွဲမြဲစွာယူ၍ ထိုဝါဒ ကောင်းကြောင်းကို ပြောဆို ချီးမြှောက်၍ (ဝါဒဖြန့်၍) တည်အံ့၊ ထိုရဟန်းကို မြင်ကြ
စာမျက်နှာ-၄၉
ကြားကြသော ရဟန်းတို့က (လျစ်လျူရှုမထားဘဲ) ဤသို့ပြောဆို ဆုံးမရမည်၊ “ငါ့ရှင်... ညီညွတ်နေသော သံဃာကို ကွဲပြားအောင် အားမထုတ်ပါနှင့်, ကွဲပြားမှုကို ဖြစ်စေတတ်သော အကြောင်းကို မူလည်းယူ၍ ချီမြှောက်၍ မတည်ပါနှင့်၊ အရှင်သည် သံဃာနှင့် စိတ်သဘောချင်း ညီညွတ်ပါစေ၊ ညီညွတ်သောသံဃာသည် လွန်စွာ ဝမ်းမြောက်ရ-တစ်ပါးနှင့်တစ်ပါး မငြင်းခုန်ရဘဲ ပါတိမောက် အတူ ရွတ်ဆိုကာ (ဥပုသ်အတူပြုကာ)ချမ်းသာစွာ နေရသဖြင့် (ညီညွတ်ရကျိုးနပ်ပါသည်)၊ ရဟန်းတို့က ဤသို့ ပြောအပ်သော်လည်း ရှေးအတိုင်း သူ့အယူဝါဒကို ချီမြှောက်နေသေးအံ့၊ (ဝါဒဖြန့်နေ့ သေးအံ့-ဟူလို)၊ ထိုရဟန်းကို ထိုအယူစွန့်ဖို့ရာ ဉတ်ကမ္မဝါစာ ၃-ကြိမ်ရွတ်ပြ၍ ဆိုဆုံးမရဦးမည်၊ ထိုသို့ဆိုဆုံးမအပ်သည် ဖြစ်၍ ထိုအယူကိုစွန့်လျှင်ကောင်းသည်၊ မစွန့်လျှင်ကား တတိယ ကမ္မဝါစာ အဆုံးတွင် သံဃာဒိသေသ် အာပတ်သင့်သည်။ [ဉတ် ကမ္မဝါစာတို့ကို ပါဠိတော်၌ရှုလေ။]
ဋ။ ဘေဒါနုဝတ္တကသိက္ခာပုဒ်
အမှုသည်—ရှင်ကောကာလိကစသောရဟန်းများ။
အမှု—ရှင်ဒေဝဒတ်၏ သံဃာသင်းခွဲခြင်း-အားပေး-နောက်လိုက်မှု။
ရှင်ဒေဝဒတ်၏ နောက်လိုက်များ။ ။ သံဃာကွဲပြားအောင် အားထုတ်သော ရှင်ဒေဝဒတ်ကို ရဟန်းများကဲ့ရဲ့ရှုတ်ချကြသောအခါ ရှင်ကောကာလိက စသော(ရှေ့သိက္ခာပုဒ်၌ပြခဲ့သော) ရဟန်းတို့က “အရှင်ဘုရားတို့... ဒီလို မပြောကြပါနှင့်, အရှင်ဒေဝဒတ်သည် အမှန်ကိုသာ ပြောလေ့ရှိပါ၏။ ရန်ခိုက်ငြင်းခုန်မှု မဖြစ်ဖို့ရန် ငြိမ်းအေးရေး တရားကိုသာ ပြောလေ့ရှိပါ၏၊ အရှင်ဒေဝဒတ်သည် တပည့်တော်တို့၏ ဆန္ဒနှင့် အကြိုက်ကိုသာယူ၍ ပြောဆိုပါသည်, တပည့်တော်တို့နှင့် တိုင်ပင်ပြီးမှပြောပါသည်၊ အရှင်ဒေဝဒတ် ပြောသမျှကို တပည့်တော်တို့လဲ သဘောကျပါသည်” ဟု အရှင်ဒေဝဒတ်ဘက်က ခုခံပြောဆို ကြသောကြောင့် ဘုရားရှင်အား လျှောက်၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
စာမျက်နှာ-၅၀
သိက္ခာပုဒ်ပါဠိတော်။ ။ တဿေဝ ခေါ ပန ဘိက္ခုဿ ဘိက္ခူ ဟောန္တိ အနုဝတ္တကာ ဝဂ္ဂဝါဒကာ ဧကော ဝါ ဒွေ ဝါ တယော ဝါ, တေ ဧဝံ ဝဒေယျုံ “မာယသ္မန္တော ဧတံ ဘိက္ခုံ ကိဉ္စိ အဝစုတ္ထ, ဓမ္မဝါဒီ စေသော ဘိက္ခု, ဝိနယဝါဒီ စေသော ဘိက္ခု, အမှာကဉ္စေသော ဘိက္ခု ဆန္ဒဉ္စ ရုစိဉ္စ အာဒါယ ဝေါဟရတိ, ဇာနာတိ, နော ဘာသတိ, အမှာကမ္ပေတံ ခမတီ”တိ, တေ ဘိက္ခူ ဘိက္ခူဟိ ဧဝမဿု ဝစနီယာ “မာယသ္မန္တော ဧဝံ အဝစုတ္ထ, န စေသော ဘိက္ခု ဓမ္မဝါဒီ, န စေသော ဘိက္ခု ဝိနယဝါဒီ, မာယသ္မန္တာနမ္ပိ သံဃဘေဒေါ ရုစ္စိတ္ထ, သမေတာယသ္မန္တာနံ သံဃေန, သမဂ္ဂေါ ဟိ သံဃော သမ္မောဒမာနော အဝိဝဒမာနော ဧကုဒ္ဒေသော ဖာသု ဝိဟရတီ”တိ, ဧဝဉ္စ တေ ဘိက္ခူ ဘိက္ခူဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျုံ, တေ ဘိက္ခူ ဘိက္ခူဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ, ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျုံ, ဣစ္စေတံ ကုသလံ, နော စေ ပဋိနိဿဇ္ဇေယျုံ, သံဃာဒိသေသော။
မြန်မာပြန်အကျဉ်းချုပ်။ ။ သံဃာသင်းခွဲသော ရဟန်း၏အယူကို လိုက်ကုန်သော ၁-ပါး, ၂-ပါး, ၃-ပါးလောက်သော ရဟန်းတို့သည် “အရှင်ဘုရားတို့.....ထိုရဟန်းကို ဘာတစ်ခုမျှ မပြောကြပါနှင့်” စသည်ဖြင့် ပြောဆိုအံ့၊ ထိုရဟန်းတို့ကို “မာယသ္မန္တော ဧဝံအဝစုတ္ထ = အရှင်တို့ ဤသို့မပြောကြနှင့်၊ နစေသောဘိက္ခု၊ ဓမ္မဝါဒီ = (ကိုယ်တော် ထောက်ခံအားပေးနေသော) ထိုရဟန်းသည် ဓမ္မဝါဒီမဟုတ်ဘဲ စသည်ဖြင့် ပြောဆို၍ တားမြစ်ရမည်၊ ထိုသို့တားမြစ်ပါလျက် ရှေးအတိုင်း သူတို့အယူဝါဒကို ချီးမြှောက်နေသေးလျှင် သံဃာ့ အလယ်သို့ ဆွဲငင်ခေါ်သွား၍ ဉတ်ကမ္မဝါစာ ၃-ကြိမ်ရွတ်လျက် ဆုံးမရမည်၊ ထိုသို့ ဆုံးမပါလျက် သူတို့ဝါဒကို မစွန့်လျှင် ထိုရဟန်းများ သံဃာဒိသေသ် အာပတ်သင့်၏။
စာမျက်နှာ-၅၁
မှတ်ချက်။ ။ “တယောဝါ” ဟု ၃-ပါးအထိ ပိုင်းဖြတ်ထားခြင်းကား ၄-ပါးပြည့်လျှင် သူတို့ဘက်၌ သံဃာဖြစ်နေရကား ကိုယ့်သံဃာနှင့်ကိုယ် အတိုက်အခံ ကံပြုနေကြရမည် စိုးသောကြောင့်တည်း၊ အကယ်၍ သံဃာသင်းခွဲသူ နောက်လိုက်တွေ ၄-ပါး-၅-ပါး စသည် များနေလျှင် ၂-ပါးစီ-၃-ပါးစီ ခွဲပြီးမှ သံဃာက ကမ္မဝါစာဖြင့် ဆုံးမရမည်၊ ၄-ပါး စုနေ့လျှင်ကား ထိုကဲ့သို့ နှိမ်နင်းသော ကံမျိုးကို ကမ္မဝါစာဖြင့် မပြုနိုင်။
ဌ။ ဒုဗ္ဗစ သိက္ခာပုဒ်
အမှုသည်—အရှင်ဆန္န။
အမှု—ဆုံးမသည်ကို မနာခံမှု။
အရှင်ဆန္န အပြောရခက်ပုံ။ ။ ဘုရားရှင်၏ ဖွားဘက်တော်ဖြစ်သော အရှင်ဆန္နသည် အခြားရဟန်းတို့က “ဤသို့သော အမှုကို မပြုနှင့်, မအပ်ပါဘူး”ဟု ပြောဆိုဆုံးမသောအခါ ထိုရဟန်းတို့ကို ဤသို့ ပြန်ပြောလေ့ရှိ၏၊- “တပည့်တော်ရဲ့ဘုရား၊ တပည့်တော်ရဲ့တရား၊ တပည့်တော်ရဲ့ အရှင့်သားတော်သည် တရားကို ထိုးထွင်း၍သိထားတာ ဖြစ်တယ်၊ လေမုန်တိုင်းကြီး တိုက်လာသည့်အခါ မြက် ထင်း သစ်ရွက် အမှိုက်သရိုက်တွေကို တနေရာ၌ ဖယ်ရှားလိုက်သလို, တောင်ပေါ်မှ စီးကျလာသော မြစ်ရေသည် မှော်သေး မှော်ညှင်းတို့ကို တနေရာ၌ ဖယ်ရှားလိုက်သလို, ထို့အတူ ကိုယ်တော်တို့တတွေကို တပည့်တော်က ဖယ်ရှားနိုင်တယ်၊ ကိုယ်တော်တို့က တပည့်တော်ကို ပြောစရာဆိုစရာလို့ မှတ်နေကြသလား, တပည့်တော်ကသာ ကိုယ်တော်တို့ကို (မတော်တာရှိလျှင်) ပြောရ ဆိုရ ဆုံးမရမှာ”.....ဤသို့ ပြန်၍ပြောလေ့ရှိ၏၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်ပါဠိတော်။ ။ ဘိက္ခု ပနေဝ ဒုဗ္ဗစဇာတိကော ဟောတိ ဥဒ္ဒေသပရိယာပန္နေသု သိက္ခာပဒေသု ဘိက္ခူဟိ သဟဓမ္မိကံ ဝုစ္စမာနော အတ္တာနံ အဝစနီယံ ကရောတိ “မာ မံ အာယသ္မန္တော ကိဉ္စိ အဝစုတ္ထ ကလျာဏံ ဝါ ပါပကံ ဝါ, အဟမ္ပာယသ္မန္တေ န ကိဉ္စိ ဝက္ခာမိ ကလျာဏံ ဝါ ပါပကံ ဝါ, ဝိရမထာယသ္မန္တော မမ ဝစနာယာ”တိ, သော ဘိက္ခု ဘိက္ခူဟိ ဧဝမဿ ဝစနီယော “မာယသ္မာ အတ္တာနံ အဝစနီယံ အကာသိ, ဝစနီယမေဝါယသ္မာ အတ္တာနံ
စာမျက်နှာ-၅၂
ကရောတု, အာယသ္မာပိ ဘိက္ခူ ဝဒတု သဟဓမ္မေန, ဘိက္ခူပိ အာယသ္မန္တံ ဝက္ခန္တိ သဟဓမ္မေန, ဧဝံ သံဝဒ္ဓါ ဟိ တဿ ဘဂဝတော ပရိသာ ယဒိဒံ အညမညဝစနေန အညမညဝုဋ္ဌာပနေနာ”တိ, ဧဝဉ္စ သော ဘိက္ခု ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂဏှေယျ, သော ဘိက္ခု ဘိက္ခူဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗော တဿ ပဋိနိဿဂ္ဂါယ, ယာဝတတိယဉ္စေ သမနုဘာသိယမာနော တံ ပဋိနိဿဇ္ဇေယျ, ဣစ္စေတံ ကုသလံ, နော စေ ပဋိနိဿဇ္ဇေယျ, သံဃာဒိသေသော။
သိက္ခာပုဒ်မြန်မာပြန်အကျဉ်း။ ။ ရဟန်း ဖြစ်ပါလျက် ပါတိမောက်၌ (ဝိနည်းပါဠိတော်၌) အကျုံးဝင်ကုန်သော သိက္ခာပုဒ် ဆိုင်ရာဝယ် အပြောခက် အဆိုခက်ဖြစ်နေအံ့၊ ရဟန်းတို့က သိက္ခာပုဒ်ဖြင့် ပြောဆို ဆုံးမလျှင် မိမိကိုယ်ကို သူများအဆုံးအမခံမည့်သူ မဟုတ်ကြောင်း ပြန်၍ပြောအံ့၊ ပြောပုံကား− “အရှင်ဘုရားတို့...တပည့်တော်ကို ကောင်းကောင်း ဆိုးဆိုး ဘာကိုမျှ မပြောကြပါနှင့်၊ တပည့်တော်ကလည်း အရှင်ဘုရားတို့ကို ကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ ဘာကိုမျှ ပြောလိမ့်မည်မဟုတ်၊ တပည့်တော်ကို ပြောခြင်း ဆိုခြင်းမှ ရှောင်ကြပါ” ဤသို့ပြန်ပြောအံ့၊ ထိုအဆုံးမခက်သော ရဟန်းကို အခြားရဟန်းတို့က ပြောရမည်မှာ... “အရှင်သည် ကိုယ့်ကိုယ်ကို မပြောရ မဆိုရသူမလုပ်ပါနှင့်၊ အရှင်ကလည်းရဟန်းတို့ကိုသိက္ခာပုဒ်ဖြင့် (မတော်တာရှိလျှင်)ပြောပါ၊ ရဟန်းတို့ကလည်းသိက္ခာပုဒ်ဖြင့် အရှင့်ကိုပြောပါလိမ့်မည်၊ ဤသို့အချင်းချင်းပြောဆိုကြခြင်း-(အာပတ် သင့်လျှင်) အာပတ်မှထအောင် အချင်းချင်းကူညီကြခြင်းကြောင့်သာ ထိုဘုရားရှင်၏ တပည့်ပရိသတ်သည် ဤအခြေအနေ တိုင်အောင် တိုးတက်ကြီးပွါးလာရပါသည်၊ (တစ်ပါးနှင့်တစ်ပါး ပြောခွင့် ဆိုခွင့် ဆုံးမခွင့်မရ၍ မပြောကြ မဆုံးမကြလျှင် ဆုတ်ယုတ်ကုန်ပါလိမ့်မည်-ဟူလို၊)” ဤသို့ရဟန်းတို့က ပြောပါလျက် (အပြောအဆိုမခံလိုခြင်း ဟူသော) သူ့ဝါဒကိုမစွန့်ဘဲ ချီမြှောက်နေသေးလျှင် ထိုရဟန်းကို သံဃာ့အလယ်သို့ အတင်းဆွဲခေါ်၍ ဉ တ်ကမ္မဝါစာဖြင့် ဆုံးမရမည်၊ ထိုသို့ ဆုံးမ၍ သူ့ဝါဒကိုစွန့်လျှင် ကောင်း၏၊ မစွန့်လျှင် တတိယ ကမ္မဝါစာအဆုံး၌ သံဃာဒိသေသ် အာပတ်သင့်သည်။
စာမျက်နှာ-၅၃
မှတ်ချက်။ ။ ယခုခေတ်၌ များသောအားဖြင့် တိုက်ကိုလည်းကောင်း, ကျောင်းကိုလည်းကောင်း, အုပ်ချုပ်နေကြသော တိုက်အုပ် ကျောင်းထိုင် ပုဂ္ဂိုလ်များသည် တိုက်ရှိသံဃာ ကျောင်းရှိသံဃာများကို မပြောဝံ့ မဆုံးမဝံ့ကြတော့၊ လက်အောက် သံဃာများသည်လည်း အတော်များများက ထိုတိုက်အုပ် ကျောင်းထိုင်ကို မှီခိုအားထားလို၍ လာရောက်နေထိုင်ကြသည် မဟုတ်, နေရာရရုံလောက်ကို ရည်ရွယ်၍ လာရောက်နေထိုင်ကြခြင်း ဖြစ်၏။ စာသင်ခြင်းကိစ္စကိုမူ သင့်တော်ရာပုဂ္ဂိုလ်ထံ (အခြားကျောင်း အခြားတိုက်မှာဖြစ်စေ)သွားရောက် သင်ယူကြလေသည်။ ထိုကဲ့သို့ အချင်းချင်း မှီခိုအားထားခြင်း မရှိကြသောကြောင့်လည်း ပြောဆိုဆုံးမဖို့ မလွယ်ကူကြတော့ချေ။ ဤကား မြို့စာသင်တိုက်များ၌ များသောအားဖြင့် ဖြစ်နေပုံတည်း။
ထိုကဲ့သို့ဖြစ်နေမှုကြောင့် “ဧဝံ သံဝဍ္ဎာဟိ တဿ ဘဂဝတော ပရိသာ၊ ယဒိဒံ အညမညဝစနေန = အချင်းချင်း ပြောဆို ဆုံးမလာခြင်းကြောင့်သာ ဘုရားရှင်၏ပရိသတ်သည် ဤအခြေအနေတိုင်အောင် သီလ, သမာဓိ, ပညာအားဖြင့် ကြီးပွားတိုးတက်လာရပါသည်” ဟူသောစကားနှင့် ပြောင်းပြန်ဖြစ်ကာ “အချင်းချင်း မဆုံးမနိုင်သောကြောင့် ဘုရားသာသနာတော်ကြီးသည် ဤအခြေအနေတိုင်အောင် သီလသမာဓိ ပညာအားဖြင့် ဆုတ်ယုတ်လာခဲ့ရပါသည်”ဟု ငြီးငြူ ရသောခေတ်သို့ ရောက်လုနီးပါးဖြစ်နေရပါသည်၊ ဤအခြေအနေကို တစ်မျိုးတမည်ပြောင်းအောင် လက်ရှိဆရာတော်ကြီးများနှင့် အစိုးရကသာ မပြုပြင်နိုင်ပါလျှင် ဤသာသနာတော်သည် မြန်မာနိုင်ငံတော်တွင် ဤအခြေအနေမျှပင် တည်တံ့ဖို့ခဲယဉ်းပါလိမ့်မည်။
ဍ။ ကုလဒူသကသိက္ခာပုဒ်
အမှုသည်—အဿဇိ, ပုနဗ္ဗသုကရဟန်းများ။
အမှု—သဒ္ဓါတရား ပျက်စီးအောင်ပြုသည့်အတွက် ပဗ္ဗာဇနီယကံ ပြုသောအခါ ကံပြုသောသံဃာများကို ကဲ့ရဲ့ရှုတ်ချမှု။
အဿဇိ ပုနဗ္ဗသုကတို့ကျင့်ပုံ။ ။ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံးတော်မူစဉ်, အဿဇိ၎င်း ပုနဗ္ဗသုက ဟုလည်းကောင်း, အမည်ရသော အလဇ္ဇီရဟန်းယုတ်တို့သည် ဂိဋာဂိရိဇနပုဒ်၌ ကျောင်းထိုင်ဘုန်းကြီး လုပ်လျက် မကောင်းသော အကျင့်များကို ကျင့်ကြလေသည်၊ ထိုရဟန်းတို့သည် ပန်းပင်ကို စိုက်၍ ရေလောင်းကြ၏၊ ပန်းခူးကြပြီးလျှင် ပန်းကုံး အမျိုးမျိုး ပန်းခိုင် အမျိုးမျိုး ပြုကုန်လျက်
စာမျက်နှာ-၅၄
ကြီးကြီးငယ်ငယ် အရွယ်အစားစားဖြစ်သော မိန်းမတို့အား ပေးကြကုန်၏၊ ထိုမိန်းမတို့နှင့် အတူ တခွက်ထည်းစား တခွက်လည်းသောက် တနေရာ လည်းထိုင် တစ်နေ့ရာလည်းအိပ် တခင်းထည်းခင်း တခြုံတည်းခြုံ၍ နေကြ အိပ်ကြကုန်၏၊ ညစာလည်းစားကုန် အရက်လည်းသောက်ကုန် ပန်းနံ့သာကိုလည်း လိမ်းကျံခြယ်လယ်ကုန်၏၊ ကလည်းက သီချင်းလည်း ဆိုလျက် ကစားအမျိုးမျိုးကို ကစားရုံသာမက, ပွဲလယ်ခေါင်၌ သင်္ကန်းကြီးကို ဖြန့်ခင်းပြီးလျှင် “ဟေ့နှမ... ဒီအပေါ် လာပြီးကလှဲ့ပါကွ” ဟု ဇာတ်သူမကိုပင် ခေါ်ငင်ကြကုန်၏။
ကုလဒူသက။ ။ “ကုလာနိ-အမျိုးလေးပါးတို့ကို၊ ဒူသေတိ-ဖျက်ဆီးတတ်၏”ဟူသော ဝစနတ္ထနှင့်အညီ “ခတ္တိယ ဗြာဟ္မဏ ဝေဿ သုဒ္ဒ”ဟူသော အမျိုး ၄-ပါးကို ဖျက်ဆီးသူကို “ကုလဒူသက”ရဟန်းဟု ခေါ်၏၊ “ဖျက်ဆီး” ဟူရာ၌ ပျက်စီးအောင် မစင်-ရွှံံပုတ်တို့ဖြင့် ပက်သည်မဟုတ်၊ ထိုအမျိုးများ၏ သဒ္ဓါတရားကို ဖျက်ဆီးခြင်းတည်း၊ ချဲံ့ဦးအံ့- လူတစ်ယောက်ကို ဖျက်ဆီးရာ၌ မစင်ရွှံ့ပုတ်သည် ဖျက်ဆီးကြောင်း ဝတ္ထုဖြစ်သကဲ့သို့ ထို့အတူအမျိုးကို ဖျက်ဆီးရာ၌ ဖျက်ဆီးကြောင်းဝတ္ထုရှိရဦးမည်၊ ထိုဝတ္ထုကား-“ပန်း-သီး-မှုန့်-မြေ, ဝါး-ပူ-ခြေ, ဝဇ္ဇေဒူရှစ်ဖြာ”နှင့်အညီ—
၁-ပန်း, ၂-သစ်သီး, ၃-ရေချိုးဆပ်ပြာမှုန့်, ၄-မြေညက်, ၅-ဝါး, ၆-ဒန်ပူ, ၇-ခြေဖြင့်သွားခြင်း, ၈-(ဝဇ္ဇေ)ဆေးကုခြင်းအားဖြင့် ၈-ပါးရှိ၏၊ မိန်းကလေးတစ်ယောက်ယောက်အား ပန်းပေးလိုက်လျှင် ထိုမိန်းကလေး၏ သဒ္ဓါတရားကို ဖျက်ဆီးပစ်ရာရောက်၏၊ [မစင်နှင့်ပန်း, ပက်ခြင်းနှင့်ပေးခြင်း, အပက်ခံရသူ ပျက်စီးခြင်းနှင့် မိန်းမ၏သဒ္ဓါတရား ပျက်စီးခြင်း, မစင်ပက်သူနှင့် ပန်းပေးသူ တူကြလေသည်။]
သဒ္ဓါတရားပျက်ပုံ။ ။ မိန်းကလေးသည် ရိုးရိုးရာရာအားဖြင့် နဂိုက သဒ္ဓါတရား ကောင်းသူကလေးတည်း၊ သို့သော် “ဒါနံသဗ္ဗတ္ထ သာဓကံ— ပေးကမ်းခြင်းသည် အကျိုးအားလုံး ပြီးစေ၏” ဟူသော စကားကို သဘောပေါက်၍ သူ့ကို ကြည်ညိုအောင် ရဟန်းတစ်ယောက်က ထိုမိန်းကလေးအား ပန်းကို ပေးလိုက်ရာ ထိုရဟန်းအား လှူဒါန်းချင်စိတ် ဖြစ်ကာ ချစ်ခင်လာပေမည်၊ သို့သော် ထိုကဲ့သို့ ပေးဖော်မရသော လဇ္ဇီသူမွန်သီလဝန် အရှင်မြတ်တို့အား မလှူချင်-မဒါန်းချင် မဆည်းကပ်-မကိုးကွယ်ချင်တော့သဖြင့် ထိုမိန်းကလေး၏ အစစ်အမှန် အဘိုးတန်သဒ္ဓါတရားတွေ ပျက်ပြားလေပြီ။
စာမျက်နှာ-၅၅
ဤနည်းအတိုင်း သစ်သီးပေး၍ ဖျက်ဆီးပုံ(သစ်သီးဖြင့် သစ်ရွက်ကိုပါယူ) ကုက္ကိုမှုန့်စသော (ကာလပေါ်အမှုန့် ဆပ်ပြာခဲများနှင့်တကွ) ရေချိုးရာ၌ အသုံးပြုရသော အမှုန့်ကိုပေး၍ ဖျက်ဆီးပုံ, မြေညက်ပေး၍ ဖျက်ဆီးပုံ (အိန္ဒိယ၌ မြေညက်များကိုလည်း မြန်မာနိုင်ငံ သဲဆပ်ပြာကဲ့သို့ အသုံး ပြုသည်၊) အိမ်စသည် ဆောက်ဖို့ရန်အတွက် ဝါးပေး၍ ဖျက်ဆီးပုံ, ဒန်ပူ ပေး၍ဖျက်ဆီးပုံ, (အိန္ဒိယသားတို့သည် သွားတိုက်ရန် ဒန်ပူကို အများပင် အသုံးပြုကြသည်၊ ယခုမြန်မာနိုင်ငံ၌လည်း ကုလားနှင့် ပုဏ္ဏားတို့ ဒန်ပူသုံးကြသည်ကို တွေ့နိုင်သေး၏၊) လူများကစေခိုင်း၍ ခြေဖြင့်သွားလျက် အစေအပါး ခံခြင်းဖြင့် ဖျက်ဆီးပုံ, ဆေးကု၍ ဖျက်ဆီးပုံများကိုလည်း သိကြပါလေ။
မိစ္ဆာဇီဝ။ ။ ရိုးသား ဖြောင့်မှန်သော အသက်မွေးခြင်း မဟုတ်ဘဲ, စဉ်းလဲကောက်ကျစ်သော မရိုးမဖြောင့်သော လိမ်သော ညာသော အသက်မွေးမှုကို “မိစ္ဆာဇီဝ”ဟု ခေါ်၏၊ [မိစ္ဆာ =မှားယွင်းသော+အာဇီဝ=အသက်မွေးမှု (ပစ္စည်းရအောင်လုပ်မှု)။] ပြခဲ့သော ပန်းပေးမှုစသော ရှစ်ပါးလည်း မိစ္ဆာဇီဝပင်တည်း၊ ထိုရှစ်ပါးအပြင် ကုဟန လပန စသည်တို့လည်း မိစ္ဆာဇီဝပင်တည်း။
ကုဟန။ ။ ဒါယကာ ဒါယိကာမတို့ တအံ့တဩ ချီးမွမ်းရလောက်အောင် ဟန်ဆောင်မှု ဟိတ်ဟန်လုပ်မှုကို “ကုဟန”ဟုခေါ်၏၊ ထိုကုဟနသည် ပစ္စည်း သုံးစွဲပုံ, မိမိကို ဈာန်ရသူ မဂ်ဖိုလ်ရသူ ထင်အောင် ဈာန်မဂ်ဖိုလ်နှင့် နီးစပ် သောစကားကို ပြောဆိုမှု, သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, လျောင်းခြင်း ဟူသော ဣရိယာ ပုထ်လေးပါး၌ သူများအထင်ကြီးအောင် ဟန်လုပ်၍နေမှု ဤသို့အားဖြင့် သုံးမျိုးပြားပြန်၏။
ပစ္စည်းသုံးစွဲပုံ။ ။ ဆွမ်းဖြစ်စေ သင်္ကန်း ကျောင်း ဆေးဖြစ်စေ တစ်စုံတစ်ခု အကောင်းအမွန်ကို လှူပါရစေ”ဟု လာ၍ လျှောက်လာလျှင် (လိုချင်ရက်သားနဲ့ ထိုအလှူရှင်တို့က မိမိကို အထင်ကြီးစေလိုသော စိတ်ယုတ်မာဖြင့်) “ငါတို့မှာ ပြည့်စုံပါတယ်”ဟု ပြော၏၊ သို့မဟုတ် “ရဟန်းဆိုတာ ဒါလောက် အကောင်းအမွန် သုံးဖို့ မလိုပါဘူး, ပံ့သုကူသင်္ကန်းတို့လို သင်္ကန်း, ရုက္ခမူ (သစ်ပင်အောက်)တို့လို ကျောင်းကလေး, သင့်တော်ရုံ အစား အစာ ဆေးဝါးဖြင့် မျှတရတယ်”ဟု ပြော၏၊ ထိုသို့ပြောသဖြင့် အလှူရှင်တို့ အထင် ကြီးလေတော့၏၊ ထိုသို့အထင်ကြီးသဖြင့် သာ၍ လှူချင်လာသောကြောင့် “လှူပါရစေ”ဟု မရမက လျှောက်သောအခါ “သူတို့ကို ချီမြှောက်သော
စာမျက်နှာ-၅၆
အားဖြင့်သာ အလှူခံရသည့် အနေမျိုးဖြင့် အလှူခံ၏။ ထိုအပြုအမူကား ပစ္စည်းသုံးစွဲပုံနှင့် စပ်၍ မိမိကိုယ်ကို အထင်ကြီးအောင် သာ၍ ကြည်ညိုအောင် ပြုသော မိစ္ဆာဇီဝမှုတစ်မျိုးတည်း၊ ထိုသို့ပြုသဖြင့် ရအပ်သော ပစ္စည်းများသည် မိစ္ဆာဇီဝဖြစ်၏။ အထင်ကြီးစေလိုသော စိတ်ယုတ်မာကြောင့် မဟုတ်ဘဲ တကယ်စိတ်ရင်း စေတနာရင်းဖြင့် ပြောဆိုခြင်းကား သူတို့က အထင်ကြီးစေကာမူ မိစ္ဆဒဇီဝမှုမဟုတ်။
ဈာန်မဂ်ဖိုလ်နှင့် နီးစပ်သောစကား။ ။ ဈာန်မဂ်ဖိုလ်ရသူ ထင်အောင် စကား ပြောပုံကား— “ဒါယကာရဲ့ ...တန်ခိုးအာနုဘော်ရှိတဲ့ ကိုယ်တော်များဟာ မည်သို့ အသွေးအရောင်ရှိတဲ့ သင်္ကန်းကို ဝတ်လေ့ရှိတယ်၊ မည်ကဲ့သို့ ဆိတ်ငြိမ်သော ကျောင်းမှာ နေလေ့ရှိတယ်” ဤသို့စသည်ဖြင့် သူဝတ်သော သင်္ကန်းမျိုး သူနေသောကျောင်းမျိုးကို ပြောပြ၏၊ ထိုအခါ ဒါယကာက “ဒီကိုယ်တော်ဟာ ဈာန်ရကိုယ်တော်ဖြစ်မှာဘဲ, မဂ်ရ ဖိုလ်ရ(ရဟန္တာ) ဖြစ်မှာဘဲ”ဟု တွေးပြီး ထိုကိုယ်တော်ကို အထင်ကြီး၏၊ ထိုသို့ အထင်ကြီးအောင် ဟိတ်ဟန်ထုတ်မှုသည် မိစ္ဆာဇီဝဖြစ်၏၊ ထိုသို့အထင်ကြီး၍ လှူလေသမျှ ပစ္စည်းသည် မိစ္ဆာဇီဝပင်တည်း။
သွားမှုစသည်ဖြင့် အထင်ကြီးစေမှု။ ။ ကိုယ်တော်တစ်ပါးကား သူ့ကိုအထင် ကြီးစေလိုသောကြောင့် ဒါယကာ ဒါယိကာမတို့၌ အလွန်ဣသိက္ခာ တည်ကြည်စွာဖြင့် သွား၏, ရပ်၏, ထိုင်၏, လျောင်း၏၊ လူကွယ်ရာ၌ကား တော်သလိုနေ၏၊ ထိုသို့ အထင်ကြီးအောင် ဟန်ဆောင်မှုသည်ပင် မိစ္ဆာဇီဝ ဖြစ်၏၊ ထိုသို့ဟန်ဆောင်နေသည်ကို အထင်ကြီး၍ လှူလေသမျှ မိစ္ဆာဇီဝ ချည်းတည်း၊ [အထင်ကြီးအောင် ဟန်ဆောင်ခြင်း မဟုတ်ဘဲ “ရဟန်းဆိုတာ မြို့ရွာအတွင်း၌ ဣန္ဒြေရရသွားမှ နေမှ သာသနာ့အသရေကို ဆောင်ရာရောက်မည်”ဟု စိတ်ကောင်းထား၍ သွားလာနေထိုင်မှုကား မိစ္ဆာဇီဝမဟုတ်။]
လပန။ ။ ဒါယကာ ဒါယိကာမတို့ဆီက ပစ္စည်းရအောင်ပြောမှကြည်ညိုအောင် ပြောမှုကို “လပန”ဟု ခေါ်၏၊ ကျောင်းလာသည်ကို မြင်လျှင် “ဘာကိစ္စလာတုံး, ဆွမ်းစားပင့်လား, ဒီလိုဆိုရင် သွားနှင့်, လိုက်ခဲ့မယ်”ဟု (ဒါယကာက ဘာမှမလျှောက်ဘဲ သူကစ၍)ပြောခြင်း။
“ဒကာရ.. ငါ့ကိုမင်းကြီးက ကြည်ညိုတယ်, ငါ့ကို မည်သည့်ဝန်ကြီးက ကြည်ညိုတယ်”စသည်ဖြင့် မမေးဘဲလျက် သူ့ ကိုယ်သူပြောခြင်း၊ မေးသည့်အတွက် သူ့ကိုယ်သူမြှောက်၍ပြောခြင်း။
စာမျက်နှာ-၅၇
မိမိဆီလာသော ဒါယကာ ဒါယိကာမတို့မပျင်းအောင် သူတို့အားလည်း ပြောခွင့်ပေး၍ ပြောခြင်း။
သူဌေးကြီး... သူကြွယ်ကြီး ...စစ်ပိုင်ကြီး, ဘာမင်းကြီး, ညာမင်းကြီးစသည်ဖြင့် ရာထူးဂုဏ်သိရ် စည်းစိမ်နှင့်စပ်သော မြှောက်လုံးပင့်လုံး စကားသုံးနှုန်း၍ ခေါ်ခြင်း၊ [ပစ္စည်းလှူချင်အောင် မြှောက်၍ ခေါ်ခြင်းမဟုတ်ဘဲ ဝန်ကြီးကို “ဝန်ကြီး”ဟုခေါ်ခြင်းသည်ကား မိစ္ဆာဇီဝမဖြစ်။]
“ရှေ့နှစ်က ဒီအချိန်မှာ လှူနေကြဘဲ, ယခုနှစ်မယူကြဘူးလား”စသည်ဖြင့် “လှူပါ့မည်”ဟု လျှောက်အောင် ပြောခြင်း။
တစ်စုံတစ်ခု ပစ္စည်းကိုင်လာသူကိုမြင်လျှင် “ငါ့မလှူဘူးလား”ဟုမေးခြင်း။
တစ်စုံတစ်ယောက်အနားရောက်လာလျှင် သူက (သူတို့အိမ်က) တော့ အလှူအတန်းရှိလျှင် တပည့်တော်သာ လှူတာဘဲ ဟု (မလှူဘဲ မနေနိုင်အောင်) အခြားရဟန်းအား ပြောခြင်း။
မှားတာ မှန်တာ တရားတာ မတရားတာကို မစဉ်းစားဘဲ ချစ်ခင်လာအောင် ပြောခြင်း၊ မိမိကိုယ်ကို နှိမ့်ချ၍ သနားလာအောင်ပြောခြင်း။ ပဲနောက်ဟင်း ချက်ရာ၌ အနပ်နည်းပါး၍ မနပ်တာက များသလို အမှန်နည်းပါး၍ အမှားများသော စကားကိုပြောခြင်း။
ကလေး၏မိဘတို့က ကြည်ညိုအောင် ကလေးငယ်ကို ပွေ့ချီချော့မြူခြင်း။ ဤသို့ ပစ္စည်းရအောင် ပြောဆိုသမျှသည် လပနမည်၏၊ ထိုသို့ ပြောဆို မှုကြောင့် ရလေသမျှပစ္စည်းသည် မိစ္ဆာဇီဝချည်းတည်း။
အရိပ်အယောင်ပြုခြင်းစသည်။ ။ ပစ္စည်းလှူအောင် အရိပ်နိမိတ် ပြုခြင်း၊ [ဥပမာ-စားဖွယ်တစ်ခုခု ကိုင်လာသည်ကို မြင်လျှင် “စားစရာရလာကြ သလား”စသည်ဖြင့် မိမိလဲ လှူအောင်မေးခြင်း၊] လှူအောင် လမ်းခင်း ပေးခြင်း၊ [ဥပမာ-နွားကျောင်းသားတွေကို မြင်လျှင် “မင်းတို့နွားကလေးတွေ ဘာစို့ သလဲ၊ နို့စို့တာ ဟုတ်မထင်ဘူး၊ နို့စို့လျှင် ရဟန်းများလဲ နွားနို့ရမှာ ပေါ့”ဟု ပြောခြင်း။]မလှူလှူအောင် ချိတ်စကား ရိပ်စကားပြောခြင်း, မလှူဘဲ မနေနိုင်အောင်ဆဲခြင်း, ရှုံ့ ချခြင်း, “သဒ္ဓါတရားမွဲတဲ့အကောင်”စသည်ဖြင့် ကဲ့ရဲ့ခြင်း, မလှူတဲ့သူကို “ဟာ့ အလှူရှင်ကြီးဟ” စသည်ဖြင့်, ပြောင်လှောင်ခြင်း, တခြားအိမ်၌ ထိုသူ သဒ္ဓါတရား မွဲကြောင်းပြောခြင်း, ရှေ့တော့အကောင်း ပြော၍ ကွယ်ရာမှာ သဒ္ဓါတရားမွဲကြောင်း အပြစ်ပြောခြင်း, ...တအိမ်၌ ရခဲ့သောလာဘ်ကို အခြားတအိမ်၌ ပေးခဲ့၍, ထိုအိမ်မှ ပို၍ ကောင်းသော
စာမျက်နှာ-၅၈
လာဘ်ကိုယူပြီးလျှင် နောက်တအိမ်၌ပေးပြန်၍ ထိုအိမ်မှသာ၍ ပိုကောင်းသောလာဘ်ကို ရအောင်လုပ်ခြင်း, ဤသို့ စသည်ဖြင့် မိစ္ဆာဇီဝတွေ လွန်စွာ များပြားလေသည်။
သူတော်ကောင်းတစ်ပါး ကြုံရပုံ။ ။ ထိုပြခဲ့သော ကုလဒူသန မိစ္ဆာဇီဝ အမှုတို့ကြောင့် ဇနပုဒ်တစ်ခုလုံး (သဒ္ဓါစစ်သဒ္ဓါမှန်) ပျက်စီးနေစဉ် ကာသိတိုင်းမှ (ဝါကျွတ်၍) သာဝတ္ထိသို့ဘုရားဖူး ကြွလာသော ရဟန်းတော်တစ်ပါးသည် လမ်းခရီးအကြားဝယ် ကိဋ္ဌာရိဇနပုဒ်၌ ဆွမ်းခံချိန်ကျသဖြင့် ဣန္ဒြေရရနှင့် စက္ခုချ၍ ဆွမ်းခံဝင်လေသော်, ထိုကိဋာဂိရိဇနပုဒ်သူဇနပုဒ်သားတို့သည် ထိုရဟန်းတော်ကိုမြင်၍... “ဒီ ရဟန်းက ဘယ်နှယ်ရဟန်းပါလိမ့်, အ-တတနဲ့၊ နုံ့နုံ့သွားပြီး, မျက်မှောင်က ကုပ်လို့၊ အိမ်သို့ကပ်လာသော ဒီရဟန်းအား ဘသူက ဆွမ်းပေးချင်မှာလဲ၊ ငါတို့ရဲ့ အရှင်အဿဇိ-ပုနဗ္ဗသုကတို့ကတော့-သိမ်မွေ့တယ်, နူးညံ့တယ်, ချိုချို သာသာ ပြောတတ်တယ်၊ မြင်လိုက်မှဖြင့် ပြုံးလို့၊ လာပါလာပါဟု နှုတ်ဆက်တယ်, မျက်မှောင်လဲ မကုပ်ပေါင်, ပေါ်လွင်လိုက်တဲ့ မျက်နှာမှ မပြောနဲ့တော့, တွေ့ပလားဆို-စ၍နှုတ်ဆက်ကြတာဘဲ၊ ဒီလို ကိုယ်တော်များမှ ဆွမ်းပေးထိုက်တာပေါ့”ဟု သူတို့ကိုယ်တော်များနှင့် နှိုင်းယှဉ်ကာ တကဲ့သဒ္ဓါတရား ဖြစ် လောက်သော သူတော်ကောင်းအပေါ်မှာ သဒ္ဓါမဖြစ်နိုင်ဘဲ ရှိကြလေသည်၊ ကိဋာဂိရိဇနပုဒ်သူ, ဇနပုဒ်သားတို့၏ အစစ်အမှန်သဒ္ဓါတရားကို သစ်သီး ပေးမှု ပန်းပေးမှုစသည်ဖြင့် ဖျက်ဆီးပစ်ရာရောက်သောကြောင့် သစ်သီးပန်း စသည်ပေးမှုကို ကုလဒူသန(အမျိုး၏သဒ္ဓါတရားကိုဖျက်ပစ်မှ)ဟုခေါ်သည်။]
ဥပါသကာနှင့် တွေပုံ။ ။ ထိုဆွမ်းခံလှည့်နေသော ရဟန်းတော်ကို ဥပါသကာ (ရတနာသုံးပါးအစစ်အမှန်ကို ဆည်းကပ်ကိုးကွယ်သူ) တစ်ယောက်မြင်၍ အနားသို့ ကပ်ပြီးလျှင် “ဆွမ်းရပါရဲ့ လားဘုရား”... “မရသေးဘူးဒါယကာ”..... အရှင်ဘုရားတို့လို ပုဂ္ဂိုလ် ကောင်းမျိုးကို ဆွမ်းမရအောင်လုပ်ထားသူဟာ အရှင်ဘုရားတို့ရဲ့ သီတင်းသုံးဖော်တွေပင်ဖြစ်ပါတယ်၊ တစ်ရွာလုံး လှည့်သော်လဲ ရမည်မဟုတ်တော့ပါ၊ တပည့်တော်အိမ် သွားကြပါစို့”ဟု လျှောက်၍ အိမ်သို့ပင့်သွားလေသည်၊ အိမ်သို့ ရောက်သောအခါ ဆွမ်းကပ်ပြီးနောက် သာဝတ္ထိမြို့သို့ ကြွမည့် အကြောင်းကိုသိရ၍, “တပည့်တော်၏ လျှောက်ထားချက်ဖြင့် ဘုရား ခြေတော်တို့ကို ရှိခိုးတော်မူပါလေ၊ ကိဋာရိဇနပုဒ်၌ ကျောင်းတိုက် ပျက်နေကြောင်း, အဿဇိ-ပုနဗ္ဗသုက ကိုယ်တော်တွေကျင့်ချင်တိုင်း ကျင့်နေကြောင်း,
စာမျက်နှာ-၅၉
ကျောင်းတိုက် တည်တံ့အောင် ရဟန်းကောင်းများကို စေလွှတ်တော် မူပါမည့်အကြောင်းကိုလဲ လျှောက်ပါလေ”ဟု မှာလိုက်လေသည်။
အဂ္ဂသာဝက ၂ပါး ကြွတော်မူရပုံ။ ။ ထိုရဟန်းသည် ဘုရားရှင်ထံရောက်၍ ဒါယကာမှာလိုက်တိုင်း ဘုရားရှင်အား လျှောက်လေရာ, ဘုရားရှင်သည် အဿဇိပုနဗ္ဗသုက ရဟန်းတို့ကို အပြစ်တင်တော်မူ၍ အရှင်သာရိပုတြာ, အရှင်မောဂ္ဂလာန်တို့ကို ခေါ်တော် မူပြီးလျှင် “သာရိပုတြာ, မောဂ္ဂလာန်တို့ ...သင်တို့သွားကြချေ၊ အဿဇိပုနဗ္ဗသုက ရဟန်းတို့ကို ကိဋာဂိရိဇနပုဒ်မှ နှင်ထုတ်ကြောင်းကံ (ပဗ္ဗာဇနိယကံ) ပြုကြချေ၊ သူတို့ဟာ သင်တို့ရဲ့သဒ္ဓိဝိဟာရိက တပည့်များဖြစ်ကြသည်”ဟု မိန့်တော် မူလေသည်၊ ထိုအခါ အရှင်သာရိပုတြာတို့က “အဿဇိပုနဗ္ဗသုကတို့ဟာ ကြမ်းတမ်းကြပါသည်၊ အဘယ်နည်းဖြင့် ပဗ္ဗာဇနိယကံ ပြုရပါမည်နည်း”ဟု ပြန်၍လျှောက်လျှင် “ရဟန်းများများခေါ်၍ သွားကြ”ဟု မိန့်တော်မူလေသော်, အဂ္ဂသာဝကကြီး ၂-ပါးသည် ရဟန်းအများနှင့်အတူ ကြွသွား၍ ထိုရဟန်းတို့အား ပဗ္ဗာဇနိယကံ ပြုတော်မူကြလေသည်၊ ထိုရဟန်းတို့လည်း ထိုကံနှင့် လျော်သော ကျင့်ဝတ်ကို မကျင့်ကြဘဲ သူတို့ကပြန်၍ ဆဲကြ-ခြိမ်းချောက်ကြ-ဆန္ဒာဂတိလိုက်သလေ ဒေါသာဂတိလိုက်သလေ စသည်ဖြင့် အပြစ်တင်ကြပြီးလျှင်, တချို့လည်း တခြားအရပ်သို့ သွားနေကြ တချို့လည်း လူထွက်ကြလေသည်။ ထိုကဲ့သို့ သူတို့က ပြန်၍ ကဲ့ရဲ့ကြခြင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်ပါဠိတော်။ ။ ဘိက္ခု ပနေဝ အညတရံ ဂါမံ ဝါ နိဂမံ ဝါ ဥပနိဿာယ ဝိဟရတိ ကုလဒူသကော ပါပသမာစာရော, တဿ ခေါ ပါပကာ သမာစာရာ ဒိဿန္တိ စေဝ သုယျန္တိ စ, ကုလာနိ စ တေန ဒုဋ္ဌာနိ ဒိဿန္တိ စေဝ သုယျန္တိ စ, သော ဘိက္ခု ဘိက္ခူဟိ ဧဝမဿ ဝစနီယော “အာယသ္မာ ခေါ ကုလဒူသကော ပါပသမာစာရော, အာယသ္မတော ခေါ ပါပကာ သမာစာရာ ဒိဿန္တိ စေဝ သုယျန္တိ စ, ကုလာနိ စာယသ္မတာ ဒုဋ္ဌာနိ ဒိဿန္တိ စေဝ သုယျန္တိ စ, ပက္ကမတာယသ္မာ ဣမမှာ အာဝါသာ, အလံ တေ ဣဓ ဝါသေနာ”တိ, ဧဝဉ္စ သော ဘိက္ခု ဘိက္ခူဟိ ဝုစ္စမာနော တေ ဘိက္ခူ ဧဝံ ဝဒေယျ “ဆန္ဒဂါမိနော စ ဘိက္ခူ, ဒေါသ
စာမျက်နှာ-၆၀
ဂါမိနော စ ဘိက္ခူ, မောဟဂါမိနော စ ဘိက္ခူ, ဘယဂါမိနော စ ဘိက္ခူ တာဒိသိကာယ အာပတ္တိယာ ဧကစ္စံ ပဗ္ဗာဇေန္တိ, ဧကစ္စံ န ပဗ္ဗာဇေန္တီ”တိ, သော ဘိက္ခု ဘိက္ခူဟိ ဧဝမဿ ဝစနီယော “မာယသ္မာ ဧဝံ အဝစ, န စ ဘိက္ခူ ဆန္ဒဂါမိနော, န စ ဘိက္ခူ ဒေါသဂါမိနော, န စ ဘိက္ခူ မောဟဂါမိနော, န စ ဘိက္ခူ ဘယဂါမိနော, အာယသ္မာ ခေါ ကုလဒူသကော ပါပသမာစာရော, အာယသ္မတော ခေါ ပါပကာ သမာစာရာ ဒိဿန္တိ စေဝ သုယျန္တိ စ, ကုလာနိ စာယသ္မတာ ဒုဋ္ဌာနိ ဒိဿန္တိ စေဝ သုယျန္တိ စ, ပက္ကမတာယသ္မာ ဣမမှာ အာဝါသာ, အလံ တေ ဣဓ ဝါသေနာ”တိ, ဧဝဉ္စ သော ဘိက္ခု ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂဏှေယျ, သော ဘိက္ခု ဘိက္ခူဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗော တဿ ပဋိနိဿဂ္ဂါယ, ယာဝတတိယဉ္စေ သမနုဘာသိယမာနော တံ ပဋိနိဿဇ္ဇေယျ, ဣစ္စေတံ ကုသလံ, နော စေ ပဋိနိဿဇ္ဇေယျ, သံဃာဒိသေသော။
မြန်မာပြန်အကျဉ်းချုပ်။ ။ ကုလဒူသကရဟန်းတို့ကို “ဒီကျောင်းတိုက်မှ ဖဲခွါထွက်သွားပါ, ဒီမှာနေ၍ မသင့်ပါ” ဟု ပြော၍ နှင်ထုတ်ရာ၏၊ ထိုသို့ နှင်ထုတ်သောအခါ “ရဟန်းတို့ကို အဂတိလိုက်တယ်” ဟု ပြောလျှင် ထိုသို့မပြောဖို့ရန် တားမြစ်ရမည်၊ တားမြစ်၍ မရလျှင် သံဃာ့အလယ်သို့ ဆွဲခေါ်၍ ကမ္မဝါစာဖြင့် ဆုံးမရမည်, ဆုံးမ၍ ရလျှင် ကောင်း၏၊ မရလျှင် တတိယ ကမ္မဝါစာ အဆုံး၌ သံဃာဒိသေသ် အာပတ်သင့်၏။
မှတ်ချက်။ ။ ယခုကာလ၌ကား သစ်သီးပေးမှု ပန်းပေးမှုစသော ကုလဒူသနအမှုကြောင့် ဒုက္ကဋ်အာပတ်သာ သင့်၏၊ စာလာ ပေလာ အတိုင်းပြောဆို ဆုံးမသူ မရှိရကား ထိုကုလဒူသန ရဟန်းတို့မှာ သံဃာဒိသေသ်ကား မသင့်တော့ချေ။
သံဃာဒိသေသ် သိက္ခာပုဒ် ပြီးပြီ။
စာမျက်နှာ-၆၁
၃။ အနိယတအခန်း
က။ ပထမအနိယတ သိက္ခာပုဒ်
အမှုသည်—ရှင်ဥဒါယီ။
အမှု—မာတုဂါမနှင့် အတူ အကွယ်အကာ ရှိသော နေရာ၌ တစ်ယောက်ချင်း ထိုင်နေမှု။
မာတုဂါမနှင့်အတူ ထိုင်နေမှု။ ။ ရှင်ဥဒါယီ၏ ဒါယကာအမျိုးမှ သတို့သမီးကို အခြား ဒါယကာ အမျိုးတစ်ဦးက “တောင်းရမ်း လက်ထပ်၍ လက်ထပ်ထမင်း ကျွေးနေစဉ်, အရှင်ဥဒါယီသည် ထိုအိမ် သို့သွား၍ သတို့သမီးရှိရာ အခန်းတွင်းဝင်ပြီးလျှင် အခါအလိုက် စကား အမျိုးမျိုးကို ပြောဆိုနေလေသည်၊ [အနီးအပါးသို့ လူမလာသောအခါ “ဘယ့်နယ်လဲ, မပျင်းဘူးလား, မပင်ပန်းဘူးလား, ထမင်းမဆာဘူးလား” စသည်ဖြင့် ဆွေမျိုးသားချင်းပြောသလို ပြောနေ၏။ အနီးအပါးသို့ လူလာသည့်အခါ၌ကား “ဥပုသ်စောင့်နော်, စာရေးတန်ဆွမ်းကြွေးနော်”စသည်ဖြင့် လူကြားကောင်းသော တရားကိုပြောနေ၏၊ ဤသို့ အမျိုးမျိုးပြောင်းလွှဲ၍ ပြောခြင်းကို “အခါအလိုက် ပြောနေသည်”ဟု ဆိုလိုသည်။]
ဝိသာခါ သာသနာပြုပုံ။ ။ သာဝတ္ထိမြို့၌ ကျောင်းအမ ဝိသာခါသည် အသက်လည်းရှည် သားသမီး မြေး မြစ်လည်း ပေါသဖြင့် “အလွန် မင်္ဂလာရှိသူ”ဟု အသိအမှတ် အပြုခံရ၏။ လက်ထပ် မင်္ဂလာစသောကိစ္စ၌ ဘာသာမတူသူတို့ကသော်မှ ဖိတ်၍ ရှေ့ဦးစွာ ထမင်း ကျွေးလေ့ရှိ၏၊ ထိုသို့ ကျွေးပြီးနောက် “ဤလက်ထပ် သတို့သား သတို့သမီးများလည်း အရှင်မကဲ့သို့ အသက်ရှည်စွာ အနာရောဂါကင်း၍ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ”ဟု ဆုတောင်းကြကုန်၏၊ ထိုလက်ထပ်ပွဲ၌လည်း ဝိသာခါရောက်လာ၍ ရှင်ဥဒါယီနေထိုင်ပုံကို မြင်လေရာ (အကြွေးမထားဘဲ ချက်ခြင်းသွား၍) “အရှင်ဘုရား...မာတုဂါမနှင့် တစ်ယောက်ချင်း မျက်စိ ကွယ်ရာ (အကွယ်အကာရှိသော, ပြုချင်ရာကိုပြုနိုင်သော)နေရာ၌ နေတာဟာ မတော်ပါဘူး, အရှင်ဘုရားက ထိုအမှုကို မလိုလားသော်လဲ, လူအများက ယုံကြည်ဖို့ ခဲယဉ်းပါသည်”ဟု ပြောလေသည်၊ ထိုသို့ ပြောသော်လည်း ထိုစကားကို ဂရုမစိုက်ဘဲ နေမြဲနေသောကြောင့် လမ်းသို့ထွက်သွား၍ “ဥဒါယီကိုယ်တော်ဟာ မိန်းကလေးနှင့်အတူ ဆိတ်ကွယ်ရာမှာ တစ်ယောက်
စာမျက်နှာ-၆၂
ချင်း နေထိုင်ကြောင်းကို” တွေ့သမျှ ရဟန်းတို့အား လျှောက်လေသည်၊ ထို့နောက် ရဟန်းများက ဘုရားကိုလျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ ဤဝတ္ထုကို မှတ်ချက်ထား၍ ယခုကာလ၌လည်း သာသနာ သန့်ရှင်းစေလိုသော သဘောဖြင့် မတော်မတဲ့ ပြုကျင့်သူများကို ယဉ်ကျေးစွာ ပြောဆိုတားမြစ်နိုင်, ကဲ့ရဲ့ရှုတ်ချနိုင်၏၊ ထိုသို့ ကဲ့ရဲ့ ရှုတ်ချမှုကြောင့် တစ်စုံတစ်ခုမျှ အပြစ်မရှိချေ။
သိက္ခာပုဒ်ပါဠိ။ ။ ယော ပန ဘိက္ခု မာတုဂါမေန သဒ္ဓိံ ဧကော ဧကာယ ရဟော ပဋိစ္ဆန္နေ အာသနေ အလံကမ္မနိယေ နိသဇ္ဇံ ကပ္ပေယျ, တမေနံ သဒ္ဓေယျဝစသာ ဥပါသိကာ ဒိသွာ တိဏ္ဏံ ဓမ္မာနံ အညတရေန ဝဒေယျ ပါရာဇိကေန ဝါ သံဃာဒိသေသေန ဝါ ပါစိတ္တိယေန ဝါ, နိသဇ္ဇံ ဘိက္ခု ပဋိဇာနမာနော တိဏ္ဏံ ဓမ္မာနံ အညတရေန ကာရေတဗ္ဗော ပါရာဇိကေန ဝါ သံဃာဒိသေသေန ဝါ ပါစိတ္တိယေန ဝါ, ယေန ဝါ သာ သဒ္ဓေယျဝစသာ ဥပါသိကာ ဝဒေယျ, တေန သော ဘိက္ခု ကာရေတဗ္ဗော, အယံ ဓမ္မော အနိယတော။
သိက္ခာပုဒ် မြန်မာပြန်။ ။ အကြင်ရဟန်းသည် မာတုဂါမနှင့်အတူ မျက်စိကွယ်ရာ ဖြစ်လောက်အောင် နံရံစသည်ဖြင့် ကွယ်ကာအပ်သော မေထုန်မှုကို ပြနိုင်လောက်သောနေရာ၌ ယောက်ျားအဖေါ် မပါဘဲ တစ်ယောက်ချင်းထိုင်နေအံ့၊ လည်းလျောင်းနေအံ့၊ ထိုရဟန်းကို ယုံကြည်လောက်သော ဥပါသိကာမမြင်၍ ပါရာဇိက-သံဃာဒိသေသ်-ပါစိတ်အာပတ် ၃-မျိုးတွင် တစ်မျိုးမျိုးဖြင့် ပြောအံ့၊ ထိုရဟန်းကို (သူကဟုတ်ကြောင်းဝန်ခံလျှင်) ထိုပြောသည့်အတိုင်း အာပတ်ဖြင့် ဆုံးဖြတ်ရမည်၊ ယုံကြည်လောက်သော ဥပါသိကာမသည် (မည်သည့် အာပတ်ဟု မပြောတတ်သဖြင့်) သူကျင့်နေသော အမူအရာဖြင့်သာ ပြောပြလျှင်လည်း (သူကဝန်ခံလျှင်) ထိုအမူအရာအတွက် သင့်နိုင်သော အာပတ်ဖြင့် ဆုံးဖြတ်ရမည်၊ ဤအာပတ်သည် “ပါရာဇိက-သံဃာဒိသေသ်-ပါစိတ်”တွင် မည်သည့်အာပတ်ဟု အသေအချာ သတ်မှတ်၍ မပြအပ်သောကြောင့် အနိယတအာပတ်မည်၏။
စာမျက်နှာ-၆၃
မှတ်ချက်။ ။ (က) မိန်းမတို့သည် အခြားတစ်ယောက်၏ မေထုန်မှုကို ဖေါ်ပြောလေ့ မရှိကြ၊ ဖုံးထားတတ်ကြ၏၊ ထို့ကြောင့် “တစ်ယောက်ချင်း = အဖေါ်မပါ” ဟူရာ၌ ယောက်ျား အဖော်မပါသည်ကို ယူပါ၊ မိန်းမအဖေါ်များစွာပါသော်လည်း အဖေါ်ဟုမဆိုနိုင်။
(ခ) အနိယတသဒ္ဒါသည် အမြဲမဟုတ်, အသေအချာမဟုတ် ဟူသော အနက်ကိုပြ၏။ ပါရာဇိကကိုဝန်ခံလျှင် ပါရာဇိကဖြင့်ဆုံးဖြတ်၊ သံဃာဒိသေသ်ကို ဝန်ခံလျှင် သံဃာဒိသေသ်ဖြင့် ဆုံးဖြတ်၊ ပါစိတ်ကို ဝန်ခံလျှင် ပါစိတ်ဖြင့် ဆုံးဖြတ်လေ၊ သူဝန်ခံတိုင်း ဆုံးဖြတ်ရမည်ဖြစ်၍ “မည်သည့် အာပတ်ဟု အသေအချာ မလည်မှတ်နိုင်” ဟူလို၊ ဤအနိယတအာပတ်ဟူသည် အာပတ် ၇-ပုံမှ အလွတ်မဟုတ် ပါရာဇိက-သံဃာဒိသေသ်-ပါစိတ်ကိုပင်တည်း၊
(ဂ) သိက္ခာပုဒ်၌ ဥပါသိကာမကိုသာ ပြထားခြင်းမှာလည်း ဝတ္ထုကြောင်း၌ ဝိသာခါဥပါသိကာမ ပါနေ၍ ဝတ္ထုအလိုက် ပြထား ခြင်းတည်း၊ ဥပါသကာကဖြစ်စေ ရဟန်းသာမဏေ စသူကစေ ဤသို့ လျှောက်လာရာ၌လည်း ဤသိက္ခာပုဒ်လာတိုင်း (သူကဝန်ခံ မှသာ) ဆုံးဖြတ်ရမည်။ အချုပ်မှာ-ဤသိက္ခာပုဒ်သည် အာပတ်လစ် ထပ်၍ ပညတ်အပ်သော သိက္ခာပုဒ်မဟုတ်, ဝိနည်းဆုံးဖြတ်ရာ၌ “သူဝန်ခံသည့်အတိုင်း ဆုံးဖြတ်ရမည်”ဟု ဆုံးဖြတ်နည်းကိုပြသော သိက္ခာပုဒ်တည်း၊ “သူဝန်ခံတိုင်း” ဟူရာ၌လည်း ဟုတ်မှန် ဝန်ခံ ပြောမည့် လဇ္ဇီသူတော်ကောင်း၏ ဝန်ခံခြင်းကိုသာ ဆိုသည်၊ လိမ်ပြောမည့် အလဇ္ဇီပုဂ္ဂိုလ်အတွက်ကား ဝန်ခံတိုင်း ဆုံးဖြတ်ရမည် မဟုတ်, အရာရာစစ်မေး၍ သင့်သလိုဆုံးဖြတ်ရသည်။
(ခ) ဒုတိယအနိယတသိက္ခာပုဒ်
[ဤသိက္ခာပုဒ်၌ အမှုသည်မှစ၍ အားလုံးရှေ့သိက္ခာပုဒ်နှင့်တူ၏။]
မာတုဂါမနှင့် အတူထိုင်နေမှု။ ။ “မြတ်စွာဘုရားသည် မျက်စိကွယ်ရာဖြစ်လောက်အောင် တိုက်နံရံစသည်ဖြင့် ကွယ်ကာအပ်သော အရပ်၌သာ မာတုဂါမနှင့် တစ်ယောက်ခြင်း ထိုင်နေမှုကို ပယ်မြစ်တော်မူသည်”ဟု ကြံ၍ ရှေးသိက္ခာပုဒ်လာ အရှင်ဥဒါယီသည်ပင် အကွယ် အကာမရှိသဖြင့် ကာမမှုကိုပြုခြင်းငှါ မဖြစ်နိုင်သော်လည်း အနီးအပါး (၁၂) တောင် အတွင်းဝယ် ယောက်ျား မိန်းမ အဖေါ်မရှိသောကြောင့် နား၏ကွယ်ရာဟုဆိုထိုက်သော နေရာ၌ ရှေ့သိက္ခာပုဒ်လာ အမျိုးသမီးနှင့်ပင် တစ်ယောက်ချင်း ထိုင်နေပြန်လေသည်၊ ဝိသာခါလည်း ၂-ကြိမ်မြောက်
စာမျက်နှာ-၆၄
ဖိတ်ပြန်သဖြင့် ထိုအိမ်သို့ရောက်လာရာ ရှင်ဥဒါယီနေထိုင်ပုံကို သဘောမကျသဖြင့် ရှေးနည်းအတူ ပြောဆိုပါသော်လည်း မရခြင်းကြောင့် အိမ်မှထွက်၍ တွေ့မြင်ရာ ရဟန်းကို လျှောက်လေလျှင် ထိုရဟန်းတို့မှတဆင့် ဘုရားရှင် သိတော်မူရ၍ ဤဒုတိယအနိယတသိက္ခာပုဒ်ကို ပညတ်တော်မူရပြန်သည်။
သိက္ခာပုဒ်ပါဠိတော်။ ။ န ဟေဝ ခေါ ပန ပဋိစ္ဆန္နံ အာသနံ ဟောတိ နာလံကမ္မနိယံ, အလဉ္စ ခေါ ဟောတိ မာတုဂါမံ ဒုဋ္ဌုလ္လာဟိ ဝါစာဟိ ဩဘာသိတုံ, ယော ပန ဘိက္ခု တထာရူပေ အာသနေ မာတုဂါမေန သဒ္ဓိံ ဧကော ဧကာယ ရဟော နိသဇ္ဇံ ကပ္ပေယျ, တမေနံ သဒ္ဓေယျဝစသာ ဥပါသိကာ ဒိသွာ ဒွိန္နံ ဓမ္မာနံ အညတရေန ဝဒေယျ သံဃာဒိသေသေန ဝါ ပါစိတ္တိယေန ဝါ, နိသဇ္ဇံ ဘိက္ခု ပဋိဇာနမာနော ဒွိန္နံ ဓမ္မာနံ အညတရေန ကာရေတဗ္ဗော သံဃာဒိသေသေန ဝါ ပါစိတ္တိယေန ဝါ, ယေန ဝါ သာ သဒ္ဓေယျဝစသာ ဥပါသိကာ ဝဒေယျ, တေန သော ဘိက္ခု ကာရေတဗ္ဗော, အယမ္ပိ ဓမ္မော အနိယတော။
မြန်မာပြန်။ ။ နံရံစသည် မဖုံးကွယ်အပ်သော မေထုန်မှုကို မပြုနိုင် လောက်သော အရပ်ဖြစ်သော်လည်း နား၏ကွယ်ရာဖြစ်သောကြောင့် မာတုဂါမကို ဝစ္စမဂ်ပဿာဝမဂ်တို့နှင့်စပ်သော ရုန့်ရင်းကုန်သော စကားတို့ဖြင့် ပြောနိုင်လောက်သော နေရာ၌ အကြင်ရဟန်းသည် ယောက်ျားအဖေါ် မိန်းမအဖော် မပါဘဲ မာတုဂါမနှင့် တစ်ယောက် ချင်း ထိုင်နေအံ့၊ လည်းလျောင်းနေအံ့၊ ထိုရဟန်းကို ယုံကြည် လောက်သော ဥပါသိကာမမြင်၍ သံဃာဒိသေသ်-ပါစိတ်အာပတ် ၂-မျိုးတွင် တစ်မျိုးမျိုးဖြင့်ပြောအံ့၊ ထိုရဟန်းကို (သူကဟုတ်ကြောင်း ဝန်ခံလျှင်) ထိုပြောအပ်တိုင်းသော အာပတ်ဖြင့် ဆုံးဖြတ်ရမည်၊ ယုံကြည်လောက်သော ဥပါသိကာမသည် (မည်သည့်အာပတ်ဟု မပြောတတ်သဖြင့်) သူကျင့်နေသော အမူအရာဖြင့်သာ ပြောပြလျှင်လည်း (သူကဝန်ခံလျှင်) ထိုအမူအရာအတွက် သင့်နိုင်သော
စာမျက်နှာ-၆၅
အာပတ်ဖြင့် ဆုံးဖြတ်ရမည်၊ ဤအာပတ်လည်း “သံဃာဒိသေသ်-ပါစိတ်”တွင် မည်သည့်အာပတ်ဟု အသေအချာသတ်မှတ်၍ မပြ အပ်သောကြောင့် အနိယတ အာပတ်မည်၏။
မှတ်ချက်။ ။ ဤသိက္ခာပုဒ်၌ မျက်စိကွယ်ရာမဟုတ်ဘဲ ၁၂ တောင်အတွင်း အဖေါ် မရှိသောကြောင့် နား၏ကွယ်ရာသာဖြစ်၏၊ “အဖော်” ဟူရာ၌လည်း ယောက်ျားအဖေါ်သာမက, မိန်းမအဖေါ်လည်း အဖေါ်ပင်တည်း၊ ဘာကြောင့်နည်း... မိန်းမတို့သည် မိန်းမချင်း၏ မေထုန်မှုကိုသာ ဖုံးထားလေ့ရှိ၏။ ပျက်ရယ်ပြောင်လှောင်မှုမျိုးကား ဖုံးထားလေ့မရှိ၊ ဤသိက္ခာပုဒ်၌လည်း မျက်စိကွယ်ရာ မဟုတ်သောကြောင့် မေထုန်မှုနှင့်မဆိုင်၊ ယုတ်ယုတ် မာမာပြောမှု မေထုန်ဖြင့် ပြုစုဖို့ရန် တောင်းမှုများနှင့် သာဆိုင်သည်၊ ထိုကြောင့် မိန်းမဖေါ်ရှိလျှင် ထိုသို့မပြောဝံ့ရကား မိန်းမလည်း အဖေါ်ပင် ဖြစ်သည်။
အနိယတ အခန်းပြီး၏။
စာမျက်နှာ-၆၆
၄။ နိဿဂ္ဂိယပါစိတ်အခန်း စီဝရဝဂ်
က။ ပထမကထိနသိက္ခာပုဒ်
အမှုသည်—ခရီးသွားသော ရဟန်းများ။
အမှု—အထုပ်အပိုးတွေကို ထမ်းကြ ရွက်ကြမှု။
သင်္ကန်း ၃ ထည် ခွင့်ပြုတော်မူပုံ။ ။ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်မှ ဝေသာလီပြည်သို့ ကြွတော်မူသောအခါ သင်္ကန်းထုပ်ကြီးကို ထမ်းကြ-ရွက်ကြ-ခါးစောင်းတင်ကြနှင့် လိုက်လာကြသောရဟန်းများကို မြင်တော်မူရ၍ “ဤမောဃပုရိသတို့သည် အလွန်လျင်မြန်စွာ သင်္ကန်း ပေါများအောင် ကျင့်ကြသည်”ဟု အပြစ်မြင်တော်မူ၍ သင်္ကန်း၌ အကန့် အသတ်ထားရလျှင် ကောင်းမည်”ဟု အကြံတော်ဖြစ်ခဲ့လေသည်။ ထိုနောက် ဝေသာလီပြည်၌ သီတင်းသုံးတော်မူစဉ် တပို့တွဲလပြည့်၏ ရှေ့နောက် ရှစ်ရက်တို့၌(လဆန်း ၁၂-ရက်မှ လဆုတ် ၄-ရက်အထိ)ညဉ့်ဦးယာမ်ဝယ် သင်္ကန်းတထည်ဖြင့် နေစမ်းတော်မူ၏၊ ဘုရားရှင်ကို အချမ်းသည် မနှိပ်စက် (ချမ်းတော်မမူ)၊ ညဉ့်ဦးယာမ်လွန်လျှင် ချမ်းတော်မူ၍ နောက်တထည်ကို အသုံးပြုတော်မူ၏၊ သန်းခေါင်ယာမ်လွန်ပြန်လျှင် ချမ်းတော်မူ၍ နောက် အထည် ထပ်တော်မူပြန်၏။ မိုးသောက်ယာမ်လွန်၍ အရုဏ်တက်ချိန်၌ ချမ်းတော်မူ၍ စတုတ္ထသင်္ကန်းတထည်ကို ထပ်တော်မူပြန်သည်၊ [တန်ခိုးဖြင့် သိတော်မူနိုင်သော်လည်း လက်တွေ့စမ်းပြမှ ကျေနပ်ကြမည် ဖြစ်သောကြောင့် လက်တွေ့ စမ်းပြတော်မူခြင်းတည်း။]
ထို့နောက် သင်္ကန်းထုပ်ကြီးကို ထမ်းပိုး၍ ခရီးသွားကြသော ရဟန်းများ၏ မနှစ်မြို့ဖွယ်ကိုလည်းကောင်း, လက်တွေ့စမ်းသတ်တော်မူပုံကိုလည်းကောင်း, မိန့်တော်မူပြီးလျှင် သင်္ကန်း ၃ထည်ကိုသာ ခွင့်ပြုတော်မူလေသည်၊ [၃ ထည်တွင် တထည်ကို ၂ ထပ်ပြုလိုက်သည့်အခါ ဘုရားရှင်စမ်းသက်တော်မူစဉ်က ၄ထည်နှင့်ညီမျှသဖြင့် “သင်းပိုင် (ခါးဝတ်), ဧကသီ (အပေါ်ခြုံ), ၂ ထပ် သင်္ကန်းကြီး”အားဖြင့် သင်္ကန်း ၃-ထည် (တိစီဝရ) ဖြစ်သည်။]
ဆဗ္ဗဂ္ဂီရဟန်းတို့ကျင့်ပုံ။ ။ “ဘုရားရှင်သည် သင်္ကန်း ၃ ထည်ကို ခွင့်ပြုတော်မူသည်”ဟု ကြံ၍ ဆဗ္ဗဂ္ဂိယရဟန်းတို့သည် ရွာဝင်သင်္ကန်း ၃ ထည်, ကျောင်းဝတ်သင်္ကန်း ၃ ထည်, ရေချိုးဆိပ်သွားသင်္ကန်း ၃ ထည်ဟု အလဲ
စာမျက်နှာ-၆၇
အလှယ် ပြုနေကြသောကြောင့် “ယောပနဘိက္ခု၊ အတိရေကစီဝရီ ဓာရေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ = အကြင်ရဟန်းသည် အဓိဋ္ဌာန်တင်အပ် ဝိကပ္ပနာပြုအပ်သောသင်္ကန်းထက် အပိုသင်္ကန်းကို ဆောင်အံ့၊ ထိုရဟန်းသည် ထိုသင်္ကန်းကိုလည်း စွန့်ပစ်အပ်၏, ပါစိတ်အာပတ်လည်း သင့်၏”ဟု မူလ ပညတ်ကို ပညတ်တော်မူလေသည်။
မှတ်ချက်။ ။ ကိုယ်ပိုင်ဥစ္စာဟု ဆောက်တည်ထားအပ်သော သင်္ကန်းကို အဓိဋ္ဌာန် တင်အပ်သောသင်္ကန်း”ဟုခေါ်၏၊ ထိုအဓိဋ္ဌာန်သင်္ကန်းကား ၃ထည် သာရှိစေရသည်။ ကိုယ့်ဥစ္စာအမှတ်မှ ကင်းစေ၍ သီတင်းသုံးဖော် တစ်စုံတစ်ယောက်၏ ဥစ္စာအဖြစ်ဖြင့် ထားအပ်သော သင်္ကန်းကို “ဝိကပ္ပနာပြုအပ်သော သင်္ကန်း” ဟု ခေါ်၏။ ထိုပိကပ္ပနာ ပြုအပ်သောသင်္ကန်းလည်း ထိုသီတင်းသုံးဖော်၏ ဥစ္စာအနေဖြင့် ဝတ်ရုံ သုံးစွဲကောင်းသေး၏၊ အဓိဋ္ဌာန်တင်ပုံ ဝိကပ္ပနာပြုပုံကို နောက်မှ ပြမည်။
အနုပညတ်ထပ်ရပုံ။ ။ အရှင်အာနန္ဒာ၌ အဓိဋ္ဌာန်တင် သင်္ကန်း ၃-ထည်မှ အပိုသင်္ကန်းရလာ၏၊ ထိုသင်္ကန်းကို အရှင်သာရိပုတြာအား လှူလို၏၊ အရှင်သာရိပုတြာလည်း သာကေတမြို့သို့ ကြွတော်မူခိုက်ဖြစ်၍ ၉-ရက်, ၁၀-ရက် လောက်ကြာမှ ရောက်တော်မူလာမည်၊ ထိုအကြောင်းကို ဘုရားရှင်အား လျှောက်လေရာ “အလွန်ဆုံး ၁၀-ရက်လောက် အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲ အပိုအလွန်သင်္ကန်းကို ဆောင်ထားနိုင်၏” ဟုခွင့်ပြုတော်မူပြီး၍ အနုပညတ် ကိုထပ်တော်မူရလေသည်။
သိက္ခာပုဒ်ပါဠိတော်။ ။ နိဋ္ဌိတစီဝရသ္မိံ ဘိက္ခုနာ ဥဗ္ဘတသ္မိံ ကထိနေ ဒသာဟပရမံ အတိရေကစီဝရံ ဓာရေတဗ္ဗံ, တံ အတိက္ကာမယတော နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ ကထိန်ခင်းရာမှရခဲ့သော ပိတ်ဖျင်စသည်ကို သင်္ကန်းချုပ်၍ ပြီးခြင်း-သို့မဟုတ် မချုပ်တော့ဘူးဟု ဆုံးဖြတ်သောအားဖြင့် ပြီးခြင်း-သို့မဟုတ် ပျောက်ဆုံးပျက်စီးခြင်းအားဖြင့် ပြီးခြင်း ဤနည်းအမျိုးမျိုးတွင် တနည်းနည်းအားဖြင့် သင်္ကန်းပြီးစီးပြီးဖြစ်လျှင်လည်းကောင်း, ကထိန် နုတ်ပြီး ရုပ်သိမ်းပြီးဖြစ်လျှင်လည်းကောင်း, အဓိဋ္ဌာန် ဝိကပ္ပနာပြုထားသော သင်္ကန်းမှ အပိုသင်္ကန်းကို အလွန်ဆုံး ၁၀-ရက်သာ ထားနိုင်၏, ထို၁၀-ရက်လွန်လျှင်ကား ထိုသင်္ကန်းစွန့်ထိုက်၍ ထိုရဟန်းလည်း ပါစိတ်အာပတ်သင့်သည်။
စာမျက်နှာ-၆၈
မှတ်ချက်။ ။ ဝတ္ထုကြောင်း အလိုက်ဆိုလျင် – “ဒသာဟပရမံ”ကိုသာ ထည့်သင့်၏၊ သို့သော် နောင်ကထိန်အကျိုးကို ပြရာ၌ အဓိဋ္ဌာန် ဝိကပ္ပနာမပြုဘဲ အလိုရှိတိုင်း သင်္ကန်းထားနိုင်၏ဟု ခွင့်ပြုချက်လည်း ရှိသေးသောကြောင့် “နိဋ္ဌိတစီဝရသ္မိံ-ဥဗ္ဘတသ္မိံ ကထိနေ” ပုဒ်တို့ကိုပါ ထည့်စွက်၍ အနုပညတ်ထပ်တော်မူရသည်။ [နိဿဂ္ဂိယသဒ္ဒါသည် “စွန့်ပစ်ထိုက်၏” ဟူသော အနက်ကို ဟော၏၊ ထိုသင်္ကန်းကို ဝိနည်းတော် ထုံးစံအရ တစ်ပါးအထံမှာဖြစ်စေ, အများအထံမှာ ဖြစ်စေ စွန့်ရပေးရမည် မစွန့်မပေးဘဲ သုံးစွဲနေလျှင် ကိုင်တိုင်း ကိုင်တိုင်း ဒုက္ကဋ်အာပတ် ထပ်၍သင့်၏။ စွန့်လိုက် ပေးလိုက်လျှင်ကား ပထမသင့်သော ပါစိတ် အာပတ်သာသင့်၍ နောက်ထပ် ဒုက္ကဋ်အာပတ် မသင့်တော့။]
အဓိဋ္ဌာန်တင်ပုံ။ ။ သင်္ကန်း ၃ထည်တွင် သင်္ကန်းကြီးကို “ဣမံ သံဃာဋိံ အဓိဋ္ဌာမိ = ဤသင်္ကန်းကို သံဃာဋိဟု စွဲမြဲစွာမှတ်ထားပါ၏” ဟု ဆို၍တင်၊ သင်းပိုင်ကို “ဣမံ အန္တရဝါသကံ အဓိဋ္ဌာမိ = ဤသင်္ကန်းကို အန္တရဝါသက ဟု စွဲမြဲစွာ မှတ်သားထားပါ၏”ဟု ဆို၍တင်၊ ဧကသီကို “ဣမံ ဥတ္တရာသင်္ဂံ အဓိဋ္ဌာမိ = ဤသင်္ကန်းကို ဥတ္တရာသင်္ဂဟု စွဲမြဲစွာ မှတ်သားထားပါ၏” ဆို၍တင်၊ ဤသို့သူ နာမည်နှင့်သူ အဓိဋ္ဌာန်တင်ထားအပ်သော သင်္ကန်းကို (ဆရာမှတ်မှတ် တပည့်မှတ်မှတ် ဆိုသကဲ့သို့) ကိုယ့်ဟာမှတ်မှတ် ဝတ်လျက် ရုံလျက် သို့မဟုတ် ကိုယ့်အနားမှာထားလျက် (အထူးအားဖြင့် အရုဏ် တက်ချိန်၌ မိမိ၏ ၂ တောင့်ထွာအတွင်းမှာ) ရှိစေရမည်၊ ၂ တောင့်ထွာ ထက်ဝေးသော အရပ်မှာထားမိလျှင် ထိုသင်္ကန်းသည် နောက်သိက္ခာပုဒ် အရ နိဿဂ္ဂိထိုက်၏၊ ဝိကပ္ပနာပြုပုံကို-နောက်မှပြမည်။
သင်္ကန်းစွန့်ပုံ။ ။ “ဣဒံ မေ ဘန္တေ စီဝရံ ဒသာဟာတိက္ကန္တံ နိဿဂ္ဂိယံ, ဣမာဟံ အာယသ္မတော နိသဇ္ဇာမိ”
၂ ထည်မှစ၍ အများဖြစ်လျှင် “ဣဒံ-နိဿဂ္ဂိယံ-ဣမာဟံ”ပုဒ်တို့အား “ဣမာနိ နိဿဂ္ဂိယာနိ, ဣမာနိ အဟံ”ဟုပြင်ပါလေ၊ [ဘန္တေ အရှင်ဘုရား၊ မေ-တပည့်တော်၏၊ ဣဒံ စီဝရံ-ကို၊ ဒသာဟာတိက္ကန္တံ-ဆယ်ရက်လွန်သည် (ဖြစ်၍) နိဿဂ္ဂိယံ-စွန့်အပ်စွန့်ထိုက်ပါ၏၊ အဟံ-တပည်တော်သည်၊ ဣမံ-ဤသင်္ကန်းကို၊ အာယသ္မတော-အရှင့်အား၊ နိသဇ္ဇာမိ-စွန့်ပါ၏၊ နိဿဂ္ဂိသင်္ကန်းကို လက်ခံသူက အငယ်ဖြစ်လျှင် “ဘန္တေ” အရာ၌ “အာဝုသော” ဟု “အယသ္မတော”အရာ၌ “တုယှံ”ဟု ဆို၊ နောက်၌လည်း ဤနည်းချည်း။] ပါဠိလို မဆိုတတ်သူများဂာား—
စာမျက်နှာ-၆၉
“အရှင်ဘုရား... တပည့်တော်၏ ဤသင်္ကန်းသည် ၁၀-ရက် လွန်လာသဖြင့် နိဿဂ္ဂိထိုက်နေပါသည်၊ ဤသင်္ကန်းကို အရှင်ဘုရားအား တပည့်တော်စွန့်ပါသည်ဟု...
မြန်မာလိုလည်း ဆိုနိုင်၏၊ [လက်ခံသူက သီတင်းငယ်ဖြစ်လျှင် “ငါ့ရှင်”လည်းကောင်း, “သင့်အား”ဟုလည်းကောင်း ဆိုရုံသာ၊ နောက်၌လည်း ဤနည်းချည်း၊] ဤသို့ စွန့်ပြီးသည့်အခါ ယခုကာလ ထုံးစံအတိုင်း ပါစိတ်အာပတ်ကို ရည်မှတ်၍ ဒေသနာပြောရမည်၊ ဤသို့စွန့်ပြီးနောက်မှ ဒေသနာပြောရသော ပါစိတ် အာပတ်ဖြစ်၍ “စွန့်ခြင်း ဝိနည်းကံရှိသော ပါစိတ်အာပတ်”ဟု ဆိုရသည်၊ ထို့နောက် နိဿဂ္ဂိသင်္ကန်းကို ခံသောရဟန်းက...
“ဣမံ စီဝရံ အာယသ္မတော ဒမ္မိ”
“ဤသင်္ကန်းကို (များလျှင် “ဣမာနိ စီဝရာနိ-” ဤသင်္ကန်းတို့ကို)အရှင်အား ပြန်ပေးပါ၏” ဟု ပါဠိလိုဖြစ်စေ, မြန်မာလိုဆို၍ဖြစ်စေ ပြန်ပေးရမည်၊ ထိုသို့ ပြန်ပေး၍ ပြီးနောက် အဓိဋ္ဌာန်သော်လည်း တင်-သို့မဟုတ် ဝိကပ္ပနာသော်လည်း ပြုထားရမည်၊ [ဝိကပ္ပနာပြုပုံကို သုဒ္ဓပါစိတ် သုရာပါနဝဂ် နဝမသိက္ခာပုဒ်ကျမှပြမည်။]
အင်္ဂါ ၅-ပါး။ ။ ၁-ဇာတိပမာဏလောက်သော သင်္ကန်း၏ မိမိဥစ္စာ ဖြစ်ခြင်း, ၂-နေ့ရက် အရေအတွက်သို့ ရောက်ခြင်း, ၃-ပလိဗောဓပြတ်ပြီးဖြစ်ခြင်း, ၄-အပိုသင်္ကန်း ဖြစ်ခြင်း, ၅-၁၀-ရက်လွန်ခြင်း၊ ဤအင်္ဂါ၅-ပါးညီမှ ထိုသင်္ကန်း နိဿဂ္ဂိထိုက်၍ သင်္ကန်းရှင်ရဟန်းမှာ ပါစိတ် အာပတ်သင့်သည်။
ချဲ့ဦးအံ့-
၁။ ခေါမ ကောသေယျ စသော သင်္ကန်း ၆-မျိုးတွင် ပါဝင်သည်ကို “ဇာတိ”ဟုခေါ်၍ အလျားတတောင် အနံ့တထွာ ပမာဏရှိသည်ကို “ပမာဏလောက်”ဟုခေါ်၏။
၂။ မိမိအားလှူပြီးဖြစ်၍ မိမိဥစ္စာဖြစ်နေသော်လည်း (အဝေးမှ လှမ်းလှူ လိုက်၍ လမ်းခရီးရောက်နေခြင်း-အနား၌ မသိအောင်ထားခဲ့ခြင်း စသည်ကြောင့် မိမိမသိသေးလျှင် ထိုမသိသေးသမျှရက်ကို သင်္ကန်း ရရာရက်ဟု အရေအတွက်မပြုရ မိမိသိသည့်ရက်မှစ၍ အရေ အတွက်ပြုရခြင်းကို “နေ့အရေအတွက်ရောက်ခြင်း”ဟု ဆိုသည်။
စာမျက်နှာ-၇၀
၃။ ကထိန်ခင်းစဉ်က ရခဲ့သောအကျိုး (အာနိသင်)ကို မပြယ်အောင် ကာကွယ်တားမြစ်တတ်သော သင်္ကန်းချုပ်ဖို့ အဝတ်နှင့် ကျောင်းတိုက်ကို “ပလိဗောဓ”ဟု ခေါ်၏၊ [ပလိ = ပရိ-ထက်ဝန်းကျင် ဗောဓ (ဗုန္ဓတိ)-တားမြစ်တတ်သည်။] ထိုပလိဗောဓသည် စီဝရပလိဗောဓ, အာဝါသပလိဗောဓဟု ၂-မျိုးရှိ၏၊ ရှေးခေတ်၌ ကထိန် သင်္ကန်းသည် ချုပ်ပြီး ဆိုးပြီးမဟုတ်၊ ပိတ်-ဖျင်-အဖြူထည်များ သာတည်း၊ ကျောင်းရောက်၍ လှူပြီးမှ ကထိန်ခင်းဖို့ အဝတ်ကို နေ့ချင်းပြီးအောင် ချုပ်ရ ဆိုးရသည်၊ ကထိန်ခင်းဖို့ မဟုတ်သော အခြား ပိတ်-ဖျင်များကိုကား သံဃာအားလုံး ညီမျှအောင် ဖြတ်တောက်၍ ဝေငှလိုက်ရသည်။
စီဝရပလိဗောဓ။ ။ ထိုပိတ်-ဖျင်ကို သင်္ကန်း မချုပ်ရသေးလျှင်လည်းကောင်း, သို့မဟုတ် မချုပ်တော့ဘူးဟု မဆုံးဖြတ်သေးလျှင်လည်းကောင်း, မပျောက်မပျက်ရှိသေးသမျှ “သင်္ကန်းမပြီးသေး” ဟုဆိုရ၏၊ ထိုသို့သင်္ကန်းမပြီးသေးသမျှ “စီဝရ ပလိဗော”ရှိသေးသည်ဟု ဆိုရ၏။ ထိုပိတ်-ဖျင်စကို သင်္ကန်းချုပ်ပြီးလျှင်၎င်း၊ မချုပ်တော့ဘူးဟု ဆုံးဖြတ်လိုက်လျှင် သို့မဟုတ် ခိုးသူ, မီး, ကြွက်ကိုက် ခြင်းစသည်ကြောင့် ပျောက်ပျက်သွားလျှင်၎င်း၊ “နိဋ္ဌိတစီဝရ = သင်္ကန်းနှင့် စပ်သောကိစ္စပြီးဆုံးပြီ”ဟု ဆိုရသည်၊ စီဝရပလိဗောဓရှိတော့ပြီ-ဟူလို။ [ယခုကာလ၌ကား ကထိန်တုန်းကပင် သင်္ကန်းချုပ်ပြီး ဆိုးပြီး ဖြစ်သောကြောင့် စီဝရပလိဗောဓ ပြတ်စဲပြီး ဖြစ်ခဲ့၏။]
အာဝါသပလိဗောဓ။ ။ မိမိဝါဆိုရာ ကျောင်းတိုက်ကို “အာဝါသ”ဟု ဆိုသည်၊ ကထိန်ခင်းပြီးနောက် ထိုကျောင်းတိုက်၌ နေသေးသမျှ အာဝါသပလိဗောဓရှိ၏၊ ထိုကျောင်းတိုက်၌ “မနေတော့ပါဘူး”ဟု ဆုံးဖြတ်လိုက်သောအခါ အာဝါသပလိဗောဓ ပြတ်တော့၏၊ [တပေါင်းလပြည့်နေ့ကျော် လွန်လျှင်ကား ကထိန်၏ အကျိုးအာနိသင်အားလုံး ကုန်ဆုံးတော့သည် ဖြစ်၍ စီဝရပလိဗောဓ, အာဝါသပလိဗောဓ ၂-မျိုးလုံးပင် ပြတ်စဲတော့သည်။]
၄။ အဓိဋ္ဌာန် ဝိကပ္ပနာ ပြုထားသော သင်္ကန်းမှ အပို ဖြစ်နေခြင်း (အဓိဋ္ဌာန်ဝိကပ္ပနာ တစ်ခုခုမပြုဘဲ အပိုထားခြင်း၊)
၅။ လဆန်း ၁-ရက်နေ့ရလျှင် ထိုရရာရက်၏ လာလတံ့သော အရုဏ်မှ စ၍ ၁၀ အရုဏ်လွန်လျှင်(၁၁-ရက်နေ့ဘက်ရောက်လျှင်)ဒသာဟာ
စာမျက်နှာ-၇၁
တိက္ကန္တဖြစ်၏၊ လဆန်းတရက်၏ လွန်ပြီး အရုဏ်ကို ထည့်၍ မရေ တွက်ရ၊ [အဋ္ဌကထာ၌ ၁၁ အရုဏ်ဆိုသည်မှာ လွန်ပြီးအရုဏ်ပါ ဆိုခြင်းဖြစ်သည်။
[ဆောင်] ဇာတ်ပမာဏ-လောက်င လေရာ၊ ကိုယ့်ဟာ ဖြစ်ခြင်း, ရေတွက်တွင်း သို့၊ ရောက်လျှင်းတုံဘိ, ပလိဗောဓ-ပြတ်ကြပေလစ်, အပိုဖြစ်လျက်, ၁၀-ရက်လွန်ပြီ, အင် ၅ လီ, သင့်ပြီ ပထမ ကထိန။
ခ။ ဒုတိယ ကထိနသိက္ခာပုဒ်
အမှုသည်—ရဟန်အများ။
အမှု—သင်္ကန်းကြီးကို ထားပစ်ခဲ့မှု။
သင်္ကန်းကြီး ထားပစ်ခဲ့မှု။ ။ ရဟန်းအများသည် ဒေသစာရီ လှည့်လည် ကြသောအခါ (ဝန်လေးမည်စိုး၍) သင်္ကန်းကြီးကို အခြား ရဟန်းတို့ထံ အပ်ထားခဲ့၍ သင်းပိုင်ဧကသီဖြင့်သာ သွားကြ၏၊ သူတစ်ပါးလက်၌ ကြာမြင့်စွာ သိမ်းထားရသော သင်္ကန်းတို့ မှိုတက်ကုန်ရကား ပြန်လာသည့်အခါ နေလှမ်းနေကြသည်တို့ကို အရှင်အာနန္ဒာမြင်၍ အပြစ် တင်တော်မူပြီးလျှင် ဘုရားရှင်အားလျှောက်လေရာ “နိဋ္ဌိတစီဝရသ္မိံ ဘိက္ခုနာ ဥဗ္ဘတသ္မိံ ကထိနေ ဧကရတ္တမ္ပိ စေ ဘိက္ခု၊ တိစီဝရေန ဝိပ္ပဝသေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ”ဟု ပညတ်တော်မူလေသည်။
ဂိလာနသမ္မုတိ။ ။ ထို့နောက် ရဟန်းတစ်ပါး မကျန်းမမာ ဖြစ်လေရာ, ဆွေမျိုးများထံ သွားလိုသော်လည်း သင်္ကန်း ၃ ထည်လုံး ကို ယူ၍ မသွားနိုင်သောကြောင့် ဂိလာနရဟန်းအား အဝိပ္ပဝါသသမ္မုတိ ပေးဖို့ရန် ခွင့်ပြုတော်မူ၍ “အညတြ ဘိက္ခု သမ္မုတိယာ”ဟု ဖြည့်စွက်လျက် အနုပညတ် ထပ်တော်မူရပြန်သည်၊ [တိစီဝရိက် သင်္ကန်းနှင့် ကင်းနေ့သော်လည်း ကင်းရာမရောက်ခြင်း, ကင်းခြင်းကြောင့် အာပတ်မသင့်စေခြင်း အကျိုးငှါ ပေးအပ်သော သမ္မုတိကို “အဝိပ္ပဝါသသမ္မုတိ”ဟု ခေါ်၏၊ ထိုသမ္မုတိရသော ဂိလာနရဟန်းကား မယူနိုင်သော သင်္ကန်းတထည်ထည်ကို ထားပစ်ခဲ့သော်လည်း အာပတ်မသင့်။]
သိက္ခာပုဒ်။ ။ နိဋ္ဌိတစီဝရသ္မိံ ဘိက္ခုနာ ဥဗ္ဘတသ္မိံ ကထိနေ ဧကရတ္တမ္ပိ စေ ဘိက္ခု၊ တိစီဝရေန ဝိပ္ပဝသေယျ၊ အညတြ ဘိက္ခု သမ္မုတိယာ နိဿဂ္ဂိယံ ပါစိတ္တိယံ။
စာမျက်နှာ-၇၂
မြန်မာပြန်။ ။ ကထိန်မှရသော ပိတ်ဖျင်နှင့်စပ်၍ သင်္ကန်းကိစ္စ ပြီးပြီးသော်လည်းကောင်း, ကထိန်နုတ်ပြီး ရုပ်သိမ်းပြီးသော် လည်းကောင်း, သမ္မုတိရသော ဂိလာနရဟန်းမှတစ်ပါး အခြားရဟန်းသည် တိစီဝရိက်သင်္ကန်း ၃ ထည်တွင် တထည်ထည်နှင့် တညဉ့်မျှကင်း၍ မနေရ၊ ကင်းနေ့လျှင် ထိုသင်္ကန်း နိဿဂ္ဂိထိုက်၍ ထိုရဟန်းလည်း ပါစိတ်အာပတ်သင့်၏၊
မှတ်ချက်။ ။ ဤသိက္ခာပုဒ်အတွက် အဓိဋ္ဌာန်တင်အပ်သော တိစီဝရိက်ကို မိမိနှင့် ၂ တောင့်ထွာမက ကွာဝေးနေသော်လည်း အပြစ်မရှိနိုင်သော အရပ်များကို ပါဠိတော်၌ ပြထား၏၊ ထိုသို့ပြရာ၌ “ဥဒေါသိတ = ဘဏ္ဍာတိုက်”လည်း ပါသောကြောင့် ဤသိက္ခာပုဒ်ကို ဥဒေါသိတ သိက္ခာပုဒ်ဟုလည်း နာမည် တပ်နိုင်၏၊ “ဥဗ္ဘတသ္မိံ ကထိနေ”ဟုပါသောကြောင့် ကထိန သိက္ခာပုဒ် ဟုလည်း နာမည်တပ်နိုင်၏၊ ထိုတွင် ရှေ့သိက္ခာပုဒ်ကို ပထမ ကထိန, ဤသိက္ခာပုဒ်ကို ဒုတိယ ကထိန ဟုခေါ်သည်။
နဿဂ္ဂိစွန့်ပုံ။ ။ ညဉ့်ကင်းမိ၍ နိဿဂ္ဂိထိုက်သော သင်္ကန်းကို သံဃာ-ဂိုဏ်း-ပုဂ္ဂိုလ်တို့တွင် အလိုရှိရာ စွန့်နိုင်သည်၊ ပုဂ္ဂိုလ်ထံ စွန့်ပုံကား-“ဣဒံ မေ ဘန္တေ စီဝရံ ရတ္တိဝိပ္ပဝုတ္ထံ အညတြ ဘိက္ခု သမ္မုတိယာ နိဿဂ္ဂိယံ, ဣမာဟံ အာယသ္မတော နိသဇ္ဇာမိ” ဟူသည်တည်း။
ပါဠိလိုမဆိုတတ်လျှင် “အရှင်ဘုရား... တပည့်တော်၏ ဤသင်္ကန်းကို (ဘိက္ခုသမ္မုတိ မရဘဲ) ညဉ့်ကင်းနေအပ်သည်ဖြစ်၍ စွန့်ထိုက်နေပါ၏, ဤသင်္ကန်းကို အရှင်ဘုရားအား တပည့်တော် စွန့်ပါသည်”ဟု မြန်မာလို ဆို၍လည်း စွန့်နိုင်၏၊ သင်္ကန်း ၂ထည် ၃ ထည်ဖြစ်လျှင် “ဣမာနိ” စသည်ဖြင့်ဆို၊ အဝေးမှာနေလျှင် “ဧတံ, ဧတာနိ”ဟုဆို၊ ထိုစွန့်ပြီးနောက် ဒေသနာပြောရခြင်း ပြန်ပေးရခြင်း စသည်တို့မှာ နိဿဂ္ဂိအားလုံး အတူတူ ပင်တည်း။
နိဿဂ္ဂိမထိုက်စေနည်း။ ။ တိစီဝရိက်အဓိဋ္ဌာန် တင်ထားသော သင်္ကန်းနှင့် အရုဏ်တက်ချိန်မှာ ညဉ့်ကင်းတော့မည် ထင်လျှင် အရုဏ်မတက်ခင် အဝေးရှိရာကို မှန်း၍ “ဧတံ သံဃာဋိံ ပစ္စုဒ္ဓရာမိ = ထိုသင်္ကန်းကြီးကို ပစ္စုဒ္ဓိုရ် ပြုပါ၏”ဟု ဆို၍ ပစ္စုဒ္ဓိုရ်ပြုလိုက်လျှင် နိဿဂ္ဂိမထိုက်တော့ပြီ၊ အရုဏ် တက်ပြီးနောက် အဝေးရှိရာ မှန်းပြီးထပ်၍ အဓိဋ္ဌာန်တင်နိုင်သည်၊ ဤသို့ပြုလျှင် နိဿဂ္ဂိ ပါစိတ် အာပတ်လည်းမသင့်, အဓိဋ္ဌာန်လည်း ထပ်မံတင်ပြီး ဖြစ်တော့သည်။
စာမျက်နှာ-၇၃
အင်္ဂါ ၄-ပါး။ ။ ၁-တိစီဝရိက် အဓိဋ္ဌာန်တင်ထားအပ်ပြီးသော သင်္ကန်း ဖြစ်ခြင်း, ၂-ကထိန်မခင်းခြင်း (ခင်းသော်လည်း နုတ်ပြီးခြင်း), ၃-အဝိပ္ပဝါသ သမ္မုတိမရခြင်း, ၄-ညဥ့်ကင်းခြင်း, ဤအင်္ဂါ ၄-ပါး ညီလျှင် နိဿဂ္ဂိထိုက်၏။
[ဆောင်] ဓိဋ္ဌာန်တင်သစ်, သင်္ကန်းဖြစ်သား, စင်စစ်ကထိန်-ခင်းမကြိမ်တည်း, နာချိန် သမ္မုတိ-မရရှိဘဲ, ရတ္တိအရုဏ်-ကင်းနေတုံဟု, ကြောင်းစုံလေးလီ, အင်္ဂါညီ, သင့်ပြီ ဒုတိယ ကထိန။
ဂ။ တတိယ ကထိန သိက္ခာပုဒ်
အမှုသည်— ရဟန်းအများ။
အမှု— အကာလ၌ရသော သင်္ကန်းကို တလထက်ပို၍ မချုပ်ဆိုးဘဲထားမှု။
ရဟန်းတစ်ပါး သင်္ကန်းဆန့်ပုံ။ ။ သီတင်းကျွတ်လပြည့်မှစ၍ (ကထိန်အာနိသင် မရလျှင်) တန်ဆောင်မုန်းလပြည့်အထိ (ကထိန်အာနိသင်ရလျှင် ကထိန် မနုတ်သေးသမျှ ကာလနှင့် တပေါင်းလပြည့် အထိသည် လွတ်လွတ်လပ်လပ် သင်္ကန်းထားနိုင်ရာ “ကာလ”တည်း၊ ထိုမှတစ်ပါးသော အချိန်သည် “အကာလ (အချိန်မဟုတ်)”မည်၏၊ ရဟန်းတစ်ပါး၌ ထိုအကာလအခါဝယ် သင်္ကန်းချုပ်ဖို့ရာ အထည်ရလာ၏။ “ဆယ်ရက်ထက် လွန်၍ အပိုသင်္ကန်းမထားရ” ဟူသော ပညတ်တော်အရ ထိုအဝတ်ကို အမြန်သင်္ကန်းချုပ်၍ အဓိဋ္ဌာန်တင်လိုသောကြောင့် သင်္ကန်းချုပ်လေသည်၊ ထိုသို့ချုပ်သောအခါ မလောက်မငဖြစ်နေ၍ ထိုအထည်ကို ရေဆွတ်ပြီးလျှင် အောက်ပိုင်းကို ခြေဖြင့်နင်းထား၍ အထက်ပိုင်းကို လက်ဖြင့်မြှောက်ကာ ဆန့်၍ ဆန့်၍ နေရှာ၏၊ [သူ့ အထင်ကား ဤနည်းဖြင့် ဆန့်ပေးလျှင် အတော် အတန်ရှည်လာလိမ့်မည်ဟု မျှော်လင့်၏။ သို့သော် ခြောက်သွားသည့် အခါ နဂိုအတိုင်း ဖြစ်လေသည်၊] ထိုနည်းအတိုင်း ထပ်၍ထပ်၍ ဆွဲဆန့်နေသည်ကို ဘုရားရှင်မြင်တော်မူ၍ ကြွလာတော်မူပြီးလျှင် “နောက်ထပ်ရဖို့ မျှော်လင့် ချက်ရှိသေးသလား”ဟု မေးတော်မူ၏, “ရှိပါသေးကြောင်း” လျှောက်လေလျှင် “အကာလ၌ သင်္ကန်းချုပ်ဖို့ အဝတ်ကို ခံယူပြီး၍ နောက်ထပ်ရဖို့ မျှော်လင့်ချက်ရှိသေးလျှင် မချုပ်သေးဘဲ သိမ်းထားဖို့ရန်” ခွင့်ပြုတော်မူလေသည်။
စာမျက်နှာ-၇၄
ရဟန်းများ ကြာရှည်စွာထားမှု။ ။ ထိုကဲ့သို့ ခွင့်ပြုတော်မူသောအခါ အချို့ ရဟန်းများသည် ထိုအကာလသင်္ကန်းကို တလလွန်သော်လည်း မချုပ်ကြသေးဘဲ သိမ်းထားကြသဖြင့် သင်္ကန်းတန်းပေါ်၌ သင်္ကန်းထုပ်ကြီးတွေ တို့လို့ တန်းလန်း တည်နေသည်တို့ကို အရှင်အာနန္ဒာ မြင်၍ ပြစ်တင်ကဲ့ရဲ့ ပြီးလျှင် ဘုရားရှင်အားလျှောက်လေရာ ဤသိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။ ထို့ကြောင့် “အကာလသင်္ကန်းလျာ အဝတ်ကို တလထက် လွန်အောင် မချုပ်ဘဲထားမှုကြောင့် သိက္ခာပုဒ်ကို ပညတ်မူရသည်” ဟုမှတ်။
သိက္ခာပုဒ်။ ။ နိဋ္ဌိတစီဝရသ္မိံ ဘိက္ခုနာ ဥဗ္ဘတသ္မိံ ကထိနေ ဘိက္ခုနော ပနေဝ အကာလစီဝရံ ဥပ္ပဇ္ဇေယျ, အာကင်္ခမာနေန ဘိက္ခုနာ ပဋိဂ္ဂဟေတဗ္ဗံ, ပဋိဂ္ဂဟေတွာ ခိပ္ပမေဝ ကာရေတဗ္ဗံ, နော စဿ ပါရိပူရိ, မာသပရမံ တေန ဘိက္ခုနာ တံ စီဝရံ နိက္ခိပိတဗ္ဗံ ဦနဿ ပါရိပူရိယာ သတိယာ ပစ္စာသာယ။ တတော စေ ဥတ္တရိ နိက္ခိပေယျ သတိယာပိ ပစ္စာသာယ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ ကထိန်ခင်းရာမှ မိမိအတွက် ရအပ်သော အဝတ်နှင့်စပ်၍ သင်္ကန်းကိစ္စ ပြီးပြီးသော်လည်းကောင်း, ကထိန်နုတ်ပြီးသော်လည်းကောင်း, ရဟန်းမှာ အကာလ သင်္ကန်းရအံ့၊ ထိုရဟန်းသည် ထိုသင်္ကန်းကို လိုလျှင် ခံယူနိုင်၏၊ (မခံယူလိုလျှင်လည်း ပယ်နိုင်၏, ထိုပယ်သော ရဟန်းအတွက် အထူးပြောဖွယ်မလို-ဟူလို၊) ခံယူပြီးလျှင် (ချုပ်လောက် ပါမူ) ဆယ်ရက်မလွန်ခင် အလျင်အမြန် ချုပ်ရမည်၊ [ဆယ်ရက် လွန်သွားက ထိုအဝတ်သည် ပထမကထိန သိက္ခာပုဒ်အရ နိဿဂ္ဂိ ထိုက်လိမ့်မည်-ဟူလို၊ အကယ်၍ ထိုအဝတ်သည် သင်္ကန်းမချုပ် လောက်ဘဲ ဖြစ်နေအံ့၊ လိုနေသည်ကို ဖြည့်၍ချုပ်ဖို့ရာ နောက်ထပ် ရဖို့ မျှော်လင့်ချက်လည်း ရှိနေသေးအံ့၊ ထိုရဟန်းသည် ထိုသင်္ကန်းကို မချုပ်သေးဘဲ တစ်လအလွန်ဆုံး ထားနိူင်သေး၏၊ နောက်ထပ်ရဖို့ မျှော်လင့်ချက် ရှိစေကာမူ တစ်လထက် လွန်၍ကား မထားနိုင်၊ အကယ်၍ တစ်လထက်လွန်၍ ထားအံ့၊ ထိုသင်္ကန်းစွန့်ထိုက်၍, ထိုရဟန်းလည်း ပါစိတ်အာပတ်သင့်သည်၊ [ယခုကာလ၌ကား သင်္ကန်း
စာမျက်နှာ-၇၅
ချုပ်ပြီး တွေကိုသာ ရသောကြောင့် ဤသိက္ခာပုဒ်နှင့် စပ်သော ကျင့်ဖွယ်များ မလိုလှတော့ချေ။
စွန့်ပုံနှင့်အင်္ဂါ။ ။ ဤသိက္ခာပုဒ်အရ နိဿဂ္ဂိ သင်္ကန်းလျာ အဝတ်ကို စွန့်ပုံကား- “ဣဒံ မေ ဘန္တေ အကာလစီဝရံ မာသာတိက္ကန္တံ နိဿဂ္ဂိယံ, ဣမာဟံ အာယသ္မတော နိသဇ္ဇာမိ”ဟု ပါဠိလို ဖြစ်စေ, မြန်မာလိုဖြစ်စေ စွန့်ရမည်။ [ ဣဒံ အကာလစီဝရံ-ဤအကာလသင်္ကန်းကို၊ မာသာတိက္ကန္တံ-တစ်လလွန်သည်” ဖြစ်၍ ဟုအနက်ဆို၊] အင်္ဂါများကား– ပထမ ကထိန အင်္ဂါတွင် “ဆယ်ရက်လွန်ခြင်း” အစား “တစ်လလွန်ခြင်း” ဟု လဲလှယ်ကာ အင်္ဂါ ၅-ပါးပင်ရှိသည်။
[ဆောင်] ပထမ ကထိန, အင်ငါးဝ၌, တလလွန်အင်, ဆယ်ရက်တွင်, လဲလျှင်တတိယ ကထိန။
ဃ။ ပူရာဏစီဝရသိက္ခာပုဒ်
အမှုသည်—ရှင်ဥဒါယီ။
အမှု—ဇနီးဟောင်းဘိက္ခုနီအား သင်္ကန်းလျှော်ခိုင်းမှု။
ဥဒါယီနှင့် ဇနီးဟောင်းဘိက္ခုနီ။ ။ သာဝတ္ထိပြည် ရှင်ဥဒါယီ၏ ဇနီးဟောင်းသည် ဘိက္ခုနီ တို့အထံ၌ ဘိက္ခုနီမပြုနေ၏၊ ထိုဘိက္ခုနီထံသို့ ရှင်ဥဒါယီသည် မကြာခဏသွား၏၊ ထိုဘိက္ခုနီမလည်း ရှင်ဥဒါယီထံသို့ မကြာခဏလာ၏၊ အခါတစ်ပါး၌ကား ရှင်ဥဒါယီသည် ထိုဘိက္ခုနီထံ ဆွမ်းစားသွားစဉ် ထိုဘိက္ခုနီ၏ ရှေ့၌ အင်္ဂါဇာတ်ကို ဖေါ်၍ ထိုင်နေ၏၊ ထိုဘိက္ခုနီကလည်း (အားကျမခံ) သူ့ဟာကို ဖေါ်ထိုင်၏၊ ဥဒါယီသည် ဘိက္ခုနီ၏ ဥစ္စာကို တစိမ့်စိမ့်ကြည့်ရင်း သင်းပိုင် ပေသွားလေတော့သဖြင့် “ရေယူခဲ့စမ်းပါ, သင်းပိုင်ကို လျှော်ပစ်ရဦးမည်”ဟု ပြော၏၊ ဘိက္ခုနီက “တပည့်တော် လျှော်ပေးပါ့မယ်”ဟုဆို၍ ယူသွားပြီးလျှင် ထိုပေနေသော သုက်တချို့ကို ပါးစပ်ဖြင့်စုတ်, တချို့ကို သူ့ဥစ္စာတည်း၌ ထည့်သွင်း၍ ထိုသုက်ကြောင့်ပင် ကိုယ်ဝန်စွဲလေတော့သည်။
ဘုရားထံ လျှောက်ခြင်း။ ။ ထိုဘိက္ခုနီ၏ ကိုယ်ဝန်ကိုမြင်၍ အခြား ဘိက္ခုနီတို့က “အဗြဟ္မစရိယအကျင့်ကို ကျင့်တဲ့ ဘိက္ခုနီဘဲ”ဟု စွပ်စွဲ ကြလေသော်, အဗြဟ္မစရိယကို မကျင့်ရကြောင်း ထင်ရှား
စာမျက်နှာ-၇၆
ဖို့ရာ “ဥဒါယီ၏ သင်္ကန်းဟောင်းကို ဖွပ်ဖို့ယူလာရာမှ သုက်တို့ကို စုတ်ယူမိ-အင်္ဂါဇာတ်၌ ထည့်မိ၍ ဖြစ်ရကြောင်းကို” ထုတ်ဖေါ် ပြောပြရလေသည်၊ ထိုအခါ “ဘယ့်နှယ်ကြောင့် ရှင်ဥဒါယီက ဘိက္ခုနီကို သင်္ကန်းဟောင်းအဖွပ် ခိုင်းရသလဲ”ဟု ကဲ့ရဲ့ကြပြီးလျှင် ဘုရားထံ လျှောက်ကြလေသည်။ ဘုရားရှင်သည် ဥဒါယီကို သံဃာ့အလယ်၌ စစ်မေးတော်မူ၍ “သင်္ကန်းဟောင်းကို အဖွပ်ခိုင်းမိပါကြောင်း” ဝန်ခံသည့်အခါ “ထိုဘိက္ခုနီနှင့် ဆွေမျိုးသားချင်းတော်သလား, မတော်ဘူးလား” မေးတော်မူ၍ “မတော်ကြောင်း” လျှောက်ပြန်လျှင် “ဆွေမျိုးမတော်သော ယောက်ျားသည် ဆွေမျိုးမတော်သော မိန်းမ၏ အပေါ်၌ သင့်လျော်သည် မသင့်လျော်သည်ကိုလည်း မသိနိုင်, သူတစ်ပါး ကြည်ညိုဖွယ် ရှိမရှိကိုလည်း မသိနိုင်၊ သို့ပါလျက် သင့်မို့လို့ ဆွေမျိုးမတော်သူကို သင်္ကန်းဟောင်း အဖွပ်ခိုင်းပလေ”ဟု ကဲ့ရဲ့ ရှုံ့ချတော်မူပြီးလျှင် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယောပန ဘိက္ခု၊ အညာဟိကာယ ဘိက္ခုနိယာ ပုရာဏစီဝရံ ဓောဝါပေယျဝါ၊ ရဇာပေယျဝါ၊ အာကောဋာပေယျဝါ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ဆွေမျိုးမတော်သော ဘိက္ခုနီကို သင်္ကန်းဟောင်း အဖွပ်-အဆိုး (ဖွပ်ရာ၌) အထုအရိုက် ခိုင်းအံ့၊ ထိုသင်္ကန်း နိဿဂ္ဂိထိုက်၍ ထိုရဟန်းလည်း ပါစိတ်အာပတ်သင့်သည်၊ [“ဆွေမျိုး”ဟူရာ၌ ဆွေ ၇ ဆက်, မျိုး ၇ ဆက် သွေးသား စပ်နေ သူကို ဆိုလိုသည်၊ သွေးသားမစပ်ဘဲ အစ်ကို ညီ စသူနှင့် စပ်၍တော်ရသူကို ဆွေမျိုးဟု မဆိုရ၊ ထို့ကြောင့် ဥဒါယီအတွက် သူ့ ဇနီးဟောင်းကိုပင် သူစိမ်းပြင်ပ (ဆွေမျိုးမတော်သူ)ဟု ဆိုရသည်။]
ဉာတိများ။ ။ “ဘ-ဘိုး-ဘေး-ဘီ-အင်-ဘောင်-ဘော” ဟု အထက် ၇ ဆက်, သား-မြေး-မြစ်-တီ-တွတ်-ကျွတ်-ကျွတ်ဆက်” ဟု အောက် ၇ ဆက်ရှိ၏၊ ဘ-ဘိုး-စသည်၌ အမိ-အဖွား-စသော မိန်းမများကိုလည်းကောင်း, သား စသည်၌ သ္မီးစသည်ကိုလည်းကောင်း, ယူပါ၊ ဘိုး၏အဘကို ဘေးဘေး၏အဘကို ဘီ စသည်ဖြင့်လည်းကောင်း, မြေး၏သားကိုမြစ်, မြစ်၏သားကို တီစသည်ဖြင့်လည်းကောင်း, သိပါ၊] ဤသို့ ဆွေ ၇ ဆက်၊ မျိုး ၇ ဆက်တွင် (အထက်အောက်မှ) မပါဝင်သူ-သွေးသားချင်း ဆက်သွယ်၍ မရနိုင်သူကို “အညာတိက” ဟု ခေါ်ကြရသည်၊
စာမျက်နှာ-၇၇
ထို့ကြောင့် သား၏မယားနှင့် ထိုမယားဘက်မှ ဆက်သွယ်လာသူတို့သည် ယခုအခါ၌ ဆွေမျိုး-ဟု အသိအမှတ် ပြုကြသော်လည်း ဝိနည်းတော်အရ ဆွေမျိုးစာရင်းတွင် မပါဝင်ကြ-ဟုမှတ်။
ဆွေမျိုးဆက်ပုံ။ ။ ဘ = ပထမဆွေမျိုး၊ ဘိုး-ဒုတိယ၊ ဘိုး၏သားသ္မီး ဖြစ်သော (ဘ၏ညီအကို မောင်နှမအရင်းဖြစ်သော)ဦးကြီး ဦးလေးစသည် = တတိယ၊ ထိုတတိယ၏ သားသ္မီးဖြစ်သော(တဝမ်းကွဲညီအစ်ကို မောင်နှမ)-စတုတ္ထ၊ ထိုစတုတ္ထ၏ သားသ္မီးဖြစ်သော (တဝမ်းကွဲတူ) = ပဉ္စမ၊ ထိုပဉ္စမ၏ သားသမီးဖြစ်သော (တဝမ်းကွဲမြေး) ဆဋ္ဌ၊ ထိုဆဋ္ဌ၏ သားသ္မီးဖြစ်သော (တဝမ်းကွဲမြစ်) = သတ္တမ၊ တဝမ်းကွဲမြစ်မှ နောက်၌ ဉာတိစာရင်း မဝင်တော့ပြီ၊ ဤနည်းအတိုင်း “ဘိုး = ဒုတိယ၊ ဘေး = တတိယ၊ ဘိုး၏ ညီမအစ်ကိုမောင်နှမ အရင်းဖြစ်သော(ဘိုးလေး ဘွားလေး) = စတုတ္ထ၊ ထိုစတုတ္ထ၏သားသ္မီးစသည်ကိုလည်း ပဉ္စမဆဋ္ဌစသည်ဖြင့် ဆက်လေ၊ အောက်ဘက်မှာလည်း “သား = ပထမ၊ မြေး = ဒုတိယ”စသည်ဖြင့်ဆက်လေ။
င။ စီဝရပဋိဂ္ဂဟဏ သိက္ခာပုဒ်
အမှုသည်—ရှင်ဥဒါယီ။
အမှု—ဥပ္ပလဝဏ်ထေရ်မ၏သင်းပိုင်ကို အလှူခံမှု။
ရှင်ဥဒါယီအကြံ။ ။ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ သီတင်းသုံးတော်မူစဉ် ဥပ္ပလဝဏ်ထေရ်မသည် သာဝတ္ထိပြည်၌ အမဲသား ပံ့သုကူရ၍ မြတ်စွာဘုရားအား လှူဒါန်းရန် သာဝတ္ထိပြည်မှ ရာဇဂြိုဟ်သို့ တန်ခိုးဖြင့် ကြွလာ၏၊ ထိုအခါဘုရားရှင် ဆွမ်းခံဝင်တော်မူချိန်နှင့် ကြုံကြိုက်၍ ကျောင်းစောင့် အလှည့်ကျနေသော ရှင်ဥဒါယီနှင့် တွေ့နေလေသည်၊ ထို့ကြောင့် “ဤအသားကို ဘုရားရှင်အား လှူလိုက်ပါ” ဟု ရှင်ဥဒါယီအား မှာထား၍ ပြန်သွားမည် ပြုသောအခါ ဥပ္ပလဝဏ်ထေရ်မ၏ ညက်ညောသော ခါးဝတ်သင်းပိုင်ကို လိုချင်ရုံသာမက, ခါးဝတ်သင်းပိုင်ထက် ပို၍ ကိုယ်လုံး ကိုယ်ပေါက်လှပုံကို ကြည့်ချင်ဇောကြောင့် “ခါးဝတ်သင်းပိုင်ကို လှူခဲ့ပါ”ဟု အလှူခံလေသည်၊ ထေရ်မက “တပည့်တော်မှာ အားလုံးမှ ဤဝတ်ထားသော သင်္ကန်းသာ ရှိပါသည်၊ (အပိုမရှိပါ) မလှူပါရစေနှင့်” ဟုတောင်းပန်၏။ “ဘုရားရှင်အား အမဲသားတွေ လှူပြီး သူ့အပေါ်မှာ သင်းပိုင်ကလေးကို ကပ်သည်းကပ်သတ် လုပ်နေရသေးသလား” ဟု စကားဖြင့် နှိပ်စက်သောကြောင့် အပေါ်တင် ရင်လွှမ်းတဘက်ကို လဲ၍ဝတ်ကာ ခါး ဝတ်ကိုချွတ်၍
စာမျက်နှာ-၇၈
လှူရလေတော့သည်၊ [ဥဒါယီကား ခါးဝတ်ချွတ်လျှင် နောက်ထပ်လဲစရာ မရှိ၍ ကိုယ်လုံးကိုယ်ပေါက်ကို မြင်ရလိမ့်မည် ထင်သော်လည်း ရင်လွှမ်းနှင့် လဲ၍ ဝတ်သောကြောင့် မမြင်ရတော့ချေ၊ ခါးဝတ်ကို လက်ပေါ်တင်၍ ပေးသောကြောင့် လက်ဝါးအပြင်ကိုသာ မြင်ရလေတော့သည်။]
ဘိက္ခုနီတို့ကဲ့ရဲ့ကြပုံ။ ။ ဥပ္ပလဝဏ်ထေရ်မ ကျောင်းသို့ပြန်ရောက်၍တပည့်မတို့က သပိတ်သင်္ကန်း လှမ်းယူကြ၏၊ ထိုအခါ သင်းပိုင်မပါ လာတော့သဖြင့် အကျိုးအကြောင်းကို မေး၍ သိကြသောအခါ “ရှင်ဥဒါယီ နှယ် ဘိက္ခုနီသင်္ကန်းကိုသူမို့ လို့ အလှူခံရက်ပလေ, မာတုဂါမဆိုတာ ပစ္စည်း လာဘ်လာဘအလွန်နည်းပါးတယ်”ဟုပြောဆို ကဲ့ရဲ့ကြပြီးလျှင် ရဟန်းတော်တို့ကို လျှောက်ကြလေသော်, ရဟန်းတော်တို့ကတဆင့် ဘုရားရှင် လျှောက်ကြ၍ “ဆွေမျိုးတော်-မတော်” စစ်ဆေးပြီးလျှင် ဆွေမျိုးမတော်ကြောင်း သိတော်မူ၍ “ယော ပန ဘိက္ခု အညာတိကာယ ဘိက္ခုနိယာ ဟတ္ထတော စီဝရံ ပဋိဂ္ဂဏှေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ = ဆွေမျိုးမတော်သူ ဘိက္ခုနီလက်မှ သင်္ကန်းကို အလှူမခံရ, ခံယူလျှင် ထိုသင်္ကန်း နိဿဂ္ဂိထိုက်၍ ပါစိတ်အာပတ် လည်းသင့်သည်”ဟု မူလပညတ်ကို ထားတော်မူရလေသည်။
နောက်ထပ် ပညတ်တော်မူရပုံ။ ။ ဘိက္ခုနီတို့သည် ဘိက္ခုတို့အလံ သင်္ကန်းချင်း လဲပါရန် လျှောက်ကြလေရာ လက်မခံကြသဖြင့် “မာတုဂါမဆိုတာ လာဘ်လာဘ ရှားပါးကြတယ်, မိမိရှိတာနဲ့ မရှိတာကို လဲသည်ကိုမျှ ဘိက္ခုတို့ လက်မခံကြလျှင် ဘယ်လိုနည်းဖြင့် (မိမိတို့ရရှိသမျှနဲ့) မျှတ နိုင်ပါတော့မည်နည်း” ဟု ဝမ်းနည်းစွာ အပြစ်တင်ကြသည်ကို ဘုရားရှင် သိတော်မူ၍ “အညတြပါရိဝတ္တကာ = လဲလှယ်အပ်သော သင်္ကန်းမှ တစ်ပါး အခြားသင်္ကန်းကို မခံယူရ, လဲလှယ်အပ်သော သင်္ကန်းကိုမူ ခံယူကောင်း၏”ဟု အနုပညတ် ထပ်တော်မူရလေသည်၊ [သိက္ခာပုဒ်မြန်မာပြန်ပုံ ထင်ရှားပြီ။]
စ။ အညာတိက ဝိညတ္တိသိက္ခာပုဒ်
အမှုသည်—ရှင်ဥပနန္ဒ။
အမှု—သင်္ကန်းကို အတင်းတောင်းမှု။
ရှင်ဥပနန္ဒ အတင်းတောင်းမှု။ ။ သာကီဝင် မင်းမျိုးမှ ထွက်၍ ရဟန်းပြုသူ ရှစ်သောင်း လောက်ရှိသည်တွင် ရှင်ဥပနန္ဒဆိုသူသည် ယုတ်မာသော ပုဂ္ဂိုလ်တစ်ပါးဖြစ်၏၊ တရားဟောကား ကောင်းပေသည်၊
စာမျက်နှာ-၇၉
အခါတစ်ပါး၌ သူဌေးသား တစ်ယောက်အား တရားဟောလေသော်, သဘောကျ၍ ပစ္စည်း ၄-ပါးဖြင့် ဖိတ်လေ၏၊ ထိုအခါ ချက်ချင်းပင် ဝတ်လာသော အဝတ် ၂ ထည်မှ တထည်ကို တောင်းလေသည်၊ သူဌေးသားက “တပည့်တော်တို့ အမျိုးကောင်းသားတွေမှာ အဝတ် တထည်တည်း (အပေါ်ခြုံမပါဘဲ) သွားရခြင်း၌ ဘယ့်နှယ်တယ်တယ် ရှိလှပါတယ်, အိမ်ရောက်မှ ဒီ ၂ ထည်မှ တထည်ကို ဖြစ်စေ, သည့်ထက်ကောင်းသော အထည်ကို ဖြစ်စေ ပို့လိုက်ပါမည်”ဟု လျှောက်လေသည်၊ သို့သော် ရှင်ဥပနန္ဒက ထိုမျှကြာရှည်မဆိုင်းလိုဘဲ ၃-ကြိမ်တိုင်အောင် တောင်းပြီးလျှင် “မလှူချင်ဘဲနဲ့ ဖိတ်လို့ ဘာအကျိုးရှိသလဲ”ဟု စကားဖြင့် နှိပ်စက်သောကြောင့် တထည်ကို လှူ၍ ပြန်သွားရလေသည်၊ သူဌေးသား အဝတ်တထည်ဖြင့် လာသည်ကို မြင်သူတို့က မေးကြ၍ အကြောင်းကို ပြောပြလေသော် လူတို့ကဲ့ရဲ့ကြသဖြင့် ဘုရားရှင်ကြားတော်မူရကား ရှင်ဥပနန္ဒကို ဆွေမျိုးတော်, မတော် မေးတော် မူပြီးလျှင်
“ယောပနဘိက္ခု အညာတကံ ဂဟပတိံ ဝါ ဂဟပတာနိံ ဝါ စီဝရံ ဝိညာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ” ဟု ပညတ်တော်မူလေသည်။
ရဟန်းများ သင်္ကန်းအလုခံရပုံ။ ။ ထိုသို့ ပညတ်တော်မူပြီးနောက် ရဟန်း များစွာတို့ သာကေတမြို့မှ သာဝတ္ထိသို့အကြွတွင် လမ်းခရီးအကြား၌ ဝတ်ထားသော သင်္ကန်းတို့ကို ဓားပြတို့က လုယူလိုက်ကြလေသည်၊ ထိုအခါ (“ဆွေမျိုးမတော်သူကို မတောင်းရ” ဟု တားမြစ်တော်မူချက်ကြောင့်) မည်သူ့ကိုမျှ မတောင်းဝံ့ကြ၍ အဝတ်မပါဘဲသာ သာဝတ္ထိသို့ ရောက်လာကြပြီးလျှင် မိမိတို့ထက်ကြီးသော ရဟန်းတို့ကို ရှိခိုးဝပ်ချကြသည့်အခါ “ဒီတက္ကဒွန်းတွေကတော့ တော်ရှာကြပေသားဘဲ ရဟန်းတို့ကို ဝပ်ချဖော်ရကြတယ်”ဟု ချီးမွမ်းကြလေသော် “တက္ကဒွန်း မဟုတ်ကြကြောင်း, ရဟန်းဖြစ်ကြကြောင်းကို” လျှောက်ကြလျှင် အရှင်ဥပါလိက ရဟန်းတို့၏ ကျင့်ဝတ်များကို စစ်မေးသည့်အခါ ရဟန်းဟုတ် ကြောင်းသိရ၍ သင်္ကန်းပေးကြရလေသည်၊ ထို့နောက် ဤအကြောင်းကို ဘုရားရှင် သိတော်မူ၍ “အညတြသမယာ... တတ္ထာယံ သမယော အစ္ဆိန္တ စီဝရောဝါ ဟောတိ ဘိက္ခု, နဋ္ဌစီဝရော ဝါ၊ အယံ တတ္ထ သမယော”ဟု စွက်၍ အနုပညတ် ထပ်ဆင့်တော်မူရလေသည်။
စာမျက်နှာ-၈၀
သိက္ခာပုဒ် မြန်မာပြန်။ ။ အကြင်ရဟန်းသည် တောင်းသင့်ရာ အခါကို ကြဉ်၍ ဆွေမျိုးမတော်သော အိမ့်ရှင်ယောက်ျား အိမ့်ရှင်မကို (ဒါယကာ-ဒါယိကာမကို) သင်္ကန်းလျာ အဝတ်တောင်းအံ့၊ ထိုသင်္ကန်း နိဿဂ္ဂိထိုက်၍ ရဟန်းလည်း ပါစိတ်အာပတ်သင့်၏၊ ဆိုအပ်လတံ့ကား တောင်းသင့်ရာအခါတည်း၊ —ခိုးသူက သင်္ကန်းကို လုယူ၍ (၂ ထည်လောက်မျှ) သင်္ကန်းဝတ်ဖို့ မရှိတော့ရာအခါ, မီးလောင်မှု စသည်ကြောင့် (ပတ်ဖို့မရှိအောင်) သင်္ကန်းပျက်စီးရာ အခါတည်း၊ ဤကား ဆွေမျိုးမတော်သူကို တောင်းကောင်းရာအခါ ဖြစ်သည်။
မှတ်ချက်။ ။ ဆွေမျိုးမတော်သော်လည်း ဖိတ်ထားသူ ဖြစ်လျှင် တောင်းကောင်း ပါသေး၏၊ ရှင်ဥပနန္ဒကား ဖိတ်ထားသူအား မလှူချင်သော အဝတ်ကို အတင်းတောင်းခြင်းကြောင့် အပြစ်တင်ခံရသည်။ ထို့ကြောင့် နဂိုက ဖိတ်ထားဖူးသူ ဖြစ်သော်လည်း မလှူချင်သည့်အခါ (မိမိအပေါ် သဒ္ဓါ ပျက်သည့်အခါ) မဖိတ်သူနှင့် မထူးပြီ၊ ထိုသူမျိုးကို မတောင်းကောင်း ဟုမှတ်။
ဆ။ တတုတ္တရိသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—သင်္ကန်းအပိုတောင်းမှု။
သင်္ကန်းအပို တောင်းမှု။ ။ ခရီးသွားစဉ် သင်္ကန်း အလုခံခဲ့ရသော ရဟန်းများကို ဆဗ္ဗဂ္ဂီ ရဟန်းတို့က ပြောကြသည်မှာ- အရှင်ဘုရားတို့...သင်္ကန်း အလုခံခဲ့ရသော ရဟန်း, သင်္ကန်း ပျက်စီး၍ ဝတ်ဖို့ရာ မရှိသော ရဟန်းသည် ဒါယကာ, ဒါယိကာမတို့အထံ သင်္ကန်းတောင်းနိုင်၏”ဟု ခွင့်ပြုတော်မူထားသည်၊ သို့ဖြစ်၍ “အရှင်ဘုရားတို့လဲ သင်္ကန်း တောင်းကြပါလား”ဟု ပြောကြလေသည်၊ ထိုရဟန်းတို့က “တော်ပါပြီ, တပည့်တော်တို့မှာ သင်္ကန်းရပါပြီ”ဟု ပြောလေသော်, “အရှင်ဘုရားတို့ ကိုယ်တိုင် မတောင်းလိုလျှင် အရှင်ဘုရားတို့အတွက် တောင်းပေးမည်”ဟု ပြောသောအခါ “တောင်းပေး ကြတာပေါ့”ဟု ထိုရဟန်းတို့က ခွင့်ပြုသဖြင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် များစွာသော ဒါယကာတို့ထံ ချဉ်းကပ်၍ “ဒကာတို့... သင်္ကန်း အလုခံခဲ့ရသော ကိုယ်တော်တွေ ရောက်လာကြသည်, သင်္ကန်းလှူကြ”ဟု ပြော၍ များစွာသော သင်္ကန်းလျာ အဝတ်တို့ကို တောင်းကြလေသည်။
စာမျက်နှာ-၈၁
ဒါယကာများ ကဲ့ရဲ့ကြပုံ။ ။ ထို့နောက် အစည်းအဝေးတစ်ခု၌ သင်္ကန်းလှူလိုက်ရသော ဒါယကာတို့စုမိ၍ “ခိုးသူ အလုခံရသော ရဟန်းတို့အား သင်္ကန်းလှူလိုက်ရကြောင်း”ကို တစ်ယောက်ကပြောပြရာ, အခြားအခြား ဒါယကာတို့ကလည်း “သူလဲ လှူလိုက်ရကြောင်း”ကို အသီးအသီး ပြောကြသဖြင့်– “ကိုယ်တော်တွေ့နှယ် အတိုင်းအရှည် မသိဘဲ ဘာ့ကြောင့် အများကြီး တောင်းကြရပါလိမ့်မလဲ, အထည်ကုန်ကူးကြမလို့တဲ့လား, ဒါမှမဟုတ်လျှင် အထည်ဆိုင်ခင်းကြမလို့တဲ့လား”ဟု ကဲ့ရဲ့ကြသည်ကို ဘုရားရှင် ကြားသိတော်မူရ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ တဉ္စေ အညာတကော ဂဟပတိ ဝါ ဂဟပတာနီ ဝါ ဗဟူဟိ စီဝရေဟိ အဘိဟဋ္ဌုံ ပဝါရေယျ, သန္တရုတ္တရပရမံ တေန ဘိက္ခုနာ တတော စီဝရံ သာဒိတဗ္ဗံ။ တတော စေ ဥတ္တရိ သာဒိယေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ ထိုအစ္ဆိန္နစီဝရ နဋ္ဌစီဝရဖြစ်သော ရဟန်းကို ဆွေမျိုးမတော်သော ဒါယကာ-သို့မဟုတ် ဒါယိကာမသည် များစွာသော သင်္ကန်း(သင်္ကန်းလျာအဝတ်)တို့ဖြင့် ဆောင်ယူဖိတ်မန်အံ့၊ ထိုရဟန်းသည် ထိုအဝတ်သင်္ကန်းများစွာမှ (သင်းပိုင်နှင့် အပေါ်ရုံ) ဤတစ်စုံကိုသာ သာယာရ-အလှူခံရမည်၊ ထို့ထက်ပို၍ သာယာ(အလှူခံ)လျှင် နိဿဂ္ဂိထိုက်၍ ပါစိတ်အာပတ်သင့်သည်။
မှတ်ချက်။ ။ “တစ်စုံ”ဟူရာ၌ လုံးလုံးမကျန်အောင် ကုန်သွားသူအတွက် ခွင့်ပြုခြင်းဖြစ်သည်။ တထည်ကျန်သေးလျှင် နောက်ထပ်တထည်သာ အလှူခံရမည်၊ ၂ ထည် ကျန်သေးမူကား လုံးဝပင် အလှူမခံရ။
ဇ။ ဥပက္ခဋသိက္ခာပုဒ်
အမှုသည်—ရှင်ဥပန္ဒ။
အမှု—ရည်ရွယ်ရင်းထက် တန်ဖိုးပိုအောင် သင်္ကန်းစီမံမှု။
သင်္ကန်းအဖိုး တိုးအောင်စီမံမှု။ ။ သာဝတ္ထိပြည်၌ ဒါယကာတစ်ယောက်သည် သူ၏ဇနီးအား “ရှင်ဥပနန္ဒကို သင်္ကန်းလှူမည့်အကြောင်း” ပြောနေ၏၊ ထိုပြောသံကို ဆွမ်းခံသွားသော ရဟန်းတစ်ပါးက ကြားခဲ့၍ ရှင်ဥပနန္ဒအား ပြောပြလေသော်, ရှင်ဥပနန္ဒသည် ထိုအိမ်သို့ သွား၍ “ဒါယကာ... ငါ့ကို သင်္ကန်းလှူလိုပါသလောဟု မေး၍ ထိုဒါယကာက
စာမျက်နှာ-၈၂
“လှူမည်ဟု အကြံဖြစ်ရုံရှိပါသေးသည်”ဟု လျှောက်လေလျှင် လှူလိုလျှင် ဒီလို သင်္ကန်းမျိုးကို လှူပါ ငါမဝတ်မည့် သင်္ကန်းကို လှူလို့ ဘာအသုံးကျမှာလဲ”ဟု ပြောဆို၍ နဂိုရည်မှန်းထားသော သင်္ကန်း၏ တန်ဖိုးထက် ပိုလာအောင် စီမံလေသည်၊ ထိုအခါ ဒါယကာက “ဤရဟန်းတွေဟာ အလွန်အလိုကြီးမားကြတယ်, မတင်းတိမ်နိုင်ကြဘူး, သင်္ကန်းလှူဖို့တောင် မလွယ်ကူဘူး, ရှင်ဥပနန္ဒဟာ ငါကလဲ ဖိတ်မထားဘဲနှင့် ဘာ့ကြောင့်သင်္ကန်း၌ တန်ဖိုး ပိုလာအောင် စီမံရသလဲ” ဟု ကဲ့ရဲ့လေသည်၊ ထိုအကြောင်းကို ဘုရားရှင် ကြားတော်မူသဖြင့် ရှင်ဥပနန္ဒကို စစ်ဆေးသောအခါ ဆွေမျိုး မတော်ကြောင်းကိုလည်း သိတော်မူရ၍ ဤသိက္ခာပုဒ်ကို ပညတ်တော် မူလေသည်။
သိက္ခာပုဒ်။ ။ ဘိက္ခုံ ပနေဝ ဥဒ္ဒိဿ အညာတကဿ ဂဟပတိဿ ဝါ ဂဟပတာနိယာ ဝါ စီဝရစေတာပန္နံ ဥပက္ခဋံ ဟောတိ “ဣမိနာ စီဝရစေတာပန္နေန စီဝရံ စေတာပေတွာ ဣတ္ထန္နာမံ ဘိက္ခုံ စီဝရေန အစ္ဆာဒေဿာမီ”တိ, တတြ စေ သော ဘိက္ခု ပုဗ္ဗေ အပ္ပဝါရိတော ဥပသင်္ကမိတွာ စီဝရေ ဝိကပ္ပံ အာပဇ္ဇေယျ “သာဓု ဝတ မံ အာယသ္မာ ဣမိနာ စီဝရစေတာပန္နေန ဧဝရူပံ ဝါ ဧဝရူပံ ဝါ စီဝရံ စေတာပေတွာ အစ္ဆာဒေဟီ”တိ ကလျာဏကမျတံ ဥပါဒါယ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ ဆွေမျိုးမတော်သောဒါယကာ-သို့မဟုတ်ဒါယိကာမသည် ရဟန်းတစ်ပါးကို ရည်စူး၍ “ဤအဖိုးငွေဖြင့် သင်္ကန်းဝယ်ပြီးလျှင် မည်သည့်ရဟန်းကို သင်္ကန်းဖြင့် ဖုံးလွှမ်းအံ့”-ဟု ကြံလျက် သင်္ကန်းဖိုးငွေ စုဆောင်း စီမံထားအပ်သည်ဖြစ်အံ့၊ ထိုရဟန်းသည် ရှေးက ဖိတ်မန်အပ်သူ မဟုတ်ပါဘဲ ထိုအလှူရှင်ရှိရာ အရပ်သို့ ချဉ်းကပ်၍ သင်္ကန်း၌ ထူးထွေ ပိုမိုလာအောင် စီမံခြင်းသို့ ရောက်အံ့၊ စီမံပုံကား-တိုက်တွန်းပါတယ် ဒါယကာ(ဒါယိကာမ)...သင်သည် ဤစုဆောင်း ထားအပ်သော သင်္ကန်းဖိုးဖြင့် သည်လို သည်လို သင်္ကန်းမျိုးကို ဝယ်၍ ဖုံးလွှမ်း(လှူဒါန်း)လျှင် ကောင်းမှာဘဲ၊ ဤသို့ အကောင်းကို လိုချင်၍ စီမံအံ့၊ ထိုသင်္ကန်း နိဿဂ္ဂိထိုက်၍ ထိုရဟန်းမှာ ပါစိတ်အာပတ်သင့်သည်၊ [ဤ၌ “ဖုံးလွှမ်း”ဟူသည် “လှူခြင်း”ပင်တည်း။]
စာမျက်နှာ-၈၃
ဈ။ ဒုတိယဥပက္ခဋ သိက္ခာပုဒ်
အမှုသည်—ရှင်ဥပနန္ဒ။
အမှု—ဒါယကာနှစ်ဦးထံသွား၍ သင်္ကန်းကို တန်ဖိုးပိုအောင် စီမံမှု။
ဒါယကာ၂ ယောက် ထံသွား၍စီမံမှု။ ။ ယောက်ျားတစ်ယောက်သည် “အရှင်ဥပနန္ဒအား သင်္ကန်းလှူမည့် အကြောင်းကို အခြားတစ်ယောက်အား ပြောပြ၏။ ထိုယောက်ျားကလည်း သူလဲလှူဖို့ ကြံနေကြောင်းကို ပြန်၍ ပြော၏၊ ထိုသူတို့ ပြောသံကို ဆွမ်းခံသွားသော ရဟန်းတစ်ပါးကြား၍ ရှင်ဥပနန္ဒအား ပြောပြလေရာ, ရှင်ဥပနန္ဒသည် ထိုဒါယကာ ၂ ဦးထံ ချဉ်းကပ်၍ ရှေးနည်းအတိုင်း မေးပြီးလျှင် “သင်တို့ ၂-ဦးပေါင်း၍ ဤကဲ့သို့သော သင်္ကန်းတထည်တည်းသာ လှူကြ, တထည်စီခွဲ၍ ငါမသုံးစွဲမည့် သင်္ကန်းတွေကို လှူလို့ ဘာအသုံးကျမှာလဲဟု ပြောဆိုစီမံလေသည်၊ ထို့နောက် ထိုသူတို့က ကဲ့ရဲ့ပုံ, ဘုရားရှင်စစ်ဆေးတော်မူ၍ သိက္ခာပုဒ်ပညတ်ရပုံတို့မှာ ပထမဥပက္ခဋ သိက္ခာပုဒ်အတိုင်းပင်တည်း၊ သိက္ခာပုဒ်မြန်မာပြန်လည်း တူပြီ။
သိက္ခာပုဒ်။ ။ ဘိက္ခုံ ပနေဝ ဥဒ္ဒိဿ ဥဘိန္နံ အညာတကာနံ ဂဟပတီနံ ဝါ ဂဟပတာနီနံ ဝါ ပစ္စေကစီဝရစေတာပန္နာနိ ဥပက္ခဋာနိ ဟောန္တိ “ဣမေဟိ မယံ ပစ္စေကစီဝရစေတာပန္နေဟိ ပစ္စေကစီဝရာနိ စေတာပေတွာ ဣတ္ထန္နာမံ ဘိက္ခုံ စီဝရေဟိ အစ္ဆာဒေဿာမာ”တိ, တတြ စေ သော ဘိက္ခု ပုဗ္ဗေ အပ္ပဝါရိတော ဥပသင်္ကမိတွာ စီဝရေ ဝိကပ္ပံ အာပဇ္ဇေယျ “သာဓု ဝတ မံ အာယသ္မန္တော ဣမေဟိ ပစ္စေကစီဝရစေတာပန္နေဟိ ဧဝရူပံ ဝါ ဧဝရူပံ ဝါ စီဝရံ စေတာပေတွာ အစ္ဆာဒေထ ဥဘောဝ သန္တာ ဧကေနာ”တိ ကလျာဏကမျတံ ဥပါဒါယ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
ဉ။ ရာဇသိက္ခာပုဒ်
အမှုသည်—ရှင်ဥပနန္ဒ။
အမှု—ဝေယျာဝစ္စပြုသူအား အတင်းတောင်းမှု။
ရှင်ဥပနနှင့် တမန်။ ။ သာဝတ္ထိပြည်နေ အမတ်ကြီးတချုးသည် ဤသင်္ကန်း အဖိုးဖြင့် သင်္ကန်းဝယ်၍ အရှင်ဥပနန္ဒကို လှူဒါန်းချေ
စာမျက်နှာ-၈၄
လော”ဟု မှာ၍ စေတမန်တစ်ယောက်ကို အရှင်ဥပနန္ဒအထံသို့ သင်္ကန်းအဖိုးငွေ အပို့ခိုင်းလေသည်၊ ထိုတမန်သည် ရှင်ဥပနန္ဒထံချဉ်းကပ်၍- “အရှင်ဘုရား.....အရှင့်ကို ရည်မှန်း၍ ဤသင်္ကန်းဖိုးငွေကို ဆောင်ယူခဲ့ပါသည်, သင်္ကန်းအဖိုးငွေကို အလှူခံတော်မူပါဟု လျှောက်လေသော်...
ရှင်ဥပနန္ဒ။ ။ ဒါယကာသင်္ကန်းအဖိုးကို ငါတို့လက်မခံကုန် သင့်လျော်သောအခါ၌ ရဟန်းများနှင့် အပ်စပ်သော သင်္ကန်းကိုသာ လက်ခံကြသည်။
တမန်။ ။ အရှင်ဘုရား၏ ဝေယျာဝစ္စ (အမှုကြီးငယ်) ပြုမည့် ကပ္ပိယ ရှိပါသလား၊ [ထိုသို့ မေးချိန်မှာ ကျောင်းတိုက်သို့ ဥပါသကာ တစ်ယောက် ကိစ္စတစ်ခုကြောင့် ရောက်လျက်ရှိနေသည်။]
ရှင်ဥပနန္ဒ။ ။ ဒါယကာ...ဤဥပါသကာသည် ရဟန်းများ၏ ဝေယျာဝစ္စကို ပြုတတ်သူပင် ဖြစ်သည်။ ဤသို့ ပြောဆို၍ ဝေယျာဝစ္စ ပြုမည့်သူကို ညွှန်ပြလေသည်။
တမန်။ ။ (အမတ်ကြီး၏ စေတမန်ဖြစ်သူ ဒါယကာသည် ထိုဥပါ သကာ့ထံ ချဉ်းကပ်၍ “ဤသင်္ကန်းအဖိုးငွေဖြင့် သင်္ကန်းဝယ်ပြီးလျှင် အရှင်ဥပနန္ဒအား လှူရစ်ပါ”ဟု နားလည်အောင် ပြောပြပြီးလျှင်) ရှင်ဥပနန္ဒထံ တဖန်ချဉ်းကပ်၍-“အရှင်ဘုရား ညွှန်ပြအပ်သော ကပ္ပိယကို နားလည်အောင် တပည့်တော် ပြောပြခဲ့ပါပြီ၊ သင့်လျော်သောအခါ သူ့ထံ ချဉ်းကပ်တော်မူပါ, အရှင်ဘုရားကို သင်္ကန်းလှူပါလိမ့်မည်” ဟု လျှောက်၍ ပြန်သွားလေသည်။
အမတ်ကြီးက တမန် လွှတ်၍လျှောက်ခြင်း။ ။ ထိုသို့ သင်္ကန်းအဖိုးကို အပ်နှံခဲ့ပြီးနောက် အရှင်ဥပနန္ဒသည် ထိုကပ္ပိယဥပါသကာကို ဘာမျှပြောဆိုခြင်း မပြု (သင်္ကန်းအလိုရှိပြီ-ဟု မပြောဟူလို)၊ သို့သော် အလှူရှင် အမတ်ကြီးက တမန်လွှတ်၍ “ကပ္ပိယထံ လှူရစ်ပါဟုမှာ၍ အပ်နှံခဲ့သော သင်္ကန်းကို အရှင်ဘုရားသုံးစွဲတော်မူပါ” ဟု လျှောက်၏။ ရှင်ဥပနန္ဒကမူ (အလိုက်သိစွာ လှူရစ်လိမ့်မည် အထင်ရှိ၍ ဘာမှမပြောသေး၊ အမတ်ကြီးက ၂-ကြိမ်မက ၃-ကြိမ်တိုင်အောင် တမန်စေလွှတ်၍ လျှောက်သည့်အခါ၌ကား ကပ္ပိယလုပ်သော ဥပါသကာထံသွား၍ “သင်္ကန်းကိုအလိုရှိပြီ”ဟု ပြောလေသည်။
စာမျက်နှာ-၈၅
သင်္ကန်း အတင်းတောင်းပြီ။ ။ ထိုအခါ၌ကား ထိုဥပါသကာမှာ အစည်းအဝေးကိစ္စနှင့် ကြုံကြိုက်နေ၏၊ ထိုအစည်းအဝေး၌ “နောက်ကျနေ သူကို ၅၀ ဒဏ်တပ်မည်” ဟုလည်း ကတိကထား၏၊ ထို့ကြောင့် ထိုအကြောင်းကိုပြောပြ၍ ယနေ့တစ်နေ့မျှ ဆိုင်းပါ” ဟု တောင်းပန်လေသော် ရှင်ဥပနန္ဒက “ယနေ့ပင် လှူရမည်” ဟု ပြော၍ ထိုဥပါသကာ၏ပုဆိုးကို ဆွဲထားလေ၏၊ ထိုအခါ ရှင်ဥပနန္ဒဖို့ သင်္ကန်း ဝယ်နေရ၍ နောက်ကျသဖြင့် ၅၀ ဒဏ်တပ်လေသော် (ရှင်ဥပနန္ဒ၏ ကပ္ပိယ လုပ်မိ၍ အတင်းဆွဲထားသဖြင့် သင်္ကန်းဝယ်ပေးနေရသောကြောင့် နောက်ကျကြောင်းကို) ပြန်ပြောလေသည်၊ ထိုအခါ လူတို့က...
“ဒီရဟန်းတွေ အလွန် အလိုကြီးတယ်, သူတို့ရဲ့ကပ္ပိယ လုပ်ဖို့တောင် မလွယ်ကူဘူး, ယနေ့တရက်လောက် ဆိုင်းပါဦး-ဟု တောင်းပန်တာကိုမျှ မဆိုင်းနိုင်ကြဘူး” ဟု ကဲ့ရဲ့ကြသည်ကို ဘုရားရှင်သည် တဆင့်ကြားတော်မူ၍ ဤသိက္ခာပုဒ်ကြီးကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်ပါဠိတော်။ ။ ဘိက္ခုံ ပနေဝ ဥဒ္ဒိဿ ရာဇာ ဝါ ရာဇဘောဂ္ဂေါ ဝါ ဗြာဟ္မဏော ဝါ ဂဟပတိကော ဝါ ဒူတေန စီဝရစေတာပန္နံ ပဟိဏေယျ “ဣမိနာ စီဝရစေတာပန္နေန စီဝရံ စေတာပေတွာ ဣတ္ထန္နာမံ ဘိက္ခုံ စီဝရေန အစ္ဆာဒေဟီ”တိ။ သော စေ ဒူတော တံ ဘိက္ခုံ ဥပသင်္ကမိတွာ ဧဝံ ဝဒေယျ “ဣဒံ ခေါ, ဘန္တေ, အာယသ္မန္တံ ဥဒ္ဒိဿ စီဝရစေတာပန္နံ အာဘတံ, ပဋိဂ္ဂဏှာတု အာယသ္မာ စီဝရစေတာပန္န”န္တိ။ တေန ဘိက္ခုနာ သော ဒူတော ဧဝမဿ ဝစနီယော “န ခေါ မယံ, အာဝုသော, စီဝရစေတာပန္နံ ပဋိဂ္ဂဏှာမ, စီဝရဉ္စ ခေါ မယံ ပဋိဂ္ဂဏှာမ ကာလေန ကပ္ပိယ”န္တိ။ သော စေ ဒူတော တံ ဘိက္ခုံ ဧဝံ ဝဒေယျ “အတ္ထိ ပနာယသ္မတော ကောစိ ဝေယျာဝစ္စကရော”တိ။ စီဝရတ္ထိကေန, ဘိက္ခဝေ, ဘိက္ခုနာ ဝေယျာဝစ္စကရော နိဒ္ဒိသိတဗ္ဗော အာရာမိကော ဝါ ဥပါသကော ဝါ “ဧသော ခေါ, အာဝုသော, ဘိက္ခူနံ ဝေယျာဝစ္စကရော”တိ။ သော စေ ဒူတော တံ ဝေယျာဝစ္စကရံ သညာပေတွာ တံ ဘိက္ခုံ ဥပသင်္ကမိတွာ ဧဝံ ဝဒေယျ “ယံ ခေါ, ဘန္တေ, အာယသ္မာ ဝေယျာဝစ္စကရံ နိဒ္ဒိသိ, သညတ္တော သော မယာ, ဥပသင်္ကမတာယသ္မာ ကာလေန, စီဝရေန တံ အစ္ဆာဒေဿတီ”တိ။ စီဝရတ္ထိကေန, ဘိက္ခဝေ, ဘိက္ခုနာ ဝေယျာဝစ္စကရော ဥပသင်္ကမိတွာ ဒွတ္တိက္ခတ္တုံ စောဒေတဗ္ဗော သာရေတဗ္ဗော “အတ္ထော မေ, အာဝုသော, စီဝရေနာ”တိ, ဒွတ္တိက္ခတ္တုံ စောဒယမာနော သာရယမာနော တံ စီဝရံ အဘိနိပ္ဖါဒေယျ, ဣစ္စေတံ ကုသလံ, နော စေ အဘိနိပ္ဖါဒေယျ, စတုက္ခတ္တုံ ပဉ္စက္ခတ္တုံ ဆက္ခတ္တုပရမံ တုဏှီဘူတေန ဥဒ္ဒိဿ ဌာတဗ္ဗံ, စတုက္ခတ္တုံ ပဉ္စက္ခတ္တုံ ဆက္ခတ္တုပရမံ တုဏှီဘူတော ဥဒ္ဒိဿ တိဋ္ဌမာနော တံ စီဝရံ အဘိနိပ္ဖါဒေယျ, ဣစ္စေတံ ကုသလံ, တတော စေ ဥတ္တရိ ဝါယမမာနော တံ စီဝရံ အဘိနိပ္ဖါဒေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
နော စေ အဘိနိပ္ဖါဒေယျ, ယတဿ စီဝရစေတာပန္နံ အာဘတံ, တတ္ထ သာမံ ဝါ ဂန္တဗ္ဗံ, ဒူတော ဝါ ပါဟေတဗ္ဗော “ယံ ခေါ တုမှေ အာယသ္မန္တော ဘိက္ခုံ ဥဒ္ဒိဿ စီဝရစေတာပန္နံ ပဟိဏိတ္ထ, န တံ တဿ ဘိက္ခုနော ကိဉ္စိ အတ္ထံ အနုဘောတိ, ယုဉ္ဇန္တာယသ္မန္တော သကံ, မာ ဝေါ သကံ ဝိနဿာ”တိ, အယံ တတ္ထ သာမီစိ။
မြန်မာပြန်။ ။ “ဘိက္ခုံ ပနေဝ ဥဒ္ဒိဿ”မှ စ၍ ဥပသင်္ကမတာယသ္မာ ကာလေန စီဝရေန တံ အစ္ဆာဒေဿေတိ” တိုင်အောင် မြန်မာပြန် ပုံမှာ ဝတ္ထုကြောင်းအတိုင်း သိသာပြီ၊ “စီဝရတ္ထိကေန ဘိက္ခဝေ ဘိက္ခုနာ ဝေယျာဝစ္စကရော နိဒ္ဒိသိတဗ္ဗော= သင်္ကန်းကို အလိုရှိသော ရဟန်းသည် ဝေယျာဝစ္စပြုမည့် ကပ္ပိယ တစ်ယောက်ယောက်ကို ညွှန်ပြနိုင်၏’ဟူရာ၌ သင်္ကန်းကို အလိုရှိလျှင် ညွှန်ပြနိုင်၏၊ အလိုမရှိလျှင် မညွှန်ပြဘဲ “ငါအလိုမရှိ”ဟု ပယ်လိုလျှင်လည်း ပယ်နိုင်၏ ဟု-မှတ်၊ “အာရာမိကောဝါ ဥပါသကောဝါ”ဟူရာ၌လည်း ရဟန်းတော်များ အနီးအပါး၌ ရှိလည်းရှိတတ် ဝေယျာဝစ္စပြုဖို့ရန် လျောက်လည်း လျောက်ပတ်သူကို ထုတ်ပြခြင်းဖြစ်၏။ ကျောင်းသား ဖိုးသူတော် သီလရှင် ကျောင်းဒါယကာ ကျောင်းအမ စသူကိုလည်း ညွှန်ပြ ကောင်းသည်သာ၊ ထို့ပြင်- “အရှင်ဘုရားမှာ ဝေယျာဝစ္စပြုသူ ရှိပါ ရဲ့လားဟု သိက္ခာပုဒ် ပါဠိအတိုင်း ဖြစ်စေ “ကပ္ပိယရှိပါရဲ့လား” ဟုလည်းကောင်း, “ကပ္ပိယညွှန်ပြပါ”ဟုလည်းကောင်း, ဤသို့စသည် တနည်းနည်းဖြင့် လျှောက်မှ ညွှန်ပြကောင်း၏။ ထိုသို့မလျှောက်ဘဲ သင်္ကန်းအဖိုးငွေကို
စာမျက်နှာ-၈၆
အလှူခံပါ”ဟုလျှောက်ရုံမျှဖြင့် ကပ္ပိယမညွှန်ကောင်း၊ ကပ္ပိယညွှန်ပြ၍ သူ့ဆီပေးထားခဲ့”ဟုလည်း မပြောကောင်းချေ။
စီဝရတ္ထိကေန စသည်၏မြန်မာပြန်။ ။ (ထိုကဲ့သို့ ကပ္ပိယ ညွှန်ပြသဖြင့် ကပ္ပိယထံ တောင်းရစ်ပါ, ချဉ်းကပ်ရစ်ပါ”ဟု လျှောက်၍ ကပ္ပိယထံ သင်္ကန်းဖိုး အပ်နှံထားခဲ့လျှင်) သင်္ကန်းအလိုရှိသော ရဟန်းသည် ထိုကပ္ပိယထံ ချဉ်းကပ်၍ “ငါသင်္ကန်းအလိုရှိပြီ”ဟု သူသတိမေ့နေလျှင် သတိရအောင် ပြောဆို တောင်းယူကောင်း၏၊ ဤနည်းအတိုင်း ၃-ကြိမ်တိုင်တိုင် ချဉ်းကပ်၍ ပြောဆိုကောင်း, သတိပေးကောင်းသည်၊ ထိုသို့ ၃-ကြိမ်သွား၍ တောင်းသဖြင့် ထိုသင်္ကန်းရလျှင် ဝိနည်းအပြစ်မရှိ၍ ကောင်း၏။ ထိုသို့ ၃-ကြိမ် ၃ ခါတောင်း၍ မရလျှင်ကား, ၄-ကြိမ်မြောက်-၅-ကြိမ်မြောက်-၆-ကြိမ်မြောက် နှုတ်ဖြင့် ပြောဆို၍ မတောင်းရ၊ သူ့အနီးအပါးသွား၍ ရုပ်ရုံသာ ရပ်နေရမည်၊ ထိုင်လည်း မထိုင်ရ, ဆွမ်းစသည်ကို လှူလျှင်လည်း အလှူမခံရ၊ ဘာအလိုရှိ ပါသလဲဟု မေးလျှင် “သင့်ဘာသာ သင်သိပေတော့”ဟု ပြောရမည်၊ (သင်္ကန်းအလိုရှိသည်-ဟု မပြောရ၊)ထိုသို့ ၆-ကြိမ်ရပ်၍မျှ မရလျှင်ကား –
ယတဿ၊ ပေ၊ သာမိစိ-အကြင်ဒါယကာ (ဒါယိကာမ)ထံမှ သင်္ကန်းအဖိုး တမန်လွှတ်၍ ပို့လိုက်၏၊ ထိုအလှူရှင်ထံသို့ ကိုယ်တိုင်သွား၍ ဖြစ်စေ တမန် လွှတ်၍ဖြစ်စေ “သင်တို့ပို့လိုက်သော သင်္ကန်းအဖိုးသည် သင်တို့ရည်မှန်းအပ်သော ရဟန်းမှာ ဘာအကျိုးမျှ မပြီးစေနိုင်၊ ကိုယ့်ပစ္စည်းကို ပြန်ရအောင် အားထုတ်ကြပေတော့၊ သူများလက်၌ အချည်းနှီး မပျောက်ပျက်စေနှင့်” ဟု ပြောရမည်၊ ဤသို့ပြောခြင်းကြောင့် ရဟန်းမှာ အပြစ်မရှိ, လောကုတ္တရာနှင့် လျော်သော(ပြောရမည့်)ကျင့်ဝတ် တစ်မျိုးဖြစ်သည်၊ [တမန်စေလွှတ်၍လှူမှ သာမဟုတ်, အလှူ့ရှင် ကိုယ်တိုင်လာ၍ သင်္ကန်းဖိနပ်စသော ရဟန်း အသုံး အဆောင်အတွက် ငွေရွှေလှူသမျှ၌ ဤသိက္ခာပုဒ်အတိုင်း ပြုကျင့်ရသည်။]
မှတ်ချက်။ ။ ဤရာဇသိက္ခာပုဒ်အရ “ကပ္ပိယထံ ငွေကို အပ်နှံ၍, အရှင်ဘုရား အလိုရှိသောအခါ ကပ္ပိယထံအပ်စပ်သော ပစ္စည်းကိုအလှူခံပါ။”ဟု လျှောက်လျှင်, သို့မဟုတ်-ကပ္ပိယကိုယ်တိုင်ကပင် (၁၀ တန်-၂၀ တန် စသည်ဖြင့်) အပ်သောပစ္စည်းကို တောင်းပါ” ဟု လျှောက်လျှင်, မိမိ လိုသောပစ္စည်းကို တောင်းကောင်း၏၊ “တစ်နေ့ကလှူသွားသော ငွေနှင့် ဝယ်ပေးပါ”ဟုကား မခိုင်းကောင်း၊ ကပ္ပိယထံငွေကို အပ်နှံ့ထားသော်လည်း ကပ္ပိယကဖြစ်စေ ငွေအပ်သွားသူကဖြစ်စေ “အပ်သောပစ္စည်းကို တောင်းပါ”ဟု မဖိတ်လျှင် မတောင်းကောင်း” ဟုမှတ်။
စာမျက်နှာ-၈၇
ဘုရားလက်ထက် ဝတ္ထု။ ။ ဘုရားလက်ထက်တော်၌ ရာဂြိုဟ်မြို့ နန်းတွင်း အစည်းအဝေးတစ်ခုမှာ စပ်မိစပ်ရာ စကားပြောရင်းက “ရဟန်းတော်များသည် ငွေကို(လှူလာလျှင်)ခံယူကောင်း၏ဟု လူအများ ပြောဆိုသည်ကို “မဏိစူဠက” မည်သော ဂါမဏိ (လူကြီး လူကောင်း) တစ်ယောက်က “မခံယူကောင်း”ဟု ကန့်ကွက်လေသည်၊ ထို့နောက် ထိုလူကြီးလူကောင်းသည် ဘုရားထံလာ၍ “သူကန့်ကွက်ခဲ့တာ မှန်ပါရဲ့လား”ဟုလျှောက်လေသော် ဘုရားရှင်က “ဂါမဏိ သင်ပြောခဲ့သော စကားသည် မှန်၏၊ ရဟန်းများသည် ငွေကို မခံယူကောင်း၊ ရွှေငွေအပ်လျှင် ကာမဂုဏ်ငါးပါးလုံး (သားမယားပါ) သုံးစွဲကောင်းလိမ့်မည်၊ “ရွှေငွေအပ်တယ်”ဟု ဆိုသော တရားကို ရဟန်းတရားမဟုတ်”ဟု ဧကန် မှတ်လေ၊ သို့သော် ကျောင်းမှာ မိုးမလုံခြင်းစသော အကြောင်းရှိလျှင် မြက် သက်ကယ် စသည်ကို ဆွမ်းခံသလို သွား၍ရပြီးလျှင်(ဘာအလိုရှိပါသလဲဟု လျှောက်သောအခါ မြက်သက်ကယ် အလိုရှိသည်, သစ်သား အလိုရှိသည်, လှည်းတိုက်စရာရှိ၍ လှည်းနွားကို ခေတ္တအလိုရှိသည်, ခိုင်းစရာလို၍ လက်သ္မား တစ်ယောက်ခေတ္တအလိုရှိသည်, စသည်ဖြင့်) အလှူခံကောင်း၏”ဟု ငါဘုရား ခွင့်ပြုတော်မူသည်၊ ရွှေငွေကိုကား မည်သည့် ပရိယာယ်နှင့်မျှ သာယာ ကောင်း(ခံယူကောင်း)၏”ဟု ခွင့်မပြုနိုင်ကြောင်းကို မိန့်တော်မူလေသည်။ [သဠာယတနဝဂ္ဂ ဂါမဏိသံယုတ် ပါဠိတော်။] စီဝရဝဂ်ပြီး၏။
စာမျက်နှာ-၈၈
ကောသိယဝဂ်
က။ ဧကာသိယသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ပိုးလုပ်သူတို့ထံ တိုက်တွန်းမှု။
ပိုးကောင်တွေပြုတ်ရန် တိုက်တွန်းခြင်း။ ။ အာဠဝီမြို့ အဂ္ဂါဠဝ စေတီဝယ် ဘုရားရှင် သီတင်းသုံးတော်မူစဉ် ဆဗ္ဗဂ္ဂိယ ရဟန်းတို့သည် ပိုးချည်လုပ်သူတို့ အထံသွား၍ ဒါယကာတို့ များစွာကုန်သော ပိုးကောင်တို့ကို ပြုတ်ကြပါ ငါတို့အားလည်း ပေးကြပါ, ငါတို့လဲ ပိုးချည်နှင့်ရောသော အခင်းကို ပြုလိုကြသည်”ဟု ပြောကြလေသည်၊ ထိုအခါ ပိုးအလုပ်သ္မားတို့သည် ငါတို့မှာ အသက်မွေးမှုအတွက် သားမယား ကျွေးမှုအတွက် များစွာသော ပိုးငယ် ကလေးတွေကို သတ်နေကြရ၏၊ ငါတို့မှာ (ကံကောင်းထောက်မ၍) ရထားသော လူ့ ဘဝကလေးဟာ အရမတော်ဘဲ ဖြစ်နေကြရသည်၊ ရဟန်းတွေက ဘယ့်နှယ်ပြောကြပါလိမ့်မလဲ”ဟု ကဲ့ရဲ့ကြသည်ကို ဘုရားရှင် ကြားတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ယောပနဘိက္ခု၊ ကောသေယျ မိဿကံ သန္ထတံ ကာရာပေယျ နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ပိုးချည်နှင့် ရောသောအခင်းကို ပြုအံ့၊ ထိုရဟန်းမှာ စွန့်ရခြင်း ဝိနည်းကံရှိသော ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ရဟန်း ၁-ပါးထံဖြစ်စေ, ၂-ပါး-၃-ပါးထံဖြစ်စေ, သံဃာ့ထံ ဖြစ်စေ ချဉ်းကပ်၍ “အရှင်ဘုရား... ပိုးချည်နှင့်ရောသော ဤအခင်းကို ပြုစေမိသည် ဖြစ်၍ ဤအခင်းကို စွန့်ထိုက်ပါ၏။ တပည့်တော်သည် ဤအခင်းကို စွန့်ပါသည်” ဤသို့လျှောက်၍ စွန့်ရခြင်းကို စွန့်ခြင်းဝိနည်းကံ”ဟုခေါ်၏၊ ထိုသို့စွန့်ခြင်း ဝိနည်းကံပြုပြီးမှ ပါစိတ်အာပတ်ကို ဒေသနာ ပြောရသောကြောင့် “စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်”ဟုခေါ်သည်။ “နိဿဂ္ဂိယံ ပါစိတ္တိယံ”ဟု လာသမျှ၌ ဤသို့စွန့်ခြင်း ဝိနည်းကံရှိကြရ သည်သာ။
အခင်းပြုပုံ။ ။ သန္တရီယတေ-ခင်း၍ပြုအပ်၏၊ ဣတိ-ထို့ကြောင့်၊ သန္တတံ-သန္တတမည်၏ ဟူသော ဝိဂြိုဟ်အရသန္တတအထည်ကို ပြုလုပ်သည့် အခါ ညီညွတ်သော ကြမ်းပြင် မြေပြင်စသည်ဝယ် သားမွှေးချည်တို့ကို အလျားအနံ
စာမျက်နှာ-၈၉
အလိုရှိသလိုဖြန့်ထားရ၏၊ ထို့နောက် ထိုနည်းအတိုင်းပင် အလိုရှိသလောက် ထူအောင်ထပ်လျက် အထက်အောက် အချင်းချင်းကပ်နေအောင် “ကဉ္စိယ = ကစည်ရေ(ထမင်းကို ကျိတ်၍ ပြုအပ်သောအရေ)”စသော စည်းကပ်သော အရေတို့ဖြင့် သွန်းလောင်း ဖိနှိပ်ပေးရမည်၊ ဤသို့လျှင် ညီညွတ်သော အပြင်ဝယ် ဖြန့်ခင်း၍ ပြုအပ်သောကြောင့် “သန္ထတ = အခင်း”ဟု ခေါ်၏။ “ရက်ကန်းစင်ပေါ်တင်၍ ရက်အပ်သော အထည်မျိုးမဟုတ်၊ ရက်ကန်းစင် တင်၍ ရက်အပ်သောအထည်ကား ဤသိက္ခာပုဒ်နှင့်မဆိုင်၊ “အခင်း”ဟု ဆိုသဖြင့် ခင်းထိုင်ဖို့-ခင်းအိပ်ဖို့ သက်သက်သာ အသုံးဝင်၍ “အခင်း” ခေါ် သည်-ဟု ထင်မှတ်တတ်ကြ၏။ အမှန်မှာ-ခင်းခြင်းဆိုင်ရာသာ မက, မျက်နှာ ကြက်-ကန့်လန့်ကာ-ခေါင်းအိုးများပင် ပြုလုပ်ရသော အထည် တစ်မျိုး ဖြစ်သည်။
ခ။ သုဒ္ဓကာဠကသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—အနက်ရောင် ချည်သက်သက်ဖြင့် အခင်းပြုမှု။
အနက်ရောင် သန့်သန့်အခင်း။ ။ [သုဒ္ဓ-သက်သက် ဝါ-သန့်သန့်၊ အခြားအရောင်များနှင့် မရောစေဘဲ သန့်သန့် (သက်သက်) မည်းနက်သော အဆင်း။] ဆဗ္ဗဂ္ဂိယ ရဟန်းတို့သည် အခြား အဆင်း အရောင်နှင့် မရောစေဘဲ အနက်ရောင် သန့်သန့်ဖြစ်သော သိုးမွေးအခင်းကို ပြုထားကြလေ၏၊ ကျောင်းကြည့်လာသူ လူတို့သည် ထိုအခင်းများကို မြင်လေရာ, “ဘုရားသားတော် ရဟန်းများသည် ကာမစည်းစိမ် ခံစားသော လူများကဲ့သို့ အဘယ့်ကြောင့် သက်သက် မည်းနက်သော သိုးမွေး အခင်းများကို ပြုကြပါလိမ့်မလဲ”ဟု ကဲ့ရဲ့ကြသောကြောင့် “သက်သက် မည်းနက်သော သိုးမွေးတို့၏ အခင်းကိုပြုလျှင် နိဿဂ္ဂိပါစိတ်အာပတ်”ဟု ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ။ ယောပန ဘိက္ခု၊ သုဒ္ဓကာဠကာနံ ဧဠကလောမာနံ သန္ထတံ ကာရာပေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
[သက်သက်မည်းသော သိုးမွှေး အခင်းကို ပြုလျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။]
စာမျက်နှာ-၉၀
ဂ။ ဒွေဘာဂ သိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—အနက်ရောင် အထည်ကိုယ်တွင် အဖြူရောင် အနား ကွပ်ရုံသာထည့်မှု။
ဆဗ္ဗဂ္ဂီတို့ဉာဏ်။ ။ “သက်သက် မည်းနက်သော သိုးမွေးအခင်းကိုသာ မပြုရ”ဟု ဘုရားပယ်မြစ်တော်မူသည်-ဟု ကြံ၍ ဆဗ္ဗဂ္ဂိယ ရဟန်းတို့သည် ထိုတားမြစ်ချက်ကို ရှောင်သောအားဖြင့် သိုးမွေး အနက် အခင်းကို အထည်ကိုယ် လုပ်ပြီးလျှင် အစွန်အနား၌ (အနားပတ် တပ်ထား သကဲ့သို့) အဖြူရောင် သိုးမွေးများကို ထည့်သွင်း၍ အခင်းတစ်မျိုး လုပ်ကြလေသည်၊ ထိုအကြောင်းကို အခြားရဟန်းများသိ၍ ကဲ့ရဲ့ပြီးလျှင် ဘုရားရှင်အား လျှောက်ကြလေရာ... “အခင်းအသစ်ကို ပြုလိုသော ရဟန်းသည် (မိမိပြုမည့် အခင်း၏ ပိဿာချိန်ကို မှန်းထားပြီးလျှင်) အနက်ရောင် သိုးမွေး ၂ ပုံ, အဖြူရောင် သိုးမွေး ၁ ပုံ, အညိုအရွှေရောနေ၍ ကြောင်သောအဆင်း ရှိသော သိုးမွေး ၁ ပုံ ယူရမည်၊ (ပါစေရမည်-ဟူလို၊) ထိုသို့ မယူဘဲပြုလျှင် နိဿဂ္ဂိပါစိတ်အာပတ်သင့်၏”ဟု ပညတ်တော်မူရသည်။ ဤ၌ အနက်ရောင် များနေမည်ကို တားမြစ်တော်မူလိုရင်းဖြစ်၍ အနက်ရောင် မများဘဲ အဖြူရောင် အကြောင်ရောင် သိုးမွေးများလျှင် အပြစ်မရှိ, အနက်ရောင် ၂ ဆထက် ပိုနေလျှင်သာ အပြစ်ရှိသည်။]
သိက္ခာပုဒ်။ ။ နဝံ ပန ဘိက္ခုနာ သန္ထတံ ကာရယမာနေန ဒွေ ဘာဂါ သုဒ္ဓကာဠကာနံ ဧဠကလောမာနံ အာဒါတဗ္ဗာ, တတိယံ ဩဒါတာနံ, စတုတ္ထံ ဂေါစရိယာနံ။ အနာဒါ စေ ဘိက္ခု ဒွေ ဘာဂေ သုဒ္ဓကာဠကာနံ ဧဠကလောမာနံ, တတိယံ ဩဒါတာနံ, စတုတ္ထံ ဂေါစရိယာနံ, နဝံ သန္ထတံ ကာရာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
[သန္ထတ (အခင်း) အသစ်ကို ပြုလိုသော ရဟန်းသည် အနက်ရောင် သက်သက်ဖြစ်သော သိုးမွေးတို့၏ ၂ ပုံကိုလည်းကောင်း, အဖြူရောင် သိုးမွေးတို့၏ (၃ ပုံမြောက်) တပုံကိုလည်းကောင်း, ကြောင်သော အရောင်ရှိသော သိုးမွေးတို့၏ (၄ ခုမြောက်) တပုံကိုလည်းကောင်း, ယူရမည်၊ ထိုသို့ မပါစေဘဲ အသစ်သန္ထတကို ပြုစေလျှင် နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။]
စာမျက်နှာ-၉၁
ဃ။ ဆဗ္ဗဿ သိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—နှစ်စဉ် အခင်းအသစ်ပြုလုပ်မှု။
အတောင်းအရမ်း များမှု။ ။ ရဟန်းတို့သည် အခင်းသစ်ကို တနှစ်လျှင် တစ်ခုကျ နှစ်စဉ် ပြုကြသဖြင့် “ငါတို့အား သိုးမွေးလှူကြပါ, သိုးမွေးတို့ကို အလိုရှိသည်”ဟု အတောင်းအရမ်း များကြသောကြောင့် လူတို့က ကဲ့ရဲ့ကြသည်မှာ-“ငါတို့သည် အခင်းတစ်ခု ပြုလုပ်ထားလိုက်လျှင် ဒီအခင်းအပေါ်မှာ ကလေးများ (ညအခါ) အခင်းကြီး, အခင်းငယ် စွန့်ကြသေး၏, ကြွက်လဲ ကိုက်သေး၏။ ဒါတောင်မှ ၅ နှစ် ၆ နှစ်ကြာအောင် ခံပါသေးသည်၊ ဒီ(ကလေးသားငယ်မရှိသော) ရဟန်းတွေက ဘယ့်နှယ့်ကြောင့် တစ်နှစ်တစ်ခု အခင်းပြုကြရသလဲ” ဤသို့ ကဲ့ရဲ့သောကြောင့် “သိုးမွေး အခင်းသစ်ကို ပြုပြီးသောရဟန်းသည် ၆ နှစ်ကြာအောင် (သွားလေရာ ယူ၍) ဆောင်ထားရမည်၊ ၆ နှစ်အတွင်း၌ ထိုအခင်းကို (သူတစ်ပါးအား) စွန့်၍ ဖြစ်စေ မစွန့်ဘဲဖြစ်စေ အခင်းသစ်ပြုလျှင် နိဿဂ္ဂိပါစိတ်အာပတ်သင့်၏”ဟု ပညတ်တော်မူရသည်၊ [ဤမူလပညတ်ချက်၌ “အညတြ ဘိက္ခု သမ္မုတိယာ” မပါသေး၊]
အနုပညတ် ထပ်ဆင့်တော်မူရပုံ။ ။ ရဟန်းတစ်ပါးသည် မကျန်းမမာဖြစ်နေ၏၊ ဆွေမျိုးများရှိရာသို့ သွားလိုသော်လည်း ထိုအခင်းကို ယူဆောင်၍ မသွားနိုင်၊ ထိုအခင်းမျိုးမရှိလျှင်လည်း ရဟန်းမှာ နေရ ထိုင်ရမချမ်းသာ၊ ထိုအကြောင်းကို ဘုရားရှင်အား အခြားရဟန်းတို့က လျှောက်ကြသဖြင့် ဂိလာနရဟန်းအား သန္ထတ သမ္မုတိပေးဖို့ရန် ခွင့်ပြုတော်မူ၍ “အညတြ ဘိက္ခု သမ္မုတိယာ”ဟု ထပ်ဆင့်လျက် သိက္ခာပုဒ် ပညတ်တော် မူရပြန်သည်၊ [သန္ထတသမ္မုတိရသော ရဟန်းကား ရောက်ရာအရပ်၌ (၆ နှစ်မပြည့်ခင်) အခင်းသစ် ပြုနိုင်သည်။]
သိက္ခာပုဒ်။ ။ နဝံ ပန ဘိက္ခုနာ သန္ထတံ ကာရာပေတွာ ဆဗ္ဗဿာနိ ဓာရေတဗ္ဗံ, ဩရေန စေ ဆန္နံ ဝဿာနံ တံ သန္ထတံ ဝိဿဇ္ဇေတွာ ဝါ အဝိဿဇ္ဇေတွာ ဝါ အညံ နဝံ သန္ထတံ ကာရာပေယျ အညတြ ဘိက္ခုသမ္မုတိယာ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
စာမျက်နှာ-၉၂
[ရဟန်းသည် အသစ်သန္ထတကို ပြုစေပြီးလျှင် ၆ နှစ် ပတ်လုံး ဆောင်ထားရမည်၊ ၆ နှစ်မပြည့်မီ အတွင်း၌ ထိုသန္ထတကို စွန့်၍ ဖြစ်စေ မစွန့်ဘဲဖြစ်စေ သန္ထတအသစ်ကို ပြုစေသော ရဟန်းမှာ နိဿဂ္ဂိပါစိတ်အာပတ်သင့်၏။
င။ နိသီဒနသန္ထတ သိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—အခင်းဟောင်းကို စွန့်ပစ်မှု။
အရှင်ဥပသေနနှင့် ဘုရားရှင်။ ။ သာဝတ္ထိမြို့၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်သည် ၃ လပတ်လုံး ရဟန်းရှင်လူတို့၏ “အတွေ့ (အဖူးအမျှော်) ခံတော်မမူဘဲ(ဆွမ်းပို့ရဟန်းတစ်ပါးကိုသာ အတွေ့ခံတော်မူ၍) တစ်ပါးတည်း ကိန်းအောင်းတော်မူလေသည်၊ ရဟန်းတို့ကလည်း ဘုရား အလိုတော်ကို သိ၍ “(ဆွမ်းပို့သူမှတစ်ပါး)မည်သူမှ ဘုရားထံတော်သို့ မချဉ်းကပ်ကြစတမ်း, ချဉ်းကပ်သူအား ပါစိတ်အာပတ်ကို ဒေသနာပြောစေကြတမ်း(ချဉ်းကပ်သူ ပါစိတ်အာပတ် သင့်စေ-ဟု ဆိုလိုသည်)” ဤသို့ ကတိကဝတ် ပြုထားကြလေသည်၊ ထိုအခါ ဝင်္ဂန္တပုဏ္ဏား၏ သားဖြစ်သော အရှင်ဥပသေနသည် တပည့်ပရိသတ် ငါးရာနှင့်အတူ အဝေးမြို့ရွာမှ လာ၍ ဘုရားထံ ချဉ်းကပ်လေသည်။
ပရိသတ်ကြောင့် ချီးမွမ်းခံရပုံ။ ။ ရှင်ဥပသေနသည် ၂ ဝါရစဉ်က တစ်ဝါရတပည့်နှင့်အတူ ဘုရားရှင်ထံရောက်လာခဲ့ဖူး၏။ ထိုစဉ်က “မိမိကိုယ်တိုင် ဆုံးမခံရမည့် အရွယ်ရှိပါလျက် သူတစ်ပါးကို ဆုံးမသော ဆရာလုပ်ရမည်လား”ဟု ဘုရားရှင်၏ အကဲ့ရဲ့ကို ခံခဲ့ရဖူး၏၊ ထို့ကြောင့် နောက်တခါ ပရိသတ်ကို အကြောင်းပြု၍ အချီးမွမ်းခံရအောင် ကြံစည်ကာ ဆယ်ဝါရ၍ ဆရာဖြစ်သောအခါ သန့်ရှင်းသော ပရိသတ်ရအောင် အထူး ကြိုးစားခဲ့လေသည်၊ ထို့ကြောင့် ယခုတခေါက်ဘုရားထံ အရောက်၌ကား ပရိသတ် ၅ ရာလုံး အာရညကင်-ပိဏ္ဍပါတ်-ပံသုကူဓုတင်ဆောင်ချည်း ဖြစ်ကြလေသည် “ဥပသေန... ဤပရိသတ်သည် အလွန်ကြည်ညိုဖွယ်ကောင်းပေ၏, ဘယ်ပုံဘယ်နည်းဖြင့် ပရိသတ်ကို ဆုံးမသနည်း”ဟု မေးတော်မူရလေသည်၊ ထိုအခါ ရှင်ဥပသေနက “တပည့်တော်ကဲ့သို့ အာရညကင်-ပိဏ္ဍပါတ်-ပံသုကူဓူတင် ဆောင်နိုင်သူကိုသာ တပည့်အဖြစ်ဖြင့် လက်ခံ
စာမျက်နှာ-၉၃
ပါသည်”ဟု လျှောက်လေလျှင် “သာဓု သာဓု ဥပသေန, သာဓု ခေါ တွံ ပရိသံဝိနေသိ = တော်ပေ့တော်ပေ့ ဥပသေန, သင်သည် ကောင်းမွန်စွာ ပရိသတ်ကို ဆုံးမဖော်ရပေ၏”ဟု ချီးမွမ်းတော်မူလေသည်။
ဓုတင်ဆောင်သူအား ဖူးခွင့်ပြုပုံ။ ။ ဤသို့ချီးမွမ်းတော်မူပြီးလျှင် “ဥပသေန... သာဝတ္ထိမြို့နေ ရဟန်းများ ကတိကဝတ် ပြုထားသည်ကို သိရဲ့လား” ဟု မေးတော်မူရာ “မသိပါကြောင်း ဖူးမျှော်သူတို့အား ပါစိတ်အာပတ်သင့်ရမည်”ဟု ကတိကဝတ် ပြုသည်ကိုလည်း သဘောမတူကြောင်း လျှောက်လေသော် ဘုရားရှင်က “သာဓု သာဓု” ခေါ်တော်မူ၍ “ငါဘုရား မပညတ်အပ်သည်ကို ရဟန်းများက မပညတ်ကောင်း, ပညတ်အပ်ပြီးကိုလည်း မဖျက်ကောင်း, ပညတ်ထားတိုင်း ကျင့်ထိုက်သည်”ဟု မိန့်တော်မူပြီးလျှင် “အာရညကင်, ပိဏ္ဍပါတ်, ပံသုကူ ဓုတင်ဆောင် ရဟန်းတို့သည် ငါဘုရားကို အလိုရှိတိုင်း ချဉ်းကပ်နိုင်သည်”ဟု ခွင့်ပြုတော်မူလေသည်။
ရဟန်းများ အခင်းဟောင်းကိုစွန့်ပစ်ပုံ။ ။ ထိုအခါ၌ များစွာသော ရဟန်းတို့သည် “အရှင်ဥပသေနကို ပါစိတ် အာပတ် ဒေသနာ အပြော (အကြား) ခိုင်းမည်”ဟု ကျောင်းတော်တံခါးမုခ်၌ စောင့်နေကြ၍ အရှင်ဥပသေန ထွက်လာသည့် အခါ “ကတိကဝတ် ပြုထားသည်ကို သိသလား”ဟု ဝိုင်း၍ မေးကြလေသည်, အရှင်ဥပသေနက ဒီအမေးကို ဘုရားရှင်လည်း မေးတော်မူ၍− ဘုရားရှင်အား မိမိလျှောက်ခဲ့ပုံကို ပြန်ပြောပြီးလျှင် “အာရညကင်-ပိဏ္ဍပါတ်-ပံသုကူ ဓုတင်ဆောင် ရဟန်းများကို အလိုရှိတိုင်း ချဉ်းကပ်နိုင်သည်”ဟု ဘုရားရှင်ခွင့်ပြုလိုက်ပြီ-ဟု ပြောလေသော် “အရှင်ဥပသေန ပြောတာ မှန်ပေတယ်, ဘုရားမပညတ်အပ်သည်ကို ရဟန်းများက မပညတ်ထိုက်, ပညတ်အပ်ပြီးကိုလည်း မဖျက်ထိုက်, ပညတ်တိုင်းသာ ကျင့်ထိုက်သည်”ဟု အရှင်ဥပသေန စကားကို သဘောတူကြလေသည်၊ ထို့နောက်ရဟန်းတို့သည် “ဓုတင်ဆောင် ရဟန်းများကို ဖူးမျှော်ခွင့် ပြုသည်”ဟု ကြားကြ၍ ဘုရားကို ဖူးလိုသောကြောင့် ရဟန်းအများပင် အခင်းဟောင်းကို စွန့်ပစ်ကြ၍ အာရညကင်-ပိဏ္ဍပါတ်-ပံသုကုတင်များကို ဆောင်ကြလေသည်။
မှတ်ချက်။ ။ ထိုရဟန်းတို့သည် ပြခဲ့သောဓုတင် ၃-မျိုးသာမက, တိစီဝရိက်စသော အခြားဓုတင်များကိုလည်း ဆောင်ကြ၏။ တိစီဝရိက်ဆောင်ရာ၌ သင်္ကန်း ၃ ထည်ထက် ပို၍မထားရ, သိုးမွေးအခင်းများကိုလည်း ထိုရဟန်းတို့က
စာမျက်နှာ-၉၄
“သင်္ကန်းတစ်မျိုး”ဟု ထင်မှတ်ကြသဖြင့် ထိုသိုးမွေးအခင်းများကို စွန့်ပစ် ကြခြင်းဖြစ်သည်။ အမှန်မှာ-သိုးမွေးအခင်းသည် အဓိဋ္ဌာန် ဝိကပ္ပနာ ပြုရသော သင်္ကန်းမျိုးတွင် မပါဝင်သောကြောင့် ထိုရဟန်းများ၏အထင်မှားခြင်းသာတည်း၊ ထို့ကြောင့် တိစီဝရိက်ဓုတင်ဆောင် ရဟန်းများ၌ ထိုသိုးမွေးအခင်းထားကောင်းသည်သာ၊ [ဝိမတိဋီကာ]
သိက္ခာပုဒ် ပညတ်တော်မူရပုံ။ ။ ဘုရားရှင်သည် တစ်ပါးထည်း ကိန်းအောင်းရာမှ ထွက်တော်မူပြီးနောက် များစွာသော ရဟန်းတို့နှင့် အတူ ပညတ်တော်မူရပုံ ကျောင်းစဉ်လှည့်လည်တော်မူသည့် အခါ ထိုစွန့်ပစ်ထားသော အခင်းတို့ကိုမြင်တော်မူ၍ “သဒ္ဓါတရားဖြင့် လူတို့ လှူထားသော ပစ္စည်းကို ပစ်စလက်ခတ်ပြုခြင်း၌ လုံလောက်သော အကြောင်းမရှိ”ဟု ကြံတော်မူ၍ နောက်ထပ် အခင်းသစ်ပြုလိုသော ရဟန်းသည် ဤကဲ့သို့ စွန့်ပစ်ထားသော အခင်းဟောင်းမှ ယူတန်သရွေ့ ယူစေတော်မူလိုခြင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ နိသီဒနသန္ထတံ ပန ဘိက္ခုနာ ကာရယမာနေန ပုရာဏသန္ထတဿ သာမန္တာ သုဂတဝိဒတ္ထိ အာဒါတဗ္ဗာ ဒုဗ္ဗဏ္ဏကရဏာယ။ အနာဒါ စေ ဘိက္ခု ပုရာဏသန္ထ တဿ သာမန္တာ သုဂတဝိဒတ္ထိံ, နဝံ နိသီဒနသန္ထတံ ကာရာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ နိသီဒိုန်မည်သော သိုးမွေးအခင်းကို ပြုလိုသော ရဟန်းသည် အခင်းဟောင်းကို အဆင်းပုံသဏ္ဌာန် ပျက်သွားစေခြင်းငှါ ထိုအခင်းဟောင်း၏ ထက်ဝန်းကျင် နံပါးတစ်နေရာမှ ဘုရားအလွှာတော်ဖြင့် တထွာလောက်ကို ဖြတ်ယူရမည်၊ ထိုသို့မယူဘဲ နိသီဒိုန် အခင်းသစ်ကိုပြုသော ရဟန်းသည် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏၊ [နိသီဒိုန်အခင်း၏ ပုံသဏ္ဌာန်ကို သုဒ္ဓပါစိတ် ရတနဝဂ် နိသီဒနသိက္ခာပုဒ် ကျမှပြမည်။]
မှတ်ချက်။ ။ “တထွာလောက်ဖြတ်ယူရမည်”ဟုဆိုသော်လည်း နိသီဒိုန် အသစ်၌ ထည့်၍ သင့်တော်လောက်သော အသားကောင်းနေရာက တထွာလောက်ရှိမှသာ တထွာလောက်ဖြတ်ယူရမည်၊ အခင်းဟောင်း ဆွေးရိနေသဖြင့် အသားကောင်း တထွာလောက်မျှမရှိလျှင် ရတန်သလောက် ဖြတ်ယူရမည်၊ လုံးလုံးအသားကောင်းမရှိတော့လျှင် အခင်းဟောင်းမှ အသားကို လုံးလုံးမယူဘဲလည်း နိသီဒိုန်အခင်းသစ်ပြုနိုင်၏။
စာမျက်နှာ-၉၅
ထိုကဲ့သို့တထွာဖြစ်စေ တမိုက်ဖြစ်စေ ရတန်သရွေ့ဖြတ်ယူပြီးလျှင်ကား နိသီဒိုန် အခင်းပြုလုပ် ဖြန့်ခင်းသည့်အခါ ထိုအဟောင်းမှ အသားကို နိသီဒိုန်၏ တနေရာရာမှာလည်း သန့်သန့်ထည့်နိုင်၏။ ထိုသို့မထည့်ဘဲ ထိုအသားဟောင်းကိုလည်း အားလုံးပြန်ဖြေ၍ နိသီဒိုန် အခင်း အသစ်၊ လုပ်မည့် သိုးမွှေးတို့နှင့် ရောမွှေပြီးမှလည်း နိသီဒိုန် အသစ် ဖြစ်အောင် ပြုလုပ်နိုင်သည်။
စ။ ဧဠကလောမသိက္ခာပုဒ်
အမှုသည်—ရဟန်းတစ်ပါး။
အမှု—သိုးမွေးထုပ်ကြီးရွက်လာမှု။
ရဟန်းတစ်ပါး ဖြစ်ပုံ။ ။ ရဟန်းတစ်ပါးသည် သာဝတ္ထိမြို့သို့ သွားစဉ် လမ်းခရီး အကြား၌ သိုးမွေးများကိုရ၍ ဧကသီဖြင့် ထုပ်လျက် ယူသွားလေသည်၊ လူတို့သည် အထုပ်ကြီးကို ရွက်လာသော ရဟန်းကို မြင်၍ “ဘယ့်လောက်နဲ့ ဝယ်ခဲ့ရပါသလဲ, အမြတ် အစွန်း ဘယ့်လောက်ရဖို့ ရှိပါသလဲ” ဟု ပြောဆို ပြောင်လှောင်ကြသောကြောင့် မျက်နှာပျက်ပျက်နှင့် ထိုအထုပ်ကို ထမ်းရွက်၍ ယူလာခဲ့ပြီးလျှင် သာဝတ္ထိသို့ ရောက်သောအခါ (စိတ်ပျက်သည့် လက္ခဏာဖြင့်) မတ်မတ်ရပ်လျက်ပင် မထိုင်တော့ဘဲ ပေါက်ချလိုက်လေသည်၊ အခြားရဟန်းတို့က “ဘာကြောင့် ပေါက်ချရသလဲ” ဟု မေးလေသော် လမ်း၌ အလှောင်ခံခဲ့ရကြောင်းကို ပြန်ပြောလေ၏၊ ထိုအခါ–ဘယ့်လောက်ဝေးဝေးက ယူခဲ့သလဲ”ဟု ထပ်မေး ကြလေရာ သုံးယူဇနာ ကျော်ကျော် ယူခဲ့ရကြောင်းကို ပြောပြသဖြင့် ၃ ယူဇနာကျော်ကျော် သိုးမွေးတို့ကို ကိုယ်တိုင်ယူဆောင်ခဲ့ရမလား” ဟု ကဲ့ရဲ့ပြစ်တင်ကာ ဘုရားရှင်အား လျှောက်ကြားသဖြင့် ဤသိက္ခာပုဒ် ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ဘိက္ခုနော ပနေဝ အဒ္ဓါနမဂ္ဂပ္ပဋိပန္နဿ ဧဠကလောမာနိ ဥပ္ပဇ္ဇေယျုံ, အာကင်္ခမာနေန ဘိက္ခုနာ ပဋိဂ္ဂဟေတဗ္ဗာနိ, ပဋိဂ္ဂဟေတွာ တိယောဇနပရမံ သဟတ္ထာ ဟရိတဗ္ဗာနိ အသန္တေ ဟာရကေ။ တတော စေ ဥတ္တရိ ဟရေယျ, အသန္တေပိ ဟာရကေ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
စာမျက်နှာ-၉၆
မြန်မာပြန်။ ။ ရဟန်းအား အဓွန့်ရှည်သော ခရီးကိုသွားစဉ် သိုးမွေးများ ဖြစ်အံ့ (ရအံ့-ဟူလို) ခံယူလိုလျှင် ခံယူနိုင်၏၊ ခံယူပြီးလျှင် ဆောင်ယူ မည့်ရဟန်းရှင်လူ တစ်စုံတစ်ယောက်မျှ မရှိလျှင် မိမိလက်ဖြင့် (မိမိကိုယ်တိုင်)အလွန်ဆုံး သုံးယူဇနာတိုင်အောင် ယူဆောင်နိုင်၏၊ ဆောင်ယူ မည့်သူမရှိစေကာမူ မိမိလက်ဖြင့် သုံးယူဇနာထက် လွန်အောင် ဆောင်ယူလျှင်ကား နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။
ဆ။ ဧကလောမဓောဝါပန သိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ဘိက္ခုနီတို့အားခိုင်းမှု။
ဆဗ္ဗဂ္ဂီရဟန်းများ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီအား သိုးမွှေးတွေကို တချို့က အဖွပ်အလျှော်ခိုင်းကြ, အချို့က ဆေးဆိုးခိုင်းကြ
အချို့က ရှုပ်ထွေးနေသည်ကို အဖြည်အရှင်းခိုင်းကြလေသည်၊ ထိုအလုပ်ကို ချည်းလုပ်နေကြရသဖြင့် ဘိက္ခုနီတို့သည် ပါဠိအဋ္ဌကထာကို (မသင်ယူနိုင်ကြဘဲ) စွန့်လွှတ်ထားကြရ၏၊ အဓိသီလ အဓိစိတ္တ အဓိပညာသိက္ခာတို့ကိုလည်း မဖြည့်နိုင်ဘဲ စွန့်လွှတ်ထားကြရကုန်၏၊ ထိုအကြောင်းကို မိထွေးတော် ဂေါတမီ၏ လျှောက်ချက်အရ ဘုရားရှင်သိတော်မူ၍ သံဃာစည်းဝေးစေတော်မူပြီးလျှင် ဆဗ္ဗဂ္ဂီရဟန်းတို့ကို မေးတော်မူသည့်အခါ “ဟုတ်ပါကြောင်း” ဝန်ခံကြသဖြင့် ဆွေမျိုးတော်-မတော်-မေးတော်မူပြန်ရာ “မတော်ကြောင်း” သိတော်မူရ၍ အပြစ်တင်တော်မူပြီးလျှင် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ယော ပန ဘိက္ခု အညာတိကာယ ဘိက္ခုနိယာ ဧဠကလောမာနိ ဓောဝါပေယျ ဝါ ရဇာပေယျ ဝါ ဝိဇဋာပေယျ ဝါ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
[ဆွေမျိုးမတော်သော ဘိက္ခုနီအား သိုးမွေးတို့ကို အဖွပ် အလျော်-အဆိုး-အရှင်းခိုင်းသောရဟန်းမှာ နိဿဂ္ဂိပါစိတ်အာပတ်သင့်၏။]
စာမျက်နှာ-၉၇
ဇ။ ရူပိယသိက္ခာပုဒ်
အမှုသည်—ရှင်ဥပနန္ဒ။
အမှု—ငွေအလှူခံမှု။
ရှင်ဥပနန္ဒ။ ။ ရှင်ဥပနန္ဒသည် တစ်ဦးသော အမျိုး၏အိမ်၌ အမြဲဆွမ်း စား၏၊ ထိုအိမ်၌ ခဲဖွယ်ဘောဇဉ် ချက်သည့်အခါ ရှင်ဥပနန္ဒဖို့ (ဦးဦးဖျားဖျားခပ်၍) ထားလေ့ ရှိ၏၊ အခါတစ်ပါး၌ ထိုအိမ်ဝယ် ညချမ်းအခါ၌ အမဲသားဟင်းချက်၍ ရှင်ဥပနန္ဒဖို့လည်း ထားလေရာ, နံနက်စောစော၌ သားကလေးက အတင်းပူဆာသဖြင့် ရှင် ဥပနန္ဒအား အခြားတစ်မျိုးမျိုးဝယ် လှူမည်ဟု ကြံ၍ ထိုအမဲသားဟင်းကို ကလေးအား ပေးလိုက်ရလေသည်၊ နံနက်လင်း၍ ရှင်ဥပနန္ဒ ကြွလာသောအခါ အိမ်ရှင်ယောက်ျားသည် (ကလေးပူဆာသဖြင့် အရှင်ဘုရားဖို့ အမဲသားဟင်းကို ပေးလိုက်ရတဲ့အကြောင်းကို) ရှင်ဥပနန္ဒအား လျှောက်၍ ငွေတစ်ကျပ်ကို ပြပြီးလျှင် “ဤငွေဖြင့် ဘာကို ဆောင်ယူစေလိုပါသနည်းဟု မေးလေသည်၊ ရှင်ဥပနန္ဒက- “ဒကာ...ဒီငွေကို ငါ့အားစွန့်လွှတ်အပ်ပြီလား (လှူပြီးပြီလား)”ဟု မေး၍ “စွန့်လွှတ် အပ်ပြီးပါကြောင်း” လျှောက်လျှင် “ငါ့အား ဒီငွေကိုသာ လှူတော့ဟု ပြောဆို၍ ခံယူသွားလေသည်၊ ထိုယောက်ျားလည်း ရှင်ဥပနန္ဒအား ငွေလှူပြီးနောက် “ငွေကို ငါတို့ ခံယူကြသလို, ဤရဟန်းတွေလဲ ငွေကိုခံယူကြတာဘဲ”ဟူ၍ လေသော် ရဟန်းများကြား၍ ဘုရားကို လျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဇာတရူပရဇတံ ဥဂ္ဂဏှေယျဝါ၊ ဥဂ္ဂဏှာပေယျဝါ၊ ဥပနိက္ခိတ္တံ ဝါ သာဒိယေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ရွှေငွေကို (လူတို့က လှူသည့်အခါ) ကိုယ်တိုင်ခံယူအံ့၊ (လမ်းစသည်၌ တွေ့သောအခါလည်း ကောက်ယူအံ့)၊ သို့မဟုတ် ကပ္ပိယစသူကိုခံယူစေ(ယူလိုက်-ဟု စေခိုင်း)အံ့၊ (လမ်းစသည်၌ တွေ့သောအခါ၌လည်း အကောက်ခိုင်းအံ့)၊ အလှူရှင်တို့က အပ်နှံလှူဒါန်းအပ်သော ရွှေငွေကို(အလှူခံသောအားဖြင့်) သာယာအံ့၊ ထိုရွှေ ငွေသည် စွန့်ပစ်တိုက်၍ ရဟန်းလည်း ပါစိတ်အာပတ်သင့်၏။
စာမျက်နှာ-၉၈
အယူခိုင်းဖြစ်။ ။ အယူခိုင်းရာ၌ မိမိဖို့ အယူခိုင်းလျှင် နိဿဂ္ဂိယပါစိတ်, အခြားသီတင်းသုံးဖော်များဖို့ အယူခိုင်းလျှင် ဒုက္ကဋ်၊ လူများပိုင်ဆိုင်သော ရွှေငွေကို “ယူလော, သိမ်းထားလော, မည်သည့်အဖိုး ပေးလိုက်လော”ဟု မစီမံကောင်းကြောင်းကိုလည်း ဖွင့်ကြ၏။ [“တဝ စောဠကံ ပဿာဟီတိ ဣမိနာ ဂိဟိသန္တကေပိ “ဣဒံ ဂဏှထာ”တိ အကပ္ပိယဝေါဟာရေန ဝိဓာနံ ဘိက္ခုနော နကပ္ပတတိ”-သာရတ္ထ။]
ငွေစွန်ပုံ။ ။ ဤရွှေငွေကို စွန့်ရာ၌ကား သံဃာ-ဂိုဏ်း-ပုဂ္ဂိုလ်အားလုံးပင် မအပ်သောကြောင့် အခြား နိဿဂ္ဂိယ ပစ္စည်းကဲ့သို့ သံဃာ-ဂိုဏ်း-ပုဂ္ဂိုလ်အား စွန့်ခွင့်မရ၊ သံဃာ့အလယ်တွင်- “အဟံ ဘန္တေ ရူပိယံ ပဋိဂ္ဂဟေသိံ၊ ဣဒံ မေ ဘန္တေ နိဿဂ္ဂိယံ, ဣမာဟံ နိသဇ္ဇာမိ”-ဟုပါဠိလို ဖြစ်စေ၊ “အရှင်ဘုရား တပည့်တော်သည် ရွှေ (ငွေ)ကို ခံယူမိပါပြီ, ဤရွှေ (ငွေ)ကို တပည့်တော်စွန့်ပါ၏”ဟု မြန်မာလိုဖြစ်စေ စွန့်ရမည်။
စွန့်ရခြင်းအကျိုး။ ။ ထိုကဲ့သို့စွန့်ပြီးသည့်အခါ လူတစ်ယောက်ယောက်လာလျှင်- “ဤဟာကို သိလော”ဟုပြော, “ဤငွေဖြင့် ဘာကို ယူခဲ့ရမည်နည်း”ဟု ဒါယကာကလျှောက်လျှင်- “မည်သည့်ပစ္စည်းကို ယူစေလိုသည်- ယူခဲ့” ဟု မပြောဘဲ သံဃာတော်မှာ အလိုရှိသော အပ်သောပစ္စည်းကို ညွှန်ပြ၍ “မည်သည့်ပစ္စည်းတော့ သံဃာမှာ အပ်တာဘဲဟု ပြောနိုင်၏။ ထိုသို့ ဒါယကာက ဝယ်ယူလာလျှင် ထိုပစ္စည်းကို(ရွှေငွေအလှူခံသော ရဟန်း မှတစ်ပါး) သံဃာအားလုံး (သံဃိကပစ္စည်းကို ခွဲဝေသုံးဆောင်သကဲ့သို့) သုံးဆောင်ကောင်း၏၊ ဤသို့လျှင် ငွေကို မစွန့်ဘဲထားက ထိုငွေသည် မည်သည့်ရဟန်းမျှ မအပ်တော့ဘဲ, သံဃာ့အလယ်၌ စွန့်လိုက်က ရွှေငွေခံသူ ရဟန်းမှ တစ်ပါးသော သံဃာများ၌ ပစ္စည်းသုံးစွဲခွင့်ရခြင်းသည် ငွေကို စွန့်ရခြင်း၏ အကျိုးတည်း။
ရွှေငွေခံသူ။ ။ ရွှေငွေကို အလှူခံမိသော ရဟန်းမှာကား စွန့်လိုက်သည့်အတွက် မိမိမှာအဆက်ဆက် အပြစ်ကင်း၍ သန့်ရှင်းခြင်း အကျိုးရှိ၏၊ ထိုစွန့်ပြီး ရွှေငွေမှ ကပ္ပိယတို့ ဝယ်ယူပေးသော ပစ္စည်းများကား မအပ်တော့ချေ၊ သံဃာမှ ဝေစုရသော ပစ္စည်းကို ရဟန်း သာမဏေ ကပ္ပိယတို့ကတဆင့် ပေးသော်လည်း ထိုပစ္စည်းကို မသုံးစွဲကောင်း၊ ထိုစွန့်ပြီး ရွှေငွေဖြင့် သစ်ပင် မျိုးစေ့ကို ဝယ်၍ စိုက်ထားအပ်သော သစ်ပင်၌သော်မျှ ထိုရွှေငွေကို အလှူခံမိသော ရဟန်းမှာ အရိပ်မခိုကောင်း, ထိုငွေဖြင့် ဝယ်အပ်သော ဆီမီးရောင်၌ စာသော်မျှ မကြည့်ရှု-မပို့ချကောင်း။
စာမျက်နှာ-၉၉
မှတ်ချက်။ ။ ရာဇသိက္ခာပုဒ်၏ ဝတ္ထုကြောင်း၌ ရှင်ဥပနန္ဒသည် သင်္ကန်းအဖိုး လာလှူသည့်အခါ ငါတို့အလှူမခံ”ဟု ပယ်ခဲ့၏၊ ဤသိက္ခာပုဒ်၌ကား ငွေတစ်ကျပ်ကိုပင် တောင်းယူ၏။ သို့ဖြစ်၍ ရှင်ဥပနန္ဒကျင့်ပုံသည် ရှေ့-နောက် မညီဟု ဆိုဖွယ်ရှိ၏၊ အမှန်ကား-ဘုရားပညတ်တော်မူစဉ်က ဤရူပိယ သိက္ခာပုဒ်သည် ရာဇသိက္ခာပုဒ်ထက် အရင်ကျ၏၊ သံဂါယနာတင်သည့် အခါကျမှ ရာဇသိက္ခာပုဒ်သည် သင်္ကန်းနှင့်ဆိုင်သောကြောင့် (စီဝရဝဂ်၌ သွင်းထားသဖြင့်) ယခုကာလ စာအနေအားဖြင့် ရာဇသိက္ခာပုဒ်က အရင်ကျ၍ ဤသိက္ခာပုဒ်က နောက်ကျလျက်ရှိရသည်။ ဤသို့လျှင် ရာဇသိက္ခာပုဒ် မပညတ်မီ “ငွေကိုမခံရ”ဟူသော ဤသိက္ခာပုဒ်ကို ပညတ်တော်မူပြီး ဖြစ်သောကြောင့် ရာဇသိက္ခာပုဒ်ဝတ္ထု၌ သင်္ကန်းအဖိုးကို အလှူမခံဟု ပယ်လှန်ခြင်းဖြစ်သည်။
ကျင့်ဖွယ်။ ။ ဤသိက္ခာပုဒ်တော်အရ ရွှေငွေ (ရွှေငွေသာမက, ရတနာမျိုးတွင် ပါဝင်သောပစ္စည်း)များကို ကိုယ်တိုင်လည်း မခံယူကောင်း၊ ကပ္ပိယစသူကိုလည်း “ယူလိုက်”ဟု မခိုင်းကောင်း၊ အလှူရှင်တို့ အပ်နှံလှူဒါန်းအပ်သော ရွှေငွေကိုလည်း မသာယာကောင်းတော့ပြီ၊ အကယ်၍ လှူလာလျှင် ရာဇသိက္ခာပုဒ်အတိုင်း ပယ်ရမည်၊ ကပ္ပိယထံ ငွေကို အပ်နှံ၍ (သို့မဟုတ် စာတိုက်စသည်ဖြင့် ကပ္ပိယထံတင်ပို၍) “အရှင်ဘုရား အလိုရှိသောအခါ ကပ္ပိယမည်သူ့ထံ ရဟန်းများ သုံးဆောင်အပ်သော (ဆွမ်း သင်္ကန်းစာအုပ်ခဲတန်စသည့်) ပစ္စည်းကို တောင်းခံတော်မူပါ” ဤသို့စသည်ဖြင့် ရာဇသိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း လျှောက်ထားမှသာအပ်သော ပစ္စည်းများကို တောင်းယူကောင်းသည်။
ခေတ်အလိုက်ကျင့်ဖွယ်။ “သာဒယေယျ” အရ သာယာမှ နိဿဂ္ဂိယ ပါစိတ်အာပတ် သင့်ရကား ယခုကာလအလှူစသည်၌ ငွေကိုလှူသည့်အခါ တစ်ပါးတည်း ထူးချွန်၍ ကိုယ်နှုတ်ဖြင့်မပယ်သာလျှင် “ငါမယူလို, ငါမသာယာ, ကပ္ပိယသုံးချင်ရာ သုံးပစေ”ဟု အမှန်စင်ကြယ်သော မသာယာသော စိတ်ဖြစ်လျှင် အာပတ်မသင့်၊ ထိုငွေကို ကျောင်းသားယူလာ၍ “အရှင်ဘုရား...မည်မျှ ကုန်အပ်သော ပစ္စည်းကို တပည့်တော်အထံ တောင်းတော်မူပါ”ဟု လျှောက်လျှင် မူလကငွေကို မသာယာခဲ့သောကြောင့် အပ်ဖွယ်ရှိသည်၊ ထိုသို့မလျှောက်ဘဲ ကျောင်းသားစသူက ယူရုံသာယူထားလျှင် ထိုငွေနှင့်စပ်၍ ဘာမျှမအပ်တော့ချေ။
တိုက်တွန်းချက်။ ။ ရွှေငွေကိုအလှူခံ၍ ထိုငွေဖြင့် ဝယ်ယူအပ်သော ပစ္စည်းများ-ကုလသဒူသနပြု၍ ရအပ်သောပစ္စည်းများ မိမိကို ကြည်ညိုအောင် ဟိတ်ဟန်ဆောင်သဖြင့် အထင်ကြီး၍ လှူအပ်သော ပစ္စည်းများသည်
စာမျက်နှာ-၁၀၀
သီတင်းသုံးသော် ၅ ဦးလုံးပင် မသုံးစွဲအပ်တော့ပြီး သုံးစွဲသူတိုင်းမှာ ဒုက္ကဋ်အာပတ်သင့်၏။ ထို့ကြောင့် ဤရွှေငွေနှင့်စပ်၍ အပ်သော နည်းလမ်းများကို ရာဇသိက္ခာပုဒ်ဝယ် ကပ္ပိယအမျိုးမျိုးဖြင့် ပြခဲ့သော နည်းလမ်းအတိုင်း စီစဉ်တတ်ဖို့ရာ ကိုယ်စီ ကိုယ်င အလေ့အလာ ပြုသင့် ကြပေသည်။
စျ။ ရူပိယသံဝေါဟာရသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ရွှေငွေကို လဲလှယ်မှု။
ဆဗ္ဗဂ္ဂီ ရဟန်းများ။ ။ “ဘုရားရှင်သည် ရွှေငွေအလှူခံမှုကို သာပယ်တော်မူသည် အလှူခံပြီးသား ရွှေငွေဖြင့် တစ်စုံတရာကို လဲယူမှုကို ပယ်တော်မမူ”ဟု ယူဆ၍ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရွှေငွေဖြင့် အမျိုးမျိုးသော ပစ္စည်းများကို လဲကြလေသည်၊ ထိုအခါ လူတို့က “ရဟန်းတော်တို့သည် အဘယ့်ကြောင့် ရွှေငွေဖြင့် လဲလှယ်ကြရကုန်သနည်း, လူတို့လိုပါဘဲကလား”ဟု ကဲ့ရဲ့ကြခြင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု နာနပ္ပကာရကံ ရူပိယသံဝေါဟာရံ သမာပဇ္ဇေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် အမျိုးမျိုးအစားစားသော ရွှေငွေဖြင့် လဲလှယ်ခြင်း (ရောင်းဝယ်ခြင်းသို့) ရောက်အံ့၊ ထိုလဲအပ်သော ဝတ္ထုလည်း စွန့်ပစ်ထိုက်၍ ထိုရဟန်းလည်း ပါစိတ်သင့်၏။
မှတ်ချက်။ ။ “နာနပ္ပကာရ = အမျိုးမျိုးအစားစား” ဟူသည် ပုတီးနားကပ် စသည်ဖြင့် လက်ဝတ်လက်စားပြုအပ်သော ရွှေငွေ တန်ဆာ-လက်ဝတ် လက်စားမပြုအပ်သော ရွှေတုံးငွေခဲ, ရွှေဒင်္ဂါး ငွေဒင်္ဂါး ပိုက်ဆံ ငွေစက္ကူ စသည်ဖြင့် အမျိုးမျိုးအစားစားသော ရွှေငွေတည်း၊ “လဲလှယ်”ဟူသည် ယခုကာလ ရောင်းဝယ်ခြင်းပင်တည်း၊ ထိုသို့ရောင်းဝယ်ရာ၌ မိမိကရွှေ ငွေဖြင့် သပိတ်သင်္ကန်းစသည်ကို ဝယ်ခြင်း, မိမိက သပိတ်သင်္ကန်းပေး၍ အခြားသူထံမှ ရွှေငွေကို ယူခြင်း (သပိတ်သင်္ကန်းရောင်းခြင်း) အားလုံး ပါဝင်သည်။ ထို့ကြောင့် ရဟန်းဒါယကာ စသူတို့ထံမှ ငွေကို တောင်း၍ ဖြစ်စေ သူတို့ဘာသာယူခြင်းကြောင့် ဖြစ်စေ ယူလျှင် ရှေ့သိက္ခာပုဒ်အရ ထိုငွေသည် နိဿဂ္ဂိထိုက်၍, ထိုငွေဖြင့် သင်္ကန်း စာအုပ်စသည် ဝယ်ပြန်
စာမျက်နှာ-၁၀၁
လျှင် ဤသိက္ခာပုဒ်အရ ထိုသင်္ကန်းစသည်တို့ နိဿဂ္ဂိထိုက်၍ ပါစိတ် အာပတ်လည်းသင့်၏။ နိဿဂ္ဂိထိုက်နေသော ပစ္စည်းတစ်ခုကိုမစွန့်ဘဲ သုံးပြန်လျှင် ကိုင်တိုင်း ဒုက္ကဋ်အာပတ်များစွာသင့်လေသည်။
စောဒနာဖွယ်။ ။ “လဲလှယ်သူတဘက်ဘက်က ရွှေငွေဖြစ်မှ ဤသိက္ခာပုဒ် အရ နိဿဂ္ဂိထိုက်သည်”ဟု ဆိုသောကြောင့် ရဟန်းတစ်ပါး အလှူခံထားသော ငွေဖြင့် ဝယ်မိ၍ နိဿဂ္ဂိထိုက်နေသော သင်္ကန်းကို အခြားရဟန်းက ကပ္ပိယ ဝတ္ထုဖြင့် လဲယူရာ၌ ဤသိက္ခာပုဒ်အရ အပြစ်ရှိဦးမည်လော-ဟု စောဒနာ ဖွယ်ရှိ၏၊ အဖြေကား-အလှူခံထားသော ငွေဖြင့် ဝယ်မိသော သင်္ကန်းသည် ငွေမဟုတ်သော်လည်း ငွေနှင့်အလားတူ မည်သည့်သီတင်းသုံးဖော်မျှမအပ်၊ သို့ဖြစ်၍ ရူပိယအစစ်မဟုတ်သော်လည်း ထိုသင်္ကန်းသည် ရူပိယ သဘော သက်ရောက်ရကား ထိုသင်္ကန်းကို ကပ္ပိယဝတ္ထုဖြင့် လဲယူရာ၌ ၂ ဘက်လုံးမှာပင် နိဿဂ္ဂိထိုက်သည်။
ပတ္တစတုက္က။ ။ ဤနေရာဝယ် ရွှေဖြင့်လဲလှယ်မိသော နိဿဂ္ဂိယပစ္စည်း၏ အပြစ်ကြီးလေးပုံကို နားလည်ဖို့ရာ ဝိနည်းဓိုရ်များ၏ နယ်၌ အလွန်ထင်ရှားသော “ပတ္တစတုက္က”ခေါ် သပိတ် ၄ လုံးအကြောင်းကို ပြုဦးအံ့။
၁။ ရဟန်းတစ်ပါးသည် ရူပိယသိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း ငွေကို အလှူခံ၍ ထိုငွေဖြင့် သံမျိုးစေ့ကိုဝယ်, သံမျိုးစေ့ကို သံဖြစ်အောင် ထုရိုက်, ထိုသံဖြင့် သပိတ်လုပ်ထားအံ့၊ ဤသပိတ်ကား မည်သည့်နည်းနှင့်မျှ အပ်အောင်လုပ်၍ မရတော့သော “မဟာအကပ္ပိယ”သပိတ်တည်း၊ ထိုသပိတ်ကို ဖျက်ဆီး၍ ခွက်လုပ်, ပဲခွပ်လုပ်, ထိုပဲခွပ်ဖြင့် ဒန်ပူ ဖြတ်အံ့၊ ထိုခွက် ပဲခွပ် ဒန်ပူတို့ပင် မအပ်၊ ထိုပဲခွပ်ကို မီးဖုတ်၍ ထိုပဲခွပ်ဖြင့် ရေ နွားနို့စသည်ကို နွှေးလျှင် ထိုရေ နွားနို့များလည်း မအပ်ပင်၊ ထိုသပိတ်ပျက်ကို ငါးမျှားချိတ်လုပ်၍ ငါးမျှားသဖြင့် ရအပ်သော ငါးသည်ပင် သီတင်းသုံးဖော် အားလုံးမအပ်-ဟူ၏။]
၂။ ရဟန်းတစ်ပါးကား ငွေကိုအလှူခံ၍ သပိတ်ဝယ်အံ့၊ ထိုသပိတ်လည်း သီတင်းသုံးဖော် ၅ ဦးလုံးမအပ်၊ သို့ရာတွင် သပိတ်သည်ထံ သပိတ် ပြန်ပေး၍ ငွေကို ပြန်ယူလျှင် ထိုသပိတ်သန့်စင်၏၊ ထိုသပိတ်ကို ထပ်မံ၍ ကပ္ပိယဖြင့် အပ်အောင် ကပ္ပိနိုင်သေး၏။
၃။ ရဟန်းတစ်ပါးကား ငွေကို အလှူခံပြီးနောက် သပိတ်ဆိုင်သွား၍ မိမိ အလိုရှိသော သပိတ်ကိုပြ၏, ကပ္ပိယက ဝယ်လှူ၏၊ ထိုသပိတ်လည်း မူလက ငွေကို အလှူခံမိလျက်သားဖြစ်သောကြောင့် ကပ္ပိယ ဝယ်လှူသော်လည်း မအပ်ပင်၊ ဒုတိယသပိတ်ကဲ့သို့ ပြန်ပေးရမည်။
စာမျက်နှာ-၁၀၂
၄။ ရဟန်းတစ်ပါးကား ငွေကို အလှူမခံ, ဆိုင်ရာဒါယကာ ဒါယိကာမတို့က “သပိတ်ဝယ်လှူပါ”ဟု မှာလိုက်သော ကပ္ပိယနှင့်အတူ-သို့မဟုတ် ဉာတိပဝါရိတနှင့်အတူ သွား၍ သပိတ်သည်အား “ဤငွေကို ယူ၍ ဤသပိတ်ကိုပေးပါ”ဟု ပြောအံ့၊ ရဟန်းကိုယ်တိုင် ဝယ်အံ့ဟူလို၊ ထိုသပိတ်ကား မူလကအဖိုးကို အလှူမခံခဲ့သောကြောင့် အခြား သီတင်းသုံးဖော်များအား အပ်သော်လည်း ထိုရဟန်းက အစီအမံ မတတ်-သူ့ကိုယ်တိုင် ဝယ်၍ အလေလုပ်မိသောကြောင့် သူ့မှာ မအပ်တော့ချေ။
၁-မှတ်ချက်။ ။ ၁-နံပါတ်သပိတ်၌ “မည်သည့် နည်းနှင့်မျှ အပ်အောင် လုပ်၍ မရတော့”ဟူရာဝယ် ရဟန်းသံဃာများ၏ ပစ္စည်းအနေဖြင့် သပိတ်မှခွက် စသည့်ပြောင်းလွှဲနေသမျှကို ရည်ရွယ်၍ ဆိုခြင်းတည်း၊ “ငါးမျှားချိတ်”ဟူ ရာ၌လည်း အလဇ္ဇီရဟန်းဖြစ်လျှင် လုပ်ချင်ရာ လုပ်မည်ဖြစ်သောကြောင့် အစွမ်းကုန်မအပ်သောအရာကို ညွှန်ပြခြင်းဖြစ်သည်-ဟုမှတ်၊ အကယ်၍ ထို-၁-နံပါတ်သပိတ်-ခွက်-သံများကို လူကဝယ်၍ဖြစ်စေ လုယူ၍ဖြစ်စေ ပေးလိုက်၍ဖြစ်စေ လူပိုင်ပစ္စည်း ဖြစ်သွားပြီးနောက် လူက ပြန်လှူလျှင် ထိုသပိတ်ခွက်စသည်တို့ အပ်ကြောင်းကို ဋီကာတို့ဆိုကြသည်။
[သာရတ္ထ] နသက္ကာ ကေနစိ ဥပါယေန ကပ္ပိယော ကာတုန္တိဣဒံ ပဉ္စန္နံယေဝ သဟဓမ္မိကာနံ အန္တရေ ပရိဝတ္တနံ သန္ဓာယ ဝုတ္တံ၊ ဂိဟီဟိ ပန ဂဟေတွာ အတ္တနော သန္တိကံ ကတွာ ဒိန္နံ သဗ္ဗေသံ ကပ္ပတီတိ ဝဒန္တိ။
ဤဝါဒကို လက်ခံနိုင်ကြပါလျှင် မိမိအလှူခံမိသော ငွေကို မိဘစသူတို့အား မငဲ့မကွက် စွန့်လွှတ်ပြီးနောက် မိဘစသူတို့က အပ်သော ပစ္စည်းများကို မိမိသားရဟန်း-သို့မဟုတ် အခြား သီတင်းသုံးဖော်တို့အား လှူရာ၌ အပ်သည်ဟုပင် ဝန်ခံကြရပေလိမ့်မည်၊ ဘာ့ကြောင့်နည်း၊... ငွေဖြင့် ဝယ်အပ်သော ပစ္စည်းနှင့် ငွေ့တို့မှာ ရဟန်းများအတွက် သဘောတူဖြစ်သောကြောင့်တည်း။
၄-မှတ်ချက်။ ။ [ ၂-၃ သပိတ်များအတွက် ထင်ရှားပြီ၊] ၄ နံပါတ်သပိတ်၌ ငွေကို အလှူမခံဘဲ ကပ္ပိယနှင့်အတူသွား၍ ဈေးသည် အထံကျမှ မိမိကိုယ်တိုင် ဈေးဆစ်ခြင်း ဝယ်ခြင်းများကို ကျမ်းဂန်တို့၌ “ဒုဗ္ဗိစာရဏ = မကောင်းသဖြင့် စီမံခြင်း”ဟု ဆို၏၊ ပစ္စည်းကို ကပ္ပိရာ၌ ဒုဗ္ဗိစာရဏ ဖြစ်လျှင် မိမိမှာ ထိုပစ္စည်းကို ကိုင်တိုင်း ဒုက္ကဋ် အာပတ်သင့်တော့၏။
စာမျက်နှာ-၁၀၃
ရှေ့သပိတ်သုံးလုံးသည် နိဿဂ္ဂိယဝတ္ထု-၄ နံပါတ် သပိတ်ကား ဒုက္ကဋ် ဝတ္ထု-ဟု ခွဲခြားပါ၊ ကပ္ပိယဟူရာ၌ကား ရာဇသိက္ခာပုဒ်၌ ပြခဲ့သော ကပ္ပိယနှင့် ဉာတိပဝါရိတတို့ကို ယူရမည်။
စွန့်ပုံ။ ။ ထိုကဲ့သို့ ရွှေငွေဖြင့်ဝယ်မိသော နိဿဂ္ဂိယပစ္စည်းများကိုလည်း ရွှေ ငွေကဲ့သို့ပင် သံဃာ-ဂိုဏ်း-ပုဂ္ဂိုလ်ထံမစွန့်ရ၊ သံဃာ့အလယ်မှာ “အဟံ ဘန္တေ ရူပိယသံဝေါဟာရံ သမာပဇ္ဇိံ, ဣဒံ မေ ဘန္တေ နိဿဂ္ဂိယံ, ဣမာဟံ နိသဇ္ဇာမိ”ဟု ပါဠိမြန်မာ အလိုရှိရာဖြင့် စွန့်၍ ရူပိယသိက္ခာပုဒ် အတိုင်း စီစဉ်ရမည်။
ဉ။ ကယဝိက္ကယ သိက္ခာပုဒ်
အမှုသည်—ရှင်ဥပနန္ဒ။
အမှု—ပရိဗိုဇ်နှင့်အဝတ်ချင်း လဲယူမှု။
ရှင်ဥပနန္ဒလုပ်ပုံ။ ။ အရှင်ဥပနန္ဒသည် သင်္ကန်းချုပ်မှု၌ ကျွမ်းကျင်၏၊ သူသည် အဝတ်ပိုင်း အဝတ်စများကို သင်္ကန်းဖြစ်အောင် စပ်ဟပ် လုပ်ပုံ ချုပ်ဆိုးပြီးလျှင် ကောင်းစွာ ပြေပြစ်အောင် ပြု၍ ရုံ၏၊ ပရိဗိုဇ်တစ်ယောက်သည် အဖိုးများစွာတန်သော အဝတ်ကို ဝတ်လာ၍ ထိုအဝတ်ဖြင့် ထိုသင်္ကန်းကို လဲဖို့ရန် ပြော၏၊ ဥပနန္ဒက “သင်...နားလည် ရဲ့လာ”ဟု မေး၏၊ “နားလည်ပါ၏”ဟု ပရိဗိုဇ်ကပြော၏၊ ဤသို့ ပြော၍ လဲယူပြီးလျှင် ထိုသင်္ကန်းကို ဝတ်၍ ပရိဗိုဇ်ကျောင်းသို့ သွားလေသော်, အခြား ပရိဗိုဇ်တို့က “တယ်ကောင်းပါလား, ဘယ်ကရခဲ့သလဲ”ဟု မေးရာ, မိမိ အဝတ်ဖြင့် လဲခဲ့ကြောင်းကို ပြောလျှင် “ဒီသင်္ကန်းဟာ ဘယ်နှစ်ရက်လောက် ကြာအောင် ခိုင်မှာလဲ, သင့်အဝတ်က ကောင်းသေးတယ်”ဟု ပြောကြလေသည်၊ ထိုအခါ ပရိဗိုဇ်သည် “ဟုတ်သားဘဲ”ဟု ယူဆ၍ ရှင်ဥပနန္ဒထံ ပြန်လဲဖို့ ပြောလေရာ, “အစတုန်းကသိရဲ့လား-ဟု ငါမေးသားဘဲ, ခုမှတော့ ပြန်မလဲနိုင်ဘူး”ဟု ရှင်ဥပနန္ဒကပြောသဖြင့် “လူအချင်းချင်းတောင် မကျေနပ်လျှင် ပြန်ပေးကြသေးတယ်, ယခု ရဟန်းချင်းဖြစ်လျက် ဘာ့ကြောင့် ပြန်မပေးရသလဲ”ဟု ထိုပရိဗိုဇ်၏ ပြောဆိုကဲ့ရဲ့ခြင်းကို တဆင့်အားဖြင့် ဘုရားရှင် ကြားတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
စာမျက်နှာ-၁၀၄
သိက္ခာပုဒ်။ ။ ယောပန ဘိက္ခု နာနပ္ပကာရကံ ကယဝိက္ကယံ သမာပဇ္ဇေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် အထူးထူး အပြားပြားသော လဲလှယ်ခြင်း (ဝယ်ခြင်း-ရောင်းခြင်း)သို့ ရောက်အံ့၊ ထိုလဲယူအပ်သော ပစ္စည်းဝတ္ထုသည် နိဿဂ္ဂိထိုက်၍, ထိုရဟန်းလည်း ပါစိတ် အာပတ် သင့်၏။
မှတ်ချက်။ ။ လဲခြင်း = ရောင်းဝယ်ခြင်း ၂-မျိုးကား (ပစ္စည်း အပေးအယူချည်း ဖြစ်၍) သဘောတူပင်တည်း၊ “နာနပ္ပကာရက = အထူးထူးအပြားပြား” ဟူသည် သင်္ကန်းဆွမ်းစသော အမျိုးမျိုးသော ပစ္စည်းတည်း၊ ရွှေငွေနှင့် စပ်သော အကပ္ပိယဝတ္ထုဖြင့် လဲလှယ်ရောင်းဝယ်မှုကြောင့် ရှေ့သိက္ခာပုဒ် အရ အာပတ်သင့်၍, သင်္ကန်းစသော ကပ္ပိယဝတ္ထုဖြင့် လဲလှယ်မှုကြောင့် ဤသိက္ခာပုဒ်အရ အာပတ်သင့်၏၊ ဤသိက္ခာပုဒ်၌ ကပ္ပိယဝတ္ထုချင်းလဲလှယ်မှုဖြစ်၍ သီတင်းသုံးဘော်ချင်း လဲကောင်း၏၊ ရသေ့ သီလရှင် လူဝတ် ကြောင်စသည်တို့နှင့်ကား မလဲကောင်း။
မအပ်သောလဲနည်း။ ။
အပ်သောလဲနည်း။
ခိုင်းစေရာ၌ အပ်-မအပ်။ ဘာသာဋီကာမှာယူ။
ကောသိယဝဂ်ပြီး၏။
စာမျက်နှာ-၁၀၅
ပတ္တဝဂ်
က။ ပတ္တသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—သပိတ်များစွာကိုယ်ပိုင်ထားမှု။
သပိတ်အများ ထားခြင်း။ ။ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် သပိတ်များစွာကို ကိုယ်ပိုင် သိမ်းထားကြ၏။ ထိုသပိတ်တွေကို လူတို့ မြင်ကြသဖြင့် “ကိုယ်တော်တွေ သပိတ်ကုန်သွယ်ကြ မလို့တဲ့လား, သို့မဟုတ်သပိတ်ဆိုင် ခင်းကြမလို့တဲ့လား”ဟု ကဲ့ရဲ့ကြခြင်းကြောင့် “ယော ပန ဘိက္ခု၊ အတိရေကပတ္တံ ဓာရေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ”ဟု မူလပညတ်ကို ပညတ်တော်မူသည်၊ ထို့နောက် အရှင်အာနန္ဒာအား သပိတ်အပို ရလာ ပြန်လေသော် ထိုသပိတ်ကိုလည်း သာကေတမြို့၌ သီတင်းသုံးခိုက် ဖြစ်နေသော အရှင်သာရိပုတြာအား လှူလို၏၊ အရှင်သာရိပုတြာလည်း ၉-ရက် ၁၀-ရက် လောက်ကြာမှ ရောက်လာမည်ဖြစ်၏၊ ထိုအကြောင်းကို ဘုရားရှင်အား လျှောက်လေလျှင် မူလပညတ်တော်ကို တစ်မျိုးပြင် “ဒသာဟပရမံ အတိရေကပတ္တော ဓာရေတဗ္ဗော, တံအတိက္ကာမယတော နိဿဂ္ဂိယံ ပါစိတ္တိယံ”ဟု အနုပညတ် ထပ်တော်မူရလေသည်၊ သိက္ခာပုဒ် မြန်မာပြန်ကား-[အဓိဋ္ဌာန်မတင်အပ်-ဝိကပ္ပနာလည်း မပြုအပ်သော သပိတ်ကို အတိရေကပတ္တ (သပိတ်ပို)ဟု ခေါ်၏၊] သပိတ်ပိုကို အလွန်ဆုံး ၁၀-ရက်မျှ ထားကောင်း၏၊ ထို ၁၀-ရက်ထက် ကျော်လွန်၍ ထားလျှင် သပိတ်လည်း နိဿဂ္ဂိထိုက်၍ ရဟန်းမှာ ပါစိတ်အာပတ် သင့်၏။
သပိတ်အမျိုးအစား။ ။ ဥက္ကဋ္ဌသပိတ် (သပိတ်ကြီး) မဇ္ဈိမသပိတ် (သပိတ်လတ်) ဩမကသပိတ် (သပိတ်ငယ်)ဟု သပိတ် ၃-မျိုးရှိ၏၊ ဆန် တစလယ်ချက် ထမင်းသည် အစားမှန်သူ လူတစ်ယောက်၏ စားရိုးစားစဉ် ထမင်းတည်း၊ နံနက်တထပ်သာ စားသော ရဟန်းသာမဏေများ အတွက်လည်း ထိုတစလယ်ချက် ထမင်းသည် မျှတလုံလောက်၏၊ ထို့ကြောင့် ဆန်တစလယ်ချက် ထမင်း, ထိုထမင်း၏ ၄ ပုံ တပုံခန့် လက်ကော်၍ ရလောက်အောင် မပြစ်မကြဲသော ပဲဟင်း, ထမင်း၏ ၄ ပုံ တပုံခန့် (သားငါးတစ်ခုခု)ဟင်းလျာ၊ ဤမျှဆန့်သော သပိတ်သည် ဩမက သပိတ်ငယ် မည်၏။
စာမျက်နှာ-၁၀၆
ဆန်တခွက်ချက်ထမင်း, ၄ ပုံ တပုံခန့် ပဲဟင်း, ၄ ပုံ တပုံခန့် သားငါး ဟင်းကို ဆန့်သောသပိတ်သည် မဇ္ဈိမသပိတ်လတ်မည်၏၊ ဆန်တပြည်ချက် ထမင်း, ၄ ပုံ တပုံခန့် ပဲဟင်း, ၄ ပုံ တပုံခန့် သားငါးဟင်းကို ဆန့်သော သပိတ်သည် ဥက္ကဋ္ဌသပိတ်ကြီးမည်၏၊ ဆန်ကိုချက်သည့်အခါ ထမင်းအဖြစ်၌ ၂ ဆတိုးလေ့ရှိသောကြောင့် ဆန်တစလယ်ချက်လျှင် ထမင်းတခွက်သားနှင့် ပဲဟင်း သားငါးဟင်း ၄ ပုံ တပုံစီပေါင်းလျှင် ၃ စလယ်ဖြစ်၏၊ ထိုနည်းအရ ဩမက သပိတ်သည် ၃ စလယ်ဆန့်၏၊ မဇ္ဈိမသပိတ်သည် ၃ ခွက် ဆန့်၏၊ ဥက္ကဋ္ဌသပိတ်သည် ၃ ပြည် ဆန့်၏ဟု မိန့်တော်မူကြသည်။
[ဆောင်] ၃ ပြည် ၃ ခွက်, ၃ စလယ်တွက်, ဆွမ်းချက်ဟင်းစုံခတ်။ ဥက္က-မဇ္ဈ, ဩမက, စင်ရစဉ်တိုင်းမှတ်။
သပိတ် ၂-မျိုးနှင့်အရောင်။ ။ မြေသပိတ် သံသပိတ်အားဖြင့် ၂-မျိုးသော သပိတ်သာအပ်၏၊ ထို ၂-မျိုးတွင် မြေသပိတ်ကို ၂-ကြိမ် မီးဖုတ်၍ သံသပိတ်ကို ငါးကြိမ်မီးဖုတ်ရမည်ဟု အဋ္ဌကထာတို့၌ဆို၏။ ထိုသို့ဆိုခြင်း၌ ရည်ရွယ်ချက်မှာ ဖြူကြောင်ကြောင် အဆင်းမရှိစေဘဲ ညိုမှောင်မှောင် အဆင်းအရောင် ရှိစေလိုခြင်းဖြစ်သည်၊ သို့ဖြစ်၍ ကင်္ခါ၌ မီးဖုတ်အကြိမ်ကို မပြတော့ဘဲ “သမဏ သာရုပ္ပေန-ရဟန်းတို့အား လျောက်ပတ်သောအားဖြင့်။ ပက္ကံ-ကျက်ပြီးသော”ဟု မိန့်သည်။ ဤကင်္ခါမိန့်ချက်အရ “ညိုမှောင်သော အဆင်းအရောင် ရှိလျှင် သပိတ်အရာဝင်ပြီ၊ အဓိဋ္ဌာန်ဝိကပ္ပနာပြုနိုင်ပြီဟုမှတ်။ [ယခုကာလ သားရိုးကိုင်ထားသော သပိတ်များ၌ကား သားရိုးအတွင်းက အရောင်သည် ညိုမှောင်ခြင်း မရှိသောကြောင့် အချို့ ဝိနည်းဓိုရ်များသည် ကိုယ်တိုင် မီးဖုတ်ပြီးမှ သားရိုးကိုင်စေပြီးလျှင် အဓိဋ္ဌာန်တင်၍ သုံးစွဲကြသည်။
အဓိဋ္ဌာန်တင်ပုံ။ ။
ပစ္စုဒ္ဓိုရ်ပြုပုံ။
အဓိဋ္ဌာန် ကျကြောင်း ၉-ပါး။ ။
နိဿဂ္ဂိသပိတ်ကိုစွန့်ပုံ။ ။ ဘာသာဋီကာမှာယူ။
ခ။ ဦနပဉ္စဗန္ဓနသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—အလိုက်မသိဘဲ သပိတ်တောင်းမှု။
အလိုက်မသိခြင်း။ ။ ကပိလဝတ်မြို့၌ အိုးထိမ်းသည် (အိုးသည်) တစ်ယောက်သည် ရဟန်းတို့အား သပိတ်အလိုရှိလျှင် တောင်းဖို့ရန်
စာမျက်နှာ-၁၀၇
ဖိတ်မံထား၏၊ ရဟန်းတို့သည်အတိုင်းအရှည် မသိကြဘဲ (အလိုက်မသိဘဲ) များစွာသော သပိတ်တို့ကို တောင်းကြလေသည်၊ ထိုအိုးထိမ်းသည်မှာ သပိတ်ကိုချည်း လုပ်ပေးရသောကြောင့် ရောင်းဖို့ ဘဏ္ဍာကို မလုပ်အားတော့ချေ၊ စားရေးသောက်ရေး မမျှတ မချောင်လည်အောင် ဖြစ်ရရှာ၏၊ သားမယားများလည်း ပင်ပန်းကြလေသည်။ ထိုအကြောင်းကို အခြားလူများသိ၍ “ရဟန်းတွေ့နှယ် အလိုက်မသိ ပမာဏကိုမသိဘဲ သပိတ်များစွာကို တောင်းဘဲ တောင်းနိုင်လွန်းတယ်”ဟု .ခဲ့သည်ကို ကြားတော်မူသောကြောင့် “န ဘိက္ခဝေ ပတ္တော ဝိညာပေတဗ္ဗာ၊ ယော ဝိညာပေယျ, အာပတ္တိ-ဒုက္ကဋဿ = ရဟန်းတို့ သပိတ်ကို မတောင်းရ၊ အကြင်ရဟန်း တောင်း၏, ထိုရဟန်း ဒုက္ကဋ် အာပတ်သင့်စေ”ဟု ပညတ်တော်မူရလေသည်။
သပိတ်တောင်းခွင့် ပြုတော်မူရပုံ။ ။ ထိုသို့ ပညတ်တော်မူပြီးနောက် ရဟန်းတစ်ပါးမှာ သပိတ် ကွဲသွားသော်လည်း တောင်းဖို့ရာ အပ်မည်-မအပ်မည်ကို မဆုံးဖြတ်နိုင်ဘဲ ယုံမှားသံသယ ဖြစ်နေသောကြောင့် မတောင်းတော့မူ၍ လက်ဖြင့် ဆွမ်းခံလှည့်လေသည်၊ ထိုအခါလူတို့က “ရဟန်းတော်များသည် လက်ဖြင့် ဆွမ်းခံရသလား, တိတ္ထိတွေလို ဖြစ်နေပြီ”ဟု ကဲ့ရဲ့ ကြပြန်သဖြင့် ပျောက်သောသပိတ် ရှိသောရဟန်း, ကွဲသောသပိတ်ရှိသော ရဟန်းအား သပိတ်တောင်းခြင်းငှါ ခွင့်ပြုတော်မူပြန်သည်။
သိက္ခာပုဒ် ပညတ်တော်မူရပုံ။ ။ ထိုသို့ခွင့်ပြုတော်မူပြန်သည့်အခါ ဆဗ္ဗဂ္ဂိယရဟန်းတို့သည် မဖြစ်စလောက် အက်ကြောင်းရာကလေး ထင်ရုံမျှဖြင့် တချို့လည်း အနည်းငယ် ပဲ့ရုံမျှဖြင့် တချို့လည်း ခြစ်ရာ ကလေးထင်ရုံမျှဖြင့် (သပိတ်ကွဲပြီဟု ယူဆ၍) သပိတ်သစ်ကို တောင်းကြလေသည်၊ ရှေးကကဲ့သို့ပင် ဖိတ်ထားသော အိုးထိမ်းသည်မှာ လက်မအား အောင် အလုပ်များ၍ ဆင်းရဲပင်ပန်း သွားပြန်လေသည်၊ ထိုအခါ အခြား လူတို့က ကဲ့ရဲ့ကြပြန်သည်ကို ဘုရားရှင်ကြားတော်မူ၍ ယခုတွေ့ရသော သိက္ခာပုဒ်ကို အပြည့်အစုံ ပညတ်တော်မူရလေသည်။ ဤသိက္ခာပုဒ်၌ “ဗန္ဓန”ဟူသည် အက်ကြောင်းရာ၏ ၂ ဘက်၌ စူးငယ်ဖြင့်ဖေါက်၍ ရိုးရိုး အပ်ခြည်ကြိုးဖြင့်ဖြစ်စေ သင်ပေါင်းလျော်ကြိုး-သံနန်းကြိုးသေးသေးစသည်ဖြင့် ဖြစ်စေ တုပ်၍ ဖွဲ့၍ ခြည်ထားခြင်းကို “ဗန္ဓန”ဟု ခေါ်၏၊ ၂ လက်မလောက် ရှည်နေသော နေရာတစ်ခုလျှင် တဖွဲ့ကျ တုပ်နိုင်၏၊ ထိုကဲ့သို့ အတုပ်အဖွဲ့မျိုး ၅ ခုမပြည့်သေးသော သပိတ်ကို “ဦနပဉ္စဗန္ဓနပတ္တ”ဟုခေါ်သည်။
စာမျက်နှာ-၁၀၈
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဦနပဉ္စဗန္ဓနေန ပတ္တေန အညံ နဝံ ပတ္တံ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။ တေန ဘိက္ခုနာ သော ပတ္တော ဘိက္ခုပရိသာယ နိဿဇ္ဇိတဗ္ဗော, ယော စ တဿာ ဘိက္ခုပရိသာယ ပတ္တပရိယန္တော, သော တဿ ဘိက္ခုနော ပဒါတဗ္ဗော “အယံ တေ ဘိက္ခု ပတ္တော ယာဝ ဘေဒနာယ ဓာရေတဗ္ဗော”တိ, အယံ တတ္ထ သာမီစိ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် (သပိတ်က ၅ ဖွဲ့မပြည့်သေးဘဲလျက်) သပိတ်သစ်ကို တောင်းအံ့၊ ထိုသပိတ်သည် နိဿဂ္ဂိထိုက်၍ ထိုရဟန်းမှာ ပါစိတ်အာပတ်သင့်၏၊ ထိုရဟန်းသည် ထိုသပိတ်ကို ရဟန်းပရိသတ်၌ စွန့်ရမည် (အခြားနိဿဂ္ဂိပစ္စည်း စွန့်ပုံကဲ့သို့ တစ်ပါးလည်း အထံစွန့်၍မဖြစ်၊ အခြားရဟန်းများကလည်း စည်းဝေးရာ အရပ်သို့ မိမိ၏ အဓိဋ္ဌာန်တင်လျက်, သို့မဟုတ် ဝိကပ္ပနာပြုလျက် သုံးစွဲနေသော)သပိတ်ကို ကိုယ်စီကိုယ်င ယူ၍ ကြွလာကြရမည်၊ ထိုအခါ ထိုသပိတ်ကို အခြားရဟန်းများ ယူအောင် တိုက်တွန်းဖို့ရာ ရိုးသားသော ရဟန်းတစ်ပါးကို “ပတ္တဂ္ဂါဟကသမ္မုတိ”ပေးရသည်၊ ထိုသမ္မုတိ ရသောရဟန်းက ထိုစွန့်ထားသော သပိတ်၏ ကောင်းမွန်ကြောင်းကို လျှောက်ထား၍ အကြီးဆုံးထေရ်အား ယူဖို့ရန် တိုက်တွန်းရသည်၊ ထေရ်ကြီးက ထိုသပိတ်ကို ယူလျှင် ထေရ်ကြီးသပိတ်ကို ဒုတိယထေရ်အား ယူစေရသည်၊ ထေရ်ကြီးစသူက ကိုယ့်သပိတ် ကိုယ်ကျေနပ် နေ၍ မယူကြလျှင် ထိုသပိတ်ကို တတိယ စတုတ္ထစသော ထေရ်များကို ယူအောင်တိုက်တွန်းရသည်၊ ဤနည်းအားဖြင့် အားလုံး ပုဂ္ဂိုလ်များ မလိုချင်၍ ကျန်နေသော သပိတ်ကို “ပတ္တပရိယန္တ အစွန်ဆုံးသပိတ်” ဟုခေါ်၏၊ ထိုအစွန်ဆုံး သပိတ်ကို ထိုရဟန်းအား “ကွဲသည့်တိုင်အောင် ဤသပိတ်ကို ဆောင်ထားရမည်” ဟု ပြော၍ ပေးရသည်၊ ဤကား ၅ ဖွဲ့မပြည့်သေးဘဲ သပိတ်သစ်ကို တောင်းရာ၌ ကျင့်ရသောကျင့်ဝတ်တည်း။
ခုဒ္ဒသိက္ခာလာ
သပိတ်နှင့်စပ်၍ မှတ်ဖွယ်များ
ပတ္တံ နပတိသာမေယျ, သောဒကံ နစဩတပေ၊ ဥဏှေ နနိဒဟေ ဘူ, နထပေ နောစလဂ္ဂယေ။
စာမျက်နှာ-၁၀၉
သောဒကံပတ္တံ-ရေမစင်သောသပိတ်ကို၊ နပတိသာမေယျ-သိမ်း၍လည်း မထားရ၊ နစဩတပေ-နေလည်းမလှမ်းရ၊ ဥဏှေ-နေပူ၌၊ နနိဒဟေ-ကြာမြင့်စွာ မထားရ၊ ဘူမျံ-ကြမ်းသောမြေပေါ်၌၊ နထပေ-အခင်းမပါ သပိတ်ခြေ မပါဘဲ မထားရ၊ နောစလဂ္ဂယေ-ဆင်စွယ်ကောက် စသည်တို့၌ ချိတ်၍ မထားရ။
[ဆွမ်းစားပြီးလျှင် သပိတ်ကိုစင်ကြယ်စွာဆေး, ရေစင်အောင် သုတ်ပြီးမှ ဟင်းနံ့ မပျောက်အောင် ခေတ္တနေလှမ်း, ကြာရှည်စွာ နေပူမှာမထားရ၊ နေလှမ်းပြီးနောက် ရုပ်သိမ်း၍ အခင်းမပါ သပိတ်ခြေမပါသော မြေပေါ်မှာ မထားဘဲ နံရံကောက်စသည်၌လည်း မချိတ်ဘဲ သပိတ်ခြေပေါ်မှာဖြစ်စေ, အခင်းရှိသော မြေပေါ်မှာဖြစ်စေ, သပိတ်မပျက်စီးလောက်သော မြေပေါ်မှာ ဖြစ်စေထားရမည်၊ သပိတ်ဖုံးဖြင့် ဖုံးထားလျင် အနံ့မကောင်းသောကြောင့် သပိတ်ဖုံးကိုလည်း ဖွင့်ထားသင့်သည်။]
မိဍ္ဎန္တေ ပရိဘဏ္ဍန္တေ, အင်္ကေဝါ အာတပတ္တကေ၊ ပါဒေသု မဉ္စ ပီဌေဝါ, ထပေတုံ နစကပ္ပတိ၊
မိဍ္ဎန္တေ-အတွင်းအကြည်စွန်း၌၎င်း၊ ပရိဘဏ္ဍန္တေ-အပြင်ဘက်အကြည်စွန်း ၌၎င်း၊ အင်္ကေဝါ-တင်ပလ္လင်, ရင်ခွင်၌၎င်း၊ အာတပတ္တကေ-ထီးပေါ်၌၎င်း၊ ပါဒေသုဝါ-ခြေတို့၌၎င်း၊ မဉ္စပီဌေဝါ-ညောင်စောင်း အင်းပျဉ် (ခုတင်-ကုလားထိုင်)ပေါ်၌၎င်း၊ ထပေတုံ-ထားခြင်းငှါ၊ နစကပ္ပတိ-မအပ်။
[ရှေးက နံရံအခြေခိုင်အောင် သို့မဟုတ် ထိုင်ရအောင် နံရံ၏အတွင်းအပြင်၌ မြေခုံအပိုရှိတတ်၏။ ၎င်းမြေခုံကို “အကြည်”ဟုခေါ်၏၊ ထိုအကြည်၌ သပိတ်ထားလျှင် လိမ့်ကျမည်စိုး၍ မထားရ-ဟုတားမြစ်သည်၊ ယခုကာလ အုဌ်တိုက် အစွန်းများလည်း အကြည်သဘောပင်ဖြစ်၍ မထားရ၊ အကြည်က တတောင်လောက် ကျယ်နေလျှင် ထားကောင်း၏၊ သပိတ်ခြေပါလျှင်လည်း ထိုအကြည်မှာ ထားကောင်း၏-ဟု ဋီကာဆိုသည်။]
နီဟရေယျ ဥစ္ဆိဋ္ဌော-ဒကဉ္စ စလကဋ္ဌိကံ၊
ပတ္တေန ပတ္တဟတ္ထောဝါ, ကဝါဋံ နပဏာမယေ။
ဥဋ္ဌောဒကံ-လုပ်ဆေးရေကို၎င်း၊ စလဋ္ဌိကံ-စုပ်၍ ပြစ်အပ်သော ဟင်းဖတ်နှင့် အရိုးကို၎င်း၊ နနီဟရေယျ-သပိတ်၌ ထည့်၍ မထုတ်ဆောင်ရ၊ [သပိတ်ထည်း၌ ထည့်၍ မစွန့်ပစ်ရဟူလို၊ သပိတ်ကို လက်ဆေးခံ လုပ်၍လည်း လက်မဆေးရ၊] ပတ္တေန-သပိတ်ဖြင့်၎င်း၊ ပတ္တဟတ္တောဝါ-လက်၌ သပိတ် ရှိလျက်၎င်း၊ ကဝါဋံ-တံခါးရွက်ကို၊ နပဏာမယေ-မတွန်းမဖွင့်ရ။
စာမျက်နှာ-၁၁၀
[လက်၌ သပိတ်ရှိခိုက်သာမဟုတ်, လက်မှာဖြစ်စေ ခြေဖမိုးပေါ်မှာဖြစ်စေ ကိုယ်၏အစိတ်အပိုင်းမှာ သပိတ်ရှိလျှင် တံခါးရွက်ကို မတွန်းရ မင်းတုပ်ကလန့်ကိုလည်း မဖြုတ်ရ၊ သို့ရာတွင် သပိတ်ကို အိတ်ဖြင့် ပခုံးစွန်း၌ လွယ်ထားခိုက် ဖြစ်လျှင်ကား ထိုအားလုံးကိုပင် ပြုကောင်း၏။ မပြုရဟု ဆိုသမျှ၌ ပြုလျှင် ရဟန်းမှာ ဒုက္ကဋ်, သာမဏေမှာ ဒဏ်။]
သပိတ်နှင့်စပ်၍ မှတ်သားထိုက်သော အပ်-မအပ်စားခွက်များ
ကပ္ပိယာ တာလကာ တိဿော, တမ္ဗာယော မတ္တိကာမယာ၊ ဒါရူသောဝဏ္ဏရဇတ-မဏိဝေဠုရိယာမယာ။
အကပ္ပါ ဖလိကော ကာစ-ကံသဇာ ဂိဟိသန္တကာ၊ သံဃိကာ ကပ္ပိယာ တုမ္ဗ-ဃဋိဇာ တာဝကာလိကာ။
တမ္ဗာယောမတ္တိကာမယာ-ကြေးနီ, သံ, မြေဖြင့် ပြုအပ်ကုန်သော၊ တိဿော-၃-မျိုးကုန်သော၊ ထာလကာ-စားခွက် သောက်ခွက်တို့သည်၊ ကပ္ပိယာ-အပ်ကုန်၏၊ ကြေးနီခွက်-မြေခွက်-သံခွက် ၃-မျိုးတို့သည် ရဟန်း သာမဏေတို့ကိုယ်ပိုင် (ပုဂ္ဂလိက) အဖြစ်ဖြင့် သုံးစွဲကောင်း၏၊ ၎င်းတို့၌ ထည့်၍ စားကောင်းသောက်ကောင်း၏။
ဒါရုသောဝဏ္ဏရဇတမဏိ ဝေဠုရိယာ မယာ-သစ်သားခွက်, ရွှေခွက်, ငွေခွက်, ပတ္တမြားခွက်, ကြောင်မျက်ရွဲခွက်တို့သည်၊ အကပ္ပါ-မအပ်ကုန်၊ [ရွှေခွက်စသည်တို့သည် ကိုင်ရုံ ထိရုံမျှမအပ်, သစ်သားခွက်ကား ထည့်၍သာ မစားမသောက်ကောင်းသည်၊ ကိုင်ရုံကား ကိုင်ကောင်းပါသေး၏၊ ယခု ကာလ ကွမ်းအစ်စသည်၌ ငွေထုံးဗူးစသည်တို့မှာ လူ ဥစ္စာပင်ဖြစ်စေကာမူ ကိုင်ရုံမျှ မကိုင်ကောင်းရကား အဘယ်မှာထည့်၍ စားကောင်းပါတော့ မည်နည်း၊ နှိးခွက် နှီးကွမ်းအစ်တို့ကိုပင် သစ်သားခွက်နှင့် အလားတူဟု သဘောထား၍ လဘက်ကွမ်းစသည် ထည့်စားမှုကို ရှောင်ကြဉ်ကြသည်။
ဖလိကောစ-ဖလ်ခွက်သည်၎င်း၊ ကာစကံသဇာ-ချက်ကျောက်ခွက်နှင့် စဉ့်ခွက်, ကြေးဖြူကြေးဝါခွက်တို့သည်၎င်း၊ ဂိဟိသန္တကာ-လူ့ ဥစ္စာဖြစ်ကုန်သော်၎င်း၊ သံဃိကာ-သံဃိကဖြစ်ကုန်သော်၎င်း၊ ကပ္ပိယာ-အပ်ကုန်၏၊ [ပါရာဇိကဏ် ကာယသံသဂ္ဂဋ္ဌကထာ၌ “ဇာတိဖလိက-ဖလ်စစ်
စာမျက်နှာ-၁၁၁
တွင်းထွက်ဖက်ကို ပတ္တမြားနှင့်အလားတူ မသုံးသပ်ကောင်း”ဟု ဆိုထား၏၊ ဤ၌ကား သုံးသပ်ကိုင်ကောင်းသေးသောကြောင့် “ဖလိက” အရ ဖလ်စစ်ခွက်မဟုတ်ရာ၊ သဲကိုချက်၍ ပြုလုပ်အပ်သော ယခုကာလ ဖန်ခွက်သာ ဖြစ်တန်ရာ၏၊ ထို့ပြင်-“ပစိတွာ ကတော ကာစမဏိ”ဟု ထိုအဋ္ဌကထာ ဆိုသောကြောင့်၎င်း၊ “ကာစော-သည်၊ ကဉ္စနသံသဂ္ဂါ-ရွှေနှင့်ပေါင်းမိခြင်းကြောင့်”ဟု စာဏကျနီတိဆိုသောကြောင့်လည်းကောင်း, ချက်ကျောက်ကို ကာစ၌ သွင်းယူလိုက်သည်၊ ဤစကားအရ-ချက်ဖန်ခွက် ချက်ကျောက်ခွက် စဉ့်ခွက် ကြေးဖြူ ကြေးဝါခွက်တို့မှာ ပုဂ္ဂလိကအဖြစ်ဖြင့် မသုံးစွဲအပ်, သံဃိက သို့မဟုတ် လူ့ ဥစ္စာဖြစ်မူ ထည့်စားကောင်း၏ဟုလည်းကောင်း, ယခုကာလ ကြေးဝါ ဇွန်းနှင့် ဖလ်ခွက် ဖလ်ချိုင့်စသည်တို့ ပုဂ္ဂလိက မအပ်ကြောင်းကိုလည်းကောင်း, သတိပြုပါ။]
တုမ္ဗဃရိဇာ-ဗူးရွက်, အိုးခွက်တို့သည်၊ တာဝကာလိကာ-တခဏမျှ ထည့်၍ စားသောက်ကောင်းကုန်၏၊ [သွားလေရာယူ၍ သပိတ်ကဲ့သို့ကား အမြဲမသုံးစွဲကောင်း, ခဏလောက် ထည့်စား၍ စွန့်ပစ်ထားခဲ့ရမည်-ဟူလို၊ ဖက်ရွက် သစ်ရွက်ဖြင့်လုပ်သော ဖက်ခွက်များလည်း ထို့အတူ တခဏမျှ ထည့်စားကောင်း၏ဟု ဋီကာတို့၌ ဆို၏။]
စဉ်းစားဖွယ်။ ။ “ထည့်၍ မစားကောင်း” ဟုဆိုခဲ့သော သစ်သားခွက်နှီးခွက် စသည်၌ အချို့က ယာမကာလိကဖြစ်သော ခဲဖွယ်ဘောဇဉ်ကိုသာ ထည့်၍ မစားမသောက်ကောင်း ယာမကာလိက အဖျော်ရည်စသည်ကိုကား စားသောက်ကောင်း၏ဟု ယူကြ၏။ ဝိနယကောသလ္လ၌ကား မည်သည့်ကာလိကမဆို ထည့်၍ မစားသောက်ကောင်းဟု ယူလို၏၊ စူဠဝါခုဒ္ဒကဝတ္ထု ခန္ဓကပါဠိတော်၌ သပိတ်အမျိုးမျိုးကို ပယ်ချက် နှင့်စပ်၍ အဋ္ဌကထာ၌ ခွက်အဖြစ်ဖြင့်အပ်-မအပ်ကို စိစစ်ထားသော အရာဖြစ်၏။ သပိတ်ခွက်ဟူသည်မှာ စားသောက်ဖွယ် အားလုံးကို (ယာမသတ္တာဟ ယာဝဇီဝိကမကျန်) ထည့်စားဘို့ရာဖြစ်၏။ သို့ဖြစ်၍ ထည့်၍မစားကောင်း”ဟု ဖယ်ရှားအပ်သော ခွက်များမည်သည့် ကာလိကကိုမျှ ထည့်၍ မစားခြင်းသာ သင့်လျော်ဖွယ် ရှိ၏။ ထို့ကြောင့် ဝိနည်းဓိုရ်ပုဂ္ဂိုလ်များသည် နှီးကွမ်းအစ်၌ ကွမ်းထည့်၍ မစားကြ, နှီးကွမ်းအစ်ဖြင့် ကပ်လျှင်လက်ပေါ် တဆင့်ပြောင်း၍ စားကြ၏၊ နှီးခွက်ဖြင့်လည်း အဖျော်ရည်စသည်ကို မသောက်ကြကုန်။
စာမျက်နှာ-၁၁၂
ဂ။ ဘေသဇ္ဇသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—ထောပတ်စသော ဆေးများကို ကြာရှည်စွာသိမ်းထားမှု။
အာရမ်စောင့် ခွင့်ပြုတော်မူပုံ။ ။ အရှင်ပိလိန္ဒဝစ္ဆသည် ရာဇဂြိုဟ်မြို့၌ လိုဏ်ဂူပြုလုပ်ရာဝယ် တောင်ဝှမ်းကို (ရဟန်းအများအား) ရှင်းလင်းစေစဉ်, ဗိမ္ဗိသာရ မဟာရာဇာ ရောက်လာခိုက်နှင့် ကြုံကြိုက်၍ ရဟန်းအများ ကြိုးကြိုးစားစား ရှင်းလင်းနေသည်ကို မြင်ရသောကြောင့် “အာရာမ်စောင့် (ကပ္ပိယ) အလိုရှိပါသလား”ဟု အရှင်ပိလိန္ဒအား လျှောက်လေသော်, “မဟာရာဇာ...အာရာမ်စောင့်ကို ဘုရားရှင်ခွင့်ပြုတော် မမူသေး”ဟု မိန့်တော်မူလျှင်, ဘုရားရှင်ထံလျှောက်၍ ဒါယကာအား အကြောင်းကြားပါ-ဟု လျှောက်သွားလေသည်၊ ထို့နောက် သာဝတ္ထိမြို့သို့ တမန်စေလွှတ်၍ “ဗိမ္ဗိသာရ မဟာရာဇာသည် အာရာမ်စောင့်ကို လှူလိုပါကြောင်း”ဘုရားရှင်အား လျှောက်လေရာ, မြတ်စွာဘုရားသည် “အာရာမ်စောင့်ကို ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူလေသည်။
အာရာမ်စောင့် ငါးရာလှူရပုံ။ ။ မဟာရာဇာသည် အရှင်ပိလိန္ဒထံ အာရာမ်စောင့်လှူပါမည်ဟု ဝန်ခံပြီးနောက် မေ့နေရာ အတော်ကြီးကြာမှ သတိရသဖြင့် အမတ်ကြီးကို “အာရာမ်စောင့် လှူပြီး ပြီလား” ဟု မေး၍ မလှူရသေးကြောင်းသိလျှင် ဝန်ခံခဲ့သည်မှစ၍ ရက်တို့ကို ရေတွက်စေရာ ရက်ပေါင်းငါးရာ လွန်လာသောကြောင့် ထိုရက်နှင့် အရေအတွက်ညီမျှအောင် အာရာမ်စောင့်ငါးရာကို လှူစေလေသည်၊ ထိုသူတို့ဖြင့်ပင် သီခြားရွာတစ်ရွာတည်ရ၏။ ထိုရွာကို “အာရာဓိကရွာ” ဟုလည်းကောင်း, ပိလိန္ဒဝစ္ဆရာ”ဟု၎င်းခေါ်ကြသည်။
တန်ခိုးပြရပုံ။ ။ ထိုရွာ၌ ပွဲလမ်းသဘင်ရှိ၍ မိန်းကလေးတို့သည် ဝတ်စား တန်ဆာ ဆင်ပြင်ကာဖြင့် လွန်စွာပျော်ရွှင် ကြလေ၏၊ သတို့သ္မီးကလေး တစ်ယောက်ကား ဆင်းရဲနွမ်းပါလှသဖြင့် တန်ဆာမရှိ၍ ငိုနေလေသည်၊ အရှင်ပိလိန္ဒဝစ္ဆသည် ဆွမ်းခံကြွတော်မူစဉ် တွေ့မြင်ရ၍ မြက်ခွေတစ်ခုကို ဓိဋ္ဌာန်ပြီးလျှင် “ရော့....ဒီမြက်ခွေကို သူ၏ဦးခေါင်း၌ စွပ်လိုက်”ဟု ကလေးမ၏ မိခင်ဖြစ်သူ အာရာမ်စောင့်မိန်းမကို ပေးလေသည်၊ အာရာမ်စောင့်မိန်းမသည် သူ့ သ္မီး၏ ဦးခေါင်းပေါ်ကို စွပ်လိုက်ရာ ပဒုမ္မာ ရွှေကြာပန်းဖြစ်သွား၍ အလွန်ရှုချင်ဖွယ် တင့်တယ်လေသည်။
စာမျက်နှာ-၁၁၃
မလိုသူတို့က “ဒီလောက်လှပသော ရွှေကြာပန်းသည် နန်းတော်၌ပင်မရှိနိုင်၊ ထိုဆင်းရဲသူမှာ ဘယ်နည်းနှင့် ရှိနိုင်မည်လဲ, ဧကန် ခိုးယူလာတာဖြစ်ပါလိမ့်မည်”ဟု ဘုရင့်ထံ သံတော်ဦးတင်ကြသောကြောင့် ထိုအိမ်သူ အိမ်သားတို့ကို ဖမ်းစေလေသည်၊ နောက်တစ်နေ့ ဆွမ်းခံကြွတော်မူလာသည့်အခါ ထိုအကြောင်းကို အရှင်ပိလိန္ဒဝစ္ဆ သိတော်မူ၍ နန်းတော်သို့ ကြွသွားပြီးလျှင် ဗိမ္ဗိသာရ မဟာရာဇာအား အကျိုးအကြောင်းကို မေး၍ ရွှေပန်းအတွက် ဖမ်းရကြောင်းကို သိတော်မူရကား “နန်းတော်ပြာသာဒ်ကို ရွှေပြာသာဒ် ဖြစ်စေ”ဟု ဓိဋ္ဌာန်လိုက်ရာ ရွှေနန်းတော်ကြီးကို မဟာရာဇာကိုယ်တိုင် မြင်ရလေသည်။ ထိုအခါကျမှ “အရှင်ဘုရားတန်ခိုးကြောင့် (အခိုက်အတန့်မျှ) ရွှေပန်းဖြစ်ရသည်ကို သိပါပြီ” ဟု လျှောက်၍ ထိုသူများကို လွှတ်စေရလေသည်။
ဆေးပစ္စည်းများကို သိမ်းဆည်းထားမှု။ ။ “အရှင်ပိလိန္ဒဝစ္ဆသည် မင်းပရိသတ်အလယ်၌ တန်ခိုး ပြတော်မူသတဲ့” ဟု လူအများ ကြားသိကြ၍ အလွန် ကြည်ညိုရကား “ထောပတ်, ဆီဦး, ဆီ, ပျားရည်, တင်လဲ”ဟူသော (ရောဂါရှိလျှင် နေ့လွှဲအခါ၌ သုံးဆောင်ကောင်း၍ ဆေးဟု အသိအမှတ်ပြုအပ်သော) ပစ္စည်းများကို လှူကြလေသည်၊ အရှင်ပိလိန္ဒဝစ္ဆကား ရတိုင်းရတိုင်းကို ရဟန်းပရိသတ်အား စွန့်လိုက်၏၊ သို့သော် အရှင်ပိလိန္ဒဝစ္ဆကို မှီကပ်၍နေသော ထိုပရိသတ်သည် လာဘ်လာဘကို များစွာ လိုလားသူများဖြစ်ရကား ရတိုင်းရတိုင်း အိုးကြီး အိုးငယ်ဖြင့် သိုလှောင် ထားရုံမက, ရေစစ်ပုဝါသပိတ်စသည်၌လည်း အပြည့်သိပ်၍ ပြူတင်းပေါက် စသည်၌ တို့လို့တွဲလဲ ဆွဲချိပ်ထားကြရကား (အစားအသောက် သိမ်းဆည်း မှုမရှိစဉ်က) ကြွက်မရှိသော ကျောင်းများသည် ကြွက်တို့ဖြင့် ရောပြွမ်းနေ တော့သတည်း။
စစ်ဆေးတော်မူခြင်း။ ။ ကျောင်းစဉ်လှည့်၍ အကြည့်အရှု လာကြသော လူတို့သည် သိုမှီး သိမ်းဆည်းထားသော ထိုအိုး-အိတ်တို့ကိုမြင်ကြ၍ “ရှင်ဘုရင်မှာ အတွင်းဂိုဒေါင် (ကျီ-ကျ)ရှိသကဲ့သို့ ရဟန်းတော်များမှာလဲ အတွင်း ကျီ-ကျရှိကြသည်” ဟု ခနိုးခနဲ့နှင့် ကဲ့ရဲ့ကြသည်ကို ပစ္စည်းမသိမ်း ဆည်းသော ရဟန်းတော်များကြား၍ ကဲ့ရဲ့ကြပြီးလျှင် ဘုရားရှင်အား လျှောက်ကြလေရာ, သံဃာစည်းဝေးစေတော်မူ၍ “ရဟန်းတို့... ပစ္စည်း ပေါများဖို့ရာ အားထုတ်ကြ (သိမ်းဆည်းကြ) သည်”ဟု ကြားတော်မူရသည်
စာမျက်နှာ-၁၁၄
မှာ မှန်သလော-ဟု စစ်ကြောတော်မူပြီးလျှင် “မှန်ပါကြောင်း”ဝန်ခံကြသဖြင့် များစွာ ရှုတ်ချတော်မူပြီးကာ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာနိ ခေါ ပန တာနိ ဂိလာနာနံ ဘိက္ခူနံ ပဋိသာယနီယာနိ ဘေသဇ္ဇာနိ, သေယျထိဒံ – သပ္ပိ နဝနီတံ တေလံ မဓု ဖာဏိတံ, တာနိ ပဋိဂ္ဂဟေတွာ သတ္တာဟပရမံ သန္နိဓိကာရကံ ပရိဘုဉ္ဇိတဗ္ဗာနိ, တံ အတိက္ကာမယတော နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ မကျန်းမမာသော ရဟန်းတို့သည် သာယာနိုင် သုံးဆောင် နိုင်ကုန်သော အကြင်ဆေးများရှိ၏၊ အဘယ်ဆေးများနည်း-ဟူမူ၊ ထောပတ်, ဆီဦး, ဆီ, ပျားရည်, တင်လဲ ဤငါးမျိုးတည်း၊ ထိုဆေးတို့ကို အကပ်ခံပြီးလျှင် အလွန်ဆုံး ၇-ရက်မျှ သိုမှီးသိမ်းဆည်း၍ သုံးစွဲနိုင် သုံးစွဲကောင်း၏၊ ၇-ရက်ထက် လွန်သွားလျှင်ကား ထိုဆေးများ နိဿဂ္ဂိထိုက်၍ ထိုရဟန်းလည်း ပါစိတ် အာပတ်သင့်သည်။
မှတ်ချက်။ ။ ဆီဦးကို “ထောပေး = မသကာ”ဟု ခေါ်ကြသေး၏။ “ဆီ”ဟူရာ၌ ဝက်ဆီစသော သားဆီ, ငါးကြီးဆီစသော ငါးဆီ, မုန်ညင်းဆီ, နှမ်းဆီ, ပဲဆီစသော ဆီအမျိုးမျိုးပါဝင်၏၊ သားငါးဆီများ၌ အသားဖတ် မပါအောင် စစ်ပြီးသား ဖြစ်စေရမည်၊ ငါးကြီးဆီ၌ မုယောစပါးမှုန့်စသည် ရောထားလျှင် ၇-ရက်မအပ်၊ ဆွမ်းခဲဖွယ်ကဲ့သို့ နံနက်ပိုင်း တရက်သာ အပ်၏။ “ဖေါဏိတ”ဟူရာ၌ ယခုကာလ ကြံမှဖြစ်သော ကြံရှည်-သကြား (အခြားပစ္စည်းမှ ဖြစ်သောသကြား) ကြံသကာစသည်နှင့် ထန်းပင် ပေပင် တို့မှဖြစ်သော ထန်းရည် ပေရည် ထန်းလျက် သကာ တင်လဲ (နယ်နု-ပွက်ရည်)စသည်တို့ ပါဝင်ကြသည်၊ အားနည်းသော ရောဂါရှိသူများသည် ထောပတ် ငါးကြီးဆီ စစ်စစ်များကို ည၌ သုံးစွဲကောင်း၏၊ ထိုကဲ့သို့ အကပ်ခံထားသော ထောပတ်စသည်ကို နောက်တရက်၌ ဆွမ်းစသော အာမိသနှင့်ရော၍ကား မစားကောင်း၊ ရောဂါရှိလျှင်ကား သူ့ချည်း သက်သက် ဆွမ်းစသည်နှင့်မရောဘဲ ခံတွင်း၌ ဆွမ်းစသော အာမိသများလည်း မရှိစေဘဲ နောက်ရက်များ၌ အချိန်မရွေး နေလွဲ-မလွဲ စားကောင်းသည်။
ဆက်ဦးအံ့—ဤသိက္ခာပုဒ်တော်ပညတ်ချက်အရ ထန်းလျက်ကြံသကာ (နယ်နု-ပွက်ရည် သကြားအမှုန့်အခဲ ချိုချဉ်)များသည် ယနေ့ အကပ်ခံ၍ နေလွှဲအခါ (ယနေ့အကပ်ခံပြီးနောက် ၇-ရက်အတွင်း နောက်နောက်
စာမျက်နှာ-၁၁၅
ရက်များ၏နေ့လွဲ-မလွဲအခါ) လေနာခြင်းစသော ရောဂါရှိ၍ သူနှင့်ဆေး ဖက်ဖြစ်မှ စားကောင်း၏ ယခုကာလ၌ကား ရဟန်းသာမဏေနှင့် ဥပုသ်သည်များ စားကောင်းသည်ထင်၍ စားလေ့ရှိကြ၏။ အမှန်အားဖြင့် မစားကောင်း၊ “အနုဇာနာမိ ဘိက္ခဝေ ဂိလာနဿ ဂုဠှံ, အဂိလာနဿ ဂုဠော ဒကံ = ဂိလာနအတွက် ထန်းလျက် ကြံသကာစသည် အခဲ အတုံး အမှုန့်ကိုလည်းကောင်း, ဂိလာနမဟုတ်သူအတွက် ဂုဠနှင့်ရောသောရေ (ထန်းရည်စသည်)ကိုလည်းကောင်း, ခွင့်ပြုတော်မူ၏”ဟူသော သိက္ခာပုဒ်တော်အရ ထန်းရည်ကြံရည် ဖျော်ရည်ဘိလပ်ရည်စသော အရည်များကိုကား ဆာလောင်မွတ်သိပ် ရောဂါမရှိသော်လည်း သောက်ကောင်း၏။” “ဆာလောင် မွတ်သိပ်မှသာ သောက်ကောင်း”ရကား ယခုကာလ၌ မွန်းလွဲခါစ ကပ်လှူကြသည်ကို အမှန်အားဖြင့် မသောက်ကောင်းဟုမှတ်။
ဃ။ ဝဿိကသာဋိက သိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ။
အမှု—မိုးလ မရောက်ခင် မိုးရေခံသင်္ကန်း ချုပ်ဆိုးဝတ်မှု။
ဝဿိကသာဋိက ခွင့်ပြုတော်မူရပုံ။ ။ အခါတစ်ပါး၌ သာဝတ္ထိမြို့ ဇေတဝန် ကျောင်းတော်ဝယ် (တိစီဝရိက် ဓုတင်ဆောင်ဖြစ်ကြ၍ သင်းပိုင် အပိုမရှိ ကြသော) ရဟန်းတော်တို့သည် လေးကျွန်းလုံးနှံ့အောင် သည်းထန်စွာရွာသော မိုးရေကို ရေသနုပ် (ရေလဲ) သင်္ကန်းမပါဘဲ ခံယူ (ချိုး)ကြလေသည်၊ ထိုအချိန်မှာပင် ဝိသာခါသည် ကျွန်မကို ဆွမ်းစားအပင့် ခိုင်းလိုက်ရာ ထိုမိုးရေချိုးနေကြသော ကိုယ်တော်တွေကို (အဝတ်မပါသောကြောင့်) တိတ္ထိတက္ကဒွန်းတွေ ထင်၍, ပြန်လှည့် သွားပြီးလျှင် “ကျောင်းတော်မှာ ရဟန်းတော်များ မရှိကြပါ, တက္ကဒွန်းတွေသာ မိုးရေခံနေကြပါသည်”ဟု ပြန်ပြောလေသည်၊ ထို့နောက် ဘုရားရှင်နှင့် တကွ ဆွမ်းဘုဉ်းပေးကြွလာ၍ ဆွမ်းဘုဉ်းပေးပြီးသောအခါ၊ ဝိသာခါသည် ကျွန်မ၏ အထင်မှားပုံကို လျှောက်ထား၍ ရဟန်းများအား မိုးရေခံ သင်္ကန်း လှူပါရစေ”ဟု ခွင့်တောင်းမှုကြောင့် “မိုးရေခံသင်္ကန်း”ဟု ခေါ်ရသော ဝဿိကသာဋိကာကို ခွင့်ပြုတော်မူရလေသည်၊ [ဝဿိကာ-မိုးအခါ၌ ဝတ်ရသော+သာဋိကာ-အဝတ်၊ ဝါ-သင်္ကန်း၊ မိုးရေခံ သင်္ကန်း၏ အလျားအနံ့ ပမာဏနှင့်တကွ သုံးစွဲနည်းကို သုဒ္ဓပါစိတ်ရတနဝဂ် ကျပြအံ့။
စာမျက်နှာ-၁၁၆
ဆဗ္ဗဂ္ဂီ ရဟန်းတို့ ဖြစ်ပုံ။ ။ မြတ်စွာဘုရားသည် ဝဿိကသာဋိကာကို ခွင့်ပြုတော် မူအပ်ပြီ-ဟု ယူဆကြ၍ မိုးလနှင့် အတော်ဝေးသော အချိန်ကပင် မိုးရေခံသင်္ကန်းကို ရှာ၍ ချုပ်ဆိုးကပ္ပဗိန္ဒုထိုးကြပြီးလျှင် ဝတ်ကြလေ၏၊ မိုးလရောက်၍ မိုးရွာချိန်၌ကား ထိုသင်္ကန်း ဆွေးမြည့်လာပြီ (စုတ်ပြတ်ပြီ) ဖြစ်၍ အဝတ်မပါဘဲ မိုးရေခံကြလေသည်၊ ထိုအကြောင်းကို အခြားရဟန်းတို့သည် ဘုရားရှင်အား လျှောက်ကြသဖြင့် ကဲ့ရဲ့တော်မူပြီးလျှင် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်၊ ဤသိက္ခာပုဒ်သည် မိုးရေခံသင်္ကန်းကို ရှာနိုင်ရာ အချိန် ကာလနှင့် ချုပ်ဆိုး ကပ္ပဗိန္ဒုထိုး၍ ဝတ်နိုင်ရာ အချိန်အခါကို ပြသော သိက္ခာပုဒ်ဖြစ်သည်။
သိက္ခာပုဒ်။ ။ “မာသော သေသော ဂိမှာန”န္တိ ဘိက္ခုနာ ဝဿိကသာဋိကစီဝရံ ပရိယေသိတဗ္ဗံ, “အဒ္ဓမာသော သေသော ဂိမှာန”န္တိ ကတွာ နိဝါသေတဗ္ဗံ။ ဩရေန စေ “မာသော သေသော ဂိမှာန”န္တိ ဝဿိကသာဋိကစီဝရံ ပရိယေသေယျ, ဩရေန“ဒ္ဓမာသော သေသော ဂိမှာန”န္တိ ကတွာ နိဝါသေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ မာသော သေသော ဂိမှာနန္တိ ဘိက္ခုနာ ဝဿိကသာဋိက စီဝရီ ပရိယေလိတဗ္ဗံ = နွေ ၄ လတွင် တလသာ ကျန်တော့၏-ဟု ဆိုထိုက်ရာ (မြန်မာအသုံးအနှုန်း အားဖြင့်) နယုန် လပြည့်ကျော် တရက်နေ့၌ (ထိုတရက်နေ့မှစ၍ နောက်မိုးလ ကုန်အောင် ကာလအတွင်း၌) ရဟန်းသည် မိုးရေခံသင်္ကန်းကို ရှာနိုင်၏, ရှာကောင်း၏၊ အဍ္ဎမာသော သေသော ဂိမှာနန္တိ ကတွာ နိဝါသေဗ္ဗံ = နွေလတို့တွင် ၁၅-ရက်သာ ကြွင်းကျန်တော့၏” ဟု ဆိုထိုက်ရာ ဝါဆိုလဆန်း ၁-ရက်၌ (ထိုရက်မှစ၍ နောက်မိုးလကုန်အောင် ကာလအတွင်း၌) ချုပ်မှု ဆိုးမှု ကပ္ပဗိန္ဒုထိုးမှုကို ပြု၍ ဝတ်နိုင်၏, ဝတ်ကောင်း၏၊ ဩရေနစေ၊ ပေ၊ နိဝါသေယျ = ထို့နောက်ဆုံး နွေ တလ၏ ဤဘက်၌ (နယုန်လပြည့်ကျော် မတိုင်မီ၌) မိုးရေခံသင်္ကန်း ရှာ၍ရသော်လည်းကောင်း, နွေလ၏နောက်ဆုံး ၁၅-ရက်၏ ဤမှာဘက်၌ (ဝါဆိုလဆန်း ၁-ရက်နေ့မတိုင်မီ၌) ချုပ်မှု ဆိုးမှု ကပ္ပဗိန္ဒုထိုးမှုကို
စာမျက်နှာ-၁၁၇
ပြု၍ဝတ်သော်လည်းကောင်း, ထိုသင်္ကန်း နိဿဂ္ဂိတိုက်၍ ပါစိတ်အာပတ်လည်းသင့်သည်။ [ထိုထက်အကျယ်ကို ပါတိမောက်ဘာသာဋီကာမှာရှု၊]
င။ စီဝရအစ္ဆိန္ဒနသိက္ခာပုဒ်
အမှုသည်—ရှင်ဥပနန္ဒ။
အမှု—ပေးပြီးသင်္ကန်းကို ပြန်၍လုယူမှု။
ရှင်ဥပနန္ဒ၏ စိတ်အကြံ။ ။ အရှင်ဥပနန္ဒသည် နောင်တော်၏ တပည့်တစ်ပါးကို “ငါ့ရှင်...လိုက်ခဲ့ပါ, ဇနပုဒ်သို့ ဒေသစာရီ လှည့် ကြစို့”ဟု ခေါ်၏။ “မလိုက်လိုပါ, တပည့်တော်မှာ သင်္ကန်း နည်းပါး နေပါသည်” ဟု ပြောလေသော် “လိုက်သာလိုက်ခဲ့ပါ, ငါက သင့်အား သင်္ကန်းပေးပါမည်”ဟုပြော၍ သင်္ကန်းပေးလေသည်၊ ထို့နောက် ထိုရဟန်းသည် “မြတ်စွာဘုရား ဇနပုဒ်သို့ ဒေသစာရီ ကြွတော်မူလိမ့်မည်”ဟု ကြား၍ ရှင်ဥပနန္ဒနှင့် မလိုက်ဘဲ မြတ်စွာဘုရားနှင့် လိုက်မည်”ဟု အကြံ ဖြစ်ပြန်၍, ရှင်ဥပနန္ဒက သွားကြစို့ဟု ခေါ်သောအခါ “ဘုရားနှင့်လိုက်တော့မည်”ဟု ပြောလေသည်၊ ရှင်ဥပနန္ဒသည် “သူနှင့်အတူလိုက်၍ သူ၏ သပိတ် သင်္ကန်း ဖိနပ်နေရာခင်းတို့ကို ယူဖေါ်ရလိမ့်မည်ဟု အထင်နှင့် သင်္ကန်းပေးခဲ့၏၊ ထို့ကြောင့် သူနှင့်အတူ မလိုက်တော့ဘူးဟု ပြောလိုက်လျှင်ပင် စိတ်ဆိုးလာ၍ သူပေးထားပြီးသော သင်္ကန်းကို (သူ့ဟာဟု သေဘာထားကာ အတင်းပြန်ယူလေတော့သည်၊ ထိုသို့ ပြန်၍ သင်္ကန်းလုယူမှုကြောင့် သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုဿ သာမံ စီဝရံ ဒတွာ ကုပိတော အနတ္တမနော အစ္ဆိန္ဒေယျ ဝါ အစ္ဆိန္ဒာပေယျ ဝါ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် အခြားရဟန်းအား သင်္ကန်းကို ကိုယ်တိုင်ပေးပြီးနောက်, စိတ်ဆိုးသည် မိမိ၏ ပင်ကိုယ်စိတ် မရှိသည် ဖြစ်၍ ကိုယ်တိုင်မူလည်း အတင်းယူအံ့၊ တစ်ယောက်ယောက်ကိုမူလည်း အတင်းအယူခိုင်းအံ့၊ ထိုရလာသော သင်္ကန်းသည် နိဿဂ္ဂိတိုက်၍ ထိုရဟန်းလည်း ပါစိတ်အာပတ်သင့်သည်။
စာမျက်နှာ-၁၁၈
စ။ သုတ္တဝိညတ္တိ သိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ။
အမှု—ချည်တို့ကို များစွာတောင်းမှု။
ချည်များစွာ တောင်းခြင်း။ ။ ဆဗ္ဗဂ္ဂိယ ရဟန်းတို့သည် သင်္ကန်းချုပ်ချိန် အခါကာလ၌ ချည်တို့ကို များစွာတောင်းကြလေ၏။ သင်္ကန်းချုပ်ပြီးသော်လည်း များစွာပိုနေသေး၏၊ ထိုအခါ အခြားချည်တို့ကို ထပ်မံတောင်း၍ ရက်ကန်းသ္မားတို့ကို သင်္ကန်းအရက် ခိုင်းရလျှင် ကောင်းမည်”ဟု ကြံ၍ ထိုအကြံအတိုင်း ထပ်မံတောင်း၍ အရက်ခိုင်းကြလေသည်၊ သင်္ကန်းရက်ပြီးနောက်လည်း ချည်များစွာ ပိုနေသေးရကား နောက်ထပ်ဖြည့်စွက်တောင်းယူ၍ ၂-ကြိမ်မြောက်လည်းကောင်း, ၃-ကြိမ်မြောက်လည်းကောင်း, အရက်ခိုင်းကြလေသည်။ ထိုအခါ လူတို့ကဲ့ရဲ့ကြသည်ကို ရဟန်းတော်များ ကြား၍ ဘုရားထံ လျှောက်ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်၊ ထို့ကြောင့် ဤသိက္ခာပုဒ်ကို ကိုယ်တိုင် ချည်ကိုတောင်း၍ ရက်ကန်းသွားတို့ကို ရက်စေမှုကြောင့် ပညတ်ရသော သိက္ခာပုဒ်ဟုမှတ်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သာမံ သုတ္တံ ဝိညာပေတွာ တန္တဝါယေဟိ စီဝရံ ဝါယာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ကိုယ်တိုင် ချည်ကို တောင်း၍ ရက်ကန်းသ္မားတို့ကို အရက်ခိုင်းအံ့၊ ထိုရဟန်းသည် နိဿဂ္ဂိယ ပါစိတ်အာ့ပတ်သင့်၏။
ဆ။ မဟာပေသကာရသိက္ခာပုဒ်
အမှုသည်—ရှင်ဥပနန္ဒ။
အမှု—မိမိတို့ ရည်မှန်းသော သင်္ကန်းကို ရည်မှန်းသော အဖိုးထက်ပို၍ ကုန်အောင်စီမံမှု။
ရှင်ဥပနန္ဒ၏ လောဘ။ ။ သာဝတ္ထိမြို့၌ ယောက်ျားတစ်ယောက်သည် အရပ်တစ်ပါးသို့ သွားခါနီးဝယ် သူ့ဇနီးကို “ချည်ကို ချိန်၍ ရက်ကန်း ရက်သူအား ပေးပြီးလျှင်, သင်္ကန်း-အရက်ခိုင်းထားပါ, ပြန်လာသောအခါ အရှင်ဥပနန္ဒအား သင်္ကန်းလှူမည်”ဟု မှာထားနေ၏၊ ထိုစကားကို ရဟန်းတစ်ပါး ဆွမ်းခံသွားစဉ်ကြားခဲ့၍ အရှင်ဥပနန္ဒအား
စာမျက်နှာ-၁၁၉
ပြောပြလေသည်။ ထိုရက်ကန်းရက်မည့် သူလည်း ရှင်ဥပနန္ဒ၏ ဒါယကာပင် ဖြစ်၏။ ထို့ကြောင့် ရှင်ဥပနန္ဒသည် ထိုရက်ကန်းသည်ထံသွား၍ “ဒါယကာ-ငါ့ကိုရည်မှန်း၍ ဤသင်္ကန်းကို ရက်စေခြင်းဖြစ်သည်၊ အလျားရှည်အောင်လည်း ပြုပါ အနံပြန့်အောင်လည်းပြုပါ, ပိတ်ပိတ်သဲသဲ ထူထဲအောင်လည်း ပြုပါ, ကောင်းစွာညီညီလည်း ရက်ပါ၊ စင်ပေါ်၌ ကောင်းစွာ ညီညီလည်း ဖြန့်ခင်းပါ, နယ်ဖြင့်လည်းကောင်းစွာ ကန်ပါ, ဘီးဖြင့်လည်းကောင်းစွာ ဖီးပါ”ဤသို့ ပြောလေသည်။
ထိုအခါ ရက်ကန်းသည်က ပြန်လျှောက်သည်မှာ-ချည်ကို ချိန်ပြီးမှ ပေးထားပါသည်။ အလျားရှည်အောင် အနံပြန့်အောင် ထူအောင်တော့ မတတ်နိုင်ပါ၊ ချည်ပို၍ မကုန်သော် ကောင်းစွာဖြန့်မှု စသည်ကိုသာ တတ်နိုင်ပါမည်၊ ဒကာ... ငါတိုက်တွန်း တောင်းပန်ပါရစေ (ငါပြောသလိုရက်ပါ-ဟု ဆိုလိုသည်)၊ ထိုချည်ဖြင့် ချို့တဲ့ခြင်း (လိုနေခြင်း) ဖြစ်လိမ့်မည် မဟုတ်ပါ၊ လိုနေလျှင် သူက ပြောပေးမလိုလို- လေသံပေးလေသည်၊) ထိုအခါ ထိုရက်ကန်းသည်သည် ထိုပထမယူဆောင်အပ်သော ချည်အားလုံးကို သုံး၍ (မလောက်သဖြင့်) ထိုမိန်းမထံ တောင်းလေရာ, ထိုမိန်းမက “ဒီချည်ဖြင့် ရက်ပါလို့ တိုင်းပြီးပေးထားသည် မဟုတ်ပါလား”ဟု ပြောလေသော်, အရှင်မပြောတာ မှန်ပါတယ်၊ သို့သော် ရှင်ဥပနန္ဒက “အလျားရှည်ရှည် အနံပြန့်ပြန့် ထူထူရက်ပါ”ဟု တိုက်တွန်းလာသောကြောင့် ချည်မလောက်ကြောင်း ပြောသဖြင့် ပထမချည်လောက်ပင် များအောင် ပေးရပြန်လေသည်။
အလှူရှင် ကဲ့ရဲ့ပုံ။ ။ ထို့နောက် “ထိုသင်္ကန်းလှူမည့် ဒါယကာသည် အရပ် တစ်ပါးမှ ပြန်လာပြီ”ဟုရှင်ဥပနန္ဒကြား၍ ဒါယကာထံသို့ သွားလေသော် ထိုဒါယကာသည် မိမိဇနီးကို “ထိုသင်္ကန်း ရက်ပြီးပြီလား”ဟု မေး၍ ရက်ပြီးသော ထိုသင်္ကန်းကို ဇနီးသည်က သူ၏ ခင်ပွန်းအားပေးပြီးလျှင် နောက်ထပ် ချည်ပေးရပုံနှင့်တကွ အကြောင်းစုံကို ပြောပြလေသည်၊ ထိုဒါယကာသည် ထိုသင်္ကန်းကို (စိတ်မကျေမနပ်နှင့်) လှူလိုက်ပြီးနောက် “ဤရဟန်းတွေဟာ အလွန်လောဘကြီးတယ်, ရောင့်ရဲတင်းတိမ်ခြင်း မရှိကြဘူး သူတို့အား သင်္ကန်းလှူဖို့ မလွယ်ဘူး၊ ရှင်ဥပနန္ဒဟာ ငါကလဲ ဖိတ်မထားဘဲနဲ့ ဘာကြောင့် ရက်ကန်းသ္မားထံ သွား၍ စီမံရသလဲ”ဟု ကဲ့ရဲ့လေသည်။
စာမျက်နှာ-၁၂၀
ထိုအကြောင်းကို ဘုရားရှင် ကြားသိတော်မူရ၍ ရှင်ဥပနန္ဒ ပညတ်တော်မူရပုံကို ထိုဒါယကာနှင့် ဆွေမျိုးတော်-မတော်မေးတော်မူပြီးလျှင် ဆွေမျိုး မတော်ကြောင်း လျှောက်သဖြင့် “ဉာတိ မဟုတ်သူ တစ်ယောက်သည် ဉာတိမဟုတ်သူ တစ်ယောက်၏ လျောက်ပတ် မလျောက်ပတ်ကိုလည်း မသိနိုင်, သူတို့မှာ ရှိ-မရှိကိုလည်း မသိနိုင်၊ သို့ပါလျက် သင်သည် ဘာကြောင့် “ရှေးကလည်း အလိုရှိသလို စီမံပါ” စသည်ဖြင့် အလျှောက်မခံရဘူးဘဲ ဆွေမျိုးမတော်သူ၏ (ခိုင်းထားသော)ရက်ကန်းသည်ထံ သွား၍ အပိုကုန်အောင် စီမံရသနည်း”ဟု ကဲ့ရဲ့ရှုတ်ချတော်မူပြီးလျှင် ဆွေမျိုးမတော်သူ၏ ရက်ကန်းသည်ထံသွား၍ အပိုကုန်အောင် သင်္ကန်းစီမံမှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်၊ [သိက္ခာပုဒ် မြန်မာပြန်ပုံမှာ ရှေ့ပိုင်း၌ ဝတ္ထုကြောင်းအတိုင်း ထင်ရှားပြီ၊]
သိက္ခာပုဒ်။ ။ ဘိက္ခုံ ပနေဝ ဥဒ္ဒိဿ အညာတကော ဂဟပတိ ဝါ ဂဟပတာနီ ဝါ တန္တဝါယေဟိ စီဝရံ ဝါယာပေယျ, တတြ စေ သော ဘိက္ခု ပုဗ္ဗေ အပ္ပဝါရိတော တန္တဝါယေ ဥပသင်္ကမိတွာ စီဝရေ ဝိကပ္ပံ အာပဇ္ဇေယျ “ဣဒံ ခေါ, အာဝုသော, စီဝရံ မံ ဥဒ္ဒိဿ ဝိယျတိ, အာယတဉ္စ ကရောထ, ဝိတ္ထတဉ္စ, အပ္ပိတဉ္စ, သုဝီတဉ္စ, သုပ္ပဝါယိတဉ္စ, သုဝိလေခိတဉ္စ, သုဝိတစ္ဆိတဉ္စ ကရောထ, အပ္ပေဝ နာမ မယမ္ပိ အာယသ္မန္တာနံ ကိဉ္စိမတ္တံ အနုပဒဇ္ဇေယျာမာ”တိ။ ဧဝဉ္စ သော ဘိက္ခု ဝတွာ ကိဉ္စိမတ္တံ အနုပဒဇ္ဇေယျ အန္တမသော ပိဏ္ဍပါတမတ္တမ္ပိ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
အပ္ပဝနာမ၊ ပေ၊ ပိဏ္ဍပါတမတ္တမ္ပိ- “ငါတို့ကလည်း သင်ဒါယကာတို့အား တစ်စုံတစ်ခုတော့ ပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မည်” [ဤစကားကား ကောင်းကောင်းရက်အောင် ရက်ကန်းသ္မားကို ချော့မော့ ဖြားယောင်းသော စကားတည်း၊] ဤသို့ပြော၍ တစ်စုံတစ်ခုနဲနဲပါးပါး ဆွမ်းကလေးဖြစ်စေ ပေးအံ့၊ ထိုသင်္ကန်း နိဿဂ္ဂိထိုက်၍ ရဟန်းလည်း ပါစိတ်အာပတ် သင့်၏၊ [သူ၏ တစ်စုံတစ်ခု ပစ္စည်းကို ပေးခြင်းကြောင့်ဖြစ်စေ-အထူးကောင်းအောင် ရက်ရာ၌ အလျားရှည်-အနံပြန့်-ထူထူထဲထဲဖြစ်အောင် ရက်လျှင် ချည်ပို၍ ကုန်ဖွယ်ရှိ၏၊ ထိုချည် အပိုကုန်ခြင်းကြောင့် ထိုသင်္ကန်း နိဿဂ္ဂိထိုက်ရသည်၊ ဆွမ်းစသည်ကို ပေးမှုကြောင့် နိဿဂ္ဂိထိုက်ခြင်းမဟုတ်၊ ရှေ့သိက္ခာပုဒ်နှင့်
စာမျက်နှာ-၁၂၁
ဤသိက္ခာပုဒ်နှစ်မျိုးလုံးပင် ရက်ကန်းသည်နှင့် စပ်၍ ဖြစ်ရ၏၊ ပေသကာရ သဒ္ဒါသည် တန္တဝါယသဒ္ဒါကဲ့သို့ ရက်ကန်းရက်သူကို ဟော၏၊ ဤသိက္ခာပုဒ်ကား ရှေ့သိက္ခာပုဒ်ထက် ရှည်လျားကျယ်ဝန်း၏၊ ထို့ကြောင့် ဤသိက္ခာပုဒ်ကို “မဟာပေသကာရ = ရှည်လျားသော ရက်ကန်းသည် သိက္ခာပုဒ်”ဟု နာမည် မှည့်ကြလေသည်။
ဇ။ အစ္စေကစီဝရသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု— အစ္စေကသင်္ကန်းကို ကြာရှည်စွာထားမှု။
အစ္စေကသင်္ကန်း ခွင့်ပြုတော်မူရပုံ။ ။ သာဝတ္ထိမြို့၌ အမတ်ကြီးတစ်ယောက်သည်။ စစ်တပ်ရှိရာ (အရပ်တစ်ပါး)သို့ သွားခါနီးဝယ် ဝဿာဝါသိက သင်္ကန်းကို လှူဒါန်းလိုပါသည်ဟု မှာ၍ ရဟန်းများ အထံသို့ တမန်လွှတ်၍ အပင့်ခိုင်းလေသည်၊ ထိုအခါ ရဟန်းများသည် ဝါကျွတ်ပြီးသော ရဟန်းတို့အားသာ ဝဿာဝါသိက သင်္ကန်းကို ခွင့်ပြုတော်မူ၏၊ (ယခုဝါမကျွတ်သေး၍ အပ်မည်မထင်)”ဟု သံသယကုက္ကုစ္စဖြစ်ကြသောကြောင့် မသွားဘဲ နေကြလေသည်၊ ထိုအခါ အမတ်ကြီးသည် “ဘယ့်ကြောင့် အရှင်မြတ်တို့သည် ငါက ပင့်အပ်ပါကုန်လျက် မလာဘဲ နေကြရပါလိမ့်မည်နည်း၊ ယခုစစ်တပ်သို့ သွားရမည်ဖြစ်၍ ငါ၏အသက်ကို သိဖို့ (စိတ်ချဖို့)ခဲယဉ်းသည်”ဟု ကဲ့ရဲ့သောကြောင့် ဘုရားရှင်သည် အစ္စေက စီဝရကို ခံယူထားဖို့ရန် ခွင့်ပြုတော်မူရလေသည်။
မှတ်ချက်။ ။ ဝဿာဝါသိက သင်္ကန်းဟူသည် ဝါတွင်းကာလပတ်လုံး ဝါမကျိုးအောင် နေပြီးသော ရဟန်းများအား လှူအပ်သော သင်္ကန်းတည်း၊ ယခုကာလ၌ကား ဝါမဆိုခင် (ဝါဆိုသည့်အခါ ဝတ်ဖို့ရန်) ဝါဆို သင်္ကန်း လှူလေ့ရှိကြ၏။ ထိုဝါဆိုသင်္ကန်းသည် ဝဿာ ဝါသိကသင်္ကန်း မဟုတ်။
အစ္စေကသင်္ကန်း အရပ်တစ်ပါးသို့သွားခါနီးဖြစ်၍ အသက်ကို စိုးရိမ်ရသောကြောင့် ဖြစ်စေ, ကိုယ်ဝန်ရှိနေ၍ မကျန်းမမာဖြစ်နေ၍ အသက်စိုးရိမ် ရသောကြောင့်ဖြစ်စေ, အဆော့တလျင်(ရက်ကြာကြာ ဆိုင်းငံ့မနေလိုဘဲ အရေးတကြီး အလျင်အမြန်)လှူအပ်သောသင်္ကန်း, တရားနာရခြင်းစသည်ကြောင့် သဒ္ဓါတရားဖြစ်၍ အရေးတကြီး လှူအပ်သော သင်္ကန်းများတည်း၊ ထိုသို့ အရေးတကြီး လှူရာ၌လည်း “ဝဿာဝါသိကံ ဒဿာမိ =
စာမျက်နှာ-၁၂၂
ဝါလပတ်လုံးနေပြီးသော ရဟန်းအား လှူပါ၏” ဟု ဆို၍လှူမှသာ ဤသိက္ခာပုဒ်နှင့်ဆိုင်သော အစ္စေကသင်္ကန်းဖြစ်သည်၊ ထိုသို့ မဆိုဘဲ လှူရိုး လှူစဉ်အတိုင်း အရေးတကြီးလာ၍ “ဤသင်္ကန်းကို လှူပါ၏”ဟုဆိုလျှင် အစ္စေကသင်္ကန်းဟု ခေါ်နိုင်သော်လည်း ဤသိက္ခာပုဒ်နှင့်မဆိုင်။
[ဆောင်] ခရီးသွားမည်, ဂမ္ဘိနီနှင့်, မအီမကျန်း, သဒ္ဓါစွမ်းကြောင့်-ရဟန်းထံရင်း-ရုတ်ချင်းပင့်ကာ, လာတန်လာ၍, ဝဿာဝါသိ-ဒဿာမိဟု-ဆိုဘိလှူဒါန်း, ထိုသင်္ကန်း, ခေါ်မှန်းအစ္စေက။
အစ္စေကသင်္ကန်းကို ကြာမြင့်စွာထားမှု။ ။ “မြတ်စွာဘုရားသည် အစ္စေကသင်္ကန်းကို ခံယူ၍ ထားဖို့ရန် ခွင့်ပြုတော်မူအပ်ပြီ”ဟု ကြံကြ၍ အစ္စေကသင်္ကန်းကို ခံယူပြီးလျှင် သင်္ကန်းကာလ ကုန်လွန်သော်လည်း အဓိဋ္ဌာန် ဝိကပ္ပနာ မပြုကြဘဲ သင်္ကန်းတန်း၌ အထုပ်ဖြင့် ဆွဲထားကြသည်ကို အရှင်အာနန္ဒာမြင်တော်မူ၍ ကဲ့ရဲ့ပြီးလျှင် ဘုရားရှင်အား လျောက်သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်၊ “သင်္ကန်းကာလ” ဟူသည် ကထိန် အကျိုး(အာနိသင်) မရလျှင် သီတင်းကျွတ်လပြည့်မှ တန်ဆောင်မုန်းလပြည့် အထိ တလတည်း၊ ကထိန် အာနိသင်ရလျှင် တပေါင်းလပြည့် အထိ ၅လတည်း၊ ထိုလရက်အတွင်း၌ အဓိဋ္ဌာန်မတင် ဝိကပ္ပနာမပြုဘဲ သင်္ကန်း ထားနိုင်သောကြောင့် “သင်္ကန်းကာလ”ဟု ခေါ်သည်။ ၏
သိက္ခာပုဒ်။ ။ ဒသာဟာနာဂတံ ကတ္တိကတေမာသိကပုဏ္ဏမံ ဘိက္ခုနော ပနေဝ အစ္စေကစီဝရံ ဥပ္ပဇ္ဇေယျ, အစ္စေကံ မညမာနေန ဘိက္ခုနာ ပဋိဂ္ဂဟေတဗ္ဗံ, ပဋိဂ္ဂဟေတွာ ယာဝ စီဝရကာလသမယံ နိက္ခိပိတဗ္ဗံ။ တတော စေ ဥတ္တရိ နိက္ခိပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ သီတင်းကျွတ်လမပြည့်မှီ ၁၀ရက် လိုသေးသော အချိန် ကာလအတွင်း၌ (သီတင်းကျွတ်လဆန်း ၅-ရက်မှ လပြည့်အထိ ၁၁-ရက်အတွင်း၌) အစ္စေကသင်္ကန်းရသော ရဟန်းသည် အစ္စေကသင်္ကန်းဟု သိလျှင်ခံယူနိုင်၏၊ ခံယူပြီး၍ အဓိဋ္ဌာန် ဝိကပ္ပနာမပြုဘဲ သင်္ကန်းကာလကုန်အောင် ထားနိုင်၏၊ ထိုသင်္ကန်းကာလထက် လွန်၍ (အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲ)ထားလျှင် နိသဂ္ဂထိုက်၍ ပါစိတ်အာပတ် သင့်၏။ ထိုထက်လွန်၍ မှတ်ဖွယ်ကို ပါတိမောက် ဘာသာဋီကာမှာ ရှု။]
စာမျက်နှာ-၁၂၃
ဈ။ သာသင်္ကသိက္ခာပုဒ်
အမှုသည်—တောကျောင်းရဟန်းအများ။
အမှု—၆ညဉ့်ထက်ပို၍သင်္ကန်းနှင့်ကင်းနေမှု။
တောကျောင်း ဘုန်းကြီးများ အခိုးခံရပုံ။ ။ နဂိုကတောကျောင်း၌ နေလေ့ရှိကြသော ရဟန်းတော်တို့သည် သင်္ကန်းရှားပါးခြင်းကြောင့် သင်္ကန်းရဖို့ရန် ရွာကျောင်းသို့လာ၍ ဝါကပ်ကြလေ၏၊ [ရွာကျောင်း၌ ဝါကျွတ်လျှင် ဝဿာဝါသိက သင်္ကန်းရတတ်၏၊ ထိုသင်္ကန်းကို မျှော်လင့် ကြဟန်တူသည်၊ ဝါကျွတ်သည့်အခါ သင်္ကန်းရသဖြင့် တောကျောင်းသို့ ပြန်၍ နေမြဲနေကြပြန်လေသည်၊ [တချို့အရပ်၌ တန်ဆောင်မုန်းလဝယ် “ပန်းထိုး ကာလ”ဟု ခေါ်၍ အပျော်အပါး ခိုးတမ်းကစားတတ်ကြ၏၊ ရှေးအခါကမူ အပျော်အပါး မဟုတ်ဘဲ တကဲ့သူခိုးများပင် ထိုတန်ဆောင်မုန်းလ၌ ခိုးကြလေသည်၊ ထိုသူခိုးများကို “ကတ္တိကစောရ = တန်ဆောင်မုန်းလသူခိုး” ဟု ခေါ်၏၊] ထိုကတ္တိကစောရတို့သည် “ရဟန်းများမှာ လာဘ်ပေါများသည်” ဟု အယူရှိ၍ တောကျောင်းဘုန်းကြီးများကို လုယက်ခိုးယူကြသဖြင့် ဘုရားရှင်အား လျှောက်ကြလေရာ “တောကျောင်းနေ ရဟန်းများသည် သင်္ကန်း ၃ ထည်တွင် တထည်ထည်ကို ရွာထဲ၌ ထားခြင်းငှါ ခွင့်ပြုတော်မူရလေသည်၊ [ထိုခွင့်ပြုတော်မူချက်အရ တိစီဝရိက်အဓိဋ္ဌာန် တင်ထားအပ်သော သင်္ကန်း နှင့် ကင်းနေသော်လည်း ဒုတိယကထိန (ဥဒေါသိတ) သိက္ခာပုဒ်ကြောင့် အပြစ်မရှိ။]
၆ ညဉ့်ထက်လွန်၍ ကင်းနေမှု။ ။ ဤသို့ရွာတွင်း၌ ထားခွင့်ပြုတော်မူလျှင်ပင် အချို့ရဟန်းများသည် ၆ညဉ့်ထက်ကျော်အောင် ထားသောကြောင့် ထိုသင်္ကန်းတချို့ ပျက်စီးကုန်ရကား သင်္ကန်းခေါင်းပါး (ရှားပါး)ကြလေသည်၊ ထိုအကြောင်းကို အခြားရဟန်းများ သိ၍ “ရွာတွင်း၌ ထားပြီးလျှင် ၆ ညဉ့်ထက် ကျော်လွန်အောင် ထိုသင်္ကန်းနှင့် ကင်း၍ ဘာ့ကြောင့် နေကြရသလဲ”ဟု ကဲ့ရဲ့ပြီး၍ ဘုရားအား လျှောက်ကြလေရာ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ဥပဝဿံ ခေါ ပန ကတ္တိကပုဏ္ဏမံ ယာနိ ခေါ ပန တာနိ အာရညကာနိ သေနာသနာနိ သာသင်္ကသမ္မတာနိ သပ္ပဋိဘယာနိ, တထာရူပေသု ဘိက္ခု သေနာသ
စာမျက်နှာ-၁၂၄
နေသု ဝိဟရန္တော အာကင်္ခမာနော တိဏ္ဏံ စီဝရာနံ အညတရံ စီဝရံ အန္တရဃရေ နိက္ခိပေယျ, သိယာ စ တဿ ဘိက္ခုနော ကောစိဒေဝ ပစ္စယော တေန စီဝရေန ဝိပ္ပဝါသာယ, ဆာရတ္တပရမံ တေန ဘိက္ခုနာ တေန စီဝရေန ဝိပ္ပဝသိတဗ္ဗံ။ တတော စေ ဥတ္တရိ ဝိပ္ပဝသေယျ အညတြ ဘိက္ခုသမ္မုတိယာ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ မကြိုးမပြတ်အောင် ဝါကပ်ပြီး၍ (ဝါကျွတ်ပြီးနောက်) (သူခိုးဓားပြ ဘေးတို့ဖြင့်) ရွံရှာဖွယ် ရှိသည် ဘေးရန်ရှိသည်-ဟု သမုတ်အပ်သော တောကျောင်းတို့၌ တန်ဆောင်မုန်းလပြည့် တိုင်အောင် နေထိုင်လိုသော ရဟန်းသည် တိစီဝရိက် အဓိဋ္ဌာန်တင်ထားသော သင်္ကန်း ၃ ထည်တို့တွင် တထည်ထည်ကို (တဂါဝုတ်ထက် မဝေးသော) မိမိ၏ ဆွမ်းခံရွာ၌ ထားနိုင်၏, ထားကောင်း၏၊ ထိုသို့ ထားရုံမျှဖြင့်ကား နေ့တိုင်း ဆွမ်းခံရောက်မည်ဖြစ်၍ ထိုသင်္ကန်း အကြောင်းကို (ဘေးရန်ရှိ မရှိ)နေ့တိုင်း သိနိုင်သောကြောင့် ထိုသင်္ကန်းနှင့် အရုဏ် တက်ချိန်မှာ တလလုံးလုံး ကင်းနေသော်လည်း အပြစ် မရှိဟူလို၊] ထိုသို့ ထားရုံတွင်မကဘဲ ထိုသင်္ကန်းနှင့် ကင်းနေဖို့ရန် အကြောင်းတစ်စုံတရာ (နေ့တိုင်း မလာနိုင်လောက်အောင် တော်တော်ဝေးသော အရပ်သို့ သွားဖွယ်ကိစ္စစသည်)ရှိအံ့၊ ထိုရဟန်းသည် ထိုသင်္ကန်းနှင့် အလွန်ဆုံး ၆ ညဉ့်မျှ ကင်း၍ နေနိုင်သေး၏၊ ထိုညဉ့်ထက် ပို၍ကင်းနေလျှင်ကား (ဒုတိယကထိန သိက္ခာပုဒ်၌ ပြခဲ့သော) အဝိပ္ပဝါသသမ္မုတိရသူ ဂိလာနရဟန်းကို ကြဉ်၍ အခြား ရဟန်းတို့မှာ သင်္ကန်းလည်း နိဿဂ္ဂိထိုက်၍ ပါစိတ် အာပတ်လည်းသင့်သည်။
မှတ်ချက်။ ။ သီတင်းကျွတ်လပြည့်ကျော် တရက်နေ့မှ တန်ဆောင်မုန်းလပြည့် အထိသည် သင်္ကန်းကာလဖြစ်၏။ ထိုသင်္ကန်းကာလ၌ပင် သင်္ကန်းနှင့်ညဉ့် ကင်းနေခွင့်ကို တောကျောင်းဘုန်းကြီးများအတွက် သီးခြားခွင့်ပြုချက်ကို ထောက်၍ အခြားပုဂ္ဂိုလ်များမှာ ကထိန့်အာနိသင် မရလျှင် သင်္ကန်း ကာလဖြစ်စေကာမူ တိစီဝရိက် အဓိဋ္ဌာန်သင်္ကန်းနှင့် ညဉ့်မကင်းရ သိသာပြီ။။ ။
စာမျက်နှာ-၁၂၅
ဉ။ ပရိဏတသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—သံဃာလှူမည့်သင်္ကန်းကို မိမိတို့လှူစေမှု။
သံဃာညွှတ်ပြီးသားကို မိမိသို့ညွှတ်စေမှု။ ။ သာဝတ္ထိမြို့၌ အသင်းတသင်းသည် သံဃာအား ဆွမ်းကပ်ပြီးလျှင် သင်္ကန်းလှူမည်-ဟု သင်္ကန်းနှင့်တကွ ဆွမ်းကို စီမံထားလေသည်။ ထိုအချိန်မှာပင် ဆဗ္ဗဂ္ဂိယရဟန်းတို့ သွား၍ “သင်္ကန်းတွေကို ငါတို့အား လှူကြပါ”ဟု ပြောလေ၏၊ ဒါယကာများက “အရှင်တို့အား မလှူနိုင်, သံဃာအား နှစ်စဉ် လှူနေကြ ဖြစ်သည်”ဟု ပြောလေသော် “သံဃာမှာ လှူသူတွေ ပေါများပါတယ်, ငါတို့ မှာတော့ ဒါယကာတို့ကိုသာ အားကိုးနေရပါတယ်, ဒါယကာတို့ကမှ မလှူလျှင် ဘယ်သူက လှူမှာတုန်းဟု စကားဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ မလွှဲ မရှောင်သာသောကြောင့် သင်္ကန်းတွေကို လှူလိုက်ကြရသဖြင့် သံဃာတော်အား ဆွမ်းချည်းသာ ကပ်ရတော့သည်၊ ထိုအကြောင်းကို အခြားရဟန်းများ သိ၍ ဘုရားရှင်အား လျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဇာနံ သံဃိကံ လာဘံ ပရိဏတံ အတ္တနော ပရိဏာမေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် လာဘ်တစ်ခုခုကို သံဃာသို့ ညွတ်ပြီး (သံဃာကို လှူမည်ဟု ကိုယ်ဖြင့်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ ပြောဆိုကိုင်းညွတ်ပြီး)ဟု သိပါလျက် သံဃိကဖြစ်နေသော လာဘ်ကို မိမိသို့ ညွတ်စေလျှင် (မိမိသို့ ညွတ်လာအောင် သွေးဆောင်ပြောဆိုဖြားယောင်းလျှင်) ထိုပစ္စည်း နိဿဂ္ဂိတိုက်၍ ရဟန်းလည်း ပါစိတ်အာပတ်သင့်သည်။
မှတ်ချက်။ ။ သံဃာအား ညွှတ်ပြီးသော ပစ္စည်းလာဘ်ကို မယ်တော် ပစ္စည်းပင် ဖြစ်သော်လည်း မိမိအား မညွတ်စေကောင်း၊ ညွှတ်စေလျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။ သံဃိကလာဘ်ကို အခြားပုဂ္ဂိုလ်အား ညွှတ်စေရာ၌ ပါစိတ်အာပတ်သင့်ကြောင်းကို နောက်၌ ပြလိမ့်မည်၊ အခြားတိုက်သံဃာသို့ ညွှတ်ပြီး လာဘ်ကို အခြားတတိုက်သံဃာသို့ဖြစ်စေ စေတီသို့ဖြစ်စေ ညွှတ်စေလျှင်လည်းကောင်း, စေတီသို့ ညွှတ်ပြီး လာဘ်ကို အခြား စေတီနှင့် သံဃာသို့ ညွတ်စေလျှင်လည်းကောင်း, ပုဂ္ဂိုလ်တစ်ပါးသို့ ညွှတ်ပြီး လာဘ်ကို သံဃာစေတီနှင့်
စာမျက်နှာ-၁၂၆
အခြားပုဂ္ဂိုလ်သို့ ညွတ်စေလျှင်လည်းကောင်း, ဒုက္ကဋ်အာပတ်သင့်၏။ မည်သည့် နေရာ၌ လှူသင့်ပါသနည်း”ဟု တိုင်ပင်လာလျှင်ကား မိမိသဘောအတိုင်း ညွှန်ပြကောင်း၏။
[ဆောင်] သံဃာစေတီ, တလီလီဝယ်, ရည်ရွယ်ပိုင်းခြား, ညွှတ်ပြီးသားကို, အခြားသံဃာ-စေတီမှာပင်, ပြောင်းကာညွှတ်စေ၊ တထွေပုဂ္ဂိုလ်, ညွှတ်ပြီး ဆိုလည်း, ပုဂ္ဂိုတ်တခြား, သံဃာများနှင့်, ဘုရားစေတီ ညွှတ်စေမိသော်, သင့်၏ ဒုက္ကဋ်၊ တိုင်ပင်လတ်မူ, သင့်မြတ်တော်ရွာ ညွှန်ကောင်းပါသည်, ကျမ်းလာ မိန့်ခွန်းအချုပ်တည်း။
နိဿဂ္ဂိယပါစိတ်အခန်း ပြီး၏။
စာမျက်နှာ-၁၂၇
၅။ သုဒ္ဓပါစိတ်အခန်း
မုသာဝါဒဝဂ်
က။ မုသာဝါဒ သိက္ခာပုဒ်
အမှုသည်—ရှင်ဟတ္ထက။
အမှု— မုသားပြောမှု။
ဝါဒပြိုင်ခြင်း။ ။ သာကီဝင် မင်းသား ရှင်ဟတ္ထကသည် ဝါဒပြိုင်လေ့ရှိ၏၊ သူသည် တိတ္ထိတို့နှင့်အတူ စကားပြောသောအခါ “သူ၏ ဝါဒ၌ အပြစ်ရှိ၏”ဟု ထင်လျှင် မိမိဝါဒမဟုတ်”ဟု ပယ်၏။ ပြောရင်းပြောရင်း “အပြစ်မရှိ”ဟု ထင်ပြန်လျှင် “မိမိဝါဒ”ဟု ဝန်ခံပြန်၏။ ထို့အတူ ဝန်ပြီးမှလည်း ပယ်တတ်၏၊ အကြောင်းအမျိုးမျိုး ပြ၍လည်း မိမိစကားကို ဖုံးကွယ်တတ်၏ မုသားလည်း ပြောတတ်၏။ “မည်သည့်အရပ်၌ မည်သည့်အချိန် ဝါဒပြိုင်ကြစို့”ဟု ချိန်းချက်ပြီးလျှင် ထိုသတ်မှတ်ထားသော အချိန်၏ ရှေ့ကျကျ ဖြစ်စေ နောက်ကျမှဖြစ်စေ သွား၍ တိတ္ထိတို့ကို မတွေ့သည့်အခါ “ကြည့်ကြ, တိတ္ထိတွေ မလာကြဘူး, သူတို့ရှုံးပြီ” ဟု ပြောကာ အနိုင်ယူသွားတတ်၏၊ ထိုကြောင့် တိတ္ထိတို့က ကဲ့ရဲ့ကြလေသည်။ တိတ္ထိတို့ ကဲ့ရဲ့သည်ကို ရဟန်းများ ကြား၍ ရှင်ဟတ္ထကအား “ဒီလိုပြောသလား”ဟု မေးလျှင် “တိတ္ထိတို့ကို ဘယ်နည်းနှင့်မဆို နိုင်ရမယ်, သူတို့အား အနိုင်မပေးရဘူးဟု ပြောတတ်၏၊ ဤအကြောင်းကို ဘုရားရှင်အား လျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ သမ္ပဇာနမုသာဝါဒေ ပါစိတ္တိယံ။
မြန်မာပြန်။ ။ မိမိစကားကို (မိမိကိုယ်တိုင်က မဟုတ်မမှန်ဟု သိပါလျက်) မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းကြောင့် ပါစိတ် အာပတ် သင့်၏။
မှတ်ချက်။ ။ “မုသာ”ဟူရာ၌ လိမ်လည်ခြင်း, ညာဖြန်းခြင်း လှည့်စားခြင်းစသော မဟုတ်မမှန်မှု အားလုံးပါဝင်၏။ “ဝါဒ = ပြောခြင်း” ဟူရာ၌ လက်ပြ ခြေပြ ခေါင်းညိတ် ခေါင်းခါမှုနှင့် စာရေးသားမှု စသည်တို့ ပါဝင်၏။ [ဤပါစိတ်အာပတ်၌ ပစ္စည်း တစ်စုံတရာ စွန့်ရခြင်း ဟူသော “နိဿဂ္ဂိယ” မပါ၊ ထို့ကြောင့် “သုဒ္ဓပါစိတ်” ဟုခေါ်သည်၊ သုဒ္ဓ = နိဿဂ္ဂိယနှင့် မဖက် သက်သက်(သန့်သန့် = သတ်သတ်)။
စာမျက်နှာ-၁၂၈
ခ။ ဩမသဝါဒသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ဆဲရေးရှုံ့ချမှု။
ဆဲရေးရှုံ့ချမှု။ ။ ဆဗ္ဗဂ္ဂိယ ရဟန်းတို့သည် သီလကို မြတ်နိုးကြသော ရဟန်းကောင်းတို့နှင့် ငြင်းခုံကြစဉ် ထိုရဟန်းတော်တို့ကို အမျိုးဇာတ် ထိခိုက်၍ (ခတ္တိယ, ဗြဟ္မဏ, စဏ္ဍာလစသည်ဖြင့်ပုတ်ခတ်) ပြောဆို၏၊ နာမည်ကို ထိခိုက်၍လည်းကောင်း, အနွယ်ကိုထိခိုက်၍လည်းကောင်း, မျိုးရိုးအလိုက် လုပ်ကိုင်ခဲ့သော အလုပ်ကိုထိခိုက်၍လည်းကောင်း, အသက်မွေးဝမ်းကြောင်းဖြစ်သော အတတ်ကို ထိခိုက်၍လည်းကောင်း, အနာရောဂါကို ထိခိုက်၍လည်းကောင်း, အသွင်သဏ္ဌာန် ပုံဟန်ကို ထိိခုက်၍လည်းကောင်း, ရာဂကြီးသူစသည်ဖြင့် ကိလေသာကို ထိခိုက်၍လည်းကောင်း, သင့်နေသောအာပတ်ကို ထိခိုက်၍လည်းကောင်း, တစ်စုံတစ်ခုကို မထိခိုက်ဘဲ “နွားကြီးဘဲ, ခွေးဘဲ”ဟုလည်းကောင်း, ဤသို့စသည်ဖြင့် ဆဲရေးကြ ရှုတ်ချကြလေသည်။ ထိုအမှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ဩမသဝါဒေ ပါစိတ္တိယံ။
မြန်မာပြန်။ ။ နှုတ်တည်းဟူသော လှံဖြင့် ထိုးခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။
မှတ်ချက်။ ။ ပြခဲ့သော ဆဲနည်းဆယ်မျိုးကို အက္ကောသံ တ္တု (ဆဲခြင်း၏အကြောင်း) ဆယ်ပါးဟု ခေါ်၏၊ ထိုဆယ်မျိုးဖြင့် (အမျိုးဇာတ်စသည်ကို ထိခိုက်၍) ရဟန်းကို ဆဲလျှင် ဤသိက္ခာပုဒ်အရ ပါစိတ်၊ ဘိက္ခုနီ, သာမဏေ(ကိုရင်), လူများကိုဆဲလျှင် ဒုက္ကဋ်အာပတ်သင့်၏၊ ထိုသို့ ဆဲသောအခါ အဆဲခံရသူမှာ နားလည်းမခံသာ စိတ်နှလုံးလည်း မခံသာအောင် နာရကား လှံဖြင့် အထိုးခံရသကဲ့သို့ ဖြစ်သောကြောင့် ဆဲဆိုကြောင်း စကားလုံးကို လှံဟုလည်းကောင်း, ဆဲမှုကို လှံဖြင့် ထိုးခြင်းဟုလည်းကောင်း, တင်စား၍ “နှုတ်လှံထိုးခြင်း”ဟု ဆိုသည်။
ဆဲပုံနှင့်အာပတ်အမျိုးမျိုး။ ။ အဟုတ်စိတ်ဆိုး၍ ဒွန်းစဏ္ဍာ ဇာတ်ရှိသူကို “ဟဲ့ဒွန်းစဏ္ဍာ”ဟုလည်းကောင်း, မင်းဇာတ်ရှိသူကို “ဟဲ့မင်းမျိုးဟုလည်းကောင်း, ဆဲလို၍ ပြောလျှင် ပါစိတ်အာပတ်ပင်တည်း၊ ထိုအက္ကောသဝတ္ထုများဖြင့်ပင် တိုက်ရိုက်မဆဲဘဲ “ယခုကာလ၌ ဒွန်းစဏ္ဍာများ ရှိတယ်ဟေ့” စသည်ဖြင့် စောင်း၍ ပြောလျှင် ဒုက္ကဋ်အာပတ်, အက္ကောသဝတ္ထု ၁၁-ပါးမှ အလွတ် ဖြစ်သော “ဟဲ့သူခိုး” စသည်ဖြင့် ဆဲရာ၌လည်း ဒုက္ကဋ်ပင်၊ ထိုအက္ကောသ
စာမျက်နှာ-၁၂၉
ဝတ္ထုဖြင့်ပင် ရဟန်းဖြစ်စေ သာမဏေလူကိုဖြစ်စေ ပြောင်လှောင်လို၍ “ဟေ့ ခတ္တိယကြီး လာပြီကွ”စသည်ဖြင့် ပြောရာ၌ ဒုဗ္ဘာသိတာသင့်၏။
ဒုက္ကဋ်နှင့်, ဒုဗ္ဘာသိတ။ ။ ဒူ = မကောင်းသဖြင့် +ကတ ပြုအပ်သော အမှု” မကောင်းသဖြင့် ပြုအပ်သော ကိုယ်မှု နှုတ်မှုကို “ဒုက္ကဋ”ဟု ဆိုရသော်လည်း ဤနေရာ၌ မကောင်းသဖြင့် ပြောမှုကြောင့် သင့်ရောက်အပ်သော အာပတ်ကိုပါ (ကာရဏူပစာရအားဖြင့်) “ဒုက္ကဋ”ဟု ခေါ်ရသည်၊ ထို့အတူ မကောင်းသဖြင့် ပြောဆိုအပ်သော စကားကို “ဒုဗ္ဘာသိတ”ဟု ဆိုရသော်လည်း ထိုပြောမှုကြောင့် သင့်သောအာပတ်ကို ပါကာရဏူပစာရအားဖြင့် “ဒုဗ္ဘာသိတ”ဟု ခေါ်ရသည်၊ [ကာရဏ= အကြောင်း၏-ဥပစာရ-တင်စားအပ်သော နာမည်။]
ဂ။ ပေသုညသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ချောပစ် ကုန်းတိုက် (ရန်တိုက်)မှု။
ရန်တိုက်မှု။ ။ ဆဗ္ဗဂ္ဂိယရဟန်းတို့သည် မသင့်မတင့် ဖြစ်နေကြသော ရဟန်းတို့၏ အထံသို့ “ကိုယ်တော်ကို မည်သည့်ပုဂ္ဂိုလ်က စဏ္ဍာလမျိုးဟု ပြောနေတယ်” စသည်ဖြင့် ကုန်းတိုက်ကြ၏။ သူတို့၏ ကုန်းတိုက်မှုကြောင့် မဖြစ်သေးသော ခိုက်ရန်များလည်း ဖြစ်ကြ, ဖြစ်ပြီးသော ခိုက်ရန်များလည်း တိုးပွားလာကြ၏၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ဘိက္ခုပေသုညေ ပါစိတ္တိယံ။
မြန်မာပြန်။ ။ ရဟန်း၏ ကုန်းတိုက်မှုကြောင့် ပါစိတ် အာပတ် သင့်၏။
မှတ်ချက်။ ။ ဦးတိဿသည် ဦးဒတ္တ၏ ကွယ်ရာ၌ အက္ကောသဝတ္ထု ၁၀ ပါးတွင် တစ်ပါးပါးဖြင့် ဦးဒတ္တကိုဆဲ၏, ထိုဆဲသံကို ဦးဓမ္မကြား၍ (ဦးတိဿနှင့် ဦးဒတ္တကွဲအောင်) ဦးဒတ္တယံ သွားပြော၏၊ ဤသို့ ရဟန်းတစ်ပါးက ရဟန်းတစ်ပါးအား ဆဲရာ၌ ဆဲသံကိုကြားသော ရဟန်းက ကုန်းချောသောအားဖြင့် ဆောင်ပို့ခြင်းကို “ဘိက္ခုပေသုည”ဟု ခေါ်၏၊ [ဘိက္ခု = ရဟန်း၏ + ပေသုည = ကုန်းချောခြင်း, ကတုန်း ကတိုက် လုပ်ခြင်း။ ဘိက္ခုနီလူသာမဏေတို့ကို ကုန်းတိုက်လျှင် ဒုက္ကဋ်၊ ဤသို့ ကုန်းတိုက်ရာ၌
စာမျက်နှာ-၁၃၀
ကုန်းတိုက်တတ်သူမှာ ထိုသူ ၂ ဦးကို ကွဲစေလိုသော ရည်ရွယ်ချက်, မိမိကို ပြောဖော်ရပေသည်”ဟု ကျေးဇူးတင်ကာ ချစ်ခင်လာစေလို သော ရည်ရွယ်ချက် ၂-မျိုးတွင် တစ်မျိုးရှိတတ်သည်။
ဃ။ ပဒသောဓမ္မသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ပါဠိတော်ကို သံပြိုင်ဆို၍ စာချမှု။
သံပြိုင်ချပို့မှု။ ။ ဆဗ္ဗဂ္ဂိယရဟန်းတို့သည် ဥပါသကာတို့အား တရားကို သံပြိုင်ချပေးကြကုန်၏၊ ထိုကဲ့သို့ ဆရာနှင့်တပည့် သံပြိုင် ရွတ်ဆိုမှုသည် ဆရာ့အပေါ်၌ တပည့်က အရိုအသေပေါ့ဖွယ် ရှိ၏၊ ထိုကြောင့် ဥပါသကာတို့သည် ဆဂ္ဂိယရဟန်းတို့အပေါ်၌ မလေးစားကြကုန်၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယောပန ဘိက္ခု အနုပသမ္ပန္နံ ပဒသော ဓမ္မံ ဝါစေယျ၊ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် လူ-သို့မဟုတ် သာမဏေကို သံပြိုင် စာချအံ့၊ ထိုရဟန်းသည် ပါစိတ် အာပတ်သင့်၏၊ [ “ဓမ္မ”ဟူရာ၌ ပါဠိတော်နှင့် အဋ္ဌကထာများသာ ပါဝင်သည်၊ မြန်မာစာနိဿယ စသည်ကိုကား မတော်တဆ သံပြိုင် ရွတ်ဆို ပို့ချမိသော်လည်း အာပတ်မသင့်၊ ပါဠိအဋ္ဌကထာဖြစ်မူ သံပြိုင်မဖြစ်အောင် ချပါလျက် မတော်တဆ သံပြိုင်ဖြစ်သွားသော်လည်း အာပတ်ပင်။]
မှတ်ချက်။ ။ “ဝါစေယျ = ပို့ချအံ့”ဟု ဆိုသောကြောင့် သံပြိုင်စာချမှ အာပတ် သင့်ရကား စာချသော အရာမဟုတ်လျှင် အာပတ်မသင့်၊ ထို့ကြောင့် သာမဏေနှင့် ရဟန်း တွဲ၍ စာတက်ရာ၌လည်းကောင်း, တွဲ၍ စာပြန်ရာ၌လည်းကောင်း, သာမဏေ အထံ ရဟန်းက စာတက်ရာ၌လည်းကောင်း, သံပြိုင်ဆိုသော်လည်း အာပတ်မသင့်၊ သာမဏေ ကိုယ်တိုင်ရပြီးလျက် ကြောက်၍ မဆို ဝံ့သော (သို့မဟုတ် မကျေပြွန်သော) စာကို သံပြိုင် ထောက်ပေးရာ၌လည်း အာပတ်မသင့်။
စာမျက်နှာ-၁၃၁
င။ ပထမသဟသေယျသိက္ခာပုဒ်
အမှုသည်—ရဟန်းငယ်များ၊
အမှု—ဥပါသကာတို့နှင့် အတူအိပ်မှု။
လူတို့နှင့်အတူအိပ်မှု။ ။ အာဠဝီမြို့၌ ဥပါသကာတို့သည် ညဉ့် တရားနာဖို့ရန် လာကြ၏၊ တရားပြီးသော် ထေရ်ကြီးဖြစ်ကြသော ရဟန်း
တော်တို့သည် မိမိတို့ဆိုင်ရာကျောင်းသို့ ကြွတော်မူကြ၏၊ ရဟန်းကလေး များကား တရားဟောရာ ဓမ္မာရုံမှာပင် (သတိလွတ်ကင်း၍ ဉာဏ်အဆင်ခြင်လည်း မရှိကြဘဲ)-ဥပါသကာတို့နှင့်အတူ အိပ်ကြလေ၏၊ တချို့မှာ ကိုယ်၌ သင်းပိုင်မကပ်ကြ, တချို့ကား ယောင်ယမ်းပြောဆိုကြ၍ တချို့ ကမူ ဟောက် ကြလေသည်၊ နံနက်စောစော၌ ရှေးဦးစွာနိုးသော ဥပါသကာတို့သည် ထိုအခြင်းအရာကို မြင်၍ ကဲ့ရဲ့ကြသဖြင့် “ယော ပန ဘိက္ခု အနုပသမ္ပန္နေန သဟသေယျံ ကပ္ပေယျ”ဟု မူလပညတ်ကို ပညတ်တော်မူရလေသည်။
ရှင်ရာဟုလာ ဝစ္စကုဋိ၌အိပ်ရပုံ။ ။ ဘုရားရှင်သည် အာဠဝီမှ ကောသမ္ဗီသို့ ကြွတော်မူ၍ ဗဒရိကာရုံ ကျောင်းတိုက် (ဆီးတောတိုက်)၌ သီတင်း သုံးတော်မူစဉ် ရဟန်းတော်များသည် “ငါ့ရှင်ရာဟုလာ... လူသာမဏေနှင့်အတူ မအိပ်ရ-ဟု ဘုရားရှင် ပညတ်တော် မူထားသည်၊ အိပ်ဖို့နေရာ ရှာပါ” ဟု မိန့်တော်မူကြလေသည်၊ ကိုရင်ရာဟုလာသည် (ဘုရားအထံတော်သို့ ဖြစ်စေ, ဥပဇ္ဈာယ်ဆရာဖြစ်သော အရှင်သာရိပုတြာ အထံတော်သို့ ဖြစ်စေ သွား၍ နေရာတောင်းလျှင် ရလောက်သော်လည်း မသွားတော့ဘဲ) မြတ်စွာဘုရားအတွက် သီးခြားထားအပ်သော ဝစ္စကုဋိ၌ (ကျင်ကြီးအိမ်၌) အိပ်ရှာလေသည်၊ နံနက်စောစော၌ ဝစ္စကုဋိသို့ဘုရား ကြွလာတော်မူ၍ “အဟမ်းဟု ချောင်းဟန့်တော်မူရာ, ရှင်ရာဟုလာက လည်းပြန်၍ ချောင်းဟန့်သဖြင့် “ဘသူတုန်း”ဟုမေးတော်မူလျှင် တပည့်တော် ရာဟုလာပါဘုရား”ဟု လျှောက်၏၊ “ဘာ့ကြောင့် ဒီမှာနေရသလဲ” ဟု မေးတော်မူပြန်လျှင် ရဟန်းများနှင့်အတူ အိပ်ခွင့်မရ၍ နေရာမရှိသောကြောင့် ဝစ္စကုဋိမှာ အိပ်ရပါကြောင်း လျှောက်လေသည်၊ ဤသို့ တစ်ညဉ့်တလေမျှ အတူမအိပ်ရလျှင် သာမဏေများ ဒုက္ခရောက်ဖွယ် ရှိသောကြောင့် “ဥတ္တရိ ဒိရတ္တ တိရတ္တံ”ဟု ဖြည့်စွက်၍ အနုပညတ် ထပ်တော်မူရလေသည်။
စာမျက်နှာ-၁၃၂
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု အနုပသမ္ပန္နေန ဥတ္တရိဒိနတ္တတိရတ္တံ သာသေယျံ ကပ္ပေယျ၊ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် လူသာမဏေနှင့် အတူ ၂ ညဉ့် ၃ ညဉ့်ထက် ပို၍ အိပ်အံ့၊ ထိုရဟန်းသည် ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ၃ ညဉ့်အထိကား အတူတူ အိပ်ကောင်း၏။ “အတူအိပ်” ဟူရာ၌ အမိုးတူ အကာတူသော နေရာဝယ် အိပ်ခြင်းကို ဆိုလိုသည်၊ ထို့ကြောင့် ယခုကာလ မီးရထားနှင့် ရွက်ထည်ချထားသော သင်္ဘောများသည် အမိုး အကာတူနေရကား ရဟန်းတော်များ ဦးခေါင်းချ၍ မအိပ်ကောင်း) ပထမခန်း ဒုတိယခန်းများလည်း နောက်ဆုံး ထွက်ပေါက် ဝင်ပေါက် တူနေသဖြင့် ကုန်းပတ်စီးသူလူများနှင့် အမိုးအကာ တူပင်ဖြစ်၏။
“အိပ်”ဟူရာလည်း ဦးခေါင်းချ၍ အိပ်မှ အိပ်ရာ ရောက်၏၊ ထို့ကြောင့် ထိုင်၍ အိပ်ပျော်နေလျှင် အိပ်ရာရောက်၍ အာပတ် မသင့်ဟု မှတ်၊ ၃ ညဉ့်အထိ အတူအိပ်ပြီးလျှင်ကား ၄ ညဉ့်မြောက် နေဝင်လျှင် လူဝတ်ကြောင်ဖြစ်စေ လူသာမဏေဖြစ်စေ ရှိသောနေရာ၌ ဦးခေါင်းမချမိစေရ၊ ဦးခေါင်းချမိသည်နှင့် တပြိုင်နက် အာပတ်သင့်ပြီ၊ တညဉ့် ၂ ညဉ့် အရုဏ်တက်အောင် အတူအိပ်ပြီးနောက်, ၃ ညဉ့် မြောက်၌ အရုဏ်မတက်ခင် ထနိုင်လျှင် စတုတ္ထညဉ့်၌ အိပ်သော်လည်း အာပတ်မသင့်၊ ဤသို့ ၃ ညဉ့် တစ်ကြိမ်ကျ အရုဏ်မတက်ခင် ထနိုင်သူမှာ အာပတ်မသင့်နိုင်။
ထို့ပြင်-ဝစ္စကုဋိသို့ ကြွလာတော်မူသည့်အခါ ဘုရားရှင်၏ ချောင်းဟန့်တော်မူပုံ-ရှင်ရာဟုလာ၏ပြန်၍ ချောင်းဟန့်ပုံကို ထောက်၍ ယခုအခါ၌လည်း တံခါးပိတ်ထားသော ကုဋိသို့ ဝင်ခါနီးဝယ် ချောင်းဟန့်ဖို့ ဝတ်တရားရှိ၍, အတွင်း၌ ရှိနေလျှင် ထိုသူကလည်းပြန်၍ ချောင်းဟန့်ဖို့ ဝတ်တရားရှိသည်ဟုမှတ်၊ ထို့ပြင်-ဘုရားရှင်က “ဘသူဘုန်း”ဟု မေးလိုက်သည့်အခါ “အဟံ ဘဂဝါ ရာဟုလော = တပည့်တော် ရာဟုလာပါ ဘုရား”ဟု ပြန်၍ လျှောက်ပုံကိုထောက်၍ ညဉ့်အခါ ဘသူတုန်းဟု မေးလျှင် “တပည့်တော် တိဿပါဘုရား” စသည်ဖြင့် မိမိနာမည်ကို ထည့်၍ လျှောက်ရမည်ကိုလည်း သတိပြုပါ။
စာမျက်နှာ-၁၃၃
စ။ ဒုတိယသဟသေယျသိက္ခာပုဒ်
အမှုသည်—အရှင်အနုရုဒ္ဓါ။
အမှု—မာတုဂါမနှင့် အမိုးအကာတူနေရာ၌အိပ်မှု။
ဇရပ်၌ တည်းခိုရခြင်း။ ။ “အရှင်အနုရုဒ္ဓါ” ဟူသည် သာမန်ပုဂ္ဂိုလ် မဟုတ်၊ လူ့ဘောင်၌ နေစဉ်က “ထမင်းဆိုတာ ပွဲတော်အုပ်ထဲ ၌သာ ဖြစ်သည်”ဟု မှတ်ထင်လောက်အောင် လုပ်ငန်း ဆောင်တာကို မသိခဲ့ရဘဲ အလွန်ချမ်းသာစွာ ကြီးပွါးလာရသော သာကီဝင် မင်းသား တစ်ပါးဖြစ်၍ ရဟန်းပြုသည့်အခါ ဒိဗ္ဗစက္ခုအဘိညာဉ်အရာ ဧတဒဂ်ရသော ရဟန္တာတစ်ပါးလည်း ဖြစ်သည်၊ ထိုအရှင်မြတ်သည် အခါတစ်ပါး သာဝတ္ထိမြို့သို့ ကြွတော်မူလာစဉ် လမ်းခရီးအကြားရှိ ရွာတစ်ရွာဝယ် အများ တည်းခိုရာ ဇရပ်၌ ညအိပ်ဖို့ရန်-သီတင်းသုံးတော်မူရလေ၏၊ [ထို ဇရပ်ကား ပစ္စည်းရှိသော မာတုဂါမတစ်ယောက်၏ ကောင်းမှုကို လိုလားသဖြင့် သူ့အိမ်နှင့် ကပ်လျှက် အများ တည်းခိုဖို့ရာ ဆောက်လုပ်အပ်သော ဇရပ်တည်း၊] အရှင်အနုရုဒ္ဓါ ရောက်ပြီးနောက် အခြားခရီးသွားတို့လည်း ထိုဇရပ်၌ တည်းခိုဖို့ရန် ထိုဇရပ်ရှင်မထံ ခွင့်တောင်းကြလေသော် ထိုဇရပ်ရှင်က “ရဟန်းတော်တစ်ပါး ပထမရောက်နေပြီ, ထိုအရှင်က ခွင့်ပြုလျှင် နေကြတာပေါ့”ဟု ပြောသဖြင့် အရှင်အနုရုဒ္ဓါထံ ခွင့်ပန်၍ တည်းခိုကြပြန်လေသည်။
ဇရပ်အမ၏ အကြံ။ ။ ထိုဇရပ်အမကား အရှင်အနုဒ္ဓါကိုမြင်လျှင် မြင်ခြင်း စွဲလမ်းစိတ်ဖြစ်ခဲ့ပြီ၊ ထို့ကြောင့် အရှင်အနုရုဒ္ဓါထံ လာ၍ “အရှင်ဘုရားမှာ ဒီလူတွေနဲ့ ရောနေလို့ ချမ်းသာမည် မထင်ပါ, အရှင်ဘုရားတို့ ခုတင်ကို အိမ်အတွင်း ခင်းလိုက်ပါရစေ”ဟု လျှောက်၏၊ အရှင်အနုရုဒ္ဓါလည်း (ခွင့်ပြုသည့်လက္ခဏာဖြင့်) တိတ်တိတ်နေလိုက်သောကြောင့် အိမ်အတွင်း၌ ခုတင် ခင်းပေးလေသည်၊ ထို့နောက် သူ့ကိုယ်သူ ဆင်ပြင်ကာ နံ့သာမျိုးစုံ လိမ်းကျံလျက် ခုတင်ပေါ်မှာနေသော အရှင်အနုရုဒ္ဓါ ထံ လာပြီးလျှင်..... “အရှင်ဘုရားလဲ အလွန်လှ၍ ချင့်စဖွယ် တင့်တယ်ပါ၏, တပည့်တော်မလဲ အလွန်လှ၍ ရှုချင့်စဖွယ် တင့်တယ်ပါသည်၊ တပည့်တော်သည် အရှင်၏ဇနီးဖြစ်ပါရစေ”ဟု လျှောက်လေသော် အရှင်မြတ်လည်း (ဘာစကားမှ ပြန်၍ မပြောသာဘဲ) ဆိတ်ဆိတ်နေရလေသည်၊ ဇရပ်အမလည်း ၃-ကြိမ်အထိ တောင်းပန်၍ မရသောကြောင့် ဒီလိုကြံလျှင် ဟန် ကောင်းရဲ့ဟု တွေးပြီးလျှင် ထမီကိုချွတ်၍ ရှင်အနုရုဒ္ဓါရှေ့၌ လမ်းလျှောက်၍
စာမျက်နှာ-၁၃၄
လည်းပြ၏, မတ်တတ်ရပ်၍လည်း ပြ၏, ထိုင်၍လည်းပြ၏, အိပ်၍လည်းပြ၏။ အရှင်မြတ်ကား စက္ခုန္ဒြေချကာ လုံးလုံးမကြည့်တော့ချေ။
သံဝေဂရပုံ။ ။ ထိုအခါ ဇရပ်အမသည် “သိပ်အံ့ဩစရာကောင်းတာဘဲ, ငါ့ကို လူပေါင်းများစွာက သူတို့ကို နှစ်သက်ဖို့ရန် လက်ဆောင်ပို့ကြရတယ်, ဒီအရှင်မြတ်မှာတော့ ငါ့ကိုယ်တိုင်က ခခယယ တောင်းပန်ပါလျက် ငါနှင့် ဥစ္စာတွေကို လက်မခံဘဲနေတယ်”ဟု ကြံပြီးလျှင် ထမီကို ပြန်ဝတ်၍ အရှင်အနုရုဒ္ဓါ၏ ခြေပေါ်၌ ဦးခေါင်းတင်ပြီးလျှင် လွန်သမျှအပြစ်ကို သည်းခံပါရန် တောင်းပန်ရှာလေသည်၊ အရှင်အနရုဒ္ဓါလည်း “ယခုလို တောင်းပန်ခြင်းသည် နောင်အခါ ကြီးပွါးကြောင်း ဖြစ်ပေသည်, နှမ၏ အပြစ်များကို သည်းခံပါ၏”ဟု မိန့်တော်မူပြီးလျှင် ထိုညဉ့်၌ အတွင်း ဆောင်မှာပင် အသီးအသီးအိပ်ကြ၍ နံနက်လင်းသည့်အခါ ကောင်းမွန်စွာ ချက်ပြုတ်၍ ဆွမ်းကပ်လေသည်။ အရှင်မြတ်လည်း ဆွမ်းဘုဉ်းပြီးနောက် ဇရပ်အမကို တရားဟောပြဆုံးမတော်မူရာ လွန်စွာကြည်ညိုလှသဖြင့် ရတနာ ၃-ပါးကို လေးစားသော ဥပါသိကာမ တစ်ယောက်အဖြစ်ဖြင့် မိမိကို အသိအမှတ်ပြုဖို့ရန် လျှောက်ထားလိုက်ရှာလေသည်။
သိက္ခာပုဒ် ပညတ်တော်မူရပုံ။ ။ အရှင်အနုရုဒ္ဓါလည်း ထိုအရပ်မှ ခွဲခွါခဲ့ပြီးနောက် သာဝတ္ထိသို့ ရောက်သောအခါ ရဟန်းတို့အား မိမိတွေ့ကြုံခဲ့ရပုံကို ပြောပြလေလျှင် “အရှင်အနုရုဒ္ဓါသည် အမိုး အကာတူသော နေရာ၌ မာတုဂါမနှင့်အတူ ဘာ့ကြောင့် အိပ်ရသလဲ”ဟု အချို့က ကဲ့ရဲ့ကြ၍ ဘုရားရှင်ထံ လျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယောပန ဘိက္ခု၊ မာတုဂါမေန သဟသေယျံ ကပ္ပေယျ၊ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် မာတုဂါမနှင့်အတူ အမိုးအကာ တူသောနေရာ၌ အိပ်ခြင်းကို ပြုအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ဘီလူးမ-ပြိတ္တာမ ပဏ္ဍုက်မ ခွေးမစသော တိရစ္ဆာန်မများနှင့်အတူ အိပ်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊ မိမိအိပ်ပျော်နေခိုက် မာတုဂါမစသူတို့ ဝင်၍ အိပ်လျှင် (မိမိမသိသော်လည်း) အာပတ်သင့်သည်ပင်၊ အမိုး ရှိသော်လည်း အကာလုံးလုံး မရှိလျှင်လည်းကောင်း, အကာ ရှိသော်လည်း ၄ ဘက်တွင် ၂ ဘက်သာသာ အမိုးမရှိလျှင်လည်းကောင်း, အာပတ်မသင့်၊ အကာ ၄ ဘက် ရှိသော်လည်း အမိုးလုံးလုံးမရှိလျှင်လည်းကောင်း, ၄ ပုံ ၂ ပုံ သာသာ အကာမရှိ လျှင်ငြားလည်းကောင်း, အာပတ်မသင့်။
စာမျက်နှာ-၁၃၅
ဒိဝါသေယျ။ ။ “အနုဇာနာမိ ဘိက္ခဝေ ဒိဝါ ပဋိသလ္လီယန္တေန ဒွါရံ သံဝရိတွာ ပတိသလ္လီယိတုံ = ဘိက္ခုတို့... နေ့အခါ၌ ကိန်းအောင်းသော (အိပ်သော)ရဟန်းသည် တံခါးပိတ်၍ ကိန်းအောင်းခြင်းငှါ ခွင့်ပြုတော်မူ၏” ဟူသော ပထမပါရာဇိကဝိနီတဝတ္ထု ပါဠိတော်နှင့်အညီ, နေ့အခါ တံခါးရှိသော ကျောင်း၏ အတွင်းအခန်း၌ အိပ်သောရဟန်းသည် မိမိနှင့်သက်ဆိုင်ရာ တံခါးကို ပိတ်ရမည်၊ အခန်းတွင်းအိပ်လျှင် အခန်းတံခါးကိုပိတ်-တစ်ပါးနေ ကျောင်းတွင်(ကမ္မဋ္ဌာန်းကျောင်းစသည်၌)အိပ်လျှင် ကျောင်းတံခါးပိတ်၍ အိပ်ရမည်၊ မပိတ်ဘဲအိပ်လျှင် ဤဒိဝါသေယျသိက္ခာပုဒ်အရ ဒုက္ကဋ်အာပတ်သင့်သည်၊ “တံခါး”ဟူရာ၌ အဝင်အထွက် တံခါးကို ဆိုလိုသည်၊ ပြတင်းပေါက်များကို မဆိုလို။
ဆ။ ဓမ္မဒေသနာသိက္ခာပုဒ်
အမှုသည်—ရှင်ဥဒါယီ။
အမှု—မာတုဂါမအား (ယောက်ျားအဖေါ်မပါဘဲ) တရားဟောမှု။
မယုံကြည်စရာ ဟောပုံ။ ။ ရှင်ဥဒါယီသည် နံနက်အခါ အိမ်တအိမ်သို့ သွား၏၊ ထိုအိမ်၌ ယောက္ခမမိန်းမနှင့် ချွေးမတို့သာရှိ၏၊ ယောက္ခမသည် အိမ်ဝင်း၏ တံခါးဝ၌ ထိုင်နေ၏၊ ချွေးမဖြစ်သူကား အိမ်၏တံခါးဝ၌ ထိုင်နေ၏၊ ရှင်ဥဒါယီသည် ယောက္ခမ၏ နားအနီးသို့ ကပ်၍ တရားဟောလေသော်, ချွေးမက “ယောက္ခမ၏ လင်ငယ်လေလား, သို့မဟုတ်-လှောင်စကား ပြောင်စကား ပြောတာလေလား”ဟု တွေးလေသည်၊ ထို့နောက် ရှင်ဥဒါယီသည် ချွေးမ၏ နားအနီးကပ်၍ တရားဟော ပြန်၏၊ ယောက္ခမကလည်း ရှေးနည်းအတိုင်းပင် တွေးလေသည်၊ ရှင်ဥဒါယီ ပြန်သွားပြီးနောက် ယောက္ခမနှင့်ချွေးမတို့ တစ်ယောက်နှင့် တစ်ယောက်မေးကြလေရာ တရားဟောသွားကြောင်းချည်း ပြောကြသဖြင့် “တရားဆိုလျှင် ပွင့်ပွင့် လင်းလင်းဟော ထိုက်တယ်, ရှင်ဥဒါယီသည်ဘာ့ကြောင့် နားအနီးကပ်၍ တရားဟောရသလဲ”ဟု ကဲ့ရဲ့ကြသောကြောင့် “ယော ပန ဘိက္ခု မာတုဂါမဿ ဓမ္မံ ဒေသေယျ, ပါစိတ္တိယံ-မာတုဂါမအား တရားဟောလျှင် ပါစိတ် အာပတ်”ဟု မူလပညတ်ကို ပညတ်တော်မူရလေသည်။
ခြောက်ခွန်း ဟောခွင့်။ ။ ထိုသို့ ပညတ်တော်မူပြီးနောက် ဥပါသိကာမတို့သည် တရားဟောဖို့ရန် တောင်းပန်ကြလေသော်, ရဟန်းတို့က မာတုဂါမအား တရားမဟောကောင်းဟု မိန့်တော်မူကြ
စာမျက်နှာ-၁၃၆
ဖြင့် ၅ ခွန်း-၆ ခွန်းလောက် ဟောတော်မူကြပါ, သည့်လောက်ဟောလျှင် သိနိုင်ပါသည်” ဟု လျှောက်သော်လည်း မဟောကြသဖြင့် ကဲ့ရဲ့ကြသောကြောင့် “ယော ပန ဘိက္ခု မာတုဂါမဿ ဥတ္တရိ ဆပ္ပဉ္စဝါစာဟိ ဓမ္မံ ဒေသေယျ, ပါစိတ္တိယံ”ဟု ဆပ္ပဉ္စဝါစာဟိကို ထည့်၍ ပထမအနုပညတ်ကို ထပ်တော်မူရလေသည်။ [ဤအနုပညတ်တော် အလိုအားဖြင့် ၆ ခွန်းထက်ပို၍ မဟောကောင်း, ၆ ခွန်းလောက်ကား ဟောကောင်း၏”ဟု ခွင့်ပြုရာရောက်သည်။]
နားလည်သူ ယောက်ျားမရှိဘဲ ၆ ခွန်းထက်ပိုမှု။ ။ ဆဗ္ဗဂ္ဂိယ ရဟန်းတို့သည် မာတုဂါမအား ၆ ခွန်းလောက်သာ တရားဟောခွင့်ပြုတော်မူသည်”ဟု ကြံစည်၍ ဘာမျှနားမလည်သော ယောက်ျားတစ်ယောက်ကို အနား၌ ထားပြီးလျှင် (ထိုယောက်ျားအား ဟောသည့်အနေမျိုး ကြံဘန်၍) ၆ ခွန်းထက် ပိုအောင် ဟောကြပြန်လေသည်၊ ထိုအခါ ရဟန်းများက ကဲ့ရဲ့ကြသဖြင့် ဘုရားထံရောက်၍ “အညတြ ဝိညုနာ ပုရိသဝိဂ္ဂဟန”ဟု ထည့်စွက်၍ ဒုတိယ အနုပညတ်ထပ်တော်မူရလေသည်၊ ဤ၌ “ဝိညူပုရိသ” ဟူသည် “ရိုးရိုးသားသားပြောသည်, မရိုးမသားပြောသည်”ဟု ပြောသမျှ စကားကို နားလည်လောက်သော အချိန်အပ္ပယ်ရှိ၍ (မထိုင်းမအသော) ယောက်ျားတည်း။
သိက္ခာပုဒ်။ ။ ယောပန ဘိက္ခု၊ မာတုဂါမဿ ဥတ္တရှိဆပ္ပဉ္စဝါစာဟိ ဓမ္မံ ဒေသေယျ အညတြ ဝိညုနာ ပုရိသဝိဂ္ဂဟေန၊ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် နားလည်လောက်သော ယောက်ျားကို ကြဉ်၍ (ထိုယောက်ျားမျိုး အနီးအပါး၌ မရှိဘဲ) မာတုဂါမအား ၅ ခွန်း-၆ ခွန်းထက်ပိုလွန်သော စကားလုံးတို့ဖြင့် တရားဟောအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ မာတုဂါမ တစ်ယောက်လျှင် ၆ ခွန်းကျ (ဝိညူပုရိသမပါဘဲ) ဟောကောင်းရကား, မာတုဂါမ ၁၀ ယောက်ရှိရာ၌ (တစ်ယောက်လျှင် ၆ ခွန်း ကျစီမှန်း၍) စကားအခွန်းပေါင်း ၆၀ မျှ ဟောကောင်း၏။ နားလည်သူ ယောက်ျားတစ်ယောက် အနီးအပါး၌ရှိလျှင်ကား များစွာပင် ဟောကောင်း၏။ တရား—ဟူသည်လည်း ပါဠိတော်အဋ္ဌကထာ၌ရှိသော ပါဠိဘာသာ တရားတည်း၊ ထို့ကြောင့် မြန်မာသက်သက် တရားစကားပြောလျှင် ယောက်ျားမပါသော်လည်း အာပတ်မသင့်၊ ပါဠိရွတ်၍ဟောလျှင်ကား မာတုဂါမတစ်ယောက်အတွက် ၆ ခွန်းသာဟောကောင်းသည်။
စာမျက်နှာ-၁၃၇
ဇ။ ဘူတာရောစနသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—ဈာန်မဂ်ဖိုလ်တရားကို ရကြောင်းပြောမှု။
ဈာန်မဂ်ဖိုလ်ရကြောင်း အမှန်ပြောကြားမှု။ ။ စတုတ္ထပါရာဇိက ပြခဲ့သော ဝတ္ထုတွင် လောကီဈာန်ကို ရသော ပုထုဇဉ်တို့သည် ဥတ္တရိမနုဿ ဓမ္မခေါ်သော ဈာန်တရားကို လူတို့အား ပြောကြကုန်၏။ အရိယာ ပုဂ္ဂိုလ်တို့ကား မိမိတို့ကိုယ်တိုင် မပြောကြ၊ အခြား ရဟန်းတို့က “မည်သည့်ကိုယ်တော်ဟာ အရိယာဘဲ”ဟု ပြောသဖြင့် မိမိတို့ကို လူတို့က မေးလျှောက်ကြသည့်အခါ “ဟုတ်မှန်ကြောင်းကို မိမိအတွက်လည်းကောင်း, အခြား အရိယာများ အတွက်၎င်း” ဝန်ခံကြလေသည်။ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဤသိက္ခာပုဒ်ကိုလည်း (စတုတ္ထပါရာဇိက ပညတ်တော် မူချိန်မှာ)ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယောပန ဘိက္ခု၊ အနုပသမ္ပန္ဓဿ ဥတ္တရိမနုဿဓမ္မံ အာရောစေယျ၊ ဘူတသ္မိံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် လူသာမဏေအား ဈာန်မဂ်ဖိုလ် တရားဟူသော ဥတ္တရိမနုဿဓမ္မကို (မိမိ၌ ရရှိကြောင်း) ပြောအံ့၊ ပြောသည့်အတိုင်း အမှန်ရလျှင် ပါစိတ်အာပတ်သင့်၏၊ (ပြောသည့် အတိုင်း မမှန်လျှင် ပါရာဇိကဟု ပညတ်တော်မူခဲ့ပြီ။)
ဈ။ ဒုဋ္ဌုလ္လာရောစန သိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ရှင်ဥပနန္ဒ၏ သံဃာဒိသေသ်အာပတ်ကို လူတို့အား ပြောမှု။
ရှင်ဥပနန္ဒနှင့် ဆဗ္ဗဂ္ဂိယ တို့ဖြစ်ပုံ။ ။ ရှင်ဥပနန္ဒသည် ဆဗ္ဗဂ္ဂိယရဟန်းတို့နှင့် ခိုက်ရန်ဖြစ်ထား၏၊ ရှင်ဥပနန္ဒလည်း သုက္ကဝိသဋ္ဌိ သံဃာဒိသေသ် အာပတ် သင့်၍ ဝတ်စောင့်နေရသည်၊ ထိုပရိဝါသ် နေသူသည် (ဝတ်ကိုမချရသေးလျှင်)ဆွမ်းစားရာ၌ အစွန်ဆုံးနေရာဝယ် ထိုင်ရရိုးတည်း၊ ထိုအချိန်မှာပင် အသင်းတသင်းသည် သံဃာကုန် ဆွမ်းကပ်လာ၏၊ ထိုအခါ ဆွမ်းစားနေစဉ် ဆဗ္ဗဂ္ဂိယရဟန်းတို့သည် ထိုဆွမ်းဒါယကာတို့ကို ပြောကြ
စာမျက်နှာ-၁၃၈
သည်မှာ-ဒါယကာတို့ ချီးမွမ်းနေသော(လက်ညှိုးညွှန်၍) အဲဟိုအရှင်ဥပနန္ဒသည် အကြင်လက်ဖြင့် လှူအပ်သောဆွမ်းကို စား၏, ထိုလက်ဖြင့်ပင် သုက်ကို လွတ်စေမှုကြောင့် ယခုပရိဝါသ် ဒဏ်ထမ်းနေရသဖြင့် နေရာ အစွန်မှာ ထိုင်နေရသည်၊ ဤသို့ပြောမှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ယောပန ဘိက္ခု ဘိက္ခုဿ ဒုဋ္ဌလ္လံ၊ အာပတ္တိံ အနုပသမ္ပန္နဿ အာရောစေယျ၊ အညတြ ဘိက္ခု သမ္မုတိယာ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် (သမ္မုတိရသူ မဟုတ်ပါဘဲ) ရဟန်းတစ်ပါး၏ ရုန့်ရင်းသော အာပတ်ကို လူ-သာမဏေအား ပြောအံ့၊ ထိုရဟန်းသည် ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ အာပတ်မပြတ်သင့်နေသော ရဟန်းကို ရှက်ကြောက်သဖြင့် နောင်အခါ စောင့်စည်းလိမ့်မည်-ဟု သူ၏အကျိုးစီးပွားကို လိုလားသဖြင့် ထိုရဟန်း၏အာပတ်ကို လူတို့အား ပြောဖို့ရန် ရဟန်းတစ်ပါးကို သမ္မုတိ ပေးထားတတ်၏၊ ထိုသို့ သမ္မုတိရသောရဟန်းကား ထိုရဟန်း၏ ရုန့်ရင်းသော သံဃာဒိသေသ်အာပတ်ကို လူတို့အားလည်းကောင်း, သာမဏေ တို့အားလည်းကောင်း, (မည်သည့် ကိုယ်တော်သည် မည်သည့် သံဃာဒိသေသ် အာပတ်သင့်နေ၏)ဟု ပြောကောင်း၏။
ဉ။ ပထဝီခဏနသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—မြေတူးမှုနှင့် အတူခိုင်းမှု။
ရဟန်းများမြေတူးမှု။ ။ အာဠဝီမြို့၌ နေကုန်သော ရဟန်းတို့သည် “နဝကမ္မ”ဟု ခေါ်ရသော အလုပ်သစ်များကို ပြုလုပ်စဉ် မြေကြီးကို ကိုယ်တိုင်လည်းတူးကြ, လူသာမဏေများကိုလည်း “တူးကြစမ်း”ဟု ခိုင်းကြလေသည်၊ လူတို့က “ရဟန်းတို့သည် တစ်ခုသော ကာယိန္ဒြေရှိသော သတွာကို အဘယ့်ကြောင့် ညှင်းဆဲကြရကုန်သနည်း”ဟု ကဲ့ရဲ့ကြလေသည်၊ [ဟိန္ဒူ၊တို့သည် တောတောင်သစ်ပင် မြေကြီးရေစသည်တို့၌ အသက်ရှိ၏-ဟု အယူ ရှိ၍ မြေကိုတူးလျှင် “မြေ၌ရှိသော အသက်သေသည်”ဟု အယူရှိကြ၏၊ ထို့ကြောင့် ကဲ့ရဲ့ခြင်းဖြစ်သည်၊] ဘုရားရှင်လည်း လူတို့ ကြည်ညိုဖွယ် မဖြစ်သော (သဒ္ဓါတရားပျက်ဖို့ ဖြစ်သော) အလုပ်ကို ရဟန်းများ
စာမျက်နှာ-၁၃၉
မလုပ်စေတော်မူလိုသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်၊ ထို့ကြောင့် “အပ္ပသန္နာနံ ပသာဒါယ, ပသန္နာနံ ဘိယျောဘာဝါယ”ဟု သိက္ခာပုဒ်၏ အကျိုးဆယ်ပါးတွင် ထည့်သွင်းခဲ့ရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ပထဝိံ ခဏေယျဝါ ခဏာပေယျဝါ၊ ပါစိတ္တိယံ။
မြန်မာပြန်။ ။ [အကြင်ရဟန်းသည် မြေကို ကိုယ်တိုင်တူးအံ့, သို့မဟုတ် “တူးစမ်း”ဟု ခိုင်းအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။]
မှတ်ချက်။ ။ “တူး” ဟူရာ၌ မြေပျက်အောင် ဖျက်ဆီးခြင်း အမျိုးမျိုးပါဝင်၏၊ ထို့ကြောင့် မြေကြီးကို တုတ်ဖြင့် ခြစ်ခြင်း စသည်ကို မပြုရ၊ ယခုကာလ ကျောင်းပုံစံ စသည်ကို ပြရာ၌ မြေကြီးခြစ်၍ ပြတတ်ကြ၏။ ထိုသို့လည်း မခြစ်ကောင်း၊ မြေပျက်စေလိုသော စိတ်ဖြင့် တံမြက်စည်းကိုလည်း ဖိနှိပ် ခြစ်ချုပ်၍ မလှည်းရ၊ လှည်းရိုး လှည်းစဉ် လှည်းရာ၌ မတော်တဆ ပျက်သွားခြင်းကြောင့်ကား အာပတ်မသင့်၊ ပျက်စေလိုသော စေတနာပါလျှင် ကျင်ငယ်ကိုမျှ ပြင်းပြင်းမစွန့်ရ၊ ခိုင်းသည့်အခါလည်း “တူးစမ်း ပေါက်စမ်း” စသည်ဖြင့် မခိုင်းရ၊ “ဤမြေကိုသိစမ်း, တွင်းသိစမ်း, တွင်းကပ္ပိစမ်း”ဟု ရဟန်းများနှင့် အပ်စပ်သော အသုံးအနှုန်းမျိုးဖြင့်သာ ခိုင်းရမည်၊ မြေ-ဟူရာ၌လည်း မြေကြီးအစစ်သာ ပါဝင်၏၊ သဲ-ကျောက်များ မပါဝင်၊ မြေသားနည်း၍ သဲကျောက်အုဌ် များနေလျှင်ကား တူးကောင်း ဖျက်ကောင်း၏။
မုသာဝါဒဝဂ်ပြီး၏
စာမျက်နှာ-၁၄၀
ဘူတဂါမဝဂ်
[ဘူတဂါမသိက္ခာပုဒ်ကို အစ၌ ပြသောကြောင့် “ဘူတဂါမဂ်”ဟု နာမည်တပ်၍, သေနာသန (ကျောင်းအိပ်ရာနေရာ)နှင့် ဆိုင်သော သိက္ခာပုဒ် များစွာပါသောကြောင့် “သေနာသနဝဂ်”ဟုလည်း ပါဠိတော် အဋ္ဌကထာတို့၌ နာမည်တပ်သည်။
က။ ဘူတဂါမသိက္ခာပုဒ်
အမှုသည်—ရဟန်းတစ်ပါး။
အမှု—သစ်ပင်ခုတ်မှု။
ရဟန်းတစ်ပါး သစ်ပင်ခုတ်မှု။ ။ အာဠဝီမြို့သား ရဟန်းအများတို့သည် နဝကမ္မကို ပြုကြစဉ် သစ်ပင်ကို ကိုယ်တိုင်လည်း ခုတ်ဖြတ်ကြ၏ လူ-သာမဏေကိုလည်း “ခုတ်စမ်း-ဖြတ်စမ်း”ဟု ခိုင်းကြ၏၊ ရဟန်းတစ်ပါးလည်း သစ်ပင်ကို ဖြတ်နေစဉ် ထိုသစ်ပင်၌ ရှိသော ရုက္ခဇိုဝ်းမသည် “အရှင်ဘုရား...အရှင်ဘုရား၏ ကျောင်းဗိမာန်ကို ပြုဖို့ရန်အတွက် တပည့်တော်၏ ဗိမာန်ဖြစ်သော သစ်ပင်ကို မဖြတ်ပါနှင့်”ဟု တား၏၊ ထိုရဟန်းကား နားမထောင်ဘဲ ဖြတ်မြဲ ဖြတ်၏၊ ရုက္ခဇိုင်းမသည် “ကလေးမြင်လျှင် သနားသောအားဖြင့် မဖြတ်ဘဲ နေတန်ကောင်းရဲ့”ဟု ကြံ၍ သူ့ကလေးကို ထိုဖြတ်နေသော ရဟန်း၏ရှေ့သို့ ထိုး၍ ပြလိုက်ရာ ရဟန်းလည်း ရွယ်ပြီးသော ဓါးကို မရုပ်သိမ်းနိုင်တော့ဘဲ (အားလွန်၍) ထိုနတ်ကလေး၏ လက်မောင်းဖြတ်မိလေသည်။
ထိုအခါ နတ်မသည် “ကလဲ့စားချေသောအားဖြင့် ဒီရဟန်းကိုသတ်အံ့”ဟု ကြံ၏၊ ထို့နောက် (ဘုရားမျက်နှာတော်ကို ထောက်၍) ဘုရားထံ အကျိုး အကြောင်း လျှောက်လာလေသော်, မြတ်စွာဘုရားသည် သာဓု ခေါ်တော်မူ၍၊ (ဇေတဝန်ကျောင်းတိုက်၌ နတ်တစ်ယောက် စုတေပြီးစ ဖြစ်၍ ပိုင်ရှင် မရှိသော)သစ်ပင်တပင်ကို နေဖို့ရန် နေရာချပေးတော်မူပြီး ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ဘူတဂါမပါတဗျတာယ ပါစိတ္တိယံ။
မြန်မာပြန်။ ။ ဘူတဂါမ်ကို ဖျက်ဆီးခြင်းကြောင့် ပါစိတ် အာပတ်, သင့်၏။
စာမျက်နှာ-၁၄၁
မှတ်ချက်။ ။ ငယ်သေးသည်ဖြစ်၍ ကြီးပွါးခြင်းကိစ္စ မကုန်သေးသော သစ်ပင်ကို “ကြီးပွါးဆဲ”ဟု ခေါ်၏၊ အစွမ်းကုန် ကြီးပွါး၍ ထိုထက် တိုးပွါးဖွယ် မရှိသော သစ်ပင်ကို “ကြီးပွါးပြီး”ဟု ခေါ်၏၊ ထိုသစ်ပင် ၂-မျိုးလုံးကို “ဘူတဂါမ”ဟု ခေါ်သည်။ ထိုဘူတဂါမ်ကို (ဖြတ်မှု ခွဲမှု မီးတိုက်မှု ခြစ်မှု စသောအားဖြင့် တနည်းနည်းနှင့်) ဖျက်ဆီးမှုကြောင့် ပါစိတ် အာပတ် သင့်၏၊ ထို့ကြောင့် သစ်ပင်၌ တည်ရှိသော အသီး အပွင့် အရွက် အခက်များကို မခူးရ, မဆိတ်ရ၊ သစ်ပင်မှ ဆွတ်ခူးပြီး၍ နောက်ခါ သစ်ပင်ပေါက်နိုင်သော မျိုးစေ့ ဟူသမျှကို ဗီဇဂါမ်ဟု ခေါ်၏၊ ထိုဗီဇဂါမ်ကို တနည်းနည်းနှင့် ဖျက်ဆီးမှု-အသီးကို စားစဉ် အစေ့ကို ကိုက်ဖြတ်မှု ကြောင့်ကား ဒုက္ကဋ်အာပတ်သင့်သည်။
မအပ်သော ခိုင်းနည်း။ ။ “ဤသစ်ပင်ကို ဖြတ်စမ်း-ခုတ်စမ်း-လှဲစမ်း-ချိုင်စမ်း- ဤအသီးကိုဆွတ်စမ်း” ငရုပ်သီးမှည့် ကြက်သွန်စသည်ကို “ထောင်းစမ်း, ချက်စမ်း” အပင်ပေါက်မည့် ကြံစသည်ကို “ဖြတ်စမ်း”စသော ခိုင်းခြင်းသည် မအပ်သော ခိုင်းခြင်းဖြစ်၍ အာပတ် သင့်၏။ ထိုတွင် သစ်ပင်ကား ဘူတဂါမ်, ငရုပ်သီးစသောအပင်မှ လွတ်ပြီး မျိုးစေ့ကား ဗီဇဂါမ်တည်း။
အပ်သောခိုင်းနည်း။ ။ ဤသစ်ပင်ကို သိစမ်း, ကပ္ပီစမ်း, ဤငရုပ်သီးကို ကပ္ပီစမ်း” စသော ပထဝီ ခဏန သိက္ခာပုဒ်၌ ပြခဲ့သော ခိုင်းနည်းကား အပ်သော ခိုင်းနည်းတည်း၊ မည်သည့် သစ်ပင် မည်သည့်ငရုပ်သီးဟု မညွှန်ဘဲ “သစ်ပင်ခုတ်လိုက်, ငရုပ်သီးထောင်းလိုက်”စသော ခိုင်းခြင်း၌ အပြစ်မရှိပါ၊ သို့ရာတွင် “သိစမ်း, ကပ္ပီစမ်း”ဟု ပြောတတ်စေရမည်၊ ဤသိက္ခာပုဒ်၌လည်း ဖျက်ဆီးလိုသော စိတ်မရှိဘဲ သစ်တုံးလှိမ့်ရာ တောင်ဝှေးထောက်၍ စင်္ကြန် သွားရာအခါတို့၌ မြက်သစ်ပင်တို့ ပျက်စီးသော်လည်း အနာပတ္တိပင်။
ကပ္ပီခြင်း။ အပ်သောနည်းဖြင့် သစ်ပင် သစ်သီး ကြံစသည်ကို ဆွတ်၍ ခုတ်၍ပြီးသောအခါ ဘူတဂါမ်အဖြစ်မှ ကင်းခဲ့လေပြီ၊ သို့သော် နောက်ထပ် အပင်ပေါက်ဦးမည် ပြစ်လျှင် ဗီဇဂါမ် ဖြစ်နေသေးသောကြောင့် ထိုဗီဇဂါမ် သစ်ကိုင်း သစ်သီး-ကြံချောင်းစသည်ကို ရဟန်းများ သုံးဆောင်ကောင်း လောက်အောင်(ဗီဇဂါမ်ကို ဖျက်ဆီးရာ မရောက်အောင်) “ကပ္ပီခြင်း” ခေါ် ဝိနည်းကံတစ်မျိုးကို ပြုရသေးသည်။
ကပ္ပီနည်းအမျိုးမျိုး။ ။ [ကပ္ပသဒ္ဓါသည် ဤနေရာ၌ သမဏဝေါဟာရ (ရဟန်းတို့၏ အပ်အောင် ပြုကြောင်းဖြစ်သော အသုံး အနှုန်း) အနက်ကို ဟော၏၊ ထိုအသုံးအနှုန်းကား ၁-မီးဖြင့်တိုက်ခြင်း, ၂-ဓါးဖြင့် ခုတ်ခြင်း,
စာမျက်နှာ-၁၄၂
၃-လက်သည်း ခြေသည်းတို့ဖြင့် ဆိတ်ဖြတ်ထိုးဖေါက်ခြင်း, ၄-နဂိုအစေ့ နု၍ အပင်မပေါက်နိုင်ခြင်း, ၅-သရက်သီး မှည့်စသည်ကဲ့သို့ အစေ့ကို ထုတ်ပစ်ခြင်းများတည်း၊ ဤ ၅-မျိုးလုံးပင် ရဟန်းတို့အားအပ်သော အသုံး အနှုန်းများ ဖြစ်သောကြောင့် “ကပ္ပ” ဟု ခေါ်သည်၊ ထိုတွင်အစေ့နုနှင့် ထုတ်ပစ်၍ ရကောင်းသော အစေ့တို့မှာ ကပ္ပီဖွယ်မလို, နဂိုအတိုင်း ကပ္ပဖြစ်သည်။
ကပ္ပီပုံ။ ။ သူ၏မျိုးစေ့မှ အပင်ပေါက်လောက်သော သစ်သီးကြံတို့ကို စားလိုလျှင် ရဟန်းက “ကပ္ပိယံ+ကရောဟိ”ဟုဆိုပြီးနောက် လူသာမဏေ က “ကပ္ပိယံ+ဘန္တေ”ဟုဆိုလျက် (ဆိုတုန်းဖြစ်စေ ဆိုပြီးချက်ခြင်းဖြစ်စေ) မီးဖြင့်သော်လည်းထိုး, ဓါးဖြင့်သော်လည်းခုတ်, လက်သည်းဖြင့်သော်လည်း ဆိတ်ရမည်။ ဓါး-လက်သည်းဖြင့် ထိုးခုတ်ဆိတ်ဖြတ်ရာ၌ ထက်ပိုင်းမပြတ်ဘဲ ဓါးရာ လက်သည်းရာ အပေါက်အပြတ် ထင်ရှားလျှင် စားသုံးကောင်း တော့၏၊ ထက်ပိုင်းပြတ်လျှင်ကား ဆိုဖွယ်ရာမရှိပြီ။
ဆက်ဦးအံ့- “ဓါးဖြင့်ခုတ်”ဟူရာ၌ အပ်ဖြင့်ထိုးခြင်းများလည်း ပါဝင်၏။ ထိုသို့ကပ္ပီရာ၌ သစ်သီးစသော ဝတ္ထုက ရဟန်း၏ လက်ထည်း၌ ရှိနေမှ မဟုတ်, ထောင်ပုံရာပုံ ပုံထားသော အကပ်မခံရသေးသော သစ်သီးပုံ ကြံပုံတို့ကိုလည်း ရဟန်းတစ်ပါးက မထိမကိုင်ဘဲ “ကပ္ပိယံ ကရောဟိ” ဟုဆိုလျှင် လူသာမဏေက တစပ်တည်းနေသော သစ်သီးတလုံး ကြံတချောင်းကို “ကပ္ပိယံ ဘန္တေ”ဟု ဆို၍ ခုတ်လိုက် ထိုးလိုက်သောအခါ အားလုံးပင် ကပ္ပီပြီး ဖြစ်တော့၏၊ တစ်ကြိမ် ကပ္ပီပြီးသော သစ်သီးများကို (အကပ်မခံရသေးလျှင်) နောက်နောက်ရက်များ၌ပင် ထပ်၍မကပ္ပီဘဲ အကပ်ခံ၍ စားသောက်နိုင်၏။
ကပ္ပိယံ ကရောဟိ အဓိပ္ပါယ်။ ။ “ကပ္ပသဒ္ဒါသည် သမဏ ဝေါဟာရ = ရဟန်းတို့၏ အပ်ကြောင်းဖြစ်သော အသုံးအနှုန်းကို ဟောသည်”ဟု ဆိုခဲ့ပြီ၊ ထိုအသုံးအနှုန်း အားလျော်သော အပြုအမူ (ဓါးဖြင့်ခုတ်ခြင်းစသည်ကို) “ကပ္ပဿ-သမဏဝေါဟာရအား+အနရူပံ = လျော်သော အမှုတည်း” ဟူသော ဝိဂြိုဟ်အရ “ကပ္ပိယ”ဟု ခေါ်သည်၊ ထို့ကြော “ကပ္ပိယံ = ရဟန်းတို့အား အပ်ကြောင်းဖြစ်သော အသုံးအနှုန်းအားလျော်သော အမှုကို (သဒ္ဒါနက်) ဝါ-အပ်သည်ကို၊ (အဓိပ္ပါယ်နက်)ဝါ-ကပ္ပီခြင်းကို (ဝေါဟာရ-သုံးစွဲရိုးအနက်) ကရောဟိ-ပြုလေ”ဟု အနက်ဆို၊ “ကပ္ပိယံ ဘန္တေ”၌ “ဘန္တေ-အရှင်ဘုရား၊ ကပ္ပိယံ-အပ်သည်ကို၊ (ကရောမိ-ပြုပါ၏)”ဟုဆို၊
စာမျက်နှာ-၁၄၃
ဤကပ္ပိယံကရောဟိ၌ ယက်ဖြတ်၍ “ကပ္ပီ”ယခု ကာလ၌ ပြောကြသည်။ ပါဠိလို မဆိုတတ်လျှင် မြန်မာလို ဆရာက “ကပ္ပီစမ်း” တပည့်က “ကပ္ပီပါ၏ဘုရား” ဟုဆို၍ ဓါးစသည်ဖြင့် ခုတ်လျှင်လည်း အပ်သည်သာ။ [ရဟန်းများ သုံးစွဲ ကောင်းခြင်း, သုံးစွဲမှုကြောင့် အပြစ်မရှိခြင်းကို “အပ်”ဟု ဝိနည်းမှာ သုံးနှုန်း၏။]
ခ။ အညဝါဒက သိက္ခာပုဒ်
အမှုသည်—အရှင်ဆန္န။
အမှု—စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးမှု။
စကားတစ်မျိုးဖြင့် ဖုံးကွယ်မှု။ ။ အရှင်ဆန္န၏ မလျောက်ပတ်သော (အာပတ်သင့် စကားတစ်မျိုးဖြင့် လောက်သော) အမှုကိုမြင်၍ သံဃာ့အလယ်၌ ဝိနည်းဓိုရ် ဖုံးကွယ်မှ ပုဂ္ဂိုလ်က အာပတ်ဖြင့် စစ်ဆေးအပ်သော်, “ကော အာပန္နော = ဘယ်သူ အာပတ်သင့်သလဲ”ဟု ဝိနည်းဓိုရ်ကို ပြန်၍မေး၏၊ “သင်အာပတ်သင့်တယ်”ဟုဆိုလျှင် “ကိံ အာပန္နော—အဘယ်အာပတ် သင့်သလဲ”ဟု ပြန်၍မေး၏၊ “ပါစိတ်အာပတ်, သို့မဟုတ် ဒုက္ကဋ် အာပတ်သင့်တယ်” ဟုဆိုလျှင် ဧကသ္မိံ အာပန္နော = အဘယ် အမှုကြောင့် သင့်သလဲ”ဟု ပြန်၍ မေး၏၊ “မည်သည့် အမှုကြောင့်သင့်သည်”ဟုဆိုပြန်လျှင် “ကထံ အာပန္နော = ဘယ်လို အခြင်းအရာဖြင့် (ဘယ်လို ပြုနေရင်း) သင့်သနည်း”ဟု ပြန်၍မေး၏၊ “မည်သည့် အမှုကို ပြုနေရင်းသင့်သည်ဟု ဆိုပြန်လျှင် “ကံ ဘဏထ = ဘယ်သူ့ကို ပြောနေကြတာလဲ”ဟု မေးပြန်၏။ သင့်ကို “သင့်ကို ပြောနေတာဘဲ”ဟုဆိုလျှင် “ဘာကို ပြောကြသလဲ”ဟု မေးပြန်၏၊ ဤသို့ စသည်ဖြင့် မပြီးမပြတ်နိုင်လောက်အောင် စကားတစ်မျိုးဖြင့် စကား တစ်မျိုးကို ကွယ်ကာနေမှုကြောင့် “အညဝါဒကေ ပါစိတ္တိယံ”ဟု ပညတ်တော် မူရလေသည်။
သံဃာကိုညှဉ်းဆဲမှု။ ။ အရှင်ဆန္နသည် နောက်တစ်ကြိမ် မလျောက်ပတ်မှုကို ပြုခြင်းကြောင့် သံဃာ့အလယ်၌ အာပတ်ဖြင့် စစ်ဆေးအပ်ပြန်သော် ရှေးကလို စကားအမျိုးမျိုးပြော၍ ကွယ်ကာလျှင် အာပတ်သင့်မည် စိုးသောကြောင့် ဘာစကားမျှ ပြန်၍မပြောတော့ဘဲ တိတ်တိတ်နေလေသည်၊ ဝိနည်းဓိုရ်က အထပ်ထပ်မေးသော်လည်း ရှင်ဆန္နကား ဘာမျှပြန်၍ မပြောတော့၊ ထိုအခါ ရဟန်းများက ပြန်၍ မပြောဘဲ သံဃာကို
စာမျက်နှာ-၁၄၄
ညှဉ်းဆဲရမလား” ဟု ကဲ့ရဲ့ကြသောကြောင့် “ဝိဟေသကေ ပါစိတ္တိယ” ဟု အနုပညတ်တပ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ အညဝါဒကေ ဝိဟေသကေ ပါစိတ္တိယံ။
မြန်မာပြန်။ ။ မေးအပ်သောအကြောင်းမှ တစ်ပါးသော အကြောင်းကို ပြောဆိုတတ်သူ၏ အဖြစ်ကြောင့်၎င်း၊ သံဃာကို ညှဉ်းဆဲတတ်သူ၏ အဖြစ်ကြောင့်လည်းကောင်း, ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ အညဝါဒကအမှုကြောင့် ပါစိတ်တချက်, ဝိဟေသက အမှုကြောင့် ပါစိတ်တချက်သင့်၏။ ဤသို့ အညဝါဒက အပြုသူကို ရှေးဦးစွာ အညဝါဒကကံပြုရ၏၊ ထိုသို့ ကံပြုလျက် အညဝါဒကအမှုကို ပြုမြဲပြုနေမှ ပါစိတ်အာပတ်သင့်သည်၊ အညဝါဒကကံ မပြုရသေးခင် စကားတစ်ခုဖြင့် စကားတစ်ခုကို ကွယ်ကာနေမှုကြောင့်ကား ဒုက္ကဋ် အာပတ်သာသင့်၏။ [ဝိဟေသအမှု၌လည်း နည်းတူ။]
ဂ။ ဥဇ္ဈာပနကသိက္ခာပုဒ်
အမှုသည်—မေတ္တိယ, ဘူမဇကရဟန်းများ။
အမှု—အထင်သေးအမြင်သေးအောင်ပြောမှု။
အရှင်ဒဗ္ဗအပေါ် အထင်းသေးအောင် ပြောမှု။ ။ ဒုဋ္ဌဒေါသ သိက္ခာပုဒ်၌ (နေရာခင်းပေးခြင်း, ဆွမ်းလှည့်ချပေးခြင်းတို့ဖြင့်) အရှင်ဒဗ္ဗ၏ သံဃာ တာဝန်ဆောင်ပုံကို ပြခဲ့ပြီ၊ မေတ္တိယ-ဘူမက မည်သော ရဟန်းတို့သည် အရှင်ဒဗ္ဗအပေါ်၌ အခြားရဟန်းတို့က အထင်သေး အမြင်သေးဖြစ်အောင် အရှင်ဒဗ္ဗ၏ မဟုတ်မမှန်သော မကောင်းသတင်းကို လုပ်ကြံ၍ (ဒဗ္ဗသည် ဆန္ဒာဂတိလိုက်ပြီး နေရာခင်းပေးတယ်, ဆွမ်းလှည့်ချတယ်) ဟု အခြားရဟန်းတို့အား ပြောကြလေသည်၊ ထိုအမှကြောင့် “ဥဇ္ဈာပနကေ ပါစိတ္တိယံ”ဟု ပညတ်တော်မူရလေသည်။
အတင်းပြောမှု။ ။ ထိုသို့ပညတ်တော် မူပြီးနောက် ထိုမေတ္တိယ-ဘူမဇက ရဟန်းတို့သည် အရှင်ဒဗ္ဗ၏ မကောင်းသတင်းကို အခြား ရဟန်းများထံ တိုက်ရိုက်မပြောကြတော့ဘဲ အခြားရဟန်းတို့၏ အနီးအပါး အခြားရဟန်းတို့ ကြားလောက်သည့်) နေရာ၌ “ဒဗ္ဗသည် ဆန္ဒာဂတိလိုက်၍ နေရာခင်းပေးတယ်, ဆွမ်းလှည့်ချပေးတယ်”ဟု သူတို့အချင်းချင်း အတင်း ပြောကြကုန်၏၊ ထိုသို့အတင်းပြောသံကို ကြားသောရဟန်းတို့က အရှင်ဒဗ္ဗကို
စာမျက်နှာ-၁၄၅
ညှဉ်းဆဲကြလိမ့်မည်-ဟု သူတို့အယူရှိကြသည်၊ ထိုအတင်းပြောမှုကြောင့် “ခိယျနကေပါစိတ္တိယံ”ဟု အနုပညတ် ထပ်တော်မူရပြန်သည်။ [“ခိယျနကေ-ရှုတ်ချခြင်းကြောင့်”ဟု အနက်ပေးရာ၌ အမှန်မှာ “အတင်းပြောမှုပင်”ပင်]
သိက္ခာပုဒ်။ ။ ဥဇ္ဈာပနကေ ခိယျနကေ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အထင်သေးအမြင်သေးစေကြောင်းစကားကို ပြောဆိုခြင်း (ကဲ့ရဲ့ခြင်း) ကြောင့်လည်းကောင်း, အပြစ်ကိုထင်ရှားပြခြင်း (ရှုတ်ချခြင်း) ကြောင့်လည်းကောင်း, ပါစိတ်အာပတ်သင့်၏။
ဃ။ ပထမသေနာသနသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—သံဃိကအိပ်ရာနေရာကို မရုပ်သိမ်းမှု။
အိပ်ရာနေရာ မရုပ်သိမ်းမှု။ ။ ရဟန်းတို့သည် ဆောင်းအခါဝယ် လွင်တီးခေါင်၌ (အမိုးမရှိသော ဟာလာဟင်း အရပ်၌) သံဃိက ညောင်စောင်း (ခုတင်) အင်းပျဉ် (ထိုင်ခုံအမျိုးမျိုး) စသည်ကိုခင်း၍ နေပူလှုံကြပြီးလျှင် တခြားအရပ်သို့ သွားသည့်အခါ ထိုအိပ်ရာနေရာများကို ကိုယ်တိုင်လည်း မရုပ်သိမ်းကြ, သူတစ်ပါးကိုလည်း “ရုပ်သိမ်းလိုက်စမ်းပါ”ဟု မခိုင်းကြ၊ “တပည့်တော်သွားပါဦးမည်”ဟု တစ်စုံတစ်ယောက်ထံ၌လည်း ခွင့်မပန်ကြ၊ ညောင်စောင်းအင်းပျဉ်(ခုတင်ထိုင်ခုံ) စသည်တို့ နှင်းစိုကုန်လေသည်၊ ထို့ကြောင့် အခြားရဟန်းတို့ ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကိုပညတ်တော်မူရလေသည်။ [လူ-သာမဏေ-တပည့်ရဟန်းငယ်စသူကို “ခင်းလိုက်စမ်း”ဟု ခိုင်းမှုကို “သန္ထရာပေတွာ”ဟုဆို၏၊]
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သံဃိကံ မဉ္စံ ဝါ ပီဌံ ဝါ ဘိသိံ ဝါ ကောစ္ဆံ ဝါ အဇ္ဈောကာသေ သန္ထရိတွာ ဝါ သန္ထရာပေတွာ ဝါ တံ ပက္ကမန္တော နေဝ ဥဒ္ဓရေယျ, န ဥဒ္ဓရာပေယျ, အနာပုစ္ဆံ ဝါ ဂစ္ဆေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် သံဃာ့ဥစ္စာဖြစ်သော ညောင်စောင်း, အင်းပျဉ်, ဘုံလျှိုခတ်အခင်းကို လွင်တီးခေါင်၌ ကိုယ်တိုင်ခင်းပြီးသော်လည်းကောင်း, သူတစ်ပါးကို ခင်းစေပြီး၍သော်လည်းကောင်း, အခြားတနေရာသို့သွားလို
စာမျက်နှာ-၁၄၆
လတ်သော် ထိုညောင်စောင်းစသည်ကို ကိုယ်တိုင်မူလည်း မရုပ်သိမ်းအံ့၊ သူတစ်ပါးကိုမူလည်း မရုပ်သိမ်းစေအံ့၊ မပန်ပြောဘဲ မူလည်း သွားအံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။
ဘိသိ။ ။ ကောစ္ဆ။ အဇ္ဈောကာသေ—ဘာသာဋီကာမှာယူ။
င။ ဒုတိယသေနာသနသိက္ခာပုဒ်
အမှုသည်—သတ္တရသဝဂ္ဂီရဟန်းကလေးများ။
အမှု—သံဃိကကျောင်း၌အိပ်ရာနေရာခင်း၍ မရုပ်သိမ်းဘဲသွားမှု။
သတ္တရသဝဂ္ဂီတို့ မရုပ်သိမ်းမှု။ ။ လူ့ဘောင်မှစ၍ မိတ်ဆွေဖြစ်လာခဲ့ကြသော၁၇-ပါးသော ရဟန်းတို့သည် အတူသွား အတူနေ များစွာအကျွမ်း တဝင်ရှိကြလေသည်၊ ထိုရဟန်းတစုကို “သတ္တရသဝဂ္ဂိယ” ဟုခေါ်၏၊ ထိုသတ္တရသဝဂ္ဂီရဟန်းတို့သည် သံဃိကကျောင်း၌ အိပ်ရာနေရာများကိုခင်း၍ ထိုင်ကြ အိပ်ကြပြီးလျှင် အရပ်တစ်ပါးသို့ သွားကြသည့်အခါ ကိုယ်တိုင်လည်း မရုပ်သိမ်းကြ, သူတစ်ပါးကိုလည်း အသိမ်းမခိုင်းကြ, (တာဝန်ဝတ္တရားကို ရိုသေစွာ) စောင့်ရှောက် ကြည့်ရှုမည့် ရဟန်း, သာမဏေ, အာရာမ်စောင့်, ကပ္ပိယများကိုလည်း မတိုင်ကြားဘဲ သွားကြသဖြင့် (အိပ်ရာနေရာတွင် မကဘဲ) ကျောင်းကိုပါ ခြစားသောကြောင့် အခြား ရဟန်းတို့ ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သံဃိကေ ဝိဟာရေ သေယျံ သန္ထရိတွာ ဝါ သန္ထရာပေတွာ ဝါ တံ ပက္ကမန္တော နေဝ ဥဒ္ဓရေယျ, န ဥဒ္ဓရာပေယျ, အနာပုစ္ဆံ ဝါ ဂစ္ဆေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် သံဃာ့ဥစ္စာဖြစ်သော ကျောင်း၌ အိပ်ရာနေရာအခင်းကို ကိုယ်တိုင် ခင်းပြီး၍သော်လည်းကောင်း, သူတစ်ပါးကို အခင်းခိုင်းပြီး၍သော်လည်းကောင်း, ထိုအခင်းကိုအခြားတနေရာ သွားလိုသည့် အခါ၊ ကိုယ်တိုင်လည်း မရုပ်သိမ်းအံ့၊ သူတစ်ပါးကိုလည်း အရုပ်သိမ်း မခိုင်းအံ့၊ မပန်ပြောဘဲလည်း သွားအံ့၊ ထိုရဟန်းပါစိတ်အာပတ် သင့်၏။
စာမျက်နှာ-၁၄၇
သေယျ = အိပ်စရာ ထိုင်စရာ ၁၀-မျိုး
ဘိသိ မိလိကာ စေဝ, ဥတ္တရတ္ထရဏံ ပိစ၊ ဘူမတ္ထရဏံ တဋ္ဋိကာ, စမ္မခဏ္ဍော နိသီဒနံ။ ပစ္စတ္ထရဏံ စ တိဏ-သန္ထာရော ပဏ္ဏသန္ထာရော၊ ဒသယိမာ သေယျာ ဝုတ္တာ, မုနိနာဒိစ္စ ဗန္ဓုနာ။
ဘိသိ-ဘုံလျှို၊ စိမိလိကာ-အဝတ်ကြမ်း၊ ဥတ္တရတ္ထရဏံ-အပေါ်လွှမ်း အခင်း၊ သူမတ္ထရဏံ-မြေအခင်း၊ တဋ္ဋိကာ-ဖျာကြမ်း၊ စမ္မခဏ္ဍော-သားရေပိုင်း၊ နိသီဒနံ-နိသီဒိုန်၊ ပစ္စတ္ထရဏံ-သီးခြားအခင်း၊ တိဏသန္ထာရော-မြက်အခင်း၊ ပဏ္ဏသန္ထရော-သစ်ရွက်အခင်း၊ ဣမာဒသသေယျာ-ဤအခင်း ဆယ်မျိုးတို့ကို၊ မုနိနာ အာဒိစ္စဗန္ဓုနာ-နေမျိုးထွဋ်တင် ဘုရားရှင်သည်၊ ဝုတ္တာ-ဟောတော်မူအပ်ကုန်ပြီ။
“စိမိလိကာ”ဟူသည် အင်္ဂတေစသည်ဖြင့် အချောကိုင်ထားသော မြေ၌ အရောင်မပျက်အောင် ခင်းအပ်သော အခင်းကြမ်းတစ်မျိုးတည်း၊ ဥတ္တရတ္ထရဏ(ဥတ္တရိ = အပေါ်၌ + အတ္ထရဏ = ခင်းအပ်သော)” ဟူသည် ညောင်စောင်း အင်းပျဉ်တို့ အပေါ်၌ ခင်းအပ်သော အိပ်ရာခင်း စသောအခင်းများတည်း၊ “ဘူမတ္ထရဏ”ဟူသည် စိမိလိကာရှိလျှင် စိမိလိကာ အပေါ်၌ ခင်းရသော စိမိလိကာမရှိလျှင် ရိုးရိုးမြေ၌ ခင်းအပ်သော သင်ဖြူး စသည်တည်း၊ “တဋ္ဋိကာ” ဟူသည် သင်ဖြူး စသည်ကဲ့သို့ အနုအချော မဟုတ်-ထန်းရွက်စသည်ဖြင့် ပြုလုပ်အပ်သော ဖျာကြမ်းတည်း။
“စမ္မခဏ္ဍ”ဟူသည် ခြင်္သေ့ရေ သစ်ရေ ကျားရေမှစ၍ အားလုံးသော သားရေတည်း၊ ထိုသားရေကိုပင် နံဘေးပတ်လည် ဖြတ်ထားအပ်သောကြောင့် “ဓမ္မ = သားရေ+ခဏ္ဍ = အပိုင်းအဖြတ်”ဟုခေါ်သည်၊ ခြင်္သေ့ရေ စသည်ကို ပုဂ္ဂလိကအဖြစ်ဖြင့် သွားလေရာယူ၍ မသုံးစွဲကောင်း၊ ကျောင်း အသုံးအဆောင် အဖြစ်ဖြင့်ကား သားရေအားလုံး သုံးဆောင်ကောင်းသည်။]နိသီဒိုန်ကို နိသီဒန သန္ထတသိက္ခာပုဒ်၌ပြခဲ့ပြီ၊ ပစ္စတ္ထဂုဏ (ပတိ-အတ္ထရဏ-သီးခြားအခင်း၊)”ဟူသည် ကော်ဇောကဲ့သို့ အမွှေးပါသော အခင်းများတည်း၊ “တိဏသန္ထာရ ပဏ္ဏသန္ထရ”ဟူသည် မြက်များကိုလည်းကောင်း, သစ်ရွက်များကိုလည်းကောင်း, တွဲစပ်၍ အခင်းလုပ်ထားသော အခင်းများတည်း။
စာမျက်နှာ-၁၄၈
တာဝန်ဝတ်တရား။ ။ ထိုအခင်းများကို သံဃိကကျောင်းပေါ်၌ ခင်းနေ ပြီးနောက် တခြားအရပ်သို့ ညဉ့်အိပ်သွားလိုလျှင် ကိုယ်တိုင်ဖြစ်စေ, ခိုင်း၍ ဖြစ်စေ သိမ်းထားခဲ့ရမည်၊ သို့မဟုတ် ရဟန်း, သာမဏေ, အာရာမ်စောင့် ၃-မျိုးလုံးရှိလျှင် ရဟန်းထံ, ရဟန်းမရှိလျှင် သာမဏေထံ, ရဟန်း သာမဏေမရှိလျှင်အာရာမ်စောင့်ထံ အပ်နှံပန်ပြော၍သွားရမည်၊ မည်သူမျှ မရှိလျှင် ကျောင်းဒါယကာထံ အပ်နှံ၍ကျောင်းဒါယကာက သံဃိကပစ္စည်းကို အိမ်မှာလက်မခံလိုလျှင် တနည်းနည်းနှင့် ကြံဖန်သိမ်းထား၍သွားရမည်၊ ထိုကဲ့သို့မသိမ်းဘဲသွားလျှင် ခြတက်၍ ကျောင်းပါပျက်စီးတတ်သောကြောင့် ပါစိတ်အာပတ်သင့်သည်၊ ကျောင်းတွင်းမဟုတ်ဘဲ အခြားမလုံခြုံသောနေရာ၌ ထားပစ်ခဲ့လျှင် ကျောင်းမပျက်-အခင်းများသာ ပျက်သောကြောင့် ဒုက္ကဋ်၊ [ခြလည်းတက်မည်ဟု မထင်, မိုးလည်း လုံသောကျောင်းမှသွား ရာ၌ကား မသိမ်း မပန်ဘဲ သွားခြင်းကြောင့် အာပတ်မသင့်ပါ၊ သို့ရာတွင် ရုပ်သိမ်း၍ ပန်ကြား၍သွားခြင်းမှာ ဝတ်တရားဖြစ်သည်။]
စ။ အနုပခဇ္ဇသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—မထေရ်ကြီးများအနား၌ ကပ်ရောက်နေထိုင်မှု။
ဆဗ္ဗဂ္ဂီရဟန်းများ ညစ်ပုံ။ ။ သံဃိကအိပ်ရာ နေရာများတွင် ကြီးသူတို့ မလိုချင်သော နေရာကိုသာ ငယ်သူတို့ ရကြရိုးတည်း၊ ဆဗ္ဗဂ္ဂီရဟန်းတို့ကား သံဃာများခရီးသွားကြသည့်အခါ ရှေးဦးစွာ သွားနှင့်ကြ၍ နေရာကောင်းတို့၌ သူတို့၏ သပိတ်သင်္ကန်းများကိုထားပြီးလျှင် ထေရ်ကြီးများကို (ထိုနေရာ မယူရအောင်) အနှောင့်အယှက် ပေးကြ၏၊ ထေရ်တို့သည် ဝါစဉ်အတိုင်း နေရာယူသည့်အခါ ဆဗ္ဗဂ္ဂီတို့ မှတ်ထားသော နေရာများ၌ ကျရောက်ကြသဖြင့် “ငါတို့အား ဒီနေရာမှာ ကျရောက်သည်” ဟုပြောပြီးလျှင် ဆဗ္ဗဂ္ဂီရဟန်းငယ်တို့ကို ထစေကြလေသည် ထိုအခါ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် “အရှင်ဘုရားတို့အား ခုတင်ထားရာ ထိုင်ခုံထားရာ အရပ်သာရောက်၏, ထိုခုတင်ထိုင်ခုံ၏ နံပါး၌ လွတ်လပ်သော ကြမ်းပြင်သည် အရှင်ဘုရားတို့နှင့်မဆိုင်” ဟု ဆိုပြီးလျှင် သူတို့အတွက် ကျရောက်သော အခြားနေရာမှ ညောင်စောင်းအင်းပျဉ် (ခုတင်ထိုင်ခုံ)များကိုယူခဲ့၍ ထေရ်တို့၏ ခုတင်ထိုင်ခုံများအနီးအပါး၌ ကပ်လျက်ခင်းပြီးလျှင် ထိုင်ကြ အိပ်ကြ
စာမျက်နှာ-၁၄၉
စာအံကြလေသည်၊ သူတို့ရည်ရွယ်ချက်ကား ယခုလို ကျဉ်းမြောင်းကြပ်တည်းအောင် အနှောင့်အယှက်ပေးလျှင် ထေရ်ကြီးတွေ အခြားနေရာ သွားနေကြလိမ့်မည်၊ ထိုအခါ နဂိုက ငါတို့မှတ်ထားသော ညောင်စောင်းအင်းပျဉ်ကို ငါတို့ပင်ရလိမ့်မည်ဟု ယူဆကြခြင်းဖြစ်၏၊ ထို့ကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သံဃိကေ ဝိဟာရေ ဇာနံ ပုဗ္ဗုပဂတံ ဘိက္ခုံ အနုပခဇ္ဇ သေယျံ ကပ္ပေယျ “ယဿ သမ္ဗာဓော ဘဝိဿတိ, သော ပက္ကမိဿတီ”တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် သံဃိကကျောင်း၌ မထစေထိုက်သူဟု သိလျက် မိမိအလျင်, ကပ်ဝင်နေထိုင်သော ရဟန်း၏အနီးသို့ ကပ်ဝင်၍ ထိုင်ခြင်း အိပ်ခြင်းကိုပြုအံ့၊ (အဘယ်သို့ကြံ၍ ပြုသနည်းဟူမူ) “အကြင်ရဟန်းမှာ ကျဉ်းကြပ်ခြင်းဖြစ်လတံ့၊ ထိုရဟန်း ဖဲသွားလိမ့်မည်”ဟု ကြံ၍ ဤကျဉ်းကြပ်စေခြင်းကိုသာလျှင် အကြောင်းပြု၍ အခြားအကြောင်းမရှိဘဲ ထိုင်ခြင်း အိပ်ခြင်းကိုပြုအံ့၊) ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ မိမိထက်ကြီးသူကိုလည်းကောင်း, မကျန်းမမာဖြစ်နေသူကိုလည်းကောင်း, (အများအကျိုး ဆောင်သော စာချ-ဓမ္မကထိက-ဝိနည်းဓိုရ်-ဘဏ္ဍာစိုး စသူတို့အား သီးခြားနေရာပေးထားတတ်၏။) ထိုသို့ နေရာသီးခြားရထား သူကို၎င်း
အခြားပုဂ္ဂိုလ်များက “ဒီနေရာ တပည့်တော်အား ရောက်သည်”ဟုဆို၍ ထ, မသွားစေနိုင်၊ ထိုသို့ သူ့နေရာမှ မထစေထိုက်သော ရဟန်းဟုသိခြင်းကို “ဇာနံ”ဟု သိက္ခာပုဒ်၌ဆိုသည်။
ဆ။ နိကဍ္ဎနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—သံဃိကကျောင်းမှထွက်သွားအောင် လုပ်မှု။
ဆဗ္ဗဂ္ဂီတို့အကြံ။ ။ ဇေတဝန်ကျောင်းတိုက်၏ အစွန်အဖျား၌ ကျောင်းကြီး တကျောင်းကို “ဤကျောင်း၌ ဝါဆိုကြစို့”ဟု တိုင်ပင်၍ သတ္တရသဝဂ္ဂီရဟန်းကလေးတို့ ကျောင်းပြင်နေကြလေသည်။ ဆဗ္ဗဂ္ဂီရဟန်းကြီး
စာမျက်နှာ-၁၅၀
တို့တွင် အချို့ က “ဒီရဟန်းကလေးတွေကို ကျောင်းမှထွက်သွားစေကြစို့”ဟု ပြောလျှင် အချို့က “ဆိုင်းငံ့ကြဦး, သူတို့ပြင်ပြီးမှ ထွက်စေကြ”ဟု ပြောကြ၏၊ ဝိနည်းတော်ထုံးစံအားဖြင့် သိဃိကကျောင်းမှန်လျှင် ကြီးသူတို့သာ နေရာကောင်း ရရှိကြ၏။ ကြီးသူတို့ မလိုချင်မှ ငယ်သူတို့ ရကြသည်။ ထို့ကြောင့် ကျောင်းပြင်ပြီးသောအခါ “ငါ့ရှင်တို့... ဤကျောင်းသည် ငါတို့ အားရောက်၏, သင်တို့ထွက်ကြ”ဟု နှင်ကြလေသော်..... “အရှင်ဘုရားတို့ စောစောပြောကြလျှင် တပည့်တော်တို့လဲ အခြားကျောင်းကို ပြင်ဆင်ကုန်ရာ၍”ဟု ပြော၍ မထွက်သေးဘဲ နေကြလေ၏၊ “ဒီကျောင်းဟာ သံဃိကကျောင်း မဟုတ်လား”ဟု ဆဗ္ဗဂ္ဂီတို့ကမေး၍ “ဟုတ်ပါကြောင်း”ဝန်ခံလျှင် “ငါ့ရှင်တို့ ထွက်ကြ, ငါတို့အား ရောက်သည်”ဟု ထပ်၍ပြောကြပြန်လေသည်။
ထိုအခါ သတ္တရသဝဂ္ဂီ ရဟန်းကလေးများက “အရှင်ဘုရားတို့..... ကျောင်းကြီး ကျယ်ပါတယ်, အရှင်တို့လဲ နေ့ကြတာပ, တပည့်တော်တို့လဲ နေပါရစေ”ဟု လျှောက်ကြပြန်လျှင် “ငါ့ရှင်တို့ထွက်ကြလော, ကျောင်းသည် ငါတို့အားရောက်၏”ဟု ပြောပြောဆိုဆိုနှင့်ပင် လည်ပင်းကိုင်၍ ဆွဲထုတ်ကြလေသော် ရဟန်းကလေးတို့ ငိုကြသံကို အခြားရဟန်းများကြား၍ ဘုရားထံလျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုံ ကုပိတော အနတ္တမနော သံဃိကာ ဝိဟာရာ နိက္ကဍ္ဎေယျ ဝါ နိက္ကဍ္ဎာပေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် အခြားရဟန်းကို စိတ်ဆိုးသည် (မိမိ၏ပင်ကိုယ်စိတ်မရှိသည်)ဖြစ်၍ သံဃိကကျောင်းမှ ကိုယ်တိုင်မူလည်း နှင်ထုတ်အံ့၊ သူတစ်ပါးကိုမူလည်း နှင်ထုတ်ခိုင်းအံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ လဇ္ဇီသူတော်ကောင်းကို နှင်ထုတ်မှသာ အာပတ်သင့်၏၊ အလဇ္ဇီကိုလည်းကောင်း, ခိုက်ရန်ဖြစ်တတ်သောသူကိုလည်းကောင်း, သံဃိကကျောင်းမှ နှင်ထုတ်မှု, ကောင်းစွာမကျင့် မလိုက်နာသောတပည့်ကို နှင်ထုတ်မှု, မိမိပိုင်ပုဂ္ဂလိက ကျောင်းမှ မိမိသဘောမကျသူကို နှင်ထုတ်မှုကြောင့်ကား အာပတ်မသင့်။
စာမျက်နှာ-၁၅၁
ဇ။ ဝေဟာသကုဋိသိက္ခာပုဒ်
အမှုသည်—ရဟန်းတစ်ပါး။
အမှု—အထက်ထပ်၌ အခင်းမရှိသေးဘဲ ခုတင်ကိုခင်း၍ထိုင်မှု။
ခုတင်ကို ဖိ၍ ထိုင်မှု။ ။ သံဃိကဖြစ်သော ၂ ထပ်ကျောင်း တဆောင်ဝယ် အထက်ထပ်၌ ပျဉ်စသည်မခင်းရသေး၍ ဟင်းလင်းဖြစ် နေ၏။ သို့သော် ညောင်စောင်း ထိုင်ခုံများထား၍ ဖြစ်လောက်အောင် ဆင့်ကြပြီးပြီဟုကား ဆိုရပြီ၊ သို့ရာဝယ် ခုတင်ထိုင်ခုံများ၏ခြေကား ထိုဆင့် များပေါ်၌ထား၍ ဖြစ်ဖွယ်မရှိသောကြောင့် အောက်၌ တွဲလျားကျနေပေလိမ့်မည်၊ “ဝေဟာသကုဋိ” ဟု ခေါ်ရသော ကျောင်းငယ်၌ ရဟန်း ၂-ပါးသည် အထက်ထပ်တစ်ပါး အောက်ထပ်တစ်ပါးနေကြလေ၏။ အထက်ထ နေသူ၏ညောင်စောင်း (ခုတင်) သည်ဘောင်၌ ထွင်း၍ အခြေတပ်ထားသော ညောင်စောင်းဖြစ်၏၊ ထိုအခြေကိုလည်း စို့ရိုက်မထားသဖြင့် အလွယ်တကူ ကျွတ်ကျလောက်၏။ အခါတစ်ပါး၌ အထက်ထပ်နေရဟန်းသည် ထိုညောင်စောင်းကို အဆောတလျင် ဖိ၍ထိုင်လိုက်ရာ ခြေထောက်ကျွက်၍အောက်ထပ် နေရဟန်း၏ ဦးခေါင်းပေါ်ကျသဖြင့် အလန့်တကြား အော်လိုက်မိလေသည်၊ ထိုအခါ အော်သံကြား၍ ပြေးလာကြသော ရဟန်းများသိ၍ အထက်ထပ်နေ ရဟန်းကို ဘောင်၌ အခြေတပ်ထားသော ခုတင်ကို အဆောတလျှင် ဖိ၍ထိုင်ရမလားဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သံဃိကေ ဝိဟာရေ ဥပရိဝေဟာသကုဋိယာ အာဟစ္စပါဒကံ မဉ္စံ ဝါ ပီဌံ ဝါ အဘိနိသီဒေယျ ဝါ အဘိနိပဇ္ဇေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် သံဃိကကျောင်းဝယ် အထက်ဆင့်တွင် ဟင်းလင်းအပြင်ရှိသော ကုဋိ၌ အပေါင်၌ သွင်းအပ်သောအခြေရှိသော ညောင်စောင်းကိုသော်လည်းကောင်း, အင်းပျဉ်ကို သော်လည်းကောင်း, ဖိ၍မူလည်း ထိုင်အံ့, ဖိ၍မူလည်း အိပ်အံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။
စာမျက်နှာ-၁၅၂
ဈ။ မဟလ္လကဝိဟာရသိက္ခာပုဒ်
အမှုသည်—ရှင်ဆန္န။
အမှု—ကျောင်းကိုအထပ်ထပ်အမိုးခိုင်းမှု။
အမှာ။ ။ သံဃာဒိသေသ် မဟလ္လကဝိဟာရသိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း ကျောင်းဒါယကာ ရှိသောကျောင်းကို “မဟလ္လကဝိဟာရ” ခေါ်ရကြောင်းကို၎င်း၊ ထိုမဟလ္လကဝိဟာရဟူသည် အင်္ဂတေ-သို့မဟုတ်မြေညက်တို့ဖြင့် အတွင်းဖြစ်စေ အပြင်ဘက်ဖြစ်စေ ၂ ဘက်လုံးဖြစ်စေ သုတ်အပ်သော(ကုလားများ၏ နေအိမ်နှင့်တူသော) ကျောင်းမျိုး ဖြစ်ကြောင်းကိုလည်းကောင်း, နားလည်နှင့်ရာ၏။
အထပ်ထပ်အမိုး အသုတ်ခိုင်းခြင်း။ ။ အရှင်ဆန္န၏ ဒါယကာ အမတ်ကြီးသည် အရှင်ဆန္နဖို့ ထိုကျောင်းမျိုးပြုလုပ်စေရာ ထုံးစံအတိုင်း ပြီးစီးပြီးဖြစ်၏၊ သို့သော် အရှင်ဆန္နသည် အားမရသေး၍ ထပ်ကာ ထပ်ကာ အမိုးလည်းခိုင်း, အင်္ဂတေ-သို့မဟုတ် မြေညက် အသုတ်လည်း ခိုင်း၏၊ ထိုသို့ ထပ်၍ မိုးမှု ထပ်၍ သုတ်မှုကြောင့် ဝန်လေးသည် ဖြစ်၍ ကျောင်းကလေး ပြိုကျလေတော့၏။ ရှင်ဆန္နသည် ပြိုကျသော အမိုးမြက်များနှင့် သစ်သားတို့ကို စုရုံးလေရာ သူ၏နင်းမှုကြောင့် ပုဏ္ဏား တစ်ယောက်၏ မုယောလယ်ခင်း ပျက်လေတော့၏၊ ထိုအခါပုဏ္ဏားက “သူ့မုယောခင်းကို ဖျက်ရမလား”ဟု ကဲ့ရဲ့သည်ကို ရဟန်းများကြား၍ ရဟန်းများက ပြီးပြီးသောကျောင်းကို ထပ်၍ မိုးစေရ-သုတ်စေရမလား”ဟု ကဲ့ရဲ့ကာ ဘုရားထံ လျှောက်ခြင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ မဟလ္လကံ ပန ဘိက္ခုနာ ဝိဟာရံ ကာရယမာနေန ယာဝ ဒွါရကောသာ အဂ္ဂဠဋ္ဌပနာယ အာလောကသန္ဓိပရိကမ္မာယ ဒွတ္တိစ္ဆဒနဿ ပရိယာယံ အပ္ပဟရိတေ ဌိတေန အဓိဋ္ဌာတဗ္ဗံ, တတော စေ ဥတ္တရိ အပ္ပဟရိတေပိ ဌိတော အဓိဋ္ဌဟေယျ, ပါစိတ္တိယံ။
အဓိပ္ပါယ်နှင့်တကွမြန်မာပြန်။ ။ မဟလ္လကဝိဟာရကို ပြုလိုသော ရဟန်းသည် တံခါးရွက်နှင့် တံခါးဘောင်ကို ခိုင်မြဲအောင် ထားခြင်းငှာ တံခါးဘောင်-ကြီးခွေ၏ ပတ်ပတ်လည် ၂ တောင့်ထွာလောက်အရပ်ကို အထပ်ထပ်သုတ်နိုင်၏၊ လေသောက်ပြုတင်း၏ တံခါးရွက်များကိုလည်း ခိုင်မြဲအောင်ပြုခြင်းငှာ ထိုတံခါးရွက်များ ဖွင့်လိုက်လျှင်
စာမျက်နှာ-၁၅၃
ရိုက်မိလောက်ရာ အရပ်ကို အထပ်ထပ်သုတ်နိုင်၏။ ထို့ပြင် အမိုးမိုးရာ၌ အုဌ်-ကျောက်တို့ဖြင့် မိုးလျှင်အဖြောင့်အားဖြင့် (တန်း၍ မိုး၏၊ ထိုသို့ အတန်းလိုက်မိုးခြင်းဖြစ်လျှင် ၂ တန်း ၃ တန်း တိုင်အောင်လည်းကောင်း, မြက်သစ်ရွက်တို့ဖြင့် မိုးလျှင် လှည့်ပတ်၍မိုး၏၊ ထိုသို့ လှည့်ပတ်၍မိုးရာ၌လည်း ၂ ထပ် ၃ ထပ်တိုင်အောင်လည်းကောင်း, (သည်ပုံ သည်နည်းမိုးရမည်-ဟု) စီမံနိုင်၏။ ထိုသို့စီမံရာ၌ မိမိရပ်နေရာ အရပ်က ကောက်ပဲသီးနှံ စိုက်ထားသော စိမ်းစိမ်းစိုစို အရပ် မဟုတ်ရ၊ (“ကောက်ပဲသီးနှံစိုက်ထားလျှင် သူတစ်ပါး၏ လယ်ယာကို ဖျက်ဆီးရာ ရောက်လိမ့်မည်” ဟူလို၊)ထိုသို့ကောက်ပဲသီးနှံစိုက်ပျိုး ရာမဟုတ်သော အရပ်၌နေ၍ စီမံစေကာမူ ၂ ထပ် ပို၍ကား မစီမံရ၊ ပို၍စီမံလျှင် ပါစိတ်အာပတ်သင့်၏။
ဉ။ သပါဏသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—ပိုးရှိသောရေကိုသွန်မှု။
ပိုးရှိသောရေကို သွန်မှု။ ။ အာဠဝီမြို့နေ ရဟန်းတို့သည် နဝကမ္မကို ပြုကြစဉ်ပိုးကျနေသောရေကို မြက်သို့လည်းကောင်း, မြေထည်းသို့လည်းကောင်း, ကိုယ်တိုင် သွန်းလည်း သွန်လောင်းကြ သူတစ်ပါးကိုလည်း အသွန်ခိုင်းကြလေ၏၊ ထိုအခါ အခြားရဟန်းတို့က ကဲ့ရဲ့ကြ၍ ဘုရားအား လျှောက်သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဇာနံ သပ္ပါဏကံ ဥဒကံ တိဏံ ဝါ မတ္တိကံ ဝါ သိဉ္စေယျ ဝါ သိဉ္စာပေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ပိုးရှိသော ရေမှန်းသိလျက် ထိုပိုးရှိသော ရေကို မြက်တည်းသို့လည်းကောင်း, မြေသို့၎င်း၊ (တနည်း-ပိုးရှိသော ရေထည်းသို့ မြက်ကိုလည်းကောင်း, မြေကို၎င်း) ကိုယ်တိုင်လည်းလောင်းအံ့၊ သူတစ်ပါးကိုသော်လည်း အလောင်းခိုင်းအံ့၊ ပါစိတ်အာပတ်သင့်၏။
စာမျက်နှာ-၁၅၄
မှတ်ချက်။ ။ ပိုးရှိမှန်းသိလျှင် ထိုပိုးရှိသောရေကို မြက်-မြေကြီးစသော အရပ်သို့ မသွန်ကောင်း၊ ထိုရေကို (ပိုးမသေလောက်ရာ) ကန်ချောင်း စသည်သို့သာ သွန်ရသည်၊ ချောင်းငယ် မြောင်းငယ်စသည်၌ ပိုးရှိသောရေက နည်းနည်းပါးပါး ဖြစ်နေ၍ ထိုရေထည်းသို့ မြက်-မြေကြီးတို့ကို လောင်းထည့်လိုက်လျှင် ပိုးကလေးတွေ သေဖွယ်ရှိ၏။ ထို့ကြောင့် ပိုးရှိသော ရေထည်းသို့လည်း မြက်ကိုလည်းကောင်း, မြေကြီးကိုလည်းကောင်း, မလောင်း ထည့်ရ။
ဘူတဂါမဝဂ်ပြီး၏။
စာမျက်နှာ-၁၅၅
ဘိက္ခုနောဝါဒဝဂ်
က။ ဩဝါဒသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ဘိက္ခုနီတို့အား ဩဝါဒပေးမှု။
ဘိက္ခုနီကြောင့် လာဘ်ပေါပုံ။ ။ “ဘိက္ခုနီတို့သည် ဘိက္ခုတို့အထံ၌ ဩဝါဒခံယူဖို့ရန် သွားရမည်”ဟု ဘိက္ခုနီ-အာရာမဝဂ် အဋ္ဌမသိက္ခာပုဒ်၌ ပညတ်တော်မူထား၏၊ ထိုပညတ်တော်အရ ဘိက္ခုနီတို့သည် ဩဝါဒခံယူဖို့ရန် လာကြသောအခါ အဝါ ၂၀ ရပြီးသော ထေရ်ကြီးတို့သည် ဩဝါဒပေးကြ (တရားဟောကြ)ကုန်၏၊ ဘိက္ခုနီတို့သည် မိမိတို့ အထံသို့ လာကြသောဆွေမျိုးများက “အဘယ် ပုဂ္ဂိုလ်ထံ ဩဝါဒ ခံယူကြပါသလဲ”ဟု မေးသောအခါ မည်သည့် ထေရ်၏ အထံမှ ဩဝါဒ ရသည်”ဟု မဟာသာဝက (အရှင်မဟာကဿပ-အရှင်သာရိပုတြာ-အရှင်အာနန္ဒာစသည်)တို့ကို ညွှန်ပြ၍ ထိုထေရ်တို့၏ အမျိုးအနွယ်ဂုဏ် အကျင့်သီလဂုဏ်တို့ကိုပါ ဆက်လက်ပြောကြလေ၏၊ ထိုအခါ ဆွေမျိုးတို့သည် ထိုထေရ်တို့ကို ကြည်ညိုကြသဖြင့် ထိုထေရ်တို့အား ပစ္စည်းလေးပါးကို လှူဒါန်းကြလေသည်။
ဆဗ္ဗဂ္ဂီတို့ အကြံ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုကဲ့သို့ ပစ္စည်းရမှုကို အားကျ၍ ဘိက္ခုနီတို့ထံသွားပြီးလျှင် “ငါတို့ဆီသို့လည်း ဩဝါဒ ခံယူကြပါဦး”ဟု ပြောကြလေ၏၊ ထိုအခါ ဘိက္ခုနီတို့သည် စိတ်မခိုင်ကြသောကြောင့် ဆဗ္ဗဂ္ဂီတို့စကားကို လိုက်နာ၍ ဆဗ္ဗဂ္ဂီတို့ထံ ဩဝါဒခံ သွားကြလေ၏။ ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် တရားစကားကို နဲနဲပါးပါးသာပြော၍ တစ်နေ့လုံး မင်းကြီးတို့အကြောင်း သူရဲကောင်းတို့၏ အကြောင်းစသော ရဟန်းနှင့်မဆိုင်သော စကားမျိုးကိုပြောကာ အချိန်တန်မှ ပြန်ကြတော့ဟု လွှတ်လိုက်ကြလေသည်၊ ထို့နောက် ဘုရားအထံ ရောက်ကြ၍ ဩဝါဒများ ပြည့်ပြည့်စုံစုံ ရကြရဲ့လား”ဟု မေးတော်မူရာ, ထိုဆဗ္ဗဂ္ဂီတို့၏ အကြောင်းစုံကို လျှောက်ကြသဖြင့် ဘိက္ခုနောဝါဒသမ္မုတိကို ခွင့်ပြုတော်မူပြီးလျှင် သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု အသမ္မတော ဘိက္ခုနိယော ဩဝဒေယျ, ပါစိတ္တိယံ။
စာမျက်နှာ-၁၅၆
မြန်မာပြန်။ ။ ဘိက္ခုနီတို့ကို ဩဝါဒပေးသောရဟန်းဟု သမုတ်ခြင်းကို “ဘိက္ခုနောဝါဒသမ္မုတိ”ဟု ခေါ်၏၊ ထိုကဲ့သို့ သမ္မုတိရသူ မဟုတ်လျှင် ဘိက္ခုနီတို့ကို ဩဝါဒမပေးရ၊ ပေးလျှင် ဤပါစိတ်အာပတ်သင့်သည်။
ဘိက္ခုနောဝါဒကအင်္ဂါ ၈-ပါး။ ။ ထိုသိက္ခာပုဒ်ပညတ်တော် မူပြီးနောက် ။ ဆဗ္ဗဂ္ဂီတို့သည် “ဘိက္ခုနောဝါဒက”ဟု မိမိတို့အချင်းချင်း သမုတ်ကြပြီးလျှင် ဘိက္ခုနီတို့ထံသွား၍ “ငါတို့လည်း သမ္မုတိ ရကြပါ၏, ငါတို့ထံသို့လည်း လာ၍ ဩဝါဒခံယူကြပါ”ဟုပြောပြီးလျှင် ရှေးနည်းအတိုင်း ဩဝါဒပေးကြပြန်ရာ ဘုရားရှင်သိတော်မူ၍ ဘိက္ခုနောဝါဒက ပုဂ္ဂိုလ်၏အင်္ဂါ ၈-ပါးကို “၁-ပါတိမောက္ခသံဝရသီလရှိခြင်း, ၂-ပိဋက ဗဟုသုတရှိခြင်း, ၃-ဥဘတောဝိဘင်းနှင့် ပါတိမောက်ကို နှုတ်တက်ရခြင်း, ၄-ကောင်းသော စကားလုံးနှင့် ကောင်းသောအသံရှိခြင်း, ၅-ဘိက္ခုနီသံဃာ (အားလုံးမဟုတ်သော်လည်း) အများ၏ အကြည်ညိုခံရခြင်း, ၆-ဘိက္ခုနီတို့ကို တရားဟောစွမ်းနိုင်ခြင်း, ၇-ရှေးလူ ဘဝတုန်းက ဘိက္ခုနီတို့၌ ကာယသံသဂ္ဂ သိက္ခမာန်သာမဏေတို့၌ မေထုန်မှုကို မပြုဘူးခြင်း, ၈-ဝါ ၂၀ ရရှိခြင်း”ဟု သတ်မှတ်တော်မူရလေသည်။
ခ။ အတ္ထင်္ဂတသိက္ခာပုဒ်
အမှုသည်—အရှင်စူဠပန်။
အမှု—နေဝင်အောင် ဩဝါဒပေးမှု။
ရှင်စူဠပန်၏ နေဝင်အောင်ဩဝါဒပေးမှု။ ။ သမ္မုတိရသော ထေရ်တို့သည် တလှည့်စီ ဘိက္ခုနီတို့အား ဩဝါဒပေးကြကုန်၏၊ အရှင်စူဠပန်၏အလှည့်ကျသောအခါ “ဂရုဓမ်ပါဠိကို နှုတ်တက်ရကြရဲ့လား” ဟုမေး၍ “ရကြပါ၏”ဟု လျှောက်လျှင် “ဤဂရုဓမ်ပါဠိသည်ပင် ဩဝါဒဖြစ်သည်”ဟု မိန့်တော်မူပြီးလျှင်...
“အဓိစေတသော အပ္ပမဇ္ဇာ,
မုနိနော မောနပထေသု သိက္ခတော၊
သောကာ နဘဝန္တိ တာဒိနော,
ဥပသန္တဿ သဒါသတိမတော”။ ။
ဟု ဤဂါထာကို ရွတ်ဆိုပြီးသောအခါ ပြန်လွှတ်လေ့ရှိ၏၊ နောက်တလှည့်ကျသည့်အခါ၌ကား ဘိက္ခုနီတို့က “ယနေ့တော့ ဩဝါဒပြည့်စုံတော့မှာ
စာမျက်နှာ-၁၅၇
မဟုတ်ပါဘူး, အရှင်စူဠပန်က သူရွတ်နေကျ ဥဒါန်းဂါထာကလေးကို ရွတ်ပါလိမ့်မယ်”ဟု စောစောကပင် နိမိတ်ဖတ်နှင့်ကြလေ၏။ အရှင်စူဠပန်အထံ ရောက်သောအခါလည်း သူတို့နိမိတ်ဖတ်ထားသည့်အတိုင်းပင် ဖြစ်ရကား-“ကဲ-မပြောလား, ဟိုဥဒါန်းကလေး ရွတ်ပါလိမ့်မယ်လို့”ဟု သူတို့ချင်း တိုးတိုးပြောသံကို ရှင်စူဠပန်ကြား၍ ကောင်းကင်သို့တက်ပြီးလျှင် တန်ခိုး အမျိုးမျိုးပြကာ ထိုဥဒါန်းကိုလည်း ရွတ်၏၊ အခြားတရားတော်ကိုလည်း များစွာဟော၏၊ ဤနည်းအားဖြင့် နေဝင်သည့်တိုင်အောင် ဩဝါဒပေးပြီးမှ ပြန်လွှတ်လိုက်လေသည်။
လူများကဲ့ရဲ့ခံရဖို့။ ။ ဘိက္ခုနီတို့၏ ကျောင်းကား မြို့တွင်း၏ အစွန်အဖျား၌ တည်ရှိ၏၊ ထိုဘိက္ခုနီများ ပြန်သွားချိန်ဝယ် မြို့တံခါးပိတ်နှင့်ပြီ ဖြစ်၍ မြို့ပြင်ဘက်၌ တညလုံးနေကြရပြီးလျှင် တံခါးဖွင့်မှ စောစောကြီး မြို့တွင်းသို့ ဝင်သွားကြလေရာ “ဒီဘိက္ခုနီတွေ အဗြဟ္မစရိယကို ကျင့်ကြတယ်, ကျောင်းတိုက်ထည်း၌ ရဟန်းတို့နှင့် အတူအိပ်ပြီး ယခုမှ စောစောဝင်လာ ကြတယ်”ဟု လူတို့ကဲ့ရဲ့ကြသည်ကို ဘုရားရှင်ကြားတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ သမ္မတောပိ စေ ဘိက္ခု အတ္ထင်္ဂတေ သူရိယေ ဘိက္ခုနိယော ဩဝဒေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ သမုတ်အပ်သူလည်းဖြစ်သော ရဟန်းသည် နေဝင်သည့် တိုင်အောင် ဘိက္ခုနီတို့ကို ဆုံးမအံ့၊ ပါစိတ်အာပတ်သင့်၏။
ဂါထာနက်။ ။ အဓိစေတသော-စိတ်များထိပ်ခေါင်, ဂုဏ်ရောင်လျှံဖိတ်, အရဟတ္တဖိုလ်စိတ်လည်း ရှိပေထသော၊ အပ္ပမဇ္ဇတော-ကုသိုလ်ဓမ္မ မပြတ် ရအောင်, နိစ္စစွဲ၍, မမေ့သူလည်း ဖြစ်ပေထသော၊ မောနပထေသု-အရဟတ္တဖိုလ်ဉာဏ်, လမ်းကြောင်းမှန်သည့်, ဗောဓိပက္ခိယတရား, သုံးဆယ် ခုနစ်ပါးတို့၌၊ သိက္ခတော-ကောင်းစွာအသင့်, သဒ္ဓါပွင့်၍, ပြုကျင့်အားထုတ် သူလည်းဖြစ်ပေထသော၊ တာဒိနော-လောကဓမ်လှိုင်း, လေမုန်တိုင်းကြောင့် ရုပ်ဆိုင်းမတုန်, တာဒိဂုဏ်နှင့်လည်း ပြည့်စုံပေထသော၊ ဥပသန္တဿ-ကိလေသာဟူ, မီးပူခပ်သိမ်း, ဧငြိမ်းပြီးသူလည်း ဖြစ်ပေထသော၊ သဒါသတိမတော-ခါခါမလပ်, အရပ်ရပ်ဝယ်, နှံ့စပ်ပေသည့်, သတိရှိသူလည်းဖြစ်ပေ
စာမျက်နှာ-၁၅၈
ထသော၊ မုနိနော-ယခုနောင်ခါ, ၂-ဖြာလောက, ကျနသိမြင်, အရှင်ရဟန္တာ ပုဂ္ဂိုလ်အား၊ သောကာ-မုန်းသူနှင့်တွဲ, ချစ်သူကွဲကြောင့်, ဝမ်းနဲခြင်းဟူ, အတွင်းပူတို့သည်၊ နဘဝန္တိ-တရံတဆစ်မျှ မဖြစ်ကြတော့ကုန်။
ဂ။ ဘိက္ခုနုပဿယသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ဘိက္ခုနီကျောင်းသို့သွား၍ ဩဝါဒပေးမှု
ဆဗ္ဗဂ္ဂီရဟန်းများ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီတို့၏ ကျောင်းသို့သွား၍ ဆဗ္ဗဂ္ဂီရဟန်းမတို့အား ဩဝါဒပေးကြလေ၏၊ အခြား ရဟန်းမတို့သည် ထိုဆဗ္ဗဂ္ဂီရဟန်းမတို့အား “ဩဝါဒခံယူဖို့ရန် သွားကြစို့”ဟု ခေါ်လာသောအခါ ကိုယ်တော်များက မိမိတို့ထံလာ၍ ဩဝါဒ ပေးကြသောကြောင့် မိမိတို့လိုက်ဖို့ မလိုကြောင်းကို ပြောကြလေသည်၊ ထိုဘိက္ခုနီတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို “ဘိက္ခုနီကျောင်းသို့ လာ၍ ဩဝါဒ ပေးရမလား”ဟု ကဲ့ရဲ့ကြပြီးလျှင် ရဟန်းယောက်ျားတို့အား လျှောက်ထားလေသည်၊ ထို့ကြောင့် ဘုရားရှင်သိတော်မူရကား “ယော ပန ဘိက္ခု ဘိက္ခုနုပဿယံ ဥပသင်္ကမိတွာ ဘိက္ခုနိယော ဩဝဒေယျ, ပါစိတ္တိယံ။ ဟု မူလပညတ်ကို ပညတ်တော်မူရလေသည်။
အနုပညတ် ထပ်တော်မူရပုံ။ ။ ထိုကဲ့သို့ ပညတ်တော်မူပြီးနောက် မိထွေးတော်ဂေါတမီ မကျန်းမမာ ဖြစ်နေရာသို့ ထေရ်ကြီးတို့သည် ဂိလာန အမေးလာကြစဉ်, မိထွေးတော်က တရားဟောဖို့ရန် တောင်းပန်သောအခါ “ဘိက္ခုနီကျောင်းသို့လာ၍ တရားမဟောကောင်း” ဟု အမိန့်ရှိ၍ တရားမဟောဘဲ နေကြလေသည်၊ ထို့နောက် ဘုရားရှင်ကြွလာတော်မူသောအခါ “ရှေးတုန်းက တရားနာရလို့ နေသာထိုင်သာရှိတဲ့ အကြောင်း, ယခု တရားမနာရသဖြင့် မချမ်းသာကြောင်း”လျှောက်သောကြောင့် “အညတြ သမယာ... တတ္ထာယံ သမယော, ဂိလာနာ ဟောတိ ဘိက္ခုနီ, အယံ တတ္ထ သမယော။”ဟု ဖြည့်စွက်၍ အနုပညတ်ထပ်တော်မူရလေသည်။ [မြန်မာပြန်—အကြင်ရဟန်းသည် သွား၍ ဆုံးမသင့်ရာ အခါ မဟုတ်ဘဲ ဘိက္ခုနီကျောင်းသို့ သွား၍ ဘိက္ခုနီတို့ကိုဆုံးမအံ့၊ ပါစိတ် အာပတ်သင့်၏၊ သွား၍ ဆုံးမသင့်ရာ အခါကား ဘိက္ခုနီ မကျန်းမမာ ဖြစ်နေသောအခါတည်း။
စာမျက်နှာ-၁၅၉
ဃ။ အာမိသသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ထေရ်ကြီးတို့အားစွပ်စွဲမှု။
ဆဗ္ဗဂ္ဂီရဟန်းတို့ စွပ်စွဲမှု။ ။ ဘိက္ခုနီတို့အား ဩဝါဒပေးရသော ထေရ်ကြီးတို့မှာ ပစ္စည်း ၄-ပါး ပေါများကြသည်ကို ဆဗ္ဗဂ္ဂီတို့ မြင်၍ “ထေရ်ကြီးတို့သည် တရားကို မြတ်နိုးသောကြောင့် ဘိက္ခုနီတို့အား ဩဝါဒပေးကြသည်မဟုတ်၊ ဆွမ်းသင်္ကန်းစသော အာမိသကို လိုချင်၍ ဩဝါဒပေးကြသည်”ဟု ပြောဆိုစွပ်စွဲမှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဧဝံ ဝဒေယျ “အာမိသဟေတု ထေရာ ဘိက္ခူ ဘိက္ခုနိယော ဩဝဒန္တီ”တိ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ဤသို့ပြောဆိုကဲ့ရဲ့အံ့ (အဘယ်သို့ ပြောဆိုကဲ့ရဲ့သနည်း) အာမိသ အကြောင်းကြောင့် ထေရ်ဖြစ်ကုန်သောရဟန်းတို့သည် ဘိက္ခုနီတို့ကို ဆုံးမကြကုန်၏၊ ဤသို့ပြောဆို ကဲ့ရဲ့အံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။
င။ စီဝရဒါနသိက္ခာပုဒ်
အမှုသည်—ရဟန်းတစ်ပါး။
အမှု—ဘိက္ခုနီအား သင်္ကန်းပေးမှု။
ဘိက္ခုနှင့် ဘိက္ခုနီ။ ။ ရဟန်းတစ်ပါးသည် လမ်းတလမ်း၌ ဆွမ်းခံလှည့်လည်၏၊ ဘိက္ခုနီတစ်ယောက်လည်း ထိုလမ်း၌ပင် ဆွမ်းခံလှည့်လည်၏၊ ရဟန်းက “နှမမည်သည့်နေရာ၌ ဆွမ်းလောင်းရှိတယ်”ဟု ပြော၏။ ဘိက္ခုနီကလည်း သူမြင်ခဲ့သော နေရာကို ပြန်၍ ညွှန်ပြ၏၊ သူတို့ မပြတ် တွေ့ကြသဖြင့် မိတ်ဆွေဖြစ်ကြလေသည်၊ အခါတစ်ပါး၌ ရဟန်းမှာ သံဃိက ပစ္စည်းဝေရာမှ သူ့အတွက်သင်္ကန်းချုပ်ဖို့ အဝတ်ရလာ၏၊ ထိုဘိက္ခုနီသည်လည်း ဩဝါဒခံယူသွားရင်း ထိုရဟန်းအထံဝင်ရာ “ငါ့မှာ သင်္ကန်းချုပ်ဖို့ အဝတ်ရတယ်, ယူမလား”ဟုမေးလျှင် “တပည့်တော်မမှာ သင်္ကန်း ရှားပါးနေတာနဲ့ အတော်ဘဲ”ဟုဆို၍ ယူသွားလေ၏။ ထိုရဟန်းမှာလည်း သင်္ကန်းရှားပါးလျက်ပင်၊ ထို့ကြောင့် အခြားရဟန်းများက ဝေစုရသော
စာမျက်နှာ-၁၆၀
အဝတ်ကို သင်္ကန်းချုပ်ဖို့ရန် တိုက်တွန်းသောအခါ ဘိက္ခုနီမအား ပေးလိုက်ရကြောင်း ပြောလေသည်။
ထိုအကြောင်းကိုကြား၍ ကဲ့ရဲ့ကြပြီးလျှင် ဘုရားရှင်အား လျှောက်ကြလေရာ, ဘုရားရှင်သည် ဆွေမျိုးတော်-မတော် စစ်မေးတော်မူ၍ မတော်ကြောင်း”သိတော်မူသောအခါ “ယောပန ဘိက္ခု အညာတိကာယ ဘိက္ခုနိယာ စီဝရံ ဒဒေယျ”ဟု မူလပညတ်ကို ထားတော်မူပြီးနောက် လဲလှယ်၍မျှ မဖြစ်နိုင်ကြသဖြင့် ဘိက္ခုနီတို့က ကဲ့ရဲ့သောကြောင့် “အညတြပါရိဝတ္တကာ”ဟု ဖြည့်စွက်၍ အနုပညတ်ထပ်တော်မူရပြန်သည်။
မြန်မာပြန်။ ။ အကြင်ရဟန်း လဲလှယ်အပ်သော သင်္ကန်းကိုကြဉ်၍ ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
စ။ စီဝရသိဗ္ဗန သိက္ခာပုဒ်
အမှုသည်—ရှင်ဥဒါယီ။
အမှု—ဘိက္ခုနီအား သင်္ကန်းချုပ်ပေးမှု။
ဥဒါယီနှင့် ဇနီးဟောင်း ဘိက္ခုနီ။ ။ ရှင်ဥဒါယီသည် သင်္ကန်းအချုပ် ကောင်းသူတည်း၊ အခါတစ်ပါး၌ သူ၏ဇနီးဟောင်း ဖြစ်ခဲ့သော ဘိက္ခုနီက သင်္ကန်းချုပ်ခိုင်းသဖြင့် ကောင်းစွာချုပ်ဆိုးပြီးလျှင် ထိုသင်္ကန်း၏ အလယ်ခေါင် (ဝတ်သည့်အခါ ကြောဘက်ကျလောက်သော အရပ်၌) ယောက်ျားနှင့်မိန်းမ မေထုန်မှီဝဲနေပုံ အရုပ်ထင်အောင်ချုပ်၍ ခေါက်ထားလေ၏။ ထိုဘိက္ခုနီသည် သင်္ကန်းလာယူသောအခါ “ရော့... ခေါက်ထားတဲ့အတိုင်း ယူသွားပြီးသိမ်းထား, ဩဝါဒခံယူဖို့ လာသောအခါကျမှ ဒီသင်္ကန်းကိုဝတ်ပြီး ဘိက္ခုနီတို့ရဲ့ နောက်ဆုံးကလိုက်ခဲ့”ဟု မှာလိုက်လေသည်။
ထိုဘိက္ခုနီမလည်း သူ့လင်ဟောင်း မှာလိုက်သည့်အတိုင်း သိမ်းထားပြီးလျှင် ဩဝါဒခံယူလာမှ ထိုသင်္ကန်းကို အမှတ်တမဲ့ဝတ်၍ နောက်ဆုံးက လိုက်လာမိရာ, ထိုဘိက္ခုနီကိုယ်တိုင်မှာ အရုပ်ပါနေကြောင်း သိဟန်မတူသော်လည်း မြင်ရသောလူတို့က “သိပ်အရှက်မရှိတဲ့ ဘိက္ခုနီတွေဘဲ”ဟု အားလုံးကိုသိမ်းကြုံး၍ ကဲ့ရဲ့ကြလေသည်၊ ထို့နောက် ဘိက္ခုနီတို့က မြင်ကြ၍ “ဘယ်သူ့လက်ရာလဲ”ဟု ထိုဘိက္ခုနီကို စစ်မေးလေသော် ဥဒါယီ၏
စာမျက်နှာ-၁၆၁
လက်ရာဖြစ်ကြောင်းသိကြ၍ “ဒီလိုအလုပ်မျိုးဟာ အရှက်မရှိဘူးလို့ နာမည်ရတဲ့ သေသောက်ကြူးတွေသော်မှ မတင့်တယ်ဘူး၊ ရှင်ဥဒါယီကား အဘယ်မှာ တင့်တယ်နိုင်ပါ့မလဲ”ဟု ကဲ့ရဲ့ကြ၍ ရဟန်းတို့အား လျှောက်ကြလေရာ, ရဟန်းတို့မှတဆင့် ဘုရားထံလျှောက်ကြ၍ ဆွေမျိုးမတော်ကြောင်းကိုလည်း သိတော်မူရသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု အညာတိကာယ ဘိက္ခုနိယာ စီဝရံ သိဗ္ဗေယျ ဝါ သိဗ္ဗာပေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ဆွေမျိုးမတော်သော ဘိက္ခုနီ၏ သင်္ကန်းကို ကိုယ်တိုင်မူလည်းချုပ်အံ့၊ သူတစ်ပါးကိုမူလည်းချုပ်စေအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
ဆ။ သံဝိဓာန သိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ။
အမှု—ဘိက္ခုနီတို့နှင့်တိုင်ပင်၍ ခရီးသွားမှု။
ဘိက္ခုနီတို့နှင့် ဆဗ္ဗဂ္ဂီများ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီတို့နှင့် အတူစီစဉ်၍ (မည်သည့်ရက် မည်သည့်အချိန် သွားကြစို့-ဟု အချိန်း အချက်ပြု၍) ခရီးသွားကြကုန်၏၊ လူတို့က “ငါတို့ သားမယားနှင့်အတူ ခရီးသွားကြသကဲ့သို့, သူတို့လည်း သွားကြသည်” ဟု ကဲ့ရဲ့ကြသောကြောင့် “ယောပန ဘိက္ခု၊ ဘိက္ခုနိယာ သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇေယျ အန္တမသော ဂါမန္တရမ္ပိ၊ ပါစိတ္တိယံ”တိုင်အောင် မူလပညတ်ကိုထားတော်မူရလေသည်။
အနုပညတ်။ ။ အခါတစ်ပါး၌ ဘိက္ခုနီတို့သည်၎င်း၊ ဘိက္ခုတို့သည်လည်းကောင်း, သာကေတမြို့မှ သာဝတ္ထိသို့ ခရီးသွားဖွယ်ရှိကြ၏၊ ထိုအခါ ဘိက္ခုနီတို့က “တပည့်တော်မတို့သည် အရှင်ဘုရားတို့နှင့်အတူ လိုက်ကြပါရစေ”ဟု လျှောက်လျှင် ရဟန်းတို့က “သင်တို့နှင့်အတူ မသွားကောင်း သင်တို့သော်လည်း ရှေ့ကသွားနှင့်ကြ သို့မဟုတ် ငါတို့သော်လည်း အရင်သွားနှင့်ကြမည်” ဟု ပြောဆိုကြလေသည်။ ထိုအခါ “အရှင်ဘုရားတို့သည် မြတ်သောယောက်ျားများ ဖြစ်ကြပါသည်။ အရှင်ဘုရားတို့ပင်
စာမျက်နှာ-၁၆၂
ဘုရားဥပဒေတော်ကြီး [သုဒ္ဓပါစိတ်
ရှေ့ကကြွနှင့်ကြပါကုန်”ဟု လျှောက်၍ ဘိက္ခုနီတို့ နောက်ချန်နေရစ်ကြလေသည်၊ ထိုသို့နောက်ချန်ပြီးမှ လိုက်သွားကြသော ဘိက္ခုနီတို့မှာ သပိတ် သင်္ကန်းကိုလည်း အလုခံရ, လူကိုလည်း ဖျက်ဆီးခံရလေသည်၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ “အညတြ သမယာ, ပါစိတ္တိယံ။ တတ္ထာယံ သမယော, သတ္ထဂမနီယော ဟောတိ မဂ္ဂေါ, သာသင်္ကသမ္မတော, သပ္ပဋိဘယော, အယံ တတ္ထ သမယော”ဟု ဖြည့်စွက်၍ အနုပညတ် ထပ်တော်မူရပြန်သည်။
သိက္ခာပုဒ်၏ အကျဉ်းချုပ်အဓိပ္ပါယ်။ ။ လမ်းခရီးသည် အဖော်ကုန်သည် မပါလျှင် ဘေးအန္တရာယ်ဖြစ်တတ်သောကြောင့် အဖေါ်ကုန်သည် နှင့်အတူ သွားထိုက်သော ခရီးမျိုးဖြစ်အံ့၊ စိုးရိမ်ကြောင့်ကြဖွယ် ရှိသောခရီးဟု အများအသိအမှတ် ပြုထားအံ့၊ ဘေးရန် အန္တရာယ် လည်းရှိအံ့၊ ထိုခရီးမျိုးကို သွားရာ၌ ဘိက္ခုနီနှင့်အတူ ချိန်းချက်၍ သွားကောင်း၏၊ ရိုးရိုးဘေးအန္တရာယ်ကင်းသော ခရီးမျိုးကိုသွားရာ၌ကား ဘိက္ခုနီနှင့် ချိန်းချက်၍ အတူမသွားကောင်း။
ဇ။ နာဝါဘိရုဟနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ဘိက္ခုနီတို့နှင့်အတူ တိုင်ပင်၍ လှေစီးမှု။
ဆဗ္ဗဂ္ဂီတို့နှင့် ဘိက္ခုနီများ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီတို့နှင့် အတူစီစဉ်၍ (မည်သည့်ရက် မည်သည့်အချိန် မည်သည့် လှေဖြင့်သွားကြစို့ဟု တိုင်ပင်ချိန်းချက်၍) လှေတစင်းတည်းကို စီးသွားကြလေရာ, “သားမယားနှင့်အတူ ငါတို့လှေကစားကြသကဲ့သို့, ဤရဟန်းတို့လည်း ဘိက္ခုနီတို့နှင့် အတူ လှေကစားကြသည်”ဟု လူတို့ ကဲ့ရဲ့သောကြောင့် ယော ပန ဘိက္ခု ဘိက္ခုနိယာ သဒ္ဓိံ သံဝိဓာယ ဧကံ နာဝံ အဘိရုဟေယျ ဥဒ္ဓံဂါမိနိံ ဝါ အဓောဂါမိနိံ ဝါ၊ ပါစိတ္တိယံ”ဟု မူလပညတ်ကိုထားတော်မူရလေသည်။
အနုပညတ်။ ။ ဘိက္ခုနှင့် ဘိက္ခုနီတို့သည် သာကေတမှ သာဝတ္ထိသို့ သွားဖို့ကိစ္စလေရာ, လမ်းခရီးမှာလည်း မြစ်တစ်ခုကို (အထက်အောက် အစုန်အဆန်မဟုတ်ဘဲ) ကန့်လန့်ဖြတ်ကူးဖွယ်ရှိ၏၊ ထိုအခါ ဘိက္ခုနီတို့က
စာမျက်နှာ-၁၆၃
အရှင်ဘုရားတို့နှင့်အတူ ကူးပါရစေ” တောင်းပန်ရာ “အတူလှေမစီးကောင်း”ဟု ပယ်ထားခဲ့သဖြင့် နောက်မှ ကူးတို့လှေကို စီးကြရသော ဘိက္ခုနီတို့၏ သပိတ် သင်္ကန်းကို ခိုးသူတို့ လုယူကြသည့်ပြင် ဘိက္ခုနီတို့ကိုလည်း မတရားကျင့်လိုက်ကြလေသည်။ ထိုအကြောင်းကို သိတော်မူ၍ အညတြ တိရိယံ တရဏာယ”ဟု ဖြည့်စွက်တော်မူလျက် အနုပညတ်ထပ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုနိယာ သဒ္ဓိံ သံဝိဓာယ ဧကံ နာဝံ အဘိရုဟေယျ ဥဒ္ဓံဂါမိနိံ ဝါ အဓောဂါမိနိံ ဝါ အညတြ တိရိယံ တရဏာယ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ဘိက္ခုနီနှင့် အတူ ချိန်းချက်၍ ဖီလာ ဖြတ်ကူးခြင်းကို ကြဉ်၍ အထက်သို့ ဆန်တက်သည်မူလည်းဖြစ်သော အောက်သို့ စုန်ဆင်းသည်မူလည်းဖြစ်သော တစင်းတည်းသော လှေကိုစီးအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
ဈ။ ဘိက္ခုနီပရိပါစိတသိက္ခာပုဒ်
အမှုသည်—ရှင်ဒေဝဒတ်။
အမှု—ဘိက္ခုနီကစီမံပေးသော ဆွမ်းကိုစားမှု။
ရှင်ဒေဝဒတ်နှင့် ဘိက္ခုနီ။ ။ ရာဇဂြိုဟ်မြို့၌ “ထုလ္လနန္ဒာ” မည်သော ဘိက္ခုနီသည် တစ်ဦးသော အမျိုးအိမ်ဝယ် အမြဲ ဆွမ်းစား၏၊ ထိုဘိက္ခုနီ အိမ့်ရှင်သည် အခါတစ်ပါး၌ ထေရ်ကြီးများကိုလည်း ပင့်ဖိတ်ထားလေသည်၊ ထုလ္လနန္ဒာသည် နံနက်စောစော အိမ်သို့ကြွလာသောအခါ ပြင်ဆင်ထားသည်ကိုမြင်၍ “ယနေ့ခဲဖွယ် ဘောဇဉ်တွေများလှပါတကား”ဟု ပြော၏၊ “တပည့်တော် မထေရ်ကြီးများကို ပင့်ထားပါတယ် “ထေရ်ကြီးများဆိုတာ ဘယ်ပုဂ္ဂိုလ်များ ပါလဲ”...အရှင်သာရိပုတြာ, အရှင်မဟာမောဂ္ဂလာန်, အရှင်မဟာကစ္စာယန, အရှင်မဟာကောဋ္ဌိက, အရှင်ကပ္ပိန, အရှင်နန္ဒ, အရှင်အနုရုဒ္ဓါ, အရှင်ရေဝတ, အရှင်ဥပါလိ, အရှင်အာနန္ဒာ, အရှင်ရာဟုလာ”ဟု ပြောလေသော်..... “ရဟန္တာကြီးတွေ ရှိပါလျက် ဘာ့ကြောင့် နောက်လိုက်နောက်ပါကလေးတွေ ပင့်ထားရသလဲ၊ မထေရ်ကြီးတွေဆိုတာ အရှင်ဒေဝဒတ်, အရှင်ကောကာလိက, အရှင်ကဋမောဒကတိဿက, အရှင်သမုဒ္ဒဒတ္တ”ဟု ပြောနေတုန်းမှာပင် အရှင်သာရိ
စာမျက်နှာ-၁၆၄
ပုတြာတို့လည်း အိမ်ပေါက်သို့ဝင်လာသည်ကို မျက်စိတဖက်ဖြင့် မြင်လိုက်၍ မိမိစကားကြားသွားကြောင်းကိုလည်း သိသောကြောင့် “ရဟန္တာကြီးတွေ ကိုပင့်ထားတာ အမှန်သားဘဲ”ဟု ချက်ခြင်းစကား ပြင်လိုက်လေသည်၊ ထိုအခါဆွမ်းဒါယကာသည် “ခုတင်ကနောက်လိုက်နောက်ပါကလေးတွေ” ဟု ဆိုပြီး အခုဘဲ–ရဟန္တာကြီးတွေ”ဟု ဆိုပြန်တယ်ဟု ပြောရသလားဟု ဆိုကာ အိမ်မှဆွဲထုတ်၍ အမြဲဆွမ်းဝတ်ကိုလည်း ဖြတ်လိုက်လေသည်၊ ထိုအခါ “ဘိက္ခုနီက (ဆွယ်တရားဟော၍)စီမံပေးနေသောဆွမ်းကို ရှင်ဒေဝဒတ်တို့ တစုစားလေ့ရှိကြောင်း”အပြစ်ဟောင်းပေါ်လာ၍ ဘုရားရှင်ကို လျှောက်ကြသောကြောင့် “ယော ပန ဘိက္ခု ဇာနံ ဘိက္ခုနိပရိပါစိတံ ပိဏ္ဍပါတံ ဘုဉ္ဇေယျ ပါစိတ္တိယံ”ဟု မူလပညတ်ကိုထားတော်မူရလေသည်။
အနုပညတ်။ ။ ရာဇဂြိုဟ်မြို့၌ ရဟန်းပြု၍ အခြားအရပ်သို့ သွားရောက် နေထိုင်သော ရဟန်းတစ်ပါးသည် ရာဇဂြိုဟ်သို့ပြန်လာရာ, ဆွေမျိုးများက “ငါတို့အရှင်သည် ကြာလှမှ (တခါတလေ)ကြွလာသည်”ဟု အထူးတလယ် ဆွမ်းကို ချက်ပြုတ်ကပ်ကြလေသည်၊ ထိုအမျိုးမှာလည်း အမြဲ ဆွမ်းစားသော ဘိက္ခုနီတစ်ပါးရှိ၏၊ ထိုဘိက္ခုနီကလည်း(လူတို့ဆွမ်းကပ်စဉ်) “အရှင်ဘုရားအား လှူကြပါ”ဟု စကားလောကွတ်ဝင်၍ ဖြည့်စွက်လေရာ, ထိုရဟန်းသည် ဆွေမျိုးများလှူအပ်သော ဆွမ်းကိုပင် ဘိက္ခုနီဝင်၍ ပြောသောကြောင့် “ဘိက္ခုနီစီမံသော ဆွမ်းမျိုးဖြစ်နေပြီ”ဟု ယူဆ၍ ထိုဆွမ်းကို အကပ်မခံဘဲ နေလေသည်။ ဆွမ်းခံချိန်လည်း မရှိတော့သဖြင့် ထိုနေ့အဖို့ ဆွမ်းမရတော့ချေ၊ ထို့နောက်ကျောင်းတိုက်သို့ ပြန်ရောက်၍ ရဟန်းများအား (သူတွေ့ကြုံခဲ့ရပုံကို လျှောက်ထား၍)ဘုရားရှင်သိတော်မူသောကြောင့် “အညတြ ပုဗ္ဗေ ဂိဟိသမာရမ္ဘာ”ဟု ဖြည့်စွက်၍ အနုပညတ်ထပ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဇာနံ ဘိက္ခုနိပရိပါစိတံ ပိဏ္ဍပါတံ ဘုဉ္ဇေယျ အညတြ ပုဗ္ဗေ ဂိဟိသမာရမ္ဘာ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ရဟန်းမ မစီမံမီရှေး၌ လူတို့ အားထုတ်အပ်သော ဆွမ်းကို ကြဉ်၍ ရဟန်းမ စီမံအပ်သော ဆွမ်းဟု သိလျက် ရဟန်းမ စီမံအပ်သောဆွမ်း (ဘောဇဉ်ငါးပါး တစ်ပါးပါး)ကို စားအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
စာမျက်နှာ-၁၆၅
ဉ။ ရဟောနိသဇ္ဇသိက္ခာပုဒ်
အမှုသည်—ရှင်ဥဒါယီ။
အမှု—ဘိက္ခုနီနှင့်အတူ လူကွယ်ရာ၌နေမှု။
ရှင်ဥဒါယီနှင့် ဘိက္ခုနီ။ ။ ရှင်ဥဒါယီ၏ ဇနီးဟောင်းသည် ဘိက္ခုနီလုပ်ပြီးလျှင် ရှင်ဥဒါယီထံ မကြာမကြာလာတတ်၏၊ ရှင်ဥဒါယီလည်း ထိုဘိက္ခုနီထံ သွားတတ်၏၊ အခါတစ်ပါး၌ကား သူတို့ ၂-ယောက်သည် အဖေါ်မပါဘဲ (ပြောလိုရာကို လွတ်လွတ်လပ်လပ် ပြောနိုင်ဖို့ရာ အခြားသူတို့ မကြားလောက်အောင် ဝေးသောကြောင့်) “နား၏ ကွယ်ရာ”ဟု ဆိုထိုက်သော အရပ်၌ ထိုင်နေကြလေသည်၊ ထိုအခါ ရဟန်းများ ကဲ့ရဲ့ကြ၍ ဘုရားထံလျှောက်ခြင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုနိယာ သဒ္ဓိံ ဧကော ဧကာယ ရဟော နိသဇ္ဇံ ကပ္ပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ရဟန်းမနှင့် တကွ တစ်ယောက် ချင်းချင်း နား၏ကွယ်ရာအရပ်၌ ထိုင်နေခြင်းကို ပြုအံ့၊ ထိုရဟန်း ပါစိတ် အာပတ်သင့်၏။
ဘိက္ခုနောဝါဒဝဂ် ပြီး၏။
စာမျက်နှာ-၁၆၆
ဘောဇနဝဂ်
က။ အာဝသထပိဏ္ဍသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—တည်းခိုရာဇရပ်၌ အမြဲနေ၍ ဆွမ်းစားမှု။
တည်းခိုရာဇရပ်။ ။ သာဝတ္ထိမြို့၌အသင်းတသင်းသည်၏ အနီးအပါးဝယ် ဧည့်သည်တို့ တည်းခို နေထိုင်ဖို့ရာ ဇရပ်တဆောင်ကို ဆောက်လုပ်ထား၏၊ ထိုဇရပ်ကို ကောင်းစွာ လုံခြုံအောင် ကာရံ၍ ဇရပ်တွင်း၌ ခရီးသွားသူ မကျန်းမာသူ ကိုယ်ဝန်ဆောင် မိန်းမနှင့် ရသေ့ ရဟန်းများအတွက် ထိုက်သည်အားလျော်စွာ ညောင်စောင်း အင်းပျဉ် (ခုတင်-ထိုင်ခုံ)များကိုလည်း ခင်း၍ သူ့ အခန်းနှင့်သူ တကန့်စီကန့်ပြီးလျှင် အခန်းမျက်နှာသာ အဝင်ပေါက်၌ ဆင်ဝင်စမုတ်များကိုလည်း အသီးအသီး ထားသဖြင့် တန်းလျားရှည် ဇရပ်မျိုးဖြစ်လေသည်။
ဆဗ္ဗဂ္ဂီတို့အမြဲနေ၍ ဆွမ်းစားမှု။ ။ ထိုဇရပ်၌ဧည့်သည်အာဂန္တုများအတွက် ဆွမ်း = ထမင်းကိုလည်း ထားကြလေရာ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းခံ၍ မရလျှင် ထိုဇရပ်သို့ လာကြကုန်၏၊ ကောင်းမှုရှင်တို့ ကလည်း “အရှင်မြတ်တို့သည် တစ်ရံတစ်ခါ အတော်ကြာမှ လာကြပေသည်”ဟု ကောင်းမွန်စွာ ပြုစုကြကုန်၏၊ ဆဗ္ဗဂ္ဂီတို့ကား အလိုက်မသိကြ, နောက်တစ်နေ့ ဆွမ်းမရလျှင်လည်း လာကြပြန်-ထိုနောက်တစ်နေ့ ဆွမ်းမရလျှင်လည်း လာကြပြန်၏၊ ထိုသို့ ၃-ရက်မျှ စားပြီးသည့် အခါ၌ကား နက်ဖြန်လည်း လာဦးမည့်အတူ မပြန်ဘဲနေကြ”ဟု တိုင်ပင်ကာ အမြဲနေ၍ ဆွမ်းစားကြလေသည်။ တိတ္ထိတို့ကား ရှောင်ရှားထွက်သွားကြကုန်၏၊ တိတ္ထိတို့ကို မမြင်ရ၍ မေးကြသည့်အခါ ရဟန်းများ အမြဲနေကြသည်ကို မြင်၍ ရှောင်သွားကြကြောင်းကို ကြားရသဖြင့် “ကိုယ်တော်တွေဟာ ဘာ့ကြောင့် နေ့စဉ်နေ၍ စားကြရသတဲ့လဲ, သူတို့ကို့ချည်းမဟုတ်ဘူး, လာလာသမျှအတွက် စားဖို့ ချက်ထားတာဖြစ်တယ်” ဟု ကဲ့ရဲ့ကြသည်ကို ဘုရားရှင် ကြားတော်မူ၍ “ဧကော အာဝသထပိဏ္ဍော ဘုဉ္ဇိတဗ္ဗော။ တတော စေ ဥတ္တရိ ဘုဉ္ဇေယျ, ပါစိတ္တိယံ”ဟု မူလပညတ်ကိုထားတော်မူရလေသည်။
အနုပညတ်။ ။ ထိုကဲ့သို့သော တည်းဇရပ်မျိုးကား ထိုထိုအရပ်၌လည်း ရှိတတ်၏၊ ထို့ကြောင့်အရှင်သာရိပုတြာသည် သာဝတ္ထိသို့ ကြွတော်မူလာ
စာမျက်နှာ-၁၆၇
ရာဝယ် ထိုကဲ့သို့သောတည်းဇရပ်၌ တစ်နေ့စာမျှ ဘုဉ်းပေးပြီးနောက် အတော် ပြင်းထန်သော ရောဂါဖြစ်၍ ထိုဇရပ်မှ မကြွနိုင်လောက်အောင် ပြင်းထန်သော ရောဂါဖြစ်လေသည်၊ ထို့ကြောင့် ဒါယကာတို့က နောက်တရက် ဆွမ်းကပ်ကြသည့်အခါ “မအပ်”ဟု အယူရှိ၍ မဘုဉ်းပေးဘဲ နေတော်မူရှာလေသည်၊ ထို့နောက် ရောဂါသက်သာ၍ သာဝတ္ထိသို့ ရောက်သောအခါ ထိုအကြောင်းကို ရဟန်းများအား ပြောပြ၍ ဘုရားရှင်လည်း သိတော်မူရသဖြင့် “အဂိလာနေန ဘိက္ခုနာ”ဟု ဖြည့်စွက်၍ အနုပညတ် ထပ်တော်မူရလေသည်၊ ဤအနုပညတ်တော်အရ ဂိလာနဖြစ်နေလျှင် ရောဂါမပျောက်သေးခင် နေ့စဉ်စားကောင်း၏ဟု ခွင့်ပြုတော်မူရာရောက်သည်။
သိက္ခာပုဒ်။ ။ အဂိလာနေန ဘိက္ခုနာ ဧကော အာဝသထပိဏ္ဍော ဘုဉ္ဇိတဗ္ဗော။ တတော စေ ဥတ္တရိ ဘုဉ္ဇေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ဂိလာန မဟုတ်သော ရဟန်းသည် တစ်နေ့စာဖြစ်သော တည်းခိုရာ ဇရပ်စသည်၌ ဝတ်တည်အပ်သောဆွမ်းကို စားအပ် စားနိုင်၏၊ ထိုတစ်နေ့စာထက် အလွန် အကယ်၍စားအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
ခ။ ဂဏဘောဇနသိက္ခာပုဒ်
အမှုသည်—ရှင်ဒေဝဒတ်။
အမှု—အဖေါ်အပေါင်းနှင့်အတူ ဂဏဘောဇဉ်ကိုစားမှု။
ရှင်ဒေဝဒတ် လာဘ်လျော့လာပုံ။ ။ အရှင်ဒေဝဒတ်သည် ဈာန်အဘိညာဉ်ကိုရဘူးသေးသောကြောင့် နဂိုက လာဘ်လာဘ မရှားသော ပုဂ္ဂိုလ်တစ်ပါးပင် ဖြစ်၏၊ ဗိမ္ဗိသာရမင်းကို သတ်ဖို့ရန် (အဇာတသတ်အား)အကြံပေးမှု, လေးသ္မားတွေကို စေလွှတ်၍ ဘုရားကို အပစ်သတ်ခိုင်းမှု, ဘုရားကို ကျောက်ဖြင့် လှိမ့်ချ၍ လုပ်ကြံမှုတို့၌လည်း အကြောင်းသိသူ နည်းပါးသောကြောင့် မှုပြစ်မထင်ရှားရကား လာဘ်လာဘ မလျော့သေးချေ၊ နာဠာဂိရိ မည်သော ဓနပါလလည်းမည်သော ဆင်ကြီးကို အရက်တိုက်စေ၍ ဘုရားကြွလာတော်မူမည့် လမ်းသို့လွှတ်ကာ ဆင်နှင့်အတိုက်ခိုင်းရာ၌ကား နေ့လယ် ကြောင်တောင် မြို့လယ်ခေါင် ဖြစ်နေ၍ သူ၏ပြစ်မှု ထင်ရှားသောကြောင့် ထိုအမှုကိုအစပြု၍ ရှေးကပြစ်မှုတွေပါ (နဂိုကသိလျက် မပြောဝံ့၍ ဖုံးထားရ
စာမျက်နှာ-၂၄၆
သူတို့က)ထုတ်ဖေါ်ပြောကြလေသည်၊ ထိုအခါ “ဒီအမှုတွေကို ရှင်ဘုရင်နှင့် ပင်း၍ပြခြင်းဖြစ်သည်၊ ရှင်ဘုရင်က ဘာ့ကြောင့် ဒီလောက် ယုတ်မာသူကို ကြည်ဖြူစွာ ချီးမြှောက်ထားရသလဲ”ဟု မြို့သူမြို့သားတို့ လှုပ်ရှား ထကြွလာသောကြောင့် အဇာတသတ်မင်းလည်း ရှင်ဒေဝဒတ်ကို နှင်ထုတ်ကာ ထောက်ပံ့မြဲဖြစ်သော ဆွမ်းအိုးငါးရာကိုလည်း ဖြတ်ပစ်ရလေတော့သည်။
တောင်းရမ်းစားသောက်ရပုံ။ ။ ထိုအခါမှ စ၍ လာဘ်လာဘ ယုတ်လျော့ရကား ရှင်ဒေဝဒတ်သည် မိမိပရိသတ်နှင့်အတူ ဟိုအိမ် ဒီအိမ် စားသောက်ရပုံ လှည့်လည်၍ “သင်တို့က တစ်ပါးစာ ထမင်းကို ပေးကြပါ, သင်တို့က နှစ်ပါးစာ ထမင်းပေးကြပါ, ”စသည်ဖြင့်တောင်း၍ မိမိပရိသတ် နှင့်အတူ စားရလေသည်၊ ထိုအကြောင်းကို သိတော်မူ၍ “ဂဏဘောဇနေ ပါစိတ္တိယံ”ဟု မူလပညတ်ကို ထားတော်မူရလေသည်၊ [ဤ၌ ဂဏဟူသည် ၄-ပါးမှ အထက်ဖြစ်သော ရဟန်းအပေါင်းတည်း၊ ထို၄-ပါးမှအထက် ဖြစ်သော ရဟန်းအပေါင်းတို့အား လှူအပ်သော ဘောဇဉ်ကို “ဂဏဘောဇဉ်”ဟု ခေါ်သည်၊ ထိုဂဏဘောဇဉ်ကို စားလျှင် ပါစိတ်အာပတ်သင့်၏။]
ဘောဇဉ် ၅-ပါး။ ။ ဩဒနော သတ္တုကုမ္မာသော, မစ္ဆော မံသဉ္စ ဘောဇနံ” နှင့်အညီ ဩဒန = စပါးမျိုး ၇-ပါးမှဖြစ်သော ဆန်တစ်မျိုးမျိုးကို ချက်ထားသောထမင်း၊ (လက်ဖြင့်ကော်ယူ၍ ရလောက်သော ယာဂုအပြစ်လည်း ဩဒန၌ပါဝင်၏၊) သတ္တု = စပါးမျိုး ၇-ပါး၏ ဆန်ကို အမှုန့်ထောင်း ထားသောမုန့်မှုန့်၊ (ထိုမုံမှုန့်ကို သကြား ထောပတ် နွားနို့စသည်ဖြင့် ရောစပ်၍ အရည်ဖြစ်စေ, အခဲဖြစ်စေ သောက်ကြစားကြရသည်၊) ကုမ္မာသော = မုယောစပါး (ဂျုံဖြူ) ကိုလုပ်သော မုန့်အမျိုးမျိုး၊ (ယခုကာလ များစွာသော ဂျုံမုန့်)၊ မစ္ဆော = ငါး (ရေသတ္တဝါအမျိုးမျိုး၏ အသား)၊ မံသ = အသား (ကုန်းသတ္တဝါ အမျိုးမျိုး၏ အသား)၊ ဤ ၅-ပါးကို ဘောဇဉ် ၅-ပါးဟုခေါ်၏။
အပ်-မအပ်ပင့်နည်း။ ။ ပါဠိလိုဖြစ်စေ မြန်မာလိုဖြစ်စေ “ပိဏ္ဍပါတ = ပိဏ္ဍဆွမ်း”ဟူသော အသုံးအနှုန်းပါလျှင် ရဟန်းသုံးဖြစ်၍ အပ်သော အသုံးအနှုန်းတည်း၊ ဩဒန = ဘတ္တ = ထမင်း၊ သတ္တု, ကုမ္မာသ = မုန့်၊ မစ္ဆ = ငါး, ငါးခြောက်, ငါးပိ၊ မံသ-နွားသား, အမဲသားဟင်း, ဝက်သားဟင်းစသော အသုံးနှုန်းများကား အရပ်သုံး လူသုံးဖြစ်၍ မအပ်သော အသုံး အနှုန်းတည်း၊ ထိုမအပ်သော အသုံးအနှုန်းဖြင့် လာ၍ပင့်လျှင် သုံးပါးအထိသာ ထိုအစာကို ခံယူသုံးဆောင်ကောင်း၏၊ ၄-ပါးဖြစ်၍ ဂဏဖြစ်နေလျှင်ကား
စာမျက်နှာ-၁၆၉
မခံယူကောင်း၊ ထို့ကြောင့် ဂဏဘောဇနဟူရာ၌ ၄-ပါးပေါင်း၍ ထမင်း ပေးပါစသည်ဖြင့် တောင်းခြင်းကိုလည်းကောင်း, လူတို့က “ထမင်းစား ကြွပါ-မုန့်ဘုဉ်းပေးကြွပါ” စသည် ရဟန်း ၄-ပါးအား မအပ်မရာ ပင့်ဖိတ် လာခြင်းကိုလည်းကောင်း, မခံယူကောင်းဟုမှတ်၊ “ဆွမ်းဘုဉ်းပေး ကြွပါ = ဆွမ်းစား လာပါ၊ မုန့်တီဆွမ်း ဘုဉ်းပေးလှည့်ပါ” စသည်ဖြင့် ဆွမ်းဟုနာမည်ထည့်၍ ပင့်ဖိတ်လာလျှင်ကား အပ်လောက်ပါ၏-ဟု ယူကြသည်။ ဝတ္ထုကြောင်း၌ ၄-ပါး ၅-ပါး စသည်ပေါင်း၍ တောင်းမှုသာရှိသော်လည်း ပညတ်တော် မူသည့်အခါ၌မူ မအပ်မရာ ပင့်ဖိတ်မှုကို ထည့်ထားတော်မူသည်။
အနုပညတ်။ ။ ထိုသို့ မူလပညတ်ကို ထားတော်မူပြီးနောက် ဝတ္ထု အမျိုးမျိုး ပေါ်ပေါက်လာသဖြင့် မကျန်းမာသည့်အခါ၌လည်းကောင်း, စီဝရဒါနဟု ခေါ်သော သင်္ကန်းလှူချိန်နှင့် စပ်ဆိုင်သည့် သီတင်းကျွတ်လပြည့်မှ (ကထိန်ရလျှင်) တန်ဆောင်မုန်းလပြည့်အထိ (ကထိန်ရလျှင်) တပေါင်းလပြည့် အထိ အခါ၌လည်းကောင်း, သင်္ကန်းချုပ်ကြရာ အခါ၌လည်းကောင်း, အနည်းဆုံး တယူဇနာ ဝက်မျှလောက် ခရီးရှည်သွားရမည့်အခါ၌လည်းကောင်း, လှေစီးသွားရာ အခါ၌လည်းကောင်း, ရဟန်းအများစုမိ၍ လာသောဇဉ်ကိုမှ မစားလျှင် မမျှတလောက်ရာ အခါ၌လည်းကောင်း, ရဟန်း-ရသေ့-ပရိဗိုဇ် (ဘိုးသူတော်) စသူတို့က ကျွေးမွေးရာ အခါ၌လည်းကောင်း, ဂဏဘောဇဉ်ကိုစားနိုင်၏၊ ထိုအခါမျိုး မဟုတ်လျှင် မစားရ-ဟု အနုပညတ် ထပ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ဂဏဘောဇနေ အညတြ သမယာ ပါစိတ္တိယံ။ တတ္ထာယံ သမယော, ဂိလာနသမယော, စီဝရဒါနသမယော, စီဝရကာရသမယော, အဒ္ဓါနဂမနသမယော, နာဝါဘိရုဟနသမယော, မဟာသမယော, သမဏဘတ္တသမယော, အယံ တတ္ထ သမယော။
မြန်မာပြန်။ ။ စားသင့်ရာအခါကိုကြဉ်၍ ဂဏဘောဇဉ်ကိုစားခြင်းကြောင့် ပါစိတ်အာပတ်သင့်၏၊ ထိုစားသင့်ရာ အခါတို့ကား-မကျန်းမာရာ အခါ, သင်္ကန်းလှူရာအခါ, သင်္ကန်းချုပ်ဆိုးရာအခါ, အဓွန့်ရှည်သော ခရီးကိုသွားရာအခါ, လှေစီးရာအခါ, ရဟန်းများစွာ စုမိရာအခါ, သမဏအမည်ရသူတို့၏ ထမင်းကျွေးရာ အခါများတည်း။
စာမျက်နှာ-၁၇၀
ဂ။ ပရမ္ပရဘောဇန သိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—ဘောဇဉ် နာမည်ဖြင့် ပင့်ဖိတ်ထားလျက် ဆွမ်းခံစားမှု။
လူဆင်းရဲ၏ သံဃာကုန်ထမင်း။ ။ ဝေသာလီမြို့၌ မွန်မြတ်သော ဘတ္တ (ထမင်း)များကို တလှည့်စီကျွေးကြရာ ရဟန်းတော်များ၌ ထိုထမင်း ဟူသော အသုံးအနှုန်းဖြင့် ပင့်ထားသော အလှည့်သည် ဆက်ကာဆက်ကာ မပြတ်ဘဲရှိနေ၏။ ဆင်းရဲရှာသော အလုပ်သ္မား တစ်ယောက်လည်း (ပစ္စည်းတတ်နိုင်သူတို့၏ အားတက်သရော လှူဒါန်းကြပုံကို အားကျသဖြင့်) သူ၏အလုပ်ရှင့်ထံမှ လစာကိုတောင်း၍ မြတ်စွာဘုရားထံ သူ့ထမင်းကိုလည်း ရဟန်းသံဃာနှင့်အတူ အလှူခံဖို့ရန် ပင့်လျှောက် လေသော်, ဒါယကာ....ရဟန်း သံဃာတွေက များသည်, တတ်နိုင်-မတတ်နိုင်ကို စဉ်းစားဦးလော့”ဟု မိန့်တော်မူ၍, “တတ်နိုင်ပါကြောင်း, ဆီးသီးမှုန့်တွေကို သကြားစသည်နှင့်ရော၍ စားသောက်ဖို့ရန် များစွာစီမံ ထားပါကြောင်း”ကိုလျှောက်လေသည်။ [ဆီးသီးအမှုန့်သာမက အခြားသော ဆွမ်းစသော စားဖွယ်များကိုလည်း စီစဉ်ထားသေး၏၊ သို့သော် သူပြောရိုး အတိုင်း ဆီးသီးမှုန့်တွေကို လျှောက်ခြင်းဖြစ်သည်၊] မြတ်စွာဘုရားလည်း ဆိတ်ဆိတ်နေတော်မူကာ လက်ခံတော်မူလိုက်၏။
ရဟန်းများ ဆွမ်းခံ စားမှု။ ။ ရဟန်းများသည် ထိုအကြောင်းကိုကြား၍ (ဆင်းရဲသူ၏ အိမ်၌ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ရှိမည်မထင် ကြသောကြောင့် နံနက် စောစောကပင် ဆွမ်းခံ၍ စားထားကြလေ၏၊ သို့သော် “ဆင်းရဲသားတစ်ဦးက ဘုရားအမှူးရှိသော သံဃာကုန်ပင့်ထားသတဲ့”ဟု ကြားရသူတို့က ထိုသူ၏အိမ်သို့ ကောင်းမွန် သော ခဲဖွယ်ဘောဇဉ်များကို ပို့ကြလေသည်၊ ထိုဆင်းရဲသားလည်း နံနက် မလင်းမှီကပင် မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီစဉ်၍ ထမင်းစားဖို့ရန် အချိန်တန်ပါကြောင်းကို အထောက်လွှတ်လိုက်သည့်အခါ ဘုရားနှင့်တကွ သံဃာကုန်ကြွလာတော်မူ၏၊ ထို့နောက် သပိတ်၌ ဆွမ်းထည့်သောအခါ ရဟန်းများက “နဲနဲထည့်=နဲနဲထည့်”ဟု မိန့်ကြလေသော် “တပည့်တော် အများကြီး စီမံထားပါသည်, အလိုရှိတိုင်း ဘုဉ်းပေးတော်မူကြပါ”ဟု
လျှောက်လေ၏၊ ထိုအခါ ရဟန်းများက “မလောက်မင ဖြစ်မှာစိုးလို့ မဟုတ်ပါ, နံနက်ကပင် ဆွမ်းခံပြီးစားခဲကြလို့ပါ”ဟု ပြောကြလေသည်၊
စာမျက်နှာ-၁၇၁
ထိုအခါ ထိုဆင်းရဲသားသည် စိတ်မချမ်းမသာဖြစ်၍ “ငါကအဝစားရအောင် လှူနိုင်ပါလျက် အရှင်မြတ်တို့က ပင့်ထားတဲ့နေရာက ဘောဇဉ်ကိုတော့ မစားဘဲ အခြားဘောဇဉ်ကို ဘာ့ကြောင့်စားကြသလဲ”ဟု ကဲ့ရဲ့သောကြောင့် “ပရမ္ပရဘောဇနေ ပါစိတ္တိယံ”ဟု မူလပညတ်ကိုထားတော်မူရလေသည်။
မှတ်ချက်။ ။ ဤသိက္ခာပုဒ်၌ မစပ်သော ပင့်ဖိတ်နည်းဖြင့် ပင့်ဖိတ်သော ဘောဇဉ်ကိုသာ ရှေ့ပင့်ထားသည်ကို မစားဘဲ နောက်မှရသော ဘောဇဉ်ကို စားမှုကြောင့် အာပတ်သင့်ရသည်၊ ယခုကာလ “ဆွမ်းဘုဉ်းပေးကြွပါ” စသည်ဖြင့်အပ်သော ပင့်နည်းမျိုး၌ကား ရှေ့ပင့်ထားသည်ကို မစားဘဲ နောက်မှ(ပင့်၍ဖြစ်စေ ဆွမ်းခံ၍ဖြစ်စေ) ရသောဆွမ်းကို စားမှုကြောင့် အာပတ်မသင့်၊ ဘတ္တ(ထမင်း) ဟူသော နာမည်ဖြင့်ပင့်ရာ၌ ရှေ့သိက္ခာပုဒ် အရ “၄-ပါးအထက် ခံယူ၍ မစားကောင်း” ဟူရာ၌လည်း သံဃာကုန် မဟုတ်လျှင်သာ မစားကောင်းသည်။ သံဃာကုန်ပင့်ရာ၌ “ဂဏ” မဟုတ်တော့ဘဲ “သံဃ” ဖြစ်သောကြောင့် အတူတကွ ခံယူစားကောင်း၏၊ ထို့ကြောင့် လူဆင်းရဲက အဓိဝါသေတု ဘတ္တံ = တပည့်တော် ထမင်းကို လက်ခံတော်မူပါ”ဟု ပင့်ရာ၌ သံဃာကုန်ဖြစ်၍ အတူတကွ ခံယူစားကြလေသည်။
အနုပညတ်။ ။ ထို့နောက် ပရမ္ပရဘောဇဉ်ကို ရှောင်နေရ၍ ဂိလာန ဖြစ်သူအား အစားအသောက် ချို့ယွင်းမှု, သင်္ကန်းလှူချိန်ဝယ် သင်္ကန်းနှင့်အတူ ထမင်းကိုလည်း လှူလေ့ရှိကြရာ ထိုထမင်းကို လက်မခံလျှင် သင်္ကန်းလည်း မရကြ၍ သင်္ကန်းနည်းပါးမှု, သင်္ကန်းချုပ်ဆိုးချိန်ဝယ် ပရမ္ပရဘောဇဉ်ကို ရှောင်ကြဉ်နေရလျှင် အလုပ်မတွင်မှုများကြောင့် ဂိလာန, စီဝရဒါန, စီဝရကာရသမယတို့၌ ပရမ္ပရဘောဇဉ်ကို စားခွင့်ပြုသောအားဖြင့် “အညတြ သမယာ” စသည်ကို ဖြည့်စွက်၍ အနုပညတ် ထပ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ပရမ္ပရဘောဇနေ အညတြ သမယာ ပါစိတ္တိယံ။ တတ္ထာယံ သမယော, ဂိလာနသမယော, စီဝရဒါနသမယော, စီဝရကာရသမယော, အယံ တတ္ထ သမယော။
မြန်မာပြန်။ ။ စားသင့်ရာအခါကိုကြဉ်၍ နောက်နောက် ပင့်ဖိတ်သူ၏ ဘောဇဉ်ကို စားခြင်းကြောင့် ပါစိတ်အာပတ်သင့်၏၊ ထိုစားသင့်ရာ အခါဟူသည် မကျန်းမာရာအခါ, သင်္ကန်းလှူရာအခါ, သင်္ကန်း ချုပ်ဆိုးရာ အခါများဖြစ်သည်။
စာမျက်နှာ-၁၇၂
ဃ။ ကာဏမာတာသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ
အမှု—လက်ဆောင်ပေးဖို့ မုန့်များကို အကုန်ခံယူ။
လက်ဆောင်မုန့်တွေ ကုန်အောင် ခံယူမှု။ ။ သာဝတ္ထိမြို့၌ အမျိုးသ္မီးတစ်ယောက်သည် အလွန်အဆင်းလှ၏။ သူ့ကိုမြင်ရသူ လုလင်ပျိုတို့ကို မိုးမမြင်လေမမြင်အောင် (ကန်း)စေတတ်သောကြောင့် “ကာဏာ” ထင်ရှား၍သူ၏ မိခင်လည်း “ကာဏမာတာ”ဟု ထင်ရှားသည်၊ ထိုကာဏာကို ရွာငယ်တစ်ရွာက ယောက်ျားတစ်ယောက်နှင့် လက်ထပ်လိုက်၏၊ အခါတစ်ပါးသော် ကာဏာသည် မိခင်ထံ အလည်အပတ် ပြန်လာရာ ယောက်ျားက လူလွှတ်၍ အမြန်ပြန်လာဖို့ မှာ၏။ မိခင်က လက်ဆောင်မပါလျှင် ရှက်စရာ” ဟု ထင်၍ လက်ဆောင်ပေးလိုက်ဖို့ရာ မုန့်ကြော်နေစဉ် ရဟန်းတစ်ပါး ဆွမ်းခံ ဝင်လာသောကြောင့် ကျက်ပြီးမုန့်ကို လောင်းလိုက်၏၊ နောက်တစ်ပါး နောက်တစ်ပါးနှင့် ဆွမ်းခံလာတိုင်း (သဒ္ဓါတရား ကောင်းကောင်းဖြင့်) လောင်းချည်းနေရာ စီစဉ်ထားသော မုန့်အားလုံးကုန်သွားသောကြောင့် ထိုနေ့၌ ကာဏာ မပြန်ဖြစ်ချေ။
ယောက်ျားသည်လူထွက်၍ ကာဏာပြန်လာခဲ့ဖို့ရန် ၂-ကြိမ်မြောက် မှာပြန်၏။ လက်ဆောင်ပေးဖို့ မုန့်ကြော်ပြန်ရာ ရှေးနည်းအတိုင်း ကုန်ပြန်၏ ၃-ကြိမ်မြောက် နောက်တစ်နေ့၌ကား ယောက်ျားက “ကာဏာမပြန်လာလျှင် နောက်မယားယူရလိမ့်မည်”ဟု မှာပြန်၏၊ ကာဏာပြန်ချင်လှပြီ, မိခင်က မုံကြော်နေပြန်၏၊ ရဟန်းများလည်း ဆွမ်းခံဝင်မြဲဝင်လာရာ မုန့်တွေကုန်ပြန်လေသည်၊ အတော်ကြာလျှင် “ကာဏာ၏ယောက်ျားက နောက်မယား ယူထားပြီ”ဟု ကာဏာကြား၍ ငိုနေစဉ် ဘုရားရှင်ကြွလာခိုက်နှင့် ကြုံကြိုက်၍ ဘုရားရှင်က တရားဟောမှ ကာဏာသက်သာရာရ၏၊ ထိုယောက်ျားလည်း “ကာဏာအထံသို့ ဘုရားသခင်တော်ကြွ၍ တရားဟောတော်မူရသတဲ့” ဟု ကြား၍ ကာဏာကို ချစ်သနားစိတ်ဝင်ကာ ကာဏာကို ပြန်ခေါ်ပြီးလျှင် နဂိုအရာ၌ပင် ထားလေသည်။ ဤဝတ္ထုကို အကြောင်းပြု၍ သိက္ခာပုဒ်၌ “ဘိက္ခုပနေဝ ကုလံ ဥပဂတံ ပူဝေဟိ အဘိဟဋ္ဌုံ ပဝါရေယျ”ဟု ပညတ်တော်မူခွင့်ရှိ၏၊ သို့သော် ဤသိက္ခာပုဒ်ကို မပညတ်ရသေးမှီ ဝတ္ထုတစ်မျိုးပေါ် လာပြန်လေသည်။
စာမျက်နှာ-၁၇၃
ရိက္ခာကုန်အောင် အလှူခံမှု။ ။ ရာဇဂြိုဟ်မြို့၌ အရိယာဖြစ်ပြီးသော ဥပါသကာ တစ်ယောက်သည် အဖေါ် ကုန်သည်များနှင့်အတူ ရာဇဂြိုဟ်မြို့မှ အနောက်ဘက်ကျသောအရပ်သို့ကူးသန်းရောင်းဝယ်ရန် လိုက်မည်ဟု ကြံ၍ လမ်းစာရိက္ခာများကို အသင့်ပြင်ဆင်ထား၏၊ ထိုအချိန်မှာ ရဟန်းတစ်ပါးသည် ထိုကုန်သည်များရှိရာသို့ ဆွမ်းခံဝင်လေရာ, ထိုဥပါ သကာသည် ရိက္ခာဖြစ်သောမုန့်တချို့ကို အလှူခိုင်း၏၊ နောက်တစ်ပါး နောက်တစ်ပါးနှင့် ကြွလာတိုင်းလှူရာ လမ်းစာရိက္ခာ မုန့်တွေ အားလုံး ကုန်လေသည်၊ အဖေါ်ကုန်သည်များကား မဆိုင်းငံ့ကြဘဲ ထွက်သွားနှင့်ကြ၏၊ သူ့မှာမူ ထပ်၍ ရိက္ခာစီစဉ်နေရသဖြင့် နောက်မှလိုက်သွားရာ လမ်း၌ ဓားပြအလုခံရလေသည်၊ ထိုအခါလူတို့က “အတိုင်းအရှည် ပမာဏကိုမသိဘဲ ရဟန်းတွေ လမ်းစာရိက္ခာကိုခံယူမှုကြောင့် အလုခံရသည်”ဟု ကဲ့ရဲ့ကြသောကြောင့် “ဘိက္ခုံ ပနေဝ ကုလံ ဥပဂတံ မန္ထေဟိ အဘိဟဋုံ ပဝါရေယျ”ဟု ပညတ်တော်မူခွင့်ရှိရာ, ရှေးဝတ္ထုနှင့် ပေါင်း၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ဘိက္ခုံ ပနေဝ ကုလံ ဥပဂတံ ပူဝေဟိ ဝါ မန္ထေဟိ ဝါ အဘိဟဋ္ဌုံ ပဝါရေယျ, အာကင်္ခမာနေန ဘိက္ခုနာ ဒွတ္တိပတ္တပူရာ ပဋိဂ္ဂဟေတဗ္ဗာ။ တတော စေ ဥတ္တရိ ပဋိဂ္ဂဏှေယျ, ပါစိတ္တိယံ။ ဒွတ္တိပတ္တပူရေ ပဋိဂ္ဂဟေတွာ တတော နီဟရိတွာ ဘိက္ခူဟိ သဒ္ဓိံ သံဝိဘဇိတဗ္ဗံ, အယံ တတ္ထ သာမီစိ။
မြန်မာပြန်။ ။ အိမ်သို့ ကပ်ဝင်လာသော ရဟန်းကို လက်ဆောင်မုန့် လမ်းစာရိက္ခာ မုန့်တို့ဖြင့် ရှေးရှုယူဆောင်၍ ဖိတ်မံလျှင် (လောင်းလှူလျှင်) ခံယူလိုသောရဟန်းသည် ၂ သပိတ် ၃ သပိတ်ပြည့်အောင် ခံနိုင်၏၊ ထိုထက် တိုး၍မခံရ၊ ၂ သပိတ်ပြည့်အောင်ခံယူလျှင် တသပိတ်ကို ရဟန်းများအား ဝေငှ၍ တသပိတ်ကို မိမိအတွက်ထား၊ ၃သပိတ် ခံယူလျှင် ၂ သပိတ်ကို ရဟန်းများအား ဝေငှရမည်၊ ခံယူခဲ့ပြီးနောက် တွေ့သမျှ ရဟန်းတွေကို “တပည့်တော် မည်သည့်အိမ်မှ မုန့်တို့ကိုမည်မျှ လောက်ခံယူခဲ့ပြီဟု ပြောရမည်၊ ထို့နောက် နောက်ရဟန်းများကား ပထမရဟန်းက တသပိတ်စာသာ ခံယူခဲ့လျှင် ၂ သပိတ်စာ ယူနိုင်သေး၏၊
စာမျက်နှာ-၁၇၄
ပထမရဟန်းက ၃ သပိတ်စာယူပြီးလျှင်ကား နောက်၌မည်သူမျှထပ်၍ မခံယူရတော့ချေ။
င။ ပထမပဝါရဏာသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—တော်ပြီဟုဆိုပြီးမှ အခြားတနေရာသွား၍စားမှု။
ရဟန်းများနှင့် ပုဏ္ဏား။ ။ ပုဏ္ဏားတစ်ယောက်သည် ရဟန်းတို့ကို ပင့်၍ဆွမ်းကြွေး၏၊ ရဟန်းတို့သည် ဆွမ်းစားကြစဉ် (ဆွမ်း-ဟင်းတို့ကို လိုက်သည့်အခါ) “တော်ပါပြီ, ပြည့်စုံပါပြီ, ဝပါပြီ, နဲနဲထည့်ပါ” စသည်ဖြင့်လိုက်သောဆွမ်း-ဟင်းကိုတားမြစ်ပြီး ဖြစ်ပါလျက် တချို့ က ဆွေမျိုးများအိမ်သို့သွား၍ နောက်ထပ်စားကြ, တချို့ကလည်း ထိုအိမ်မှ ဆွမ်းကိုပင် သပိတ်ဖြင့်ယူ၍ အခြားတနေရာသို့သွား၍ စားသောက်ကြကုန်၏၊ ပုဏ္ဏားသည် ရဟန်းတို့သွားပြီးနောက် အိမ်နီးချင်းတို့ကိုလာကြပါဦး, အရှင်မြတ်တို့ကို တင်းတိမ်လောက်အောင် ဆွမ်းကပ်လိုက်ပါပြီ, မိတ်ဆွေတို့ကိုလည်း တင်းတိမ်လောက်အောင် ကြွေးပါရစေ” ဟု ဖိတ်ခေါ်လေ၏၊ ထိုအခါ အိမ်နီးချင်းများက “ဘယ်မှာကိုယ်တော်များ တင်းတိမ် ဦးမှာလဲ, တချို့က ကျုပ်တို့ အိမ်လာပြီး နောက်ထပ်စားကြ, တချို့က ယူသွားကြတယ်” ဟု ပြောကြလေသည်။ ထိုစကားကိုကြား၍ စိတ်မချမ်း မသာဖြစ်ကာ “ဘာ့ကြောင့် ငါ့အိမ်၌ စားပြီးပါလျက် တခြားအိမ်၌ စားကြရသေးသလဲ, ငါ့ကဝအောင် မတတ်နိုင်လို့လား” ဟု ပုဏ္ဏားက ကဲ့ရဲ့သောကြောင့် “ယောပန ဘိက္ခု ဘုတ္တာဝီ ပဝါရိတော ခါဒနီယံဝါ ဘောဇနီယံ ဝါ ခါဒေယျဝါ ဘုဉ္ဇေယျဝါ၊ ပါစိတ္တိယံ”ဟု မူလပညတ်ကို ထားတော်မူရလေသည်။
အနုပညတ်။ ။ ရဟန်းတို့သည် (မိမိတို့စားပြီးနောက်) ဂိလာနရဟန်းများဖို့ မွန်မြတ်သောဆွမ်းတို့ကို တောင်းယူလာကြကုန်၏၊ ဂိလာနရဟန်းတို့ကား စိတ်ထင်သလောက် မစားနိုင်ကြ၊ ကြွင်းကျန်သမျှကိုလည်း (စားပြီးသော ရဟန်းတို့ နောက်ထပ်မစားကောင်းသောကြောင့်) စွန့်ပစ်ကြရလေ တော့၏၊ ထိုစွန့်ပစ်အပ်သောဆွမ်းတို့ကို စားကြလုကြသော ကျီးတို့၏အသံဖြင့် ဆူညံနေသည်ကို ဘုရားရှင်ကြားတော်မူ၍ အရှင်အာနန္ဒာကိုမေးတော်မူရာ, ဂိလာနအကျန်ဖြစ်သော ဆွမ်းများကိုစွန့်ထားကြောင်း လျှောက်သဖြင့်
စာမျက်နှာ-၁၇၅
“ရဟန်းတို့...(ဆွမ်းစားစဉ်တော်ပြီဟု ပယ်မြစ်ခဲ့သော ရဟန်းသည်) ဂိလာန၏ အကြွင်းအကျန်ကိုလည်းကောင်း, ဂိလာနမဟုတ်သူ၏ အကြွင်းအကျန်ကိုလည်းကောင်း, စားခြင်းငှါ ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူ၍ “ယောပနဘိက္ခု ဘုတ္တာပိ ပဝါရိတော အနတိရိတ္တံ ခါဒနီယံဝါ၊ ပေ၊ ပါစိတ္တိယံ”ဟု အနတိရိတ္တပုဒ်ကို ထည့်၍ အနုပညတ်ထပ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘုတ္တာဝီ ပဝါရိတော အနတိရိတ္တံ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် တချို့တဝက်စားပြီး ပယ်မြစ်စေအပ်ပြီး ဖြစ်ပါလျက် အတိရိတ်ဝိနည်းကံလည်း မပြုအပ်, ဂိလာန၏ အကျန်လည်းမဟုတ်သော ခဲဖွယ်ကိုသော်လည်းကောင်း, ဘောဇဉ်ကိုသော်လည်းကောင်း, ခဲမူလည်းခဲအံ့ စားမူလည်းစားအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။ [ဤသိက္ခာပုဒ်နှင့်စပ်၍ မှတ်ဖွယ်များကို ပါတိမောက်ဘာသာဋီကာ၌ ရှုပါ။
စ။ ဒုတိယပဝါရဏာသိက္ခာပုဒ်
အမှုသည်—ရဟန်းတစ်ပါး။
အမှု—ပဝါရိတ် သင့်ထားသော ရဟန်းအား နောက်ထပ်စားဖို့ရန် တိုက်တွန်းမှု။
ရဟန်း၂-ပါး ဖြစ်ပုံ။ ။ ရဟန်း ၂-ပါးသည် သာဝတ္ထိမြို့သို့ ခရီးရှည်သွားစဉ် တစ်ပါးကဝိနည်းနှင့်မလျော်သော အမှုကို ပြုသောကြောင့် အဖေါ်တစ်ပါးက မပြုဖို့ရန် တားမြစ်ရာကို တားမြစ်သော ရဟန်းကို မလျော်သော အမှုကိုပြုသော ရဟန်းက ရန်ငြိုးဖွဲ့လေသည်၊ သာဝတ္ထိသို့ ရောက်သောအခါ ရန်ငြိုးဖွဲ့ထားသော ရဟန်းသည် သူ၏အမျိုး အိမ်သို့သွား၍ ဆွမ်းကို ယူလာပြီးလျှင် (မိမိကိုပြောဘူးသော) ထိုရဟန်းထိ သွား၍ စားစမ်းပါ”ဟု ထိုဆွမ်းကို ပေးလေ၏။ ထိုအပေးခံရသော ရဟန်းကား ပထမပဝါရဏာသိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း ပဝါရိတ်သင့်ထားသောကြောင့် အတိရိတ္တ (အပိုအလျှံ စားကြွင်းစားကျန်) ခဲဖွယ် ဘောဇဉ်မဟုတ်လျှင် နောက်ထပ်မစားကောင်းတော့ချေ။ ထိုသို့ ပဝါရိတ်သင့်ပြီးမှန်းကိုလည်း ဆွမ်းလာပေးသော ရဟန်းသည်သိ၏။
စာမျက်နှာ-၁၇၆
ထိုသို့လာပေးသည့်အခါ “တော်ပါပြီ, ပြည့်စုံပါပြီ”ဟု ပထမသော် ငြင်းပယ်၏။ ရန်ငြိုးဖွဲ့ထားသော ရဟန်းကား မစားချင် စားချင်အောင် “ကောင်းလွန်းလို့ပါ, စားစမ်းပါ”ဟုတိုက်တွန်းပြန်၏၊ ထိုအခါ သူတိုက်တွန်းလှသဖြင့် အားနာပါးနာ စားရရှာတော့၏၊ ထိုသို့စားလျှင် စားခြင်းပင် သင်လိုလူက ခရီးသွားတုန်းက ငါ့ကိုမအပ်ဘူးလေး ဘာလေးနှင့် ပြောရ သေးသလား, သင်လဲ ပဝါရိတ် သင့်ပြီးပါလျက် အတိရိတ္တမဟုတ်သော ဘောဇဉ်ကိုစားတာဘဲ”ဟု ပြောကာ လက်စားချေလေသည်။ ထိုအခါ “ငါ့ရှင် အစက အတိရိတ္တမဟုတ်ကြောင်းကို ပြောထိုက်သည် မဟုတ်ပါလား”... “ငါ့ရှင်ကလဲ မေးထိုက်သည်မဟုတ်ပါလား”ဟု အပြန်အလှန် ပြောဆိုကြ၍ အခြားရဟန်းတို့အား အစွပ်စွဲခံရသော ရဟန်းက ပြောပြလေသည်၊ ထိုအခါ အခြားရဟန်းတို့က ကဲ့ရဲ့ကြပြီးလျှင် ဘုရားရှင်ကို လျှောက်ကြ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုံ ဘုတ္တာဝိံ ပဝါရိတံ အနတိရိတ္တေန ခါဒနီယေန ဝါ ဘောဇနီယေန ဝါ အဘိဟဋ္ဌုံ ပဝါရေယျ “ဟန္ဒ ဘိက္ခု ခါဒ ဝါ ဘုဉ္ဇ ဝါ”တိ ဇာနံ အာသာဒနာပေက္ခော, ဘုတ္တသ္မိံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ဆွမ်းစားစဉ် ပဝါရိတ်သင့်ပြီး ရဟန်းကို ပဝါရိတ် သင့်ထားမှန်းလည်း သိပါလျက် သက်သက် အပြစ်တင်ခြင်းကို ရှူငဲ့သည် (အပြစ်တင်မည်ဟု ကြံစည်ချက်ရှိသည်) ဖြစ်၍ “ရော့.... ဒီခဲဖွယ်ကလေးကို ခဲစမ်းပါ, ဒီစားဖွယ်ဘောဇဉ်ကို စားစမ်းပါ”ဟု အတိရိတ် မဟုတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ဖိတ်မံအံ့ (ပေးအံ့) (ထိုသို့ဖိတ်လျှင် ပေးလျှင်ပင် ဒုက္ကဋ်အာပတ် သင့်နှင့်ပြီ၊) ထိုအပေးခံရသော ရဟန်းက စားလျှင်ကား ပေးသော ထိုရဟန်းမှာ ပါစိတ်အာပတ်သင့်၏။
ဆ။ ဝိကာလဘောဇနသိက္ခာပုဒ်
အမှုသည်—သတ္တရသဝဂ္ဂီရဟန်းကလေးများ။
အမှု—နေလွဲအခါ စားသောက်ကြမှု။
ပွဲကြည်သွားခြင်း။ ။ ရာဇဂြိုဟ်မြို့ဝယ် တောင်နှင့်စပ်၍ မြတ်သောကြီးကျယ်သော ပွဲသဘင် ရှိ၏။ ထိုတောင်ပွဲသည် ယခုကာလ
စာမျက်နှာ-၁၇၇
တောင်ပြုံးပွဲစသည်ကဲ့သို့စည်ကားလှ၏၊ သတ္တရသဝဂ္ဂီရဟန်းကလေးတို့ကား (အသက် ၂၀ ပြည့်မှ ရဟန်းပြုရမည်ဟု မပညတ်မီက) ၇ နှစ်အရွယ်မှာပင် ရဟန်းပြုခဲ့ကြသော တကျိပ်ခုနစ်ယောက်သော ကစားဘော် ကစားဘက် ကလေးများတည်း၊ သူတို့သည် ပွဲမကြည့်ရဟု သိက္ခာပုဒ် မပညတ်ရသေးသောကြောင့် ထိုတောင်တော်ပွဲသို့ ပွဲကြည့်သွားကြလေသည်။ ပွဲသို့ရောက်သောအခါ ဆွေမျိုးများနှင့်တွေ့၍ ရေချိုးပေး နံ့သာလိမ်းပေးပြီးလျှင် ထမင်းလည်း ကျွေးကာ မုန့်ပဲသရည်စာကိုလည်း သူတို့လက်ထဲ၌ ထည့်ပေးလိုက်ကြလေသည်၊ သူတို့သည် ကျောင်းသို့ ပြန်ရောက်ကြသည့်အခါ သူတို့အား တခါတခါ အနိုင်ကျင့်တတ်သော ဆဗ္ဗဂ္ဂီရဟန်းတို့အား ရော့, စားကြပါဦး” ဟုပေး ရှာကြလေသည်၊ “သင်တို့ဘယ်ကရခဲ့သလဲ”ဟု မေးလျှင် ဆွေမျိုးများထံက ရခဲ့ကြောင်း, ဟိုမှာတုန်းကလဲ ထမင်းစားခဲ့ကြရကြောင်းကို ပြန်ပြောင်း ပြောပြသဖြင့်, ဆဗ္ဗဂ္ဂီတို့က “သင်တို့မွန်းလွဲမှ စားကြသလား”ဟု မေးရာ “ဟုတ်ပါကြောင်း”ဝန်ခံကြသဖြင့် ကဲ့ရဲ့ရှုတ်ချ၍ ရဟန်းများမှတဆင့် ဘုရား သိတော်မူရကား ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဝိကာလေ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် နေလွဲအခါ၌ ခဲဖွယ်ကိုသော်လည်းကောင်း, ဘောဇဉ်ကိုသော်လည်းကောင်း, ခဲမူလည်း ခဲအံ့၊ စားမူလည်းစားအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
ဝိကာလ-အရုဏ်တက်သည်မှစ၍ မွန်းမတည့်မီအချိန်ကို ရဟန်းများ ဆွမ်းခဲဖွယ်ကို စားသောက်နိုင်ရာ “ကာလ”ဟုသတ်မှတ်ထား၏၊ ထိုကာလ ကုန်လျှင် “ဝိကာလ”ဟု ခေါ်၏၊ [ဝိ = ကင်းသော+ကာလ = စားသောက်ချိန်၊] ထို့ကြောင့် ဤသိက္ခာပုဒ်အရ မွန်းလွဲသည်မှစ၍ အရုဏ်မတက်ခင် ဘောဇဉ်ငါးပါးနှင့်တကွ မုန့် အမျိုးမျိုး သစ်သီးအမျိုးမျိုးဟူသော ခဲဖွယ်များကို မစားကောင်း၊ ထိုဝိကာလအချိန်ဝယ် အနာရောဂါမရှိလျှင် မည်သည့် ဆေးကိုမျှ (အယုတ်သဖြင့် လျက်ဆားနှင့် ဆားရိုးရိုးကိုမျှ) မစားကောင်း၊ မလျက်ကောင်း၊ ဆာလောင်မွတ်သိပ်လျှင် ထန်းလျက်ရည် သကြားရည် သန့်ရှင်းစွာစစ်ထားသော မန်ကျည်းဖျော်ရည်စသည်ကား သောက်ကောင်း၍ မဆာဘဲသက်သက် သောက်ချင်ရုံမျှဖြင့်ကား မသောက်ကောင်း၊ ယခုကာလ “ညချင်းသုတ်”စသည်ကား သူနှင့်သင့်မြတ်သော ရောဂါမရှိလျှင် မည်သည့်
စာမျက်နှာ-၁၇၈
နည်းနှင့်မျှ မစားအပ်၊ ရောဂါရှိလျှင် (လက်သုတ်မဟုတ်သော) ချင်းရိုးရိုးကို စားကောင်းပါ၊ လေရောဂါစသည်မရှိဘဲ ထန်းလျက်ခဲ ကြံသကာ သကြားမှုန့်တို့ကိုလည်း မစားကောင်း၊ သောက်လျှင်စားလျှင် ဒုက္ကဋ်အာပတ် သင့်၏။
နေ့လယ်စာ တားမြစ်ရပုံ။ ။ ဘုရားပွင့်တော်မူပြီးနောက် သာသနာတည်စ အချိန်ဝယ် အချို့ရဟန်းဘော်များသည် (လူ့ ထုံးစံ အတိုင်း) နံနက်စာ, နေ့လယ်စာ, ညဉ့်စာဟု ၃ထပ်ပင် စားကြသေး၏၊ ထိုသုံးထပ်တွင် နေ့လယ်စာ”ဟူသည် မွန်းလွှဲအခါ နေ့လယ်ပိုင်းမှာ စားအပ်သော အစာတည်း၊ ထိုနေ့လယ်စာကို မစားဖို့ရန် ပထမပညတ်တော်မူသည်၊ ထိုနေ့လယ်စာကို ပယ်မြစ်တော်မူချိန်၌ တချို့ ရဟန်းတို့မှာ စိတ်မချမ်းမသာ ဖြစ်ကြသေး၏။ သို့သော် မြတ်စွာဘုရားကို ချစ်ကြောက်ရိုသေ သောအားဖြင့် နေ့လယ်စာကို ရှောင်ကြဉ်ကြလေသည်။
ညဉ့်စာ တားမြစ်ပုံ။ ။ ထို့နောက် အတော်ကြာသောအခါ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူပြန်၏၊ “ဘိက္ခုတို့... ငါဘုရားသည် မွန်းမလွဲမီ နံနက်ပိုင်း တချိန်မှာသာ အစားအစာကို ဘုဉ်းပေးတော်မူသည်၊ ထိုသို့ နံနက်ပိုင်း တချိန်မှာသာ ဘုဉ်းပေး၍ နေ့လွှဲသောအခါ၌ မစားဘဲရှောင်နေခြင်းကြောင့် အနာရောဂါမရှိဘဲ အညောင်း အကိုက်လည်းမရှိဘဲ ပေါ့ပေါ့ပါးပါးနှင့် အားအင်ပြည့်တာကို တွေ့ရသည်၊ အသင်ရဟန်းများလည်း နံနက်တချိန်သာ စားကြ၊ ထိုသို့ စားသဖြင့် အနာ ရောဂါလည်းနည်းပါး အညောင်းအကိုက်လည်း နည်းပါး၍ ပေါ့ပေါ့ပါးပါး အားအင်ပြည့်တာကို သိကြရလိမ့်မည်” ဤသို့မိန့်တော်မူ၍ ဤဝိကာလဘောဇနသိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။
ထိုသို့ပညတ်တော်မူသောအခါ အချို့ရဟန်းတို့မှာ စိတ်မချမ်းသာဖြစ်ကြ၏၊ ဖြစ်ပုံကား “လူဝတ်ကြောင်တို့သည် နံနက်စာကို တော်သလိုစားကြ၍ ညစာကိုမှ တတ်နိုင်သမျှကောင်းမွန်အောင်စီစဉ်၍ စားကြသည်၊ ထိုသို့ အထူးတလည် ချက်ပြုတ်သော အစာကိုပင် လက်ဦးလက်ဖျားလှူတတ်ကြရာ ထိုညစာကို ဘုရားရှင် ပယ်မြစ်တော်မူပြန်ပြီ”ဟု တွေး၍ စိတ်မချမ်းမသာ ဖြစ်ကြလေသည်၊ ထိုသို့ဖြစ်ကြသော်လည်း ဘုရားရှင်အပေါ်၌ ချစ်ကြောက် ရိုသေသောအားဖြင့် အများပင်လိုက်နာကြ၏၊ ဘဒ္ဒါလိမည်သော မထေရ်တစ်ပါးကား (ရှေးကကျီးကန်းဘဝမှ လာသောကြောင့် ညစာမစားရလျှင် မနေနိုင်
စာမျက်နှာ-၁၇၉
သလောက်ရှိရကား) ဘုရားရှင် ညစာတားမြစ်မှုကို အကြီး အကျယ် ကန့်ကွက်လေသေး၏။
သို့ရာတွင် ညစာစားစဉ်တုန်းက ညဆွမ်း လှည့်လည် ခံယူကြသော ရဟန်းတို့တွင် တချို့သည် ညဥ့်မှောင်မဲကြီး၌ ဆွမ်းခံလှည့်လည်စဉ် တံစီးအိုင်ထဲ၌ ကျသူကျ၊ ထိုတစီးအိုင်မှ စီးလာသောဗွက်ထဲ၌ ကျသူကျ၊ ဆူးပုံကို နင်းမိသူက နင်းမိ၊ အိပ်နေသော နွားမကို တက်နင်းမိသူကနင်းမိ၊ တချို့လည်း ယဇ်နတ်ပူဇော်ချင်သော ခိုးသူတို့ အဖမ်းခံရ၊ တချို့ကား မာတုဂါမက ဒီမှာဘဲ ညစာစားပြီး သူနှင့်အတူအိပ်ပါတော့”ဟုအဖိတ်ခံရ၊ ရဟန်းတစ်ပါး မှာတော့ ထမင်းချက်သော နေရာနား၌ မိုးမှောင်ကျခိုက် ဆွမ်းရပ်နေ့စဉ် မာတုဂါမက ခွက်ဆေးနေတုန်း ဗြုံးကနဲ လျှပ်လက်လိုက်ရာ မာတုဂါမလန့်ပြီး “အမယ်လေး တစ္ဆေကြီးပါတော့”ဟု အော်လေသော်... “ဟဲ့ဟဲ နှမ, တစ္ဆေမဟုတ်ပါဘူး၊ ဆွမ်းခံကိုယ်တော်ပါ”ဟု ပြောပါလျက် “ကိုယ်တော် အဖေ အမေတွေ သေကုန်လို့ ညမှောင်ကြီးထဲ ဆွမ်းခံရသလား” ဟု ကက်ကက်လန်အောင် ရန်တွေ့ခံရလေသည်။
ညစာစားမှုကြောင့် ဤကဲ့သို့တွေ့ကြုံရသော ဒုက္ခစုတို့ကို သူတခွန်း ငါတခွန်း ပြောကြဆိုကြ ဘုရားကို လျှောက်ကြသဖြင့် ဝိကာလဘောဇန သိက္ခာပုဒ်ကို ကန့်ကွက်ခဲ့သော အရှင်ဘဒ္ဒါလိလည်း အကြီးအကျယ် နောင်တရ၍ ဘုရားကို ဝန်ချကာ ထိုသိက္ခာပုဒ်ကို လိုက်နာလေတော့သည်။ [မဇ္ဈိမပဏ္ဏာသ, ဘဒ္ဒါလိသုတ်နှင့် လဋုကိကောပမသုတ်၊]
ဇ။ သန္နိဓိသိက္ခာပုဒ်
အမှုသည်—အရှင်ဗေလဋ္ဌသီသ။
အမှု—ဆွမ်းကို ချန်ထား၍ နောက်ရက်၌စားမှု။
သမာပတ် ဝင်စားခြင်း။ ။ အရှင်ဗေလဋ္ဌသီသသည် (ရှင်ကြီးတထောင်ဟု အများ သိကြသော) ရသေ့ တထောင်တွင် ပါဝင်သော မထေရ်ကြီးတစ်ပါးတည်း၊ အရှင်အာနန္ဒာ၏ ဥပဇ္ဈာယ် ဆရာကြီးလည်း ဖြစ်၏၊ ထိုအရှင်မြတ်သည် ဇေတဝန် ကျောင်းတိုက်၏ အနီးဖြစ်သော ကမ္မဋ္ဌာန်းကျောင်း၌ သီတင်းသုံးကာ ဖလသမာပတ်ကို ဝင်စားတော်မူလေ့ရှိ၏၊ ထိုကြောင့် ဟင်းမပါသောဆွမ်းကို အခြောက်လှမ်းပြီးလျှင် ၇-ရက်လောက်ကြာမှ သမာပတ်ကထ၍ ထိုထမင်းခြောက်ကို
စာမျက်နှာ-၁၈၀
ရေဖြင့်နှူးကာ ဘုဉ်းပေးတော်မူ၏။ ထို့နောက် သမာပတ်ဝင်စားပြန်၏၊ ဤနည်းဖြင့် ထမင်းခြောက်ကို ဘုဉ်းပေးကာ ရက်သတ္တပတ် အတော် များများကြာမှ ဆွမ်းခံဝင်လေ့ရှိသည်။ အခြားရဟန်းများက ကြာလှမှ တခါတခါ ဆွမ်းခံဝင်ခြင်း၏ အကြောင်း”ကို မေးလျှောက်ကြသောအခါ ဆွမ်းအခြောက်ကို သိုမှီး၍ စားကြောင်း အမိန့်ရှိလေသော် အချို့ရဟန်း
များက ကဲ့ရဲ့၍ ဘုရားအားလျှောက်ကြသဖြင့် ဘုရားရှင်လည်း “ဤကိစ္စသည် သန္တုဋ္ဌိ သလ္လေခ (ရသမျှနှင့် မျှတရောင့်ရဲသော ခြိုးခြံသောအကျင့်) ဖြစ်၍ အပြစ်မရှိသော်လည်း လူများသိလျှင် အပြစ်တင်စရာ ဖြစ်သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သန္နိဓိကာရကံ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် သိုမှီးသိမ်းဆည်းမှုကို ပြုခြင်းရှိသော ခဲဖွယ်ကိုသော်လည်းကောင်း, ဘောဇဉ်ကိုသော်လည်းကောင်း, ခဲမူလည်းခဲအံ့၊ စားမူလည်း စားအံ့၊ ပါစိတ်အာပတ်သင့်၏။
စွန့်လွှတ်လျှင် သန္နိဓိမဖြစ်။ ။ အကပ်ခံပြီးနောက် ခဲဖွယ်ဘောဇဉ်များကို လူသာမဏေတို့အား စွန့်ပေးလိုက်လျှင် သန္နိဓိသိုမှီးမှုမဖြစ်၊ နက်ဖြန်နံနက်၌ ထိုတို့သိမ်းထားသော အာမိသကို သူတို့ထံမှတဖန် အကပ်ခံ၍ စားကောင်း၏၊ သို့သော် စွန့်သည့်အခါ၌ကား “အနပေက္ခဝိသဇ္ဇန”ခေါ် “ထိုအာမိသကို မစားတော့ပြီ”ဟု မငဲ့မကွက် စွန့်လိုက် ပေးလိုက်မှသာ စွန့်ရာ ရောက်သည်။
မှတ်ချက်။ ။ ပြောင်အောင် မဆေးအပ်သော သပိတ် ပုဂံ ခွက်ကို “ဒုဒ္ဓေါတ”ဟု ခေါ်၏၊ သန္နိဓိနှင့်စပ်၍ ဒုဒ္ဓေါတ သပိတ်ခွက်များနှင့် အနပေက္ခဝိသဇ္ဇနတို့ကို ကောက်ချက်ချလိုက်သည့်အခါ အောက်ပါအချက်များ ပေါ်ထွက်လာ၏။ သပိတ် ပုဂံ ခွက် လဘက်ရည်ကရား စသည်များ၌ ထည့်၍ စားသောက်ပြီးနောက် ထိုသပိတ်စသည်နှင့်တကွ အကြွင်းအကျန်ကို လူသာမဏေတို့အား မပေးမစွန့်ဘဲ သပိတ်စသည်ကို ကိုယ်တိုင် ဆေးရာဝယ် မစင်ကြယ်၍ အာမိသကပ်ကျန်နေလျှင် နက်ဖြန်နံနက်၌ အခြားအာမိသနှင့် ရေနှော၍ ဝမ်းတွင်းသို့ ပါသွားက ဤသိက္ခာပုဒ်အရ အာပတ်သင့်၏။
ထိုသပိတ်စသည်၌ရှိသော အာမိသကို လူသာမဏေအား ပေးလိုက်လျှင် လူသာမဏေတို့က ထိုသပိတ်စသည်ကို ဆေးရာဝယ် မစင်ကြယ်
စာမျက်နှာ-၁၈၁
သော်လည်း ထိုအာမိသအဆီအကပ်တို့ သန္နိဓိမဖြစ်၊ သို့ရာဝယ် ထိုအာမိသ အဆီအကပ် ကျန်ရှိနေသော သပိတ် ပုဂံ လဘက်ရည်ကား များ၌ ထည့်၍ နက်ဖြန်နံနက် စားသောက်လိုလျှင် ရဟန်းကိုယ်တိုင် စ၍မကိုင်ရ၊ လူသာမဏေတို့ထံ အကပ်ခံရဦးမည်။ ထိုသို့အကပ်မခံဘဲ ကိုင်လျှင် ကိုင်သည့်အတွက် ဥဂ္ဂဟိတ (ကောက်ယူမှု) ဒုက္ကဋ်နှင့် ထိုအာမိသကို အကပ်မခံဘဲ စားရာရောက်သဖြင့် လာလတံ့ ဒန္တပေါဏသိက္ခာပုဒ်အတွက် ပါစိတ်အာပတ်သင့်လိမ့်မည်။
ဈ။ ပဏီတဘောဇန သိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ။
အမှု—မွန်မြတ်သော အစာကို တောင်းစားမှု။
မွန်မြတ်သောအစာကို တောင်းစားမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မွန်မြတ်သော ထောပတ်ဆီဦး စသည်တို့နှင့် ရောနှောအပ်သော ဘောဇဉ်တို့ကို တောင်း၍ စားလေ့ရှိ၏၊ လူတို့က “ရဟန်းတော်တို့သည် ဘာ့ကြောင့် မွန်မြတ်သော အစားအစာတို့ကို တောင်းရမ်း စားသောက် ကြရသလဲ, ကောင်းသောအရသာကို ဘယ်သူမနှစ်သက်ဘဲ ရှိမည်လဲ”ဟု ကဲ့ရဲ့၍သောကြောင့် ဤသိက္ခာပုဒ်ကို “အဂိလာနော”ပုဒ် မပါသေးဘဲ ပညတ်တော်မူရသည်၊ ထို့နောက် ဂိလာနရဟန်းများသည် မွန်မြတ်သော ဘောဇဉ်ကိုမရ၍ ရောဂါမသက်သာသောကြောင့် “ဂိလာန ဖြစ်လျှင်ကား မွန်မြတ်သော ဘောဇဉ်တို့ကို တောင်း၍စားနိုင်၏” ဟု ခွင့်ပြုတော်မူကာ “အဂိလာနော”ပုဒ်ကို ဖြည့်စွက်၍ အနုပညတ် ထပ်တော်မူရပြန်သည်။ [ဤ၌ ထောပတ် စသည်တို့ကား ပဏီတ (မွန်မြတ်သောအစာ)တည်း၊ ထောပတ်ထမင်း, ဆီဦးထမင်း, ဆီထမင်း, ပျားရည်ထမင်း, ငါးဒန်ပေါက်, အသားဒန်ပေါက်, နွားနို့ထမင်း, နို့ဓမ်းထမင်းတို့ကား ပဏီတဘော ဇနတည်း။]
သိက္ခာပုဒ်။ ။ ယာနိ ခေါ ပန တာနိ ပဏီတဘောဇနာနိ, သေယျထိဒံ – သပ္ပိ, နဝနီတံ, တေလံ, မဓု, ဖာဏိတံ, မစ္ဆော, မံသံ, ခီရံ, ဒဓိ။ ယော ပန ဘိက္ခု ဧဝရူပါနိ ပဏီတဘောဇနာနိ အဂိလာနော အတ္တနော အတ္ထာယ ဝိညာပေတွာ ဘုဉ္ဇေယျ, ပါစိတ္တိယံ။
စာမျက်နှာ-၁၈၂
မြန်မာပြန်။ ။ အကြင်မွန်မြတ်သော အာဟာရနှင့် ရောစပ်အပ်သော ဘောဇဉ်တို့သည် ရှိကုန်၏။ ဤမွန်မြတ်သော အာဟာရတို့ဟူသည် အဘယ်နည်း၊ ထောပတ်, ဆီဦး, ဆီ, ပျားရည်, တင်လဲ, ငါး, ကုန်းသတ္တာတို့၏ အသား, နို့ရည်, နို့ဓမ်းတည်း၊ အကြင်ရဟန်းသည် ဤသို့ သဘောရှိကုန်သော မွန်မြတ်သော အာဟာရနှင့် ရောစပ်အပ်သော ဘောဇဉ်တို့ကို ဂိလာနမဟုတ်ဘဲ မိမိ၏ အကျိုးငှါ တောင်း၍စားအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
ဉ။ ဒန္တပေါဏသိက္ခာပုဒ်
အမှုသည်—ရဟန်းတစ်ပါး။
အမှု—လူသာမဏေတို့က မပေးအပ်(မကပ်အပ်)သော အာဟာရကို စားမှု။
သုသာန် ကိုယ်တော်။ ။ ဝေသာလီမြို့၌ ရဟန်းတစ်ပါးသည် ပံသုကူရသော ပစ္စည်းကိုသာ သုံးစွဲ၏။ သုသာန်၌ စွန့်ပစ်အပ်သော ခွက်ကို သပိတ်လုပ်၍လည်းကောင်း, သုသာန်၌ စွန့်ပစ်အပ်သော အဝတ်ကို သာသင်္ကန်းချုပ်ပြီး၍လည်းကောင်း, သုသာန်ကရသောခုတင် ထိုင်ခုံကိုသာ သုံးစွဲ၏၊ သုသာန်, သစ်ပင်အောက်, တံခါးခုံစသည်တို့၌ သေလွန်ပြီးသော မိဘဘိုးဘွားတို့ကို ရည်စူး၍ထားအပ်သော အစားအသောက်များကိုသာ ကိုယ်တိုင်ယူ၍ စားသောက်၏၊ ဤသုသာန်ကိုယ်တော်ကို လူတို့က “ဘိုးဘွားမိဘတို့ကို ရည်စူး၍ ထားအပ်သော စားဖွယ်တို့ကို ဘာ့ကြောင့် ကိုယ်တိုင်ယူပြီး (သူများလာမပေးဘဲ) စားရသလဲ, ဝလိုက်တာလဲ ဖီးလို့, အသားတွေလဲ ကျစ်ကျစ်လစ်လစ်ရှိ၏၊ လူသားကို စားနေဟန်တူသည်”ဟု လူတို့ ကဲ့ရဲ့ကြလေသည်၊ [မည်သူကမှ မိမိလက်ရောက်အောင် မပေးဘဲစားခြင်းကို လူကြီး လူကောင်းတို့ မပြုကြသောကြောင့် ထိုရဟန်း၏ ကိုယ်တိုင်ယူ၍ စားမှုကို ကဲ့ရဲ့ကြခြင်းဖြစ်သည်။]
ထိုအကြောင်းကို ရဟန်းများကြား၍ ရဟန်းများကလည်း ဘာ့ကြောင့် မပေးအပ်(မကပ်အပ်)သော အစာကို ခံတွင်းဝသို့ ဆောင်ရသလဲ”ဟု ကဲ့ရဲ့ကြ၍ ဘုရားရှင်အား လျှောက်ကြသောကြောင့် “ယောပန ဘိက္ခု၊ မုခဒွါရံ အာဟာရံ အာရေယျ, ပါစိတ္တိယံ”ဟု မူလပညတ်ကို ထားတော်မူရလေသည်၊ [ဤ၌ “အဒိန္နံ = မပေးအပ်” ဟူရာဝယ် “မိမိပစ္စည်းပင်ဖြစ်
စာမျက်နှာ-၁၈၃
သော်လည်း လူ-သာမဏေစသူတို့က မိမိလက်ရောက်အောင် မပေးအပ်သည်ကို ဆိုလိုသည်၊ ထို့နောက် အချို့ ရဟန်းတို့သည် “ရေ၌လည်းကောင်း, ဒန်ပူ၌လည်းကောင်း, သူတစ်ပါးက မပေးလျင်(မကပ်လျှင်)သောက်ကောင်း ခဲကောင်းမည် မထင်-ဟု သံသယ ဖြစ်ကြသောကြောင့် “အညတြ ဥဒကဒန္တပေါဏာ” ဟု ဖြည့်စွက်၍ အနုပညတ် ထပ်တော်မူရပြန်သည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု အဒိန္နံ မုခဒွါရံ အာဟာရံ အာဟရေယျ အညတြ ဥဒကဒန္တပေါနာ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် (ရေ-ဒန်ပူကိုကြဉ်၍ ရေ-ဒန်ပူမှ တစ်ပါး) မပေးမကပ်အပ်သော အာဟာရကို ခံတွင်းဝသို့ ဆောင်အံ့ (မျိုအံ့)၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
အကပ်မြောက်အင်္ဂါ ၅-ပါး။ ။ ၁-ကပ်မည့်သူက ရှေ့ရှု ဆောင်ခြင်း, ၂-အကပ်ခံမည့်ရဟန်း၏ ၂ တောင့်ထွာ ဟတ္ထပါသ်အတွင်း၌ ရောက်ခြင်း ၃-အား အလတ်စားရှိသူ မြှောက်ချီနိုင်သော ဝတ္ထုဖြစ်ခြင်း, ၄-ကိုယ်ဖြင့် ဖြစ်စေ ကိုယ်နှင့်စပ်နေသော(ကိုင်ထားသော) ခွက်စသည်ဖြင့်ဖြစ်စေ ပစ်၍ ဖြစ်စေ ဤ ၃-မျိုးတွင် တစ်မျိုးမျိုးဖြင့် ကပ်သူကပေးခြင်း, ၅-ကိုယ်ဖြင့်ဖြစ်စေ ကိုယ်နှင့်စပ်သော ကိုင်ထားသော ခွက်တုတ်စသည်ဖြင့် ခံ၍ တို့၍ ထိ၍ဖြစ်စေ ဤ ၂-မျိုးတွင် တစ်မျိုးမျိုးဖြင့် အကပ်ခံသော ရဟန်းကခံယူခြင်း, ဤအင်္ဂါ ၅-ပါးပြည့်စုံမှ အကပ်မြောက်သည်။
[ဆောင်] ရှေးရှုလည်းဆောင်, ၂ တောင့်ထွာရောက်, မြှောက်နိုင်ဝတ္ထု, သုံးခု ပေးခြင်း, ခံခြင်းနှစ်လှောက်, ကပ်ခံမြောက်, မှတ်လောက် အင်္ဂါ ၅-ပါးတည်း။
ချဲ့ဦးအံ့’ “ရှေးရှုဆောင်”ဟူရာ၌ လက်ဖြင့် ရှေ့တိုးပေးမှရှေ့ရှုဆောင်ရာ ရောက်သည်မဟုတ်သေး၊ ဦးခေါင်းပေါ်၌ ရွက်ထားသော စားဖွယ်ခွက်ကို လှူလို၍ ဦးခေါင်းကို အနည်းငယ်စောင်းညွတ်ပေးလိုက်လျှင် ရှေ့ဆောင်ရာ ရောက်သောကြောင့် ရဟန်းက ထိုခွက်ကို လက်ဖြင့်ထိကာ အလိုရှိရာ ယူစားနိုင်၏၊ အားအလတ်ရှိသူ ကြွမြှောက်နိုင်သော ယာဂုအိုးကြီးကို ရှင်ငယ်ကလေးက မကြွနိုင်၍ မြေပေါ်၌ပင် လှိမ့်လျက် ကပ်ရာ၌လည်း ရဟန်းက လက်ထိုးပေးကာ (ထိရုံ ထိ၍ဖြစ်စေ) အကပ်ခံနိုင်၏။
စာမျက်နှာ-၁၈၄
ဤစကားအရ-ယခု ကာလ တစ်ယောက်လည်း ကြွနိုင်သော စားပွဲကို ဟင်းဖိတ်မည်စိုး၍ ၂-ယောက် ၃-ယောက်ကိုင်လျက် ကပ်ခြင်း, စားပွဲ အခင်းတို့ ကြမ်းပြင်မှာ ထိနေလျက်ကပ်ခြင်း, ကပ်မည့်သူက ရှေ့ရှုဆောင်၍ ၂-တောင့်ထွာ အတွင်း ရောက်ရှိသောဝတ္ထုကို လက်မြှောက်လှမ်းယူ၍ အကပ်ခံခြင်းများ၌ အကပ်မြောက်သည်ချည်းမှတ်။
ဟတ္ထပါသ်တိုင်းနည်း။ ။ ၂-တောင့်ထွာ ဟတ္ထပါသ်တိုင်းရာ၌ ရှေ့ကလာ၍ ကပ်ရာဝယ် ရဟန်းက ထိုင်နေလျှင် ထိုရဟန်း၏ တင်ပါး နောက်ဘက် အစွန်းဖြင့်, ရပ်နေလျှင် ဖနောင့်စွန်းဖြင့်, စောင်းလျက်လှဲနေလျှင် စောင်းသော နံပါး၏ ပြင်ဘက်စွန်းဖြင့် တိုင်းရမည်၊ ဝမ်းလျားမှောက်၍ နေရာ ဦးခေါင်း နား၌လာ၍ ကပ်လျှင် ဦးခေါင်းစွန်း၏ အနီးဆုံးဖြစ်သော လည်ပင်းဖြင့် တိုင်းရမည်၊ ဤသို့လျှင် အကပ်ခံသူ၏ လှမ်းယူသော လက်မှတစ်ပါး အနီး အဆုံးကိုယ်အင်္ဂါ၏ နောက်ဘက်စွန်းဖြင့် တိုင်း၍...ကပ်သူ့အတွက်လည်း လှမ်း၍ ပေးသော လက်မှတစ်ပါးအခြားသော အနီးဆုံးအင်္ဂါ၏ ဤဘက် အစွန်းဖြင့် တိုင်းတာရမည်၊ စားပွဲကြီးအလယ်ခြား၍ အကပ်ခံကြရာ၌ အနီးဆုံး အင်္ဂါချင်း ဟတ္ထပါသ်ကို သတိပြုရာ၏။]
မုခဒွါရံ။ ။ “ခံတွင်းအဝ”ဟူသည် ပါးစပ်ပေါက်မဟုတ်, အောက်ပိုင်း အဝဖြစ်သော လည်ချောင်းပေါက်တည်း၊ မူခတော-ခံတွင်းမှ၊ ဟေဋ္ဌာ-အောက်ဖြစ်သော၊ ဒွါရံ-အပေါက်သည်၊ မုခဒွါရံ-မည်၏၊ ထိုကြောင့် အာဟာရကို ပါးစပ်ကဖြစ်စေ နှာခေါင်းပေါက်ကဖြစ်စေ သွင်းရာ၌လည်ချောင်း ပေါက်၏ အတွင်းရောက်လျှင် မျိုရာရောက်၏၊ လည်ချောင်းမရောက်ခင် ပါးစပ်အတွင်း၌ ငုံရုံငုံပြီး(အရည်တစက်မျှ လည်ချောင်းတွင်း မဝင်စေဘဲ) ထွေးပစ်နိုင်လျှင် အကပ်မခံသော်လည်း အပြစ်မရှိသေး၊ ထိုကဲ့သို့ ပြုနိုင်လျှင် ညနေဘက်မှာလည်း ဝိကာလဘောဇန အပြစ်မရှိ၊ သို့သော် အကျိုးမရှိသော ထိုအလုပ်မျိုးကို မလုပ်ခြင်းသာလျှင် ကောင်း၏။
အာဟာရံ။ ။ ယာဝကာလိက စသော ၄-ပါးကို အာဟာရဟုဆိုသည်၊ ထိုအာဟာရကို အကပ်ခံရာ၌ ရထရေဏုမြူသည် အကပ်ခံနိုင်သော အသေးဆုံး အာဟာရတည်း၊ အကပ်ခံပြီးသော အာဟာရ၌ ရထရေဏုမြူ ကျလျှင်လည်း အကပ်ပျက်တော့သည်သာ၊ လှည်းရထားတို့သွားသည့်အခါ ထသော မြူမှုန့်ကို ရထရေဏုမြူဟု ခေါ်၏၊ တံမြက်လှည်း၍ လေတိုက်၍ ထသောမြူများလည်း ရထရေဏုမြူပင်၊ ထို့အောက်ငယ်သော နံရံပေါက်မှ
စာမျက်နှာ-၁၈၅
ဝင်လာသော နေရောင်ဖြင့်မြင်ရသောမြူကို တဇ္ဇာရီမြူဟုခေါ်၏။ ထိုတဇ္ဇာရီမြူမှုန့်နှင့် အဏုမြူ ပရမာဏုမြူတို့မှာ အကပ်မပျက်နိုင်၊ မြူမှုန့် (ဖုံ)များကို ယာဝဇီဝိက အာဟာရတွင် ပါဝင်သည်ဟုမှတ်။
အညတြ ဥဒကဒန္တ ပေါဏာ-ဥဒကဟူသည် ရထရေမြူပမာဏရှိသော မြူမှုန်မပါသည့် သန့်ရှင်းသောရေတည်း၊ ထိုသန့်ရှင်းသောရေသည် ကာလိက လေးပါးမှအလွတ်ဖြစ်၍ အကပ်မခံဘဲ သောက်ကောင်း၏၊ ကိုယ်တိုင်လည်း ကြိုကောင်း၏-ချက်ကောင်း၏၊ ရထရေဏုမြူမှုန်ပါသော ရေကားအတွက် အကပ်မခံဘဲ မသောက်ရ၊ သို့ဖြစ်၍ ဝိနည်းကို ဂရုစိုက်သူတို့ အကပ်မခံသော ရေကို အမြဲစစ်၍သောက်ကြသည်။
ဒန်ပူစားရာ၌ အိန္ဒိယ ထုံးစံမှာ သွားဖြင့်ဝါး၍ ဒန်ပူရည် ထွက်အောင် စားလေ့ရှိ၏၊ ထိုအရည်ထွက်မှသွားပိုးမစားနိုင်ဘဲ သွားစင်ကြယ်သည်-ဟု အယူရှိသည်၊ ထိုသို့ဒန်ပူစားရာ၌ ဒန်ပူရည်များ လည်ချောင်းတွင်းမဝင်လျှင် အကပ်ခံဖွယ် မလိုသောကြောင့် အညတြ ဥဒကဒန္တပေါဏာ”ဟု မိန့်တော် မူရသည်၊ အကယ်၍ဒန်ပူရည်က လည်ချောင်းတွင်း ဝင်လျှင်ကား အကပ်ခံမှ သင့်မည်၊ အကပ်မခံလျှင်-ဤသိက္ခာပုဒ်အရ အာပတ်သင့်မည်သာ။
အချုပ်မှာ...အညတြ ဥဒကဒန္တပေါဏာဖြင့် လွတ်လပ်ခွင့်အထူးမရ၊ ကြည်နေသောရေသည် ကာလိကဝိမုတ်ဖြစ်၍ နဂိုကပင်အပ်၏၊ ဒန်ပူလည်း ခံတွင်းသို့ အရည်မဝင်လျှင် ပင်ကိုယ်ကပင် အပ်၏၊ သို့ရာတွင် ဘုရားရှင် လက်ထက်တော်က ရဟန်းအချို့တို့ ရေနှင့်ဒန်ပူအတွက် သံသယ ဖြစ်ကြသောကြောင့် ဘုရားရှင်က ထပ်၍ ချွင်းချက်ပြုတော်မူရသည်။
မှတ်ချက်။ ။ ပြခဲ့သောစကားများအရ ထရေဏုမြူသည် အကပ်ခံလောက်သော အာဟာရတွင် ပါဝင်ရကား ဆွမ်းခံတုန်းဖြစ်စေ ဆွမ်းစားတုန်း ဖြစ်စေ စားခွက်တွင်းသို့ ထိုမြူမှုန်မျိုးကြလျှင် ထိုမြူနှင့်တကွ ဆွမ်းအနည်းငယ်ကို ယူပစ်ရမည်။ ထပ်၍ အကပ်မခံဘဲ ဆက်လက်၍ဆွမ်းခံလျှင် ဝိနယဒုက္ကဋ် ခေါ် ဒုက္ကဋ် အာပတ်သင့်၏၊ ဆက်၍ဆွမ်းစားလျှင် ထိုမြူမှုန်ကို စားမိက ဤသိက္ခာပုဒ်အရပါစိတ်အာပတ်သင့်၏။
ထို ပြင်-ဆွမ်းလုပ်ကို ပါးစပ်သို့ သွတ်သွင်းပြီးနောက် ပါးစပ်တွင်းမှ ဆွမ်းလုံးတလုံးဖြစ်စေ သပိတ်တည်းသို့ ပြန်၍ကျလျှင် ထပ်၍ အကပ်ခံလေ့ရှိကြ၏။ သို့သော် ထိုပြန်ကျလာသော ဆွမ်းလုံးသည် ပါးစပ်ထည်း ရှိသော သွားရည် နှုတ်ခမ်းရည် စသည်နှင့် မလူးဘဲ ပြန်ကျလျှင် အကပ် မပျက်သေး၊ သွားရည် စသည်နှင့် လူးပြီးမှ ပြန်ကျလျှင်သာ ထိုသွားရည်အတွက် အကပ်ပျက်ရသည်။ ထို့ကြောင့် ပါးစပ်မှ ဆွမ်းလုံးပြန်ကျသည့် အခါ
စာမျက်နှာ-၁၈၆
ထပ်၍ အကပ်ခံလေ့ရှိရာ၌ ဆွမ်းလုံးကျသည့်အတွက် သပိတ်အတွင်းရှိ ဆွမ်းများ အကပ်ပျက်သောကြောင့် မဟုတ်, ပြန်ကျလာသော ဆွမ်းလုံးက သွားရည် စသည်ဖြင့် လူးလာခဲ့လျှင် အကပ်ပျက်ရာသောကြောင့် ထိုပြန်ကျလာသော ဆွမ်းလုံးကို ထပ်၍ အကပ်ခံခြင်းဖြစ်သည်-ဟု မှတ်။
ထို့ပြင်-ဆွမ်း အချိုပွဲ စသည် စားရာ၌ လက်မဆေးဘဲစားလျှင် လက်၌ ရထရေဏုမြူလောက်သော မြူမှုန်များ ကပ်နေခဲ့သော် ထိုမြူမှုန်များအတွက် လက်ဖြင့် ထိရာ ခဲဖွယ်ဘောဇဉ်တို့ပါ အကပ်ပျက်တတ်ရကား ဆွမ်းစားခါနီးလက်ဆေး, ဆွမ်းစားပြီးနောက် အချို့ပွဲစားခါနီး လက်ဆေးရမည်။ ညာလက်ကိုသာ ဆေး၍ ဘယ်လက်ကို မဆေးလျှင် ဘယ်ဘက်လက်ဖြင့် စားဖွယ်များကို ကိုင်ရာ၌လည်း ဤနည်းအတိုင်းပင်၊ ထိုကြောင့် ဘယ်လက်ကို မဆေးလျှင် ထိုလက်ဖြင့် စားဖွယ်များကို မကိုင်မိစေရ။
ဆိုဖွယ်ရှိသေး၏-အချို့ကား စားမည်ဟု လက်ဆေးပြီးနောက် ထိုလက်ဖြင့် သင်္ကန်းကိုသိမ်းကြ၏။ ထိုသို့ သိမ်းရာဝယ် သင်္ကန်း၌ ရထရေ မြူမှုန်ကို ကိုင်မိလျှင် လက်မဆေးသူနှင့် အတူပင်တည်း၊ တချို့ကား အချို့ပွဲစားစဉ် အကပ်ခံမထားသော လက်သုတ်ပုဝါကို သုတ်လိုက်-အချိုပွဲကို နှိုက်လိုက်နှင့် စားကြ၏။ ထိုသို့ စားရာ၌ လက်သုတ်ပုဝါ ညစ်ပေတော့မည်မှာ သေချာပြီး လက်သုတ်ပုဝါ၌ ရထရေမြူမှုန့်ပါလျှင် စားဖွယ်များလည်း အကပ်ပျက်လိမ့်မည်၊ ထို့ကြောင့် အစာစားမည်-ဟု လက်ဆေးပြီးနောက် ထိုလက်ဖြင့် အစာမှတစ်ပါး အခြားလက်သုတ်ပုဝါ သင်္ကန်းစသည်ကို မကိုင်ဘဲ စားခြင်း ကိစ္စပြီးမှသာ လက်ဆေး၍ လက်သုတ်ပုဝါကို သုတ်သင့်ကြပေသည်။
ဒုရူပစိဏ္ဏဥဂ္ဂဟိတ။ ။ [ဒု-ဥပစိဏ္ဏ = မကောင်း လေ့ကျင့်မှု (အလေ့အကျင့် မကောင်းမှု)၊ ဥဂ္ဂဟိတ = မြောက်ခါ နေရာရွှေ့အောင် ယူမှု။ ရှေ့၌ ဝိနယဒုက္ကဋ်ကိုပြခဲ့ပြီ၊ အကပ်မခံရသေးသော ခဲဖွယ်ဘောဇဉ်ကို (လူသာမဏေအား ပေးရန်မဟုတ်ဘဲ) သက်သက်လက်ဆော့ ခြေဆော့ သဘောဖြင့် ထိလျှင် (နေရာမှ မရွေ့စေဘဲ ကိုင်လျှင် ဒုရူပစိဏ္ဏ ဒုက္ကဋ် အာပတ်သင့်၏၊ ဥပမာ-သာမဏေ ဆွမ်းချက်နေရာ၌ ဆွမ်းအိုးကို ဖွင့်ခြင်း စသည်နှင့် အကပ်မခံဘဲ ချထားသော သပိတ်၏အဖုံးကို ဖွင့်ခြင်းစသည် များတည်း၊ သစ်ပင်ပေါ်ရှိ သစ်သီးနှင့် စားဖွယ် အရွက်များကို ကိုင်ရာ၌လည်း ဒုရူပစိဏ္ဏပင်၊ ကိုင်ရုံထိရုံမကဘဲ နေရာရွှေ့လောက်အောင် ကိုင်လျင် (အခြားတနေရာရွှေ့သွားလျှင်) ဥဂ္ဂဟိတ ဒုက္ကဋ်အာပတ်သင့်၏။
ထို့ပြင်-လူသာမဏေတို့၏ ခွက်ထည်းသို့ ရဟန်းက အကပ်ခံပြီး ဖြစ်သော ဆွမ်းဟင်း မုန့်စသည်ကို ထည့်ပေးရာ (ဆွမ်းဟင်းလိုက်ရာ)တို့၌ လူသာမဏေတို့၏ ရှိရင်းအစာတို့နှင့် မထိအောင် မြှောက်၍ ထည့်ပေး
စာမျက်နှာ-၁၈၇
ရမည်၊ ဘာ့ကြောင့်နည်း...လူသာမဏေတို့၏ အစာသည် ရဟန်း၏ လက်စသည်ကို ငြိ၍ ပါလာလျှင် ထိုအစာက အကပ်မခံရသေးသဖြင့် ကပ်ပြီး အစာနှင့် ရောက ကပ်ပြီး အစာပါ အကပ်ပျက်ဖွယ်ရှိသောကြောင့်တည်း၊ ဒုရူပစိဏ္ဏ ဖြစ်သောအစာကို ထိုထိကိုင်သော ရဟန်းတစ်ပါးသာ မစားကောင်း, အခြားရဟန်းများ စားကောင်းသေး၏။ ဥဂ္ဂဟိတက အစာကိုကား ရဟန်းအားလုံးပင် မစားကောင်းတော့ပြီ။
ခရီးသွားစဉ် မိဘသာမဏေများသို့ အစာကိုကား အကပ်မခံဘဲလည်း ယူသွားကောင်း၏၊ မိမိဖို့ဟု ရည်ရွယ်ချက် လုံးဝမပါ, မိဘ စသူတို့သာဟု မိမိစိတ်ကို စင်ကြယ်စေနိုင်လျှင် ကိုယ်တိုင် ယူခဲ့သော ထိုအစာများကို ရောက်ရာအရပ်၌ အလိုရှိက အကပ်ခံ၍ စားကောင်း၏၊ ထို့ထက်အကျယ်ကို ပါစိတျာဒိအဋ္ဌကထာမှာရှု။
အကပ်ပျက်ကြောင်း။ ။ (စွန့်) အကပ်ခံပြီးသော အစာကို မစားတော့အံ့ဟု အင်္ဂါများ အာလယပြတ် (ကွယ်မှုမရှိဘဲ) စွန့်လိုက်ခြင်းကြောင့်လည်း အကပ်ပျက်၏။ ထိုသို့ စွန့်ရာ၌ လက်ကလွတ်မှ အကပ်ပျက်သည်၊ (ချ) သိက္ခာချခြင်းကြောင့်လည်း အကပ်ပျက်၏၊ (ပေး) သူတစ်ပါးကို ပေးခြင်းကြောင့်လည်း အကပ်ပျက်၏၊ ဤပေးရာ၌လည်း လက်လွတ်မှပျက်သည်၊ နှုတ်ကပေးသော်လည်း လက်မလွှတ်သေးလျှင် အကပ်မပျက်၊ (လု) လူစသူတို့က အတင်း လုယူ သွားခြင်းကြောင့်လည်း အကပ်ပျက်၏။ (မစ္စု)သေခြင်း-(လိင်ပြန်)ဘိက္ခု အဖြစ်မှ ဘိက္ခုနီအဖြစ်သို့ လိင်ပြန်ခြင်းတို့ကြောင့်လည်း အကပ်ပျက်၏။
[ဆောင်] စွန့်-ချ-ပေး-လု, မစ္စု-လိင်ပြန်, ဤ ၆ တန် ကပ်ခံ ပျက်ကြောင်းတည်း။
မှတ်ချက်။ ။ ဤအကပ်ခံပျက်ရာ၌ အာဟာရကို တစ်ပါးပိုင်ဟုမှတ်၊ ၂-ပါး ၃-ပါး စသည် ဆိုင်သော စားဖွယ်၌ တစ်ပါးက စွန့်ရုံနှင့် အကပ် မပျက်နိုင်၊ ထို့ပြင်-စွန့်မှ အကပ်ပျက်ရကား စားနေစဉ် လူသာမဏေတို့ သာ၍ ကိုင်ရာ၌ (ရဟန်းကလက်ဖြင့် ထိမထားစေကာမူ) အကပ်မပျက်၊ အကပ်ခံပြီးသော သပိတ်ကို မစွန့်ဘဲ လူသာမဏေကို အခြားတနေရာသို့ အရွေ့ (အထား) ခိုင်းလိုက်သော်လည်း အကပ်မပျက်။ သို့ရာတွင် လူသာမဏေတို့ကိုယ်မှ မြူမှုန်များ အာဟာရ၌ ကျနေရစ်လျှင်ကား ထိုမြူမှုန်အတွက် အကပ်ပျက်၏။
ဘောဇနဝဂ် ပြီး၏။
စာမျက်နှာ-၁၈၈
အစေလကဝဂ်
က။ အစေလကသိက္ခာပုဒ်
အမှုသည်—အရှင်အာန§န္ဒာ။
အမှု—ပရိဗိုဇ်မအား မုန့် ၂ ရှက်(မှား၍)ပေးမိ။
အရှင်အာနန္ဒာနှင့် ပရိဗိုဇ်မ။ ။ ဤသိက္ခာပုဒ် ပညတ်တော်မူခါနီး အချိန်ဝယ် သံဃာတော်၌ “ခဲဖွယ်”ဟု ခေါ်ရသော မုန့်ပဲ သရည်စာတွေ (စားရုံဖြင့် မကုန်နိုင်အောင်) ပေါများ နေလေသည်၊ အရှင်အာနန္ဒာသည် ထိုအကြောင်းကို ဘုရားရှင်အားလျှောက်၍ “အကြွင်း အကျန်ကို တောင်းရမ်းစားသောက်သူတို့အား ဝေပေးလိုက်”ဟု ဘုရားရှင် မိန့်တော်မူသောကြောင့် စားကြွင်းစားသူတို့ကို စီတန်းထိုင်နေစေ၍ မုန့်တရှက်စီ ဝေပေးလေရာ ရသေ့ ပရိဗိုဇ်မ တစ်ယောက်အား တရှက် အထင်ဖြင့် ၂ ရှက်ထပ်ကို ပေးမိလေသည်၊ ထိုအကြောင်းကို သိသော အနီးအပါး ပရိဗိုဇ်မများက “ဒီရဟန်းက ညီးလင်ငယ်”ဟု ပြောကြလေသော်လင်ငယ် မဟုတ်ပါ, တရှက်ဟုထင်ပြီး ၂ ရှက်ပေးတာပါ”ဟု ပြန်ပြော၏။ နောက်နေ့ မုန့်ဝေပေးရာ၌လည်း ထိုပရိဗိုဇ်မအားပင် မှား၍ ပေးမိပြန်၏၊ ထို့နောက်လည်း တစ်ကြိမ်ထပ်၍ မှားပြန်၏၊ ထိုအခါ “လင်ငယ်ဘဲ, လင်ငယ်မဟုတ်”ဟု အငြင်း အခုန် ဖြစ်ကြလေသည်။
အာဇီဝကတစ်ယောက် ပြောပုံ။ ။ အာဇီဝက တစ်ယောက်သည် ဆွမ်းလုပ်ကျွေးရာ အရပ်သို့ သွားလေသော် သူ့အား ရဟန်းတစ်ပါးက ထောပတ်ဖြင့် ဆွမ်းကိုနယ်၍ ပေး၏၊ “ဘယ်ကရသလဲ”ဟု အခြား အာဇီဝကတစ်ယောက်က မေးလတ်သော် ရဟန်းဂေါတမဆိုတဲ့ ကတုံး သူကြွယ်ကို ဆွမ်းလုပ်ကျွေးတဲ့နေရာက ရခဲ့တယ်”ဟု ဗုဒ္ဓရှင်တော်အား ထိပါးပြောဆိုသံကို ဥပါသကာများကြား၍ ဗုဒ္ဓမြတ်စွာအား လျှောက်ကြံသည်မှာ-“မြတ်စွာဘုရား—ဒီတိတ္ထိတွေဆိုတာ ဗုဒ္ဓဓမ္မနှင့် သံဃာတော်များ၏အပြစ်ကိုသာ လိုလားကြပါသည်။ အရှင်ရဟန်းတော်များသည် ထိုတိတ္ထိတို့အား မိမိတို့လက်ဖြင့် (ကိုယ်တိုင်) မပေးကြလျှင် ကောင်းလိမ့်မည် ထင်ပါသည်”၊ ဤသို့လျောက်ကြပြီးလျှင် ဗုဒ္ဓရှင်တော်၏ တရားစကားကို နာယူပြန်သွားပြီးနောက် ဤသိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။
စာမျက်နှာ-၁၈၉
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု အစေလကဿ ဝါ ပရိဗ္ဗာဇကဿ ဝါ ပရိဗ္ဗာဇိကာယ ဝါ သဟတ္ထာ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ဒဒေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အစေလက အားလည်းကောင်း, ပရိဗိုင်းယောက်ျား အားလည်းကောင်း, ပရိဗိုဇ်မအားလည်းကောင်း, မိမိလက်ဖြင့် ခဲဖွယ် ဘောဇဉ်ကို ပေးလျှင် ပေးသောရဟန်းသည် ပါစိတ်အာမတ်သင့်၏၊ မိမိလက်ဖြင့်ပေးမှ (တိုက်ရိုက်ပေးမှ) အာပတ်သင့်ရကား, သူတစ်ပါးကို အပေးခိုင်းလျှင်လည်းကောင်း, သူ့လက်မှ ချထားသော ခွက်ထည်း၌ ထည့်လျှင်လည်းကောင်း, အာပတ် မသင့်။
မှတ်ချက်။ ။ အဝတ်မဝတ်သူကို “အစေလက-တက္ကဒွန်း” ဟုခေါ်၏။ [“စေလ-အပတ်+အ-မရှိသူ”] အဝတ်ဝတ်သော ရသေ့အမျိုးမျိုးကို “ပရိဗိုဇ်” ဟုခေါ်၏၊ ပြခဲ့သော အာဇီဝကလည်း အဝတ်ပါလျှင် ပရိဗိုဇ်မျိုးပင်တည်း၊ ထိုအားလုံးသည် သာသနာတော်မှ တစ်မျိုးတခြား အယူရှိသူ တိတ္ထိများသာ ဖြစ်ရကား ယခုကာလ၌ ဖိုးသူတော်နှင့် သီလရှင်များမှာ သာသနာတော် အယူကိုသာ ယူကြသောကြောင့် တိတ္တိမဟုတ်နိုင်ကြ၊ သုတ်ပါထေယျ သမ္ပသာဒနီယသုတ် အဋ္ဌကထာ၌ ပြအပ်သော သေတဝတ္ထ သမဏဝံသ-အဝတ်ဖြူဝတ် ရဟန်းနွယ်များ”ဖြစ်ကြသည်၊ သာသနာတော်အယူကိုသာ ယူသော ရသေ့ရသူများလည်း ဤနည်းပင်တည်း။
ခ။ ဥယျောဇနသိက္ခာပုဒ်
အမှုသည်—ရှင်ဥပနန္ဒ။
အမှု—ရဟန်းတစ်ပါးကို ဆွမ်းခံခေါ်သွားပြီးနောက်ဘာမျှပေးဘဲ ပြန်လွှတ်မှု။
အရှင်ဥပနန္ဒ၏ မတရားမှု။ ။ အရှင်ဥပနန္ဒသည် နောင်တော်၏ တပည့်ရဟန်းတစ်ပါးကို “လိုက်ခဲ့ ရွာသို့ ဆွမ်းခံဝင်ချေရအောင်”ဟု အဖေါ်ခေါ် သွား၍ ရွာသို့ရောက်သောအခါ အဖေါ်ပါနေသဖြင့် သူပြောချင်တာကို မပြောရသောကြောင့် “ငါ့ရှင်...ပြန်တော့, ငါ့မှာသင်နှင့် အတူဖြစ်နေလို့ စကားပြောရတာ-ထိုင်နေရတာ မချမ်းသာဘူး။ ငါ့တစ်ယောက်တည်းနေရတာက ကောင်းသေးတယ်”ဟု ပြော၍ စားသောက်ဖွယ် တစ်စုံ
စာမျက်နှာ-၁၉၀
တရာကိုမျှ မပေးဘဲ ပြန်လွှတ်လိုက်လေသည်။ ထိုကိုယ်တော်ကလေးမှာ ဆွမ်းခံဖို့ရာလည်း အချိန်မရှိတော့၊ ဆွမ်းစားကျောင်းမှာလည်း အားလုံး ဆွမ်းစားပြီး နေကြသဖြင့် ဆွမ်းအငတ်ခံရှာရလေ၏။ ထိုအကြောင်းကို ဗုဒ္ဓရှင်တော် သိတော်မူရကား ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုံ “ဧဟာဝုသော, ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ ပဝိသိဿာမာ”တိ တဿ ဒါပေတွာ ဝါ အဒါပေတွာ ဝါ ဥယျောဇေယျ “ဂစ္ဆာဝုသော, န မေ တယာ သဒ္ဓိံ ကထာ ဝါ နိသဇ္ဇာ ဝါ ဖာသု ဟောတိ, ဧကကဿ မေ ကထာ ဝါ နိသဇ္ဇာ ဝါ ဖာသု ဟောတီ”တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ “ရဟန်းတစ်ပါးကို ရွာသို့ (သို့မဟုတ်-နိဂုံးသို့) ဆွမ်းခံဝင်ချေကြစို့”ဟု ခေါ်သွားပြီးလျှင် ထိုအဖေါ် ရဟန်းအား ခဲဖွယ် ဘောဇဉ်တစ်စုံတရာကို ပေးပြီး၍ဖြစ်စေ, မပေးဘဲဖြစ်စေ, “ငါ့ရှင်-ပြန်တော့၊ သင်နှင့်အတူနေ၍ စကားပြောရ-ထိုင်နေရတာ မချမ်းသာဘူး ငါ့တစ်ယောက်ထည်း နေရတာက ချမ်းသာသေးတယ်”ဟု ပြော၍ ပြန်လွှတ်အံ့။ ထိုပြန်လွှတ်ရာ၌ မိမိတစ်ယောက်ထည်း ပြောချင်ရာ ပြောဖို့-နေချင်သလိုနေဖို့-ကျင့်ချင်သလိုကျင့်ဖို့ အကြောင်းမှ တစ်ပါး, (၂-ပါးအတူ ဆွမ်းခံလျှင် မပြည့်စုံမည်ကို စိုးရခြင်းစသော) အခြားသင့်တော်သော အကြောင်းမရှိဘဲ ပြန်လွှတ်လျှင် အာပတ် သင့်၏။
ဂ။ သဘောဇနသိက္ခာပုဒ်
အမှုသည်—ရှင်ဥပနည္။
အမှု—အိမ့်ရှင်မနှင့်အတူ အိပ်ခန်းတွင်း၌ ထိုင်နေမှု။
ရှင်ဥပနန္ဒ အနေအထိုင်မတတ်မှု။ ။ ရှင်ဥပနန္ဒသည် လူတုန်းက သူငယ်ချင်းဖြစ်သူ၏ အိမ်သို့ ဆွမ်းခံချိန်သွား၍ ထိုသူ၏ ဇနီးနှင့်အတူ အိပ်ခန်းတွင်း၌ ထိုင်နေလေသည်။ ထိုအခါအိမ်ရှင် ယောက်ျားလည်း အနားလာ၍ ထိုင်ပြီးလျှင် “ကိုယ်တော့အား ဆွမ်းလောင်းလိုက်”ဟု ခိုင်း၍ အိမ်ရှင်မက ဆွမ်းလောင်းပြီးသောအခါ “ကိုယ်တော် ဆွမ်းရပြီးလျှင် ပြန်ပါတော့”ဟု ပြော၏၊ အိမ်ရှင်မကား သူ့ယောက်ျား၏ ကာမစိတ်ဖြစ်ပုံ
စာမျက်နှာ-၁၉၁
ကို ရိပ်မိ၍ “ထိုင်ပါဦးဘုရား, မပြန်ပါသေးနှင့်”ဟု တား၏၊ ယောက်ျားက ၂-ကြိမ် ၃-ကြိမ်ပြော၍ မရသဖြင့် အိမ်ပြင်ထွက်၍ ရှင်ဥပနန္ဒ၏ အလိုက်မသိတတ်ပုံကို ရဟန်းတို့အား ပြောပြလေသည်။ ထိုအကြောင်းကို ဗုဒ္ဓရှင်တော် ကြားတော်မူရကား ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သဘောဇနေ ကုလေ အနုပခဇ္ဇ နိသဇ္ဇံ ကပ္ပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ (သားသ္မီးစသည်မရှိဘဲ) သ္မီးခင်ပွန်း ၂-ယောက်ထည်းသာ ရှိသောအိမ်ဝယ်အိပ်ခန်းဖြစ်သော အရပ်၌ ဝင်ကပ်နေထိုင်အံ့၊ ပါစိတ် အာပတ်သင့်၏၊ ဤသိက္ခာပုဒ်ကား အလိုက်မသိမှု အပြစ်တည်း၊]
ဃ။ ရဟောပဋိစ္ဆန္နသိက္ခာပုဒ်
အမှုသည်—ရှင်ဥပနန္န။
အမှု—အိမ့်ရှင်မနှင့်အတူ ကွယ်ရာ၌ ထိုင်နေမှု။
ရှင်ဥပနန္ဒနှင့် မာတုဂါမ။ ။ ရှင်ဥပနန္ဒသည် လူတုန်းက သူငယ်ချင်း ဖြစ်ဘူးသူ၏ အိမ်သို့သွား၍ အကွယ်အကာ ရှိသောကြောင့် မျက်စိ၏ ကွယ်ရာဟုဆိုရလောက်သော အရပ်ဝယ် ထိုအိမ့်ရှင်၏ ဇနီးသည်နှင့်အတူ တစ်ယောက်ချင်း ထိုင်နေလေသည်။ ထိုထိုင်နေပုံကို အိမ်ရှင်ယောက်ျားက မကြေနပ်၍ ကဲ့ရဲ့သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု မာတုဂါမေန သဒ္ဓိံ ရဟော ပဋိစ္ဆန္နေ အာသနေ နိသဇ္ဇံ ကပ္ပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် မာတုဂါမနှင့်တကွ မျက်စိ၏ကွယ်ရာ၌ ဖုံးကွယ်အပ်သော နေရာ၌ ထိုင်နေခြင်းကို ပြုအံ့၊ ထိုရဟန်း ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ ဤသိက္ခာပုဒ်အရ မာတုဂါမနှင့် တစ်ယောက်ချင်း အကွယ်အကာ ရှိသောနေရာဝယ် မနေကောင်း၊ အနီးအပါး၌ ပြောစကားကို နားလည် လောက်သော အဖေါ်ယောက်ျား (ကလေးစသူ) ပါလျှင်ကား ထိုင်ကောင်း၏။[ရဟန်းကသွား၍ ထိုင်နေခြင်းမဟုတ်ဘဲ, ရဟန်းနေရာသို့ မာတုဂါမက လာ၍ ထိုင်နေပြန်လျှင်လည်း ရဟန်းမှာအပြစ်မရှိ။]
စာမျက်နှာ-၁၉၂
င။ ရဟောနိသဇ္ဇသိက္ခာပုဒ်
အမှုသည်—ရှင်ဥပနန္ဒ။
အမှု—အလှူအိမ်ရှင်မနှင့်အတူ ပြောစကားကို သူများမကြားနိုင်သော လူမြင်ကွင်း၌ထိုင်နေမှု။
ရှင်ဥပနန္ဒနှင့် မာတုဂါမ။ ။ ရှင်ဥပနန္ဒသည်ပင် သူငယ်ချင်းအိမ်သို့ သွား၍ အိမ်ရှင်မနှင့်အတူ တစ်ယောက်ချင်း အကွယ်အကာမရှိ၍ ဟာလာ ဟင်းလင်း လူမြင်ကွင်း၌ ထိုင်နေပြန်၏၊ သို့သော် သူတို့ ထိုင်နေရာအရပ်၏ ပတ်ဝန်းကျင်အနီးအပါး၌ ပြောစကားကို ကြားနိုင်သူ မရှိရကား ထိုအရပ်ကို “နားကွယ်ရာအရပ်” ဟုဆိုအပ်၏၊ ထိုသို့ ထိုင်နေပုံကိုလည်း အိမ်ရှင်ယောက်ျားက မကျေနပ်၍ ကဲ့ရဲ့ပြန်သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု မာတုဂါမေန သဒ္ဓိံ ဧကော ဧကာယ ရဟော နိသဇ္ဇံ ကပ္ပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် မာတုဂါမနှင့်တကွ တစ်ယောက်ချင်း နား၏ ကွယ်ရာ၌ ထိုင်နေအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
သိက္ခာပုဒ်၂-ပါးအထူး။ ။ ရှေးသိက္ခာပုဒ်၌ အကွယ်အကာ ရှိသောကြောင့် “ရဟော” အရမျက်စိကွယ်ရာဖြစ်ခြင်း, ယောက်ျားများသာ အဖေါ်ဖြစ်နိုင်ခြင်းနှင့် ဤသိက္ခာပုဒ်၌ အကွယ်အကာ မရှိသောကြောင့် “ရဟော” အရ နားကွယ်ရာဖြစ်ခြင်း, ယောက်ျားမိန်းမ ၂-မျိုးလုံးပင် အဖေါ်ဖြစ်နိုင်ခြင်းသည် သိက္ခာပုဒ် ၂-ပါး၏ ထူးခြားချက်တည်း၊ “နားကွယ်ရာ”အရပ်ကိုလည်း ၁၂-တောင်အတွင်း၌ ကြားမည့်သူ မရှိသောအရပ်ဟု သတ်မှတ်ကြသည်။
စ။ စာရိတ္တသိက္ခာပုဒ်
အမှုသည်—ရှင်ဥပနန္ဒ။
အမှု—ထမင်းဖြင့်ဖိတ်ထားလျက် ထိုထမင်းမစားခင် အခြားအိမ်သို့ လှည့်လည်မှု။
ရှင်ဥပနန္ဒ၏ အိမ်လည်မှု။ ။ ရှင်ဥပနန္ဒ၏ ဒါယကာဖြစ်သော အမျိုးသည် ရှင်ဥပနန္ဒနှင့်တကွ အခြား ရဟန်းများကိုပါ ထမင်းစား ကြွဖို့ရန် (“ဘတ္တ = ထမင်း” ဟူသောနာမည်ဖြင့်) ပင့်ဖိတ်ထား
စာမျက်နှာ-၁၉၃
လေသည်။ [ယခုကာလ၌ ပင့်ဖိတ်တတ်သူတို့သည် ဆွမ်းစားကြွပါ, ဆွမ်းဘုဉ်း ပေးကြွပါ” စသည်ဖြင့် ရဟန်းတို့အား အပ်စပ်သော လျှောက်နည်းဖြင့် လျှောက်၍ ပင့်ဖိတ်ကြ၏၊ ထိုဒါယကာကား ထိုသို့မလျှောက်ဘဲ “ထမင်း” ဟူသောနာမည် “ဘတ္တ”ဟူသော ပါဠိနာမည်မျိုးဖြင့် ပင့်ထားသည်-ဟု မှတ်၊] ထိုသို့ ပင့်ထားပြီးနောက် ရှင်ဥပနန္ဒသည် ထိုဘတ္တကို မစားမီ အခြားအိမ်များသို့ လှည့်လည်နေ၏၊ ဖိတ်ထားသော အိမ်သို့ ရဟန်းအများ ရောက်နှင့်ကြသော်လည်း ရှင်ဥပနန္ဒကား မရောက်လာသေး။
ထိုအခါ ရဟန်းများက “ဒါယကာတို့... ဘတ္တ (ထမင်း) ကိုပေးကြလော” ဟု ပြောကြ၏၊ ဒါယကာများက အရှင်ဥပနန္ဒလာသည်တိုင်အောင် ဆိုင်းငံ့ကြပါဦး” ဟု လျှောက်ကုန်၏၊ ၂-ကြိမ်ပြောကြပြီးနောက် ရဟန်းများက ၃-ကြိမ်မြောက် ထပ်၍ ပြောကြသောအခါ “အရှင်ဥပနန္ဒကို အကြောင်းပြု၍ ထမင်းကျွေးရခြင်း ဖြစ်ပါတယ်, အရှင်ဥပနန္ဒလာသည် တိုင်အောင် ဆိုင်းငံ့ကြပါဦး” ဟု လျှောက်ကြလေသော် ရဟန်းများဘာမှ မပြောသာတော့ဘဲ ဆွမ်းဆာလျက် ဆိုင်းငံ့ကြရလေတော့၏၊ ရှင်ဥပနန္ဒလည်း ထိုဘတ်ကို မစားသေးခင် လည်ချင်တိုင်း လည်ပြီးနောက် နေမြင့်လှမှ ရောက်လာ၏၊ ရဟန်းများကား စိတ်ရှိသလောက် မစားနိုင်ကြကုန်၊ ထိုအကြောင်းကို ဗုဒ္ဓရှင်တော်ကြားတော်မူ၍...
“ယော ပန ဘိက္ခု နိမန္တိတော သဘတ္တော သမာနော ပုရေဘတ္တံ ကုလေသု စာရိတ္တံ အာပဇ္ဇေယျ”ဟု မူလပညတ်ကိုထားတော်မူရလေသည်၊ [အကြင်ရဟန်းသည် “ဘတ္တ”ဟူသောနာမည်ဖြင့် ပင့်ဖိတ်အပ်သူ(ပင့်ဖိတ်ထားသော)ဘတ်ရှိသူ ဖြစ်ပါလျက် ထိုဘတ်ကို မစားမီ အိမ်တို့၌လည်နေအံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။] ဤမူလပညတ်တော်ဝယ် “ပစ္ဆာဘတ္တံ” စသော စကားများ မပါသေးကြောင်းကို သတိပြုခဲ့ပါ။
ပစ္ဆာဘတ်အချိန် လည်ပြန်ခြင်း။ ။ ရှင်ဥပနန္ဒသည် “ပင့်ဖိတ်ထားသောဘတ် (ထမင်း)ကို မစားသေးခင် မလည်ရ”ဟု ပညတ်တော်မူချက်ကို ရှောင်၍ ထိုဘတ်ကိုစားပြီးမှ ဟိုအိမ် သည်အိမ် လည်နေပြန်၏၊ ထိုလည်နေခိုက်မှာပင် သူ၏ ဒါယကာအိမ်မှ ခဲဖွယ်(မုန့်)များကို “အရှင်ဥပနန္ဒကိုပြပြီးမှ သံဃာအားလှူလေ” ဟု မှာ၍ အပို့ခိုင်း လိုက်ပြန်လေ
စာမျက်နှာ-၁၉၄
သည်၊ အပို့လာသူတို့မှာ အရှင်ဥပနန္ဒကို မတွေ့ရ၍ အခက်ကြုံနေရကား ရဟန်းတော်များက ထိုအကြောင်းကို ဗုဒ္ဓရှင်တော်အား လျှောက်ကြလေသော် ဥပနန္ဒ လာသည့်တိုင်အောင် အကပ်ခံထားကြ”ဟု မိန့်တော်မူသဖြင့် အကပ်ခံ၍ မစားသေးဘဲ စောင့်နေကြရလေသည်။ ရှင်ဥပနန္ဒကား လည်ချင်တိုင်းလည်ပြီး၍ နေမြင့်လှမှ ပြန်လာ၏၊ သို့သော် ထိုအပို့လာသူတို့က မစောင့်နိုင်ကြတော့, ထိုမုန့်တွေကို အိမ်သို့ပြန်ယူသွားလေပြီ၊ ထိုအကြောင်းကို ဗုဒ္ဓရှင်တော်သိတော်မူ၍ “ယောပန ဘိက္ခု နိမန္တိတော သဘတ္တော သမာနော ပုရေဘတ္တံ ဝါ (ပစ္ဆာဘတ္တံဝါ) ကုလေသု စာရိတ္တံ အာပဇ္ဇေယျ ပါစိတ္တိယံ”ဟု ပစ္ဆာဘတ္တံပုဒ်ကိုဖြည့်စွက်၍ အနုပညတ် တပ်တော်မူပြန်သည်။
မှတ်ချက်။ ။ ဤ၌ ပစ္ဆာဘတ္တ = ဘတ်ကိုစားပြီး နောက်ကာလ” ဟူသည် ဖိတ်ထားသောဘက်ကို (နဲနဲပါးပါးဖြစ်စေ)စားပြီးနောက် မွန်းမတည့်မီအချိန် အတွင်းတည်း၊ နေ့လွှဲသည့် အချိန်မှစ၍ကား ဤသိက္ခာပုဒ်အတွက် စောင့် စည်းဖွယ်မလိုတော့၊ ဝိကာလေဂါမပ္ပဝေသနသိက္ခာဒ်အရသာ စောင့်ရှောက်ရလိမ့်မည်၊ ဤသိက္ခာပုဒ်အရ မွန်းမတည့်မီ စောင့်ရခြင်းမှာလည်း မအပ်သော ဖိတ်ခြင်းဖြင့် “ထမင်းစား, ငါး-အမဲစား, မုန့်စား, မုန့်တီ-ခေါက်ဆွဲစားကြွပါ”ဟု ဖိတ်ထားမှသာ စောင့်ရှောက်ရ၏။ ယခုကာလလို “ဆွမ်း” စသည်ဖြင့် လျှောက်၍ ဖိတ်ထားလျှင် ဤသိက္ခာပုဒ်အရ စောင့်ဖွယ်မလို။
သင်္ကန်းလှူရာကာလ။ ။ အချို့ရဟန်းတော်များသည် ထမင်းစားဖိတ်ထားသဖြင့် “ကထိန်ခေတ်” ဟု ခေါ်ရသော သင်္ကန်းလှူရာ ကာလ၌လည်း ဒါယကာ ဒါယိကာမအိမ်သို့ မသွားကြရတော့သဖြင့် (ရဟန်းများကိုမြင်ရ တွေ့ရမှ သတိရကြ, မမြင်မတွေ့ရလျှင် သတိမရကြတော့သော ဒါယကာ ဒါယိကာမတို့သည် သင်္ကန်း မလှူကြသောကြောင့် သင်္ကန်းအရနည်းပါး ကြလေသည်၊ ထို့ကြောင့် ဗုဒ္ဓရှင်တော်မြတ်သည် “သင်္ကန်းလှူချိန်ကာလ ဖြစ်လျှင် ထမင်းစား ဖိတ်ထားလျက်ရှိသော်လည်း အခြားအိမ်တို့သို့ လှည့်လည် နိုင်၏” ဟု ခွင့်ပြုတော်မူသောအားဖြင့် “အညတြ သမယာ ပါစိတ္တိယံ၊ တတ္ထာယံ သမယော စီဝရဒါနသမယော”ဟု ဖြည့်စွက်၍ ဒုတိယအနုပညတ် ထပ်တော်မူရလေသည်။
မှတ်ချက်။ ။ စီဝရဒါနသမယကို ယခုကာလ၌ ကထိန်ခေတ်ဟု အသိအမှတ် ပြုကြ၏။ ထို့ကြောင့် “သီတင်းကျွတ်လပြည့်ကျော် တရက်မှစ၍ တန်ဆောင်မုန်းလပြည့်တိုင်အောင်လည်းကောင်း, ကထိန်အာနိသင် ရသူအတွက် တပေါင်းလပြည့် တိုင်အောင်လည်းကောင်း, စီဝရဒါနသယ = သင်္ကန်းလှူရာ
စာမျက်နှာ-၁၉၅
အခါ” ဟုမှတ်၊ ဤစီဝရဒါန သမယ၌ ပုရေဘတ္တ ပစ္ဆာဘတ္တ အချိန်ဝယ် အိမ်သို့သွားလာလှည့်လည်ခြင်းကြောင့် အပြစ်မသင့်ရကား ဤသိက္ခာပုဒ်ကို ကထိန်၏အကျိုး ၅-ပါးတွင် တစ်ပါးအပါအဝင်ဟုလည်း သတိပြု။ [ကထိန်အကျိုးတွင် ဤစာရိတ္တသိက္ခာပုဒ်ကို မယူဘဲ ဝိကာလေဂါမပ္ပဝေသနသိက္ခာပုဒ်ကို ယူမှားတတ်ကြသည်။]
သင်္ကန်းချုပ်ဆိုးရာကာလနှင့် ဂိလာနကာလ။ ။ အချို့ရဟန်းတော်များသည် သင်္ကန်းချုပ်ဆိုးကြသည့်အခါ ထမင်းဖြင့် ဖိတ်ထားလျက် ရှိသောကြောင့် ပုရေဘတ္တ ပစ္ဆာဘတ္တအချိန်ဝယ် ဟိုအိမ်သို့ မသွားဝံ့ကြချေ။ အပ်, အပ်ချည်, ဓါးကလေးများလည်း လိုလျက်ရှိ၏။ ထိုအကြောင်းကို ဗုဒ္ဓရှင်တော် ကြားတော်မူ၍ သင်္ကန်းချုပ်ဆိုးချိန် ဖြစ်မူ သွားကောင်း၏”ဟု ခွင့်ပြုတော်မူလျက် “စီဝရကာရသမယော”ဟု ဖြည့်စွက်ကာ တတိယအနုပညတ် ထပ်တော်မူရပြန်သည်၊ ထိုသို့ပင့်ဖိတ်ထားသော ရဟန်းတို့သည် မကျန်းမမာ ဖြစ်၍ ဆေးဖြင့် အလိုရှိပါလျက် အိမ်သို့ မသွားဝံ့ကြောင်းကို ကြားတော်မူပြန်ရကား ထင်ရှားရှိသော ရဟန်းကို ခွင့်ပန်တိုင်ကြား၍ သွားခွင့်ပြုတော်မူကာ “သန္တံ ဘိက္ခုံ အနာပုစ္ဆာ”ဟု ဖြည့်စွက်၍ စတုတ္ထအနုပညတ် ထပ်တော်မူရလေသည်။
မှတ်ချက်။ ။ “သန္တံ ဘိက္ခုံ”အရ ထင်ရှားရှိ-ဟူသည် ၁၂ တောင်အတွင်း၌ရှိခြင်း သို့မဟုတ် ရွာတွင်းသို့ သွားလိုစိတ်ဖြစ်ချိန်မှာ မိမိမြင်လောက်ရာ အရပ်၌ ရှိခြင်းတည်း။ ထိုသို့ထင်ရှားရှိသော ရဟန်းကို ခွင့်ပန်၍ သွားလျင်ကား ဂိလာနမဟုတ်သူလည်း သွားကောင်း၏။ ထိုသို့ခွင့်ပန်ဖို့ရာ အနီးအပါး၌ ရဟန်းမရှိပြန်လျှင်လည်း ခွင့်မပန်ဘဲပင် သွားကောင်းပြန်၏၊ [ခွင့်ပန် ပုံကား— “မည်သူ၏ အိမ်သို့ သွားပါဦးမည်၊ တနည်း-အိမ်တို့၌ လှည့်လည် ပါဦးမည်” ဟူသည်တည်း၊] ဤသိက္ခာပုဒ်၌ ၁-ပစ္ဆာဘတ္တံဝါ၊ ၂-စီဝရဒါနသမယော၊ ၃-စီဝရကာရသမယော၊ ၄-သန္တံ ဘိက္ခုံ အနာပုစ္ဆာ”ဟု အနုပညတ် ၄ ရပ်ရှိသည်။
ဆ။ မဟာနာမသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ။
အမှု—နှိပ်နှိပ်စက်စက်တောင်းမှု။
မဟာနာမ်မင်းကြီး ဆေးလှူခြင်း။ ။ “မဟာနာမ်မင်းကြီး”ဟူသည် ဗုဒ္ဓရှင်တော်၏ ဘထွေးတော် သား(ညီအစ်ကို တဝမ်းကွဲတော်သူ နောင်တော်ကြီး ဖြစ်သော) သကဒါဂါမ် ဥပါသကာကြီး ပေတည်း၊
စာမျက်နှာ-၁၉၆
သူသည် သံဃာတော်အား ဆေးပစ္စည်းများ အလိုရှိလျှင် တောင်းခံတို့ရာ ၄-လအတွက် တာဝန်ခံ၍ ဖိတ်မန်ထားလေသည်။ ရဟန်းတော်များသည် မတောင်းကောင်းဘူးထင်၍ မတောင်းကြကုန်၊ ဗုဒ္ဓရှင်တော် သိတော်မူ၍ ၄-လပတ်လုံးဆေးပစ္စည်းဖြင့် ဖိတ်မန်ခြင်းကို(ရောဂါရှိလျှင် တောင်းမည်, ဟူသော စိတ်ထားဖြင့် လက်ခံနိုင် သာယာနိုင်သည်”ဟု ထပ်လောင်း၍ ခွင့်ပြုတော်မူရလေသည်။ ထိုသို့ ခွင့်ပြုထားသော်လည်း နဲနဲပါးပါးသာ တောင်းကြသောကြောင့် ထောပတ်စသော ဆေးပစ္စည်းတွေ များပြားနေလေသော် နောက် ၄-လအတွက်ထပ်၍ ဖိတ်ပြန်လေသည်၊ ရှေးအတိုင်းပင် အတောင်းအခံနည်းပါးသဖြင့် များမြဲများပြန်ရာ ဗုဒ္ဓထံတော်လျှောက်၍ အမြဲမပြတ် တသက်လုံးအတွက် ထပ်၍ ဖိတ်ပြန်လေသည်။
ဆဗ္ဗဂ္ဂီတို့ အလွန် တောင်းကြပုံ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့ကား သင်းပိုင်ဝတ်ပုံ ဧကသီရမ်းပုံ ရုံပုံ သပ်သပ် ရပ်ရပ် မရှိကြ၊ နေထိုင်ပြောဆိုပုံများလည်း ရဟန်းနေ ရဟန်းထိုင် မဟုတ်ဘဲ လူနေ လူထိုင် ဖြစ်နေကြ၏။ မဟာနာမ်မင်းကြီးသည် ထိုဆဗ္ဗဂ္ဂီတို့ကိုမြင်၍ “ရဟန်းဆိုတာ ညီညီ ညာညာ ဝတ်ရ ရမ်းရ ရုံရပါတယ်၊ ရဟန်းအချိုးကျအောင် နေထိုင်ပြောဆို ရပါတယ်”ဟု (သွန်သင်သော အနေအားဖြင့်) လျှောက်ထားသည်ကို ဘုန်းကြီးမာန်တက်၍ နေသော ဆဗ္ဗဂ္ဂီတို့ မခံနိုင်ရကား မင်းကြီးအပေါ် အငြိုးထားကြလေသည်။ ထို့နောက် “ဒီမင်းကြီးကို ဘယ်နည်းနှင့် နာမည်ပျက်၍ အရှက်ရအောင် လုပ်ကြရပါ့မလဲ”ဟု စဉ်းစားတိုင်ပင်ကြလေရာ ဆေးပစ္စည်းဖြင့် ဖိတ်မန်ထားသည်ကို သတိရ၍ “ဟန်ကျပြီ သူ့ကို ထောပတ် တောင်းကြစို့”ဟု တိုင်ပင်ကာ မင်းကြီးထံသွား၍ “ထောပတ် တစိတ် သားလောက် အလိုရှိတယ်”ဟု တောင်းကြလေသည်။
မင်းကြီး။ ။ အဇ္ဇဏှော ဘန္တေ အာဂမေထ = ယနေ့တရက် ဆိုင်းငံ့ကြ ပါဘုရား၊ (လုပ်သားများ နွားခြံသို့ ထောပတ်ယူရန်သွားကြပါပြီ။ ကာလံ အာဟရိဿထ နက်ဖြန်ခါ၌ ဆောင်ယူကြပါလိမ့်မည်။ [ဝိမတိဋီကာ၌ “ကာလ ဘဿထ-ယနေ့ကာလကို လွန်သွား ပါလိမ့်”ဟုလည်း မူကွဲရှိ၏။
ဆဗ္ဗဂ္ဂီ။ ။ (၂-ကြိမ်ထပ်၍ တောင်းကြ၏၊ မင်းကြီး ထိုအတိုင်းလျှောက်၏၊ ၃-ကြိမ်ထပ်၍ တောင်းကြပြန်၏၊ မင်းကြီးကား ထိုအတိုင်းပင် လျှောက်သည်၊ ဆဗ္ဗဂ္ဂီတို့သည် နဂိုကပင် မင်းကြီးကို နှိပ်စက်လို၍
စာမျက်နှာ-၁၉၇
တောင်းခြင်းဖြစ်ရကား) –ဒါယကာကြီး အသင် ဒါယကာကြီးဟာ ဖိတ်တော့ဖိတ်ပြီး မလှူဘူး, မလှူချင်ဘဲနှင့် ဖိတ်ထားလို့ ဘာလုပ်မှာလဲ”ဟု နှိပ်နှိပ်စက်စက် ပြောဆိုပြန်သွားကြ လေသည်။
မင်းကြီး။ ။ “ကိုယ်တော်တွေ့နှယ်— ယနေ့ တရက်လောက် ဆိုင်းငံ့ကြပါ, နွားခြံသို့ အယူသွားကြပါတယ်, နက်ဖြန် ယူလာပါလိမ့်မယ်-ဟု လျှောက်ပါလျက် မဆိုင်းငံ့ကြဘူး”ဟု ကဲ့ရဲ့သည်ကို အခြား ရဟန်းတော်များကြား၍ ရှင်တော်ဘုရားအား လျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ အဂိလာနေန ဘိက္ခုနာ စတုမာသပ္ပစ္စယပဝါရဏာ သာဒိတဗ္ဗာ အညတြ ပုနပဝါရဏာယ, အညတြ နိစ္စပဝါရဏာယ။ တတော စေ ဥတ္တရိ သာဒိယေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ဂိလာန မဟုတ်သော (ကျန်းကျန်း မာမာ ရှိသော) ရဟန်းသည် (နောက်ထပ်ဖိတ်ခြင်း သို့မဟုတ် အမြဲအသက်ထက်ဆုံး ဖိတ်ခြင်းမျိုး မဟုတ်ဘဲ) ၄-လဟု ကန့်သတ်၍ ဆေးပစ္စည်းဖြင့် ဖိတ်ခြင်းကို (မကျန်းမာသည့်အခါ တောင်းမည်ဟု ရည်ရွယ်၍) လက်ခံသာယာကောင်း၏၊ ထို၄-လထက်ပို၍ လက်ခံသာယာလျှင်ကား ပါစိတ်အာပတ်သင့်၏။ ဤသိက္ခာပုဒ်၌ ဝတ္ထုကြောင်း ၃-ချက်ရှိသော်လည်း ပညတ်တော်မှာ တစ်မျိုးသာရှိ၏၊ မူလပညတ် အနုပညတ်ဟု မကွဲပြားတော့ချေ။
မှတ်ချက်။ ။ မူလဝတ္ထုကြောင်း၌ ၄-လဖိတ်, နောက်ထပ်ဖိတ်, အမြဲဖိတ်ဟု ၃-မျိုး ကွဲပြားသောကြောင့် “စတုမာသ ပစ္စယပါရဏာ သာဒိတဗ္ဗာ”ဟုလည်းကောင်း, “အညတြ ပုန ပဝါရဏာယ”ဟုလည်းကောင်း, “အညတြ နိစ္စပဝါရဏာယ” ဟုလည်းကောင်း, မိန့်တော်မူသည်၊ အချုပ်မှာ-ဆေးပစ္စည်းဖြင့် ဖိတ်လာလျှင် ဘယ်အခါမဆို လက်ခံကောင်းပါသည်၊ တနှစ်အတွက် ဖိတ်လျှင် တနှစ်အတွက်တောင်းကောင်း၏၊ ကန့်သတ်ထားသော ကာလထက်ပို၍ကား မတောင်းကောင်း၊ မည်သည့်ဆေး (ထောပတ် သို့မဟုတ် ပျားရည် စသည်ဖြင့်) ဆေးနာမည်တပ်၍ ကန့်သတ်ထားပြန်လျှင်လည်း ထိုဆေးကို သာတောင်းကောင်း၏၊ နာမည်မတပ်ပါမူ အခါမရွေး ဆေးမရွေး တောင်းကောင်း၏။ သို့သော် “အဂိလာနေန ဘိက္ခုနာ”ဟု မိန့်တော်မူသောကြောင့် တောင်းသည့်အချိန်မှာ ဆိုင်ရာဆေးနှင့် သင့်တော်သော
စာမျက်နှာ-၁၉၈
ရောဂါရှိသူ ဂိလာနလည်း ဖြစ်စေရမည်၊ ရောဂါမရှိဘဲကား မတောင်းကောင်း၊ ဖိတ်ထားသောဆေးက တခြား, ရောဂါက တခြား ဖြစ်နေပြန်လျှင်လည်း အကျိုးအကြောင်းပြောပြ၍ မဖိတ်သောဆေးကိုပင် တောင်းကောင်းပါ၏။ ဖိတ်ထားသောရက် လွန်သွားမှ ရောဂါဖြစ်ပြန်လျှင်လည်း လွန်သွားကြောင်းကို ပြောပြ၍ တောင်းကောင်းပါသေး၏။ ဤကား ဆေးအတွက် သက်သက် ဖိတ်ထားသူထံ တောင်းခံနည်းတည်း၊ အမြဲပစ္စည်း ၄-ပါး ဖိတ်ထားသူ၌ကား အခါမရွေး တောင်းကောင်းသည်။
သတိပြုဖွယ်။ ။ ဤသိက္ခာပုဒ်၌ ဖိတ်မန်ထားသူထံ အလွန်အမင်း တောင်းခြင်း ဟူသော အပြစ်ကိုတွေ့ရ၏။ ယခုကာလ၌လည်း ပစ္စည်း ၄-ပါးဖိတ်ထားသူကို အတောင်းအရမ်းများခြင်းကြောင့် အပြစ်ပြောသံကို မကြာခဏ ကြားရ၏။ ထို့ပြင်-မဟာနာမမင်းကြီးသည် ဆဗ္ဗဂ္ဂီတို့ ဝတ်ပုံရုံပုံနေထိုင်ပုံမှ စ၍ မသပ်ရပ်ခြင်းကြောင့် အပြစ်တင်၏။ ယခုကာလ၌လည်း အဝတ်အစား အနေအထိုင် မသပ်ရပ်မှုကြောင့် လူများ၏အထင်သေးကို ခံနေကြရလေပြီ၊ ဘုန်းကြီးများကို မိရိုးဖလာ ကိုးကွယ်ခဲ့ကြသော်လည်း များစွာသော နောက်ခေတ် လူတို့က အထင်သေးလျက် ရှိကြလေပြီ။ ထို့ကြောင့် အထင်သေးခံရခြင်း၏ အကြောင်းများကို အနာဂတ် သာသနာရေး၌ အကျယ်ရေးထားပြီးဖြစ်ရကား ထိုအပြစ်များကို မိမိတို့၌ မရှိရအောင် အထူးသတိပြုကာ သာသနာတော်ကို မြှင့်တင်တော် မူကြပါကုန်။
ဇ။ ဥယျုတ္တသေနာသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ရန်သူစစ်တပ်သို့ ချီတက်လာသော စစ်တပ်ကို ကြည့်ရှုမှု။
စစ်တပ် အကြည့်သွားမှု။ ။ သာဝတ္ထိပြည်ရှင် ကောသလ မဟာရာဇာသည် မိမိ စစ်တပ်နှင့်အတူ ရန်သူစစ်တပ်ရှိရာသို့ ချီတက်ဖို့ရာ မြို့မှ ထွက်လာခဲ့၏၊ ဆဗ္ဗဂ္ဂီရဟန်းတို့ကလည်း မြို့တော်မှ ထွက်လာသော ထိုစစ်တပ်ကို အကြည့်အရှုသွားကြ၏၊ မဟာရာဇာသည် ခပ်လှမ်းလှမ်း၌ လာနေကြသော ထိုရဟန်းတို့ကိုမြင်လျှင် အပင့်ခိုင်း၍ “ဘာလုပ်လာကြသတုန်း”ဟု မေး၏၊ “မဟာရာဇာကို ကြည့်ချင်လို့”ဟု ဖြေကြလေသော် “ကိံ ဘန္တေ မံ ဒိဋ္ဌေန ယုဒ္ဓါဘိနန္ဒနံ = စစ်တိုက်မှုကို လွန်စွာနှစ်သက်နေသော ဒကာတော်ကို ကြည့်ရခြင်းဖြင့် ဘာအကျိုးရှိမှာလဲ ဘုရား” နနု ဘဂဝါ ပဿိတဗ္ဗော = ဘုရားကို ဖူးနေလိုက်သည် မဟုတ်
စာမျက်နှာ-၁၉၉
ပါလော”ဟု ပြောဆို့လွှတ်လိုက်လေသည်၊ ထိုအခါ စစ်သားတွေကလည်း ကဲ့ရဲ့ကြသဖြင့် “ယောပန ဘိက္ခု ဥယျုတ္တံ သေနံ ဒဿနာယ ဂစ္ဆေယျ၊ ပါစိတ္တိယံ”ဟု မူလပညတ်ကို ပညတ်တော်မူရလေသည်။
သွားခွင့်ရပုံ။ ။ ထိုသိက္ခာပုဒ် ပညတ်တော်မူပြီးနောက် ရဟန်းတစ်ပါး၏ ဦးကြီး(သို့မဟုတ်ဦးလေး) ဖြစ်သော စစ်သားတစ်ယောက်သည် စစ်တပ်၌ မကျန်းမမာဖြစ်နေစဉ် သူ့တူ ဦးပဉ္စင်း ကြွလာဖို့ရာ လူလွှတ်၍ လျှောက်ထားလေ၏၊ ထိုအကြောင်းကို ဗုဒ္ဓရှင်တော်အား လျှောက်ထား၍ ရှင်တော်ဘုရားသည် “အညတြ တထာရူပပစ္စယာ” ဟု ဖြည့်စွက်တော်မူကာ အနုပညတ်ထပ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဥယျုတ္တံ သေနံ ဒဿနာယ ဂစ္ဆေယျ အညတြ တထာရူပပ္ပစ္စယာ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ဆွေမျိုးစစ်သား၏ မကျန်းမမာ ဖြစ်နေခြင်းစသော ထိုသွားထိုက်သော အကြောင်းမရှိဘဲ တိုက်ဖို့ရန် ထွက်လာသော စစ်တပ်ကို ကြည့်ရှူဖို့ရန် သွားသော ရဟန်းမှာ ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ ဆင်တပ် မြင်းတပ် ရထားတပ် ခြေလျင်တပ်၍ ၄-ပါးစုံမှ “စစ်တပ်”ဟုခေါ်၏၊ ထို၄-မျိုး မစုံသော တပ်စိတ်တစ်ခုကို အကြည့် အရှုသွားလျှင်ကား ဒုက္ကဋ် အာပတ်သာ သင့်၏။ တိုက်ဖို့ရန်အတွက် လာသော စစ်တပ်မဟုတ်ဘဲ ဥယျာဉ်စသည်သို့ သွားသော စစ်တပ်ကို ကြည့်ရှုရန်သွားလျှင် ဤသိက္ခာပုဒ်အရ အာပတ်မသင့်၊ ဆွေမျိုးသားချင်း စသူက ပင့်ဖိတ်၍ အကြောင်းအားလျော်စွာ သွားလျှင်လည်း အနာပတ္တိပင်၊ တမင်္ဂလာမသွားဘဲ မိမိရှေ့မှောက်ရောက်လာ၍ ကြည့်ခြင်း, ကျောင်းတိုက်တွင်းမှ နေ၍ ကြည့်ခြင်းလည်း အနာပတ္တိပင်။
ဈ။ သေနာဝါသသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—စစ်တပ်၌ ကြာရှည်စွာ နေမှူ။
၃ ညဉ့်ထက်ပို၍ စစ်တပ်၌နေမှု။ ။ သာဝတ္ထိမြို့၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စစ်တပ်သို့ သွားထိုက်သော အကြောင်းကြောင့် သွားကြပြီးနောက် ထိုစစ်တပ်ထဲ၌ ၃-ညဉ့်ထက်ပို၍ နေကြလေသည်၊ ထိုအခါ လူတို့က ကဲ့ရဲ့ကြသည်မှာ- “အကြင် ငါတို့မှာ အသက်မွေး
စာမျက်နှာ-၂၀၀
ဝမ်းကျောင်းအတွက် သားကျွေးမှု မယားကျွေးမှုအတွက်ကြောင့် စစ်တပ်မှာ နေကြရသည်၊ ထိုငါတို့မှာ ဘဝကို အရမတော်ကြကုန်, ထိုငါတို့မှာ လူ့ အဖြစ်ကို မကောင်းသဖြင့် ရအပ်၏၊ ရဟန်းတော်တွေကား (အနေသာသားနှင့်) ဘာကြောင့် စစ်တပ်ထဲမှာ နေကြရသနည်း” ဤသို့ ကဲ့ရဲ့ကြသည်ကို ဗုဒ္ဓ ရှင်တော်ကြားတော်မူရ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ သိယာ စ တဿ ဘိက္ခုနော ကောစိဒေဝ ပစ္စယော သေနံ ဂမနာယ, ဒိရတ္တတိရတ္တံ တေန ဘိက္ခုနာ သေနာယ ဝသိတဗ္ဗံ။ တတော စေ ဥတ္တရိ ဝသေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ထိုရဟန်းမှာ စစ်တပ်သို့ သွားဖို့ရန် လုံလောက်သော အကြောင်း တစ်စုံတရာရှိအံ့၊ (ဆွေမျိုး၏ မမာမကျန်း ဖြစ်၍ ပင့်လျှောက်ခြင်း, တရားဟောဖို့ ကိစ္စရှိခြင်းစသော လုံလောက်သော အကြောင်းကိစ္စ ရှိအံ့ဟူလို၊) ထိုရဟန်းသည် သွားကောင်း၏၊ ရှေ့သိက္ခာပုဒ်အရ အာပတ်မသင့်’ဟူလို၊ သို့သော် ထိုရဟန်းသည် ၂-ညဉ့်ဖြစ်စေ အလွန်ဆုံး ၃-ညဖြစ်စေ စစ်တပ်၌နေနိုင်၏၊ ထို ၃-ညဉ့် ထက်လွန်၍ နေလျှင် ပါစိတ်အာပတ်သင့်သည်။ [ဤသိက္ခာပုဒ်၌ “ကောစိဒေဝပစ္စယော” အရနှင့် ရှေ့သိက္ခာပုဒ်လာ “တထာရူပ ပစ္စယာ”အရသည် သဘောဟုပင်တည်း။]
ဉ။ ဥယျောဓိကသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—စစ်တိုက်နေသည်ကို ကြည့်မှု။
စစ်ပွဲကို ကြည်ရှူမှု။ ။ သာဝတ္ထိမြို့၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စစ်တပ်သို့သွားဖို့ရန် လုံလောက်သော အကြောင်းရှိ၍ စစ်တပ်ထဲ၌နေစဉ် တဘက်နှင့်တဘက် အပြင်းအထန် တိုက်ခိုက်နေသော စစ်ပွဲကိုလည်း သွား၍ ကြည့်ရှုကြကုန်၏၊ စစ်သားတို့ကို ရေတွက်ရာအရပ်သို့လည်း သွား၍ ကြည့်ရှုကြကုန်၏၊ စစ်ဆင်ရာ အရပ်သို့လည်းသွား၍ ကြည့်ရှုကြကုန်၏၊ ဆင်တပ် မြင်းတပ် ရထားတပ် ခြေလျင်တပ်များ၏ တပ်စိတ်များကိုလည်း သွား၍ ကြည့်ရှုကြ
စာမျက်နှာ-၂၀၁
ကုန်၏။ စစ်ပွဲသို့သွားကြည့်သောရဟန်းတစ်ပါးမှာလည်း မြှားမှန်ခံရသဖြင့် လူတို့ကပြောင်လှောင်ကြသည်မှာ-“ဘယ့်နှယ်လဲ ကိုယ်တော်ကောင်း ကောင်း စစ်တိုက်ခဲ့ရပါရဲ့လား၊ ကိုယ်တော်က အမှတ်ဘယ်လောက်ရခဲ့ပါသလဲ” ဟု မြှားမှန်ခံရုံမက ဤသို့ အပြောင်အလှောင် ခံရသောကြောင့် ထိုကိုယ်တော်သည် မျက်နှာပျက်ရှာ လေတော့၏။ အခြားလူတို့ကလည်း “ကိုယ်တော်တွေ့နှယ်-အနေသာသားနှင့်, ဘာ့ကြောင့်စစ်ပွဲကို ကြည့်ရသလဲ”ဟု ကဲ့ရဲ့ကြလေသည်၊ ထို့ကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ဒိရတ္တတိရတ္တံ စေ ဘိက္ခု သေနာယ ဝသမာနော ဥယျောဓိကံ ဝါ ဗလဂ္ဂံ ဝါ သေနာဗျူဟံ ဝါ အနီကဒဿနံ ဝါ ဂစ္ဆေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ရဟန်းသည် ၂-ညဉ့် ၃-ညပတ်လုံးစစ်တပ်၌ နေစဉ် စစ်ပွဲသို့သော်လည်းကောင်း, စစ်သည်အစုကို ရေတွက်ရာ အရပ်သို့သော်လည်းကောင်း, စစ်ဆင်ရာ သို့သော်လည်းကောင်း, ဆင်တပ် မြင်းတပ်စသည်ကို ကြည့်ရှုရာသို့သော်လည်းကောင်း, အကယ်၍သွားအံ့၊ ထိုရဟန်းမှာ ပါစိတ်အာပတ်သင့်၏။
အစေလကဝဂ် ပြီး၏။
စာမျက်နှာ-၂၀၂
သုရာပါနဝဂ်
က။ သုရာပါနသိက္ခာပုဒ်
အမှုသည်—အရှင်သာဂတ။
အမှု—သေရည်သောက်မှု။
အရှင်သာဂတနှင့် နဂါးကြီး။ ။ ဗုဒ္ဓရှင်တော်သည် စေတိယတိုင်း၌ ဒေသစာရီလှည့်လည်တော်မူစဉ် “ဘဒ္ဒဝတိကာ” မည်သောရွာသို့ ကြွတော်မူလေရာ ထိုရွာအနီး သရက်ပင်ဆိပ်၌ နဂါးကြီးတကောင် ရှိလေသည်၊ နွားကျောင်းသားတွေ ဆိတ်ကျောင်းသားတွေ လယ်သ္မားတွေ ခရီးသွားတွေက ဗုဒ္ဓရှင်တော်ကို ဘဒ္ဒဝတိကာသို့ ကြွတော်မူသည်ကို မြင်ကြ၍ ဘဒ္ဒဝတိကာရွာရောက်လျှင် သရက်ပင်ဆိပ်သို့ မကြွဖို့ရန်နှင့် ထိုသရက်ပင်ဆိပ်မှာ အဆိပ်ပြင်းထန်သော နဂါးကြီးရှိကြောင်းကို လျှောက်ထားကြ၏၊ ဗုဒ္ဓရှင်တော်ကား (ဘာမှပြန်၍ မိန့်တော်မမူဘဲ) ဆိတ်ဆိတ်နေတော်မူလေသည်၊ ၃-ကြိမ်တိုင်အောင် လျှောက်ထားကြသော်လည်း ဆိတ်ဆိတ်ပင် နေတော်မူကာ ဘဒ္ဒဝတိကာရွာသို့ ကြွရောက်သီတင်းသုံးတော်မူလေသည်၊ ထိုအခါ နောက်ပါ သံဃာတော်အများတွင် အပါအဝင်ဖြစ်သော အရှင်သာဂတသည် သရက်ပင်ဆိပ်ဝယ် ရသေ့၏ ကျောင်းသင်္ခမ်းဝင်း၌ နဂါးကြီး ရှိကြောင်းကိုသိပါလျက် ထိုကျောင်းဝင်းသို့ ကြွ၍နဂါးကြီးနေရာ မီးတင်းကုပ် (မီးလှုံတဲ)သို့ဝင်ပြီးလျှင် ကမ္မဋ္ဌာန်းအာရုံယူကာ တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေလေသည်၊ နဂါးကြီးသည် အရှင်သာဂတကို မြင်လျှင်မြင်ခြင်း ပြင်းထန်သော ဒေါသဖြစ်၍ နဂါး၏ အခိုးအငွေ့များကို လွှတ်၏၊ အရှင်သာဂတလည်း သူ့ထက်သာအောင် (ဈာန်အဘိညာဉ် အစွမ်းဖြင့်) အခိုးအငွေ့တွေကို ပြန်၍လွှတ်၏၊ နဂါးကြီးသည် သူ့ဂုဏ် အပျက်မခံနိုင်ဘဲ မီးတောက် မီးလျှံတွေကို တောက်လာစေ၏၊ အရှင်သာဂတလည်း မီးတောက် မီးလျှံဖြစ်အောင် သမာပတ်ဝင်စားပြန်၏၊ ထိုနည်းဖြင့် နဂါးကြီးအစွမ်းတုန်း၍ အရှုံးပေးမှ အရှင်သာဂတလည်း ဘဒ္ဒဝတိကာရွာသို့ ကြွတော်မူလေသည်။
အရှင်သာဂတ သေရည်သောက်မိပုံ။ ။ အရှင်သာဂတ၏ နဂါးကြီးနှင့် တန်ခိုးပြိုင်၍ နိုင်လာကြောင်း သတင်းသည် ကောသမ္ဗီမြို့တိုင်အောင် ပြန့်နှံ့သွားလေ၏။ ဗုဒ္ဓရှင်တော်လည်း ဘဒ္ဒဝတိကာရွာ၌ သီတင်းသုံးတော် မူပြီးနောက် ကောသမ္ဗီသို့ကြွတော်မူလေရာ, ရတနာသုံးပါး၌ ကြည်ညိုရင်းစွဲ
စာမျက်နှာ-၂၀၃
ဖြစ်ကြသော ဥပါသကာကြီးတို့သည် အရှင်သာဂတကို ကြည်ညိုအားရ လှသဖြင့် “အရှင်ဘုရား... ဘာကို ရဖို့ခဲယဉ်းပါသနည်း, ဘာကို နှစ်သက်တော်မူပါသနည်း, အရှင်ဘုရားဖို့ ဘာကို စီမံပေးရပါမည်နည်း”ဟု လျှောက် ကြလေသော် အရှင်သာဂတသည် ဘာမှမပြောဘဲ နေ့စဉ် ဆဗ္ဗဂ္ဂီကိုယ်တောများက ဝင်၍ ပြောကြသည်မှာ-“ဥပါသကာတို့... ခိုကလေးများ ခြေထောက် အသွေးအရောင်ကဲ့သို့ နီနေသောသေရည်အကြည်သည် ရဟန်းများမှာ ရလဲ ရခဲ၏, နှစ်လဲ နှစ်သက်၏, ထိုသေရည်ကို စီမံကြပါလား”ဟု ပြောပြကြသဖြင့် သဒ္ဓါတရားကောင်းလှသော ဥပါသကာတို့သည် ထိုသေရည်ကို အိမ်တိုင်းစေ့ စီမံထားကြပြီးလျှင် ဆွမ်းခံဝင်လာသော အရှင်သာဂတကို အိမ်တိုင်းစေ့ ကပ်လှူကြလေသည်၊ အရှင်သာဂတလည်း သေရည်မူး၍ ယိုင်တိယိုင်တိုင်နှင့် ဆွမ်းခံပြန်လာခဲ့ရာ မြို့တံခါးပေါက် အနောက်မှာ ထိုးလဲပါလေတော့သည်။
သတိလစ်နေပုံ။ ။ ဘုရားရှင်သည် ရဟန်းများနှင့်အတူ ဆွမ်းခံပြန်လာတော်မူသောအခါ လဲနေသော အရှင်သာဂတကို တွေ့ရ၍ “သာဂတကို တွဲခေါ်ခဲ့ကြ”ဟု မိန့်တော်မူလေသည်၊ ရဟန်းတော်များ တွဲယူခဲ့၍ ကျောင်းတိုက်သို့ ရောက်သောအခါ ဘုရားဘက်သို့ ဦးခေါင်းထား၍ ချကြလေသော် အရှင်သာဂတသည် ပြောင်းပြန်-ပြန်လျက် ဘုရားဘက်သို့ ခြေလှည့်၍ အိပ်ပြန်လေသည်၊ ထိုအခါ ဗုဒ္ဓရှင်တော်က ရဟန်းများကို မေးတော်မူသည်မှာ-
“ဘိက္ခုတို့ သာဂတသည် ရှေးတုန်းက ငါဘုရားအပေါ်၌ ရိုသေကျိုးနွံခြင်း ရှိခဲ့သည်မဟုတ်လော”
ရဟန်းများ။ ။ မှန်ပါဘုရား။
ဘုရားရှင်။ ။ ယခုတော့ ရိုသေကျိုးနွံသေးရဲ့လား။
ရဟန်းများ။ ။ မရိုသေ-မကျိုးနွံတော့ပါဘုရား။
ဘုရားရှင်။ ။ သာဂတသည် သရက်ပင်ဆိပ်က နဂါးကြီးနှင့် တန်ခိုးပြိုင်ခဲ့ ဘူးသည် မဟုတ်လား။
ရဟန်းများ။ ။ မှန်ပါဘုရား။
ဘုရားရှင်။ ။ ယခု နဂါးကြီးနှင့် ပြိုင်နိုင်ဦးမလား။
ရဟန်းများ။ ။ မပြိုင်နိုင်တော့ပါဘုရား။
စာမျက်နှာ-၂၀၄
ဘုရားရှင်။ ။ ဘိက္ခုတို့... အကြင်အရည်ကို သောက်မိ၍ သညာကင်းသူ (သတိလစ်သူ) ဖြစ်ရတယ်၊ ထိုအရည်ကို သောက်ထိုက်ပါ့မလား။
ရဟန်းများ။ ။ မသောက်ထိုက်ပါဘုရား။
ဘုရားရှင်။ ။ ဘိက္ခုတို့... သာဂတရဲ့ သေရည်သောက်မှုသည် ရဟန်းများနှင့် မလျောက်ပတ် မအပ်စပ်သော အမှုဖြစ်၏၊ လူများ အကြည်ညိုပျက်စရာလည်း ဖြစ်၏၊ သို့ဖြစ်၍ “သုရာမေရယပါနေ ပါစိတ္တိယံ = သေရည်အရက်ကို သောက်ခြင်းကြောင့် ပါစိတ်အာပတ်သင့်၏” ဟူသော ဤသိက္ခာပုဒ်ကိုပညတ်တော် မူမည်ဟု မိန့်တော်မူကာ ဤသိက္ခာပုဒ်ကို ပညတ်တော် မူလေသည်။
မှတ်ချက်။ ။ အရှင်သာဂတသည် နဂါးကြီးနှင့် တန်ခိုးပြိုင်စဉ်က လောကီဈာန် အားလုံးကို အပြီးအဆုံး ရရုံတွင်မက တန်ခိုး အမျိုးမျိုးကို ဖန်ဆင်းနိုင်လောက်အောင် အဘိညာဉ်ပါ ရနေသော ပုဂ္ဂိုလ်ပေတည်း၊ ထိုဈာန် အဘိညာဉ်များသည် သေရည် အရက်ဝင်သည်နှင့် တပြိုင်နက် အလိုလို ပျောက်ကွယ်ကြလေပြီ၊ သေရည် အရက်ကား-ဤမျှလောက်ပင် ကုသိုလ် တရားများကို မေ့လျော့ပျက်ပြားအောင် ပြုတတ်လေသည်။
ခ။ အင်္ဂုလိပတောဒက သိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ကလိထိုး၍ ကစားမှု။
သတ္တရသဝဂ္ဂီနှင့် ဆဗ္ဗဂ္ဂီ။ ။ သတ္တရသဝဂ္ဂီ”ဟု ခေါ်သော ရဟန်းကလေး ၁၇-ပါးသည် အသက် ၂၀ ပြည့်မှ ရဟန်း ပြုရမည်” သိက္ခာပုဒ် မပညတ်မီက ရဟန်းပြု နှင့်ကြသဖြင့် သူတို့ ရဟန်းပြချိန်မှာ ၇-နှစ် အလွယ်သာရှိကြသေး၏၊ ဆဗ္ဗဂ္ဂီရဟန်းတို့ကား အားအား ရှိလျှင် ထိုကိုယ်တော်ကလေးများကို ကျီစားလေ့ရှိကြ၏၊ အခါတစ်ပါး၌ သတ္တရသဝဂ္ဂီ ရဟန်းကလေးတစ်ပါးကို ဆဗ္ဗဂ္ဂီ ရဟန်းတို့က ဝိုင်း၍ ကလိထိုးပြီး (လက်ချောင်းတို့ဖြင့် ဂျိုင်းကြားစသည်ကို ထိုးပြီး) ရယ် အောင်ပြုကြလေရာ, ကိုယ်တော်ကလေးသည် အရယ်လွန်သဖြင့် မောဟိုက် ပင်ပန်းကာ အသက်ရှူကြပ်၍ သေရှာလေသည်၊ [ဥတ္တန္တော-အရယ်လွန်၍
စာမျက်နှာ-၂၀၅
ပင်ပန်းသည်၊ ဝါ-တက်သွားသည်၊ အနဿာသကော-ရှူသက် ရှိုက်သက် မရှိသည်၊ ဝါ-အသက် မရှူနိုင်သည်။ (ဟုတွာ) ကာလမကာသိ။] ထိုအကြောင်းကို ဘုရားရှင် ကြားတော်မူ၍-
“အင်္ဂုလိပတောဒကေ ပါစိတ္တိယံ-
ဟု ပညတ်တော်မူရလေသည်။ [အင်္ဂုလိ = လက်ချောင်းတို့ဖြင့်။ ပတောဒကေ-ဂျိုင်းကြား, ခါးစသော အရပ်တို့၌ ထိုး၍ ကစားခြင်း၊ ယခု ကာလ၌ “ဂျိုင်းကလိထိုးခြင်း = ကလိထိုးခြင်း”ဟု ခေါ်၏၊] မည်သည့်ကိုယ်အင်္ဂါမဆို ရဟန်းချင်း ကလိထိုး၍ ကစားလျှင် ပါစိတ် အာပတ်သင့်၏၊ လူဝတ်ကြောင် သာမဏေတို့ကို ကလိထိုး၍ ကစားလျှင်ကား ဒုက္ကဋ် အာပတ်သင့်သည်၊ ရဟန်းကိုဖြစ်စေ လူသာမဏေကိုဖြစ်စေ လက်ဖြင့်မဟုတ်ဘဲ တုတ်စသည်ဖြင့် ထိုး၍ ကစားလျှင်လည်း ဒုက္ကဋ်အာပတ်ပင်၊ ယခုကာလ၌ အမှတ်တမဲ့ ကစားတတ်ကြ၏, သတိပြုပါ။
ဂ။ ဟသဓမ္မသိက္ခာပုဒ်
အမှုသည်—သတ္တရသဝဂ္ဂီ ရဟန်းကလေးများ။
အမှု—အစီရဝတီမြစ်ထဲ၌ ရေကစားမှု။
ကောသလမင်းနှင့် သတ္တရသဝဂ္ဂီ။ ။ သတ္တရသဝဂ္ဂီ ရဟန်းကလေးများသည် အစီရဝတီမြစ်ထဲ၌ ရေကစားနေကြ၏၊ ကောသလမဟာရာဇာသည် မလ္လိကာဒေဝီနှင့် အတူ နန်းတော် အထက်ထပ်၌ နေ့စဉ် ရေကစားနေကြသည်ကို မြင်၍ “မလ္လိကာ...ဟို ရဟန္တာကလေးတွေ ရေကစားနေကြတယ်၊ ရဟန္တာမဟုတ်သော်လည်း လှောင်ပြောင်တဲ့ သဘောနှင့် သုံးစွဲခြင်းဖြစ်သည်၊ ဤကောသလ မဟာရာဇာကား ရှေးပိုင်းတုန်းက မလ္လိကာလောက် ရတနာသုံးပါးကို မကြည်ညိုသေး၊] ဤသို့ မဟာရာဇာက ပြောလိုက်လျှင် မလ္လိကာက-“မဟာရာဇာ ... အမှန်ပင် ဗုဒ္ဓ ရှင်တော်မြတ်က သိက္ခာပုဒ်တော်ကို မပညတ်ရသေးလို့ ဖြစ်ပါလိမ့်မယ် သိက္ခာပုဒ် ပညတ်ပြီးဖြစ်လျှင်လည်း ဒီကိုယ်တော်ကလေးတွေ “အပကတညုနော-ပြုအပ် ပညတ်အပ်ပြီးသော သိက္ခာပုဒ်ကို မသိရှာကြသေးလို့ပါ” ဤသို့ပြန်၍ သံတော်ဦးတင်လေသည်။
စာမျက်နှာ-၂၀၆
ထို့နောက် မဟာရာဇာသည် “ကေန နုခေါ အဟိ ဥပါယေန ဘဂဝတောစ န အာရောစေယျံ, ဘဂဝါစ ဇာနေယျ ဣမေ ဘိက္ခူ ဥဒကေ ကီဠိ တာတိ = ဘယ်လို ဥပါယ်တမြည်နဲ့ (ဘယ်နည်းလမ်းနဲ့) ငါ့ကိုယ်တိုင် ဘုရားလဲ မလျှောက်ဘဲ, ဘုရားလဲ ဒီရဟန်းတွေ ရေ၌ ကစား၍ ပြန်လာကြောင်းကို သိအောင် လုပ်ရပါ့မလဲ”ဟု စဉ်းစားပြီးလျှင် ရဟန်းကလေးများကို အခေါ်ခိုင်း၍ ကြံသကာခဲကြီးကို ပေးပြီးလျှင် “ဒီကြံသကာခဲကို ဘုရားအား လှူကြပါလေ”ဟု မှာထားလွှတ်လိုက်လေသည်။ (ငယ်ရွယ်သူ ရဟန်းကလေးများလည်း အကြောင်းကို မသိရှာကြသဖြင့် ဘုရားထံ သွား၍ “ဤကြံသကာခဲကို ကောသလ မဟာရာဇာက လှူလိုက်ပါကြောင်း” လျှောက်ရှာကြလေသည်။
ဘုရားရှင်။ ။ သင်တို့ကို မဟာရာဇာက ဘယ်မှာ တွေ့လို့လဲ။
ရဟန်းကလေးများ။ ။ အစီရဝတီ မြစ်ထဲမှာ ရေကစား နေကြတာကို မြင်လို့ပါ ဘုရား။
ဘုရားရှင်။ ။ “ဘာ့ကြောင့် သင်တို့ ရေကစားကြသလဲ၊ ဒီရေ ကစားခြင်းဟာ မကြည်ညိုသေးသူများ၏ ကြည်ညို စရာလဲ မဟုတ်၊ ကြည်ညိုပြီးသူများရဲ့ အကြည်ညို တိုးဖို့လဲ မဟုတ်၊ စင်စစ်မှာ-မကြည်ညိုသေးသူများရဲ့ မကြည်ညိုစရာလဲဖြစ်, ကြည်ညိုပြီးသား ပုထုဇဉ်များရဲ့ အကြည်ညိုပျက်စရာလဲ ဖြစ်တယ်” ဟု မိန့်တော်မူပြီးလျှင်-
“ဥဒကေ ဟသဓမ္မေ ပါစိတ္တိယံ_
ဟု သိက္ခာပုဒ် ပညတ်တော်မူရလေသည်၊ ဤသိက္ခာပုဒ်တော် အရ ခြေဖမျက်မြှုပ်သောရေ၌ မကစားကောင်း၊ ကစား ဟူရာ၌ ရေချိုးရင်း ငုပ်လိုက် ဖေါ်လိုက် ရေပေါ်ဖေါ်ပြီး ကူးလိုက် လုပ်ခြင်းကို ဆိုလိုသည်၊ လှေဖြင့်ကစားခြင်း ရေထဲ၌ အိုးခြမ်းကွဲ စသည်ကို ပစ်၍ ကစားခြင်း, အိုးခွက်၌ ရှိသောရေကို လက်ဖြင့် ပုတ်၍ ကစားခြင်း, ပုန်းရည် နို့ရည် ရက်တက်ရည် စသော အရည်နှင့်စပ်၍ ကစားခြင်း အားလုံး၌ ဒုက္ကဋ်အာပတ်သင့်၏၊ ကစားစိတ်မပါဘဲ အကြောင်းအားလျော်စွာ (အညောင်း ပြေအောင်) ရေကူးခြင်း၌ အာပတ် မသင့်။
စာမျက်နှာ-၂၀၇
ဃ။ အနာဒရိယသိက္ခာပုဒ်
အမှုသည်—အရှင်ဆန္န။
အမှု—ရဟန်းတို့အား မလေးမစားပြောမှု။
ရှင်ဆန္န၏ မလေးစားမှု။ ။ ဗုဒ္ဓရှင်တော်၏ ဖွားဘက်တော်ဖြစ်ခဲ့သော အရှင်ဆန္နသည် သင့်မသင့်သော အကျင့်ကိုပြုကျင့်၏၊ ရဟန်းတို့က ငါ့ရှင်ဆန္န... ဒီလိုမလုပ်ပါနှင့်, ဒီအလုပ်ဟာမအပ် ပါဘူး”ဟု ပြောကြ၏၊ ရှင်ဆန္နကား ထိုပြောသူတို့ကို မလေးစား (အရေးမစိုက်)သောအားဖြင့် ဇွတ်တိုး၍ လုပ်၏၊ ထိုအကြောင်းကို ဗုဒ္ဓရှင်တော် ကြားတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ အနာဒရိယေ ပါစိတ္တိယံ။
မြန်မာပြန်။ ။ ပုဂ္ဂလ ဓမ္မကို မရိုသေခြင်းကြောင့် ပါစိတ်သင့်၏၊ ပြောလာ သောရဟန်းကို အရေးမစိုက်မှုသည် ပုဂ္ဂလကို အရေးမစိုက်ခြင်း၊ သိက္ခာပုဒ်တော်ကို အရေးမစိုက်မှုသည် ဓမ္မကို အရေးမစိုက်ခြင်း၊ ထို၂-မျိုးတွင် တစ်မျိုးမျိုးကို မလေးမစား အရေးမစိုက် လုပ်လျှင် ပါစိတ်အာပတ်သင့်၏။
င။ ဘိံသာပနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ချောက်လှန့်မှု။
ဆဗ္ဗဂ္ဂီနှင့် သတ္တရသဝဂ္ဂီ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီရဟန်းကလေးများကို၊ ယခုကာလ “တစ္ဆေကြီးဟ, သူရဲကြီးဟ” စသည်ဖြင့် ချောက်လှန့်ခြင်းမျိုးကဲ့သို့ ချောက်လှန့်ကြကုန်၏၊ ရဟန်းကလေးများကား ငိုကြရှာလေသည်၊ ထိုအကြောင်းကြောင့်-
ယော ပန ဘိက္ခု ဘိက္ခုံ ဘိံသာပေယျ၊ ပါစိတ္တိယံ။
“ရဟန်းချင်းချောက်လှန့်လျှင် ပါစိတ်အာပတ်”ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ ဤသိက္ခာပုဒ်၌ အချောက်ခံရသူက ကြောက်သည် ဖြစ်စေ မကြောက်သည်ဖြစ်စေ ရဟန်းအချင်းချင်း ချောက်လျှင် ပါစိတ်၊ လူသာမဏေတို့ကို ချောက်လျှင်ဒုက္ကဋ်အာပတ်သင့်၏။
စာမျက်နှာ-၂၀၈
စ။ ဇောတိကသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—မီးလှုံမှု။
ရဟန်းများကို မြွေကိုက်ခြင်း။ ။ ရဟန်းတို့သည် ဆောင်းအခါ၌ အခေါင်းရှိသောသစ်တုံးကြီးကို မီးရှို့၍ မီးလှုံကြကုန်၏၊ ထိုသစ်ခေါင်း၌ရှိသော မြွေဟောက်သည် မီးပူ (လောင်အပ်)သည် ဖြစ်၍ ထွက်လာပြီးလျှင် ရဟန်းတို့ကို လိုက်လေတော့၏၊ ရဟန်းတို့လည်း ခြေဦးတည့်ရာ ပြေးကြလေတော့၏၊ ဤအကြောင်းကြောင့်—
“ယော ပန ဘိက္ခု ဝိသိဗ္ဗနာပေက္ခာ ဇောတိ သမာဒဟေယျဝါ သမာဒဟာပေယျဝါ၊ ပါစိတ္တိယံ”။
ဟု မူလပညတ်ကိုထားတော်မူရလေသည်။ ထို့နောက်ရဟန်းတို့သည် ဆီမီးထွန်းခြင်း၌လည်းကောင်း, သပိတ်ဖုတ်ခြင်း, ချွေးအောင်းခြင်းကိစ္စဝယ် မီးတောက်စေခြင်းလည်းကောင်း, မီးတင်းကုပ် (ရေနွေးစသည် ကျိုရာဌာန)၌လည်းကောင်း, မီးမမွှေးကောင်း မီးမထည့်ကောင်းဟု အယူရှိကြသဖြင့် ဗုဒ္ဓရှင်တော်ကိုလျှောက်ကြ လေရာ “အဂိလာနော အညတြ တထာရူပပစ္စယာ”ပုဒ်တို့ကို ထည့်၍ အနုပညတ် ထပ်တော်မူရပြန်သည်။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ဂိလာနမဟုတ်ဘဲ လှုံခြင်းကို ရှုငဲ့သည် (လှုံလိုသည်) ဖြစ်၍ မီးတောက်စေထိုက်သော အကြောင်းကို ကြဉ်၍ မီးကို ကိုယ်တိုင်မူလည်း တောက်စေအံ့၊ သူတစ်ပါးကိုမူလည်း တောက်ပါစေဟု စေခိုင်းအံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ဤသိက္ခာပုဒ်အရ ဂိလာနမဟုတ်သူ (ပကတိကျန်းမာနေသူ)ဖြစ်လျက် မီးလှုံဖို့သက်သက်ဖြင့် မီးမမွှေးကောင်း, သူများ မွှေးပြီးသားကိုလည်း တောက်အောင် ထင်းမထည့်ကောင်း မီးမထိုးကောင်းဟုမှတ်၊ ညအခါ မီးထွန်းခြင်း ဂိလာနဖြစ်၍ မီးလှုံဖို့အတွက် မီးထည့်ခြင်း သပိတ်ဖုတ် ရေနွေးကျို ဆွမ်းချက်ကိစ္စအတွက် မီးမွှေးပေးခြင်း ခြင်္သေ့သစ်ကျား စသော ဘေးရန်အတွက် မီးထည့်ခြင်း မီးထိုးခြင်း စသည်ကား အပ်ပါ၏။ သို့သော် ရဟန်းကိုယ်တိုင် မီးမွေးရာ၌ မီးလောင်ပြီး မဟုတ်သော မြေပေါ်၌လည်းကောင်း, မြက်သစ်ပင်ရှိသော မြေပေါ်၌လည်းကောင်း, မမွေးကောင်းဟု သတိပြုပါ။ မိမိကမခိုင်းဘဲ သာမဏေစသူတို့ ထည့်ထားသော မီးကိုလည်း လှုံကောင်းပါ၏၊ သို့သော် မီးငြိမ်းနေသည်ကို တောက်လာအောင် မမှုတ်ကောင်း, ထင်းထိုး၍လည်း မပေးကောင်းဟု သတိပြုပါ။
စာမျက်နှာ-၂၀၉
ဆ။ နှာနသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှုလိုက်—မသိဘဲ ရေချိုးမှု။
ဗိမ္ဗိသာရနှင့် ရဟန်းများ။ ။ ရဟန်းတို့သည် တပေါဒါမြစ်၌ ရေချိုးနေကြစဉ် ဗိမ္ဗိသာရမဟာရာဇာလည်း ခေါင်းဆေးမင်္ဂလာပြုလို၍ (ခေါင်းလျှော်လို၍)အထိုက်အလျောက် အခြံအရံဖြင့် ထွက်လာပြီးလျှင်
“ယာဝါယျာ (ယာဝ+အယျာ) နဟာယန္တိ = အကြင်မျှလောက်သော ကာလ၌ အရှင်မြတ်တို့ ရေချိုးနေကြသေး၏၊ (တာဝ ပဋိမာနေဿာမိ = ထိုမျှလောက် ကာလပတ်လုံး စောင့်ဆိုင်းဦးမည်)” ဟု ကြံ၍ သင့်တော်ရာ အရပ်၌ စောင့်ဆိုင်းနေလေသည်၊ ရဟန်းများလည်း (ဘုရင်စောင့်နေသည်ကိုပင် အလိုက်မသိကြဘဲ) ယာဝသမန္ဓကာရာ နှာယိံသု = မှောင်ရာကာလနှင့် ညီမျှသောကာလတိုင်အောင် (မှောင်သည့်အထိ) ရေချိုးနေကြလေသည်။
မဟာရာဇာမြို့ပြင် အိပ်ရပုံ။ ။ မဟာရာဇာသည် ရဟန်းများရေချိုးပြီးနောက် မှောင်မိုက်မှ ခေါင်းလျှော်ရသဖြင့် မြို့တံခါးလည်း ပိတ်ထားပြီး ဖြစ်လေတော့ရကား မြို့ပြင်ဘက်၌ပင် စက်တော်ခေါ်၍ နံနက်စောစော ဗုဒ္ဓအထံတော်သို့ သွားလေသည်၊ ထိုအခါ ညဉ့်တုန်းက လိမ်းထားသော နံ့သာများပင် မပျက်သေးချေ၊ သို့ဖြစ်၍ ရှင်တော်မြတ်က “မဟာရာဇာ...လိမ်းထားသော နံ့သာများပင် မပျက်သေးဘဲ စောစောစီးစီး အဘယ်ကိစ္စကြောင့် လာသနည်း”ဟု မေးတော်မူလေရာ မဟာရာဇာက ဖြစ်ပုံအားလုံးကို လျှောက်လေသည်၊ ထို့နောက် ထိုက်သင့်သော တရားစကားကို မိန့်တော်မူ၍ မဟာရာဇာ ပြန်သွားသောအခါ ရဟန်းများကို ခေါ်တော်မူပြီးလျှင်– “ရဟန်းအများသည် ရှင်ဘုရင်ကို မြင်ပါလျက်လည်း “န မတ္တံ+ဇာနိတွာ = ပမာဏမသိ(အလိုက်မသိ)ဘဲ ရေချိုးနေကြတယ်”ဆိုတာ မှန်သလား။
ရဟန်းများ။ ။ မှန်ပါကြောင်းပါဘုရား။
ဘုရားရှင်။ ။ [ဤစကားကို ကြားတော်မူ၍ ကဲ့ရဲ့တော်မူပြီးလျှင်...] “ယောပန ဘိက္ခု၊ ဩရေနဒ္ဓမာသံ နှာယေယျ, ပါစိတ္တိယံ = ပထမ ရေချိုးပြီးနောက် ၁၅-ရက်မပြည့်သေးခင် ထပ်၍မချိုးရ”ဟု မူလပညတ်တော်ကို ထားတော်မူလေသည်။
စာမျက်နှာ-၂၁၀
ပူအိုက်ရာအခါ ရေချိုးတော့။ ။ ထိုသို့ပညတ်တော်မူပြီးနောက် ပူအိုက်ရာအခါ၌လည်း ရေမချိုးကောင်းဟု အယူရှိကြ၍ ရေမချိုးဘဲ နေကြလေရာ “သေဒဂတေန ဂတ္တေန = ဖြစ်သော ချွေးရှိသော ကိုယ်ဖြင့် (ကိုယ်၌ချွေးပေလျက်) အိပ်ကြရကုန်၏၊ သင်္ကန်းလည်းပျက်စီး, ကျောင်းအိပ်ရာ နေရာလည်း ပျက်စီး၏၊ ထိုအကြောင်းကို ဗုဒ္ဓရှင်တော် သိတော်မူ၍ ပူသောအခါ အိုက်သောအခါဖြစ်မူ ၁၅-ရက်အတွင်း၌လည်း ရေချိုးခွင့်ပြုတော်မူ၏” ဟု မိန့်တော်မူရပြန်လေသည်၊ ပူသောအခါနှင့် အိုက်သောအခါကိုကား ဤသို့ သတ်မှတ်တော်မူ၏။
၁။ တပေါင်းလပြည့်နေ့မှစ၍ ဝါဆိုလပြည့်နေ့အထိ နွေ ၄-လ ရှိသည်တွင် နောက်ဆုံးတလခွဲ(နယုန်လဆန်းတရက်မှ ဝါဆိုလပြည့်အထိ)သည် ဥဏှသမယ(ပူသောကာလ)မည်၏။
၂။ မိုး ၄-လတွင် ပထမ(ဝါဆိုလပြည့်ကျော် ၁-ရက်မှ ဝါခေါင်လပြည့် အထိ)သည် ပရိဠာဟသမယ(အိုက်သောကာလ) မည်၏။
ထိုသို့သတ်မှတ်သည့်အတိုင်း “အညတြ သမယာ... တတ္ထာယံ သမယော၊ ဒိယဍ္ဎော မာသော သေသော ဂိမှာနံ, ဝဿာနဿ ပဌမော မာသော ဣစ္စေတေ အဍ္ဎတေယျ မာသာ ဥဏှသမယော ပရိဠာဟသမယော၊ အယံ တတ္ထ သမယော” ဟု ဖြည့်စွက်၍ ပထမအနုပညတ်ထပ်တော်မူရလေသည်။
မကျန်းမာလျှင်လည်း ရေချိုးတော့။ ။ မကျန်းမာသော ရဟန်းတို့သည် ရေမချိုးရသဖြင့် ရောဂါမသက်သာကြောင်းကို ကြားသိတော်မူပြန်ရကား ကျန်းမာသည့်အခါဖြစ်မူ ၁၅-ရက်အတွင်းမှာ ရေချိုးခွင့် ပြုတော်မူ၍ “ဂိလာနသမယော”ဟုဖြည့်စွက်တော်မူကာ ဒုတိယအနုပညတ် ထပ်တော်မူရပြန်လေသည်။ ရေချိုးမှ သက်သာမည့် ရောဂါရှင်ကိုသာ ဂိလာန ဟုမှတ်။
အလုပ်-လုပ်တဲ့အခါ ရေချိုးတာ့။ ။ ရဟန်းတို့သည် ကျောင်းတို့၌ ဟိုဟို သည်သည် အလုပ်များကို လုပ်ကိုင်ကြရ၍ ချွေးထွက်ကုန်၏၊ ရေမချိုးကောင်းဟု အယူရှိကြ၍ ရေမချိုးဝံ့ကြရကား ကိုယ်၌ ချွေးပေနေလျက်ပင် အိပ်ကြရလေရာ သင်္ကန်းလည်း ပျက်စီး, ကျောင်းအိပ်ရာလည်း ပျက်စီးကုန်၏၊ ထိုအကြောင်းကိုကြားသိတော်မူ၍ “အလုပ်-လုပ်သောအခါဖြစ်မူ ၁၅-ရက် မပြည့်သော်လည်း ရေချိုးတော့”ဟု ခွင့်ပြုတော်မူကာ “ကမ္မသမယော” ဟု
စာမျက်နှာ-၂၁၁
ဖြည့်စွက်၍ တတိယအနုပညတ်ထပ်တော်မူရပြန်သည်၊ “အလုပ်” ဟူရာ၌ကား ကျောင်းဝင်း၌ တံမြက်လှည်းခြင်းကိုလည်း အလုပ်၌ထည့်သွင်းတော်မူသည်။
ခရီးသွားတဲ့အခါ ရေချိုးတော့။ ။ ခရီးရှည် သွားသော ရဟန်းတို့သည် ချွေးပေနေသော်လည်း ရေမချိုးဝံ့ကြောင်းကို ကြားတော်မူရပြန်သဖြင့် “ခရီးရှည်သွားသောအခါဖြစ်မူ ၁၅-ရက်မပြည့်သော်လည်း ရေချိုးတော့” ဟု ခွင့်ပြုတော်မူ၍ “အဒ္ဓါနဂမနသမယော”ဟု ဖြည့်စွက်တော်မူကာ စတုတ္ထ အနုပညတ် တပ်တော်မူရပြန်သည်၊ “အဒ္ဓါနဂမန = အဓွန့်ရှည်သောခရီးကို သွားခြင်း”ဟူရာ၌ကား “တယူဇနာ၏ ထက်ဝက်ခရီး”ဟု သတ်မှတ်တော်မူ၏၊ ထိုခရီးမျိုးကို သွားမည်ကြံလျှင်လည်းကောင်း, ပြန်လာလျှင်လည်းကောင်း, ရေချိုးနိုင်သည်။
လေမိုးကျလျှင် ရေချိုးတော့။ ။ ရဟန်းတို့သည် အကွယ်အကာ အမိုးမပါသောလွင်ပြင်၌ သင်္ကန်းချုပ်ဆိုးနေကြစဉ် မြူမှုန်တွေကို တိုက်ခတ်လာသော လေကျသဖြင့် ကိုယ်၌ မြူမှုန်(ဖုံတွေ)ပေနေလေ၏၊ ဒေဝေါစ ထောကံ ထောကံ ဖုသာယတိ = မိုးကလဲန်နဲ-နဲနဲထိပြန်၏၊ ရွာပြန်၏၊ ရဟန်းတို့မှာ မြူမှုန်တွေပေနေကြပါလျက် ရေမချိုးရကြောင်းကို ကြားသိတော်မူရ၍ “ဖုံနှင့်တကွ လေပြင်းထ၍ မိုးကျသောအခါဖြစ်မူ ၁၅-ရက်မပြည့်သော်လည်း ရေချိုးတော့” ဟု ခွင့်ပြုတော်မူကာ “ဝါတဝုဋ္ဌိသမယော” ဟု ဖြည့်စွက်၍ ပဉ္စမအနုပညတ်ထပ်တော်မူရပြန်လေသည်။ [ကိုယ်၌လည်း ဖုံပေ, မိုးရေပေါက်လည်း ၂-ပေါက်, ၃-ပေါက်လောက်မိလျှင်ပင် ချိုးကောင်းပြီ-ဟု မှတ်။]
မှတ်ချက်။ ။ သိက္ခာပုဒ်တို့တွင် အချို့ သိက္ခာပုဒ်များသည် ဒေသောဒိဿ ရည်စူးအပ်သော အရပ်ဒေသရှိ၏၊ ဤသိက္ခာပုဒ်တော်ကို ထိုခေတ်က ဥတုမျှတသော အိန္ဒိယဒေသ(မဇ္ဈိမနယ်) လောက်ကိုသာ ရည်စူး၍ ပညတ်တော်မူ၏၊ ထို့ကြောင့် အိန္ဒိယ၌ နေသောရဟန်းတော်များသည် ၁၅-ရက်မပြည့်ခင် ရေချိုးချင်လျင် မိမိနေရာကို တံမြက်လှည်း၍ “ကမ္မသ မယ”ဟုသဘောထားပြီးမှ ရေချိုးရပေလိမ့်မည်၊ ဥတုမညီမျှသော မြန်မာ သီဟိုဠ် ယိုးယားနိုင်ငံတို့၌ကား ဤသိက္ခာပုဒ်အရ ပြုကျင့်ဖွယ်မလိုတော့ ရကား အချိန်မရွေး ရေချိုးခွင့်ရသည်ဟု မှတ်။ [သဗ္ဗပစ္စန္တိမေသု-အားလုံး မဇ္ဈိမဒေသ၏ အစွန်အဖျား ကျကုန်သော၊ ဇနပဒေသု-ဇနပုဒ်တို့၌၊ နှာယန္တဿ-ရေချိုးသောရဟန်း၏၊ အနာပတ္တိ။]
စာမျက်နှာ-၂၁၂
ဇ။ ဒုဗ္ဗဏ္ဏကရဏသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—သင်္ကန်းမမှတ်မိမှု။
ခရီးသွားစဉ် ဓားပြတိုက်။ ။ ရဟန်းအများနှင့် ရသေ့ပရိဗိုဇ်အများသည် သာကေတမြို့မှ သာဝတ္ထိသို့ခရီးသွားကြစဉ် ဓားပြတို့ထွက်၍ လုကြကုန်၏၊ သာဝတ္ထိမှ မင်းမှုထမ်းများ ထွက်လာ၍ ထိုဓားပြတို့ကို ခိုးထုပ်ခိုးသည်နှင့်တကွ ဖမ်းပြီးလျှင် ရဟန်းများအထံသို့ “အရှင်ဘုရားတို့ ကြွခဲ့ကြပါ, ကိုယ့်သင်္ကန်းကို မှတ်သား၍ ယူလှည့်ကြပါ”ဟု တမန်လွှတ်၍ လျှောက်ကြလေသည်၊ (ရသေ့ပရိဗိုဇ်တို့၏ သင်္ကန်းနှင့် ရဟန်းများ၏ သင်္ကန်းမှာ ရောနှောနေသောကြောင့်) ရဟန်းများသည် ကိုယ့်သင်္ကန်းကို မမှတ်မိကြကုန်၊ ထိုအခါ မင်းမှုထမ်းများက “အရှင်ကောင်းအရှင်မြတ်တွေ လုပ်နေပါလျက် ကိုယ့်သင်္ကန်းကိုမျှ မမှတ်မိကြ”ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ နဝံ ပန ဘိက္ခုနာ စီဝရလာဘေန တိဏ္ဏံ ဒုဗ္ဗဏ္ဏကရဏာနံ အညတရံ ဒုဗ္ဗဏ္ဏကရဏံ အာဒါတဗ္ဗံ နီလံ ဝါ ကဒ္ဒမံ ဝါ ကာဠသာမံ ဝါ။ အနာဒါ စေ ဘိက္ခု တိဏ္ဏံ ဒုဗ္ဗဏ္ဏကရဏာနံ အညတရံ ဒုဗ္ဗဏ္ဏကရဏံ နဝံ စီဝရံ ပရိဘုဉ္ဇေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ သင်္ကန်း အသစ်ကိုရသော ရဟန်းသည် “အညိုရောင် ကပ္ပဗိန္ဒု, ရွှံ့ညွှန်ရောင် ကပ္ပဗိန္ဒု, မဲညိုရောင် ကပ္ပဗိန္ဒု”ဤ ၃-မျိုးတွင် တစ်မျိုးမျိုးသော ကပ္ပဗိန္ဒုကို ယူရမည်၊ ထို၃-မျိုးသော ကပ္ပဗိန္ဒုတို့တွင် တစ်မျိုးမျိုးကို မယူဘဲ သင်္ကန်းသစ်ကိုသုံးစွဲ ဝတ်ရုံလျှင် ပါစိတ် အာပတ်သင့်၏။ [အညိုရောင်ဟူသည် ယခုကာလ၌ သစ်ရွက်မှ ထွက်သော စိမ်းညိုရောင်တည်း၊ ထိုကြောင့် သစ်ရွက်စိမ်းကို သင်္ကန်းထောင့်၌ ထား၍ တုတ်ချောင်းများဖြင့် အရည်ထွက်အောင် ထိုးလျှင် အညိုရောင်ဗိန္ဒု ဖြစ်၏၊ ခဲတန်ဖြင့် ထိုးလျှင် ရွှံ့ညွန်ရောင် ဖြစ်၏။ မင်နက်ဖြင့်ထိုးလျှင် မဲညိုရောင်ဖြစ်၏။]
မှတ်ချက်။ ။ “ကပ္ပဗိန္ဒု”ထိုးခြင်းဟူသည် မိမိသင်္ကန်းကို မိမိမှတ်မိအောင် အမှတ် အသား ပြုခြင်းပင်တည်း၊ ကပ္ပဗိန္ဓုမထိုးရသေးလျှင် အတော်ဟောင်းသော သင်္ကန်းဖြစ်စေကာမူ သင်္ကန်းသစ်ဟုပင် ဆိုရလည်း ထို့ကြောင့် အသစ်
စာမျက်နှာ-၂၁၃
ကျပ်ချွတ်သင်္ကန်းဖြစ်ဖြစ် တပတ်ရစ် အဟောင်း အနွမ်းဖြစ်ဖြစ်၊ သူများ လက်ထဲတုန်းက ကပ္ပဗိန္ဓုမထိုးရသေးလျှင်) မိမိလက်ထဲ၌ ဝတ်မည့် သင်္ကန်းဟူသမျှကို ကပ္ပဗိန္ဒုထိုးပြီးမှ ဝတ်ရသည်၊ သူများလက်ထဲ၌ ထိုးပြီးဖြစ်လျှင်ကား ထပ်၍ထိုးသွယ်မလို။ [ကပ္ပ = ရဟန်းများ၌ အပ်စပ်ကြောင်းဖြစ်သော+ဗိန္ဓု = အပြောက်လုံး။]
ကပ္ပဗိန္ဓုပမာဏနှင့်ထိုးရာဌာန။ ။ ထိုဗိန္ဒုပြောက်ကို သင်္ကန်း ၄ ထောင့် လုံးမှာလည်း ထိုးနိုင်, ၃ ထောင့်, ၂ ထောင့်, ၁ ထောင့်မှာလည်း ထိုးနိုင်၏၊ ထိုသို့ထိုးရာ၌ တထောင့်လျှင် တပြောက်စီသာ ထိုးနိုင်၏၊ ၂-ပြောက်-၃ ပြောက်စသည်တန်း၍ ဖြစ်စေ, ၄-၅ ပြောက်ပိုင်း၍ဖြစ်စေ, ၃-ပွင့်ဆိုင်၍ ဖြစ်စေ မထိုးကောင်း၊ ပါဠိကပ္ပ(အတန်းကပ္ပဗိန္ဒု)ကဏ္ဏိကကပ္ပ (ကြာချက် ကဲ့သို့ ၄-ပြောက် ၅-ပြောက် ပိုင်း၍ ထိုးအပ်သောကပ္ပဗိန္ဒု) အာဒယော ပန သဗ္ဗတ္ထ ပဋိသိဒ္ဓါ= အဋ္ဌကထာ အားလုံး၌ တားမြစ်ထားသည်။ ထိုကပ္ပဗိန္ဒု၏ အရွယ်ပမာဏမှာ ဥဒေါင်းမျက်ဝန်းလောက်, သို့မဟုတ် ကြမ်းပိုး ကျောက်ကုန်းလောက်ရှိစေရမည်။ [ယခုကာလ၌ အချို့ ဗိန္ဒု ပြောက်များသည် သေးငယ်လွန်း၏။ ဗိန္ဒုထိုးပြီးမှ လျှော်ပါများ၍ ပျက်သွားသော်လည်း ဝတ်ကောင်းပါ၏။
ဈ။ ဝိကပ္ပနသိက္ခာပုဒ်
အမှုသည်—ရှင်ဥပနန္ဒ
အမှု—ပစ္စုဒ္ဓိုရ် မပြန်ရသေးသော သင်္ကန်းကို ဝတ်မှု။
ရှင်ဥပနန္ဒနှင့် ရဟန်းတစ်ပါး။ ။ ရှင်ဥပနန္ဒသည် နောင်တော်၏ သဒ္ဓိဝိဟာရိက ရဟန်းအား ကိုယ်တိုင်သင်္ကန်းကို ဝိကပ္ပနာပြုပြီးနောက် ထိုရဟန်းက ပစ္စုဒ္ဓိုရ်မပြန်အပ်သေးဘဲ ထိုသင်္ကန်းကို သုံးစွဲလေသည်။ ထို့ကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုဿ ဝါ ဘိက္ခုနိယာ ဝါ သိက္ခမာနာယ ဝါ သာမဏေရဿ ဝါ သာမဏေရိယာ ဝါ သာမံ စီဝရံ ဝိကပ္ပေတွာ အပ္ပစ္စုဒ္ဓါရဏံ ပရိဘုဉ္ဇေယျ, ပါစိတ္တိယံ။
စာမျက်နှာ-၂၁၄
မြန်မာပြန်။ ။ သင်္ကန်းကို သီတင်းသုံးဖော် ၅-ယောက်တွင် တစ်ယောက်ယောက်အား ကိုယ်တိုင် ဝိကပ္ပနာပြုပြီး၍ ပစ္စဒ္ဓိုရ် မပြန် အပ်သေးသော ထိုသင်္ကန်းကို ဝတ်ရုံသုံးစွဲလျှင် ပါစိတ် အာပတ် သင့်၏။
ဝိကပ္ပနာ၏အဓိပ္ပါယ်။ ။ [ဝိ = မိမိဥစ္စာအဖြစ်မှ ကင်းအောင်+ကပ္ပနာ= ပြုခြင်း၊] မည်သည့်ရဟန်းမဆို (သင်းပိုင်, ဧကသီ, ၂-ထပ်သင်္ကန်းကြီး ၃-ထည်သာ ကိုယ်ပိုင်အဖြစ်ဖြင့် အဓိဋ္ဌာန်တင်၍ ထားကောင်း၏၊ ထို ၃-ထည် ထက်ပို၍ ရလာလျှင် ကိုယ်ပိုင်ဥစ္စာအဖြစ်မှ ကင်းလွတ်အောင် “ဝိကပ္ပနာ”ဟု ခေါ်ရသော ဝိနည်းကံတစ်ခုကို ပြုထားရသည်၊ ထို့ကြောင့် “ဝိကပ္ပနာပြုခြင်း ဟူသည် သူတစ်ပါးအားပေးလိုက်-စွန့်လိုက်ခြင်းပင်တည်း”ဟုမှတ်၊ ထိုသို့ ပေးစွန့်ရာ၌ သီတင်းသုံးဖော် ၅-ယောက် (ဘိက္ခု, ဘိက္ခုနီ, သိက္ခမာန်, သာမဏေ, သာမဏေမ)တို့တွင် တစ်ယောက်ယောက်အား ပေးစွန့်ရသည်။
ဝိကပ္ပနာပြုပုံ။ ။ [မိမိပေးစွန့်လိုရာ တစ်ပါးပါးထံသွား၍] “ဣမံ စီဝရံ တုယှံ ဝိကပ္ပေမိ”ဟု ပါဠိလိုချည်းဖြစ်စေ “ဤသင်္ကန်းကို အရှင့်အား(သင့်အား) ဝိကပ္ပနာပြုပါ၏”ဟု မြန်မာလိုချည်းဖြစ်စေ ဝိကပ္ပနာပြုရသည်။ [၂-ထည် ၃-ထည်ဖြစ်၍ များလျှင် “ဣမာနိ စီဝရာနိ = ဤသင်္ကန်းတို့ကို”ဟု ပြင်၍ဆို။ ထိုသို့ ဝိကပ္ပနာပြုပြီးသောအခါ ထိုသင်္ကန်းကို ပြန်ယူ၍ သိမ်းထားလိုလျှင် သိမ်းထားကောင်း၏၊ သုံးစွဲမှုကိုကား မပြုကောင်းသေး၊ အကယ်၍ ဝတ်ရုံ သုံးစွဲလျှင် ဤသိက္ခာပုဒ်၌ “အပစ္စုဒ္ဓါရဏံ ပရိဘုဉ္ဇေယျ, ပါစိတ္တိယံ”နှင့်အညီ ပါစိတ်အာပတ်သင့်၏၊ ထို့ကြောင့် ဝိကပ္ပနာ အပြုခံရသော (အပေးခံ ရသော) ဝိနည်းဓိုရ်ပုဂ္ဂိုလ်က ပစ္စုဒ္ဓိုရ်ပြုရဦးမည်။
ပစ္စုဒ္ဓိုရ်ပြုပုံ။ ။ [ပဋိ = တဖန်၊ ဝါ-ပြန်၍+ဥဒ္ဓရဏ = ထုတ်ဆောင်ခြင်း၊ မိမိရသောသင်္ကန်းကို မူလသင်္ကန်းရှင်အား ပြန်၍ထုတ်ခြင်းကို (အလိုရှိသလို သုံးစွဲခွင့်ပြုခြင်းကို) ပစ္စုဒ္ဓိုရ်ပြုခြင်းဟု ခေါ်၏။ ပစ္စဒ္ဓိုရ်ပြုပုံကား မယှံ သန္တကံ ပရိဘုဉ္ဇဝါ ဝိသဇ္ဇေဟိဝါ, ယထာပစ္စယံ ကရောဟိ = ငါ၏(တပည့်တော်၏) ဥစ္စာကို သုံးစွဲလိုလည်း သုံးစွဲတော့, (သူတစ်ပါးအား)စွန့်လိုလည်း စွန့်တော့၊ အကြောင်းအားလျော်စွာ လုပ်တော့” ဤသို့ ပါဠိလိုချည်းဖြစ်စေ မြန်မာလို ချည်းဖြစ်စေ ပစ္စုဒ္ဓိုရ်ပြုရသည်။ ဤသို့ပစ္စုဒ္ဓိုရ် ပြုအပ်ပြီးသောအခါ မူလ သင်္ကန်းရှင်သည် ထိုသင်္ကန်းကို ဝတ်ရုံသုံးစွဲခြင်းစသောအမှုကို အလိုရှိသလို ပြုလုပ်နိုင်ပြီ။ [ဝိကပ္ပနာပြုနည်း အမျိုးမျိုးကို ပါတိမောက်ဘာသာဋီကာမှာရှု။
စာမျက်နှာ-၂၁၅
ဉ။ စီဝရအပနိဓာနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—သပိတ်သင်္ကန်းကို ဝှက်ထားမှု။
သပိတ်သင်္ကန်း ဝှက်ထားမှု။ ။ သတ္တရသဝဂ္ဂီရဟန်းကလေးတို့သည် (ငယ်ရွယ်သူကလေးများ ဖြစ်ကြသည် အားလျော်စွာ) သပိတ် သင်္ကန်း စသော ပရိက္ခရာကို ကောင်းမွန်စွာ မသိမ်းဆည်းတတ်ကြကုန်၊ [အသန္နိဟိတ ပရိက္ခာရာ = ကောင်းစွာ မသိမ်းဆည်းအပ်သော ပရိက္ခရာ ရှိကုန်သည်၊ ဟောန္တိ၊] ဆဗ္ဗဂ္ဂီ ရဟန်းတို့ကလည်း (ထိုရဟန်း ကလေးများကို ကျီစားလေ့ရှိရာ) အခါတစ်ပါး၌ ထိုရဟန်းကလေးများ၏ သပိတ်သင်္ကန်းကို ဝှက်ထား(ဖွက်ထား) ကြလေသည်၊ သတ္တရသဝဂ္ဂီ ရဟန်း ကလေးများက “အရှင်ဘုရားတို့...တပည့်တော်တို့၏ သပိတ်သင်္ကန်းကို ပေးကြပါ”ဟု တောင်းသောအခါ ဆဗ္ဗဂ္ဂီတို့က ရယ်မောကြကုန်၏။ ထိုအကြောင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုဿ ပတ္တံ ဝါ စီဝရံ ဝါ နိသီဒနံ ဝါ သူစိဃရံ ဝါ ကာယဗန္ဓနံ ဝါ အပနိဓေယျ ဝါ အပနိဓာပေယျ ဝါ အန္တမသော ဟသာပေက္ခောပိ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ရဟန်းတစ်ပါး၏ သပိတ်ကိုသော်လည်းကောင်း, သင်္ကန်းကိုသော်လည်းကောင်း, အပ်ဗူးကိုသော်လည်းကောင်း, နိသီဒိုန်ကိုသော်လည်းကောင်း, ခါးပန်းကြိုးကိုသော်လည်းကောင်း, ကိုယ်တိုင်မူလည်း ဝှက်ထားအံ့, သူတစ်ပါး ကိုမူလည်း ဝှက်ထားစေအံ့၊ အောက်ထစ်ဆုံးအားဖြင့် ရယ်ရွှင်မှုကို ငဲ့၍လည်း ဝှက်အံ့, ဝှက်စေအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။ ဤသိက္ခာပုဒ်အရ ရယ်ရွှင်လို ကျီစားလို၍သော်လည်း ရဟန်း၏ သပိတ်, သင်္ကန်း, နိသီဒိုန်ခေါ် အခင်း, အပ်ဗူး, ခါးပန်းကြိုးများကို ဝှက်ထားလျှင် ပါစိတ်အာပတ်သင့်၏၊ တမင်သက်သက် ညှဉ်းဆဲလို၍ ဝှက်ထားရာ၌ကား ပါစိတ် အာပတ်သင့်ကြောင်း ပြောဖွယ်မရှိပြီ၊ သိက္ခာပုဒ်၌ တိုက်ရိုက်ပါသော ပစ္စည်းမှ တခြားဖြစ်သော ခဲတန် စာအုပ် စသည်ကို ဝှက်ထားလျှင်လည်းကောင်း, ရဟန်းမဟုတ်သော သာမဏေ-လူဝတ်ကြောင်များ၏ သပိတ်သင်္ကန်း စသည်ကို ဝှက်ထားလျှင်လည်းကောင်း, ဒုက္ကဋ် အာပတ်သင့်၏၊ ဝှက်လိုစိတ်မရှိဘဲ ပြောဆိုဆုံးမလို၍ သိမ်းထားလျှင်ကား အနာပတ္တိ။
သုရာပါနဝဂ်ပြီး၏။
စာမျက်နှာ-၂၁၆
သပ္ပါဏကဝဂ်
က။ သဉ္စိစ္စသိက္ခာပုဒ်
အမှုသည်—ရှင်ဥဒါယီ။
အမှု—ကျီးကန်းသတ်မှု။
ကျီးကန်းမုန်းသော ရှင်ဥဒါယီ။ ။ ရှင်ဥဒါယီသည် လူ့ဘောင်၌ နေစဉ် လေးဆရာ ဖြစ်ခဲ့ဖူး၏။ သူသည် ကျီးကန်းများကို အလွန်မုန်း၏၊ ထိုကြောင့် ကျီးကန်းများကို လေးဖြင့်ပစ်သတ်၍ ဦးခေါင်း ဖြတ်ပြီးလျှင် တန်စို့၌ လျှိုထားလေသည်၊ အခြား ရဟန်းများ မြင်ကြ၍... “ကေနိမေ အာဝုသော ကာကာ ဇီဝိတာ ဝေါရောပိတာ = ငါ့ရှင်တို့ ဒီကျီးတွေကို ဘသူသတ်ထားသလဲ”...ဟု မေးလေသော် “မယာ အာဝုသော, အမနာပါ မေ ကာကာ = တပည့်တော်သတ်ထားပါတယ်, အရှင်ဘုရားတို့... တပည့်တော်ကျီးကန်းတွေကို မနှစ်သက်ပါကုန် (အလွန်မုန်းပါတယ်)”ဟု ရှင်ဥဒါယီက လျှောက်လေသည်၊ ဤအကြောင်းကို ဗုဒ္ဓရှင်တော် တဆင့် ကြားတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် သတ္တဝါဟုသိသော သညာနှင့်တကွ စေ့ဆော်၍ တိရစ္ဆာန် သတ္တဝါကို ဇီဝိတိခြေမှ ခွင်းအံ့(ခွဲအံ့)၊ ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ ဤသိက္ခာပုဒ်တော်အရ ကြမ်းပိုးဥကိုသော်လည်း သနားခြင်း ကင်းမဲ့စွာ ဖြစ်ညှစ် ဖျက်ဆီးသောရဟန်းမှာ ပါစိတ်အာပတ်သင့်၏။ ထို့ကြောင့် ကျောင်းကို ရှင်းလင်းသော ရဟန်းသည် ကျောင်း၌ ကပ်တွယ်နေသော ပိုးမွှားကလေးများအပေါ်ဝယ် သနားကြင်နာ ကရုဏာထား၍ သေနာသနဝတ် (ကျောင်းဝတ်)ကို ပြုရမည်။
စာမျက်နှာ-၂၁၇
ခ။ သပ္ပါဏကသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ပိုးကောင်ရှိမှန်းသိလျက် ရေကိုသောက်မှု ချိုးမှု၊
ပိုးကောင်ရှိသော ရေကိုသုံးစွဲမှု။ ။ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ပိုးကောင်ရှိသော ရေကို (ပိုးကောင် = ပိုးလောက်လန်းစသည် ရှိမှန်းသိလျက်) သောက်ကြ-ချိုးကြ, သပိတ်စသည်ကို ဆေးကြကုန်၏၊ ထို့ကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဇာနံ သပ္ပါဏကံ ဥဒကံ ပရိဘုဉ္ဇေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ပိုးကောင်ရှိသော ရေဟု သိလျက် ပိုးကောင်နှင့် တကွ ဖြစ်သောရေကို သုံးစွဲအံ့၊ ထိုရဟန်း ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ ဤသိက္ခာပုဒ်တော်၌ “ပိုးကောင်”ဟူသည် ပိုးလောက်လန်းစသော သေးသေးမွှားမွှား ပိုးကောင်ကလေးများတည်း၊ ထိုပိုးကလေးများသည် ရေထဲ၌ရှိနေလျှင် သောက်လိုက်-ချိုးလိုက် ဆေးကြောလိုက်သောအခါ သေရှာကြရတော့၏။ ထို့ကြောင့် ပိုးရှိမှန်းသိလျှင် ထိုရေဖြင့် ကုဋီတက်ရာ၌ သန့်သက်ရေ မဆေးကောင်း, သပိတ်စသည် မဆေးကောင်း, မြေကြီးပေါ်၌လည်း သွန်မပစ်ကောင်း၊ သို့ဖြစ်၍ သောက်ရေ သုံးရေများကို ပိုးမကျနိုင်အောင် နေ့စဉ်လဲလှယ်ရမည်၊ သောက်ရေ၌ အမှုန်မပါအောင် ပိုးမပါအောင် အမြဲစစ်၍ သောက်ရမည်၊ ကုဋီရေ၌လည်း ၂-ရက် ၃-ရက် ကြာလျှင် ပိုးကျတတ်သောကြောင့် ရေစစ်ရှိလျှင် သာ၍ကောင်း၏။ သို့မဟုတ် နေ့စဉ် ရေလဲရမည်၊ ထိုသောက်ရေ သုံးရေများ၌ ပိုးကျနေလျှင် မြေကြီးပေါ်၌ သွန်မပစ်ဘဲ ရေများများရှိသော တွင်း-ချောင်း-ကန်ထဲ၌သာ လောင်းထည့်ရမည်။
ဂ။ ဥက္ကောဋနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ
အမှု—ငြိမ်းပြီးသောအဓိကရုဏ်းကို လှုံ့ဆော်ပေးမှု။
ငြိမ်းပြီးသောကံကို ထပ်မံလှုံဆော်မှု။ ။ အဓိကရုဏ်းတစ်ခုသည် ဝိနည်းတော်နှင့်အညီသံဃာတော်များ ဆုံးဖြတ်သဖြင့် ငြိမ်းဧပြီးဖြစ်နေ၏။ ဆဗ္ဗဂ္ဂီရဟန်းတို့ကား (ထိုသို့ဝိနည်းတော်နှင့်အညီ ငြိမ်းဧပြီးကြောင်း
စာမျက်နှာ-၂၁၈
သိပါလျက်) “အကတံကမ္မံ=ကံကို မပြုအပ်သေး၊ ဒုက္ကဋံ ကမ္မံ (ပြုပြီး စေကာမူ) ကံကို မကောင်းသဖြင့် မတရားသဖြင့် ပြုအပ်ပြီ၊ ပုနကာတဗ္ဗံ ကမ္မံ-ကံကို ထပ်၍ ပြုသင့်၏၊ အနိဟတံ အဓိကရုဏ်းကို မနုတ်အပ်သေး၊ ဒုန္နိဟတံ (နုတ်အပ်ပြီး ဖြစ်စေကာမူ) မကောင်းသဖြင့် မတရားသဖြင့် နှုတ်အပ်၏၊ ပုန နိဟရိတဗ္ဗံ = ထပ်၍နုတ်သင့်၏”ဤသို့ပြောဆိုကာ ထပ်၍ကံပြုအောင် လှုံ့ဆော်ပေးကြလေသည်၊ ထို့ကြောင့်ဤသိက္ခာပုဒ်ကို ပညတ်တော် မူရသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဇာနံ ယထာဓမ္မံ နိဟတာဓိကရဏံ ပုနကမ္မာယ ဥက္ကောဋေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် တရားသဖြင့် ငြိမ်းစေအပ်ပြီးသော အဓိကရုဏ်းဟုသိလျက် တရားနည်းလမ်းအတိုင်း နှိမ်နင်းအပ်ပြီးသော အဓိကရုဏ်းကို ထပ်မံ၍ ကံပြုဖို့ရာ လှုံ့ဆော်ပေးအံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။
ဃ။ ဒုဋ္ဌုလ္လသိက္ခာပုဒ်
အမှုသည်—ရဟန်းတစ်ပါး။
အမှု—အခြားရဟန်း၏ ဒုဋ္ဌုလ္လအာပတ်ကို ဖုံးထားမှု။
ဒုဋ္ဌုလ္လအာပတ်ကို ဖုံးထားမှု။ ။ ရှင်ဥပနန္ဒသည် သုက္ကဝိဿဋ္ဌိအမှုကြောင့် သံဃာဒိသေသ် အာပတ်သင့်၍ ထိုအာပတ်ကို နောင်တော်၏တပည့်ထံ ဒေသနာပြောပြီးလျှင် “မာ ကဿစိ အာရောစေဟိ ဘသူ့မှ မပြောလိုက်ပါနှင့်”ဟု နှုတ်ပိတ်ထား၏၊ ထိုရဟန်းကလည်းအာပတ်၏ အကြောင်းကို ကောင်းကောင်း မသိရှာသဖြင့် ဘသူ့မှ မပြောမိချေ၊ ထို့နောက် အခါတစ်ပါး၌ အခြားရဟန်းတစ်ပါးသည် ထိုသုက္ကဝိဿဋ္ဌိ သံဃာဒိသေသ် အာပတ်ကြောင့် ပရိဝတ်ဆောက်တည်နေ၏။ (ထိုကျင့်ဝတ်၏ ထုံးစံမှာ တွေ့ရာမြင်ရာ ရဟန်းများကို မိမိပရိဝတ်နေကြောင်း ပြောပြရ၏၊ ထို့ကြောင့်) ထိုနှုတ်ပိတ်ခံရသော ရဟန်းကိုမြင်၍ ပရိဝတ်နေကြောင်း ပြောပြသောအခါ...
နှုတ်ပိတ်ခံရသောရဟန်း။ ။ ဘယ်နှယ်လဲ, ဒီအာပတ်မျိုး သင့်သူမှန်လျှင် ဒီလိုချည်း ဝတ်ဆောက်တည်ရသလား။
ဝတ်ဆောက်တည်သောရဟန်း။ ။ ဟုတ်ပါတယ်။
စာမျက်နှာ-၂၁၉
နှုတ်ပိတ်ခံရသောရဟန်း။ ။ ရှင်ဥပနန္ဒ ကတော့ ဒီလို အာပတ်သင့်ပြီး “ဘသူ့မှ မပြောလိုက်ပါနှင့်” ဟု နှုတ်ပိတ်ထားတယ်။
ဝတ်ရဟန်း။ ။ ကိုယ်တော်က ဘသူ့မှမပြောဘဲ ဖုံးထားသလား။
နှုတ်ပိတ်ရဟန်း။ ။ ဟုတ်ပါတယ်။
ဤအကြောင်းကို ဗုဒ္ဓရှင်တော်သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော် မူရသည်၊ ဤသိက္ခာပုဒ်၌ ဒုဋ္ဌုလ္လအာပတ်ဟူသည် သံဃာဒိသေသ်အာပတ် သာတည်း၊ “ဖုံးထားခြင်း” ဟူရာ၌လည်း အာပတ်သင့်သူကို အပြစ်တင်ကြမှာ စိုး၍ ကဲ့ရဲ့ရှုတ်ချခံရမှာစိုး၍ မျက်နှာပျက်မှာ စိုး၍ ဂုဏ်ငယ်သွားမှာ စိုး၍ ငဲ့ညှာသော အားဖြင့်ဖုံးထားခြင်းတည်း၊ ထိုသို့ဖုံးထားသူမှသာ ဤသိက္ခာပုဒ်အရ အာပတ်သင့်၏” ထိုသို့ ငဲ့ညှာ၍မဟုတ်ဘဲ “သူ့ကံနှင့်သူဖြစ်လိမ့်မည်” စသော သဘောရိုးဖြင့် သူတစ်ပါးအား တဆင့်မပြောသူမှာ အာပတ်မသင့်ပါ။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုဿ ဇာနံ ဒုဋ္ဌုလ္လံ အာပတ္တိံ ပဋိစ္ဆာဒေယျ၊ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ဒုဋ္ဌုလ္လအာပတ်ဟု သိလျက် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကို ဖုံးထားအံ့၊ ထိုရဟန်း ပါစိတ်အာပတ် သင့်၏။
င။ ဦနဝီသတိဝဿသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—အသက်၂၀ မပြည့်သူကို ရဟန်းပြုပေးမှု။
ဥပါလိ၏မိဘများ အရှည်မြှော်ပုံ။ ။ ရာဇဂြိုဟ်မြို့၌ တဆယ့်ခုနစ်ယောက်သော ကစားဘော် ကလေးများသည် “သတ္တရသဝဂ္ဂီ” ဟု ထင်ရှား၏၊ ထိုကလေးများတွင် ဥပါလိမည်သော ကလေးသည် ခေါင်းဆောင်ဖြစ်၏။ အခါတစ်ပါး၌ ဥပါလိ၏ မိဘတို့သည် သားကလေး အတွက်နောင်ရေးကို စဉ်းစား၍-ကျုပ်တို့ကွယ်လွန်သောအခါ သားကလေး ဥပါလိသည် ဘယ်လိုနည်းဖြင့် အသက်မွေးဝမ်းကြောင်း ချောင်လည်ရစ်ပါ့ မလဲ”...ဟု တိုင်ပင်ကြလေသည်။
စာမျက်နှာ-၂၂၀
ပထမအကြံ။ ။ “စာရေးအတတ်သင်ရလျှင် ကောင်းလိမ့်မည်ထင်တယ်”။
ဒုတိယအကြံ။ ။ “စာရေးရလွန်းအားကြီးလို့ လက်ချောင်းကလေးတွေ ဒုက္ခများကုန်လိမ့်မည်၊ ဂဏန်းအတတ် သင်ရလျှင် ကောင်းပါလိမ့်မယ်”။
တတိယအကြံ။ ။ ”ဂဏန်းသင်္ချာဆိုတာများစွာ ကြံစည်ရတယ်, ကြံစည်ရလွန်း အားကြီးလျှင် သူ၏ရင်ဘတ် ဒုက္ခရောက်လိမ့်မယ်, ရွှေပန်းထိမ်သည် အတတ်ကို သင်စေရလျှင် ကောင်းပါ လိမ့်မယ်”။
စတုတ္ထအကြံ။ ။ “ရွှေပန်းထိမ် အတတ်သင်ပေးလျှင် အရုပ်တံဆိပ်များကို လှည့်ကာပတ်ကာ ကြည့်ရှုရသဖြင့် မျက်စိများ ဒုက္ခရောက်ကုန်လိမ့်မယ်၊ ရဟန်းတော်များသည် ကောင်းသောသီလ အကျင့်ရှိကြ၍ ကောင်းစွာမွန်စွာ စားသောက်ပြီးလျှင် လေငြိမ်သော အိပ်ရာနေရာတို့၌ နေကြရတယ်၊ ဥပါလိသည် ရဟန်းပြုလျှင် ကောင်းမှာဘဲ၊ ရဟန်းပြုလျှင် ကျုပ်တို့ ကွယ်လွန်သောအခါ ချမ်းသာစွာလဲ အသက်မွေးရမယ်၊ ပင်ပန်းဖွယ်လည်း မရှိနိုင်။
ဥပါလိတို့ ရှင်ရဟန်းပြုကြပုံ။ ။ ထိုသို့မိဘများ တိုင်ပင်သံကို ဥပါလိကြား၍ သူ့ကစားဘော်များကို ပြောပြလေရာ, ကစားဘော်များကလည်း “ခင်ဗျားဘုန်းကြီးလုပ်လျှင် ကျုပ်တို့လဲ ဘုန်းကြီးလုပ်ကြမယ်”ဟု ဝန်ခံကြ၍ ဆိုင်ရာမိဘတို့ကလည်း ကျေကျေနပ်နပ် ခွင့်ပြုကြသဖြင့် ပထမကိုရင်ဝတ်၍ တဆက်ထည်း ရဟန်းပြုကြလေသည်၊ သူတို့သည် နံနက်စောစော၌ ဆာလောင်မွတ်သိပ်ရှာကြသဖြင့် အစောကြီးထပြီးလျှင် “ယာဂု ပေးကြပါ, ထမင်းပေးကြပါ, သရည်စာပေးကြပါ”ဟု တောင်းကာ ငိုကြရုံမက, ကျောင်းပေါ်မှာပင် ကျင်ကြီးကျင်ငယ် စွန့်ကြသဖြင့် တကျောင်းလုံး ပေနေလေတော့သည်၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဇာနံ ဦနဝီသတိဝဿံ ပုဂ္ဂလံ ဥပသမ္ပာဒေယျ, သော စ ပုဂ္ဂလော အနုပသမ္ပန္နော, တေ စ ဘိက္ခူ ဂါရယှာ, ဣဒံ တသ္မိံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည်အသက် ၂၀ မပြည့်သေးမှန်း သိလျက် (ဥပဇ္ဈာယ်ဆရာလုပ်၍) ရဟန်းခံပေးအံ့၊ ထိုရဟန်းလောင်းလည်း ရဟန်းမဖြစ်၊ ထိုရဟန်းခံကိစ္စ၌ ပါဝင်ကြသော သံဃာများနှင့် ကမ္မဝါ
စာမျက်နှာ-၂၂၁
ဆရာလုပ်သူလည်း ကဲ့ရဲ့၍ထိုက်ကုန်၏၊ ...(“ကဲ့ရဲ့ထိုက်” ဟူရာ၌ “ဒုက္ကဋ်အာပတ်သင့်ကုန်၏”ဟုဆိုလိုသည်၊)ဤအာပတ်ကား အသက် ၂၀ မပြည့်သေးသူကို သိလျက် ရဟန်းခံပေးသော ဥပဇ္ဈာယ်ဆရာ၌ သင့်သော ပါစိတ်အာပတ်တည်း။ [အသက် ၂၀ ရေတွက်ရာ၌ အမိဝမ်းဝယ် ပဋိသန္ဓေနေရာ ရက်မှစ၍ တွက်ရသည်၊ အကျယ်ကို ဘာသာ ဋီကာမှာရှု။]
မှတ်ချက်။ ။ အသက်၂၀မပြည့်သေး၍ အရွယ်နုသူတို့သည် အချမ်းအပူဆာလောင် မွတ်သိပ်ခြင်းဒဏ်ကို မခံနိုင်သေး၊ မှက်ခြင် လေပူ နေပူကင်းတို့၏ အတွေ့ အထိဒဏ်ကို မခံနိုင်သေး၊ သူတစ်ပါးတို့က မခံသာအောင် ပြောလာသော စကားနှင့် ကိုယ်ဆင်းရဲမှုများကိုလည်း မခံနိုင်သေး၊ ရဟန်းစစ်စစ်ဘဝ ဟူသည်မှာ (ဥပါလိမိဘများ ထင်သလို အချောင်စား အချောင်နေ မဟုတ်ကြ) ရတတ်သရွေ့နှင့် တင်းတိမ်ရမည့်ဘဝ, ဖြစ်သလိုနေထိုင်ရမည့်ဘဝ, ပရိယတ်ကိုဖြစ်စေ ပဋိပတ်ကိုဖြစ်စေ လူများစီးပွါးရေးထက် ဇွဲသန်စွာ ဖြည့်ကျင့်ရမည့်ဘဝ ဖြစ်ပေသည်၊ ထို့ကြောင့် ဗုဒ္ဓရှင်တော်သည် အသက် ၂၀ပြည့်မှ ရဟန်းဘဝဖြင့် နေခွင့်ပြုတော်မူရပေသည်။
စ။ ထေယျသတ္ထသိက္ခာပုဒ်
အမှုသည်—ရဟန်းတစ်ပါး။
အမှု—ခိုးသူကုန်သည်နှင့် အတူသွားမိမှု။
ခိုးမည့်ကုန်သည်များနှင့် အတူခရီးသွားမှု။ ။ ကုန်သည်တစုသည် ရာဇဂြိုဟ်မှ အနောက်အရပ်သို့ ခရီးသွားရန် ပြင်ဆင်နေကြ၏။ [ပဋိယာလောကော နေရောင်၏ ရှေးရှုဖြစ်သော အနောက် အရပ်၊] ရဟန်းတစ်ပါးသည် “ငါ့ရှင်(ဒါယကာ) တို့နှင့် အတူလိုက်ပါရစေ”ဟု ပြောလေရာ, “တပည့်တော်တို့သည် (ကင်းကောက် မပေးရအောင်) ကင်းကို ရှောင်လွှဲ၍ သွားကြမလို့ပါ”ဟုလျှောက်ကြ၏၊ “သင်တို့ ဘာသာ သိကြတာပေါ့”ဟု ရဟန်းကပြော၍ လိုက်သွားလေသည်။
စစ်မှုထမ်းတို့သည် ထိုအကြောင်းကိုကြားသဖြင့် ထိုကုန်သည်များကို လမ်းကနေ၍ ဖမ်းကြပြီးလျှင် ထိုရဟန်းကိုလည်း ကင်းခွန်မပေးရအောင် ခိုး၍သွားမည့် ကုန်သည်တွေမှန်း သိလျက် ဘာ့ကြောင့် အတူသွားရပါသလဲ”ဟု အပြစ်တင်ကြလေသည်၊ ထိုအကြောင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
စာမျက်နှာ-၂၂၂
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဇာနံ ထေယျသတ္ထေန သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇေယျ အန္တမသော ဂါမန္တရမ္ပိ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ထေယျသတ္ထဟုသိလျက် ခိုး၍ လာသည့်ကုန်သည် ခိုး၍ သွားမည့်ကုန်သည်အပေါင်းနှင့် တကြောင်းထည်း အဓွန့်ရှည်သော ခရီးကို သွားအံ့၊ အောက်ထစ်ဆုံးအားဖြင့် အခြားတစ်ရွာသို့လည်း သွားအံ့၊ ထိုရဟန်းမှာ ပါစိတ်အာပတ် သင့်၏။
ဆ။ သံဝိဓာန သိက္ခာပုဒ်
အမှုသည်—ရဟန်းတစ်ပါး။
အမှု—မာတုဂါမနှင့်အတူခရီးသွား။
မာတုဂါမနှင့် အတူသွားမှု။ ။ ရဟန်းတစ်ပါးသည် သာဝတ္ထိသို့ သွားစဉ် ရွာတံခါးတစ်ခုကို ဖြတ်သွားရ၏၊ မိန်းမတစ်ယောက်ကား သူ့ခင်ပွန်းနှင့် ရန်ဖြစ်၍ ထိုရွာမှ ထွက်လာရာ ထိုရဟန်းကို တွေ့၍ “ဘယ်ကြွမလို့ပါလဲ”ဟုမေး၏၊ “သာဝတ္ထိ ကြွမလို့”ဟုပြောလျှင် “တပည့်တော်မလည်း အတူလိုက်ပါရစေ”ဟုလျှောက်လေသော် “လိုက်ခဲ့တာပေါ့” ဟုခွင့်ပြုကာ အတူသွားနေစဉ် ယောက်ျားဖြစ်သူလိုက်လာ၍ (ထိုရဟန်းက ခေါ်သွားသည်ဟူသော အထင်ဖြင့်) ထိုရဟန်းကို ထောင်းထုပြီးမှ လွှတ်လိုက်လေသည်၊ ထိုရဟန်းလည်း သူ၏ဖြစ်ပုံကို တွေးတောလျက် သစ်ပင်အောက်၌ ထိုင်နေစဉ်(မိန်းမ၏အဖြစ်မှန်ကို ပြောပြချက်အရ) ထိုယောက်ျားလာ၍ ကံတော့တောင်းပန်လေသည်၊ ထိုအကြောင်းကို ကြားတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု မာတုဂါမေန သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇေယျ အန္တမသော ဂါမန္တရမ္ပိ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် မာတုဂါမနှင့်အတူတကွ ချိန်းချက်၍ တကြောင်းလည်း အဓွန့်ရှည်သော ခရီးကို အောက်ထစ်ဆုံးအားဖြင့် အခြားတစ်ရွာသို့လည်း သွားအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
စာမျက်နှာ-၂၂၃
မှတ်ချက်။ ။ ဤသိက္ခာပုဒ်တော်အရ မာတုဂါမများနှင့် တိုင်ပင်၍ (“မည်သည့် ရက်နေ့ ဘုရားဖူးသွားကြစို့”စသည်ဖြင့် ချိန်းချက်၍ စစ်ကိုင်းမှ မန္တလေး စသည်သို့) မသွားကောင်း၊ ယခုကာလ၌ကား မြန်မာနိုင်ငံမှ ဣန္ဒိယ သီဟိုဠ်သို့ပင် (ထိုကဲ့သို့ တိုင်ပင်ချိန်းချက်ကာ) ဘုရားဖူးဆို၍ သွားမိတတ် ကြသေး၏၊ သူတစ်ပါးတို့ ချိန်းချက်ရာဝယ် မိမိမပါဘဲ အချိန်ကျမှ ကိုယ့်ဘာ သာလိုက်သွားသူမှာ အပြစ်ရှိ၊ စောစောက မချိန်းဘဲ သင်္ဘောရထား ကျမှ ဆုံမိ၍ သွားသူများလည်း (နောက်ထပ်ဆက်၍လည်း မချိန်းချက်ပါမူ) အာပတ်မသင့်၊ မိန်းမက ချိန်းချက်စေကာမူ ရဟန်းကပြန်၍ မချိန်းချက်လျှင်လည်း အာပတ်မသင့်၊ ၂-ဦးလုံးသဘောတူ တိုင်ပင်ချိန်းချက်၍ သွားမှသာ အာပတ်သင့်သည်၊ ဤသို့ သဘောတူ ချိန်းချက်တိုင်ပင်၍ကား ရွာချင်းကပ် နေသော အခြားတစ်ရွာသို့မျှ မသွားကောင်း။
ဇ။ အရိဋ္ဌသိက္ခာပုဒ်
အမှုသည်—အရိဋ္ဌရဟန်း၊
အမှု—မိစ္ဆာအယူကို ယူမှု။
အရိဋ္ဌရဟန်း၏ မိစ္ဆာအယူ။ ။ အရိဋ္ဌမည်သော ရဟန်း၏အမျိုး၌ ရှေးက လင်းတတို့ကို သတ်ဖြတ်ခဲ့ကြကုန်၏၊ ထို့ကြောင့် “ဂဒ္ဓါဓိပုဗ္ဗ = လင်းတကိုသတ်သော ပုဗ္ဗပုရိသရှိသူ”ဟု ထင်ရှားသော ထိုအရိဋ္ဌရဟန်းမှာ မိစ္ဆာအယူတစ်မျိုး ဖြစ်နေ၏၊ သူသည် သုတ္တန်ဘက်၌ ကျွမ်းကျင်သော ဓမ္မကထိကပုဂ္ဂိုလ်တည်း၊ ဝိနည်း၌ကား မကျွမ်းကျင်ရှာချေ၊ ထို့ကြောင့် တစ်နေ့သ၌ ဆိတ်ငြိမ်ရာ အရပ်ဝယ် တစ်ယောက်ထည်း စဉ်းစားမိသည်မှာ—
“လူဝတ်ကြောင်တို့သည် အိမ်ထောင်ပြုလျက် ကာမဂုဏ်ကို ခံစားကာ သောတာပန် သကဒါဂါမ်များ ဖြစ်နေကြ၏၊ (ကာမဂုဏ် မခံစားလျှင်) လူဝတ်ကြောင် အနာဂါမ်လည်းရှိ၏၊ ရဟန်းများလည်း နူးညံ့သော ပိုး ဖဲ ကတ္တီပါစသည်တို့ကို သုံးစွဲနိုင်ကြ၏၊ ထိုအလုံးစုံကို သုံးစွဲကောင်းလျှင် မိန်းမနှင့်ဆိုင်သော အဆင်းအသံ အနံ့အရသာ အတွေ့အထိလည်း သုံးဆောင်ကောင်းစရာရှိသည်၊ ဤသို့ စဉ်းစားရုံတွင် မကဘဲ သူ အယူဝါဒကို စပ်မိစပ်ရာ ပြောပြသည်မှာ—
“မြတ်စွာဘုရားသည် မေထုန် အကျင့်တို့ကို (ရဟန်းများ ပြုကျင့်လျှင်) လူ့ပြည်နတ်ပြည်နှင့် ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ဖြစ်၏
စာမျက်နှာ-၂၂၄
မေထုန်မှီဝဲသော ရဟန်းသည် သေလျှင် လူ-နတ် မဖြစ်နိုင်, ဤဘဝ၌လည်း ဈာန်မဂ်ဖိုလ်ကို မရနိုင်, ဧကန်မုချ အပါယ်ကျလိမ့်မည်”ဟု ဟောတော်မူထား၏၊ (အလွန်အမင်း တပ်မက်ခြင်း မရှိသော) အကြင်နည်းဖြင့် မှီဝဲလျှင် အန္တရာယ်မဖြစ်နိုင်၊ ထိုအန္တရာယ် မဖြစ်နိုင်သော အခြင်းအရာ နည်းလမ်းဖြင့် ဘုရားဟောထားသော တရားကို ငါနားလည်ပါသည်”။
ဤသို့ စပ်မိစပ်ရာ ပြောပြသည်ကို ကြားကုန်သော ရဟန်းတို့က—
“ငါ့ရှင်...ဒီလိုမပြောပါနှင့်, ဘုရားကို(မဟောဘဲနှင့် ဟောတယ် ဟုပြောပြီး) မစွပ်စွဲပါနှင့်၊ ဘုရားကိုစွပ်စွဲခြင်းသည် မကောင်းပါ၊ မြတ်စွာဘုရားသည် (သင်ပြောသလို ရဟန်းများ မေထုန် မှီဝဲလို့ အန္တရာယ်မဖြစ်ဘူးဟု) မဟောပါ၊ အန္တရာယ်ပြုတတ်သော မေထုန် အမှုတို့ကို ပရိယာယ် အမျိုးမျိုးဖြင့် အန္တ ရာယ် ပြုတတ်သည်ဟုပင် ဟောထားပါသည်၊ ထိုမေထုန်တို့ကို မှီဝဲသောရဟန်းမှာ (ထိုမေထုန် အကျင့်တို့က) အန္တရာယ်ပြုတတ်ကြပါသည်”။
ဤသို့ ရဟန်းများက ပြောဆိုတားမြစ်ကြသော်လည်း မရဘဲ သူ့အယူဝါဒကို ချီမြှောက်မြဲ ချီမြှောက် (ဝါဒဖြန့်မြဲဖြန့်)နေလေရာ, ထိုအကြောင်းကို ဘုရားထံ လျှောက်ကြသဖြင့်, ခေါ်တော်မူ၍ စစ်ဆေးမေးမြန်းသည့်အခါ ထိုကဲ့သို့ ဟောထားသော တရားတော်မရှိဘဲ သူ့အထင်မျှသာ ဖြစ်သောကြောင့် အရိဋ္ဌကို ကဲ့ရဲ့ပြစ်တင်တော်မူကာ ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဧဝံ ဝဒေယျ “တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ, တေ ပဋိသေဝတော နာလံ အန္တရာယာယာ”တိ, သော ဘိက္ခု ဘိက္ခူဟိ ဧဝမဿ ဝစနီယော “မာယသ္မာ ဧဝံ အဝစ, မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ, န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ, န ဟိ ဘဂဝါ ဧဝံ ဝဒေယျ, အနေကပရိယာယေနာဝုသော အန္တရာယိကာ ဓမ္မာ အန္တရာယိကာ ဝုတ္တာ ဘဂဝတာ, အလဉ္စ ပန တေ ပဋိသေဝတော အန္တရာယာယာ”တိ။
စာမျက်နှာ-၂၂၅
ဧဝဉ္စ သော ဘိက္ခု ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂဏှေယျ, သော ဘိက္ခု ဘိက္ခူဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗော တဿ ပဋိနိဿဂ္ဂါယ။ ယာဝတတိယဉ္စေ သမနုဘာသိယမာနော တံ ပဋိနိဿဇ္ဇေယျ, ဣစ္စေတံ ကုသလံ။ နော စေ ပဋိနိဿဇ္ဇေယျ, ပါစိတ္တိယံ။
သိက္ခာပုဒ် မြန်မာပြန်မှာ။ ။ ဝတ္ထုကြောင်းအတိုင်း သိသာပြီ၊ ထိုဝတ္ထုကြောင်းအတိုင်း သူ့ဝါဒကိုချီးမြှောက် (ဝါဒဖြန့်) နေသော ရဟန်းကို ဉတ်ကမ္မဝါစာဖြင့် ၃-ကြိမ်ဆုံးမရမည်၊ ၃-ကြိမ် မစေ့ခင် ထိုအယူကိုစွန့်လျှင် ဒုက္ကဋ်အာပတ်လောက်သာ သင့်၏။ ၃-ကြိမ် စေ့၍မျှ မစွန့်လျှင်ကား ပါစိတ်အာပတ်သင့်သည်။
ဈ။ ဥက္ခိတ္တသံဘောဂသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—နှင်ထုတ်ခံရသော ရဟန်းနှင့်ပေါင်းသင်းမှု။
သံဃာမှ ဖယ်ထုတ်ခံရသူ။ ။ ရှေ့သိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း အရိဋ္ဌရဟန်းသည် သူ၏မိစ္ဆာအယူကို မစွန့်သောကြောင့် သံဃာတော်က ဥက္ခေပနီယကံ ပြုထား၏၊ [သူများနှင့် အပေါင်းအသင်း အဆက်အဆံ မပြုဖို့ရန် ဖယ်ထုတ်ကြောင်းကံကို ဥက္ခေပနီယကံ” ဟု ခေါ်၏၊ ထိုကံအပြုခံရသူကို “ဥက္ခိတ္တကပုဂ္ဂိုလ်” ဟု ခေါ်၏၊ (ဥက္ခိတ္တက = သံဃာမှ ဖယ်ထုတ်ထားအပ်သူ၊) ထိုသို့ ဖယ်ထုတ်ခံရသော ပုဂ္ဂိုလ်သည် ထိုကံကို ပြန်၍ ရုပ်သိမ်းကြောင်းဖြစ်သော ကျင့်ဝတ်များကို ပြုကျင့်နေရ၏၊ ထိုသို့ကျင့်နေ၍ သံဃာက ကျေနပ်သောအခါ ကံကို ရုပ်သိမ်းပါရန် တောင်းပန်ရ၏၊ ထိုသို့တောင်းပန်၍ ကံကို ရုပ်သိမ်းပြီးသောအခါ သံဃာသို့ ပြန်၍သွင်းရာ ရောက်၏၊ သံဃာတွင်းသို့ ပြန်သွင်းမှုကို “အနုဓမ္မ = လျော်သော အကျင့်” ဟု ခေါ်၏၊ ထိုသို့ မသွင်းရသေးသူကို “အကတာနုဓမ္မ = လျော်သောအကျင့်ကို မပြုရသေးသူ” ဟု ခေါ်သည်။
ဥက္ခိတ္တကနှင့် ပေါင်းသင်းမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အရိဋ္ဌရဟန်းကို ဥက္ခိတ္တက ပုဂ္ဂိုလ်မှန်းလည်းသိကြ၏၊ ဆိုင်ရာကျင့်ဝတ်ကို မကျင့်ဘဲ မိစ္ဆာအယူကိုလည်း မစွန့်ဘဲ နေသဖြင့် အနုဓမ္မကို (သံဃာက အပေါင်းအသင်း လုပ်ဖို့ရန် ပြန်၍သွင်းမှုကို) မပြုရသေးဟုလည်း သိကြ၏။
စာမျက်နှာ-၂၂၆
ထိုသို့ သိပါလျက် အရိဋ္ဌနှင့်အတူ အစားအဝတ်ကို ပေးလားကမ်းလား ယူလားငင်လား ပြုကြကုန်၏၊ စာပေကိုလည်း သင်လားချထား လုပ်ကြကုန်၏၊ (ဤသို့ အစားအဝတ်ကို ပေးကမ်းယူငင်မှုကို “အာမိသသံဘောဂ = အစားအဝတ်ကို အတူသုံးစွဲခြင်း”ဟု ခေါ်၏၊ စာပေကို သူ့ထံသင်ခြင်း, သူ့ကိုချပေးခြင်းကို “ဓမ္မသံဘောဂ = တရားကို အတူသုံးစွဲခြင်း”ဟု ခေါ်၏။ ဤ ၂-မျိုးလုံးကို သိက္ခာပုဒ်၌ “သံဘုဉ္ဇေယျ”ဟု မိန့်တော်မူသည်။)
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုအရိဋ္ဌရဟန်းနှင့်အတူ ဥပုသ်ကံ, ပဝါရဏာကံ စသော ကံကြီးကံငယ်ကိုလည်း ပြုကြကုန်၏၊ (ဤသို့ ပြုခြင်းကို “သံဝါသ = အတူနေထိုင်ခြင်း”ဟု ခေါ်၏၊ သိက္ခာပုဒ်၌ “သံဝသေယျ”ဟု မိန့်တော်မူသည်၊ ထိုအရိဋ္ဌရဟန်းနှင့်အတူ အမိုးတူ အကာတူ ကျောင်း၌ အိပ်ကြကုန်၏၊ (ဤသို့ အိပ်ခြင်းကို “သဟသေယျ”ဟု ခေါ်၏၊ သိက္ခာပုဒ်၌ “သဟသေယျ”ဟု မိန့်တော်မူသည်၊ ဤသို့လျှင် ဥက္ခိတ္တကပုဂ္ဂိုလ်ဖြစ်သော အရိဋ္ဌရဟန်းနှင့် ဆဗ္ဗဂ္ဂီရဟန်းတို့ အတူပေါင်းသင်း ဆက်ဆံမှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်၊ [သိက္ခာပုဒ်၏ အဓိပ္ပါယ်မှာ ဝတ္ထုကြောင်းဖြင့် ထင်ရှားပြီ၊ အရိဋ္ဌရဟန်းကား ထိုဥက္ခေပနီယကံ အပြုခံရပြီးနောက် ကျင့်ဝတ်များကို ကောင်းစွာမကျင့်ရုံသာမက, အတော်ကြာလျှင် ထိုမိစ္ဆာ အယူကို မစွန့်နိုင်ဘဲ လူထွက်လေတော့သည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဇာနံ တထာဝါဒိနာ ဘိက္ခုနာ အကဋာနုဓမ္မေန တံ ဒိဋ္ဌိံ အပ္ပဋိနိဿဋ္ဌေန သဒ္ဓိံ သမ္ဘုဉ္ဇေယျ ဝါ, သံဝသေယျ ဝါ, သဟ ဝါ သေယျံ ကပ္ပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ဥက္ခိတ္တက ရဟန်းမှန်းသိလျက် ထို“တထာဟံ ဘဂဝတာ”အစရှိသော စကားကို ပြောလေ့ရှိသော မပြုအပ်သေးသော ဩသာရဏကံရှိသော ထိုမိစ္ဆာအယူကို မစွန့် သေးသော ရဟန်းနှင့်အတူတကွ အာမိသဓမ္မသံဘောဂကိုမူလည်း ပြုအံ့၊ ဥပုသ်ပဝါရဏာစသော သံဝါသကိုမူလည်း ပြုအံ့၊ သဟသေယျကိုမူလည်း ပြုအံ့၊ ထိုရဟန်းမှာ ပါစိတ်အာပတ်သင့်၏။
စာမျက်နှာ-၂၂၇
ဉ။ ကဏ္ဋက သိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—မိစ္ဆာအယူ မစွန့်သော သာမဏေနှင့် ပေါင်းသင်း ဆက်ဆံမှု။
ကဏ္ဋက သာမဏေ။ ။ ကဏ္ဋကမည်သော သာမဏေမှာလည်း အရိဋ္ဌရဟန်းကဲ့သို့ မိစ္ဆာအယူဖြစ်နေလေသည်၊ ထိုအယူကို မစွန့်သဖြင့် ထိုသာမဏေကိုလည်း သံဃာတော်က (အပေါင်း အသင်း မပြုရသောအားဖြင့်)” “ဖျက်ဆီးထားလေသည်၊ “ဖျက်ဆီး” ဆိုသည်ကား ယနေ့ကစ၍ သင်သည် ဘုရားရှင်ကို ဆရာဟု မညွှန်ပြနှင့်၊ (ဒီလို မိစ္ဆာအယူ ယူနေသူသည် ဘုရားရှင်၏ တပည့်မဖြစ်ထိုက်-ဟူလို၊) အခြား သာမဏေတို့သည် ရဟန်းတော်များနှင့် ၃-ညဉ့်အထိ တမိုးတရံ ထည်းသော ကျောင်း၌ အိပ်ခွင့်ရ၏၊ ထိုအခွင့်လည်း သင့်မှာမရနိုင်၊ အလကာ့ သာမဏေ ..... လေချင်ရာလေ လွင့်ချင်ရာ လွင့်ပါး၍ ပျက်ပြားလေတော့”ဟု ငေါက်ငန်း ပြောဆိုခြင်းတည်း။
ဆဗ္ဗဂ္ဂီရဟန်းတို့ကား ဤသို့ဖျက်ဆီးထားသော သာမဏေမှန်း သိလျက် (သူတို့ဘက်သားဖြစ်အောင်) သပိတ်ပေး-စာပေပို့ချလုပ်၍ ဖြားယောင်း သွေးဆောင်ကြကုန်၏၊ ထိုသာမဏေ၏ အပြုအစုကိုလည်း ခံကြကုန်၏။ အာမိသသံဘောဂ ဓမ္မသံဘောဂ ၂-မျိုးကိုလည်း ပြုကြကုန်၏၊ တမိုးတရံထည်းသော ကျောင်း၌ အတူလည်း အိပ်ကြကုန်၏ ထိုအကြောင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။ [သိက္ခာပုဒ် အဓိပ္ပါယ်လည်း ဝတ္ထုကြောင်းဖြင့် ထင်ရှားပြီ။]
သိက္ခာပုဒ်။ ။ သမဏုဒ္ဒေသောပိ စေ ဧဝံ ဝဒေယျ “တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ, တေ ပဋိသေဝတော နာလံ အန္တရာယာယာ”တိ, သော သမဏုဒ္ဒေသော ဘိက္ခူဟိ ဧဝမဿ ဝစနီယော “မာဝုသော, သမဏုဒ္ဒေသ ဧဝံ အဝစ, မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ, န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ, န ဟိ ဘဂဝါ ဧဝံ ဝဒေယျ, အနေကပရိယာယေနာဝုသော, သမဏုဒ္ဒေသ အန္တရာယိကာ ဓမ္မာ
စာမျက်နှာ-၂၂၈
အန္တရာယိကာ ဝုတ္တာ ဘဂဝတာ, အလဉ္စ ပန တေ ပဋိသေဝတော အန္တရာယာယာ”တိ, ဧဝဉ္စ သော သမဏုဒ္ဒေသော ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂဏှေယျ, သော သမဏုဒ္ဒေသော ဘိက္ခူဟိ ဧဝမဿ ဝစနီယော “အဇ္ဇတဂ္ဂေ တေ, အာဝုသော, သမဏုဒ္ဒေသ န စေဝ သော ဘဂဝါ သတ္ထာ အပဒိသိတဗ္ဗော, ယမ္ပိ စညေ သမဏုဒ္ဒေသာ လဘန္တိ ဘိက္ခူဟိ သဒ္ဓိံ ဒိရတ္တတိရတ္တံ သဟသေယျံ, သာပိ တေ နတ္ထိ, စရ ပိရေ, ဝိနဿာ”တိ။ ယော ပန ဘိက္ခု ဇာနံ တထာနာသိတံ သမဏုဒ္ဒေသံ ဥပလာပေယျ ဝါ, ဥပဋ္ဌာပေယျ ဝါ, သမ္ဘုဉ္ဇေယျ ဝါ, သဟ ဝါ သေယျံ ကပ္ပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ သာမဏေသည်လည်း ... ဤသို့ပြောဆိုအံ့၊ အဘယ်သို့ ပြောဆိုသနည်း၊ အကြင် မေထုန်အကျင့်တို့ကို နတ်ရွာ နိဗ္ဗာန် ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်ကုန်၏ဟူ၍ မြတ်စွာဘုရားသည် ဟောတော်မူအပ်ကုန်ပြီ၊ ထိုမေထုန်အကျင့်တို့ကို မှီဝဲသောရဟန်း၏ ထိုမေထုန်အကျင့်တို့သည် အကြင်သို့သော အပြားအားဖြင့် နတ်ရွာ၊ နိဗ္ဗာန် ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ကုန်၊ ထိုအပြားအားဖြင့် မြတ်စွာဘုရား ဟောထားတော်မူအပ်သော တရားကိုငါသိ၏၊ ဤသို့ပြောဆိုအံ့။
ထိုသာမဏေကို မြင်ကုန် ကြားကုန်သော ရဟန်းတို့သည် ဤသို့ ပြောဆိုလိုက်၏၊ (အဘယ်သို့ပြောဆိုထိုက်သနည်း)၊ ငါ့ရှင်သာမဏေ ဤသို့ မပြောပါနှင့်, မြတ်စွာဘုရားကို မစွပ်စွဲပါနှင့်, မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်းပါ, မြတ်စွာဘုရားသည် ဤငါ့ရှင်ပြောသည့် အတိုင်း မဟောတန်ရာပါ၊ ငါ့ရှင်သာမဏေ— ပရိယာယ်အမျိုးမျိုးဖြင့် အန္တရာယ်ကို ပြုတတ်ကုန်သော မေထုန်အကျင့်တို့ကို အန္တရာယ်ကို ပြုတတ်ကုန်၏ဟု ဟောတော်မူပါသည်၊ ထိုမေထုန်ကို မှီဝဲသော ရဟန်း၏ ထိုမေထုန်အကျင့်တို့သည် နတ်ရွာနိဗ္ဗာန် ဈာန်မဂ်ဖိုလိ၏ အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်ကုန်သည်သာ၊ ဤသို့ ပြောဆိုထိုက်၏။ ဤသို့ ရဟန်းတို့က ပြောဆိုအပ်ပါလျက် ထိုသာမဏေသည်
စာမျက်နှာ-၂၂၉
ရှေးနည်းအတိုင်း ချီးမြှောက်နေသေးအံ့၊ (အယူမစွန့်သေးအံ့)၊ ထိုသာမဏေကို ရဟန်းတို့သည် ဤသို့ ပြောဆိုထိုက်၏။ (အဘယ်သို့ ပြောဆိုထိုက်သနည်း)၊ ငါ့ရှင်သာမဏေ... ယနေ့ကစ၍ သင်သည် ထိုငါတို့ မြတ်စွာဘုရားကို ဆရာဟူ၍ မညွှန်ပြထိုက်တော့၊ သည်သာမကသေး သင်မှတစ်ပါးကုန်သော သာမဏေတို့သည် ရဟန်းတို့နှင့် တကွ ၂-ညဉ့်-၃ ညဉ့်ပတ်လုံး အကြင်အတူ အိပ်ခွင့်ကိုလည်း ရကြကုန်၏၊ ထို့အတူ အိပ်ခွင့်သည်လည်း သင့်အတွက်မှာ မရှိတော့ပြီ၊ ပြင်ပသူစိမ်း ဟဲ့လူပြိန်း... သွားလော့၊ တော်ရာချောင်ခြား ပျက်ပြား လေလော့”ဤသို့ ပြောဆိုထိုက်၏၊ အကြင်ရဟန်းသည် ထိုသို့ ဖျက်ဆီးအပ်ပြီးသော သာမဏေဟုသိလျက် ထိုဆိုအပ်ပြီးသောနည်းဖြင့် ဖျက်ဆီးအပ်ပြီးသော သာမဏေကို သွေးဆောင်မှုလည်း သွေးဆောင်အံ့၊ လုပ်ကျွေးမှုလည်း လုပ်ကျွေးစေအံ့၊ အာမိသဓမ္မ သံဘောဂကိုမူလည်း ပြုအံ့၊ သဟသေယျကိုမူလည်း ပြုအံ့၊ ထိုရဟန်းမှာ ပါစိတ်အာပတ်သင့်၏။
သပ္ပါဏကဝဂ်ပြီး၏။
စာမျက်နှာ-၂၃၀
သဟဓမ္မိကဝဂ်
က။ သဟဓမ္မိကသိက္ခာပုဒ်
အမှုသည်—အရှင်ဆန္န။
အမှု—သိက္ခာပုဒ်ကို မကျင့်လိုမှု။
သိက္ခာပုဒ်၌ မကျင့်လိုမှု။ ။ ဗုဒ္ဓရှင်တော်၏ ငယ်ကျွန်တော် အရှင်ဆန္နသည် သိက္ခာပုဒ်နှင့် မသင့်မတော်သော အကျင့်ကို ကျင့်၏၊ ထိုအခါ “ဤအမှုကိုမပြုပါနှင့်, မအပ်ပါ”ဟုအခြားရဟန်းတို့က ပြောဆိုအပ်သော် “အရှင်တို့ထက် တတ်သိနားလည်သော အခြားဝိနည်းဓိုရ်ကို အပ်သလား မအပ်ဘူးလား ဟု မမေးရသေးသမျှ ဤသိက္ခာပုဒ်၌ တပည့်တော် မကျင့်နိုင်သေး”ဟုပြော၏၊ ထိုအကြောင်းကို ဗုဒ္ဓရှင်တော် သိတော်မူ၍ အရှင်ဆန္နကို ခေါ်ယူ ကဲ့ရဲ့တော်မူပြီးလျှင် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခူဟိ သဟဓမ္မိကံ ဝုစ္စမာနော ဧဝံ ဝဒေယျ “န တာဝါဟံ, အာဝုသော, ဧတသ္မိံ သိက္ခာပဒေ သိက္ခိဿာမိ, ယာဝ န အညံ ဘိက္ခုံ ဗျတ္တံ ဝိနယဓရံ ပရိပုစ္ဆာမီ”တိ, ပါစိတ္တိယံ။ သိက္ခမာနေန, ဘိက္ခဝေ, ဘိက္ခုနာ အညာတဗ္ဗံ ပရိပုစ္ဆိတဗ္ဗံ ပရိပဉှိတဗ္ဗံ, အယံ တတ္ထ သာမီစိ။
မြန်မာပြန်။ ။ “ယောပန ဘိက္ခု” မှစ၍ “ပါစိတ္တိယံ” တိုင်အောင် မြန်မာပြန်မှာ ဝတ္ထုကြောင်းအတိုင်း သိသာပြီး “သိက္ခမာနေန ဘိက္ခဝေ၊ ပေ၊ အယံ တတ္ထ သာမိစိ”ဟူသော စကားတော်ကား ရဟန်းဟူသမျှ လိုက်နာရမည့် ကျင့်ဝတ်ကိုပြသော စကားတော်တည်း၊ ရဟန်းမှန်လျှင် သိက္ခာပုဒ်တော်၌ ကျင့်ကြံလိုသော စိတ်ရှိရမည်၊ ကျင့်ကြံလိုစိတ်ရှိသည်ဖြစ်၍ သိက္ခာပုဒ်တိုင်း၏ အနက်အဓိပ္ပါယ်ကို သိအောင် ကြိုးစားရမည်၊ မသိလျှင်လည်း မေးရမည်၊ မေးပြီးနောက်လည်း (ကိုယ်စိတ်ထဲ၌ စွဲနေလောက်အောင်) စဉ်းစားရမည်၊ ဤသို့သိအောင်ပြုရ မသိလျှင်မေးရ, မေးပြီးနောက်လည်း စဉ်းစား ရခြင်းကား လောကုတ္တရာတရားကို ရဖို့ရန် လျော်ကန်သော အကြောင်းပေတည်း။
စာမျက်နှာ-၂၃၁
ခ။ ဝိလေခနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ဝိနည်းသိက္ခာပုဒ်ကို ကဲ့ရဲ့ မှု။
ဝိနည်း မျိုးမွမ်းတော်မူခြင်း။ ။ အခါတစ်ပါး၌ ဘုရားရှင်သည် ဝိနည်းနှင့်စပ်သော တရားစကားကို များစွာ ဟောပြောတော်မူ၏၊ ဝိနည်းသိက္ခာပုဒ် (မာတိကာ)ကို အကျယ်ချဲ့၍ ဝိနည်းကို သင်ယူခြင်း၏ ဂုဏ်ကျေးဇူးများကို ဟောတော်မူ၏၊ ဟောတော်မူပုံကား—
၁။ ဝိနည်းကို နားလည်သော(ဝိနည်းဓိုရ်)ပုဂ္ဂိုလ်သည် မိမိသီလကိုလည်း လုံခြုံအောင် စောင့်ထိန်းနိုင်၏။ “နားမလည်သူကား မည်ကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်ရမည်ဟု မသိသောကြောင့် သီလကျိုး ပျက် ပေါက်ကြားလျှက် ရှိတတ်သည်” ဟူလို။
၂။ ဝိနည်းနှင့်စပ်၍ အပ်လေသလား မအပ်လေသလားဟု ယုံမှား သံသယရှိနေသော ရဟန်းကောင်းများ၏ မှီခိုအားထားရာလည်း ဖြစ်၏။ “ထိုဝိနည်းဓိုရ်ထံ မေးမြန်းလိုက်ရမှ သံသယကင်း၍ စိတ်ရှင်းသွားသည်”ဟူလို။
၃။ မိမိက အပ်-မအပ်ကို ပြတ်ပြတ်သားသား နားလည်ပြီးဖြစ်သောကြောင့် သံဃာ့အလယ်၌ ပြောဆိုဆုံးဖြတ်ဖွယ်ရှိလျှင် ရဲရဲရင့်ရင့် ပြောဆိုနိုင်၏။
၄။ သာသနာတော်၏ ဆူးငြောင့် ခလုတ်သဖွယ်ဖြစ်သော ရန်သူ့, မိမိ၌ စွပ်စွဲလာသော ရန်သူများကို (ဝိနည်း ဥပဒေတော်ကို ညွှန်ပြ၍ ကျကျ နန နိုင်နင်းနိုင်၏။
၅။ သူတော်ကောင်းတရား (သာသနာတော်)တည်တံ့ဖို့ရာ ကျင့်သော ပုဂ္ဂိုလ်လည်းဖြစ်၏၊ ဤသို့စသည်ဖြင့် ဝိနည်းကို သင်ယူခြင်း၏ အကျိုးများကို ဟောတော်မူသည်။
ဝိနည်းအရာဝယ် ဧတဒဂ်ရတော်မူသော အရှင်ဥပါလိ၏ ဂုဏ်ကျေးဇူးကိုလည်း (ဥပါလိသည် ဤသို့ဤပုံ ဝိနည်းကို တတ်သိ နားလည်၏-စသည်ဖြင့် ဝိနည်းနားလည်ပုံ အမျိုးမျိုးကိုညွှန်ပြ၍)မိန့်တော်မူ၏၊ ဤသို့ မိန့်တော် မူခြင်းကား ရဟန်းအများ ဝိနည်းသင်ယူချင်လာအောင် မိန့်တော်မူခြင်းဖြစ် သည်။
စာမျက်နှာ-၂၃၂
ရဟန်းများ ဝိနည်းသင်ကြပုံ။ ။ ဤပြုခဲ့သော နည်းအားဖြင့် ဘုရားရှင်သည် ဝိနည်း၏ ဂုဏ်ကျေးဇူးကိုလည်းကောင်း, ဝိနည်းဓိုရ် အရှင်ဥပါလိ၏ ဂုဏ်ကျေးဇူးကိုလည်းကောင်း, မိန့်တော်မူသောအခါ များစွာသော ရဟန်းတို့သည် ဝိနည်းကိုတတ်သိ နားလည်လိုသောစိတ်, အရှင်ဥပါလိအထံ ဝိနည်းကို သင်ယူလိုသောစိတ်များ ဖြစ်ပေါ်လာကြသောကြောင့် ရဟန်းငယ် ရဟန်းလတ်နှင့် ထေရ်ကြီးအများပင် အရှင်ဥပါလိအထံ၌ ဝိနည်းတရားတော်ကို သင်ယူကြလေသည်။ [ထိုသို့ သင်ယူ၍ မိမိတို့ သိသမျှကိုလည်း “ဘယ်ဟာကို ပြုကောင်းတယ်, ဘယ်ဟာကို မပြုကောင်းဘူး စသည်ဖြင့် ပြောကြဟန်တူသည်။]
ဆဗ္ဗဂ္ဂီတို့ ဝိနည်းကဲ့ရဲ့ပုံ။ ။ ထိုသို့ ရဟန်းကောင်းအများပင် ဝိနည်းကို သင်ယူလေ့လာကြသောအခါ (အရာရာ၌ ပေါ့ပေါ့ဆဆနေလို ကြသော) ဆဗ္ဗဂ္ဂီရဟန်းတို့ တိုင်ပင်ကြသည်မှာ-“ငါ့လူတို့...ယခုအခါ ရဟန်းအများပင် ဥပါလိအထံ၌ ဝိနည်းကို သင်ယူနေကြသည်၊ သူတို့တတွေ ဝိနည်းတတ်လာတဲ့အခါ ငါတို့ကို (ယေနိစ္ဆကံ = အလိုရှိသော အကြောင်းအရာဖြင့်။ ယဒိစ္ဆကံ-အလိုရှိသော အပြစ်သို့၊ ယာဝဒိစ္ဆကံ-အလိုရှိတိုင်း) ဆွဲကြငင်ကြလိမ့်မည် ... ဒါ့ကြောင့် ငါတို့က ဝိနည်း အပြစ်ကို ယခုနှယ်က တင်ကြို၍ ပြောထားကြစို့
ဤသို့ တိုင်ပင်ကြပြီးလျှင်... “ဤ ခုဒ္ဒါနုခုဒ္ဒက (သေးသေးနုပ်နုပ်) သိက္ခာပုဒ်ကလေးတွေကို သင်ယူနေခြင်းဖြင့် ဘာအကျိုးရှိမှာလဲ၊ (ပါရာဇိက, သံဃာဒိသေသ် သိက္ခာပုဒ်ကြီးတွေကို တတ်သိ နားလည်လျှင်တော် ရော့ပေါ့-ဟု ဆိုလိုသည်)၊ ဤ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်ကလေးတွေဟာ (သူတို့ကို သင်အံလေ့ကျက် ဆောင်ရွက်နေသမျှ) ကုက္ကုစ္စ-ဝိဟေသ-ဝိလေခ ဖြစ်ဖို့သာရှိတယ်၊ (သည့်ပြင် ဘာအကျိုးမှမရှိ)ဟု-သိက္ခာပုဒ်များကို ကဲ့ရဲ့ကြလေသည်။
ကုက္ကုစ္စ။ ။ တစ်စုံတစ်ခု မိပြောမိလျှင် ငါပြုတာ ငါပြောတာ အပြစ် ရှိလေမလား, မရှိဘူးလား ဟု တွေးတော ကြံဆနေမှုကို “ကုက္ကုစ္စ”ဟု ခေါ်၏။
ဝိဟေသာ။ ။ ထိုသို့တွေးတောနေရသဖြင့် စိတ်ပင်ပန်းမှုကို “ဝိဟေသာ” ဟု ခေါ်၏။
ဝိလေခ။ ။ ဤသို့ ကုက္ကုစ္စဖြစ်နေသောအခါ စိတ်ကို တစ်စုံတစ်ခုဖြင့် ရေးခြစ်နေသကဲ့သို့ ဖြစ်ခြင်းကို “ဝိလေခ”ဟု ခေါ်သည်။
စာမျက်နှာ-၂၃၃
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ပါတိမောက္ခေ ဥဒ္ဒိဿမာနေ ဧဝံ ဝဒေယျ “ကိံ ပနိမေဟိ ခုဒ္ဒါနုခုဒ္ဒကေဟိ သိက္ခာပဒေဟိ ဥဒ္ဒိဋ္ဌေဟိ, ယာဝဒေဝ ကုက္ကုစ္စာယ ဝိဟေသာယ ဝိလေခါယ သံဝတ္တန္တီ”တိ, သိက္ခာပဒဝိဝဏ္ဏကေ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ပါတိမောက်ကို ရွတ်ဆိုအပ်သော် ဤသို့ ပြောဆိုအံ့၊ (အဘယ်သို့ ပြောဆိုရာသနည်း၊) “ရွတ်ဆိုအပ်ကုန်သော ငယ်ကုန် သာ၍ငယ်ကုန်သော ဤသိက္ခာပုဒ်တို့ဖြင့် ဘာအကျိုးရှိမှာလဲ၊ ဤခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်တို့သည် အလွန်အကဲသာလျှင် ကုက္ကုစ္စ အကျိုးငှါလည်းကောင်း, ပင်ပန်းခြင်းငှါလည်းကောင်း, စိတ်ကိုရေးခြစ်သကဲ့သို့ ဖြစ်သော ဝိစိကိစ္ဆာ အကျိုးငှါလည်းကောင်း, ဖြစ်ကုန်၏။ ဤသို့ ပြောဆိုအံ့၊ ဤသို့ သိက္ခာပုဒ်ကို ကဲ့ရဲ့ခြင်းကြောင့် ထိုရဟန်းမှာ ပါစိတ်အာပတ် သင့်၏။
မှတ်ချက်။ ။ ဝိနည်းကို ကဲ့ရဲ့၍ ဝိနည်းကို မသင်ကြပါနှင့်”ဟု ပြောလျှင်လည်း ဤသိက္ခာပုဒ်အရ အပြစ်ရှိ၏။ ကဲ့ရဲ့လို၍ မဟုတ်ဘဲ “သုတ္တန်ကို အလျင် သင်ပါ, နောက်မှ ဝိနည်းသင်တာပေါ့”ဟု ပြောခြင်း မျိုးကား အာပတ် မသင့်။
ဂ။ မောဟနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ။
အမှု—သိလျက်အပြစ်ကိုပြုပြီးနောက် မသိ၍ ပြုမိဟန်ဆောင်မှု။
ဆဗ္ဗဂ္ဂီများ ဉာဏ်။ ။ ဆဗ္ဗဂ္ဂီရဟန်းများသည် ဝိနည်းနှင့် မလျော်သော အမှုကို ပြုကြ၏၊ [လောက၌ မသိလို့ အပြစ်ပြုမိသူကို ပတ်ဝန်းကျင်က သိပ်ပြီး အထင်မသေးလှ၊ သိလျက် အပြစ်ပြုသူကိုသာ အထင်သေးကြ အပြစ်တင်တတ်ကြလေသည်။] ထိုထုံးစံကို နားလည်ပြီးသော ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဥပုသ်ပြုသောအခါ၌ ပါတိမောက်ကို ရွတ်ဆိုရာတွင် သူတို့ ပြုမိသော အပြစ်မျိုးကို မပြုလုပ်ကောင်းကြောင်း ညွှန်ပြသော သိက္ခာပုဒ်သို့ရောက်လေလျှင် “ဟင်...ခုမှသိရတယ်၊ ဤသိက္ခာပုဒ်လဲ တလခွဲ တစ်ကြိမ်ကျ ပါတိမောက် ရွတ်ပြရာတွင် ပါဝင်သကိုး”ဟု ပြောဆိုကာ မသိဟန်ဆောင်ကြလေသည်။
စာမျက်နှာ-၂၃၄
မောဟန ကံပြုပုံ။ ။ သူက မသိဟန် ဆောင်သော်လည်း ရှေးအလျင် ပါတိမောက်ရွတ်ပြစဉ်က (ဥပုသ်ပြုစဉ်က) ၂-ခါ ၃-ခါထက် မနည်း ပါဝင်ဘူးကြောင်းကို အများလည်း သိနေအံ့၊ ယခုအကြိမ်မှ ပါတိမောက်ကို ပထမကြားနာရသူမဟုတ်၊ ရှေးဥပုသ်နေ့များ တုန်းကလည်း ၂-ခါ ၃-ခါ ကြားနာဘူးပြီ ဟူလို၊] ထိုသို့ ရှေးကလည်း ကြားဘူးပါလျက် ယခုမှ ကြားသိရလေဟန်ဆောင်သူကို မောဟနကံသို့ တင်ရမည်၊ “မောဟနကံသို့တင်’ဆိုသည်ကား မသိဟန်ဆောင်သူအား ပြုအပ်သောကံကို သံဃာ့အလယ်မှာ ဉတ်ကမ္မဝါစာဖြင့် ရွတ်ဆို၍ မောဟနကံ (မသိဟန်ဆောင်သူအား ပြုအပ်သောကံ)ပြုရမည်-ဟုဆိုလိုသည်။ မောဟနကံ မပြုမီက မသိဟန်ဆောင်မှုကြောင့် ဒုက္ကဋ်အာပတ်သာ သင့်၏၊ မောဟနကံ ပြုပြီးနောက်မှ ထပ်၍ မသိဟန်ဆောင်လျှင်ကား ဤသိက္ခာပုဒ်အရ ပါစိတ် အာပတ်သင့်၏။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု အနွဒ္ဓမာသံ ပါတိမောက္ခေ ဥဒ္ဒိဿမာနေ ဧဝံ ဝဒေယျ “ဣဒါနေဝ ခေါ အဟံ ဇာနာမိ, အယမ္ပိ ကိရ ဓမ္မော သုတ္တာဂတော သုတ္တပရိယာပန္နော အနွဒ္ဓမာသံ ဥဒ္ဒေသံ အာဂစ္ဆတီ”တိ။ တဉ္စေ ဘိက္ခုံ အညေ ဘိက္ခူ ဇာနေယျုံ နိသိန္နပုဗ္ဗံ ဣမိနာ ဘိက္ခုနာ ဒွတ္တိက္ခတ္တုံ ပါတိမောက္ခေ ဥဒ္ဒိဿမာနေ, ကော ပန ဝါဒေါ ဘိယျော, န စ တဿ ဘိက္ခုနော အညာဏကေန မုတ္တိ အတ္ထိ, ယဉ္စ တတ္ထ အာပတ္တိံ အာပန္နော, တဉ္စ ယထာဓမ္မော ကာရေတဗ္ဗော, ဥတ္တရိ စဿ မောဟော အာရောပေတဗ္ဗော “တဿ တေ, အာဝုသော, အလာဘာ, တဿ တေ ဒုလ္လဒ္ဓံ, ယံ တွံ ပါတိမောက္ခေ ဥဒ္ဒိဿမာနေန သာဓုကံ အဋ္ဌိံ ကတွာ မနသိ ကရောသီ”တိ, ဣဒံ တသ္မိံ မောဟနကေ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် အစဉ်အားဖြင့် လခွဲတိုင် ပါတိမောက် ရွတ်ပြအပ်သော် ဤသို့ ပြောဆိုအံ့၊ (အဘယ်သို့ ပြောဆိုရာသနည်း) “ယခုမှသာ တပည့်တော် သိရတယ်၊ ဤသိက္ခာပုဒ် တရားတော်သည်လည်း ပါတိမောက် ပါဠိတော်၌လာသည်။ ပါတိမောက် ပါဠိ
စာမျက်နှာ-၂၃၅
တော်၌ အကျုံးဝင်သည်ဖြစ်၍ လခွဲတိုင်းရွတ်ပြအပ်သည်၏ အဖြစ်သို့ ရောက်သကိုး”ဤသို့ ပြောဆိုအံ့၊ ထိုရဟန်းကို အခြားရဟန်းတို့က ဤရဟန်းသည် ၂-ကြိမ် ၃-ကြိမ် ပါတိမောက်ရွတ်ပြအပ်စဉ် ဥပုသ်ပြုသံဃာတွင် ပါဝင်နေထိုင်အပ်ဘူးသည်ကို အကယ်၍ သိကုန်အံ့၊ ၂-ကြိမ် ၃-ကြိမ်ထက်အလွန် ပါဝင်ဘူးမူကား ပြောဖွယ်မရှိတော့ချေ။
ဆက်ဦးအံ့။ ။ ထိုရဟန်းမှာ မသိဟန်ဆောင်ခြင်းကြောင့် အာပတ်မှ လွတ်ခွင့်မရှိ၊ ထိုသိက္ခာပုဒ် လွန်ကျူးခဲ့ရာ၌ အကြင်အာပတ်သို့ ရောက်ပြီ ထိုအာပတ်ကိုလည်း ဝိနည်းသိက္ခာပုဒ်မှာ ပါသော အခြင်းအရာအားဖြင့် ကုစားစေထိုက်၏၊ ထို့ထက် တိုးတက်၍လည်း ထိုရဟန်း၏ အပေါ် မောဟကံတင်ရမည်၊ (အဘယ်သို့ ကဲ့ရဲ့ပြီး၍ တင်ရမည်နည်း) “ငါ့ရှင် အကြင်သင်သည် ပါတိမောက်ရွတ်ပြအပ်စဉ် ကောင်းမွန်စွာအကျိုးရှိသည် ကိုပြု၍ နှလုံးမသွင်း, ထိုသင်သည် ဒိဋ္ဌဓမ္မိက သမ္ပရာယိက လာက်တို့ကိုမရအပ် လေကုန်စွ၊ ထိုသင်သည် ကံကောင်းထောက်မသဖြင့် ရအပ်သောလူ အဖြစ်ကို အရမတော်လေစွ” ဤသို့ကဲ့ရဲ့ပြီး၍ မောဟကံသို့ တင်ရမည်၊ ထိုမသိဟန်ဆောင်သော ပုဂ္ဂိုလ်၌ ဤပါစိတ်အာပတ် သင့်သည်။
မှတ်ချက်။ ။ “မသိဟန်မဆောင်ခင်က ကျူးလွန်မိသောအာပတ်ကို ဝိနည်းတရားတော်အတိုင်း ကူစားရမည်” ဟူရာ၌ မေထုန်မှီဝဲခြင်း, သူ့ဥစ္စာ ခိုးခြင်း စသောပါရာဇိကကို ပြုမိလျှင် လူထွက်စေရမည်၊ သံဃာဒိသေသ်စသော အာပတ်ကို ကျူးလွန်မိလျှင်လည်း သံဃာဒိသေသ်စသည့် ထုံးစံအတိုင်း ကုစားစေရမည်။ မသိဟန်ဆောင်သည့်အတွက် သင်ပြီးသောအာပတ်မှလည်း လွတ်လပ်သက်သာခွင့်မရ ဟုမှတ်။
ဃ။ ပဟာရသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု —ရိုက်နှက် ပုတ်ခတ်မှု။
ဆဗ္ဗဂ္ဂီနှင့် သတ္တရသဝဂ္ဂီ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီ ရဟန်းကလေးတို့ကို ရိုက်နှက်ပုတ်ခတ်ကြကုန်၏။ ရဟန်းကလေးတို့သည် ငိုကြ ရှာကုန်၏၊ ထို့အကြောင်းကို ဘုရားရှင်ကြားသိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ယော ပန ဘိက္ခု ဘိက္ခုဿ ကုပိတော အနတ္တမနော ပဟာရံ ဒဒေယျ, ပါစိတ္တိယံ။
စာမျက်နှာ-၂၃၆
မြန်မာပြန်။ ။ အကြင်ရဟန်းသည် စိတ်ဆိုးသည် မိမိစိတ်မရှိသည်ဖြစ်၍ ရဟန်းအား ပုတ်ခတ်ခြင်းကို ပေးအံ့၊ ထိုရဟန်း ပါစိတ်အာပတ် သင့်၏။
မှတ်ချက်။ ။ ရဟန်းကို ရိုက်နှက်ပုတ်ခတ်လျှင် ပါစိတ်၊ လူ-သာမဏေ တိရစ္ဆာန်တို့ကို ရိုက်နှက်ပုတ်ခတ်လျှင် ဒုက္ကဋ်အာပတ်၊ သေစေလိုသော စေတနာ မရှိဘဲ နာကျင်အောင် ရိုက်နှက်ရာက မတော်တဆ လက်လွန်၍ သေသွားစေကာမူ ပါရာဇိကမကျ၊ သူတစ်ပါးက နှိပ်စက်လာသဖြင့် သူတို့ဘေးမှ လွတ်မြောက်အောင် ကာကွယ်ရာ၌ကား လက်လွန်၍ သေစေကာမူ အာပတ်မသင့်။
င။ တလသတ္တိကသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ရိုက်နှက်တော့မလိုချိန်ရွယ်မှု။
ဆဗ္ဗဂ္ဂီနှင့် သတ္တရသဝဂ္ဂီ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီ ရဟန်းကလေးတို့အား ရိုက်တော့မည့် ဟန်ဖြင့် ချိန်ရွယ်ကြကုန်၏၊ သတ္တရသဝဂ္ဂီ ရဟန်းကလေးတို့သည် ရှေးကအရိုက်ခံရဘူးလှသဖြင့် ယခုလည်း ရိုက်တော့မည်ထင်ရကား ရွယ်ရုံဖြင့် ငိုကြလေတော့၏၊ ထိုအကြောင်းကို ဘုရားရှင်ကြားသိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုဿ ကုပိတော အနတ္တမနော တလသတ္တိကံ ဥဂ္ဂိရေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ရဟန်း၏အပေါ်၌ စိတ်ဆိုးသည် မိမိစိတ်မရှိသည်ဖြစ်၍ လှံ၏အလား လက်ဝါးပြင်ကို မိုးအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ရိုက်မည်ဟု မကြံရွယ်ဘဲ ခြိမ်းချောက်လိုသောကြောင့်ရဟန်းအပေါ်၌ လက်ဝါးကြီး တမိုးမိုး, လက်သီးတရွယ်ရွယ်, တုတ်ဓါးတပြပြ လုပ်လျှင် ပါစိတ်၊ ထိုသို့ ခြိမ်းချောက်ရွယ်မိုးရင်း အားလွန်သွား၍ ရိုက်မိလျှင် ထိုရိုက် မိမှုကြောင့် (ရိုက်မည်ဟု ရည်ရွယ်ချက်မရှိရကား) ရှေးသိက္ခာပုဒ်အရ ပါစိတ်ထပ်၍ မသင့်ဘဲ ဒုက္ကဋ်သာ ထပ်၍ သင့်တော့၏၊ ရန်သူက ရန်မူလာ၍ လွတ်မြောက်အောင် ချိန်ရွယ်ရာ၌ကား အာပတ်မသင့်ပါ။
စာမျက်နှာ-၂၃၇
စ။ အမူလကသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ရဟန်းတစ်ပါးကို သံဃာဒိသေသ်အာပတ်ဖြင့်စွပ်စွဲမှု။
ဆဗ္ဗဂ္ဂီနှင့် ရဟန်းတစ်ပါး။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် (မိမိတို့ကိုယ်တိုင် သူများကစွပ်စွဲဖွယ် အပြစ်တွေများလှသဖြင့် သူတစ်ပါးကို မိမိတို့က စွပ်စွဲထားလျှင် သူတို့ကို အခြားရဟန်းများက မစွပ်စွဲနိုင်ဟု အယူရှိရကား) ရဟန်းတစ်ပါးအား သံဃာဒိသေသ် အာပတ် သလောက်သော အမှုတစ်စုံတရာ ပြုနေသည်ကို မြင်လည်းမမြင်, တဆင့် စကာလည်းမကြား, ပြုနေဟန်တူသည်ဟု ယုံမှားသံသယလည်း မဖြစ်ပါဘဲ (မြင်မှု, ကြားမှု, ယုံမှားမှုတွင် တစ်စုံတစ်ခုမျှ အကြောင်းရင်းအခြေခံ မရှိပါဘဲ) သက်သက် “ကိုယ်တော်မှာ သံဃာဒိသေသ် အာပတ်သင့်သည်” ဟု စွပ်စွဲ ပြောဆိုကြလေ၏။ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုံ အမူလကေန သံဃာဒိသေသေန အနုဒ္ဓံသေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ရဟန်းကို အခြေအမြစ် မရှိသော သံဃာဒိသေသ်အာပတ်ဖြင့် စွပ်စွဲအံ့၊ ထိုရဟန်း ပါစိတ်အာပတ် သင့်၏။
မှတ်ချက်။ ။ ပါရာဇိကဖြင့် စွပ်စွဲလျှင် သံဃာဒိသေသ်အာပတ်ဟု သံဃာဒိသေသ် အခန်း၌ပြခဲ့ပြီ၊ ပါစိတ်စသော အောက်အာက်များဖြင့် စွပ်စွဲလျှင် ဒုက္ကဋ်အာပတ်၊ လူနှင့်သာမဏေများကို အပြစ်တစ်စုံတစ်ခုဖြင့် စွပ်စွဲလျှင်လည်း ဒုက္ကဋ်အာပတ်ပင်။
ဆ။ သဉ္စိစ္စသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ
အမှု—ကုက္ကုစ္စကို ဖြစ်စေမှု။
ကုက္ကုစ္စ။ ။ “ကုက္ကုစ္စ”ဟူသည် “ဟုတ်လေသလား, မဟုတ်လေလား”-အပ်ပါ့မလား, မအပ်ဘဲများ နေမလား”စသည်ဖြင့် စဉ်းစားခြင်း တွေးတောခြင်းတည်း၊ ထိုစဉ်းစားမှုသည် တချို့နေရာ၌ ဉာဏ်နှင့်ယှဉ်သော ဝိတက် ဖြစ်၍ စိတ်မပန်း၊ တချို့နေရာ၌ကား စိတ်မချမ်းသာမှု ဒေါမနဿနှင့်ယှဉ်သော ဝိတက်ဖြစ်၍ စိတ်ပင်ပန်း၏။
စာမျက်နှာ-၂၃၈
ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီ ရဟန်းကလေးများကို စိတ်မချမ်း မသာဖြစ်စေလိုသောကြောင့် “ငါ့ရှင်ကလေးတို့....မြတ်စွာဘုရားက အသက် ၂၀ မပြည့်သေးသူကို ရဟန်းပြု မပေးရဘူး, ရဟန်းပြုပေးသော်လည်း ရဟန်းမဖြစ်ဘူး”လို့ မိန့်တော်မူတယ်၊ ငါ့ရှင်ကလေးတို့လဲ ၇-နှစ် အသွယ် ရဟန်းပြုထားကြတယ်။ ဘယ့်နှယ်လဲ သင်တို့ (ရဟန်းမဖြစ်ဘဲ) သာမဏေများ ဖြစ်နေကြပါ့မယ်”ဟု ပြောဆိုကြလေရာ ရဟန်းကလေးတွေ ငိုရှာကြလေသည်။ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုဿ သဉ္စိစ္စ ကုက္ကုစ္စံ ဥပဒဟေယျ “ဣတိဿ မုဟုတ္တမ္ပိ အဖာသု ဘဝိဿတီ”တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ရဟန်း၏ အပေါ်၌ သညာနှင့်တကွ စေ့ဆော်၍ ကုက္ကုစ္စဖြစ်စေအံ့၊ (အဘယ်သို့ ရည်ရွယ်၍ ဖြစ်စေသနည်း) “ဤသို့ဖြစ်စေရလျှင် ထိုရဟန်းမှာ တမဟုတ်မျှလည်း မချမ်းသာမှုသည် ဖြစ်လိမ့်မည်”ဤသို့ရည်ရွယ်၍ ဤစိတ်မချမ်းသာ စေလိုခြင်းကိုသာလျှင် အကြောင်းပြု၍ အခြားအကြောင်း မရှိဘဲ ကုက္ကုစ္စကို ဖြစ်စေအံ့၊ ထိုရဟန်းပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ သူတစ်ပါးကို စိတ်မချမ်းသာစေလိုသော သဘောဖြင့် “ကိုယ်တော် ဆွမ်းစားတုန်းက နေ့လွဲသွားဟန်တူတယ်၊ ကိုယ်တော်သောက်တဲ့အရည်ဟာ သေရည်ထင်တယ် စသည်ဖြင့် ကုက္ကုစ္စဖြစ်အောင် ပြောသမျှ ဤသိက္ခာပုဒ်အရ အာပတ်သင့်၏။ သတ္တရသဝဂ္ဂီရဟန်းကလေးများသည် “အသက် ၂၀ မပြည့်ခင် ရဟန်းမပြုရ”ဟု ပညတ်တော်မမူမီက ရဟန်း ဖြစ်နှင့်သောကြောင့် ရဟန်းအစစ် ဖြစ်မှန်းသိလျက် ဆဗ္ဗဂ္ဂီရဟန်းတို့က တမင်သက်သက် ကုက္ကုစ္စဖြစ်အောင် ပြောဆိုကြခြင်း ဖြစ်သည်။ လူသာမဏေများကို ထိုကဲ့သို့ ကုက္ကုစ္စဖြစ်အောင် လုပ်လျှင် ဒုက္ကဋ်၊ စိတ်ကောင်း စေတနာကောင်းဖြင့် “ကိုယ်တော်ရဟန်းပြုတုန်းက အသက် ၂၀ ပြည့်ရဲ့လား”စသည်ပြောလျှင် အာပတ်မသင့်။
စာမျက်နှာ-၂၃၉
ဇ။ ဥပဿုတိသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ရန်ဖြစ်သော ရဟန်းများ စကား ပြောနေသည်ကို ချောင်း၍ နားထောင်မှု။
သူတော်ကောင်းရဟန်းများနှင့် ရန်ဖြစ်ခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သီလစင် သူတော်စင် ရဟန်းများနှင့် ငြင်းကြခုန်ကြ ခိုက်ရန်ဒေါသ ဖြစ်ကြလေသည်၊ ထိုအခါ သီလစင်ကြယ်သော ရဟန်းတို့သည် သူတို့အချင်းချင်း ကွယ်ရာ၌ ပြောဆိုကြသည်မှာ..... “အရှင်ဘုရားတို့ ဆဗ္ဗဂ္ဂီရဟန်းတွေဟာ အလဇ္ဇီတွေဖြစ်တယ်၊ သူတို့နှင့်ဘက်ပြိုင်၍ ရန်မဖြစ်ထိုက်ဘူး” ဤသို့ ပြောဆိုကြလေသည်။ ထိုသို့ပြောဆို နေသံကို ချောင်း၍ နားထောင်သော ဆဗ္ဗဂ္ဂီရဟန်းတို့ ကြား၍ “ကိုယ်တော်တို့က တပည့်တော်တို့ကို ဘာ့ကြောင့် အလဇ္ဇီလို့ ပြောရသလဲ”ဟု သွား၍ ပြောဆိုကြသော် “ကိုယ်တော်တို့ ဘယ်ကကြားသလဲ”တပည့်တော်တို့ ကိုယ်တော် ပြောတဲ့အနီးမှာဘဲ တည်ရှိနေကြတယ်”ဟုပြောကြလေသည်၊ ထိုသို့ ချောင်း၍ နားထောင်မှုမှစ၍ အကျယ်အကျယ်ငြိမ်းဖွယ်ကို ဘုရားရှင် ကြားသိတော်မူသောကြောင့် ဤသိက္ခာပုဒ်ကိုပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခူနံ ဘဏ္ဍနဇာတာနံ ကလဟဇာတာနံ ဝိဝါဒါပန္နာနံ ဥပဿုတိံ တိဋ္ဌေယျ “ယံ ဣမေ ဘဏိဿန္တိ, တံ သောဿာမီ”တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် မိမိတို့ဘက်တွင် တိုင်ပင်ခြင်းရှိကုန်သော ခိုက်ရန်ရှိကုန်သော ငြင်းခုံခြင်းသို့ ရောက်ကြကုန်သော ရဟန်းတို့၏ တိုင်ပင်သံ၏ အနီး၌ (တိုင်ပင်သံကို ကြားလောက်ရာအရပ်၌) တည်နေအံ့၊ (အဘယ်သို့ကြံ၍ တည်နေသနည်း၊) “ဤရဟန်းတွေ အကြင်စကားကို ပြောကြလိမ့်မည်၊ ထိုစကားကို နားထောင်အံ့”၊ ဤသို့ကြံ၍ ဤနားထောင်လိုခြင်းကိုသာလျှင် အကြောင်းပြု၍ အခြား အကြောင်းမရှိဘဲ တည်အံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ချောင်း၍နားထောင်ရာ၌ သူတို့စကားကိုကြားလျှင် သူတို့ကိုပြန်၍ချေပမည်-စွပ်စွဲမည်ဟု မတရား ရည်ရွယ်ချက်ဖြင့်နားထောင်မှသာ အာပတ်သင့်သည်၊ စိတ်ကောင်း စေတနာကောင်းဖြင့် ငါ့ကို သူတို့အထင်လွဲခြင်းမှ
စာမျက်နှာ-၂၄၀
လွတ်စေမည်၊ ထိုအမှုကို ငြိမ်းအေးအောင်လုပ်မည်”စသည်ဖြင့် ကြံရွယ်၍ နားထောင်လျှင်ကား အာပတ်မသင့်၊ ရန်ဘက်ဖြစ်သော လူသာမဏေတို့၏ တိုင်ပင်သံကို ချောင်း၍ နားထောင်ရာ၌ ဒုက္ကဋ်အာပတ်။
ဈ။ ကမ္မပတိဗာဟနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု−ဆန္ဒပေးပြီးမှ ကံကိုတားမြစ်မှု။
ကံပြုရာ၌ ထုံးစံ။ ။ ကံသည် ရဟန်းခံခြင်းကိစ္စကဲ့သို့ ပုဂ္ဂိုလ် တစ်ပါးပါးကို ချီမြှောက်သော (ပဂ္ဂဟ)ကံလည်းရှိ၏၊ ရဟန်းတစ်ပါးကို သံဃာကအပေါင်းအသင်း မပြုဖို့ရန် ထုတ်ပယ်သော (နိဂ္ဂဟ) ကံလည်းရှိ၏၊ သံဃာစည်းဝေး၍ ပြုရသော ထိုကံ ဟူသမျှ၌ ထိုအစည်းအဝေးတွင် ပါဝင်သော သံဃာအားလုံး သဘောတူ ကျေနပ်မှ ထိုကံ အထမြောက်သည်၊ ကံပြုရာတွင် ကိုယ်တိုင်မလိုက်နိုင်သော ရဟန်းများလည်း (သိမ်ထဲမှာနေလျှင်) ယခုပြုမည့်ကံကို သဘောတူကြောင်း ဆန္ဒပေး လိုက်ရသည်၊ ထိုသို့ ဆန္ဒပေးလျှင် မည်သည့်ကံကို ပြုပြု သဘောတူပြီး ဖြစ်တော့သည်။
ဆဗ္ဗဂ္ဂီတို့ကို နှိပ်သောကံပြုခြင်း။ ။ “ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် မတော်မလျော်သော အကျင့်ကို ကျင့်လေ့ရှိသောကြောင့် ထိုအကျင့်မှ ရှောင်ပါစေတော့ ဟု သဘောထား၍ ဆဗ္ဗဂ္ဂီ တစ်ပါးပါးကို သံဃာမှ ဝိုင်းပယ်သော နိဂ္ဂဟကံတစ်ခုခုကို ပြုမည်ဟု သံဃာစည်းဝေးလျှင် ထိုဆဗ္ဗဂ္ဂီ အများကပင် ဝိုင်း၍ကန့်ကွက်ကြသောကြောင့် ကံအထမမြောက်ဘဲ ရှိခဲ့ကြလေသည်။ အခါတစ်ပါး၌ကား “သံဃာက ကံတစ်ခု ပြုစရာရှိလို့ သံဃာများ ကြွပါ” ဟု အစည်းအဝေးဖိတ်သောအခါ ဆဗ္ဗဂ္ဂီအများပင် သင်္ကန်း ချုပ်ဆိုးစရာ ကိစ္စရှိ၍ မလိုက်နိုင်ကြဘဲ ဆဗ္ဗဂ္ဂီတစ်ပါးအား ဆန္ဒယူသွားပါဟု ပြော၍ ဆန္ဒပေးလိုက်ကြလေသည်။
ထိုအခါ သံဃာက ထိုရောက်လာသောဆဗ္ဗဂ္ဂီတစ်ပါးကိုပင် နှိပ်သောကံကို ပြုလိုက်ကြလေသည်၊ ထိုကံပြုခံရသော ရဟန်းပြန်သွားသောအခါ “သံဃာက ဘာကံပြုသလဲ”ဟုတို့က မေးကြလေသည်၊ ထိုအခါ “တပည့်တော်ကို ကံပြုလိုက်ကြသည်” ဟု ပြောလေသော်... “ဟာ...တပည့်တော်တို့ ဆန္ဒပေးတာက ကိုယ်တော်ကို ကံပြုဖို့ ပေးတာမဟုတ်ဘူး၊ ကိုယ်တော်ကို
စာမျက်နှာ-၂၄၁
ကံပြုမည်မှန်းသိလျှင် တပည့်တော်တို့က ဆန္ဒပေးမှာ မဟုတ်ဘူး” ဟုပြောဆိုကာ ထိုကံကို ကဲ့ရဲ့ရှုတ်ချကြလေတော့၏။ ဤအကြောင်းကို ဘုရားရှင်ကြားသိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဓမ္မိကာနံ ကမ္မာနံ ဆန္ဒံ ဒတွာ ပစ္ဆာ ခီယနဓမ္မံ အာပဇ္ဇေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် တရားသဖြင့် ပြုအပ်ကုန်သော ကံတို့ကို့ ဆန္ဒပေးပြီးနောက်၌ ရှုတ်ချခြင်းသဘောသို့ ရောက်အံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ တရားသဖြင့်ပြုအပ်သော ကံကို ကဲ့ရဲ့မှ အာပတ်သင့်သည်။ နဂိုကပင် မတရားပြုသောကံကို မတရားပြုသောကံဟု သိ၍ ကဲ့ရဲ့လျှင်ကား အာပတ် မသင့်။
ဉ။ ဆန္ဒံ အဒတွာ ဂမနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းတစ်ပါး။
အမှု—ဆန္ဒမပေးဘဲ ဖဲသွားမှု။
သံဃာ စည်းဝေးခြင်း။ ။ အခါတစ်ပါး၌ သံဃာတော်သည် ကိစ္စတစ်စုံတစ်ခုအတွက် စည်းဝေးကြ၏၊ ထိုအချိန်၌ ဆဗ္ဗဂ္ဂီရဟန်းအများပင် သင်္ကန်းချုပ်မှု ဆိုးမှုတို့ဖြင့် ကိစ္စများနေကြ၏၊ ထို့ကြောင့် ဆဗ္ဗဂ္ဂီဂိုဏ်းဝင် ရဟန်းတစ်ပါးကို (ထိုပြုမည့်ကံအတွက် သဘောတူကြောင်း) ဆန္ဒပေး၍ လွှတ်လိုက်ကြလေသည်၊ ရှေးခေတ်က ကျောင်းတိုက်ကြီး တစ်ခုလုံးကို သိမ်းကျုံး၍ မဟာသိမ်သမုတ်လေ့ရှိ၏၊ ရာဇဂြိုဟ်မြို့တော်၌ကား ပတ်ဝန်းကျင်ရှိသမျှ ကျောင်းတိုက်တွေကို သိမ်းကျုံး၍ တမြို့လုံးကိုပင် သိမ်သမုတ်ထား၏၊ ဗုဒ္ဓဘာသာဝင် ဟုတ်ဟုတ်-မဟုတ်ဟုတ် အားလုံး လူဝတ်ကြောင်တွေလည်း ထိုမဟာသိမ်အတွင်းမှာပင် အိမ်မှုကိစ္စကို ရွက်ဆောင်နေထိုင်ကြရ၏။
တစ်စုံတစ်ခုကံကို ပြုလိုသောအခါ ထိုသိမ်တွင်း၌ ရဟန်းအများ အစုံအညီ လာနိုင်လျှင် အစုံအညီလာရ၏၊ မလာနိုင်လျှင် ထိုပြုမည့်ကံကို သဘောတူပါကြောင်း ဆန္ဒပေးလိုက်ရ၏၊ ကိုယ်တိုင်လည်းမလာ, ဆန္ဒလည်းမပေးလျှင် ထိုကံအထမမြောက်၊ ထို့ကြောင့် မလိုက်နိုင်သော ဆဗ္ဗဂ္ဂီရဟန်းတို့သည် အားလုံးက ဆန္ဒပေး၍ ဆဗ္ဗဂ္ဂီရဟန်းတစ်ပါးကို အစည်းအဝေးသို့လွှတ်လိုက်ကြ
စာမျက်နှာ-၂၄၂
ရလေသည်၊ ထိုအခါ သံဃာတော်သည် နဂိုကပင် ဆဗ္ဗဂ္ဂီရဟန်းများကို (နှိမ်ချသော)ကံတစ်ခုပြုဖို့ရန် ရည်မှန်း၍ စည်းဝေးခြင်း ဖြစ်သောကြောင့် ထိုလာသော ဆဗ္ဗဂ္ဂီကိုပင် ကံပြုဖို့ရန် ဉတ်ထားလေတော့၏၊ [သံဃာတော်ကို ရှေးဦးစွာ အသိပေးသောစကားကို ဉတ်ဟုခေါ်၏၊ ထိုဉတ်ကို တစ်ပါးက ရွတ်ခြင်းကို “ဉတ်ထားခြင်း”ဟုခေါ်သည်။]
ဆန္ဒမပေးဘဲ ထသွားခြင်း။ ။ ထိုသို့ ဉတ်ထားသောအခါကျမှ ပါလာသော ဆဗ္ဗဂ္ဂီသည် မိမိကို ကံပြုတော့မည့် အကြောင်းကို သိရကား “ဒီကိုယ်တော်တွေဟာ ဒီလိုချည်း ဒို့ဆဗ္ဗဂ္ဂီတွေကို တစ်ပါးစီလာတဲ့အခါ ကံပြုတတ်ကြတယ်၊ ကဲ...ဒီတခါတော့ ဘသူ့ကို ကံပြုနိုင်ကြဦးမှာလဲ” ဟုပြောဆိုကာ ဆန္ဒမပေးဘဲ ထသွားလေတော့သည်၊ [သူကဆန္ဒမပေးဘဲ ထသွားလျှင် သံဃာမညီညွတ်ပြန်ရကား ထိုကံကို မပြုနိုင်တော့ချေ၊ ထိုသို့ကံမပြုနိုင်အောင်ပင် ထိုရဟန်းလည်း ထသွားခြင်း ဖြစ်၏။]
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သံဃေ ဝိနိစ္ဆယကထာယ ဝတ္တမာနာယ ဆန္ဒံ အဒတွာ ဥဋ္ဌာယာသနာ ပက္ကမေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် သံဃာ၌ ဆုံးဖြတ်ကြောင်းစကား ဖြစ်နေစဉ် ဆန္ဒမပေးဘဲ နေရာမှထ၍ ဖဲသွားအံ့၊ ထိုရဟန်း ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ ဝိနိစ္ဆယကထာ (ဆုံးဖြတ်ကြောင်းစကား) ဖြစ်နေစဉ်” ဟူရာ၌ ကံတစ်ခုခုပြုဖို့ရန် အမှုကို ပြောဆို၍ ဆုံးဖြတ်ချက် မချရသေးသည်ကိုလည်းကောင်း, ဉတ်ကမ္မဝါစာရွတ်ဆို၍ ကံပြုရာ၌ ကမ္မဝါစာ မပြီးသေးသည်ကိုလည်းကောင်း, ”ဝိနိစ္ဆယကထာ ဖြစ်နေစဉ် = ဖြစ်တုန်း”ဟုဆိုသည်။
ထိုအချိန်၌ ကံကိုမပြုဖြစ်အောင် ဆန္ဒမပေးဘဲ ထသွားလျှင် ပါစိတ် အာပတ်သင့်၏ မတရားသောကံကို ပြုလိမ့်မည်”ဟု အယူရှိ၍ဖြစ်စေ မကျန်းမမာခြင်းစသည်ကြောင့်ဖြစ်စေ သဘောရိုးဖြင့် ထသွားသူမှာ အာပတ်မသင့်။
စာမျက်နှာ-၂၄၃
ဋ။ ဒုဗ္ဗလသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—သံဃာနှင့်သဘောတူ သင်္ကန်းပေးပြီးမှ ရှုတ်ချကဲ့ရဲ့မှု။
အရှင်ဒဗ္ဗအား သင်္ကန်းပေးခြင်း။ ။ မလ္လာမင်းသား အရှင်ဒဗ္ဗသည် ၇-နှစ် အရွယ်ကပင် ရဟန္တာဖြစ်ခဲ့သော ပုဂ္ဂိုလ်တည်း၊ အာဂန္တု သံဃာများအတွက် အိပ်ရာနေရာကို ခင်းပေးရသော အလုပ်, သံဃိကပင့်လာသော ဆွမ်းများကို အလှည့်ကျ ညွှန်ချပေးရသော အလုပ်များကို ပြုလုပ်ခြင်းအားဖြင့် သံဃာ့တာဝန်ကို ရွက်ဆောင်ကား မိမိ၏ နောက်ဆုံး ဘဝကို အသုံးချနေသော ပုဂ္ဂိုလ်တစ်ပါးလည်း ဖြစ်၏၊ အခါတစ်ပါး၌ကား ထိုအရှင်မှာ သင်္ကန်းရှားပါးနေ၏၊ သံဃာမှာလည်း သံဃိကသင်္ကန်းတထည် ရှိနေ၏၊ ထိုသင်္ကန်းကို သံဃာက အားလုံးကို သဘောတူဖို့ရန် ခွင့်ပန်၍ အရှင်ဒဗ္ဗအား ပေးလိုက်လေသည်။
ဆဗ္ဗဂ္ဂီတို့ ကဲ့ရဲ့ခြင်း။ ။ ဆဗ္ဗဂ္ဂီတဂိုဏ်းလုံးကား အရှင်ဒဗ္ဗအပေါ်၌ (သံဃာဒိသေသ် ဒုဋ္ဌဒေါသသိက္ခာပုဒ်တုန်းက) ပြခဲ့သည့်အတိုင်း မကျေနပ်မှု ရှိနေကြ၏။ ထို့ကြောင့် သံဃာနှင့်အတူ သင်္ကန်းပေးတုန်းက ပေးမှုကလည်း တရားနည်းလမ်းကျသောကြောင့် ဘာမျှမပြောကြဘဲ နောက်မှ “ရဟန်းတွေဟာ သံဃိကပစ္စည်းကို မိမိတို့ ချစ်ကျွမ်းဝင်ရာ ညွတ်စေကြ (ပေးကြ)တယ်”ဟု ပြောဆိုကဲ့ရဲ့ကြလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သမဂ္ဂေန သံဃေန စီဝရံ ဒတွာ ပစ္ဆာ ခီယနဓမ္မံ အာပဇ္ဇေယျ “ယထာသန္ထုတံ ဘိက္ခူ သံဃိကံ လာဘံ ပရိဏာမေန္တီ”တိ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ညီညွတ်သော သံဃာနှင့် တကွ သင်္ကန်းပေးပြီး နောက်၌ ရှုတ်ချခြင်း သဘောသို့ ရောက်ခဲ့ (အဘယ်သို့ ရှုတ်ချသနည်း) “ရဟန်းတွေဟာ အကြင်အကြင် မိတ်ဆွေရဟန်းသို့ သံဃာ့ဥစ္စာဖြစ်သော လာဘ်ကို ညွှတ်စေကြ ဤသို့ ရှုတ်ချအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ အပေးခံရသူက သံဃာ့တာဝန်ဆောင်ဖို့ရန် သမုတ်ထားသူဖြစ်၍ ထိုသူ့ပေးရာ၌ ကဲ့ရဲ့မှ ပါစိတ် အာပတ်သင့်သည်။ ထိုသို့ သမုတိ မရသူကို သင်္ကန်းပေးရာ၌ ကဲ့ရဲ့လျှင်လည်းကောင်း, သင်္ကန်းမှတစ်ပါး အခြားပစ္စည်းကို(မည်သူ အားမဆို)ပေးရာ၌ ကဲ့ရဲ့လျှင်လည်းကောင်း, ဒုက္ကဋ်အာပတ်သင့်၏။ အမှန်အားဖြင့် အဂတိလိုက်စား၍ မပေးလိုက်သူအား ပေးရာ၌ ကဲ့ရဲ့လျှင်ကား အာပတ် မသင့်။
စာမျက်နှာ-၂၄၄
ဌ။ ပရိဏာမနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—သံဃိကလာဘ်ကို အခြားပုဂ္ဂိုလ်သို့ ညွှတ်စေ လှူစေမှု။
ကုသိုလ်ပြုအသင်း။ ။ သာဝတ္ထိမြို့၌ ကုသိုလ်ကောင်းမှု ပြုလုပ်လေ့ရှိသော ကုသိုလ်ပြု အသင်းတသင်း ရှိ၏၊ ထိုအသင်းသားတို့သည် သံဃာတော်အား ဆွမ်းကပ်၍ သင်္ကန်းလှူမည်ဟု ရည်မှန်းကာ ဆွမ်းနှင့်သင်္ကန်းကို စီစဉ်ထားကြလေသည်၊ ဤသို့ သံဃာအားလှူဖို့ မှန်း၍ စီစဉ်ထားသည်ကိုပင် “သံဃာကို ညွှတ်စေပြီးဖြစ်သော လာဘ်(ပစ္စည်း)”ဟု ဆိုရသည်။
ဆဗ္ဗဂ္ဂီရဟန်းများ။ ။ ထိုအကြောင်းကို ကြားသိရသော ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုအသင်းသား (ခေါင်းဆောင်)များအထိသွား၍ “ဤ ရဟန်းများ သင်္ကန်းတွေကို ဟောဒီ ရဟန်းများအား (သူတို့ ဆဗ္ဗဂ္ဂီများကို ဆိုလိုသည်)လှူကြပါ”ဟု ပြောဆိုလေသည်၊ အသင်းသားတို့က “ကိုယ်တော်တို့အား မလှူနိုင်ပါ၊ နှစ်စဉ်သံဃာအား လှူနေကျ ဖြစ်၍ သံဃာဖို့ စီစဉ်ထားခြင်း ဖြစ်ပါသည်”ဟု ပြောလေသော်... ဒါယကာတို့ရာ သံဃာမှာ လှူမည့်သူတွေ များပါတယ်၊ သံဃာမှာ အကောင်းတွေလဲ များပါတယ်၊ ဟောဒီ ရဟန်းများမှာတော့ သင်တို့ကို မှီပြီး သင်တို့ကိုကြည့်ရှ အားကိုးပြီး နေကြရပါတယ်၊ သင်တို့မှ မလှူလျှင် ဘသူလှူမှာလဲ၊ ဒီရဟန်းများကိုသာ လှူကြပါ”ဟု အတင်းတိုက်တွန်းသဖြင့် သံဃာဖို့ မှန်းထားသော သင်္ကန်းကို ဆဗ္ဗဂ္ဂီရဟန်းတို့အား လှူဒါန်း၍ သံဃာကိုကား ဆွမ်းသာ ကပ်လှူကြရလေတော့သည်။
ရဟန်းများ ကဲ့ရဲ့ကြပုံ။ ။ ထိုအခါ တချို့ ရဟန်းများသည် ထိုအသင်းက သံဃာဖို့ သင်္ကန်းနှင့်ဆွမ်း စီမံထားကြောင်းကိုသာ သိ၍ ဆဗ္ဗဂ္ဂီတို့အား သင်္ကန်းလှူလိုက်ရကြောင်းကို မသိကြ၊ ထိုရဟန်းတို့က “သံဃာဖို့ မှန်းထားသော သင်္ကန်းကိုလည်း တခါတည်း လှူကြပါလား”ဟု ဆွမ်းကပ်သော ဒါယကာတို့ကို ပြောပြလေသော်... သင်္ကန်းကိုတော့ ဆဗ္ဗဂ္ဂီရဟန်းများက သူတို့အား လှူဖို့ရန် တိုက်တွန်းသောကြောင့် လှူလိုက်ရကြောင်းကို လျှောက်ကြလေသည်၊ ထိုအခါ ရဟန်းများက ဆဗ္ဗဂ္ဂီ ရဟန်းတို့အား ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ ဤသိက္ခာပုဒ်နှင့်စပ်၍ မှတ်ဖွယ်ကို နိဿဂ္ဂိ အဆုံးသိက္ခာပုဒ်၌ ပြခဲ့ပြီး။]
စာမျက်နှာ-၂၄၅
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဇာနံ သံဃိကံ လာဘံ ပရိဏတံ ပုဂ္ဂလဿ ပရိဏာမေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် သံဃာသို့ညွှတ်ပြီးဟု သိလျက် သံဃာ့ ဥစ္စာဖြစ်သော သံဃာသို့ ညွတ်စေအပ်ပြီးသော လာဘ်(ပစ္စည်း)ကို ပုဂ္ဂိုလ်သို့ ညွတ်စေအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
သဟဓမ္မိကဝဂ် ပြီး၏။
ရတနဝဂ် = ရာဇဝဂ်
က။ အန္တေပုရသိက္ခာပုဒ်
အမှုသည်—အရှင်အာနန္ဒာ။
အမှု—မိမိဝင်လာမည့်အကြောင်းကို တင်ကြို၍ မသိစေဘဲ နန်းတော်ခန်းဆောင်ဝင်မှု။
ကောသမင်း ဥယျာဉ်ထွက်ခြင်း။ ။ ကောသလမဟာရာဇာသည် ဥယျာဉ်တော်သို့ ထွက်တော်မူလာသောအခါ ဥယျာဉ်တော်ဝယ် သစ်ပင် တပင်အောက်၌ သီတင်းသုံးတော်မူခိုက်ဖြစ်သော ဘုရားရှင်နှင့် ကြုံကြိုက်နေရကား ထိုဘုရားရှင်ရှိရာသို့ သွားလေသည်၊ ထိုအချိန်၌ ဥပါသကာ တစ်ယောက်လည်း ဘုရားအထံ၌ ရောက်နှင့်လျက်ရှိ၏၊ ကောသလမဟာရာဇာသည် ဥပါသကာကိုမြင်၍ ပထမသော် စိတ်၌ ထင့်ကနဲ ဖြစ်သွားသော်လည်း “ဘုရားအထံ နေသူဟာ လူဆိုး လူယုတ်မာတော့ မဖြစ်တန်ရာ”ဟုတွေး၍ ဘုရားအနီးသို့ ရောက်အောင်သွားလေသည်။
မင်းထက် ဘုရားရိုသေခြင်း။ ။ ထိုဥပါသကာသည် ကောသလမဟာရာဇာ လာသည်ကို မြင်သော်လည်း ဘုရားကို လေးစားခြင်းကြောင့် (ဘုရား အနားထိုင်ရာမှထ၍ မင်းကို အရိုအသေပေးလျှင် ဘုရားကို မလေးစားရာ-ဘုရားထက် မင်းကို ရိုသေရာ ရောက်မည်ဖြစ်သောကြောင့်) ကောသလမဟာရာဇာကို ရှိလည်းမခိုး-ခရီးဦးလည်း မကြိုဘဲ ထိုင်မြဲတိုင်နေလေသည်၊ ထိုအခြင်းအရာကို မြင်၍ ကောသလမဟာရာဇာလည်း စိတ်မကျေမနပ် ဖြစ်သွား၏၊ ထိုသို့ မကျေမနပ်ဖြစ်ဟန်ကို ဘုရားရှင်လည်း သိတော်မူရကား—
စာမျက်နှာ-၂၄၆
“မဟာရာဇာ” ဤဥပါသကာသည် တရားတော် အရာဝယ် အကြားအမြင် ဗဟုသုတများ၍ ပိဋကသုံးပုံကို နှုတ်ငုံဆောင်နိုင်သော ကာမဂုဏ်တို့၌လည်း တပ်မက်ခြင်း မရှိလောက်အောင် အနာဂါမ်ဖြစ်ပြီးသော လူသူတော်ဖြစ်သည်”ဟု မိန့်တော်မူရလေသည်၊ ထိုအခါကျမှ မဟာရာဇာလည်း အတော်အတန်ကျေနပ်၍ “ဥပါသကာ သင်အလိုရှိတာများရှိလျှင် ပြောပါ”ဟု ဖိတ်မန်လေသည်၊ ဥပါသကာကလည်း “ကောင်းပါပြီ မင်းမြတ်”ဟု သံတော်ဦး တင်လိုက်၏။
ဥပါသကာနှင့် ပြန်၍ တွေ့ခြင်း။ ။ ထိုကဲ့သို့ တွေ့ကြုံပြီးနောက် အခါတစ်ပါး၌ ကောသလမဟာရာဇာသည် နန်းတော် အထက်ထပ်မှာ နေစဉ် ထိုဥပါသကာသည်ပင် နန်းယင်ပြင် ရထားလမ်း၌ ထီး ဆောင်း၍ ဖိနပ်စီးလျက် ခရီးသွားနေသည်ကိုမြင်၍ အခေါ်ခိုင်းပြန်လေသည်၊ ထိုအခါ၌ကား အခေါ်ခိုင်းကြောင်းကို ကြားလျှင်ပင် ထီးကိုရုပ်၍ ဖိနပ် ချွတ်ကာ ဘုရင့်အထံသို့ လာ၍ ရှိခိုးဝပ်ချပြီးမှ ရိုသေစွာ, ထိုင်နေလေသည်၊ ထိုအခါ ကောသလမဟာရာဇာသည် ထိုဥပါသကာအား နန်းတွင်းသူတို့ကို စာချပေးဖို့ရန် တိုက်တွန်း၏၊ ဥပါသကာကလည်း နန်းတွင်း၌ အပြစ်များပုံကို မြင်၍ “အရှင်မင်းမြတ်—ကျွန်တော်မျိုး တရားသိရခြင်းမှာ ရဟန်းတော်များ အထံမှ တဆင့်နာယူ၍ သိရခြင်းဖြစ်ပါသည်၊ ရဟန်းတော်များ ကိုယ်တိုင် နန်းတော်သူများကို သင်ပေးသင့်ပါသည်”ဟု သံတော်ဦးတင်လေသည်၊ မင်းတရားလည်း သူသံတော်ဦးတင်တာ မှန်ပေသားဘဲ”ဟု ယူဆ၍ ဥပါသကာကို ပြန်လွှတ်လိုက်လေသည်။
ရှင်အာနန္ဒာ စာသင်ပေးခြင်း။ ။ ထို့နောက် ဘုရား အထံတော်ဝယ် ရဟန်းတစ်ပါးကို တောင်းသောအခါ အရှင်အာနန္ဒာကိုရ၍ မကြာမကြာ စာသင်ပေးခြင်း နန်းတော်သို့ ကြွလာပြီးလျှင် အရှင်အာနန္ဒာ ကိုယ်တော်တိုင် နန်းတော်သူများကို တရား(စာ) သင်ပေးတော်မူရလေသည်၊ ထိုသို့ မကြာမကြာ ကြွလာရာဝယ် တစ်နေ့သောအခါ၌ကား ကောသလမင်းနှင့် မလ္လိကာတို့ စက်တော်ခန်းဆောင်မှာ နေစဉ် အရှင်အာနန္ဒာလည်း နန်းတော် အဆောင်သို့ ဝင်လာသည်ကို မလ္လိကာမြင်၍ ကပျာကယာထလိုက်ရာ ချောမွေ့သော ခါးဝတ်လွှာသည် လျောကျသွားလေတော့၏၊ အရှင်အာနန္ဒာလည်း ရှေ့တိုးမသွားတော့ဘဲ ထိုနေရာမှ ပြန်လှည့်လေတော့၏၊ ကျောင်းတော်သို့ ပြန်ရောက်သောအခါ လှည့်ပြန်ခဲ့ရခြင်း၏ အကြောင်းကို ရဟန်းတို့အား
စာမျက်နှာ-၂၄၇
ပြောပြလေရာ ရဟန်းတို့က “လာမည့်အကြောင်းကို တင်ကြို၍ အသိမပေးဘဲ ဝင်ရမလား”ဟု အပြစ်တင်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ရညော ခတ္တိယဿ မုဒ္ဓါဘိသိတ္တဿ အနိက္ခန္တရာဇကေ အနိဂ္ဂတရတနကေ ပုဗ္ဗေ အပ္ပဋိသံဝိဒိတော ဣန္ဒခီလံ အတိက္ကာမေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ခတ္တိယဇာတ်ရှိသော ဘိသိက်ခံ ပြီးသောမင်း၏ မထွက်သေးသော မင်းရှိသော မထွက်သေးသော မိဖုရားရတနာရှိသော စက်တော်ခန်းဆောင်၌ မဝင်မီ ရှေးအဖို့က (မိမိဝင်လာမည့်အကြောင်းကို) မသိစေဘဲ တံခါးခုံကို ကျော်လွန်စေအံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ခတ္တိယဇာတ် (မင်းမျိုးမင်းနွယ်)လည်းဖြစ်, အဘိသိက်သွန်းပြီးလည်း ဖြစ်သော မင်း၏ ခန်းဆောင်ကို ဝင်မှ ပါစိတ်အာပတ်သင့်သည်။ ခတ္တိယလည်းမဟုတ်, ခတ္တိယ ဟုတ်စေကာမူ အဘိသိက် မသွန်းရသေးသော မင်း၏ ခန်းဆောင်သို့ဝင်ရာ၌ကား ဤသိက္ခာပုဒ်အရ အာပတ်မသင့်၊ သို့သော် ယခုကာလ၌ပင် ရာဇာဆိုသူတို့၏ အိမ်တော်တွင်းသို့ ဝင်ထွက် သွားလာခြင်း၌ အပြစ်မကင်း တတ်ပုံကိုကား ထိုသိက္ခာပုဒ်၌ ဘုရားဟောတော်မူထားသော အပြစ်များဖြင့် ထင်ရှားသိနိုင်ပေသည်။
အိမ်တော်ဝင်မှု အပြစ်ဆယ်ခု
၁။ မင်း မိဖုရားတို့ အတူနေစဉ် နန်းတော် အိမ်တော်သို့ ဝင်လာသော ရဟန်းကို မိဖုရားမြင်၍ ပြုံးမိတတ်၏၊ ရဟန်းကသော်လည်း မိဖုရားကို “ကြည့်၍ ပြုံးမိတတ်၏။ ထိုသို့ပြုံးမိရာ၌ “သူတို့နှစ်ယောက်ဟာ ဟိုကိစ္စ ဒီကိစ္စပြုပြီးသော်လည်း ဖြစ်လိမ့်မည်၊ သို့မဟုတ် နောင်ပြုဖို့ရန် အချိန်း အချက်သော်လည်း ရှိလိမ့်မည်၊ ဒါကြောင့်သာ ပြုံးတာဘဲ” ဟု ရှင်ဘုရင် အထင်လွှဲတတ်သည်၊ (ရှင်ဘုရင် အထင်လွဲနေလျင် တစ်စုံတစ်ခု အပြစ်ရှာစရာရှိသည်-ဟူလို၊)ဤကား နန်းတော်ဝင်မှု၌ အပြစ် တစ်ခုတည်း။
၂။ မင်းဆိုသည်မှာ ကိစ္စအလွန်များသူ ဖြစ်၏၊ နန်းတော်သူ မောင်းမငယ် တစ်ယောက်ယောက်ကို သွားလာပြီးသော်လည်း မမှတ်မိဘဲ ဖြစ်နေတတ်၏၊ ထိုမောင်းမငယ်သည် တကယ်လို့များ ကိုယ်ဝန်ရှိလာသော
စာမျက်နှာ-၂၄၈
အခါ ရှင်ဘုရင်သည် သူသွားလာဘူးသည်ကို အမှတ် မရဘဲ “အိမ်တော်တွင်းမှာ အခြားယောက်ျား အထွက် အဝင် မရှိ၊ ရဟန်းသာ အတွက်အဝင်ရှိ၏၊ မောင်းမငယ် ကိုယ်ဝန်ဟာ ရဟန်းနှင့် ရတာလေလား”ဟု ယုံမှားသံသယ ဖြစ်တတ်သည်၊ ဤကား အိမ်တော်ဝင်မှု၌ ဒုတိယအပြစ်တစ်ခုတည်း။
၃။ နန်းတော်၌ အဖိုးတန်ရတနာ ပျောက်သောအခါလည်း အဝင် အထွက်များသော ရဟန်းကိုပင် အထင်မှားတတ်၏။ ဤကား အိမ်တော်ဝင်မှု၌ တတိယအပြစ်တစ်ခုတည်း။
၄။ နန်းတော်တွင်း၌ လျှို့ဝှက်စွာ တိုင်ပင်ထားသော အကြံအစည်တစ်စုံ တရာသည် အတွင်းသူလျှိုများကြောင့် အပြင်ဘက်၌ ပေါက်ကြား တတ်၏၊ ထိုအခါ၌လည်း အဝင်အထွက်များသော ရဟန်းကိုပင် အထင်မှားတတ်၏၊ ဤကား အိမ်တော်ဝင်မှု၌ စတုတ္ထအပြစ်တစ်ခုတည်း။
၅။ တစ်ရံတစ်ခါ သားတော်နှင့် ခမည်းတော်တို့ အဆင်မပြေဘဲ ရှိတတ်၏၊ သားတော်ကသော်လည်း ခမည်းတော်ကို လုပ်ကြံဖို့ရန် ကြံစည်တတ်၏၊ ခမည်းတော်ကသော်လည်း သားတော်ကို ဖမ်းဆီးဖို့ရန် ကြံစည်တတ်၏၊ ထိုသို့ဖြစ်ရာ၌ “ရဟန်း၏ ကုန်းတိုက်မှုကြောင့် ဤသို့ ဖြစ်ရလေသလား”ဟု ယုံမှားခံရတတ်၏၊ ဤကား အိမ်တော်ဝင်မှု၌ ပဉ္စမအပြစ်တစ်ခုတည်း။
၆။ တစ်ရံတစ်ခါ၌ ရှင်ဘုရင်သည် ရာထူးနိမ့်သူကို ရာထူးမြှင့်ပေးတတ်၏၊ ထိုသို့မြှင့်ပေးခြင်းကို မလိုလားသူတို့က “ရှင်ဘုရင်သည် ရဟန်းနှင့် အကျွမ်းဝင်၏၊ ရဟန်းက ပြောပေးလို့ ရာထူးတက်တာ ထင်သည်” ဟု ရဟန်းကိုပင် အထင်မှားတတ်, အငြိုးထားတတ်၏၊ ဤကား အိမ်တော်ဝင်မှု၌ ဆဋ္ဌမအပြစ်တစ်ခုတည်း။
၇။ တခါတရံ ရှင်ဘုရင်သည် ရာထူးမြင့်နေသူကို ရာထူးလျှော့ချတတ်၏၊ ထိုသို့လျှော့ချခြင်းကို မလိုလားသူတို့က “ရှင်ဘုရင်သည် ရဟန်းနှင့် တိုင်ပင်နှီးနှော ပြောဆိုလေ့ရှိ၏၊ ဒီကိစ္စဟာ ရဟန်း၏ အကြံများ ဖြစ်လေသလား” ဟု ယုံမှားတတ်, အငြိုးထားတတ်၏၊ ဤကား အိမ်တော်ဝင်မှု၏ သတ္တမအပြစ်တစ်ခုတည်း။
စာမျက်နှာ-၂၄၉
၈။ တစ်ရံတစ်ခါ ရှင်ဘုရင်သည် ... အချိန်ကာလမဟုတ်ဘဲ စစ်တပ်ကို တနေရာသို့ ပို့တတ်၏၊ ထိုသို့ ပို့ခြင်းကို မလိုလားသူတို့က‘ “ရဟန်းနှင့် တိုင်ပင်၍ ပို့တာလေလား”ဟု ရဟန်းကိုပင် ယုံမှားတတ်၏၊ ဤကား အိမ်တော်ဝင်မှု၏ အဋ္ဌမအပြစ်တစ်ခုတည်း။
၉။ တစ်ရံတစ်ခါ ရှင်ဘုရင်သည် လွှတ်သင့်ရာအခါဝယ် စစ်တပ်ကို လွှတ်ပြီးမှလည်း လိုရာအရပ်သို့ မရောက်မီ လမ်းခရီးအကြားမှ ပြန်၍ ခေါ်တတ်၏။ ထိုသို့ ပြန်ခေါ်ခြင်းကို မလိုလားသူတို့က “ရဟန်း၏ သဘောကျ လုပ်တာလေလား” ဟု ရဟန်းကိုပင် ယုံမှားတတ်၏၊ ဤကား အိမ်တော်ဝင်မှု၌ နဝမအပြစ်တစ်ခုတည်း။
၁၀-နန်းတော် အိမ်တော်ဆိုသည်မှာ ဆင်သံ မြင်းသံ-ရထားသံတို့ဖြင့် ဆူညံတတ်၏၊ တပ်မက်ဖွယ်ရာ အဆင်း အသံ အနံ့ အရသာစသော အာရုံတို့သည်လည်း ပေါများလှ၏၊ ထိုအားလုံးသည်ပင် သူတော်ကောင်းရဟန်းများနှင့် မလျော်ချေ၊ ဤသို့မလျော်သော အာရုံများသော အိမ်တော်တွင်းသို့ ဝင်ထွက်သွားလာ နေထိုင်ရခြင်းသည်လည်း ရဟန်းများအတွက် ဒသမ အပြစ်တစ်မျိုးပင် ဖြစ်သည်။
မှတ်ချက်။ ။ ဤပြခဲ့သော အပြစ်များသည် အစိုးရအိမ်များ၌သာ ရှိသည်မဟုတ်သေး၊ အထက်တန်း လူကုံထံတို့ အိမ်များ၌လည်း ရှိနိုင်၏၊ ထို့ကြောင့် ရဟန်းတော်များသည် အစိုးရနှင့်လူကုံထံ အိမ်သာမက သာမန်လူဝတ်ကြောင်တို့ အိမ်များ၌လည်း အထူးပင့်ဖိတ်ချက် မရှိလျှင် မသွားဘဲ ရှောင်ကြဉ်ခြင်းသာ အပြစ်ကင်းလွတ်ပေလိမ့်မည်။
ခ။ ရတနသိက္ခာပုဒ်
အမှုသည်—ရဟန်းတစ်ပါး။
အမှု—ငွေထုပ်ကိုသိမ်းထားမှု။
ပုဏ္ဏား၏ ငွေထုပ်။ ။ ရဟန်းတော်တစ်ပါးသည် အစီရဝတီမြစ်၌ ရေချိုးနေစဉ် ပုဏ္ဏားတစ်ယောက်လည်း အသပြာ(ငွေ)ငါးရာထုပ်ကို ကုန်းပေါ်မှာချထား၍ ရေဆင်းချိုး၏၊ ထိုပုဏ္ဏားသည် ရေချိုးပြီးနောက် ထိုအသပြာထုပ်ကိုမေ့၍ ပြန်သွားလေသော် ရဟန်းတော် တွေ့၍ (အခြားသူ ယူသွားမည်စိုးသောကြောင့် ပြန်ပေးဖို့ရာ) ကောက်ယူ
စာမျက်နှာ-၂၅၀
ထားလေ၏၊ ထိုပုဏ္ဏားလည်း အတော်သွားပြီးမှ သတိရ၍ ပြန်လာပြီးလျှင် ရဟန်းကို မေးလေရာ ထိုရဟန်းထံမှ အလွယ်တကူပြန်ရလေ၏။
[ထိုခေတ်၌ ထိုကဲ့သို့ ကိစ္စဝယ်ကျေးဇူးတင်၍ ငွေတရာလျှင် ငါးကျပ်ကျ ပြန်ပေးလေ့ရှိ၏၊] ပုဏ္ဏားသည် ထိုသို့ပေးရမည် စိုးသောကြောင့် “ကျွန်ုပ်ဟာ ငါးရာမဟုတ်ဘူး, တထောင်ဖြစ်တယ်"ဟု ပြော၍ ထိုရဟန်းတော်ကို အနှောက်အရှက်
ပေးပြီးမှ လွတ်လိုက်လေသည်။ ရဟန်းတော်လည်း ကျောင်းတော်ရောက်၍ သူ့ဖြစ်ပုံကို ပြောပြလေရာ ရဟန်းကိုသာ ဝိုင်း၍ “ရတနာ (ငွေ) ကိုကောက်ယူ သိမ်းထားရမလား”ဟု အပြစ်တင်ကြလေသည်၊ ထိုအကြောင်းကို သိတော်မူ၍ “ယောပန ဘိက္ခု ရတနံဝါ ရတန သမ္မတံဝါ ဥဂ္ဂဏှေယျဝါ ဥဂ္ဂဏှာပေယျဝါ၊ ပါစိတ္တိယံ”၊ ရတနာကိုဖြစ်စေ ရတနာဟု သမုတ်အပ်သော ဝတ်စားတန်ဆာကိုဖြစ်စေ ကိုယ်တိုင်ကောက်ယူလျှင် သို့မဟုတ် အကောက်အယူခိုင်းလျှင် ပါစိတ်အာပတ်သင့်၏။]ဟု မူလပညတ်ကိုထားတော်မူရလေသည်။
ဝိသာခါ၏ ဘဏ္ဍာထုပ်။ ။ ထိုသို့ မူလပညတ်တော်ကို ပညတ်တော်မူပြီးရာ အခါတစ်ပါး သာဝတ္ထိမြို့တော်ဝယ် ကြီးကျယ်သောဥယျာဉ်ပွဲ ရှိ၏၊ လူအများပင် ဝတ်စားတန်ဆာပြင်ဆင်၍ ဥယျာဉ်သို့ သွားကြ၏၊ ဝိသာခါလည်း ဥယျာဉ်သွားမည်ဟု ဆင်ပြင် ထွက်လာပြီးမှ ဘုရားအထံတော်သို့ သွားလိုသောစိတ် ဖြစ်ပေါ်လာသဖြင့် ဆင်ပြင်
ထားသော တန်ဆာကို ချွတ်၍ နောက်ပါကျွန်မထံ ထိုးအပ်လျက် ဘုရားအထံ ချဉ်းကပ်လေသည်။ ဘုရားရှင်၏ ဩဝါဒကို နာယူပြီးနောက် ပြန်သွားသောအခါ ကျွန်မသည် ထိုတန်ဆာထုပ်ကို မေ့ထားခဲ့လေရာ ရဟန်းများတွေ့၍ ဘုရားရှင်အား လျှောက်ကြသဖြင့် “ကောက်ယူသိမ်းထား လိုက်ကြ”ဟု မိန့်တော်မူပြီးလျှင် “ကျောင်းတိုက် အာရာမ်အတွင်း၌ ဖြစ်မူ ကောက်ယူနိုင် သိမ်းထားနိုင်၏။ ကျောင်းတိုက်အာရာမ်မှ အခြားအရပ်၌ ကောက်ယူသိမ်းထားလျှင် ပါစိတ်အာပတ်”ဟု မိန့်တော်မူ၍ “ယောပန ဘိက္ခု ရတနံဝါ ရတနသမ္မတံဝါ အညတြ အဇ္ဈာရာမာ ဥဂ္ဂဏှေယျဝါ ဥဂ္ဂဏှာပေယျဝါ၊ ပါစိတ္တိယံ”ဟု အနုပညတ် တပ်တော်မူရလေသည်။
အလုပ်သ္မား၏ လက်စွပ်။ ။ ထိုသို့ ပညတ်တော် မူပြီးသောအခါ များစွာသော ရဟန်းတော်တို့သည် ကာသိနယ်သို့ ဒေသစာရီ လှည့်လည်ကြလေရာ အနာထပိဏ် သူဌေး၏ အလုပ်
စာမျက်နှာ-၂၅၁
သ္မားများနေရာ ရွာသို့ရောက်ကြလေသည်။ အနာထပိဏ်သူဌေးသည် သူ၏ အတွင်းလူတစ်ယောက်ကို “ရဟန်းတော်များ ရောက်လာလျှင် ဆွမ်းပြုစုဖို့ မှာထား၏” ထို့ကြောင့် ထိုအတွင်းလူ အလုပ်သ္မားသည် ရဟန်းတော်များကို ပင့်၍ ဆွမ်းကပ်ခါနီးတွင် သူ၏ လက်စွပ်ကို ချွတ်ထား၏၊ ဆွမ်းကပ်ပြီးလျှင် “အရှင်ဘုရားများလဲ ဆွမ်းဘုန်းပေးပြီး အလိုရှိရာ ကြွကြပေတော့၊ တပည့်တော်လဲ အလုပ်သွားစရာ ရှိပါသေးသည်”ဟုလျှောက်၍ လက်စွပ်ကို မေ့ပြီး အလုပ်သွားလေသည်။
ထို့နောက် ရဟန်းတော်များသည် ထိုလက်စွပ်ကိုမြင်၍ “ငါတို့သွားလျှင် ဤလက်စွပ် ပျောက်ရှာတော့မည်”ဟု စိုးရိမ်ကြသောကြောင့် မပြန်သေးဘဲ ဆွမ်းစားသော နေရာ၌ပင် နေကြလေရာ အလုပ်သ္မားပြန်လာမှ အကြောင်းကို ပြောပြ၍ ပြန်ကြွတော်မူကြလေသည်၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ “ကျောင်းတိုက်အတွင်း မဟုတ်သော်လည်း (ခေတ္တဖြစ်စေ) မိမိနေထိုင်ရာ အိမ်ကျောင်းစသော အရပ်၏အတွင်း၌ ကောက်ယူ သိမ်းထားနိုင်၏၊ အာရာမ်အတွင်း နေရာအရပ်အတွင်းမဟုတ်လျှင် မကောက်မယူရ”ဟု ဒုတိယ အနုပညတ် တပ်ဆင့်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ရတနံ ဝါ ရတနသမ္မတံ ဝါ အညတြ အဇ္ဈာရာမာ ဝါ အဇ္ဈာဝသထာ ဝါ ဥဂ္ဂဏှေယျ ဝါ ဥဂ္ဂဏှာပေယျ ဝါ, ပါစိတ္တိယံ။ ရတနံ ဝါ ပန ဘိက္ခုနာ ရတနသမ္မတံ ဝါ အဇ္ဈာရာမေ ဝါ အဇ္ဈာဝသထေ ဝါ ဥဂ္ဂဟေတွာ ဝါ ဥဂ္ဂဟာပေတွာ ဝါ နိက္ခိပိတဗ္ဗံ “ယဿ ဘဝိဿတိ, သော ဟရိဿတီ”တိ, အယံ တတ္ထ သာမီစိ။
မြန်မာပြန်။ ။ ရဟန်းသည် ရတနာကိုဖြစ်စေ ရတာဟု သမုတ်အပ်သော အသုံးအဆောင်ကိုဖြစ်စေ အာရာမ်အတွင်း မိမိနေရာဌာန အတွင်းကို ကြဉ်၍ ကိုယ်တိုင်သော်လည်း ကောက်ယူအံ့၊ သူတစ်ပါးကိုသော်လည်း ကောက်အယူခိုင်းအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။ ဆက်ဦးအံ့၊ ရဟန်းသည် ရတနာကိုဖြစ်စေ ရတနာဟု သမုတ်အပ်သော အသုံးအဆောင်ကိုဖြစ်စေ အာရာမ်အတွင်း၌သော်လည်းကောင်း, မိမိနေရာဌာနအတွင်း၌သော်လည်းကောင်း, ကိုယ်တိုင်ကောက်ယူပြီး၍ ဖြစ်စေ သူတစ်ပါးကို ကောက်အယူခိုင်း၍ ဖြစ်စေ သိမ်းထားနိုင်၏၊ အဘယ်သို့ ရည်ရွယ်၍ သိမ်းထားရမည်နည်း၊
စာမျက်နှာ-၂၅၂
“အကြင်သူ၏ ဥစ္စာဖြစ်လတံ့၊ ထိုဥစ္စာရှင်သည် ဆောင်ယူလာလိမ့်မည်” ဤသို့ရည်ရွယ်၍ သိမ်းထားရမည်၊ ဤသို့ကောက်ယူ၍ သိမ်းထားခြင်းသည် ထိုရတန, ရတနသမ္မတကို တွေ့ရာ၌ လောကုတ္တရာတရားအားလျော်သော ကျင့်ဝတ်တစ်မျိုးပေတည်း။
မှတ်ချက်။ ။ “ရတနာ”ဟူသည် ရွှေငွေ ပုလဲစသော ရတနာ ၇-ပါးတည်း၊ “ရတနာဟု သမုတ်အပ်သော အသုံးအဆောင်” ဟူသည် ရတနာ အတုများနှင့် ဝတ်စားတန်ဆာ အဝတ်အထည် အသုံးအဆောင်များတည်း၊ ထိုပစ္စည်းများကို ကျောင်းတိုက်အတွင်း မိမိနေရာဌာန အတွင်း၌ မေ့နေရစ်သော်လည်းကောင်း, ကျရစ်သော်လည်းကောင်း, သိမ်းဆည်းမထားလျှင် ရဟန်း သာမဏေများ ယူထားသည်ဟု ထင်ဖွယ်ရှိသောကြောင့် ကောက်ယူ သိမ်းထားဖို့ရန် ဝတ်တရားရှိသည်ဟု ပညတ်တော်မူခြင်းဖြစ်သည်၊ ထိုသို့ ကောက်ယူသိမ်းထားဖို့ရန် ဝတ်တရားရှိလျက် ဝတ်တရားပျက်ကွက်လျှင်ကား-ဝတ္တဘေဒဒုက္ကဋ်(ဝတ်ပျက်မှုအာပတ်)သင့်သေး၏။
ဆက်ဦးအံ့။ ။ ထိုသို့ အထင်မှားမည်စိုး၍သာ သိမ်းထားခွင့်ရှိသောကြောင့် အထင် မှားစရာမရှိသော လူအများ နေထိုင်ရာ သွားလာရာအရပ်၌ကား ကောက်ယူသိမ်းထား ခွင့်မရ၊ ထို့ပြင် လူဝတ်ကြောင်တို့က “မည်သည့်ပစ္စည်းကို သိမ်းထားပေးစမ်းပါ”ဟု စေခိုင်းလျှင်လည်း မိဘပစ္စည်းပင်ဖြစ်စေကာမူ သိမ်းဆည်းမပေးရ၊ “ငါတို့မှာမအပ်ဘူး” ဟု ပယ်ရမည်၊ သူတို့က အရေးကြီး၍ အတင်းထားသွားလျှင်ကား မတတ်သာ၍ ကြည့်ရှု သိမ်းထားခွင့်ရှိသည်-ဟူ၏။
ဂ။ ဝိကာလေ ဂါမပ္ပဝေသန သိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—နေလွဲအခါ ရွာတွင်းဝင်၍ တိရစ္ဆာနကထာ (နတ်ပြည်လမ်း, နိဗ္ဗာန်လမ်း = မဂ်တရား၏ ဖီလာကန့်လန့် ဖြစ်သော စကားကို)ပြောဆိုမှု။
ဆဗ္ဗဂ္ဂီရဟန်းများ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် နေလွှဲအခါ၌ ရွာတွင်း(မြို့တွင်း)သို့ ဝင်သွား၍ သဘာတစ်ခု၌ ထိုင်ပြီးလျှင် “တိရစ္ဆာနကထာ”ဟု ခေါ်ဝေါ်အပ်သော စကားအမျိုးမျိုး ပြောဆိုကြလေသည်။
မှတ်ချက်။ ။ ပွဲလမ်းသဘင်ကိုလည်းကောင်း, ဈေးရုံကိုလည်းကောင်း, တရားရုံးကိုလည်းကောင်း, “သဘာ”ဟု ခေါ်၏၊ “တိရစ္ဆာန”ဟူသည် ဖီလာကန့်လန့် = ဆန့်ကျင်ဘက်တည်း၊ အကြင်စကားသည် နတ်ပြည် လူ့ ပြည် သုဂတိသို့ရောက်ကြောင်း
စာမျက်နှာ-၂၅၃
လည်း မဟုတ်၊ နိဗ္ဗာန်ရောက်ကြောင်းလည်း မဟုတ်၊ ထိုစကားသည် သုဂတိလမ်း နိဗ္ဗာန်လမ်းနှင့် ဆန့်ကျင်ဘက် ဖီလာကျနေသောကြောင့် “တိရစ္ဆာနကထာ”မည်၏။ ထိုတိရစ္ဆာနကထာများကား-
၁။ ရာဇကထာ-မင်း (အစိုးရ)ကို အကြောင်းပြု၍ ပြောဆိုအပ်သော စကား၊ မည်သည့် မင်းသည် ဘုန်းတန်ခိုးကြီး၏၊ ရုပ်အဆင်းလှ၏၊ သို့မဟုတ် ဘုန်းတန်ခိုးညံ့၏၊ အရုပ်ဆိုး၏၊ မိဖုရားနှင့် သားတော်သ္မီးတော်မည်မျှရှိ၏၊ ဤသို့ စသော အကျိုးမရှိသော ရာဇဝင်စကားမျိုးတည်း၊ မည်သည့်မင်းသည် သာသနာတော်ကို မည်သို့ မည်ပုံ ပြုစု၏။ တိုင်းပြည်ကောင်းစားအောင် မည်သို့မည်ပုံ ကြိုးစား၏၊ ထိုသို့ ဘုန်းတန်ခိုးကြီးသော မင်းသော်မှလည်း နောက်ဆုံးကျတော့ သေရသေးတာဘဲ, စသည်ဖြင့် တရားနှင့်စပ်သောစကား မျိုးကား တိရစ္ဆာနကထာမဟုတ်။
၂။ စောရကထာ-သူခိုးဓားပြ သူပုန် အကြောင်းကို ပြောသောစကား၊ သူပုန်ထပုံ ဓားပြတိုက်ပုံ ခိုးယူပုံ အစွမ်းသတ္တိရှိပုံစသော စကားမျိုးတည်း။
၃။ မဟာမတ္တကထာ-အမတ်ကြီး ဝန်ကြီးများ၏ ကောင်းကြောင်း မကောင်းကြောင်းကို ပြောသောစကား။
၄။ သေသနာကထာ-စစ်တပ်၏ အရည်အခြင်း ရှိကြောင်း မရှိကြောင်းကို ပြောသောစကား၊
၅။ ဘယကထာ-စစ်ဘေး သူခိုးဓားပြဘေး ငတ်မွတ်ခြင်းဘေး စသည်တို့၏ အကြောင်းကိုပြောသောစကား။
၆။ ယုဒ္ဓကထာ-စစ်တိုက်ရာ၌ မည်သူက မည်သူကို သတ်လိုက်ကြောင်း စသည်ဖြင့် စစ်အကြောင်းကို ပြောသောစကား။
၇။ အန္နကထာ-“မည်သည့် ထမင်းဟင်းဟာ မည်ကဲ့သို့ ကောင်း၏” စသည်ဖြင့် ထမင်းဟင်းတို့၏အကြောင်းအရာကို ပြောသောစကား။
၈။ ပါနကထာ-“မည်သည့် သောက်ဖွယ် အဖျော်ရည်သည် မည်သို့ ကောင်း၏” စသည်ဖြင့် သောက်ဖွယ် အဖျော်ရည်တို့၏-အကြောင်းကို ပြောသောစကား၊
၉။ ဝတ္ထကထာ– “မည်သည့်အဝတ် (သင်္ကန်း-ခြုံထည်စသည်)သည် မည်ကဲ့သို့ အဆင်းကောင်း အသွေးကောင်း အသားကောင်းတို့သည်ဖြင့် အဝတ်အကြောင်းကိုပြောသောစကား။
စာမျက်နှာ-၂၅၄
၁၀။ သယနကထာ-“မည်သည့်အိပ်ရာနေရာသည် မည်သို့ ညက်ညော၏” စသည်ဖြင့် အိပ်ရာနှင့်စပ်သော စကား။
၁၁။ မာလာကထာ-“မည်သည့် ပန်းကုံး ပန်းခိုင်သည် မည်သို့ မည်ပုံ လှ၏”စသည်ဖြင့် ပန်းကုံး ပန်းခိုင်အကြောင်းကို ပြောသောစကား
၁၂။ ဂန္ဓကထာ-“မည်သည့် နံ့သာသည် မည်သို့မည်ပုံ မွှေးကြိုင်၏” စသည်ဖြင့် နံ့သာ (မျက်နှာချိပေါင်ဒါ သနပ်ခါးစသည်၏) အကြောင်းအရာကိုပြောသောစကား။
၁၃။ ဉာတိကထာ- “ငါတို့ ဆွေမျိုးသည် သတ္တိရှိ၏, ပစ္စည်းပေါ၏” စသည်ဖြင့် ဆွေမျိုးအကြောင်းကို ပြောသောစကား
၁၄။ ယာနကထာ-“မည်သည့်မော်တော်ကား မည်သည့်ရထားသည် စီးလို့ကောင်း၏”စသည်ဖြင့် ယာဉ်ရထားအကြောင်းကို ပြောသောစကား။
၁၅။ ဂါမကထာ- “မည်သည့်ရွာသည် သာယာ၏၊ ထိုရွာသူရွာသားတို့သည် ရဲရင့်၏”စသည်ဖြင့် ရွာအကြောင်းကို ပြောသောစကား။
၁၆, ၁၇, ၁၈။ နိဂမ-(နိဂုံး) နဂရ (မြို့) ဇနပဒ (ဇနပုဒ်=နယ်=ခရိုင်) တို့၏အကြောင်းအရာကို ပြောသောစကား။
၁၉။ ဣတ္ထိကထာ-“မည်သည့်မိန်းမသည် ရုပ်ချော၏စသည်ဖြင့် မိန်းမ အကြောင်းကို ပြောသောစကား။
၂၀။ သူရကထာ-“မည်သည့် သူရဲကောင်း စစ်ဗိုလ်ကြီးသည် မည်သို့ ရဲရင့်၏” စသည်ဖြင့် သူရဲကောင်းများ၏ အကြောင်းကို ပြောသောစကား။
၂၁။ ဝိသိခါကထာ-“မည်သည့်လမ်းသည် သာယာ၏၊ ထိုလမ်းက လူများသည် သတ္တိရှိ၏” စသည်ဖြင့် လမ်းဆုံ လမ်းမ၏ အကြောင်းကို ပြောသောစကား။
၂၂။ ကုမ္ဘဋ္ဌာနကထာ-အိုး၏တည်ရာ အရပ်နှင့်စပ်၍ အိုးခွက်လုပ်ရာဌာန (ပုဂံစက်)၏ အကြောင်း, အိုးလုပ်သမား၏ ကျွန်မအကြောင်း, ရေခပ်ဆိပ်ကမ်း၏အကြောင်းကိုပြောသော စကား။
၂၃။ ပုဗ္ဗပေတကထာ-သေလွန် ပြီးသော ဆွေမျိုးများ၏ ဂုဏ်ကို ပြောသောစကား။
စာမျက်နှာ-၂၅၅
၂၄။ နာနတ္တကထာ-ပြခဲ့သော စကားတို့မှ တစ်ပါး အကျိုး မရှိသော ရပ်စကား ရွာစကားအမျိုးမျိုး။
၂၅။ လောကက္ခာယိကာ-“ဒီကမ္ဘာလောကကို မည်သူ (ဗြဟ္မာကြီး ထာဝရဘုရား)ဖန်ဆင်းထား၏”စသည်ဖြင့်လည်းကောင်း, တစ်ယောက်က “ကျီးကန်းသည် မဲ၏”ဟုပြော၍ တစ်ယောက်က “ဖြူတယ်” ဟုငြင်း၍ “ဘာ့ကြောင့်လဲ”ဟုမေးလျှင် “အရိုးဖြူလို့” စသည်ဖြင့်လည်းကောင်း, ဆန့်ကျင်ဘက် စကားများ။
၂၆။ သမုဒ္ဒက္ခာယိက-သမုဒြာကို ဘယ်သူ တူးသလဲ၊ သာဂရနတ် (သို့မဟုတ်-မင်းသားမျိုး) တူးတယ်၊ ဒါ့ကြောင့် ပါဠိလို “သာဂရ”လို့ခေါ်တယ်၊ ဤသို့စသည်ဖြင့် သမုဒြာနှင့်စပ်သောစကား။
၂၇။ ဣတိ ဘဝါဘဝကထာ-ဤသို့ကြီးပွား၏, ဤသို့ ဆုတ်ယုတ်၏ဟု ကြီးပွားမှု, ဆုတ်ယုတ်မှုနှင့်စပ်သော စကား။
မှတ်ချက်။ ။ ဤပြခဲ့သော စကားတို့သည် သက်သက်အကျိုးမရှိသော, တချို့လည်း အနက်အဓိပ္ပါယ်မရှိသော သမ္ဖပ္ပလ္လာပ စကားဖြစ်၍ ရဟန်း သံဃာကို မဆိုထားဘိ လူကြီး လူကောင်းများပင် မပြောသင့်၊ အကြောင်းအားလျော်စွာ ပြောခွင့်ကြုံလာလျှင်လည်း သဒ္ဓါတရားရှိကြောင်း စိတ်ကောင်း နှလုံးကောင်းရှိကြောင်း, သို့မဟုတ် မတရားလုပ်သဖြင့် လောကမှာပင် ပျက်စီးကြောင်း, အားလုံး အနိစ္စချည်းဖြစ်ကြောင်းစသည်ဖြင့် တရားနှင့် မကင်းအောင်ဆက်သွယ်၍ ပြောလျှင်ကား ပြောကောင်းပါသေး၏။
မူလပညတ်တော်။ ။ ဤသို့ တိရစ္ဆာနကတာကို ပြောဆိုနေကြသော ရဟန်းတို့ကိုမြင်၍ လူတို့က “ရဟန်းလုပ်ပြီး(လူများလို)တွေ့ကရ တိရစ္ဆာနကထာကို ပြောဆိုနေရသလား”ဟု ကဲ့ရဲ့ကြသောကြောင့် “ယောပန ဘိက္ခု ဝိကာလေ ဂါမံ ပဝိသေယျ ပါစိတ္တိယံ” ဟု နေ့လွှဲအခါ မြို့တွင်းရွာတွင်း မဝင်ဖို့ရန် ပညတ်တော်မူရလေသည်။
ပထမ အနုပညတ်။ ။ ထိုသို့ သိက္ခာပုဒ် ပညတ်တော်မူပြီးနောက် များစွာသော ရဟန်းတို့သည် သာဝတ္ထိမြို့သို့ သွားစဉ်နေလွဲအခါ ရွာတစ်ရွာသို့ ရောက်ကြလေသော် လူတို့က ရွာတွင်း ဝင်ကြဖို့ရန် လျှောက်ကြသော်လည်း ထိုသိက္ခာပုဒ်တော်ကို စောင့်သိ ရိုသေသောအားဖြင့် မဝင်ဘဲ နေကြလေသည်၊ ထိုသို့ ရွာတွင်းမဝင်ဘဲ ရွာ၏ပြင်ဘက် နေကြသော ရဟန်းတို့ကို ခိုးသူတို့က လုယူကြသောကြောင့် “ယောပန ဘိက္ခု အနာပုစ္ဆ၁ ဂါမံ ပပိသေယျ၊ ပါစိတ္တိယံ = ရွာတွင်းသို့ ဝင်ပါဦးမည်
စာမျက်နှာ-၂၅၆
ဟု ခွင့်မပန်ဘဲဝင်လျှင် ပါစိတ်အာပတ်” (အချင်းချင်းခွင့်ပန်၍ ဝင်လျှင်ကား ဝင်ကောင်း၏)ဟု ပထမ အနုပညတ် ထပ်ဆင့်တော်မူရလေသည်။
ဒုတိယ အနုပညတ်။ ။ ထိုသို့ အနုပညတ် ထပ်ဆင့်တော်မူပြီးနောက် ရဟန်းတစ်ပါးသည် သာဝတ္ထိမြို့သို့ သွားစဉ် ညနေချမ်းအခါ ရွာ တစ်ရွာသို့ရောက်၍ လူတို့က “ရွာထဲသို့ဝင်ပါ” လျှောက်ကြလေရာ တစ်ပါးတည်း ဖြစ်နေ၍ အချင်းချင်း ခွင့်ပန်စရာ မရှိသောကြောင့် ရွာပြင်ဘက်မှာပင် နေရလေသည်၊ ထိုရဟန်းကိုလည်း ခိုးသူတို့က ပါသမျှ သပိတ်သင်္ကန်းကို လုယူကြသဖြင့် အဆင့်ဆင့် ဘုရားထံ လျှောက်ကြပြန်ရာ “ယောပန ဘိက္ခု သန္တံ ဘိက္ခုံ အနာပုစ္ဆာ ဝိကာလေ ဂါမံ ပဝိသေယျ၊ ပါစိတ္တိယံ = ထင်ရှားရှိနေသော ရဟန်းကို ခွင့်မပန်ဘဲ နေ့လွဲအခါ၌ ရွာတွင်းသို့ဝင်လျှင် ပါစိတ်အာပတ် (ခွင့်ပန်စရာ ရဟန်းတစ်ပါးမျှ ထင်ရှားမရှိလျှင် ခွင့်မပန်ဘဲလည်း ဝင်ကောင်း၏)”ဟု ဒုတိယအနုပညတ် ထပ်ဆင့်တော်မူရပြန်လေသည်။
တတိယ အနုပညတ်။ ။ ထိုသို့ ဒုတိယ အနုပညတ် ထပ်ဆင့်တော်မူပြီးနောက် အနုပညတ် နေ့လွှဲအချိန်ဝယ် ရဟန်းတစ်ပါးကို မြွေကိုက်သောကြောင့် အခြားရဟန်းတစ်ပါးသည် မီးယူဖို့ရာ ရွာဆီသို့ ကပျာကယာ သွား၍ ရွာနားရောက်မှ ခွင့်မပန်ခဲ့ရသည်ကို သတိရ၍ မဝင်ဘဲ ပြန်လာခဲ့ရလေသည်၊ ထိုအကြောင်းကို ဘုရားရှင်အား ရဟန်းများက လျှောက်ကြလေရာ “အရေးတကြီးကိစ္စရှိလျှင် ထင်ရှားရှိသော ရဟန်းကို ခွင့်မပန်ဘဲ ရွာတွင်းသို့ ဝင်နိုင၏”ဟု ခွင့်ပြုတော်မူကာ တတိယအနုပညတ် ထပ်ဆင့်၍ (ယခုအခါအပြည့်အစုံ တွေ့ရသော သိက္ခာပုဒ်ကို)ပညတ်တော် မူရပြန်လေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သန္တံ ဘိက္ခုံ အနာပုစ္ဆာဝိကာလေ ဂါမံ ပဝိသေယျ အညတြ တထာရူပါ အစ္စာယိကာ ကရဏီယာ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ထိုသို့သဘောရှိသော အဆောတလျင် ပြုဖွယ်ကိစ္စကို ကြဉ်၍ ထင်ရှားရှိသော ရဟန်းကို မပန်ပြောဘဲ နေလွဲအခါ၌ ရွာတွင်းသို့ ဝင်အံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
စာမျက်နှာ-၂၅၇
မှတ်ချက်။ ။ မြို့တွင်း ရွာတွင်းသို့ ဝင်လိုသော စိတ်ဖြစ်ချိန်ဝယ် တွေ့ရမြင်ရသော, သို့မဟုတ် လှမ်း၍ ပြောသောစကားကို ကြားနိုင်လောက်ရာ ၁၂-တောင် အတွင်းမှာ ရှိသောရဟန်းကို “သန္တဘိက္ခု-ထင်ရှားရှိသော ရဟန်း”ဟု ခေါ်သည်။ ထိုသို့မရှိလျှင် တမင်္ဂလာလိုက်၍ ရှာနေဖွယ်မလို၊ ကိစ္စတစ်ခုအတွက် ရွာတွင်းသို့ဝင်ဖို့ရာ တစ်ကြိမ်ခွင့်ပန်ပြီးဖြစ်လျှင် ထိုကိစ္စမပြီးမချင်း အခြားရွာသို့လည်း ဆက်ကာဆက်ကာ သွားနိုင်၏။ “တော်ပြီ, မသွားတော့ဘူး”ဟု ဆုံးဖြတ်ပြီးမှ ရွာတွင်းသို့ဝင်လိုပြန်လျှင် ထပ်မံ၍ခွင့်ပန်ရမည်။
ခွင့်ပန်ရာ၌ “ဝိဟာလေ ဂါမပ္ပဝေသနံ အာပုစ္ဆာမိ”ဟု ပါဠိလိုဖြစ်စေ “မြို့ထဲသွားပါဦးမည်, ရွာထဲသွားပါဦးမည်”ဟု မြန်မာလိုဖြစ်စေပန်နိုင်၏၊ မြို့ရွာအတွင်း၌ တည်နေသော ကျောင်းတိုက်သို့ သွားသောအခါ, ရွာမှဖြတ်၍ အခြားအရပ်သို့ သွားသောအခါတို့၌ကား (ရွာဝင်လို စိတ်မဟုတ်, လမ်းအမှတ်ဖြင့် ဖြတ်သွားလိုစိတ် ဖြစ်သောကြောင့်) ခွင့်ပန် ဖွယ်မလို။
ဃ။ သူစိဃရသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—အလိုက်မသိဘဲ အပ်ဗူးအများကို တောင်းမှု။
ရဟန်းများ အလိုက်မသိမှု။ ။ ကပိလဝတ်မြို့တော်ဝယ် ဆင်စွယ်အလုပ်သ္မားတစ်ယောက်သည် ရဟန်းတို့အား “အပ်ဗူးအလိုရှိလျှင် တောင်းပါ” ဟုဖိတ်ထား၏၊ ရဟန်းတို့သည် အလိုက်မသိဘဲ (မည်မျှ လောက်တောင်းလျှင် တော်လောက်ပြီဟု အတိုင်းအရှည်ပမာဏကို မသိဘဲ) များစွာသော အပ်ဗူးတို့ကို တောင်းကြလေသည်၊ နဂိုက အပ်ဗူးအကြီးရှိသူကလည်း အပ်ဗူးငယ်ကို တောင်းကြ အပ်ဗူးအငယ် ရှိသူတို့ကလည်း အပ်ဗူး အကြီးကို တောင်းကြလေသည်၊ ထိုဆင်စွယ်အလုပ်သ္မားသည် ရဟန်းများအတွက် အပ်ဗူးလုပ်ပေးနေရသောကြောင့် ရောင်းဖို့ ပစ္စည်းများကို မလုပ်အားတော့ချေ၊ တဖြည်းဖြည်းနှင့် အိမ်သားအားလုံးပင် စားရေးသောက် ရေးကျပ်တည်းလာကြလေ၏၊ ထိုအကြောင်းကို သိသူ လူတို့က ရဟန်းများကို ကဲ့ရဲ့ပြစ်တင်ကြသောကြောင့် အခြားရဟန်းတို့သည် ဘုရားရှင်ထံ လျှောက် ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု အဋ္ဌိမယံ ဝါ ဒန္တမယံ ဝါ ဝိသာဏမယံ ဝါ သူစိဃရံ ကာရာပေယျ, ဘေဒနကံ ပါစိတ္တိယံ။
စာမျက်နှာ-၂၅၈
မြန်မာပြန်။ ။ အကြင် ရဟန်းသည် အရိုးဖြင့် ပြုအပ်သည်မူလည်း ဖြစ်သော ဆင်စွယ်ဖြင့်ပြုအပ်သည်မူလည်းဖြစ်သော ဦးချိုဖြင့်ပြုအပ်သည်မူလည်းဖြစ်သော အပ်ကျည်(အပ်ဗူး)ကို ပြုလုပ်စေအံ့၊ ထိုရဟန်းမှာ ခွဲခြင်းရှိသော ပါစိတ်အာပတ် သင့်၏။
င။ မဉ္စပီဌသိက္ခာပုဒ်
အမှုသည်—ရှင်ဥပနန္ဒ။
အမှု—မြင့်သောညောင်စောင်း(ခုတင်) ပေါ်၌အိပ်မှု၊
အခြေရှည် ညောင်းစောင်း။ ။ အိပ်ရာခုတင်ကို ညောင်စောင်းဟုလည်းကောင်း, ထိုင်ခုံစားပွဲခုံ စသော ခုံအမျိုးမျိုးကို အင်းပျဉ်ဟုလည်းကောင်း, ခေါ်၏၊ သာကီဝင် မင်းသားတို့တွင် အပါအဝင်ဖြစ်သော ရှင်ဥပနန္ဒသည် အတော်မြင့်သော ညောင်စောင်းပေါ်၌ အိပ်လေ့ရှိ၏၊ တစ်နေ့သ၌ဘုရားရှင်သည် ကျောင်းစဉ် လှည့်၍ ကြည့်ရှုတော်မူသောအခါ ရှင်ဥပနန္ဒ၏ကျောင်း နားသို့ ရောက်တော်မူလေသော် ရှင်ဥပနန္ဒသည် မြတ်စွာဘုရားကို (သူ့ကိုယ်တိုင်ဟန်လှပြီ-ဟု ထင်နေသော) အိပ်ရာပေါ်၌ လျောင်းတော်မူရန် ဖိတ်မန်လေသည်၊ မြတ်စွာဘုရားသည် ထိုကျောင်းနားမှပင် ပြန်လှည့်တော်မူ၍ ရဟန်းများကိုခေါ်တော်မူပြီးလျှင်...
“ဘိက္ခုတို့ ... ဤသူဟာ မဂ်ဖိုလ်မှ အချည်းနှီးသော = မဂ်ဖိုလ်မရသော မောဃပုရိသဖြစ်ကြောင်းကို သူ၏အဇ္ဈာသယ (သူ၏အလိုဆန္ဒ = သူကြိုက် နှစ်သက်ပုံ) ကြည့်သော အားဖြင့် သိနိုင်သည်၊ (ခမ်းခမ်းနားနား ဟန်ကြီး ပန်ကြီးနှင့် နေတတ်သူဟာ မဂ်ဖိုလ်ရဖို့ အရေးနှင့် အဝေးကြီးဖြစ်သည်)” ဟု မိန့်တော်မူလိုဟန်တူသည်၊ ဤသို့မိန့်တော်မူ၍ ခုတင်အမြင့်ကြီးပေါ်မှာ ဟန်ကြီးပန်ကြီး အိပ်တတ်သော ရှင်ဥပနန္ဒကို ကဲ့ရဲ့ရှုတ်ချတော်မူပြီးလျှင် ဤသိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။
သိက္ခာပုဒ်။ ။ နဝံ ပန ဘိက္ခုနာ မဉ္စံ ဝါ ပီဌံ ဝါ ကာရယမာနေန အဋ္ဌင်္ဂုလပါဒကံ ကာရေတဗ္ဗံ သုဂတင်္ဂုလေန အညတြ ဟေဋ္ဌိမာယ အဋနိယာ။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယံ။
စာမျက်နှာ-၂၅၉
မြန်မာပြန်။ ။ အသစ်ဖြစ်သော ညောင်စောင်းကိုသော်လည်းကောင်း, အင်းပျဉ် ကိုသော်လည်းကောင်း, ပြုစေလိုသောရဟန်းသည် အောက်၌ဖြစ်သော၊ ဘောင်ကိုကြဉ်၍ (တိုင်းသောအခါ ဘောင်အောက်ကိုသာ) ဘုရားရှင်၏ လက်သစ်တော်ဖြင့် လက်ရှစ်သစ် အခြေရှိအောင် ပြုစေနိုင်၏၊ ထိုလက်ရှစ်သစ်ပမာဏကို လွန်စေသော ရဟန်းမှာ ဖြတ်ခြင်းရှိသော ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ လက်သစ်တိုင်းရာ၌ ခုတင်ပေါင် (ဘောင်) ကိုထည့်၍ မတိုင်းရ။ ပေါင်အောက်က ခြေသက်သက်ကိုသာ တိုင်းရသည်၊ ဘုရားရှင်၏ လက်သစ်တော်အားဖြင့် ရှစ်သစ်သည် မဇ္ဈိမပုရိသ တွက်ကိန်းဖြင့် (၃ ဆတက်၍) ၂၄-သစ် ရှိ၏ဟု ယူကြ၏။ ထို၂၄-သစ်ဖြင့် တိုင်းသောကြောင့်လည်း ယခုကာလ ခုတင်(ခဋင်) ခြေထောက်များ ပညတ်တော်လာ ပမာဏထက် မပိုဟု ယူဆရသည်။ အကယ်၍ ယခုရိုးရိုး ရှစ်သစ်ဖြင့် တိုင်းလျှင်ကား ပမာဏထက် ပိုနေပေလိမ့်မည်။
ထိုကဲ့သို့ ပမာဏထက်ပိုသော ခုတင်ကို အလုပ်ခိုင်း၍ရလျှင် ဤသိက္ခာပုဒ်အရ ရှေးဦးစွာ ပိုသောပမာဏကိုဖြတ်ပစ်ပြီးမှ ပါစိတ်အာပတ်ကို ဒေသနာပြောရမည်။ ကိုယ်က အလုပ်မခိုင်းဘဲ လှူလာ၍ ရလျှင်ကား အာပတ်မသင့်၊ အသုံးပြုသောအခါ၌မူ ပမာဏထက်ပိုသမျှကို ဖြတ်ပစ်၍ဖြစ်စေ, မြေကြီး၌မြှုပ်၍ဖြစ်စေ, အပေါ်မှာ တန်းထိုး၍ ထိုတန်းပေါ်၌ ငြမ်းဆင်သလို တင်၍ဖြစ်စေ သုံးစွဲရမည်၊ ထိုသို့ မပြုပြင်ဘဲ သုံးစွဲလျှင်ကား သုံးတိုင်းသုံးတိုင်း ဒုက္ကဋ်အာပတ်သင့်၏၊ ထို့ကြောင့်လည်း ရှေးကဆရာတော်အချို့၏ အသုံးအဆောင် ခုတင်ကလေးများမှာ ခြေထောက်ပုတိုတို နှင့် တွေ့ကြရပေသည်။ [တစ်ယောက်ထည်း မရွှေ့နိုင်လောက်အောင် ကြီးမားသော ခုတင်ကြီးများကိုကား ဘူမိဂတိက(မြေနှင့်အလားတူ)ဟု ယူကြ၏။ ထို့ကြောင့် အခြေ ရှည်သော်လည်း သုံးစွဲကောင်း၏ဟု ယူကြသည်။]
စ။ တူလောနဒ္ဓသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ညောင်စောင်းအင်းပျဉ်ကို လဲဝါဂွမ်းတို့ဖြင့် အပေါ်က ဖွဲ့ထားမှု။
ဆဗ္ဗဂ္ဂီရဟန်းများ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အင်းပျဉ် ညောင်စောင်းတို့ကို လဲတို့ဖြင့် ဖွဲ့ကြက်၍ (ညောင်စောင်း ပေါ်၌ လဲဝါတို့ကို ဖြန့်ခင်း၍ အပေါ်က အထည်တစ်ခုခုကို လွှမ်းဖုံးပြီး) ထားကြကုန်၏၊ ကျောင်းစဉ်လှည့်၍ ကြည့်ရှု့သော လူတို့သည် ထိုညောင်စောင်း အင်းပျဉ် ခုတင်
စာမျက်နှာ-၂၆၀
ထိုင်ခုံတို့ကို မြင်၍ “ကာမဂုဏ် ခံစားသော လူများ၏ ခုတင် ထိုင်ခုံကို လဲ ဝါဂွမ်း မှို့တို့ဖြင့် ဖွဲ့ကြက်ထားကြသလို ရဟန်းတော်များက ဘာကြောင့် ခုတင် ထိုင်ခုံတို့ကို လဲ ဝါဂွမ်းတို့ဖြင့် ဖွဲ့ကြက်ထားကြရသလဲ”ဟု ကဲ့ရဲ့ကြလေသည်၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု မဉ္စံ ဝါ ပီဌံ ဝါ တူလောနဒ္ဓံ ကာရာပေယျ, ဥဒ္ဒါလနကံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ညောင်စောင်းကိုလည်းကောင်း, အင်းပျဉ်ကိုလည်းကောင်း, လဲ ဖုံမွေ့ရာ အခင်းရှိသည်ကို ပြုစေအံ့၊ ထိုရဟန်းမှာ လဲကို ထုတ်ခြင်းရှိသော ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ဤသိက္ခာပုဒ်တော်သည် ပြုလုပ်မှုကြောင့် ပညတ်ရသော သိက္ခာပုဒ်တည်း၊ သုံးစွဲရာ၌ကား ဥစ္စာသယန မဟာသယနသိက္ခာပုဒ်တွင် မဟာသယန(မြတ်သောနေရာ)၌ ပါဝင်သောကြောင့် ရဟန်းသာမဏေ ဥပုသ်သည် အားလုံးပင် လဲ ဝါ ရှင်မွေ့လွန်း အဆာသွတ်ထားသော ဖုံအခင်း မွေ့ရာများ၌ မထိုင်မအိပ်ကောင်း၊ ထိုကဲ့သို့ အခင်းများကို တရား ပလ္လင်ပေါ်၌သော်မှလည်း မထိုင်ကောင်း၊ နေထိုင်သုံးစွဲလျှင် ဒုက္ကဋ်အာပတ်သင့်၍ သာမဏေများ၌ ဒဏ်ထိုက်၏။ ဥပုသ်သည်များ ဥစ္စာသယ မဟာသယနသိက္ခာပုဒ်ပျက်၏ သူတစ်ပါးထံမှ ရရှိလျှင် ထိုလဲ ဝါအဆာကို ထုတ်ပစ်၍ သုံးစွဲရသည်၊ “လဲ”ဟူရာ၌ သစ်ပင်အမျိုးမျိုးမှ ဖြစ်သောလဲ, နွယ်ပင်မှဖြစ်သောလဲ, မြက်အမျိုးမျိုးမှ ဖြစ်သောလဲ အားဖြင့် လဲ ၃-မျိုး ရှိသည်၊ ယခုအခါ ရှင်မွေလွန်းများသည် မြက်မျိုးတည်း၊
ဆ။ နိသီဒနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—အလွန်ကြီးသော နိသီဒိုန် အခင်းကိုဆောင်မှု။
နိသီဒိုန် ခွင့်ပြုတော်မူခြင်း။ ။ ရဟန်းတို့သည် ထောပတ် ဆီးဦးစသည်တို့ဖြင့် ရောစပ်အပ်၍ “မွန်မြတ်သည်”ဟု ဆိုရသော ဆွမ်းတို့ကို ဘုဉ်းပေးပြီးလျှင် ညဉ့်အိပ်ခါနီး၌ တရားဆင်ခြင်မှ (ကမ္မဋ္ဌာန်းနှလုံးသွင်းမှု) မပြုကြဘဲ အမှတ်တမဲ့ အိပ်ကြလေရာ ကာမနှင့် စပ်သော အိပ်မက်-မက်၍ သုက်လွှတ်သောကြောင့် ကျောင်းအိပ်ရာတွေ ညစ်ပေကုန်တော့၏၊ ဘုရားရှင်သည် အရှင်အာနန္ဒာနှင့်အတူ ကျောင်းစဉ်
စာမျက်နှာ-၂၆၁
လှည့်၍ ကြည့်ရှုတော်မူလေရာ ထိုပေနေသော ကျောင်းအိပ်ရာတို့ကို မြင်တော် မူရသောကြောင့် ကိုယ်ကိုလည်းကောင်း, သင်္ကန်းကိုလည်းကောင်း, ကျောင်းအိပ်ရာကိုလည်းကောင်း, မညစ်မပေအောင် စောင့်ရှောက်ခြင်း အကျိုးငှါ နိသီဒိုန်အခင်းကို ခွင့်ပြုတော်
မူလေသည်။
ကြီးကျယ်သော နိသီဒိုန်။ ။ ထိုသို့ နိသီဒိုန်အခင်းကို ခွင့်ပြုတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အတိုင်းအရှည်ပမာဏ မရှိလောက်အောင် အလွန်ကြီးသော နိုသီချိန်ကို ပြုလုပ်ကြလေသည်၊ ထိုနိသီဒိုန်ကို ညောင်စောင်း-အင်းပျဉ် (ခုတင် ထိုင်ခုံများ) အပေါ် ခင်းသောအခါ ရှေ့ရောနောက်ပါ တွဲလျားကျနေ၏၊ ထို့နောက် အဝတ် ရှားပါးသော ခေတ်ဖြစ်ရကား ထိုကဲ့သို့ ကြီးကြီးမားမား ပြုခြင်းကိုပင် ရဟန်းအများက ဝိုင်း၍ အပြစ်တင်ကာ ဘုရားရှင်အား လျှောက်ထားလေရာ-ဘုရားအထွာတော်ဖြင့် အလျား ၂-ထွာ, အနံ ၁-ထွာခွဲ ပမာဏ ရှိသော နိသီဒိုန်ကိုပြုစေရမည်”ဟု ပထမပညတ်တော်မူလေသည်။
အနုပညတ်။ ။ နိသီဒိုန်သည် အတွင်းခံ အဝတ်ကဲ့သို့ ကိုယ်အလယ် ပိုင်းကို ပတ်၍လည်း အသုံးပြုနိုင်, နေရာထိုင်ကဲ့သို့ ခင်း၍လည်း ထိုင်နိုင်ရကား အခါတစ်ပါး၌ ခန္ဓာကိုယ်ကြီးမားသော အရှင်ဥဒါယီသည် ဘုရားရှေ့တော်၌ ထိုနီသီဒိုန်ကို ခင်း၍ထိုင်ရာ ကိုယ်မလုံသောကြောင့် နိသီဒိုန်ကို (သားရေ အလုပ်သ္မားသည် သားရေကိုပြန့်ကျယ်အောင် ဆွဲဆန့်သကဲ့သို့) မသိမသာ ဆွဲဆန့်နေလေသည်၊ ထိုအခါကျမှ နိသီဒိုန် အစွန်အနား၌ တထွာလောက် ရှိသော အမြတ်အဆာကို တပ်ဖို့ရာ ထပ်မံခွင့်ပြုတော် မူရလေသည်။
သိက္ခာပုဒ်။ ။ နိသီဒနံ ပန ဘိက္ခုနာ ကာရယမာနေန ပမာဏိကံ ကာရေတဗ္ဗံ, တတြိဒံ ပမာဏံ, ဒီဃသော ဒွေ ဝိဒတ္ထိယော သုဂတဝိဒတ္ထိယာ, တိရိယံ ဒိယဍ္ဎံ, ဒသာ ဝိဒတ္ထိ။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ နိသီဒိုန်ကို ပြုစေလိုသော ရဟန်းသည် ပမာဏနှင့် ယှဉ်သော နိသီဒိုန်ကို ပြုစေထိုက်၏၊ နီသီဒိုန်၏ပမာကား-ဘုရားရှင်၏ အထွာတော်ဖြင့် အလျား ၂-ထွာ အနံ ၁-ထွာခွဲ အမြိတ်အဆာ တထွာ ဖြစ်၏ ထိုပမာဏကို လွန်သော ရဟန်းမှာ ဖြတ်ခြင်းရှိသော ပါစိတ်အာပတ်သင့်၏၊ [ပြုလုပ်ခြင်းကြောင့် ပါစိတ်
စာမျက်နှာ-၂၆၂
အာပတ်သင့်၍ သုံးစွဲခြင်းကြောင့် ဒုက္ကဋ်အာပတ်သင့်၏၊ သူတစ်ပါးထံမှရလျှင် ပမာဏပိုသမျှကို ဖြတ်၍ သုံးစွဲကောင်း၏။
မှတ်ချက်။ ။ နိသီဒိုန်ကို အမြိတ်အဆာ တပ်လိုက်လျှင် (အဝတ်လှမ်းသလို ဖြန့်ချထားသောအခါ ကွဲနေသော အမြိတ်အဆာနှင့်တကွ) ဘောင်းဘီး လှမ်းထားပုံနှင့်တူ၏။ ထိုနိသီဒိုန်ကို ရှေ့ဆီးပုံးဘက်ကထား၍ အဆာ ၂-လွှာကို ခါးတောင်းကြိုက်သလို နောက်သို့ပို့ပြီးလျှင် ကြိုးသေးသေး နှင့် ဆက်စပ်ချည်ထားသောအခါ အတွင်းခံဘောင်းဘီကို ဝတ်ထားသကဲ့သို့ ဖြစ်နေပေလိမ့်မည်၊ ထိုနိသီဒိုန်ကိုပင် အဆာ ၂-လွှာကိုအလယ်က ကြိုးနှင့်တွဲ၍ ခင်းသောအခါ နေရာထိုင် ရိုးရိုးကဲ့သို့လည်း ထိုင်စရာ ဖြစ်နိုင်ပြန်၏။ ဆွမ်းစားသောအခါ တပိုင်းကိုခင်း၍ အမြိတ် ၂-ခုကို တင်ပလ္လင်ပေါ် တင်ထားလိုက်လျှင် ဆွမ်းဟင်းအစက်များကိုလည်း ကာကွယ်နိုင်၏။ ထိုကဲ့သို့ ကိုယ်၏ အလယ်ပိုင်းကို ဖုံး၍လည်းကောင်း, ခင်း၍လည်းကောင်း, အသုံးပြုနိုင်သောကြောင့်ပင် ကိုယ်ခန္ဓာနှင့်သင်္ကန်း ကျောင်း အိပ်ရာတို့ကို မညစ်မပေအောင် ခွင့်ပြုတော်မူခြင်း ဖြစ်ပေသည်။ ဤနိသီဒိုန်ကို “သုက်နှီး သင်္ကန်း”ဟုလည်း ခေါ်စမှတ် ပြုကြသည်။
ဇ။ ကဏ္ဍုပဋိစ္ဆာဒိသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—အနာလွှမ်း သင်္ကန်းကို ပမာဏလွန်အောင်ပြုလုပ်မှု။
အနာလွှမ်းသင်္ကန်း ခွင့်ပြုခြင်း။ ။ အရှင်အာနန္ဒာ၏ ဥပဇ္ဈာယ်ဆရာတော်ဖြစ်သော အရှင်ဗေလဋ္ဌသီသမှာ ထူပြစ်နေအောင် အိုင်းကျနေသော ဝဲနာပေါက်နေ၏၊ ထိုအနာစေးတို့ကြောင့် သင်္ကန်းတို့သည် ကိုယ်၌ ကပ်တွယ်နေကုန်၏၊ ဂိလာန ပြုစုသော ရဟန်းတို့သည် ထိုသင်္ကန်းတို့ကို ရေဖြင့် ဆွတ်၍ ဆွတ်၍ ကိုယ်မှ ခွါယူကြရကုန်၏၊ ဘုရားရှင်သည် ကျောင်းစဉ်လှည့်၍ ကြည့်ရှုတော်မူသောအခါ တွေ့မြင်တော်မူရကား ကဏ္ဍု-ယားနာဖြစ်စေ, ပီဠကာ-အိုင်းအမာ (သွေးစုနာ) ဖြစ်စေ, အဿာဝ-အရိအရွဲယိုသော ဘဂန္ဒိုရ်စသော အနာတစ်မျိုးမျိုးဖြစ်စေ, ထုလ္လကစ္ဆု-ထူပြစ်အိုင်းကျနေသော ဝဲနာဖြစ်စေ ပေါက်သောအခါ သင်္ကန်း မပေအောင် ထိုအနာကို ဖုံးထားဖို့ရာ အနာလွှမ်းသင်္ကန်းကို ခွင့်ပြုတော်မူ ရလေသည်။
ကြီးကျယ်သော အနာလွှမ်းပြုမှု။ ။ ထိုသို့ အနာလွှမ်း သင်္ကန်းကို ခွင့်ပြုတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အတိုင်းအရှည် ပမာဏမထားဘဲ အလွန်ကြီးမားသော အနာလွှမ်းသင်္ကန်းကို ပြုကြကုန်၏၊
စာမျက်နှာ-၂၆၃
ထိုအနာလွှမ်းသင်္ကန်းကို အနာပေါ် ဖုံးလွှမ်း၍ ထားသောအခါ ရှေ့ရော နောက်ပါ တွဲလျားကျကုန်၏၊ ထို့ကြောင့် ရဟန်းအများက ကဲ့ရဲ့ကြသဖြင့် အတိုင်းအရှည် ပမာဏကို ညွှန်ပြသော ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ကဏ္ဍုပ္ပဋိစ္ဆာဒိံ ပန ဘိက္ခုနာ ကာရယမာနေန ပမာဏိကာ ကာရေတဗ္ဗာ, တတြိဒံ ပမာဏံ, ဒီဃသော စတဿော ဝိဒတ္ထိယော သုဂတဝိဒတ္ထိယာ, တိရိယံ ဒွေ ဝိဒတ္ထိယော။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အနာလွှမ်းသင်္ကန်းကိုပြုစေလိုသော ရဟန်းသည် ပမာဏနှင့်ယှဉ်သော အနာလွှမ်းသင်္ကန်းကို ပြုစေလိုက်၏။ ထိုအနာလွှမ်း သင်္ကန်း၏ ပမာဏကား ဘုရားရှင်၏ အထွာတော်ဖြင့် အလျား ၄-ထွာ အနံ ၂-ထွာဖြစ်၏၊ ထိုပမာဏကို လွန်စေသောရဟန်းမှာ ဖြတ်ခြင်းရှိသော ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ “အနာ”ဟူရာ၌ ချက်၏အောက်နှင့် ပုဆစ်ဒူးဝန်း ၂-ဘက်၏ အထက် အရပ်မှာပေါက်သော ပြခဲ့သော အနာတည်း၊ အခြားနေရာ၌ ပေါက်သော အနာကိုကား သာမန်အဝတ်စဖြင့် ဖုံးထားနိုင်သောကြောင့် ထိုနေရာကိုသာ သီးခြားပြတော်မူဟန်တူသည်။ ဤသိက္ခာပုဒ်လည်း ပြုလုပ်မှုကြောင့် ပညတ်ရသော သိက္ခာပုဒ်တည်း၊ သုံးစွဲမှုကြောင့်ကား ဒုက္ကဋ်အာပတ် သင့်၏၊ သူတစ်ပါးထံမှ ပမာဏလွန်သော အနာလွှမ်းသင်္ကန်းကိုရလျှင် ပိုသောပမာဏကို ဖြတ်၍ သုံးစွဲကောင်း၏။
ဈ။ ဝဿိကသာဋိကာသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—အတိုင်းအရှည်လွန်သော မိုးရေခံသင်္ကန်းကို ဆောင်ယူ (ပြုလုပ်)မှု။
ရဟန်းများ မိုးရေချိုးခြင်း။ ။ ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံးတော်မူစဉ် မိုးကြီးသည် လေးကျွန်းလုံးအနှံ့ ရွာချလေ၏၊ ထိုအခါ ဘုရားရှင်သည် ရဟန်းတို့ကို မိုးရေချိုးကြဖို့ရန် “ရဟန်းတို့— ဤမိုးကြီးသည် ဇေတဝန်ကျောင်းတိုက်မှာ ရွာသကဲ့သို့ လေးကျွန်းလုံး၌ ရွာ၏၊ လေးကျွန်းလုံး အနှံ့ ရွာသောမိုး
စာမျက်နှာ-၂၆၄
တွင် ဤမိုးကြီးသည် နောက်ဆုံးဖြစ်၍ သင်တို့ ကိုယ်ကို မိုးစွတ် ခံလိုက်ကြ”ဟု မိန့်တော်မူ၏၊ ထိုအခါ ရဟန်းအများပင် သင်္ကန်းကို ချထား၍ ကိုယ်ကို မိုးစွတ်ခံကြလေ၏၊ ထိုအချိန်ကား သင်္ကန်းပေါများသော အချိန်မဟုတ်၊ ထိုကြောင့် ရေလဲသင်းပိုင် အပိုမရှိရကား ကိုယ်တုံးလုံးဖြင့် မိုးရေချိုးနေကြလေသည်။
ကျွန်မ အထင်မှားပုံ။ ။ ထိုနေ့ ထိုရက်ကား ဘုရားရှင် ဒေသစာရီ လှည့်လည်၍ ပြန်ရောက်ပြီး နောက်တရက်ဖြစ်၏၊ ဝိသာခါသည် မနေ့ကပင် ဘုရားထံသို့ ချဉ်းကပ်၍ သံဃာကုန် ဆွမ်းဘုဉ်းပေး ပင့်ထား၏၊ ထိုကြောင့် နံနက်စောစော၌ မွန်မြတ်သော ဆွမ်းဘောဇဉ်ကို စီစဉ်၍ ကျွန်မအား ဆွမ်းကျက်ပြီး ဖြစ်ကြောင်း လျှောက်ဖို့ရန် စေလွှတ်လိုက်လေ၏၊ ကျွန်မသည် ဝိသာခါ၏ အမိန့်ဖြင့် ကျောင်းတိုက်သို့ ရောက်သွားသောအခါ အဝတ်မပါဘဲ ရေချိုးနေကြသော ရဟန်းတော်များကို တိတ္ထိတွေ ထင်မှတ်၍ ပြန်လာပြီးလျှင် ကျောင်းတိုက်မှာ ရဟန်းတော်များ မရှိကြောင်း, တိတ္ထိတွေ ရေချိုးနေကြကြောင်းကို ဝိသာခါအား ပြောပြလေသည်။
ဝိသာခါ ဉာဏ်ရှိပုံ။ ။ ထိုသို့ ကျွန်မကပြောသော်လည်း ဝိသာခါသည် ကိုယ်တော်များ၌ သင်္ကန်းအပို မထားကြောင်းကို သိပြီးဖြစ်ရကား “ဧကန်မုချ ကျွန်မ နားမလည်၍ ပြောခြင်းဖြစ်လိမ့်မည်, ကိုယ်တော်များ ရေချိုးကြဟန်တူသည်”ဟု တွေးပြီးလျှင် “ထို ကျွန်မကိုပင် တဖန်ပြန်၍ အလျှောက်ခိုင်းပြန်လေသည်၊ ထိုကဲ့သို့ စေခိုင်း၍ ကျွန်မ ရောက်သွားသောအခါ၌ကား ကိုယ်တော်များလည်း ရေချိုးပြီးဖြစ်၍ မိမိဆိုင်ရာကျောင်းခန်းတွင်းသို့ ဝင်နေကြလေရာ, ကျွန်မသည် ရဟန်းတစ်ပါးမျှ မတွေ့သောကြောင့် ပြန်လာ၍ “ကျောင်းတိုက်မှာ ရဟန်းတစ်ပါးမျှမရှိ”ဟု ပြောပြန်လေသည်။
ဘုရားရှင် ကြွလာခြင်း။ ။ ထိုအခါ ဝိသာခါသည် “ကိုယ်တော်များ ကျောင်းခန်းတွင်းဝင်၍ ငြိမ်သက်စွာ နေတော်မူကြဟန် တူသည်၊ သူနားမလည်လို့သာ ကိုယ်တော်များမရှိဟု ပြောခြင်း ဖြစ်လိမ့်မည်”ဟု တွေး၍ ထိုကျွန်မကိုပင် ထပ်၍ လွှတ်ပြန်လေသည်။ ထိုအချိန်၌ကား ဗုဒ္ဓမြတ်စွာသည် ရဟန်းတို့အား သပိတ်သင်္ကန်းကို အသင့် ပြင်ကြတော့, ဆွမ်းအချိန်တန်ပြီ”ဟု မိန့်တော်မူ၍ ရဟန်းများနှင့်အတူ ဝိသာခါ၏ အိမ်သို့ တန်ခိုးဖြင့် ကြွတော်မူလေသည်။
စာမျက်နှာ-၂၆၅
မိုးရေခံသင်္ကန်း ခွင့်ပြုတော်မူခြင်း။ ။ ဝိသာခါသည် ထိုသို့တန်ခိုးဖြင့် ကြွတော်မူလာကြသော ဘုရားအမှူးရှိသော သံဃာတော်များကို ဝမ်းမြောက်ဝမ်းသာ ဆွမ်းကပ်ပြီးနောက် “သင်္ကန်းမပါဘဲ ရေချိုးကြသော ရဟန်းများကို တိတ္ထိတွေ”ဟု ကျွန်မ၏ အထင်မှားပုံကို လျှောက်ပြီးလျှင် မိုးရေခံ သင်္ကန်းကို လှူဒါန်းလိုပါကြောင်း လျှောက်ထားလေသည်၊ [အာဂန္တုကဘတ် (ဆွမ်း) လှူလိုပါကြောင်း စသည်ကိုလည်း တဆက်ထည်း လျှောက်လေ၏၊] ထိုလျှောက်ထားချက်အရ ဘုရားရှင်သည် ဤမိုးရေခံသင်္ကန်းကို ခွင့်ပြုတော်မူရလေသည်။
ပမာဏလွန်အောင် ပြုလုပ်မှု။ ။ ထိုသို့ မိုးရေခံသင်္ကန်းကို ခွင့်ပြုတော်မူပြီးသောအခါ ပြုလုပ်မှ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် အတိုင်းအရှည် ပမာဏမရှိ-ကြီးချင်တိုင်းကြီးသော မိုးရေခံသင်္ကန်းကို ချုပ်လုပ်ကြပြီးလျှင် ရှေ့ရော နောက်ပါ တရွတ်ဆွဲလျက် လှည့်လည်ကြသောကြောင့် အတိုင်းအရှည် ပမာဏကို ညွှန်ပြ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ဝဿိကသာဋိကံ ပန ဘိက္ခုနာ ကာရယမာနေန ပမာဏိကာ ကာရေတဗ္ဗာ, တတြိဒံ ပမာဏံ, ဒီဃသော ဆ ဝိဒတ္ထိယော သုဂတဝိဒတ္ထိယာ, တိရိယံ အဍ္ဎတေယျာ။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ မိုးရေခံ သင်္ကန်းကိုပြုစေလိုသော ရဟန်းသည် ပမာဏနှင့်ယှဉ်သော မိုးရေခံသင်္ကန်းကို ပြုစေထိုက်၏၊ ထိုမိုးရေခံ သင်္ကန်း၏ ပမာဏကား ဘုရားရှင် အထွာတော်ဖြင့် အလျားမှ ၆-ထွာ အနံမှ ၂- ထွာခွဲဖြစ်၏၊ ထိုပမာဏကို လွန်၍ ပြုစေသော ရဟန်းအား ဖြတ်ခြင်းရှိသော ပါစိတ်အာပတ် သင့်၏။
မှတ်ချက်။ ။ မိုးရေခံသင်္ကန်းသည် ရေချိုးအိမ်အတွင်း မြစ်ချောင်း အတွင်း၌ ရေချိုးခြင်းမျိုးမဟုတ်၊ ကိုယ်ကိုကျန်းမာ ခန့်ကျမ်းအောင် မိုးရွာနေ့စဉ် လွင်ပြင်၌ ကိုယ်ကို မိုးစွတ်စေခြင်း မိုးရေချိုးခြင်းဖြစ်၏။ ထိုသို့ လွင်ပြင် ဖြစ်သောကြောင့်ပင် ထိုမိုးရေခံ အဝတ်တပိုင်းကို ဝတ်၍ တပိုင်းကို အထက်ပိုင်းကိုယ်မှာ လွှမ်းခြုံထားဖို့ရာ အလျားရှည်ရှည် ခွင့်ပြုတော်မူရ
စာမျက်နှာ-၂၆၆
လေသည်။ သင်္ကန်းဆိုသော်လည်း နဂိုသင်္ကန်းများကဲ့သို့ အဝါရောင် ဖြစ်လာအောင် ဆိုးမှ အပ်သည်မဟုတ်၊ ဆင်စွယ်ရောင်ကဲ့သို့ တစ်ကြိမ်မျှ ဆိုးလျက် အဖြူရောင်ပျက်လျှင်ပင် ဝတ်ကောင်းပြီ။
ဉ။ နန္ဒတ္ထေရသိက္ခာပုဒ်
အမှုသည်—ညီတော်နန္ဒထေရ်။
အမှု—ဘုရားသင်္ကန်းတော်လောက်ကြီးသော သင်္ကန်းကို ဝတ်မှု။
အရှင်နန္ဒ။ ။ အရှင်နန္ဒသည် မိထွေးတော် ဂေါတမီ၏သား (ဘုရားရှင်နှင့် မိကွဲအတူဖြစ်သော) ညီတော် ဖြစ်၏၊ အလွန် အဆင်းလှ၏၊ ရှုချင့်စဖွယ် တင့်တယ်၍ မြင်ရသူ၏ စိတ်နှလုံးကို ယူကျုံး မွေ့လျော်စေနိုင်လောက်အောင် ကျက်သရေကို ဆောင်၏၊ အရပ်တော်လည်း ထောင်ထောင်မောင်းမောင်းရှိ၍ ဘုရားရှင်အောက် လက် ၄ သစ်လောက်သာ နိမ့်၏၊ ထို့ကြောင့် ဘုရားရှင်၏ သင်္ကန်းတော်နှင့် ညီမျှသော သင်္ကန်းကိုသာ ဝတ်လေ့ရှိရကား အခါတစ်ပါး၌ ခပ်လှမ်းလှမ်းမှ အရှင်နန္ဒ လာနေသည်ကို မြင်ကြသော ရဟန်းတော်တို့သည် ဘုရားရှင်ကြွလာသည်”ဟု ထင်၍ ထိုင်နေရာမှ ထနှင့်ကြကုန်၏r အနားရောက်မှ အရှင်နန္ဒမှန်းသိကြ၍ “ဘုရားသင်္ကန်းလောက်ကြီးသော သင်္ကန်းကို ဝတ်ရုံ ရကောင်းလား”ဟု အပြစ်တင်ကြလေသည်၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဘုရားရှင် သင်္ကန်းပမာဏကို ညွှန်ပြတော်မူပြီးလျှင် “ဘုရားရှင်၏ သင်္ကန်းတော်လောက် ဖြစ်စေ ထို့ထက်ကြီးသော သင်္ကန်းကိုဖြစ်စေ မဆောင်ရ မဝတ်ရ”ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု၊ သုဂတစီဝရုပ္ပမာဏံ စီဝရံ ကာရာပေယျ၊ အတိရေကံဝါ၊ ဆေဒကံ ပါစိတ္တိယံ၊ တတြိဒံ သုဂတဿ သုဂတစီဝရပ္ပမာဏံ၊ ဒီဃသော နဝဝိဒတ္ထိယော သုဂတ ဝိဒတ္ထိယာ၊ တိရိယံ ဆဝိဒတ္ထိယော၊ ဣဒံ သုဂတဿ သုဂတစီဝရပ္ပမာဏန္တိ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ဘုရားရှင်၏ သင်္ကန်းတော် ပမာဏ ရှိသည်မူလည်း ဖြစ်သော ပိုလွန်သည်မူလည်း ဖြစ်သောသင်္ကန်းကို ပြုစေအံ့၊ ထိုရဟန်းပါစိတ် အာပတ်သင့်၏၊ မြတ်စွာဘုရား၏သင်္ကန်း
စာမျက်နှာ-၂၆၇
တော် ပမာဏကား ဘုရားရှင်၏ အထွာတော်ဖြင့် အလျား ၉-ထွာ အနံ ၆-ထွာ ဖြစ်၏။
မေးဖွယ်။ ။ ဘုရားရှင်၏ သင်္ကန်းပမာဏကိုပြရာ၌ “အလျား ၆-ထွာ, အနံ ၆-ထွာ”(၄-တောင့်ထွာ+၃-တောင်)ဟု ပြ၏၊ ထိုပမာဏလောက်ကြီးသော သင်္ကန်းကို ဝတ်လျှင် ထိုရှည်သမျှ ပမာဏကို လည်းဖြတ်, ပါစိတ်အာပတ်လည်း သင့်၏”ဟု ပညတ်တော်မူထား၏၊ ယခုကာလ သင်္ကန်း(ဧကသီ-သင်္ကန်းကြီး)တို့သည် ထိုပမာဏထက် ပိုလွန်လျက် ရှိရာ အဘယ်သို့ ဖြစ်နေပါသနည်း-ဟု မေးဖွယ်ရှိ၏။
အဖြေ။ ။ “ဗုဒ္ဓမြတ်စွာ၏ ၁-ထွာသည် မဇ္ဈိမပုရိသ(အလယ် အလတ် ယောက်ျား၏ အထွာဖြင့်) ၃-ထွာနှင့် ညီမျှ၏”ဟု ယူဆ၍ ယခုကာလ သင်္ကန်းများ၏ ပမာဏသည် ထိုသိက္ခာပုဒ်လာ ပမာဏထက် ရှည်လျားနေသည်ကို တွေ့ကြရပေသည်။
အဋ္ဌကထာ။ ။ သုဂတဝိဒတ္ထိနာမ ဣဒါနိ မဇ္ဈိမဿ ပုရိသဿ တိဿော ဝိဒတ္ထိယော, ဝဍ္ဎကိဟတ္ထေန ဒိယဍ္ဎော ဟတ္ထော ဟောတိ-ဘုရား တထွာသည် ယခုအခါ အလယ်အလတ် ယောက်ျား၏ အထွာဖြင့် ၃-ထွာဖြစ်၍ လက်သမားတို့၏ အတိုင်းအတာဖြင့် တတောင့်ထွာ ရှိသည်။ [ကင်္ခါ, သံဃာဒိသေသ-ကုဋိကာရ သိက္ခာပဒအဖွင့်၊]
သုဒ္ဓပါစိတ်အခန်းပြီး၏။
စာမျက်နှာ-၂၆၈
၆။ ပါဋိဒေသနီယအခန်း
ပထမပါဋိဒေသနီယသိက္ခာပုဒ်
အမှုသည်—ရဟန်းတစ်ပါး။
အမှု—ဘိက္ခုနီ၏ လက်မှ ဆွမ်းကို ခံယူစားသောက်မှု။
ဘိက္ခုနှင့် ဘိက္ခုနီ။ ။ ဘိက္ခုနီ တစ်ယောက်သည် သာဝတ္ထိ မြို့၌ ဆွမ်းခံ၍ ပြန်လာသောအခါ မြို့တွင်းမှာပင် ရဟန်းတစ်ပါးကိုမြင်၍ “အရှင်ဘုရား တပည့်တော်မရဲ့ ဆွမ်းကို ခံယူပါ”ဟု လျှောက်လေသည်၊ ထိုရဟန်းသည် “ကောင်းသားဘဲ” ဟု ပြော၍ဆွမ်း အားလုံးကို ယူလိုက်လေ၏၊ နောက်ထပ် ဆွမ်းခံချိန်မရှိတော့သဖြင့် ဘိက္ခုနီမှာ ထိုနေ့အဖို့ ဆွမ်းငတ်လေတော့၏။
နောက်တရက်၌လည်း ထို့အတူပင် ထိုရဟန်းကို မြင်၍ မိမိခံယူလာသော ဆွမ်းကို တဆင့်ခံယူဖို့ရန် လျှောက်ပြန်ရာ ထိုရဟန်းက အားလုံးကိုပင် ယူလိုက်ပြန်သဖြင့် ဒုတိယနေ့မှာလည်း ဆွမ်းငတ်ပြန်၏။ တတိယနေ့၌လည်း ထိုနည်းအတိုင်းပင် (အလိုက် မသိတတ်သော ရဟန်းကြောင့်) ဆွမ်းငတ်ရပြန်လေသည်။
စတုတ္ထနေ့၌ကား ၃-ရက်လုံးလုံးဆွမ်းမစားရရှာသော ထိုဘိက္ခုနီသည် ရထားစုံသွားနေသော ပြလမ်းမ၌ တုန်တုန်ရီရီနှင့်သွားနေစဉ် ရထားစီး၍ လာသော သူဌေးတစ်ဦးက “အရှင်မ... ဖယ်ပါ”ဟု လျှောက်၍ လမ်းဖယ် လိုက်စဉ် လဲသွားတော့၏၊ စိတ်သဘောကောင်းသော သူဌေးသည် ရထားမှ ဆင်းလာ၍ တောင်းပန်ရှာ၏, ဘိက္ခုနီလည်း “ရထားကို လမ်းဖယ်ရလို့ လဲတာမဟုတ်ပါ။ နဂိုကပင် အားနဲနေလို့ပါ”ဟု ပြန်ပြော၏။ “ဘာပြုလို့ အားနေရပါတုန်း”ဟု ထပ်၍မေးရာ “ရဟန်းတစ်ပါးက သူလှူသောဆွမ်းကို အကုန်လုံး ခံယူသောကြောင့် ၃-ရက်လုံးလုံး ဆွမ်းမစားခဲ့ရကြောင်း ပြောပြလေသည်။
ထိုအခါ သူဌေးသည် ဘိက္ခုနီကို အိမ်သို့ ပင့်၍ ဆွမ်းကျွေးပြီးလျှင် နဂိုကမှ လာဘ်လာဘ အရနည်းသော ဘိက္ခုနီရဲ့ဆွမ်းကို ရဟန်း ယောက်ျားဖြစ်သူက အလိုက်မသိ အကုန်လုံး ခံယူရသတဲ့လား”ဟု နီးစပ်ရာ ပြောပြ၍ ရှုတ်ချကဲ့ရဲ့လေသည်၊ ထိုစကားကို ရဟန်းတော်များ အဆင့်ဆင့်
စာမျက်နှာ-၂၆၉
ကြား၍ ဘုရားရှင်အား လျှောက်သောအခါ ထိုရဟန်းကို ခေါ်တော်မူ၍ ဘိက္ခုနီနှင့် ဆွေမျိုးတော်-မတော်ကို စစ်ဆေးတော်မူရာ ဆွေမျိုးမတော်ကြောင်း သိတော်မူ၍-
“မောဃပုရိသ—ဆွေမျိုးမတော်သော ဘိက္ခုနီနှင့် သင့်လျော်သော အရာ မသင့်လျော်သောအရာ, သူ့မှာရှိသော အရာ-မရှိသော အရာကို ဆွေမျိုးမတော်သော ရဟန်းက မသိနိုင်၊ သင်မို့လို့ ဆွေမျိုးမတော်သော ဘိက္ခုနီ၏ လက်က ဆွမ်းကို ခံယူရက်ပလေ၊ သင်လုပ်ပုံဟာ မကြည်ညိုသေး သူတို့၏ ကြည်ညိုစရာလည်းမဟုတ်၊ ကြည်ညိုပြီးသူတို့ သဒ္ဓါတရားတိုးစရာ လည်းမဟုတ်၊ စင်စစ်မှာ မကြည်ညိုသေးသူတို့ မကြည်ညိုစရာနှင့် ကြည်ညိုပြီးသော ပုထုဇဉ်တချို့၏ အကြည်ညိုပျက်စရာသာ ဖြစ်သည်”...ဟု ကဲ့ရဲ့တော်မူပြီးကာ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု အညာတိကာယ ဘိက္ခုနိယာ အန္တရဃရံ ပဝိဋ္ဌာယ ဟတ္ထတော ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, ပဋိဒေသေတဗ္ဗံ တေန ဘိက္ခုနာ “ဂါရယှံ, အာဝုသော, ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမီ”တိ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ရွာတွင်းသို့ဝင်ပြီးသော ဆွေမျိုး မတော်သော ရဟန်းမ၏ လက်မှ ခဲဖွယ်ကိုဖြစ်စေ ဘောဇဉ်ကိုဖြစ်စေ မိမိလက်ဖြင့်ခံယူ၍ ခဲမူလည်းခဲအံ့ စားမူလည်းစားအံ့၊ ထိုရဟန်းသည် “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ တံ ပဋိဒေသေမိ”ဟု ဆို၍ သီးခြားဒေသနာ ပြောရမည်။
ဒုတိယ ပါဋိဒေသနီယသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ။
အမှု—ဆွမ်းစားစဉ် စီမံနေသော ဘိက္ခုနီကို မတားမြစ်မှု။
လောကွတ်ကောင်းသော ဘိက္ခုနီ။ ။ ရဟန်းတော်အများသည် ပင့်ဖိတ်ထားသော အိမ်၌ ဆွမ်းဘုဉ်းပေးနေကြလေရာ, ဆဗ္ဗဂ္ဂီရဟန်းများလည်း ပါဝင်ကြ၏၊ ဆဗ္ဗဂ္ဂီဂိုဏ်းဝင် ဘိက္ခုနီမတို့သည် ထိုအိမ်သူ အိမ်သားတို့နှင့် အကျွမ်းဝင်ရကား ဆဗ္ဗဂ္ဂီ ရဟန်းများအတွက်
စာမျက်နှာ-၂၇၀
“ဒီမှာ ဟင်းလိုက်ကြပါ, ဒီမှာ ဆွမ်းလိုက်ကြပါ”ဟု စီမံနေကြလေသည်၊ သူတို့စီမံမှုကြောင့် ဆဗ္ဗဂ္ဂီရဟန်းအများပင် အလိုရှိတိုင်း စားကြရသော်လည်း (ဆဗ္ဗဂ္ဂီဂိုဏ်းဝင်မဟုတ်သော) အခြားရဟန်းတို့မှာ စိတ်တိုင်းကျအောင် မဘုဉ်းပေးကြရချေ၊ ထိုအကြောင်းကို သိရသော ရဟန်းတော်တို့သည် ဆဗ္ဗဂ္ဂီ ရဟန်းတို့အား “စီမံသော ဘိက္ခုနီကို မစီမံဖို့ရန် မတားမြစ်ကောင်းလား”ဟု ကဲ့ရဲ့ရှုတ်ချ၍ ဘုရားရှင်အား လျှောက်ကြခြင်းကြောင့် ဘုရားရှင်သည် ဆဗ္ဗဂ္ဂီ ရဟန်းတို့ကို စစ်ဆေးမေးမြန်း၍ အပြစ်တင်တော်မူကာ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ဘိက္ခူ ပနေဝ ကုလေသု နိမန္တိတာ ဘုဉ္ဇန္တိ, တတြ စေ သာ ဘိက္ခုနီ ဝေါသာသမာနရူပါ ဌိတာ ဟောတိ “ဣဓ သူပံ ဒေထ, ဣဓ ဩဒနံ ဒေထာ”တိ။ တေဟိ ဘိက္ခူဟိ သာ ဘိက္ခုနီ အပသာဒေတဗ္ဗာ “အပသက္က တာဝ ဘဂိနိ, ယာဝ ဘိက္ခူ ဘုဉ္ဇန္တီ”တိ။ ဧကဿပိ စေ ဘိက္ခုနော န ပဋိဘာသေယျ တံ ဘိက္ခုနိံ အပသာဒေတုံ “အပသက္က တာဝ ဘဂိနိ, ယာဝ ဘိက္ခူ ဘုဉ္ဇန္တီ”တိ, ပဋိဒေသေတဗ္ဗံ တေဟိ ဘိက္ခူဟိ “ဂါရယှံ, အာဝုသော, ဓမ္မံ အာပဇ္ဇိမှာ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမာ”တိ။
မြန်မာပြန်။ ။ ရဟန်းတို့သည် အိမ်တို့၌ ပင့်ဖိတ်အပ်ကုန်သည် ဖြစ်၍ ဆွမ်းဘုဉ်းပေးကြကုန်၏၊ ထိုဆွမ်းဘုဉ်းပေးရာ အရပ်၌ ထို(ဝတ္ထုကြောင်း၌ လာသော ရဟန်းမကဲ့သို့သော) ရဟန်းမသည် “ဤ၌ ဟင်းပေးကြပါ, ဤ၌ ထမင်းပေးကြပါ” ဤသို့ စီမံသည်ဖြစ်၍ တည်နေ့အံ့၊ ထိုဆွမ်းဘုဉ်းပေးသော ရဟန်းတို့က ထိုရဟန်းမကို တားမြစ်ရမည်၊ (အဘယ်သို့ တားမြစ်ရမည်နည်း) “နှမ အကြင်မျှလောက် ရဟန်းတွေ ဆွမ်းဘုဉ်းပေးနေကြသေး၏၊ ထိုဆွမ်းဘုဉ်း ပေးနေသမျှတော်ရာ ဖဲသွားပါဦးလော့” ဤသို့ တားမြစ်ရမည်၊ ရဟန်းတစ်ပါး တလေသော်မှလည်း ထိုရဟန်းမကို “အပသက္က တာဝ ဘဂိနိ, ယာဝ ဘိက္ခူ ဘုဉ္ဇန္တိ”ဟု ပြော၍ တားမြစ်ဖို့ရာ အကယ်၍ စိတ်ကူးမပေါ် လာအံ့၊ ထိုရဟန်းတို့သည် “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိမှ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမ”ဟု ဆို၍ သီးခြားဒေသနာ ပြောရမည်။
စာမျက်နှာ-၂၇၁
တတိယ ပါဠိဒေသနီယ သိက္ခာပုဒ်
အမှုသည်—ရဟန်းတော်အများ။
အမှု—အတိုင်းအရှည် မသိဘဲ ခံဖွယ်သောဇဉ်ကို ခံယူမှု။
သေက္ခ သမုတ်ခြင်း။ ။ သောတာပန်, သကဒါဂါမ်, အနာဂါမ် (အရိယာ) ဖြစ်ပြီးသူများကို “သေက္ခ”ဟု ခေါ်၏၊ ဤသူတို့ကား အစစ်အမှန် သေက္ခဖြစ်သူများတည်း၊ ထိုသို့ အရိယာ ဖြစ်ပြီးသူများသည် အလှူဒါန၌ လွန်စွာမွေ့လျော်ကြ၏၊ အစစ်အမှန် အလှူခံ ပုဂ္ဂိုလ်က သူတို့နှင့် ထိုက်တန်သော ပစ္စည်းကို အလှူခံလာလျှင် မိမိမှာ ရှိနေသော ပစ္စည်းကို မပေးဘဲ မနေနိုင်ကြ၊ ဤကား သေက္ခပုဂ္ဂိုလ်တို့၏ ထုံးစံတည်း၊ အိမ်တအိမ်၌ကား သ္မီးခင်ပွန်း ၂-ယောက်လုံးပင် သေက္ခ (အရိယာ) မဖြစ်သေးသော်လည်း သဒ္ဓါတရားမှာမူ သေက္ခ (အရိယာ) တို့ကဲ့သို့ပင် ထက်သန်ကြ၏။ ပစ္စည်း ဥစ္စာကမူ ဆုတ်ယုတ် နေအံ့၊ (လှူရလွန်း၍ဖြစ်စေ အရောင်းအဝယ်မကောင်း၍ဖြစ်စေ တနည်းနည်းဖြင့် ဆုတ်ယုတ်နေအံ့၊) ထိုအိမ်သူ အိမ်သားကို သံဃာအများ စုဝေးကာ ဉတ်ကမ္မဝါစာဖြင့် “သေက္ခ”ဟု သမုတ်ထားရလေသည်။
ဝတ္ထုကြောင်း။ ။ သာဝတ္ထိမြို့၌ သ္မီးခင်ပွန်း ၂-ယောက်လုံးပင် သဒ္ဓါတရား ထက်သန်လှ၏၊ သို့သော်စည်းစိမ်ဥစ္စာကား လှူရင်း လှူရင်းပင် ဆုတ်-ဆုတ်နေ၏၊ သူတို့အိမ်၌ နံနက်စာအဖြစ်ဖြင့် ချက်ပြုတ်ထားသော စားဖွယ်ခဲဖွယ်များကို နေ့စဉ် ဆွမ်းခံကြွလာသော ရဟန်းတို့အား တစ်ပါးပြီး တစ်ပါး လောင်းလှူနေရာ တခါတရံမှာမူ သူတို့စားဖို့ပင် မကျန်အောင် ကုန်သွား၏။ နောက်ထပ်လည်း ချက်ပြုတ်ဖို့ မဝယ်နိုင်ရကား ထိုနံနက်အဖို့ မစားဘဲသာ ဆိုင်ရာအလုပ်ကို လုပ်ကြရှာတော့၏၊ ထိုအကြောင်းကိုသိသော အိမ်နားနီးချင်းတို့သည် ရဟန်းများကို အလိုက်မသိကောင်းလား” ဟု ကဲ့ရဲ့ကြလေရာ တဆင့်စကား ဘုရားရှင်ကြားတော်မူ၍ ထိုအိမ်ကို (အိမ်သူ အိမ်သားများကို) သေက္ခဟု သမုတ်ထားဖို့ရန် ပညတ်တော်မူလေသည်။
သမုတ်ပုံ။ ။ ရှေးဦးစွာကျောင်းတိုက်တွင်းရှိ ရဟန်းသံဃာတော်များကို သိမ်အတွင်း၌ (အချင်းချင်း ၂-တောင့်ထွာအတွင်းမှာ တည်ရှိအောင်) စုဝေးစေရ၏၊ သံဃာစုံညီသောအခါ သွက်သွက်လက်လက် ထက်ထက် မြက်မြက် ရှိသော ရဟန်းတော်တစ်ပါးသည် “ကမ္မဝါစာ = ကံပြုသောစကား”ဟု ခေါ်သော ပါဠိစကားဖြင့် အောက်ပါ (မြန်မာပြန်
စာမျက်နှာ-၂၇၂
အတိုင်း)အကြောင်းအရာကို သံဃာတော်အား ပြောပြရသည်၊ ထို့သို့ ပြောပြခြင်းကိုပင် “ကမ္မဝါစာရွတ်ခြင်း = (စာကြည့်ဘတ်လျှင်) ကမ္မဝါဘတ်ခြင်း” ဟု ခေါ်သည်။ [စာကြည့်ဘတ်ခြင်းကား အရကျက်မထားနိုင်၍ ရသော်လည်း မတော်တဆ တလုံးတလေ မှားမည်ကို စိုး၍ဖြစ်သည်။ အမှန်မှာ-စာမကြည့်ဘဲ ရွတ်ဆိုရမည်သာ ဖြစ်၏။]
ဉတ်စကား။ ။ အရှင်ဘုရားတို့...သံဃာတော်သည် တပည့်တော်၏ စကားကိုနားစိုက်တော်မူပါ၊ မည်သည့်အမျိုးသည် သဒ္ဓါအားဖြင့် တိုးပွားပါ၏၊ စည်းစိမ်ဥစ္စာအားဖြင့်ကား ဆုတ်ယုတ်နေပါသည်၊ သံဃာတော်၏ (ယခုသမ္မုတိပေးမည့်)ကံသည် အကယ်၍သင့်လျော် လျောက်ပတ်သော ကံဖြစ်အံ့၊ ထိုသို့ဖြစ်လျှင် သံဃာတော်သည် မည်သည့်အမျိုးအား သေက္ခသမ္မုတိကို ပေးချိန်တန်ပါပြီ-ဤကား သံဃာကို အသိပေးသောစကားတည်း။ [ကမ္မဝါစာ မဟုတ်သေး၊ “ဉတ္တိ = အသိပေး”ဟုခေါ်သည်။]
ကမ္မဝါစာ။ ။ အရှင်ဘုရားတို့... သံဃာတော်သည် တပည့်တော်၏ စကားကို နားစိုက်တော်မူပါ၊ မည်သည့်အမျိုးသည် သဒ္ဓါအားဖြင့် တိုးပွားပါ၏၊ စည်းစိမ်ဥစ္စာအားဖြင့်ကား ဆုတ်ယုတ်နေပါသည်၊ သံဃာတော်သည် မည်သည့်အမျိုးအား သေက္ခသမ္မုတိကို ပေးနေ၏၊ မည်သည့် အမျိုးအား သေက္ခသမ္မုတိ ပေးခြင်းသည်၊ အကြင် အရှင်အား နှစ်သက်၏၊ ထိုအရှင်သည် ဆိတ်ဆိတ်နေပါ၊ အကြင် အရှင်အား မနှစ်သက်၊ ထိုအရှင်သည် (ငါသဘောမတူ-ဟု) ပြောနိုင် = ကန့်ကွက်နိုင်ပါသည်။ [ဤသို့မေးသောအခါ မည်သူမျှ မကန့်ကွက်လျှင် ထိုသေက္ခသမုတ်မှု အထမြောက်တော့၏။]
နိဂုံးစကား။ ။ သံဃာတော်သည် မည်သည့်အမျိုးအား (မည်သည့်သ္မီး ခင်ပွန်းအား) သေက္ခသမ္မုတိကို ပေးအပ်ပြီ-(ပေးပြီးပါပြီ၊) သံဃာတော်အားလုံးပင် သဘောတူသော အထိမ်းအမှတ်အားဖြင့် တိတ်ဆိတ်စွာ နေကြပါ၏၊ ထိုသို့ တိတ်တိတ်နေခြင်းကြောင့်ပင် သံဃာတော် အားလုံးက အသိအမှတ်ပြုပါသည်။ [ဤအချိန်ကျမှ သမုတ်မှု ကိစ္စ ပြီးစီး။] ဤသို့သမုတ်ထားသော အိမ်မှ ခဲဖွယ်ဘောဇဉ်များကို ဆွမ်းခံသလို ကိုယ်တိုင်မခံယူရတော့ချေ။
စာမျက်နှာ-၂၇၃
တမင်ပင့်သော် ခံယူခွင့်ပြုပုံ။ ။ ထိုသို့ ပညတ်တော်မူပြီးနောက် သာဝတ္ထိမြို့၌ ပွဲသဘင် (သင်္ကြန်ပွဲစသော ပွဲမျိုး) ဖြစ်သောအခါ များစွာသော လူတို့သည် ရဟန်းတော်များကို ပင့်ဖိတ်၍ ဆွမ်းကျွေးကြကုန်၏၊ သေက္ခဟုသမုတ်ထားသော ထိုအိမ်ကလည်း ရဟန်းတော်များကို ပင့်ဖိတ်လေရာ ရဟန်းတော်များသည် ထိုအိမ်မှ ခဲဖွယ်ဘောဇဉ်ကို မစားကောင်းဟု အယူရှိကြသောကြောင့် ထိုပင့်ဖိတ်သည်ကို လက်မခံကြကုန်။
ထိုသို့ဆွမ်းစားပင့်၍ မရသောအခါ “ငါတို့၏ဆွမ်းကို ရဟန်းတော်များက မခံယူလျှင် ငါတို့မှာ အသက်ရှင်နေလို့ ဘာအကျိုးရှိတော့မှာလဲ”ဟု စိတ်ဆင်းရဲခြင်းဖြစ်ကာ ရဟန်းတော်များအပေါ်၌ မကျေနပ်သောစကားကို ပြောကြရှာလေသည်။ ထိုစကားကို ဘုရားရှင် တဆင့် ကြားတော်မူ၍ “တမင်္ဂလာ ပင့်ဖိတ်လျှင် ထိုသေက္ခဟု သမုတ်ထားသောအိမ်မှ ခဲဖွယ် ဘောဇဉ်ကို ကိုယ်တိုင် ခံယူ၍ သုံးဆောင်ကောင်း၏”ဟု အနုပညတ် ထပ်ဆင့်တော်မူရပြန်လေသည်။
ဂိလာနအား ခွင့်ပေးတော်မူခြင်း။ ။ ရဟန်းတစ်ပါးသည် မကျန်းမမာ ဖြစ်နေ၏၊ သေက္ခဟု သမုတ်ထားသော အိမ်ကလည်း ထိုရဟန်းနှင့်ရင်းနှီး၍ ထိုရဟန်းဝင်နေကျ အိမ်တည်း၊ ထို့ကြောင့် ဆွမ်းခံချိန်ဝယ် ထိုအိမ်သို့ ဝင်သွားသောအခါ အိမ်ရှင်များက ဆွမ်းကပ်ကြလေသော်, ထိုရဟန်းသည် ပညတ်ထားသော သိက္ခာပုဒ်ကို ရိုသေသောအားဖြင့် (စားကောင်းလိမ့်မည် မထင်သောကြောင့်) ထိုကပ်လှူသောဆွမ်းကို လက်မခံဘဲ နေလေသည်၊ မကျန်းမမာဖြစ်နေသောကြောင့် အခြားအိမ်တို့သို့ လှည့်လည်၍လည်း ဆွမ်းမခံနိုင်ရကား ထိုနေ့အဖို့ ဆွမ်းမစားရရှာတော့ ချေ။ ထိုအကြောင်းကို ရဟန်းများက ဘုရားရှင်အား လျှောက်ထားလေသော် “ဂိလာနဖြစ်လျှင် သေက္ခဟု သမုတ်ထားသော အိမ်မှ ခဲဖွယ်ဘောဇဉ်ကို ကိုယ်တိုင် ခံယူ၍ သုံးဆောင်ကောင်း၏”ဟု ခွင့်ပြုတော်မူရပြန်သည်။
သိက္ခာပုဒ်။ ။ ယာနိ ခေါ ပန တာနိ သေက္ခသမ္မတာနိ ကုလာနိ, ယော ပန ဘိက္ခု တထာရူပေသု သေက္ခသမ္မတေသု ကုလေသု ပုဗ္ဗေ အနိမန္တိတော အဂိလာနော ခါဒနီယံ ဝါ, ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒေယျ ဝါ, ဘုဉ္ဇေယျ ဝါ, ပဋိဒေသေတဗ္ဗံ တေန ဘိက္ခုနာ “ဂါရယှံ,
စာမျက်နှာ-၂၇၄
အာဝုသော, ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမီ”တိ။
မြန်မာပြန်။ ။ သေက္ခဟု သမုတ်အပ်ကုန်သော အကြင်အမျိုးတို့သည် ရှိကုန်၏၊ အကြင်ရဟန်းသည် ထိုသို့သဘောရှိကုန်သော သေက္ခဟု သမုတ်အပ်ကုန်သော အမျိုးတို့၌ အိမ့်ဥပစာမရောက်မီ ရှေ့အဖို့က ပင့်လည်း မပင့်အပ်, ဂိလာနလည်း မဟုတ်ဘဲ ခဲဖွယ်ကိုဖြစ်စေ, ဘောဇဉ်ကိုဖြစ်စေ မိမိကိုယ်တိုင် ခံယူ၍မူလည်း ခဲအံ့ စားမူလည်း စားအံ့၊ ထိုရဟန်းသည် “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမိ ဟုဆို၍ သီးခြား ဒေသနာပြောရမည်။
မှတ်ချက်။ ။ သေက္ခဟု သမုတ်ရလောက်အောင် သဒ္ဓါတရားကောင်း၍ ပစ္စည်းဥစ္စာ ဆုတ်ယုတ်နေသောကြောင့် အလှူခံ(ဆွမ်းခံ) လာသမျှကို လှူနေလျှင် ထိုသူတို့သာ၍ ပင်ပန်းသွားမည် စိုးသောကြောင့် ရှေးဦးစွာ သေက္ခ သမုတ်ရမည်၊ ထိုအိမ်၌ ဆွမ်းခံခြင်းစသော အလှူခံမှု မပြုရဟု ပညတ်တော်မူ၍ သူတို့ တတ်နိုင်သမျှ ပင့်ဖိတ်သောအခါ၌ကား သူတို့သဒ္ဓါတရား မပျက်အောင် အလှူခံတော့ဟု ခွင့်ပြုတာ်မူခြင်းဖြစ်သည်၊ ဤသိက္ခာပုဒ်တော်၌ ဘုရားရှင်၏ ကရုဏာတော် မေတ္တာတော်နှင့် မြှော်မြင်တော်မူပုံများကို စဉ်းစားကြည်ညှိပြီးလျှင် မိမိတို့စပ်ဆိုင်ရာ ဒါယကာ ဒါယိကာမတို့ အားလည်း သူတို့ လှူလိုတိုင်း လက်မခံဘဲ အရာရာ ထောက်ထား၍ အလှူခံသင့်မှ ခံစေလိုသော ဘုရားရှင်၏ အလိုတော်ကို နားလည်ကြပါလေ။
အလိုက်သိမှု။ ။ ဤနေရာဝယ် “ဘောဇနေ မတ္တညုတာ”နှင့်စပ်၍ကျမ်းစာတို့၌ ဖွင့်လေ့ရှိသော အလိုက်သိပုံများကို သိထားသင့် ပါသည်၊ အလှူခံဖြစ်သော ရဟန်းသာမဏေများသည် ဆွေမျိုးမတော်သော အလှူရှင်, သို့မဟုတ်-“အလိုရှိရာတောင်းပါ”ဟု ဖိတ်မန်လျှောက်ထားခြင်း မရှိဘူးသော အလှူရှင်အား ဘာပစ္စည်းကိုမျှ (အယုတ်သဖြင့် ရေကိုမျှ) မတောင်းကောင်းကြောင်းကို နောက်သေခိယအခန်း၌ လာမည့် “သူပေါဒနဝိညတ္တိသိက္ခာပုဒ်”ဖြင့် သိထားနှင့်ရာ၏။ ဤနေရာ၌ကား အလှူခံကောင်းသော ဉာတိ(ဆွေမျိုး) ဖိတ်ထားသော (ပဝါရိတ), သို့မဟုတ် ဆွမ်းခံသလို ရပ်၍ အလှူခံရသောအလှူရှင် ဤ၃-မျိုးအပေါ်၌ အလှူခံပုဂ္ဂိုလ်က အလိုက်သိရသော အချက် ၃-ချက်ရှိ၏။
စာမျက်နှာ-၂၇၅
ထို ၃-ချက်ကား ၁-အလှူရှင်၏အလိုဆန္ဒ, ၂-ပစ္စည်း၏ အနည်းအများ, ၃-မိမိမှာ လိုသလောက်, ဤ ၃-ပါးတည်း၊ ထိုတွင်
အလှူရှင်မှာ ပစ္စည်းဥစ္စာပေါများပါသော်လည်း သူ့ဆန္ဒက နည်းနည်းသာ လှူလိုလျှင်(သူ့မှာ ပစ္စည်း မည်မျှပင် ပေါပေါ မိမိမှာ မည်မျှပင် အသုံးလိုလို)သူ၏ဆန္ဒ သူ၏သဒ္ဓါတရားလိုက်၍ နဲနဲသာ အလှူခံပါ၊ များများ အလှူခံနေလျှင် သူ၏သဒ္ဓါဆန္ဒနှင့် မကိုက်၍ အလိုက်မသိရာ ရောက်လိမ့်မည် ဟူလို။
၂။ အလှူရှင်သည် သဒ္ဓါတရားကောင်းလှ၏၊ မိမိအတွက်ဆိုလျှင် ကုန်ကုန်ခန်းခန်းလှူဒါန်းမည်သာ၊ သို့သော် သူ့မှာ ပစ္စည်းဥစ္စာ ပေါ့များလှသည်မဟုတ်၊ (ထိုအချိန်မှာ လှူစရာ နဲနဲသာ ရှိနေ၏၊) ထိုကဲ့သို့ အလှူရှင်မျိုးထံ (သူ့ သဒ္ဓါတရား ဘယ့်လောက်ပင်ကောင်းကောင်း မိမိမှာ မည်မျှပင် အသုံးလိုလို)သူ၏ ပစ္စည်းအခြေအနေကို ထောက်ထား၍ နဲနဲပါးပါးသာ အလှူခံပါ၊ များများအလှူခံနေလျှင် သူ့မှာရှိသော ပစ္စည်းနှင့်မကိုက်၍ အလိုက် မသိရာ ရောက်လိမ့်မည်-ဟူလို။ [ဤသိက္ခာပုဒ်အရ “သေက္ခမျိုး”ဟု သမုတ်ရခြင်းမှာလည်း ဤအလှူရှင်မျိုးကို ညှာတာခြင်းပင်တည်း။
၃။ အလှူရှင်တစ်ဦးကား ပစ္စည်းဥစ္စာလည်း ပေါများ၏, သဒ္ဓါတရား လည်းကောင်းလှ၏၊ သို့သော် (သူက တရာတန် လှူနိုင်သော်လည်း မိမိမှာ ၁၀-တန်သာ အသုံးလိုလျှင်) မိမိအသုံးလိုသလောက်သာ အလှူခံပါ၊ ပစ္စည်းပေါသလောက် သဒ္ဓါကောင်းသလောက် အလှူခံနေလျှင် မိမိသုံး၍ ပိုနေသမျှ အချည်းနှီး ဖြစ်စရာရှိသောကြောင့်(ဘုန်းကြီးတွေ အလိုက်မသိတတ်ဘူး-ဟု) ဘေးလူများ၏ အကဲ့ရဲ့ဒဏ်ကို တသာသနာလုံး ခံရပါလိမ့်မည်-ဟူလို၊ ထို့ကြောင့် အလှူခံပုဂ္ဂိုလ်တို့မှာ အဘက်ဘက်က အလိုက်သိတတ်မှသာ လူအများနှင့် ဆက်ဆံရာဝယ် ပြေပြေပြစ်ပြစ် ဖြစ်နိုင်ဖွယ်ရာရှိပါသည်။ ဧကနိပါတ အင်္ဂုတ္တရဋ္ဌကထာ, ဝီရိယာရမ္ဘာဒိဝဂ်။]
စတုတ္ထပါဋိဒေသနီယ သိက္ခာပုဒ်
အမှုသည်—တောကျောင်း ဘုန်းကြီးများ။
အမှု—သာကီဝင်မင်းသ္မီးအများ တောပုန်းတို့က လုယက်ဖျက်ဆီးခံရ။
သူပုန်ထချိန် တောကျောင်း သွား၍ လှူမှု။ ။ ကပိလဝတ် နေပြည်တော်ဝယ် နိဂြောဓာရုံကျောင်းတိုက်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် သာကီဝင်မင်းတို့၏ ကျွန်တို့ ပုန်ကန်နေခိုက်နှင့် ကြုံကြိုက် နေလေသည်။
စာမျက်နှာ-၂၇၆
သာကီဝင်မင်းသ္မီးတို့သည် တောကျောင်းသို့ ဆွမ်းကပ် သွားလိုကြကုန်၏၊ ထိုအကြောင်းကိုကြား၍ တောကျောင်းလမ်းက ပုန်းအောင်း နေ့နှင့်ကြကုန်သော သူပုန်တို့သည် ဆွမ်းအပို့လာသော သာကီဝင်မင်းသ္မီးများအား ပစ္စည်းကိုလည်းလု, လူကိုလည်း ဖျက်ဆီးကြကုန်၏၊ သာကီဝင်မင်းတို့သည် ခိုးထုပ်နှင့်တကွ ထိုသူပုန်တို့ကို ဖမ်းပြီးလျှင် ရဟန်းတော်တို့အား “သူပုန်တွေရှိကြောင်းကို အသိမပေးကောင်းလား” ဟု အပြစ်တင်ကြကုန်၏။ ထိုအကြောင်းကို ဘုရားရှင် ကြားတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [ကျောင်းတိုက်သို့ မလာခင် တင်ကြို၍လျှောက်လျှင် “သူပုန်တွေ ရှိသည်”ဟု ပြောခွင့်ရသောကြောင့် ဤသို့ပညတ်တော်မူခြင်းဖြစ်သည်။
ဂိလာနအား ခွင့်ပြုတော်မူခြင်း။ ။ ထိုသို့ ပညတ်တော်မူပြီးနောက် တောကျောင်းရဟန်း တစ်ပါးသည် မကျန်းမမာဖြစ်နေစဉ် လူတို့သည် ခဲဖွယ် ဘောဇဉ်ကို ယူ၍ တောကျောင်းသို့ လာကြကုန်၏၊ လူတို့သည် ထိုဂိလာနရဟန်းအား ဆွမ်းလှူကြသောအခါ ထိုရဟန်းသည် (ကျောင်းတိုက်သို့ မရောက်ခင် တင်ကြို၍ မလျှောက်ထားသော ဆွမ်းဖြစ်ရကား) အလှူမခံဘဲ နေကာ ထိုနေ့အဖို့ ဆွမ်းမစားရရှာတော့ချေ၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ တောကျောင်း ရဟန်းအား (ဂိလာန ဖြစ်နေလျှင်)တင်ကြို၍ မလျှောက်ထားသော ခဲဖွယ်ဘောဇဉ်ကို ကိုယ်တိုင် ခံယူ၍ စားခွင့် ပြုတော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာနိ ခေါ ပန တာနိ အာရညကာနိ သေနာသနာနိ သာသင်္ကသမ္မတာနိ သပ္ပဋိဘယာနိ, ယော ပန ဘိက္ခု တထာရူပေသု သေနာသနေသု ပုဗ္ဗေ အပ္ပဋိသံဝိဒိတံ ခါဒနီယံ ဝါ, ဘောဇနီယံ ဝါ အဇ္ဈာရာမေ သဟတ္ထာ ပဋိဂ္ဂဟေတွာ အဂိလာနော ခါဒေယျ ဝါ, ဘုဉ္ဇေယျ ဝါ, ပဋိဒေသေတဗ္ဗံ တေန ဘိက္ခုနာ “ဂါရယှံ, အာဝုသော, ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမီ”တိ။
မြန်မာပြန်။ ။ တောရဖြစ်ကုန်သော သာသင်္ကသပ္ပဋိဘယဖြစ်ကုန်သော ကျောင်းတို့သည် ရှိကုန်၏၊ အကြင်ရဟန်းသည် ထိုသို့ သဘော ရှိကုန်သော ကျောင်းတို့၌ အာရာမ်၏ ဥပစာသို့ မရောက်မီ
စာမျက်နှာ-၂၇၇
ရှေးက မသိစေအပ်ဘဲ ခဲဖွယ်ကို ဖြစ်စေ ဘောဇဉ်ကို ဖြစ်စေ အာရာမ် အတွင်း၌ မိမိကိုယ်တိုင် ခံယူ၍ ဂိလာန မဟုတ်ဘဲ ခဲမူလည်း ခဲအံ့ စားမူလည်း စားအံ့၊ ထိုရဟန်းသည် “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမိ”ဟုဆို၍ သီးခြား ဒေသနာ ပြောရာ၏။
ပါဋိဒေသနီယ အခန်းပြီး၏။
စာမျက်နှာ-၂၇၈
၇။ သေခိယ အခန်း
ပရိမဏ္ဍလဝဂ်
ပရိမဏ္ဍလသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ။
အမှု—သင်းပိုင်, ဧကသီကို မညီမညွတ်ဝတ်မှု။
မညီမညွတ် ဝတ်ခြင်း။ ။ ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိမြို့ ဇေတဝန် ကျောင်းတိုက်၌ သီတင်းသုံးတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်းပိုင် (ကိုယ်ဝတ်)ကို မညီမညွတ် ဝတ်ကြကုန်၏။ ရှေ့ကလည်း တွဲရရွဲကျ နောက်ကလည်း တွဲရရွဲကျနေကုန်၏၊ ဧကသီခေါ်(အပေါ်ခြုံ) သင်္ကန်းကိုလည်း ရှေ့ကဖြစ်စေ နောက်ကဖြစ်စေ ၂-ဘက်လုံး ဖြစ်စေ တွဲရရွဲချ၍ မညီမညွတ် ရမ်းကြကုန်၏။
လူတို့က အထင်သေးခြင်း။ ။ ထိုသို့ မညီမညွတ် ဝတ်ကြ ရမ်းကြပုံကို မြင်ရသော လူတို့သည် ထိုဆဗ္ဗဂ္ဂီရဟန်းတို့ကို အဝတ်မှမဝတ်တတ်ကြ ဘူး-ဟု) အထင်သေးကြကုန်၏၊ တချို့လူများကား အထင်သေးရုံတွင် မကဘဲ နှုတ်ဖြင့် အပြစ်ပြောကြကုန်၏၊ တချို့ကမူ စပ်မိတိုင်း အပြစ်ပြောသဖြင့် ရဟန်းများ၏ အပြစ်သည်။ ပြန့်နှံ့သွားလေ တော့၏။
ပညတ်တော်မူခြင်း။ ။ လူတို့၏ အပြစ်ပြောသံကို အခြားရဟန်းတော်များ ကြားသိရ၍ ဘုရားရှင်အား လျှောက်ကြလေရာ ဘုရားရှင်သည် သံဃာစည်းဝေးစေတော်မူပြီးလျှင် ဆဗ္ဗဂ္ဂီ ရဟန်းတို့ကို စစ်ဆေးမေးမြန်းတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့ကလည်း ဟုတ်မှန်ပါကြောင်း ဝန်ခံကြလေသည်။
ထိုအခါ “ဤမညီမညွတ် ဝတ်မှုသည် သာသနာတော်ကို မကြည်ညိုသေး သူတို့ ကြည်ညိုဖို့ရာလည်း မဟုတ်၊ ကြည်ညိုပြီးသူတို့၏ သဒ္ဓါတရား တိုးပွါး သို့ရာလည်း မဟုတ်၊ မကြည်ညိုသေးသူတို့ မကြည်ညိုစရာနှင့် ကြည်ညိုပြီးသော (အချို့)ပုထုဇဉ်များ၏ သဒ္ဓါတရား ပျက်ပြားဖို့သာ ဖြစ်သည်”ဟု ကဲ့ရဲ့တော် မူပြီးလျှင်—
စာမျက်နှာ-၂၇၉
ပရိမဏ္ဍလံ နိဝါသေဿာမီတိ သိက္ခာ ကရဏီယာ”။
အထက်ဝန်းကျင် ဝန်းပိုင်းညီညွတ်စွာ ဝတ်အံ့ဟု ကျင့်မှုကို ပြုရမည်။
ပရိမဏ္ဍလံ နိဝါသေတဗ္ဗံ နာဘိမဏ္ဍလံ ဇာဏုမဏ္ဍလံ ပဋိစ္ဆာဒေန္တေန = အထက်ပိုင်း၌ ချက်အဝန်းအဝိုင်း (ပတ်လည်)ကိုလည်းကောင်း, ဒူးပုဆစ် အဝန်းအဝိုင်း (ပတ်လည်)ကိုလည်းကောင်း, ဖုံးစေလျက် အဝန်းညီစွာ ဝတ်ရမည်။
ယော အနာဒရိယံ ပဋိစ္စ ပုရတောဝါ ပစ္ဆတောဝါ ဩလမ္ဗေန္တော နိဝါသေတိ၊ အာပတ္တိ ဒုက္ကဋဿ = ဤသိက္ခာပုဒ် ပညတ်တော်ကို ဂရုမစိုက်ဘဲ ရှေ့ကဖြစ်စေ, နောက်ကဖြစ်စေ တွဲရရွဲကျစေလျက် ဝတ်သောရဟန်းမှာ ဒုက္ကဋ်အာပတ်သင့်၏၊ ဤသို့ သိက္ခာပုဒ် ပညတ်တော် မူရလေသည်၊ [ ဧကသီကို မညီမညွတ် ခြုံမှု ရမ်းမှု၌လည်း ဤအတိုင်းပင် ပညတ်တော် မူလေသည်။]
မှတ်ချက်။ ။ သိက္ခာ ကရဏီယာ = “ကျင့်မှုကို ပြုရမည်” ဟူရာ၌ ဝတ်နည်း ရမ်းနည်း (ခြုံနည်း) ကိုတတ်အောင် သင်ရမည်၊ ထိုသို့သင်ရမည် ဖြစ်လျက် မသင်ခြင်းသည်ပင် သိက္ခာပုဒ်ကို မလေးစားရာရောက်၏။ နိဝါသန ဝတ္တံ ဟိ သာဓုကံ ဥဂ္ဂဟေတဗ္ဗိ၊ တဿ အနုဂ္ဂဟမေဝဿ အနာဒရိယံ၊] ထိုသို့သင်၍ တတ်သောအခါ ညီညီညွတ်ညွတ် ဝတ်လေ့ရှိရမည်၊ ဝတ်နည်းကိုသိပါလျက် ညီညီညွတ်ညွတ် မဝတ်လျှင် ဒုက္ကဋ်အာပတ် သင့်၏။ သာမဏေများ၌ ဒဏ်ထိုက်၏။ [နောက်လာမည့် သေခိယ သိက္ခာများလည်း ဤနည်းချည်းတည်း။ ]
ဝတ်ပုံ။ ။ အထက်ပိုင်း၌ ချက်ကို ဖုံးလောက်အောင် ရှေ့ရောနောက်ပါ ညီစွာဝတ်ရမည်၊ အောက်ပိုင်း၌ ဒူး(ပုဆစ်)ရိုးမှ အောက် လက်ရှစ်သစ် လောက်ချ၍ ရှေ့ရော နောက်ပါ ညီစွာဝတ်ရမည်။ [“ဇဏုမဏ္ဍလဿ ဟေဋ္ဌာ ဇင်္ဃဋ္ဌိကတော ပဋ္ဌာယ အဋ္ဌင်္ဂုလမတ္တံ နိဝါသနံ ဩတာရေတွာ နိဝါသေတဗ္ဗံ၊ တတော ပရံ ဩတာရေန္တဿ ဒုက္ကဋန္တိ ဝုတ္တံ”-သေခိယ အဋ္ဌကထာ။] သင်္ကန်းရမ်းရာ၌လည်း ဒူးပုဆစ်အောက် လက် ၄-သစ်လောက် ချ၍ ညီစွာရမ်းရမည်။
ဝိမတိ။ ။ အဋ္ဌင်္ဂုလမတ္တန္တိ မတ္တသဒ္ဒေန တတော ကိဉ္စိ အဓိကံ ဉုနမ္ပိ သင်္ဂဏှာတိ၊ ဧတ္ထာပိ ပရိမဏ္ဍလသိက္ခာပဒဿ သာဓာရဏတ္တာ ဇာဏုမာလတော ဟေဋ္ဌာ စတုရင်္ဂုလမတ္တံ ဩတာရေတွာ အနောလမ္ဗေတွာ ပရိမဏ္ဍလမေဝ ပါရုပိတဗ္ဗံ၊ ...[သေခိယ အဖွင့်။]
ဘာသာပြန်။ ။ လက်ရှစ်သစ်လောက်”ဟု “မတ္တ=လောက်” သဒ္ဒါကြောင့် ထိုရှစ်သစ်ထက် အပိုအလိုကိုလည်း သိမ်းယူ၏။ ...ဤသုပ္ပဋိစ္ဆန္န
စာမျက်နှာ-၂၈၀
သိက္ခာပုဒ်၌လည်း ပရိမဏ္ဍလသိက္ခာပုဒ်နှင့် ဆက်ဆံသည့်အတွက် ဒူးပုဆစ်ဝန်းမှ အောက် လက် ၄-သစ်လောက် ချ၍ တွဲလျားလည်း မကျစေဘဲ ဝန်းဝိုင်းစွာ ရုံရမည်။
ညီစွာ ဝတ်ရာဌာန။ ။ ရဟန်း သာမဏေများသည် ကျောင်း အာရာမ် အတွင်းဝယ် ဘုရားဝတ်တက်ရာအခါ, ဆရာ့အထံ ချဉ်းကပ်ရာအခါ, သံဃာအများ စုဝေးရာအခါ, သံဃာအများ ဆွမ်းစားရာအခါ စသည်တို့၌လည်းကောင်း, မြို့ရွာအတွင်း တည်းခိုနေထိုင်ရာအခါ၌လည်းကောင်း, ဤသိက္ခာပုဒ် ၂-ပါးကြောင့် ညီစွာဝတ်၍ ရမ်း၍နေရမည်။ [ “ဝိဟာရေပိ အန္တရဃရေပိ ပရိမဏ္ဍလမေဝ နိဝါသေတဗ္ဗဉ္စ ပါရုပိတဗ္ဗဉ္စ ... (အဋ္ဌကထာ)” “ဝိဟာရေပီတိ သံဃသန္နိပါတဗုဒ္ဓုပဋ္ဌာနာဒိကာလံ သန္ဓာယ ဝုတ္တံ”-ဝိမတိ။] ဤစကား အရ-“မိမိ တစ်ပါးတည်းနေရာ အခါစသည်၌ ပရိမဏ္ဍလ မဖြစ်သော်လည်း အပြစ်မရှိ”ဟုမှတ်။
ခြွင်းချက်။ ။ ညီစွာဝတ်မည် ရမ်းမည်ဟု သဘောထား၍ ဝတ်ပါသော်လည်း မညီမညွတ် ဖြစ်သွားရာအခါ, တခြားကိစ္စ၌ စိတ်စိုက်နေခိုက် အမှတ်တမဲ့ (သတိမထားဘဲ) ဝတ်မိရာအခါ, ညီညီညွတ်ညွှတ် ဝတ်ပါလျက် ရှည်သွားမှန်း တိုနေမှန်း မသိရှာအခါ (တနည်း-ဝတ်နည်း ရမ်းနည်းကို သိပါလျက် နားမလည်သေးရာအခါ) ခြေသလုံး၌ ဖြစ်စေ ခြေထောက်၌ ဖြစ်စေ အနာပေါက်နေ၍ (ဂိလာန ဖြစ်ခိုက်) အနာတိုက်မိမှာ စိုးသဖြင့် တိုတိုဝတ်ရာအခါ, ယင်အုံမှာစိုးသဖြင့် ရှည်ရှည်ချ၍ ဝတ်ရာအခါ, ခြေသလုံး ခြောက်ကပ်ခြင်း ခြေသလုံးသားကြီးခြင်းစသည်ဖြစ်ရာအခါ, ဘေးရန်ကြောင့် ပြေးလွှားရာအခါ, ရှူးနေရာအခါတို့၌ အတိုအရှည်ဝတ်သော်လည်း အာပတ် မသင့်, ဒဏ်မထိုက်။
သုပ္ပဋိစ္ဆန္နသိက္ခာပုဒ် ၂-ပါး
အမှာ။ ။ ဤသေခိယအခန်း၌လာသော သိက္ခာပုဒ်များသည် သာဝတ္ထိမြို့ မှာချည်း ဖြစ်၍ ဆဗ္ဗဂ္ဂိယရဟန်းများကိုချည်း အကြောင်းပြု၍ ပညတ်တော် မူရသော သိက္ခာပုဒ်များဖြစ်သည်။
မြို့ရွာ အတွင်း၌ ကိုယ်ကို ဖော်၍ သွားလာနေထိုင်မှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ သွားလာသည့်အခါ ကိုယ်ကိုဖေါ်၍ (ဒူးဖေါ်, ရင်ဖေါ် ဖေါ်၍) သွားလာကြကုန်၏။ ထိုင်သည့်အခါလည်း ကိုယ်ကို ဖေါ်၍ ထိုင်နေကြကုန်၏။ ထိုသို့ ကြည်ညိုဖွယ်မကောင်း
စာမျက်နှာ-၂၈၁
သော သွားလာနေထိုင်ပုံကို မြင်ရ၍ လူတို့က ကဲ့ရဲ့၍ကြသောကြောင့် ကဲ့ရဲ့သံကို ကြားရသော ရဟန်းတော်များက ဘုရားရှင်ကို လျှောက်ကြသဖြင့်...
(က) “သုပ္ပဋိစ္ဆန္နော အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
(ခ) သုပ္ပဋိစ္ဆန္နော အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။
ဟု ဤသိက္ခာ ၂-ရပ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ လည်ပင်း လက်ကောက်ဝတ်မှ စ၍ ကိုယ်ကိုကောင်းစွာ ဖုံးလျက် မြို့ရွာအတွင်း၌ သွားရမည်, နေထိုင်ရမည်”ဟူသော အလေ့အကျင့်ကို ပြုကျင့်ရမည်။
ကောင်းစွာ ဖုံးပုံ။ ။ “သု = ကောင်းစွာ + ပဋိစ္ဆန္န = ကိုယ်ကိုဖုံး” ဟူရာ၌ တကိုယ်လုံး ဦးခေါင်းပါဖုံးရမည်-ဟု မိန့်တော်မူလိုသည် မဟုတ်၊ ယခုကာလ-သင်္ကန်းရုံခြင်းမျိုးကို ဆိုလိုသည်၊ ထို့ကြောင့် မြို့ရွာအတွင်း သွားလာသောအခါ သင်္ကန်းရုံ၍ အနားပတ်သီးကို တပ်ကြရသည်၊ ထိုသို့ သင်္ကန်းရုံ၍ အနားပတ်သီး တပ်ထားလျှင် လည်မျို ဇလုပ် ဦးခေါင်းနှင့် လက်ကောက်ဝတ် ပြင်ဘက်လက် ခြေသလုံး အောက်ပိုင်းမှ တစ်ပါး တကိုယ်လုံးကို ဖုံးပြီးဖြစ်၏၊ ထိုင်သောအခါလည်း ထိုကဲ့သို့ပင် ကောင်းစွာ ဖုံး၍ ထိုင်ရသည်။
အဋ္ဌကထာ။ ။ ဒုတိယသိက္ခာပဒေ ... ဂလဝါဋကတော ပုဋ္ဌာယ သီသံ, မဏိဗန္ဓတော ပဋ္ဌာယ ဟတ္ထေ, ပိဏ္ဍိမံသတောစ ပဋ္ဌာယ ပါဒေ ဝိဝရိတွာ နိသီဒိတဗ္ဗံ=ထိုင်ခြင်းနှင့် စပ်သော ဒုတိယသိက္ခာပုဒ်ဝယ် လည်မျိုဇလုပ်မှစ၍ ဦးခေါင်းကိုလည်းကောင်း, လက်ကောက်ဝတ်မှ စ၍ လက်တို့ကိုလည်းကောင်း, ခြေသလုံးအသားစိုင်မှစ၍ ခြေတို့ကိုလည်းကောင်း, ဖွင့်ပြီး ထိုင်ရမည်။
မှတ်ချက်။ ။ ယခုကာလ၌ တချို့ ထိုင်ရာ၌ ခြေဖျား လက်ဖျားတို့ကိုပင် ဖုံး၍ တိုင်ကြ၏၊ ထိုသို့ထိုင်ခြင်းကို အပြစ်ရှိသည်ဟု အခြားသိက္ခာပုဒ်အရ မတွေ့ရသောကြောင့် ထိုသို့ ထိုင်ခြင်းကို အဋ္ဌကထာအတိုင်းမဟုတ်ဟု ဆိုရုံမှတစ်ပါး အပြစ်မမြင်ချေ။ ထိုသို့ဖုံးခြင်းကို ကြည်ညိုဖွယ် မဖြစ်ဟုလည်း မဆိုသာ၊ ဦးခေါင်းကိုကား နောက်၌မခြုံရဟု ပညတ်တော် လာဦး
စာမျက်နှာ-၂၈၂
လတံ့ ဖြစ်၍ မခြုံသင့်၊ ထို့ပြင်-လည်ပင်းကို ဖုံးရာ၌ ရှေ့ပိုင်း လည်မျို ဇလုပ်ကို ဖုံးအောင် သင်္ကန်းရုံမှ ကျေနပ်ကြ၏၊ ထိုသူတို့ကား “ဂလဝါဋ ကတော ပဋ္ဌာယ”ဟူသောစကားဖြင့် စဉ်းစားသင့်သည်။
ခြွင်းချက်။ ။ ဤသိက္ခာပုဒ် ၂-ပါး၌လည်း ရှေ့ပရိမဏ္ဍလသိက္ခာပုဒ်လာ ခြွင်းချက်များ ရနိုင်သည့်ပြင် (“ဝဿုပဂတ” ခေါ်) ရွာတွင်း၌ ဆွမ်းခံ ဆွမ်းစား တရားဟောခိုက် နေထိုင်ခြင်းမျိုး မဟုတ်ဘဲ တည်းခိုသော အနေမျိုးဖြင့် နေသော ရဟန်းလည်း သင်္ကန်းမရုံဘဲ နေနိုင်သေး၏၊ [ “ဝဿုပဂတဿာတိ-ဝါသတ္ထာယ ဥပဂတဿ ရတ္တိဘာဂေဝါ ဒိဝသဘာဂေဝါ ကာယံ ဝိဝရိတွာ နိသီဒနတော အနာပတ္တိ”-အဋ္ဌကထာ။]
ဆက်ဦးအံ့’ “တည်းခိုသော အနေမျိုး”ဟူရာ၌ အဘယ်လောက်ကြာမှ “တည်းခိုခြင်း” ဖြစ်သနည်း-ဟု စဉ်းစားဖွယ် ရှိ၏၊ ကင်္ခါဋီကာသစ်၌ ညဉ့် အိပ်မည်ဟု ရည်ရွယ်ချက်ဖြင့် တည်းခိုမှ “အတည်းခို”ဟု ဆိုလို၏၊ ဝိမတိ ဋီကာ၌ကား “ဝါသတ္ထာယ ဥပဂတဿာတိ ဝုတ္တတ္တာ ဝါသာဓိပ္ပါယံ ဝိနာ (နေလိုသော ဆန္ဒနှင့် ကင်း၍) ဓမ္မဒေသနာ ပရိတ္တဘဏနာဒိ အတ္ထာယ သုစိရမ္ပိ နိသီဒန္တေန သဗ္ဗံ အန္တရဃရဝတ္တံ ပူရေန္တေနေဝ နိသီဒိတဗ္ဗံ”ဟု ဆိုသောကြောင့် တည်းခိုနေလိုသော ဆန္ဒရှိလျှင် ခေတ္တပင်ဖြစ်သော်လည်း “အတည်းခိုပင်”ဟု အဓိပ္ပါယ်ကျသည်။
ထို့ပြင်-အိမ်ရှင်တို့သည် “ရှင်ဘုရားများ သတင်းသုံးသမျှ ဤအိမ်ကို လှူပါ၏”ဟု လျှောက်တတ်ကြ၏။ ထိုသို့လျှောက်လျှင် (အတည်းခိုမဟုတ်ဘဲ) ဆွမ်းစားသွားခြင်းစသည်ပင် ဖြစ်သော်လည်း ကျောင်းမှာ နေသလို သင်္ကန်း မရုံဘဲ နေနိုင်၏ဟု ယူဆကြ၏၊ ထိုအယူကိုကား-“တံ သဗ္ဗံ နဂဟေတဗ္ဗံ, တထာ ဝစနာဘာဝါ ဒါနလက္ခဏာဘာဝါ တာဝတ္တကေန ဝိဟာရသင်္ချာ နုပဂမနတောစ = ထိုအားလုံးကို အတည်မယူထိုက်၊ (ဘာ့ကြောင့်နည်း၊) ထိုကဲ့သို့ ယူဖို့ရာ အဆိုအမိန့်မရှိခြင်း, ခေတ္တလှူခြင်းသည် အလှူမမြောက် အငှါးသာဖြစ်ခြင်း, ထိုသို့လျှောက်ရုံမျှဖြင့် ကျောင်းဟု မဆိုနိုင်ခြင်းကြောင့်တည်းဟု ဆို၍ ဝိမတိ ပယ်လေသည်။
သုသံဝုတသိက္ခာပုဒ် ၂-ပါး
ဆဗ္ဗဂ္ဂီတို့လက်ဆော့ခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာ အတွင်း၌ လက်ဆော့ ခြေဆော့ ဆော့လျက် သွားလာကြ-နေထိုင်ကြကုန်၏၊ လူတို့ကလည်း ကဲ့ရဲ့ကြလေသည်၊ ထိုအကြောင်းကို ဘုရားရှင် ကြားတော်မူ၍...
စာမျက်နှာ-၂၈၃
(က) “သုသံဝုတော အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
(ခ) သုသံဝုတော အန္တရဃရေ နိသီဿာမီတိ သိက္ခာ ကရဏီယာ”။
ဟု ဤသိက္ခာပုဒ်တော် ၂-ရပ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ လက်ခြေတို့ကို မဆော့(မကစား)ဘဲ ကောင်းစွာ စောင့်စည်းလျက် မြို့ရွာအတွင်း၌ သွားလာမည်, နေထိုင်မည်” ဟူသော အလေ့အကျင့်ကို ပြုကျင့်ရမည်။ [သု = ကောင်းစွာ+ သံဝုတ လက်ခြေတို့ကို စောင့်ရှောက်သူ၊ ဤသိက္ခာပုဒ်တော်အရ မြို့ရွာ အတွင်း၌ လက်ဆော့ ခြေဆော့ မလုပ်ရ။
ဩက္ခိတ္တစက္ခုသိက္ခာပုဒ်၂-ပါး
ဟိုဟိုသည်သည် ကြည့်ခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ ဟိုဟိုသည်သည် (တောင်ကြည့်မြောက်ကြည့်) ကြည့်လျက် သွားလာ-နေထိုင်ကြကုန်၏၊ ထိုသို့ တောင်ကြည့် မြောက်ကြည့် ကြည့်လျက် ဣန္ဒြေမရဘဲ သွားလာနေထိုင်မှုကို ယဉ်ကျေးသော လူကောင်း သူကောင်းတို့သော်မှ မပြုကြပါဘဲ, အထူးယဉ်ကျေးသည်ဟု အသိအမှတ် ပြုရမည့် ဘုရားသားတော်တို့က ပြုနေကြသည်ကို လူတို့က ကဲ့ရဲ့ရှုတ်ချ အပြစ်တင် ကြသောကြောင့်...
(က) “ဩက္ခိတ္တစက္ခု အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
(ခ) ဩက္ခိတ္တစက္ခု အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။
ဟု ဤသိက္ခာပုဒ်တော် ၂-ရပ်ကို ဘုရားရှင်ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ ရထားထမ်းပိုးတပြန်လောက်သာ ကြည့်လျက် မျက်စိကို အောက်သို့ ချ၍ မြို့ရွာအတွင်း၌ သွားလာ—နေထိုင်မှုကို ပြုမည်-ဟု အလေ့အကျင့်ကို ပြုရမည်။ ဤသိက္ခာပုဒ်တော်အရ စက္ခုန္ဒြေ (စက္ခု+ဣန္ဒြေ) ချ၍ မြို့ရွာအတွင်း၌ နေကြရသည်။ သို့သော် ယာဉ် ရထား နွားမြင်းစသောဘေးရန်ရှိ-မရှိကိုကား တစည်းတစောင်း ကြည့်ကောင်းပါ၏။
စာမျက်နှာ-၂၈၄
ရထား ထမ်းပိုး တပြန်ကိုလည်း “၄-တောင် တချို့အဋ္ဌကထာ၌ ၄-တောင့်ထွာခန့်” ဟုခန့်မှန်း ကြသည်၊ ယဉ်ကျေးပြီးသော အာဇာနီ ဆင်မြင်းတို့သည် ထိုမျှလောက်သာ ကြည့်လေ့ရှိကြသတဲ့၊ မှန်၏- ထိုသို့မျက်စိကို ဣန္ဒြေ ရရထား၍ သွားလာ နေထိုင်မှုကို ယဉ်ကျေးသူတိုင်း ပြုကြ၏၊ တောင်ကြည့် မြောက်ကြည့် ကြည့်ခြင်းကား အရိုင်းအစိုင်းတို့၏ အပြုအမူ
ဖြစ်သည်။
ဥက္ခိတ္တက သိက္ခာပုဒ် ၂-ပါး
သင်္ကန်းကို မြှောက်ပင့်ခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ သင်္ကန်းကို မြှောက်၍ ပင့်၍ (စွန်တောင်ဆွဲ၍) သွားလာကြကုန်၏၊ ထိုင်သောအခါလည်း သင်္ကန်းကို ပင့်၍ ထိုင်ကြကုန်၏၊ ထိုအပြုအမူကို လူတို့က ကဲ့ရဲ့ကြသောကြောင့်...
(က) “န ဥက္ခိတ္တကာယ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
(ခ) န ဥက္ခိတ္တကာယ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။
ဟု ဤသိက္ခာပုဒ် ၂-ပါးကို ဘုရားရှင် ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ “သင်္ကန်းကိုမြှောက်ပင့်လျက် မြို့ရွာအတွင်း၌ မသွားအံ့- မထိုင်အံ့”ဟု အလေ့အကျင့်ကို ပြုရမည်။ [ဤသိက္ခာပုဒ်တော်အရ မြို့ရွာအတွင်း၌ သင်းပိုင်ကိုယ်ရုံကို ဝဲဘက်ကဖြစ်စေ ယာဘက်က ဖြစ်စေ မမြှောက်ပင့်ရ၊ ကိုယ်ရုံကို ခါးပေါ် အောင်ပင် တချို့ကျောင်းတွင်း၌ နေတတ်ကြ၏၊ မြို့ရွာအတွင်းဖြစ်မူ ထိုကဲ့သို့ မမြှောက်ပင့်ရ။] ထိုင်သောအခါ၌ကား ရုံထားသောအပေါ် သင်္ကန်းကို အနည်းငယ်ပင့်၍ တင်ပါးအောက်မှာ ဖိမနေစေဘဲ ထိုင်ရမည်ဟု ပညတ်တော်မူချက် (ခန္ဓကမှာ)ရှိ၏။ ထို့ကြောင့် ထိုကဲ့သို့ ပင့်ခြင်းမှတစ်ပါး သင်းပိုင်မှာ ပတ်ထားသော ခါးပန်းကြိုးပေါ်လာအောင် မြှောက်ပင့်၍ မထိုင်ရ၊ သို့သော် တည်းခို နေထိုင်ခိုက် ဖြစ်မူကား ကျောင်းမှာနေသကဲ့သို့ ထိုက်တန်သလောက် မြှောက်ပင့်သော်လည်း “ဝါသူပဂတဿ အနာပတ္တိ”ဟု ဤသိက္ခာပုဒ်မှာ ခြွင်းချက်ပါပေသည်။ ပရိမဏ္ဍလဝဂ်ပြီး၏။
စာမျက်နှာ-၂၈၅
ဥဇ္ဇဂ္ဃိကဝဂ်
ဥဇ္ဇဂ္ဃိကသိက္ခာပုဒ် ၂-ပါး
ကျယ်စွာရယ်ခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ ကျယ်လောင်စွာ ရယ်၍ သွားလာကြ-နေထိုင်ကြကုန်၏၊ ကျယ်စွာရယ်ခြင်းသည် ယဉ်ကျေးသောလူများ၏ အပြုအမူမဟုတ်၊ ယဉ်ကျေးသူတို့သည် ရယ်ရွှင်ဖွယ်အာရုံနှင့် ကြုံလာလျှင် သွားမဖေါ်ဘဲလည်းကောင်း, သွားဖျားပေါ်ရုံမျှလည်းကောင်း, ပြုံးကြကုန်၏၊ အသံထွက်လာလျှင်လည်း သာသာညှဉ်းညှဉ်း အသံ လောက်ထွက်စေကြကုန်၏၊ အသံကျယ်စွာ ထွက်အောင် ရယ်မောလေ့မရှိကြ၊ ထို့ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့၏ ကျယ်လောင်စွာ ရယ်မှုသည် ယဉ်ကျေးသူတို့၏ အပြုအမူမဟုတ်ရကား လူတို့က ကဲ့ရဲ့ကြသောကြောင့်...
(က) “နဥဇ္ဇဂ္ဃိကာယ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
(ခ) နဥဇ္ဇဂ္ဃိကာယ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ် ၂-ပါးကို ဘုရားရှင်ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ “ကျယ်စွာရယ်၍ မြို့ရွာအတွင်း၌ မသွားလာအံ့, မနေထိုင်အံ့”ဟု အလေ့အကျင့်ကို ပြုရမည်။ အကယ်၍ ရယ်ဖွယ်အာရုံနှင့် ကြုံလာလျှင် ပြုံးရုံမျှသာ ပြုံးရမည်-ဟုမိန့်တော်မူ၏၊ “ဥ = အသံကျယ်စွာ+ဇဂ္ဃ=ရယ်ခြင်း”ကို တားမြစ်ရကား ခတ်တိုးတိုး အသံထွက်ရုံကိုကား တားမြစ်မည်မထင်။]
အပ္ပသဒ္ဒသိက္ခာပုဒ် ၂-ပါး
အသံကျယ်စွာ စကားပြောခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ အသံကျယ်စွာ စကားပြော၍ သွားလာ နေထိုင်ကြကုန်၏။ [အသံကျယ်စွာ စကားပြောခြင်းလည်း ယဉ်ကျေးပြီးသူတို့၏ အပြုအမူ မဟုတ်၊ ယခုကာလ၌ပင် တောသူတောသားနှင့် မြို့သူမြို့သား စကားပြောပုံသည် အသံကျယ်—မကျယ်အားဖြင့် ကွဲပြားလျက်ရှိ၏။ ထို့ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့၏ အသံကျယ်စွာ စကားပြောမှုကို သာဝတ္ထိမြို့သူမြို့သားတို့က ကဲ့ရဲ့ရှုတ်ချ-အောက်တန်းစားတွေဟု အသိအမှတ်ပြုကြသောကြောင့်...
စာမျက်နှာ-၂၈၆
(က) “အပ္ပသဒ္ဒေါ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
(ခ) အပ္ပသဒ္ဒေါ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ် ၂-ပါးကိုဘုရားရှင် ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ တိုးသောအသံ ရှိသည်ဖြစ်၍ (စကားပြောစရာ ရှိလျှင် တိုးတိုးသက်သာ ပြောလျက်) မြို့ရွာအတွင်း၌ သွားလာ-နေထိုင်မည်”ဟု အလေ့အကျင့်ကို ပြုရမည်။
၁၂-တောင်ကျယ်သောအိမ်ဝယ် မြောက်အစွန်၌ တစ်ပါး, တောင်အစွန်၌ တစ်ပါး, အလယ်အကြား ၆-တောင်ခန့်၌ တစ်ပါး ထိုင်နေရာ, မြောက်ဆုံး ပုဂ္ဂိုလ်က အလယ်ပုဂ္ဂိုလ်အား လှန်း၍ စကားပြောရာ၌ အလယ်ပုဂ္ဂိုလ်သာ စကားလုံးကို ကွဲကွဲ ပြားပြားကြားရ၍ တောင်ဆုံးပုဂ္ဂိုလ်က ကွဲကွဲပြားပြား မကြားရလျှင် ထိုအသံကို အပ္ပသဒ္ဓ = တိုးသောအသံဟု ဆိုရ၏၊ တောင်ဆုံး ပုဂ္ဂိုလ်ပါ ကွဲကွဲ ပြားပြားကြားရလျှင်ကား မဟာသဒ္ဒဖြစ်၍ အပြစ်ရှိသည်။
မှတ်ချက်။ ။ ဤသိက္ခာပုဒ်ကို ရဟန်းသာမဏေချင်း စကားပြောရာ၌သာ ပညတ်တော်မူလိုရင်း ဖြစ်ဟန်တူ၏။ လူများနှင့် စကားပြောရာ၌ကား (အထူးအားဖြင့် မိန်းမများနှင့် စကားပြောရာ၌) တိုးတိုး ပြောနေလျှင် အပြစ်တင်ဖွယ်ပင် ဖြစ်ရာ၏၊ တရားဟောရာ၌မူ အရှင်အာနန္ဒာ အရှင်မဟိန္ဒ စသော မထေရ်များပင် မြို့အတွင်း၌ ကျယ်စွာသောအသံဖြင့် ပရိသတ် ကြားလောက်အောင် ဟောတော်မူလေ့ရှိပေသည်။
ပစာလကသိက္ခာပုဒ် ၆-ပါး
ကိုယ်လက်ရုံး, ဦးခေါင်းလှုပ်ခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ အထက်ပိုင်း ကိုယ်ကို မတ်မတ်မထားဘဲ လှုပ်လှုပ်ရှားရှားဖြစ်စေလျက် အိအိ ချွဲချွဲ တွဲရရွဲချသလို လုပ်၍ သွားလာကြ-နေထိုင်ကြကုန်၏၊ လက်ရုံး လက်မောင်းကိုလည်း တောင့်တောင့်တင်းတင်းမထားဘဲ တွဲရရာ ချသကဲ့သို့ လှုပ်လှုပ်ယမ်းယမ်းလုပ်၍ သွားလာနေထိုင်ကြကုန်၏၊ ဦးခေါင်းကိုလည်း ခိုင်ခိုင်မတ်မတ်မထားဘဲ တွဲရရာချသကဲ့သို့ ဘေးစောင်း ရှေ့ငိုက် ထားကြကုန်၏။
စာမျက်နှာ-၂၈၇
ထိုအပြုအမူမျိုးသည် ပျင်းရိသူ-ကလေးကလားနေတတ်သူတို့၏ အပြုအမူ မျိုးသာဖြစ်၍ လူကြီးလူကောင်းများ-ယဉ်ကျေးပြီးသူများ၏ အပြုအမူမဟုတ်ချေ။ မှန်၏- ဘုရားရှင်သည် ဒေသစာရီ ကြွချီသောအခါ ထိုင်တော်မူသောအခါတို့၌ အထက်ပိုင်း ကိုယ်တော်သည် လှေပေါ်မှာ တင်ထားအပ်သော ဆင်းတုတော်ကဲ့သို့ အလွန်ငြိမ်သက်တော်မူလေသည်၊ ထို့ကြောင့် ယဉ်ကျေးသူတို့၏ အထွတ်အထိပ်ဖြစ်တော်မူသော ဘုရားရှင်၏ တပည့်များက ထိုကဲ့သို့ လှုပ်လှုပ်ရှားရှား မငြိမ်မသက် သွားလာနေထိုင်ကြသည်ကို မကြည်ညိုနိုင်သော လူတို့သည် ကဲ့၍ ရှုတ်ချလေကုန်၏၊ ထို့ကြောင့် —
(က, ခ) “ကာယပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ, နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။
(ဂ, ဃ) န ဗာဟုပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။
(င, စ) န သီသပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်တော် ၆-ပါးကို ပညတ်တော်မှုရလေသည်။
မြန်မာပြန်။ ။ မြို့ရွာအတွင်း၌ ကိုယ်ကို လှုပ်စေ၍ လှုပ်စေ၍လည်းကောင်း, လက်ရုံး လက်မောင်းကို လှုပ်စေ၍ လှုပ်စေ၍လည်းကောင်း, ဦးခေါင်းကို လှုပ်စေ၍ လှုပ်စေ၍လည်းကောင်း, မသွားလာ-မနေထိုင်အံ့” ဟု အလေ့ အကျင့်ကိုပြုရမည်။
ဥဇ္ဇဂ္ဃိကဝဂ်ပြီး၏။
စာမျက်နှာ-၂၈၈
ခမ္ဘကတဝဂ်
ခမ္ဘကတ သိက္ခာပုဒ် ၂-ပါး
ခါးထောက်ခြင်း။ ။ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် မြို့ရွာအတွင်း၌ ခါးထောက်၍ သွားလာ-နေထိုင်ကြကုန်၏၊ ထိုအပြုအမူသည်လည်း ဟန်ကြီးပန်ကြီးလုပ်သူတို့၏ အပြုအမူဖြစ်၍ မြင်ရသူတို့ ကျေနပ်ဖွယ် ကောင်းသော အပြုအမူမဟုတ်ရကား ကဲ့ရဲ့ရှုတ်ချကြသောကြောင့်...
(က, ခ) “န ခမ္ဘကတော အန္တရဃရေ ဂမိဿာမီတိ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ် ၂-ပါးကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ “ဝဲဘက်ယာဘက် တဘက်ဘက်မှာ ဖြစ်စေ ၂-ဘက် လုံးမှာဖြစ်စေ ခါးကိုလက်ဖြင့် ထောက်၍ မသွားလာအံ့, မနေထိုင်အံ့” ဟု အလေ့အကျင့်ကို ပြုရမည်။
ဩဂုဏ္ဌိတသိက္ခာပုဒ် ၂-ပါး
ခေါင်းခြုံခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ ဦးခေါင်းကို ခြုံ၍ သွားလာ-နေထိုင်ကြကုန်၏၊ ဦးခေါင်းနှင့်တကွ တကိုယ်လုံးကို (ခေါင်းမြီးခြုံ ကုလားမတို့ကဲ့သို့) ခြုံ၍သွားလာ-နေထိုင်ခြင်းကား ရိုးသားသူတို့ အပြုအမူ မဟုတ်သဖြင့် မြင်ရသူတို့က ကဲ့ရဲ့ရှုတ်ချကြသောကြောင့်...
(က, ခ) “န ဩဂုဏ္ဌိတော အန္တရဃရေ ဂမိဿာမီတိ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်တော် ၂-ပါး, ကိုပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ ဦးခေါင်းခြုံလျက် မြို့ရွာအတွင်း၌ မသွားလာ, မနေထိုင်အံ့”ဟု အလေ့အကျင့်ကို ပြုရမည်။
စာမျက်နှာ-၂၈၉
ဥက္ကုဋိကသိက္ခာပုဒ်
ဖဝါးဆွံ့နင်းခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ ဖဝါးဆွံ့နင်း၍ သွားလာကြကုန်၏၊ [ခြေဖျားထောက်၍ ဖနောင့်ကို မြှောက်လျက်လည်းကောင်း, ဖနောင့်သာ နင်း၍ ခြေဖျားထောက်လျက်လည်းကောင်း, သွားခြင်းကို ခြေဖဝါး နာနေသလို ဆွံ့နေသလို ဖြစ်သောကြောင့် “ဖဝါးဆွံ့” နင်းခြင်းဟု ခေါ်၏။] ထိုသို့ ဖဝါးဆွံ့ နင်း၍ သွားခြင်းကား ကလေးများ ဆော့ခြင်းနှင့်တူသောကြောင့် အမြင်မတော်ချေ၊ ထို့ကြောင့် ထိုသို့သွားသော ဆဗ္ဗဂ္ဂီ ရဟန်းများကို လူတို့ကဲ့ရဲ့ရှုတ်ချလေရကား—
“န ဥက္ကုဋိကာယ အန္တရဃရေ ဂမိဿာမီဟိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ ဖဝါးဆွံ့နင်း၍ “မြို့ရွာအတွင်း၌ မသွားအံ့” ဟူသော အလေ့အကျင့်ကို ပြုရမည်။
ပလ္လတ္ထိကသိက္ခာပုဒ်
ဒူးကို ပတ်ဖွဲ့ခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ ဒူ ၂-ဘက်ကို ထောင်၍ ထိုထောင်ထားသော ဒူးကို လက် ၂-ဘက်ဖြင့် ပတ်ဖွဲ့ခြင်း, ပတ်ဖွဲ့၍လည်းကောင်း, အဝတ်ကြိုးလုံးဖြင့် ပတ်ဖွဲ့၍လည်းကောင်း, ထိုင်ကြကုန်၏၊ ထိုသို့ထိုင်ရခြင်းကား လူမမာတို့အတွက် သက်သာသော ထိုင်ရခြင်း ဖြစ်၍ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုသို့ ပတ်ဖွဲ့၍ ထိုင်ကြလေသည်၊ ထိုထိုင်ခြင်း မျိုးသည် ဣန္ဒြေသိက္ခာရှိသော လူကြီးလူကောင်းတို့၏ အပြုအမူမဟုတ်သောကြောင့် လူတို့ ကဲ့ခဲ့ရကား-
“န ပလ္လတ္ထိကာယ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ “လက်အဝတ်တို့ဖြင့် ဒူးကို ပတ်ဖွဲ့လျက် မထိုင်အံ့” အလေ့အကျင့်ကို ပြုရမည်၊ [မရိုသေ မလေးစားသော စိတ်ဖြင့် ထိုင်မှသာ အပြစ်ရှိသည်။ မကျန်းမာသောကြောင့် ထိုကဲ့သို့ ထိုင်ခြင်းကြောင့်ကား အပြစ်မရှိပါ၊ ဤသို့ ဒူးကို လက်-ကြိုးတို့ဖြင့်ပတ်ဖွဲ့၍ ထိုင်ခြင်းကို “အာယောဂပတ်”ဟု ကျမ်းစာတို့၌ဆိုသည်။
စာမျက်နှာ-၂၉၀
သက္ကစ္စပဋိဂ္ဂဟဏသိက္ခာပုဒ်
မလေးမစား ဆွမ်းခံမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းကိုမလေးစား ခံယူကြကုန်၏။ “မလေးမစား”ဟူသည် ဆွမ်းကို မလိုချင်သလို စွန့်ပစ်မှာလိုလို လုပ်သော အမူအရာတည်း၊ ထိုအမူအရာမျိုးကို မြင်ရသောအခါ ဆွမ်းလောင်းသူတို့၏ စိတ်၌ သဒ္ဓါတရား တိုးတက်သည့်ပြင် ဆွမ်းလောင်းချင်သောစိတ်ပင် ပျက်စီးကြကုန်၏၊ ထို့ကြောင့် ထိုမလေးမစားခံယူမှုကို လူတို့ကဲ့ရဲ့ရကား-
“သက္ကစ္စံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ ဆွမ်းကို လေးလေးစားစား(လိုလိုချင်ချင်)ခံယူမည်”ဟု အလေ့အကျင့်ကို ပြုရမည်။
ပတ္တသညီသိက္ခာပုဒ်
ဟိုဟိုသည်သည် ကြည့်၍ ဆွမ်းခံမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းခံသည့် အခါ ဟိုကြည့် သည်ကြည့်နှင့် ခံယူကြကုန်၏၊ (သပိတ်၌ စိတ်မစိုက်ဘဲ တောင်ကြည့် မြောက်ကြည့် ကြည့်၍ ဆွမ်းခံရကား ဆွမ်းလောင်းနေသည်ကိုလည်း မသိလိုက်ကြ၊ ဆွမ်းလောင်း ပြီးသည်ကိုလည်း မသိလိုက်ကြ၊ ထိုသို့ နမူးထူးဖြစ်လောက်အောင် ငေးမေ့၍ ဆွမ်းခံမှုကို လူတို့ မကြည်ညိုသဖြင့် ကဲ့ရဲ့ကြသောကြောင့်-
“ပတ္တသညီ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ သပိတ်၌ အမှတ်သညာရှိသည်ဖြစ်၍ (သပိတ်၌ စိတ်စိုက်လျက်) ဆွမ်းကိုခံယူမည်”ဟု အလေ့အကျင့်ကို ပြုရမည်။
စာမျက်နှာ-၂၉၁
သမသူပကသိက္ခာပုဒ်
ပဲဟင်းကိုများစွာ ခံယူမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပဲဟင်းကိုများစွာ ခံယူကြကုန်၏၊ [ “ပဲဟင်း”ဟူသည် မပြစ်လွန်း မကျဲလွန်းသောလက်ဖြင့် ကော်ယူလျှင် ရနိုင်လောက်သော ပဲနောက်ဟင်း ပဲကြီးဟင်းတည်း၊ အခြားပဲဟင်းများလည်း ပါဝင်၏-ဟု ဆိုသေး၏၊] ထိုကဲ့သို့ ပဲဟင်းကို များစွာခံယူခြင်းကြောင့် လူတို့ကဲ့ရဲ့ရကား-
“သမသူပကံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ “တော်လောက်ရုံသော ပဲဟင်းရှိသည်ဖြစ်၍ ဆွမ်းကို ခံယူအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။
မှတ်ချက်။ ။ ဆွမ်း၏ ၄-ပုံတွင် ၁-ပုံလောက်သာရှိသော ပဲဟင်းကို ဆွမ်းနှင့်ညီမျှ သောပဲဟင်း”ဟုဆိုသည်၊ အိန္ဒိယနိုင်ငံ၌ ပဲဟင်း စားလေ့ရှိသောကြောင့် ပဲဟင်းနှင့်စပ်၍ သိက္ခာပုဒ်တရပ် ပညတ်တော်မူရသည်၊ ထို့ကြောင့် ပဲဟင်းမှတစ်ပါး အခြားသော ဟင်းချိုဟင်း ချဉ်ရည်ဟင်း သားဟင်း ငါးဟင်းများကိုကား များစွာ ခံယူသော်လည်းကောင်း, လက်ကော်ရပဲဟင်းကိုလည်း ဉာတိတို့ ပစ္စည်းဖိတ်မန်အပ်သူတို့ ပစ္စည်းဖြစ်မူ များစွာခံယူသော်လည်းကောင်း, အာပတ်မသင့်။
သမတိတ္ထိကသိက္ခာပုဒ်
မောက်လျှံနေအောင်ဆွမ်းခံမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သပိတ်ပေါ်၌ မောက်လျှံနေအောင် ဆွမ်းခံကြကုန်၏။ (ထိုကဲ့သို့ မောက်လျှံအောင် ဆွမ်းခံခြင်းသည် အလွန်လောဘကြီးရာ ရောက်၏၊ မို့မောက်နေသည့်အတွက် အမြင်လည်းမတော်ချေ။ ထို့ကြောင့်) လူတို့ ကဲ့ရဲ့ ရကား—
“သမတိတ္ထိကံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေသာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ သပိတ်၏ အတွင်းနခမ်းရစ်နှင့် ညီမျှရုံသာ ဆွမ်းကိုခံယူအံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ [သပိတ်၌ အတွင်းနခမ်း, အပြင် နခမ်း ဟု ၂-မျိုးရှိ၏၊ အပြင်နခမ်းသည် အတွင်း နခမ်းထက် မြင့်၏။
စာမျက်နှာ-၂၉၂
ထို့ကြောင့် အပြင်နခမ်းနှင့် ညီမျှနေလျှင် ဘေး၌ လျှံကျဖွယ် ရှိသောကြောင့် အတွင်းနခမ်း အရစ်နှင့် ညီမျှရုံသာ ဆွမ်းခံရသည်၊ သပိတ် ဟူရာ၌ အဓိဋ္ဌာန်တင်လောက်သော သပိတ်အစစ်ကို ဆိုလိုသည်၊ ထို့ကြောင့် သပိတ်ပေါ်၌ အခြား ဟင်းခွက်များဖြင့် ထည့်၍ ခံလျှင်လည်းကောင်း, သပိတ်ဖုံးပေါ် တင်၍ ခံလျှင်လည်းကောင်း, အာပတ်မသင့်၊ သပိတ်တလုံး ပြည့်၍ အခြား သပိတ်တလုံးဖြင့် လဲလှယ်ခံလျှင်လည်း၊ အာပတ် မသင့်ပင်။]
ခမ္ဘကတဝဂ် ပြီး၏။
သက္ကစ္စဝဂ်
သက္ကစ္စဘုဉ္ဇနသိက္ခာပုဒ်
မစားချင်သလို ဆွမ်းစားမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ မစားချင် စားချင် အနေမျိုးဖြင့် လေးလေးစားစား မဟုတ်ဘဲ ဆွမ်းစားကြကုန်၏၊ (လူတို့ထုံးစံမှာ ထမင်းဟင်းများကို အသက်သခင် အနေမျိုးအားဖြင့် အလွန်လေးစားကြကုန်၏၊ တချို့လူမျိုး ထုံးစံမှာ ထမင်းစားခါနီး၌ လက်အုပ်ချီကြသေး၏၊ ထို့ကြောင့်) မစားချင့် စားချင်နှင့် ဆွမ်းစားမှုကို လူတို့ ကဲ့ရဲ့ကြသောကြောင့်—
“သက္ကစ္စံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ လေးလေးစားစား ဆွမ်းကို စားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ [ဆွမ်းစားမကောင်းခြင်း စသည်ဖြင့် မကျန်းမမာ ဖြစ်နေ၍ လေးလေးစားစား မစားနိုင်ရာ၌ကား အာပတ်မသင့်၊ မလေးမစား စားမည်ဟု တမင်္ဂလာ အရွဲ့တိုက်လိုသော စေတနာ မရှိခြင်း စသည်ကြောင့်လည်း အာပတ်မသင့်။]
စာမျက်နှာ-၂၉၃
ပတ္တသညီဘုဉ္ဇနသိက္ခာပုဒ်
ဆွမ်းစားခွက်၌ သတိမထားခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ဆွမ်းထည့် စားရာခွက်၌ စိတ်မစိုက်ဘဲ တောင်ကြည့် မြောက်ကြည့် ကြည့်၍ စားကြကုန်၏၊ [ရှေးက ဆွမ်းဟင်းပွဲနှင့် စားကြသည်မဟုတ်၊ စားလိုရာဟင်းကို သပိတ်၌သာ ထည့်၍ စားကြကုန်၏၊ တောင်ကြည့် မြောက်ကြည့် ကြည့်၍ ငေးချင်ရာငေး တွေးချင်ရာတွေး၍ စားနေကြသောကြောင့်] သပိတ်ထဲ၌ ဆွမ်း-ဟင်းများကို နောက်ထပ် ထည့်သည်ကိုလည်း မသိလိုက်ကြ၊ ထည့်ပြီး၍ လွန်သွားသည်ကိုလည်း မသိလိုက်ကြသဖြင့် လူတို့ကဲ့ရဲ့ကြသောကြောင့်—
“ပတ္တသညီ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ “သပိတ်၌ (ဆွမ်းစား ခွက်၌) အမှတ်သညာထား၍ ဆွမ်းစားမည်”ဟု အလေ့အကျင့်ကို ပြုရမည်၊ [ဤ၌ “ပတ္တ”ဟူသည် သပိတ်သာမက, ဆွမ်းထည့်၍ စားရာ ခွက်အားလုံးကိုပင် ယူရမည်၊ တချို့ကား “ပတ္တ” ဟူသော ပါဠိ၌ “သပိတ်”ဟုသာ အနက်ထင်၍ “ဇလုံပုဂံ”တို့၌ ထည့်၍ စားသော်လည်း “သပိတ်အမှတ်ဖြင့် စားရမည်”ဟု မဆီမဆိုင် အဓိပ္ပါယ် ပြောကြလေသည်။]
သပဒါန သိက္ခာပုဒ်
အစဉ်အတိုင်း မစားခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ အစဉ်အတိုင်း မစားကြဘဲ (သပိတ်-စားခွက်တို့ဝယ် အစမှ စ၍ အစဉ်အတိုင်း စားမသွားဘဲ) အစဘက်နှိုက်လိုက်, အလယ်လောက်နှိုက်လိုက်, ဘေးနားနှိုက်လိုက်နှင့် စားကြကုန်၏၊ ဤစားနည်းသည် ယဉ်ကျေးသူတို့၏ စားနည်းမဟုတ်၊ ... [မဟာဟံသဇာတ်တော်၌ အလွန် ယဉ်ကျေးပြီးသော အလောင်းတော် ဟင်္သာမင်းကား မနေ့တုန်းက စားပြီးသော နေရာမှာပင် သက်ဆင်း၍ ထိုစားပြီးနေရာကမှ ဆက်၍ စားလေ့ရှိသတတ်။ ထို့ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့၏ ဟိုနေရာနှိုက် သည်နေရာနှိုက်နှင့် စားမှုကို လူတို့ကဲ့ရဲ့ရကား—
စာမျက်နှာ-၂၉၄
“သပဒါနံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
မြန်မာပြန်။ ။ “ဟိုနှိုက် သည်နှိုက် မနှိုက်ဘဲ အစဉ်အတိုင်း ဆွမ်းကို စားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။
သမသူပက ဘုဉ္ဇန သိက္ခာပုဒ်
ပဲဟင်းကို များစွာစားခြင်း။ ။ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ဆွမ်းစားသောအခါ ပဲဟင်းကိုချည်း များစွာစားကြကုန်၏။ (ရှေးခေတ်က ပဲဟင်းသည် မပါလျှင် မပြီးသလောက် အသုံးများ၍ အများကြိုက်ဟင်း ဖြစ်ခဲ့ဟန်တူ၏၊ ထို့ကြောင့်) ပဲဟင်းကို အတိုင်းထက် အလွန် စားသော ဆဗ္ဗဂ္ဂီရဟန်းများကို လူတို့ ကဲ့ရဲ့ကြသောကြောင့်—
“သမသူပကံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ “(မပြစ်မကျဲ-လက်ဖြင့် ကော်ယူ၍ ရလောက်သော) ပဲဟင်းကို ဆွမ်း၏ ၄-ပုံ တပုံလောက်သာ စားအံ့”ဟု အလေ့ အကျင့်ကို ပြုရမည်၊ ဤသိက္ခာပုဒ်၌လည်း သမသူပက သိက္ခာပုဒ်၌ကဲ့သို့ ဉာတိဖြစ်သူ နဂိုက ဖိတ်မန်ထားသူတို့၏ ဆွမ်းကို စားရာ၌လည်းကောင်း, မိမိပိုင် ပဲဟင်းကို စားရာ၌လည်းကောင်း, ဆွမ်း၏ ၄-ပုံ တပုံထက် များစွာ စားသော်လည်း အနာပတ္တိ၊ လူများက ကျွေးသောဆွမ်းကို စားရာ၌သာ ဆွမ်း၏ ၄-ပုံ တပုံထက် ပို၍စားလျှင် အာပတ်သင့်သည်။ [ “အနာပတ္တိ-ဉာတကာနံ ပဝါရိတာနံ အတ္တနော ဓနေန စသည်-ပါဠိတော်။]
ထူပကတသိက္ခာပုဒ်
ဆွမ်းဦးကို စားမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ အလယ်ဗဟို မို့မောက်နေသော ဆွမ်းဦး ဆွမ်းထိပ်မှ နှိုက်ယူ၍ စားကြကုန်၏၊ ထိုစားခြင်းမျိုးလည်း ယဉ်ကျေးသူတို့၏ အပြုအမူ မဟုတ်သဖြင့် လူတို့ကဲ့ရဲ့ကြသောကြောင့်—
စာမျက်နှာ-၂၉၅
“န ထူပကတော ဩမဒ္ဒိတွာ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ ဆွမ်းဦး ဆွမ်းထိပ်မှ နှိုက်ယူ၍ ဆွမ်းကို မစားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ [ဆွမ်းစားပြီးခါနီး၌ သပိတ်-စားခွက် ထဲဝယ် အနည်းငယ် ကျန်နေသည်ကို သိမ်းကျုံး စုဆောင်း လိုက်သောအခါ အစုအပုံ မိုမိုမောက်မောက် ဖြစ်နေတတ်သေး၏၊ ထိုသို့ သိမ်းကျုံးထားသော အစုအပုံကလေးကို နှိုက်ယူ၍ စားရာ၌ကား အာပတ်မသင့်၊ [အနာပတ္တိ-ပရိတ္တကေ သေသေ ဧကတော သံကဍ္ဎိတွာ ဩမဒ္ဒိတွာ ဘုဉ္ဇတိ”ပါဠိတော်။]
ပဋိစ္ဆာဒနသိက္ခာပုဒ်
ဟင်းကို ဆွမ်းဖြင့် ဖုံးမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းခံသောအခါ (ဤသို့ဖုံးထားလျှင် မရသေးဘူးထင်၍ နောက်ထပ် လောင်းကြလိမ့်မည်ဟု မရိုးသားသော စိတ်ကူးဖြင့်) များများအလိုရှိ၍ ပဲဟင်း-ဟင်းလျာတို့ကို ဆွမ်းဖြင့် ဖုံးထားကြကုန်၏၊ (ဤသို့ ပြုလုပ်မှုကား သက်သက်အောက်တန်းစားတို့၏ အပြုအမူသာဖြစ်၏၊ ထို့ကြောင့်) ထိုအပြုအမူကို သိရှိသော လူတို့က ကဲ့ရဲ့ကြသဖြင့်—
“န သူပံဝါ ဗျဉ္ဇနံဝါ ဩဒနေန ပဋိစ္ဆာဒေဿာမိ ဘိယျောကမျတံ ဥပါဒါယာတိ သိက္ခာကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ “ပဲဟင်းကိုလည်းကောင်း, ပဲဟင်းမှတစ်ပါး အခြားဟင်းလျာကိုလည်းကောင်း, အများကို အလိုရှိသည်ဖြစ်၍ ဆွမ်းဖြင့် မဖုံးအံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ [အများကို အလိုရှိ၍ မဟုတ်ဘဲ အခြားအကြောင်းကြောင့် ဖုံးရာ၌လည်းကောင်း, လူတို့ကိုယ်တိုင်က နွားသားဟင်းစသည်ကို လူသိမှာ စိုး၍ ဆွမ်းဖြင့် ဖုံးပြီးလှူလိုက်ရာ၌၎င်း-အာပတ်မသင့်။
စာမျက်နှာ-၂၉၆
သူပေါဒနဝိညတ္တိသိက္ခာပုဒ်
ဆွမ်း-ဟင်းတို့ကို တောင်းမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဟင်းကိုလည်းကောင်း, ဆွမ်းကိုလည်းကောင်း, မိမိ စားဖို့ လူတို့ထံ တောင်း၍ စားကြကုန်၏။ လူတို့သည် “ကောင်းတာကို ဘယ်သူ, မကြိုက်ဘဲ ရှိမှာလဲ”ဟု ကဲ့ရဲ့ကြကုန်၏၊ ထို့ကြောင့် “မိမိအတွက် ဟင်း-ဆွမ်းကိုတောင်း၍ မစားရ”ဟု ပထမ ပညတ်တော်မူပြီးလျှင် ထိုပညတ်တော်ကြောင့် မကျန်းမမာသော(ဂိလာန) ရဟန်းတို့လည်း တောင်း၍ မစားရသဖြင့် ရောဂါ မသက်သာကြောင်းကို ကြားတော်မူ၍ “ဂိလာနရဟန်းသည် ဟင်းကိုလည်းကောင်း, ဆွမ်းကိုလည်းကောင်း, မိမိအတွက် တောင်း၍ စားနိုင်သည်ဟု ခွင့်ပြုတော်မူကာ-
“န သူပံဝါ ဩဒနံဝါ အဂိလာနော အတ္တနော အတ္ထာယ ဝိညာပေတွာ ဗုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ “ဟင်းကိုလည်းကောင်း, ဆွမ်းကိုလည်းကောင်း, ဂိလာနမဟုတ်လျှင် မိမိအတွက် တောင်း၍-မစားအံ့” ဟု အလေ့အကျင့်ကို ပြုရမည်။ [“မတောင်းကောင်း”ဟု ဆိုသော်လည်း-ဆွေမျိုးမတော်သူ “အလိုရှိရာ တောင်းပါ”ဟု ဖိတ်မန် မထားသူတို့ကိုသာ မတောင်းကောင်း၊ ဆွေမျိုးတော်လျှင်လည်းကောင်း, ဖိတ်မန်ထားဖူးလျှင်လည်းကောင်း, တောင်းကောင်း ပါ၏။]
မှတ်ချက်။ ။ မိမိအတွက် မတောင်းကောင်း”ဟု ဆိုသောကြောင့် “သူများ အတွက်ကား တောင်းကောင်းပါ၏”ဟု ဆိုရာရောက်နေ၏။ သို့သော် အညာတကဝိညတ္တိသိက္ခာပုဒ် အဋ္ဌကထာရင်း၌ အခြားရဟန်းအတွက် မိမိ၏ ဉာတိပဝါရိတ(ဖိတ်မန်ထားသူ) အထံ တောင်းပေးခြင်း, အခြား ရဟန်း၏ ဉာတိပဝါရိတ အထံ (ထိုရဟန်းမသွားနိုင်သဖြင့် မိမိသွား၍) ထိုရကန်းအတွက် တောင်းပေးခြင်းကြောင့် အနာပတ္တိ(အာပတ်မသင့်) ဟု ဖွင့်သည်၊ ဉာတိပဝါရိတ မဟုတ်သူ့ထံ, အခြားရဟန်းအတွက် တောင်းပေးခြင်းကြောင့် အနာပတ္တိဟု မဖွင့်။
ဝိမတိ။ ။ ပဉ္စသဟဓမ္မိကာနံ အတ္ထာယ အညာတက အပ္ပဝါရိတဋ္ဌာနေ ဝိညာပေန္တော ဝိညတ္တက္ခဏေ အဋ္ဌကထာသု သုတ္တာနလောမတော ဝုတ္တအကတဝိညတ္တိဒုက္ကဋတော န မုစ္စတိ၊ သဉ္စိစ္စ ဘုဉ္ဇနက္ခဏေ သယံစ အညေစ မိစ္ဆာဇီဝတော န မုစ္စတိ။
စာမျက်နှာ-၂၉၇
မြန်မာပြန်။ ။ ဘိက္ခု၊ ဘိက္ခုနီ သာမဏေ သိက္ခမာန် သာမဏေမတို့ကို သီတင်းသုံးဖော် ၅-ဦးကို ခေါ်၏။ ထိုသူတို့အတွက် ဉာတိမဟုတ်သူ မဖိတ်ဘူးသူတို့ထံ တောင်းသောရဟန်းသည် တောင်းဆဲခဏ၌ အဋ္ဌကထာဝယ် ပါဠိတော်နှင့် အလျော်ဆိုအပ်သော အကတဝိညတ္တိ ဒုက္ကဋ်အာပတ်မှမလွတ်၊ (သူများအတွက် မတောင်းကောင်း-ဟူလို၊) ထိုတောင်းအပ်သော ပစ္စည်းကို မိမိနှင့်တကွ သုံးစွဲသူ အားလုံးလည်း မိစ္ဆာဇီဝမှ မလွတ်ကြ။
မှတ်ချက်။ ။ ဤဋီကာကိုထောက်၍၊ ဉာတိ-ပဝါရိက မဟုတ်သော လူတို့အထံ၌ ဂိလာန မဟုတ်လျှင် အယုတ်သဖြင့် ရေကိုမျှ မတောင်းအပ်၊ ဆွမ်းဖိတ် ပေးခြင်း, ပစ္စည်း ၄-ပါး အဖိတ်ခိုင်းခြင်း, ရဟန်းဒါယကာ ရှင့်ဒါယကာ အလုပ်ခိုင်းခြင်းများလည်း မအပ်, ခိုင်းသူလည်း အပြစ်မလွတ်, ထိုသို့ ခိုင်း၍ တောင်း၍ရသောပစ္စည်းလည်း အဆက်ဆက်မအပ်-ဟုမှတ်။
[ဆောင်ပုဒ်] အပ္ပဝါရိ, အညာတိကို မိမိတွက်တောင်း, သူ့တွက်တောင်းတည့်, သောင်းပြောင်း ဟင်းဆွမ်း, ဖိတ်မန်ခန်းနှင့်, ရဟန်းဒကာ, ရှင့်ဒကာဟု, လုပ်စေမှုစပ်, အရပ်ရပ်, မအပ်ဆက်ဆက်တည်း။
အချုပ်။ ။ သံဃာ့အတွက် ဖိတ်ထားသော ဆေးပစ္စည်းကို ဂိလာန မဟုတ်ဘဲ တောင်းလျှင် မဟာနာမသိက္ခာပုဒ်အရ ပါစိတ်အာပတ်၊ ဉာတိ ပဝါရိတ မဟုတ်သူထံ ထောပတ်ဆွမ်းစသော ပဏီတ ဘောဇဉ်ကို တောင်းလျှင် ပဏီတဘောဇနသိက္ခာပုဒ်အရ ပါစိတ် အာပတ်၊ အခြားအစာကို တောင်းလျှင် ဤသိက္ခာပုဒ်အရ ဒုက္ကဋ် အာပတ်သင့်၏။
ဥဇ္ဈာနသညီသိက္ခာပုဒ်
ကဲ့ရဲ့လို၍ သူ့ သပိတ်ကြည့်မှု။ ။ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ကဲ့ရဲ့လို၍ (ဆွမ်း-ဟင်း အရ နည်းလျှင် လှောင်လို ပြောင်လို နှိမ်လို၍, အရများလျှင် “ရမှာပေါ့ ဒါယကာဒါယိကာမနှင့် ပေါင်းတတ်ထာကိုး” စသည်ဖြင့် အပြစ်ပြောလို၍)သူများ သပိတ်ကို ကြည့်ကြကုန်၏၊ ထိုသို့အကြည့်ခံရသော ရဟန်းတို့မှစ၍ အခြားရဟန်းတို့က ကဲ့ရဲ့ကြသောကြောင့်...
“န ဥဇ္ဈာနသညီ ပရေသံ ပတ္တံ ဩလောကေဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
စာမျက်နှာ-၂၉၈
မြန်မာပြန်။ ။ “ကဲ့ရဲ့ခြင်း၌ သညာရှိသည်ဖြစ်၍ (ကဲ့ရဲ့လို၍) သူတစ်ပါးတို့၏ သပိတ်ကို မကြည့်အံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ ကဲ့ရဲ့လိုသော စိတ်မရှိဘဲ – သူ့မှာနည်းနေလျှင် ပေးမည်, များနေလျှင်လည်း တောင်းမည်”ဟူသော စိတ်ဖြင့်ကား ကြည့်ကောင်း၏။
အတိမဟန္တကဗဠသိက္ခာပုဒ်
ဆွမ်းလုပ် ကြီးမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ... ဆွမ်းလုပ်ကို အလွန်ကြီးစွာ လုပ်၍ စားကြကုန်၏၊ ထိုသို့ ဆွမ်းလုပ်ကြီးကြီး လုပ်၍ စားခြင်းကား ပါးစပ်ထဲ၌ မို့မောက် ဖေါင်းပွနေသောကြောင့် အမြင်မတော်လှ၊ လောဘကြီးသကဲ့သို့လည်း ထင်ရ၏၊ သို့ဖြစ်၍ လူတို့ကဲ့ရဲ့သောကြောင့်...
“နာတိမဟန္တံ ကဗဠံ ကရိဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ ဒေါင်းဥအလား အလွန်ကြီးမားသော ဆွမ်းလုပ်ကို မပြုအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။
ဒေါင်းဥသည်ကြီး၏၊ ကြက်ဥသည် သေးငယ်၏၊ ထို့ကြောင့် ဒေါင်းဥနှင့် ကြက်ဥ ၂-မျိုး၏ အလယ်လောက်ရှိသော ဆွမ်းလုပ်ကို ပြုရမည်ဟု ဆိုလိုသည်၊ ကြီးခြင်းကိုသာ တားမြစ်လိုသောကြောင့် ကြက်ဥလောက် ငယ်သည့်အတွက်ကား အာပတ်မသင့်ပါ၊ [“ကုက္ကုဋဏ္ဍံ အတိခုဒ္ဒကံတိ ဣဒံ အသာရုပ္ပဝသေန ဝုတ္တံ၊ -အတိမဟန္တေဧဝ အာပတ္တီတိ ဒဋ္ဌဗ္ဗံ”-ဝိမတိ ဋီကာ၊] ဆွမ်းလုပ်မဟုတ်သော သစ်သီး မုန့် လက်သုပ်စသည်ကား ကြီးသော်လည်း အနာပတ္တိ။
ပရိမဏ္ဍလအာလောပသိက္ခာပုဒ်
ရှည်လျားသော ဆွမ်းလုပ်ပြုမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရှည်လျားသော ... ဆွမ်းလုပ်ကို ပြုကြကုန်၏၊ ထိုအပြုအမူကိုလည်း လူတို့ ကဲ့ရဲ့ကြသောကြောင့်...
စာမျက်နှာ-၂၉၉
“ပရိမဏ္ဍလံ အာလောပံ ကရိဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ “ထက်ဝန်းကျင် ဝန်းဝိုင်းသော ဆွမ်းလုပ်ကို ပြုအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။
ဝိုင်းဆိုသော်လည်း အလွန်တိကျအောင် ဝိုင်းရမည်ဟု မဆိုလို၊ အကြေားရင်း ဝတ္ထုမှာ ရှည်လျားနေသည်ကို ကဲ့ရဲ့ခံရသောကြောင့် “ရှည်လျားမနေစေဘဲ, ဖြစ်နိုင်သမျှ ဝိုင်းအောင်ကြိုးစားရမည်”-ဟုဆိုလိုသည်၊ တချို့ပုဂ္ဂိုလ်များကား ပဲဟင်းစသည်ဖြင့် ရောနယ်ထားသော ဆွမ်းကို အလွန်ဝိုင်းစက် လှပအောင် ဆွမ်းလုပ်ပြုနိုင်ကြပေသည်၊ ဤ၌လည်း သစ်သီး မုန့်-လက်သုပ် စသည်တို့မှာ ပရိမဏ္ဍလ (ဝိုင်းဝိုင်း) ဖြစ်အောင် မလုပ်သော်လည်း အနာပတ္တိ။
သက္ကစ္စဝဂ် ပြီး၏။
ကဗဠဝဂ်
အနာဟဋသိက္ခာပုဒ်
ခံတွင်းအဝကို ဖွင့်မှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ခံတွင်းအဝ (ပါးစပ်ပေါက်) အနီး အပါးသို့ ဆွမ်းလုပ် မရောက်သေးမီ ခံတွင်းအဝကို ဟ၍ ထားနှင့်ကြကုန်၏၊ ထိုအပြုအမူသည် ယဉ်ကျေးသူတို့၏ အပြုအမူ မဟုတ်ရကား လူအများ ကဲ့ရဲ့ကြသောကြောင့်...
“န အနာဟဋေ ကဗဠေ မုခဒွါရံ ဝိဝရိဿာမီတိ သိက္ခာ ကရဏီယာ”ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ ခံတွင်းပေါက်သို့ ဆွမ်းလုပ် မရောက်သေးမီ ခံတွင်းပေါက်ကို ဖွင့်၍(ဟ၍)မထားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။
စာမျက်နှာ-၃၀၀
ဘုဉ္ဇမာန သိက္ခာပုဒ်
လက်ချောင်းကို ပါးစပ်တွင်းသွင်းမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားကြစဉ် လက်ချောင်း အားလုံးကို ပါးစပ်တွင်း သွင်းကြကုန်၏၊ (ဆွမ်းလုပ် သွင်းသောအခါ လက်ချောင်းတွေပါ ခံတွင်းထဲသို့ ပါသွားအောင် သွင်းကြသည်၊) ထိုအပြုအမူလည်း အလွန်မယဉ်ကျေးသော အပြုအမူဖြစ်ရကား လူအများ ကဲ့ရဲ့ကြသောကြောင့်—
“န ဘုဉ္ဇမာနော သဗ္ဗံ ဟတ္ထံ မုခေ ပက္ခိပိဿာမီတိ သိက္ခာ ကရဏီယာ”၊ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ “ဆွမ်းစားစဉ် အလုံးစုံသော လက်ချောင်းကို ခံတွင်း (ပါးစပ်)ထဲသို့ မသွင်းအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။
မှတ်ချက်။ ။ ဟတ္ထသဒ္ဓါသည် လက်တစ်ခုလုံးကို ဟောသော်လည်း သိက္ခာပုဒ်၌ လက်ချောင်းတို့ကိုသာ (ဧကဒေသျူပစာနည်းအားဖြင့်) ယူရသည်၊ “အလုံးစုံသော လက်ချောင်းကို မသွင်းကောင်းဟု ဆိုသဖြင့် လက်ချောင်း တချောင်းကိုမျှ မသွင်းရ-ဟုမှတ်။ [သဗ္ဗံ ဟတ္ထံတိ- ဟတ္ထေကဒေသာ အင်္ဂုလိယာ ဝုတ္တာ, “ဟတ္ထမုဒ္ဒါဒီသုဝိယ-ဟတ္ထ မုဒ္ဒါ-လက်ချောင်း ချိုး၍ ရေတွက်ခြင်း”ဟူရာ၌ ဟတ္ထ သဒ္ဒါသည် လက်ချောင်းအနက်ကို ဟောသကဲ့သို့တည်း၊ တသ္မာ ဧကင်္ဂုလိံပိ မုခေ ပက္ခပိတုံ နဝဋ္ဋတိ။-ဝိမတိ။]
သကဗဠသိက္ခာပုဒ်
ဆွမ်းလုပ်ရှိတုန်း စကားပြောမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခံတွင်းထဲ၌ ဆွမ်းလုပ်ရှိနေစဉ် စကားပြောကြကုန်၏၊ ထိုအခါကြည့်၍ မကောင်းသည့်ပြင် စကားလုံးလည်း မပီမသ ဖြစ်နေ၏၊ ထို့ကြောင့် လူတို့ ကဲ့ရဲ့ကြရကား...
“န သကဗဠေန မုခေန ဗျာဟရိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
စာမျက်နှာ-၃၀၁
မြန်မာပြန်။ ။ “ဆွမ်းလုပ်နှင့်တကွဖြစ်နေသော ခံတွင်းဖြင့်(ခံတွင်းထဲ၌ ဆွမ်းလုပ် ရှိနေတုန်း) စကားမပြောအံ့ဟု အလေ့ အကျင့်ကို ပြုရမည်။
မှတ်ချက်။ ။ တရားဟောသောအခါ ရှစ်ရှားသီးပိုင်း နွယ်ချိုတုံးကလေးကို ပါးစပ်ထဲ ထည့်၍ ဟောလျှင် စကားလုံး မပီမသ မဖြစ်သောကြောင့် ဟောကောင်းသကဲ့သို့ ထို့အတူ ပါးစပ်ထဲ၌ ဆွမ်းလုပ်ရှိသော်လည်း ဆွမ်းလုပ်က အနည်းအပါး သာဖြစ်၍ စကားလုံး ပီသအောင် ပြောနိုင်လျှင် အာပတ်မသင့်ဟု အဋ္ဌကထာ ဆိုသည်။
ပိဏ္ဍုက္ခေပက သိက္ခာပုဒ်
ဆွမ်းကို မြှောက်၍ စားခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ဆွမ်းလုပ်ကို ပါးစပ်နားကပ်၍ မသွင်းဘဲ မြှောက်၍ (ပစ်၍) မြှောက်၍ စားခြင်း ပါးစပ်ထဲသို့ သွင်းကြကုန်၏၊ ထိုအပြုအမူကား အလွန် ရိုင်းစိုင်းသော အပြုအမူတည်း၊ ထို့ကြောင့်, လူတို့ ကဲ့ရဲ့ကြရကား...
“န ပိဏ္ဍုက္ခေပကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ “ဆွမ်းလုပ်ကို မြှောက်၍ မစားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။
မှတ်ချက်။ ။ “ပိဏ္ဍ = ထမင်းခဲကို + ဥက္ခေပကံ− မြှောက်၍”ဟု သဒ္ဒါနက် ထွက်သောကြောင့် ဆွမ်းလုပ်တစ်ခုလုံးသာမက, ဆွမ်းခဲတစ်ခဲကိုမျှလည်း-မြှောက်၍ ပစ်၍ ပါးစပ်ထဲ မသွင်းရ၊ ပါးစပ်အနားကပ်၍ တေ့၍ သွင်းရသည်၊ သို့သော် မုန့်စသော ခဲဖွယ်နှင့် သစ်သီးကြီးငယ်ကိုကား ပါးစပ်နားမတေ့မိခင် မြှောက်၍ သွင်းသော်လည်း အာပတ်မသင့်ဟု ခွင့်ပြုတော်မူသည်။
ကဗဠာဝစ္ဆေဒကသိက္ခာပုဒ်
ဆွမ်းလုပ်ကို ကိုက်ဖြတ်စားမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုပ်ကို (အဆုပ်ဖြစ်အောင် လုပ်ပြီးနောက်) ကိုက်ဖြတ်၍ စားကြကုန်၏၊ [ယခုအခါ ကိုက်ဖြတ်စားမှု စေးကပ်သောထမင်း ကောက်ညှင်းများကို ဆုပ်ပြီးမှ ကိုက်ဖြတ်၍ စားသကဲ့သို့တည်း။] ထိုအပြုအမူကိုလည်း လူတို့ကဲ့ရဲ့ကြသောကြောင့်...
စာမျက်နှာ-၃၀၂
“န ကဗဋာ ဝစ္ဆေဒကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
မြန်မာပြန်။ ။ “ဆွမ်းလုပ်ကို ကိုက်ဖြတ်၍ မစားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။ [“အနာပတ္တိ-ခဇ္ဇကေ (ခဲဖွယ်မုန့် သရည်စာ) ဖလာဖလေ (သစ်သီးကြီးငယ်) ဥတ္တရိဘင်္ဂေ (လက်သုပ်)” ဟု ခြွင်းချက်ရှိသောကြောင့် ပြောင်းဖူး ငှက်ပျောသီးစသည်ကို ကိုက်ဖြတ်၍ စားသော်လည်း အာပတ်မသင့်၊ ထိုခြွင်းချက်တွင် မပါဝင်သော သားငါးတို့ကိုကား သွားဖြင့် ကိုက်ဖြတ်၍ မစားအပ်-ဟု မှတ်သင့်၏၊ လက်စသည်ဖြင့် ဖြတ်ခြင်းကား ဤသိက္ခာပုဒ်နှင့် မဆိုင်။]
အဝဂဏ္ဍကာရက သိက္ခာပုဒ်
ပါးစောင်၌ထား၍ စားခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုပ်ကို ပါးစောင်၌ထား၍ ပါးတဘက် မိုမောက်နေအောင် စားကြကုန်၏။ ထိုသို့ စားခြင်းသည် မျောက်သတ္တဝါတို့စားပုံနှင့် တူရကား အမြင်မကောင်းလှသဖြင့် လူတို့ ကဲ့ရဲ့ကြသောကြောင့်...
“န အဝဂဏ္ဍကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”၊ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ “ပါးစောင်ကို အမြင်မကောင်းအောင် မိုမောက်စေ၍ မစားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။ [“ဂဏ္ဍ = ပါးစောင်ကို+အဝ = ယုတ်ညံ့အောင် အမြင်မကောင်းအောင် = မို့မောက်နေ့အောင်+ကာရကံ=ပြု၍”ဟု သဒ္ဒါနက်မှတ်၊ ဆွမ်းသာမက ခဲဖွယ်, ဟု ခေါ်သော မုန့်များကိုလည်း ထိုကဲ့သို့ မစားအပ်၊ သစ်သီးကြီးငယ်ကိုကား မိုမောက်အောင် စားသော်လည်း အပြစ်မရှိ။]
ဟတ္ထနိဒ္ဓုနကသိက္ခာပုဒ်
လက်ကိုခါ၍ စားခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်၌ပေနေသော ဆွမ်း-ဟင်းများကို ကွာကျသွားအောင် လက်ကို ခါ၍ ခါ၍ စားကြကုန်၏၊ ထိုလက်ခါမှုလည်း အမြင်မတော်သဖြင့် လူတို့ ကဲ့ရဲ့ကြသောကြောင့်...
စာမျက်နှာ-၃၀၃
“န ဟတ္ထနိဒ္ဓုနကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ “လက်ကို ခါ၍ခါ၍ ဆွမ်းမစားအံ့ဟု အလေ့အကျင့်ကို ပြုရမည်။ ဟတ္ထ-လက်ကို= လက်ချောင်းတို့ကို+ဓုနက−ခါ၍။ [လက်၌ ဆွမ်း-ဟင်းကပ်နေလျှင် လက်ချောင်းဖြင့်သာ ဖြစ်၍ ဖယ်၍ ချရမည်၊ ဆွမ်း၌ အမှိုက်အရိုး ကျောက်ခဲစသည် ပါနေ၍ ပစ်ရာ၌ကား လက်ကိုခါရာရောက်သော်လည်း အာပတ်မသင့်။]
သိတ္ထာဝကာရက သိက္ခာပုဒ်
ဆွမ်းလုံးကို ကြဲဖြန့်ခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ဆွမ်းလုံးကို ဖြန့်ကြဲ၍ (ဟိုပစ်သည်ပစ်နှင့် ပစ်စလက်ခတ်လုပ်၍) စားကြကုန်၏၊ ဆွမ်းတလုံးဖြစ်ဖို့ အကြောင်းကို (နွားခြေး ချရ, လယ်ထွန်ရစသည်ဖြင့် အလုပ်များစွာလုပ်မှ ဆွမ်းတလုံး ဖြစ်နိုင်ပုံကို) နားလည်ကြသောလူတို့သည် ဆွမ်းလုံးကို ဖြန့်ကြဲ၍ ပစ်ကြပုံကို မကျေနပ် ကြသဖြင့် ကဲ့ရဲ့ကြသောကြောင့်—
“န သိတ္ထာဝကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ “ဆွမ်းလုံးတို့ကို ဖြန့်ကြဲ၍ ဖြန့်ကြဲ၍ မစားအံ့”ဟု အလေ့ အကျင့်ကိုပြုရမည်၊ [“သိတ္ထ-ဆွမ်းလုံးတို့ကို+အဝကာရက-ယုတ်ညံ့စွာ ပြု၍ ကြဲဖြန့်၍။” ဤသိက္ခာပုဒ်၌လည်း အမှိုက်အရိုး ကျောက်ခဲ စသည်ကို စွန့်ပစ်ရင်း ဆွမ်းလုံးပါသွား၍ ဖြန့်ကြဲရာ ရောက်သော်လည်း အာပတ်မသင့်။
ဇိဝှါနိစ္ဆာရကသိက္ခာပုဒ်
လျှာထုတ်ခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ လျှာထုတ်၍ ထိုလျှာပေါ်၌ ဆွမ်းလုပ်ကို တင်ပြီးမှ အတွင်းသို့ ကော်ယူကြကုန်၏၊ ထိုအပြုအမူလည်း ယဉ်ကျေးသူတို့၏ အပြုအမူ မဟုတ်ရကား လူတို့ကဲ့ရဲ့ကြသောကြောင့်—
စာမျက်နှာ-၃၀၄
“န ဇိဝှါနိစ္ဆာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ “လျှာကိုထုတ်၍ ထုတ်၍ မစားအံ့” ဟု အလေ့အကျင့်ကို ပြုရမည်။ (ဇိဝှါ-လျှာ+နိစ္ဆာရကံ-ထုတ်၍၊)
စပုစပုကာရက သိက္ခာပုဒ်
ပျတ်ပျတ်အသံ ပြုခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စပ်စပ် (ပျတ်ပျတ်) အသံပြု၍ ဆွမ်းစားကြကုန်၏၊ ထိုသို့ အသံမြည်စေခြင်းသည်လည်း ယဉ်ကျေးသူတို့၏ အပြုအမူ မဟုတ်ရကား လူတို့ကဲ့ရဲ့ ကြသောကြောင့်...
“န စပုစပုကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ “စပ်စပ် (ပျတ်ပျတ်) မြည်အောင် မစားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။ (စပုစပု-စပ်စပ် = ပျတ်ပျတ်+ကာရကံ-၍၊)
ကဗဠဝဂ် ပြီး၏။
စာမျက်နှာ-၃၀၅
သုရုသုရုဝဂ်
ဆွမ်းစားနှင့်ဆိုင်သော သိက္ခာပုဒ်များ
သုရုသုရုသိက္ခာပုဒ်
[ဤသိက္ခာပုဒ်ကား ကောသမ္ဗီမြို့, ဃောသိတာရုံကျောင်းတိုက်၌ ပညတ်အပ်သော သိက္ခာပုဒ်တည်း။]
ရှရူး ရှရူး မြည်စေခြင်း။ ။ ဗြာဟ္မဏ (ဗြာဟ္မဏ်-ပုဏ္ဏား) တစ်ယောက်သည် သံဃာတော်များအတွက် နွားနို့ကိုစီစဉ်ထား၏၊ ရဟန်းတို့သည် နွားနို့ကို “ရှရူးရှရူး”အသံမြည်အောင် သောက်ကြ၏။ ဇာတ်လူပျက်ဘဝမှ ရဟန်းပြုလာသော ကိုယ်တော်က “သဗ္ဗောယံ မညေ သံဃော သီတိကတော=ဤသံဃာအားလုံးကို အအေးနှိပ်စက်ထားဟန် တူတယ်၊ (ချမ်းလွန်းလို့ ရှူးရှူးလုပ်နေဟန်တူတယ်)” ဟု ပြက်ရယ်ပြု လေသည်၊ ထိုအခါ အလှောင်ခံရသော ရဟန်းများက “လှောင်ရပြောင်ရ ကောင်းလား” ဟု ကဲ့ရဲ့ကြပြီးလျှင် ဘုရားရှင်အား လျှောက်ကြလေရာ-“န ဘိက္ခဝေ ဗုဒ္ဓံ ဝါ ဓမ္မံ ဝါ သံဃံဝါ အာရဗ္ဘ ဒဝေါ ကာတဗ္ဗော၊ တော ကရေယျ၊ အာပတ္တိ ဒုက္ကဋဿ = ဘုရား, တရား, သံဃာနှင့်စပ်၍ ပြက်ရယ် မပြုရ, ပြုလျှင် ဒုက္ကဋ်အာပတ်ဟု သိက္ခာပုဒ် ပညတ်တော်မူရလေသည်။ [ဤကား သေခိယ မဟုတ်သေး၊ ကြား သိက္ခာပုဒ်တော် တစ်မျိုးသာဖြစ်သည်။ ထို့နောက် “ရှရူးရှရူး”ဟု အသံမြည်အောင် နွားနို့သောက်မှုလည်း လူကြီးသူမတို့ အပြုအမူ မဟုတ်ရကား-
“န သုရုသုရုကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာကရဏီယာ”။ ဟု ဤသေခိယ သိက္ခာပုဒ်တော်ကိုလည်း ပညတ်တော် မူရပြန်သည်။
မြန်မာပြန်။ ။ “ရှရူးရှရူးဟု အသံပြု၍ မစားမသောက်အံ့” ဟု အလေ့ အကျင့်ကို ပြုရမည်၊ [ဤသိက္ခာပုဒ်တော်အရ ဆွမ်းစားရင်း ငရုပ်သီး စပ်သလို “ရှူးရှူး” ဟု အသံမမြည်စေရ၊ ဟင်းရည် နွားနို့စသော သောက်ဖွယ်ကို သောက်သောအခါလည်း “ရှရူးရှရူး”ဟု အသံ မမြည်စေရ၊ ဇွန်း-သောက်ခွက်တို့ကို နှုတ်ခမ်းနား၌ တေ့ပြီးမှ အနည်းငယ် မြှောက်၍ ကော်၍ သောက်ရသည်။ ]
စာမျက်နှာ-၃၀၆
ဟတ္တ, ပတ္တ, ဩဋ္ဌ
နိလ္လေဟက သိက္ခာပုဒ် ၃-ပါး
လက်ကိုလျက်ခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ လက်ကို လျှာဖြင့် လျက်၍ လျက်၍ စားကြကုန်၏၊ သပိတ်ကိုလည်း လက်ဖြင့် ခြစ်၍ ခြစ်၍ စားကြကုန်၏၊ နှုတ်ခမ်းကိုလည်း လျှာဖြင့် လျက်၍ လျက်၍ စားကြကုန်၏၊ ထိုအပြုအမူအားလုံးပင် လူကြီးသူမတို့၏ အပြုအမူ မဟုတ်ရကား လူတို့ ကဲ့ရဲ့ကြသောကြောင့်—
“န ဟတ္ထ နိလ္လေဟကံ...၊ ပတ္တနိလ္လေဟကံ...၊ န ဩဋ္ဌနိလ္လေဟကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ် ၃-ပါးကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ “လက်ကိုလျက်၍... သပိတ်ကိုခြစ်၍... နှုတ်ခမ်းကို လျက်၍ မစားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။
ဤသိက္ခာပုဒ်များအရ ကပ်နေသော ဆွမ်းစ ဟင်းစကို နှမြောသော အနေဖြင့် လက်ဝါးကိုဖြစ်စေ လက်ချောင်းကို ဖြစ်စေ လျှာဖြင့် မလျက်ရ၊ လက်ချောင်းဖြင့် တို့၍ ကော်၍ စားရသော နို့ဃနာ သကာရည်စသည်ကို စားရာ၌ကား လက်ကို လျက်သော်လည်း အာပတ်မသင့်’ဟု အဋ္ဌကထာ ဆို၏၊ ထိုသို့ ကော်ယူ၍ စားရာ၌ လက်ချောင်းသည် ခံတွင်းထဲသို့ ရောက်သွား၏၊ ထိုသို့ရောက်သွားသော်လည်း “သဗ္ဗဟတ္ထ မုခပက္ခိပန” သိက္ခာပုဒ်ဖြင့် အာပတ်မသင့်ဟု ဝိမတိဋီကာဆိုသည်။ [ဝိမတိ၌ “ယာဂုပြစ်” စသည်ကို စားရာဝယ် သပိတ်ကို လက်ဖြင့် ခြစ်ကောင်း, နှုတ်ခမ်းကို လျှာဖြင့် လျက်ကောင်း၏”ဟု ဆိုထားသေးသည်ကို စဉ်းစားသင့်၏။
ပါနီယထာလကသိက္ခာပုဒ်
[ဘဂ္ဂဘိုင်း, သံသုမာရဂိရိမြို့၌ ပညတ်တော်မူသည်။]
ပေသောလက်ဖြင့် သောက်ရေခွက်ကို ကိုင်မှု။ ။ ရဟန်းတို့သည် ကောကနပြာသာဒ်ဝယ် ဆွမ်းဘုဉ်းပေးကြပြီးနောက် ဆွမ်းစသည်ပေနေသော လက်ဖြင့် ရေသောက်ခွက်ကို ကိုင်ကြကုန်၏။ (ထိုသို့ကိုင်ခြင်းကြောင့် နောက်ပုဂ္ဂိုလ်များ ထိုခွက်ဖြင့် ရေမသောက်ချင်စရာ ဖြစ်သွား၏၊) ထို့ကြောင့် လူတို့ကဲ့ရဲ့ရကား—
စာမျက်နှာ-၃၀၇
“န သာမိသေန ဟတ္ထေန ပါနီယထာလကံ ပဋိဂ္ဂဟေဿာမီကိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ ဆွမ်း-ဟင်းများကို “အာမိသ”ဟု ခေါ်၏၊ “ထိုအာမိသ ပေနေသော လက်ဖြင့် သောက်ရေခွက်ကို မကိုင်အံ့” ဟု အလေ့ အကျင့်ကိုပြုရမည်။
ဤသိက္ခာပုဒ်တော်အရ ဆွမ်းစားပြီးလျှင် မပေသော ဘယ်လက်ဖြင့် သောက်ရေခွက်ကို ကိုင်လေ့ပြုကြသည်၊ “သောက်ရေခွက်ကိုသာ မကိုင်ရ” ဟု ပညတ်သောကြောင့် ဆေးရေခွက်ကိုကား ကိုင်ကောင်း၏-ဟု မှတ်၊ သောက်ရေခွက်ကိုလည်း “ကိုင်ပြီးနောက်, ဆေးမည်, သို့မဟုတ် အဆေး ခိုင်းမည်ဟု ရည်ရွယ်၍ ကိုင်လျှင် အာပတ်မသင့်။
သသိတ္ထကသိက္ခာပုဒ်
ဆွမ်းလုံးနှင့်ဆေးရေကို မြို့ရွာတွင်း၌ သွန်မှု။ ။ ရဟန်းတို့သည် ထိုကောကနပြာသာဒ်၌ပင် ဆွမ်းစားပြီးနောက် “ဆွမ်းလုံးနှင့် တကွသော သပိတ် ဆေးရေကို မြို့ရွာတွင်း၌ သွန်ပစ်ကြကုန်၏၊ (ထိုသို့ သွန်ပစ်ခြင်းကြောင့် သွန်ရာဌာနသည် စက်ဆုပ်စရာ ဖြစ်နေ၏၊ တနည်းအားဖြင့် လူတို့သည် အသက်သခင်ဖြစ်သော ဆွမ်းလုံးကို မနင်းလိုကြ၊)ထို့ကြောင့် လူတို့ကဲ့ရဲ့ရကား—
“န သသိတ္ထကံ ပတ္တဓောဝနံ အန္တရဃရေ ဆဋ္ဋေဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ “ဆွမ်းလုံးနှင့်တကွဖြစ်သော (ဆွမ်းလုံးပါသော)သပိတ် (စားခွက်)ဆေးရေကို မြို့ရွာအတွင်း၌ မသွန်အံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ [ဆွမ်းလုံးတို့ကို သီးခြား ဆယ်ထုတ်ပြီးမှ ရေချည်းသွန်လျှင်လည်းကောင်း, ဆွမ်းလုံးများကို အလုံးပျက်အောင် ချေပြီးမှ သွန်လျှင်လည်းကောင်း, ရွာတွင်း ဖြစ်စေကာမူ လက်ဆေးခံစသည်၌ ဆွမ်းလုံးပါသောရေကို
စာမျက်နှာ-၃၀၈
သွန်လျှင်လည်းကောင်း, အာပတ်မသင့်၊ မြို့ရွာပြင်ဘက်သို့ ယူခဲ့ပြီးမှ သွန်ရာ၌လည်း အနာပတ္တိပင်။
ဤတွင် ဆွမ်းစားမှုနှင့်ဆိုင်သော သိက္ခာပုဒ်များ ပြီး၏။
တရားဟောမှုနှင့်ဆိုင်သော သိက္ခာပုဒ်များ
၁။ ဆတ္တပါဏိ သိက္ခာပုဒ်
လက်၌ထီးရှိသူအား တရားဟောမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်၌ထီးရှိသူ (ထီးကိုင်ထားသူ, ထီးဆောင်းနေသူ)အား တရားဟောကြကုန်၏။ တရားဟောမှု ဟူသည် မြင့်မြတ်သော အလုပ်ဖြစ်ရကား... ဟောသူက အထက်တန်းကျမှသာ သင့်လျော်မည်၊ ယခုသော် ထီးဆောင်း၍ ဟန်ကြီး ပန်ကြီးလုပ်သူအား ဟောသဖြင့် ဟောသူက အောက်ကျသကဲ့သို့ ဖြစ်၏။ ထို့ကြောင့်) ရဟန်းတော်များ ကိုယ်တိုင်ကပင် ထိုဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့၍ ဘုရားရှင်အား လျှောက်ထားကြသောကြောင့် “ထီးလက်စွဲသူအား တရားမဟောရ”ဟု ပထမ ပညတ်တော်မှုပြီးလျှင်, ဂိလာနတို့အားလည်း ထီးကိုင်ထားလျှင် တရားမဟောဘဲ နေကြသောကြောင့် လူတို့ကဲ့ရဲ့ရကား—
“န ဆတ္တပါဏိဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ “ဂိလာနမဟုတ်သော (ကျန်းကျန်းမာမာရှိသော)ပုဂ္ဂိုလ်အား လက်၌ ထီးကိုင်ထားလျှင် တရားမဟောအံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ [ဂိလာနဖြစ်နေလျှင် (မိုးမိမှာစိုး၍ ထီးဆောင်း ထားစေကာမူ) တရားဟောကောင်း၏။
(၂) ဒဏ္ဍ, (၃) သတ္ထ, (၄) အာဝုဓပါဏိ သိက္ခာဒ်များ
တုတ်, ဓါးစသော လက်နက်, လေး။ ။ ၄-တောင်ရှိသော တုတ်ကိုသာ “ဒဏ္ဍ”ဟုခေါ်၏။ ဓါး, သန်လျက် စသော လက်နက်ကို “သတ္တ” ဟု ခေါ်၏။ လေးမြှားကို “အာဝုဓ”ဟု ခေါ်၏။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်၌ တုတ်စသည် ရှိသူတို့အား တရားဟောကြသောကြောင့်
စာမျက်နှာ-၃၀၉
ရဟန်းတို့က ကဲ့ရဲ့ကြသဖြင့် “မဟောရ” ဟု တားမြစ်တော်မူပြီးလျှင် ဂိလာန ဖြစ်သူတို့အား မဟောကြသောအခါ လူတို့က ကဲ့ရဲ့ကြပြန်သောကြောင့်-
“န ဒဏ္ဍပါဏိဿ...၊ န သတ္ထပါဏိဿ...၊ န အာဝုဓပါဏိဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ”။
ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ “ဂိလာန မဟုတ်ဘဲ လက်၌တုတ်(တောင်ဝှေး)ကိုင်ထားသူ, ဓါးစသော လက်နက်တစ်စုံတရာ ကိုင်ထားသူ, လေးမြှားကိုင် ထားသူအား တရားမဟောအံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ ဂိလာန ဖြစ်နေလျှင်ကား ထိုပုဂ္ဂိုလ်များအား တရားဟောကောင်း၏။
သုရုသုရုဝဂ် ပြီး၏။
ပါဒုကဝဂ်
ပါဒုကာရုဠှစသောသိက္ခာပုဒ် ၈-ပါး
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဂိလာနမဟုတ်သော—
၅။ ခြေနင်း(ခုံဖိနပ်) စီးထားသူအား တရားဟောကြကုန်၏။
၆။ အခြားဖိနပ်တစ်မျိုးမျိုး စီးထားသူအား တရားဟောကြကုန်၏။
၇။ လှည်းရထားစသော ယာဉ်ပေါ်၌ နေသူအား တရားဟောကြကုန်၏။
၈။ အိပ်ရာပေါ်၌ နေသူအား တရားဟောကြကုန်၏။
၉။ ဒူးထောင်၍ လက်အဝတ်တို့ဖြင့် ပတ်ဖွဲ့ထိုင်နေသူအား တရားဟောကြကုန်၏။
၁၀။ ခေါင်းပေါင်းကြီး ကုလားများ ပေါင်းသကဲ့သို့ ဦးခေါင်းကို ဆံစ မပေါ်အောင် ရစ်ပတ်ပေါင်းထားသူအား တရားဟောကြကုန်၏။
၁၁။ ခေါင်းမြီးခြုံထားသူအား တရားဟောကြကုန်၏။
၁၂။ တရားဟောသူက အခင်းမပါ မြေပေါ်မှာထိုင်လျက် အခင်းပေါ် ခုံပေါ်၌ ထိုင်နေသူအား တရားဟောကြကုန်၏။
ထိုသို့တရားဟောကြရာ၌ကား (လူတို့က မကဲ့ရဲ့ရဘဲ) ရဟန်းတော်များ ကိုယ်တိုင်ကပင် အောက်ကျနောက်ကျရှိလှသော ထိုအပြုအမူကို ကဲ့ရဲ့၍-
စာမျက်နှာ-၃၁၀
ဘုရားရှင်အား တိုင်တန်းလျှောက်ထားလေရာ ဘုရားရှင်လည်း များစွာ အပြစ်တင်တော်မူပြီးလျှင်—
“န ပါဒုကာရုဠှဿ...၊
န ဥပါဟနာရုဠှဿ...၊
န ယာနဂတဿ...၊
န သယနဂတဿ...၊
နပလ္လတ္ထိကာယ နိသိန္နဿ...၊၊
န ဝေဌိတသီသဿ...၊
န ဩဂုဏ္ဌိတသီသဿ...၊
န ဆမာယံ နိသီဒိတွာ အာသနေ နိသိန္နဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ”။ ဟူ၍ ၈-ပါးသော သိက္ခာပုဒ်များကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ ဂိလာန မဟုတ်ဘဲ ခုံဖိနပ်စီးထားသူ, အခြားဖိနပ် အမျိုးမျိုးစီးထားသူ ယာဉ်၌ တက်စီးနေသူ, အိပ်ရာပေါ်၌ ရောက်နေသူ, လက်အဝတ်တို့ဖြင့် ဒူးကိုပတ်ဖွဲ့နေသူ, ဦးခေါင်းကို ခေါင်းပေါင်းကြီး ရစ်ပေါင်းထားသူ, ခေါင်းမြီးခြုံထားသူ, မြေပေါ်၌ နေလျက် နေရာထိုင်ခုံပေါ်၌ နေသူအား တရားမဟောအံ့”ဟုအလေ့အကျင့်ကို ပြုရမည်။
၁၃။ နီစေအာသနသိက္ခာပုဒ်
အမြင့်၌နေသူအား တရားဟောမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မိမိတို့က နိမ့်သောနေရာ၌ ထိုင်၍ မြင့်သောနေရာ၌ နေသူအား တရားဟောကြကုန်၏၊ ထိုသို့ နေထိုင်ပုံကို မကျေနပ်သော ရဟန်းတော်တို့သည် ထိုဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့ရှုတ်ချ၍ ဘုရားရှင်အား တိုင်တန်း လျှောက်ကြကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာ အပြစ် တင်တော်မူပြီးလျှင် ရှေးတုန်းက ဖြစ်ခဲ့ဘူးသော အကြောင်း ဝတ္ထုတစ်ခုကို ဟောပြတော်မူလေသည်။
သရက်သီးခိုးစဉ်က ဖြစ်ခဲ့ပုံ။ ။ ရှေးသောအခါ ဒွန်းစဏ္ဍားတစ်ယောက်သည် သရက်သီး ပေါ်ချိန်မဟုတ်သော အခါဝယ် ကိုယ်ဝန်အရင့်အမာဖြင့် လွန်စွာသရက်သီး စားလိုသောချင်ခြင်း အာသာကြောင့် မစားရလျှင် သေရမလောက်ဖြစ်နေသော မယားအတွက် သရက်သီးရှာ ထွက်ရလေသည်၊ ထိုအချိန်၌ ရှင်ဘုရင်၏ သရက်ပင်တပင်သည် အမြဲ အသီး-သီးလေ့ရှိ၏၊ ထိုဒွန်းစဏ္ဍားသည် အခြားနေရာ၌ ရှာမရသောကြောင့် ညဉ့်အခါဝယ် ထိုဘုရင့်သရက်ပင်ပေါ် တက်၍ ဟိုရှာသည်ရှာ ရှာနေတုန်းမှာပင် မိုးလင်းသဖြင့် မဆင်းသာဘဲ အပင်ပေါ်မှာ ပုန်းနေရလေသည်။
စာမျက်နှာ-၃၁၁
ထိုအချိန်မှာပင် ရှင်ဘုရင်နှင့် ပုရောဟိတ် ပုဏ္ဏားလည်း သရက်ပင် အောက်သို့ ရောက်လာ၍ နိမ့်သောနေရာ၌ ထိုင်နေသော ဆရာပုရောဟိတ်က မြင့်သော နေရာ၌ ထိုင်နေသော ရှင်ဘုရင်အား မန္တာန်ချပေးလေသည်၊ ထိုအခြင်းအရာကို မြင်နေရသော သရက်သီးသူခိုးမှာ အောက်ပါအတိုင်း စဉ်းစားမိလေ၏။
(၁) အမြင့်ပေါ်ကနေ၍ မန္တာန်ကို သင်ယူသောမင်းလည်း သိပ်မတရားသောမင်းတည်း၊ (၂) နိမ့်သောနေရာမှာနေ၍ မန္တာန်ပို ချပေးသော ဆရာ ပုဏ္ဏားလည်း သိပ်မတရားသူပင်တည်း၊ (၃) မယားအတွက် သရက်သီး ခိုးသောငါလည်း အလွန်မတရားသူပင်ဖြစ်၏၊ ၃-ယောက်လုံး၏ အလုပ်ဟာ ယုတ်မားဆိုးဝါးလှ၏၊ ဤသို့ စဉ်းစားမိ၍ (ငါသေသေ, သူတို့သေသေ သဘောဖြင့်) သရက်ပင်ပေါ်မှ ခုန်ချ၍ မင်း ပုဏ္ဏား ၂-ဦးသားကိုပင် တရားကို မသိမမြင်ကြကြောင်းဖြင့် ပြစ်တင်ကဲ့ရဲ့လေသည်၊ ထိုဝတ္ထု၌ ဒွန်းစဏ္ဍားဆိုသူကား ငါတို့ ဘုရားအလောင်းပင်တည်း။ [စတုက္ကနိပါတ်, ဆဝဇာတ်၊]
ဤဝတ္ထုကို ဟောတော်မူပြီးလျှင် “ဘိက္ခုတို့...ထိုဒွန်းစဏ္ဍား ဖြစ်စဉ်တုန်းကပင် နိမ့်သောနေရာ၌နေ၍ မန္တာန်ပို့ချမှုကို မနှစ်သက်ခဲ့သေး၏၊ ယခု ဘုရားဖြစ်သောအခါ၌ကား အဘယ်မှာ နှစ်သက်နိုင်ပါမည်နည်း” ဟု မိန့်တော်မူကာ-
“န နီစေ အာသနေ နိသီဒိတွာ ဥစ္စေ အာသနေ နိသိန္နဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာကရဏီယ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ နိမ့်သော နေရာပေါ်၌ နေ၍ မြင့်သော(ကောင်းသော) နေရာပေါ်၌ နေသော ဂိလာနမဟုတ်သူအား တရားမဟောအံ့” ဟု အလေ့အကျင့်ကို ပြုရမည်။
(၁၄) ဌိတနိသိန္န (၁၅) ပစ္ဆတောဂစ္ဆန္တီ (၁၆) ဥပ္ပထေနဂစ္ဆန္တီ သိက္ခာပုဒ်များ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဂိလာန မဟုတ်သော—
၁၄။ ထိုင်နေသူအား မိမိတို့က မတ်မတ်ရပ်လျက် တရားဟောကြကုန်၏၊ [ထိုင်ခြင်းနှင့် ရပ်ခြင်းတွင် ရပ်ခြင်းက အောက်တန်းကျ၏၊ ထိုကြောင့် အကဲ့ရဲ့ခံရ၏။
စာမျက်နှာ-၃၁၂
၁၅။ ရှေ့ကသွားသူအား မိမိတို့က နောက်မှလိုက်လျက် တရားဟောကြကုန်၏။
၁၆။ လမ်း၌သွားနေသူအား မိမိတို့က လမ်းဘေးမှသွားလျက် တရား ဟောကြဟုန်၏။
ထိုအပြုအမူကို အခြားရဟန်းများက မနှစ်သက်ကြသဖြင့် ကဲ့ရဲ့ကြပြီးလျှင် ဘုရားရှင်အား တိုင်တန်း လျှောက်ထား ကြသောကြောင့် တားမြစ်တော် ပြီးနောက် ဂိလာနဖြစ်နေလျှင် ဟောခွင့်ပြုတော်မူကာ—
“န ဌိတော နိသိန္နဿ အဂိလာနဿ...၊
န ပစ္ဆတော ဂစ္ဆန္တော ပုရတော ဂစ္ဆန္တဿ အဂိလာနဿ၊
န ဥပ္ပထေန ဂစ္ဆန္တော ပထေန ဂစ္ဆန္တဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ် ၃-ပါးကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ “မိမိကပ်လျက် ထိုင်နေသော ဂိလာနမဟုတ်သူအား...
မိမိက နောက်မှလိုက်လျက် ရှေ့ကသွားသော ဂိလာန မဟုတ်သူအား...
မိမိက လမ်းမဟုတ်သော လမ်းဘေးမှ လိုက်လျက် လမ်းကသွားနေသော ဂိလာန မဟုတ်သူအား တရားမဟောအံ့”ဟု အလေ့အကျင့်ကိုပြုရမည်။ [ “တရား” ဟု လာသမျှ၌ ပါဠိတော် အဋ္ဌကထာ တရားကိုသာ ဆိုလိုသည်၊ မြန်မာဘာသာ စသည်ဖြင့် ပြောလျှင် အာပတ်မသင့်။]
ဤတွင်တရားဟောမှုနှင့်ဆိုင်သော သိက္ခာပုဒ်များပြီး၏။
ဌိတောဥစ္စာရသိက္ခာပုဒ်
ရပ်၍ကျင်ကြီး ကျင်ငယ်စွန့်မှု။ ။ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ရပ်လျက် ကျင်ကြီး ကျင်ငယ်စွန့် ကြကုန်၏၊ ထိုသို့စွန့်မှုသည် လူကြီးသူမတို့၏ အပြုအမူ မဟုတ်ရကား လူတို့ ကဲ့ရဲ့ကြသောကြောင့် “ရပ်လျက် ကျင်ကြီး ကျင်ငယ် မစွန့်ရ”ဟု-တားမြစ်တော်မူပြီးနောက် မထိုင်နိုင်သော ဂိလာနတို့အတွက် ခြွင်းချက်ပြုကာ–
စာမျက်နှာ-၃၁၃
“န ဌိတော အဂိလာနေ ဥစ္စာရံဝါ ပဿာဝံဝါ ကရိဿာမီတိ သိက္ခာ ကရဏီယာ ။
ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်။ ။ “ငါသည် ဂိလာနမဟုတ်ဘဲ ရပ်လျက် ကျင်ကြီး, ကျင်ငယ် မစွန့်အံ့”ဟု အလေ့အကျင့်ကို ပြုရမည်။
ဟရိတေ ဥစ္စာရ သိက္ခာပုဒ်
မြက်သစ်ပင်ပေါ် ကျင်ကြီး ကျင်ငယ်နှင့် တံတွေးစွန့်မှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စိမ်းစို့သော(ခြောက်၍ သေနေသည် မဟုတ်သော) မြက်သစ်ပင်ပေါ်၌ ကျင်ကြီး, ကျင်ငယ်နှင့် တံတွေးကို စွန့်ကြ ထွေးကြကုန်၏၊ လူတို့ကား စိမ်းနေသော မြက်သစ်ပင်များကို အသက်ရှိ (အရှင်)ဟု မှတ်ထင်ကြကုန်၏၊ ထို့ကြောင့် ထိုစွန့်မှု, ထွေးမှုကို ကဲ့ရဲ့ကြသဖြင့် “မစွန့် မထွေးရ”ဟု တားမြစ်တော်မူပြီးနောက် ဂိလာနဖြစ်၍ မြက်သစ်ပင် မရှိသော အရပ်သို့ မသွားနိုင်သော ဂိလာနများအတွက် ခြွင်းချက်ပြုကာ...
“န ဟရိတေ အဂိလာနော ဥစ္စာရံဝါ ပဿာဝံဝါ ခေဠံဝါ ကရိဿာမိတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
မြန်မာပြန်။ ။ “ငါသည် ဂိလာန မဟုတ်လျှင် စိမ်းစိုသော မြက်သစ်ပင်ပေါ်၌ ကျင်ကြီး, ကျင်ငယ်, တံတွေး (နှပ်)တို့ကို မစွန့်အံ့”ဟု အလေ့ အကျင့်ကိုပြုရမည်။
မှတ်ချက်။ ။ မြက်သစ်ပင်တို့မှ ဖျာထွက်လာသောသစ်ကိုင်း မြေပေါ်၌ ပေါ်နေသော သစ်မြစ်တို့အပေါ်၌လည်း မစွန့်ကောင်း၊ မြက်ခင်းပေါ်၌ နေ့စဉ် လွတ်လပ်သော မြေကွက်ကို မရနိုင်မူ သစ်ရွက်ခြောက် စသည့်အပေါ် စွန့်ချရမည်၊ထိုသစ်ရွက်ခြောက်မှ တဆင့် စီးသွား၍ မြက်ပေါ်၌ကျသော်လည်း အာပတ်မသင့်၊ မြက်သစ်ပင်မရှိသော နေရာကို ရှာနေစဉ် မချုပ်တည်းနိုင်၍ ထွက်သွားရာ၌လည်း (ဂိလာန သဘော သက်ရောက် နေသောကြောင့်) အာပတ်မသင့်၊ ဤသိက္ခာပုဒ်နှင့် နောက်သိက္ခာပုဒ်၌ ခေဠဖြင့် နှပ်ပါယူရမည်၊ ပါးစပ်ဖြင့် ငုံထားသောရေနှင့် ကြံဖတ် အမျိုး စသည်ကိုကား-မြက်သစ်ပင်ပေါ်၌ ထွေးကောင်း၏။
စာမျက်နှာ-၃၁၄
ဥဒကေ ဥစ္စာရ သိက္ခာပုဒ်
ရေကောင်း၌ ကျင်ကြီးစသည်စွန့်မှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သောက်ကောင်း, သုံးကောင်းသော ရေ၌ ကျင်ကြီး, ကျင်ငယ် နှပ်, တံတွေးတို့ကို စွန့်ကြ-ထွေးကြကုန်၏၊ ထိုအပြုအမူကို လူတို့ကဲ့ရဲ့ရာမှ ရဟန်းတော်များ တဆင့်ကြား၍ ကဲ့ရဲ့ရှုတ်ချပြီးလျှင် ဘုရားရှင်အား တိုင်တန်း လျှောက်ထားကြသောကြောင့်၊ “မစွန့် မထွေးရ”ဟု တားမြစ်တော် မူပြီးနောက် ဂိလာနတို့အတွက် ခြွင်းချက် ပြုတော်မူကာ...
“န ဥဒကေ အဂိလာနော ဥစ္စာရံဝါ ပဿာဝံဝါ ခေဠံဝါ ကရိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟူ၍ သိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
မြန်မာပြန်။ ။ “ငါသည် သုံးကောင်းသောရေ၌ ဂိလာန မဟုတ်လျှင် ကျင်ကြီး, ကျင်ငယ်, နှပ်, တံတွေးကို မစွန့် မထွေးအံ့”ဟု အလေ့ အကျင့်ကို ပြုရမည်။
မှတ်ချက်။ ။ ကုဋီတွင်း၌ ဝင်နေသော, သမုဒြာ၌ ဆားငံရေများသည် သုံးကောင်းသော ရေမဟုတ်၊ မြစ်ထဲ၌ လှေ, သင်္ဘော စီးသွားစဉ်လည်းကောင်း, မိုးအားကြီး၍ ရေပြင်ကြီးဖြစ်နေစဉ်လည်းကောင်း, ဥစ္စာရစသည်ပြုဖို့ ရေလွတ် သောအရပ်ကို မရနိုင်လျှင် “ဧတာဒိသေ ကာလေ-ဤကဲ့သို့သော ကာလ၌၊ အနုဒကဋ္ဌာနံ-ရေမရှိသောအရပ်ကို၊ အလဘန္တေ-မရနိုင်သူသည်၊ ကာတုံ-ရေထဲ၌ စွန့်ချခြင်းငှါ၊ ဝဋ္ဋတိ-အပ်၏”ဟု အဋ္ဌကထာ မိန့်သည်။
သေခိယ အခန်းပြီး၏။
ဘိက္ခု၊ ပါတိမောက်လာ သိက္ခာပုဒ်တော်များ ပြီးပြီ။
စာမျက်နှာ-၃၁၅
ဘိက္ခုနီဖြစ်ပေါ်လာပုံ
မလွယ်ကူပုံ။ ။ ဘုရားပွင့်တော်မူပြီးစ ပထမအချိန်ကပင် ပဉ္စဝဂ္ဂီငါးပါးကို အစထား၍ သာသနာ့ဝန်ထမ်း ရဟန်းယောက်ျားဖြစ်ကြသော ဘိက္ခုတို့သည် အလွယ်တကူ ဖြစ်ခွင့်ရခဲ့ကြသော်လည်း မိန်းမသား ဖြစ်သော ဘိက္ခုနီတို့မှာ အလွယ်တကူဖြစ်ခွင့်မရခဲ့ကြ၊ မိထွေးတော် ဂေါတမီ ကိုယ်တိုင်ပင် ဘိက္ခုနီ ပြုလုပ်ရဖို့အကြောင်း ခဲယဉ်းစွာ တောင်းပန်ခဲ့ရလေသည်။
မိထွေးတော် ဂေါတမီ။ ။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက်တပေါင်းလလောက်မှာပင် ကပိလဝတ် နေပြည်တော်သို့ ပထမဆုံး ကြွတော်မူ၍ နိဂြောဓာရုံ ကျောင်းတိုက်၌ ရဟန္တာ ၂-သောင်းနှင့် အတူ သီတင်းသုံးတော်မူ၏၊ ထိုအချိန်တုန်းကပင် မယ်တော်မာယာ၏ ညီမတော်အရင်းဖြစ်သော မိထွေးတော်ဂေါတမီသည် ဘုရား အထံတော်၌ ဘိက္ခုနီ (ရဟန်းမ) ပြုလိုပါကြောင်း ခွင့်တောင်းလေသည်၊ သို့သော် ဗုဒ္ဓမြတ်စွာသည် (“နောက်နောင်အခါ ဖြစ်လာကြမည့် ဘိက္ခုနီတို့က အလွယ်တကူ ခွင့်ပြုထားသော ရဟန်းအဖြစ်ကို မလေးစားဘဲ ရှိကြလိမ့်မည်”ဟု)မြော်မြင်တော်မူသောကြောင့် မိထွေးတော်၏ ခွင့်တောင်းမှုကို ခွင့်ပြုတော်မမူသဖြင့် မိထွေးတော်သည် အလွန်ဝမ်းနည်းစွာ ငိုယိုကာဖြင့် ပြန်သွားရှာလေသည်။
နောက်တစ်ကြိမ် ကြိုးစားခြင်း။ ။ မြတ်စွာဘုရားသည် ဝေသာလီမြို့၌ သီတင်းသုံးတော် မူသောအခါ နောက်တစ်ကြိမ်လာ၍ ခွင့်တောင်းပြန်၏။ ထိုအချိန်၌ကား တစ်ယောက်ထည်း မဟုတ်တော့၊ ခင်ပွန်းသည် မင်းသားတို့ ရဟန်းပြုသွားရုံမက, ရဟန္တာလည်း ဖြစ်နှင့်ကြသဖြင့် လူ့ဘဝ၌ မျှော်လင့်ချက် ကင်းမဲ့နေကြသော သာကီဝင် မင်းသ္မီး ငါးရာနှင့်အတူလာ၍ တောင်းပန်ခြင်းဖြစ်သည်၊ သူတို့အားလုံး ကပိလဝတ် နေပြည်တော်တုံးကပင် ဘုရားကို ရည်မှန်း၍ (ဘုရား၏တပည့်အနေမျိုးဖြင့် ရဟန်းပြုခဲ့ကြ၏။ သူတို့အားလုံး နေပြည်တော်မှ ထွက်သွားကြောင်းကို ကြားသောအခါ (သူတို့တတွေ ခြေကျင်သွားနိုင်ကြမည်မဟုတ်ဟု ယူဆ၍ ဝေါ (ထမ်းစဉ်)တို့ကို ဆွေတော်မျိုးတော်များက ပို့ကြသော်လည်း “ဝေါစီး၍ သွားလျှင် ဘုရားကို မရိုသေရာရောက်မည်”ဟု ယူဆ၍ မည်သူမျှမစီးကြ၊ ပင်ကိုယ်ရိုးရာအားဖြင့် မြေပြင်၌ ခြေကျင်သွားလေ့မရှိကြသော သာကီဝင်
စာမျက်နှာ-၃၁၆
မင်းသ္မီးတို့သည် ငါးဆယ့်တစ်ယူဇနာဝေးသော ခရီးကို ဝေါ့မစီးကြဘဲ ခြေကျင်သာ သွားရှာကြလေသည်။
ပင်ပန်းကြီးစွာဖြင့် ဝေသာလီရောက်ပုံ။ ။ သာကီဝင်မင်းတို့သည် ထိုမင်းသ္မီးတို့အား ဘေးရန် အန္တရာယ်ကာကွယ်ဖို့ရန် ရှေ့ရောနောက်ပါ အစောင့် အရှောက် လိုက်စေ၍ ဆန်, ထောပတ်, ဆီ စသည်တို့ကို လှည်းဖြင့် တင်ဆောင်ကာ ရောက်ရာအရပ်၌ စားရေးသောက်တာ စီမံ လုပ်ကျွေးမည့် လူတို့ကိုလည်း ထည့်လိုက်ကြကုန်၏။ ထိုသို့ ချမ်းသာအောင် အစောင့်အရှောက် လိုက်ပါလာကြသော်လည်း ခြေကျင်လာရသည့်အတွက် နုလှစွာသော ခြေဘဝါးတို့၌ သွေးခြေများဥကာ အဖုတွေ ထလာပြီးလျှင် တချို့အဖုများလည်း ပေါက်ကွဲကုန်၏၊ ခြေ ၂-ဘက်လုံးမှာပင် ခပေါင်းရေ ကြည်စေ့တွေ သီးနေသလို ဖူးဖူးရောင်၍ နေကုန်တော့၏၊ ဝေသာလီရောက် ပြန်သော်လည်း ရုတ်တရက် ဘုရားအထံ မဝင်ဝံ့ကြ၊ သူတို့ကိုယ်တိုင်ပင် ဘိက္ခုနီအသွင်ကို ဝတ်ဆင်လာခဲ့ကြလေပြီ။ “ဤအကြိမ်မှာလဲ ဘုရားရှင်က ဘိက္ခုနီအဖြစ်ကို ခွင့်ပြုတော် မမူပြန်လျှင် အရှက်တကွဲ အကျိုးနဲကြတော့မည်”ဟု တွေးတော စိုးရွံ့ကာ ကျောင်းတိုက်အပြင် တံခါးမုခ်အနီးမှာပင် ယိုစီးသော မျက်ရည်ဖြင့် ဆိုင်းငံ့၍ နေရှာကြလေသည်။
အရှင်အာနန္ဒာနှင့် တွေ့ ပုံ။ ။ အရှင်အာနန္ဒာသည် (ကျောင်းတိုက်အပြင် ထွက်လာလတ်သော်) ခရီးပန်းသဖြင့် ညှိုးနွမ်းသော လက္ခဏာ ရှိ၍ တကိုယ်လုံးလည်းမြူမှုန်(ဖုံ)တွေ ဖွေးလျှက်ဖူးရောင်၍ နေသော ခြေတို့ဖြင့် မသက်မသာ ငိုယိုကာနေသော မိထွေးတော်ဂေါတမီကို (သာကီဝင်မင်းသ္မီးငါးရာနှင့် အတူ) တွေ့ရ၍ ဖြစ်ပျက်ပုံကို မေးလေရာ, လာခဲ့ရပုံအကြောင်းစုံနှင့်တကွ ဘိက္ခုနီအဖြစ်ကို ဘုရားရှင် ခွင့်မပြုခြင်းကြောင့် ဝမ်းနည်းပုံကိုပါ ပြောပြလေသည်၊ ထိုအခါ သောတာပန်သာ ဖြစ်သေးသော အရှင်အာနန္ဒာမှာလည်း (လွန်စွာစိတ်ထိခိုက်ဟန်ရှိ၍) ဒီလိုဆိုလျှင် ခဏလောက်ဒီမှာ နေရစ်ပါဦး၊ နောင်တော်ဘုရားကို ခွင့်တောင်း လျှောက်ထားပါဦးမည် ဟုပြောဆို၍ ဘုရားထံသို့ ဝင်သွား၍ လျှောက်ထား သည်မှာ—
ရှင်အာနာ။ ။ “မြတ်စွာဘုရား ... မဟာပဇာပတိ ဂေါတမီသည် ၅၁-ယူဇနာခရီးကို ခြေကျင်လာခဲ့ရသည့်အတွက် ရောင်နေသောခြေ, မြူမှုန်လိမ်းကျံနေသော ကိုယ်, ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်ကာ မျက်ရည်ယိုသော မျက်နှာဖြင့် ကျောင်းတံခါးမုခ်မှာ ရပ်နေရှာ
စာမျက်နှာ-၃၁၇
ပါသည်၊ ဘိက္ခုနီပြုဖို့ရန် ဘုရားရှင် ခွင့်ပြုတော်မမူသည့်အတွက် ကျောင်းတိုက်တွင်းသို့ မဝင်ဝံ့ရှာပါ၊ မြတ်စွာဘုရား...မာတုဂါမများ ဘုရားသာသနာတော် အတွင်းဝယ် ရဟန်းပြုခွင့် ရဖို့ရန် တောင်းပန် ပါရစေ”ဟု လျှောက်လေသည်။
ဘုရားရှင်။ ။ မတော်ဘူး အာနန္ဒာ၊ ဘုရားသာသနာတော်အတွင်း၌ မာတုဂါမတို့ ရဟန်းပြုခြင်းကို သင်-မနှစ်သက်ပါလင့်။
ရှင်အာနန္ဒာ။ ။ ၂-ကြိမ်မြောက် တောင်းပန်၏။
ဘုရားရှင်။ ။ ၂-ကြိမ်မြောက် ပယ်မြစ်တော်မူ၏။
ရှင်အာနန္ဒာ။ ။ ၃-ကြိမ်မြောက် တောင်းပန်ပြန်၏။
ဘုရားရှင်။ ။ ၃-ကြိမ်မြောက် ပယ်မြစ်တော် မူပြန်၏။
ရှင်အာနန္ဒာ။ ။ “ဒီနည်းနှင့်တောင်းပန်လို့တော့ခွင့်ပြုတော်မူမှာမဟုတ်တော့၊ အခြားနည်းဖြင့် တောင်းပန်ဦးမည်”ဟု ကြံစည်၍ “မြတ်စွာဘုရား.....မာတုဂါမတို့သည် သာသနာတော်မှာ ရဟန်းပြု၍ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာမိန်းမများ ဖြစ်ဖို့ရန် မထိုက်တန်ပါဘူးလား ဘုရား။
ဘုရားရှင်။ ။ ထိုက်တန်ပါရဲ့ အာနန္ဒာ။
ရှင်အာနန္ဒာ။ ။ မြတ်စွာဘုရား...မိထွေးတော် (အဒေါ်လေးရင်း) ဖြစ်သော မဟာပဇာပတိ ဂေါတမီသည် မြတ်စွာဘုရားအပေါ်မှာ လွန်စွာ ကျေးဇူးများခဲ့ပါသည်၊ မင်းသားကလေးဘဝမှ ကြီးရင့်လာအောင်စောင့်ရှောက်ခဲ့ရုံမက, (ဘုရားရှင် ၇-ရက်အရတွင် မယ်တော်မာယာ နတ်ရွာစံသဖြင့် သားတော်ရင်း နန္ဒမင်းသား ကလေးကို အထိမ်းတော်တို့နှင့်ထား၍) မိထွေးတော် ကိုယ်တိုင် ဘုရားရှင်ကို နို့ချိုတိုက်ကျွေး၍မွေးမြူခဲ့ပါသည်။
မြတ်စွာဘုရား... မာတုဂါမတို့ သာသနာတော်မှာ ရဟန်းပြု၍ သောတာပန် သကဒါဂါမ် အနာဂါမ်ရဟန္တာဖြစ်ဖို့ရန် ထိုက်တန်ကြပါလျှင် ထိုမျှလောက်ကျေးဇူးကြီးလှသော မိထွေးတော်ဂေါတမီသည် မြတ်စွာဘုရား၏ သာသနာတော်ဝယ် ရဟန်းပြုခွင့် ရစေချင်ပါသည်ဘုရား၊
မှတ်ချက်။ ။ နန္ဒမင်းသားသည် ဘုရားအလောင်းထက် ရက်အနည်းငယ်သာ ငယ်၏၊ ထိုနန္ဒမင်းသားဖွားမြင်ပြီးနောက် အထိမ်းတို့အား အပ်နှံ၍ မိထွေးတော်ကိုယ်တိုင် အမိမဲ့ အလောင်းတော်ကလေးကို နို့ချိုတိုက်ကျွေးလေသည်။
စာမျက်နှာ-၃၁၈
ဘုရားရှင်။ ။ အာနန္ဒာ...ပဇာပတိ ဂေါတမီသည် ဂရုဓမ် (အလေး ပြုအပ်သောပညတ်တော်)ရှစ်ပါးကို လက်ခံနိုင်လျှင်, ထိုလက်ခံမှုသည်ပင် သူ၏ ရဟန်းပြုခြင်းကိစ္စပြီးစေတော့၊ (သူတစ်ပါးလို သိမ်ထဲ၌ ကမ္မဝါစာဖြင့် ရဟန်းပြုနေဖွယ်မလို ဟူလို။)
မှတ်ချက်။ ။ မာတုဂါမဟိုသည် အစစ်အမှန် သဒ္ဓါတရား အလွန်နည်းပါး၏။ ဖြစ်သမျှ သဒ္ဓါအစစ်လည်း မတည်မြဲလှ၊ ထို့ကြောင့် ရဟန်းပြုခွင့်ကို တောင်းလျှင် တောင်းခြင်း မပေးသေးဘဲ ခဲယဉ်းစွာ ခွင့်တောင်းမှ ခွင့်ပြုတော်မူခဲ့ပေသည်၊ ထိုသို့ ခွင့်ပြုပြန်ပါလည်း သာသနာတော်ကိုသာ၍ လေးစားစေလိုသောကြောင့် ဂရုဓမ်ပညတ်များကို ထားပြီးမှ ခွင့်ပြုတော်မူသည်။
ဂရုဓမ်ရှစ်ပါးကား
၁။ မည်သည့် ဘိက္ခုနီမဆို ရဟန်းသိက္ခာ ဝါတရာပင်ရပြီးစေကာမူ ယနေ့မှရဟန်းဖြစ်သော ဘိက္ခု အပေါ်၌ အဘိဝါဒန, ပစ္စုဋ္ဌာန, အဉ္ဇလိကမ္မ, သာစိကမ္မကို ပြုရမည်၊ ဤပညတ်တော်ကိုလည်းကောင်းမွန်ရိုသေစွာ လိုက်နာပြုကျင့်သောအားဖြင့် မြတ်နိုးကော် ရော်ပူဇော်လျက် အသက်ထက်ဆုံး မကျူးလွန်ရ၊
မှတ်ချက်။ ။ နဖူးမြေကျ ဝပ်မှုကို “အဘိဝါဒန = ရှိခိုးမှု” ဟုခေါ်၏၊ မိမိက ထိုင်နေစဉ် အဝေးမှာနေသည်ကို မြင်၍ ထိုင်နေရာ ထိုင်ခုံမှ ထပေးမုံ, အရပ်အဝေးမှလာသည်ကိုမြင်၍ ခရီးဦးကြိုမှုကို “ပစ္စုဋ္ဌာန = နေရာမှ ထခြင်း, ခရီးဦးကြိုခြင်း” ဟုခေါ်၏၊ ဝပ်ချ၍ မဖြစ်နိုင်သောနေရာမျိုး (လမ်းခရီးတွေ့ရာစသည်၌)လက်အုပ်ချီမှုကို “အဉ္ဇလိကမ္မ” ဟုခေါ်၏၊ သင့်လျော်သောအမှုကို “သာမီစိကမ္မ = အရိုအသေပြုမှု” ဟုခေါ်သည်။
၂။ ဘိက္ခုနီသည် အနီးအပါးဝယ်ဩဝါဒပေးမည့် ရဟန်းယောက်ျား မရှိသောကျောင်း၌ ဝါမဆိုရ၊ ဤပညတ်တော်ကိုလည်း ကောင်းမွန် ရိုသေစွာ လိုက်နာကျင့်ကြံသောအားဖြင့် မြတ်နိုးကော်ရော်ပူဇော်လျက် အသက်ထက်ဆုံး မကျူးလွန်ရ။ [“အနီးအပါး”ဟူရာ၌ မိမိက ထိုရဟန်းရှိရာသို့ ဩဝါဒခံယူသွား၍ ထိုနေ့၌ပင် ပြန်လာနိုင်သော အရပ်ကိုဆိုလိုသည်။
၃။ ဘိက္ခုနီသည် လခွဲတစ်ကြိမ် (၁၅ရက် တစ်ကြိမ်ကျ) ယခုလာမည့်ဥပုသ် နေ့သည် ၁၄-ရက်မြောက်ပါလား, ၁၅-ရက် မြောက်ပါလားဟု
စာမျက်နှာ-၃၁၉
ဥပုသ်နေ့မေးခြင်း, ဩဝါဒခံယူဖို့ရန် ချဉ်းကပ် ခွင့်တောင်းခြင်းဟူသော ၂-ပါးသောတရားတို့ကို ဘိက္ခုသံဃအထံမှ တောင့်တရမည်၊ “ထို၂-ပါးကို ရအောင်ပြုရမည်” ဟူလို၊ ဤပညတ်တော်ကိုလည်း ကောင်းမွန်ရိုသေစွာ လိုက်နာကျင့်ကြံသောအားဖြင့် မြတ်နိုးကော်ရော် ပူဇော်လျက် အသက်ထက်ဆုံး မကျူးလွန်ရ။
၄။ ဝါကျွတ်ပြီးသောဘိက္ခုနီသည် ဘိက္ခုနီသံဃာ ဘိက္ခုသံဃာ၂ဘက်လုံး၌ ပဝါရဏာပြုရမည်။ ဘိက္ခုတို့ကား ဘိက္ခုသံဃာ့အထံ၌သာ ပဝါရဏာပြုရသည်၊ ဘိက္ခုနီတို့ကား ဘိက္ခုနီသံဃာ့အထံ၌ တစ်ကြိမ် ဘိက္ခုသံဃာ့အထံ၌ တစ်ကြိမ်အားဖြင့် ၂-ကြိမ် ပြုရမည်ဟူလို၊ (ပဝါရဏာပြုပုံကို နောက်၌ သိရလတံ့။)] ဤပညတ်တော်ကိုလည်း ကောင်းမွန်ရိုသေစွာ လိုက်နာ ပြုကျင့်သောအားဖြင့် မြတ်နိုးကော်ရော် ပူဇော်လျက် အသက်ထက်ဆုံး မကျူးလွန်ရ။
၅။ သံဃာဒိသည် အာပတ်သင့်သော ဘိက္ခုနီသည် ဘိက္ခု-ဘိက္ခုနီ ၂-ဘက်လုံး သံဃာ့အထံ၌ ပက္ခမာနတ် (၁၅-ရက်ကျင့်ရသော မာနတ်) အကျင့်ကိုကျင့်ရမည်၊ [ဘိက္ခုတို့ကား ၆-ရက်သာ မာနတ် ကျင့်ရ၏။] ဤပညတ်တော်ကိုလည်း ကောင်းမွန်ရိုသေစွာ လိုက်နာ ပြုကျင့်သောအားဖြင့် မြတ်နိုးကော်ရော် ပူဇော်လျက်-အသက်ထက်ဆုံး ကျူးလွန်ရ။
၆။ ၂-နှစ်ပတ်လုံး ၆-ပါးသော သိက္ခာပုဒ်တို့၌ မကျိုးမပေါက်အောင် ကျင့်ပြီးသော သိက္ခမာန်သည် ၂-ဘက်သံဃာ၌ ရဟန်းအဖြစ်ကို ရှာရမည်။ [ယောက်ျားတို့သည် ဘိက္ခုသံဃာ၌သာ ရဟန်းပြုခြင်း ကိစ္စပြီး၏၊ ၂-နှစ်လည်း ကျင့်ဖွယ်မလို၊ မိန်းမတို့ကား ၂-နှစ်လုံး ကျင့်ပြီးမှ ၂-ဘက်သံဃာ၌ ၂-ကြိမ်ရဟန်းပြုရသည်။ ဤပညတ်တော်ကိုလည်း ကောင်းမွန်ရိုသေစွာ လိုက်နာပြုကျင့်သောအားဖြင့် မြတ်နိုးကော်ရော် ပူဇော်လျက် အသက်ထက်ဆုံး မကျူးလွန်ရ။
၇။ ဘိက္ခုနီသည် မည်သည့် နည်းပရိယာယ်နှင့်မျှ ဘိက္ခုကို ဆဲလည်း မဆဲရ ခြိမ်းလည်း မခြိမ်းချောက်ရ, ဤပညတ်တော်ကိုလည်း ကောင်းမွန်ရိုသေစွာ လိုက်နာပြုကျင့်သောအားဖြင့် မြတ်နိုးကော်ရော် ပူဇော်လျက် အသက်ထက်ဆုံး မကျူးလွန်ရ။
စာမျက်နှာ-၃၂၀
၈။ ယနေ့ကစ၍ ဘိက္ခုနီတို့က ဘိက္ခုတို့အပေါ်၌ ပြောဆိုဆုံးမခွင့်ကို ပိတ်လိုက်ပြီ၊ ဘိက္ခုတို့က ဘိက္ခုနီတို့အပေါ်၌ ပြောဆိုဆုံးမခွင့်ကိုကား မပိတ်ဘဲ ဖွင့်ထားသည်၊ ဤပညတ်တော်ကိုလည်း ကောင်းမွန် ရိုသေစွာ လိုက်နာကျင့်ကြံသောအားဖြင့် မြတ်နိုးကော်ရော် ပူဇော်လျက် အသက်ထက်ဆုံး မကျူးလွန်ရ။
မှတ်ချက်။ ။ ဘိက္ခုနီတို့သည် ပြောဆိုဆုံးမဖွယ် အပြစ်တွေ့စေကာမူ မပြောဆို-မဆုံးမရ၊ ရှေးကမထေရ်ကြီးများတော့ ဒီလိုမလုပ်ကြပါဘူး” စသည်ဖြင့် ပရိယာယ်လောက်သာ ပြောရသည်။ ဘိက္ခုတို့ကား ဘိက္ခုနီတို့အပေါ်၌ အပြစ် တွေ့လျှင် ငေါက်ငန်း၍ပင် ဆုံးမနိုင်၏။
ဂရုဓမ် လက်ခံပုံ။ ။ အရှင်အာနန္ဒာသည် မြတ်စွာဘုရားအထံတော်မှ ဂရုဓမ် ရှစ်ပါး ပညတ်တော်များကို အရကျက်မှတ်၍ တံခါးမုခ် ပေါက်၌ စောင့်မျှော်နေသော မိထွေးတော်ဂေါတမီအထံသို့ ပြန်လာပြီးလျှင် ဂရုဓမ်ရှစ်ပါး ပညတ်တော်များကို ပြောပြ၍ “ဤဂရုဓမ် ပညတ်တော်ရှစ်ပါးကို လက်ခံနိုင်လျှင် အဲဒီလက်ခံခြင်းသည်ပင် မိထွေးတော်၏ ရဟန်းပြုခြင်း ကိစ္စပြီးနိုင်ပါလိမ့်မည်”ဟု ပြောပြလေသည်၊ ထိုအခါ မိထွေးတော်ဂေါတမီသည် ဂရုဓမ်ပညတ်တော်များကို လက်ခံရင်း ပြောပြသည်မှာ-
“အရှင်အာနန္ဒာ... ပျိုမြစ်နုနယ် အရွယ်ငယ်သည့်ပြင် တန်ဆာဆင်ဖို့ အလေ့အလာ ဝါသနာပါသော လုလင်ပျို-မိန်းမပျိုသည် ခေါင်းလျှော်ရေချိုးပြီးခါစ၌ ကြာပန်းဖြစ်စေ မြလေးပန်း ဖြစ်စေ အဓိမုတ္တိက(ဘိန်းနွယ်) ပန်းဖြစ်စေ ပေးလာလျှင် မငြင်းဆန်ဘဲ ဝမ်းမြောက်စွာ လက်ခံသကဲ့သို့ ထို့အတူ အသက်ဆုံးတိုင် မကျူးလွန်နိုင်အောင် လေးလေးစားစား လိုက်နာရမည့် ဂရုဓမ်ပညတ်တော်ရှစ်ပါးကို ဦးထိပ်ရွက် ပန်ဆင်ကာ ဝမ်းမြောက်စွာ လက်ခံပါသည်ဘုရား” ဟု လျှောက်ထားလေသည်။
ဘိက္ခုနီများ ထွန်းကားခဲ့ပုံ။ ။ ထိုအချိန်မှစ၍ ဘိက္ခုနီများ ထင်ရှားလာကာ အတူပါသော သာကီဝင်မင်းသ္မီးငါးရာလည်း ဘိက္ခုများအထံ၌ ထုံးစံအတိုင်း ကမ္မဝါစာဖြင့် ဘိက္ခုနီများ ဖြစ်ကြရလေသည်၊ နောက်နောင်အခါ၌ကား ယသောဓရာမိဖုရား, ခေမာမိဖုရာ, ဥပလဝဏ်သူဌေးသီး, ဓမ္မဒိန္နာသူဌေးကတော်, ဘဒ္ဒါကာပိလာနီသူဌေးကတော်
စာမျက်နှာ-၃၂၁
(အရှင်မဟာကဿပ၏ ကြင်ယာဟောင်း)စသော အထက်တန်း အမျိုးသ္မီးများလည်း ဘိက္ခုနီဘဝသို့ ရောက်လာကြ၍ ဗုဒ္ဓမြတ်စွာ၏သာသနာတော်ကို အမျိုးသ္မီးများဘက်က ခေါင်းဆောင်လျက် သာသနာ့အသရေ တိုးတက်စေခဲ့ကြပေသည်။
ဂရုဓမ်းကလည်း လေးနက်ပုံ။ ။ သို့ရာတွင် နောက်နောင်အခါ၌ သဒ္ဓါ ပညာ ဝီရိယ နည်းပါးသောအမျိုးသ္မီးများလည်း ဝင်ရောက်လာပြန်ရာ အကယ်၍ ဂရုဓမ်ရှစ်ပါး ပညတ်တော် မထားခဲ့လျှင် ထိုသူများအတွက် ရဟန်းယောက်ျားတို့နှင့် ရောယှက်ရှုပ်ထွေးကာ သာသနာ တည်ရေးသည် တဝက်လောက် လျော့ပါး၍ ခပ်မြန်မြန် ကွယ်ပျောက်သွားဖွယ်ရှိ၏၊ ယခုသော်ကား ဂရုဓမ်ရှစ်ပါး ပညတ်တော်များကြောင့် သာသနာ တည်တံ့ချိန် မလျော့ပါးဘဲ နဂိုအတိုင်းပင် အချိန်ပြည့် တည်တံ့နိုင်ဖွယ် ရှိလေသည်။
သိက္ခာပုဒ် တိုးလာရပုံ။ ။ ထိုသို့ ဂရုဓမ် ပညတ်တော်များဖြင့် လာမည့် ဘေးကို ကြိုတင်၍ တားဆီးထားပါသော်လည်း အတော်ကြာသည့်အခါ ထူးထူးခြားခြား ပေါက်ကြားမှုများလည်း ပေါ်ပေါက်ပြန်ရကား ရဟန်းယောက်ျားများအတွက် ပညတ်ထားသော “မေထုန်မမှီဝဲရ, သူဥစ္စာမခိုးရ, သူ့အသက်မသတ်ရ, ဈာန်မဂ်ဖိုလ်မရဘဲ “ရသည်”ဟု မလိမ်ရ”စသော ပညတ်တော်တချို့ကိုလည်း ဘိက္ခုနီတို့ပါ သက်ဆိုင်စေ၍ ရဟန်းယောက်ျားများနှင့် အပြစ်ပြုပုံချင်း မတူသောကိစ္စ များအတွက် သီးခြားထပ်၍ ပညတ်တော်မူရပြန်လေသည်၊ ယခုအခါ ထိုဘိက္ခုနီပညတ်တော်များကို ပြပါဦးမည်။
စာမျက်နှာ-၃၂၂
ဘိက္ခုနီသိက္ခာပုဒ်များ
၁။ ပါရာဇိကအခန်း
က။ ဥဗ္ဘဇာဏုမဏ္ဍလိကာပါရာဇိက
အမှုသည်—သုန္ဒရီနန္ဒာ။
အမှု—ယောက်ျား၏ ကိုင်ခြင်းကို သာယာမှု။
သုန္ဒရီနန္ဒာ။ ။ “နန္ဒာ, နန္ဒဝတီ, သုန္ဒရီနန္ဒာ, ထုလ္လနန္ဒာ” အမည်ရှိကြသော ညီအစ်မ ၄-ယောက်တို့သည် ဘိက္ခုနီတို့အထံ၌ ဘိက္ခုနီပြုနေကြကုန်၏၊ ထို ၄-ယောက်တို့တွင် သုန္ဒရီနန္ဒာသည် ငယ်ငယ်ကပင် သာမဏေမ ပြုလုပ်လာခဲ့၏။ အလွန်အဆင်းလှ၏, ရှုချင့်စဖွယ် တင့်တယ်၏, မြင်ရသူ၏စိတ်ကို ကြည်နူးစေနိုင်၏, ပင်ကိုယ် အလိမ်မာလဲရှိ၏, ထက်ထက် မြက်မြက်လဲရှိ၏, ထိုးထွင်းဉာဏ်လဲ ကောင်း၏, ဘယ်အရာမဆို ကျွမ်းကျင်၏, လုပ်ရကိုင်ရမှာလဲ မပျင်းတတ်, အကြောင်းအားလျော်စွာ ပေါ်လာသော ကိစ္စတိုင်းတွင် အမြှော်အမြင်လဲကောင်း၏, ဘယ်ကိစ္စမဆို ကိုယ်တိုင်လဲပြုနိုင်, သူတစ်ပါးတို့ကိုလဲစီမံနိုင်၏။
ဝိသာခါ၏မြေး မောင်သာဠှ။ ။ ကျောင်းအမဝိသာခါ၏မြေးဖြစ်သော မောင်သာဠှသည် ဘိက္ခုနီများအတွက် ကျောင်းဆောက် လှူဒါန်းလိုသောကြောင့် ဘိက္ခုနီသံဃာ့အထံ ကျောင်းစီမံမည့် ဘိက္ခုနီ တစ်ယောက်ကိုတောင်းလေရာ ဘိက္ခုနီသံဃာသည် ကျောင်းကို ကြပ်မ ဆောက်လုပ်ဖို့ရန် သုန္ဒရီနန္ဒာကို ညွှန်ပြကြလေသည်၊ သုန္ဒရီနန္ဒာသည် ကျောင်းနှင့်ဆိုင်ရာ ပစ္စည်းများကို တောင်းဖို့ရာ ကျောင်းဒါယကာအိမ်သို့ မကြာခဏ သွားရလေ၏၊ ကျောင်းဒါယကာလဲ ပြုပြီးတာ မပြုရသေးတာကို သိဖို့ရာ ကျောင်းသို့မကြာခဏ လာရလေ၏။
အမြင်များလို အခင်များ။ ။ သူတို့ ၂-ယောက်တွင် (စာအတိုင်း စဉ်းစားရသော်) တစ်ယောက်သည် ရုပ်ချော၍ လိမ်မာသွက်လက် ထက်မြက် သူဖြစ်ကြောင်း သေချာ၏၊ အခြား တစ်ယောက်လည်း (ဝိသာခါ၏မြေးဟု ဆိုသောကြောင့်) အရွယ်မကြီးသေးသော ဓနရှင်ဖြစ်ကြောင်း သေချာ၏၊ (အိုးချင်းထားလျှင် အိုးချင်းထိ၍ ကြိုးချင်းထားလျှင် ကြိုးခြင်းငြိတတ်သော လောကကြီးဝယ် ကျောင်းဒါယကာ မောင်သာဠှသည်
စာမျက်နှာ-၃၂၃
သုန္ဒရီနန္ဒာကို “နွားပိန်အသားဖြည့်၍ ကြည့်သော” နွားကုန်သည်နည်းဖြင့် ကတုံးအပြင်ဝယ် ဆံထုံးတင်၍ ကြည့်နေဟန်တူ၏၊ ထိုကြောင့်) မကြာခဏ မြင်နေရသူ ၂-ယောက်မှာအချင်းချင်း စွဲနေကြလေပြီ၊ သို့သော် စွဲနေသလောက် လွတ်လပ်ခွင့်ကား မရကြချေ။ ထို့ကြောင့် အခွင့်ကောင်းရှာဖို့ရာ ကျောင်း ဒါယကာသည် ဘိက္ခုနီသံဃာကုန် ဆွမ်းကပ်ဖို့ရန် ဖိတ်မန်လေတော့၏။
နေရာခင်းပုံ။ ။ ဆွမ်းစားဖို့ နေရာပြင်သောအခါ သုန္ဒရီနန္ဒာထက် ကြီးသူများအတွက် တသန့်, သုန္ဒရီနန္ဒာအောက် ငယ်သူများအတွက် တသန့် ခင်းထား၏၊ ကြီးသူပိုင်းကလည်း သုန္ဒရီနန္ဒာသည် အငယ်ပိုင်းမှာ ပါသွား၏, ငယ်သူပိုင်းကလည်း အကြီးပိုင်းမှာ ပါသွား၏-ဟု ထင်မှတ်အောင် ဖြစ်သည်။
သုန္ဒရီဉာဏ်။ ။ သုန္ဒရီနန္ဒာကလဲ “ဒီဆွမ်းကျွေးဟာ ကုသိုလ်လိုလား၍ ကျွေးတာမဟုတ်၊ ငါ့ကို ကြံချင်လို့ ကျွေးတာ”ဟု အတတ်သိထားသဖြင့် “လိုက်သွား၍ သူကကြံလျှင် ငါက လန့်အော်မိမှာ စိုးရသည်”ဟု တွေးကာ တပည့်မတစ်ယောက်ကို “ငါ့ဖို့ ဆွမ်းယူခဲ့, ဘယ်သူက မေးမေး နေမကောင်း လို့ဟု ပြောလေ”ဟု မှာ၍ ကျောင်းမှာပင် နေရစ်ခဲ့လေသည်။
ကျောင်းဒါယကာ ဗျာများနေပုံ။ ။ ကျောင်းဒါယကာ မောင်သာဠှသည် ဘိက္ခုနီသံဃာများ လာသောအခါ တံခါးပေါက်ပြင်ဘက်ကနေ၍ သုန္ဒရီနန္ဒာ ပါ-မပါကြည့်ရာမှ မနေနိုင်လှသဖြင့် “မယ်သုန္ဒရီနန္ဒာကော ဘယ်မှာလဲ, မယ်သုန္ဒရီနန္ဒာကော ဘယ်မှာလဲ”ဟု အထပ်ထပ် မေးလေရာ ထိုမှာလိုက်သောတပည့်မက “နေမကောင်းလို့ ကျောင်းမှာနေရစ်ပါတယ်, သူ့ဖို့ ဆွမ်းယူသွားရပါ့မယ်” ဟု ပြောလေသော်... ကျောင်းဒါယကာသည် သူကိုယ်တိုင် ကြည့်ရှု၍ ဆွမ်းမကျွေးနိုင်တော့ဘဲ သူ့လူများကို ဆွမ်းကျွေးရစ်ကြဖို့ မှာထား၍ ဘိက္ခုနီကျောင်းသို့လိုက်သွားလေသည်။
ကျောင်း လိုက်သွားပုံ။ ။ သုန္ဒရီနန္ဒာသည် ကျောင်းတံခါးမုခ်ပြင်ဘက်ကရပ်လျက် ကျောင်းဒါယကာ လာမည်ကို မျှော်နေစဉ် အဝေးက လာတာကိုမြင်၍ ကျောင်းတွင်းသို့ ဝင်ပြီးလျှင် ခုတင်ကလေးပေါ်မှာ ခေါင်းမြီးခြုံကာ အိပ်ချင်ဟန်ဆောင်နေလေသည်၊ ကျောင်း ဒါယကာလဲ ပျာယာပျာယာနှင့်လာ၍ သုန္ဒရီနန္ဒာနေရာသို့ ဝင်သွားပြီးလျှင် “အရှင်မ ဘယ်လို နေမကောင်းနေပါသလဲ, ဘာဖြစ်လို့ အိပ်နေပါသလဲ” ဟု လဲမျိုးစုံစွာ အရေးတကြီး မေးရှာလေသည်။
စာမျက်နှာ-၃၂၄
တွေ့ကြပုံ။ ။ ထိုအခါသုန္ဒရီနန္ဒာသည်– “(ဝမ်းနည်းသံဖြင့်... အိုတခြား ရောဂါမဟုတ်ပါဘူး) ကိုယ်လိုတာမရတဲ့သူဟာ ဒီလိုဘဲ
ဖြစ်တတ်ပါတယ်”ဟု ပြောလေရာ... “ကျုပ်ကကောအရှင်မကို ဘာမလိုလားဘဲရှိမှာလဲ၊ အခွင့်မရလို့ ခုလိုနေရတာပေါ့”ဟု ပြောပြောဆိုဆိုနှင့် ကိုယ်လက်နှီးနှောမှုကို ပြုလေတော့သည်။
ဘိက္ခုနီကြီးက ကဲ့ရဲ့ပုံ။ ။ ထိုအချိန်မှာ အဖွားအို ဘိက္ခုနီကြီးသည် ခြေနာနေသဖြင့် ဆွမ်းစားမလိုက်ဘဲ ခပ်လှမ်းလှမ်းမှာ အိပ်နေ၏၊ သူတို့ ၂-ယောက်ကား (ဗျာများနေသဖြင့်) ထိုဘိက္ခုနီကြီး ကျောင်းတွင်းမှာ ရှိကြောင်းကို မသိကြ၊ ဘိက္ခုနီကြီးသည် သူတို့ဖြစ်ပုံ အလုံးစုံမြင်နေရသဖြင့် ကဲ့ရဲ့ရှုတ်ချ၍ အခြားဘိက္ခုနီတို့အား ပြောပြလေသည်၊ အခြားဘိက္ခုနီတို့ကလဲ နီးစပ်ရာဘိက္ခုတို့အား လျှောက်ထားသဖြင့် ဘိက္ခုတို့ကလည်း ဘုရားရှင်အား လျှောက်ထားကြလေသည်။
သိက္ခာပုဒ် ပညတ်ရပုံ။ ။ ထိုအခါ ဗုဒ္ဓမြတ်စွာသည် သံဃာစည်းဝေးစေ၍ သုန္ဒရီနန္ဒာ၏ အကြောင်းကို ရဟန်းတို့အား မေးတော်မူ၍ ဟုတ်မှန်ကြောင်းကို လျှောက်ကြသောအခါ သုန္ဒရီနန္ဒာကို အမျိုးမျိုးကဲ့ရဲ့တော်မူပြီးလျှင် ထိုကိစ္စနှင့် သက်ဆိုင်သော တရားကို ဟောတော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အဝဿုတာ အဝဿုတဿ ပုရိသပုဂ္ဂလဿ, အဓက္ခကံ ဥဗ္ဘဇာဏုမဏ္ဍလံ အာမသနံ ဝါ ပရာမသနံ ဝါ ဂဟဏံ ဝါ ဆုပနံ ဝါ ပဋိပီဠနံ ဝါ သာဒိယေယျ, အယမ္ပိ ပါရာဇိကာ ဟောတိ အသံဝါသာ ဥဗ္ဘဇာဏုမဏ္ဍလိကာ။
မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် ကိုယ်လက်နှီးနှောလိုသော ရာဂစိတ်ရှိသည်ဖြစ်၍ ကိုယ် လက် နှီးနှောလိုသော ရာဂစိတ်ရှိသော ယောက်ျားက ညှပ်ရိုး ၂ ဘက်အောက်, ဒူးဆစ် ၂ ဘက်၏ အထက် တတောင်ဆစ်မှ အထက် လက်မောင်း ဤအတွင်း တနေရာဝ နေရာမရွှေ့ဘဲ နာနာဖြစ်ညှစ်၍ ကိုင်ခြင်း (အာမသန), ဟိုရွှေ့ သည်ရွှေ့ ရွှေ့၍ နာနာညှစ်လျက် ကိုင်ခြင်းဟူသော(ပရာမသန),
စာမျက်နှာ-၃၂၅
နာနာမညှစ်ဘဲ ကိုင်ရုံမျှ ဖြစ်သော (ဂဟဏ), တို့ခြင်းဟူသော (ဆုပန), ပွေ့ယူဖြစ်ညှစ်ခြင်းဟူသော(ပဋိပီဠန)ဤပြုမှုကို သာယာ နှစ်သက်အံ့၊ ထိုဘိက္ခုနီသည်-ဥဗ္ဘဇာဏုမဏ္ဍလိကာ မည်သော ပါရာဇိက ကျလေတော့၏၊ ကံကြီး, ကံငယ်ကိစ္စ ဘိက္ခုနီကောင်းတို့နှင့် အပေါင်းအသင်းမပြုရ။
(က) ညှပ်ရိုးအထက် လည်ပင်း မျက်နှာစသည်ကိုလည်းကောင်း, ဒူးဆစ် အောက် ခြေသလုံးစသည်ကိုလည်းကောင်း, တတောင်ဆစ်အပြင်ဘက် လက်မောင်း လက်ချောင်းစသည်ကိုလည်းကောင်း, ကိုင်မှု, တို့မှု, ဆိတ်မှု စသည်ကို သာယာလျှင် ထုလ္လစ္စဉ်းအာပတ်သင့်၏။
(ခ) ယောက်ျား၏ ကိုယ်လက်အသားဖြင့် ကိုယ်နှင့်စပ် အဝတ်စသည်ကို ကိုင်ရာ၌လည်းကောင်း, ယောက်ျား၏ ကိုယ်နှင့်စပ် အဝတ်စသည်ဖြင့် ကိုယ်ကို ကိုင်ရာ၌လည်းကောင်း, သာယာလျှင် ထုလ္လစ္စဉ်းအာပတ်သင့်၏။
(ဂ) ကိုယ်နှင့်စပ်သော အဝတ်ချင်းစသည်လောက် ထိရုံကိုင်ရာ၌လည်းကောင်း, တစ်စုံတစ်ခုဖြင့် (ခဲစသည်ဖြင့်) ပေါက်၍ ကျီစယ်ရာ၌လည်းကောင်း, သာယာလျှင် ဒုက္ကဋ်အာပတ်သင့်၏။
(ဃ) အကိုင် အတို့ အထိခံလိုသော စိတ်မရှိဘဲ မတော်တဆထိသွား ရာ၌လည်းကောင်း, ထိမှန်းပင် မသိလိုက်ရာ၌လည်းကောင်း, သိသော်လည်း မသာယာ လိုက်ရာ၌လည်းကောင်း, ရူးနေ စိတ်လွင့်နေ, ရောဂါ အပြင်းအထန် နှိပ်စက်ခံနေရသောအခါတို့၌လည်းကောင်း, အာပတ်မသင့်။
ခ။ ဝဇ္ဇပဋိစ္ဆာဒိကာ ပါရာဇိက
အမှုသည်—ထုလ္လနန္ဒာ။
အမှု—အပြစ်ကိုဖုံးထားမှု။
အပြစ်ဖုံးမှု။ ။ သုန္ဒရီနန္ဒာသည် ကျောင်းဒါယကာ သာဠှနှင့် စပ်၍ ကိုယ်ဝန်ရလေရာ, ကိုယ်ဝန်နုတုန်း၌ ဖုံးထားနိုင်သော်လည်း ကိုယ်ဝန်ရင့်သည့်အခါ လူထွက်၍ ဖွားမြင်ရလေ၏၊ ထိုအခါ အခြား ဘိက္ခုနီတို့က ထုလ္လနန္ဒာကို မေးကြသည်မှာ-“ဘယ့်နှယ်လဲ...သုန္ဒရီနန္ဒာဟာ လူထွက်ပြီး မကြာခင်မျက်နှာမြင်ရတယ်၊ ဘိက္ခုနီဘဝတုန်းကရတဲ့ ကိုယ်ဝန်လား"-
စာမျက်နှာ-၃၂၆
ထုလ္လနန္ဒာ။ ။ ဟုတ်ပါတယ် အရှင်မတို့။
အများ။ ။ ဘာပြုလို့ ပါရာဇိကကျနေမှန်း သိလျက် ကိုယ်တိုင်လည်း စောဒနာမှု(စွပ်စွဲမှု)ကို မပြု, ဘိက္ခုနီဂိုဏ်းအားလည်း တိုင်ကြားမှု မပြုဘဲနေရသလဲ။
ထုလ္လနန္ဒာ။ ။ (သုန္ဒရီနန္ဒာနှင့် သူဟာ ညီအစ်မအရင်းဖြစ်ရကား)သူရဲ့ အပြစ်ဟာ တပည့်တော်ရဲ့ အပြစ်လဲ ဟုတ်တယ်၊ သူရဲ့ မကောင်းသတင်းဟာ တပည့်တော်ရဲ့ မကောင်းသတင်းလဲ ဟုတ်တယ်၊ သူ့မှာ အခြံအရံမရှိခြင်းဟာ တပည့်တော်မှာ မရှိခြင်းနှင့်အတူတူဘဲ၊ သူ့မှာ လာဘ်လာဘ မရခြင်းလည်း တပည့်တော်မှာ မရခြင်းနှင့် အတူတူပဲ၊ သည်တော့ သူရဲ့အပြစ်ကို ဘာ့ကြောင့် သူတစ်ပါးအား ပြောနိုင်မှာလဲ။
သိက္ခာပုဒ် ပညတ်ရပုံ။ ။ ထိုကဲ့သို့ သုန္ဒရီနန္ဒာ၏ အပြစ်ကို ဖုံးထားသည့်အတွက် မကျေမနပ် ဖြစ်ကြသော ဘိက္ခုနီအများပင် ထုလ္လနန္ဒာကို ကဲ့ရဲ့ရှုတ်ချ၍ ဘိက္ခုတို့အား လျှောက်ကြလေရာ, ဘိက္ခုတို့က တဆင့် ဘုရားရှင်အား လျှောက်ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဇာနံ ပါရာဇိကံ ဓမ္မံ အဇ္ဈာပန္နံ ဘိက္ခုနိံ နေဝတ္တနာ ပဋိစောဒေယျ, န ဂဏဿ အာရောစေယျ, ယဒါ စ သာ ဌိတာ ဝါ အဿ စုတာ ဝါ နာသိတာ ဝါ အဝဿဋာ ဝါ, သာ ပစ္ဆာ ဧဝံ ဝဒေယျ “ပုဗ္ဗေဝါဟံ, အယျေ, အညာသိံ ဧတံ ဘိက္ခုနိံ ‘ဧဝရူပါ စ ဧဝရူပါ စ သာ ဘဂိနီ’တိ, နော စ ခေါ အတ္တနာ ပဋိစောဒေဿံ, န ဂဏဿ အာရောစေဿ”န္တိ, အယမ္ပိ ပါရာဇိကာ ဟောတိ အသံဝါသာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ။
မြန်မာပြန်။ ။ အကြင်ရဟန်းမသည် ပါရာဇိက ကျနေသူမှန်းသိပါလျက် ပါရာဇိကကျနေသော ရဟန်းမကို ကိုယ်တိုင်လည်း မစောဒနာ, ဘိက္ခုနီဂိုဏ်းအားလည်း မတိုင်ကြားဘဲ နေအံ့၊ အကြင်အခါ ထိုပါရာဇိကကျနေသော ဘိက္ခုနီသည် ဘိက္ခုနီအသွင်၌ တည်နေ၏ သို့မဟုတ် စုတေ(သေ)၏၊ သို့မဟုတ် လူထွက်၏၊ သို့မဟုတ် တိတ္ထိ အဖြစ်သို့ ပြောင်းသွား၏၊ ထိုဖုံးထားပြီးရာ နောက်အခါကျမှ
စာမျက်နှာ-၃၂၇
“ရှေးတုန်းကပင် သူမရဲ့ အကြောင်းကို ဒီလို ဒီလိုဆိုတာ သိခဲ့ပါရဲ့၊ သို့သော် ကိုယ်တိုင်လည်း မစောဒနာခဲ့ပါ, ဘိက္ခုနီဂိုဏ်းအားလည်း မတိုင်ကြားခဲ့ပါ”ဟုပြောအံ့၊ (ဤသို့ ပြောဆိုဝန်ခံခြင်း-မခံခြင်းသည် လိုရင်းမဟုတ်၊ အပြစ်ကို ဖုံးထား၍ မပြောကြားတော့ဟု ဆုံးဖြတ် တုန်းကပင်) ဝဇ္ဇပဋိစ္ဆာဒိကာမည်သော ပါရာဇိကကျသူဖြစ်တော့၏၊ ဘိက္ခုနီကောင်းတို့နှင့် ကံကြီးကံငယ်ကိစ္စ၌ အပေါင်းအသင်း မရှိရ။
ခြွင်းချက်။ ။ ထိုပါရာဇိကကျနေသူ၏ ဂုဏ်သိက္ခာကို ကာကွယ်တဲ့စိတ်ဖြင့် ဖုံးထားမှသာ အပြစ်ရှိသည်၊ ထိုစိတ်မဟုတ်ဘဲ ငါကဖေါ်ပြောလိုက်လျှင်...
(က) သံဃာအချင်းချင်း ခိုက်ရန်ဖြစ်၍ ကွဲပြားလိမ့်မည်, မကွဲစေကာမူ အရေး အကြောင်း(အက်ကြောင်း)ဖြစ်လိမ့်မည်ဟု စိုးရိမ်သောကြောင့် ဖြစ်စေ,
(ခ) ပါရာဇိကကျနေတဲ့ ဘိက္ခုနီဟာ ကြမ်းတမ်းသူဖြစ်တယ်၊ သူ့အပြစ်ကို ဖေါ်ပြောလျှင် ငါရဲ့အသက်အန္တရာယ်နှင့် သာသနာတော် မနေနိုင်အောင် လုပ်မည့်အန္တရာယ်ကို ကြောက်ရတယ်-ဟု တွေးမိသောကြောင့်ဖြစ်စေ,
(ဂ) အခြားသဘောတူမည့် ဘိက္ခုနီများကို မတွေ့ရသေးသောကြောင့်ပြောဖို့ရန် ဆိုင်းငံ့ထားသည်ဖြစ်စေ,
(ဃ) သူ၏ဂုဏ်သိက္ခာကို ကာကွယ်ဖုံးထားလိုစိတ် မရှိဘဲ အကြောင်း အမျိုးမျိုးကြောင့် မပြောမိသည် ဖြစ်စေ,
(င) သူ့အမှုနှင့်သူ တစ်နေ့နေ့မှာ ထင်ရှားလာလိမ့်မည်ဟု သဘောထား၍ဖြစ်စေ, ဘိက္ခုနီဂိုဏ်းအား မပြောဘဲနေလျှင် အာပတ်မသင့်။
ဂ။ ဥက္ခိတ္တာနုဝတ္တိကာပါရာဇိက
အမှုသည်—ထုလ္လနန္ဒာ။
အမှု—သံဃာကနှင်ထုတ်ထားသောရဟန်း၏နောက်လိုက်လုပ်မှု။
ထုလ္လနန္ဒာ။ ။ [ဘိက္ခုပါစိတ်, သပ္ပါဏကဝဂ်၌ အရိဋ္ဌသိက္ခာပုဒ်ဟု ပါရှိခဲ့၏၊ ထိုသိက္ခာပုဒ်၌လာသော အရိဋ္ဌရဟန်းကို သံဃာက အပေါင်းအသင်း မလုပ်ဖို့ရန် ဝိနည်းထုံးစံအတိုင်း နှင်ထုတ်ထား၏။ ထုလ္လနန္ဒာသည် ထိုအရိဋ္ဌရဟန်း၏ အယူဝါဒကို သဘောတူသောအားဖြင့် နောက်လိုက်လုပ်နေ၏၊ ထိုကြောင့်ဤသိက္ခာပုဒ်ကိုပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ သမဂ္ဂေန သံဃေန ဥက္ခိတ္တံ ဘိက္ခုံ ဓမ္မေန ဝိနယေန သတ္ထုသာသနေန အနာဒရံ အပ္ပဋိကာရံ
စာမျက်နှာ-၃၂၈
အကတသဟာယံ တမနုဝတ္တေယျ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ “ဧသော ခေါ, အယျေ, ဘိက္ခု သမဂ္ဂေန သံဃေန ဥက္ခိတ္တော, ဓမ္မေန ဝိနယေန သတ္ထုသာသနေန အနာဒရော အပ္ပဋိကာရော အကတသဟာယော, မာယျေ, ဧတံ ဘိက္ခုံ အနုဝတ္တီ”တိ, ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ, ယာဝတတိယံ စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျ, ဣစ္စေတံ ကုသလံ, နော စေ ပဋိနိဿဇ္ဇေယျ, အယမ္ပိ ပါရာဇိကာ ဟောတိ အသံဝါသာ ဥက္ခိတ္တာနုဝတ္တိကာ။
မြန်မာပြန်။ ။ ညီညွတ်သော သံဃာတော်သည် သဘောအားဖြင့် မှန်ကန်၍, စစ်ဆေး မေးမြန်းမှု သူ့ အပြစ်ကို အမှတ်ရစေမှု ဟူသော ဝိနည်းထုံးတမ်းအတိုင်း စစ်ဆေး-သတိပေး၍ ဉတ်ကမ္မဝါစာဖြင့် ကျကျနန နှင်ထုတ်ထားသော, နှင်ထုတ်သော ပုဂ္ဂိုလ်များနှင့် ဉ တ်ကမ္မဝါစာကိုလည်း အရေးမစိုက်သော, ထိုနှင်ထုတ်ကံ ငြိမ်းအောင် (ရုပ်သိမ်းအောင်) ကုစားခြင်းလည်း မရှိသော, ကံကြီး ကံငယ်ကိစ္စ သူ့ကို အပေါင်းအဖေါ်မရှိသော (အရိဋ္ဌကဲ့သို့သော) ရဟန်းကို အကြင် ဘိက္ခုနီသည် နောက်လိုက်လုပ်၏။
ထိုဘိက္ခုနီကို “ထိုရဟန်းသည် ဝိနည်းထုံးတမ်းအတိုင်း နှင်ထုတ်ထားသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောပြ၍ သူ့ အယူဝါဒသို့ မလိုက် ဖို့ရန်” ပြောပြရမည်၊ ထိုသို့ပြောပါလျက် နဂိုအတိုင်း မလျှော့ဘဲ သူ့ဝါဒကိုပင် အကောင်းအနေမျိုးဖြင့် ချီးမြှောက် နေသေးလျှင် ထိုဘိက္ခုနီကို ထိုအယူဝါဒစွန့်ဖို့ရာ ဉတ်ကမ္မဝါစာဖြင့် ၃-ကြိမ် တိုင်တိုင် ဆုံးမရမည်၊ ထိုသို့ဆုံးမ၍ သူ့ အယူစွန့်လျှင် ကောင်း၏၊ (ပါရာဇိက အာပတ်မသင့်သေး၊) မစွန့်လျှင်ကား ဥက္ခိတ္တာနုဝတ္တိကာ မည်သော ပါရာဇိကသို့ ရောက်တော့၏၊ ဘိက္ခုနီကောင်းတို့နှင့် အပေါင်းအသင်း မရှိရတော့။
စာမျက်နှာ-၃၂၉
ဃ။ အဋ္ဌဝတ္ထုကာ ပါရာဇိက
အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။
အမှု—ယောက်ျား၏ လက်ဆွဲခြင်းစသော ရှစ်မျိုးကို သာယာမှု။
ဆဗ္ဗဂ္ဂီ ဘိက္ခုနီများ။ ။ [ဆဗ္ဗဂ္ဂီရဟန်းများ၏ ဩဝါဒခံ၊ ဘိက္ခုနီများကို “ဆဗ္ဗဂ္ဂီဘိက္ခုနီ”ဟု ခေါ်၏။] ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် ကိုယ်လက် နှီးနှောလိုသောရာဂဖြင့် စိုစွပ်သည်ဖြစ်၍ ကိလေသာ မိုးရေစို၍ နေသော ယောက်ျား၏-
၁။ (တတောင်ဆစ်မှအထက်) လက်ဆွဲမှုကိုလည်း သာယာကြကုန်၏။
၂။ မိမိဝတ်ထားသော သင်္ကန်းကိုင်မှုကိုလည်း သာယာကြကုန်၏။
၃။ ယောက်ျား၏အနီး၌လည်း ရပ်နေကြကုန်၏။
၄။ နီးနီးကပ်ကပ်လည်း စကားပြောနေကြကုန်၏။
၅။ မည်သည့်နေရာ လာခဲ့ပါဟု ယောက်ျားက ချိန်းချက်လိုက်လျှင် ထိုနေရာသို့လည်း သွားကြကုန်၏။
၆။ မိမိဆီသို့ ယောက်ျားလာနေသည်ကိုလည်း သာယာကြကုန်၏။
၇။ ကိုယ်လက်နှီးနှောခံလို၍ အမိုးအကာရှိသော အရပ်သို့လည်း ဝင်ကြကုန်၏။
၈။ ကိုယ်လက်နှီးနှောခံလို၍ မိမိကိုယ်ကိုလည်း ယောက်ျား အနီးသို့ တိုးပေးကြကုန်၏။
ထိုအကြောင်းအရာကို မြင်ကုန်ကြားကုန်သော ဘိက္ခုနီတို့သည် ကဲ့ရဲ့ ရှုတ်ချ၍ ဘိက္ခုတို့အား လျှောက်ကြလေရာ ဘိက္ခုတို့ကတဆင့် ဘုရားရှင်အား လျှောက်ထားသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အဝဿုတာ အဝဿုတဿ ပုရိသပုဂ္ဂလဿ ဟတ္ထဂ္ဂဟဏံ ဝါ သာဒိယေယျ, သံဃာဋိကဏ္ဏဂ္ဂဟဏံ ဝါ သာဒိယေယျ, သန္တိဋ္ဌေယျ ဝါ, သလ္လပေယျ ဝါ, သင်္ကေတံ ဝါ ဂစ္ဆေယျ, ပုရိသဿ ဝါ အဗ္ဘာဂမနံ သာဒိယေယျ, ဆန္နံ ဝါ အနုပဝိသေယျ, ကာယံ ဝါ တဒတ္ထာယ ဥပသံဟရေယျ ဧတဿ အသဒ္ဓမ္မဿ ပဋိသေ-
စာမျက်နှာ-၃၃၀
ဝနတ္ထာယ, အယမ္ပိ ပါရာဇိကာ ဟောတိ အသံဝါသာ အဋ္ဌဝတ္ထုကာ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ကိုယ်လက် နှီးနှောလိုသော ရာဂ မိုးရေ စိုစေအပ်သည်ဖြစ်၍ ထိုရာဂမိုးရေ စိုစေအပ်သော ယောက်ျား၏လက်ဆွဲမှုကိုလည်း သာယာအံ့၊ အဝတ်သင်္ကန်းကိုင်ဆွဲမှုကိုလည်း သာယာအံ့၊ ၂-တောင့်ထွာအတွင်း အနီး၌လည်း ရပ်နေ့အံ့၊ နီးနီးကပ်ကပ်လည်း စကားပြောအံ့၊ ယောက်ျား ချိန်းချက်အပ်သော အရပ်သို့လည်း သွားအံ့၊ မိမိဆီသို့ ယောက်ျား၏ လာမှုကိုလည်း သာယာအံ့၊ အမိုးအကာရှိသော အရပ်သို့လည်း ဝင်အံ့၊ ကိုယ်ကိုလည်း ထိုကိုယ်လက်နှီးနှောဖို့ရာ အနီးသို့ ညွှတ်ပေးအံ့၊ ဤဘိက္ခုနီလည်း အဋ္ဌဝတ္ထုကာမည်သော ပါရာဇိကကျ၏၊ ဘိက္ခုနီ ကောင်းတို့နှင့် အပေါင်းအသင်းမရှိရ။
မှတ်ချက်။ ။ ဤပါရာဇိက၌ ရှစ်ပါးလုံးကျူးလွန်မှ ပါရာဇိကကျသည်၊ “ရှစ်ပါးလုံး”ဟူရာ၌ တဆက်ထည်း ကျူးလွန်မှမဟုတ်၊ ယနေ့တစ်ခု ကျူးလွန်, နောက်ရက်၌ တစ်ခုကျူးလွန်ခြင်းစသည်ဖြင့် ကျူးလွန်လျှင် ရှစ်ပါးပြည့်သောအခါ ပါရာဇိကကျ၏။ တစ်ခုခုကျူးလွန်ပြီးနောက် သံဝေဂဖြစ်၍ (ကျူးလွန်မိတာ မှားပေါ့-ဟု နောင်တရသဖြင့် နောက်မကျူးလွန်တော့ပါဘူးဟု ဆုံးဖြတ်၍ ဒေသနာပြော (အာပတ်ဖြေ) နိုင်လျှင် ထိုအာပတ် ပျောက်သွား၏၊ ထို့နောက် စိတ်ကို ထိန်းနိုင်၍ နောက်ထပ် အခြားအဖြစ်များကို ကျူးလွန်သော်လည်း “ရှစ်ပါးအပြည့်”ဟု မဆိုရ၊ ဤအပြစ်ကိုလည်း ကျူးလွန်မည် ထိုထိုအပြစ်များကိုလည်း ကျူးလွန် မည်ဟု နောက်မဆုတ်သောစိတ်ဖြင့် တစ်မျိုးပြီးတစ်မျိုး ကျူးလွန်မှသာ “ရှစ်ပါးပြည့်”ဟုဆိုရသည်။
အမှာ။ ။ ဘိက္ခုနီများအတွက် သီးခြားပညတ်တော်မူအပ်သော ဤပါရာဇိက ၄-ပါးအပြင်, ဘိက္ခုတို့အားပညတ်အပ်သော “မေထုန်မှီဝဲမှု, လူ့ဥစ္စာခိုးမှု, လူကိုသတ်မှု, ဈာန်မဂ်ဖိုလ်မရဘဲနှင့်ရသည်ဟု လိမ်မှု” ၁၄-ပါးကိုလည်း ဘိက္ခုနီများလိုက်နာရသည်၊ ထို့ကြောင့် ဘိက္ခုနီများ၌ ပါရာဇိကရှစ်ပါးရှိ၏။
မှတ်ချက်။ ။ ဘိက္ခုတို့၌ ကိုယ်လက်နှီးနှောမှုကို သံဃာဒိသေသ် အာပတ်မျှသာ ပညတ်ထားသော်လည်း ဘိက္ခုနီများ၌ တတောင်ဆစ်ဒူးဆစ်ညှပ်ရိုးတို့၏ အတွင်းဘက်ကို နှီးနှောရာဝယ် သာယာရုံမျှဖြင့် ပါရာဇိကကျ၏။ ကြွင်းသော မျက်နှာလက်ခြေတို့ကို ကိုင်ရာ၌ သာယာမှုကြောင့်ကား ဘိက္ခုနီတို့၌ ထုလ္လစ္စဉ်းသာသင့်၍ ဘိက္ခုတို့၌ မိမိကကိုင်လျှင် သံဃာဒိသေသ်သင့်၏၊
စာမျက်နှာ-၃၃၁
သူကလာကိုင်၍ သာယာရာ၌ကား မိမိက မလှုပ်မရှားလျှင် အာပတ်ပင် မသင့်၊ ခြုံ၍စဉ်းစားလျင် ဘိက္ခုနီများအတွက် အဘက်ဘက်မှာပင် ကြီးလေးသော အာပတ်ကိုသာ ပညတ်ထားတော်မူကြောင်း တွေ့ရ၏၊ ထိုသို့ မိန်းမသားတို့သည် နဂိုကပင် စိတ်ထား နုနယ်သေးငယ်သူများ ဖြစ်၍ အထူးစောင့်စည်းထိန်းသိမ်းရမည့် သူများဖြစ်သောကြောင့် ထိုကဲ့သို့ ပညတ်တော်မူဟန်ရှိသည်၊ ယခု လူ့လောက၌ သားယောက်ျားကို အချို့နေရာ၌ လွတ်လပ်ခွင့် ပေးထားနိုင်သော်လည်း ထိုနေရာမျိုးမှာပင် သ္မီးမိန်းမကို မျက်နှာသာ မပေးနိုင်သကဲ့သို့တည်း။
ပါရာဇိကအခန်းပြီး၏။
စာမျက်နှာ-၃၃၂
၂။ သံဃာဒိသေသအခန်း
က။ ဥဿယဝါဒိကာသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—တရားစွဲ မှု။
ဘဏ္ဍာတိုက်နှင့် စပ်၍ ငြင်းခုံခြင်း။ ။ ဥပါသကာ တစ်ယောက်သည် ဘိက္ခုနီ သံဃာအား ဘဏ္ဍာတိုက်တစ်ခုကို လူပြီးနောက် မကြာမီကွယ်လွန်သွား၏၊ ကျန်ရစ်သော သား ၂-ယောက်တို့တွင် တစ်ယောက်သည် သဒ္ဓါတရားကောင်း၍ တစ်ယောက်ကား သဒ္ဓါတရားမရှိ၊ ညီအစ်ကို ၂-ယောက် အမွေခွဲကြသောအခါ သဒ္ဓါတရားမရှိသူက “ဘဏ္ဍာတိုက်ကိုလဲ အမွေခွဲကြစို့”ဟုပြော၏၊ သဒ္ဓါရှိသူက “ဒီလိုမပြောပါနှင့်, ဘိက္ခုနီသံဃာအား လှူခဲ့ပြီးဖြစ်တယ်” ဟု ပြော၏၊ သဒ္ဓါမရှိသူသည် နောက်တစ်ကြိမ် ပြောပြန်၏၊ သဒ္ဓါကောင်းသူကလည်း ရှေးနည်းအတိုင်း တားမြစ်၏။
ထို့နောက်တစ်ကြိမ်ထပ်၍(၃-ကြိမ်တိုင်တိုင်)ပြောသောအခါ သဒ္ဓါကောင်း သူက “ငါရလျှင်လဲ ငါကဘဲ ပြန်လှူမည်”ဟု ကြံ၍ “ခွဲဝေတာပါ”ဟု ပြောလိုက်၏၊ အမွေဝေသောအခါ ထိုဘဏ္ဍာတိုက်သည် သဒ္ဓါမရှိသူဘက်မှာ မဲကျလေ၏၊ ထိုအခါ သဒ္ဓါမရှိသူက လာ၍ နေထိုင်ကြသော ဘိက္ခုနီတို့ကို နှင်လေတော့၏၊ ထုလ္လနန္ဒာသည် “အမောင်, ဒီလိုမနှင်ပါနှင့်၊ သင်၏အဘက ဘိက္ခုနီသံဃာအား လှူခဲ့ပြီးဖြစ်ပါတယ်” ဟုပြော၍ “လှူတယ်, မလှူဘူး” အငြင်းအခုန်ဖြစ်ကာ တရားသူကြီးများထံ (မည်သူ့ဟာ ဖြစ်သင့်သလဲဟု) မေးမြန်းကြလေသည်။
တရားသူကြီး။ ။ ဒီဘဏ္ဍာတိုက်ကို ဘိက္ခုနီသံဃာအား လှူကြောင်း အသိသက်သေဘယ်သူရှိပါသလဲ။
ထုလ္လနန္ဒာ။ ။ တစ်စုံတစ်ခု လှူတွဲအခါ အသိသက်သေထား၍ လူတယ်လို့ အသင်တရားသူကြီးများ မြင်ဘူးကြားဘူးပါသလား။
တရားသူကြီး။ ။ အရှင်မပြောတာ ဟုတ်တယ် (အသိသက်သေထား၍ လှူတယ်လို့ မရှိခဲ့ဘူး) ဟု သဘောပေါက်၍ ထိုဘဏ္ဍာတိုက်ကို ဘိက္ခုနီသံဃာပိုင်ဟု ဆုံးဖြတ်လိုက်ကြလေသည်။
ဒဏ်တပ်ခံရပုံ။ ။ ထိုအခါ တရားရှုံးသော ထိုယောက်ျားသည် (နဂိုကပင် သဒ္ဓါတရား မရှိတဲ့အပေါ်မှာသာ၍ မကြည်ညိုသော
စာမျက်နှာ-၃၃၃
ကြောင့်)–ဒီကတုံးမတွေဟာ သမဏီ = ရဟန်းမ အကောင်းတွေ မဟုတ်ကြဘူး၊ ယောက်ျားတွေကို နှောင်ဖွဲ့တတ်သော (ဗန္ဓကီ = လင်ငယ်နေသော) အကောင်မတွေ” ဟုဆဲရေးရှုတ်ချသောကြောင့် ထုလ္လနန္ဒာသည် တရားသူကြီးများကို တိုင်လေရာ တရားသူကြီးတို့က ထိုသူ့ကို ဒဏ်တပ်ကြလေသည်။
အာဇီဝကတွေ့နှင့် တိုက်ပေးပုံ။ ။ ထိုသို့ဒဏ်တပ်ခံရသောအခါ ထိုယောက်ျားသည် ဘိက္ခုနီ ကျောင်းတိုက်အနီးဝယ် အာဇီဝက (တိတ္ထိ)တို့၏ ကျောင်းကိုဆောက်၍ သူ့ ကျောင်းထိုင်သော အာဇီဝကတို့ကို “ကိုယ်တော်တို့လာကြ, ဘိက္ခုနီတွေကို ဆဲကြ”ဟု တိုက်တွန်းလေသည်၊ ထုလ္လနန္ဒာသည် ထို(အာဇီဝကတို့နှင့် ရန်တိုက်ပေးတဲ့) အကြောင်းကိုလည်း တရားသူကြီးတို့အား တိုင်ပြန်လေရာ, ထိုယောက်ျားကို ဖမ်းဆီး ချုပ်နှောင်ကြလေသည်။
သိက္ခာပုဒ် ပညတ်ရခြင်း။ ။ (အကြောင်းမှန်မသိသူ) လူအများက “ဘိက္ခုနီတို့သည် ပထမအကြိမ် ဘဏ္ဍာတိုက်ကို တရားသူကြီးတို့အား အတင်းယူစေကြတယ်, ဒုတိယအကြိမ် ဒဏ်တပ်စေကြတယ်, ယခုတတိယအကြိမ် ဖမ်းဆီးချုပ်နှောင်စေကြ၊တယ်, နောက်တစ်ကြိမ်ဆိုလျှင် အသတ်ခိုင်းကြတော့မှာဘဲ”ဟု ကဲ့ရဲ့ကြသည်ကို ဘိက္ခုနီများကြားသဖြင့် ဘိက္ခုတို့အား လျှောက်ထားရာ, ဘိက္ခုတို့ကတဆင့် ဘုရားရှင်အား လျှောက်ထားသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဥဿယဝါဒိကာ ဝိဟရေယျ ဂဟပတိနာ ဝါ ဂဟပတိပုတ္တေန ဝါ ဒါသေန ဝါ ကမ္မကာရေန ဝါ အန္တမသော သမဏပရိဗ္ဗာဇကေနာပိ, အယမ္ပိ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် (အိမ်ပိုင်ရာပိုင်ရှိသော) အိမ်ရှင်ယောက်ျား, အိမ်ရှင် ယောက်ျား၏သား (ညီအစ်ကို), ကျွန်, အလုပ်သမား, အောက်ထစ်ဆုံးရဟန်း ပရိဗိုဇ်, ဤသူများနှင့် အငြင်းအခုံဖြစ်ပွား၍ တရားတွေ့အံ့၊ ထိုဘိက္ခုနီသည် ပထမလွန်ကျူး ဆဲခဏ၌ သင့်ရောက်အပ်သော တရားသူကြီးတို့ ဆုံးဖြတ်ပြီးသည်နှင့်
စာမျက်နှာ-၃၃၄
တပြိုင်နက် သင့်ရောက်အပ်သော သံဃာမှ နှင်ထုတ်ကြောင်းဖြစ်သော သံဃာဒိသေသ်အာပတ်သင့်၏။
မှတ်ချက်။ ။ [ဤအာပတ်သည် ၃-ကြိမ်တိုင်တိုင် ဉတ်ကမ္မဝါစာဖြင့် ဆုံးမပြီးသည့် အခါမှ သင့်ရောက်ရသော အာပတ်မဟုတ်, ပထမလွန်ကျူးဆဲခဏ၌ပင် သင့်ရောက်အပ်သော အာပတ်ဖြစ်သည်။ ဤအာပတ်သင့်၍၊ မာနတ်ကျင့် နေရသည့်အခါ ထိုကျင့်ဝတ်များကို ကျင့်နေခိုက်၌ သံဃာမှနှင်ထုတ်ထားရာ ရောက်သောကြောင့် သံဃာမှ နှင်ထုတ်ကြောင်းအာပတ်” ဟု ဆိုသည်။]
အာပတ်အမျိုးမျိုး။ ။ တရားစွဲမည်ဟုကြံ၍ သက်သေဖြစ်စေ, အဖော်ဖြစ်စေ ရှာလျှင်လည်းကောင်း, တရားရုံး-တရားသူကြီးထံ သွားလျှင်လည်းကောင်း, ခြေလှမ်းတိုင်း ဒုက္ကဋ်အာပတ်များစွာသင့်၏၊ တရားလို တရားခံ ၂-ဦးတွင် တစ်ဦးဉီး၏ (ပြောလိုသော)စကားကို တရားသူကြီးအား ပြောလျှင် ဒုက္ကဋ်အာပတ် သင့်၏၊ ထို့နောက်အခြား တစ်ဦး၏ ပြောလိုသောစကားကို တရားသူကြီးအား ပြောလျှင် ဘိက္ခုနီမှာ ထုလ္လစ္စဉ်းအာပတ်သင့်၏။ တရားသူကြီးတို့ ဆုံးဖြတ်ပြီးသောအခါ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ-ဘိက္ခုနီမှာ သံဃာဒိသေသ် အာပတ်သင့်၏။
တရားခံဖြစ်လျှင် အာပတ်မသင့်။ ။ ဘိက္ခုနီက တရားမစွဲဘဲ လူဝတ်ကြောင်က ဘိက္ခုနီအား တရားစွဲရာ၌ တရားခံအဖြစ်ဖြင့် ခေါ်ယူ၍သွားရရာ၌ကား သွားခြင်းကြောင့်လည်းကောင်း, မှန်ကန်သောစကားကို ပြောခြင်းကြောင့်လည်းကောင်း, အာပတ်မသင့်၊ တရားပြီးဆုံးသောအခါ၌လည်း မိမိအနိုင်ရစေကာမူ အာပတ်မသင့်။
အစောင့်အရှောက်တောင်းခြင်း။ ။ မိမိတို့ ကျောင်းအနီး၌ ရွာသားကလေးများ သေသောက်ကြူးများ ခိုးသူများက မတော်မလျော်ပြုလုပ်ကြသော်လည်းကောင်း, ကျောင်းနှင့်သက်ဆိုင်သော သစ်ပင်များကို ခုတ်ဖြတ်ကြသော်လည်းကောင်း, သစ်သီးများကို ဆွတ်ခူးကြသော်လည်းကောင်း, သပိတ်သင်္ကန်းစသည်ကို ခိုးသွားကြသော်လည်းကောင်း, ဆိုင်ရာအစိုးရအားပြောပြ၍ အစောင့်အရှောက်တောင်းခွင့်ရှိ၏၊ (တရားမစွဲကောင်းး)
ထိုသို့အစောင့်အရှောက်တောင်းရာ၌ လွန်ခဲ့ပြီးသော အမှုအတွက်ဖြစ်စေ အနာဂတ်၌ မပြုကြဖို့ဖြစ်စေ ပြစ်မှုရှိသူ (သို့မဟုတ် လွန်ကျူးတတ်သူ)တို့၏ နာမည်ကို ထုတ်ဖေါ်၍ မပြောရ၊ ထုတ်ဖေါ်ပြောသည့်အတွက် ထိုသူတို့ကို
စာမျက်နှာ-၃၃၅
ဖမ်း၍ ဒဏ်တပ်လျှင် ဘိက္ခုနီမှာ ဘဏ္ဍာစားထိုက်၏၊ (၁၀-တပ်လျှင် ထိုတစ်ဆယ်ကို ဘိက္ခုနီက ထိုအမှုသည်အား အစားပေးရမည်-ဟူလို၊) ဒဏ်တပ်တော့မှာဘဲဟု သိသော်လည်း ဘိက္ခုနီမှာ ဘဏ္ဍာစားသာထိုက်၏၊ မည်သူမည်ဝါဟာ ဘိက္ခုနီများကို အနှောင့်အယှက်ပေးနေသည်, သို့မဟုတ် ပေးလိမ့်မည့် သူတို့ကို ဒဏ်တပ်ပါဟု တိုက်ရိုက်ခိုင်းလျှင်ကား ၅-ပဲလောက် ဒဏ်တပ်လျှင်ပင် ဘိက္ခုနီမှာ ပါရာဇိက ကျတော့၏။
ဆိုင်ရာအစိုးရက “အရှင်တို့အား နှောင့်ယှက်သူဆိုတာ သူပါလဲ”ဟု မေးလျှင် “ဘယ်သူဘယ်ဝါဟု ငါတို့မပြောကောင်း, သင်တို့ဘာသာ သိကြလိမ့်မပေါ့၊ ငါတို့တော့ အစောင့်အရှောက်ကိုသာ တောင်းတာဘဲ၊ ခိုးသွားတဲ့ ပစ္စည်းကိုလဲ ပြန်ရအောင် လုပ်ပေးကြပါ”ဟု ပြောရမည်၊ ဤသို့နာမည်ကို ထုတ်ဖေါ်မပြောဘဲ အစောင့်အရှောက်ကိုသာ တောင်းကောင်း၏၊ ထိုသို့ နာမည်မပြောဘဲ အစောင့်အရှောက်ကိုသာ တောင်းရာ၌ ဆိုင်ရာအစိုးရ ဘာသာပြုလုပ်သူကို ဖွေရှာ၍ ဒဏ်တပ်လျှင် (ထိုသူ့ဥစ္စာကို အကုန်သိမ်းသော်လည်း) ဘိက္ခုနီမှာ လုံးဝအပြစ်မရှိ။
သပိတ်သင်္ကန်းခိုးနေသည်ကို မြင်၍ (သူ့ကိုဖမ်းပြီး ဒဏ်တပ်ပါစေ-ဟူသော စေတနာဖြင့်) “သူခိုး = သူခိုး” ဟူ၍ မအော်ကောင်း၊ ထိုသို့ အော်သောကြောင့် ဆိုင်ရာက လိုက်ဖမ်း၍ ဒဏ်တပ်လျှင် အော်သူမှာ ဘဏ္ဍာစားထိုက်၏၊ ဆိုင်ရာအစိုးရသည် မိမိစကားကို ဧကန်နားထောင်မည့်သူ ဖြစ်လျှင် “မည်သူဟာ ငါ၏ပရိက္ခရာကို ခိုးသွားသည်၊ ပြန်ရအောင် လုပ်ပေးပါ, ဒဏ်တော့ မတပ်ပါနှင့်”ဟု နာမည်ကို ထုတ်ဖေါ်ပြောဆိုမှုသည်လည်း ပြောကောင်း၏-ဟု အဋ္ဌကထာ၌ ခြွင်းချက်ဆို၏။ ဤပြခဲ့သော စကား အားလုံးသည် ဘိက္ခုနီများနှင့်သာမက, ဘိက္ခုများနှင့်လည်း သက်ဆိုင်၏။ [“ယောစာယံ ဘိက္ခုနီနံ ဝုတ္တော, ဘိက္ခုနီပိ ဧသေဝနယော”- အဋ္ဌကထာ။]
မှတ်ချက်။ ။ ဤသိက္ခာပုဒ်၌ ထုလ္လနန္ဒာ၏ တရားစွဲမှုသည် အမှန်ဘက်ကစွဲမှုဖြစ်၏၊ ထိုအမှန်တရားကိုသော်လည်း လူဝတ်ကြောင်-သာသနာပရသေ့ပရိဗိုဇ်များနှင့်မပြုရ၊ မိမိကို နှိပ်စက်သော်လည်းကောင်း, မိမိ၏, သို့မဟုတ် သံဃာ၏ ပစ္စည်းတစ်စုံတရာကို မတရားယူထားသော်လည်းကောင်း, ကာကွယ်ပေးရန်, ပြန်ရအောင် ပြုလုပ်ပေးရန် တိုင်တန်းမှုကိုသာ ပြုရသည်၊ တရားမစွဲရ၊ ဘိက္ခုများလည်း ဤအတိုင်း လိုက်နာရမည်။ ဘိက္ခု -ဘိက္ခုနီစသော သီတင်း သုံးဖော် အချင်းချင်း အငြင်းအခုန် ဖြစ်ရာကား (အဓိကရဏ သမထ ခန္ဓက၌ လာသည့်အတိုင်း) ဝိနည်းဓိုရ်
စာမျက်နှာ-၃၃၆
ရဟန်းတော်များထံ အဆုံးအဖြတ် ခံရမည်၊ ထိုသို့ ဆုံးဖြတ်၍ မနာခံရာ၌ကား ပစ္စည်းမှု မဟုတ်လျှင် သူ့ထိုက်နှင့် သူကံ ထားရုံသာ၊ ပစ္စည်းမှုကို မတရားယူထားရာ၌ကား အာဏာပိုင်သူများထံ တရားမစွဲဘဲ အကူအညီကို တရားသဖြင့် တောင်းနိုင်စရာ ရှိသည်။
ခ။ စောရီဝုဋ္ဌာပနသိက္ခာပုဒ်
အမူသည်—ထုလ္လနန္ဒာ။
အမှု—ခိုးသူမကို ရဟန်းပြုပေးမှု။
လင်ငယ်နေသော မိန်းမ။ ။ ဝေသာလီပြည်၌ ဝေသာလီပြည်၌ လိစ္ဆဝီမင်းတစ်ယောက်၏ ဇနီးသည်သည် လွန်ကျူး၍ ကျင့်လေ့ (လင်ငယ် နေလေ့) ရှိ၏၊ လိစ္ဆဝီမင်းသည် ထိုအကြောင်းကိုသိ၍ “ငါတောင်းပန်ပါတယ် ရှောင်ကြဉ်ပါ၊ မင့်ကို အကျိုးမဲ့ဖြစ်အောင် ပြုမိလိမ့်မယ်” ဟု ပြော၏၊ ထိုမိန်းမသည် ယောက်ျား၏ စကားကို နားမထောင်၊ ထိုအချိန်မှာ လိစ္ဆဝီမင်းအများ၏ အစည်းအဝေးရှိ၏၊ (လိစ္ဆဝီ မင်းတို့သည် တစ်လှည့်စီ တိုင်းပြည်ကို အုပ်ချုပ်၍ မကြာခဏလည်း စည်းဝေး ဆွေးနွေးလေ့ ရှိ၏၊) ထိုအစည်းအဝေး၌ အခြားမင်းတို့အား “မိမိဖို့ မိန်းမတစ်ယောက် ထပ်၍ ယူခွင့်ပေးရန် ခွင့်တောင်း၍ မိမိမယား လင်ငယ်နေသဖြင့် သတ်ချင်ကြောင်းကိုပါ ပြောပြ လေသော်, မင်းအများကလည်း ကိုယ့်သဘောအတိုင်း သိပေတော့ဟု ခွင့်ပြုလိုက်ကြလေသည်။
ထွက်ပြေး၍ ဘိက္ခုနီပြုလုပ်ခြင်း။ ။ ထိုမိန်းမသည် သူ့ကို သတ်တော့မည့်အကြောင်း ကြားရ၍ ပုလဲ, ပတ္တမြားစသော အကောင်းဆုံး ပစ္စည်းများ ခိုးယူ၍ သာဝတ္ထိမြို့သို့ ထွက်ပြေးပြီးလျှင် တိတ္ထိတို့အထံ တိတ္ထိ ရဟန်းမပြုပေးဖို့အကြောင်း ခွင့်တောင်းလေသည်၊ တိတ္ထိတို့ကား သူ့ကို “တိတ္ထိမ” ပြုမပေးလိုကြ၊ ထို့နောက် ဘိက္ခုနီတို့ထံ သွား၍ ခွင့်တောင်း ပြန်လည်း ဘိက္ခုနီသံဃာက ခွင့်မပြုကြ၊ ထုလ္လနန္ဒာထံသွား၍ ဘဏ္ဍာတွေကို ပြပြီး ခွင့်တောင်းလေရာ ထုလ္လနန္ဒာသည် ထိုဘဏ္ဍာတွေကိုယူ၍ ဘိက္ခုနီ ပြုလုပ်ပေးလေသည်။
ယောက်ျားလိုက်ရှာပုံ ကဲ့ရဲ့ပုံ။ ။ ထိုယောက်ျားသည် ထွက်ပြေးသော မိန်းမကို လိုက်၍ ရှာသောအခါ သာဝတ္ထိမြို့၌ ဘိက္ခုနီ ပြုနေသည်ကို တွေ့ရ၍ (ကောသလမင်း၏နိုင်ငံဖြစ်၍ သူမပိုင်ရကား ကောသလမင်းထံ တိုင်ကြားလေသည်၊ ကောသလမင်းသည် “ဘိက္ခုနီ
စာမျက်နှာ-၃၃၇
ပြုနေလျှင် ဘာမှသူ့ကို မပြုပါနှင့်၊ ကောင်းစွာဟောထားအပ်သော ဘုရားတရားတော်ကို ကျင့်နေပါစေ”ဟု ပြောဆိုလေသော်, ထိုယောက်ျားသည် ဘိက္ခုနီအားလုံးကို သိမ်းကျုံး၍ “သူခိုးမကို ရဟန်းပြုပေးရမလား” ကဲ့ရဲ့ရှုတ်ချလေသည်၊ ထိုကဲ့ရဲ့သည်ကို ကြား၍ အကြောင်းမှန်ကို သိသော ဘိက္ခုနီတို့က ထုလ္လနန္ဒာကို အပြစ်တင်ပြီးလျှင် ဘိက္ခုတို့အား လျှောက်ထားသဖြင့် ဘုရားရှင် ကြားတော်မူသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဇာနံ စောရိံ ဝဇ္ဈံ ဝိဒိတံ အနပလောကတွာ ရာဇာနံဝါ သံသံဝါ ဂဏံဝါ ပူဂံဝါ သေဏိံဝါ အညတြ ကပ္ပါ ဝုဋ္ဌာပေယျ၊ အယမ္ပိ ဘိက္ခုနီ ပဌာမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် သတ်ထိုက်သော သူခိုးမဖြစ်ကြောင်းကို သိပါလျက် အမှန်လည်း သတ်ထိုက်သော သတ်ထိုက်သူဟူ၍လည်း ထင်ရှားသော သူခိုးမကို မင်းကိုဖြစ်စေ, ဘိက္ခုနီ သံဃာကိုဖြစ်စေ မင်းအပေါင်းဟူသော ဂိုဏ်းကိုဖြစ်စေ ကုသိုလ်ပြု အသင်းကိုဖြစ်စေ, ကုန်သည်တို့၏ အစည်းအာရုံးကိုဖြစ်စေ မတိုင်ကြားဘဲ ပြုပေးကောင်း လောက်အောင် (“ကပ္ပါ-အပ်စပ်သူမ”)လည်း မဟုတ်ဘဲ ဥပဇ္ဈာယ် လုပ်၍ ဘိက္ခုနီပြုပေးအံ့၊ ထိုဘိက္ခုနီမှာ လွန်ကျူးပြီးလျှင် ပြီးခြင်း သင့်ရောက်အပ်သော သံဃာမှ နှင်ထုတ်ကြောင်းလည်း ဖြစ်သော သံဃာဒိသေသ် အာပတ်သင့်၏။
မှတ်ချက်။ ။ ရှင်ဘုရင်ကိုယ်တိုင် အုပ်ချုပ်သောနေရာ၌ (“မည်သည့်မိန်းမအား ဘိက္ခုနီပြုပေးမလို့-ပါ”)ဟု မင်းကို တိုင်ကြားရမည်၊ ပူဂ, ဂဏ, သေဏီတို့ အုပ်ချုပ်သော နေရာ၌ ထိုပူဂ စသည်ကိုတိုင်ကြား ရမည်၊ ထိုသို့ မင်းစသူတို့တွင် တစ်ဦးဦးကို တိုင်ကြားပြီးနောက်လည်း ဘိက္ခုနီသံဃာကို တိုင်ကြားရဦးမည်။
ဂဏ စသည်။ ။ ဗိဿနိုးနတ်ကို ကိုးကွယ်သူ လူအပေါင်း, ခန္ဓနတ်ကို ကိုးကွယ်ဆည်းကပ်သူ လူအပေါင်းကို “ဂဏ=ဂိုဏ်း”ဟု ခေါ်၏၊ သာသနာတော်နှင့်စပ်၍ ကုသိုလ်တရား အားထုတ်သော ဆွမ်းလောင်းအသင်း, ကထိန် အသင်း စသည်ကို “ပူဂ = အသင်းအပင်း”ဟု ခေါ်၏၊ နံ့သာကုန်သည်
စာမျက်နှာ-၃၃၈
အထည်ကုန်သည် စသောကုန်သည် အစည်းအရုံးကို “သေဏိ”ဟု ခေါ်၏၊ ထိုဂဏစသည်တို့အား တစ်ရံတစ်ခါ သူတို့အင်အားအလိုက် သူတို့ဆိုင်ရာ ရပ်ကွက်၌ အုပ်ချုပ်ဖို့ရန် လွှဲအပ်ထားတတ်လေသည်။ ထိုသို့လွှဲအပ်ထားသော ဂဏစသည်အားသာ တိုင်ကြားရမည်-ဟု မိန့်တော်မူလိုသည်။
ပြုပေးအပ်သူ။ ။ လူဝတ်ကြောင် အဖြစ်ဖြင့် လာသူကိုသာ ဘိက္ခုနီပြု မပေးကောင်း၊ တိတ္ထိထံ၌ ရသေ့မ ပရိဗိုဇ်မ ပြုပြီးသူကိုဖြစ်စေ, အခြားသော ဘိက္ခုနီတို့အထံ သာမဏေမ ပြုပြီးသူကို ဖြစ်စေ ဘိက္ခုနီပြုပေးကောင်း၏၊ ထိုသို့ပြုပေးကောင်းသူမကို “ကပ္ပါ=ပြုပေးခြင်းငှါအပ်သူ”ဟု ခေါ်သည်။
ဂ။ ဂါမန္တရစသောသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအမျိုးမျိုး။
အမှု—တခြားရွာသို့ တစ်ယောက်တည်း သွားမှုစသည်။
အခြားရွာသို့ တစ်ယောက်တည်း သွားမှု။ ။ သာဝတ္ထိမြို့၌ ဘဒ္ဒါကာပိလာနီ မည်သော (အရှင်မဟာကဿပ အလုပ်အကျွေးဟောင်း) မထေရ်မ၏ တပည့်မ ဘိက္ခုနီတစ်ယောက်သည် အခြားဘိက္ခုနီတို့နှင့် ရန်ဖြစ်၍ ဆွေမျိုးရှိရာ ရွာငယ်တစ်ခုသို့ သွားလေသည်၊ မထေရ်မသည် ထိုဘိက္ခုနီကို မမြင်၍ မေးသောအခါ ရန်ဖြစ်ပြီး ဘယ်သွားသည် မသိကြောင်း လျှောက်ကြကုန်၏။ “အမိတို့ဟိုရွာငယ်မှာ သူရဲ့အမျိုး ရှိပါတယ်၊ အဲဒီသွားပြီး ရှာကြစမ်းပါ”ဟု အရှာခိုင်း၍ တွေ့သောအခါ လိုက်၍ရှာသော ဘိက္ခုနီတို့က “ဘာ့ကြောင့် တစ်ယောက်ထည်း သွားရသလဲ, ယောက်ျားတွေရဲ့ အဖျက်ဆီး မခံရဘူးလားဟု မေးကြလေရာ “မခံရပါဘူး”ဟု ပြန်၍ ပြောလေသည်၊ ထို့နောက် ထိုအကြောင်းကို ကြားသော ဘိက္ခုနီတို့က ကဲ့ရဲ့ရှုတ်ချသဖြင့် “တခြားရွာသို့ တစ်ယောက်တည်း မသွားရ သွားလျှင် သံဃာဒိသေသ်အာပတ်” ဟု ပထမပညတ်တော်မူရလေသည်။
တစ်ယောက်ထည်း တဘက်ကမ်းသွားမှု။ ။ ဘိက္ခုနီ ၂-ယောက်သည် သာကေတမြို့မှ သာဝတ္ထိမြို့သို့ လာကြရာ, မြစ်တစ်ခုကို ဖြတ်ကူးစရာရှိသဖြင့် လှေသ္မားတို့ကို တဘက်ကမ်းသို့ ပို့ပေးပါရန် တောင်းပန်ကြလေသည်၊ လှေသားတို့သည် (သူတို့အကြံဖြင့်) “တစ်ကြိမ်ထည်း ၂-ယောက်ကူးလို့ လှေကမနိုင်ဘူး”ဟု ပြော၍ လှေသား ၂-ယောက်တွင် တစ်ယောက်စီတင်၍
စာမျက်နှာ-၃၃၉
ပို့လေရာ, ဟိုဘက်ကမ်းရောက်နှင့်သော လှေသ္မားက ဟိုဘက်ရောက်ပြီး ဘိက္ခုနီကိုဖျက်ဆီး၍ မရောက်သေးသောလှေသ္မားကလည်း သူ့ ဘိက္ခုနီကို ဖျက်ဆီးလေသည်။ ဘိက္ခုနီ ၂-ယောက်တွေ့ကြ၍ “အဖျက်ဆီး မခံရဘူးလား ဟု အချင်းချင်းမေးကြရာ အဖျက်ဆီးခံရကြောင်း” ပြော၍ သာဝတ္ထိသို့ ရောက်သောအခါ အခြားဘိက္ခုနီတို့အား ပြောပြကြသဖြင့် ထိုဘိက္ခုနီတို့က “တစ်ယောက်ချင်း တဘက်ကမ်းကူးရသလား” ဟု ကဲ့ရဲ့ရှုတ် ချသောကြောင့် “တစ်ယောက်တည်း မြစ်တဘက်ကမ်းသို့ မကူးရ, ကူးလျှင် သံဃာဒိသေသ် အာပတ်”ဟု ဒုတိယပညတ်တော်မူရပြန်သည်။
ညဉ့်အခါ အဖေါ်နှင့်ခွဲနေမှု။ ။ များစွာသော ဘိက္ခုနီတို့သည် သာဝတ္ထိမြို့သို့ သွားကြလေရာ, ထိုဘိက္ခုနီများတွင် အလွန်အဆင်းလှ၍ ရှုချင့် စဖွယ်တင့်တယ်သော ဘိက္ခုနီတစ်ယောက်လည်း ပါလာလေသည်၊ သူတို့သည် ညနေအခါ ရွာငယ်တစ်ခုသို့ ရောက်ကြလေသော် တည်းခိုဖို့နေရာ၌ ထိုဘိက္ခုနီအများတို့ နေရာခင်းပေးသောအခါ ယောက်ျား တစ်ယောက်သည် ထိုလှပသောဘိက္ခုနီကို မြင်လျှင်မြင်ခြင်း စွဲနေရကား ထိုဘိက္ခုနီအတွက် နေရာကို ချောင်ကျသောအရပ်၌ ခင်းပေးထား၏၊ ထိုဘိက္ခုနီကလည်း ထိုယောက်ျား၏ နေရာခင်းပုံကို မြင်၍ သူ့အပေါ် စိတ်ဖေါက်ပြန်ကြောင်း ရိပ်မိရကား မတော်လို့များ ညအခါလာလျှင် အော်မိမှာစိုးသောကြောင့် အခြားဘိက္ခုနီတို့အား မတိုင်ကြားဘဲ အိမ်တစ်အိမ်သို့သွား၍ အိပ်လေသည်။
ထိုယောက်ျားလဲ ညအခါ၌ အမှန်ပင်လာ၍ ထိုဘိက္ခုနီကိုရှာသောအခါ အခြားဘိက္ခုနီတို့ကို တိုက်မိ ခိုက်မိလေ၏၊ အခြားဘိက္ခုနီတို့သည် ထိုဘိက္ခုနီကို ရှာသောအခါမတွေ့ကြသဖြင့် “ထိုယောက်ျားနှင့် ဧကန်ထွက်သွားပေါ့” ဟု တွေးကြပြီးလျှင် မိုးလင်းသောအခါ ပြန်လာသော ဘိက္ခုနီကို မေးကြလေရာအကြောင်းမှန်ကို သိရသော်လည်း ညဉ့်အခါအဖော်နှင့် ခွဲ၍တစ်ယောက် ထည်းနေရသလား”ဟု ကဲ့ရဲ့ရှုတ်ချသဖြင့် “ညအခါ၌ အဖေါ်နှင့် တစ်ယောက်တည်းမနေရ, နေလျှင် သံဃာဒိသေသ်အာပတ်”ဟု တတိယပညတ်တော်မူရ ပြန်သည်။ [“တစ်ယောက်ထည်းခွဲ”ဟူရာ၌ အဖေါ်နှင့် ၂-တောင့်ထွာထက် ဝေးနေလျှင်ပင် တခန်းထည်းဖြစ်သော်လည်း ခွဲနေရာရောက်သတဲ့]
နောက်ချန်ရစ်၍ ဖျက်ဆီးခံရပုံ။ ။ ဘိက္ခုနီအများတို့သည် သာဝတ္ထိသို့ သွားကြလေရာ, ထိုဘိက္ခုနီအများတွင် ဘိက္ခုနီတစ်ယောက်သည်လမ်းခရီးတွင် ကျင်ကြီးစွန့်ချင်သည်ဖြစ်၍ နောက်ချန်နေရစ်ခဲ့၏၊
စာမျက်နှာ-၃၄၀
နောက်မှ တစ်ယောက်ထည်း လာသော ဘိက္ခုနီကို ယောက်ျားတွေ့မြင်၍ ဖျက်ဆီးကြကုန်၏၊ ထိုဘိက္ခုနီသည် သွားနှင့်သော ဘိက္ခုနီများကိုမှီသောအခါ ယောက်ျားတွေ့၏ အဖျက်ဆီးခံရကြောင်းကို ပြောပြ၍ “တစ်ယောက်ထည်း ချန်နေရစ်ရကောင်းလား”ဟု ကဲ့ရဲ့ရှုတ်ချကြသောကြောင့် အဖေါ်အပေါင်း နှင့်ခွဲ၍ တစ်ယောက်တည်း ချန်မနေရစ်ရ, နေရစ်လျှင် သံဃာဒိသေသ် အာပတ်”ဟု စတုတ္ထပညတ်တော်မူရပြန်သည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဧကာ ဝါ ဂါမန္တရံ ဂစ္ဆေယျ, ဧကာ ဝါ နဒီပါရံ ဂစ္ဆေယျ, ဧကာ ဝါ ရတ္တိံ ဝိပ္ပဝသေယျ, ဧကာ ဝါ ဂဏမှာ ဩဟိယေယျ, အယမ္ပိ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် တစ်ယောက်ထည်းတခြားရွာသို့သော်လည်းသွားအံ့၊ မြစ်တဘက်ကမ်းသို့သော်လည်း တစ်ယောက်တည်း သွားအံ့၊ ညဥ့်အခါ၌ အဖေါ်နှင့်ခွဲ၍သော်လည်း တစ်ယောက်ထည်း နေ့အံ့၊ (ခရီးသွားစဉ်) အဖေါ်အပေါင်းမှသော်လည်း နောက်ချန် နေရစ်အံ့၊ ထိုဘိက္ခုနီသည် လွန်ကျူးလျှင်ကျူးခြင်း သင့်ရောက်အပ်သော သံဃာမှ နှင်ထုတ်ကြောင်းလည်း ဖြစ်သော သံဃာဒိသေသ် အာပတ်သင့်၏။
ဃ။ ဥက္ခိတ္တကဩသာရဏသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—သံဃာက ဖယ်ထုတ်ထားသူကို ပြန်၍သွင်းမှု။
စဏ္ဍကာဠီကို ကံပြုခြင်း။ ။ သာဝတ္ထိမြို့၌ “စဏ္ဍကာဠီ” မည်သော ဘိက္ခုနီသည် ကံပြုခြင်း မိမိအသင်းအပင်းတွင် တိုင်ပင်မှုကိုလည်း ပြုတတ်၏, ခိုက်ရန်ဖြစ်မှုကိုလည်း ပြုတတ်၏, ဆန့်ကျင်ဘက် ပြောမှုကိုလည်း ပြုတတ်၏, စကားအလွန်များ၏, သံဃာ၌ အဓိကရုဏ်းဖြစ်အောင်လည်း ပြုတတ်၏, ထိုစဏ္ဍကာဠီကို ဘိက္ခုနီသံဃာက ဥက္ခေပနီယကံ (နှင်ထုတ်မှုကံ) ပြုမည်လုပ်လျှင် ထုလ္လနန္ဒာသည် မပြုဖို့ရန် ကန့်ကွက်၏၊ အခါတစ်ပါး၌ကား ရွာနယ်တစ်ခုကို ထုလ္လနန္ဒာ သွားနေခိုက်၌ ထိုစဏ္ဍကာဠီကို သင့်နေသော အာပတ်ကို (အာပတ်ဟု) မရှုသည့်အတွက် ဥက္ခေပနီယကံ ပြုလေသည်။ [ဤကံအပြုခံရသူသည် သံဃာ့ကိစ္စ၌ အပေါင်းအဖေါ် မလုပ် ရတော့၊ ]
စာမျက်နှာ-၃၄၁
ထုလ္လနန္ဒာအား အကြောင်းပြန်ပြောပုံ။ ။ ထုလ္လနန္ဒာသည် ရွာငယ်၌ ကိစ္စပြီး၍ ပြန်လာသောအခါ စဏ္ဍကာဠီသည် (ပြုနေကျဖြစ်သော ခြေဆေး ရေခပ်ပေးခြင်း, သပိတ် သင်္ကန်း လှမ်းယူခြင်းက စသော) တာဝန်ဝတ်တရားကိုမပြုဘဲ (စိတ်ကောက်)နေ၏၊ ထုလ္လနန္ဒာက “ဘာပြုလို့ ဝတ်တရားကို မပြုသလဲ” ဟုမေးသောအခါ အားကိုးစရာ မရှိတဲ့ သူဟာဒီလို (ဝတ်တရားမပြုဘဲ) နေရတာပေါ့”ဟု လျှောက်၏၊ “ဘာလို့ အားကိုးစရာမရှိရမှာလဲ” ဟု ပြောသောအခါ “သူ့ကို ဘိက္ခုနီသံဃာက (ဒီဘိက္ခုနီဟာ အားကိုးစရာမရှိ, ထင်ရှားသူမဟုတ်, သူ့ဘက်က ဘယ်သူမှ ကန့်ကွက်မည့်သူမရှိဘူး-ဆိုတဲ့အနေမျိုးဖြင့်) သူ့ကိုနှင်ထုတ်ထားကြောင်းကို
ပြောပြလေသည်။
ထုလ္လနန္ဒာ ပြန်၍သွင်းပုံ။ ။ ထိုအခါ ထုလ္လနန္ဒာသည် “ကံပြုတဲ့ ဒီကောင်မတွေဟာ အမိုက်မတွေ့ ဉာဏ်ရှိသူမတွေမဟုတ်ကြဘူး၊ ဒင်းတို့ဟာ ကံကိုလဲ နားမလည်ကြဘူး, ကံရဲ့အပြစ်ကိုလဲ နားမလည် ကြဘူး, ကံရဲ့ပြည့်စုံပုံ ပျက်စီးပုံကိုလဲ နားမလည်ကြဘူး၊ ငါတို့သာ နားလည် ကြတယ်, ငါတို့ဟာ မပြုရသေးတဲ့ ကံကိုလဲ ပြုအောင်လုပ်နိုင်ကြတယ်, ပြုပြီး တဲ့ကံကိုလဲ ဖျက်ပစ်နိုင်ကြတယ်”ဟု ပြော၍ ဘိက္ခုနီသံဃာကို ကပျာကယာ စည်းဝေးစေပြီးလျှင် ထုတ်ဖယ်ထားသော စဏ္ဍကာဠီကို သံဃာတွင်းသို့ ပြန်၍ သွင်းလေသည်။ (ပြန်၍သွင်းသောကံ ပြုပေးလေသည်-ဟူလို။) ထိုအခါ ဘိက္ခုနီအများက ထုလ္လနန္ဒာ၏ ပြောပုံ ဆိုပုံ လုပ်ကိုင်ပုံကို ကဲ့ရဲ့ကြ၍ ရဟန်းတော်များ လျှောက်ထားသဖြင့် ဘုရားရှင် သိတော်မူသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ သမဂ္ဂေန သံဃေန ဥက္ခိတ္တံ ဘိက္ခုနိံ ဓမ္မေန ဝိနယေန သတ္ထုသာသနေန အနပလောကေတွာ ကာရကသံဃံ, အနညာယ ဂဏဿ ဆန္ဒံ ဩသာရေယျ, အယမ္ပိ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် မှန်ကန်သော သဘောလည်းဖြစ်သော ဝိနည်းထုံးစံအတိုင်း စစ်ဆေး မေးမြန်းမှုလည်း ရှိသော ဉ တ်ကမ္မဝါစာဖြင့် (ကံပြု၍) သံဃာမှ ဖယ်ထုတ်ထားအပ်သော
စာမျက်နှာ-၃၄၂
ဘိက္ခုနီကို ကံပြုသော သံဃာကိုလည်း ခွင့်မပန်ဘဲ ထိုကံသော ဘိက္ခုနီအပေါင်း၏ စိတ်ဆန္ဒကိုလည်းမသိရဘဲ သံဃာ့အတွင်းသို့ ပြန်၍သွင်းအံ့၊ ထိုဘိက္ခုနီလည်း လွန်ကျူးလျှင် လွန်ကျူးခြင်း သင့်ရောက်အပ်သော သံဃာမှ နှင်ထုတ်ကြောင်းလည်းဖြစ်သော သံဃာဒိသေသ် အာပတ်သင့်၏။
င။ အဝဿုတဘုဉ္ဇနသိက္ခာပုဒ်
အမှုသည်—သုန္ဒရီနန္ဒာ။
အမှု—မိမိကို ချစ်ကြိုက်နေသူတို့၏လက်မှ ခဲဖွယ်ဘောဇဉ်ကို ယူ၍ စားမှု။
သုန္ဒရီနန္ဒာအား ကျွေးကြပုံ။ ။ သုန္ဒရီနန္ဒာသည် (ပါရာဇိကအခန်း၌ပြခဲ့သည့်အတိုင်း) အလွန်အဆင်းလှသောကြောင့် ဆွမ်းကျွေးသူတို့ ဆွမ်း စားဇရပ်၌ သုန္ဒရီနန္ဒာကိုမြင်လျှင် ခင်မင်ကြသည်ဖြစ်၍ ကောင်းသောခဲဖွယ်ဘောဇဉ်ကို ရွေး၍ သုန္ဒရီနန္ဒာအား ပေးကြကုန်၏။ သုန္ဒရီနန္ဒာမှာ စိတ်တိုင်းကျ စားရသလို, အခြားဘိက္ခုနီတို့ မစားကြရကုန်၊ ထို့ကြောင့် အခြားဘိက္ခုနီတို့က သုန္ဒရီနန္ဒာအား “မိမိကို ချစ်ကြိုက်နေသူတို့၏ လက်မှ ခဲဖွယ်ဘောဇဉ်ကို မိမိကလည်း ပြန်၍ ချစ်ကြိုက်နေပါလျက် လက်ခံစားရ ကောင်းလား”ဟု ကဲ့ရဲ့ရှုတ်ချကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အဝဿုတာ အဝဿုတဿ ပုရိသပုဂ္ဂလဿ ဟတ္ထတော ခါဒနီယံ ဝါ, ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, အယမ္ပိ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် မိမိကိုယ်တိုင်က ကိလေသာမိုးရေ စိုစွတ်နေသူဖြစ်လျက် ကိလေသာမိုးရေစိုစွတ်နေသော ယောက်ျား၏လက်မှ ခဲဖွယ်ကိုဖြစ်စေ, ဘောဇဉ်ကိုဖြစ်စေ, မိမိလက်ဖြင့်ခံယူ၍ ခဲ, စားအံ့၊ ထိုဘိက္ခုနီလည်းလွန်ကျူးလျှင်ကျူးခြင်း သင့်ရောက်အပ်
စာမျက်နှာ-၁၉၁
သော သံဃာမှ နှင်ထုတ်ကြောင်းဖြစ်သော သံဃာဒိသေသ်အာပတ် သင့်၏၊ [ဤသိက္ခာပုဒ်သည် ပြခဲ့သော ဥဗ္ဘာဇဏုမဏ္ဍလိကာပါရာဇိကမပညတ်မီ ပညတ်တော်မူရသော သိက္ခာပုဒ်တည်း။ ]
စ။ ဥယျောဇိကာသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီတစ်ပါး
အမှု—သုန္ဒရီနန္ဒာကို တိုက်တွန်းမှု။
သုန္ဒရီနန္ဒာကို တိုက်တွန်းမှု။ ။ ဆွမ်းစားဇရပ်၌ သုန္ဒရီနန္ဒာကို ချစ်ကြိုက်နေကြသော ယောက်ျားတို့သည် သုန္ဒရီနန္ဒာအား ကောင်းမွန်သော ဘောဇဉ်တို့ကို ပေးကြသောအခါ သုန္ဒရီနန္ဒာသည် (ရှေ့သိက္ခာပုဒ်တော်ကြောင့် မခံယူကောင်းဟု အယူရှိ၍) မခံယူဘဲ နေလေသည်။ သုန္ဒရီနန္ဒာနှင့် တဆက်တည်း ထိုင်နေသော ဘိက္ခုနီက “ဘာ့ကြောင့် ပေးတာကို မယူသလဲ ”ဟု မေးရာ, သူကချစ်ကြိုက်လို့ ပေးတာဖြစ်သောကြောင့် မယူကြောင်းကို ပြန်ပြော၏။ အရှင်မကကော ကြိုက်နေသလား ဟုမေးပြန်ရာ မကြိုက်ကြောင်းကို ပြန်ပြော၏။ “ဒီလိုဆိုလျှင် သူ့ဘာသာသူ ကြိုက်ကြိုက်-မကြိုက်ကြိုက်, ကိုယ်ကမှ မကြိုက်လျှင် ဘာတတ်နိုင်မှာလဲ၊ ယူသာယူပါ”ဟု တိုက်တွန်းလေသည်၊ ထိုအကြောင်းကို အခြားဘိက္ခုနီများ သိ၍ တိုက်တွန်းသော ဘိက္ခုနီကို ကဲ့ရဲ့ရှုတ်ချကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ယာ ပန ဘိက္ခုနီ ဧဝံ ဝဒေယျ “ကိံ တေ, အယျေ, ဧသော ပုရိသပုဂ္ဂလော ကရိဿတိ အဝဿုတော ဝါ အနဝဿုတော ဝါ, ယတော တွံ အနဝဿုတာ, ဣင်္ဃ, အယျေ, ယံ တေ ဧသော ပုရိသပုဂ္ဂလော ဒေတိ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ, တံ တွံ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒ ဝါ ဘုဉ္ဇ ဝါ”တိ, အယမ္ပိ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် “အရှင်မ...ဤယောက်ျားသည် ကိလေသာမိုးရေ စိုနေ့သည်လည်းဖြစ်စေ, မစိုဘဲလည်းရှိစေ အရှင်မမှာ ကိလေသာ မိုးရေစိုမနေလျှင် သူဘာတတ်နိုင်မှာလဲ၊
စာမျက်နှာ-၁၄၄
တိုက်တွန်းပါရဲ့၊ ဤယောက်ျားပေးသမျှ ခဲဖွယ်, ဘောဇဉ်ကို မိမိ လက်ဖြင့် ခံယူ၍ ခဲ-စားပါ”ဟု ပြောဆိုတိုက်တွန်းအံ့၊ ဤဘိက္ခုနီလည်း လွန်ကျူးလျှင် ကျူးခြင်း သင့်ရောက်အပ်သော သံဃာမှနှင်ထုတ်ကြောင်းဖြစ်သော သံဃာဒိသေသ်အာပတ်သင့်၏။
ည။ ကုပိတသိက္ခာပုဒ်
အမှုသည်—စဏ္ဍကာဠီ။
အမှု—စိတ်ဆိုးသည်ဖြစ်၍ “ဘုရားကို စွန့်ပါ၏”စသည်ဖြင့်ပြောဆိုမှု။
စဏ္ဍကာဠီ၏ ပြောဆိုမှု။ ။ စဏ္ဍကာဠီမည်သော ဘိက္ခုနီသည် အခြားဘိက္ခုနီတို့နှင့် ရန်ဖြစ်ပြီးနောက် စိတ်ဆိုးဆိုးနှင့် ပြောဆိုသည်မှာ “ဘုရားကိုလဲစွန့်၏၊ တရားကိုလဲစွန့်၏၊ သံဃာကိုလဲ စွန့်၏၊ သာကီဝင်မင်းသား ဘုရား၏ သ္မီးဆိုသူတို့သာ သမဏီ(ရဟန်းမ)တို့တဲ့ လား၊ မကောင်းမှုမှ ရှက်တတ်ကြသော, ကိစ္စတစ်ခုကြုံလာလျှင် ပြုအပ်လေသလား မပြုအပ်လေသလားဟု စဉ်းစားတတ်ကြကုန်သော, သိက္ခာ ၃-ပါးကို လိုလားကြကုန်သော အခြားသမဏီမတို့လဲ ရှိကြပါသေး၏၊ ထိုသူတို့ အထံ၌ မြတ်သော အကျင့်ကို ကျင့်တော့မည်” ဤသို့ ပြောဆိုလေသည်၊ ထိုသို့ပြောဆိုသည့်အတွက် အခြားဘိက္ခုနီတို့က ကဲ့ရဲ့ရှုတ်ချကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ကုပိတာ အနတ္တမနာ ဧဝံ ဝဒေယျ “ဗုဒ္ဓံ ပစ္စာစိက္ခာမိ ဓမ္မံ ပစ္စာစိက္ခာမိ, သံဃံ ပစ္စာစိက္ခာမိ, သိက္ခံ ပစ္စာစိက္ခာမိ, ကိန္နုမာဝ သမဏိယော ယာ သမဏိယော သကျဓီတရော, သန္တညာပိ သမဏိယော လဇ္ဇိနိယော ကုက္ကုစ္စိကာ သိက္ခာကာမာ, တာသာဟံ သန္တိကေ ဗြဟ္မစရိယံ စရိဿာမီ”တိ။ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ “မာယျေ ကုပိတာ အနတ္တမနာ ဧဝံ အဝစ ‘ဗုဒ္ဓံ ပစ္စာစိက္ခာမိ, ဓမ္မံ ပစ္စာစိက္ခာမိ, သံဃံ ပစ္စာစိက္ခာမိ, သိက္ခံ ပစ္စာစိက္ခာမိ, ကိန္နုမာဝ သမဏိယော ယာ သမဏိယော သကျဓီတရော, သန္တညာပိ သမဏိယော လဇ္ဇိနိယော ကုက္ကုစ္စိကာ သိက္ခာကာမာ,
စာမျက်နှာ-၃၄၅
တာသာဟံ သန္တိကေ ဗြဟ္မစရိယံ စရိဿာမီ’တိ, အဘိရမာယျေ, သွာက္ခာတော ဓမ္မော, စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာ”တိ, ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ, ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျ, ဣစ္စေတံ ကုသလံ, နော စေ ပဋိနိဿဇ္ဇေယျ, အယမ္ပိ ဘိက္ခုနီ ယာဝတတိယကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် စိတ်ဆိုးသည် စိတ်မချမ်းသာသည်ဖြစ်၍ ဘုရားကိုလည်းစွန့်၏, တရားကိုလည်းစွန့်၏, သံဃာကိုလည်း စွန့်၏, သိက္ခာပုဒ်ကိုလည်းစွန့်၏၊ သာကီဝင်မင်းသားဘုရား၏ သမီး ဆိုသူတို့သာ သမဏီမတို့တဲ့လား, မကောင်းမှုမှ ရှက်တတ်၊ ပြုအပ် လေသလား မပြုအပ်လေသလားဟု စဉ်းစားတတ်၊ သိက္ခာ ၃-ပါးကို လိုလားတတ်ကုန်သော အခြားသမဏီမတို့လည်း ရှိကြပါ သေး၏၊ ထိုသူတို့အထံ၌ မြတ်သောအကျင့်ကို ကျင့်တော့မည်၊ ဤသို့ ပြောဆိုအံ့၊ ထိုဘိက္ခုနီကို မြင်ကုန် ကြားကုန်သော ဘိက္ခုနီတို့က ဤသို့ မပြောဖို့ရန် တားမြစ်၍ “အရှင်မက သာသနာတော်၌ မွေ့လျော်ပါ တရားတော်ကို ကောင်းစွာဟောထားအပ်ပါပြီ၊ ကောင်းမွန်စွာ ဒုက္ခအဆုံးကို ပြုဖို့ရာ မြတ်သောအကျင့်ကို ကျင့်ပါ”ဟု ပြောဆိုရမည်၊ အခြား ဘိက္ခုနီတို့က ဤသို့ ပြောဆိုအပ်ပါလျက် ထိုရှေးနည်းအတိုင်းပင် (သူ့အပြောကို မလျှော့ဘဲ) ချီမြှောက်အံ့၊ ထိုဘိက္ခုနီကို အခြားဘိက္ခုနီက ထိုအပြောကို စွန့်လွှတ်ဖို့ရာ ၃-ကြိမ် တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ပြောဆိုထိုက်၏၊ ၃-ကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမ၍ မပြီးခင် ထိုအပြောကို စွန့်လျှင် ကောင်းသေး၏၊ ပြောဆို ဆုံးမပြီးသည့်တိုင်အောင် မစွန့်လျှင်ကား ယာဝတတိယက မည်သော သံဃာမှ နှင်ထုတ်ကြောင်းဖြစ်သော သံဃာဒိသေသ် အာပတ်သင့်၏။
အမှာ။ ။ ဤမှနောက်၌လည်း ယာဝတတိယက (၃-ကြိမ်မြောက်ဆိုဆုံးမခြင်း၏ အဆုံး၌သင့်ရောက်အပ်သော) သံဃာဒိသေသ်ချည်းဖြစ်၏၊ ဆုံးမပုံ အစီ
စာမျက်နှာ-၃၄၆
အစဉ်ကို ဘိက္ခုတို့၏ သံဃာဒိသေသ်ခေဏ်း၌ပြခဲ့ပြီ။ ဉ တ်ကမ္မဝါစာကား ပါဠိတော်မှာ တိုက်ရိုက်လာပါသည်။ အလိုရှိသော ပုဂ္ဂိုလ်များ ပါဠိတော်မှာရှုပါကုန်။
ဋ။ ပစ္စာကတသိက္ခာပုဒ်
အမှုသည်—စဏ္ဍကာဠီ။
အမှု—စိတ်ဆိုး၍ပြောဆိုရန်တွေ့မှု။
စဏ္ဍကာဠီ၏ ရန်တွေ့မှု။ ။ စဏ္ဍကာဠီ ဘိက္ခုနီသည် အဓိကရုဏ်း (အမှု) တစ်ခုမှာ ရှုံးသည်ဖြစ်၍ “ဘိက္ခုနီမဟွေဟာ ဆန္ဒာဂတိ လိုက်ကြတယ်, ဒေါသာဂတိ လိုက်ကြတယ်, မောဟာဂတိ လိုက်ကြတယ်, ဘယာဂတိလိုက်ကြတယ်”ဟု တရားဆုံးဖြတ်ရာတွင် ပါဝင်သော ဘိက္ခုနီတို့ကို ရန်တွေ့လေသည်၊ ထိုအခါ အခြားဘိက္ခုနီတို့က စဏ္ဍကာဠီကို “ရန်တွေ့ရကောင်းလား” ဟု ကဲ့ရဲ့ရှုတ်ချကြသောကြောင့် ဤသိက္ခာပုဒ်ကို ဟု ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ယာ ပန ဘိက္ခုနီ ကိသ္မိဉ္စိဒေဝ အဓိကရဏေ ပစ္စာကတာ ကုပိတာ အနတ္တမနာ ဧဝံ ဝဒေယျ “ဆန္ဒဂါမိနိယော စ ဘိက္ခုနိယော, ဒေါသဂါမိနိယော စ ဘိက္ခုနိယော, မောဟဂါမိနိယော စ ဘိက္ခုနိယော, ဘယဂါမိနိယော စ ဘိက္ခုနိယော”တိ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ “မာယျေ, ကိသ္မိဉ္စိဒေဝ အဓိကရဏေ ပစ္စာကတာ ကုပိတာ အနတ္တမနာ ဧဝံ အဝစ
‘ဆန္ဒဂါမိနိယော စ ဘိက္ခုနိယော, ဒေါသဂါမိနိယော စ ဘိက္ခုနိယော, မောဟဂါမိနိယော စ ဘိက္ခုနိယော, ဘယဂါမိနိယော စ ဘိက္ခုနိယော’တိ, အယျာ ခေါ ဆန္ဒာပိ ဂစ္ဆေယျ, ဒေါသာပိ ဂစ္ဆေယျ, မောဟာပိ ဂစ္ဆေယျ, ဘယာပိ ဂစ္ဆေယျာ”တိ။ ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ, ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျ, ဣစ္စေတံ
စာမျက်နှာ-၃၄၇
ကုသလံ, နော စေ ပဋိနိဿဇ္ဇေယျ, အယမ္ပိ ဘိက္ခုနီ ယာဝတတိယကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။
မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် အဓိကရုဏ်း (အမှု) တစ်ခုခု၌ ရှုံးသဖြင့် စိတ်လည်းဆိုး စိတ်လည်းမချမ်းသာရကား “ဘိက္ခုနီမတွေ့ ဆန္ဒာဂတိလိုက်ကြတယ်” စသည်ဖြင့် ရန်တွေ့အံ့၊ ထိုဘိက္ခုနီကို အခြားဘိက္ခုနီတို့က “ရန်မတွေ့ဖို့ရန်”ပြောရမည်၊ ထိုသို့ပြောဆို ဆုံးမပါလျက် သူ၏ရန်တွေ့မှု ပြောဆိုမှုကို ရှေးအတိုင်း(မလျှော့ဘဲ) ချီးမြှောက်ထားအံ့၊ ထိုဘိက္ခုနီကို အခြားဘိက္ခုနီတို့က ထိုအပြောကို စွန့်ဖို့ရာ ၃-ကြိမ်တိုင်အောင် ဉ တ်ကမ္မဝါစာဖြင့် ပြောဆိုဆုံးမရမည်၊ ၃-ကြိမ်တိုင်တိုင် ဆုံးမစဉ် ထိုအပြောကို စွန့်လျှင်ကောင်း၏၊ မစွန့်လျှင် ထိုဘိက္ခုနီလည်း ယာဝတတိယကမည်သော သံဃာမှနှင်ထုတ်ကြောင်းလည်း ဖြစ်သော သံဃဒိသေသ်အာပတ်သင့်၏။
မှတ်ချက်။ ။ လမ်းမှန်အတိုင်း မဆုံးဖြတ်ဘဲ ချစ်သူဘက်ပင်း၍ တရားဆုံးဖြတ်လျှင် ဆန္ဒာဂတိလိုက်သည်မည်၏။ မုန်းသူဘက်ကို နှိမ်၍ ဆုံးဖြတ်လျှင် ဒေါသာ ဂတိလိုက်သည်မည်၏။ ဘယ်လို ဆုံးဖြတ်ရမှန်း မသိဘဲ အရမ်းဆုံးဖြတ်လျှင် မောဟာဂတိ လိုက်သည်မည်၏၊ ကြောက်သဖြင့် မတရား ဆုံးဖြတ်လျှင် ဘယာဂတိလိုက်သည်မည်၏။
ဌ။ သံသဋ္ဌသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ၏ တပည်မ ဘိက္ခုနီများ။
အမှု—လူတို့နှင့် ရောရောနှောနှောနေထိုင်မှု။
ဆရာမကောင်းသော တပည့်မကောင်းများ။ ။ ထုလ္လနန္ဒာ၏ တပည့်မ ဖြစ်ကြသော ဘိက္ခုနီတို့သည် လူဝတ်ကြောင်တို့နှင့် ရောရောနှောနှော နေကြကုန်၏၊ ယုတ်မာသောအကျင့်-မကောင်းသတင်းကျော်စောခြင်း-မကောင်းသော အသက်မွေးခြင်း ရှိကြကုန်၏၊ (ဘိက္ခုနီသံဃာက နှိပ်ကွပ်ဖို့ရန် ကံပြုမည် လုပ်လျှင် ထိုကံကို တားမြစ်သောအားဖြင့်)ဘိက္ခုနီသံဃာကို ညှဉ်းဆဲတတ်ကြကုန်၏၊ သူတို့အချင်းချင်းမှာ ရှိသော အပြစ်ကိုလည်း ဖုံးထား တတ်ကြကုန်၏၊ ထိုဘိက္ခုနီတို့ကို အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
စာမျက်နှာ-၃၄၈
သိက္ခာပုဒ်။ ။ ဘိက္ခုနိယော ပနေဝ သံသဋ္ဌာ ဝိဟရန္တိ ပါပါစာရာ ပါပသဒ္ဒါ ပါပသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ, တာ ဘိက္ခုနိယော ဘိက္ခုနီဟိ ဧဝမဿု ဝစနီယာ “ဘဂိနိယော ခေါ သံသဋ္ဌာ ဝိဟရန္တိ ပါပါစာရာ ပါပသဒ္ဒါ ပါပသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ, ဝိဝိစ္စထာယျေ, ဝိဝေကညေဝ ဘဂိနီနံ သံဃော ဝဏ္ဏေတီ”တိ, ဧဝဉ္စ တာ ဘိက္ခုနိယော ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျုံ, တာ ဘိက္ခုနိယော ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ, ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျုံ, ဣစ္စေတံ ကုသလံ, နော စေ ပဋိနိဿဇ္ဇေယျုံ, ဣမာပိ ဘိက္ခုနိယော ယာဝတတိယကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။
မြန်မာပြန်။ ။ ဘိက္ခုနီ အများတို့သည်ပင် လူတို့နှင့် ရောရောနှောနှော နေကြကုန်၏၊ ယုတ်မာသောအကျင့်-မကောင်းသတင်းကျော်စောခြင်း မကောင်းသော အသက်မွေးခြင်း ရှိကြကုန်၏။ ဘိက္ခုနီသံဃာကို ညှဉ်းဆဲတတ်ကြကုန်၏၊ အချင်းချင်း၏ အပြစ်ကိုလည်း ဖုံးထား တတ်ကြကုန်၏၊ ထိုဘိက္ခုနီတို့ကို မြင်ကုန်ကြားကုန်သော ဘိက္ခုနီတို့က “ညီမတို့-လူတို့နှင့် ရောရောနှောနှော မနေကြပါနှင့်” စသည်ဖြင့် ပြောဆိုဆုံးမ၍ “ညီမတို့-လူတို့နှင့် ကင်းကင်းရှင်းရှင်း နေကြပါ၊ ညီမတို့၏ ကင်းကင်းရှင်းရှင်း နေခြင်းကိုသာ ဘိက္ခုနီသံဃာက ချီးမွမ်းပါသည်”ဟု ဖျောင်းဖျ ပြောဆိုရမည်၊ ထိုသို့ ပြောဆိုပါလျက် သူတို့၏ ထိုအကျင့်ကို ရှေးအတိုင်းပင် (မလျှော့ဘဲ) ချီးမြှောက် နေကြသေးအံ့၊ ထိုဘိက္ခုနီတို့ကို အခြားဘိက္ခုနီတို့က ထိုအကျင့်ကို စွန့်လွှတ်ဖို့ရန် ၃-ကြိမ်တိုင်တိုင် ဉတ်ကမ္မဝါစာဖြင့် ဆုံးမရမည်၊ ထိုသို့ ဆုံးမစဉ် ထိုအကျင့်ကို စွန့်လွှတ်ကြလျှင် ကောင်း၏၊ မစွန့်လွှတ် ကြလျှင်ကား ထိုဘိက္ခုနီတို့သည် ယာဝတတိယကမည်သော သံဃာမှ နှင်ထုတ်ကြောင်းဖြစ်သော သံဃာဒိသေသ် အာပတ်သင့်ကြသည်။
စာမျက်နှာ-၃၄၉
မှတ်ချက်။ ။ “ရောရောနှောနှော”ဟူသည် လူဝတ်ကြောင် မိန်းမများအတွက် ဆံစပါး ဖွတ်ပေးခြင်း, နံ့သာကြိတ်(သနပ်ခါးသွေး) ပေးခြင်း, ပန်းကုံး ပေးခြင်း (ယခုခေတ်အတိုင်းဆိုလျှင် အင်္ကျီချုပ်ပေးခြင်း, ဇာထိုးပေးခြင်း, ထမင်းဟင်း ချက်ပေးခြင်း) စသော ကိုယ်နှင့်ဆိုင်ရာကိစ္စဝယ် ကူညီမှု, အောင်သွယ်ပေးခြင်းစသော နှုတ်နှင့်ဆိုင်ရာ ကိစ္စဝယ် ကူညီမှုကို “ရောရောနှောနှော နေခြင်း”ဟု ဆိုသည်။ စာသင်ပေးမှု, လိမ္မာအောင် ဆုံးမမှုတို့ကား ပြုသင့်သော ရောနှောမှုများပင်တည်း၊ ထိုကဲ့သို့ မတရား ရောနှောမှုကြောင့်ပင် မကောင်းသတင်း ထွက်နေတော့သည်၊ ထိုသို့ လူတို့ကို ဆံဖွတ်ပေးမှုစသည် ပြုသောကြောင့် လူတို့က သူတို့အား ပြန်၍ ပေးလှူကြ၏။ ထိုကဲ့သို့ ရသော ပစ္စည်းကို သုံးစွဲနေခြင်းသည်ပင် မကောင်းသော အသက်မွေးခြင်း ဖြစ်တော့၏။
ဍ။ သံသဋ္ဌာနုဗပ္ပဒါနသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—လူတို့နှင့်ရောနှော၍နေခြင်းကို အားပေးမှု။
ထုလ္လနန္ဒာ၏ အားပေးခြင်း။ ။ ရှေ့သိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း လူတို့နှင့် ရောရောနှောနှော နေသောဘိက္ခုနီတို့ကို အခြား ဘိက္ခုနီတို့က ဉတ်ကမ္မဝါစာဖြင့် ဆုံးမပြီးသောအခါ (ထုလ္လနန္ဒာသည် သူ၏တပည့်မတို့ကို သံဃာကနှိမ်သည်ဟု အယူရှိဟန်တူသောကြောင့်) “အရှင်မတို့...သင်တို့သည် လူဝတ်ကြောင် မိန်းမတို့နှင့် ရောနှော၍သာ နေကြပါ၊ တသီးတခြား ခွဲ၍မနေကြပါနှင့်၊ သံဃာထဲမှာ ဒီလိုအကျင့်ရှိကြ ဒီလို မကောင်းသတင်းရှိကြ, ဒီလို အသက်မွေးမှုရှိကြကုန်သော ဘိက္ခုနီ သံဃာကို ညှဉ်းဆဲတတ်ကြ, အချင်းချင်း၏အပြစ်ကို ဖုံးထားတတ်ကြသော ဘိက္ခုနီတွေ သင်တို့အပြင်ရှိကြပါ၏။
ထိုဘိက္ခုနီတွေကိုတော့ သံဃာက ဘာမှမပြော၊ သင်တို့ကိုသာ သံဃာက အောက်တန်းစားတွေဟု အမှတ်ထားသောကြောင့် လည်းကောင်း, သူတို့တတွေဟာ ငါတို့ကို ဘာတတ်နိုင်မှာလဲ-ဟု နိုင်ထက်စီးနင်း အသိမျိုးကြောင့်လည်းကောင်း, (အခြားဘိက္ခုနီများ၏ အပြစ်ကိုတော့ သည်းခံနိုင်ပါလျက်) သင်တို့ကိုမှ သည်းမခံနိုင်သောကြောင့်လည်းကောင်း, သူတို့သာ အားရှိသည်, သူတို့စကားသာ အောင်နိုင်၏ ဟု အယူရှိသောကြောင့်လည်းကောင်း, သင်တို့က (ကိုယ့်ဘက်သား ဖြစ်သော) အင်အားနည်းသောကြောင့်လည်းကောင်း, ဒီလို (သူတို့နှင့် ရောနှော၍ မနေ့ကြပါနှင့်စသည်ဖြင့်) ပြောဆိုခြင်းဖြစ်သည်”ဟု အားပေး အားမြှောက်
စာမျက်နှာ-၃၅၀
ပြုလေသည်၊ ထိုသို့ပြုသည်ကို အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဧဝံ ဝဒေယျ “သံသဋ္ဌာဝ, အယျေ, တုမှေ ဝိဟရထ, မာ တုမှေ နာနာ ဝိဟရိတ္ထ, သန္တိ သံဃေ အညာပိ ဘိက္ခုနိယော ဧဝါစာရာ ဧဝံသဒ္ဒါ ဧဝံသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ, တာ သံဃော န ကိဉ္စိ အာဟ တုမှညေဝ သံဃော ဥညာယ ပရိဘဝေန အက္ခန္တိယာ ဝေဘဿိယာ ဒုဗ္ဗလျာ ဧဝမာဟ – ‘ဘဂိနိယော ခေါ သံသဋ္ဌာ ဝိဟရန္တိ ပါပါစာရာ ပါပသဒ္ဒါ ပါပသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ, ဝိဝိစ္စထာယျေ, ဝိဝေကညေဝ ဘဂိနီနံ သံဃော ဝဏ္ဏေတီ”’တိ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ “မာယျေ, ဧဝံ အဝစ, သံသဋ္ဌာဝ အယျေ တုမှေ ဝိဟရထ, မာ တုမှေ နာနာ ဝိဟရိတ္ထ, သန္တိ သံဃေ အညာပိ ဘိက္ခုနိယော ဧဝါစာရာ ဧဝံသဒ္ဒါ ဧဝံသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ,တာ သံဃော န ကိဉ္စိ အာဟ, တုမှညေဝ သံဃော ဥညာယ ပရိဘဝေန အက္ခန္တိယာ ဝေဘဿိယာ ဒုဗ္ဗလျာ ဧဝမာဟ – ‘ဘဂိနိယော ခေါ သံသဋ္ဌာ ဝိဟရန္တိ ပါပါစာရာ ပါပသဒ္ဒါ ပါပသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ, ဝိဝိစ္စထာယျေ, ဝိဝေကညေဝ ဘဂိနီနံ သံဃော ဝဏ္ဏေတီ”’တိ, ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ, ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျ, ဣစ္စေတံ ကုသလံ,
စာမျက်နှာ-၃၅၁
နော စေ ပဋိနိဿဇ္ဇေယျ, အယမ္ပိ ဘိက္ခုနီ ယာဝတတိယကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ဤသို့ ပြောဆိုအံ့၊ (အဘယ်သို့ ပြောဆိုသနည်း၊) အရှင်မတို့...သင်တို့သည် လူဝတ်ကြောင်မိန်းမတို့နှင့် ရောနှော၍သာ နေကြပါ၊ အသီးအသီးခွဲခွါ၍ မနေကြပါနှင့်၊ သံဃာထဲမှာ ဒီလို အကျင့် ဒီလိုကျော်စောသံ ဒီလိုအသက်မွေးမှ ရှိကြကုန်သော ဘိက္ခုနီသံဃာကို ညှဉ်းဆဲတတ်ကြ-အချင်းချင်း၏ အပြစ်ကို ဖုံးထားတတ်ကြ ကုန်သော(သင်တို့အပြင်) အခြားဘိက္ခုနီတွေ ရှိကြပါသေးသည်၊ ထိုဘိက္ခုနီတွေကိုတော့ သံဃာက ဘာကိုမှ မပြောပါ၊ သင်တို့ကိုသာ သံဃာက အောက်တန်းစားတွေဟု အမှတ်ထားခြင်း, ငါတို့ ပြောကော ဘာတတ်နိုင်မှာလဲ” ဟု နိုင်ထက်စီးနင်း သိခြင်း, သင်တို့၏ အပြစ်ကိုမှ သည်းမခံနိုင်ခြင်း သူတို့စကားသာ အောင်နိုင်၏ဟု မှတ်ယူရလောက်အောင် သူတို့က အားရှိခြင်း, သင်တို့က (ဘက်သား) အင်အားနည်းပါးခြင်း တို့ကြောင့် “ဘဂိနိယော သံသဋ္ဌာ ဝိဟရန္တိ”စသည်ဖြင့် တားမြစ်ခြင်း ဖြစ်သည်-ဟု ပြောဆိုအံ့၊ ထိုဘိက္ခုနီကို အခြားဘိက္ခုနီတို့က ဤသို့ မပြောဖို့ရန် တားမြစ်ရမည်၊ ဤသို့ တားမြစ်ပါလျက် ထိုရှေးအတိုင်း (မလျော့ဘဲ) ထိုစကားကို ချီမြှောက်အံ့၊ ထိုဘိက္ခုနီကို ထိုအပြော စွန့်ဖို့ရာ ၃-ကြိမ်တိုင်တိုင် ဉတ်ကမ္မဝါစာဖြင့် ဆုံးမရာ၏၊ ၃-ကြိမ်တိုင်တိုင် ဆုံးမအပ်စဉ် ထိုအပြောကို စွန့်လွှတ်လျှင် ကောင်း၏၊ မစွန့်လွှတ်လျှင် ထိုဘိက္ခုနီ ယာဝတတိယက မည်သော သံဃာမှ နှင်ထုတ်ကြောင်းဖြစ်သော သံဃာဒိသေသ် အာပတ် သင့်၏။
အမှာ။ ။ ဘိက္ခုတို့အတွက် သံဃာဒိသေသ် သိက္ခာပုဒ် ၁၃-ပါးရှိ၏၊ ဘိက္ခုနီတို့ အတွက်ကား ၁၇-ပါးရှိသည်၊ ၁၇-ပါးဟူသည် ဘိက္ခုတို့မှ သဉ္စရိတ္တနှင့် ဒုဋ္ဌဒေါသသိက္ခာပုဒ် ၂-ပါး, ယာဝတတိယကသိက္ခာပုဒ် ၄-ပါး ပေါင်း ၇-ပါးကို ယူ၍ ဤ၌ တိုက်ရိုက်ပြထားသော သိက္ခာပုဒ် ၁၀ နှင့် ပေါင်းလျှင် ၁၇-ပါးဖြစ်၏၊ ထို၁၇-ပါးတွင် ပဌမာပတ္တိက(လွန်ကျူးလျှင် ကျူးခြင်း ပထမရောက်အပ်သော) သိက္ခာပုဒ် ၉-ပါး, ယာဝတတိယက သိက္ခာပုဒ် ၈-ပါးပါသည်။
သံဃာဒိသေသအခန်းပြီး၏။
စာမျက်နှာ-၃၅၂
၃။ နိဿဂ္ဂိယပါစိတ်အခန်း
က။ ပတ္တသန္နိစယသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—သပိတ်အများကို သိုမှီးသိမ်းဆည်း ထားမှု။
ဘိက္ခုနီတို့၏ သပိတ်အပို သိမ်းထားမှု။ ။ သာဝတ္ထိမြို့၌ ဘိက္ခုနီတို့သည် များစွာသော သပိတ်တို့ကို အပိုသိမ်းထားကြကုန်၏၊ ဘိက္ခုနီတို့၏ ကျောင်းကို လှည့်လည်ကြည့်ရှုကြသော လူတို့သည် သပိတ်အများ သိမ်းထားသည်ကို တွေ့မြင်ကြ၍ “ဘိက္ခုနီတွေ သပိတ် ကုန်သည် လုပ်ကြမလို့တဲ့လား, ပန်းကန် ခွက်ရောက်ဆိုင် ခင်းကြမလို့တဲ့လား (သပိတ်တွေ သိမ်းထားလိုက်တာ)”ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပတ္တသန္နိစယံ ကရေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် သပိတ်ကို အဓိဋ္ဌာန်-ဝိကပ္ပနာ မပြုဘဲ သိုမှီးသိမ်းဆည်းထားအံ့၊ ထိုဘိက္ခုနီသည် သပိတ်ကိုလည်း စွန့်လိုက်၏၊ ပါစိတ်အာပတ်လည်း သင့်၏။
အမှာ။ ။ စွန့်ပုံနှင့် အဓိဋ္ဌာန်တင်ပုံ ဝိကပ္ပနာပြုပုံကို ဘိက္ခုတို့၏ နိဿဂ္ဂိပါစိတ်ခဏ်း၌ ပြခဲ့ပြီ၊ ဘိက္ခုတို့မှာ အဓိဋ္ဌာန် ဝိကပ္ပနာ(တစ်ခုခု)မပြုဘဲ ဆယ်ရက်ထားခွင့် ရသေး၏၊ ဘိက္ခုနီတို့မှာကား တရက်မျှ ထားခွင့်မရ။
ခ။ စီဝရဘာဇနသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—အကာလသင်္ကန်းကို ကာလသင်္ကန်းလုပ်၍ ဝေဖန်မှု။
ဒါယကာတို့ သင်္ကန်းလှူခြင်း။ ။ ဘိက္ခုနီတို့သည် ဝါတွင်းအခါ ရွာငယ်တစ်ခု၌ နေ၍ သင်္ကန်းလှူခြင်း ဝါကျွတ်သောအခါ ဘုရားရှင်ရှိရာ သာဝတ္ထိမြို့သို့ လာကြကုန်၏၊ [ဝါကျွတ်သောအခါ များစွာသော ဒါယကာတို့သည် မိမိတို့ကျောင်းတိုက်၌ နေသူအား ဝါဆိုသင်္ကန်း (ဝါဆို၍ ဝါကျွတ် သူတို့အား လှူအပ်သော သင်္ကန်း)ကို ကပ်လှူလေ့ ရှိကြကုန်၏၊ ထိုဘိက္ခုနီ
စာမျက်နှာ-၃၅၃
တို့မှာ ထိုဝါဆိုသင်္ကန်းလည်း ရခဲ့ကြဟန်မတူ၊ ထို့ကြောင့် ဟောင်းနွမ်း ကြမ်းတမ်းသော သင်္ကန်းရှိ၍ သွားပုံ လာပို့ နေထိုင်ပုံအားဖြင့် ကြည်ညို ဖွယ်ရာကောင်းသော ထိုဘိက္ခုနီများကို မြင်၍ “အရှင်မတို့မှာ သူခိုး ဓားပြတို့ အလုခံခဲ့ရဟန်တူတယ်”ဟု ထိုဘိက္ခုနီများရပါစေ”ဟူသော စိတ်ထားဖြင့် ဥပါသကာတို့သည် ဘိက္ခုနီသံဃာအား အကာလသင်္ကန်းကို လှူဒါန်းကြလေသည်။
အမှာ။ ။ ကထိန် ခေတ်ကာလ အတွင်း၌ လှူအပ်သော သင်္ကန်းကို “ကာလ သင်္ကန်း” ဟု ခေါ်၏။ ထိုကာလ သင်္ကန်းမျိုးကို သို့တိုက်၌ ဝါကျွတ် သောသံဃာသာ ရခွင့်ရှိ၏။ ကထိန်ခေတ်ကာလ မဟုတ်သော အချိန်၌ လှူအပ်သောသင်္ကန်း ကထိန်ခေတ်ပင် ဖြစ်သော်လည်း အကာလသင်္ကန်း အနေဖြင့် လှူအပ်သော သံဃိက သင်္ကန်းသည် အကာလ သင်္ကန်းမည်၏၊ ထိုအကာလသင်္ကန်းကိုကား အခြားကျောင်းတိုက်၌ ဝါကျွတ် ခဲ့သော သံဃာများလည်း ရခွင့်ရှိသည်။
ထုလ္လနန္ဒာ၏ မတရားမှု။ ။ ထုလ္လနန္ဒာသည် ထိုဥပါသကာတို့လှူအပ်သော အကာလသင်္ကန်းကို ကာလသင်္ကန်းဟု အဓိဋ္ဌာန်၍ ကာလသင်္ကန်းဟု ပြော၍)ထိုသာဝတ္ထိမြို့၌ ဝါကျွတ်သော သံဃာများအား သာဝေပေးနေပြီ၊ ဥပါသကာတို့သည် ရွာငယ်၌ ဝါကျွတ်ခဲ့သော ထိုဘိက္ခုနီတို့ကို သင်္ကန်းဟောင်းမြဲ ဟောင်းနေသည်ကိုမြင်၍ “အရှင်မတို့မှာ သင်္ကန်းဝေစု မရကြဘူးလား”ဟု မေးကြလေသော်, ထုလ္လနန္ဒာ၏ သင်္ကန်းဝေပုံကို ပြောပြကြသဖြင့် ဥပါသကာတို့က ထုလ္လနန္ဒာကို ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အကာလစီဝရံ “ကာလစီဝရ”န္တိ အဓိဋ္ဌဟိတွာ ဘာဇာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် အကာလသင်္ကန်းကို ကာလ သင်္ကန်းဟု အဓိဋ္ဌာန်၍ (ပြောဆို၍) ဝေစေဖို့ (ခွဲဝေပေးဖို့ရန် စာယောက်ယောက်ကို စေခိုင်းအံ့၊ သို့မဟုတ် ကိုယ်တိုင်ဝေပေးအံ့၊) ထိုဘိက္ခုနီမှာ နိဿဂ္ဂိယ ပါစိတ်အာပတ်သင့်၏၊ “ရသောသင်္ကန်းကိုလည်း စွန့်ရမည်၊ ပါစိတ်အာပတ်လည်းသင့်သည်”ဟူလို။
မှတ်ချက်။ ကထိန်ခေတ်သင်္ကန်းကာလပင် ဖြစ်သော်လည်းသံဃာကို မရည်စူးဘဲ ဆရာတော်ကြီး, ကျောင်းထိုင်ဘုန်းကြီး စသော ပုဂ္ဂိုလ်ကို ရည်စူး၍ လှူလျှင် ထိုသင်္ကန်းသည် “ကာလသင်္ကန်း”ဟု အမည်မရ၊ ထိုသို့ပုဂ္ဂိုလ်
စာမျက်နှာ-၃၅၄
ရည်စူးထားလျှင် သံဃိကသင်္ကန်း မဟုတ်သောကြောင့် ကထိန်သင်္ကန်း အရာ မမြောက်၊ ထိုသင်္ကန်းဖြင့် ကထိန်ခင်းသော်လည်း ကထိန်မမြောက်၊ ကထိန် မမြောက်လျှင် ကထိန်၏ အကျိုးများမရ၊ ထို့ကြောင့် ကထိန် သင်္ကန်းကို လှူခါနီး၌ ပုဂ္ဂိုလ်တစ်ပါးကို မရည်စူးမိအောင် သံဃာကို ရည်စူးနိုင်အောင် ဟောပြောသင့်ကြပေသည်။
ဂ။ စီဝရအစ္ဆိန္ဒနသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—သင်္ကန်းချင်းလဲပြီးနောက် ပြန်၍ လုယူမှု။
ထုလ္လနန္ဒာ၏ သင်္ကန်းလုယူခြင်း။ ။ ထုလ္လနန္ဒာသည် ဘိက္ခုနီ တစ်ယောက်နှင့် သင်္ကန်းချင်း သင်္ကန်းလုယူခြင်း လဲလှယ်၍ ထိုသင်္ကန်းကို သုံးစွဲနေ၏၊ ထိုသင်္ကန်းလဲသော ဘိက္ခုနီကား ထုလ္လနန္ဒာထံမှ ရသောသင်္ကန်းကို မသုံးသေးဘဲ ခေါက်ထား၏၊ ထုလ္လနန္ဒာသည်(လဲယူထားသောသင်္ကန်း အတော် နွမ်းနေမှ) ထိုဘိက္ခုနီထံသွား၍ “တပည့်တော်နှင့် လဲထားသော သင်္ကန်း ဘယ်မှာလဲ”ဟု မေး၏၊ ထိုဘိက္ခုနီသည် သိမ်းထားသောသင်္ကန်းကို ထုတ်ပြသောအခါ ထုလ္လနန္ဒာသည် “ရော့, ဒါဟာ အရှင်မရဲ့သင်္ကန်း၊ တပည့်တော်ရဲ့ သင်္ကန်းကို ပြန်ပေးတော့၊ အရှင်မ-ဥစ္စာ အရှင်မရဲ့ဥစ္စာဘဲ၊ တပည့်တော်ရဲ့ ဥစ္စာလဲ တပည့်တော် ဥစ္စာဘဲ”ဟု ပြောပြောဆိုဆို လုယူလေတော့သည်၊ [တကယ့်ကိုယ် ကိုယ့်ဥစ္စာအမှတ်နှင့် လုယူသောကြောင့် အဒိန္နာဒါနကား မထိုက်။ ထိုသို့လဲပြီးသော သင်္ကန်းကို ပြန်၍ လုယူကြောင်း ကြားသဖြင့် ကဲ့ရဲ့ ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ သဒ္ဓိံ စီဝရံ ပရိဝတ္တေတွာ သာ ပစ္ဆာ ဧဝံ ဝဒေယျ “ဟန္ဒာယျေ, တုယှံ စီဝရံ, အာဟရ မေတံ စီဝရံ, ယံ တုယှံ တုယှမေဝေတံ, ယံ မယှံ မယှမေဝေတံ, အာဟရ မေတံ စီဝရံ, သကံ ပစ္စာဟရာ”တိ အစ္ဆိန္ဒေယျ ဝါ အစ္ဆိန္ဒာပေယျ ဝါ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် အခြားဘိက္ခုနီနှင့်အတူ သင်္ကန်းချင်း လဲလှယ်ပြီး၍ ထိုဘိက္ခုနီသည် နောက်အခါ ဤသို့ပြောအံ့၊ (အဘယ်သို့ ပြောသနည်း၊) အရှင်, အရှင်မရဲ့ သင်္ကန်းကို ပြန်ယူတော့၊
စာမျက်နှာ-၃၅၅
တပည့်တော်ရဲ့လင်္ကန်းကို ယူခဲ့ပါ(ပြန်ယူတော့မည်-ဟူလို)အကြင် သင်္ကန်းသည် နဂိုကအရှင်မ၏ ဥစ္စာဖြစ်၏၊ ထိုသင်္ကန်းသည် ယခုလဲ အရှင်မ၏ ဥစ္စာပင်ဖြစ်၏၊ အကြင်သင်္ကန်းသည် နဂိုကတပည့်တော်၏ ဥစ္စာဖြစ်၏၊ ထိုသင်္ကန်းသည် ယခုလဲ တပည့်တော်ရဲ့ ဥစ္စာဘဲ၊ အဲဒီ တပည့်တော်၏ ဥစ္စာကို ဆောင်ယူခဲ့ပါ၊ ကိုယ့်ဥစ္စာကို ပြန်၍ယူပါ။ ဤသို့ပြောအံ့၊ ဤသို့ပြောပြီးလျှင် ပြောပြောဆိုဆို ကိုယ်တိုင်ဖြစ်စေ, ခိုင်း၍ဖြစ်စေ လုယူအံ့၊ ထိုဘိက္ခုနီမှာ နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။
ဃ။ အညံဝိညာပနသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—ထောပတ်ကိုတောင်းပြီးနောက် ရသောအခါ မလိုချင်ဟု ပြော၍ ဆီတောင်းမှု။
အခြားတစ်မျိုးပြော၍ အခြားတစ်မျိုး တောင်းမှု။ ။ ထုလ္လနန္ဒာသည် မကျန်းမမာဖြစ်နေ၏၊ သူ့ကို ကြည်ညိုသော ဥပါသကာတစ်ယောက်သည် ဂိလာနအမေးလာ၍ “ရောဂါက ဘာရောဂါပါလဲ, ဘာကို ယူခဲ့စေလိုပါ သလဲ”ဟုလျှောက်၏၊ ထုလ္လနန္ဒာသည် “ထောပတ်အလို ရှိတယ်”ဟု ပြောလိုက်၏။ ဥပါသကာသည် ဈေးဆိုင်မှ ထောပတ်တစ်ကျပ်ဖိုး ဝယ်ခဲ့၍ ထုလ္လနန္ဒာအား လှူလေသော်... (ဒီလိုပြောရလျှင် ပါလာသော ထောပတ်ကို လှူပြီး ဆီကိုလဲ နောက်ထပ် လှူလိမ့်မည်” ဟု ယူဆ၍) “ဥပါသကာ... ထောပတ် အလိုမရှိတော့ဘူး၊ ဆီကိုအလိုရှိသည်” ဟု ပြောလေသည်။
ဥပါသကာ ကဲ့ရဲ့ခြင်း။ ။ ဥပါသကာသည် (ထိုထောပတ်ကို ထုလ္လနန္ဒာမျှော်လင့် ခြင်းသလို မလှူခဲ့ဘဲ) ဈေးသည်ထံ သွား၍ အရှင်မက ထောပတ်မလိုတော့ဘူးတဲ့, ဆီကို အလိုရှိသတဲ့၊ ဒါ့ကြောင့် အသင်၏ ထောပတ်ကို ပြန်ယူပြီး ဆီကိုပေးပါ”ဟု ပြောလေသည်၊ ထိုအခါ ဈေးသည်က “ရောင်းပြီးသော ဘဏ္ဍာကို ပြန်ပြီး လက်ခံရမယ်ဆိုလျှင် ကျွန်တော့ ကုန်ပစ္စည်းတွေ ဘယ်တော့ ကုန်တော့မှာလဲ၊ ဆီလိုချင်လျှင် ဆီအဖို့ ယူခဲ့ပေါ့”ဟု ပြောလေသည်၊ ထိုစကားလည်း အမှန်ပင် ဖြစ်နေရကား ဥပါသကာလည်း ရှေ့မပြောသာတော့ဘဲ ထုလ္လနန္ဒာကိုသာ “ခုတစ်မျိုး ခုတစ်မျိုး တောင်းရကောင်းလားဟု ကဲ့ရဲ့လေတော့သည်၊ ထိုကြောင့် ဤ သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
စာမျက်နှာ-၃၅၆
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အညံ ဝိညာပေတွာ အညံ ဝိညာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် အခြားတစ်မျိုးကို ပထမတောင်းပြီးနောက်၊ ပြောင်းလဲ၍ အခြားတစ်မျိုးကို တောင်းပြန်အံ့၊ ထိုဘိက္ခုနီသည် နိဿဂ္ဂိပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ မကျန်းမမာသောအခါ သင့်တော်သော အစာနှင့်ဆေးကို တောင်းကောင်း၏၊ ထို့ကြောင့် ထောပတ်အပြင် ဆီကိုအလိုရှိ၍ ဆီကို ထပ်တောင်းလျှင်လည်းကောင်း, ဆေးဘက်အတူတူဝင်၍ ဆီက ဈေးချိုခြင်း စသော အကျိုးကိုပြောပြ၍ ထောပတ်တောင်းပြီးမှ ဆီကိုပြင်၍ တောင်းလျှင်လည်းကောင်း, အာပတ်မသင့်။
င။ အညံစေတာပနသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—အခုတစ်မျိုး အလဲခိုင်းပြီး, နောက်တစ်မျိုးအလံခိုင်းပြန်မှု။
ထုလ္လန္ဒာ စိတ်ယုတ်မာပုံ။ ။ ထုလ္လနန္ဒာသည် မကျန်းမမာ ဖြစ်နေ၏၊ ဥပါသကာတစ်ယောက်သည် ထုလ္လနန္ဒာထံလာ၍ မကျန်းမာကြောင်း သိသဖြင့် “ဈေးသည် (နာမည်ကို ဖေါ်ပြော၍)မည်သူ့ထံ ငွေတစ်ကျပ်အပ်ထားခဲ့ပါမည်၊ ထိုဈေးသည်ထံမှ အလိုရှိရာ အယူခိုင်းပါ” ဟု လျှောက်ထား၍ ပြန်သွားလေ၏၊ ထုလ္လနန္ဒာသည် သိက္ခမာန်(ဘိက္ခုနီလောင်း) တစ်ယောက်ကို ထိုဈေးသည်ထံမှ ဆီတစ်ကျပ်ဖိုးတန် (မိမိတွက် ပြော၍) တောင်းခံခဲ့ဖို့ရန် စေလွှတ်လိုက်လေသည်။ [သိက္ခမာန်အကြောင်းကို နောက်၌သိရလတံ့။]
ထိုသိက္ခမာန်သည် ဈေးသည်ထံမှ ဆီကိုတောင်း၍ ပြန်လာသောအခါ “ဆီကို မလိုချင်တော့ဘူး ထောပတ် အလိုရှိတယ်”ဟု ပြောလေသည်၊ [သိက္ခမာန်မသည် ပစ္စည်း, ဥစ္စာ ကြွယ်ဝသော အမျိုးသ္မီးဖြစ်၍ “ဆီကို ထုလ္လနန္ဒာအား ပေးခဲ့၍ ထောပတ်ကို သူ့ အမျိုးအိမ်က တောင်းခဲ့လိမ့်မည် အထင်နှင့် ထိုသို့ ဆီမလိုချင်ကြောင်း ထောပတ်ကို အလိုရှိကြောင်း ပြောခြင်းဖြစ်သည်။]
စာမျက်နှာ-၃၅၇
သိက္ခမာန် ငိုရပုံ။ ။ ထိုသိက္ခမာန်သည် ဈေးသည်ထံ ပြန်သွား၍ “အရှင်မက ဆီကို မလိုချင်ဘူးတဲ့၊ ထောပတ်ကို အလိုရှိသတဲ့၊ ဒါ့ကြောင့်, ဆီကို ပြန်ယူ၍ ထောပတ်ကို ပေးပါ”ဟု တောင်းလေရာ, ဈေးသည်က ရောင်းပြီးဘဏ္ဍာကို ပြန်၍ လက်ခံလျှင် ဘယ်တော့ ရောင်းလို့ကုန်တော့မှာလဲ၊ ထောပတ်လိုချင်လျှင် ထောပတ်ဖိုး ပေးပေါ့”ဟု ပြောလိုက်သောအခါ (ဆွေမျိုးအိမ်သို့လည်း သွား၍ မတောင်းဝံ့ရှာသော) သိက္ခမာန်မသည် ငိုရှာလေတော့၏၊ အခြားဘိက္ခုနီ တို့ကမေး၍ အကြောင်းကို ပြောပြသောအခါ ထုလ္လနန္ဒာကို ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အညံ စေတာပေတွာ အညံ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ဆီစသော အခြားဝတ္ထုကို လဲလှယ် စေပြီး၍ (ရလာသောအခါ) ထောပတ်စသော အခြားတစ်မျိုးကို ပြန်၍လဲစေအံ့၊ ထိုဘိက္ခုနီသည် နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ဤသိက္ခာပုဒ်၌ ရှေ့သိက္ခာပုဒ်၌ကဲ့သို့ စိတ်ကောင်းဖြင့် ပြန်၍ အလဲ ခိုင်းလျှင် အာပတ်မသင့်။
စ။ သံဃိကေန အညံ စေတာပန သိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—သင်္ကန်းကို ရည်ညွှန်း၍ လှူအပ်သော သံဃိကဥစ္စာဖြင့် ဆေးကိုလဲလှယ်စေ။
ဥပါသကာများ။ ။ သာဝတ္ထိမြို့၌ ဥပါသကာတို့သည် ဘိက္ခုနီသံဃာအား သင်္ကန်းလှူဖို့ရာ (တတ်နိုင်သမျှ လူကြဖို့ ပြောဆို၍) စုဆောင်းပြီးလျှင် ထိုရသမျှပစ္စည်းကို အထည်သည်တစ်ဦး၏အိမ်၌ ဘိက္ခုနီ သံဃာကတောင်းလျှင် လှူဖို့ရန်အပ်နှံ၍ ဘိက္ခုနီသံဃာအားလည်း အလိုရှိသောအခါ သင်္ကန်းကို အလှူခံဖို့ရန် လျှောက်ထားကြလေသည်။
ဘိက္ခုနီတို့သည် သင်္ကန်းလှူဖို့ ရည်မှန်းအပ်သော ထိုပရိက္ခရာဖြင့် ဆေးကို အလဲခိုင်း၍ သုံးစွဲလိုက်ကြလေရာ, အလှူရှင် ဥပါသကာတို့ ကြားသဖြင့် “သင်္ကန်းဖို့ ရည်မှန်းထားသော ပရိက္ခရာဖြင့် ဆေးကို လဲစေ၍
စာမျက်နှာ-၃၅၈
သုံးစွဲကြတာ ကောင်းသလား” ဟု ပြောဆို ပြစ်တင်ကြသောကြောင့် ဤသိက္ခာဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန ပရိက္ခာရေန အညုဒ္ဒိသိကေန သံဃိကေန အညံ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် အခြားပစ္စည်းအတွက် လှူအပ် အခြားပစ္စည်းကို ရည်ညွှန်း၍လှူအပ်သော သံဃိကပရိက္ခရာဖြင့် အလှူရှင် ရည်ညွှန်းအပ်သော ပစ္စည်းမှ အခြားပစ္စည်း တစ်မျိုးကို လဲစေအံ့ (လဲပေးဖို့ရန် ခိုင်းအံ့)၊ ထိုဘိက္ခုနီအား နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ အလှူရှင်တို့ ရည်ရွယ်တိုင်း လဲစေ၍ အပိုကို အခြားပစ္စည်းနှင့်လဲ၍ သုံးစွဲလျှင် လည်းကောင်း, အလှူရှင်များကို ကျေနပ်အောင် ပြောပြီးမှဖြစ်စေ, စစ်ဘေး သူခိုး ဓားပြ သူပုန်ဘေး ကြုံရာကာလ၌ဖြစ်စေ အခြားပစ္စည်းကို လဲစေလျှင်လည်းကောင်း, အနာပတ္တိ။
ဆ။ သံဃိက သံဃာစိကေန အညံ စေတာပန သိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—သင်္ကန်းကို ရည်ညွှန်း၍ လှူအပ်သော သံဃိကဥစ္စာ, ကိုယ်တိုင်တောင်း၍ ရသော ဥစ္စာ ၂-မျိုးဖြင့် ဆေးကို လဲစေမှု။
ဥပါသကာများ။ ။ ရှေ့သိက္ခာပုဒ်အတိုင်းပင် ဥပါသကာအများ စုပေါင်း၍ အထည်သည် အိမ်မှာ (ဆန် ဆီ စသော ရသမျှ ပစ္စည်းကို) အပ်နှံပြီးလျှင် ဘိက္ခုနီသံဃာအားလည်း ထိုပစ္စည်းဖြင့် သင်္ကန်းကို လဲစေ၍ သုံးစွဲဖို့ရန် ဖိတ်မန် လျှောက်ထားကြလေသည်၊ ဘိက္ခုနီတို့ကား သူတို့ရည်ရွယ်သည့်အတိုင်း မဟုတ်ဘဲ ထိုပစ္စည်းနှင့် မိမိတို့ အခြားမှ ရသော ပစ္စည်းပါပေါင်း၍ ထိုပစ္စည်း ၂-မျိုးဖြင့် ဆေးကိုလဲစေ၍ သုံးစွဲကြလေသည်၊ ထိုအကြောင်းကိုကြား၍ အလှူရှင် ဥပါသကာတို့ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန ပရိက္ခာရေန အညုဒ္ဒိသိကေန သံဃိကေန သညာစိကေန အညံ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
စာမျက်နှာ-၃၅၉
မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် အခြားပစ္စည်းအတွက် လှူအပ်-အခြားပစ္စည်းကို ရည်ညွှန်း၍ လှူအပ်သော သံဃိကပရိက္ခရာ, မိမိ ကိုယ်တိုင်တောင်း၍ ရသော ပရိက္ခရာ, ဤပရိက္ခရာ ၂-မျိုးဖြင့် အလှူ့ရှင် ရည်ညွှန်းအပ်သော ပရိက္ခရာမှ အခြားတစ်မျိုးသော ပရိက္ခရာကို လဲစေအံ့၊ ထိုဘိက္ခုနီမှာ နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။
ဇ။ မဟာဇနိကေန အညံ စေတာပန သိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—ယာဂုကို ရည်ညွှန်း၍ လှူအပ်သော ဘိက္ခုနီအများဆိုင် ပရိက္ခရာဖြင့် ဆေးကို လဲစေမှု။
ကျောင်းဒါယကာ အသင်း။ ။ အသင်းတစ်ခုက ဆောက်လုပ်လှူဒါန်းအပ်သော ကျောင်းပရိဝုဏ်အတွင်း၌ နေထိုင်ကြသော ဘိက္ခုနီတို့မှာ ယာဂု လုံလောက်စွာ မသောက်ရသဖြင့် ပင်ပန်းကြသည်ကို ထိုကျောင်းဒါယကာအသင်းက သိ၍ အသင်းသားများထံမှ တတ်နိုင်သမျှ ပစ္စည်းကို အလှူခံပြီးလျှင် ဈေးသည်တစ်ဦးထံ အပ်နှံထားကြပြီးနောက် ထိုကျောင်းနေ ဘိက္ခုနီတို့အားလည်း ထိုဈေးသည်ထံမှ ဆန်ကို အလှူခံဖို့ရန် လျှောက်ထားကြလေသည်။
ဘိက္ခုနီတို့သည် ထိုဈေးသည်အထံမှ ဒါယကာတို့ ရည်ညွှန်းအပ်သော ဆန်ကို အလှူမခံဘဲ ထိုအပ်နှံထားသော ပရိက္ခရာဖြင့် ဆေးကို လဲစေကြလေရာ, ထိုအကြောင်းကို ကြားသော အသင်းသားတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန ပရိက္ခာရေန အညုဒ္ဒိသိကေန မဟာဇနိကေန အညံ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် အခြားပစ္စည်းအတွက် လှူအပ် အခြားပစ္စည်းကို ရည်ညွှန်း၍ လှူအပ်သော ဘိက္ခုနီ အများဆိုင် ဖြစ်သော ပရိက္ခရာဖြင့် အခြားပစ္စည်းတမျိုးကို လှူစေအံ့၊ ထိုဘိက္ခုနီမှာ နိဿဂ္ဂိပါစိတ်အာပတ်သင့်၏။
စာမျက်နှာ-၃၆၀
ဈ။ မဟာဇနိကသံယာစိကေန အညံစေတာပနသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—ယာဂုကိုရည်ညွှန်း၍ လှူအပ်သော အများဆိုင်ပရိက္ခရာ ကိုယ်တိုင်တောင်း၍ရသော ပရိက္ခရာ ၂-မျိုးဖြင့်ဆေးကိုလဲ စေမှု။
ဥပါသကာများ။ ။ ရှေ့သိက္ခာပုဒ်အတိုင်းပင် ကျောင်းဒါယကာ အသင်းဝင် ဥပါသကာအများစုပေါင်း၍ ဈေးသည် တစ်ဦးအိမ်မှာ ဆန်ဆီစသော ပရိက္ခရာကို အပ်နှံပြီးလျှင် မိမိတို့ကျောင်း၌နေသော ဘိက္ခုနီ တို့အားလည်း ထိုဈေးသည်ထံမှ (ယာဂုအတွက်) ဆန်ကို အလှူခံဖို့ရန် လျောက်ထားကြလေသည်၊ ဘိက္ခုနီတို့ကား ထိုကျောင်းဒါယကာတို့ ညွှန်ပြအပ်သော ဆန်ကို မလဲစေဘဲ ထိုအပ်နှံထားသော ပရိက္ခရာ, မိမိတို့အခြား နေရာမှတောင်း၍ရသော ပရိက္ခရာမျိုးဖြင့် ဆေးကိုလဲစေကြလေသည်၊ ထိုအကြောင်းကိုကြား၍ အသင်းသား ကျောင်းဒါယကာတို့ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန ပရိက္ခာရေန အညုဒ္ဒိသိကေန မဟာဇနိကေန သညာစိကေန အညံ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် အခြားပစ္စည်းအတွက် လှူအပ် အခြားပစ္စည်းကို ရည်ညွှန်း၍ လှူအပ်သော အများဆိုင် ပရိက္ခရာ, မိမိကိုယ်တိုင် တောင်း၍ ရအပ်သော ပရိက္ခရာ, ဤပရိက္ခရာ ၂-မျိုးဖြင့် အလှူရှင် ရည်ညွှန်းအပ်သော ပရိက္ခရာမှ အခြားပရိက္ခရာတစ်မျိုးကို လဲစေအံ့၊ ထိုဘိက္ခုနီမှာ နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။
ည။ ပုဂ္ဂလိက သံယာစိကေန အညံ စေတာပန သိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—ကျောင်းကိုရည်ညွှန်း၍ လှူအပ်သော ပုဂ္ဂလိကပစ္စည်း, ကိုယ်တိုင်တောင်း၍ ရအပ်သော ပစ္စည်း ၂-မျိုးဖြင့် ဆေးကို လဲစေမှု။
ထုလ္လနန္ဒာနှင့် မဟာရာဇာ။ ။ ထုလ္လနန္ဒာသည် များသော အကြားအမြင်ရှိ၏၊ တရားတော်များကို အရဆောင်ထား၏၊ ရဲရင့်၏၊ တရားဟော ကောင်း၏၊ များစွာသော လူတို့သည် ထုလ္လနန္ဒာကို
စာမျက်နှာ-၃၆၁
ဆည်းကပ်ကြလေ၏၊ ထိုအခါ၌ ထုလ္လနန္ဒာ၏ ကျောင်းသည် ပြိုကျနေ၏၊ လူတို့က “ဘာ့ကြောင့် ကျောင်းပြိုပါသနည်း”ဟု မေးလျှောက်သောအခါ ပြုပြင်မည့် ဒါယကာမရှိကြောင်းကို ပြောပြသဖြင့် ကျောင်းပြင်ဖို့ရာ သဘောတူသူ လူအများစုပေါင်း၍ ဆန်စသော ပရိက္ခရာကို ထုလ္လနန္ဒာအား လှူကြလေသည်၊ ထုလ္လနန္ဒာသည် ထိုလှူအပ်သောပရိက္ခရာ, မိမိကိုယ်တိုင်လည်း တောင်း၍ရသော ပရိက္ခရာ, ၂-မျိုးဖြင့် ကျောင်းမပြင်ဘဲ ဆေးကို လဲစေလေရာ, ထိုအကြောင်းကို ကြားသောလူတို့ ကဲ့ရဲ့သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန ပရိက္ခာရေန အညုဒ္ဒိသိကေန ပုဂ္ဂလိကေန သညာစိကေန အညံ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် အခြားပစ္စည်းအတွက် လှူအပ်-အခြားပစ္စည်းကို ရည်ညွှန်း၍လှူအပ်သော မိမိပိုင်ပုဂ္ဂလိက ပရိက္ခရာ, ကိုယ်တိုင်တောင်း၍ ရအပ်သော ပရိက္ခရာ, ၂-မျိုးဖြင့် အလှူရှင် ရည်ညွှန်းအပ်သော ပရိက္ခရာမှ အခြားတစ်မျိုးကို လဲစေအံ့၊ ထိုဘိက္ခုနီမှာ နိဿဂ္ဂိ ပါစိတ်အာပတ်သင့်၏။
ဋ။ ဂရုပါဝုရဏ စေတာပန သိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—ကောသလမင်း၏ ကမ္ဗလာကို တောင်းမှု။
ထုလ္လနန္ဒာ။ ။ ထုလ္လနန္ဒာသည် (ရှေ့သိက္ခာပုဒ်၌ ပြခဲ့သည့် အတိုင်း) အပြောကောင်း, အဟောကောင်းဖြစ်ရကား ကောသလမဟာရာဇာသည် ဧချမ်းသောအခါဖြစ်၍ အဖိုးတန် ကမ္ဗလာကို ခြုံလျက် ထုလ္လနန္ဒာအထံသို့ ရောက်လာ၏၊ ထုလ္လနန္ဒာသည် ကောသလမဟာရာဇာအား တရားစကားပြောဟော၍ သဘောကျသောကြောင့် “အရှင်မ အလိုရှိတာ ပြောပါ”ဟု ဖိတ်မံလေသည်၊ ထုလ္လနန္ဒာလည်း(အချိန်မဆိုင်းဘဲ) “လှူလိုလျှင် ဒီကမ္ဗလာကို လှူခဲ့ပါလား”ဟု ပြောလေသော် မဟာရာဇာလည်း မရှောင်သာဘဲ ကမ္ဗလာကို လှူခဲ့ရလေသည်။
စာမျက်နှာ-၃၆၂
လူတို့ကဲ့ရဲ့ပုံ။ ။ ထိုအကြောင်းကို ကြားသိရသော လူတို့သည် “ဘိက္ခုနီတွေဟာ အလွန်အလို(လောဘ)ကြီးကြသည်, တင်းတိမ်ရောင့်ရဲခြင်း မရှိကြ၊ ဘယ့်နှယ်, မဟာရာဇာကိုတောင် ကမ္ဗလာ အလှူခံကြရ သလဲ”ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ။ ဂရုပါဝုရဏံ ပန ဘိက္ခုနီယာ စေတာပေန္တိယာ စတုက္ကံသပရမံ စေတာပေတဗ္ဗံ။ တတော စေ ဥတ္တရိ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ လေးသောခြုံထည် တောင်းသောဘိက္ခုနီသည် အလွန်ဆုံး ၄-ကံသသာ တန်သော ခြုံထည်ကို တောင်းရမည်၊ ထို့ထက်ပို၍ တန်ဘိုးရှိသော ခြုံထည်ကိုတောင်းလျှင် နိဿဂ္ဂိ ပါစိတ် အာပတ် သင့်၏။
မှတ်ချက်။ ။ လေးသာ ခြုံထည်ဟူသည် ဧသောအခါ ခြုံဖို့ရာ ခြုံထည်တည်း၊ တကံသသည် ၄-ကျပ်ရှိ၏။ ထို့ကြောင့် ၁၆-ကျပ်တန် ခြုံထည်ကို “စတုက္ကံသ = ၄-ကံသ တန်”ဟု ဆိုသည်။
ဌ။ လဟုပါဝုရဏ စေတာပန သိက္ခာပုဒ်
ထုလ္လနန္ဒာနှင့် မဟာရာဇာ။ ။ ကောသလမဟာရာဇာသည် ပူအိုက်သောအခါဝယ် အဖိုးများစွာ ထိုက်တန်သော ခေါမတိုင်းဖြစ် ခြုံထည်ကို ခြုံ၍ ထုလ္လနန္ဒာအထံ ရောက်လာပြန်ရာ ထုလ္လနန္ဒာ ဟော ပြောအပ်သောတရားစကားကို ... သဘောကျ၍ “အလိုရှိတာ ပြောပါ”ဟု ဖိတ်ပြန်လေသည်၊ ထုလ္လနန္ဒာသည် ချက်ခြင်းပင် “လှူလိုလျှင် ဒီခြုံထည်ကို လှူခဲ့ပါလား”ဟု တောင်းလေသည်၊ မဟာရာဇာလည်း မရှောင်သာ၍ လူရ လေသော် (ရှေ့သိက္ခာပုဒ် အတိုင်း) လူတို့က ကဲ့ရဲ့ပြန်သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ လဟုပါဝုရဏံ ပန ဘိက္ခုနီယာ စေတာပေန္တိယာ အဍ္ဎတေယျကံသပရမံ စေတာပေတဗ္ဗံ။ တတော စေ ဥတ္တရိ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
စာမျက်နှာ-၃၆၃
မြန်မာပြန်။ ။ ပေါ့သော ခြုံထည်ကို တောင်းလိုသော ဘိက္ခုနီသည် အလွန်ဆုံး ၂-ကံသခွဲသာ တန်ဘိုးရှိသောခြုံထည်ကို တောင်းရမည်၊ ထို့ထက်ပို၍ တန်ဘိုးရှိသော ခြုံထည်ကိုတောင်းလျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ ပူအိုက်သောအခါ ခြုံရသောခြုံထည်ကို “ပေါ့သောခြုံထည်”ဟု ဆို၏။ “ခြုံထည်” ဟူသည်လည်း ဣန္ဒြိယလူမျိုးတို့ အပေါ်ပိုင်း၌ ခြုံလေ့ ရှိသော အပေါ် ခြုံမျိုးပင် ဖြစ်ဟန်တူသည် ၂-ကံသခွဲ” ဟူသည် ၁၀တည်း။
နိဿဂ္ဂိပါစိတ်။ ။ [နိဿဂ္ဂိ= စွန့်ခြင်း။] ဝိနည်းထုံးစံအရ သံဃာ့ထံမှာ ဖြစ်စေ, ၂-ပါး ၃-ပါး (ဂိုဏ်း) ထံမှာ ဖြစ်စေ, ၁-ပါး (ပုဂ္ဂိုလ်) ထံမှာ ဖြစ်စေ ရရှိသောပစ္စည်းကို စွန့်ရသည်၊ ထိုသို့စွန့်ပြီးမှ ပါစိတ် အာပတ်ကို ဒေသနာပြောရ၏၊ ဒေသနာ ပြောကြားရုံဖြင့် မပြီးဘဲ ပစ္စည်းကိုလည်း စွန့်ရသေးသောကြောင့် “နိဿဂ္ဂိပါစိတ်အာပတ်” ဟု ခေါ်သည်။
သိက္ခာပုဒ် ၃၀။ ။ ဘိက္ခုတို့အတွက် နိဿဂ္ဂိယပါစိတ္တိယသိက္ခာပုဒ် ၃၀ ရှိသကဲ့သို့ ဘိက္ခုနီများအတွက်လည်း ၃၀ ပင်ရှိ၏၊ ဘိက္ခုနီတို့၏ ၃၀-ကား ပြခဲ့သော ၁၂-ပါး, ဘိက္ခု၏ စီဝရဝဂ်လာ ၁၀ ပါးတွင် ပုရာဏစီဝရဓောဝါပနနှင့် စီဝရပရိဝတ္တန သိက္ခာပုဒ် ၂-ပါးကို ကြဉ်၍ စီဝရဝဂ်လာ ဂ ပါး, ပတ္တဝဂ်လာ ၁၀ ပါး, ပေါင်း ၃၀ ဖြစ်၏။
နိဿဂ္ဂိယပါစိတ်အခန်းပြီး၏။
စာမျက်နှာ-၃၆၄
၄။ သုဒ္ဓပါစိတ်အခန်း
လသုဏဝဂ်
က။ လသုဏသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—အလိုက်မသိဘဲ ကြက်သွန်ဖြူတို့ကို များစွာဆောင်ယူစေမှု။
ထုလ္လနန္ဒာ၏ အလိုက်မသိမှု။ ။ သာဝတ္ထိမြို့နေ ဥပါသကာ တစ်ယောက်သည် ဘိက္ခုနီ သံဃာအား ကြက်သွန်ဖြူဖြင့် ဖိတ်မံပြီးလျှင် ယာတော စောင့်သူကိုလည်း ဘိက္ခုနီများ လာခဲ့သော် တစ်ပါးလျှင် ဂဏ္ဌိကမည်သော ကြက်သွန်ဖြူ ၂-ဥ, ၃-ဥစီ လှူဖို့ရန် မှာထား၏။ [“ဂဏ္ဌိက”ဟူသည် အမြှောင့်များစွာပါသော မဂဓတိုင်းဖြစ် ကြက်သွန်ဖြူဥ တစ်မျိုးတည်း။]
ထိုသို့ ဖိတ်မံထားရာအခါ၌ပင် သာဝတ္ထိမြို့၌ ပွဲသဘင်ရှိလေရာ ယာခင်းမှ ဆောင်ယူခဲ့သမျှ ကြက်သွန်ဖြူတွေသည် ရောင်း၍ မလောက်နိုင်အောင် ကုန်လေတော့၏၊ ဘိက္ခုနီတို့သည် ထိုအချိန်မှာပင် ဥပါသကာ ထံသွား၍ ကြက်သွန်ဖြူအလိုရှိကြောင်း ပြောကြလေသော်, ဥပါသကာသည် အိမ်မှာ ကြက်သွန်ဖြူ မရှိသောကြောင့် “ယာခင်းသို့ သွားကြပါတော့”ဟု လျှောက်ရလေသည်၊ ထိုအခါ ထုလ္လနန္ဒာသည် ယာခင်းသို့သွား၍ ပမာဏကို မသိဘဲ များစွာသော ကြက်သွန်ဖြူကို ဆောင်ယူစေလေသော် ယာခင်းစောင့်သူက မကျေနပ်၍ ကဲ့ရဲ့သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ လသုဏံ ခါဒေယျ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် ကြက်သွန် ဖြူကို ခဲစားအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ကြက်သွန်ဖြူကို ခဲစားရာ၌ “ဘိက္ခုနီတို့မှာ ပါစိတ်အာပတ်၊ ဘိက္ခုတို့မှာ ဒုက္ကဋ်၊ ရောဂါရှိ၍ ဓါတ်စာ သဘောဖြင့်ကား စားကောင်း၏ ဟု ခုဒ္ဒကဝတ္ထု၊ ခန္ဓက၌ မိန့်တော်မူသည်၊ “ကြက်သွန်ဖြူ”ဟူ ရာ၌ မဂဓတိုင်း၌ ဖြစ်သော အမြှောင့် များစွာပါသော ကြက်သွန်ဖြူ မျိုးကို ဆိုလိုသည်၊ ၁-မြှောင့်, ၂-မြှောင့်, ၃-မြှောင့်လောက်မျှပါသော ကြက်သွန်မျိုးကို မဆိုလို၊ ထိုကြက်သွန်ဖြူကိုလည်း ဟင်း-လက်သုတ် စသည်၌ထည့်ခတ်ခြင်း
စာမျက်နှာ-၃၆၅
မဟုတ်ဘဲ အစိမ်း သက်သက် စားမှ အာပတ်သင့်သည်၊ ဟင်း စသည်၌ ပါမူအနာပတ္တိ၊ “ပလဏ္ဍက”ခေါ် တမြှောင့်ထည်းရှိသော ကြက်သွန်, ဝါ “ဘဉ္ဇနက”ခေါ် ၂-မြှောင့် ရှိသော ကြက်သွန်နီ (“ဘဉ္ဇနကော လောဟိတဝဏ္ဏော”အဋ္ဌကထာ)၊ “ဟရိတက”ခေါ် ၃-မြှောင့်ရှိသော ကြက်သွန်စိမ်း, “စာပ”ခေါ် အမြှောင့်လုံးဝမရှိသော ကြက်သွန်မိတ်တို့ကိုကား သူ့ချည်းစားသော်လည်း အနာပတ္တိ။
ခ။ သမ္ဗာဓသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။
အမှု—အင်္ဂါဇာတ်အမွေးတို့ကိုနုတ်(ရိတ်)မှု။
ဆဗ္ဗဂ္ဂီမများ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့၏ ဩဝါဒခံသော ဘိက္ခုနီများကိုလည်း “ဆဗ္ဗဂ္ဂိယာ”ဟုခေါ်၏၊ ထိုဘိက္ခုနီတို့သည် အင်္ဂါဇာတ် မွေးတို့ကို ဖယ်ကြ, နုတ်ကြ, ရိတ်ကြပြီးလျှင် အစီရဝတီမြစ်၌ ရေလဲမပါဘဲ ပြည့်တန်ဆာမတို့နှင့် ရောနှော၍ ရေချိုးကြကုန်၏၊ ထိုအခါပြည့်တန်ဆာမတို့သည် ဘိက္ခုနီတွေကလဲ ကာမဂုဏ်ခံစားသော လူဝတ်ကြောင် မိန်းမများလို အမွေးအမျှင်ကို နှုတ်ကြ, ရိတ်ကြရသတဲ့လား” ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ သမ္ဗာဓေ လောမံ သံဟရာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ကျဉ်းမြောင်းသော (ကြိုင်းကြား, အင်္ဂါဇာတ်)အရပ်၌-အမွေးအမျှင်ကို ပယ်ရှားအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ကတ်ကျေး, မွေးညှပ်, သင်တုန်းတို့တွင် ဘာနှင့်မျှ မပယ်ရှားရ၊ ဘိက္ခုတို့ပယ်ရှားလျှင် ဒုက္ကဋ်ဟု ခုဒ္ဒကဝတ္ထုခန္ဓက၌ မိန့်၏။ အနာရောဂါရှိ၍ ဆေးမစွဲလျှင် ပယ်ရှားကောင်း၏။
ဂ။ တလဃာတကသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီ ၂-ယောက်။
အမှု—အင်္ဂါဇာတ်ကို ပုတ်ခတ်မှု။
ဘိက္ခုနီ ၂-ယောက်။ ။ သာဝတ္ထိမြို့၌ ဘိက္ခုနီ ၂-ယောက်သည် သာသနာတော်၌ မပျော်နိုင်အောင် ဖြစ်နေရကား အခန်းတွင်းသို့ ဝင်၍ သူတို့၏ အင်္ဂါဇာတ် အပြင်ကို (နင်တို့ကြောင့် မပျော်
စာမျက်နှာ-၃၆၉
တာဘဲ ဟူသော အနေဖြင့် တဖတ်ဖတ်အသံမြည်အောင်) ညှဉ်းဆဲနှိပ်စက်ကြကုန်၏၊ ထိုအသံကို ကြား၍ အခြားဘိက္ခုနီတို့ ပြေးဝင်လာပြီးလျှင် “ယောက်ျားနှင့် ဖေါက်ပြားနေကြသလား” ဟု မေးကြလေရာ, သူတို့၏ အဖြစ်မှန်ကို ပြောပြကြလေသည်၊ ထိုအခါ ဘိက္ခုနီအများက ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ တလဃာတကေ ပါစိတ္တိယံ။
မြန်မာပြန်။ ။ ပဿာဝမဂ်(အင်္ဂါဇာတ်)အပြင်ကို ပုတ်ခတ်ခြင်းကြောင့် ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ပဿာဝမဂ်ကို လက်, တုတ်စသည်သာမက ကြာရွက်ဖက်, ကြာဝတ်ဆံ ကလေးနှင့်မျှ မပုတ်ခတ်ရ၊ မဂ်နား၌ပေါက်နေသော အနာရှိ၍ ပုတ်ခတ်သင့်၍ကား အနာ့ကိုသာ ပုတ်ခတ်ကောင်း၏။ [ရဟန်းတစ်ပါးကား ထိုကဲ့သို့ မမွေ့လျော်မှုဖြစ်သောအခါ သူ၏အင်္ဂါဇာတ်ကို ဖြတ်ပစ်လေတော့၏။ ထိုအကြောင်းကို ဘုရားရှင်ကြားတော်မူ၍ အင်္ဂါဇာတ်ကို မဖြတ်ရ, ဖြတ်လျှင် ထုလ္လစ္စဉ်းအာပတ်”ဟု ပညတ်တော်မူရလေသည်။ ... ခုဒ္ဒကဝတ္ထုခန္ဓက။]
ဃ။ ဇတုမဂ္ဂကသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီတစ်ယောက်။
အမှု—သူ၏အင်္ဂါသို့ ချိပ်တောင့်သွင်းမှု။
မောင်းမဟောင်းထံမှ နည်းရပုံ။ ။ ရှင်ဘုရင်၏ မောင်းမဟောင်း(မိဖုရားငယ်)ဖြစ်ဘူးသော မိန်းမတစ်ယောက်သည် ဘိက္ခုနီပြုလုပ်နေ၏၊ အခါတစ်ပါး၌ အခြား ဘိက္ခုနီတစ်ယောက်သည် တဏှာရာဂ ထကြွသဖြင့် ဘိက္ခုနီဘဝ၌ မပျော်ပိုက်နိုင်အောင် ရှိလေ၏။ ထိုအခါ ထိုဘိက္ခုနီသည် မောင်းမဟောင်း ဘိက္ခုနီထံကပ်၍ မေးမြန်းသည်မှာ-မိဖုရားတွေ အများကြီးထားသော ရှင်ဘုရင်သည် အရှင်မတို့ဆီသို့ အတော်ကြာမှ အလှည့်ကျမှာဘဲ၊ အဲဒီတော့ ကိုယ့်ဆီလာလှည့် မကျတဲ့အခါ ဘယ်လိုများ ချုပ်တည်းထားကြပါသလဲ။
ထိုအခါ ထိုမောင်းမဟောင်း ဘိက္ခုနီသည် ရှင်းရှင်းနှင့် ဘွင်းဘွင်း ပြောသည်မှာ- “ချိပ်တောင့်နှင့် ဖြေရတာပေါ့”တဲ့၊ ထိုဘိက္ခုနီမသည် သဘောမပေါက်၍ ချိပ်တောင့်အကြောင်းကို မေးပြန်ရာ, မောင်းမဟောင်း
စာမျက်နှာ-၃၆၇
ဘိက္ခုနီသည် စုံစုံလင်လင်ပြောပြလေတော့၏၊ ထိုအခါသဘောကျ၍ သူ၏ ထကြွမှုကိုလည်း ချိပ်တောင့်ဖြင့် ဖျော်ပြီးနောက် ရေဆေးရမည်ကို သတိမရဘဲ တနေရာ ပစ်ထားမိလေသည်။
ထိုအခါ ယင်တွေအုံနေသော ထိုဟာကို ဘိက္ခုနီတို့မြင်ကြ၍ စစ်ဆေး မေးမြန်းသောအခါ ထိုဘိက္ခုနီမသည် သူ့ဥစ္စာဖြစ်ကြောင်း ဝန်ခံရလေသည်၊ ထိုဘိက္ခုနီကို အများကပင် ကဲ့ရဲ့ရှုတ်ချ၍ တဆင့်အားဖြင့် ဘုရားရှင် ကြားသိတော်မူရကား ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ဇတုမဋ္ဌကေ ပါစိတ္တိယံ။
မြန်မာပြန်။ ။ ချောမောသောချိပ်တောင့်ဖြင့် ပဿာဝမဂ်ကို သွင်းခြင်းကြောင့် ပါစိတ်အာပတ်သင့်၏၊ ဤသိက္ခာပုဒ်တော်အရ ချိပ်ဖြင့် ပြုလုပ်ထားသော အတောင့်သာမက, သစ်သား မြေညက်စသည်ဖြင့် ပြုလုပ်သော အတောင့်, အတန်ဟူသမျှ (ကြာဝတ်ဆံကလေးကိုမျှ) အင်္ဂါအတွင်းသို့ မသွင်းရ။
င။ ဥဒကသုဒ္ဓိကသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီတစ်ယောက်။
အမှု—အလွန်နှိုက်၍ ရေဆေးမှု။
မိထွေးတော်။ ။ ကပိလဝတ်နေပြည်တော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် မိထွေးတော် ဂေါတမီသည် ဘုရားအထံတော်သို့ လာ၍ (မြတ်စွာဘုရားအထံ မကောင်းအနံ့ ရောက်မည် စိုးသောကြောင့်) လေအောက်က ထိုင်ပြီးလျှင် “မြတ်စွာဘုရား၊ မာတုဂါမဆိုတာ (နဂို အတိုင်းဆိုလျှင်) အနံ့မကောင်းပါဟု လျှောက်ရှာလေသည်၊ ထိုအခါ ဘုရားရှင်သည် “ဘိက္ခုနီမများ သန့်ရှင်းစင်ကြယ်အောင် ရေကိုယူနိုင်= ရေဆေးနိုင်သည်”ဟု မိန့်တော်မူ၍ တရားစကား ဟောပြောတော် မူပြီးနောက် မိထွေးတော်ပြန်သွားသောအခါ သံဃာစည်းဝေး၍ ဘိက္ခုနီများအတွက် ရေဆေးမှုကို ခွင့်ပြုတော် မူရလေသည်။
အလွန်အကျွံ ဆေးမှု။ ။ ထိုသို့ ခွင့်ပြုတော်မူလိုက်လျှင်ပင် ဘိက္ခုနီအများတို့ သူတို့ အင်္ဂါအတွင်းကို ဆေးကြလေရာ ဘိက္ခုနီတစ်ယောက်မှာမူ နှိုက်ရင်းနှိုက်ရင်း သာယာသည့်အတွက် လက်ချောင်းကို
စာမျက်နှာ-၃၆၀
အတော်နက်အောင်သွင်း၍ ဆေးခြင်းကြောင့် အတွင်း၌ အနာဖြစ်နေရကား မနေသာသဖြင့် နီးစပ်ရာဘိက္ခုနီများကို ပြောပြရလေတော့သည်၊ ထိုအခါ ကြားကြားသမျှ ဘိက္ခုနီတို့က “ဒါလောက်နက်အောင် နှိုက်၍ ဆေးရ မလား”ဟု အပြစ်တင်ပြီးလျှင် ဘုရားရှင်ကြားလောက်အောင် လျှောက်ထား ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ဥဒကသုဒ္ဓိကံ ပန ဘိက္ခုနိယာ အာဒိယမာနာယ ဒွင်္ဂုလပဗ္ဗပရမံ အာဒါတဗ္ဗံ။ တံ အတိက္ကာမေန္တိယာ ပါစိတ္တိယံ။
မြန်မာပြန်။ ။ ရေဆေးမှုကိုပြုသော ဘိက္ခုနီသည် လက် ၂-ချောင်း၏ လက် ၂-ဆစ်လောက်သာ နှိုက်၍ ဆေးရမည်၊ ထိုထက်ပို၍ နှိုက်ဆေးလျှင်(လက်အတွေ့ကို သာယာ၍ တဆံခြည်မျှ ပိုသွားလျှင်) ပါစိတ်အာပတ်သင့်၏၊ (လက် ၂-ဆစ်ဟူရာ၌ လက်တချောင်းလျှင် တဆစ်စီအားဖြင့် ၂ ဆစ်ဟုမှတ်။)
စ။ ဥပဋ္ဌာနသိက္ခာပုဒ်
အမှုသည်—အမတ်ကတော်ဟောင်း ဘိက္ခုနီ။
အမှု—ဆွမ်းစားသောရဟန်းအနီး၌ သောက်ရေ-ယပ်ခတ်မှုဖြင့် ပြုစုခြင်း။
အမတ်နှင့် ကတော်ဟောင်း။ ။ သာဝတ္ထိမြို့၌ အမတ်ကြီးတစ်ယောက်သည် ရဟန်းပြုလုပ် သွားသဖြင့် အမတ်ကတော်လည်း ဘိက္ခုနီပြုလုပ် သွားလေသည်၊ တစ်နေ့သ၌ အမတ်ဟောင်း ရဟန်းသည် အမတ်ကတော်ဟောင်း ဘိက္ခုနီထံမှာ ဆွမ်းစားနေစဉ် ကတော်ဟောင်း ဘိက္ခုနီသည် လက်တဘက်ဖြင့် သောက်ရေခွက်ကိုကိုင်၍ လက်တဘက်ဖြင့် ယပ်ခတ်ပေးနေ၏၊ ထိုသို့ ပြုစုနေရင်း(ရှေးဟောင်းနှောင်း ဖြစ်တွေကို တွေးမိကာ) “ဟိုတုန်းကလဲ အရှင်ဘုရား ထမင်းစားနေပလားဆို ဒီလိုဘဲ ပြုစုခဲ့ရတယ်နော်”ဟုပြောလေရာ, “ဟင်းဟင်းမတော်ဘူး, ဒီလိုစကားတွေ မပြောနှင့်” ဟု တားမြစ်ငေါက်ငမ်း လေသော်...အောင်မ, ဟိုတုန်း ကတော့ငါ့ကို ဟိုလိုပြု ဒီလိုပြုနှင့် ပြုချင်တိုင်းပြုခဲ့ပြီးတော့, အခုမှဒီစကား ကလေးကိုမခံနိုင်ဘူးလား” ဟု ပြောပြောဆိုဆို ကိုင်ထားသောရေခွက်ကို
စာမျက်နှာ-၃၆၉
ထိပ်ပေါ်ပစ်ချ၍ ယပ်တောင်နှင့် ရိုက်လေတော့သတည်း၊ ထိုသို့ဖြစ်ပုံကို အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြ၍ ဘုရားရှင်သိတော်မူသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဘိက္ခုဿ ဘုဉ္ဇန္တဿ ပါနီယေန ဝါ ဝိဓူပနေန ဝါ ဥပတိဋ္ဌေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ဆွမ်းစားနေသောရဟန်း၏ အနီး၌ သောက်ရေဖြင့် သော်လည်းကောင်း, ယပ်ဖြင့်သော်လည်းကောင်း, တည်နေ့အံ့၊ (သောက်ရေ ယပ်ခတ်မှုဖြင့် ပြုစုလုပ်ကျွေးအံ့၊) ထိုဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။
မှတ်ချက်။ ။ ဤသိက္ခာပုဒ်၏ ဝတ္ထုကြောင်း၌ ရိုက်နှက်မှုပါသော်လည်း ရိုက်နှက်မှုသည် ဤသိက္ခာပုဒ်နှင့် မဆိုင်၊ ရေ-ယက်တက်ရည်-နွားနို့ စသော အရည်ဖြင့်လည်းကောင်း, ယပ်ဖြင့်လည်းကောင်း, ပြုစုမှုသာဆိုင်၏။ ဘိက္ခုနီက ဘိက္ခုကို ပုတ်ခတ်ရိုက်နှက်လျှင် ဒုက္ကဋ်အာပတ်သင့်၏။ (ဘိက္ခုနီခန္ဓက)။
ဆ။ အာမကမညသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—စပါးကို တောင်း၍စားမှု။
စပါးတောင်း၍ ယူလာခြင်း။ ။ သာဝတ္ထိမြို့၌ ဘိက္ခုနီတို့သည် ကောက်(စပါး)ပေါ်ချိန်၌ (ဉာတိ, ပဝါရိတတို့အထံ၌)စပါးကိုတောင်း၍ မြို့တွင်းသို့ (သူတို့၏ကျောင်းသို့)ယူလာကြကုန်၏၊ မြို့တံခါးပေါက်သို့ ရောက်သောအခါ အစောင့်တို့က(ဆန်ဆိုလျှင်ကိစ္စမရှိ) စပါးသွင်းယူလာသည့်အတွက် အခွန်ကောက်သည့် အနေအားဖြင့် ကျသင့်သောအဖို့(ဘာဂ)ကို ပေးရမည်ဟု ပြောဆိုနှောင့်ယှက်ပြီးမှ လွှတ်လိုက်ကြလေသည်၊ ကျောင်းသို့ ရောက်သောအခါ ထိုဖြစ်ခဲ့ပုံကို ပြောပြသဖြင့် “စပါးကိုတောင်းရကောင်းလား” ဟု အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အာမကဓညံ ဝိညတွာ ဝါ ဝိညာပေတွာ ဝါ ဘဇ္ဇိတွာ ဝါ ဘဇ္ဇာပေတွာ ဝါ ကောဋ္ဋေတွာ ဝါ ကောဋ္ဋာပေတွာ ဝါ ပစိတွာ ဝါ ပစာပေတွာ ဝါ ဘုဉ္ဇေယျ, ပါစိတ္တိယံ။
စာမျက်နှာ-၃၇၀
မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် စပါးစိမ်းကို (စပါးဟူသမျှကို ခြောက်သွေ့နေသော်လည်း စပါးစိမ်းဟု ခေါ်၏၊) ကိုယ်တိုင် တောင်းပြီးလျှင်, သို့မဟုတ် အတောင်းခိုင်းပြီးလျှင် ကိုယ်တိုင်(ပေါက် ပေါက်လှော်သလို) လှော်၍ဖြစ်စေ, သူတစ်ပါးကို အလှော်ခိုင်း၍ ဖြစ်စေ, ကိုယ်တိုင်ထောင်း၍ဖြစ်စေ, သူတစ်ပါးကို အထောင်းခိုင်း၍ ဖြစ်စေ, ကိုယ်တိုင်ချက်၍ ကြို၍ဖြစ်စေ, သူတစ်ပါးကို အချက်အကြိုခိုင်း၍ ဖြစ်စေ စားအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ရဟန်းယောက်ျားများကား စပါးကိုကိုင်လည်း မကိုင်ရ, လှူစေကာမူ အလှူမခံရ၊ ကိုင်လျှင် အလှူခံလျှင် ဒုက္ကဋ်အာပတ်သင့်သည်။
ဇ။ တိရောကုဋ္ဋသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီတစ်ယောက်။
အမှု—နံရံတဘက်၌ ကျင်ကြီးခွက်ကို စွန့်ပြစ်မှု။
ပုဏ္ဏား တစ်ယောက်။ ။ ယခုခေတ်၌ ဈေးခွန်ကောက်ခွင့်ရသူ စသည်တို့ကဲ့သို့ အခွန်အတုတ်ကောက်ခွင့် အာဏာတစ်ခု ရရှိထားသော ပုဏ္ဏားတစ်ယောက်သည် ထိုရာထူးကို နောက်တနှစ်အတွက် ဆက်လက်ရအောင် မင်းထံသို့ အတောင်းသွားမည်ဟု ကြံ၍ ခေါင်းလျှော် ရေချိုးပြီးလျှင် ဘိက္ခုနီတို့၏ ကျောင်းတံတိုင်းနှင့် ကပ်နေသော လမ်းဖြင့် မင်းထံသို့ သွားစဉ် ဘိက္ခုနီတစ်ယောက်ကလည်း ကျင်ကြီးစွန့်ထားသော ခွက်တစ်ခုကို တံတိုင်းပြင်ဘက်သို့ အပစ်လိုက်မှာ ပုဏ္ဏား၏ဦးခေါင်း ပေါ်သို့ တည့်တည့်ကြီး ကျသွားလေတော့သည်။
ပုဏ္ဏားသည် (“မင်္ဂလာရှိအောင် ခေါင်းလျှော် ရေချိုး၍ ရာထူးအတွက် သွားခါမှ အမင်္ဂလာဖြစ်ရလေခြင်း” ဟု မကျေမနပ်ဖြစ်ကာ) ဘိက္ခုနီတို့၏ ကျောင်းကို မီးရှို့မည်ဟု မီးစကိုင်၍ ဝင်လာသည်ကို ကျောင်းမှထွက်လာသော ဥပါသကာမြင်၍အကြောင်းအရာကို မေးမြန်းသောအခါ ခင်ဗျာ... ကျုပ်က ရှင်ဘုရင့်ထံ ရာထူးတောင်းမယ်လို့ အသွားမှာ ဟောဒီ ကတုံး လင်ထောင်မတွေက သူတို့ချေးခွက်ကို ကျုပ်ခေါင်းပေါ် ပစ်ချကြတယ်၊ ဒါ့ကြောင့် ကျုပ်က ဒင်းတို့ကျောင်းကို မီးရှို့ မလို့”ဟု ပြောလေရာ, အပြောကောင်း အချော့ကောင်း ဥပါသကာက “ဒီလိုဆိုရင် ဒါဟာ မင်္ဂလာဘဲ, သွားသာ သွားတော့ အသပြာတထောင်ရော ရာထူးရော ရပါလိမ့်မည်”ဟု
စာမျက်နှာ-၃၇၁
ပြောသဖြင့် စိတ်ဆိုးပြေကာ တဖန်ခေါင်းလျှော် ရေချိုး၍ မင်းထံသို့ သွားလေသော် ဥပါသကာ ပြောသည့်အတိုင်းပင် အသပြာတထောင်နှင့် ရာထူးပါ ရခဲ့လေသည်။
ကျောင်းမှ ထွက်လာသော ဥပါသကာလည်း ကျောင်းသို့ ပြန်ဝင်၍ ဘိက္ခုနီတို့အား ပုဏ္ဏားစိတ်ဆိုး၍ ကျောင်းမီးရှို့ မည်ဟု ဝင်လာကြောင်း နောင်ခါ ဒီလိုမပစ်ကြဖို့ အကြောင်းကို ပြောပြလေလျှင် ထိုအကြောင်းကို ကြားသိရသော ဘိက္ခုနီတို့က ထိုသွန်ပစ်သော ဘိက္ခုနီကို ကဲ့ရဲ့ကြသောကြောင့် သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဥစ္စာရံ ဝါ ပဿာဝံ ဝါ သင်္ကာရံ ဝါ ဝိဃာသံ ဝါ တိရောကုဋ္ဋေ ဝါ တိရောပါကာရေ ဝါ ဆဍ္ဍေယျ ဝါ ဆဍ္ဍာပေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ကျင်ကြီးကိုဖြစ်စေ ကျယ်ငယ်ကို ဖြစ်စေ အမှိုက်ကိုဖြစ်စေ (စားပြီး၍ ကြွင်းကျန်သော) စားကြွင်းကို ဖြစ်စေ ဝရံတာ- သို့မဟုတ် တံတိုင်း၏တဘက် (ဟိုဘက်)သို့ ကိုယ်တိုင်သော်လည်း စွန့်ပစ်အံ့, အခြားတစ်စုံတစ်ယောက်ကိုသော်လည်း အပစ်ခိုင်းအံ့၊ထိုဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။
ဈ။ ဟရိတေ ဆဍ္ဍနသိက္ခာပုဒ်
မုယောခင်း၌ စွန့်မှု။ ။ ပုဏ္ဏား တစ်ယောက်သည် ဘိက္ခုနီ ကျောင်းအနီး၌ မုယောခင်းလုပ်ထား၏၊ ဘိက္ခုနီတို့သည် အလိုက်မသိ, ကိုယ့်ပစ္စည်းချင်း မစာဘဲ ကျင်ကြီးကျင်ငယ် အမှိုက် စားကြွင်းများကို ထိုမုယောခင်းပေါ်မှာ စွန့်ပစ်ကြလေရာ အခင်းရှင် ပုဏ္ဏားမခံနိုင်၍ ကဲ့ရဲ့သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဥစ္စာရံ ဝါ ပဿာဝံ ဝါ သင်္ကာရံ ဝါ ဝိဃာသံ ဝါ ဟရိတေ ဆဍ္ဍေယျ ဝါ ဆဍ္ဍာပေယျ ဝါ, ပါစိတ္တိယံ။
စာမျက်နှာ-၃၇၂
မြန်မာပြန်။ ။ ကျင်ကြီး ကျင်ငယ် အမှိုက် စားကြွင်းများကို စိမ်းစိုသော ကောက်ပဲသီးနှံအပင်ပေါ်၌ ကိုယ်တိုင်, သို့မဟုတ် စေခိုင်း၍ စွန့်ပစ်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ သေခိယ၌လည်း “စိမ်းစိုသောမြက်သစ်ပင်ပေါ်၌ မစွန့်ရ”ဟု ပါခဲ့ပြီး သို့သော် ထို၌ကား တိုက်ရိုက်စွန့်ခြင်းကိုသာ တားမြစ်၏၊ ထိုစားပင် သောက်ပင်မဟုတ်သော သစ်ပင်များလည်း ပါဝင်၏။ ဤ၌ကား စားပင် သောက်ပင်မဟုတ်သော သစ်ပင်များ မပါ၊ ကျင်ကြီးကျင်ငယ်ကို အိုးခွက်၌ စွန့်ပြီးနောက် ထိုခွက်မှတဆင့်စွန့်လျှင် ထို၌ အပြစ်မရှိ၊ ဤ၌ကား ခွက်၌ စွန့်ပြီးနောက် သွန်ခြင်း, ခွက်ပါ စွန့်ပစ်ခြင်းကိုသာ တားမြစ်လိုခြင်း ဖြစ်သည်။
ည။ နစ္စာဒိဒဿနသိက္ခာပုဒ်
ဘိက္ခုနီအများသည် တောင်တော်ပွဲ ကျင်းပသောအခါ ပွဲကြည့်သွားကြသည်ကို လူတို့ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ နစ္စံ ဝါ ဂီတံ ဝါ ဝါဒိတံ ဝါ ဒဿနာယ ဂစ္ဆေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ကခြင်း, သီဆိုခြင်း, တီးမှုတ်ခြင်းကို ကြည့်ရှု နားထောင် ဖို့ရန်သွားသော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ “ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏။”ဟု ခုဒ္ဒကဝတ္ထုခန္ဓက၌ ပညတ်တော်မူ၏၊ ကမှု ဟူရာ၌ ဥဒေါင်းကခြင်း, မျောက်ကခြင်း, ကလေးသူငယ်ကခြင်းများလည်း ပါဝင်သည်၊ သီချင်းဟူရာ၌ တေးသံပေါက်အောင် ရွတ်အပ်သော တရားများလည်း ပါဝင်သည်၊ ထိုကမှုစသည်ကို ကိုယ်တိုင်လည်း မပြုကောင်း, ခိုင်းလည်းမခိုင်းကောင်း၊ ပွဲလမ်းသဘင်ဖြင့် စေတီတော်ကို ဘုန်းကြီးပျံကို ပူဇော်ပါရစေ လျှောက်စေကာမူ “အင်း-ကောင်းပြီ”ဟုမျှ ဝန်မခံရ၊ ဘိက္ခုနီမှာ ပါစိတ်, ဘိက္ခုမှာ ဒုက္ကဋ်၊ ကျောင်းတိုက်တွင်း၌ နေ၍ ကြည့်ရှု နားထောင်ရာ-ကိစ္စတစ်စုံတစ်ခုဖြင့် သွားစဉ် မျက်စေ့ရှေ့ ရောက်လာ၍ ကြည့်ရှုရာတို့၌ကား ဝိနည်းပြစ်မရှိ။ အဘိဓမ္မာပြစ်မှာ စိတ်သာ ပဓာနတည်း။
လသုဏဝဂ် ပြီး၏။
စာမျက်နှာ-၃၇၃
က။ ရတ္တန္ဓကာရသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီတစ်ယောက်။
အမှု—အမှောင်ထဲ၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်းနေမှု။
ရှင်မဘဒ္ဒါ၏ တပည့်။ ။ ဘဒ္ဒါကာပိလာနီ၏ တပည့်မ ဘိက္ခုနီနှင့် ဆွေမျိုးတော် စပ်သော ယောက်ျား တစ်ယောက်သည် ရွာငယ်တစ်ခုမှ သာဝတ္ထိသို့ ကိစ္စတစ်စုံတရာအတွက် ရောက်နေ၏၊ ထိုဘိက္ခုနီသည် ထိုယောက်ျားနှင့်အတူ အရောင်အလင်းမရှိသော မှောင်အတွင်း တစ်ယောက်ချင်းစကားပြောနေသည်ကို အခြားဘိက္ခုနီတို့ မြင်၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ရတ္တန္ဓကာရေ အပ္ပဒီပေ ပုရိသေန သဒ္ဓိံ ဧကေနေကာ သန္တိဋ္ဌေယျ ဝါ သလ္လပေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အပြင်ဘိက္ခုနီသည် ဆိမီးမရှိသော ညမှောင်မိုက်၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်း ရပ်တည်မူလည်း ရပ်တည်အံ့, စကားပြောမူလည်း စကားပြောအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။
မှတ်ချက်။ ။ “ပဒီပ”အရ ရေနံဆီ ဓာတ်ဆီတို့ဖြင့် ထွန်းထားသော ဆီမီး ဓာတ်မီးကိုသာ ယူရိုးရှိသော်လည်း ဤသိက္ခာပုဒ်၌ အလင်းရောင်ရှိ-မရှိသာ လိုရင်းဖြစ်သောကြောင့် လရောင် နေရောင်နှင့် မီးဖိုမှ မီးရောင်များကိုလည်း “ဒီပ”အရ၌ ယူရသည်။ အပ္ပဒီပေတိ-ဒီပ စန္ဒ သူရိယ အဂ္ဂီသု ဧကေနာပိ အနောဘာသိတေ”အဋ္ဌကထာ။ [ဤအဖွင့်ကို ထောက်၍ “သမ္မဇ္ဇနီ ပဒီပေါစာ”ကဲ့သို့ ပဒီပလာသမျှ၌ ယူပါလေ၊ ]
ခ။ ပဋိစ္ဆန္နောကာသ သိက္ခာပုဒ်
အကွယ်အကာရှိသော အရပ်၌နေမှု။ ။ ဘဒ္ဒါကာပိလာနီ၏ တပည့်မဖြစ်သော ထိုဘိက္ခုနီသည်ပင် ဆွေမျိုးဖြစ်သော ယောက်ျားနှင့်အတူ (ရှေ့သိက္ခာပုဒ်ကို ရှောင်ရှား၍ အရောင်အလင်း ရှိသော)နံရံဖြင့် ကွယ်ကာအပ်သောအရပ်၌ တစ်ယောက်ချင်း နေမှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
စာမျက်နှာ-၃၇၄
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပဋိစ္ဆန္နေ ဩကာသေ ပုရိသေန သဒ္ဓိံ ဧကေနေကာ သန္တိဋ္ဌေယျ ဝါ သလ္လပေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် နံရံ စသည်ဖြင့် ဖုံးကွယ်အပ်သော အရပ်၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်း ရပ်တည်မူလည်း ရပ်တည်အံ့, စကားပြောမူလည်း စကားပြောအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
ဂ။ အဇ္ဈောကာသသိက္ခာပုဒ်
လွင်ပြင်၌ နေမှု။ ။ ဘဒ္ဒါကာပိလာနီ၏ တပည့်မဖြစ်သော ထိုဘိက္ခုနီသည်ပင်(ရှေ့သိက္ခာပုဒ်များကို ရှောင်ရှား၍)ထိုယောက်ျား နှင့်အတူ လွင်တီးခေါင်၌ (အကွယ် အကာမရှိသော လွင်ပြင်၌) တစ်ယောက်ချင်းနေမှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အဇ္ဈောကာသေ ပုရိသေန သဒ္ဓိံ ဧကေနေကာ သန္တိဋ္ဌေယျ ဝါ သလ္လပေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် လွင်တီးခေါင်၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်း ရပ်တည်မူလည်း ရပ်တည်အံ့, စကားပြောမူလည်း စကားပြောအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
ဃ။ ရထိကာဒိသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—ရထားလမ်းစသည်၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်း နေမှု။
ထုလ္လနန္ဒာ၏ နေပုံ။ ။ ထုလ္လနန္ဒာသည်(မြင်းရထား, မော်တော်ကားစသည်တို့ သွားနိုင်ရာ) ရထားလမ်း၌လည်းကောင်း, (အခြားလမ်းသို့ ထုတ်ချင်းမပေါက်ဘဲ ဝင်သောနေရာမှပင် ပြန်၍ထွက်ရ
စာမျက်နှာ-၃၇၅
သော) လမ်းတို့၌လည်းကောင်း, လမ်းဆုံ လမ်းခွ၌လည်းကောင်း, ယောက်ျားနှင့်အတူ တစ်ယောက်ချင်းအနီး၌လည်း ရပ်၏, အနီး၌လည်း စကားပြော၏၊ နားအနီး ကပ်၍လည်း တိုးတိုးပြော၏၊ အဖေါ်ပါလာလျှင်လည်း ပြောချင်တာပြော ရအောင် ပြန်၍ လွှတ်၏၊ ထိုပြုလုပ်ပုံတွေကို အခြားဘိက္ခုနီတို့ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ရထိကာယ ဝါ ဗျူဟေ ဝါ သိင်္ဃာဋကေ ဝါ ပုရိသေန သဒ္ဓိံ ဧကေနေကာ သန္တိဋ္ဌေယျ ဝါ သလ္လပေယျ ဝါ နိကဏ္ဏိကံ ဝါ ဇပ္ပေယျ ဒုတိယိကံ ဝါ ဘိက္ခုနိံ ဥယျောဇေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ရထားသွားလောက် ထုတ်ချင်း ပေါက်လမ်း၌သော်လည်းကောင်း, ထုတ်ချင်းမပေါက်သောလမ်း၌သော်လည်းကောင်း, လမ်းဆုံ လမ်းခွ၌သော်လည်းကောင်း, ယောက်ျားနှင့်အတူ တစ်ယောက်ချင်း ရပ်တည်မူလည်း ရပ်တည်အံ့, စကားပြောမူလည်း စကားပြောအံ့, နားရင်း၌မူလည်း ပြောဆိုအံ့, အဖေါ်ဖြစ်သော ရဟန်းမကိုမူလည်း ပြန်လွှတ်အံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
င။ ပုရေဘတ္တံ အနာပုစ္ဆာသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီတစ်ယောက်။
အမှု—နေရာထိုင်ပေါ် ထိုင်ပြီးနောက် အကြောင်းမကြားဘဲ ပြန်သွားမှု။
နေရာထိုင် ပျောက်ခြင်း။ ။ ဘိက္ခုနီတစ်ယောက်ကို အိမ်တအိမ်က အမြဲဆွမ်းစားပင့်ထား၏၊ ထိုဘိက္ခုနီသည် ပုရေဘတ္တအခါ (မွန်းမတည့်မီ အချိန်) ထိုအိမ်သို့သွား၍ ထိုင်စရာတစ်ခုပေါ်မှာ ထိုင်ပြီးလျှင် ပြန်သွားသောအခါ ဥစ္စာရှင်တို့ကို မတိုင်ကြားဘဲ ပြန်သွားလေသည်၊ ထိုအိမ်က ကျွန်မသည် တံမြက်လှည်းသောအခါ ထိုနေရာထိုင်ကို အိုးခွက်တို့ အကြား၌ ပစ်ထားလိုက်၏၊ ဥစ္စာရှင်တို့သည် ထိုနေရာထိုင်ကို ရှာ၍ မတွေ့သောကြောင့် ဘိက္ခုနီအပေါ် မယုံသင်္ကာဖြစ်ရကား “နေရာထိုင် ဘယ်မှာလဲ”ဟု မေးကြလေသော် ဘိက္ခုနီကလည်း သူမယူရကြောင်း ပြောသဖြင့် ထိုဘိက္ခုနီကို ခြိမ်းချောက်၍ အမြဲဆွမ်းဝတ်ကိုလဲ ဖြတ်လိုက်ကြလေသည်။
စာမျက်နှာ-၃၇၆
ထို့နောက် ထိုအိမ်ရှင်တို့သည် အိမ်ကို သုတ်သင်ရှင်းလင်းသောအခါ အိုးခွက်တို့ အကြား၌ ထိုနေရာထိုင်ကို တွေ့၍ ဘိက္ခုနီကို တောင်းပန်ပြီးလျှင် ဆွမ်းကျွေးမြဲ ကျွေးလေသည်၊ မိမိဖြစ်ပုံကို ထိုဘိက္ခုနီက အခြားဘိက္ခုနီတို့အား ပြောပြလေသော် အခြားဘိက္ခုနီတို့က ခွင့်မပန်ဘဲ ပြန်လာမှုကို အပြစ်တင်ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပုရေဘတ္တံ ကုလာနိ ဥပသင်္ကမိတွာ အာသနေ နိသီဒိတွာ သာမိကေ အနာပုစ္ဆာ ပက္ကမေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ပုရေဘတ်အချိန်ဝယ် အိမ်တို့သို့ ချဉ်းကပ်၍ နေရာတစ်ခုခု၌ ထိုင်ပြီးလျှင် ဥစ္စာရှင်တို့ကို “ပြန်တော့မည်”ဟု မတိုင်ကြားဘဲ ပြန်သွားအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။ [ဤသိက္ခာပုဒ်၌ “အာသန”ဟူသည် တင်ပလ္လင်ခွေ၍ ထိုင်နေ နိုင်လောက်အောင် ကြီးကျယ်သော နေရာထိုင်(ထိုင်ခုံ)တည်း။]
စ။ ပစ္ဆာဘတ္တံ အနာပုစ္ဆာ သိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—ပစ္ဆာဘတ်အခါ၌ မတိုင်ကြားဘဲ နေရာထိုင်ခုံကို ခင်း၍ ထိုင်မှု။
ထုလ္လနန္ဒာ၏ မတိုင်ကြားမှု။ ။ ထုလ္လနန္ဒာသည် ပစ္ဆာဘတ်အခါ (နေလွှဲအခါ)အိမ်တို့သို့ ချဉ်းကပ်၍ ဥစ္စာရှင်တို့ကို မတိုင်ကြားဘဲ နေရာထိုင်ခုံကို ခင်း၍ ထိုင်လည်း ထိုင်၏, လျောင်းလည်း လျောင်း၏၊ ဥစ္စာရှင်တို့သည် မိမိတို့ကို ခွင့်မတောင်းဘဲ ပိုင်စိုးပိုင်နင်း လုပ်မှုကို မကျေနပ်၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပစ္ဆာဘတ္တံ ကုလာနိ ဥပသင်္ကမိတွာ သာမိကေ အနာပုစ္ဆာ အာသနေ အဘိနိသီဒေယျ ဝါ အဘိနိပဇ္ဇေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ပစ္ဆာဘတ်အခါ၌ အိမ်တို့သို့ ချဉ်းကပ်၍ ဥစ္စာရှင်တို့ကို ခွင့်မပန်ဘဲ နေရာထိုင်ခုံ၌ ထိုင်မူလည်း ထိုင်အံ့၊ လျောင်းမူလည်းလျောင်းအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။
စာမျက်နှာ-၂၂၅
မှတ်ချက်။ ။ တချို့နေရာ၌ ဆွမ်းစားပြီးလျှင် မွန်းမလွဲခင် အချိန်ကိုလည်း ပစ္ဆာဘတ် (ဆွမ်းစားပြီးနောက်)ဟု ခေါ်၏။ ဤသိက္ခာပုဒ်၌ကား (ရှေ့သိက္ခာပုဒ်ဖြင့်-အရုဏ်တက်က မွန်းတည့်အထိ ယူခဲ့ပြီးဖြစ်သောကြောင့်) မွန်းလွဲမှစ၍ နေမဝင်မီအချိန်ကို “ပစ္ဆာဘတ္တ = ဆွမ်းစားပြီးနောက်”ဟု ခေါ်သည်။
ဆ။ ဝိကာလေအနာပုစ္ဆာ သိက္ခာပုဒ်၊
အမှုသည်—ဘိက္ခုနီအများ။
အမှု—အိမ်ရှင်ကိုခွင့်မပန်ဘဲ အိပ်ရာကို ခင်း၍ ထိုင်မှု လျောင်းမှု။
ဘိက္ခုနီအများနှင့် ပုဏ္ဏား။ ။ ဘိက္ခုနီတို့သည် သာဝတ္ထိသို့ သွားကြစဉ် မိုးချုပ်မှ ရွာငယ်တစ်ရွာသို့ ရောက်ကြ၍ ပုဏ္ဏားအိမ်ဝင်ပြီးလျှင် တည်းခိုခွင့် တောင်းကြလေသည်။ ထိုအချိန်မှာ အိမ်ရှင် ပုဏ္ဏား မရှိခိုက်ဖြစ်၍ ပုဏ္ဏားမကို ခွင့်တောင်းလေရာ (သူကိုယ်တိုင် ပေးချင်ပါလျက် ခွင့်မပေးဝံ့သော) ပုဏ္ဏားမသည် “ပုဏ္ဏားလာအောင် စောင့်ကြပါ”ဟု ပြောဆိုဆိုင်းငံ့ထား၏၊ (ဤအတိုင်းဆိုလျှင် တော်ပါ သေး၏၊ သို့သော် အလိုက်မသိ အတင့်ရဲသော) ဘိက္ခုတချို့သည် အိပ်ရာ ခုတင်တို့ကို ခင်း၍ တချို့က ထိုင်နေနှင့်ကြ, တချို့ က လဲလျောင်း နေနှင့်ကြလေသည်။
အတော်ည၌မှောင်မှ ပုဏ္ဏားပြန်လာလတ်သော် ထိုဘိက္ခုနီကို ပိုင်စိုး ပိုင်နင်း နေထိုင်ပုံကိုမြင်ရ၍ သဘောမကျသော ပုဏ္ဏားသည် “ကာ ဣမာ- ဒီဟာတွေက ဘာတွေလဲ”ဟု သူပုဏ္ဏားမအား မေးလေသည်၊ “ဘိက္ခုနီများပါ အရှင်ရယ်”ဟု သူ့ပုဏ္ဏားမက ချိုချိုသာသာ ပြန်ပြောသော်လည်း သဘောမကျရင်းစွဲ ဖြစ်နေသောကြောင့် “ဒီကတုံး လင်ထောင်မတွေကို နှင်ထုတ်ကြ”ဟု သူ့အခိုင်းအစေတို့ကို ခိုင်းသဖြင့် အလိုက်သင့် ထွက်ခဲ့ကြရလေသည်၊ ထိုအကြောင်းကို သာဝတ္ထိရောက်မှ ပြန်ပြောကြသဖြင့် (အလိုက် မသိ, ပိုင်စိုးပိုင်နင်း ပြုမှုကို) ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဝိကာလေ ကုလာနိ ဥပသင်္ကမိတွာ သာမိကေ အနာပုစ္ဆာ သေယျံ သန္ထရိတွာ ဝါ သန္ထရာပေတွာ ဝါ အဘိနိသီဒေယျ ဝါ အဘိနိပဇ္ဇေယျ ဝါ, ပါစိတ္တိယံ။
စာမျက်နှာ-၃၇၈
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် နေလွဲအခါ၌ အိမ်တို့သို့ ချဉ်းကပ်၍ (ပေးနိုင်ခွင့် ပြုနိုင်သော) အိမ်ရှင်တို့ကို ခွင့်မပန်ဘဲ အိပ်ရာကို ကိုယ်တိုင်ခင်း၍ ဖြစ်စေ အခင်းခိုင်း၍ဖြစ်စေ ထိုင်ခြင်း-သို့မဟုတ် လည်းလျောင်းခြင်းကို ပြုအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ အခြားနေရာ၌ မွန်းလွဲမှစ၍ အရုဏ်မတက်မီအချိန်ကို “ဝိကာလ” ဟု ယူရသော်လည်း ရှေ့သိက္ခာပုဒ်ဖြင့် နေမဝင်မီအထိ ယူခဲ့ပြီးဖြစ်သောကြောင့် နေဝင်သည်မှစ၍ အရုဏ်မတက်မီကို “ဝိကာလ” ဟု ယူရသည်။
ဇ။ ဒုဂ္ဂတသိက္ခာပုဒ်
အမှုသည်—ဘဒ္ဒါကာပိလာနီ၏တပည့်မဘိက္ခုနီ။
အမှု—မိမိက အကြားလွဲအမှတ်လွဲ၍ သူတစ်ပါးကို ကဲ့ရဲ့ စေမှု။
ရှင်မဘဒ္ဒါ၏ တပည့်မ။ ။ ဘဒ္ဒါကာပိလာနီ၏ တပည့်မ ဘိက္ခုနီသည် သူ၏ ဆရာမကို ကောင်းမွန်စွာ ပြုစုလုပ်ကျွေး၏၊ ဘဒ္ဒါကာပိနီ၏ ထိုတပည့်မ၏ ကောင်းမွန်စွာပြုစုဘော်ရကြောင်းကိုလည်းကောင်း, ထိုတပည့်မအား သင်္ကန်းပေးမည့် အကြောင်းကိုလည်းကောင်း, အခြား ဘိက္ခုနီတို့အားပြောပြ၏၊ ထိုစကားကို တပည့်မဘိက္ခုနီသည် “ကောင်းစွာ ပြုစုဘော်မရဘူး, သူအား သင်္ကန်းမပေးတော့ဘူး”ဟု ပြောင်းပြန်ကြားသဖြင့် သူ့ဆရာ(ရှင်မဘဒ္ဒါ)အား အထင်သေး အမြင်သေး ဖြစ်အောင် “တပည့်တော်က သူ့ကိုကောင်းမွန်စွာ မပြုစုဘူးတဲ့, တပည့်တော်ကို သင်္ကန်း မပေးဘူးတဲ့”ဟု အခြားဘိက္ခုနီတို့အား ပြောလေသည်၊ ထိုသို့ သူအကြား လွှဲ၍ ဆရာမအား အပြစ်ပြောသည်ကို မခံနိုင်သော ဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဒုဂ္ဂဟိတေန ဒူပဓာရိတေန ပရံ ဥဇ္ဈာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် မိမိက မှားမှား ယွင်းယွင်း ယူခြင်း, မှားမှားယွင်းယွင်း မှတ်ထားခြင်းဖြင့် (ရဟန်းဖြစ်သူ) သူတစ်ပါးကို အထင်သေး အမြင်သေးခံရအောင် အပြစ်ပြောအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ [ထိုသို့ အမှတ်လွဲ၍ သာမဏေ-လူဝတ်ကြောင်ကို အပြစ်ပြောလျှင် ဒုက္ကဋ်အာပတ်သင့်၏။]
စာမျက်နှာ-၃၉၇
ဈ။ အဘိသပသိက္ခာပုဒ်
အမှုသည်—စဏ္ဍကာဠီ။
အမှု—မိမိကိုလည်းကောင်း, သူတစ်ပါးကိုလည်းကောင်း, ကျိန်ဆဲမှု။
စဏ္ဍကာဠီ။ ။ သာဝတ္ထိမြို့၌ ဘိက္ခုနီတို့သည် မိမိ၏ သပိတ်-ပရိက္ခရာ ဘဏ္ဍာတစ်ခုခုကို မတွေ့လျှင် စဏ္ဍကာဠီကို “မမြင်မိ ဘူးလား”ဟု မေးကြကုန်၏၊ (နဂိုကပင် စိတ်ကြမ်း, နှုတ်ကြမ်း ဖြစ်နေသော) စဏ္ဍကာဠီသည် ထိုကဲ့သို့မေးသည်ကို “သူခိုး-ရိုးသည်”ဟု ထင်၍ “ငါသာ သူခိုးတဲ့လား, ငါသာ အလဇ္ဇီမ(အရှက်မရှိသူမ)တဲ့လား၊ သင်တို့ ဘဏ္ဍာကို ယူမိရိုးမှန်လျှင် ရဟန်းမ မဟုတ်ဘဲ ရှိရစေရဲ့၊ သာသနာတော်မှ လျောကျရစေရဲ့၊ (လူဖြစ်ရစေရဲ့၊) ငရဲကျရစေရဲ့၊ ငါ့ကိုမဟုတ်ဘဲနှင့် ပြောတဲ့သူလဲ ရဟန်းမ မဟုတ်ဘဲ ရှိပါစေဟယ်၊ သာသနာတော်မှ လျောကျပါစေဟယ်၊ (လူဖြစ်ပါစေဟယ်)၊ ငရဲကျပါစေဟယ်”ဟု မိမိအတွက်ရော သူ့ အတွက်ပါ ကျိန်ဆဲလေသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အတ္တာနံ ဝါ ပရံ ဝါ နိရယေန ဝါ ဗြဟ္မစရိယေန ဝါ အဘိသပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် မိမိကိုလည်းကောင်း, (ရဟန်း-ရဟန်းမ ဖြစ်သော) သူတစ်ပါးကိုလည်းကောင်း, ငရဲဖြင့် ဖြစ်စေ မြတ်သော အကျင့် (သာသနာတော်) ဖြင့်ဖြစ်စေ ကျိန်ဆဲအံ့၊ ကျိန်စာဆိုအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ လူကိုဖြစ်စေ သာမဏေကိုဖြစ်စေ ကျိန်ဆဲလျှင်လည်းကောင်း, ငရဲ ဗြဟ္မစရိယမှ တစ်ပါးသော “ခွေးဖြစ်ရစေ, ဝက်ဖြစ်ရစေ, အကန်းဖြစ်ရစေ၍၊ သူလဲ ခွေးဖြစ်ပါစေ”စသည်ဖြင့် ကျိန်ဆဲလျှင် ဒုက္ကဋ်အာပတ်သင့်၏၊ ဘိက္ခုတို့မှာ ဒုက္ကဋ်ချည်းသာ။
ည။ ဝဓိတွာရောဒနသိက္ခာပုဒ်
အမှုသည်—စဏ္ဍကာဠီ။
အမှု—ရန်ဖြစ်၍ မိမိကိုယ်ကို ညှဉ်းဆဲကာ, ညှဉ်းဆဲကာ ငိုမှု။
စဏ္ဍကာဠီ၏ ဒေါသ။ ။ စဏ္ဍကာဠီသည် အခြားဘိက္ခုနီတို့နှင့် ခိုက်ရန် ဒေါသ ဖြစ်၍ (ဒေါသကြီး လွန်းလှသဖြင့်) သူ့ကိုယ်ကို ထိုးလိုက် ရိုက်လိုက်နှင့် ညှဉ်းဆဲနှိပ်စက်ကာ ငိုသဖြင့် အခြား ဘိက္ခုနီတို့ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
စာမျက်နှာ-၃၈၀
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အတ္တာနံ ဝဓိတွာ ဝဓိတွာ ရောဒေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ မိမိကိုယ်ကို ညှဉ်းဆဲနှိပ်စက်၍ ညှဉ်းဆဲနှိပ်စက်၍ ငိုသော ဘိက္ခုနီအား ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ ညှဉ်းဆဲရုံသာ ညှဉ်းဆဲ၍ မငိုလျှင်လည်းကောင်း, ငိုရုံသာငို၍ ကိုယ်ကိုမညှဉ်းဆဲ လျှင်လည်းကောင်း, ဒုက္ကဋ်အာပတ်သာ၊ ဆွေမျိုးပျက်စီးခြင်းစသည်ကြောင့် ငိုရုံသာ ငို၍ ကိုယ်ကို မညှဉ်းဆဲလျှင် အနာပတ္တိ။ အန္ဓကာရဝဂ်ပြီး၏။
နဂ္ဂဝဂ်
က။ နဂ္ဂနှာယနသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—ရေလဲ မပါဘဲ ရေချိုးမှု။
ပြည့်တန်ဆာမများနှင့် အတူရေချိုးခြင်း။ ။ သာဝတ္ထိမြို့၌ များစွာသောဘိက္ခုနီတို့သည် အစီရဝတီ မြစ်ထဲ၌ ပြည့်တန်ဆာမများနှင့် အတူ ရေလဲမပါဘဲ ဗလာကိုယ်ထည်းဖြင့် ရေချိုးကြလေရာ ပြည့်တန်ဆာမတို့သည် ထိုဘိက္ခုနီများကို ကြည့်၍ ခနိုးခနဲ့ ပြောကြသည်မှာ-“အရှင်မ တို့ရယ်...အရွယ်ကောင်းတုန်းမှာ မေထုန်ရှောင်တဲ့ အကျင့်မြတ်ကို ကျင့်နေလို့ ဘာအကျိုးရှိမှာလဲ၊ ဒီအရွယ်မှာ ကာမချမ်းသာကို ခံစားပြီး အရွယ်ကြီးမှ မြတ်သော အကျင့်ကို ကျင့်ကြပါလား၊ ဒီလိုဆိုလျှင် ဒီဘဝအကျိုး နောင်ဘဝအကျိုး ၂-မျိုးလုံး ပိုင်ပြီးသား ဖြစ်တာပေါ့”ဟု ခနိုးခနဲ့ ပြောကြလေသည်။
ထိုသို့ ခနိုးခနဲ့ အပြောခံရ၍ ခတ်ရှက်ရှက်နှင့် မျက်နှာပျက်ခဲ့ရသော ဘိက္ခုနီတို့သည် ကျောင်းသို့ ရောက်သောအခါ အဝတ်မပါဘဲ ရေချိုးမိလို့ ပြည့်တန်ဆာမတွေရဲ့ အခနဲ့ ခံခဲ့ရကြောင်းကို ပြောပြကြလေသော် သူတို့ကို မသနားသည့်ပြင် “အဝတ်မပါ ဗလာကိုယ်တည်းဖြင့် ရေချိုးကြရကောင်း လား”ဟု ကဲ့ရဲ့ကြ၍ တဆင့်အားဖြင့် ဘုရားကို လျှောက်ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
စာမျက်နှာ-၃၈၁
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ နဂ္ဂါ နဟာယေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အဝတ်မပါ ဗလာကိုယ်ထည်းဖြင့် ရေချိုးသောဘိက္ခုနီအား ပါစိတ် အာပတ် သင့်၏၊ ဘိက္ခုတို့မှာ ဇန္တာဃရ (ရေချိုးအိမ်) နှင့် ရေထည်းမှာ အဝတ်မပါဘဲ ချိုးကောင်းသေး၏၊ ဘိက္ခုနီတို့ကား ထိုသို့ နေရာများ၌သော်မှ အဝတ်မပါဘဲ ချိုးကောင်း၏ဟု ခွင့်ပြုချက် မတွေ့ရ။
ခ။ ဥဒကသာဋိကာသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။
အမှု—သိပ်ကြီးသော ရေသနုပ်ကို ပြုလုပ်၍ဝတ်မှု။
ရေသနုပ် ခွင့်ပြုတော်မူရခြင်း။ ။ ဝိသာခါသည် ဘုရားအထံ၌ ဆုရှစ်ပါးကို တောင်းသောအခါ ပြည့်တန်ဆာမတို့က ခနိုးခန့း ပြောင်လှောင်လိုက် ကြကြောင်းကိုလည်းကောင်း, မာတုဂါမတို့၏ ကိုယ်တုံးလုံးနေ ခြင်းသည် စက်ဆုပ်ရွံဖွယ် မတင့်တယ်ကြောင်းကိုလည်းကောင်း, လျှောက်ထား၍ “ဘိက္ခုနီအား အမြဲရေသနုပ် လှူလိုပါကြောင်းကိုလည်း ဆုတစ်ပါးအဖြစ်ဖြင့် ထည့်သွင်း လျှောက်တောင်းလေသည်၊ ထိုအခါ ဗုဒ္ဓမြတ်စွာသည် ဘိက္ခုနီတို့အား ရေသနုပ်ကို မဟာဝါ-စီဝရက္ခန္ဓက၌ အမြဲခွင့်ပြုတော်မူခဲ့၏။
ထိုသို့ ခွင့်ပြုလိုက်လျှင်ပင် ဆဗ္ဗဂ္ဂီဂိုဏ်းဝင် ဘိက္ခုနီတို့သည် အတိုင်းအရှည် ပမာဏမထားဘဲ အလွန်ရှည်လျား ကြီးမားသော ရေသနုပ်ကို ချုပ်လုပ် ဆောင်ထား၍ ရှေ့ရောနောက်ပါ တွဲလျားချလျက် ဟိုဟိုဒီဒီ လှည့်လည် ကြသည်ကို အမြင်မတော်သော ဘိက္ခုနီတို့က ကဲ့ရဲ့ ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ဥဒကသာဋိကံ ပန ဘိက္ခုနိယာ ကာရယမာနာယ ပမာဏိကာ ကာရေတဗ္ဗာ, တတြိဒံ ပမာဏံ, ဒီဃသော စတဿော ဝိဒတ္ထိယော သုဂတဝိဒတ္ထိယာ, တိရိယံ ဒွေ ဝိဒတ္ထိယော။ တံ အတိက္ကာမေန္တိယာ ဆေဒနကံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ ရေသနုပ်ကို ချုပ်လုပ်စေသောဘိက္ခုနီသည် ပမာဏနှင့် ယှဉ်သော ရေသနုပ်ကိုသာ ချုပ်လုပ်စေရမည်၊ ထိုရေသနုပ်၏
စာမျက်နှာ-၃၈၂
ပမာဏကား-ဘုရားရှင်၏ လက်သန်း အထွာတော်ဖြင့် အလျား ၄-ထွာ, အနံ ၂-ထွာတည်း၊ ထိုပမာဏကို လွန်စေသော ဘိက္ခုနီမှာ ပို့သမျှကို ဖြတ်ပစ်ရခြင်းရှိသော ပါစိတ်အာပတ်သင့်၏။
ဂ။ ဝိသိဗ္ဗနသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—ချုပ်မကောင်းသော သင်္ကန်းကို အဖြေခိုင်းပြီးနောက် ပြင်၍ ချုပ်မပေးမှု။
ထုလ္လနန္ဒာ၏ မတရားမှု။ ။ ဘိက္ခုနီတစ်ယောက်၏ သင်္ကန်းချုပ်ဖို့ အဝတ်သည် အဖိုးများစွာ ထိုက်တန်၏၊ သို့သော် သင်္ကန်းချုပ်သောအခါ၌ကား ချုပ်ပုံမကောင်းဘဲ ဖြစ်နေ၏၊ ထိုချုပ်ပုံ မကောင်းသော သင်္ကန်းကို ထုလ္လနန္ဒာမြင်၍ “ရှင်မ၏ သင်္ကန်းဟာ အသား ကောင်းပါလျက် အချုပ်မကောင်း”ဟု ပြော၏။ ထိုအခါ သင်္ကန်းရှင်က “အရှင်မ ပြန်၍ ပြင်ချုပ်ပေးမလား, ဖြေလိုက်မယ်”ဟု မေးလေသော်, ဖြေလိုက်လေ, ပြင်ချုပ်ပေးမယ်”ဟု ဝန်ခံလိုက်၏။ သင်္ကန်းရှင်သည် သင်္ကန်းကိုဖြေပြီးနောက် ပြင်၍ ချုပ်ပေးဖို့ရန် ပြောသောအခါ ထုလ္လနန္ဒာသည် ကိုယ်တိုင်လည်း ချုပ်မပေး, တစ်ယောက်ယောက်ကိုလည်း ချုပ်ပေးဖို့ရန် ကြောင့်ကြမစိုက်ဘဲ ဂရုမစိုက်ဘဲ နေ၏၊ ထိုသို့ဂရုမစိုက်ပုံကို သင်္ကန်းရှင်က အခြား ဘိက္ခုနီတို့အား ပြောပြသဖြင့် ကဲ့ရဲ့ကြသောကြောင့် ဤ သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ စီဝရံ ဝိသိဗ္ဗေတွာ ဝါ ဝိသိဗ္ဗာပေတွာ ဝါ သာ ပစ္ဆာ အနန္တရာယိကိနီ နေဝ သိဗ္ဗေယျ, န သိဗ္ဗာပနာယ ဥဿုက္ကံ ကရေယျ အညတြ စတူဟပဉ္စာဟာ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ဘိက္ခုနီတစ်ယောက်၏ သင်္ကန်းကို ကိုယ်တိုင်ဖြစ်စေ, ခိုင်း၍ဖြစ်စေ ဖြေပြီးနောက်(ချုပ်မပေးနိုင်လောက်အောင်)အန္တရာယ်မရှိပါဘဲ ၄-ရက် ၅-ရက်ထက်လည်း ကြာအောင် အချိန်ဆွဲ၍ ကိုယ်တိုင်သော်လည်း ချုပ်၍ မပေးအံ့၊ သူတစ်ပါးကိုသော်လည်း ချုပ်ပေးအောင် ကြောင့်ကြမစိုက်အံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။
စာမျက်နှာ-၃၈၃
ဃ။ သင်္ဃာဋိစာရသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—အခြားသင်္ကန်းများကို အပ်နှံထားခဲ့၍ သင်းပိုင်ဧကသီ နှင့်သာ ဒေသစာရီလှည့်နေ။
သင်္ကန်းများ မှိုတက်နေခြင်း။ ။ ဘိက္ခုနီတို့မှာ သင်္ကန်း ၅-ထည် ကိုယ်ပိုင်ထားခွင့်ရှိ၏၊ တချို့ဘိက္ခုနီတို့သည် ထိုသင်္ကန်း၅ ထည်တွင် (သင်္ကန်းကြီး, ရေသနပ်, ရင်စည်းတဘက်) ၃-ထည်ကို အခြား ဘိက္ခုနီတို့ထံ အပ်နှံထားခဲ့၍ သင်းပိုင်, ဧကသီ ၂-ထည်ဖြင့်သာ ဒေသစာရီ လှည့်လည် (ခရီးသွား)ကြကုန်၏၊ အပ်နှံထားခဲ့သော သင်္ကန်းတို့ကား ဝတ်လည်းမဝတ်ရ, နေလည်း မလှမ်းရခြင်းကြောင့် အောက်စော်လည်းနံ၍ မှိုလည်းတက်နေကုန်၏၊ ထိုသင်္ကန်းတို့ကို အပ်နှံခံရသော ဘိက္ခုနီတို့သည် နေလှမ်းပေးကြရကုန်၏၊ ထိုနေလှမ်းနေကြသော ဘိက္ခုနီတို့ကို အခြား ဘိက္ခုနီတို့က မေးကြသောအခါ ခရီးသွားနေသော ဘိက္ခုနီတို့၏သင်္ကန်း ဖြစ်ကြောင်းကို ပြောပြကြသဖြင့် သင်္ကန်းရှင် ဘိက္ခုနီတို့ကို ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပဉ္စာဟိကံ သံဃာဋိစာရံ အတိက္ကာမေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ၅-ရက်ကို သင်္ကန်းတို့၏လှည့်လည်ခြင်းကို လွန်စေအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ “သင်္ကန်းတို့၏ လှည့်လည်ခြင်း” ဟူသည် သင်္ကန်းတို့ကို အထုပ် သေတ္တာစသည်၌ ငြိမ်သက်၍ မနေစေဘဲ အနဲဆုံး ငါးရက်တစ်ကြိမ်ကျ ဝတ်သော်လည်း ဝတ်ပေးခြင်း, နေသော်လည်း လှမ်းပေးခြင်းတည်း၊ သင်္ကန်း ၅-ထည်ကို ၅-ရက်မြောက်နေ့ရောက်လျှင် ဝတ်သော်လည်းဝတ်, မဝတ်လျှင် နေလှမ်းရမည်၊ ဝတ်လဲမဝတ်, နေလဲမလှမ်းဘဲ ၅-ရက် လွန်လျှင် ပါစိတ် အာပတ်သင့်သည်’ဟူလို။
င။ စီဝရသင်္ကမနီယသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီတစ်ယောက်။
အမှု—သူ့သင်္ကန်းကိုခွင့်မပန်ဘဲဝတ်ရုံမှု။
ဝတ်တရားမသိသော ဘိက္ခုနီ။ ။ ဘိက္ခုနီ တစ်ယောက်သည် ရေစိုနေသော သင်္ကန်းကို ဖြန့်လှမ်း၍ ကျောင်းတွင်းသို့ ဝင်သွား၏၊ အခြားဘိက္ခုနီ တစ်ယောက်သည် သင်္ကန်းရှင်ကို ခွင့်မပန်ဘဲ ထိုသင်္ကန်းကို
စာမျက်နှာ-၃၈၄
ဝတ်ရုံ၍ ရွာတွင်းသို့ ဆွမ်းခံဝင်သွား၏၊ သင်္ကန်းရှင်ဘိက္ခုနီသည် ကျောင်းခန်းတွင်းမှ ထွက်လာ၍ သူ့သင်္ကန်းကို မမြင်သောကြောင့် မေးသောအခါ အခြားဘိက္ခုနီတို့က “မည်သူ (နာမည်ကို ဖေါ်၍)ဝတ်သွားကြောင်းကို” ပြောကြကုန်၏၊ ထိုအခါ သင်္ကန်းရှင်နှင့်တကွ တဆင့်ကြား၍ သိရကုန်သော ဘိက္ခုနီတို့ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ စီဝရသင်္ကမနီယံ ဓာရေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ပြောင်းရွှေ့၍ ဝတ်အပ်သောသင်္ကန်းကို ဆောင်ယူသော ဘိက္ခုနီအား ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ “ပြောင်းရွှေ့၍ ဝတ်အပ်”ဟူသည် မိမိထံမှာ အမြဲမထားဘဲ ပြောင်း၍ ပြန်၍ ပေးရမည့် သင်္ကန်းတည်း၊ ထိုသို့ပြန်ပေးရမည့် သင်္ကန်းကို ဥစ္စာရှင်ထံ ခွင့်မပန်ဘဲ (မိမိသင်္ကန်း ပျောက်နေခြင်း, သူခိုးအခိုးခံရခြင်း ဟူသော အကြောင်းလည်းမရှိဘဲ) ဥစ္စာရှင်ကို ခွင့်မတောင်းဘဲဝတ်လျှင် ပါစိတ် အာပတ်သင့်၏။
စ။ လာဘန္တရာယကရဏသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—ဘိက္ခုနီသံဃာ၏ သင်္ကန်းလာဘ်ကို ပိတ်ပင်တားမြစ်မှု၊
မလှူရဘဲ မီးလောင်ခံရခြင်း။ ။ ထုလ္လနန္ဒာကို ပြုစုလုပ်ကျွေးနေသော (ကြည်ညိုသော) အိမ်ရှင်တို့သည် ဘိက္ခုနီသံဃာအား သင်္ကန်းလှူမည့် အကြောင်းကို ထုလ္လနန္ဒာအား လျှောက်ကြကုန်၏၊ ထုလ္လနန္ဒာသည် မလှူဖြစ်အောင် “သင်္ကန်းတို့မှာ ကိစ္စတွေများသနှင့်” ဟု ပြော၍ တားမြစ်ထား၏၊ ထိုအချိန်မှာပင် ထိုဒါယကာတို့၏ အိမ်ကိုမီးလောင်လေရာ ဒါယကာတို့က “ငါတို့မှာ ပစ္စည်းလဲကုန်, ကုသိုလ်လဲမရ ဖြစ်ကြရပေါ့”ဟု ဝမ်းနည်းစွာနှင့် ထုလ္လနန္ဒာကို အပြစ်တင်ကြလေသည်။ ထိုအကြောင်းကို ကြား၍ အခြားဘိက္ခုနီတို့ကလည်း ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဂဏဿ စီဝရလာဘံ အန္တရာယံ ကရေယျ, ပါစိတ္တိယံ။
စာမျက်နှာ-၃၈၅
မြန်မာပြန်။ ။ ဘိက္ခုနီ ဂိုဏ်းသံဃာ၏ ရခွင့်ရှိသော သင်္ကန်းလာဘ်ကို (မရအောင် တားမြစ်သောအားဖြင့်) အန္တ ရာယ်ပြုသော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ဘယ့်လောက်တန် လှူမည်ဟု ကြံစည်ကြသတဲ့ဟု မေး၍ သူတို့မှန်း သလောက်ဆိုလျှင် ပစ္စည်းဝတ္ထုနည်းမှာစိုး၍ “ခဏဆိုင်းကြဦး, အဖိုးချိုတဲ့ အခါမှ လှူကြတာပေါ့”ဟု စိတ်ရိုး စိတ်ကောင်းဖြင့် ဆိုင်းငံ့တားထားလျှင် အနာပတ္တိ။
ဆ။ ပဋိဗာဟနသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—သင်္ကန်းဝေဖန်ခြင်းကို တားမြစ်မှု။
ထုလ္လနန္ဒာ၏ မတရားမှု။ ။ သာဝတ္ထိမြို့၌ ဘိက္ခုနီသံဃာမှာ အကာလသင်္ကန်းရရှိ၏၊ [အကာလသင်္ကန်းဟူသည် ကထိန်ခေတ်ကာလနှင့် မဆိုင်သော သင်္ကန်းတည်း၊ ထိုအကာလသင်္ကန်းမျိုးကို ကထိန် အာနိသင်ရသူဖြစ်စေ, မရသူဖြစ်စေ အားလုံးခွဲဝေရသည်။] ထိုအကာလသင်္ကန်းကို ဝေဖို့ရန် ဘိက္ခုနီသံဃာအားလုံး စည်းဝေးချိန်မှာ ထုလ္လနန္ဒာ၏ တပည့်ဘိက္ခုနီတို့သည် တခြားအရပ်သို့ ခရီးသွားနေခိုက်ဖြစ်၏၊ ထို့ကြောင့် ထုလ္လနန္ဒာသည် “သင်္ကန်းမဝေကြပါသေးနှင့်ဦး, ဘိက္ခုနီတချို့ ခရီးသွားနေ၍ မရှိကြပါ”ဟု ပြောဆိုတားမြစ်လေသည်၊ ထိုအခါ အခြားဘိက္ခုနီတချို့လည်း “သင်္ကန်းမဝေဖြစ်သေးဘူးတဲ့”ဟု ပြောဆိုကာ အရပ်တစ်ပါးသို့ ခရီးသွားကြကုန်၏၊ ထုလ္လနန္ဒာသည် သူ၏တပည့်မတို့ ပြန်ရောက်ကြသောအခါ (အခြား ဘိက္ခုနီတို့ မပြန်လာမီပင်) သံဃာစည်းဝေးစေ၍ သင်္ကန်းကို ဝေစေလေတော့၏၊ ထိုမတရားပြုမှုကို အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဓမ္မိကံ စီဝရဝိဘင်္ဂံ ပဋိဗာဟေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ တရားနှင့် လျော်သော သင်္ကန်းဝေမှုကို တားမြစ်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ [တိုက်တာအတွင်း၌ လက်ရှိ ဘိက္ခုနီအားလုံး စည်းဝေး၍ဝေမှုကို “တရားနှင့်လျော်သောဝေမှု” ဟု ခေါ်သည်။
စာမျက်နှာ-၃၈၆
ဇ။ သမဏစီဝရဒါနသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—လူဝတ်ကြောင်စသူတို့အား ရဟန်း၏သင်္ကန်းကို ပေးမှု။
ထုလ္လနန္ဒာ၏ ဉာဏ်ဆန်း။ ။ ထုလ္လနန္ဒာသည် သူ၏ဂုဏ်သတင်းလွှင့်ဖို့ (ကြော်ငြာဖို့) မှန်း၍ ဇာတ်ဆရာ, ကချေသည်, ဘားကစားသူ, မျက်လှည့်သမား, အိုးစည်တီးသမား, စသူတို့အား ရဟန်းများ ဝတ်လောက်ရုံလောက်၍ ကပ္ပဗိန္ဒုထိုးပြီးသားဖြစ်သော သင်္ကန်းကိုပေး၍ “ပရိသတ်ထဲ၌ ငါ၏ ဂုဏ်သတင်းကို ပြောပေးကြပါ”ဟု မှာလိုက်၏၊ ထိုသူတို့ကလည်း ပရိသတ်ထဲ၌ “အရှင်မ ထုလ္လနန္ဒာသည် ဗဟုဿုတ ရှိပါသည်၊ ရဲရဲရင့်ရင့်ရှိပါသည်၊ တရားဟောလဲ ကောင်းသည် လှူစရာရှိလဲ အရှင်မအား လှူကြပါ, ကျောင်းဆောက် စသည်ပြုစရာရှိလဲ အရှင်မထံ ပြုကြပါ”ဟု ပြောကြလေသည်။ ထိုအကြောင်းကို အခြားဘိက္ခုနီများကြား၍ “သမဏစီဝရကို လူဝတ်ကြောင်စသူတို့အား ပေးရသလားဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အဂါရိကဿ ဝါ ပရိဗ္ဗာဇကဿ ဝါ ပရိဗ္ဗာဇိကာယ ဝါ သမဏစီဝရံ ဒဒေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် လူဝတ်ကြောင်အားသော်လည်းကောင်း, ပရိဗိုဇ် (ရသေ့ ဖိုးသူတော်ဝတ်သောယောက်ျား) အားသော်လည်းကောင်း, ပရိဗိုဇ်မ(ရသေ့မ သီလရှင်) အားသော်လည်းကောင်း, သမဏသင်္ကန်းကို ပေးအံ့၊ ထိုဘိက္ခုနီအား ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ “သမဏစီဝရ”အရ ဝတ်လောက်ရုံလောက်သော ကပ္ပဗိန္ဒုထိုးအပ်ပြီး သင်္ကန်းကိုယူ၊ အဂါရိကအရ “လူ”ဟု ဆိုသော်လည်း မိဘမှတစ်ပါး အခြားလူများကိုယူ၊ သီတင်းသုံးဖော် ၅-ဦးနှင့် မယ်တော်ခမည်းတော် မှတစ်ပါး လူဝတ်ကြောင်-ဖိုးသူတော်-သီလရှင်-ရသေ့ (ယောက်ျား မိန်းမ) ပရိဗိုဇ်ဟူသမျှအား သမဏစီဝရကို ပေးသော ဘိက္ခုနီမှာပါစိတ်, ဘိက္ခုတို့မှာ ဒုက္ကဋ်၊ ကပ္ပဗိန္ဒု မထိုးရသေးလျှင်ကား သာမဏစီဝရအမည် မရသေး၍ ပေးသင့်သူအား ပေးကောင်း၏။ [ဤစကားကို ကောက်ချက်ချလျှင် ကပ္ပဗိန္ဓုမထိုးရသေးသော (သင်္ကန်းဟု ခေါ်သော) အဝတ်ကို လူများဝတ်ရုံကောင်း၏-ဟု အဓိပ္ပါယ်ရ၏။ သို့ဖြစ်လျှင် ၂-ထပ်သင်္ကန်းကြီးကို သာမဏေတို့ဝတ်ရာ၌ ဝတ်ကောင်းကြောင်းကား ဆိုဖွယ်မရှိပြီ။
စာမျက်နှာ-၃၈၇
ဈ။ သမယာတိက္ကာမန သိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—သင်္ကန်းအပေါ် (ရလိမ့်မည်ဟု) အားနည်းသော မျှော်လင့်ချက်ဖြင့် သင်္ကန်းကာလကို လွန်စေမှု။
အားနည်းသော မျှော်လင့်ချက်။ ။ ထုလ္လနန္ဒာကို ပြုစုလုပ်ကျွေးသောအိမ်မှ သားတို့သည် “တပည့်တော်တို့ တတ်နိုင်လျှင် ဘိက္ခုနီသံဃာအား သင်္ကန်း လှူကြပါလိမ့်မည်”ဟု လျှောက်ထားဖူး၏၊ ထိုသို့လျှောက်ထားဖူးခြင်းကို “သင်္ကန်းရလိမ့်မည်”ဟု “ဘိက္ခုနီဘက်က မျှော်လင့်ရသောအချက်တည်း၊ သို့သော် တတ်နိုင်လျှင်”ဟူသော ဝိသေသကြောင့် ထိုမျှော်လင့်ချက်သည် သေချာသော မျှော်လင့်ချက်မဟုတ်၊ အား နည်းသော မျှော်လင့်ချက်ဖြစ်သည်။
ထုလ္လနန္ဒာ၏ အားနည်းမှု။ ။ သင်္ကန်းကာလ၌ ရှိနေသမျှ သင်္ကန်းသည်။ ထိုကျောင်းတိုက်အတွင်းမှာ ပထမဝါ၌ ဝါဆိုဝါကျွတ်သော သံဃာနှင့် သာဆိုင်၏။ ထို့ကြောင့် ထိုကျောင်းတိုက်၌ ပထမ ဝါကျွတ်သော ဘိက္ခုနီသံဃာသည် သံဃိကသင်္ကန်းကို ခွဲခြမ်းဝေဖန်မည်ဟု စည်းဝေးကြသောအခါ ထုလ္လနန္ဒာက “မဝေကြပါသေးနှင့် နောက်ထပ် သင်္ကန်းရစရာ မျှော်လင့်ချက်ရှိပါသေးသည်”ဟု ပြောဆို၍ ထိုသင်္ကန်းရမှ ရော၍ဝေဖို့ တားမြစ်ထားလေသည်။
ထိုသို့ တားမြစ်ထားသောကြောင့် သင်္ကန်းကာလ လွန်သွားရကား ထိုသင်္ကန်းများသည် ပထမဝါကျွတ်သော သံဃာသာမက, အားလုံး လာလာသမျှ သံဃာနှင့်ဆိုင်သွားသဖြင့် ပထမဝါကျွတ်သော သံဃာတို့မှာ နောက်ထပ်ရမည့်သင်္ကန်းက အမှန်ရလျှင် ဝေသောအခါ အရနည်းဖွယ် မရှိပါ၊ နောက်ထပ်ရမည့်သင်္ကန်းက မရလျှင် ဝေသောအခါ အရနည်းဖွယ် ရှိ၏၊ ထို့ကြောင့် “ထိုမျှော်လင့်ချက် သင်္ကန်းကို စုံစမ်းပါ”ဟု ထုလ္လနန္ဒာကို တိုက်တွန်းကြ၍ စုံစမ်းသောအခါ မလှူနိုင်တော့ကြောင်းကို သိရသဖြင့် ထုလ္လနန္ဒာကို ဝိုင်း၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဒုဗ္ဗလစီဝရပစ္စာသာယ စီဝရကာလသမယံ အတိက္ကာမေယျ, ပါစိတ္တိယံ။
စာမျက်နှာ-၃၈၈
မြန်မာပြန်။ ။ သင်္ကန်းရဖို့ရာ အားနည်းသော မျှော်လင့်ချက်ဖြင့် သင်္ကန်းကာလ သမယကို လွန်စေသော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ “လှူမည်လို့တော့ မသေမချာ လျှောက်ထားပါတယ်, သို့သော် သူတို့မှာ အလုပ်အကိုင် အရောင်းအဝယ်ကောင်း၍ ပစ္စည်းတက်နေသောကြောင့် သို့မဟုတ် သဒ္ဓါတရားကောင်းသော ဒါယကပြန်ရောက် လာသောကြောင့် ဧကန်လှူဖြစ်စရာရှိပါတယ်” စသည်ဖြင့် အကျိုး အကြောင်းပြောပြ၍ တားမြစ်ထားလျှင် အနာပတ္တိ။
ည။ ကထိနုဒ္ဓါရ ပဋိဗာဟနသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—တရားလမ်းကြောင်းကျသော ကထိန်နုတ်ခြင်းကို တားမြစ်မှု။
ကထိန်နုတ်ခွင့်။ ။ ဥပါသကာတစ်ယောက်သည် သံဃိကလှူဖို့ရန် ကျောင်းဆောက်ပြီးနောက် ကျောင်းရေစက်ချသောအခါ ပထမ ဝါကျွတ်သော သံဃာသာမက, ရှိသမျှသံဃာအားလုံးကို သင်္ကန်းလှူလို သောဆန္ဒရှိ၏၊ ထိုအချိန်၌ ဘိက္ခု-ဘိက္ခုနီ သံဃာ ၂-ဘက်လုံးမှာပင် ကထိန်ခင်းပြီး ဖြစ်နေသောကြောင့် သံဃိကသင်္ကန်းလှူလျှင် ကထိန်အာနိသင်ရထားသော(ထိုကျောင်းတိုက်၌ ပထမဝါကျွတ်သော) သံဃာများသာ ရခွင့်ရှိ၏၊ ထို့ကြောင့် လာလာသမျှ သံဃာအားလုံးနှင့် သက်ဆိုင်အောင် လှူလိုသော ဒါယကာသည် ခင်းပြီးကထိန်ကို ပြန်၍ နုတ်ဖို့ရန် လျှောက်ထားသဖြင့် ရဟန်းများက ဘုရားရှင်အား တဆင့်လျှောက်ကြသောကြောင့် ကထိန်နုတ်ခွင့်ပြုတော်မူရလေသည်။ [သံဃာစည်းဝေး၍ ဘုရားအမိန့်တော် ကမ္မဝါစာဖြင့် ခင်းပြီး ကထိန်ကိုပြန်၍ ရုပ်သိမ်းမှုကို “ကထိန်နုတ်”ဟု ခေါ်သည်။]
ထုလ္လနန္ဒ၏ တားမှု။ ။ ထိုသို့ကထိန်နုတ်ခွင့် ပြုတော်မူသောကြောင့် ကထိန်နုတ်မည်ဟု သံဃာစည်းဝေးသောအခါ ထုလ္လနန္ဒာသည် (လှူမည့်သင်္ကန်းကို နောက်လာသူများနှင့် မဆိုင်စေဘဲ ပထမဝါကျွတ်သော သူတို့တစုသာ ပိုင်ဆိုင်လိုသောကြောင့်) ထိုကထိန်နှုတ်ခြင်းကို တားမြစ်ထားလေသည်၊ ထိုအကြောင်းကို ကြားရသော ကျောင်း
စာမျက်နှာ-၃၈၉
ဒါယကာ ဥပါသကာသည် ထုလ္လနန္ဒာ၏လုပ်ပုံကို မကျေနပ်၍ ကဲ့ရဲ့သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဓမ္မိကံ ကထိနုဒ္ဓါရံ ပဋိဗာဟေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ တရားနှင့်လျော်သော ကထိန်နုတ်ခြင်းကို တားမြစ်သော ဘိက္ခုနီအား ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ ဤ ကထိန်နှုတ်ခွင့်ပြုတော်မူခြင်းမှာ သံဃာအားလုံး ညီတူညီမျှ သံဃိကသင်္ကန်းကို ရပါစေတော့ဟု သဘောထား၍ ခွင့်ပြုတော်မူခြင်း ဖြစ်သော်လည်း ပထမဝါကျွတ်သော သံဃာများမှာ အရနည်းနေလျှင် မသင့်လျော်ချေ။ သို့ဖြစ်၍ ကထိန်နုတ်ခြင်းကြောင့် ရှိမည့်လာဘ်သည် ကထိန်အာနိသင် လာဘ်အောက်နည်းနေလျှင် “ဓမ္မိက ကထိနုဒ္ဓါရ = တရားနှင့်လျော်သော ကထိန်နုတ်ခြင်း”မဟုတ်၊ ကထိန်နုတ်ခြင်းကြောင့် နောက်ထပ်ရရှိမည့်လာဘ်က ကထိန်အာနိသင် လာဘ်ထက် များသော်လည်းကောင်း, တန်းတူသော်လည်းကောင်း, ဖြစ်မှ “ဓမ္မိက ကထိနုဒ္ဓါရ”ဖြစ်သည်။
နဂ္ဂဝဂ်ပြီး၏။
တုဝဋ္ဋဝဂ်
က။ တုဝဋ္ဋသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီများ။
အမှု—ခုတင်တစ်ခု၌ ၂-ယောက်အတူ အိပ်မှု။
လူလို မအိပ်ရ။ ။ သာဝတ္ထိမြို့၌ ဘိက္ခုနီတချို့သည် ခုတင်တချပ်ထည်း၌ ၂-ယောက် အတူအိပ်ကြကုန်၏၊ ကျောင်းကို လှည့်လည်၍ ကြည့်ရှုကြသော လူတို့သည် ထိုသို့ အိပ်ကြပုံကို မြင်၍ “လူများအိပ်သလို အိပ်ကြတာဘဲကိုး”ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနိယော ဒွေ ဧကမဉ္စေ တုဝဋ္ဋေယျုံ, ပါစိတ္တိယံ။
စာမျက်နှာ-၃၉၀
မြန်မာပြန်။ ။ ညောင်စောင်း(ခုတင်)တစ်ခုတည်း၌ ၂-ယောက်အတူ အိပ်သော ဘိက္ခုနီတို့မှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ် သင့်၏။ တစ်ယောက်အိပ်တုန်း အခြားတစ်ယောက်က ထိုင်နေလျှင်လည်းကောင်း၊ ၂-ယောက်လုံး မအိပ်ဘဲ ထိုင်နေလျှင်လည်းကောင်း အနာပတ္တိ။
ခ။ ဧကတ္ထရဏပါဝုရဏသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ
အမှု—အခင်းတစ်ခု တည်းကိုပင် ၂-ယောက်အတူ ခင်းလည်းခင်း ခြုံလည်းခြုံ၍ အိပ်မှု၊
လူလို မအိပ်ရ။ ။ သာဝတ္ထိမြို့၌ ဘိက္ခုနိတချို့သည် (ခုတင်ပေါ်၌ အတူ မအိပ်ရဟု ပညတ်ထားသည့်အတွက် အတူမအိပ်ကြဘဲ) ကြမ်းပြင်စသည်အပေါ်၌ ခင်းလည်းခင်း ခြုံလည်းခြုံ၍ ဖြစ်နိုင်သောအဝတ်, သင်ဖြူး စသည်ကို ၂-ယောက်အတူ တစ်ဖက်အစွန်းကိုခင်း တစ်ဖက်အစွန်းကို ခြုံ၍ အိပ်ကြလေရာ ကျောင်းကြည့်လာသော လူတို့ မြင်သွားသဖြင့် “လူများလို အိပ်ကြတာပဲကိုး”ဟု ကဲ့ရဲ့ကြသောကြောင့် ဤ သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနိယော ဒွေ ဧကတ္ထရဏပါဝုရဏာ တုဝဋ္ဋေယျုံ၊ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အဝတ်အထည် တစ်ခုတည်းကိုပင် ၂-ယောက် အတူ ခင်းလည်းခင်း ခြုံလည်းခြုံ၍ အိပ်ကြသော ဘိက္ခုနီတို့အား ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ ထိုကဲ့သို့ ဘိက္ခုတို့အိပ်လျှင် ဒုက္ကဋ်အာပတ်ဟု (ခုဒ္ဒကဝတ္ထု ခန္ဓက၌)ပညတ်တော်မူ၏၊ ဆက်ဦးအံ့ - သိက္ခာပုဒ်ရင်း၌ တစ်ထည်တည်းကိုပင် ခင်းလည်းခင်း ခြုံလည်းခြုံ၍ အိပ်သူအတွက် ပညတ်ထား၏၊ ခုဒ္ဒကဝတ္ထုခန္ဓက၌ကား အခင်း အခြုံ ၂-မျိုးလုံး မတူဘဲ အတူခင်း၍ ကိုယ့်ခြုံထည်နှင့်ကိုယ် အိပ်ခြင်း, ကိုယ့်အခင်းနှင့် ကိုယ် ခင်း၍ အတူခြုံအိပ်ခြင်းကိုလည်း ဘိက္ခုတို့မှာ ဒုက္ကဋ်ဟု ပညတ်တော် မူ၏၊ ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်လျှင် ဘိက္ခုနီတို့မှာ ဒုက္ကဋ်ပင် သင့်စရာ ရှိသည်၊ ဆက်ဦးအံ့၊ ဤဧကတ္ထရဏ အရာ၌ အဋ္ဌကထာဝယ် “သံဟာရိမာနံ ပါဝါရကဋ သာရကာဒီနံ = ပြောင်းရွှေ့၍ ရစကောင်းသော အဝတ် ပဝါသင်ဖြူးဖျာ စသည်တို့၏”စသည်ဖြင့်
စာမျက်နှာ-၃၉၁
ဖွင့်သောကြောင့် ယခုအခါ ပြောင်းရွှေ့၍ ရကောင်းသော သင်ဖြူးကြီး ကော်ဇောကြီး စသည်၌ အတူမအိပ်ကောင်းဟု သတိပြုပါ၊ ထိုအပေါ်၌ အခင်းတစ်ခု ထပ်ခင်း၍ တစ်ပါးက ထိုအခင်းပေါ်မှာ အိပ်လျှင်လည်းကောင်း, အသီးအသီး အပေါ်ထပ် အခင်းရှိလျှင် လည်းကောင်း အိပ်ကောင်းပါ၏၊ ထိုသို့ အပေါ်အခင်း မထပ်နိုင်ဘဲ မလွှဲသာ၍ အိပ်ခွင့်ကြုံခဲ့သော် အလယ်ကြား၌ သင်္ကန်း, ခါးပန်းကြိုး တုတ်,တောင်ဝှေး စသည်တစ်ခုခုကို အပိုင်းအခြားထား၍ အိပ်လျှင် “အနာပတ္တိ ဝဝတ္ထာနံ ဒဿေတွာ နိပ္ပဇ္ဇန္တိ” ဟုခွင့်ပြုတော်မူသည်၊ ခုတင်တစ်ခုပေါ်၌ကား ထိုသို့ အပိုင်းအခြားထား၍ အိပ်ခွင့် ရပုံကို မပြချေ။
ဂ။ အဖာသုကရဏ သိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—အရှင်မဘဒ္ဒါကို စိတ်မချမ်းသာအောင်ပြုမှု။
အလုပ်တူ ငြူစူ။ ။ သာတ္ထိမြို့၌ ထုလ္လနန္ဒာသည် ဘုရားတရားတော်၌ များစွာ သင်ကြား တတ်မြောက်သူဖြစ်၍ တရားတော်ကို ရွတ်ဆိုနိုင် ဆောင်ရွက်မှတ်သားနိုင်၏၊ ပရိသတ်၌ ရဲရင့်၏၊ တရားဟော ကောင်း၏၊ ဘဒ္ဒါကာပိလာနီ အရှင်မလည်း ထိုကဲ့သို့ပင် စွမ်းရည်သတ္တိ ပြည့်စုံ၏၊ ထူးခြားချက်ကား (အထက်တန်းမှ ရဟန်းပြုလာသူဖြစ်၍ လည်းကောင်း အနေအထိုင် မွန်မွန်ရည်ရည် ရှိ၍လည်းကောင်း) အထက်တန်းကျ ပေသည်ဟု ချီးမွမ်းခံရသူဖြစ်လေသည်၊ မြို့သူမြို့သားတို့သည် ဘိက္ခုနီကျောင်းသို့ သွားသောအခါ အရှင်မဘဒ္ဒါအထံ ရှေးဦးစွာသွား၍ ထုလ္လနန္ဒာအထံသို့ နောက်မှ သွားကြကုန်၏။
ထိုသို့ ဖြစ်ပုံကို အကြောင်းပြု၍ ထုလ္လနန္ဒာသည် အရှင်မဘဒ္ဒါ အပေါ်၌ ကိုယ့်ထက်သာမနာလိုရကား အရှင်မဘဒ္ဒါကို စောင်းမြောင်း၍ “တစ်နေ့လုံး လူဝတ်ကြောင်တွေကို သိအောင်တရားဟောနေ-အမျိုးမျိုး အကြောင်းပြ၍ ဟောပြနေတဲ့ ဘိက္ခုနီတွေဟာ ပစ္စည်းလာဘ်လာဘကို အလိုမရှိကြသူတွေ တဲ့လား ရသမျှ ပစ္စည်းဖြင့် တင်းတိမ်ရောင့်ရဲကြသူတွေတဲ့လား လူတို့နှင့် ကင်းကင်းရှင်းရှင်း မရောမနှော နေကြသူတွေတဲ့လား၊ ဤသို့စောင်းမြောင်း ပြောဆိုရုံမကဘဲ, အရှင်မဘဒ္ဒါ၏ ရှေ့၌ (မလေးစားသောအားဖြင့်) လမ်းလျှောက်၍လည်းနေ၏၊ မတ်တတ်ရပ်၍လည်းနေ၏၊ လည်းလျောင်း၍လည်း နေ၏။ စာကိုဖြစ်စေ ရွတ်ပြပို့ချ၏။ မိမိကိုသော်လည်း တစ်စုံတစ်ယောက်က ရွတ်ပြပေးစေ၏။ စာကိုသော်လည်း ပြန်ဆိုနေ၏။ ထိုသို့
စာမျက်နှာ-၃၉၂
အရှင်မဘဒ္ဒါ မချမ်းသာအောင် ပြုမှုကို မြင်ရ ကြားရသော ဘိက္ခုနီတို့က ကဲ့ရဲ့ကြ၍ ဘုရားရှင်ကို တဆင့်လျှောက်ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ သဉ္စိစ္စ အဖာသုံ ကရေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ စေတနာနှင့်တကွ စေ့ဆော်၍ (မချမ်းသာအောင်ပြုမည် ဟူသောစိတ်ဖြင့်) အခြားဘိက္ခုနီ၏ မချမ်းသာမှုကို ပြုသော ဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။
ဃ။ သဟဇီဝိနီသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—မိမိကို ဥပဇ္ဈာယ်ဆရာလုပ်၍နေသော တပည့်မကို မကျန်းမမာဖြစ်နေလျက် မပြုစုမှု။
ထုလ္လနန္ဒာ၏ မပြုစုမှု။ ။ ထုလ္လနန္ဒာသည် မိမိကို ဥပဇ္ဈာယ်ဆရာပြု၍ ဘိက္ခုနီဖြစ်လာသော တပည့်မကို မကျန်းမမာ ဖြစ်နေကြောင်း သိပါလျက် ကိုယ်တိုင်လည်း မပြုစု၊ သူတစ်ပါးကို ပြုစုအောင်လည်း ကြောင့်ကြမစိုက်ဘဲ ပစ်ထားလေသည်၊ ထိုသို့ ဂရုမစိုက်မှုကို အခြားဘိက္ခုနီတို့သိ၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဒုက္ခိတံ သဟဇီဝိနိံ နေဝ ဥပဋ္ဌဟေယျ, န ဥပဋ္ဌာပနာယ ဥဿုက္ကံ ကရေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ မကျန်းမမာဖြစ်၍ ဒုက္ခရောက်နေသော အတူနေ တပည့်မကို ကိုယ်တိုင်လည်း မပြုစု, သူတစ်ပါး ပြုစုပေးဖို့ရန်လည်း ကြောင့်ကြ မစိုက်သော ဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏၊ [ထိုသို့ ပြုစုသင့်သောအခါ မပြုစုသော ဘိက္ခုတို့မှာကား တာဝန်ဝတ်တရား ပျက်ကွက်မှုကြောင့် (ဝတ္တက္ခန္ဓက-လာ)ဒုက္ကဋ် အာပတ် သင့်၏။]
စာမျက်နှာ-၃၉၃
င။ နိက္ကဍ္ဎနသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—ကျောင်းကိုပေးပြီးမှ စိတ်ဆိုး၍ နှင်ထုတ်မှု။
ထုလ္လနန္ဒာနှင့် အရှင်မဘဒ္ဒါ။ ။ ဘဒ္ဒါကာပိလာနီမည်သော အရှင်မသည် သာကေတမြို့၌ ဝါဆိုနေစဉ် တစ်စုံတစ်ခု အနှောင့်အယှက် ရှိသောကြောင့် သာဝတ္ထိသို့ ပြန်လာလို၍ ထုလ္လနန္ဒာထံ “နေစရာကျောင်း ပေးလို့ရှိလျှင် သာဝတ္ထိသို့ ပြန်လာလိုကြောင်း” တမန်စေလွှတ်လိုက်ရာ ထုလ္လနန္ဒာကလည်း “လာခဲ့ပါ, ပေးပါမည်” ဟု စကားပြန်လိုက်သဖြင့် သာဝတ္ထိသို့ ပြန်လာလေသည်။
ထို ၂-ဦးလုံးပင် တရားအရာ၌ များစွာတတ်သိ၍ တရားဟော ကောင်းသူချည်းဖြစ်၍ အရှင်မဘဒ္ဒါလာမူ အထက်တန်းစားဟု အများ ချီးမွမ်းခံရသူ ဖြစ်သောကြောင့် ဘိက္ခုနီကျောင်းသို့ ရောက်လာသူတို့သည် အရှင်မဘဒ္ဒါထံ ပထမဝင်ပြီးမှ ထုလ္လနန္ဒာထံသို့ သွားကြကုန်၏။ ထုလ္လနန္ဒာသည် ကိုယ့်ထက်သာသော အရှင်မဘဒ္ဒါကို မနာလိုသော (ဣဿာ)ကြောင့် သူပေးထားသော ကျောင်းမှ နှင်ထုတ်လေရာ, အခြား ဘိက္ခုနီတို့က ထုလ္လနန္ဒာကို ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ ဥပဿယံ ဒတွာ ကုပိတာ အနတ္တမနာ နိက္ကဍ္ဎေယျ ဝါ နိက္ကဍ္ဎာပေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ဘိက္ခုနီတို့အား ကျောင်းကို ပေးပြီးနောက် စိတ်ဆိုး၍ မနှစ်သက်၍ ထိုကျောင်းမှ ကိုယ်တိုင်ဖြစ်စေ ခိုင်း၍ဖြစ်စေ နှင်ထုတ်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
စ။ သံသဋ္ဌသိက္ခာပုဒ်
အမှုသည်—စဏ္ဍကာဠီ။
အမှု—ယောက်ျားတို့နှင့် ရောရောနှောနှောနေမှု။
စဏ္ဍကာဠီ။ ။ သာဝတ္ထိမြို့၌ စဏ္ဍကာဠီမည်သော ဘိက္ခုနီသည် အိမ်ပိုင်, ရာပိုင်ရှိသော ယောက်ျားနှင့်လည်းကောင်း, ထိုသူတို့၏ သားနှင့်၎င်း
စာမျက်နှာ-၃၉၄
ရောရောနှောနှော နေလေ့ရှိ၏၊ သူ၏နေပုံကို အခြားဘိက္ခုနီတို့ မနှစ်သက်၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ သံသဋ္ဌာ ဝိဟရေယျ ဂဟပတိနာ ဝါ ဂဟပတိပုတ္တေန ဝါ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ “မာယျေ, သံသဋ္ဌာ ဝိဟရိ ဂဟပတိနာပိ ဂဟပတိပုတ္တေနာပိ, ဝိဝိစ္စာယျေ, ဝိဝေကညေဝ ဘဂိနိယာ သံဃော ဝဏ္ဏေတီ”တိ။ ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ, ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျ, ဣစ္စေတံ ကုသလံ။ နော စေ ပဋိနိဿဇ္ဇေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် အိမ်ပိုင်ရာပိုင်ရှိ၍ ဂဟပတိအမည်ရသူနှင့်သော်လည်းကောင်း, ထိုဂဟပတိသားနှင့်သော်လည်းကောင်း, ရောရော နှောနှော နေအံ့၊ ထိုဘိက္ခုနီကို အခြားဘိက္ခုနီတို့က ဤသို့ပြောဆိုရမည်၊ (အဘယ်သို့ ပြောဆိုရမည်နည်း-ဟူမူ၊) အိုအရှင်မ... သင်သည် ဂဟပတိနှင့်လည်းကောင်း, ဂဟပတိ၏သားနှင့်လည်းကောင်း, ရောရော နှောနှော မနေပါလင့်၊ အိုအရှင်မ... ထိုသူတို့နှင့် ကင်းကင်းရှင်းရှင်းနေပါ၊ အရှင်မ၏ ကင်းကင်းရှင်းရှင်းနေခြင်းကိုသာ ဘိက္ခုနီသံဃာက ချီးမွမ်းပါသည်၊ ဤသို့ပြောဆိုရမည်၊ ဤသို့အခြားဘိက္ခုနီတို့က ပြောဆိုအပ်ပါလျက် ထိုဘိက္ခုနီသည် ရှေးအတိုင်းပင် (သူ့အနေကို မပြင်ဘဲ) ချီမြှောက် နေအံ့(သာ၍ကဲနေအံ့၊)ထိုဘိက္ခုကို အခြားဘိက္ခုနီတို့က ထိုအယူ ထိုနေပုံကိုစွန့်ဖို့ရာ ၃-ကြိမ်တိုင်အောင် ဉ တ်ကမ္မဝါစာဖြင့် ပြောဆို ဆုံးမရမည်၊ ၃-ကြိမ်တိုင်အောင် ပြောဆိုနေစဉ် ထိုအယူကိုစွန့်လျှင် (ပါစိတ် အပတ် မသင့်ကြောင်းဖြစ်၍ ကောင်းသေး၏၊ ဒုက္ကဋ် အာပတ်တော့ သင့်လေပြီ။ လုံးလုံးမစွန့်လျှင်ကား ကမ္မဝါစာ အဆုံး၌ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
စာမျက်နှာ-၃၉၅
ဆ။ အန္တောရဋ္ဌသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—မိမိတိုင်းပြည်အတွင်းရွံရှားဖွယ်ဟု သမုတ်အပ်၍ဘေးရန်လည်းရှိသော အရပ်၌ အဖေါ်ကုန်သည်များ မပါဘဲ ဒေသစာရီလှည့်မှု။
ထိုသို့ဒေသစာရီ လှည့်ကြသော ဘိက္ခုနီတို့ကို သေသောက်ကြူးတို့က ဖျက်ဆီးလိုက်ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အန္တောရဋ္ဌေ သာသင်္ကသမ္မတေ သပ္ပဋိဘယေ အသတ္ထိကာ စာရိကံ စရေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ မိမိတို့နေရာတိုင်းပြည်အတွင်းဝယ် ရွံရှားဖွယ်ဟု သမုတ်အပ်သော ဘေးရန်လည်းရှိသော အရပ်၌ အဖေါ် ကုန်သည်များ မပါဘဲ ဒေသစာရီ လှည့်လည်သွားလာသော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။
ဇ။ တိရောရဋ္ဌသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—တိုင်းတစ်ပါးဝယ် ရွံရှာဖွယ်ဟု သမုတ်အပ်၍ ဘေးရန် လည်းရှိသော အရပ်၌ အဖော်ကုန်သည်များ မပါဘဲ ဒေသစာရီလှည့်လည်သွားလာမှု။
ထိုသို့ သွားလာသူတို့ကို သေသောက်ကြူးတို့က ဖျက်ဆီးလိုက်ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ တိရောရဋ္ဌေ သာသင်္ကသမ္မတေ သပ္ပဋိဘယေ အသတ္ထိကာ စာရိကံ စရေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ မိမိနေရာ တိုင်းပြည်မှတစ်ပါး အခြားတိုင်းပြည်ဝယ် ရွံရှာဖွယ်ရှိ၏ဟု သမုတ်အပ်သော အမှန်လည်း ဘေးရန်ရှိသော အရပ်၌ အဖေါ်ကုန်သည်များ မပါဘဲ ဒေသစာရီလှည့်လည်သွားလာသော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
စာမျက်နှာ-၃၉၆
စျ။ အန္တောဝဿ သိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—ဝါတွင်း၌ ဒေသစာရီ လှည့်လည်သွားလာမှု။
ထိုသို့ သွားလာသော ဘိက္ခုနီတို့ကို မြက်သစ်ပင်၌ အသက်ရှိ၏ဟု အယူရှိကြသော လူတို့က “မိုးကာလအတွင်းဖြစ်၍ စိမ်းစို လန်းဆန်း နေသော မြက်သစ်ပင် အရှင်ကလေးတွေကို သေအောင်နင်း၍ လှည့်လည်သွားလာ နေကြရသလား”ဟု ကဲ့ရဲ့ကြသောကြောင့် လူတို့အလိုလိုက်၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အန္တောဝဿံ စာရိကံ စရေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ဝါတွင်း၌ ဒေသစာရီ လှည့်လည်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
ည။ စာရိကာ အပက္ကမန သိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—ဘယ်မှမသွားဘဲ တနေရာထည်း၌ မိုးရော ဆောင်းရော နွေရော နေကြမှု။
လူတို့အပြစ် ရှာပုံ။ ။ ရာဇဂြိုဟ်မြို့၌ နေထိုင်ကြသော ဘိက္ခုနီတို့သည် မိုး, ဆောင်း, နွေပါ ဥတု ၃-ပါးလုံး ဘယ်မှ မသွားကြဘဲ ထိုရာဇဂြိုဟ်မြို့၌သာ နေကြကုန်၏၊ ထိုအခါ လူတို့သည် “ဘိက္ခုနီတွေမှာ သွားစရာ နေရာ ကျဉ်းမြောင်းကုန်ပြီ၊ အရပ် ၄-မျက်နှာလုံးပင် သူတို့အတွက် အလင်းမရ-မှောင်ကြီးကျနေသလို ဖြစ်ကုန်ပြီ”ဟု ကဲ့ရဲ့ကြသည်ကို တဆင့်စကား ကြားတော်မူရသောကြောင့် မကြည်ညို သေးသူတို့ကို ကြည်ညိုစေခြင်း ကြည်ညိုပြီးသူတို့ကို ပို၍ကြည်ညိုစေခြင်း စသောအကျိုးငှါ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဝဿံဝုဋ္ဌာ စာရိကံ န ပက္ကမေယျ အန္တမသော ဆပ္ပဉ္စယောဇနာနိပိ, ပါစိတ္တိယံ။
စာမျက်နှာ-၃၉၇
မြန်မာပြန်။ ။ မိုးလပတ်လုံး ဝါတွင်း၌ နေပြီး၍ ဝါကျွတ်သောအခါ (ဘေးအန္တရာယ် ကင်းပါမူ) အနည်းဆုံး ၅ ယူဇနာ, ၆ ယူဇနာ လောက်မျှ ဒေသစာရီ မလှည့်လည်သော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။
တုဝဋ္ဋဝဂ် ပြီး၏။
စိတ္တာဂါရဝဂ်
က။ စိတ္တာဂါရ သိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။
အမှု—ဆန်းကြယ်စွာ ပြုလုပ်အပ်သော အိမ်တော်ကို အကြည့် သွားကြမှု။
ဆန်းကြယ်သော အိမ်တော်။ ။ ကောသလမဟာရာဇာ၏ မင်းဥယျာဉ်အတွင်း၌ နဂိုကပင် အဆန်းတကြယ် ဆောက်လုပ်ထားသော အိမ်တော်ဝယ် ပန်းချီဆေးရေးရုပ်တို့ဖြင့် ဆန်းကြယ်စွာ ခြယ်လှယ်ထားသောကြောင့် လူအများပင် အကြည့်အရှု သွားကြလေသည်၊ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့၏ ဩဝါဒခံ ဆဗ္ဗဂ္ဂီဂိုဏ်းဝင် ဘိက္ခုနီတို့လည်း အကြည့်အရှု သွားကြသောကြောင့် “လူဝတ်ကြောင် မိန်းမတွေလို ဒီဘိက္ခုနီတွေကလဲ ဆန်းကြယ်သောအိမ်တော်ကို အကြည့်အရှု သွားပဲ သွားရဲကြတယ်”ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ရာဇာဂါရံ ဝါ စိတ္တာဂါရံ ဝါ အာရာမံ ဝါ ဥယျာနံ ဝါ ပေါက္ခရဏိံ ဝါ ဒဿနာယ ဂစ္ဆေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ မင်းနန်းတော်ကိုဖြစ်, ဆန်းကြယ်သောအိမ်ကိုဖြစ်စေ, အာရာမ်(ခြံ)ကို ဖြစ်စေ, ဥယျာဉ်ကို ဖြစ်စေ, ရေကန်ကို ဖြစ်စေ, တမင်္ဂလာ အကြည့်အရှု သွားသောဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။
ရာဇ-စိတ္တာဂါရ။ ။ ရှင်ဘုရင်၏ တစ်ရံတစ်ခါ ပျော်ပျော်ပါးပါး နေထိုင်ဖို့ရာ ဆောက်လုပ်အပ်သော အိမ်တော်ကို “ရာဇာဂါရ”ဟုခေါ်၏။
စာမျက်နှာ-၃၉၈
နန်နန်းကို “နတ်ကွန်း” ဟု ခေါ်သကဲ့သို့ ထိုအိမ်တော်ကိုလည်း “မင်းကွန်း = စံနန်း”ဟု ခေါ်၏၊ လူအများ၏ ကစားပျော်မြူးဖို့ရာ ဆန်းကြယ်စွာ ဆောက်လုပ်ထားသော အိမ်ကို “စိတ္တာဂါရ”ဟု ခေါ်၏၊ [စိတ္တ= ဆန်းကြယ်သော+အဂါရ = အိမ်၊ ယခုအခါ မြို့ကြီး များ၌ “ကလာပ်”များနှင့် တူ၏။
အာရာမ, ဥယျာန။ ။ မြို့ကြီးများ၌ အထူးတလည် ပြုပြင်ထား၍ လူအများ ပျော်စရာကောင်းသော ပန်းခြံများကို “အာရာမ”ဟု ခေါ်၏၊ လူအများ ပျော်မွေ့ဖို့ရာ သစ်သီးဥယျာဉ်, ပန်းဥယျာဉ်များကို “ဥယျာန”ဟု ခေါ်၏။
ပေါက္ခရဏီ။ ။ ရန်ကုန်မြို့တော်၏ ကန်တော်ကြီးကဲ့သို့ လူအများစိတ်ကြည်နူးဖို့ရာ သာသာယာယာ ပြုပြင်ထားသော ရေကန်ကို “ပေါက္ခရဏီ”ဟု ခေါ်၏၊ ထို ၅-မျိုးတွင် တစ်မျိုးမျိုးကို သက်သက် အကြည့်သွားလျှင် ခြေလှမ်းတိုင်း ဒုက္ကဋ်၊ မြင်လောက်သော အရပ်၌ ရပ်၍ တစ်မျိုးကြည့်လျင်(ဘိက္ခုနီတို့မှာ)ပါစိတ်တချက်၊ ၅-မျိုးလုံးကို လှည့်၍ ကြည့်လျှင် ပါစိတ် ၅ ချက်သင့်၏၊ ဘိက္ခုတို့အတွက်ကား အားလုံး ဒုက္ကဋ် အာပတ်ချည်းသာဟု(အဋ္ဌကထာ)ဆို၏။
ခ။ အာသန္ဒိသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—အလွန်မြင့်သော ညောင်စောင်းအင်းပျဉ်ခုတင်, ထိုင်ခုံ များနှင့် ခြင်္သေ့ရုပ် ကျားရုပ်စသော ရဲရင့်သောသားကောင် အရုပ်များပါသော ပလ္လင်ကို သုံးစွဲကြမှု။
ထိုသို့သုံးစွဲကြသဖြင့် လူတို့ကဲ့ရဲ့သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အာသန္ဒိံ ဝါ ပလ္လင်္ကံ ဝါ ပရိဘုဉ္ဇေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ တတောင့်ထွာ ပမာဏထက်ပိုသောခြေရှိ၍ အလွန်မြင့်သော ညောင်စောင်းအင်းပျဉ် ခုတင် ထိုင်ခုံကိုလည်းကောင်း, ခြင်္သေ့ သစ်ကျားအရုပ်များဖြင့် ခမ်းနား ဆန်းကြယ်သော ပလ္လင်ကိုလည်းကောင်း, သုံးစွဲသောဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
စာမျက်နှာ-၃၉၉
မှတ်ချက်။ ။ ဘိက္ခုတို့လည်း ထိုနေရာများကို မသုံးစွဲရ၊ သုံးစွဲလျှင်ဒုက္ကဋ်အာပတ် သင့်၏၊ သုံးစွဲလိုလျှင် တတောင့်ထွာထက် မလွန်အောင် ခြေထောက်ကို ဖြတ်၍လည်းကောင်း, ပလ္လင်၌ ခြင်္သေ့, သစ်ကျား အရုပ်များကို ဖျက်၍လည်းကောင်း, သုံးစွဲကောင်း၏။ အာသန္ဒီ၏ ပုံစံကိုကင်္ခါအဋ္ဌကထာ၌ “၄-ထောင့်” ဟု ပါရှိသော်လည်း ဤပါဠိတော်၏အဖွင့်၌ “အတိက္ကန္တ ပမာဏာ-(တတောင့်ထွာထက်) လွန်သော ပမာဏရှိသောနေရာ”ဟု သာမည ဖွင့်သောကြောင့် ခုတင်ထိုင်ခုံအားလုံးကိုပင် ပြလိုက်သည်။ “ပလ္လင်္ကော နာမ အာဟရိမေဟိ (တပ်အပ်ကုန် သိအပ်ကုန်သော) ဝါဠေဟိ-သားရဲ, သားကောင် (ခြင်္သေ့, သစ်ကျား)တို့ဖြင့် ကတော” ဟု ဖွင့်၏။ ဤသိက္ခာပုဒ်သည် ဘိက္ခုနီတို့သုံးစွဲမှုကြောင့် ပညတ်အပ်သော သိက္ခာပုဒ်တည်း၊ ပမာဏာတိက္ကန္တ -ညောင်စောင်းစသည်ကို ပြုလုပ်လျှင်ကား ပါစိတ်အာပတ်ဟု ဘိက္ခု ရတနဝဂ်၌ ပညတ်တော်မူခဲ့ပြီ။
ဂ။ သုတ္တကန္တနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။
အမှု—ဗိုင်းငင် = ချည်ငင်မှု။
“ဘိက္ခုနီတွေ့နှယ် ကာမစည်းစိမ်ခံစားသော အိမ်ထောင်သည် မိန်းမများလို ဗိုင်းငင်ကြရသလား” ဟု လူတို့ကဲ့ရဲ့မှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ သုတ္တံ ကန္တေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ချည်ငင်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏၊ ချည်မငင်မီ ဝါကိုရွေးချယ်သည်မှစ၍ လုံ့လစိုက်တိုင်း ဒုက္ကဋ်အာပတ် သင့်၏၊ ငင်သည့်အခါ ဝင်ရိုး၌တစ်ပတ်ရတိုင်း, တစ်ပတ်ရတိုင်း ပါစိတ် တချက်တချက်သင့်၏။
ဃ။ ဂိဟိဓဝေယျာဝစ္စ သိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—လူဝတ်ကြောင်များ၏ ဝေယျာဝစ္စကို ရွက်ဆောင်ပြုလုပ်ပေးမှု။
“ဝေယျာဝစ္စ”ဟူသည်-မောင်းထောင်းဆန်ဖွပ်ခြင်း, ထမင်း, ဟင်း, မုန့်ပဲ သရည်စာကို ပြုလုပ်ခြင်း, အဝတ်ဖွပ်လျှော်ခြင်း, စသော အလုပ်ကိစ္စလည်း။
စာမျက်နှာ-၄၀၀
လူဝတ်ကြောင်များ၏ ထိုအလုပ်ကိစ္စကို ကူညီပြုလုပ်ပေးမှုကြောင့် အမြင် မတော်သော လူတို့က ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဂိဟိဝေယျာဝစ္စံ ကရေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ လူဝတ်ကြောင်တို့၏ ဝေယျာဝစ္စကို ပြုလုပ်သောဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ မောင်းထောင်းပေးခြင်း စသည်ကို ပုဗ္ဗပယောဂ (ယာဂုစသည် မကျိုချက်မီ လုလ္လပြုခြင်း) ဟု ခေါ်၏။ ထိုပုဗ္ဗပယောဂအခိုက်၌ လုံ့လ ပြုတိုင်း ဒုက္ကဋ် အာပတ်သင့်၏၊ ယာဂုကျိုခြင်း, ထမင်းချက်ခြင်းတို့၌ အိုးအရေအတွက် ရှိသလောက် (အိုးတလုံးအာပတ်တချက်အားဖြင့်) ပါစိတ်အာပတ်သင့်၏၊ မုန့်လုပ်ပေးရာ၌ မုန့်အရေအတွက် များသလောက် ပါစိတ်အာပတ်များ၏၊ ထိုဂိဝေယျာဝစ္စကို ဘိက္ခုများလုပ်လျှင်လည်း ဒုက္ကဋ်အာပတ်သင့်၏။
ခြွင်းချက်။ ။ ဘုရားနှင့် ရဟန်းသံဃာအား ယာဂု-ဆွမ်းမုန့် ကပ်ဖို့ ဖြစ်လျှင် ချက်ပြုတ် လုပ်ကိုင်ပေးကောင်း၏၊ မိမိ၏ ဝေယျာဝစ္စ (အလုပ်ကိစ္စ)ကို ပြုလုပ်ပေးသူ အတွက်လည်း မိမိက သူ၏ဝေယျာဝစ္စကို လုပ်ကိုင်ပေး ကောင်း၏၊ ဥပမာ-သူကမိမိ၏ အဝတ်ဖွပ်ပေးလျှင်, ကျောင်းတလင်းသုတ်သင်နေ့လျှင် မိမိ၏ တောက်တိုမယ်ရ ခိုင်းစေရသူ ဖြစ်လျှင်, သူ၏ ဝေယျာဝစ္စကိုလည်း မိမိက ပြုလုပ်ပေးကောင်း၏၊ မယ်တော် ခမည်းတော်များ ကျောင်းလာ၍ သူတို့အတွက် ချက်ပြုတ်ပေးရတော့မည်ဖြစ်လျှင် သူတို့ကို ရှေးဦးစွာ ကိုယ့်ဝေယျာဝစ္စပြုသူဖြစ်အောင် တံမြက်စည်းကလေး အရိုးတပ်ပေးစမ်းပါ, ယပ်တောင်ကလေးလုပ်ပေးစမ်းပါ-စသည်ဖြင့် ခိုင်းပြီးမှ သူတို့၏ဝေယျာဝစ္စကို ပြုရမည်။
သတိပြုဖွယ်။ ။ ယခုကာလ၌ ဘိက္ခုနီတို့နေရာဝယ် သီလရှင်များ ရောက်နေကြလေပြီး များစွာသော လူဝတ်ကြောင်တို့သည် စရပ်ကလေးစသည် ဆောက်ပေး ဥပုသ်စောင့်စသည်သွားကာ သီလရှင်များ၏ ချက်ပြုတ်ပေးမှု အပြုအစုကို ခံယူလေ့ရှိကြ၏၊ တချို့ကား ဘုရားဖူးသွား ဈေးသွားစသည်၌ သီလ ရှင်ကိုပင် လက်ဆွဲခြင်း ဈေးတောင်းများကို ကိုင်ယူစေကြ၏။ သီလရှင်များကိုပင် အဝတ်ဖွပ်ပေးစေကြ၏၊ ထိုကိစ္စအားလုံးပင် ၂-ဖက်လုံး ဆင်ခြင်သင့်ကြလေသည်။
စာမျက်နှာ-၄၀၁
င။ အဓိကရဏာဝူပသမသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—အဓိကရုဏ်းကို ငြိမ်းစေမည်ဟု ဝန်ခံပြီးနောက် ငြိမ်းအောင် လုပ်မပေးမှု။
ထုလ္လနန္ဒာ၏ ဂရုမစိုက်ပုံ။ ။ ဘိက္ခုနီတစ်ယောက်မှာ အဓိကရုဏ်း တစ်ခု ဖြစ်နေ၏၊ ဥပမာ-သူ့မှာ ကိစ္စတစ်စုံတရာအတွက် အာပတ်သင့်, မသင့်ကို မဆုံးဖြတ်နိုင်အောင် ဖြစ်နေ၏၊ ဤသို့ဖြစ်မှုကို ပင် အာပတ္တာဓိကရုဏ်းဟု ခေါ်၏၊ ထိုသို့အဓိကရုဏ်း တစ်ခုခုဖြစ်နေသော ဘိက္ခုနီသည် “ထိုအဓိကရုဏ်းကို ဆုံးဖြတ်ပေးစမ်းပါ” ဟု ထုလ္လနန္ဒာကို တောင်းပန်လေရာ, ထုလ္လနန္ဒာသည် “ကောင်းပြီ, ငြိမ်းအောင်ဆုံးဖြတ်ပေးမည်”ဟု ဝန်ခံပြီးနောက် တစ်စုံတစ်ခု အနှောင့်အယှက် အန္တရာယ်မရှိပါဘဲ ကိုယ်တိုင်လည်းငြိမ်းအောင်လုပ်မပေး, အခြားသူတို့ လုပ်ပေးအောင်လည်း ကြောင့်ကြမစိုက်ဘဲ နေ၏၊ ထိုအကြောင်းကို အမှုရှင်ဘိက္ခုနီက အခြား ဘိက္ခုနီတို့အား ပြောပြသဖြင့် ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ “ဧဟာယျေ, ဣမံ အဓိကရဏံ ဝူပသမေဟီ”တိ ဝုစ္စမာနာ “သာဓူ”တိ ပဋိဿုဏိတွာ သာ ပစ္ဆာ အနန္တရာယိကိနီ နေဝ ဝူပသမေယျ, န ဝူပသမာယ ဥဿုက္ကံ ကရေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် အခြားဘိက္ခုနီတစ်ယောက်က “အရှင်မ...လာစမ်းပါ, မည်သည့်အဓိကရုဏ်းကို ငြိမ်းအောင် လုပ်ပေးစမ်းပါ” ဟု တောင်းပန်အပ်စဉ်တုန်းက “ကောင်းပါပြီ” ဟု ဝန်ခံပြီး၍ နောက်အခါ၌ အနှောင့်အယှက် အန္တရာယ်မရှိပါဘဲ ကိုယ်တိုင်လည်းငြိမ်းအောင် လုပ်မပေးအံ့၊ သူတစ်ပါးလုပ်ပေးအောင်လည်း ကြောင့်ကြမစိုက်အံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။ [ရေ-မီးစသော အန္တရာယ်, တစ်စုံတစ်ယောက်က မဆုံးဖြတ်အောင် နှောင့်ယှက်မှုအန္တရာယ် ရှိ၍ဖြစ်စေ, ကူညီမည့်အဖော်မရ၍ဖြစ်စေ ငြိမ်းအောင်လုပ်မပေးသူမှာ အနာပတ္တိ။
စာမျက်နှာ-၄၀၂
စ။ သဟတ္ထာဒါနသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—ဇာတ်ဆရာ, ဇာတ်သူ ဇာတ်သား စသည်တို့အား မိမိကိုယ်တိုင် ခဲဖွယ် ဘောဇဉ် ပေးမှု။
ထုလ္လနန္ဒာ၏ အကြံ။ ။ ထုလ္လနန္ဒာသည် မိမိကျော်ကြားတို့ရန် ကြိုးစားလေ့ရှိ၏၊ ထို့ကြောင့် ဇာတ်ဆရာ, ဇာတ်သမား, ဘား (ဂျွမ်း) သမား, မျက်လှည့်ပြသူ, အိုးစည်(ဒိုးပတ်) တီးသူတို့အား “ငါ၏ ဂုဏ်သတင်းကို ပရိသတ်မှာ ပြောကြပါ”ဟု တိုက်တွန်း၍ ခဲဖွယ်ဘောဇဉ်များကို ကိုယ်တိုင်ပေးလေ့ရှိ၏၊ ထိုအကြောင်းကို ကြားသိသော ဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူ ရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အဂါရိကဿ ဝါ ပရိဗ္ဗာဇကဿ ဝါ ပရိဗ္ဗာဇိကာယ ဝါ သဟတ္ထာ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ဒဒေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် လူဝတ်ကြောင်အားသော်လည်းကောင်း, ပရိဗိုဇ်ယောက်ျားအားသော်လည်းကောင်း, ပရိဗိုဇ်မအားသော်လည်းကောင်း, ခဲဖွယ် ဘောဇဉ်ကို မိမိလက်ဖြင့်(ကိုယ်တိုင်) ပေးအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ဤသိက္ခာပုဒ်သည် ခဲဖွယ်ဘောဇဉ် ပေးမှုအတွက်သာ ပညတ်အပ်သော သိက္ခာပုဒ်တည်း၊ ဂုဏ်သတင်းအပြောခိုင်းမှုကား မအပ်သော ပစ္စည်းရှာမှုမျိုးဖြစ်၍ ဒုက္ကဋ်အာပတ်သာ ဖြစ်သင့်၏။ ထိုသို့ ခိုင်းသဖြင့် ဂုဏ်သတင်းကို ကြားသိရသောလူတို့က လှူကြသော ပစ္စည်းတို့မှာမူ ထိုသူနှင့်တကွ ရဟန်းဟူသမျှ မသုံးစွဲကောင်း၊ သုံးစွဲတိုင်း ဒုက္ကဋ် အာပတ်သင့်၏။
ဆ။ အာဝသစီဝရသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—ကျောင်းပိုင်ဖြစ်သော ဥတုနှီးသင်္ကန်းကို သူချည်း သုံးစွဲမှု။
ကျောင်းသင်္ကန်း။ ။ ဘိက္ခုနီများ၏ ကျောင်း၌ ဥတုလာသူတို့ အသုံးပြုဖို့ရန် “ဥတုနှီး” သင်္ကန်းကို လှူဒါန်းထားတတ်ကြ၏၊ ထိုသင်္ကန်းကို သုံးရာ၌ထုံးစံမှာ ၂-ညဉ့်-၃ ည သုံးပြီး
စာမျက်နှာ-၄၀၃
လျှင် ၄-ရက်မြောက်နေ့၌ ဖွပ်လျှော်၍ အခြားဥတုလာသူ (ဘိက္ခုနီ, သိက္ခမာန်မ, သာမဏေမ)တို့အား တဆင့်ပေးရ၏၊ ဥတုလာနေသူ ရှိပါလျက် ထိုသူအား တဆင့်မပေးလျှင် ဤသိက္ခာပုဒ်အရ ပါစိတ်အာပတ် သင့်၏၊ ဥတုလာသူ မရှိ၍ ဆက်လက်သုံးနေလျှင်ကား အနာပတ္တိ၊ ထုလ္လနန္ဒာကား ထိုသင်္ကန်းကို အခြားသူအား အလှည့်မပေးဘဲ သူ့ချည်း သုံးနေသဖြင့် အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အာဝသထစီဝရံ အနိဿဇ္ဇေတွာ ပရိဘုဉ္ဇေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ဥတုနှီးသင်္ကန်းကို မစွန့်ဘဲ အသုံးပြုနေသူမှာ ပါစိတ် အာပတ်သင့်၏။
ခန္ဓာကျင့်ဝတ်။ ။ ဤသိက္ခာပုဒ်နှင့် စပ်၍ စူဠဝါ(ဘိက္ခုနီခန္ဓက) ပါဠိတော်၌ သိက္ခာပုဒ်များရှိသေး၏။
(က) ဘိက္ခုနီတို့သည် ဥတုလာနေစဉ် ကြိမ်ခတ်ထားသော ညောင်စောင်း အင်းပျဉ်(ခုတင်-ထိုင်ခုံ)တို့အပေါ်၌ ထိုင်ကြ အိပ်ကြလေရာ ခက်ထားသောကြိုး..ကြိမ်တို့ကို ဖေါက်၍ အောက်ကြမ်းပြင်ပေါ်၌ စိုရွှဲနေသောကြောင့် ဥတုနှီးသင်္ကန်းကို ခွင့်ပြုတော်မူလေသည်။
(ခ) ထိုဥတုနှိးသင်္ကန်း၌ သွေးများ ပေကျံနေပြန်ရကား အတွင်း၌ ဆို့ထားဖို့ရာ အတွင်းဆို့ အဝတ်ကို ခွင့်ပြုတော်မူရပြန်၏။
(ဂ) ထိုအတွင်းဆို့ အဝတ်သည် မမြဲဘဲကျွတ်ကျသောကြောင့် အတွင်းသို့ အဝတ်ကို ကြိုးငယ်ဖြင့် ဖွဲ့ချည်၍ ကြိုးစတစ်ခုဖြင့် ပေါင်၌ ဖွဲ့ချည်ထား ဖို့ရန် ခွင့်ပြုတော်မူရပြန်၏။
(ဃ) ထိုကြိုးသေးကလေး ပြတ်၍ ပြုတ်ကျပြန်သောကြောင့် ခါးတောင်း ကြိုက်၍ဖြစ်သော ခါးကြိုးတန်ဆာ တစ်မျိုးကို ခွင့်ပြုတော်မူရပြန်သည်။
ဇ။ အာဝသထာနိဿဇ္ဇနသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—ကျောင်းကို မစွန့်လွှတ်(မအပ်နှံ့)ဘဲ ဒေသစာရီ လှည့်လည်မှု။
ကျောင်းကို မီးလောင်ခြင်း။ ။ ထုလ္လနန္ဒာသည် ဒေသစာရီ လှည့်လည်သွားခါနီး၌ သူ့ ကျောင်းကို ကြည့်ရှု့စောင့်ရှောက်ရစ်ဖို့ရန် တစ်ယောက်ယောက်ထံမျှ မအပ်နှံဘဲ ဒေသစာရီလှည့်လည်လေ၏၊
စာမျက်နှာ-၄၀၄
ထိုအခိုက်မှာပင်သူ၏ကျောင်းကို မီးလောင်လေရာ, တချို့က “ကျောင်းထဲမှ ပစ္စည်းဘဏ္ဍာများကို ထုတ်ယူကြစို့” ဟု ပြော၏၊ တချို့ကလည်းမတော်တဆ တစ်စုံတစ်ခု ပျောက်လျှင်ငါတို့ကို တရားစွဲလိမ့်မည်၊ ငါတို့တော့ မထုတ်ဝံ့ပါ” (သူ၏နှုတ်ကြမ်း အာကြမ်းနှင့် ရမ်းတတ်ပုံကို ကြောက်၍) ပြော၏၊ ထို့ကြောင့် ကျောင်းရှိပစ္စည်း ဘဏ္ဍာတွေပါ မီးလောင်ခံလိုက်ရလေသည်။
ဒေသစာရီ လှည့်လည်ရာမှ ထုလ္လနန္ဒာပြန်လာသောအခါ “ပစ္စည်းဘဏ္ဍာများကို ထုတ်မယူကောင်းလား”ဟု အပြစ်တင်လေသော် “သူ့ကိုယ်တိုင်က သူ၏ကျောင်းကို တစ်ယောက်ယောက်ထံ မအပ်နှံဘဲ သွားရသလား” ဟု သူ့ကိုပြန်၍ ကဲ့ရဲ့ကြလေရာ “အရင်းစစ်လျှင် အမြစ်မြေက”ဆိုသလို သူ၏ အပြစ်က အရင်းကျသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အာဝသထံ အနိဿဇ္ဇိတွာ စာရိကံ ပက္ကမေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ကျောင်းကို(ဘိက္ခုနီ, သိက္ခမာန်, သာမဏေမ ၃-မျိုးတွင်) တစ်စုံတစ်ယောက်ထံ မစွန့်လွှတ် မအပ်နှံဘဲ ဒေသစာရီလှည့်လည်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
ဈ။ တိရစ္ဆာနဝိဇ္ဇာ ပရိယာပုဏနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။
အမှု—တိရစ္ဆာနဝိဇ္ဇာကို သင်ယူမှု။
တိရစ္ဆာနဝိဇ္ဇာကို သင်ယူသော ဘိက္ခုနီတို့အား လူတို့က “ကာမစည်းစိမ် ခံစားသူ လူဝတ်ကြောင် မိန်းမများလိုပဲ”ဟု ကဲ့ရဲ့ကြသောကြောင့် ဤ သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ တိရစ္ဆာနဝိဇ္ဇံ ပရိယာပုဏေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ တိရစ္ဆာနဝိဇ္ဇာကို သင်ယူသော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။
စာမျက်နှာ-၄၀၁
ည။ တိရစ္ဆာနဝိဇ္ဇာဝါဝစန သိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။
အမှု—တိရစ္ဆာနဝိဇ္ဇာကို ပို့ချပေးမှု။
တိရစ္ဆာနဝိဇ္ဇာကို ပို့ချပေးသော ဘိက္ခုနီတို့အားလည်း “လူဝတ်ကြောင် မိန်းမများလိုဘဲဟု စွပ်စွဲကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ တိရစ္ဆာနဝိဇ္ဇံ ဝါစေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ တိရစ္ဆာနဝိဇ္ဇာကို ပို့ချသော ဘိက္ခုနီမှာ ပါစိတ် အာပတ် သင့်၏။
တိရစ္ဆာနဝိဇ္ဇာ။ ။ “တိရစ္ဆာန”သဒ္ဒါသည် “ဖီလာကန့်လန့်”ဟူသော အနက်ကို ဟော၏၊ ထို့ကြောင့် မဂ်ဖိုလ်ရခြင်း၏ ဖီလာကန့်လန့် ဖြစ်သောအတတ်ကို “တိရစ္ဆာနဝိဇ္ဇာ”ဟု မှတ်၊ ထို့ကြောင့်ပင်-“တိရစ္ဆာန ဝိဇ္ဇာနာမ-ယံကိဉ္စိ ဗာဟိရကံ အနတ္ထသံဟိတံ = သာသနာတော်မှ အပ ဖြစ်သော အကျိုးမဲ့ အတတ်ပညာအားလုံးသည် တိရစ္ဆာန ဝိဇ္ဇာမည်၏”ဟု ဤသိက္ခာပုဒ်များ၏ ပဒဘာဇနိယ မှာ(ဘုရားရှင်ကိုယ်တော်တိုင်) ဖွင့်ပြတော်မူလေသည်။
အဋ္ဌကထာ။ ။ ဤသိက္ခာပုဒ်၏ အဋ္ဌကထာ၌လည်း “ဗာဟိရက အနတ္ထ သံဟိတ”အတတ် ဟူသည်ကား-ဆင်အတတ်, မြင်းအတတ်, ရထားစီး အတတ်, ဓါးရိုးချွတ်(ဓါးအိမ်မှ ဓါးရိုးကို ဆွဲနှုတ်ကြောင်းအတတ်,) သူတစ်ပါးကို သတ်ဖြတ်ဖို့ရန်ဖြစ်သော အာထဗ္ဗန မန္တာန်, သစ်သား နှစ်ငုတ်ကို မန္တာန်မန်းမှုတ်၍ မြေ၌စိုက်လျှင် ရည်စူးအပ်သူ သေစေတတ်သော သစ်ငုတ်စိုက်မန္တာန်, မိမိအလိုပါအောင် (စိတ်ဖေါက်ပြန်၍ မိမိအလိုပါလာအောင်)ပြုတတ်သောမန္တာန်, အဆိပ်ဆေးကို ဖေါ်စပ်သော အတတ်, ဤသို့ စသည်ဖြင့် သူတစ်ပါးကို အကျိုးမဲ့အောင် နှိပ်စက် သတ်ဖြတ် ဖျက်ဆီးကြောင်း အတတ်များ ဖြစ်သည်။
အနာပတ္တိ။ ။ ဤသိက္ခာပုဒ်များ၏ ပါဠိတော်ဝယ် အနာပတ္တိဝါရ၌ “အနာပတ္တိ လေခံ ပရိယာပုဏာတိ = အက္ခရာ (စာ)ရေးနည်းကို
စာမျက်နှာ-၄၀၆
ပြသော လက်ရေးအတတ်ကို သင်သော်လည်းကောင်း, ဓာရဏံ ပရိယာပုဏာတိ = ဘေးရန် ကာကွယ်ဖို့ရန် အဆောင် (လက်ဖွဲ့စသော) လုပ်နည်းကို သင်သော်လည်းကောင်း, ဝုတ္တတ္ထာယ ပရိတ္တံ ပရိယာပုဏာတိ- မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ဖို့ရန် မန္တာန်ကိုဖြစ်စေ မြွေမလာသော စည်းဝိုင်းအတတ်ကို ဖြစ်စေ သင်သော်လည်းကောင်း (ဝါစေတိ-ထို အားလုံးကို ပို့ချသော်၎င်း) အာပတ်မသင့်”ဟု ခွင့်ပြုတော်မူ၏။
မှတ်ချက်။ ။ ဤဝိနည်းတော် အလိုအားဖြင့် မသင်ကောင်းမချကောင်းသော တိရစ္ဆာနဝိဇ္ဇာ ဟူသည်– ပရူပဃာတကရ = သူတစ်ပါးအား နှိပ်စက်သတ်ဖြတ်မှုကို ပြုကြောင်း မကောင်းသောအတတ်များ” ဖြစ်ကြောင်း သိသာပြီ၊ သို့ပါလျက် အတော်ရှေးကျသော ရှေးက “ဂဏန်းအတတ်ကိုလည်းကောင်း, အင်္ဂလိပ်, ဟိန္ဒူ, သက္ကတကျမ်းစာတို့ကိုလည်းကောင်း, မသင်ကောင်း, သင်လျှင် ပို့ချလျှင် အာပတ်သင့်၏” ဟု ပြောဆိုကြ၏။ ထိုသို့အပြောမှားမှုကြောင့် သီလသိက္ခာကို ရိုသေထိန်းသိမ်းကြသော ရှေးဘုန်းတော်ကြီးများသည် ဘုန်းကြီးကျောင်း၌ ဂဏန်းသင်္ချာ လောကဓာတ်ပညာ ကိုမျှသင်ပြ၍ မပေးဝံ့ခဲ့ကြရကား ယခုအခါ၌ ဘုန်းကြီးကျောင်းအများပင် စာသင်မည့် ကျောင်းသားနည်းပါး(တချို့ကျောင်း၌ လုံးလုံးပင်မရှိတော့)ရုံမက, ဘုန်းကြီးကျောင်းထွက် မဟုတ်သော ခေတ်ပညာတတ်များ၏ အမျိုးမျိုးဝေဖန်သံကို ဘုန်းကြီးများ ခံနေကြရပေါ့။
ဆက်ဦးအံ့။ ။ အင်္ဂလိပ်စာ, သက္ကတစာ” ဟူသည် အတတ်ပညာမဟုတ်သေး, အက္ခရာစာလုံးတွေသာတည်း၊ မြန်မာစာဟူသည်လည်း အက္ခရာစာလုံး တွေသာတည်း၊ ဘုရားတရားတော်ကို မြန်မာစာ ဖတ်တတ်သူတို့အတွက် မြန်မာအက္ခရာစာလုံးဖြင့် ရေးသား၍ အင်္ဂလိပ်စာ ဖတ်တတ်သူတို့အတွက် အင်္ဂလိပ်စာလုံးဖြင့် ရေးသားရပေမည်၊ ထိုသို့ ရေးသားထားသော စာလုံးများဖြင့် သင်ယူပို့ချမှုကို တိရစ္ဆာနဝိဇ္ဇာသင်ယူပို့ချမှုဟုဆိုနိုင်မည်လော၊ ထို့ကြောင့် ရေးသားထားသော အက္ခရာစာလုံးသည် ပဓာနမဟုတ်၊ ထိုစာဖြင့် ရေးသားညွှန်ပြအပ်သော အတတ်သာ လိုရင်းဖြစ်၍ “သူတစ်ပါး နှိပ်စက်ဖို့ အတတ်ဖြစ်လျှင်သာ မသင်ကောင်း”ဟု ဆုံးဖြတ်ပါလေ။
ဂဏန်းသင်္ချာ။ ။ “ဂဏန်းသင်္ချာ မသင်ကောင်းဘူး”ဆိုလျှင် သင်္ဂြိုဟ်သရုပ်ခွဲရာ၌ စိတ်စေတသိက် ယှဉ်ပုံများကို ဘယ်လိုတွက်မည်နည်း၊ ကျမ်းကြီးပဋ္ဌာန်း-ကျမ်းငယ်ဆန်း၌ သင်္ချာဝါရနှင့် ပတ္ထာရဖြန့်ရာဝယ် ထောင်ပေါင်းများစွာ ရနိုင်သော ဂါထာတွေကို ဘယ်လိုနည်းဖြင့် တွက်မည်နည်း၊ “ဂဏန်း သင်္ချာမသင်ကောင်းဘူး” ဟု ဆုံးဖြတ်သော ဆရာတော်တို့သည်ပင် “နောဧကနော, နဝ ဒွေ အဋ္ဌာရသ” စသည်ဖြင့် မြန်မာအက္ခရာ
စာမျက်နှာ-၄၀၇
သက္ကတအသံထွက်ဖြင့် ရေးထားသော ၉-ကြောင်းလင်္ကာကို သင်ပြ နေကြသည် မဟုတ်ပါလော၊ “နော ဧက နော”ကို သင်ကောင်း၏ ဆုံးဖြတ်၍ “၉ တလီ ၉, ၉နှစ်လီ တဆယ့်ရှစ်”ကိုတော့ မသင်ကောင်းဟု ဆုံးဖြတ်ခြင်းသည် တရားသော ဆုံးဖြတ်ခြင်း ဟုတ်နိုင်ပါမည်လော၊ အဋ္ဌကထာဆရာနှင့် မူလဋီကာ ဆရာစသော ရှေးဆရာတော်တို့သည် ပဋ္ဌာန်းသင်္ချာဝါရ၌ အလွန်ကျွမ်းကျင်တော်မူရကား ဂဏန်းသင်္ချာတတ် ဆရာမြတ်ကြီးတို့ပါပေတည်း။
သုတ္တန်ပါဠိတော် အလို။ ။ တချို့ကား ဗြဟ္မဇာလသုတ်စသော သုတ္တန် ပါဠိတော်ဝယ် မိစ္ဆာဇီဝအခန်း၌ ထိုဂဏန်းသင်္ချာများ ပါနေသောကြောင့် “ဂဏန်းသင်္ချာကို ဝိနည်းအလို အပြစ်မရှိစေကာမူ သုတ္တန်အလိုအားဖြင့် မသင်ကောင်း”ဟု ဆုံးဖြတ်ကြပြန်၏။ ထိုသုတ္တန်၌ သင်ခြင်းပို့ချခြင်းကို အပြစ်တင်တော်မူသည် မဟုတ်ပါ။ သင်၍ တတ်မြောက်သောအခါ ထိုအတတ်ဖြင့် ပစ္စည်းလာဘ်လာဘ ရအောင် ငွေကြေးအခယူ၍ အသက်မွေးမှုကိုသာ မိစ္ဆာဇီဝ= ကဲ့ရဲ့ထိုက်သော အသက်မွေးမှု”ဟု အပြစ်တင်တော်မူလိုရင်း ဖြစ်ပါသည်၊ သင်ရုံ ပို့ချရုံကို အပြစ်တင်ခြင်းမဟုတ်ပါ၊ ထိုကြောင့်ပင် ပါဠိတော်၌ “ဧဝရူပါယ တိရစ္ဆာနဝိဇ္ဇာယ မိစ္ဆာဇီဝေ ဇိဝိတံ ကပ္ပေန္တိ”ဟုချည်း ဟောတော်မူပါသည်။
မှန်၏။-ထိုပါဠိတော်များ၌ နက္ခတ်တာရာတို့ အကြောင်းလည်း ပါ၏၊ ထိုနက္ခတ်တာရာတို့ သွားလာပုံကို တောကျောင်းဘုန်းကြီးများမှာ တမင်တကာ သင်ယူရမည်ဟုပင် ပညတ်တော်မူ၏၊ “နက္ခတ္တ ပဒါနိ ဥဂ္ဂဟေတဗ္ဗာနိ သကလာနိဝါ ဧကဒေသာနိဝါ = တောနေ ရဟန်းသည် နက္ခတ်တို့ကို အားလုံးဖြစ်စေ တချို့ ဖြစ်စေ သင်ယူ မှတ်သားကြရမည်” [စူဠဝါ, ဝတ္တက္ခန္ဓက, အာရညိကဝတ်။]
ထိုပါဠိတော်များ၌ ဆေးပေးမှု, ဆေးကုမှုကိုလည်း အပြစ်တင်တော်မူ၏၊ ထိုအပြစ်တင်တော်မူခြင်းမှာ မိစ္ဆာဇီဝဖြစ်သောကြောင့် (ဘုန်းကြီးကဆေးကုလျှင် လူတွေက ကျေးဇူးဆပ်သောအားဖြင့် လှူဒါန်းတတ်ကြသောကြောင့် ဆေးမကုဘဲ တရားသဖြင့် နေသော ဘုန်းကြီးများကို အကြည်ညို ပျက်မည်စိုး၍)ဖြစ်၏၊ မဆိုင်သော လူများကို ဆေးမကုဖို့ရန် ဝိနည်းတော်မှာလည်း တားမြစ်ထား ပါသည်၊ ထိုသို့ ပါဠိတော်ပါရုံမျှဖြင့် ဆေးအတတ်ကို မသင်မချ
စာမျက်နှာ-၄၀၈
ကောင်းဟု မမှတ်ရ၊ အကောင်အလှောင်များကို သတ်ဖြတ်မှု မပါသော ဆေးဘက်ဆိုင်ရာ၌ ဆရာဝန်ကြီးအထိ သင်ယူကောင်း-တတ်ပြန်လျှင်လည်း ပို့ချကောင်းပါ၏။ မှန်၏-ဂိလာနကို လုပ်ကျွေး သူ၏ အင်္ဂါ၌ “ဆေးစပ်တတ်ရမည်”ဟု ပါသည့်ပြင် ဝိနည်းမဟာဝါ ပါဠိတော် ဘေသဇ္ဇခန္ဓက တခန်းလုံးလည်း ဆေးကျမ်းပင်ဖြစ်၏၊ ထိုအခန်းကို ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူ၍ ရဟန်းတော် အများပင် သင်ယူ-ပို့ချ လက်တွေ့လည်း သင်ပြနေကြရပါသည်။
အချုပ်မှာ’ပါဠိတော်များ၌ “တိရစ္ဆာနဝိဇ္ဇာ”ဟု နာမည်ပါတိုင်း မသင်မချကောင်းဟု မမှတ်ယူဘဲ, ထိုတိရစ္ဆာနဝိဇ္ဇာဖြင့် လူများလို အသက်မွေးမှုကိုသာ မပြုကောင်းဟုလည်းကောင်း, အမှန်မသင်ကောင်း မချကောင်းသော (ဤသိက္ခာပုဒ် ၂-ပါးဖြင့် တားမြစ်အပ်သော) တိရစ္ဆာနဝိဇ္ဇာမှာ သူတစ်ပါးကို ညှဉ်းဆဲသတ်ဖြတ်ကြောင်း ဖြစ်သော ဆင်အတတ် စသည်များသာဖြစ်သည်ဟုလည်းကောင်း, မှတ်ပါ။
စိတ္တာဂါရဝပြီး၏။
အာရာမဝဂ်
က။ အာရာမသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—အခွင့်မပန်ဘဲ ဘိက္ခုတို့၏ ကျောင်းတိုက်အာရာမ်အတွင်း ဝင်မှု။
ဘိက္ခုတို့ သင်္ကန်းချုပ်ချိန်။ ။ ရွာငယ်ကျောင်းတိုက်တတိုက်၌ များစွာသော ရဟန်းတော်တို့သည် အပေါ် ရမ်းသင်္ကန်းကို ချထား၍ သင်းပိုင် တထည်ကို ဝတ်လျက် သင်္ကန်းချုပ်နေကြစဉ် ဘိက္ခုနီတို့သည် (ကျောင်းတိုက်အတွင်းသို့ ဝင်လာလိုကြောင်း) ခွင့်မတောင်းကြဘဲ ဝင်သွားကြလေ၏၊ (ထိုသို့အပေါ် ရမ်း ဧကသီမပါဘဲ နေခြင်းသည် လူစိမ်း သူစိမ်း မရှိခိုက်သာ လျော်၏၊ မိန်းမသားတို့ မြင်သွားလျှင်ကား သာ၍ မလျော်) ထို့ကြောင့် ခွင့်မတောင်းဘဲ ဝင်လာခြင်းကို ဘိက္ခုတို့မနှစ်သက်၍ ကဲ့ရဲ့၍ကြသောကြောင့် “ခွင့်မတောင်းဘဲ ဘိက္ခုတို့အာရာမ်တွင်းသို့ မဝင်ရ”ဟု ပထမ ပညတ်တော်မူရလေသည်။
စာမျက်နှာ-၄၀၉
ရဟန်းမရှိ၍ မဝင်ရပုံ။ ။ ထိုသို့ သိက္ခာပုဒ် ပညတ်တော်မူပြီးနောက် ထိုကျောင်းတိုက်မှ ရဟန်းတော်အားလုံးပင် အရပ်တစ်ပါးသို့ ကိစ္စ ရှိ၍ သွားကြကုန်၏၊ ဘိက္ခုနီတို့သည် ကျောင်းတိုက်၌ ခွင့်ပန်စရာ ရဟန်းမရှိသောကြောင့် ကျောင်းတိုက်တွင်းသို့ မဝင်ကြကုန်၊ အရပ် တစ်ပါးသို့ သွားသောရဟန်းများ ပြန်ရောက်လာမှ ဘိက္ခုနီတို့လည်း ထိုအာရာမ်တွင်းသို့ ခွင့်တောင်း၍ ဝင်သွားကြသောအခါ ထိုဘိက္ခုနီတို့အား ကျောင်းတိုက်ထဲ၌ တံမြက်မလှည်းကောင်းလား, သောက်ရေသုံးရေ ခပ်မထား ကောင်းလား”ဟု ကဲ့ရဲ့ကြပြန်သောကြောင့် “ထင်ရှားရှိသော ရဟန်းကို ခွင့်ပန်၍ ဝင်ရမည်၊ (ရဟန်းမရှိလျှင် ခွင့်မပန်ဘဲ ဝင်နိုင်သည်၊)”ဟု ပထမ အနုပညတ် တပ်တော်မူရလေသည်။
မသိ၍ ဝင်မိကြပုံ။ ။ ထိုသို့ အနုပညတ် ထပ်ဆင့်တော်မူပြီးနောက် ထိုရဟန်းတော်အားလုံးပင် ကိစ္စတစ်ခုဖြင့်အခြားအရပ်သို့ ဖဲခွါ ထွက်သွားကြပြီးလျှင် မကြာခင်ပင် ပြန်ရောက် လာကြကုန်၏၊ ဘိက္ခုနီတို့သည် ကျောင်းတိုက်၌ ရဟန်းများ မရှိကြောင်းသာ သိ၍ ပြန်ရောက်နေကြောင်း မသိကြသောကြောင့် ခွင့်မပန်ဘဲ ဝင်သွားကြရာ, ကျောင်းတိုက်တွင်းရောက်မှ ရဟန်းများရှိနေသည်ကို တွေ့ရသဖြင့် “သူတို့မှာ ပါစိတ်အာပတ်သင့်လေသလား”ဟု ယုံမှားသံသယဖြစ်၍ ဘုရားရှင်အား လျှောက်ထားကြပြန်သောကြောင့် ဤဒုတိယ အနုပညတ် ထပ်တော် မူရပြန်လေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဇာနံ သဘိက္ခုကံ အာရာမံ အနာပုစ္ဆာ ပဝိသေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် ရဟန်းရှိမှန်းသိပါလျက် ရဟန်းရှိ နေသော ကျောင်းတိုက်အာရာမ်တွင်းသို့ ခွင့်မတောင်းဘဲ ဝင်သွားအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
“ခွင့်ပန်”ဟူရာ၌ ရဟန်းတစ်ပါးပါးကိုဖြစ်စေ, သာမဏေတစ်ပါးပါးကို ဖြစ်စေ, အာရာမ်ကို စောင့်နေသော ကျောင်းစောင့်ကပ္ပိယကိုဖြစ်စေ ခွင့်ပန်နိုင်၏၊ ခွင့်ပန်၍ ဝင်သွားသော ဘိက္ခုနီ၏ နောက်မှ တဆက်ထည်းဝင်လိုက် သွားလျှင်လည်းကောင်း, ကျောင်းတိုက်အတွင်း၌ ဘိက္ခုနီများ စည်းဝေးနေထိုင်ခိုက် ဖြစ်လျှင်လည်းကောင်း, ခွင့်မပန်ဘဲ ဝင်သွားနိုင်၏။
စာမျက်နှာ-၄၁၀
ခ။ ဘိက္ခုအက္ကောသနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီက္ခုနီများ။
အမှု—အရှင်ဥပါလိကို ဆဲဆိုခြိမ်းချောက်မှု။
အကြီးဆုံးဆဗ္ဗဂ္ဂီမ သေဆုံးခြင်း။ ။ ဝေသာလီမြို့၌ ဆဗ္ဗဂ္ဂီဘိက္ခုနီတို့၏ အကြီးဆုံး ဘိက္ခုနီသည် စုတေလေရာ များစွာသောဆဗ္ဗဂ္ဂီဂုဏ်းဝင် ဘိက္ခုနီတို့သည် ထိုအလောင်းကို သုသာန်၌ အမြဲနေသော အရှင်ကပ္ပိတက၏ကျောင်းအနီးမှာ မီးရှို့၍ အရိုးအိုးစေတီတည်ထားပြီးလျှင် မကြာမကြာ သွား၍ ငိုကြလေသည်၊ ထိုသို့မကြာမကြာလာ၍ ငိုကြသော အသံသည် အရှင်ကပ္ပိတကမှာ အနှောင့်အယှက်တစ်ခု ဖြစ်နေသောကြောင့် အရှင်ကပ္ပိတကသည် ထိုအရိုးအိုး စေတီကို ဖျက်၍ ဖရိုဖရဲ ဖြန့်ကြဲ ပစ်စေ၏။ [ “အရှင်ကပ္ပိတက” ဟူသည် ဥရုဝေလကဿပစသော ရဟန္တာ တထောင်တွင် အပါအဝင်ဖြစ်၍ အရှင်ဥပါလိ၏ဥပဇ္ဈာယ်ဆရာကြီးတည်း၊ “အရှင်ဥပါလိ”ကား လူဘဝတုန်းက အရှင်အနုရုဒ္ဓါစသော မင်းသားတို့ကို ရေချိုးပေးရသူဖြစ်၍ အရှင်အနုရုဒ္ဓါစသည်တို့နှင့် အတူပင် တောထွက် လာသော ဝိနည်းဓိုရ်ဧတဒဂ်ရ ရဟန္တာပုဂ္ဂိုလ်တည်း၊]
ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် သူတို့ဆရာမကြီး၏ အရိုးအိုးစေတီကို ဖျက်ပစ်သော အရှင်ကပ္ပိတကကို သတ်ဖို့ရန် တိုင်ပင်ကြကုန်၏။ ထိုအကြောင်းကို ကြားသော ဘိက္ခုနီတစ်ယောက်သည် အရှင်ဥပါလိထံ သွား၍ တိုးတိုး တိတ်တိတ် လျှောက်ထားလေရာ, အရှင်ဥပါလိကလည်း အရှင်ကပ္ပိတကကို လျှောက်ထားသဖြင့် အရှင်ကပ္ပိကကသည် ကျောင်းမှထွက်ခွာ၍ တနေရာမှာ ပုန်းနေရှာလေသည်၊ ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် တိုင်ပင်ထားသည့်အတိုင်းပင် ညဉ့်တစ်ဉည့်မှာ အရှင်ကပ္ပိတကကျောင်းကို ဝိုင်း၍ ကျောက်ခဲအုဌ်ခဲတို့ဖြင့် တစ်ယောက်တစ်လက် ဆက်ကာဆက်ကာ ထုကြလေရာ ကျောင်းကလေး ပိပြားသွားခါမှ “ကပ္ပိတကတော့သေလောက်ပေါ့”ဟု ဆို၍ ပြန်သွားကြလေသည်။
နံနက်လင်းသောအခါ ဝေသာလီမြို့၌ ဆွမ်းခံကြွနေသော အရှင်ကပ္ပိတကကို မြင်ကြ၍ “ဒီကပ္ပိတကဟာ အသက်ရှင်နေတယ်၊ ငါတို့ တိုင်ပင်တာကို ဘသူသွားပြောပါလိမ့်မလဲ”ဟု စုံထောက်ကြသောအခါ အရှင်ဥပါလိ သွားပြောကြောင်း ကြားသိရ၍ အရှင်ဥပါလိထံ ဆဗ္ဗဂ္ဂီဘိက္ခုနီအများ
စာမျက်နှာ-၄၁၁
သွားကြပြီးလျှင် “ဖန်ရည်ဆိုးထားတဲ့ အဝတ်ဝါကိုဝတ်ကာ သူတစ်ပါးအညစ် အကြေးကို ပွတ်တိုက်ရေချိုးပေးရတဲ့ ဒီဇာတ်နိမ့်တဲ့သူက ငါတို့ရဲ့ တိုင်ပင်တာကို ဟိုပြော ဒီပြော-ပြောရသလား”ဟု ဝိုင်း၍ ဆဲဆိုကြိမ်းမောင်း ကြလေသည်၊ ထိုအကြောင်းကိုကြားသိသော ဘိက္ခုနီ-ဘိက္ခုအများပင် ထိုဆဗ္ဗဂ္ဂီဘိက္ခုနီတို့အား ကဲ့ရဲ့ကြ၍ ဘုရားရှင်အား လျှောက်ထားသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဘိက္ခုံ အက္ကောသေယျ ဝါ ပရိဘာသေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ရဟန်းယောက်ျားကို ဆဲသော, သို့မဟုတ် ဘေးကိုပြ၍ (ဘယ်လိုလုပ်မည် စသည်ဖြင့်)ခြိမ်းချောက်သောဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏၊ [သာမဏေစသည်နှင့် လူဝတ်ကြောင်များကို ထိုကဲ့သို့ ဆဲဆိုကြိမ်းမောင်းလျှင်ကား ဒုက္ကဋ် အာပတ်သင့်၏။]
ဂ။ ဂဏပရိဘာသနသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—ဘိက္ခုနီ(သံဃာဂိုဏ်း) ကိုပုတ်ခတ်ပြောဆိုမှု။
စဏ္ဍကာဠီ နှင်ထုတ်ခံရခြင်း။ ။ စဏ္ဍကာဠီမည်သော ဘိက္ခုနီသည်(တဖက်နှင့် တဖက် မတဲ့နေရာဝယ် ဘယ်လိုဘယ်ပုံ ပြုလုပ်ကြစို့ စသည်ဖြင့်) မိမိဖက်သားချင်း တိုင်ပင်မှု(ဘဏ္ဍန)ကိုလည်း ပြုတတ် (ပြုလေ့ရှိ)၏၊ ရန်ဖြစ်မှု (ကလဟ)ကိုလည်း ပြုလေ့ရှိ၏၊ သူတစ်ပါးနှင့် ဆန့်ကျင်ဘက် (ဝိဝါဒ) စကားကိုလည်း ပြုလေ့ရှိ၏၊ ထိုစဏ္ဍကာဠီကို သံဃာက နှင်ထုတ်မှု(ဥက္ခေပနီယကံ)ပြုမည်ဟု စည်းဝေးလျှင်ထုလ္လနန္ဒာသည် အမြဲတမ်း ကန့်ကွက်လေ့ရှိ၏၊ ထို့ကြောင့် ထုလ္လနန္ဒာသည် သာဝတ္ထိမှ ရွာငယ်တစ်ရွာသို့ သွားနေခိုက်ဝယ် စဏ္ဍကာဠီကို အပေါင်းအသင်းမလုပ်ဘဲ သံဃာမှ ဖယ်ထုတ်ကြောင်းဖြစ်သော(ဥက္ခေပနီယ)ကံကို ပြုကြလေသည်။
ထုလ္လနန္ဒာ၏ ပုတ်ခတ်မှု။ ။ ထို့နောက် ထုလ္လနန္ဒာသည် သာဝတ္ထိသို့ ပြန်လာသောအခါ တပည့်ဖြစ်သူက ဆရာအား ပြုနေကျဖြစ်သော (နေရာထိုင်ခုံ ခင်းပေးခြင်း, ခြေဆေးရေ ခပ်ပေးခြင်း, စသော)ဝတ်များကို စဏ္ဍကာဠီက မပြုသည့်အတွက် “ဘာ့ကြောင့် မပြုဘဲ နေရတုန်း”ဟု မေးလေသည်။ ထိုအခါ ကိုးကွယ်ရာ မရှိတဲ့သူ ဆိုတာ
စာမျက်နှာ-၄၁၂
ဒီလိုဘဲနေရရိုးမို့ နေရတာပါ”ဟု ဝမ်းနည်းသံဖြင့် လျှောက်လေလျှင် ဘာလို့ ကိုးကွယ်ရာ မရှိရမှာလဲ”ဟု ပြန်မေးသောအခါ သူ့ကို သံဃာက ကံပြုထားကြောင်း ပြောလေသည်။
ထိုအခါ ထုလ္လနန္ဒာသည်(စာတတ် မာနကြီးသူ ဖြစ်သည်အားလျော်စွာ ဘသူ့ မှ အရေးမစိုက်သော လေသံဖြင့်) –ဒီဟာတွေ ဗာလတွေဘဲ, အဗျတ္တ (မထက်မမြက်အဖျင်းအအ) တွေဘဲ, ဒင်းတို့ကံပြုမှုနှင့် ဆိုင်ရာကို ဘာနား လည်လိုလဲ”ဟု စိတ်ကြမ်းကိုယ်ကြမ်း ကြမ်းသည့်အတိုင်းဘိက္ခုနီ တဂိုဏ်းလုံးကို ပုတ်ခတ်ပြောဆိုလေရာ, ထိုအပြောကို မခံနိုင်ကြသောဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ စဏ္ဍီကတာ ဂဏံ ပရိဘာသေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ဒေါသက ကြမ်းထန်းအောင် ပြုအပ်သည်ဖြစ်၍ (စိတ်ဆိုး၍) ဘိက္ခုနီတဂိုဏ်းလုံးကို ပုတ်ခတ်ပြောဆိုသော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ တဂိုဏ်းလုံး မဟုတ်ဘဲ ဘိက္ခုနီအများကိုဖြစ်စေ တစ်ယောက်ယောက်ကိုဖြစ်စေ လူသာမဏေစသည်ကိုဖြစ်စေ ပုတ်ခတ်ပြောဆိုရာ၌ ဒုက္ကဋ်အာပတ်။
ဃ။ နိမန္တိတသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—ပင့်လည်းပင့်အပ် ဝါရိတ်လည်း သင့်ပြီးပါလျက် ခဲဖွယ် ဘောဇဉ်ကိုစားမှု။
ဘိက္ခုနီများကို ပင့်၍ဆွမ်းကပ်ခြင်း။ ။ ဗြဟ္မဏ (ပုဏ္ဏား) တစ်ယောက်သည် ဘိက္ခုနီတို့ကို ထမင်းစားဖိတ်၍ (ဆွမ်းစားကြွပါစသည်ဖြင့် မဖိတ်ဘဲ “ထမင်းစားကြွပါ” စသည်ဖြင့် မလျှောက်အပ်သော ပင့်နည်းဖြင့် ပင့်ဖိတ်၍) ဆွမ်းကျွေး၏၊ ဘိက္ခုနီတို့သည် မျက်နှာစိမ်းအိမ် ဖြစ်၍ ဝအောင်စားနိုင်ကြဟန်မတူ၊ ထို့ကြောင့် ထိုသူကျွေးစဉ်က “တော်ပါပြီ” ဟုဆို၍ ထပ်လိုက်သော ဆွမ်း, ဟင်းများကို တားမြစ်ခဲ့သော်လည်း ဆွမ်းစားပြီး၍ ပြန်ကြသောအခါ ဆွေမျိုးများအိမ်သို့ သွား၍ တချို့ ကထပ်စားကြ တချို့က ကျောင်းကျမှစားဖို့ရန် ဆွမ်းယူ၍သွားကြလေသည်။
စာမျက်နှာ-၄၁၃
ထိုဗြဟ္မဏသည် ဘိက္ခုနီတို့ပြန်သွားသောအခါ အိမ်နီးချင်းတို့ကို “ဘိက္ခုနီများကိုတော့ တင်းတိမ်အားရအောင် ကျွေးပြီးပါပြီ, လာကြပါဦး, မိတ်ဆွေတို့ကိုလဲ အားရအောင် ကျွေးပါဦးမည်” ဟု ဖိတ်ခေါ်လေရာ သူ၏ဖိတ်ခေါ် ပုံ (စကားကြီးကျယ်ပုံ)ကို မခံချင်သူတို့က “ခင်ဗျားက ကျုပ်တို့ကို ဘယ်မှာ တင်းတိမ်အောင် ကျွေးနိုင်မှာလဲ, ခင်ဗျားအိမ်က စားပြီးသော ဘိက္ခုနီ တွေတောင် ကျုပ်တို့အိမ်တွေဆီ လာပြီး တချို့ က စားသွား, တချို့ကဆွမ်းထည့် ယူသွားကြတယ်”ဟု ထိုသူ့စိတ်ကို ဆွပေးကြလေသည်၊ ထိုအခါ စကားကြီး စကားကျယ် ပြောမိသော ထိုဗြဟ္မဏသည် ရှက်လှသဖြင့် ထိုဘိက္ခုနီများ အပေါ် သဒ္ဓါကြည်ညိုစိတ် ကင်း၍ ကဲ့ရဲ့ခြင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ နိမန္တိတာ ဝါ ပဝါရိတာ ဝါ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် မအပ်သော ဖိတ်နည်းဖြင့် ဖိတ်အပ်သည်လည်းဖြစ်-တော်ပြီဟု ပယ်မြစ်ပြီးလည်း ဖြစ်ပါလျက် နောက်ထပ် ခဲဖွယ်ကိုသော်လည်း ခဲအံ့၊ ဘောဇဉ်ကိုသော်လည်း စားအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ဘိက္ခုပါစိတ်ခန်း၌ ပါသော ပရမ္ပရဘောဇနသိက္ခာပုဒ်, ပဝါရိတသိက္ခာပုဒ်များနှင့် ဤသိက္ခာပုဒ်သည် မတူတတ် ဤသိက္ခာပုဒ်ကား ဘိက္ခုနီတစ်ယောက်ကို မအပ်သော ပင့်နည်းဖြင့် ပင့်၍ ဆွမ်းကျွေးရာဝယ် တော်ပါပြီဟု တားမြစ်ပြီးနောက် ထိုဆွမ်းအလှူရှင်ကို ခွင့်မပန်ဘဲ ဘယ်နည်းနှင့်မျှ နောက်ထပ်မစားရ၊ အလှူရှင်ကို ခွင့်ပန်ပြီးလျှင်ကား ဘိက္ခုပါစိတ်သိက္ခာပုဒ်၌ ရသင့်သော ခြွင်းချက်များအတိုင်း ညီညွတ်လျှင် နောက်ထပ် စားနိုင်၏။
င။ ကုလမစ္ဆရီသိက္ခာပုဒ်။
အမှုသည်—ဘိက္ခုနီတစ်ယောက်။
အမှု—မိမိနှစ်သက်သော ဒါယကာအိမ်သို့ သူတစ်ပါးတို့ မသွားအောင် ဝန်တိုမှု။
ဘိက္ခုနီ၏ အကြံ။ ။ သာဝတ္ထိမြို့၏ လမ်းမတစ်ခုပေါ်၌ ဆွမ်းခံလှည့်နေသော ဘိက္ခုနီတစ်ယောက်ကို အမျိုးတစ်မျိုးအိမ်က ဆွမ်းကပ်၍ နောက်ထပ်လဲ အခြားဘိက္ခုနီများ ကြွခဲ့ပါစေ”ဟု
စာမျက်နှာ-၄၁၄
လျှောက်လိုက်၏၊ ထိုဘိက္ခုနီသည် ယခုမှတွေ့ရသော သူ ဒါယကာအိမ်သို့ အခြားဘိက္ခုနီများ ရောက်သွားမည်စိုး၍ (ဝန်တို၍)ထိုလမ်းကို ညွှန်ပြကာ “မည်သည့်လမ်းဟာ ခွေးအလွန် ဆိုးတယ်, (သို့မဟုတ်) နွားလားကြီးက သိပ်ကြမ်းတာဘဲ, (သို့မဟုတ်) ရွှံ့ညွန်ရှိတယ်” ဤသို့ စသည်ဖြင့် မသွားချင်အောင် အခြားဘိက္ခုနီတို့အား ပြောပြလေသည်။
သူ၏ ပြောပြချက်ကြောင့် များစွာသော ဘိက္ခုနီတို့ ထိုလမ်းကို ဆွမ်းခံ မသွားကြ၊ သို့ရာတွင် ဘိက္ခုနီတစ်ယောက်ကား ထိုလမ်းသို့ ရောက်သွား၍ ထိုအိမ်မှ ပင့်ဖိတ် ဆွမ်းကျွေးပြီးလျှင် “ဘာ့ကြောင့် ဘိက္ခုနီများ ဒီလမ်း မလာကြပါတုန်း”ဟု မေးလေသော် ထိုဘိက္ခုနီသည် ပထမ ဘိက္ခုနီက ပြောထားပုံကို ပြန်၍ ပြောလေရာ, ထိုပထမဘိက္ခုနီ၏ ယုတ်မာသော မစ္ဆေရ (ဝန်တိုမှု)စိတ်ထားပုံကို မကျေနပ်၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ကုလမစ္ဆရိနီ အဿ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ မိမိ၏ ဒါယကာ ဒါယိကာမ အမျိုးကို ဝန်တိုသော ဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။
မှတ်ချက်။ ။ စိတ်ထဲ၌ သူတစ်ပါးတို့ မထွက် မဝင်စေလိုဘဲ ဝန်တိုနေရုံ သက်သက်ကား “မနောဒွါရေ အာပတ္တိနာမ နတ္ထိ” = စိတ်သက်သက်ဖြစ်၍ အာပတ်မသင့်သေး၊ ထိုစိတ်အားလျော်စွာ ထိုအမျိုးအိမ်သို့
မသွားချင်အောင် “မည်သည့်အိမ်ဟာ သိပ်သဒ္ဓါတရား နည်းတာဘဲ” စသည်ဖြင့် အမျိုး၏အပြစ်ကိုဖြစ်စေ, လာပြန်လျှင်လည်း အိမ်သူအိမ်သားတို့ မကြည်ညိုချင်အောင် “ဘိက္ခုနီတွေဟာ ဘာမှ အရောတဝင် ဆက်ဆံလို မကောင်းဘူး”စသည်ဖြင့် ဘိက္ခုနီများ၏ အပြစ်ကိုဖြစ်စေ ပြောဆိုမှသာ အာပတ်သင့်၏၊ ဝန်တို၍ မဟုတ်ဘဲ ဟုတ်မှန်သော အဖြစ်ကို သတိထားဖို့ရန် ပြောပေးရာ၌ကား အာပတ်မသင့်။
စ။ အဘိက္ခုက အာဝါသ သိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—အနီးအပါးဝယ် ရဟန်းယောက်ျား မရှိသောကျောင်း၌ ဝါကပ်လှူ (ဝါတွင်းနေမှု။)
ဘိက္ခုနီ အများ။ ။ များစွာသော ဘိက္ခုနီတို့သည် သာဝတ္ထိမြို့နယ် ရွာငယ်တစ်ခု၌ ဝါကပ်၍ (ဝါတွင်း ၃ လ ပြီး၍) ဝါကျွတ်သေ
စာမျက်နှာ-၄၁၅
အခါ သာဝတ္ထိသို့ သွားကြလေသည်၊ သာဝတ္ထိ၌ ရှိနှင့်သော ဘိက္ခုနီတို့သည် ရောက်လာသော ဘိက္ခုနီတို့ကို “ဘယ်မှာ ဝါကပ်ခဲ့ကြသလဲ, အဆုံးအမ ဩဝါဒကော ပြည့်စုံရဲ့လား”ဟု မေးကြလေသည်၊ ထိုအခါ မည်သည့် ရွာငယ်မှာ ဝါကပ်ခဲ့ကြောင်း ပြောပြီးလျှင် “ဩဝါဒပြည့်စုံဖို့တော့ ဘယ်မှာ ဖြစ်နိုင်မည်လဲ၊ အဲဒီရွာငယ်မှာ ဩဝါဒပေးမည့် ရဟန်းယောက်ျားမှ မရှိဘဲဟု ပြန်ပြောလေရာ, ဘိက္ခုမရှိသောနေရာမှာ ဝါကပ်ခြင်းကို ကဲ့ရဲ့ ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အဘိက္ခုကေ အာဝါသေ ဝဿံ ဝသေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အနီးအပါးဝယ် ရဟန်းယောက်ျားမရှိသော ကျောင်း၌ မိုးလပတ်လုံး နေသော (ဝါကပ်သော) ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ ဘိက္ခုနီတို့သည် အဋ္ဌမ-နဝမသိက္ခာပုဒ်တို့၌ ပြလတံ့အတိုင်း ဩဝါဒ ပေးနိုင်မည့် ဘိက္ခု အထံသို့ မပြတ်သွား၍ တရားနာဖို့ တာဝန်ရှိ၏၊ ထိုသို့ သွားဖို့ရန်လည်း ယူဇနာဝက်အတွင်း ဘေးရန် အန္တရာယ် ကင်းသော အရပ်ဝယ် ရဟန်းရှိမှ နေ့ချင်းပြန် သွားနိုင်မည်၊ (ဒါတောင် ယူဇနာတွက်ပုံက “၆ တိုင်နှင့် တာလေးရာ”ဆိုလျှင် “၃ တိုင်နှင့် တာနှစ်ရာ” ဝေးသောကြောင့် မိန်းမသားတို့ နေ့ချင်းပြန်သွားဖို့ ခဲယဉ်းသေး၏၊ ယူဇနာတွက်ပုံက ယခုမြန်မာတွက်ပုံထက် နီးမှသာ ဖြစ်နိုင်မည်၊) ထို့ကြောင့် ဘိက္ခုနီ နေမည့်ကျောင်းမှ တယူဇနာဝက်အတွင်း ဘေးကင်းသောအရပ်၌ ရဟန်းမရှိခြင်းကို ရဟန်းမရှိသော ကျောင်း”ဟုဆိုသည်။ ထိုကျောင်းမျိုး၌ ဘိက္ခုနီတို့ ဝါမကပ်ရ။
ဆ။ ပဝါရဏာ သိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—ဘိက္ခုသံဃာ့ထံ ပဝါရဏာမပြုမှု။
ဘိက္ခုနီတို့သည် ရွာငယ်ကျောင်း၌ ဝါကပ်၍ ဝါကျွတ်သောအခါ ဘိက္ခုသံဃာ့အထံ၌ ပဝါရဏာမပြုဘဲ သာဝတ္ထိသို့ လာကြလေသည်၊ ထိုဘိက္ခုနီတို့ကို ရှိနှင့်သော ဘိက္ခုနီတို့က “ဘိက္ခုသံဃာ့အထိ ပဝါရဏာ ပြုပြီးကြပြီလား”ဟု မေးသောအခါ မပြုရသေးကြောင်း လျှောက်ကြသဖြင့် ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
စာမျက်နှာ-၄၁၆
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဝဿံဝုဋ္ဌာ ဥဘတောသံဃေ တီဟိ ဌာနေဟိ န ပဝါရေယျ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ မိုးလပတ်လုံး နေထိုင်ပြီးသော (ဝါကျွတ်ပြီးသော) ဘိက္ခုနီသည် နှစ်ဘက်သော ဘိက္ခု၊ ဘိက္ခုနီသံဃာ၌ ဒိဋ္ဌ-သုတ-ပရိသင်္ကေတ ၃ ဌာနတို့ဖြင့် မဖိတ်မံလျှင် ပါစိတ်အာပတ်သင့်၏။
ပဝါရဏာပြု။ ။ ဝါကျွတ်သောအခါ မတော်တာကို မြင်သည်ဖြစ်စေ တဆင့်စကား ကြားသည်ဖြစ်စေ ယုံမှားသံသယ ရှိသည်ဖြစ်စေ ဤ ၃ ချက်ဖြင့် ပြောနိုင်ဆိုနိုင် သတိပေးဆုံးမနိုင်ဖို့ရန် အချင်းချင်း ဖိတ်မံခြင်း မိမိကိုယ်ကို အပ်နှံခြင်းကို “ပဝါရဏာပြု”ဟု ခေါ်သည်၊ ဘိက္ခုတို့သည် ဘိက္ခု အချင်းချင်းသာ ဖိတ်မံဖို့ တာဝန်ရှိ၏၊ ဘိက္ခုနီ တို့ကား ၁၄-ရက် အဖိတ်နေ့၌ မိမိတို့ ဘိက္ခုနီအချင်းချင်း ပဝါရဏာပြု၍ ထိုပဝါရဏာမှာပင် နက်ဖန် ဘိက္ခု၊ သံဃာ့အထံ၌ ဖိတ်မံဖို့ရန် ဘိက္ခုနီတစ်ယောက်ကို ရွေးချယ်သမုတ်၍ လပြည့်နေ့၌ အားလုံးသွားပြီးလျှင် ဘိက္ခုသံဃာ့ထံ ထိုရွှေးချယ်ထားသော ဘိက္ခုနီက အားလုံး ကိုယ်စား ဖိတ်မံရမည်။ ဖိတ်ပုံကို ပဝါရဏက္ခန္ဓကကျမှ ပြအံ့။
ဇ။ ဩဝါဒ ဂမန သိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ၊
အမှု—ဩဝါဒခံဖို့ရန် ဘိက္ခုတို့အထံ မသွားမှု။
ဆဗ္ဗဂ္ဂီ ဘိက္ခုနီများ။ ။ ဘိက္ခုနီတို့သည် လပြည့်လကွယ် ဥပုသ်နေ့၏ နောက် တရက်၌ ဩဝါဒ ပေးနိုင်မည့် ရဟန်းတစ်ပါးပါးထံ ဩဝါဒခံဖို့ရန် သွားကြရ၏၊ ဆဗ္ဗဂ္ဂီရဟန်းတို့ကား သူတို့ ဂိုဏ်းဝင် ဆဗ္ဗဂ္ဂီဘိက္ခုနီများထံသို့ သူတို့က သွား၍ ဩဝါဒပေးကြ၏၊ အခါတစ်ပါး၌ အခြား ဘိက္ခုနီတို့သည် ဆဗ္ဗဂ္ဂီဘိက္ခုနီတို့ကို “ဩဝါဒ ခံယူရန် သွားကြစို့”ဟု ခေါ်လေရာ, ဆဗ္ဗဂ္ဂီဘိက္ခုနီတို့က “မလိုက်တော့ဘူး, ဒီမှာပဲ အရှင်ဆဗ္ဗဂ္ဂီတို့လာ၍ ဩဝါဒ ပေးကြသည်” ဟု ပြန်ပြောကြလေသည်။ ထိုသို့ဩဝါဒ ခံယူရန် မသွားမှုကို အကြောင်းပြု၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
စာမျက်နှာ-၄၁၇
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဩဝါဒါယ ဝါ သံဝါသာယ ဝါ န ဂစ္ဆေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ဩဝါဒ အကျိုးငှါလည်းကောင်း, သံဝါသအကျိုးငှါလည်းကောင်း, ဘိက္ခုတို့ အထံသို့ မသွားသော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ “သံဝါသ”ဟူသည် ဥပုသ်ပြုကံ, ပဝါရဏာပြုကံတို့ကို အတူပြုခြင်းတည်း၊ သို့သော် ဘိက္ခုနီတို့သည် ဘိက္ခုတို့ အထံ၌ ဥပုသ်မပြုရသောကြောင့် ဤ၌ ဘိက္ခုတို့ထံ ပဝါရဏာအပြု မသွားခြင်းကိုသာ “သံဝါသ” ဟု ဆိုသင့်သည်-ရှေ့သိက္ခာပုဒ်ဖြင့် ပဝါရဏာမပြုခြင်းကို တားမြစ်၍ ဤသိက္ခာပုဒ်ဖြင့် ပဝါရဏာ အပြုမသွားခြင်းကိုလည်းကောင်း, ဩဝါဒ ခံယူဖို့ရန် မသွားခြင်းကို လည်းကောင်း, တားမြစ်သည်’ဟုမှတ်။
ဈ။ ဥပေါသထာပုစ္ဆနသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—ဥပုသ်နေ့ကို မမေးဘဲနှင့် ဩဝါဒခံဖို့ရန် ခွင့်မတောင်းမှု။
ဘိက္ခုနီအများ။ ။ ဘိက္ခုနီသာသနာ တည်ခါစ ဘိက္ခုနီ အများတို့သည် ၁၃-ရက်နေ့လောက်ကပင် ယခုလာမည့် ဥပုသ်နေ့သည် စာတုဒ္ဒသီ ဥပုသ်ပါလား, ပန္နရသီ ဥပုသ်ပါလား”ဟု မေးလေ့ မရှိကြ၊ “တပည့်တော်များ ဩဝါဒကို နာခံလိုပါသည်”ဟုလည်း ခွင့်တောင်းလေ့ မရှိကြ၊ ထိုအခါ ဘိက္ခုတို့က ကဲ့ရဲ့၍ ဘုရားရှင်ထံ လျှောက်ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ အနွဍ္ဎမာသံ ဘိက္ခုနိယာ ဘိက္ခုသံဃတော ဒွေ ဓမ္မာ ပစ္စာသီသိတဗ္ဗာ ဥပေါသထပုစ္ဆကဉ္စ ဩဝါဒူပသင်္ကမနဉ္စ။ တံ အတိက္ကာမေန္တိယာ ပါစိတ္တိယံ။
မြန်မာပြန်။ ။ ဘိက္ခုနီမှန်လျှင် လခွဲတစ်ကြိမ်ကျ ဘိက္ခုသံဃာ့အထံမှ ဥပုသ်နေ့မေးခြင်း, ဩဝါဒခံယူဖို့ရန် ခွင့်တောင်းခြင်း ဟူသော ၂-ပါးသော တရားတို့ကို တောင့်တသိုက်ကုန်၏၊ ထိုလခွဲကို လွန်စေသော (လခွဲတစ်ကြိမ် မပြုမိသော) ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ဤပညတ်တော်အရ ဘိက္ခုနီအများ၏ကိုယ်စား ၂-ပါး-၃-ပါးသွား၍ ယခုလာမည့်ဥပုသ်နေ့သည် စာတုဒ္ဒသီ (၁၄-ရက်) ပန္နရသီ(၁၅-ရက်) ဥပုသ်ပါလားဟု မေးရမည်၊ ထိုသို့မေး၍ ဘိက္ခုများပြုရာ ဥပုသ်နေ့မှာပင်
စာမျက်နှာ-၄၁၈
ဘိက္ခုနီတို့လည်း ဥပုသ်ပြုရသည်။ တစ်ရံတစ်ခါ အကြောင်း အမျိုးမျိုးကြောင့် ဘိက္ခုတို့သည် ၁၄-ရက်ဥပုသ်ကို ၁၅-ရက်ဥပုသ်, ၁၅-ရက်ဥပုသ်ကိုလည်း ၁၄-ရက် ဥပုသ်ပြောင်းလွှဲတတ်၏။ ထို့ကြောင့် ၁၃-ရက်နေ့က တင်ကြို၍ မေးရသည်၊ ဩဝါဒတောင်းပုံကို ဘိက္ခုပါစိတ် ဘိက္ခုနောဝါဒဝဂ်၌ ပြခဲ့ပြီ။]
ည။ ပသာခသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီတစ်ယောက်။
အမှု—ယောက်ျားနှင့် တစ်ယောက်ချင်း ချက်၏ အောက်ပိုင်း၌ ပေါက်သောအနာကို ခွဲစေမှု။
ထိုကဲ့သို့ အနာကိုဓါးခွဲစေရာဝယ် ယောက်ျားက ဖျက်ဆီးမည်ကြံသောကြောင့် ထိုဘိက္ခုနီမက အော်လေသည်၊ ထိုအခါ အများပြေးလာ၍ အဖြစ်မှန်ကို သိရသော ဘိက္ခုနီတို့က “တစ်ယောက်ချင်း ယောက်ျားအား အတွင်းသား၌ ပေါက်သောအနာကို ခွဲဝေရကောင်းလား” ဟုကဲ့ရဲ့ပြီးလျှင် ဘုရားရှင်ကို တဆင့်လျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပသာခေ ဇာတံ ဂဏ္ဍံ ဝါ ရုဓိတံ ဝါ အနပလောကေတွာ သံဃံ ဝါ ဂဏံ ဝါ ပုရိသေန သဒ္ဓိံ ဧကေနေကာ ဘေဒါပေယျ ဝါ ဖာလာပေယျ ဝါ ဓောဝါပေယျ ဝါ အာလိမ္ပာပေယျ ဝါ ဗန္ဓာပေယျ ဝါ မောစာပေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် ပသာခအရပ်၌ ပေါက်သော အကျိတ်ကိုသော်လည်းကောင်း, အနာကိုသော်လည်းကောင်း, သံဃာကိုဖြစ်စေ ဂိုဏ်းကို ဖြစ်စေ (ခွဲမည့်အကြောင်းကို) မပန်ပြောဘဲ ယောက်ျားနှင့်အတူ တစ်ယောက်ချင်း ခွဲစေ, ဖေါက်စေ, ဖန်ဆေးစေ, ဆေးလိမ်းစေ, ကြပ်စည်းစေ, ဖြေဖြုတ်စေအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ သစ်ပင်၏အကိုင်းကြီးကို “ပသာခ”ဟု ခေါ်၏၊ ထိုအကိုင်းကြီးကဲ့သို့ ကိုယ်ခန္ဓာမှ ဖြာ၍ထွက်သော ပေါင် ၂-လုံးသည်လည်းကောင်း, ပေါင် ၂-လုံး၏ ဖြာ၍ထွက်ခဲ့ရာ ချက်၏ အောက်ပိုင်း ကိုယ်လုံးသည်လည်းကောင်း, ပသာခမည်၏၊ ထို “ပသာခ” မည်သောချက်၏ အောက်ပိုင်း ကိုယ်နှင့်ပေါင် ၂-လုံးဝယ် ပေါက်သော မြင်းစုနှင့် အနာကို သံဃာဂိုဏ်းအား မပန်ကြားဘဲအခွဲခိုင်းမှု
စာမျက်နှာ-၄၁၉
စသော ၆-ခုတွင် တစ်ခုခုခိုင်းသော ဘိက္ခုနီမှာ ခိုင်းမှုကြောင့် ဒုက္ကဋ်အာပတ် တချက်, ခိုင်းသည့်အတိုင်း ပြုလုပ်ဖြစ်လျှင် ပါစိတ်အာပတ် တချက်သင့်၏။ ခွဲမှုဖေါက်မှု ၂-ခုခိုင်းလျှင် ၂-ချက်စီစသည်သင့်၍ ၆-ခုလုံးကိုင်းလျှင် ဒုက္ကဋ် ပါစိတ် ၆-ချက်စီသင့်၏၊ ဘိက္ခုနီသံဃာ အားလုံးကိုဖြစ်စေ, ဘိက္ခုနီ အများဖြစ်သောဂိုဏ်းကိုဖြစ်စေ တိုင်ကြား၍သော်လည်းကောင်း, နားလည်သော ယောက်ျားအဖေ အနီး၌ ထား၍သော်လည်းကောင်း, ခွဲမှုစသည်ကို ပြုလျှင်ကား ထိုဆရာက ဖျက်ဆီးခွင့်မရသောကြောင့် အနာပတ္တိ။
အာရာမဝဂ်ပြီး၏။
ဂမ္ဘိနိဝဂ်
က။ ဂမ္ဘိနိသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—ကိုယ်ဝန်ဆောင်မိန်းမကို ဘိက္ခုနီ ပြုလုပ်ပေးမှု။
ကိုယ်ဝန်ဆောင် ဘိက္ခုနီ။ ။ သာဝတ္ထိမြို့၌ ဘိက္ခုနီတို့သည် ကိုယ်ဝန်ဆောင် မိန်းမ တစ်ယောက်ကို “သူက ဘိက္ခုနီပြုပါရစေ”ဟု ခွင့်တောင်းသောကြောင့် ဘိက္ခုနီပြုပေးကြကုန်၏၊ ထိုကိုယ်ဝန်ဆောင် ဘိက္ခုနီသည် ဆွမ်းခံသွားသောအခါ လူတို့က ဒီအရှင်မအား လှူကြ, လောင်းကြပါ, ကိုယ်လေးလက်ဝန်နဲ့မို့”ဟု ပြောဆိုကာ သနားသောအားဖြင့် ဆွမ်းကိုလည်း ဂရုစိုက်၍လောင်းကြ, ကိုယ်ဝန်ဆောင်မကို ရဟန်း ပြုပေးရကောင်းလား”ဟု ဘိက္ခုနီများကိုလည်း စွဲကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဂဗ္ဘိနိံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ကိုယ်ဝန်ဆောင်မိန်းမကို ရဟန်းပြုပေးသော ဥပဇ္ဈာယ် ဆရာမမှာ ပါစိတ်အာပတ်သင့်၏။ [ရဟန်းပြုရာ၌ ကမ္မဝါစာ ဖတ်သူ ဆရာမနှင့်အဖေါ် ဘိက္ခုနီအပေါင်းတို့မှာ ဒုက္ကဋ် အာပတ်သင့်၏။
စာမျက်နှာ-၄၂၀
ခ။ ပါယန္တီသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ
အမှု—နို့တိုက်နေရသော မိန်းမကို ရဟန်းပြုပေးမှု။
ထိုကဲ့သို့ ပြုပေးမှုကြောင့် (ရှေ့သိက္ခာပုဒ်ကဲ့သို့) ဆွမ်းကိုလည်း ဂရုစိုက်၍ လောင်းကြ, ကဲ့ရဲ့၍လည်း ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပါယန္တိံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ နို့တိုက်ပဲ (နို့တိုက်နေရသေးသော) မိန်းမကို ရဟန်း ပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏၊ [အခြား သူများကား ရှေ့သိက္ခာပုဒ်အတိုင်း ဒုက္ကဋ်အာပတ်သင့်၏၊ “နို့တိုက် သောမိန်းမ”ဟူရာ၌ မိခင်အရင်းဖြစ်စေ နို့ထိန်းဖြစ်စေ ၂-မျိုးလုံး ပါဝင်၏။]
ဂ။ အသိက္ခိတသိက္ခာသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—၂-နှစ်ပတ်လုံး သိက္ခာမကျင့်ရသေးသော သိက္ခမာန်ကို ရဟန်းပြုပေးမှု။
သိက္ခမာန်။ ။ “သိက္ခမာန”ဟူသော ပါဠိကို “သိက္ခမာန်”ဟု မြန်မာပြန်ကြ၏၊ [သိက္ခမာန = ကျင့်နေဆဲ ဖြစ်သော ကျင့်၍ မပြီးသေးသော ရဟန်းလောင်းဖြစ်သူ။] မိန်းမတို့သည် ၁-ပထမ သာမဏေရီ ပြုလုပ် ရ၏၊ ၂-ထို့နောက် အသက်ပြည့်သော်လည်း ရဟန်းမပြုရသေးဘဲ သိက္ခမာန်ဘဝ၌ ၂-နှစ်လုံးလုံး သိက္ခာပုဒ် ၆-ပါးကို ထိန်းသိမ်းနေ &၏၊ သိက္ခာပုဒ် ၆-ပါးကား-ပါဏာတိပါတ, အဒိန္နာဒါန, အဗြဟ္မစရိယ, မုသာဝါဒ, သုရာမေရယ, ဝိကာလဘောဇန တို့မှ ရှောင်ကြဉ် ရမှုများတည်း၊ ထိုသို့ သိက္ခမာန် ဖြစ်ဖို့ရန်လည်း (ရဟန်းခံသလို) ဘိက္ခုနီသံဃာက ဉ တ်ကမ္မဝါစာဖြင့် သိက္ခာသမ္မုတိ ပေးရလေသည်။ ရိုးရိုးသာမဏေရီများလည်း ထို ၆-ပါးမက ၁၀-ပါးလုံးပင် ထိန်းရပါ၏၊ သို့သော် ရိုးရိုးထိန်းမှုကား သိက္ခာပုဒ်ပျက်လျှင် ဆိုင်ရာဒဏ်ကို ထမ်းရုံ, လူဝတ်လဲ၍ သိက္ခာပုဒ်များကို နောက်ထပ် ဆောက်တည်ရုံမျှဖြင့် ပြီးနိုင်၏၊ သိက္ခမာန်အဖြစ်ဖြင့် ကျင့်နေသူကား သိက္ခာပုဒ် ၆-ပါးတွင် တစ်ပါးပါး
စာမျက်နှာ-၄၂၁
ပျက်လျှင် အစမှစ၍ ပြန်ပြီးဆောက်တည်ရ၏၊ ဥပမာ ၂-နှစ်ပြည့်ခါနီးမှ သိက္ခာပုဒ်တစ်ပါး ပျက်သွားလျှင် ပထမရက်က ပြန်၍ ထိန်းရ၏၊ “၂-နှစ်နီးပါး ထိန်းပြီးသားရက်တွေ အလကား ဖြစ်သွားကြလေသည်”ဟူလို၊ ဤသို့ ၂-နှစ် တိတိ သိက္ခာပုဒ် ၆-ပါးကို မပျက်စီးအောင် ထိန်းပြီးသူဖြစ်မှသာ တဆင့် တက်၍ ရဟန်းပြုပေးရသည်။
ထိုဘိက္ခုနီများကား ထိုသို့ ၂-နှစ်တိတိ မကျင့်ရသေးသော သိက္ခမာန်ကို ရဟန်းပြုပေးကြသဖြင့် ထိုသိက္ခမာန်တို့သည် ဝိနည်းတော်နှင့်စပ်၍ ပြုအပ်သောအမှု မပြုအပ်သောအမှုကို နားမလည်ရကား အခြားဘိက္ခုနီတို့က ဆရာလုပ်သူကို ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဒွေ ဝဿာနိ ဆသု ဓမ္မေသု အသိက္ခိတသိက္ခံ သိက္ခမာနံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ၂-နှစ်တို့ပတ်လုံး ၆-ပါးသော သိက္ခာပုဒ်တို့၌ မကျင့်ရသေးသော သိက္ခမာန်ကို ဘိက္ခုနီပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏။
ဃ။ သံဃေန အသမ္မတ သိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီများ၊
အမှု—သိက္ခာကျင့်ပြီးသော သိက္ခမာန်ကို သမ္မုတိမရဘဲ ဘိက္ခုနီ ပြုပေးမှု။
ရဟန်းပြုပေးခြင်း။ ။ တချို့ဘိက္ခုနီများသည် (ရှေ့သိက္ခာပုဒ်တော်နှင့် အညီ) ၂-နှစ်ပတ်လုံး ပါဏာတိပါတစသော သိက္ခာ ၆-ပါးကို မကျိုးမပေါက်ကျင့်ပြီးဖြစ်သော ထိုသိက္ခမာန်ကို ဘိက္ခုနီသံဃာ့ထံ ဘိက္ခုနီ ပြုသို့ ခွင့်မပန်ဘဲ ဘိက္ခုနီပြုပေးလိုက်ကြ၏၊ ထိုသိက္ခမာန်များကို ဘိက္ခုနီ ဖြစ်နေမှန်း မသိကြသော အခြားဘိက္ခုနီတို့သည် သိက္ခမာန်များကို ခိုင်းသကဲ့သို့ ဟိုဟာပေးစမ်း ဒီဟာယူခဲ့စမ်း, ကပ္ပိစမ်းစသည်ဖြင့် ခိုင်းကြ လေသော် ထိုဘိက္ခုနီတို့သည် “တပည့်တော်တို့ သိက္ခမာန်မဟုတ်ကြတော့, ဘိက္ခုနီဖြစ်နေကြပြီ”ဟု ပြန်၍ပြောကြလေ၏၊ ထိုအခါ သံဃာ့အထံ ခွင့်မ
စာမျက်နှာ-၄၂၂
ပန်ဘဲ ဘိက္ခုနီပြုပေးကြရသလား ဟု အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဒွေ ဝဿာနိ ဆသု ဓမ္မေသု သိက္ခိတသိက္ခံ သိက္ခမာနံ သံဃေန အသမ္မတံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ၂-နှစ်ပတ်လုံး သိက္ခာပုဒ် ၆-ပါး၌ ကျင့်ပြီးသော သိက္ခမာန်ကို သံဃာက (သိက္ခမာန် ဘဝမှ ထမြောက်ကြောင်း သမ္မုတိဖြင့်) မသမုတ် အပ်သေးဘဲ သိက္ခမာန်အဖြစ်မှ ထမြောက် စေအံ့ (ဘိက္ခုနီပြုပေးအံ့-ဟူလို၊) ဥပဇ္ဈာယ် ဆရာဖြစ်သော ထိုဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။ [ကံပြုရာတွင် ပါဝင်သော အခြားဘိက္ခုနီတို့မှာ ဒုက္ကဋ်အာပတ်သင့်၏။]
မှတ်ချက်။ ။ ဤသိက္ခာပုဒ်အရ-သိက္ခမာန်ကို ရဟန်းဘဝသို့ ရောက်စေလိုလျှင် ဝုဋ္ဌာနသမ္မုတိခေါ် သမ္မုတိတစ်မျိုးကို သံဃာ့ထံခွင့်တောင်း၍ သံဃာက သိမ်အတွင်း၌ကမ္မဝါစာဖြင့်သမ္မုတိပေးပြီးမှ ရဟန်းပြုခွင့်ရသည်-ဟုမှတ်။
င။ ဦနဒွါဒသဝဿသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ
အမှု—ယောက်ျားနှင့်ဆက်ဆံဘူးသော, ၁၂-နှစ်မပြည့်သေးသော သူငယ်မကို ရဟန်းပြုပေးမှု။
ယောက်ျား သွားလာအပ်ဖူး။ ။ အိန္ဒိယ၌ တချို့အယူသည်းသော မိဘတို့သည် သားသ္မီးများကို ၇ နှစ်အရွယ် လောက်ကပင် လက်ထပ်ထားကြ၏။ ထိုသို့ လက်ထပ်ပြီးသော သူငယ်မတို့သည် တဆယ့်နှစ်နှစ် မပြည့်ခင်ကပင် လင်ယောက်ျားနှင့် ဆက်ဆံပြီး ဖြစ်နေတော့၏၊ ထိုကဲ့သို့ အလွန်ငယ်သေးသော ၁၂-နှစ်မပြည့်သေးသော, ယောက်ျားနှင့်လည်း ဆက်ဆံပြီးဖြစ်သော သူငယ်မကို ရဟန်းပြုပေးမှုကြောင့် အခြား ဘိက္ခုနီတို့က ကဲ့ရဲ့ကြ၍ ဘုရားရှင်အား တဆင့်လျှောက်ကြလေရာ, ဘုရားရှင် ကလည်းယောက်ျားနှင့် ဆက်ဆံပြီးသော်လည်း ၁၂-နှစ်မပြည့်သေးလျှင် အအေး အပူ စသော ဒုက္ခ အမျိုးမျိုးကို မခံနိုင်သေး” ဟု...မိန့်တော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
စာမျက်နှာ-၄၂၃
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဦနဒွါဒသဝဿံ ဂိဟိဂတံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ တဆယ့်နှစ်နှစ် မပြည့်သေးသော, ယောက်ျား သွားလာ အပ်ပြီးသော သူငယ်မကို ဘိက္ခုနီပြုပေးသော ဥပဇ္ဈာယ်ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ ကံပြုရာတွင် ပါဝင်သော အခြားဘိက္ခုနီတို့မှာ ဒုက္ကဋ်အာပတ်သင့်၏။
စ။ ဂိဟိဂတ အသိက္ခိတသိက္ခာသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—ယောက်ျားဆက်ဆံဘူး၍ ၁၂-နှစ်ပြည့်သော သူငယ်မကို ၂-နှစ်ပတ်လုံး သိက္ခာမကျင့်ရသေးဘဲ ရဟန်းပြုပေးမှု။
ထိုသို့ပြုပေးမှုကြောင့် အခြားဘိက္ခုနီတို့ ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပရိပုဏ္ဏဒွါဒသဝဿံ ဂိဟိဂတံ ဒွေ ဝဿာနိ ဆသု ဓမ္မေသု အသိက္ခိတသိက္ခံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ယောက်ျားသွားလာအပ်ပြီးဖြစ်၍ တဆယ့်နှစ်နှစ်ပြည့်ပြီးသော်လည်း ၂-နှစ်ပတ်လုံး ၆-ပါးသော သိက္ခာပုဒ်တို့၌ မကျင့်ရသေးသော သာမဏေမကို ရဟန်းပြုပေးသော ဥပဇ္ဈာယ်ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ [အခြားဘိက္ခုနီတို့မှာ ဒုက္ကဋ်၊]
မှတ်ချက်။ ။ ဤသိက္ခာပုဒ်တော်အရ-ရဟန်းပြုလိုသော သူငယ်မသည် ဆယ်နှစ် ပြည့်ပြီးဖြစ်လျှင် သိက္ခာသမ္မုတိကို တောင်း၍ သံဃာက ကမ္မဝါစာဖြင့် သမ္မုတိပေးပြီးနောက် ၂-နှစ်ပတ်လုံး သိက္ခမာန်ဘဝ၌ ကျင့်နေရသေးသည်၊ ထိုသို့ကျင့်ပြီးသောအခါ ၁၂-နှစ်ပြည့်ပြီးဖြစ်ပေလိမ့်မည်၊ ဂိဟိဂတ = ယောက်ျားသွားလာအပ်ပြီးသူသည် အငယ်ဆုံးအားဖြင့် သိက္ခမာန်ဘဝ၌ ၂-နှစ်ကျင့်ပြီးဖြစ်လျှင် ၁၂-နှစ်ပြည့်က ဘိက္ခုနီပြုခွင့်ရ၏။
စာမျက်နှာ-၄၂၄
ဆ။ အသမ္မတဝုဋ္ဌာနသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—ဂိဟိဂတ ဖြစ်၍ ၁၂-နှစ်ပြည်သောအခါ သိက္ခာပုဒ် ၆-ပါး၌ ၂-နှစ်လုံးလုံးကျင့်ပြီးသော်လည်း သံဃာ့အထံမှ ဝုဋ္ဌာနသမ္မုတိ မရဘဲ ရဟန်းပြုပေးမှု။
ထိုသို့ပြုပေးမှုကြောင့် သိက္ခမာန်ဘဝတွင် ရှိသေးသည်ဟု ထင်နေသော အခြားဘိက္ခုနီတို့က “ယူခဲ့စမ်း, ပေးစမ်း”စသည်ဖြင့် အခိုင်းမှား၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပရိပုဏ္ဏဒွါဒသဝဿံ ဂိဟိဂတံ ဒွေ ဝဿာနိ ဆသု ဓမ္မေသု သိက္ခိတသိက္ခံ သံဃေန အသမ္မတံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ တဆယ့်နှစ်နှစ်ပြည့်သော, ယောက်ျားတို့ သွားလာအပ်ဘူးသော, ၂-နှစ်ပတ်လုံး သိက္ခာပုဒ်ကျင့်ပြီးလည်းဖြစ်သော သိက္ခမာန်ကို သံဃာ့ထံမှ ဝုဋ္ဌာနသမ္မုတိမရသေးဘဲ ရဟန်းပြုပေးသော ဥပဇ္ဈာယ် ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ [အခြားဘိက္ခုနီတို့မှာ ဒုက္ကဋ်။]
ဇ။ သဟဇီဝိနီသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—အတူတကွ အသက်မွေးနေထိုင်သော တပည့်မကို ၂-နှစ် လောက်မျှ မချီးမြှောက် မစောင့်ရှောက်မှု။
ထိုသို့ မစောင့်ရှောက်သဖြင့် တပည့်ဖြစ်သူသည် ဝိနည်းနှင် ဆိုင်ရာဝယ် နားမလည်ဘဲဖြစ်နေ၍ (“တပည့်မကောင်း ဆရာ့ခေါင်း” နှင့် အညီ) ဆရာမဖြစ်သူကို အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ယာ ပန ဘိက္ခုနီ သဟဇီဝိနိံ ဝုဋ္ဌာပေတွာ ဒွေ ဝဿာနိ နေဝ အနုဂ္ဂဏှေယျ န အနုဂ္ဂဏှာပေယျ, ပါစိတ္တိယံ။
စာမျက်နှာ-၄၂၅
မြန်မာပြန်။ ။ အတူတကွ အသက်မွေးလေ့ရှိ၍ “သဟဇီဝိနီ”မည်သော တပည့်မကို ဘိက္ခုနီအဖြစ်သို့ ထမြောက်စေပြီးနောက် ၂-နှစ်ပတ်လုံး ကိုယ်တိုင်လည်း မချီးမြှောက်, သူတစ်ပါးကိုလည်း မချီးမြှောက် စေသောဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏၊ အတူနေသောတပည့်မကို သဟဇီဝိနီ = သဒ္ဓိဝိဟာရိနီဟုခေါ်၏, သဟ = အတူတကွ+ ဇီဝိနီ-အသက်ရှည်လေ့ရှိသူ။
မှတ်ချက်။ ။ စာသင်ပေးခြင်း, ဆုံးမဩဝါဒပေးခြင်းကို “ချီးမြှောက်ခြင်း” ဟု ခေါ်၏။ ထိုချီးမြှောက်မှုကို ကိုယ်တိုင်တတ်နိုင်လျှင် ကိုယ်တိုင်ပြုရသည်၊ ကိုယ်တိုင်မတတ်နိုင်လျှင် တတ်နိုင်သူ့ထံ အပ်နှံ၍ ပြုပေးစေရသည်။
စျ။ နာနုဗန္ဓနသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီဖြစ်ခါစကလေးများ။
အမှု—ဥပဇ္ဈာယ် ဆရာမနောက်သို့ (ပြုစုလုပ်ကျွေး၍) ၂-နှစ် လောက်မှ မလိုက်ကြမှု။
ထိုသို့ ဥပဇ္ဈာယ်ဆရာမနှင့် အတူလိုက်၍ မနေကြသဖြင့် အဆုံးအမ ဩဝါဒမရ၍ အရာရာ၌မကျွမ်းကျင် မလိမ္မာရကား အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဝုဋ္ဌာပိတံ ပဝတ္တိနိံ ဒွေ ဝဿာနိ နာနုဗန္ဓေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ မိမိကို ဘိက္ခုနီအဖြစ်ရောက်အောင် ထမြောက်စေသော ဥပဇ္ဈာယ်ဆရာမနောက်သို့ ၂-နှစ်ပတ်လုံး လိုက်၍ မနေသောဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏၊ [ဥပဇ္ဈာယ်ဆရာမကို “ပဝတ္တိနီ = မိမိကို ဖြစ်စေသူ၊ ဝါ-ကြီးပွားစေသူ”ဟု ခေါ်၏။]
ည။ နေဝဓူပကာသနသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—တပည့်မကို ရဟန်းပြုပေးပြီးနောက် အရပ်တစ်ပါးသို့ ခေါ်မသွားမှု။
ထိုသို့ ခေါ်မသွားမိသည့်အတွက် ထိုဘိက္ခုနီကလေး၏ လင်ဟောင်းက ဖမ်းယူမှုကြောင့် အခြားဘိက္ခုနီတို့က ဆရာမဖြစ်သူကို ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
စာမျက်နှာ-၄၂၆
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ သဟဇီဝိနိံ ဝုဋ္ဌာပေတွာ နေဝ ဝူပကာသေယျ န ဝူပကာသာပေယျ အန္တမသော ဆပ္ပဉ္စယောဇနာနိပိ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အတူနေ တပည့်မကို ရဟန်းအဖြစ် ရောက်အောင် ထမြောက်စေပြီးနောက် အနည်းဆုံး ၅-ယူဇနာ ၆-ယူဇနာလောက် ဝေးအောင် အရပ်တစ်ပါးသို့ ကိုယ်တိုင်လည်းခေါ်၍မသွား, သူတစ်ပါးကိုလည်းခေါ်၍ မသွားစေသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ် အာပတ်သင့်၏။
ဂဗ္ဘိနီဝဂ်ပြီး၏။
ကုမာရီဘူတဝဂ်
က။ ဦနဝီသတိဝဿသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—အသက် ၂ ဝ မပြည့်သေးသောကုမာရီဘူတ သာမဏေမကို ရဟန်းပြုပေးမှု။
ယောက်ျားတို့မသွားလာအပ်ဘူး၍ အပျိုစင်ဖြစ်နေသော မိန်းမသားတို့သည် စိတ်ရော ကိုယ်ပါ နုနယ်ကြ၏၊ ထို့ကြောင့် အအေးအပူစသော ဒုက္ခများကို ယောက်ျားတို့ သွားလာအပ်ဘူးသော (ဂိဟိဂတာ) မိန်းမများလောက် ခံနိုင်ရည်မရှိကြ၊ အသက် ၂ဝ-အရွယ် ရောက်မှသာ ထိုဒုက္ခများကို ခံနိုင်ရည်ရှိကြ၏၊ ဤသိက္ခာပုဒ်၏ အမှုရှင် ဖြစ်သော ဘိက္ခုနီ ဆရာမကြီးတို့သည် ဤအကြောင်းကို သတိမထားဘဲ ငယ်ဖြူသာမဏေမတို့ကို ဘိက္ခုနီပြုပေးမိသဖြင့် အခြားဘိက္ခုနီတို့က ကဲ့ရဲ့ ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဦနဝီသတိဝဿံ ကုမာရိဘူတံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အသက် ၂၀ မပြည့်သေးသော အပျိုစင်သာမဏေမကို ဘိက္ခုနီပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏။
စာမျက်နှာ-၄၂၇
ခ။ အသိက္ခိတသိက္ခသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—အသက် ၂ဝ ပြည့်သော်လည်း ၂-နှစ်ပတ်လုံး သိက္ခာ ၆-ပါးကို မကျင့်ရသေးသော အပျိုစင်သာမဏေမကို ဘိက္ခုနီပြုပေးလှူ။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပရိပုဏ္ဏဝီသတိဝဿံ ကုမာရိဘူတံ ဒွေ ဝဿာနိ ဆသု ဓမ္မေသု အသိက္ခိတသိက္ခံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အသက် ၂၀ ပြည့်ပြီးသော အပျိုစင် သာမဏေမကို ၂-နှစ်ပတ်လုံး သိက္ခာမကျင့်ရသေးဘဲ ဘိက္ခုနီ ပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏။
ဂ။ သံဃေန အသမ္မတသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—အသက် ၂၀-ပြည့်၍ သိက္ခာပုဒ် ၆-ပါးတို့ကို ၂-နှစ်ပတ်လုံး ကျင့်ပြီးဖြစ်သော်လည်း သံဃာ့အထံမှ ဝုဋ္ဌာန သမ္မုတိ မရသေးဘဲ ဘိက္ခုနီပြုပေးမှု။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပရိပုဏ္ဏဝီသတိဝဿံ ကုမာရိဘူတံ ဒွေ ဝဿာနိ ဆသု ဓမ္မေသု သိက္ခိတသိက္ခံ သံဃေန အသမ္မတံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အသက် ၂၀-ပြည့်ပြီးဖြစ်၍ ၂-နှစ်ပတ်လုံး သိက္ခာပုဒ် ၆-ပါးကို ကျင့်ပြီးဖြစ်သော အပျိုစင်သာမဏေမကို သံဃာ့ထံမှ ဝုဋ္ဌာပန သမ္မုတိမရသေးဘဲ ဘိက္ခုနီပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ် သင့်၏။
ဤ က-ခ-ဂ သိက္ခာပုဒ်များသည် ဂဗ္ဘိနီဝဂ်လာ ဂိဟိဂတ ပါသော သိက္ခာပုဒ် ၃-ပါးနှင့် အသွားတူ၏၊ ဂိဟိဂတနှင့် ကုမာရိဘူတ ဖြစ်ခြင်းသာ ထူးသည်။
စာမျက်နှာ-၄၂၈
ဃ။ ဦနဒွါဒသဝဿာ သိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—တဆယ့် နှစ်ဝါ မရသေးဘဲ ဥပဇ္ဈာယ် ဆရာမ လုပ်၍ သူ့တစ်ပါးကို ဘိက္ခုနီပြုပေးမှု။
ကဲ့ရဲ့ ခံရခြင်း။ ။ မိမိကိုယ်တိုင်က ၁၂ ဝါမရသေးဘဲနှင့် ဥပဇ္ဈာယ်လုပ်၍ သူတစ်ပါးကို ဘိက္ခုနီပြုလုပ်ပေးသဖြင့် သူတို့ကိုယ်တိုင်လည်း ဝိနည်းနှင့် စပ်၍အပ်သောအရာ မအပ်သောအရာကို နားမလည်ကြ, သူတို့၏ တပည့်မတို့လည်း နားမလည်ကြသဖြင့် အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဦနဒွါဒသဝဿာ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ တဆယ့်နှစ်ဝါ မရသေးဘဲ ဥပဇ္ဈာယ် ဆရာမလုပ်၍ သူတစ်ပါးကို ဘိက္ခုနီပြုပေးသော ဘိက္ခုနီမှာ ပါစိတ် အာပတ် သင့်၏။
င။ သံဃေနအသမ္မတာ သိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—သံဃာ့အထံမှ ဝုဋ္ဌာပန သမ္မုတိ မရဘဲ ဥပဇ္ဈာယ် ဆရာမ ပြုလုပ်မှု။
ကဲ့ရဲ့ ခံရခြင်း။ ။ တဆယ့်နှစ်ဝါရသော်လည်း သံဃာ့အထံမှ ဥပဇ္ဈာယ် ဆရာ လုပ်ဖို့ရန် “ဝုဋ္ဌာပန သမ္မုတိ” မရသေးဘဲ ဥပဇ္ဈာယ်လုပ်၍ ဘိက္ခုနီပြုပေးကြသဖြင့် သူတို့ ကိုယ်တိုင်က ဘိက္ခုနီ ဝါများသလောက် ဝိနည်းနားမလည်သေးရကား သူတို့၏ တပည့်များလည်း အပ်-မအပ်ကို နားမလည်ကြ၍ အခြားဘိက္ခုနီတို့က ဆရာကို ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပရိပုဏ္ဏဒွါဒသဝဿာ သံဃေန အသမ္မတာ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ တဆယ့်နှစ်ဝါပြည့်သော်လည်း သံဃာ့အထံမှ ဝုဌာပန သမ္မုတိ မရသေးဘဲ ဥပဇ္ဈာယ်လုပ်၍ ဘိက္ခုနီပြုပေးသော ဘိက္ခုနီမှာ ပါစိတ် အာပတ် သင့်၏။
စာမျက်နှာ-၄၂၉
မှတ်ချက်။ ။ ဘိက္ခုနီတို့သည် ၁၂-ဝါရ၍ ဥပဇ္ဈာယ် ဆရာ လုပ်လိုသောအခါ သံဃာ့ထံ၌ ဝုဋ္ဌာပန သမ္မုတိ (ဥပဇ္ဈာယ်လုပ်နိုင်သော သမ္မုတိ)ကို တောင်းရသေး၏။ ထိုသို့ တောင်းသောအခါ သံဃာက သူ၏ဝိနည်း နားလည်မှု ရှိ-မရှိကို စဉ်းစား၍ ဆရာလုပ်လောက်သော အရည်အချင်း ရှိမှ ဝုဋ္ဌာပနသမ္မုတိပေးရ၏၊ ထိုသမ္မုတိရသူမှသာ ဥပဇ္ဈာယ်ဆရာ လုပ်နိုင်သည်။
ဘိက္ခုနီများလည်း ဥပဇ္ဈာယ် လုပ်ချင်တိုင်း မလုပ်ရ, ၁-ဆယ်ဝါရ ပြီးခြင်း, ၂-ဒွေမာတိကာကို အကျယ်ဖွင့်ပြသော ဝိဘင်း ၂-ဖြာကို နားလည်ခြင်း, ၃-ရဟန်းခံ သိမ်သမုတ်စသော ကံကြီးကံငယ် လုပ်ထုံးကို နားလည်ခြင်း, ၄-မဟာဝါ စူဠဝါခန္ဓကတို့၌ လာသော သိက္ခာပုဒ်များကို နားလည်ခြင်း, ၅-နာမ်တရား ရုပ်တရားကို ခွဲခြားဟောပြနိုင်ခြင်း ဤဂုဏ်အင်္ဂါငါးပါးနှင့် ပြည့်စုံသူမှသာ ဥပဇ္ဈာယ်ဆရာ (ကျောင်းထိုင် ဘုန်းကြီး)လုပ်နိုင်၏။ ထိုသို့ မပြည့်စုံသေးလျှင် ကျောင်းထိုင်ဘုန်းကြီး မလုပ်ရသေး၊ ထိုဂုဏ်အင်္ဂါနှင့် ပြည့်စုံသော ဆရာ တစ်ပါးပါးကို မှီခို၍ နေရသည်။
[ဆောင်] ဆယ်ဝါပြည့်တင်း, ဝိဘင်းနှစ်ဖြာ, ကမ္မာကမ္မ, ခန္ဓကပုဒ်, နာမ်ရုပ်ပိုင်ပိုင်, ဟောပြနိုင်, ကျောင်းထိုင် ငါးအင်္ဂါ။
စ။ ခီယျနဓမ္မာပဇ္ဇန သိက္ခာပုဒ်
အမှုသည်—စဏ္ဍကာဠီ။
အမှု—ဘိက္ခုနီတို့ ကဲ့ရဲ့မှု။
ဝုဋ္ဌာပန သမ္မုတိ မပေးကြခြင်း။ ။ စဏ္ဍကာဠီသည် ၁၂-ဝါရ၍ ဥပဇ္ဈာယ်ဆရာမ လုပ်လိုသောကြောင့် သံဃာ့အထံ၌ ဝုဋ္ဌာပန သမ္မုတိကိုတောင်းသောအခါ စဏ္ဍကာဠီ၏ အရည်အချင်းကို အားမရ၍ မိမိက ဥပဇ္ဈာယ်လုပ်၍ သူတစ်ပါးကို ရဟန်းအဖြစ်ရောက်အောင် ထမြောက်စေဖို့ (ဘိက္ခုနီပြုပေးဖို့) မတော်သေးပါ”ဟု ပြောသောအခါ “ကောင်းပါပြီ”ဟု ဝန်ခံခဲ့ပြီးနောက် အခြားဘိက္ခုနီတို့အား သံဃာကဝုဋ္ဌာပနသမ္မုတိ ပေးသောအခါ စဏ္ဍကဠီသည် မကျေနပ်သောကြောင့် “သံဃာက ငါ့ကို သမ္မုတိမပေးဘဲ, အခြားဘိက္ခုနီတွေကိုတော့ သမ္မုတိပေးတယ်, ငါကတော့ အ အမို့တဲ့လား, အလဇ္ဇီမမို့ တဲ့လား”ဟု ကဲ့ရဲ့ရှုတ်ချလေသည်၊ ထိုသို့ ရှုတ်ချမှုကို ကြားရသောဘိက္ခုနီတို့က သူ့ကို ကဲ့ရဲ့ကြ၍ ဘုရားရှင်ထံ တဆင့် လျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
စာမျက်နှာ-၄၃၀
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ “အလံ တာဝ တေ, အယျေ, ဝုဋ္ဌာပိတေနာ”တိ ဝုစ္စမာနာ “သာဓူ”တိ ပဋိဿုဏိတွာ သာ ပစ္ဆာ ခိယျနဓမ္မံ အာပဇ္ဇေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ (ဝုဋ္ဌာပနာ သမ္မုတိ တောင်းသောအခါ) “အရှင်မ... အရှင်မမှာ ဥပဇ္ဈာယ်လုပ်၍ ဘိက္ခုနီပြုပေးဖို့ မတော်သေးပါ”ဟု ပြောဆိုအပ်စဉ်က “ကောင်းပြီ”ဟု ဝန်ခံခဲ့၍ နောက်မှ ကဲ့ရဲ့ရှုတ်ချ သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ သံဃာက တရားလမ်းအတိုင်း ပြုလုပ်ရာ၌ ကဲ့ရဲ့ မှသာ အာပတ်သင့်၏၊ သံဃာကိုယ်တိုင်က မတရားလုပ်၍(အဂတိလိုက်၍)သမ္မုတိပေးသင့်သူကို မပေး; မပေးသင့်သူကို ပေးသောကြောင့် ကဲ့ရဲ့လျှင်ကား “အနာပတ္တိ ပကတိယာ(နဂိုကပင်) ဆန္ဒာ ဒေါသာ ဘယာ မောဟာ ကရောန္တံ ခိယျတိ”ဟု အာပတ်မသင့်ကြောင်း မိန့်တော်မူသည်။
ဆ။ ပတိဿဝနသံဝါဒနသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—ငါ့အား သင်္ကန်းပေးလျှင် ဘိက္ခုနီပြုပေးမည်ဟု ဝန်ခံပြီးနောက် ထိုဝန်ခံချက် ပျက်ကွက်မှု။
ထုလ္လနန္ဒာ၏ ပျက်ကွက်မှု။ ။ ထုလ္လနန္ဒာသည် သိက္ခမာန်တစ်ယောက်က ဘိက္ခုနီ ပြုပေးပါရန် တောင်းပန်လာသောအခါ “သင်က ငါ့အား သင်္ကန်းပေးလျှင် ဥပဇ္ဈာယ်လုပ်၍ သင့်ကို ဘိက္ခုနီပြုပေး မည်”ဟု ဝန်ခံပြီးနောက် ရဟန်းပြုပေးဖို့ မဖြစ်နိုင် လောက်သော အန္တရာယ်မရှိပါဘဲ ကိုယ်တိုင်လည်းရဟန်းပြုမပေး, သူတစ်ပါးကို ပြုပေးစေ ဖို့ရန် ကြောင့်ကြမစိုက်သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ သိက္ခမာနံ “သစေ မေ တွံ, အယျေ, စီဝရံ ဒဿသိ, ဧဝါဟံ တံ ဝုဋ္ဌာပေဿာမီ”တိ ဝတွာ သာ ပစ္ဆာ အနန္တရာယိကိနီ နေဝ ဝုဋ္ဌာပေယျ, န ဝုဋ္ဌာပနာယ ဥဿုက္ကံ ကရေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ သိက္ခမာန်ကို “အကယ်၍ ငါ့အား သင်္ကန်းပေးအံ့၊ ထိုသို့ ပေးလျင် ငါ သင့်ကို ဘိက္ခုနီအဖြစ်ရောက်အောင် ထမြောက်စေ
စာမျက်နှာ-၄၂၇
မည် (ဘိက္ခုနီပြုပေးမည်) ဟု ပြောဆိုပြီး၍ နောက်အခါ တစ်စုံတရာ အန္တရာယ်မရှိပါဘဲ ကိုယ်တိုင်လည်း ရဟန်းပြုမပေးသော, သူတစ်ပါးကိုလည်း ပြုပေးဖို့ရန် ကြောင့်ကြမစိုက်သော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။
ဇ။အနုဗန္ဓနသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—ငါ့နောက်သို့ ၂-နှစ်ပတ်လုံး လိုက်နေလျှင် ဘိက္ခုနီပြုပေးမည်ဟု ဝန်ခံပြီးနောက် ထိုဝန်ခံချက် ပျက်ကွက်မှု။
ထုလ္လနန္ဒာ၏ ဂတိမတည်မှု။ ။ သိက္ခမာန်တစ်ယောက်သည် ထုလ္လနန္ဒာအား ဘိက္ခုနီ ပြုပေးပါရန် တောင်းပန်လာ၏။ ထိုအခါ ထုလ္လနန္ဒာက ခု “ငါ့နောက်သို့ ၂-နှစ်ပတ်လုံးလိုက်၍ ပြုစုလုပ်ကျွေးမည် ဖြစ်လျှင် ဘိက္ခုနီပြုပေးမည်”ဟု ဝန်ခံပြီးနောက် တစ်စုံတရာ အန္တရာယ်မရှိပါဘဲ ပြုမပေးသည့်အတွက် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ သိက္ခမာနံ “သစေ မံ တွံ, အယျေ, ဒွေ ဝဿာနိ အနုဗန္ဓိဿသိ, ဧဝါဟံ တံ ဝုဋ္ဌာပေဿာမီ”တိ ဝတွာ သာ ပစ္ဆာ အနန္တရာယိကိနီ နေဝ ဝုဋ္ဌာပေယျ, န ဝုဋ္ဌာပနာယ ဥဿုက္ကံ ကရေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ သိက္ခမာန်ကို “အကယ်၍ ငါ့နောက်သို့ ၂-နှစ်ပတ်လုံး လိုက်နေအံ့၊ ထိုသို့လိုက်နေလျှင် ငါသည် သင့်ကို ဘိက္ခုနီ ပြုပေး မည်”ဟု ပြောဆိုပြီး၍ နောက်အခါ တစ်စုံတရာ အန္တရာယ်မရှိပါဘဲ ကိုယ်တိုင်လည်း ရဟန်းပြုမပေးသော, သူတစ်ပါးတို့ကိုလည်း ပြုပေး ဖို့ရန် ကြောင့်ကြမစိုက်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
စျ။ သောကာဝါသသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—ယောက်ျားကြီး ယောက်ျားငယ်တို့၌ ရောရောနှောနှော နေထိုင်၍ ကြမ်းတန်းသော သောက၏ တည်ရာဖြစ်သော စဏ္ဍကာဠီမည်သော သိက္ခမာန်ကို ရဟန်းပြုပေးမှု။
ထိုသို့ ဘိက္ခုနီပေးမှုကြောင့် အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
စာမျက်နှာ-၄၃၂
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပုရိသသံသဋ္ဌံ ကုမာရကသံသဋ္ဌံ စဏ္ဍိံ သောကာဝါသံ သိက္ခမာနံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အသက် ၂၀ လွန်ပြီးသော ယောက်ျားကြီးတို့နှင့် ရောရောနှောနှော နေတတ်သော, အသက် ၂၀ မပြည့်သေးသော သတို့သားတို့နှင့်လည်း ရောရောနှောနှောနေတတ်သော (ကိုယ်နှုတ် စိတ်ပါ) ကြမ်းထန်းသော ယောက်ျားတို့၏ အတွင်း (မမြင်ရလျှင် မနေနိုင်လောက်အောင်) သောကကို သွင်းတတ်-(မိမိက မမြင်ရလျှင်လည်း သောကဖြစ်နေတတ်သဖြင့်) သောကဟူသော နေရာလည်းရှိသော သိက္ခမာန်ကို ရဟန်းပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏။
ည။ အနုညာတသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—မိဘနှင့် လင်ယောက်ျားတို့က ခွင့်မပြုအပ်သော သိက္ခာမာန် ရဟန်းပြုပေးမှု။
ထိုသို့ပြုပေးသည့်အတွက် မိဘနှင့်လင်ယောက်ျားတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ မာတာပိတူဟိ ဝါ သာမိကေန ဝါ အနနုညာတံ သိက္ခမာနံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ မိဘတို့သည်လည်းကောင်း, လင်သည်လည်းကောင်း, (ရဟန်းပြုဖို့ရန်) ခွင့်မပြုအပ်သော သိက္ခမာန်ကို ရဟန်းပြုပေးသော ဥပဇ္ဈာယ် ဆရာမမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ မာတုဂါမတို့သည် ရှင်သာမဏေမ ပြုလိုသောအခါ၌တစ်ကြိမ်, ဘိက္ခုနီ ပြုလိုသောအခါ၌ တစ်ကြိမ်အားဖြင့် ၂-ကြိမ်မျှ မိဘနှင့် (လင်ရှိလျှင်) လင်တို့ကို ခွင့်တောင်းရ၏။ ယောက်ျားတို့ကား ရှင်ပြုတုန်းက မိဘတို့ ခွင့်ပြုထားလျှင် ရဟန်းပြုခါနီး၌ ခွင့်တောင်းဖွယ်မလို၊ သို့သော် ရှင်ပြုခွင့်သာ ပေးခြင်းဖြစ်၍ ရဟန်းပြုခွင့် မပေးလိုသော မိဘတို့ကိုကား ကျေနပ်အောင် ခွင့်တောင်းရလိမ့်ဦးမည်၊ ခွင့်မရဘဲ ဘိက္ခုပြုပေးလျှင်မူ ဒုက္ကဋ်အာပတ်သင့်၏၊ ရဟန်းလောင်းကား ရဟန်းဖြစ်သည်သာ။
စာမျက်နှာ-၄၃၃
ဋ။ ပါရိဝါသိကဆန္ဒဒါနသိက္ခာပုဒ်
အမှုသည်—ထုလ္လနန္ဒာ။
အမှု—ပျက်ပြီးသော ဆန္ဒပေးခြင်းဖြင့် ဘိက္ခုနီပြုပေးမှု။
ထုလ္လနန္ဒာ ပြုလုပ်ပုံ။ ။ ရဇဂြိုဟ်မြို့၌ နေစဉ် ထုလ္လနန္ဒာသည် သိက္ခမာန် တယောက်ကို ဘိက္ခုနီ ပြုလုပ်ပေးဖို့ရန် ရဟန်း ယောက်ျား မထေရ်ကြီးများကို ပင့်ဖိတ်ထားသဖြင့် ကြွနိုင်သော မထေရ်ကြီးများသည် ကိုယ်တိုင်ကြွရောက်၍ မကြွနိုင်သော ထိုမဟာသိမ်အတွင်း၌ နေကြသော ရဟန်းများလည်း ထိုကံကို သဘောတူကြောင်း (ဝိနည်းထုံးစံအတိုင်း) ဆန္ဒပေးလိုက်ကြလေသည်။ ထိုသံဃာ အစည်းအဝေး၌ ဘိက္ခုနီပြုပေးပြီးနောက် ကျွေးမွေးဖို့ရန် ခဲဖွယ်ဘောဇဉ် များစွာကိုလည်း ဆိုင်ရာက စီမံထား၏၊ ထူလ္လနန္ဒာသည် ထိုခဲဖွယ် ဘောဇဉ်များကို (သူနှင့် ဓာတ်ချင်းမတူသော)မထေရ်ကြီးများကို မဘုဉ်းပေးစေလို သောကြောင့် “အရှင်ဘုရားတို့... သိက္ခမာန်ကို ယခုဘိက္ခုနီ မပြုပေးလိုသေးပါ” ဟု လျှောက်၍ မထေရ်ကြီးများကို ပြန်လွှတ်လိုက်လေသည်။
ထိုသို့ ပြန်လွှတ်လိုက်သည့်အခါ ထိုကံအတွက်သဘောတူကြောင်းပေးလိုက်သော ဆန္ဒလည်း ပျက်ပြယ်လေတော့၏၊ ထုလ္လနန္ဒာသည် ထိုသို့ပျက်ပြယ်ပြီးသော ဆန္ဒပေးခြင်းကိုပင် ထပ်မံအသုံးပြု၍ (နောက်ထပ် ဆန္ဒမယူစေဘဲ) အရှင်ဒေဝဒတ်နှင့် ဘက်တော်သား ဖြစ်ကြသော ကောကာလိက စသော ရဟန်းများကို ပင့်၍ သိက္ခမာန်ကို ဘိက္ခုနီ ပြုပေးလေသည်၊ ထိုသို့ပြုပေးရာ၌ သူပင့်လိုရာ ပင့်၍ ပြုပေးခြင်းက ကံမပျက်စေသော်လည်း ပျက်ပြယ်ပြီး ဆန္ဒကို အသုံးပြုခြင်းကား ကံကိုပျက်စေကြောင်း ထုလ္လနန္ဒာ၏ ထိုအမှုကို အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပါရိဝါသိကဆန္ဒဒါနေန သိက္ခမာနံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ သုံးအပ်ပြီးသော (နဂိုဆန္ဒပျက်ပြယ်ပြီးသော) ဆန္ဒပေးခြင်းဖြင့် သိက္ခမာန်ကို ဘိက္ခုနီပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ မာတုဂါမတို့သည် ပထမအကြိမ်၌ ဘိက္ခုနီသံဃာ့အထံဝယ် ရဟန်း ပြုကြရ၏။ ထို့နောက် ဒုတိယတစ်ကြိမ်၌ ဘိက္ခုသံဃာ့အထံမှာ ရဟန်းပြု ကြရသည်။
စာမျက်နှာ-၄၃၄
ဌ။ အနုဝဿံဝုဋ္ဌာပန သိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု— နှစ်စဉ် (တနှစ်တစ်ပါးကျ) ဥပဇ္ဈာယ်လုပ်နိုင်သော ဘိက္ခုနီတို့က ကိုယ်စီကိုယ်စီ ရဟန်းပြုပေးကြမှု။
ထိုသို့ ကိုယ်စီကိုယ်ငှ ရဟန်းပြုပေးကြသည့်အတွက် နေဖို့ရာ ကျောင်းများ မလောက်သဖြင့် လူတို့ကစ၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အနုဝဿံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ တနှစ်လျှင် တစ်ပါးကျ ဘိက္ခုနီ ပြုပေးသော ဥပဇ္ဈာယ် ဆရာမမှာ ပါစိတ်အာပတ်သင့်၏။
ဍ။ ဒွေဝုဋ္ဌာပန သိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—တနှစ်တည်း၌ ၂-ပါး ရဟန်းပြုပေးမှု။
နှစ်စဉ် ၁-ပါးကျ ပြုမပေးရသဖြင့် တစ်နှစ်ခြားပြီးလျှင် နောက်တနှစ်၌ သိက္ခမာန် ၂-ပါးကို ဆရာလုပ်နိုင်သူတို့က ဥပဇ္ဈာယ်လုပ်၍ ရဟန်းပြုပေးကြလေရာ ရှေ့သိက္ခာပုဒ်လာ ဝတ္ထုအတိုင်း နေရာကျောင်း မလောက်သောကြောင့် လူတို့က စ၍ ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဧကံ ဝဿံ ဒွေ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
မြန်မာပြန် တနှစ်ထည်း၌ သိက္ခမာန် ၂-ပါးကို ရဟန်းပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏။ [ဤသိက္ခာပုဒ် ၂-ပါး အလိုအားဖြင့် ၂-နှစ်မှ တစ်ပါးသာရဟန်းပြုပေးကောင်းတော့သည်။]
ကုမာရီဘူတဝဂ်ပြီး၏။
စာမျက်နှာ-၄၃၅
ဆတ္တုပါဟနဝဂ်
က။ ဆတ္တုပါဟန သိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီ ဘိက္ခုနီများ။
အမှု—ထီးဆောင်း, ဖိနပ်စီးမှု။
ထီး ဖိနပ်။ ။ ထီးဆောင်းခြင်း, ဖိနပ်စီးခြင်းကို ဟန်ကြီး ပန်ကြီး လုပ်ခြင်းနှင့် အလှပြင်ခြင်း တစ်မျိုး ဟု (ရှေးခေတ်က) ယူဆကြဟန်တူ၏။ ထို့ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီတို့ ထီးဆောင်း၍ ဖိနပ်စီးလျက် ထိုထိုဤဤ လှည့်လည် သွားလာကြခြင်းကို “ကာမစည်းစိမ်ကို ခံစားသော လူဝတ်ကြောင် မိန်းမများလိုဘဲ” ဟု လူတို့က စွပ်စွဲကဲ့ရဲ့ ကြသောကြောင့် “ထီး ဖိနပ်ကို မဆောင်ရ”ဟု ပထမပညတ်တော်မူပြီးလျှင် ထီး ဖိနပ် မဆောင်းမစီးရလျှင် ရောဂါတိုးမည့် ဂိလာနဘိက္ခုနီအတွက် ခြွင်းချက်ထား၍ ဒုတိယပညတ်တော်မူရပြန်သည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အဂိလာနာ ဆတ္တုပါဟနံ ဓာရေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ဂိလာနမဟုတ်ဘဲ ထီး ဖိနပ်ကိုဆောင်းသော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ဂိလာနမဟုတ်ဘဲ ကျောင်းတိုက်အတွင်းနှင့် ကျောင်းတိုက်ဥပစာမှ တစ်ပါးသော မြို့တွင်း ရွာတွင်း တောအရပ်အားလုံးမှာပင် ဘိက္ခုနီတို့ ထီး ဖိနပ် ၂-မျိုးလုံးကို ဆောင်လျှင် စ၍ ဆောင်တိုင်း ပါစိတ်အာပတ် သင့်၏။ တစ်မျိုးကိုသာ ဆောင်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊ “ဆောင်” ဟူသည် ထီးကိုဆောင်းခြင်း ဖိနပ်ကိုစီးခြင်းတည်း၊ ဘိက္ခုတို့လည်း ထီးအတွက်မှာ ဘိက္ခုနီများကဲ့သို့ မြို့ရွာတောအားလုံးမှာပင် မဆောင်းအပ်ဟု ခုဒ္ဒကဝတ္ထု ခန္ဓက၌ မိန့်တော်မူသည်။ ဖိနပ်ကား မြို့ရွာအတွင်းနှင့် အာဂန္တုအဖြစ်ဖြင့် အခြားကျောင်းတိုက်၌သာ မစီးအပ်၊ အာဂန္တု မဟုတ်သည့်အခါနှင့် တောထဲသို့သွားသည့်အခါ မိမိကျောင်းတိုက်တွင်းမှာမူ စီးကောင်း၏။
ထီး ဖိနပ် အပ်သောအချက်။ ။ ကိုယ်ပူ ရောဂါ-သည်းခြေပျက် ရောဂါ-မျက်စိ အားနည်းသော ရောဂါ-စသည်ဖြင့် ထီးမဆောင်းရလျှင် တိုးပွါးမည့် ရောဂါမျိုးရှိလျှင်လည်းကောင်း, မိုးရွာသည့်အခါ၌ အအေး မိမည်ကို စိုးရိမ်ရခြင်း နေပူလွန်း၍ အပူမိမည်ကို စိုးရိမ်ရခြင်း,
စာမျက်နှာ-၄၃၆
သင်္ကန်းကို မိုးစိုမည်မှ စောင့်ရှောက်လိုခြင်းစသော လုံလောက်သော အကြောင်းရှိလျှင်လည်းကောင်း, ထီးဆောင်းကောင်း၏၊ နေပူလွန်းခြင်း အအေးများလွန်းခြင်း သွားရာအရပ်က ရောဂါဘယရှိခြင်းစသော အကြောင်းကြောင့် ကျန်းမာရေးကို ထိခိုက်လောက်လျှင် ဖိနပ်လည်း စီးကောင်း၏၊ ထိုသို့ အကြောင်းမလုံလောက်လျှင် ထီး ဖိနပ် ၂-မျိုးလုံးပင်မအပ်၊ ထီးအစား ယပ်ကိုသုံးစွဲ၍ ဖိနပ်မစီးဘဲ သွားနိုင် ခြင်းသာ အပြစ်အကင်းဆုံး ဖြစ်သည်။
ခ။ ယာနာသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီများ။
အမှု—ယာဉ်ဖြင့် သွားလာမှု။
ယာဉ်။ ။ ခြေဖြင့်မသွားဘဲ ယာဉ်ဖြင့် သွားခြင်းလည်း ဟန်ကြီး ပန်ကြီးလုပ်ခြင်း တစ်မျိုးပင်ဟု (ရှေးခေတ်က) ယူဆသောကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီတို့ ယာဉ်စီး၍ သွားခြင်းကို “ကာမဂုဏ် ခံစားသော လူဝတ်ကြောင် မိန်းမများလိုဘဲဟု လူတို့က စွပ်စွဲကဲ့ရဲ့ကြသဖြင့် “ယာဉ်မစီးရ”ဟု ပထမပညတ်တော်မူပြီးလျှင် ယာဉ်မစီးရလျှင် ရောဂါ တိုးမည့် ဂိလာနအတွက် ခြွင်းချက်ပြုကာ ဒုတိယ ပညတ်တော်မူရပြန်သည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အဂိလာနာ ယာနေန ယာယေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ဂိလာနမဟုတ်ဘဲ ယာဉ်ဖြင့်ခရီးသွားသော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ မဟာဝါ စမ္မက္ခန္ဓက ပါဠိတော်၌ “ဘိက္ခုတို့လည်း ဂိလာနမဟုတ်လျှင် ယာဉ်မစီးရ၊ စီးလျှင် ဒုက္ကဋ်အာပတ်”ဟု ပညတ်တော်မူ၏။ ထို၌ “ယာဉ် ဟူသည် “ပုရိသယုတ္တံ = အထီး (နွားထီး မြင်းထီး) ကအပ်သောယာဉ်၊ ဟတ္ထဝဋ္ဋကံ = လက်ဖြင့် လိမ့်စေအပ်သော ယာဉ်”ဟု သရုပ်ပြထား၏၊ ထို့ကြောင့် ဂိလာနမဟုတ်လျှင် နွားလှည်း မြင်းရထား လက်တွန်းလှည်း လန်ချားများကို မစီးကောင်းဟုမှတ်။
ထို့ပြင်-ခြေချင် မသွားနိုင်လောက်သော ဂိလာန (အိုနာလည်း ပါဝင်၏။) မဟုတ်လျှင် သိဝိကာ (ထမ်းစင် = ဝေါ)ကိုလည်းကောင်း, ပါဋင်္ကီ (အဝတ်ထမ်း)ကိုလည်းကောင်း, ဝယှ(လူ၂-ယောက်လက်ချင်းယှက်၍ ဆောင်ယူ
စာမျက်နှာ-၄၃၇
ရသော လက်ပွေ့ အထမ်း)အမျိုးမျိုးကိုလည်းကောင်း, မစီးကောင်း၊ ဂိလာနဖြစ်လျှင် ပြခဲ့သမျှ အားလုံးအပ်၏။ သို့သော်မြင်းမ, နွားမကသော ရထားလှည်းတို့ မအပ်၊ နောက်ခေတ်မှ ပေါ်လာသော မီးရထား မော်တော်ကားတို့ကား ယာဉ်တွင် ပါဝင်စေကာမူ မောင်းနှင်သူကို ညှဉ်းဆဲရာ မရောက်သောကြောင့်လည်းကောင်း, မအပ်ဟု သရုပ်ဖေါ်ထားသော ယာဉ်တို့တွင် မပါဝင်သောကြောင့်လည်းကောင်း, သင်္ဘော လေယာဉ်ပျံတို့နှင့်အလားတူ “အပ်သောယာဉ်” ဟုယူကြသည်။
ဂ။ သင်္ဃာဏိသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီတစ်ယောက်။
အမှု—ခါးကြိုးတန်ဆာကို ဆောင်မှု။
ခါးကြိုးတန်ဆာ။ ။ ဘိက္ခုနီ တစ်ယောက်သည် ဆွမ်းခံနေကျအိမ်မှ မိန်းမတစ်ယောက်က “ဤခါးကြိုးကို မည်သည့် မိန်းမထံပို့ ပေးစမ်းပါ”ဟုပြော၍ ခါးကြိုးတန်ဆာကို ယူလာသောအခါ သပိတ်ထဲ၌ ထည့်ယူသွားလျှင် အမှတ်တမဲ့ လန့်ပြီး အော်မိမှာစိုး၍ (မြွေကလေးနှင့် တူဟန်ရှိသည်)ခါး၌ ဝတ်၍ ယူသွားလေသည်၊ ယာဉ်ရထားတို့ သွားလာရာ လမ်းမသို့ ရောက်သောအခါ ထိုခါးကြိုး ပြတ်သဖြင့် တပ်ထားသော ပတ္တမြားလုံးကလေးတွေ ဖရိုဖရဲကြဲသဖြင့် လူအများ မြင်ကြ၍ “ဘိက္ခုနီတွေဟာ ကာမစည်းစိမ်ခံစားသော လူဝတ်ကြောင် မိန်းမများလို ခါးကြိုးတန်ဆာကို ဆောင်ကြတာဘဲကိုး”ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ သံဃာဏိံ ဓာရေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ခါးကြိုးတန်ဆာကို ဆောင်သော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။
ခါး၌ဝတ်ဆင်အပ်သောကြိုး သာမက, ခါးပန်းကြိုးရိုးရိုးမှတစ်ပါး အလှပတ်ဖို့ ခါးစည်းကြိုးခါးပတ်ဟူသမျှလည်း ပါဝင်သည်၊ ဘိက္ခုတို့ ဆောင်လျှင် ဒုက္ကဋ်အာပတ်။
စာမျက်နှာ-၄၃၈
ဃ။ ဣတ္ထာလင်္ကာရသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။
အမှု—မိန်းမတို့၏ အသုံးအဆောင်တန်ဆာကို ဆောင်မှု။
မိန်းမ အသုံးအဆောင်။ ။ ဦးခေါင်း, လည်ပင်း, လက်, ခြေ, ခါးတို့၌ဝတ်ဆင်အပ်သော ပုတီး, နားချောင်း, လက်ကောက်, လက်ကြပ်, လက်စွပ်, လက်ပတ်နာရီ, ခြေကျင်းစသော မိန်းမတို့၏ အဆင်တန်ဆာဟူသမျှကို ဆဗ္ဗဂ္ဂီဘိက္ခုနီတို့ ဝတ်ဆင်ကြလေရာ လူတို့က “ကာမစည်းစိမ်ခံစားသော လူဝတ်ကြောင် မိန်းမများလိုဘဲ”ဟု စွပ်စွဲ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ယာ ပန ဘိက္ခုနီ ဣတ္ထာလင်္ကာရံ ဓာရေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ မိန်းမတို့၏ အဆင်တန်ဆာကို ဆောင်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ [ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏။]
င။ ဂန္ဓဝဏ္ဏသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ၊
အမှု—နံ့သာရည် အလှရည်တို့ဖြင့် ရေချိုးမှု။
အမွှေး အကြိုင်အနံ့ရှိသော အရည်တို့ဖြင့်ဖြစ်စေ ထိုအရည်တို့ကို ရေ၌ ရောစပ်၍ဖြစ်စေ ရေချိုးကြခြင်း, အဆင်းကိုလှစေနိုင်သော အလှရှည်တို့ဖြင့် ဖြစ်စေ, အလှရည် ရောစပ်ထားသော ရေဖြင့်ဖြစ်စေ ရေချိုးကြခြင်းကြောင့် လူတို့က “ကာမစည်းစိမ်ခံစားသော မိန်းမများလိုဘဲ”ဟု စွပ်စွဲကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဂန္ဓဝဏ္ဏကေန နဟာယေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ နံ့သာရည် အလှရည်တို့ဖြင့် ရေချိုးသော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ [ဘိက္ခုတို့မှာ ဒုက္ကဋ်၊ ကိုယ်နံ့မကောင်းခြင်း ကိုယ်အရေ အဆင်း ပျက်သော ရောဂါ ရှိခြင်းကြောင့် ချိုးလျှင် အနာပတ္တိ။]
စာမျက်နှာ-၄၃၉
စ။ ဝါသိတသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။
အမှု—နံ့သာထုံအပ်သော နှမ်းမှုန့်ညက်ဖြင့် ပွတ်တိုက်၍ ရေချိုးမှု။
ထိုသို့ရေချိုးမှုကြောင့် “ကာမစည်းစိမ်ကို ခံစားသော လူဝတ်ကြောင် မိန်းမများလိုပါပဲကလား”ဟု လူတို့က စွပ်စွဲခဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဝါသိတကေန ပိညာကေန နဟာယေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ နံ့သာဖြင့် ထုံအပ်သော နှမ်းမှုန့်ညက်ဖြင့် ရေချိုးသော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ပဉ္စမသိက္ခာပုဒ်သည် နံ့သာအလှရည်တို့ကို ရေ၌ ရောစပ်၍ ချိုးခြင်းမှ တားမြစ်သော သိက္ခာပုဒ်တည်း၊ ဤသိက္ခာပုဒ်ကား နံ့သာထုံအပ်သော နှမ်းမှုန့်တို့ဖြင့် ကိုယ်ကို ပွတ်တိုက်၍ ရေချိုးခြင်းမှ တားမြစ်သည်၊ သိက္ခာပုဒ် ၂-ပါးလုံးပင် မာလာဂန္ဓ ဝိလေပန ဓာရဏသိက္ခာပုဒ်နှင့် တထပ်တည်း ကျရကား ဘိက္ခု, ဘိက္ခုနီတို့သာမက-သာမဏေများလည်း နံသာရောသော ရေဖြင့်လည်းကောင်း, နံ့သာထုံထားသော နှမ်းမှုန့်ညက် ဆပ်ပြာဖြင့်လည်းကောင်း, ရေမချိုးကောင်း၊ နှမ်းမှုန့်ညက်သည် သွေးကိုကြည်လင်စေတတ်၏။ ထိုကြောင့် ရှေးကနှမ်းမှုန့်များဖြင့် ကိုယ်ကို ပွတ်တိုက်လေ့ရှိကြသည်။ နံ့သာ မထုံအပ်သော နှမ်းမှုန့်ညက်ဖြင့်ပွတ်တိုက်ခြင်းကား အနာပတ္တိ။]
ဆက်ဦးအံ့-ယခုခေတ် များစွာသော ဆပ်ပြာတို့သည် ဝါသိတက ဆပ်ပြာများဖြစ်ကြ၏၊ ထိုဆပ်ပြာတို့ကား (မှန်မှန်ပြောရလျှင်) မသုံးအပ်ကြချေ၊ အများထက်ထူးခြား၍ ကိုယ်နံ့ဆိုးဝါးသူများ ရှိတတ်၏။ ထိုသူများအတွက်ကား ဤဆပ်ပြာမွှေးများ အပ်ပါ၏၊ ကိုယ်နံ့ မဆိုးဝါးဘဲလျက် ဆပ်ပြာမွှေးများကို သုံးစွဲလို၍ ကိုယ်နံ့ဆိုးဝါးသူဖြစ်အောင်လည်း မိမိကိုယ်ကို မကြံဆောင်သင့်၊ ထို့ကြောင့် ရောဂါထူး မရှိသူတို့မှာ မျက်နှာသစ် ရေချိုးစသည်တို့၌ အမွှေးနံ့ မထင်ရှားသော ရိုးရိုးဆပ်ပြာများကိုသာ သုံးစွဲသင့်ကြပေသည်။
စာမျက်နှာ-၄၄၀
ဆ။ ဥမ္မဒ္ဒါပနသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—အခြားဘိက္ခုနီတို့ကို ခြေဆုပ်လက်နယ်ခိုင်းမှု။
ကိုယ့်ကိုယ်တိုင် အညောင်းအညာဖြေခြင်း လမ်းလျှောက်ခြင်းစသည်ကို မပြုဘဲ သူတစ်ပါးကို ခိုင်းခြင်းသည် အခိုင်းအစေနှင့်နေနိုင်သော အိမ်ရှင်မ များနှင့်တူရကား ထိုသို့ခိုင်းစေမှုကို လူတို့က “ကာမစည်းစိမ် ခံစားသော လူဝတ်ကြောင် မိန်းမများလိုပါဘဲတကား”ဟု ကဲ့ရဲ့ကြသောကြောင့် ဤ သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ ဥမ္မဒ္ဒါပေယျ ဝါ ပရိမဒ္ဒါပေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ဘိက္ခုနီမကို ပွတ်တိုက်ခိုင်းသော အဆုပ် အနယ်ခိုင်းသော ဘိက္ခုနီမှာ ပါစိတ် အာပတ် သင့်၏။
မှတ်ချက်။ ။ ဥမ္မဒ္ဒါပေယျကို “ဥဗ္ဗာဋ္ဋာပေယျ-ပွတ်တိုက်စေအံ့”ဟု ဖွင့်ရကား “ရေချိုးရာ၌ ချေးပွတ်ခိုင်းခြင်းကို နာနာနှိပ်၍ ဟိုပွတ်သည်ပွတ် ပွတ်စေသည်ကို ဥမ္မဒ္ဒါပေယျ ဟု မိန့်လိုဟန်တူ၏။ ပရိမဒ္ဒါပေယျ-ဟူသည် အနင်းအနှိပ်ခံခြင်းမျိုးပင်တည်း။ ထိုသို့ ခိုင်းခြင်းဟူရာ၌ အရသာခံသော သဘော ဟန်ကြီးပန်ကြီးလုပ်သော သဘောဖြင့် ခိုင်းရာ၌သာ အာပတ် သင့်၏၊ တကယ်ညောင်းညာ-မကျန်းမာ၍ ခိုင်းလျှင်ကား အနာပတ္တိ။
ဇ-ဈ-ည။ ။ ထို့နောက် သိက္ခမာန်ကို ခိုင်းမှု, သာမဏေမကို ခိုင်းမှု, လူဝတ်ကြောင် မိန်းမကို ခိုင်းမှုကြောင့် သိက္ခာပုဒ် ၃-ရပ်ကို ပညတ်တော်မူရသေး၏။
ဋ။ အနာပုစ္ဆာနိသီဒနသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—ခွင့်မပန်ဘဲ ဘိက္ခုတို့၏ ရှေ့၌ နေထိုင်မှု။
ထိုသို့ ထိုင်မှုကြောင့် ဘိက္ခုတို့က ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ သိက္ခမာနာယ ဥမ္မဒ္ဒါပေယျ ဝါ ပရိမဒ္ဒါပေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ဘိက္ခု၏ရှေ့၌ ခွင့်မတောင်းဘဲ ထိုင်သော ဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။
စာမျက်နှာ-၄၄၁
မှတ်ချက်။ ။ “ပုရတော-ရှေ့၌”ဟု ဆိုသော်လည်း, “ဣဒံ-ဤပူရတော ဟူသော စကားကို၊ ဥပစာရံသန္ဓာယ-ဥပစာကို ရည်ရွယ်၍၊ ဝုတ္တံ-ဆိုအပ်၏” ဟူသော အဋ္ဌကထာနှင့် သမန္တာ ဒွါဒသဟတ္ထုပစာရံ သန္ဓာယ = ပတ်ဝန်းကျင် ၁၂ တောင် ဥပစာကို” ဟူသော ဋီကာကို ထောက်၍ “ရှေ့တည့်တည့်၌”ထိုင်လိုမှသာ ခွင့်ပန်ရမည်မဟုတ်သေး၊ ရဟန်း၏ ပတ်ဝန်းကျင် တဆယ့်နှစ်တောင် ဥပစာအတွင်း၌ ထိုင်လိုလျှင် “ထိုင်ပါ ရစေ”ဟု ခွင့်တောင်း၍ အခွင့်ရမှ ထိုင်ကောင်းသည်။
ဌ။ အနောကာသကတသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီအများ။
အမှု—ပြဿနာမေးခွင့်မတောင်းဘဲ ပြဿနာမေးမှု။
ထိုသို့ အခွင့်မတောင်းဘဲ ပြဿနာမေးမှုကြောင့် ဘိက္ခုတို့က ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အနောကာသကတံ ဘိက္ခုံ ပဉှံ ပုစ္ဆေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ပြဿနာမေးခွင့် မပြုသော ရဟန်းကို ပြဿနာမေးသော ဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။
မှတ်ချက်။ ။ ဘိက္ခုနီသည် ဘိက္ခုအထံ၌ ပြဿနာမေးလိုလျှင် ချက်ခြင်းမမေး “ပြဿနာမေးပါရစေ”ဟု ခွင့်တောင်း၍ “မေးတော့”စသည်ဖြင့် ခွင့်ပြုမှ မေးရသည်၊ ထိုသို့မေးရာ၌လည်း ဝိနည်းဘက်က, သို့မဟုတ်-သုတ္တန်ဘက်က, သို့မဟုတ်-အဘိဓမ္မာဘက်က မေးပါရစေ” ဟု ခွင့်တောင်းရမည်။ ဝိနည်းဘက် ခွင့်တောင်းပြီးနောက် သုတ္တန်, အဘိဓမ္မာဘက်မှာ မမေးရ။ မေးလျှင် ပါစိတ် အာပတ် သင့်၏၊ ထို့အတူ သုတ္တန်ဘက် အဘိဓမ္မာဘက်၌လည်း ခွင့်ပေးထားသောအချက် မဟုတ်လျှင် ပါစိတ်အာပတ်သင့်၏၊ သို့မဟုတ် ခွင့်တောင်းတုန်းကပင် “မည်သည့် ဘက်က”ဟု ကန့်သတ်ချက်မပါဘဲ ခွင့်တောင်း၍ ခွင့်ရလျှင် မေးချင်ရာကို မေးနိုင်သည်။
ဍ။ အသံကစ္စိကာသိက္ခာပုဒ်
အမှုသည်—ဘိက္ခုနီတစ်ယောက်။
အမှု—ရင်စည်းတဘက်မပါဘဲ ရွာတွင်းသို့ ဆွမ်းခံဝင်မှု။
အလှောင်ခံရခြင်း။ ။ ရင်စည်းမပါဘဲ ဆွမ်းခံဝင်မိလေသော် မြင်းရထားတို့ သွားလာရာ လမ်းမပေါ်၌ လေပွေတိုက်သဖြင့် အပေါ် သင်္ကန်းများ လန်၍သွားသဖြင့် လူတို့က “သုန္ဒရာ
စာမျက်နှာ-၄၄၂
အယျာယ ထနုဒရာ = အရှင်မ၍ သားမြတ်နှင့် ဝမ်းဗိုက်တို့သည် လှပါပေကုန်၏။” ဟု ပြောင်လှောင်ကြလေသည်။ ထိုသို့ဟစ်အော်၍ ပြောင်လှောင်မှု ခံခဲ့ရကြောင်းကို ထိုဘိက္ခုနီကပင် အခြားဘိက္ခုနီတို့အား ပြောပြသဖြင့် အခြားဘိက္ခုနီတို့က “ရင်စည်းမပါဘဲ ရွာတွင်းသို့ ဝင်ရသလား” ဟု ကဲ့ရဲ့ ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အသံကစ္စိကာ ဂါမံ ပဝိသေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ရင်စည်းမပါဘဲ ရွာတွင်းသို့ဝင်သောဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ သံကစ္စိကာ” ဟူသည် ညှပ်ရိုး ၂-ဘက်၏အောက် ချက်ပတ်ဝန်းကျင်၏ အထက်ကို (ကိုယ်၏ အလယ်ပိုင်းကို) ဖုံးထားဖို့ရာ ဘိက္ခုနီများအတွက် သက်သက်ခွင့်ပြုအပ်သော အတွင်းခံ ရင်စည်းတဘက် တစ်မျိုးတည်း၊ အတွင်းခံ ကိုယ်ကြပ်အင်္ကျီနှင့် သဘောတူဟန်ရှိသော်လည်း အင်္ကျီကို ခွင့်မပြုရကား တဘက်တစ်မျိုးသာ ဖြစ်သင့်သည်။
ဆတ္တုပါဟနဝဂ်ပြီး၏။
မှာထားချက်။ ။ ဤပါစိတ်အခန်း၌ လသုဏဝဂ်မှစ၍ ဝဂ်ပေါင်း ၉-ဝဂ်ရှိ၏။ ရှေ့ဝဂ်များ၌ သိက္ခာပုဒ် ၁၀-ပါးစီရှိ၍ နောက်ဆုံး ၂-ဝဂ်၌ ၁၃-ပါးရှိရကား ဘိက္ခုနီများနှင့်သာဆိုင်သော သိက္ခာပုဒ်ပေါင်း ၉၆-ပါးရှိ၏၊ ထို့ပြင် ဘိက္ခုများအတွက် ပြခဲ့သော မုသာဝါဒစသော သိက္ခာပုဒ် ၉၂-ပါးတွင် ၂၂-ပါးသည် ဘိက္ခုနီများမဆိုင်၊ ကျန် ၇၀-သာဆိုင်၏။ ထို့ ဘိက္ခုနီများအတွက် ပါစိတ်အာပတ်ကို ပညတ်ထားသော သိက္ခာပုဒ် ပေါင်း ၁၆၆-ပါးရှိသည်ဟုမှတ်။
မဆိုင်သောသိက္ခာပုဒ်။ ။ ဘိက္ခုနီများနှင့်မဆိုင်သော ဘိက္ခုပါစိတ် သိက္ခာပုဒ် ပေါင်း ၂၂-ပါးဟူသည် ဘိက္ခုနီဝဂ်လာသိက္ခာပုဒ် ၁၀, ပရမ္ပှရဘောဇန, အနတိရိတ္တဘောဇန, အဘိဟဋုံပဝါရဏ, ပဏီတဘောဇနဝိညတ္တိ, အစေလက, ဒုဋ္ဌုလ္လပဋိစ္ဆာဒန, ဦနဝီသတိ ဝဿုပသမ္ပာဒန, မာတုဂါမေန အဒ္ဓါနဂမန, ရာဇန္တေ ပုရပ္ပဝေသန, ဝိကာလေ ဂါမပ္ပဝေသန, နိသီဒန, ဝဿိကသာဋိကတို့တည်း။
ပါစိတ်အခန်းပြီး၏။
စာမျက်နှာ-၄၄၃
၅။ ပါဋိဒေသနီယအခန်း
က။ သပ္ပိဝိညာပနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။
အမှု—ထောပတ်ကို တောင်း၍စား။
ထိုသို့စားခြင်းကြောင့် လူတို့က “ကောင်းတာကို ဘယ်သူမကြိုက်ဘဲရှိ မှာလဲ” ဟု ကဲ့ရဲ့ကြသဖြင့် “ထောပတ်ကို တောင်း၍ မစားရ”ဟု ပထမ ပညတ်တော်မူပြီးလျှင် ထောပတ်ကိုမစားရ၍ မကျန်းမာသော ဂိလာန ဘိက္ခုနီအတွက် ခြွင်းချက်ထားတော်မူကာ ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အဂိလာနာ သပ္ပိံ ဝိညာပေတွာ ဘုဉ္ဇေယျ, ပဋိဒေသေတဗ္ဗံ တာယ ဘိက္ခုနိယာ “ဂါရယှံ, အယျေ, ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမီ”တိ။
မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ဂိလာနမဟုတ်ဘဲ (ထောပတ်စားရမှ ကျန်းမာမည့်သူမဟုတ်ဘဲ) ထောပတ်ကို တောင်း၍ စားအံ့၊ ထိုဘိက္ခုနီသည် “အရှင်မတို့...တပည့်တော်သည် ကဲ့ရဲ့တိုက်သော မလျောက်ပတ်သော ပါဋိဒေသနီယ သိက္ခာပုဒ်သို့ ရောက်ပါပြီ၊ ထိုအာပတ်ကို (အာပတ်သင့်ကြောင်း ဝန်ခံသောအားဖြင့်) သီးခြား ပြောပြပါ၏”ဟု ဆို၍ ဒေသနာပြောရမည်။
မှတ်ချက်။ ။ ဂိလာန မဟုတ်သော်လည်း ဆွေမျိုးတော်စပ်သူထံ၌လည်းကောင်း, အလိုရှိလျှင် ပြောပါ (အမိန့်ရှိပါ) ဟု ဖိတ်ထားသူထံ၌လည်းကောင်း, တောင်း၍စား ကောင်း၏။
ဒဓိဝိညာပနစသောသိက္ခာပုဒ် ၇-ပါး
ဆဗ္ဗဂ္ဂီယမည်သော ဘိက္ခုနီတို့သည်ပင်-
(ခ) နို့ဓမ်းနို့ ချဉ်ကို တောင်း၍စားမှုကြောင့် ဒဓိဝိညာပနသိက္ခာပုဒ်။
(ဂ) ဆီကိုတောင်း၍စားမှုကြောင့် တေလဝိညာပန သိက္ခာပုဒ်။
(ဃ) ပျားရည်ကိုတောင်း၍ စားမှုကြောင့် မဓုဝိညာပနသိက္ခာပုဒ်။
စာမျက်နှာ-၄၄၄
(င) တင်လဲ (ကြံရည်, ကြံသကာ, ထန်းရည်, ဓနိရည်, သကာရည်, သကာခဲ, ထန်းလျက်) ကိုတောင်း၍ စားမှုကြောင့် ဖာဏိတ ဝိညာပနသိက္ခာပုဒ်။
(စ) ငါးဟင်းကိုတောင်း၍ စားမှုကြောင့် မစ္ဆဝိညာပနသိက္ခာပုဒ်။
(ဆ) နွားသားစသော အသားဟင်းကို တောင်း၍ စားမှုကြောင့် မံသဝိညာပန သိက္ခာပုဒ်။
(ဇ) နွားနို့စသော နို့ရည်ကို တောင်း၍သောက်မှုကြောင့် ခီရဝိညာပန သိက္ခာပုဒ်။
ဤသိက္ခာပုဒ်များကို ထိုထိုအစာမစားမသောက်ရလျှင် မကျန်းမာမည့် ဂိလာနတို့အတွက် ခြွင်းချက်ပြု၍ ပါဋိဒေသနီယသိက္ခာပုဒ်ဟု ပညတ်တော် မူရလေသည်။
ပါဋိဒေသနီယအခန်းပြီး၏။
အမှာ။ ။ ဤမှနောက်၌ သေခိယခန်းရှိ၏။ ထိုသေခိယအခန်းလာ သိက္ခာပုဒ် များကား အားလုံးပင် ဘိက္ခုသိက္ခာပုဒ်များနှင့်တူပြီး အားလုံးပေါင်းလျှင် ဘိက္ခုနီ များအတွက် အာပတ်တပ်၍ ပညတ်အပ်သော ဘိက္ခုနီပါတိမောက်၌ လာသော သိက္ခာပုဒ်ပေါင်း-
ပါရာဇိက ၈-ပါး, သံဃာဒိသေသ် ၁၇-ပါး, နိဿဂ္ဂိယပါစိတ် ၃၀, သုဒ္ဓပါစိတ် ၁၆၆-ပါး, ပါဋိဒေသနီယ ၈-ပါး, သေခိယ ၇၂-ပါးအားဖြင့် ၂၉၃-ပါးရှိသတည်း၊ ထို့ပြင်-မဟာဝဂ္ဂ စူဠဝဂ္ဂခန္ဓကတို့၌သိက္ခာပုဒ် ငယ်များများစွာရှိသေး၏။ ထိုသိက္ခာပုဒ်များကိုကား မပြသေးဘဲသင့် လျော်သောအခါကျမှ သီးခြားပြပါမည်။
စာမျက်နှာ-၄၄၅
ဘိက္ခုနီခန္ဓက၌ လာသော တချို့ သိက္ခာပုဒ်များ
၁။ မာတုဂါမကို ရှိမခိုးရ
မိထွေးတော် လျှောက်ပုံ။ မိထွေးတော်ဂေါတမီသည် အရှင်အာနန္ဒာကို ဘုရားရှင်ထံ လျှောက်ပေးပါရန် တောင်းပန်သည်မှာ “အရှင်အာနန္ဒာ... ဘိက္ခုနှင့် ဘိက္ခုနီတို့အချင်းချင်း ကြီးစဉ် ငယ်လိုက် ရှိခိုးဝပ်ချဖို့ရန် နေရာမှထပေးဖို့ရန် (ခရီးဦးကြိုဆိုရန်) လက်အုပ်ချီဖို့ရန် အရိုအသေပြုဖို့ရန် လျှောက်ပေးပါ”ဟု တောင်းပန်လေသည်။ [ဤတောင်းပန်ချက်အတိုင်းဆိုလျှင် ရဟန်းယောက်ျားငယ်က မိမိထက်သိက္ခာကြီးသော ရဟန်းမကို ရှိခိုးဦးချ အရိုအသေပြုရလိမ့်မည်။]
ဘုရားရှင် ပယ်တော်မူပုံ။ ။ အရှင်အာနန္ဒာသည် ဘုရားရှင်ထံသွား၍ မိထွေးတော် တောင်းပန်သည့် အကြောင်းကို လျှောက်ထားလေ သော် “အာနန္ဒာ...မာတုဂါမကို ရဟန်းယောက်ျား ဖြစ်သူ ရှိခိုးဝပ်ချမှု နေရာမှထပေးမှု လက်အုပ်ချီမှ အချို့အသေပေးမှုကို ငါဘုရားခွင့်ပြုဖို့ရန် လုံလောက်သောအကြောင်းအရာမရှိ၊ အာနန္ဒ ... မမှန်သော တရားရှိကြသော တိတ္ထိများသော်မှ မာတုဂါမကို ရှိခိုးဥချ အရိုအသေ မပြုကြပါဘဲ, ငါဘုရားက ဘာ့ကြောင့် “မာတုဂါမအား ရှိခိုးဦးချ အရို အသေ ပြုရမည်”ဟုခွင့်ပြုနိုင်မှာလဲ အာနန္ဒာ-ဟု မိန့်တော်မူ၍ အောက်ပါ သိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။
“န ဘိက္ခဝေ မာတုဂါမဿ အဘိဝါဒနံ ပစ္စုဋ္ဌာန အဉ္ဇလိကမ္မံ သာမိစိကမ္မံ ကာတဗ္ဗံ၊ ယော ကရေယျ, အာပတ္တိ ဒုက္ကဋ။ — ဘိက္ခုတို့...မာတုဂါမကို ရှိခိုးဝပ်ချမှ ခရီးဦးကြိုမှု, လက်အုပ်ချီမှု, အရိုအသေ ပေးမှုကို မပြုရ၊ အကြင်ရဟန်းသည် ထိုအမှုကိုပြု၏။ ထိုရဟန်းမှာ ဒုက္ကဋ်အာပတ်သင့်စေ။”
စာမျက်နှာ-၄၄၆
၂။ ဆဗ္ဗဂ္ဂီဂိုဏ်းဝင်ဘိက္ခုနီများ မတော်တရော်ပြုမှု
(က) ဆဗ္ဗဂ္ဂီဂိုဏ်းဝင် ဘိက္ခုနီတို့သည် ဘိက္ခုတို့အား (“အပွေဝနာမ အမှေသု သာရဇ္ဇေယျုံ- ငါတို့အပေါ်၌ တပ်မက်မှုရှိကုန်တန်ရာ၏၊”ဟု အချစ်စမ်းသော သဘောဖြင့်) ကိုယ်ကို ဖွင့်ဖေါ်၍ပြကြကုန်၏။
(ခ) တချို့က သားမြတ်ကို ဖွင့်ဖေါ်၍ ပြကြကုန်၏။
(ဂ) တချို့က ပေါင်ကို လှန်၍ပြကြကုန်၏။
(ဃ) တချို့က အင်္ဂါဇာတ်ကို လှန်၍ပြကြကုန်၏။
(င) တချို့က ဘိက္ခုတို့ကို ကာမဂုဏ်နှင့်စပ်၍ ပြောကြကုန်၏။
(စ) တချို့က ဘိက္ခုတို့နှင့် မာတုဂါမတို့ကို စပ်ပေးကြကုန်၏။ ထိုအကြောင်းကို ဘုရားရှင်အား လျောက်ကြသဖြင့် “ထိုအမှုများကို မပြုရ, ပြုသောဘိက္ခုနီမှာ ဒုက္ကဋ်အာပတ်” ဟု ပညတ်တော်မူရလေသည်။
၃။ ဘိက္ခုနီများ နံရိုးအလှပြင်မှု
(က) တချို့ဘိက္ခုနီတို့သည်ခါးပန်းကြိုး(ခါးပတ်ကြိုး)အရှည်ကို အသုံးပြု၍ တပိုင်းဖြင့် ခါးပတ်ပြီးလျှင် တပိုင်းဖြင့် နံရိုးများကို ပတ်ကြကုန်၏၊ [နံရိုးကိုပတ်ထားလျှင် နံရိုးတွေ အပြင်မောက်၍ မထွက်သောကြောင့် ကိုယ်ကလေးလုံးလုံးခဲခဲ ဖြစ်နေသဖြင့် ငါးရံကိုယ် ကလေးကဲ့သို့ဖြစ်ကာ ကြည့်၍လှလေသည်။]
ထိုသို့ပြုမှုကို လူတို့သိကြသဖြင့် “ကာမစည်းစိမ်ခံစားသောလူဝတ်ကြောင် မိန်းမများလိုပါဘဲလား” ဟု ကဲ့ရဲ့ကြသောကြောင့် ရှည်စွာသော ခါးပန်းကြိုးကို မဆောင်ရ ခါးကိုတပတ် ပတ်မိရုံလောက်သော ခါးပန်းကိုသာ ဆောင်ရမည်၊ ထိုခါးပန်းကြိုးဖြင့်လည်း နံရိုးတို့ကို ကိုင်းညွတ်အောင်မပြုလုပ်ရ၊ ပြုလုပ်လျှင် ဒုက္ကဋ်အာပတ်”ဟု သိက္ခာပုဒ်ပညတ်တော်မူရလေသည်။
ထိုသို့ပညတ်တော်မူသောအခါ သူတို့၏အလှပြင်မှုကို တချို့ဘိက္ခုနီများ လက်မလွှတ်နိုင်သေး သောကြောင့် တားမြစ်ပြီးသောအမှုကို ရှောင်ရှား၍ မတားမြစ်ရသေးသောအမှုကို ကျူးလွန်ကြပြန်ရာဝယ်...
စာမျက်နှာ-၄၄၇
(ခ) တချို့က နှီးအပြားဖြင့် နံရိုးကိုညွတ်စေကြ (မမောက်အောင် ပြင်ဆင်ကြ)ကုန်၏။
(ဂ) တချို့က သားရေပြား.
(ဃ) တချို့က အဝတ်ဖြူအပြားဖြင့်,
(င) တချို့က ဖွတ်မြီးထိုးထားသော(အဝတ်ပြားတွေကို အထပ်ထပ် ပြုထားသော) အဝတ်ဖြင့်,
(စ) တချို့က အဝတ်အလုံးဖြင့်,
(ဆ) တချို့ က သင်္ကန်းအပြားဖြင့်,
(ဇ) တချို့က သင်္ကန်းအဝတ်လုံးဖြင့်,
(ဆ) တချို့က အထပ်ထပ်ပြုထားသော ချည်သက်သက်ဖြင့်,
(ည) တချို့က ချည်တွေ စုလုံးထားသော ချည်လုံးဖြင့် နံရိုးတို့ကို ညွတ်စေကြကုန်၏။
ထိုအမှုကိုလည်း လူတို့သိ၍ ကဲ့ရဲ့ကြသောကြောင့် ဒုက္ကဋ်အာပတ် ပညတ်တော်မူရပြန်သည်။
၄။ ဘိက္ခုနီများ ခါးစသည်ကို အလှပြင်မှု
မာတုဂါမတို့သည် လှမည်ဆိုလျှင် အဆင်းရဲခံ၍ ကိုယ်ကိုအလှပြင်လေ့ ရှိသောကြောင့်
(က) တချို့ ဘိက္ခုနီတို့သည် ခါးကို (သို့မဟုတ်-တင်ပါးကို) နွား၏ ခြေသလုံးရိုးဖြင့် ပွတ်တိုက်ပေးကြကုန်၏။
(ခ) တချို့က နွားမေးရိုးဖြင့် ပွတ်တိုက်ပေးကြကုန်၏။
(ဂ) တချို့ က လက်မောင်းအဖျားကို (အပိုင်းအဖြတ်ထား၍)ဒေါင်း၏အတောင်စသည်တို့ဖြင့် ဆန်းကြယ်စွာတန်ဆာဆင်ကြကုန်၏။
(ဃ) တချို့က လက်ဖမိုးကို ထိုကဲ့သို့ တန်ဆာဆင်ကြကုန်၏။
(ဂ) တချို့က ခြေသလုံးကို,
(စ) တချို့က ခြေဖမိုးကို,
(ဆ) တချို့က ပေါင်ကို,
(ဇ) တချို့က မျက်နှာကို,
(စျ) တချို့က သွားဖုံးအသားကို တန်ဆာဆင်ကြကုန်၏။ ထိုအမှုကို လူတို့သိ၍ ကဲ့ရဲ့ကြသောကြောင့် “ထိုကဲ့သို့မပြုရ, ပြုလျှင် ဒုက္ကဋ် အာပတ်”ဟု ပညတ်တော်မူရလေသည်။
စာမျက်နှာ-၄၄၈
၅။ မျက်နှာကိုအလှပြင်မှု
ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် မျက်နှာကို သနပ်ခါးအထုံ စသည်တို့ဖြင့် လိမ်းကြကုန်၏၊ မျက်နှာခြေမှုန့်တို့ဖြင့် ပွတ်တိုက် ကြိတ်ချေကြကုန်၏၊ နံ့သာမှုန့် (ပေါင်ဒါ)တို့ဖြင့် လိမ်းကျံကြကုန်၏၊ ဆေးဒန်း မြင်းသီလာမှုန့်တို့ဖြင့် အပျောက်သားခြင်း အကြောင်းဆွဲခြင်းစသည်ကို ပြုကြကုန်၏၊ လက်ခြေ စသော အင်္ဂါကြီးငယ်ကို တပ်နှစ်သက်ဖွယ်ကောင်းအောင် (လှအောင်) ခြယ်လှယ်ကုန်၏၊ မျက်နှာကို တပ်နှစ်သက်ဖွယ်ကောင်းအောင် ခြယ်လှယ်ကြကုန်၏၊ ထိုအမှုကို လူတို့သိ၍ ကဲ့ရဲ့ကြသောကြောင့် “ထိုကဲ့သို့မပြုရ၊ ပြုလျှင် ဒုက္ကဋ်အာပတ်” ဟုပညတ်တော်မူရလေသည်။
၆။ အထွေထွေပြစ်မှုများ
ဆဗ္ဗဂ္ဂီဘိက္ခုတို့သည် မျက်လုံးလှအောင် မကောင်းသေးသော နေရာ၌ ကောင်းသောအရေးအကြောင်းကို ဆွဲကြကုန်၏။ ပါး၌မှန်ကူကွက်ကို ပြုကြ ကုန်၏၊ လေသောက်တင်းကို ဖွင့်၍ လမ်းမကို ကြည့်ကြကုန်၏၊ တံခါးကို ဖွင့်၍ မိမိတို့ကိုယ်ကို ပြကြကုန်၏၊ ကပွဲကိုပြုစေကြကုန်၏၊ တချို့က ပြည့်တန်ဆာမကိုပင် ထားကြကုန်၏၊ တချို့က ထန်းရည် အရက်ဆိုင် ထောင်ကြကုန်၏၊ တချို့ က ဝက်သားကြက်သားအမဲသားစသောအသားဆိုင် ဖွင့်ကြကုန်၏၊ တချို့ က ကုန်စုံဆိုင် ဖွင့်ကြကုန်၏၊ တချို့ က ငွေတိုးပေးကြကုန်၏၊ တချို့ က ကူးသန်းရောင်းဝယ်မှုကို ပြုကြကုန်၏၊ တချို့ က ကျွန်ယောက်ျား ကျွန်မိန်းမ အလုပ်သမားယောက်ျား အလုပ်သမားမိန်းမတို့ကို ပြုစုလုပ်ကျွေး စေကြကုန်၏၊ တချို့ က ခိုင်းစေဖို့ရာ တိရိစ္ဆာန်မွေးထားကြကုန်၏၊ တချို့က ဟင်းသီးဟင်းရွက်ဆိုင်ဖွင့်ကြကုန်၏၊ ထိုအမှုကိုလူတို့သိ၍ ကဲ့ရဲ့ကြသောကြောင့် “ထိုသို့မပြုရ ပြုလျှင် ဒုက္ကဋ်အာပတ်” ဟု ပညတ်တော်မူရလေသည်၊ ဤသို့ စသည်ဖြင့် ဘိက္ခုနီများ အတွက်သာဖြစ်သော ပညတ်တော်များလည်း “ဘိက္ခုနီခန္ဓက၌ များစွာရှိလေသေး၏။
ဘိက္ခုနီသိက္ခာပုဒ်များ ပြီးပြီ။
စာမျက်နှာ-၄၄၉
ကျမ်းပြီး နိဂုံး
ရည်ရွယ်ချက်
ဤဘုရား ဥပဒေတော်ကြီး စီစဉ်ရာ၌ အတော်များပြားသော ရည်ရွယ်ချက်ရှိပါသည်၊ ထိုရည်ရွယ်ချက် အများတွင်-
၁။ ဝိနည်း ပါဠိတော်ရင်းအတိုင်း နားလည်လိုကြသော နားလည် သလောက်လည်း ကောင်းမွန်စွာ နေထိုင်လိုကြသော ရဟန်းသာမဏေတို့အား ဝိနည်းဥပဒေကို လွယ်ကူစွာ နားလည်စေလိုခြင်း၊
၂။ သာသနာတော်ကို ပစ္စည်း၄-ပါးဖြင့် ထောက်ပံ့နေကြသော ဒါယကာ ဒါယိကာမတို့အား ဝိနည်းတရားတော်အမှန်ကို လွယ်ကူစွာ နားလည်စေ၍ ထိုနားလည်သည့်အတိုင်းလည်း သာသနာတော်ကို ပြုစုတတ်ကြစေလိုခြင်း။
၃။ ဤနည်းအားဖြင့် လူ့ဘက် ရှင်ဘက် ၂ ဘက်လုံးမှာပင် ဝိနည်း သာသနာထွန်းကားလာ၍ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများကို နိုင်ငံသူ နိုင်ငံသားတို့က ယခုထက်တိုး၍ လေးစားလာလိမ့်မည်ဟု မြှော်လင့်ခြင်း။
၄။ ထိုသို့ လူဝတ်ကြောင်တို့က လေးစားလာသည် အားလျော်စွာ သာသနာဝင် အရှင်များမှာလည်း မေတ္တာ ကရုဏာ မုဒိတာ တိုးပွား၍ ဒါယကာဒါယိကာမတို့အား ထိုမေတ္တာ ကရုဏာ မုဒိတာ အခြေခံပါသော ဩဝါဒကို ပေးခြင်း, ကလေးသူငယ်တို့အား အပြစ်မရှိသော(သင်ပြကောင်းသော) သိပ္ပဝိဇ္ဇာကို သင်ပြခြင်းတို့ဖြင့် သာသနာဝင်အရှင်များက လောကတ္ထစရိယာ (လောကကောင်းကျိုးကို) ကျင့်ကြံခြင်း၊
၅။ ထိုသို့ ကျင့်ကြသဖြင့် “ကျွန်းကို ကိုင်းမှီ ကိုင်းကိုကျွန်းမှီ” ပမည် မယွင်း အချင်းချင်းအားထားလျက် တိုးတက်လာသော ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ကမ္ဘာပေါ်တွင် ကြည်လင်သော လမင်းကဲ့သို့ ထင်ရှားနေပုံကို မြှော်မိခြင်း။ ... ဤသို့သောအကျိုးကို မျှော်ကိုးရည်ရွယ်ကာ ဤဥပဒေတော်ကို စီစဉ်ရခြင်းဖြစ်ပါသည်။
၆။ မလွယ်ကူမှန်းသိခြင်း
ထိုကဲ့သို့ မျှော်လင့်ချက်ကြီးစွာဖြင့် အနာဂတ် သာသနာရေး, ရုပ်ပုံ ရှင်ကျင့်ဝတ်တို့နှင့် ဤဥပဒေတော်ကြီးကို စီစဉ်ရပါသော်လည်း
စာမျက်နှာ-၄၅၀
အကျိုးများ မြှော်ကိုးသလောက် အထမြောက်ဖို့ မလွယ်ကူကြောင်းကိုလည်း ကိုယ်တိုင် ကြိုးစားချက်များက လက်တွေ့ပြလျက် ရှိပါသည်၊ ထင်ရှားစေပါမည်။
၇။ မိမိသည် သာသနာဝင်ဖြစ်သည့် အားလျှော်စွာ လောကီလောကုတ္တရာ ၂-ဘက်လုံးမှာပင် အထက်တန်း အရောက်ဆုံး ဖြစ်တော်မူသော မြတ်စွာဘုရား၏ ရှေးခေတ်သာသနာတော်ကို မှန်းမြှော်ကြည်ညိုပြီးလျှင် ယခုခေတ် သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်များကိုလည်း ကိုးကွယ်ဆည်းကပ်သူ လူဝတ်ကြောင်တို့ လေးစားလောက်သော ကျက်သရေကို အလွန်ပင် ဆောင်စေလိုပါသည်၊ ထိုသို့ ကျက်သရေဆောင် ဖြစ်စေလိုသည် အားလျော်စွာ မိမိစောင့်ရှောက်ရာ ကျောင်းတိုက်နှင့် သံဃာများကို အထူးစနစ် ကျအောင် ကြိုးစားခဲ့သည်မှာ အတော်ကြာခဲ့ပါပြီ၊ ကြိုးစားပုံကား—
ဂ။ သာယာသန့်ရှင်းရေး-
(က) မိမိနေရာ မဟာဂန္ဓာရုံကျောင်းတိုက်သည် အမရပူရမြို့နှင့် အလှမ်း မဝေးသော်လည်း နီးစပ်လျက်ကား မနေပါ၊ “ဂမနာဂမနသမ္ပန္န ဟု ဆိုရလောက်အောင် သွားလို့ပြန်လို့ သင့်တော်ရုံသာ ရှိပါသည်။
(ခ) ရှေးက မဟာဂန္ဓာရုံဆရာတော်ကြီးစသော ဆရာတော်ကြီး အဆက်ဆက်တို့ နှစ်သက်မွေ့လျော်စွာ သီတင်းသုံးတော်မူခဲ့ရာ ကမ္မဋ္ဌာန်းကျောင်းတိုက်ဖြစ်၍ နဂိုမူလ သဘာဝအတိုင်းလည်း တိတ်ဆိတ်လျက် ရှိပါသည်။
(ဂ) ကျောင်းတိုက်၏ အတော်ဝေးသော အနောက်စွန်ကျမှသာ လူနေ အိမ်ခြေကို မြင်ရ၍ မြောက်ဘက်၌ ယာခင်းများနှင့် ကျော်အောင်စံထားကျောင်းတိုက် ခြားလျက်ရှိသည့်ပြင်, တောင်ဘက် တခွင်လုံးမှာ ဘုရားစေတီများစွာနှင့် တောင်လေးလုံး ကျောင်းတိုက်သာ ရှိပါတော့သည်။
(ဃ) အရှေ့ဘက်၌ကား ရာဇဝင်ထင်ရှားသော တောင်သမန် အင်းကြီးသည် နယုန်လလောက်မှစ၍ တန်ဆောင်မုန်း နတ္တော်လောက်အထိ ကျယ်ပြန့်သော ရေပြင်ကြီးဖြင့်လည်းကောင်း, ထို့နောက် နွေဥတု အရောက်မှာ စိုက်ပျိုးကြသော မုယင်းစပါးခင်း, ယာခင်းများဖြင့်လည်းကောင်း, ရှုမျှော်ခင်း သာသာယာယာနှင့် လွန်စွာသန့်ရှင်းသော လေကောင်းကို ကျောင်းတိုက်အတွင်းသို့ ဆောင်ပို့ လျက်ရှိပါသည်။
စာမျက်နှာ-၄၅၁
(င) ထိုသို့ သဘာဝအားဖြင့် သာယာနေသောကျောင်းတိုက်ဝယ် ကြီးကြီး ငယ်ငယ်ကျောင်းများနှင့် တကွ ကျောင်းတိုက်ဝင်းကိုလည်း သန့်ရှင်း နိုင်သမျှသန့်ရှင်းအောင် နေ့စဉ်လည်းကောင်း, အထူးအားဖြင့် ဥပုသ်မတိုင်မီ အဖိတ်နေ့များ၌လည်းကောင်း, ရေဖြန်း၍ အမှိုက်လှည်းစေခြင်း, ပိုးမျှင်စသည်ကို သုတ်သင်စေခြင်း, အဝတ်စသည်ကို နေလှန်းစေခြင်း, ဖွပ်လျှော် စေခြင်းစသည်ဖြင့် ဘုရားပညတ်တော်မူအပ်သော သေနာသနဝတ် (ကျောင်းနှင့်စပ်သော ကျင့်ဝတ်)များကို ပြုလုပ်စေပါသည်။
(စ) ဤကား သက်မဲ့ပစ္စည်းများကို ပြုပြင်ရေးဖြစ်၏၊ ဤသက်မဲ့ပြုပြင်ရေးသည် ပြုပြင်ထားတိုင်း မပျက်စီးနိုင်သဖြင့်လည်းကောင်း, တာဝန်ဝတ်တရားကို ရွက်ဆောင်နေကြသဖြင့်လည်းကောင်း, အထိုက်အလျောက် အထမြောက် သည်ဟု ဆိုထိုက်ပါပေ၏။
၉။ သံဃာများကိုပြုပြင်ရေး
သက်မဲ့ပစ္စည်းကို ပြုပြင်သလို သက်ရှိပုဂ္ဂိုလ်များကိုလည်း “ကြိုးစားလျှင် ဘုရားတောင် ဖြစ်နိုင်သေးတာဘဲ”ဟူသော ဇွဲဖြင့် စွဲစွဲမြဲမြဲ ကြိုးစားခဲ့ပါသည်။
(က) နေ့စဉ် နံနက် အရုဏ်တက်လျှင် ပဲပြုတ် ချဉ်ပေါင်ဟင်းတို့လို ဟင်းမျှဖြင့် ဆွမ်းစားကြပြီးနောက် စာမမြင်သေးခင် အချိန်မှာပင် တုံးခေါက်၍ သံဃာအားလုံး စုရုံးပြီးကာ ဘုရားပါဠိတော်ကို (ဣဓ ဘိက္ခဝေ တထာဂတော လောကေ ဥပ္ပဇ္ဇတိ-စသော သာသနာတော် ဖြစ်ပေါပုံ အစဉ်ပြ ပါဠိတော်မျိုးနှင့် ဓမ္မစကြာပါဠိတော် မျိုးကို)အဖြတ်အတောက် ကောင်းမွန်သေသပ်စွာနှင့် အနက်ကိုပါ ညီညီညာညာ ရွတ်စေပါသည်။
(ခ) ထိုနေရာမှာပင် စိတ်နေစိတ်ထား ကောင်းအောင် သဒ္ဓါတရား တိုးပွါးအောင် တရားတော်နှင့် သက်ဆိုင်လာသော ဩဝါဒနှင့် အကြောင်းအားလျော်စွာ ပေါ်ပေါက်လာသော ဩဝါဒများကို ပြောပြ၍ တချို့ငယ်ရွယ်သူများကို ပြန်လွှတ်ပြီးလျှင် ပါဠိတော် အဋ္ဌကထာ စာတဝါကို ဆွမ်းခံမသွားမီ အချိန်ရသမျှ ပို့ချပါသည်။
(ဂ) ထို့နောက် နေ့ဆွမ်းအတွက် အများပင် ဆွမ်းခံကြွကြရပါသည်၊ [“ဆွမ်းမခံဘဲ ဆွမ်းစားနိုင်သည်”ဟု ဂုဏ်မယူစေဘဲ ဘုရားရှင်နှင့် သာဝကအဆက်ဆက်တို့ ဆွမ်းခံတော်မူကြသည်ကိုသာ အားကျ
စာမျက်နှာ-၄၄၈
စေလျက် “ငါတို့တော့ အမြဲဆွမ်းခံစားခဲ့တာဘဲ”ဟူသော ဂုဏ်ကို ကြီးရင့်သောအခါ ယူကြဖို့ တိုက်တွန်း၍ ကျန်းမာလည်း ကျန်းမာ အခြားအကြောင်းလည်း မရှိပါဘဲ ဆွမ်းမခံသူများကို အထင်မကြီးကြဖို့ရန် အမြဲညွှန်ပြပါသည်။
(ဃ) အလုပ်ဝတ်တရား ရွက်ဆောင်ချိန်မှတစ်ပါး ကျောင်းတိုက်အတွင်း၌ပင် ဣန္ဒြေရရဝတ်ဖို့ မြို့ရွာအတွင်းသို့ သွားသောအခါ ဆွမ်းခံချိန် မဟုတ်သော်လည်း အမြဲ သင်္ကန်းရုံ၍ သွားဖို့ရန်နှင့် ရထားသင်္ဘော စသည်တို့၌ ဣန္ဒြေရရ သွားလာကြဖို့ရန် ညွှန်ပြပါသည်။
(င) သင်္ကန်း အသွေးအရောင်ကိုလည်း ပိန်းနဲသွေး အရင့်ရောင်နှင့် ညောင်ခေါက်သွေး ရှားသွေး-ခပ်ဖျော့ဖျော့ အရောင်ကိုသာ အားလုံးပင် ဝတ်ရုံစေပါသည်။
(စ) အကြောင်းထူးမရှိလျှင်လည်းကောင်း, အရေးကြီးသောကိစ္စလည်းမရှိလျှင်လည်းကောင်း, မြင်းရထား, လှည်း လန်ချားတို့ကို မစီးစေရပါ။
(ဆ) ပွဲကြည့်မှုနှင့် ပိုက်ဆံကိုင်မှုများမှာ ချက်ခြင်းတိုက်က သွားရမည့် ပြစ်မှုများဖြစ်၍ ပိုက်ဆံကိုလည်း ကပ္ပိယထံ အပ်နှံခြင်းမှ တစ်ပါး မိမိ သေတ္တာအတွင်း၌ မထားဖို့ရန် အမြဲသတိပေးကာ တစ်ရံတစ်ခါ သေတ္တာကိုပင် အားလုံးဖွင့်၍ ရှာစေပါသည်။
၁၀။ စာသင်နည်းနှင့်စာမေးပွဲ
(က) မိမိကျောင်းတိုက်၌ သံဃာတော်များကို အဝတ်အစားအနေအထိုင် အသွားအလာ ကိစ္စတို့၌သာ ကြက်သရေရှိအောင် ပြုပြင်သည် မဟုတ်သေးပါ စာသင်နည်းကိုလည်း စာမေးပွဲအောင်မှုကို ပဓာန မပြဘဲ ကျမ်းရင်းစာသား နိုင်နင်းမှုကိုသာ ပဓာနပြု၍ သင်ပြပါသည်။
(ခ) သို့ရာတွင်-စာမေးပွဲ မအောင်လျှင် ယခုနှင့် နောက်ခေတ်ဝယ် အလုပ်တွင်ကျယ်စွာ လုပ်နိုင်လိမ့်မည် မထင်သောကြောင့် စာမေးပွဲကိုလည်း အချိန်မှီသူတိုင်း လက်လှမ်းမှီရာ တနိုင်ငံလုံး အသိအမှတ် ပြုသော စာမေးပွဲများကို ဝင်ဖို့ရန် တိုက်တွန်းပါသည်။ [သို့သော် ကျမ်းရင်းစာသားကို နိုင်နင်းမှသာ ဝင်ခွင့်ပြုသောကြောင့် ဤကျောင်းတိုက်မှ စာမေးပွဲဝင်ရာ၌ အမြဲအချိန်နှောင်းလျက် ရှိတတ်ပါသည်။
စာမျက်နှာ-၄၅၃
၁၁။ ပြုပြင်သမျှ အပျက်တွေ့ရခြင်း
(က) ထိုမျှလောက် စိတ်ရောကိုယ်ပါ ပြုပြင်ထားသည့်အတွက် ကျောင်းတိုက်၏ သာယာမှုနှင့် သံဃာတော်များ၏ ငြိမ်သက်စွာ နေထိုင်မှုတို့က ရောက်လာသူတို့၏ စိတ်ကို ယိုဖိတ်ကြည်နူးစေပါသော်လည်း တခါတခါ တိုက်တာမှ ထုတ်ပစ်ရလောက်အောင် အပြစ်ကျူးလွန်သူများကို တွေ့နေရ, ဖမ်း၍ မမိနိုင်အောင် သာမန် ကျူးလွန်နေသူများလည်း ရှိနေသေးသောကြောင့် အားရ ကျေနပ်ခြင်း မရှိသေးပါ။
(ခ) ထိုတွေ့ရသောအပြစ်တို့မှာလည်း များသောအားဖြင့် မူလ မိဘနှင့် ဆရာရင်းတို့က သွန်သင်ဆုံးမမှု မပြုခဲ့ကြခြင်း, ပတ်ဝန်းကျင်အဖေါ် အပေါင်းတို့က မကောင်းခြင်းနှင့် သူ၏နဂိုစိတ်ရင်းကိုယ်က ညံ့ဖျင်း ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
(ဂ) ထို့ကြောင့် ဤသာသနာတော်ကို နိုင်ငံတော်၏ အများကိုးကွယ်ရာ သာသနာတော် အဖြစ်မှ မရွေ့လျောစေလိုလျှင် တစ်တိုက်တစ်တာ ပြုပြင်ရုံဖြင့် ကိစ္စမပြီးဘဲ မြို့ရောနယ်ပါ ကျောင်းတိုက် ကြီးငယ် အသွယ်သွယ် ပြုပြင်ကြ၍ သာသနာဝင်ချိန် ကာလကပင် စည်းစံနစ် ထား၍ ဝင်ခွင့်ပြုမှသာ လူမျိုးနှင့်သာသနာ ၂-ဖြာလုံး၏ ကြက်သရေကို ဆောင်နိုင်သော သာသနာတော် ဖြစ်နိုင်ဖွယ်ရာ ရှိကြောင်းကို တိုင်းသူပြည်သား ရှင်လူအများတို့အား ထပ်လောင်း၍ ညွှန်ပြ ပါသည်၊ ယခုအခါ
လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က အနာဂတ်ဖြစ်လတံ့ကို မြှော်၍ မိန့်တော်မူခဲ့သော ဖုဿမထေရ်မြတ်၏ ဂါထာဖြင့် အပြီးသတ် ကမ္ပတ်ဖုံး၍ နိဂုံးချုပ်ပါတော့မည်။
စာမျက်နှာ-၄၅၄
ဖုဿထေရဂါထာပါဌ်နှင့် မြန်မာပြန်
၁။ ပါသာဒိကေ ဗဟူ ဒိသွာ, ဘာဝိတတ္တေ သုသံဝုတေ၊
ဣသိ ပဏ္ဍရ သဂေါတ္တော, အပုစ္ဆိ ဖုဿ သဝှယိ။
တိုးပွါးစေအပ်သော ကိုယ်စိတ်လည်းရှိကုန်, ကောင်းစွာ စောင့်စည်းအပ်သော ဣန္ဒြေလည်း ရှိကုန်သည်ဖြစ်၍ ကြည်ညိုဖွယ် ကောင်းကုန်သော ရဟန်းတော်များစွာတို့ကို မြင်ရသဖြင့် “ပဏ္ဍရ”ဟု မိမိအနွယ်ရင်း ရှိသော ရသေ့တစ်ယောက်သည် “ဖုဿ”ဟု မိမိနာမည်ရင်းရှိသော မထေရ်မြတ်ကို လျှောက်ထားမေးမြန်းလေသည်။
၂။ ကိံ ဆန္ဒာ ကိမဓိပ္ပါယ, ကိမာကပ္ပါ ဘဝိဿရေ၊
အနာဂတမှိ ကာလမှိ, တံ မေ အက္ခာဟိ ပုစ္ဆိတော။
အနာဂတ်ကာလ၌ ရဟန်းတို့သည် အဘယ်ဆန္ဒ အဘယ်အလို အဘယ် အသွင်အပြင်ရှိကြဖို့ လမ်းမြင်ပါသနည်း၊ ထိုအကြောင်းကို အမေးခံရသော အရှင်ဘုရားသည် တပည့်တော်အား မိန့်ကြားတော်မူပါ။
၃။ သုဏောဟိ ဝစနံ မယှံ, ဣသိ ပဏ္ဍရ သဝှယ၊
သက္ကစ္စံ ဥပဓာရေဟိ, အာစိက္ခိဿာမျနာဂတံ။
“ပဏ္ဍရ”ဟု မိမိနာမည်ရင်းရှိသော အိုရသေ့...ငါ၏စကားကို နားထောင်ပါလော၊ လေးလေး စားစား စွဲမှတ်ထားပါလော၊ အနာဂတ် အကြောင်းအရာကို ကောင်းစွာ ပြောပြပါမည်။
၄။ ကောဓနာ ဥပနာဟီစ, မက္ခိ ထမ္ဘီ သဌာ ဗဟူ၊
ဣဿုကီ နာနာဝါဒါစ, ဘဝိဿန္တိ အနာဂတေ။
အနာဂတ်ကာလ၌ ရှင်ရဟန်းအများတို့သည် နေရာတိုင်းမှာ စိတ်တိုလေ့ ရှိကြလိမ့်မည်၊ တစ်ယောက်အပေါ် တစ်ယောက် အခဲမကြေနိုင်ဘဲ စွဲမြဲစွာရန်ငြိုး ထားလေ့ရှိကြလိမ့်မည်၊ ဆရာသ္မား သီတင်းသုံးဖော်များက မိမိအားပြုဘူးသောကျေးဇူးကို ချေဖျက်ပစ်လေ့ ရှိကြလိမ့်မည်၊ မာန်မာနလျော့၍ ပျောင်းပျော့နူးညံ့သင့်ပါလျက် မနူးညံ့သည့်ပြင် နေရာတိုင်းမှာ ထန်ချင် မာန်ချင်ကြလိမ့်မည်၊ မရှိသောဂုဏ်ကို ရှိဟန်ဆောင်လျက် ကောက်ကျစ်စဉ်းလဲကြလိမ့်
စာမျက်နှာ-၄၅၁
မည်၊ ရဟန်းချင်းချင်း ကိုယ့်ထက်သာလျှင် မနာလို မရှုစိမ့်သော ဣဿာတရားများ တိုးပွါးကြလိမ့်မည်၊ ဂိုဏ်းဂဏကွဲ ပုဂ္ဂိုလ်ကွဲသဖြင့် အနဲနဲအဖုံဖုံ ဝါဒစုံ ယူကြ၍ မတူမျှသော ဝါဒရှိရစ်ကြလိမ့်မည်။ [ဤဂါထာလာအပြစ်တို့ ယခု ဖြစ်နေကြပြီ မဟုတ်ပါလော။]
၅။ အညာတမာနိနော ဓမ္မေ, ဂမ္ဘီရေ တီရဂေါစရာ၊
လဟုကာ အဂရူ ဓမ္မေ, အညမညမဂါရဝါ။
မိမိတို့ကိုယ်တိုင်က ရေတိမ်ကမ်းနား၌ ကျက်စားသော ဖျံကဲ့သို့ သာမည တရားလောက်၌သာ ကျက်စားနိုင်ပါလျက် လေးနက်သော သစ္စာ ၄-ပါး ပဋိစ္စသမုပ္ပါဒ်စသောတရား၌သိပြီး (ကိစ္စပြီးပြီး)ဟု မှတ်ထင်ကြ၍ အစစ်အမှန် တရား၌ ပေါ့ပေါ့ဆဆ အလေးမပြုကြဘဲ တရားအားထုတ်သူ အချင်းချင်းလည်း မလေးမစား အရေးမထားဘဲ နေရစ်ကြလိမ့်မည်။ [ယခုအခါ တရားပေါက်ပြီဟု အထင်ရှိကြသူတွေကို တိုက်ရိုက်သတိပေးသလို ဖြစ်သော ဂါထာပါပေတည်း။]
၆။ ဗဟူ အာဒီနဝါ လောကေ, ဥပ္ပဇ္ဇိဿန္တု နာဂတေ၊
သုဒေသိတံ ဣမံ ဓမ္မံ, ကိလေသိဿန္တိ ဒုမ္မတီ။
ဤသတ္တလောက (သတ္တာအပေါင်း)ဝယ် များစွာသော အပြစ်တို့သည် အနာဂတ်ကာလ၌ ဖြစ်ရစ်ကြလိမ့်မည်၊ ကောင်းစွာ ဟောပြတော်မူအပ်သော ဤတရားတော်မြတ်ကို ပညာမဲ့သူ လူပြိန်းတို့က ညစ်နွမ်းအောင် ပြုရစ်ကြလိမ့်မည်။ [ယခုအခါ တရားတုတွေကြောင့် တရားအစစ်များ ညစ် နွမ်းနေပါပြီ။]
၇။ ဂုဏဟီနာပိ သံဃမှိ, ဝေါဟရန္တာ ဝိသာရဒါ၊
ဗလဝန္တော ဘဝိဿန္တိ, မုခရာ အသုတာဝိနော။
သီလ, သမာဓိ, ပညာဘက်က ပြောပလောက်အောင် ဂုဏ်မရှိကြ-ကျမ်းဂန်ဗဟုဿုတလည်း မရှိကြပါဘဲ သူတို့သည်ပင် သံဃာ့အလယ်၌ နှုတ် ကြမ်း အာကြမ်း ပရမ်းပတာ ရဲဝံ့စွာ ပြောဆိုကြကုန်လျက် နောက်လိုက် အင်အား ပေါများသူတွေ... ဖြစ်ရစ်ကြလိမ့်မည်။ [ယခု ဤအတိုင်းပင် များစွာသောနေရာတို့၌ ဖြစ်နေပြီ မဟုတ်ပါလော။]
၈။ ဂုဏဝန္တောပိ သံဃမှိ, ဝေါဟရန္တာ ယထာတ္ထတော၊
ဒုဗ္ဗလာ တေ ဘဝိဿန္တိ, ဟိရိမနာ အနတ္ထိကာ။
စာမျက်နှာ-၄၅၂
သီလ, သမာဓိ, ပညာနှင့် ကျမ်းဂန်ဗဟုဿုတဂုဏ် ရှိကြကုန်သည်ဖြစ်၍ ရှက်စိတ်လည်းရှိကြ, ဂုဏ်ပကာသနနှင့် လာဘ်လာဘကိုလည်း အလိုမရှိကြသော ရဟန်းတော်တို့သည် သံဃာ့အလယ်၌ ဟုတ်တိုင်းမှန်ရာ ပြောဆိုကြလျှင် ထိုပုဂ္ဂိုလ်တို့မှာ ထောက်ခံသူနည်းပါး၍ အင်အားမရှိသူများ ဖြစ်ရစ်ကြလိမ့်မည်။ [ယခုအချိန်၌ တကယ့်ပညာရှိ သူတော်ကောင်းများသည် ပရိသတ်အလယ်မှာ ပြောဆိုခြင်းငှါ ရဲဝံ့ကြပါသေး၏လော။]
၉။ ရဇတံ ဇာတရူပဉ္စ, ခေတ္တ ဝတ္ထုံ အဇေဠကံ၊
ဒါသိဒါသံ စ ဒုမ္မေဓာ, သာဒယိဿန္တိ နာဂတေ။
အနာဂတ်ကာလ၌ ပညာမဲ့သော ရဟန်း သာမဏေတို့သည် ငွေ, ရွှေ, လယ်မြေယာခင်း, ဆိတ်-သိုး, ကျွန်မိန်းမ, ကျွန်ယောက်ျားကို သာယာကြ (အလှူ-လာလျှင် ခံယူကြ)လိမ့်မည်။ [ယခုအခါ ငွေနှင့် လယ်ယာကို မအပ်သော နည်းဖြင့်လည်း အတိအလင်း ခံယူကြလေပြီ။]
၁၀။ ဥဇ္ဈာနသညိနော ဗာလာ, သီလေသု အသမာဟိတာ၊
ဥန္နဠာ ဝိစရိဿန္တိ, ကလဟာဘိရတာ မဂါ။
အနာဂတ်ကာလ၌ မလိမ်မာသော ရှင်ရဟန်းတို့သည် (ကိုယ့်အပြစ်ကိတော့ မမြင်ဘဲ) သူတစ်ပါးကိုသာ ကဲ့ရဲ့စရာဟု မှတ်ထင်ကြကုန်, သီလတို့၌ ကောင်းစွာထားအပ်သော စိတ်သမာဓိမရှိကြကုန်, ကျူရိုးအလား အနှစ်မဲ့ တက်ကြွားသော မာန်မာနရှိကုန်, ခိုက်ရန်ဖြစ်နေရမှ ပျော်ရွှေ့ကြကုန်သည် ဖြစ်၍ လှည့်လည် နေထိုင်ရစ်ကြလိမ့်မည်။ [တချို့မှာ ဤအတိုင်းဖြစ်နေကြ၏၊ သို့သော် များဟန် မတူသေးပါ။]
၁၁။ ဥဒ္ဓတာ စ ဘဝိဿန္တိ, နီလ စီဝရ ပါရုတာ၊
ကုဟာ ထဒ္ဓါ လပါသိင်္ဂီ, စရိဿန္တုရိယာဝိယ။
အနာဂတ်ကာလ၌ အတွင်းစိတ်မှာ မငြိမ်မသက် လှုပ်လှက်နေရစ်ကြလိမ့်မည်၊ သင်္ကန်းညိုကြီးများကို ဝတ်ရုံသုံးစွဲကာ ဒါယကာ ဒါယိကာမတို့ အထင်ကြီးလောက်အောင် အံ့ဩဖွယ်ကို ဆောင်ကုန်လျက် ပစ္စည်း ၄-ပါး လှူအောင် အရိပ်အရောင် စကားပြောခြင်းဖြင့် ဆွယ်တရားဟောကြပြီးလျှင် နွားဦးချိုလို တဏှာချိုဖြင့် ဟိုထိုးဒီဝှေ့နှင့် အတွင်းစိတ်က မရိုးသားပါသော်လည်း အများအမြင်အားဖြင့် အရိယာကြီးများလို ထင်ရလောက်အောင် ဟန်ဆောင်၍ လှည့်လည်ရစ်ကြလိမ့်မည်။ [ဤအမှုလည်း တချို့
စာမျက်နှာ-၄၅၃
အတွက် ဖြစ်နေပြီ၊ ဒါယကာ ဒါယိကာမဆိုသူတို့လည်း ဘာမျှ နားမလည်ကြ။ ကြာလျှင် ထိုပုဂ္ဂိုလ်မျိုးတွေ များသည်ထက် များလာဖွယ်ရှိသည်။
၁၂။ တလသဏ္ဌေဟိ ကေသေဟိ, စပလာ အဉ္ဇနက္ခိကာ၊ ရထိကာယ ဂမိဿန္တိ, ဒန္တဝဏ္ဏိက ပါရုတာ။
အနာဂတ်ကာလ၌ ရှင်ရဟန်းတို့သည် ဆံပင် (အတို)ကို ဆီတို့ဖြင့် ကျနအောင် ထား၍ လျှပ်ပေါ်လော်လီ မတည်ကြည်ရုံသာမက မျက်လုံးများကိုလည်း (ကုလားများလို ညိုနေအောင်) မျက်ရေးကွင်းကုန်လျက် ဆင်စွယ်ရောင် အသွေးရှိသော အဝါနုသင်္ကန်းကလေးကို ခြုံရမ်း၍ လှည်းခြင်း ရထား မော်တော်ကားတို့ အသွားများသော လမ်းမ၌ ရုပ်ချောဘမ်းပြ လှည့်လည်ရစ်ကြလိမ့်မည်။ [ဤအချက်ကိုကား မိမိတို့ကိုယ်တိုင် မပါဝင်အောင် သတိထားသင့်၏၊ အတော်များများတော့ တချို့တဝက် အပြစ်တွင် ပါဝင်နေပြီ။]
၁၃။ အဇေဂုစ္ဆံ ဝိမုတ္တေဟိ, သုရတ္တံ အရဟဒ္ဓဇံ၊
ဇိဂုစ္ဆိဿန္တိ ကာသာဝံ, ဩဒါတေသု သမုစ္ဆိတာ။
အဖြူရောင်အဝတ်တို့၌ မက်မောအားရ မျက်စိကျနေသော အနာဂတ် ရှင်ရဟန်းတို့သည် အာသဝေါကင်းကွာ ရဟန္တာအရှင်မြတ်ကြီးတို့ မစက်ဆုပ်အပ် (မြတ်နိုးအပ်)သော ကောင်းစွာ ဆိုးအပ်သဖြင့် ရဟန္တာ အရှင်မြတ်တို့၏ အောင်လံသဖွယ် လွန်တင့်တယ်သော သင်္ကန်းကို စက်ဆုပ် ရွံမုန်းရစ် ကြလိမ့်မည်။ [ဤအခြေအနေ ယခုအခါ ရောက်သေးသည် မထင်ပါ။]
၁၄။ လာဘကာမာ ဘဝိဿန္တိ, ကုသီတာ ဟီနရိယာ၊
ကိစ္ဆန္တာ ဝနပတ္ထာနိ, ဂါမန္တေသု ဝသိဿရေ။
အနာဂတ်ရှင်ရဟန်းတို့သည် ပစ္စည်းလာဘ်ကို လိုလားကြ, ပျင်းရိကြ, ယုတ်လျော့သော ပီရိယရှိရစ်ကြလိမ့်မည်၊ တောရကျောင်းတို့၌ နေဖို့ ပင်ပန်းကြကုန်သည်ဖြစ်၍ ရွာနီးကျောင်းတို့၌ နေရစ်ကြလိမ့်မည်။ [လာဘ်လာဘ သာမက ဂုဏ်ကိုပါ ယခုအခါ လိုလားနေကြသည်သာ များ၏။]
၁၅။ ယေယေ လာဘံ လဘိဿန္တိ, မိစ္ဆာဇီဝရတာ သဒါ၊
တေတေစ အနုသိက္ခန္တာ, ဘဇ္ဇိဿန္တိ အသံယတာ။
အကြင်အကြင် ရဟန်းတို့သည် အခါခပ်သိမ်း မတရားသောနည်းဖြင့် အသက်မွေးမှု၌ မွေ့လျော်ကာ များစွာသော လာဘ်ကိုရကြလတံ့၊ ထိုထို
စာမျက်နှာ-၄၅၄
လာဘ်ပေါသော ရဟန်းတို့ကိုပင် အတူလိုက်၍ ကျင့်ကုန်လျက် သီလ သိက္ခာတို့၌ စောင့်စည်းခြင်းမရှိကြတော့ဘဲ (ထိုလာဘ်ပေါသော ရဟန်းများကိုသာ) ဆည်းကပ်ရစ်ကြလိမ့်မည်။ [ယခုအခါ ဤအတိုင်းလိုလိုပင် ဖြစ်နေကြလေပြီ။]
၁၆။ ယေယေ အလာဘိနော လာဘံ, န တေ ပုဇ္ဇာ ဘဝိဿရေ၊
သုပေသလေပိ တေ ဓီရေ, သေဝိဿန္တိ န တေ တဒါ။
အကြင်အကြင် ရဟန်းတို့သည် လာဘ်လာဘ မရကြကုန်၊ ထိုရဟန်းတို့ကား အပူဇော်ခံရသူများ ဖြစ်ရစ်လိမ့်မည် မဟုတ်၊ ထိုကဲ့သို့ လာဘ် လာဘကို အရေးစိုက်နေသော အနာဂတ်ကာလ၌ အလွန်သီလပြည့်ဝ၍ ပညာရှိဖြစ်ကြသော ထိုအရှင်တို့ကိုသော်မှလည်း (လာဘ်မရှိသည့်အတွက်) ထိုအနာဂတ်ရှင်ရဟန်းတို့က ဆည်းကပ်ရမှန်းတောင် သိရစ်ကြမည်မဟုတ်ချေ။ [ဒါယကာ ဒါယိကာမ မရှိသော စာတတ် ဘုန်းတော်ကြီးများသည် ယခုအခါ မထင်ရှားဘဲ အများနောက်မှာ နေကြရသည်။]
၁၇။ ပိလက္ခရဇနံ ရှတ္တံ, ဂရဟန္တာ သကံ ဓဇံ၊
တိတ္ထိယာနံ ဓဇံ ကာစိ, ဓာရိဿန္တုဝဒါတကံ။
အနာဂတ် ရှင်ရဟန်းတို့သည် မိမိတို့၏ အောင်လံ ဖြစ်သော ညောင်ခေါက်ဆိုးသင်္ကန်းကို ကဲ့ရဲ့ကြကုန်လျက် တိတ္ထိတို့၏ အလံဖြစ်သော အဝတ်ဖြူကို တချို့က ဆောင်ကြ ဝတ်ကြလိမ့်မည်။ [ညောင်ခေါက်ဆိုး (ပိန်းနဲဆိုး ရင့်ရင့်)သည် အလွန် ဣန္ဒြေရ၏၊ သို့သော် ဝါဝါကလေး လောက်တော့ ကြည့်၍မလှသဖြင့် အများမျက်စိ မကြိုက်တတ်ပါ။]
၁၀။ အဂါရဝေါစ ကာသာဝေ, တဒါ တေသံ ဘဝိဿတိ၊
ပဋိသံခါ စ ကာသာဝေ, ဘိက္ခူနံ န ဘဝိဿတိ။
ထိုအနာဂတ်ကာလ၌ ထိုရှင်ရဟန်းတို့၏ သင်္ကန်း၌ အလေးမပြုခြင်း ဖြစ်ရစ်လိမ့်မည်၊ သင်္ကန်း၌ ရဟန်းတို့၏ ပညာဖြင့် ဆင်ခြင်မှု (ပစ္စဝေက္ခဏာဆင်ခြင်မှု)လည်း ဖြစ်ရစ်တော့မည်မဟုတ်။ [မိမိကိုယ်တိုင် ဆင်ခြင်မိ-မဆင်ခြင်မိကို သတိပြုသင့်၏။]
၁၉။ အဘိဘူတဿ ဒုက္ခေန, သလ္လဝိဒ္ဓဿ ရုပ္ပတာ၊
ပဋိသင်္ခါ မဟာဃောရာ, နာဂဿာသိ အစိန္တိယာ၊
စာမျက်နှာ-၄၅၅
သောနုတ္တရမုဆိုးက မြှားဖြင့် ပစ်ဖေါက်အပ်သည်ဖြစ်၍ ဒုက္ခဝေဒနာ လွန်စွာနှိပ်စက်အပ်လျှက် ဖေါက်ပြန်နေရှာသော ဆဒ္ဒန်ဆင်မင်းမှာ ကြံစည်၍ မရနိုင်လောက်အောင် အလွန်ပြင်းပြသော ဉာဏ်အဆင်အခြင် ဖြစ်ခဲ့ဘူးလေပြီ။ [ဤသင်္ကန်းနှင့်စပ်၍ ဖုဿ မထေရ်မြတ်သည် အလောင်းတော် ဆဒ္ဒန်ဇာတ်ကို သတိရတော်မူဟန်တူသည်။]
၂၀။ ဆဒ္ဒန္တော ဟိ တဒါ ဒိသွာ, သုရတ္တံ အရဟဒ္ဓဇံ၊
တာဝဒေဝ ဘဏီ ဂါထာ, ဂဇော အတ္တောပသံဟိတာ။
မှန်၏-ထိုဆဒ္ဒန္တဇာတ် ဖြစ်ရာအခါ၌ ဆဒ္ဒန်ဆင်မင်းသည် ကောင်းစွာ ဆိုးအပ်သော ရဟန္တာအရှင်မြတ်တို့၏ အောင်လံသဖွယ်ဖြစ်သော သင်္ကန်းကို မြင်ရ၍ ထိုခဏ၌ပင် အနက်အဓိပ္ပါယ်ပါလှသော ဂါထာတို့ကို ရွတ်ဆိုလေသည်။ (ရွတ်ဆိုပုံကား)-
၂၁။ အနိက္ကသာဝေါ ကာသာဝံ, ယော ဝတ္ထံ ပရိဓဿတိ၊
အပေတော ဒမသစ္စေန, န သော ကာသာဝ မရဟတိ။
အကြင်သူသည် ကိလေသာ ဖန်ရည်ကုန်ခန်း၍ ရဟန္တာ မဖြစ်သေးပါဘဲ ဖန်ရည်ဆိုးသင်္ကန်းကို တင်လွှမ်းဝတ်ရုံ၏၊ ဣန္ဒြေတို့ကို ဆုံးမမှုနှင့် ဝစီသစ္စာမှ ကင်းကွာသော ထိုသူမျိုးသည် ဖန်ရည်ဆိုးသင်္ကန်းကို တင်လွှမ်းဝတ်ရုံခြင်းငှာ မထိုက်တန်ချေ။
၂၂။ ယောစ ဝန္တကသာဝဿ, သီလေသု သုသမာဟိတော၊
ဥပေတော ဒမသစ္စေန, သ ဝေ ကာသာဝ မရဟတိ။
အကြင်ပုဂ္ဂိုလ်ကား ကိလေသာ ဖန်ရည်တွေကို အန်ထုတ်ပြီးဖြစ်၍ သီလတို့၌လည်းကောင်းစွာ စောင့်စည်းထားအပ်သော စိတ်ရှိ၏၊ ဣန္ဒြေတို့ကို ဆုံးမမှု-ဝစီသစ္စာနှင့်လည်း ပြည့်စုံ၏၊ ထိုပုဂ္ဂိုလ်မျိုးသာလျှင် အမှန်အားဖြင့် ဖန်ရည်ဆိုးသင်္ကန်းကို တင်လွှမ်းဝတ်ရုံထိုက်ပါသည်။
၂၃။ ပိပန္နသီလော ဒုမ္မေဓော, ပါကဋော ကာမကာရိယော၊ ပိဗ္ဘန္တ စိတ္တော နိဿုက္ကော, န ကာသာဝ မရဟတိ။
အကြင်သူသည် ပျက်စီးသောသီလရှိ၏။ ပညာလည်းမရှိ၊ ထိုထိုကိစ္စ၌ ဣန္ဒြေသမာဓိမရဘဲ ပေါ်လွင်လှ၏၊ ကိလေသာမာရ်၏ အလိုရှိတိုင်း ပြုသမျှ ကိုခံနေရ၏၊ ပျံ့လွင့်တုန်လှုပ်သော စိတ်လည်းရှိ၏၊ ဖြူစင်သန့်ရှင်းသော စိတ်လည်းမရှိ၊ ထိုသူမျိုးသည် ဖန်ရည်ဆိုးသင်္ကန်းကို တင်လွှမ်းဝတ်ရှိခြင်းငှာ မထိုက်တန်ချေ။
စာမျက်နှာ-၄၅၆
၂၄။ ယောစ သီလေန သမ္ပန္နော, ပီတရာဂေါ သမာဟိတော၊
ဩဒါတ မနသင်္ကပ္ပေါ, သ ဝေ ကာသာဝ မရဟတိ။
အကြင်ပုဂ္ဂိုလ်ကား သီလနှင့်လည်း ပြည့်စုံ၏၊ ကင်းသော ရာဂရှိ၏၊ စိတ်တည်ကြည်၏။ ဖြူစင်သော စိတ်အကြံလည်းရှိ၏၊ ထိုပုဂ္ဂိုလ်မျိုးသာလျှင် အမှန်အားဖြင့် ဖန်ရည်ဆိုးသင်္ကန်းကို တင်လွှမ်းဝတ်ရုံ ထိုက်ပါပေသည်။
၂၅။ ဥဒ္ဓတော ဥန္နလေ ဗာလော, သီလံ ယဿ နဝိဇ္ဇတိ၊
ဩဒါတကံ အရဟတိ, ကာသာဝံ ကိံ ကရိဿတိ။
အကြင်သူသည် မငြိမ်မသက် လှုပ်လှက်သောစိတ်ရှိ၏။ ကျူရိုးအလား အနှစ်မဲ့တက်ကြွားသော မာန်မာနလည်းရှိ၏၊ ကြောင်းကျိုးမနှိုက် အမိုက် သက်သက်သာဖြစ်၍, ယင်းကဲ့သို့သော သူမှာ သီလလည်းမရှိ၊ ထိုသူမျိုးသည် အဝတ်ဖြူကိုသာ ဝတ်၍ ဖိုးသူတော်သာ လုပ်ထိုက်၏။ သူ့မှာ ဖန်ရည်ဆိုး သင်္ကန်းသည် ဘာအသုံးပြုတော့မည်နည်း။ [ဤအလောင်းတော်၏ အလို အရ သင်္ကန်းဝတ်လိုလျှင် စည်းကမ်းဥပဒေထား၍ ဝတ်သင့်မှ ဝတ်ခွင့်ပြုသင့်သည်။]
၂၆။ ဘိက္ခုစ ဘိက္ခုနိယောစ, ဒုဋ္ဌစိတ္တာ အနာဒရာ။
တာဒီနံ မေတ္တစိတ္တာနံ, နိဂ္ဂဏှိဿန္တိ နာဂတေ။
အနာဂတ်ကာလ၌ ဘိက္ခုဘိက္ခုနီတို့သည် ဒေါသစိတ်ရှိ၍ တရား၌လည်းကောင်း, ပုဂ္ဂိုလ်တို့၌လည်းကောင်း, ရိုသေလေးစားခြင်းမရှိကုန်သည်ဖြစ်၍ (လောကဓံကြောင့် ဖေါက်ပြန် တုန်လှုပ်ခြင်း မရှိကြဘဲ မေတ္တာစိတ်ဖြင့် နေလေ့ရှိကြသော) သူတော်ကောင်းတို့ကို နှိမ်ရစ်ကြလိမ့်မည်။ [တချို့ ဒေသ၌ သူတော်ကောင်းများ အနှိမ်ခံရလေပြီ။]
၂၇။ သိက္ခာမပေန္တေပိ ထေရေဟိ, ဗာလာ စီဝရဓာရဏံ၊
န သုဏိဿန္တိ ဒုမ္မေဓာ, ပါကဋာ ကာမကာရိယာ။
ဆရာသမားတို့က သင်္ကန်းဝတ်ရုံပုံ (စားသောက်နေထိုင်ပုံ) အလုံးစုံကို သင်ပြအပ်ကုန်သော်လည်း မိုက်မာနရှိ၍ အလိမ္မာပညာခံ မရှိကြဘဲ ထိုထို ကိစ္စ၌ ဣန္ဒြေမရ ပေါ်လွင်ကြကုန်သော အနာဂတ် ရှင်ရဟန်းတို့သည် ကိလေသာကာမ၏ ပြုသမျှကို ခံနေကြရသည်ဖြစ်၍ (သင်ပြသည်ကို) ရိုသေစွာ နားထောင်ရစ်ကြလိမ့်မည်မဟုတ်။ [ယခုသော်ကား မနာခံကြသဖြင့် တချို့ဆရာသမားသည် သင်ပြမှုကိုပင် မပြုကြတော့ကုန်။]
စာမျက်နှာ-၄၅၇
၂၈။ တေတေ အသိက္ခိတာ ဗာလာ, အညမညံ အဂါရဝါ၊
နာဒိယိဿန္တုပဇ္ဈာယေ, ခဠုင်္ကောဝိယ သာရထိံ။
ထိုထိုအသင်အပြ မခံရကုန်သော အနာဂတ်ရှင်ရဟန်း အပေါ့အဖျင်းတို့သည် အချင်းချင်းလည်း မလေးစားကြတော့ဘဲ ဥပဇ္ဈာယ် ဆရာများ၏ ဆုံးမစကားကိုပင် နာယူကြတော့မည်မဟုတ်၊ ဥပမာ-မြင်းကြမ်း မြင်းယုတ်မာသည် ရထားထိန်းကို (ရထားထိန်း၏ စကားကို) မနာယူဘဲ သူသွားချင်သလို သွားသကဲ့သို့တည်း။ [ယခုအခါ ဆိုဆုံးမ၍ ရသူ နည်းသည်ထက် နည်းလာလေပြီ။]
၂၉။ ဧဝံ အနာဂတမဒ္ဓါနံ, ပတိပတ္တိ ဘဝိဿတိ၊
ဘိက္ခုနီ ဘိက္ခုနီနဉ္စ, ပတ္တေ ကာလမှိ ပစ္ဆိမေ။
အနာဂတ်ကာလ၌ နောက်ပိုင်းအချိန် ရောက်လတ်သော် ဘိက္ခုနှင့် ဘိက္ခုနီတို့၏ ကျင့်ကြံနေထိုင်ပုံသည် ဤပြခဲ့သောနည်းအတိုင်း ဖြစ်ရစ်လိမ့်မည်။
၃၀။ ပုရာ အာဂစ္ဆတေ ဧတံ, အနာဂတံ မဟဗ္ဘယံ၊
သုဗ္ဗစာ ဟောထ သခိလာ, အညမညံ သဂါရဝါ။
ဤအနာဂတ် ဘေးကြီးမရောက်လာမီ (အသင်တို့သည်) အချင်းချင်း ရိုသေလေးစားခြင်း ရှိကြကုန်သည်ဖြစ်၍ ပြောဆိုဆုံးမလွယ်သော စကားရှိ သူများ နူးညံ့ပြေပြစ်သူများ ဖြစ်ကြပါလော့။ [တိံသနိပါတ် ဖြစ်သည်အားလျော်စွာ ဤနေရာတွင် ဂါထာ ၃၀ ပြည့်နေပြီဖြစ်၍ ဤမှာပြီးဆုံးသင့်၏၊ သို့သော် နောက်ထပ် ၂ ဂါထာကို ပါဠိတော်မှာ တွေ့ရသေးသည်။]
၃၁။ မေတ္တစိတ္တာ ကာရုဏိကာ, ဟောထ သီလေသု သံဝုတာ၊
အာရဒ္ဓဝီရိယာ ပဟိတတ္တာ, နိစ္စံ ဒဠှ ပရက္ကမာ။
အချင်းချင်း မေတ္တာစိတ်ရှိကြပါကုန်၊ သနားကြင်နာ ကရုဏာစိတ်လည်း ရှိကြပါကုန်၊ သီလတို့၌ စောင့်ရှောက်အပ်သော တံခါးရှိကြပါကုန်၊ အားထုတ်အပ်သော ဝီရိယရှိကြပါကုန်၊ ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ နိဗ္ဗာန်သို့စေလွှတ် အပ်သောစိတ်ရှိကြကုန်၍ အမြဲမပြတ် တဆင့်ထက်တဆင့် အမြင့်ရောက် အောင် ကြိုးစားကြပါကုန်။
စာမျက်နှာ-၄၅၈
၃၂။ ပမာဒံ ဘယတော ဒိသွာ, အပ္ပမာဒဉ္စ ခေမတော၊
ဘာဝေထဋ္ဌင်္ဂိကံ မဂ္ဂံ, ဖုသန္တိ အမတံ ပဒံ။
မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေခြင်းကို ကြီးစွာသော ဘေးဟုလည်းကောင်း, မမေ့မလျော့ မပေါ့မဆနေခြင်းကို ဘေးကင်းကြောင်းဟုလည်းကောင်း, ကောင်းစွာ သိမြင်၍ မဂ္ဂင်ရှစ်ပါး မြတ်တရားကို မိမိသန္တာန်၌ ဖြစ်အောင် ကြိုစားကြပါကုန်၊ (ဤသို့ကြိုးစားကြလျှင်) အမြိုက်နိဗ္ဗာန်ကို ဧကန်ထိရောက်နိုင်ကြပါသည်။
မှတ်ချက်။ ။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်လောက်က ဖုဿ မထေရ်မြတ်၏ အနာဂတ်မျှော်မြင်တော်မူချက်တို့တွင် များစွာသော အချက်တို့သည် ယခုအချိန်မှာ အထင်အရှားဖြစ်လျက် ရှိကြပါပြီ၊ ထိုသို့ဖြစ်နေပုံကို စိစစ်ပြီးလျှင် ထိုဘေးတို့ မိမိအပေါ်၌ ရောက်လျက်ရှိကြ-မရှိကြကိုလည်း သတိပြုကာမိမိကိုယ်ကို ထိုဘေးတို့မှ လွတ်အောင် ရုန်းနိုင်ကြပါစေသတည်း။
ဤတွင် ဘုရားဥပဒေတော်ကြီး ပြီးပြီ။
Comments
Post a Comment