Skip to main content

ဓမ္မပဒမြန်မာပြန် ပထမတွဲ

ဓမ္မပဒမြန်မာပြန် ပထမအုပ်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

֍ * ၁။ စက္ခုပါလမထေရ်ဝတ္ထု

မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ ဒုက္ခ မနွေတိ၊ စက္ကံဝ ဝဟတော ပဒံ။

ဟူသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် စက္ခုပါလ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

သားသမီးဆု တောင်းခြင်း

သာဝတ္ထိပြည်၌ မဟာသုဝဏ္ဏ အမည်ရှိသော ချမ်းသာကြွယ်ဝသည့် သူကြွယ်သည် ရှိ၏။ ထိုသူကြွယ်သည် များသော ဥစ္စာနှစ် ရှိ၏။ များသော စည်းစိမ်လည်း ရှိ၏။ သားသမီး မရှိချေ။ ထိုသူကြွယ်သည် တစ်နေ့သ၌ ရေချိုးဆိပ်သို့သွား၍ ရေချိုးပြီး ပြန်လာသည်ရှိသော် ခရီးအကြား၌ အရွက်,အခက်နှင့်ပြည့်စုံသော တစ်ခုသော တောစိုးသစ်ပင်ကိုမြင်၍ “ဤသစ်ပင်ကို တန်ခိုးကြီးသော နတ်မင်းသည် သိမ်းဆည်း စောင့်ရှောက်အပ်သည် ဖြစ်လတ္တံ့”ဟု အောက်မေ့လျက် ထိုတောစိုးသစ်ပင်၏ အောက်အဖို့ကို သုတ်သင်စေလျက် တံတိုင်းဖြင့်ခြံရံကာ သဲကိုဖြန့်ကြဲစေပြီး တံခွန်,ကုက္ကားကို စိုက်ထောင်လျက် တောစိုးသစ်ပင်ကို တန်ဆာဆင်၍ လက်ယာရစ် လှည့်လည်ပူဇော်သည်ကိုပြု၍ “သားကိုလည်းကောင်း၊ သမီးကိုလည်းကောင်း ရသည်ရှိသော် သင်နတ်မင်းတို့အား ကြီးစွာသော ပူဇော်သက္ကာကို ပြုပါအံ့”ဟု ဆုတောင်းခြင်းကိုပြု၍ ဖဲသွားလေ၏။

သားယောက်ျား ဖွားမြင်ခြင်း

ထိုသို့ ဖဲသွားပြီးနောက် မကြာမြင့်မီပင် သူဌေးကတော်ဝမ်း၌ ကိုယ်ဝန်သည် တည်ရှိလေ၏။ ထိုသူဌေးကတော်သည် ကိုယ်ဝန်တည်သောအဖြစ်ကို သိ၍ သူဌေးအား ပြောကြားလေ၏။ သူကြွယ်သူဌေးသည် သူဌေးကတော်အား ကိုယ်ဝန်အစောင့်အရှောက်ကို ပေး၏။ သူဌေးကတော်လည်း ဆယ်လလွန်သဖြင့် သားယောက်ျားကို ဖွား၏။

မဟာပါလ နှင့် စူဠပါလ

ထိုသတို့သားကို အမည်မှည့်သောနေ့၌ သူဌေးသည် မိမိ စောင့်ရှောက်အပ်သော တောစိုးသစ်ပင်ကိုမှီ၍ ရသောကြောင့် ထိုသတို့သားငယ်အား “ပါလ”ဟူသောအမည်ကို မှည့်၏။ ထိုသူဌေးကတော်သည် နောက်အဖို့၌ တစ်ပါးသော ဒုတိယသားယောက်ျားကို ဖွားပြန်သည်ရှိသော် ထို ဒုတိယသားငယ်အား “စူဠပါလ”ဟူသောအမည်ကို မှည့်၍ ပထမ သားကြီးအား “မဟာပါလ”ဟူသောအမည်ကို မှည့်ပြန်၏။

အိမ်ရာတည်ထောင်

ထိုညီနောင် နှစ်ယောက်တို့သည် အရွယ်သို့ ရောက်ကုန်သည်ရှိသော် အိမ်ရာထောင်ခြင်းတည်းဟူသော အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့ကုန်၏။ နောက်အဖို့၌ အမိအဘတို့ ကွယ်လွန်ကြကုန်သော် အလုံးစုံသော စည်းစိမ်ဥစ္စာကိုလည်း ညီအစ်ကို နှစ်ယောက်တို့သာလျှင် စီရင် အုပ်စိုးကြလေကုန်၏။

ဗုဒ္ဓမြတ်စွာနှင့် အနာထပိဏ်သူဌေးကြီး

ထိုအခါ၌ မြတ်စွာဘုရားသည် မြတ်သော ဓမ္မစကြာတရားကို ဟောကြားတော်မူပြီးသည်ဖြစ်၍ အစဉ်သဖြင့် ကြွလာတော်မူပြီးလျှင် အနာထပိဏ် သူဌေးကြီးသည် ငါးဆယ့်လေးကုဋေသော ဥစ္စာတို့ကို စွန့်လွှတ်၍ ဆောက်လုပ်အပ်သော ဇေတဝန် ကျောင်းတော်ကြီး၌ လူများအပေါင်းကို နတ်ရွာ ခရီး၌လည်းကောင်း၊ မဂ်ဖိုလ်နိဗ္ဗာန် ခရီး၌လည်းကောင်း တည်စေတော်မူလျက် သီတင်းသုံးနေတော်မူ၏။

မြတ်စွာဘုရားသည် မယ်တော်ဘက်မှ ရှစ်သောင်း၊ ခမည်းတော်ဘက်မှ ရှစ်သောင်း၊ ဤတစ်သိန်း ခြောက်သောင်းသော ဆွေတော်မျိုးတော်တို့ ဆောက်လုပ်အပ်သော နိဂြောဓာရုံ ကျောင်းတော်ကြီး၌ တစ်ဝါသာလျှင် ဝါဆိုတော်မူ၏။ အနာထပိဏ်သူဌေးသည် ဆောက်လုပ်အပ်သော ဇေတဝန် ကျောင်းတော်ကြီး၌ တစ်ဆယ့်ကိုးဝါပတ်လုံး ဝါဆိုတော်မူ၏။ ဝိသာခါ ဒါယိကာမကြီးသည် နှစ်ဆယ့် ခုနစ်ကုဋေသော ဥစ္စာတို့ကိုစွန့်သဖြင့် ဆောက်လုပ်အပ်သော ပုဗ္ဗာရုံ ကျောင်းတော်ကြီး၌ ခြောက်ဝါပတ်လုံး ဝါဆိုတော်မူ၏။ ဤသို့လျှင် အနာထပိဏ်သူဌေးနှင့် ဝိသာခါဟူသော နှစ်ဦးသော အမျိုးတို့၏ ကျေးဇူးများသည်၏အဖြစ်ကို စွဲ၍ သာဝတ္ထိပြည်ကိုမှီလျက် နှစ်ဆယ့်ငါးဝါတို့ပတ်လုံး ဝါဆိုတော်မူ၏။ အနာထပိဏ် သူဌေးကြီးသည်လည်းကောင်း၊ ဝိသာခါ ဒါယိကာမကြီးသည်လည်းကောင်း နေ့တိုင်း တစ်နေ့ နှစ်ကြိမ် အမြဲ မြတ်စွာဘုရားအား ဆည်းကပ်ခစားခြင်းငှာ သွားရောက်ကြကုန်၏။ သွားရောက်ကုန်သော်လည်း “သာမဏေငယ်တို့သည် ငါတို့လက်တို့ကို ကြည့်ကုန်လတ္တံ့”ဟု နှလုံးသွင်းကုန်လျက် တစ်စုံတရာ လှူဖွယ်မပါဘဲ မသွားစဖူးကုန်၊ နံနက်အခါ၌ သွားကုန်သည်ရှိသော် ခဲဖွယ်ဘောဇဉ် အစရှိသည်တို့ကို ယူ၍သာလျှင် သွားကြကုန်၏။ ညနေချမ်းအခါ၌ သွားကုန်သည်ရှိသော် ငါးပါးသော ဆေးတို့ကိုလည်းကောင်း၊ ရှစ်ပါးသော အဖျော်တို့ကိုလည်းကောင်း ယူ၍သာလျှင် သွားကြကုန်၏။ အနာထပိဏ်၊ ဝိသာခါတို့၏ အိမ်တို့၌ကား နှစ်ထောင် နှစ်ထောင်သော ရဟန်းတို့အဖို့ အမြဲခင်းထားအပ်ကုန်သော နေရာရှိကုန်သည်သာလျှင် ဖြစ်ကုန်၏။ ဆွမ်းအဖျော်,ဆေးတို့တွင် အကြင်ရဟန်းသည် အကြင်ပစ္စည်းကို အလိုရှိ၏။ ထိုရဟန်းအား ထိုပစ္စည်းကို အလိုရှိတိုင်း ပြည့်စုံအောင် လှူသည်သာတည်း။ ထိုအနာထပိဏ်, ဝိသာခါတို့တွင် အနာထပိဏ်သူဌေးသည် တစ်နေ့မျှလည်း မြတ်စွာဘုရားအား ပြဿနာကို မမေးလျှောက်စဖူး၊ အဘယ့်ကြောင့် မမေးလျှောက်သနည်းဟူမူကား “မြတ်စွာဘုရားသည်ကား ဘုရားဖြစ်၍ သိမ်မွေ့နူးညံ့တော်မူ၏၊ မင်းဖြစ်၍ သိမ်မွေ့နူးညံ့တော်မူ၏၊ “ဤသူကြွယ်သည် ငါ့အား ကျေးဇူးဥပကာရ များလှပေသည်”ဟု နှလုံးသွင်းတော်မူလျက် ငါ့အား တရားစကား ဟောကြားတော်မူသည်ရှိသော် ပင်ပန်းရာ၏”ဟု ထိုအနာထပိဏ် သူဌေးကြီးသည် မြတ်စွာဘုရား၌ လွန်ကဲစွာ ချစ်ကြည် မြတ်နိုးခြင်းကြောင့် ပြဿနာကို မမေးလျှောက်သတည်း။ မြတ်စွာဘုရားသည်ကား ထိုသူဌေးသည် ရှေ့တော်မှောက်သို့ရောက်၍ ထိုင်နေကာမျှလျှင် “ဤအနာထပိဏ် သူဌေးသည် ငါ့ကို မစောင့်ရှောက်အပ်သောအရာ၌ စောင့်ရှောက်၏။ ငါသည် ကမ္ဘာတစ်သိန်း အလွန်ရှိသော လေးသင်္ချေတို့ပတ်လုံး တန်ဆာဆင်ခြင်းနှင့်ယှဉ်သော မိမိ၏ ဦးခေါင်းတော်ကိုဖြတ်၍ မျက်စိတို့ကို ထုတ်လျက် နှလုံးသားကို နုတ်၍ အသက်နှင့်တူသော သား,မယားကို စွန့်လွှတ်၍ ပါရမီတို့ကို ဖြည့်ခဲ့တိုင်း သူတစ်ပါးတို့အား တရားဟောခြင်းအကျိုးငှာသာလျှင် ဖြည့်ကျင့်၏။ ဤအနာထပိဏ်သူဌေးကား ငါ့ကို မစောင့်ရှောက်အပ်သော အရာဌာန၌ စောင့်ရှောက်၏”ဟု တစ်ခုသော တရားဒေသနာကို ဟောတော်မူသလျှင်ကတည်း။

ထိုအခါ သာဝတ္ထိပြည်၌ ခုနစ်ကုဋေကုန်သော လူတို့သည် နေကုန်၏။ ထိုလူတို့တွင် မြတ်စွာဘုရား တရားတော်ကို ကြားနာရ၍ ငါးကုဋေမျှလောက်သော လူတို့သည် သောတာပန်စသော အရိယာသာဝကတို့ ဖြစ်ကြကုန်၏။ နှစ်ကုဋေမျှလောက်သော လူတို့သည် ပုထုဇဉ်တို့ ဖြစ်ကြကုန်၏။ ထိုလူတို့တွင် အရိယာသာဝကတို့အား နှစ်ပါးသောကိစ္စသာ ရှိကုန်၏။ နံနက်အခါ၌ အလှူကို လှူကြကုန်၏။ ညနေချမ်းအခါ၌ နံ့သာ,ပန်း စသည်တို့ကို လက်စွဲကုန်လျက် သင်္ကန်းလျာပုဆိုး, ဆေး, အဖျော် စသည်တို့ကို ယူကုန်၍ တရားနာအံ့သောငှာ သွားကြကုန်၏။

မဟာပါလ ရဟန်းပြုခြင်း

ထိုအခါ တစ်နေ့သ၌ မဟာပါလသည် ပန်း,နံ့သာစသည်ကို လက်စွဲကုန်လျက် မြတ်စွာဘုရားကျောင်းတော်သို့ သွားကုန်သော အရိယာသာဝကတို့ကို မြင်ရကား “ဤလူများအပေါင်းသည် အဘယ်အရပ်သို့ သွားသနည်း”ဟု မေးသည်ရှိသော် “တရားနာအံ့သောငှာ သွားသတည်း”ဟူသော စကားကို ကြားလျှင် “ငါသည်လည်း သွားအံ့”ဟု ကြံ၍ လိုက်သွားလျက် မြတ်စွာဘုရားကို ရှိခိုးပြီးမှ ပရိသတ်အစွန်အဖျား၌ နေလေ၏။

ဘုရားရှင်တို့မည်သည်ကား တရားဟောတော်မူကုန်သည်ရှိသော် သရဏဂုံတည်ခြင်း၊ သီလဆောက်တည်ခြင်း၊ ရှင်ရဟန်းပြုခြင်း အစရှိသည်တို့၏ ဥပနိဿယအကြောင်းကို ကြည့်တော်မူ၍ တရားနာပုဂ္ဂိုလ် အလို၏ အစွမ်းအားဖြင့် တရားဟောတော်မူကုန်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် ထိုနေ့၌ မဟာပါလ၏ ဥပနိဿယကို ကြည့်တော်မူ၍ တရားဟောတော်မူသည်ရှိသော် အစဉ်အတိုင်းသော တရားစကားကို ဟောကြားတော်မူ၏။ အစဉ်အတိုင်းသော တရားစကားဟူသည် အဘယ်နည်းဟူမူကား ဒါနနှင့်စပ်သော တရားစကားကိုလည်းကောင်း၊ သီလနှင့်စပ်သော တရားစကားကိုလည်းကောင်း၊ နတ်ရွာနှင့်စပ်သော တရားစကားကိုလည်းကောင်း၊ ကာမဂုဏ်တို့၏ အပြစ်ကိုလည်းကောင်း၊ ယုတ်ညံ့ခြင်းကိုလည်းကောင်း၊ ညစ်နွမ်းခြင်းကိုလည်းကောင်း၊ ထိုကာမဂုဏ်တို့မှ ထွက်မြောက်ခြင်း၌ အကျိုးအာနိသင်ကိုလည်းကောင်း ပြလျက် ဟောကြားတော်မူ၏။ ထိုတရားစကားကို ကြားနာရ၍ မဟာပါလ သူကြွယ်သည် ဤသို့ကြံ၏။ “တမလွန်ဘဝသို့ သွားသောသူ၏နောက်သို့ သားသမီးတို့သည်လည်းကောင်း၊ ညီအစ်ကိုတို့သည်လည်းကောင်း၊ စည်းစိမ် ဥစ္စာတို့သည်လည်းကောင်း မလိုက်ကုန်၊ ခန္ဓာကိုယ်သည်လည်း မိမိနှင့်အတူတကွ မလိုက်၊ ငါ့အား လူတို့ဘောင်၌ နေခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရဟန်းပြုအံ့”ဟု ကြံ၏။ ထိုမဟာပါလ သူကြွယ်သည် တရားတော်ကို ဟောတော်မူပြီးသည့် အဆုံး၌ မြတ်စွာဘုရားထံတော်သို့ကပ်၍ ရဟန်းအဖြစ်ကို တောင်းပန်၏။ ထိုအခါ ထိုမဟာပါလသူကြွယ်ကို မြတ်စွာဘုရားသည် “သင့်အား တစ်စုံတစ်ယောက် ပန်ကြားသင့် ပန်ကြားထိုက်သော ဆွေမျိုးဉာတိ ရှိသေးသလော”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- ဘုရားတပည့်တော်အား ညီငယ်တစ်ယောက် ရှိပါ၏”ဟု နားတော်လျှောက်သော် “ထိုသို့ဖြစ်မူ ထိုညီငယ်ကို ပန်ကြားဦးလော့”ဟု မိန့်တော်မူ၏။

ထိုမဟာပါလ သူကြွယ်သည် “ကောင်းလှပါပြီဘုရား”ဟု ဝန်ခံ၍ မြတ်စွာဘုရားကို ရှိခိုးပြီးမှ အိမ်သို့ပြန်သွား၍ ညီကို ခေါ်ပြီးလျှင် “ငါ၏ ညီချစ်- ဤငါ၏အိမ်၌ သက်ရှိသက်မဲ့ တစ်စုံတစ်ခုသော ဥစ္စာသည် ရှိ၏၊ ထိုအလုံးစုံသော ဥစ္စာသည် သင်၏ တာဝန်တည်း။ ထိုဥစ္စာကို ခံစားသုံးဆောင်ရစ်လော့”ဟု ဆို၏။ “နောင်တော်တို့ကား အသို့ပြုမည်နည်း”ဟု မေးလျှင် “ငါကား မြတ်စွာဘုရားအထံ၌ ရဟန်းပြုအံ့”ဟု ဆို၏။ “နောင်တော်- အသို့ ဆိုသနည်း။ နောင်တော်သည် အကျွန်ုပ်၏ မိခင် သေလွန်ပြီးနောက် မိခင်သဖွယ် ဖြစ်၏။ ဖခင် သေလွန်ပြီးနောက် ဖခင်သဖွယ် ဖြစ်၏။ နောင်တော်သည် အိမ်၌ များစွာသော စည်းစိမ်ဥစ္စာတို့ကို ရအပ်၏။ အိမ်၌နေလျက်သာ ကောင်းမှုတို့ကို ပြုခြင်းငှာ တတ်ကောင်းပါ၏။ ဤသို့ ရဟန်းမပြုပါလင့်”ဟု ဆို၏။

ထိုအခါ မဟာပါလ သူကြွယ်သည် “ညီချစ်- ငါကား မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ကြားနာရသောကြောင့် အိမ်ရာထောင်သော လူ့ဘောင်၌ နေခြင်းငှာ မတတ်နိုင်။ မြတ်စွာဘုရားသည် အလွန် သိမ်မွေ့နူးညံ့သော လက္ခဏာယာဉ်သုံးပါးသို့ တင်၍ အစ, အလယ်, အဆုံး၏ ကောင်းခြင်းနှင့်ပြည့်စုံသော တရားကို ဟောတော်မူအပ်ပြီ။ ထိုတရားကို အိမ်ရာထောင်သော လူ့ဘောင်၌နေသဖြင့် ဖြည့်ကျင့်ခြင်းငှာ မတတ်နိုင်။ ညီချစ်- ရဟန်းပြုပါအံ့”ဟု ဆို၏။ ထိုအခါ ညီငယ်သည် “နောင်တော်- နောင်တော်ကား ပျိုမျစ်နုနယ် ငယ်ရွယ်သောသူပင် ဖြစ်သေး၏။ ဆိုင်းငံ့ပါဦး၊ ကြီးရင့်သောကာလ ရဟန်းပြုရလတ္တံ့”ဟု ဆိုသော် “ညီချစ်- ကြီးရင့်သောသူအား မိမိ လက်ခြေတို့သည်ပင် မိမိအလိုသို့ မလိုက်ကုန်။ ဆွေမျိုးတို့သည်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ ထို့ကြောင့် ငါကား သင့်စကားကို မလိုက်နာအံ့၊ ရဟန်းအကျင့်ကိုသာ ကောင်းစွာ ဖြည့်ကျင့်တော့”ဟု ဆို၍ ဤဂါထာကို ရွတ်ဆို၏။

ဇရာဇဇ္ဇရိတာ ဟောန္တိ၊ ဟတ္ထပါဒါ အနဿဝါ။
ယဿ သော ဝိဟတတ္ထာမော၊ ကထံ ဓမ္မံ စရိဿတိ။

ဘော စူဠပါလ၊ အို ညီငယ် စူဠပါလ။ ယဿ၊ အကြင်သူ၏။ ဟတ္ထပါဒါ၊ လက်,ခြေတို့သည်။ ဇရာဇဇ္ဇရိတာ၊ ဇရာတရားကြောင့် အိုမင်း ဆွေးမြည့်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ အနဿဝါ၊ မိမိအလိုသို့ မလိုက်ကုန်။ ဝိဟတတ္ထာမော၊ ကင်းသော ခွန်အားရှိသော။ သော၊ ထိုသူသည်။ ကထံ၊ အသို့လျှင်။ ဓမ္မံ၊ တရားကို။ စရိဿတိ၊ ကျင့်နိုင်လတ္တံ့နည်း။

“ငါ့ညီ စူဠပါလ- ငါကား ရဟန်းပြုအံ့သည်သာလျှင်တည်း”ဟု ဆို၍ ညီစူဠပါလသည် ငိုကြွေးမြည်တမ်းစဉ်ပင် မြတ်စွာဘုရားအထံသို့ သွားပြီးလျှင် ရဟန်းအဖြစ်ကို တောင်းပန်၍ ရဟန်းပြုလေသတည်း။

မဟာပါလထေရ် ကမ္မဋ္ဌာန်းတောင်းခြင်း

ရဟန်းအဖြစ်ကိုရပြီးသော အရှင်မဟာပါလသည် ဆရာ ဥပဇ္ဈာယ်တို့၏အထံ၌ ငါးဝါပတ်လုံးနေ၍ ဝါကျွတ်သည်ရှိသော် ပဝါရဏာပြု၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ရှိခိုးလျက် “မြတ်စွာဘုရား ဤသာသနာတော်၌ ဓုရတို့သည် အဘယ်မျှ ရှိပါသနည်း”ဟု မေးလျှောက်၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်း- ဂန္ထဓုရလည်းကောင်း၊ ဝိပဿနာဓုရလည်းကောင်း ဤသို့အားဖြင့် ဓုရနှစ်ပါးတို့သာရှိ၏”ဟု မိန့်တော်မူ၏။ ထိုအခါ မဟာပါလမထေရ်သည် “မြတ်စွာဘုရား- ဂန္ထဓုရသည် အဘယ်ပါနည်း၊ ဝိပဿနာဓုရသည် အဘယ်ပါနည်း”ဟု မေးလျှောက်သော် “မိမိပညာနှင့်လျော်စွာ တစ်ခုသော နိကာယ်ကို လည်းကောင်း၊ နှစ်ခုသော နိကာယ်တို့ကိုလည်းကောင်း၊ အလုံးစုံသော ပိဋကတ်သုံးပုံဟု ဆိုအပ်သော ဘုရားစကားတော်ကိုလည်းကောင်း သင်ယူ၍ ထိုပိဋကတ်သုံးပုံကို ဆောင်ခြင်း၊ အံခြင်း၊ ပို့ချခြင်းသည် ဂန္ထဓုရ မည်၏။ ပေါ့ပါးသော အသက်မွေးခြင်း ရှိသည်ဖြစ်၍ ဆိတ်ငြိမ်သော ကျောင်းအရပ်၌ မွေ့လျော်သော ရဟန်း၏ မိမိကိုယ်၌ ကုန်ခြင်း၊ ပျက်ခြင်း ခယ,ဝယကမ္မဋ္ဌာန်းကို ဖြစ်စေ၍ အမြဲမပြတ် အထပ်ထပ် လုံ့လပြုသည်၏အစွမ်းဖြင့် ဝိပဿနာကို ပွားစေလျက် အရဟတ္တဖိုလ်ကို ယူခြင်းသည် ဝိပဿနာဓုရ မည်၏”ဟု မိန့်တော်မူ၏။ ထိုအခါ မဟာပါလမထေရ်သည် “မြတ်စွာဘုရား- တပည့်တော်ကား ကြီးရင့်သောကာလ၌သာ ရဟန်းပြုခြင်းကြောင့် ဂန္ထဓုရကို အားထုတ်ခြင်းငှာ မတတ်နိုင်ပါ။ ဝိပဿနာဓုရကို ဖြည့်ကျင့်ပါအံ့။ တစ်ခုသော ကမ္မဋ္ဌာန်းတရားကို စီးဖြန်းပွားများရန် ဟောတော်မူပါဘုရား”ဟု လျှောက်၏။

ခြောက်ကျိပ်သော ရဟန်းတို့နှင့်အတူ ပစ္စန္တရစ်ရွာသို့ ကြွခြင်း

ထိုအခါ မဟာပါလမထေရ်အား မြတ်စွာဘုရားသည် အရဟတ္တဖိုလ်တိုင်အောင်သော ကမ္မဋ္ဌာန်းတရားကို ဟောတော်မူ၏။ ထိုမဟာပါလမထေရ်သည် မြတ်စွာဘုရားကို ရှိခိုးဦးချပြီးမှ မိမိနှင့်တကွ သွားဖော်ဖြစ်ကုန်သော ရဟန်းတို့ကို ရှာသည်ရှိသော် ခြောက်ကျိပ်မျှသော ရဟန်းတို့ကို ရ၍ ထိုခြောက်ကျိပ်သော ရဟန်းတို့နှင့် အတူတကွထွက်လျက် ယူဇနာ တစ်ရာ့နှစ်ဆယ်ရှိသော ခရီးသို့သွား၍ တစ်ခုသော ပစ္စန္တရစ်ရွာကြီးသို့ရောက်လျှင် ထိုရွာကြီး၌ အခြံအရံနှင့်တကွ ဆွမ်းအလို့ငှာ ဝင်၏။ လူတို့သည် ဝတ်နှင့်ပြည့်စုံသော ရဟန်းတို့ကို မြင်ကြကုန်သည်ဖြစ်၍သာလျှင် ကြည်ညိုနှစ်သက်သော စိတ်ရှိကုန်သည်ဖြစ်၍ နေရာတို့ကိုခင်းစေ၍ နေစေပြီးလျှင် မွန်မြတ်သော ခဲဖွယ်ဘောဇဉ် အာဟာရတို့ဖြင့် လုပ်ကျွေး၍ “အရှင်ဘုရားတို့- အရှင်ကောင်းတို့သည် အဘယ်အရပ်သို့ ကြွကြပါကုန်အံ့နည်း”ဟု မေးလျှောက်ကုန်လတ်သော် “ဒါယကာတို့- သပ္ပါယဖြစ်၍ ချမ်းသာရာအရပ်သို့ သွားကြကုန်အံ့”ဟု ပြန်ကြားကုန်လျှင် ပညာရှိသောသူတို့သည် အရှင်ကောင်းတို့ကား ဝါဆိုကျောင်း အိပ်ရာနေရာကို ရှာကုန်၏ဟုသိ၍ “အရှင်ဘုရားတို့- အရှင်ကောင်းတို့သည် ဤဝါတွင်း သုံးလပတ်လုံး ဤအရပ်ဒေသ၌ အကယ်၍ သီတင်းသုံးကြကုန်သည် ဖြစ်ပါအံ့၊ တပည့်တော်တို့သည် သရဏဂုံတို့၌တည်၍ သီလတို့ကို ဆောက်တည်ရပါကုန်အံ့”ဟု လျှောက်ကုန်၏။ ထိုခြောက်ကျိပ်သော ရဟန်းတို့သည်လည်း “ငါတို့ကား ဤဒါယကာတို့ကိုမှီ၍ ဘဝမှ လွတ်မြောက်ခြင်းကို ပြုကုန်အံ့”ဟု သည်းခံကြကုန်၏။ လူတို့သည် ထိုရဟန်းတို့၏ ပဋိညာဉ်ကိုယူလျက် ကျောင်းကို သုတ်သင်၍ ညဉ့်သန့်ရာ၊ နေ့သန့်ရာ အရပ်တို့ကို ပြည့်စုံစေ၍ လှူကုန်၏။ ထိုခြောက်ကျိပ်သော ရဟန်းတို့သည် မပြတ် ထိုရွာသို့သာလျှင် ဆွမ်းအလို့ငှာ ဝင်ကုန်၏။ ထိုအခါ ဆေးသမားတစ်ယောက်သည် ရဟန်းတို့သို့ကပ်၍ “အရှင်ဘုရားတို့- များစွာကုန်သောသူတို့၏ နေရာအရပ်၌ မချမ်းသာခြင်း မည်သည်လည်း ဖြစ်တတ်၏။ ထိုမချမ်းမသာ ရောဂါဖြစ်သည်ရှိသော် တပည့်တော်အား အမိန့်ရှိတော်မူကြပါ၊ ဆေးကုစားပါမည်ဘုရား”ဟု ဖိတ်ကြားလျှောက်ထားလေ၏။

အိပ်ခြင်းဣရိယာပုထ်ကို ပယ်ခြင်း

မဟာပါလ မထေရ်သည်လည်း ဝါဆိုသောနေ့၌ ထိုရဟန်းတို့ကိုခေါ်၍ “ငါ့ရှင်တို့- ဤဝါတွင်း သုံးလပတ်လုံး အဘယ်မျှလောက်ကုန်သော ဣရိယာပုထ်တို့ဖြင့် လွန်စေကုန်အံ့နည်း”ဟု မေး၏။ “အရှင်ဘုရား- လေးပါးကုန်သော ဣရိယာပုထ်တို့ဖြင့် လွန်စေပါကုန်အံ့”ဟုလျှောက်လျှင် “ငါ့ရှင်တို့- ဤဣရိယာပုထ် လေးပါးတို့ဖြင့် လွန်စေခြင်းသည် အဘယ်မှာ လျှောက်ပတ်အံ့နည်း၊ မမေ့မလျော့သောသူတို့ ဖြစ်ထိုက်သည် မဟုတ်ပါလော၊ ငါတို့သည် သက်တော်ထင်ရှားရှိသော မြတ်စွာဘုရားအထံတော်မှ ကမ္မဋ္ဌာန်းကို ယူ၍ လာကုန်၏။ ဘုရားတို့မည်သည်ကား- မေ့လျော့ခြင်းဖြင့် နှစ်သက်စေခြင်းငှာ မတတ်နိုင်၊ ကောင်းသော အလိုဖြင့်သာ နှစ်သက်စေအပ်ကုန်၏။ မေ့လျော့သောသူအားကား အပါယ်လေးဘုံတို့သည် မိမိအိမ်နှင့် တူကုန်၏။ ငါ့ ရှင်တို့- မမေ့မလျော့ ဖြစ်ကြပါကုန်လော့”ဟုဆိုလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့သည် အဘယ်မျှလောက်သော ဣရိယာပုထ်တို့ဖြင့် လွန်စေကုန်အံ့နည်း”ဟု မေးလျှောက်ကုန်သော် “ငါ့ရှင်တို့- ငါကား သုံးပါးသော ဣရိယာပုတို့ဖြင့် လွန်စေအံ့၊ ကျောက်ကုန်းကို မဆန့်, မအိပ်စက်အံ့”ဟုဆိုလျှင် “အရှင်ဘုရား- ကောင်းလှပါ၏။ မမေ့မလျော့ ဖြစ်တော်မူပါလော့”ဟု လျှောက်ကြကုန်၏။

မျက်စိရောဂါ ရတော်မူခြင်း

ထိုအခါ အိပ်စက်ခြင်းမပြုသော အရှင်မဟာပါလမထေရ်အား ဝါဆိုလလွန်၍ ဝါခေါင်လသို့ရောက်လျှင် မျက်စိရောဂါ ဖြစ်ခဲ့၏။ အိုးပေါက်,အိုးကွဲမှ ယိုကျသော ရေအလျဉ်ကဲ့သို့ မျက်စိတို့မှ မျက်ရည်အလျဉ်တို့သည် တသွင်သွင်ယိုစီးလျက် ကျကုန်၏။ ထိုမဟာပါလ မထေရ်သည် ညဉ့်သုံးယာမ်ပတ်လုံး ရဟန်းတရားကို အားထုတ်၍ အရုဏ်တက်သည်ရှိသော် တိုက်ခန်းတွင်းသို့ဝင်၍ နေတော်မူ၏။ ရဟန်းတို့သည် ဆွမ်းခံချိန်တန်သောအခါ၌ မထေရ်အထံသို့ သွားပြီးလျှင် ဆွမ်းခံချိန် တန်ပါပြီဘုရားဟု လျှောက်ကြားကြကုန်၏။ “ငါ့ရှင်တို့ ထိုသို့ဖြစ်လျှင် သပိတ်သင်္ကန်းကို ယူကုန်လော့”ဟု မိမိသပိတ်သင်္ကန်းကို ယူစေ၍ ထွက်လေ၏။ ရဟန်းတို့သည် ထိုမဟာပါလ မထေရ်၏ မျက်စိတို့မှ ယိုစီး၍ကျသော မျက်ရည်ပေါက်တို့ကို မြင်လျှင် “အရှင်ဘုရား- ဤမျက်ရည်ယိုခြင်းသည် အဘယ့်ကြောင့်နည်း”ဟု မေးလျှောက်ကုန်၏။ “ငါ့ရှင်တို့- ငါ၏မျက်စိတို့ကို လေတို့သည် ထိုးကုန်၏”ဟုဆိုလျှင် “အရှင်ဘုရား- ဆေးသမားသည် ဖိတ်ကြားအပ်သည် မဟုတ်ပါလော၊ ထိုဆေးသမားအား အကြောင်းကြားပါအံ့”ဟုဆိုလျှင် “ငါ့ရှင်တို့- ကောင်း၏”ဟု မိန့်တော်မူ၏။

မျက်စိကုဆရာ၏ အကြံပေးမှုကို ပယ်

ရဟန်းတို့သည် ဆေးသမားအား အကြောင်းကြားလျှင် ဆေးသမားသည် ဆီကိုချက်၍ ပို့စေ၏။ မထေရ်သည် နှာခေါင်း၌ ဆီကို သွန်းလောင်းသည်ရှိသော် ထိုင်လျက်သာလျှင် သွန်းလောင်း၍ ရွာတွင်းသို့ ဆွမ်းခံဝင်လေ၏။ ဆေးသမားသည် မဟာပါလ မထေရ်ကိုမြင်လျှင်“ အရှင်ဘုရား- အရှင်မြတ်၏မျက်စိတို့ကို လေထိုး၏ဟူသည် မှန်ပါသလား”ဟု မေးလျှောက်၏။ “ဒါယကာ၊ မှန်၏”ဟု မိန့်တော်မူသည်ရှိသော် “အရှင်ဘုရား- တပည့်တော်သည် ဆီကိုချက်၍ ပို့အပ်ပြီ၊ အရှင်ဘုရားတို့- နှာခေါင်း၌ သွန်းလောင်းပါ၏လော”ဟု မေးလျှောက်သော် “ဒါယကာ- သွန်းလောင်း၏”ဟု မိန့်တော်မူ၏။ “ယခုအခါ၌ အသို့ရှိပါသနည်း”ဟု မေးလျှောက်သော် “ဒါယကာ- နာကျင်မြဲ နာကျင်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၏။ ဆေးသမားသည် “ငါကား တစ်ကြိမ်မျှ ခတ်ခြင်းဖြင့်သာလျှင် ပျောက်ငြိမ်းစေခြင်းငှာ စွမ်းနိုင်သော ဆီကို ပို့အပ်ပြီ၊ အဘယ့်ကြောင့် ရောဂါမငြိမ်းသနည်း”ဟု ကြံပြီးလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့သည် ဆီကို ထိုင်၍ သွန်းလောင်းသလော၊ သို့မဟုတ် အိပ်၍ သွန်းလောင်းသလော”ဟု မေးလျှောက်၏။ မထေရ်သည် ဆိတ်ဆိတ်နေလေ၏။ အဖန်ဖန် မေးအပ်သော်လည်း စကားမဆိုဘဲ နေလေ၏။ ထိုဆေးသမားသည် “ကျောင်းသို့သွား၍ မထေရ်၏ နေရာအရပ်ကို ကြည့်အံ့”ဟု ကြံ၍ “အရှင်ဘုရား- ဤသို့ဖြစ်လျှင် ကြွတော်မူပါတော့”ဟု မထေရ်ကို လျှောက်ကြားလိုက်ပြီးမှ ကျောင်းသို့သွား၍ မထေရ်၏နေရာအရပ်ကို ကြည့်သည်ရှိသော် စင်္ကြံသွားရာ၊ ထိုင်ရာ အရပ်ကိုသာလျှင်မြင်၍ အိပ်ရာအရပ်ကို မမြင်သောကြောင့် “အရှင်ဘုရား- အရှင်ဘုရားတို့ကား ဆီကို ထိုင်၍ သွန်းလောင်းသလော၊ သို့မဟုတ် အိပ်၍ သွန်းလောင်းသလော”ဟု မေးလျှောက်လေ၏။ မထေရ်သည် ဆိတ်ဆိတ်သာ နေလေ၏။ ထိုအခါ ဆေးသမားသည် “အရှင်ဘုရား- ဤသို့မပြုပါလင့်၊ ရဟန်းတရား မည်သည်ကား ကိုယ်ကို မျှတသဖြင့် ပြုခြင်းငှာ တတ်ကောင်း၏။ အိပ်၍ သွန်းလောင်းတော်မူပါကုန်”ဟု အဖန်ဖန် တောင်းပန်သော် “ဒါယကာ- သင်သွားလေဦး၊ တိုင်ပင်၍ သိရအံ့”ဟု ဆေးသမားကို လွှတ်လိုက်၏။

ကိုယ်ခန္ဓာနှင့်သာ တိုင်ပင်ခြင်း

ထိုရွာ၌ မထေရ်၏ အဆွေအမျိုးတို့သည်လည်း မရှိ၊ တစ်မိသားချင်း ညီရင်းအစ်ကိုတို့သည်လည်း မရှိ၊ အဘယ်သူနှင့် တိုင်ပင်အံ့နည်း၊ ကရဇကာယနှင့် အတူတကွ တိုင်ပင်လိုသည်ဖြစ်၍ “ငါ့ရှင် ပါလိတ- သင်သည် ဆိုလော့၊ သင်ကား မျက်စိတို့ကိုပင် ကြည့်အံ့လော၊ သို့တည်းမဟုတ် ဘုရားရှင်သာသနာတော်ကို ကြည့်အံ့လော၊ အစမထင်သော သံသရာဝဋ်၌ သင်၏ မျက်စိကန်းခြင်းကို ရေတွက်နိုင်ခြင်းမည်သည် မရှိ၊ အရာ,အထောင်မက များပြားလှစွာသော ဘုရားတို့သည် လွန်လေကုန်ပြီ၊ ထိုဘုရားတို့တွင် တစ်ဆူသော ဘုရားရှင်သည်လည်း မျက်စိကန်းခြင်းကို ပိုင်းခြားတော်မမူနိုင်၊ ယခုအခါ ငါသည် ဤဝါတွင်းသုံးလပတ်လုံး မအိပ်ဘဲနေတော့အံ့ဟု ဆောက်တည်၍ ဝါတွင်းသုံးလပတ်လုံး မပြတ်လျှင် လုံ့လပြုတော့အံ့၊ ထို့ကြောင့် သင်ပါလိတ၏ မျက်စိတို့သည် ပျက်မူလည်း ပျက်စေကုန်၊ ကွဲမူလည်း ကွဲစေကုန်၊ ဘုရားရှင်၏ ဆုံးမခြင်းကိုသာ ဆောင်ယူလေလော့၊ မျက်စိကို မဆောင်ယူလေလင့်”၊ ဤသို့တိုင်ပင်၍ မဟာဘုတ်လေးပါးလျှင် မှီရာရှိသော ကိုယ်ကို ဆုံးမတော်မူလိုသော မဟာပါလမထေရ်သည် ဤဂါထာတို့ကို ရွတ်ဆိုလေ၏။

မိမိကိုယ်ကိုသာ ဆုံးမ

စက္ခူနိ ဟာယန္တု မမာယိတာနိ၊
သောတာနိ ဟာယန္တု၊ တထေဝ ကာယော။
သဗ္ဗမ္ပိဒံ ဟာယတု ဒေဟနိဿိတံ၊
ကိံ ကာရဏာ ပါလိတ တွံ ပမဇ္ဇသိ။
စက္ခူနိ ဇီရန္တု မမာယိတာနိ၊
သောတာနိ ဇီရန္တု တထေဝ ကာယော။
သဗ္ဗမ္ပိဒံ ဇီရတု ဒေဟနိဿိတံ၊
ကိံ ကာရဏာ ပါလိတ တွံ ပမဇ္ဇသိ။
စက္ခူနိ ဘိဇ္ဇန္တု မမာယိတာနိ၊
သောတာနိ ဘိဇ္ဇန္တု တထေဝ ကာယော။
သဗ္ဗမ္ပိဒံ ဘိဇ္ဇတု ဒေဟနိဿိတံ၊
ကိံ ကာရဏာ ပါလိတ တွံ ပမဇ္ဇသိ။

ပါလိတ၊ ငါ့ရှင်ပါလိတ။ မမာယိတာနိ၊ မရက်မစက် နှစ်သက် မြတ်နိုးအပ်ကုန်သော။ စက္ခူနိ၊ မျက်စိတို့သည်။ ဟာယန္တု၊ ဆုတ်ယုတ်မူလည်း ဆုတ်ယုတ်စေကုန်။ သောတာနိ၊ နားတို့သည်။ ဟာယန္တု၊ ဆုတ်ယုတ်မူလည်း ဆုတ်ယုတ်စေကုန်။ တထေဝ၊ ထို့အတူပင်။ ကာယော၊ ဤခန္ဓာကိုယ်သည်လည်းကောင်း။ ဒေဟနိဿိတံ၊ ခန္ဓာကိုယ်ကို မှီ၍ဖြစ်သော။ ဣဒံ သဗ္ဗမ္ပိ၊ ဤအလုံးစုံသော အင်္ဂါကြီးငယ် အစုသည်လည်းကောင်း။ ဟာယတု၊ ဆုတ်ယုတ်မူလည်း ဆုတ်ယုတ်စေ။ ကိံ ကာရဏာ၊ အဘယ်အကြောင်းကြောင့်။ တွံ၊ သင်သည်။ ပမဇ္ဇသိ၊ မေ့လျော့ရမည်နည်း။

ပါလိတ၊ ငါ့ရှင်ပါလိတ။ မမာယိတာနိ၊ မရက်မစက် နှစ်သက် မြတ်နိုးအပ်ကုန်သော။ စက္ခူနိ၊ မျက်စိတို့သည်။ ဇီရန္တု၊ ဆွေးမူလည်း ဆွေးမြည့်စေကုန်။ သောတာနိ၊ နားတို့သည်။ ဇီရန္တု၊ ဆွေးမူလည်း ဆွေးမြည့်စေကုန်။ တထေဝ၊ ထို့အတူပင်။ ကာယော၊ ဤခန္ဓာကိုယ်သည်လည်းကောင်း။ ဒေဟနိဿိတံ၊ ခန္ဓာကိုယ်ကို မှီ၍ဖြစ်သော။ ဣဒံ သဗ္ဗမ္ပိ၊ ဤအလုံးစုံသော အင်္ဂါကြီးငယ် အစုသည်လည်းကောင်း။ ဇီရတု၊ ဆွေးမူလည်း ဆွေးမြည့်စေ။ ကိံ ကာရဏာ၊ အဘယ်အကြောင်းကြောင့်။ တွံ၊ သင်သည်။ ပမဇ္ဇသိ၊ မေ့လျော့ရမည်နည်း။

ပါလိတ၊ ငါ့ရှင်ပါလိတ။ မမာယိတာနိ၊ မရက်မစက် နှစ်သက် မြတ်နိုးအပ်ကုန်သော။ စက္ခူနိ၊ မျက်စိတို့သည်။ ဘိဇ္ဇန္တု၊ ကွဲမူလည်း ကွဲပျက်စေကုန်။ သောတာနိ၊ နားတို့သည်။ ဘိဇ္ဇန္တု၊ ကွဲမူလည်း ကွဲပျက်စေကုန်။ တထေဝ၊ ထို့အတူပင်။ ကာယော၊ ဤခန္ဓာကိုယ်သည်လည်းကောင်း။ ဒေဟနိဿိတံ၊ ခန္ဓာကိုယ်ကို မှီ၍ဖြစ်သော။ ဣဒံ သဗ္ဗမ္ပိ၊ ဤအလုံးစုံသော အင်္ဂါကြီးငယ် အစုသည်လည်းကောင်း။ ဘိဇ္ဇတု၊ ကွဲမူလည်း ကွဲပျက်စေ။ ကိံ ကာရဏာ၊ အဘယ်အကြောင်းကြောင့်။ တွံ၊ သင်သည်။ ပမဇ္ဇသိ၊ မေ့လျော့ရမည်နည်း။

ဆေးဆရာ လက်လွှတ်

ဤသို့ သုံးဂါထာတို့ဖြင့် မိမိကိုယ်ကို ဆုံးမဩဝါဒပေးကာ ထိုင်လျက်သာ နှာနှပ်ခြင်းကိုပြု၍ ရွာသို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူ၏။ ဆေးဆရာသည် ထိုအရှင် မဟာပါလ မထေရ်ကိုမြင်လျှင် “အရှင်ဘုရား- နှာနှပ်ခြင်းအမှုကို ပြုလေပြီလော”ဟု မေးလျှောက်၏။ “ဒါယကာ-ပြုလေပြီ”ဟု ဆိုလျှင် “အရှင်ဘုရား- အသို့ရှိပါသနည်း”ဟု မေးလျှောက်သော် “ဒါယကာ- နာကျင်မြဲ နာကျင်သည်သာလျှင်တည်း”ဟု ဆို၏။ “အရှင်ဘုရား- အရှင်ဘုရားတို့သည် ထိုင်၍ နှာနှပ်သလော၊ အိပ်၍ နှာနှပ်သလော”ဟု မေးလျှောက်သော် မထေရ်သည် ဆိတ်ဆိတ်နေတော်မူ၏။ အဖန်ဖန် မေးပါသော်လည်း မထေရ်သည် တစ်စုံတစ်ခွန်းသောစကားကိုမျှ မဆိုဘဲ ဆိတ်ဆိတ်သာလျှင် နေတော်မူ၏။ ထိုအခါ မဟာပါလမထေရ်ကို ဆေးဆရာသည် “အရှင်ဘုရားတို့- အရှင်ဘုရားတို့ကား လျောက်ပတ်သည်ကို မပြုကုန်၊ ယနေ့မှ အစပြု၍ ငါ့အား ဤမည်သော ဆေးဆရာသည် မျက်စဉ်းဆီကို ချက်အပ်၏ဟု မဆိုပါလင့်။ တပည့်တော်သည်လည်း အရှင်ဘုရားတို့၏ အကျိုးငှာ မျက်စဉ်းဆီကို ချက်အပ်၏ဟု မဆိုတော့ပါ”ဟု လျှောက်လေ၏။

ဆေးဆရာ လက်လွှတ်သော်လည်း စိတ်ဓာတ်မကျ

ထိုမဟာပါလမထေရ်သည် ဆေးဆရာ လက်လွှတ်အပ်သည် ဖြစ်ရကား ကျောင်းသို့သွား၍ “ရဟန်း- သင့်ကို ဆေးဆရာကလည်း လက်လွှတ်အပ်လေပြီ၊ သင်သည် ဣရိယာပုထ်ကို မစွန့်လေနှင့်”ဟု မိမိကိုယ်ကို မိမိ ဆုံးမဩဝါဒ ပေးလိုရကား ဤဂါထာကို ဆို၏။

ပဋိက္ခိတ္တော တိကိစ္ဆာယ၊ ဝေဇ္ဇေနာပိ ဝိဝဇ္ဇိတော။
နိယတော မစ္စုရာဇဿ၊ ကိံ ပါလိတ ပမဇ္ဇသိ။

ပါလိတ၊ ငါ့ရှင် ပါလိတ။ တယာ၊ သင်သည်။ တိကိစ္ဆာယ၊ ဆေးကုခြင်းငှာ။ ပဋိက္ခိတ္တော၊ ပယ်စွန့်အပ်ပြီ။ ဝေဇ္ဇေနာပိ၊ ဆေးဆရာသည်လည်း။ ဝိဝဇ္ဇိတော၊ စွန့်ပစ်အပ်ပြီ။ မစ္စုရာဇဿ၊ သေမင်းသည်။ နိယတော၊ မှတ်အပ် စာရင်းယူအပ်ပြီ။ ပါလိတ၊ ငါ့ရှင်ပါလိတ။ တွံ၊ သင်သည်။ ကိံ ပမဇ္ဇသိ၊ အဘယ့်ကြောင့် မေ့လျော့ရအံ့နည်း။

သုက္ခဝိပဿက ရဟန္တာဖြစ်ခြင်း

ဤဂါထာဖြင့် မိမိကိုယ်ကို ဆုံးမ၍ ရဟန်းတရားကို အားထုတ်တော်မူ၏။ ထိုအခါ ထိုမဟာပါလ မထေရ်အား သန်းခေါင်ယံလွန်သည်ရှိသော် မျက်စိတို့သည်လည်းကောင်း၊ ကိလေသာတို့သည်လည်းကောင်း မရှေးမနှောင်း တစ်ပြိုင်တည်း ကွဲပျက်ကုန်ခန်းခြင်းသို့ ရောက်ကုန်၏။ ထိုမဟာပါလ မထေရ်သည် သုက္ခဝိပဿက ရဟန္တာဖြစ်၍ တိုက်ခန်းတွင်းသို့ဝင်လျက် နေတော်မူ၏။ (ဤမှအစပြု၍ စက္ခုပါလမထေရ်ဟု တွင်သည်။)

အားလုံး ရဟန္တာဖြစ်

ရဟန်းတို့သည် ဆွမ်းခံချိန်အခါ၌ လာကုန်ပြီးလျှင် “ဆွမ်းခံချိန် တန်ပါပြီဘုရား”ဟု လျှောက်ကြကုန်၏။ “ငါ့ရှင်တို့- အခါတန်ပြီလော”ဟု မေးလျှင် “အရှင်ဘုရား- တန်ပါပြီ”ဟု လျှောက်သော် “ထိုသို့ဖြစ်လျှင် သွားကြကုန်လော့”ဟု မိန့်တော်မူ၏။ “အရှင်ဘုရား- အရှင်ဘုရားတို့သည်ကား အသို့နည်း”ဟု လျှောက်ကြကုန်သည်ရှိသော် “ငါ့ရှင်တို့- ငါ၏မျက်စိတို့ ကွယ်ကုန်ပြီ”ဟု ဆို၏။ ထိုရဟန်းတို့သည် စက္ခုပါလမထေရ်၏ မျက်စိတို့ကိုကြည့်၍ မျက်ရည်တို့ဖြင့်ပြည့်သော မျက်စိရှိကုန်လျက် “အရှင်ဘုရား- ထွေထွေရာရာ မကြံပါကုန်လင့်၊ တပည့်တော်တို့သည် အရှင်ဘုရားတို့အား လုပ်ကျွေးပါကုန်အံ့”ဟု လျှောက်ပြီးလျှင် မထေရ်ကို နှစ်သိမ့်စေလျက် ပြုသင့်ပြုထိုက်သော ဝတ်ကြီးဝတ်ငယ်ကိုပြု၍ ရွာသို့ ဆွမ်းအလို့ငှာ ဝင်လေကုန်၏။ လူတို့သည် အရှင်စက္ခုပါလ မထေရ်ကို မမြင်သောကြောင့် “အရှင်ဘုရားတို့- တပည့်တော်တို့၏ အရှင်မြတ်သည် အဘယ်မှာနည်း”ဟု မေးလျှောက်သော် ထိုအကြောင်းကို ပြောကြားကုန်၏။ ဒါယကာတို့သည် ထိုစကားကိုကြားလျှင် ယာဂုကိုပို့စေ၍ ကိုယ်တိုင် ဆွမ်းကို ယူသွားပြီးလျှင် မထေရ်ကို ရှိခိုးလျက် ခြေရင်း၌ လူးလှိမ့်လျက် ငိုကြွေးကုန်ပြီးမှ “အရှင်ဘုရား- တပည့်တော်တို့သည် အရှင်ဘုရားတို့အား လုပ်ကျွေးပါကုန်အံ့၊ အရှင်ဘုရားတို့သည် ထွေထွေရာရာ မကြံပါကုန်လင့်”ဟု နှစ်သိမ့်စေလျက် ဖဲသွားကြကုန်၏။ ထိုနေ့မှစ၍လည်း အမြဲသာလျှင် ယာဂုဆွမ်းကို ကျောင်းသို့ပို့စေကုန်၏။ မထေရ်သည်လည်း မိမိမှတစ်ပါး ခြောက်ကျိပ်သော ရဟန်းတို့အား မပြတ် ဆုံးမဩဝါဒကို ပေးတော်မူ၏။ ထိုခြောက်ကျိပ်သော ရဟန်းတို့သည် အရှင်စက္ခုပါလ မထေရ်မြတ်၏ အဆုံးအမ၌တည်၍ သီတင်းကျွတ်လပြည့် ပဝါရဏာနေ့ နီးသောအခါ ထိုအလုံးစုံသော ရဟန်းတို့သည် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။

ဘုရားရှင်ထံ ဖူးမြော်ရန် ကြွသွားကြခြင်း

ထိုရဟန်းတို့သည် ဝါကျွတ်ကုန်ပြီးသော် မြတ်စွာဘုရားကို ဖူးမြင်လိုကုန်သည်ဖြစ်၍ မထေရ်၏အထံသို့ သွားပြီးလျှင် “အရှင်ဘုရား- မြတ်စွာဘုရားကိုဖူးမြင်ခြင်းငှာ အလိုရှိပါကုန်၏”ဟု လျှောက်ကြကုန်၏။ အရှင်စက္ခုပါလမထေရ်သည် ထိုရဟန်းတို့၏စကားကို ကြား၍ “ငါကား အားနည်း၏၊ ခရီးအကြား၌လည်း ဘီလူးတို့ သိမ်းဆည်းအပ်သော တောအုပ်သည် ရှိ၏၊ ငါကား ထိုရဟန်းတို့နှင့် အတူတကွ သွားသည်ရှိသော် အလုံးစုံသော ရဟန်းတို့သည် ပင်ပန်းကုန်လတ္တံ့၊ ဆွမ်းကိုရခြင်းငှာလည်း မတတ်နိုင်ကုန်လတ္တံ့၊ ဤရဟန်းတို့ကို ရှေးဦးစွာ စေလွှတ်အံ့”ဟု ကြံစည်ဆင်ခြင်၍ ထိုရဟန်းတို့ကို “ငါ့ရှင်တို့- သင်တို့သည် ရှေးဦးစွာ သွားနှင့်ကြကုန်လော့”ဟု ဆိုလေ၏။ “အရှင်ဘုရားတို့သည်ကား ဘယ်အခါ ကြွလာပါအံ့နည်း”ဟု မေးလျှောက်သော် “ငါကား အားနည်း၏၊ ခရီးအကြား၌လည်း ဘီလူးတို့ သိမ်းဆည်းအပ်သော တောအုပ်သည် ရှိ၏၊ ငါကား သင်တို့နှင့် အတူတကွ သွားသည်ရှိသော် အလုံးစုံသော ရဟန်းတို့သည် ပင်ပန်းကုန်လတ္တံ့၊ သင်တို့သည်သာ ရှေးဦးစွာ သွားနှင့်ကြကုန်လော့”ဟု ဆိုလေ၏။ “အရှင်ဘုရား- ဤသို့ မပြုပါလင့်၊ တပည့်တော်တို့သည် အရှင်ဘုရားတို့နှင့် အတူတကွ သွားပါကုန်အံ့”ဟု လျှောက်ကုန်၏။ “ငါ့ရှင်တို့- သင်တို့သည် ငါနှင့်အတူ သွားခြင်းကို မနှစ်သက်ကြကုန်လင့်၊ ဤသို့ နှစ်သက်သည်ရှိသော် ငါ့အား မချမ်းသာခြင်းသည် ဖြစ်လတ္တံ့”ဟု မိန့်တော်မူပြီး၍ “ငါ့ညီသည် သင်တို့ကိုမြင်လျှင် ငါ၏အကြောင်းကို မေးလျှောက်လတ္တံ့၊ ထိုသို့ မေးသောအခါ ငါ့ညီအား ငါ၏ မျက်စိ ကွယ်သောအဖြစ်ကို ပြောကြားကုန်လော့၊ ထိုငါ့ညီသည် ငါ၏အထံသို့ တစ်စုံတစ်ယောက်သောသူကို စေလွှတ်လတ္တံ့၊ ထိုစေလွှတ်အပ်သောသူနှင့် အတူတကွ ငါလာခဲ့အံ့၊ သင်တို့သည် ငါ့စကားဖြင့် မြတ်စွာဘုရားကိုလည်းကောင်း၊ ရှစ်ကျိပ်သော မဟာသာဝက မထေရ်ကြီးတို့ကိုလည်းကောင်း ရှိခိုးကြကုန်လော့”ဟု မှာ၍ ထိုရဟန်းတို့ကို လွှတ်လိုက်လေ၏။

ပါလိတကို စေလွှတ်ခြင်း

ထိုရဟန်းတို့သည် စက္ခုပါလမထေရ်ကို ကန်တော့ကြကုန်၍ ရွာတွင်းသို့ဝင်ကုန်သော် လူတို့သည် ရဟန်းတို့ကိုမြင်လျှင် သီတင်းသုံးနေထိုင်စေ၍ ဆွမ်းကိုလှူပြီးမှ “အရှင်ဘုရားတို့- အရှင်ဘုရားတို့အား သွားအံ့သော အခြင်းအရာသည် ထင်၏”ဟု လျှောက်ကုန်၏။ “ဪ... ဟုတ်ပေ၏ ဒါယကာတို့၊ ငါတို့သည် မြတ်စွာဘုရားကို ဖူးမြင်လိုကုန်၏”ဟု ဆိုကုန်သော် ထိုဒါယကာတို့သည် အဖန်ဖန် တောင်းပန်သော်လည်း ရဟန်းတို့၏ ကြွသွားလိုခြင်းကိုသာလျှင် သိရသဖြင့် လိုက်ပို့၍ ငိုကြွေးကာ ပြန်လာကြကုန်၏။ ထိုရဟန်းတို့သည်လည်း အစဉ်သဖြင့် သွားသည်ရှိသော် ဇေတဝန်ကျောင်းတော်သို့ ရောက်၍ မြတ်စွာဘုရားကိုလည်းကောင်း၊ ရှစ်ကျိပ်သော မဟာသာဝက မထေရ်ကြီးတို့ကိုလည်းကောင်း အရှင်စက္ခုပါလ မထေရ်၏စကားဖြင့် ရှိခိုး၍ တစ်ဖန် မိုးသောက်သောနေ့၌ မထေရ်၏ညီ သူကြွယ်နေရာ လမ်းခရီးသို့ ဆွမ်းအလို့ငှာ ဝင်ကြကုန်၏။ ညီ စူဠပါလသူကြွယ်သည် ထိုရဟန်းတို့ကို သိ၍ နေရာ၌ နေစေပြီးသော် ပဋိသန္ထာရ နှုတ်ဆက်စကား ပြောကြားပြီးမှ “အရှင်ဘုရားတို့- တပည့်တော်၏ နောင်တော်မထေရ်သည် အဘယ်မှာနည်း”ဟု မေးလျှောက်၏။ ထိုအခါ ထိုသူကြွယ်အား ရဟန်းတို့သည် ထိုအကြောင်းကို ပြောကြားကုန်၏။ သူကြွယ်သည် ထိုစကားကို ကြား၍ ရဟန်းတို့၏ ခြေရင်း၌ လူးလှိမ့်ကာ ငိုကြွေးလျက် “အရှင်ဘုရားတို့- ယခုအခါ အဘယ်သို့ ပြုရပါအံ့နည်း”ဟု မေးလျှောက်၏။ “အရှင် စက္ခုပါလမထေရ်သည် အသင်၏ထံမှ တစ်စုံတစ်ယောက်သောသူ၏ လာခြင်းကို တောင့်တ၏၊ ထိုတစ်စုံတစ်ယောက်သောသူ ရောက်သွားသောကာလ ထိုသူနှင့်အတူတကွ လာလတ္တံ့”ဟု ပြောကြားကုန်၏။ “အရှင်ဘုရားတို့- ဤသူငယ်သည်ကား တပည့်တော်၏ တူဖြစ်သော ပါလိတ အမည်ရှိသောသူ ဖြစ်ပါသည်၊ ထိုသူငယ်ကို စေလွှတ်တော်မူကြပါလော့”ဟု လျှောက်သော် “ဤသို့သော အသွင်အပြင်ဖြင့် စေလွှတ်ခြင်းငှာ မစွမ်းနိုင်၊ ခရီးအကြား၌ ဘေးရန်များ၏၊ ထိုပါလိတကို သာမဏေပြု၍ စေလွှတ်ခြင်းငှာ သင့်၏”ဟုဆိုလျှင် “အရှင်ဘုရားတို့- ထိုသို့ပြု၍ စေလွှတ်တော်မူကြပါလော့”ဟု လျှောက်ဆို၏။ ထိုအခါ ပါလိတကို ရှင်ပြု၍ လခွဲမျှ သပိတ်,သင်္ကန်း ကိုင်ပုံ,ယူပုံ စသည်တို့ကို သင်စေပြီးမှ ခရီးကို ညွှန်ကြား၍ စေလွှတ်ကုန်၏။ ပါလိတ သာမဏေသည် အစဉ်သဖြင့် ထိုရွာသို့ရောက်၍ ရွာတံခါး၌ တစ်ယောက်သော သူအိုကို မြင်၍ “ဤရွာကိုမှီလျက် တစ်စုံတစ်ခုသော တောကျောင်းသည် ရှိသလော”ဟု မေး၏။ “အရှင်ဘုရား- ရှိပါ၏”ဟု ဆိုသော် “ဤကျောင်း၌ အဘယ်မျှသော အရှင်မြတ် နေသနည်း”ဟု မေးမြန်း၏။ “အရှင်ဘုရား- ပါလိတ အမည်ရှိသော မထေရ်သည် နေ၏”ဟု ဆိုသော် “ငါ့အား သွားရန်ခရီးကို ညွှန်ကြားလော့”ဟု ဆို၏။ “အရှင်ဘုရား- အရှင်ဘုရားသည် အဘယ်ပုဂ္ဂိုလ်ဖြစ်သနည်း”ဟု မေးသော် “အရှင်ပါလိတ မထေရ်၏ တူဖြစ်၏”ဟု ဆို၏။ ထိုအခါ သာမဏေကို ပင့်ခေါ်၍ ကျောင်းသို့ ဆောင်လေ၏။

သာဝတ္ထိပြည်သို့ စက္ခုပါလထေရ် ပြန်ကြွခြင်း

ထိုသာမဏေသည် မထေရ်မြတ်ကို ရှိခိုးပြီး၍ လခွဲမျှပတ်လုံး ဝတ်ကြီးဝတ်ငယ်ကို ပြုလျက် မထေရ်ကို ကောင်းစွာ လုပ်ကျွေးပြုစုပြီးလျှင် “အရှင်ဘုရား- တပည့်တော်ဦးရီး သူကြွယ်သည် အရှင်ဘုရားတို့၏ ကြွလာခြင်းကို တောင့်တ၏၊ ကြွတော်မူပါ၊ သွားကြပါကုန်အံ့”ဟု လျှောက်ဆို၏။ “ထိုသို့ဖြစ်မူ ဤငါ၏ တောင်ဝှေးစွန်းကို ကိုင်စွဲလော့”ဟု မိန့်တော်မူ၏။ ထိုသာမဏေသည် တောင်ဝှေးစွန်းကို ကိုင်စွဲလျက် မထေရ်နှင့် အတူတကွ ရွာတွင်းသို့ ဝင်၏။ လူတို့သည် မထေရ်ကို သီတင်းသုံးနေထိုင်စေပြီးမှ “အရှင်ဘုရား- အရှင်ဘုရားတို့၏ ကြွသွားအံ့သော အခြင်းအရာသည် ထင်သည်မဟုတ်ပါလော”ဟု မေးကြကုန်၏။ “ဟုတ်ပေ၏၊ ဒါယကာတို့- ငါကြွသွား၍ မြတ်စွာဘုရားကို ရှိခိုးပူဇော်အံ့”ဟု ဆိုသော် ထိုဒါယကာတို့သည် အထူးထူးအပြားပြားအားဖြင့် တောင်းပန်၍ မရကုန်ရကား မထေရ်ကို ထက်ဝက်သောခရီးသို့ ဆောင်ပို့ပြီးမှ လွှတ်လိုက်၍ ငိုကြွေးကာ ပြန်လည်လာကြကုန်၏။

ထင်းခွေသူမ၏ သီချင်းသံ

သာမဏေသည်လည်း မထေရ်ကို တောင်ဝှေးစွန်းဖြင့် ယူဆောင်၍ သွားသည်ရှိသော် ခရီးအကြား တောအုပ်၌ မထေရ်အရှင်သည် ရှေးက အမှီပြု၍ သီတင်းသုံးခဲ့ဖူးသော ကဋ္ဌနဂရမည်သော ရွာတစ်ရွာသို့ ရောက်လေ၏။ ထိုရွာမှထွက်၍ တော၌ သီချင်းဆိုလျက် ထင်းခွေနေသော မိန်းမတစ်ယောက်၏ သီချင်းသံကို သာမဏေသည်ကြား၍ အသံ၌ နှစ်သက်စွဲလမ်းလေ၏။

ထို့ကြောင့် မြတ်စွာဘုရားသည်-

“နာဟံ ဘိက္ခဝေ အညံ ဧကသဒ္ဒမ္ပိ သမနုပဿာမိ၊ ယော ဧဝံ ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ၊ ယထယိဒံ ဘိက္ခဝေ ဣတ္ထိသဒ္ဒေါ”ဟု ဟောတော်မူ၏။

အဓိပ္ပာယ်ကား-

ချစ်သားရဟန်းတို့- ယောက်ျား၏စိတ်ကို သိမ်းသွင်း ဆွဲယူနိုင်သော မိန်းမအသံနှင့်တူသော တစ်ခုသော အသံကိုမျှလည်း ငါဘုရား မြင်တော်မမူ ဟူလိုသည်။

သာမဏေသည် ထိုအသံ၌ စွဲလမ်းသည်ဖြစ်၍ တောင်ဝှေးစွန်းကို စွန့်လွှတ်ပြီးလျှင် “အရှင်ဘုရား- တပည့်တော်အား ပြုဖွယ်ကိစ္စ ရှိပါသေးသည်၊ ရပ်တန့်တော်မူပါဦးလော့”ဟု ခွင့်တောင်း၍ ထိုမိန်းမထံသို့ သွားလေ၏။ ထိုမိန်းမသည်လည်း သာမဏေကိုမြင်လျှင် တိတ်တဆိတ်နေ၏။ သာမဏေသည် ထိုမိန်းမနှင့်အတူတကွ သီလပျက်စီးခြင်းသို့ ရောက်လေ၏။

သေလျှင် သေပစေ၊ သူယုတ်နှင့်အတူ ခရီးမသွား

မထေရ်သည် “ယခုပင် တစ်ခုသော သီချင်းသံကို ကြားအပ်၏။ ထိုကြားသော မိန်းမ၏အသံသည်လည်း ပျောက်ခဲ့ပြီ။ သာမဏေသည်လည်း ကြာမြင့်ခဲ့၏။ ထိုသာမဏေသည် ထိုမိန်းမနှင့် အတူတကွ သီလပျက်စီးခြင်းသို့ ရောက်သည် ဖြစ်လတ္တံ့”ဟု ဆင်ခြင်တော်မူ၏။ သာမဏေသည်လည်း မိမိကိစ္စကို ပြီးစေ၍ လာပြီးလျှင် “အရှင်ဘုရား- သွားပါကုန်အံ့”ဟု လျှောက်၏။ ထိုအခါ သာမဏေကို မထေရ်သည် “သာမဏေ- သင်ကား အယုတ်တမာ ဖြစ်ခဲ့ပြီလော”ဟု မေး၏။ သာမဏေသည် ဆိတ်ဆိတ်နေသည်ဖြစ်၍ မထေရ်မြတ်သည် အဖန်ဖန်အထပ်ထပ် မေးသော်လည်း တစ်စုံတစ်ခွန်းသော စကားကိုမျှ ပြန်၍မဆို။ ထိုအခါ သာမဏေကို မထေရ်သည် “အသင်ကဲ့သို့ ယုတ်မာသော အကျင့်ရှိသောသူသည် ငါ၏ တောင်ဝှေးစွန်းကို ဆွဲကိုင်ဖွယ်ကိစ္စ မရှိ”ဟု မိန့်ဆိုသော် ထိုသာမဏေသည် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ သင်္ကန်းတို့ကိုပယ်၍ လူ၏အသွင်ဖြင့် ဝတ်ပြီးလျှင် “အရှင်ဘုရား- တပည့်တော်သည် ရှေး၌ သာမဏေပါတည်း၊ ယခုအခါ လူဖြစ်ပါပြီ၊ တပည့်တော်သည် သာမဏေပြုသော်လည်း သဒ္ဓါတရားဖြင့် ပြုသည်မဟုတ်၊ လမ်းခရီး၌ ဖြစ်ပေါ်မည့်ဘေးကို ကြောက်သဖြင့် သာမဏေပြုရပါ၏၊ အရှင်ဘုရား- ကြွပါလော့၊ သွားပါအံ့”ဟု လျှောက်ဆို၏။ “ငါ့ရှင်- လူယုတ်မာသည်လည်းကောင်း၊ ရှင်ယုတ်မာသည်လည်းကောင်း အတူတူ ယုတ်မာသည်သာတည်း၊ သင်သည် ရဟန်းသာမဏေအဖြစ်၌ တည်ပါလျက်လည်း သီလကိုမျှ ဖြည့်ခြင်းငှာ မတတ်နိုင်၊ လူဖြစ်၍ကား ကောင်းသောအကျင့်ကို အသို့ ကျင့်နိုင်အံ့နည်း၊ အသင်ကဲ့သို့ ယုတ်မာသော အကျင့်ရှိသောသူသည် ငါ၏ တောင်ဝှေးစွန်းကို ဆွဲကိုင်ဖွယ် ကိစ္စမရှိ”ဟု မိန့်တော်မူ၏။ “အရှင်ဘုရား ဤတောလမ်းခရီးသည် ဘီလူးဘေးရန် ရှိ၏၊ အရှင်ဘုရားတို့သည်လည်း မျက်စိနှစ်ဖက် ကွယ်ပျောက်ကုန်၏၊ ခရီးညွှန်လည်း မရှိ၊ အဘယ်ပုံဖြင့် ဤအရပ်၌ နေတော်မူပါအံ့နည်း”ဟု နားတော်လျှောက်သောအခါ ထိုသူကို မထေရ်သည် “ငါ့ရှင်- သင်သည် ဤသို့မကြံလင့်၊ ဤအရပ်၌ပင် အိပ်၍ သေရမူလည်း သေပစေ၊ ထိုမှဤမှ လူးလှိမ့်ရမူလည်း လူးလှိမ့်ရပစေ၊ ငါ့အား သင်နှင့်အတူတကွ သွားခြင်းမည်သည် မရှိပြီ”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ရွတ်လေ၏။

ဟန္ဒာဟံ ဟတစက္ခုသ္မိ၊ ကန္တာရဒ္ဓါန မာဂတော။
သေယျမာနော န ဂစ္ဆာမိ၊ နတ္ထိ ဗာလေ သဟာယတာ။
ဟန္ဒာဟံ ဟတစက္ခုသ္မိ၊ ကန္တာရဒ္ဓါန မာဂတော။
မရိဿာမိ နော ဂမိဿာမိ၊ နတ္ထိ ဗာလေ သဟာယတာ။

အဟံ၊ ငါသည်။ ဟန္ဒ၊ ယခုအခါ၌။ ဟတစက္ခု၊ ပျက်စီးချွတ်ယွင်းသော မျက်စိရှိသည်။ အသ္မိ၊ ဖြစ်၏။ ကန္တာရဒ္ဓါနံ၊ အဓွန့်ရှည်ဝေး ဘီလူးဘေးရှိသော ခရီးခဲသို့။ အာဂတော၊ ရောက်လာ၏။ သေယျမာနော၊ အိပ်သော်လည်း အိပ်ရပစေ။ န ဂစ္ဆာမိ၊ ငါမသွားအံ့။ ဗာလေ၊ သူမိုက်၏။ သဟာယတာ၊ အဆွေခင်ပွန်း၏ အဖြစ်သည်။ နတ္ထိ၊ မရှိ။

အဟံ၊ ငါသည်။ ဟန္ဒ၊ ယခုအခါ၌။ ဟတစက္ခု၊ ပျက်စီးချွတ်ယွင်းသော မျက်စိရှိသည်။ အသ္မိ၊ ဖြစ်၏။ ကန္တာရဒ္ဓါနံ၊ အဓွန့်ရှည်ဝေး ဘီလူးဘေးရှိသော ခရီးခဲသို့။ အာဂတော၊ ရောက်လာ၏။ မရိဿာမိ၊ သေအံ့။ နော ဂမိဿာမိ၊ ငါမသွားအံ့။ ဗာလေ၊ သူမိုက်၏။ သဟာယတာ၊ အဆွေခင်ပွန်း၏ အဖြစ်သည်။ နတ္ထိ၊ မရှိ။

သာမဏေသည် ထိုစကားကိုကြားလျှင် ထိတ်လန့်ခြင်း ရှိသည်ဖြစ်၍ “ငါသည် မဆင်မခြင် အဆောတလျင် မလျော်သော အမှုကို ပြုမိခြင်းသည် ဝန်လေးလေစွတကား”ဟု လက်မြှောက်ကာ ငိုကြွေးမြည်တမ်းလျက် တောအုပ်သို့ ပြေးဝင်၍ ဖဲသွား တိမ်းရှောင်သည်သာလျှင် ဖြစ်၏။

စက္ခုပါလမထေရ်ထံ သိကြားမင်း ချဉ်းကပ်

အရှင်စက္ခုပါလမထေရ်၏ သီလတန်ခိုးကြောင့် အလျားအားဖြင့် ယူဇနာခြောက်ဆယ်၊ အနံအားဖြင့် ယူဇနာငါးဆယ်၊ အထုအားဖြင့် တစ်ဆယ့်ငါးယူဇနာရှိ၍ လယ်ခေါင်ရန်းပန်း အဆင်းနှင့်တူသော နီမြန်းသော အဆင်းရှိသော၊ ထိုင်သောအခါ၊ ထသောအခါတို့၌ အောက်သို့ညွတ်ခြင်း၊ အထက်သို့ တက်ကြွခြင်း သဘောရှိသော သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် ပူသောအခြင်းအရာကို ပြ၏။ သိကြားမင်းသည်လည်း “အဘယ်သူသည် ငါ့ကို နေရာမှ ရွေ့စေလိုသနည်း”ဟု နတ်မျက်စိဖြင့် ကြည့်သည်ရှိသော် စက္ခုပါလ မထေရ်ကိုမြင်၏။ ထို့ကြောင့် ရှေးဆရာတို့သည် မိန့်ဆိုတော်မူကြကုန်၏။

သဟဿနေတ္တော ဒေဝိန္ဒော၊ ဒိဗ္ဗစက္ခုံ ဝိသောဓယိ။
ပါပဂရဟီ အယံ ပါလော၊ အာဇီဝံ ပရိသောဓယိ။
သဟဿနေတ္တော ဒေဝိန္ဒော၊ ဒိဗ္ဗစက္ခုံ ဝိသောဓယိ။
ဓမ္မဂရုကော အယံ ပါလော၊ နိသိန္နော သာသနေ ရတော။

သဟဿနေတ္တော၊ မျက်စိတစ်ထောင် အမြင်ဆောင်သော။ ဒေဝိန္ဒော၊ နတ်တို့ကို အစိုးရသော သိကြားမင်းသည်။ ဒိဗ္ဗစက္ခုံ၊ နတ်မျက်စိကို။ ဝိသောဓယိ၊ သုတ်သင်ပြီ။ အယံ ပါလော၊ ဤအရှင် စက္ခုပါလမထေရ်သည်။ ပါပဂရဟီ၊ အယုတ်တမာကို ကဲ့ရဲ့လေ့ရှိ၏။ အာဇီဝံ၊ ဇီဝိန်မပျက် အသက်မွေးခြင်းကို။ ပရိသောဓယိ၊ သုတ်သင်တော်မူ၏။

သဟဿနေတ္တော၊ မျက်စိတစ်ထောင် အမြင်ဆောင်သော။ ဒေဝိန္ဒော၊ နတ်တို့ကို အစိုးရသော သိကြားမင်းသည်။ ဒိဗ္ဗစက္ခုံ၊ နတ်မျက်စိကို။ ဝိသောဓယိ၊ သုတ်သင်ပြီ။ အယံ ပါလော၊ ဤအရှင် စက္ခုပါလမထေရ်သည်။ ဓမ္မဂရုကော၊ တရားကို အလေးအမြတ်ပြုသည်ဖြစ်၍။ သာသနေ၊ သုံးလူ့မြတ်စွာ သာသနာ၌။ ရတော၊ မွေ့လျော်သည်ဖြစ်၍။ နိသိန္နော၊ နေတော်မူ၏။

ထိုသို့ မထေရ်မြတ်ကို မြင်သောအခါ သိကြားမင်းအား “ငါသည် ဤသို့သဘောရှိသော၊ အယုတ်တမာကို ကဲ့ရဲ့လေ့ရှိသော၊ တရားကို အလေးအမြတ် ပြုတတ်သော အရှင်မြတ်၏အထံသို့ အကယ်၍ မသွားဘဲနေအံ့၊ ငါ၏ ဦးခေါင်းသည် ခုနှစ်စိတ် ကွဲရာ၏။ ထိုမထေရ်မြတ်၏ အထံသို့ သွားအံ့”ဟူသော အကြံသည် ဖြစ်လေ၏။

သဟဿနေတ္တော ဒေဝိန္ဒော၊ ဒေဝရဇ္ဇသိရိန္ဓရော။
တင်္ခဏေန အာဂန္တွာန၊ စက္ခုပါလ မုပါဂမိ။

ဒေ၀ရဇ္ဇသိရိန္ဓရော၊ နတ်မင်း၏ အဖြစ်တည်းဟူသော ကျက်သရေကို ဆောင်တတ်သော။ သဟဿနေတ္တော၊ မျက်စိတစ်ထောင် အမြင်ဆောင်သော။ ဒေဝိန္ဒော၊ နတ်တို့ကို အစိုးရသော သိကြားမင်းသည်။ တင်္ခဏေန၊ ထိုခဏ၌။ အာဂန္တွာန၊ လာလတ်၍။ စက္ခုပါလံ၊ အရှင်စက္ခုပါလ မထေရ်မြတ်သို့။ ဥပါဂမိ၊ ချဉ်းကပ်လေ၏။

ခရီးသည်ယောင်ဆောင် သိကြားမင်းက တောင်ဝှေးဆွဲ

ယင်းသို့ကပ်ပြီး၍ မထေရ်မြတ်၏ မနီးမဝေးသော အရပ်၌ ခြေသံကိုပြု၏။ ထိုအခါ သိကြားမင်းကို မထေရ်သည် “ဤသူကား အသူနည်း”ဟု မေးလျှင် “အရှင်ဘုရား- တပည့်တော်သည် ခရီးသွားပါတည်း”ဟု လျှောက်ဆို၏။ “ဒါယကာ၊ အဘယ်အရပ်သို့ သွားအံ့နည်း”ဟုမေးလျှင် “အရှင်ဘုရား- သာဝတ္ထိပြည်သို့ သွားပါအံ့”ဟု လျှောက်၏။ “ဒါယကာ- သွားလော့”ဟု ဆိုလျှင် “အရှင်ဘုရားကား အဘယ်အရပ်သို့ ကြွသွားအံ့နည်း”ဟု မေးလျှောက်၏။ ထိုအခါ မထေရ်ကား “ငါသည်လည်း သာဝတ္ထိပြည်သို့သာလျှင် သွားအံ့”ဟု မိန့်ဆိုတော်မူသော် “ထိုသို့ဖြစ်လျှင် အရှင်ဘုရား အတူတကွ သွားပါကုန်အံ့”ဟု လျှောက်ဆို၏။ “ဒါယကာ- ငါကား မျက်စိကွယ်သောကြောင့် အားနည်း၏၊ ငါနှင့်အတူတကွ သွားသည်ရှိသော် သင့်အား ကြာမြင့်ခြင်းသည် ဖြစ်လတ္တံ့”ဟု မိန့်တော်မူလျှင် “တပည့်တော်ကား အဆောတလျင် ပြုဖွယ်ကိစ္စသည် မရှိ၊ တပည့်တော်သည်လည်း အရှင်ဘုရားနှင့် အတူတကွ သွားရသည်ရှိသော် ဆယ်ပါးသော ပုညကြိယဝတ္ထုတို့တွင် တစ်ခုသော ပုညကြိယဝတ္ထုကို ရပါလတ္တံ့၊ ထို့ကြောင့် အရှင်ဘုရားနှင့် အတူတကွသာလျှင် သွားပါအံ့”ဟု လျှောက်၏။ မထေရ်သည်လည်း “ဤသူကား သူတော်ကောင်း ဖြစ်လတ္တံ့”ဟုကြံ၍ “ထိုသို့ဖြစ်လျှင် ဒါယကာ- ငါ၏ တောင်ဝှေးစွန်းကို ကိုင်ဆွဲလော့”ဟုဆိုသော် သိကြားမင်းသည် ထိုမထေရ်ဆိုတိုင်းပြု၍ မြေကြီးကို အကျဉ်းချုံးလျက် ညချမ်းသောအခါ ဇေတဝန်ကျောင်းတော်သို့ ရောက်စေ၏။ မထေရ်သည် ခရုသင်းသံ၊ ထက်စည်သံ စသည်တို့ကို ကြားသောကြောင့် “ဤအသံသည် အဘယ်အရပ်ကဖြစ်သော အသံနည်း”ဟု မေးတော်မူ၏။ “အရှင်ဘုရား- သာဝတ္ထိပြည်ကဖြစ်သော အသံပါတည်း”ဟု လျှောက်သော် “ငါတို့သည် ရှေး၌ သွားသောအခါ ကြာမြင့်စွာ သွားရကုန်၏”ဟု ဆိုလျှင် “အရှင်ဘုရား- တပည့်တော်သည် လမ်းဖြောင့်(ဖြတ်လမ်း)ကို သိပါ၏”ဟု လျှောက်သောခဏ၌ မထေရ်သည် “ဤသူကား လူမဟုတ်၊ နတ်ဖြစ်လတ္တံ့”ဟု စိတ်၌ မှတ်သားတော်မူလေ၏။

သဟဿနေတ္တော ဒေဝိန္ဒော၊ ဒေဝရဇ္ဇသိရိန္ဓရော။
သံခိပိတွာန တံ မဂ္ဂံ၊ ခိပ္ပံ သာဝတ္ထိ မာဂမိ။

ဒေဝရဇ္ဇသိရိန္ဓရော၊ နတ်မင်း၏ အဖြစ်တည်းဟူသော ကျက်သရေကို ဆောင်တတ်သော။ သဟဿနေတ္တော၊ မျက်စိတစ်ထောင် အမြင်ဆောင်သော။ ဒေဝိန္ဒော၊ နတ်တို့ကို အစိုးရသော သိကြားမင်းသည်။ တံ မဂ္ဂံ၊ ထိုခရီးကို။ သံခိပိတွာန၊ ချုံးလတ်၍။ သာဝတ္ထိံ၊ သာဝတ္ထိပြည်သို့။ ခိပ္ပံ၊ လျင်စွာ။ အာဂမိ၊ ရောက်လေ၏။

ထိုသိကြားမင်းသည် မထေရ်၏ သီတင်းသုံးရန်အလို့ငှာ ညီ စူဠပါလသူကြွယ် ဆောက်လုပ်အပ်သော သစ်ရွက်မိုးသော ကျောင်းသင်္ခမ်းသို့ ဆောင်၍ ပလ္လင်နေရာထက်၌ သီတင်းသုံးနေစေပြီးမှ ချစ်သော အဆွေခင်ပွန်း၏ အသွင်အပြင်ဖြင့် ထိုညီသူကြွယ်အထံသို့ သွား၍ “အချင်း စူဠပါလ”ဟု ခေါ်သဖြင့် “အချင်း- အဘယ်ကိစ္စနည်း”ဟု မေးသော်“ မထေရ်လာသည့်အဖြစ်ကို သိ၏လော”ဟုဆို၏။ “အကျွန်ုပ် မသိပါ၊ အရှင်မဟာပါလမထေရ် ရောက်လာပြီလော”ဟု မေး၏။ “အချင်း- ကြွလာတော်မူပြီ၊ ယခု ငါကား ဇေတဝန်ကျောင်းတော်သို့ သွား၍ သင်သူကြွယ် ဆောက်လုပ်အပ်သော သစ်ရွက်မိုးသော ကျောင်းသင်္ခမ်း၌ သီတင်းသုံးနေသော မထေရ်ကိုမြင်၍ လာသည်”ဟု ဆိုပြီးလျှင် ဖဲသွားလေ၏။ သူကြွယ်သည်လည်း ဇေတဝန်ကျောင်းတော်သို့ သွား၍ အရှင်စက္ခုပါလမထေရ်ကို မြင်လျှင် ခြေရင်း၌ လူးလှိမ့်ငိုကြွေးလျက် “အရှင်ဘုရား- ဤကဲ့သို့ ဒုက္ခတွေ့မည်ကို မြင်သောကြောင့် တပည့်တော်သည် အရှင်ဘုရားတို့အား (ပန်ကြားစဉ်အခါက) ရဟန်းပြုအံ့သောငှာ အခွင့်မပေး။” ဤသို့ အစရှိသော စကားတို့ကိုဆို၍ ကျွန်ငယ်နှစ်ယောက်တို့ကို တော်လှန်သည် (တော်လှန်သည် ဆိုသည်မှာကား ကျေးကျွန်မဟုတ်သော လူကောင်းတည်း။) ကို ပြုပြီးလျှင် “မထေရ်အထံ၌ ရှင်ပြု၍ မြို့တွင်းမှ ယာဂု,ဆွမ်း စသည်တို့ကိုဆောင်၍ မထေရ်ကို လုပ်ကျွေးပြုစုကြကုန်လော့”ဟု အပ်နှံဆောင်နှင်း၏။ သာမဏေ နှစ်ယောက်တို့သည်လည်း ဝတ်ကြီး ဝတ်ငယ်တို့ကို ပြုကုန်လျက် မထေရ်ကို လုပ်ကျွေးပြုစုကြကုန်၏။

တစ်နေ့သ၌ ထိုထိုအရပ်မျက်နှာတို့၌ နေကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးမြင်ကုန်အံ့ဟု ဇေတဝန်ကျောင်းတော်သို့ လာ၍ မြတ်စွာဘုရားကို ရှိခိုးပြီးနောက် ရှစ်ကျိပ်သော မဟာသာဝကတို့ကိုလည်း ရှိခိုးပြီးလျှင် ကျောင်းစဉ် ဒေသစာရီ လှည့်လည်ကြကုန်သည်ရှိသော် အရှင်စက္ခုပါလမထေရ်၏ နေရာအရပ်သို့ ရောက်၍ ဤနေရာအရပ်ကိုလည်း ကြည့်ရှုကုန်အံ့ဟု ညချမ်းအခါ အရှင်စက္ခုပါလမထေရ်၏ နေရာအရပ်သို့ မျက်နှာရှေးရှူ ပြုကြကုန်၏။ ထိုခဏ၌ မိုးကြီးသည် တက်လတ်သည်ဖြစ်၍ ထိုရဟန်းတို့သည် ယခုအခါကား အလွန်မိုးချုပ်ပြီ၊ မိုးသည်လည်း တက်၏၊ နံနက်စောစောမှလျှင် သွား၍ ကြည့်ရှုကုန်အံ့ဟု ပြန်ကြကုန်၏။ မိုးသည် ပထမယာမ်ပတ်လုံး ရွာသွန်း၍ သန်းခေါင်ယံ၌ လင်းစင်လေ၏။ မထေရ်မြတ်သည် အားထုတ်အပ်သော လုံ့လနှင့်ပြည့်စုံ၏။ မပြတ် စင်္ကြံလည်း သွားလေ့ရှိ၏။ ထို့ကြောင့် မိုးသောက်ယံ၌ စင်္ကြံသို့ သက်တော်မူ၏။

ပိုးပရံတို့ သေရမှု စက္ခုပါလထေရ်ကို ကဲ့ရဲ့

ထိုအခါ ရှေးဦးပထမ မိုးရေစွတ်စိုစဖြစ်သော မြေ၌ များစွာသော ပိုးပရံတို့သည် လှုပ်ရှား သွားလာကြကုန်၏။ ထိုပိုးပရံတို့သည် များသောအားဖြင့် အရှင်စက္ခုပါလမထေရ်သည် စင်္ကြံသွားသည်ရှိသော် ပျက်စီး သေလွန်ကုန်၏။ အတွင်းနေ တပည့်ဖြစ်သော သာမဏေတို့သည်လည်း စင်္ကြံသွားရာအရပ်ကို နံနက်စောစောကလျှင် တံမြက်မလှည်းမိကုန်၊ ထိုထို အရပ်မျက်နှာမှ လာကုန်သော ရဟန်းတို့သည် အရှင်စက္ခုပါလမထေရ်၏ နေရာအရပ်ကို ကြည့်ရှုကုန်အံ့ဟု လာလတ်သည်ရှိသော် စင်္ကြံ၌သေသော ပိုးပရံတို့ကို မြင်လျှင် “အဘယ်သူသည် ဤအရပ်၌ စကြံသွားသနည်း”ဟု မေးကြကုန်၏။ “အရှင်ဘုရားတို့- တပည့်တော်တို့၏ ဥပဇ္ဈာယ်ဆရာ အရှင်စက္ခုပါလမထေရ် စင်္ကြံသွား၏”ဟု လျှောက်ကုန်သော် ထိုအရပ်မျက်နှာမှလာသော ရဟန်းတို့သည် “ငါ့ရှင်တို့- စက္ခုပါလရဟန်း၏အမှုကို ကြည့်ရှုကြကုန်လော့၊ မျက်စိကောင်းစဉ်အခါ၌ တုံးလုံးပက်လက် အိပ်စက်လျက် တစ်စုံတစ်ခုကိုမျှ မပြုပါဘဲ ယခု မျက်စိချွတ်ယွင်းသောအခါ၌ စင်္ကြံသွားမည်ဟု ဤမျှလောက်သော ပိုးပရံတို့ကို သတ်၏၊ အကျိုးစီးပွားကို ပြုအံ့ဟုကြံလျက် အကျိုးစီးပွားမဲ့ကို ပြု၏”ဟု ကဲ့ရဲ့ကြကုန်၏။

အတိတ်ကို ဆောင်တော်မူ

ထိုနောက်မှ ရဟန်းတို့သည် သွားကြကုန်၍ ဘုရားရှင်အား “မြတ်စွာဘုရား- အရှင်စက္ခုပါလ မထေရ်သည် စင်္ကြံသွားသည်ဟူ၍ များစွာသော ပိုးပရံတို့ကိုသတ်၏”ဟု လျှောက်ကုန်၏။ “ထိုစက္ခုပါလမထေရ် သတ်သည်ကို သင်တို့ မြင်ကုန်သလော”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- မမြင်ပါကုန်”ဟု လျှောက်သော် “သင်တို့သည် စက္ခုပါလမထေရ် သတ်သည်ကို မမြင်ကုန်သကဲ့သို့၊ ထို့အတူသာလျှင် စက္ခုပါလမထေရ်သည်လည်း ထိုပိုးပရံတို့ကို မမြင်။ ချစ်သားရဟန်းတို့- ရဟန္တာတို့အား သေစေလိုသော စေတနာမည်သည် မရှိ”ဟု မိန့်တော်မူ၏။ ထိုအခါ ရဟန်းတို့သည် “မြတ်စွာဘုရား- အရဟတ္တဖိုလ်၏ ဥပနိဿယ အကြောင်းရှိပါလျက် အဘယ့်ကြောင့် မျက်စိကွယ်ပျက်ရပါသနည်း”ဟု မေးလျှောက်သော် “ချစ်သားရဟန်းတို့- မိမိပြုအပ်သော ကံ၏အစွမ်းဖြင့် မျက်စိ ကွယ်ပျက်၏”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား-- ထိုမထေရ် ပြုအပ်သော မကောင်းမှုကံသည် အဘယ်ပါနည်း”ဟု မေးလျှောက်သောကြောင့် “ချစ်သားရဟန်းတို့- ထိုသို့ဖြစ်လျှင် နာကြကုန်လော့”ဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူ၏။

စက္ခုပါလမထေရ်၏ ရှေးအတိတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ကာသိကရာဇ်မင်းသည် မင်းပြုသည်ရှိသော် တစ်ယောက်သော ဆေးသမားသည် ရွာ, နိဂုံး, ဇနပုဒ်တို့သို့သွား၍ ဆေးကုသော အမှုကိုပြုရာ မျက်စိအားနည်းသော မိန်းမတစ်ယောက်ကိုမြင်၍ “သင့်အား အဘယ်သို့သော မချမ်းသာခြင်း ဖြစ်သနည်း”ဟု မေးလေ၏။ “မျက်စိတို့ဖြင့် မမြင်ပါ”ဟု ဆိုလေသော် “သင့်အား ဆေးကုပေးအံ့”ဟု ဆို၏။ “အရှင်- ကုပါလော့”ဟု ဆိုလေသော် “ငါ့အား အဘယ်ကို ပေးအံ့နည်း”ဟု မေးမြန်း၏။ “အကျွန်ုပ်၏ မျက်စိတို့ကို ပကတိ ထင်မြင်အောင် အကယ်၍ ကုစားနိုင်သည်ဖြစ်အံ့၊ အကျွန်ုပ်သည် သားသမီးတို့နှင့်တကွ ဆရာ့ကျွန် ဖြစ်အံ့”ဟု ဆိုရကား ထိုဆေးသမားသည် “ကောင်းပြီ”ဟု ဝန်ခံလျက် ဆေးကို စီရင်လေ၏။ တစ်ကြိမ် ဆေးခတ်ကာမျှဖြင့် မျက်စိတို့သည် ပြကတေ့ ဖြစ်ကုန်၏။ ထိုမိန်းမသည် “ငါကား သားသမီးတို့နှင့် အတူတကွ ထိုဆေးသမား၏ ကျွန်ဖြစ်အံ့ဟု ဝန်ခံမိ၏။ ထိုသို့ ဝန်ခံမိသော်လည်း ငါ့ကို သိမ်မွေ့နူးညံ့သော စကားဖြင့် ပြောကြားခိုင်းစေခြင်း မဖြစ်လတ္တံ့၊ ထိုဆေးသမားကို လှည့်ပတ်အံ့”ဟု ကြံ၏။ ထိုမိန်းမသည် ဆေးသမားလာ၍ “အရှင်မ- မျက်စိနာ အသို့ရှိသနည်း”ဟု မေးသည်ရှိသော် “ရှေးအခါ ငါ၏မျက်စိတို့သည် အနည်းငယ်သာ နာကျင်ကုန်၏၊ ယခုအခါ အလွန်အမင်း နာကျင်ကုန်၏”ဟု ဆို၏။ ဆေးသမားသည် “ဤမိန်းမကား ငါ့ကို လှည့်ပတ်၍ တစ်စုံတစ်ခုကို မပေးလိုသောစိတ် ရှိ၏။ ထိုမိန်းမပေးအပ်သော ဆေးဖိုးဝါးခဖြင့် ငါ့အား အဘယ်မူအံ့နည်း၊ ယခု ထိုမိန်းမကို ကန်းအောင်ပြုအံ့”ဟု ကြံစည်လျက် အိမ်သို့သွား၍ မယားအား ထိုအကြောင်းကို ကြားသော် မယားသည် ဆိတ်ဆိတ်နေ၏။ ထိုအခါ ဆေးသမားသည် တစ်ခုသောဆေးကိုဖော်၍ ထိုမိန်းမ၏အထံသို့ သွားပြီးလျှင် “အရှင်မ- ဤဆေးကို မျက်စဉ်းခတ်လော့”ဟု ဆို၍ မျက်စဉ်းခတ်လေ၏။ နှစ်ဖက်သော မျက်စိတို့သည် ဆီမီးလျှံကဲ့သို့ တောက်ပ လောင်ကျွမ်းကုန်၏။ ထိုဆေးသမားကား စက္ခုပါလ မထေရ် ဖြစ်လာ၏။

“ချစ်သားရဟန်းတို့ ထိုစဉ်အခါက ငါ့သား စက္ခုပါလသည် ပြုအပ်သော မကောင်းမှုကံကား နောက်မှ နောက်မှ အစဉ်လိုက်၏၊ ဤမကောင်းမှုကံ မည်သည်ကား လှည်းဦးဝန်ကို ရွက်ဆောင်သော နွားလား၏ ခြေရာသို့ လှည်းဘီးသည် အစဉ်လိုက်သကဲ့သို့ အစဉ်လိုက်တတ်၏”ဟု ဤ စက္ခုပါလမထေရ်၏အကြောင်းကို ဟောတော်မူပြီး၍ အနုသန္ဓေကို ဆက်စပ်လျက် တည်စေအပ်သော ပြီးဆုံးခြင်းရှိသော သဝဏ်လွှာစာကို မင်း၏တံဆိပ် ခတ်နှိပ်သည့်အလား တရားမင်းဘုရားသည် ဤဂါထာကို ဟောတော်မူ၏။

စိတ်သာရှင်စော အဓိကဟော

֍ * [၁] မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ ဒုက္ခ မနွေတိ၊ စက္ကံ၀ ၀ဟတော ပဒံ။

ဓမ္မာ၊ နာမက္ခန္ဓာတရား သုံးပါးတို့သည်။ မနောပုဗ္ဗင်္ဂမာ၊ ဝိညာဏက္ခန္ဓာသာလျှင် ပြဋ္ဌာန်းခြင်း ရှိကုန်၏။ ဝါ၊ ဝိညာဏက္ခန္ဓာသာလျှင် ရှေ့သွားရှိကုန်၏။ မနောသေဋ္ဌာ၊ ဝိညာဏက္ခန္ဓာသာလျှင် အကြီးအမှူးရှိကုန်၏။ မနောမယာ၊ ဝိညာဏက္ခန္ဓာဖြင့် ပြီးကုန်၏။ ယော ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။ ပဒုဋ္ဌေန၊ ပြစ်မှားလိုသော။ မနသာ၊ စိတ်ဖြင့်။ စေ ဘာသတိ ဝါ၊ အကယ်၍ ဆိုမူလည်း ဆိုငြားအံ့။ စေ ကရောတိ ဝါ၊ အကယ်၍ ပြုမူလည်း ပြုငြားအံ့။ တတော၊ ထိုသို့ ပြစ်မှားလိုသောစိတ်ဖြင့် ဆိုခြင်း ပြုခြင်းကြောင့်။ နံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်သို့။ ဒုက္ခံ၊ ဆင်းရဲသည်။ အနွေတိ၊ အစဉ် လိုက်တတ်၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ စက္ကံ၊ လှည်းဘီးသည်။ ဝဟတော၊ ဝန်ကိုဆောင်သော နွားလား၏။ ပဒံ၊ ခြေရာသို့။ အနွေတိ ဣဝ၊ အစဉ်လိုက်သကဲ့သို့တည်း။

ဂါထာ၏ အဆုံး၌ သုံးသောင်းကုန်သော ရဟန်းတို့သည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။ ရောက်လာသော တရားနာပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာတော်သည် ဖြစ်လေ၏။

စက္ခုပါလမထေရ်ဝတ္ထု ပြီး၏။

֍ * ၂။ မဋ္ဌကုဏ္ဍလီသတို့သား ၀တ္ထု

မနောပုဗ္ဗင်္ဂမာ ဓမ္မာ အစရှိသော ဤဒုတိယဂါထာ ဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် မဋ္ဌကုဏ္ဍလီသတို့သားကို အကြောင်းပြု၍ ဟောတော်မူ၏။

ပုဏ္ဏားသားအဘ နှစ်ဦး

သာဝတ္ထိပြည်၌ အဒိန္နပုဗ္ဗက အမည်ရှိသော ပုဏ္ဏားသည် ရှိသတတ်။ ထိုပုဏ္ဏားသည် တစ်စုံတစ်ယောက်သောသူအား တစ်စုံတစ်ခုသော ဝတ္ထုကို ပေးဖူးသည် မရှိ။ ထို့ကြောင့် ထိုပုဏ္ဏားကို “အဒိန္နပုဗ္ဗက”ဟူ၍သာ အမည်ကို သိမှတ်ကြကုန်၏။ ထိုအဒိန္နပုဗ္ဗက ပုဏ္ဏားအား အလွန်ချစ်မြတ်နိုးအပ်သော၊ နှလုံးကိုပွားစေတတ်သော တစ်ယောက်တည်းသော သားသည် ရှိ၏။ ထိုသတို့သားအလို့ငှာ တန်ဆာလုပ်စေလိုသည်ဖြစ်၍ ရွှေပန်းထိမ်သည်တို့ကို အကယ်၍ လုပ်စေသည် ဖြစ်အံ့၊ လက်ခ စားနား ပေးရသည် ဖြစ်လတ္တံ့ဟု ကြံ၍ ကိုယ်တိုင်သာလျှင် ရွှေကိုခတ်၍ ပြေပြစ်သော (ပြောင်ချော) နားတောင်းတို့ကို ပြုလုပ်ပေး၏။ ထို့ကြောင့် ၎င်း၏သားသည် “မဋ္ဌကုဏ္ဍလီ” ဟူ၍သာ အမည်ထင်ရှား၏။

မဋ္ဌကုဏ္ဍလီ၌ ရောဂါဝေဒနာ ကပ်ရောက်ခြင်း

ထိုမဋ္ဌကုဏ္ဍလီ သတို့သား တစ်ဆယ့်ခြောက်နှစ်သို့ ရောက်သောအခါ ဖျော့တော့သော ရောဂါသည် ထင်စွာ ဖြစ်ခဲ့၏။ ထိုမဋ္ဌကုဏ္ဍလီ သတို့သား၏အမိသည် သားကိုကြည့်၍ “ပုဏ္ဏား- သင့်သားအား အနာရောဂါသည် ဖြစ်ခဲ့၏။ ထိုသူငယ်ကို ဆေးကုသပါလော့”ဟု ဆိုသော် “အို..ရှင်မ- ဆေးသမားကို အကယ်၍ ခေါ်ဆောင်သည်ဖြစ်အံ့၊ ဆေးဖိုးဝါးခ ပေးရသည် ဖြစ်လတ္တံ့၊ သင်သည် ငါ၏ ဥစ္စာပစ္စည်း ပျက်စီးကုန်ခန်းခြင်းကို မကြည့်ရှုပြီလော”ဟု ဆို၏။

ထိုသို့ ဆိုသောအခါ ပုဏ္ဏေးမသည် “အို..ပုဏ္ဏား- ထိုသို့ ဆေးဆရာတို့ဖြင့် မကုသသည်ရှိသော် အသို့ပြုမည်နည်း”ဟု မေး၏။ “ငါ၏ ဥစ္စာပစ္စည်း ပျက်စီးကုန်ခန်းခြင်း မဖြစ်သော နည်းမျိုးဖြင့် ပြုမည်”ဟု ဖြေဆိုလေ၏။

ပုဏ္ဏားကြီး ဆေးရှာထွက်ခြင်း

ထိုသို့ဆိုပြီးလျှင် ထိုအဒိန္နပုဗ္ဗက ပုဏ္ဏားသည် ဆေးသမားတို့အထံသို့ သွား၍ “အသင်တို့သည် ဤမည်သော အနာရောဂါအား အဘယ်သို့သောဆေးကို ပြုကြကုန်သနည်း”ဟု မေး၏။ ထိုအခါ ၎င်းပုဏ္ဏားအား ဆေးသမားတို့သည် ဟုတ်ဟုတ်ငြားငြား (တော်စွာ လျော်စွာ) သစ်ခေါက်သစ်ရွက် စသည်တို့ကို ပြောကြားကုန်၏။ ထိုအဒိန္နပုဗ္ဗက ပုဏ္ဏားသည် ဆေးသမားတို့ ပြောကြားအပ်သော ထိုသစ်ခေါက် သစ်ရွက် စသည်တို့ကို ဆောင်၍ မဋ္ဌကုဏ္ဍလီ သတို့သားအား ဆေးကု၏။ ဆေးကုခြင်းကို ပြုစဉ်ပင် ထိုသတို့သား၏ရောဂါသည် တိုးပွား အားကြီး၍သာ လာသဖြင့် ဆေးကုမရသောအဖြစ်သို့ ရောက်လေ၏။

ဆေးသမားတို့ စွန့်ခွာ

ပုဏ္ဏားသည် ထိုမဋ္ဌကုဏ္ဍလီ သတို့သား၏ အားနည်းသည့် အဖြစ်ကိုသိ၍ ဆေးသမားတစ်ယောက်ကို ခေါ်၏။ ထိုဆေးသမားသည် သတို့သားကို ကြည့်၍သာလျှင် “ငါတို့အား တစ်ခုသော ကိစ္စသည် ရှိ၏၊ တစ်ပါးသော ဆေးသမားကိုသာ ခေါ်၍ ကုစေပါလော့”ဟု ဆို၍ လူနာသတို့သားကို ပယ်စွန့်ကာ ထွက်သွားလေ၏။ ပုဏ္ဏားသည် ထိုသတို့သား၏ သေအံ့သောအဖြစ်ကိုသိ၍ “ဤသူငယ်ကို ကြည့်ရှုခြင်းငှာ လာကုန်သော လူတို့သည် ငါ၏ အိမ်အတွင်း၌ရှိသော ဥစ္စာနှစ်ကို တွေ့မြင်ကုန်လတ္တံ့၊ သူငယ်ကို အပသို့ ထုတ်အံ့”ဟု ကြံပြီးလျှင် သားကိုထုတ်၍ အိမ်ဦး အပြင်ပ၌ အိပ်စေ၏။

ဉာဏ်တော်ကွန်ယက် ဖြန့်ကြက်တော်မူစဉ်

ထိုနေ့၌ မြတ်စွာဘုရားသည် အလွန်စောသော နံနက် အချိန်၌ မဟာကရုဏာသမာပတ်မှ ထတော်မူ၍ ရှေးဘုရားတို့ပြုအပ်သော ကောင်းမှုရှိကုန်သော ပြန့်ပြောသော ကုသိုလ်လျှင် အရင်းရှိကုန်သော ကျွတ်ထိုက်သော ပုဂ္ဂိုလ်တို့ကို ရှုမြင်ခြင်းအကျိုးငှာ ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်ရှုတော်မူလိုသည်ဖြစ်၍ တစ်သောင်းသော စကြဝဠာတိုက်တို့၌ သဗ္ဗညုတဉာဏ်တော် တည်းဟူသော ကွန်ယက်ကို ဖြန့်တော်မူ၏။ ထိုအခါ မဋ္ဌကုဏ္ဍလီ သတို့သားသည် အိမ်ဦးအပြင်ပ၌ အိပ်သောအခြင်းအရာဖြင့်သာလျှင် ထိုသဗ္ဗညုတဉာဏ်တော်အတွင်း၌ ထင်လေ၏။ ဘုရားရှင်သည် မဋ္ဌကုဏ္ဍလီ သတို့သားကို မြင်တော်မူ၍ ထိုသတို့သားကို အိမ်အတွင်းမှထုတ်လျက် ထိုအိမ်ဦး အပြင်ပ၌ အိပ်စေသည့်အဖြစ်ကို သိတော်မူ၍ “ဤမဋ္ဌကုဏ္ဍလီ သတို့သားရှိရာအရပ်သို့ ငါဘုရား ကြွသွားခြင်းကြောင့် အကျိုးရှိလတ္တံ့လော”ဟု စူးစမ်း ဆင်ခြင်တော်မူသည်ရှိသော် ဤအကြောင်းကို မြင်တော်မူ၏။

သတ္တဝါအများ အကျွတ်တရားရအံ့

“ဤလုလင်သည် ငါ၌ စိတ်ကို ကြည်ညိုစေလျက် စုတေခြင်းကိုပြု၍ တာဝတိံသာ နတ်ပြည်၌ ယူဇနာသုံးဆယ်ရှိသော ရွှေဗိမာန်ဝယ် နတ်သမီးတစ်ထောင်ခြံရံလျက် နတ်သား ဖြစ်လတ္တံ့၊ ပုဏ္ဏားသည်လည်း ထိုမဋ္ဌကုဏ္ဍလီကို ဖုတ်ကြည်း သင်္ဂြိုဟ်ပြီးနောက် ငိုလျက် သုသာန်သို့သာလျှင် လှည့်လည် သွားလာလတ္တံ့၊ နတ်သားသည် လှည်းခြောက်ဆယ်တိုက် ဝန်ရှိသော တန်ဆာဖြင့် တန်ဆာဆင်လျက် နတ်သမီးတစ်ထောင် ခြံရံသော သုံးဂါဝုတ် ပမာဏရှိသော အတ္တဘောကိုကြည့်လျက် “အဘယ်ကောင်းမှုကြောင့် ငါသည် ဤကျက်သရေ စည်းစိမ်ချမ်းသာကို ရသနည်း”ဟု ကြည့်လတ်သော် ငါဘုရား၌ စိတ်ကို ကြည်ညိုစေသဖြင့် ရသည့်အဖြစ်ကိုသိလျှင် “ဤပုဏ္ဏားသည် ဥစ္စာပျက်အံ့သည်မှ ကြောက်သောကြောင့် ငါ့အား ဆေးမကုမူ၍ ယခုအခါ၌မူ နေ့တိုင်း သုသာန်သို့သွားလျက် ငို၏၊ ထိုပုဏ္ဏားကို ဖောက်ပြန်ခြင်းသို့ ရောက်အောင် ပြုအံ့”ဟု ကြံ၍ ငိုကြွေးစဉ်ပင် မဋ္ဌကုဏ္ဍလီအသွင်ဖြင့် လာလျက် သုသာန်၏ မနီးမဝေးသောအရပ်၌ အိပ်၍ ငိုလတ္တံ့၊ ထိုသို့ ငိုသောအခါ မဋ္ဌကုဏ္ဍလီ နတ်သားကို ပုဏ္ဏားသည် “သင်ကား အသူနည်း”ဟု မေးလတ္တံ့၊ “ငါသည် သင်ပုဏ္ဏား၏ သားဖြစ်သော မဋ္ဌကုဏ္ဍလီ”ဟု ပြောကြားလတ္တံ့၊ “အဘယ်အရပ်၌ ဖြစ်သနည်း”ဟု မေးသည်ရှိသော် “တာဝတိံသာ နတ်ပြည်၌ ဖြစ်၏”ဟု ပြောကြားလတ္တံ့၊ “အဘယ်ကောင်းမှုကိုပြု၍ ဖြစ်သနည်း”ဟု မေးသည်ရှိသော် ငါဘုရား၌ စိတ်ကို ကြည်ညိုစေသဖြင့် ဖြစ်ကြောင်းကို ပြောကြားလတ္တံ့၊ ပုဏ္ဏားသည် “အသင်တို့၌ စိတ်ကို ကြည်ညိုစေ၍ နတ်ပြည်၌ ဖြစ်သောသူမည်သည် ရှိပါသလော”ဟု ငါဘုရားကို မေးလျှောက်လတ္တံ့၊ ထိုသို့ မေးလျှောက်သောအခါ ပုဏ္ဏားအား ငါဘုရားသည် “ဤမျှ အရာ၊ ဤမျှ အထောင်၊ ဤမျှ အသိန်းဟု တွက်ကိန်းများစွာ ရေတွက်ပိုင်းခြားခြင်းငှာ မတတ်ကောင်း”ဟု မိန့်တော်မူ၍ ဓမ္မပဒ၌ ဂါထာကို ဟောရလတ္တံ့၊ ဂါထာ၏ အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား အကျွတ်တရားကို ရခြင်း ဖြစ်ပေလတ္တံ့၊ မဋ္ဌကုဏ္ဍလီနတ်သားနှင့် အဒိန္နပုဗ္ဗက ပုဏ္ဏားတို့ သောတာပန်တည်သည် ဖြစ်ကုန်လတ္တံ့၊ ဤအမျိုးသားတစ်ယောက်ကိုမှီ၍ များစွာသောသူတို့၏ တရားသိခြင်း ဖြစ်လတ္တံ့”ဟု မြင်တော်မူ၏။

ရောင်ခြည်တော်လွှတ်၍ ကယ်တော်မူပုံ

ထိုသို့ မြင်တော်မူ၍ တစ်ဖန် မိုးသောက် ရောက်သောအခါ ကိုယ်လက်တော် သုတ်သင်ပြီးလျှင် များစွာသော ရဟန်း သံဃာတော်အပေါင်း ခြံရံလျက် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှာ ဝင်တော်မူသဖြင့် အစဉ်အတိုင်း ပုဏ္ဏား၏ အိမ်တံခါးဝသို့ ရောက်တော်မူလေ၏။ ထိုခဏ၌ မဋ္ဌကုဏ္ဍလီသည် အိမ်တွင်းသို့ရှေးရှူ မျက်နှာမူလျက် လျောင်းစက် အိပ်နေလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ကိုယ်တော်အား မမြင်စွမ်းနိုင်သည့်အဖြစ်ကို သိတော်မူ၍ တစ်ခုသော ရောင်ခြည်တော်ကို လွှတ်တော်မူ၏။ လုလင်သည် “ဤအရောင်ကား အဘယ်အရောင် ဖြစ်သနည်း”ဟု ပြန်လှည့်၍ လျောင်းလျက်ပင် ကြည့်ရှုလေသော် မြတ်စွာဘုရားကို ဖူးမြင်ရ၍ “မိုက်လှစွာသော အဘကြောင့် ဤသို့ သဘောရှိသော မြတ်စွာဘုရားသို့ ဆည်းကပ်လျက် ကိုယ်ဖြင့်ပြုအပ်သော (ဝေယျာဝစ္စ) အမှုကို ပြုခြင်းငှာလည်းကောင်း၊ အလှူပေးခြင်းငှာလည်းကောင်း၊ တရားနာခြင်းငှာလည်းကောင်း အခွင့်မရပြီ၊ ယခုအခါ ငါ၏ လက်ကိုပင် အစိုးမရ၊ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိ”ဟု ရည်မှန်းလျက် စိတ်ဖြင့်သာလျှင် ကြည်ညိုခြင်းကို ဖြစ်စေ၏။ မြတ်စွာဘုရားသည် “ဤမျှလောက်သော စိတ်၏ကြည်ညိုခြင်းကို ဖြစ်စေကာမျှဖြင့် ဤမဋ္ဌကုဏ္ဍလီ သတို့သားအား တော်သင့်ပြီ”ဟု ဖဲကြွတော်မူ၏။ ထိုမဋ္ဌကုဏ္ဍလီ သတို့သားသည် မြတ်စွာဘုရား ကြွသွားသောအခါ မျက်စိမြင်ရာဌာနကို လွန်လျှင် ကြည်ညိုသော စိတ်ရှိသည်ဖြစ်လျက် စုတေ သေလွန်သည်ရှိသော် အိပ်ပျော်ရာမှနိုးသော ယောက်ျားကဲ့သို့ နတ်ပြည်၌ ယူဇနာသုံးဆယ်ရှိသော ရွှေဗိမာန်တွင် ဖြစ်လေ၏။

ပုဏ္ဏားနှင့် နတ်သားတို့ ဆွေးနွေးခန်း

ပုဏ္ဏားသည်လည်း မဋ္ဌကုဏ္ဍလီသတို့သား အလောင်းကို ဖတ်ကြည်း သင်္ဂြိုဟ်ပြီးလျှင် သုသာန်၌ ငိုကြွေး၍ချည်းသာ နေ၏။ နေ့တိုင်း သုသာန်သို့သွား၍ “တစ်ယောက်တည်းသော ငါ့သားချစ်- အဘယ်မှာ နေသနည်း၊ တစ်ယောက်တည်းသော သားချစ်- အဘယ်မှာ နေသနည်း”ဟု ငိုကြွေး၏။ မဋ္ဌကုဏ္ဍလီ နတ်သားသည်လည်း မိမိစည်းစိမ်ချမ်းသာကို ကြည့်၍ “အဘယ်ကောင်းမှုကြောင့် ငါ့အား ဤစည်းစိမ် ချမ်းသာကို ရအပ်သနည်း”ဟု စူးစမ်းဆင်ခြင်သည်ရှိသော် မြတ်စွာဘုရား၌ စိတ်ကို ကြည်ညိုစေခြင်းဖြင့် ရအပ်၏ဟုသိ၍ “ဤပုဏ္ဏားသည် ငါမချမ်းသာသောကာလ ဆေးမျှ မကုသဘဲလျက် ယခုအခါ သုသာန်သို့သွား၍ ငိုကြွေး၏။ ထိုပုဏ္ဏားကို ဖောက်ပြန်ခြင်းသို့ရောက်အောင် ပြုခြင်းငှာ သင့်၏”ဟု မဋ္ဌကုဏ္ဍလီ လုလင်အသွင်ဖြင့်လာ၍ သုသာန်၏ မနီးမဝေးသောအရပ်၌ လက်တို့ကို မြှောက်ချီလျက် ငိုကြွေးကာ နေ၏။ ပုဏ္ဏားသည် ထိုမဋ္ဌကုဏ္ဍလီ နတ်သားကို မြင်လျှင် “ငါကား သား၏စိုးရိမ်ခြင်းဖြင့် ငိုကြွေး၏။ ဤသူကား အဘယ် အကြောင်းကြောင့် ငိုကြွေးသနည်း၊ ထိုသူကို မေးအံ့”ဟု ကြံလျက် ဤဂါထာကို ဆို၏။

အလင်္ကတော မဋ္ဌကုဏ္ဍလီ၊
မာလဓာရီ ဟရိစန္ဒနုဿဒေါ။
ဗာဟာ ပဂ္ဂယှ ကန္ဒသိ။
ဝနမဇ္ဈေ ကိံ ဒုက္ခိတော တုဝံ။

မဋ္ဌကုဏ္ဍလီ၊ ပြေပြစ်သော (ပြောင်ချော) နားတောင်းကို ဝတ်လေ့ရှိထသော။ အလင်္ကတော၊ တန်ဆာဆင်လေ့ရှိထသော။ မာလဓာရီ၊ အထူးထူးသောပန်းကို ဆင်မြန်း ပန်ဆင်လေ့ရှိထသော။ ဟရိစန္ဒနုဿဒေါ၊ စန္ဒကူးရွှေကို လိမ်းကျံခြင်း ရှိထသော။ တုဝံ၊ သင်သည်။ ဗာဟာ၊ လက်တို့ကို။ ပဂ္ဂယှ၊ မြှောက်ချီ၍။ ဝနမဇ္ဈေ၊ တောကြီးအလယ်၌။ ကန္ဒသိ၊ ငိုကြွေး၏။ ကိံ ဒုက္ခိတော၊ အဘယ်ဆင်းရဲဖြင့် နှိပ်စက်သနည်း။

ထိုအခါ မဋ္ဌကုဏ္ဍလီ နတ်သားသည် ဤဂါထာဖြင့် ဖြေ၏။

သောဝဏ္ဏမယော ပဘဿရော၊
ဥပ္ပန္နော ရထပဉ္ဇရော မမ။
တဿ စက္ကယုဂံ န ဝိန္ဒာမိ၊
တေန ဒုက္ခေန ဇဟိဿာမိ ဇီဝိတံ။

သောဝဏ္ဏမယော၊ ရွှေဖြင့် ပြီးသည်လည်း ဖြစ်ထသော။ ပဘဿရော၊ ပြိုးပြိုးပြက်ပြက် တစ်ခဲနက်ထွက်သော အရောင်လည်း ရှိထသော။ မမ၊ ငါ၏။ ရထပဉ္ဇရော၊ ရထားလှည်းအိမ်သည်။ ဥပ္ပန္နော၊ ဖြစ်ပြီ။ ဝါ၊ ရှိခဲ့ပါ၏။ တဿ၊ ထိုရထားလှည်းအိမ်အား။ အနုရူပံ၊ လျောက်ပတ်သော။ စက္ကယုဂံ၊ လှည်းဘီးအစုံကို။ န ဝိန္ဒာမိ၊ မရ။ တေန ဒုက္ခေန၊ ထိုဆင်းရဲကြောင့်။ ဇီဝိတံ၊ အသက်ကို။ ဇဟိဿာမိ၊ စွန့်ရပေတော့အံ့။

ထို့နောက်မှ မဋ္ဌကုဏ္ဍလီ နတ်သားကို ပုဏ္ဏားသည် ဤဂါထာဖြင့် ပြောကြား၏။

သောဝဏ္ဏမယံ မဏိမယံ၊
လောဟမယံ အထ ရူပိယမယံ။
အာစိက္ခ မေ တွံ ဘဒ္ဒ မာဏ၀၊
စက္ကယုဂံ ပဋိလဘိဿာမိ တေ။

သောဝဏ္ဏမယံ၊ ရွှေဖြင့်လည်း ပြီးထသော။ မဏိမယံ၊ ပတ္တမြားဖြင့်လည်း ပြီးထသော။ လောဟမယံ၊ ကြေးဖြင့်လည်း ပြီးထသော။ အထ၊ ထိုမျို့။ ရူပိယမယံ၊ ငွေဖြင့်လည်း ပြီးထသော။ စက္ကယုဂံ၊ လှည်းဘီး အစုံကို။ တေ၊ သင့်အား။ ပဋိလဘိဿာမိ၊ ရစေအံ့။ ဘဒ္ဒ မာဏဝ၊ ကောင်းသော လုလင်။ တွံ၊ သင်သည်။ မေ၊ ငါ့အား။ အာစိက္ခ၊ ပြောကြားလော့။

ထိုစကားကိုကြား၍ လုလင်သည် “ဤပုဏ္ဏားကား သားအား ဆေးမကုမူ၍ သားနှင့်အသွင်တူသော ငါ့ကိုမြင်လျှင် ငိုကြွေးလျက် ရွှေအစရှိသည်ဖြင့်ပြီးသော ရထားလှည်းဘီးကို ပြုအံ့ဟု ဆို၏။ ထိုသို့ ဆိုသည်မူလည်း ဖြစ်စေ၊ ထိုပုဏ္ဏားကို နှိပ်ဦးအံ့”ဟု ကြံ၍ “ငါ့အား အဘယ်မျှလောက် ကြီးစွာသော ရထားလှည်းဘီးကို ပြုအံ့နည်း”ဟု မေးလျှင် “သင်အလိုရှိသလောက် ကြီးစွာသော လှည်းဘီးအစုံကို ပြုအံ့”ဟု ဆိုသည်ရှိသော် “ငါ့အား လ,နေတို့ဖြင့် အလိုရှိ၏။ ထိုလ,နေတို့ကို ငါ့အား ပေးလော့”ဟု တောင်းဆိုလေ၏။

သော မာဏဝေါ တဿ ပါဝဒိ၊
စန္ဒီမသူရိယာ ဥဘယေတ္ထ ဘာတရော။
သောဝဏ္ဏမယော ရထော မမ၊
တေန စက္ကယုဂေန သောဘတိ။

ဧတ္ထ၊ ဤကောင်းကင်၌။ ဘာတရော၊ ညီနောင်လည်း ဖြစ်ကုန်ထသော။ ဥဘယာ၊ နှစ်ပါးစုံလည်း ဖြစ်ကုန်ထသော။ စန္ဒိမသူရိယာ၊ လ,နေတို့သည်။ သန္တိ၊ ထင်ရှားရှိကုန်၏။ တေန စက္ကယုဂေန၊ ထိုလ,နေဟူသော လှည်းဘီးအစုံဖြင့်။ မမ၊ ငါ၏။ သောဝဏ္ဏမယော၊ ရွှေဖြင့်ပြီးသော။ ရထော၊ ရထားသည်။ သောဘတိ၊ တင့်တယ်၏။ ဣတိ၊ ဤသို့။ သော မာဏဝေါ၊ ထိုလုလင်သည်။ တဿ၊ ထိုအဒိန္နပုဗ္ဗက ပုဏ္ဏားအား။ ပါဝဒိ၊ ပြောကြားပြီ။

ထိုသို့ တောင်းဆိုသောအခါ မဋ္ဌကုဏ္ဍလီနတ်သားကို ပုဏ္ဏားသည် ဤဂါထာဖြင့် ပြောပြန်၏။

ဗာလော ခေါ တွံသိ မာဏဝ၊
ယော တွံ ပတ္ထယသိ အပတ္ထိယံ။
မညာမိ တုဝံ မရိဿတိ၊
န ဟိ တွံ လစ္ဆသိ စန္ဒိမသူရိယေ။

မာဏဝ၊ လုလင်။ တွံ၊ သင်ကား။ ခေါ၊ စင်စစ်။ ဗာလော၊ မလိမ္မာသည်။ အသိ၊ ဖြစ်၏။ ယော တွံ၊ အကြင်သင်သည်။ အပတ္ထိယံ၊ မတောင့်တအပ်သည်ကို။ ပတ္ထယသိ မညာမိ၊ တောင့်တ၏ဟူ၍ ထင်၏။ ဟိ၊ ထိုစကား မှန်၏။ တုဝံ၊ သင်သည်။ မရိဿတိ၊ သေသော်လည်း သေလတ္တံ့။ တွံ၊ သင်သည်။ စန္ဒိမသူရိယေ၊ လ,နေတို့ကို။ န လစ္ဆသိ မညာမိ၊ မရလတ္တံ့ဟူ၍ ထင်၏။

ထိုအခါ ပုဏ္ဏားကို လုလင်သည် “ထင်ရှားရှိသော ဝတ္ထုကို လိုချင်သောကြောင့် ငိုကြွေးသောသူသည် မိုက်သလော၊ ထိုသို့မဟုတ်မူကား ထင်ရှားမရှိသော ဝတ္ထုကို လိုချင်သောကြောင့် ငိုကြွေးသောသူသည် မိုက်သလော”ဟု ဆို၍ မေးလိုရကား ဤဂါထာကို ဆို၏။

ဂမနာဂမနမ္ပိ ဒိဿတိ၊
ဝဏ္ဏဓာတု ဥဘယတ္ထ ဝီထိယာ။
ပုတ္တော ပန ကာလင်္ကတော န ဒိဿတိ၊
ကောနိဓ ကန္ဒတံ ဗာလတရော။

ဥဘယတ္ထ ဝီထိယာ၊ နှစ်ပါးသော အတွင်းအပ ခရီး၌။ ဂမနာဂမနမ္ပိ၊ သွားခြင်း,လာခြင်း (ဝင်ခြင်း ထွက်ခြင်း) ကိုလည်း။ ဒိဿတိ၊ မြင်အပ်၏။ ဝဏ္ဏဓာတုပိ၊ လ,နေတို့၏ အဆင်းကိုလည်း။ ဒိဿတိ၊ မြင်အပ်၏။ ကာလင်္ကတော၊ သေသော။ ပုတ္တော ပန၊ သားကိုကား။ န ဒိဿတိ၊ မမြင်အပ်။ ဣဓ၊ ဤသင်းချိုင်း၌။ ကန္ဒတံ-ကန္ဒန္တာနံ၊ ငိုကြွေးသောသူ နှစ်ယောက်တို့တွင်။ ကော၊ အဘယ်သူသည်။ ဗာလတရော၊ လွန်စွာမိုက်သနည်း။

ထိုစကားကို ကြား၍ ပုဏ္ဏားသည် “ဤလုလင်ကား သင့်လျော်သည်ကိုသာ ဆို၏”ဟု မှတ်သား၍ ဤဂါထာကို ဆို၏။

သစ္စံ ခေါ တွံ ဝဒေသိ မာဏဝ၊
အဟမေ၀ ကန္ဒတံ ဗာလတရော။
စန္ဒံ ဝိယ ဒါရကော ရုဒံ၊
ပုတ္တံ ကာလင်္ကတာဘိပတ္ထယေ။

မာဏဝ၊ လုလင်။ တွံ၊ သင်သည်။ သစ္စံ ခေါ၊ မှန်သည်ကိုသာ။ ဝဒေသိ၊ ဆို၏။ ဒါရကော၊ သူငယ်သည်။ ရုဒံ ရုဒန္တော၊ ငိုကြွေးလျက်။ စန္ဒံ၊ လကို။ အဘိပတ္ထယေ ဝိယ၊ တောင့်တသကဲ့သို့။ အဟံ၊ ငါသည်။ ကာလင်္ကတံ၊ သေသော။ ပုတ္တံ၊ သားကို။ အဘိပတ္ထယေ၊ တောင့်တမိ၏။ ကန္ဒတံ-ကန္ဒန္တာနံ၊ ငိုကြွေးသောသူ နှစ်ယောက်တို့တွင်။ အဟမေဝ၊ ငါသည်သာလျှင်။ ဗာလတရော၊ မိုက်လှစွာ၏။

“လုလင်- သင်ကား မှန်သော စကားကို ဆိုပေ၏။ သင်သည် လ,နေတို့ကိုတောင့်တ၍ ငို၏။ ငါသည် သေသောသားကို တောင့်တ၍ ငို၏။ ထိုငိုသောသူ နှစ်ယောက်တို့တွင် ငါသည်သာလျှင် လွန်စွာမိုက်၏”ဟု ဆိုပြီးလျှင် ထိုလုလင်၏စကားကြောင့် စိုးရိမ်ခြင်း ကင်းသည်ဖြစ်၍ ထိုလုလင်အား ကောင်းချီးပေးလိုရကား ဤသုံးဂါထာတို့ကို ဆို၏။

အာဒိတ္တံ ဝတ မံ သန္တံ၊ ဃတသိတ္တံဝ ပါဝကံ။
ဝါရိနာ ဝိယ ဩသိဉ္စိ၊ သဗ္ဗံ နိဗ္ဗာပယေ ဒရံ။
အဗ္ဗူဠှံ ဝတ မေ သလ္လံ၊ သောကံ ဟဒယနိဿိတံ။
ယော မေ သောကပရေတဿ၊ ပုတ္တသောကံ အပါနုဒိ။
သွာဟံ အဗ္ဗူဠသလ္လောသ္မိ၊ သီတိဘူတောသ္မိ နိဗ္ဗုတော။
န သောစာမိ န ရောဒါမိ၊ တဝ သုတွာန မာဏဝ။

ဃတသိတ္တံ၊ ထောပတ်ဖြင့် သွန်းလောင်းအပ်သော။ ပါဝကံ၊ မီးကို။ ဝါရိနာ၊ ရေဖြင့်။ ဩသိဉ္စိ ဝိယ-ဩသိဉ္စိတွာ နိဗ္ဗာပေသိ ဣဝ၊ သွန်းလောင်း၍ ငြိမ်းစေဘိသကဲ့သို့။ ဧဝံ၊ ဤအတူ။ တွံ၊ သင်သည်။ အာဒိတ္တံ၊ သောကမီးလောင်သည်။ သန္တံ၊ ဖြစ်သော။ မံ၊ ငါ့ကို။ ဝတ၊ စင်စစ်။ နိဗ္ဗာပယေ၊ ငြိမ်းစေပြီ။ သဗ္ဗ ဒရံ၊ စိတ်ကို ပူပန်စေတတ်သော အလုံးစုံသော သောကကို။ နိဗ္ဗာယေ၊ ငြိမ်းစေပြီ။

ယော တွံ၊ အကြင် သင်သည်။ သောကပရေတဿ၊ စိုးရိမ်ခြင်းဖြင့် နှိပ်စက်အပ်သော။ မေ၊ ငါ၏။ ပုတ္တသောကံ၊ သား၌ စိုးရိမ်ခြင်းကို။ အပါနုဒိ၊ ပယ်နုတ်ပြီ။ တေန-တယာ၊ ထိုသင်သည်။ မေ-မမ၊ ငါ၏။ ဟဒယနိဿိတံ၊ နှလုံးသားကို မှီ၍ဖြစ်သော။ သလ္လံ၊ ငြောင့်ဟူသော။ သောကံ၊ စိုးရိမ်ခြင်းကို။ ဝတ၊ စင်စစ်။ အဗ္ဗူဠှံ၊ နုတ်အပ်ပေပြီ။

မာဏဝ၊ လုလင်။ တဝ၊ သင်၏။ ဝစနံ၊ စကားကို။ သုတွာန၊ ကြားသောကြောင့်။ သွာဟံ-သော အဟံ၊ ထိုငါသည်။ အဗ္ဗူဠသလ္လော၊ နုတ်အပ်ပြီးသော ငြောင့်ရှိသည်။ အသ္မိ၊ ဖြစ်၏။ သီတိဘူတော၊ ချမ်းအေးစွာ ဖြစ်ခြင်းရှိသည်။ အသ္မိ၊ ဖြစ်၏။ နိဗ္ဗုတော၊ ငြိမ်းသည်။ အသ္မိ၊ ဖြစ်၏။ န သောစာမိ၊ မစိုးရိမ်တော့အံ့။ န ရောဒါမိ၊ မငိုကြွေးတော့အံ့။

ထိုအခါ လုလင်ကို “သင်ကား အဘယ်မည်သောသူ ဖြစ်သနည်း”ဟု မေးမြန်းလိုသည်ဖြစ်၍ ဤဂါထာကို ဆို၏။

ဒေဝတာနုသိ ဂန္ဓဗ္ဗော၊ အဒု သက္ကော ပုရိန္ဒဒေါ။
ကော ဝါ တွံ ကဿ ဝါ ပုတ္တော၊ ကထံ ဇာနေမု တံ မယံ။

မာဏဝ၊ လုလင်။ တွံ၊ သင်သည်။ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗအမည်ရှိသော။ ဒေဝတာ၊ နတ်သည်။ အသိ နု၊ ဖြစ်သလော။ အဒု၊ ထိုမျို့။ ပုရိန္ဒဒေါ၊ ရှေး၌ အလှူပေးဖူးသော။ သက္ကော၊ သိကြားမင်းသည်။ အသိနု၊ ဖြစ်သလော။ ကော ဝါ၊ အဘယ်သူနည်း။ တွံ၊ သင်သည်။ ကဿ ဝါ၊ အဘယ်သူ ၏လည်း။ ပုတ္တော၊ သားနည်း။ ကထံ၊ အဘယ်သို့သော အကြောင်းဖြင့်။ တံ၊ သင်လုလင်ကို။ မယံ၊ ငါတို့သည်။ ဇာနေမု၊ သိရကုန်အံ့နည်း။

ထိုအခါ လုလင်သည် ပုဏ္ဏားအား ဖြေကြားလိုသည်ဖြစ်၍ ဤဂါထာကို ဆို၏။

ယဉ္စ ကန္ဒသိ ယဉ္စ ရောဒသိ၊
ပုတ္တံ အာဠဟနေ သယံ ဍယှိတွာ။
သွာဟံ ကုသလံ ကရိတွာန ကမ္မံ၊
တိဒသာနံ သဟဗျတံ ပတ္တော။

အာဠဟနေ၊ သုသာန်၌။ သယံ၊ ကိုယ်တိုင်။ ဍယှိတွာ၊ ဖုတ်ကြည်း သင်္ဂြိုဟ်ခဲ့ပြီး၍။ ယဉ္စ ပုတ္တံ၊ အကြင် သားကိုလည်း။ ကန္ဒသိ၊ ငိုမြည်တမ်းတ၏။ ယဉ္စ ပုတ္တံ၊ အကြင်သားကိုလည်း။ ရောဒသိ၊ ရည်မှန်းပူဆွေး ငိုကြွေး၏။ သွာဟံ သော အဟံ၊ သင်၏သားဖြစ်သော ထိုငါသည်။ ကုသလံ ကမ္မံ၊ ကုသိုလ်ကောင်းမှုကို။ ကရိတွာန၊ ပြု၍။ တိဒသာနံ၊ တာဝတိံသာ နတ်တို့၏။ သဟဗျတံ၊ အပေါင်းအဖော် အဖြစ်သို့။ ပတ္တော၊ ရောက်၏။

ထိုအခါ ပုဏ္ဏားသည် လုလင်ကို ဤဂါထာဖြင့် ဆို၏။

အပ္ပံ ဝါ ဗဟုံ ဝါ န ပဿာမိ၊
ဒါနံ ဒဒန္တဿ သကေ အဂါရေ။
ဥပေါသထကမ္မံ ဝါ နတ္ထိ တာဒိသံ၊
ကေန ကမ္မေန ဂတောသိ ဒေဝလောကံ။

သကေ အဂါရေ၊ မိမိအိမ်၌။ အပ္ပံ ဝါ၊ အနည်းငယ်လည်း ဖြစ်ထသော။ ဗဟုံ ဝါ၊ များသည်လည်းဖြစ်ထသော။ ဒါနံ၊ အလှူကို။ ဒဒန္တဿ၊ ပေးလှူသည်ကို။ န ပဿာမိ၊ ငါမမြင်။ တာဒိသံ၊ ထိုသို့သဘောရှိသော။ ဥပေါသထကမ္မံ၊ ဥပုသ်သုံးခြင်းသည်လည်း။ နတ္ထိ၊ မရှိ။ ကေန ကမ္မေန၊ အဘယ် ကောင်းမှုကြောင့်။ ဒေဝလောကံ၊ နတ်ပြည်သို့။ ဂတော၊ ရောက်သည်။ အသိ၊ ဖြစ်သနည်း။

ထိုအခါ လုလင်သည် ဤဂါထာတို့ဖြင့် ဖြေဆို၏။

အာဗာဓိကောဟံ ဒုခိတော ဂိလာနော၊
အာတုရရူပေါမှိ သကေ နိဝေသနေ။
ဗုဒ္ဓံ ဝိဂတရဇံ ဝိတိဏ္ဏကင်္ခံ၊
အဒက္ခိံ သုဂတံ အနောမပညံ။
သွာဟံ ပမုဒိတမနော ပသန္နစိတ္တော၊
အဉ္ဇလိံ အကရိံ တထာဂတဿ။
သွာဟံ ကုသလံ ကရိတွာန ကမ္မံ၊
တိဒသာနံ သဟဗျတံ ပတ္တော။

အဟံ၊ ငါသည်။ သကေ နိဝေသနေ၊ မိမိအိမ်၌။ အာဗာဓိကော၊ ရောဂါနှိပ်စက်သည်ဖြစ်၍။ ဒုက္ခိတော၊ ဆင်းရဲလျက်။ အာတုရရူပေါ၊ နာကျင်သော သဘောရှိလျက်။ ဂိလာနော၊ နာသည်။ အမှိ၊ ဖြစ်၏။ (တဒါ၊ ထိုအခါ၌။) ဝိဂတရဇံ၊ ကင်းသော ကိလေသာဟူသော မြူရှိထသော။ ဝိတိဏ္ဏကင်္ခံ၊ အထူးသဖြင့် ကူးမြောက်ပြီးသော ယုံမှားခြင်းရှိထသော။ သုဂတံ၊ ကောင်းသောစကားကို ဆိုတော်မူတတ်ထသော။ အနောမပညံ၊ မနှိုင်းယှဉ်အပ် မြတ်သောပညာ ရှိထသော။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ အဒက္ခိံ၊ မြင်ပြီ။

သွာဟံ-သော အဟံ၊ ထိုငါသည်။ ပမုဒိတမနော၊ ဝမ်းမြောက်သောစိတ် ရှိသည်ဖြစ်၍။ ပသန္နစိတ္တော၊ ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍။ တထာဂတဿ၊ မြတ်စွာဘုရားအား။ အဉ္ဇလိံ၊ လက်အုပ်ကို၊ အကရိံ၊ ချီပြီ။ သွာဟံ-သော အဟံ၊ ထိုငါသည်။ ကုသလံ ကမ္မံ၊ ဤသို့သော ကုသိုလ်ကောင်းမှုကို။ ကရိတွာန၊ ပြု၍။ တိဒသာနံ၊ တာဝတိံသာ နတ်တို့၏။ သဟဗျတံ၊ အပေါင်းအဖော်အဖြစ်သို့။ ပတ္တော၊ ရောက်၏။

ထိုသို့ လုလင် ဖြေဆိုလတ်သည်ရှိသော် ပုဏ္ဏား၏ ကိုယ်အလုံးသည် နှစ်သက်ခြင်းပီတိဖြင့် ပြည့်သည်ဖြစ်၍ ထိုနှစ်သက်ခြင်းပီတိကို ပြောကြားလိုရကား ဤဂါထာကို ဆို၏။

အစ္ဆရိယံ ဝတ အဗ္ဘုတံ ဝတ၊
အဉ္ဇလိကမ္မဿ အယမီဒီသော ဝိပါကော။
အဟမ္ပိ ပမုဒိတမနော ပသန္နစိတ္တော၊
အဇ္ဇေဝ ဗုဒ္ဓံ သရဏံ ဝဇာမိ။

အစ္ဆရိယံ ဝတ၊ အံ့ဖွယ်ရှိစွတကား။ အဗ္ဘုတံ ဝတ၊ မဖြစ်ဖူးမြဲ ဖြစ်စွတကား။ အဉ္ဇလိကမ္မဿ၊ လက်အုပ်ချီခြင်း အမှု၏။ ဤဒိသော၊ ဤသို့ သဘောရှိသော။ အယံ ဝိပါကော၊ ဤအကျိုးသည်။ ဟောတိ၊ ဖြစ်၏။ အဟမ္ပိ၊ ငါသည်လည်း။ ပမုဒိတမနော၊ ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍။ ပသန္နစိတ္တော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ-သရဏံ ဣတိ၊ ကိုးကွယ်ရာဟူ၍။ ဝဇာမိ၊ ဆည်းကပ်တော့အံ့။

ထိုအခါ ပုဏ္ဏားကို လုလင်သည် ဤသို့ဆို၏။

အဇ္ဇေဝ ဗုဒ္ဓံ သရဏံ ၀ဇာဟိ၊
ဓမ္မဉ္စ သံဃဉ္စ ပသန္နစိတ္တော။
တထေဝ သိက္ခာပဒါနိ ပဉ္စ၊
အခဏ္ဍာ သဗလာနိ သမာဒိယဿု။
ပါဏာတိပါတာ ဝိရမဿု ခိပ္ပံ၊
လောကေ အဒိန္နံ ပရိဝဇ္ဇယဿု။
အမဇ္ဇပေါ မာ စ မုသာ ဘဏာဟိ၊
သကေန ဒါရေန စ ဟောတိ တုဋ္ဌော။

အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ပသန္နစိတ္တော၊ ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဝဇာဟိ၊ ဆည်းကပ်လေလော့။ ဓမ္မဉ္စ၊ တရားတော်ကိုလည်းကောင်း။ သံဃဉ္စ၊ သံဃာတော်ကိုလည်းကောင်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဝဇာဟိ၊ ဆည်းကပ်လေလော့။ တထေဝ၊ ထို့အတူသာလျှင်။ ပဉ္စ သိက္ခာပဒါနိ၊ ငါးပါးသော သိက္ခာပုဒ်တို့ကို။ အခဏ္ဍာ သဗလာနိ၊ မကျိုး,မပေါက် မကျား,မပြောက်သည်တို့ကို။ ကတွာ၊ ပြု၍။ သမာဒိယဿု၊ ဆောက်တည်လေလော့။

ပါဏာတိပါတာ၊ သူ့အသက်ကို သတ်ခြင်းမှ။ ခိပ္ပံ၊ လျင်စွာ။ ဝိရမဿု၊ ရှောင်ကြဉ်လေလော့။ လောကေ၊ လောက၌။ အဒိန္နံ၊ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သူတစ်ပါး ဥစ္စာကို။ ပရိဝဇ္ဇယဿု၊ ရှောင်ကြဉ်လေလော့။ အမဇ္ဇပေါ စ၊ သေအရက်ကို မသောက်သည်လည်း။ ဟောဟိ၊ ဖြစ်လော့။ မုသာ၊ ချွတ်ယွင်းသော စကားကို။ မာ စ ဘဏာဟိ၊ မဆိုလင့်။ သကေန ဒါရေန၊ မိမမယားဖြင့်သာလျှင်။ တုဋ္ဌော၊ ရောင့်ရဲသည်။ ဟောဟိ၊ ဖြစ်လော့။

ထိုအခါ ပုဏ္ဏားသည် “ကောင်းပြီ”ဟု ဝန်ခံ၍ ဤဂါထာတို့ကို ဆို၏။

အတ္ထကာမောသိ မေ ယက္ခ၊ ဟိတကာမောသိ ဒေဝတေ။
ကရောမိ တုယှံ ဝစနံ၊ တွံသိ အာစရိယော မမ။
ဥပေမိ သရဏံ ဗုဒ္ဓံ၊ ဓမ္မဉ္စာပိ အနုတ္တရံ။
သံဃဉ္စ နရဒေဝဿ၊ ဂစ္ဆာမိ သရဏံ အဟံ။
ပါဏာတိပါတာ ဝိရမာမိ ခိပ္ပံ၊
လောကေ အဒိန္နံ ပရိဝဇ္ဇယာမိ။
အမဇ္ဇပေါ နော စ မုသာ ဘဏာမိ၊
သကေန ဒါရေန စ ဟောမိ တုဋ္ဌော။

ယက္ခ၊ နတ်သား။ တွံ၊ သင်သည်။ မေ၊ ငါ၏။ အတ္ထကာမော၊ အကျိုးကိုလိုသော သူသည်။ အသိ၊ ဖြစ်ပြီ။ ဟိတကာမော၊ အစီးအပွားကို လိုသောသူသည်။ အသိ၊ ဖြစ်ပြီ။ ဒေဝတေ၊ နတ်သား။ တုယှံ၊ သင်၏။ ဝစနံ၊ စကားကို။ ကရောမိ၊ လိုက်နာပါအံ့။ တွံ၊ သင်သည်။ မမ၊ ငါ၏။ အာစရိယော၊ ဆရာသည်။ အသိ၊ ဖြစ်ပြီ။

အဟံ၊ ငါသည်။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဥပေမိ၊ ဆည်းကပ်အံ့။ အနုတ္တရံ၊ အတုမရှိသော။ ဓမ္မဉ္စာပိ၊ တရားတော်ကိုလည်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဥပေမိ၊ ဆည်းကပ်အံ့။ နရဒေဝဿ၊ မြတ်စွာဘုရားသခင်၏။ သံဃဉ္စ၊ တပည့်သား သံဃာတော်ကိုလည်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပါတော့အံ့။

ပါဏာတိပါတာ၊ သူ့အသက်ကို သတ်ခြင်းမှ။ ခိပ္ပံ၊ လျင်စွာ။ ဝိရမာမိ၊ ရှောင်ကြဉ်အံ့။ လောကေ၊ လောက၌။ အဒိန္နံ၊ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သူတစ်ပါးဥစ္စာကို။ ပရိဝဇ္ဇယာမိ၊ ရှောင်ကြဉ်ပါအံ့။ အမဇ္ဇပေါ စ၊ သေအရက်ကို မသောက်သော သူသည်လည်း။ ဟောမိ၊ ဖြစ်အံ့။ မုသာ၊ ချွတ်ယွင်းသော စကားကို။ နော စ ဘဏာမိ၊ မဆိုအံ့။ သကေန ဒါရေန စ၊ မိမိ မယားဖြင့်သာလျှင်။ တုဋ္ဌော၊ ရောင့်ရဲသည်။ ဟောမိ၊ ဖြစ်အံ့။

ထိုအခါ ပုဏ္ဏားကို နတ်သားသည် “ပုဏ္ဏား- သင့်အိမ်၌ များစွာသော ဥစ္စာသည် ရှိ၏။ မြတ်စွာဘုရားသို့ကပ်၍ အလှူကို ပေးလော့၊ တရားတော်ကို နာလော့၊ ပြဿနာကို မေးလျှောက်လော့”ဟု ဆို၍ ထိုသုသာန်၌ ကွယ်ပျောက်သွားလေ၏။

မြတ်စွာဘုရားအား ပြဿနာ မေးလျှောက်ခြင်း

ပုဏ္ဏားသည်လည်း အိမ်သို့သွား၍ ပုဏ္ဏေးမကို ခေါ်ပြီးလျှင် “ရှင်မ၊ ငါကား ရဟန်းဂေါတမကို ပင့်ဖိတ်၍ ပြဿနာကို မေးလျှောက်အံ့၊ ပူဇော်သက္ကာရကို ပြုအံ့”ဟု ဆို၍ ကျောင်းသို့သွားပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၏။ ထို့နောက် ပဋိသန္ထာရစကား ပြောကြား၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေလျက် “အို..ရှင်ဂေါတမ- ယနေ့အဖို့ တပည့်တော်၏ဆွမ်းကို ရဟန်းသံဃာတော်နှင့်တကွ သည်းခံတော်မူပါ”ဟု နားတော်လျှောက်လေ၏။ မြတ်စွာဘုရားသည်လည်း သည်းခံတော်မူ၏။ ထိုအခါ ပုဏ္ဏားသည် မြတ်စွာဘုရား၏ သည်းခံတော်မူခြင်းကိုသိ၍ လျင်စွာလာပြီးလျှင် မိမိအိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီရင်စေ၏။ ဘုရားရှင်လည်း ရဟန်းသံဃာတော်အပေါင်း ခြံရံလျက် ထိုပုဏ္ဏားအိမ်သို့ ကြွတော်မူ၍ ခင်းအပ်ပြီးသော ဘုရားနေရာထက်၌ နေတော်မူ၏။ ပုဏ္ဏားသည်လည်း ရိုသေစွာ ဆွမ်းလုပ်ကျွေး၏။ ထိုအခါ များစွာသော သူတို့သည် စည်းဝေးကြကုန်၏။ မိစ္ဆာအယူရှိသော သူတို့သည် မြတ်စွာဘုရားကို ပင့်ဖိတ်အပ်သည်ရှိသော် မိစ္ဆာအယူရှိသောသူ၊ သမ္မာအယူရှိသောသူ လူနှစ်စုတို့သည်လည်း စည်းဝေးကြလေကုန်၏။ မိစ္ဆာအယူရှိကုန်သော သူတို့သည် “ယနေ့ ရဟန်းဂေါတမကို ပြဿနာမေးခြင်းဖြင့် နှိပ်စက်ညှဉ်းဆဲသည်ကို ကြည့်ရှုရကုန်အံ့”ဟု စည်းဝေးကုန်၏။ သမ္မာအယူရှိကုန်သော သူတို့သည်ကား “ယနေ့ ဘုရားအရာဖြစ်သော တင့်တယ်စံပယ်ခြင်းကို ဖူးမြင်ရကုန်အံ့”ဟု စည်းဝေးကုန်၏။ ထိုအခါ ပုဏ္ဏားသည် ပြုအပ်ပြီးသော ဆွမ်းဘုဉ်းပေးခြင်းကိစ္စရှိသော မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ နိမ့်သောနေရာ၌နေလျက် ပြဿနာကို မေးလိုရကား “အို..ရှင်ဂေါတမ- အသင်တို့အား အလှူကို မပေးမူ၍၊ ပူဇော်ခြင်းကို မပြုမူ၍၊ တရားတော်ကို မနာမူ၍၊ ဥပုသ်သုံးခြင်းကို မပြုမူ၍ သက်သက် စိတ်ကို ကြည်ညိုစေကာမျှဖြင့် နတ်ပြည်၌ဖြစ်သော သူတို့မည်သည် ရှိပါသလော”ဟု မေးလျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် “ပုဏ္ဏား- အဘယ့်ကြောင့် ငါဘုရားကို မေးလျှောက်သနည်း၊ သင့်သားဖြစ်သော မဋ္ဌကုဏ္ဍလီသည် ငါဘုရား၌ စိတ်ကိုကြည်ညိုစေ၍ နတ်ပြည်၌ မိမိဖြစ်သည့်အကြောင်းကို ပြောကြားသည် မဟုတ်လော”ဟု မိန့်ဆိုသော် “အို..ရှင်ဂေါတမ- အဘယ်အခါ ပြောကြားသနည်း”ဟု မေးလျှောက်၏။ “သင် ယနေ့ သုသာန်သို့သွား၍ ငိုကြွေးစဉ် မနီးမဝေးသောအရပ်၌ လက်တို့ကို မြှောက်ချီ၍ ငိုကြွေးသော တစ်ယောက်သော လုလင်ကိုမြင်၍” “အလင်္ကတော မဋ္ဌကုဏ္ဍလီ၊ မာလဓာရီ ဟရိစန္ဒနုဿဒေါ”- စသည်တို့ဖြင့် ပုဏ္ဏားနှင့်နတ်သား နှစ်ဦးတို့ ပြောဆိုသော စကားကို ထင်ရှားစွာ ဖော်ပြလျက် အလုံးစုံသော မဋ္ဌကုဏ္ဍလီဝတ္ထုကို ဟောတော်မူ၏။ (ထို့ကြောင့်ပင်လျှင် ယင်းမဋ္ဌကုဏ္ဍလီဝတ္ထုသည် ဘုရားဟော ဗုဒ္ဓဘာသိတ မည်သတည်း။)

ထိုစကားကို ဟောတော်မူပြီး၍ “အို..ပုဏ္ဏား- တစ်ရာလည်းမက၊ နှစ်ရာလည်း မက၊ စင်စစ်သော်ကား ငါဘုရား၌ စိတ်ကိုကြည်ညိုစေ၍ နတ်ပြည်၌ ဖြစ်ကုန်သောသူတို့၏ အရေအတွက်မည်သည် မရှိ”ဟု မိန့်တော်မူသောအခါ လူများအပေါင်းသည် ယုံမှားမကင်းရှိသည် ဖြစ်လေ၏။

ယုံမှားပျောက်ရန် နတ်သားရောက်လာ

ထိုအခါ မြတ်စွာဘုရားသည် လူများအပေါင်း၏ ယုံမှားမကင်း ရှိသည့်အဖြစ်ကို သိတော်မူ၍ “မဋ္ဌကုဏ္ဍလီ နတ်သားသည် ဗိမာန်နှင့်တကွ လာစေသတည်း”ဟု ဓိဋ္ဌာန်တော်မူ၏။ ထိုမဋ္ဌကုဏ္ဍလီ နတ်သားသည် နတ်၌ဖြစ်သော တန်ဆာတို့ဖြင့် တန်ဆာဆင်ခြင်းရှိသော သုံးဂါဝုတ်မျှ ပမာဏရှိသော အတ္တဘောဖြင့်လာ၍ ဗိမာန်မှ ဆင်းသက်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ နေ၏။ ထိုအခါ မဋ္ဌကုဏ္ဍလီ နတ်သားကို မြတ်စွာဘုရားသည် “သင်နတ်သားကား ဤနတ်စည်းစိမ် ချမ်းသာကို အဘယ်ကောင်းမှုကို ပြုသောကြောင့် ရသနည်း”ဟု မေးလိုရကား ဤဂါထာကို မိန့်တော်မူ၏။

အဘိက္ကန္တေန ဝဏ္ဏေန၊ ယာ တွံ တိဋ္ဌသိ ဒေဝတေ။
ဩဘာသေန္တီ ဒိသာ သဗ္ဗာ၊ ဩသဓီ ဝိယ တာရကာ။
ပုစ္ဆာမိ တံ ဒေဝ မဟာနုဘာဝ၊ မနုဿဘူတော ကိမကာသိ ပုညံ။

ဒေဝတေ၊ နတ်သား။ ယာ တွံ၊ အကြင်သင်သည်။ ဩသဓီ တာရကာ ဝိယ၊ သောက်ရှူးကြယ်ကဲ့သို့။ သဗ္ဗာ ဒိသာ၊ ခပ်သိမ်းသော အရပ်တို့ကို။ ဩဘာသေန္တီ၊ ထွန်းပလျက်။ အဘိက္ကန္တေန ဝဏ္ဏေန၊ အလွန်နှစ်လိုဖွယ်သော အဆင်းဖြင့်။ တိဋ္ဌသိ၊ တည်၏။ မဟာနုဘာဝ၊ ကြီးသော အာနုဘော်ရှိသော။ ဒေဝ၊ နတ်သား။ တံ၊ သင့်ကို။ ပုစ္ဆာမိ၊ ငါဘုရား မေး၏။ မနုဿဘူတော၊ လူဖြစ်စဉ်က။ ကိံ ပုညံ၊ အဘယ်ကောင်းမှုကို။ အကာသိ၊ ပြုခဲ့ရသနည်း။

ထိုအခါ နတ်သားသည် “မြတ်စွာဘုရား- ဘုရားတပည့်တော်သည် ဤစည်းစိမ်ချမ်းသာကို မြတ်စွာဘုရားတို့၌ စိတ်ကို ကြည်ညိုစေ၍ ရအပ်ပါ၏”ဟု နားတော်လျှောက်လျှင် “ငါဘုရား၌ စိတ်ကိုကြည်ညိုစေ၍ သင်နတ်သားသည် ရအပ်သည် မှန်သလော”ဟု မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား- မှန်လှပါသည်ဘုရား”ဟု လျှောက်၏။ လူများအပေါင်းသည် မဋ္ဌကုဏ္ဍလီနတ်သားကို ကြည့်၍ “အချင်းတို့၊ ဘုရား၏ ဂုဏ်ကျေးဇူးတို့သည် အံ့ဩဖွယ် ရှိစွတကား၊ အဒိန္နပုဗ္ဗကပုဏ္ဏား၏ သားဖြစ်လျက် တစ်ပါးသော တစ်စုံတစ်ခုသော ကောင်းမှုကို မပြုမူ၍ မြတ်စွာဘုရား၌ စိတ်ကို ကြည်ညိုစေ၍ ဤသို့ သဘောရှိသော စည်းစိမ်ချမ်းသာကို ရ၏”ဟု နှစ်သက်စကား ပြောကြားကြကုန်၏။ ထိုအခါ လူအပေါင်းတို့အား “ကုသိုလ်ကံ၊ အကုသိုလ်ကံကို ပြုခြင်း၌ စိတ်သာလျှင် ရှေ့သွားဖြစ်၏၊ စိတ်သာလျှင် မြတ်၏၊ ကြည်ညိုသောစိတ်ဖြင့် ပြုအပ်သော ကောင်းမှုကံသည် နတ်ပြည်သို့လည်းကောင်း၊ လူ့ပြည်သို့လည်းကောင်း သွားသောပုဂ္ဂိုလ်ကို အရိပ်သည် မစွန့်သကဲ့သို့ မစွန့်”ဟု ဤဝတ္ထုကို ဟောတော်မူပြီး၍ အနုသန္ဓေကို ဆက်စပ်လျက် တည်စေအပ်သော ပြီးဆုံးခြင်းရှိသော သဝဏ်စာလွှာကို မင်း၏တံဆိပ် ခတ်နှိပ်သည့်အလား တရားမင်းဘုရားသည် ဤဂါထာကို ဟောတော်မူ၏။

ဒေသနာတော်

֍ * [၂] မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပသန္နေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ သုခမနွေတိ၊ ဆာယာဝ အနုပါယိနီ။

ဓမ္မာ၊ နာမက္ခန္ဓာတရား သုံးပါးတို့သည်။ မနောပုဗ္ဗင်္ဂမာ၊ ဝိညာဏက္ခန္ဓာသာလျှင် ပြဋ္ဌာန်းခြင်း ရှိကုန်၏။ မနောသေဋ္ဌာ၊ ဝိညာဏက္ခန္ဓာသာလျှင် အကြီးအမှူးရှိကုန်၏။ မနောမယာ၊ ဝိညာဏက္ခန္ဓာဖြင့် ပြီးကုန်၏။ ပသန္နေန၊ ကြည်ညိုသော။ မနသာ၊ စိတ်ဖြင့်။ စေ ဘာသတိ ဝါ၊ အကယ်၍ ဆိုမူလည်း ဆိုငြားအံ့။ စေ ကရောတိ ဝါ၊ အကယ်၍ ပြုမူလည်း ပြုငြားအံ့။ တတော၊ ထိုကြည်ညိုသောစိတ်ဖြင့် ဆိုခြင်း,ပြုခြင်းကြောင့်။ နံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်သို့။ သုခံ၊ ချမ်းသာသည်။ အနွေတိ၊ အစဉ်လိုက်၏။ ကာ ဝိယ၊ အဘယ်ကဲ့သို့နည်း ဟူမူကား။ ဆာယာ၊ အရိပ်သည်။ အနုပါယိနီ ဣဝ၊ လူသွားလေရာ အစဉ်တစိုက် နောက်ကတကောက်ကောက် လိုက်သကဲ့သို့တည်း။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ ရှစ်သောင်း လေးထောင်ကုန်သော သတ္တဝါတို့သည် အကျွတ်တရားကို ရကြကုန်၏။ မဋ္ဌကုဏ္ဍလီနတ်သားသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဒိန္နပုဗ္ဗက ပုဏ္ဏားသည်ကား ထို့အတူ သောတာပန်ဖြစ်၍သာလျှင် များစွာသော စည်းစိမ်ဥစ္စာကို မြတ်စွာဘုရား သာသနာတော်၌ လှူဒါန်း ကြဲဖြန့်လေ၏။

မဋ္ဌကုဏ္ဍလီသတို့သားဝတ္ထု ပြီး၏။

֍ * ၃။ တိဿမထေရ်ဝတ္ထု

အက္ကောစ္ဆိ မံ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်တိဿမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

အမျိုးမာန်တက် အပြောရခက်သူ

ထိုအရှင်တိဿမထေရ်ကား မြတ်စွာဘုရား၏ အရီးတော်၏သား (သုဒ္ဓေါဒနမင်းကြီး၏ နှမတော် အမိတာဒေဝီ မိဖုရား၏ သား) ဖြစ်သတတ်။ အရွယ်ကြီးရင့်သော ကာလမှ ရဟန်းပြု၍ မြတ်စွာဘုရားတို့အားဖြစ်သော လာဘ်,ပူဇော်သက္ကာရကို ဘုဉ်းပေးသုံးဆောင်ရလျက် ဆူဖြိုးသောကိုယ် ရှိသည်ဖြစ်၍ အဖန်တလဲလဲ နယ်အပ်သော သင်္ကန်းတို့ကို ဝတ်ရုံလျက် များသောအားဖြင့် ကျောင်းအလယ် ခစားရာ စည်းဝေးရာ ဇရပ်၌ နေ၏။ မြတ်စွာဘုရားကို ဖူးမြင်အံ့သောငှာ လာကုန်သော ဧည့်သည် အာဂန္တု ရဟန်းတို့သည် ထိုတိဿမထေရ်ကို မြင်လျှင် မထေရ်ကြီးတစ်ပါး ဖြစ်လတ္တံ့ဟူသော အမှတ်ဖြင့် ထိုတိဿမထေရ်၏ အထံသို့သွား၍ ဝတ်ကြီးဝတ်ငယ်ပြုခြင်း၊ ခြေဆုပ်လက်နယ်ပြုခြင်း စသည်တို့ကို ပန်ကြားကုန်၏။ တိဿမထေရ်သည် ဆိတ်ဆိတ်သာ နေလေ၏။ ထိုအခါ တိဿမထေရ်ကို ရဟန်းငယ်တစ်ပါးသည် “အရှင်ဘုရားတို့သည် အဘယ်မျှ ဝါရှိပြီနည်း”ဟု မေးလျှောက်၏။ “တစ်ဝါမျှမရှိသေး၊ ငါတို့သည် ကြီးရင့်သောကာလ၌ ရဟန်းပြုကုန်၏”ဟု ဆိုသည်ရှိသော် “ဆုံးမခက်သော ငါ့ရှင်ရဟန်းကြီး- သင်ကား မိမိ အတိုင်းအရှည်ကို မသိ၊ ဤမျှလောက်ကုန်သော မထေရ်ကြီးတို့ကို မြင်လျက် အရိုအသေ ပြုခြင်းမျှကိုလည်း မပြု၊ ဝတ်ကြီး ဝတ်ငယ်ကို ပန်ကြားအပ်သည်ရှိသော် ဆိတ်ဆိတ်သာနေ၏”ဟု ဆို၍ လက်ဖျစ်တီးလေ၏။ ထိုတိဿမထေရ်သည် မင်းမျိုး၌ဖြစ်သော ခတ္တိယမာန်ကို ဖြစ်စေလျက် “သင်တို့သည် အဘယ်သူ့အထံသို့ လာကြကုန်သနည်း”ဟု မေ၍ “မြတ်စွာဘုရားအထံသို့ လာကုန်၏”ဟု ဆိုသည်ရှိသော် “ငါ့ကို အဘယ်သို့သောသူဟူ၍ မှတ်ထင်ကြသနည်း၊ သင်တို့ကို အရင်းအမြစ်က ဖြတ်အံ့”ဟုဆို၍ ငိုလျက် ဆင်းရဲငြိုငြင်သော စိတ်နှလုံးရှိသည်ဖြစ်၍ မြတ်စွာဘုရာ အထံသို့ သွားလေ၏။

ထိုအခါ တိဿမထေရ်ကို မြတ်စွာဘုရားသည် “တိဿ- အဘယ့်ကြောင့် သင်သည် ဆင်းရဲငြိုငြင်သော စိတ်နှလုံးရှိသည်ဖြစ်၍ မျက်ရည်နှင့်မျက်ခွက် ငိုကြွေးလျက် လာသနည်း”ဟု မေးတော်မူ၏။ ထိုဧည့်သည် အာဂန္တု ရဟန်းတို့သည်လည်း ဤရဟန်းကားသွား၍ တစ်စုံတစ်ခု ချောက်ချားသည်ကို ပြုရာ၏ဟု နှလုံးပြုလျက် ထိုတိဿရဟန်းနှင့် အတူတကွသာလျှင် သွား၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ နေကုန်၏။ ထိုတိဿရဟန်းသည် မြတ်စွာဘုရား မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား- ဤရဟန်းတို့သည် တပည့်တော်ကို ဆဲရေးကုန်၏”ဟု နားတော်လျှောက်၏။ “သင်သည် အဘယ်အရပ်၌ နေသနည်း”ဟု မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား- ကျောင်းအလယ် ခစားရာ စည်းဝေးရာ ဇရပ်၌ နေပါ၏”ဟု လျှောက်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် “ဤရဟန်းတို့လာသည်ကို သင် မြင်၏လော”ဟု မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား- မြင်ပါ၏”ဟု လျှောက်လေ၏။ “သင်သည် ထ၍ ခရီးဦးကြိုဆိုခြင်း ပြုမိ၏လော”ဟု မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား- မပြုမိပါ”ဟု လျှောက်လေ၏။ “ပရိက္ခရာယူခြင်းကို ပန်ကြား၏လော”ဟု မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား- မပန်ကြားမိပါ”ဟု လျှောက်လေ၏။ “ဝတ်ကိုလည်းကောင်း၊ သောက်ရေကိုလည်းကောင်း ပန်ကြား၏လော”ဟု မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား- မပန်ကြားမိပါ”ဟု လျှောက်လေ၏။ “နေရာကိုဆောင်၍ ရှိခိုးပြီးလျှင် ခြေဆုပ်လက်နယ် ပြု၏လော”ဟု မေးသည်ရှိသော် “မြတ်စွာဘုရား မပြုမိပါ”ဟု လျှောက်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် “တိဿ- သီတင်းကြီးကုန်သော ရဟန်းတို့အား ဤအလုံးစုံသော ကျင့်ဝတ်ကို ပြုအပ်၏။ ဤသို့ မပြုသော ရဟန်းသည် ကျောင်းအလယ်၌ နေခြင်းငှာ မသင့်လျော်”ဟု မိန့်တော်မူ၍ “သင်၏ အပြစ်သာလျှင်တည်း၊ ထိုရဟန်းတို့ကို ကန်တော့လော့”ဟု မိန့်တော်မူ၏။ ထိုအခါ တိဿရဟန်းသည် “ထိုရဟန်းတို့ကား တပည့်တော်ကို ဆဲရေးကုန်၏၊ တပည့်တော်သည် ထိုရဟန်းတို့ကို မကန်တော့နိုင်ပါဘုရား”ဟု လျှောက်လေ၏။ “တိဿ- ဤသို့မပြုလင့်၊ သင်၏ အပြစ်သာလျှင်တည်း၊ ထိုရဟန်းတို့ကို ကန်တော့လော့”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- မကန်တော့နိုင်ပါ”ဟု လျှောက်လေ၏။ ထိုအခါ ရဟန်းတို့သည် “ဤတိဿရဟန်းကား ဆိုနိုင်ခက်၏”ဟု လျှောက်သည်ရှိသော် မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ယခုအခါ၌သာလျှင် မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းသည် ဆိုနိုင်ခက်သည်သာလျှင်တည်း”ဟု မိန့်တော်မူရကား “မြတ်စွာဘုရား ယခုအခါ ထိုရဟန်း၏ ဆိုနိုင်ခက်သောအဖြစ်ကို ရှေးဦးစွာ တပည့်တော်တို့ သိရပါပြီ၊ လွန်လေပြီးသောအခါ အဘယ်သို့ ပြုဖူးပါသနည်း”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ထိုသို့ဖြစ်မူ နာကြားကြကုန်လော့”ဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ်အကြောင်းကို ဆောင်တော်မူ၏။

တိဿမထေရ်၏ အတိတ်ဝတ္ထု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗာရာဏသီမင်းသည် မင်းပြုသည်ရှိသော် ဒေဝိလ အမည်ရှိသော ရသေ့သည် ရှစ်လတို့ပတ်လုံး ဟိမဝန္တာတော၌နေ၍ ချဉ်ဆား (အငန်နှင့် အချဉ်) မှီဝဲအံ့သောငှာ လေးလတို့ပတ်လုံး မြို့ကိုမှီ၍ နေလိုသည်ဖြစ်သောကြောင့် ဟိမဝန္တာတောမှ လာ၍ မြို့တံခါး၌ သူငယ်တို့ကိုမြင်လျှင် “ဤမြို့သို့ရောက်လာသော ရဟန်းတို့သည် အဘယ်အရပ်၌ နေကုန်သနည်း”ဟု မေး၏။ “အရှင်ဘုရား- အိုးထိန်းသည်၏ အလုပ်ရုံ တင်းကုပ်၌ နေကုန်၏”ဟု လျှောက်၏။ ဒေဝိလ ရသေ့သည် အိုးထိန်းသည်ဇရပ်သို့ သွား၍ တံခါး၌ရပ်လျက် “အိုးထိန်းသည်- သင့်အား အကယ်၍ ဝန်မလေးသည်ဖြစ်အံ့၊ တစ်ညဉ့်မျှ ဇရပ်၌ နေလို၏”ဟု ဆို၏။ အိုးထိန်းသည်သည် “တပည့်တော်အား ညဉ့်အခါ ဇရပ်၌ ပြုဖွယ်ကိစ္စ မရှိ၊ ဇရပ်သည် ကျယ်၏၊ ချမ်းသာစွာနေပါ အရှင်ဘုရား”ဟု ဇရပ်ကို အပ်နှံဆောင်နှင်း၏။

ထိုဒေဝိလရသေ့သည် ဇရပ်သို့ဝင်၍ နေသည်ရှိသော် တစ်ပါးသော နာရဒအမည်ရှိသော ရသေ့သည်လည်း ဟိမဝန္တာတောမှလာ၍ အိုးထိန်းသည်ကို တစ်ညဉ့်မျှ တည်းခိုနေရန် တောင်းပန်လေ၏။ အိုးထိန်းသည်သည် “ရှေးဦးစွာ ရောက်လာသော ရသေ့သည် ဤရသေ့နှင့် အတူတကွ နေလိုမည်၊ မနေလိုမည်ကို ငါမသိ၊ မိမိကိုယ်ကို လွတ်စေအံ့”ဟု ကြံပြီးလျှင် “အရှင်ဘုရား- ရှေးဦးစွာ ကပ်ရောက်နှင့်သော ရသေ့သည် အကယ်၍ နှစ်သက်သည် ဖြစ်ပါအံ့၊ ထိုရသေ့၏အလိုအားဖြင့် နေပါလော့”ဟု လျှောက်ဆို၏။ ထိုအခါ နာရဒရသေ့သည် ဒေဝိလရသေ့ထံသို့ ချဉ်းကပ်၍ “ဆရာရသေ့- ဆရာ့အား အကယ်၍ ဝန်မလေးသည် ဖြစ်ပါအံ့၊ အကျွန်ုပ်တို့သည်လည်း ဤဇရပ်၌ တစ်ညဉ့်မျှ နေပါရစေ”ဟု တောင်းပန်၏။ “ဇရပ်သည် ကျယ်၏၊ ဝင်၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေလော့”ဟု ဆိုသည်ရှိသော် ဝင်ပြီးလျှင် ရှေးဦးစွာဝင်သော ဒေဝီလရသေ့၏ နောက်အဖို့၌ နေ၏။ နှစ်ဦးသော ရသေ့တို့သည်လည်း အသက်ထက်ဆုံး အောက်မေ့ထိုက်သော စကားကို ပြောကြားပြီး၍ အိပ်သောအခါ နာရဒရသေ့သည် ဒေဝီလရသေ့၏ အိပ်ရာအရပ်ကိုလည်းကောင်း၊ တံခါးကိုလည်းကောင်းမှတ်၍ အိပ်၏။ ထိုဒေဝီလရသေ့သည်ကား အိပ်သည်ရှိသော် မိမိ၏ အိပ်ရာအရပ်၌ မအိပ်မူ၍ တံခါးအလယ်၌ ဖီလာကန့်လန့်ပြု၍ အိပ်၏။

ဒေဝိလရသေ့၏ ဆံကျစ်,လည်ပင်းတို့ကို နင်းမိခြင်း

နာရဒရသေ့သည် ညဉ့်အခါ ထွက်သည်ရှိသော် ထိုဒေဝိလရသေ့၏ ဆံကျစ်ဦးစွန်းတို့၌ နင်းမိလေ၏။ “အဘယ်သူသည် ငါ့ကို နင်းသနည်း”ဟု မေးသည်ရှိသော် “ဆရာ- အကျွန်ုပ် နာရဒရသေ့တည်း”ဟု ဖြေဆိုလေ၏။ “ရသေ့စဉ်းလဲ- တောမှလာ၍ ငါ၏ ဆံကျစ်ဦးစွန်းတို့၌ နင်းဘိ၏”ဟု ဆိုသည်ရှိသော် “ဆရာ- အသင်တို့၏ ဤအရပ်၌ အိပ်သည့်အဖြစ်ကို မသိပါ၊ အကျွန်ုပ်အား သည်းခံပါလော့” ဟုဆို၍ ဒေဝိလရသေ့၏ ထွေထွေရာရာ ဆိုမြည်းတမ်းစဉ်ပင်လျှင် အပသို့ ထွက်ခဲ့၏။ ဒေဝိလရသေ့သည် “ဤနာရဒ ရသေ့ကား ဝင်လာသည်ရှိသော်လည်း ငါ့ကို နင်းရာ၏”ဟု ခြေရင်းခေါင်းရင်းလှည့်၍ ခြေထားရာ၌ ဦးခေါင်းထားလျက်အိပ်၏။ နာရဒရသေ့သည်လည်း ဝင်လာသည်ရှိသော် “ရှေးဦးစွာ၌လည်း ငါသည် ဆရာ၌ ပြစ်မှားမိ၏။ ယခုအခါ ထိုဒေဝီလရသေ့၏ ခြေရင်းနံပါးဖြင့် ဝင်အံ့”ဟု ကြံ၍ လာသည်ရှိသော် လည်ပင်း၌ နင်းမိပြန်၏။ ဒေဝိလ ရသေ့လည်း “ဤသူသည် အဘယ်သူနည်း”ဟု မေးသည်ရှိသော် “ဆရာ- အကျွန်ုပ် နာရဒရသေ့ပါတည်း”ဟု ဆိုသောကြောင့် “ရသေ့စဉ်းလဲ- ရှေးဦးစွာ ငါ၏ ဆံကျစ်ဦးစွန်းတို့၌ နင်းပြီး၍ ယခုအခါ လည်ပင်း၌ နင်းပြန်၏။ သင့်ကို ကျိန်ဆဲအံ့”ဟု ဆိုသည်ရှိသော် “ဆရာ- အကျွန်ုပ်အား အပြစ်မရှိ၊ အကျွန်ုပ်သည် အသင်တို့၏ ဤသို့ အိပ်သည်အဖြစ်ကို မသိသောကြောင့် ရှေးဦးစွာလည်း ပြစ်မှားမိပါသည်။ ယခုအခါ ခြေရင်းဖြင့်ဝင်အံ့ဟု ကြံ၍ ဝင်မိပါသည်၊ အကျွန်ုပ်အား သည်းခံပါလော့”ဟု ဆို၏။

ရသေ့တို့ အပြန်အလှန် ကျိန်ဆဲကြခြင်း

ထိုအခါ ဒေဝိလရသေ့သည် နာရဒရသေ့ကို “ရသေ့စဉ်းလဲ- သင့်ကို ကျိန်ဆဲအံ့”ဟု ဆိုသည်ရှိသော် “ဆရာ- ဤသို့ မပြုပါလင့်”ဟု တောင်းတောင်းပန်ပန် ဆိုလေ၏။ ထိုဒေဝိလရသေ့သည် နာရဒရသေ့၏စကားကို မနာယူမူ၍ ဤဂါထာဖြင့် ကျိန်ဆဲ၏။

သဟဿရံသီ သတတေဇော၊ သူရိယော တမဝိနောဒနော။
ပါတော ဥဒယန္တေ သူရိယေ၊ မုဒ္ဓါ တေ ဖလတု သတ္တော။

သဟဿရံသီ၊ အထောင်သော ရောင်ခြည်ကို ဆောင်ထသော။ သတတေဇော၊ အရာမကသော အပူဓာတ် ရှိထသော။ တမဝိနောဒနော၊ အမိုက်ကို ပယ်ဖျောက်တတ်ထသော။ သူရိယော၊ နေမင်းသည်။ အတ္ထိ၊ ရှိ၏။ သူရိယေ၊ နေသည်။ ပါတော၊ နံနက်အခါ၌။ ဥဒယန္တေ၊ တက်သည်ရှိသော်။ တေ၊ သင်၏။ မုဒ္ဓါ၊ ဦးခေါင်းသည်။ သတ္တဓာ၊ ခုနစ်စိတ်။ ဖလတု၊ ကွဲစေသတည်း။

ဤသို့ဆိုလျက် နာရဒရသေ့ကို ကျိန်ဆဲသည်သာလျှင်တည်း။ နာရဒရသေ့သည် “ဆရာ- အကျွန်ုပ်အား အပြစ်မရှိဟု အကျွန်ုပ် ဆိုစဉ်ပင်လျှင် အသင်တို့သည် ကျိန်ဆဲဘိ၏။ အကြင်သူအား အပြစ်ရှိ၏၊ ထိုအပြစ်ရှိသောသူ၏ ဦးခေါင်းသည် ကွဲစေသတည်း၊ အပြစ်ကင်းသောသူ၏ ဦးခေါင်းသည် မကွဲစေသတည်း”ဟု ဆို၍ ဤဂါထာကို ဆို၏။

သဟဿရံသီ သတတေဇော၊ သူရိယော တမဝိနောဒနော။
ပါတော ဥဒယန္တေ သူရိယေ၊ မုဒ္ဓါ တေ ဖလတု သတ္တော။

သဟဿရံသီ၊ အထောင်သော ရောင်ခြည်ကို ဆောင်ထသော။ သတတေဇော၊ အရာမကသော အပူဓာတ် ရှိထသော။ တမဝိနောဒနော၊ အမိုက်ကို ပယ်ဖျောက်တတ်ထသော။ သူရိယော၊ နေမင်းသည်။ အတ္ထိ၊ ရှိ၏။ သူရိယေ၊ နေသည်။ ပါတော၊ နံနက်အခါ၌။ ဥဒယန္တေ၊ တက်သည်ရှိသော်။ တေ၊ သင်၏။ မုဒ္ဓါ၊ ဦးခေါင်းသည်။ သတ္တဓာ၊ ခုနစ်စိတ်။ ဖလတု၊ ကွဲစေသတည်း။

ဤသို့ ဆို၍ ပြန်ကျိန်ဆဲလိုက်၏။

နာရဒရသေ့၏ အစွမ်း

ထိုနာရဒရသေ့သည်ကား ကြီးသော အာနုဘော် ရှိ၏။ လွန်လေပြီးသောအတိတ်၌ ကမ္ဘာလေးဆယ်တို့ကိုလည်းကောင်း၊ လာလတ္တံ့သော အနာဂတ်၌ ကမ္ဘာလေးဆယ်တို့ကိုလည်းကောင်း၊ ဤသို့ ရှစ်ဆယ်သော ကမ္ဘာတို့ကို အောက်မေ့နိုင်၏။ ထို့ကြောင့် “ကျိန်စာသည် အဘယ်သူ၏အထက်၌ ကျလတ္တံ့နည်း”ဟု စူးစမ်းဆင်ခြင်သည်ရှိသော် “ဆရာ ဒေဝိလရသေ့၏ ထိပ်ထက်၌ ကျလတ္တံ့”ဟုသိ၍ ထို ဒေဝိလရသေ့၌ အစဉ်သနားသည်ကို စွဲလျက် တန်ခိုး၏အစွမ်းအားဖြင့် အရုဏ်တက်ခြင်းကို တားမြစ်လေ၏။ ပြည်သူပြည်သားတို့သည် အရုဏ်မတက်သည်ရှိသော် မင်းအိမ်တံခါးသို့ သွား၍ “အရှင်မင်းကြီး- အရှင်မင်းကြီး မင်းပြုခါမှ အရုဏ်မတက်ပါ၊ အကျွန်ုပ်တို့အား အရုဏ်တက်စေပါလော့”ဟု မြည်တမ်းကြကုန်၏။ မင်းသည် မိမိကိုယ်ဖြင့် ပြုအပ်သောအမှု စသည်တို့ကို ကြည့်ရှုသည်ရှိသော် တစ်စုံတစ်ခု မသင့်သောအမှုကို မမြင်သောကြောင့် အဘယ်သို့သော အကြောင်းနည်းဟု ကြံ၍ ရသေ့ရဟန်းတို့၏ ငြင်းခုံခြင်းသည် ဖြစ်ရာ၏ဟု တွေးတော ယုံမှားခြင်းရှိသည်ဖြစ်၍ “အသို့နည်း၊ ဤပြည်၌ ရသေ့ရဟန်းတို့သည် ရှိကုန်သလော”ဟု မေးလေ၏။ “အရှင်မင်းကြီး- ယမန်နေ့ ညချမ်းအခါ အိုးထိန်းသည်ဇရပ်၌ ရောက်လာသော ရသေ့တို့သည် ရှိကုန်၏”ဟု လျှောက်လတ်သော် မင်းသည် ထိုခဏ၌ပင် မီးရှူး,မီးတိုင်တို့ကို ညှိထွန်းလျက် ထိုအိုးထိန်းသည်ဇရပ်သို့ သွား၍ နာရဒရသေ့ကို ရှိခိုး၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေလျက် ဤဂါထာဖြင့် လျှောက်၏။

ကမ္မန္တာ နပ္ပဝတ္တန္တိ၊ ဇမ္ဗုဒီပဿ နာရဒ။
ကေန လောကော တမောဘူတော၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

နာရဒ၊ နာရဒ ရှင်ရသေ့။ ဇမ္ဗုဒီပဿ၊ ဇမ္ဗူဒိပ်ကျွန်းသား လူများအပေါင်း၏။ ကမ္မန္တာ၊ အမှုလုပ်ခြင်းတို့သည်။ နပ္ပဝတ္တန္တိ၊ မဖြစ်နိုင်ကြကုန်။ ကေန၊ အဘယ့်ကြောင့်။ လောကော၊ လောကကြီးသည်။ တမောဘူတော၊ အမိုက်အတိ ဖြစ်သနည်း။ ပုစ္ဆိတော၊ မေးအပ်သော ရှင်ရသေ့သည်။ မေ၊ အကျွန်ုပ်အား။ တံ၊ ထိုအကြောင်းကို။ အက္ခာဟိ၊ ဖြေကြားတော်မူပါလော့။

နာရဒရသေ့သည် အလုံးစုံသောအကြောင်းကို ပြောကြား၍ “ဤအကြောင်းဖြင့် ငါ့ကို ဤဒေဝိလရသေ့သည် ကျိန်ဆဲ၏။ ထိုအခါ ငါသည် ငါ့အား အပြစ်မရှိ၊ အပြစ်ရှိသောသူ၏ ထိပ်ထက်၌သာလျှင် ကျိန်စာသည် ကျစေသတည်းဟုဆို၍ ကျိန်ဆဲ၏။ ကျိန်ဆဲပြီး၍ကား အဘယ်သူ၏ထိပ်ထက်၌ ကျလတ္တံ့နည်းဟု စူးစမ်းဆင်ခြင်သည်ရှိသော် နေထွက်သောအခါ ဆရာဒေဝိလရသေ့၌ ဦးခေါင်းခုနစ်စိတ် ကွဲလတ္တံ့သည်ကို မြင်သောကြောင့် ထိုဒေဝိလရသေ့၌ အစဉ်သနားသည်ကို စွဲ၍ အရုဏ်တက်ခြင်းကို မပေး (အရုဏ်မတက်အောင် ငါဓိဋ္ဌာန်ထားသည်)” ဟုဆို၏။ “အရှင်ဘုရား- အဘယ်သို့ပြုလျှင် ထိုဒေဝိလရသေ့အား အန္တရာယ်သည် မဖြစ်ရာအံ့နည်း”ဟု မေးလျှောက်သည်ရှိသော် “ငါ့ကို အကယ်၍ ကန်တော့သည်ဖြစ်အံ့၊ အန္တရာယ်မဖြစ်ရာ”ဟု ဆို၏။ “ထိုသို့ဖြစ်မူ ကန်တော့ပါလော့”ဟု ဒေဝိလရသေ့ကို ဆိုအပ်သည်ရှိသော် ဒေဝီလရသေ့သည် “ဤနာရဒရသေ့ကား ငါ့ကို ဆံကျစ်ဦးစွန်းတို့၌လည်းကောင်း၊ လည်ပင်း၌လည်းကောင်း နင်း၏၊ ငါသည် ဤရသေ့စဉ်းလဲကို မကန်တော့နိုင်”ဟု ဆို၏။ “အရှင်ဘုရား- ဤသို့မပြုပါလင့်၊ ကန်တော့ပါလော့”ဟု လျှောက်သော်လည်း မကန်တော့နိုင်ဟုဆို၏။ “သင်ရသေ့၏ဦးခေါင်း ခုနစ်စိတ်ကွဲပါလိမ့်မည်”ဟု ဆိုပြန်သော်လည်း မကန်တော့ဘဲနေသည်သာတည်း။ ထိုအခါ မင်းသည် ဒေဝီလရသေ့ကို “သင်သည် မိမိအလိုအားဖြင့် မကန်တော့ဘဲသာ နေပေလတ္တံ့”ဟု ဆို၍ လက်,ခြေ၊,ဝမ်းပိုက်, လည်ကုပ်တို့၌ ကိုင်ဆွဲစေလျက် နာရဒရှင်ရသေ့၏ ခြေရင်း၌ ဦးညွတ်စေ၏။ နာရဒရှင်ရသေ့သည်လည်း “ဆရာဒေဝီလ- ထတော်မူပါလော့၊ သင့်အား သည်းခံပါ၏”ဟု ဆို၍ “မြတ်သောမင်းကြီး- ဤဒေဝိလရသေ့သည် မိမိ၏ စိတ်အလိုအားဖြင့် ကန်တော့သည်မဟုတ်၊ မြို့၏ မနီးမဝေးသော အရပ်၌ အိုင်တစ်ခုသည် ရှိ၏။ ထိုအိုင်ဝယ် ဒေဝိလ ရှင်ရသေ့ကို ဦးခေါင်း၌ မြေစိုင်ကို တင်ထား၍ လည်ပင်းပမာဏရှိသောရေ၌ ထားလေလော့”ဟု ဆို၏။ မင်းကြီးသည်လည်း ထိုနာရဒ ရှင်ရသေ့ ဆိုတိုင်း ပြုစေလေ၏။ ထိုအခါ နာရဒရှင်ရသေ့သည် ဒေဝီလရသေ့ကို ခေါ်၍ “ဆရာဒေဝိလ- အကျွန်ုပ်သည် တန်ခိုးကိုလွှတ်သဖြင့် နေပူရောင်တက်လာသည်ရှိသော် ရေ၌ငုပ်၍ တစ်ပါးသောအရပ်ဖြင့် ကူး၍ သွားပါ”ဟု ပြောဆိုလေ၏။ ထိုဒေဝိလရသေ့အား နေအရောင်တို့ဖြင့် တွေ့ထိကာမျှ၌သာလျှင် မြေစိုင်သည် ခုနစ်စိတ်ကွဲလေ၏။ ထိုဒေဝိလ ရသေ့သည်လည်း ငုပ်၍ တစ်ပါးသော အရပ်သို့ ပြေးလေ၏။ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ “ချစ်သားရဟန်းတို့- ထိုအခါ မင်းသည် ယခုအခါ အာနန္ဒာ ဖြစ်လာ၏။ ဒေဝိလ ရသေ့သည် တိဿမထေရ် ဖြစ်လာ၏။ နာရဒရသေ့သည် ငါဘုရား ဖြစ်လာ၏”ဟု ဇာတ်ကို ပေါင်းတော်မူပြီးလျှင် “ထိုအခါ၌လည်း ဤရဟန်းသည် ဆိုနိုင်ခက်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ တိဿမထေရ်ကို ခေါ်တော်မူပြီးနောက် “တိဿ- ရဟန်းတို့မည်သည်ကား ဤအမည်ရှိသောသူသည် ငါ့ကို အမျက်ထွက်ပြီ၊ ဤအမည်ရှိသောသူသည် ငါ့ကို ပုတ်ခတ်ပြီ၊ ဤအမည်ရှိသောသူသည် ငါ့ကို အောင်ပြီ၊ ဤအမည်ရှိသောသူသည် ငါ၏ ဥစ္စာ ဘဏ္ဍာကို ယူဆောင်ပြီဟူ၍ မကြံစည်ထိုက်၊ ဤသို့ ကြံစည်သော ရဟန်းအား ရန်မည်သည် မငြိမ်းနိုင်၊ ဤသို့ ရန်ငြိုးမဖွဲ့ သောသူအားသာလျှင် ငြိမ်း၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူ၏။

ရန်ကို ရန်ချင်း မတုံ့လျင်းနှင့်

֍ * [၃] အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ န သမ္မတိ။
֍ * [၄] အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ နုပနယှန္တိ၊ ဝေရံ တေသံ ဥပသမ္မတိ။

ဧသော၊ ဤသူသည်။ မံ၊ ငါ့ကို။ အက္ကောစ္ဆိ၊ ဆဲရေးပြီ။ ဧသော၊ ဤသူသည်။ မံ၊ ငါ့ကို။ အဝဓိ၊ ညှဉ်းဆဲပြီ။ ဧသော၊ ဤသူသည်။ မံ၊ ငါ့ကို။ အဇိနိ၊ အောင်ပြီ။ ဧသော၊ ဤသူသည်။ မေ၊ ငါ၏။ ဓနံ၊ ဥစ္စာကို။ အဟာသိ၊ ယူဆောင်ပြီ။ ဣတိ၊ ဤသို့။ ယေ စ၊ အကြင်သူတို့သည်လည်း။ တံ၊ ထိုအမျက်ဒေါသ စသည်ကို။ ဥပနယှန္တိ၊ ရန်ငြိုးဖွဲ့ကြကုန်၏။ တေသံ၊ ထိုသူတို့အား။ ဝေရံ၊ ရန်သည်။ န သမ္မတိ၊ မငြိမ်း။

ဧသော၊ ဤသူသည်။ မံ၊ ငါ့ကို။ အက္ကောစ္ဆိ၊ ဆဲရေးပြီ။ ဧသော၊ ဤသူသည်။ မံ၊ ငါ့ကို။ အဝဓိ၊ ညှဉ်းဆဲပြီ။ ဧသော၊ ဤသူသည်။ မံ၊ ငါ့ကို။ အဇိနိ၊ အောင်ပြီ။ ဧသော၊ ဤသူသည်။ မေ၊ ငါ၏။ ဓနံ၊ ဥစ္စာကို။ အဟာသိ၊ ယူဆောင်ပြီ။ ဣတိ၊ ဤသို့။ ယေ စ၊ အကြင်သူတို့သည်လည်း။ တံ၊ ထိုအမျက်ဒေါသ စသည်ကို။ နုပနယှန္တိ၊ ရန်ငြိုးမဖွဲ့ကြကုန်။ တေသံ၊ ထိုသူတို့အား။ ဝေရံ၊ ရန်သည်။ ဥပသမ္မတိ၊ ငြိမ်း၏။

ဒေသနာတော်၏ အကျိုးတရား

ဒေသနာတော်၏ အဆုံး၌ တစ်သိန်းသော ရဟန်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကုန်၏။ များစွာသော လူအပေါင်းအား အကျိုးရှိသော တရားဒေသနာတော်သည် ဖြစ်၏။ ဆိုနိုင်ခက်သော တိဿရဟန်းသည်လည်း ဆိုနိုင်လွယ်သော ရဟန်းသာလျှင် ဖြစ်လေ၏။

တိဿမထေရ်ဝတ္ထု ပြီး၏။

֍ * ၄။ ကာဠီ ဘီလူးမဝတ္ထု

န ဟိ ဝေရေန အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် မထင်ရှားသော မိန်းမမြုံကို အကြောင်းပြု၍ ဟောတော်မူ၏။

ရန်ဘက်သံသရာလည်ခြင်း၏ အစ

တစ်ယောက်သော သူကြွယ်သားသည် အဘသေသည်ရှိသော် လယ်၌လည်းကောင်း၊ အိမ်၌လည်းကောင်း အလုံးစုံသော ကိစ္စတို့ကို မိမိတစ်ယောက်တည်းသာလျှင် ပြုလျက် မိခင်ကို လုပ်ကျွေးလေ၏။ ထိုအခါ ထိုသူကြွယ်သား၏ မိခင်သည် “ချစ်သား- သင့်အတွက် သတို့သမီးတစ်ယောက် ဆောင်နှင်းပေအံ့”ဟု ဆိုလေ၏။ “မိခင်- ဤသို့ မဆိုပါလင့်၊ အကျွန်ုပ်သည် အသက်ထက်ဆုံး မိခင်တို့ကို လုပ်ကျွေးပါအံ့”ဟု ဆိုလတ်သော် မိခင်သည် “ချစ်သား- လယ်၌လည်းကောင်း၊ အိမ်၌လည်းကောင်း ပြုဖွယ်ကိစ္စတို့ကို သင်သာလျှင် ပြုရ၏။ ထို့ကြောင့် ငါ့အား စိတ်ချမ်းသာခြင်းမည်သည် မဖြစ်၊ ဆောင်နှင်းပေအံ့”ဟု ဆိုလေ၏။ ထိုသူကြွယ်သားသည် အဖန်တလဲလဲ ပယ်ပြီးလျှင် ဆိတ်ဆိတ်နေလေ၏။ ထိုမိခင်သည် တစ်ယောက်သော အမျိုးသမီးကို အိမ်သို့ ဆောင်ခြင်းငှာ အိမ်မှ ထွက်သွားလေ၏။ ထိုအခါ မိခင်ကို သားသည် “အဘယ်အမျိုးအိမ်သို့ သွားအံ့နည်း”ဟု မေး၍ “ဤမည်သော အမျိုးအိမ်သို့ သွားအံ့”ဟု ဆိုသည်ရှိသော် ထိုအမျိုးအိမ်သို့ သွားခြင်းကို တားမြစ်၍ မိမိ ကြိုက်နှစ်သက်သော အမျိုးကို ညွှန်ကြားလေ၏။

မိခင်သည်လည်း ညွှန်ကြားသော အမျိုးသမီးအိမ်သို့ သွား၍ သတို့သမီးငယ်ကို ဖိတ်မန်တောင်းဆို နေ့ရက်ကို မှတ်သားပြီးလျှင် ထိုသတို့သား၏အိမ်သို့ ဆောင်ခဲ့၍ နေစေလေ၏။ ထိုသတို့သမီးငယ်သည်ကား မြုံခဲ့လေ၏။ ထိုအခါ သူကြွယ်သားကို မိခင်သည် “ချစ်သား- သင်သည် မိမိအလိုအားဖြင့် သတို့သမီးငယ်ကို ဆောင်စေ၏။ ထိုသတို့သမီးငယ်သည် ယခုအခါ အမြုံဖြစ်ခဲ့၏။ သားသမီးမရှိသော အမျိုးမည်သည်လည်း ပျက်စီးတတ်၏၊ အမျိုးမဆက်နိုင်၊ သင့်အား တစ်ပါးသော သတို့သမီးငယ်ကို ဆောင်ဦးအံ့”ဟု ဆိုလေ၏။ ထိုသူကြွယ်သားသည် “မိခင်- မသင့်လျော်ပါ”ဟု မြစ်ပယ်သော်လည်း အဖန်တလဲလဲ ပြောဆိုလေ၏။ မိန်းမမြုံသည် ထိုမိခင်ဆိုသောစကားကို ကြားရ၍ “သားတို့မည်သည် မိဘတို့စကားကို လွန်ခြင်းငှာ မတတ်နိုင်ကြကုန်။ ယခုအခါ ငါမှတစ်ပါး သားဖွားနိုင်သော မိန်းမကို ဆောင်ယူ၍ ငါ့ကို ကျွန်မအရာ၌ ထားလတ္တံ့၊ ငါကိုယ်တိုင် သတို့သမီးတစ်ယောက်ကို ဆောင်ရမူကား ကောင်းလေစွ”ဟု ကြံပြီးလျှင် တစ်ယောက်သော အမျိုးအိမ်သို့သွား၍ ထိုခင်ပွန်းယောက်ျား အလို့ငှာ သတို့သမီးငယ်ကို ဖိတ်မန်တောင်းဆိုလေ၏။ ထိုအခါ “ချစ်သမီး- အဘယ်စကားကို ပြောဆိုဘိသနည်း”ဟု ထိုသတို့သမီးငယ်၏ မိဘတို့သည် ပယ်လတ်သည်ရှိသော် “အကျွန်ုပ်သည် မြုံ၏၊ သားသမီးမရှိသော အမျိုးမည်သည် ပျက်စီးတတ်၏၊ သင်တို့၏သမီးသည် သားယောက်ျားကိုလည်းကောင်း၊ သမီးမိန်းမကိုလည်းကောင်း ရသည်ရှိသော် သူကြွယ်၏ အိမ်ရှင်မ ဖြစ်လတ္တံ့၊ အကျွန်ုပ်၏ ခင်ပွန်းအလို့ငှာ ထိုသတို့သမီးငယ်ကို ပေးကြပါကုန်လော့”ဟု တောင်းပန်သဖြင့် ဝန်ခံစေ၍ ဆောင်ယူခဲ့ပြီးလျှင် လင်ယောက်ျား၏ အိမ်၌ နေစေ၏။

ထိုနောက်မှ ထိုမိန်းမမြုံအား ဤသို့သော အကြံသည် ဖြစ်၏။ “ဤသတို့သမီးငယ်သည် သားယောက်ျားကိုလည်းကောင်း၊ သမီးမိန်းကလေးကိုလည်းကောင်း အကယ်၍ ရသည်ဖြစ်အံ့၊ ဤသတို့သမီးငယ်သည်သာလျှင် ပစ္စည်းဥစ္စာတို့၏ အရှင်ဖြစ်လတ္တံ့၊ အကြင်သို့သော အခြင်းအရာဖြင့် ပြုသည်ရှိသော် သားသမီးမရ။ ထိုသို့သော အခြင်းအရာဖြင့်သာလျှင် ထိုသတို့သမီးငယ်ကို ပြုခြင်းငှာ သင့်၏”ဟု အကြံဖြစ်လေ၏။ ထိုအခါ သတို့သမီးငယ်ကို ထိုမိန်းမမြုံသည် “ချစ်သမီး- သင့်ဝမ်း၌ ကိုယ်ဝန်တည်သောအခါ ငါ့အား အကြောင်ကြားပါလော့”ဟုဆို၏။ သတို့သမီးငယ်သည် “ကောင်းပါပြီ”ဟု ဝန်ခံ၍ ကိုယ်ဝန်တည်သည်ရှိသော် မိန်းမမြုံအား အကြောင်းကြားလေ၏။ သတို့သမီးငယ်အား မိန်းမမြုံသည် မိမိကိုယ်တိုင်သာလျှင် အမြဲမပြတ် ယာဂု,ထမင်းကို ပေး၏။ ထိုအခါ သတို့သမီးငယ်အား အာဟာရနှင့် အတူတကွရော၍ ကိုယ်ဝန်ကို ပျက်ကျစေတတ်သော ဆေးကို ပေး၏။ ကိုယ်ဝန်သည် လျောကျ ပျက်စီးလေ၏။ နှစ်ကြိမ်မြောက်၌လည်း ကိုယ်ဝန်တည်သည်ရှိသော် အကြောင်းကြားပြန်လေ၏။ မိန်းမမြုံသည် နှစ်ကြိမ်မြောက်၌လည်း ထို့အတူ ကိုယ်ဝန်ကို ပျက်ကျစေပြန်၏။ ထိုအခါ သတို့သမီးငယ်ကို အိမ်နီးချင်းမိန်းမတို့သည် “အသို့နည်း၊ သင့်လင်တူဖြစ်သော အစ်မသည် အန္တရာယ်ကို ပြုလေသလော”ဟု မေးကုန်၏။ သတို့သမီးငယ်သည် ထိုအကြောင်းကို ပြောကြားသည်ရှိသော် “မိုက်လှစွာသော မိန်းမငယ်- သင် အဘယ့်ကြောင့် ဤသို့ပြုသနည်း၊ ဤမိန်းမမြုံသည် သင်၏ အစိုးတရဖြစ်ခြင်းမှ ကြောက်သောကြောင့် ကိုယ်ဝန်ပျက်ကျစေတတ်သော ဆေးကို ဖျော်၍ပေး၏။ ထို့ကြောင့် သင့်ကိုယ်ဝန်သည် ပျက်ကျလေ၏။ တစ်ဖန် ဤသို့ ပြောဆိုခြင်းအမှုကို မပြုလင့်”ဟု ဆိုအပ်သည်ဖြစ်၍ သတို့သမီးငယ်သည် သုံးကြိမ်မြောက် ကိုယ်ဝန်တည်သောအခါ မပြောမဆိုဘဲ နေလေ၏။ ထိုအခါ သတို့သမီးငယ်၏ ဝမ်းကို မိန်းမမြုံသည်မြင်၍ “အဘယ့်ကြောင့် ငါ့အား ကိုယ်ဝန်တည်သည့် အဖြစ်ကို မပြောဆိုသနည်း”ဟု မေးမြန်းသဖြင့် သင်သည် “ငါ့ကို ဆောင်ယူလာပြီးလျှင် နှစ်ကြိမ်တိုင်တိုင် ကိုယ်ဝန်ကို ပျက်ကျစေ၏၊ အဘယ်အကျိုးငှာ သင့်အား ပြောဆိုရအံ့နည်း”ဟု ဆိုလတ်သော် “ယခုအခါ ငါသည် ပျက်စီးလေပြီ”ဟု ကြံ၍ ထိုသတို့သမီးငယ်၏ မေ့လျော့ခြင်းကို ကြည့်လျက်နေစဉ် ကိုယ်ဝန်ရင့်သောအခါ အခွင့်ကိုရ၍ ဆေးကို ဖော်စပ်လျက် ပေးလေ၏။ သူငယ်ကိုယ်ဝန်သည် ရင့်သည်အဖြစ်ကြောင့် လျှောကျခြင်းငှာ မတတ်နိုင်ရကား ဖီလာကန့်လန့်အိပ်လျက် ပြင်းစွာသော ဝေဒနာဖြစ်၍ အသက်ကုန်ခြင်းသို့ ရောက်လေ၏။

ကြောင်မနှင့် ကြက်မတို့ဘဝ

ထိုသတို့သမီးငယ်သည် သေခါနီးကာလ၌ “ငါကား ပျက်စီးရတော့မည် ဖြစ်ချေ၏။ သင်သည်ပင်လျှင် ငါ့ကိုခေါ်ဆောင်၍ သင်သည်ပင်လျှင် သုံးကြိမ်စလုံး သူငယ်တို့ကို ဖျက်ဆီး၏။ ယခုအခါ ငါသည်လည်း ပျက်စီးတော့အံ့။ ယခု ဤကိုယ်အဖြစ်မှ စုတေသည်ရှိသော် ဘီလူးမဖြစ်၍ သင်၏ သားငယ်တို့ကို စားခြင်းငှာ စွမ်းနိုင်သောသူ ဖြစ်စေသော”ဟု ဆုတောင်းခြင်းကိုပြု၍ သေသည်ရှိသော် ထိုအိမ်၌ပင် ကြောင်မ ဖြစ်လေ၏။ မိန်းမမြုံကိုလည်း လင်သူကြွယ်သည် ကိုင်ဖမ်းလျက် “သင်ကား ငါ့အမျိုးအနွယ် ဖြတ်ခြင်းကို ပြု၏”ဟု တံတောင်ဆစ်, ဒူးခေါင်း စသည်တို့ဖြင့် ပြင်းစွာ ထောင်းသတ် ပုတ်ခတ်ခြင်းကို ပြုလေ၏။ မိန်းမမြုံသည် ထိုပြင်းစွာ ထောင်းသတ် ပုတ်ခတ်သော အနာဖြင့်သာလျှင် သေ၍ ထိုအိမ်၌ပင် ကြက်မ ဖြစ်လေ၏။ ထိုကြက်မသည် မကြာမြင့်မီ အဥတို့ကို ဥသည်ရှိသော် ကြောင်မသည်လာ၍ အဥတို့ကို စား၏။ နှစ်ကြိမ်မြောက်လည်းကောင်း၊ သုံးကြိမ်မြောက်လည်းကောင်း စားသည်သာလျှင်တည်း။

သစ်မနှင့် သမင်မ

ထိုအခါ ကြက်မသည် “ငါ၏ အဥတို့ကို သုံးကြိမ်တိုင် စားပြီး၍ ငါ့ကိုလည်း စားလိုသည်ဖြစ်၏”ဟု ကြံလျက် “ဤကိုယ်အဖြစ်မှ စုတေမနေ သေလွန်သောအခါ သားသမီးနှင့်တကွ ထိုကြောင်မကို စားရပါလို၏”ဟု ဆုတောင်းခြင်းကို ပြု၍ စုတေသည်ရှိသော် တော၌ သစ်မ (သစ်-ဟူသည် ကြမ်းကြုတ်သော ကျားတစ်မျိုးပင်တည်း။) ဖြစ်လေ၏။ ကြောင်မသည်ကား သမင်မ ဖြစ်လေ၏။ ထိုသမင်မ ဖွားသောကာလ၌ သစ်မသည်လာ၍ သုံးကြိမ် သားငယ်တို့ကို စားလေ၏။

နောက်ဆုံးဘဝ ဘီလူးမနှင့် လူမ

သမင်မသည် သေခါနီးကာလ “ဤသစ်မသည် ငါ၏ သားငယ်တို့ကို သုံးကြိမ်စားပြီး၍ ယခု ငါ့ကိုလည်း စားလတ္တံ့၊ ဤကိုယ်အဖြစ်မှ စုတေ သေလွန်သည်ရှိသော် သားသမီးနှင့်တကွသော ဤသစ်မကို စားရပါလို၏”ဟု ဆုတောင်းခြင်းကိုပြု၍ ထိုကိုယ်အဖြစ်မှ စုတေသည်ရှိသော် ဘီလူးမ ဖြစ်လေ၏။ သစ်မသည်လည်း ထိုတော၌ပင် ထိုကိုယ်အဖြစ်မှ စုတေသည်ရှိသော် သာဝတ္ထိပြည်၌ အမျိုးသမီး ဖြစ်လေ၏။ ထိုအမျိုးသမီးသည် အရွယ်သို့ ရောက်လတ်သော် သာဝတ္ထိပြည် တံခါးနှင့်နီးသော ရွာဝယ် လင့်အိမ်သို့ လိုက်သွားလေ၏။ နောက်အဖို့၌ သားကို ဖွားမြင်လေ၏။ ဘီလူးမသည်လည်း ထိုအမျိုးသမီး၏ ချစ်လှစွာသော အဆွေခင်ပွန်းအသွင်ဖြင့်လာ၍ “ငါ့အဆွေခင်ပွန်းမသည် အဘယ်မှာနည်း”ဟု မေးသည်ဖြစ်၍ “အိမ်တိုက်ခန်းတွင်း၌ သားဖွားလျက်ရှိ၏”ဟု ပြောဆိုလတ်သည်ရှိသော် “သားယောက်ျားပင် ဖွားမြင်လေသလော၊ သို့တည်းမဟုတ် သမီးမိန်းမပင် ဖွားမြင်သလော”ဟု ဆိုလျက် “ထိုသားငယ်ကို ကြည့်ရှုဦးအံ့”ဟု တိုက်ခန်းတွင်းသို့ ဝင်ပြီးလျှင် ကြည့်လေဟန်ကဲ့သို့ သူငယ်ကိုယူငင်၍ စားဝါးပြီး သွားလေ၏။ တစ်ဖန် နှစ်ကြိမ်မြောက် ဖွားမြင်သောအခါလည်း ထိုရှေးအတူသာလျှင် စားပြန်၏။ သုံးကြိမ်မြောက်သောအခါ အမျိုးသမီးသည် ရင့်သော ကိုယ်ဝန်ရှိသည်ဖြစ်၍ ခင်ပွန်းသည်ယောက်ျားကို ခေါ်၍ “အရှင်- ဤအရပ် ဤအိမ်၌ ဘီလူးမတစ်ယောက်သည် အကျွန်ုပ်၏ သားနှစ်ယောက်တို့ကို စားသွားလေပြီ၊ ယခုအခါ အကျွန်ုပ်၏ မိဘအိမ်သို့သွား၍ သားကို ဖွားမြင်ပါအံ့”ဟု တိုင်ပင်ပြီးလျှင် မိဘအိမ်သို့သွား၍ သားကို ဖွားမြင်လေ၏။

ရန်ဘက်သံသရာမှ လွတ်ရန် အကြောင်းဖန်လာပုံ

ထိုအခါ၌ကား ဘီလူးမသည် ရေခပ်ရန် အလှည့်ကျရာသို့ သွားရလေ၏။ ဝေဿဝဏ်နတ်မင်းအား ဘီလူးမတို့သည် အလှည့်ကျအားဖြင့် အန၀တတ်အိုင်မှ ဦးခေါင်းအဆင့်ဆင့်ဖြင့် ရေကို ဆောင်ယူပို့ဆက်ကြရကုန်၏။ ထိုဘီလူးမတို့သည် လေးလလွန်မှလည်းကောင်း၊ ငါးလလွန်မှလည်းကောင်း လွတ်ကြကုန်၏။ (ဤကား ရေခပ်လှည့်ကျပုံတည်း) တစ်ပါးသော ဘီလူးမတို့သည် ပင်ပန်းသော ကိုယ်ရှိကြကုန်သည်ဖြစ်၍ အသက်ကုန်ခြင်းသို့ ရောက်ကြကုန်၏။

ထိုဘီလူးမသည်ကား ရေခပ်ရန်အလှည့်မှ လွတ်လျှင်လွတ်ချင်း လျင်မြန်စွာ ထိုအိမ်သို့သွား၍ “ငါ၏ အဆွေခင်ပွန်းမသည် အဘယ်မှာနည်း”ဟု မေးလေ၏။ “ထိုသတို့သမီးကို သင်ဘယ်မှာ တွေ့နိုင်အံ့နည်း၊ ထိုသတို့သမီးသည်ကား ဤအိမ်၌ ဖွားတိုင်း ဖွားတိုင်းသော သူငယ်တို့ကို ဘီလူးမသည် လာ၍ စား၏။ ထို့ကြောင့် မိဘအိမ်သို့ သွားလေပြီ”ဟု ဆိုလတ်သည်ရှိသော် ထိုဘီလူးမသည် “အမှတ်မရှိ သွားလိုရာ သွားသည်ဖြစ်စေ၊ ငါ၏လက်မှ မလွတ်နိုင်လတ္တံ့”ဟု လျင်စွာသောအဟုန်ဖြင့် ကောင်းစွာအားထုတ်အပ်သော စိတ်ရှိသည်ဖြစ်၍ မြို့တွင်းသို့ ရှေးရှု ပြေးလိုက်သွားလေ၏။ အမျိုးသမီးသည်လည်း အမည်မှည့်အံ့သောနေ့၌ သူငယ်ကို ရေချိုးစေ၍ အမည်ကိုမှည့်ပြီးမှ “အရှင်- ယခုအခါ မိမိအိမ်သို့ ပြန်ကြကုန်အံ့”ဟု သားကိုပွေ့ချီလျက် လင်နှင့်အတူတကွ ဇေတဝန်ကျောင်းတော် အလယ်၌ သွားသောခရီးဖြင့် သွားစဉ် သားကို လင့်အားပေး၍ ကျောင်းတော်ရေကန်၌ ရေချိုးပြီးနောက် လင်ရေချိုးသည်ရှိသော် တက်၍ သားငယ်အား နို့တိုက်လျက်နေစဉ် အဝေးမှလာသော ဘီလူးမကိုမြင်သဖြင့် မှတ်မိသည်ဖြစ်၍ “အရှင်- လျင်မြန်စွာ လာပါလော့၊ ဤလာသောသူသည်ကား ထိုဘီလူးမပင်တည်း၊ လျင်မြန်စွာ လာပါလော့၊ ဤလာသောသူသည်ကား ထိုဘီလူးမပင်တည်း”ဟု သည်းစွာသောအသံပြု၍ လင်ယောက်ျား လာသည့်တိုင်အောင် ကောင်းစွာ တည်တံ့ခြင်းငှာ မတတ်နိုင်ရကား ပြန်နစ်၍ ကျောင်းတော်တွင်းသို့ ရှေးရှူပြေးလေ၏။

ဘုရားရှင်ထံမှောက် နှစ်ဦးစလုံးရောက်လာ

ထိုအခါ မြတ်စွာဘုရားသည် ပရိသတ်အလယ်၌ တရားဟော၍ နေတော်မူ၏။ ထိုအမျိုးသမီးသည် သားကို မြတ်စွာဘုရား၏ ခြေဖမိုးတော်ပေါ်၌ အိပ်စေ၍ “တပည့်တော်မသည် အရှင်ဘုရားတို့အား ဤသူငယ်ကို လှူဒါန်းပါ၏။ တပည့်တော်မ၏ သားငယ်အား အသက်ရှင်ခြင်းကို ပေးသနားတော်မူကြပါဘုရား”ဟု လျှောက်လေ၏။ ကျောင်းတော်တံခါးမုခ်၌ စောင့်နေသော သုမနအမည်ရှိသော နတ်သည် ဘီလူးမအား အတွင်းသို့ ဝင်စေခြင်းငှာ အခွင့်မပေး။ မြတ်စွာဘုရားသည် ရှင်အာနန္ဒာမထေရ်ကို ခေါ်တော်မူ၍ “ချစ်သား အာနန္ဒာ- သွားချေ၊ ထိုဘီလူးမကို ခေါ်ချေလော့”ဟု စေတော်မူလိုက်၏။ ရှင်အာနန္ဒာမထေရ်သည် ထိုဘီလူးမကို ခေါ်လေ၏။ အမျိုးသမီးသည်လည်း “မြတ်စွာဘုရား- ဤဘီလူးမသည် လာပါပြီဘုရား”ဟု လျှောက်လျှင် ဘုရားရှင်သည် “လာပစေ၊ အသံကို မပြုလင့်”ဟု မိန့်တော်မူပြီးနောက် လာ၍ရပ်နေသော ဘီလူးမကို “အဘယ့်ကြောင့် ဤသို့ပြုသနည်း၊ ငါကဲ့သို့သော ဘုရား၏ မျက်မှောက်တော်သို့ သင်တို့နှစ်ဦးစလုံး အကယ်၍ မရောက်လာကုန်သည်ဖြစ်အံ့၊ မြွေနှင့် မြွေပါတို့ကဲ့သို့လည်းကောင်း၊ ဝံနှင့် ကြို့ပင်စောင့်နတ်တို့ကဲ့သို့လည်းကောင်း၊ ကျီးနှင့် ခင်ပုပ်တို့ကဲ့သို့လည်းကောင်း သင်တို့အား တစ်ကမ္ဘာပတ်လုံးတည်သော ရန်သည် ဖြစ်လတ္တံ့၊ အဘယ့်ကြောင့် ရန်ကို ရန်တုံ့မူသနည်း၊ ရန်မည်သည် ရန်တုံ့မမူသဖြင့် ငြိမ်း၏၊ ရန်တုံ့မူသဖြင့် မငြိမ်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူ၏။

တရားရေအေး တိုက်ကျွေးတော်မူ

֍ * [၅] န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။

ဣဓ၊ ဤလောက၌။ ဝေရေန၊ ရန်တုံ့မူသဖြင့်။ ဝေရာနိ၊ ရန်တို့သည်။ ကုဒါစနံ၊ တစ်ရံတစ်ဆစ်မျှ။ န ဟိ သမ္မန္တိ၊ မငြိမ်းကုန်။ အဝေရေန စ၊ ရန်တုံ့မမူသဖြင့်သာလျှင်။ ဝေရာနိ၊ ရန်တို့သည်။ သမ္မန္တိ၊ ငြိမ်းကုန်၏။ ဧသ-ဧသော ဓမ္မော၊ ဤသို့ ရန်တုံ့မမူသဖြင့် ရန်၏ ငြိမ်ခြင်းသည်။ သနန္တနော၊ ရှေး၌ဖြစ်၏။ တစ်နည်းကား ၊ ဧသ-ဧသော၊ ဤသို့ ရန်တုံ့မမူသဖြင့် ရန်၏ငြိမ်းခြင်းတည်းဟူသော။ ဓမ္မော၊ ရှေးရိုးတရားသည်။ သနန္တနော၊ ခပ်သိမ်းသော ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာအစရှိကုန်သော သူတော်ကောင်းတို့၏ သွားရာ လမ်းခရီးပေတည်း။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ ဘီလူးမသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာတော်သည် ဖြစ်လေ၏။

ကောင်းကျိုးညွှန်လတ် လယ်စောင့်နတ်

မြတ်စွာဘုရားသည် ထိုအမျိုးသမီးကို “သင်၏သားငယ်ကို ဘီလူးမအား ပေးလိုက်လေလော့”ဟု မိန့်တော်မူ၏။ “ကြောက်လှပါသည် မြတ်စွာဘုရား”ဟု လျှောက်ထားလေသော် “မကြောက်လင့်၊ သင့်အား ဤဘီလူးမကိုမှီ၍ ဘေးရန်မရှိပြီ”ဟု မိန့်တော်မူလေ၏။ ထိုအမျိုးသမီးသည် သားငယ်ကို ဘီလူးမအား ပေးလေ၏။ ဘီလူးမသည် ထိုသားငယ်ကို နမ်းရှုံ့ လည်ဖက်ပြီးလျှင် တစ်ဖန် အမိအားသာလျှင် ပေး၍ ငိုခြင်းငှာ အားထုတ်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ဘီလူးမကို “ဤသို့ ငိုခြင်းငှာ အားထုတ်ခြင်းကား အကြောင်း အသို့နည်း”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- တပည့်တော်မသည် ရှေးအခါ၌ ဟုတ်ဟုတ်ငြားငြား (အစားအစာကို မရွေးမချယ်၊ သက်ရှိသက်မဲ့ ရှာဖွေ၍) အသက်ကို မွေးရပါလျက်လည်း ဝမ်းပြည့်လောက်အောင်သော အစာကို ရဖူးသည်မရှိပါ၊ ယခုအခါ အဘယ်သို့ အသက်မွေးရပါအံ့နည်း”ဟု လျှောက်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် “မစိုးရိမ်လင့်”ဟု ဘီလူးမကို နှစ်သိမ့်စေပြီးလျှင် “ဤဘီလူးမကိုဆောင်၍ မိမိ၏အိမ်၌ နေစေပြီးလျှင် ယာဂုဦး, ထမင်းဦးတို့ဖြင့် လုပ်ကျွေးလေလော့”ဟု ထိုအမျိုးသမီးကို မိန့်တော်မူ၏။ အမျိုးသမီးသည် ထိုဘီလူးမကို ခေါ်ဆောင်ပြီးလျှင် ခေါင်လျောက်၌နေစေ၍ ယာဂုဦး ထမင်းဦးတို့ဖြင့် လုပ်ကျွေးသမှု ပြုလေ၏။ ထိုအခါ ဘီလူးမ၏စိတ်၌ စပါးထောင်းသောအခါ၌ ကျည်ပွေ့ဖျားဖြင့် ဦးထိပ်ကို ပုတ်ခတ်ဘိသကဲ့သို့ ထင်လေ၏။ ထိုဘီလူးမသည် အဆွေခင်ပွန်းဖြစ်သော အမျိုးသမီးကိုခေါ်၍ “ဤအရပ်၌ နေခြင်းငှာ မတတ်နိုင်၊ တစ်ပါးသောအရပ်၌ ငါ့ကို ထားပါလော့”ဟု ဆိုသဖြင့် မောင်းတင်းကုပ်၌လည်းကောင်း၊ ရေအိုးတုတ်ထားရာ အရပ်၌လည်းကောင်း၊ ခုံလောက်ရှိရာ စဖို၌လည်းကောင်း၊ တံစက်ကျရာ အရပ်၌လည်းကောင်း၊ တံမြက်ချေးစွန့်ရာ အရပ်၌လည်းကောင်း၊ ရွာတံခါး၌လည်းကောင်း ပြောင်း၍ ပြောင်း၍ ဤအရပ်တို့၌ နေစေ၏။ ထိုသို့ပင် နေစေသော်လည်း ဤမောင်းတင်းကုပ်အရပ်၌ ကျည်ပွေ့ဖြင့် ငါ၏ဦးခေါင်းကို ထုခွဲသကဲ့သို့ ထင်၏။ ဤရေအိုးတုတ်ထားရာ အရပ်၌ သူငယ်တို့သည် လုတ်ဆေးရေကို ထွေးစွန့်ကုန်၏။ ဤစဖိုအိမ်အရပ်၌ ခွေးတို့သည် အိပ်ကုန်၏။ ဤတံစက်မြိတ် အရပ်၌ သူငယ်တို့သည် အညစ်အကြေးကို စွန့်ပစ်ကြကုန်၏။ ဤတံမြက်ချေးစွန့်ရာ အရပ်၌ တံမြက်မှိုက်ကို စွန့်ပစ်ကြကုန်၏။ ဤရွာတံခါးအရပ်၌ ရွာသူသားငယ်တို့သည် အမှတ်သညာ လက္ခဏာနှင့်ယှဉ်သော ကစားခြင်းကို ပြုကြကုန်၏ဟု ဆို၍ အလုံးစုံသောအရပ်တို့ကို ပယ်လေ၏။ ထိုအခါ ဘီလူးမကို ရွာ၏အပ ဆိတ်ငြိမ်သော နေရာ၌ထား၍ ဘီလူးမအလို့ငှာ ယာဂုဦး ထမင်းဦး စသည်တို့ကို ထိုအရပ်သို့ ပို့ဆောင်ကြကုန်၏။

ထိုဘီလူးမသည် “ဤနှစ်၌ မိုးကောင်းလတ္တံ့၊ ကြည်းကုန်းအရပ်၌ စပါး စိုက်ပျိုးလော့၊ ဤနှစ်၌ မိုးခေါင်လတ္တံ့၊ ချိုင့်ဝှမ်းရာအရပ်၌ စပါး စိုက်ပျိုးလော့”ဟု အဆွေခင်ပွန်းမ ဖြစ်သော အမျိုးသမီးအား ပြောကြား၏။ ထိုအခါ အမျိုးသမီးမှကြွင်းသော ပြည်သူပြည်သားတို့ စိုက်ပျိုးအပ်သော ကောက်သည် အလွန်ရေများသဖြင့်လည်းကောင်း၊ ရေမရှိသဖြင့်လည်းကောင်း ပျက်စီး၏။ ထိုအမျိုးသမီးအားကား အလွန်လျှင် ပြည့်စုံ၏။ ထိုအခါ ထိုအမျိုးသမီးကို သာဝတ္ထိပြည်၌နေကုန်သော သူတို့သည် “ချစ်သမီး- သင်စိုက်ပျိုးအပ်သော ကောက်သည် အလွန် ရေများသဖြင့်လည်း မပျက်စီး၊ ရေမရှိသဖြင့်လည်း မပျက်စီး၊ မိုးကောင်းအံ့သည့် အဖြစ်၊ မိုးခေါင်အံ့သည့် အဖြစ်ကိုသိ၍ လယ်လုပ်ခြင်းအမှုကို ပြုသလော၊ ဤအကြောင်းကား အဘယ်နည်း”ဟု မေးမြန်းကြကုန်၏။ ထိုအခါ အမျိုးသမီးသည် “ငါတို့၏ အဆွေခင်ပွန်းမဖြစ်သော ဘီလူးမသည် မိုးကောင်းအံ့သည့်အဖြစ်၊ မိုးခေါင်အံ့သည့်အဖြစ်ကို ပြောကြား၍ ငါတို့သည် ထိုဘီလူးမစကားဖြင့် မြင့်ရာအရပ်၊ နိမ့်ရာအရပ်တို့၌ ကောက်တို့ကို စိုက်ပျိုးကြကုန်၏။ ထို့ကြောင့်သာလျှင် ငါတို့အား စပါးပြည့်စုံကုန်၏။ အမြဲမပြတ် ငါတို့အိမ်မှ ယာဂုထမင်း စသည် ဆောင်ပို့သည်တို့ကို သင်တို့ မမြင်ကြကုန်သလော၊ ယာဂုထမင်း စသည်တို့ကို ထိုဘီလူးမအား ပို့ဆောင်အပ်ကုန်၏၊ သင်တို့သည်လည်း ထိုဘီလူးမအား ယာဂုဦး ထမင်းဦး စသည်တို့ကို ပို့ဆောင် ပ,သကြကုန်လော့၊ သင်တို့၏ အမှုတို့ကိုလည်း ထိုဘီလူးမသည် ကြည့်ရှု မ,စလတ္တံ့”ဟု ဆိုလေ၏။ ထိုအခါ ဘီလူးမအား ပြည်အလုံး၌ နေကုန်သော သူတို့သည် ပူဇော်သက္ကာရကို ပြုကြကုန်၏။ ဘီလူးမသည်လည်း ထိုအခါမှစ၍ အလုံးစုံသောသူတို့၏ အမှုတို့ကို ကြည့်ရှုမ,စသည်ရှိသော် အခြံအရံများ၍ လာဘ်ကောင်းလာဘ်မြတ်ရသဖြင့် ပြန့်ပြောသည့်အဖြစ်သို့ ရောက်လေ၏။ ထိုဘီလူးမသည် နောက်အဖို့၌ ရှစ်ခုသော စာရေးတံ ဆွမ်းတို့ကို (ဆွမ်းရှစ်အုပ် အမြဲလှူ၏၊ ဆွမ်းဝတ်တည်ထား၏ ဟူလို။) ဖြစ်စေ၏။ ထိုစာရေးတံ ဆွမ်းတို့ကို ယခုကာလ ယခုနေ့တိုင်အောင် ပေးလှူပူဇော်လျက် ရှိကုန်သည်သာလျှင်တည်း။

ကာဠီဘီလူးမဝတ္ထု ပြီး၏။

֍ * ၅။ ကောသမ္ဗီပြည်သား ရဟန်းများဝတ္ထု

ပရေ စ န ဝိဇာနန္တိ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကောသမ္ဗီပြည်သားဖြစ်ကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။

ဆရာချင်းမတည့်ရာမှ ဗြဟ္မာ့ပြည်တိုင်အောင် ကွဲပြားခြင်း

ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ ငါးရာ,ငါးရာစီ အခြံအရံရှိကုန်သော ဝိနည်းဓိုရ်ပုဂ္ဂိုလ်လည်း တစ်ပါး၊ ဓမ္မကထိကပုဂ္ဂိုလ်လည်း တစ်ပါး၊ ဤနှစ်ပါးသော ရဟန်းတို့သည် နေကုန်၏။ ထိုနှစ်ပါးသော ရဟန်းတို့တွင် ဓမ္မကထိကရဟန်းသည် တစ်နေ့သ၌ ကိုယ်လက်သုတ်သင်ခြင်းကိုပြု၍ သန့်သက်ရေထားရာ အခန်းရုံ၌ သန့်သက်ရေကြွင်းကို ခွက်၌ထား၍ ထွက်ခဲ့လေ၏။ ထို့နောက်မှ ဝိနည်းဓိုရ်ရဟန်းသည် ထိုသန့်သက်ခန်းသို့ ဝင်သည်ရှိသော် သန့်သက်ရေကြွင်းကို မြင်၍ ထွက်လာပြီးလျှင် ဓမ္မကထိကရဟန်းကို “ငါ့ရှင်- သင်သည် သန့်သက်ရေကြွင်းကို ထားခဲ့သလော”ဟု မေးလေ၏။ “ငါ့ရှင်- ထားခဲ့သည် မှန်ပေ၏”ဟု ဆိုလတ်သော် “အသို့နည်း၊ ဤသို့ထားရာ၌ အာပတ်သင့်သည်အဖြစ်ကို မသိလေသလော”ဟု မေးလေ၏။ “မသိသည် မှန်ပါ၏”ဟု ဆိုလတ်သော် “ငါ့ရှင်- ထိုသို့ မသိသည်ပင် ဖြစ်စေ၊ ဤသန့်သက်ရေ အကြွင်းထားရာ၌ အာပတ်သင့်၏”ဟု ဝိနည်းဓိုရ်က ဆိုလေ၏။ “ထိုသို့ဖြစ်မူ ထိုအာပတ်ကို ကုစားပါအံ့”ဟု ဆိုလတ်သော် “ငါ့ရှင်- သင့်အား စေတနာမရှိ၍ သတိကင်းသဖြင့် အကယ်၍ ပြုမိသည်ဖြစ်အံ့၊ အာပတ်မရှိ”ဟု ဝိနည်းဓိုရ်က ဆိုလေ၏ ။ ဓမ္မကထိကသည် ထိုအာပတ်၌ အာပတ်မသင့်ဟု အယူရှိလေ၏။ ဝိနည်းဓိုရ် ရဟန်းသည် မိမိတပည့်တို့အား “ဤဓမ္မကထိကသည် အာပတ်သို့ ရောက်သော်လည်း အာပတ်သင့်သည်အဖြစ်ကို မသိ”ဟု ပြောကြားလေ၏။ ထိုဝိနည်းဓိုရ်၏ တပည့်တို့သည် ဓမ္မကထိက၏ တပည့်တို့ကိုမြင်လျှင် “သင်တို့၏ ဥပဇ္ဈာယ်ကား အာပတ်သို့ရောက်သော်လည်း အာပတ်သင့်သည် အဖြစ်ကို မသိ”ဟု ဆိုကြကုန်၏။ ထိုစကားကိုကြားလျှင် ဓမ္မကထိကတပည့်တို့သည် သွား၍ မိမိ၏ ဥပဇ္ဈာယ်အား ထိုရဟန်းတို့ ဆိုအပ်သောစကားကို လျှောက်ကြားကြကုန်၏။ ထိုဓမ္မကထိကသည် “ဤဝိနည်းဓိုရ်ရဟန်းကား ရှေး၌ အာပတ်မသင့်ဟု ဆိုပြီး၍ ယခုအခါ အာပတ်သင့်သည်ဟု ဆိုပြန်၏။ ဤဝိနည်းဓိုရ် ရဟန်းကား မုသားဆိုလေ့ရှိ၏”ဟု ဆိုလေ၏။

ထိုအခါ ဓမ္မကထိက၏ တပည့်တို့သည် သွား၍ “သင်တို့၏ ဥပဇ္ဈာယ်ကား မုသားဆိုလေ့ရှိ၏”ဟု ဆိုကြကုန်၏။ ထိုရဟန်းတို့သည် ဤသို့ အချင်းချင်း ငြင်းခုံ ခိုက်ရန်ကို ပွားစေကြကုန်၏။ ထို့နောက်မှ ဝိနည်းဓိုရ်သည် အခွင့်ကိုရ၍ ဓမ္မကထိကရဟန်းအား အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်ခြင်းဟူသော ဥက္ခေပနီယကံကို ပြုလေ၏။ ထိုနေ့မှစ၍ ဝိနည်းဓိုရ်ရဟန်း၊ ဓမ္မကထိကရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းကုန်သော အလုပ်အကျွေး ဒါယကာတို့သည်လည်း နှစ်စု ကွဲပြားကြကုန်၏။ အဆုံးအမကို ခံယူကုန်သော ရဟန်းမိန်းမတို့သည်လည်းကောင်း၊ အစောင့်အရှောက်ဖြစ်သော နတ်တို့သည်လည်းကောင်း၊ ထိုနတ်တို့၏ တကွမြင်ဖူး, တကွသုံးဆောင်ဖူးကုန်သော ကောင်းကင်၌တည်သော နတ်တို့သည်လည်းကောင်း ဤသို့အားဖြင့် ဗြဟ္မာပြည်တိုင်အောင် အလုံးစုံလည်းဖြစ်ကုန်သော ပုထုဇဉ်တို့သည် နှစ်စုသော အသင်းအပင်းတို့ ဖြစ်ကြကုန်၏။ စတုမဟာရာဇ်ဘုံကို အစပြု၍ အကနိဋ္ဌဘုံ စည်းဝေးသော နတ်ဗြဟ္မာတို့တိုင်အောင် ဤကောလာဟလသည် ပျံ့နှံ့ ရောက်သွားလေ၏။

ညီညွတ်ကြရန် ဆုံးမတော်မူ

ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ နှင်ထုတ်တတ်သော ဝိနည်းဓိုရ်နှင့်တကွ အန္တေဝါသိကတို့အား ဤဓမ္မကထိကတို့ တရားနှင့် လျော်သည်သာလျှင်ဖြစ်သော ဝိနည်းကံဖြင့် နှင်ထုတ်၏ဟု အယူရှိခြင်းကိုလည်းကောင်း၊ နှင်ထုတ်အပ်သော ရဟန်းသို့ အတုလိုက်ကုန်သော ဓမ္မကထိက၏ အန္တေဝါသိက တပည့်တို့အားကား တရားနှင့် မလျော်သည်သာလျှင် ဖြစ်သောကံဖြင့် နှင်ထုတ်၏ဟု အယူရှိခြင်းကိုလည်းကောင်း၊ နှင်ထုတ်ခြင်းပြုကုန်သော ဝိနယဓရ မထေရ်တို့သည် တားမြစ်အပ်ကုန်သော်လည်း ဓမ္မကထိက၏ တပည့်မထေရ်တို့သည် အစဉ်မပြတ် ခြံရံလျက် သွားလာလှည့်လည်ကုန်သော အဖြစ်ကိုလည်းကောင်း လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “အညီအညွတ် ဖြစ်ကြကုန်လော့”ဟု နှစ်ကြိမ်တိုင်တိုင် စေလွှတ်၍ မိန့်တော်မူသော်လည်း “မြတ်စွာဘုရား- အညီအညွတ်ဖြစ်ခြင်းငှာ အလိုမရှိကြကုန်”ဟူသော စကားကိုသာ ကြားတော်မူ၍ သုံးကြိမ်မြောက် စေလွှတ်တော်မူသော အခါ၌ကား ရဟန်းသံဃာသည် ကွဲပြားပြီဟု ကြားတော်မူလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏အထံသို့ ကိုယ်တိုင် ကြွသွားတော်မူ၍ နှင်ထုတ်ခြင်း ဥက္ခေပနီယကံကို ပြုကုန်သော ရဟန်းတို့အား ဥက္ခေပနီယကံကို ပြုခြင်း၌ အပြစ်ကိုလည်းကောင်း၊ နှင်ထုတ်အပ်သော ဓမ္မကထိကရဟန်းတို့အား အာပတ်ကိုမရှုခြင်း၌ အပြစ်ကိုလည်းကောင်း ဟောတော်မူ၍ တစ်ဖန် ထိုရဟန်းတို့အား ကောသမ္ဗီပြည်၌သာလျှင် တစ်သိမ်တည်း၌ ဥပုသ်ကံပြုခြင်း စသည်တို့ကို ခွင့်ပြုတော်မူ၍ ဆွမ်းစားဇရပ် စသည်တို့၌ ခိုက်ရန်ဖြစ်ကုန်သော ရဟန်းတို့အား နေရာခြား၍ ခြား၍ ခင်းသဖြင့်နေအပ်၏ဟု ဆွမ်းစားဇရပ်၌ ဝတ်ကို ပညတ်တော်မူပြီးလျှင် ယခုအခါ၌လည်း ငြင်းခုံခိုက်ရန် ဖြစ်ကုန်လျက်သာလျှင် နေကုန်၏ဟု ကြားတော်မူသဖြင့် ထိုအရပ်သို့ ကြွတော်မူပြီးလျှင် “ချစ်သား ရဟန်းတို့- မသင့်မလျော် ခိုက်ရန်မပြုကြကုန်လင့်၊” ဤသို့ အစရှိသော စကားတို့ကို မိန့်တော်မူ၍ “ချစ်သားရဟန်းတို့- ဤခိုက်ရန် ငြင်းခုံဖြစ်ပွား ကွဲပြားခြင်းတို့မည်သည်ကား အကျိုးမဲ့ကို ပြုတတ်ကုန်၏။ ခိုက်ရန်ပြုခြင်းကိုမှီ၍ နှံစုတ်ငှက်ငယ်စဉ်လျက်လည်း ဆင်ပြောင်ကြီးကို အသက်ကုန်ခြင်းသို့ ရောက်စေဖူးပြီ”ဟု လဋုကိကဇာတ်ကို (၎င်းဇာတ်သည် ပဉ္စကနိပါတ် မဏိကုဏ္ဍလဝဂ်၌ ပါရှိသည်။) ဟောတော်မူ၍ “ချစ်သားရဟန်းတို့- အညီအညွတ်ဖြစ်ကြကုန်လော့၊ အငြင်းအခုံ မပြုကြကုန်လင့်၊ ငြင်းခုံခြင်းကိုမှီ၍ အသိန်းမက များစွာသော ငုံးငှက်တို့သည် အသက်ကုန်ခြင်းသို့ ရောက်ဖူးကုန်ပြီဟု ဝဋ္ဋကဇာတ်ကိုလည်း (၎င်းဇာတ်သည် ဧကကနိပါတ် ဟဉ္စိဝဂ်၌ ပါရှိသည်။) ဟောတော်မူ၏။

ဤသို့ ဟောတော်မူသော်လည်း မြတ်စွာဘုရား စကားတော်ကို မနာမယူကြသောကြောင့် မြတ်စွာဘုရား၏ ပင်ပန်းခြင်းကို အလိုမရှိသော မထင်ရှားသော ဓမ္မဝါဒီရဟန်းတစ်ပါးသည် “ဘုန်းတော်ကြီးသော, တရားကြောင့် အရှင်ဖြစ်တော်မူသော မြတ်စွာဘုရား- ဆိုင်းငံ့တော်မူပါဘုရား၊ ဘုန်းတော်ကြီးသော ရှင်ပင်ဘုရား- မျက်မှောက်၌ ဖြစ်သော အရဟတ္တဖိုလ်ချမ်းသာကို အဖန်တလဲလဲ ခံစားတော်မူလျက် ကြောင့်ကြမဲ့ နေတော်မူပါဘုရား၊ ဤကဲ့သို့ ငြင်းခုံခိုက်ရန်ဖြစ်ပွားလျက် ကွဲပြားသောအရာဖြင့် ဘုရားတပည့်တော်တို့ အလိုအလျောက်သာ ထင်ရှားကြပါလိမ့်မည်ဘုရား”ဟု လျှောက်ကြားသည်ရှိသော် မြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၏။

ဒီဃီတိ ကောသလမင်းဝတ္ထု

“ချစ်သားရဟန်းတို့- ရှေး၌ဖြစ်ဖူးသည်ကား ဗာရာဏသီပြည်၌ ဗြဟ္မဒတ်အမည်ရှိသော ကာသိကရာဇ်မင်းသည် မင်းပြု၏။ ထိုဗြဟ္မဒတ်မင်းသည် ဒီဃာဝုသတို့သား၏ ခမည်းတော်ဖြစ်သော ကောသလမင်း၏ တိုင်းပြည်စည်းစိမ်ကို လုယက်ခြင်းကြောင့် မထင်ရှားသော အသွင်ဖြင့်နေရသော ခမည်းတော်ကောသလမင်းကို သတ်သည့် အဖြစ်ကိုလည်းကောင်း၊ ဒီဃာဝုမင်းသားသည် မိမိအသက်ကို ပေးပြီးသည်ရှိသော် ထိုအခါမှစ၍ ဗြဟ္မဒတ်မင်းနှင့် ဒီဃာဝုမင်းသားတို့၏ ညီညွတ်သည့် အဖြစ်ကိုလည်းကောင်း ဟောတော်မူလေ၏။ (ထိုဒီဃီတိကောသလဇာတ် ဝတ္ထုသည် ငါးရာငါးဆယ် ပဉ္စကနိပါတ် ဒီဃီတိကောသဇာတ်၊ နဝကနိပါတ် ကောသမ္ဗိဇာတ်တို့၌ ပါရှိ၏။ ဝိနည်း မဟာဝါ ကောသမ္ဗကက္ခန္ဓက ပါဠိတော်၌ကား အကျယ်ပါရှိ၏။ ဗဟုသုတလိုလားသော ပုဂ္ဂိုလ်များတို့၏အကျိုးငှာ ၎င်းဇာတ်ဝတ္ထုကို ဤ၌ ထည့်သွင်း ပြဆိုပေအံ့။)

ဒီဃီတိကောသလဇာတ်ဝတ္ထု အကျယ်

(ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်အမည်ရှိသော ကာသိကရာဇ်မင်းသည် မင်းပြုလေ၏။ ထိုမင်းသည် ကြွယ်ဝ၏။ များလှစွာသော ဥစ္စာ အသုံးအဆောင် စစ်သည်ဗိုလ်ပါ တိုင်းကားပြည်ရွာ ရှိ၏။ ဒီဃီတိမည်သော ကောသလမင်းသည်ကား များစွာမကြွယ်ဝ၊ နည်းပါးသော ဥစ္စာအသုံးအဆောင် စစ်သည်ဗိုလ်ပါ တိုင်းကားပြည်ရွာ ရှိ၏။ အခါတစ်ပါး၌ ဗြဟ္မဒတ်မင်းသည် ဒီဃီတိကောသလမင်းကို စစ်တိုက်ရန် ရှေးရှုစစ်ထွက်လေ၏။ ထိုအကြောင်းကို ဒီဃီတိကောသလမင်း ကြားလတ်သော် “ငါကား အားနည်း၏၊ အားကြီးသော ဗြဟ္မဒတ်မင်းနှင့် တစ်ကြိမ်မျှ စစ်ထိုးခြင်းကိုလည်း ခံနိုင်မည်မဟုတ်၊ စောစောကြိုတင်၍ ထွက်ခွာ တိမ်းရှောင်နေရမူ ကောင်းလေစွ”ဟု ကြံပြီးလျှင် မိဖုရားကြီးကို ခေါ်ဆောင်၍ မြို့တော်မှ ထွက်ခွာတိမ်းရှောင်ကာ နေလေ၏။ ထိုအခါ ဗြဟ္မဒတ်မင်းသည် ဒီဃီတိကောသလမင်း၏ စစ်သည်, ဆင်, မြင်း, တိုင်းကား ပြည်ရွာအလုံး သိမ်းကျုံး စိုးအုပ်၍ နေလေ၏။ ဒီဃီတိ ကောသလမင်းကြီးကား မိဖုရားနှင့်တကွ ဗာရာဏသီပြည် တစ်ခုသော ပစ္စန္တရစ်အရပ်၌ အိုးထိန်းသည်တို့ အနေအထား မထင်ရှားသော ပရိဗိုဇ်အသွင်အပြင်ဖြင့် နေလေ၏။ ထို့နောက် မကြာမီ မိဖုရားအား ပဋိသန္ဓေကိုယ်ဝန်ရှိလတ်သော် သားငယ်၏ အာနုဘော်ကြောင့် ဤသို့သော ချင်ခြင်း (ချင်ခြင်းဟူသည်မှာ မရမနေနိုင်လောက်အောင် အလိုရှိခြင်း) ဖြစ်လေ၏။ “နေထွက်သောအခါ ကောင်းသောမြေပြင်၌ အင်္ဂါလေးပါးရှိသော စစ်သည်အပေါင်းကို ချပ်မိန်ညိုဝတ်ဆင်လျက် တည်သည်ကို မြင်ချင်၏” ဟူ၍လည်းကောင်း၊ “သန်လျက်ဆေးသော ရေကို သောက်ချင်၏” ဟူ၍လည်းကောင်း ချင်ခြင်းဖြစ်လေ၏။

ဤသို့ ပဋိသန္ဓေတည်နေ၍ ချင်ခြင်းဖြစ်သည်ကို မင်းကြီးအား ပြောကြားလတ်သော် “မိဖုရား- ထီးနန်းစွန့်၍ မထင်မရှား ဆင်းရဲစွာနေရသော ငါတို့အား အင်္ဂါလေးပါးရှိသော စစ်သည်ကိုလည်းကောင်း၊ သန်လျက်ဆေးရေကိုလည်းကောင်း အဘယ်မှာ ရနိုင်ပါအံ့နည်း”ဟု ဆိုသဖြင့် “အရှင်မင်းကြီး၊ မရလျှင် အကျွန်ုပ် သေရပါလိမ့်မည်”ဟု ပြောကြားလေ၏။

ထိုအခါ ဒီဃီတိကောသလမင်းသည် အဆွေခင်ပွန်းဟောင်း ဖြစ်ခဲ့ဖူးသော ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ပုဏ္ဏား အထံသို့ သွားပြီးလျှင် “ပုရောဟိတ်ပုဏ္ဏား- အကျွန်ုပ်၏ မိဖုရားဖြစ်သော အသင်၏ မိတ်ဆွေမအား ပဋိသန္ဓေ ကိုယ်ဝန်ရှိသည်ဖြစ်၍ အင်္ဂါလေးပါးနှင့် ပြည့်စုံသော စစ်သည်ဗိုလ်ပါကို နေထွက်သောအခါ မြင်ချင်၏ဟူ၍လည်းကောင်း၊ သန်လျက်ဆေးရေကို သောက်ချင်၏ဟူ၍လည်းကောင်း ချင်ခြင်းဖြစ်နေပါသည်”ဟု ပြောကြားလေ၏။ ထိုအခါ ပုရောဟိတ် ပုဏ္ဏားသည် “အရှင်မင်းကြီး- ထိုသို့ဖြစ်မူ အကျွန်ုပ်တို့သည်လည်း မိဖုရားကြီးကို ရှုမြင်လိုကုန်၏”ဟု ဆိုသဖြင့် ဒီဃီတိကောသလမင်းသည် မိဖုရားကိုခေါ်ဆောင်၍ ပုရောဟိတ်ပုဏ္ဏားအိမ်သို့ သွားသောအခါ ပုရောဟိတ်ပုဏ္ဏားသည် အဝေးမှလာသော မိဖုရားကို မြင်လျှင်မြင်ချင်း နေရာမှထ၍ လက်ဝဲတစ်ဘက် ပခုံးထက်၌ လက်ကန်တော့ စံပယ်တင်ပြီးလျှင် မိဖုရားကို ရှိခိုး၍ “ကောသလရာဇာ ဝတ ဘော ကုစ္ဆိဂတော”။ ဘော၊ အိုအချင်းတို့။ ကုစ္ဆိဂတော၊ ဝမ်း၌တည်သော သူငယ်သည်။ ကောသလရာဇာ ဝတ၊ ကောသလမင်း ဖြစ်လိမ့်တကားဟု ဝမ်းမြောက်ဝမ်းသာစကားကို သုံးကြိမ် မြွက်ဆိုလေ၏။ မြွက်ဆိုပြီးလျှင် “ချင်ခြင်းပြည့်စုံအောင် ပြုပေးပါအံ့”ဟု တာဝန်ခံလိုက်လေ၏။

ထိုသို့ တာဝန်ခံပြီးသောအခါ ပုရောဟိတ်ပုဏ္ဏားသည် ဗြဟ္မဒတ်မင်းအထံသို့ ချဉ်းကပ်၍ “အရှင်မင်းကြီး- ထိုထို အတိတ်နိမိတ်တို့သည် ထင်ရှားကုန်၏။ နက်ဖြန်နံနက် နေထွက်သောအခါ ချပ်မိန်ညို ဝတ်ဆင်အပ်သော အင်္ဂါလေးပါးရှိသော စစ်သည်သည် ကောင်းသော မြေအပြင်၌ တည်ပါစေလော့၊ သန်လျက်ကိုလည်း ဆေးကြောစေပါလော့”ဟု သံတော်ဦးတင်လေ၏။ ထိုအခါ ဗြဟ္မဒတ်မင်းကြီးသည် ပုရောဟိတ်ဆိုသောအတိုင်း ပြုသဖြင့် ဒီဃီတိကောသလမင်းကြီး၏ မိဖုရားသည် အင်္ဂါလေးပါးရှိသော စစ်သည်ကိုမြင်ရခြင်း၊ သန်လျက်ဆေးရေကို သောက်ရခြင်းကြောင့် ချင်ခြင်း ပြည့်စုံသည်ဖြစ်၍ ပဋိသန္ဓေရင့်မာသောအခါ သားယောက်ျား ဖွားမြင်လေ၏။ ထိုသားငယ်ကို ဒီဃာဝုဟု အမည်မှည့်ကြကုန်၏။ ထိုဒီဃာဝုမင်းသားသည် မကြာမြင့်မီ သိ,ကြားလိမ္မာသောအဖြစ်သို့ ရောက်လေ၏။ ထိုအခါ ဒီဃီတိကောသလမင်းကြီးအား ဤသို့သော အကြံဖြစ်လေ၏။ “ဗြဟ္မဒတ်မင်းသည် ငါတို့၏ စစ်သည်ဗိုလ်ပါ တိုင်းကားပြည်ရွာ ကျီကြဘဏ္ဍာတို့ကို လုယက်၏။ အကယ်၍ ငါတို့၏အကြောင်းကို သိသည်ဖြစ်အံ့၊ ငါတို့ သုံးယောက်စလုံးကို သတ်လတ္တံ့၊ ထို့ကြောင့် ဒီဃာဝုမင်းသားကို မြို့ပ၌ နေစေရမူကား ကောင်းလေစွ”ဟု အကြံဖြစ်၍ ဒီဃာဝုမင်းသားကို မြို့ပ၌ ထား၏။ ဒီဃာဝုမင်းသားသည် မြို့ပ၌နေလျက် အလုံးစုံသော အတတ်ပညာတို့ကို များမကြာမီ တတ်မြောက်အောင် သင်ယူလေ၏။

အခါတစ်ပါး၌ ဗြဟ္မဒတ်မင်းအထံ၌နေသော ဒီဃီတိကောသလမင်း၏ ဆတ္တာသည် ဖြစ်ဖူးသောသူသည် မိဖုရားနှင့်တကွ ဒီဃီတိကောသလမင်းကို ပစ္စန္တရစ်အရပ်၌ အိုးထိန်းသည်တို့ အနေအထား မထင်ရှားသော ပရိဗိုဇ်အသွင်အပြင်ဖြင့် နေသည်ကို မြင်သဖြင့် ဗြဟ္မဒတ်မင်းအား ထိုအကြောင်းကို လျှောက်ထားလေ၏။ ဗြဟ္မဒတ်မင်းသည် မင်းချင်းယောက်ျားတို့ကိုခေါ်၍ “မိဖုရားနှင့်တကွ ဒီဃီတိ ကောသလမင်းကို ဖမ်းစေ၍ သတ်ရမည်”ဟု အမိန့်ပေးလေ၏။ ထိုအခါ မင်းချင်းယောက်ျားတို့သည် “ကောင်းပါပြီ အရှင်မင်းကြီး”ဟု ဗြဟ္မဒတ်မင်း၏စကားကို ဝန်ခံပြီးလျှင် မိဖုရားနှင့်တကွသော ဒီဃီတိကောသလမင်းကြီးကို ဖမ်း၍ တစ်လမ်းမှ တစ်လမ်းသို့ ဆောင်ကြကုန်၏။ ထိုအခါ မြို့ပ၌နေသော ဒီဃာဝုမင်းသားသည် ခမည်းတော် မယ်တော်တို့ကို မဖူးမြင်ရသည်မှာ ကြာပြီဟု ဗာရာဏသီမြို့တွင်းသို့ ဝင်လာသောအခိုက် လက်ပြန်ကြိုးချည်၍ ဦးပြည်းရိတ်ပြီးလျှင် အသံဆိုးသော စည်ကြီးကိုတီးလျက် တစ်လမ်းမှ တစ်လမ်းသို့ ဆောင်သည်ကို တွေ့ရ၍ အနီးသို့ချဉ်းကပ်လေ၏။

ထိုအခါ ဒီဃီတိကောသလမင်းသည် ဒီဃာဝုမင်းသားကို မြင်ရ၍ “မာ ခေါ တွံ တာတ ဒီဃာဝု ဒီဃံ ပဿ မာ ရဿံ၊ န ဟိ တာတ ဒီဃာဝု ဝေရေန ဝေရာ သမ္မန္တိ၊ အဝေရေန ဟိ တာတ ဒီဃာဝု ဝေရာ သမ္မန္တိ”ဟု ဆိုလိုက်လေ၏။ တာတ ဒီဃာဝု၊ ချစ်သား ဒီဃာဝု။ တွံ၊ သင်သည်။ ဒီဃံ၊ အရှည်ကို။ မာ ပဿ၊ မရှုလေနှင့်။ ရဿံ၊ အတိုကို။ မာ ပဿ၊ မရှုလေနှင့်။ တာတ ဒီဃာဝု၊ ချစ်သားဒီဃာဝု။ ဝေရာ၊ ရန်တို့သည်။ ဝေရေန၊ ရန်တုံ့မူသဖြင့်။ န ဟိ သမ္မန္တိ ၊ မငြိမ်းကုန်။ တာတ ဒီဃာဝု၊ ချစ်သား ဒီဃာဝု။ ဝေရာ၊ ရန်တို့သည်။ အဝေရေန ဟိ၊ ရန်တုံ့မမူသဖြင့်သာလျှင်။ သမ္မန္တိ၊ ငြိမ်းကုန်၏။

ထိုသို့ဆိုသည်ရှိသော် မင်းချင်းယောက်ျားတို့သည် “သူ၏ ဒီဃာဝုကား အဘယ်သူနည်း၊ ဘယ်သူကို ဤသို့ ဆိုနေသနည်း၊ ဤမင်းကြီးသည်ကား သေဘေးမှ ထိတ်လန့်သဖြင့် ရူးကြောင်ကြောင် မြည်တမ်းလေ၏”ဟု ပြောဆိုကြကုန်၏။ “အချင်းတို့- ငါကား ရူး၍ဆိုသည်မဟုတ်။ လိမ္မာသောသူ သိလတ္တံ့”ဟု ဆို၍ ဤနည်းအတိုင်း သုံးကြိမ်တိုင်အောင် မြည်ဆိုလေ၏။ ထို့နောက် မင်းချင်းယောက်ျားတို့သည် တောင်တံခါးသို့ထုတ်၍ လေးပိုင်းပိုင်း၍ သတ်ပြီးလျှင် အစောင့်အရှောက်ထား၍ ဖဲသွားကြကုန်၏။

ဒီဃာဝုမင်းသားသည် ဗာရာဏသီပြည်တွင်းသို့ဝင်၍ ညနေချမ်းအခါ၌ သေရည်သေရက်တို့ကို ယူဆောင်ပြီးလျှင် မင်းချင်းယောက်ျား အစောင့်အရှောက်တို့ကို သောက်စေ၍ မူးရစ် အိပ်ပျော်ကြကုန်သောအခါ ထင်းတို့ကို စုရုံး၍ မီးသင်္ဂြိုဟ်ပြီးလျှင် လက်အုပ်ချီလျက် ထင်းပုံကို သုံးကြိမ် လက်ယာရစ် လှည့်လည်လေ၏။ ထိုအခါ ဗြဟ္မဒတ်မင်းသည် မြတ်သော ပြာသာဒ်ထက်၌နေလျက် မီးသင်္ဂြိုဟ်နေသည်ကို မြင်ရ၍ “ဤသူကား ဒီဃီတိကောသလမင်းကြီး၏ ဆွေမျိုးသားချင်း ဖြစ်လတ္တံ့၊ ငါ့အား အကျိုးမဲ့ချေပြီ။ တစ်စုံတစ်ယောက်သော မင်းချင်းယောက်ျားသည်လည်း လာ၍ မလျှောက်ထားလေ”ဟု အကြံဖြစ်လေ၏။ ထို့နောက် ဒီဃာဝုမင်းသားသည် မီးသင်္ဂြိုဟ်ပြီးသောအခါ တောအုပ်သို့ဝင်၍ အလိုရှိတိုင်း ငိုကြွေးမြည်တမ်းပြီးလျှင် ဗာရာဏသီပြည်တွင်းသို့ဝင်၍ မင်းကြီးနန်းတော်အနီး ဆင်တင်းကုပ်၌ ဆင်ဆရာ့ထံ အတတ်သင်ရန် နေလေ၏။ ဒီဃာဝုမင်းသားသည် ဆင်တင်းကုပ်၌ နံနက် စောစောထ၍ သာယာသောအသံဖြင့် သီချင်းသီဆိုလျက် စောင်းတီးလေ၏။ ဗြဟ္မဒတ်မင်းသည် ထိုစောင်းတီးသံကို ကြားရသောအခါ နှစ်သက်သည်ဖြစ်၍ မေးမြန်းစုံစမ်းပြီးလျှင် အနီးအပါး အတွင်းတော်၌စေသဖြင့် ရှေးဦးစွာ ထခြင်း၊ နောက်မှ အိပ်ခြင်း၊ အသို့ပြုရမည်နည်းဟု ကြောင့်ကြောင့်ကြကြ ပြောကြားခြင်း၊ နှစ်သက်ဖွယ် ကျင့်ခြင်း၊ ချစ်ဖွယ်စကားဆိုခြင်း စသော ကျင့်ဝတ်တို့ဖြင့် ခစားသည်ရှိသော် များစွာ မြတ်နိုးသဖြင့် အတွင်းတော်၌ အကျွမ်းဝင်သော နေရာ၌ ကျွန်ယုံအဖြစ်ဖြင့် နေရလေ၏။

တစ်နေ့သ၌ ဗြဟ္မဒတ်မင်းသည် သမင်တောသို့ တောလည်သွားသည်ရှိသော် စစ်သည်တို့နှင့် တခြားစီဖြစ်အောင် ဒီဃာဝုမင်းသား ရထားမောင်းသွားသဖြင့် အလွန်ဝေးသော အရပ်သို့ ရောက်သောအခါ ဗြဟ္မဒတ်မင်းသည် ပင်ပန်းသဖြင့် အိပ်လိုသောကြောင့် ရထားကို ဖြုတ်ခိုင်းပြီးလျှင် မြေပြင်၌ ထိုင်နေသော ဒီဃာဝုမင်းသား၏ ရင်ခွင်၌ ဦးခေါင်းထား၍ အိပ်လေ၏။ မင်းကြီး အိပ်ပျော်သောအခါ ဒီဃာဝုမင်းသားအား “ဤဗြဟ္မဒတ်မင်းကြီးသည် ငါ့ကို များစွာ အကျိုးမဲ့ပြုဖူး၏။ ငါတို့၏ စစ်သည်ဗိုလ်ပါ တိုင်းကား ပြည်ရွာ ကျီကြဘဏ္ဍာတို့ကို လုယက်ဖူးလေ၏။ အပြစ်မရှိသော ငါ၏မယ်တော်၊ ခမည်းတော်တို့ကိုလည်း ဤမင်းသည်ပင် သတ်ဖြတ်၏။ ဤအခါသည်ကား ထိုရန်ကို ရန်တုံ့ချေခြင်းငှာ သင့်လျော်သော အခါကာလပေတည်း”ဟု အကြံအစည် ဖြစ်လေ၏။ ဤသို့ကြံပြီးလျှင် ချက်ချင်း သန်လျက်အိမ်မှ သန်လျက်ကိုထုတ်ယူလိုက်လေ၏။ ထုတ်ယူပြီး အခါ၌ကား “ငါ၏ခမည်းတော်သည် သေခါနီးသော အခါ၌ “မာ ခေါ တွံ တာတ ဒီဃာဝု” စသည်ဖြင့် ရန်တုံ့မမူရန် ငါ့ကို ပြောသွား၏။ သေခါနီးပြောသွားသော မိဘတို့၏စကားကို လွန်ဆန်ခြင်းငှာ မသင့်ပါတကား”ဟု အကြံဖြစ်၍ သန်လျက်အိမ်၌ သန်လျက်ကို ပြန်သွင်းလေ၏။ ဤနည်းဖြင့် သုံးကြိမ်တိုင်အောင် သတ်ရန်ကြံစည်ပြီး၍ နောက်ဆုံးအကြိမ် သန်လျက်အိမ်၌ သန်လျက်သွင်းပြီးသောအခါ ဗြဟ္မဒတ်မင်းသည် အိပ်ပျော်ရာမှ ထိတ်လန့်တုန်လှုပ်သော အခြင်းအရာဖြင့်နိုး၍ လျင်စွာထပြီးလျှင် “အချင်း- ငါ အိပ်ပျော်စဉ် ဒီဃီတိကောသလမင်းကြီး၏ သားဖြစ်သော ဒီဃာဝုမင်းသားသည် သန်လျက်ဖြင့် လိုက်သည်”ဟု အိပ်မက်သဖြင့် ထိတ်ထိတ်လန့်လန့် နိုးလာကြောင်းကို ပြောကြားလေ၏။

ထိုအခါ ဒီဃာဝုမင်းသားသည် ဗြဟ္မဒတ်မင်းကြီး၏ ဦးသျှောင်ထုံးကို လက်ဝဲလက်ဖြင့်ကိုင်၍ လက်ျာလက်ဖြင့် သန်လျက်ကို ထုတ်ပြီးလျှင် “အရှင်မင်းကြီး- ဒီဃီတိ ကောသလမင်း၏ သားဖြစ်သော ဒီဃာဝုမည်သော မင်းသားသည်အကျွန်ုပ်ပေတည်း၊ အသင်မင်းကြီးသည် အကျွန်ုပ်တို့အား များစွာ အကျိုးမဲ့ပြု၍ အပြစ်မရှိသော မယ်တော်၊ ခမည်းတော်တို့ကို သတ်ဖြတ်ပေ၏။ ယခုအခါသည်ကား ထိုရန်ကို ရန်တုံ့အံ့သော အခါကာလ ဖြစ်ပြီ”ဟု ကြိမ်းဝါးလေ၏။ ထိုအခါ ဗြဟ္မဒတ်မင်းသည် ဒီဃာဝုမင်းသား၏ ခြေရင်း၌ ဦးခေါင်းဖြင့်ဝပ်၍ “အသက်ကို ချမ်းသာပေးပါ ဒီဃာဝုမင်းသား”ဟု တောင်းပန်လေ၏။ ထိုအခါ မိဘစကား နားထောင်လေ့ရှိသော၊ သိမ်မွေ့သော စိတ်နှလုံးရှိသော ဒီဃာဝုမင်းသားသည် အသက်ချမ်းသာပေး၍ “အကျွန်ုပ်အားလည်း အရှင်မင်းကြီးသည် အသက်ကို ချမ်းသာပေးပါ”ဟု တောင်းပန်၍ အချင်းချင်း အသက်ကိုလည်း ပေးကြကုန်၏၊ လက်ကိုလည်း ကိုင်ဆွဲကြကုန်၏၊ မိတ်မပျက်စေခြင်းငှာ ကျိန်စာကိုလည်း ဆိုကြကုန်၏။

ထို့နောက် တောလှည့်လည်ရာမှပြန်၍ နန်းတော်သို့ ရောက်သောအခါ ဗြဟ္မဒတ်မင်းသည် အမတ်တို့ကို စည်းဝေးစေ၍ “အချင်းအမတ်တို့- ဒီဃီတိကောသလမင်း၏ သားဖြစ်သော ဒီဃာဝုမင်းသားကို အကယ်၍ မြင်လျှင် အဘယ်သို့ ပြုကြမည်နည်း”ဟု မေးလေ၏။ အချို့သော အမတ်တို့သည် “အရှင်မင်းကြီး- အကျွန်ုပ်တို့သည် ဒီဃာဝုမင်းသားကိုမြင်လျှင် လက်ကို ဖြတ်ကုန်အံ့၊ အကျွန်ုပ်တို့သည် ခြေကို ဖြတ်ကုန်အံ့၊ နားရွက်ကို ဖြတ်ကုန်အံ့၊ နှာခေါင်းကို ဖြတ်ကုန်အံ့၊ ဦးခေါင်းကို ဖြတ်ကုန်အံ့”ဟု အသီးသီး ပြောကြားကြကုန်၏။ “အချင်းအမတ်တို့- ဤသူငယ်သည် ဒီဃီတိကောသလမင်း၏ သားဖြစ်သော ဒီဃာဝုအမည်ရှိသော မင်းသားပေတည်း၊ ယခုအခါ ထိုသူငယ်ကို တစ်စုံတစ်ခု ပြုခြင်းငှာ မထိုက်၊ ဤသူငယ်နှင့် ငါတို့သည် အချင်းချင်း အသက်ကို ချမ်းသာပေးအပ်ပြီ”ဟု မိန့်ကြားလေ၏။ ထိုသို့ မိန့်ကြားပြီးလျှင် ဗြဟ္မဒတ်မင်းသည် ဒီဃာဝုမင်းသားကို “အမောင် ဒီဃာဝုမင်းသား- သင်၏ ခမည်းတော်သည် သေရအံ့သောအခါ၌ “မာ ခေါ တွံ တာတ ဒီဃာဝု” အစရှိသော စကားကို ဆိုသွားလေ၏။ အဘယ်သို့သော အဓိပ္ပာယ်ကို ရည်မှန်း၍ ဆိုသွားလေသနည်း”ဟု မေးလေ၏။

“အရှင်မင်းကြီး- အကျွန်ုပ်၏ ခမည်းတော်သည် သေရအံ့သောကာလ၌ ဆိုသွားသော စကား၏အဓိပ္ပာယ်ကား “ရန်ရှည်အောင် မလုပ်လေနှင့်ဟူသော အဓိပ္ပာယ်ကိုလည်းကောင်း၊ မိတ်ဆွေတို့နှင့် လျင်မြန်စွာ ကွဲပြားအောင် မလုပ်လေနှင့်”ဟူသော အဓိပ္ပာယ်ကိုလည်းကောင်း၊ အရှင်မင်းကြီးသည် အကျွန်ုပ်၏ မယ်တော်၊ ခမည်းတော်တို့ကို သတ်လေသောကြောင့် အကျွန်ုပ်က တစ်ဖန် အရှင်မင်းကြီးကို သတ်ပြန်သည်ဖြစ်အံ့၊ အရှင်မင်းကြီးဘက်မှ အကျိုးလိုလားသောသူတို့သည် အကျွန်ုပ်ကို သတ်ကုန်ရာ၏။ ထိုအခါ ထိုသူတို့ကို အကျွန်ုပ်ဘက်မှ အကျိုးလိုလားသော သူတို့သည်လည်း သတ်ဖြတ်ကုန်ရာ၏။ ဤသို့ အပြန်ပြန် ရန်တုံ့မူသော သတ်ဖြတ်ခြင်းဖြင့် ရန်သည် မငြိမ်းစဲနိုင်လေရာ၊ ယခုအခါ၌ကား အရှင်မင်းကြီးသည်လည်း အကျွန်ုပ်အား အသက်ကို ချမ်းသာပေးပြီ၊ အကျွန်ုပ်သည်လည်း အရှင်မင်းကြီးအား အသက်ကို ချမ်းသာပေးပြီ၊ ဤသို့ အချင်းချင်း အသက်ကို ပေးခြင်းတည်းဟူသော ရန်တုံ့မမူခြင်းဖြင့် ထိုရန်သည် ငြိမ်းအေးလေပြီ၊ ဤသို့သော အဓိပ္ပာယ်ကိုလည်းကောင်း၊ ဤသို့ အဓိပ္ပာယ်သုံးမျိုးကို ရည်မှန်း၍ ဖခမည်းတော် သေရအံ့သောအခါ “မာ ခေါ တွံ တာတ ဒီဃာဝု” အစရှိသောစကားဖြင့် ဩဝါဒစကား မှာကြားသွားခြင်း ဖြစ်ပါသည်”ဟု သံတော်ဦးတင်လေ၏။

ထိုအခါ ဗြဟ္မဒတ်အမည်ရှိသော ကာသိကရာဇ်မင်းသည် ဒီဃာဝုမင်းသားအား “အကျဉ်းအားဖြင့် မှာသွားသော ခမည်းတော်၏စကားကို အကျယ်အားဖြင့် သိနိုင်ပေ၏၊ ပညာရှိပေစွ၊ အံ့ဩဖွယ်ကောင်းပေစွ”ဟု များစွာ နှစ်သိမ့်တော်မူ၍ အဘ၏ဥစ္စာဖြစ်သော စစ်သည်ဗိုလ်ပါ တိုင်းကား ပြည်ရွာ ကျီကြဘဏ္ဍာတို့ကိုလည်း ပြန်ပေးစေ၍ သမီးနှင့်လည်း လက်ဆက်စေ၍ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်၍နေကြကုန်၏။ ဤသို့ မြတ်စွာဘုရားသည် အတိတ်ကိုဆောင်၍ ထိုအခါ မယ်တော်၊ ခမည်းတော်တို့သည် ယခုအခါ သုဒ္ဓေါဒနမင်းကြီးနှင့် မယ်တော်မာယာတို့ ဖြစ်လာကုန်၏။ ဒီဃာဝုမင်းသားသည်ကား ငါဘုရား ဖြစ်လာ၏ဟု ဇာတ်တော်ကို ပေါင်းလေ၏။)

ထိုသို့ ဒီဃီတိကောသလဇာတ်ကို ဟောတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ယူအပ်သော တုတ်,လှင်ကန် ရှိကုန်သော ကိုင်စွဲအပ်သော လက်နက်ရှိကုန်သော ထိုမင်းတို့၏ စဉ်လျက်လည်း ဤသို့ သဘောရှိသော သည်းခံခြင်း, စိတ်နှလုံးယဉ်ကျေးခြင်း, ဖြူစင်ခြင်းသည် ဖြစ်ကုန်ဘိသေး၏။ ချစ်သားရဟန်းတို့- သင်တို့သည် ဤသို့ ကောင်းစွာ ဟောကြားအပ်သော သုတ်၊ အဘိဓမ္မာ၊ ဝိနည်း၌ ရဟန်းပြုကြ၍ သည်းခံကြသူတို့သည်လည်း ဖြစ်ကုန်ရာ၏။ ပြောစကားကို နားထောင်၍ ဆိုလွယ် ပြောလွယ် ရှိကြသူတို့သည်လည်း ဖြစ်ကုန်ရာ၏။ ထိုသို့ဖြစ်ခြင်းသည် ဤငါဘုရား သာသနာတော်၌ အလွန်တင့်တယ်ရာ၏”ဟု ဆုံးမတော်မူလေ၏။ ဤသို့ ဆုံးမတော်မူ၍လည်း ထိုရဟန်းတို့အား ညီညွတ်သည်တို့ကို ပြုခြင်းငှါ မတတ်နိုင်။ ထိုအခါ၌ မြတ်စွာဘုရားသခင်သည် ခိုက်ရန်ဖြစ်သော ရဟန်းတို့နှင့် ပြွမ်း၍နေခြင်းဖြင့် ငြီးငွေ့တော်မူရကား “ငါဘုရားသည် ယခုအခါ၌ ရောပြွမ်းလျက် အလွန်ဆင်းရဲစွာ နေရ၏။ ဤရဟန်းတို့သည်လည်း ငါဘုရားစကားကို မလိုက်နာကြကုန်။ ငါသည် ကိုယ်တော်တစ်ပါးတည်း အခြွေအရံအပေါင်းမှ ကင်းကွာလျက် နေရမူကား ကောင်းလေစွ”ဟု ကြံတော်မူ၏။

ပါလိလေယျကတောသို့ကြွ၍ ဝါဆိုတော်မူခြင်း

ထိုသို့ကြံတော်မူ၍ ကောသမ္ဗီပြည်၌ ဆွမ်းအလို့ငှါ ကြွတော်မူပြီးလျှင် ရဟန်းသံဃာကို မပန်ကြားဘဲ ကိုယ်တော်တစ်ပါးတည်းသာလျှင် ကိုယ်တော်မြတ် သပိတ်သင်္ကန်းကို ကိုယ်တိုင်ယူတော်မူလျက် ပါလိလေယျက အမည်ရှိသောရွာသို့ ကြွတော်မူ၍ ထိုရွာ၌ မြတ်စွာဘုရားသည် ဘဂုအမည်ရှိသော မထေရ်အား ဧကစာရိကဝတ်ကို ဟောတော်မူ၏။ ထို့နောက်မှ အရှေ့ဝါးတော မိဂဒါဝုန်၌ သုံးယောက်သော အမျိုးသားတို့အား ညီညွတ်ခြင်း၌ အလိုရှိသည်ကို ဟောတော်မူ၍ အကြင်အရပ်၌ ပါလိလေယျကတောသည် ရှိ၏။ ထိုပါလိလေယျကတော၌ မြတ်စွာဘုရားသခင်သည် ပါလိလေယျကရွာကို အမှီပြု၍ ပါလိလေယျကမည်သော ပလလည်းဆင်မင်းသည် စောင့်ရှောက်အပ်သော တောအုပ်အတွင်း အင်ကြင်းပင်ရင်းဝယ် ပလလည်းဆင်မင်း၏ အလုပ်အကြွေးကို ခံယူတော်မူလျက် ချမ်းသာစွာ ဝါဆိုတော်မူ၏။

သံဃာတို့ညီညွတ်ရေး ဒါယကာတို့ စီစဉ်

ကောသမ္ဗီပြည်၌နေကုန်သော ဒါယကာတို့သည်လည်း ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို မဖူးမြင်ရကုန်သည်ရှိသော် “အရှင်ဘုရားတို့- မြတ်စွာဘုရားသည် အဘယ်မှာနည်း”ဟု မေးလျှောက်ကုန်သဖြင့် ပလလည်း တောအုပ်သို့ ကြွတော်မူကြောင်းကို ပြောကြားကြကုန်၏။ “အဘယ့်ကြောင့်ကြွတော်မူသနည်း”ဟု မေးလျှောက်ကုန်သည်ရှိသော် “ငါတို့ကို ညီညွတ်သင့်တင့်အောင် လုံ့လပြုတော်မူသော်လည်း ငါတို့ကား သင့်တင့်ညီမျှ မဖြစ်ကြကုန်၊ ဤသို့သော အကြောင်းကြောင့် ကြွတော်မူသည်”ဟု ပြောကြားကြကုန်၏။ ထိုအခါ ဒါယကာတို့သည် “အရှင်ဘုရားတို့- အရှင်ဘုရားတို့သည် မြတ်စွာဘုရားအထံ၌ ရဟန်းပြုကုန်လျက် ထိုမြတ်စွာဘုရားသည် ညီညွတ်အောင် ပြုတော်မူသည်ကို အညီအညွတ် မဖြစ်နိုင်ကြကုန်ဘိသလော”ဟု မေးလျှောက်ကုန်သည်ရှိသော် “ဒါယကာတို့- ဤသို့ မညီမညွတ်သည် မှန်ပေ၏”ဟု ပြောကြားကြကုန်၏။ ထိုဒါယကာတို့သည် “ဤရဟန်းတို့ကား ဘုရားအထံတော်၌ ရဟန်းပြုလျက် ထိုဘုရားရှင် ညီညွတ်အောင် ပြုသော်လည်း အညီအညွတ်မဖြစ်ကုန်၊ ငါတို့ကား ဤရဟန်းတို့ကိုမှီ၍ မြတ်စွာဘုရားကို ကောင်းစွာ ဖူးမြင်ခြင်းငှာ ခွင့်မရကြကုန်၊ ထို့ကြောင့် ဤရဟန်းတို့အား နေရာကို မပေးကုန်အံ့၊ ရှိခိုးခြင်း စသည်တို့ကိုလည်း မပြုကုန်အံ့”ဟု ဆိုကြကုန်၏။

ထိုအခါမှစ၍ ထိုဒါယကာတို့သည် ထိုရဟန်းတို့အား ရိုသေကာမျှကိုလည်း မပြုကြကုန်။ ထိုရဟန်းတို့သည် နည်းသော ဆွမ်း,ဘောဇဉ် အာဟာရရှိသည်၏ အဖြစ်ကြောင့် ပိန်ခြောက်သော သဘောရှိကုန်ရကား နှစ်ရက် သုံးရက်ဖြင့်သာလျှင် ဖြောင့်မတ် တည်ကြည်သော သဘော ရှိကုန်သည်ဖြစ်၍ အချင်းချင်း အပြစ်ကိုပြောကြား၍ ကန်တော့ပြီးလျှင် “ဒါယကာတို့- ငါတို့သည် အညီအညွတ် ဖြစ်ကြကုန်ပြီ၊ သင်တို့သည်လည်း ငါတို့အပေါ်၌ ရှေးနှင့်အတူ ကြည်ဖြူခြင်း ဖြစ်ကြကုန်လော့”ဟု ဆိုကုန်၏။ ထိုအခါ ဒါယကာတို့သည် “အရှင်ဘုရားတို့-အရှင်ဘုရားတို့သည် ဘုရားရှင်ကို ကန်တော့အပ်ပြီလော”ဟု မေးလျှောက်ကုန်၏။ “ဒါယကာတို့- မကန်တော့ရသေး”ဟု ဆိုသော် “ထိုသို့ဖြစ်မူ မြတ်စွာဘုရားကို ကန်တော့ကြကုန်လော့၊ အရှင်ဘုရားတို့သည် မြတ်စွာဘုရာကို ကန်တော့ပြီးသောကာလ၌ တပည့်တော်တို့သည်လည်း အရှင်ဘုရားတို့အား ရှေးနှင့်အတူ ကြည်ဖြူခြင်း ရှိကြပါကုန်အံ့”ဟု လျှောက်ကုန်၏။ ထိုရဟန်းတို့သည် ဝါတွင်း ဖြစ်သောကြောင့် ဘုရားရှင်အထံတော်သို့ သွားခြင်းငှာ မရဲဝံ့ကုန်သည်ဖြစ်၍ ဆင်းရဲငြိုငြင်စွာ ထိုဝါတွင်းသုံးလကို လွန်စေကြရကုန်၏။ ဘုရားရှင်သည်ကား ဝါတွင်းသုံးလပတ်လုံး ထိုပလလည်း ဆင်မင်းသည် လုပ်ကျွေးအပ်သည်ဖြစ်၍ ချမ်းသာစွာ နေတော်မူရလေ၏။ ထိုပလလည်း ဆင်မင်းသည်လည်း ဆင်အပေါင်းကို ပယ်စွန့်၍ ချမ်းသာစွာ နေရခြင်း အကျိုးငှာသာလျှင် တောအုပ်သို့ သက်ဝင်ခြင်း ဖြစ်လေ၏။

ဘုရားရှင်အား ပလလည်းဆင်မင်း လုပ်ကျွေးခန်း

ထိုပလလည်း ဆင်မင်းသည်ကား “ငါသည် ဆင်ပေါက်တို့နှင့်လည်းကောင်း, ဆင်မကြီးတို့နှင့်လည်းကောင်း, ဆင်ရွေ, ဆင်လတ်တို့နှင့်လည်းကောင်း ရောပြွမ်းသည်ဖြစ်၍ နေရ၏၊ အညွန့်အဖျား ပြတ်ပြီးကုန်သော မြက်ငုတ်တို့ကိုလည်း စားရ၏၊ ဖရိုဖရဲ စနောင့်စနင်း ကျိုးသောအခက်အရွက်ရှိသော သစ်ခက်ကျိုးကိုလည်း စားရ၏။ နောက်ကျုသော ရေတို့ကိုလည်း သောက်ရ၏။ ရေဆိပ်သို့ဆင်းသောအခါ, တက်သောအခါ ငါ၏ကိုယ်ကို ဆင်မတို့သည် တိုက်ခိုက် တိုးဝှေ့၍ သွားကြကုန်၏၊ ငါသည် တစ်စီးတည်းသာလျှင် အပေါင်းအဖော်မှ ကင်း၍နေရမူကား ကောင်းလေစွ”ဟု ကြံ၏။ ထိုသို့ ကြံပြီးသောအခါ ထိုဆင်ပြောင်ကြီးသည် ဆင်အပေါင်းမှ ဖဲခွာ၍ အကြင်အရပ်၌ ပါလိလေယျက တောအုပ်သည်လည်းကောင်း၊ အခက်အရွက်နှင့် ပြည့်စုံခြင်းကြောင့် သာယာသော အင်ကြင်းပင်၏ အနီး အရပ်သည်လည်းကောင်း ရှိ၏။ အကြင်အရပ်၌ မြတ်စွာဘုရားသည်လည်းကောင်း ရှိ၏။ ထိုဘုရားရှိရာသို့ ချဉ်းကပ်လေ၏။ ဘုရားရှိရာသို့ ချဉ်းကပ်ပြီးလျှင် ဘုရားရှင်ကို ရှိခိုးပြီး၍ ထိုထိုဤဤ ကြည့်သည်ရှိသော် ဘုရားမှတစ်ပါး တစ်စုံတစ်ယောက်သောသူကို မမြင်သဖြင့် အင်ကြင်းပင်အမြစ်ကို ခြေဖြင့် ပုတ်ခတ်ဖြတ်တိ ညှိရွေ၍ နှာမောင်းဖြင့် သစ်ခက်ကိုယူပြီးလျှင် တံမြက်လှည်း၏။ ထိုအခါမှစ၍ နှာမောင်းဖြင့်ပင် ရေအိုးကိုယူ၍ သောက်ရေကိုလည်းကောင်း၊ သုံးဆောင်ရေကိုလည်းကောင်း တည်ထား၏။ ရေနွေးဖြင့် အလိုရှိသည်ရှိသော် ရေနွေးကို စီရင်၏။ အဘယ်သို့ စီရင်သနည်း ဟူမူကား လက်ဖြင့် ထင်းတို့ကို ပွတ်သပ်ရှပ်တိုက်၍ မီးကိုဖြစ်စေ၏။ ထိုမီး၌ ထင်းတို့ကိုထည့်၍ မီးတောက်သည်ရှိသော် ထိုမီး၌ ကျောက်ခဲတို့ကိုထည့်ကာ ဖုတ်၍ သစ်သားလှင်ကန်ဖြင့် လှိမ့်ကော်၍ အပိုင်းအခြားရှိသော ရေအိုင်ငယ်တစ်ခု၌ ပစ်ချ၏။ ထို့နောက်မှ နှာမောင်းတည်းဟူသောလက်ကို စမ်းသပ်ချကြည့်သဖြင့် ရေပူသည်၏အဖြစ်ကို သိရှိသော် သွား၍ မြတ်စွာဘုရားကို ဝပ်တွားရှိခိုး၏။ မြတ်စွာဘုရားသည် “ပလလည်းဆင်- သင်သည် ရေကို နွေးစေအပ်ပြီလော”ဟု မိန့်တော်မူပြီးလျှင် ထိုရေနွေးတည်ရာ အရပ်သို့ ကြွ၍ ရေသပ္ပာယ်တော်မူ၏။

ထိုသို့ ရေသပ္ပာယ်ပြီးသောအခါ မြတ်စွာဘုရားအား အထူးထူးအပြားပြားရှိကုန်သော သစ်သီးကြီးငယ်တို့ကို ဆောင်၍လှူ၏။ အကြင်အခါ မြတ်စွာဘုရားသည် ရွာသို့ ဆွမ်းအလို့ငှာ ဝင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရား၏ သပိတ်သင်္ကန်းကိုယူ၍ ဦးကင်း၌ တင်ထားလျက် ဘုရားရှင်နှင့် အတူတကွသာလျှင် လိုက်သွား၏။ မြတ်စွာဘုရားသည် ရွာဥပစာသို့ ရောက်သည်ရှိသော် “ပလလည်းဆင်- ဤအရပ်မှစ၍ သင်သည် လိုက်ခြင်းငှာ မတတ်ကောင်း၊ ငါ၏ သပိတ်သင်္ကန်းတို့ကို ဆောင်ယူခဲ့လော့”ဟု မိန့်တော်မူ၍ ဆောင်ယူခဲ့စေ၍ ရွာသို့ ဆွမ်းအလို့ငှာ ဝင်တော်မူ၏။ ဆင်မင်းသည်လည်း မြတ်စွာဘုရား ဆွမ်းခံရာမှ ထွက်တော်မူလာသည့်တိုင်အောင် ထိုရွာ၏ ဥပစာ၌သာ ဆိုင်းငံ့၍ မြတ်စွာဘုရား ကြွလာတော်မူသောအခါ ခရီးဦးကြိုဆိုလျက် ရှေးနည်းဖြင့်သာလျှင် သပိတ်သင်္ကန်းကို လှမ်းယူ၍ သီတင်းသုံးတော်မူရာ အင်ကြင်းပင်ရင်း၌ ချထား၍ ဝတ်ကြီးဝတ်ငယ်ကိုပြုလျက် သစ်ခက်ဖြင့် ယပ်ခတ်၏။ ညဉ့်အခါ၌ သားရဲဘေးရန်တို့ကို တားမြစ်ခြင်းငှာ ကြီးစွာသော တုတ်,လှင်ကန်ကို နှာမောင်းဖြင့် ချီယူလျက် “မြတ်စွာဘုရားကို စောင့်ရှောက်အံ့”ဟု နေအရုဏ် တက်လာသည်တိုင်အောင် တောအုပ် အကြားအကြား၌ လှည့်ပတ်သွားလာ၏။ ထိုအခါမှစ၍ ထိုတောအုပ်သည် ပလလည်းဆင်မင်း စောင့်ရှောက်အပ်သော ပလလည်းတောအုပ် မည်သည်သာလျှင် ဖြစ်လေသတတ်။ အရုဏ်တက်သည်ရှိသော် မျက်နှာသစ်တော်ရေ ကပ်လှူခြင်းကို အစပြု၍ ထိုဆိုခဲ့သော နည်းဖြင့်သာလျှင် အလုံးစုံသော ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်တို့ကို ပြုလေ၏။

ကောင်းသောအတုယူ၍ ကောင်းမှုပြုသူ ကောင်းကျိုးရ

ထို့နောက် တစ်ရံသောအခါ တစ်ကောင်သော မျောက်သည် မြတ်စွာဘုရားအား ထကြွလုံ့လဝီရိယဖြင့် အဘိသမာစာရိကဟု ဆိုအပ်သော မြတ်သော ဝတ်ကြီးဝတ်ငယ် အကျင့်ကိုပြုသော ထိုပလလည်းဆင်ကို မြင်ရ၍ “ငါသည်လည်း တစ်စုံတစ်ခုသော ကောင်းမှုကို ပြုအံ့”ဟု ကြံပြီးလျှင် လှည့်ပတ်သွားလာသည်ရှိသော် တစ်နေ့သ၌ ပျားကောင်မရှိသော ပျားတံ၌ လဘို့စိုင်ကို တွေ့မြင်သဖြင့် ပျားတံကိုချိုး၍ ပျားတံနှင့်တကွ ပျားလဘို့ကို ဘုရားအထံသို့ ဆောင်ခဲ့၍ တောငှက်ပျောရွက်ကို ဖြတ်ပြီးလျှင် ထိုငှက်ပျောရွက်၌ ထည့်၍ကပ်လှူလေ၏။ ဘုရားရှင်သည်လည်း ခံယူတော်မူလေ၏။ မျောက်သည် “ဘုဉ်းပေးသုံးဆောင်ခြင်းကို ပြုအံ့လော၊ မပြုအံ့လော”ဟု နှလုံးသွင်းလျက် ကြည့်သည်ရှိသော် ဘုရားရှင်သည် ကိုင်၍ ထိုင်နေတော်မူသည်ကို မြင်လျှင် “အသို့နည်း”ဟု ကြံ၍ ပျားတံစွန်း၌ကိုင်၍ ပြန်လှန်လျက် စူးစမ်းဆင်ခြင်သည်ရှိသော် ပျားဥတို့ကိုမြင်၍ ထိုပျားဥတို့ကို တဖြည်းဖြည်း ပယ်ပြီးမှ တစ်ဖန် ကပ်လှူပြန်လေ၏။ မြတ်စွာဘုရားသည် ဘုဉ်းပေး သုံးဆောင်တော်မူ၏။ ထိုမျောက်သည် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ထိုထို သစ်ခက်ကို ကိုင်ယူဆွဲငင်၍ က,လျက်နေသောအခါ ဆွဲငင်သော သစ်ခက်သည်လည်းကောင်း၊ နင်းသော သစ်ကိုင်းသည်လည်းကောင်း ကျိုးပဲ့ပြတ်ကျသဖြင့် တစ်ခုသော သစ်ငုတ်ထက်၌ ကျပြီးလျှင် ထုတ်ချင်းလျှိုဖောက်အပ်သော ကိုယ် ရှိသည် ဖြစ်လျက် မြတ်စွာဘုရား၌ ကြည်ညိုသော စိတ်ဖြင့်သာလျှင် သေ၍ တာဝတိံသာနတ်ပြည်တွင် ယူဇနာ သုံးဆယ်ရှိသော ရွှေဗိမာန်၌ နတ်သမီးတစ်ထောင် ခြံရံလျက် ဖြစ်၏။ ထိုနတ်သားအား နောက်ဘဝက မျောက်ဖြစ်ခဲ့ဖူးသော အကြောင်းကြောင့် မက္ကဋဒေဝပုတ္တနတ်သားဟူသော အမည်သည် ဖြစ်လေ၏။

ရဟန်းများ ဘုရားထံတော်သို့ လိုက်ကြခြင်း

ထိုပလလည်းတော၌ ဆင်ပြောင်ကြီး၏ လုပ်ကျွေးခြင်းကို ခံလျက် မြတ်စွာဘုရား နေတော်မူသောအဖြစ်သည် အလုံးစုံသော ဇမ္ဗုဒီပါ ကျွန်းအပြင်၌ ကျော်စောထင်ရှားခြင်း ဖြစ်လေ၏။ သာဝတ္ထိပြည်မှ အနာထပိဏ်သူဌေးသည်လည်းကောင်း၊ ဝိသာခါ ဒါယိကာမကြီးသည်လည်းကောင်း ဤသို့ အစရှိကုန်သော ထင်ရှားသော ဒါယကာတို့သည် အရှင်အာနန္ဒာမထေရ်အား “မြတ်စွာဘုရားကို တပည့်တော်တို့အား ပြတော်မူပါလော့”ဟု သတင်းစကားကို စေလွှတ်ကုန်၏။ ထိုထို အရပ်မျက်နှာ၌ နေကုန်သော ငါးရာမျှလောက်သော ရဟန်းတို့သည်လည်း ဝါကျွတ်ကုန်ပြီးသည်ရှိသော် အရှင်အာနန္ဒာမထေရ်သို့ ချဉ်းကပ်၍ “ငါ့ရှင် အာနန္ဒာ- ငါတို့အား မြတ်စွာဘုရား မျက်မှောက်တော်မှ တရားစကားကို မကြားရသည်မှာ ကြာမြင့်စွာ ရှိလေပြီ၊ ငါ့ရှင် အာနန္ဒာ- ငါတို့သည် မြတ်စွာဘုရား ရှေ့တော်မှ တရားစကားကို ကြားနာရခြင်းငှာ အခွင့်ရပါကုန်မူကား ကောင်းလေစွ”ဟု တောင်းပန်ကြကုန်၏။ အရှင်အာန္ဒာ မထေရ်သည်လည်း ထိုရဟန်းတို့ကို ပင့်ခေါ်ပြီးလျှင် ထိုပလလည်းတောသို့ သွား၍ “ဝါတွင်းသုံးလပတ်လုံး ကိုယ်တော် တစ်ပါးတည်းသာ နေလေ့ရှိသော မြတ်စွာဘုရား၏ အထံတော်သို့ ဤမျှအတိုင်းအရှည်ရှိသော ရဟန်းတို့နှင့် အတူတကွ ဆည်းကပ်ခြင်းငှာ မသင့်ခဲ့တကား”ဟု ကြံ၍ ထိုရဟန်းတို့ကို အပ၌ ထားခဲ့ပြီးလျှင် တစ်ပါးတည်းသာ မြတ်စွာဘုရားသို့ ချဉ်းကပ်လေ၏။ ပလလည်း ဆင်မင်းသည် အရှင်အာနန္ဒာမထေရ်ကို မြင်လျှင် တုတ်,လှင်ကန်ကိုယူလျက် ပြေးသွားသည်ရှိသော် မြတ်စွာဘုရားသည် ကြည့်၍ “ပလလည်းဆင်- ဆုတ်ဘိလော့၊ ဆုတ်ဘိလော့၊ ဖဲလော့၊ မမြစ်တားလင့်။ ဤယခု ဆည်းကပ်လာသော သူသည်ကား ငါဘုရား၏ အလုပ်အကျွေးပေတည်း”ဟု မိန့်တော်မူလေ၏။ ပလလည်း ဆင်မင်းသည် ထိုအရပ်၌ပင် တုတ်,လှင်ကန်ကို စွန့်ပစ်၍ သပိတ်သင်္ကန်း လှမ်းယူခြင်းကို ပန်ကြားလေ၏။ အရှင်အာနန္ဒာ မထေရ်သည် ပေးတော်မမူ၊ ဆင်ပြောင်ကြီးသည် “ဤအရှင်သည် သင်ယူအပ်သော ကျင့်ဝတ်ရှိသည် အကယ်၍ ဖြစ်အံ့၊ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား၏ နေရာဖြစ်သော ကျောက်ဖျာထက်၌ မိမိ၏ သပိတ်ပရိက္ခရာကို မထားလတ္တံ့”ဟု ကြံ၏။ အရှင်အာနန္ဒာ မထေရ်သည်လည်း သပိတ်သင်္ကန်းကို မြေ၌ ထား၏။

(ကျင့်ဝတ်ပြည့်စုံ လိမ္မာကုန်သောသူတို့သည် အလေးအမြတ်ပြုအပ်သော မိဘဆရာသမားတို့၏ ထိုင်နေကျနေရာ, အိပ်နေကျ အိပ်ရာတို့၌ မိမိ၏ ပရိက္ခရာကို မထားကြကုန်။ အဋ္ဌကထာမှတ်ချက်။)

အဆွေခင်ပွန်းကောင်းတစ်ယောက်၏ တန်ဖိုး

အရှင်အာနန္ဒာ မထေရ်သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် သင့်တင့်လျောက်ပတ်သော အရပ်၌ ထိုင်နေလေ၏။ ဘုရားရှင်သည် “ချစ်သားအာနန္ဒာ- သင်တစ်ယောက်တည်းသာလျှင် လာသလော”ဟု မေးတော်မူသဖြင့် “မြတ်စွာဘုရား- ရဟန်းငါးရာတို့နှင့် အတူတကွ လာခဲ့ပါသည်ဘုရား”ဟု လျှောက်သည်ကို ကြားသိတော်မူသည်ရှိသော် “ထိုငါးရာသော ရဟန်းတို့သည် အဘယ်အရပ်မှာနည်း”ဟု မေးတော်မူသည်ဖြစ်၍ “ရှင်တော်ဘုရားတို့၏ စိတ်တော်ကို မသိရခြင်းကြောင့် အပ၌ထား၍ တစ်ယောက်တည်းသာ လာခဲ့ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ချစ်သား အာနန္ဒာ- ထိုငါးရာသော ရဟန်းတို့ကို ခေါ်ချေလော့”ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာသည် ဘုရားရှင် မိန့်တော်မူတိုင်း ခေါ်၍လာလျှင် ဘုရားရှင်သည် ထိုရဟန်း ငါးရာတို့နှင့် အတူတကွ ပဋိသန္ဓာရစကားကို ပြု၍ ရဟန်းတို့သည် “မြတ်စွာဘုရား- ရှင်တော်ဘုရားသည် ဘုရား၏ သိမ်မွေ့ခြင်းလည်း ရှိတော်မူ၏၊ မင်း၏ သိမ်မွေ့ခြင်းလည်း ရှိတော်မူ၏၊ ရှင်တော်ဘုရားတို့သည် ဝါတွင်းသုံးလပတ်လုံး ကိုယ်တော်တစ်ပါးတည်း ရပ်ခြင်းတို့ဖြင့်လည်းကောင်း၊ ထိုင်ခြင်းတို့ဖြင့်လည်းကောင်း ခဲယဉ်းငြိုငြင်သောအမှုကို ပြုတော်မူရ၏၊ ဝတ်ကြီးဝတ်ငယ်ကို ပြုသောသူသည်လည်းကောင်း၊ မျက်နှာသစ်ရေ စသည်တို့ကို ဆက်ကပ်သော သူသည်လည်းကောင်း မရှိချေယောင်တကား”ဟု မြတ်စွာဘုရားအား နားတော်လျှောက်ကြားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် “ချစ်သား ရဟန်းတို့- ပလလည်းဆင်မင်းသည် ငါ၏ အလုံးစုံသောကိစ္စတို့ကို ပြုအပ်ကုန်ပြီ၊ ဤသို့ သဘောရှိသော အဆွေခင်ပွန်းကောင်းကို ရသည်ရှိသော် အတူတကွနေခြင်းငှာ သင့်၏။ အဆွေခင်ပွန်းကောင်းကို မရသည်ရှိသော် တစ်ယောက်တည်းနေသော အဖြစ်သည်သာလျှင် မြတ်၏”ဟု မိန့်တော်မူပြီး၍ နာဂဝဂ်လာ သုံးဂါထာတို့ကို ဟောတော်မူ၏။

သစေ လဘေထ နိပကံ သဟာယံ၊
သဒ္ဓိံ စရံ သာဓုဝိဟာရိ ဓီရံ။
အဘိဘုယျ သဗ္ဗာနိ ပရိဿယာနိ၊
စရေယျ တေနတ္တမနော သတိမာ။
နော စေ လဘထ နိပကံ သဟာယံ၊
သဒ္ဓိံ စရံ သာဓုဝိဟာရိ ဓီရံ။
ရာဇာဝ ရဋ္ဌံ ဝိဇိတံ ပဟာယ၊
ဧကော စရေ မာတင်္ဂရညေဝ နာဂေါ။
ဧကဿ စရိတံ သေယျာ၊
နတ္ထိ ဗာလေ သဟာယတာ။
ဧကော စရေ န စ ပါပါနိ ကယိရာ၊
အပ္ပေါသုက္ကော မာတင်္ဂရညေဝ နာဂေါ။

နိပကံ၊ ရင့်သော ပညာလည်း ရှိထသော။ သဒ္ဓိံ စရံ၊ အတူ ကျင့်ဖော်လည်း ဖြစ်ထသော။ သာဓုဝိဟာရိံ၊ ကောင်းသောနေခြင်းလည်း ရှိထသော။ ဓီရံ၊ မြဲမြံခိုင်ခံ့ တည်တံ့သော သမာဓိလည်း ရှိထသော။ သဟာယံ၊ အဆွေခင်ပွန်းကောင်းကို။ သစေ လဘေထ၊ အကယ်၍ ရသည်ဖြစ်အံ့။(ဧဝံ လဘန္တော၊ ဤသို့ ရသည်ရှိသော်။) သဗ္ဗာနိ၊ ထင်ရှား မထင်ရှားသောအားဖြင့် အလုံးစုံကုန်သော။ ပရိဿယာနိ၊ ဘေးရန်တို့ကို။ အဘိဘုယျ၊ နှိပ်နင်း ဖျက်ဆီး၍။ တေန၊ ထိုအဆွေခင်ပွန်းကောင်းနှင့်။ သဒ္ဓိံ၊ တကွ။ အတ္တမနော၊ ဝမ်းမြောက်သော စိတ်ရှိသည်။ သတိမာ၊ ထင်ရှားသော သတိရှိသည်။ ဟုတွာ၊ ဖြစ်၍။ စရေယျ၊ ကျင့်ရာ၏။

နိပကံ၊ ရင့်သော ပညာလည်း ရှိထသော။ သဒ္ဓိံ စရံ၊ အတူကျင့်ဖော်လည်း ဖြစ်ထသော။ သာဓုဝိဟာရိံ၊ ကောင်းသော နေခြင်းလည်း ရှိထသော။ ဓီရံ၊ မြဲမြံခိုင်ခံ့ တည်တံ့သော သမာဓိလည်း ရှိထသော။ သဟာယံ၊ အဆွေခင်ပွန်းကောင်းကို။ နော စေ လဘေထ၊အကယ်၍ မရသည်ဖြစ်အံ့။ (ဧဝံ အလဘန္တော၊ ဤသို့ မရသည်ရှိသော်။) ဧကော၊ တစ်ယောက်တည်းတည်း။ စရေယျ၊ ကျင့်ရာ၏။ ကော ဝိယ၊ အဘယ်သူကဲ့သို့နည်း ဟူမူကား။ ရာဇာ၊ မင်းသည်။ ဝါ၊ မဟာဇနကစသော မင်းဖြစ်ဖူးသော ရသေ့ရဟန်းသည်။ ဝိဇိတံ၊ မိမိအောင်ရာ မြေအရပ်ဖြစ်သော။ ရဋ္ဌံ၊ ပြည်ရွာ တိုင်းကားကို။ ပဟာယ၊ စွန့်၍။ ဧကောဝ၊ တစ်ယောက်ချင်းလျှင်။ စရတိ ဣဝ၊ ကျင့်သကဲ့သို့လည်းကောင်း။ မာတင်္ဂေါ၊ မာတင်ဟု ရအပ်သော အမည်ရှိသော (မာတင်္ဂ၊ မာတင်- ဖြည်းညင်းစွာ သွားတတ်သော ဆင်။ တစ်နည်းကား- ကြီးမားသော ကိုယ်အင်္ဂါရှိသော ဆင်)။ အယံ နာဂေါ၊ ဤဆင်ပြောင်ကြီးသည်။ ယူထံ၊ ဆင်အပေါင်းကို။ ပဟာယ၊ စွန့်၍။ အရညေ၊ တော၌။ ဧကောဝ၊ တစ်စီးချင်းသာလျှင်။ စရတိ ဣဝ၊ ကျင့်သကဲ့သို့လည်းကောင်း။ ဧဝံ၊ ဤအတူ။ ဧကောဝ၊ တစ်ယောက်ချင်းသာလျှင်။ စရေ၊ ကျင့်ရာ၏။

ဧကဿ၊ တစ်ယောက်တည်း၏သာလျှင်။ စရိတံ၊ ကျင့်ခြင်းသည်။ သေယျော၊ မြတ်၏။ ဗာလေ-ဗာလေန၊ မိုက်သောသူနှင့်။ သဟာယတာ၊ အပေါင်းအဖော်၏ အဖြစ်သည်။ နတ္ထိ၊ မရှိ။ အရညေ၊ တော၌။ အပ္ပေါသုက္ကော၊ ကြောင့်ကြမဲ့ ငဲ့ကွက်ခြင်းမရှိသော။ မာတင်္ဂေါ၊ မာတင်အမည်ရှိသော။ အယံ နာဂေါ၊ ဤဆင်မင်းသည်။ သုခံ၊ ချမ်းသာစွာ။ စရတိ ဣဝ၊ ကျင့်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဧကော၊ တစ်ယောက်ထီးတည်း။ ဟုတွာ၊ ဖြစ်၍။ သုခံ၊ ချမ်းသာစွာ။ စရေ၊ ကျင့်ရာ၏။ ပါပါနိ စ၊ အနည်းငယ်မျှသော မကောင်းမှု အကုသိုလ်တို့ကိုလည်း။ န ကယိရာ၊ မပြုရာ။

ဂါထာတို့၏အဆုံး၌ ငါးရာသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏။

သာဝတ္ထိပြည်ပြန်ကြွသည်ကို ဆင်မင်းကန့်ကွက်ခြင်း

ရှင်အာနန္ဒာမထေရ်သည်လည်း အနာထပိဏ်သူဌေး စသော ဒါယကာတို့သည် စေအပ်သော သတင်းစကားကို လျှောက်ကြားပြီးလျှင် “မြတ်စွာဘုရား- အနာထပိဏ်သူဌေး အမှူးရှိသော ငါးကုဋေမျှလောက်သော အရိယာသာဝကတို့သည် မြတ်စွာဘုရားတို့၏ ကြွလာခြင်းကို လွန်စွာ တောင့်တကြပါကုန်၏”ဟု လျှောက်လေ၏။ မြတ်စွာဘုရားသည် “ချစ်သား အာနန္ဒာ- ထိုသို့ဖြစ်မူ သပိတ်သင်္ကန်းကို ယူလော့”ဟု မိန့်တော်မူ၍ သပိတ်သင်္ကန်းကို ယူစေပြီးလျှင် ထွက်ကြွတော်မူလတ်သော် ပလလည်း ဆင်မင်းသည် သွား၍ ကြွတော်မူရာ လမ်းခရီး၌ ဖီလာကန့်လန့် ရပ်နေလေ၏။ ထိုအခါ ရဟန်းတို့သည် “မြတ်စွာဘုရား- ဆင်မင်းသည် အဘယ်ကို အလိုရှိ၍ ဖီလာကန့်လန့် ရပ်နေပါသနည်း”ဟု လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- သင်တို့အား ဆွမ်းကိုလှူခြင်းငှာ တောင့်တ၏။ ငါ့အား ရှည်ကြာစွာသော ကာလပတ်လုံး ဤဆင်မင်းသည် ပြုအပ်သော ကျေးဇူးရှိ၏။ ထိုဆင်မင်း၏ ကြည်ညိုသော စိတ်ကို ပျက်စေခြင်းငှာ မသင့်၊ ထို့ကြောင့် ချစ်သား ရဟန်းတို့- ပြန်နစ်ကုန်ဦးလော့”ဟု မိန့်တော်မူပြီးလျှင် မြတ်စွာဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူ၍ ပြန်ကြွတော်မူလေ၏။

ဆင်မင်းသည်လည်း တောအုပ်သို့ဝင်၍ ပိန္နဲသီး၊ ငှက်ပျောသီး အစရှိသော အထူးထူးသော သစ်သီးတို့ကို ဆောင်ယူ စုပုံပြီးလျှင် မိုးသောက်သောနေ့၌ ရဟန်းတို့အား လှူဒါန်းလေ၏။ ငါးရာသော ရဟန်းတို့သည် အလုံးစုံသော သစ်သီးတို့ကို ကုန်အောင်ဘုဉ်းပေးခြင်းငှာ မတတ်နိုင်ကြကုန်။ သစ်သီးဆွမ်း ဘုဉ်းပေးပြီးသောအခါ မြတ်စွာဘုရားသည် သပိတ်သင်္ကန်းကိုယူတော်မူ၍ ထွက်ကြွတော်မူလေ၏။ ဆင်မင်းသည် ရဟန်းတို့၏ အကြား အကြားဖြင့် သွား၍ ဘုရားရှေ့တော်၌ ဖီလာကန့်လန့် တားဟန့်သော အခြင်းအရာဖြင့် ရပ်လာပြန်၏။ “မြတ်စွာဘုရား- အဘယ်အကြောင်းကြောင့် ဖီလာရပ်၍ မသွားဘဲ နေဘိသနည်း”ဟု ရဟန်းတို့လျှောက်သည်ရှိသော် “ချစ်သား ရဟန်းတို့- ဤဆင်မင်းသည် သင်တို့ကို စေလွှတ်လိုက်၍ ငါဘုရားကို ပြန်လည်စေလို၏၊ ထို့ကြောင့် ကန့်လန့်ရပ်နေ၏”ဟု မိန့်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဆင်မင်းကို “ပလလည်းဆင်- ဤသို့ ကြွသွားခြင်းသည် ငါဘုရား၏ တစ်ဖန် မပြန်မလည်သော ကြွသွားခြင်းတည်း၊ သင့်အား ဤဆင်ခန္ဓာကိုယ် အတ္တဘောဖြင့် ဈာန်သည်လည်းကောင်း၊ ဝိပဿနာသည်လည်းကောင်း၊ မဂ်သည်လည်းကောင်း၊ ဖိုလ်သည်လည်းကောင်း မရှိနိုင်၊ သင်သည် နေရစ်ဦးလော့”ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူသောစကားကို ကြား၍ ဆင်မင်းသည် ခံတွင်း၌ နှာမောင်းကို ထည့်သွင်း၍ ငိုကြွေးမြည်တမ်းလျက် နောက်မှ တကောက်ကောက် လိုက်လေ၏။ ဆင်မင်းသည် မြတ်စွာဘုရားကို ပြန်လည်စေခြင်းငှာ အကယ်၍ ခွင့်ရပါမူ ထိုသို့ဆိုခဲ့ပြီးသော နည်းဖြင့်သာလျှင် အသက်ထက်ဆုံး လုပ်ကျွေးလိမ့်မည် စင်စစ်တည်း။ မြတ်စွာဘုရားသည်ကား ထိုဆင်မင်းကို ရွာ၏ဥပစာသို့ ရောက်သောအခါ “ပလလည်းဆင်- ဤနေရာဌာနမှစ၍ သင်၏နေရာ မဟုတ်ပြီ၊ လူတို့၏ နေရာအရပ်ဖြစ်၍ ဘေးရန်ရှိ၏၊ သင်သည် နေရစ်ဘိလော့”ဟု မိန့်တော်မူလတ်သော် ထိုဆင်မင်းသည် စီးကျသော မျက်ရည်ဖြင့် စိုက်ကြည့်လျက် ရပ်တန့်ကာ နေရစ်ရှာလေသတည်း။

ဆင်မင်း စုတေ၍ ပါလိလေယျကနတ်သားဖြစ်ခြင်း

ထို့နောက်မှ မြတ်စွာဘုရား ကြွသွား၍ မျက်စိတစ်ဆုံး လွန်သည်ရှိသော် ဆင်မင်းသည် နှလုံးကွဲသဖြင့် (ရင်ကွဲနာဖြင့် သေ၏ ဟူလို) စုတေ သေလွန်ရကား မြတ်စွာဘုရား၌ ကြည်ညိုသောစိတ်ဖြင့် တာဝတိံသာ နတ်ပြည်ဝယ် ယူဇနာသုံးဆယ်ရှိသော ရွှေဗိမာန်၌ အခြံအရံဖြစ်သော နတ်သမီးတစ်ထောင်အလယ် တင့်တယ်စွာဖြစ်၍ ပါလိလေယျကနတ်သား ဟူ၍သာလျှင် အမည်တွင်လေ၏။

ဇေတဝန်ကျောင်းတော်သို့ ကြွရောက်တော်မူခြင်း

မြတ်စွာဘုရားသည်လည်း အစဉ်သဖြင့် ဇေတဝန်ကျောင်းတော်သို့ ကြွတော်မူလေ၏။ ကောသမ္ဗီပြည်၌နေကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားသည် သာဝတ္ထိပြည်သို့ ကြွသွားတော်မူပြီဟူသော စကားကိုကြားလျှင် မြတ်စွာဘုရားကို ကန်တော့ခြင်းငှာ သာဝတ္ထိပြည်သို့ လာကြကုန်၏။ ကောသလမင်းကြီးသည် ကောသမ္ဘီပြည်သား ငြင်းခုံခိုက်ရန် ပြုတတ်ကုန်သော ရဟန်းတို့သည် လာရောက်ကြကုန်သတတ်ဟူသော စကားကိုကြား၍ ဘုရားရှင်သို့ ချဉ်းကပ်ပြီးလျှင် “မြတ်စွာဘုရား- ဒကာတော်ကား ဒကာတော်နိုင်ငံသို့ ထိုရဟန်းတို့ကို ဝင်ခွင့်မပေးပါအံ့”ဟု လျှောက်ကြားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ဒကာတော်မင်းကြီး- ထိုရဟန်းတို့သည် သီလရှိကုန်၏၊ သက်သက် အချင်းချင်း ငြင်းခုံခိုက်ရန်ဖြစ်ခြင်းဖြင့် ငါဘုရားစကားကို မယူကြကုန်၊ ယခုအခါ ငါဘုရားကိုကန်တော့ခြင်းငှာ လာကြကုန်၏။ မြတ်သောမင်းကြီး- လာကြစေကုန်သတည်း”ဟု မိန့်တော်မူ၏။ အနာထပိဏ် သူဌေးသည်လည်း “မြတ်စွာဘုရား- တပည့်တော်သည် ထိုရဟန်းတို့အား ကျောင်းတိုက်တော်အတွင်းသို့ ဝင်လာခြင်းငှာ ခွင့်မပေးပါအံ့”ဟု လျှောက်ခြင်းကြောင့် ထိုကောသလမင်း အတူသာလျှင် မြတ်စွာဘုရား ပယ်တော်မူအပ်သည်ဖြစ်၍ ဆိတ်ဆိတ်နေလေ၏။ သာဝတ္ထိပြည်သို့ အစဉ်အတိုင်း ရောက်လာကြကုန်သော ထိုရဟန်းတို့အား မြတ်စွာဘုရားသည် တင့်အပ်လျောက်ပတ်သောအရပ်၌ ဆိတ်ငြိမ်သည်ကိုပြု၍ ကျောင်းအိပ်ရာနေရာကို ပေးစေတော်မူ၏။ အခြားသော ရဟန်းတို့သည် ထိုရဟန်းတို့နှင့် အတူတကွ မထိုင်ကြကုန်၊ မရပ်ကြကုန်၊ ရှိမခိုးကြကုန်။ လာတိုင်း,လာတိုင်းကုန်သော ရဟန်း,ပုဏ္ဏားတို့သည် “မြတ်စွာဘုရား- ငြင်းခုံခြင်းကို ပြုတတ်ကုန်သော ထိုကောသမ္ဗီပြည်သား ရဟန်းတို့ကား အဘယ် ရဟန်းတို့ပါနည်း”ဟု မြတ်စွာဘုရားကို မေးလျှောက်ကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် „ဤရဟန်းတို့တည်း”ဟု ညွှန်ပြတော်မူလေ၏။ “ထိုခိုက်ရန်ပြုတတ်သော ရဟန်းတို့ကား ဤရဟန်းတို့ ဖြစ်ကုန်သတတ်၊ ဤရဟန်းတို့ ဖြစ်ကုန်သတတ်”ဟု လာတိုင်း လာတိုင်းကုန်သော သူတို့သည် လက်ညှိုးဖြင့် ညွှန်ပြအပ်သည်ရှိသော် ရှက်နိုးလှ၍ ဦးခေါင်းမထောင်ဝံ့ဘဲ ဘုရားရှင်၏ ခြေတော်ရင်း၌ ပြားပြားဝပ်၍ မြတ်စွာဘုရားကို ကန်တော့ကြကုန်၏။ သည်းခံကြစေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- သင်တို့ကား ဝန်လေးသောအမှုကို ပြုအပ်၏။ သင်တို့သည် ငါကဲ့သို့ ဘုရားအထံ၌ ရဟန်းပြုကြကုန်လျက် ငါဘုရား ညီညွတ်ခြင်းကို ပြုသည်ရှိသော် ငါဘုရားစကားကို မလိုက်နာကြကုန်၊ ရှေးပညာရှိတို့ကား သတ်အပ်သည့်အဖြစ်သို့ ရောက်ကုန်သော မိဘတို့၏ ဆုံးမခြင်းကိုနာယူ၍ ထိုမိဘတို့ကို အသက်မှ ချကုန်,သတ်ကုန်သော်လည်း မိဘတို့၏စကားကို မလွန်ဆန်မူ၍ နောက်ကာလ၌ နှစ်ပြည်ထောင်တို့၌ မင်းအဖြစ်ကို ပြုရလေကုန်၏”ဟု မိန့်တော်မူ၍ နောက်ထပ်တစ်ဖန် ကောသမ္ဗိကဇာတ်ကို ဟောတော်မူပြီးလျှင် “ချစ်သား ရဟန်းတို့- ဤသို့လျှင် ဒီဃာဝုမင်းသားသည် မိဘတို့ကို သတ်ကုန်သော်လည်း ထိုမိဘတို့ ဆုံးမသောစကားကို မလွန်ဆန်မူ၍ နောက်ကာလ၌ ဗြဟ္မဒတ်မင်း၏ သမီးကိုရသဖြင့် ကာသိတိုင်း, ကောသလတိုင်းဟူသော နှစ်ပြည်ထောင်တို့၌ မင်းအဖြစ်ကို ပြုရလေပြီ။ သင်တို့သည်ကား ငါဘုရားစကားကို မလိုက်နာခြင်းတို့ဖြင့် ဝန်လေးသောအမှုကို ပြုအပ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

သိလျှင်လိုက်နာ ရန်ကင်းကွာ

֍ * [၆] ပရေ စ န ဝိဇာနန္တိ၊ မယမေတ္ထ ယမာမသေ။
ယေ စ တတ္ထ ဝိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။

ဧတ္ထ၊ ဤသံဃာ့အလယ်၌။ ပရေ၊ ပညာရှိမှတစ်ပါး ခိုက်ရန်ငြင်းခုံခြင်းကို ပြုတတ်ကုန်သော သူတို့သည်။ မယံ၊ ငါတို့ကား။ ယမာမသေ၊ သေမင်း၏အထံသို့ သွားရကုန်လတ္တံ့။ ဣတိ၊ ဤသို့။ န စ ဝိဇာနန္တိ ၊ မသိကြကုန်။ တတ္ထ၊ ထိုသံဃာ့အလယ်၌။ ယေ စ ပဏ္ဍိတာ၊ အကြင် ပညာရှိသောသူတို့သည်သာလျှင်။ မယံ၊ ငါတို့သည်။ ယမာမသေ၊ သေမင်းနိုင်ငံသို့ သွားရကုန်လတ္တံ့ဟု။ ဝိဇာနန္တိ၊ သိကုန်၏။ တတော၊ ထိုသို့ သိသောကြောင့်။ မေဓဂါ၊ ခိုက်ရန်ငြင်းခုံခြင်းတို့သည်။ သမ္မန္တိ၊ ငြိမ်းကုန်၏။

ဒေသနာတော်၏အကျိုး

ဂါထာ၏အဆုံး၌ ရောက်လာကုန်သော ရဟန်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့၌ တည်ကုန်၏။

ကောသမ္ဗီပြည်သား ရဟန်းများဝတ္ထု ပြီး၏။

֍ * ၆။ စူဠကာလ မဟာကာလ ဝတ္ထု

သုဘာနုပဿိံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သေတဗျမြို့ကိုအမှီပြု၍ ယင်းတိုက်တော၌ နေတော်မူစဉ် စူဠကာလ, မဇ္ဈိမကာလ, မဟာကာလ သူကြွယ်ညီနောင် သုံးယောက်တို့ကို အကြောင်းပြု၍ ဟောတော်မူ၏။

ညီနောင်နှစ်ယောက် သာဝတ္ထိပြည်သို့ ရောက်ခြင်း

သေတဗျမြို့၌နေကုန်သော စူဠကာလ, မဇ္ဈိမကာလ, မဟာကာလ ဟူကုန်သော ညီနောင်သုံးယောက်တို့သည် သူကြွယ်ချည်းနှင်နှင် ဖြစ်ကြကုန်၏။ ထိုညီနောင် သုံးယောက်တို့တွင် အစ်ကိုကြီးနှင့် ညီငယ်သူကြွယ်တို့သည် အရပ်လေးမျက်နှာတို့သို့ လှည့်လည်ကုန်၍ လှည်းငါးရာတို့ဖြင့် အထူးထူးသောဘဏ္ဍာတို့ကို ရောင်းချလေ၏။ တစ်ပါးသောအခါ နှစ်ယောက်သော စူဠကာလ, မဟာကာလ ညီနောင်တို့သည် ငါးရာသောလှည်းတို့ဖြင့် အထူးထူးသောဘဏ္ဍာတို့ကို ယူဆောင်၍ သာဝတ္ထိပြည်သို့ သွားရောက်ပြီးလျှင် သာဝတ္ထိပြည်နှင့် ဇေတဝန်ကျောင်းတော်၏ အကြား၌ လှည်းတို့ကို ဖြုတ်ကြကုန်၏။ ထိုနှစ်ယောက်သော ညီနောင်တို့တွင် မဟာကာလသည် ညချမ်းသောအခါ ပန်းနံ့သာ စသည်တို့ကို လက်စွဲကုန်လျက် သာဝတ္ထိပြည်၌နေကုန်သော အရိယာသာဝကတို့သည် တရားနာခြင်းငှာ သွားသည်တို့ကိုမြင်၍ “ဤသူတို့သည် အဘယ်အရပ်သို့ သွားကြကုန်သနည်း”ဟု မေးသည်ရှိသော် ထိုအကြောင်းကို ကြားသိရသဖြင့် “ငါသည်လည်း လိုက်သွားဦးအံ့”ဟု ကြံလေ၏။

မဟာကာလ ရဟန်းပြုရန် ကြံစည်ပုံ

ထို့နောက် ညီစူဠကာလကိုခေါ်၍ “ညီချစ်- ထိုငါးရာသော လှည်းတို့၌ မမေ့မလျော့ ကြည့်ရှုစောင့်ရှောက်ရစ်လော့၊ ငါသည် တရားနာခြင်းငှာ သွားဦးအံ့”ဟု မှာထားပြောဆို၍ လိုက်သွားပြီးလျှင် မြတ်စွာဘုရားကိုရှိခိုး၍ ပရိသတ်အစွန်၌ နေလေ၏။ မြတ်စွာဘုရားသည် ထိုနေ့၌ မဟာကာလသူကြွယ်၏ အလိုအားဖြင့် အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြားတော်မူသည်ရှိသော် ဒုက္ခက္ခန္ဓသုတ် စသည်တို့၏ အစွမ်းအားဖြင့် များစွာသော အကြောင်းဖြင့် ကာမဂုဏ်ငါးပါးတို့၏ အပြစ်ကိုလည်းကောင်း၊ ယုတ်ညံ့ခြင်းကိုလည်းကောင်း၊ ညစ်ညူးခြင်းကိုလည်းကောင်း၊ ကာမဂုဏ်မှ ထွက်မြောက်ခြင်း၌ အကျိုးအာနိသင်ကိုလည်းကောင်း ဟောတော်မူလေ၏။ ထိုတရားစကားကို ကြားနာရ၍ မဟာကာလသူကြွယ် ကြံမိသည်ကား- “အလုံးစုံသောဥစ္စာကို ပယ်စွန့်၍ သွားအပ်၏၊ တမလွန်ဘဝသို့ သွားသောသူ၏နောက်သို့ စည်းစိမ်ဥစ္စာ, ဆွေမျိုးသားချင်းတို့သည် မလိုက်ကုန်ခဲ့တကား၊ ငါ့အား အိမ်ရာထောင်သော လူ့ဘောင်၌နေခြင်ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရဟန်းပြုပါတော့အံ့”ဟု ကြံလေ၏။

ညီနောင်နှစ်ဦးစလုံး ရဟန်းပြုခြင်း

ထို့နောက်မှ လူများအပေါင်းသည် မြတ်စွာဘုရားကို ရှိခိုး၍ ဖဲသွားပြီးသည်ရှိသော် မြတ်စွာဘုရားအား ရဟန်းအဖြစ်ကို တောင်းပန်လေသောကြောင့် မြတ်စွာဘုရားက “သင့်အား ပန်ကြားအပ်သောသူ တစ်စုံတစ်ယောက်မျှ မရှိပြီလော”ဟု မေးတော်မူ၏။ “မြတ်စွာဘုရား- တပည့်တော်အား ညီငယ်တစ်ယောက် ရှိပါ၏”ဟု လျှောက်ဆိုသော် “ထိုသို့ဖြစ်မူ ထိုညီငယ်ကို ပန်ကြားဦးလော့”ဟု မိန့်တော်မူလျှင် “ကောင်းလှပါပြီဘုရား”ဟု လျှောက်ထား၍ ပြန်သွားပြီးနောက် ညီငယ်ကိုခေါ်၍ “ညီချစ်- အလုံးစုံသော ဤဥစ္စာကို သုံးဆောင် ခံစားရစ်လော့”ဟု ပြောကြားလေ၏။ ထိုအခါ ညီငယ်သည် “နောင်တော်- နောင်တော်တို့သည်ကား အသို့ ပြုမည်နည်း”ဟု ဆိုလတ်သော် “ငါသည် မြတ်စွာဘုရားအထံ၌ ရဟန်းပြုအံ့”ဟု ဆိုလေ၏။ ထိုညီငယ်သည် မဟာကာလကို အထူးထူးသော အကြောင်းတို့ဖြင့်တောင်းပန်၍ ရဟန်းပြုလိုသောစိတ်ကို တားမြစ်ခြင်းငှာ မတတ်နိုင်ရကား “နောင်တော်ကြီး- ကောင်းပါပြီ၊ အလိုဆန္ဒရှိတော်မူတိုင်း ပြုပါကုန်လော့”ဟု ခွင့်ပေးစကား ပြောကြားလေ၏။ မဟာကာလသည် သွား၍ မြတ်စွာဘုရား အထံတော်၌ ရဟန်းပြုလေ၏။ ထို့နောက် များမကြာမီ ညီငယ်ဖြစ်သော စူဠကာလသည်လည်း “ငါသည် နောင်တော်ကိုယူ၍သာလျှင် လူထွက်အံ့”ဟု ကြံ၍ ရဟန်းပြုလေ၏။

သုသာန်သို့သွား၍ တရားအားထုတ်ခြင်း

နောက်အဖို့၌ မဟာကာလသည် ပဉ္စင်းအဖြစ်ကိုရ၍ ဘုရားရှင်သို့ ချဉ်းကပ်ပြီးလျှင် “သာသနာတော်၌ ဓုရတို့သည် အဘယ်မျှရှိပါသနည်း”ဟု မေးလျှောက်၍ ဘုရားရှင်သည် နှစ်ပါးသောဓုရတို့ကို ဟောအပ်သည်ရှိသော် “မြတ်စွာဘုရား- တပည့်တော်သည် အိုမင်းသောကာလ၌ ရဟန်းပြုရခြင်းကြောင့် စာပေသင်ကြားခြင်း ပရိယတ္တိဟူသော ဂန္ထဓုရကို ဖြည့်ခြင်းငှာ မတတ်နိုင်ပါ၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းဟူသော ဝိပဿနာဓုရကိုမူကား ဖြည့်ကျင့်ပေအံ့”ဟု လျှောက်ကြား၍ “အရဟတ္တဖိုလ်တိုင်အောင်သော သုသာန်ဓုတင်ကို ဟောတော်မူပါ”ဟု တောင်းပန်၍ နာကြားပြီးလျှင် ပထမယာမ် လွန်သောအခါ အားလုံးသော ရဟန်းတို့ အိပ်ကုန်သည်ရှိသော် သုသာန်သို့ သွား၍ နေလေ၏။ နံနက်စောစောအခါ အလုံးစုံသော သူတို့ မထကုန်မီသာလျှင် ကျောင်းသို့ ပြန်လာခဲ့၏။

သုသာန်စောင့်နှင့် တွေ့ခြင်း

ထိုအခါ သုသာန်စောင့်ဖြစ်၍ လူသေကောင် မီးဖုတ်တတ်သော ကာလီအမည်ရှိသော မိန်းမတစ်ယောက်သည် မထေရ်၏ ရပ်သောနေရာ၊ ထိုင်သောနေရာ၊ စင်္ကြံသွားသော နေရာတို့ကိုမြင်၍ “ဤအရပ်သို့ အဘယ်သူ လာသနည်း၊ ထိုသူကို စုံစမ်းအံ့”ဟု ကြံသော်လည်း စုံစမ်းခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ တစ်နေ့သောအခါ သုသာန်ဇရပ်၌သာလျှင် ဆီမီးကို ညှိထွန်းစေလျက် သားသမီးတို့ကို ခေါ်ဆောင်သွား၍ တင့်အပ်လျောက်ပတ်သော အရပ်၌ ပုန်းအောင်း၍နေရာ သန်းခေါင်ယာမ်၌ သုသာန်သို့ကြွလာသော မထေရ်ကိုမြင်လျှင် လာ၍ရှိခိုးလျက် “အရှင်ဘုရား တပည့်တော်မတို့၏ အရှင်မြတ်သည် ဤအရပ်ဌာန၌ သီတင်းသုံး နေတော်မူပါသလော”ဟု မေးလျှောက်လေ၏။ “ဒါယိကာမ- သီတင်းသုံးနေသည် မှန်၏”ဟု ဆိုလျှင် “အရှင်ဘုရား- သုသာန်တစပြင်၌ နေသောသူတို့မည်သည်ကား ပြုသင့်သောဝတ္တရားကို ယူခြင်းငှာ (လိုက်နာခြင်းငှာ) သင့်ပါသည်ဘုရား”ဟု လျှောက်သည်ရှိသော် မထေရ်သည် “အဘယ့်ကြောင့် ငါတို့ကား သင်ပြောဆိုအပ်သော ဝတ်တို့ကို ကျင့်ရကုန်အံ့နည်း”ဟု မဆိုမူ၍ “ဒါယိကာမ- အဘယ်ဝတ္တရားကို ပြုခြင်းငှာ သင့်သနည်း”ဟု မေးလေ၏။

သုသာန်နေသူတို့ ကျင့်ရမည့် ဝတ္တရား

ထိုအခါ ဒါယိကာမသည် “အရှင်ဘုရား- သုသာန်၌နေသော ရဟန်းတို့မည်သည်ကား သုသာန်၌ နေသည့်အဖြစ်ကို သုသာန်စောင့်တို့အားလည်းကောင်း၊ ကျောင်း၌ မထေရ်ကြီးအားလည်းကောင်း၊ ရွာစားအားလည်းကောင်း ပန်ကြားပြောဆိုခြင်းငှာ သင့်ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ မထေရ်သည် “အဘယ်အကြောင်းကြောင့် ထိုသူတို့အား ပန်ကြားပြောဆိုရသနည်း”ဟု မေးသည်ရှိသော် “သူတစ်ပါးပစ္စည်းကို ခိုးယူကုန်သော သူခိုးတို့ကို ဥစ္စာရှင်တို့သည် ခြေရာခံ၍ လိုက်လာကုန်သည်ရှိသော် သုသာန်၌ ဥစ္စာထုပ်ကို စွန့်ပစ်၍ ပြေးသွားတတ်ကုန်၏။ ထိုအခါ ဥစ္စာရှင်တို့သည် သုသာန်၌နေသောသူတို့အား ဘေးရန်ကို ပြုတတ်ကုန်၏။ ထိုသုသာန်စောင့်, မထေရ်ကြီး, ရွာစားတို့အား ပန်ကြားပြောဆိုထားသည်ရှိသော် ငါတို့သည် ကောင်းသောအကျင့် သဘောရှိသော ဤရဟန်း၏ ဤမျှလောက်သော ကာလပတ်လုံး ဤသုသာန်၌ နေသည့်အဖြစ်ကို သိကြကုန်၏။ ဤရဟန်းသည် ခိုးသူမဟုတ်ဟု ဆို၍ ဘေးရန်ကို တားမြစ်တတ်ကြကုန်၏။ ထို့ကြောင့် သုသာန်စောင့်, မထေရ်ကြီး, ရွာစားတို့အား ပန်ကြားပြောဆိုခြင်းငှာ သင့်ပါသည်”ဟု လျှောက်ကြားပြောဆိုလေ၏။ မထေရ်သည်လည်း “ထိုမှတစ်ပါး အဘယ်အမှုကို ပြုသင့်သေးသနည်း”ဟု မေးပြန်သည်ရှိသော် “အရှင်ဘုရား- သုသာန်၌နေသော အရှင်မြတ်မည်သည် ငါး, အမဲ, နှမ်း, မုံ့ညက်, ဆီ, တင်လဲ စသည်တို့ကို မစားမူ၍ ကြဉ်အပ်ကုန်၏။ နေ့လယ်အခါ၌ မအိပ်အပ်၊ ပျင်းရိခြင်း မဖြစ်ရာ၊ အားထုတ်အပ်သော လုံ့လ ဝီရိယရှိသည် ဖြစ်ရာ၏။ စဉ်းလဲခြင်းသဘော၊ လှည့်ပတ်ခြင်းသဘော မရှိသည်ဖြစ်၍ မြတ်သော အလိုအဇ္ဈာသယရှိသည် ဖြစ်ရာ၏။ ညချမ်းသောအခါ အလုံးစုံသောသူတို့ အိပ်ပျော်ကုန်သည်ရှိသော် ကျောင်းမှ ထွက်လာရာ၏။ နံနက်စောစောအခါ အလုံးစုံသောသူတို့ မထကုန်မီသာလျှင် ကျောင်းသို့ ပြန်သွားအပ်၏။”

“အရှင်ဘုရား- အရှင်မြတ်သည် ဤသုသာန်အရပ်၌ ဤသို့ညွှန်ပြအပ်သော နည်းလမ်းအတိုင်း သီတင်းသုံးတော်မူလျက် ရဟန်းကိစ္စ အပြီးအဆုံးသို့ ရောက်စေခြင်းငှာ အကယ်၍ တတ်နိုင်သည်ဖြစ်ပါအံ့၊ (အရှင်ဘုရား ပျံလွန်တော်မူသည့်အခါ အရှင်ဘုရား၏) သေသောအလောင်းကို ဆောင်၍ စွန့်ပစ်ကုန်သည်ဖြစ်အံ့၊ တပည့်တော်မသည် ကမ္ဗလာ အထွတ် စုလစ်မွန်းချွန်တပ်သော တလားကြီးသို့တင်၍ ပန်း,နံ့သာ စသည်တို့ဖြင့် ရိုသေစွာ ပူဇော်လျက် သင်္ဂြိုဟ်ခြင်းကိစ္စကို ပြုအံ့၊ အကယ်၍ ရဟန်းကိစ္စပြီးအောင် မပြုနိုင်သည် ဖြစ်အံ့၊ ထင်းပုံသို့တင်၍ မီးတိုက်လျက် တံစူးဝါးချိတ်ဖြင့် ဆွဲငင်၍ အပသို့ ကော်ပစ်ပြီးလျှင် ပေါက်ဆိန်ဖြင့်ပေါက်ခွဲကာ အပိုင်းအပိုင်းဖြတ်၍ မီး၌ထည့်ပြန်၍ မီးတိုက်ပါအံ့”ဟု လျှောက်ကြားလေ၏။

ထိုအခါ ကာလီမည်သော သုသာန်စောင့်မိန်းမကို မထေရ်သည် “ဒါယိကာမ- ကောင်းပြီ၊ တစ်ခုသော ရူပါရုံ (အလောင်းကောင်ကို) မြင်သည်ရှိသော် ငါ့အား ပြောကြားလော့”ဟု မှာထားပြောဆိုလေ၏။ ဒါယိကာမသည် “ကောင်းပါပြီ”ဟု ဝန်ခံ၏။ မထေရ်သည်လည်း အလိုဆန္ဒ ရှိသည်အားလျော်စွာ သုသာန်၌ ရဟန်းတရားကို အားထုတ်လျက် နေတော်မူလေ၏။ စူဠကာလ မထေရ်သည်ကား အဖန်ဖန် ထကြွတိုးတက်သော စိတ်ရှိသည်ဖြစ်၍ အိမ်ရာထောင်သော လူဘောင်ကိုသာလျှင် ကြံစည်သဖြင့် သားမယားကို အဖန်တလဲလဲ အောက်မေ့တိုင်း “ငါ၏ နောင်တော်မထေရ်သည် အလွန်ဝန်လေးစွာသော အမှုကို ပြုဘိ၏တကား”ဟု ကြံစည်စိတ်ကူးလေ၏။

မိန်းမငယ်ရူပါရုံကို ကမ္မဋ္ဌာန်းတင်၍ ရှုခြင်း

ထိုအခါ တစ်ယောက်သော အမျိုးသမီးသည် တစ်ခဏချင်း ပြင်းစွာဖြစ်သော အနာရောဂါဖြင့် ညချမ်းအခါ မညှိုးမနွမ်း မပင်ပန်းဘဲ သေလွန်လေ၏။ ထိုသေလေသော သတို့သမီး အလောင်းကောင်ကို ဆွေမျိုးတို့သည် ထင်း,ဆီ စသည်တို့နှင့်တကွ ညချမ်းအခါ သုသာန်သို့ဆောင်၍ သုသာန်စောင့်အား “ဤသတို့သမီးအလောင်းကို သင်္ဂြိုဟ်ပါလော့”ဟု အခကြေးငွေကိုပေး၍ အပ်နှံခဲ့ပြီးလျှင် ဖဲသွားကြကုန်၏။ ထိုကာလီ အမည်ရှိသော သုသာန်စောင့်မသည်လည်း ထိုသတို့သမီးအလောင်း၌ လွှမ်းခြုံအပ်သော အဝတ်ကိုပယ်၍ ထိုခဏ၌ သေလွန်သည်ဖြစ်၍ ပြည့်ဖြိုးသော အသားအရေ ရှိသဖြင့် ကောင်းမွန်သော ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ကိုယ်ကိုမြင်ရလျှင် “ဤအလောင်းကောင်သည် အရှင်မြတ်အား ပြခြင်းငှာ လျောက်ပတ်သော အာရုံတည်း”ဟု ကြံစည်ကာ သွား၍ မထေရ်ကို ရှိခိုးပြီးလျှင် “ဤသို့သဘောရှိသော အာရုံသည် ရှိပါသည်။ အရှင်ဘုရားတို့သည် ကြည့်ရှုတော်မူပါကုန်လော့”ဟု လျှောက်ကြားလေ၏။ မထေရ်သည်လည်း “ကောင်းပြီ”ဟုဆို၍ လွှမ်းခြုံအပ်သော အဝတ်ကို ဖယ်ခွာစေပြီးလျှင် ခြေဖဝါးပြင်မှစ၍ အထက် ဆံဖျားတိုင်အောင် ကြည့်ရှုလျက် “ဤရူပါရုံသည် အလွန် ကောင်းမွန်၏၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိပေ၏”ဟု ရှုပြီးလျှင် “ထိုအလောင်းကောင်ကို မီး၌ထည့်၍ မီးတောက်ကြီးတို့ဖြင့် လောင်အပ်ဆဲသောကာလ ငါ့အား ပြောကြားလှည့်ဦးလော့”ဟု မှာထားပြောဆို၍ မိမိနေရာသို့သာလျှင် သွားကာ နေလေ၏။ ထိုကာလီမည်သော သုသာန်စောင့်မသည် ထိုမထေရ်မှာတိုင်းပြု၍ မထေရ်အား လျှောက်ကြားလေ၏။ မထေရ်သည် ထိုသူကောင်ရှိရာသို့ သွား၍ ကြည့်ရှုတော်မူသည်ရှိသော် မီးလျှံမီးတောက်၏ ထိခိုက်၍ လောင်ရာ,လောင်ရာအရပ်သည် ပြောက်ကျားသော နွားမနှင့်တူသော ကိုယ်အဆင်းရှိသည် ဖြစ်လေ၏။ ခြေတို့သည် ထင်းပုံတလားမှ ထွက်၍ တွဲရရွဲဆွဲလျက် ကျကြကုန်၏။ လက်တို့သည် တွန့်လိမ် ကောက်ကွေးကြကုန်၏။ ပေါင်နှင့် နဖူးပြင်သည် အရေမရှိ ဖြစ်လေ၏။ ထိုအခါ မဟာကာလမထေရ်သည် “ဪ- ဤအလောင်းကောင်ကား ယခုပင် ကြည့်ရှုကုန်သောသူတို့အား အပိုင်းအခြားမရှိ နှစ်သက်ခြင်းကို ပြုနိုင်သည် ဖြစ်ပါလျက် ယခုပင်လျှင် ကုန်ခြင်း,ပျက်ခြင်းသို့ ရောက်ခဲ့လေပြီတကား”ဟု နှလုံးသွင်း၍ ညဉ့်သန့်ရာအရပ်သို့ ကြွသွားထိုင်နေတော်မူပြီးလျှင် ကုန်ခြင်းပျက်ခြင်းကို ကောင်းစွာထင်ထင် မြင်အောင် ရှုတော်မူလျက် ဤဂါထာကို ရွတ်ဆိုလေ၏။

အနိစ္စာ ဝတ သင်္ခါရာ၊ ဥပ္ပါဒဝယဓမ္မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။

သင်္ခါရာ၊ သင်္ခါရ တရားတို့သည်။ အနိစ္စာ ဝတ၊ အမြဲမရှိကုန်စွ တကား။ ဥပ္ပါဒဝယဓမ္မိနော၊ ဖြစ်တတ် ပျက်တတ်သော သဘောရှိကုန်၏။ ဥပ္ပဇ္ဇိတွာ၊ ဖြစ်ပြီး၍။ နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏။ တေသံ၊ ထိုသင်္ခါရတရားတို့၏။ ဝူပသမော၊ ငြိမ်းရာဖြစ်သော နိဗ္ဗာန်သည်။ သုခေါ၊ အလွန်တရာ ချမ်းသာလှပေ၏။

ဤဂါထာကို ရွတ်ဆိုပြီးလျှင် ဝိပဿနာကို ပွားစေသည်ရှိသော် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏။ ထိုမဟာကာလ မထေရ်သည် အရဟတ္တဖိုလ်သို့ ရောက်ပြီးသည်ရှိသော် ဘုရားရှင်သည် ရဟန်းသံဃာတော်အပေါင်း ခြံရံလျက် ဒေသစာရီ ကြွချီတော်မူခဲ့ရာ သေတဗျမြို့သို့ရောက်၍ ယင်းတိုက်တောသို့ သက်ဝင်သီတင်းသုံးနေတော်မူလေ၏။

စူဠကာလ လူထွက်ရခြင်း

စူလကာလ၏ မယားတို့သည် မြတ်စွာဘုရား ယင်းတိုက်တောသို့ အစဉ်ကြွရောက်တော်မူလာသတတ်ဟု ကြား၍ “ငါတို့၏အရှင် လင်ကို ဖမ်းယူကြကုန်အံ့”ဟု ကြံစည်လျက် တမန်စေလွှတ်၍ ဘုရားရှင်ကို ဆွမ်းဘုဉ်းပေးရန် ပင့်ဖိတ်စေကြလေကုန်၏။ မြတ်စွာဘုရားတို့၏ လေ့ကျက်ရာ ကြွတော်မူနေကျမဟုတ်သော အရပ်၌ နေရာခင်းပုံကို ညွှန်ကြားတတ်သော ရဟန်းတစ်ပါးသည် ဘုရားမကြွမီ ပထမဦးစွာ သွားသင့်၏။ ထိုစကား မှန်၏၊ အလယ်အရပ်၌ ဘုရားရှင်တို့၏ နေရာကို ခင်းစေ၍ ထိုဘုရားရှင်နေရာတော်၏ လက်ယာဘက်၌ အရှင်သာရိပုတြာ မထေရ်၏ နေရာကို ခင်းအပ်၏။ လက်ဝဲဘက်၌ အရှင်မောဂ္ဂလာန်မထေရ်၏ နေရာကို ခင်းအပ်၏။ ထိုလက်ဝဲ,လက်ယာ ခင်းအပ်သော နေရာမှစ၍ နံပါးနှစ်ဖက်တို့၌ ရဟန်းသံဃာတော်၏ နေရာကို ခင်းအပ်၏။

ထို့ကြောင့် မဟာကာလမထေရ်သည် သင်္ကန်းရုံရာအရပ်၌ ရပ်လင့်၍ ညီစူဠကာလ မထေရ်ကို “ငါ့ညီစူဠကာလ- သင်သည် ရှေ့မှသွားလင့်၍ နေရာခင်းပုံ ပြောကြားလေလော့”ဟု စူဠကာလကို စေလွှတ်လိုက်လေ၏။ ထိုစူဠကာလမထေရ်ကို မြင်သောအခါမှစ၍ အိမ်သူမယားစသော လူအပေါင်းတို့သည် မထေရ်နှင့်တကွ ပြက်ရယ်ပြောင်လှောင်မှု ပြုကြကုန်သည်ဖြစ်၍ ယုတ်နိမ့်သော နေရာတို့ကို သံဃာထေရ်၏ အစွန်အနား၌၊ မြင့်မြတ်သော နေရာတို့ကို သံဃာငယ်၏အစွန်အနား၌ ခင်းကြကုန်၏။ စူဠကာလမထေရ်သည် “ဤသို့ မပြုကြကုန်လင့်၊ ယုတ်နိမ့်သော နေရာတို့ကို အထက်၌ မခင်းကုန်လင့်၊ မြင့်မြတ်သော နေရာတို့ကို အောက်၌ မခင်းကုန်လင့်”ဟု ဆိုလေ၏။ မိန်းမတို့သည်လည်း ထိုမထေရ်၏စကားကို မကြားကုန်သကဲ့သို့ “အရှင်သည် အဘယ်အမှုကိုပြု၍ လှည့်လည်နေသနည်း၊ နေရာတို့ကို ခင်းခြင်းငှာ အရှင်အား မအပ်လေသလော၊ အရှင်သည် အဘယ်သူကို ပန်ကြား၍ ရဟန်းပြုဘိသနည်း၊ အဘယ့်ကြောင့် ရဟန်းပြုဘိသနည်း၊ အဘယ့်ကြောင့် ဤအိမ်သို့ လာသနည်း”ဟု ဆိုကုန်လျက် သင်းပိုင်ကိုယ်ရုံကို ဆွဲငင်လုယက်၍ အဝတ်ဖြူ (ပုဆိုး)တို့ကို ဝတ်စေပြီးလျှင် ဦးခေါင်း၌ ပန်းကရွတ်ခွေကို တင်စွပ်၍ “သွားပါလေ၊ ဘုရားရှင်ကို ပင့်ဆောင်ချေလော့၊ ငါတို့သည် နေရာတို့ကို ခင်းနှင့်ကြပါကုန်အံ့”ဟု ဆို၍ စေလွှတ်လိုက်ကုန်၏။ ထိုစူဠကာလသည် မကြာမြင့်မီ ရဟန်းအဖြစ်၌တည်၍ တစ်ဝါမျှ မရသေးဘဲလျက် လူထွက်လေသောကြောင့် ရှက်သင့်သည်အဖြစ်ကို မသိရကား ပုဆိုးဖြူလဲ၍ လူထွက်သောအသွင်ဖြင့် ရွံ့ရှားခြင်းကင်းလျက်သာလျှင် သွား၍ ဘုရားရှင်ကိုရှိခိုးပြီးလျှင် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်ကို ပင့်ဆောင်၍ လာလေ၏။

မယားဟောင်းတို့ ကြံစည်ပုံ

ရဟန်းသံဃာတော်တို့ ဆွမ်းဘုဉ်းပေးပြီးသော အဆုံး၌ မဟာကာလမထေရ်၏ မယားတို့သည် “ဤစူဠကာလ၏ မယားတို့ကား မိမိအရှင်လင်ကို ဖမ်းယူအပ်ပြီ၊ ငါတို့သည်လည်း ငါတို့အရှင်ဖြစ်သော မဟာကာလကိုဖမ်း၍ လူထွက်စေကုန်အံ့”ဟု ကြံပြီးလျှင် တစ်ဖန် မိုးသောက်သောနေ့၌ ဘုရားရှင်ကို ပင့်ဖိတ်ကြလေကုန်၏။ ထိုအခါ နေရာခင်းစေခြင်းငှာ မဟာကာလမှတစ်ပါးသော ရဟန်းသည် ကြွသွားပေ၏။ ထိုမဟာကာလ၏ မယားတို့သည် ထိုခဏ၌ အခွင့်မရကုန်မူ၍ ဘုရားအမှူးရှိသော ရဟန်း သံဃာတော်ကို နေရာ၌နေစေလျက် ဆွမ်းလှူကြကုန်၏။ စူဠကာလ၏ မယားတို့ကား နှစ်ယောက်၊ မဇ္ဈိမကာလ၏ မယားတို့ကား လေးယောက်၊ မဟာကာလ၏ မယားတို့ကား ရှစ်ယောက် ဖြစ်ကုန်၏။ ရဟန်းသံဃာ၌လည်း ဆွမ်းဘုဉ်းပေးခြင်းကို ပြုလိုကုန်သော ရဟန်းတို့သည် ထိုင်၍ ဆွမ်းဘုဉ်းပေးခြင်းကို ပြုကြကုန်၏။ အပသို့သွားလိုသော ရဟန်းတို့သည်လည်း ထ၍ သွားကြကုန်၏။ ဘုရားရှင်သည်ကား ထိုင်၍သာ ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူလေ၏။ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးသောအဆုံး၌ ထိုမဟာကာလ၏ မယားဟောင်းတို့သည် “မြတ်စွာဘုရား- မဟာကာလမထေရ်သည် တပည့်တော်မတို့အား တရားအနုမောဒနာပြု၍ လိုက်လာပါလတ္တံ့၊ အရှင်ဘုရားတို့သည် ရှေ့မှ ကြွနှင့်ကြပါကုန်လော့”ဟု လျှောက်ကြားကြကုန်၏။ မြတ်စွာဘုရားသည်လည်း “ကောင်းပြီ”ဟု မိန့်တော်မူ၍ ရှေ့မှ ကြွတော်မူနှင့်လေ၏။ ရွာတံခါးသို့ ရောက်လတ်သည်ရှိသော် ရဟန်းတို့သည် ကဲ့ရဲ့ကြလေကုန်၏။ “မြတ်စွာဘုရားသည် အဘယ့်ကြောင့် ဤမဟာကာလမထေရ်ကို ချန်ထားခဲ့သောအမှုကို ပြုဘိသနည်း၊ သိလျက် ပြုလေသလော၊ သို့တည်းမဟုတ် မသိသဖြင့် ပြုလေသလော၊ ယမန်နေ့၌ စူဠကာလမထေရ် ရှေ့မှသွားခြင်းကြောင့် ပဗ္ဗဇ္ဇန္တရာယ် ဖြစ်လေပြီ၊ ယနေ့၌ကား တစ်ပါးသော ရဟန်းသည် ရှေ့မှသွားခြင်းကြောင့် အန္တရာယ် မဖြစ်လေပြီ၊ ယခုအခါ မဟာကာလကို ချန်ထား၍ ကြွလာခဲ့လေ၏။ စင်စစ် သီလအကျင့်နှင့် ပြည့်စုံသော ရဟန်းဖြစ်ပေသော ထိုမဟာကာလမထေရ်အား ပဗ္ဗဇ္ဇန္တရာယ်ကို ပြုကြကုန်လိမ့်မည်လည်း မသိ”ဟု ကဲ့ရဲ့ကြလေကုန်၏။

မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ ကဲ့ရဲ့သောစကားကို ကြားတော်မူ၍ ပြန်လှည့်၍ ရပ်တော်မူပြီးလျှင် “ချစ်သားရဟန်းတို့- အဘယ်စကားကို ပြောကြားကုန်သနည်း”ဟု မေးတော်မူရကား ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ ထိုအခါ ဘုရားရှင်က “သင်တို့သည် စူဠကာလကဲ့သို့ မဟာကာလကို မှတ်ထင်ကြကုန်သလော”ဟု မေးတော်မူလေ၏။ “ဘုန်းတော် အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား- ဟုတ်မှန်လှပါသည်။ မှတ်ထင်မိပါသည်၊ ထိုစူဠကာလအား မယားနှစ်ယောက်တို့သာတည်း၊ ဤမဟာကာလအား မယားရှစ်ယောက် ဖြစ်ကုန်၏။ ရှစ်ယောက်သော မယားတို့ ဝန်းဝိုင်း၍ ဖမ်းယူအပ်သည်ရှိသော် အဘယ်သို့ ပြုနိုင်ပါအံ့နည်း”ဟု မြတ်စွာဘုရားကို လျှောက်ကြားကြလေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့၊ ဤသို့ မဆိုကြကုန်လင့်၊ စူဠကာလကား အဖန်ဖန် ထကြွတိုးတက်သောစိတ်ရှိသည်ဖြစ်၍ တင့်တယ်၏ဟု အာရုံကိုယူခြင်း များသည်ဖြစ်၍ နေ၏၊ ကမ်းပါးပြတ်၌တည်သော အားနည်းသော သစ်ပင်နှင့်တူ၏၊ ငါ၏သားတော်ဖြစ်သော မဟာကာလသည်ကား မတင့်တယ်ဟု အဖန်ဖန်ရှုလျက်နေ၏၊ တစ်ခဲနက် ကျောက်အတိပြီးသော ကျောက်တောင်ကဲ့သို့ တုန်လှုပ်ခြင်း မရှိ”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောတော်မူ၏။

ဟောဖော်ညွှန်ပြ

֍ * [၇] သုဘာနုပဿိံ ဝိဟရန္တံ၊ ဣန္ဒြိယေသု အသံဝုတံ။
ဘောဇနမှိ အမတ္တညုံ၊ ကုသီတံ ဟီနဝီရိယံ။
တံ ဝေ ပသဟတိ မာရော၊ ဝါတော ရုက္ခံဝ ဒုဗ္ဗလံ။
֍ * [၈] အသုဘာနုပဿိံ ဝိဟရန္တံ၊ ဣန္ဒြိယေသု သုသံဝုတံ။
ဘောဇနမှိ စ မတ္တညုံ၊ သဒ္ဓံ အာရဒ္ဓဝီရိယံ။
တံ ဝေ နပ္ပသဟတိ မာရော၊ ဝါတော သေလံဝ ပဗ္ဗတံ။

သုဘာနုပဿိံ၊ တင့်တယ်၏ဟု အဖန်တလဲလဲ ရှုလေ့ရှိသည် ဖြစ်၍။ ဝိဟရန္တံ၊ နေထသော။ ဣန္ဒြိယေသု၊ စက္ခုစသား ခြောက်ပါးသော ဣန္ဒြေတို့၌။ အသံဝုတံ၊ ကောင်းစွာ စောင့်ရှောက်ခြင်း မရှိထသော။ ဘောဇနမှိ၊ ဘောဇဉ်၌။ အမတ္တညုံ၊ ရှာမှီးခြင်း, ခံယူခြင်း, သုံးဆောင်ခြင်း၌ အတိုင်းအရှည်သုံးပါးကို မသိထသော။ ကုသီတံ၊ ပျင်းရိထသော။ ဟီနဝီရိယံ၊ ယုတ်သော လုံ့လရှိထသော။ တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ မာရော၊ ကိလေသာဟူသော မာရ်သည်။ ဝေ၊ စင်စစ်။ ပသဟတိ၊ နှိပ်စက် ဖိစီး၏။ ယထာ ကိံ၊ ဥပမာ အဘယ်ကဲ့သို့နည်း ဟူမူကား။ ဝါတော၊ အားကြီးစွာ လာသောလေသည်။ ဒုဗ္ဗလံ၊ ကမ်းပါးပြတ်၌ရောက်သဖြင့် အားနည်းသော။ ရုက္ခံ၊ သစ်ပင်ကို။ ပသဟတိ ဣဝ၊ နှိပ်စက် ဖိစီးသကဲ့သို့တည်း။

အသုဘာနုပဿိံ၊ မတင့်တယ်ဟု အဖန်တလဲလဲ ရှုလေ့ရှိသည် ဖြစ်၍။ ဝိဟရန္တံ၊ နေထသော။ ဣန္ဒြိယေသု၊ စက္ခုစသား ခြောက်ပါးသော ဣန္ဒြေတို့၌။ သုသံဝုတံ၊ ကောင်းစွာ စောင့်ရှောက်ထသော။ ဘောဇနမှိ စ၊ ဘောဇဉ်၌လည်း။ မတ္တညုံ၊ ရှာမှီးခြင်း, ခံယူခြင်း, သုံးဆောင်ခြင်းတို့၌ အတိုင်းအရှည်သုံးပါးကို သိထသော။ သဒ္ဓံ၊ ကံ,ကံ၏အကျိုးကို ယုံကြည်ခြင်းလက္ခဏာ ရှိထသော လောကီသဒ္ဓါ၊ ဘုရားစသော ရတနာသုံးပါး၌ မတုန်မလှုပ် ကြည်ညိုခြင်းတည်းဟူသော လောကုတ္တရာသဒ္ဓါနှင့် ပြည့်စုံထသော။ အာရဒ္ဓဝီရိယံ၊ အားထုတ်အပ်သော လုံ့လရှိထသော။ တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ မာရော၊ ကိလေသာဟူသော မာရ်သည်။ ဝေ၊ စင်စစ်။ နပ္ပသဟတိ၊ မနှိပ်စက် မဖိစီးနိုင်။ ယထာ ကိံ၊ ဥပမာ အဘယ်ကဲ့သို့နည်း ဟူမူကား။ ဝါတော၊ အားနည်းသော လေသည်။ သေလံ၊ တစ်ခဲနက် ကျောက်အတိပြီးသော။ ပဗ္ဗတံ၊ တောင်ကို။ နပ္ပသဟတိ ဣဝ၊ မနှိပ်စက် မဖိစီးနိုင်သကဲ့သို့တည်း။

ထိုမဟာကာလ၏ မယားဟောင်းတို့သည်လည်း မဟာကာလမထေရ်ကို ခြံရံ၍ “အရှင် အဘယ်သူကို ပန်ကြား၍ ရဟန်းပြုဘိသနည်း၊ ယခုအခါ လူထွက်မည်လော၊ မထွက်မည်လော”ဟု ဤသို့အစရှိသော စကားတို့ကို ဆိုကြ၍ သင်္ကန်းကို ပယ်ချွတ်ခြင်းငှာ အလိုရှိကြလေကုန်၏။ ထိုအခါ မဟာကာလမထေရ်သည် ထိုမိန်းမတို့၏ အမူအရာကို မှတ်သား၍ ထိုင်နေရာမှထပြီးလျှင် တန်ခိုးတော်အားဖြင့် ကောင်းကင်သို့ ပြန်တက်လျက် စုလစ်မွန်းချွန်တပ်သော အချက်ကို နှစ်ဖြာခွဲပြီးလျှင် ကောင်းကင်ခရီးဖြင့် ကြွသွား၍ မြတ်စွာဘုရားသည် ဂါထာဟော၍ ပြီးဆုံးစေသော အခါ၌သာလျှင် မြတ်စွာဘုရား၏ ရွှေအဆင်းနှင့်တူသော ကိုယ်တော်ကို အလွန် ချီးမွမ်း ထောမနာပြုလျက် ကောင်းကင်မှ ဆင်းသက်လျက် မြတ်စွာဘုရား၏ ခြေတော်စုံကို ယုံကြည်မြတ်နိုး ရှိခိုးဦးတိုက်လေသတည်း။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ ရောက်လာသော ရဟန်းတို့သည် သောတာပတ္တိဖိုလ်စသည်တို့၌ တည်ကြလေကုန်၏။

စူဠကာလ မဟာကာလဝတ္ထု ပြီး၏။

֍ * ၇။ ရှင်ဒေဝဒတ်ဝတ္ထု

အနိက္ကသာဝေါ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ရာဇဂြိုဟ်ပြည်၌ ဒေ၀ဒတ်၏ သင်္ကန်းရခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဒကာ လေးမျိုး

အခါတစ်ပါး၌ နှစ်ပါးသော အဂ္ဂသာဝကတို့သည် မိမိ,မိမိ၏ ငါးရာ,ငါးရာကုန်သော အခြံအရံရဟန်းတို့ကို ခေါ်ဆောင်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျှောက်ထား ခွင့်ပန်ကြား၍ ဇေတဝန်ကျောင်းတော်မှ ရာဇဂြိုဟ်ပြည်သို့ သွားရောက်ကြလေကုန်၏။ ရာဇဂြိုဟ်ပြည်၌နေကုန်သော နှစ်ယောက်ကုန်သော သူတို့သည်လည်းကောင်း၊ သုံးယောက်ကုန်သော သူတို့သည်လည်းကောင်း၊ များစွာကုန်သော သူတို့သည်လည်းကောင်း တစ်ပေါင်းတည်း စုပေါင်း၍ အာဂန္တုကအလှူကို ပေးလှူကြလေကုန်၏။ ထိုအခါ တစ်နေ့သ၌ အရှင်သာရိပုတြာသည် အနုမောဒနာတရား ဟောကြားတော်မူလိုသည် ဖြစ်ရကား-

၁။ ဒါယကာတို့- ဒါယကာတစ်ယောက်သည် မိမိချည်းသာ ပေးလှူ၏၊ သူတစ်ပါးကို မတိုက်တွန်း,မနှိုးဆော်။ ထိုသူသည် ဖြစ်တိုင်း ဖြစ်တိုင်းသော ဘဝ၌ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်းကို ရ၏။ အခြံအရံနှင့် ပြည့်စုံခြင်းကိုကား မရ။

၂။ ဒါယကာတစ်ယောက်သည် မိမိသည်ကား မပေးမလှူ၊ သူတစ်ပါးကိုသာ တိုက်တွန်း နှိုးဆော်၏။ ထိုသူသည် ဖြစ်တိုင်း ဖြစ်တိုင်းသော ဘဝ၌ အခြံအရံနှင့်ပြည့်စုံ၏။ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်းကိုကား မရ။

၃။ ဒါယကာတစ်ယောက်သည် မိမိသည်လည်း မပေးမလှူ၊ သူတစ်ပါးကိုလည်း မတိုက်တွန်း မနှိုးဆော်၊ ထိုသူသည် ဖြစ်တိုင်း ဖြစ်တိုင်းသော ဘဝ၌ ပအုံးရည်ကိုမျှလည်း ဝမ်းပြည့်လောက်အောင် မရ၊ အားကိုးအားထားပြုစရာ အထောက်အပံ့ကိုလည်း မရ။

၄။ ဒါယကာတစ်ယောက်သည် မိမိလည်း ပေးလှူ၏၊ သူတစ်ပါးကိုလည်း တိုက်တွန်း နှိုးဆော်၏။ ထိုသူသည် ဖြစ်တိုင်း ဖြစ်တိုင်းသော ဘဝ၌ အရာ,အထောင်,အသိန်းသော ကိုယ်၏အဖြစ်၌ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံခြင်းကိုလည်းကောင်း၊ အခြံအရံနှင့် ပြည့်စုံခြင်းကိုလည်းကောင်း ရ၏။

ဤသို့သော တရားဒေသနာကို ဟောကြားတော်မူလေ၏။

ဒါယကာတစ်ဦး အလှူဝတ်စီမံခြင်း

ထိုအခါ ပညာရှိသော ယောက်ျားတစ်ယောက်သည် ထိုတရားကို ကြားနာရ၍ “အိုအချင်းတို့- တရားဟောတော်မူခြင်းသည် အံ့ဖွယ်ရှိလှ၏တကား၊ မဖြစ်ဖူးမြဲ ဖြစ်ပေစွတကား၊ ချမ်းသာခြင်း၏ အကြောင်းကို ကောင်းစွာ ဟောကြားတော်မူအပ်ပေ၏။ ငါသည် ဤနှစ်ပါးသော စည်းစိမ်ချမ်းသာတို့ကို ပြီးစေတတ်သော ကုသိုလ်ကံကို ပြုခြင်းငှာ သင့်၏”ဟု ကြံပြီးလျှင် “အရှင်ဘုရား- နက်ဖြန် တပည့်တော်၏ဆွမ်းကို ခံယူတော်မူပါဘုရား”ဟု အရှင်သာရိပုတြာမထေရ်ကို ပင့်ဖိတ်လေ၏။ ထိုအခါ မထေရ်သည် “ဒါယကာ- အဘယ်မျှလောက်သော ရဟန်းတို့ဖြင့် အလိုရှိသနည်း”ဟု မိန့်တော်မူလတ်သော် “အရှင်ဘုရား- အရှင်ဘုရားတို့၏ အခြံအရံ ရဟန်းတို့ကား အဘယ်မျှ ရှိပါသနည်း”ဟု မေးလျှောက်လေ၏။ “ဒါယကာ- တစ်ထောင်ရှိ၏”ဟု မိန့်တော်မူလတ်သော် “အရှင်ဘုရား- အလုံးစုံသော ရဟန်းတို့နှင့်တကွ နက်ဖြန် တပည့်တော်တို့ဆွမ်းကို ခံယူတော်မူပါဘုရား”ဟု လျှောက်လေ၏။ မထေရ်မြတ်သည်လည်း သည်းခံတော်မူလိုက်လေ၏။

ထိုဒါယကာသည် ရာဇဂြိုဟ်ပြည်ခရီး၌ လှည့်လည် သွားလာလျက် “အို..မိခင်ဖခင်တို့- အကျွန်ုပ်သည် နက်ဖြန် ရဟန်းတစ်ထောင်ကို ပင့်ဖိတ်အပ်ပြီ၊ သင်တို့သည် အဘယ်မျှလောက်သော ရဟန်းတို့အား ဆွမ်းကို လှူဒါန်းခြင်းငှာ တတ်နိုင်ကုန်အံ့နည်း၊ သင်တို့သည် အဘယ်မျှလောက်သော ရဟန်းတို့အား ဆွမ်းကိုလှူဒါန်းခြင်းငှာ တတ်နိုင်ကုန်အံ့နည်း”ဟု တိုက်တွန်း နှိုးဆော်လေ၏။ လူတို့သည် မိမိ,မိမိတို့၏ စွမ်းနိုင်လောက်သော အမှတ်ဖြင့်သာလျှင် “ငါတို့သည် တစ်ကျိပ်သော ရဟန်းသံဃာတို့အား လှူဒါန်းကုန်အံ့၊ ငါတို့သည် နှစ်ကျိပ်သော ရဟန်းသံဃာတို့အား၊ ငါတို့သည် သုံးကျိပ်သော ရဟန်းသံဃာတို့အား၊ ငါတို့သည် လေးကျိပ်သော ရဟန်းသံဃာတို့အား၊ ငါတို့သည် ငါးကျိပ်သော ရဟန်းသံဃာတို့အား၊ ငါတို့သည် တစ်ရာသော ရဟန်းသံဃာတို့အား လှူဒါန်းကုန်အံ့”ဟု ဆိုကုန်၏။ နှိုးဆော်သော ဒါယကာသည်လည်း “ထိုသို့ဖြစ်မူ တစ်ခုတည်းသောအရပ်၌ အညီအညွတ်ပြု၍ တစ်ပေါင်းတည်း လုပ်ကျွေးကုန်အံ့၊ အလုံးစုံသော နှမ်း, ဆန်, ထောပတ်, ပျား, တင်လဲ စသည်တို့ကို ကောင်းစွာ ဆောင်ခဲ့ကြပါလော့”ဟု တိုက်တွန်းလျက် တစ်ခုတည်းသော အရပ်သို့ ကောင်းစွာ ဆောင်ယူခဲ့စေ၏။ ထိုအခါ နှိုးဆော်သော ဒါယကာအား သူကြွယ်တစ်ယောက်သည် အဖိုးတစ်သိန်းထိုက်သော နံ့သာဖြင့်ထုံအပ်သော သင်္ကန်းလျာပုဆိုးကို ပေး၍ “သင်၏အလူဝတ်သည် အကယ်၍ မပြည့်စုံခဲ့သည်ဖြစ်အံ့၊ ဤအဖိုးတစ်သိန်းထိုက်သော ပုဆိုးကိုရောင်း၍ ယုတ်လျော့သော အလှူဝတ္ထုကို ဖြည့်ပါလေလော့၊ အကယ်၍ ပြည့်စုံလုံလောက်သည်ဖြစ်အံ့၊ လှူခြင်းငှာ အလိုရှိသော ရဟန်းအား ပေးလှူပါလော့”ဟု ဆိုလေ၏။

ရှင်ဒေ၀ဒတ် တစ်သိန်းတန်သင်္ကန်း ရခြင်း

ထိုအလှူနှိုးဆော်သော ဒါယကာအားလည်း အလုံးစုံသော အလှူဝတ်သည် လုံလောက်ပြည့်စုံလေ၏။ တစ်စုံတစ်ခုသော ဝတ္ထုကိုမျှလည်း ယုတ်လျော့ခြင်းမည်သည် မရှိလေပြီ။ ထိုနှိုးဆော်သောသူသည် လူတို့ကို “အမောင်တို့ အမိတို့- ဤသင်္ကန်းလျာပုဆိုးကို သူကြွယ်တစ်ယောက်သည် ဤသို့သော စကားကိုဆို၍ ပေးလိုက်၏။ ထိုအဝတ်သင်္ကန်းသည် အပိုအလွန်ဖြစ်ခဲ့ပြီ၊ အဘယ်ရဟန်းအား ထိုသင်္ကန်းလျာပုဆိုးကို လှူကြကုန်အံ့နည်း”ဟု မေး၏။ ထိုအခါ အချို့ကုန်သောသူတို့သည် “အရှင်သာရိပုတြာမထေရ်အား လှူကုန်အံ့”ဟု ဆိုကုန်၏။ အချို့ကုန်သော သူတို့သည် “အရှင်သာရိပုတ္တာ မထေရ်သည် စပါးမှည့်သောအခါ၌သာ လာ၍ ကြွသွားတော်မူတတ်သော အလေ့ရှိ၏။ ရှင်ဒေဝဒတ်သည်ကား ငါတို့၏ မင်္ဂလာကြီးငယ်တို့၌ ကြည့်ရှုစောင်မသဖြင့် အဖော်သဟဲ ဖြစ်ပေ၏။ ရေအိုးစရည်းကြီးသဖွယ် အမြဲမပြတ် ငါတို့၏ အရပ်ဒေသ၌သာ သီတင်းသုံး တည်နေတော်မူ၏။ ထိုအရှင်ဒေဝဒတ်အား ထိုသင်္ကန်းလျာပုဆိုးကို လှူကုန်အံ့”ဟုဆိုကုန်၏။ များစွာသော လူအပေါင်းတို့၏ အညီအညွတ် တိုင်ပင်ပြောဆိုသောစကားဖြင့်လည်း “ရှင်ဒေဝဒတ်အား ပေးလှူအပ်၏”ဟု ပြောဆိုသောသူတို့ကား အလွန်တရာ များကုန်၏။ ထိုအခါ ပုဆိုးကို ရှင်ဒေဝဒတ်အား လှူကြကုန်၏။ ထိုရှင်ဒေဝဒတ်သည် သင်္ကန်းလျာပုဆိုးကိုဖြတ်၍ စီရင်ပြီးလျှင် ဆိုးရည်တို့ဖြင့်ဆိုး၍ ဝတ်ရုံသုံးဆောင်ကာ လှည့်လည်သွားလာ၏။ ထိုသို့ လှည့်လည်သွားလာသည်ကို လူအများတို့မြင်လျှင် “ဤသင်္ကန်းကား ရှင်ဒေဝဒတ်အား မလျောက်ပတ် မထိုက်တန်၊ အရှင်သာရိပုတြာ မထေရ်အားသာ လျောက်ပတ် ထိုက်တန်၏၊ ရှင်ဒေဝဒတ်သည် မိမိအား မထိုက်တန်သော သင်္ကန်းကို ဝတ်ရုံ၍ လှည့်လည်ခဲ့၏”ဟု ဆိုကုန်၏။

ထိုအခါ အရပ်မျက်နှာ၌နေသော ရဟန်းတစ်ပါးသည် ရာဇဂြိုဟ်ပြည်မှ သာဝတ္ထိပြည်သို့ သွား၍ ဘုရားရှင်ကို ရှိခိုးပြီးလျှင် ပဋိသန္ဓာရစကားဖြင့် အစေ့အစပ် ပြုပြီးသည်ရှိသော် မြတ်စွာဘုရားသည် နှစ်ပါးသော အဂ္ဂသာဝကတို့၏ ချမ်းသာစွာနေခြင်းကို မေးတော်မူအပ်သည်ဖြစ်၍ အစမှစ၍ အလုံးစုံသော ထိုအကြောင်းကို လျှောက်ကြားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ချစ်သားရဟန်း- ထိုဒေဝဒတ်သည် ယခုအခါ၌သာ မိမိအား မလျောက်ပတ် မထိုက်တန်သော အဝတ်သင်္ကန်းကိုဝတ်၍ သုံးဆောင်သည် မဟုတ်သေး၊ ရှေး၌လည်း ဝတ်ရုံ သုံးဆောင်ဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။

ရှင်ဒေ၀ဒတ်အလောင်း၏ အတိတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဗာရာဏသီပြည်၌နေသော တစ်ယောက်သော ဆင်သတ်ယောက်ျားသည် ဆင်ကိုသတ်၍,သတ်၍ အစွယ်, ခြေသည်း, လက်သည်း, အူသိမ်, အူမ, တစ်ခဲနက်ရှိသော အသားစိုင်တို့ကို ဆောင်ယူကာ ရောင်းချလျက် အသက်မွေးမြူလေ၏။ ထိုအခါ တစ်ခုသောတော၌ အထောင်မက များစွာကုန်သော ဆင်တို့သည် အစာရှာလိုသောကြောင့် စားကျက်ယူ၍ သွားကုန်သည်ရှိသော် အရှင်ပစ္စေကဗုဒ္ဓါတို့ကိုမြင်၍ ထိုမြင်သည်မှစ၍ သွားသောကာလ ပြန်သောကာလ၌ ပုဆစ်ဒူးတို့ဖြင့် တုပ်ဝပ်ရှိခိုးပြီးမှ ဖဲသွားကြကုန်၏။ တစ်နေ့သ၌ ဆင်သတ်ယောက်ျားသည် ထိုဆင်များ ရှိခိုးသော အခြင်းအရာကိုမြင်လျှင် “ငါကား ဤဆင်တို့ကို ဆင်းရဲ ငြိုငြင်စွာ သတ်ရ၏။ ဤဆင်တို့သည်လည်း သွားတိုင်း လာတိုင်းသော ကာလ၌ အရှင်ပစ္စေကဗုဒ္ဓါတို့ကို ရှိခိုးကြကုန်၏။ အဘယ်ကိုမြင်၍ ရှိခိုးကုန်သနည်း”ဟု ဆင်ခြင်သည်ရှိသော် “သင်္ကန်းကိုမြင်၍ ရှိခိုးကုန်၏”ဟု မှတ်သားပြီးလျှင် “ငါသည်လည်း ယခုအခါ သင်္ကန်းကို ရခြင်းငှာ သင့်၏”ဟု ကြံပြီး၍ အရှင်ပစ္စေကဗုဒ္ဓါတစ်ဆူ ဇာတဿရအိုင်သို့ သက်ဆင်း၍ ရေချိုးစဉ် ကမ်းနား၌ ထားအပ်ကုန်သော သင်္ကန်းတို့တွင် တစ်ထည်သောသင်္ကန်းကို ခိုးယူ၍ ထိုဆင်တို့ သွားရာ,လာရာဖြစ်သော လမ်းခရီး၌ လှံကို စွဲကိုင်လျက် ဦးခေါင်းနှင့်တကွ ကိုယ်ကိုခြံရုံ၍ နေလေ၏။ ဆင်တို့သည် ထိုသင်္ကန်း ခြံရုံ၍နေသော ဆင်သတ်မုဆိုး ယောက်ျားကိုမြင်လျှင် အရှင်ပစ္စေကဗုဒ္ဓါ ဟူသော အမှတ်ဖြင့် ရှိခိုးပြီးမှ ဖဲသွားကြကုန်၏။ ထိုဆင်သတ်မုဆိုးသည် အလုံးစုံသော ဆင်တို့နောက်မှ သွားသော ဆင်ကို လှံဖြင့် ထိုးသတ်ပြီးလျှင် အစွယ်စသည်တို့ကိုယူ၍ အကြွင်းကို မြေ၌မြှုပ်ထားခဲ့၍ သွားလေ၏။

နောက်အဖို့၌ ဘုရားလောင်းသည် ဆင်အမျိုး၌ ပဋိသန္ဓေကိုယူ၍ ဖွားမြင်သောအခါ ဆင်တို့၏အကြီးအမှူး ဆင်မင်း ဖြစ်လေ၏။ ထိုအခါ၌လည်း ဆင်သတ်မုဆိုးသည် ထိုရှေးအတူသာလျှင် ပြု၏။ ဘုရားလောင်း ဆင်မင်းသည် မိမိပရိသတ်၏ ဆုတ်ယုတ်ခြင်းကိုသိ၍ “ဤဆင်အပေါင်းတို့သည် အဘယ်အရပ်သို့သွား၍ နည်းပါးကုန်သနည်း”ဟု မေးသဖြင့် “အရှင်ဆင်မင်း- အကျွန်ုပ်တို့ မသိပါကုန်”ဟု ဆိုလတ်သည်ရှိသော် “တစ်စုံတစ်ခုသောအရပ်သို့ သွားသော် ငါ့ကိုမပန်ကြားဘဲ မသွားကုန်လတ္တံ့၊ ဘေးရန်အန္တရာယ်ရှိသည် ဖြစ်တန်ရာ၏”ဟုဆို၍ “တစ်ခုသော အရပ်၌ သင်္ကန်းကိုရုံ၍ နေသောသူ၏အထံမှ ဘေးရန်ရှိသည် ဖြစ်တန်ရာ၏”ဟု ယုံမှားတွေးတောခြင်းဖြစ်၍ “ထိုသူကို စုံစမ်းခြင်းငှာ သင့်၏”ဟု အလုံးစုံသော ဆင်တို့ကို ရှေ့မှစေလွှတ်၍ မိမိသည်ကား နောက်မှ ဆွဲဆွဲဆိုင်းငံ့လျက် လာလေ၏။ ဆင်သတ်မုဆိုးသည် ကြွင်းသောဆင်တို့သည် ရှိခိုး၍ သွားကုန်သည်ရှိသော် နောက်ဆုံးမှလာသော ဘုရားလောင်း ဆင်မင်းကိုမြင်သဖြင့် သင်္ကန်းကိုဖယ်၍ လှံကို လွှတ်လိုက်လေ၏။ ထိုအခါ ဘုရားလောင်း ဆင်မင်းသည် သတိကိုဖြစ်စေလျက် လာသည်ဖြစ်ရကား နောက်သို့ဆုတ်၍ လှံကိုချွတ်ချော်စေပြီးလျှင် “ဤသူသည် ဆင်တို့ကို သတ်ဖြတ်ဖျက်ဆီး၏”ဟု ထိုသူကို ဖမ်းယူခြင်းငှာ ပြေးဝင်လာလေ၏။ ဆင်သတ်မုဆိုးသည် သစ်ပင်တစ်ခုကို ရှေ့ထား၍ ပုန်းကွယ်နေလေ၏။

ထိုအခါ ဆင်သတ်မုဆိုးကို သစ်ပင်နှင့်တကွ နှာမောင်းဖြင့် ရစ်ပတ်၍ ကိုင်ယူကာ “မြေ၌ ပုတ်ခတ် ရိုက်သတ်အံ့”ဟု ပြုသည်ရှိသော် ထိုဆင်သတ်မုဆိုးက ထုတ်၍ပြအပ်သော သင်္ကန်းကိုမြင်လျှင် “ငါကား ဤဆင်သတ်မုဆိုးကို အကယ်၍ ပြစ်မှား သတ်ဖြတ်သည် ဖြစ်အံ့၊ အထောင်မက များစွာကုန်သော ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာအရှင်မြတ်တို့၌ အရှက်ကွဲခြင်းသည် ဖြစ်လတ္တံ့”ဟု ဆင်ခြင်သည်းခံ၍ “သင်သည် ဤမျှလောက်သော ငါ၏ဆွေမျိုးတို့ကို သတ်ဖြတ်ဖျက်ဆီးအပ်သည် မဟုတ်တုံလော”ဟု မေးလေ၏။ “အရှင်- ဖျက်ဆီးသည် မှန်ပေ၏”ဟု ဝန်ခံသည်ရှိသော် “အဘယ့်ကြောင့် ဤသို့ ဝန်လေးသောအမှုကို ပြုဘိသနည်း၊ မိမိအား မလျောက်ပတ် မထိုက်တန်၊ ရဟန္တာ ပုဂ္ဂိုလ်တို့အားသာ လျောက်ပတ် ထိုက်တန်သော အဝတ်သင်္ကန်းကို ဝတ်ရုံ၍ ဤသို့သဘောရှိသော အမှုကိုပြုခြင်းဖြင့် ဝန်လေးသောအမှုကို သင်သည် ပြုဘိ၏တကား”ဟု ဆို၏။ ဤသို့သောစကားကို ဆိုပြီးလျှင် အလွန်နှိပ်ကွပ် ဆုံးမလိုသောကြောင့် “အနိက္ကသာဝေါ ကာသာဝံ ။လ။ သ ဝေ ကာသာမရဟတိ”ဟူသော ဂါထာကိုဆို၍ မသင့်သော အမှု၊ ဝန်လေးသော အမှုကို သင်ပြုဘိ၏တကားဟု ပြောဆိုဆုံးမလေ၏။

မြတ်စွာဘုရားသည် ဤတရားဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ထိုအခါ ဆင်သတ်ယောက်ျားသည် ဒေ၀ဒတ် ဖြစ်လာ၏။ ထိုဆင်သတ်ယောက်ျားကို နှိပ်ကွပ်ဆုံးမတတ်သော ဆင်မင်းသည်ကား ငါဘုရား ဖြစ်လာ၏ဟု ဇာတ်ကို ပေါင်းတော်မူပြီးလျှင် “ချစ်သား ရဟန်းတို့- ယခုအခါ၌သာလျှင် ဒေဝဒတ်သည် မိမိအား မလျောက်ပတ် မထိုက်တန်သော အဝတ်သင်္ကန်းကို ဝတ်ရုံသည်မဟုတ်သေး၊ ရှေး၌လည်း ဝတ်ရုံဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောတော်မူလေ၏။

ဟောဖော်ညွှန်ပြ

֍ * [၉] အနိက္ကသာဝေါ ကာသာဝံ၊ ယော ဝတ္ထံ ပရိဒဟိဿတိ။
အပေတော ဒမသစ္စေန န သော ကာသာဝမရဟတိ။
֍ * [၁၀] ယော စ ဝန္တကသာဝဿ၊ သီလေသု သုသမာဟိတော။
ဥပေတော ဒမသစ္စေန သ ဝေ ကာသာဝမရဟတိ။

အနိက္ကသာဝေါ၊ ရာဂစသော ကိလေသာဟူသော ဖန်ရည်တို့မှ မကင်းသော။ ဒမသစ္စေန၊ စက္ခုစသော ဣန္ဒြေကိုဆုံးမခြင်း, မှန်ကန်စွာ ပြောဆိုခြင်းမှ။ အပေတော၊ ကင်းသော။ ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ကာသာဝံ၊ ဖန်ရည်စွန်းသော။ ဝတ္ထံ၊ အဝတ်သင်္ကန်းကို။ ပရိဒဟိဿတိ၊ သုံးဆောင်မှီဝဲအံ့။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ကာသာဝံ၊ သင်္ကန်းကို။ န အရဟတိ၊ မထိုက်။

ယော စ ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်ကား။ ဝန္တကသာဝေါ၊ လေးပါးသော မဂ်ဉာဏ်ဖြင့် ပျို့အန်ပြီး စွန့်ပြီးဖြစ်သော ကိလေသာဟူသော ဖန်ရည်ရှိသည်။ အဿ-ဟောတိ၊ ဖြစ်၏။ သီလေသု၊ စတုပါရိသုဒ္ဓိ သီလတို့၌။ သုသမာဟိတော စ၊ ကောင်းစွာ ဆောက်တည်သည်လည်း။ ဒမသစ္စေန၊ စက္ခုစသော ဣန္ဒြေကိုဆုံးမခြင်း, မှန်ကန်စွာ ပြောဆိုခြင်းနှင့်။ ဥပေတော စ၊ ပြည့်စုံသည်လည်း။ အဿ-ဟောတိ၊ ဖြစ်၏။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ဝေ-ဧကန္တေန၊ စင်စစ်သဖြင့်။ ကာသာဝံ၊ သင်္ကန်းကို။ အရဟတိ၊ ထိုက်၏။

(ဤအနက်ကို ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ဖြင့်လည်း ပြအပ်၏။)

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ အရပ်မျက်နှာ၌ နေလေ့ရှိသော အာဂန္တုရဟန်းသည် သောတာပန် ဖြစ်လေ၏။ ထိုရဟန်းမှတစ်ပါး များစွာသော ရဟန်းတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ရှင်ဒေဝဒတ်ဝတ္ထု ပြီး၏။

֍ * ၈။ အရှင်သာရိပုတြာမထေရ်ဝတ္ထု

အသောရေ သာရမတိနော အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အဂ္ဂသာဝကတို့ လျှောက်ကြား သိစေအပ်သော သိဉ္စည်းပရိဗိုဇ်၏ မလိုက်လာခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။ ထိုဝတ္ထု၌ ဤဆိုလတ္တံ့သည်ကား အစဉ်အတိုင်းဖြစ်သော စကားတည်း။

ဘုရားအလောင်းသုမေဓာ ကိုယ်ကို တံတားခင်းလှူခြင်း

ငါတို့ မြတ်စွာဘုရားသည် ဤကမ္ဘာမှ ပြန်၍ရေသည်ရှိသော် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ အမရဝတီ အမည်ရှိသောမြို့၌ သုမေဓာ အမည်ရှိသော ပုဏ္ဏားလုလင် သတို့သားဖြစ်၍ အလုံးစုံသော အတတ်ပညာတို့၌ အပြီးအဆုံးသို့ရောက်ပြီးလျှင် မိဘနှစ်ပါး ကွယ်လွန်သွားသဖြင့် ကုဋေပေါင်းများစွာဟု ဆိုအပ်သော ဥစ္စာကို စွန့်ကြဲပေးကမ်း လှူဒါန်းပြီးနောက် ရသေ့ရဟန်းအဖြစ်ဖြင့် ရဟန်းပြု၍ ဟိမဝန္တာ၌နေလျက် ဈာန်အဘိညာဉ်တို့ကို ဖြစ်စေပြီးလျှင် ကောင်းကင်ခရီးဖြင့် ကြွသွားစဉ် ဒီပင်္ကရာ မြတ်စွာဘုရား၏ သုဒဿန အမည်ရှိသော ကျောင်းတော်မှ ရမ္မဝတီ ပြည်ခွင်သို့ ကြွဝင်တော်မူရန် လမ်းခရီးကို သုတ်သင်ပြင်ဆင်ကြသည်ကို မြင်ရသဖြင့် မိမိသည်လည်း တစ်ခုသော အရပ်ကိုယူ၍ သုတ်သင်ရာ ထိုနေရာမပြီးမီ ကြွလာတော်မူသော ဒီပင်္ကရာ မြတ်စွာဘုရားအား မိမိ၏ကိုယ်ကို တံတားပြု၍ ညွန်ပျောင်း၌ သစ်နက်ရေကို (သစ်နက်ရေ-မည်းနက်သော ကျားတစ်မျိုးကို သစ်နက်ဟု ခေါ်သည်၊ ရာဂတဏှာ လွန်စွာနည်းပါးသော သတ္တဝါမျိုးဖြစ်၍ ၎င်းတို့၏ သားရေကို ရာဂတဏှာ ခေါင်းပါးရန် ကျင့်သော ရသေ့သူတော်သူမြတ်တို့ အမြတ်တနိုး ဝတ်ရုံခြင်း၊ နေရာထိုင်ခင်းပြုခြင်းဖြင့် အသုံးပြုသတတ်။) ခင်းလျက် “ဘုရားရှင်သည် တပည့်သံဃာတော်အပေါင်းနှင့်တကွ ညွန်ပျောင်းကိုမနင်းမူ၍ ငါ့ကိုနင်းတော်မူလျက် ကြွတော်မူစေသတည်း”ဟု အလျား ပျပ်ပျပ်ဝပ်၍ အိပ်လေ၏။ ဘုရားရှင်သည် ထိုရသေ့သုမေဓာကို မြင်လျှင်မြင်ချင်း “ဤသူကား ဘုရားအညွန့်အလောင်းတည်း၊ နောင်အခါ ကမ္ဘာတစ်သိန်း အလွန်ရှိသော လေးအသင်္ချေတို့၏အဆုံး၌ ဂေါတမအမည်ရှိသောဘုရားသည် ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။

နှစ်ကျိပ်လေးဆူထံမှ ဗျာဒိတ်ရ

ထိုဒီပင်္ကရာ မြတ်စွာဘုရား၏ နောက်အဖို့၌ ကောဏ္ဍည ဘုရားလည်းကောင်း၊ မင်္ဂလဘုရားလည်းကောင်း၊ သုမန ဘုရားလည်းကောင်း၊ ရေဝတဘုရားလည်းကောင်း၊ သောဘိတ ဘုရားလည်းကောင်း၊ အနောမဒဿီ ဘုရားလည်းကောင်း၊ ပဒုမ ဘုရားလည်းကောင်း၊ နာရဒ ဘုရားလည်းကောင်း၊ ပဒုမုတ္တရ ဘုရားလည်းကောင်း၊ သုမေဓာ ဘုရားလည်းကောင်း၊ သုဇာတာ ဘုရားလည်းကောင်း၊ ပိယဒဿီ ဘုရားလည်းကောင်း၊ အတ္ထဒဿီ ဘုရားလည်းကောင်း၊ ဓမ္မဒဿီ ဘုရားလည်းကောင်း၊ သိဒ္ဓတ္ထ ဘုရားလည်းကောင်း၊ တိဿ ဘုရားလည်းကောင်း၊ ဖုဿ ဘုရားလည်းကောင်း၊ ဝိပဿီ ဘုရားလည်းကောင်း၊ သိခီ ဘုရားလည်းကောင်း၊ ဝေဿဘူ ဘုရားလည်းကောင်း၊ ကကုသန် ဘုရားလည်းကောင်း၊ ကောဏာဂုံ ဘုရားလည်းကောင်း၊ ကဿပ ဘုရားလည်းကောင်း ဤသို့လျှင် လောကသုံးပါးကို ကိုယ်တော်ရောင်ဖြင့် ထွန်းလင်းစေပြီး၍ ပွင့်တော်မူပြီးကုန်သော ဤနှစ်ကျိပ်လေးဆူသော ဘုရားရှင်တို့၏ အထံတော်၌လည်း ရအပ်ပြီးသော ဗျာဒိတ် ရှိတော်မူ၏။

ဘုရားအလောင်းကို နတ်ဗြဟ္မာအပေါင်းတို့ တောင်းပန်ခြင်း

ဗာဟိရဖြစ်သော ပစ္စည်းဥစ္စာ, ပြည်ရွာတိုင်းကား စသည်ကို စွန့်ခြင်းဟု ဆိုအပ်သော ဆယ်ပါးသော ပါရမီတို့ကိုလည်းကောင်း၊ ခြေ,လက်စသော အင်္ဂါကြီးငယ်ကို စွန့်ခြင်းဟု ဆိုအပ်သော ဆယ်ပါးသော ဥပပါရမီတို့ကိုလည်းကောင်း၊ အသက်ကို စွန့်ခြင်းဟု ဆိုအပ်သော ဆယ်ပါးသော ပရမတ္ထပါရမီတို့ကိုလည်းကောင်း ဤသို့လျှင် အယုတ်, အလတ်, အမြတ်အားဖြင့် အမျှသုံးဆယ်သော ပါရမီတို့ကိုလည်း ဖြည့်ကျင့်တော်မူပြီး၍ ဝေဿန္တရာမင်းအဖြစ်၌တည်လျက် မြေကြီးတုန်လှုပ်ခြင်းကို ဖြစ်စေတတ်သော အလှူကြီးတို့ကို ပေးလှူခြင်း၊ သားမယားကို စွန့်လွှတ်တော်မူခြင်းတို့ကို ပြုပြီးလျှင် အသက်၏အဆုံး၌ တုသိတာနတ်ပြည်၌ဖြစ်၍ ထိုတုသိတာနတ်ပြည်၌ တုသိတာနတ်တို့၏ အသက်အတိုင်း တည်နေတော်မူသည်ရှိသော် တစ်သောင်းသော စကြဝဠာ၌နေကုန်သော နတ်ဗြဟ္မာအပေါင်းတို့သည် အညီအညွတ် စည်းဝေးကြ၍ ဤဂါထာဖြင့် တောင်းပန်ကြလေကုန်၏။

ကာလော ဒေဝ မဟာဝီရ၊ ဥပ္ပဇ္ဇ မာတုကုစ္ဆိယံ။
သဒေဝကံ တာရယန္တော၊ ဗုဇ္ဈဿု အမတံ ပဒံ။

မဟာဝီရ၊ ကြီးသော လုံ့လရှိတော်မူသော။ ဒေဝ၊ အလောင်းနတ်မင်း။ တေ၊ သင်နတ်မင်းအား။ ကာလော၊ ဘုရားဖြစ်ရန် အချိန်တန်ပါပြီ။ မာတုကုစ္ဆိယံ၊ မယ်တော်ဝမ်း၌။ ဥပ္ပဇ္ဇ၊ ဖြစ်တော်မူပါလော့။ သဒေဝကံ၊ နတ်နှင့်တကွသော လူအပေါင်းကို။ တာရယန္တော၊ ကယ်တင် မ,စလျက်။ အမတံ ပဒံ၊ သေခြင်းကင်းသော နိဗ္ဗာန်ကို။ ဗုဇ္ဈဿု၊ သိမြင်တော်မူပါလော့။

ကြည့်ခြင်းကြီး ငါးပါး

ဤသို့ဆို၍ တောင်းပန်ကုန်သည်ရှိသော်-

ကာလံ ဒေသဉ္စ ဒီပဉ္စ၊ ကုလံ မာတရမေဝ စ။
ဣမေ ပဉ္စ ဝိလောကေတွာ၊ ဥပ္ပဇ္ဇတိ မဟာယသော။

ကာလဉ္စ၊ ဘုရားဖြစ်ချိန် ကာလကိုလည်းကောင်း။ ဒေသဉ္စ၊ ဘုရားဖြစ်ရာ မဇ္ဈိမဒေသကိုလည်းကောင်း။ ဒီပဉ္စ၊ ဘုရားဖြစ်ရာ ဇမ္ဗုဒီပါကျွန်းကိုလည်းကောင်း။ ကုလဉ္စ၊ ပုဏ္ဏားမျိုး, မင်းမျိုးဟု ဆိုအပ်သော ဘုရားဖြစ်ရာ အမျိုးကိုလည်းကောင်း။ မာတရမေဝ စ၊ ဘုရားအား ထိုက်သော မယ်တော်ကိုလည်းကောင်း။ ဣမေ ပဉ္စ၊ ဤငါးပါးတို့ကို။ ဝိလောကေတွာ၊ ကြည့်၍။ မဟာယသော၊ များသော အခြံအရံရှိသော ဘုရားအလောင်းတော်သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။

ဤသို့ ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်တော်မူပြီး၍ ထိုတုသိတာနတ်ပြည်မှ စုတေပြီးလျှင် သာကီဝင်မင်းမျိုး၌ ပဋိသန္ဓေကိုယူ၍ ဆယ်လလွန်သဖြင့် အမိဝမ်းမှ ဖွားမြင်တော်မူလေ၏။ သက်တော် တစ်ဆယ့်ခြောက်နှစ် ရှိသောအခါ မဟာသာကီဝင်မင်းမျိုး၌ တန်ခိုးမတိမ် စည်းစိမ်ချမ်းသာခြင်းဖြင့် ဆောင်ရွက်ပြုစုအပ်သည်ဖြစ်ရကား အစဉ်အားဖြင့် ကောင်းသော အရွယ်အဆင်း ပြည့်စုံခြင်းသို့ ရောက်တော်မူလေ၏။

နိမိတ်ကြီးလေးပါး ထင်လာခြင်း

ထိုအခါ ဥတုသုံးပါးတို့အား လျောက်ပတ်သော ပြာသာဒ်သုံးဆောင်တို့၌ နတ်ပြည်၌ဖြစ်သော ကျက်သရေကဲ့သို့ ပြည်စည်းစိမ်ကို အစဉ်ခံစားလျက် ဥယျာဉ်ကစားခြင်းငှာ ရွှေစက်တော်ဖြန့်သောအခါ အစဉ်အားဖြင့် သူအို,သူနာ,သူသေဟု ဆိုအပ်သော နတ်တမန် သုံးယောက်တို့ကို မြင်လျှင် ပြင်းစွာ ထိတ်လန့်ခြင်းရှိသည်ဖြစ်၍ ပြည်လည် ဆုတ်နစ်တော်မူပြီးလျှင် လေးကြိမ်မြောက် သွားရောက်သောအခါ ရဟန်းအသွင်အပြင်ကိုမြင်၍ “ဤရဟန်းအဖြစ်ကား ကောင်း၏”ဟု ရဟန်းအဖြစ်၌ နှစ်သက်ခြင်းကို ဖြစ်စေလျက် ဥယျာဉ်သို့ ထွက်တော်မူ၍ ထိုယျာဉ်၌ နေ့ကုန်စေလျက် မင်္ဂလာရေကန် ကမ်းနား၌ နေတော်မူစဉ် ဆတ္တာသည်အသွင်ကို ဖန်ဆင်းလာသော ဝိသုကြုံနတ်သားသည် အဆန်းတကြယ် လှပစွာ တန်ဆာဆင်မြန်း ပေးအပ်ပြီးသည့်နောက် ရာဟုလာမင်းသား ဖွားတော်မူကြောင်းကို ကြားသိတော်မူလတ်သော် သား၌ဖြစ်သော ချစ်ခင်ခြင်း၏ ပြင်းပြအားကြီးသည်၏ အဖြစ်ကို သိတော်မူ၍ “ဤချစ်ခင်ခြင်းတည်းဟူသော အနှောင်အဖွဲ့မတိုးပွားသေးမီ ကာလကပင် ထိုအနှောင်အဖွဲ့ကို ဖြတ်အံ့”ဟု ကြံစည်တော်မူလေ၏။

ကိသာဂေါတမီအား ဆုလာဘ်တော်ပေးသနားခြင်း

ဘုရားအလောင်းသည် ထိုသို့ ကြံစည်တော်မူပြီးလျှင် ညချမ်းသောအခါ နေပြည်တော်သို့ ဝင်တော်မူသည်ရှိသော်-

နိဗ္ဗုတာ နူန သာ မာတာ၊ နိဗ္ဗုတော နူန သော ပိတာ။
နိဗ္ဗုတာ နူန သာ နာရီ၊ ယဿာယံ ဤဒီသော ပတိ။

ယဿာ မာတုယာ၊ အကြင် အမိအား။ ဤဒိသော၊ ဤသို့ သဘောရှိသော။ အယံ ပုတ္တော၊ ဤသားကောင်းသည်။ အတ္ထိ၊ ရှိ၏။ သာ မာတာ၊ ထိုသားကောင်းအမိသည်။ နိဗ္ဗုတာ နူန၊ ငြိမ်းလေစွတကား။ ယဿ ပိတုနော၊ အကြင်အဘအား။ ဤဒိသော၊ ဤသို့ သဘောရှိသော။ အယံ ပုတ္တော၊ ဤသားကောင်းသည်။ အတ္ထိ၊ ရှိ၏။ သော ပိတာ၊ ထိုသားကောင်း အဘသည်။ နိဗ္ဗုတော နူန၊ ငြိမ်းလေစွတကား။ ယဿာ နာရိယာ၊ အကြင် မယားအား။ ဤဒိသော၊ ဤသို့ သဘော ရှိသော။ အယံ ပတိ၊ ဤလင်ကောင်းသည်။ အတ္ထိ၊ ရှိ၏။ သာ နာရီ၊ ထိုလင်ကောင်းမယားသည်။ နိဗ္ဗုတာ နူန၊ ငြိမ်းလေစွတကား။

ဤသို့ ကိသာဂေါတမီ အမည်ရှိသော ဘထွေးတော်သမီးသည် ကြည်နူးစဖွယ်ဆိုအပ်သော ဤဂါထာကို ကြားရ၍ “ဤကိသာဂေါတမီသည် ငါ့ကို နိဗ္ဗုတပုဒ် (ငြိမ်းအေးခြင်း အသံ)ကို နာကြား သိစေအပ်၏”ဟု ပုလဲသွယ်ကို လည်မှ ချွတ်၍ ထိုကိသာဂေါတမီထံ ပေးပို့စေတော်မူလေ၏။

အာဠာရ,ဥဒက ရသေ့တို့ထံ ရောက်ခြင်း

ထို့နောက် မိမိ၏ ရွှေနန်းတော် တိုက်ခန်းတွင်းသို့ဝင်၍ အသရေရှိသော အိပ်ရာတော်၌ နေတော်မူလျက် အိပ်ခြင်းသို့ ရောက်ကုန်သော မောင်းမ, က,ချေသည်တို့၏ ဖောက်ပြန်သော အခြင်းအရာကိုမြင်လျှင် ငြီးငွေ့သော နှလုံးတော်ရှိရကား ဆန္နအမတ်ကိုနှိုး၍ ကဏ္ဍကမြင်းကို ဆောင်စေပြီးလျှင် ထိုကဏ္ဍကမြင်းကို တက်စီးလျက် ဆန္နအမတ်လျှင် အဖော်ရှိသဖြင့် တစ်သောင်းသော စကြဝဠာ၌ နေကုန်သော နတ်ဗြဟ္မာအပေါင်းတို့ ခြံရံလျက် မြတ်သော တောထွက်ခြင်းဖြင့် တောထွက်တော်မူ၍ အနော်မာမြစ်ကမ်းနား၌ ရဟန်းပြုတော်မူပြီးလျှင် အစဉ်အားဖြင့် ရာဇဂြိုဟ်ပြည်သို့ ကြွသွားတော်မူ၍ ထိုရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှာ ဝင်တော်မူလျက် ပဏ္ဍဝတောင်ဝှမ်း၌ သီတင်းသုံးနေသည်ရှိသော် မဂဓတိုင်းကို အစိုးရသော ဗိမ္ဗိသာရ မင်းကြီးသည် ပြည်စည်းစိမ်ဖြင့် ဖိတ်ကြားသော်လည်း ထိုပြည်စည်းစိမ်ကို ပယ်ရှားတော်မူ၍ သဗ္ဗညုတဉာဏ်ကိုရ၍ ဗုဒ္ဓထင်ရှား ဘုရားဖြစ်တော်မူသောအခါ မိမိ၏နိုင်ငံသို့ ကြွလာစိမ့်သောငှာ ဗိမ္ဗိသာရမင်း လျှောက်ချက်ကို ဝန်ခံတော်မူပြီးလျှင် အာဠာရ ရသေ့၊ ဥဒကရသေ့တို့၏ အထံသို့ ချဉ်းကပ်တော်မူလေ၏။

သဗ္ဗညုဘုရား ဖြစ်တော်မူခြင်း

ထိုရသေ့တို့၏အထံသို့ ချည်းကပ်၍ ရအပ်သော ဈာန်အထူးကို တန်ဆာမဆင်၊ မသက်ဝင် မရောင့်ရဲသဖြင့် ခြောက်နှစ်တို့ပတ်လုံး ကြီးစွာသော ဒုက္ကရစရိယာ အကျင့်ကို ကျင့်တော်မူ၍ ကဆုန်လပြည့်နေ့ နံနက်စောစောအခါ သုဇာတာသည် ကပ်လှူအပ်သော ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူပြီးလျှင် နေရဉ္ဇရာမြစ်၌ ရွှေခွက်ကို မျှောတော်မူပြီး၍ နေရဉ္ဇရာမြစ်ကမ်းနား တောအုပ်ကြီး၌ အထူးထူးသော သမာပတ်တို့ဖြင့် နေ့အဖို့ကို ကုန်စေတော်မူပြီးနောက် ညချမ်းသောအခါ သောတ္ထိယ အမည်ရှိသော လုလင်၏ သဒ္ဓါကြည်ဖြူ ပေးလှူအပ်သော မြက်ရှစ်ဆုပ်ကို ခံယူတော်မူ၍ ကာဠနဂါးမင်းသည် အံ့ဩချီးမွမ်းအပ်သော ဂုဏ်ကျေးဇူးရှိသည်ဖြစ်၍ ဗောဓိမဏ္ဍိုင်သို့ တက်ရောက်တော်မူကာ မြက်တို့ကို ဖြန့်ခင်းတော်မူပြီးလျှင် “အကြင်မျှလောက် ငါသည် တဏှာဒိဋ္ဌိအားဖြင့် မစွဲလမ်းမူ၍ အာသဝေါတို့မှ စိတ်သည် မလွတ်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး ဤထက်ဝယ်ဖွဲ့ခွေခြင်းဟု ဆိုအပ်သော ပလ္လင်ကို မဖျက်အံ့”ဟု ပဋိညာဉ်ကို ပြုတော်မူ၍ အရှေ့လောကဓာတ်သို့ ရှေးရှူနေတော်မူလျက် နေမဝင်မီ မာရ်စစ်သည်ကို ဖျောက်လွှင့်တော်မူပြီးလျှင် ပထမယာမ်၌ ပုဗ္ဗေနိဝါသဉာဏ်ကို ရ၍ မဇ္ဈိမယာမ်၌ စုတူပပါတ ဉာဏ်ကို ရ၍ ပစ္ဆိမယာမ်အဆုံး၌ ပဋိစ္စသမုပ္ပါဒ်ဉာဏ်ကို သက်ဝင်စေလျက် ဒသဗလဉာဏ်၊ စတုဝေသာရဇ္ဇဉာဏ် အစရှိသော အလုံးစုံသော ဘုရားဂုဏ်တော်အပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်း၍ သိတော်မူလေသည်။

စုတူပပါတဉာဏ်- စုတိ+ဥပပါတ+ဉာဏ်- သေခြင်း- ပဋိသန္ဓေနေခြင်းကို သိသော ဉာဏ်တော်။

ဒသဗလဉာဏ်ဟူသည်- ၁။ ဌာနာဌာန၊ ၂။ ကမ္မာနံဝိပါက၊ ၃။ သဗ္ဗတ္ထဂါမိနီ ပဋိပဒါ၊ ၄။ အနေကဓာတု နာနာဓာတုလောက၊ ၅။ နာနာဓိမုတ္တိကတာ၊ ၆။ ဣန္ဒြိယပရောပရိယတ္တိ၊ ၇။ ဈာနဝိမောက္ခသမာဓိသမာပတ္တီနံ သံကိလေသဝေါဒါနဝုဋ္ဌာန၊ ၈။ ပုဗ္ဗေနိဝါသာနုဿတိ၊ ၉။ စုတူပပါတ၊ ၁၀။ အာသဝက္ခယ ဟူသော ဤဆယ်ပါးတို့ကို ဟုတ်တိုင်းမှန်စွာသိသော ဉာဏ်ဆယ်ပါးတည်း။

စတုဝေသာရဇ္ဇဉာဏ်ဟူသည်မှာ- ၁။ အန္တရာယ်ဖြစ်သော တရားတို့ကို ဟောရာ၌လည်းကောင်း၊ ၂။ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော တရားတို့ကို ဟောရာ၌လည်းကောင်း၊ ၃။ သစ္စာလေးပါး ထိုးထွင်း၍သိခြင်းကို ဟောရာ၌လည်းကောင်း၊ ၄။ အာသဝေါတရားတို့၏ ကုန်ခြင်းကို ဟောရာ၌လည်းကောင်း မကြောက်မရွံ့ ရဲဝံ့သော ဉာဏ်တော်လေးပါး အပေါင်းတည်း။)

သဟမ္ပတိဗြဟ္မာမင်း တောင်းပန်

သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူပြီးသော မြတ်စွာဘုရားသည် ထိုဗောဓိမဏ္ဍိုင်၌ ခုနစ်ခုသော သတ္တာဟတို့ကို (ခုနစ်ရက် ခုနစ်လီ လေးဆယ့်ကိုးရက်တို့ကို) လွန်စေတော်မူပြီးမှ ရှစ်ခုမြောက်ဖြစ်သော သတ္တာဟ၌ ဆိတ်ကျောင်းသားတို့ နားနေရာဖြစ်သော အဇပါလ ပညောင်ပင်အရင်းဝယ် နေတော်မူလျက် တရားတော်မြတ်၏ နက်နဲသိမ်မွေ့သည့်အဖြစ်ကို ဆင်ခြင်တော်မူသဖြင့် ကြောင့်ကြမဲ့ နေတော်မူမည့်အဖြစ်သို့ ရောက်သည်ရှိသော် တစ်သောင်းသော လောကဓာတ်၌ နေကုန်သော ဗြဟ္မာကြီးအပေါင်း ခြံရံခြင်းရှိသော သဟမ္ပတိ ဗြဟ္မာမင်းသည် တရားဟောခြင်းငှာ တောင်းပန်အပ်သည်ဖြစ်ရကား ဗုဒ္ဓစက္ခုဖြင့် (ဗုဒ္ဓစက္ခု- ဣန္ဒြိယပရောပရိယတ္တိဉာဏ်နှင့် အာသယာနုသယဉာဏ်တော် နှစ်ပါးတည်း။) လောကကို ကြည့်တော်မူ၍ သဟမ္ပတိ ဗြဟ္မာမင်း၏ ရိုသေစွာ တောင်းပန်ခြင်းကို သည်းခံတော်မူပြီးလျှင် “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရအံ့နည်း”ဟု ဆင်ခြင်ကြည့်တော်မူသည်ရှိသော် အာဠာရရသေ့ ဥဒကရသေ့တို့ ကွယ်လွန်လေသည့်အဖြစ်ကို သိတော်မူသဖြင့် ပဉ္စဝဂ္ဂီရဟန်းတို့၏ ကျေးဇူးများသည့်အဖြစ်ကို အောက်မေ့တော်မူပြီးလျှင် နေရာမှထတော်မူ၍ ကာသိတိုင်း ဗာရာဏသီပြည်သို့ ကြွတော်မူသည်ရှိသော် ခရီးအကြား၌ ဥပကအမည်ရှိသော တက္ကတွန်းနှင့်တကွ တိုင်ပင်စကား နှုတ်ခွန်းဆက်ပြီး ကြွတော်မူခဲ့ရာ ဝါဆိုလပြည်နေ့ ဣသိပတနမည်သော မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီတို့ နေရာအရပ်သို့ ရောက်တော်မူလေ၏။ ထိုအခါ မလျောက်ပတ်သော ခေါ်ဝေါ်ပြောဆိုခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုကြကုန်သော ထို ပဉ္စဝဂ္ဂီရဟန်းတို့ကို ဘုရားဖြစ်ကြောင်းကို သိစေတော်မူပြီးလျှင် အညာသိကောဏ္ဍည အမှူးရှိကုန်သော တစ်ဆယ့်ရှစ်ကုဋေသော နတ်ဗြဟ္မာတို့အား တရားတည်းဟူသော အမြိုက်အရသာကို သောက်စေတော်မူလျက် ဓမ္မစကြာတရားတော်ကို ဟောတော်မူသဖြင့် လည်စေအပ်သော မြတ်သော တရားတည်းဟူသော စက်ရတနာ ရှိတော်မူသည်ဖြစ်၍ လဆုတ်ပက္ခ ငါးရက်မြောက်သောနေ့ (ဝါဆိုလပြည့်ကျော် ငါးရက်နေ့)၌ အလုံးစုံသော ထိုပဉ္စဝဂ္ဂီ ရဟန်းတို့ကို အရဟတ္တဖိုလ်၌ တည်စေတော်မူလေ၏။

ရှင်ယသ အမှူးရှိသော ငါးကျိပ်ငါးယောက်နှင့် ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့ ရဟန်းပြုခြင်း

ထိုနေ့၌ပင်လျှင် ယသအမည်ရှိသော သတို့သား၏ ဥပနိဿယအကြောင်းနှင့် ပြည့်စုံခြင်းကို မြင်တော်မူပြီးဖြစ်ရကား ညဉ့်အဖို့၌ ငြီးငွေ့ခြင်းကြောင့် အိမ်ကိုစွန့်၍ တောထွက်လာသော ထိုယသသတို့သားကို မြင်တော်မူလေလျှင် “ချစ်သားယသ- လာလော့”ဟု ခေါ်တော်မူပြီး ထိုညဉ့်အဖို့၌သာလျှင် သောတာပတ္တိဖိုလ်သို့ ရောက်စေတော်မူ၍ တစ်ဖန် မိုးသောက်သောနေ့၌ အရဟတ္တဖိုလ်သို့ ရောက်စေတော်မူပြန်၏။ တစ်ပါးသောအခါ၌လည်း ထိုယသသတို့သား၏ အဆွေခင်ပွန်းဖြစ်ကုန်သော ငါးကျိပ် လေးယောက်သော သူတို့ကို ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့် ရဟန်းပြုတော်မူ၍ အရဟတ္တဖိုလ်သို့ ရောက်စေတော်မူပြန်၏။ ဤသို့လျှင် လောက၌ ခြောက်ကျိပ် တစ်ပါးကုန်သော ရဟန္တာအရှင်မြတ်တို့သည် ထင်ရှားဖြစ်ကုန်ပြီးလျှင် ဝါကျွတ်သဖြင့် ပဝါရဏာ ပြုတော်မူပြီးသည်ရှိသော် “ချစ်သားရဟန်းတို့.. ဒေသစာရီ သွားကြကုန်လော့”ဟု ခြောက်ကျိပ်သော ရဟန်းတို့ကို ထိုထိုသို့သော အရပ်မျက်နှာတို့သို့ စေလွှတ်တော်မူ၍ ကိုယ်တော်မြတ်သည် ဥရုဝေလတောသို့ ကြွတော်မူ၏။ ထိုသို့ ကြွတော်မူသည်ရှိသော် ခရီးအကြား ကပ္ပါသိကတောအုပ်၌ သုံးကျိပ်သော ဘဒ္ဒဝဂ္ဂီ မင်းသားတို့ကို ဆုံးမတော်မူလေ၏။ ထိုသုံးကျိပ်သော မင်းသားတို့တွင် ဂုဏ်အားဖြင့် အလုံးစုံတို့အောက် အငယ်ဆုံးဖြစ်သောသူကား သောတာပန်ဖြစ်၏။ ဂုဏ်အားဖြင့် အလုံးစုံတို့ထက် အမြတ်ဆုံးဖြစ်သောသူကား အနာဂါမ် ဖြစ်၏။ အလုံးစုံသော ထိုဘဒ္ဒဝဂ္ဂီ မင်းသားတို့ကို ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့် ရဟန်းပြုစေ၍ အရပ်မျက်နှာတို့သို့ စေလွှတ်တော်မူလေ၏။

ရှင်တစ်ထောင်ချွတ်၍ ရာဇဂြိုဟ်သို့ ကြွဝင်တော်မူခြင်း

ကိုယ်တော်မြတ်သည်ကား ဥရုဝေလတောသို့ ကြွတော်မူ၍ သုံးထောင့်ငါးရာသော တန်ခိုးပြာဋိဟာတို့ကို ပြတော်မူသဖြင့် ဥရုဝေလကဿပ အစရှိကုန်သော တစ်ထောင်သော ရသေ့အခြံအရံရှိကုန်သော ရသေ့ညီနောင် သုံးယောက်တို့ကို ဆုံးမတော်မူပြီးလျှင် ဧဟိဘိက္ခု ရဟန်း အဖြစ်ဖြင့် ရဟန်းပြုစေတော်မူ၏။ ထို့နောက် ဂယာသီသ ကျောက်ဖျာအပြင်၌ နေစေ၍ အာဒိတ္တပရိယာယသုတ္တန်ဒေသနာတော်ဖြင့် အရဟတ္တဖိုလ်၌ တည်စေတော်မူပြီးလျှင် ထိုရဟန္တာတစ်ထောင်ဖြင့် ခြံရံလျက် “ဗိမ္ဗိသာရမင်းအား ပေးခဲ့သော ပဋိညာဉ်ကို လွတ်စေအံ့”ဟု ရာဇဂြိုဟ်ပြည်၏အနီး ထန်းတောဥယျာဉ်သို့ ကြွသွားတော်မူလေ၏။ “ဘုရားရှင်သည် ကြွလာတော်မူသတတ်”ဟူသော သတင်းစကားကိုကြား၍ တစ်သိန်းနှစ်သောင်းသော ပုဏ္ဏားသူကြွယ်တို့နှင့်တကွ ရောက်လာသော ဗိမ္ဗိသာရမင်းအား နူးညံ့သာယာစွာသော တရားစကားကို ဟောကြားတော်မူသည်ရှိသော် ဗိမ္ဗိသာရမင်းသည် တစ်သိန်းတစ်သောင်းသော ပုဏ္ဏားသူကြွယ်တို့နှင့်တကွ သောတာပတ္တိဖိုလ်၌တည်၍ တစ်သောင်းသော ပုဏ္ဏားသူကြွယ်တို့သည် သရဏဂုံ၌ တည်ကြကုန်၏။ တစ်ဖန် မိုးသောက်သောနေ့၌ သိကြားနတ်မင်းသည် လုလင်၏အသွင်အပြင်ကို ယူ၍ ချီးမွမ်းထောမနာအပ်သော ဂုဏ်ကျေးဇူးတို့ကို ကြည်နူးစဖွယ် သာယာစွာ ရှေ့တော်မှ ချီးကျူးလျက် ရာဇဂြိုဟ်ပြည်သို့ ဝင်တော်မူ၍ ဗိမ္ဗိသာရမင်း၏ ရွှေနန်းတော်၌ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြုပြီးသော် ဝေဠုဝန်ကျောင်း အာရာမ်တော်ကို အလှူခံတော်မူ၍ ထိုဝေဠုဝန်ကျောင်းအာရာမ်တော်၌သာလျှင် သီတင်းသုံး စံနေတော်မူသောအခါ မြတ်စွာဘုရားထံသို့ အရှင်သာရိပုတြာ၊ အရှင်မောဂ္ဂလာန်တို့သည် ရောက်လာ ဆည်းကပ်ကြလေကုန်၏။

ဥပတိဿနှင့် ကောလိတ

ဘုရားရှင် မပွင့်မီကာလကပင်လျှင် ရာဇဂြိုဟ်ပြည်မှ မနီးမဝေးသောအရပ်၌ ဥပတိဿရွာ၊ ကောလိတရွာဟူ၍ နှစ်ခုသော ပုဏ္ဏားရွာတို့သည် ရှိကြကုန်၏။ ထိုရွာနှစ်ရွာတို့တွင် ဥပတိဿရွာ၌ ရူပသာရီအမည်ရှိသော ပုဏ္ဏေးမ၏ဝမ်းဝယ် ကိုယ်ဝန်တည်သောနေ့၌ပင်လျှင် ကောလိတရွာ မောဂ္ဂလိ အမည်ရှိသော ပုဏ္ဏေးမ၏ဝမ်း၌လည်း ကိုယ်ဝန်တည်သည် ဖြစ်၏။ ထိုနှစ်ဦးသော အမျိုးတို့သည်လည်း ဆွေမျိုး ခုနစ်ဆက်တိုင်တိုင် အစဉ်အဆက်မပျက်သော အဆွေခင်ပွန်း ဖြစ်ကုန်သတတ်။ ထိုနှစ်ယောက်သော ပုဏ္ဏေးမတို့အားလည်း တစ်နေ့တည်း၌သာလျှင် ကိုယ်ဝန်အစောင့်အရှောက်ကို ပေးကြကုန်၏။ ထိုနှစ်ယောက်သော ပုဏ္ဏေးမတို့သည်လည်း ဆယ်လလွန်မြောက်သော် သားသူငယ်တို့ကို ဖွားမြင်ကြကုန်၏။ အမည်မှည့်အံ့သော နေ့၌ ရူပသာရီအမည်ရှိသော ပုဏ္ဏေးမ၏သားအား ဥပတိဿရွာ၌ အကြီးဖြစ်သော အမျိုး၏သားဖြစ်သောကြောင့် ဥပတိဿဟူသော အမည်ကို မှည့်ကုန်၏။ မောဂ္ဂလိပုဏ္ဏေးမ၏သားအား ကောလိတရွာ၌ အကြီးဖြစ်သော အမျိုး၏သားဖြစ်သောကြောင့် ကောလိတဟူသော အမည်ကို မှည့်ကြလေကုန်၏။

ထိုနှစ်ဦးကုန်သော အမျိုးသားတို့သည်လည်း ကြီးရင့်ခြင်းသို့ရောက်၍ အလုံးစုံသော အတတ်တို့၌ တစ်ဖက်ကမ်းရောက် တတ်မြောက်ကြကုန်၏။ ဥပတိဿ လုလင်အား ကစားခြင်းငှာ မြစ်သို့လည်းကောင်း၊ ဥယျာဉ်သို့လည်းကောင်း သွားသောအခါ ရွှေထမ်းစင် ငါးရာတို့သည် ခြံရံလိုက်ပါကြရကုန်၏။ ကောလိတ လုလင်အားလည်း အာဇာနည်မြင်း က,သော ရထားငါးရာတို့သည် ခြံရံလိုက်ပါကြရကုန်၏။ နှစ်ယောက်သော လုလင်တို့သည်လည်း ငါးရာ,ငါးရာစီ လုလင်အခြံအရံ ရှိကြကုန်၏။

ပွဲသဘင်ကြည့်ရှုရင်း တရားရှာလိုစိတ်ဖြစ်ပေါ်

ထိုအခါ ရာဇဂြိုဟ်ပြည်၌ နှစ်စဉ်မပြတ် ပြုအပ်သော တောင်ထိပ်ပွဲသဘင်မည်သည် ရှိလေ၏။ ထိုနှစ်ဦးသော လုလင်တို့အားလည်း ညောင်စောင်းကို တစ်ခုတည်းသော အရပ်၌သာ ဖွဲ့ကြ,ခင်းကြကုန်၏။ နှစ်ယောက်သော လုလင်တို့သည် တစ်ပေါင်းတည်း အတူနေ၍ ပွဲလမ်းသဘင်ကို ကြည့်ရှုကြကုန်သည်ရှိသော် ရယ်ရွှင်သင့်သော အရာ၌ ရယ်ရွှင်ကုန်၏။ ထိတ်လန့် တုန်လှုပ်ဖွယ်သော အရာ၌ ထိတ်လန့်တုန်လှုပ်ခြင်းကို ဖြစ်စေကြကုန်၏။ ဆုလာဘ်ပေးခြင်းငှာ သင့်သောအရာ၌ ဆုလာဘ် ပေးကမ်းကြကုန်၏။ ဤသို့သောနည်းဖြင့် တစ်နေ့သ၌ ပွဲသဘင်ကို ကြည့်ရှုကုန်သော ထိုသူတို့အား ဉာဏ်ရင့်သန်ခြင်းသို့ ရောက်သည့်အဖြစ်ကြောင့် ရှေးဖြစ်သော နေ့တို့၌ကဲ့သို့ ရယ်ရွှင်သင့်သောအရာ၌ ရယ်ရွှင်ခြင်းသည်လည်းကောင်း၊ ထိတ်လန့် တုန်လှုပ်ဖွယ်သော အရာ၌ ထိတ်လန့်တုန်လှုပ်ခြင်းသည်လည်းကောင်း၊ ဆုလာဘ်ပေးသင့်သောအရာ၌ ဆုလာဘ်ပေးခြင်းသည်လည်းကောင်း မဖြစ်လေပြီ။ ထိုသို့ ပွဲလမ်းသဘင် ကြည့်ရှုစဉ် နှစ်ယောက်သောသူတို့သည် ဤသို့ ကြံကြကုန်၏။ “ဤပွဲလမ်းသဘင်၌ ကြည့်ရှုဖွယ်ရာ တစ်စုံတစ်ခုသော အခြင်းအရာသည် အဘယ်မှာ ရှိသနည်း၊ ဤအလုံးစုံသော သတ္တဝါတို့သည် အနှစ်တစ်ရာသို့ မရောက်မီ မိမိ၏ အမည်ပညတ်မျှ မရှိသည်၏အဖြစ်သို့ ရောက်ကြကုန်လတ္တံ့၊ ငါတို့သည်ကား ဝဋ်မှထွက်မြောက်ရာ တစ်ခုသောတရားကို ရှာခြင်းငှာ သင့်၏”ဟူသော အာရုံကိုယူ၍ နေကြကုန်၏။ ထို့နောက်မှ ကောလိတသည် ဥပတိဿကို “အဆွေဥပတိဿ- သင်ကား အခါတစ်ပါး အခြားသော နေ့ရက်တို့၌ကဲ့သို့ ဝမ်းမြောက်ဝမ်းသာ မရှိ၊ နှလုံးမသာခြင်း သဘောရှိသည် ဖြစ်၏၊ သင်သည် အဘယ်အာရုံကို အမှတ်အသား ပြုနေသနည်း”ဟု မေးလတ်သော် “အဆွေကောလိတ၊ ထိုပွဲသဘင်တို့ကို ကြည့်ရှုရာ၌ အနှစ်မရှိ၊ ထိုပွဲသဘင်ကို ကြည့်ရှုခြင်းသည် အကျိုးမရှိ၊ မိမိ၏ ဝဋ်မှထွက်မြောက်ရာတရားကို ရှာခြင်းငှာ သင့်သည်ဟု ကြံစည် အောက်မေ့လျက် နေပေသည်။ အသင်ကား အဘယ့်ကြောင့် နှလုံးမသာခြင်း သဘောရှိသနည်း”ဟု မေးပြန်၏။ ထိုကောလိတသည်လည်း ဥပတိဿနှင့်တူစွာ ပြောဆိုသောအခါ ဥပတိဿသည် ကောလိတ၏ မိမိနှင့်အတူတကွ အလိုတူသည့်အဖြစ်ကို သိရ၍ “နှစ်ယောက်သော ငါတို့အား ကောင်းသောအကြံကို ကြံမိ၏။ ဝဋ်မှထွက်မြောက်ရာ တရားကို ရှာလိုကုန်သော ငါတို့သည် တစ်ခုသော ရဟန်းအဖြစ်ကို ရခြင်းငှာ သင့်၏။ ထို့ကြောင့် ဘယ်ဆရာ့အထံ၌ ရဟန်းပြုကြရကုန်အံ့နည်း”ဟု ဆိုလေ၏။

သိဉ္စည်းဆရာကြီးထံ တပည့်ခံ

ထိုအခါ သိဉ္စည်းပရိဗိုဇ်သည် ရာဇဂြိုဟ်ပြည်၌ များစွာသော ပရိဗိုဇ်ပရိသတ်နှင့်တကွ နေ၏။ ဥပတိဿနှင့် ကောလိတတို့သည် ထိုသိဉ္စည်း ပရိဗိုဇ်အထံ၌ ရဟန်းပြုကုန်အံ့ဟူ၍ ငါးရာသော လုလင်တို့ကို “ထမ်းစင်တို့ကိုလည်းကောင်း၊ ရထားတို့ကိုလည်းကောင်း သင်တို့ ယူသွားကြကုန်လော့”ဟု လွှတ်လိုက်၍ ထိုနှစ်ဦးကုန်သော လုလင်တို့သည်လည်း တစ်ခုသော ထမ်းစင်၊ တစ်ခုသော ရထားတို့ဖြင့် သွား၍ သိဉ္စည်းပရိဗိုဇ်အထံ၌ ရဟန်းပြုကြလေကုန်၏။

ထိုဥပတိဿ၊ ကောလိတတို့ ရဟန်းပြုသောကာလမှစ၍ သိဉ္စည်းပရိဗိုဇ်သည် အလွန်လျှင် ကြီးမြတ်သော လာဘ် ပူဇော်သက္ကာရ ရှိသည့်အဖြစ်သို့ ရောက်လေ၏။ ထိုဥပတိဿ၊ ကောလိတတို့သည် နှစ်ရက်သုံးရက်ဖြင့်သာလျှင် သိဉ္စည်းပရိဗိုဇ်၏ အလုံးစုံသောအယူကို မွှေနှောက်ချောက်ချား၍ “ဆရာ- သင်တို့သိသော အယူဝါဒသည် ဤမျှသာ ရှိလေသလော၊ သို့တည်းမဟုတ် ထို့ထက်အလွန် ရှိသေးသလော”ဟု မေးကြကုန်သည်ရှိသော် “ဤမျှသာလျှင်တည်း၊ သင်တို့သည် အလုံးစုံကို သိကြရလေကုန်ပြီ”ဟု ပြန်ကြားဖြေဆိုလေ၏။

အမြိုက်တရားကိုသာ သူတို့ရှာ

ထိုအခါ ဥပတိဿ၊ ကောလိတတို့သည် “ဤသို့ ဖြစ်သည်ရှိသော် ဤဆရာ၏အထံ၌ ကျင့်သုံးအပ်သော မြတ်သော အကျင့်သည် အကျိုးမရှိ၊ ငါတို့သည် ဝဋ်မှထွက်မြောက်ရာ တရားကို ရှာခြင်းငှာ ထွက်လာခဲ့ကုန်၏။ ထိုတရားကို ဤဆရာ၏အထံ၌ ဖြစ်စေခြင်းငှာ မတတ်ကောင်း၊ ဇမ္ဗုဒီပါကျွန်းသည် ကျယ်ဝန်းသည်သာလျှင်တည်း၊ ရွာ,နိဂုံး,မင်းနေပြည်တို့သို့ လှည့်လည်ကုန်သည်ရှိသော် မချွတ်လျှင် ဝဋ်မှထွက်မြောက်ရာ တရားကို ဟောတတ်သော တစ်စုံ တစ်ယောက်သော ဆရာကို ရကုန်အံ့”ဟု ကြံကြကုန်၏။ ထိုအခါမှစ၍ အကြင်အကြင်အရပ်၌ ပညာရှိကုန်သော ရဟန်းပုဏ္ဏားတို့သည် ရှိကုန်၏ဟူ၍ ဆိုကြကုန်၏၊ ထိုထိုအရပ်သို့သွား၍ ဆွေးနွေး မေးမြန်းကြကုန်၏။ ထိုဥပတိဿ၊ ကောလိတတို့ မေးမြန်းအပ်သော ပြဿနာကို တစ်ပါးကုန်သော ပညာရှိတို့သည် ဖြေဆိုခြင်းငှာ မတတ်နိုင်ကုန်။ ထိုဥပတိဿ၊ ကောလိတတို့ကား ထိုပညာရှိတို့၏ပြဿနာကို ဖြေဆိုနိုင်ကြကုန်၏။ ဤသို့လျှင် အလုံးစုံသော ဇဗ္ဗုဒီပါကျွန်းသို့ လှည့်လည်စုံစမ်း၍ ပြန်လည်ခဲ့ပြီးလျှင် မိမိတို့ နေရင်းအရပ်သို့သာလျှင် ပြန်လာ၍ “အဆွေ ကောလိတ- ငါတို့နှစ်ယောက်တွင် ရှေးဦးစွာ သေခြင်းကင်းရာ အမြိုက်တရားကို ရသောသူသည် တစ်ယောက်အား ပြန်ကြား ပြောဆိုစေသတည်း”ဟု ကတိကဝတ် ပြုကြလေကုန်၏။

အရှင်အဿဇိမထေရ်နှင့် တွေ့ခြင်း

ဤသို့လျှင် ဥပတိဿ၊ ကောလိတတို့သည် ကတိကဝတ်ကိုပြု၍ နေကြကုန်သည်ရှိသော် ဆိုအပ်ခဲ့ပြီးသော စကားအစဉ်ဖြင့် မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ရောက်၍ ဝေဠုဝန်ကျောင်းတော်ကို အလှူခံပြီးလျှင် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူ၏။ ထိုအခါ “ချစ်သား ရဟန်းတို့- များစွာသောလူတို့၏ အစီးအပွားအကျိုးငှာ ဒေသစာရီ လှည့်လည်ကြကုန်လော့”ဟု ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို ပြခြင်းငှာ ဘုရားရှင် စေလွှတ်အပ်ကုန်သော ခြောက်ကျိပ် တစ်ပါးသော ရဟန္တာတို့၏အတွင်းဝယ် ပဉ္စဝဂ္ဂီရဟန်းတို့တွင် အပါအဝင် အရှင်အဿဇိမထေရ်သည် တစ်ဖန် ပြန်လည်ခဲ့၍ ရာဇဂြိုဟ်ပြည်သို့ ရောက်လာလေ၏။ ထိုအဿဇိ မထေရ်သည် မိုးသောက်သောအခါ နံနက်စောစောကသာလျှင် သပိတ်သင်္ကန်းကို ယူဆောင်၍ ရာဇဂြိုဟ်ပြည်တွင်းသို့ ဆွမ်းအလို့ငှာ ဝင်တော်မူလေ၏။ ထိုအခါ ဥပတိဿ ပရိဗိုဇ်သည်လည်း နံနက်စောစောကသာလျှင် ဆွမ်းစားခြင်းကိစ္စကို ပြုပြီး၍ ပရိဗိုဇ်တို့၏နေရာ အာရာမ်သို့သွားစဉ် အဿဇိမထေရ်ကိုမြင်၍ “ငါကား ဤသို့သဘောရှိသော ရဟန်းမည်သည်ကို မမြင်ဖူးသည်သာလျှင်တည်း၊ လောက၌ ရဟန္တာ, ရဟန္တာဖြစ်ကြောင်း လမ်းကောင်းသို့ရောက်ကုန်သော ရဟန်းတို့တွင် ဤရဟန်းသည် တစ်ပါးအပါအဝင် ဖြစ်ပေလိမ့်မည်၊ ငါသည် ဤရဟန်းအထံသို့ ချဉ်းကပ်၍ “ငါ့ရှင်- သင်ကား အဘယ်သူကို ရည်မှန်း၍ ရဟန်းပြုသနည်း၊ သင်၏ဆရာကား အဘယ်သူနည်း၊ အဘယ်သူ၏တရားကို နှစ်သက်သနည်း”ဟု မေးရမူကား ကောင်းလေစွ”ဟု အကြံဖြစ်လေ၏။

ထိုအခါ ထိုဥပတိဿ ပရိဗိုဇ်အား ဤသို့ အကြံဖြစ်လေ၏။ “ဤရဟန်းကို ပြဿနာမေးခြင်းငှာ အခါမဟုတ်သေး၊ ရွာတွင်းသို့ဝင်၍ ဆွမ်းအလို့ငှာ လှည့်လည်သွားလာသေး၏။ သေချာတိတိ မသိသော ခရီးလမ်းကို ဖြောင့်တန်းစွာ သိရှိလိုကုန်သော သူတို့သည် နောက်မှနောက်မှ အစဉ်တစိုက် လိုက်ဘိသကဲ့သို့ ငါသည် ဤရဟန်းသို့ နောက်မှနောက်မှ အစဉ်အတိုင်း လိုက်ရမူကား ကောင်းလေစွ”ဟု နှလုံးသွင်း၍ နောက်မှနောက်မှ အစဉ်လိုက်လေ၏။ အဿဇိမထေရ်သည် ဆွမ်းခံပြီး၍ အမှတ်မရှိ အရပ်တစ်ပါးသို့သွား၍ ထိုင်ခြင်းငှာ အလိုရှိသည့်အဖြစ်ကို ထိုဥပတိဿသည်သိ၍ မိမိ၏ ပရိဗိုဇ်နေရာ အင်းပျဉ်ကို ခင်း၍ပေးလေ၏။ ထိုဥပတိဿသည် မထေရ်မြတ် ဆွမ်းစားပြီးသော အဆုံး၌လည်း မိမိကရားမှ ရေကိုယူ၍ ပေးလှူလေ၏။ ဤသို့ ဆရာ့ဝတ်ကိုပြု၍ ဆွမ်းစားခြင်းကိစ္စ ပြီးစီးသည်ရှိသော် မထေရ်နှင့်အတူတကွ သာယာချေငံစွာ စကားပြောဟောခြင်းကိုပြု၍ “ငါ့ရှင်- သင်၏ မျက်စိစသော ဣန္ဒြေတို့သည် စင်စစ် ကြည်လင်ကုန်၏။ ကိုယ်အဆင်းသည် ဖြူစင်၏။ ဖြိုးပြိုးပြက်ရှိ၏၊ သင်သည် အဘယ်သူကို ရည်မှန်း၍ ရဟန်းပြုသနည်း၊ သင့်ဆရာကား အဘယ်သူနည်း၊ သင်သည် အဘယ်သူ့တရားကို နှစ်သက်သနည်း”ဟု မေးလေ၏။ အဿဇိထေရ်သည် “ဤပရိဗိုဇ်တို့မည်သည်ကား သာသနာတော်၏ ဆန့်ကျင်ဘက် ဖြစ်ကုန်၏။ ဤသူအား သာသနာတော်၏ နက်နဲသိမ်မွေ့သည့်အဖြစ်ကို ပြအံ့”ဟု ကြံတော်မူ၍ မိမိ၏ သီတင်းငယ်အဖြစ်ကို ပြလိုသောကြောင့် “ငါ့ရှင်- ငါသည်ကား သီတင်းငယ်တည်း၊ ရဟန်းပြု၍ မကြာမြင့်သေး၊ ယခုပင် သာသနာ့ဘောင်သို့ ရောက်လာ၏။ ငါသည် အကျယ်အားဖြင့် တရားဟောခြင်းငှာ မတတ်နိုင်သေး”ဟု ဆိုလေ၏။ ထိုအခါ ပရိဗိုဇ်သည် “အကျွန်ုပ်ကား ဥပတိဿမည်သော သူပါတည်း၊ အရှင်ဘုရားသည် အစွမ်းသတ္တိ ရှိသည်အားလျော်စွာ နည်းများမဟူ ဟောတော်မူပါလော့၊ ထိုတရားစကားကို နည်းတစ်ရာ၊ နည်းတစ်ထောင်ဖြင့် ထိုးထွင်း၍ သိခြင်းကား အကျွန်ုပ်၏ တာဝန်တည်း”ဟု ကြံစည်၍ ဤဂါထာကို ဆိုလေ၏။

အပ္ပံ ဝါ ဗဟုံ ဝါ ဘာသဿု၊ အတ္ထညေဝ မေ ဗြူဟိ။
အတ္ထေနေဝ မေ အတ္ထော၊ ကိံ ကာဟသိ ဗျဉ္ဇနံ ဗဟုံ။

အပ္ပံ ဝါ၊ နည်းသော တရားကိုသော်လည်းကောင်း။ ဗဟုံ ဝါ၊ များသော တရားကိုသော်လည်းကောင်း။ ဘာသဿု၊ ဟောတော်မူပါလော့။ မေ၊ အကျွန်ုပ်အား။ အတ္ထညေဝ၊ အနက်ကိုသာလျှင်။ ဗြူဟိ၊ ဟောပါလော့။ မေ၊ အကျွန်ုပ်အား။ အတ္ထေနေဝ၊ အနက်ဖြင့်သာလျှင်။ အတ္ထော၊ အလိုရှိပါ၏။ ဗဟုံ၊ များစွာသော။ ဗျဉ္ဇနံ၊ သဒ္ဒါကို။ ကိံ ကာဟသိ၊ အဘယ်သို့ ပြုလတ္တံ့နည်း။

အရှင်အဿဇိမထေရ် ဟောသောတရား

ဤသို့ ပရိဗိုဇ်ဆိုသည်ရှိသော် မထေရ်သည် “ယေ ဓမ္မာ ဟေတုပ္ပဘဝါ” အစရှိသော ဂါထာကို ဟောတော်မူလေ၏။ ပရိဗိုဇ်သည် ရှေ့နှစ်ပါဒကိုသာလျှင် ကြားနာရ၍ နည်းတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော သောတာပတ္တိဖိုလ်၌ တည်လေ၏။ နောက်နှစ်ပါဒကို သောတာပတ္တိဖိုလ်သို့ ရောက်သောကာလ၌ ပြီးစေ၏။ ထိုဥပတိဿ ပရိဗိုဇ်သည် သောတာပန်ဖြစ်၍ အထက်မဂ်ဖိုလ် အထူးကို မဖြစ်စေနိုင်သည်ရှိသော် “ဤအထက်မဂ်ဖိုလ် အထူးကို မဖြစ်စေနိုင်သောအရာ၌ အကြောင်းရှိသည် ဖြစ်လတ္တံ့”ဟု မှတ်သား၍ အဿဇိမထေရ်ကို “အရှင်ဘုရား- အထက်မဂ်ဖိုလ်အလို့ငှာ တရားဟောခြင်းကို မပွားတိုးပါစေကုန်လင့်၊ ဤမျှသော တရားဟောခြင်းသည်သာလျှင် ဖြစ်ပါစေလော့၊ တပည့်တော်တို့ဆရာ ဘုရားရှင်သည် အဘယ်အရပ်၌ သီတင်းသုံးနေတော်မူပါသနည်း”ဟု မေးလျှောက်လေ၏။

ထိုအခါ အဿဇိမထေရ်သည် “ငါ့ရှင်- ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏”ဟု မိန့်တော်မူလျှင် “အရှင်ဘုရား- ထိုသို့ဖြစ်မူ အရှင်ဘုရားတို့သည် ရှေ့မှ ကြွနှင့်တော်မူကြပါ၊ တပည့်တော်အား အဆွေခင်ပွန်းတစ်ယောက် ရှိပါသေးသည်၊ တပည့်တော်တို့မှာ ရှေးဦးစွာ အမြိုက်တရားကို သိသောသူသည် ပြန်ကြား ပြောဆိုစေသတည်းဟု တပည့်တော်တို့ အချင်းချင်း ကတိကဝတ်ကိုပြု၍ ထားပါသည်၊ တပည့်တော်သည် ထိုသို့ ဝန်ခံခြင်းကို လွတ်စေ၍ အဆွေခင်ပွန်းကို ခေါ်ခဲ့ပြီးလျှင် အရှင်ဘုရားတို့လာသော လမ်းခရီးဖြင့်သာ မြတ်စွာဘုရားအထံသို့ လိုက်လာကြပါအံ့”ဟု ငါးပါးသော တည်ခြင်းဖြင့် (ဒူးနှစ်ဖက်၊ လက်ဝါးနှစ်ဖက်၊ နဖူးဟူသော အင်္ဂါငါးပါးကို မြေ၌,ကြမ်း၌ တည်အောင်ထား၍ ဦးကျအောင်ချ၍ ရှိခိုးခြင်းသည် ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးခြင်းမည်၏။) မထေရ်၏ခြေရင်း၌ ပျပ်ဝပ်ရှိခိုး၍ သုံးကြိမ် လက်ယာရစ် လှည့်လည်သည်ကိုပြု၍ မထေရ်ကို လွှတ်လိုက်ပြီးလျှင် ပရိဗိုဇ်တို့၏ အာရာမ်သို့ ရှေးရှုသွားလေ၏။ ထိုအခါ ကောလိတ ပရိဗိုဇ်သည် အဝေးမှလာသော ထိုဥပတိဿ ပရိဗိုဇ်ကို မြင်လျှင် “ယနေ့ ငါ့အဆွေခင်ပွန်း၏ မျက်နှာအဆင်းသည် တစ်ပါးသော နေ့ရက်တို့၌ကဲ့သို့ မဟုတ်၊ ထိုဥပတိဿသည် အမြိုက်တရားကို မချွတ်ရခဲ့သည်ဖြစ်လတ္တံ့”ဟု နှလုံးသွင်းလျက် အမြိုက်တရားရခြင်းကို မေးလေ၏။ ထိုဥပတိဿသည်လည်း ကောလိတအား “ငါ့ရှင်- အမြိုက်တရားကို ရသည်မှန်၏”ဟုဝန်ခံ၍ ထိုဂါထာကိုပင်လျှင် ဟောလေ၏။ ဂါထာအဆုံး၌ ကောလိတသည်လည်း သောတာပတ္တိဖိုလ်၌တည်၍ “အဆွေဥပတိဿ- ငါတို့ဆရာ ဘုရားရှင်သည် အဘယ်အရပ်၌ သီတင်းသုံးနေတော်မူသနည်း”ဟု မေးလေ၏။ “အဆွေကောလိတ- ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏ဟု ငါတို့ဆရာဖြစ်သော အဿဇိမထေရ်သည် မိန့်မှာတော်မူခဲ့ပေသည်”ဟု ပြောလတ်သော် “အဆွေဥပတိဿ- ထိုသို့ဖြစ်မူ လာ-သွားကြကုန်စို့၊ မြတ်စွာဘုရားကို ဖူးမြင်ကြကုန်အံ့”ဟု ဆို၏။

သိဉ္စည်းဆရာကြီးအား ဘုရားထံသို့ လိုက်ရန်ခေါ်

ဤအရှင်သာရိပုတြာ မည်သည်ကား အခါခပ်သိမ်းပင် ဆရာသမားတို့အား ပူဇော်တတ်သည်သာလျှင်တည်း။ ထို့ကြောင့် အဆွေခင်ပွန်းဖြစ်သော ကောလိတကို “အဆွေ ကောလိတ- ငါတို့ရအပ်သော အမြိုက်တရားကို ငါတို့ဆရာဖြစ်သော သိဉ္စည်းဆရာကြီးအားလည်း ပြောကြားကြကုန်ဦးအံ့၊ ကျွတ်ထိုက်သည်ရှိသော် ထိုးထွင်း၍ သိပေလတ္တံ့၊ ထိုးထွင်း၍ မသိသည်ရှိသော် ငါတို့ကို ယုံကြည်၍ ဘုရားအထံသို့ သွားရောက်ပေလတ္တံ့၊ ဘုရားရှင်၏ တရားဟောခြင်းကို ကြားနာရသည်ရှိသော် မဂ်ဖိုလ်ကို ထိုးထွင်း၍ သိခြင်းကို ပြုလတ္တံ့”ဟု ဆို၏။ ထိုသို့ ပြောဆိုပြီးလျှင် နှစ်ယောက်ကုန်သော ဥပတိဿ၊ ကောလိတတို့သည်လည်း သိဉ္စည်းပရိဗိုဇ်အထံသို့ သွားကြလေကုန်၏။ သိဉ္စည်းပရိဗိုဇ်သည် ထိုဥပတိဿ၊ ကောလိတတို့ကို မြင်လျှင်မြင်ချင်း “ချစ်သားတို့- အသို့နည်း၊ သင်တို့အား တစ်စုံတစ်ယောက်သော အမြိုက်တရား ရောက်ကြောင်းလမ်းကို ဟောပြတတ်သောသူကို ရခဲ့သလော”ဟု မေး၏။ ထိုအခါ “ဆရာ- ရခဲ့ပါပြီ”ဟု ပြောဆိုပြီးလျှင် “လောက၌ မြတ်စွာဘုရားသည် ထင်ရှားပွင့်တော်မူ၏၊ လောက၌ တရားတော်သည် ထင်ရှားဖြစ်တော်မူ၏။ လောက၌ သံဃာတော်သည် ထင်ရှား ဖြစ်တော်မူ၏၊ ဆရာတို့သည် အချည်းနှီးဖြစ်၍ အနှစ်မရှိသောအရာ၌ လှည့်လည်၍ နေကြကုန်၏၊ ထို့ကြောင့် ကြွလာပါ၊ ဘုရားအထံသို့ သွားကြကုန်အံ့”ဟု ခေါ်ကြကုန်၏။

ထိုအခါ ဆရာကြီးက “သင်တို့သာ သွားကြလေကုန်၊ ငါသည်ကား သွားခြင်းငှာ မတတ်နိုင်”ဟု ဆိုသဖြင့် “အဘယ့်ကြောင့် မတတ်နိုင်သနည်း”ဟု မေးသည်ရှိသော် သိဉ္စည်းဆရာက “ငါကား လူများအပေါင်း၏ ဆရာကြီးတစ်ဆူဖြစ်၍ လှည့်လည်နေပြီးမှ အတွင်းတပည့်ဖြစ်၍ နေခြင်းသည် အိုးစရည်းကြီးသည် ရေလောင်းအိုးငယ်အဖြစ်သို့ ရောက်ခြင်းကဲ့သို့ ဖြစ်၏။ ငါသည် အန္တေဝါသိက တပည့်အဖြစ်ဖြင့်နေခြင်းငှာ မတတ်နိုင်”ဟု ဆိုပြန်သဖြင့် “ဆရာ- ဤသို့ မပြုပါလင့်”ဟု တောင်းပန်ကြသော်လည်း “ချစ်သားတို့- ရှိစေတော့ သင်တို့သည်သာ သွားကြလေကုန်၊ ငါကား သွားခြင်းငှာ မတတ်နိုင်”ဟု ဆို၏။

ပညာမဲ့သူရှိရာ ပညာမဲ့တို့ လာလိမ့်မယ်

ထိုအခါ “ဆရာ- လောက၌ ဘုရားရှင် ပွင့်တော်မူသော အခါမှစ၍ လူအပေါင်းသည် ပန်းနံ့သာစသည်ကို လက်စွဲကာ သွား၍ ထိုဘုရားရှင်ကိုသာလျှင် ပူဇော်ကြကုန်လတ္တံ့၊ အကျွန်ုပ်တို့သည်လည်း ထိုဘုရားရှိရာသို့သာ သွားကြကုန်လတ္တံ့၊ အရှင်ဆရာတို့သည် အဘယ်သို့ ပြုကုန်အံ့နည်း”ဟု မေးသည်ရှိသော် “ချစ်သားတို့- ဤလောက၌ ပညာနုံ့သော သူတို့သည် များကုန်သလော၊ သို့တည်းမဟုတ် ပညာရှိသောသူတို့သည် များကုန်သလော”ဟု မေးသဖြင့် “ဆရာ- ပညာနုံ့သောသူတို့သာ များကုန်၏၊ ပညာရှိသောသူတို့ကား အနည်းငယ် တစ်ခါတစ်ရံသာ ဖြစ်ကုန်၏”ဟု ပြောသည်ရှိသော် “ချစ်သားတို့- ထိုသို့ဖြစ်မူ ပညာရှိသောသူတို့သည် ရဟန်းဂေါတမအထံသို့ သွားကုန်လတ္တံ့၊ ပညာနုံ့သောသူတို့သည် ငါတို့အထံသို့ လာကုန်လတ္တံ့၊ သင်တို့သည် သွားကြလေကုန်၊ ငါသည် သွားခြင်းငှာ မတတ်နိုင်”ဟု ဆိုပြန်သဖြင့် “ထိုသို့ဖြစ်ဘိမူကား ဆရာအရှင်တို့သည် သိသာထင်ရှားကြကုန်လတ္တံ့”ဟု ဆို၍ ဖဲသွားကြလေကုန်၏။

ဥပတိဿနှင့်ကောလိတတို့ ဧဟိဘိက္ခု ရဟန်းဖြစ်ကြခြင်း

ထိုဥပတိဿ၊ ကောလိတတို့ သွားကြကုန်သည်ရှိသော် သိဉ္စည်းပရိဗိုဇ်၏ ပရိသတ်တို့သည် ဖရိုဖရဲ ပျက်စီးကြကုန်၏။ ထိုခဏ၌ ပရိဗိုဇ်အာရာမ်သည် အချည်းနှီး ဖြစ်လေ၏။ ထိုသိဉ္စည်းဆရာသည် အချည်းနှီးသော ကျောင်းအာရာမ်ကို မြင်လျှင် မရွှင်လဲလူ ဗျာပါထူ၍ ပူသောသွေးကို အန်လေသတည်း။ ထိုဥပတိဿ၊ ကောလိတတို့နှင့် အတူတကွ သွားကြကုန်သော ငါးရာသော ပရိဗိုဇ်တို့တွင် နှစ်ရာ့ငါးဆယ်သောသူတို့သည် သိဉ္စည်းဆရာ၏အထံသို့ ပြန်လည်နေရစ်ကြကုန်၏။ ထိုနှစ်ရာ့ငါးဆယ်တို့ သွားကုန်သည်ရှိသော် ဥပတိဿ၊ ကောလိတတို့သည် မိမိ၏ အန္တေဝါသိကဖြစ်သော နှစ်ရာ့ငါးဆယ်သော ပရိဗိုဇ်တို့နှင့် ဝေဠုဝန် ကျောင်းတော်သို့ သွားကြလေကုန်၏။ မြတ်စွာဘုရားသည် ပရိသတ်လေးပါးအလယ်၌ နေတော်မူလျက် တရားဟောတော်မူစဉ် အဝေးမှလာကုန်သော ထိုဥပတိဿ၊ ကောလိတတို့ကို မြင်တော်မူ၍ ရဟန်းတို့ကို ခေါ်တော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ကောလိတ,ဥပတိဿ ဟူကုန်သော ဤအဆွေခင်ပွန်းနှစ်ယောက်တို့သည် လာကုန်၏။ ထိုသူတို့သည် ငါဘုရား၏ ကောင်းမြတ်သော အဂ္ဂသာဝက အစုံသည် ဖြစ်လတ္တံ့”ဟု မိန့်တော်မူနှင့်လေ၏။ ထိုဥပတိဿ၊ ကောလိတတို့သည် မြတ်စွာဘုရားကို ရှိခိုး၍ တင့်အပ် လျောက်ပတ်သောအရပ်၌ နေကြကုန်၏။ နေပြီး၍လည်း ထိုအဆွေခင်ပွန်း နှစ်ယောက်တို့သည် မြတ်စွာဘုရားကို “ဘုန်းတော် အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား.. တပည့်တော်တို့သည် ဘုရားရှင်အထံတော်၌ ရှင်ရဟန်းအဖြစ်ကို ရလိုကြပါကုန်၏”ဟု လျှောက်ကြားကြကုန်သည်ရှိသော် မြတ်စွာဘုရားသည် “ဧထ ဘိက္ခဝေါ” ဘိက္ခဝေါ၊ ချစ်သားရဟန်းတို့။ တုမှေ၊ သင်တို့သည်။ ဧထ၊ လာကြကုန်လော့ဟု ခေါ်တော်မူ၍ “သွာက္ခာတော ဓမ္မော၊ စရထ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယ။” ဓမ္မော၊ တရားတော်ကို။ သွာက္ခာတော၊ ကောင်းစွာ ဟောအပ်ပြီ။ သမ္မာ၊ ကောင်းစွာ။ ဒုက္ခဿ၊ ဆင်းရဲအပေါင်း၏။ အန္တကိရိယာယ၊ အဆုံးကို ပြုခြင်းငှာ။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ စရထ၊ ကျင့်ကြကုန်လော့။ ဤသို့ မိန့်ဆိုတော်မူသောစကား၏ အခြားမဲ့၌ အလုံးစုံသော သူတို့သည် တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းကို ဆောင်ကုန်လျက် ဝါတော် ခြောက်ဆယ်ရှိသော မထေရ်ကြီးတို့ကဲ့သို့ ဖြစ်လေကုန်၏။

သာဝကပါရမီဉာဏ်၏ အထွတ်အထိပ်သို့ ရောက်ခြင်း

ထို့နောက်မှ ဥပတိဿ၊ ကောလိတတို့၏ တပည့်ပရိသတ်အား စရိုက်,အလေ့အကျင့်၏ အစွမ်းဖြင့် ဘုရားရှင်သည် တရားဒေသနာကို ကောင်းစွာဆင့်ပွား ဟောကြားတော်မူ၏။ နှစ်ပါးသော အဂ္ဂသာဝကတို့ကို ချန်ထား၍ ကြွင်းသော ပရိဗိုဇ်တို့သည် အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။ အဂ္ဂသာဝကတို့မှာမူကား အထက်မဂ်သုံးပါးကိစ္စသည် အပြီးအဆုံးသို့ မရောက်လေ။ အဘယ့်ကြောင့်နည်းဟူမူကား သာဝကပါရမီဉာဏ်၏ ကျယ်ဝန်းသည်၏ အဖြစ်ကြောင့်တည်း။ (ဥပတိဿကား သာရီပုဏ္ဏေးမ၏ သားဖြစ်ခြင်းကြောင့် သာရိပုတြာ၊ ကောလိတကား မောဂ္ဂလိပုဏ္ဏေးမ၏ သားဖြစ်ခြင်းကြောင့် မောဂ္ဂလာန်ဟု အမည်တွင်လေ၏။) ထို့နောက် အရှင်မောဂ္ဂလာန်သည် ရဟန်းပြုသောနေ့မှစ၍ ခုနစ်ရက်မြောက်သောနေ့၌ မဂဓတိုင်း ကလ္လဝါဠမည်သောရွာကို အမှီပြု၍ နေတော်မူစဉ် ငိုက်မျဉ်းခြင်း ထိနမိဒ္ဓ သက်ဝင်သည်ရှိသော် ဘုရားရှင်သည် ထိတ်လန့်စေလျက် ငိုက်မျဉ်းခြင်း ထိန,မိဒ္ဓကို ပယ်ဖျောက်၍ ဘုရားရှင်ပေးအပ်သော ဓာတ်ကမ္မဋ္ဌာန်းကို နာကြားလျက်သာလျှင် အထက်မဂ်သုံးပါးကိစ္စကို ပြီးစေ၍ သာဝကပါရမီဉာဏ်၏ အထွတ်အထိပ်သို့ ရောက်တော်မူလေ၏။ အရှင်သာရိပုတြာ မထေရ်သည်လည်း ရဟန်းပြုသောနေ့မှစ၍ လခွဲလွန်သော် ဘုရားရှင်နှင့်တကွ ထိုရာဇဂြိုဟ်ပြည်ကိုသာလျှင် အမှီပြု၍ သူကရခတမည်သော ဝက်တူးလိုဏ်ဂူ၌ နေတော်မူလျက် မိမိတူဖြစ်သော ဒီဃနခပရိဗိုဇ်အား ဝေဒနာ ပရိဂ္ဂဟဏသုတ္တန်ကို ဟောတော်မူသည်ရှိသော် သုတ်ကို အစဉ်လျှောက်သဖြင့် ဉာဏ်ကိုစေလွှတ်၍ သူတစ်ပါးအလို့ငှာ ခူးအပ်သောထမင်းကို သုံးဆောင်သောသူကဲ့သို့ သာဝကပါရမီဉာဏ်၏ အထွတ်အထိပ်သို့ ရောက်တော်မူလေ၏။

(အရှင် သာရိပုတြာသည် ပညာကြီးတော်မူသည် မဟုတ်လော၊ ထိုသို့ ပညာကြီးပါလျက် အဘယ့်ကြောင့် အရှင်မဟာမောဂ္ဂလာန်ထက် ကြာမြင့်စွာမှ သာဝကပါရမီဉာဏ်ကို ရောက်လေဘိသနည်းဟု ဆိုငြားအံ့၊ များသော ပရိကံ (အသိုင်းအဝိုင်း အခြေပြု) ရှိသည့် အဖြစ်ကြောင့်တည်း။ ထင်စွာဆိုဦးအံ့၊ ဆင်းရဲသောသူတို့သည် တစ်စုံတစ်ခုသောအရပ်သို့ သွားလိုသည်ရှိသော် လျင်စွာ ထွက်သွားနိုင်ကြကုန်၏။ မင်းတို့မှာမူကား ဆင်ယာဉ်, မြင်းယာဉ်, ကကြိုးတန်ဆာ, ဗိုလ်ပါစစ်သည် အစရှိသည်တို့ဖြင့် များစွာသော အဆောက်အဦကို ရခြင်းငှာ သင့်သည်ဖြစ်၍ ထိုအလုံးစုံကို ပြင်ဆင်စုရုံးရသောကြောင့် ဖြည်းဖြည်းလေးလေး ကြာမြင့်မှ ထွက်ရသကဲ့သို့ ထို့အတူ ဤဥပမာ ပြည့်စုံခြင်းကို သိအပ်၏။)

အဂ္ဂသာဝကအရာပေး၍ ကဲ့ရဲ့ကြခြင်း

ထိုနေ့ပင်လျှင် မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူလျက် သာဝကအစည်းအဝေးကိုပြု၍ နှစ်ဦးသော မထေရ်တို့အား အဂ္ဂသာဝကအရာကိုပေး၍ ပါတိမောက်ကို ပြတော်မူ၏။ (အဆုံးအမတရား ဟောတော်မူ၏။) ရဟန်းတို့သည် “မြတ်စွာဘုရားကား မျက်နှာကြည့်၍ ဆွမ်းပေးသည်။ (မျက်နှာကြီးရာ ဟင်းဖတ်ပါသည်။) အဂ္ဂသာဝကအရာကို ပေးလိုပါမူကား ရှေးဦးစွာ ရဟန်းဖြစ်သော ပဉ္စဝဂ္ဂီတို့အား ပေးခြင်းငှာ သင့်၏။ ဤပဉ္စဝဂ္ဂီတို့ကို မကြည့်သည်ရှိသော် ယသမထေရ်လျှင် အမှူးအကြီးဖြစ်ကုန်သော ငါးကျိပ်ငါးပါးကုန်သော ရဟန်းတို့အား ပေးခြင်းငှာ သင့်၏။ ဤရဟန်းတို့ကို မကြည့်ပြန်သည်ရှိသော် သုံးကျိပ်သော ဘဒ္ဒဝဂ္ဂီတို့အား ပေးခြင်းငှာ သင့်၏။ ဤရဟန်းတို့ကို မကြည့်ပြန်သည်ရှိသော် ဥရုဝေလကဿပ အစရှိကုန်သော ညီနောင်သုံးယောက်တို့အား ပေးခြင်းငှာ သင့်၏။ ဤမျှလောက်သော မဟာထေရ်ကြီးတို့ကို ပစ်ပယ်လှပ်ထား၍ အလုံးစုံသော ရဟန်းတို့၏ နောက်မှ လာ၍ ရဟန်းပြုကုန်သော အရှင်သာရိပုတြာ၊ အရှင်မောဂ္ဂလာန်တို့အား အဂ္ဂသာဝကအရာကို ပေးခြင်းဖြင့် မျက်နှာကြည့်၍ပေးသည်ကား မသင့်လေစွတကား”ဟု ကဲ့ရဲ့စကား ဆိုကြလေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် “ချစ်သား ရဟန်းတို့- အဘယ်စကားကို ပြောဆိုကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သော စကားပါတည်း”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ငါဘုရားကား မျက်နှာကြည့်၍ ထမင်းပေးသည်မဟုတ်၊ ထိုပုဂ္ဂိုလ်တို့အား မိမိ,မိမိ၏ တောင့်တတိုင်း တောင့်တတိုင်းကိုသာလျှင် ပေး၏။ ထိုစကား သင့်စွ၊ အညာသိကောဏ္ဍညမထေရ်သည် တစ်ကြိမ်စိုက်ပျိုးရာ ကောက်အတွင်း၌ ကိုးကြိမ်တိုင်တိုင် ကောက်ဦးအလှူကို ပေးလှူသည်ရှိသော် အဂ္ဂသာဝကရာထူးကို တောင့်တ၍ ပေးလှူသည် မဟုတ်၊ မြတ်သော တရားဟူသော အရဟတ္တဖိုလ်ကို အလုံးစုံသောသူတို့၏ ရှေးဦးစွာ ထိုးထွင်း၍သိခြင်းငှာ တောင့်တ၍ ပေးလှူခဲ့လေသည်”ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသည်ရှိသော် “ရှင်ပင်ဘုရား- အဘယ်အခါ၌ လှူဖူးပါသနည်း”ဟု ရဟန်းတို့က မေးလျှောက်သည်ဖြစ်၍ “ချစ်သားရဟန်းတို့- သင်တို့သည် နာလိုကြကုန်သလော”ဟု မေးတော်မူ၏။ “နာလိုပါသည်ဘုရား”ဟု လျှောက်ကြကုန်သည်ရှိသော် အတိတ်အကြောင်းကို ဆောင်ပြတော်မူလေ၏။

အညာသိကောဏ္ဍညမထေရ်၏ ရှေးအတိတ်

ချစ်သား ရဟန်းတို့- ဤဘဒ္ဒကပ်ကမ္ဘာမှ နောက်ဆုတ်ပြန်၍ ရေတွက်သည်ရှိသော် ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဝိပဿီ အမည်ရှိသော ဘုရားရှင်သည် လောက၌ ထင်ရှားစွာ ပွင့်တော်မူလေ၏။ ထိုအခါ၌ မဟာကာလ၊ စူဠကာလဟူ၍ သူကြွယ်ညီနောင် နှစ်ယောက်တို့သည် ကျယ်ဝန်းသော သလေးစပါးခင်းကို စိုက်ပျိုးစေကြလေကုန်၏။ ထိုအခါ တစ်နေ့သ၌ စူဠကာလသည် သလေးစပါးစိုက်ရာ လယ်သို့သွား၍ တစ်ခုသော သလေးစပါးဖုံးကိုခွာ၍ စားအပ်သည်ရှိသော် အလွန်ချိုမြိန်သော အရသာရှိရကား ဘုရားအမှူးရှိသော ရဟန်းသံဃာအား သလေးစပါးဖုံးအလှူကို လှူလိုသည်ဖြစ်၍ အစ်ကိုကြီး မဟာကာလထံသို့ ချဉ်းကပ်ပြီးလျှင် “နောင်တော်- သလေးစပါးဖုံးကိုခွာ၍ ဘုရားရှင်တို့အား လျောက်ပတ်သည်ကိုပြုလျက် ချက်ပြုတ်စေ၍ ပေးလှူကြကုန်အံ့”ဟု ဆို၏။ “ညီငယ် စူဠကာလ- အသို့ဆိုဘိသနည်း၊ သလေးဖုံးကိုခွာ၍ လှူခြင်းမည်သည်ကား ရှေးလွန်လေပြီးသော အခါ၌လည်း မဖြစ်စဖူး၊ နောင်အနာဂတ် ကာလ၌လည်း ဖြစ်မည်မဟုတ်၊ ကောက်ပင်ကို မဖျက်ဆီးပါလင့်”ဟု ဆိုသော်လည်း ထိုစူဠကာလသူကြွယ်သည် အဖန်တလဲလဲ တောင်းပန်သည်သာတည်း။ ထိုသို့ တောင်းပန်သောအခါ၌ ထိုစူဠကာလကို နောင်တော် မဟာကာလက “ထိုသို့ လှူလိုမူကား သလေးစပါးခင်းကို နှစ်ဖို့နှစ်စုခွဲဝေ၍ ငါ့အစုကို မသုံးသပ်မူ၍ ကိုယ့်အတွက်ကျအစု၌ အလိုရှိရာ ပြုလေလော့”ဟု ဆိုလေ၏။ ထိုစူဠကာလလည်း “ကောင်းပြီ”ဟုဆို၍ လယ်ကိုခွဲဝေ၍ လူအများတို့ကို ဝိုင်းဝန်းကူညီ ပြုလုပ်ရန် လက်မှုကို တောင်းပန်၍ သလေးဖုံးကို ခွာပြီးလျှင် ရေမပါသော နို့ရည်ဖြင့် ချက်ပြုတ်စေ၍ ထောပတ်, ပျား, တင်လဲ, သကာ စသည်တို့ဖြင့် ဖျော်စေသဖြင့် ဘုရားအမှူးရှိသော ရဟန်းသံဃာအား အလှူကို ပေးလှူပြီးသည်ရှိသော် ဆွမ်းဘုဉ်းပေးပြီးသည်၏ အဆုံး၌ “မြတ်စွာဘုရား- တပည့်တော်၏ ဤသလေးဖုံး ကောက်ဦးအလှူသည် အလုံးစုံသောသူတို့၏ ရှေးဦးစွာ မြတ်သောတရားကို ထိုးထွင်း၍ သိခြင်းအကျိုးငှာ ဖြစ်ပါစေသတည်း”ဟု ဆုတောင်းလေ၏။ ဘုရားရှင်သည် “သင်ဒါယကာ တောင်းသည့်ဆုအတိုင်း ပြည့်စုံသည် ဖြစ်စေလော့”ဟု သလေးဖုံးဆွမ်းအနုမောဒနာ ပြုတော်မူလေ၏။

ထိုစူဠကာလသည် လယ်သို့သွား၍ ကြည့်သည်ရှိသော် လယ်အလုံးသည် အချက်တို့ဖြင့် ဖွဲ့ကုန်ဘိသကဲ့သို့ သလေးစပါးနှံတို့ဖြင့် ကောင်းစွာ ဖုံးလွှမ်းသည်ကိုမြင်၍ ငါးပါးအပြားရှိသော ပီတိကိုရသဖြင့် “ငါ့အား အရတော်ပေစွတကား”ဟု ကြံ၍ စပါးနှံထွက်စအခါ၌ မုန့်ဆန်းဦး အလှူမည်သည်ကို လှူ၏။ ရွာသူရွာသားအပေါင်းတို့နှင့် အတူတကွ သလေးစပါးနှံဦး မည်သည်ကို လှူ၏။ ထို့အတူ စပါးရိတ်သောအခါ၌ ရိတ်ဦးအလှူကိုလည်းကောင်း၊ လက်ဆုပ်ပြုသောအခါ လက်ဆုပ်ဦးအလှူကိုလည်းကောင်း၊ ကောက်လှိုင်းစည်းသောအခါ ကောက်လှိုင်းဦး အလှူကိုလည်းကောင်း၊ တလင်းသို့ ချသောအခါ တလင်းဦးအလှူကိုလည်းကောင်း၊ နယ်သောအခါ နယ်ဦးအလှူကိုလည်းကောင်း၊ စပါးခြင်သောအခါ ခြင်ဦးအလှူကိုလည်းကောင်း၊ ကျီသို့ သွင်းသောအခါ ကျီဦးအလှူကိုလည်းကောင်း ပေးလှူ၏။ ဤသို့ တစ်ကြိမ်စိုက်ပျိုးရာ ကောက်တွင်း၌ ကိုးကြိမ်တိုင်တိုင် အဦးဖြစ်သော အလှူကို ပေးလှူလေ၏။ ထိုစူဠကာလအား လှူတိုင်း,လှူတိုင်းသော အကြိမ်တို့၌ ယူရာ,ယူရာအရပ်သည် ယုတ်လျော့သည်မရှိ၊ ပြည့်မြဲ ပြည့်လေ၏။ ကောက်ပင်သည် ခါတိုင်းထက်ပင် အလွန်ဖြစ်သော အသီးအနှံနှင့် ပြည့်စုံ၏။ ထိုစကား မှန်၏။ ဤတရားမည်သည် မိမိကို စောင့်ရှောက်သောသူကို တစ်ဖန်တုံ့ပြန်၍ စောင့်ရှောက်တတ်၏။ ထို့ကြောင့် ဘုရားရှင်သည် ဤဂါထာကို ဟောတော်မူလေ၏။

တရားကျင့်သူကို တရားကစောင့်ရှောက်

ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ၊
ဓမ္မော သုစိဏ္ဏော သုခမာဝဟာတိ။
ဧသာနိသံသော ဓမ္မေ သုစိဏ္ဏေ၊
န ဒုဂ္ဂတိံ ဂစ္ဆတိ ဓမ္မစာရီ။

ဟဝေ၊ စင်စစ်အားဖြင့်။ ဓမ္မော၊ တရားသည်။ ဓမ္မစာရီ၊ တရားကိုကျင့်သောသူကို။ ရက္ခတိ၊ စောင့်၏။ သုစိဏ္ဏော၊ ကောင်းစွာ ကျင့်အပ်သော။ ဓမ္မော၊ တရားသည်။ သုခံ၊ ချမ်းသာသုံးပါးကို။ အာဝဟတိ၊ ရွက်ဆောင်တတ်၏။ ဧသ-ဧသော၊ ဤသဘောသည်ကား။ ဓမ္မေ၊ တရားကို။ သုစိဏ္ဏေ၊ ကောင်းစွာကျင့်ရာ၌။ အာနိသံသော၊ အကျိုးတည်း။ ဓမ္မစာရီ၊ တရားကို ကျင့်သောသူသည်။ ဒုဂ္ဂတိံ၊ အပါယ်လေးပါးသို့။ န ဂစ္ဆတိ၊ မလားရလေ။

ဤသို့လျှင် အညာသိကောဏ္ဍညသည် ဝိပဿီမြတ်စွာဘုရား လက်ထက်တော်အခါ၌ မြတ်သောတရားကို လက်ဦးစွာ ထိုးထွင်း၍ သိခြင်းအကျိုးငှာ တောင့်တလျက် ကိုးကြိမ်တိုင်တိုင် အလှူဦးကို ပေးလှူ၏။ ဤဘဒ္ဒကပ်ကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဟံသာဝတီပြည် ပဒုမုတ္တရဘုရား လက်ထက်တော်အခါ၌လည်း ခုနစ်ရက်ပတ်လုံး အလှူကြီးကိုပေး၍ ထိုဘုရားရှင်၏ ခြေတော်ရင်း၌ တုပ်ဝပ်၍ မြတ်သောတရားကို လက်ဦးစွာ ထိုးထွင်း၍ သိခြင်းအကျိုးငှာသာလျှင် ဆုတောင်းခဲ့လေ၏။ “ဤသို့လျှင် အညာသိကောဏ္ဍည ရဟန်းအား တောင့်တတိုင်းသာလျှင် ပေးပါ၏။ မျက်နှာကြည့်၍ ပေးသည်မဟုတ်”ဟု မိန့်တော်မူလေ၏။

ယသအမှူးရှိသော ရဟန်းငါးကျိပ်ငါးပါးတို့၏ ရှေးအတိတ်

“ဘုန်းတော် ကြီးမြတ်တော်မူသော မြတ်စွာဘုရား- ယသ သတို့သား အမှူးရှိသော ငါးကျိပ်ငါးယောက်သော ရဟန်းတို့ကား အဘယ် ကောင်းမှုကံကို ပြုခဲ့ဖူးပါကုန်သနည်း”ဟု မေးလျှောက်ကြကုန်သည်ရှိသော် ဤသို့ အတိတ်အကြောင်းကို ဆောင်ပြတော်မူလေ၏။

ဤယသအမှူးရှိသော ငါးကျိပ်ငါးယောက်သော သူတို့သည်လည်း ဘုရားတစ်ဆူထံ၌ အရဟတ္တဖိုလ်ကို တောင့်တကုန်လျက် များစွာသော ကောင်းမှုကံကို ပြုခဲ့ကြပြီးလျှင် နောက်အဖို့၌ ဘုရားမပွင့်မီ အကျွမ်းတဝင် ချစ်ခင်သော အဆွေခင်ပွန်းတို့ဖြစ်ကြ၍ အပေါင်းအစုဖွဲ့သဖြင့် ညီညီညွတ်ညွတ် ကောင်းမှုပြုကြကုန်သည်ရှိသော် ကိုးကွယ်ရာမရှိ အထီးကျန် သေလေသောသူတို့၏ အလောင်းကောင်တို့ကို သုတ်သင်ကြကုန်လျက် (ဖုတ်ကြည်း သင်္ဂြိုဟ်ကြကုန်လျက်) သွားလာ လှည့်ပတ်ကြလေကုန်၏။

တစ်နေ့သ၌ ကိုယ်ဝန်နှင့်တကွ သေလေသော မိန်းမအလောင်းကိုမြင်၍ သင်္ဂြိုဟ်ကုန်အံ့ဟု သုသာန်သို့ ဆောင်ယူကြကုန်၏။ ထိုငါးကျိပ်ငါးယောက်သော သူတို့တွင် ငါးယောက်သောသူတို့ကို “သင်တို့သည် ထိုမိန်းမ အလောင်းကောင်ကို သင်္ဂြိုဟ်ရစ်ကြကုန်လော့”ဟု မှာထားခဲ့၍ ကြွင်း ငါးကျိပ်သော သူတို့သည် ရွာတွင်းသို့ ဝင်ကြလေကုန်၏။ ယသအလောင်း သတို့သားသည် မိန်းမသေကောင်ကိုကြည့်၍ တံစူးဝါးတို့ဖြင့် ထိုးဆွလှန်လှော၍ မီးရှို့သင်္ဂြိုဟ်သည်ရှိသော် “တင့်တယ်ခြင်းမရှိ”ဟူသော အသုဘသညာကို ရလေ၏။ မိမိ အသုဘသညာရပြီးသော် ကြွင်းလေးယောက်သော သူတို့အားလည်း “အချင်းတို့- ထိုထို ကိုယ်အင်္ဂါအစိတ်၌ ပျက်စီးသော အရေရှိသော နွားပြောက် နွားကျားသဖွယ် မစင်ကြယ်သဖြင့် ရွံဖွယ်ညှီလှောင်း မကောင်းသော အနံ့ရှိသည်ဖြစ်၍ စက်ဆုပ်စရာဖြစ်သော ဤမိန်းမအလောင်းကောင်ကို ရှုကြပါကုန်လော့”ဟုဆို၍ ပြ၏။ ထိုလေးယောက်သော သူတို့သည်လည်း ကိုယ်ဝန်နှင့်တကွသော ထိုမိန်းမအလောင်းကောင်၌ အသုဘသညာကို ရကြလေကုန်၏။ ထိုသူ ငါးယောက်လုံးတို့သည် ရွာသို့သွား၍ ကြွင်းသော အဆွေခင်ပွန်းတို့အားလည်း ပြောပြကြကုန်၏။ ယသ အလောင်းဖြစ်သော သတို့သား လုလင်သည်ကား အိမ်သို့သွား၍ မိဘတို့အားလည်းကောင်း၊ မယားအားလည်းကောင်း ပြောပြလေ၏။ ထိုမိဘ,မယားတို့သည်လည်း အသုဘကမ္မဋ္ဌာန်းကို ပွားကြလေကုန်၏။ ဤကား ထိုယသအမှူးရှိသော ငါးကျိပ်ငါးပါးသော ရဟန်းတို့အား ရှေးကောင်းမှုကံတည်း၊ ဤရှေးကံကြောင့်သာလျှင် ယသ သတို့သားအား မိန်းမဆောင်အခန်း၌ သုသာန်ဟူသော အမှတ်သညာဖြစ်ခဲ့လေ၏၊ ထိုသို့ သဘောရှိသော အားကြီးသော ဥပနိဿယအကြောင်း၏ ပြည့်စုံခြင်းကြောင့် အလုံးစုံသော သူတို့အားလည်း မဂ်ဖိုလ်တရားထူး ရခြင်းသည် ပြီးမြောက်လေ၏။ “ငါဘုရားသည် မျက်နှာကြည့်၍ ပေးသည်မဟုတ်”ဟု မိန့်တော်မူလေသည်။

ဘဒ္ဒဝဂ္ဂီမင်းသား သုံးကျိပ်တို့၏ ရှေးအတိတ်

“ဘုန်းတော် ကြီးမြတ်တော်မူသော မြတ်စွာဘုရား- ဘဒ္ဒဝဂ္ဂီ အဆွေခင်ပွန်း ညီနောင်သုံးကျိပ်တို့သည်ကား အဘယ်ကောင်းမှုကံကို ပြုခဲ့ဖူးပါကုန်သနည်း”ဟု မေးလျှောက်ကြပြန်သည်ရှိသော် “ထိုဘဒ္ဒဝဂ္ဂီတို့သည်လည်း ရှေးဘုရားရှင်တို့၏အထံ၌ အရဟတ္တဖိုလ်ကိုတောင့်တ၍ ကောင်းမှု ကုသိုလ်တို့ကို ပြုကြသဖြင့် နောက်အဖို့၌ ငါဘုရားပွင့်တော်မမူမီကာလ၌ သုံးကျိပ်သော သေသောက်ကြူးတို့ ဖြစ်ကုန်ပြီးလျှင် ငါဘုရားအလောင်းတော် တုဏ္ဍိလဝက်မင်း၏ အဆုံးအမကိုနာခံ၍ အနှစ် ခြောက်သောင်းတို့ပတ်လုံး ငါးပါးသီလတို့ကို စောင့်ရှောက်ခဲ့ကြကုန်၏။ ဤသို့လျှင် ဤသူတို့သည်လည်း မိမိတို့ တောင့်တတိုင်းကိုသာ ရကြလေကုန်၏။ ငါဘုရားသည် မျက်နှာကြည့်၍ ပေးသည် မဟုတ်”ဟု မိန့်တော်မူလေ၏။

ကဿပညီနောင် သုံးယောက်တို့၏ ရှေးအတိတ်

“ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား- ဥရုဝေလကဿပ စသောသူတို့ကား အဘယ်ကောင်းမှုကံကို ပြုခဲ့ကြပါသနည်း”ဟု မေးလျှောက်ကြကုန်သည်ရှိသော် ထိုသူတို့သည်လည်း အရဟတ္တဖိုလ်ကိုသာလျှင် တောင့်တမျှော်ခေါ်၍ ကောင်းမှုတို့ကို ပြုခဲ့ကြကုန်၏၊ ဤကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် ကိုးဆယ့်နှစ်ကမ္ဘာထက်၌ တိဿ, ဖုဿ ဘုရားနှစ်ဆူတို့သည် ပွင့်တော်မူကြလေကုန်၏၊ ဖုဿဘုရား၏ ခမည်းတော်ကား မဟိန္ဒမည်သော မင်းတည်း၊ ထိုဖုဿဘုရားသည် သဗ္ဗညုတ ဉာဏ်တော်ကိုရ၍ ဘုရားဖြစ်သည်ရှိသော် မင်းကြီး၏ သားတော်အငယ်သည် လက်ယာရံ ပထမ အဂ္ဂသာဝကဖြစ်၍ ပုရောဟိတ်ပုဏ္ဏား၏သားသည် လက်ဝဲရံ ဒုတိယ အဂ္ဂသာဝက ဖြစ်လေ၏။

မဟိန္ဒမင်းကြီးသည် ဘုရားထံတော်သို့သွား၍ “ငါ၏သားတော်ကြီးသည် ဘုရားဖြစ်၏၊ ငါ၏သားတော်ငယ်သည် လက်ယာရံ ပထမ အဂ္ဂသာဝကဖြစ်၏၊ ပုရောဟိတ် ပုဏ္ဏားသားသည် လက်ဝဲရံ ဒုတိယ အဂ္ဂသာဝက ဖြစ်၏၊ ဤသို့ သားကြီး, သားငယ်, ပုရောဟိတ်၏သားတို့ကို ကြည့်၍ ဘုရားလည်း ငါ၏ဘုရားပင်၊ တရားလည်း ငါ၏ တရားပင်၊ သံဃာလည်း ငါ၏ သံဃာပင်”ဟုဆို၍ “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဟု သုံးကြိမ်တိုင်အောင် ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်ပြီးလျှင် ဘုရားရှင်၏ ခြေတော်ရင်း၌ တုပ်ဝပ်၍ “မြတ်စွာဘုရား- ယခုအခါ၌ အနှစ်ကိုးသောင်း အတိုင်းအရှည်ရှိသော ဘခမည်းတော်၏ အသက်သည် အစွန်ဖျားနားနေ၍ ငိုက်မျဉ်း အိပ်ပျော်လေဘိသော ကာလကဲ့သို့ ဖြစ်ရကား အခြားသူတို့၏ အိမ်တံခါးသို့ ဆွမ်းခံကြွသွားတော်မမူဘဲ တပည့်တော် အသက်ရှည်သမျှပတ်လုံး တပည့်တော်၏ ပစ္စည်းလေးပါးတို့ကိုသာ သည်းခံတော်မူပါကုန်လော့”ဟု လျှောက်ကြား၍ ဘုရားရှင်၏ဝန်ခံချက်ကို ယူပြီးလျှင် အမြဲမပြတ် ဘုရားရှင်အား လုပ်ကျွေး ဆည်းကပ်ခြင်းကို ပြုလေ၏။

မင်းကြီးအားကား ထိုမှတစ်ပါးသော သားသုံးယောက်လည်း ရှိကုန်၏၊ ထိုသားသုံးယောက်တို့တွင် သားကြီးအား အခြံအရံ စစ်သည်သူရဲ ငါးရာရှိ၏။ သားလတ်အား အခြံအရံ စစ်သည်သူရဲ သုံးရာရှိ၏၊ သားငယ်အား စစ်သည်သူရဲ နှစ်ရာရှိ၏၊ ထိုညီနောင် သုံးယောက်တို့သည် “ငါတို့လည်း နောင်တော်ဘုရားကို ဆွမ်းလုပ်ကျွေးကုန်အံ့”ဟု တိုင်ပင်ကြကုန်၍ ခမည်းတော်မင်းကြီးကို ခွင့်တောင်းကြကုန်သည်ရှိသော် ခွင့်မရကြကုန်၊ အဖန်တလဲလဲ တောင်းပန်ကြကုန်သော်လည်း ခွင့်မရကြကုန်၊ အခါတစ်ပါး၌ ပစ္စန္တရစ်သည် ပုန်ကန်သောင်းကျန်းသည်ရှိသော် ထိုပစ္စန္တရစ်ကို ရန်ငြိမ်းစေခြင်းငှါ စေလွှတ်သောကြောင့် ပစ္စန္တရစ်ကို ငြိမ်းချမ်းသာယာစေပြီးလျှင် ဘခမည်းတော်ထံသို့ ပြန်ရောက်လာသောအခါ ခမည်းတော်သည် ထိုသားတော်တို့ကို လည်ဖက်၍ ဦးခေါင်း၌ နမ်းရှုံ့၍ “သားတော်တို့- သင်တို့အား လိုရာဆုကို ငါပေးသနားတော်မူမည်”ဟု ဆိုလေ၏။

သားတော်တို့လည်း “ခမည်းတော်ဘုရား- ကောင်းပါပြီ”ဟု ဆုယူထားကာမျှကိုသာပြု၍ တစ်ဖန် နှစ်ရက်သုံးရက်လွန်သဖြင့် ခမည်းတော်က “ငါ့သားတော်တို့.. ဆုယူကြကုန်လော့”ဟု မိန့်တော်မူပြန်သော် “ခမည်းတော်ဘုရား- ဤနေ့မှစ၍ နောင်တော်ဘုရားကို ဆွမ်းလုပ်ကျွေးပါရစေ၊ ဤမှတစ်ပါးသောဆုဖြင့် အလိုမရှိပါ၊ ဤဆုကိုသာ ပေးသနားတော်မူပါ”ဟု လျှောက်တင်ကြလေကုန်၏။ “ငါ့သားတော်တို့- ဤဆုကိုကား ငါမပေးနိုင်”ဟု အမိန့်တော်ရှိလတ်သော် “ခမည်းတော်ဘုရား- အမြဲအခွင့်မပေးနိုင်သော် ခုနစ်နှစ် ခွင့်ပေးတော်မူပါကုန်”ဟု လျှောက်ကြကုန်၏။ “ငါ့သားတော်တို့- ခွင့်မပေးနိုင်”ဟု ဆိုပြန်သော် “ထိုသို့ဖြစ်မူ ခြောက်နှစ်၊ ငါးနှစ်၊ လေးနှစ်၊ သုံးနှစ်၊ နှစ်နှစ်၊ တစ်နှစ် ခွင့်ပေးတော်မူပါကုန်”ဟု လျှော့၍လျှော့၍ လျှောက်တောင်းကြကုန်၏။ “ငါ့သားတော်တို့ ခွင့်မပေးနိုင်”ဟု မိန့်လတ်ပြန်သော် “ထိုသို့ တစ်နှစ်မျှ ခွင့်မပေးနိုင်သည်ရှိသော် ခုနှစ်လ၊ ထိုမျှ ခွင့်မပေးနိုင်သော် ခြောက်လ၊ ငါးလ၊ လေးလ၊ သုံးလတို့ပတ်လုံး လုပ်ကျွေးခွင့် ပေးတော်မူပါကုန်”ဟု လျှောက်ကြကုန်၏။ “ငါ့သားတော်တို့ ခွင့်မပေးနိုင်”ဟု မိန်လတ်ပြန်သော် “ခမည်းတော်ဘုရား- သုံးလ ခွင့်မပေးနိုင်ရှိပါစေ၊ ကျွန်တော်တို့ သုံးယောက်အား တစ်ယောက်တွက် တစ်ယောက်တွက် တစ်လစီ၊ တစ်လစီပြု၍ သုံးလ ခွင့်ပြုတော်မူပါကုန်”ဟု တောင်းပန်ကုန်၏။ “ငါ့သားတော်တို့- ကောင်းပြီ၊ ထိုသို့ဖြစ်မူ သုံးလတို့ပတ်လုံး လုပ်ကျွေးပြုစုကြကုန်လော့”ဟု မိန့်လတ်သော် ထိုသားတော် သုံးပါးတို့သည် နှစ်သက်သဖြင့် ခမည်းတော်မင်ကြီးကို ရှိခိုးကြ၍ မိမိတို့နေရာသို့သာလျှင် သွားကြကုန်၏။

ထိုသုံးယောက်သော မင်းသားတို့အားလည်း ဘဏ္ဍာစိုး တစ်ယောက်သာ၊ အမှုဆောင်အမတ်လည်း တစ်ယောက်သာ ရှိသည်ဖြစ်၍ ထိုအမတ်အား တစ်သိန်းနှစ်သောင်း ယောက်ျားလုလင် အခြံအရံရှိ၏။ မင်းသားတို့သည် ထိုသူတို့ကိုခေါ်စေ၍ “ငါတို့သည် ဤဝါတွင်း သုံးလပတ်လုံး ဆယ်ပါးသီလခံယူ၍ ဖန်ရည်စွန်းသော အဝတ်နှစ်ထည်တို့ကိုဝတ်၍ နောင်တော်ဖြစ်သော ဘုရားရှင်နှင့် အတူတကွ နေကုန်အံ့၊ သင်တို့သည် ဤမျှလောက်သော အလှူဝတ်ကို ယူ၍ နေ့တိုင်းနေ့တိုင်း ကိုးသောင်းကုန်သော ရဟန်းတို့အားလည်းကောင်း၊ စစ်သည်တစ်ထောင်တို့အားလည်းကောင်း အလုံးစုံသော ခဲဖွယ်ဘောဇဉ်ကို စီရင်ခန့်ရမ်းကြလေကုန်လော့၊ ငါတို့ကား ဤနေ့မှစ၍ တစ်စုံတစ်ခုသော စကားကိုမျှ မဆိုကုန်အံ့”ဟု ပြောဆိုမှာထားကြလေကုန်၏။

ထိုမင်းသားညီနောင် သုံးယောက်တို့သည် အခြံအရံ ယောက်ျားတစ်ထောင်ကိုခေါ်၍ ဆယ်ပါးသီလကို ဆောက်တည်ပြီးလျှင် ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ဆင်လျက် ကျောင်း၌သာလျှင် နေကြလေကုန်၏။ ဘဏ္ဍာစိုး အမတ်သည်လည်းကောင်း၊ အမှုဆောင် အမတ်သည်လည်းကောင်း တစ်ပေါင်းတည်းဖြစ်၍ မင်းသားညီနောင် သုံးယောက်တို့၏ ကျီတော်တို့မှ အလှည့်ကျ အလှည့်ကျ အလှူဝတ်ကို ထုတ်ယူ၍ အလှူဒါန ပေးလှူကြလေကုန်၏။

အလှူဦးစား၍ ပြိတ္တာဖြစ်ကြရပုံ

အမှုကို ရွက်ဆောင်လုပ်ကိုင်ကုန်သော စားဖိုသည်တို့မှာမူကား သားငယ်တို့သည် ယာဂုထမင်း စသည်တို့၏ အလို့ငှါ ငိုကြွေးကြကုန်၏။ ထိုအမှုလုပ် စားဖိုသည်တို့သည် ထိုသားငယ်တို့အား ရဟန်းသံဃာ မကြွလာမီကပင်လျှင် ယာဂုထမင်း စသည်တို့ကို ပေးကြကုန်၏။ ရဟန်းသံဃာ၏ ဆွမ်းဘုဉ်းပေးပြီးသည်၏အဆုံး၌ တစ်စုံတစ်ခု ပိုလျှံ ကျန်ကျွင်းဖူးသည် မရှိ။ ထိုအမှုလုပ် စားဖိုသည်တို့သည် နောက်ကာလ၌ သူငယ်တို့အား ပေးကုန်အံ့ဟု ယူ၍ မိမိတို့လည်း ယူစားကြကုန်၏။ နှစ်သက်ဖွယ် အရသာရှိသော အစာအာဟာရကို မြင်သည်ရှိသော် သည်းခံခြင်းငှါ မတတ်နိုင်ကြကုန်။ ထိုစားဖိုသည်တို့ကား ရှစ်သောင်းလေးထောင် အရေအတွက်ရှိကုန်၏။ ထိုစားဖိုသည်တို့သည် သံဃာအားရည်၍ လှူအပ်ပြီးသော အလှူဆွမ်းဝတ်ကို စားခြင်းကြောင့် စုတေသေလွန်သောအခါ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်၏။

မင်းသားညီနောင် သုံးယောက်တို့သည်ကား ယောက်ျား တစ်ထောင်နှင့် အတူတကွစုတေ၍ နတ်ပြည်၌ ဖြစ်ပြီးလျှင် နတ်ပြည်မှ လူ့ပြည်၊ လူ့ပြည်မှ နတ်ပြည် ကျင်လည်ကြကုန်လျက် ကိုးဆယ့်နှစ်ကမ္ဘာတို့ကို ကုန်စေကြလေကုန်၏။ “ဤသို့လျှင် မင်းသားညီနောင် သုံးယောက် ဖြစ်ဖူးကုန်သော ထိုဥရုဝေလကဿပ၊ ဂယာကဿပ၊ နဒီကဿပ ညီနောင်သုံးယောက်တို့သည် အရဟတ္တဖိုလ်ကို တောင့်တလျက် ကုသိုလ်ကောင်းမှုကို ပြုကြကုန်ပြီ၊ ထိုကဿပညီနောင်တို့သည် မိမိတို့ တောင့်တတိုင်း တောင့်တတိုင်းကိုသာလျှင် ရကြလေကုန်၏။ ငါဘုရားသည် မျက်နှာကြည့်၍ ပေးသည်မဟုတ်”ဟု မိန့်တော်မူလေ၏။

ထိုအခါ မင်းသားညီနောင် သုံးယောက်တို့၏ အမှုဆောင် အမတ်သည် ဗိမ္ဗိသာရမင်းကြီး ဖြစ်လေ၏၊ ဘဏ္ဍာစိုးအမတ်သည် ဝိသာခမည်သော သီတင်းသည် ဥပါသကာဖြစ်လေ၏၊ ထိုမင်းသား သုံးယောက်တို့၏ အမှုလုပ် စားဖိုသည်တို့သည်ကား ပြိတ္တာဘုံ၌ ဖြစ်ကြကုန်၍ သုဂတိဘုံ၊ ဒုဂ္ဂတိဘုံတို့၏အစွမ်းဖြင့် ကျင်လည်ကြကုန်လျက် ဤဘဒ္ဒကပ်ကမ္ဘာ၌ ဘုရားလေးဆူတို့၏ သုံးခုသောအကြားကာလပတ်လုံး ပြိတ္တာဘုံ၌သာ ဖြစ်ကြလေကုန်၏။

ထိုပြိတ္တာတို့သည် ဤဘဒ္ဒကပ်ကမ္ဘာထက်၌ အလုံးစုံသော ဘုရားတို့၏ ရှေးဦးစွာ ပွင့်တော်မူသော အနှစ်လေးသောင်း သက်တော်ရှည်သော ကကုသန်မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ “ဘုန်းတော်ကြီးသော ရှင်ပင်ဘုရား တပည့်တော်တို့အား အစာအာဟာရ ရအံ့သော အခါကာလအကြောင်းကို မိန့်တော်မူပါကုန်”ဟု မေးလျှောက်ကြလေကုန်၏။ ထိုကကုသန် မြတ်စွာဘုရားသည်လည်း “ငါ၏လက်ထက်၌ မရကြကုန်သေး၊ ငါဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် မြေကြီးသည် တစ်ယူဇနာမျှ အထက်သို့ တက်သောအခါ၌ ကောဏာဂုံမည်သောဘုရား ပွင့်တော်မူလတ္တံ့၊ ထိုကောဏာဂုံ ဘုရားရှင်ကို မေးကြကုန်ဦးလော့”ဟု မိန့်တော်မူ၏။ ထိုပြိတ္တာတို့သည် ထိုမျှလောက်သော ကာလကို ကုန်လွန်စေ၍ ထိုကောဏာဂုံ ဘုရားရှင် ပွင့်တော်မူလတ်သည်ရှိသော် ကောဏာဂုံဘုရားကို မေးလျှောက်ကြလေကုန်၏။ ကောဏာဂုံ ဘုရားရှင်သည်လည်း “ငါဘုရားလက်ထက်၌ အစာကို မရကြကုန်လတ္တံ့၊ ငါဘုရား ပရိနိဗ္ဗာန် စံတော်မူသည်မှနောက် မြေကြီးသည် တစ်ယူဇနာမျှ အထက်သို့ မြင့်တက်သောအခါ ကဿပဘုရားရှင် ပွင့်တော်မူလတ္တံ့၊ ထိုဘုရားရှင်ကို မေးကြကုန်လော့”ဟု မိန့်တော်မူ၏။ ထိုပြိတ္တာတို့သည် ထိုမျှလောက်သော ကာလကို ကုန်လွန်စေ၍ ကဿပဘုရားရှင် ပွင့်တော်မူလတ်သည်ရှိသော် ကဿပဘုရားရှင်ကို မေးလျှောက်ကြလေကုန်၏။ ကဿပဘုရားရှင်လည်း “ငါဘုရား လက်ထက်၌ အစာကို မရကြကုန်လတ္တံ့၊ ငါဘုရား ပရိနိဗ္ဗာန်စံပြီးသည်မှ နောက်ကာလ၌ မြေကြီးသည် တစ်ယူဇနာမျှ အထက်သို့ မြင့်တက်သောအခါ ဂေါတမဘုရားရှင် ပွင့်တော်မူလတ္တံ့၊ ထိုဂေါတမဘုရားလက်ထက်၌ သင်တို့၏ အဆွေအမျိုးဖြစ်သော အမှုဆောင်အမတ်သည် ဗိမ္ဗိသာရမင်း ဖြစ်လတ္တံ့၊ ထိုဗိမ္ဗိသာရမင်းသည် ဂေါတမဘုရားရှင်အား အလှူပေး၍ သင်တို့အား အမျှဝေ၍ ကုသိုလ်အဖို့ကို ရောက်စေလတ္တံ့၊ ထိုအခါ နတ်၌ဖြစ်သော အစာအာဟာရကို ရကုန်လတ္တံ့”ဟု မိန့်တော်မူလေ၏။ ထိုပြိတ္တာတို့အား ဘုရားနှစ်ဆူတို့၏ တစ်ခုသော အကြားကာလသည် နက်ဖြန်နေ့ကဲ့သို့ ဖြစ်လေ၏။ ထိုပြိတ္တာတို့သည် ဂေါတမဘုရား ပွင့်တော်မူသောကာလ ဗိမ္ဗိသာရမင်း လက်ဦးစွာသောနေ့၌ အလှူပေးလတ်သည်ရှိသော် အမျှမဝေမိသဖြင့် ကုသိုလ်အဖို့ကို မရကြကုန်သဖြင့် ညဉ့်အဖို့၌ ကြောက်လန့်ဖွယ်သော အသံကိုပြု၍ ဗိမ္ဗိသာရမင်းကြီးအား ကိုယ်ထင်ရှားပြကြကုန်၏။ ဗိမ္ဗိသာရမင်းကြီးသည် တစ်ဖန် မိုးသောက်သောနေ့ ဝေဠုဝန်ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ကြားလေ၏။

ဘုရားရှင်သည် “မြတ်သောမင်းကြီး- ဤကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက် ဖုဿဘုရားလက်ထက်၌ သင်၏ ဆွေသားမျိုးသား ဖြစ်ကုန်သော ထိုသူတို့သည် ရဟန်းသံဃာအား လှူအပ်သော အလှူဆွမ်းဝတ်ကို အဦးအဖျား စားကြသောကြောင့် ပြိတ္တာဘုံ၌ဖြစ်၍ ကျင်လည်ကုန်သည်ရှိသော် ကကုသန် အစရှိသော ဘုရားတို့ကိုလျှောက်ထား၍ ထိုကကုသန်စသော ဘုရားတို့သည် ဤမည် ဤမည်သောစကားကို မိန့်တော်မူခဲ့သောကြောင့် ဤမျှလောက်သော ကာလပတ်လုံး သင်မင်းကြီး၏အလှူကို တောင့်တကြကုန်လျက်လည်း ယမန်နေ့က သင်မင်းကြီး အလှူပေးသည်ရှိသော် ကုသိုလ်အဖို့ကို မရကြကုန်သောကြောင့် ဤသို့ ကြောက်လန့်ဖွယ်သော အသံကို ပြုကုန်၏”ဟုမိန့်တော်မူလေ၏။ “မြတ်စွာဘုရား- အသို့ပါနည်း၊ ယခုအခါ၌ ပေးသည်ရှိသော် ရပါသေးကုန်လတ္တံ့လော”ဟု လျှောက်သည်ရှိသော် “မြတ်သောမင်းကြီး- ဪ.. ရကြကုန်လတ္တံ့”ဟု အမိန့်ရှိတော်မူသောကြောင့် မင်းကြီးသည် ဘုရားအမှူးရှိသော ရဟန်းသံဃာကိုပင့်ဖိတ်၍ တစ်ဖန် မိုးသောက်သောနေ့၌ အလှူကြီးကိုပေး၍ “မြတ်စွာဘုရား- ဤအလှူပေးသော အခါမှစ၍ ထိုပြိတ္တာတို့အား နတ်၌ဖြစ်သော ထမင်းအဖျော်သည် ပြည့်စုံပါစေသတည်း”ဟု ကုသိုလ်အဖို့ကို ပေးဝေလေ၏။

ထိုပြိတ္တာတို့အား ဗိမ္ဗိသာရမင်းကြီး ရည်စူးတောင့်တတိုင်းပင်လျှင် နတ်၌ဖြစ်သော ထမင်း၊ နတ်၌ဖြစ်သော အဖျော်တို့သည် ထင်ရှားဖြစ်ကုန်၏။ တစ်ဖန် မိုးသောက်သောနေ့၌ အဝတ်မဆည်း အချည်းနှီးဖြစ်ကုန်၍ ကိုယ်ထင်ရှားပြကြပြန်ကုန်၏။ ဗိမ္ဗိသာရမင်းကြီးသည် “မြတ်စွာဘုရား- ယနေ့ ဒကာတော်အား အချည်းနှီး အဝတ်မဲ့ဖြစ်၍ မိမိကိုယ်ကို ပြလာပြန်ကုန်၏”ဟု လျှောက်ကြားလေ၏။ “မြတ်သောမင်းကြီး- သင်မင်းကြီးသည် အဝတ်သင်္ကန်းတို့ကို မပေးလှူရကုန်သေး”ဟု မိန့်တော်မူသည်ရှိသော် မင်းကြီးသည်လည်း တစ်ဖန် မိုးသောက်သောနေ့၌ ဘုရားအမှူးရှိသော ရဟန်းသံဃာအား သင်္ကန်းအလှူကို ပေးလှူ၍ “ဤသင်္ကန်းလှူသော အခါမှစ၍ ထိုပြိတ္တာတို့အား နတ်၌ဖြစ်သော အဝတ်တို့သည် ဖြစ်စေကုန်သတည်း”ဟု တောင့်တလျက် ကုသိုလ်အဖို့ကို ပေးဝေလေ၏။ ထိုခဏ၌သာလျှင် ထိုပြိတ္တာတို့အား နတ်၌ဖြစ်သော အဝတ်တို့သည် ဖြစ်ကြပြန်သဖြင့် ပြိတ္တာအဖြစ်ကိုစွန့်၍ နတ်၌ဖြစ်သောကိုယ်ဖြင့် တည်ကြကုန်၏။ မြတ်စွာဘုရားသည် တရားအနုမောဒနာ ပြုတော်မူသည်ရှိသော် “တိရောကုဋ္ဋေသု တိဋ္ဌန္တိ” ဤသို့အစရှိသည်ဖြင့် တိရောကုဋ္ဋသုတ် အနုမောဒနာတရား ဟောတော်မူလေ၏။ အနုမောဒနာတရား ဟောတော်မူပြီးသည့်အဆုံး၌ ရှစ်သောင်းလေးထောင်သောသူတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။ ဤသို့လျှင် ဘုရားရှင်သည် ရသေ့ညီနောင် သုံးယောက်တို့၏ဝတ္ထုကို ဟောတော်မူ၍ ဤတရားဒေသနာကိုလည်း ဆောင်ပြတော်မူလေ၏။

အရှင်သာရိပုတြာ၊ အရှင်မောဂ္ဂလာန်တို့၏ ရှေးအတိတ်

“ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား- အဂ္ဂသာဝကတို့ကား အဘယ် ကောင်းမှုကံကို ပြုကြပါကုန်သနည်း”ဟု မေးလျှောက်သည်ရှိသော် “ဤသူတို့ကား လက်ယာရံ၊ လက်ဝဲရံ သာဝကအစုံ ဖြစ်ခြင်းငှာ ဆုတောင်းခြင်းကို ပြုကြကုန်လေ၏။ ဤဘဒ္ဒကပ်ကမ္ဘာမှ ကမ္ဘာတစ်သိန်း အလွန်ရှိသော တစ်သင်္ချေအထက်၌ သာရိပုတြာသည် များစွာသော စည်းစိမ်ဥစ္စာရှိသော ဗြာဟ္မဏ မဟာသာလ ပုဏ္ဏားမျိုး၌ ဖြစ်လေ၏။ အမည်အားဖြင့် သရဒလုလင် မည်၏။ မောဂ္ဂလာန်သည် များစွာသော ဥစ္စာနှစ်ရှိသော ဂဟပတိ မဟာသာလ သူကြွယ်မျိုး၌ ဖြစ်လေ၏။ အမည်အားဖြင့် သိရိဝဍ္ဎန သူကြွယ်မည်၏။ ထိုနှစ်ယောက်သော သူတို့သည် မြေမှုန့်ကစားဖက် သူငယ်ချင်းတို့ ဖြစ်ကြကုန်၏။

ထိုသူနှစ်ယောက်တို့တွင် သရဒလုလင်သည် အဘလွန်သောအခါ အမျိုး၏ အမွေအနှစ်ဖြစ်သော များစွာသော ဥစ္စာစုကို အမွေရ၍ တစ်နေ့သ၌ ဆိတ်ငြိမ်ရာအရပ်သို့ကပ်လျက် “ငါသည် ဤပစ္စုပ္ပန်လောက အကျိုးစီးပွားကိုသာလျှင် သိ၏။ တမလွန်လောက၌ဖြစ်သော အကျိုးစီးပွားကို မသိ၊ ပဋိသန္ဓေတည်ပြီး၍ ဖွားမြင်လာသော သတ္တဝါတို့အားလည်း သေခြင်းတရားမည်သည် မြဲ၏။ ငါသည် ရသေ့ရဟန်းပြု၍ ဝဋ်မှ ထွက်မြောက်ရာတရားကို ရှာခြင်းငှာ သင့်၏”ဟု ကြံပြီးသော် အဆွေခင်ပွန်းဖြစ်သော သိရိဝဍ္ဎနထံသို့ကပ်၍ “အဆွေ သွေးသောက် သိရိဝဍ္ဎန- ငါသည် ရဟန်းပြု၍ ဝဋ်မှထွက်မြောက်ရာ တရားကို ရှာတော့မည်။ သင်သည် ငါနှင့်အတူ ရဟန်းပြုခြင်းငှာ စွမ်းနိုင်လတ္တံ့လော၊ မစွမ်းနိုင်လတ္တံ့လော”ဟု မေး၏။ “အဆွေ- မစွမ်းနိုင်ပါ၊ သင်သည်သာလျှင် ရဟန်းပြုလေလော့”ဟု ဆိုလတ်သော် ထိုသရဒလုလင်သည် ဤသို့ကြံ၏။ “တမလွန်ဘဝသို့ ပြောင်းသွားရသောသူတို့သည် ချစ်ခင်သော အဆွေခင်ပွန်းကိုလည်းကောင်း၊ မိမျိုး ဘမျိုးကိုလည်းကောင်း၊ နှလုံးအကျွမ်းဝင်သော သူကိုလည်းကောင်း ခေါ်၍ သွားသောမည်သည်မရှိ၊ မိမိပြုအပ်သော ကံသည်သာလျှင် ဖြစ်၏၊” ဤသို့ကြံပြီးသော် ရတနာထားရာ ရွှေတိုက်ကို ဖွင့်လှစ်စေ၍ အထီးကျန်သူ, ခရီးသွားသူ, သီချင်းရတုဆို၍ တောင်းစားကုန်သော သူတို့အား အလှူကြီးပေးပြီးလျှင် တောင်ခြေရင်းသို့ ကပ်ဝင်၍ ရသေ့ရဟန်း အဖြစ်ဖြင့် ရဟန်းပြုလေ၏။ ထိုသရဒရသေ့ကို အတုပြု၍ တစ်ယောက်, နှစ်ယောက်, သုံးယောက် စသောအားဖြင့် လိုက်၍ ရသေ့ရဟန်းပြုကြရာ နောက်ဆုံး၌ ရသေ့ပေါင်း ခုနစ်သောင်း လေးထောင်မျှ ဖြစ်ကုန်၏။ ထိုသရဒရသေ့သည် အဘိညာဉ် ငါးပါး၊ သမာပတ် ရှစ်ပါးတို့ကို ဖြစ်စေ၍ ထိုတပည့် ရသေ့တို့အား ကသိုဏ်းပရိကံကို ဟောကြားပေ၏။ ထိုအလုံးစုံသော ရသေ့တို့သည်လည်း အဘိညာဉ် ငါးပါး၊ သမာပတ် ရှစ်ပါးတို့ကို ဖြစ်စေကြလေကုန်၏။

ထိုအခါ၌ အနောမဒဿီ မြတ်စွာဘုရားသည် လောက၌ ထင်ရှားပွင့်တော်မူလာ၏။ ဖွားရာပြည်ကား စန္ဒဝတီပြည်တည်း။ ခမည်းတော်ကား ယသဝါမည်သော မင်းတည်း၊ မယ်တော်ကား ယသောဓရာမည်သော မိဖုရားတည်း။ ပွင့်တော်မူရာ ဗောဓိပင်ကား ဖောက်ကြံ့ပင်တည်း၊ အဂ္ဂသာဝက အစုံကား နိသဘ, အနောမတို့တည်း။ အလုပ်အကျွေးကား ဝရုဏ ရဟန်းတည်း။ အဂ္ဂသာဝိကာ အစုံကား သုန္ဒရာ, သုမနာတို့တည်း။ သက်တော်ကား အနှစ် တစ်သိန်းတည်း။ ကိုယ်အရပ်တော်ကား ငါးဆယ့်ရှစ်တောင် မြင့်၏။ ကိုယ်အရောင်ကား တစ်ဆယ့်နှစ်ယူဇနာတိုင်တိုင် နှံ့၏။ ရဟန်းတစ်သိန်း အခြံအရံ ရှိ၏။ ထိုအနောမဒဿီ ဘုရားရှင်သည် တစ်နေ့သ၌ နံနက်စောစောအခါ မြတ်သော ကရုဏာနှင့်ယှဉ်ခြင်းရှိသော မဟာကရုဏာ သမာပတ်မှ ထတော်မူ၍ လောကကို ကြည့်ရှုတော်မူသည်ရှိသော် သရဒရသေ့ကိုမြင်၍ “ယနေ့ ငါဘုရားသည် သရဒရသေ့၏အထံသို့ သွားခြင်းဟူသော အကြောင်းကြောင့် ကြီးစွာသော တရားပွဲသဘင်သည် ဖြစ်လတ္တံ့၊ ထိုသရဒရသေ့သည်လည်း အဂ္ဂသာဝကအရာကို တောင့်တလတ္တံ့၊ ထိုသရဒရသေ့၏ အဆွေခင်ပွန်းဖြစ်သော သိရိဝဍ္ဎနသူကြွယ်သည် လက်ဝဲရံ ဒုတိယသာဝကအရာကို တောင့်တလတ္တံ့၊ ဒေသနာတော်၏အဆုံး၌လည်း ထိုရသေ့၏ အခြံအရံဖြစ်သော ခုနစ်သောင်း လေးထောင်မျှလောက်သော ရသေ့တို့သည် အရဟတ္တဖိုလ်သို့ ရောက်ကုန်လတ္တံ့၊ ငါဘုရားသည် ထိုရသေ့တို့၏နေရာ တောင်ခြေရင်းသို့ ကြွသွားခြင်းငှာ သင့်၏”ဟု ကိုယ်တော်၏ သပိတ်သင်္ကန်းကို ကိုယ်တော်တိုင် ကိုင်ယူ၍ နောက်ပါ ရဟန်းတစ်ပါးမျှ မခေါ်ဘဲ ခြင်္သေ့မင်းကဲ့သို့ တစ်ကိုယ်တော်တည်း ကြွသွားတော်မူသည်ဖြစ်၍ သရဒရသေ့၏ တပည့်ရသေ့တို့သည် သစ်သီးကြီးငယ်အလို့ငှာ သွားကုန်သည်ရှိသော် “ငါ၏ ဘုရားအဖြစ်ကို သိစေသတည်း”ဟု ဓိဋ္ဌာန်တော်မူ၍ သရဒရသေ့ မြင်စင်ပင်လျှင် ကောင်းကင်မှဆင်းသက်၍ မြေ၌တည်လေ၏။

သရဒရသေ့သည် ဘုရားရှင်၏ အာနုဘော်တော်ကိုလည်းကောင်း၊ ဘုရားရှင်၏ ကိုယ်တော်ရောင်ဖြင့် တင့်တယ်ခြင်းရှိသော လက္ခဏာတော် ကြီးငယ်ကိုလည်းကောင်း မြင်၍ လက္ခဏာတော်ကိုဆိုရာ ဗေဒင်ကျမ်းတို့ကို သုံးသပ်ဆင်ခြင်သည်ရှိသော် “ဤလက္ခဏာတော်တို့နှင့် ပြည့်စုံသောသူမည်သည် အိမ်ရာထောင်သော လူ၏ဘောင်၌ နေသည်ဖြစ်အံ့၊ စကြဝတေးမင်း ဖြစ်တတ်၏။ ရဟန်းပြုသည်ဖြစ်အံ့၊ သံသရာဝဋ်ကို ဖြတ်တတ်သော သဗ္ဗညုဘုရား ဖြစ်တတ်၏။ ဤယောက်ျားသည် မချွတ် ဘုရားတည်း”ဟုသိ၍ ခရီးဦးကြိုဆိုခြင်းပြု၍ တည်ခြင်းငါးပါးဖြင့် ရှိခိုး၍ မြတ်သောနေရာကို ခင်း၍ လှူလေ၏။ မြတ်စွာဘုရားသည် ခင်းအပ်ပြီးသော နေရာမြတ်၌ နေလေ၏။ သရဒရသေ့သည်လည်း မိမိအား လျောက်ပတ်သော နေရာကိုယူ၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေလေ၏။ ထိုသို့ နေသောအခါ၌ ခုနစ်သောင်းလေးထောင်ကုန်သော ရသေ့တို့သည် မွန်မြတ် မွန်မြတ်ကုန်သော ဩဇာရှိကုန်သော သစ်သီးကြီးငယ်တို့ကို ယူဆောင်ကြ၍ ဆရာဖြစ်သော သရဒရသေ့၏အထံသို့ ရောက်လာကုန်သည်ရှိသော် မြတ်စွာဘုရားတို့၏ လည်းကောင်း၊ ဆရာရသေ့၏လည်းကောင်း ထိုင်နေကြသောနေရာကို ကြည့်၍ ဤသို့ ဆိုကုန်၏။ “ဆရာ- အကျွန်ုပ်တို့သည် ဤလောက၌ ဆရာတို့ထက် ကြီးမြတ်သောသူ မရှိပြီဟု မှတ်ထင်ကြပါကုန်၏။ ဤယောက်ျားကား ဆရာတို့ထက် လွန်မြတ်ယောင်တကား”ဟု ဆိုကုန်သည်ရှိသော် “ငါ့တပည့်တို့- အသို့ဆိုကုန်ဘိသနည်း၊ မုန်ညင်းစေ့နှင့် ယူဇနာပေါင်း ရှစ်သောင်းလေးထောင် အစောက်မြင့်သော မြင်းမိုရ်တောင်ကို နှိုင်းယှဉ်ခြင်းငှာ အလိုမရှိကြကုန်လင့်၊ ငါ့သားတို့.. သဗ္ဗညုဘုရားနှင့် ငါဆရာအား နှိုင်းယှဉ်ခြင်းကို မပြုကြကုန်လင့်”ဟု ဆိုလေ၏။

ထိုအခါ တပည့်ရသေ့တို့သည် “ဤယောက်ျားကား အမှတ်မထင် ယုတ်ညံ့သော သတ္တဝါ ဖြစ်ခဲ့ငြားအံ့၊ ငါတို့ဆရာသည် ဤသို့သော ဥပမာကို ဆောင်ပြမည် မဟုတ်။ ဤယောက်ျားကား အလွန်ပင် မြတ်စွတကား”ဟု အလုံးစုံသော ရသေ့တို့သည် ခြေတော်အစုံ၌ တုပ်ဝပ်၍ ရှိခိုးကြလေကုန်၏။ ထို့နောက် ဆရာဖြစ်သော သရဒရသေ့သည် ထိုတပည့် ရသေ့တို့ကို ဤသို့ဆို၏။ “ငါ့သားတို့- ဘုရားရှင်တို့အား လျောက်ပတ်ထိုက်တန်သော လှူဖွယ်ဝတ္ထုသည် ငါတို့အားမရှိ၊ ဘုရားရှင်သည်လည်း ဆွမ်းခံချိန်ကာလ၌ပင် ဤအရပ်သို့ ကြွရောက်တော်မူလာ၏။ ငါတို့သည် အစွမ်းသတ္တိ ရှိသည့်အလျောက် လှူဖွယ်ဝတ္ထု အစုစုရှိသမျှကို လှူဒါန်းကြကုန်အံ့၊ သင်တို့သည် ရှာဖွေခဲ့သော သစ်သီးကြီးငယ်တို့မှ ကောင်းမြတ်ချိုမြိန်သော အရသာရှိသော သစ်သီးကို ဆောင်ယူခဲ့ကြကုန်လော့”ဟု ဆောင်ယူစေပြီးလျှင် လက်ဆေး၍ ကိုယ်တိုင် မြတ်စွာဘုရား၏သပိတ်၌ထည့်လှူလေ၏။ ဘုရားရှင်သည် သစ်သီးကြီးငယ်ကို ခံယူတော်မူခါမျှ၌ နတ်တို့သည် နတ်ဩဇာထည့်ကြလေကုန်၏။ သရဒရသေ့သည် သောက်တော်ရေကိုလည်း ကိုယ်တိုင်သာလျှင်စစ်၍ ကပ်လှူလေ၏။ ထို့နောင်မှ ဘုရားရှင်သည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုပြီး၍ နေတော်မူသည်ရှိသော် သရဒရသေ့သည် အလုံးစုံသော တပည့်ရသေ့တို့ကိုခေါ်၍ ဘုရားအထံတော်၌ အသက်ထက်ဆုံး အောက်မေ့အပ်သော စကားကို ပြောကြားလျက် နေလေ၏။

ထိုအခါ ဘုရားရှင်သည် “အဂ္ဂသာဝကနှစ်ပါးတို့သည် ရဟန်းသံဃာနှင့်တကွ လာကြစေကုန်သတည်း”ဟု ကြံတော်မူ၏။ ထိုအဂ္ဂသာဝကနှစ်ပါးတို့သည် ဘုရားရှင်၏ စိတ်အကြံကိုသိ၍ ရဟန္တာတစ်သိန်းခြံရံကာ ကြွလာ၍ ဘုရားရှင်ကို ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ တည်နေကြလေကုန်၏။ ထိုအခါမှ သရဒရသေ့သည် တပည့်ရသေ့တို့ကိုခေါ်၍ “ငါ့သားတို့- ဘုရားရှင်၏ နေရာ ပလ္လင်သည် နိမ့်၏။ ရဟန်းတစ်သိန်းတို့၏ နေရာလည်း မရှိခဲ့၊ သင်တို့သည် ယနေ့ ဘုရားရှင်အား ပူဇော်သက္ကာရ အထူးဝိသေသပြုခြင်းငှာ သင့်၏။ ထို့ကြောင့် တောင်ခြေရင်းမှ အဆင်းအနံ့နှင့် ပြည့်စုံကုန်သော ပန်းတို့ကို ဆောင်ချေကုန်လော့”ဟု ဆို၏။ ဆိုသောအခါသည် ကြာမြင့်သကဲ့သို့ ဖြစ်သေး၏။ တန်ခိုးရှိသောသူ၏ တန်ခိုးအရာကို မကြံစည်အပ်၊ ထို့ကြောင့် တစ်ခဏချင်းဖြင့်သာလျှင် ထိုရသေ့တို့သည် အဆင်းအနံ့နှင့် ပြည့်စုံကုန်သော ပန်းတို့ကို ဆောင်ယူခဲ့ကြ၍ ဘုရားရှင်တို့အား တစ်ယူဇနာ အတိုင်းအရှည်ရှိသော ပန်းနေရာကို ခင်းလှူကြကုန်၏။ အဂ္ဂသာဝက နှစ်ပါးတို့၏ နေရာသည် သုံးဂါဝုတ်ရှိ၏။ ကြွင်းသော ရဟန်းတို့၏ နေရာသည် ယူဇနာခွဲ စသည် ရှိ၏။ အငယ်ဆုံးဖြစ်သော သင်္ဃနော (သံဃာငယ်)၏ နေရာသည် တစ်ဥသဘမျှ ရှိ၏။

(ရသေ့တို့နေရာ တစ်ခုသော ကျောင်းသင်္ခမ်း၌ ထိုမျှလောက် ကြီးကျယ်သော ပန်းနေရာတို့ကို အဘယ်သို့ ခင်းလေသနည်းဟု မကြံစည်အပ်။ ထိုစကား မှန်စွ၊ ထိုသို့ ကြီးကြီးကျယ်ကျယ် ခင်းမှုသည်ကား တန်ခိုးဖြင့်ပြီးသော အရာတည်း။)

ဤသို့ ပန်းနေရာတို့ကို ခင်းကုန်ပြီးသည်ရှိသော် သရဒရသေ့သည် ဘုရားရှင်၏ရှေ့မှ လက်အုပ်ချီ၍ရပ်လျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားချမ်းသာ များစိမ့်သောငှာ ဤပန်းနေရာထက်သို့ တက်ကြွ၍ သီတင်းသုံးတော်မူပါ”ဟု လျှောက်ကြားလေ၏။ ထို့ကြောင့် ဤဂါထာအပေါင်းကို ဆိုအပ်ပြီ။

နာနာပုပ္ဖဉ္စ ဂန္ဓဉ္စ၊ သမ္ပာဒေတွာန ဧကတော။
ပုပ္ဖါသနံ ပညာပေတွာ၊ ဣဒံ ဝစနမဗြဝိ။
ဣဒံ မေ အာသနံ ဝီရ၊ ပညတ္တံ တဝ နုစ္ဆဝိံ။
မမ စိတ္တံ ပသာဒေန္တော၊ နိသီဒ ပုပ္ဖမာသနေ။
သတ္တရတ္တိန္ဒိဝံ ဗုဒ္ဓေါ၊ နိသီဒိ ပုပ္ဖမာသနေ။
မမ စိတ္တံ ပသာဒေတွာ၊ ဟာသယိတွာ သဒေဝကေ။

နာနာပုပ္ဖဉ္စ၊ အထူးထူးသော ပန်းကိုလည်းကောင်း။ နာနာဂန္ဓဉ္စ၊ အထူးထူးသော နံ့သာကိုလည်းကောင်း။ ဧကတော၊ တစ်ပေါင်းတည်း။ သမ္ပာဒေတွာန၊ ပြည့်စုံစေ၍။ ပုပ္ဖါသနံ၊ ပန်းနေရာကို။ ပညာပေတွာ၊ ခင်း၍။ ဣဒံ ဝစနံ၊ ဤသို့သော စကားကို။ အဗြဝိ၊ လျှောက်ကြားလေပြီ။

ဝီရ၊ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား။ တဝ၊ ရှင်တော်ဘုရားအား။ အနုစ္ဆဝိံ၊ လျောက်ပတ်သော။ ဣဒံ အာသနံ၊ ဤပန်းနေရာကို။ မေ၊ တပည့်တော်သည်။ ပညတ္တံ၊ ခင်းအပ်ပြီ။ မမ၊ တပည့်တော်၏။ စိတ္တံ၊ စိတ်ကို။ ပသာဒေန္တော၊ ကြည်လင်စေလျက်။ ပုပ္ဖမာသနေ၊ ပန်းနေရာထက်၌။ နိသီဒ၊ ထိုင်တော်မူပါဘုရား။

မမ၊ ငါသရဒရသေ့၏။ စိတ္တံ၊ စိတ်ကို။ ပသာဒေတွာ၊ ကြည်လင်စေ၍။ သဒေဝကေ၊ နတ်နှင့်တကွသော လူတို့ကို။ ဟာသယိတွာ၊ ဝမ်းမြောက်သောအားဖြင့် ရွှင်လန်းစေ၍။ ဗုဒ္ဓေါ၊ အနောမဒဿီ ဘုရားရှင်သည်။ သတ္တရတ္တိန္ဒိဝံ၊ ခုနစ်ညဉ့် ခုနစ်နေ့တို့ပတ်လုံး။ ပုပ္ဖမာသနေ၊ ပန်းနေရာထက်၌။ နိသီဒိ၊ ထိုင်နေတော်မူလေပြီ။

ဤသို့ ဘုရားရှင် သီတင်းသုံး စံနေတော်မူသည်ရှိသော် အဂ္ဂသာဝက နှစ်ပါးတို့သည်လည်းကောင်း၊ ကြွင်းသော ရဟန်းတို့သည်လည်းကောင်း မိမိ,မိမိ၏အလို့ငှာ ခင်းထားအပ်သော နေရာ၌ နေတော်မူကြလေကုန်၏။ သရဒရသေ့သည် ကြီးစွာသော ပန်းထီးကိုကိုင်၍ မြတ်စွာဘုရား၏ အဦးထိပ်တော်ထက်၌ ဆောင်းမိုးလျက် ရပ်နေလေ၏။ ဘုရားရှင်သည် “ထိုရသေ့တို့၏ ဤပူဇော်သက္ကာရ အထူးသည် ကြီးကျယ်သော အကျိုးအာနိသင်ရှိသည် ဖြစ်စေသတည်း”ဟု ဆင်ခြင်တော်မူ၍ နိရောဓသမာပတ်ကို ၀င်စားတော်မူလေ၏။ ဘုရားရှင် နိရောဓသမာပတ် ဝင်စားသည့်အဖြစ်ကိုသိ၍ အဂ္ဂသာဝက နှစ်ပါးတို့သည်လည်းကောင်း၊ ကြွင်းသော ရဟန်းတို့သည်လည်းကောင်း နိရောဓသမာပတ်ကို ၀င်စားကြလေကုန်၏။ ဘုရားရှင်သည် ခုနှစ်ရက်ပတ်လုံး နိရောဓသမာပတ် ဝင်စား၍ နေတော်မူစဉ် သရဒရသေ့၏ အတွင်းနေ တပည့်ဖြစ်သော ရသေ့တို့သည် ဆွမ်းခံချိန်ရောက်သောအခါ တော၌ဖြစ်သော သစ်မြစ်, သစ်ဥ, သစ်သီးကြီးငယ်ကို ရှာကြံသုံးဆောင်၍ ကြွင်းသောအခါ၌ ဘုရားရှင်တို့အား လက်အုပ်ချီမိုး ရှိခိုးလျက် တည်နေကြလေကုန်၏။ သရဒ ရသေ့မူကား ဆွမ်းခံမျှပင် မသွားမူ၍ ပန်းထီးကို ဆောင်းမိုးလျက်သာလျှင် ခုနစ်ရက်ပတ်လုံး ပီတိသုခဖြင့် လွန်စေလေ၏။ ဘုရားရှင်သည် နိရောဓသမာပတ်မှ ထတော်မူပြီးလျှင် လက်ယာနံပါး၌ သီတင်းသုံးနေသော အဂ္ဂသာဝကဖြစ်သော နိသဘမထေရ်ကို ဤသို့ မိန့်တော်မူလေ၏။ “ချစ်သားနိသဘ- ပူဇော်သက္ကာရကို ပြုကြကုန်သော ရသေ့တို့အား ပန်းနေရာကိုခင်း၍ လှူဒါန်းပူဇော်ခြင်းနှင့် စပ်လျဉ်းသော အနုမောဒနာတရားကို ဟောကြားလေလော့”ဟု မိန့်တော်မူလေ၏။ ထိုအခါ နိသဘမထေရ်သည် စကြဝတေးမင်းအထံမှ ဆုလာဘ်များစွာရသော စစ်သူကြီးကဲ့သို့ နှစ်သက်ဝမ်းမြောက်သောစိတ် ရှိသည်ဖြစ်၍ သာဝကပါရမီဉာဏ်၌ တည်လျက် ပန်းနေရာအလှူ အနုမောဒနာတရား ဟောခြင်းငှာ အားထုတ်တော်မူလေ၏။

ထိုနိသဘမထေရ် တရားဟောတော်မူပြီးသည့်အဆုံး၌ လက်ဝဲရံ ဒုတိယ အဂ္ဂသာဝကဖြစ်သော အနောမထေရ်ကို ခေါ်တော်မူ၍ “ချစ်သား အနောမ၊ သင်သည်လည်း ရသေ့တို့အား တရားဟောဦးလော့”ဟု မိန့်တော်မူ၏။ အနောမမထေရ်သည်လည်း ပိဋကတ်သုံးပုံဟု ဆိုအပ်သော ဘုရားစကားတော်ကို သုံးသပ်ဆင်ခြင်၍ တရားဟောတော်မူလေ၏။ အဂ္ဂသာဝက နှစ်ပါးတို့၏ တရားဟောခြင်းဖြင့် တစ်ဦးသော ရသေ့မျှလည်း တရားကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်သေး၊ ထို့နောက်မှ အနောမဒဿီ ဘုရားရှင်သည် အတိုင်းအရှည်မရှိသော ဘုရားအရာ၌ တည်လျက် တရားဟောတော်မူလေ၏။ ဒေသနာတော်၏အဆုံး၌ သရဒရသေ့ကိုထား၍ ကြွင်း အလုံးစုံကုန်သော ခုနစ်သောင်းလေးထောင်ကုန်သော ရသေ့တို့သည် အရဟတ္တဖိုလ်ကို ရ၍ ရဟန္တာဖြစ်ကြလေကုန်၏။ ဘုရားရှင်သည် “ဧထ ဘိက္ခဝေါ” အစရှိသော စကားတို့ကို မိန့်တော်မူလျက် လက်ယာလက်တော်ကို ဆန့်တန်း၍ ခေါ်တော်မူသော ခဏ၌ပင်လျှင် ထိုရသေ့တို့၏ ဆံမုတ်ဆိတ်တို့သည် ကွယ်ပျောက်ကုန်၍ ကိုယ်၌ ပရိက္ခရာရှစ်ပါး လွယ်လျက်ဧဟိ ဘိက္ခုချည်းသာ ဖြစ်ကြကုန်၏။

သရဒရသေ့ကား အဘယ့်ကြောင့် အရဟတ္တဖိုလ်သို့ မရောက်လေသနည်းဟူမူကား စိတ်ပျံ့လွင့်နေသောကြောင့် မရောက်သတည်း၊ ထိုသရဒရသေ့သည် ဘုရားရှင်တို့၏ နှစ်ခုမြောက်သော နေရာ၌နေ၍ သာဝကပါရမီဉာဏ်၌ တည်လျက် တရားဟောကြားသော အဂ္ဂသာဝက နိသဘမထေရ်၏ ဟောအပ်သောတရားကို နာယူအံ့ဟု အားထုတ်သော အခါမှစ၍ “ငါသည်လည်း နောင်ပွင့်တော်မူလတ္တံ့သော ဘုရားတစ်ဆူ၏သာသနာတော်၌ ဤအဂ္ဂသာဝက နိသဘမထေရ်သည် ရအပ်သော လက်ယာရံအရာကို ရရှိပါမူကား ကောင်းလေစွ”ဟု စိတ်အကြံ ဖြစ်သတတ်၊ ထိုသို့သော စိတ်အကြံကြောင့် မဂ်ဖိုလ်ကို ထိုးထွင်း၍ သိမြင်ခြင်းငှာ မတတ်နိုင်လေ၊ ဘုရားရှင်ကို ရှိခိုးပြီးလျှင် မျက်မှောက်တော်၌ နေပြီး၍ကား “မြတ်စွာဘုရား- ရှင်တော်ဘုရားတို့၏ အခြားမရှိသော နေရာ၌ ထိုင်နေသော ရဟန်းသည် ရှင်တော်ဘုရားတို့၏ သာသနာတော်၌ အဘယ်မည်သော ရဟန်းဖြစ်ပါသနည်း”ဟု မေးလျှောက်လေ၏။ “ငါဘုရားသည် လည်စေအပ်သော တရားတည်းဟူသော စကြာရတနာကို အစဉ်တစိုက်လိုက်၍ လည်စေနိုင်သဖြင့် သာဝကပါရမီဉာဏ်၏ အထွတ်အထိပ်သို့ရောက်၍ တစ်ဆယ့်ခြောက်ပါးသော ပညာအခြင်းအရာအားဖြင့် ထိုးထွင်း၍သိလျက် တည်သော ဤရဟန်းသည် ငါဘုရား သာသနာတော်၌ လက်ယာရံ အဂ္ဂသာဝက နိသဘမထေရ် မည်သတည်း”ဟု မိန့်တော်မူလေ၏။ ထိုအခါ သရဒရသေ့သည် ဤသို့ ဆုတောင်း၏။ “ဘုန်းတော်ကြီးမြတ်တော်မူပေသော မြတ်စွာဘုရား- တပည့်တော်သည် ခုနစ်ရက်ပတ်လုံး ပန်းထီးကို ဆောင်းမိုးလျက် ပူဇော်သက္ကာရအထူးကို ပြုရပါပြီ။ ထိုပူဇော်အပ်သော ကောင်းမှု၏ အကျိုးအားဖြင့် အခြားတစ်ပါးသော သိကြားအဖြစ်၊ ဗြဟ္မာအဖြစ်ကို မတောင့်တပါ၊ နောင်သောအခါ၌ ဤနိသဘမထေရ်ကဲ့သို့ တစ်ဆူသော ဘုရားရှင်၏ လက်ယာရံ အဂ္ဂသာဝက ဖြစ်ရပါလို၏”ဟု ဆုတောင်းခြင်းကို ပြုလေ၏။

အနောမဒဿီ မြတ်စွာဘုရားသည် “သရဒရသေ့၏ ဆုတောင်းခြင်းသည် ပြည့်အံ့လော၊ မပြည့်အံ့လော”ဟု အနာဂတံသဉာဏ်ကို စေလွှတ်၍ ကြည့်တော်မူလတ်သော် ကမ္ဘာတစ်သိန်းအလွန်ရှိသော တစ်သင်္ချေကို လွန်မြောက်ပြီးလျှင် ပြည့်စုံလိမ့်မည့်အဖြစ်ကို မြင်တော်မူလေ၏။ ယင်းသို့ မြင်တော်မူသည်ရှိသော် သရဒရသေ့ကို မြတ်စွာဘုရားက “သင်၏ ဆုတောင်းခြင်းသည် အချည်းအနှီး မဖြစ်လတ္တံ့၊ နောင်အခါ၌ ကမ္ဘာတစ်သိန်းအလွန်ရှိသော တစ်သင်္ချေကို လွန်မြောက်ပြီးလျှင် ဂေါတမမည်သော ဘုရားရှင် ပွင့်တော်မူလတ္တံ့၊ ထိုဂေါတမဘုရား၏ မယ်တော်သည် မဟာမာယာမည်သော မိဖုရား ဖြစ်လတ္တံ့၊ ခမည်းတော်သည် သုဒ္ဓေါဒနမည်သော မင်းကြီး ဖြစ်လတ္တံ့၊ သားတော်သည်ကား ရာဟုလာမည်သည် ဖြစ်လတ္တံ့၊ အလုပ်အကျွေးသည်ကား အာနန္ဒာမည်သည် ဖြစ်လတ္တံ့၊ လက်ဝဲရံ ဒုတိယ အဂ္ဂသာဝကသည်ကား မောဂ္ဂလာန် မည်သည် ဖြစ်လတ္တံ့၊ သင်သည်ကား ထိုဂေါတမဘုရား၏ လက်ယာရံ ပထမ အဂ္ဂသာဝကဖြစ်သော သာရိပုတြာမည်သော တရားစစ်သူကြီး ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား ညွှန်ကြားတော်မူလေ၏။ ဤသို့ သရဒရသေ့ကို ဗျာဒိတ်ပေးတော်မူပြီးလျှင် တရားစကားကို ဟောကြားပြီး၍ ရဟန်းအပေါင်းခြံရံလျက် ကောင်းကင်သို့ပျံတက် ကြွသွားတော်မူလေ၏။

သရဒရသေ့သည်လည်း တပည့်ဖြစ်ဖူးသော မထေရ်တို့၏ အထံသို့သွား၍ အဆွေခင်ပွန်းဖြစ်သော သိရိဝဍ္ဎနသူကြွယ်ထံသို့ သတင်းစကား မှာကြားလေ၏။ “အရှင်ဘုရားတို့- တပည့်တော်၏ အဆွေခင်ပွန်းဖြစ်သော သူကြွယ်အား သင်၏အဆွေခင်ပွန်းဖြစ်သော သရဒရသေ့သည် အနောမဒဿီဘုရားရှင်၏ ခြေတော်ရင်းဝယ် နောင်အနာဂတ်ကာလ၌ ပွင့်တော်မူလတ္တံ့သော ဂေါတမဘုရား၏ သာသနာတော်၌ လက်ယာရံ အဂ္ဂသာဝကအရာကို တောင့်တလေပြီ။ အသင်သူကြွယ်သည် ဒုတိယ အဂ္ဂသာဝက လက်ဝဲရံအရာကို တောင့်တလော့”ဟု ပြောကြားရန် သတင်းစကား မှာကြားလေ၏။ ဤသို့ မှာကြားပြီးလျှင် မထေရ်တို့ထက် ရှေးဦးစွာ တစ်ဖက်သော လမ်းခရီးဖြင့်သွား၍ သိရိဝဍ္ဎနသူကြွယ်၏နေအိမ်တံခါး၌ ရပ်လေ၏။ သိရိဝဍ္ဎန သူကြွယ်သည် “ငါ၏ အရှင်ရသေ့ကား ကြာမြင့်မှ ကြွလာတော်မူပေသည်တကား”ဟု နေရာ၌နေစေ၍ မိမိမူ နိမ့်သောနေရာ၌ နေလျက် “အရှင်ဘုရား- အရှင်မြတ်တို့၏ တပည့်ပရိသတ်ကား မထင်မြင်ချေတကား”ဟု မေးလျှောက်သော် “အဆွေ သိရိဝဍ္ဎန- ဪ၊ ဟုတ်ပေ၏။ ငါတို့၏ ကျောင်းသင်္ခမ်းသို့ အနောမဒဿီ မြတ်စွာဘုရားသည် ကြွလာတော်မူ၏၊ ငါတို့သည် ထိုဘုရားရှင်အား အစွမ်းသတ္တိ ရှိသည်အလျောက် ပူဇော်သက္ကာရကို ပြုကြကုန်၏၊ ဘုရားရှင်သည် အလုံးစုံသောသူတို့အား တရားဟောတော်မူ၏၊ တရားတော်၏ အဆုံး၌ ငါ့ကို ချန်ထား၍ ကြွင်းသော တပည့်ရသေ့တို့သည် အရဟတ္တဖိုလ်သို့ရောက်၍ ရဟန်းပြုကြလေကုန်ပြီ၊ ငါသည်မူကား အနောမဒဿီ မြတ်စွာဘုရား၏ အဂ္ဂသာဝကဖြစ်သော နိသဘမထေရ်ကို မြင်ရ၍ နောင်သောအခါ ပွင့်တော်မူလတ္တံ့သော ဂေါတမဘုရား သာသနာတော်၌ ပထမ အဂ္ဂသာဝက လက်ယာရံအရာကို ဆုတောင်းလိုက်၏။ အဆွေဖြစ်သော အသင်သည်လည်း ထိုဂေါတမဘုရား၏ သာသနာတော်၌ ဒုတိယ အဂ္ဂသာဝက လက်ဝဲရံအရာကို တောင့်တလော့”ဟု တိုက်တွန်းလတ်သော် “အရှင်ဘုရား-တပည့်တော်အား ဘုရားရှင်တို့နှင့် အကျွမ်းဝင်ခြင်း မရှိပါ”ဟု လျှောက်၏။ “ဘုရားရှင်တို့နှင့် စကားပြောဆိုခြင်းကား ငါ၏ တာဝန်ဖြစ်စေ၊ သင်သည် ကြီးမြတ်သော ပူဇော်သက္ကာရကိုသာ ပြုပြင် စီရင်လေလော့”ဟု ပြော ဆို၏။ သိရိဝဍ္ဎန သူကြွယ်သည် ထိုရသေ့၏စကားကို ကြား၍ မိမိ၏နေရာ အိမ်တံခါးအနီးအပါး၌ မင်းပယ်အားဖြင့် (တစ်ဆယ့်တစ်တင်း မျိုးကြဲလောက်သော အရပ်ကို မင်းပယ်တစ်ခု ခေါ်သည်။) ရှစ်မင်းပယ်မျှလောက်သော အရပ်ကို ညီညွတ်သော အပြင်ရှိအောင် ပြုပြင်၍ သဲကိုဖြန့်ကြဲစေ၍ ကြာညိုပန်းတို့ဖြင့် မိုးအပ်သော မဏ္ဍပ်ကို ဆောက်စေ၍ ဘုရားနေရာကို ခင်းစေပြီးလျှင် ကြွင်းသော ရဟန်းတို့၏ နေရာတို့ကိုလည်း စီရင်စေ၍ ကြီးမြတ်သော ပူဇော်သက္ကာရကို ပြုပြင်စီရင်ပြီးသော် မြတ်စွာဘုရားတို့ကို ပင့်ဖိတ်ခြင်းငှာ သရဒရသေ့အား အမှတ်သညာ ပေးလေ၏။

သရဒရသေ့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို ပင့်ဆောင်၍ ထိုသိရိဝဍ္ဎနသူကြွယ်၏ နေအိမ်သို့ သွားလေ၏။ သိရိဝဍ္ဎန သူကြွယ်သည်လည်း ခရီးဦးကြိုဆိုခြင်းကိုပြု၍ ဘုရားရှင်၏ လက်တော်မှ သပိတ်ကို ယူပြီးလျှင် မဏ္ဍပ်သို့ကြွဝင်ရန် လျှောက်ကြား၍ ခင်းအပ်သော နေရာတို့၌ သီတင်းသုံးနေတော်မူသော ဘုရားအမှူးရှိသော ရဟန်းသံဃာအား မြတ်သော အလှူရေစက်ကို သွန်းချ၍ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် လုပ်ကျွေးပြီးလတ်သော် ဆွမ်းဘုဉ်းပေးတော်မူပြီးသည်၏ အဆုံး၌ ဘုရားအမှူးရှိသော ရဟန်းသံဃာကို မြတ်သောသူတို့အား ထိုက်လျော် လျောက်ပတ်သော အဝတ်သင်္ကန်းတို့ဖြင့် လှူဒါန်း၍ “မြတ်စွာဘုရား- ဤသို့ အားထုတ်ပြုစုရခြင်းသည် အနည်းငယ်မျှသော အရာဌာနအကျိုးငှာ မဟုတ်ပါ၊ ဤသို့သောနည်းဖြင့် ခုနစ်ရက်ပတ်လုံး အစဉ်သနားတော်မူကြပါဘုရား”ဟု လျှောက်လေ၏။ ဘုရားရှင်သည် သည်းခံတော်မူ၏။

သိရိဝဍ္ဎနသူကြွယ်သည် ထိုသို့သော နည်းဖြင့်သာလျှင် ခုနစ်ရက်ပတ်လုံး အလှူကြီးကို ဖြစ်စေပြီးလျှင် မြတ်စွာဘုရားကိုရှိခိုး၍ လက်အုပ်ချီကာ ရပ်လျက် “ဘုန်းတော်အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား- တပည့်တော်၏ အဆွေခင်ပွန်းဖြစ်သော သရဒရသေ့သည် အကြင်ဘုရား၏ လက်ယာရံ အဂ္ဂသာဝက ဖြစ်ရလို၏ဟု ဆုတောင်းပါ၏၊ ဘုရားတပည့်တော်သည်လည်း ထိုဘုရား၏ လက်ဝဲရံ ဒုတိယ အဂ္ဂသာဝက ဖြစ်ရပါလို၏ ဘုရား”ဟု ဆုတောင်းပတ္ထနာ ပြုလေ၏။ ဘုရားရှင်သည် အနာဂတ်ကာလကို ကြည့်တော်မူသော် ထိုသိရိဝဍ္ဎနသူကြွယ်၏ ဆုတောင်းခြင်း၏ ပြည့်စုံအံ့သောအဖြစ်ကို မြင်တော်မူ၍ “သင်သည် ဤကမ္ဘာမှ တစ်သိန်းအလွန်ရှိသော ကမ္ဘာတစ်သင်္ချေကို လွန်မြောက်ပြီးလျှင် ဂေါတမမည်သော ဘုရား၏ ဒုတိယ အဂ္ဂသာဝက လက်ဝဲရံ ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။ သိရိဝဍ္ဎနသူကြွယ်သည် ဘုရားရှင်တို့၏ ဗျာဒိတ်စကားကို ကြားရ၍ အလွန်လျှင် ရွှင်လန်းဝမ်းမြောက်လေ၏။ မြတ်စွာဘုရားသည်လည်း ဆွမ်းအနုမောဒနာတရား ဟောတော်မူ၍ အခြံအရံ ရဟန်းသံဃာနှင့်တကွ ကျောင်းတော်သို့သာလျှင် ပြန်ကြွတော်မူလေ၏။

“ချစ်သား ရဟန်းများတို့- ငါ၏သားတော် ဖြစ်ကုန်သော ဤသာရိပုတြာ၊ မောဂ္ဂလာန်တို့သည် ဤသို့လျှင် အဂ္ဂသာဝကအစုံဆုကို တောင်းခဲ့ကြကုန်သောကြောင့် မိမိတို့ ဆုတောင်းခဲ့တိုင်းသာလျှင် လက်ယာရံ၊ လက်ဝဲရံအဖြစ်ကို ရကြလေကုန်၏၊ ငါဘုရားသည် မျက်နှာကြည့်၍ ပေးသည်မဟုတ်”ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူပြီးသည်ရှိသော် အဂ္ဂသာဝက နှစ်ပါးတို့သည် ဘုရားရှင်ကို ရှိခိုး၍ ဤသို့ လျှောက်ကြကုန်၏။ “မြတ်စွာဘုရား- တပည့်တော်တို့သည် အိမ်ရာထောင်သော လူ့ဘောင်၌ နေကြကုန်စဉ် တောင်ထိပ်ပွဲသဘင်ကို ကြည့်ရှုခြင်းငှာ သွားကြပါကုန်၏၊” ဤသို့ အစရှိသည်တို့ဖြင့် အကြင်မျှလောက် အဿဇိမထေရ်၏ အထံမှ သောတာပတ္တိဖိုလ်ကို ထိုးထွင်း၍ သိ၏၊ ထိုမျှလောက် အလုံးစုံသော ပစ္စုပ္ပန်ဝတ္ထု အကြောင်းအရာတို့ကို ကောင်းစွာ လျှောက်ကြားပြီးလျှင် “မြတ်စွာဘုရား- တပည့်တော်တို့သည် ဆရာဖြစ်သော သိဉ္စည်းပရိဗိုဇ် အထံသို့သွား၍ ရှင်တော်ဘုရားတို့၏ ခြေတော်ရင်းသို့ရောက်အောင် ဆောင်လိုကုန်သောကြောင့် ထိုသိဉ္စည်းဆရာ၏ အယူဝါဒ အနှစ်သာရ မရှိသည့်အဖြစ်ကို ပြောကြားလျက် ရှင်တော်ဘုရားတို့၏ ခြေတော်ရင်း၌ ဆည်းကပ်ခြင်း၏ အကျိုးအာနိသင်ကို ပြသပြောဆိုကြပါသည်ဘုရား၊ ထိုသိဉ္စည်းဆရာသည် ယခုအခါ တပည့်အဖြစ်ဖြင့် နေရခြင်းသည် အိုးစရည်းကြီး၏ ရေသယ်အိုးငယ်အဖြစ်သို့ ရောက်ရသည်နှင့် တူသဖြင့် တပည့်အဖြစ်ဖြင့်နေခြင်းငှာ မစွမ်းနိုင်ဟု ဆိုပါသည်ဘုရား။

ထိုအခါ ဘုရားတပည့်တော်တို့က ဆရာ- ယခုအခါ လူများအပေါင်းသည် ပန်း,နံ့သာစသည် လက်စွဲလျက် မြတ်စွာဘုရား၏ အထံသို့သာသွား၍ ပူဇော်လတ္တံ့၊ ဆရာတို့သည် အဘယ်သို့ ဖြစ်ကုန်အံ့နည်းဟု မေးသောအခါ ဤလောက၌ ပညာရှိသူ များသလော၊ သို့တည်းမဟုတ် ပညာနုံ့သူ များသလောဟု ဘုရားတပည့်တော်တို့ကို မေးသဖြင့် ပညာနုံ့သူ များကြောင်း ပြန်ပြောကုန်လတ်သော် ထိုသို့ဖြစ်မူ ပညာရှိတို့သည် ရဟန်းဂေါတမထံ သွားကုန်လတ္တံ့၊ ပညာနုံ့သူတို့သည် ငါ့ထံ လာကုန်လတ္တံ့၊ သင်တို့သည်သာ ရဟန်းဂေါတမထံ သွားကြကုန်ဟုဆို၍ မြတ်စွာဘုရားထံ လိုက်လာခြင်းငှာ အလိုမရှိပါ”ဟု လျှောက်ကြားကြကုန်၏။ မြတ်စွာဘုရားသည် ထိုစကားကို ကြားတော်မူ၍ “ချစ်သားရဟန်းတို့- သိဉ္စည်းပရိဗိုဇ်သည် မိမိ၏ အမှားကို ယူသည်၏အဖြစ်ကြောင့် အနှစ်သာရ မရှိဘဲလျက် အနှစ်သာရရှိ၏ဟု ယူလေ့ရှိ၏၊ အနှစ်သာရရှိသော အယူကို အနှစ်သာရမရှိဟု ယူလေ့ရှိ၏။ သင်တို့သည်ကား ပညာရှိသည့်အဖြစ်ကြောင့် အနှစ်သာရရှိသော အယူကိုလည်း အနှစ်သာရ ရှိသောအားဖြင့်၊ အနှစ်သာရမရှိသော မိစ္ဆာဒိဋ္ဌိအယူကိုလည်း အနှစ်သာရ မရှိသောအားဖြင့် သိကြကုန်၍ အနှစ်သာရမရှိသော မိစ္ဆာအယူကို ပယ်စွန့်ပြီးလျှင် အနှစ်သာရရှိသော ကောင်းမြတ်သော သူတော်ကောင်းတရားကိုသာလျှင် ယူကြကုန်လော့”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောတော်မူလေ၏။

ဟောဖော်ညွှန်ပြ

֍ * [၁၁] အသာရေ သာရမတိနော၊ သာရေ စာ သာရဒဿိနော။
တေ သာရံ နာဓိဂစ္ဆန္တိ၊ မိစ္ဆာသင်္ကပ္ပဂေါစရာ။
֍ * [၁၂] သာရဉ္စ သာရတော ဉတွာ၊ အသာရဉ္စ အသာရတော။
တေ သာရ မဓိဂစ္ဆန္တိ၊ သမ္မာသင်္ကပ္ပဂေါစရာ။

ယေ၊ အကြင်သူတို့သည်။ အသာရေ၊ အနှစ်မပါ အကာဖြစ်ငြား တိတ္ထိတို့တရား၌။ သာရမတိနော၊ အနှစ်သာရပြည့်ဝသည်ဟု အယူရှိကုန်၏။ သာရေ စ၊ အနှစ်သာရ ပြည့်ဝစုပေါင်း သူတော်ကောင်းတရား၌လည်း။ အသာရဒဿိနော၊ အနှစ်မပါ အကာအတိ အမြင်ရှိကုန်၏။ မိစ္ဆာသင်္ကပ္ပဂေါစရာ၊ မိစ္ဆာဝိတက်၏ ကျက်စားရာ ဖြစ်ကုန်သော။ တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ သာရံ၊ သီလစသော ဂုဏ်ကျေးဇူး အနှစ်ကို။ နာဓိဂစ္ဆန္တိ၊ မရနိုင်ကြကုန်။

ယေ၊ အကြင်သူတို့သည်။ သာရဉ္စ၊ အနှစ်သာရ ပြည့်ဝစုပေါင်း သူတော်ကောင်း တရားကိုလည်း။ သာရတော၊ အနှစ်သာရ ပြည့်ဝသောအားဖြင့်။ အသာရဉ္စ၊ အနှစ်မပါ အကာအတိဖြစ်သော တိတ္ထိတို့၏ တရားကိုလည်း။ အသာရတော၊ အနှစ်မပါ အကာအတိအားဖြင့်။ ဉတွာ၊ သိ၍။ ဌိတာ၊ တည်ကြကုန်၏။ သမ္မာသင်္ကပ္ပဂေါစရာ၊ အကြံကောင်းစွာ သမ္မာဝိတက်၏ ကျက်စားရာဖြစ်ကုန်သော။ တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ သာရံ၊ သီလစသော ဂုဏ်ကျေးဇူး အနှစ်ကို။ အဓိဂစ္ဆန္တိ၊ ရနိုင်ကြကုန်၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာကုန်သော တရားနာပရိသတ်တို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ စည်းဝေးရောက်လာသော သူတို့အား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အရှင်သာရိပုတြာမထေရ်ဝတ္ထု ပြီး၏။

֍ * ၉။ အရှင်နန္ဒမထေရ် ဝတ္ထု

ယထာ အဂါရံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်နန္ဒမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ခမည်းတော် မယ်တော်တို့အား တရားဟောတော်မူခြင်း

နတ်လူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် လည်စေအပ်သော မြတ်သော တရားတည်းဟူသော စကြာရတနာရှိတော်မူသည်ဖြစ်၍၊ ဝါ၊ ဓမ္မစကြာတရား ဟောကြားတော်မူပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူသဖြင့် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသောအခါ “ငါ၏ သားတော်ဘုရားကို ငါ့အား ပင့်ဆောင်၍ ပြကြကုန်လော့”ဟု သုဒ္ဓေါဒနမင်းကြီးသည် စေလွှတ်အပ်သော တစ်ထောင်သော ပရိသတ်ဗိုလ်ပါ အခြံအရံရှိကုန်သော တစ်ကျိပ်သော တမန်တို့တွင် အလုံးစုံသော တမန်တို့၏ နောက်မှသွား၍ အရဟတ္တဖိုလ်သို့ရောက်သော ဖွားဖက်တော် ကာဠုဒါယီ မထေရ်မြတ်သည် ကပိလဝတ်ပြည်သို့ ကြွတော်မူသင့်သော အခါကာလကို ဉာဏ်ဖြင့်ဆင်ခြင်၍ လမ်းခရီး၏ ဂုဏ်ကျေးဇူးကို ဂါထာပေါင်း ခြောက်ဆယ်ဖြင့် ချီးမွမ်း ထောမနာကာ လျှောက်ထားသဖြင့် ရဟန္တာအပေါင်း နှစ်သောင်းခြံရံလျက် ကပိလဝတ်ပြည်သို့ ပင့်ဆောင်တော်မူအပ်သည်ဖြစ်၍ ဆွေတော်မျိုးတော်တို့၏ အစည်းအဝေး၌ ပေါက္ခရဝဿ မိုးရွာခြင်းကို အကြောင်းပြုပြီးလျှင် ဝေဿန္တရာဇာတ်ကို ဟောတော်မူလေ၏။ တစ်ဖန် မိုးသောက်ရောက်သောအခါ ဆွမ်းအလို့ငှာ ဝင်တော်မူလျက် “ဥတ္တိဋ္ဌေ နပ္ပမဇ္ဇေယျ” စသောဂါထာဖြင့် ခမည်းတော်မင်းကြီးကို သောတာပတ္တိဖိုလ်၌ တည်စေတော်မူ၍ “ဓမ္မဉ္စရေ” စသော ဂါထာဖြင့် မိထွေးတော်ဂေါတမီကို သောတာပတ္တိဖိုလ်၌လည်းကောင်း၊ ခမည်းတော် မင်းကြီးကို သကဒါဂါမိဖိုလ်၌လည်းကောင်း တည်စေတော်မူ၏။

နန္ဒမင်းသားအား ရဟန်းပြုပေးတော်မူခြင်း

ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးသောအခါ ရာဟုလာမယ်တော် ယသောဓရာမိဖုရား၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ်ကို ဟောတော်မူပြီးလျှင် ထိုနေ့မှ နှစ်ရက်မြောက်သောနေ့၌ ညီတော် နန္ဒမင်းသားအား အဘိသိက်သွန်းလောင်းသောမင်္ဂလာ, အိမ်တက်မင်္ဂလာ, ထိမ်းမြားမင်္ဂလာတို့သည် ဖြစ်လတ်ကုန်သည်ရှိသော် ဆွမ်းအလို့ငှာ ကြွဝင်တော်မူသဖြင့် မင်္ဂလာတရား ဟောကြားပြီး နေရာမှထ၍ ကြွသွားတော်မူသည်ရှိသော် နန္ဒမင်းသား၏လက်မှ သပိတ်တော်ကို မယူဘဲသာလျှင် ကြွသွားတော်မူလေ၏။ နန္ဒမင်းသားသည်လည်း ဘုရားရှင်၌ ရိုသေသောအားဖြင့် “နောင်တော်ဘုရား- နောင်တော်ဘုရားတို့သည် သပိတ်တော်ကို ယူတော်မူကြပါကုန်လော့”ဟု လျှောက်ထားခြင်းငှာ မဝံ့ရကား “နောင်တော်ဘုရားသည် စောင်းတန်း လှေကားဦး၌ သပိတ်တော်ကို ယူလတ္တံ့”ဟု ဤသို့ကား ကြံစည်လေ၏။ မြတ်စွာဘုရားသည် ထိုစောင်းတန်းလှေကားဦး၌လည်း သပိတ်တော်ကို ယူတော်မမူ။ နန္ဒမင်းသားသည် “စောင်းတန်းလှေကားရင်း၌ ယူလတ္တံ့”ဟု ကြံစည်ပြန်လေ၏။ မြတ်စွာဘုရားသည် ထိုစောင်းတန်း လှေကားရင်း၌လည်း ယူတော်မမူ။ နန္ဒမင်းသားသည် “မင်းရင်ပြင်သို့ရောက်လျှင် ယူတော်မူလတ္တံ့”ဟု ကြံစည်ပြန်လေ၏။ မြတ်စွာဘုရားသည် ထိုမင်းရင်ပြင်၌လည်း ယူတော်မမူ။ နန္ဒမင်းသားလည်း ပြန်လည်ခြင်းငှာ အလိုရှိသဖြင့် မနှစ်သက်ဘဲသာ လိုက်သွားရာ မြတ်စွာဘုရား၌ ရိုသေသော ဂါရဝတရားဖြင့် “နောင်တော်ဘုရားတို့သည် သပိတ်တော်ကို ယူတော်မူကြပါကုန်လော့”ဟု လျှောက်ထားခြင်းငှာ မဝံ့ရှာလေ။ “ဤအရပ်သို့ရောက်လျှင် ယူတော်မူလတ္တံ့၊ ထိုအရပ်သို့ရောက်လျှင် ယူတော်မူလတ္တံ့”ဟု ကြံစည်၍သာ လိုက်သွားရှာရ၏။

ထိုခဏ၌ မောင်းမအပေါင်းတို့သည် ဇနပဒကလျာဏီမင်းသမီးအား “အရှင်မ- မြတ်စွာဘုရားသည် နန္ဒမင်းသားကို ခေါ်ဆောင်၍ ကြွသွားတော်မူလေပြီ၊ သခင်မတို့သည် ထိုနန္ဒမင်းသားနှင့်ကင်း၍ အဘယ်သို့သော အမှုကို ပြုကြကုန်လတ္တံ့နည်း”ဟု ပြောကြားကြလေကုန်၏။ ဇနပဒကလျာဏီ မင်းသမီးသည် ထိုသူတို့ပြောကြားသော စကားကို ကြားလေလျှင် ယိုစီးသော မျက်ရည်ပေါက်ရှိသော ထက်ဝက်မျှ ဖြီးအပ်ပြီးသော ဆံပင်တို့ဖြင့် လျင်စွာသွား၍ “အရှင့်သား- မြန်မြန်ကြီးသာ ပြန်ခဲ့ပါလော့”ဟု မှာကြားလိုက်လေ၏။ မှာလိုက်သော ထိုဇနပဒကလျာဏီ မင်းသမီး၏ စကားသည် နန္ဒမင်းသား၏ နှလုံးထဲ၌ ဖီလာကန့်လန့် ကျဝင်လာသကဲ့သို့ စွဲမြဲစွာ တည်လေ၏။ မြတ်စွာဘုရားသည်လည်း ညီတော်နန္ဒမင်းသား၏လက်မှ သပိတ်တော်ကို မယူဘဲသာလျှင် နန္ဒမင်းသားကို ကျောင်းတော်သို့အရောက် ဆောင်တော်မူ၍ “ညီတော် နန္ဒ- ရဟန်းပြုလတ္တံ့လော”ဟု မေးတော်မူ၏။ နန္ဒမင်းသားလည်း မြတ်စွာဘုရား၌ ရိုသေသောအားဖြင့် “ရဟန်းမပြုနိုင်ပါ”ဟု မလျှောက်ဝံ့သဖြင့် “မှန်လှပါ- ရဟန်းပြုပါမည်ဘုရား”ဟု လျှောက်ထားလေ၏။ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ထိုသို့ဖြစ်မူ နန္ဒမင်းသားကို ရဟန်းပြုကြကုန်လော့”ဟု မိန့်တော်မူ၏။ ဘုရားရှင်သည် ကပိလဝတ်ပြည်သို့ ကြွရောက်တော်မူ၍ သုံးရက်မြောက်သောနေ့၌ နန္ဒမင်းသားကို ရဟန်းပြုတော်မူလေ၏။

သားတော်ရာဟုလာ အမွေတောင်းခြင်း

မြတ်စွာဘုရားသည် ကပိလဝတ်ပြည်သို့ ကြွရောက်တော်မူ၍ ခုနစ်ရက်မြောက်သောနေ့၌ ရာဟုလာမယ်တော်သည် သားတော်ရာဟုလာကို တန်ဆာဆင်၍ “ချစ်သား ရာဟုလာ- ရဟန်းအပေါင်း နှစ်သောင်းခြံရံလျက် ရွှေအဆင်းနှင့်တူသော ထိန်ဝင်းသော အရောင်အဆင်းရှိသော ဗြဟ္မာမင်း၏ကိုယ်ကဲ့သို့ ဖြောင့်မတ်သော သဏ္ဌာန်အဆင်းရှိသော ဤရဟန်းကို ရှုကြည့်စမ်းလော့၊ ဤရဟန်းသည် အသင်၏ ကျေးဇူးရှင် ခမည်းတော်ပေတည်း၊ အသင်၏ ခမည်းတော်အား ကြီးစွာသော ရွှေအိုးတို့သည် ရှိကုန်၏၊ ထိုရွှေအိုးတို့ကို ချစ်သား၏ခမည်းတော် တောထွက်တော်မူသောနေ့မှစ၍ ငါတို့ မမြင်ကုန်၊ ချစ်သား- သွား၍ ခမည်းတော်ကို အမွေတောင်းချေလော့။ ခမည်းတော်ဘုရား- သားတော်အကျွန်ုပ်သည် ဘိသိက်သွန်းခြင်းကို ပြုပြီးသည်ရှိသော် စကြာမင်းဖြစ်ပါလိမ့်မည်၊ သားတော်အား ဥစ္စာဖြင့် အလိုရှိပါသည်၊ အမွေဥစ္စာကို ပေးသနားတော်မူပါ၊ သားမည်သည် အဘ၏ အမွေဥစ္စာနှစ်ကို ပိုင်ရှင်ဖြစ်သင့်ကောင်းပါသည်ဘုရား”ဟု ဆို၍ အမွေတောင်းရန် ဘုရားရှင်ထံသို့ စေလွှတ်လိုက်လေ၏။ ရာဟုလာမင်းသားလည်း ဘုရားထံသို့သွား၍ “ဖခမည်းတော်ပါတကား”ဟု ဖြစ်သော ချစ်ခြင်းကိုရ၍ အလွန် ရွှင်လန်းဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ “ခမည်းတော် ရဟန်းမြတ်- အရှင်ရဟန်းမြတ်၏ အရိပ်သည် ချမ်းမြေ့သာယာလှပါ၏”ဟု ဆိုပြီး၍ ထိုမှတစ်ပါး မိမိနှင့် လျောက်ပတ်သော များစွာသော စကားကို ဆိုလျက် နေလေ၏။ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးပြီးသော် အနုမောဒနာတရား ဟောတော်မူပြီးလျှင် နေရာမှထ၍ ဖဲကြွတော်မူလေ၏။ ရာဟုလာ မင်းသားသည်လည်း “ခမည်းတော် ရဟန်းမြတ်- အကျွန်ုပ်အား အမွေဥစ္စာကို ပေးသနားတော်မူပါ”ဟုဆိုလျက် မြတ်စွာဘုရား၏နောက်သို့ အစဉ်တစိုက် လိုက်လေ၏။ မြတ်စွာဘုရားသည်လည်း ရာဟုလာ မင်းသားကို မပြန်လည်စေ၊ ပရိသတ်အများကလည်း ဘုရားရှင်နှင့် အတူတကွလိုက်သော ရာဟုလာမင်းသားကို ပြန်လည်စေခြင်းငှာ မတတ်နိုင်လေ၊ ဤသို့အားဖြင့် ရာဟုလာ မင်းသားသည် ဘုရားရှင်နှင့်အတူတကွ ကျောင်းတော်တိုင်အောင် လိုက်လေ၏။

ရာဟုလာအား လောကုတ္တရာအမွေ ပေးတော်မူ

ကျောင်းတော်သို့ရောက်လျှင် ဘုရားရှင်သည် ဤသို့ ကြံစည်တော်မူ၏။ “ဤသားတော် ရာဟုလာသည် ဖခင်၏ ဥစ္စာဖြစ်သော အကြင်ပစ္စည်းအမွေကို အလိုရှိ၏၊ ထိုပစ္စည်းအမွေသည် သံသရာဝဋ်သို့သာ အစဉ်လိုက်၍ ပင်ပန်းဆင်းရခြင်း၏ အကြောင်းဖြစ်၏။ ယခုအခါ ထိုသားတော် ရာဟုလာအား ဗောဓိမဏ္ဍိုင်၌ရအပ်သော ခုနစ်ပါးအပြားရှိသော အရိယာတို့၏ ဥစ္စာအမွေကို ပေးသနားအံ့၊ လောကုတ္တရာအမွေကို ခံယူစေသည်၏အစွမ်းအားဖြင့် ထိုသားတော်ကို အမွေခံသည်ကို ပြုအံ့”ဟု ကြံစည်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် အရှင်သာရိပုတြာမထေရ်ကို ခေါ်တော်မူ၍ “ချစ်သား သာရိပုတြာ- ထိုသို့ဖြစ်မူကား ငါ့သားတော် ရာဟုလာကို ရှင်ပြုလော့”ဟု မိန့်တော်မူ၏။ အရှင်သာရိပုတြာမထေရ်လည်း ရှင်ပြုတော်မူလေ၏။ ရာဟုလာမင်းသား ရှင်ပြုတော်မူကြောင်းကို ကြားရသည်ရှိသော် သုဒ္ဓေါဒနမင်းကြီးအား အတိုင်းထက်အလွန် စိတ်ဆင်းရဲခြင်း ဖြစ်သဖြင့် ထိုစိတ်ဆင်းရဲခြင်းကို သည်းခံခြင်းငှာ မတတ်နိုင်ခြင်းကြောင့် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြား၍ “သားတော်ဘုရား- ခမည်းတော်မင်းတရားသည် တောင်းပန်ပါ၏၊ သားတော်ဘုရားတို့သည် မိဘနှစ်ပါး အနူးအညွတ် ခွင့်မလွှတ်သော သားကို ရှင်ရဟန်းမပြုကြပါစေကုန်လင့်”ဟူသော ဆုကို တောင်းဆိုလေ၏။

မြတ်စွာဘုရားသည် ထိုခမည်းတော်မင်းကြီးအား တောင်းဆိုအပ်သောဆုကို ပေးပြီး၍ နောက်တစ်ဖန် တစ်နေ့သ၌ မင်း၏စံရာ နန်းတော်ဝယ် နံနက်ဆွမ်းစားခြင်းကိစ္စ ပြုတော်မူသော မြတ်စွာဘုရားကို တင့်အပ်လျောက်ပတ်သော အရပ်၌နေသော သုဒ္ဓေါဒနမင်းကြီးသည် “ဘုန်းတော်ကြီးလှသော သားတော်ဘုရား- သားတော်ဘုရားတို့သည် ဆင်းရဲငြိုငြင်စွာ ဒုက္ကရစရိယာကို ကျင့်တော်မူသောအခါ နတ်သားတစ်ယောက်သည် ခမည်းတော်၏ အထံသို့ကပ်၍ သင်၏သားတော် သိဒ္ဓတ်မင်းသားသည် စုတေ သေလေပြီဟူ၍ ပြောကြားလာပါသည်။ ခမည်းတော်သည် ထိုနတ်သား၏ စကားကို မယုံကြည်သည်ဖြစ်၍ ငါ၏သားတော်ကား ဘုရားအဖြစ်သို့ မရောက်ဘဲ မသေနိုင်ဟု ပယ်မြစ်လိုက်ကြောင်း” နားတော်လျှောက်သော် “ခမည်းတော်မင်းကြီး- သင်မင်းကြီးတို့သည် ယခုအခါ၌ အဘယ်မှာ ယုံကြည်ကုန်အံ့နည်း၊ ရှေး၌ အရိုးတို့ကိုပြ၍ သင်၏သား သေပါပြီဟု ပြောရာ၌ပင်လျှင် မယုံကြည်ကြကုန်”ဟု မိန့်တော်မူပြီးလျှင် ဤသို့သော အတ္ထုပ္ပတ္တိကို အကြောင်းပြု၍ မဟာဓမ္မပါလဇာတ်တော်ကို ဟောကြားတော်မူလေ၏။ ထိုဟောတော်မူသော ဒေသနာတော်အဆုံး၌ကား သုဒ္ဓေါဒနမင်းကြီးသည် အနာဂါမိဖိုလ်၌ တည်လေ၏။ ဤသို့လျှင် မြတ်စွာဘုရားသည် ခမည်းတော်မင်းကြီးကို သုံးပါးသောဖိုလ်တို့၌ တည်စေတော်မူ၍ ရဟန်းသံဃာအပေါင်း ခြံရံလျက် တစ်ဖန် မိုးသောက်သောနေ့၌ ရာဇဂြိုဟ်ပြည်သို့ ပြန်ကြွတော်မူ၍ ထို့နောက် အနာထပိဏ်သူဌေးကြီး၏ သာဝတ္ထိပြည်သို့ ကြွလာတော်မူခြင်းငှာ ယူအပ်ပြီးသော ပဋိညာဉ် ရှိတော်မူသည်ဖြစ်၍ ဇေတဝန် ကျောင်းတော်ကြီးသည် ဆောက်လုပ်၍ ပြီးသည်ရှိသော် မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ ကြွတော်မူ၍ သီတင်းသုံး စံနေတော်မူလေ၏။

အရှင်နန္ဒမထေရ်သည် သာသနာတော်၌ ငြီးငွေ့ခြင်း

ဤသို့လျှင် မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူသည်ရှိသော် အရှင်နန္ဒမထေရ်သည် သာသနာ့ဘောင်၌ ငြီးငွေ့မပျော်မွေ့ကြောင်းကို ရဟန်းအများတို့အား ပြောကြား လျှောက်ထားသည်ကား “ငါ့ရှင်တို့- ငါသည် သာသနာတော်၌ မမွေ့လျော်ဘဲ မြတ်သောအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်၍နေရပေသည်၊ မြတ်သောအကျင့်ဟု ဆိုအပ်သော သာသနာတော်ကို ထမ်းဆောင်၍ နေအံ့သောငှာ မစွမ်းနိုင်ချေ၊ ရဟန်းသိက္ခာကို ပယ်ခွာစွန့်ဖျက် လူထွက်၍ပင် နေချင်ပါသည်”ဟု ပြောကြား လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် ထိုအကြောင်းကို ကြားသိတော်မူ၍ ထိုနန္ဒမထေရ်ကို ခေါ်တော်မူပြီးလျှင် ဤသို့သောစကားကို မိန့်တော်မူ၏။ “ညီတော်နန္ဒ- များစွာကုန်သော ရဟန်းတို့အား သာသနာတော်၌ မမွေ့လျော်ဘဲ မြတ်သောအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်၍ နေရကြောင်း၊ မြတ်သောအကျင့်ဟု ဆိုအပ်သော သာသနာတော်ကို ထမ်းဆောင်၍ နေအံ့သောငှာ မစွမ်းနိုင်ကြောင်း၊ ရဟန်းသိက္ခာကို ပယ်ခွာစွန့်ဖျက် လူထွက်လိုကြောင်းများကို ပြောကြား၏ဟု ငါကြားရသည် မှန်သလော”ဟု မေးတော်မူသည်ရှိသော် “ဤသို့ ဧကန် မှန်ပါသည်ဘုရား”ဟု လျှောက်ထားလေ၏။ “ငါ့ညီနန္ဒ- အဘယ့်ကြောင့် သင်သည် သာသနာတော်၌မမွေ့လျော်ဘဲ မြတ်သောအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်၍ နေရသနည်း၊ အဘယ့်ကြောင့် သာသနာတော်ကို ထမ်းဆောင်၍ နေအံ့သောငှာ မစွမ်းနိုင်လေသနည်း၊ အဘယ့်ကြောင့် ရဟန်းသိက္ခာကို ပယ်ခွာစွန့်ဖျက် လူထွက်၍နေခြင်းငှာ အလိုရှိသနည်း”ဟု မေးတော်မူလတ်သည်ရှိသော် “ဘုန်းတော်ကြီးတော်မူသော နောင်တော်ဘုရား- နေရာအိမ်တော်မှ ထွက်လာစဉ်အခါ သာကီဝင်မင်းသမီးဖြစ်သော နှမတော် ဇနပဒကလျာဏီသည် ထက်ဝက်မျှ ဖြီးအပ်ပြီးသော ဆံပင်တို့ဖြင့် ညီတော်ကို ကြည့်ရှုပြီးလျှင် “အရှင့်သား- မြန်မြန်ကြီးသာ ပြန်ခဲ့ပါ”ဟု မှာကြားလိုက်သည်၊ ယင်းသို့ နှမတော် မှာလိုက်သောစကားကို ညီတော်သည် အဖန်တလဲလဲ အမြဲစေ့စေ့ ကြံအောက်မေ့သောကြောင့် သာသနာတော်၌ မပျော်မွေ့ဘဲ လူထွက်လိုသောဆန္ဒ ရှိပါသည်ဘုရား”ဟု လျှောက်ထားလေ၏။

မျောက်အိုမနှင့် နတ်သမီးတို့ကိုပြ၍ တရားအားထုတ်စေခြင်း

ထိုအခါ မြတ်စွာဘုရားသည် အရှင်နန္ဒကို လက်မောင်း၌ ကိုင်ငင်ဆွဲယူလျက် တန်ခိုးတော်၏အစွမ်းဖြင့် တာဝတိံသာနတ်ရွာသို့ ခေါ်ဆောင်ကာ ကြွသွားတော်မူစဉ် လမ်းခရီးအကြား တစ်ခုသော မီးလောင်ပြင်ဝယ် မီးလောင်သော သစ်ငုတ်ထက်၌ ထိုင်၍နေသော နားရွက်, နှာခေါင်း, အမြီးပြတ်ပြီးသော အဆင်းသဏ္ဌာန် ရှုမြင်မကောင်းသော မျောက်အိုမတစ်ကောင်ကိုပြ၍ တာဝတိံသာနတ်ပြည်၌ သိကြားမင်းအား ဆည်းကပ်ခစား လုပ်ကျွေးခြင်းငှာ ရောက်လာကုန်သော ခိုခြေအဆင်းနှင့်တူစွာ နီသောခြေအဆင်းရှိသော နတ်သမီးငါးရာတို့ကိုလည်း ပြတော်မူပြန်၏။ ထိုနတ်သမီးတို့ကိုပြ၍ မြတ်စွာဘုရားသည် “ညီတော်နန္ဒ- အဘယ်သို့ သင်အောက်မေ့သနည်း၊ သာကီဝင်မင်းသမီးဖြစ်သော ဇနပဒကလျာဏီသည်လည်းကောင်း၊ ခိုခြေအဆင်းနှင့်တူစွာ နီသောခြေအဆင်းရှိသော နတ်သမီးငါးရာတို့သည်လည်းကောင်း အဘယ်သူက သာလွန်ပိုမို၍ အဆင်းလှသနည်း၊ ရှုချင်ဖွယ်ရှိသနည်း၊ ကြည်လင် နှစ်သက်ဖွယ် ရှိသနည်း”ဟု မေးတော်မူလတ်သော် “ဘုန်းတော်ကြီးသော နောင်တော်ဘုရား၊ ဇနပဒကလျာဏီသည်ကား လမ်းခရီးအကြား၌ တွေ့ခဲ့ရသော နားရွက်, နှာခေါင်း, အမြီးပြတ်သော အဆင်းသဏ္ဌာန် ရှုမြင်မကောင်းသော မျောက်အိုမနှင့် တူပါကြောင်း၊ ဤငါးရာသောနတ်သမီးတို့ကို ထောက်စာသည်ရှိသော် သာကီဝင်မင်းသမီးဖြစ်သော နှမတော် ဇနပဒကလျာဏီသည် ရေတွက်လောက်သည် မဟုတ်ပါ၊ တစ်စိတ်တစ်ဖို့မျှကိုသော်လည်း မမီနိုင်ပါ၊ စင်စစ်မှာကား ဤငါးရာသော နတ်သမီးတို့သည်သာလျှင် အဆင်းအရောင်အဝါ အလွန်တရာ လှပါသည်၊ ရှုချင်စဖွယ်ရှိလှပါသည်၊ ကြည်လင်နှစ်သက်ဖွယ် ရှိလှပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။

“ညီတော်နန္ဒ- ထိုသို့ဖြစ်မူကား အသင်သည် ငါဘုရား ဆုံးမတော်မူရာ သာသနာဟုဆိုအပ်သော မြတ်သောအကျင့်၌ မွေ့လျော်ဘိလော့၊ ငါဘုရားသည် အသင့်အား ခိုခြေအဆင်းနှင့်တူစွာ နီသော ခြေအဆင်းရှိသော ငါးရာသော နတ်သမီးတို့ကို ရစေခြင်းငှာ တာဝန်ခံတော်မူအံ့”ဟု မိန့်တော်မူလတ်သော် အရှင်နန္ဒမထေရ်က “ဘုန်းတော်ကြီးတော်မူသော နောင်တော်ဘုရား- ခိုခြေအဆင်းနှင့်တူစွာ နီသော ခြေအဆင်းရှိသော ငါးရာကုန်သော နတ်သမီးတို့ကို ရစေခြင်းငှာ နောင်တော်ဘုရားသည် တာဝန်ခံတော်မူသည်ဖြစ်အံ့၊ ညီတော်သည် သာသနာတော်၌ မွေ့လျော်စွာ ကျင့်ကြံကြိုးကုတ် အားထုတ်ပါတော့မည်ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် အရှင်နန္ဒကို ခေါ်ဆောင်တော်မူခဲ့၍ ထိုတာဝတိံသာ နတ်ပြည်မှ ကွယ်ခဲ့ပြီးလျှင် ဇေတဝန်ကျောင်းတော်၌ ထင်ရှားစွာ ဖြစ်တော်မူလေ၏။ ရဟန်းတို့သည်လည်း “မိထွေးတော်၏သား ဘုရားရှင်၏ညီတော်ဖြစ်သော အရှင်နန္ဒသည် နတ်သမီးတို့၏အကြောင်းကြောင့် မြတ်သောအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်ပေသတတ်၊ မြတ်စွာဘုရားကလည်း ခိုခြေအဆင်းနှင့်တူသော ခြေအဆင်းရှိသော နတ်သမီးငါးရာတို့ကို ရစေခြင်းငှာ တာဝန်ခံတော်မူသတတ်”ဟူ၍ ကြားသိကြကုန်လေ၏။

အရှင်နန္ဒမထေရ် ရဟန္တာဖြစ်ခြင်း

ထိုအခါ အရှင်နန္ဒမထေရ်၏ အပေါင်းအဖော်ဖြစ်သော ရဟန်းတို့သည် အရှင်နန္ဒကို “သူရင်းငှားကဲ့သို့ နတ်သမီးတည်းဟူသော အဖိုးအခကိုရအောင် ကျင့်သောသူ” ဟူ၍လည်းကောင်း၊ “မြတ်သောအကျင့်ဖြင့် ရင်းနှီးခြင်းကိုပြုလျက် နတ်သမီးတို့ကို ဝယ်ယူသောသူ” ဟူ၍လည်းကောင်း မပြတ် ခေါ်ဝေါ်လျက် “နတ်သမီးရစေခြင်းငှာ ဘုရားရှင်သော်မှ တာဝန်ခံရသည်”ဟု ပြောဆိုကြကုန်သည်ရှိသော် အရှင်နန္ဒသည် ထိုသို့ ရဟန်းတို့ ခေါ်ဝေါ်ပြောဆိုကြသော သူရင်းငှားဟူသော စကား၊ အဝယ်သမားဟူသော စကားတို့ဖြင့် ငြီးငွေ့လှသည်ဖြစ်၍၊ ရှက်နိုးလှသည်ဖြစ်၍၊ စက်ဆုပ်လှသည်ဖြစ်၍ တစ်ယောက်ထီးတည်း ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်ပြီးလျှင် မမေ့မလျော့ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသဖြင့် နိဗ္ဗာန်သို့ စေလွှတ်သောစိတ် ရှိသည်ဖြစ်၍ နေလတ်သည်ရှိသော် မကြာမြင့်မီ အရဟတ္တဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုရလေ၏။ အရဟတ္တဖိုလ်သို့ရောက်သော ရဟန္တာအရှင်မြတ်တစ်ပါး ဖြစ်တော်မူလေ၏။

ထိုသို့ အရှင်နန္ဒသည် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုသောအခါ တစ်ဦးသော နတ်သားသည် ညဉ့်အဖို့၌ အလုံးစုံသော ဇေတဝန်ကျောင်းတော်ကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းစေ၍ ဘုရားရှင်သို့ ချဉ်းကပ်ရှိခိုးပြီးလျှင် “မြတ်စွာဘုရား- မိထွေးတော်၏သား ဘုရားရှင်၏ ညီတော် ရှင်နန္ဒသည် အာသဝေါကုန်ခြင်းကြောင့် ကိလေသာမှလွတ်သော အရဟတ္တဖိုလ်ကို မျက်မှောက်ဘ၀၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစွာ နေပါ၏”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည်လည်း အရှင်နန္ဒ၏ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုသောအဖြစ်ကို ရွှေဉာဏ်တော်ဖြင့် ထင်ရှားစွာ သိမြင်တော်မူလေ၏။ အရှင်နန္ဒသည်လည်း ထိုညဉ့်အဖို့ လွန်သည်ရှိသော် ဘုရားရှင်ထံသို့ ချဉ်းကပ်၍ ဤသို့သောစကားကို လျှောက်ကြားလေ၏။ “နောင်တော်ဘုရား- ဘုရားညီတော်အား ခိုခြေအဆင်းနှင့်တူစွာ နီသော ခြေအဆင်းရှိသော ငါးရာသော နတ်သမီးတို့ကို ရစေခြင်းငှာ အကြင်တာဝန်ခံခြင်းသည် ရှိ၏၊ နောင်တော်ဘုရားကို ယခုအခါ ထိုတာဝန်ခံခြင်းမှ လွှတ်ပါပြီဘုရား”ဟု လျှောက်ကြား၏၊ “ငါ့ညီနန္ဒ- ငါဘုရားသည်လည်း ငါ၏ စိတ်တော်ဖြင့် သင်၏စိတ်ကို ပိုင်းခြား၍ သိတော်မူ၏။ နတ်သားသည်လည်း လာ၍ ထိုအကြောင်းကို ငါ့အား လျှောက်ကြားလေ၏၊ ငါ့ညီနန္ဒ- သင်၏စိတ်သည် တဏှာ, ဒိဋ္ဌိအားဖြင့် ထိုထိုအာရုံကို မစွဲလမ်းမူ၍ အာသဝေါတို့မှ အကြင်အခါ ကင်းလွတ်၏၊ ထိုအခါမှစ၍ ငါဘုရားသည်လည်း ထိုတာဝန်ခံခြင်းမှ လွတ်ပြီ”ဟု မိန့်တော်မူပြီးလျှင် အကြောင်းထင်ထင် သိမြင်တော်မူပြီးသော မြတ်စွာဘုရားသည် ထိုအခါ ဝမ်းမြောက်ဝမ်းသာ နှစ်သက်သော စကားအထူးဖြင့် ဥဒါန်းကို ကျူးရင့်တော်မူလေ၏။

ယဿ တိဏ္ဏော ကာမပင်္ကော၊ မဒ္ဒိတော ကာမကဏ္ဋကော။
မောဟက္ခယံ အနုပ္ပတ္တော၊ သုခဒုက္ခေ န ဝေဓတိ။

ယဿ၊ အကြင် ပုဂ္ဂိုလ်သည်။ ကာမပင်္ကော၊ ကာမဂုဏ် တည်းဟူသော ညွန်ပျောင်းကို။ တိဏ္ဏော၊ ကူးမြောက်အပ်၏။ ကာမကဏ္ဋကော၊ ကာမဂုဏ်တည်းဟူသော ဆူးငြောင့်ကို။ မဒ္ဒိတော၊ နှိပ်နင်းချိုးဖဲ့ ဖျက်ဆီးအပ်၏။ မောဟက္ခယံ၊ မောဟ၏ ကုန်ရာဖြစ်သော နိဗ္ဗာန်သို့။ အနုပ္ပတ္တော၊ အစဉ်ရောက်ပြီးသော။ သော၊ ထိုပုဂ္ဂိုလ်သည်။ သုခဒုက္ခေ၊ ချမ်းသာဆင်းရဲကြောင့်။ န ဝေဓတိ၊ မတုန်လှုပ်။

ထို့နောက် တစ်နေ့သ၌ ရဟန်းတို့သည် ထိုအရှင်နန္ဒကို “ငါ့ရှင်နန္ဒ- သင်သည် ရှေးအခါ သာသနာတော်ဝယ် ပျင်းရိငြီးငွေ့သည်ဟူ၍ ဆို၏။ ယခုအခါ သင့်အား အသို့နည်း”ဟု မေးကုန်သည်ရှိသော် “ငါ့ရှင်တို့- လူဖြစ်ခြင်းငှာ တွယ်တာခြင်း မရှိပါပြီ”ဟု ပြောကြား၏။ ထိုစကားကိုကြား၍ ရဟန်းတို့သည် “အရှင်နန္ဒကား မဟုတ်မမှန်သော စကားကို ဆို၏။ အရဟတ္တဖိုလ်စကားကို ဖြေကြားပြောဆိုဘိ၏။ ရှေးလွန်လေပြီးသော နေ့တို့၌ကား လူထွက်လို၏ဟု ပြောဆိုပြီးမှ ယခုအခါ လူဖြစ်ခြင်းငှာ တွယ်တာခြင်း မရှိပါပြီဟု ပြောဆိုပြန်ဘိသည်”ဟု မြတ်စွာဘုရားထံသို့ ချဉ်းကပ်သွားရောက်၍ ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။

မြတ်စွာဘုရားသည်လည်း “ချစ်သားရဟန်းတို့- ရှေးလွန်လေပြီးသော နေ့တို့၌ကား နန္ဒ၏ခန္ဓာကိုယ် အတ္တဘောသည် အမိုးမကောင်းသော အိမ်နှင့် တူပေ၏။ ယခုအခါ၌ကား ကောင်းသော အမိုးရှိသော အိမ်နှင့် တူပေ၏၊ ထိုစကား မှန်၏။ ဤနန္ဒသည် နတ်သမီးတို့ကို တွေ့မြင်သော အခါမှစ၍ ရဟန်းကိစ္စ အပြီးအဆုံးသို့ ရောက်စေခြင်းငှာ အားထုတ်သောကြောင့် ရဟန်းကိစ္စသည် ပြီးဆုံးခြင်းသို့ ရောက်လေသတည်း”ဟု မိန့်တော်မူပြီးလျှင် ဤဂါထာတို့ကို ဟောတော်မူလေ၏။

ဟောဖော်ညွှန်ပြ

]
֍ * [၁၃] ယထာ အဂါရံ ဒုစ္ဆန္နံ၊ ဝုဋ္ဌိ သမတိဝိဇ္ဈတိ။
ဧဝံ အဘာဝိတံ စိတ္တံ၊ ရာဂေါ သမတိဝိဇ္ဈတိ။
֍ * [၁၄] ယထာ အဂါရံ သုစ္ဆန္နံ၊ ဝုဋ္ဌိ န သမတိဝိဇ္ဈတိ။
ဧဝံ သုဘာဝိတံ စိတ္တံ၊ ရာဂေါ န သမတိဝိဇ္ဈတိ။

ဒုစ္ဆန္နံ၊ မကောင်းသဖြင့် မိုးအပ်သော။ အဂါရံ၊ အိမ်ကို။ ဝုဋ္ဌိ၊ ရွာသော မိုးရေမိုးပေါက်သည်။ သမတိဝိဇ္ဈတိ ယထာ၊ ထွင်းဖောက်နိုင်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ အဘာဝိတံ၊ ဘာဝနာမှ ကင်းသော။ စိတ္တံ၊ စိတ်ကို။ ရာဂေါ၊ ရာဂသည်။ သမတိဝိဇ္ဇတိ၊ ထွင်းဖောက်နိုင်၏။

သုစ္ဆန္နံ၊ ကောင်းစွာ မိုးအပ်သော။ အဂါရံ၊ အိမ်ကို။ ဝုဋ္ဌိ၊ ရွာသော မိုးရေမိုးပေါက်သည်။ န သမတိဝိဇ္ဈတိ ယထာ၊ မထွင်းမဖောက်နိုင်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ သုဘာဝိတံ၊ ကောင်းစွာ ပွားစေအပ်ပြီးသော ဘာဝနာရှိသော။ စိတ္တံ၊ စိတ်ကို။ ရာဂေါ၊ ရာဂသည်။ န သမတိဝိဇ္ဈတိ၊ မထွင်းမဖောက်နိုင်။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အရှင်နန္ဒမထေရ်၏ ရှေးအတိတ်

ထိုအခါ၌ ရဟန်းတို့သည် တရားသဘင်ဝယ် စကားကို ဖြစ်စေကြကုန်၏။ အဘယ်သို့ ဖြစ်စေကြကုန်သနည်း ဟူမူကား “ငါ့ရှင်တို့- ဘုရားတို့မည်သည်ကား အံ့ဖွယ်ရှိလှပါပေသည်တကား၊ ဇနပဒကလျာဏီကို အကြောင်းပြု၍ သာသနာတော်၌ ပျင်းရိငြီးငွေ့သော အရှင်နန္ဒကိုလျက်လည်း ဘုရားရှင်သည် နတ်သမီးဖြင့် လှည့်ပတ် ဖြားယောင်းခြင်းကိုပြု၍ ဆုံးမတော်မူ၏”ဟူသော စကားကို ဖြစ်စေကြကုန်၏။ မြတ်စွာဘုရား ကြွလာတော်မူ၍ “ချစ်သား ရဟန်းတို့- ယခု ငါလာဆဲအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသဖြင့် “ဤမည်သောစကားပါဘုရား”ဟု လျှောက်ထားကြကုန်သည်ရှိသော် “ချစ်သားရဟန်းတို့- ယခုသာလျှင် မဟုတ်သေး၊ ရှေး၌လည်း ဤနန္ဒကို မာတုဂါမဖြင့်ဖြားယောင်း၍ ဆုံးမဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူပြီးလျှင် အတိတ်ကို ဆောင်တော်မူ၏။

မြည်းဖိုနှင့် မြည်းမ ချစ်ခင်ခြင်းအစ ဖြစ်ပုံ

ချစ်သားရဟန်းတို့- ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဗာရာဏသီပြည်၌နေသော ကပ္ပဋအမည်ရှိသော ကုန်သည်တစ်ဦးသည် ရှိလေ၏။ ထိုကပ္ပဋကုန်သည်၏ မြည်းတစ်ကောင်သည် တစ်ကုမ္ဘ (တစ်ကုမ္ဘ-ဟူသည်ကား လှည်းတစ်စီးတိုက် ဝန်၏ သုံးပုံတစ်ပုံခန့်ဖြစ်၏။ ထို့ကြောင့် ၁၁-စိတ် တစ်အမ္ဗဏ၊ ၁ဝ-အမ္ဗဏ တစ်ကုမ္ဘ ဟူ၍လည်းကောင်း၊ လေးစိတ် တစ်တင်း၊ လေးတင်း တစ်တို့၊ တို့-၂၀ တစ်လှည်း ဟူ၍လည်းကောင်း အဘိဓာန်၌ ဆိုလေ၏။ တစ်ဝါဟ တစ်လှည်း တင်း-၈ဝ၊ တစ်ကုမ္ဘ ၂၇-တင်းခွဲ ဖြစ်၏။) အတိုင်းအရှည်ရှိသော ဝန်ကို ဆောင်ပိုးနိုင်၏။ တစ်နေ့ချင်းဖြင့် ခုနှစ်ယူဇနာ သွားနိုင်၏။ ထိုကပ္ပဋ ကုန်သည်သည် တစ်ရံသောအခါ၌ မြည်းကိုဝန်တင်၍ မြည်းဝန်တင် ကုန်သည်တို့နှင့် အတူတကွ တက္ကသိုလ်ပြည်သို့ သွားရောက်ပြီးလျှင် ဥစ္စာဘဏ္ဍာကို စွန့်လွှတ်ရောင်းချပြီးသည်တိုင်အောင် လှည့်လည် ကျက်စားခြင်းငှာ မြည်းကို လွှတ်၍ထား၏။ ထိုမြည်းသည် ကျုံးထိပ်မြေပြင်၌ လှည့်လည် ကျက်စားသည်ရှိသော် မြည်းမတစ်ကောင်ကိုမြင်၍ အနီးသို့ ချဉ်းကပ်၏။ ထိုအခါ မြည်းမသည် ထိုမြည်းနှင့် လောကဝတ် အစေ့အစပ် စကားပြောခြင်းကို ပြုသောအနေဖြင့် “အသင်သည် အဘယ်အရပ်က လာခဲ့သနည်း”ဟု မေး၏။ မြည်းက ဗာရာဏသီပြည်မှ လာခဲ့ကြောင်းကို ပြောဆိုသည်ရှိသော် “အဘယ်အမှုဖြင့် လာခဲ့သနည်း”ဟု မေး၏။ “ကုန်သွယ်ခြင်းအမှုဖြင့် လာခဲ့၏”ဟု ဆိုသော် “အဘယ်မျှလောက်သောဝန်ကို ဆောင်ပိုးရသနည်း”ဟု မေး၏။ “တစ်ကုမျှလောက်သော ဝန်ကို ဆောင်ပိုးရ၏”ဟုဆိုသော် “ဤမျှလောက်သောဝန်ကို ဆောင်ပိုးလျက် အဘယ်မျှသော ခရီးယူဇနာသို့ သွားရသနည်း”ဟု မေး၏။ ခုနစ်ယူဇနာ သွားရကြောင်းကို ဆိုလတ်သော် “ထိုမျှလောက်ခရီးသို့ သွားရသော အသင့်အား ရောက်ရာ,ရောက်ရာ အရပ်၌ တစ်စုံတစ်ယောက်သော ပြုစုပေးသူ ရှိပါသလော”ဟု မေး၏။ “မရှိ”ဟု ဆိုလတ်သော် “ဤသို့ မရှိခဲ့လျှင် ကြီးစွာသော ဆင်းရဲကို ခံစားရချေပြီတကား”ဟု မြည်းမက ဆိုလေ၏။

မြည်းဖိုသည် သခင်အပေါ်၌ တင်းမာစွာ အာခံပုံ

ထိုမြည်းသည် မြည်းမ၏စကားကြောင့် လုပ်နေကျအမှုကို မရွက်ဆောင်ချင်၊ အပျင်းဝင်၍ ဆန့်ကျင်လေ၏။ ကပ္ပဋ ကုန်သည်လည်း ဥစ္စာဘဏ္ဍာကို စွန့်လွှတ်ရောင်းချပြီးလျှင် မြည်း၏အထံသို့သွား၍ “ချစ်သား- လာလှည့်၊ သွားကြကုန်စို့အံ့”ဟု ဆိုလတ်သော် “သင်တို့သည်သာ သွားကြကုန်လော့၊ ငါသည်ကား သွားတော့မည်မဟုတ်”ဟု ဆိုလေ၏။ ထိုသို့ ဆိုသောကြောင့် မြည်းကို အဖန်တလဲလဲ တောင်းပန် ပြောကြားပြီးလျှင် “မသွားလိုသော ဤမြည်းကို ငါသည် ရိုက်ပုတ် ကြိမ်းမောင်း၍ ဆောင်ယူအံ့”ဟု ကြံ၍ ဤဂါထာကို ဆိုလေ၏။

ပတောဒံ တေ ကရိဿာမိ၊ သောဠသင်္ဂုလိကဏ္ဋကံ။
သံဆိန္ဒိဿာမိ တေ ကာယံ၊ ဧဝံ ဇာနာဟိ ဂဒြဘ။

ဂဒြဘ၊ အိုမြည်း။ တေ၊ အသင်မြည်းအား။ ဝါ၊ သင့်အလို့ငှာ။ သောဠသင်္ဂုလိကဏ္ဋကံ၊ တစ်ဆယ့်ခြောက်လက်သစ် ဆူးရှိသော။ ပတောဒံ၊ လှံတံကို။ ကရိဿာမိ၊ ပြုအံ့။ တေ၊ သင်၏။ ကာယံ၊ ကိုယ်ခန္ဓာကို။ သံဆိန္ဒိဿာမိ၊ အပိုင်းပိုင်း ဖြတ်အံ့။ ဧဝံ၊ ဤသို့သော အကြောင်းကို။ ဇာနာဟိ၊ သိလေလော့။

ထိုစကားကို မြည်းကကြားလျှင် “ဤသို့ပြုမူ ငါသည်လည်း အသင့်အား ပြုအပ်သော အခြင်းအရာကို သိရလတ္တံ့”ဟု ဆို၍ ဤဂါထာကို ဆိုလေ၏။

ပတောဒံ မေ ကရိဿသိ၊ သောဠသင်္ဂုလိကဏ္ဋကံ။
ပုရတော ပတိဋ္ဌဟိတွာန၊ ဥဒ္ဓရိတွာန ပစ္ဆတော။
ဒန္တံ တေ ပါတယိဿာမိ၊ ဧဝံ ဇာနာဟိ ကပ္ပဋ။

ကပ္ပ၊ အရှင်ကပ္ပဋ ကုန်သည်ကြီး။ တွံ၊ သင်သည်။ မေ၊ ငါ့အား။ ဝါ၊ ငါ့အလို့ငှာ။ သောဠသင်္ဂုလိကဏ္ဋကံ၊ တစ်ဆယ့်ခြောက်လက်သစ် ဆူးရှိသော။ ပတောဒံ၊ လှံတံကို။ စေ ကရိဿသိ၊ အကယ်၍ ပြုငြားအံ့။ ပုရတော၊ ရှေ့တည့်တည့်မှ။ ပတိဋ္ဌဟိတွာန၊ ခြေစုံမတ်မတ် တန့်တန့်ရပ်၍။ ပစ္ဆတော၊ နောက်ခြေမှ။ ဥဒ္ဓရိတွာန၊ မြှောက်ပင့်၍။ တေ၊ သင်၏။ ဒန္တံ၊ သွားကို။ ပါတယိဿာမိ၊ ကျိုးစေအံ့။ ဧဝံ၊ ဤသို့သော အကြောင်းကို။ ဇာနာဟိ၊ သိလေလော့။

သခင်က မြည်းဖိုအား ဖြားယောင်းရပုံ

ထိုမြည်း၏စကားကို ကြား၍ ကပ္ပဋကုန်သည်ကြီးသည် “ဤမြည်းသည် အဘယ်သို့သော အကြောင်းကြောင့် ဤသို့ ခုခံပြောဆိုလေသနည်း”ဟု ထိုမှဤမှ ကြည့်ရှုလတ်သည်ရှိသော် ထိုမြည်းမကိုမြင်လျှင် “ဤမြည်းမသည် ငါ၏မြည်းကို သင်ပေးလိုက်သည် ဖြစ်လတ္တံ့”ဟု ကြံ၍ “ဤသို့သဘောရှိသော မြည်းမကို သင့်အား ဆောင်နှင်းမည်ဟူ၍ မ,ဖြင့် ဖြားယောင်းကာ ခေါ်ဆောင်အံ့”ဟု ကြံပြီးလျှင် ဤဂါထာကို ဆိုလေ၏။

စတုပ္ပဒိံ သင်္ခမုခိံ၊ နာရိံ သဗ္ဗင်္ဂသောဘိနိံ။
ဘရိယံ တေ အာနယိဿာမိ၊ ဧဝံ ဇာနာဟိ ဂဒြဘ။

ဂဒြဘ၊ ချစ်သားမြည်းလှ ဂဒြဘ။ စတုပ္ပဒိံ၊ အခြေ လေးချောင်းရှိသော။ သင်္ခမုခိံ၊ ခရုသင်းနှင့်တူသော မျက်နှာရှိသော။ သဗ္ဗင်္ဂသောဘိနိံ၊ အလုံးစုံသော အင်္ဂါကြီးငယ်ဖြင့် တင့်တယ်ခြင်းရှိသော။ ဘရိယံ၊ မယားဖြစ်သော။ နာရိံ၊ မြည်းမကို။ တေ၊ သင်ချစ်သားအား။ ဝါ၊ သင်ချစ်သားအလို့ငှါ။ အာနယိဿာမိ၊ ယူဆောင်၍ ပေးပေအံ့။ ဧဝံ၊ ဤသို့သော အကြောင်းကို။ ဇာနာဟိ၊ သိလေလော့။

ထိုကပ္ပဋ ကုန်သည်ကြီး၏စကားကို ကြားရ၍ မြည်းသည် နှစ်သက်မြောက်သော စိတ်ရှိသည်ဖြစ်ရကား ဤဂါထာကို ဆိုလေ၏။

စတုပ္ပဒိံ သင်္ခမုခိံ၊ နာရိံ သဗ္ဗင်္ဂသောဘိနိံ။
ဘရိယံ မေ အာနယိဿသိ၊ ဧဝံ ဇာနာဟိ ကပ္ပဋ။
ကပ္ပဋ ဘိယျော ဂမိဿာမိ၊ ယောဇနာနိ စတုဒ္ဒသ။

ကပ္ပဋ၊ အရှင်ကပ္ပဋ ကုန်သည်ကြီး။ စတုပ္ပဒိံ၊ အခြေလေးချောင်းရှိသော။ သင်္ခမုခိံ၊ ခရုသင်းနှင့်တူသော မျက်နှာရှိသော။ သဗ္ဗင်္ဂသောဘိနိံ၊ အလုံးစုံသော အင်္ဂါကြီးငယ်ဖြင့် တင့်တယ်ခြင်းရှိသော။ ဘရိယံ၊ မယားဖြစ်သော။ နာရိံ၊ မြည်းမကို။ မေ၊ အကျွန်ုပ်အား။ ဝါ၊ အကျွန်ုပ် အလို့ငှါ။ အာနယိဿသိ၊ ယူဆောင်၍ ပေးမည်ဖြစ်ပါအံ့။ ဘိယျော၊ လွန်စွာ။ ယောဇနာနိ စတုဒ္ဒသ၊ တစ်ဆယ့်လေးယူဇနာတိုင်တိုင်။ ဂမိဿာမိ၊ သွားပါအံ့။ ကပ္ပဋ၊ အရှင်ကပ္ပဋ။ ဧဝံ၊ ဤသို့။ ဇာနာဟိ၊ သိလော့။

ထိုအခါ မြည်းကို ကပ္ပဋကုန်သည်ကြီးသည် “ချစ်သား- ထိုသို့ဖြစ်မူ လာလော့”ဟုခေါ်၍ မိမိ၏ နေရင်းဌာနသို့ ပြန်သွားလေ၏။ ထိုမြည်းသည် နှစ်ရက်,သုံးရက် လွန်သဖြင့် ထိုကုန်သည်ကြီး ကပ္ပဋကို “အိုအရှင်- အသင်တို့သည် သင့်ချစ်သားအလို့ငှါ မယားယူဆောင်၍ ပေးပေအံ့ဟု အကျွန်ုပ်ကို ပြောဆိုဖူးသည် မဟုတ်ပါလော”ဟု ဆိုလတ်သည်ရှိသော် ကပ္ပဋကုန်သည်ကြီးက “ဪ...ဟုတ်ပေ၏၊ ငါသည် ပြောဆိုမိပေ၏၊ ငါပြောဆိုဖူးသော စကားကို မဖျက်ပေအံ့၊ သင့်အလို့ငှါ မယားဖြစ်သော မြည်းမကို ရှာဖွေယူဆောင်၍ ငါပေးပေအံ့၊ သို့ရာတွင် ကျွေးမွေးပေးကမ်းအပ်သော အစာရိက္ခာကိုမူကား တစ်ယောက်သော သင့်အားသာလျှင် ပေးအံ့၊ အဖော်ရှိသော သင့်အား ထိုအစာရိက္ခာသည် လောက်သည်ဖြစ်စေ, မလောက်သည်ဖြစ်စေ သင်သာလျှင် သိလေလော့၊ နှစ်ယောက်ကုန်သော သင်တို့၏ ပေါင်းဖော်ယဉ်ပါးခြင်းကို အစွဲပြု၍ သားသမီးတို့ မွေးဖွားကုန်လတ္တံ့၊ ထိုများစွာကုန်သော သားသမီးတို့နှင့်တကွ သင့်အား ပေးအပ်သော အစာရိက္ခာသည် လောက်သည်ဖြစ်စေ, မလောက်သည်ဖြစ်စေ သင်သာလျှင် သိလေလော့”ဟု ဆိုလေ၏။ ထိုသို့ ကပ္ပဋကုန်သည် ဆိုလတ်သော် မြည်းဖိုသည် မြည်းမအပေါ်၌ ငဲ့စောင်း၍ပင် မကြည့်ချင်လေတော့သတည်း။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍ “ချစ်သားရဟန်းတို့- ထိုအခါ၌ မြည်းမသည် ယခုအခါ ဇနပဒကလျာဏီ ဖြစ်လာ၏။ မြည်းဖိုသည် နန္ဒမင်းသား ဖြစ်လာ၏၊ ကပ္ပဋကုန်သည်ကြီးကား ငါဘုရားဖြစ်လာ၏။ ဤသို့လျှင် ရှေး၌လည်း ဤနန္ဒကို ငါဘုရားသည် မ,သတ္တဝါဖြင့် ဖြားယောင်း၍ ဆုံးမဖူးလေပြီ”ဟု ဇာတ်တော်ကို ပေါင်း၍ ပြီးဆုံးစေတော်မူသတည်း။

အရှင်နန္ဒမထေရ်ဝတ္ထု ပြီး၏။

֍ * ၁၀။ စုန္ဒ ဝက်သတ်သမား ဝတ္ထု

ဣဓ သောစတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စုန္ဒမည်သော ဝက်သတ်သမားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

စုန္ဒ၏ အသက်မွေး ကြမ်းကြုတ်ပုံ

ထိုစုန္ဒ ဝက်သတ်သမားသည် ငါးဆယ့်ငါးနှစ်တို့ပတ်လုံး ဝက်တို့ကိုသတ်၍ စားသောက်ကာ ရောင်းချကာ အသက်မွေးမြူသတတ်။ ငတ်မွတ်ရှားပါးသောအခါ လှည်းတို့ဖြင့် စပါးကိုယူ၍ ဇနပုဒ်ကြီးငယ် အသွယ်သွယ် အရပ်ရပ်သို့ လှည့်လည်သွားလာပြီးလျှင် တစ်စလယ် နှစ်စလယ်သော အဖိုးမျှဖြင့် ရွာသူရွာသားတို့ မွေးမြူအပ်သော ဝက်တို့ကို ဝယ်ယူစုဆောင်း၍ လှည်းတစ်စီး အပြည့်တင်ယူကာ ပြန်လာပြီးလျှင် အိမ်၏နောက်ဖေး၌ နွားခြံကဲ့သို့ တစ်ခုသောနေရာကို စည်းစောင်းရန်းခြံကာ၍ ထိုခြံ၌ ဝက်ငယ်တို့ကို နေစေသဖြင့် ထိုဝက်ငယ်တို့သည် အထူးထူးသော သစ်ပင်ငယ်တို့ကိုလည်းကောင်း၊ ကိုယ်အညစ်အကြေး မစင်တို့ကိုလည်းကောင်း စားသောက်ကာ ကြီးပွားခြင်းသို့ ရောက်ကြကုန်သည်ရှိသော် အကြင်အကြင်သို့သော ဝက်ကို သတ်ဖြတ်ခြင်းငှာ အလိုရှိ၏။ ထိုထိုသို့သော ဝက်ကို ဝက်သတ်သောနေရာ၌ မလှုပ်နိုင်အောင်ချည်၍ ကိုယ်အသား ပွားစေခြင်းငှာ အထောင့်လေးထောင့်ရှိသော ဆောက်ရိုက် တင်းပုတ်ဖြင့် ပုတ်ခတ်ကာ ဖူးဖူးရောင်အောင်ပြု၍ အသားများလေပြီဟု သိသောအခါ ခံတွင်းကိုဖွင့်၍ အာခေါင်အတွင်း၌ တုတ်တံကို ထောက်ကန်ပြီးလျှင် သံခွက်ဖြင့် ကျိုက်ကျိုက်ဆူသော ရေနွေးကို ခံတွင်းသို့ သွန်းလောင်းလိုက်လေ၏။ ထိုသို့ သွန်းလောင်းအပ်သော ကျိုက်ကျိုက်ဆူသော ရေနွေးသည် ဝမ်းတွင်းသို့ဝင်၍ အစာဟောင်းကို တိုက်လျှောကာ ဆောင်ယူလျက် အောက်အဖို့ဖြင့် ထွက်သွားလေ၏။ အကြင်မျှလောက် အနည်းငယ်မျှသော အစာဟောင်းသည် ရှိသေး၏။ ထိုမျှလောက် ရေနွေးသည် နောက်ကျုသည်ဖြစ်၍ ထွက်လာ၏။ ဝမ်းတွင်း၌ စင်ကြယ်သည်ရှိသော် မနောက်ကျုဘဲ ကြည်လင်သန့်ရှင်းစွာ ထွက်လာ၏။ ထို့နောက်မှ ရေနွေးအကြွင်းကို ဝက်ကျောက်ကုန်းထက်၌ လောင်း၏။ ထိုရေနွေးသည် မည်းနက်သော သားရေတို့ကို ကျွတ်ကွာစေ၍ သွား၏။ ထို့နောက်မှ မြက်မီးရှူးဖြင့် အမွေးအမှင်တို့ကို မီးတိုက်၍ ထက်လှစွာသော ဓားသန်လျက်ဖြင့် ဦးခေါင်းကို ဖြတ်၏။ ကျထွက်ယိုစီးသောသွေးကို အိုးခွက်ဖြင့်ခံယူ၍ သွေးနှင့်အသားကို ရောနှောနယ်လျက် ချက်ပြီးလျှင် သားမယားတို့၏အလယ်၌ နေထိုင်စားသောက်၍ အကြွင်းကို ရောင်းချ၏။ ဤနည်းဖြင့် အသက်မွေးခြင်းကိုပြုသော ထိုစုန္ဒ ဝက်သတ်သမားအား ငါးဆယ့်ငါးနှစ်တို့သည် လွန်လေကုန်၏။ မြတ်စွာဘုရားသည် အနီးဖြစ်သောကျောင်း၌ နေတော်မူပါလျက် တစ်နေ့တစ်ရက်မျှလည်း ပန်းတစ်ဆုပ်မျှ ပူဇော်ခြင်းကိုလည်းကောင်း၊ ဆွမ်းတစ်ယောက်မမျှ လှူခြင်းကိုလည်းကောင်း၊ ထိုမှတစ်ပါး တစ်စုံတစ်ခုသော ကုသိုလ်ကောင်းမှု မည်သည်ကိုလည်းကောင်း မပြုခဲ့ပေ။

မသေမီ ဆင်းရဲခံရပြီး ငရဲကျခြင်း

အခါတစ်ပါး ထိုစုန္ဒ ဝက်သတ်သမားကိုယ်၌ အနာရောဂါသည် ဖြစ်ပေါ်လာလေ၏။ အသက်ရှင်စဉ်ပင်လျှင် အဝီစိ ငရဲမီးပူသည် (တစ်ကိုယ်လုံး ပူလောင်အောင်) ထလာလေ၏။

(အဝီစိငရဲမီးပူ မည်သည်ကား ယူဇနာတစ်ရာထက်၌ တည်၍ ကြည့်သောသူ၏ မျက်စိတို့ကို ဖောက်ခွဲခြင်းငှာ စွမ်းနိုင်သော အပူဖြစ်၏။ ထိုစကား မှန်၏။ သံဖြင့်ပြီးသောမြေ၌လောင်သော ထိုအဝီစိငရဲမီးလျှံသည် ထက်ဝန်းကျင် ယူဇနာတစ်ရာတိုင်တိုင် အခါခပ်သိမ်း ပျံ့နှံ့၍တည်၏ဟု ဘုရားဟောတော်မူ၏။ အရှင်နာဂသိန်မထေရ်ကား ငရဲမီးသည် ပြကတေ့သော မီးပူသည်ထက် လွန်ကဲ၍ ပူသောကြောင့် ဤဥပမာကို မိန့်တော်မူ၏။ မိလိန္ဒမင်းကြီး- ဥပမာကား တောင်ထွတ်မျှလောက်သော ကျောက်တုံးကိုပင် ငရဲမီး၌ ပစ်ချလိုက်သည်ရှိသော် တစ်ခဏချင်း ကြေမွခြင်းသို့ ရောက်ရာ၏။ သို့ရာတွင် ကံ၏အစွမ်းကြောင့် ငရဲမီး၌ဖြစ်သော သတ္တဝါတို့သည်ကား အမိဝမ်းတွင်း၌ ပဋိသန္ဓေနေသော သတ္တဝါတို့ကဲ့သို့ ကြေမွခြင်း မရှိကြကုန်ဟု မိလိန္ဒမင်းကြီးအား ဟောတော်မူ၏။)

ထိုစုန္ဒ ဝက်သတ်သမားအား ငရဲမီးသည် (တစ်ကိုယ်လုံး ပူလောင်အောင်) ထလတ်သည်ရှိသော် ကံနှင့်တူသော အခြင်းအရာသည် ဖြစ်လေ၏။ ဖြစ်ပုံကား- အိမ်၏အလယ်၌သာလျှင် ဝက်ကဲ့သို့ မြည်တမ်းဟစ်အော်လျက် ပုဆစ်ဒူး နှစ်ဖက်တို့ဖြင့်သာ သွားလာလှည့်လည်၍ အိမ်ရှေ့နံရံ အနောက်နံရံကို လူးလာပြန်ကာ သွားလာနေရ၏။ ထိုအခါ အိမ်၌နေသောသူတို့သည် စုန္ဒကို မြဲစွာဖမ်းဆီး၍ ခံတွင်းကို ပိတ်ကြရကုန်၏။ ထိုသို့ပိတ်ကြသော်လည်း တားမြစ်အံ့သောငှာ မတတ်နိုင်ကြကုန်၊ ကံ၏ အကျိုးမည်သည်ကို ဘုရားတို့အားသော်လည်း မတားမြစ်နိုင်။ ထိုစုန္ဒသည် မြည်တမ်းလျက် ထိုမှဤမှ သွားလာလှည့်လည်၍ နေရကား ထက်ဝန်းကျင် ခုနစ်အိမ်တိုင်အောင်သော လူတို့သည် အိပ်ပျော်ခြင်းကို မရကြလေကုန်၊ သေဘေးဖြင့် ကြံတွေးထိတ်လန့် တုန်လှုပ်သော ထိုစုန္ဒကို အလုံးစုံသော အိမ်နေလူအပေါင်းသည် အိမ်မှ အပသို့ ထွက်သွားမည်ကို တားမြစ်ခြင်းငှာ အကြင်သို့သော အခြင်းအရာဖြင့် အိမ်တံခါး ပိတ်အပ်သည်ရှိသော် အိမ်၏အတွင်း၌ တည်၏။ အပ၌ လှည့်လည်သွားလာခြင်းငှာ မစွမ်းနိုင်။ ထိုသို့သော အခြင်းအရာဖြင့် အိမ်တံခါးတို့ပိတ်၍ အပြင်မှ ခြံရံကာ စောင့်ရှောက်လျက်ရှိ၏။ စုန္ဒ ဝက်သတ်သမားလည်း အိမ်တွင်း၌သာလျှင် ငရဲမီး ပြင်းစွာ ပူလောင်သဖြင့် ဟစ်အော်မြည်တမ်းလျက် ထိုမှဤမှ သွားလာ လှည့်လည်ရရှာ၏။ ဤသို့ ခုနှစ်ရက်တို့ပတ်လုံး လှည့်ပတ်ပြေးသွားကာ နေရပြီးလျှင် ခုနစ်ရက်မြောက်သောနေ့၌ သေခြင်းကိုပြု၍ အဝီစိငရဲကြီး၌ ဖြစ်လေ၏။ အဝီစိငရဲကြီးကို ဒေဝဒူတသုတ်ဖြင့် ဖွင့်ပြအပ်၏။

ရဟန်းများ ဘုရားကို လျှောက်ထားခြင်း

ရဟန်းတို့သည် ထိုစုန္ဒ ဝက်သတ်သမား၏ အိမ်တံခါး အနီးအပါးဖြင့် သွားလာကြကုန်သည်ရှိသော် ဝက်ကဲ့သို့ ဟစ်အော်သော ထိုအသံကိုကြား၍ ဝက်မြည်သံဟူ၍သာ အမှတ်ရှိကုန်သဖြင့် ကျောင်းသို့ ရောက်ရှိသောအခါ မြတ်စွာဘုရားအထံ၌ ရိုသေစွာ ထိုင်နေကုန်လျက် ဤသို့ လျှောက်ကြားကုန်၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား- စုန္ဒ ဝက်သတ်သမား၏ အိမ်တံခါးကို ပိတ်၍ ဝက်တို့ကို သတ်အပ်ကုန်သည်ကား ယနေ့ ခုနစ်ရက်မြောက် ရှိပါပြီ။ ထိုစုန္ဒ ဝက်သတ်သမား၏အိမ်၌ တစ်စုံတစ်ခုသော မင်္ဂလာအမှု ပြုသည်ဖြစ်လတ္တံ့ဟု ထင်မိပါသည်၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား- ဤမျှလောက်သော ဝက်တို့ကို သတ်ဖြတ်သော ထိုသူအား တစ်ကြိမ်တစ်ခါမျှ ချစ်ခင်တတ်သော မေတ္တာစိတ်သည်လည်းကောင်း၊ သနားတတ်သော ကရုဏာစိတ်သည်လည်းကောင်း မရှိပါ၊ ဤကဲ့သို့ ကြမ်းတမ်းခက်ထန်လှသောသူကို တပည့်တော်တို့ တစ်ရံတစ်ခါမျှ မတွေ့မမြင်ဖူပါဘုရား”ဟု လျှောက်ကြားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် “ချစ်သား ရဟန်းတို့- ထိုစုန္ဒ ဝက်သတ်သမားသည် ဤခုနစ်ရက်တို့၌ ဝက်တို့ကို သတ်ဖြတ်သည် မဟုတ်၊ ထိုသူအား ပြုအပ်သောကံနှင့် အလားတူစွာသော အကျိုးသည် ထင်ရှားစွာ ဖြစ်လာ၏၊ အသက်ရှင်စဉ်ပင်လျှင် အဝီစိငရဲမီးပူသည် ထင်လာ၏၊ ထိုစုန္ဒ ဝက်သတ်သမားသည် ငရဲမီး ပြင်းစွာပူလောင်သဖြင့် ခုနစ်ရက်တို့ပတ်လုံး ဝက်ကဲ့သို့ မြည်တမ်းဟစ်အော်လျက် မိမိ၏နေအိမ်၌ လှည့်ပတ်ပြေးသွားကာ နေရပြီးလျှင် ယနေ့ သေခြင်းကိုပြု၍ အဝီစိငရဲ၌ ဖြစ်လေပြီ”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- ယခု ပစ္စက္ခ ဤဘဝ၌ ဤသို့ စိုးရိမ်ပင်ပန်းပြီးလျှင် တမလွန်လောက နောက်ဘဝ၌လည်း စိုးရိမ်ပင်ပန်းရာ အရပ်မှာပင် ဖြစ်ရရှာလေစွတကား”ဟု လျှောက်ကြားသောအခါ “ချစ်သားရဟန်းတို့- ဟုတ်မှန်လှပေ၏၊ မေ့လျော့သောသူ မည်သည်ကား ရဟန်းဖြစ်စေ၊ လူဖြစ်စေ ပစ္စုပ္ပန်တမလွန် နှစ်တန်သော ဘဝတို့၌ စိုးရိမ်ရသည်သာတည်း”ဟု မိန့်တော်မူပြီးလျှင် ဤဂါထာကို ဟောတော်မူ၏။

မကောင်းမှု၏ သဘော

֍ * [၁၅] ဣဓ သောစတိ ပေစ္စ သောစတိ၊
ပါပကာရီ ဥဘယတ္ထ သောစတိ။
သော သောစတိ သော ဝိဟညတိ၊
ဒိသွာ ကမ္မကိလိဋ္ဌမတ္တနော။

ပါပကာရီ၊ မကောင်းမှုကို ပြုလေ့ရှိသောသူသည်။ ဣဓ၊ ပစ္စုပ္ပန်လောက ဤဘဝ၌လည်း။ သောစတိ၊ စိုးရိမ်ရ၏။ ပေစ္စ၊ တမလွန်လောက နောင်ဘဝ၌လည်း။ သောစတိ၊ စိုးရိမ်ရ၏။ ဥဘယတ္ထ၊ ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘဝ၌။ သောစတိ၊ စိုးရိမ်ရ၏။ သော၊ ထိုသူသည်။ အတ္တနော၊ မိမိ၏။ ကမ္မကိလိဋ္ဌံ၊ ညစ်ညူးသော အကုသိုလ် ကံကြမ္မာကို။ ဒိသွာ၊ မြင်၍။ သောစတိ၊ စိုးရိမ်ရ၏။ သော၊ ထိုသူသည်။ ဝိဟညတိ၊ ပင်ပန်းရ၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာသောသူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

စုန္ဒ ဝက်သတ်သမားဝတ္ထု ပြီး၏။

֍ * ၁၁။ ဓမ္မိကဥပါသကာ ဝတ္ထု

ဣဓ မောဒတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဓမ္မိကဥပါသကာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဓမ္မိကဥပါသကာအိမ်သားတို့ ကုသိုလ်ပြုပုံ

သာဝတ္ထိပြည်၌ တရားစောင့်သော ဓမ္မိကအမည်ရှိသော ငါးရာကုန်သော ဥပါသကာတို့သည် ရှိကုန်သတတ်။ ထိုငါးရာသော ဥပါသကာတို့တွင် တစ်ယောက်, တစ်ယောက်သော ဥပါသကာအား ငါးရာ, ငါးရာသော ဥပါသကာတို့သည် ခြံရံကြကုန်၏။ ထိုဥပါသကာ အားလုံးတို့၏အပေါ်၌ အကြီးဆုံး ဥက္ကဋ္ဌဖြစ်သော မဟာဓမ္မိကမည်သော အကြင် ဥပါသကာသည် ရှိ၏။ ထိုဥပါသကာကြီးအား သားယောက်ျား ခုနစ်ယောက်၊ သမီးမိန်းမ ခုနစ်ယောက်တို့သည် ရှိကုန်၏။ ထိုသားသမီးတို့တွင် တစ်ယောက် တစ်ယောက်၏ (ဝါ၊ သားသမီးတိုင်း) တစ်ခုတစ်ခုသော စာရေးတံ ယာဂုကိုလည်းကောင်း၊ စာရေးတံ ဆွမ်းကိုလည်းကောင်း၊ လဆန်းပက္ခ လဆုတ်ပက္ခ၌ လှူအပ်သော ဆွမ်းကိုလည်းကောင်း၊ ပင့်ဖိတ်၍ လှူအပ်သောဆွမ်းကိုလည်းကောင်း၊ ဥပုသ်နေ့၌ လှူအပ်သော ဆွမ်းကိုလည်းကောင်း၊ သံဃာအား လှူအပ်သော ဆွမ်းကိုလည်းကောင်း၊ ဝါဆိုသင်္ကန်းကိုလည်းကောင်း ပေးလှူကြခြင်းတို့ဖြင့် ထိုသားသမီး အားလုံးတို့ပင် မိဘတို့သို့ အတုလိုက်၍ဖြစ်သော အနုဇာတ သားသမီးတို့မည်သည် ဖြစ်ကုန်၏။

(၁။ မိကောင်းဖခင် ကျင့်စဉ်မလိုက်ဘဲ ယုတ်ညံ့စွာသော အဝဇာတသား၊ ၂။ မိကောင်းဖခင် ကျင့်စဉ်လိုက်သဖြင့် လျော်စွာသော အနုဇာတသား၊ ၃- မိကောင်းဖခင် ကျင့်စဉ်ထက် သာလွန်သဖြင့် လွန်ကဲစွာဖြစ်သော အတိဇာတသား၊ ဤသားသုံးယောက်တို့တွင် အဝဇာတသားကို အလိုမရှိအပ်၊ သားယုတ်မာ ဖြစ်သည်။)

ဤသို့လျှင် တစ်ကျိပ်လေးယောက်သော သားသမီးတို့၏လည်းကောင်း၊ မယား၏လည်းကောင်း၊ ဓမ္မိကဥပါသကာကြီး၏လည်းကောင်း ပေါင်း-တစ်ဆယ့်ခြောက်ခုသော စာရေးတံ ဆွမ်းယာဂု စသည်တို့သည် ဖြစ်ကုန်၏။ ယင်းသို့ သားမယားနှင့်တကွဖြစ်သော ထိုဓမ္မိက ဥပါသကာကြီးသည် စောင့်ထိန်းအပ်သော သီလရှိသဖြင့် ကောင်းသော အကျင့်တရားရှိသည်ဖြစ်၍ ဝေဖန်ပေးကမ်း လှူဒါန်းခြင်း၌ ပျော်မွေ့သောသူ ဖြစ်လေ၏။

ဥပါသကာကြီး မကျန်းမာသဖြင့် တရားနာခြင်း

ထိုမှ နောက်အဖို့၌ ထိုဓမ္မိက ဥပါသကာအား အနာရောဂါဖြစ်၍ အားအင်ယုတ်လျော့လေ၏။ ထိုဓမ္မိက ဥပါသကာသည် တရားတော်ကို နာလိုသည်ဖြစ်၍ “ရဟန်းရှစ်ပါးတို့ကို ဖြစ်စေ၊ တစ်ဆယ့်ခြောက်ပါးတို့ကိုဖြစ်စေ၊ ဘုရားတပည့်တော်ထံသို့ စေလွှတ်တော်မူကြပါဘုရား”ဟု မြတ်စွာဘုရားအထံသို့ ပင့်လျှောက်စေ၏။ မြတ်စွာဘုရားသည် ရဟန်းတို့ကို စေလွှတ်တော်မူ၏။ ထိုရဟန်းတို့သည် ကြွသွားကြကုန်၍ ဓမ္မိကဥပါသကာ၏ အိပ်ရာညောင်စောင်းကို ဝန်းရံခင်းထားသည့် နေရာများ၌ နေကြကုန်၏။ ထိုအခါ “အရှင်ဘုရားတို့- အရှင်ဘုရားတို့အား တပည့်တော်၏ ဖူးမြင်ရခြင်းသည် ရခဲတော့မည် ဖြစ်ပါလတ္တံ့၊ တပည့်တော်သည် အားနည်းခဲ့ပါပြီ၊ တပည့်တော်၏ အကျိုးငှာ သုတ္တန်တစ်ခု ချီးမြှောက် သရဇ္ဈာယ်တော်မူကြပါဘုရား”ဟု လျှောက်သည်ရှိသော် “ဥပါသကာကြီး- အဘယ်သုတ္တန်တရားကို နာလိုသနည်း”ဟု မေးကြကုန်၏။ “အလုံးစုံသော ဘုရားရှင်တို့ မစွန့်လွှတ်အပ်သော သတိပဋ္ဌာန်သုတ်တရားကို နာချင်ပါ၏”ဟု လျှောက်သည်ရှိသော် “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ” အစရှိသော သုတ္တန်တရားတော်ကို သရဇ္ဈာယ်တော်မူကြကုန်၏။

နတ်တို့နှင့် စကားပြောခြင်း

ထိုခဏ၌ နတ်ပြည်ခြောက်ထပ်တို့မှ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်ယင်အပ်ကုန်သော သိန္ဓောမြင်း တစ်ထောင်တို့ဖြင့် က,အပ်ကုန်သော အပြန့်အကျယ် ယူဇနာ ငါးရာ, ငါးရာရှိကုန်သော ရထားခြောက်စင်းတို့သည် ရောက်လာကြကုန်၏။ ထိုခြောက်စင်းသော ရထားတို့၌ တည်နေပါရှိကုန်သော နတ်သားတို့သည် “ငါတို့၏ နတ်ပြည်သို့ ဆောင်ယူကုန်အံ့၊ ငါတို့၏ နတ်ပြည်သို့ဆောင်ယူကုန်အံ့”ဟု ပြောဆိုကြပြီးလျှင် “အိုအချင်း ဓမ္မိက ဥပါသကာကြီး- မြေအိုးကိုခွဲ၍ ရွှေအိုးကို ယူဘိသကဲ့သို့ အကျွန်ုပ်တို့၏ နတ်ပြည်၌ မွေ့လျော်အံ့သောငှာ ဤရထားထက်၌ ဖြစ်လာပါလော့၊ အကျွန်ုပ်တို့၏ နတ်ပြည်၌ မွေ့လျော်အံ့သောငှာ ဤရထားထက်၌ ဖြစ်လာပါလော့”ဟု တောင်းပန်ခယ ပြောဆိုကြကုန်၏။ ဓမ္မိကဥပါသကာသည် တရားနာခြင်း၏ အနှောင့်အရှက် ဖြစ်မည်ကို အလိုမရှိရကား “ဆိုင်းငံ့ကြပါကုန်ဦးလော့၊ ဆိုင်းငံ့ကြပါကုန်ဦးလော့”ဟု ဆိုလေ၏။ သုတ္တန်တရား သရဇ္ဈာယ်ကြကုန်သော ရဟန်းတို့သည် ငါတို့ကို တားမြစ်သည် မှတ်ထင်ကြ၍ ဆိတ်ဆိတ်နေကြလေကုန်၏။

ရဟန်းသံဃာများ ပြန်ကြွသွားပြီးနောက် တုသိတာနတ်ရထား ပန်းကုံးစွပ်ခြင်း

ထိုအခါ ဓမ္မိကဥပါသကာ၏ သားသမီးတို့သည် “ငါတို့ အဘသည် ရှေးရှေးအခါ၌ တရားနာခြင်းဖြင့် မရောင့်ရဲနိုင်ပြီ၊ ယခုမှာမူကား ရဟန်းတို့ကိုပင့်ခိုင်း၍ ရွတ်ဖတ်သရဇ္ဈာယ်စေပါလျက် မိမိကိုယ်တိုင်ပင် တားမြစ်မြန်၏။ သေဘေးကို မကြောက်သောသူမည်သည် မရှိပြီ”ဟု ငိုကြွေး မြည်တမ်းကြလေကုန်၏။ ရဟန်းတို့သည် ယခုအခါ၌ ရွတ်ဖတ်သရဇ္ဈာယ်နေရန် အခွင့်အခါ မဟုတ်ပြီဟု အောက်မေ့ကာ နေရာမှထ၍ ဖဲသွားကြလေကုန်၏။ ဥပါသကာကြီးသည် အနည်းငယ် တစ်ခဏမျှကို လွန်စေပြီးလျှင် သတိရသဖြင့် သားသမီးတို့ကို “သင်တို့သည် အဘယ့်ကြောင့် ငိုကြွေးကြကုန်ဘိသနည်း”ဟု မေးလေ၏။ “ဖခင်- သင်ဖခင်တို့သည် ရဟန်းတော်တို့ကို အပင့်ခိုင်း၍ တရားနာနေကြကုန်စဉ် ကိုယ်တိုင်ပင် တားမြစ်ကုန်၏၊ ထိုသို့ တားမြစ်ခြင်းကြောင့် သေခြင်းကို မကြောက်သောသူမည်သည် မရှိဟု အောက်မေ့ကာ အကျွန်ုပ်တို့ ငိုကြွေးကြပါကုန်၏”ဟု ဖြေဆိုကြလေ၏။ “အရှင်ကောင်းတို့သည်ကား အဘယ်မှာနည်း”ဟု မေးလတ်သော် “ဖခင်- အရှင်ကောင်းတို့သည် ရွတ်ဖတ် သရဇ္ဈာယ်နေရန် အခွင့်အခါမဟုတ်ပြီဟု အောက်မေ့ကာ နေရာမှထ၍ ဖဲသွားကြကုန်ပြီ”ဟု ပြောကြားကြသဖြင့် “ငါသည် အရှင်ကောင်းတို့နှင့် စကားပြောဆိုသည် မဟုတ်”ဟု ဆိုလေသော် “ထိုသို့ မဟုတ်လျှင် ဖခင်တို့သည် အဘယ်သူနှင့် ပြောဆိုကြပါသနည်း”ဟု မေးကြကုန်၏။ “နတ်ပြည်ခြောက်ထပ်တို့မှ နတ်သားတို့သည် ရထားခြောက်စင်းတို့ကို တန်ဆာဆင်ကာ ယူလာပြီးလျှင် ကောင်းကင်၌တည်၍ အကျွန်ုပ်တို့၏နတ်ပြည်၌ မွေ့လျော်လှည့်ပါ၊ အကျွန်ုပ်တို့၏နတ်ပြည်၌ မွေ့လျော်လှည့်ပါဟု အသံပြုကြကုန်၏၊ ထိုနတ်သားတို့နှင့်သာ ငါစကား ပြောဆို၏”ဟု ပြောကြားဖြေဆိုလေ၏။

“ဖခင်- ရထားတို့သည် အဘယ်မှာနည်၊ အကျွန်ုပ်တို့ မမြင်ပါကုန်”ဟု ဆိုသည်ရှိသော် “ငါ့အလို့ငှာ ကုံးထားသော ပန်းကုံးတို့သည် ရှိကြကုန်သလော”ဟု မေးသဖြင့် “ဖခင် - ရှိပါကုန်၏”ဟု ဆိုကြကုန်သော် “အဘယ် နတ်ပြည်သည် မွေ့လျော်ဖွယ် ရှိသနည်း”ဟု မေးပြန်သဖြင့် “ဖခင်- ခပ်သိမ်းသော ဘုရားလောင်းတို့၏လည်းကောင်း၊ ဘုရားမယ်တော်၊ ခမည်းတော်တို့၏လည်းကောင်း ပျော်မွေ့နေထိုင်ရာ တုသိတာနတ်ပြည်သည် မွေ့လျော်ဖွယ်ရှိ၏”ဟု ပြောဆိုကြကုန်၏။ “ထိုသို့ဖြစ်မူ “တုသိတာနတ်ပြည်မှလာသော ရထားဦး၌ ငြိကပ် ချိတ်စွပ်စေသတည်း”ဟု ဓိဋ္ဌာန်၍ ပန်းကုံးကို ပစ်ကုန်လော့”ဟု ဆိုလေ၏။ ထိုသားသမီးတို့သည် ဖခင်ဆိုတိုင်း ပစ်ကြကုန်သည်ရှိသော် ထိုပန်းကုံးသည် ရထားဦး၌ ငြိကပ်ချိတ်စွပ်၍ ကောင်းကင်၌ တွဲရရွဲဆွဲလျက် တည်နေလေရာ များစွာသောလူတို့သည် ထိုပန်းကုံးကိုသာလျှင် မြင်ကြကုန်၏။ ရထားကိုကား မမြင်ကြလေကုန်။

ဓမ္မိကဥပါသကာသည် ”ဤပန်းကုံးကို မြင်ကြကုန်သလော”ဟု မေး၍ “ဪ- မြင်ကြပါကုန်၏”ဟု ဆိုကုန်လတ်သော် “ဤပန်းကုံးသည် တုသိတာနတ်ပြည်မှ ရောက်လာသော ရထား၌ တွဲရရွဲဆွဲလျက် ငြိကပ်ချိတ်စွပ်ကာနေပြီ”ဟု ပြောဆိုလေ၏။

သေခါနီး နောက်ဆုံးမှာကြားသော စကား

ထိုသို့ ပြောဆိုပြီးလျှင် “ငါသည် တုသိတာနတ်ပြည်သို့ သွားပေအံ့၊ သင်တို့သည် မစိုးရိမ် မပင်ပန်းကြကုန်လင့်၊ ငါ၏အထံ၌ ဖြစ်လိုကြမူကား ငါပြုသောနည်းဖြင့်သာလျှင် ကုသိုလ်ကောင်းမှုတို့ကို ပြုရစ်ကြကုန်လော့”ဟု အဆုံးသတ် မှာထားပြီးလျှင် သေခြင်းကို ပြုလတ်သည်ရှိသော် တုသိတာနတ်ရထား၌သာလျှင် တက်စီးမသွေ တည်နေခဲ့လေ၏။ ထိုဓမ္မိကဥပါသကာ နတ်သားကြီးအား ထိုခဏ၌ပင် လှည်းအစီးခြောက်ဆယ် တင်လောက်သော ဝန်ရှိသော တန်ဆာဖြင့် တန်ဆာဆင်အပ်သော သုံးဂါဝုတ် အတိုင်းအရှည်ရှိသော ခန္ဓာကိုယ် အတ္တဘောသည် ဖြစ်လာလေ၏။ နတ်သမီးတစ်ထောင် ခြံရံလေ၏။ နှစ်ဆယ့်ငါးယူဇနာရှိသော ရွှေဗိမာန်သည် ထင်ရှားစွာ ဖြစ်ပေါ်လာလေ၏။

ကျောင်းတော်သို့ ပြန်ရောက်လာကြကုန်သော ထိုရဟန်းတို့ကိုလည်း မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- သင်တို့သည် ဥပါသကာအား တရားဟောကြားအပ်ခဲ့ပြီလော”ဟု မေးတော်မူ၏။ “မြတ်စွာဘုရား- ဟောကြားခဲ့ပါပြီ၊ ထိုသို့ ဟောသော်လည်း တရားမပြီးဆုံးမီ အကြား၌ပင် ဆိုင်းငံ့ကြပါကုန်လော့ဟု တားမြစ် ပိတ်ပင်ပါသည်၊ ထိုအခါ ဥပါသကာကြီး၏ သားသမီးတို့သည် ငိုကြွေးပါကုန်သည်၊ ဘုရားတပည့်တော်တို့သည် ယခုအခါ ရွတ်ဖတ်သရဇ္ဈာယ်နေရန် အခွင့်အခါ မဟုတ်ပြီဟု နေရာမှထကာ ထွက်ပြန်လာကြပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ “ချစ်သားရဟန်းတို့- ထိုဓမ္မိကဥပါသကာကြီးသည် သင်တို့နှင့်တကွ စကားပြောဆိုသည်မဟုတ်၊ နတ်ပြည်ခြောက်ထပ်တို့မှ နတ်သားတို့သည် ရထားခြောက်စင်းတို့ကို တန်ဆာဆင်၍ ဆောင်ယူလာပြီးလျှင် ထိုဓမ္မိက ဥပါသကာကို ဖိတ်ခေါ်ကြကုန်၏၊ ထိုဓမ္မိကဥပါသကာကြီးသည် တရားဟောခြင်း အနှောင့်အယှက် ဖြစ်မည်ကို အလိုမရှိရကား ထိုနတ်တို့နှင့်တကွ စကားဆိုသတည်း”ဟု မိန့်တော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤအတိုင်း မှန်ပါသလားဘုရား”ဟု လျှောက်ကြားကြသောအခါ “ချစ်သားတို့- ဤသို့ ဖြစ်ခြင်းပေတည်း”ဟု မိန့်ကြားတော်မူလေ၏။ “ယခုအခါ အဘယ်ဘုံ၌ ဖြစ်ပါသနည်း”ဟု နားတော်လျှောက်ကြပြန်သောအခါ “ချစ်သားရဟန်းတို့- တုသိတာနတ်ဘုံ၌ ဖြစ်ပြီ”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ယခုအခါ ဤလူ့ပြည်၌ အဆွေအမျိုးတို့အလယ် မွေ့လျော်စွာ ကျင်လည်ပြီးလျှင် ယခုပင် ဘဝတစ်ပါး ပြောင်းသွား၍ တစ်ဖန် မွေ့လျော်ဖွယ်ကောင်းသော အရပ်၌သာလျှင် ဖြစ်ပေသည်”ဟု တုံ့ပြန်လျှောက်ကြားကြသောအခါ “ချစ်သားရဟန်းတို့- ဟုတ်မှန်ပေ၏၊ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ကြကုန်သော လူဖြစ်သော သူသည်လည်းကောင်း၊ ရဟန်းဖြစ်သော သူသည်လည်းကောင်း ခပ်သိမ်းသောအရပ်၌ မွေ့လျော်ကြကုန်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ကုသိုလ်ကောင်းမှု၏ သဘော

֍ * [၁၆] ဣဓ မောဒတိ ပေစ္စ မောဒတိ၊
ကတပုညော ဥဘယတ္ထ မောဒတိ။
သော မောဒတိ သော ပမောဒတိ၊
ဒိသွာ ကမ္မဝိသုဒ္ဓိမတ္တနော။

ကတပုညော၊ ပြုအပ်ပြီးသော ကုသိုလ်ကောင်းမှုရှိသော သူသည်။ ဣဓ၊ ဤပစ္စုပ္ပန်ဘဝ၌လည်း။ မောဒတိ၊ မွေ့လျော်ရ၏။ ပေစ္စ၊ တမလွန်ဘဝ၌လည်း။ မောဒတိ၊ မွေ့လျော်ရ၏။ ဥဘယတ္ထ၊ ပစ္စုပ္ပန်တမလွန် နှစ်တန်သော ဘဝ၌။ မောဒတိ၊ မွေ့လျော်ရ၏။ အတ္တနော၊ မိမိ၏။ ကမ္မဝိသုဒ္ဓိံ၊ ကောင်းမှုကံ၏ စင်ကြယ်ခြင်းကို။ ဒိသွာ၊ မြင်၍။ သော၊ ထိုသူသည်။ မောဒတိ၊ မွေ့လျော်၏။ သော၊ ထိုသူသည်။ ပမောဒတိ၊ အလွန်မွေ့လျော်၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာသော သူတို့သည် သောတာပန်စသည်တို့ ဖြစ်ကြကုန်၏။ များစွာသော လူအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ဓမ္မိကဥပါသကာဝတ္ထု ပြီး၏။

֍ * ၁၂။ ရှင်ဒေ၀ဒတ်တ္ထု

ဣဓ တပ္ပတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ရှင်ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(ရှင်ဒေဝဒတ်၏ ဝတ္ထုစကားအစဉ်ကို ရဟန်းပြုသော ကာလမှစ၍ မြေမျိုသည်တိုင်အောင် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူအပ်သော အလုံးစုံသော ဇာတ်တို့ကို အကျယ်ချဲ့၍ ဆိုအပ်သော်လည်း ဤဓမ္မပဒကျမ်း၌ကား အကျဉ်းသာတည်း။)

သာကီဝင်မင်းသားတို့ ရဟန်းပြုရန် ပြောကြားခြင်း

သဗ္ဗညု မြတ်စွာဘုရားသည် မလ္လာမင်းတို့၏ အနုပိယအမည်ရှိသော နိဂုံးကို အမှီပြု၍ အနုပိယမည်သော သရက်ဥယျာဉ်တော၌ သီတင်းသုံး စံနေတော်မူစဉ်ပင် ဘုရားအလောင်းတော်၏ လက္ခဏာကြီးငယ်တို့ကို ဖတ်သောနေ့၌ ရှစ်သောင်းကုန်သော ဆွေတော်မျိုးတော်တို့သည် “မင်းသည်မူလည်း ဖြစ်စေ၊ ဘုရားသည်မူလည်း ဖြစ်စေ မင်းမျိုးအပေါင်း ခြံရံလျက်သာလျှင် လှည့်လည်ရလတ္တံ့”ဟု ရှစ်သောင်းကုန်သော မင်းသားတို့ကို ဝန်ခံစေအပ်ကုန်၏။ ထိုမင်းသားတို့သည် များသောအားဖြင့် ရဟန်းပြုကြကုန်သည်ရှိသော် ဘဒ္ဒိယမင်း, အနုရုဒ္ဓါမင်းသား, အာနန္ဒာမင်းသား, ဘဂုမင်းသား၊ ကိမိလမင်းသား၊ ဒေဝဒတ်မင်းသားအားဖြင့် ဤခြောက်ယောက်ကုန်သော သာကီဝင်မင်းသားတို့သည် အစဉ်လိုက်၍ ရဟန်းမပြုသည်တို့ကို မြင်ကြကုန်သည်ရှိသော် “ငါတို့ကား မိမိတို့၏သားတို့ကို ရဟန်းပြုစေကြရကုန်၏။ ဤခြောက်ယောက်သော သာကီဝင်မင်းသားတို့သည်ကား မြတ်စွာဘုရား၏ ဆွေတော်မျိုးတော် မဟုတ်ဟန်တကား၊ အဘယ့်ကြောင့် ရဟန်းမပြုကြကုန်သနည်း”ဟု စကားကို ဖြစ်စေကြကုန်၏။ ထိုအခါ မဟာနာမ်မည်သော သာကီဝင် မင်းသားသည် အနုရုဒ္ဓါ မင်းသား၏အထံသို့ ချဉ်းကပ်၍ “အမောင် ညီတော်အနုရုဒ္ဓါ- ငါတို့၏ အမျိုး၌ ရဟန်းပြုသောသူသည် မရှိလေသေး၊ အသင် ညီတော်တည်း ရဟန်းပြုမည်လော၊ သို့တည်းမဟုတ် ငါနောင်တော်သည်ပင်လျှင် ရဟန်းပြုရအံ့လော”ဟု မေးလေ၏။

မရှိဟူသောစကားကို မကြားဖူးသော အနုရုဒ္ဓါမင်းသား

ထိုအနုရုဒ္ဓါမင်းသားသည်ကား သိမ်မွေ့နူးညံ့သော သဘောရှိ၏။ ပြည့်စုံကြွယ်ဝသော စည်းစိမ်ချမ်းသာ ရှိ၏၊ မရှိဟူသော စကားကိုမျှလည်း မကြားစဖူးပေ။ ထိုစကားသည် မှန်၏။ တစ်နေ့သ၌ ထိုခြောက်ယောက်သော မင်းသားတို့သည် ရွဲလုံးကစားခြင်းဖြင့် ကစားကြသည်ရှိသော် အနုရုဒ္ဓါမင်းသားသည် မုန့်ဖြင့် ရှုံးသည်ဖြစ်၍ မုန့်အလို့ငှာ အမိထံသို့ တမန် စေလွှတ်လိုက်၏။ ထိုအခါ မင်းသား၏မယ်တော်သည် မုန့်တို့ကို စီရင်ပြုလုပ်၍ ပို့လိုက်လေ၏။ ထိုမင်းသားတို့သည် မုန့်ကိုစား၍ တစ်ဖန် ကစားကြပြန်ရာ အနုရုဒ္ဓါမင်းသားအားသာလျှင် အဖန်ဖန် ရှုံးခြင်းသည် ဖြစ်လေ၏။ မယ်တော်သည် စေလွှတ်တိုင်း စေလွှတ်တိုင်း သုံးကြိမ်တိုင်အောင် မုန့်တို့ကိုပို့စေ၍ လေးကြိမ်မြောက် စေလွှတ်သောအခါ၌ “မုန့်မရှိပြီ”ဟု ပြောဆို၍ စေလွှတ်လိုက်၏။ အနုရုဒ္ဓါမင်းသားသည် မရှိဟူသော စကားကို မကြားဖူးသောကြောင့် “ဤမရှိဟူသော အရာသည် မုန့်အထူးတစ်မျိုးပင် ဖြစ်ပေလိမ့်မည်”ဟု အောက်မေ့မှတ်ထင်လျက် “ငါ့အား ထိုမရှိမုန့်ကိုပင် ဆောင်ခဲ့ကုန်လော့”ဟု စေလွှတ်လိုက်ပြန်၏။ မင်းသား၏ မယ်တော်သည်ကား “အရှင်မ- မရှိမုန့်ကို ပေးလိုက်ပါ”တဲ့ဟု ဆိုသည်ရှိသော် “ငါ၏ သားတော်သည် မရှိဟူသော စကားကို မကြားဖူးသည် ဖြစ်ပေလိမ့်မည်၊ ဤသို့သောဥပါယ်တံမျဉ်ဖြင့် သားတော်ကို ထိုအကြောင်းကို သိစေအံ့”ဟု တစ်စုံတစ်ရာမျှမပါသော ရွှေခွက်တစ်ခုကို ရွှေခွက်တစ်ခုဖြင့် မှောက်၍ စေလွှတ်လိုက်၏။

ထိုအခါ မြို့စောင့်နတ်တို့သည် ကြံဆင်ခြင်ကြသည်မှာ “အနုရုဒ္ဓါမည်သော သာကီဝင်မင်းသားသည် အန္နဘာရလုလင် ဖြစ်စဉ်ကာလ မိမိအဖို့ ဆောင်ယူခဲ့သောထမင်းကို ဥပရိဋ္ဌ ပစ္စေကဗုဒ္ဓါအား ပေးလှူ၍ မရှိဟူသောစကားကို ငါ့အား ကြားရခြင်းသည် မဖြစ်ပါစေသတည်း၊ ထမင်းဖြစ်ရာအရပ်ကို သိရခြင်းသည် မဖြစ်ပါစေသတည်း”ဟု ဆုတောင်းပတ္ထနာကို ပြုခဲ့ဖူးလေ၏။ ဤအနုရုဒ္ဓါမင်းသားသည် အချည်းနှီး မုန့်မရှိသော ရွှေခွက်ကို အကယ်၍ မြင်သည်ဖြစ်ခဲ့အံ့၊ နတ်အစည်းအဝေးသို့ ဝင်ခြင်းငှာ ငါတို့ မရကုန်လတ္တံ့၊ ငါတို့၏ ဦးခေါင်းသည်လည်း ခုနစ်စိတ် ကွဲရာ၏”ဟု ကြံဆင်ခြင်ကြလေ၏။ ထိုသို့ ကြံဆင်ခြင်ကြပြီးလျှင် ထိုရွှေခွက်ကို နတ်၌ဖြစ်သော မုန့်တို့ဖြင့် ပြည့်သည်ကို ပြုကြကုန်၏။ ထိုရွှေခွက်ကို ရွဲလုံးကစားရာ တလင်းကစားဝိုင်း၌ထား၍ ဖွင့်လှစ်ကာမျှ၌ မုန့်၏အနံ့သည် အလုံးစုံသောမြို့၌ ဖုံးလွှမ်းဘိသကဲ့သို့ တည်လေ၏။ မုန့်ပိုင်းကို ခံတွင်း၌ ထည့်ကာမျှဖြင့်သာလျှင် အရသာကိုဆောင်သော ခုနစ်ထောင်ကုန်သော အကြောတို့သို့ ပျံ့နှံ့လေ၏။ အနုရုဒ္ဓါမင်းသား စဉ်းစားမိသည်မှာ “မယ်တော်သည် ငါ့ကို မချစ်ခင်၊ ဤမျှလောက်သော ကာလပတ်လုံး ငါ့အလို့ငှာ ဤမရှိမုန့်မည်သည်ကို မကြော်မချက်၊ ဤအခါမှစ၍ တစ်ပါးသောမုန့်ကို မစားတော့အံ့”ဟု ကြံစည်ကာ ထိုအနုရုဒ္ဓါမင်းသားသည် အိမ်သို့သွားပြီးလျှင် မယ်တော်ကို မေးလေ၏။ “မယ်တော်- မယ်တော်တို့သည် သားတော်ဖြစ်သော အကျွန်ုပ်ကို ချစ်ခင်လေသလော၊ မချစ်ခင်လေသလော”ဟု မေးသော အခါ “ချစ်သား- မျက်စိတစ်ဖက်သာရှိသောသူ၏ မျက်စိကဲ့သို့လည်းကောင်း၊ နှလုံးသားကဲ့သို့လည်းကောင်း အလွန်လျှင် သားမောင်ကို ငါချစ်မြတ်နိုး၏”ဟု ဆိုသော် မင်းသားက “မယ်တော်- ထိုသို့ ချစ်ခင်ပါလျက် အဘယ့်ကြောင့် ဤမျှလောက်ကာလပတ်လုံး အကျွန်ုပ်အား မရှိမုန့်ကို ကြော်ချက်၍ မပေးပါသနည်း”ဟု မေးလေ၏။

ထိုအခါ မယ်တော်သည် အလုပ်အကျွေးငယ်ကိုခေါ်၍ “အမောင်- ရွှေခွက်၌ တစ်စုံတစ်ခုသော ဝတ္ထုသည် ရှိလေသလော”ဟု မေးလေ၏။ “အရှင်မ- ရွှေခွက်သည် မုန့်တို့ဖြင့် ပြည့်ပါသည်။ ဤသို့သဘောရှိသောမုန့်ကို ဘုရား ကျွန်တော်မျိုးသည် ရှေးအခါကာလ မမြင်စဖူးပါ”ဟု လျှောက်လေ၏။ မယ်တော်သည် ဆင်ခြင်ပြန်သည်မှာ “ငါ့သားသည် ဘုန်းကံနှင့်ပြည့်စုံသော ရှေးရှေးက ပြုအပ်ခဲ့ပြီးသော ဆုတောင်းခြင်းရှိသောသူသည် ဖြစ်ပေလတ္တံ့၊ နတ်တို့သည် ရွှေခွက်ကိုပြည့်စေ၍ မုန့်တို့ကို ပို့ဆက်ကြသည် ဖြစ်ကုန်လတ္တံ့”ဟု ဆင်ခြင်မိလေ၏။ ထိုအခါ သားတော် အနုရုဒ္ဓါမင်းသားသည် “မယ်တော်- ဤနေ့မှစ၍ အကျွန်ုပ်သည် တစ်ပါးသော မုန့်မည်သည်ကို မစားတော့အံ့၊ မရှိမုန့်ကိုသာ ကြော်ချက်၍ ပေးပါလော့”ဟု ပြောလေ၏။ မယ်တော်သည်လည်း ထိုနေ့မှစ၍ ထိုအနုရုဒ္ဓါမင်းသားအား မုန့်စားလိုသည်ဟု ပြောသည်ရှိသော် အချည်းနှီးသော ရွှေခွက်ကိုသာလျှင် တစ်ပါးသော ရွှေခွက်ဖြင့် ဖုံးအုပ်၍ ပို့လိုက်လေ၏။ အကြင်မျှလောက်သော ကာလပတ်လုံး အိမ်ရာထောင်သော လူ၏ဘောင်၌ နေ၏၊ ထိုမျှလောက်သော ကာလပတ်လုံး ထိုအနုရုဒ္ဓါမင်းသားအား နတ်တို့သည်သာလျှင် မုန့်တို့ကို ပို့ဆက်ကြရကုန်၏။

ထိုအနုရုဒ္ဓါမင်းသားသည် ဤမျှကိုလည်း မသိရကား ရဟန်းအဖြစ်မည်သည်ကို အဘယ်မှာ သိနိုင်ပါလတ္တံ့နည်း။ ထို့ကြောင့် “ဤရဟန်းအဖြစ် မည်သည်ကား အဘယ်နည်း”ဟု နောင်တော်ကို မေးသည်ရှိသော် “ဆံ,မုတ်ဆိတ်တို့ကို ပယ်ချသုတ်သင်၍ ဖန်ရည်စွန်းသော အဝတ်သင်္ကန်းကို ဝတ်ရုံသုံးဆောင်သဖြင့် သစ်သား အခင်း၌လည်းကောင်း၊ ကျဲသော ညောင်စောင်း၌လည်းကောင်း အိပ်ရ၍ ဆွမ်းခံသွားသဖြင့် နေရ၏၊ ဤသည်လျှင် ရဟန်းအဖြစ်မည်၏”ဟု ဆိုသည်ရှိသော် “နောင်တော်- အကျွန်ုပ်သည် နူးညံ့သိမ်မွေ့လှပါသည်၊ ရဟန်းပြုခြင်းငှာ မတတ်နိုင်ပါ”ဟု ဆိုလေ၏။ “ညီချစ်- ထိုသို့ဖြစ်မူ လူတို့ပြုဖွယ် အမှုကိစ္စဟူသမျှကို သင်ကြားမှတ်ယူ၍ အိမ်ရာထောင်သော လူ၏ဘောင်၌ နေလေလော့၊ ငါတို့တွင် တစ်ယောက်ယောက်သောသူသည် ရဟန်းမပြုဘဲနေခြင်းငှာ မတတ်ကောင်း”ဟု ပြောဆိုလေ၏။ ထိုအခါ နောင်တော်ကို “လူတို့ပြုဖွယ် အမှုကိစ္စဟူသည်ကား အဘယ်နည်း”ဟု မေးပြန်၏။ ထမင်းဖြစ်ရာအရပ်ကိုမျှမသိသော အမျိုးကောင်းသားသည် လူ့ဘောင်လောက၌ လုပ်ဆောင်ဖွယ်ရာသော အမှုကိစ္စကို အဘယ်သို့ သိနိုင်အံ့နည်း။

ထမင်းဖြစ်ရာအရပ်ကို မသိသော မင်းသားသုံးယောက်

ထိုစကား မှန်၏။ တစ်နေ့သ၌ ကိမိလ, ဘဒ္ဒိယ, အနုရုဒ္ဓါဟူကုန်သော သုံးယောက်သော မင်းသားတို့အား “ထမင်းမည်သည် အဘယ်အရပ်၌ ဖြစ်ပေါ်လာသနည်း”ဟူသော စကားသည် ထင်ရှားစွာ ဖြစ်လေ၏။ ထိုအခါ ကိမိလမင်းသားက “ကျီ၌ ဖြစ်သည်”ဟု ဆို၏။ ထိုအခါ ဘဒ္ဒိယမင်းသားက ကိမိလမင်းသားကို “သင်သည် ထမင်းဖြစ်ရာအရပ်ကို မသိ၊ ထမင်းမည်သည်ကား အိုးခွက်ထဲ၌ဖြစ်သည်”ဟု ဆိုလေ၏။ အနုရုဒ္ဓါမင်းသားက “သင်တို့နှစ်ယောက်စလုံးပင် မသိကြကုန်၊ ထမင်းမည်သည်ကား ရတနာတို့ဖြင့် စီခြယ်အပ်သော ရွှေခွက်ကြီးထဲ၌ ဖြစ်ပေါ်လာသည်”ဟု ဆိုလေ၏။ ထိုသုံးယောက်သော မင်းသားတို့တွင် တစ်နေ့သ၌ ကိမိလမင်းသားသည် ကျီမှ စပါးထုတ်ဆောင်ယူငင်သည်တို့ကိုမြင်၍ “ဤထမင်းတို့သည် ကျီ၌သာလျှင် ဖြစ်ကုန်သည်”ဟု မှတ်ထင်လေ၏။ ဘဒ္ဒိယမင်းသားသည် တစ်နေ့သ၌ အိုးခွက်မှ ထမင်းကို ချက်ပြုတ် ခူးဆွအပ်သည်ကိုမြင်၍ “ထမင်းသည် အိုးခွက်၌သာလျှင် ဖြစ်သည်”ဟု အမှတ်ရှိလေ၏။ အနုရုဒ္ဓါမင်းသားမူကား စပါးထောင်းသည်တို့ကိုလည်းကောင်း၊ ထမင်းချက်ပြုတ်သည်တို့ကိုလည်းကောင်း၊ ထမင်းခူးဆွသည်တို့ကိုလည်းကောင်း တစ်ရံတစ်ခါမျှ မတွေ့မထင် မမြင်ဖူးပေ။ ထမင်းကိုခူးဆွ၍ ရှေ့၌ ချထားသည်မျှကိုသာလျှင် တွေ့မြင်ဖူး၏။ ထို့ကြောင့် အနုရုဒ္ဓါမင်းသားသည် စားခြင်းငှာ အလိုရှိသောအခါ၌ ထမင်းသည် ခွက်ထဲ၌သာ ဖြစ်ပေါ်လာသည်ဟူသော အမှတ်ရှိလေ၏။ ဤသို့ ထိုမင်းသားသုံးယောက်တို့သည် ထမင်းဖြစ်ရာအရပ်ကို မသိကြကုန်။

အနုရုဒ္ဓါမင်းသား ရဟန်းပြုရန် အားထုတ်ခြင်း

ထို့ကြောင့် အနုရုဒ္ဓါမင်းသားသည် ဤလူတို့ပြုဖွယ် အမှုကိစ္စမည်သည် အဘယ်နည်းဟု မေးလေသတည်း။ ရှေးဦးစွာ လယ်ကို ထွန်အပ်၏၊ ဤသို့ အစရှိသော နှစ်တိုင်းနှစ်တိုင်း၌ ပြုအပ်သော အမှုကိစ္စဟူသမျှကို ပြောဆိုသည်ကို ကြားသိရသည်ရှိသော် “အဘယ်အခါကာလ၌ လူတို့ပြုဖွယ် အမှုကိစ္စတို့၏ ပြီးဆုံးခြင်းသည် ထင်နိုင်ပါအံ့နည်း၊ အဘယ်အခါ၌ ငါတို့သည် ကြောင့်ကြမဲ့ စည်းစိမ်ချမ်းသာတို့ကို ခံစားရပါကုန်အံ့နည်း”ဟုဆို၍ ထိုပြုဖွယ်အမှုကိစ္စတို့၏ အပိုင်းအခြား မရှိသည့်အဖြစ်၊ မကုန်ဆုံးနိုင်သည့် အဖြစ်ကြောင့် “နောင်တော်သည်သာလျှင် အိမ်ရာထောင်သော လူ၏ဘောင်၌ နေပါလော့၊ ညီတော်အား ဤအိမ်ရာထောင်သော လူ့ဘောင်ဖြင့် အလိုမရှိပါပြီ”ဟု ဆိုပြီးလျှင် မယ်တော်၏ထံသို့သွား၍ “မယ်တော်- သားတော်ကို အခွင့်ပြုတော်မူပါ၊ ရဟန်းပြုပါရစေ”ဟု ခွင့်တောင်းသဖြင့် မယ်တော်သည် အထူးထူးအပြားပြား များစွာသော အကြောင်းတို့ဖြင့် သုံးကြိမ်တိုင်တိုင် ပယ်ပြီးလျှင် “ချစ်သား- သင်၏ အဆွေခင်ပွန်းဖြစ်သော ဘဒ္ဒိယမင်းသည် အကယ်၍ ရဟန်းပြုသည်ဖြစ်အံ့၊ ထိုဘဒ္ဒိယမင်းနှင့် အတူတကွ ရဟန်းပြုလေလော့”ဟု ဆိုသည်ရှိသော် ထိုဘဒ္ဒိယမင်း၏အထံသို့ ချဉ်းကပ်၍ “အဆွေ ဘဒ္ဒိယ- ငါ၏ရဟန်းအဖြစ်သည် သင်နှင့်စပ်၏”ဟု ဆိုပြီးလျှင် ထိုဘဒ္ဒိယမင်းကို အထူးထူး အပြားပြားသော အခြင်းအရာတို့ဖြင့်သိစေ၍ ခုနစ်ရက်မြောက်သောနေ့၌ မိမိနှင့်အတူတကွ ရဟန်းပြုခြင်းငှာ ပဋိညာဉ်ကို ယူလေ၏။

ဥပါလိ ဆတ္တာသည်နှင့်တကွ မင်းသားခြောက်ယောက်တို့ ရဟန်းပြုကြခြင်း

ထို့နောက်မှ ဘဒ္ဒိယ သာကီဝင်မင်း၊ အနုရုဒ္ဓါမင်းသား၊ အာနန္ဒာမင်းသား၊ ဘဂုမင်းသား၊ ကိမိလမင်းသား၊ ဒေဝဒတ်မင်းသား ဟူကုန်သော ခြောက်ယောက်ကုန်သော မင်းသားတို့သည် ဥပါလိ ဆတ္တာသည်နှင့်တကွ ခုနစ်ယောက်မြောက်ရှိကုန်သည်ဖြစ်၍ နတ်၏စည်းစိမ်ချမ်းသာကို ခံစားသော နတ်တို့ကဲ့သို့ ခုနစ်ရက်ပတ်လုံး စည်းစိမ်ချမ်းသာကို ခံစားစံစားပြီးလျှင် ဥယျာဉ်သို့ ထွက်သွားသကဲ့သို့ အင်္ဂါလေးပါးရှိသော စစ်သည်ဖြင့်ထွက်၍ သူတစ်ပါးတို့၏ နိုင်ငံသို့ရောက်လျှင် မင်း၏အာဏာဖြင့် စစ်သည်တို့ကို ပြန်လည်စေလွှတ်၍ သူတစ်ပါးတို့နိုင်ငံသို့ ဝင်ရောက်ကြကုန်၏။ သူတစ်ပါးတို့နိုင်ငံသို့ ချဉ်းကပ် ဝင်ရောက်မိသောအခါ၌ ခြောက်ယောက်ကုန်သော မင်းသားတို့သည် မိမိတို့၏ ဝတ်ဆင်ခဲ့သော တန်ဆာတို့ကိုချွတ်၍ အထုပ်အဖွဲ့ကို ပြုကြပြီးလျှင် “အချင်း ဥပါလိ- ဤပစ္စည်း ဥစ္စာဘဏ္ဍာတို့ကိုယူ၍ ပြန်သွား ဆုတ်နစ်နေရစ်လေလော့၊ အသင့်အား ဤမျှသော ပစ္စည်းဥစ္စာဘဏ္ဍာသည် အသက်မွေးခြင်းငှာ လုံလောက်လေပြီ”ဟုဆို၍ ဥပါလိအား ပေးကြကုန်၏။ ထိုဥပါလိသည်လည်း မင်းသားတို့၏ခြေရင်း၌ ဝပ်စင်းလူးလှိမ့်ကာ ငိုကြွေးပြီးလျှင် အာဏာကို လွန်ဆန်အံ့သောငှာ မဝံ့သည်ဖြစ်သောကြောင့် နေရာမှထ၍ ဆုတ်နစ် ပြန်လည်ခဲ့ရလေ၏။

ထိုဥပါလိနှင့် မင်းသားတို့၏ ခရီးနှစ်ဖြာ ခွဲသောအခါ၌ တောအုပ်သည် ငိုကြွေးသောအခြင်းအရာသို့ ရောက်ဘိသကဲ့သို့လည်းကောင်း၊ မြေကြီးသည် တုန်လှုပ်အံ့သော အခြင်းအရာသို့ ရောက်ဘိသကဲ့သို့လည်းကောင်း ဖြစ်လေ၏။ ဥပါလိသည် အတန်ငယ် ဆုတ်နစ်ပြန်သွားပြီးလျှင် ဤသို့ ကြံလေ၏။ “သာကီဝင်မင်းတို့မည်သည် ကြမ်းတမ်းခက်ထန်ကုန်၏၊ ဤဥပါလိသည် မင်းသားတို့ကို သတ်ဖြတ်လေပြီဟု ငါ့ကို သတ်ဖြတ်မူလည်း သတ်ဖြတ်ကြကုန်ရာ၏၊ ဤမင်းသားတို့သော်မှလည်း ဤသို့ သဘောရှိသော စည်းစိမ်ချမ်းသာကို စွန့်ပစ်၍ အဖိုးအတိုင်းမသိ ထိုက်ကုန်သော ဤတန်ဆာတို့ကို တံတွေးပေါက်ကဲ့သို့ စွန့်ပစ်ကုန်ပြီးလျှင် ရဟန်းပြုကြကုန်သေး၏၊ ငါသည် အဘယ့်ကြောင့် ရဟန်းမပြုနိုင်ဘဲ ရှိရအံ့နည်း”ဟု ကြံ၍ ဥစ္စာထုပ်ကို ချွတ်ပြီးလျှင် ထိုတန်ဆာတို့ကို သစ်ပင်၌ဆွဲ၍ “အလိုရှိသောသူတို့သည် ယူကြစေကုန်သတည်း”ဟု ဆို၍ ထိုမင်းသားတို့၏ အထံသို့ လိုက်သွားလေလျှင် ထိုမင်းသားတို့က “အဘယ့်ကြောင့် ပြန်လာသနည်း”ဟု မေးသည်ရှိသော် ထိုအကြောင်းကို လျှောက်ကြားလေ၏။

ထိုအခါ မင်းသားတို့သည် ဥပါလိ ဆတ္တာသည်ကို ယူဆောင်ခေါ်ငင်၍ မြတ်စွာဘုရားအထံသို့ သွားကြကုန်ပြီးလျှင် ဘုရားရှင်ကိုရှိခိုး၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား.. တပည့်တော်တို့ သာကီဝင်မျိုးတို့ မည်သည်ကား မာန်မာနကို အမှီပြု၍ တက်ကြွခြင်း ရှိကြပါကုန်၏၊ ဤဥပါလိသည် တပည့်တော်တို့၏ ကြာမြင့်စွာသော ကာလပတ်လုံး ပြုစုလုပ်ကျွေး၍နေသော အလုပ်အကျွေးပါတည်း၊ ဤဥပါလိကို ရှေးဦးစွာ ရဟန်းပြုတော်မူပါ၊ တပည့်တော်တို့သည် ထိုဥပါလိအား လက်အုပ်ချီမိုး ရှိခိုးခြင်း စသည်တို့ကို ပြုကြရပါကုန်လတ္တံ့၊ ဤသို့ ပြုကြရကုန်သည်ရှိသော် တပည့်တော်တို့အား တက်ကြွသော မာန်မာနသည် ပျောက်ကင်းပျက်စီးခြင်း ဖြစ်ပါလတ္တံ့”ဟု လျှောက်ထား၍ ရှေးဦးစွာ ထိုဥပါလိကို ရဟန်းပြုစေပြီးလျှင် နောက်မှ မိမိတို့သည် ရဟန်းပြုကြလေကုန်၏။

တရားထူး ရပုံနှင့် ဒေဝဒတ် အကြံဖြစ်ပုံ

ထိုခြောက်ယောက်ကုန်သော မင်းသားတို့တွင် အရှင်ဘဒ္ဒိယသည် ထိုဝါတွင်း၌သာလျှင် ပု-ဒိ-အာ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော ရဟန္တာဖြစ်လေ၏။ အရှင်အနုရုဒ္ဓါသည် ဒိဗ္ဗစက္ခု အဘိညာဉ်ကိုရ၍ နောက်မှ မဟာပုရိသဝိတက္ကသုတ်ကို ကြားနာရသည်ရှိသော် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ အရှင်အာနန္ဒာသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ဘဂုမထေရ်နှင့် ကိမိလမထေရ်တို့သည် နောက်အဖို့၌ ဝိပဿနာကို အဆင့်ဆင့်ပွားစေ၍ အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။ ရှင်ဒေဝဒတ်သည်ကား ပုထုဇဉ်အဖြစ်ဖြင့်သာလျှင် လောကီဈာန် အဘိညာဉ်တန်ခိုးနှင့် ပြည့်စုံသောအဖြစ်သို့ ရောက်လေ၏။ နောက်အဖို့ဖြစ်သောကာလ၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည်၌ သီတင်းသုံး စံနေတော်မူသည်ရှိသော် တပည့်သား သံဃာတော်အပေါင်းနှင့်တကွ မြတ်စွာဘုရားအား ကြီးကျယ်ပြန့်ပြော များမြတ်သော လာဘသက္ကာရသည် ဖြစ်လေ၏။

အဝတ်ပုဆိုး,ဆေးစသည် လက်စွဲကုန်သော လူအပေါင်းတို့သည် ကျောင်းသို့ဝင်ရောက်ပြီးလျှင် “ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် အဘယ်မှာနည်း၊ အရှင်သာရိပုတြာမထေရ်သည် အဘယ်မှာနည်း၊ အရှင်မဟာမောဂ္ဂလာန်မထေရ်သည် အဘယ်မှာနည်း၊ အရှင်မဟာကဿပ မထေရ်သည် အဘယ်မှာနည်း၊ အရှင်ဘဒ္ဒိယ မထေရ်သည် အဘယ်မှာနည်း၊ အရှင်အနုရုဒ္ဓါ မထေရ်သည် အဘယ်မှာနည်း၊ အရှင်အာနန္ဒာ မထေရ်သည် အဘယ်မှာနည်း၊ အရှင်ဘဂု မထေရ်သည် အဘယ်မှာနည်း၊ အရှင်ကိမိလ မထေရ်သည် အဘယ်မှာနည်း၊” ဤသို့စသည်ဖြင့် ရှစ်ကျိပ်သော မဟာသာဝကတို့၏ နေရာအရပ်ကို ကြည့်ကုန်လျက် သွားလာလှည့်လည်ကြကုန်၏။ “အရှင်ဒေဝဒတ် မထေရ်သည်ကား အဘယ်အရပ်၌ သီတင်းသုံးသနည်း၊ အဘယ်အရပ်၌ တည်နေသနည်း”ဟူ၍ မေးမြန်းသောသူမည်သည် တစ်စုံတစ်ယောက်မျှ မရှိပေ။ ထိုအခါ ရှင်ဒေဝဒတ်သည် ဤသို့ ကြံစည်လေ၏။ “ငါသည်လည်း ထိုအရှင်ဘဒ္ဒိယစသော သူတို့နှင့် အတူတကွပင် ရဟန်းပြု၏၊ ထိုသူတို့သည်လည်း မင်းမျိုးမှ ရဟန်းပြုကြကုန်၏၊ ငါသည်လည်း မင်းမျိုးမှ ရဟန်းပြု၏၊ လာဘ်ပူဇော်သက္ကာကို လက်စွဲကုန်သော လူတို့သည် ထိုသူတို့ကိုသာလျှင် ရှာမှီးကြကုန်၏။ ငါ၏အမည်ကိုယူ၍ မေးမြန်းပြောဆို ခေါ်ဝေါ်သောသူမျှလည်း မရှိလေ၊ အဘယ်သူနှင့်ပေါင်းသင်း၍ အဘယ်သူကို ကြည်ညိုစေပြီးလျှင် ငါ့အား လာဘ်ပူဇော်သက္ကာရကို ဖြစ်စေရပါအံ့နည်း”ဟု ကြံစည်လေ၏။

ရှင်ဒေဝဒတ်သည် အဇာတသတ်မင်းနှင့် ပေါင်းခြင်း

ထို့နောက်မှ ရှင်ဒေဝဒတ်အား အကြံ ဤသို့ ဖြစ်လေ၏။ “ဤဗိမ္ဗိသာရမင်းသည် မြတ်စွာဘုရားကို ရှေးဦးအစ ပထမ ဖူးမြင်သဖြင့်သာလျှင် တစ်သိန်း တစ်သောင်းကုန်သော သူတို့နှင့်တကွ သောတာပတ္တိဖိုလ်၌ တည်လေပြီ၊ ထိုဗိမ္ဗိသာရမင်းနှင့် အဆွေခင်ပွန်းဖွဲ့ခြင်းဖြင့် တစ်ပေါင်းတည်း ဖြစ်ခြင်းငှာ မတတ်ကောင်း၊ ကောသလမင်းကြီးနှင့်လည်း အတူတကွ တစ်ပေါင်းတည်းဖြစ်ခြင်းငှာ မတတ်ကောင်း၊ ဗိမ္ဗိသာရမင်း၏ သားဖြစ်သော ဤအဇာတသတ် မင်းသားသည်ကား တစ်စုံတစ်ယောက်သောသူ၏ ဂုဏ်ကျေးဇူး၊ အပြစ်ဒေါသကို မသိတတ်သေး၊ ထိုအဇာတသတ်မင်းသားနှင့် အတူတကွ တစ်ပေါင်းတည်း ဆက်ဆံပေါင်းသင်းပေအံ့”ဟု အကြံဖြစ်လေ၏။ ထိုရှင်ဒေဝဒတ်သည် ကောသမ္ဗီပြည်မှ ရာဇဂြိုဟ်ပြည်သို့သွားပြီးလျှင် သတို့သားငယ်၏ အသွင်ကို ပြုပြင်ဖန်ဆင်း၍ လျင်သောအဆိပ်ရှိသော မြွေလေးစင်းတို့ကို လက်ခြေ လေးဖက်တို့၌၊ မြွေတစ်စင်းကိုလည်ပင်း၌ မုတ်ပုတီးကဲ့သို့ ဆွဲ၍၊ မြွေတစ်စင်းကို ဦးခေါင်း၌ ခေါင်းခု ဦးရစ်ကဲ့သို့ ခွေထားသည်ကိုပြု၍၊ မြွေတစ်စင်းကို ပခုံးတစ်ဖက်၌ တင်ထား၍၊ ဤမြွေတန်ဆာဖြင့် တန်ဆာဆင်လျက် ကောင်းကင်မှဆင်းသက်၍ အဇာတသတ်မင်းသား၏ ရင်ခွင်၌ နေလတ်သည်ရှိသော် အဇာတသတ်မင်းသားသည် ကြောက်လန့်ရကား “သင်အသူနည်း”ဟု မေးသဖြင့် “ငါ ဒေ၀ဒတ်”ဟု ဆိုပြီးလျှင် ထိုမင်းသား၏ ကြောက်ခြင်းကို ပယ်ဖျောက်ခြင်းအလို့ငှာ ထိုမြွေတန်ဆာဆင်သော ကိုယ်ကိုစွန့်၍ သပိတ်သင်္ကန်းကို ဆောင်ယူလျက် ထိုအဇာတသတ်မင်းသား၏ရှေ့၌ တည်နေ၍ အဇာတသတ်မင်းသားကို ကြည်ညိုစေလျက် လာဘ်ပူဇော်သက္ကာရကို ဖြစ်စေလေ၏။

ရှင်ဒေဝဒတ်သည် ဘုရား၌ ရန်ငြိုးဖွဲ့၍ ဖဲသွားခြင်း

ထိုရှင်ဒေဝဒတ်သည် လာဘ်ပူဇော်သက္ကာရဖြင့် ပြင်းစွာ နှိပ်စက်အပ်သည်ဖြစ်၍ “ငါသည် ရဟန်းအပေါင်းတည်းဟူသော ပရိသတ်ကို ဆောင်ရွက်အံ့”ဟု ယုတ်မာသော စိတ်အကြံကို ဖြစ်စေခြင်းကြောင့် ထိုစိတ်အကြံကို ဖြစ်စေသည်နှင့်တစ်ပြိုင်နက် လောကီဈာန် အဘိညာဉ်တန်ခိုးမှ ဆုတ်ယုတ်ပျက်စီး၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ဝေဠုဝန်ကျောင်းတော်၌ မင်းနှင့်တကွသော ပရိသတ်အား တရားဟောတော်မူသော မြတ်စွာဘုရားကို ရှိခိုး၍ နေရာမှထ၍ လက်အုပ်ကို မြှောက်ချီလျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ယခုအခါ၌ မြတ်စွာဘုရားသည် အိုမင်းရင့်သော အရွယ်သို့ ရောက်ခဲ့ပါပြီ၊ ကြောင့်ကြမဲ့ မျက်မှောက်၌ ခံစားအပ်သော ဖလသမာပတ် ချမ်းသာဖြင့် နေခြင်းကို အားထုတ်တော်မူပါ၊ တပည့်တော်သည် ရဟန်းအပေါင်းတည်းဟူသော ပရိသတ်ကို ဆောင်ရွက်ပါအံ့၊ ရဟန်းအပေါင်းကို တပည့်တော်အား အပ်နှင်းတော်မူပါဘုရား”ဟု လျှောက်ကြားလတ်သော် မြတ်စွာဘုရားသည် “တစ်ပါးသူတို့ ထွေးပစ်ထားသော တံတွေးကို မျိုသောသူ (ခေဠာသက)” ဟူသော စကားဖြင့် မောင်းမဲ ခြိမ်းခြောက်တော်မူ၍ ပယ်အပ်သည်ဖြစ်ရကား နှလုံးမသက်မသာ ပြင်းစွာ အမျက်ထွက်သော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရား၌ ရှေးဦးစွာသော ရန်ငြိုးဖွဲ့ခြင်းကိုပြု၍ ဖဲသွားလေ၏။

ဘုရားရှင်ကို သတ်ခြင်းငှာ အမျိုးမျိုး လုံ့လပြုခြင်း

ထိုသို့ ဖဲသွားပြီးသောအခါ ရှင်ဒေဝဒတ်အား မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ ပကာသနီယကံကို ပြုစေတော်မူ၏။ ထိုရှင်ဒေဝဒတ်သည်လည်း “ယခုအခါ၌ ငါ့ကို ရဟန်းဂေါတမသည် ပယ်စွန့်အပ်လေပြီ၊ ယခုအခါ ထိုရဟန်းဂေါတမ၏ အကျိုးစီးပွား ပျက်ပြားခြင်းကို ပြုတော့အံ့”ဟု ကြံပြီးလျှင် အဇာတသတ်မင်းသို့ ချဉ်းကပ်၍ “မင်းသား- ရှေးအခါ၌ လူတို့သည် ကာလမြင့်တည် ရှည်သောအသက် ရှိကြကုန်၏၊ ယခုအခါ၌မူကား နည်းပါးဆုတ်ပျက် တိုသောအသက်ရှိကြကုန်၏၊ အသင်မင်းသားသည် ပျိုမျစ်နုနယ် ငယ်ရွယ်သော အခါကာလ မင်းသား၏ အဖြစ်ကပင် စုတေမနေ သေရခြင်း၏ အကြောင်းသည်ရှိ၏၊ ထို့ကြောင့် မင်သား- သင်သည် ခမည်းတော်မင်းကြီးကို သတ်၍ မင်းဖြစ်လေလော့၊ ငါသည်လည်း မြတ်စွာဘုရားကိုသတ်၍ ဘုရားဖြစ်ပေအံ့”ဟု ဆိုပြီးလျှင် အဇာတသတ်မင်းသား မင်းအဖြစ်၌ တည်ပြီးသောအခါ မြတ်စွာဘုရားကို သတ်အံ့သောငှာ လေးသမား ယောက်ျားတို့ကို စေလွှတ်၍ ထိုယောက်ျားတို့သည် သောတာပတ္တိဖိုလ်သို့ရောက်သဖြင့် ဆုတ်နစ်ပြန်လည်ကြကုန်သည်ရှိသော် မိမိကိုယ်တိုင် ဂိဇ္ဈကုဋ်တောင်ထိပ်သို့တက်၍ “ငါကိုယ်တိုင်သာလျှင် ရဟန်းဂေါတမကို ဇီဝိတိန္ဒြေမှ ပယ်ချသတ်ဖြတ်အံ့”ဟု ကျောက်တုံးကို လှိမ့်ချ၍ သွေးစိမ်းတည်အောင် ပြုခြင်းတည်းဟူသော လောဟိတုပ္ပါဒကကံကို ပြု၍ ထိုအကြောင်းဖြင့်လည်း သတ်ခြင်းငှာ မတတ်နိုင်သည်ရှိသော် တစ်ဖန် နာဠာဂိရိဆင်ကို လွှတ်ခိုင်းပြန်၏။

ထိုနာဠာဂိရိဆင်သည် ရှေးရှူလာသည်ရှိသော် အရှင်အာနန္ဒာမထေရ်သည် မိမိ၏အသက်ကို မြတ်စွာဘုရား၏အစား စွန့်လွှတ်၍ ရှေ့တော်၌ ရပ်တည်လာ၏။ မြတ်စွာဘုရားသည် နာဠာဂိရိဆင်ကို ဆုံးမတော်မူပြီးလျှင် မြို့တော်မှ ထွက်ကြွတော်မူခဲ့၍ ကျောင်းတော်သို့ ရောက်သောအခါ အထောင်မက များစွာသော ဒါယကာတို့သည် ရှေးရှုဆောင်အပ်သော ဆွမ်းအလှူကြီးကို ခံယူသုံးဆောင်တော်မူသဖြင့် ထိုနေ့၌ စည်းဝေးရောက်လာကုန်သော တစ်ဆယ့်ရှစ်ကုဋေ အရေအတွက်ရှိကုန်သော ရာဇဂြိုဟ် ပြည်သူပြည်သားတို့အား အစဉ်အတိုင်းသော တရားစကားကို ဟောကြားတော်မူပြီးလျှင် ရှစ်သောင်း လေးထောင်ကုန်သော သတ္တဝါတို့အား အကျွတ်တရားကို ရခြင်းသည် ဖြစ်လတ်သည်ရှိသော် “ဪ- အံ့ဖွယ်ရှိပေစွ၊ အရှင်အာနန္ဒာသည် ကြီးစွာသော ဂုဏ်ကျေးဇူး ရှိပေစွ၊ ထိုသို့သဘောရှိသော ကြမ်းတမ်းခက်ထန်လှစွာသော ဆင်ပြောင်ကြီးသည် ရှေးရှုလာသည်ရှိသော် မိမိ၏ အသက်ကို စွန့်၍ မြတ်စွာဘုရား၏ ရှေ့တော်၌သာ ရပ်တည်လာပေသည်”ဟု အရှင်အာနန္ဒာမထေရ်၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကို ပြောဆိုသည်ကို ကြားသိတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ၌သာလျှင် ငါဘုရား၏အကျိုးငှာ မိမိအသက်ကို စွန့်လွှတ်သည် မဟုတ်သေး၊ ရှေးအခါ ကာလ၌လည်း စွန့်လွှတ်ဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူသဖြင့် ရဟန်းတို့သည် လျှောက်ထား တောင်းပန်အပ်သည်ဖြစ်၍ “စူဠဟံသဇာတ်၊ မဟာဟံသဇာတ်၊ ကက္ကဋကဇာတ်တို့ကို ဟောကြားတော်မူလေ၏။

အရှင်ဒေဝဒတ်အားလည်း ပြုအပ်သောအမှုသည် မထင်ရှားလေသေး။ ဗိမ္ဗိသာရမင်းကြီးကို သတ်စေခြင်းကြောင့်လည်းကောင်း၊ သူသတ် လေးသမားတို့ကို စေလွှတ်ခြင်းကြောင့်လည်းကောင်း၊ ကျောက်လုံးဖြင့် လှိမ့်ချခြင်းကြောင့်လည်းကောင်း ထို့အတူ မထင်ရှားလေသေး။ အကြင်အခါ၌ နာဠာဂိရိဆင်ကို လွှတ်၏။ ထိုအခါ၌ များစွာသော လူအပေါင်းသည် “ဒေဝဒတ်သည်ပင် မင်းကြီးကိုလည်း သတ်စေအပ်၏၊ သူသတ် လေးသမားတို့ကိုလည်း စေလွှတ်အပ်၏။ ကျောက်လုံးကိုလည်း လှိမ့်ချ၏၊ ယခုအခါ၌ကား ထိုဒေဝဒတ်သည် နာဠာဂိရိဆင်ကို လွှတ်ခိုင်းပြန်လေ၏၊ ဤမျှလောက် ယုတ်မာလှသောသူကို ယူ၍ မင်းကြီးသည် လှည့်လည်၍ နေဘိ၏တကား”ဟု အုတ်အုတ်ကျက်ကျက် ကြွေးကြော်ခြင်းကို ပြုလေသတည်း။

တောင်းသောဆုငါးပါး မရသဖြင့် သံဃာကို သင်းခွဲခြင်း

အဇာတသတ်မင်းသည် ထိုလူများအပေါင်း၏ စကားကို ကြားသိရ၍ အမြဲမပြတ် တည်ထားတိုင်းဖြစ်သော ငါးရာကုန်သော ဆွမ်းချက်ဝတ်အိုးတို့ကို ရပ်ဆိုင်းရုပ်သိမ်းစေ၍ တစ်ဖန် ရှင်ဒေဝဒတ်၏ အထံသို့ ခစားဆည်းကပ်ခြင်းငှာ မသွားလေပြီ။ ပြည်သူပြည်သားတို့သည်လည်း အိမ်သို့ ကပ်ရောက်လာသော ဒေဝဒတ်အား တစ်ဇွန်းမျှလောက်သော ဆွမ်းကိုသော်လည်း မပေးလှူကြကုန်။ ထိုရှင်ဒေဝဒတ်သည် ဆုတ်ယုတ်သော လာဘ်ပူဇော်သက္ကာရ ရှိသည်ဖြစ်၍ ပလွှားမြွက်ထောင် အံ့ဖွယ်ဆောင်ခြင်းဖြင့် အသက်မွေးလိုရကား မြတ်စွာဘုရားသို့ချဉ်းကပ်၍ ငါးပါးသောဝတ္ထုတို့ကို တောင်းသဖြင့် မြတ်စွာဘုရားသည် “ငါ့ရှင်ဒေဝဒတ်- မသင့်လျော်ချေ၊ အကြင် ရဟန်းသည် အလိုရှိ၏၊ ထိုရဟန်းသည် တောကျောင်းနေ ပုဂ္ဂိုလ် ဖြစ်စေလော့”ဟု ပယ်တော်မူသည်ရှိသော် “ငါ့ရှင်တို့- အဘယ်သူ၏စကားသည် သင့်လျော်လျောက်ပတ် ကောင်းမြတ် တင့်တယ်သနည်း၊ မြတ်စွာဘုရား၏ စကားသည် ကောင်းမြတ် သင့်လျော်လေသလော၊ ငါ၏ စကားတည်း ကောင်းမြတ်သင့်လျော်လေသလော”ဟု ဆို၍ “ငါသည် မြတ်သောအကျင့်၏ အစွမ်းအားဖြင့် ဤသို့ ဆို၏၊ “မြတ်စွာဘုရား- တောင်းပန်ပါ၏-

၁။ ရဟန်းတို့သည် အသက်ထက်ဆုံး တောကျောင်းနေသောသူတို့သာ ဖြစ်ကုန်ရာ၏။
၂။ ပင့်ဖိတ်သည်ကိုပယ်လှန်၍ ဆွမ်းခံသွားသောသူတို့သာ ဖြစ်ကုန်ရာ၏။
၃။ မြေမှုန့်အလိမ်းလိမ်းကပ်ငြိသော ပံသုကူသင်္ကန်းကို ဆင်မြန်းသုံးဆောင်သော သူတို့သာ ဖြစ်ကုန်ရာ၏။
၄။ သစ်ပင်ရင်းတည်းဟူသော ကျောင်း၌ နေသောသူတို့သာ ဖြစ်ကုန်ရာ၏။
၅။ ငါးအမဲတို့ကို မစားမသောက်သောသူတို့သာ ဖြစ်ကုန်ရာ၏”ဟု

မြတ်သောအကျင့်၏ အစွမ်းဖြင့် ငါဆို၏။ အကြင်သူသည် ဆင်းရဲမှ လွတ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် ငါနှင့်အတူတကွ လိုက်စေသတည်း”ဟု ခေါ်ငင်ပြောကြား၍ ဖဲသွားလေ၏။ ထိုရှင်ဒေဝဒတ်၏စကားကို ကြား၍ ရဟန်းပြုသစ်စ (နဝက) ဖြစ်ကုန်သော အချို့ကုန်သော ရဟန်းတို့သည် နံ့နှေးသော ပညာရှိကုန်သည်ဖြစ်၍ “အရှင်ဒေဝဒတ်ကား ကောင်းသောစကားကို ပြောကြားပေ၏။ ထိုအရှင်ဒေဝဒတ်နှင့် အတူတကွ လှည့်လည်သွားလာကုန်အံ့”ဟု ဒေဝဒတ်၏အယူကို နှစ်သက်၍ ဒေဝဒတ်နှင့်အတူတကွ တစ်ပေါင်းတည်းဖြစ်ကြကုန်၏။ ဤသို့ ထိုအရှင်ဒေဝဒတ်သည် မိမိ၏နောက်သို့ လိုက်ပါကုန်သော ငါးရာကုန်သော ရဟန်းတို့နှင့်တကွ ငါးပါးကုန်သော ဝတ္ထုတို့ဖြင့် ခေါင်းပါးသောအကျင့်၌ ကြည်ညိုသော လူအပေါင်းကို ထင်ရှားသိစေလျက် ဒါယကာအိမ်တို့၌ တောင်းစားလျက် သံဃာကို သင်းခွဲခြင်းငှါ လုံ့လပြုလေ၏။

(ရုပ်ပမာဏဖြင့် ကြည်ညိုသူ သုံးပုံနှစ်ပုံ ရှိ၏။ ကျော်စောသံ၊ ပကတိအသံပမာဏဖြင့် ကြည်ညိုသူ ငါးပုံလေးပုံ ရှိ၏။ ခေါင်းပါးသော အကျင့်ပမာဏဖြင့် ကြည်ညိုသူ ဆယ်ပုံကိုးပုံရှိ၏။ တရားပမာဏဖြင့် ကြည်ညိုသူကား တစ်သိန်းလျှင်တစ်ယောက်မျှလောက် ရှိသတတ်။)

မြတ်စွာဘုရားသည် “ချစ်သားဒေဝဒတ်- သင်သည် သံဃာကို သင်ခွဲခြင်းငှါ အစုအစု အစိတ်အစိတ် ကွဲပြားစိမ့်သောငှါ လုံ့လပြု၏ဟူသည် မှန်သလော”ဟု မေးတော်မူအပ်သဖြင့် “မှန်ပါ၏”ဟု ဒေဝဒတ်လျှောက်သော် “ချစ်သား ဒေဝဒတ်- သံဃာကို သင်ခွဲခြင်းမည်သည်ကား အလွန် ဝန်လေးလှသော ဂရုကံကြီး ဖြစ်ပေသည်။” ဤသို့ အစရှိသည်ဖြင့် ဆုံးမတားမြစ်အပ်သော်လည်း ဘုရားစကားကို မနာယူမူ၍ ဖဲသွားပြီးလျှင် ရာဇဂြိုဟ်ပြည်တွင်း၌ ဆွမ်းအလို့ငှါ လှည့်လည်သော အရှင်အာနန္ဒာကိုမြင်၍ “ငါ့ရှင် အာနန္ဒာ- ယခုအခါ ယနေ့ကိုအစပြု၍ ငါသည် မြတ်စွာဘုရားကို အသီးအခြား ကြဉ်ရှောင်ဖယ်ထား၍ ဥပုသ်ပြုတော့အံ့။ သံဃာ့ကံကို ပြုတော့အံ့”ဟု ဆိုလေသည်။ အရှင်အာနန္ဒာမထေရ်သည်လည်း ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားလေ၏။ ထိုစကားကို မြတ်စွာဘုရား ကြားသိတော်မူသဖြင့် ဖြစ်သော ဓမ္မသံဝေဂ ရှိတော်မူသည်ဖြစ်၍ “ဒေဝဒတ်သည် နတ်နှင့်တကွသော လောက၏ အကျိုးစီးပွားမဲ့ကိုမှီသော မိမိ၏ အဝီစိငရဲ၌ ကျက်ရအံ့သော မကောင်းမှုကံကြီးကို ပြုလေသည်တကား”ဟု ကြံ ဆင်ခြင်တော်မူ၍-

သုကရာနိ အသာဓူနိ၊ အတ္တနော အဟိတာနိ စ။
ယံ ဝေ ဟိတဉ္စ သာဓုဉ္စ၊ တံ ဝေ ပရမဒုက္ကရံ။

အတ္တနော၊ မိမိ၏။ ဝါ၊ မိမိအား။ အဟိတာနိ စ၊ အကျိုးစီးပွားမရှိသော အမှုတို့ကိုလည်းကောင်း။ အသာဓူနိ စ၊ မကောင်းသော အမှုတို့ကိုလည်းကောင်း။ သုကရာနိ၊ ပြုလွယ်ကုန်၏။ ဝေ၊ စင်စစ်။ ယံ ကမ္မံ၊ အကြင်အမှုသည်။ ဟိတဉ္စ၊ အကျိုးစီးပွားလည်း ရှိ၏။ သာဓုဉ္စ၊ ချီးမွမ်းဖွယ်အကြောင်း ကောင်းလည်းကောင်း၏။ တံ ကမ္မံ၊ ထိုအမှုကို။ ဝေ၊ စင်စစ်။ ပရမဒုက္ကရံ၊ လွန်စွာပြုနိုင်ခဲ၏။

ဤဂါထာကို ဟောကြားတော်မူပြီးလျှင် တစ်ဖန် ဤဥဒါန်းကို ကျူးရင့်တော်မူပြန်၏။

သုကရံ သာဓုနာ သာဓု၊ သာဓု ပါပေန ဒုက္ကရံ။
ပါပံ ပါပေန သုကရံ၊ ပါပံ အရိယေဟိ ဒုက္ကရံ။

သာဓုနာ၊ သူတော်ကောင်းသည်။ သာဓု၊ ကောင်းသောအမှုကို။ သုကရံ၊ ပြုလွယ်၏။ ပါပေန၊ ယုတ်မာသောသူသည်။ သာဓု၊ ကောင်းသောအမှုကို။ ဒုက္ကရံ၊ ပြုနိုင်ခဲ၏။ ပါပေန၊ ယုတ်မာသော သူသည်။ ပါပံ၊ မကောင်းမှုကို။ သုကရံ၊ ပြုလွယ်၏။ အရိယေဟိ၊ မြတ်သော အရိယာပုဂ္ဂိုလ်တို့သည်။ ပါပံ၊ မကောင်းမှုကို။ ဒုက္ကရံ၊ ပြုနိုင်ခဲ၏။

ထိုအခါ ရှင်ဒေဝဒတ်သည် ဥပုသ်နေ့၌ မိမိ၏ပရိသတ်နှင့်တကွ တင့်အပ်လျောက်ပတ်သော တစ်ခုသောအရပ်၌ ထိုင်နေပြီးလျှင် “အကြင်သူအား ဤငါးပါးကုန်သော ဝတ္ထုတို့ကို နှစ်သက်ကုန်၏။ ထိုသူသည် စာရေးတံတို့ကို ယူစေသတည်း”ဟု ပြောဆိုသဖြင့် ဝဇ္ဇီတိုင်းသား သိ,ကြား လိမ္မာခြင်းသို့ မရောက်သေးကုန်သော ငါးရာကုန်သော ရဟန်းငယ်တို့သည် စာရေးတံကို ယူအပ်သည်ရှိသော် သံဃာခွဲ၍ ထိုရဟန်းတို့ကိုယူပြီးလျှင် ဂယာသီသသို့ သွားလေ၏။

အရှင်သာရိပုတြာတို့ လိုက်သွား၍ တရားဟောခြင်းနှင့်ရှင်ဒေ၀ဒတ် သွေးအန်ခြင်း

ထိုအရှင်ဒေဝဒတ်၏ ဂယာသီသအရပ်သို့ ရောက်သည့်အဖြစ်ကို မြတ်စွာဘုရား ကြားသိတော်မူ၍ ထိုရဟန်းငယ်တို့ကို ပြန်၍ ဆောင်ယူစေခြင်းငှါ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကို စေလွှတ်တော်မူလေ၏။ ထိုအဂ္ဂသာဝက နှစ်ပါးတို့သည် ဂယာသီသအရပ်သို့ ကြွသွားတော်မူ၍ အာဒေသနာ ပါဋိဟာရိယ၊ အနုသာသနီ ပါဋိဟာရိယဖြင့်လည်းကောင်း၊ ဣဒ္ဓိပါဋိဟာရိယ၊ အနုသာသနီ ပါဋိဟာရိယဖြင့်လည်းကောင်း အစဉ်အတိုင်း ဆုံးမတော်မူကုန်လျက် ထိုရဟန်းတို့ကို တရားအမြိုက် တိုက်ကျွေး သောက်မျိုစေကုန်သည်ဖြစ်၍ ခေါ်ဆောင်တော်မူပြီးလျှင် ကောင်းကင်ခရီးဖြင့် ကြွလာတော်မူကြကုန်၏။ ကောကာလိကသည်လည်း “ငါ့ရှင်ဒေဝဒတ်- ထလော့၊ သင်၏ ရဟန်းပရိသတ်တို့ကို သာရိပုတြာ မောဂ္ဂလာန်တို့သည် ခေါ်ဆောင်ယူငင်၍သွားကြလေကုန်ပြီ၊ ငါသည် အသင့်ကို “ငါ့ရှင် ဒေဝဒတ်- သာရိပုတြာ မောဂ္ဂလာန်တို့နှင့် အကျွမ်းမဝင်လင့်၊ သာရိပုတြာ မောဂ္ဂလာန်တို့သည် ယုတ်မာသော အလိုဆိုးရှိကြောင်း၊ အလိုဆိုးတို့၏ နိုင်ငံသို့ လိုက်တတ်ကြောင်း”ကို ငါပြောကြားဖူးသည် မဟုတ်လော”ဟု ဆိုပြီးလျှင် ပုဆစ်ဒူးဖြင့် ရင်လယ်ကို ပုတ်ခတ်လေ၏။ ထိုအရပ်၌ပင်လျှင် ရှင်ဒေဝဒတ်အား လောလောပူသော သွေးစိမ်းသည် ခံတွင်းမှ ပျို့အန်လေ၏။

ရဟန်းသံဃာအပေါင်း ခြံရံလျက် ကောင်းကင်ခရီးဖြင့် ကြွလာသော အရှင်သာရိပုတြာကို မြင်ကြကုန်၍ ရဟန်းတို့သည် “ဘုန်းတော်ကြီးတော်မူပေသော မြတ်စွာဘုရား- အရှင်သာရိပုတြာမထေရ်သည် ကြွသွားတော်မူသောအခါ မိမိကိုယ်လျှင် နှစ်ယောက်မြောက်သည်ဖြစ်၍ ကြွသွား၏၊ ဤယခုအခါ၌ များစွာသော အခြံအရံရှိသည်ဖြစ်၍ ပြန်ကြွလာ၏၊ တင့်တယ်လှပါသည်ဘုရား”ဟု လျှောက်ကြားသည်ရှိသော် မြတ်စွာဘုရားသည် “ချစ်သား ရဟန်းတို့- ဤယခုအခါ၌သာလျှင် ငါ့သား သာရိပုတြာသည် တင့်တယ်သည် မဟုတ်သေး၊ ရှေးအခါကာလ တိရစ္ဆာန်အမျိုး၌ဖြစ်သော အခါ၌လည်း ငါ့သား သာရိပုတြာသည် ငါ့အထံသို့ လာသည်ရှိသော် တင့်တယ်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဧကကနိပါတ် လက္ခဏမိဂဇာတ်ဂါထာကို ဟောတော်မူ၏။

ဟောတိ သီလဝတံ အတ္ထော၊ ပဋိသန္ထာရဝုတ္တိနံ။
လက္ခဏံ ပဿ အာယန္တံ၊ ဉာတိသံဃပုရက္ခတံ။
အထ ပဿသိမံ ကာဠံ၊ သုဝိဟီနံဝ ဉာတိဘိ။

သီလဝတံ-သီလဝန္တာနံ၊ သီလရှိကုန်သော။ ပဋိသန္ထာရဝုတ္တိနံ၊ ဓမ္မ,အာမိသ နှစ်ရပ်ဖြင့် စေ့စပ်သော ဖြစ်ခြင်းရှိသော သူတို့အား။ အတ္ထော၊ အကျိုးစီးပွား များခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဉာတိသံဃပုရက္ခတံ၊ ဆွေမျိုးအပေါင်း ခြံရံလျက်။ အာယန္တံ၊ ရှေ့ရှုလာသော။ လက္ခဏံ၊ လက္ခဏမည်သော သမင်ကို။ ပဿ၊ စေ့စေ့ငုငု ကြည့်ရှုလေလော့။ အထ၊ ထိုမှတစ်ပါး။ ဉာတိဘိ၊ ဆွေမျိုးအပေါင်းတို့မှ။ သုဝိဟီနံဝ၊ အလွန်ကင်းပြုတ် ဆုတ်ယုတ်ပျက်စီး၍သာလျှင်။ ဧကကံ၊ တစ်ကောင်ထီးတည်း။ အာယန္တံ၊ ရှေ့ရှုလာသော။ ဣမံ ကာဠံ၊ ဤကာဠမည်သော သမင်ကို။ ပဿသိ၊ စေ့စေ့ငုငု ကြည့်ရှုလေလော့။

ရှင်ဒေဝဒတ်ကို အကြောင်းပြု၍ များစွာသော ဇာတ်နိပါတ်တော်များကို ဟောတော်မူခြင်း

ထို့နောက် တစ်ဖန် ရဟန်းတို့သည် “မြတ်စွာဘုရား- ဒေဝဒတ်သည် နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကို လက်ဝဲ လက်ယာ နံပါးနှစ်ဖက်တို့၌ ထိုင်နေစေ၍ “ဘုရား၏ တင့်တယ်စမ္ပယ်ခြင်းဖြင့် တရားဟောအံ့”ဟု မြတ်စွာဘုရားတို့၏ အမူအရာကို အတုလိုက်၍ ပြုလုပ်ပါသည်”ဟု လျှောက်ကြားသည်ရှိသော် “ချစ်သားရဟန်းတို့- ယခုအခါ၌သာလျှင် အတုလိုက်၍ ပြုသည်မဟုတ်သေး၊ ရှေးအခါ၌လည်း ဤဒေဝဒတ်သည် ငါဘုရား၏ အပြုအမူကို အတုလိုက်၍ ပြုခြင်းငှါ လုံ့လပြုဖူးလေပြီ၊ ထိုသို့ လုံ့လပြုသော်လည်း မတတ်နိုင်သည်သာတည်း”ဟု မိန့်တော်မူ၍ ဤဒုကနိပါတ် ဝီရကဇာတ်ကို ဟောတော်မူ၏။

အပိ ဝီရက ပဿသိ၊ သကုဏံ မဉ္ဇုဘာဏကံ။
မယူရဂီဝသင်္ကာသံ၊ ပတိံ မယှံ သဝိဋ္ဌကံ။
ဥဒကထလစရဿ ပက္ခိနော၊ နိစ္စ အာမကမစ္ဆဘောဇိနော။
တဿာနုကရံ သဝိဋ္ဌကော၊ သေဝါလေ ပလိဂုဏ္ဌိတော မတော။

ဝီရက၊ အရှင် ဝီရက။ အပိ၊ အကယ် မလွဲသဖြင့်။ မဉ္ဇုဘာဏကံ၊ သာယာချေငံစွာ တွန်မြူးတတ်သော အသံရှိသော။ မယူရဂီဝသင်္ကာသံ၊ ဥဒေါင်း၏ လည်ပင်းနှင့်တူစွာ ညိုသောအဆင်းဖြင့် ကြော့ရှင်းသော လည်ပင်းလည်း ရှိထသော။ သဝိဋ္ဌကံ၊ သဝိဋ္ဌက အမည်ရှိသော။ မယှံ၊ ငါ၏။ ပတိံ၊ လင်ဖြစ်သော။ သကုဏံ၊ ကျီးမင်းကို။ တွံ၊ သင်သည်။ ပဿသိ၊ တွေ့ မြင်ပါ၏လော့။

ကာကီ၊ ကျီးမ။ နိစ္စံ၊ အမြဲလျှင်။ အာမကမစ္ဆဘောဇိနော၊ သားစိမ်း,ငါးစိမ်းကို စားလေ့ရှိထသော။ ဥဒကထလစရဿ၊ ရေကြောင်း,ကြည်းကြောင်းခရီး၌ ကျက်စား သွားလာလေ့ရှိထသော။ တဿ၊ ထိုသို့ သဘောရှိသော။ ပက္ခိနော၊ ငှက်၏။ ဝါ၊ ငှက်သို့။ အနုကရံ-အနုကရောန္တော၊ အတုလိုက်၍ပြုသော။ သဝိဋ္ဌကော၊ သင်၏လင်ဖြစ်သော သဝိဋ္ဌကသည်။ သေဝါလေ၊ မှော်အကြား၌။ ပလိဂုဏ္ဌိတော၊ ကပ်ငြိမြှေးယှက်လျက်။ မတော၊ သေလေ၏။

ဤဒုကနိပါတ် ဝီရကဇာတ်ကို ဟောတော်မူပြီး၍ တစ်ပါးကုန်သော နေ့ရက်တို့၌လည်း ထိုသို့ သဘောရှိသည်သာလျှင်ဖြစ်သော စကားကို အကြောင်းပြု၍ ဒုကနိပါတ် ကလန္ဒကဇာတ်၊ ဧကကနိပါတ် ဝိရောစနဇာတ်တို့ကို ဟောတော်မူ၏။

အစရိဝတာယံ ဝိတုဒံ ဝနာနိ၊ ကဋ္ဌင်္ဂရုက္ခေသု အသာရကေသု။
အထာသဒါ ခဒိရံ ဇာတိသာရံ၊ ယတ္ထဗ္ဘိဒါ ဂရုဠော ဥတ္တမင်္ဂံ။
လသီ စ တေ နိပ္ဖလိတာ၊ မတ္ထကော စ ဝိဒါလိတော။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဣဒါနိ ခေါ တွံ သမ္မ ဝိရောစသိ။

ဘော ကလန္ဒက၊ လက်ပံတောပေါက် သစ်တောက်မည်ရ အိုကလန္ဒက။ ဂရုဠော၊ ငှက်မြတ်ဖြစ်သော။ အယံ ဤဒိသော၊ ဤသို့ သဘောရှိသော။ တွံ၊ သင်သည်။ ဝနာနိ၊ အနှစ်မဲ့သော လက်ပံတော ကသစ်တောတို့ကို။ ဝိတုဒံ-ဝိတုဒန္တော၊ နှုတ်သီးဖြင့်တောက် ထွင်းကာဖောက်လျက်။ အသာရကေသု၊ အနှစ်မဲ့သော လက်ပံ,ကသစ် အစရှိကုန်သော။ ကဋ္ဌင်္ဂရုက္ခေသု၊ အသုံးမဝင် တောထင်းပင်တို့၌။ ဝတ၊ စင်စစ်။ အစရိ၊ ကျင်လည် ကျက်စားလှလေပြီ။ အထ၊ ထို့နောက်မှ။ ဇာတိသာရံ၊ ဇာတ်အားစင်စစ် ပင်ကိုယ်အနှစ်ရှိထသော။ ခဒိရံ၊ ရှားတောသို့။ အာသဒါ၊ ရောက်လာ၍။ ယတ္ထ၊ အကြင်သစ်ပင်၌။ တွံ၊ သင်သည်။ ဥတ္တမင်္ဂံ၊ ဦးခေါင်းကို။ အဗ္ဘိဒါ၊ တိုက်ခွဲလေပြီ။ သော ရုက္ခော၊ ထိုသစ်ပင်သည်။ ခဒိရော နာမ၊ ရှားပင်မည်၏။

ဇမ္ဗုက၊ မြေခွေး။ တေ၊ သင်၏။ လသီ စ၊ ဦးနှောက်သည်လည်း။ နိပ္ဖလိတာ၊ ယိုစီးထွက်ကျလေ၏။ မတ္ထကော စ၊ ဦးခေါင်းသည်လည်း။ ဝိဒါလိတော၊ ကွဲခဲ့လေ၏။ တေ၊ သင်၏။ သဗ္ဗာ ဖာသုကာ၊ အလုံးစုံသော နံရိုးတို့သည်။ ဘဂ္ဂါ၊ ကျိုးပျက်ကုန်ပြီ။ ဣဒါနိ၊ ယခုအခါ၌။ သမ္မ၊ အချင်း မြေခွေး။ ခေါ၊ စင်စစ်။ တွံ၊ သင်သည်။ ဝိရောစတိ၊ တင့်တယ်ဘိ၏။

ဤသို့ အစရှိသော ဇာတ်တို့ကို ဟောတော်မူ၏။ ထို့နောက် တစ်ဖန် “ဒေဝဒတ်သည် သူပြုဖူးသောကျေးဇူးကို မသိတတ်”ဟူသောစကားကို အကြောင်းပြု၍ စတုက္ကနိပါတ် သကုဏဇာတ်ကို ဟောတော်မူ၏။

အကရမှသေ တေ ကိစ္စံ၊ ယံ ဗလံ အဟုဝမှသေ။
မိဂရာဇ နမော တျတ္ထု၊ အပိ ကိဉ္စိ လဘာမသေ။
မမ လောဟိတဘက္ခဿ၊ နိစ္စံ လုဒ္ဒါနိ ကြုဗ္ဗတော။
ဒန္တန္တရဂတော သန္တော၊ တံ ဗဟုံ ယမှိ ဇီဝသိ။

မိဂရာဇ၊ သားတို့၏ အရှင်ဖြစ်သော ခြင်္သေ့မင်း။ အမှာကံ၊ ငါတို့အား။ ယံ ဗလံ၊ အကြင် ခွန်အားသည်။ အဟုဝမှသေ၊ ဖြစ်ပြီ။ တေန ဗလေန၊ ထိုခွန်အားဖြင့်။ တေ၊ သင်၏။ ကိစ္စံ၊ ဆောင်ရွက်ဖွယ်မှု တစ်ခုသောကိစ္စကို။ အကရမှသေ၊ ပြုရကုန်ပြီ။ တေ၊ အသင် ခြင်္သေ့မင်းအား။ မမ၊ ကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေသတည်း။ ကိဉ္စိ၊ တစ်စုံတစ်ခုသော စားစရာ အမဲကို။ အပိ လဘာမသေ၊ ရနိုင်ကုန်ငြားအံ့လည်း မသိ။

နိစ္စံ၊ အမြဲ။ လုဒ္ဒါနိ၊ ကြမ်းကြုတ် ခက်ထန်သော အမှုတို့ကို။ ကြုဗ္ဗတော၊ ပြုတတ်သော။ လောဟိတဘက္ခဿ၊ အသွေးအသား စားလေ့ရှိသော။ မမ၊ ငါ၏။ ဒန္တန္တရဂတော၊ သွားကြားသို့ ရောက်သည်။ သန္တော၊ ထင်ရှားဖြစ်လျက်။ ယမှိ ဇီဝသိ၊ အကြင်ကြောင့် အသက်ရှင်၍ နေရ၏။ တံ၊ ထိုသို့ အသက်ရှင်၍ နေရခြင်းသည်။ ဗဟုံ၊ ကျေးဇူးပြန့်ပွား များလှလေပြီ။

ဤသို့ အစရှိသော ဇာတ်တို့ကို ဟောကြားတော်မူ၏။ ထို့နောက် တစ်ဖန် ထိုရှင်ဒေဝဒတ်၏ သတ်ခြင်းငှါ လုံ့လပြုသည်ကို အကြောင်းပြု၍-

ဉာတမေတံ ကုရုင်္ဂဿ၊ ယံ တွံ သေပဏ္ဏိ သေယျသိ။
အညံ သေပဏ္ဏိ ဂစ္ဆာမိ၊ န မေ တေ ရုစ္စတေ ဖလံ။

သေပဏ္ဏိ၊ ယမနေပင်။ တွံ၊ သင်သည်။ ဖလံ၊ အသီးကို။ ယံ၊ အကြင်ကြောင့်။ သေယျသိ၊ ငါ၏ရှေ့သို့ ဖရိုဖရဲ ကြဲဖြန့်ဘိ၏။ ဧတံ၊ ထိုအကြောင်းသည်။ ကုရုင်္ဂဿ၊ ဆတ်အား။ ဉာတံ၊ သိသာထင်ရှားပြီ။ တေ၊ သင်ယမနေပင်၏။ ဖလံ၊ အသီးကို။ မေ၊ ငါသည်။ န ရုစ္စတေ၊ မနှစ်သက်အပ်။ သေပဏ္ဏိ၊ ယမနေပင်။ အညံ၊ တစ်ပါးသော။ ရုက္ခံ၊ သစ်ပင်သို့။ အဟံ၊ ငါသည်။ ဂစ္ဆာမိ၊ သွားတော့အံ့။

ဤသို့ ဧကကနိပါတ် ကုရုင်္ဂဇာတ် အစရှိသည်တို့ကို ဟောတော်မူ၏။ ထို့နောက် တစ်ဖန် မိုးသောက်သောနေ့၌ “ဒေဝဒတ်သည် လာဘ်ပူဇော်သက္ကာရမှလည်းကောင်း၊ ရဟန်းအဖြစ်မှလည်းကောင်း နှစ်ပါးစုံသော အကျိုးတို့မှ ဆုတ်ယုတ်လေ၏”ဟူသော စကားတို့သည် ဖြစ်ကုန်သည်ရှိသော် “ချစ်သား ရဟန်းတို့- ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ဆုတ်ယုတ်သည်မဟုတ်သေး။ ရှေးအခါ၌လည်း ဆုတ်ယုတ်ဖူးသည်သာတည်း”ဟု မိန့်တော်မူပြီး၍-

အက္ခီ ဘိန္နာ ပဋော နဋ္ဌော၊ သခီ ဂေဟေ စ ဘဏ္ဍနံ။
ဥဘတော ပဒုဋ္ဌကမ္မန္တော၊ ဥဒကမှိ ထလမှိ စ။

ဤသို့ အစရှိသော ဧကကနိပါတ် ဥဘတောဘဋ္ဌဇာတ် စသည်တို့ကို ဟောတော်မူ၏။

ပုရိသ၊ အချင်းယောက်ျား။ တေ၊ သင်၏။ အက္ခီ၊ မျက်စိတို့သည်။ ဘိန္နာ၊ ကွဲပေါက်ခဲ့ကုန်၏။ ပဋော၊ အဝတ်ပုဆိုးသည်။ နဋ္ဌော၊ ပျောက်ခဲ့၏။ ဂေဟေ စ၊ အိမ်၌လည်း။ သခီ၊ မယားသည်။ ဘဏ္ဍနံ၊ အိမ်နီးချင်းနှင့် ခိုက်ရန်ဖြစ်ခြင်းကို။ အကာ၊ ပြုပြီ။ ဥဒကမှိ စ၊ ရေ၌လည်းကောင်း။ ထလမှိ စ၊ ကြည်းကုန်း၌လည်းကောင်း။ ဥဘတော၊ နှစ်ပါးစုံသော အရပ်တို့၌။ ပဒုဋ္ဌကမ္မန္တော၊ ပျက်စီးသောအမှု ရှိခဲ့၏။

ဤသို့ ပြဆိုအပ်ခဲ့ပြီးသော စကားအစဉ်အားဖြင့် မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ နေတော်မူလျက်သာလျှင် ဒေဝဒတ်ကို အကြောင်းပြု၍ များစွာသော ဇာတ်တို့ကို ဟောကြားတော်မူ၍ ရာဇဂြိုဟ်ပြည်မှ သာဝတ္ထိပြည်သို့ ကြွတော်မူပြီးလျှင် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး စံနေတော်မူ၏။

ရှင်ဒေဝဒတ် နောင်တရ၍ ဘုရားဖူးရန် ဇေတဝန်ကျောင်းအနီးသို့ ရောက်လာခြင်း

ဒေဝဒတ်သည်လည်း ကိုးလတို့ပတ်လုံး မကျန်းမမာ ရောဂါစွဲကပ်သည်ဖြစ်၍ နောက်ဖြစ်သော သေခါနီးကာလ၌ မြတ်စွာဘုရားကို ဖူးမြင်လိုသည်ဖြစ်ရကား မိမိ၏ တပည့်တို့ကို ခေါ်ပြီးလျှင် “ငါသည် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှာ အလိုရှိပါသည်၊ ထိုမြတ်စွာဘုရားကို ငါ့အား ပြပါလော့”ဟု ပြောဆိုလေ၏။ “အသင်သည် စွမ်းနိုင်သောကာလ၌ မြတ်စွာဘုရားနှင့်တကွ ရန်သူဖြစ်၍ လှည့်လည်၏။ ငါတို့သည် ထိုမြတ်စွာဘုရား၏အထံသို့ ပို့ဆောင်ခြင်းငှာ မဝံ့ပါ”ဟု ပြောဆိုသည်ရှိသော် “ငါ့ကို မဖျက်ဆီးကြပါကုန်လင့်၊ ငါသည် မြတ်စွာဘုရား၌ ရန်ငြိုးဖွဲ့ အပ်သည်ဖြစ်၍ ပြစ်မှားမိပါသည်။ မြတ်စွာဘုရား ကိုယ်တော်မြတ်သည်ကား ငါ၏အပေါ်၌ ဆံဖျားမျှသော်လည်း ရန်ငြိုးဖွဲ့ခြင်းမရှိပေ၊ ထိုစကားသည် မှန်၏၊ ထိုမြတ်စွာဘုရားသည်-

ဝဓကေ ဒေဝဒတ္တေ စ၊ စောရေ အင်္ဂုလိမာလကေ။
ဓနပါလေ ရာဟုလေ စ၊ သဗ္ဗတ္ထ သမမာနသော။

ဝဓကေ၊ သတ်တတ်သော။ ဒေဝဒတ္တေ စ၊ ဒေဝဒတ်၌လည်းကောင်း။ အင်္ဂုလိမာလကေ၊ အင်္ဂုလိမာလ အမည်ရှိသော။ စောရေ စ၊ ခိုးသူကြီး၌လည်းကောင်း။ ဓနပါလေ စ၊ ဓနပါလ အမည်ရသော နာဠာဂိရိဆင်၌လည်းကောင်း။ ရာဟုလေ စ၊ သားတော် ရာဟုလာ၌လည်းကောင်း။ သဗ္ဗတ္ထ၊ အလုံးစုံသော သူတို့၌။ သမမာနသော၊ တူမျှသော မေတ္တာစိတ် ရှိတော်မူ၏။

ငါ့အား ထိုမြတ်စွာဘုရားကို ပြကြပါကုန်လော”ဟု အဖန်တလဲလဲ တောင်းပန်လေ၏။ ထိုအခါ ထိုရှင်ဒေဝဒတ်ကို ညောင်စောင်းဖြင့် ထမ်းဆောင်ယူငင်၍ ထွက်ခဲ့ကြကုန်၏။ ထိုရှင်ဒေဝဒတ်၏ လာသောအဖြစ်ကို ကြားသိရ၍ ရဟန်းတို့သည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ရှင်ဒေဝဒတ်သည် ရှင်တော်မြတ်ဘုရားတို့အား ဖူးမြော်ခြင်းငှာ လာပါသတတ်”ဟု မြတ်စွာဘုရားအား လျှောက်ကြားကြကုန်၏။ ထိုအခါ “ချစ်သားရဟန်းတို့- ဒေဝဒတ်သည် ဤခန္ဓာကိုယ်ဖြင့် ငါဘုရားကို ဖူးမြင်ခြင်းငှာ မရပေလတ္တံ့”ဟု မိန့်တော်မူ၏။

ထိုအခါ ရဟန်းတို့သည် “မြတ်စွာဘုရား- ဤမည်,ဤမည်ရှိသော အရပ်သို့ ရောက်လာပါပြီ”ဟု လျှောက်ထားကြသောအခါ “ချစ်သားရဟန်းတို့- လိုရာပြုသည်ဖြစ်စေ၊ ထိုဒေဝဒတ်သည် ငါဘုရားကို ဖူးမြော်ခြင်းငှာ မရလတ္တံ့”ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား- ဤအရပ်မှ တစ်ယူဇနာမျှလောက်သော အရပ်သို့ ရောက်လာပါပြီ၊ ယူဇနာဝက်မျှလောက်သော အရပ်သို့ ရောက်လာပါပြီ၊ တစ်ဂါဝုတ်မျှလောက်သော အရပ်သို့ ရောက်လာပါပြီ၊ ဇေတဝန်ကျောင်းတော် ရေကန်ကြီး၏အနီးသို့ ရောက်လာပါပြီဘုရား”ဟု လျှောက်ကြားကြကုန်၏။ “ချစ်သားရဟန်းတို့- ဇေတဝန်ကျောင်းတော်၏ အတွင်းသို့ အကယ်၍ ဝင်ရောက်လာစေကာမူ၊ ငါဘုရားကို ဖူးမြင်ခြင်းငှာ မရလတ္တံ့”ဟု မိန့်တော်မူ၏။

ကျောင်းတော်အနီး ရေကန်၌ ဒေဝဒတ် မြေမျိုခြင်း

ဒေဝဒတ်ကို ထမ်းဆောင်၍ လာကုန်သော သူတို့သည် ဇေတဝန်ကျောင်းတော် ရေကန်၏ကမ်းရိုး၌ ညောင်စောင်းကိုချ၍ ရေချိုးခြင်းငှာ ရေကန်သို့ သက်ဆင်းကြကုန်၏။ ဒေဝဒတ်သည်လည်း ညောင်စောင်းမှထ၍ ခြေနှစ်ဖက်တို့ကို မြေကြီး၌ ချထား၍နေ၏။ ထိုအခါ ခြေနှစ်ဖက်တို့သည် မြေထဲသို့ ဝင်ကုန်၏။ ထိုရှင်ဒေဝဒတ်သည် အစဉ်အတိုင်း ဖမျက်တိုင်အောင်၊ ပုဆစ်ဒူးတိုင်အောင်၊ ခါးတိုင်အောင်၊ သားမြတ်တိုင်အောင်၊ လည်ပင်းတိုင်အောင်ဝင်၍ မေးရိုး၏ မြေသို့ ဝင်ဆဲဆဲသော ကာလ၌-

ဣမေဟိ အဋ္ဌီဟိ တမဂ္ဂပုဂ္ဂလံ၊ ဒေဝါတိဒေဝ နရဒမ္မသာရထိံ။
သမန္တစက္ခုံ သတပုညလက္ခဏံ၊ ပါဏေဟိ ဗုဒ္ဓံ သရဏံ ဂတောသ္မိ။

အဂ္ဂပုဂ္ဂလံ၊ များစွာထိုထို ပုဂ္ဂိုလ်အပေါင်းတို့ထက် အထူးသဖြင့် မြတ်သော ပုဂ္ဂိုလ်ဖြစ်ထသော။ ဒေဝါတိဒေဝံ၊ နတ်တကာတို့ထက် မြတ်သော ဝိသုဒ္ဓိနတ်မြတ် ဖြစ်တော်မူထသော။ နရဒမ္မသာရထိံ၊ လူနတ်တို့ကို နတ်ရွာသို့ရောက်အောင် ပို့ဆောင်ဆုံးမခြင်း၌ ရထားထိန်းသဖွယ် ဖြစ်တော်မူထသော။ သမန္တစက္ခုံ၊ ထက်ဝန်းကျင်ကို အကြွင်းမရှိ သိမြင်ခြင်းငှါ စွမ်းနိုင်သော သဗ္ဗညုတဉာဏ်ရှိတော်မူထသော။ သတပုညလက္ခဏံ၊ အရာမက များပြားလှသော ဘုန်းလက္ခဏာနှင့် ပြည့်စုံတော်မူထသော။ တံ ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ အဟံ၊ ငါသည်။ ဣမေဟိ အဋ္ဌီဟိ၊ ဤအရိုးတို့ဖြင့်လည်းကောင်း။ ဣမေဟိ ပါဏေဟိ၊ ဤအသက်တို့ဖြင့်လည်းကောင်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတော၊ ကပ်ရောက်သောသူသည်။ အသ္မိ၊ ဖြစ်ပါ၏ဘုရား။

ဤသို့ ဤဂါထာကို ရွတ်ဆိုလေ၏။ ဤသို့သော အကြောင်းဖြစ်အင်ကို မြင်တော်မူသောကြောင့် မြတ်စွာဘုရားသည် ရှင်ဒေဝဒတ်ကို ရဟန်းပြုပေးတော်မူသတတ်။ “ထိုဒေဝဒတ်သည် အကယ်၍ ရဟန်းမပြုသည်ဖြစ်အံ့၊ လူဖြစ်၍ လေးသောကံကိုလည်း ပြုလတ္တံ့၊ နောင်အခါ၌ ဘဝမှ ထွက်မြောက်ခြင်း၏အကြောင်းကို ပြုခြင်းငှာလည်း မစွမ်းနိုင်သည် ဖြစ်လတ္တံ့၊ ရဟန်းပြု၍သော်ကား ဝန်လေးသောကံကို အကယ်၍ပင် ပြုငြားသော်လည်း နောင်အခါ ဘဝမှ ထွက်မြောက်ခြင်း၏အကြောင်းကို ပြုခြင်းငှာ စွမ်းနိုင်ပေလတ္တံ့”ဟု ဤကဲ့သို့သော အကြောင်းဖြစ်အင်ကို မြင်တော်မူသည်ဖြစ်၍ မြတ်စွာဘုရားသည် ထိုဒေဝဒတ်ကို ရဟန်းပြုပေးတော်မူသတည်း၊ ထိုစကားသည် မှန်၏၊ ထိုရှင်ဒေဝဒတ်သည် ဤကမ္ဘာမှနောက် ကမ္ဘာတစ်သိန်းထက်၌ အဋ္ဌိဿရအမည်ရှိသော ပစ္စေကဗုဒ္ဓါ ဖြစ်လတ္တံ့။

ဒေ၀ဒတ် အဝီစိငရဲ၌ ခံနေရပုံ

ဤသို့ ထိုရှင်ဒေဝဒတ်သည် မြေကြီးထဲသို့ သက်ဝင်၍ အဝီစိငရဲ၌ ဖြစ်လေ၏။ “တုန်လှုပ်ခြင်းမှ ကင်းတော်မူသော မြတ်စွာဘုရား၌ ပြစ်မှားသည်၏အဖြစ်ကြောင့် မတုန်မလှုပ်သာလျှင်ဖြစ်၍ ကျက်စေသတည်း”ဟု စီရင်ဘိသကဲ့သို့ ယူဇနာတစ်ရာရှိသော အဝီစိငရဲအတွင်း၌ ယူဇနာတစ်ရာ အစောက်မြင့်သည်သာလျှင်ဖြစ်သော ထိုဒေဝဒတ်၏ ကိုယ်ခန္ဓာသည် ဖြစ်လေ၏။ ဦးခေါင်းသည် နားရွက်စွန်းတိုင်အောင် အထက်သံပြားအမိုး၌ စူးဝင်လေ၏၊ ခြေတို့သည် ဖမျက်တိုင်အောင် အောက်သံမြေပြင်သို့ စူးဝင်လေကုန်၏၊ ထန်းပင်လုံးကြီး ပမာဏရှိသော သံတံကျင်သည် အနောက်သံနံရံမှထွက်၍ ကျောက်ကုန်း၏အလယ်ကို ဖောက်ခွဲစူးဝင်လျက် ရင်ဖြင့်ထွက်ပြီးလျှင် အရှေ့သံနံရံသို့ စူးဝင်လေ၏၊ တစ်ပါးသော သံတံကျင်သည် တောင်ဘက် သံနံရံမှထွက်၍ လက်ယာနံဘေးကို ဖောက်ခွဲစူးဝင်လျက် လက်ဝဲနံဘေးဖြင့် ထွက်ပြီးလျှင် မြောက်ဘက် သံနံရံသို့ စူးဝင်လေ၏၊ တစ်ပါးသော သံတံကျင်သည်လည်း အထက်သံပြားအမိုးမှ ထွက်လာ၍ ဦးထိပ်ကို ဖောက်ခွဲစူးဝင်လျက် အောက်အဖို့ဖြင့် ထွက်ပြီးလျှင် သံမြေသို့ စူးဝင်လေ၏။ ဤသို့လျှင် ဒေဝဒတ်သည် ထိုအဝီစိငရဲကြီး၌ မတုန်မလှုပ်သာလျှင်ဖြစ်၍ ကျက်ရလေ၏။

ရှေး၌လည်း မြေမျိုဖူးသော အတိတ်ဝတ္ထုများ

ရဟန်းတို့သည် “ဤမျှလောက်သောအရပ်သို့ ရောက်လာလျက်လည်း ဒေဝဒတ်သည် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှာ မရမူ၍ မြေကြီးသို့ သက်ဝင်ရရှာလေသည်”ဟူသော စကားကို ဖြစ်စေကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ငါဘုရားကို ပြစ်မှား၍ မြေကြီးသို့ ဝင်ရသည် မဟုတ်ချေသေး။ ရှေးအခါ၌လည်း ဝင်ရဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဆင်မင်းဖြစ်သောအခါ၌ ခရီးမှားသော ယောက်ျားကို သက်သာရာ ရစေ၍ မိမိ၏ ကျောက်ကုန်းပေါ်သို့တင်လျက် ဘေးမရှိသောအရပ်သို့ ပို့လိုက်သဖြင့် တစ်ဖန် သုံးကြိမ်တိုင်အောင် ပြန်လာ၍ အစွယ်၏ အဖျားအရပ်၌လည်းကောင်း၊ အလယ်အရပ်၌လည်းကောင်း၊ အရင်အရပ်၌လည်းကောင်း၊ ဤသို့ အစွယ်ကို တောင်းဖြတ်ရာ သုံးကြိမ်မြောက်အကျ အရင်းကို ဖြတ်ပြီးသောကာလ၌ ဘုရားအလောင်းဆင်မင်း၏ မျက်စိမြင်လောက်သော အရပ်ကို လွန်လေသော် ယုတ်မာသော ထိုယောက်ျား၏ မြေသို့ သက်ဝင်ရသည့်အဖြစ်ကို ပြတော်မူခြင်းငှာ ဧကကနိပါတ် သီလဝနာဂရာဇ ဇာတ်လာ ဤဂါထာကို ဟောတော်မူ၏။

အကတညုဿ ပေါသဿ၊ နိစ္စံ ဝိဝရဒဿိနော။
သဗ္ဗံ စေ ပထဝိံ ဒဇ္ဇာ၊ နေဝ နံ အဘိရာဓယေ။

အကတညုဿ၊ သူပြုဖူးသော ကျေးဇူးကို မသိတတ်ထသော။ နိစ္စံ၊ အမြဲ။ ဝိဝရဒဿိနော၊ ဖျက်ဆီးရန်သင့် အခွင့်ကိုသာ ရှုကြည့်လေ့ရှိထသော။ ပေါသဿ၊ ယောက်ျားအား။ သဗ္ဗံ ပထဝိံ၊ အလုံးစုံသော မြေကြီးကိုပင်။ စေ ဒဇ္ဇာ၊ အကယ်၍ ပေးစေကာမူ။ နံ၊ ထိုသူယုတ်မာကို။ နေဝ အဘိရာဓယေ၊ အလိုပြီးလျက် မနှစ်သက်စေနိုင်ရာသာလျှင်ကတည်း။

ဤဧကကနိပါတ် သီလဝနာဂရာဇဇာတ်ကို ဟောတော်မူပြီး၍ တစ်ဖန်လည်း ထိုကဲ့သို့ သဘောရှိသော စကားကိုသာလျှင် ဖြစ်စေပြန်သောအခါ၌ ခန္တီဝါဒီရသေ့ဖြစ်သော မိမိ၌ ပြစ်မှားပုတ်ခတ် သတ်ဖြတ်သောကြောင့် ကလာဗုမင်းဖြစ်ဖူးသော ထိုဒေဝဒတ်၏ မြေသို့သက်ဝင်ရသည့်အဖြစ်ကို ပြတော်မူခြင်းငှာ စတုက္ကနိပါတ် ခန္တီဝါဒီဇာတ်ကိုလည်းကောင်း၊ စူဠဓမ္မပါလ မင်းသားငယ်ဖြစ်ဖူးသော မိမိ၌ ပြစ်မှားပုတ်ခတ် သတ်ဖြတ်သောကြောင့် မဟာပတာပမင်းဖြစ်ဖူးသော ထိုဒေဝဒတ်၏ မြေသို့သက်ဝင်ရသည့်အဖြစ်ကိုလည်းကောင်း၊ ပြတော်မူခြင်းငှာ ပဉ္စကနိပါတ် စူဠဓမ္မပါလဇာတ်ကိုလည်းကောင်း ဟောကြားတော်မူလေ၏။

ဒေဝဒတ်သေ၍ ဝမ်းသာကြခြင်း ပစ္စုပ္ပန်နှင့်အတိတ်

ရှင်ဒေဝဒတ်သည် မြေ၏အတွင်းသို့ သက်ဝင်ပြီးသည် ရှိသော် လူများအပေါင်းသည် ဝမ်းမြောက်ဝမ်းသာရှိသည်ဖြစ်၍ တံခွန်, ကုက္ကား, ငှက်ပျောပင်တို့ကို စိုက်စေပြီးလျှင် ရေပြည့် ကြာသွတ်အိုးတို့ကို တည်ထား၍ “အို... အချင်းတို့- ငါတို့အား လူ၏အဖြစ်ကို အရတော်လေစွတကား”ဟု ဆိုကြကုန်၍ ကြီးစွာသောပွဲသဘင်ကို ကျင်းပခံစားကြကုန်၏။ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြကုန်၏။ “ချစ်သား ရဟန်းတို့- ယခုအခါ၌သာလျှင် ဒေဝဒတ်သေလွန်ရာ၌ လူများအပေါင်းသည် နှစ်သက်ကြသည် မဟုတ်သေး၊ ရှေးအခါ၌လည်း နှစ်သက်ဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူပြီးလျှင် အလုံးစုံသော လူအပေါင်း၏ မချစ်အပ် မနှစ်လိုအပ်သော ခက်ထန်ကြမ်းကြုတ်သော ဗာရာဏသီပြည်၌ ပိင်္ဂလ အမည်ရှိသော မင်းသည် သေလွန်သည်ရှိသော် လူများအပေါင်း၏ နှစ်သက်ဝမ်းမြောက်သည်၏အဖြစ်ကို ပြတော်မူခြင်းငှါ ဒုကနိပါတ် မဟာပိင်္ဂလဇာတ်လာ ဂါထာတို့ကို ဟောတော်မူ၏။

သဗ္ဗော ဇနော ဟိံသိတော ပိင်္ဂလေန၊
တသ္မိံ မတေ ပစ္စယာ ဝေဒယန္တိ။
ပိယော နု တေ အာသိ အကဏှနေတ္တော၊
ကသ္မာ တုဝံ ရောဒသိ ဒွါရပါလ။
န မေ ပိယော အာသိ အကဏှနေတ္တော၊
ဘယာမိ ပစ္စာဂမနာယ တဿ။
ဣတော ဂတော ဟိံသေယျ မစ္စုရာဇံ၊
သော ဟိံသိတော အာနေယျ ပုန ဣဓ။

ဒွါရပါလ၊ အချင်း တံခါးစောင့်။ ပိင်္ဂလေန၊ ပိင်္ဂလမည်သော မင်းသည်။ သဗ္ဗော ဇနော၊ ခပ်သိမ်းသော လူများအပေါင်းကို။ ဟိံသိတော၊ ရိုက်ပုတ်မောင်းမဲ ညှဉ်းဆဲအပ်၏။ တသ္မိံ၊ ထိုပိင်္ဂလမင်းသည်။ မတေ၊ သေလွန်သည်ရှိသော်။ ဇနာ၊ ဗာရာဏသီ ပြည်သားတို့သည်။ ပစ္စယာ-ပီတိယော၊ နှစ်သက်ရွှင်လန်း ဝမ်းသာခြင်းတို့ကို။ ဝေဒယန္တိ၊ သိအောင် ရယ်ဟား ပြောကြားကြကုန်၏။ အကဏှနေတ္တော၊ နား,မျက်စိပါ မသက်သာအောင် ခက်မာကြမ်းကြုတ် ပြုလုပ်မြွက်ထောင် ကြောင်သောမျက်စိရှိသော ပိင်္ဂလမင်းသည်။ တေ၊ သင် တံခါးစောင့်၏။ ပိယော၊ ချစ်ခင် နှစ်သက် စုံမက်မြတ်နိုးအပ်သော မင်းကြီးသည်။ အာသိ နု၊ ဖြစ်ရှာလေသလော။ ကသ္မာ၊ အဘယ့်ကြောင့်။ တုဝံ၊ သင် တံခါးစောင့်သည်။ ရောဒသိ၊ စိုးရိမ်ပူဆွေး ငိုကြွေးဘိသနည်း။

အကဏှနေတ္တော၊ နား,မျက်စိပါ မသက်သာအောင် ခက်မာကြမ်းကြုတ် ပြုလုပ်မြွက်ထောင် ကြောင်သော မျက်စိရှိသော ပိင်္ဂလမင်းသည်။ မေ၊ ငါ တံခါးစောင့်၏။ ပိယော၊ ချစ်ခင်နှစ်သက် စုံမက်မြတ်နိုးအပ်သော မင်းကြီးသည်။ န အာသိ၊ တရံတစ်ဆစ်မျှ မဖြစ်ဖူးပါ။ ဣတော၊ ဤလူ့ဘဝမှ။ ဂတော၊ စုတေမနေ သွားလေသော ပိင်္ဂလမင်းသည်။ မစ္စုရာဇံ၊ သေမင်းကို။ ဝါ၊ ငရဲမင်းကြီးကို။ ဟိံသေယျ၊ ညှဉ်းဆဲနှိပ်စက်ရာ၏။ ဟိံသိတော၊ ညှဉ်းဆဲနှိပ်စက်အပ်သော။ သော၊ ထိုသေမင်းသည်။ ဝါ၊ ငရဲမင်းကြီးသည်။ ပုန၊ တစ်ဖန်။ ဣဓ၊ ဤလူ့ဘဝသို့။ တံ၊ ထိုပိင်္ဂလမင်းကို။ အာနေယျ၊ ပြန်၍တစ်ခါ ဆောင်ပို့ရာ၏။ တဿ၊ ထိုပိင်္ဂလမင်း၏။ ပစ္စာဂမနာယ၊ ရှေးရှုတစ်ဖန် ပြန်လာခြင်းမှ။ ဘယာမိ၊ တွေးတောရွံ့ထောက် ကြောက်လှပါ၏။

ဤသို့ ပိင်္ဂလဇာတ်ကို ဟောတော်မူလေ၏။ ရဟန်းတို့သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား- ယခုအခါ၌ ဒေဝဒတ်သည် အဘယ်အရပ်၌ ဖြစ်လေသနည်း”ဟု မြတ်စွာဘုရားကို မေးလျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားက “ချစ်သားရဟန်းတို့- အဝီစိငရဲကြီး၌ ဖြစ်ရလေသည်”ဟူ၍ မိန့်တော်မူလျှင် “မြတ်စွာဘုရား- ဤပစ္စုပ္ပန်ဘဝ၌ ပူလောင်လျက်သာလျှင် လှည့်လည်သွားလာ၍ တစ်ဖန် ဘဝတစ်ပါးသို့ သွားရပြန်ပါသော်လည်း ပူလောင်ရာဌာန၌သာလျှင် ဖြစ်ရပြန်လေဘိသည်”ဟု လျှောက်ကြားသောအခါ “ချစ်သားရဟန်းတို့- ဪ.. ဟုတ်ပေ၏။ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မေ့လျော့၍ နေလေ့ရှိသော သူတို့သည် ပစ္စုပ္ပန်,တမလွန် နှစ်တန်သော ဘဝတို့၌ ပူလောင်ရသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

မကောင်းမှု၏ သဘော

֍ * [၁၇] ဣဓ တပ္ပတိ ပေစ္စ တပ္ပတိ၊ ပါပကာရီ ဥဘယတ္ထ တပ္ပတိ။
ပါပံ မေ ကတန္တိ တပ္ပတိ၊ ဘိယျော တပ္ပတိ ဒုဂ္ဂတိံ ဂတော။

ပါပကာရီ၊ မကောင်းမှု အကုသိုလ်ကံကို ပြုလေ့ရှိသောသူသည်။ ဣဓ၊ ဤပစ္စုပ္ပန်ဘဝ၌လည်း။ တပ္ပတိ၊ ပူလောင် ဆင်းရဲရ၏။ ပေစ္စ၊ တမလွန်ဘဝ၌လည်း။ တပ္ပတိ၊ ပူလောင်ဆင်းရဲရ၏။ ဥဘယတ္ထ၊ နှစ်ပါးနှစ်တန် ပစ္စုပ္ပန်,တမလွန်တို့၌။ တပ္ပတိ၊ ပူလောင် ဆင်းရဲရ၏။ မေ၊ ငါ့သည်။ ပါပံ၊ ယုတ်မာသော အကုသိုလ်ကံကို။ ကတံ၊ ပြုမိ၏တကား။ ဣတိ၊ ဤသို့။ တပ္ပတိ၊ ပူပန်ဆင်းရဲရ၏။ ဒုဂ္ဂတိံ ဂတော၊ ဒုဂ္ဂတိသို့ လားရဘိမူကား။ ဘိယျော၊ ထိုထက်လွန်စွာ။ တပ္ပတိ၊ ပူလောင်ဆင်းရဲရ၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာသောလူတို့သည် သောတာပန် စသည် ဖြစ်ကြကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ရှင်ဒေဝဒတ်ဝတ္ထုပြီး၏။

֍ * ၁၃။ သုမနေဒေဝီ သူဌေးသမီးဝတ္ထု

ဣဓ နန္ဒတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သုမနဒေဝီကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဝိသာခါ,အနာထပိဏ်တို့သည် ချစ်လှစွာသော သားမြေးတို့ကိုသာ ကုသိုလ်ရေး၌ ကိုယ်စားထားကြခြင်း

သာဝတ္ထိပြည်၌ အနာထပိဏ် သူဌေးကြီး၏နေအိမ်၌ နေ့တိုင်း,နေ့တိုင်း ရဟန်းနှစ်ထောင်တို့သည် ဆွမ်းဘုဉ်းပေးတော်မူကြကုန်၏။ ဝိသာခါ ဒါယိကာမကြီး၏ နေအိမ်၌လည်း ထို့အတူ ရဟန်းနှစ်ထောင်တို့သည် ဆွမ်းဘုဉ်းပေးတော်မူကြကုန်၏။ သာဝတ္ထိပြည်၌ အကြင် အကြင်သို့သော သူသည် အလှူဒါနကို ပေးလှူခြင်းငှါ အလိုရှိ၏။ ထိုထိုသို့သောသူသည် ထိုနှစ်ဦးကုန်သော အနာထပိဏ်, ဝိသာခါတို့ထံမှ အခွင့်ကိုရမှသာလျှင် အလှူဒါနကို ပြုရလေ၏။ အဘယ့်ကြောင့်နည်းဟူမူကား “သင်တို့၏ အလှူလှူရာအရပ်သို့ အနာထပိဏ်သူဌေးကြီးသည်လည်းကောင်း၊ ဝိသာခါ ဒါယိကာမကြီးသည်လည်းကောင်း လာရောက်ပါ၏လော”ဟု မေးသောအခါ “မလာမရောက်”ဟု ဆိုသည်ရှိသော် “တစ်သိန်းသော အသပြာကို အကုန်ခံ၍ လှူသော်လည်း ဤအလှူဒါနမည်သည် အဘယ်သို့သော အလှူဒါနပေနည်း”ဟု ကဲ့ရဲ့ရှုတ်ချကြကုန်၏။ နှစ်ယောက်ကုန်သော ထိုအနာထပိဏ်, ဝိသာခါတို့သည်ကား ရဟန်းသံဃာတော်မြတ် အပေါင်း၏ အလိုကိုလည်းကောင်း၊ လျောက်ပတ်သော အမှုတို့ကိုလည်းကောင်း အလွန်လျှင် သိတတ်ကြကုန်၏။ ထိုအနာထပိဏ်, ဝိသာခါတို့သည် ကြည့်ရှုစီရင်ကုန်သည်ရှိသော် ရဟန်းတို့သည် စိတ်တိုင်းကျကျ ဘုဉ်းပေးသုံးဆောင်တော်မူကြကုန်၏။ ထို့ကြောင့် အလုံးစုံကုန်သောသူတို့သည် အလှူဒါနကို ပေးလှူလိုကုန်သည်ရှိသော် ထိုအနာထပိဏ်, ဝိသာခါတို့ကို ဖိတ်ခေါ်၍သာလျှင် သွားကြလေကုန်၏။ ဤသို့လျှင် ထိုအနာထပိဏ်, ဝိသာခါတို့သည် မိမိတို့နေအိမ်၌ ရဟန်းတော်တို့ကို ကိုယ်တိုင် ဆွမ်းလုပ်ကျွေးခြင်းငှါ အခွင့်မရကြလေကုန်။

ထိုသို့ အခွင့်မရခြင်းကြောင့် ဝိသာခါ ဒါယိကာမကြီးသည် “အဘယ်သူသည် ငါ့အရာ၌တည်၍ ရဟန်းသံဃာတော်ကို ဆွမ်းလုပ်ကျွေးနိုင်ပါအံ့နည်း”ဟု စူးစမ်းဆင်ခြင်သည်ရှိသော် သား၏သမီးဖြစ်သော မြေးမကိုမြင်၍ ထိုမြေးမကိုပင် မိမိ၏အရာ၌ ထားလေ၏။ ထိုမြေးမသည် အဘွားဖြစ်သော ဝိသာခါ ဒါယိကာမကြီး၏နေအိမ်၌ ရဟန်းသံဃာတော်အပေါင်းကို ဆွမ်းလုပ်ကျွေးရလေ၏။ အနာထပိဏ်သူဌေးကြီးသည်လည်း မဟာသုဘဒ္ဒါမည်သော မိမိ၏ သမီးအကြီးကို ထားလေ၏။ ထိုမဟာသုဘဒ္ဒါသည် ရဟန်းတော်တို့၏ အမှုကိစ္စဟူသမျှကို ဆောင်ရွက်ပြုစုလျက် တရားတော်ကိုနာရသဖြင့် သောတာပန်ဖြစ်၍ ခင်ပွန်းသည်ယောက်ျား အမျိုးသား၏အိမ်သို့ လိုက်ပါသွားရလေ၏။ ထို့နောက် စူဠသုဘဒ္ဒါမည်သောသမီးကို ထားပြန်၏။ ထိုစူဠသုဘဒ္ဒါသည်လည်း ထိုအစ်မနည်းတူသာလျှင် ပြုစုလျက် သောတာပန်ဖြစ်၍ ခင်ပွန်းသည် ယောက်ျား၏အိမ်သို့ လိုက်ပါသွားရပြန်လေ၏။ ထိုအခါ သုမနဒေဝီ အမည်ရှိသော သမီးအငယ်ကို ထားရပြန်လေသတည်း။

ကိုယ်စားသမီးဖြစ်ပါလျက် ယောင်ယမ်းကာ သေရသည်ဟု ဘုရားအား ဝမ်းနည်းစွာ လျှောက်ထားခြင်း

ထိုသုမနဒေဝီသည်ကား သကဒါဂါမိဖိုလ်သို့ ရောက်ပြီး၍ သတို့သမီးပျို၏ အဖြစ်ဖြင့်သာလျှင် ထိုသို့သဘောရှိသော မချမ်းသာသောအနာ ပြင်းစွာနှိပ်စက်အပ်သဖြင့် အစားဖြတ်ခြင်းကိုပြုပြီးလျှင် ဖခင်ကို တွေ့မြင်လိုသောကြောင့် အခေါ်စေလိုက်လေ၏။ ထိုအနာထပိဏ် သူဌေးကြီးသည် တစ်ခုသော အလှူမဏ္ဍပ်ရုံ၌ သမီး၏မှာလိုက်သော သတင်းစကားကို ကြားသိရသည်ဖြစ်၍ ချက်ချင်းပြန်လာပြီးလျှင် “ချစ်သမီး သုမန- အဘယ်သို့ဖြစ်သနည်း”ဟု မေးလေ၏။ သုမနဒေဝီသည်လည်း အနာထပိဏ်သူဌေးကို “ငါ့မောင်ကလေး- အဘယ်နည်း”ဟု ပြန်ပြောလေ၏။ “ချစ်သမီး- ယောင်ယမ်း မြည်တမ်းသလော”ဟု မေးပြန်သည်ရှိသော် „ငါ့မောင်ကလေး- အစ်မကြီး မယောင်ယမ်း မမြည်တမ်းပါ”ဟု ပြန်ပြောလေ၏။ “ချစ်သမီး- ကြောက်သလော”ဟု မေးပြန်သည်ရှိသော် “ငါ့မောင်ကလေး- အစ်မကြီး မကြောက်ပါ”ဟု ဤမျှလောက်သော စကားကို ပြောဆို၍သာလျှင် ထိုသုမနဒေဝီ သတို့သမီးသည် စုတေ မနေ ကွယ်လွန်ရှာလေ၏။

အနာထပိဏ်သူဌေးသည် သောတာပန်ပုဂ္ဂိုလ်ဖြစ်သော်လည်း သမီးကိုစွဲ၍ဖြစ်သော စိုးရိမ်ခြင်းကို သည်းခံခြင်းငှာ မတတ်နိုင်သည်ဖြစ်ရကား အလောင်းကောင် သင်္ဂြိုဟ်ခြင်းအမှုကို ပြုပြီးလျှင် ငိုကြွေးလျက် ဘုရားအထံသို့ သွားရောက်သဖြင့် မြတ်စွာဘုရားသည် “သူဌေးကြီး- အဘယ့်ကြောင့် နှလုံးဆင်းရဲခြင်း ရှိသည်ဖြစ်၍ မျက်ရည်နှင့်မျက်ခွက် ငိုကြွေးလျက် လာခဲ့ရသနည်း”ဟု မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား တပည့်တော်၏ သမီးငယ်ဖြစ်သော သုမနဒေဝီသည် ကွယ်လွန်ပါလေပြီဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “အဘယ့်ကြောင့် ငိုကြွေးဘိသနည်း၊ အလုံးစုံသောသူတို့အား သေခြင်းသဘောသည် မလွဲဧကန် အမှန်ဖြစ်သည် မဟုတ်တုံလော”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- အလုံးစုံသောသူတို့အား သေခြင်းသဘော ဧကန်ဖြစ်သည်ကို တပည့်တော် သိပါ၏၊ ဤသို့ သဘောရှိသော တပည့်တော်၏သမီးသည် အရှက်အကြောက်နှင့် ပြည့်စုံပါလျက် သေခါနီးအခါ၌ သတိကို မြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ ယောင်ယမ်းမြည်တမ်းကာ ကွယ်လွန်ရပါသည်။ ထို့ကြောင့် အတိုင်းမသိ များစွာသော နှလုံးမသက်သာခြင်းသည် တပည့်တော်အား ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။

ဖခင်ထက် သမီး ဂုဏ်သိက္ခာကြီးခြင်း၊ တုသိတာနတ်ပြည်၌ ဖြစ်ခြင်းတို့ကို ဟောကြားခြင်း

“သူဌေးကြီး- သင်၏သမီးသည် အဘယ်သို့သောစကားကို ဆိုသွားလေသနည်း”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား၊ တပည့်တော်သည် ထိုသမီးကို “ချစ်သမီး သုမန”ဟု ရှေးဦးစွာ ခေါ်လိုက်ပါသည်။ ထိုအခါ တပည့်တော်ကို “ငါ့မောင်ကလေး အဘယ်နည်း”ဟု စကားတုံ့ပြန်ပါသည်။ ထို့နောက် “ချစ်သမီး ယောင်ယမ်း မြည်တမ်းသလော”ဟု မေးပြန်သည်ရှိသော် “ငါ့မောင်ကလေး အစ်မကြီး မယောင်ယမ်း မမြည်တမ်းပါ”ဟု ပြန်ပြောပါသည်။ “ချစ်သမီး ကြောက်သလော”ဟု မေးပြန်သည်ရှိသော် “ငါ့မောင်ကလေး အစ်မကြီး မကြောက်ပါ”ဟု ဤမျှလောက်သောစကားကို ပြောဆို၍သာလျှင် စုတေပျက်ပြား ကွယ်လွန်သွားခဲ့ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။

ထိုအခါ အနာထပိဏ်သူဌေးကြီးကို မြတ်စွာဘုရားသည် „သူဌေးကြီး- သင်၏သမီးသည် ယောင်ယမ်းမြည်တမ်းသည် မဟုတ်”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- ထိုသို့ မယောင်ယမ်းမမြည်တမ်းပါလျှင် အဘယ့်ကြောင့် ဤသို့ “ငါ့မောင်ကလေး”ဟု ခေါ်ဝေါ်ပြောဆိုပါသနည်း”ဟု မေးလျှောက်လေ၏။ “သူဌေးကြီး- သင်၏ ငယ်ခြင်းကြောင့်သာလျှင် ဤသို့ ငါ့မောင်ကလေးဟု ခေါ်ဝေါ်ပြောဆိုလေ၏။ ထိုစကားသည် မှန်၏။ သူဌေးကြီး- သင်၏သမီးသည် မဂ်ဖိုလ်တို့ဖြင့် အသင်သူဌေးကြီးထက် ကြီးပေသည်၊ သင်သည်ကား သောတာပန်ပုဂ္ဂိုလ်သာတည်း၊ သင်၏သမီးသည်ကား သကဒါဂါမ် ပုဂ္ဂိုလ်တည်း၊ ထိုသင်၏သမီးသည် မဂ်ဖိုလ်တို့ဖြင့် အသင့်ထက်ကြီးသည့်အဖြစ်ကြောင့် သင့်ကို ဤသို့ “ငါ့မောင်ကလေး”ဟု ခေါ်ဝေါ်ပြောဆိုလေသည်”ဟူ၍ မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- ဤအတိုင်းပင် ဟုတ်မှန်ပါသလားဘုရား”ဟု လျှောက်ကြားပြန်လေ၏။ “သူဌေးကြီး- ဤအတိုင်းပင် ဟုတ်မှန်ပေ၏”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- ယခု အဘယ်ဘုံ၌ ဖြစ်ပါသနည်း”ဟု မေးလျှောက်၏။ “တုသိတာနတ်ဘုံ၌ ဖြစ်လေပြီ”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- တပည့်တော်၏သမီးသည် ဤလူ့ပြည်၌ ဆွေမျိုးတို့၏အလယ်၌ နှစ်သက်ဝမ်းမြောက်စွာ လှည့်လည်ပြီး၍ ဤပစ္စုပ္ပန်ဘဝမှ ပြောင်းသွားရပါသော်လည်း နှစ်သက်ဝမ်းမြောက်ရာ အရပ်၌ပင် ဖြစ်ပါပေသည်ဘုရား”ဟုလျှောက်ကြားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “သူဌေးကြီး- ရဟန်းဖြစ်စေ၊ လူဖြစ်စေ မမေ့မလျော့သော သူတို့မည်သည် ဤဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း နှစ်သက် ဝမ်းမြောက်ကြရကုန်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ကုသိုလ်ကောင်းမှု၏ သဘာဝ

֍ * [၁၈] ဣဓ နန္ဒတိ ပေစ္စ နန္ဒတိ၊
ကတပုညော ဥဘယတ္ထ နန္ဒတိ။
ပုညံ မေ ကတန္တိ နန္ဒတိ၊
ဘိယျော နန္ဒတိ သုဂတိံ ဂတော။

ကတပုညော၊ ပြုအပ်ပြီးသော ကုသိုလ်ကောင်းမှုရှိသောသူသည်။ ဣဓ၊ ဤပစ္စုပ္ပန် လောက၌လည်း။ နန္ဒတိ၊ နှစ်သက် ဝမ်းမြောက်ရ၏။ ပေစ္စ၊ တမလွန်လောက၌လည်း။ နန္ဒတိ၊ နှစ်သက်ဝမ်းမြောက်ရ၏။ ဥဘယတ္ထ၊ ပစ္စုပ္ပန် တမလွန် နှစ်တန်သော လောက၌။ နန္ဒတိ၊ နှစ်သက် ဝမ်းမြောက်ရ၏။ မေ၊ ငါသည်။ ပုညံ၊ ကောင်းမှုကို။ ကတန္တိ၊ ပြုအပ်ပြီ ဟူ၍။ နန္ဒတိ၊ နှစ်သက် ဝမ်းမြောက်ရ၏။ သုဂတိံ၊ သုဂတိ ဘဝသို့။ ဂတော၊ ရောက်သည်ဖြစ်၍။ ဘိယျော၊ လွန်စွာ။ နန္ဒတိ၊ နှစ်သက် ဝမ်းမြောက်ရ၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာသောသူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

သုမနဒေဝီ သူဌေးသမီးဝတ္ထု ပြီး၏။

֍ * ၁၄။ အဆွေခင်ပွန်းရဟန်းနှစ်ပါးဝတ္ထု

ဗဟုမ္ပိ စေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အဆွေခင်ပွန်းဖြစ်ကုန်သော နှစ်ပါးသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဓုရနှစ်ပါး ဖြည့်ကျင့်ရာ၌ အသီးအသီး အကျိုးထူးရရှိကြခြင်း

သာဝတ္ထိပြည်၌နေကုန်သော အဆွေခင်ပွန်း အမျိုးသားနှစ်ယောက်တို့သည် ကျောင်းသို့သွား၍ မြတ်စွာဘုရား၏ တရားတော်ကို နာရသဖြင့် ကာမဂုဏ်တို့ကို စွန့်ပစ်ပယ်ခွာပြီးလျှင် သာသနာတော်၌ ရင်ပေးလျက် ရဟန်းပြုကြလေကုန်၏။ ထိုသို့ ရဟန်းပြု၍ ငါးဝါတို့ပတ်လုံး ဆရာဥပဇ္ဈာယ်တို့၏ အထံ၌နေ၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် သာသနာတော်၌ ဆောင်ရွက်ဖြည့်ကျင့်အပ်သော ဓုရကို မေးလျှောက်၍ ဂန္ထဓုရကိုလည်းကောင်း၊ ဝိပဿနာဓုရကိုလည်းကောင်း အကျယ်အားဖြင့် ကြားနာရပြီးလျှင် ရဟန်းတစ်ပါးသည် „မြတ်စွာဘုရား- တပည့်တော်ကား ကြီးရင့်အိုမင်းသောအခါမှ ရဟန်းပြုရ၏။ ဂန္ထဓုရကို ဖြည့်ကျင့်ခြင်းငှာ မတတ်နိုင်ပါ။ ဝိပဿနာဓုရကို ဖြည့်ကျင့်ပါအံ့ဘုရား”ဟု လျှောက်ကြား၍ “အရဟတ္တဖိုလ်သို့ ရောက်သည်တိုင်အောင် ဝိပဿနာဓုရကို ဟောကြားတော်မူပါ”ဟု တောင်းပန်မှာကြားပြီးလျှင် အထပ်ထပ် စေ့ဆော် အားထုတ်သည်ရှိသော် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ဤမှတစ်ပါးဖြစ်သော အဖော်ရဟန်းသည်ကား “ငါသည် ဂန္ထဓုရကို ဖြည့်ကျင့်ခြင်းငှါ စွမ်းနိုင်၏”ဟုကြံ၍ အစဉ်အတိုင်းအားဖြင့် ပိဋကတ်သုံးပုံဟုဆိုအပ်သော မြတ်စွာဘုရား စကားတော်ကို သင်ယူ၍ ရောက်ရာ,ရောက်ရာအရပ်၌ တရားစကားကို ဟောကြားလေ့ရှိ၏။ သရဘညဝတ်ကို ရွတ်လေ့ရှိ၏။ ငါးရာကုန်သော ရဟန်းတို့အား မြတ်စွာဘုရားစကားတည်းဟူသော တရားတော်ကို ပို့ချလျက် သွားလာလှည့်လည်လေ့ရှိ၏။ တစ်ဆယ့်ရှစ်ရပ်ကုန်သော ဂိုဏ်းကြီးတို့၏ ဆရာကြီးတစ်ပါး ဖြစ်လေသတည်း။

(သရဘညဝတ်ဟူသည်ကား အသံဖြင့် ထင်ရှားအောင် ဖောင်ဖောင်ရွတ်၍ ဟောခြင်းတည်း။ ထိုဝတ်သည် လှိုင်းတံပိုးကဲ့သို့ ရွတ်ရာသော တရင်္ဂဝတ်၊ ပုဆိုးဖွပ်သကဲ့သို့ ရွတ်ရာသော ဓောတကဝတ်၊ ချော်သကဲ့သို့ အယိုင်ရွတ်ရာသော ခလိတဝတ်စသည်ဖြင့် သုံးဆယ့်နှစ်ပါး ရှိ၏။)

တရားလက်လွတ်သော ကျမ်းဂန်တတ်ရဟန်း၏ မာန်မာနအညစ်အကြေး

ရဟန်းတို့သည် မြတ်စွာဘုရား အထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ ဝိပဿနာဓုရကို ဖြည့်ကျင့်သော ရဟန္တာမထေရ်၏ နေရာအရပ်သို့သွား၍ ထိုမထေရ်၏ အဆုံးအမ၌တည်လျက် ရဟန္တာအဖြစ်သို့ ရောက်ပြီးလျှင် မထေရ်ကိုရှိခိုး၍ “တပည့်တော်တို့သည် မြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ အလိုရှိပါကုန်သည်ဘုရား”ဟု ခွင့်ပန် လျှောက်ကြားကြလေကုန်၏။ မထေရ်သည်လည်း “ငါ့ရှင်တို့- သွားကြကုန်လော့၊ ငါ၏စကားဖြင့် မြတ်စွာဘုရားကို ရှိခိုး၍ ရှစ်ကျိပ်ကုန်သော မထေရ်ကြီးတို့ကိုလည်း ရှိခိုးကြကုန်လော့။ ငါ၏အဖော်ဖြစ်သော မထေရ်ကိုလည်း တပည့်တော်တို့၏ ဆရာသည် အရှင်ဘုရားတို့ကို ရှိခိုးလိုက်ပါသည်ဟူ၍ လျှောက်ကြားကြကုန်လော့”ဟု မှာထားလွှတ်လိုက်လေ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကိုလည်းကောင်း၊ ရှစ်ကျိပ်ကုန်သော မထေရ်ကြီးတို့ကိုလည်းကောင်း ရှိခိုးကြ၍ ဂန္ထဓုရဖြည့်ကျင့်သော မထေရ်တို့ကိုလည်း ရှိခိုးပြီးလျှင် “အရှင်ဘုရား- တပည့်တော်တို့၏ ဆရာသည် အရှင်ဘုရားတို့ကို ရှိခိုးလိုက်ပါသည်”ဟူ၍ လျှောက်ကြားကြကုန်၏။ ထိုဂန္ထဓုရဖြည့်သော ရဟန်းသည်လည်း “အသင်တို့၏ ဆရာဖြစ်သော ထိုရဟန်းသည် အဘယ်သူဖြစ်သနည်း”ဟု မေးသည်ရှိသော် ရဟန်းတို့သည် “အရှင်ဘုရား- အရှင်ဘုရားတို့၏ အဖော်ဖြစ်သော ရဟန်းပါတည်း”ဟု ဆိုကြကုန်၏။

ဤသို့လျှင် ဝိပဿနာဖြည့်ကျင့်သော မထေရ်သည် အဖန်တလဲလဲ သတင်းစကားကို စေသည်ရှိသော် ထိုဂန္ထဓုရ ဖြည့်ကျင့်သော ရဟန်းသည် အနည်းငယ်သော ကာလပတ်လုံး သည်းခံ၍ နောက်အဖို့ကာလ၌ သည်းခံခြင်းငှါ မစွမ်းနိုင်သည်ဖြစ်ရကား “တပည့်တော်တို့၏ ဆရာသည် အရှင်ဘုရားတို့ကို ရှိခိုးလိုက်သည်”ဟု လျှောက်လာကြသဖြင့် “အသင်တို့၏ဆရာဖြစ်သော ထိုရဟန်းသည် အဘယ်သူဖြစ်သနည်း”ဟု မေးသည်ရှိသော် “အရှင်ဘုရားတို့၏ အဖော်ဖြစ်သော ရဟန်းပါတည်း”ဟု လျှောက်သောအခါ “သင်တို့သည် ထိုရဟန်း၏အထံ၌ အဘယ်ကို သင်ကြားအပ်သနည်း။ ဒီဃနိကာယ် စသည်တို့တွင် တစ်ပါးပါးသောနိကာယ်ကိုတည်း သင်ယူသလော၊ ပိဋကတ်သုံးပုံတို့တွင် တစ်ပုံပုံသော ပိဋကတ်ကိုတည်း သင်ယူသလော”ဟု မေးပြီးလျှင် “လေးပါဒမျှရှိသော ဂါထာကိုလည်း မသိမမြင်၊ ပံသုကူသင်္ကန်းကိုသာ ကောက်ယူ၍ ရဟန်းပြုပြီးသော ကာလ၌သာလျှင် တောသို့ဝင်လျက် များစွာကုန်သော အတွင်းနေတပည့်တို့ကို ရလေဘိတကား၊ ထိုရဟန်းလာသောအခါ ငါသည် ပြဿနာကို မေးခြင်းငှါ သင့်၏”ဟု ကြံစည်စိတ်ကူး၍ နေလေ၏။ နောက်အဖို့၌ ဝိပဿနာဖြည့်ကျင့်သော မထေရ်သည် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ လာသည်ရှိသော် အဖော်ဖြစ်သော မထေရ်၏အထံ၌ သပိတ်သင်္ကန်းကိုထားကာ သွား၍ မြတ်စွာဘုရားကိုလည်းကောင်း၊ ရှစ်ကျိပ်ကုန်သော မထေရ်ကြီးတို့ကိုလည်းကောင်း ရှိခိုးပြီးလျှင် အဖော်ဖြစ်သော ရဟန်း၏နေရာအရပ်သို့ ပြန်လည်လာခဲ့၏။

]

ထိုအခါ ထိုအာဂန္တုရဟန်းအား ကျောင်းနေ ရဟန်းသည် ဝတ်ကြီးဝတ်ငယ်ကို ပြုစေပြီးလျှင် တူမျှသော ပမာဏရှိသောနေရာကိုယူ၍ “အမေးပုစ္ဆာ ပြဿနာကိုမေးအံ့”ဟု ထိုင်လေ၏။ ထိုခဏ၌ မြတ်စွာဘုရားသည် “ဤဂန္ထဓုရဖြည့်ကျင့်သော ရဟန်းသည် ဤသို့သဘောရှိသော ငါ့သားတော်ကို ညှဉ်းဆဲ၍ ငရဲ၌ ဖြစ်လေရာ၏”ဟု မြင်တော်မူသဖြင့် ထိုရဟန်း၌ အစဉ်သနားသောစိတ် ရှိတော်မူသည်ဖြစ်၍ ကျောင်းစဉ်လှည့်လည်ခြင်းကို လှည့်လည်တော်မူဘိသကဲ့သို့ ထိုရဟန်းတို့၏ ထိုင်နေရာအရပ်သို့ ကြွသွားတော်မူ၍ ခင်းထားအပ်သော မြတ်သော ဘုရားနေရာတော်၌ ထိုင်နေ သီတင်းသုံးတော်မူလေ၏။

ဝိပဿနာဓုရဖြည့်ကျင့်သော ရဟန်းအား ကောင်းချီးပေးသဖြင့် မြတ်စွာဘုရားအား ကဲ့ရဲ့ကြခြင်း

ထိုသို့ ထိုင်နေ သီတင်းသုံးတော်မူပြီးလျှင် ကျမ်းဂန်တတ် ရဟန်းကို ပဌမဈာန်၌ အမေးပုစ္ဆာ ပြဿနာကို မေးတော်မူ၍ ထိုရဟန်းက ဖြေဆိုသည်ရှိသော် ဒုတိယဈာန်ကို အစပြု၍ ရှစ်ပါးသော သမာပတ်တို့၌လည်းကောင်း၊ ရုပ်နာမ်တို့၌လည်းကောင်း အမေးပုစ္ဆာပြဿနာကို မေးတော်မူ၏။ ကျမ်းဂန်တတ်ရဟန်းသည် အလုံးစုံကို ဖြေဆိုနိုင်၏။ ထိုအခါ ထိုရဟန်းကို သောတာပတ္တိမဂ်၌ အမေးပုစ္ဆာ ပြဿနာကို မေးတော်မူလေ၏။ ထိုရဟန်းသည် ဖြေဆိုခြင်းငှါ မတတ်နိုင်လေပြီ။ ထို့နောက်မှ ရဟန္တာမထေရ်ကို မေးတော်မူ၏။ ရဟန္တာမထေရ်သည် ဖြေဆို၏။ မြတ်စွာဘုရားသည် “သာဓု သာဓု ကောင်းလှပေ၏၊ ကောင်းလှပေ၏ ချစ်သားရဟန်း”ဟု ကောင်းချီးပေးခြင်းအားဖြင့် အလွန်နှစ်သက်တော်မူ၍ ကြွင်းသောမဂ်တို့၌လည်း အစဉ်အတိုင်းအားဖြင့် အမေးပုစ္ဆာပြဿနာကို မေးတော်မူလေ၏။ ကျမ်းဂန်တတ် ရဟန်းသည် တစ်စုံတစ်ခုကိုမျှသော်လည်း ဖြေဆိုခြင်းငှါ မတတ်နိုင်လေပြီ။ ရဟန္တာဖြစ်သော မထေရ်သည်ကား မေးတိုင်း မေးတိုင်းသော အမေးပုစ္ဆာပြဿနာကို ဖြေဆိုလေ၏။ မြတ်စွာဘုရားသည် လေးပါးကုန်သော မဂ်အရာဌာနတို့၌လည်း ထိုရဟန္တာမထေရ်အား ကောင်းချီးကို ပေးတော်မူ၏။ ထိုသို့ ကောင်းချီးပေးသံကိုကြားလျှင် ဘုမ္မစိုးနတ်တို့ကို အစပြု၍ ဗြဟ္မာပြည်တိုင်အောင် နေကုန်သော အလုံးစုံသော နတ်ဗြဟ္မာတို့သည်လည်းကောင်း၊ နဂါး, ဂဠုန်တို့သည်လည်းကောင်း ကောင်းချီးသံကို အဆင့်ဆင့် ပေးကြလေကုန်၏။

ထိုသို့ ကောင်းချီးပေးသည်ကိုကြား၍ ကျမ်းဂန်တတ် မထေရ်၏ အတွင်းနေ တပည့်တို့သည်လည်းကောင်း၊ အတူနေ တပည့်တို့သည်လည်းကောင်း မြတ်စွာဘုရားကို ကဲ့ရဲ့ရှုတ်ချကြကုန်၏။ “မြတ်စွာဘုရားပြုသော ဤအမှုသည်ကား အဘယ်ပါနည်း၊ တစ်စုံတစ်ခုကိုမျှ မသိသော သက်ကြီးရွယ်ရင့်ဖြစ်သော မထေရ်အိုကြီးအား လေးပါးကုန်သော မဂ်အရာဌာနတို့၌ ကောင်းချီးကို ပေးတော်မူလေသည်။ အလုံးစုံ ပရိယတ်ကို ဆောင်တော်မူသော ရဟန်းငါးရာတို့၏ အကြီးအမှူးဖြစ်သော ငါတို့၏ဆရာ မထေရ်ကိုမူကား ချီးမွမ်းခြင်း အမှုကိုမျှသော်လည်းမပြု”ဟု ကဲ့ရဲ့ရှုတ်ချကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို “ချစ်သား ရဟန်းတို့- အဘယ်သို့သော စကားကို ပြောဆိုကြကုန်သနည်း”ဟု မေးတော်မူ၍ ထိုအကြောင်းကို လျှောက်ကြားအပ်သည်ရှိသော် “ချစ်သား ရဟန်းတို့- သင်တို့၏ဆရာသည် ငါဘုရား သာသနာတော်၌ အဖိုးအခတို့ဖြင့် နွားတို့ကို စောင့်ရှောက် ထိန်းကျောင်းရသောသူနှင့် တူ၏။ ငါ၏ သားတော်သည်ကား အလိုရှိတိုင်း နွားနို့အရသာငါးပါးတို့ကို သုံးဆောင်စားသောက်ရသော နွားရှင်နှင့်တူ၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောတော်မူလေ၏။

နွားကျောင်းသားနှင့် နွားရှင်ပမာ

֍ * [၁၉] ဗဟုမ္ပိ စေ သံဟိတံ ဘာသမာနော၊
န တက္ကရော ဟောတိ နရော ပမတ္တော။
ဂေါပေါဝ ဂါဝေါ ဂဏယံ ပရေသံ။
န ဘာဂဝါ သာမညဿ ဟောတိ။
֍ * [၂၀] အပ္ပမ္ပိ စေ သံဟိတံ ဘာသမာနော၊
ဓမ္မဿ ဟောတိ အနုဓမ္မစာရီ။
ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ၊
သမ္မပ္ပဇာနော သုဝိမုတ္တစိတ္တော။
အနုပါဒိယာနော ဣဓ ဝါ ဟုရံ ဝါ၊
သ ဘာဂဝါ သာမညဿ ဟောတိ။

ယော နရော၊ အကြင်သူသည်။ သံဟိတံ၊ အစီးအပွားရှိသော ပိဋကတ်သုံးပုံတည်းဟူသော ဘုရားစကားတော်ကို။ ဗဟုံ၊ အကြိမ်များစွာ။ ဘာသမာနောပိ၊ သင်ကြားပို့ချ ပြသပြောဟောငြားသော်လည်း။ ပမတ္တော၊ သတိမေ့လျော့ ပေါ့တန်သည်ဖြစ်၍။ တက္ကရော၊ ပြုသင့်ပြုထိုက်သော ကမ္မဋ္ဌာန်းကို နှလုံးသွင်းကာ ထိုအမှုကို ပြုသည်။ စေ န ဟောတိ၊ အကယ်၍ မဖြစ်ခဲ့ငြားအံ့။ ဧဝံသတိ၊ ဤသို့ ဖြစ်သည်ရှိသော်။ သော နရော၊ ထိုသူသည်။ ဂေါပေါ၊ နံနက်ယူကျောင်း ညဉ့်စောင်းပြန်ပို့ နေဖို့ခစား နွားကျောင်းသားသည်။ ဂါဝေါ၊ ကျောင်းအပ်သမျှ နွားတို့ကို။ ဂဏယံ-ဂဏယန္တော၊ စေ့ငှအောင် ရေတွက်လျက်။ ပရေသံ၊ နွားရှင်ဖြစ်ငြား သူတစ်ပါးတို့အား။ နိယျာဒေတိ ဣဝ၊ နို့ကား လိုတိုင်း မစားရ ဆောင်နှင်းလိုက်ရသကဲ့သို့။ ပရေသံ၊ ကျင့်ကြလိုချင် သူတော်စင်တို့အား။ နိယျာဒေတိ၊ ဆောင်နှင်းလိုက်ရသည်မည်၏။ သော နရော၊ ထိုအကျင့်ခေါင်းပါး အဟောများသော သူသည်။ သာမညဿ၊ ရဟန်းပြုခြင်း၏ အကျိုးဟု ဆိုအပ်သော မဂ်ဖိုလ်၏။ ဘာဂဝါ၊ အဖို့ရှိသည်။ န ဟောတိ၊ မဖြစ်။

ယော နရော၊ အကြင်သူသည်။ သံဟိတံ၊ အစီးအပွားရှိသော ပိဋကတ်သုံးပုံတည်းဟူသော ဘုရားစကားတော်ကို။ အပ္ပံ၊ အနည်းငယ်မျှ။ ဘာသမာနောပိ၊ သင်ကြားပို့ချ ပြသပြောဟောငြားသော်လည်း။ ဓမ္မဿ၊ လောကုတ္တရာ တရားတော်အား။ အနုဓမ္မစာရီ၊ လျော်သော စတုပါရိသုဒ္ဓိသီလ, ဓုတင်, အသုဘကမ္မဋ္ဌာန်း စသော တရားကိုကျင့်သည်။ စေ ဟောတိ၊ အကယ်၍ ဖြစ်ခဲ့ငြားအံ့။ ဧဝံသတိ၊ ဤသို့ဖြစ်သည်ရှိသော်။ သော နရော၊ ထိုသူသည်။ ရာဂဉ္စ၊ ရာဂကိုလည်းကောင်း။ ဒေါသဉ္စ၊ ဒေါသကိုလည်းကောင်း။ မောဟဉ္စ၊ မောဟကိုလည်းကောင်း။ ပဟာယ၊ ပယ်စွန့်၍။ သမ္မပ္ပဇာနော၊ ကောင်းစွာ အပြားအားဖြင့် သိသည်ဖြစ်၍။ သုဝိမုတ္တစိတ္တော၊ တဒင်္ဂ, ဝိက္ခမ္ဘန, သမုစ္ဆေဒ, ပဋိပ္ပဿဒ္ဓိ, နိဿရဏဝိမုတ္တိဖြင့် ကောင်းစွာလွတ်သော စိတ်ရှိသည်ဖြစ်၍။ ဣဓ ဝါ၊ ပစ္စုပ္ပန်လောက ဤဘဝ၌လည်းကောင်း။ ဟုရံ ဝါ၊ တမလွန်လောက နောင်ဘဝ၌လည်းကောင်း။ အနုပါဒိယာနော၊ လေးပါးသော ဥပါဒါန်တို့ဖြင့် စွဲလမ်းခြင်းမရှိသော ရဟန္တာအရှင်မြတ်သည်။ ဟုတွာ၊ ဖြစ်၍။ သာမညဿ၊ ရဟန်းပြုခြင်း၏ အကျိုးဟု ဆိုအပ်သော မဂ်ဖိုလ်၏။ ဘာဂဝါ၊ အဖို့ရှိသည်။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာသောသူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အဆွေခင်ပွန်း ရဟန်းနှစ်ပါးဝတ္ထု ပြီး၏။

֍ * ၁။ သာမာဝတီ မိဖုရားဝတ္ထု

အပ္ပမာဒေါ အမတံ ပဒံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ကောသမ္ဗီပြည်ကို အမှီပြု၍ ဃောသိတာရုံကျောင်းတော်၌ နေတော်မူစဉ် သာမာဝတီ အမှူးရှိကုန်သော ငါးရာသော မိန်းမတို့၏လည်းကောင်း၊ မာဂဏ္ဍီ အမှူးရှိကုန်သော ငါးရာသော မိန်းမတို့၏လည်းကောင်း၊ ထိုမာဂဏ္ဍီ၏ ဆွေမျိုးဖြစ်ကုန်သော ငါးရာသော သူတို့၏လည်းကောင်း သေလွန်ခြင်း ပျက်စီးခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အလ္လကပ္ပမင်းနှင့် ဝေဋ္ဌဒီပကမင်းတို့ ရသေ့ရဟန်းပြုကြခြင်း

ရှေးလွန်လေပြီးသောအခါ အလ္လကပ္ပတိုင်း၌ အလ္လကပ္ပအမည်ရှိသော မင်းသည်လည်းကောင်း၊ ဝေဋ္ဌဒီပကတိုင်း၌ ဝေဋ္ဌဒီပကအမည်ရှိသော မင်းသည်လည်းကောင်း ဤနှစ်ယောက်ကုန်သော မင်းတို့သည် ပျိုမျစ်နုနယ် ငယ်ရွယ်သောကာလမှစ၍ အဆွေခင်ပွန်းတို့သာလျှင် ဖြစ်ကုန်၏။ ထိုနှစ်ယောက်သော မင်းတို့သည် တစ်ဦးသော ဆရာ၏အိမ်၌ အတတ်ပညာကို ကောင်းစွာသင်ယူ၍ မိမိခမည်းတော်တို့၏ ကွယ်လွန်သဖြင့် ထီးဖြူကိုစိုက်ထူစေ၍ ဆယ်ယူဇနာ, ဆယ်ယူဇနာကျယ်သော တိုင်းပြည်၌ အသီးသီး မင်းဖြစ်ကြကုန်၏။ ထိုမင်းနှစ်ပါးတို့သည် ရံဖန်ရံခါ ကောင်းစွာ စည်းဝေးကြ၍ တစ်ပေါင်းတည်း ရပ်ကြ, ထိုင်နေကြ, လျောင်းစက်ကြကုန်လျက် ပဋိသန္ဓေ တည်နေ ဖွားမြင်သည်လည်းဖြစ်သော စုတိပြောင်းကြွေ သေလွန်သည်လည်းဖြစ်သော လူများအပေါင်းကို မြင်ကုန်သည်ဖြစ်၍ “တမလွန်ဘဝသို့ ပြောင်းသွားသော သူ၏နောက်သို့ အစဉ်တစိုက် လိုက်ပါနိုင်သော သူမည်သည် မရှိ၊ အယုတ်သဖြင့် မိမိ၏ ကိုယ်သည်လည်း မလိုက်မပါ၊ အလုံးစုံရှိသမျှကို ပယ်စွန့်၍ သွားရ၏။ ငါတို့အား လူတို့ဘောင်၌ နေခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရဟန်းပြုကြကုန်အံ့”ဟု တိုင်ပင်ကြပြီးလျှင် တိုင်းပြည်တို့ကို သားမယားအား ပေးအပ်ဆောင်နှင်းခဲ့၍ ရသေ့ရဟန်း အဖြစ်ဖြင့် ရဟန်းပြုကြကုန်၍ ဟိမဝန္တာတောအရပ်၌ နေထိုင်ကုန်လျက် တိုင်ပင်ဆွေးနွေးကြကုန်သည်မှာ “ငါတို့သည် ပြည်စည်းစိမ်ကိုပယ်စွန့်၍ ရဟန်းပြုခဲ့ကြကုန်၏။ အသက်မွေးခြင်းငှာ မစွမ်းနိုင်သောကြောင့် ရဟန်းပြုကြကုန်သည် မဟုတ်ချေ။ ထိုသို့ ရသေ့ရဟန်းပြုကြကုန်သော ငါတို့နှစ်ယောက်သည် တစ်နေရာတည်း၌ အတူနေကြကုန်သည်ရှိသော် ရသေ့ရဟန်းမပြုသော သူတို့နှင့် တူကုန်သည်သာတည်း။ ထို့ကြောင့် ငါတို့သည် တခြားစီသာ နေကြကုန်အံ့၊ သင်သည် တစ်ခုသောတောင်၌ နေလော့၊ ငါသည် ဤတောင်၌ နေအံ့၊ လခွဲတစ်ကြိမ် (ဆယ့်ငါးရက်တိုင်း) ဥပုသ်နေ့၌ တစ်ပေါင်းတည်း တွေ့ဆုံခြင်း ဖြစ်ကြကုန်အံ့”ဟု တိုင်ပင်ဆွေးနွေးကြကုန်၏။

ထို့နောက် တစ်ဖန် ထိုရသေ့တို့အား ဤသို့သော တိုင်ပင်ခြင်း ဖြစ်ပြန်၏။ “ဤသို့ လခွဲတစ်ကြိမ် ပေါင်းဆုံခြင်းသည်လည်း အပေါင်းအဖော်၌ မွေ့လျော်သည်သာလျှင် ဖြစ်လတ္တံ့၊ သင်သည်ကား သင်၏တောင်၌ မီးညှိထွန်းလေလော့၊ ငါသည်လည်း ငါ၏တောင်၌ မီးကို ညှိထွန်းပြအံ့၊ ထိုမီးအမှတ်ဖြင့် ရှိသည့်အဖြစ်ကို သိကြကုန်အံ့”ဟု တိုင်ပင်ခြင်း ဖြစ်ကြပြီးလျှင် ထိုရသေ့တို့သည် တိုင်ပင်ချက်အတိုင်းပြု၍ နေကြကုန်၏။

ဝေဋ္ဌဒီပကရသေ့ စုတေသဖြင့် နတ်သားဖြစ်၍ အဖော်ရသေ့ထံလာပြီးလျှင် ဟတ္ထိကန္တစောင်းနှင့် မန္တန်ပေးခြင်း

ထို့နောက် အခါတစ်ပါး၌ ဝေဋ္ဌဒီပက ရသေ့သည် ကွယ်လွန်လေ၍ တန်ခိုးကြီးသော နတ်မင်း၏အဖြစ်ဖြင့် ဖြစ်လေ၏။ ထို့နောက် လခွဲရောက်လတ်သော် မီးကို မမြင်သောကြောင့်သာလျှင် တစ်ပါးသော အဖော် အလ္လကပ္ပ ရသေ့သည် “ငါ၏ အဖော်ဖြစ်သော ဝေဋ္ဌဒီပက ရသေ့သည်ကား သေလွန်ခြင်းကို ပြုခဲ့ပြီ”ဟု သိလေ၏။ ဝေဋ္ဌဒီပက ရသေ့သည်လည်း နတ်ဖြစ်သောခဏ၌သာလျှင် မိမိ၏ နတ်စည်းစိမ် အသရေ အထွေထွေကို သေချာစွာ ကြည့်ရှုပြီးလျှင် မိမိသည် ပြုအပ်သော ကောင်းမှုကံကို ပြန်လှန်စူးစမ်း ဆင်ခြင်သည်ရှိသော် တောထွက်သောကာလမှစ၍ မိမိသည် ကျင့်အပ်သော ခြိုးခြံသောအကျင့်ကို မြင်ရ၍ “ယခု သွားပြီးလျှင် ငါ၏အဖော်ကို ဖူးမြင်ဦးအံ့”ဟု ထိုအတ္တဘောကို စွန့်ပယ်ခဲ့၍ ခရီးသွားသော ယောက်ျားအလား ထိုအလ္လကပ္ပ ရသေ့၏အထံသို့ သွား၍ ရိုသေစွာရှိခိုးပြီးလျှင် သင့်တင့်လျောက်ပတ်သော အရပ်၌ ရပ်တည်လေ၏။

ထိုအခါ ခရီးသွားယောက်ျားကို အလ္လကပ္ပ ရသေ့သည် “သင်ကား အဘယ်အရပ်မှ လာခဲ့ပေသနည်း”ဟု မေး၏။ ခရီးသွား ယောက်ျားသည်လည်း “အရှင်ဘုရား- အသို့နည်း၊ အရှင်မြတ်သည် ဤအရပ်ဒေသ၌ တစ်ပါးတည်းသာလျှင် နေတော်မူပါသလော၊ အခြားသော တစ်စုံတစ်ယောက်သော အဖော်သည်လည်း ရှိပါသေးသလော”ဟု မေးလျှောက်လေ၏။ “ငါ့အား တစ်ယောက်သော အဖော်ရှိ၏”ဟုဆိုလျှင် “ထိုအဖော်သည် အဘယ်မှာနည်း”ဟု မေးမြန်းသဖြင့် “တစ်ခုသောတောင်၌နေ၏။ ဥပုသ်နေ့၌ကား မီးကို မညှိထွန်း၊ ကွယ်လွန်ရှာသည် ဖြစ်ပေလတ္တံ့”ဟု ပြောဆိုသည်ရှိသော် “အရှင်ဘုရား- သည်အတိုင်း ဟုတ်မှန်ပေလိမ့်မည်”ဟု လျှောက်ကြားသဖြင့် “ငါ့ရှင်- ဒါယကာ သည်အတိုင်း ဟုတ်သည်”ဟု ပြောဆိုသောအခါ ခရီးသွားယောက်ျားက “တပည့်တော်သည် အရှင်မြတ်၏ အဖော်ဖြစ်သော ထိုရသေ့ပါတည်း”ဟု လျှောက်ကြားလေ၏။

“အဘယ်အရပ်၌ ဖြစ်လေသနည်း”ဟု မေးပြန်လတ်သော် “အရှင်ဘုရား- တပည့်တော်သည် နတ်ပြည်၌ တန်ခိုးကြီးသော နတ်မင်း၏အဖြစ်ဖြင့် ဖြစ်ပါသည်။ အရှင်မြတ်ကို ဖူးမြင်ဦးအံ့ဟု ယခုတစ်ဖန် လာခဲ့သောသူ မှန်ပါသည်၊ ဤအရပ်ဌာန၌ သီတင်းသုံးနေကုန်သော အရှင်မြတ်တို့အား တစ်စုံတစ်ခုသော ဘေးရန်ဥပဒ္ဒဝေါ ရှိပါသလော”ဟု မေးလျှောက်လေ၏။ “ဪ- ရှိပေ၏ ဒါယကာ၊ ဆင်ကိုမှီ၍ ဆင်းရဲပင်ပန်း၏”ဟု ပြောဆိုသောအခါ “အရှင်ဘုရား- အရှင်မြတ်အား ထိုဆင်တို့သည် အဘယ်သို့ ပြုပါကုန်သနည်း”ဟု မေးလျှောက်ပြန်သော် “တံမြက်လှည်းအပ်သော နေရာဌာန၌ မစင်ကျင်ကြီးတို့ကို စွန့်ချခဲ့ကြကုန်၏။ ခြေတို့ဖြင့် မြေ၌ပုတ်ခတ်၍ မြေကို ယက်ကော်ထုတ်ပစ်ကြကုန်၏၊ ငါသည် မစင်ကျင်ကြီးတို့ကို ကျုံးပစ်ရသည်ဖြစ်၍လည်းကောင်း၊ မြေကို ညီညွတ်အောင် ပြုရသည်ဖြစ်၍လည်းကောင်း ဆင်းရဲပင်ပန်းပေသည်”ဟု ပြောကြားလျှင် “အသို့နည်း၊ အရှင်မြတ်တို့သည် ထိုဆင်တို့၏ မလာခြင်းကို အလိုရှိကြပါကုန်သလော”ဟု မေးလျှောက်သဖြင့် “ဒါယကာ- မလာခြင်းကို အလိုရှိသည်”ဟု မိန့်ဆိုလေသော် “ယင်းသို့ဖြစ်မူ ထိုဆင်တို့၏ မလာခြင်းကို ပြုအံ့”ဟု ဆို၍ ရသေ့အား ဆင်တို့နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သောကြောင့် ဟတ္ထိကန္တ အမည်ရှိသော စောင်းကိုလည်းကောင်း၊ ဟတ္ထိကန္တ အမည်ရှိသော မန္တန်ကိုလည်းကောင်း ပေးလေ၏။

ယင်းသို့ စောင်း,မန္တန်တို့ကို ပေးသည်ရှိသော်လည်း စောင်း၏ သုံးခုသော ညှို့တို့ကိုပြ၍ သုံးခုသော မန္တန်တို့ကို သင်ယူစေပြီးလျှင် “ဤစောင်းညှို့ကိုတီး၍ ဤမန္တန်ကို ရွတ်ဆိုသည်ရှိသော် ပြန်လည်၍ ကြည့်ရှုခြင်းငှာလည်း မဝံ့ကုန်သည်ဖြစ်၍ ဆင်တို့သည် ထွက်ပြေးကြကုန်လတ္တံ့၊ ဤစောင်းညှို့ကိုတီး၍ ဤမန္တန်ကို ရွတ်ဆိုသည်ရှိသော် (လှည့်ကြည့် လှည့်ကြည့်) နောက်၌ပြန်နစ်ကာ ကြည့်ရှုကုန်လျက် ပြေးကြကုန်လတ္တံ့၊ ဤစောင်းညှို့ကိုတီး၍ ဤမန္တန်ကို ရွတ်ဆိုသည်ရှိသော် ဆင်တို့၏ အကြီးဖြစ်သော ဆင်မင်းသည် ကျောက်ကုန်းကို ညွတ်လျက် ရှေးရှုလာလတ္တံ့၊” ဤသို့သော စကားတို့ကို မှာကြား ပြောဆိုခဲ့ပြီးလျှင် “အကြင်အမှုကို အရှင်မြတ်သည် အလိုရှိ၏၊ ထိုအမှုကို ပြုလေလော့”ဟု ပြောဆို၍ ဖဲသွားလေ၏။ အလ္လကပ္ပရသေ့သည် ပြေးစေတတ်သော မန္တန်ကို ရွတ်ဆို၍ ပြေးစေတတ်သော စောင်းညှို့ကို တီးပြီးလျှင် ဆင်တို့ကိုပြေးစေ၍ နေလေ၏။

ပူရန္တပ္ပမင်း၏ မိဖုရားကြီးအား ငှက်ဆင် ချီသွားခြင်း

ထိုအခါ ကောသမ္ဗီပြည်၌ ပူရန္တပ္ပအမည်ရှိသော မင်းသည် မင်းပြု၏။ ထိုမင်းသည် တစ်နေ့သ၌ ကိုယ်ဝန်ရှိသော မိဖုရားနှင့် အတူတကွ နေပူစာလှုံလျက် ဟင်းလင်းဖြစ်သော နန်းကြမ်းပြင်၌ နေ၏။ မိဖုရားကြီးသည် မင်းကြီး ခြုံအပ်သော အဖိုးတစ်သိန်းထိုက်သော ကမ္ဗလာနီကို သိုင်းခြုံ၍ ထိုင်နေလျက် မင်းကြီးနှင့် စကားပြောနေစဉ် မင်းကြီး၏လက်ချောင်းမှ အဖိုးတစ်သိန်းထိုက်သော မင်းကြီးလက်စွပ်ကို ချွတ်ယူ၍ မိမိလက်ချောင်း၌ ဝတ်ဆင်ထားလေ၏။ ထိုအခါ ငှက်ဆင်သည် ကောင်းကင်ခရီးဖြင့် လာခဲ့သည်ရှိသော် ပျံလာစဉ် (ကမ္ဗလာနီခြုံ၍နေသော) မိဖုရားကိုမြင်၍ သားတစ်ဟူသော အမှတ်ဖြင့် အတောင်တို့ကိုလွှတ်၍ ဆင်းသက်လေသတည်း။ မင်းကြီးသည် ထိုငှက်ဆင်၏ သက်ဆင်းသောအသံဖြင့် နေရာမှထ၍ နန်းတော်ဆောင်အတွင်းသို့ ဝင်လေ၏။ မိဖုရားသည် လေးသော ကိုယ်ဝန်ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ကြောက်တတ်သော သဘောရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း လျင်မြန်စွာ သွားခြင်းငှာ မစွမ်းနိုင်၊ ထိုအခါ မိဖုရားကို ငှက်ဆင်သည် ထိုးသုတ်သည်ဖြစ်၍ ခြေသည်းအကြားတည်းဟူသော ချိုင့်၌နေစေလျက် ကောင်းကင်ခရီးဖြင့် ပျံသန်းလေ၏။

ထိုမိဖုရားသည်လည်း ထိုငှက်ဆင် ဆောင်အပ်သည်ရှိသော် သေရအံ့သောဘေးမှ တွေးတောကြောက်ရွံ့သည်ဖြစ်၍ ကြံဆင်ခြင်သည်မှာ “အကယ်၍ ငါသည် ဟစ်အော်လိုက်သည် ဖြစ်အံ့၊ လူတို့၏ အသံမည်သည်ကား တိရစ္ဆာန်တို့အား အလွန် ကြောက်ရွံ့တုန်လှုပ် ထိတ်လန့်ခြင်းကို ဖြစ်စေတတ်၏။ ထိုငါ၏အသံကိုကြားလျှင် ငါ့ကို လွှတ်ပစ်လတ္တံ့၊ ထိုသို့ လွှတ်ပစ်သည်ရှိသော် ကိုယ်ဝန်နှင့်တကွသော ငါသည် အသက်ကုန်ခြင်းသို့ ရောက်ရလတ္တံ့၊ အကြင်အရပ်၌ နားနေ၍ စားခြင်းငှာ အားထုတ်လတ္တံ့၊ ထိုအခါ၌ ထိုငှက်ဆင်ကို လူသံကြားအောင်ပြု၍ ပြေးစေအံ့”ဟု ကြံဆင်ခြင်ပြီးလျှင် မိဖုရားသည် မိမိ၏ ပညာရှိသည်၏အဖြစ်ကြောင့် သည်းခံ၍သာ နေလေ၏။ ထိုအခါ၌လည်း ဟိမဝန္တာ တောအရပ်၌ အတန်ငယ်ကြီးပွား၍ မဏ္ဍပ်အခြင်းအရာဖြင့်တည်သော တစ်ခုသော ပညောင်ပင်ကြီးသည် ရှိ၏။ ထိုငှက်ဆင်သည် သား,သမင်တို့ကို ထိုပညောင်ပင်ကြီးသို့ဆောင်ယူ၍ စားလေ့ရှိ၏။ ထို့ကြောင့် မိဖုရားကိုလည်း ထိုအရပ်သို့ပင် ယူဆောင်၍ ပညောင်ပင်ခွအကြားတွင် ချထားပြီးလျှင် လာခဲ့သောလမ်းခရီးကို ပြန်၍ ကြည့်လေ၏။ (လာခဲ့ပြီးသော လမ်းခရီးကို ပြန်၍ကြည့်ခြင်းမည်သည် ထိုငှက်တို့၏ အလေ့သဘော ဖြစ်ပေသတတ်။)

သစ်ပင်ခွကြား၌ ဥတေနမင်းသားကို ဖွားမြင်ခြင်း

ထိုခဏ၌ မိဖုရားသည် “ယခုအခါ ဤငှက်ဆင်ကို ပြေးစေခြင်းငှာ သင့်လျော်၏”ဟု ကြံ၍ လက်နှစ်ဖက်တို့ကို မြှောက်ပင့်၍ လက်ခုပ်တီးသံကိုလည်းကောင်း ဟစ်အော်ကြွေးကြော်သော ခံတွင်းသံကိုလည်းကောင်း ပြု၍ ထိုငှက်ဆင်ကြီးကို ပျံပြေးစေလေ၏။ ထိုအခါ မိဖုရားအား နေဝင်စ အခါကာလ၌ ကံကြောင့်ဖြစ်သော လေအဟုန်တို့သည် (သားဖွားရန်) တုန်လှုပ်၍ လာကုန်၏။ ခပ်သိမ်းသော အရပ်မျက်နှာတို့၌ ထစ်ချုန်းလျက် ကြီးစွာသော မိုးကြီးသည် တက်၍ ရွာသွန်းခဲ့လေ၏။ နန်းစည်းစိမ်တွင်း၌ ချမ်းသာစွာ ကြီးပွားခဲ့ရသော မင်းမိဖုရားကြီးအား “အရှင်မ- မကြောက်ပါလင့်”ဟူသော အားပေးစကားမျှကိုလည်း မရဘဲ ဆင်းရဲဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ညဉ့်သုံးယာမ်ပတ်လုံး တမှေးတမှိတ် အိပ်ရခြင်းမည်သည် မရှိ။ ညဉ့်၏ ကင်းစင်လင်းရောက် မိုးသောက်လတ်သည်ရှိသော် မိုးတိမ်တိုက် ကင်းခြင်းသည်လည်းကောင်း၊ နေအရုဏ်တက်ခြင်းသည်လည်းကောင်း၊ ထိုမိဖုရား၏ ကိုယ်ဝန်မှ ထမြောက် ဖွားမြင်ခြင်းသည်လည်းကောင်း တစ်ပြိုင်နက်သာလျှင် ဖြစ်လေ၏။ ထိုမိဖုရားသည် မိုးကြောင့်ဖြစ်သော ဥတုကိုလည်းကောင်း၊ တောကြောင့်ဖြစ်သော ဥတုကိုလည်းကောင်း၊ နေအရုဏ်ကြောင့်ဖြစ်သော ဥတုကိုလည်းကောင်း ယူ၍ ဖွားမြင်သောကြောင့် သားငယ်အား ဥတေနဟူသော အမည်ကို မှည့်လေ၏။

မိဖုရားကြီးကို အလ္လကပ္ပရသေ့ကြီး တွေ့မြင်၍ စောင့်ရှောက်ထားခြင်း

အလ္လကပ္ပရသေ့၏ နေရာသင်္ခမ်းသည်လည်း ထိုပညောင်ပင်ကြီးမှ မနီးမဝေးသော အရပ်၌ ဖြစ်ပေ၏။ ထိုရသေ့သည် ပြကတေ့ သဘောဖြင့်ပင် မိုးရွာသောနေ့၌ ချမ်းအေးသောဘေးမှ ကြောက်ရွံ့သဖြင့် သစ်သီးကြီးငယ် အလို့ငှာ တောသို့မဝင်မီ ထိုပညောင်ပင်ရင်းသို့ ချဉ်းကပ် သွားရောက်၍ ငှက်စားအပ်သော အသားတို့၏အရိုးကို ဆောင်ယူကာ ထောင်းထုပြီးလျှင် အရည်ကျိုပြုတ်၍ သောက်လေ့ရှိ၏။ ထို့ကြောင့် ထိုနေ့၌လည်း အရိုးကို ဆောင်ယူအံ့ဟု ထိုအရပ်သို့သွား၍ သစ်ပင်အောက်၌ အရိုးတို့ကို ရှာမှီးစဉ် သစ်ပင်ထက်၌ သူငယ်ငိုသံကိုကြား၍ မျှော်ကြည့်လတ်သည်ရှိသော် မိဖုရားကိုမြင်လျှင် “သင်ကား အဘယ်သူနည်း”ဟု မေး၍ “အကျွန်ုပ်သည် လူမိန်းမပါ”ဟု ဆိုသည်ရှိသော် “အဘယ့်ကြောင့် ဤအရပ်သို့ ရောက်လာသနည်း”ဟု မေးပြန်သဖြင့် “ငှက်ဆင် ချီဆောင်ယူလာပါသည်”ဟု ဆိုပြန်သည်ရှိသော် “ယင်းသို့ဖြစ်မူ သက်ဆင်းခဲ့လော့”ဟု ဆိုလေ၏။ ထိုမိဖုရားသည် “အရှင်မြတ်- ဇာတ်ပျက်မည်မှ ကြောက်ရွံ့လှပါသည်”ဟု ပြန်ပြောသောအခါ “သင် အဘယ်အမျိုးနည်း”ဟု မေးပြန်သဖြင့် “မင်းမျိုးပါ”ဟု ပြောလတ်သော် “ငါသည်လည်း မင်းမျိုးသာလျှင် ဖြစ်သည်”ဟု ပြောလေလျှင် “ယင်းသို့ဖြစ်မူ ခတ္တိယမာယာကို မိန့်ဆိုပါ”ဟု တောင်းပန်သဖြင့် ထိုရသေ့သည် ခတ္တိယမာယာကို ဆိုလေ၏။ “ထိုသို့ဖြစ်မူ တက်လာခဲ့၍ အကျွန်ုပ်၏ သားငယ်ကို အောက်သို့ချပါလော့”ဟု ဆိုလေ၏။ ထိုရသေ့သည် တစ်ခုသော နံပါးအဖို့ဖြင့် တက်အံ့သောလမ်းကိုပြု၍ သစ်ပင်ထက်သို့ တက်ပြီးလျှင် သူငယ်ကိုယူလေ၏။ “အကျွန်ုပ်ကို လက်ဖြင့်မထိပါစေလင့်”ဟူ၍လည်း ဆိုပြန်သည်ရှိသော် ထိုမိဖုရားကို မထိစေဘဲသာလျှင် သူငယ်ကိုယူ၍ အောက်သို့ ချလေ၏။ မိဖုရားသည်လည်း သက်ဆင်းလေ၏။

ထိုအခါ မိဖုရားကို ကျောင်းသင်္ခမ်းသို့ဆောင်၍ သီလ ပျက်စီးခြင်းကို မပြုမူ၍သာလျှင် အစဉ်သနားသောအားဖြင့် လုပ်ကျွေးသမှု ပြုစုလေ၏။ ပျားကောင်မရှိသော ပျားလပို့တို့ကို ဆောင်၍လည်းကောင်း၊ အလိုလို ပေါက်ရောက် ကြီးပွားသော သလေးစပါးကို ဆောင်၍လည်းကောင်း ယာဂုကို ချက်ပြုတ်၍ ပေးလေ၏။ ဤသို့သောအခြင်းအရာဖြင့် ထိုရသေ့သည် လုပ်ကျွေးသမှု ပြုစုသည်ရှိသော် မိဖုရားသည် နောက်အဖို့၌ ကြံစည်သည်မှာ “ငါသည် လာအပ်သော ခရီးကိုလည်း မသိ၊ သွားအပ်သော ခရီးကိုလည်း မသိ၊ ဤရှင်ရသေ့နှင့်လည်း ငါ့အား အကျွမ်းဝင်ခြင်းမျှလည်း မရှိ၊ ဤရသေ့သည် အကယ်၍ ငါတို့ကို စွန့်ပစ်ပယ်ရှား၍ တစ်စုံတစ်ခုသော အရပ်သို့ သွားသည်ဖြစ်အံ့၊ နှစ်ယောက်ကုန်သော ငါတို့သည်လည်း ဤအရပ်၌ပင်လျှင် သေခြင်းသို့ ရောက်ကြရကုန်လတ္တံ့၊ တစ်စုံတစ်ခုသော အမှုကိုပြု၍ ဤရသေ့၏သီလကို ဖျက်ဆီးပြီးလျှင် အကြင်သို့သော အခြင်းအရာဖြင့် ပြုသည်ရှိသော် ဤရသေ့သည် ငါ့ကို မလွှတ်နိုင်၊ ထိုသို့သော အခြင်းအရာဖြင့် ပြုခြင်းငှာ သင့်၏”ဟု ကြံစည်လေ၏။ ထို့နောက် ထိုရသေ့ကို မလျော်သော ဝတ်ခြင်း၊ မလျော်သော ရုံခြင်းကို ပြခြင်းဖြင့် ဖြားယောင်း၍ သီလပျက်စီးခြင်းသို့ ရောက်စေ၏။ ထိုအခါမှစ၍ နှစ်ယောက်ကုန်သော သူတို့သည် အညီအညွတ် ပေါင်းသင်းဆက်ဆံ နေကြလေကုန်၏။

ဥတေနမင်းသားအား ဟတ္ထိကန္တမန္တန် သင်ပေးခန်း

ထိုမှ နောက်ဖြစ်သော တစ်ခုသောနေ့၌ ရသေ့သည် နက္ခတ်ယှဉ်ခြင်းကို ကြည့်ရှုသည်ရှိသော် ပူရန္တပ္ပမင်း၏ နက္ခတ်ညှိုးနွမ်းသည်ကို မြင်၍ “ချစ်နှမ- ကောသမ္ဗီပြည်၌ ပူရန္တပ္ပမင်းသည် ကွယ်လွန်ရှာလေပြီ”ဟု ဆိုလေ၏။ “အရှင်- အဘယ့်ကြောင့် ဤသို့ ဆိုဘိသနည်း၊ ထိုပူရန္တပ္ပမင်းနှင့်တကွ အရှင့်အား ရန်ငြိုးဖွဲ့ခြင်းသည် ရှိသလော”ဟု မေးသောအခါ “ချစ်နှမ- ထိုပူရန္တပ္ပမင်းနှင့်တကွ ရန်ငြိုးဖွဲ့ခြင်း မရှိ၊ ထိုပူရန္တပ္ပမင်း၏ နက္ခတ်ညှိုးနွမ်းခြင်းကို မြင်ရ၍ ဤသို့ ဆိုပေသည်”ဟု ပြောလျှင် မိဖုရားသည်လည်း ငိုကြွေးလေ၏။

ထိုအခါ မိဖုရားကို “အဘယ့်ကြောင့် ငိုကြွေးသနည်း”ဟု မေး၍ မိဖုရားသည် ထိုပူရန္တပ္ပမင်း၏ မိမိအရှင် ကြင်ဖက်တော်ဖြစ်သည်အဖြစ်ကို ပြောကြားသည်ရှိသော် “ချစ်နှမ- မစိုးရိမ် မပူဆွေး မငိုကြွေးလင့်၊ ဖြစ်လာသော သတ္တဝါအား သေခြင်းတရားမည်သည် မြဲသည်သာတည်း”ဟု ပြောကြားလေ၏။ “အရှင်- သေခြင်းမြဲသည်ကို အကျွန်ုပ်သည် သိပါ၏”ဟု ပြန်ပြောသည်ရှိသော် “ထိုသို့သိလျှင် အဘယ့်ကြောင့် ငိုကြွေးသနည်း”ဟု မေးပြန်သဖြင့် “အရှင်- အကျွန်ုပ်၏သားသည် အမျိုးတို့၏ဥစ္စာဖြစ်သော မင်းအဖြစ်အား လျောက်ပတ်၏၊ အကယ်၍သာ ထိုကောသမ္ဗီပြည်၌ ဖြစ်ပါမူကား ထီးဖြူစိုက်ထူ၍ မင်းပြုရလေပြီ၊ ယခုမူကား ဆုံးရှုံးခြင်းကြီး ဖြစ်ခဲ့လေပြီတကားဟူသော စိုးရိမ်ကြောင့်ကြခြင်းဖြင့် ငိုကြွေးပါသည်”ဟု ပြန်ပြောလေ၏။ “ချစ်နှမ- ဖြစ်မူလည်း ဖြစ်စေတော့၊ မစိုးရိမ် မကြောင့်ကြလင့်၊ ထိုမင်းသား၏ မင်းအဖြစ်ကို အကယ်၍ တောင့်တသည်ဖြစ်အံ့၊ ငါသည် မင်းအဖြစ်ကိုရအံ့သော အခြင်းအရာကို ပြုပေးပေအံ့”ဟု ပြောကြားလေ၏။ ထို့နောက် မင်းသားအား ဆင်ချစ်သော ဟတ္ထိကန္တမည်သော စောင်းကိုလည်းကောင်း၊ မန္တန်ကိုလည်းကောင်း ပေးလေ၏။

ထိုအခါ တန်ခိုးကြီးသော နတ်မင်းသည် မှာထားခဲ့သော နည်းဖြင့်သာလျှင် ထိုမင်းသားအား ပြောကြား၍ “ဤစောင်းညှို့ကိုတီး၍ ဤမန္တန်ကို ရွတ်ဆိုသည်ရှိသော် အထောင်မက များစွာသောဆင်တို့သည် လာကုန်၍ မဏ္ဍပ်ပမာ ဝန်းယှက်ကာသော ပညောင်ပင်ရင်း၌ နေကြကုန်လတ္တံ့”ဟု ဆိုပြီးလျှင် ထို့နောက် မင်းသားကို ဤသို့မှာကြားလေ၏။ “ဆင်တို့မလာမီပင် သစ်ပင်ထက်သို့တက်၍ ထိုဆင်တို့ လာကြကုန်သည်ရှိသော် ဤမန္တန်ကိုရွတ်ဆို၍ ဤစောင်းညှို့ကို တီးလော့၊ အလုံးစုံသော ဆင်တို့သည် ပြန်၍ ကြည့်ရှုခြင်းငှာလည်း မဝံ့ကုန်သည်ဖြစ်၍ ပြေးကြကုန်လတ္တံ့၊ ထိုအခါ သစ်ပင်ထက်မှ သက်ဆင်း၍ ပြန်လာခဲ့လော့”ဟု မှာကြားလေ၏။ ဥတေနမင်းသားသည် ထိုရသေ့မှာတိုင်းပြု၍ ပြန်လာခဲ့ပြီးလျှင် ထိုအကြောင်းကို ပြောကြားလေ၏။ ထို့နောက် နှစ်ရက်မြောက်သောနေ့၌ မင်းသားကို “ယနေ့ ဤမန္တန်ကိုရွတ်ဆို၍ စောင်းညှို့ကို တီးလေလော့၊ အလုံးစုံသော ဆင်တို့သည် လှည့်ကြည့် လှည့်ကြည့် ပြေးကြကုန်လတ္တံ့”ဟု မှာကြားလေ၏။ ထိုအခါ၌လည်း မင်းသားသည် ထိုရသေ့မှာကိုင်းပြုပြီး၍ ပြန်လာခဲ့ပြီးလျှင် ထိုအကြောင်းကို ပြောကြားလေ၏။ ထို့နောက် သုံးရက်မြောက်သောနေ့၌ မင်းသားကို “ယနေ့ ဤမန္တန်ကို ရွတ်ဆို၍ ဤစောင်းညှို့ကို တီးလေလော့၊ ဆင် အကြီးအကဲ(ဆင်မင်း)သည် ကျောက်ကုန်းကို ညွှတ်လျက် လာလတ္တံ့”ဟု မှာကြားလေ၏။ ထိုအခါ၌လည်း ထိုရသေ့မှာတိုင်းပြု၍ ပြန်လာခဲ့ပြီးလျှင် ထိုအကြောင်းကို ပြောကြားလေ၏။

ဥတေနမင်းသား ကောသမ္ဗီတိုင်းပြည်၌ မင်းစည်းစိမ်ကို ရခြင်း

ထိုရောအခါ မင်းသား၏ မယ်တော်ကိုခေါ်၍ “ချစ်နှမ- အသင့်သားအား မှာလိုရာ သတင်းစကားကို မှာကြားလေလော့၊ ဤမျှသော အခြင်းအရာဖြင့်သာလျှင် သွားရောက်၍ မင်းဖြစ်ပေလတ္တံ့”ဟု ဆိုလေ၏။ မိဖုရားသည် သားတော်ကိုခေါ်၍ “ချစ်သား- သင်သည် ကောသမ္ဗီပြည် ပူရန္တပ္ပမင်း၏ သားတည်း၊ ငါ့ကို ငှက်ဆင်သည် ချီဆောင်ယူလာခဲ့၏”ဟု ပြောဆိုပြီးလျှင် စစ်သူကြီး စသည်တို့၏ အမည်တို့ကိုလည်း ပြောကြား၍ “မယုံကြည်ကုန်သောသူတို့အား မောင့်ခမည်းတော်မင်းကြီး ခြုံအပ်သော ဤကမ္ဗလာနီကိုလည်းကောင်း၊ ဝတ်ဆင်အပ်သော ဤလက်စွပ်ကိုလည်းကောင်း ပြလေလော့”ဟု ပြောဆို မှာထားပြီး၍ (ထိုကမ္ဗလာနီ၊ လက်စွပ်တို့ကို ပေး၍) လွှတ်လိုက်လေ၏။

မင်းသားသည် ယခုအခါ “အဘယ်သို့ ပြုရပါမည်နည်း”ဟု ရသေ့ကို မေးလေ၏။ “ပညောင်ပင်၏ အောက်အဖို့ဖြစ်သော အခက်၌ထိုင်နေ၍ ဤမန္တန်ကိုရွတ်ဆို၍ ဤစောင်းညှို့ကို တီးလေလော့၊ အကြီးအမှူးဖြစ်သော ဆင်မင်းသည် ကျောက်ကုန်းကိုညွှတ်၍ သင်၏ အထံသို့ ချဉ်းကပ်လာလတ္တံ့၊ ထိုဆင်မင်း၏ ကျောက်ကုန်းထက်၌ ထိုင်စီးကာ လိုက်သွား၍ မင်းအဖြစ်ကို ယူလေလော့”ဟု ဆိုလေ၏။ ထိုဥတေန မင်းသားသည် မယ်တော်,ခမည်းတော်တို့ကို ရှိခိုး၍ မှာထားသော စကားအတိုင်းပြုသဖြင့် ရောက်လာသော ဆင်မင်း၏ ကျောက်ကုန်းထက်၌နေ၍ နားရင်းသို့ ကပ်လျက် “အရှင်ဆင်မင်း- အကျွန်ုပ်သည် ကောသမ္ဗီပြည် ပူရန္တပ္ပမင်းကြီး၏ သားရင်းအစစ် ဖြစ်ပါသည်။ အကျွန်ုပ်အား ဖခမည်းတော်၏ အရိုက်အရာဖြစ်သော မင်းအဖြစ်ကိုယူ၍ ပေးပါလော့”ဟု တိုးတိုးသက်သာ ပြောကြားလေ၏။

ဆင်မင်းသည် မင်းသား၏စကားကို ကြား၍ “အထောင်မက များစွာသောဆင်တို့သည် စည်းဝေး လာရောက်ကြစေကုန်သတည်း”ဟု ဆင်သံကို မြည်၏။ အထောင်မက များစွာသောဆင်တို့သည် စည်းဝေးရောက်လာကြကုန်၏။ တစ်ဖန် “အိုမင်းကြီးရင့်ကုန်သော ဆင်တို့သည် ဖဲရှောင်ကြစေကုန်သတည်း”ဟု ဆင်သံကို မြည်ပြန်၏။ အိုမင်းကြီးရင့်ကုန်သော ဆင်တို့သည် ဖဲရှောင်ကြကုန်၏။ တစ်ဖန် “အလွန်အရွယ်ငယ်ကုန်သော ဆင်တို့သည် ဆုတ်နစ် ပြန်သွားကြစေကုန်သတည်း”ဟု ဆင်သံကို မြည်ပြန်၏။ ထိုဆင်ငယ်တို့သည်လည်း ဆုတ်နစ် ပြန်သွားကြကုန်၏။ ထိုဥကေနမင်းသားသည် အထောင်မက များစွာကုန်သော အအုပ်အစုဖြစ်သော ဆင်တို့ဖြင့်ခြံရံလျက် ပစ္စန္တရစ်ရွာသို့ ရောက်သည်ရှိသော် “ငါသည် ကောသမ္ဗီပြည် ပူရန္တပ္ပ မင်းကြီး၏ သားတော်တည်း၊ စည်းစိမ်ချမ်းသာကို တောင့်တကုန်သောသူတို့သည် ငါနှင့်အတူတကွ လိုက်လာကြကုန်လော့”ဟု ဆိုလေ၏။ ထိုပစ္စန္တရစ်ရွာမှစ၍ လူတို့အား ချီးမြှောက်ထောက်ပံ့ခြင်းကိုပြုကာ သွား၍ မြို့ကို ဝန်းရံပြီးလျှင် “ငါ့အား စစ်ထိုးခြင်းကိုတည်း ပေးမည်လော၊ တိုင်းပြည်ကိုတည်း ပေးမည်လော”ဟု သတင်းစကားကို စေလွှတ်လိုက်၏။ မြို့သူမြို့သားတို့သည် “ငါတို့သည် စစ်ထိုးခြင်း၊ တိုင်းပြည်အပ်ခြင်း နှစ်ပါးကိုပင် မပေးနိုင်ကုန်၊ ငါတို့၏ မိဖုရားကြီးသည် လေးသောကိုယ်ဝန်နှင့် ငှက်ဆင်သည် ဆောင်ယူသွားခဲ့သည်။ ထိုမိဖုရားကြီး၏ ရှိသည့်အဖြစ်ကိုလည်းကောင်း၊ မရှိသည့်အဖြစ်ကိုလည်းကောင်း ငါတို့သည် မသိကြကုန်၊ အကြင်မျှလောက်သော ကာလပတ်လုံး ထိုမိဖုရားကြီး၏ သတင်းစကားကို မကြားရကုန်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး ငါတို့သည် စစ်ထိုးခြင်းကိုလည်း မပေးနိုင်၊ မင်းအဖြစ်ကိုလည်း မပေးနိုင်”ဟူ၍ ဆိုကြကုန်၏။

ထိုအခါ ဥတေနမင်းသားက “ငါသည် ထိုမိဖုရားကြီး၏ သားပေတည်း”ဟု ဆိုပြီးလျှင် စစ်သူကြီး စသည်တို့၏ အမည်တို့ကိုပြောပြ၍ ထိုမျှသော စကားဖြင့်လည်း မယုံကြည်ကုန်သောသူတို့အား ကမ္ဗလာနီကိုလည်းကောင်း၊ လက်စွပ်ကိုလည်းကောင်း ပြလေ၏။ ထိုကောသမ္ဗီ ပြည်သူပြည်သားတို့သည် ကမ္ဗလာနီကိုလည်းကောင်း၊ လက်စွပ်ကိုလည်းကောင်း ကောင်းစွာ မှတ်သားမိကြကုန်သည်ဖြစ်၍ မြို့တံခါးကိုဖွင့်ပြီးလျှင် ထိုဥတေနမင်းသားကို မင်းအဖြစ်၌ အဘိသိက်သွန်းကြလေကုန်၏။

ဃောသကသူဌေးကြီး အလောင်းသည် ခရီးအကြား ပင်ပန်းလှသဖြင့် သားငယ်ကို ပစ်စွန့်ထားခဲ့မိခြင်း

အလ္လကပ္ပတိုင်း၌ မွတ်သိပ်ခြင်း ဒုဗ္ဘိက္ခန္တရ ဘေးကြီးဖြစ်သောအခါ၌ အသက်မွေးအံ့သောငှါ မစွမ်းနိုင်သော ကောတုဟလိက အမည်ရှိသော လူတစ်ယောက်သည် ကာပိမည်သော ပျိုမျစ်နုနယ်သော သားငယ်ကိုလည်းကောင်း၊ ကာဠီမည်သော မယားကိုလည်းကောင်း ယူ၍ ကောသမ္ဗီပြည်သို့ သွားပြီးလျှင် အသက်မွေးအံ့ဟု လမ်းစာရိက္ခာကိုယူ၍ ထွက်လာခဲ့လေ၏။ (မြွေအိပ်နှင့်တူသော လေနာဖြင့်၊ ဝါ၊ ယဉ်းအနာဖြင့် သေကုန်သော လူများအပေါင်းတို့ကို မြင်၍ ထွက်ပြေး၏ဟူ၍လည်း ဆိုကုန်သည်သာတည်း။) ထိုသူတို့သည် အစဉ်အတိုင်း သွားကြကုန်သည်ရှိသော် လမ်းစာရိက္ခာ ကုန်ခန်းခြင်းကြောင့် မွတ်သိပ်ခြင်းဖြင့် နှိပ်စက်ရကား သားငယ်ကို ချီသယ်ယူဆောင်ခြင်းငှါ မစွမ်းနိုင်ကြကုန်။

ထိုအခါ ခင်ပွန်းသည်ယောက်ျားက မိမိ၏မယားကို “နှမ- ငါတို့သည် အသက်ရှည်ရှည် တည်နေရကုန်သည်ရှိသော် တစ်ဖန် သား,သမီးမည်သည် ရနိုင်ကုန်လတ္တံ့၊ ထိုသားငယ်ကို စွန့်ပစ်၍ သွားကြပါကုန်အံ့”ဟု ဆိုလေ၏။ မိခင်တို့၏ နှလုံးမည်သည်ကား နူးညံ့သိမ်မွေ့လှပေ၏။ ထို့ကြောင့် မယားဖြစ်သူက “အရှင်- အကျွန်ုပ်သည် အသက်ဝိညာဉ် ရှင်လျက်သာရှိသော သားကို စွန့်ပစ်ခြင်းငှါ မစွမ်းနိုင်ပါ”ဟု ပြောကြားလေ၏။ “ထိုသို့ဖြစ်လျှင် အဘယ်သို့ ပြုမည်နည်း”ဟု မေးသောအခါ “အလှည့်ကျဖြင့် ထိုသားငယ်ကို ချီသယ်ယူဆောင်ကြပါကုန်အံ့”ဟု ဆိုလေ၏။ မိခင်သည် မိမိအလှည့်ရောက်သောအခါ ပန်းကုံး,ပန်းဆိုင်းကဲ့သို့ ထိုသားငယ်ကို ပင့်ပင့်မြှောက်မြှောက်ချီ၍ ရင်လယ်၌ အိပ်စေလျက် ရင်ခွင်ဖြင့်ရွက်ဆောင်၍ ဖခင်အား ပေး၏။ ဖခင်ဖြစ်သောသူအား သားငယ်ကိုယူ၍ သွားသောအခါ၌ (ဆောင်ယူသော အလှည့်၌) ဆာလောင်မွတ်သိပ်သောကြောင့်လည်း လွန်စွာ အားကြီးသော ဆင်းရဲဝေဒနာသည် ဖြစ်လေ၏။ ထိုယောက်ျားသည် အဖန်ဖန်အထပ်ထပ် “နှမ- ငါတို့သည် အသက်ရှည်ရှည် တည်နေရကုန်သည်ရှိသော် သား,သမီးကို ရနိုင်ကုန်လတ္တံ့၊ ဤသားငယ်ကို စွန့်ပစ်ကြပါကုန်အံ့”ဟု ဆို၏။ ထိုမိန်းမသည်လည်း အဖန်ဖန်အထပ်ထပ် ပယ်မြစ်၍ စကားတုံ့ကိုမပေးဘဲ နေလေ၏။

သူငယ်သည် အလှည့် ပြောင်းရွှေ့ဖန်များသဖြင့် ပင်ပန်းရကား ဖခင်၏လက်ပေါ်၌ အိပ်ပျော်ခြင်းသို့ ရောက်လေ၏။ ဖခင်သည် သားငယ်၏ အိပ်ပျော်နေသည်ကိုသိရ၍ မိခင်ကို ရှေ့မှသွားစေပြီးလျှင် တစ်ခုသော ချုံ၏အောက်၌ မြက်သစ်ရွက် အခင်းထက်၌ သူငယ်ကို အိပ်စေ၍၊ ဝါ၊ ပျော်အောင် သိပ်ထား၍သွားလေ၏။ မိခင်သည် နောက်သို့ ပြန်လှည့်၍ ကြည့်လတ်သော် သားငယ်ကို မမြင်ရရှာသောကြောင့် “အရှင်- အကျွန်ုပ်၏သားသည် အဘယ်မှာနည်း”ဟု မေးလေ၏။ “ငါသည် တစ်ခုသော ချုံ၏အောက်၌ သိပ်ထားခဲ့ပေပြီ”ဟု ပြောလျှင် “အရှင် - အကျွန်ုပ်ကို မနှိပ်စက် မဖျက်ဆီးပါလင့်၊ သားနှင့်ကွေကွင်း၍ အကျွန်ုပ် အသက်ရှင်ခြင်းငှါ မစွမ်းနိုင်ပါ၊ အကျွန်ုပ်၏သားကို ယူဆောင်၍ ပေးပါ”ဟု ရင်ဘတ်တီးကာ ငိုကြွေးရှာလေ၏။ ထိုအခါ ပြန်၍ သားငယ်ကို ယူဆောင်ရလေ၏။

ဃောသကသူဌေးကြီးအလောင်းသည် သေလွန်ပြီးလျှင် ခွေးဘဝ၌ ဖြစ်ရခြင်း

ဤသို့ ထိုသူတို့သည် သွားကြကုန်သည်ရှိသော် တစ်ခုသော နွားကျောင်းသားအမျိုးအိမ်သို့ ရောက်ကြလေကုန်၏။ ထိုသူတို့ရောက်သောနေ့၌ပင် နွားကျောင်းသား၏အိမ်၌ နို့ညှစ်နွားမကို အကြောင်းပြု၍ ကျွေးမွေးခြင်း မင်္ဂလာပွဲသည် ဖြစ်လေ၏။ နွားကျောင်းသား၏အိမ်၌ အမြဲမပြတ် ပစ္စေကဗုဒ္ဓါတစ်ပါးသည် ဆွမ်းဘုဉ်းပေးတော်မူ၏။ ထိုနွားကျောင်းသားသည် ထိုပစ္စေကဗုဒ္ဓါကို ဆွမ်းကျွေး၍ မင်္ဂလာကို ပြုလေ၏။ များစွာသော နို့ဃနာကို စီရင်အပ်သောကြောင့် ရှေ့ရှုရောက်လာကုန်သော ထိုသူတို့ကို မြင်သဖြင့် “အဘယ်အရပ်မှ လာခဲ့ကြသနည်း”ဟု မေး၍ ထိုအကြောင်းအလုံးစုံကို အကုန်ကြားသိရလေလျှင် နူးညံ့သိမ်မွေ့သော သဘောရှိသော အမျိုးကောင်းသားသည် ထိုသူတို့၌ အစဉ်သနားသည်ကိုပြု၍ များစွာသော ထောပတ်နှင့်တကွ နို့ဃနာကို ပေးစေ၏။

ထိုအခါ မယားသည် “ချစ်လင်- အရှင်သည် အသက်ရှည်သည်ရှိသော် အကျွန်ုပ်သည်လည်း အသက်ရှည်သည် မည်ပါသည်၊ ရှည်စွာသော နေ့၊ညဉ့်တို့ပတ်လုံး အရှင်သည် ဟောက်သောဝမ်းရှိ၏၊ အလိုရှိတိုင်း စားသောက်သုံးဆောင်ပါလော့”ဟု ထောပတ်ကိုလည်းကောင်း၊ နို့ဓမ်းကိုလည်းကောင်း ခင်ပွန်းသည်ဘက်သို့သာ ရှေ့ရှုပြု၍ မိမိမူကား နည်းသောထောပတ်ဖြင့် အနည်းငယ်မျှကိုသာ စားသောက်လေ၏။ လင်ယောက်ျားသည် များစွာ စားသောက်၍ ခုနစ်ရက်,ရှစ်ရက်တို့ပတ်လုံး မွတ်သိပ်ဆာလောင်ခြင်း ပြင်းသည်ဖြစ်ရကား အစာ၌ တပ်မက်သော ရသတဏှာကို ဖြတ်ခြင်းငှါ မစွမ်းနိုင်၊ နွားကျောင်းသားသည် ထိုသူတို့အား နို့ဃနာကို ပေးစေပြီးမှ မိမိသည် စားသောက်ခြင်းငှါ အားထုတ်လေ၏။ ကောတုဟလိကသည် ထိုနွားကျောင်းသား စားသောက်သည်ကို ကြည့်ရှုကာနေလျက် အင်းပျဉ်အောက်၌ အိပ်နေသော ခွေးမအား နွားကျောင်းသားသည် ခူးယူ၍ ကျွေးမွေးပေးကမ်းအပ်သော နို့ဃနာခဲကိုမြင်ရလျှင် “ဤခွေးမသည်ကား ဘုန်းကံရှိပေစွတကား၊ အမြဲမပြတ် ဤသို့သဘောရှိသော အစာကို ရပေ၏”ဟု ကြံစည်လေ၏။ ထိုကောတုဟလိကသည် ညဉ့်အဖို့ကာလ၌ ထိုနို့ဃနာကို အစာကြေစိမ့်သောငှါ မစွမ်းနိုင်ခြင်းကြောင့် သေလွန်၍ ထိုခွေးမ၏ဝမ်း၌ ဖြစ်လေ၏။

ထိုအခါ ကောတုဟလိက၏ မယားသည် ကြွင်းကျန်ရစ်သော အလောင်းကောင် သင်္ဂြိုဟ်ခြင်းကိစ္စကိုပြု၍ ထိုအိမ်၌သာလျှင် အခစားကိုပြု၍ တစ်စလယ်သောဆန်ကို ရသည်ရှိသော် ချက်ပြုတ်၍ ပစ္စေကဗုဒ္ဓါ၏သပိတ်၌ လောင်းထည့်လှူဒါန်းပြီးလတ်သော် “ဤကောင်းမှုအဖို့သည် အရှင်မြတ်ဘုရားတို့၏ ကျေးကျွန်ဖြစ်သော ကောတုဟလိကအား ရောက်ပါစေသတည်း”ဟု ဆုတောင်းပတ္ထနာပြုပြီးလျှင် ဤသို့ ကြံစည်လေ၏။ “ငါသည် ဤအရပ်၌သာလျှင် နေခြင်းငှါ သင့်၏။ အမြဲမပြတ် ပစ္စေကဗုဒ္ဓါအရှင်မြတ်သည် ဤအိမ်သို့ ကြွလာတော်မူ၏။ လှူဖွယ်ဝတ္ထုသည် ရှိသည်မူလည်းဖြစ်စေ၊ မရှိသည်မူလည်းဖြစ်စေ နေ့တိုင်းမပြတ် ရှိခိုးခြင်း၊ အမှုကြီးငယ်ကို ပြုခြင်း၊ စိတ်ကို ကြည်ညိုစေခြင်းတို့ကိုပြုလျက် များစွာသော ကုသိုလ်ကောင်းမှုကို ပွားများစေရလတ္တံ့”ဟု ကြံစည်၍ ထိုမိန်းမသည် ထိုနွားကျောင်းသားအိမ်၌ပင် သူ့အားလျော်သော အခစားပြုလျက် နေလေ၏။ ထိုနွားကျောင်းသား၏ ခွေးမသည်လည်း ခြောက်လ, ခုနစ်လခန့်မြောက် ရောက်လတ်သောအခါ တစ်ကောင်တည်းသာလျှင်ဖြစ်သော ခွေးကို မွေးဖွားလေ၏။ နွားကျောင်းသားသည် ထိုခွေးငယ်အား နွားမတစ်ကောင်မှ ထွက်သော နို့ရည်ကို ပေးစေ၏။ ထိုခွေးငယ်သည် မကြာမြင့်မီပင် ကြီးပြင်းခြင်းသို့ ရောက်လေ၏။

ခွေးဘဝ၌ ပစ္စေကဗုဒ္ဓါကိုအမှီရ၍ ကုသိုလ်ကောင်းမှု များစွာပြုရခြင်း

ထိုအခါ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ဆွမ်းဘုဉ်းပေးသည်ရှိသော် ထိုခွေးငယ်အား အမြဲမပြတ် တစ်ခုတစ်ခုသော ထမင်းခဲကို ပေးတော်မူ၏။ ခွေးငယ်သည် ထမင်းခဲကို အမှီပြု၍ ပစ္စေကဗုဒ္ဓါအရှင်မြတ်၌ ချစ်ခင်ခြင်းကို ပြုလေ၏။ နွားကျောင်းသားသည်လည်း တစ်နေ့နှစ်ကြိမ် အမြဲ ပစ္စေကဗုဒ္ဓါအား ခစားလုပ်ကျွေးခြင်းငှါ သွားလေ၏။ ထိုသို့ သွားသည်ရှိသော် ခရီးအကြား သားရဲတို့ရှိရာအရပ်၌ တုတ်တံဖြင့် ချုံတို့ကိုလည်းကောင်း၊ မြေကြီးကိုလည်းကောင်း ပုတ်ခတ်၍ “သု,သု”ဟူသော အသံကို သုံးကြိမ်တိုင်အောင် ပြုပြီးလျှင် သားရဲတို့ကို ပြေးလွှားစေ၏။ ခွေးသည်လည်း ထိုနွားကျောင်းသားနှင့် အတူတကွ လိုက်ပါ၍ သွား၏။ ထိုနွားကျောင်းသားသည် တစ်နေ့သ၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို “အရှင်ဘုရား- အကြင်အခါ၌ တပည့်တော်အား အခွင့်မရသည် ဖြစ်လတ္တံ့၊ ထိုအခါ ဤခွေးကို စေလွှတ်လိုက်ပါအံ့၊ ထိုခွေးလာသော အမှတ်ဖြင့် ကြွလာတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။ ထိုနေ့မှစ၍ ကိုယ်တိုင်သွားခွင့် မရသောနေ့၌ “ချစ်သား- သွားချေ၊ အရှင်မြတ်ကို ပင့်ဆောင်ချေလော့”ဟု ခွေးကို စေလွှတ်လေ၏။ ထိုခွေးသည် တစ်ခွန်းတည်းသော စကားဖြင့်သာလျှင် ပြေးသွား၍ မိမိသခင်၏ ချုံကိုပုတ်ခတ်သောနေရာ၊ မြေကို ပုတ်ခတ်သောနေရာ၌ သုံးကြိမ်တိုင်အောင် ဟောင်ခြင်း, အူခြင်းပြု၍ ထိုအသံဖြင့် သားရဲတို့ ပြေးလွှဲ ပုန်းရှောင်သည်၏အဖြစ်ကိုသိပြီးမှ သွားလေ၏။

ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည်လည်း နံနက်စောစောကပင်လျှင် ကိုယ်လက် သုတ်သင်ခြင်းအမှုကို ပြုတော်မူပြီးလျှင် သစ်ရွက်မိုးသော ကျောင်းသို့ဝင်၍ ထိုင်နေ သီတင်းသုံးတော်မူသည်ရှိသော် အရှင်ပစ္စေကဗုဒ္ဓါ၏ သီတင်းသုံးတော်မူရာအရပ်သို့သွား၍ ကျောင်းသင်္ခမ်းတံခါးဝ၌ သုံးကြိမ်တိုင်အောင် ဟောင်ခြင်း,အူခြင်းပြုသဖြင့် မိမိ၏ လာသောအဖြစ်ကို သိစေပြီးလျှင် တင့်အပ်လျောက်ပတ်သောအရပ်၌ ဝပ်နေလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် အချိန်အခါကို မှတ်သား၍ ထွက်ကြွတော်မူသည်ရှိသော် ဟောင်ခြင်း,အူခြင်းပြုလျက် ရှေ့က သွားလင့်၏။ လမ်းခရီး အကြား,အကြား၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ထိုခွေးကို စူးစမ်းလိုသဖြင့် တစ်ပါးသောလမ်းခရီးသို့ လွှဲရှောင်၍ ကြွတော်မူ၏။ ထိုအခါ ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ ရှေ့အဖို့မှ ဖီလာကန့်လန့် ရပ်တည်၍ ဟောင်ခြင်း,အူခြင်း ပြုပြီးလျှင် ထိုအရှင်မြတ်ကို ဤမှတစ်ပါးဖြစ်သော လမ်းဖြောင့် လမ်းမှန်ဖြစ်သော ခရီးသို့သာလျှင် တက်စေ,ရောက်စေလေ၏။ ထိုမှ နောက်တစ်နေ့၌ တစ်ပါးသော လမ်းခရီးကို လွှဲရှောင် ကြွသွားတော်မူပြီးလျှင် ထိုခွေးသည် ရှေ့မှ ဖီလာကန့်လန့် ရပ်တည်၍ တားမြစ်သော်လည်း မပြန်နစ်မူ၍ ခွေးကို ခြေတော်ဖြင့် ပုတ်ခတ်တိုက်ခိုက်ကာ ကြွမြဲ ကြွတော်မူလေ၏။ ခွေးသည် ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ မပြန်ဖြစ်သည်၏ အဖြစ်ကိုသိ၍ သင်းပိုင် သင်္ကန်းစွန်း၌ ကိုက်ပြီးလျှင် ဆွဲငင်လျက် တစ်ပါးသော လမ်းဖြောင့် လမ်းမှန်ဖြစ်သော ခရီးသို့သာလျှင် ထိုအရှင်ပစ္စေကဗုဒ္ဓါကို တက်စေ ရောက်စေလေ၏။ ဤသို့လျှင် ထိုခွေးသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်၌ အားကြီးသော ချစ်ခင်ခြင်းကို ဖြစ်စေလေ၏။ ထိုမှ နောက်ဖြစ်သော တစ်ပါးသောအခါ၌ ပစ္စေကဗုဒ္ဓါအရှင်မြတ်၏သင်္ကန်း ဟောင်းနွမ်း ဆွေးမြည့်ခဲ့လေ၏။

ထိုအခါ ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား နွားကျောင်းသားသည် သင်္ကန်းလျာပုဆိုးတို့ကို လှူဒါန်းလေ၏။ ထိုနွားကျောင်းသားကို ပစ္စေကဗုဒ္ဓါ အရှင်မြတ်က “ဒါယကာ- သင်္ကန်းမည်သည်ကို တစ်ယောက်တည်းပြုခြင်းငှါ မလွယ်ကူ၊ ချမ်းသာရာ အရပ်သို့သွား၍ ပြုစေတော့အံ့”ဟု မိန့်ဆိုတော်မူ၏။ နွားကျောင်းသားကလည်း “အရှင်ဘုရား- ဤအရပ်၌ပင် ပြုတော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။ “ဒါယကာ- ငါသည် မစွမ်းနိုင်”ဟု မိန့်တော်မူသဖြင့် “အရှင်ဘုရား- ထိုသို့ဖြစ်မူ အခြားပြင်ပအရပ်၌ ကြာမြင့်စွာ သီတင်းသုံးနေတော်မမူပါလင့်”ဟု လျှောက်ကြားလေ၏။ ခွေးသည် အရှင်ပစ္စေကဗုဒ္ဓါနှင့် နွားကျောင်းသားတို့ ပြောဆိုသောစကားကို နားထောင်လျက်သာ တည်နေလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည်လည်း “ဒါယကာ- တည်နေရစ်ခဲ့လေလော့”ဟု နွားကျောင်းသားကို ဆုတ်ပြန်နစ် နေရစ်ခဲ့စေ၍ ကောင်းကင်သို့ ပျံတက်ပြီးလျှင် ဂန္ဓမာဒနတောင်သို့ ရှေ့ရှုကြွတော်မူလေ၏။ ထိုသို့ ပစ္စေကဗုဒ္ဓါအရှင်မြတ် ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူသည်ကိုမြင်၍ ကြေကွဲလှစွာ ဟောင်ကာ,အူကာ တည်နေသော ထိုခွေး၏ မျက်စိတဆုံးကို ပစ္စေကဗုဒ္ဓါအရှင်မြတ် လွန်လတ်သည်ရှိသော် နှလုံးသားကွဲ၍ သေရှာလေ၏။

(တိရစ္ဆာန်တို့မည်သည်ကား ဖြောင့်မတ်သောသဘော ရှိကုန်၏။ မကောက်မကျစ်ကုန်၊ လူတို့သည်ကား အပြောတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်တတ်ကုန်၏။ ဤသို့သော အဓိပ္ပာယ်ကိုရည်၍ “ဂုယှနဉှေတံ ဘန္တေ ယဒိဒံ မနုဿာ၊ ဥတ္တာနကံ ဟေတံ ဘန္တေ ယဒိဒံ ပသဝေါ” လူတို့ပြုသော အမူအရာသည် ဖုံးအုပ်ကွယ်ဝှက်လျက်ရှိ၏။ တိရစ္ဆာန်တို့ပြုသော အမူအရာသည် ပေါ်လွင်ထင်ရှားလျက်ရှိ၏ဟု မိန့်ဆိုတော်မူ၏။)

ခွေးဘဝမှသေ၍ ဃောသကနတ်သားဖြစ်ရခြင်း

ဤသို့လျှင် ထိုခွေးသည် ထိုသို့ ဖြောင့်မတ်သောစိတ် မကောက်ကျစ်သော စိတ်ရှိသဖြင့် သေဆုံးသည်ရှိသော် တာဝတိံသာနတ်ပြည်၌ဖြစ်၍ နတ်သမီးတစ်ထောင်ခြံရံလျက် ကြီးစွာသော စည်းစိမ်ချမ်းသာကို ခံစား,စံစားရလေ၏။ နားရင်း၌ တိုးတိုးသက်သာ ပြောဆိုတိုင်ပင်သော ထိုနတ်သား၏အသံသည် တစ်ဆယ့်ခြောက်ယူဇနာ အရပ်တိုင်အောင် နှံ့လေ၏။ ပကတိသော စကားအသံသည်ကား ယူဇနာတစ်သောင်းရှိသော နတ်ပြည်တစ်ပြည်လုံးကို လွှမ်းမိုးလေ၏။ ထို့ကြောင့်သာလျှင် ထိုနတ်သားအား ဃောသကနတ်သားဟူသော အမည်သည် ဖြစ်လေ၏။ ဤသို့ဖြစ်ခြင်းသည် အဘယ်သို့သော ကောင်းမှုကံ၏ အကျိုးဆက်နည်းဟူမူကား ပစ္စေကဗုဒ္ဓါ အရှင်မြတ်၌ ချစ်ကြည်မြတ်နိုးသောစိတ်ဖြင့် အူခြင်း,ဟောင်ခြင်းကိုပြုသော ကောင်းမှုကံ၏ အကျိုးဆက်ပေတည်း။ ထိုဃောသကနတ်သားသည် နတ်ပြည်၌ ကြာမြင့်စွာ မတည်မူ၍ စုတိချုပ်ငြိမ်းရှာလေ၏။

(နတ်သားတို့သည်ကား နတ်ပြည်မှ စုတိမရဏ သေလွန်ကြကုန်သည်ရှိသော် အသက်ကုန်ခြင်းကြောင့်လည်းကောင်း၊ ကောင်းမှုကံ ကုန်ခြင်းကြောင့်လည်းကောင်း၊ အာဟာရ ကုန်ခြင်းကြောင့်လည်းကောင်း၊ အမျက်ထွက်ခြင်းကြောင့်လည်းကောင်း၊ ဤလေးပါးကုန်သော အကြောင်းတို့ကြောင့် သေလွန်ကြကုန်၏။)

ဤဃောသကနတ်သားသည်ကား ငါးပါးအာရုံ ကာမဂုဏ်တို့ကို သုံးဆောင်ခံစားလျက် လွတ်ကင်းသော သတိရှိသည်ဖြစ်၍ အာဟာရကုန်ခြင်းကြောင့် သေလွန်ရရှာလေ၏။

ဃောသကနတ်သားဘဝမှ လူ့ပြည်၌ဖြစ်သောအခါ အမှိုက်ပုံ၌ ရှေးဦးစွာ အပစ်ခံရခြင်းနှင့် ကောသမ္ဗီသူဌေးကြီး ဝယ်ယူ၍ မွေးမြူခြင်း

နတ်ပြည်မှ သေလွန်ခဲ့ပြီး၍သော်ကား ကောသမ္ဗီပြည်ကြီးဝယ် ပြည့်တန်ဆာမ၏ဝမ်း၌ ပဋိသန္ဓေ စွဲယူလေ၏။ ပြည့်တန်ဆာမသည်လည်း ဖွားမြင်လာသောနေ့၌ “ဤယခု ဖွားမြင်သော သူငယ်သည် အသို့နည်း၊ (သားလော၊ သမီးလော)”ဟု ကျွန်မကိုမေး၍ “အရှင်မ- သားသူငယ်ပါ”ဟု ဆိုသည်ရှိသော် “အို..ကျွန်မ- ယခု ဤသူငယ်ကို စကောဆိုးအထက်၌ တင်ထား၍ တံမြက်ချေး အမှိုက်တို့ကို စွန့်ရာဖြစ်သော အမှိုက်ပုံ၌ စွန့်ပစ်ချေလော့”ဟု စေခိုင်း၍ ထိုသူငယ်ကို စွန့်ပစ်စေ၏။

(ပြည့်တန်ဆာမတို့သည်ကား သမီးမိန်းမကို သုတ်သင် ကျွေးမွေးကြကုန်၏။ သားယောက်ျားကို မသုတ်သင် မကျွေးမွေးကုန်၊ အဘယ့်ကြောင့်နည်းဟူမူကား သမီးမိန်းမသည် ထိုပြည့်တန်ဆာမတို့၏ အနွယ်အဆက်ကို ဆက်စပ်စေတတ်သောကြောင့်တည်း။)

သူငယ်ကို ကျီးတို့သည်လည်းကောင်း၊ ခွေးတို့သည်လည်းကောင်း ဝန်းရံ၍ နေကြကုန်၏။ ပစ္စေကဗုဒ္ဓါ၌ ချစ်ခင်ခြင်းကြောင့်ဖြစ်သော (ခွေး၏ဘဝက) ဟောင်ခြင်း,အူခြင်းကို ပြုခဲ့ရသော အကျိုးဆက်ဖြင့် တစ်ကောင်မျှလည်းဖြစ်သော ကျီးသည်လည်းကောင်း၊ ခွေးသည်လည်းကောင်း အနီးသို့ ချဉ်းကပ်ခြင်းငှါ မစွမ်းနိုင်ပေ။ ထိုခဏ၌ လူတစ်ယောက်သည် မြို့၏အပသို့ ထွက်သွားသည်ရှိသော် ထိုကျီး,ခွေးတို့ ဝိုင်းအုံစုရုံး၍နေသည်ကို မြင်ရ၍ “ဤအရာကား အဘယ်နည်း”ဟု သွားရောက်သဖြင့် သူငယ်ကိုမြင်လျှင် သားတည်းဟူ၍ဖြစ်သော ချစ်ခြင်းကိုရ၍ “ငါ့အား သားကို ရအပ်ပြီ”ဟု အိမ်သို့ ယူဆောင်သွားလေ၏။ ထိုအခါ ကောသမ္ဗီသူဌေးသည် မင်းအိမ်သို့ သွားသည်ရှိသော် မင်းအိမ်မှဆင်းသက်၍ ရှေ့ရှုလာသော ပုရောဟိတ်ပုဏ္ဏားကိုမြင်၍ “ဆရာ- အသို့နည်း၊ ယနေ့ သင်ဆရာသည် နိမိတ်ကိုလည်းကောင်း၊ စနည်းတဘောင် နက္ခတ်ယှဉ်ခြင်းကိုလည်းကောင်း ကြည့်ရှုပါသလော”ဟု မေးမြန်းလေ၏။ “သူဌေးကြီး- ကြည့်ရှုပေ၏”ဟု ဆိုသဖြင့် “ငါတို့အား ကိစ္စတစ်ပါး အသို့ဖြစ်လတ္တံ့နည်း၊ ဇနပုဒ်အား အသို့ဖြစ်လတ္တံ့နည်း”ဟု မေးမြန်းသည်ရှိသော် “တစ်ပါးသော အကြောင်းကိစ္စမူကားမရှိ၊ ဤကောသမ္ဗီပြည်၌ ယနေ့ဖွားသော သူငယ်သည် အကြီးဆုံးသော သူဌေးကြီး ဖြစ်လတ္တံ့”ဟု ဆိုလေ၏။

ထိုအခါ သူဌေးကြီး၏မယားသည် လေးသောကိုယ်ဝန်ရှိသည် ဖြစ်ခြင်းကြောင့် သူဌေးကြီးသည် လူတစ်ယောက်ကို “အို..အချင်း- သွားချေ၊ ငါ၏ခင်ပွန်းမဖြစ်သော သူဌေးကတော်ကြီးကို သား,သမီး ဖွားမြင်သည်ကိုလည်းကောင်း၊ မဖွားမြင်သည်ကိုလည်းကောင်း သိအောင်ပြုခဲ့လော့”ဟု အိမ်သို့လျင်စွာ စေလွှတ်လိုက်လေ၏။ မဖွားမြင်သေးဟူသော စကားကို ကြားရသည်ရှိသော် မင်းကြီးကို ဖူးမြင်၍ လျင်စွာအိမ်သို့ ပြန်သွားပြီးလျှင် ကာဠီအမည်ရှိသော ကျွန်မကိုခေါ်၍ အသပြာတစ်ထောင်ကို ပေးပြီးမှ “ဟယ်..ကျွန်မ- သွားချေ၊ ဤပြည်၌ စူးစမ်းမေးမြန်း၍ ယနေ့ဖွားသော သူငယ်ကို အသပြာတစ်ထောင် ပေးပြီးလျှင် ဆောင်ယူလာခဲ့”ဟု စေလွှတ်လိုက်လေ၏။ ကျွန်မသည်လည်း စူးစမ်း မေးမြန်းသည်ရှိသော် သူငယ်ကို ကောက်ယူရရှိသော ထိုအိမ်သို့ရောက်သွား၍ သူငယ်ကိုမြင်လျှင် “ဤသူငယ်သည် အဘယ်နေ့က ဖွားမြင်သော သူငယ်ပါနည်း”ဟု အိမ်ရှင်မကိုမေး၍ “ယနေ့ ဖွားမြင်သော သူငယ်”ဟု ဆိုလတ်သော် “ဤသူငယ်ကို အကျွန်ုပ်အား ပေးပါလော့”ဟုဆို၍ တစ်ခုသောအသပြာကို အစပြု၍ အဖိုးကို တိုးတက်စေလျက် အသပြာကြေးငွေ တစ်ထောင်ကိုပေး၍ ထိုသူငယ်ကို ဆောင်ယူခဲ့ပြီးလျှင် သူဌေးကြီးအား ပြလေ၏။ သူဌေးကြီးသည် “ငါ့အား အကယ်၍ သမီးငယ် ဖွားမြင်ခဲ့သည် ဖြစ်အံ့၊ ထိုဖွားမြင်သော ငါ၏သမီးငယ်နှင့်တကွ ဤသူငယ်ကို ထိမ်းမြားစုံဖက် လက်ဆက်စေ၍ သူဌေးကြီး ရာထူးဌာနန္တရ၏ အရှင်ဖြစ်အောင် ပြုပေအံ့၊ သားသူငယ် အကယ်၍ ဖွားမြင်ခဲ့သည်ဖြစ်အံ့၊ ဤသူငယ်ကို သတ်ပေအံ့”ဟု ကြံ၍ ထိုသူငယ်ကို မိမိ၏အိမ်၌ မွေးကျွေးသုတ်သင်ခြင်းကို ပြုစေလေ၏။

နွားခြံတံခါးဝ၌ နှစ်ကြိမ်မြောက် အပစ်ခံရခြင်း

ထို့နောက် နှစ်ရက်,သုံးရက် လွန်မြောက်သည်ရှိသော် ထိုသူဌေးကြီး၏ သူဌေးကတော်ကြီးသည် သားယောက်ျားကို ဖွားမြင်လေ၏။ သူဌေးကြီးသည် “ဤသူငယ်သည် မရှိပါမူကား ငါ၏သားသည်သာလျှင် သူဌေးရာထူးကိုရလတ္တံ့၊ ယခုပင်လျှင် ထိုသူငယ်ကို သတ်ခြင်းငှါ သင့်၏”ဟု ကြံ၍ ကာဠီမည်သော ကျွန်မကို ခေါ်ပြီးလျှင် “ဟယ် ကျွန်မ- သွားချေ၊ နွားခြံမှ နွားတို့ထွက်လာသောအခါ ခြံတံခါးဝအလယ်၌ ဤသူငယ်ကို ဖီလာကန့်လန့် အိပ်စေလော့၊ ဝါ၊ သိပ်ထားလေလော့၊ နွားမတို့သည် ထိုသူငယ်ကိုနင်း၍ သတ်ကုန်လတ္တံ့၊ နင်းသည်၏အဖြစ်, မနင်းသည်၏ အဖြစ်ကိုလည်း သိပြီးမှ ပြန်လာခဲ့လော့”ဟု ဆိုလေ၏။ ထိုကျွန်မသည်လည်း သွား၍ နွားကျောင်းသားသည် ခြံတံခါးကို ဖွင့်ကာမျှ၌သာလျှင် ထိုသူငယ်ကို သူဌေးကြီး ဆိုသောအတိုင်း ဖီလာကန့်လန့် သိပ်ထားလေ၏။ နွားတို့၏ အကြီးအမှူးဖြစ်သော နွားလားဥသဘသည် အခါတစ်ပါးသောကာလ၌ အလုံးစုံသော နွားတို့၏နောက်မှ ထွက်နေကျဖြစ်သော်လည်း ထိုနေ့၌ကား အလုံးစုံသောနွားတို့၏ ရှေးဦးစွာ ထွက်၍ သူငယ်ကို ခြေလေးချောင်းတို့၏အတွင်း၌ ခွထားသည်ကိုပြု၍ ရပ်တန့်လေ၏။ အရာမက များစွာကုန်သော နွားမတို့သည် နွားလားဥသဘ၏ နံပါးနှစ်ဖက်တို့ကို ပွတ်တိုက်ကုန်လျက် ထွက်သွားကြကုန်၏။ နွားကျောင်းသားလည်း “ဤနွားလားဥသဘသည် ရှေးအခါ၌ အလုံးစုံသော နွားတို့၏နောက်မှ ထွက်၏။ ယနေ့မူကား အလုံးစုံသော နွားတို့၏ ရှေးဦးစွာထွက်၍ ခြံတံခါးဝအလယ်၌ မတုန်မလှုပ် ရပ်တန့်၏။ ဤအကြောင်းကား အဘယ်နည်း”ဟု ကြံစည်ကာ သွား၍ ထိုနွားလားဥသဘ၏အောက်၌ အိပ်နေသောသူငယ်ကို မြင်ရလျှင် သားတည်းဟူ၍ဖြစ်သော ချစ်ခြင်းကိုရ၍ ငါ့အား သားကို ရအပ်ပြီဟု အိမ်သို့ ယူဆောင်သွားလေ၏။ ကျွန်မ ကာဠီသည် အိမ်သို့ပြန်သွား၍ သူဌေးကြီးက မေးသည်ရှိသော် ထိုအကြောင်းကို ပြန်ကြားသဖြင့် “သွားချေ၊ ထိုသူငယ်ကို ဤအသပြာတစ်ထောင်ပေး၍ တစ်ဖန် ဆောင်ချေဦးလော့”ဟု ဆိုအပ်သည်ဖြစ်၍ အသပြာတစ်ထောင် ပေးပြန်၍ ဆောင်ခဲ့ပြီးလျှင် သူငယ်ကို သူဌေးကြီးအား ပေးလေ၏။

လှည်းလမ်းမ၌ သုံးကြိမ်မြောက် အပစ်ခံရခြင်း

ထို့နောက် သူဌေးကြီးက ထိုကာဠီမည်သော ကျွန်မကို “ချစ်သမီး ကာဠီ- ဤကောသမ္ဗီပြည်၌ ငါးရာကုန်သော လှည်းတို့သည် နံနက်စောစောကာလ၌ထ၍ ကုန်သွယ်ခြင်းအလို့ငှါ သွားကြကုန်လတ္တံ့၊ သင်သည် ဤသူငယ်ကိုဆောင်သွား၍ လှည်းဘီးစက်၏ လိမ့်သွားရာ (လှည်းလမ်း) ခရီး၌ သိပ်ထားလေလော့၊ နွားတို့သည်မူလည်း ထိုသူငယ်ကို နင်းကုန်လတ္တံ့၊ လှည်းဘီးတို့သည်မူလည်း ထက်ပိုင်းကြိတ်ဖြတ်ကုန်လတ္တံ့၊ ထိုသူငယ်၏အကြောင်းကိုလည်း သိပြီးမှသာ ပြန်၍လာခဲ့လော့”ဟု မှာလိုက်၏။ ထိုကျွန်မသည် ထိုသူငယ်ကို ဆောင်သွား၍ လှည်းဘီးစက်၏ လိမ့်သွားရာလမ်း၌ သိပ်ထားလေ၏။ ထိုအခါ အကြီးအမှူးဖြစ်သော လှည်းသမားသည် ရှေ့ဆုံးလှည်း၌ ဖြစ်လေ၏။ ထိုအခါ ထိုလှည်းမှူး၏နွားတို့သည် ထိုနေရာဌာနသို့ ကျရောက်သည်ရှိသော် လှည်းဦးထမ်းပိုးကို စွန့်ကြကုန်၏။ အဖန်တလဲလဲ ထမ်းပိုးခွင်သို့တင်၍ မောင်းနှင်ကုန်သော်လည်း ရှေ့သို့ မသွားကြကုန်၊ ဤသို့ မသွားကြကုန်သဖြင့် ထိုနွားတို့နှင့် အတူတကွ လှည်းမှူး၏ လုံ့လပြုစဉ်ပင်လျှင် အရုဏ်တက်ခဲ့လေ၏။ လှည်းမှူးသည် “နွားတို့သည် အဘယ်သို့သောအမှုကို ပြုကြကုန်သနည်း”ဟု လမ်းခရီးကို ကြည့်ရှုလတ်သည်ရှိသော် သူငယ်ကိုမြင်၍ ပြုအပ်သောအမှုသည် ဝန်လေးစွတကားဟု ကြံ၍ ငါ့အား သားကို ရအပ်ပြီဟု နှစ်သက် ဝမ်းမြောက်သောစိတ်ရှိသဖြင့် ထိုသူငယ်ကို အိမ်သို့ ယူဆောင်သွားလေ၏။ ကျွန်မ ကာဠသည် အိမ်သို့ပြန်သွား၍ သူဌေးကြီးက မေးသည်ရှိသော် ထိုအကြောင်းကို ပြန်ကြားသဖြင့် “သွားချေ၊ ထိုသူငယ်ကို အသပြာ တစ်ထောင်ပေး၍ တစ်ဖန် ဆောင်ချေဦးလော့”ဟု ဆိုအပ်သည်ဖြစ်၍ ထိုပြောဆိုသော စကားအတိုင်း ပြုလေ၏။

သုသာန်၌ လေးကြိမ်မြောက် အပစ်ခံရခြင်း

ထို့နောက် တစ်ဖန် သူဌေးကြီးက ကျွန်မကို “ယခုအခါ၌ ထိုသူငယ်ကို သူကောင်ပစ်ရာ သုသာန်သို့ ဆောင်သွား၍ ချုံကြား၌ သိပ်ထားလေလော့၊ ထိုသုသာန်ချုံထဲ၌ ခွေးစသော သတ္တဝါတို့သည် ကိုက်ခဲအပ်သည်ဖြစ်၍လည်းကောင်း၊ ဘီလူးတို့သည် ပုတ်ခတ်အပ်သည်ဖြစ်၍လည်းကောင်း သေဆုံးလတ္တံ့၊ ထိုသူငယ်၏ သေသည်အဖြစ်၊ မသေသည်အဖြစ်ကိုလည်း သိပြီးမှသာ ပြန်၍လာခဲ့လော့”ဟု မှာလိုက်၏။ ထိုကျွန်မသည် ထိုသူငယ်ကို ဆောင်သွားပြီးလျှင် သုသာန်၌ သိပ်ထား၍ သင့်တင့်သော နေရာတစ်ခု၌ ကြည့်ရှုရန် စောင့်စား၍ တည်နေလေ၏။ ထိုသူငယ်ကို ခွေးသည်လည်းကောင်း၊ ကျီးသည်လည်းကောင်း၊ ဘီလူးသည်လည်းကောင်း အနီးသို့ ချဉ်းကပ်ခြင်းငှါ မစွမ်းနိုင်လေ။

(ထိုသူငယ်အား အမိလည်း မရှိ၊ အဘလည်း မရှိ၊ အစ်ကိုကြီး အစရှိကုန်သော စောင့်ရှောက်သူမည်သည် မရှိသည် မဟုတ်တုံလော၊ ထိုသို့ဖြစ်လျက် အဘယ်သူသည် စောင့်ရှောက်လေသနည်း ဟူမူကား ခွေးဖြစ်သောကာလ အရှင်ပစ္စေကဗုဒ္ဓါ၌ ချစ်ခြင်းဖြင့်ဖြစ်စေအပ်သော ဟောင်ခြင်း,အူခြင်း ပြုကာမျှဖြစ်သော ကံသည်သာလျှင် ထိုသူငယ်ကို အစဉ်စောင့်ရှောက်လေ၏။)

ထိုအခါ ဆိတ်ကျောင်းသား တစ်ယောက်သည် အထောင်မက များစွာသောဆိတ်တို့ကို ကျက်စားရာသို့ ဆောင်ယူလျက် သုသာန်၏နံပါးဖြင့် သွားလေ၏။ တစ်ကောင်သောဆိတ်မသည် သစ်ရွက်တို့ကို စားလျက် ချုံ၏အကြားသို့ ဝင်သည်ရှိသော် သူငယ်ကိုမြင်၍ ဒူးဆစ်တို့ဖြင့် ထောက်တည်လျက် သူငယ်အား နို့တိုက်လေ၏။ ဆိတ်ကျောင်းသားသည် “ဟေ-ဟေ”ဟူသောအသံကို ပြုသော်လည်း မထွက်သဖြင့် လှင်တံဖြင့် ထိုဆိတ်မကိုရိုက်၍ ထုတ်ဆောင်အံ့ဟု ကြံ၍ ချုံ၏အကြားဝင်သည်ရှိသော် ဆိတ်မသည် ဒူးဆစ်တို့ဖြင့် ထောက်တည်လျက် သူငယ်ကို နို့ရည်တိုက်ကျွေး၍ နေသည်ကိုမြင်ရလျှင် သူငယ်၌ သားတည်းဟူ၍ဖြစ်သော ချစ်ခြင်းကိုရ၍ ငါ့အား သားကို ရအပ်ပြီဟု ထိုသူငယ်ကို ယူ၍ ဖဲသွားလေ၏။ ကျွန်မကာဠီသည် အိမ်သို့ပြန်သွား၍ သူဌေးကြီးက မေးသည်ရှိသော် ထိုအကြောင်းကို ပြန်ကြားသဖြင့် “သွားချေ- ထိုသူငယ်ကို အသပြာတစ်ထောင်ပေး၍ တစ်ဖန် ဆောင်ချေဦးလော့”ဟု ဆိုအပ်သည်ဖြစ်၍ ထိုပြောဆိုသောအတိုင်းပင် ပြုလေ၏။

တောင်ကမ်းပါးပြတ်၌ ငါးကြိမ်မြောက် အပစ်ခံရခြင်း

ထို့နောက်မှ ကျွန်မကို “ချစ်သမီး ကာဠီ- ဤသူငယ်ကိုယူ၍ ခိုးသူတို့ကို ချသတ်ရာဖြစ်သော တောင်ထိပ်ပေါ်သို့တက်၍ တောင်ကမ်းပါးပြတ်၌ ပစ်ချလေလော့၊ တောင်ဝှမ်း၌ ထိပါး တိုက်ခိုက်အပ်သည်ရှိသော် အပိုင်းအပိုင်းပြတ်၍ မြေကြီး၌ ကျလတ္တံ့၊ ထိုသူငယ်၏ သေသည်အဖြစ်, မသေသည်အဖြစ်ကိုလည်း သိပြီးမှသာ ပြန်၍လာခဲ့လော့”ဟု မှာလိုက်၏။ ကျွန်မသည် သူငယ်ကို ထိုတောင်ထိပ်ပေါ်သို့ ဆောင်ယူ၍ တောင်ထိပ်၌ ရပ်လျက်သာလျှင် ပစ်ချလိုက်လေ၏။ ထိုတောင်ဝှမ်းကိုမှီ၍ ကြီးကျယ်စွာသော ဝါးချုံသည် တောင်ကို အစဉ်လျှောက်၍သာလျှင် ကြီးပွားစည်ပင်လေ၏။ ထိုဝါးချုံကြီး၏အထက်၌ တခဲနက်ထူသော ဇင်ရွေးချုံသည် လွှမ်းမိုးဖုံးအုပ်၍ တည်လေ၏။ သူငယ်သည် ကျလတ်သည်ရှိသော် ကော်ဇောအပေါ်၌ ကျရောက်ဘိသကဲ့သို့ ထိုချုံထက်၌ ကျရောက်လေ၏။ ထိုနေ့၌ပင်လျှင် အကြီးအမှူးဖြစ်သော ကျူထရံသည်ကြီးအား ဝါးအခွန်အဖို့ကို ပေးအံ့သောအလှည့်သည် ကျရောက်လာလေ၏။ ထိုကျူထရံသည်ကြီးသည် သားနှင့်အတူတကွ သွား၍ ထိုဝါးချုံကို ဖြတ်ခြင်းငှါ အားထုတ်၏။ ထိုဝါးချုံကို ဖြတ်သဖြင့် ဝါးချုံ လှုပ်ရှားသည်ရှိသော် သူငယ်သည် အသံကို ပြု၏(ငို၏)။ ထိုကျူထရံသည်ကြီးသည် ဤအသံသည်ကား သူငယ်၏ အသံကဲ့သို့ပင် ဖြစ်ချေသည်တကားဟု တစ်ဖက်သောနံပါးဖြင့် တက်သည်ရှိသော် ထိုသူငယ်ကိုမြင်၍ ငါ့အား သားကို ရအပ်ပြီဟု နှစ်သက်ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ ယူသွားလေ၏။ ကျွန်မကာဠီသည်လည်း သူဌေးကြီး အထံသို့သွား၍ သူဌေးက မေးသည်ရှိသော် ထိုအကြောင်းကို ပြန်ကြားသဖြင့် “သွားချေ- ထိုသူငယ်ကို အသပြာတစ်ထောင်ပေး၍ တစ်ဖန် ဆောင်ချေဦးလော့”ဟု ဆိုအပ်သည်ဖြစ်၍ ထိုပြောဆိုသောအတိုင်းပင် ပြုလေ၏။

ခြောက်ကြိမ်မြောက် မီးတွင် ပစ်ချသတ်ရန် စေလွှတ်ခံရခြင်း

သူဌေးကြီးလည်း ဤသို့,ဤသို့သော သေရာသေကြောင်း အားထုတ်ပြုလုပ်စဉ်ပင် သူငယ်သည် ကြီးပြင်းလာလေ၏။ ထိုသူငယ်အား ဃောသကဟူသောအမည်သည် တွင်လေ၏။ ထိုသူငယ်သည် သူဌေးကြီး၏မျက်စိ၌ ဆူးငြောင့်ကဲ့သို့ ထင်လေ၏။ ဖြောင့်ဖြောင့်တည့်တည့် ကြည့်ရှုခြင်းငှါလည်း မစွမ်းနိုင်၊ ထိုမှအခြား အခါတစ်ပါး၌ သူငယ်အား သေလောက်သောအကြောင်းကို ကြံစည်စိတ်ကူးလျက် မိမိ၏အဖော်ဖြစ်သော အိုးထိန်းသည်၏အထံသို့ သွားပြီးလျှင် “အဘယ်အခါ၌ အိုးဖုတ်ရာ တွင်းကျင်းတို့ကို ပြုစုစီမံ လိမ်းကျံ မီးဖုတ်လတ္တံ့နည်း”ဟု မေးသဖြင့် “နက်ဖြန်ခါ ပြုအံ့”ဟု ဆိုသည်ရှိသော် “ထိုသို့ဖြစ်မူ ဤအသပြာ တစ်ထောင်ကိုယူ၍ ငါ၏ တစ်ခုသော အမှုကို ပြုပါလော့”ဟု ဆို၏။ “အရှင်သူဌေးကြီး- အဘယ်သို့သောအမှုကို ပြုရပါမည်နည်း”ဟု မေးသည်ရှိသော် “ငါ့အား ယုတ်မာညစ်ညမ်း ဆိုးသွမ်းသော (အဝဇာတ) သားတစ်ယောက်သည် ရှိ၏။ ထိုသားကို အသင်၏အထံသို့ စေလွှတ်လိုက်အံ့၊ ထိုအခါ ထိုသူငယ်ကိုဖမ်းယူ၍ တိုက်ခန်းတွင်းသို့ သွင်းပြီးလျှင် ထက်လှစွာသော ပဲခွပ်ဖြင့် အပိုင်းအပိုင်းဖြတ်ပြီး၍ အိုးစရည်းကြီး၌ ထည့်သွင်းလျက် အိုးဖုတ်ရာ တွင်း၌သာလျှင် မီးတိုက် ရှို့မြိုက်လေလော့၊ ဤအသပြာ တစ်ထောင်ကား သင်တို့အား သစ္စာပြုသည်နှင့်တူသော စရန်ပေးခြင်းတည်း၊ ဤထက် အလွန်ပေးကမ်းပြုစုထိုက်သည်ကို နောက်မှ ပြုပေအံ့”ဟု ဆိုလေ၏။ အိုးထိန်းသည်သည် “ကောင်းလှပါပြီ”ဟု ဝန်ခံလိုက်၏။

သူဌေးကြီးလည်း တစ်ဖန်မိုးသောက် ရောက်သောနေ့၌ ဃောသက သတို့သားကို ခေါ်ပြီးလျှင် “ချစ်သား- ယမန်နေ့က ငါသည် အိုးထိန်းသည်ကို တစ်ခုသောအမှု စေခိုင်းခြင်းကို ပြုအပ်၏။ ချစ်သား- လာလှည့်၊ သင်သည် ထိုအိုးထိန်းသည်၏ အထံသို့သွား၍ “ယမန်နေ့က ကျွန်တော်၏ဖခင် စေခိုင်းအပ်သောအမှုကို မချွတ်မလွဲ ပြီးစေရမည်တဲ့”ဟု ပြောဆိုချေ”ဟူ၍ စေလွှတ်လိုက်လေ၏။ ထိုဃောသက သတို့သားသည်လည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍သွားလေ၏။ ဃောသကသတို့သား ထိုအိုးထိန်းသည်အိမ်သို့ သွားသည်ကို သူဌေးကြီး၏ သားရင်းဖြစ်သော (ဃောသကမှ တစ်ပါးသော) သူငယ်သည် သူငယ်ဖော်တို့နှင့် အတူတကွ ဂုံညင်းလုံး ကစားလျက်နေစဉ် မြင်လိုက်၍ ခေါ်ပြီးလျှင် “နောင်တော်- အဘယ်အရပ်သို့ သွားမည်နည်း”ဟုမေး၍ “ဖခင်၏သတင်းစကားကို ဆောင်ယူ၍ အိုးထိန်းသည်၏ အထံသို့သွားအံ့”ဟု ဆိုသည်ရှိသော် “ထိုအရပ်သို့ အကျွန်ုပ်သွားပါအံ့၊ ဤသူငယ်တို့သည် အကျွန်ုပ်ကို လောင်းကြေး အကြိမ်များစွာ နိုင်ကြလေကုန်ပြီ၊ အကျွန်ုပ်အား ထိုဆုံးရှုံးလေသမျှ လောင်းကြေးကို ပြန်နိုင်အောင် ပြု၍ပေးပါလော့”ဟု ဆို၏။ “ငါသည် ဖခင်ကို ကြောက်လှပါသည်”ဟု ဆိုသည်ရှိသော် “နောင်တော် မကြောက်ပါလင့်၊ အကျွန်ုပ်သည် ထိုသတင်းစကားကို ဆောင်ပါအံ့၊ နောင်တော်သည် များစွာနိုင်သော်လည်း အကြင်မျှလောက်ကာလ၌ အကျွန်ုပ်သည် ပြန်လာ၏၊ ထိုမျှလောက်သော ကာလပတ်လုံး အကျွန်ုပ်ဆုံးရှုံးလေပြီးသော လောင်းကြေးကို ပြန်၍နိုင်အောင် ပြုပါလော့”ဟု တောင်းပန်စကား ဆိုလေ၏။

ဃောသကသတို့သားသည် ဂုံညင်းလုံး ကစားခြင်း၌ အလွန်ကျွမ်းကျင်သတတ်။ ထို့ကြောင့်သာလျှင် သူဌေးကြီး၏ သားရင်းဖြစ်သော သူငယ်သည် ဃောသကသတို့သားကို အမြဲမပြတ် အထပ်ထပ် တောင်းပန်စကား ဆိုလေ၏။ ဃောသကသတို့သားသည်လည်း “ထိုသို့ဖြစ်မူ သွား၍ အိုးထိန်းသည်ကို ဆိုချေလော့၊ “ယမန်နေ့က ကျွန်တော်၏ဖခင်သည် တစ်ခုသောအမှုကို စေခိုင်းအပ်၏။ ထိုစေခိုင်းအပ်သောအမှုကို ယခု ပြီးစေရမည်တဲ့”ဟု ပြောဆိုချေ”ဟူ၍ စေလွှတ်လိုက်လေ၏။ သူဌေးကြီး၏ သားရင်းဖြစ်သော ထိုသူငယ်သည်လည်း အိုးထိန်းသည်၏ အထံသို့သွား၍ မှာလိုက်သော စကားအလုံးစုံကို ပြန်ကြားလေ၏။ ထိုအခါ အိုးထိန်းသည်သည် သူငယ်ကို သူဌေးကြီးမှာခဲ့သော နည်းဖြင့်သာလျှင် သတ်ဖြတ်၍ အိုးဖုတ်သောတွင်း၌ ပစ်သွင်းလေ၏။

မိမိ၏သားရင်း သေဆုံးခြင်းကြောင့် သူဌေးကြီး သောကဖြစ်ပုံ

ဃောသက သတို့သားသည်လည်း နေ့အဖို့ပတ်လုံး ကစားပြီး၍ ညနေချမ်းသောအခါ၌ အိမ်သို့ပြန်သွားသဖြင့် သူဌေးကြီးသည် ထိုဃောသကို မြင်၍ “ချစ်သား-အသို့နည်း၊ အိုးထိန်းသည်၏ အထံသို့ မသွားပြီလော”ဟု ဆိုသည်ရှိသော် မိမိ၏ မသွားသောအကြောင်းကိုလည်းကောင်း၊ ညီငယ်၏ သွားသောအကြောင်းကိုလည်းကောင်း ပြောကြားလေ၏။ ထိုစကားကို ကြားရလျှင် သူဌေးကြီးသည် “ငါသည် စက်ဆုပ်ဖွယ် ရှိလေစွ (မိုက်လေစွ)”ဟု သည်းစွာသော မြည်တမ်းခြင်းကို မြည်တမ်း၍ ကိုယ်အလုံး၌ သွေးကျိုက်ကျိုက်ဆူသကဲ့သို့ ဖြစ်ပြီးလျှင် “အို..အချင်း အိုးထိန်းသည်- ငါ့ကို မဖျက်ဆီးပါလင့်၊ ငါ့ကို မဖျက်ဆီးပါလင့်”ဟု လက်မောင်းနှစ်ဖက်တို့ကို ချီမြှောက်ကာ ငိုကြွေးမြည်တမ်းလျက် ထိုအိုးထိန်းသည်၏ အထံသို့ သွားလေ၏။ အိုးထိန်းသည်သည်လည်း ထိုသို့သော အခြင်းအရာဖြင့်လာသော သူဌေးကြီးကိုမြင်လျှင် “အရှင်သူဌေးကြီး- အသံကို မပြုပါလင့်၊ အရှင်မှာထားသော အမှုသည် ပြီးစီးလေပြီ”ဟု ဆိုလေ၏။ ထိုသူဌေးကြီးသည် တောင်ကြီးဖြင့် ဖိစီးလွှမ်းမိုးသကဲ့သို့ ကြီးစွာသောစိုးရိမ်ခြင်းဖြင့် ဖိစီးလွှမ်းမိုးအပ်သည်ဖြစ်၍ အတိုင်းမသိသော များစွာသော နှလုံးမသာယာခြင်းကို ခံစားရလေ၏။ အဘယ်ကဲ့သို့နည်းဟူမူကား မပြစ်မှားထိုက်သောပုဂ္ဂိုလ်အား ပြစ်မှားသောသူသည် အတိုင်းမသိ များစွာသော နှလုံးမသာယာခြင်းကို ခံစားရသကဲ့သို့တည်း။ ထို့ကြောင့် မြတ်စွာဘုရားသည် ဤဂါထာတို့ကို ဟောတော်မူလေ၏။

မပြစ်မှားသင့်သူ ပြစ်မှားမိက ဒဏ်ဆယ်ပါး ခံရတတ်ပုံ

ယော ဒဏ္ဍေန အဒဏ္ဍေသု၊ အပ္ပဒုဋ္ဌေသု ဒုဿတိ။
ဒသန္နမညတရံ ဌာနံ၊ ခိပ္ပမေဝ နိဂစ္ဆတိ။
ဝေဒနံ ဖရုသံ ဇာနိံ၊ သရီရဿ စ ဘေဒနံ။
ဂရုကံ ဝါပိ အာဗာဓံ၊ စိတ္တက္ခေပဉ္စ ပါပုဏေ။
ရာဇတော ဝါ ဥပသဂ္ဂံ၊ အဗ္ဘက္ခာနဉ္စ ဒါရုဏံ။
ပရိက္ခယဉ္စ ဉာတီနံ၊ ဘောဂါနဉ္စ ပဘင်္ဂုရံ။
အထ ဝါဿ အဂါရာနိ၊ အဂ္ဂိ ဍဟတိ ပါဝကော။
ကာယဿ ဘေဒါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ။

ဘိက္ခဝေ၊ ရဟန်းတို့ ။ ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ အဒဏ္ဍေသု၊ ကာယဒဏ္ဍ စသည်တို့မှ ကင်းကြကုန်သော။ အပ္ပဒုဋ္ဌေသု၊ ပြစ်မှားခြင်းမှ ကင်းသောသူတို့၌။ ဒဏ္ဍေန၊ ကိုယ်ဒဏ်စသည် ပေးခြင်းဖြင့်။ ဒုဿတိ၊ ပြစ်မှား၏။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ဒသန္နံ ဌာနာနံ၊ ဆယ်ပါးသော(ဒုက္ခရောက်ကြောင်း) ဒဏ်သင့်ခြင်းတို့တွင်။ အညတရံ၊ တစ်ပါးပါးသော။ ဌာနံ၊ ဒဏ်သင့်ခြင်းသို့။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ နိဂစ္ဆတိ၊ ရောက်တတ်၏။

ဖရုသံ၊ ကြမ်းကြုတ်သော။ ဝေဒနံ၊ ဦးခေါင်းနာစသော ဆင်းရဲဝေဒနာသို့လည်းကောင်း။ ဇာနိံ၊ ငြိုငြင်စွာ ရအပ်သော ဥစ္စာ၏ ဆုံးရှုံးခြင်းသို့လည်းကောင်း။ သရီရဿ၊ လက်,ခြေစသော ကိုယ်၏။ ဘေဒနဉ္စ၊ ပျက်စီးခြင်းသို့လည်းကောင်း။ ဂရုကံ၊ ကြီးလေးသော။ အာဗာဓံ ဝါပိ၊ ခြေလက်ကွေးခြင်း, ဆွံ့ခြင်းစသော အနာနှိပ်စက်ခြင်းသို့လည်းကောင်း။ စိတ္တက္ခေပဉ္စ၊ စိတ်ပျံ့လွင့်၍ ရူးသွပ်ခြင်းသို့လည်းကောင်း။ ပါပုဏေ၊ ရောက်ရာ၏။

ရာဇတော၊ မင်းမှ။ ဥပသဂ္ဂံ ဝါ၊ စည်းစိမ်ပျက်ချော ရာထူး လျှောခြင်းစသော ဘေးသို့လည်းကောင်း။ ဒါရုဏံ၊ ကြမ်းကြုတ်သော။ အဗ္ဘက္ခာနဉ္စ၊ သမုတ်တလွဲ စွပ်စွဲခံရခြင်းသို့လည်းကောင်း။ ဉာတီနံ၊ အားထားလောက်သော ဆွေမျိုးတို့၏။ ပရိက္ခယဉ္စ၊ ကုန်ပျောက်ပြုန်းတီး ပျက်စီးခြင်းသို့လည်းကောင်း။ ဘောဂါနံ၊ ပစ္စည်းဥစ္စာတို့၏။ ပဘင်္ဂုရဉ္စ၊ (ပုပ်ဆွေးခြင်း) ပျက်စီးခြင်းသို့လည်းကောင်း။ပါပုဏေ၊ ရောက်ရာ၏။

အထ၊ ထိုမှတစ်ပါး။ အဿ၊ ထိုပုဂ္ဂိုလ်၏။ အဂါရာနိ၊ အိမ်တို့ကို။ အဂ္ဂိ၊ ပကတိမီး မိုးကြိုးမီးသည်လည်းကောင်း။ ပါဝကော၊ အလိုလို ထလောင်သော မီးသည်လည်းကောင်း။ ဍဟတိ၊ လောင်၏။ ဒုပ္ပညော၊ ပညာနည်းသော။ သော၊ ထိုဒဏ်ဆယ်ပါး တစ်ပါးပါး သင့်ပြီးသော ပုဂ္ဂိုလ်သည်။ ကာယဿ၊ ကိုယ်ခန္ဓာ၏။ ဘေဒါ၊ ပျက်သည်မှ။ ပရံ၊ နောက်၌။ နိရယံ၊ ငရဲသို့။ ဝါ၊ ငရဲ၌။ ဥပပဇ္ဇတိ၊ ကျရောက်တတ် ဖြစ်တတ်၏။

ခုနစ်ကြိမ်မြောက် သတ်ရန် အမှာစာရေး၍ စေလွှတ်ခံရခြင်း

ယင်းသို့ဖြစ်သော်လည်း သူဌေးကြီးသည် တစ်ဖန် ဃောသက သတို့သားကို ဖြောင့်ဖြောင့်တည့်တည့် ကြည့်ရှုခြင်းငှါ မစွမ်းနိုင်လေ၊ “ဃောသကကို ငါသည် အဘယ်သို့သောအကြောင်းဖြင့် သတ်ရအံ့နည်း”ဟု ကြံစည်သည်ရှိသော် “ငါ၏ ပိုင်စားရာဖြစ်သော ရွာငယ်တစ်ရွာ၌ စာရင်းကိုင်အမှုဆောင် (ကိုယ်စားလှယ်)၏ အထံသို့ စေလွှတ်၍ ထိုဃောသကကို သတ်စေအံ့”ဟူသော အကြောင်းကိုမြင်၍ “ဤသူငယ်ကား ငါ၏ ယုတ်မာလှစွာသော သားမိုက်ဖြစ်ချေသည်။ ဤသူငယ်ကို သတ်၍ မစင်တွင်း၌ ပစ်ချလိုက်ပါလေ၊ ဤသို့ ပြုသည်ရှိသော် ငါသည် ဦးရီးအား ပေးကမ်း ပြုစုဖွယ်နှင့် စပ်သည်ကို သိပါအံ့”ဟု ထိုစာရင်းကိုင် အမှုဆောင်အား မှာစာကမ္ပည်းကို ရေးပြီးလျှင် “ချစ်သားဃောသက- ငါတို့ပိုင်စားရာဖြစ်သော တစ်ရာသောရွာ၌ စာရင်းကိုင်အမှုဆောင်သည် ရှိ၏။ ဤကမ္ပည်းမှာစာကို ဆောင်ယူ၍ ထိုအမှုဆောင်အား ပေးအပ်လေလော့”ဟု မှာထားပြောဆို၍ ကမ္ပည်းမှာစာကို ထိုဃောသက၏ ပုဆိုးစွန်း၌ ဖွဲ့ချည်ပေးလိုက်လေ၏။

ထိုဃောသကသည်ကား စာမတတ်ပေ။ အဘသူဌေးကြီးသည် ငယ်ရွယ်စဉ်အခါမှစ၍ ထိုဃောသကကို သတ်ခြင်းငှါ မတတ်နိုင်သော်လည်း သတ်စိမ့်သောငှါ လိုလားလျက်သာ နေ၏။ အဘယ်မှာ စာပေပညာအတတ်ကို သင်စေမည်နည်း။ ထို့ကြောင့် ထိုဃောသကသည် မိမိအား သတ်လတ္တံ့သော ကမ္ပည်းမှာစာကိုသာလျှင် ပုဆိုးစွန်း၌ ဖွဲ့ချည်လျက် အိမ်မှထွက်သည်ရှိသော် “ဖခင်- အကျွန်ုပ်အား လမ်း၌ သုံးစားစရာ ရိက္ခာမရှိပါ”ဟု ဆိုလေ၏။ သူဌေးကြီးက “ချစ်သား- ရိက္ခာဖြင့် ပြုဖွယ်ကိစ္စ မရှိပေ။ ခရီးအကြား ဤမည်သောရွာ၌ ငါ၏ အဆွေခင်ပွန်းဖြစ်သော သူဌေးသည်ရှိ၏။ ထိုသူဌေးအိမ်၌ နံနက်စာစား၍ ရှေ့သို့ သွားလေလော့”ဟုဆိုသဖြင့် ထိုဃောသကလည်း “ကောင်းလှပါပြီ”ဟု ဝန်ခံ၍ ဖခင်ကို ရှိခိုးပြီးလျှင် အိမ်မှ ထွက်လာခဲ့သည်ရှိသော် ဖခင်မှာထားလိုက်သော ထိုရွာသို့ ရောက်သဖြင့် သူဌေးအိမ်ကို မေးမြန်း၍ ရောက်သွားရကား သူဌေးကတော်သည် ထိုဃောသကသတို့သားကို မြင်၍ “အဘယ်အရပ်မှ လာခဲ့ပေသနည်း”ဟု မေးသဖြင့် မြို့တွင်းမှ လာခဲ့ကြောင်းကို ပြန်ကြားပြောဆိုလေ၏။ “အမောင်သည် အဘယ်သူ၏ သားပေနည်း”ဟု မေးသည်ရှိသော် “မိခင်- အသင်တို့၏ အဆွေခင်ပွန်းဖြစ်သော သူဌေးကြီးသားပါတည်း”ဟု ပြောကြားလေ၏။ “ဃောသက သတို့သားဟူသည် အမောင်လုလင်ပင် ဖြစ်ပေသလော”ဟု မေးပြန်သည်ရှိသော် “မိခင် ဪ... ဟုတ်ပါ၏”ဟု ပြောကြားလေ၏။ သူဌေးကတော်ကြီးကား မြင်သည်နှင့်တစ်ပြိုင်နက်သာလျှင် ထိုဃောသက သတို့သားအပေါ်၌ သားတည်းဟူသော ချစ်ခင်ခြင်းသည် ဖြစ်လေ၏။ ထိုသူဌေးအားလည်း တစ်ဆယ့်ငါးနှစ်၊ တစ်ဆယ့်ခြောက်နှစ် အရွယ်ရှိသော သမီးတစ်ယောက်ရှိ၏၊ အလွန် အဆင်းလှ၏၊ ကြည်လင် နှစ်သက်ဖွယ်လည်း ရှိ၏။ ထိုသူဌေးသမီးကို စောင့်ရှောက်ခြင်းငှါ တစ်ယောက်တည်းသာလျှင်ဖြစ်သော ခိုင်းစေစရာ ကျွန်မကိုပေး၍ ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏ အထက်ပြင် ကျက်သရေရှိသော တိုက်ခန်း၌ နေစေကုန်၏။

သူဌေးသမီးသည် ထိုဃောသက ရောက်လာသောခဏ၌ ထိုကျွန်မကို အိမ်ဈေးသို့ စေလွှတ်၏။ ထိုအခါ ကျွန်မကို သူဌေးကတော်မြင်၍ “အဘယ်အရပ်သို့ သွားမည်နည်း”ဟုမေးလျှင် “သခင်မ- အရှင်မ၏သမီး စေခိုင်းခြင်းကြောင့် အိမ်ဈေးသို့ သွားပါအံ့”ဟု ဆိုသည်ရှိသော် “ဤအရပ်သို့ ရှေးဦးစွာ လာလှည့်ဦးလော့၊ သင်၏ အရှင်မ စေလွှတ်သောအမှုကို ထားဘိဦး၊ ငါ၏သားအား အင်းပျဉ်ကိုခင်း၍ ခြေတို့ကိုရေဆေး၍ ဆီလိမ်းပြီးလျှင် အိပ်ရာခင်း၍ ပေးခဲ့ဦးလော့၊ နောက်မှ အသင်၏ အရှင်မ စေလွှတ်သောအမှုကို ပြုရလိမ့်မည်”ဟု ဆိုလေ၏။ ကျွန်မသည် သူဌေးကတော်ဆိုတိုင်း ပြုလေ၏။

သေဘေးမှလွတ်ရန် သူဌေးသမီးတစ်ဦး ကယ်ဆယ်ပုံ

ထိုအခါ ကြာမြင့်မှ ပြန်လာသော ကျွန်မကို သူဌေးသမီးသည် ကြာမြင့်ရသလောဟု ခြိမ်းခြောက် မောင်းမဲ၏။ ထိုသို့ ခြိမ်းခြောက် မောင်းမဲသောအခါ ကျွန်မက သူဌေးသမီးကို “အရှင်မ-အကျွန်ုပ်အား အမျက်မထွက်ပါလင့်၊ သူဌေးသား ဃောသကသည် လာရောက်သောကြောင့် ထိုသူဌေးသား ဃောသက၏အလို့ငှါ ဤသို့,ဤသို့သော အမှုကိစ္စကို ပြုစုပြီးမှ ထိုအိမ်ဈေးသို့သွား၍ လာခဲ့ရပါသည်”ဟု ဆိုလတ်သော် သူဌေးသမီးအား သူဌေးသား ဃောသကဟူသော အမည်ကို ကြားလျှင်ကြားချင်း ချစ်ခင်ခြင်းသည် အရေစသည်တို့ကို ဖြတ်၍ ရိုးတွင်းခြင်ဆီကို ထိခိုက်လျက် တည်လေ၏။

(အကြောင်းသော်ကား ကောတုဟလိက လုလင်ဖြစ်သောဘဝ၌ ထိုသူဌေးသမီးသည် ထိုသူ၏မယား ကာဠီဖြစ်၍ တစ်စလယ်ချက်သောဆွမ်းကို ပစ္စေကဗုဒ္ဓါအရှင်မြတ်အား ပေးလှူခဲ့ဖူး၏။ ထိုကောင်းမှု၏ အာနုဘော်အားဖြင့် တမလွန်ဘဝ ပြောင်းသွား၍ ဤသူဌေးအမျိုးအိမ်၌ ဖြစ်လေ၏။)

ထို့ကြောင့် သူဌေးသမီးကို ထိုသို့သဘောရှိသော ရှေးဘဝ၌ ဖြစ်ဖူးသော ချစ်ခင်စုံမက် နှစ်သက်ခြင်းသည် လွှမ်းမိုး၍ ယူလေ၏။ ထို့ကြောင့် မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူလေ၏။

ပုဗ္ဗေဝ သန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေန ဝါ။
ဧဝံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။

ဥပ္ပလံဝ၊ ကြာဖြူ၊ ကြာနီစသော ဥပ္ပလကြာသည်လည်းကောင်း။ သေသံဝါ၊ ကြွင်းသော ပဒုမ္မာကြာသည်လည်းကောင်း။ ဥဒကေ၊ ရေ၌။ ဇာယမာနံ၊ ဖြစ်လတ်သည်ရှိသော်။ ဥဘောဟိ၊ ရေနှင့်ညွန်ပျောင်း နှစ်ပါးစုံသော အကြောင်းတို့ကြောင့်။ ဇာယတေ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ တံ ပေမံ၊ ထိုအချစ်သည်။ ဇာယမာနံ၊ ဖြစ်လတ်သည်ရှိသော်။ ပုဗ္ဗေ၊ အတိတ်ကာလ ရှေးဘဝ၌။ သန္နိဝါသေန ဝါ၊ ချစ်ခင်လှစွာ မကွာကြည်နူး နေကြဖူးသောကြောင့်လည်းကောင်း။ ပစ္စုပ္ပန္နဟိတေန ဝါ၊ ဖြစ်ဆဲသန္တာန် ပစ္စုပ္ပန်ဝယ် ထက်သန်ပွားတိုး အကျိုးများစွာ ဆောင်ရွက်ကြသောကြောင့်လည်းကောင်း။ ဧဝံ၊ ဤအကြောင်း နှစ်ပါးတို့ကြောင့်။ ဇာယတေ၊ ဖြစ်၏။

ထိုအခါ သူဌေးသမီးက ကျွန်မကို “မိခင်- ထိုဃောသက သူဌေးသားကား ယခု အဘယ်မှာနည်း”ဟုမေး၏။ “အရှင်မ- အိပ်ရာ၌ လျောင်းလျက် အိပ်နေပါသည်”ဟုဆိုလျှင် “ထိုသူဌေးသားလက်ထဲ၌ တစ်စုံတစ်ခုသောဝတ္ထုသည် ရှိပါသလော”ဟု မေးမြန်းသဖြင့် “ပုဆိုးစွန်း၌ ကမ္ပည်းစာ ရှိပါသည်”ဟု ပြောလျှင် သူဌေးသမီးသည် “ဤကမ္ပည်းစာသည်ကား အဘယ်သို့သောအကြောင်းကို မှာထားသော ကမ္ပည်းစာဖြစ်လေသနည်း”ဟု ဃောသက သူဌေးသား အိပ်ပျော်နေသောအခါ မိခင်,ဖခင်တို့ တစ်ပါးကို နှလုံးသွင်းသည်ဖြစ်၍ မမြင်ကြကုန်စဉ် ပြာသာဒ်မှ ဆင်းသက်ကာ ထိုကမ္ပည်းစာကို ဖြေချွတ်ယူငင်၍ မိမိ၏ တိုက်ခန်းတွင်းသို့ ဝင်ပြီးလျှင် တံခါးမကြီးကိုပိတ်ပြီးမှ လေသာပြတင်းကို ဖွင့်လှစ်၍ အက္ခရာအတတ်၌ လိမ္မာသောကြောင့် ကမ္ပည်းစာကို ဖတ်ရှုပြီးသောအခါ “ဪ.. မသိမလိမ္မာစွတကား၊ မိမိ၏ သေကြောင်းဖြစ်သော ကမ္ပည်းစာကို ပုဆိုးစွန်း၌ ဖွဲ့ချည်၍ သွားလာလှည့်လည်လေသည်တကား။ ငါသည် အကယ်၍ မတွေ့မမြင်ခဲ့အံ့၊ ထိုသူ၏အသက်သည် ရှိတော့မည် မဟုတ်”ဟု ကြံပြီးမှ ထိုကမ္ပည်းမှာစာကို ဆုတ်ဖျက်၍ သူဌေးကြီး၏စကားဖြင့် တစ်ပါးသော ကမ္ပည်းမှာစာကို ရေးသားသည်မှာ- “ဤသတို့သားသည် ငါ၏သားဖြစ်သော ဃောသကအမည်ရှိသောသူတည်း။ ထိုသတို့သားကို ငါ၏ ပိုင်စားရာ ရွာတစ်ရာမှ လက်ဆောင်ပဏ္ဏာကာရကို ယူဆောင်စေ၍ ဤအမည်ရှိသော ဇနပုဒ်သူဌေး၏သမီးနှင့် အတူတကွ ထိမ်းမြားလက်ထပ်ခြင်းမင်္ဂလာကို ပြုပြီးလျှင် မိမိနေရာဖြစ်သော ရွာ၏အလယ်၌ ဘုံနှစ်ဆင့်ရှိသော အိမ်ကို ဆောက်စေ၍ တံတိုင်းဝန်းရံခြင်းဖြင့်လည်းကောင်း၊ ယောက်ျားအစောင့်အရှောက်ဖြင့်လည်းကောင်း ကောင်းစွာစီမံအပ်သော စောင့်ရှောက်ခြင်းကို ပြုလော့၊ ငါ့အားလည်း “ဤသို့,ဤသို့သောအမှုကို အကျွန်ုပ်သည် ပြုအပ်ပြီ”ဟူ၍ သတင်းစကား ရေးသား စေလွှတ်လိုက်ပါလော့။ ဤသို့ပြုသည်ရှိသော် ငါသည် ဦးရီးအား ပေးကမ်းပြုစုဖွယ်နှင့်စပ်သည်ကို သိပါအံ့”ဟု ရေးသား၍ တစ်ဖန် ထိုစာကိုခေါက်၍ ဃောသကသူဌေးသား၏ ထိုပုဆိုးစွန်း၌သာလျှင် ဖွဲ့ချည်လိုက်လေ၏။

ဃောသကအား ဇနပုဒ်သူဌေးသမီးနှင့် မင်္ဂလာဆောင်ပြီးကြောင်းကြားရသဖြင့် သူဌေးကြီး ဝေဒနာဖြစ်ပုံ

ထိုဃောသကသည် နေ့အဖို့ပတ်လုံး အိပ်ပြီးမှ အိပ်ရာမှ ထပြီးလျှင် ခဲဖွယ်ဘောဇဉ်ကို စားသောက်၍ ဖဲသွားလေ၏။ တစ်ဖန် မိုးသောက်ရောက်သောနေ့၌ နံနက်စောစောကပင်လျှင် ထိုရွာသို့ ရောက်သွားသည်ရှိသော် စာရင်းကိုင် အမှုဆောင်သည် ရွာ၌ အမှုကိစ္စကိုပြုစဉ်ပင် တွေ့မြင်လေ၏။ ထိုစာရင်းကိုင် အမှုဆောင်သည် ဃောသကသူဌေးသားကို မြင်လျှင် “အမောင်- အဘယ်ကိစ္စနည်း”ဟု မေးလေ၏။

“ကျွန်တော်၏ ဖခင်သည် အသင်တို့၏ထံသို့ ကမ္ပည်းမှာစာကို ပို့စေအပ်ပါသည်”ဟု ပြောလျှင် “အမောင်- အဘယ်အတွက် ကမ္ပည်းမှာစာ ဖြစ်သနည်း၊ ဆောင်ယူခဲ့လော့”ဟု ဆို၍ ကမ္ပည်းမှာစာကိုယူ၍ ဖတ်ရှုပြီးလျှင် နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ “အိုအချင်းတို့- ငါ၏အရှင် သူဌေးကြီးသည် ငါ၏အပေါ်၌ ချစ်ခင်သည်ကို အသင်တို့ ရှုကြကုန်လော့၊ မိမိ၏သားကြီးအား ထိမ်းမြားမင်္ဂလာပြုရမည်ဟု ငါ၏အထံသို့ စေလွှတ်လိုက်၏၊ လျင်မြန်စွာ သစ်သား စသည်တို့ကို ဆောင်ယူခဲ့ကြကုန်လော့”ဟု (လက်အောက် ဖြစ်ကုန်သော) သူကြွယ်တို့ကို ပြောဆို၍ ရွာ၏ အလယ်၌ ဆိုအပ်ခဲ့ပြီးသော အခြင်းအရာအားဖြင့် အိမ်ကိုပြုစေပြီးလျှင် ရွာတစ်ရာမှ လက်ဆောင်ပဏ္ဏာကာရကို ဆောင်ယူစေ၍ ဇနပုဒ်သူဌေး၏သမီးကို ဆောင်ယူပြီးလျှင် ထိမ်းမြားမင်္ဂလာကို ပြုပြီး၍ သူဌေးကြီးအား ဤသို့ဤသို့သောအမှုကို အကျွန်ုပ်သည် ပြုအပ်ပြီဟု သတင်းစကားကို ရေးသားစေလွှတ်လိုက်လေ၏။ ထိုသို့ စေလွှတ်လိုက်သော သတင်းစကားကို ကြားရ၍ သူဌေးကြီးအား “အကြင်အမှုကို ငါသည် ပြုခိုင်း၏၊ ထိုအမှုသည် မဖြစ်၊ အကြင်အမှုကို ငါသည် မပြုခိုင်း၊ ထိုအမှုသည်သာလျှင် ဖြစ်ရလေခြင်း”ဟု အောက်မေ့၍ ကြီးစွာသော နှလုံးမသက်သာခြင်း ဒေါမနဿသည် ဖြစ်ပွားလေ၏။ သားရင်း၌ဖြစ်သော သောကနှင့်တကွ ထိုနှလုံးမသက်သာသော သောကသည် တပေါင်းတည်းဖြစ်၍ ဝမ်းတွင်း၌ နှလုံးသား ပူလောင်ခြင်းဖြစ်၍ အလွန်အားကြီးသော ဝမ်းလားခြင်းကို ဖြစ်စေလေ၏။

ဇနပုဒ်သူဌေးသမီး ဉာဏ်ပညာကြီးပုံ

သူဌေးသမီးသည်လည်း “သူဌေးကြီး၏အထံမှ တစ်စုံတစ်ယောက်သောသူသည် အကယ်၍ လာသည် ဖြစ်အံ့၊ ငါ့အား မပြောကြားဘဲ သူဌေးသားအား ရှေးဦးစွာ မပြောမဆိုကြကုန်လင့်”ဟု အမိန့်စကား ပြောထားလေ၏။ သူဌေးကြီးသည်လည်း “ဤယခုအခါ၌ ထိုမကောင်းယုတ်မာသော သားဆိုး,သားပျက်ကို ငါ၏ ဥစ္စာနှစ်၏ အမွေခံပိုင်ရှင် မဖြစ်အောင် ပြုအံ့”ဟု ကြံ၍ တစ်ယောက်သော စာရင်းကိုင် အမှုဆောင်သောသူကို “ဦးရီး- ငါ၏သားကို ကြည့်ရှုခြင်းငှါ အလိုရှိ၏၊ တစ်ယောက်သာ ခြေရင်း အလုပ်အကျွေးကို စေလွှတ်၍ ငါ၏သားကို ခေါ်စေလော့”ဟု ဆိုလေ၏။ ထိုစာရင်းကိုင် အမှုဆောင်လည်း “ကောင်းပါပြီ”ဟုဆို၍ ကမ္ပည်းမှာစာကို ပေးအပ်ပြီးလျှင် တစ်ယောက်သောယောက်ျားကို စေလွှတ်လိုက်လေ၏။

သူဌေးသမီးသည် စေလွှတ်အပ်သော ထိုသူကို အိမ်တံခါး၌ ရောက်သည့်အဖြစ်ကို ကြားသိ၍ ခေါ်စေပြီးလျှင် “အမောင်- အဘယ်သို့သော ကိစ္စပေနည်း”ဟု မေးလေ၏။ စေလွှတ်အပ်သောသူက “အရှင်မ- သူဌေးကြီးသည် မကျန်းမမာ ရောဂါစွဲကပ်ပေ၏၊ သားကို ကြည့်ရှုခြင်းငှါ ခေါ်စေပါသည်”ဟု ပြောကြားလေ၏။ “အမောင်- ရောဂါစွဲကပ်၍ မကျန်းမမာသော ဖခင်သည် ခွန်အားရှိပါသေးသလော၊ ခွန်အားနည်းပြီလော”ဟု မေးလေ၏။ “အရှင်မ- ခွန်အားရှိပါသေး၏၊ အစာအာဟာရကိုလည်း စားသောက်နိုင်သေးသည်သာတည်း”ဟု ပြန်ကြားလေ၏။ သူဌေးသမီးသည် ဃောသကသူဌေးသားကို မသိစေမူ၍သာလျှင် စေလွှတ်အပ်သောတမန်အား အိပ်ရာနေရာ ရိက္ခာကို ပေးစေ၍ “ငါသည် စေလွှတ်အပ်သောအခါမှ သွားပါလော့၊ ယခု (ဆိုင်းငံ့၍) နေပါဦးလော့”ဟု ပြောထားလေ၏။ သူဌေးကြီးသည် တစ်ဖန် စာရင်းကိုင် အမှုဆောင်ကို “ဦးရီး- အသို့နည်း၊ အသင်သည် ငါ၏သားအထံသို့ မစေလွှတ်ဘဲ ရှိလေသေးသလော”ဟု မေးပြန်၏။ “အရှင်- အကျွန်ုပ်သည် စေလွှတ်ပါ၏၊ စင်စစ်မူကား သွားသော ယောက်ျားသည် မပြန်လာသေးပါ”ဟု ပြောသောအခါ “ထိုသို့ဖြစ်မူ တစ်ဖန် တစ်ပါးသော တစ်ယောက်သောသူကို စေလွှတ်ဦးလော့”ဟု စေပြန်၏။ စာရင်းကိုင် အမှုဆောင်လည်း စေလွှတ်ပြန်လေ၏။ သူဌေးသမီးသည် ထိုနှစ်ကြိမ်မြောက် စေလွှတ်အပ်သော တမန်ကိုလည်း ရှေးအတူသာလျှင် နေရာရိက္ခာပေး၍ တားမြစ်ထားလေ၏။

ထိုအခါ သူဌေးကြီးအား အနာရောဂါသည် အားကြီးပြင်းစွာ ဖြစ်ပွားလာ၏။ တစ်ခွက်ဝင် တစ်ခွက်ထွက် ဖြစ်နေလေ၏။ (တစ်ခုသော (အညစ်အကြေး)အိုးကို သွင်းရသည်ရှိသော် တစ်ခုသောအိုးကို ပြန်ထုတ်ရသည်ဟူလို။) တစ်ဖန် သူဌေးကြီးသည် စာရင်းကိုင် အမှုဆောင်ကို “ဦးရီး- အသို့နည်း၊ အသင်သည် ငါ၏သားအထံသို့ မစေလွှတ်ဘဲ ရှိလေသေးသလော”ဟု မေးပြန်၏။ “အရှင်- အကျွန်ုပ်သည် စေလွှတ်ပါ၏။ စင်စစ်မူကား သွားသော ယောက်ျားသည် မပြန်လာသေးပါ”ဟု ပြောပြန်သောအခါ “ထိုသို့ဖြစ်မူ တစ်ဖန် တစ်ပါးသော တစ်ယောက်သောသူကို စေလွှတ်လိုက်ဦးလော့”ဟု ဆိုပြန်သဖြင့် စာရင်းကိုင် အမှုဆောင်သည် စေလွှတ်လိုက်ပြန်၏။ သူဌေးသမီးသည် သုံးကြိမ်မြောက် လာရောက်သော တမန်ကိုလည်း ထိုအကြောင်းကို မေးပြန်လေ၏။ ထိုစေလွှတ်အပ်သော တမန်သည် “အရှင်မ- သူဌေးကြီးသည် ပြင်းထန်စွာသော အနာရောဂါ ဖြစ်ပွားပါသည်။ အစာအာဟာရကိုပယ်ဖြတ်၍ သေခြင်းလျှင် လဲလျောင်းရာ ရှိပါတော့သည်၊ တစ်ခွက်ထွက် တစ်ခွက်ဝင် ဖြစ်နေပါပြီ”ဟု ပြောကြားလေ၏။

သူဌေးသမီးသည် “ဤအခါကား သွားအံ့သောအခါ တန်ချေပြီ”ဟု ကြံ၍ သူဌေးသားအား “အရှင်၏ဖခင်သည် မကျန်းမမာ ရောဂါစွဲကပ်နေသတဲ့”ဟု ပြောကြားသဖြင့် “ချစ်နှမ၊ အဘယ်ကို ပြောဆိုသနည်း”ဟု ဆိုသည်ရှိသော် “အရှင်-အရှင်၏ ဖခင်သူဌေးကြီးအား မကျန်းမမာ မချမ်းသာခြင်း ဖြစ်နေပြီ”ဟု ပြန်ပြောလေ၏။ “ဤယခုအခါ အဘယ်အမှုကို ပြုသင့်သနည်း”ဟု မေးသည်ရှိသော် “ပိုင်စားရာ ရွာတစ်ရာမှ ထွက်ပေါ်သော လက်ဆောင် ပဏ္ဏာကာရကို ယူဆောင်ကာသွား၍ ထိုဖခင်ကို ဖူးမြင်ကြကုန်စို့အံ့”ဟု ဆိုလေ၏။ ဃောသက သူဌေးသားသည် “ကောင်းပြီ”ဟု ဝန်ခံ၍ လက်ဆောင်ကို ဆောင်စေပြီးလျှင် လှည်းတို့ဖြင့်တိုက်ယူ၍ ဖဲသွားလေ၏။ ထို့နောက်မှ ဃောသက သူဌေးသားကို သူဌေးသမီးက “အရှင်- အရှင်၏ဖခင်သည် ခွန်အားနည်းပါးလေပြီ၊ ဤမျှအတိုင်းအရှည်ရှိသော လက်ဆောင်ကို ယူဆောင်၍ သွားကုန်သော ငါတို့အား ကြာမြင့်ခြင်း ဖြစ်ပေလိမ့်မည်။ ဤလက်ဆောင် အလုံးစုံကို ပြန်လည်ဆုတ်နစ် နေရစ်စေပါလော့”ဟု ဆို၍ ထိုလက်ဆောင် အလုံးစုံကို မိမိ၏ မိဘအိမ်သို့ စေလွှတ်ပို့သစေ၍ တစ်ဖန် ဃောသက သူဌေးသားကို “အရှင်- အရှင်သည် မိမိဖခင်၏ ခြေရင်းနံပါးအဖို့၌ တည်နေပါလော့၊ ကျွန်မသည် ခေါင်းရင်း နံပါးအဖို့၌ တည်နေပါအံ့”ဟု မှာကြားပြောထား၏။ အိမ်သို့ ဝင်ရောက်လာသော ကာလ၌လည်း “အိမ်၏ အရှေ့မှာလည်းကောင်း၊ အနောက်မှာလည်းကောင်း အစောင့်အရှောက်ကို ယူကြကုန်လော့ (ပြုကြကုန်လော့)”ဟု မိမိ၏ အစေအပါး ယောက်ျားတို့ကို စေခိုင်း၏။ အိမ်သို့ဝင်ရောက်ပြီးသော ကာလ၌ကား သူဌေးသား ဃောသကသည် အဖ၏ ခြေရင်းနံပါး၌ တည်နေလေ၏။ သူဌေးသမီးသည် ခေါင်းရင်းနံပါး၌ ထိုင်နေလေ၏။

ဃောသကအား ပစ္စည်းဥစ္စာအမွေပေးပြီးမှ သူဌေးကြီး အနိစ္စရောက်ခြင်း

ထိုခဏ၌ သူဌေးကြီးသည် ပက်လက်အိပ်စေလျက်နေ၏။ စာရင်းကိုင် အမှုဆောင်သည် သူဌေးကြီး၏ခြေတို့ကို ဆုပ်နယ်လျက် “အရှင်သူဌေးမင်း- အရှင်၏သားသည် ရောက်လာပြီ”ဟု ပြောကြားလေ၏။ “ထိုဃောသကသည် အဘယ်မှာနည်း”ဟု မေးသည်ရှိသော် “အရှင့်သား ဃောသကသည် အရှင်၏ခြေရင်း၌ တည်နေပါသည်”ဟု ပြောဆိုလေ၏။ ထိုအခါ ဃောသကကိုမြင်၍ စာရင်းကိုင် အမှုဆောင်ကို ခေါ်ပြီးလျှင် “ငါ၏အိမ်၌ ပစ္စည်းဥစ္စာသည် အဘယ်မျှလောက် ရှိသနည်း”ဟု မေးလေ၏။ “အရှင်- ရွှေ,ငွေတည်းဟူသော ဥစ္စာချည်းသက်သက် ကုဋေလေးဆယ် ရှိပါကုန်၏၊ နေ့တိုင်း သုံးဆောင်အပ်, မပြတ်သုံးဆောင်အပ်သော အဆောက်အဦ ဥစ္စာဘဏ္ဍာတို့၏လည်းကောင်း၊ တော, ရွာ, လယ်, ခြေနှစ်ချောင်းရှိသတ္တဝါ, ခြေလေးချောင်းရှိသတ္တဝါ, ယာဉ်, လှည်းတို့၏လည်းကောင်း ဤရွေ့ဤမျှသော အပိုင်းအခြားရှိပါ၏”ဟူ၍ ပြောဆိုသည်ရှိသော် “ဤမျှအကုန် အလုံးစုံသော ပစ္စည်းဥစ္စာကို ငါ၏သားဖြစ်သော ဃောသကအား ငါမပေးမကမ်း”ဟု ဆိုလိုလျက် “ငါပေးကမ်း၏”ဟု ဆိုမိလေ၏။

ထိုစကားကို ကြားသောအခါ သူဌေးသမီးက “ဤသူဌေးကြီးသည် နောက်ထပ် ပြောဆိုပြန်သည်ရှိသော် တစ်စုံတစ်ရာ စကားတစ်ပါးလွှဲ၍ ဆိုရာ၏”ဟု ကြံ၍ စိုးရိမ်ပူဆွေးခြင်းဖြင့် နှိပ်စက်သည့်အသွင် ဆံပင်တို့ကို ဖရိုဖရဲကြဲ၍ ငိုကြွေးမြည်တမ်းလျက် “ဖခင်သူဌေးကြီး- အဘယ်သို့သော ထိုစကားကို ဆိုတော်မူကုန်ဘိသနည်း၊ သင်ဖခင် သူဌေးကြီးတို့၏ (နှုတ်မှ) ဤမည်သော စကားကိုသော်မှလည်း ကြားရပါကုန်၏၊ ကျွန်မတို့ကား ဘုန်းကံ ကင်းကွေ ကျက်သရေမတိုး အကြောင်းမယ်ဆိုးပါဘိတကား”ဟုဆိုလျက် ဦးခေါင်းဖြင့် ထိုသူဌေးကြီးကို ရင်လယ်၌ ပုတ်ခတ်ကျရောက်စေလျက် အကြင်သို့သောအခြင်းအရာဖြင့် ထိခိုက်တိုးဝှေ့သည်ရှိသော် တစ်ဖန် စကားဆိုခြင်းငှါ မတတ်နိုင်၊ ထိုသို့သော အခြင်းအရာဖြင့် သူဌေးသမီးသည် ထိုသူဌေးကြီး၏ရင်အလယ်၌ ဦးခေါင်းဖြင့် ထိခိုက်တိုးဝှေ့လျက် အလွန်တရာ ငိုကြွေးမြည်တမ်းခြင်း (အမူအရာ)ကို ပြလေ၏။ သူဌေးကြီးသည် ထိုခဏ၌သာလျှင် စုတေသေလွန်ခြင်းကို ပြုလေသတည်း။

ဃောသကအား သူဌေးရာထူး အပ်နှင်းခြင်း

ထိုသူဌေးကြီးသည် သေလွန်သည်ရှိသော် ဥတေနမင်းကြီးအား လျှောက်ကြားကြကုန်၏။ မင်းကြီးသည် သူဌေးကြီး၏ ရုပ်အလောင်းကို ကောင်းမွန်စွာ ဖုတ်ကြည်းသင်္ဂြိုဟ်ခြင်းအမှုကို ပြုစေ၍ “ထိုသူဌေးကြီးအား သားသည်လည်းကောင်း၊ သမီးသည်လည်းကောင်း ရှိလေသလော”ဟု မေး၏။ “အရှင်မင်းမြတ်- ထိုသူဌေးကြီးအား ဃောသကမည်သော သားသည် ရှိပါ၏၊ အလုံးစုံသော ဥစ္စာနှစ်ကို ထိုသားအားဆောင်နှင်း ပေးအပ်၍သာလျှင် ကွယ်လွန်ပါသည်”ဟု လျှောက်ကြားကြကုန်၏။ မင်းကြီးသည် နောက်အဖို့၌ သူဌေးသားကို ခေါ်စေ၏။ ထိုနေ့၌လည်း မိုးရွာခြင်းကြောင့် မင်းရင်ပြင်ဝယ် ထိုထိုအရပ်၌ ရေလွှမ်း၍ တည်လေ၏။ သူဌေးသားသည် မင်းကြီးကို ဖူးမြော်အံ့ဟု သွားလေသောအခါ မင်းကြီးသည် လေသာပြတင်းကို ဖွင့်လှစ်၍ ရှေ့ရှုလာသော ထိုဃောသကသူဌေးသားကို ကြည့်ရှုသည်ရှိသော် မင်းရင်ပြင်၌တည်ရှိသော ရေကို ခုန်လွှားကာ လာသည်ကို မြင်ရပြီးလျှင် လာရောက်ကာ ရှိခိုးလျက် တည်နေသော ဃောသကသူဌေးသားကို “အမောင်လုလင်- ဃောသကမည်သောသူသည် အသင်ပေလော”ဟု မေးသဖြင့် “အရှင်မင်းမြတ်- ဪ... ဟုတ်ပါ၏”ဟု လျှောက်ကြားသည်ရှိသော် “ငါ၏ဖခင်သည် သေရှာလေပြီဟူ၍ မစိုးရိမ် မကြောင့်ကြလေလင့်၊ အသင်၏ဖခင်၏ အမွေဖြစ်သော သူဌေး၏ရာထူးကို အသင်အားသာလျှင် ငါပေးသနားတော်မူမည်”ဟု ဃောသကကို သက်သာရာရစေပြီးလျှင် “အမောင် သွားလေလော့”ဟု လွှတ်လိုက်လေ၏။ မင်းကြီးသည် အစဉ်အတိုင်း ပြန်သွားသော ထိုဃောသကကိုလည်း ကြည့်ရှုလျက်သာလျှင် ရပ်နေလေ၏။ ထိုဃောသကသည် လာခဲ့သောကာလ၌ ခုန်လွှားသွားသော ရေကို ပြန်သွားသောအခါ ဆင်းသက်၍ သွားလေ၏။

ထိုအခါ ဃောသကကို မင်းကြီးသည် ထိုအရပ်မှသာလျှင် ခေါ်စေ၍ “အမောင်လုလင်- အသင်သည် ငါ၏အထံသို့ လာသည်ရှိသော် ရေကို ခုန်လွှားကာ လာခဲ့လေ၏၊ ပြန်သွားသော ယခုအခါ၌မူကား ဆင်းသက်၍သွားသည်မှာ အကြောင်းအသို့နည်း”ဟု မေးတော်မူလေ၏။ “အရှင်မင်းမြတ်- ဪ... ဟုတ်ပါပေ၏။ အကျွန်ုပ်သည် ထိုခဏ၌ သူငယ်ဖြစ်သောကြောင့် ကစားခုန်လွှားကာ သွားလေ့ရှိသောအခါ မည်ပါသည်၊ ဤယခုအခါ၌မူကား အရှင်မင်းမြတ်သည် အကျွန်ုပ်အား ရာထူးဌာနန္တရကို ပေးသနားတော်မူမည်ဟု အမိန့်ချမှတ် ဝန်ခံတော်မူအပ်ပြီ၊ ထို့ကြောင့် ရှေးကကဲ့သို့ မပြုကျင့်ဘဲ ယခုအခါ၌ ငြိမ်သက်တည်ကြည်ခြင်း သဘောရှိသည်ဖြစ်၍ ပြုကျင့်ခြင်းငှါ သင့်၏ဟု ကြံဆင်ခြင်မိပါသည်”ဟူ၍ လျှောက်ထားလေ၏။ ထိုစကားကို ကြားသိတော်မူရ၍ မင်းကြီးသည် “ဤယောက်ျားသည်ကား တည်ကြည်သော ဉာဏ်ပညာ ရှိပေ၏။ ယခုအခါ၌သာလျှင် ဤသူအား သူဌေးရာထူးဌာနန္တရကို ပေးတော့အံ့”ဟု ဆင်ခြင်တော်မူ၍ ဖခင်သူဌေးကြီး သုံးဆောင်ခံစားအပ်သော စည်းစိမ်ချမ်းသာကို ပေးသနားတော်မူ၍ အလုံးစုံ တစ်ရာစီ,တစ်ရာစီ ဆုတော် လာဘ်တော်နှင့်တကွ သူဌေးရာထူး ဌာနန္တရကို ပေးသနားတော်မူလေ၏။

ဃောသကသူဌေးကြီး ကုသိုလ်ကောင်းမှုပြုခြင်း

ထိုဃောသကသူဌေးသည် ရထား၌စီးနင်းလျက် မြို့ကို လက်ယာရစ်လှည့်သည်ကို ပြု၏။ ကြည့်ရှုရာ ကြည့်ရှုရာတိုင်းဖြစ်သော အရပ်သည် တုန်လှုပ်၏။ သူဌေးသမီးသည် ကာဠီမည်သော ကျွန်မနှင့်အတူတကွ တိုင်ပင်စကား ပြောကြားကာနေလျက် “မိခင် ကာဠီ- မိခင်၏ သားတော်မောင် ဃောသကအား ဤမျှအတိုင်းအရှည်ရှိသော စည်းစိမ်ချမ်းသာသည် ကျွန်မကိုအမှီပြု၍ ဖြစ်ပေါ်ရရှိလေသည်”ဟု ဆို၏။ “ချစ်သမီး- အဘယ့်ကြောင့် ဤသို့ဆိုရသနည်း”ဟု မေးလျှင် “မိခင် ဤသူသည် မိမိအား သတ်ခိုင်းသောကမ္ပည်းမှာစာကို ပုဆိုးစွန်း၌ ဖွဲ့ချည်လျက် ကျွန်မတို့၏အိမ်သို့ ရောက်လာ၏၊ ထိုသို့ရောက်လာသောအခါ ကျွန်မသည် ထိုကမ္ပည်းမှာစာကို ဆုတ်ဖျက်၍ ထိုဃောသကအား ကျွန်မနှင့်အတူတကွ ထိမ်းမြားမင်္ဂလာဆောင်စေခြင်းငှါ တစ်ပါးသော ကမ္ပည်းမှာစာကို ရေးသား၍ ဤမျှ အတိုင်းအရှည်ရှိသော ကာလပတ်လုံး ထိုသူ့အပေါ်၌ စောင့်ရှောက်သည်ကို ပြုရလေသည်”ဟု ဆိုလေ၏။ “ချစ်သမီး- အသင်သည်ကား ဤမျှကိုသာ တွေ့မြင်ရလေသည်။ ဤသူငယ်ကို သူဌေးကြီးသည် ပျိုမျစ်နုနယ် ငယ်ရွယ်သောကာလမှစ၍ သတ်စိမ့်သောငှါ အားထုတ်၏၊ သတ်ခြင်းငှါ မစွမ်းနိုင်လေ၊ သက်သက် ဤသူငယ်ကိုအမှီပြု၍ များစွာသော ပစ္စည်းဥစ္စာသည် ကုန်ခန်းလှလေပြီ”ဟု ပြောပြလေ၏။

“မိခင်- သူဌေးကြီး ပြုအပ်သောအမှုသည် အလွန်တရာ ဝန်လေးလေစွတကား”ဟု ဆိုလျက် တိုင်ပင်စကား ပြောကြားကာ နေလေ၏။ မြို့ကို လက်ယာရစ် လှည့်လည်၍ အိမ်သို့ ဝင်ရောက်လာသောအခါ ထိုဃောသကသူဌေးကို မြင်လေလျှင် “ဤမျှလောက်သော စည်းစိမ်ချမ်းသာသည် ငါ့ကိုအမှီပြု၍ ဖြစ်ပေါ်ရရှိလေသည်”ဟု ပြုံးရွှင်ခြင်းကို ပြုလေ၏။ ထိုအခါ သူဌေးသမီးကို ဃောသကသူဌေးက “အဘယ့်ကြောင့် ပြုံးရွှင်ဘိသနည်း”ဟု မေးလေ၏။ “တစ်ခုသော အကြောင်းကို အမှီပြု၍ ပြုံးရွှင်ပါသည်”ဟူ၍ ပြောသဖြင့် “ထိုအကြောင်းကို ပြောပြစမ်းပါဦးလော့”ဟု ဆိုလျှင် သူဌေးသမီးသည် မပြောပြဘဲနေလေ၏။ ဃောသကသူဌေးသည် “အကယ်၍ မပြောပြသည်ဖြစ်အံ့၊ သင့်ကို နှစ်ပိုင်း ပိုင်းဖြတ်သတ်အံ့”ဟု သန်လျက်ကို ဆွဲထုတ်လေ၏။ သူဌေးသမီးက “အရှင်- အသင်သည် ဤမျှအတိုင်းအရှည်ရှိသော စည်းစိမ်ချမ်းသာကို ကျွန်မကိုအမှီပြု၍သာ ရလေသည်ဟု ကြံဆင်ခြင်၍ ပြုံးရွှင်မိပါသည်”ဟု ပြောလေ၏။ ဃောသကသူဌေးက “အကယ်စင်စစ်အားဖြင့် ငါ၏ဖခင်သည် မိမိ၏ဥစ္စာကို ငါ့အား ပေးအပ်ဆောင်နှင်းခဲ့၏။ ဤသို့ ပေးအပ်ဆောင်နှင်းခဲ့ရာ၌ အသင်သည် အဘယ်သို့ ဖြစ်ခဲ့ရလေသနည်း”ဟု မေးလေ၏။ ထိုဃောသကသူဌေးသည် ဤမျှအတိုင်းအရှည်ရှိသော ကာလပတ်လုံး တစ်စုံတစ်ခုကိုမျှ မသိခြင်းဖြစ်ပေသတတ်။ ထို့ကြောင့် ထိုသူဌေးသမီး၏စကားကို ယုံကြည်ခြင်း မရှိပေ။

ထိုအခါ ထိုဃောသကသူဌေးအား သူဌေးသမီးသည် “အရှင်တို့၏ ဖခင်သည် သတ်ခိုင်းသော ကမ္ပည်းမှာစာကို ပေး၍ စေလွှတ်အပ်ကုန်၏၊ အသင်တို့ကို ကျွန်မသည် ဤသို့ဤသို့သော အမှုကိုပြု၍ စောင့်ရှောက်အပ်ကုန်၏”ဟု အလုံးစုံသောအကြောင်းကို ပြောကြားလေ၏။ “အသင်သည် မဟုတ်မမှန်သောစကားကို ပြောဆိုလေသည်”ဟု မယုံကြည်သည်ဖြစ်၍ “မိခင်ဖြစ်သော ကာဠီကို မေးအံ့”ဟု ကြံပြီးလျှင် “မိခင်- ကျွန်တော်၏ ဖခင်ဖြစ်သော သူဌေးသည် ဤသို့သောအမှုကို ပြုသောဟူသည် မှန်ပေသလော”ဟု မေးလေ၏။ “ချစ်သား ဪ... ဟုတ်ပေ၏။ ပျိုမြစ်နုနယ် ငယ်ရွယ်သောကာလမှစ၍ သင်ချစ်သားကို သတ်ခြင်းငှါ အလိုရှိသည်ဖြစ်၍ အားထုတ်၏၊ သတ်ခြင်းငှာ မစွမ်းနိုင်လေ၊ သင်ချစ်သားကို အမှီပြု၍ များစွာ ပစ္စည်းဥစ္စာသည် ကုန်ခန်းလှလေပြီ၊ ခုနစ်ပါးကုန်သော အရပ်ဌာနတို့၌ သင်ချစ်သားသည် သေခြင်းမှ လွတ်ခဲ့လေပြီ၊ ဤယခုအခါ၌ ပိုင်စားရာဖြစ်သောရွာမှ လာလတ်၍ အလုံးစုံ တစ်ရာတစ်ရာစီ ဆုတော်လာဘ်တော်နှင့်တကွ သူဌေး၏ရာထူးသို့ ရောက်ရလေသည်”ဟု ပြောကြားလေ၏။

ဃောသကသူဌေးသည် ထိုစကားကို ကြားသိရလျှင် “ဤမကောင်းမှုသည်ကား စင်စစ် ဝန်လေးလေစွတကား၊ ဤသို့ သဘောရှိသော သေခြင်းမှ လွတ်ကင်းလာခဲ့သော ငါ့အား မေ့လျော့သောအားဖြင့် ဇီဝိတိန္ဒြေကို မြင့်ရှည်စွာ တည်နေစိမ့်သောငှါ မလျောက်ပတ်၊ မမေ့မလျော့သောသူဖြစ်အောင် ပြုတော့အံ့”ဟု ကြံ၍ နေ့တိုင်းနေ့တိုင်း တစ်ထောင်,တစ်ထောင်သော အသပြာကို စွန့်လွှတ်၍ ခရီးသွားသောသူ အထီးကျန်သောသူ စသည်တို့အား အလှူဒါနကို ဖြစ်စေ၏။ မိတ္တအမည်ရှိသော သူကြွယ်သည် ထိုဃောသကသူဌေး၏ အလှူဝတ်၌ အမှုကြီးငယ်ကို ရွက်ဆောင်သောသူ ဖြစ်လေ၏။ ဤကား ဃောသကသူဌေး၏ ဝတ္ထုစကားအစဉ်တည်း။

သာမာဝတီမိဖုရားကြီး ဖြစ်လတ္တံ့သော သူငယ်မသည် ကောသမ္ဗီပြည်သို့ ရောက်လာရပုံ

ထိုအခါ ကာလ၌ ဘဒ္ဒဝတီပြည်ဝယ် ဘဒ္ဒဝတီမည်သော သူဌေးသည် ဃောသကသူဌေး၏ မတွေ့မမြင်ဖူးသော အဆွေခင်ပွန်းဖြစ်လေ၏။ ဘဒ္ဒဝတီပြည်မှလာသော ကုန်သည်တို့၏အထံ၌ ဃောသကသူဌေးသည် ဘဒ္ဒဝတီသူဌေး၏ စည်းစိမ်ချမ်းသာကိုလည်းကောင်း၊ အသက်အရွယ် အပိုင်းအခြားကိုလည်းကောင်း ကြားသိရသဖြင့် ထိုဘဒ္ဒဝတီသူဌေးနှင့် အတူတကွ အဆွေခင်ပွန်းဖွဲ့ခြင်းကို အလိုရှိသည်ဖြစ်၍ လက်ဆောင်ကို ပို့စေ၏။ ဘဒ္ဒဝတီသူဌေးသည်လည်း ကောသမ္ဗီပြည်မှလာသော ကုန်သည်တို့၏အထံ၌ ဃောသကသူဌေး၏ စည်းစိမ်ချမ်းသာကိုလည်းကောင်း၊ အသက်အရွယ် အပိုင်းအခြားကိုလည်းကောင်း ကြားသိရသဖြင့် ထိုဃောသကသူဌေးနှင့် အတူတကွ အဆွေခင်ပွန်းဖွဲ့ခြင်းကို အလိုရှိသည်ဖြစ်၍ လက်ဆောင်ကို ပို့စေလေ၏။ ဤသို့ ထိုသူဌေးနှစ်ဦးတို့သည် အချင်းချင်း မတွေ့မမြင်ဖူးဘဲ အဆွေခင်ပွန်းဖြစ်၍ နေကြလေကုန်၏။ နောက်အဖို့၌ ဘဒ္ဒဝတီသူဌေး၏နေအိမ်၌ မြွေဆိပ်နှင့်တူသော လေနာ(ယဉ်းအနာ)သည် ကျရောက်လေ၏။

(ထိုအနာသည် ကျရောက်သည်ရှိသော် ရှေးဦးစွာ ယင်တို့သည် သေကုန်၏။ ထို့နောက် အစဉ်အတိုင်းအားဖြင့်သာလျှင် ပိုးမွှား, ကြွက်, ကြက်, ဝက်, နွား, ကျွန်မိန်းမ, ကျွန်ယောက်ျားတို့သည် သေကုန်၏။ အလုံးစုံတို့နောက်မှ အိမ်သားဖြစ်သော လူတို့သည် သေကုန်၏။ ထိုသူတို့တွင် အကြင်သူတို့သည် နံရံကိုဖောက်ခွဲ၍ ထွက်ပြေးကုန်၏။ ထိုသူတို့သည် အသက်ရှင်ခြင်းကို ရကုန်၏။)

ထိုအခါ ဘဒ္ဒဝတီ သူဌေးသည်လည်းကောင်း၊ သူဌေးကတော်သည်လည်းကောင်း၊ သူဌေးသမီးသည်လည်းကောင်း ဆိုခဲ့သောအခြင်းအရာဖြင့် ထွက်ပြေး၍ ဃောသကသူဌေးကို အားကိုးကာ တောင့်တလျက် ကောသမ္ဗီပြည်သို့ သွားအံ့သောလမ်းခရီးကို သွားကြကုန်၏။ ထိုသုံးယောက်ကုန်သော သူတို့သည် လမ်းခရီးကြား၌သာလျှင် ကုန်သောရိက္ခာရှိကြသဖြင့် လေ,နေပူတို့ကြောင့်လည်းကောင်း မွတ်သိပ်ခြင်းတို့ကြောင့်လည်းကောင်း ညှိုးနွမ်းသော ကိုယ်ရှိကုန်လျက် ငြိုငြင်ဆင်းရဲစွာ ကောသမ္ဗီပြည်သို့ ရောက်လာ၍ ရေရလွယ်ရာ အရပ်၌ ရပ်နားကာ ရေချိုးပြီးလျှင် မြို့တံခါး၌ ဇရပ်တစ်ဆောင်သို့ ခိုဝင်ကြလေကုန်၏။ ထိုသို့ ဇရပ်၌ ခိုနားဝင်နေပြီးလျှင် သူဌေးကြီးသည် သူဌေးကတော်ကို “ချစ်နှမ- ဤသို့သော အသွင်အပြင်ဖြင့် သွားကြကုန်သည်ရှိသော် မွေးဖွားသော အမိသည်လည်း မနှစ်သက်အပ်ကုန်၊ ငါ၏ အဆွေခင်ပွန်းဖြစ်သော ဃောသကသူဌေးသည် ခရီးသွားသောသူ အထီးကျန်သောသူ စသည်တို့အား နေ့တိုင်း အသပြာတစ်ထောင်ကို စွန့်လွှတ်၍ အလှူဒါနကို ပေးလှူစေသတတ်။ ထိုအလှူရုံမဏ္ဍပ်သို့ သမီးကိုစေလွှတ်၍ အစာအာဟာရကို ဆောင်စေပြီးလျှင် တစ်ရက်, နှစ်ရက်ပတ်လုံး ဤဇရပ်၌သာလျှင်ကိုယ်ကို ရောင့်ရဲစေပြီးမှ ငါ၏ အဆွေခင်ပွန်းဖြစ်သော ခောသကသူဌေးကို ကြည့်ရှုကြကုန်အံ့”ဟု ဆိုလေ၏။ သူဌေးကတော်လည်း “ကောင်းလှပါပြီ အရှင်”ဟု ဝန်ခံ၍ ထိုသူတို့သည် ဇရပ်၌သာလျှင် နေကြလေကုန်၏။

သာမာဝတီမိဖုရားဖြစ်မည့် သူငယ်မလေး ထမင်းတောင်းရခြင်း

တစ်ဖန် မိုးသောက်ရောက်သောနေ့၌ အလှူပေးရန် အချိန်ကာလကို ပြောကြားအပ်သည်ဖြစ်၍ အထီးကျန်သောသူ, ခရီးသွားသောသူ အစရှိသည်တို့သည် အစာအာဟာရအလို့ငှာ သွားကြကုန်သည်ရှိသော် မိခင်ဖခင်တို့သည် “ချစ်သမီး- သွား၍ ငါတို့ဖို့ အစာအာဟာရကို ဆောင်ယူခဲ့လေလော့”ဟု သမီးကို စေလွှတ်ကြရကုန်၏။ များစွာသော စည်းစိမ်ရှိသော အမျိုးကောင်း သမီးကောင်းဖြစ်လျက် စည်းစိမ်ပျက်ခြင်းကြောင့် ပြတ်တောက်သော ရှက်ခြင်းရှိသည်ဖြစ်၍ မရှက်နိုင်ရှာဘဲ ခွက်လက်စွဲကာ အထီးကျန်သော လူဆင်းရဲအပေါင်းနှင့်အတူတကွ အာဟာရအလို့ငှါ သွားပြီးလျှင် “ချစ်သမီး- ဘယ်နှစ်ယောက်အဖို့ ယူအံ့နည်း”ဟု အမေးခံရပြန်သည်ဖြစ်၍လည်း “သုံးယောက်အဖို့ပါ”ဟု ပြောဆိုရရှာလေ၏။ ထိုအခါ သူဌေးသမီးအား သုံးယောက်စာအဖို့တို့ကို ပေးကြလေကုန်၏။ သူဌေးသမီးသည် ထမင်းကို ဆောင်ယူခဲ့ပြီးသည်ရှိသော် သုံးယောက်ကုန်သော သူတို့သည်လည်း တစ်ပြိုင်နက် စားခြင်းငှါ ထိုင်နေကြလေကုန်၏။

ထို့နောက် မိခင်နှင့်သမီးတို့သည် သူဌေးကြီးကို “အရှင်- ပျက်စီးခြင်းမည်သည်ကား အမျိုးကြီးတို့အားလည်း ဖြစ်တတ်ကုန်၏။ အကျွန်ုပ်တို့ နှစ်ယောက်ကို မကြည့်မူ၍ မငဲ့မူ၍ သုံးစားပါလော့၊ တစ်စုံတစ်ခုသော ပူပန်စရာကို မကြံအောက်မေ့ပါလင့်”ဟု ပြောဆိုကြကုန်၏။ ဤသို့ အထူးထူးအပြားပြားသော အခြင်းအရာတို့ဖြင့် ထိုသူဌေးကြီးကို တောင်းပန်ပြောဆို၍ ကျွေးမွေးကြလေကုန်၏။ သူဌေးကြီးသည် စားသောက်ပြီးလျှင် အစာကို ကြေစိမ့်သောငှါ မစွမ်းနိုင်သဖြင့် နေအရုဏ်တက်သောအခါ သေလွန်ခြင်းကို ပြုရရှာလေ၏။ မိခင်နှင့်သမီးတို့သည် အထူးထူးအပြားပြားသော အခြင်းအရာတို့ဖြင့် မြည်တမ်းကာ ငိုကြွေးကြကုန်၏။ သတို့သမီးငယ်သည် တစ်ဖန် မိုးသောက်နေ့၌ ငိုကြွေးလျက် အာဟာရအလို့ငှါ သွားပြီးလျှင် “ချစ်သမီး- ဘယ်နှစ်ယောက်အဖို့ ယူအံ့နည်း”ဟု ပြောဆိုအပ်သည်ဖြစ်၍ “နှစ်ယောက်အဖို့ပါ”ဟု ပြော၍ ယူဆောင်ခဲ့ပြီးလျှင် မိခင်ကိုတောင်းပန်၍ ကျွေးမွေးလေ၏။ မိခင်သည်လည်း ထိုသမီး တောင်းပန်အပ်သည်ဖြစ်၍ စားသောက်ပြီးလျှင် ထိုနေ့၌ပင် သေခြင်းကို ပြုရရှာလေ၏။

သာမာဝတီမိဖုရားဖြစ်မည့် သူငယ်မကို မိတ္တသူကြွယ်က မွေးစားခြင်း

သတို့သမီးသည် တစ်ယောက်ထီးတည်း အဖန်ဖန် ငိုကြွေးမြည်တမ်းလျက် ထိုဆင်းရဲအမျိုးမျိုး ဖြစ်ခြင်းကြောင့် အလွန်တရာဖြစ်သော ဆာလောင်မွတ်သိပ်ခြင်း၊ ဆင်းရဲခြင်းရှိသည်ဖြစ်၍ တစ်ဖန် မိုးသောက်ရောက်သောနေ့၌ ဖုန်းတောင်းယာစကာတို့နှင့် အတူတကွ ငိုကြွေးမြည်တမ်းလျက်သာ အစာအာဟာရအလို့ငှါ သွားပြီးလျှင် “ချစ်သမီး- ဘယ်နှစ်ယောက်အဖို့ ယူအံ့နည်း”ဟု ဆိုအပ်သည်ရှိသော် “တစ်ယောက်အဖို့ပါ”ဟု ဆိုလေ၏။ မိတ္တသူကြွယ်သည် သုံးရက်လုံး ထမင်းယူသော ထိုသတို့သမီးကို မှတ်မိလေ၏။ ထို့ကြောင့် ထိုသတို့သမီးကို “ဟဲ့ သူယုတ်မ- ပျက်လော့ (ဖယ်သွားလေလော့)၊ ယနေ့မှ အသင်၏ ဝမ်းပမာဏ အတိုင်းအရှည်ကို သိလေတော့သလော”ဟု ဆိုလိုက်လေ၏။ အရှက်အကြောက်နှင့် ပြည့်စုံသော အမျိုးသမီးသည် ရင်လယ်၌ လှံမဖြင့် ထိုးဆွခြင်းကို ခံရဘိသကဲ့သို့လည်းကောင်း အိုင်းအမာ၌ ဆားငန်ရေဖြင့် သွန်းလောင်းခြင်းကို ခံရဘိသကဲ့သို့လည်းကောင်း (ပြင်းပြစွာ နာကြည်းသောစကားကို ရသည်ဖြစ်၍) “အရှင်- အဘယ်သို့ ဆိုပါသနည်း”ဟု မေးလေ၏။

“အသင်သည် ရှေးဦးစွာသောနေ့၌ သုံးယောက်စာ အဖို့အစုတို့ကို (လောဘတကြီး) ယူအပ်ကုန်၏၊ ယမန်နေ့၌ နှစ်ယောက်စာ အဖို့အစုတို့ကို ယူအပ်ကုန်၏၊ ယနေ့ကား တစ်ယောက်စာ အဖို့အစုကို ယူဘိ၏၊ အသင်ကား ယနေ့မှ မိမိဝမ်း၏ ပမာဏကို သိအပ်လေတော့သလော”ဟု ပြောဆိုလတ်သော် “အရှင်- ကျွန်မကို မိမိ၏အလို့ငှါချည်းသာ ယူသည်ဟူ၍ မှတ်ထင်တော် မမူပါလင့်”ဟု ပြောလေ၏။ “ယင်းသို့ဖြစ်မူ အဘယ့်ကြောင့် ဤသို့ ယူရသနည်း”ဟု ပြန်၍ မေးလတ်သော် “အရှင်- ရှေးဦးစွာသောနေ့၌ သုံးယောက်ဖြစ်ပါသည်၊ ယမန်နေ့က နှစ်ယောက်ဖြစ်ပါသည်။ ယနေ့ကား (ကျွန်မ) တစ်ယောက်တည်းသာ ဖြစ်ပါတော့သည်”ဟု ပြောရှာလေ၏။ သူကြွယ်က “အဘယ်အကြောင်းကြောင့်နည်း”ဟု မေးမြန်းသဖြင့် ဖြစ်ရင်းမူလမှစ၍ ထိုသတို့သမီးသည် ပြောကြားအပ်သော အကြောင်းအလုံးစုံကို ကြားသိရလျှင် မျက်ရည်တို့ကို တည်တန့်စိမ့်သောငှါ မတတ်နိုင်ရကား အားကြီးသော နှလုံးမသက်သာခြင်း ရှိသည်ဖြစ်၍ “ချစ်သမီး- ဤသို့ဖြစ်မူ ထွေထွေရာရာ မကြံစည်လင့်၊ သင်သည် ဘဒ္ဒဝတီသူဌေး၏ သမီးတည်း၊ ယနေ့ ဤအခါမှစ၍ ငါ၏ သမီးမည်သည်သာ ဖြစ်ပေတော့သည်”ဟု ဆို၍ ဦးခေါင်းကိုနမ်းရှုပ်၍ အိမ်သို့ဆောင်ပြီးလျှင် မိမိ၏ သမီးအကြီးအရာ၌ ထားလေ၏။

သာမာဝတီအမည်ရခြင်းနှင့် ဃောသကသူဌေးကြီး သမီးအရာ၌ ထားခြင်းအကြောင်း

ထိုသတို့သမီးသည် အလှူရုံမဏ္ဍပ်၌ ကျယ်လောင်သော ဆူညံသောအသံကိုကြားရ၍ “ဖခင်- အဘယ့်ကြောင့် ဤလူများအပေါင်းကို အသံတိတ်ဆိတ်ခြင်းရှိအောင်ပြု၍ အလှူဒါနကို မပေးလှူပါကုန်သနည်း”ဟု မေးလေ၏။ “ချစ်သမီး- ပြုပြင်ခြင်းငှါ မတတ်နိုင်”ဟုဆိုသဖြင့် “ဖခင်- တတ်နိုင်ကောင်းပါ၏”ဟု ဆိုသည်ရှိသော် “ချစ်သမီး- အဘယ်သို့ တတ်နိုင်ကောင်းပါအံ့နည်း”ဟု မေးသောအခါ “ဖခင်- အလှူရုံမဏ္ဍပ်ကိုကာရံ၍ တစ်ယောက် တစ်ယောက်၏သာလျှင် ဝင်ခြင်းငှါလောက်သော ပမာဏဖြင့် ဝင်ပေါက် ထွက်ပေါက် တံခါးနှစ်ခုတို့ကို ယှဉ်စေ,ထားစေ၍ “တစ်ခုသော တံခါးပေါက်ဖြင့်ဝင်၍ တစ်ခုသော တံခါးပေါက်ဖြင့် ထွက်ကြကုန်လော့”ဟု ဆိုရာ၏။ ဤသို့ ပြုအပ်သည်ရှိသော် အသံတိတ်ဆိတ်ခြင်း ရှိသည်ဖြစ်၍ ယူကြပါကုန်လတ္တံ့”ဟု ပြောဆိုလေ၏။ သူကြွယ်လည်း သတို့သမီး၏စကားကို ကြား၍ “ချစ်သမီး- ဤနည်းသည် ကောင်းလှပေ၏”ဟု ဆို၍ ထိုသို့ ပြောဆိုတိုင်းသော အခြင်းအရာဖြင့် ပြုစေလေ၏။

(ထိုသတို့သမီးသည်ကား ရှေးငယ်စဉ် မိဘတို့ပေးသော အမည်ဖြင့် သာမာမည်၏။ စောင်းရန်း, အရံအကာ(ဝတီ)ကို ကာစေပြုစေသောကြောင့် ရှေးအမည်နှင့်ပေါင်း၍ သာမာဝတီ မည်သည် ဖြစ်လေ၏။)

ထိုသို့ ပြုလုပ်စီရင်သဖြင့် ပေးလှူသောကာလမှစ၍ အလှူရုံမဏ္ဍပ်၌ အုတ်အုတ်ကျက်ကျက်သော အသံသည် ပြတ်စဲလေ၏။ ဃောသကသူဌေးသည် ရှေးအခါ၌ ထိုအသံကို ကြားသည်ရှိသော် ငါ၏ အလှူရုံမဏ္ဍပ်က အသံပေတည်းဟု ကြားရသဖြင့် နှစ်သက်ဝမ်းမြောက်ရလေ၏။ နှစ်ရက် သုံးရက်တိုင်တိုင် အသံကိုမကြားရသောကြောင့် မိမိ၏ အထံသို့ ချဉ်းကပ်လာသော မိတ္တသူကြွယ်ကို “အထီးကျန်သောသူ ခရီးသွားသောသူ အစရှိသည်တို့အား အလှူဒါနကို ပေးကမ်းလှူဒါန်းပါ၏လော”ဟု မေးလေ၏။ “အရှင်- ပေးကမ်းလှူဒါန်းပါ၏”ဟု ပြောဆိုလတ်သော် “ထိုသို့ ပေးလှူလျှင် အဘယ်သို့ ဖြစ်နေသနည်း၊ နှစ်ရက်သုံးရက်တိုင်တိုင် အသံကို မကြားရပါတကား”ဟု မေးပြန်လေ၏။ “အရှင်- အကြင်သို့သောနည်းဖြင့်ပြုသည်ရှိသော် အသံတိတ်ဆိတ်ကုန်သည်ဖြစ်၍ ယူကြကုန်၏၊ ထိုသို့သောနည်းကို အကျွန်ုပ် ပြုထားပါသည်”ဟု ပြောကြားလတ်သော် “ထိုသို့ဖြစ်မူ ရှေးယခင်က ဤကဲ့သို့ အဘယ့်ကြောင့် မပြုလေသနည်း”ဟု မေးလေ၏။ “အရှင်- မသိသောကြောင့် မပြုရပါ”ဟု ဆိုသည်ရှိသော် “ယခုကား အဘယ့်ကြောင့် သိရသနည်း”ဟု မေးပြန်လေ၏။ “အရှင်- အကျွန်ုပ်၏သမီးသည် ပြောကြားအပ်သောကြောင့် သိရပါသည်”ဟု ဆိုလေသော် “ငါသည် အသင့်အား သမီးရှိသောမည်သည် မသိရဖူးပါတကား”ဟု မေးပြန်လေ၏။ မိတ္တသူကြွယ်သည် ယဉ်းနာဖြစ်သော ကာလမှစ၍ ဘဒ္ဒဝတီသူဌေး၏ အလုံးစုံသော အကြောင်းကို ပြောကြားပြီးလျှင် ထိုသာမာဝတီအား မိမိ၏ သမီးကြီးအရာ၌ ထားသည်၏အဖြစ်ကို ပြောကြားလေ၏။

ထိုအခါ သူကြွယ်ကို ဃောသကသူဌေးက “ဤသို့ ဖြစ်ခဲ့သည်ရှိသော် အဘယ့်ကြောင့် ငါ့အား မပြောမဆိုဘိသနည်း။ ငါ့အဆွေခင်ပွန်း၏သမီးသည် ငါ၏သမီး မည်သည်သာလျှင်တည်း”ဟုဆို၍ ထိုသာမာဝတီသတို့သမီးကို ခေါ်စေ၍ “ချစ်သမီး- အသင်သည် ဘဒ္ဒဝတီသူဌေး၏ သမီးဟူသည် မှန်သလော”ဟု မေးလေ၏။ “မှန်လှပါသည်ဖခင်”ဟု ပြောသောအခါ “ယင်းသို့ဖြစ်မူ ထွေရာလေးပါး မကြံလင့်၊ ငါ၏သမီးပင် ဖြစ်ပေ၏”ဟု ထိုသာမာဝတီ၏ ဦးခေါင်း၌ နမ်းရှုပ်၍ အခြံအရံအလို့ငှါ ထိုသာမာဝတီအား ငါးရာမျှလောက်ကုန်သော မိန်းမတို့ကိုပေး၍ သာမာဝတီကို မိမိ၏ သမီးကြီးအရာ၌ ထားလေ၏။

ဥတေနမင်းစောသည် သာမာဝတီကို အဂ္ဂမဟေသီ မိဖုရားအရာ၌ထားခြင်း

ထို့နောက် တစ်နေ့သောအခါ ထိုကောသမ္ဗီပြည်၌ နက္ခတ်သဘင် ကြွေးကြော်ခြင်း (နက္ခတ်ပွဲသဘင်)သည်ဖြစ်၏။ ထိုနက္ခတ်သဘင် ကြိမ်သည်ရှိသော် အပသို့မထွက်ဖူးသော အမျိုးသမီးတို့သည်လည်း မိမိ၏ အခြံအရံနှင့်တကွ ခြေဖြင့်သာလျှင် မြစ်ဆိပ်သို့သွား၍ ရေချိုးကြကုန်၏။ (ရေကစားကြကုန်၏)။ ထို့ကြောင့် ထိုနေ့၌ သာမာဝတီ သတို့သမီးသည်လည်း ငါးရာသောမိန်းမတို့ဖြင့် ခြံရံလျက် မင်းရင်ပြင်ဖြင့် ဖြတ်သန်း၍သာလျှင် ရေကစားခြင်းငှာ သွားလေ၏။ ဥတေနမင်းစောသည် ခြင်္သေ့ခံသော လေသာပြတင်း၌ရပ်လျက် သာမာဝတီကိုမြင်လျှင်မြင်ချင်း “ဤမိန်းမတို့သည်ကား အဘယ်သူ၏ ကချေသည် မိန်းမတို့ပေနည်း”ဟု မေးလေ၏။ “အရှင်မင်းမြတ်- တစ်စုံတစ်ယောက်သောသူ၏ ကချေသည်မိန်းမတို့ မဟုတ်ကြပါ”ဟု လျှောက်တင်လေလျှင် “ထိုသို့မဟုတ်ခဲ့သည်ရှိသော် အဘယ်သူ၏ သမီးတို့ပေနည်း”ဟု မေးတော်မူပြန်၏။ “အရှင်မင်းမြတ်- ဤသည်ကား ဃောသကသူဌေးကြီး၏သမီး သာမာဝတီမည်သော သတို့သမီးပါတည်း”ဟု လျှောက်တင်လေလျှင် ထိုဥတေနမင်းသည် မြင်လျှင်မြင်ချင်း ဖြစ်သောချစ်ခြင်း ရှိရကား ဃောသကသူဌေးကြီးအထံသို့ “ငါ့အား သမီးကို ပို့ဆက်စေ”ဟု သတင်းစကား(အမိန့်)ကို စေလွှတ်လိုက်လေ၏။ ဃောသက သူဌေးကလည်း “အရှင်မင်းမြတ်- မပို့ဆက်ဝံ့ပါ”ဟု လျှောက်တင်လိုက်လေ၏။ ထိုဥတေနမင်းက “ဤသို့ မပြုလင့်၊ စေလွှတ်ပို့ဆက်ရမည်သာ”ဟု စေလွှတ်ပြန်သဖြင့် “အရှင်မင်းမြတ်- အကျွန်ုပ်တို့ သူဌေးမျိုးမည်သည်ကား သတို့သမီးတို့ကို ပုတ်ခတ်၍လည်းကောင်း၊ ညှဉ်းဆဲ၍လည်းကောင်း တွန်းငင် နှင်ထုတ်မည့်ဘေးမှ ကြောက်လှပါသောကြောင့် မပို့မဆက်ဝံ့ပါ”ဟု လျှောက်တင်လိုက်သောအခါ မင်းကြီးသည် အမျက်ထွက်၍ အိမ်ကို မင်းတံဆိပ် ခတ်နှိပ်စေပြီးလျှင် သူဌေးကိုလည်းကောင်း၊ သူဌေးကတော်ကိုလည်းကောင်း လက်၌ဆွဲကိုင်ကာ အိမ်မှအပသို့ နှင်ထုတ်စေလေ၏။

သာမာဝတီသည် ရေကစားပြီး၍ ပြန်လာသောအခါ အိမ်သို့ ဝင်ခြင်းငှာ အခွင့်ကို မရသည်ဖြစ်၍ “ဖခင်- ဤသို့ ဖြစ်ရခြင်း အကြောင်းအဘယ်သို့ပါနည်း”ဟု မေးလေ၏။ “ချစ်သမီး- မင်းကြီးသည် သင်ချစ်သမီး၏အကြောင်းကြောင့် သတင်းစကား (အမိန့်)ကို စေလွှတ်လိုက်၏၊ ထိုအခါ ငါတို့သည် မပို့ဆက်ဝံ့ပါဟု လျှောက်တင်လိုက်သည်ရှိသော် အိမ်ကို မင်းတံဆိပ် ခတ်နှိပ်စေပြီးလျှင် ငါတို့ကို အပသို့ နှင်ထုတ်စေ၏”ဟု ပြောပြလေ၏။ “ဖခင်- ဖခင်တို့ပြုအပ်သောအမှုသည် ဝန်လေးလှပါသည်၊ မင်းမည်သည်ကား စေလွှတ်အပ်သည်ရှိသော် မပို့မဆက်ဝံ့ပါဟု မဆိုမူ၍ အကျွန်ုပ်သမီးကို အခြံအရံနှင့်တကွ အကယ်၍ ယူဆောင်ကြကုန်သည်ဖြစ်ခဲ့အံ့၊ ပို့ဆက်ပါမည်ဟုသာ လျှောက်တင်အပ်သည် ဖြစ်ရာ၏”ဟု ပြောဆိုသောအခါ “ချစ်သမီး- သင်ချစ်သမီးအား နှစ်သက်သည်ရှိသော် ဤသို့ပြုရပေအံ့”ဟုဆို၍ မင်းကြီးအား ထိုသမီးပြောဆိုသောအတိုင်း သတင်းစကားကို (သံတော်ဦးတင်ရန်) စေလွှတ်လိုက်လေ၏။ ဥတေနမင်းသည် “ကောင်းပြီ”ဟု ဝန်ခံ၍ ထိုသာမာဝတီကို အခြံအရံနှင့်တကွ ဆောင်ယူပြီးလျှင် အဘိသိက်သွန်း၍ (အဂ္ဂမဟေသီ) မိဖုရားကြီးအရာ၌ ထားလေ၏။ ကြွင်းသော မိန်းမတို့ကား ထိုသာမာဝတီ မိဖုရား၏သာလျှင် အခြံအရံမိန်းမတို့ ဖြစ်ကြလေကုန်၏။ ဤကား သာမာဝတီ မိဖုရား ဝတ္ထုတည်း။

စဏ္ဍပဇ္ဇေတမင်းသည် သစ်သားဆင်ရုပ်ပြ၍ ဥတေနမင်းကို ဖမ်းယူခြင်း

ဥတေနမင်းအား တစ်ပါးသော ဝါသုလဒတ္တာ အမည်ရှိသော မိဖုရားသည်လည်း ရှိသေး၏။ ထိုဝါသုလဒတ္တာ မိဖုရားသည်ကား စဏ္ဍပဇ္ဇောတမင်း၏ သမီးတော်တည်း၊ ဥဇ္ဇေနီပြည်၌ စဏ္ဍပဇ္ဇောတ အမည်ရှိသော မင်းသည် ရှိလေ၏။ ထိုမင်းသည် တစ်နေ့သ၌ ဥယျာဉ်မှပြန်လာခဲ့သည်ရှိသော် မိမိ၏ စည်းစိမ်ချမ်းသာ ပြည့်စုံခြင်းကိုကြည့်ရှု၍ “ငါမှတစ်ပါးသော တစ်စုံတစ်ယောက်သော မင်းအားလည်း ဤသို့သဘောရှိသော စည်းစိမ်ချမ်းသာသည် ရှိလေသလော”ဟု မေးမြန်းပြောဆိုသောကြောင့် “ဤစည်းစိမ်ချမ်းသာမည်သည် အဘယ်မျှလောက် ရှိသနည်း၊ ကောသမ္ဗီပြည်၌ ဥတေနမင်းကြီး၏ စည်းစိမ်ချမ်းသာသည်ကား အလွန်ကြီးကျယ်စွာရှိ၏”ဟု သံတော်စကား လျှောက်တင်အပ်သည်ရှိသော် မင်းကြီးက “ထိုသို့ဖြစ်မူ ထိုဥတေနမင်းကို ဖမ်းယူအံ့”ဟု ဆိုလေ၏။ “ထိုဥတေနမင်းကို ဖမ်းယူခြင်းငှာ မစွမ်းနိုင်ပါ”ဟု လျှောက်သည်ရှိသော် “အမှတ်မရှိ တစ်စုံတစ်ခုသော အမှုကိုပြု၍ ဖမ်းယူမည်သာလျှင်ကတည်း”ဟု ဆိုပြန်လေ၏။ “အရှင်မင်းမြတ်- ဖမ်းယူခြင်းငှာ မစွမ်းနိုင်ပါ”ဟု ဆိုပြန်လေသော် “အဘယ့်ကြောင့် မဖမ်းယူနိုင်အံ့နည်း”ဟု မေးတော်မူပြန်လေ၏။ “အရှင်မင်းမြတ်- ထိုဥတေနမင်းသည် ဟတ္ထိကန္တမည်သော အတတ်ကို တတ်၏။ မန္တန်ပြန်လှန်သရဇ္ဈာယ်၍ ဟတ္ထိကန္တ စောင်းကိုတီးလျက် ဆင်တို့ကို ပြေးလည်း ပြေးစေနိုင်၏၊ ဖမ်းလည်း ဖမ်းယူနိုင်၏၊ ဆင်ယာဉ်နှင့်လည်း ပြည့်စုံ၏၊ ထိုဥတေနမင်းနှင့်တူသော မင်းမည်သည် မရှိ”ဟု လျှောက်ကြပြန်သော်-

“ငါသည် ထိုဥတေနမင်းကို ဖမ်းယူခြင်းငှာ မစွမ်းနိုင်ဘဲ ရှိမည်လော”ဟု မိန့်တော်မူပြန်သဖြင့် “အရှင်မင်းမြတ်- အရှင်မင်းမြတ်သည် ဖမ်းယူခြင်းငှာ အကယ်၍ အလိုဆန္ဒရှိခဲ့ပါအံ့၊ ဤဥတေနမင်းသည် ဧကန်စင်စစ်အားဖြင့် အခြေအနေ ခိုင်ခံ့မြဲမြံ၏၊ ထိုသို့ပင် ဖြစ်သော်လည်း သစ်သားဆင်ရုပ်ကို ပြုလုပ်စေ၍ ထိုမင်း၏ တိုင်းနိုင်ငံအနီးအရပ်သို့ စေလွှတ်တော်မူပါလော့။ ထိုဥတေနမင်းသည် ဆင်ယာဉ်ကိုလည်းကောင်း၊ မြင်းယာဉ်ကိုလည်းကောင်း သီတင်းစကား ကြားသိသည်ရှိသော် ဝေးကွာသောအရပ်သို့သော်လည်း သွားတတ်၏။ ထိုအရပ်သို့ရောက်လာသော ဥတေနမင်းကို ဖမ်းယူခြင်းငှာ တတ်ကောင်းသည် ဖြစ်ပါလတ္တံ့”ဟု လျှောက်ကြားကြကုန်သော် စဏ္ဍပဇောတမင်းကြီးသည် “ဤသို့သော အကြောင်းသည်ကား ကောင်းမြတ်သင့်လျော်ဖွယ်ရှိ၏”ဟု သစ်သားဖြင့်ပြီးသော စက်ယန္တရားနှင့်ယှဉ်သော ဆင်ကို ပြုလုပ်စေ၍ အပ၌ ပုဆိုးပိုင်းတို့ဖြင့် ရစ်ပတ်ဖုံးလွှမ်းပြီးလျှင် ပန်းချီဆေးရေးအမှုကို ဆန်းကြယ်စွာပြု၍ ထိုဥတေနမင်းကြီး၏ တိုင်းနိုင်ငံအနီးအရပ်ဖြစ်သော တစ်ခုသော ရေအိုင်၏ကမ်းနား၌ လွှတ်ထားစေ၏။ ဆင်ရုပ်၏ဝမ်းတွင်း၌ ခြောက်ကျိပ်သော ယောက်ျားတို့သည် ထိုမှဤမှ လူးလာတုံ့ခေါက် လျှောက်သွားနိုင်ကုန်၏။ ဆင်မစင်တုံးကို ရှာဖွေဆောင်ယူ၍ ထိုထိုသို့သောအရပ်တို့၌ ပစ်စွန့်ကုန်၏။

ထိုအခါ တောမုဆိုးတစ်ယောက်သည် ဆင်ကိုတွေ့မြင်၍ ငါတို့၏မင်းကြီးအား လျောက်ပတ်ထိုက်တန်၏ဟု ကြံ၍ သွားပြီးသော် မင်းကြီးအား “အရှင်မင်းမြတ်- တစ်ကိုယ်လုံး ဖွေးဖွေးဖြူသော ငွေတောင်ထွတ်နှင့်တူသော အဆင်းရှိသော အရှင်မင်းမြတ်တို့အားသာလျှင် လျောက်ပတ်ထိုက်တန်သော ဆင်ပြောင်တစ်စီးကို အရှင့်ကျွန်တော် မြင်အပ်ပါသည်”ဟူ၍ လျှောက်ကြားလေ၏။

ဥတေနမင်းကြီးသည် ထိုလျှောက်ကြားလာသော မုဆိုးကိုပင်လျှင် ခရီးညွှန်ပြု၍ ဆင်စီးတော်မူပြီးလျှင် အခြံအရံနှင့်တကွ ထွက်တော်မူလေ၏။ ထိုဥတေနမင်းကြီး၏ ထွက်လာခြင်းကိုသိ၍ သူလျှိုယောက်ျားတို့သည် သွားပြီးလျှင် စဏ္ဍပဇ္ဇောတမင်းကြီးအား လျှောက်ကြားကြလေကုန်၏။ စဏ္ဍပဇ္ဇောတမင်းသည် ထွက်လာ၍ အလယ်၌ အချည်းနှီး တစ်စုံတစ်ခုမျှမရှိသည်ကို ပြုပြီးလျှင် နံပါးနှစ်ဖက်တို့၌ စစ်သည်အပေါင်း ထားစေ၏။ ဥတေနမင်းသည် စဏ္ဍပဇ္ဇောတမင်းကြီး၏ လာသည်ကို မသိဘဲ ဆင်သို့ အမီလိုက်လေ၏။ ဆင်ရုပ်၏အတွင်း၌ တည်ကုန်သော လူတို့သည် လျင်စွာသောအဟုန်ဖြင့် ပြေးစေကုန်၏။ မန္တန်ကို ရွတ်ဖတ်ပြန်လှန် သရဇ္ဈာယ်၍ စောင်းကိုတီးသော မင်းကြီး၏စောင်းသံကို မကြားဘိသကဲ့သို့ သစ်သားဆင်ရုပ်သည် ပြေးသည်သာလျှင်တည်း။ ဥတေနမင်းကြီးသည် ဆင်ပြောင်ကို မီခြင်းငှာ မစွမ်းနိုင်လေသောကြောင့် မြင်းကိုတက်စီး၍ အစဉ်လိုက်ပြန်လေ၏။ ထိုဥတေနမင်းကြီးသည် လျင်စွာသောအဟုန်ဖြင့် အစဉ်လိုက်သည်ရှိသော် စစ်သည်ဗိုလ်ပါအပေါင်းသည် ဆုတ်နစ်ကျန်ရစ်ခဲ့လေ၏။ ဥတေနမင်းကြီးသည် တစ်ယောက်တည်းသာလျှင် ဖြစ်လေ၏။ ထိုအခါ ဥတေနမင်းကို နံပါးနှစ်ဖက်တို့၌ စီရင်၍ (နေရာချ) ထားအပ်ကုန်သော စဏ္ဍပဇ္ဇောတမင်းကြီး၏ မင်းချင်းယောက်ျားတို့သည် ဖမ်းယူ၍ မိမိတို့၏ မင်းကြီးအား ပို့ဆက်ကြကုန်၏။ ထိုအခါ ဥတေနမင်း၏ ဗိုလ်ပါအပေါင်းသည် ရန်သူ၏အလိုနိုင်ငံ(လက်တွင်း)သို့ လိုက်ပါရောက်သွားရသည့်အဖြစ်ကိုသိ၍ မြို့၏အပ၌ သစ်တပ်မြို့တည်ကာ နေရလေ၏။

ဥတေနမင်းကြီးသည် ဝါသုလဒတ္တာမင်းသမီးအား မန္တန်သင်ပေးခန်း

စဏ္ဍပဇ္ဇောတ မင်းသည်လည်း ဥတေနမင်းကို အရှင်ဖမ်းယူခြင်းဖြင့်သာလျှင်ဖမ်းယူ၍ တစ်ခုသော ခိုးသူနှောင်အိမ်၌ ထည့်သွင်းချုပ်နှောင်ကာ တံခါးကိုပိတ်ထားပြီးလျှင် သုံးရက်တို့ပတ်လုံး အောင်သေသောက်ခြင်းကို သောက်လေ၏။ ဥတေနမင်းသည် သုံးရက်မြောက်သောနေ့၌ အစောင့်အရှောက်တို့ကို “အမောင်တို့- အသင်တို့၏မင်းသည် အဘယ်မှာနည်း”ဟု မေး၏။ အစောင့်အရှောက်တို့က “ရန်သူဖြစ်သောမင်းကို ငါသည် ဖမ်းယူရလေပြီဟု အောင်သေသောက်ကာ နေပါ၏”ဟု ပြောကြားလေ၏။ “ဤသို့ပြုသော အမူအရာသည် အဘယ်သို့သော အမူအရာနည်း၊ အသင်တို့၏ မင်းကြီးပြုသော အမူအရာသည် မိန်းမအမူအရာနှင့် တူ၏။ ရန်သူဖြစ်သောမင်းတို့ကို ဖမ်းပြီးလျှင် လွှတ်မူလည်း လွှတ်ခြင်းငှာလည်းကောင်း၊ သတ်မူလည်း သတ်ခြင်းငှာလည်းကောင်း သင့်သည် မဟုတ်တုံလော၊ ငါတို့ကို ဆင်းရဲကျဉ်းကျပ်စွာ နှောင်အိမ်တွင်းမှာ နေစေ၍ အောင်သေကို သောက်နေရက်ပေသည်”ဟု ပြောဆိုလေ၏။ အစောင့်အရှောက်တို့သည် သွား၍ စဏ္ဍပဇ္ဇောတ မင်းကြီးအား ထိုအကြောင်းကို လျှောက်ကြားကြကုန်၏။

စဏ္ဍပဇောတ မင်းကြီးသည် လာ၍ “အသင်သည် ဤသို့သောစကားကို ပြောဆိုသောဟူသည် မှန်ပေသလော”ဟု မေးသဖြင့် “အရှင်မင်းကြီး- မှန်ပေ၏”ဟု ဝန်ခံလျှင် “ကောင်းပြီ အသင့်ကို လွှတ်အံ့၊ အသင့်အား ဤသို့သဘောရှိသော မန္တန်သည် ရှိသတတ်၊ ထိုမန္တန်ကို ငါ့အား ပေးလတ္တံ့လော”ဟု ဆိုလေ၏။ “ကောင်းပြီ ပေးပေအံ့၊ သင်ခြင်းငှာ လျောက်ပတ်သောအခါ၌ သင်ယူလေလော့၊ အသို့နည်း။ အသင်သည် ငါ့အား ရှိခိုးနိုင်လတ္တံ့လော”ဟု မေးလေလျှင် “ငါသည် သင့်ကို အဘယ့်ကြောင့် ရှိခိုးရအံ့နည်း၊ ရှိမခိုးနိုင်”ဟု ဆိုသဖြင့် “အကယ်၍ ရှိမခိုးနိုင်သည်ဖြစ်ခဲ့အံ့၊ ငါသည်လည်း အသင့်အား မပေးနိုင်”ဟု ဆိုလေ၏။ “ဤသို့ မပေးခဲ့သည်ရှိသော် အသင့်အား မင်းဒဏ်ကိုပြုပေအံ့”ဟု ဆိုသောအခါ “အသင်- မင်းဒဏ်ကိုပြုလိုလျှင် ပြုလေလော့၊ အသင်သည် ငါ၏ကိုယ်ကို အစိုးရ၏၊ စိတ်ကိုကား အစိုးမရ”ဟု ဆိုလိုက်လေ၏။

စဏ္ဍပဇ္ဇောတ မင်းကြီးသည် ထိုဥတေနမင်း၏ ရဲရင့်သောအားဖြင့် ကြုံးဝါးသောအသံကို ကြားရ၍ “အဘယ်သို့သောအကြောင်းဖြင့် ဤမန္တန်ကို ယူရပါအံ့နည်း”ဟု ကြံပြီးလျှင် “ဤမန္တန်ကို တစ်ပါးသောသူကို သိစေခြင်းငှာ မတတ်ကောင်း၊ ငါ၏သမီးတော်ကို ထိုမင်း၏အထံ၌ သင်ယူစေ၍ ငါသည် ငါ၏သမီးတော်အထံ၌ သင်ယူတော့အံ့”ဟု ကြံလေ၏။ ထို့နောက်မှ “ရှိခိုး၍ သင်ယူသည်ရှိသော် တစ်ပါးသောသူအား ပေးလတ္တံ့လော”ဟု ဥတေနမင်းကို မေး၏။ “မင်းကြီး ဪ... ဟုတ်ပေ၏။ ငါ့အား ရှိခိုးသောသူအား ပေးအံ့”ဟုဆိုလျှင် “ထိုသို့ဖြစ်မူ ငါတို့၏ နန်းအိမ်တော်၌ ခါးကုန်းမ တစ်ယောက်သည် ရှိ၏။ ထိုခါးကုန်းမအား တင်းတိမ်အကာ၏အတွင်း၌ ရှိခိုး၍ ထိုင်နေသည်ရှိသော် အသင်သည် တင်းတိမ်အကာ၏ အပ၌တည်လျက်သာလျှင် မန္တန်ကို ပို့ချလေလော့”ဟု ဆိုလေ၏။ “မင်းကြီး-ကောင်းပြီ၊ ခါးကုန်းသော သူမူလည်း ဖြစ်စေ၊ ဆွံ့အသော သူမူလည်း ဖြစ်စေ၊ ရှိခိုးသောသူအား ပေးအံ့”ဟု ဝန်ခံလေ၏။

ထို့နောက်မှ စဏ္ဍပဇ္ဇောတမင်းကြီးသည် သွား၍ သမီးတော် ဝါသုလဒတ္တာကို “ချစ်သမီး- တစ်ကိုယ်လုံးဖြူသော ခရုသင်းနူနာစွဲသော လူတစ်ယောက်သည် အဖိုးအတိုင်းမသိထိုက်သော မန္တန်ကို တတ်၏၊ ထိုမန္တန်ကို တစ်ပါးသောသူကို သိစိမ့်သောငှာ မတတ်ကောင်း၊ သင် ချစ်သမီးသည် တင်းတိမ်ကာ၏အတွင်းက ထိုင်နေ၍ ရှိခိုးပြီးလျှင် မန္တန်ကို သင်ယူလေလော့၊ ထိုလူနူသည် ကာရံသော တင်းတိမ်၏အပ၌တည်လျက် ချစ်သမီးအား ပို့ချလတ္တံ့၊ သင်ချစ်သမီးအထံမှ ခမည်းတော်သည် ထိုမန္တန်ကို သင်ယူအံ့”ဟု ဆိုလေ၏။ ဤသို့သောအခြင်းအရာဖြင့် စဏ္ဍပဇ္ဇောတမင်းကြီးသည် ထိုသူတို့၏ အချင်းချင်း အကျွမ်းတဝင် ရောနှောခြင်းပြုအံ့သည်မှစိုးသဖြင့် သမီးတော်ကို ခါးကုန်းမဖြစ်လေဟန်၊ ဥတေနမင်းကို ခရုသင်းစွဲလူနူဖြစ်လေဟန်ကိုပြု၍ ပြောဆိုမှာထားလေ၏။ ထိုဥတေနမင်းသည် တင်းတိမ်အကာ၏အတွင်း၌ ရှိခိုး၍ထိုင်နေသော ဝါသုဒတ္တာမင်းသမီးအား တင်းတိမ်အကာ၏ အပ၌တည်လျက် မန္တန်ကို ပို့ချရလေ၏။

မန္တန်သင်ရာ၌ ဆရာတပည့်တို့ ခိုက်ရန်ဒေါသဖြစ်ကြခြင်းနှင့်စဏ္ဍပဇ္ဇောတမင်း၏ ယာဉ်ငါးပါးအကြောင်း

ထိုအခါ တစ်နေ့သ၌ မန္တန်ကို အဖန်ဖန်အထပ်ထပ် ရွတ်ဆိုစေအပ်ငြားသော်လည်း မန္တန်ပုဒ်တစ်ခုကို ပီပြင်စွာ ရွတ်ဆိုခြင်းငှာ မစွမ်းနိုင်သည်ဖြစ်၍ ထိုဝါသုလဒတ္တာ မင်းသမီးကို “ဟယ်... ခါးကုန်းမ- အလွန်တရာ ထူကြမ်းသော နှုတ်ခမ်း,ပါးစောင်ရှိသော နင်၏ နှုတ်သီးကြီးကို ပုတ်ခတ်ရလိမ့်မည်။ ဤသို့ ပီပီ ဆိုရမည်ဟဲ့”ဟု ကြိမ်းမောင်းကာ ဆိုလေ၏။ ဝါသုလဒတ္တာ မင်းသမီးသည် အမျက်ထွက်၍ “ဟယ်... ညစ်ညမ်းစုတ်ချာ ယုတ်မာကမြင်း ခရုသင်းဖြူ လူအနူ- နင် အဘယ်ကို ဆိုသနည်း၊ ငါကဲ့သို့ သဘောရှိသော မင်းသမီးသည် အဘယ့်ကြောင့် ခါးကုန်းမမည်သည် ဖြစ်ရအံ့နည်း”ဟု ပြန်၍ ငေါက်ငမ်းပြောဆိုလေ၏။ ထိုအခါ ဥတေနမင်းသည် တင်းတိမ်စွန်းကို ပင့်မြှောက်ကာ “အသင်သည် အဘယ်သူ ဖြစ်လေသနည်း”ဟု မေးသည်ရှိသော် “ဘုရင်မင်းမြတ်၏ သမီးတော် ဝါသုလဒတ္တာ အမည်ရှိသောသူသည် ငါတည်း”ဟု ဆို၏။ “အသင်၏ ဖခမည်းတော်သည် ငါ့အား ပြောသောအခါ ခါးကုန်းမဟု ပြောဆိုလေ၏။” “အကျွန်ုပ်အား ပြောသောကာလလည်း အရှင့်ကို ခရုသင်းဖြူစွဲသော လူနူဟုလုပ်၍ ပြောဆိုပါသည်။” ဤသို့ဆိုပြီး ထိုနှစ်ဦးကုန်သောသူတို့သည်လည်း “မင်းကြီးသည် ငါတို့၏ အကျွမ်းတဝင် ရောနှောခြင်းကိုပြုအံ့သည်မှ စိုးရိမ်သဖြင့် ဆိုအပ်သည် ဖြစ်ပေလိမ့်မည်”ဟု တင်းတိမ်အကာ၏ အတွင်း၌သာလျှင် အကျွမ်းတဝင် ရောနှောခြင်းကို ပြုကြလေကုန်၏။

ထိုနေ့မှစ၍ မန္တန်ကို သင်ယူခြင်းသည်လည်းကောင်း၊ အတတ်ကို သင်ယူခြင်းသည်လည်းကောင်း မရှိ၊ မင်းကြီးသည်ကား သမီးတော်ကို “ချစ်သမီး- အတတ်ပညာကို သင်ယူ၏လော”ဟု အမြဲမပြတ်မေး၏။ “ဖခမည်းတော်- သင်ယူပါ၏”ဟု လျှောက်လေ၏။ ထို့နောက် တစ်နေ့သ၌ ဝါသုလဒတ္တာ မင်းသမီးကို ဥတေနမင်းက “ချစ်နှမ- လင်ယောက်ျားတို့သည် ပြုစုချီးမြှင့်အပ်သော စည်းစိမ်ချမ်းသာမှုမည်သည်ကား မိခင်ဖခင်တို့သည်လည်းကောင်း၊ မောင်ကြီး, မောင်ငယ်, အစ်မ, ညီမတို့သည်လည်းကောင်း ပြုစုခြင်းငှာ မစွမ်းနိုင်ကုန်၊ ငါ့အား အကယ်၍ အသက်ကို ကယ်ဆယ်သည်ဖြစ်ခဲ့အံ့၊ အသင် ချစ်နှမအား ငါးရာကုန်သော မောင်းမအခြံအရံကိုပေး၍ မြတ်သောမိဖုရားကြီးအရာကို ပေးပါအံ့”ဟု ဆိုလေ၏။ ဝါသုလဒတ္တာ မင်းသမီးက “မောင်တော်မင်းမြတ်တို့သည် (ဘုရားနှမအား) ထိုဆိုအပ်သောစကား၌ အကယ်၍ တည်ခြင်းငှာ စွမ်းနိုင်ကုန်သည် ဖြစ်ပါအံ့၊ မောင်တော်မင်းမြတ်အား အသက်ကို ကယ်ဆယ်ပါမည်”ဟု လျှောက်ထားလေ၏။ “ချစ်နှမ- စွမ်းနိုင်ပါသည်”ဟု ဆိုသဖြင့် “အရှင်မင်းမြတ်- ကောင်းပါပြီ”ဟု ဝန်ခံပြီးလျှင် ဝါသုလဒတ္တာ မင်းသမီးသည် ဖခင်၏ အထံသို့သွား၍ ရှိခိုးကာ တင့်အပ် လျောက်ပတ်သော အရပ်၌တည်နေလေ၏။ ထိုအခါ မင်းသမီးကို စဏ္ဍပဇ္ဇောတမင်းကြီးက “ချစ်သမီး- အတတ်ပညာ ပြီးဆုံးပြီလော”ဟု မေးတော်မူလေ၏။ “ဖခမည်းတော်- အတတ်သည် အလုံးစုံအကုန် မပြီးတတ်သေးပါ”ဟု လျှောက်ကြားလေ၏။ “ချစ်သမီး- ထိုသို့ မပြီးသေးသည်ရှိသော် အဘယ်ကို အလိုရှိသနည်း”ဟု မေးတော်မူသောအခါ “ဖခမည်းတော်ဘုရား- အကျွန်ုပ်တို့အား တစ်ခုသောတံခါးကိုလည်းကောင်း၊ တစ်ခုသော ယာဉ်ကိုလည်းကောင်း ရခြင်းငှာ သင့်လျော်ပါသည်”ဟု လျှောက်ထားလေ၏။ “ချစ်သမီး- ဤသို့ တံခါးတစ်ခုနှင့် ယာဉ်တစ်ခုသည် အဘယ်အလို့ငှာပေနည်း”ဟု မေးတော်မူသောအခါ “ခမည်းတော်ဘုရား- ညဉ့်အခါ၌ နက္ခတ်ကြယ်အမှတ်ဖြင့် မန္တန်၏ဥပစာအလို့ငှာ တစ်ခုသောဆေးမြစ်ကို ယူဆောင်၍ ပြုဖွယ်ကိစ္စ ရှိသတတ်။ ထို့ကြောင့် အကျွန်ုပ်တို့အား အခါဟုတ်သည်မူလည်းဖြစ်စေ၊ အခါမဟုတ်သည်မူလည်းဖြစ်စေ ထွက်သွားသောအခါ တစ်ခုသော တံခါးကိုလည်းကောင်း၊ တစ်ခုသော ယာဉ်ကိုလည်းကောင်း ရခြင်းငှာ သင့်လျော်ပါသည်”ဟု လျှောက်ထားလေ၏။ မင်းကြီး လည်း “ကောင်းပြီ”ဟူ၍ ဝန်ခံလေ၏။ ထိုသူတို့သည် မိမိတို့နှစ်သက်အပ်သော တံခါးတစ်ခုကို လက်ရောက်ပြုကြလေကုန်၏။ စဏ္ဍပဇ္ဇောတမင်းကြီးအားကား ငါးပါးကုန်သော ယာဉ်တို့ ရှိကုန်၏။

၁။ ဘဒ္ဒဝတီမည်သော ဆင်မသည် တစ်နေ့လျှင် ယူဇနာ ငါးဆယ်တိုင်တိုင် သွားနိုင်၏။
၂။ ကာကမည်သော ကျွန်သည် တစ်နေ့လျှင် ယူဇနာ ခြောက်ဆယ်တို့တိုင်တိုင် သွားနိုင်၏။
၃။ စေလကဋ္ဌိမည်သော မြင်းသည်လည်းကောင်း၊
၄။ မုဉ္စကေသီမည်သော မြင်းသည်လည်းကောင်း ဤမြင်းနှစ်ကောင်တို့သည် ယူဇနာ တစ်ရာတိုင်တိုင် သွားနိုင်၏။
၅။ နာဠာဂိရိမည်သော ဆင်သည် ယူဇနာ တစ်ရာ့နှစ်ဆယ် တိုင်တိုင် သွားနိုင်၏။

စဏ္ဍပဇ္ဇောတမင်းကြီး၏ ယာဉ်ငါးပါးရခြင်းအကြောင်း ရှေးကောင်းမှု

ထိုစဏ္ဍပဇ္ဇောတမင်းကြီးသည် မြတ်စွာဘုရား ပွင့်တော်မမူမီ တစ်ယောက်သော အစိုးရသောသူ၏ အလုပ်အကျွေး ဖြစ်ဖူးလေသတတ်။ ထိုအခါ တစ်နေ့သ၌ အစိုးရသောသူသည် မြို့၏အပသို့ထွက်၍ ရေချိုးပြီး ပြန်လာခဲ့သည်ရှိသော် ပစ္စေကဗုဒ္ဓါတစ်ပါးသည် မြို့တွင်းသို့ ဆွမ်းအလို့ငှာ ဝင်တော်မူရာ အလုံးစုံကုန်သော မြို့သူမြို့သားတို့အား မာရ်နတ်သည် လှည့်ပတ်၍ ထားအပ်သောကြောင့် တစ်ယောက်ချို တစ်ဇွန်းမျှသော ဆွမ်းကိုလည်း မရမူ၍ ဆေးကြောမြဲတိုင်းဖြစ်သော သပိတ်ဖြင့်သာလျှင် ထွက်လာတော်မူခဲ့၏။ ထိုအခါ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် မြို့တံခါးသို့ရောက်တော်မူသည်ရှိသော် မာရ်နတ်သည် မထင်ရှားသောအသွင်ဖြင့် ချဉ်းကပ်၍ “အရှင်ဘုရား- အရှင်မြတ်အား တစ်စုံတစ်ခုကို ရပါသလော”ဟု မေးလေ၏။ “အသို့နည်း၊ သင်သည် ငါ့အား မရအပ်သော အခြင်းအရာကို ပြုဘိသလော”ဟု မိန့်တော်မူလျှင် “ထိုသို့ဖြစ်မူ ပြန်လည်ဆုတ်နစ်၍ ယခုတစ်ဖန် ကြွဝင်တော်မူပါဦး၊ ဤအခါမူကား မပြုပါတော့အံ့”ဟု လျှောက်ကြား၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်လည်း “တစ်ဖန် ငါပြန်၍ မကြွဝင်တော့အံ့”ဟု မိန့်တော်မူ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ပြန်လည်ဆုတ်နစ်ခြင်း မပြုမူ၍ ကြွသွားတော်မူသည်ရှိသော် မာရ်နတ်သည် ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏။

(ပြန်လည်ဆုတ်နစ်ခြင်း မပြုခြင်းအကြောင်းကား ထိုအရှင်ပစ္စေကဗုဒ္ဓါသည် အကယ်၍ တစ်ဖန် ပြန်လည်ဆုတ်နစ်တော်မူငြားအံ့၊ ထိုမာရ်နတ်သည် အလုံးစုံသော ပြည်သူပြည်သားတို့၏ကိုယ်၌ ပူးကပ်ပြီးလျှင် လက်ခုပ်လက်ဝါးတီး၍ ပြက်ရယ်ပြုမှုဖြင့် ကစားခြင်းကို ပြုရာ၏။ ထို့ကြောင့် ပြန်လည်ဆုတ်နှစ်ခြင်းကို မပြုသတည်း။)

ထိုအခါ အစိုးရသောသူသည် ဆေးကြောမြဲတိုင်းသော သပိတ်ဖြင့် ကြွလာတော်မူသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကိုမြင်လျှင် ရိုသေမြတ်နိုး ရှိခိုးလျက် “အရှင်ဘုရား- တစ်စုံတစ်ခုသောဆွမ်းကို ရပါသလားဘုရား”ဟု မေးလျှောက်လေ၏။ “ဒါယကာ- ဆွမ်းခံလှည့်လည်၍ ထွက်လာခဲ့ပေသည်”ဟု မိန့်တော်မူ၏။ ထိုဒါယကာ ကြံဆင်ခြင်သည်မှာ “အရှင်မြတ်သည် ငါလျှောက်ထား မေးမြန်းအပ်သောစကားကို မိန့်ဆိုတော်မမူဘဲ တစ်ပါးသောစကားကိုသာ မိန့်ဆိုတော်မူ၏။ တစ်စုံတစ်ခုသော ဆွမ်းကို ရသည် မဖြစ်လတ္တံ့”ဟု ကြံဆင်ခြင်မိလေ၏။ ထို့နောက်မှ ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ သပိတ်တော်ကို ကြည့်သည်ရှိသော် အချည်းနှီးသော သပိတ်ကိုမြင်ရ၍ မိမိ၏အိမ်၌ ထမင်းကျက်သည်, မကျက်သည်အဖြစ်ကို ဧကန်တိတိ မသိရသေးသည် အဖြစ်ကြောင့် ရဲရင့်သော စိတ်မရှိသည် ဖြစ်ရကား သပိတ်ကိုယူခြင်းငှာ မဝံ့သည်ဖြစ်၍ “အရှင်ဘုရား- အတန်ငယ် ခဏမျှ ဆိုင်းငံ့ရပ်တန့် သည်းခံတော်မူပါကုန်ဦးဘုရား”ဟု လျှောက်ထား၍ လျင်စွာ အိမ်သို့ပြန်သွားပြီးလျှင် “ငါတို့အလို့ငှာ ထမင်းသည် ကျက်ပြီလော”ဟု မေး၍ “ကျက်ပါပြီ”ဟုဆိုသည်ရှိသော် အနီးအပါး၌ရှိသော ထိုအလုပ်အကျွေးကို “အမောင်- အသင်ထက် အလွန်တရာ ပေါ့ပါးဖျတ်လတ် လျင်မြန်သောသူမည်သည် မရှိ၊ အလွန်လျင်စွာသော အဟုန်ဖြင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ အထံသို့ သွားရောက်၍ “အရှင်ဘုရား- သပိတ်တော် တပည့်တော်အား ပေးသနားတော်မူပါဘုရား”ဟု လျှောက်ထားပြီးလျှင် သပိတ်ကို တောင်းယူကာ လျင်စွာ လာခဲ့ပါလော့”ဟု ပြောလေ၏။ အလုပ်အကျွေးလည်း တစ်ခွန်းတည်းသော စကားဖြင့်သာလျှင် ပြေးသွားလေ၍ သပိတ်တော်ကို ယူဆောင်ခဲ့လေ၏။ အစိုးရသော ဒါယကာလည်း မိမိ၏ စားရန်ထမင်းဖြင့် သပိတ်တော်ကို ပြည့်စေ၍ “ဤဆွမ်းသပိတ်ကို လျင်စွာယူသွား၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား ကောင်းစွာ လက်ရောက် ကပ်လှူချေ။ ငါသည် သင့်အား ဤအလှူမှ ကုသိုလ်အဖို့ကို ပေးပါအံ့”ဟု ဆိုလေ၏။ ထိုအလုပ်အကျွေး ယောက်ျားသည်လည်း လျင်စွာသွား၍ ပစ္စေကဗုဒ္ဓါအရှင်မြတ်အား သပိတ်တော်ကို ကပ်လှူပြီးလျှင် ငါးပါးသောတည်ခြင်းဖြင့် ရှိခိုးလျက် ဤသို့ ဆုတောင်းပတ္ထနာ ပြုလေသတည်း။

စဏ္ဍပဇ္ဇောတ မင်းလောင်း၏ ဆုတောင်းခန်း

“ပစ္စေကဗောဓိ ဉာဏ်တော်၏သခင် အရှင်သူမြတ်ဘုရား- ဘုရားတပည့်တော်သည် “မွန်းတည့်ခါနီးလေပြီ”ဟု ကြံအောက်မေ့၍ အလွန်လျင်စွာ အားထုတ်သဖြင့် လာသွားခြင်းကို ပြုရပါသည်အရှင်ဘုရား၊ ဘုရားတပည့်တော်အား ဤလျင်စွာ သွားလာရသော ကုသိုလ်ကံ၏ အစွမ်းအာနုဘော်ကြောင့် ယူဇနာ ငါးဆယ်, ခြောက်ဆယ်, တစ်ရာ, တစ်ရာ့နှစ်ဆယ် အဓွန့်ရှည်သောခရီးကို သွားခြင်းငှာစွမ်းသော ယာဉ်တို့သည် ဖြစ်လာပါစေကုန်သတည်း၊ သွားစဉ်လည်းကောင်း, လာစဉ်လည်းကောင်း တပည့်တော်၏ ကိုယ်ကို နေရှိန်ဖြင့် ပူလောင်ခြင်းကို ခံရပါသည်၊ ထိုသို့ နေရှိန်ဖြင့် ပြင်းစွာ ပူလောင်ခြင်းကိုခံရသော ကုသိုလ်၏ အစွမ်းအာနုဘော်ကြောင့် ဖြစ်လေတိုင်း ဖြစ်လေတိုင်းသော ဘဝ၌ ဘုန်းတန်ခိုးအာဏာသည် ထက်မြက်သော နေမင်း၏ တန်ခိုးအရှိန်နှင့်တူသည် ဖြစ်ပါစေသတည်း၊ ဤဆွမ်းကို လှူဒါန်းရာ၌ ဘုရားတပည့်တော်အား အရှင်သခင်သည် အလှူအဖို့ကို ပေးဝေပါသည်၊ ထိုပတ္တာနုမောဒနာ ကုသိုလ်အကျိုးဆက်ဖြင့် အရှင်ဘုရားတို့သည် သိအပ်မြင်အပ်သောတရား၏ အဖို့ရှိသည် ဖြစ်ပါစေသတည်း”ဟု ဆုတောင်းပတ္ထနာ ပြုလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်လည်း “ဒါယကာ- တောင်းသော ဆုတောင်းပတ္ထနာအတိုင်း ပြည့်စုံစေသတည်း”ဟု မိန့်ဆိုတော်မူပြီး၍-

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ စန္ဒော ပန္နရသော ယထာ။
ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ မဏိ ဇောတိရသော ယထာ။

ဣစ္ဆိတံ၊ အလိုရှိအပ်သော။ ပတ္ထိတံ၊ တောင့်တအပ်သော။ ယံ၊ အကြင်ဝတ္ထုသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုတောင့်တတိုင်းသော ဝတ္ထုသည်။ တုယှံ၊ သင့်အား။ ခိပ္ပမေ၀၊ လျင်စွာသာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံစေသတည်း။ ပန္နရသော၊ တစ်ဆယ့်ငါးရက်ထက်၌ တောက်ထွန်းသော။ စန္ဒော၊ လပြည့်ဝန်းသည်။ ပူရတိ ယထာ၊ ပြည့်သကဲ့သို့။ တထာ၊ ထို့အတူ။ သဗ္ဗေ၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။ သင်္ကပ္ပါ၊ လိုစကောင်းမှန် ကောင်းသောအကြံတို့သည်။ ပူရေန္တု၊ ပြည့်စုံစေကုန်သတည်း။

ဣစ္ဆိတံ၊ အလိုရှိအပ်သော။ ပတ္ထိတံ၊ တောင့်တအပ်သော။ ယံ၊ အကြင်ဝတ္ထုပစ္စည်းသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုတောင့်တတိုင်းသော ဝတ္ထုသည်။ တုယှံ၊ သင့်အား။ ခိပ္ပမေ၀၊ လျင်စွာသာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံစေသတည်း။ ဇောတိရသော၊ ရောင်လျှံပြည့်လျှပ် လိုတိုင်းဖြည့်တတ်သော။ မဏိ၊ ဝေပုလ္လတောင်ထိပ်မှဖြစ်သော ပတ္တမြား ရတနာသည်။ ပူရတိ ယထာ၊ အလုံးစုံသောသူ၏ အလိုရှိသမျှကို ပြည့်စုံစေသကဲ့သို့။ တထာ၊ ထို့အတူ။ သဗ္ဗေ၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။ သင်္ကပ္ပါ၊ လိုစကောင်းမှန် ကောင်းသော အကြံတို့သည်။ ပူရေန္တု၊ ပြည့်စုံစေကုန်သတည်း။

(ဤနှစ်ဂါထာတို့ဖြင့် အနုမောဒနာကို ပြုတော်မူလေ၏။ ဤနှစ်ဂါထာတို့သည်သာလျှင် ပစ္စေကဗုဒ္ဓါတို့၏ အနုမောဒနာ ဂါထာတို့ မည်ကုန်၏။ ထိုအနုမောဒနာ ဂါထာတို့၌ “ဇောတိရသော” ဟူသည် အလုံးစုံ အလိုရှိတိုင်းကို ပေးစွမ်းနိုင်သော ပတ္တမြား ရတနာကို ဆိုအပ်၏။ ဤကား စဏ္ဍပဇ္ဇောတမင်း၏ ရှေး၌ ပြုခဲ့ဖူးသော ကောင်းမှုပေတည်း။)

ထိုအလုပ်အကျွေး ယောက်ျားသည် ယခုအခါ၌ စဏ္ဍပဇ္ဇောတမင်းကြီး ဖြစ်လာ၏။ ထိုကောင်းမှုကံ၏ အကျိုးဆက်အားဖြင့် ဤငါးပါးသော ယာဉ်တို့သည် ဖြစ်ပေါ်လာကြလေကုန်သတည်း။

ဥတေနမင်းသည် ဝါသုလဒက္ကာမင်းသမီးကို ဆင်မယာဉ်သာဖြင့် ခိုးပြေး၍ မိဖုရားကြီးအရာ၌ ထားခြင်း

ထိုသို့ ဥတေနမင်းနှင့် ဝါသုလဒတ္တာ မင်းသမီးတို့သည် မိမိတို့နှစ်သက်အပ်သော တံခါးတစ်ခုကို လက်ရောက်ပြုကြပြီးသည်မှနောက် တစ်နေ့သ၌ စဏ္ဍပဇ္ဇောတ မင်းကြီးသည် ဥယျာဉ်ကစားခြင်းငှာ ထွက်တော်မူလေ၏။ ဥတေနမင်းသည် “ယနေ့ကား ထွက်ပြေးခြင်းငှာ သင့်လျော်သည်”ဟု ကြံဆင်ခြင်၍ ကြီးကုန်,ကြီးကုန်သော သားရေအိတ်တို့ကို ရွှေငွေဖြင့် ပြည့်စေလျက် ဘဒ္ဒဝတီမည်သော ဆင်မယဉ်သာ၏ ကျောက်ကုန်းထက်၌ တင်ထားပြီးလျှင် ဝါသုလဒတ္တာမင်းသမီးကို ခေါ်ယူဆောင်ကြဉ်း၍ ထွက်ပြေးလေ၏။ နန်းတော်တွင်း၌ အစောင့်အရှောက်တို့သည် ထိုထွက်ပြေးသော ဥတေနမင်းကိုမြင်လျှင် သွား၍ မင်းကြီးအား လျှောက်ကြား သံတော်ဦး တင်ကြကုန်၏။ စဏ္ဍပဇ္ဇောတမင်းကြီးသည် “လျင်စွာ လိုက်သွားကြကုန်”ဟု ရဲမက်ဗိုလ်ပါအပေါင်းကို စေလွှတ်လေ၏။ ဥတေနမင်းလည်း ဗိုလ်ပါအပေါင်း၏ ပြေးလိုက်လာသည့်အဖြစ်ကို သိလျှင် အသပြာအိတ်ကို ဖြည်၍ ကြဲဖြန့်ကာ ချလေ၏။ လိုက်လာသော လူတို့သည် အသပြာတို့ကို ကောက်ယူပြီးမှ တစ်ဖန် လိုက်ကြပြန်၏။ ဥတေနမင်းသည် ရွှေဖြင့်ပြည့်သော အိတ်ကိုဖြည်၍ ကြဲဖြန့်ကာ ချပြန်လေ၏။ ထိုရဲမက်ဗိုလ်ပါတို့သည် ရွှေလောဘဖြင့် ကောက်ငင်နေကြကုန်စဉ်သာလျှင် လွတ်မြောက်စေလျက် မြို့၏အပ၌တည်သော မိမိ၏ စစ်သည်ဗိုလ်ပါရှိရာ သစ်တပ်မြို့သို့ ရောက်လေ၏။ ထိုအခါ ရှေးရှုပြန်လာသော ဥတေနမင်းကို မြင်လျှင်မြင်ချင်း မိမိ၏ စစ်သည်အပေါင်းသည် ဝန်းရံလျက် ကောသမ္ဗီပြည်မြို့တွင်းသို့ သွင်းလေ၏။ ထိုဥတေနမင်းသည် မြို့တွင်းနန်းတော်သို့ ရောက်လျှင်ရောက်ချင်း ဝါသုလဒက္ကာမင်းသမီးကို အဘိသိက်သွန်း၍ မြတ်သော (အဂ္ဂမဟေသီ) မိဖုရားကြီးအရာ၌ ထားလေသတည်း။ ဤကား ဝါသုလဒတ္တာမိဖုရားဝတ္ထုတည်း။

မာဂဏ္ဍီမိဖုရားအလောင်း၏ ဖခင်ပုဏ္ဏားကြီးသည် ဘုရားနှင့် ရှေးဦးတွေ့ခြင်း

ထိုမှတစ်ပါးလည်းဖြစ်သော ပုဏ္ဏားသမီး မာဂဏ္ဍီအမည်ရှိသော သတို့သမီးသည်လည်း ဥတေနမင်းကြီး၏အထံမှ (အဂ္ဂမဟေသီ) မိဖုရားကြီးအရာကို ရလေသေး၏။ ထိုမာဂဏ္ဍီမိဖုရားသည်ကား ကုရုတိုင်း မာဂဏ္ဍီပုဏ္ဏားကြီး၏ သမီး ဖြစ်သတတ်။ ထိုမာဂဏ္ဍီမိဖုရား၏မိခင်သည်လည်း မာဂဏ္ဍီပင် မည်၏။ ဘထွေးဖြစ်သော ပုဏ္ဏားသည်လည်း မာဂဏ္ဍီ မည်သည်သာလျှင်တည်း။ ထိုမာဂဏ္ဍီသတို့သမီးသည် အလွန်အဆင်းလှ၏၊ နတ်သမီးနှင့်တူ၏။ ထိုမာဂဏ္ဍီသတို့သမီး၏ ဖခင်ဖြစ်သော ပုဏ္ဏားကြီးသည် ထိုသမီးနှင့် လျောက်ပတ်ထိုက်တန်သော ခင်ပွန်းသည်ကို မရသေးသည်ဖြစ်၍ ကြီးကျယ်ထင်ရှားကုန်သော အမျိုးတို့သည် တောင်းအပ်သော်လည်း “ငါ၏သမီးနှင့် အသင်တို့သည် မထိုက်တန်”ဟု ခြိမ်းခြောက်မောင်းမဲကာ လွှတ်လိုက်လေ့ရှိ၏။ ထိုအခါ တစ်နေ့သ၌ မြတ်စွာဘုရားသည် နံနက်စောစောရောက်သောအခါ၌ လောကကို ကြည့်ရှုတော်မူသည်ရှိသော် မယားနှင့်တကွသော မာဂဏ္ဍီပုဏ္ဏားကြီး၏ အနာဂါမိဖိုလ်သို့ ရောက်အံ့သော အကြောင်းဥပနိဿယကို မြင်တော်မူ၍ ကိုယ်တော်၏ သပိတ်သင်္ကန်းကို ကိုယ်တိုင်ယူဆောင်တော်မူလျက် ပုဏ္ဏား၏ ရွာမှ ပြင်ပသို့ကြွ၍ မီးလုပ်ကျွေး ပူဇော်ရာအရပ်သို့ ကြွတော်မူ၏။ ထိုမာဂဏ္ဍီပုဏ္ဏားကြီးသည် မြတ်စွာဘုရား၏ တင့်တယ်သော အဆင်းတော်၏ အထွတ်အထိပ်သို့ရောက်သော ကိုယ်တော်ကို ကြည့်ရှုပြီးလျှင် “ဤလောက၌ ဤယောက်ျားနှင့်တူသော တစ်ပါးသော ယောက်ျားမည်သည် မရှိ၊ ဤယောက်ျားသည် ငါ၏သမီးအား လျောက်ပတ်ထိုက်တန်လေ၏။ ဤယောက်ျားအား ကျွေးမွေး စောင့်ရှောက်စိမ့်သောငှာ ငါ၏သမီးကို ပေးအံ့”ဟု ကြံ၍ “အို ရှင်ရဟန်း- အကျွန်ုပ်အား သမီးတစ်ယောက်သည် ရှိပါသည်၊ အကျွန်ုပ်သည် ဤမျှလောက်သော ကာလပတ်လုံး ထိုသမီးအား သင့်လျော်ထိုက်တန်သော ယောက်ျားကောင်းကို မတွေ့မမြင်ရသေးပါ၊ အသင်တို့သည်ကား ထိုသတို့သမီးနှင့် သင့်လျော်ထိုက်တန်ပါသည်၊ ထိုသတို့သမီးသည်လည်း အသင်တို့နှင့်သာလျှင် ထိုက်တန်ပါသည်၊ အသင်တို့အားလည်း ခြေရင်းအလုပ်အကျွေးကို ရခြင်းငှါ သင့်လျော်ပါသည်၊ ထိုသတို့သမီးအားလည်း မှီခိုအားထားစရာ ခင်ပွန်းသည်ကောင်းကို ရခြင်းငှါ သင့်လျော်ပါသည်၊ ထို့ကြောင့် ထိုသတို့သမီးကို အသင့်အား ပေးအပ်ဆောင်နှင်းပါအံ့၊ အကြင်မျှလောက် အကျွန်ုပ် လာသည်တိုင်အောင် ဤအရပ်၌သာ ဆိုင်းငံ့ရပ်တန့်ပါဦး”ဟု ဆိုလေ၏။

သမီးနှင့်မယားကို ပြန်ခေါ်ခြင်းနှင့် ဘုရားရှင်၏ စက်တော်ရာ

မြတ်စွာဘုရားသည် ထိုပုဏ္ဏားကို တစ်စုံတစ်ခုမျှသော စကားကို မဆိုမူ၍ ဆိတ်ဆိတ်သာလျှင် နေတော်မူလေ၏။ မာဂဏ္ဍီပုဏ္ဏားကြီးသည် လျင်စွာသောအဟုန်ဖြင့် အိမ်သို့ ပြန်သွား၍ “အို ရှင်မ, အို ရှင်မ- သမီးနှင့် သင့်လျော်ထိုက်တန်သော ယောက်ျားကောင်းကို ငါတွေ့မြင်ခဲ့ရပြီ၊ လျင်လျင်မြန်မြန် သမီးကို တန်ဆာဆင်လော့”ဟု ဆို၍ ထိုသမီးကို တန်ဆာဆင်စေပြီးလျှင် ပုဏ္ဏေးမနှင့်တကွ သမီးကိုခေါ်ဆောင်၍ မြတ်စွာဘုရား၏ အထံတော်သို့ ထွက်သွားလေ၏။ တစ်မြို့လုံးသည် တုန်လှုပ်ချောက်ချားလေ၏။ အဘယ်သို့ တုန်လှုပ်ချောက်ချားသနည်းဟူမူကား “ဤပုဏ္ဏားကြီးသည် ဤမျှလောက်သောကာလပတ်လုံး ငါ၏သမီးနှင့် သင့်လျော်ထိုက်တန်သောသူ မရှိဟု သမီးကို တစ်စုံတစ်ယောက်သောသူအား မပေးဘဲ ယနေ့ ငါ၏သမီးနှင့် သင့်လျော်ထိုက်တန်သူအား တွေ့ခဲ့ရပြီဟု ဆိုပေသတတ်၊ ထိုယောက်ျားသည် အဘယ်သို့သဘော ရှိပေလိမ့်မည်နည်း၊ ထိုယောက်ျားကို ကြည့်ကြကုန်အံ့”ဟု များစွာသော လူအပေါင်းသည် ထိုပုဏ္ဏားကြီးနှင့် အတူတကွသာ ထွက်လာခဲ့လေ၏။ ထိုပုဏ္ဏားကြီးသည် သမီးကို ခေါ်၍ လာသည်ရှိသော် မြတ်စွာဘုရားသည် ထိုပုဏ္ဏား မှာထားပြောဆိုခဲ့သော နေရာ၌ နေတော်မမူဘဲ ထိုအရပ်၌ ပဒစေတီ ခြေတော်ရာကို ပြတော်မူ၍ ကြွသွားတော်မူပြီးလျှင် တစ်ပါးသောအရပ်၌ တန့်ရပ်တည်နေတော်မူလေ၏။

မြတ်စွာဘုရားတို့၏ ပဒစေတီ ခြေတော်ရာကား ဓိဋ္ဌာန်တော်မူ၍ နင်းချတော်မူသော အရပ်၌သာလျှင် ထင်၏၊ တစ်ပါးသော အရပ်ဌာန၌မူကား မထင်။ အကြင်သူတို့၏ အကျိုးငှါ ဓိဋ္ဌာန်တော်မူသည်ဖြစ်အံ့၊ ထိုသူတို့သည်သာလျှင် ထိုခြေတော်ရာကို ဖူးမြင်ရကုန်၏၊ ထိုသူတို့ မဖူးမြင်ရစိမ့်သောငှါ ဆင်အစရှိသောသတ္တဝါတို့ နင်းနယ်သည်မူလည်းဖြစ်စေ၊ မိုးကြီး သည်းထန်စွာ ရွာသည်မူလည်း ဖြစ်စေ၊ ပြင်းစွာသော လေအဟုန်တို့ ပုတ်ခတ်သည်မူလည်း ဖြစ်စေ တစ်စုံတစ်ခုသော ဝတ္ထုသည် ထိုခြေတော်ရာကို တိမ်ကောပပျောက်အောင် တူးဖြိုခြေဖျက်စေခြင်းငှါ မစွမ်းနိုင်ပေ။ ထိုအခါ ပုဏ္ဏေးမက ပုဏ္ဏားကြီးကို “အသင်ပြောကြားသော ထိုယောက်ျားသည်ကား အဘယ်မှာနည်း”ဟု မေးသည်ရှိသော် “ဤအရပ်၌ ဆိုင်းငံ့ ရပ်တန့်ပါဦးလော့ဟု ထိုသူကို ငါမှာထားပြောဆိုခဲ့ပါသည်၊ ယခု အဘယ်အရပ်သို့ သွားပါလိမ့်မည်နည်း”ဟု ကြည့်ရှုသည်ရှိသော် ပဒစေတီ ခြေတော်ရာကို တွေ့မြင်၍ “ဤသည်ကား ထိုယောက်ျားကောင်း၏ ခြေရာပေတည်း”ဟု ပြလေ၏။

စက်တော်ရာနှင့် ပုဏ္ဏေးမ၏ ဗေဒင်ပညာ

ပုဏ္ဏေးမသည် လက္ခဏာကို သိမြင်ခြင်းငှါ စွမ်းနိုင်သော ဗေဒင်သုံးပုံတို့ကို လေ့လာပြွမ်းတီး တတ်မြောက်ပြီး ဖြစ်သောကြောင့် လက္ခဏာကို ပြဆိုသော မန္တန်ဗေဒင်ကျမ်းကို ဉာဏ်ဖြင့် ပြန်လှန်အောက်မေ့လျက် ခြေရာလက္ခဏာကို စူးစမ်းဆင်ခြင်ပြီးလျှင် “ပုဏ္ဏားကြီး- ဤခြေရာသည်ကား ကာမဂုဏ်ငါးပါး သုံးဆောင်ခံစားသူ၏ခြေရာ မဟုတ်ချေတကား”ဟု ဆို၍ ဤဂါထာကို ရွတ်ဆိုလေ၏။

ရတ္တဿ ဟိ ဥက္ကုဋိကံ ပဒံ ဘဝေ၊
ဒုဋ္ဌဿ ဟောတိ သဟသာနုပီဠိတံ။
မူဠဿ ဟောတိ အဝကဍ္ဎိတံ ပဒံ၊
ဝိဝဋ္ဋစ္ဆဒဿ ဣဒမီဒိသံ ပဒံ။

ဗြာဟ္မဏ၊ အရှင်ပုဏ္ဏားကြီး။ ရတ္တဿ၊ ရာဂဖြင့် တပ်ခြင်း အလေ့ရှိသောသူ၏။ ပဒံ၊ ခြေရာသည်။ ဥက္ကုဋိကံ၊ အလယ်ခွက်ငြား ဆောင့်ကြွားကြွားရှိသည်။ ဘဝေ၊ ဖြစ်၏။ ဒုဋ္ဌဿ၊ အမျက်ထွက်ခြင်းဖြင့် ပြစ်မှားလေ့ရှိသော သူ၏။ ပဒံ၊ ခြေရာသည်။ သဟသာနုပီဠိတံ၊ လျင်စွာနင်း၍ ဖနောင့်တွင်း နက်သည်။ ဟောတိ၊ ဖြစ်၏။ မူဠဿ၊ မိုက်မဲစွာ တွေဝေလေ့ရှိသော သူ၏။ ပဒံ၊ ခြေရာသည်။ အဝကဍ္ဎတံ၊ ဒရွတ်ကြောင်းထင် အပျင်းဝင်၍ ဆွဲငင်အပ်သည်။ ဟောတိ၊ ဖြစ်၏။ ဤဒိသံ၊ ဤသို့ ရွှေခြေနင်းရာ ပမာတူလှ ညီစွာကျလျက် တစ်ရာ့ရှစ်ကွက် စက်တော်စုံလင် ကောင်းစွာထင်သော။ ဣဒံ၊ ဤခြေရာသည်ကား။ ဝိဝဋ္ဋစ္ဆဒဿ၊ တဏှာအမိုး ဖွင့်ချိုးထွင်းဖောက် ဘုံသုံးထောက်မှ ထွက်မြောက်လွတ်ကူး ပုဂ္ဂိုလ်ထူး၏။ ပဒံ၊ တွေ့ကြုံခဲအပ် ခြေရာမြတ်ပေတည်း။

ထိုအခါ ပုဏ္ဏေးမကို ပုဏ္ဏားကြီးသည် ဤသို့ ဆို၏။ “အိုရှင်မ- သင်ရှင်မသည် ရေခွက်၌ မိကျောင်းကို မြင်ဘိသကဲ့သို့လည်းကောင်း၊ အိမ်လယ်ကောင်၌ ခိုးသူကို မြင်ဘိသကဲ့သို့လည်းကောင်း လက္ခဏာဗေဒင်၌ မဆီမဆိုင်သာ မြင်လေ့ရှိသည်။ ဆိတ်ဆိတ်သာ နေဦးလော့”ဟု ဆိုသည်ရှိသော် “အရှင်ပုဏ္ဏား- အကျွန်ုပ်ကို အလိုရှိရာ ပြောလိုရာ ပြောလော့၊ ဤခြေရာသည်ကား ကာမဂုဏ်ငါးပါးကို သုံးဆောင်ခံစားသောသူ၏ ခြေရာမဟုတ်”ဟု တစ်ဖန် ဆိုပြန်လေသတည်း။

ပုဏ္ဏားကြီးလင်မယား အနာဂါမ်တည်ခြင်း

ထို့နောင်မှ ထိုမှဤမှ ကြည့်ရှုရှာဖွေလတ်သည်ရှိသော် မြတ်စွာဘုရားကိုတွေ့မြင်၍ “ငါပြောသော ယောက်ျားသည် ဤယောက်ျားပင်တည်း”ဟု ဆိုပြီးလျှင် ပုဏ္ဏားကြီးသည် သွား၍ “အို ရှင်ရဟန်း- အကျွန်ုပ်၏သမီးကို အသင့်အား ကျွေးမွေးစောင့်ရှောက်စိမ့်သောငှာ ပေးပါ၏”ဟု ဆိုလေ၏။ မြတ်စွာဘုရားသည် သင်၏သမီးကို ငါ့အား အလိုရှိသည်ဟူ၍လည်းကောင်း၊ အလိုမရှိ ဟူ၍လည်းကောင်း မိန့်ဆိုတော်မမူဘဲ “အို.. ပုဏ္ဏားကြီး- သင့်အား တစ်ခုသော အကြောင်းကို ငါဆိုဦးအံ့”ဟု မိန့်တော်မူ၍ “အို ရဟန်း- ဆိုပါလော့”ဟု ဆိုခွင့်ပြုလတ်သည်ရှိသော် “ငါသည် မြတ်သော တောထွက်ခြင်းဖြင့် တောထွက်တော်မူသည်မှစ၍ အဇပါလမည်သော ဆိတ်ကျောင်း ညောင်ပင်ရင်းတိုင်အောင် မာရ်နတ်သည် အစဉ်လိုက်၍ နှောင့်ယှက်သည့် အကြောင်းအရာကိုလည်းကောင်း၊ အဇပါလညောင်ပင်ရင်း သီတင်းသုံးနေသောအခါ၌လည်း ဤသူသည် ယခု ငါ၏ ပိုင်နက် နိုင်ငံချက်မှ လွတ်ထွက်ခဲ့လေပြီတကားဟု စိုးရိမ်ကြောင့်ကြခြင်း ပြင်းထန်စွာ နှိပ်စက်အပ်သော မာရ်နတ်၏ စိုးရိမ်ကြောင့်ကြခြင်းကို ငြိမ်းပျောက်စေအံ့သောငှာ ငါ့အထံ လာရောက်ကုန်သော မာရ်နတ်သမီးတို့သည် သတို့သမီးငယ်၏အသွင် စသည်တို့ဖြင့် ကာမဂုဏ်နှင့် ယှဉ်စပ်သော ဖြားယောင်းခြင်း အကြောင်းအရာကိုလည်းကောင်း ပြောကြားတော်မူ၍ ထိုအခါ၌သော်လည်း ငါ့အား အလိုမရှိခဲ့လေသတည်း။”

ဒိသွာန တဏှံ အရတိံ စ ရာဂံ၊
နာဟောသိ ဆန္ဒောအပိ မေထုနသ္မိံ။
ကိမေဝိဒံ မုတ္တကရီသပုဏ္ဏံ၊
ပါဒါပိ နံ သံဖုသိတုံ န ဣစ္ဆေ။

တဏှံ၊ တဏှာမည်သော မာရ်မင်း၏ သမီးကိုလည်းကောင်း။ အရတိံ စ၊ အရတီမည်သော မာရ်မင်း၏ သမီးကိုလည်းကောင်း။ ရာဂံ စ၊ ရာဂါမည်သော မာရ်မင်း၏ သမီးကိုလည်းကောင်း။ ဒိသွာန၊ မြင်၍သော်လည်း။ မေထုနသ္မိံ၊ ရာဂအားဖြင့် အလိုတူသောသူတို့၏ ဥစ္စာဖြစ်သော မေထုန်အကျင့်၌။ မေ၊ ငါ့အား။ ဆန္ဒော အပိ၊ အားအသေးဆုံး ရာဂစိတ်ဆန္ဒသည်လည်း။ နာဟောသိ၊ မဖြစ်ဖူးခဲ့လေပြီ။ မုတ္တကရီသပုဏ္ဏံ ဧဝ၊ ကျင်ငယ်ကျင်ကြီးတို့ဖြင့် ပြည့်သည်သာဖြစ်သော။ ဣဒံ၊ ဤသတို့သမီး မာဂဏ္ဍီကို။ ကိံ၊ အဘယ်မှာလျှင် အလိုဆန္ဒ ဖြစ်နိုင်တော့အံ့နည်း။ နံ၊ ထိုသင်၏သမီး မာဂဏ္ဍီကို။ ပါဒါပိ၊ ခြေတို့ဖြင့်လည်း။ သံဖုသိတုံ၊ ထိခြင်းငှာ။ န ဣစ္ဆေ၊ ငါ အလိုမရှိချေ။

ဤသို့လျှင် ဤဂါထာကို ဟောတော်မူလေ၏။ ဂါထာ၏ အဆုံး၌ မာဂဏ္ဍီ ပုဏ္ဏားကြီးသည်လည်းကောင်း၊ မာဂဏ္ဍီ ပုဏ္ဏေးမကြီးသည်လည်းကောင်း အနာဂါမိဖိုလ်၌ တည်ကြလေကုန်၏။

မာဂဏ္ဍီသတို့သမီးသည် ဘုရား၌ ရန်ငြိုးဖွဲ့ခြင်းနှင့် ဥတေနမင်းကြီး၏ မိဖုရားဖြစ်ခြင်းအကြောင်း

မာဂဏ္ဍီသတို့သမီးသည်ကား “ဤရဟန်းကြီးသည် ငါ့ကို အကယ်စင်စစ်အားဖြင့် အလိုမရှိသည်ဖြစ်အံ့၊ အလိုမရှိသည် အဖြစ်ကိုသာ ပြောဆိုသင့်ပါသည်။ ယခုမူကား ငါ့ကို ကျင်ငယ် ကျင်ကြီးတို့ဖြင့် ပြည့်သည်ဟု ပြုလုပ်လျက် ခြေတို့ဖြင့်သော်လည်း သင်၏သမီးကို ထိခြင်းငှာ ငါအလိုမရှိချေဟု ဆိုလေဘိသည်၊ ရှိစေဦးတော့၊ ငါသည် မိမိ၏ ဇာတ်, အမျိုး, အရပ်, စည်းစိမ်ချမ်းသာ, အရွယ်၏ပြည့်စုံခြင်းကို အကြောင်းပြု၍ ထိုသို့သဘောရှိသော မှီခိုအားထားစရာ ခင်ပွန်းသည်ကောင်းကို ရသည်ရှိသော် ရဟန်းကြီး ဂေါတမအား ပြုလုပ်ခြင်းငှာ ထိုက်သလောက်ကို ပြုလုပ်ပေအံ့”ဟု မြတ်စွာဘုရား၌ ရန်ငြိုးဖွဲ့လေ၏။

မိဘနှစ်ပါးတို့သည် ထိုသမီး မာဂဏ္ဍီကို ယူဆောင်၍ (သတို့သမီး၏ ဘထွေး) စူဠမာဂဏ္ဍီပုဏ္ဏားကို တာဝန်ခံယူစေပြီးလျှင် ရဟန်းပြုကြသဖြင့် အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။ ဘထွေး စူဠမာဂဏ္ဍီ ကြံဆင်ခြင်သည်မှာ “ငါ၏သမီးသည် ယုတ်ညံ့သောသူအား မသင့်လျော် မထိုက်တန်၊ တစ်ယောက်သော ပြည့်ရှင်မင်းမြတ်အားသာ သင့်လျော်ပေသည်”ဟု ကြံဆင်ခြင်၍ ထိုမာဂဏ္ဍီ သတို့သမီးကို ယူဆောင်ပြီးလျှင် ကောသမ္ဗီပြည်သို့သွား၍ အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် “ဤမိန်းမရတနာသည် အရှင်မင်းကြီးအားသာလျှင် သင့်လျော် ထိုက်တန်ပါသည်”ဟု ဥတေနမင်းကြီးအား ပို့ဆက်လေ၏။ ထိုဥတေနမင်းကြီးသည်လည်း မာဂဏ္ဍီသတို့သမီးကို မြင်လျှင်မြင်ချင်း အားကြီးစွာသော ချစ်ခြင်းရှိသည်ဖြစ်၍ အဘိသိက်သွန်းခြင်းကို ပြုပြီးလျှင် ငါးရာသော နန်းတွင်းသူ မိန်းမအခြံအရံတို့ပေး၍ အဂ္ဂမဟေသီ မိဖုရားကြီးအရာ၌ ထားလေသတည်း။

ကောသမ္ဘီသူဌေးသုံးဦးတို့၏ ဆရာ ဟိမဝန္တာ ရသေ့ငါးရာနှင့် ရုက္ခစိုးနတ်တစ်ယောက်အကြောင်း

ဤသို့လျှင် ထိုဥတေနမင်းကြီးအား တစ်ထောင့်ငါးရာကုန်သော ကချေသည်မောင်းမတို့ ခြံရံလျက် သုံးယောက်သော အဂ္ဂမဟေသီ မိဖုရားကြီးတို့သည် ရှိလေကုန်၏။ ထိုအခါ၌ ဃောသကသူဌေး, ကုက္ကုဋသူဌေး, ပါဝါရိကသူဌေး၊ ဤသို့ သုံးယောက်သော သူဌေးကြီးတို့သည် ကောသမ္ဗီပြည်၌ ရှိသည် ဖြစ်ကုန်၏။ ထိုသူဌေးကြီးတို့သည် မိုးလေးလ နေခြင်းငှာ ချဉ်းကပ်သင့်သောအခါ နီးလတ်သည်ရှိသော် ငါးရာကုန်သော ရသေ့တို့သည် ဟိမဝန္တာတောမှ လာခဲ့၍ မြို့၌ ဆွမ်းခံခြင်းအလို့ငှာ ကြွဝင်တော်မူကြသည်တို့ကို မြင်ကြကုန်သည်ရှိသော် ကြည်ညိုလှသဖြင့် ထိုင်နေစေပြီးလျှင် ဆွမ်းလုပ်ကျွေးပြီး ပဋိညာဉ်ဝန်ခံခြင်းကိုယူ၍ မိုးလေးလတို့ပတ်လုံး မိမိတို့အထံ၌ နေစေပြီးလျှင် တစ်ဖန် မိုးလေးလအခါ ပြန်လာစိမ့်သောငှာ ဝန်ခံစေ၍ လွှတ်လိုက်ကြလေကုန်၏။ ရသေ့တို့သည်လည်း ထိုအခါမှစ၍ ရှစ်လတို့ပတ်လုံး ဟိမဝန္တာ၌နေ၍ မိုးလေးလတို့ပတ်လုံး ထိုသူဌေးကြီး သုံးဦးတို့၏အထံ၌ နေကြလေကုန်၏။ ထိုရသေ့တို့သည် နောက်အဖို့၌ ဟိမဝန္တာမှ ကြွလာကြကုန်သည်ရှိသော် တောအုပ်၌ တစ်ခုသော ပညောင်ပင်ကြီးကို တွေ့မြင်၍ ထိုပညောင်ပင်ရင်း၌ ထိုင်နေကြလေကုန်၏။

ထိုငါးရာသော ရသေ့တို့တွင် အကြီးဆုံးဖြစ်သော ရသေ့သည် ဤသို့ ကြံဆင်ခြင်လေ၏။ “ဤပညောင်ပင်၌ စောင့်ရှောက် ထိန်းသိမ်းရသော နတ်သည်ကား ယုတ်ညံ့သော အတိုင်းအရှည်ရှိသော နတ်ဖြစ်လိမ့်မည် မဟုတ်၊ တန်ခိုးကြီးသော နတ်မင်းသည် ဖြစ်ပေလိမ့်မည်၊ ဤနတ်မင်းသည် ရသေ့အပေါင်းအား သောက်ရေကို ပေးလှူပါမူကား ကောင်းလေစွ”ဟု ကြံဆင်ခြင်လေ၏။ ထိုနတ်သည်လည်း သောက်ရေကို ပေးလှူလေ၏။ ရသေ့သည် ချိုးရေကို ပေးစေရန်ကြံစည်ပြန်၏။ ထိုချိုးရေကိုလည်း ပေးလှူလေ၏။ ထို့နေဝက်မှ ခဲဖွယ်ဘောဇဉ်ကို ကြံပြန်၏။ ထိုခဲဖွယ်ဘောဇဉ်ကိုလည်း ပေးလှူလေ၏။ ထို့နောက်မှ ရသေ့အား ဤသို့သော အကြံသည် ဖြစ်ပြန်၏။ “ဤနတ်မင်းသည် ငါတို့ ကြံတိုင်းကြံတိုင်း အလုံးစုံသော ဝတ္ထုကို ပေးလှူလေ၏။ ထိုနတ်မင်းကို ငါတို့ မြင်ရပါမူကား ကောင်းလေစွ”ဟု တောင့်တကာ အကြံဖြစ်ပြန်လေ၏။ နတ်မင်းသည်လည်း ပညောင်ပင် ပင်စည်ကို နှစ်ဖြာဖောက်ခွဲ၍ ကိုယ်ထင်ရှားပြလေ၏။

ထိုအခါ နတ်မင်းကို ရသေ့တို့သည် “အရှင်နတ်မင်း- အသင်နတ်မင်း၏ စည်းစိမ်ချမ်းသာသည် ကြီးကျယ်ပြန့်ပြောလှပေ၏။ အဘယ်သို့သော ကောင်းမှုကံကို ပြုသောကြောင့် ဤကဲ့သို့ ကြီးကျယ်ပြန့်ပြောသော စည်းစိမ်ချမ်းသာကို ရအပ်လေသနည်း”ဟု မေးကြကုန်၏။ “အရှင်မြတ်တို့- မေးတော်မမူကြပါကုန်လင့်”ဟု တားမြစ်စကား လျှောက်ကြားလေ၏။ “နတ်မင်း- ပြောသာ ပြောကြားပါလော့”ဟု တိုက်တွန်းကြကုန်သော်လည်း ထိုနတ်မင်းသည် မိမိပြုအပ်သော ကောင်းမှုကံ၏ နည်းပါးလှသည်အဖြစ်ကြောင့် ရှက်နိုးလှသည်ဖြစ်၍ ပြောကြား လျှောက်ထားခြင်းငှာ မဝံ့လေ။ အဖန်တလဲလဲ မပြောဘဲ မနေသာအောင် နှိပ်စက်ကာမေးအပ်သည်ရှိသော် “အရှင်မြတ်တို့- ထိုသို့ဖြစ်မူ နားထောင်တော်မူကြပါကုန်လော့”ဟု ဆို၍ ပြောပြလေ၏။

နေ့ထက်ဝက် ဥပုသ်၏အကျိုး ရုက္ခစိုးဖြစ်ရ

ထိုနတ်သားသည် တစ်ယောက်သော လူဆင်းရဲဖြစ်ခဲ့၍ အခစား သူရင်းငှားအလုပ်ကို ရှာသည်ရှိသော် အနာထပိဏ်သူဌေးကြီး၏အထံ၌ အခဖြင့်ပြုအပ်သော အလုပ်တစ်ခုကိုရ၍ အနာထပိဏ် သူဌေးကြီးကို အမှီပြုလျက် အသက်မွေးရလေ၏။ ထို့နောက် အခါတစ်ပါး တစ်ခုသောဥပုသ်နေ့ ကြုံကြိုက်လတ်သည်ရှိသော် အနာထပိဏ် သူဌေးကြီးသည် ကျောင်းတော်မှ ပြန်လာခဲ့၍ “ထိုအမှုလုပ်သူရင်းငှားအား ယနေ့ ဥပုသ်နေ့၏အဖြစ်ကို တစ်စုံတစ်ယောက်သောသူသည် ပြောကြားမိလေသလော”ဟု မေးသည်ရှိသော် “အရှင် သူဌေးမင်း- မပြောကြားမိပါ”ဟု ဆိုသဖြင့် “ထိုသူအလို့ငှာ ညစာထမင်းကို ချက်ထားကြကုန်လော့”ဟု ဆိုလေ၏။ ထိုအခါ တစ်ကွမ်းစား မျှလောက်သော ဆန်ကို ထိုသူ့အတွက် ချက်ထားကြကုန်၏။

ထိုအမှုလုပ် သူရင်းငှားသည် တစ်နေ့ပတ်လုံး တော၌ ကိစ္စကြီးငယ်ကိုပြုလုပ်၍ ညချမ်းသောအခါ၌ ပြန်လာသဖြင့် ထမင်းကို ခူးထည့်ကာ ပေးသည်ရှိသော် “ငါသည် ဆာလောင်မွတ်သိပ်လှသည်”ဟု အဆောတလျင် မစားသေးမူ၍ “တစ်ပါးသောနေ့တို့၌ ဤအိမ်တွင် ထမင်းကို ပေးကြကုန်လော့၊ ဟင်းကို ပေးကြကုန်လော့၊ အမဲဟင်းလျာကို ပေးကြကုန်လော့ဟု ကြီးစွာသော အုတ်အုတ်ကျက်ကျက်သည် ဖြစ်၏၊ ယနေ့ ထိုအလုံးစုံသော သူတို့သည် အသံတိတ်ဆိတ် အိပ်ကြကုန်၏၊ တစ်ယောက်တည်းသော ငါ့အလို့ငှာသာလျှင် ထမင်း အာဟာရကို ခူးထည့်ကာပေးကုန်၏၊ အကြောင်းကားအသို့နည်း”ဟုကြံ၍ “ကျွန်တော်မှ ကြွင်းသောသူတို့သည် ထမင်းစားပြီးကုန်ပြီလော၊ မစားကုန်သေးသလော”ဟု မေးလေ၏။

“အမောင်- မစားကုန်”ဟု ဆိုသည်ရှိသော် “အရှင်- အဘယ့်ကြောင့် မစားကြပါကုန်သနည်း”ဟု မေးမြန်းပြန်သောအခါ “ဤအိမ်တွင် ဥပုသ်နေ့၌ ညစာထမင်းကို မစားကြကုန်၊ အလုံးစုံသော သူတို့သည် ဥပုသ်သီလကို စောင့်သုံးကြကုန်၏။ ယုတ်သော အပိုင်းအခြားအားဖြင့် နို့စို့နို့ညှာ သူငယ်တို့ကိုသော်လည်း ခံတွင်းကိုဆေးကြောပြီးလျှင် စတုမဓူကို ခံတွင်း၌ ထည့်ပေးစေ၍ သူဌေးကြီးသည် ဥပုသ်သည်တို့ချည်းသာဖြစ်အောင် ပြုစေ၏(ပြုခိုင်း၏။)။ နံ့သာဆီမီး ထွန်းညှိပြီးသည်ရှိသော် ငယ်ငယ်ကြီးကြီး အားလုံးသော သတို့သား သူငယ်တို့သည် အိပ်ရာ၌နေကုန်လျက် ဆံပင်,မွေးညှင်းစသော ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို စီးဖြန်းကာ ရွတ်ဆို သရဇ္ဈာယ်ကြကုန်၏၊ အသင့်အားကား ဥပုသ်နေ့၏အဖြစ်ကို ပြောခြင်းငှာ သတိကို မပြုမိကြကုန်၊ ထို့ကြောင့် အသင်စားဖို့သာ ထမင်းကို ချက်အပ်၏။ ထိုထမင်းကို စားလေလော့”ဟု ဆိုသည်ရှိသော် အမှုလုပ် သူရင်းငှားသည် “ဤယခု နေလွဲအခါ၌ ဥပုသ်စောင့်သုံးကောင်းသည် အကယ်၍ ဖြစ်သင့်ပါအံ့၊ ကျွန်တော်သည်လည်း ဥပုသ်စောင့်သုံးသောသူ ဖြစ်လိုပါသည်”ဟု ဆိုလေ၏။ “ဤအကြောင်းကို သူဌေးသည် သိပေလတ္တံ့”ဟု ဆိုသည်ရှိသော် “ထိုသို့ဖြစ်မူ အရှင်သူဌေးကြီးကို မေးပေးကြပါ”ဟု ဆိုသဖြင့် ထိုသူတို့သည် သွား၍ သူဌေးကြီးကို မေးကြကုန်၏။ ထိုသူဌေးကြီးသည် ဤသို့ဆို၏။ “ယခုအခါ၌ကား မစားမသောက်မူ၍ ခံတွင်းကိုဆေးကြော၍ ဥပုသ်အင်္ဂါတို့ကို ဆောက်တည်သည်ရှိသော် ထက်ဝက်သော ဥပုသ်ကံကို ရပေလတ္တံ့”ဟု ပြောဆိုလေ၏။ အမှုလုပ် သူရင်းငှားလည်း သူဌေးကြီး၏စကားကို ကြားရလျှင် သူဌေးကြီးပြောဆိုတိုင်းပင် ပြုလေ၏။

တစ်နေ့ပတ်လုံး အမှုကိစ္စကြီးငယ် အဝဝကို ရွက်ဆောင်ပြုလုပ်ရ၍ မွတ်သိပ်ဆာလောင်ခြင်း ပြင်းစွာနှိပ်စက်သော ထိုအခစား သူရင်းငှား၏ကိုယ်၌ လေတို့သည် ပျက်ကုန်၏။ ထိုသူရင်းငှားသည် ဝမ်းကို ကြိုးဖြင့်ဖွဲ့ချည်၍ ကြိုး၏အစွန်းဖြင့် ဆွဲငင်ပြီးလျှင် လူးလှိမ့်ကာ နေရှာလေ၏။ အနာထပိဏ်သူဌေးကြီးသည် ထိုအကြောင်းကိုကြား၍ မီးရှူးမီးတိုင် ညှိထွန်းပြီးလျှင် စတုမဓုကိုယူစေလျက် အခစား သူရင်းငှား၏ အထံသို့ လာခဲ့၍ “အမောင်- အသို့ဖြစ်သနည်း”ဟု မေးလတ်သော် “အရှင်သူဌေးမင်း- ကျွန်တော်အား လေတို့သည် ပြင်းစွာပွားတက် ပျက်လျက်ရှိကြပါသည်”ဟု ပြောကြားလေ၏။ “ထိုသို့ဖြစ်မူ အမောင်.. ထ၍ ဤစတုမဓုဆေးကို စားသောက်ပါလော့”ဟု ဆိုလတ်သော် “အရှင်သူဌေးမင်း- အရှင်တို့သည်လည်း စားသောက်ကြပါကုန်သလော”ဟု မေးလေ၏။

“အမောင်- ငါတို့အား မချမ်းမသာ ရောဂါဖြစ်ပွားခြင်း မရှိ၊ အမောင်သည်သာလျှင် စားသောက်လေလော့”ဟု ပြောသောအခါ “အရှင်သူဌေးမင်း- ကျွန်တော်သည် ဥပုသ်စောင့်သုံးခြင်းကို ပြုရပါသော်လည်း အလုံးစုံသော တစ်နေ့လုံးဥပုသ်ကို စောင့်သုံးခြင်းငှာ မစွမ်းနိုင်ပါ၊ ကျွန်တော်၏ ထက်ဝက်သော ဥပုသ်ကို စောင့်သုံးဆောက်တည်ရခြင်းသည်လည်း ချို့တဲ့ခြင်းသည် မဖြစ်ပါစေလင့်”ဟုဆို၍ စားသောက်ခြင်းငှာ အလိုမရှိလေသတည်း။ “အမောင်- ဤသို့ မပြုလင့်”ဟု အဖန်တလဲလဲ ပြောဆိုအပ်သော်လည်း အလိုမရှိသောကြောင့် အရုဏ်တက်သည်ရှိသော် ညှိုးနွမ်းသော ပန်းကဲ့သို့ သေလွန်ခြင်းကိုပြု၍ ဤပညောင်ပင်၌ ဖြစ်လာလေ၏။ ထို့ကြောင့် ဤအကြောင်းအရာကို ရုက္ခစိုးနတ်မင်းသည် ပြန်ပြောင်းကာ ပြောဆိုပြီးလျှင် “အနာထပိဏ် သူဌေးကြီးသည် ဘုရား၊ တရား၊ သံဃာရတနာသုံးပါး၌ မရက်မစက် မြတ်နိုး၏၊ ထိုအနာထပိဏ်သူဌေးကြီးကို အမှီရ၍ ပြုအပ်သော ထက်ဝက်သော ဥပုသ်ကံ၏ အကျိုးဆက် အာနိသံသအားဖြင့် ဤသို့သော စည်းစိမ်ချမ်းသာတို့ကို အကျွန်ုပ်သည် ရပါသတည်း”ဟု ပြောကြားလေ၏။

ရသေ့ငါးရာတို့ ရဟန္တာဖြစ်ကြခြင်း

ငါးရာကုန်သော ရသေ့တို့သည် “ဘုရား”ဟူသော အသံကို ကြားလျှင်ကြားချင်း နေရာမှတ်ပြီးလျှင် နတ်မင်းအား လက်အုပ်ချီမိုး၍ “ဘုရားဟူ၍ သင်ဆိုပါသလော၊” “ဘုရားဟူ၍ သင်ဆိုပါသလော”ဟု မေးသဖြင့် နတ်မင်းက “ဘုရားဟူ၍ ဆိုပါသည်၊ ဘုရားဟူ၍ ဆိုပါသည်”ဟု သုံးကြိမ်တိုင်အောင် ဝန်ခံစေပြီးလျှင် “ဃောသောပိ ခေါ ဧသော ဒုလ္လဘော လောကသ္မိံ” (လောက၌ ဤ“ဘုရား”ဟူသော အသံကိုမျှသော်လည်း အလွန်ရခဲ၏။)ဟု ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်လျက် “အရှင်နတ်မင်း- များစွာကုန်သော ကမ္ဘာတစ်သိန်းတို့၌ မကြားအပ်စဖူးသော ဘုရားဟူသော အသံကို အရှင်နတ်မင်းသည် ငါတို့ကို ကြားနာစေအပ်ပြီ”ဟု အံ့ဩ ပြောဆိုကြလေကုန်၏။ ထို့နောက်မှ အတွင်းနေတပည့်တို့သည် ဆရာရသေ့ကို “ထိုသို့ဖြစ်မူ မြတ်စွာဘုရားအထံတော်သို့ သွားကြကုန်စို့အံ့”ဟု လျှောက်ကြားကြကုန်၏။ “အမောင်တပည့်တို့- သုံးဦးကုန်သောသူဌေးကြီးတို့သည် ငါတို့အား ကျေးဇူးများကုန်၏။ နက်ဖြန် ထိုသူဌေးကြီးတို့၏အိမ်၌ ဆွမ်းခံပြီးလျှင် ထိုသူဌေးကြီးတို့အားလည်း အကြောင်းကိုပြောကြားပြီးမှ သွားကြကုန်စို့အံ့၊ သည်းခံကြကုန်ဦး အမောင်တပည့်တို့”ဟု ပြောဆိုလေ၏။ ထိုတပည့်တို့သည် သည်းခံကြလေကုန်၏။

တစ်ဖန် မိုးသောက်ရောက်သောနေ့၌ သူဌေးကြီးတို့သည် ယာဂုထမင်းကို ပြည့်စုံစေ၍ နေရာတို့ကို ခင်းပြီးလျှင် “ယနေ့သည်ကား ငါတို့၏ အရှင်ရသေ့တို့ ကြွလာတော်မူအံ့သော နေ့ပေတည်း”ဟု သိနှင့်၍ ခရီးဦးကြိုဆိုခြင်းကို ပြုပြီးသော် ထိုရသေ့တို့ကို အိမ်သို့ ပင့်ဆောင်သွား၍ သီတင်းသုံး ထိုင်နေစေပြီးလျှင် ဆွမ်းလှူဒါန်းကြကုန်၏။ ထိုရသေ့တို့လည်း ဆွမ်းစားခြင်းကိစ္စ ပြီးဆုံးသည်ရှိသော် “သူဌေးကြီးတို့ကို ငါတို့သည် သွားကြကုန်တော့အံ့”ဟု ဆိုကုန်၏။ “အရှင်ဘုရားတို့- အရှင်မြတ်တို့သည် မိုးလေးလပတ်လုံး တပည့်တော်တို့အား ဝန်ခံအပ်ပြီးသည် မဟုတ်ကုန်လော၊ ယခုအခါ အဘယ်အရပ်သို့ ကြွတော်မူကြကုန်လတ္တံ့နည်း”ဟု မေးလျှောက်ကြကုန်၏။ “သူဌေးကြီးတို့- လောကလူ့ရွာ၌ ဘုရား ပွင့်တော်မူသတတ်၊ တရား ဖြစ်ပေါ်တော်မူသတတ်၊ သံဃာ ဖြစ်ပေါ်တော်မူသတတ်၊ ထို့ကြောင့် မြတ်စွာဘုရား၏အထံသို့ သွားကုန်တော့အံ့”ဟု ပြောသောအခါ “အရှင်မြတ်တို့- အသို့နည်း၊ ထိုမြတ်စွာဘုရား၏အထံသို့ အရှင်မြတ်တို့အားသာ သွားအပ်ပါသလော”ဟု မေးလျှောက်လေ၏။

“ဒါယကာတို့- တစ်ပါးသော သူတို့အားလည်း တားမြစ်ပိတ်ပင်ခြင်း မရှိပေ”ဟု ဆိုသဖြင့် “အရှင်မြတ်တို့- ထိုသို့ဖြစ်မူ ဆိုင်းငံ့တော်မူကြပါဦး၊ တပည့်တော်တို့သည်လည်း သွားအံ့သော အစီအရင်ကိုပြု၍ လိုက်ပါကုန်အံ့”ဟု လျှောက်ကြကုန်၏။ “အသင်တို့သည် အစီအရင်ကို ပြုကုန်သည်ရှိသော် ငါတို့အား ကြာမြင့်ခြင်း ဖြစ်ပေလိမ့်မည်၊ ငါတို့သည် ရှေ့မှ သွားနှင့်ကုန်အံ့၊ အသင်တို့သည် နောက်မှ လိုက်လာကြကုန်လော့”ဟု ဆို၍ ထိုရသေ့တို့သည် ရှေးဦးစွာ မြတ်စွာဘုရား အထံတော်သို့သွား၍ မြတ်စွာဘုရားကို မြင်လျှင်မြင်ချင်း လွန်စွာ ချီမွမ်းထောမနာ၍ ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ ထိုင်နေကြလေကုန်၏။ ထိုအခါ ရသေ့တို့အား မြတ်စွာဘုရားသည် အစဉ်အတိုင်းသောစကားကို မိန့်ဆိုတော်မူ၍ တရားဟောတော်မူလေ၏။ ဒေသနာတော်၏ အဆုံး၌ အလုံးစုံကုန်သော ရသေ့တို့သည် ပဋိသမ္ဘိဒါတို့နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၍ ရဟန်းအဖြစ်ကို တောင်းပန်ပြီးလျှင် “ဧထ ဘိက္ခဝေါ- ရဟန်းတို့ လာလှည့်ကုန်လော့” စသော စကားတော်၏အခြားမဲ့၌ တန်ခိုးဖြင့်ပြီးသော သပိတ်,သင်္ကန်းကို ဆင်မြန်း လွယ်ချီကုန်လျက် ဧဟိ ဘိက္ခုရဟန်းတို့ ဖြစ်ကြလေကုန်၏။

မြတ်စွာဘုရား ကောသမ္ဗီပြည်၌ သီတင်းသုံးတော်မူခြင်း

ထိုသုံးယောက်ကုန်သော သူဌေးကြီးတို့သည်လည်း ငါးရာ, ငါးရာကုန်သော လှည်းတို့ဖြင့် အဝတ်ပုဆိုး, ထောပတ်, ပျား, တင်လဲ အစရှိကုန်သော အလုံးစုံသော လှူဒါန်းဖွယ် အဆောက်အဦတို့ကိုယူ၍ သာဝတ္ထိပြည်သို့ ခရီးအစဉ်အတိုင်း ရောက်လာပြီးလျှင် မြတ်စွာဘုရားကိုယ်တော်မြတ်ကို ရိုသေမြတ်နိုးရှိခိုး၍ တရားစကားကို ကြားနာရသဖြင့် တရားဒေသနာ ဂါထာ၏အဆုံး၌ သောတာပတ္တိဖိုလ်၌ တည်ကြကုန်၍ တစ်ဆယ့်ငါးရက်မျှကာလပတ်လုံး အလှူဒါနကို ပေးလှူလျက် မြတ်စွာဘုရား အထံတော်၌သာ မှီဝဲဆည်းကပ်ကာနေ၍ ကောသမ္ဗီပြည်သို့ ကြွလာတော်မူစိမ့်သောငှာ မြတ်စွာဘုရားကို တောင်းပန်လျှောက်ထားကြလေလျှင် မြတ်စွာဘုရားလည်း ပဋိညာဉ်ကို ပေးတော်မူလိုသဖြင့် “ဒါယကာ သူဌေးကြီးတို့- လာခြင်းကောင်းတော်မူကုန်သော ဘုရားတို့သည် ဆိတ်ငြိမ်ရာ အရပ်၌သာလျှင် မွေ့လျော်ကြကုန်၏”ဟု မိန့်ဆိုတော်မူလတ်သည်ရှိသော် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်တို့သည် သိအပ်ပါပြီ၊ တပည့်တော်တို့သည် စေလွှတ်အပ်သော သတင်းစကားဖြင့် ကြွလာတော်မူခြင်းငှာ သင့်လျော်လျောက်ပတ်ပါသည် ဘုရား”ဟု လျှောက်ထားပြီးလျှင် ကောသမ္ဗီပြည်သို့ ပြန်သွား၍ ဃောသကသူဌေးကြီးသည် ဃောသိတာရုံ ကျောင်းတိုက်ကြီးလည်းကောင်း၊ ကုက္ကုဋ သူဌေးကြီးသည် ကုက္ကုဋာရုံ ကျောင်းတိုက်ကြီးလည်းကောင်း၊ ပါဝါရိက သူဌေးကြီးသည် ပါဝါရိကာရုံ ကျောင်းတိုက်ကြီးလည်းကောင်း၊ ဤသို့အားဖြင့် သုံးခုကုန်သော အာရာမ် ကျောင်းတိုက်ကြီးတို့ကို ပြုလုပ်စေ၍ မြတ်စွာဘုရားအား ကြွလာတော်မူစိမ့်သောငှာ သတင်းစကားကို စေလွှတ်ကြကုန်၏။

မြတ်စွာဘုရားသည် ထိုသူဌေးကြီးတို့ စေလွှတ်သော သတင်းစကားကို ကြားသိတော်မူ၍ ကောသမ္ဗီပြည်သို့ ကြွတော်မူလေ၏။ ထိုသူဌေးကြီးတို့သည် ခရီးဦးကြိုဆို၍ မြတ်စွာဘုရားကို ကျောင်းတိုက်ကြီးသို့ ပင့်သွားပြီးလျှင် အလှည့်,အလှည့်ဖြင့် လုပ်ကျွေးပြုစုကြကုန်၏။ မြတ်စွာဘုရားသည် နေ့တိုင်းနေ့တိုင်း တစ်ခုတစ်ခုသော ကျောင်း၌ သီတင်းသုံး စံနေတော်မူ၏။ အကြင်သူဌေး၏ကျောင်း၌ သီတင်းသုံး စံနေတော်မူသည် ဖြစ်အံ့၊ ထိုသူဌေး၏ အိမ်တံခါး၌သာ ဆွမ်းအလို့ငှာ ကြွတော်မူလေ၏။

ခုဇ္ဇုတ္တရာ သောတာပန်တည်ခြင်း

ထိုအခါ သုမနမည်သော ပန်းသည်သည် ထိုသူဌေးကြီး သုံးဦးတို့၏ အလုပ်အကျွေးတစ်ယောက် ဖြစ်လေ၏။ ထိုသုမန ပန်းသည်သည် သူဌေးကြီးတို့ကို ဤသို့ဆိုလေ၏။ “အကျွန်ုပ်သည် အရှင်သူဌေးကြီးတို့အား ကြာမြင့်စွာသော နေ့ညဉ့်ပတ်လုံး ကျေးဇူးဥပကာရ ပြုရပါသည်၊ အကျွန်ုပ်သည်လည်း မြတ်စွာဘုရားကို ဆွမ်းကျွေးခြင်းငှာ အလိုရှိပါသည်၊ အကျွန်ုပ်အား တစ်နေ့အဖို့မျှ မြတ်စွာဘုရားကို ပေးသနားကြပါဦးလော့”ဟု ခွင့်တောင်းလေ၏။ “ထိုသို့ဖြစ်မူ အချင်းသုမန- နက်ဖြန် ကျွေးမွေးလှူဒါန်းလေလော့”ဟု ခွင့်ပေးကြကုန်၏။ “အရှင်တို့- ကောင်းပါပြီ”ဟု ဝန်ခံ၍ မြတ်စွာဘုရားကို ပင့်ဖိတ်ပြီးလျှင် လှူဖွယ်ဝတ္ထုတို့ကို စီရင်လေ၏။

ထိုအခါ ဥတေနမင်းကြီးသည် သာမာဝတီ မိဖုရားအား နေ့တိုင်းနေ့တိုင်း ပန်းဖိုးငွေ အသပြာရှစ်ကျပ်တို့ကို ပေးလေ၏။ ထိုသာမာဝတီမိဖုရား၏ ခုဇ္ဇုတ္တရာအမည်ရှိသော ကျွန်မသည် သုမနပန်းသည်၏ အထံသို့သွား၍ ပန်းတို့ကို မပြတ်ဝယ်ယူရ၏။ ထိုအခါ ဆွမ်းကျွေးသောနေ့၌ ရောက်လာသော ခုဇ္ဇုတ္တရာကို သုမနပန်းသည်က “ငါသည် မြတ်စွာဘုရားကို ပင့်ဖိတ်အပ်လေပြီ၊ ယနေ့ ပန်းဦးဦးဖျားဖျားတို့ဖြင့် မြတ်စွာဘုရားကို ပူဇော်ဦးအံ့၊ အသင်သည် ထို ရွေ့မျှလောက် ဆိုင်းငံ့တည်နေပါဦး၊ ဆွမ်းလုပ်ကျွေးရာ၌ အဖော်ဖြစ်၍ တရားတော်ကိုနာပြီးမှ ကြွင်းသောပန်းတို့ကို ယူ၍ သွားရပေလတ္တံ့”ဟု ဆို၏။ ခုဇ္ဇုတ္တရာ ကျွန်မကလည်း “ကောင်းပါပြီ”ဟု ဝန်ခံလေ၏။ သုမနပန်းသည်သည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းကို ဆွမ်းလုပ်ကျွေးပြီးလျှင် အနုမောဒနာတရား ဟောကြားခြင်းငှာ သပိတ်တော်ကို ယူလေ၏။ မြတ်စွာဘုရားသည် အနုမောဒနာ တရားဒေသနာတော်ကို အားထုတ်ကာ ဟောကြားတော်မူလေ၏။ ခုဇ္ဇုတ္တရာ ကျွန်မသည်မြတ်စွာဘုရား၏ တရားစကားကို ကြားနာစဉ်ပင်လျှင် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုခုဇ္ဇုတ္တရာသည် တစ်ပါးသောနေ့တို့၌ အသပြာလေးကျပ်တို့ကို မိမိ၏အဖို့ ယူထားပြီးမှ အသပြာ လေးကျပ်တို့ဖြင့်သာလျှင် ပန်းတို့ကို ဝယ်ယူ၍ သွား၏။ ထိုသောတာပန်တည်သော နေ့၌မူကား အသပြာ ရှစ်ကျပ်ဖိုးစလုံးတို့ဖြင့် ပန်းတို့ကို ဝယ်ယူ၍ သွားလေ၏။

ထိုအခါ ခုဇ္ဇုတ္တရာ ကျွန်မကို သာမာဝတီ မိဖုရားက “အသို့နည်း မိခင်- ယနေ့ ကျွန်မတို့အား အရှင်မင်းမြတ်သည် နှစ်ဆတက်သော ပန်းဖိုးငွေကို ပေးသနားတော်မူလေသလော”ဟု မေးလျှင် “အရှင်မ- မဟုတ်ပါ”ဟု ဆို၏။ “ထိုသို့မဟုတ်လျှင် အဘယ့်ကြောင့် ပန်းတို့သည် များရသနည်း”ဟု မေးပြန်လျှင် “တစ်ပါးသောနေ့တို့၌ ကျွန်မသည် အသပြာ လေးကျပ်တို့ကို ယူထားလေ၏။ အသပြာ လေးကျပ်တို့ဖြင့် ပန်တို့ကို ဆောင်ကြဉ်းခဲ့ပါသည်”ဟု ဆိုလေ၏။ “ယနေ့ကား အဘယ့်ကြောင့် မယူဘိသနည်း”ဟု မေးပြန်သဖြင့် “မြတ်စွာဘုရား၏ တရားတော်မြတ်ကို ကြားနာရ၍ တရားထူးကို ရအပ်သည်၏အဖြစ်ကြောင့် မယူပါ”ဟု ပြောကြားလေ၏။

ခုဇ္ဇုတ္တရာ ပိဋကတ်သုံးပုံဆောင် ဧတဒဂ်ရခြင်း

ထိုအခါ ခုဇ္ဇုတ္တရာကျွန်မကို “ဟဲ့... ကြမ်းတမ်း ယုတ်မာလှစွာသော ကျွန်ပျက်မ- ဤမျှလောက်သော ကာလပတ်လုံး နင်ခိုးယူအပ်သော အသပြာတို့ကို ငါတို့အား ပြန်ပေးဟဲ့”ဟု မခြိမ်းခြောက် မဆိုငေါက်မူ၍ “မိခင်- အသင်မိခင်သည် သောက်မျိုရရှိခဲ့သော အမြိုက်တရားကို ကျွန်မတို့ကိုလည်း တိုက်ကျွေးပါဦးလော့”ဟု တောင်းပန်ပြောဆိုရကား “ထိုသို့ဖြစ်မူ ကျွန်မကို ရေချိုးပေးဦး”ဟု ဆိုသည်ရှိသော် တစ်ဆယ့်ခြောက်လုံးကုန်သော နံ့သာရေအိုးတို့ဖြင့် ရေချိုးစေပြီးလျှင် ပြေပြစ်ချောမွေ့သော အဝတ်ပုဆိုးနှစ်ထည်တို့ကို ပေးစေ၏။ ခုဇ္ဇုတ္တရာသည် တစ်ထည်ဝတ်၍ တစ်ထည်ကိုရုံသဖြင့် နေရာကို ခင်းစေ၍လည်းကောင်း၊ ယပ်တစ်ခုကို ဆောင်ယူစေ၍လည်းကောင်း ခင်ထားအပ်သော မြတ်သောနေရာ၌ ထိုင်နေလျက် ဆန်းကြယ်သောယပ်ကို ကိုင်ယူပြီးလျှင် ငါးရာကုန်သော နန်းတွင်းသူ မောင်းမတို့ကို ခေါ်လျက် သိစေလျက် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော နည်းဖြင့်သာလျှင် တရားတော်ကို ဟောကြားလေ၏။ ထိုခုဇ္ဇုတ္တရာ၏ တရားစကားကို ကြားနာရ၍ အလုံးစုံကုန်သော နန်းတွင်းသူ မောင်းမငါးရာတို့သည်လည်း သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။

အလုံးစုံသော ထိုနန်းတွင်းသူ မောင်းမငါးရာတို့သည် ခုဇ္ဇုတ္တရာကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် “မိခင်- ယနေ့မှစ၍ အသင်မိခင်သည် ညစ်နွမ်းသော အစေအပါးအမှုကို မပြုပါလင့်၊ ကျွန်မတို့၏ မိခင်အရာ၌လည်းကောင်း၊ ဆရာ အရာ၌လည်းကောင်း တည်၍ မြတ်စွာဘုရား၏ အထံတော်သို့ သွားပြီးလျှင် မြတ်စွာဘုရား ဟောအပ်တိုင်းသော တရားတော်ကို ကြားနာ၍ ကျွန်မတို့အား ဟောပြပါလော့”ဟု ပြောဆိုကြလေကုန်၏။ ခုဇ္ဇုတ္တရာသည် ထိုသို့ ပြောဆိုတိုင်းသာလျှင် ပြုသည်ရှိသော် နောက်အဖို့၌ ပိဋကတ် သုံးပုံဆောင် ဖြစ်လေ၏။ ထို့နောက် ခုဇ္ဇုတ္တရာကို မြတ်စွာဘုရားသည် “ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဥပါသိကာနံ ဗဟုဿုတာနံ ဓမ္မကထိကာနံ ယဒိဒံ ခုဇ္ဇုတ္တရာ”ဟု ဧတဒဂ်အရာ၌ ထားတော်မူလေ၏။

(အနက်ကား- ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ မမ၊ ငါဘုရား၏။ သာဝိကာနံ၊ တပည့်မ ဖြစ်ကုန်သော။ ဗဟုဿုတာနံ၊ များသော အကြားအမြင် ရှိကုန်သော။ ဓမ္မကထိကာနံ၊ တရားဟောတတ်ကုန်သော။ ဥပါသိကာနံ၊ တပည့် ဒါယိကာမတို့တွင်။ ယဒိဒံ ယာ ဧသာ ခုဇ္ဇုတ္တရာ၊ အကြင် ခုဇ္ဇုတ္တရာသည်။ အတ္ထိ၊ ရှိ၏။ ဧတံ ဧသာ ခုဇ္ဇုတ္တရာ၊ ထိုခုဇ္ဇုတ္တရာသည်။ အဂ္ဂံ-အဂ္ဂါ၊ အတော်ဆုံးဖြစ်၏။)

သာမာဝတီမိဖုရား အမှူးရှိကုန်သော ငါးရာကုန်သော နန်းတွင်းသူတို့သည်လည်း ခုဇ္ဇုတ္တရာကို “မိခင်- ကျွန်မတို့လည်း မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှာ အလိုရှိပါကုန်၏၊ ကျွန်မတို့အား မြတ်စွာဘုရားကို ပြပါလော့၊ နံ့သာပန်း စသည်တို့ဖြင့် ထိုမြတ်စွာဘုရားကို ပူဇော်ပါရစေ”ဟု တောင်းပန် ပြောကြားကြကုန်၏။ “အရှင်မတို့- မင်းမျိုးမည်သည်ကား ဝန်လေးလှပါသည်။ အရှင်မတို့ကို ယူဆောင်၍ အပပြင်ဘက်သို့ ထွက်သွားခြင်းငှာ မတတ်ကောင်းပါ”ဟု ဆိုလျှင် “မိခင်- ကျွန်မတို့ကို မဖျက်ဆီးပါလင့်၊ ကျွန်မတို့အား မြတ်စွာဘုရားကို ပြသာပြပါ”ဟု (ပူပူဆာဆာ) တောင်းပန်ကြကုန်သဖြင့် “ထိုသို့ဖြစ်မူ အရှင်မတို့၏ နေရာတိုက်ခန်းတို့၏ နံရံတို့၌ အကြင်မျှလောက် အပေါက်ကို ဖောက်အပ်သည်ရှိသော် ကြည့်ရှုခြင်းငှာ စွမ်းနိုင်၏။ ထိုမျှလောက်သော အပေါက်ကိုဖောက်၍ နံ့သာပန်းမန်ကို ဆောင်ယူစေကုန်လျက်သာလျှင် သုံးဦးကုန်သော သူဌေးကြီးတို့၏ အိမ်တံခါးသို့ ကြွသွားတော်မူသော မြတ်စွာဘုရားကို ထိုထိုသို့သော နေရာတို့၌ နေကုန်၍ ကြည့်ရှုကာ ဖူးမြင်လည်း ဖူးမြင်ကြကုန်လော့၊ လက်တို့ကို ဆန့်တန်း၍ ရှိခိုးလည်း ရှိခိုးကြကုန်လော့၊ ပူဇော်လည်း ပူဇော်ကြကုန်လော့”ဟု ပြောကြားလေ၏။ ထိုနန်းတွင်းသူ မောင်းမငါးရာတို့လည်း ထိုခုဇ္ဇုတ္တရာ ပြောကြားသောအတိုင်းပြု၍ မြတ်စွာဘုရား ကြွသွားတော်မူသော အခါ၌လည်းကောင်း၊ ပြန်လည်တော်မူသော အခါ၌လည်းကောင်း ကြည့်ရှုဖူးမြော်လျက် ရှိခိုးပူဇော်ကြလေကုန်သတည်း။

သာမာဝတီတို့ပျက်စီးကြောင်း အားထုတ်ခြင်း

ထိုအခါ တစ်နေ့သ၌ မာဂဏ္ဍီမိဖုရားသည် မိမိ၏ ပြာသာဒ်အပြင်မှထွက်၍ လူးလာတုံ့ခေါက် လျှောက်သွားသည်ရှိသော် သာမာဝတီ အမှူးရှိကုန်သော နန်းတွင်းသူ မောင်းမတို့၏နေရာသို့ ရောက်သွားသဖြင့် တိုက်ခန်းတို့၌ အပေါက်ကိုမြင်လျှင် “ဤအပေါက်ကား အဘယ်နည်း”ဟု မေးရာ သာမာဝတီ အမှူးရှိကုန်သော မောင်းမတို့ကလည်း မာဂဏ္ဍီမိဖုရား၏ မြတ်စွာဘုရား၌ ရန်ငြိုးဖွဲ့ထားသည့်အဖြစ်ကို မသိလေသောကြောင့် “မြတ်စွာဘုရားသည် ဤမြို့သို့ ကြွလာတော်မူပါသည်။ ကျွန်မတို့သည် ဤနေရာဌာန၌ တည်နေကုန်လျက် မြတ်စွာဘုရားကို ကြည့်ရှုဖူးမြော်လည်း ဖူးမြော်ကြကုန်၏၊ ပူဇော်လည်း ပူဇော်ကြကုန်၏”ဟု ဆိုသည်ရှိသော် “ရဟန်းဂေါတမသည် ဤမြို့သို့ ကြွလာတော်မူသတဲ့လား၊ ယခုအခါ၌ ထိုရဟန်းဂေါတမအား ပြုသင့်ပြုထိုက်သော အမှုကို သိရပေတော့အံ့၊ ဤမိန်းမငါးရာတို့သည်လည်း ထိုရဟန်းဂေါတမ၏ အလုပ်အကျွေး ဖြစ်ကုန်၏။ ဤမိန်းမတို့အားလည်း ပြုသင့်ပြုထိုက်သောအမှုကို သိရပေတော့အံ့”ဟု ကြံပြီးလျှင် မင်းကြီးထံသွား၍ “မြတ်သောမင်းကြီး- သာမာဝတီ အမှူးရှိကုန်သော နန်းတွင်းသူ မောင်းမငါးရာတို့အား အပပြင်ဘက်၌ မြတ်နိုးတောင့်တခြင်း ရှိ၏။ နှစ်ရက်သုံးရက်မျှဖြင့်သာလျှင် အသင်မင်းကြီး၏ အသက်ကို ချသတ်ကြပါကုန်လတ္တံ့”ဟု လျှောက်တင်လေ၏။

ဥတေနမင်းကြီးသည် “ထိုမိန်းမတို့ကား ဤသို့သဘောရှိသည်ကို မပြုကုန်လတ္တံ့”ဟု အမှတ်သညာထား၍ ယုံကြည်ခြင်း အလျှင်းမရှိလေ၊ အဖန်တလဲလဲ လျှောက်တင်အပ်သော်လည်း မယုံကြည်သည်သာလျှင်တည်း။ ထိုအခါ၌ မင်းကြီးကို ဤသို့ သုံးကြိမ်တိုင်အောင် ပြောဆိုအပ်သော်လည်း မယုံကြည်ဘဲရှိသောအခါ “အရှင်မင်းကြီး- ကျွန်တော်မ၏ စကားကို အကယ်၍ မယုံကြည်သည် ဖြစ်ခဲ့ပါအံ့၊ သာမာဝတီအမှူးရှိသော ထိုမိန်းမငါးရာတို့၏ နေရာဌာနသို့ ကြွသွား၍ စူးစမ်းဆင်ခြင်တော်မူပါ”ဟု လျှောက်ထားပြန်လေ၏။ ဥတေနမင်းကြီးသည် ကြွသွား ကြည့်ရှုသည်ရှိသော် တိုက်ခန်းတို့၌ အပေါက်ကို မြင်ရလျှင် “ဤအပေါက်သည်ကား အဘယ်နည်း”ဟု မေးသဖြင့် ထိုအကြောင်းကို ကြားလျှောက်ကုန်သည်ရှိသော် ထိုမိန်းမငါးရာတို့အား အမျက်မထွက်သဖြင့် တစ်စုံတစ်ခုသော စကားကိုမျှ မဆိုဘဲသာလျှင် အပေါက်တို့ကိုပိတ်စေ၍ အလုံးစုံကုန်သော တိုက်ခန်းတို့၌ အထက်မြင့်ရာ၌ ဖောက်အပ်သော လေသာပြတင်းတို့ကို ပြုလုပ်စေလေသတည်း။

အရှင်အာနန္ဒာအား အဆဲခံတရားဟောပြပုံ

မာဂဏ္ဍီမိဖုရားသည် သာမာဝတီ အမှူးရှိကုန်သော ထိုနန်းတွင်းသူ မောင်းမငါးရာတို့အား တစ်စုံတစ်ခုကိုပြုခြင်းငှာ မစွမ်းနိုင်ရကား “ရဟန်းဂေါတမအားသာလျှင် ပြုသင့်ပြုထိုက်သော အမှုကို ပြုပေတော့အံ့”ဟု မြို့သူမြို့သားတို့အား တံစိုးလက်ဆောင် ပေးပြီးလျှင် “မြို့တွင်းသို့ ကြွဝင်၍ လှည့်လည်သော ရဟန်းဂေါတမကို ကျွန်အမှုလုပ် ယောက်ျားတို့နှင့်တကွ ဆဲရေးစေ၍ ရေရွတ်စေ၍ ထွက်ပြေးစေကြကုန်လော့”ဟု စေခိုင်းလေ၏။ ရတနာသုံးပါး၌ မကြည်ညိုကုန်သော မိစ္ဆာဒိဋ္ဌိတို့သည် မြို့တွင်းသို့ ကြွဝင်တော်မူလာသော မြတ်စွာဘုရားကို နောက်မှ အစဉ်လိုက်၍ ခိုးသူဟူ၍လည်းကောင်း၊ မိုက်မဲသောသူ ဟူ၍လည်းကောင်း၊ တွေဝေသောသူ ဟူ၍လည်းကောင်း၊ ကုလားအုပ်ဟူ၍လည်းကောင်း၊ နွားဟူ၍လည်းကောင်း၊ မြည်းဟူ၍လည်းကောင်း၊ ငရဲသား ဟူ၍လည်းကောင်း၊ တိရစ္ဆာန်ဟူ၍လည်းကောင်း၊ အသင်အား ကောင်းသော လားရာသုဂတိ မရှိဟူ၍လည်းကောင်း၊ အသင်အလို့ငှာ မကောင်းသော လားရာဒုဂ္ဂတိကိုသာ အလိုရှိအပ်၏ ဟူ၍လည်းကောင်း၊ ဤသို့သော အခြင်းအရာ ဆယ်ဖြာကုန်သော ဆဲရေးကြောင်း စကားတို့ဖြင့် ဆဲရေးကြ ရေရွတ်ကြကုန်၏။ ထိုသို့ ဆဲရေးရေရွတ်သည်ကို ကြား၍ အရှင်အာနန္ဒာသည် မြတ်စွာဘုရားကို ဤသို့သောစကား လျှောက်ကြားလေ၏။ “ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား- ဤကောသမ္ဗီ ပြည်သူပြည်သားတို့သည် တပည့်တော်တို့ကို ဆဲရေးကြ ရေရွတ်ကြပါကုန်၏၊ ဤမြို့မှတစ်ပါးသော မြို့သို့ ဖဲသွားကြပါကုန်အံ့ဘုရား”ဟု လျှောက်ထားလေ၏။

“ချစ်သား အာနန္ဒာ- အဘယ်အရပ်သို့ သင်သွားလိုသနည်း”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- တစ်ပါးသောမြို့သို့ သွားလိုကြပါကုန်သည်ဘုရား”ဟု လျှောက်ထား၏။ “ချစ်သားအာနန္ဒာ- ရွှေ့ပြောင်း၍ သွားရောက်ရာဖြစ်သော ထိုတစ်ပါးသောမြို့၌ လူတို့သည် ဆဲရေးကုန်သည်ရှိသော် တစ်ဖန် ဘယ်မြို့ဘယ်အရပ်သို့ ငါတို့ သွားကြရကုန်ဦးအံ့နည်း”ဟု မေးတော်မူပြန်သောအခါ “မြတ်စွာဘုရား- ထိုအရပ်မှလည်း တစ်ပါးဖြစ်သောမြို့သို့ သွားကြပါကုန်အံ့ဘုရား”ဟု လျှောက်ထားလေ၏။ “ချစ်သားအာနန္ဒာ- ထိုအရပ်၌ လူတို့သည် ဆဲရေးကုန်သည်ရှိသော် ဘယ်အရပ်သို့ သွားကြရကုန်ဦးအံ့နည်း”ဟု မေးတော်မူပြန်သောအခါ “မြတ်စွာဘုရား- ထိုအရပ်မှလည်း တစ်ပါးဖြစ်သော မြို့သို့ ပြောင်းရွှေ့သွားကြပါကုန်အံ့ဘုရား”ဟု လျှောက်ထားလေ၏။ “ချစ်သားအာနန္ဒာ- ဤသို့ပြုခြင်းငှာ မသင့်မလျောက်ပတ်ချေ၊ အကြင်အရပ်၌ အဓိကရုဏ်းသည် ဖြစ်၏၊ ထိုအရပ်၌ပင်လျှင် ထိုအဓိကရုဏ်းကို ငြိမ်းစေပြီးမှ တစ်ပါးသောအရပ်သို့ သွားခြင်းငှာ သင့်လျော်လျောက်ပတ် ကောင်းမြတ်ပေ၏၊ ချစ်သားအာနန္ဒာ- ဆဲရေးသော ထိုသူတို့သည် အဘယ်သူတို့ ဖြစ်ကုန်သနည်း”ဟု မေးတော်မူပြန်သောအခါ “မြတ်စွာဘုရား- ကျွန်အမှုလုပ်တို့ကို အစပြု၍ အလုံးစုံကုန်သော သူတို့သည် ဆဲရေးကြပါသည်ဘုရား”ဟု လျှောက်ထားလေ၏။

“ချစ်သားအာနန္ဒာ- ငါဘုရားသည် စစ်မြေပြင်သို့ သက်ဝင်သော ဆင်ပြောင်ကြီးနှင့် တူပေ၏၊ စစ်မြေပြင်သို့ သက်ဝင်သော ဆင်ပြောင်ကြီးအား အရပ်လေးမျက်နှာတို့မှ ပစ်လွှတ်အပ်သည်ဖြစ်၍ လာကုန်သော မြားတို့ကို သည်းခံခြင်းငှာ တာဝန်ဖြစ်ဘိသကဲ့သို့ ထို့အတူသာလျှင် များစွာသော ဒုဿီလပုဂ္ဂိုလ်တို့ ပြောဆိုအပ်သော စကားတို့ကို သည်းခံခြင်းမည်သည် ငါဘုရား၏ တာဝန်ပေတည်း”ဟု မိန့်ဆိုတော်မူပြီးလျှင် မိမိကိုယ်တော်မြတ်ကို အကြောင်းပြု၍ တရားဒေသနာ ဟောကြားတော်မူလိုရကား နာဂဝဂ်လာ ဤသုံးဂါထာကို ဟောမြွက်မိန့်ကြားတော်မူလေ၏။

အဟံ နာဂေါဝ သင်္ဂါမေ၊ စာပတော ပတိတံ သရံ။
အတိဝါကျံ တိတိက္ခိဿံ၊ ဒုဿီလော ဟိ ဗဟုဇ္ဇနော။
ဒန္တံ နယန္တိ သမိတိံ၊ ဒန္တံ ရာဇာဘိရူဟတိ။
ဒန္တော သေဋ္ဌော မနုဿေသု၊ ယော တိဝါကျံ တိတိက္ခတိ။
ဝရမဿတရာ ဒန္တာ၊ အာဇာနီယာ စ သိန္ဓဝါ။
ကုဉ္ဇရာ စ မဟာနာဂါ၊ အတ္တဒန္တော တတော ဝရံ။

နာဂေါ၊ စစ်ပွဲသို့ဝင် စစ်တိုက်ဆင်သည်။ သင်္ဂါမေ၊ စစ်မြေပြင်၌။ စာပတော၊ လေးမှ။ ပတိတံ၊ လွတ်၍ မိမိ၏အပေါ်၌ ကျလာသော။ သရံ၊ မြားကြီးမြားငယ် အသွယ်သွယ်ကို။ တိတိက္ခတိ ဣဝ၊ သည်းခံသကဲ့သို့။ ဧဝံ၊ ဤအတူ။ အဟံ၊ ငါဘုရားသည်။ အတိဝါကျံ၊ လွန်ကျူး ပြောဆိုအပ်သော စကားကို။ တိတိက္ခိဿံ၊ သည်းခံတော်မူပေအံ့။ ဟိ၊ သည်းခံသင့်ပေစွ။ ဇနော၊ လောကီနယ်သား လူအများသည်။ ဗဟု ဒုဿီလော၊ ထင်တိုင်းမြွက်ဟ ချုပ်ချယ်လှ၍ သီလကွက်ကျား ပျက်သူများလှပေ၏။

သမိတိံ၊ လူစုလူဝေးရှိရာ ပွဲသဘင်အလယ်သို့ ။ ဂစ္ဆန္တာ၊ သွားကြသော သူတို့သည်။ ဒန္တံ၊ ယဉ်ကျေးပြီးသော နွား, ယဉ်ကျေးပြီးသော မြင်းကို။ နယန္တိ၊ လှည်းယာဉ်ယှဉ်က ဆောင်ကြကုန်၏။ ရာဇာပိ၊ ပြည့်ရှင်မင်းသည်လည်း။ ဒန္တံ၊ ယဉ်ကျေးသော ဆင်ယာဉ် မြင်းယာဉ်ကိုသာလျှင်။ အဘိရူဟတိ၊ စီးနင်း၏။ ယော၊ အကြင်သူသည်။ အတိဝါကျံ၊ လွန်ကျူးပြစ်မှား ရမ်းကားပြောဆိုသော စကားကို။ တိတိက္ခတိ၊ သည်းခံနိုင်၏။ သော၊ ထိုသို့ သည်းခံနိုင်ခြင်း သဘောရှိသော သူသည်။ ဒန္တော၊ စင်စစ် ယာဉ်ကျေးသောသူ ဖြစ်၍။ မနုဿေသု၊ လူတို့တွင်။ ဝါ၊ လူတို့ထက်။ သေဋ္ဌော၊ အထူးသင့်လတ် မြတ်၏ဟူ၍ ချီးမွမ်းအပ်သောသူ ဖြစ်ပေ၏။

အဿတရာ စ၊ မြည်းမမှ ဖွားမြင်သော အဿတိုရ် မြင်းတို့သည်လည်းကောင်း။ အာဇာနီယာ စ၊ အကြောင်းဟုတ်သည် မဟုတ်သည်ကို လျင်စွာသိတတ်ကုန်သော အာဇာနည် မြင်းတို့သည်လည်းကောင်း။ သိန္ဓဝါ စ၊ သိန္ဓောမြင်းတို့သည်လည်းကောင်း။ ကုဉ္ဇရာ၊ ကုဉ္ဇရဟု ဆိုအပ်ကုန်သော။ မဟာနာဂါ စ၊ ဆင်ပြောင်ကြီးတို့သည်လည်းကောင်း။ ဒန္တာ၊ ကောင်းစွာ ဆုံးမအပ်သည်ဖြစ်၍ ယဉ်ကျေးကုန်ပြီးမှသာလျှင်။ ဝရံ၊ မြတ်ကုန်၏။ အတ္တဒန္တော၊ မဂ်ဉာဏ်ဖြင့် ကောင်းစွာ ဆုံးမအပ်သည်ဖြစ်၍ ယဉ်ကျေးသော သူသည်။ တတော၊ ထိုဆိုအပ်ခဲ့ပြီးသော အလုံးစုံသောသူတို့ထက်။ ဝရံ၊ မြတ်လှပေ၏။

ဤတရားဒေသနာတော်သည် ရောက်လာသော သူအပေါင်းအား အကျိုးများစွာ ရှိလေ၏။ ဤသို့သော အခြင်းအရာဖြင့် တရားဒေသနာတော်ကို ကောင်းစွာ ဟောကြားတော်မူပြီးလျှင် “ချစ်သား အာနန္ဒာ- အသင်သည် မကြံလေလင့် (မစိုးရိမ် မပူပန်လင့်)၊ ဤသူတို့သည် ခုနစ်ရက်မျှသာ ဆဲရေးနိုင်ကြကုန်လတ္တံ့၊ ရှစ်ရက်မြောက်သောနေ့၌ တိတ်တိတ်ဆိတ်ဆိတ် ဖြစ်ကြကုန်လတ္တံ့”ဟု မိန့်တော်မူလေ၏။

ကြက်ပရိယာယ်ဖြင့် သာမာဝတီတို့အား ပျက်စီးကြောင်း အားထုတ်ခြင်း

မာဂဏ္ဍီမိဖုရားသည် မြတ်စွာဘုရားကို ဆဲရေးစေသဖြင့် ထွက်ပြေးစေခြင်းငှာ မစွမ်းနိုင်သည်ရှိသော် “အဘယ်သို့လျှင် ပြုရပါအံ့နည်း”ဟု ကြံဆင်ခြင်၍ “ဤသာမာဝတီ အမှူးရှိကုန်သော မိန်းမငါးရာတို့သည် ထိုရဟန်းဂေါတမ၏ အထောက်အပံ့ ဖြစ်ကြကုန်၏။ ဤမိန်းမတို့အားလည်း ပျက်စီးခြင်းကို ပြုအံ့”ဟု ကြံပြီးလျှင် တစ်နေ့သ၌ ဥတေနမင်းကြီး၏ သေအရက်သောက်သော နေရာ၌ ဆည်းကပ်ခစားခြင်းကို ပြုလျက် ဘထွေး စူဠမာဂဏ္ဍီထံ သတင်းစကားကို စေပို့လိုက်၏။ “ကျွန်မ၏ အထံသို့ ကြက်သေ ရှစ်ကောင်တို့ကိုလည်းကောင်း၊ ကြက်ရှင် ရှစ်ကောင်တို့ကိုလည်းကောင်း ယူဆောင်၍ လာခဲ့ပါ၊ လာပြီးလျှင်လည်း စောင်းတန်းလှေကားထိပ်၌ တန့်ရပ်၍ လာရောက်သည့်အဖြစ်ကို ပြောကြားပါ၊ ထို့နောက်မှ “ဝင်လာပါ”ဟု ဆိုသော်လည်း မဝင်မူ၍ ရှေးဦးစွာ ကြက်ရှင် ရှစ်ကောင်ကို ပို့လိုက်ပါ၊ နောက်မှ ကြက်သေရှစ်ကောင်ကို ပို့လိုက်ပါလော့”ဟု သတင်းစကားကို စေပို့လိုက်လေ၏။ အလုပ်အကျွေးငယ်အားလည်း “ငါ၏စကားကို လိုက်နာပါလော့”ဟု တံစိုးလက်ဆောင်ကို ပေးထားလေ၏။

ဘထွေး စူဠမာဂဏ္ဍီပုဏ္ဏားသည် လာ၍ မင်းကြီးအား လျှောက်ကြား သိစေပြီးလျှင် “ဝင်လော့”ဟု ဆိုသော်လည်း စူဠမာဂဏ္ဍီပုဏ္ဏားကြီးက “မင်းကြီး၏ သေသောက်ရာအရပ်သို့ မဝင်လိုပါ”ဟု ဆိုလိုက်၏။ မာဂဏ္ဍီ မိဖုရားသည် အလုပ်အကျွေးငယ်ကို “အမောင်- ငါ၏ ဘထွေးအထံသို့ သွားချေလော့”ဟု စေလွှတ်လိုက်၏။ အလုပ်အကျွေးငယ်သည် သွား၍ ထိုဘထွေး စူဠမာဂဏ္ဍီသည် ပေးအပ်သော ကြက်ရှင်ရှစ်ကောင်ကို ဆောင်ယူခဲ့၍ “အရှင်မင်းမြတ်- ပုရောဟိတ် ပုဏ္ဏားသည် လက်ဆောင်ပဏ္ဏာကို ပို့ဆက်ပါသည်”ဟု လျှောက်တင်လေ၏။ ဥတေနမင်းကြီးသည် “ငါတို့အား ကောင်းမြတ်သော လက်သုပ်ဟင်းလျာ ဖြစ်လာဘိသည်တကား၊ အဘယ်သူ ချက်ပြုတ်နိုင်အံ့နည်း”ဟု မိန့်ဆိုတော်မူလျှင် မာဂဏ္ဍီမိဖုရားက “အရှင်မင်းမြတ်- သာမာဝတီ အမှူးရှိသော ငါးရာသော မိန်းမတို့သည် အလုပ်မရှိ လှည့်လည် နေထိုင်ကြပါသည်၊ ထိုမိန်းမတို့ အထံသို့ စေပို့တော်မူပါ၊ ထိုမိန်းမတို့သည် ချက်ပြုတ်၍ ဆောင်ယူလာပါကုန်လိမ့်မည်”ဟု လျှောက်တင်လေ၏။

မင်းကြီးလည်း “သွားချေ၊ သာမာဝတီ အမှူးရှိကုန်သော မိန်းမတို့အား ပေးပြီးလျှင် တစ်ပါးသူ၏လက်၌ မပေးမူ၍ သာမာဝတီတို့ ကိုယ်တိုင်သတ်၍ ချက်ကုန်လော့”ဟု ပို့ခိုင်းလိုက်လေ၏။ အလုပ်အကျွေးငယ်သည် “ကောင်းလှပါပြီ အရှင်မင်းမြတ်”ဟု ဝန်ခံ၍ သွားပြီးလျှင် ထိုမင်းကြီး ဆိုတိုင်း ပြောကြားလေသော် သာမာဝတီ အမှူးရှိကုန်သော မိန်းမတို့သည် “ငါတို့ကား သူတစ်ပါး၏ အသက်သတ်ခြင်း အမှုကို မပြုပါကုန်”ဟု ပြောဆို၍ ပယ်လိုက်အပ်သည်ဖြစ်၍ အလုပ်အကျွေးငယ် ပြန်လာပြီးလျှင် ထိုအကြောင်းကို မင်းကြီးအား လျှောက်တင်လေ၏။ မာဂဏ္ဍီမိဖုရားက “မင်းမြတ်- အရှင်မင်းမြတ်တို့ကိုယ်တိုင် မြင်ရပြီ မဟုတ်လော၊ ဤယခုအခါ၌ ထိုမိန်းမတို့၏ သူ့အသက်သတ်ခြင်းအမှု ပြုသည်ကိုလည်းကောင်း၊ မပြုသည်ကိုလည်းကောင်း သိရအံ့၊ အရှင်မင်းမြတ်- “ရဟန်းဂေါတမအလို့ငှာ ချက်ပြုတ်၍ ပို့စေသတည်း”ဟု မိန့်တော်မူကာ စေလွှတ်ပါလော့”ဟု လျှောက်တင်ပြန်၏။ မင်းကြီးလည်း ထိုမာဂဏ္ဍီဆိုတိုင်း မိန့်တော်မူပြီးလျှင် ပို့စေလေ၏။ အလုပ်အကျွေးငယ်လည်း ထိုကြက်တို့ကို ယူ၍ သွားဘိသကဲ့သို့ပြု၍ ထိုကြက်ရှင်တို့ကို ပုရောဟိတ်ပုဏ္ဏားအား ပေးပြီးလျှင် ကြက်သေတို့ကို ထိုမိန်းမတို့၏အထံသို့ဆောင်၍ “ဤကြက်တို့ကို ချက်ပြီးလျှင် မြတ်စွာဘုရား၏အထံသို့ ပို့လှူကြကုန်လော့”ဟု ဆိုလေ၏။ ထိုမိန်းမတို့လည်း “အရှင်- ယူဆောင်လာခဲ့လော့၊ ဤအမှုသည်ကား ငါတို့၏ အမှုကိစ္စပေတည်း”ဟု ခရီးဦးကြိုဆိုကာ လှမ်းယူကြလေကုန်၏။

ထိုအလုပ်အကျွေးငယ်သည် မင်းကြီးအထံသို့ သွားရောက်လျှင် “အမောင်- အသို့နည်း”ဟု မေးလတ်သော် “ရဟန်းဂေါတမအလို့ငှာဟု ဆိုကာမျှဖြင့်သာလျှင် ခရီးရင်ဆိုင်ထလာ၍ ယူကြပါကုန်သည်”ဟု လျှောက်တင်လေ၏။ မာဂဏ္ဍီမိဖုရားက “အရှင်မင်းမြတ်- ရှုစားတော်မူပါလော့၊ ထိုမိန်းမတို့သည် အရှင်သို့ သဘောရှိသော ကျေးဇူးတော်ရှင် ဘုရင်မင်းမြတ်၏အလို့ငှာ ဤသို့ မပြုကြကုန်၊ ထိုမိန်းမတို့အား “အပပြင်ဘက်၌ မြတ်နိုးတောင့်တခြင်း ရှိနေပါသည်”ဟု လျှောက်တင်ပါသော်လည်း အရှင်မင်းမြတ်သည် ယုံကြည်တော်မမူခဲ့ပါ”ဟု လျှောက်ထား သံတော်ဦးတင်လေ၏။ ဥတေနမင်းကြီးသည် ထိုစကားကို ကြားလျက်လည်း သည်းခံတော်မူ၍ ဆိတ်ဆိတ်သာလျှင် နေတော်မူလေ၏။ မာဂဏ္ဍီ မိဖုရားသည်လည်း “အဘယ်သို့ ပြုရပါဦးအံ့နည်း”ဟု တစ်မျိုးတစ်ဖုံ ကြံစည်ပြန်လေ၏။

မြွေပရိယာယ်ဖြင့် သာမာဝတီတို့အား ပျက်စီးကြောင်း အားထုတ်ခြင်း

ထိုအခါ ဥတေနမင်းကြီးသည် သာမာဝတီမိဖုရား, ဝါသုလဒတ္တာမိဖုရား, မာဂဏ္ဍီမိဖုရား ဟူကုန်သော သုံးယောက်ကုန်သော မိဖုရားတို့၏ ပြာသာဒ်ဆောင်၌ အလှည့်အလှည့်ဖြင့် စံစားလျက် ခုနစ်ရက်, ခုနစ်ရက်ကို လွန်စေ၏။ ထိုအခါ နက်ဖြန်သန်ဘက် သာမာဝတီ၏ ပြာသာဒ်ဆောင်သို့ မင်းကြီး ကြွသွားလတ္တံ့ဟု သိသဖြင့် မာဂဏ္ဍီမိဖုရားသည် ဘထွေးပုဏ္ဏားအား “မြွေတစ်ကောင်ကို ဆေးဖြင့် အစွယ်တို့ကို အဆိပ်ကင်းအောင် ဆေးကြောသုတ်သင်ပြီးလျှင် ကျွန်မ၏အထံသို့ ပို့လိုက်ပါ”ဟု သတင်းစကား စေလွှတ်လိုက်၏။ ဘထွေးဖြစ်သော ထိုပုဏ္ဏားသည် မှာတိုင်းပြု၍ ပို့လိုက်လေ၏။ ဥတေနမင်းကြီးလည်း မိမိ၏ သွားလေရာအရပ်သို့ ဟတ္ထိကန္တစောင်းကို ယူ၍သာလျှင် သွားစမြဲဖြစ်သတည်း။ ထိုစောင်း၏ စောင်းခွက်၌ တစ်ခုသော အပေါက်သည် ရှိ၏။ မာဂဏ္ဍီမိဖုရားသည် ထိုအပေါက်ဖြင့် မြွေကိုသွင်း၍ အပေါက်ကို ပန်းကုံးထွေးဖြင့် ပိတ်ထားလေ၏။ မြွေသည် နှစ်ရက်,သုံးရက်ပတ်လုံး စောင်း၏အတွင်း၌သာလျှင် နေရ၏။။မာဂဏ္ဍီမိဖုရားသည် မင်းကြီးသွားအပ်သောနေ့၌ “အရှင်မင်းမြတ်- ယနေ့ အဘယ်မိဖုရား၏ ပြာသာဒ်ဆောင်သို့ ကြွသွားတော်မူလတ္တံ့နည်း”ဟု မေးလျှောက်သဖြင့် “သာမာဝတီမိဖုရား၏ အဆောင်သို့”ဟု မိန့်ဆိုလေ၏။ “အရှင်မင်းမြတ်- ယနေ့ ကျွန်တော်မသည် မနှစ်သက်ဖွယ်ရာသော အိပ်မက်ကို မြင်မက်ပါသည်။ ထိုသာမာဝတီ၏ ပြာသာဒ်ဆောင်သို့ ကြွတော်မူခြင်းငှါ မသင့်လျော်ပါ”ဟု လျှောက်ထားသော်လည်း “ငါကား သွားမည်သာလျှင်တည်း”ဟု မိန့်တော်မူပြန်၏။ မာဂဏ္ဍီမိဖုရားလည်း သုံးကြိမ်တိုင်တိုင် တားမြစ်ပြီးလျှင် “ဤသို့ တောင်းပန်တားမြစ်၍ မရခဲ့ပါမူ ကျွန်တော်မသည်လည်း အရှင်မင်းကြီးတို့နှင့် အတူတကွ သွားပါအံ့”ဟု ဆိုလေ၏။ မင်းကြီးက ဆုတ်နစ်ပြန်လည်စေအပ်သော်လည်း မဆုတ်နစ် မပြန်လည်မူ၍ “အရှင်မင်းမြတ်- အသို့ဖြစ်လတ္တံ့သည်ကို မသိနိုင်”ဟုဆို၍ မင်းကြီးနှင့် အတူတကွသာလျှင် လိုက်သွားလေ၏။

ဥတေနမင်းကြီးသည် သာမာဝတီ အမှူးရှိကုန်သော မောင်းမတို့သည် ပေးအပ်ကုန်သော အဝတ်တန်ဆာ ပန်း နံ့သာတို့ကို ဆင်ယင်ပြီးလျှင် ကောင်းသောဘောဇဉ်ကို သုံးဆောင်တော်မူ၍ စောင်းကို ဦးခေါင်းရင်း၌ ထားပြီးမှ အိပ်ရာထက်၌ အိပ်လေ၏။ မာဂဏ္ဍီမိဖုရားသည် ခေါက်တုံ့ခေါက်ပြန် အဖန်ဖန် သွားလာလေဟန်ပြု၍ စောင်းပေါက်မှ ပန်းကုံးထွေးကို ပယ်ပစ်လိုက်လေ၏။ မြွေသည် နှစ်ရက်သုံးရက်ပတ်လုံး အာဟာရ ကင်းပြတ်ရကား ထိုအပေါက်ဖြင့် ထွက်ခဲ့ပြီးလျှင် လေတရှူးရှူးမှုတ်လျက် ပါးပြင်းထောင်ခြင်းကိုပြု၍ အိပ်ရာနောက်နား၌ အလျားလိုက်နေလေ၏။

မာဂဏ္ဍီမိဖုရားသည် ထိုမြွေကိုမြင်၍ “အရှင်မင်းကြီး- စက်ဆုပ်ဖွယ်၊ စက်ဆုပ်ဖွယ် မြွေပါတကား”ဟု ကျယ်လောင်သော အသံကိုပြု၍ မင်းကြီးအားလည်းကောင်း၊ ထိုမိန်းမတို့အားလည်းကောင်း ဆဲရေးလျက် “ဤအလွန်မိုက်လှစွာသော မင်းသည် ဘုန်းကံကျက်သရေ မရှိလေစွ၊ ငါ့စကားကို နားမထောင်၊ ဤမိန်းမတို့လည်း ဘုန်းကံကျက်သရေ မရှိလေကုန်၊ ဆိုဆုံးမခက်ကုန်၏၊ မင်းကြီး၏အထံမှ အဘယ်ဝတ္ထုကို မရကြကုန်ဘိသနည်း၊ ဤမင်းကြီး သေမှသာ သင်တို့သည် ချမ်းသာစွာ အသက်ရှင်ရကုန်အံ့လော၊ ဤမင်းကြီးသည် အသက်တော်ရှည်သည်ရှိသော် သင်တို့သည် ဆင်းရဲစွာ အသက်ရှင်ရကုန်အံ့လော၊ ငါသည် ယနေ့ မကောင်းသော အိပ်မက်ကို မြင်မက်ပါသည်၊ သာမာဝတီ၏ ပြာသာဒ်ဆောင်သို့ သွားခြင်းငှာ မသင့်လျော်ပါဟု တောင်းပန် တားမြစ်လေငြားသော်လည်း ငါ၏စကားကို အသင်မင်းကြီးသည် မနာမယူ”ဟု ဆိုလေ၏။ ဥတေနမင်းကြီးသည် မြွေကိုမြင်လျှင် သေဘေးဖြင့် ခြိမ်းခြောက်အပ်သည်ဖြစ်၍ ကြောက်လန့်ရကား “ဤမိန်းမတို့သည် ဤသို့သဘောရှိသော အမှုမည်သည်ကို ပြုကုန်ဘိ၏၊ ဪ- အလွန်ယုတ်မာလေစွတကား၊ ဤမိန်းမတို့၏ ယုတ်မာသောအဖြစ်ကို အဖန်တလဲလဲ ပြောကြားလျက်လည်း ဤမာဂဏ္ဍီ၏ စကားကို ငါမယုံကြည်မိခဲ့၊ လက်ဦးစွာ မိမိတိုက်ခန်းတို့၌ အပေါက်တို့ကို ဖောက်၍ နေကြကုန်၏။ နောက်တစ်ဖန် ငါသည် ပို့စေအပ်ကုန်သော ကြက်တို့ကို ပြန်၍ ပို့စေကြကုန်၏။ ယနေ့လည်း အိပ်ရာ၌ မြွေကို လွှတ်ကုန်၏”ဟု ဒေါသအမျက် ခြောင်းခြောင်းထွက်သဖြင့် တစ်ကိုယ်လုံး မီးအလျှံတောက်သကဲ့သို့ ဖြစ်လေ၏။

သာမာဝတီတို့၏ မေတ္တာတရားအစွမ်း

သာမာဝတီ မိဖုရားသည်လည်း ငါးရာကုန်သော မိန်းမတို့အား “အမိတို့- ငါတို့အား (မေတ္တာမှတစ်ပါး) အခြားသော ကိုးကွယ် အားထားရာသည် မရှိပြီ။ မင်းကြီး၌လည်းကောင်း၊ မာဂဏ္ဍီ မိဖုရား၌လည်းကောင်း၊ မိမိ၏ကိုယ်၌လည်းကောင်း ထပ်တူထပ်မျှသာလျှင် မေတ္တာစိတ်ကို ဖြစ်စေကြကုန်လော့၊ တစ်စုံတစ်ယောက်သော သူအားမျှ အမျက်ထွက်ခြင်းကို မပြုကြကုန်လင့်”ဟု အဆုံးအမဩဝါဒကို ပေးလေ၏။ ဥတေနမင်းကြီးသည် ဗိုလ်ခြေတစ်ထောင်အားဖြင့် တင်အပ်သော ဆိတ်ချိုလေးကိုယူ၍ လေးညှို့ကိုဖြန့်လျက် အဆိပ်လူးသောမြားကို တင်ပြီးလျှင် သာမာဝတီမိဖုရားကို ရှေ့၌ထားသဖြင့် အလုံးစုံသော မိန်းမငါးရာတို့ကို အစဉ်အတိုင်း ထားစေ၍ သာမာဝတီမိဖုရား၏ ရင်ဝ၌ မြားကို ပစ်လွှတ်လေ၏။ ထိုပစ်လွှတ်အပ်သော မြားသည် သာမာဝတီမိဖုရား၏ မေတ္တာအာနုဘော်၏ အစွမ်းဖြင့် ဆုတ်နစ်ပြန်လည်ကာ လာသော လမ်းခရီးသို့ ရှေးရှုသာလျှင်ဖြစ်၍ မင်းကြီး၏ ရင်ဝ နှလုံးအိမ်သို့ စူးဝင်မည်ကဲ့သို့ တည်လေ၏။

မင်းကြီးသည် ကြံဆင်ခြင်သည်မှာ “ငါပစ်အပ်သော မြားသည်ကား ကျောက်ကိုသော်လည်း ထုတ်ချင်းဖောက်ထွင်း၍ သွားနိုင်၏၊ ဟင်းလင်းအပြင် ကောင်းကင်၌ တားမြစ်အပ်သော အရာဌာနသည် အနည်းငယ်မျှမရှိ၊ ထိုသို့ဖြစ်လျက် ဤမြားသည် ပြန်လည်ကာ လာ၍ ငါ၏ရင်ဝ နှလုံးအိမ်သို့ ရှေးရှုချိန်လျက် ဖြစ်ဘိ၏”ဟု ထိတ်လန့်တုန်လှုပ်သော စိတ်ရှိသည်ဖြစ်၍ “ဤမြားမည်သည် သတ္တဝါမဟုတ်၊ အသက်မရှိသော မြားပင်ဖြစ်သော်လည်း ထိုသာမာဝတီ၏ ဂုဏ်ကျေးဇူးကို သိတုံဘိသေး၏၊ ငါသည် လူစင်စစ် ဖြစ်ပါလျက်လည်း သာမာဝတီ၏ ဂုဏ်ကျေးဇူးအထူးကို မသိလေဘိတကား”ဟု ကြံဆင်ခြင်ပြီးလျှင် ထိုဥတေနမင်းကြီးသည် လေးကိုစွန့်ပစ်၍ လက်အုပ်ချီကာ သာမာဝတီ၏ခြေရင်း၌ ဆောင့်ကြောင့်ထိုင်နေလျက် ဤဂါထာကို ရွတ်ဆိုလေ၏။

သမ္မုယှာမိ ပမုယှာမိ၊ သဗ္ဗာ မုယှန္တိ မေ ဒိသာ။
သာမာဝတီ မံ တာယဿု၊ တွဉ္စ မေ သရဏံ ဘဝ။

သာမာဝတီ၊ သာမာဝတီ အမည်ထင်ရှား ရှင်မိဖုရား။ အဟံ၊ ငါသည်။ သမ္မုယှာမိ၊ လွန်မင်းစွာ မိုက်မှားတွေဝေမိပါ၏။ ပမုယှာမိ၊ ခပ်သိမ်းသော အပြားအားဖြင့် မိုက်မှား တွေဝေမိပါ၏။ မေ၊ ငါ၏။ သဗ္ဗာ ဒိသာ၊ အလုံးစုံသော အဇ္ဈတ္တ ဗဟိဒ္ဓသန္တာန်တို့သည်။ မုယှန္တိ၊ မိုက်မှား တွေဝေခဲ့ကုန်၏။ သာမာဝတီ၊ သာမာဝတီ အမည်ထင်ရှား ရှင်မိဖုရား။ မံ၊ ငါ့ကို။ တာယဿု၊ ကယ်ဆယ် စောင့်ရှောက်ပါလော့။ တွဉ္စ၊ ရှင်မ သာမာဝတီ မိဖုရားသည်သာလျှင်။ မေ၊ ငါ၏။ သရဏံ၊ ကိုးကွယ်အားထားရာသည်။ ဘဝ၊ ဖြစ်ပါလော့။

သာမာဝတီမိဖုရားသည် ထိုမင်းကြီး၏ စကားကို ကြားရလျှင် “ကောင်းလှပါပြီ အရှင်မင်းမြတ်၊ အကျွန်ုပ်ကို ကိုးကွယ်အားထားရာဟူ၍ ဆည်းကပ်ပါလော့”ဟု မဆိုတဲ့မူ၍ “အရှင်မင်းကြီး- အကျွန်ုပ်သည် အကြင် မြတ်စွာဘုရားကို ကိုးကွယ်အားထားရာဟူ၍ ဆည်းကပ်ပါ၏၊ ထိုမြတ်စွာဘုရားကိုသာလျှင် အရှင်မင်းမြတ်သည်လည်း ကိုးကွယ် အားထားရာဟူ၍ ဆည်းကပ်ပါလော့”ဟု လျှောက်တင် မြွက်ဆိုလေ၏။

ဣဒံ ဝတွာ သာမာဝတီ၊ သမ္မာသမ္ဗုဒ္ဓသာဝိကာ။
မာ မံ တွံ သရဏံ ဂစ္ဆ၊ ယမဟံ သရဏံ ဂတာ။
ဧသ ဗုဒ္ဓေါ မဟာရာဇ၊ သေ ဗုဒ္ဓေါ အနုတ္တရော။
သရဏံ ဂစ္ဆ တံ ဗုဒ္ဓံ၊ တွဉ္စ မေ သရဏံ ဘဝ။

သမ္မာသမ္ဗုဒ္ဓသာဝိကာ၊ မြတ်စွာဘုရား၏ တပည့်မဖြစ်သော။ သာမာဝတီ၊ သာမာဝတီ မိဖုရားသည်။ ဣဒံ၊ ဤစကားကို။ ဝတွာ-အဝဒီ၊ ဆိုလေပြီ။ မဟာရာဇ၊ မြတ်သော မင်းကြီး။ တွံ၊ အသင် မင်းကြီးသည်။ မံ၊ ကျွန်တော်မကို။သရဏံ၊ ကိုးကွယ်အားထားရာဟူ၍။ မာ ဂစ္ဆ၊ မဆည်းကပ်ပါလေလင့်။ အဟံ၊ ကျွန်တော်မသည်။ ယံ ဗုဒ္ဓံ၊ အကြင် မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ် အားထားရာဟူ၍။ ဂတာ၊ ဆည်းကပ်ရပါ၏။ ဧသ-ဧသော၊ မင်းကြီးကြင်ဖော် နှမတော်သည် ပူဇော်မြတ်နိုး ကိုးကွယ်ဆည်းကပ် ဤဘုရားမြတ်သည်။ ဗုဒ္ဓေါ၊ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူလေ၏။ ဧသ-ဧသော ဗုဒ္ဓေါ၊ ဤဘုရားမြတ်သည်။ အနုတ္တရော၊ အတုမရှိ မြတ်တော်မူ၏။ တံ ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ တွံ၊ အရှင်မင်းမြတ်သည်။ သရဏံ၊ ကိုးကွယ်အားထားရာဟူ၍။ ဂစ္ဆ၊ ဆည်းကပ်ပါလော့။ တွဉ္စ၊ အရှင်မင်းမြတ်သည်လည်း။ မေ-မမ၊ ပြစ်ချက်ခံရ ကျွန်တော်မ၏။ သရဏံ၊ ကိုးကွယ် အားထားရာသည်။ ဘဝ၊ ဖြစ်တော်မူပါ အရှင်မင်းမြတ်။ ဣတိ၊ ဤသို့။ ဣဒံ၊ ဤစကားကို။ ဝတွာ-အဝဒီ၊ ဆိုလေပြီ။

ဤသို့ လျှောက်တင် မြွက်ဆိုသောအခါ ဥတေနမင်းကြီးသည် “ယခုအခါ ငါသည် အတိုင်းထက်အလွန် ကြောက်ရွံ့လှပါပေ၏”ဟု ဆိုပြီးလျှင် ဤဂါထာကို ဆိုပြန်လေ၏။

ဧသ ဘိယျော ပမုယှာမိ၊ သဗ္ဗာ မုယှန္တိ မေ ဒိသာ။
သာမာဝတီ မံ တာယဿု၊ တွဉ္စ မေ သရဏံ ဘဝ။

သာမာဝတီ၊ သာမာဝတီ အမည်ထင်ရှား ရှင်မိဖုရား။ ဧသ-ဧသော၊ ငါဟုသမုတ် ဤမင်းယုတ်သည်။ ဘိယျော၊ လွန်စွာ။ ပမုယှာမိ၊ ခပ်သိမ်းသော အပြားအားဖြင့် မိုက်မှား တွေဝေမိပါ၏။ မေ၊ ငါ၏။ သဗ္ဗာ ဒိသာ၊ အလုံးစုံသော အဇ္ဈတ္တ ဗဟိဒ္ဓသန္တာန်တို့သည်။ မုယှန္တိ၊ မိုက်မှား တွေဝေခဲ့ကုန်၏။ သာမာဝတီ၊ သာမာဝတီ အမည်ထင်ရှား ရှင်မိဖုရား။ မံ၊ ငါ့ကို။ တာယဿု၊ ကယ်ဆယ် စောင့်ရှောက်ပါလော့။ တွဉ္စ၊ ရှင်မ သာမာဝတီ မိဖုရားသည်သာလျှင်။ မေ၊ ငါ၏။ သရဏံ၊ ကိုးကွယ် အားထားရာသည်။ ဘဝ၊ ဖြစ်ပါလော့။

ထိုအခါ သာမာဝတီမိဖုရားသည် မင်းကြီးကို ရှေးနည်းဖြင့်သာလျှင် တစ်ဖန် ပယ်ရှားပြန်သောကြောင့် “ထိုသို့ဖြစ်မူ သင့်ကိုလည်း ကိုးကွယ်အားထားရာဟူ၍ ဆည်းကပ်ပါအံ့၊ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားကိုလည်း ကိုးကွယ် အားထားရာဟူ၍ ဆည်းကပ်ပါတော့အံ့၊ သင့်အား အလိုရှိအပ်သော ဆုမြတ်ကိုလည်း ပေးပါ၏”ဟု ဆိုသည်ရှိသော် “အရှင်မင်းမြတ်- အရှင်မင်းမြတ်သည် ပေးသနားတော်မူအပ်သော ဆုမြတ်ကို ဘုရားနှမယူအပ်သည် ဖြစ်ပါစေတော့”ဟု တင်လျှောက်လေ၏။

ဥတေနမင်းသည် သာမာဝတီတို့အား ဆုပေးခြင်း

ထိုဥတေနမင်းကြီးသည် မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ကိုးကွယ်အားထားရာဟူ၍ ဆည်းကပ် (သရဏဂုံ ဆောက်တည်)ပြီးမှ ပင့်ဖိတ်၍ (ဘုရားအမှူးရှိသော) ရဟန်းသံဃာတော် အပေါင်းအား ခုနစ်ရက်ပတ်လုံး အလှူကြီးကို ပေးလှူပြီးသောအခါ သာမာဝတီမိဖုရားကို ခေါ်ပြီးလျှင် “ချစ်နှမ- ထလော့၊ သင့်အား ငါသည် ပေးသနားအပ်သော ဆုမြတ်ကို ယူလေလော့”ဟု မိန့်ဆိုလေ၏။ “မြတ်သောမင်းကြီး- ကျွန်တော်မအား ရွှေ,ငွေ အစရှိသည်တို့ဖြင့် အလိုမရှိပါ၊ ကျွန်တော်မအား ဤသို့သော ဆုမြတ်ကိုသာ ပေးသနားတော်မူပါ၊ အကြင်သို့သော အခြင်းအရာဖြင့် ပြုသည်ရှိသော် မြတ်စွာဘုရားသည် ငါးရာသော ရဟန်းတို့နှင့် အတူတကွ ဤနန်းတွင်းသို့ မပြတ် ကြွလာတော်မူသဖြင့် တရားတော်မြတ်ကို နာကြားရပါကုန်အံ့၊ ထိုသို့သော အခြင်းအရာဖြင့်သာ ပြုတော်မူစေချင်ပါသည်”ဟု လျှောက်တင်လေ၏။ ဥတေနမင်းကြီးသည် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ငါးရာသော ရဟန်းတော်တို့နှင့်တကွ ဤနန်းတွင်းသို့ မပြတ် ကြွလာတော်မူကြပါဘုရား။ သာမာဝတီ အမှူးရှိကုန်သော နန်းတွင်းသူ မောင်းမတို့သည် တရားတော်မြတ်ကို နာကြားပါရစေဟူ၍ ပြောဆိုကြပါသည်ဘုရား”ဟု လျှောက်ထားလေ၏။

ထိုအခါ မြတ်စွာဘုရားက “ဒါယကာမင်းကြီး- မြတ်စွာဘုရားတို့အားမည်သည် တစ်ခုတည်းသော နေရာအရပ်သို့ အမြဲမပြတ် ကြွရောက်ခြင်းငှာ မသင့်၊ များစွာသော လူအပေါင်းသည် မြတ်စွာဘုရားကို ကြွလာတော်မူခြင်းငှာ တောင့်တမျှော်စောပေလတ္တံ့”ဟု မိန့်တော်မူသောအခါ “မြတ်စွာဘုရား- ထိုသို့ဖြစ်မူ ရဟန်းတော်တစ်ပါးကို အမိန့်ချမှတ် စေလွှတ်တော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် အရှင်အာနန္ဒာမထေရ်ကို အမိန့်ချမှတ် စေလွှတ်တော်မူ၏။ ထိုအရှင်အာနန္ဒာ မထေရ်မြတ်သည် ငါးရာသော ရဟန်းတို့ကိုယူ၍ အမြဲမပြတ် မင်းအိမ်နန်းတော်သို့ ကြွသွားတော်မူရ၏။ သာမာဝတီ အမှူးရှိသော ထိုနန်းတွင်းသူ မောင်းမငါးရာတို့သည်လည်း အမြဲမပြတ် အာနန္ဒာမထေရ်မြတ်ကို ဆွမ်းလုပ်ကျွေးကြရကုန်၏။ တရားတော်မြတ်ကိုလည်း ကြားနာကြရကုန်၏။

ထိုသာမာဝတီ အမှူးရှိသော ငါးရာသော မိန်းမတို့သည် တစ်နေ့သ၌ အရှင်အာနန္ဒာမထေရ်၏ တရားစကားတော်ကို ကြားနာရသဖြင့် ကြည်ညိုသည်ဖြစ်၍ အပေါ်ရုံ အဝတ်ပုဆိုး ငါးရာတို့ဖြင့် ပူဇော်ခြင်းကို ပြုကြကုန်၏။ တစ်ခုတစ်ခုသော အပေါ်ရုံ အဝတ်ပုဆိုးသည် အသပြာငါးရာ,ငါးရာ အဖိုးထိုက်တန်၏။ မင်းကြီးလည်း ထိုအလုံးစုံသော မောင်းမငါးရာတို့၏အထံ၌ တစ်ခုသော အပေါ်ရုံ အဝတ်ပုဆိုးကို မမြင်သောကြောင့် “သင်တို့၏ ထိုအပေါ်ရုံ အဝတ်ပုဆိုးတို့သည် အဘယ်မှာနည်း”ဟု မေးလေ၏။ “ဘုရားကျွန်မတို့၏ အရှင်ဖြစ်သော အရှင်အာနန္ဒာ မထေရ်မြတ်အား လှူဒါန်းကြပါကုန်သည်”ဟု လျှောက်တင်လေ၏။ “ထိုအရှင်အာနန္ဒာသည် အလုံးစုံသော အပေါ်ရုံ အဝတ်ပုဆိုးတို့ကို အကုန်ပင် ခံယူကုန်သလော”ဟု မေးသဖြင့် “အရှင်မင်းကြီး- အကုန်ပင် ခံယူသည် မှန်ပါသည်”ဟု လျှောက်တင်လေ၏။

အရှင်အာနန္ဒာ သင်္ကန်းများစွာ ရခြင်း

ဥတေနမင်းသည် အရှင်အာနန္ဒာ မထေရ်မြတ်သို့ ချဉ်းကပ် ရှိခိုးပြီးလျှင် ထိုငါးရာသော နန်းတွင်းသူ မောင်းမတို့သည် အပေါ်ရုံ အဝတ်ပုဆိုးတို့ကို လှူဒါန်းအပ်သည် အဖြစ်ကို မေးလျှောက်၍ ထိုမိန်းမတို့ ပေးလှူအပ်သည်၏ အဖြစ်ကိုလည်းကောင်း၊ အရှင်အာနန္ဒာ မထေရ်မြတ် အလှူခံအပ်သည်၏ အဖြစ်ကိုလည်းကောင်း ကြားနာရလျှင် “အရှင်ဘုရား- အဝတ်တို့သည် အလွန်များကုန်သည် မဟုတ်ပါလော၊ ဤမျှလောက်သော အဝတ်တို့ဖြင့် အသို့ပြုပါကုန်လတ္တံ့နည်း”ဟု မေးလျှောက်လေ၏။

“ဒကာတော်မင်းကြီး- ငါတို့အား ဝတ်လောက်ရုံမျှသော အဝတ်တို့ကိုယူ၍ ကြွင်းသော အဝတ်တို့ကို ဆွေးမြည့်ဟောင်းနွမ်းသော သင်္ကန်းရှိသော ရဟန်းတို့အား ပေးလှူပါအံ့”ဟု မိန့်တော်မူသည်ရှိသော် “ထိုရဟန်းတို့သည် မိမိ၏ ဆွေးမြည့်ဟောင်းနွမ်းသော သင်္ကန်းတို့ကို အသို့ပြုပါကုန်လတ္တံ့နည်း”ဟု မေးလျှောက်ပြန်လေ၏။ “ဒကာတော်မင်းကြီး- မိမိထက်ပင် ဆွေးမြည့်ဟောင်းနွမ်းသော သင်္ကန်းရှိသော ရဟန်းတို့အား ပေးလှူကုန်လတ္တံ့”ဟု မိန့်ဆိုပြန်သည်ရှိသော် “အရှင်ဘုရား- ထိုရဟန်းတို့သည် မိမိ၏ အလွန် ဆွေးမြည့်ဟောင်းနွမ်းသော သင်္ကန်းတို့ကို အသို့ ပြုပါကုန်လတ္တံ့နည်း”ဟု မေးလျှောက်ပြန်လေ၏။ “ဒကာတော်မင်းကြီး- အိပ်ရာခင်း ပြုကြကုန်လတ္တံ့”ဟု မိန့်တော်မူပြန်သည်ရှိသော် “ရှေးက ရှိနှင့်သော အိပ်ရာခင်းဟောင်းတို့ကို အသို့ပြုပါကုန်လတ္တံ့နည်း”ဟု မေးလျှောက်ပြန်လေ၏။ “မြေအခင်း ပြုလုပ်ကြကုန်လတ္တံ့”ဟု မိန့်တော်မူပြန်သည်ရှိသော် “ရှေးက ရှိနှင့်သော မြေအခင်းဟောင်းတို့ကို အသို့ပြုပါကုန်လတ္တံ့နည်း”ဟု မေးလျှောက်ပြန်လေ၏။ “ဒကာတော် မင်းကြီး- ခြေသုတ်ပုဆိုးပြုကုန်လတ္တံ့”ဟု မိန့်ဆိုပြန်သည်ရှိသော် “ရှေးက ရှိနှင့်သော ခြေသုတ်ပုဆိုးဟောင်းတို့ကို အသို့ပြုပါကုန်လတ္တံ့နည်း”ဟု မေးလျှောက်ပြန်လေ၏။ “ဒကာတော် မင်းကြီး- ခြေသုတ်ပုဆိုးဟောင်းတို့ကို အပိုင်းအပိုင်း နုပ်နုပ်ခုတ်စဉ်း၍ မြေညက်ဖြင့်ဆုပ်နယ်ကာ နံရံအကာကို လိမ်းကျံကုန်လတ္တံ့သတည်း”ဟု မိန့်တော်မူသည်ရှိသော် “အရှင်ဘုရား- အရှင်မြတ်တို့အား ဤမျှလောက်အတိုင်းအရှည်ရှိသော လှူဒါန်းအပ်သော အလှူဝတ္ထုတို့သည် မပျက်မစီးကုန်ချေတကား”ဟု လျှောက်ထားလေ၏။ “ဒကာတော်မင်းကြီး- ဪ.. ဟုတ်ပေ၏”ဟု မိန့်တော်မူလတ်သည်ရှိသော် ဥတေနမင်းကြီးသည် ကြည်ညိုလှသည်ဖြစ်၍ ထိုမှတစ်ပါးလည်းဖြစ်ကုန်သော ငါးရာသော အဝတ်ပုဆိုးတို့ကို ဆောင်ယူစေလျက် မထေရ်မြတ်၏ ခြေရင်း၌ တင်ထား လှူဒါန်းလေ၏။

(အရှင်အာနန္ဒာ မထေရ်မြတ်သည် အရေအတွက် တစ်ထောင်စီသော အဖို့အားဖြင့် ခြေရင်း၌ထား၍ လှူအပ်သော အဖိုးအားဖြင့် အသပြာငါးရာစီ ထိုက်တန်သော အဝတ်ပုဆိုးတို့ကို အကြိမ်တစ်သိန်းတိုင်တိုင် ရဖူးလေသတတ်။ တစ်ထောင်စီသော အဖို့အားဖြင့် ခြေရင်း၌ထား၍ လှူအပ်သော တစ်ထောင်စီ ထိုက်တန်သော အဝတ်ပုဆိုးတို့ကို အကြိမ်တစ်ထောင်တိုင်တိုင် ရဖူးလေသတတ်။ တစ်ထောင်စီသော အဖို့အားဖြင့် ခြေရင်း၌ထား၍ လှူအပ်သော တစ်သိန်းစီ ထိုက်တန်သော အဝတ်ပုဆိုးတို့ကို အကြိမ်တစ်ရာတိုင်တိုင် ရတော်မူဖူးလေသတတ်။ တစ်ထည်, နှစ်ထည်, သုံးထည်, လေးထည်, ငါးထည်, ဆယ်ထည် ဤသို့ အစရှိသောနည်းဖြင့် ရအပ်သောအဝတ်ပုဆိုးတို့၏ကား အရေအတွက် အပိုင်းအခြားသည် မရှိလေပြီ။ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံယူတော်မူပြီးသည်ရှိသော် အရှင်အာနန္ဒာ မထေရ်သည် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းသို့ လှည့်လည်တော်မူ၍ အလုံးစုံသော ကျောင်းတို့၌ (သီတင်းသုံးသော) ရဟန်းတို့အား မိမိ၏ပစ္စည်းဥစ္စာသာလျှင် ဖြစ်ကုန်သော သပိတ်သင်္ကန်းတို့ကို ပေးလှူတော်မူလေသတတ်။)

သာမာဝတီတို့ကို မာဂဏ္ဍီ မီးတိုက်သတ်ခြင်း

မာဂဏ္ဍီမိဖုရားသည်လည်း “အကြင်အမှုကို ငါသည် ပြု၏၊ ထိုအမှုသည် ထိုပြုတိုင်းမဖြစ်ဘဲ တစ်ပါးသော အခြင်းအရာဖြင့်သာလျှင် ဖြစ်လေဘိ၏။ ဤယခုအခါ အဘယ်သို့ပြုရပါမည်နည်း”ဟု ကြံဆင်ခြင်သည်ရှိသော် “ဤသို့သော အကြောင်းတစ်ခုသည် ရှိပေသည်”ဟု ကြံဆင်ခြင်မိသောကြောင့် ဥတေနမင်းကြီးသည် ဥယျာဉ်ကစားခြင်းငှာ ထွက်သွားခိုက် ဘထွေး စူဠမာဂဏ္ဍီပုဏ္ဏား၏ အထံသို့ သတင်းစကား မှာကြားစေလွှတ်လိုက်သည်မှာ “ဘထွေး- သာမာဝတီ၏ပြာသာဒ်သို့ သွား၍ ပုဆိုးတိုက်တို့ကိုလည်းကောင်း၊ ဆီတိုက်တို့ကိုလည်းကောင်း ဖွင့်စေပြီးလျှင် ပုဆိုးတို့ကို ဆီအိုးတို့၌ ထည့်နှစ်ဆွတ်ဖျန်းသဖြင့် သည်တိုင်တို့ကိုရစ်ပတ်၍ သာမာဝတီ အမှူးရှိကုန်သော ထိုအလုံးစုံသော မိန်းမငါးရာတို့ကို တစ်ပေါင်းတစ်ဖွဲ့တည်း ပြုပြီးမှ တံခါးကို လုံစွာပိတ်လျက် အပ၌ ကျည်ရှင်ယန္တရားပေး၍ (သော့ခတ်၍) မီးတိုင် မီးထုပ်တို့ဖြင့် အိမ်နန်းပြာသာဒ်ကို မီးတိုက်ပြီး သက်ဆင်းကာ သွားပါလော့”ဟု သတင်းစကားကို မှာကြားစေလွှတ်လိုက်၏။ ထိုဘထွေး ပုဏ္ဏားသည်လည်း ပြာသာဒ်သို့တက်၍ ပုဆိုးတိုက်, ဆီတိုက်ဖြစ်သော ကျီကျတို့ကို ဖွင့်စေပြီးလျှင် အဝတ်တို့ကို ဆီအိုးတို့၌ ထည့်နှစ်ဆွတ်ဖျန်းသဖြင့် သည်တိုင်တို့ကို ရစ်ပတ်ခြင်းငှာ အားထုတ်လေ၏။

ထိုအခါ မာဂဏ္ဍီပုဏ္ဏားကြီးကို သာမာဝတီ အမှူးရှိကုန်သော ငါးရာသောမိန်းမတို့သည် “ဘထွေး- ဤယခုပြုသောအမှုကား အဘယ်သို့သော အမှုပါနည်း”ဟု မေးမြန်းပြောဆိုကုန်လျက် ချဉ်းကပ်လာကြကုန်၏။ “ချစ်သမီးတို့- မင်းကြီးသည် မြဲမြံခိုင်ခံ့စေခြင်းငှာ ဤသည်တိုင်တို့ကို ဆီလိမ်းကျံသော ပုဆိုးပိုင်းတို့ဖြင့် ရစ်ပတ်စေတော်မူ၏၊ မင်းအိမ်နန်းတော်၌မည်သည်ကား ကောင်းသဖြင့်ယှဉ်ခြင်း, မကောင်းသဖြင့် ယှဉ်ခြင်း(ခိုင်ခံ့၊ မခိုင်ခံ့) မည်သည်ကို သိနိုင်ခဲ၏၊ ချစ်သမီးတို့- ငါ၏အထံ၌ ဖြစ်ကြကုန်လော့ (လာကြကုန်လော့)”ဟု ဆို၏။ ထိုမိန်းမငါးရာတို့ လာကြကုန်သည်ရှိသော် တိုက်ခန်း၌သွင်းပြီးလျှင် တံခါးတို့ကို လုံစွာပိတ်လျက် အပ၌ ကျည်ရှင်ယန္တရားပေး၍ အစမှ စ၍သာလျှင် မီးတိုက်ကာ ဆင်းသွားလေ၏။ သာမာဝတီမိဖုရားသည် ထိုငါးရာသောမိန်းမတို့အား အဆုံးအမ ဩဝါဒပေးသည်မှာ “ချစ်ညီမတို့- အစမထင်သော သံသရာ၌ ကျင်လည်ခြင်းရှိကုန်သော ငါတို့အား ဤအတူသာလျှင် မီးဖြင့်လောင်ကျွမ်းကုန်သော ခန္ဓာကိုယ် အတ္တဘောတို့၏ အပိုင်းအခြားကို မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ဖြင့်သော်လည်း ထုတ်ဖော်ပိုင်းခြား ရေတွက်ခြင်းငှာ မလွယ်ပေ၊ မမေ့မလျော့သော သတိတရားရှိသူတို့ ဖြစ်ကြကုန်လော့”ဟု အဆုံးအမ ဩဝါဒကို ပေးလေ၏။ ထိုမိန်းမငါးရာတို့သည် အိမ်နန်းပြာသာဒ် မီးလောင်လတ်သည်ရှိသော် ဒုက္ခဝေဒနာသို့ ရောက်ကုန်သော်လည်း သိမ်းဆည်းအပ်သော ကမ္မဋ္ဌာန်းကို နှလုံးသွင်းကြကုန်သဖြင့် အချို့သောမိန်းမတို့သည် သကဒါဂါမိဖိုလ်သို့၊ အချို့သော မိန်းမတို့သည် အနာဂါမိဖိုလ်သို့ ရောက်ကြလေကုန်၏။

သာမာဝတီတို့ သေခြင်းနှင့် မြတ်စွာဘုရား၏ ဥဒါန်းတော်

ထိုအခါ များစွာကုန်သော ရဟန်းတို့သည် ဆွမ်းစားပြီးသောအခါ ဆွမ်းခံရွာမှ ဖဲကုန်သည်ရှိသော် အကြင်အရပ်၌ မြတ်စွာဘုရားသည် သီတင်းသုံး စံနေတော်မူ၏။ ထိုမြတ်စွာဘုရား စံနေတော်မူရာအရပ်သို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သောအရပ်၌ ထိုင်နေကြကုန်၏။ တင့်အပ်လျောက်ပတ်သော အရပ်၌ ထိုင်နေကြကုန်သော ထိုရဟန်းတို့သည် မြတ်စွာဘုရားကို ဤသို့လျှောက်ထားကြကုန်၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ယခုအခါ၌ ဥတေန မင်းကြီး ဥယျာဉ်တော်သို့ ထွက်သွားစဉ် နန်းတွင်းပြာသာဒ် မီးလောင်လတ်သည်ဖြစ်၍ သာမာဝတီ အမှူးရှိကုန်သော ငါးရာသော မိန်းမတို့သည် သေလွန်ခြင်းကို ပြုကြပါကုန်ပြီ၊ ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား- ထိုဥပါသိကာမတို့အား အဘယ်သို့သော လားရာဂတိ ရှိပါသနည်း၊ အဘယ်သို့သော တမလွန်ဘဝ ရှိပါသနည်းဘုရား”ဟု ဤသို့သော စကားကို လျှောက်ထားကြကုန်၏။

“ချစ်သားရဟန်းတို့- ဤငါးရာသော ဥပါသိကာမတို့တွင် သောတာပန်တို့သည်လည်း ပါရှိကြကုန်၏၊ သကဒါဂါမ်တို့သည်လည်း ပါရှိကြကုန်၏၊ အနာဂါမ်တို့သည်လည်း ပါရှိကြကုန်၏။ ချစ်သား ရဟန်းတို့- ထိုအလုံးစုံကုန်သော ဥပါသိကာမတို့သည် မဂ်ဖိုလ်ရခြင်းတည်းဟူသော အကျိုးမှ ကင်းသဖြင့် သေလွန်ခြင်းကို ပြုကြရသည် မဟုတ်”ဟု မိန့်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် ဤသို့သော အကြောင်းကို သိမြင်တော်မူပြီး၍ ထိုသိမြင်တော်မူသော အခါ၌ ဤဥဒါန်းကို ကျူးရင့်တော်မူလေ၏။

မောဟသမ္ဗန္ဓနော လောကော၊ ဘဗ္ဗရူပေါဝ ဒိဿတိ။
ဥပဓိဗန္ဓနော ဗာလော၊ တမသာ ပရိဝါရိတော။
သဿတီ ဝိယ ခါယတိ၊ ပဿတော နတ္ထိ ကိဉ္စနံ။

လောကော၊ လူများအပေါင်းသည်။ မောဟသမ္ဗန္ဓနော၊ မောဟနှင့် စပ်ယှဉ်ခြင်း သဘောရှိလျက်။ ဘဗ္ဗရူပေါဝ၊ သင့်တော်လျော်ကန် ထိုက်တန်သော သဘောရှိသကဲ့သို့။ ဒိဿတိ၊ ထင်ရှားပြ၏။ ဗာလော၊ သူမိုက်သည်။ ဥပဓိဗန္ဓနော၊ ကိလေသာတည်းဟူသော အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့ အပ်သည်ဖြစ်လျက်။ တမသာ၊ အဝိဇ္ဇာဟူသော အမိုက်မှောင်ဖြင့်။ ပရိဝါတော၊ ခြံရံအပ်သည်ဖြစ်လျက်။ သဿတီ ဝိယ၊ မြဲသောသဘောရှိသကဲ့သို့။ ခါယတိ၊ ထင်ရှားပြ၏။ ပဿတော၊ ဉာဏ်ဖြင့်ရှုကြည့် မြင်သိပြီးသောသူအား။ ကိဉ္စနံ၊ ကိလေသာဟူသော ကြောင့်ကြစိုးရိမ်ခြင်းသည်။ နတ္ထိ၊ မရှိပြီ။

ဤသို့သော ဥဒါန်းကို ကျူးရင့်သောအား ဟောကြားတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ဤသတ္တဝါတို့မည်သည်ကား သံသရာဝဋ်မှ တပြောင်းပြန်ပြန် ကျင်လည်ပြေးသွားကြရကုန်သည်ဖြစ်၍ အခါခပ်သိမ်း မမေ့မလျော့ကုန်သဖြင့် ကုသိုလ်ကောင်းမှုကိုသာလျှင် စီမံအားထုတ် ပြုလုပ်ကြကုန်သည် မဟုတ်၊ မေ့လျော့ခြင်း ရှိကုန်သည်ဖြစ်၍ အကုသိုလ် မကောင်းမှုကိုလည်း စီမံအားထုတ် ပြုလုပ်ကြကုန်၏။ ထို့ကြောင့် သံသရာဝဋ်မှ ကျင်လည်ပြေးသွားကုန်သော သတ္တဝါတို့သည် ချမ်းသာကိုလည်းကောင်း၊ ဆင်းရဲကိုလည်းကောင်း အစဉ်မလွဲ အမြဲခံစားကြရကုန်၏”ဟု တရားတော်ကို ဟောကြားတော်မူလေ၏။

မာဂဏ္ဍီသည် ဆွေမျိုးအပေါင်းနှင့်တကွ သေဒဏ်(ဆု)ရခြင်း

ဥတေနမင်းကြီးသည် သာမာဝတီမိဖုရား၏ အိမ်နန်းပြာသာဒ် မီးလောင်သတတ်ဟု ကြားသိရ၍ လျင်မြန်စွာသောအဟုန်ဖြင့် လာခဲ့သော်လည်း မီးမလောင်ကျွမ်းမီ အမီရောက်လာခြင်းငှာ မစွမ်းနိုင်လေ။ ရောက်လာပြီး၍ကား အိမ်နန်းပြာသာဒ်ကို မီးငြိမ်းစေပြီးလျှင် ဖြစ်ပေါ်တိုးပွားအားကြီးသော နှလုံးမသက်သာခြင်းရှိသဖြင့် အမတ်အပေါင်းခြံရံကာ ထိုင်နေတော်မူလျက် သာမာဝတီမိဖုရား၏ ဂုဏ်ကျေးဇူးတို့ကို အဖန်ဖန် အောက်မေ့သဖြင့် “ဤအမှုကား အဘယ်သူ၏ အမှုဖြစ်ပေလိမ့်မည်နည်း”ဟု ကြံဆင်ခြင်လတ်သော် “မာဂဏ္ဍီ ပြုအပ်သော အမှုဖြစ်ပေလိမ့်မည်”ဟု သိပြီး၍ “ခြိမ်းခြောက်မောင်းမဲ၍ မေးအပ်သည်ရှိသော် မပြောမဆိုဘဲ ရှိလတ္တံ့၊ သာယာညှင်းပျောင်း အကြောင်းဥပါယ်တံမျဉ်ဖြင့် မေးအံ့”ဟု ကြံတော်မူ၍ အမတ်တို့ကို “အို..အချင်း အမတ်အပေါင်းတို့- ငါဘုရင်မင်းမြတ်သည် ဤနေ့မှ ရှေးအဖို့၌ အဖန်ဖန်ထကြွ ဝီရိယလျင်လျား လုံ့လထားသော်လည်း တွေးတောယုံမှား ရွံ့ရှားကြောက်လန့်လျက်သာ နေရ၏။ သာမာဝတီသည် ငါမင်းမြတ်အပေါ်၌ အမြဲမပြတ် ပျက်စီးစေရန်အခွင့်ကိုသာ ရှာကြံလျက်နေ၏၊ ဤယခုအခါ၌မူကား ငါ၏စိတ်သည် ငြိမ်းအေးခြင်း ဖြစ်ရပေတော့လတ္တံ့၊ ချမ်းသာစွာ နေခြင်းငှာ ရပေတော့လတ္တံ့”ဟု မိန့်မြွက်လေ၏။ အမတ်အပေါင်းတို့ကလည်း “အရှင်မင်းမြတ်- ဤအမှုကို အဘယ်သူသည် ပြုပါသနည်း”ဟု မေးလျှောက်သံတော်ဦး တင်ကြကုန်သည်ရှိသော် “ငါဘုရင်မင်းမြတ်အပေါ်၌ ချစ်ခြင်းမေတ္တာဖြင့် တစ်စုံတစ်ယောက်သောသူ ပြုသည်ဖြစ်ပေလတ္တံ့”ဟု မိန့်မြွက်ပြန်လေ၏။

မာဂဏ္ဍီမိဖုရားသည်လည်း အနီးအပါး၌ တည်နေလျက် ထိုစကားကို ကြားရလေလျှင် “အရှင်မင်းမြတ်- အမှုကို တစ်ပါးသော တစ်စုံတစ်ယောက်သောသူသည် ပြုခြင်းငှာ စွမ်းနိုင်လိမ့်မည် မဟုတ်၊ ဘုရားကျွန်မ ပြုအပ်ပါသည်ဘုရား၊ ဘုရားကျွန်မသည် ဘထွေးကိုစေခိုင်း၍ ပြုစေရပါသည်”ဟု တင်လျှောက်လေ၏။ (ထိုအခါ မင်းကြီးက) “အသင် မာဂဏ္ဍီကိုဖယ်ထား၍ ငါ့အပေါ်၌ ချစ်မြတ်နိုးသော တစ်ပါးသောသူမည်သည် မရှိ၊ သင့်အပေါ် ငါသည် ယုံကြည်နှစ်သက်ခြင်း ရှိပေ၏၊ သင့်အား ငါသည် မြတ်သောဆုကို ပေးသနားတော်မူအံ့၊ မိမိ၏ ဆွေမျိုးအပေါင်းကို ခေါ်စေလော့”ဟု မိန့်မြွက်တော်မူလေ၏။ မာဂဏ္ဍီ မိဖုရားသည် ဆွေမျိုးတို့အထံသို့ “မင်းကြီးသည် ငါ့အပေါ်၌ ယုံကြည်နှစ်သက်ခြင်း ရှိလှသည်ဖြစ်၍ မြတ်သောဆုကို ပေးသနားတော်မူ၏၊ လျင်မြန်စွာ လာခဲ့ကြလော့”ဟု သတင်းစကားကို မှာထားစေလွှတ်လိုက်လေ၏။ မင်းကြီးသည် လာတိုင်းလာတိုင်းကုန်သော သူတို့အား ကြီးစွာသော ပူဇော်သက္ကာရကို ပြုစေ၏။ ထိုထိုသို့သော အခြင်းအရာကိုမြင်၍ မာဂဏ္ဍီမိဖုရား၏ ဆွေမျိုးမတော်သော သူတို့သည်လည်း တံစိုးလက်ဆောင်ပေး၍ “ငါတို့သည် မာဂဏ္ဍီမိဖုရား၏ ဆွေမျိုးတို့ပါတည်း”ဟူ၍ ပြောဆိုကာ လာကြလေကုန်၏။ ဥတေနမင်းကြီးသည် ထိုအလုံးစုံကုန်သောသူတို့ကို ဖမ်းယူစေ၍ မင်းရင်ပြင်၌ ချက်အတိုင်းအရှည် ပမာဏရှိသော တွင်းတို့ကို တူးစေပြီးလျှင် ထိုအလုံးစုံကုန်သော သူတို့ကို တွင်းထဲ၌ ထိုင်နေစေသဖြင့် မြေမှုန့်တို့ဖြင့်ဖို့၍ အထက်၌ ကောက်ရိုးတို့ကို ဖြန့်ကြဲစေပြီး မီးတိုက်စေ၏။ အရေထူလောင်ကျွမ်းသောအခါ၌ သံထွန်သွားဖြင့် ထွန်စေ၍ အပိုင်းအပိုင်း အမျှင်အမျှင်ကို ပြုစေလေ၏။ မာဂဏ္ဍီ၏ကိုယ်မှလည်း ထက်စွာသောဓားဖြင့် ထူထဲထူထဲကုန်သော နေရာတို့၌ အသားကို လှီးခွာယူစေပြီးလျှင် ဆီအိုးကင်းကို ခုံလောက်ထက်သို့တင်၍ မုန့်တို့ကဲ့သို့ ကြော်စေလျက် ထိုမာဂဏ္ဍီကိုပင် စားခိုင်းလေ၏။

သာမာဝတီတို့၏ ရှေးအတိတ်

တရားသဘင်၌ ရဟန်းတို့သည် “ငါ့ရှင်တို့- ဤသို့သဘောရှိသော သဒ္ဓါကြည်ညိုခြင်းရှိပေသော ဥပါသိကာမအား ဤသို့သဘောရှိသော သေရခြင်းသည် မလျောက်ပတ် မသင့်လျော်လေစွတကား”ဟု စကားကို ဖြစ်စေကြကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါဘုရား ကြွလာတော်မူဆဲအခါ၌ အဘယ်သို့သော စကားဖြင့် စည်းဝေးနေထိုင်ကြကုန်သနည်း”ဟု မေးတော်မူသဖြင့် “ဤမည်သောစကားဖြင့် စည်းဝေးနေထိုင်ကြပါကုန်သည်ဘုရား”ဟု လျှောက်ကြားအပ်သည်ရှိသော် “ချစ်သားရဟန်းတို့- သာမာဝတီ အမှူးရှိကုန်သော ထိုဥပါသိကာမ ငါးရာတို့အား ဤဘဝခန္ဓာ အတ္တဘော၌ မသင့်လျော် မလျောက်ပတ်သော သေခြင်းသို့ ရောက်ရလေသည်။ ရှေးဘဝ၌ ပြုခဲ့ဖူးသောကံအား သင့်လျော်လျောက်ပတ်သော သေခြင်းကိုသာ ထိုဥပါသိကာမတို့ ရလေပြီ”ဟု မိန့်တော်မူလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ထိုဥပါသိကာမတို့သည် ရှေး၌ ပြုဖူးသော ကံသည်ကား အဘယ်ပါနည်း၊ ထိုအကြောင်းကို ဟောကြားတော်မူပါ”ဟု ထိုရဟန်းတို့ လျှောက်ထားတောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူလေ၏။

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် မင်း၏နန်းတော်၌ အမြဲမပြတ် ရှစ်ပါးကုန်သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ဆွမ်းဘုဉ်းပေးတော်မူကြကုန်၏။ ငါးရာကုန်သော နန်းတွင်းသူ မိန်းမတို့သည် ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို လုပ်ကျွေးပြုစုကြကုန်၏။ ထိုရှစ်ပါးကုန်သော ပစ္စေကဗုဒ္ဓါတို့တွင် ခုနစ်ပါးကုန်သော ပစ္စေကဗုဒ္ဓါတို့သည် ဟိမဝန္တာသို့ ကြွတော်မူကြကုန်၏။ တစ်ပါးသော ပစ္စေကဗုဒ္ဓါသည် မြစ်ဆိပ်ကမ်းနား၌ တစ်ခုသော မြက်ချုံသည် ရှိ၏။ ထိုမြက်ချုံ၏အတွင်း၌ ဈာန်သမာပတ်ကို ဝင်စား၍ နေတော်မူ၏။ ထိုအခါ တစ်နေ့သ၌ မင်းကြီးသည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ ကြွသွားတော်မူကြကုန်သည်ရှိသော် ထိုငါးရာသော နန်းတွင်းသူမိန်းမတို့ကို ခေါ်ဆောင်၍ ရေကစားခြင်းကို ကစားခြင်းငှာ ထွက်သွားလေ၏။ ထိုရေကစားရာ ရေဆိပ်၌ ထိုမိန်းမငါးရာတို့သည် နေ့အဖို့ပတ်လုံး ရေ၌ကစား၍ ရေမှတက်ပြီးလျှင် အချမ်းဖြင့် ပြင်းစွာ နှိပ်စက်အပ်ကုန်သည်ဖြစ်၍ မီးလှုံခြင်းငှာ အလိုရှိကုန်သဖြင့် “ငါတို့အား မီးထည့်ရာအရပ်ကို ကြည့်ရှုကြကုန်လော့”ဟု ပြောဆိုပြီးလျှင် ထိုမှဤမှ အဖန်ဖန် လှည့်လည်ကုန်သည်ရှိသော် အရှင်ပစ္စေကဗုဒ္ဓါ ဈာန်သမာပတ် ဝင်စားတော်မူရာ ထိုမြက်ရုံကိုမြင်၍ မြက်အစုတည်းဟူသော အမှတ်သညာဖြင့် ဝန်းရံကာ တည်နေကုန်လျက် မီးထည့်ကြကုန်၏။ မြက်တို့ကို မီးလောင်၍ ပြာကျကုန်သည်ရှိသော် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကိုမြင်၍ “ငါတို့သည် ပျက်စီးကြလေကုန်ပြီ၊ ငါတို့မင်းကြီး၏ အရှင်ပစ္စေကဗုဒ္ဓါသည် မီးလောင်ခဲ့ပြီ၊ မင်းကြီး သိတော်မူသည်ရှိသော် ငါတို့ကို ဖျက်ဆီးပေလတ္တံ့၊ ထိုပစ္စေကဗုဒ္ဓါကို ကောင်းစွာ လောင်ကျွမ်းအောင် ပြုကြကုန်အံ့”ဟု (တိုင်ပင်၍) ထိုအလုံးစုံသော မိန်းမတို့သည် ထိုမှဤမှ ထင်းတို့ကို ယူဆောင်၍ ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ အထက်၌ ထင်း အစုအပုံကို ပြုကြသဖြင့် ကြီးစွာသော ထင်းပုံအစုကြီးသည် ဖြစ်လေ၏။ ထို့နောက် ထင်းပုံကြီးကို မီးတိုက်၍ “ယခုအခါ၌မူကာ အကြွင်းမရှိ လောင်ကျွမ်းပေတော့မည်”ဟု ဖဲသွားကြလေကုန်၏။

ထိုမိန်းမတို့သည် ရှေးဦးစွာ စိတ်စေတနာ မရှိသည်သာလျှင် ဖြစ်သောကြောင့် ကံဖြင့် မဖွဲ့အပ်(ကံမထိုက်)ကုန်၊ ဤယခုအခါ နောက်အကြိမ်မှာကား စေတနာရှိသောကြောင့် ကံဖြင့် ဖွဲ့အပ်ကုန်၏။ (ကံထိုက်ကုန်၏။) အရှင်ပစ္စေကဗုဒ္ဓါကိုကား ဈာန်သမာပတ်၏အတွင်း၌ လှည်းအစီးတစ်ထောင်တို့ဖြင့် ထင်းတို့ကိုစုပုံ၍ မီးတိုက်သော်လည်း အခိုးထွက်၍ မီးငွေ့သင့်စေခြင်းမျှလည်း မီးစွဲယူခြင်းငှာမစွမ်းနိုင်။ ထို့ကြောင့် ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ခုနစ်ရက်မြောက်သောနေ့၌ သမာပတ်မှ ထတော်မူပြီးလျှင် အလိုရှိတော်မူတိုင်း ချမ်းသာစွာ ကြွသွားတော်မူလေ၏။ ထိုမိန်းမတို့သည်လည်း ထိုမကောင်းမှုကံကို ပြုအပ်သည်အဖြစ်ကြောင့် များစွာကုန်သော အနှစ်တစ်သိန်းတို့ ကာလပတ်လုံး ငရဲ၌ ကျက်ရပြီးမှ ထိုအကုသိုလ်ကံ၏ အကျိုးကြွင်း၏ အစွမ်းဖြင့်သာလျှင် ဘဝအရာတို့ပတ်လုံး ဤနည်းဖြင့်သာလျှင် နေအိမ် မီးသင့်လောင်သည်ရှိသော် မိမိတို့ပါ မီးကျွမ်းလောင်ကြရလေကုန်၏။ ဤကား သာမာဝတီ အမှူးရှိသော မိန်းမငါးရာတို့၏ ရှေးမကောင်းမှုကံတည်း။

ခုဇ္ဇုတ္တရာ၏ အတိတ်ကံအကြောင်း

ဤသို့ မိန့်တော်မူသည်ရှိသော် ရဟန်းတို့သည် မြတ်စွာဘုရားကို “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ခုဇ္ဇုတ္တရာသည် အဘယ်ကံကြောင့် ခါးကုန်းမ ဖြစ်ရပါသနည်း၊ အဘယ်ကံကြောင့် ပညာကြီးပါသနည်း၊ အဘယ်ကံကြောင့် သောတာပတ္တိဖိုလ်ကို ရပါသနည်း၊ အဘယ်ကံကြောင့် သူတစ်ပါးတို့၏ အစေအပါးခံရသော ကျွန်မ ဖြစ်ရပါသနည်းဘုရား”ဟု မေးလျှောက်ကြပြန်လေကုန်၏။ “ချစ်သားရဟန်းတို့- ထိုဗြဟ္မဒတ်မင်းသည်ပင် ဗာရာဏသီပြည်၌ မင်းပြုသောကာလ၌ ထိုရှစ်ပါးသာလျှင် ဖြစ်ကုန်သော ပစ္စေကဗုဒ္ဓါတို့တွင် တစ်ပါးသော ပစ္စေကဗုဒ္ဓါသည် အနည်းငယ် ခါးကုန်းသော သဘောရှိ၏။ ထိုအခါ တစ်ယောက်သော အလုပ်အကျွေး မိန်းမသည် ကမ္ဗလာကို လွှမ်းခြုံဝတ်ရုံလျက် ရွှေခွက်ငယ်ကို ကိုင်ယူပြီးလျှင် “ငါတို့၏ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီးသည် ဤသို့ ဤသို့ လှည့်လည် ကြွသွားဘိသည်”ဟု ကုန်းသောသူ၏ အဖြစ်ဖြင့် ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီး၏ လှည့်လည် ကြွသွားတော်မူလေဟန် အခြင်းအရာကို ပြက်ရယ်ပြု၍ ပြလေ၏။ ထိုပြက်ရယ်ပြုသောကံ၏ အကျိုးဆက်ဖြင့် ခါးကုန်းမ ဖြစ်ရလေ၏။ ပညာကြီးကြောင်းကား- ထိုပစ္စေကဗုဒ္ဓါတို့ကို ရှေးဦးစွာသောနေ့၌ မင်းအိမ်နန်းတော်၌ နေစေသဖြင့် သပိတ်တို့ကို ယူစေပြီးလျှင် နို့ဃနာဆွမ်းဖြင့် ပြည့်စေ၍ ပေးလှူစေ၏။ ပူလှစွာသော နို့ဃနာဆွမ်းဖြင့်ပြည့်သော သပိတ်တို့ကို ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် လက်ပြောင်း၍ ပြောင်း၍သာလျှင် ကိုင်ယူကြရကုန်၏။ ထိုပြက်ရယ်မှုပြုသော မိန်းမသည် ထိုသို့သော အခြင်းအရာတို့ဖြင့် ပြုတော်မူကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ကို မြင်ရလျှင် မိမိ၏ဥစ္စာဖြစ်ကုန်သော ဆင်စွယ်လက်ကောက် ရှစ်ခုတို့ကို ပေးလှူ၍ “ဤလက်ကောက်ထက်၌ တင်ထား၍ ကိုင်ယူတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။ ထိုအရှင်ပစ္စေကဗုဒ္ဓါတို့သည်လည်း ထိုသို့ဆိုတိုင်းသော အခြင်းအရာဖြင့်ပြု၍ ထိုဥပါသိကာမကို ကြည့်လတ်သောအခါ “အရှင်ဘုရားတို့- တပည့်တော်မတို့အား ဤလက်ကောက်တို့ဖြင့် အလိုမရှိပါပြီ၊ အရှင်မြတ်တို့အားသာလျှင် ဤလက်ကောက်တို့ကို စွန့်လှူအပ်ပါကုန်ပြီ၊ ယူဆောင်၍ ကြွတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။ ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် နန္ဒမူတောင်ဝှမ်း (လိုဏ်ခေါင်း)သို့ယူ၍ ကြွသွားတော်မူကြလေကုန်၏။

ခုဇ္ဇုတ္တရာသည် ထိုလက်ကောက် သပိတ်ခြေလှူရသော ကုသိုလ်ကံ၏ အကျိုးဆက်ဖြင့် ယခုအခါ ပိဋကတ်သုံးပုံကို ဆောင်နိုင်သော ပညာကြီးသောသူ ဖြစ်လေ၏။ အရှင်ပစ္စေကဗုဒ္ဓါတို့အား လုပ်ကျွေးသမှု ပြုစုရသောကံ၏ အကျိုးဆက်ဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ဤသည်ကား ထိုခုဇ္ဇုတ္တရာ၏ ဘုရားနှစ်ဆူတို့၏ တစ်ခုသောအကြား၌ ပြုအပ်သော ကံပေတည်း။

ခုဇ္ဈတ္တရာ၏ အစေခံကျွန်မ ဖြစ်ရခြင်း အတိတ်ကံ

အစေအပါးခံရသော ကျွန်မ ဖြစ်ရကြောင်းကား- ကဿပ မြတ်စွာဘုရား၏ လက်ထက်တော်အခါ ဗာရာဏသီပြည်၌ တစ်ယောက်သော သူဌေးသမီးသည် ညချမ်းသောအခါ မှန်ကြေးမုံကိုယူ၍ မိမိကိုယ်ကို တန်ဆာဆင်လျက် နေလေ၏။ ထိုအခါ ထိုသူဌေးသမီးအား ချစ်ကျွမ်းဝင်သော တစ်ပါးသော ရဟန္တာဘိက္ခုနီမသည် ထိုသူဌေးသမီးကို ရှုမြင်ခြင်းငှာ သွားလေ၏။ ထိုစကား မှန်၏။ ဘိက္ခုနီမတို့သည် အာသဝေါကုန်ပြီးသော ရဟန္တာမိန်းမတို့ ဖြစ်ကုန်သော်လည်း ညချမ်းသောအခါ၌ အလုပ်အကျွေးဖြစ်ကုန်သော အမျိုးတို့ကို ရှုမြင်ခြင်းငှာ အလိုရှိကြကုန်၏။ ထိုခဏ၌ သူဌေးသမီး၏အထံဝယ် တစ်စုံတစ်ယောက်သော အစေအပါးခံသူသည် မရှိပေ။ ထိုသူဌေးသမီးသည် “အရှင်မ- (မဝံ့မစား) ရှိခိုးပါ၏။ တပည့်တော်မ၏ ထိုတန်ဆာပခြုပ်ကိုယူ၍ ပေးသနားတော်မူပါကုန်ဦးလော့”ဟု ဆိုလေ၏။ မထေရ်မက ကြံဆင်ခြင်သည်မှာ “ဤသူဌေးသမီးအား ဤဘဏ္ဍာထုပ် တန်ဆာပခြုပ်ကို အကယ်၍ ယူမပေးသည် ဖြစ်ခဲ့အံ့၊ ငါ၌ ရန်ငြိုးဖွဲ့၍ ငရဲ၌ ဖြစ်လတ္တံ့၊ ငါသည် အကယ်၍ ယူပေးသည်ဖြစ်ခဲ့အံ့၊ သူတစ်ပါး၏ အစေအပါးခံရသော ကျွန်မ၏အဖြစ်ဖြင့် ဖြစ်ပေလတ္တံ့၊ စင်စစ်အားဖြင့် ငရဲ၌ ပူလောင်ပြင်းပြ ဆင်းရဲဒုက္ခကို ခံရသောထက် သူတစ်ပါး၏ အစေအပါး ကျွန်အမှုလုပ် ဖြစ်ရခြင်းသည်ကား မြတ်သေး၏”ဟု ကြံဆင်ခြင်တော်မူ၍ ထိုရဟန္တာမသည် သူဌေးသမီးအား အစဉ်သနားသည်ကို အစွဲပြု၍ ဘဏ္ဍာထုပ် တန်ဆာပခြုပ်ကိုယူ၍ သူဌေးသမီးအား ပေးလိုက်ရလေ၏။ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ဖြင့် သူတစ်ပါး၏ အစေအပါးကို ခံရသော ကျွန်အမှုလုပ် ဖြစ်ရလေသည်ဟု ဟောကြားတော်မူလေ၏။

သာမာဝတီနှင့် မာဂဏ္ဍီတို့၏ ထူးခြားပုံ

တစ်ဖန် တစ်နေ့သောအခါ၌ ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့- သာမာဝတီ အမှူးရှိကုန်သော ငါးရာသော မိန်းမတို့သည် အိမ်နန်းပြာသာဒ်၌ မီးဖြင့် လောင်ကျွမ်းကုန်၏၊ မာဂဏ္ဍီ၏ဆွေမျိုးတို့ကား အထက်၌ ကောက်ရိုးမီးတိုက်ရှို့၍ သံထွန်သွားတို့ဖြင့် တိုက်ခွဲ ဖျက်ဆီးအပ်ကုန်၏၊ မာဂဏ္ဍီကိုကား ကျိုက်ကျိုက်ဆူသော ဆီပူဖြင့် ကျက်စေအပ်၏။ ဤသို့ သေကျေပျက်စီးကြသောအရာ၌ အဘယ်သူတို့သည် အသက်ရှည်သည် မည်ကုန်သနည်း၊ အဘယ်သူတို့သည် သေသည် မည်ကုန်သနည်း” ဟူသောစကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ငါဘုရား ကြွလာတော်မူဆဲဖြစ်သော ယခုအခါ၌ အဘယ်သို့သောစကား ပြောကြားခြင်းဖြင့် စည်းဝေး ထိုင်နေကြကုန်ဘိသနည်း”ဟု မေးတော်မူသဖြင့် “ဤမည်သောစကား ပြောကြားခြင်းဖြင့် စည်းဝေးထိုင်နေကြပါသည်ဘုရား”ဟု လျှောက်ကြားအပ်သည်ရှိသော် “ချစ်သားရဟန်းတို့- အကြင်သူတို့သည် ကုသိုလ်ကောင်းမှု၌ မေ့လျော့ကြကုန်၏၊ ထိုသူတို့သည် အနှစ်တစ်ရာပင် အသက်ရှည်လေငြားသော်လည်း သေသည် မည်ကုန်သည်သာလျှင်တည်း၊ အကြင်သူတို့သည် မမေ့မလျော့ကြကုန်၊ ထိုသူတို့သည် သေလွန်ကုန်သော်လည်း အသက်ရှည်သည် မည်ကုန်သည်သာလျှင်တည်း၊ ထို့ကြောင့် မာဂဏ္ဍီသည် အသက်ရှည်၍ပင် နေငြားသော်လည်း သေသည် မည်သည်သာလျှင်တည်း၊ သာမာဝတီ အမှူးရှိကုန်သော ငါးရာသော မိန်းမတို့သည်ကား သေလွန်ကုန်ငြားသော်လည်း အသက်ရှည်သည် မည်ကုန်သည်သာလျှင်တည်း၊ ချစ်သားရဟန်းတို့- ကုသိုလ်ကောင်းမှု၌ မမေ့မလျော့သော သူတို့သည် မသေသည် မည်ကုန်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

သေသော်လည်း ရှင်၍၊ ရှင်သော်လည်း သေနေသူများ

֍ * [၂၁] အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။
֍ * [၂၂] ဧဝံ ဝိသေသတော ဉတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။
အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။
֍ * [၂၃] တေ ဈာယိနော သာတတိကာ၊ နိစ္စံ ဒဠှပရက္ကမာ။
ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂက္ခေမံ အနုတ္တရံ။

အပ္ပမာဒေါ၊ ကုသိုလ်ကောင်းမှု၌ သတိမကင်း မမေ့မလျော့ခြင်းသည်။ အမတပဒံ၊ သေခြင်းကင်းသော နိဗ္ဗာန်ကို ရခြင်း၏ အကြောင်းတည်း။ ပမာဒေါ၊ သတိလွတ်ကင်း မေ့လျော့ခြင်းသည်။ မစ္စုနော၊ သေရခြင်း၏။ ပဒံ၊ အကြောင်းတည်း။ အပ္ပမတ္တာ၊ မမေ့မလျော့ သတိရှိကုန်သော သူတို့သည်။ န မီယန္တိ၊ သေသည် မမည်ကုန်။ ယေ၊ အကြင်သူတို့သည်။ ပမတ္တာ၊ မေ့လျော့ကြကုန်၏။ တေ၊ ထိုမေ့လျော့ကုန်သော သူတို့သည်။ မတာ ယထာ၊ သေကုန်သော သူတို့ကဲ့သို့တည်း။

အပ္ပမာဒမှိ၊ မမေ့မလျော့ခြင်း၌။ ဌိတာ၊ တည်ကုန်သော။ ပဏ္ဍိတာ၊ ကြောင်းကျိုးမြင်သိ ပညာရှိတို့သည်။ ဧဝံ၊ ဤသို့။ ဝိသေသတော၊ အထူးအားဖြင့်။ ဉတွာ၊ ဧကန်ထင်ထင် သိမြင်ကုန်၍။ အပ္ပမာဒေ၊ မမေ့မလျော့ခြင်း၌။ ပမောဒန္တိ၊ နှစ်သက်ဝမ်းမြောက်ကြကုန်၏။ တေ၊ ထိုပညာရှိတို့သည်။ အရိယာနံ၊ ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့၏။ ဂေါစရေ၊ ကျက်စားရာဖြစ်သော သတိပဋ္ဌာန်အစရှိသော ဗောဓိပက္ခိယတရား လောကုတ္တရာတရား ကိုးပါး၌။ ရတာ၊ နှလုံးရွှင်ပျော် မွေ့လျော်ကြကုန်သည်။ ဟောန္တိ၊ ဖြစ်ကြကုန်၏။

ဈာယိနော၊ သမာပတ် ရှစ်ပါးတည်းဟူသော အာရမ္မဏူပနိဇ္ဈာယနဈာန်, ဝိပဿနာ မဂ်ဖိုလ်တည်းဟူသော လက္ခဏူပနိဇ္ဈာယနဈာန်အားဖြင့် နှစ်ပါးသော ဈာန်ရှိကုန်သော။ သာတတိကာ၊ အမြဲမပြတ် ဖြစ်စေအပ်သော ကာယိက, စေတသိက လုံ့လရှိကုန်သော။ နိစ္စံ၊ အမြဲ။ ဒဠှပုရက္ကမာ၊ ပြင်းစွာ အားထုတ်ခြင်း ရှိကုန်သော။ တေ ဓီရာ၊ ထိုပညာရှိတို့သည်။ ယောဂက္ခေမံ၊ ယောဂလေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော။ အနုတ္တရံ၊ မိမိထက်လွန်မြတ်သော တရားမရှိသော။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ဖုသန္တိ ၊ ရောက်ကြကုန်၏။

ဒေသနာတော်၏ အကျိုး

တရားဒေသနာတော်၏ အဆုံး၌ များစွာကုန်သော သူတို့သည် သောတာပန်စသည်တို့ ဖြစ်ကြလေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

သာမာဝတီမိဖုရားဝတ္ထု ပြီး၏။

֍ * ၂။ ကုမ္ဘဃောသက သူဌေးသားဝတ္ထု

ဥဋ္ဌာနဝတောအစရှိသော ဤတရားဒေသနာကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကုမ္ဘဃောသက သူဌေးသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကုမ္ဘဃောသကသူဌေးသား အသံနှင့် ဗိမ္ဗိသာရမင်းကြီး၏ အသိဉာဏ်

ရာဇဂြိုဟ်ပြည်၌ ရာဇဂြိုဟ်သူဌေးအိမ်တွင် ယင်နာသည် ဖြစ်ပေါ်လေ၏။ ထိုယင်နာ ဖြစ်သည်ရှိသော် ယင်တို့ကို အစပြု၍ နွားတိုင်အောင် တိရစ္ဆာန်ဖြစ်သော သတ္တဝါတို့သည် ရှေးဦးစွာ သေကြကုန်၏။ ထို့နောင်မှ ကျွန်အမှုလုပ်, အလုံးစုံတို့နောက်မှ အိမ်ရှင်တို့ သေကြကုန်၏။ ထို့ကြောင့် ထိုယင်နာရောဂါသည် အလုံးစုံသော သူတို့နောက်၌ သူဌေးကြီးနှင့် သူဌေးကတော်ကြီးတို့ကို ကိုင်ဖမ်း(စွဲကပ်)လေ၏။ ထိုသူဌေးကြီးနှင့် သူဌေးကတော်ကြီးတို့သည် ယင်နာ တွေ့ကုန်လတ်သော် မိမိတို့အထံ၌ရှိသော သားကို ကြည့်၍ ပြည့်သော မျက်ရည်ရှိသော မျက်လုံးတို့ဖြင့် “ချစ်သား- ဤယင်နာ ဖြစ်သည်ရှိသော် နံရံကို ဖောက်ခွဲ၍ ထွက်ပြေးသောသူတို့သာ အသက်ကို ရကုန်သတတ်၊ သင်သည်လည်း ငါတို့ကိုမကြည့်မူ၍ ထွက်ပြေးပြီးလျှင် အသက်ရှည်သည်ရှိသော် တစ်ဖန်ပြန်လာ၍ ငါတို့ ဤမည်သောအရပ်၌ ကုဋေလေးဆယ်သော ဥစ္စာတို့ကို မြှုပ်ထားအပ်ကုန်၏။ ထိုဥစ္စာတို့ကို ဖော်ထုတ်၍ အသက်မွေးရစ်လေလော့”ဟု သားငယ်ကို မှာထားပြောကြားလေ၏။ သူဌေးသားလည်း ထိုမိဘတို့၏စကားကို ကြားရလျှင် မရွှင်သောမျက်နှာဖြင့် ငိုကြွေးမြည်တမ်းလျက် မိဘနှစ်ပါးတို့ကို ရှိခိုး၍ သေဘေးမှကြောက်သောကြောင့် နံရံကိုဖောက်ခွဲကာ ထွက်ပြေးပြီးလျှင် တောင်တောထူထပ် ရှုပ်ထွေးရာသို့သွား၍ တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး ထိုအရပ်၌နေ၍ တစ်ဖန်ပြန်လာလေ၏။ ထိုသို့ပြန်လာသောအခါ သူဌေးသားကို ငယ်သောအခါက ထွက်သွား၍ ဆံပင်မုတ်ဆိတ်တို့ ပေါက်ရောက်ရှည်လျားသောအခါမှ ပြန်လာသောကြောင့် တစ်စုံတစ်ယောက်သောသူမျှလည်း မမှတ်မိလေ။

သူဌေးသား လုလင်သည်လည်း မိဘနှစ်ပါးတို့ ပေးအပ်သောအမှတ်ဖြင့် ဥစ္စာထားရာအရပ်သို့ သွားရောက်၍ ပစ္စည်းဥစ္စာ၏ မပျက်မစီးရှိသည်အဖြစ်ကိုသိလျှင် “ငါ့ကို တစ်စုံတစ်ယောက်သောသူသည် မမှတ်မိ (မသိ)၊ ငါသည် ဥစ္စာကိုဖော်ထုတ်၍ သုံးဆောင်သည်ဖြစ်အံ့၊ “သူဆင်းရဲတစ်ယောက် ရွှေအိုးကို ဖော်ထုတ်၏”ဟု ငါ့ကိုဖမ်း၍ ရိုက်ပုတ်ညှဉ်းဆဲကုန်ရာ၏၊ ငါသည် သူတစ်ပါး၏ အခစားပြုလုပ်၍ အသက်မွေးရမူကား ကောင်းလေစွ”ဟု ကြံဆင်ခြင်၏။ ထို့နောက် ပုဆိုးပိုင်းတစ်ထည်ကိုဝတ်၍ “အခစားနားပေးသဖြင့် ခိုင်းစေခြင်းငှာ အလိုရှိသော တစ်စုံတစ်ယောက်သောသူ ရှိပါသလော”ဟု မေးမြန်းလျက် အခစာအမှုကို ပြုလေ့ရှိသောသူတို့၏ ခရီးလမ်းမသို့ ရောက်သွားလေ၏။ ထိုအခါ ထိုလုလင်ကို အခစားအမှု ပြုလုပ်လေ့ရှိသောသူတို့ မြင်၍ “ငါတို့၏ တစ်ခုသောအမှုကို ပြုလုပ်သည်ဖြစ်အံ့၊ သင့်အား ထမင်းရိက္ခာကို ပေးကုန်အံ့”ဟု ဆိုကြလေကုန်၏၊ “အဘယ်အမှုပါနည်း”ဟု မေးမြန်းလျှင် “အိပ်ရာမှ နိုးကြားအောင် တိုက်တွန်းနှိုးဆော်ရသောအမှုတည်း၊ ထိုအမှုကို စွမ်းဆောင်နိုင်မူ နံနက်စောစောကလျှင်ထ၍ “ဖခင်တို့- ထကြပါကုန်လော့၊ လှည်းတို့ကို ကကြ, ပြင်ကြပါကုန်လော့၊ နွားတို့ကို ယှဉ်ကကြပါကုန်လော့၊ ဆင်,မြင်းတို့ မြက်အလို့ငှာ သွားချိန်တန်ပါပြီ၊ မိခင်တို့- အသင်တို့သည်လည်း ထကြပါကုန်လော့၊ ယာဂု ကျိုကြပါကုန်လော့၊ ထမင်းချက်ကြပါကုန်လော့၊” ဤသို့ အစရှိသည်ဖြင့် လှည့်လည်ကာ ပြောကြားရမည်”ဟု ပြောဆိုကြကုန်၏။ ထိုသူဌေးသား လုလင်သည် “ကောင်းပါပြီ”ဟု ဝန်ခံလေ၏။ ထိုအခါ ထိုလုလင်နေရန် အိမ်တစ်ဆောင်ကို ပေးကြလေကုန်၏။ ထိုလုလင်သည်လည်း နေ့တိုင်းနေ့တိုင်း ထိုအမှုကို ပြုလုပ်လေ၏။

ထိုအခါ တစ်နေ့သ၌ ဗိမ္ဗိသာရမင်းကြီးသည် ထိုကုမ္ဘဃောသကလုလင်၏ အသံကို ကြားရလေ၏။ ထိုဗိမ္ဗိသာရမင်းသည်ကား အလုံးစုံသောသူတို့၏ အသံကို သိတတ်သော သဘောရှိ၏။ ထို့ကြောင့် “ဤအသံသည် များသော ဥစ္စာရှိသော ယောက်ျားတစ်ယောက်၏ အသံဖြစ်သည်”ဟု ဆိုလေ၏။ ထိုအခါ ဗိမ္ဗိသာရမင်း၏ အထံ၌နေသော တစ်ယောက်သော နန်းတွင်းသူ အလုပ်အကျွေးမောင်းမသည် “မင်းကြီးသည်ကား ဟုတ်ဟုတ်ငြားငြား (တော်စွာ လျော်စွာ) စကားကို မဆိုလတ္တံ့၊ ငါသည် ဤသူ့အကြောင်းကို သိခြင်းငှာ သင့်၏”ဟု ကြံ၍ “အမောင်သွားပါချေ။ ထိုသူ့အကြောင်းကို သိအောင် ပြုချေလော့”ဟု မင်းချင်း တစ်ယောက်ကို စေလွှတ်လိုက်လေ၏။ မင်းချင်းယောက်ျားလည်း လျင်စွာသွား၍ ထိုကုမ္ဘဃောသကလုလင်ကို မြင်လျှင် ပြန်လာ၍ “ဤသူကား အခစားအမှု ပြုလေ့ရှိကုန်သောသူတို့၏ အခဖြင့်ပြုသော အထီးကျန်သူ ယောက်ျားတစ်ယောက်တည်း”ဟု လျှောက်ကြားလေ၏။ မင်းကြီးသည်လည်း ထိုမင်းချင်းယောက်ျား စကားကိုကြားလျှင် ဆိတ်ဆိတ်နေလျက် နှစ်ရက်မြောက်သော နေ့၌လည်းကောင်း၊ သုံးရက်မြောက်သော နေ့၌လည်းကောင်း ထိုလုလင်၏အသံကို ကြားပြန်လျှင် ရှေးအတူသာလျှင် မိန့်ဆိုပြန်လေ၏။ ထိုနန်းတွင်းသူ အလုပ်အကျွေး မောင်းမလည်း ရှေးအတူကြံ၍ အဖန်တလဲလဲ စေလွှတ်သော် “ဤသူကား အထီးကျန်သော သူဆင်းရဲ”ဟူ၍သာ ဆိုသဖြင့် နန်းတွင်းသူ အလုပ်အကျွေး မောင်းမသည် ဤသို့ကြံစည်လေ၏။ “မင်းကြီးသည် ဤသူကား အထီးကျန်သော သူဆင်းရဲဟု ဆိုသော စကားကို ကြားသော်လည်း ယုံကြည်တော်မမူ၊ အဖန်တလဲလဲလျှင် ဤအသံသည် များသော ဥစ္စာရှိသော ယောက်ျားတစ်ယောက်၏ အသံဖြစ်သည်ဟု မိန့်ဆိုတော်မူ၏။ ဤမင်းကြီးဆိုသော စကား၌ အကြောင်းရှိတန်ရာ၏၊ ဟုတ်မှန်သော သဘောအတိုင်း ဤယောက်ျား၏ အကြောင်းကို သိခြင်းငှာ သင့်၏”ဟု ကြံစည်လေ၏။

ကုမ္ဘဃောသကအား သားသမက်ဖမ်း ပရိယာယ်

ထို့နောက်မှ နန်းတွင်းသူ အလုပ်အကျွေး မောင်းမသည် “အရှင်မင်းကြီး- ဘုရားကျွန်မသည် အသပြာ တစ်ထောင်ကို ရပါမူကား သမီးတော်ကိုခေါ်သွား၍ ထိုဥစ္စာကို မင်းအိမ်တော် ရွှေတိုက်သို့ သွင်းပါအံ့”ဟု မင်းကြီးကို သံတော်ဦးတင်လေ၏။ မင်းကြီးသည် ထိုမောင်းမအား အသပြာ တစ်ထောင်ကို ပေးစေ၏။ ထိုမောင်းမလည်း ထိုအသပြာတစ်ထောင်ကို ယူပြီးလျှင် သမီးတော်ကို ညစ်နွမ်းသော သဘောရှိသော ထဘီအဝတ်တစ်ထည်ကို ဝတ်စေလျက် သမီးတော်နှင့်တကွ နန်းတော်မှထွက်ခဲ့၍ ခရီးသွားသူတို့ ဖြစ်လေဟန် အခစားအမှုပြုသောသူတို့၏ လမ်းမခရီးသို့သွား၍ အိမ်တစ်အိမ်သို့ ဝင်ပြီးလျှင် “မိခင်- ကျွန်မတို့သည် ခရီးသွားတို့ ဖြစ်ပါသဖြင့် တစ်ရက်နှစ်ရက်ခန့်လောက် ဤအိမ်၌ အပန်းဖြေပြီးမှ သွားပါရစေ”ဟု ဆိုလေ၏။ “ချစ်သမီး- ဤအိမ်၌ အိမ်သူအိမ်သား များကုန်၏။ နေခြင်းငှာ မစွမ်းနိုင်၊ ကုမ္မဃောသက၏အိမ်ကား လူမရှိ၊ ထိုကုမ္ဘဃောသကအိမ်သို့ သွားကြကုန်လော့”ဟု အိမ်ရှင်က ဆိုသည်ရှိသော် ထိုမောင်းမလည်း ကုမ္ဘဃောသက အိမ်သို့ သွား၍ “အရှင်- ကျွန်မတို့သားအမိနှစ်ယောက်သည် ခရီးသွား ဧည့်သည်ဖြစ်ပါသဖြင့် တစ်ရက် နှစ်ရက်မျှ ဤအိမ်၌ နေပါရစေ”ဟု ပန်ကြားပြောဆိုပြီးလျှင် အဖန်တလဲလဲ တားမြစ်အပ်သော်လည်း “အရှင်- ယနေ့ တစ်နေ့မျှနေ၍ နံနက်စောစော သွားပါအံ့”ဟု ဆိုလျက် ထွက်ခွာဖဲသွားခြင်းငှာ အလိုမရှိလေဘဲ ထိုမောင်းမသည် ထိုအိမ်၌ပင် တည်းခိုနေထိုင်၍ တစ်ဖန် မိုးသောက်သော နေ့၌ ကုမ္ဘဃောသက တောသို့ သွားအံ့သောအခါ “အရှင့်သား- သင်၏ဝမ်းစာ ဆန်ရိက္ခာကို ပေးထားခဲ့၍ သွားပါ၊ သင့်ဖို့ အာဟာရကိုချက်၍ ထားနှင့်ပါအံ့”ဟု ဆိုလေ၏။

“မိခင်- အလိုမရှိပါ၊ ကျွန်တော်ပင် ချက်၍ စားပါမည်”ဟု ကုမ္ဘဃောသကဆိုလတ်သော် အဖန်တလဲလဲ တောင်းပန်၍ မေတ္တာကြိုး ထုံးဖွဲ့အောင်ဆိုခြင်းကြောင့် ထိုကုမ္ဘဃောသသည် ပေးအပ်သည်ရှိသော် ယူကာမျှကိုသာလျှင်ပြု၍ အိမ်ဈေးမှ အိုးခွက်တို့ကိုလည်းကောင်း၊ သန့်ရှင်းစင်ကြယ်သော ဆန်အစရှိသည်တို့ကိုလည်းကောင်း ဆောင်စေ၍ နန်းတော်တွင်း မင်းအိမ်၌ ချက်သောနည်းဖြင့် အလွန်သန့်ရှင်းစင်ကြယ်သော ထမင်းကိုလည်းကောင်း၊ ကောင်းမွန် မြိန်မြတ်သော အရသာရှိသော နှစ်မျိုးသုံးမျိုးသော လက်သုပ်ဟင်းလျာတို့ကိုလည်းကောင်း ဖွယ်ဖွယ်ရာရာ ချက်ထားပြီးမှ အမှုလုပ်ရာ တောမှ ရောက်လာသော ကုမ္ဘဃာသက လုလင်အား ပြုပြင်၍ ပေးလေ၏။ ထိုအခါ မွန်မြတ်သော ခဲဖွယ်ဘောဇဉ် ဟင်းလျာတို့ကို စားသောက်ရသဖြင့် ပျော့ပျောင်းသိမ်မွေ့သောစိတ်သို့ ရောက်သော ထိုကုမ္ဘဃောသက လုလင်ကို “အရှင်- ကျွန်မတို့သည် ခရီးပန်းသော သဘောရှိကြပါကုန်၏၊ တစ်ရက်နှစ်ရက် ဤအိမ်၌သာလျှင် တည်းခိုကာ နေထိုင်ကြပါရစေဦး”ဟု ဆိုလေ၏။ ကုမ္ဘဃောသက လုလင်လည်း “ကောင်းပါပြီ”ဟု ဝန်ခံလေ၏။ ထို့နောက် ညချမ်းအခါ၌လည်းကောင်း၊ တစ်ဖန် မိုးသောက်သော နေ့၌လည်းကောင်း မြိန်မြတ်ကောင်းမွန်သော ထမင်းကိုချက်၍ ကုမ္ဘဃောသကလုလင်အား ပြုပြင်ကာ ပေးလေ၏။ ထိုကုမ္ဘဃောသက လုလင်၏ နူးညံ့ပျော့ပျောင်းသော စိတ်ရှိသည့်အဖြစ်ကို သိရလျှင် “အရှင်- နှစ်ရက် သုံးရက်ပတ်လုံး ဤအိမ်၌သာ တည်းခိုကာ နေထိုင်ကြပါရစေဦး”ဟု ပြောဆိုကာ နေလေ၏။ ထိုအိမ်၌နေစဉ် ထက်စွာသောဓားဖြင့် ထိုကုမ္ဘဃောသကလုလင်၏ ညောင်စောင်းနေရာ အပေါင်၏အောက် ထိုထိုအရပ်၌ လှီးဖြတ်ထားလေ၏။ ကုမ္ဘဃောသကလုလင်လာ၍ ထိုင်ကာမျှ၌ ညောင်စောင်းသည် အောက်သို့ တွဲလွဲဆွဲကာ လျှောကျလေ၏။ ကုမ္ဘဃောသက လုလင်သည် “အဘယ့်ကြောင့် ဤညောင်စောင်းသည် ဤသို့ပြတ်၍ လျှောကျသွားရသနည်း”ဟု ဆိုလေသော် “အရှင်- ကလေးသူငယ်တို့ကို တားမြစ်ခြင်းငှာ မစွမ်းနိုင်ပါကုန်၊ ဤညောင်စောင်း၌သာလျှင် စုဝေးကာ နေထိုင်ကြပါကုန်၏”ဟု ဆိုလေ၏။

“မိခင်- ကျွန်တော်အား ဤသို့သော ဆင်းရဲဒုက္ခသည် အသင်မိခင်တို့ကိုမှီ၍ ဖြစ်လေဘိသည်၊ ကျွန်တော်သည် ရှေးအခါ၌ တစ်စုံတစ်ခုသော အရပ်သို့ သွားလိုသည်ရှိသော် တံခါးကိုပိတ်၍သွားရပါသည်”ဟု ဆိုသောအခါ „အမောင်- အဘယ်သို့ ပြုရအံ့နည်း၊ တားမြစ်ခြင်းငှာ မစွမ်းနိုင်ပါ”ဟု ဆို၏။ ဤနည်းဖြင့်သာလျှင် နှစ်ရက်သုံးရက်တို့ပတ်လုံး ဆက်လက် ဖြတ်ထားခြင်းကြောင့် ကုမ္ဘဃောသကလုလင်သည် ကဲ့ရဲ့ကာ ရှုတ်ချကာ ပြောဆိုသော်လည်း ရှေးနည်းအတူသာလျှင်ဆို၍ တစ်ဖန် ကြိုးတစ်ချောင်း နှစ်ချောင်းမျှသာ ချန်ထား၍ ကြွင်းသမျှ ကြိုးတို့ကို အကုန်အစင် ဖြတ်ထားလေ၏။ ထိုနေ့၌ ကုမ္ဘဃောသက လုလင်သည် ထိုင်ကာမျှ၌သာလျှင် တစ်နေရာလုံး မြေသို့ ကျလေ၏။ ဦးခေါင်းသည် ပုဆစ်ဒူးတို့နှင့်တကွ တစ်ပေါင်းတည်းဖြစ်လေ၏။ ကုမ္ဘဃောသက လုလင်သည် ထ၍ “အဘယ်ကို ပြုရပါအံ့နည်း၊ ဤယခုအခါ၌ အဘယ်သို့ သွားရပါအံ့နည်း၊ သင်တို့သည် အိပ်ရာညောင်စောင်းကိုပင် မပိုင်သောသူတို့ကဲ့သို့ ပြုကုန်ဘိသည်တကား”ဟု ဆိုလေ၏။ “အမောင်-ငါသည် အဘယ်သို့ ပြုရပါအံ့နည်း၊ အိမ်နီးချင်း သူငယ်တို့ကို တားမြစ်ခြင်းငှာ မစွမ်းနိုင်ပါ၊ အမောင်- ရှိပါစေတော့၊ ထွေထွေရာရာ မကြံပါလင့်၊ ဤသို့သဘောရှိသော အချိန်အခါမဲ့၌ ဘယ်အရပ်သို့ သွားသင့်သနည်း”ဟု ဆို၍ သမီးကိုခေါ်ပြီးလျှင် “ချစ်သမီး- သင့်မောင်အား အိပ်စရာ နေရာအခွင့်ကို ပြုလေလော့”ဟု ဆိုလေ၏။

သတို့သမီးလည်း နံပါးတစ်ဖက်ဖြင့်အိပ်၍ “အရှင်- ဤအရပ်သို့ လာလှည့်ပါ”ဟု ဆို၏။ မိခင်ဖြစ်သောသူကလည်း ကုမ္ဘဃောသက လုလင်ကို “အမောင်- သွားပါချေ၊ နှမကလေးနှင့်အတူ အိပ်ပါလော့”ဟု ဆိုပြန်၏။ ကုမ္ဘဃောသကလုလင်သည် ထိုသတို့သမီးနှင့် အတူတကွ ညောင်စောင်းတစ်ခုတည်း၌ အိပ်သဖြင့် ထိုနေ့၌ပင်လျှင် အကျွမ်းတဝင် ရောနှောခြင်းကို ပြုမိလေရကား သတို့သမီးသည် (ထ၍) ငိုကြွေးမြည်တမ်းလေ၏။ ထိုအခါ သတို့သမီးကို မိခင်က “ချစ်သမီး- အဘယ့်ကြောင့် ငိုကြွေးမြည်တမ်းဘိသနည်း”ဟု မေးလေ၏။ “မိခင်- ဤမည်သော ဖြစ်ပုံမျိုးသည် ဖြစ်ခဲ့လေပြီ”ဟု ဆို၏။ “ချစ်သမီး- ရှိပါစေတော့၊ အဘယ်သို့သောအမှုကို ပြုခြင်းငှာ တတ်နိုင်ကောင်းတော့အံ့နည်း၊ ချစ်သမီးသည်လည်း တစ်ယောက်သော မှီခိုအားထားရာ ခင်ပွန်းလင်ကို ရခြင်းငှာ သင့်၏။ ဤလုလင်သည်လည်း တစ်ယောက်သော ခြေရင်းအလုပ်အကျွေး ဇနီးမယားကိုရခြင်းငှာ သင့်၏”ဟု ဆို၍ ကုမ္ဘဃောသကကို သားမက်ပြုလေ၏။ ထိုသူတို့သည် အညီအညွတ် ပေါင်းသင်းနေထိုင်ခြင်းဖြင့် နေထိုင်ကြလေကုန်၏။

ကုမ္ဘဃာသက ဗိမ္ဗိသာရမင်းကြီးထံ ရောက်ရပုံ

မိခင်ဖြစ်သော ထိုမောင်းမသည် နှစ်ရက်သုံးရက် လွန်မြောက်သောအခါ မင်းကြီးအထံသို့ “အရှင်မင်းမြတ်- အခစားအမှု ပြုသောသူတို့၏ ခရီးလမ်းမ၌ ပွဲသဘင် ကျင်းပကြကုန်၊ အကြင်သူ၏အိမ်၌ ပွဲသဘင်ကို မကျင်းပသည်ဖြစ်အံ့၊ ထိုသူအား ဤမျှသောဒဏ်သည် ဖြစ်စေရမည်ဟု ဆင့်ဆို ကြွေးကြော်ခြင်းကို ပြုတော်မူပါလော့”ဟု သတင်းစကားကို စေလွှတ် ပို့လိုက်လေ၏။ ဗိမ္ဗိသာရမင်းကြီးသည် ထိုမောင်းမဆိုတိုင်း ပြုစေ၏။ ထိုအခါ၌ ကုမ္ဘဃောသကကို ယောက္ခမက “ချစ်သား- အခစားအမှု ပြုသောသူတို့၏ ခရီးလမ်းမ၌ ဘုရင်မင်းမြတ်၏ အာဏာဖြင့် ပွဲသဘင်ကို ကျင်းပရမည် ဖြစ်ချေပြီ၊ အသို့ပြုကုန်ရအံ့နည်း”ဟု ဆိုလေ၏။ “မိခင်- ကျွန်တော်သည် အခစားအမှုပြုရသော်လည်း အသက်မွေးခြင်းငှာ မစွမ်းနိုင်ပါ၊ အဘယ်သို့လျှင် ပြုနိုင်ပါတော့အံ့နည်း”ဟု ဆို၏၊ „ချစ်သား- အိမ်ရာထောင်၍နေခြင်းဖြင့် နေသောသူတို့ မည်သည်ကား ကြွေးမြီကိုသော်လည်း ယူရကုန်၏။ မင်း၏အာဏာကို မပြုဘဲနေခြင်းငှာ မရအပ်၊ ယူအပ်သောကြွေးမြီမှကား အမှတ်မရှိ တစ်စုံတစ်ခုသော အကြောင်းဖြင့် လွတ်ခြင်းငှာ တတ်ကောင်း၏၊ ချစ်သား- သွားချေ၊ တစ်စုံတစ်ယောက်သောသူ၏အထံမှ တစ်ခုနှစ်ခုကုန်သော အသပြာတို့ကို ဆောင်ယူခဲ့လော့”ဟု ဆို၏။ ထိုကုမ္ဘဃောသကလုလင်သည် ကဲ့ရဲ့ငြီးတွားကာသွား၍ ကုဋေလေးဆယ်ဥစ္စာထားရာမှ တစ်သပြာကိုသာလျှင် ဆောင်ယူခဲ့လေ၏။

ထိုမောင်းမသည် ကုမ္မဃောသကလုလင်ပေးအပ်သော အသပြာကို မင်းကြီးအား ပို့စေ၍ မိမိ၏ အသပြာဖြင့် ပွဲသဘင်ကို ကျင်းပပြီးသော် တစ်ဖန် နှစ်ရက်သုံးရက် လွန်ပြန်သောအခါ ရှေးနည်းအတူသာလျှင် သတင်းစကားကို စေလွှတ်ပို့လိုက်ပြန်လေ၏။ တစ်ဖန် မင်းကြီးသည် ပွဲသဘင်ကို ကျင်းပစေကုန်သတည်း၊ မကျင်းပကုန်သော သူတို့အား ဤမျှလောက်သောဒဏ် ဖြစ်စေရမည်ဟု မင်း၏အာဏာဖြင့် စေပြန်လေ၏။ တစ်ဖန်လည်း ကုမ္ဘဃောသကကို ယောက္ခမဖြစ်သော မင်းမောင်းမသည် ရှေးနည်းအတူသာလျှင် ဆို၍ နှိပ်စက်ညှဉ်းပန်းအပ်သည်ရှိသော် ဥစ္စာထားရာအရပ်သို့ သွား၍ သုံးခုသော အသပြာတို့ကို ယူဆောင်လေ၏။ ထိုမင်းမောင်းမသည် ကုမ္မဃောသက လုလင် ဆောင်ယူခဲ့သော ထိုအသပြာတို့ကို မင်းကြီးအားပို့စေ၍ တစ်ဖန် နှစ်ရက်သုံးရက် လွန်ပြန်သောအခါ ရှေးနည်းအတူသာလျှင် သတင်းစကား စေလွှတ်ပို့လိုက်ပြီးလျှင် “ယခုအခါ၌ မင်းချင်းယောက်ျားတို့ကို စေလွှတ်၍ ဤကုမ္ဘဃောသကလုလင်ကို ခေါ်စေတော်မူပါ”ဟု မင်းကြီးကို စေခိုင်းပြန်လေ၏။ မင်းချင်းယောက်ျားတို့လည်း ထိုအရပ်သို့သွား၍ “ကုမ္ဘဃောသက မည်သောသူသည် အဘယ်သူနည်း”ဟု မေး၍ ရှာဖွေကုန်လျက် ကုမ္ဘဃောသက လုလင်ကို တွေ့မြင်သဖြင့် “အိုအချင်း- လာလှည့်၊ အသင့်ကို မင်းကြီးသည် ခေါ်တော်မူ၏”ဟု ဆိုကြကုန်၏။ ထိုကုမ္ဘဃောသက လုလင်သည် ကြောက်ရွံ့သောကြောင့် “ငါ့ကို မင်းကြီးသည် မသိ၊” ဤသို့ အစရှိသော စကားတို့ကိုဆို၍ လိုက်သွားခြင်းငှာ အလိုမရှိဘဲ နေလေ၏။

ထိုအခါ ကုမ္ဘဃောသက လုလင်ကို အနိုင်အထက်အားဖြင့် လက်စသည်တို့ကို စွဲကိုင်၍ ခေါ်ငင်ကြကုန်၏၊ ယောက္ခမဖြစ်သော မိန်းမသည် ထိုမင်းချင်းယောက်ျားတို့ကို မြင်လျှင် “အချင်း ဆိုနိုင်ခက်သော ယောက်ျားတို့- သင်တို့သည် ငါ၏ သားမက်ကို လက်စသည်တို့၌ ကိုင်စွဲခြင်းငှာ မလျောက်ပတ်ကုန်”ဟု ခြိမ်းခြောက် မောင်းမဲ၍ “ချစ်သား- လာလှည့်၊ မကြောက်လင့်၊ မင်းကြီးကိုဖူးမြင်၍ သင်၏လက်စသည်တို့ကို ကိုင်ဆွဲငင်ကုန်သော သူတို့အား လက်တို့ကိုသာလျှင် ဖြတ်စေအံ့”ဟု ဆို၍ သမီးကိုခေါ်ယူပြီးလျှင် မင်းအိမ်သို့ ရှေ့မှ သွားနှင့်ပြီးသော် အသွင်ကို လဲလှယ်၍ အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် တင့်အပ်လျောက်ပတ်သော အရပ်၌ တည်နေလေ၏။ မင်းချင်းယောက်ျားတို့သည်လည်း ကုမ္ဘဃောသက လုလင်ကို ဆွဲငင်၍ ဆောင်ယူသွားကြကုန်သည်သာတည်း။

ကုမ္ဘဃာသက သူဌေးရာထူး ရရှိခြင်း

ထိုအခါ ရှိခိုး၍ တည်နေသော ကုမ္ဘဃောသက လုလင်ကို မင်းကြီးက “သင်သည် ကုမ္ဘဃောသကမည်သောသူ ဟုတ်ပေသလော”ဟု မေးတော်မူလေ၏။ “အရှင်မင်းမြတ်- ဟုတ်ပါ၏”ဟု ဝန်ခံလျှင် “အဘယ့်ကြောင့် များစွာသော ဥစ္စာကိုသုံးဆောင်၍ မစားသောက်လေဘိသနည်း”ဟု မေးတော်မူလေ၏။ “အရှင်မင်းမြတ်- အခစားပြုလုပ်၍ အသက်မွေးရသော ဘုရားကျွန်တော်မျိုးအား များစွာသောဥစ္စာ အဘယ်မှာ ရှိပါတုံအံ့နည်း”ဟု လျှောက်တင်လေလျှင် ဗိမ္ဗိသာရမင်းကြီးက “ဤသို့ မပြုလင့်၊ အဘယ့်ကြောင့် ငါတို့ကို လှည့်ပတ်ဘိသနည်း”ဟု မိန့်ဆိုသောအခါ “အရှင်မင်းမြတ်- မလှည့်ပတ်ရပါ၊ ဘုရားကျွန်တော်မျိုးအား ဥစ္စာ မရှိပါ”ဟု လျှောက်တင်ပြန်လေ၏။ ထိုအခါ မင်းကြီးသည် ထိုကုမ္ဘဃောသကအား ထိုအသပြာတို့ကို ထုတ်ပြပြီးလျှင် “ဤအသပြာတို့သည်ကား အဘယ်သူ၏ အသပြာတို့ပေနည်း”ဟု မေးမြန်းတော်မူလေ၏။ ကုမ္ဘဃောသကသည် မှတ်မိသည်ဖြစ်၍ “ငါသည် မိုက်မှားမိလေစွတကား၊ အဘယ်သို့သော အကြောင်းဖြင့် ဤအသပြာတို့သည် မင်းကြီး၏လက်တော်သို့ ရောက်ပါလိမ့်မည်နည်း”ဟု ကြံစည်ကာ ထိုမှဤမှ ကြည့်ရှုလတ်သော် အထူးထူးသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် တိုက်ခန်းတံခါးအနီး၌ တည်နေကြကုန်သော နန်းတွင်းသူ သားအမိနှစ်ယောက်တို့ကို မြင်ရကား “ဤအမှုကား ဝန်လေးလေစွ၊ ဤမိန်းမတို့ကား ငါ့ထံသို့ မင်းကြီးစေလွှတ်အပ်သူတို့ ဖြစ်တန်ရာ၏”ဟု ကြံဆင်ခြင်မိလေ၏။

ထိုအခါ ကုမ္ဘဃောသကလုလင်ကို မင်းကြီးက “အိုအချင်း- ဆိုဘိလော့၊ အဘယ့်ကြောင့် ဤသို့ ပြုဘိသနည်း”ဟု မေးတော်မူ၏။ “အရှင်မင်းမြတ်- ဘုရားကျွန်တော်မျိုးအား မှီခိုအားထားရာ မရှိပါ”ဟု လျှောက်တင်သဖြင့် မင်းကြီးက “ငါသို့ သဘောရှိသောသူသည် အသင်၏ မှီခိုအားထားရာ ဖြစ်ခြင်းငှာ မသင့်ပြီလော”ဟု မိန့်တော်မူလေ၏။ “အရှင်မင်းမြတ်- အရှင်မင်းမြတ်သည် ဘုရားကျွန်တော်မျိုး၏ မှီခိုအားထားရာ အကယ်၍ ဖြစ်တော်မူပါကုန်အံ့၊ သင့်လျော် ကောင်းမြတ်ပါ၏”ဟု လျှောက်တင်သဖြင့် “အိုအချင်း- မှီခိုအားထားရာ ဖြစ်ပေတော့အံ့၊ သင့်အား ဥစ္စာသည် အဘယ်မျှ ရှိသနည်း”ဟု မေးတော်မူလေ၏။ “အရှင်မင်းမြတ်- ကုဋေလေးဆယ်မျှလောက် ရှိပါသည်”ဟု လျှောက်ထားသည်ရှိသော် “အဘယ်ဝတ္ထုကို ရခြင်းငှာ သင့်သနည်း”ဟု မေးတော်မူသဖြင့် „အရှင်မင်းမြတ်- လှည်းတို့ကို ရခြင်းငှာ သင့်ပါသည်”ဟု လျှောက်တင်လေ၏။

ဗိမ္ဗိသာရမင်းကြီးသည် အရာမက များစွာသော လှည်းတို့ကို ကစေပြီးလျှင် စေလွှတ်၍ ထိုဥစ္စာအားလုံးကို တင်ဆောင် ယူလာစေပြီးလျှင် မင်းရင်ပြင်၌ အစုအပုံကို ပြုစေပြီးသော် ရာဇဂြိုဟ်ပြည်၌ နေကုန်သော သူတို့ကို စည်းဝေးစေ၍ “ဤရာဇဂြိုဟ်ပြည်၌ တစ်စုံတစ်ယောက်သောသူအား ဤမျှလောက်သော ဥစ္စာသည် ရှိသလော”ဟု မေးတော်မူသဖြင့် “အရှင်မင်းမြတ်- မရှိပါ”ဟု လျှောက်ထားကုန်သည်ရှိသော် “ထိုသူအား အဘယ်သို့ ပြုခြင်းငှာ သင့်သနည်း”ဟု မေးတော်မူလေ၏။ “အရှင်မင်းမြတ်- ပူဇော်သက္ကာရကို ပြုခြင်းငှာ သင့်ပါသည်”ဟု လျှောက်ဆိုသည်ရှိသော် ကြီးစွာသော ပူဇော်သက္ကာရဖြင့် ထိုကုမ္ဘဃောသကလုလင်ကို သူဌေးအရာ၌ထား၍ သမီးတော်ကိုလည်း ကုမ္ဘဃောသကအားသာလျှင် ပေးဆောင်ထိမ်းမြားပြီးလျှင် ထိုကုမ္ဘဃောသကနှင့် အတူတကွ မြတ်စွာဘုရားထံတော်သို့သွားကြ၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤယောက်ျားကို ရှုစားတော်မူကြပါဘုရား၊ ဤသို့သဘောရှိသော တည်ကြည်သော ပညာရှိသောသူမည်သည် မရှိပါ၊ ကုဋေလေးဆယ်ကြွယ်ဝသော စည်းစိမ်ချမ်းသာရှင် ဖြစ်ပါလျက်လည်း လျှပ်ပေါ်လော်လည်သော အခြင်းအရာကိုလည်းကောင်း၊ ငါဟူသော မာန်ထောင်လွှားခြင်းမျှကိုလည်းကောင်း မပြုမူ၍ အထီးကျန်စွာ ဆင်းရဲရှာသောသူကဲ့သို့ ပုဆိုးပိုင်းကိုဝတ်လျက် အမှုပြုသောသူတို့၏ ခရီးလမ်းမ၌ အခစားပြုသဖြင့် အသက်မွေး၍ နေပါသည်။ ဒကာတော်သည် ဤမည်သော အကြောင်း ဥပါယ်တံမျဉ်ပြုသဖြင့် သိရပါသည်။ သိရပြီးသောအခါ ခေါ်စေ၍ ဥစ္စာရှိသည့်အဖြစ်ကို ဝန်ခံစေပြီးလျှင် ထိုဥစ္စာကို ဆောင်ယူစေသဖြင့် သူဌေးအရာ၌ ထားအပ်ပါသည်၊ သမီးတော်ကိုလည်း ထိုကုမ္ဘဃောသကလုလင်အား ဒကာတော်သည် ပေးအပ်ဆောင်နှင်းပါသည် မြတ်စွာဘုရား၊ ဒကာတော်သည် ဤသို့ သဘောရှိသော တည်ကြည်သော ပညာရှိသောသူကို မမြင်စဖူးပါဘုရား”ဟု နားတော်လျှောက်လေ၏။

ထိုသို့ လျှောက်ထားသော စကားကို ကြားသိတော်မူ၍ မြတ်စွာဘုရားသည် “ဒါယကာမင်းမြတ်- ဤသို့ အသက်မွေးသောသူ၏ အသက်ရှည်ခြင်းသည် တရားသဖြင့် သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အသက်ရှည်ခြင်း မည်၏၊ သူတစ်ပါး၏ ပစ္စည်းဥစ္စာကို ခိုးခြင်းအစရှိသော အမှုသည်ကား ပစ္စုပ္ပန်လောက ဤဘဝ၌လည်း နှိပ်စက်ဖိစီး ဖျက်ဆီးတတ်၏၊ တမလွန်လောက နောင်ဘဝ၌လည်း နှိပ်စက်ဖိစီး ဖျက်ဆီးတတ်၏။ ထိုအကြောင်းကြောင့် ချမ်းသာခြင်းမည်သည် မရှိ၊ ထိုစကား မှန်၏။ တစ်စုံတစ်ယောက်သော ယောက်ျားအား ဥစ္စာစီးပွား ဆုံးပါးပျက်စီးသောအခါ၌ လယ်ထွန်ခြင်းကိုလည်းကောင်း၊ အခစားအမှု လုပ်ခြင်းကိုလည်းကောင်း ပြု၍ အသက်ရှည်ခြင်းသည်သာလျှင် တရားသဖြင့် သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အသက်ရှည်ခြင်း မည်၏၊ ဤသို့သဘောရှိသော လုံ့လဝီရိယနှင့် ပြည့်စုံသော၊ သတိနှင့် ပြည့်စုံသော၊ ကိုယ်နှုတ်တို့ဖြင့် စင်ကြယ်သော အမှုရှိသော၊ ပညာဖြင့် စူးစမ်းဆင်ခြင်၍ ပြုလေ့ရှိသော၊ ကိုယ်,နှုတ်,နှလုံး သုံးပါးဖြင့် ကျင့်သုံး စောင့်စည်းလေ့ရှိသော၊ တရားသဖြင့် အသက်မွေးမြူခြင်းကို မွေးမြူလေ့ရှိသော၊ မကင်းသော သတိတရား၌ တည်သောသူအား အစိုးရခြင်း စည်းစိမ်ချမ်းသာသည် တစ်နေ့တခြား တိုးပွားသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၂၄] ဥဋ္ဌာနဝတော သတိမတော၊ သုစိကမ္မဿ နိသမ္မကာရိနော။
သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ ယသောဘိဝဍ္ဎတိ။

ဥဋ္ဌာနဝတော၊ ထကြွလုံ့လ ဝီရိယရှိထသော။ သတိမတော၊ သတိနှင့် ပြည့်စုံထသော။ သုစိကမ္မဿ၊ အပြစ်မရှိ စင်ကြယ်သော ကာယကံ စသည်တို့နှင့် ပြည့်စုံတသော။ နိသမ္မကာရိနော၊ စူးစမ်းဆင်ခြင်၍ ပြုလေ့ရှိထသော။ သညတဿ၊ ကိုယ်နှုတ်နှလုံးကို စောင့်စည်းလေ့ရှိထသော။ ဓမ္မဇီဝိနော၊ တရားနှင့်အညီ အသက်မွေးလေ့ရှိထသော။ အပ္ပမတ္တဿ၊ မမေ့မလျော့သောသူအား။ ယသော၊ စည်းစိမ်ဥစ္စာ အရာအထူး ကျေးဇူးသတင်း ကျော်စောခြင်းသည်။ အဘိဝဍ္ဎတိ၊ တစ်နေ့တခြား တိုးပွားလေ၏။

ဒေသနာတော်၏ အကျိုး

ဤဂါထာ၏အဆုံး၌ ကုမ္ဘဃောသကသူဌေးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုမှတစ်ပါး များစွာသော သူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ ဤသို့ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ကုမ္ဘဃောသကသူဌေးသားဝတ္ထု ပြီး၏။

֍ * ၃။ စူဠပန္ထကမထေရ်ဝတ္ထု

ဥဋ္ဌာနေနပ္ပမာဒေနအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် စူဠပန္ထကမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သူဌေးသမီး ကျွန်နှင့်လိုက်ပြေးရာမှ မဟာပန္တကနှင့် စူဠပန္တကတို့ ဖွားမြင်ခြင်း

ရာဇဂြိုဟ်ပြည်၌ ပစ္စည်းဥစ္စာ များစွာကြွယ်ဝသော ဓနသေဋ္ဌိမည်သော သူဌေးမျိုး၏သမီးသည် အရွယ်သို့ရောက်သောအခါ မိခင်ဖခင်တို့သည် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ် အထက်အပြင်၌ထား၍ အလွန်လျှင် စောင့်ရှောက်အပ်သဖြင့် အရွယ်မာန်ယစ်ခြင်းဖြင့် ယစ်သည်၏အဖြစ်ကြောင့် ယောက်ျား၌ လျှပ်ပေါ်လော်လည်ခြင်း ရှိသည်ဖြစ်၍ မိမိ၏ကျွန်ဖြစ်သော ယောက်ျားနှင့်သာလျှင် ပေါင်းဖက်ယဉ်ပါး မှားယွင်းခြင်းကို ပြုပြီးလျှင် “တစ်ပါးသော သူတို့သည်လည်း ဤငါ၏အမှုကို သိကုန်ရာ၏”ဟု ကြောက်ရွံ့ခြင်းကြောင့် “ငါတို့သည် ဤအရပ်၌ နေခြင်းငှာ မတတ်ကောင်း၊ မိခင်ဖခင်တို့သည် ဤပြစ်မှုကို အကယ်၍ သိကုန်သည်ဖြစ်အံ့၊ ငါ့ကို အပိုင်းအပိုင်း ပြုကုန်လတ္တံ့၊ အရပ်တစ်ပါးသို့ သွားကြကုန်စို့အံ့”ဟု ပြောဆိုလေသတတ်။ ထိုဇနီးခင်ပွန်း နှစ်ယောက်တို့သည် လက်ဆုပ်လက်ကိုင် ဥစ္စာနှစ်ကို ယူပြီးလျှင် တံခါးဦးဖြင့် ထွက်ခဲ့၍ အမှတ်မရှိ တစ်စုံတစ်ခုသော အရပ်၌ “သူတစ်ပါးတို့ မသိရာဌာနသို့သွား၍ နေကုန်အံ့”ဟု ထွက်ခွာသွားကြလေကုန်၏။

တစ်ခုသောအရပ်၌ နေကုန်သော ထိုသူတို့၏ ဆက်ဆံပေါင်းသင်း အတူနေခြင်းကိုစွဲ၍ ထိုသူဌေးသမီး၏ဝမ်း၌ ကိုယ်ဝန်သန္ဓေ စွဲတည်လေ၏။ သူဌေးသမီးသည် ကိုယ်ဝန်သန္ဓေရင့်ခြင်းကို အကြောင်းပြု၍ လင်ယောက်ျားနှင့် တိုင်ပင်သည်ကား “ငါ၏ ကိုယ်ဝန်သန္ဓေသည် ရင့်ခြင်းသို့ ရောက်ခဲ့လေပြီ၊ အမျိုးမိတ်ဆွေမှ ကင်းသောအရပ်၌ သားဖွားမြင်ရခြင်းမည်သည် ငါတို့နှစ်ယောက်အားပင် ဆင်းရဲဒုက္ခသို့ရောက်အောင် ဆောင်တတ်ရကား မိဘအိမ်သို့သာ ပြန်သွားကြကုန်စို့အံ့”ဟု တိုင်ပင်လေ၏။ လင်ယောက်ျားသည် “ငါသည် ထိုမိဘအိမ်သို့ အကယ်၍ သွားသည် ဖြစ်အံ့၊ ငါ့အား အသက်သည် ရှိတော့မည် မဟုတ်”ဟု ကြောက်ရွံ့သဖြင့် “ယနေ့သွားအံ့၊ နက်ဖြန် သွားအံ့”ဟု နေ့ရက်တို့ကိုသာ ကုန်လွန်စေ၏။ ထိုသူဌေးသမီး ကြံစည်သည်ကား “ဤလူမိုက်သည် မိမိ၏ အပြစ်ကြီးသောကြောင့် သွားခြင်းငှာ မရဲဝံ့၊ မိဘတို့မည်သည်ကား ဧကန်မုချ အစီးအပွားကို အလိုရှိသည်သာတည်း၊ ဤသူသည် သွားသည်မူလည်း ဖြစ်စေ၊ မသွားသည်မူလည်း ဖြစ်စေ ငါသွားတော့အံ့”ဟု ကြံစည်၍ ထိုလင်ယောက်ျားသည် အိမ်မှထွက်သွားခိုက် အိမ်ထောင်ခမ်းနား အသုံးအဆောင်တို့ကို သိုမှီး၍ မိမိ၏ မိဘအိမ်သို့ သွားသည်အဖြစ်ကို အခြားသောအိမ်၌ နေကုန်သော အိမ်နီးချင်းတို့အား ပြောကြားမှာထား၍ လမ်းခရီးသို့ ထွက်သွားလေ၏။

ထိုယောက်ျားသည်လည်း အိမ်သို့ပြန်လာ၍ သူဌေးသမီးကို မမြင်လတ်သော် အိမ်နီးချင်းတို့ကို မေးသဖြင့် ထိုသူဌေးသမီးသည် မိဘအိမ်သို့ ပြန်သွားလေပြီဟု ကြားရခြင်းကြောင့် လျင်စွာ အစဉ်အတိုင်းလိုက်၍ ခရီးအကြား၌ မှီလေ၏။ သူဌေးသမီးအားလည်း ထိုလမ်းခရီး၌ပင် သားဖွားမြင်ခြင်း ဖြစ်လေ၏။ ထိုခင်ပွန်းသည် ယောက်ျားက “ချစ်နှမ- ဤအရာကား အဘယ်နည်း”ဟုမေးသဖြင့် “ချစ်လင်- အကျွန်ုပ်အား သားတစ်ယောက် ဖွားမြင်ပြီ၊ ယခုအခါ၌ အဘယ်သို့ ပြုရကုန်အံ့နည်း”ဟု ဆိုလျှင် “အကြင် သားဖွားခြင်းကိစ္စ အကျိုးငှာ မိဘအိမ်သို့ ငါတို့ သွားရာ၏၊ ထိုကိစ္စသည် ခရီးအကြား၌သာ ပြီးငြိမ်းခဲ့လေပြီ၊ ထိုမိဘအိမ်သို့သွား၍ အဘယ်အမှု ပြုကုန်အံ့နည်း၊ ပြန်လည်ကြကုန်စို့အံ့”ဟုဆို၍ နှစ်ဦးသော ဇနီးခင်ပွန်းတို့သည်လည်း တစ်စိတ်တည်းဖြစ်၍ ပြန်လည်ခဲ့ကြလေကုန်၏။ ထိုသတို့သား သူငယ်အားလည်း လမ်းခရီး၌သာလျှင် ဖွားမြင်ခြင်းကြောင့် ပန္ထကဟူ၍ အမည်ကို မှည့်ခေါ်ကြကုန်၏။ ထို့နောက် မကြာမြင့်မီ သူဌေးသမီးအား တစ်ပါးသော ကိုယ်ဝန်သန္ဓေသည်လည်း တည်ပြန်လေ၏။ (ရှေးနည်းဖြင့်သာလျှင် အလုံးစုံ ချဲ့ဖွင့်အပ်၏။) ထိုသတို့သား သူငယ်အားလည်း လမ်းခရီး၌ ဖွားမြင်ခြင်းကြောင့် ရှေးဦးစွာဖွားမြင်သော သားအား မဟာပန္ထက၊ နောက်မှ ဖွားမြင်သောသားအား စူဠပန္ထကဟူ၍ အမည်ကို မှည့်ခေါ်ကြလေကုန်၏။

ပန္ထကညီနောင်အား အဘိုးအဘွားထံ ပို့ခြင်း

ထိုနှစ်ဦးသော ဇနီးမောင်နှံတို့သည်လည်း နှစ်ယောက်သော သူငယ်တို့ကို ချီပိုး၍ မိမိနေရာ အရပ်သို့သာလျှင် ပြန်သွားကြလေကုန်၏။ ထိုဇနီးခင်ပွန်းတို့သည် ထိုအရပ်၌ နေကြကုန်စဉ် မဟာပန္ထက သူငယ်သည် တစ်ပါးသောသူငယ်တို့ကို ဘထွေး, ဘကြီးဟူ၍လည်းကောင်း၊ အဘိုး,အဘွားဟူ၍လည်းကောင်း ခေါ်ဝေါ်ပြောဆိုကြသည်တို့ကို ကြားလျှင် မိခင်သို့ ချဉ်းကပ်၍ “မိခင်- ကျွန်တော်တို့မှ တစ်ပါးသော သူငယ်တို့သည် အဘိုး,အဘွား ဟူ၍လည်းကောင်း၊ ဘကြီး,ဘထွေး ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြ ပြောဆိုကြပါသည်။ မိခင်- ကျွန်တော်တို့အား ခေါ်ဝေါ်ပြောဆိုစရာ ဆွေမျိုးသားချင်းများ မရှိပါတကား”ဟု မေးမြန်းလေ၏။ “ချစ်သား- ဤအရပ်၌ သင်ချစ်သားတို့အား ဆွေမျိုးသားချင်းများ မရှိသည်မှာ မှန်ပေ၏၊ ရာဇဂြိုဟ်ပြည်၌ကား ဓနသေဋ္ဌိမည်သော သူဌေးသည် အမောင်၏ အဘိုးတည်း၊ ထိုရာဇဂြိုဟ်ပြည်၌ ငါတို့၏ ဆွေမျိုးတို့သည် များစွာရှိကုန်၏”ဟု ပြောပြလေ၏။ “မိခင် အဘယ့်ကြောင့် ထိုရာဇဂြိုဟ်ပြည်သို့ မသွားဘဲ နေဘိသနည်း”ဟု မေးပြန်လတ်သော် ထိုသူဌေးသမီးသည် မိမိ၏ မသွားခြင်းအကြောင်းကို သားအား မပြောပြသဖြင့် သားငယ်တို့သည် အဖန်တလဲလဲ မေးကြကုန်သည်ရှိသော်-

ခင်ပွန်းသည်ကို ဤသို့ ဆို၏။ “ဤသူငယ်တို့သည် ငါ့ကို အလွန်တရာ စိတ်ပင်ပန်းအောင် ပြုကြကုန်၏၊ ငါတို့၏ မိခင်ဖခင်တို့သည် ငါတို့ကိုမြင်လျှင် အသားကို စားကြကုန်လတ္တံ့လော၊ လာသာ လာပါ၊ သူငယ်တို့အား အဘိုးအဘွားအိမ်ကို ပြကုန်အံ့”ဟု ဆိုလေ၏။ “ငါသည် မျက်မှောက်၌ နေခြင်းငှာ မစွမ်းနိုင်၊ သင့်ကိုကား ရောက်အောင် ဆောင်ပို့ပေအံ့”ဟု ဆိုလျှင် “ကောင်းပါပြီ၊ အမှတ်မရှိ တစ်စုံတစ်ခုသော အကြောင်းဖြင့် သူငယ်တို့အား အဘိုး,အဘွား အိမ်ကိုသာ ပြခြင်းငှာ သင့်၏”ဟု ဇနီးမောင်နှံ နှစ်ယောက်တို့သည်လည်း သူငယ်တို့ကိုယူ၍ အစဉ်အားဖြင့် ရာဇဂြိုဟ်ပြည်သို့ ရောက်လာကြပြီးလျှင် မြို့တံခါး၌ တစ်ဆောင်သော ဇရပ်သို့ဝင်၍ သူငယ်တို့၏မိခင်သည် သူငယ်နှစ်ယောက်တို့ကိုခေါ်၍ မိမိ၏ လာရောက်သည်အဖြစ်ကို မိခင်ဖခင် သူဌေးကြီးတို့အား ပြောကြားစေ၏။ ထိုသမီးနှင့် သားမက်တို့၏ လာရောက်ကြောင်း သတင်းစကားကိုကြားလျှင် “သံသရာ၌ ကျင်လည်ကုန်သော သူတို့အား သားသမီးမဖြစ်ဖူးသော သူမည်သည် မရှိ၊ ထိုသူတို့သည် ငါတို့၏အပေါ်၌ များသော ပြစ်မှားခြင်းကို ပြုကုန်၏၊ ထိုသူတို့သည် ငါတို့မျက်မှောက်၌ နေခြင်းငှာ မတတ်ကောင်း (မသင့်လျော်)၊ ဤမျှလောက်သော ဥစ္စာကိုယူ၍ ဇနီးခင်ပွန်း နှစ်ယောက်တို့သည် ချမ်းသာရာအရပ်သို့သွား၍ အသက်မွေးကြလေကုန်၊ သူငယ်တို့ကိုကား ငါတို့အိမ်သို့သာလျှင် ပို့လာစေလော့”ဟု ဥစ္စာကိုပေး၍ တမန်စေလွှတ်လိုက်ကြလေကုန်၏။ ထိုဇနီးခင်ပွန်း နှစ်ယောက်တို့သည် ထိုမိခင်ဖခင် သူဌေးကြီးတို့ ပို့လိုက်သော ဥစ္စာကိုယူ၍ သူငယ်တို့ကို လာရောက်ကုန်သော တမန်တို့၏လက်၌အပ်၍ ပို့လိုက်ကြရလေကုန်၏။

ပန္ထကညီနောင်တို့ သာသနာတော်တွင်း ဝင်ခြင်း

သူငယ်တို့သည် အဘိုးအဘွားတို့၏အိမ်၌ ကြီးပွားကြကုန်၏။ ထိုနှစ်ယောက်တို့တွင် စူဠပန္ထကကား အလွန်ငယ်သေး၏၊ မဟာပန္ထကကား အဘိုးသူဌေးနှင့်အတူ မြတ်စွာဘုရား၏ တရားတော်ကို နာအံ့သောငှါ သွား၏။ အမြဲမပြတ် ဘုရားထံသို့ သွားလေ့ရှိသော ထိုမဟာပန္ထက၏စိတ်သည် ရှင်သာမဏေပြုခြင်းငှါ ညွတ်လာလေ၏။ ထိုမဟာပန္ထကသည် အဘိုးဖြစ်သော သူဌေးကြီးကို “အကယ်၍ ကျွန်တော့်ကို ခွင့်ပြုကြကုန်သည်ဖြစ်အံ့၊ ရှင်သာမဏေပြုချင်ပါ၏”ဟု ဆိုလေ၏။ အဘိုးသူဌေးကြီးလည်း “ချစ်သား- အဘယ်ဆိုသနည်း၊ အလုံးစုံသော လူအပေါင်းတို့အားလည်း ရှင်သာမဏေပြုခြင်းကို ငါမတားမြစ်အပ်၊ ထို့ကြောင့် ငါ့မြေး၏ ရှင်သာမဏေပြုခြင်းသည် ကောင်းလှပေ၏၊ စွမ်းနိုင်လျှင် ရှင်သာမဏေပြုလော့”ဟု ခွင့်လွှတ်ပြီးလျှင် မဟာပန္ထကကို ဘုရားအထံတော်သို့ ခေါ်ဆောင်သွား၍ “အသို့နည်း သူဌေးကြီး- သူငယ်ကို အသင် ရအပ်သလော”ဟု မိန့်ဆိုလတ်သော် “မြတ်စွာဘုရား- ရအပ်ပါ၏။ ဤသူငယ်သည် တပည့်တော်၏မြေး ဖြစ်ပါသည်။ ရှင်တော်မြတ်ဘုရားတို့၏ ထံတော်၌ ရှင်သာမဏေပြုလိုပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည် ပိဏ္ဍပါတ်ဓုတင်ဆောင်သော ရဟန်းတစ်ပါးကို “ဤသူငယ်ကို ရှင်သာမဏေပြုလော့”ဟု မိန့်မြွက်တော်မူလေ၏။ မထေရ်သည် ထိုပန္ထကသတို့သားအား တစပဉ္စကကမ္မဋ္ဌာန်းကို (တစပဉ္စက ကမ္မဋ္ဌာန်းကား- ဆံပင်၊ မွေးညင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေ၊ ဤငါးပါးအပေါင်းကို ရှုဆင်ခြင်ပွားများခြင်းတည်း။) ပြောကြားသင်ပေး၍ ရှင်ပြုပေးလေ၏။ ထိုမဟာပန္ထကသည် များစွာသော ဘုရားစကားတည်းဟူသော ပိဋကတ်သုံးပုံကို သင်ယူ၍ အသက်နှစ်ဆယ် ပြည့်သည်ရှိသော် ရဟန်း ပဉ္စင်းအဖြစ်ကိုရ၍ အသင့်အတင့် နှလုံးသွင်းခြင်းဖြင့် ကမ္မဋ္ဌာန်းကို လုံ့လပြုလျက် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုအရှင် မဟာပန္တကသည် ဈာန်ချမ်းသာ ဖိုလ်ချမ်းသာဖြင့် လွန်စေလျက် “ဤချမ်းသာကို စူဠပန္ထကအား ပေးခြင်းငှါ တတ်ကောင်း၏လော”ဟု ကြံစည်လေ၏။ ထို့နောက်မှ အဘိုးဖြစ်သော သူဌေးကြီး၏အထံသို့ သွား၍ “သူဌေးကြီး- အကယ်၍ ခွင့်ပြုသည်ဖြစ်အံ့၊ စူဠပန္ထကကို ရှင်သာမဏေပြုပေးလို၏”ဟု ဆိုလျှင် “အရှင်ဘုရား- ပြုပေးပါလော့”ဟု ခွင့်ပြုလေ၏။

(သူဌေးကြီးကား သာသနာတော်၌လည်း အလွန်တရာကြည်ညိုသတတ်။ ထိုသူငယ်တို့သည် သင်သူဌေးကြီးတို့၏ အဘယ်သမီးမှ ဖွားမြင်သော သားတို့ပေနည်းဟု မေးသည်ရှိသော် လျှပ်ပေါ်လော်လည်သော သမီးမှဟု ပြောကြားခြင်းငှါ ရှက်စနိုးသောကြောင့်လည်း အလွယ်တကူပင် ထိုသူငယ်တို့အား ရှင်သာမဏေအဖြစ်ကို ခွင့်ပြုလေသတတ်။)

မဟာပန္ထကမထေရ်သည် စူဠပန္ထကကို ရှင်ပြု၍ သီလတို့၌ တည်စေ၏။ ထိုစူဠပန္ထကသည် နုံ့နှေးသော ဉာဏ်ပညာရှိသူဖြစ်၍ အောက်ပါဂါထာကို လေးလသင်သော်လည်း မရနိုင်ဖြစ်လေ၏။

ပဒ္မံ ယထာ ကောကနဒံ သုဂန္ဓံ၊
ပါတော သိယာ ဖုလ္လ မဝီတဂန္ဓံ။
အင်္ဂီရသံ ပဿ ဝိရောစမာနံ၊
တပန္တမာဒိစ္စ မိဝန္တလိက္ခေ။

ကောကနဒံ၊ ကောကနဒ အမည်ရှိသော။ ပဒ္မံ၊ ပဒုမ္မာကြာသည်။ ပါတော၊ နံနက်အခါ၌။ အဝီတဂန္ဓံ၊ အနံ့မကင်းသည်ဖြစ်၍။ သုဂန္ဓံ၊ ကောင်းသော အနံ့ရှိသည်ဖြစ်၍။ ဖုလ္လံ၊ ပွင့်ခြင်းသို့ ရောက်သည်။ သိယာ ယထာ၊ ဖြစ်သကဲ့သို့။ အန္တလိက္ခေ၊ ကောင်းကင်၌။ ဝိရောစမာနံ၊ တင့်တယ်ခြင်းရှိထသော။ တပန္တံ၊ တောက်ပသော တန်ခိုးအာနုဘော်ရှိထသော။ အာဒိစ္စံ ဣဝ၊ နေမင်းကဲ့သို့။ ဝိရောစမာနံ၊ တင့်တယ်ခြင်း ရှိထသော။ အင်္ဂီရသံ၊ ကိုယ်တော်မှထွက်သော အရောင်ရှိသော ဘုရားရှင်ကို။ ပဿ၊ ကြည့်ရှုလေလော့။

(ကောက+နဒ- တောခွေးအူသောပန်း၊ တောခွေးတို့သည် ရေလယ်၌ရှိသော ပဒုမ္မာကြာနီပန်းကို အမဲသားထင်၍ မစားရခြင်းကြောင့် အူကြသည်ဟူလို။ ပဒုမံ-ကို ဥသရဖျက်၍ကပ်၊ ပဒ္မံ- ဖြစ်၏။ ဝဏ္ဏသဒ္ဓိတည်း။)

ရှင်စူဠပန္ထက ဉာဏ်ထိုင်းရခြင်း၏ အတိတ်ကံ

ထိုစူဠပန္ထကသည် ကဿပဘုရားရှင် လက်ထက်တော် အခါ၌ ရဟန်းပြု၍ လျင်မြန်ထက်မြက်သော ပညာရှိတစ်ယောက် ဖြစ်ရကား ဉာဏ်နုံ့နှေးသော ရဟန်းတစ်ပါး၏ ပါဠိကို သင်ယူသောအခါ၌ ပြက်ရယ်မှုကို ပြသတတ်၊ ထိုဉာဏ်နုံ့နှေးသော ရဟန်းသည် ထိုပြက်ရယ်မှုဖြင့် ရှက်နိုးသည်ဖြစ်၍ ပါဠိကိုလည်း မသင်ယူ၊ ရွတ်အံ သရဇ္ဈာယ်ခြင်းကိုလည်း မပြုဝံ့ရှာလေ။ ထိုပြက်ရယ်မှုပြုသော အကုသိုလ်ကံကြောင့် ဤစူဠပန္ထကသည် ရှင်ပြုပြီးလျှင်ပြီးချင်း နုံ့နှေးသော ဉာဏ်ပညာရှိသောသူ ဖြစ်လေ၏။ သင်ယူအပ်တိုင်း သင်ယူအပ်တိုင်းသော ပုဒ်သည် အထက်အထက်ပုဒ်ကို သင်ယူစဉ် မေ့လျော့ပျောက်ပျက်လေ၏။ ထိုစူဠပန္ထကသည် ဤပဒ္မံစသော ဂါထာကိုသာလျှင် သင်ယူခြင်းငှာ လုံ့လပြုစဉ် လေးလတို့သည် ကုန်လွန်ကုန်၏။

ထိုအခါ စူဠပန္ထကကို မဟာပန္ထကသည် “ငါ့ညီ စူဠပန္ထက- သင်သည် ဤဘုရားသာသနာတော်၌ မထိုက်သောသူ ဖြစ်၏၊ လေးလတို့ဖြင့် တစ်ခုသောဂါထာကိုလည်း (နှုတ်တက်ရွရွ) သင်ယူခြင်းငှာ မတတ်နိုင်၊ ရဟန်းကိစ္စကိုကား အဘယ်မှာ အပြီးသို့ ရောက်စေနိုင်အံ့နည်း၊ ဤကျောင်းမှထွက်လော့”ဟု နှင်ထုတ်လေ၏။

စူဠပန္ထကသည်လည်း ဘုရားသာသနာတော်၌ အလွန် မြတ်နိုးခြင်းကြောင့် လူ၏အဖြစ်ကို မတောင့်တ။ ထိုအခါ၌လည်း မဟာပန္ထကသည် ဆွမ်းညွှန်ရဟန်းဖြစ်၏။ အဘယမင်းသား မွေးမြူအပ်သော ဇီဝကသည် များစွာသော ပန်းနံ့သာ နံ့သာပျောင်းကို ယူလျက် မိမိ၏ သရက်ဥယျာဉ်သို့လာ၍ မြတ်စွာဘုရားကို ပူဇော်ကာ တရားတော်ကို နာကြားပြီးလျှင် နေရာမှထ၍ ဘုရားရှင်ကို ရှိခိုးပြီးလျှင် မဟာပန္ထကမထေရ်သို့ကပ်၍ “အရှင်ဘုရား- ဘုရားရှင်အထံတော်၌ ရဟန်းတို့သည် အဘယ်မျှ ရှိကြပါကုန်သနည်း”ဟု မေးလျှောက်လေ၏။ “ရဟန်းငါးရာရှိ၏”ဟု မိန့်ဆိုလတ်သော် “နက်ဖြန် ဘုရားအမှူးရှိသော ငါးရာသော ရဟန်းတို့ကို ဆောင်ယူ၍ တပည့်တော်တို့၏ နေအိမ်၌ ဆွမ်းကို အလှူခံတော်မူကြပါဘုရား”ဟု လျှောက်လေ၏။ “ဒါယကာ- စူဠပန္ထကမည်သော ရဟန်းသည် နုံ့နှေးသောဉာဏ်ပညာ ရှိ၏၊ စည်ပင်ပြန့်ပြော ကြီးပွားခြင်း သဘောမရှိ၊ ထိုစူဠပန္ထကကို ချန်ထားခဲ့၍ ကြွင်းသော ရဟန်းတို့အား ဒါယကာ ပင့်ဖိတ်သည်ကို ဝန်ခံစေအံ့”ဟု မဟာပန္ထကမထေရ်သည် မိန့်ဆိုလေ၏။ စူဠပန္ထကမထေရ်သည် ထိုစကားကိုကြားလျှင် “ဤမဟာပန္ထကမထေရ်ကား ဤမျှလောက်ကုန်သော ရဟန်းတို့အား ပင့်ဖိတ်ခြင်းကို ဝန်ခံသည်ရှိသော် ငါ့ကိုအပပြု၍ ဝန်ခံ၏။ မချွတ်လျှင် ငါ၏နောင်တော်ကား ငါ့အပေါ်၌ စိတ်ပျက်သည် ဖြစ်လတ္တံ့၊ ယခုအခါ ငါ့အား ဤမြတ်စွာဘုရား သာသနာတော်ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လူဖြစ်၍ အလှူစသော ကောင်းမှုတို့ကို ပြုလျက် အသက်မွေးအံ့”ဟု ကြံစည်အောက်မေ့လေ၏။ ထိုစူဠပန္ထကမထေရ်သည် တစ်ဖန် မိုးသောက်သောနေ့၌ စောစောကသာလျှင် လူထွက်ခြင်းငှာ ထွက်ခွာသွားလေ၏။

မြတ်စွာဘုရားသည် နံနက်စောစောအခါ၌ လောကကို ကြည့်တော်မူသည်ရှိသော် ဤအကြောင်းကို မြင်တော်မူသဖြင့် ရှေးဦးစွာ ကြွသွားတော်မူပြီးလျှင် စူဠပန္ထက သွားရာခရီးဖြင့် တံခါးမုခ်ဦး၌ စင်္ကြံကြွတော်မူလျက် နေတော်မူလေ၏။ စူဠပန္ထကသည် သွားသည်ရှိသော် ဘုရားရှင်ကိုမြင်၍ ချဉ်းကပ်ကာ ရှိခိုးလျက်နေလေ၏။ ထိုအခါ စူဠပန္ထကကို ဘုရားရှင်သည် “ချစ်သား စူဠပန္ထက- ဤအစောကြီးအချိန်၌ သင် အဘယ်အရပ်သို့ သွားအံ့နည်း”ဟု မေးတော်မူ၏။ “မြတ်စွာဘုရား- တပည့်တော်ကို နောင်တော် မဟာပန္ထကသည် ကျောင်းမှ နှင်ထုတ်သောကြောင့် လူထွက်ခြင်းငှာ သွားပါအံ့”ဟု လျှောက်လေ၏။

စူဠပန္ထကမထေရ်နှင့် ရဇောဟရဏံ ကမ္မဋ္ဌာန်း

“စူဠပန္ထက- သင်၏ ရဟန်းအဖြစ်မည်သည်ကား ငါဘုရားအထံ၌ ဖြစ်၏။ သင့်နောင်တော် နှင်ထုတ်အပ်သည်ရှိသော် ငါဘုရားအထံသို့ အဘယ့်ကြောင့် မလာဘဲနေသနည်း၊ လာလှည့်၊ လူအဖြစ်ဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်း၊ ငါဘုရားအထံ၌ နေရလတ္တံ့”ဟု မိန့်တော်မူ၍ စက်လက္ခဏာအစုံဖြင့် ရေးမှတ်အပ်သော အပြင်ရှိသော လက်တော်ဖြင့် စူဠပန္ထက ဦးခေါင်းကို သုံးသပ်တော်မူလျက် ခေါ်ဆောင်သွားပြီးလျှင် ဂန္ဓကုဋိတံခါးမုခ်၌ နေစေ၍ “စူဠပန္ထက- အရှေ့အရပ်သို့ရှေးရှုမူ၍ ဤပုဆိုးပိုင်းကို “ရဇောဟရဏံ ရဇောဟရဏံ” (မြူကိုဆောင်သော အဝတ်၊ မြူကိုဆောင်သော အဝတ်)ဟု သုံးသပ်ဆုပ်နယ်လျက် ဤအရပ်၌သာ မြဲမြဲစွဲစွဲ နေရစ်လော့”ဟု မှာထားတော်မူ၍ တန်ခိုးတော်ဖြင့် ဖန်ဆင်းအပ်သော ဖြူစင်သော ပုဆိုးပိုင်းကို ပေးပြီးလျှင် ဆွမ်းဘုဉ်းပေးချိန်ကာလကို ကြားလျှောက်အပ်သည်ရှိသော် ရဟန်းအပေါင်းခြံရံလျက် ဇီဝက၏ အိမ်သို့ ကြွတော်မူ၍ ခင်းထားအပ်သော ဘုရားနေရာ၌ နေတော်မူလေ၏။ စူဠပန္ထကသည်လည်း နေကိုကြည့်လျက် ထိုပုဆိုးပိုင်းကို “ရဇောဟရဏံ ရဇောဟရဏံ” (မြူကိုဆောင်တတ်သော အဝတ်၊ မြူကိုဆောင်တတ်သော အဝတ်)ဟု သုံးသပ်ဆုပ်နယ်လျက် နေလေ၏။ ထိုပုဆိုးအပိုင်းသည် သုံးသပ်ဆုပ်နယ်စဉ် ညစ်နွမ်းခဲ့လေ၏။ ထို့နောက် ကြံစည်ပုံကား “ဤပုဆိုးအပိုင်းသည် အလွန်လျှင် ဖြူစင်လျက် ဤအတ္တဘောကိုမှီ၍ ရှေးသဘောကို စွန့်ပြီးလျှင် ဤသို့ ညစ်နွမ်းခြင်း ဖြစ်ရလေ၏။ ပြုပြင်ခြင်းသဘောရှိသော ဘုံသုံးပါး၌ ဖြစ်ဖြစ်သမျှ သင်္ခါရတရားတို့သည် မမြဲကုန်စွတကား”ဟု ကုန်ခြင်းပျက်ခြင်းကို စူးစမ်းဆင်ခြင်လျက် ဝိပဿနာကို ပွားများစေလေ၏။

စူဠပန္ထကမထေရ် ရဟန္တာဖြစ်ခြင်း

ဘုရားရှင်သည်လည်း စူဠပန္ထက၏ စိတ်သည် ဝိပဿနာသို့ တက်ပြီဟုသိ၍ “စူဠပန္ထက- သင်သည် ပုဆိုးပိုင်းကိုသာလျှင် ညစ်နွမ်း၏၊ မြူ, မြေမှုန့်ဖြစ်၍ဖြစ်၏ဟု အမှတ်သညာ မပြုလင့်၊ သင်၏ ကိုယ်တွင်း၌လည်း ရာဂမြူ စသည်တို့သည် ရှိကုန်၏၊ ထိုရာဂမြူ စသည်တို့ကို ပယ်လေလော့”ဟု မိန့်တော်မူပြီးလျှင် ရောင်ခြည်တော်လွှတ်တော်မူ၍ ရှေ့၌ ထိုင်နေတော်မူသကဲ့သို့ ထင်ရှားပြသော ကိုယ်ရှိသဖြင့် ဤဂါထာတို့ကို ဟောတော်မူလေ၏။

ရာဂေါ ရဇော န စ ပန ရေဏု ဝုစ္စတိ၊
ရာဂဿေတံ အဓိဝစနံ ရဇောတိ။
ဧတံ ရဇံ ဝိပ္ပဇဟိတွာန ဘိက္ခဝေါ၊
ဝိဟရန္တိ တေ ဝိဂတရဇဿ သာသနေ။
ဒေါသော ရဇော န စ ပန ရေဏု ဝုစ္စတိ၊
ဒေါသဿေတံ အဓိဝစနံ ရဇောတိ။
ဧတံ ရဇံ ဝိပ္ပဇဟိတွာန ဘိက္ခဝေါ။
ဝိဟရန္တိ တေ ဝိဂတရဇဿ သာသနေ။
မောဟော ရဇော န စ ပန ရေဏု ဝုစ္စတိ၊
မောဟဿေတံ အဓိဝစနံ ရဇောတိ။
ဧတံ ရဇံ ဝိပ္ပဇဟိတွာန ဘိက္ခဝေါ၊
ဝိဟရန္တိ တေ ဝိဂတရဇဿ သာသနေ။

ရဇော၊ ရဇဟူသည်။ ရာဂေါ၊ ငါးပါးအာရုံ ကာမဂုဏ်တို့ကို ခုံမင်တပ်မက် နှစ်သက်တတ်သော ရာဂပေတည်း။ ရေဏု ပန၊ မြူကိုသာလျှင်။ န စ ဝုစ္စတိ၊ မဆိုအပ်သေး။ ရဇောတိ ဧတံ၊ ရဇဟူသော ဤအမည်သည်။ ရာဂဿ၊ ငါးပါးအာရုံ ကာမဂုဏ်တို့ကို ခုံမင်တပ်မက် နှစ်သက်တတ်သော ရာဂ၏။ အဓိဝစနံ၊ အမည်ပေတည်း။ ဝိဂတရဇဿ၊ ရာဂမြူကင်းသော ဘုရား၏။ သာသနေ၊ သာသနာတော်၌။ ဘိက္ခဝေါ၊ သံသရာဘေးကို ရှုဆင်ခြင်လေ့ရှိကုန်သော။ ယေ၊ အကြင်ရဟန်းတို့သည်။ အတ္ထိ-သန္တိ၊ ရှိကုန်၏။ တေ၊ ထိုရဟန်းတို့သည်။ ဧတံ ရဇံ၊ ဤရာဂတည်းဟူသော မြူကို။ ဝိပ္ပဇဟိတွာန၊ ပယ်စွန့်၍။ ဝိဟရန္တိ၊ နေကြကုန်၏။

ရဇော၊ ရဇဟူသည်။ ဒေါသော၊ မျက်ကြုတ်ကိုးတန် ဖွဲ့ပြန်မပျက် အမျက်ဒေါသပေတည်း။ ရေဏု ပန၊ မြူကိုသာလျှင်။ န စ ဝုစ္စတိ၊ မဆိုအပ်သေး။ ရဇောတိ ဧတံ၊ ရဇဟူသော ဤအမည်သည်။ ဒေါသဿ၊ ဖျက်ဆီးတတ်သော ဒေါသ၏။ အဓိဝစနံ၊ အမည်ပေတည်း။ ဝိဂတရဇဿ၊ ဒေါသမြူကင်းသော ဘုရား၏။ သာသနေ၊ သာသနာတော်၌။ ဘိက္ခဝေါ၊ သံသရာဘေးကို ရှုဆင်ခြင်လေ့ရှိကုန်သော။ ယေ၊ အကြင်ရဟန်းတို့သည်။ အတ္ထိ-သန္တိ၊ ရှိကုန်၏။ တေ၊ ထိုရဟန်းတို့သည်။ ဧတံ ရဇံ၊ ဤဒေါသတည်းဟူသော မြူကို။ ဝိပ္ပဇဟိတွာန၊ ပယ်စွန့်၍။ ဝိဟရန္တိ၊ နေကြကုန်၏။

ရဇော၊ ရဇဟူသည်။ မောဟော၊ တွေဝေမိုက်မဲခြင်း မောဟ ပေတည်း။ ရေဏု ပန၊ မြူကိုသာလျှင်။ န စ ဝုစ္စတိ၊ မဆိုအပ်သေး။ ရဇောတိ ဧတံ၊ ရဇဟူသော ဤအမည်သည်။ မောဟဿ၊ မိုက်မဲတွေဝေခြင်း မောဟ၏။ အဓိဝစနံ၊ အမည်ပေတည်း။ ဝိဂတရဇဿ၊ မောဟမြူကင်းသော ဘုရား၏။ သာသနေ၊ သာသနာတော်၌။ ဘိက္ခဝေါ၊ သံသရာဘေးကို ရှုဆင်ခြင်လေ့ရှိကုန်သော။ ယေ၊ အကြင်ရဟန်းတို့သည်။ အတ္ထိ-သန္တိ၊ ရှိကုန်၏။ တေ၊ ထိုရဟန်းတို့သည်။ ဧတံ ရဇံ၊ ဤမောဟတည်းဟူသော မြူကို။ ဝိပ္ပဇဟိတွာန၊ ပယ်စွန့်၍။ ဝိဟရန္တိ၊ နေကြကုန်၏။

ဤဂါထာတို့ကို ဟောတော်မူပြီးသည်အဆုံး၌ စူဠပန္ထ ကသည် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ထိုစူဠပန္ထကအား ပဋိသမ္ဘိဒါတို့နှင့် တကွသာလျှင် ပိဋကတ်သုံးပုံတို့သည် နှုတ်၌ လာကုန်၏။

စူဠပန္ထကမထေရ် တန်ခိုးပြခြင်း

ထိုစူဠပန္ထကသည် ရှေးအခါ၌ ပြည့်ရှင်မင်းကြီးဖြစ်၍ မြို့ကို လက်ယာရစ် လှည့်လည်သည်ရှိသော် နဖူးမှ ချွေးယိုထွက်သောအခါ စင်ကြယ်သော အဝတ်ဖြင့် နဖူးစွန်းကို သုတ်လေ၏။ အဝတ်သည် ညစ်နွမ်းခဲ့လေ၏။ ထိုပြည့်ရှင်မင်းသည် “ဤကိုယ်ကိုမှီ၍ ဤသို့သဘောရှိသော စင်ကြယ်သော အဝတ်သည် ပကတိ စင်ကြယ်သောသဘောကို စွန့်၍ ညစ်နွမ်းရလေ၏၊ သင်္ခါရတရားတို့သည် မမြဲကုန်စွတကား”ဟု အနိစ္စသညာကို ရဖူးလေ၏။ ထိုအကြောင်းကြောင့် ရဇောဟရဏ ကမ္မဋ္ဌာန်းသည်ပင် ထိုအရှင်စူဠပန္ထက၏ အကြောင်းအထောက်အပံ့ ဖြစ်လေ၏။ အဘယမင်းသား မွေးမြူအပ်သော ဇီဝကသည်လည်း ဘုရားရှင်အား အလှူရေစက်ကို ဆက်ကပ်သော် ဘုရားရှင်သည် “ဇီဝက- ကျောင်း၌ ရဟန်းတို့ ရှိကုန်သေးသည် မဟုတ်လော”ဟု မိန့်တော်မူ၍ လက်တော်ဖြင့် သပိတ်ကို ပိတ်တော်မူလေ၏။ ထိုအခါ မဟာပန္ထက မထေရ်သည် “မြတ်စွာဘုရား- ကျောင်းတော်၌ ရဟန်းတို့ မရှိပါပြီဘုရား”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် “ဒါယကာ ဇီဝက- ရှိသေး၏”ဟု မိန့်တော်မူပြန်သဖြင့် ဇီဝကသည် “ထိုသို့ဖြစ်မူ အချင်းယောက်ျား- သွားတဲ့ချေ၊ ကျောင်းတော်၌ ရဟန်းတို့သည် ရှိသည်အဖြစ်, မရှိသည်အဖြစ်ကို သင်ကိုယ်တိုင် သိအောင်ပြုလော့”ဟု ယောက်ျားတစ်ယောက်ကို စေလွှတ်လိုက်လေ၏။

ထိုခဏ၌ အရှင်စူဠပန်သည် “ငါ၏နောင်တော်သည် ကျောင်းတော်၌ ရဟန်းမရှိဟု ဆိုလေပြီ၊ ကျောင်း၌ ရဟန်းရှိသည့်အဖြစ်ကို ထိုသူအား ပြအံ့”ဟု သရက်ဥယျာဉ်တစ်ခုလုံးကို ရဟန်းတို့ဖြင့်သာလျှင် ပြည့်စေ၏။ အချို့သော ရဟန်းတို့သည် သင်္ကန်းချုပ်ခြင်းအမှု ပြုကြကုန်၏။ အချို့သော ရဟန်းတို့ကား သင်္ကန်းဆိုးခြင်းအမှု ပြုကြကုန်၏။ အချို့သော ရဟန်းတို့ကား သရဇ္ဈာယ်ခြင်းကို ပြုကြကုန်၏။ ဤသို့သောနည်းဖြင့် အချင်းချင်း မတူအောင် ရဟန်းတစ်ထောင်ကို ဖန်ဆင်းလေ၏။ ထိုစေလိုက်သော ယောက်ျားသည် ကျောင်း၌ များစွာသောရဟန်းကို မြင်၍ ပြန်လည်ခဲ့ပြီးလျှင် “သခင်- သရက်ဥယျာဉ် တစ်ခုလုံးသည် ရဟန်းတို့ဖြင့် ပြည့်၏”ဟု သမားတော်ဇီဝကအား ပြောကြားလေ၏။ မထေရ်သည်လည်း ထိုအရပ်၌လျှင်-

သဟဿက္ခတ္တုံ အတ္တာနံ၊ နိမ္မိနိတွာန ပန္ထကော။
နိသီဒမ္ဗဝနေ ရမ္မေ၊ ယာဝ ကာလပ္ပဝေဒနာ။

ပန္တကော၊ စူဠပန္ထက မထေရ်သည်။ အတ္တာနံ၊ မိမိကိုယ်ကို။ သဟဿက္ခတ္တုံ၊ ရဟန်းတစ်ထောင်ဖြစ်အောင်။ နိမ္မိနိတွာန၊ ဖန်ဆင်း၍။ ယာဝ ကာလပ္ပဝေဒနာ၊ ဆွမ်းဘုဉ်းပေးချိန် ရောက်သောကာလ ပြောကြားသည်တိုင်အောင်။ ရမ္မေ၊ နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော။ အမ္ဗဝနေ၊ သရက်ဥယျာဉ်တော်၌။ နိသီဒိ၊ နေတော်မူလေပြီ။

ထိုအခါ မြတ်စွာဘုရားသည် ပင့်လွှတ်သော ယောက်ျားကို “ကျောင်းသို့သွား၍ စူဠပန်မည်သော မထေရ်ကို ဘုရားခေါ်တော်မူ၏ဟူ၍ ဆိုချေလော့”ဟု မိန့်တော်မူလိုက်၏။ ထိုယောက်ျားသည် သွား၍ ဘုရားမိန့်တော်မူတိုင်း ဆိုလတ်သော် “ငါ စူဠပန်၊ ငါ စူဠပန်”ဟု ခံတွင်းတစ်ထောင်လုံး မိန့်မြွက်ကာ ထကြလေကုန်၏။ ထိုယောက်ျားလည်း ပြန်သွား၍ “မြတ်စွာဘုရား- အလုံးစုံသော ရဟန်းတို့သည်လည်း စူဠပန် မည်သည်သာတည်း”ဟု လျှောက်ပြန်သော် “ထိုသို့ဖြစ်မူ သွား၍ ငါစူဠပန်ဟု ရှေးဦးစွာဆိုသော ရဟန်းကို လက်၌ ကိုင်လော့၊ ကြွင်းသော ရဟန်းတို့သည် ကွယ်ပျောက်ကုန်လတ္တံ့”ဟု မိန့်တော်မူလေ၏။ ထိုယောက်ျားလည်း ကျောင်းသို့ ပြန်သွား၍ ဘုရားမိန့်တော်မူတိုင်း ပြုသောခဏ၌ တစ်ထောင်မျှလောက်သော ရဟန်းတို့သည် ကွယ်ပျောက်ကုန်၏။ စူဠပန္ထကမထေရ်လည်း ထိုယောက်ျားနှင့် အတူတကွ ကြွသွားလေ၏။ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးသောအဆုံး၌ ဇီဝကကို ခေါ်တော်မူ၍ “ဇီဝက- စူဠပန်၏သပိတ်ကို ယူလော့၊ ဤစူဠပန္ထကသည် သင့်အား တရားဟောလတ္တံ့”ဟု မိန့်တော်မူ၏။ ဇီဝကလည်း ဘုရားမိန့်တော်မူတိုင်း ပြုလေ၏။ စူဠပန္ထ ကသည် ခြင်္သေ့မင်း၏ အသံကဲ့သို့ ရဲရင့်သောအသံကိုမြည်လျက် ခြင်္သေ့ပျိုကဲ့သို့ သုံးပုံသော ပိဋကတ်တို့ဖြင့် မွှေနှောက်ချောက်ချား၍ တရားဟောခြင်းကို ပြုတော်မူလေသတည်း။

ရှင်စူဠပန်နှင့်စပ်သော စကားပြောရာ အစည်းအဝေးသို့ မြတ်စွာဘုရား ကြွတော်မူခြင်း

မြတ်စွာဘုရားလည်း နေရာမှထတော်မူ၍ ရဟန်းသံဃာအပေါင်း ခြံရံလျက် ကျောင်းတော်သို့ကြွ၍ ရဟန်းတို့သည် ကျင့်ဝတ်ကို ပြုအပ်သည်ရှိသော် နေရာမှထတော်မူ၍ ဂန္ဓကုဋိမုခ်ဦး၌ ရပ်တော်မူလျက် ရဟန်းသံဃာအပေါင်းအား ဘုရားအဆုံးအမကို ပေးတော်မူပြီးလျှင် ကမ္မဋ္ဌာန်းတရားကို ဟောကြားတော်မူ၍ ရဟန်းအပေါင်းကို လွှတ်လိုက်ပြီးမှ အလွန်ကောင်းသော နံ့သာတို့ဖြင့် မွှေးကြိုင်လှသော ပန်းအပေါင်းတို့ဖြင့် ထုံအပ်သော ဂန္ဓကုဋိတိုက်သို့ ဝင်တော်မူ၍ လက်ယာနံပါးဖြင့် မြတ်သော ကျိန်းစက်ခြင်းသို့ ရောက်တော်မူလေ၏။ ဝါ- ကျိန်းစက်တော်မူလေ၏။

ထို့နောက် ညချမ်းသောအခါ၌ ရဟန်းတို့သည် ထိုမှဤမှ ပေါင်းဆုံကြသဖြင့် နီမြန်းသော ကမ္ဗလာတင်းတိမ်ကို ထက်ဝန်းကျင် ကာရံဘိသကဲ့သို့ ထိုင်နေတော်မူကြကုန်လျက် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်နှင့်စပ်သော စကားကို အားထုတ် ပြောဆိုကြလေကုန်၏။ “ငါ့ရှင်တို့- မဟာပန္ထကသည် စူဠပန္ထက၏ အလိုအဇ္ဈာသယကို မသိသောကြောင့် လေးလတို့ဖြင့် တစ်ခုသောဂါထာကို သင်ယူခြင်းငှာ မတတ်နိုင်၊ “ဤသူသည်ကား နုံ့နှေးသော ဉာဏ်ပညာရှိသောသူတည်း”ဟု ကျောင်းမှ နှင်ထုတ်ခဲ့၏။ မြတ်စွာဘုရားသည်ကား ကိုယ်တော်မြတ်၏ အတုမရှိသော တရားမင်း ဖြစ်တော်မူခြင်းကြောင့် ဤစူဠပန်မထေရ်အား ဆွမ်းစားခြင်း၏အကြား တစ်ခုသော ကာလ၌သာလျှင် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်ကို ကယ်မ ပေးသနားတော်မူပေ၏၊ သုံးပုံသော ပိဋကတ်တို့သည်လည်း ပဋိသမ္ဘိဒါတို့နှင့် တကွသာလျှင် နှုတ်၌ လာကုန်၏၊ ဘုရားရှင်တို့၏ အားအစွမ်းအာနုဘော်မည်သည်ကား ကြီးမြတ်လှ၏၊ အံ့ဩ၍ မကုန်နိုင်”ဟု ပြောဆိုကြလေကုန်၏။

ထိုအခါ တရားသဘင်၌ ဤသို့သော စကားဖြစ်သည်ကို မြတ်စွာဘုရား သိတော်မူသဖြင့် “ယခုအခါ ငါဘုရားသည် တရားသဘင်သို့ ကြွသွားခြင်းငှာ သင့်လျော်လျောက်ပတ်၏”ဟု ကြံတော်မူကာ မြတ်သော ကျိန်းစက်ရာမှ ထတော်မူပြီးလျှင် ကောင်းစွာဆိုးအပ်သော နှစ်ထပ်ရှိသော သင်းပိုင်တော်ကို ပြင်ဝတ်တော်မူ၍ လျှပ်စစ်နွယ်ကဲ့သို့ တင့်တယ်သော ခါးပန်းတော်ကို ဖွဲ့တော်မူ၍ ကမ္ဗလာနီနှင့်တူသော မြတ်စွာဘုရား၏ ကိုယ်ရုံသင်္ကန်းတော်ကြီးကို ခြုံရုံတော်မူ၍ မွှေးကြိုင်သင်းပျံ့ ပန်းရနံ့ရှိသော ဂန္ဓကုဋိတိုက်တော်မှ ထွက်ကြွတော်မူခဲ့ပြီးလျှင် အမုန်ယစ်သော ဆင်မင်းကဲ့သို့ ခြင်္သေ့မင်း၏ စံပယ်တင့်တယ်ခြင်းအားဖြင့် အဆုံးမရှိသော ဘုရားရှင်တို့၏ တင့်တယ်ခြင်းဖြင့် တရားသဘင်သို့ ကြွသွားတော်မူ၍ တန်ဆာဆင်အပ်သော မဏ္ဍပ်ဇရပ် တန်ဆောင်းအလယ်၌ ကောင်းစွာခင်းထားအပ်သော မြတ်သော ဘုရားနေရာတော်ထက်သို့ တက်တော်မူပြီးသော် ခြောက်ပါးသော အဆင်းရှိသော ဘုရားရှင်၏ ရောင်ခြည်တော်တို့ကို လွှတ်တော်မူလျက် သမုဒြာ၏ဝမ်းပြင်ကို ချောက်ချားစေသကဲ့သို့လည်းကောင်း၊ ယုဂန္ဓိုရ်တောင်ထိပ်၌ ထွက်ပေါ်စဖြစ်သော နေလုလင်ပျိုကဲ့သို့လည်းကောင်း နေရာအလယ်၌ သီတင်းသုံး စံနေတော်မူလေ၏။

မြတ်စွာဘုရား ကြွရောက်တော်မူကာမျှ၌ပင် ရဟန်းသံဃာ အပေါင်းသည် စကားဖြတ်၍ ဆိတ်ဆိတ်နေလေ၏။ မြတ်စွာဘုရားသည်ကား နူးညံ့လှစွာသော မေတ္တာစိတ်ဖြင့် ပရိသတ်ကို ကြည့်တော်မူ၍ “ဤပရိသတ်သည် အလွန်လျှင် တင့်တယ်ပေ၏။ ရဟန်းတစ်ပါးအားမျှလည်း လက်လှုပ်ခြင်းသည်လည်းကောင်း၊ ခြေလှုပ်ခြင်းသည်လည်းကောင်း၊ ချောင်းဟန့်သံသည်လည်းကောင်း၊ ချေဆတ်သံသည်လည်းကောင်း မရှိခဲ့တကား၊ အလုံးစုံသော ဤရဟန်းတို့သည် ဘုရား၌ရိုသေခြင်းဖြင့် ကောင်းစွာရိုသေခြင်း ရှိကြကုန်၏။ ဘုရား၏ တန်ခိုးရှိန်စော် အာနုဘော်ဖြင့် ခြိမ်းခြောက်အပ်ကုန်သည်ဖြစ်၍ ငါဘုရားသည် အာယုကပ်ပတ်လုံး(အသက်ဆုံးအောင်)လည်း စကားမဆိုမူ၍ နေတော်မူလတ်သည်ရှိသော် ရှေးဦးစွာ စကားကိုဖြစ်စေ၍ မပြောမဆိုကြကုန်လတ္တံ့၊ စကားကို ဖြစ်စေတတ်သော ဝတ်မည်သည်ကို ငါဘုရားသည်ပင် သိအပ်ပေ၏။ ငါဘုရားသည်သာလျှင် ရှေးဦးစွာ စတင် ပြောဆိုပေအံ့”ဟု ဗြဟ္မာမင်း၏အသံကဲ့သို့ ချိုမြိန်သာယာသော အသံတော်ဖြင့် ရဟန်းတို့ကိုခေါ်တော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု ပြောဆို၍ “အပြီးအဆုံးသို့ မရောက်သေးသော ငါမလာမီအကြား၌ဖြစ်သော စကားကား အဘယ်စကားပေနည်း”ဟု မေးတော်မူသဖြင့် “ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏”ဟု လျှောက်ထားသောအခါ “ချစ်သား ရဟန်းတို့- စူဠပန္ထကသည် ယခုအခါ၌သာလျှင် နုံ့နှေးသော ပညာရှိသည်မဟုတ်သေး၊ ရှေးအခါ၌လည်း နုံ့နှေးသောပညာ ရှိသည်သာလျှင်တည်း၊ သက်သက် ယခုအခါ၌သာလျှင် ငါဘုရားသည် ဤစူဠပန္ထက၏ မှီခိုကိုးကွယ်ရာ ဖြစ်ဖူးသည်မဟုတ်သေး၊ ရှေးအခါ၌လည်း မှီခိုကိုးကွယ်ရာ ဖြစ်ဖူးသည်သာလျှင်တည်း၊ ရှေး၌သော်ကား ငါဘုရားသည် ဤစူဠပန္ထကကို လောကီဥစ္စာစု၏ အရှင်သခင်ဖြစ်အောင် ပြုခဲ့ဖူး၏၊ ယခုအခါ၌ကား လောကုတ္တရာဥစ္စာ၏ အရှင်သခင်ဖြစ်အောင် ပြုတော်မူရ၏”ဟု မိန့်တော်မူ၍ ထိုအကြောင်းကို အကျယ်အားဖြင့် မှတ်သားနာကြားလိုသော ရဟန်းတို့သည် ရိုသေညွှတ်ပျောင်း တောင်းပန်အပ်သည်ဖြစ်ရကား လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။

ရှင်စူဠပန်၏ အတိတ်ဝတ္ထု

ချစ်သားရဟန်းတို့- ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌နေသော လုလင်တစ်ယောက်သည် အတတ်ပညာ သင်ကြားခြင်းငှာ တက္ကသိုလ်ပြည်သို့သွား၍ ဒိသာပါမောက္ခ ဆရာ့အထံ၌ စာသင်သားအတွင်းနေ တပည့်ရင်းဖြစ်၍ ငါးရာသော လုလင်တို့၏အတွင်း၌ ဆရာအား အလွန်ကျေးဇူးများသော တပည့်တစ်ယောက် ဖြစ်လေ၏။ ခြေလက်ဆုပ်နယ်ခြင်း အစရှိသော အလုံးစုံသော ကိစ္စတို့ကို ပြုလေ့ရှိ၏။ သို့ရာတွင် နုံ့နှေးသော ပညာရှိသည်၏အဖြစ်ကြောင့် တစ်စုံတစ်ခုသော အတတ်ပညာကို သင်ယူခြင်းငှာ မစွမ်းနိုင်ပေ။ ဒိသာပါမောက္ခ ဆရာကြီးကလည်း “ဤတပည့်သည်ကား ငါ့အား များစွာ ကျေးဇူးရှိ၏၊ ထိုတပည့်ကို တတ်မြောက်အောင် သင်ပေးအံ့”ဟု လုံ့လပြုပါသော်လည်း တစ်စုံတစ်ခုသော အတတ်ကိုမျှ တတ်မြောက်စေခြင်းငှာ မစွမ်းနိုင်၊ ထိုလုလင်သည် ကြာမြင့်စွာနေပါလျက် တစ်ဂါထာကိုမျှလည်း သင်ယူခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ ငြီးငွေ့သဖြင့် “ပြန်သွားတော့အံ့”ဟု ဆရာကို ပန်ကြား ခွင့်တောင်းလေ၏။

ဒိသာပါမောက္ခ ဆရာသည်လည်း “ဤတပည့်သည် ငါ့အား ကျေးဇူးကြီးလှ၏။ ထိုတပည့်၏ ပညာရှိဖြစ်ခြင်းကို အမြဲမပြတ် ငါတောင့်တ၏၊ ထိုသို့ တောင့်တပါသော်လည်း အတတ်ပညာ အထမြောက်အောင် ပြုခြင်းငှာ မစွမ်းနိုင်၊ စင်စစ်မုချ ငါသည် ဤတပည့်အား ကျေးဇူးတုံ့ ဆပ်ခြင်းကို ပြုခြင်းငှာ ထိုတပည့်အား တစ်ခုသောမန္တန်ကို ဖွဲ့သီကုံး၍ ပေးလိုက်အံ့”ဟု ကြံပြီးလျှင် ဒိသာပါမောက္ခဆရာသည် ထိုတပည့်လုလင်ကို တောသို့ခေါ်ဆောင်၍ “ဃဋ္ဋေသိ ဃဋ္ဋေသိ၊ ကိံကာရဏာ ဃဋ္ဋေသိ၊ အဟမ္ပိ တံ ဇာနာမိ”ဟူသော ဤမန္တန်ကို ဖွဲ့သီကုံး၍ သင်ယူစေပြီးသော် အကြိမ်တစ်ရာမက များစွာအပြန်ပြန် အခေါက်ခေါက် သရဇ္ဈာယ်စေ၍ အသင့်ဉာဏ်၌ ထင်ပြီလော (ရပြီလာ)”ဟု မေး၍ “ထင်ပါပြီ (ရပါပြီ)”ဟု ဆိုသည်ရှိသော် “နုံ့နှေးသော ပညာရှိသောသူမည်သည်ကား လုံ့လပြု၍ လေ့ကျက်အပ်သော အတတ်သည် မပြေးထွက် မပျောက်ပျက်နိုင်”ဟု ကြံ၍ ခရီးလမ်းစာ ရိက္ခာပေး၍ “သွားလေလော့၊ ဤမန္တန်ကိုမှီ၍ အသက်မွေးရပေလတ္တံ့။ မန္တန် မပျောက်မရွေ့ မမေ့စိမ့်သောငှာ အမြဲမပြတ် ရွတ်အံသရဇ္ဈာယ်ခြင်းကို ပြုလေလော့”ဟု ပြောဆိုမှာထားပြီးမှ လွှတ်လိုက်လေ၏။ ထိုလုလင်၏ မိခင်သည်လည်း ဗာရာဏသီပြည်သို့ ရောက်သောအခါ “ငါ့သားသည် အတတ်ပညာကို သင်ယူ၍ ပြန် လာသည်”ဟု ကြီးစွာ ချီးမြှင့်ခြင်းကို ပြုပေသည်။

ဗာရာဏသီမင်းသည် မန္တန်ကို တစ်ထောင်ပေး၍ သင်ယူခြင်း

ထိုအခါ ဗာရာဏသီမင်းကြီးသည် “ငါ့အား ကာယကံ စသည်တို့၌ တစ်စုံတစ်ခုသော အပြစ်သည် ရှိလေသလော”ဟု ဆင်ခြင်သည်ရှိသော် မိမိ၏ မလျောက်ပတ်သောအမှု တစ်စုံတစ်ခု ပြုမိသည်ကို မမြင်မူ၍ “မိမိ၏ အပြစ်မည်သည်ကား မိမိအား မထင်ပေ၊ သူတစ်ပါးတို့အားကား ထင်မြင်တတ်၏။ ပြည်သူပြည်သား အပေါင်းတို့ကို စူးစမ်းအံ့”ဟု ကြံ၍ ညဉ့်အခါ မထင်ရှားသောအသွင်ဖြင့် ထွက်၍ “ညစာထမင်းစား၍ နေသောသူတို့၏ စကားပြောခြင်းမည်သည် အထူးထူးအပြားပြား ဖြစ်တတ်၏။ ငါသည် မတရားသဖြင့် မင်းပြုသည်ဖြစ်အံ့၊ မင်းကျင့်တရားဆယ်ပါးကို မစောင့်သော မင်းယုတ်မာသည် ဒဏ်ပေးခြင်း၊ အခွန်ယူခြင်း စသည်တို့ဖြင့် ဖျက်ဆီးသည်ဟု ဆိုကုန်လတ္တံ့၊ တရားနှင့်အညီ မင်းအဖြစ်ကို ပြုသည်ဖြစ်အံ့၊ ငါတို့မင်းသည် ရှည်သောအသက် ရှိပါစေ အစရှိသော စကားတို့ကို ဆို၍ ငါ၏ ဂုဏ်ကျေးဇူးကို ဆိုကုန်လတ္တံ့”ဟု ထိုထိုအိမ်တို့၏နံရံသို့ အစဉ်လျှောက်သဖြင့် သွားလာလှည့်ပတ်လေ၏။ ထိုခဏ၌ ဥမင်သူခိုးတို့သည် အိမ်နှစ်ခုတို့၏ အကြား ဥမင်ကို တူးဖောက်ဖျက်ဆီး၍ ဥမင်တစ်ခုတည်းဖြင့်သာ နှစ်ဆောင်သောအိမ်တို့ကို ဝင်ခြင်းငှာ တူးကြကုန်၏။ မင်းကြီးသည် ထိုသူခိုးတို့ကိုမြင်၍ အိမ်အရိပ်၌ ရပ်နေလေ၏။ ထိုသူခိုးတို့ ဥမင်ဖောက်၍ အိမ်သို့ဝင်၍ ဥစ္စာဘဏ္ဍာကို ကြည့်သောအခါ လုလင်နိုး၍ ထိုမန္တန်ကို ရွတ်ဖတ်သရဇ္ဈာယ်လိုရကား-

<(b>“ဃဋ္ဋေသိ ဃဋ္ဋေသိ၊ ကိံကာရဏာ ဃဋ္ဋေသိ၊ အဟမ္ပိ တံ ဇာနာမိ”ဟု ရွတ်ဆိုလေ၏။ တွံ၊ သင်သည်။ ဃဋ္ဋေသိ၊ ချတ်ချယ်ပြစ်မှားဘိ၏။ ဃဋ္ဋေသိ၊ ချတ်ချယ်ပြစ်မှားဘိ၏။ ကိံကာရဏာ၊ အဘယ်အကြောင်းကြောင့်။ ဃဋ္ဋေသိ၊ ချုတ်ချယ်ပြစ်မှားဘိသနည်း။ အဟမ္ပိ၊ ငါသည်လည်း။ တံ၊ ထိုအကြောင်းကို။ ဇာနာမိ၊ သိ၏။ ဤကားအနက်။)

သူခိုးတို့လည်း ထိုမန္တန်ရွတ်သံကြား၍ “လုလင်သည် ငါတို့၏ အမူအရာကို သိသွားပြီ၊ ယခုအခါ ငါတို့ကို ရိုက်ပုတ် ဖျက်ဆီးလတ္တံ့”ဟု အောက်မေ့လျက် ကိုယ်တွင်ဝတ်သော အဝတ်ပုဆိုးတို့ကိုမျှလည်း မယူနိုင်၊ စွန့်လွှတ်လျက် ကြောက်လန့်တကြား မျက်နှာရှေးရူမူရာ အရပ်သို့သာလျှင် ထွက်ပြေး တိမ်းရှောင်ကြကုန်၏။ မင်းလည်း ပြေးလေသော ထိုသူခိုးတို့ကို မြင်၍လည်းကောင်း၊ လုလင်၏ မန္တန် သရဇ္ဈာယ်သံကို ကြား၍လည်းကောင်း လုလင်နေသော အိမ်ကိုသာ မှတ်သားပြီးလျှင် ပြည်သူပြည်သား အပေါင်းကိုစူးစမ်းလျက် နန်းတော်သို့ ဝင်တော်မူလေ၏။ ထိုမင်းလည်း နံနက်မိုးသောက် ရောက်သည်ရှိသော် စောစောကလျှင် ယောက်ျားတစ်ယောက်ကိုခေါ်၍ “အချင်း- သွားချေ၊ ဤအမည်ရှိသော လမ်းခရီးဝယ် အကြင်အိမ်၌ ဥမင်သည် ပျက်စီး၏၊ ထိုအိမ်၌ တက္ကသိုလ်ပြည်မှ အတတ်သင်၍ ပြန်လည်ရောက်လာသော လုလင်ရှိ၏၊ ထိုလုလင်ကို ခေါ်ဆောင်ချေ”ဟု စေလွှတ်တော်မူ၏။ ထိုမင်းချင်းယောက်ျားလည်း လျင်မြန်စွာသွား၍ “သင့်ကို ပြည့်ရှင်မင်း ခေါ်တော်မူသည်”ဟု ပြောဆိုကာ လုလင်ကို ခေါ်ဆောင်လေ၏။ ထိုအခါ မင်းသည် “အမောင်- သင် တက္ကသိုလ်ပြည်မှ အတတ်သင်၍ ရောက်လာသောလုလင် မဟုတ်လော”ဟု မေးတော်မူသည်ရှိသော် “အရှင်မင်းကြီး- မှန်လှပါသည်”ဟု လျှောက်လျှင် “သင်၏ ထိုအတတ်ကို ငါတို့အားလည်း ပေးလော့”ဟု ဆို၏။ “အရှင်မင်းကြီး- ကောင်းပါပြီ၊ တူမျှသောနေရာ၌ နေ၍ သင်ယူတော်မူပါ”ဟု ဆိုသဖြင့် မင်းကြီးလည်း ထိုဆိုတိုင်းပြု၍ မန္တန်ကို သင်ယူပြီးသည်ရှိသော် “ဤသည်ကား သင်၏ဆရာအဖို့ (ဆရာစား)”ဟု တစ်ထောင်သောဥစ္စာကို ပေးကမ်းချီးမြှောက်လေ၏။

ဃဋ္ဋေသိမန္တန်ဆရာ စစ်သူကြီးဖြစ်ခြင်း

ထိုအခါ စစ်သူကြီးသည် မင်းကြီး၏ ဆတ္တာသည်ကို “အဘယ်အခါ မင်းကြီး မုတ်ဆိတ်ရိပ်အံ့နည်း”ဟု ဆို၏။ “နက်ဖြန်သန်ဘက် မုတ်ဆိတ်ရိတ်လတ္တံ့”ဟု ဆိုလေလျှင် စစ်သူကြီးသည် ထိုဆတ္တာသည်အား တစ်ထောင်သော ဥစ္စာတို့ကိုပေး၍ “ငါတို့အား ပြုဖွယ်ကိစ္စရှိသည်”ဟုဆိုသဖြင့် “ဤတစ်ထောင်သော ဥစ္စာဖြင့် အဘယ်အမှုကို ပြုရပါအံ့နည်း”ဟု မေးလတ်သော် “မင်းကြီးအား မုတ်ဆိတ်ပယ်ယောင်ဆောင်လျက် သင်တုန်းကို အလွန်ထက်အောင် သွေးပြီးလျှင် လည်ချောင်းရေမျိုကို ဖြတ်လော့၊ ငါ မင်းဖြစ်သည်ရှိသော် သင် စစ်သူကြီးဖြစ်လတ္တံ့”ဟု ဆိုလေ၏။ ထိုဆတ္တာသည်သည်လည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ မင်းကြီးအား မုတ်ဆိတ်ပယ်အံ့သောနေ့၌ နံ့သာရေဖြင့် မုတ်ဆိတ်ကိုဆွတ်၍ သင်တုန်းကို ကျင်းလျက်(ခတ်လျက်) နဖူးပြင်ဆံစပ်ကိုကိုင်၍ “ဤသင်တုန်းကား အနည်းငယ်တုံးသေး၏။ တစ်ချက်တည်းဖြင့်သာလျှင် ရေမျိုပြတ်အောင် ဖြတ်သင့်၏”ဟု တစ်ဖန် တစ်ခုသောနေရာ၌ သင်တုန်းကို သွေးပြန်၏။ ထိုခဏ၌ မင်းသည် မိမိ၏မန္တန်ကို အောက်မေ့၍ သရဇ္ဈာယ်လိုရကား “ဃဋ္ဋေသိ ဃဋ္ဋေသိ၊ ကိံ ကာရဏာ ဃဋ္နေသိ၊ အဟမ္ပိ တံ ဇာနာမိ” ဟူသော ဂါထာမန္တန်ကို ရွတ်ဆိုလေ၏။ ဆတ္တာသည်ကား ထိုမန္တန်ရွတ်သံကြားလျှင် နဖူးပြင်မှချွေးတို့သည် ယိုထွက်ကုန်သည်ဖြစ်၍ ထိုဆတ္တာသည် “ငါ့အကြောင်းကို မင်းကြီးသည် သိချေပြီ”ဟု ကြောက်လန့်တကြား သင်တုန်းကို မြေ၌ပစ်ချပြီးလျှင် မင်းကြီး၏ခြေရင်း၌ ရင်ဖြင့်ဝပ်၍ နေလေ၏။ မင်းတို့မည်သည် လိမ္မာပါးနပ်ကုန်သည်ဖြစ်ရကား ဆတ္တာသည်ကို “ဟယ်... ယုတ်မာလှသော ဆတ္တာသည်- ငါသို့သောမင်းကို ဤမင်းကြီးသည် မသိဟူ၍ မှတ်ထင်သလော”ဟု ကြိမ်းမောင်းတော်မူလေ၏။

ထိုအခါ ဆတ္တာသည်လည်း “အရှင်မင်းကြီး- ကျွန်တော်မျိုးအား အသက်ဘေးမဲ့ပေးတော်မူပါ”ဟု လျှောက်လတ်သော် “အသင်တောင်းသောအတိုင်းဖြစ်စေ၊ မကြောက်လင့်၊ အမှန်အတိုင်း အစစ်ခံလော့”ဟု မိန့်တော်မူ၏။ “အရှင်မင်းကြီး- စစ်သူကြီးသည် ကျွန်တော်မျိုးအား တစ်ထောင်သော ဥစ္စာကိုပေး၍ မင်းကြီး၏မုတ်ဆိတ်ကို ပြုပြင်ဟန်ဆောင်လျက် လည်မျိုကိုဖြတ်လော့၊ ငါမင်းဖြစ်လျှင် သင့်အား စစ်သူကြီးအရာကို ပေးအံ့ဟု ဆိုပါကြောင်း”နှင့် လျှောက်တင်လေ၏။ မင်းကြီးသည်လည်း “ငါကား ဆရာကိုမှီ၍ ငါအသက်ရှင်တော့သည်”ဟု ကြံအောက်မေ့၍ စစ်သူကြီးကို ခေါ်တော်မူပြီးလျှင် “အိုအချင်းစစ်သူကြီး- သင်သည် ငါ့အထံမှ အဘယ်မည်သောဆုလာဘ်ကို မရဖူးသည်ရှိသနည်း၊ ယခုအခါ သင့်ကိုကြည့်ရှုခြင်းငှာ မတတ်ကောင်း၊ ငါ၏နိုင်ငံ နေပြည်တော်မှ မြန်စွာထွက်သွားလော့”ဟု အမိန့်တော်ပြန်လျက် စစ်သူကြီးကို နိုင်ငံမှ နှင်ထုတ်၍ ဆရာကို ခေါ်တော်မူပြီးလျှင် “ဆရာ- ဆရာ့ကိုမှီ၍သာ ငါသည် အသက်ကိုရအပ်၏”ဟုဆို၍ ပူဇော်သက္ကာများပြုလျက် ထိုလုလင်အား စစ်သူကြီးအရာကို ပေးတော်မူလေ၏။ “စူဠပန္ထကသည် ထိုအခါ ထိုလုလင်ဖြစ်ပြီး၊ ငါဘုရားကား ဒိသာပါမောက္ခဆရာ ဖြစ်တော်မူပြီ”ဟု မြတ်စွာဘုရားသည် လွန်လေပြီးသော ဤအကြောင်းကို ဆောင်တော်မူ၍ “ချစ်သားရဟန်းတို့- ရှေး၌လည်း စူဠပန္ထကသည် ဤသို့ နုံ့နှေးသောဉာဏ် ရှိသည်သာလျှင် ဖြစ်ဖူး၏။ ထိုအခါ၌လည်း ငါသည် စူဠပန္ထက၏ မှီခိုကိုးကွယ်ရာဖြစ်၍ လောကီစည်းစိမ်၌ တည်စေဖူးလေပြီ”ဟု မိန့်တော်မူလေ၏။

စူဠသေဋ္ဌိဇာတ်ကို ဟောတော်မူခြင်း

ထိုမှတစ်ဖန် တစ်နေ့သ၌ “ဘုရားရှင်သည် စူဠပန္ထက၏ မှီခိုရာ အားထားရာ ဖြစ်တော်မူပေ၏။ အံ့ဖွယ်ရှိစွ”ဟု စကားကိုဖြစ်စေအပ်သည်ရှိသော် (ဧကကနိပါတ်) စူဠသေဋ္ဌိဇာတ်၌ အတိတ်ဖြစ်သောအကြောင်းကို ဟောတော်မူ၍-

အပ္ပကေနာပိ မေဓာဝီ၊ ပါဘတေန ဝိစက္ခဏော။
သမုဋ္ဌာပေတိ အတ္တာနံ၊ အဏုံ အဂ္ဂိံဝ သန္ဓမံ။

အဏုံ၊ ဆိုဖွယ်မရ အနည်းငယ်မျှဖြစ်သော။ အဂ္ဂိံ၊ မီးကို။ သန္ဓမံ၊ မှုတ်လျက်။ မဟန္တံ အဂ္ဂိက္ခန္ဓံ၊ ကြီးလှစွာသော မီးပုံကြီးကို။ သမုဋ္ဌာပေတိ ဣဝ၊ ဖြစ်စေသကဲ့သို့။ ဝိစက္ခဏော၊ ထိုထိုအရာ ကောင်းစွာမြော်မြင် ဆင်ခြင်တတ်သော။ မေဓာဝီ၊ ပညာရှိသည်။ အပ္ပကေန၊ အနည်းငယ်သာဖြစ်သော။ ပါဘတေနာပိ၊ အရင်းဥစ္စာဖြင့်သော်လည်း။ အတ္တာနံ၊ မိမိကိုယ်ကို။ သမုဋ္ဌာပေတိ၊ ဥစ္စာစည်းပွား တိုးပွားဖြင်ပည်း သူဌေးကြီးဖြစ်စေတတ်၏။

ဤဂါထာကို ဟောတော်မူပြီးလျှင် “ရဟန်းတို့- ယခုအခါ၌သာလျှင် ငါဘုရားသည် ဤစူဠပန္ထက၏ မှီခိုရာ ဖြစ်သည်မဟုတ်သေး၊ ရှေး၌လည်း မှီခိုရာ ဖြစ်ဖူးသည်သာလျှင်တည်း။ ရှေး၌ကား ငါဘုရားသည် ဤစူဠပန္ထကကို လောကီစည်းစိမ်၏ အရှင်ဖြစ်အောင် ပြုဖူးပြီ၊ ယခုအခါ၌ လောကုတ္တရာ စည်းစိမ်ရှင်ပြုရပေပြီ၊ ထိုအခါ၌လည်း တပည့်ငယ်သည် စူဠပန္ထကဖြစ်၏။ စူဠသေဋ္ဌိ သူဌေးသည်ကား ငါဘုရားဖြစ်၏”ဟု ဇာတ်ကို ပေါင်းတော်မူလေ၏။

တစ်ဖန် တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့- စူဠပန္ထကသည် လေးလတို့ဖြင့် လေးပိုဒ်ရှိသော ဂါထာကို သင်ယူခြင်းငှာ မတတ်နိုင်သော်လည်း လုံ့လကို မစွန့်မူ၍သာလျှင် ရဟန္တာအဖြစ်၌ တည်ရလေ၏၊ ယခုအခါ လောကုတ္တရာ တရားစည်းစိမ်ရှင် ဖြစ်ရလေ၏”ဟု စကားကို ဖြစ်စေကုန်၏။ ဘုရားရှင် ကြွလာ၍ “ချစ်သားတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးနေကြသနည်း”ဟု မေးသဖြင့် “ဤမည်သော စကားဖြင့် စည်းဝေးနေကြပါသည်”ဟု လျှောက်ကြားလတ်သော် “ချစ်သား ရဟန်းတို့- ငါဘုရား၏ သာသနာတော်၌ အားထုတ်သော လုံ့လရှိသောသူသည် လောကုတ္တရာတရား၏ အရှင်သခင် ဖြစ်သည်သာတည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူ၏။

ဒေသနာတော်

֍ * [၂၅] ဥဌာနေနပ္ပမာဒေန သံယမေန ဒမေန စ။
ဒီပံ ကယိရာထ မေဓာဝီ၊ ယံ ဩဃော နာဘိကီရတိ။

ဥဋ္ဌာနေန စ၊ ထကြွခြင်းကြောင့်လည်းကောင်း။ အပ္ပမာဒေန စ၊ မမေ့မလျော့ခြင်းကြောင့်လည်းကောင်း။ သံယမေန စ၊ စတုပါရိသုဒ္ဓိ သီလတည်းဟူသော စောင့်စည်းခြင်းကြောင့်လည်းကောင်း။ ဒမေန စ၊ ဣန္ဒြေကို ဆုံးမခြင်းကြောင့်လည်းကောင်း။ ဣမေဟိ ဓမ္မေဟိ၊ ဤလေးပါးကုန်သော တရားတို့ကြောင့်။ (ပဝတ္တာယ၊ ဖြစ်သော။ ဓမ္မောဇပညာယ၊ သူတော်ကောင်းတရားကြောင့်ဖြစ်သော ပညာနှင့်။ သမန္နာဂတော၊ ပြည့်စုံသော)။ မေဓာဝီ၊ ပညာရှိ သူတော်ကောင်းသည်။ ယံ ဒီပံ၊ အကြင် အရဟတ္တဖိုလ် တည်းဟူသော မှီခိုရာကျွန်းကို။ ဩဃော၊ ဩဃလေးထွေ ရေအလျဉ်သည်။ နာဘီကီရတိ၊ မဖိစီး မလွှမ်းမိုးနိုင်။ တံ ဒီပံ၊ ထိုအရဟတ္တဖိုလ် တည်းဟူသော မှီခိုရာ ကျွန်းကို။ ကယိရာထ၊ ပြုခြင်းငှာ စွမ်းနိုင်ရာ၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာသောသူတို့သည် သောတာပန် စသည် ဖြစ်ကုန်၏။ ဤသို့ ဒေသနာတော်သည် ရောက်လာသော ပရိသတ်အား အကျိုးရှိလေ၏။

စူဠပန္ထကမထေရ်ဝတ္ထု ပြီး၏။

֍ * ၄။ ဗာလနက္ခတ်ပွဲ ကြွေးကြော်သော ဝတ္ထု

ပမာဒမနုယုဉ္ဇန္တိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဗာလနက္ခတ်ပွဲကို အကြောင်းပြု၍ ဟောတော်မူလေ၏။

လူမိုက်နက္ခတ်ပွဲ ခုနစ်ရက်အတွင်း ဘုရားရှင် မြို့တွင်းသို့ မကြွခြင်း

တစ်ပါးသောအခါ သာဝတ္ထိပြည်၌ ဗာလနက္ခတ်ပွဲ မည်သည်ကို ကြွေးကြော်အပ်၏။ ထိုနက္ခတ်ပွဲ၌ အလွန်မိုက်မဲ တွေဝေကုန်သော လူတို့သည် ပြာဖြင့်လည်းကောင်း၊ နွားချေးဖြင့်လည်းကောင်း ကိုယ်ကို လိမ်းကျံ၍ ခုနစ်ရက်ပတ်လုံး ယုတ်မာညစ်ညမ်း ဆိုးသွမ်းငြူစူ မသူတော်တို့၏စကားကို ဟစ်အော်ကာ ဆိုကုန်လျက် သွားလာလှည့်လည်ကြကုန်၏။ ဆွေမျိုးတော်စပ် သိအပ်ချစ်ခင် အကျွမ်းဝင်သော သူကိုလည်းကောင်း၊ ရဟန်းတော် အရှင်မြတ်ကိုလည်းကောင်း မြင်သော်လည်း ရှက်တတ်သောသူမည်သည် မရှိ၊ တံခါးတိုင်း တံခါးတိုင်း၌ရပ်၍ မလျောက်ပတ် မတော်မသင့်သော စကားတို့ကိုသာ ဟစ်အော်ကာ ဆိုကြကုန်၏။ လူတို့သည် ထိုမလိမ္မာသူ လူမိုက်တို့၏ မလျောက်ပတ်သော စကားသံကို နားထောင်ခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ အစွမ်းအားလျော်စွာ တစ်မတ်ကိုလည်းကောင်း၊ ငါးမူးကိုလည်းကောင်း၊ တစ်သပြာကိုလညကောင်း ပေးပို့စေကြရကုန်၏။ ထိုလူမိုက်တို့သည် ထိုထို ပြည်သူပြည်သားတို့၏ တံခါး၌ ရတိုင်းရတိုင်းသော ကြေးငွေကိုယူ၍ ဖဲသွားကြကုန်၏။

ထိုအခါ သာဝတ္ထိပြည်၌ နေကြသော ငါးကုဋေ အတိုင်းအရှည်ရှိကုန်သော ဘုရားတပည့်ဒကာ အရိယာပုဂ္ဂိုလ်တို့သည် “မြတ်စွာဘုရား- ဘုန်တော်ကြီးသော ဘုရားရှင်သည် ခုနစ်ရက်ပတ်လုံး ရဟန်းသံဃာနှင့်တကွ သာဝတ္ထိပြည်တွင်းသို့ ဝင်တော်မမူဘဲ ကျောင်းတော်၌သာ သီတင်းသုံးတော်မူပါဘုရား”ဟု မြတ်စွာဘုရားထံ သတင်းစကား (လျှောက်ကြားရန်) စေလွှတ်ကြကုန်၏။ ထိုခုနစ်ရက်ပတ်လုံး ရဟန်းသံဃာအား ကျောင်း၌သာလျှင် ယာဂုဆွမ်းစသည်တို့ကို ပြည့်စုံစေ၍ ပို့ကြရကုန်၏။ မိမိတို့ကိုယ်တိုင်လည်း အိမ်မှ မထွက်ကြလေကုန်။ နက္ခတ်ပွဲသဘင် ပြီးသဖြင့် ထိုဒါယကာတို့သည် ရှစ်ရက်မြောက် ရောက်သောနေ့၌ ဘုရားအမှူးရှိသော သံဃာတော်ကို ဆွမ်းဖိတ်၍ ပြည်တွင်းသို့ ဆွမ်းခံဝင်စေပြီးလျှင် အလှူကြီးကို ပေးလှူသဖြင့် တင့်အပ်လျောက်ပတ်သော အရပ်၌ နေကုန်လျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဘုရားတပည့်တော်တို့အား အလွန်ဆင်းရဲခြင်းဖြင့် ထိုခုနစ်ရက်တို့သည် လွန်လေကုန်၏၊ ယုတ်မာညစ်ညမ်းကုန်သော သူမိုက်တို့၏ မလျောက်ပတ်သော စကားတို့ကို ကြားရကုန်သော ဘုရားတပည့်တော်တို့၏ နားတို့သည် ကွဲအံ့သော အခြင်းအရာသို့ ရောက်သကဲ့သို့ ဖြစ်ကြပါကုန်၏၊ တစ်စုံတစ်ယောက်သောသူသည် တစ်စုံတစ်ယောက်သောသူအား အရှက်မရှိပါ၊ ထို့ကြောင့် ဘုရားတပည့်တော်တို့သည် ရှင်တော်မြတ်ဘုရားတို့အား ပြည်တွင်းသို့ ဝင်ခြင်းငှာ မပေးကြပါ၊ ဘုရားတပည့်တော်တို့လည်း အိမ်မှ မထွက်ဝံ့ကြပါ”ဟု လျှောက်ကြာကြလေကုန်၏။ ဘုရားရှင်လည်း ထိုဒါယကာတို့၏ စကားကိုကြားလျှင် “ပညာမဲ့သော သူမိုက်တို့၏ ယုတ်မာသော အမူအရာမည်သည်ကား ဤသို့ သဘောရှိကုန်၏၊ ပညာရှိသော သူတို့သည်ကား မမေ့မလျော့ခြင်း အပ္ပမာဒတရားကို မြတ်သော ဥစ္စာနှစ်ကဲ့သို့ စောင့်ရှောက်၍ အမြိုက်နိဗ္ဗာန် ချမ်းသာကြီး၏ ပြည့်စုံခြင်းသို့ ရောက်ကြကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၂၆] ပမာဒ မနုယုဉ္ဇန္တိ၊ ဗာလာ ဒုမ္မေဓိနော ဇနာ။
အပ္ပမာဒဉ္စ မေဓာဝီ၊ ဓနံ သေဋ္ဌံဝ ရက္ခတိ။
֍ * [၂၇] မာ ပမာဒ မနုယုဉ္ဇေထ၊ မာ ကာမရတိသန္ထဝံ။
အပ္ပမတ္တော ဟိ ဈာယန္တော၊ ပပ္ပေါတိ ဝိပုလံ သုခံ။

ဗာလာ၊ မိုက်မဲတွေဝေကုန်သော။ ဒုမ္မေဓိနော၊ ပညာမရှိကုန်သော။ ဇနာ၊ လူတို့သည်။ ပမာဒံ၊ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို။ အနုယုဉ္ဇန္တိ၊ အားထုတ်ကြကုန်၏။ မေဓာဝီ၊ ပညာရှိသောသူသည်။ သေဋ္ဌံ၊ မြတ်သော။ ဓနံဝ၊ ရတနာခုနစ်ပါး ဥစ္စာလားသို့။ အပ္ပမာဒဉ္စ၊ မမေ့မလျော့သော သတိကိုသာလျှင်။ ရက္ခတိ၊ စောင့်၏။

ပမာဒံ၊ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို။ မာ အနုယုဉ္ဇေထ၊ မယှဉ်စေကြကုန်လင့်။ ကာမရတိသန္ထဝံ၊ ဝတ္ထုကာမ ကိလေသာကာမတို့၌ နှစ်သက်မွေ့လျော်ခြင်းဟု ဆိုအပ်သော တဏှာသန္ထဝကို။ ဝါ၊ အရောဝင်သော တဏှာကို။ မာ အနုယုဉ္ဇေထ၊ လုံ့လပြု၍ မဖြစ်စေကြကုန်လင့်။ ဟိ၊ ထိုစကား သင့်စွ။ အပ္ပမတ္တော၊ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့သော။ ဈာယန္တော၊ အာရုံလက္ခဏာ နှစ်ဖြာမြင်မှု ကပ်ရှု ဆင်ခြင်လေ့ရှိသော ပုဂ္ဂိုလ်သည်။ ဝိပုလံ၊ ပြန့်ပြောသော။ သုခံ၊ နိဗ္ဗာန်ချမ်းသာသို့။ ပပ္ပေါတိ၊ ရောက်၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာသော သူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြကုန်၏။ များစွာသော လူအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ဗာလနက္ခတ်ပွဲ ကြွေးကြော်သောဝတ္ထု ပြီး၏။

֍ * ၅။ မဟာကဿပမထေရ်

ပမာဒံ အပ္ပမာဒေနအစရှိသော ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်မဟာကဿပမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သတ္တဝါတို့၏ စုတိပဋိသန္ဓေကို အရှင်မဟာကဿပ ရှုဆင်ခြင်ခြင်း

တစ်ပါးသောနေ့၌ အရှင်မဟာကဿပ မထေရ်သည် ပိတ်ချင်းပင်ရောက်ရာ လိုဏ်ဂူ၌ နေတော်မူလျက် ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှာ လှည့်လည်တော်မူပြီးလျှင် နေလွဲသောအခါ၌ ဆွမ်းခံရွာမှဖဲခဲ့၍ အာလောက ကသိုဏ်းကို ပွားများစေပြီးသည်ရှိသော် မေ့လျော့သော သတ္တဝါတို့ကိုလည်းကောင်း၊ မမေ့မလျော့သော သတ္တဝါတို့ကိုလည်းကောင်း၊ ရေ,မြေ,တော,တောင် စသည်တို့၌ စုတေဆဲဖြစ်သော သတ္တဝါတို့ကိုလည်းကောင်း၊ ပဋိသန္ဓေ နေဆဲဖြစ်သော သတ္တဝါတို့ကိုလည်းကောင်း ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်ရှုကာ နေတော်မူလေ၏။

မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူလျက်သာလျှင် “ယနေ့ ငါ၏သားတော်ဖြစ်သော ကဿပသည် အဘယ်သို့သော နေခြင်းဖြင့် နေသနည်း”ဟု နတ်မျက်စိနှင့်တူသော ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူလတ်သည်ရှိသော် “သတ္တဝါတို့၏ စုတေခြင်း, ပဋိသန္ဓေနေခြင်းကို ကြည့်ရှုကာနေ၏”ဟု သိတော်မူ၍ “သတ္တဝါတို့၏ စုတေခြင်း, ပဋိသန္ဓေနေခြင်းမည်သည်ကား ဘုရားဉာဏ်တော်ဖြင့်သော်လည်း မပိုင်းခြားနိုင်၊ အမိဝမ်း၌ ပဋိသန္ဓေကို စွဲယူ၍ မိဘတို့ကို မသိစေမူ၍ စုတေသော သတ္တဝါတို့၏ အပိုင်းအခြားကို ပြုခြင်းငှာ မတတ်ကောင်း၊ ထိုသတ္တဝါတို့ကို သိခြင်းငှာ သင်၏အရာမဟုတ်၊ ငါ့သားကဿပ- သင်၏အရာသည် အနည်းငယ်မျှသာတည်း၊ အချင်းခပ်သိမ်း စုတေဆဲ သတ္တဝါတို့ကိုလည်းကောင်း၊ ပဋိသန္ဓေနေဆဲ သတ္တဝါတို့ကိုလည်းကောင်း သိခြင်း,မြင်ခြင်းငှာ ဘုရားတို့၏ အရာသာတည်း”ဟု မိန့်တော်မူ၍ ကိုယ်တော်ရောင်ကို နှံ့စေလျက် မျက်မှောက်၌ နေတော်မူသကဲ့သို့ဖြစ်၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၂၈] ပမာဒံ အပ္ပမာဒေန၊ ယဒါ နုဒတိ ပဏ္ဍိတော။
ပညာပါသာဒ မာရုယှ၊ အသောကော သောကိနိံ ပဇံ။
ပဗ္ဗတဋ္ဌောဝ ဘူမဋ္ဌေ၊ ဓီရော ဗာလေ အဝေက္ခတိ။

ပဏ္ဍိတော၊ ပညာရှိသော သူသည်။ ယဒါ၊ အကြင်အခါ၌။ အပ္ပမာဒေန၊ သတိမကင်း မမေ့မလျော့ခြင်းဖြင့်။ ပမာဒံ၊ မေ့လျော့ခြင်းကို။ နုဒတိ၊ ထုတ်ပယ်၏။ တဒါ၊ ထိုအခါ၌။ သော၊ ထိုသို့သဘောရှိသော ပညာရှိသည်။ ပညာပါသာဒံ၊ ပညာတည်းဟူသော ပြာသာဒ်သို့။ အာရုယှ၊ တက်၍။ အသောကော၊ စိုးရိမ်ခြင်းသောကဟူသော ငြောင့်မရှိသည်ဖြစ်၍။ သောကိနိံ၊ သောကဟူသော ငြောင့်ရှိသော။ ပဇံ၊ သတ္တဝါအပေါင်းကို။ အဝေက္ခတိ၊ မြင်၏။ ယထာ၊ အဘယ်ကဲ့သို့နည်း ဟူမူကား။ ပဗ္ဗတဋ္ဌော၊ တောင်ထိပ်၌ တည်သော သူသည်။ ဘူမဋ္ဌေ၊ မြေပြင်၌နေသော သူတို့ကို။ အဝေက္ခတိ ဣဝ၊ မြင်သကဲ့သို့။ တထာ၊ ထို့အတူ။ သော ဓီရော၊ ထိုသို့သဘောရှိသော ရဟန္တာသခင် ပညာရှင်သည်လည်း။ ဗာလေ၊ ဖြစ်လိုက်,သေလိုက် ပုထုဇဉ်မိုက်တို့ကို။ အဝေက္ခတိ၊ မြင်တော်မူ၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့ကို မျက်မှောက်ပြုကြလေကုန်၏။

မဟာကဿပ မထေရ်ဝတ္ထု ပြီး၏။

֍ * ၆။ မေ့လျော့သော ရဟန်းနှင့် မမေ့လျော့သော ရဟန်း အဆွေခင်ပွန်းနှစ်ပါးဝတ္ထု

အပ္ပမတ္တော ပမတ္တေသုအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အဆွေခင်ပွန်း ဖြစ်ကုန်သော နှစ်ဦးသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။

မေ့မေ့လျော့လျော့ နေသူနှင့် သတိရှိသူတို့၏ ခြားနားချက်

ထိုရဟန်နှစ်ဦးတို့သည် ဘုရားရှင်ထံတော်၌ ကမ္မဋ္ဌာန်းယူ၍ တောရသောကျောင်းသို့ (တောရသော ကျောင်းဟူသည်ကား လေးတောင် တစ်တာအားဖြင့် အစွန်ဆုံးအိမ်မှ တာငါးရာကွာဝေးသော အရပ်၌ရှိသော တောရကျောင်းတည်း၊ တောအင်္ဂါရသော ကျောင်းဟူလို) ဝင်ကြကုန်၏။ ထိုနှစ်ပါးသော ရဟန်းတို့တွင် ရဟန်းတစ်ပါးသည် စောစောကလျှင် ထင်းတို့ကို သယ်ပိုးဆောင်ယူ၍ မီးအိုးကင်းကိုစီရင်၍ သာမဏေငယ်တို့နှင့်တကွ စကားပြောဟောလျက် ညဉ့်ဦးယာမ်ပတ်လုံး မီးလှုံကာ ထိုင်နေလေ၏။ ရဟန်းတစ်ပါးသည်ကား မမေ့မလျော့ ရဟန်းတရားကို အားထုတ်သည်ဖြစ်၍ မေ့လျော့သဖြင့် မီးလှုံကာနေသော ရဟန်းကို “ငါ့ရှင်- ဤသို့ မပြုပါလင့်၊ မေ့လျော့သောသူအား အပါယ်လေးဘုံတို့သည် မိမိနေရာ အိမ်နှင့်တူကုန်၏။ ဘုရားတို့မည်သည်ကား စဉ်းလဲကောက်ကျစ်ခြင်းဖြင့် နှစ်သိမ့်စေခြင်းငှာ မတတ်နိုင်”ဟု ဆုံးမ၏။ ထိုပျင်းရိသော ရဟန်းသည်လည်း မမေ့လျော့သောရဟန်း၏ ဆုံးမစကားကို မနာမယူ၊ မမေ့လျော့သော ရဟန်းသည် “ဤရဟန်းကား ဆိုခြင်းငှာ မခံ့”ဟု ထိုရဟန်းကို မဆိုမူ၍ မမေ့လျော့ဘဲသာလျှင် ရဟန်းတရားကို အားထုတ်ကာ နေလေ၏။

ပျင်းရိသောရဟန်းသည် ပထမယာမ်၌ မီးလှုံပြီးလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသောရဟန်း စင်္ကြံသွား၍ တိုက်ခန်းတွင်းသို့ ဝင်သောအခါ ဝင်လိုက်၍ “အပျင်းကြီးသောရဟန်း- သင်သည် လျောင်းစက်ကာ အိပ်ခြင်းငှာ တောသို့ဝင်လာသောသူဖြစ်ခဲ့၏။ အသို့နည်း၊ ဘုရားရှင်တို့၏အထံ၌ ကမ္မဋ္ဌာန်းကို ယူခဲ့ရကား ထကြွလုံ့လ ဝီရိယပြု၍ ရဟန်းတရားကို အားထုတ်ခြင်းငှာ သင့်မည်မဟုတ်လော”ဟု ပြောဆိုပြီးလျှင် မိမိနေရာ အရပ်သို့ဝင်၍ လှဲကာ အိပ်၏။ လုံ့လရှိသော ရဟန်းသည်လည်း ပထမယာမ်၌ စင်္ကြံသွား၍ သန်းခေါင်ယာမ်၌ အပင်ပန်းဖြေ၍ မိုးသောက်ယာမ်၌ စောစောထ၍ ရဟန်းတရားကို အားထုတ်၏။ ထိုရဟန်းသည် ဤသို့လျှင် မမေ့မလျော့နေသည်ရှိသော် မကြာမြင့်မီ ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ပျင်းရိသောရဟန်းသည် မေ့လျော့ခြင်းဖြင့်သာလျှင် အခါကို ကုန်လွန်စေ၏။

ထိုရဟန်းနှစ်ပါးတို့သည် ဝါကျွတ်ကုန်သည်ဖြစ်၍ ဘုရားရှင်ထံသို့သွား၍ ရှိခိုးလျက် တင့်အပ်လျောက်ပတ်စွာ နေကြကုန်၏။ ဘုရားရှင်သည် ထိုရဟန်းတို့နှင့်တကွ ပဋိသန္ထာရစကား ပြောကြားပြီးလျှင် “ချစ်သားရဟန်းတို့- အသို့နည်း၊ သင်ချစ်သားတို့သည် မမေ့မလျော့ ရဟန်းတရားကို အားထုတ်ကြရကုန်၏လော၊ သင်ချစ်သားတို့အား ရဟန်းကိစ္စသည် အပြီးအဆုံးသို့ ရောက်ပြီလော”ဟု မေးတော်မူလတ်သော် ရှေးဦးစွာ မေ့မေ့လျော့လျော့နေသော ရဟန်းသည် ဤသို့ နားတော်လျှောက်လေ၏၊ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤရဟန်းအား မမေ့မလျော့ခြင်းသည် အဘယ်မှာ ရှိပါအံ့နည်း၊ ရှင်တော်ဘုရား၏ထံတော်မှ သွားသောအခါမှစ၍ လျောင်းစက်ကာ အိပ်လျက် အခါကို လွန်စေပါသည်ဘုရား”ဟု နားတော်လျှောက်လေ၏။ “ချစ်သားရဟန်း- သင်သည်ကား အဘယ်သို့နေသနည်း”ဟု မေးတော်မူလတ်သော် “မြတ်စွာဘုရား- ဘုရားတပည့်တော်သည်ကား စောစောကလျှင် ထင်းတို့ကို သယ်ပိုးဆောင်ယူ၍ မီးအိုးကင်းကိုစီရင်၍ ညဉ့်ဦးယာမ်ပတ်လုံး မီးလှုံကာ ထိုင်နေလျက် မအိပ်ဘဲသာလျှင် ကာလကို လွန်စေပါသည် ဘုရား”ဟု နားတော်လျောက်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် မီးလှုံသောရဟန်းကို “သင်ကား ကမ္မဋ္ဌာန်းဘာဝနာ မေ့ကြီးမေ့သည်ဖြစ်၍ ကာလကို လွန်စေလျက် မမေ့မလျော့ဖြစ်၏ဟု ဆိုဘိ၏။ မမေ့သောသူကို အမေ့၊ မေ့သောသူကိုကား မမေ့ဟု ပြုဘိ၏”ဟူ၍ မိန့်တော်မူပြီးလျှင် တစ်ဖန် မြတ်စွာဘုရားသည် မေ့လျော့ခြင်း၌ အပြစ်၊ မမေ့မလျော့ခြင်း၌ အကျိုးတို့ကို ထင်စွာပြုခြင်းငှာ “သင်သည်ကား ငါ့သားရဟန်း၏အထံ၌ လျင်မြန်ခြင်းမှ ပြတ်ကင်းလေသော အားအင်နည်းသော မြင်းပိန်ကဲ့သို့ ဖြစ်၏။ ဤရဟန်းသည်ကား သင်၏အထံ၌ လျင်မြန်သော အဟုန်ရှိသော မြင်းကောင်းမြင်းသန်ကဲ့သို့ ဖြစ်၏”ဟု မိန်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၂၉] အပ္ပမတ္တော ပမတ္တေသု၊ သုတ္တေသု ဗဟုဇာဂရော။
အဗလဿံဝ သီဃဿော၊ ဟိတွာ ယာတိ သုမေဓသော။

အပ္ပမတ္တော၊ သတိမပေါ့ မမေ့လျော့သော သူသည်။ ပမတ္တေသု၊ သတိလွတ်ကင်း မေ့လျော့ခြင်းရှိကုန်သော။ သုတ္တေသု၊ ဣရိယာပုထ်တိုင်း မနိုးမကြား ပြင်းစွာအိပ်သော အအိပ်သမားတို့တွင်။ ဗဟုဇာဂရော၊ သတိပြန့်ပွား လွန်စွာနိုးကြားသောသူ ဖြစ်၏။ သီဃဿော၊ ကောင်းကင်လွှားလွှား ပျံတက်သွား၍ လျင်လျားဘိခြင်း အာဇာနည် သိန္ဓောမြင်းသည်။ အဗလဿံ၊ ခွာတုံးအားကုန် ချိနဲ့တုန်သည့် ဖျင်းသုံဘိခြင်း လေးသောမြင်းကို။ ဟိတွာ၊ ဂနိုင်စုံကြား စွန့်ပစ်ထား၍။ ယာတိ ဣဝ၊ မြို့ပြည်နီးပါး အရောက်သွားသကဲ့သို့။ သုမေဓသော၊ ကောင်းမွန်ပညာ ပြည့်စုံစွာသော ပညာရှိသည်။ တံ၊ ထိုမေ့လျော့အားသည်း ပညာနည်းတောင်း လူဖျင်းသောင်းကို။ ဟိတွာ၊ သံသရာဝဋ် ဘဝညွတ်၌ စွန့်လွှတ်ထားခဲ့၍။ ယာတိ၊ နိဗ္ဗာန်ပေါက်ရောက် ဝဋ်ကိုဖောက်၍ ထွက်မြောက်သွားလေ၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မေ့လျော့သောရဟန်း၊ မမေ့လျော့သောရဟန်း အဆွေခင်ပွန်းနှစ်ပါးဝတ္ထု ပြီး၏။

֍ * ၇။ မဃလုလင်ဝတ္ထု

အပ္ပမာဒေန မဃဝါအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေသာလီပြည်ကို အမှီပြု၍ စုလစ်မွန်းချွန်တပ်သော ပြာသာဒ်၌ နေတော်မူစဉ် သိကြားနတ်မင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မဟာလိလိစ္ဆဝီမင်းသားအား သိကြားမင်းအကြောင်းကို ဟောကြားခြင်း

ဝေသာလီပြည်၌ မဟာလိမည်သော လိစ္ဆဝီမင်းသားသည် နေလေသတတ်။ ထိုမင်းသားသည် မြတ်စွာဘုရား၏ သက္ကပဉှသုတ္တန် ဟောကြားတော်မူသည်ကို ကောင်းစွာ ကြားနာရ၍ “မြတ်စွာဘုရားကား သိကြားမင်းစည်းစိမ်ကို ကြီးကျယ်စွာပြု၍ ဟောတော်မူပေ၏။ မြင်တော်မူ၍ပင် ဟောလေသလော၊ ထိုသို့မဟုတ် မမြင်ဘဲပင် ဟောလေသလော၊ သိကြားမင်းကို သိလေသလော၊ မသိလေသလောဟု ဘုရားရှင်ကို မေးအံ့”ဟူ၍ ကြံပြီးလျှင် ထိုအခါ မဟာလိမည်သော လိစ္ဆဝီမင်းသားသည် ဘုရားရှိရာသို့ ချဉ်းကပ်ကာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌နေ၍ ဤစကားကို လျှောက်ကြားလေ၏။ “ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား- မြတ်စွာဘုရားသည် နတ်တို့ကို အစိုးရသော သိကြားမင်းကို မြင်တော်မူအပ်ပါသလော”ဟု လျှောက်လတ်သော် “မဟာလိ- နတ်တို့ကို အစိုးရသော သိကြားမင်းကို ငါမြင်အပ်၏”ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား- ထိုမြင်တော်မူအပ်သော သိကြားမင်းသည် ရှေးသိကြားတို့နှင့် အလားတူသော အတုအပ ဖြစ်လတ္တံ့၊ အကြောင်းသော်ကား သိကြားမင်းကို မြင်နိုင်ခဲပါသည်ဘုရား”ဟု လျှောက်ဆိုလတ်သော် “မဟာလိ- ငါဘုရားကား သိကြားမင်းကိုလည်းကောင်း၊ သိကြားမင်းအဖြစ်ကို ပြုတတ်သော တရားတို့ကိုလည်းကောင်း သိတော်မူ၏။ အကြင်တရားတို့ကို ကောင်းစွာ ဆောက်တည်သည်၏ အဖြစ်ကြောင့် သိကြားမင်းသည် သိကြားအဖြစ်ကို ရ၏။ ထိုသိကြားမင်း ဆောက်တည်အပ်သော တရားတို့ကိုလည်း ငါဘုရား သိတော်မူ၏။”

“မဟာလိမင်းသား- နတ်တို့ကိုအစိုးရသော သိကြားမင်းသည် ရှေးဘဝ၌ လူဖြစ်သည်ရှိသော် မဃမည်သော လုလင်သည် ဖြစ်ခဲ့ဖူး၏၊ ထို့ကြောင့် မဃဝါဟူ၍ ဆိုအပ်၏၊ မဟာလိမင်းသား- နတ်တို့ကိုအစိုးရသော သိကြားမင်းသည် ရှေး၌ လူဖြစ်သည်ရှိသော် လက်ဦးစွာ အလှူကို ပေးလှူခဲ့ဖူး၏၊ ထို့ကြောင့် ပုရိန္ဒဒဟူ၍လည်း ဆိုအပ်၏။ မဟာလိမင်းသား- နတ်တို့ကိုအစိုးရသော သိကြားမင်းသည် ရှေး၌ လူဖြစ်သည်ရှိသော် ရိုသေစွာ အလှူကို ပေးလှူခဲ့ဖူး၏။ ထို့ကြောင့် သက္ကဟူ၍လည်း ဆိုအပ်၏၊ မဟာလိမင်းသား- နတ်တို့ကိုအစိုးရသော သိကြားမင်းသည် ရှေး၌ လူဖြစ်သည်ရှိသော် တည်းခိုရာ ဇရပ်ကို ပေးလှူခဲ့ဖူး၏။ ထို့ကြောင့် ဝါသဝဟူ၍လည်း ဆိုအပ်၏၊ မဟာလိမင်းသား- နတ်တို့ကိုအစိုးရသော သိကြားမင်းသည် အထောင်သောအကျိုးကို တစ်မုဟုတ်ဖြင့် (တစ်ခဏဖြင့်) ကြံစည်နိုင်၏။ ထို့ကြောင့် သဟဿနေတ္တဟူ၍လည်း ဆိုအပ်၏၊ မဟာလိမင်းသား- နတ်တို့၏အရှင်ဖြစ်သော သိကြားမင်းအား သုဇာတာ အမည်ရှိသော အသုရာနတ်မင်းကြီး၏ သမီးပျိုဖြစ်သော မိဖုရားသည် ရှိခဲ့လေ၏၊ ထို့ကြောင့် သုဇမ္ပတိဟူ၍လည်း ဆိုအပ်၏၊ မဟာလိမင်းသား- သိကြားမင်းသည် တာဝတိံသာနတ်တို့ကို အစိုးရခြင်းရှိသော မင်းအဖြစ်ကို ပြုခဲ့လေ၏။ ထို့ကြောင့် ဒေဝါနမိန္ဒဟူ၍လည်း ဆိုအပ်၏၊ မဟာလိမင်းသား- နတ်တို့ကို အစိုးရသော သိကြားမင်းသည် ရှေးဘဝ လူဖြစ်စဉ်အခါ ခုနှစ်ပါးသော ကျင့်ဝတ်တို့ကို မမေ့မလျော့ ကောင်းစွာ ဆောက်တည်အပ်ကုန်၏၊ ထိုကျင့်ဝတ် ခုနစ်ပါးတို့ကို ကောင်းစွာ ဆောက်တည်သည်၏အဖြစ်ကြောင့် သိကြားအဖြစ်ကို ရ၏။

သိကြားမင်းဖြစ်ရန် ကျင့်ဝတ်ခုနစ်ပါး

ထိုကျင့်ဝတ် ခုနစ်ပါးတို့သည် အဘယ်သည်တို့နည်းဟူမူကား-

၁။ အသက်ထက်ဆုံး မိဘကို လုပ်ကျွေးမွေးမြူသည် ဖြစ်ရာ၏။
၂။ အသက်ထက်ဆုံး မိကြီး,မိထွေး, ဘကြီး,ဘထွေး, အဘိုး,အဘွားစသော အမျိုး၌ အသက်အရွယ် ကြီးရင့်သူတို့ကို ရိုသေလေးမြတ်စွာ ပြုသည်ဖြစ်ရာ၏။
၃။ အသက်ထက်ဆုံး သိမ်မွေ့နူးညံ့စွာ ပြေပြစ်သော စကားကိုဆိုသည် ဖြစ်ရာ၏။
၄။ အသက်ထက်ဆုံး နှစ်ဘက်သောသူတို့၏ အကြား၌ လွှတိုက်သကဲ့သို့ ကြမ်းတမ်းသောစကားကို ဆိုလျက် ကုန်းတိုက်ချောပစ်သော စကားကို မဆိုသည် ဖြစ်ရာ၏။
၅။ အသက်ထက်ဆုံး ဝန်တိုခြင်း အညစ်အကြေးမှ ကင်းသောစိတ်ဖြင့် အိမ်ကိုအုပ်ချုပ်၍ နေရာ၏။
၆။ လွတ်လွတ် စွန့်ကြဲခြင်း, ဖြန့်ထားသောလက်ရှိခြင်း, ပေးကမ်းစွန့်ကြဲရာ၌ မွေ့လျော်သော စိတ်နှလုံးရှိခြင်း, တောင်းလာသော ခရီးသွားဧည့်သည်, အထီးကျန် ကိုးကွယ်ရာမဲ့ဖြစ်သောသူတို့နှင့် မကင်းမူ၍ စွန့်ကြဲခြင်း၊ ရှေ့တွင်ရောက်ရှိသော မိမိစားရာထမင်းမှ ခွဲခြမ်းဝေဖန်၍ ပေးလှူခြင်း၌ မွေ့လျော်သော စိတ်ရှိသည် ဖြစ်ရာ၏။
၇။ အသက်ထက်ဆုံး မှန်ကန်ဖြောင့်မတ်သော စကားရှိသည် ဖြစ်ရာ၏။ အမျက်မထွက်ရာ၊ အမျက်ထွက်ခဲ့သော်လည်း ထိုအမျက်ကို လျင်မြန်စွာ ဖျောက်ပေအံ့ဟု ဆင်ခြင်ရာ၏။

မဟာလိမင်းသား- ဤသို့အားဖြင့် နတ်တို့ကို အစိုးရသော သိကြားမင်းသည် ရှေးဘဝ၌ လူဖြစ်စဉ်အခါ ဤခုနစ်ပါးသော ကျင့်ဝတ်ကို မမေ့မလျော့ ကောင်းစွာ ဆောက်တည်အပ်ကုန်၏၊ ထိုကျင့်ဝတ် ခုနစ်ပါးတို့ကို ကောင်းစွာ ဆောက်တည်သည်၏ အဖြစ်ကြောင့် သိကြားအဖြစ်ကို ရ၏”ဟု ဟောတော်မူလေ၏။

မာတာပေတ္တိဘရံ ဇန္တုံ၊ ကုလေ ဇေဋ္ဌာပစာယိနံ။
သဏှံ သခိလသမ္ဘာသံ၊ ပေသုဏေယျပ္ပဟာယိနံ။
မစ္ဆေရဝိနယေ ယုတ္တံ၊ သစ္စံ ကောဓာဘိဘုံ နရံ။
တံ ဝေ ဒေဝါ တာဝတိံသာ၊ အာဟု သပ္ပုရိသော ဣတိ။

မာတာပေတ္တိဘရံ၊ အမိအဘကို မွေးမြူလုပ်ကျွေးတတ်သော။ ကုလေ၊ အမျိုး၌။ ဇေဋ္ဌာပစာယိနံ၊ ဆွေကြီးမျိုးသား အဘိုးအဘွားစသော သူတို့အား အရိုအသေ ပြုလေ့ရှိသော။ သဏှံ သခိလသမ္ဘာသံ၊ နူးညံ့သိမ်မွေ့ ပြေပြစ်သောစကားကို ဆိုလေ့ရှိသော။ ပေသုဏေယျပ္ပဟာယိနံ၊ ချောပစ်ကုန်းတိုက်သော စကားကို ပယ်ရှားဖြတ်တောက်လေ့ရှိသော။ မစ္ဆေရဝိနယေ၊ ဝန်တိုခြင်းကို ပယ်ဖျောက်ရာ၌။ ယုတ္တံ၊ ယှဉ်သော။ သစ္စံ၊ အမှန်ကို ဆိုလေ့ရှိသော။ ကောဓာဘိဘုံ၊ အမျက်ဒေါသကို နှိပ်စက် ဖျက်ဆီးသော။ ဇန္တုံ၊ သတ္တဝါဖြစ်သော။ တံ နရံ၊ ထိုကျင့်ဝတ်နှင့် ပြည့်စုံသောသူကို။ ဝေ၊ စင်စစ်။ ဒေဝါ တာဝတိံသာ၊ တာဝတိံသာ နတ်တို့သည်။ သပ္ပုရိသော ဣတိ၊ သူတော်ကောင်းဟူ၍။ အာဟု၊ ဆိုကြကုန်၏။

“မဟာလိ အမည်ရှိသော မင်းသား- ဤခုနစ်ပါးသော ကျင့်ဝတ်တို့ကား သိကြားမင်းသည် မဃလုလင် ဖြစ်သောအခါ၌ ပြုအပ်သော ကျင့်ဝတ်အမှုပေတည်း”ဟု မိန့်တော်မူပြီးလျှင် တစ်ဖန် မဟာလိမင်းသားသည် “မြတ်စွာဘုရား- မဃလုလင်သည် အဘယ်သို့ ကျင့်ပါသနည်းဘုရား”ဟု ထိုမဃလုလင်၏ အကျင့်အာစာရကို အကျယ်အားဖြင့် နာလိုသည်ဖြစ်၍ မေးလျှောက်သည်ရှိသော် “ထိုသို့ဖြစ်မူ နာဦးလော့”ဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။

သိကြားမင်းလောင်း မဃလုလင် လမ်းခရီးပြုပြင်ခြင်း

လွန်လေပြီးသောအခါ မဂဓရာဇ်တိုင်း မစလရွာ၌ မဃအမည်ရှိသော လုလင်သည် ရွာသူရွာသားတို့၏ အမှုလုပ်ဆောင်ရာသို့ သွား၍ မိမိနေရာအရပ်၌ ခြေစွန်းဖြင့် မြေမှုန့်တို့ကိုယက်၍ နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသည်ကိုပြုလျက် နေလေ၏။ တစ်ယောက်သောသူသည် မဃလုလင်ကို လက်မောင်းဖြင့် တွန်းထိုးပုတ်ခတ်ကာ ထိုနေရာမှ ဖယ်ရှား၍ မဃလုလင် နေရာအရပ်၌ နေလာ၏။ မဃလုလင်လည်း ထိုသူအား အမျက်မထွက်မူ၍သာလျှင် တစ်ပါးသော နေရာအရပ်၌ နှလုံးမွေ့လျော် ပျော်ဖွယ်ရာကို ပြုလုပ်၍ နေပြန်၏။ ထိုနေရာမှလည်း မဃလုလင်ကို တစ်ယောက်သောသူသည် လာ၍ လက်မောင်းဖြင့် ပုတ်ခတ်ကာ ဖယ်ရှားပြီးလျှင် နေလာပြန်၏။ မဃလုလင်သည် ထိုသူအားလည်း အမျက်မထွက်မူ၍သာလျှင် တစ်ပါးသော နေရာကို မွေ့လျော် ပျော်ဖွယ်ရာ ပြုလုပ်၍ နေပြန်၏။ ဤသို့သောနည်းဖြင့် အိမ်မှ ထွက်လာတိုင်း ထွက်လာတိုင်းသော ယောက်ျားတို့သည် မဃလုလင်ကို လက်မောင်းဖြင့် ပုတ်ခတ်၍ နေရာအရပ်မှ ဖယ်ရှားကြလေကုန်၏။ မဃလုလင်သည် “အလုံးစုံသော ဤသူတို့ကား ငါ့ကိုမှီ၍ ချမ်းသာစွာ နေရကုန်ပြီ၊ ဤကောင်းမှုကံသည် ငါ့အား ချမ်းသာခြင်းကိုပေးတတ်သော ကောင်းမှုဖြစ်ရာ၏”ဟု ကြံ၍ တစ်ဖန် မိုးသောက်သောနေ့၌ ပေါက်တူးကိုယူ၍ ကောက်နယ်တလင်းမျှလောက်သော အရပ်ကို မွေ့လျော် ပျော်ဖွယ်ရာရှိအောင် ပြုပြင်လေ၏။ ခပ်သိမ်းသော လူတို့သည်လည်း သွား၍ ထိုရှေးနည်း အတူသာလျှင် နေကြလေကုန်၏။

ထိုအခါ မဃလုလင်သည် ချမ်းအေးသောအခါ၌ ထိုသူတို့အား မီးထည့်၍ ပေးပြန်၏။ ထို့နောက်မှ “ခပ်သိမ်းသောသူတို့သည် မွေ့လျော်ပျော်ဖွယ်ရာအရပ်မည်သည်ကို နှစ်သက်မြတ်နိုးအပ်၏၊ တစ်စုံတစ်ယောက်သောသူအား မနှစ်သက် မမြတ်နိုးခြင်းမည်သည် မရှိ၊ ဤနေ့မှစ၍ ငါသည် လမ်းခရီးကို ညီညွတ်စွာပြုလျက် လှည့်လည်ခြင်းငှာ သင့်၏”ဟု ကြံပြီးလျှင် နံနက်စောစောထွက်ခဲ့၍ လမ်းခရီးကို ညီညွတ်အောင် ပြုပြင်ကာ ဖြတ်၍ ဆောင်သင့်သော သစ်ခက်တို့ကို ဆောင်ယူကာ လှည့်လည်လေ၏။ ထိုအခါ မဃလုလင်ကို တစ်ပါးသောသူသည် မြင်၍ “အချင်း- အဘယ်အမှု ပြုသနည်း”ဟု မေးလေ၏။ “အချင်း- ငါသည် နတ်ပြည်သို့ သွားကြောင်းဖြစ်သော လမ်းခရီးကို ပြုပြင်သည်”ဟု ဆိုသဖြင့် “ထိုသို့ဖြစ်မူ အကျွန်ုပ်သည်လည်း သင်၏အဖော် ဖြစ်ပါရစေ”ဟု ဆိုလေ၏။ “အချင်း-မိတ်ဆွေ ဖြစ်ပါလေလော့၊ လမ်းခရီးမည်သည်ကား များစွာသော လူတို့အားလည်း နှလုံးကို ပွားစေတတ်၏။ ချမ်းသာသုခ များလှ၏”ဟု ဆိုသဖြင့် ထိုအခါမှစ၍ နှစ်ယောက်သော လူတို့သည် ဖြစ်လေကုန်၏။ ထိုနှစ်ယောက်သော လူတို့ကို မြင်သဖြင့် ထိုနည်းအတူ မေးမြန်း၍လည်းကောင်း၊ ကြားသိရ၍လည်းကောင်း တစ်ယောက်သော သူသည်လည်း ထိုသူတို့၏ အဖော် ဖြစ်ပြန်လေ၏။ ဤသို့ တစ်ယောက်, တစ်ယောက်အားဖြင့် သုံးကျိပ်သုံးယောက်သော သူတို့ ဖြစ်ကုန်၏။ ထိုအလုံးစုံသော သူတို့သည်လည်း ပေါက်တူး, တူရွင်းစသည် လက်စွဲကုန်လျက် လမ်းခရီး ညီညွတ်အောင် ပြုပြင်ကြရာ တစ်ယူဇနာ နှစ်ယူဇနာမျှရှိသော အရပ်တိုင်အောင် ရောက်သွားကုန်၏။

ထိုသုံးကျိပ် သုံးယောက်သော သူတို့ကို ရွာစားမြင်လျှင် ကြံစည်သည်မှာ “ဤလူတို့သည် အားမထုတ်သင့်သော အရာ၌ အားထုတ်ကြကုန်၏။ ထိုသူတို့အားလုံးသည် တောအုပ်မှ ငါး,အမဲ စသည်တို့ကိုလည်း ဆောင်ကုန်ငြားအံ့၊ သေအရက်ကိုမူလည်း ချက်၍ သောက်ကုန်ငြားအံ့၊ ထိုသို့သဘောရှိသော တစ်ပါးသော အမှုကိုမူလည်း ပြုကုန်ငြားအံ့၊ ငါသည်လည်း တစ်စုံတစ်ခုကို ရရာ၏”ဟု ကြံစည်လေ၏။ ထိုသို့ ကြံစည်ပြီးသည်မှ နောက်၌ ထိုသူတို့ကို ခေါ်စေ၍ “အဘယ်အမှုကို ပြုလုပ်ကာ လှည့်လည်ကြကုန်သနည်း”ဟု မေးလေ၏။ “ရွာစားမင်း နတ်ရွာလမ်းခရီးကို ကျွန်တော်တို့ ပြုလုပ်ပါကုန်၏”ဟုဆိုလျှင် “အိမ်ရာထောင်သော လူ၏ဘောင်၌ နေသောသူမည်သည်ကား ဤသို့ပြုခြင်းငှာမသင့်၊ တောအုပ်မှ ငါး,အမဲ စသည်တို့ကို ဆောင်ယူခြင်းငှာလည်းကောင်း၊ သေအရက်ချက်၍ သောက်ခြင်းငှာလည်းကောင်း၊ အထူးထူး အပြားပြားသောအမှုတို့ကို ပြုခြင်းငှာလည်းကောင်း သင့်၏”ဟု ဆိုလေ၏။ ထိုသူတို့သည် ထိုရွာစား၏စကားကို ပယ်ရှားကြကုန်၏။ ရွာစားလည်း ဤသို့ အဖန်ဖန် ပြောဆိုပြန်သော်လည်း ပယ်ရှားကြကုန်သည်သာလျှင်တည်း။

ရွာစားမင်း အပြစ်ရှာခြင်းကြောင့် ဆင်နင်းခံရန် အပြစ်ဒဏ်သင့်ရာမှ ဆင်ရခဲ့ခြင်းအကြောင်း

ထိုရွာစားသည် အမျက်ထွက်၍ “ဤလူတို့ကို ပျက်စီးစေအံ့”ဟု ကြံပြီးလျှင် မင်းအထံသို့သွား၍ “အရှင်မင်းကြီး- ခိုးသူတို့သည် အစုဖွဲ့၍ သွားလာလှည့်လည်သည်တို့ကို မြင်ရပါသည်”ဟု လျှောက်တင်သဖြင့် “သွားချေ၊ ထိုသူတို့ကို ဖမ်းဆီး၍ ဆောင်ခဲ့ချေလော့”ဟု ဆိုသည်ရှိသော် ထိုသူအားလုံးတို့ကို မင်းကြီးဆိုတိုင်း ဖမ်း၍ မင်းအား ပြလေ၏။ မင်းကြီးလည်း မစူးစမ်း မဆင်ခြင်ဘဲသာလျှင် “ဆင်နှင့် နင်းသတ်စေ”ဟု အမိန့်တော်မြတ် မှတ်လေ၏။

မဃလုလင်သည် မိမိမှ ကြွင်းသောသူတို့အား “အချင်းတို့- မေတ္တာစိတ်ကိုဖယ်ထား၍ ငါတို့အား တစ်ပါးသော ကိုးကွယ်ရာသည် မရှိပြီ၊ သင်တို့သည် တစ်စုံတစ်ယောက်သောသူ့အပေါ်၌ အမျက်ထွက်ခြင်းကို မပြုမူ၍ မင်းကြီး၌လည်းကောင်း၊ ရွာစား၌လည်းကောင်း ငါတို့ကို နင်းလတ္တံ့သော ဆင်၌လည်းကောင်း၊ မိမိကိုယ်၌လည်းကောင်း မေတ္တာစိတ်ဖြင့် အတူအမျှဖြစ်သောစိတ် ရှိကြစေကုန်လော့”ဟု သတိပေး ဆုံးမစကား ပြောကြားလေ၏။ ထိုလူတို့သည်လည်း မဃလုလင် ပြောကြားသောအတိုင်း ပြုကြလေကုန်၏။ ထိုအခါ ထိုသုံးကျိပ် သုံးယောက်သောလူတို့၏ မေတ္တာအာနုဘော်ကြောင့် ဆင်သည် ချဉ်းကပ်ခြင်းငှာလည်း မဝံ့လေပြီ။ မင်းကြီးသည် ထိုအကြောင်းကို ကြားရ၍ “များစွာသောလူတို့ကို မြင်သဖြင့် နင်းခြင်းငှာ မချဉ်းကပ်ဝံ့သည်ဖြစ်လတ္တံ့၊ သွားချေ၊ ထိုလူတို့ကို ဖျာဖြင့်ဖုံးအုပ်၍ နင်းစေကြကုန်”ဟု အမိန့်တော်မြတ် မှတ်ပြန်လေ၏။ ထိုလူတို့ကို ဖျာအုပ်၍ နင်းစေခြင်းငှာ လွှတ်ပြန်သော်လည်း ဆင်သည် ဝေးရာအရပ်သို့သာလျှင် ဖဲသွားလေ၏။

မင်းကြီးသည် ထိုအကြောင်းကိုကြား၍ “ဤအရာ၌ အကြောင်းထူးရှိသည် ဖြစ်တန်ရာ၏”ဟု ကြံပြီးလျှင် ထိုသူတို့ကိုခေါ်စေ၍ “အမောင်တို့- ငါ့ကိုမှီ၍ သင်တို့သည် အဘယ်အရာကို မရဘဲ ရှိကုန်သနည်း”ဟု စစ်ဆေးမေးမြန်းလေ၏။ “အရှင်မင်းကြီး- ယခု မိန့်တော်မူသောအကြောင်းကား အဘယ်အကြောင်းပါနည်း”ဟု လျှောက်တင်ကြသောအခါ “သင်တို့သည် အစုဖွဲ့၍ ခိုးသူပြုလုပ်ကြလျက် အရပ်၌ သွားလာလှည့်လည်ကြကုန်သည် မဟုတ်လော”ဟု မိန့်ဆိုလေ၏။ “အရှင်မင်းကြီး- အဘယ်သူသည် ဤသို့ လျှောက်တင်ပါသနည်း”ဟု သံတော်ဦးတင်လတ်သောအခါ “အမောင်တို့ရွာစား လျှောက်တင်၏”ဟု မိန့်တော်မူလေ၏။ ထို့နောက်မှ သုံးကျိပ်သုံးယောက်သော သူတို့သည် “အရှင်မင်းကြီး- ကျွန်တော်မျိုးတို့ကား ခိုးသူတို့ မဟုတ်ရပါ၊ မိမိတို့၏ နတ်ရွာလမ်းခရီးကို သုတ်သင်လျက် ဤမည် ဤမည်သော ကောင်းမှုကို ပြုကြပါကုန်၏၊ ရွာစားသည် ကျွန်တော်မျိုးတို့ကို အကုသိုလ်ဖြစ်အံ့သော အမူအရာအားဖြင့် (ပြုလုပ်ရန်) တိုက်တွန်း နှိုးဆော်ရာ မိမိစကားကို မလိုက်နာသော အရှင့်ကျွန်တော်မျိုးတို့ကို အမျက်ထွက်၍ ပျက်စီးစေလိုသောကြောင့် အရှင်မင်းကြီးကို လှည့်စား၍ ဤသို့ လျှောက်တင်ခြင်း ဖြစ်ပါသည်”ဟု သံတော်ဦးတင်ကြလေကုန်၏။

“အမောင်တို့- ဤဆင်သည် တိရစ္ဆာန်ဖြစ်ပါလျက် သင်တို့၏ ဂုဏ်ကျေးဇူးတို့ကို သိသေး၏။ ငါတစ်မူကား လူဖြစ်ပါလျက် ကျေးဇူးကိုသိခြင်းငှာ မတတ်နိုင်၊ ငါ၏အပြစ်ကို သည်းခံကြကုန်လော့”ဟု တောင်းပန်စကား ဤသို့ ပြောကြားပြီးလျှင် သားမယားနှင့်တကွဖြစ်သော ရွာစားရွာသူကြီးကို သုံးကျိပ်သုံးယောက်သော ထိုသူတို့အား ကျွန်ပြု၍ စေစားစေခြင်းငှာ ပေးလေ၏။ ဆင်ကိုလည်း ထိုသူတို့၏ စီးနင်းစရာအလို့ငှာ ပေးလေ၏။ ထိုရွာကိုလည်း ချမ်းသာသည်အလျောက် သုံးဆောင်ရန် ရွာစားပြု၍ ပေးလေ၏။ ထိုသူတို့သည် “ဤပစ္စုပ္ပန်လောက၌ပင်လျှင် ငါတို့ပြုအပ်သော ကုသိုလ်အကျိုးဆက်ကို မြင်အပ်ပြီ”ဟု နှလုံးသွင်း၍ အတိုင်းထက်အလွန် ကြည်ညိုသောစိတ် ရှိကုန်သည်ဖြစ်၍ ထိုဆင်ကို အလှည့်အလှည့်အားဖြင့် စီးကာ သွားလာလျက် တိုင်ပင်ကြပြန်ကုန်၏။

တည်းခိုရာ ဇရပ်ဆောက်ရာ၌ မိန်းမတို့အား ကုသိုလ်ပါဝင်ရန် အဖို့မပေးလိုကြခြင်း

“ယခုအခါ ငါတို့သည် အတိုင်းထက်အလွန် ကောင်းမှုကို ပြုထိုက်၏။ အဘယ်ကောင်းမှုကို ပြုရကုန်အံ့နည်း”ဟု ဆိုသဖြင့် “ခရီးလမ်းမ လေးဆုံ၌ များစွာသော လူအပေါင်းတို့၏ အပန်းဖြေ တည်းခိုရာဇရပ်ကို ပြုကုန်အံ့”ဟု တိုင်ပင်ပြီးလျှင် လက်သမားကိုခေါ်စေ၍ ဇရပ်ကို ဆောက်လုပ်စေကြလေကုန်၏။ ထိုသူတို့သည်ကား အိမ်သူမိန်းမတို့အပေါ်၌ မက်မောခြင်း, စုံမက်ခြင်း နည်းပါးကြသောကြောင့် ဇရပ်၏အတွက် မာတုဂါမတို့အား ကုသိုလ်ပါဝင်ရန် အဖို့ကို မပေးကြလေကုန်။ ထိုမဃလုလင်၏ အိမ်၌ကား သုနန္ဒာ, သုစိတ္တာ, သုဓမ္မာ, သုဇာတာဟူသော လေးယောက်သော မိန်းမတို့သည် ရှိကုန်၏။ ထိုလေးယောက်သောမိန်းမတို့တွင် သုဓမ္မာမည်သောမိန်းမသည် လက်သမားကြီးနှင့် တစ်ပေါင်းတည်းတိုင်ပင်၍ “မောင်ကြီး- ဤဇရပ်၌ ကျွန်မကို အကြီးအမှူးဖြစ်အောင် ပြုပေးစေချင်ပါသည်”ဟု တံစိုးလက်ဆောင် ပေးထားလေ၏။ လက်သမားသည်လည်း “ကောင်းပြီ”ဟု ဝန်ခံ၍ ရှေးဦးစွာ (ထုပိကာ) အမွှန်းအချက်အလို့ငှာ သစ်သားကို သွေ့ခြောက်စေပြီးလျှင် ချောမောစွာ ရွေခြင်း, ထွင်းခြင်းတို့ကို ပြုသဖြင့် အမွန်းအချက်ကို ပြီးစီးနှင့်စေ၍ “ဤဇရပ်ကား သုဓမ္မာမည်၏”ဟု ကမ္ပည်းမော်ကွန်းစာ ထွင်းထုကာရေး၍ အဝတ်ဖြင့်ရစ်ပတ်၍ ထားလေ၏။

ထိုအခါ ဇရပ်ကို အဖြူထည်ပြီးစေ၍ အမွှန်းအချက် တင်အံ့သောနေ့၌ “အရှင့်သားတို့- တစ်ခုသော ပြုဖွယ်ဝတ္ထုကို သတိမရ မေ့ခဲ့ကြကုန်ပြီ”ဟု ဆိုလေ၏။ “အချင်းဗိသုကာ- အဘယ်မည်သော ပြုဖွယ်ဝတ္ထုနည်း”ဟု မေးလတ်သော် “ထုပိကာ အမွှန်းအချက်တည်း”ဟု ဆိုလေ၏။ “ထိုသို့ မေ့သည်ဖြစ်မူ ဆောင်ယူချေကုန်အံ့”ဟု ဆိုပြန်သော် “ယခုအခါမှ ခုတ်ဖြတ်အပ်သော သစ်သားဖြင့် ပြုခြင်းငှာ မတတ်ကောင်း၊ ရှေးဦးကလျှင် ခုတ်ဖြတ်ရွေထွင်း၍ အသင့်ပြုလုပ်ထားအပ်သော (ထုပိကာ) အမွှန်းအချက်ကို ရခြင်းငှာ သင့်၏ (ရမှသင့်မည်)”ဟု ဆိုလေ၏။ “ယခုအခါကျမှ အဘယ်သို့ပြု၍ ဖြစ်နိုင်တော့အံ့နည်း”ဟု ဆိုလတ်သော် “တစ်စုံတစ်ယောက်သောသူ၏ အိမ်၌ ပြီးစေ၍ ထားအပ်သော ရောင်းချစရာ (အထွတ်) အမွှန်းအချက်သည် အကယ်၍ ရှိသည်ဖြစ်အံ့၊ ထိုအမွှန်းအချက်ကို အဖိုးသင့်ပေး၍ ရှာဝယ်အပ်၏”ဟု ဆိုလေ၏။ ထိုသူတို့သည် ရှာမှီးကုန်သည်ရှိသော် သုဓမ္မာ၏ နေအိမ်၌ရ၍ အသပြာတစ်ထောင် ပေးသော်လည်း အဖိုးငွေဖြင့် မရကြလေကုန်၊ “ဇရပ်၏အတွက် ကုသိုလ်ပါဝင်ရန် အဖို့ကို ကျွန်မရအောင် ပြုကြလျှင် ပေးလှူပါရစေ”ဟု ဆိုလတ်သော် “မိန်းမတို့အလို့ငှာ အဖို့ကို မပေးနိုင်ကုန်”ဟု ဆိုကြကုန်၏။

သုဓမ္မာမည်သောမိန်းမ ဉာဏ်ထက်မြက်ခြင်းကြောင့် ကုသိုလ်ပါဝင်ရန် အဖို့ရခြင်း

ထိုအခါ ထိုသူတို့ကို လက်သမားသည် “အရှင့်သားတို့ အသင်တို့သည် အဘယ်သို့ ဆိုကြကုန်သနည်း။ ဗြဟ္မာပြည်ကို ဖယ်ထား၍ မိန်းမနှင့်ကင်းသော အရပ်မည်သည်မရှိ၊ (အထွတ်) အမွှန်းအချက်ကို ယူသာယူကြပါလော့၊ ဤသို့ ယူမှသာလျှင် ငါတို့အမှု ပြီးခြင်းသို့ ရောက်လိမ့်မည်”ဟု ဆိုလေ၏။ ထိုသူတို့လည်း “ကောင်းပါပြီ”ဟု (အထွတ်) အမွှန်းအချက်ကိုယူ၍ ဇရပ်ကို ပြီးစီးစေပြီးလျှင် သုံးခုသောအဖို့အားဖြင့် ဝေဖန် ခွဲခြားထားကြလေကုန်၏။ ထို့နောက်မှ တစ်ခုသောအဖို့၌ အစိုးရမင်းတို့နေစရာ နေရာပြုကြကုန်၏။ တစ်ခုသောအဖို့၌ သူဆင်းရဲတို့၏ နေစရာ နေရာပြုကြကုန်၏။ တစ်ခုသောအဖို့၌ သူနာတို့၏ နေစရာ နေရာပြုကြကုန်၏။ သုံးကျိပ်သုံးယောက်သောသူတို့သည်လည်း သုံးဆယ့်သုံးခုသော ထိုင်စရာ ပျဉ်ချပ်တို့ကို ခင်းထားစေ၍ ဆင်အား အမှတ်သညာကို ပေးထားကြကုန်၏။ “ခရီးသွားဧည့်သည် အာဂန္တုသည် လာ၍ အကြင်သူ၏ ခင်းထားအပ်သော ပျဉ်ချပ်၌ နေ၏။ ထိုဧည့်သည်ကိုခေါ်သွား၍ ပျဉ်ချပ်ရှင်ဖြစ်သော ထိုသူတို့၏အိမ်၌သာလျှင် ထိုခရီးသွားဧည့်သည်အား ခြေလက် ဆုပ်နယ်ပြုခြင်း, ချေးတွန်းခြင်း, သောက်ဖွယ်, ခဲဖွယ်, စားဖွယ်, အိပ်ရာနေရာ အလုံးစုံတို့သည် ပျဉ်ချပ်ကောင်းမှုရှင်၏ တာဝန်ဖြစ်လတ္တံ့ ”ဟူသော အဓိပ္ပာယ်ဖြင့် ထားခဲ့လေ၏။ ဆင်သည် လာတိုင်း လာတိုင်းသောဧည့်သည်ကို ခေါ်သွား၍ ပျဉ်ချပ် ကောင်းမှုရှင်၏အိမ်သို့သာ ဆောင်ပို့လေ၏။ ထိုပျဉ်ချပ် ကောင်းမှုရှင်သည် ထိုဧည့်သည်အား ထိုနေ့၌ ပြုဖွယ်ကိစ္စကို ပြုရ၏။ မဃလုလင်သည်လည်း ဇရပ်၏ မနီးမဝေးသော အရပ်၌ ပင်လယ်ကသစ်ပင်ကိုစိုက်၍ ထိုပင်လယ်ကသစ်ပင်ရင်းအနီး၌ ကျောက်ဖျာကို ခင်းလေ၏။ ဇရပ်သို့ ဝင်လာ, ဝင်လာကုန်သောသူတို့သည် အထက်ထုပိကာ အမွှန်းအချက်ကို မော်ကြည့်ကာ ကမ္ပည်းစာကိုဖတ်၍ “ဤဇရပ်သည် သုဓမ္မာမည်၏”ဟု ဆိုကြကုန်၏။ သုံးကျိပ် သုံးယောက်သောသူတို့၏ အမည်သည် ပေါ်လွင်ထင်ရှားခြင်း မရှိချေ။

သုနန္ဒာနှင့် သုစိတ္တာတို့ ကုသိုလ်ပါဝင်ပုံနှင့်သုဇာတာ၏ သဘောထားပုံ

သုနန္ဒာမည်သော မိန်းမသည်လည်း “ဤသူတို့သည် ဇရပ်ဆောက်လုပ်ကြရာ ငါတို့ကို ကုသိုလ်အဖို့ မပါဝင်ရအောင် ပြုကြပြီ။ သုဓမ္မာသည်ကား မိမိ၏ ထက်ထက်မြက်မြက် ရှိခြင်းကြောင့် ကုသိုလ်အဖို့ ပါဝင်ရလေပြီ။ ငါသည်လည်း တစ်ခုခုပြုဦးမှ သင့်မည်”ဟု ကြံစည်ပြီးလျှင် “အဘယ်အမှုကို ပြုရပါအံ့နည်း”ဟု ကြံစည်ပြန်သော် ထိုသုနန္ဒာအား ဤသို့သောအကြံ ဖြစ်ပေါ်လာလေ၏။ “ဇရပ်သို့ ရောက်လာ, ရောက်လာတိုင်းသော သူတို့အား သောက်ရေ ချိုးရေ ရခြင်းငှာ သင့်၏၊ ရေကန်ကို တူးစေအံ့”ဟု အကြံဖြစ်ပေါ်လာ၍ ရေကန်ကို တူးစေလေ၏။

သုစိတ္တာမည်သော မိန်းမသည်လည်း “သုဓမ္မာကား ထုပိကာကိုလှူပြီ၊ သုနန္ဒာကား ရေကန်တူးပြီ၊ ငါလည်း တစ်စုံတစ်ခု ပြုသင့်၏။ အဘယ်သို့ ပြုရပါအံ့နည်း”ဟု ကြံစည်လတ်သော် သုစိတ္တာအား ဤသို့ အကြံဖြစ်ပေါ်လေ၏။ “ဇရပ်သို့ လာကုန်, လာကုန်သောသူတို့သည် ရေကို သောက်ချိုး၍ သွားသောအခါ၌လည်း ပန်းကိုဆင်မြန်းကာ ပန်ဆင်၍သွားစေခြင်းငှာ သင့်လျော်၏။ ပန်းအရံကို စိုက်ပျိုးစေအံ့”ဟု အကြံဖြစ်ပေါ်၍ ထိုသုစိတ္တာသည် နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော ပန်းအရံကို စိုက်ပျိုးစေလေ၏။ များသောအားဖြင့် ထိုပန်းအရံ (ဥယျာဉ်)၌ ဤမည်သော ပွင့်သောသစ်ပင် သီးသောသစ်ပင် မရှိဟု မဖြစ်၊ မျိုးစုံအောင် ရှိသည်သာတည်း။

သုဇာတာသည်ကား “ငါသည် မဃလုလင်၏ ဦးရီးသမီးလည်း ဖြစ်၏။ ခြေရင်း အလုပ်အကျွေး မယားလည်းဖြစ်၏၊ ဤမဃလုလင်ပြုအပ်သော ကောင်းမှုသည် ငါ့ကောင်းမှု မည်သည်သာတည်း၊ ငါပြုအပ်သော ကောင်းမှုသည်လည်း မဃလုလင်၏ ကောင်းမှု မည်သည်သာတည်း”ဟု ကြံ၍ တစ်စုံတစ်ခုသော ကုသိုလ်ကောင်းမှုကိုမပြုဘဲ မိမိကိုယ်ကိုသာလျှင် တန်ဆာဆင်ယင်ခြင်းဖြင့် အချိန်ကာလကို ကုန်လွန်စေလေ၏။

မဃလုလင် စသည်တို့ တာဝတိံသာနတ်ပြည်၌ဖြစ်၍ သိကြားမင်းစည်းစိမ်ရခြင်း

မဃလုလင်သည်လည်း ၁။ မိဖလုပ်ကျွေးခြင်း ၂။ ဆွေကြီးမျိုးကြီး ရိုသေခြင်း ၃။ မှန်သောစကားကိုဆိုခြင်း ၄။ ကြမ်းတမ်းသောစကား မဆိုခြင်း ၅။ ကုန်းမတိုက်ခြင်း ၆။ ဝန်မတိုခြင်း ၇။ အမျက်မထွက်ခြင်းဟူသော ခုနစ်ပါးသောကျင့်ဝတ်တို့ကို ပြည့်စေ၍သာနေလေ၏။ “မာတာပတ္တိဘရံ ။လ။ သပ္ပုရိသော ဣတိ” ဟု ဤသို့ ချီးမွမ်းထောမနာအပ်သောသူ၏ အဖြစ်သို့ရောက်၍ အသက်အဆုံး၌ တာဝတိံသာနတ်ပြည်ဝယ် သိကြား နတ်မင်းကြီး ဖြစ်လေ၏။ သုံးကျိပ်သုံးယောက်သော အဆွေခင်ပွန်းတို့သည်လည်း ထိုတာဝတိံသာနတ်ပြည်၌သာလျှင် ဖြစ်ကြလေကုန်၏။ လက်သမားသည်ကား ဝိသုကြုံနတ်သား ဖြစ်လေ၏။ ထိုအခါ တာဝတိံသာနတ်ပြည်၌ အသုရာတို့သည် နေကုန်၏။ ထိုအသုရာတို့သည် “အသစ်ဖြစ်သော နတ်သားတို့ ဖြစ်လာကုန်ပြီ”ဟု နတ်၌ဖြစ်သော အဖျော်ကို စီရင်ကြကုန်၏။ သိကြားမင်းသည် မိမိပရိသတ်၌ တစ်စုံတစ်ယောက်သောသူကိုမျှ မသောက်စိမ့်သောငှာ အမှတ်သညာပေးလေ၏။ အသုရာတို့သည် သောက်ခြင်းကြောင့် မူးယစ် မေ့လျော့ကြလေကုန်၏။ သိကြားမင်းသည်လည်း “ဤသူတို့နှင့် ဆက်ဆံသော သိကြားမင်းစည်းစိမ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု မိမိပရိသတ်အား အမှတ်သညာကိုပေး၍ အသုရာတို့ကို ခြေတို့၌ ဆွဲငင်စေလျက် သမုဒ္ဒရာသို့ ပစ်ချစေ၏။

ထိုအသုရာတို့သည် ဦးခေါင်းစောက်ထိုးဖြစ်၍ သမုဒ္ဒရာ၌ ကျကြကုန်၏။ ထိုအခါ အသုရာတို့၏ ကောင်းမှုအာနုဘော်ကြောင့် မြင်းမိုရ်တောင်၏ အောက်အပြင်၌ အသုရာပြည်မည်သည် ဖြစ်လေ၏။ သခွတ်ပင်မည်သော သစ်ပင် ပေါ်ပေါက်လေ၏။ နတ်တို့သည် အသုရာတို့နှင့် စစ်ပြိုင်ကြသည်ရှိသော် ထိုအသုရာတို့ ရှုံးသောကြောင့် ယူဇနာ တစ်သောင်းကျယ်သော တာဝတိံသာ နတ်ပြည်မည်သည်ဖြစ်လေ၏။ ထိုတာဝတိံသာနတ်ပြည်၏ အရှေ့တံခါး အနောက်တံခါးတို့၏ အကြား၊ တောင်တံခါး မြောက်တံခါးတို့၏ အကြားသည် ယူဇနာတစ်သောင်းစီ ကျယ်ပြန့်၏။ ထိုတာဝတိံသာနတ်ပြည်သည် တံခါး တစ်ထောင် ရှိ၏။ အရံ, ဥယျာဉ်, ရေကန်တို့ဖြင့် တန်ဆာဆင်အပ်၏။ ဇရပ်ဆောက်၍ လှူခဲ့ဖူးသော ကုသိုလ်၏အကျိုးဆက်ကြောင့် ထိုတာဝတိံသာနတ်ပြည်အလယ်၌ ယူဇနာသုံးရာ အစောက်မြင့်သော တံခွန်တို့ဖြင့် တန်ဆာဆင်လျက် ယူဇနာခုနစ်ရာ အစောက်ရှိသော ဝေဇယန္တာမည်သော ဘုံပြာသာဒ်သည် ပေါ်ပေါက်လာလေ၏။ ရွှေဖြင့်ပြီးသော တံခွန်တိုင် အရိုးတို့၌ ပတ္တမြား တံခွန်တို့သည် ဖြစ်ကုန်၏။ ပတ္တမြားအရိုး တံခွန်တိုင်တို့၌ ရွှေတံခွန်တို့သည် ဖြစ်ကုန်၏။ သန္တာတံခွန်တိုင်တို့၌ ပုလဲတံခွန်၊ ပုလဲတံခွန်တိုင်တို့၌ သန္တာတံခွန်၊ ရတနာခုနစ်ပါးနှင့်ပြီးသော တံခွန်တိုင်တို့၌ ရတနာခုနစ်ပါးဖြင့်ပြီးသော တံခွန်တို့သည် ဖြစ်ကုန်၏။ တံခွန်တိုင်တို့၏အလယ်၌ စိုက်ထားသော တံခွန်သည် ယူဇနာ သုံးရာမြင့်၏။ ဤသို့ တံခွန်နှင့်တကွ ဇရပ်ဆောက်လှူခဲ့ဖူးသော ကုသိုလ်ဆက်တို့ကြောင့် ယူဇနာ တစ်ထောင်မြင့်သော ဝေဇယန္တာ ဘုံပြာသာဒ်သည် ရတနာခုနှစ်ပါးဖြင့် ပြီးသည်ဖြစ်၍ ဖြစ်ပေါ်လာ၏။

ပင်လယ်ကသစ်ပင်ကို စိုက်၍ လှူခဲ့ဖူးသော ကုသိုလ်ဆက်ကြောင့် ထက်ဝန်းကျင်မှ ယူဇနာသုံးရာ ပင်စည်အဝန်းရှိသော ပင်လယ်ကသစ်ပင်သည် ဖြစ်လေ၏။ ကျောက်ဖျာကို ကသစ်ပင်ရင်း၌ ခင်းထား၍ လှူခဲ့ဖူးသော ကုသိုလ်စေတနာ၏ အကျိုးဆက်ကြောင့် ပင်လယ်ကသစ်ပင်၏ အနီး၌ အလျားယူဇနာ ခြောက်ဆယ်၊ အနံယူဇနာ ငါးဆယ်၊ အထု တစ်ဆယ့်ငါး ယူဇနာရှိသော လယ်ခေါင်ရန်းပန်းအဆင်း ကမ္ဗလာနီအဆင်းကဲ့သို့ တွတ်တွတ်နီသောအဆင်းရှိသော ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် ဖြစ်ပေါ်လေ၏။ ထိုပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌ သိကြားမင်းထိုင်သောအခါ ကိုယ်ထက်ဝက်နစ်၍ ထသောအခါ နစ်သောနေရာသည် ပြည့်မြဲပြည့်လေ၏။

ဧရာဝဏ်ဆင်အကြောင်း

ဆင်သည်လည်း ဧရာဝဏ် အမည်ရှိသော နတ်သားဖြစ်လေ၏။ နတ်ပြည်၌ တိရစ္ဆာန်တို့မည်သည် မရှိကုန်၊ ထို့ကြောင့် ထိုနတ်သားသည် ဥယျာဉ်ကစားခြင်းငှာ ထွက်သောအခါ၌ မိမိကိုယ်ကိုစွန့်၍ ယူဇနာ တစ်ရာ့ငါးဆယ်ရှိသော ဧရာဝဏ်မည်သောဆင် ဖြစ်လေ၏။ ထိုဧရာဝဏ်ဆင်သည် သုံးကျိပ် သုံးယောက်သောသူတို့ စီးစေခြင်းအကျိုးငှာ သုံးဂါဝုတ် ပမာဏရှိ, ယူဇနာခွဲ ပမာဏရှိသော သုံးဆယ့်သုံးလုံးသော ဦးကင်းတို့ကို ပတ်လည်လှည့်သဖြင့် ဖန်ဆင်း၏။ အလုံးစုံသော ဦးကင်းတို့၏အလယ်၌ သိကြားမင်းသည် နေစိမ့်သောငှာ သုဒဿနမည်သော ယူဇနာသုံးဆယ် ပမာဏရှိသော ဆင်ဦးကင်းကို ဖန်ဆင်းလေ၏။ ထိုဆင်ဦးကင်းအထက်၌ တစ်ဆယ့်နှစ်ယူဇနာရှိသော ရတနာမဏ္ဍပ်သည်ဖြစ်၏။ ထိုမဏ္ဍပ် အကြား,အကြား၌ ရတနာခုနစ်ပါးဖြင့်ပြီးသော တစ်ယူဇနာမြင့်သော တံခွန်တို့သည် ပေါက်ကုန်၏။ ထိုတံခွန်တို့၏အဆုံး၌ ရွှေချူကွန်ယက်သည် တွဲရရွဲဆွဲ၏။ လေညင်းညင်းခတ်အပ်သော ထိုရွှေချူကွန်ယက်အသံသည် အင်္ဂါငါးပါးရှိသော တူရိယာသံနှင့်ရောနှောသော နတ်တို့၏ သီချင်းသံကဲ့သို့ အသံထွက်၏။ မဏ္ဍပ်အလယ်၌ သိကြားမင်း စံစား၍နေခြင်းငှာ တစ်ယူဇနာရှိသော ပတ္တမြားပလ္လင်ကို ခင်းထားအပ်၏။ ထိုပတ္တမြားပလ္လင်၌ သိကြားမင်းစံနေတော်မူ၏။ သုံးဆယ့်သုံးလုံးသော ဆင်ဦးကင်းတို့တွင် တစ်ခုတစ်ခုသော ဆင်ဦးကင်း၌ ခုနစ်ခု, ခုနစ်ခုသော အစွယ်တို့ကို ဖန်ဆင်း၏။ ထိုအစွယ် ခုနစ်ခုတို့တွင် အစွယ်တစ်ခု,တစ်ခုသည် ယူဇနာငါးဆယ် အလျားရှည်၏။ တစ်ခုတစ်ခုသော အစွယ်၌ ခုနစ်ခု,ခုနစ်ခုသော ရေကန်၊ တစ်ခု,တစ်ခုသော ရေကန်၌ ခုနစ်ခု,ခုနစ်ခုသော ပဒုမ္မာကြာရုံ၊ တစ်ခု,တစ်ခုသော ပဒုမ္မာကြာရုံ၌ ကြာခုနစ်ပွင့်, ခုနစ်ပွင့်၊ တစ်ပွင့်,တစ်ပွင့်၌ ပွင့်ချပ် ခုနစ်ခု,ခုနစ်ခု၊ ပွင့်ချပ် တစ်ခု,တစ်ခု၌ ခုနစ်ယောက်, ခုနစ်ယောက်သော နတ်သမီးတို့သည် ကကုန်၏။ ဤသို့ ထက်ဝန်းကျင်မှ ယူဇနာငါးဆယ်ရှိသော အရပ်တွင် ဆင်၏အစွယ်တို့၌သာ ကပွဲသဘင်တို့သည် ဖြစ်ကုန်၏။ ဤသို့လျှင် ကြီးကျယ်ပြန့်ပြောသော စည်းစိမ်ချမ်းသာကို ခံစားလျက် သိကြား နတ်မင်းသည် လှည့်လည်ကြွမြန်းလျက် ရွှေစက်ဖြန့်တော်မူ၏။

ကောင်းမှုရှင်မိန်းမတို့ နတ်ပြည်၌ဖြစ်ခြင်းအလှပြင်မိန်းမ ဥဗျိုင်းငှက်မ ဖြစ်ခြင်းအကြောင်း

သုဓမ္မာမည်သော မိန်းမသည်လည်း သေခဲ့သည်ရှိသော် ထိုတာဝတိံသာ နတ်ပြည်၌ပင်လျှင် ဖြစ်လေ၏။ ထိုသုဓမ္မာအား ယူဇနာကိုးရာရှိသော သုဓမ္မာမည်သော နတ်သဘင်သည် ဖြစ်လေ၏။ ထိုနတ်သဘင်ထက် လွန်စွာ နှလုံးမွေ့လျော်ဖွယ်ရာဖြစ်သော တစ်ပါးသော အရပ်ဌာနမည်သည် မရှိလေ။ တစ်လလျှင် ရှစ်ရက်မြောက်သောနေ့တိုင်း ထိုသုဓမ္မာ နတ်သဘင်၌သာလျှင် တရားနာခြင်းသည် ဖြစ်လေ၏။ ယနေ့တိုင်အောင်လည်း မွေ့လျော်ဖွယ်ရှိသောအရပ်ကို မြင်ကြသည်ရှိသော် “သုဓမ္မာ နတ်သဘင်ကဲ့သို့ ဖြစ်၏”ဟု ပြောဆိုကြရကုန်၏။

နန္ဒာမည်သော မိန်းမသည်လည်း လူ့ပြည်မှ စုတေ သေလွန်ခဲ့သော် ထိုတာဝတိံသာ နတ်ပြည်၌ပင် ဖြစ်လေ၏။ ထိုနန္ဒာအား ယူဇနာ ငါးရာကျယ်သော နန္ဒာအမည်ရှိသော ရေကန်သည်လည်း ဖြစ်လေ၏။

စိတ္တာမည်သော မိန်းမသည်လည်း သေ၍ ထိုတာဝတိံသာ နတ်ပြည်၌ပင် ဖြစ်လေ၏။ ထိုစိတ္တာအားလည်း ယူဇနာ ငါးရာရှိသော စိတ္တလတာမည်သော ဥယျာဉ်သည်လည်း ဖြစ်လေ၏။ ထိုဥယျာဉ်၌ နှလုံးမသာယာစရာ ပုဗ္ဗနိမိတ်ဖြစ်ခြင်းရှိသော နတ်သားတို့ကိုဆောင်၍ ဝမ်းမြောက်စေကုန်လျက် သွားလာလှည့်လည်ကြရကုန်၏။

သုဇာတာမည်သော မိန်းမသည်ကား စုတေ သေလွန်ခဲ့လေသော် တစ်ခုသော တောင်ချောက်ကြား၌ ဗျိုင်းမငှက်ငယ်တစ်ကောင် ဖြစ်လေ၏။ သိကြားမင်းသည်လည်း မိမိ၏ အလုပ်အကျွေး မိန်းမကို ကြည့်လတ်သည်ရှိသော် “သုဓမ္မာ, နန္ဒာ, စိတ္တာမည်သော မိန်းမတို့သည် ဤတာဝတိံသာနတ်ပြည်၌သာ ဖြစ်ကြကုန်၏။ သုဇာတာမည်သောမိန်းမသည် အဘယ်အရပ်၌ ဖြစ်သနည်း”ဟု ကြံစည်ကာကြည့်ရှုသည်ရှိသော် တောင်ချောက်ကြား၌ ဗျိုင်းမငှက်ငယ် ဖြစ်သည်ကိုမြင်ရ၍ “အမိုက်မသည် တစ်စုံတစ်ခုသောကောင်းမှုကို မပြုလေခြင်းကြောင့် တိရစ္ဆာန်အမျိုး၌ ဗျိုင်းမဖြစ်ရပြီ၊ ထိုဗျိုင်းဖြူမကို ယခုအခါ ကောင်းမှုကိုပြုစေ၍ ဤတာဝတိံသာနတ်ပြည်သို့ သွေးဆောင်ခေါ်ယူခြင်းငှာ သင့်၏”ဟု ကြံပြီးလျှင် သိကြားမင်း၏ အသွင်ကိုစွန့်၍ မထင်ရှားသော သူဆင်းရဲအသွင်ဖြင့် ဗျိုင်းမငယ်အထံသို့သွား၍ “အဘယ်အမှုကိုပြုလျက် ဤတောင်ကြားမြစ်၌ လှည့်လည်ကျက်စား သွားလာနေသနည်း”ဟု မေးမြန်းလေ၏။ “အရှင်သည် အဘယ်သူပါနည်း”ဟု မေးလတ်သော် “ငါကား မစလရွာ၌ နေစဉ်အခါ သင်၏ချစ်လင်ဖြစ်ဖူးသော မဃလုလင်တည်း”ဟု ဆို၏။ “အရှင့်သား- အဘယ်မှာ ဖြစ်ပါသနည်း”ဟု မေးပြန်သော် “ငါကား တာဝတိံသာ နတ်ပြည်၌ ဖြစ်ပေသည်၊ သင်၏အဖော်ဖြစ်သော မိန်းမတို့၏ ဖြစ်ရာအရပ်ကို သိ၏လော”ဟု ပြန်မေးလေ၏။ “အရှင်- ကျွန်မ မသိပါ”ဟု ပြောလတ်သော် “ထိုမိန်းမတို့သည်လည်း ငါ၏အထံ၌ ဖြစ်လာကုန်၏၊ ထိုအဖော်ဖြစ်သော မိန်းမတို့ကို မြင်ချင်၏လော”ဟု မေးမြန်းလေ၏။

သုဇာတာဗျိုင်းမကို နတ်ပြည်သို့ ဆောင်ယူပြခြင်း

“အရှင်- ကျွန်မသည် ထိုတာဝတိံသာနတ်ပြည်သို့ အဘယ်သို့ သွားနိုင်ပါလတ္တံ့နည်း”ဟု ဆိုလတ်သော် သိကြားမင်းသည် “သင့်ကို ငါ ဆောင်ယူအံ့”ဟု ဆို၍ ထိုဗျိုင်းမငယ်ကို လက်ဝါးပြင်၌ နားစေ၍ နတ်ပြည်သို့ ဆောင်ယူပြီးလျှင် နန္ဒာမည်သော ရေကန်ကမ်းနား၌ လွှတ်ထားပြီးမှ သုံးယောက်ကုန်သော နတ်မိဖုရားတို့အား “သင်တို့၏ အဖော်ဖြစ်သော သုဇာတာကို ရှုမြင်လိုကြကုန်သလော”ဟု မေးလေ၏။ “အရှင်မင်းမြတ်- သုဇာတာသည် အဘယ်မှာနည်း”ဟု ပြန်မေးသဖြင့် “နန္ဒာရေကန်ကမ်းနားမှာ ရှိ၏”ဟု ပြောကြားလိုက်လေ၏။ ထိုသုံးယောက်သော နတ်မိဖုရားတို့သည်လည်း ထွက်သွားပြီးလျှင် “သခင်မ သုဇာတာ၏ရုပ်ပုံသည် အံ့ဖွယ်ရှိပေစွ၊ မိမိကိုယ်ကို လှလှပပ တန်ဆာဆင်ခြင်း၏အကျိုးသည် ဪ အံ့ဩဖွယ် ရှိပေစွတကား၊ ယခုအခါ၌ ထိုသုဇာတာ သခင်မ၏ နှုတ်သီးကလေးကို ကြည့်ကြပါဦး၊ ခြေတို့ကို ကြည့်ကြပါဦး၊ ခြေသလုံးကလေးတို့ကို ကြည့်ကြပါဦး၊ ထိုသုဇာတာ သခင်မ၏ အလုံးစုံဖြူသော ကိုယ်အဖြစ်သည် တင့်တယ်လှပေ၏တကား”ဟု ပြောင်လှောင် ပြက်ရယ်မှုပြု၍ ဖဲသွားကြလေကုန်၏။

တစ်ဖန် သိကြားမင်းသည် ထိုဗျိုင်းမအထံသို့သွား၍ “သင်၏ အဖော်မတို့ကို မြင်လိုက်၏လော”ဟု မေးလေလျှင် “မြင်ရပါပြီ၊ ကျွန်မကို ပြောင်လှောင် ပြက်ရယ်မှုပြု၍ သွားကြပါသည်၊ ကျွန်မ၏ နေရာဖြစ်သော ထိုချောက်ကြားသို့သာ ကျွန်မကို ပြန်ပို့ပါ”ဟု ပြောဆိုရှာလေသော် ထိုချောက်ကြားသို့ ဆောင်ပို့လိုက်ပြီးလျှင် ရေ၌လွှတ်ခဲ့၍ “သင်၏အဖော်မ ဖြစ်ကုန်သော ထိုသူတို့၏ စည်းစိမ်ချမ်းသာကို မြင်အပ်ပြီ မဟုတ်လော”ဟု မေးလေ၏။ “အရှင်သိကြားမင်းမြတ်- မြင်အပ်ပါပြီ”ဟု ဆိုလျှင် “သင်သည်လည်း ထိုအရပ်၌ ဖြစ်ခြင်း၏အကြောင်း ကောင်းမှုကို ပြုသင့်၏”ဟု ဆိုလေ၏။ “အရှင်သိကြားမင်းမြတ်- အဘယ်ကို ပြုရပါမည်နည်း”ဟု မေးလေလျှင် “ငါပေးအပ်သော ဆုံးမဩဝါဒကို စောင့်ရှောက်လတ္တံ့လော”ဟု မေးလေ၏။ “စောင့်ရှောက်ပါမည်”ဟု တာဝန်ခံသောအခါ ငါးပါးသီလပေး၍ “မမေ့မလျော့ စောင့်ရှောက်ရစ်လော့”ဟု ဆိုဆုံးမ၍ ဖဲသွားလေ၏။

သုဇာတာဗျိုင်းမ ငါးပါးသီလကြောင့် အိုးထိန်းသည်သမီးဖြစ်၍ သိကြားမင်း စောင်မပုံ

ထိုဥဗျိုင်း ငှက်ငယ်မသည်လည်း ထိုအခါမှစ၍ အလိုလိုသေသော ငါးတို့ကိုသာလျှင် ရှာ၍စား၏။ သိကြားမင်းသည် နှစ်ရက်,သုံးရက် လွန်သောအခါ ထိုဗျိုင်းမကို စူးစမ်းခြင်းငှာ သွားရောက်၍ သဲသောင်ပြင်၌ ငါးသေကဲ့သို့ သေလေဟန် ငါးသေယောင် ဖန်ဆင်း၍ အိပ်နေလေ၏။ ထိုဗျိုင်းမသည် မြင်လျှင် ငါးသေဟူသော အမှတ်သညာဖြင့် ကောက်ယူလိုက်လေ၏။ ငါးသည် မျိုခါနီး၌ အမြီးကိုလှုပ်လိုက်၏။ ဗျိုင်းမသည် အသက်ရှင်သော ငါးပါတကားဟု ရေ၌ လွှတ်လိုက်၏။ ထို့နောက် အတန်ငယ် ကာလလွန်စေ၍ တစ်ဖန် ဗျိုင်းမ၏ရှေ့၌ ပက်လက်အိပ်ပြန်၏။ ဗျိုင်းမသည် ငါးသေဟူသောအမှတ်ဖြင့် ကောက်ယူပြန်၍ မျိုဆဲသောအခါ အမြီးဖျားကို လှုပ်လိုက်၏။ ဗျိုင်းမသည် ထိုလှုပ်သည်ကိုမြင်၍ ငါးရှင်ပါတကားဟု လွှတ်ပြန်လေ၏။ ဤသို့လျှင် သုံးကြိမ်တိုင်တိုင် စူးစမ်း၍ ကောင်းစွာ သီလကို စောင့်ပေ၏ဟု သိကြားမင်းသည် မိမိကိုယ်ကိုသိစေ၍ “ငါကား သင်၏သီလကို စူးစမ်းခြင်းငှာ လာခဲ့၏။ ကောင်းစွာ သီလကို မကျိုးမပေါက် စောင့်ရှောက်ပေ၏။ ဤသို့ စောင့်ရှောက်လျှင် မကြာမြင့်မီ ငါ့အထံ၌ ဖြစ်လတ္တံ့၊ မမေ့မလျော့လေနှင့်”ဟု သေချာစွာ မှာကြား၍ ဖဲသွားလေ၏။

ထိုဗျိုင်းမသည် ထိုအခါမှစ၍ အလိုလိုသေသော ငါးကို ရသောအခါလည်း ရှိ၏။ မရသောအခါလည်း ရှိ၏။ မရသည်ရှိသော် နှစ်ရက်,သုံးရက်လွန်သဖြင့် အသွေးအသား ခြောက်ခန်း၍ သေရှာလေရကား ထိုငါးပါးသီလ၏ အစွမ်းအာနုဘော်ကြောင့် ဗာရာဏသီပြည်တွင် အိုးထိန်းသည်တစ်ယောက်၏သမီး ဖြစ်လေ၏။ အိုးထိန်းသည်သမီး တစ်ဆယ့်ငါးနှစ်၊ တစ်ဆယ့်ခြောက်နှစ် အရွယ်ရောက်သောအခါ သိကြားမင်းသည် “သုဇာတာဖြစ်ဖူးသော ဗျိုင်းမသည် ဘယ်ပြည် ဘယ်ရွာ၌ ဖြစ်ရှာလေသနည်း”ဟု ကြည့်ရှု ဆင်ခြင်သည်ရှိသော် မြင်ရ၍ “ယခုအခါ ငါသိကြားသည် ထိုအိုးထိန်းသည်သမီးနေရာသို့ သွားခြင်းငှာ သင့်၏”ဟု သခွားသီးအရောင်အဆင်း ပမာဏထင်သော ရတနာ ခုနစ်ပါးတို့ဖြင့် လှည်းရထားကို အပြည့်တင်၍ မောင်းနှင်ပြီးလျှင် ဗာရာဏသီပြည်သို့ဝင်၍ “အို မိခင် ဖခင်တို့- သခွားသီးတို့ကို ဝယ်လိုက်ကြကုန်၊ ဝယ်လိုက်ကြကုန်”ဟု ကြွေးကြော်လျက် ဈေးလမ်းမသို့ သွားလေ၏။ လူတို့သည်လည်း ပဲနောက်, ပဲကြီး စသည်တို့ကိုယူ၍ လာကုန်သည်ရှိသော် “အဖိုးဖြင့် ငါမပေး”ဟု ဆိုလိုက်သဖြင့် “အဘယ်သို့သော အကြောင်းဖြင့် ပေးမည်နည်း”ဟု မေးသည်ရှိသော် “သီလကို စောင့်ရှောက်ထိန်းသိမ်းလေ့ရှိသော သီတင်းသည် မိန်းမအား ပေးအံ့”ဟုဆို၏။ “အရှင်- ဤသီလမည်သည် အဘယ်သို့ သဘောရှိသနည်း၊ အမည်းလေလော၊ အညိုစသည်လေလော”ဟု မေးကြပြန်သော် “အသင်တို့သည် သီလကို ဤသို့ သဘောရှိသည်ကိုမျှလည်း မသိကြ၊ အဘယ်မှာလျှင် ထိုသီလကို စောင့်ရှောက်နိုင်ကြကုန်အံ့နည်း။ သီလစောင့်ရှောက်သော သူအားသာ ပေးပေအံ့”ဟု ဆိုလေ၏။

“အရှင်- ထိုအိုးထိန်းသည်သမီးသည် သီလစောင့်ရှောက်မည်ဟု လှည့်လည်လေ့ရှိ၏။ ဤသတို့သမီးအား ပေးပါလေလော့”ဟုဆို၍ ထိုအိုးထိန်းသည်သမီးသည်လည်း “ထိုသို့ဖြစ်မူ ကျွန်မအား ပေးပါအရှင်”ဟု ဆိုလေ၏။ “သင်သည်ကား အဘယ်သို့သောသူ ဖြစ်လေသနည်း”ဟု မေးလတ်သော် “ကျွန်မသည် အခါခပ်သိမ်း မစွန့်အပ်သော သီလရှိပါသည်”ဟု ဆိုသဖြင့် “သင့်အလို့ငှာသာ ဤဥစ္စာတို့ကို ငါယူဆောင်ခဲ့၏”ဟု ဆို၍ လှည်းရထားကို မောင်းနှင်ကာ ထိုသတို့သမီး၏အိမ်သို့ သွားပြီးလျှင် တစ်ပါးသူတို့မယူနိုင်အောင်လည်း ပြုခဲ့၍ သခွားသီးအသွင်ဖြင့် နတ်ပေးဥစ္စာကို ပေးသဖြင့် မိမိကိုယ်ကို သိစေပြီးလျှင် “ဤအလုံးစုံသည် သင်အသက်မွေးခြင်းငှာ ပေးအပ်သောဥစ္စာ ဖြစ်၏။ ငါးပါးသီလတို့ကို မကျိုးမပေါက် မပြောက်မကျားအောင်ပြု၍ စောင့်ရှောက်ရစ်လော့”ဟု ဆိုဆုံးမကာ ဖဲသွားလေ၏။

အသုရာသမီး ပန်းကုံးစွပ်ပွဲနှင့် သိကြားမင်း အတင့်ရဲပုံ

ထိုအိုးထိန်းသည်သမီးလည်း ထိုကိုယ်အဖြစ်မှ စုတေခဲ့၍ အသုရာပြည်၌ အသုရာနတ်မင်းကြီး၏ သမီးဖြစ်၍ သိကြားမင်း၏ ရန်သူအိမ်၌ ဖြစ်လေ၏။ ဗျိုင်းမငယ်ဖြစ်သောဘဝ၊ အိုးထိန်းသည်သမီးဖြစ်သောဘဝတို့၌ သီလကို လုံခြုံစွာ စောင့်ထိန်းဖူးသောကြောင့် အလွန် အဆင်းလှ၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ သူတစ်ပါးတို့နှင့် ဆက်ဆံခြင်းမရှိသော ရူပကာယ အသရေနှင့်ပြည့်စုံ၏။ ဝေပစိတ္တိမည်သော အသုရာနတ်မင်းကြီးသည် လာတိုင်း လာတိုင်းကုန်သော အသုရာတို့ကို “သင်တို့သည် ငါ့သမီးနှင့် မထိုက်တန်ကုန်”ဟု ဆို၍ တစ်စုံတစ်ယောက်သောသူအား မပေးစားမူ၍ “ငါ့သမီးသည် မိမိကိုယ်တိုင်သာလျှင် မိမိနှင့်ထိုက်တန်သော လင်ယောက်ျားကို ရှာယူလတ္တံ့”ဟု အသုရာမှူးမတ် စသည်အပေါင်းကို စည်းဝေးစေပြီးလျှင် “သင်ချစ်သမီးနှင့် ထိုက်တန်သော လင်ယောက်ျားကို ကြိုက်ရာရွေးချယ်ကာ ယူလော့”ဟု သမီးလက်၌ ပန်းကုံးကို ပေးလေ၏။ ထိုခဏ၌ သိကြားမင်းသည် သုဇာတာ၏ ဖြစ်ရာအရပ်ကို ကြည့်ရှုသည်ရှိသော် ထိုအကြောင်းကို သိရ၍ “ဤယခုအခါ ငါသွား၍ ထိုသုဇာတာကို ဆောင်ယူခြင်းငှာ သင့်၏”ဟု ကြံပြီးလျှင် အသုရာအဘိုးအိုကြီးအသွင် ဖန်ဆင်းကာ သွားရောက်၍ ပရိသတ်အစွန်၌ ရပ်နေလေ၏။ သုဇာတာသည်လည်း ထိုမှဤမှ ကြည့်ရှုလတ်သည်ရှိသော် ရှေးဘဝ၌ မေတ္တာအဟုန်ထုံကာ တကွနေဖူးကြသည့်အစွမ်းဖြင့်ဖြစ်သော ချစ်ခြင်းသည် အဟုန်ထန်စွာစီးသော မြစ်ရေအလျဉ်ကဲ့သို့ လွှမ်းမိုးဖိစီးသော စိတ်နှလုံးရှိသည်ဖြစ်၍ “ဤသူသည် ငါ၏ချစ်လင်တည်း”ဟု ထိုအသုရာ အဘိုးအိုကြီး၏ ဦးခေါင်းထက်၌ ပန်းကုံးကို စွပ်လေ၏။ အသုရာတို့သည်လည်း “ငါတို့၏ ပြည့်ရှင်မင်းကား ဤမျှ အတိုင်းအရှည်ရှိသော ကာလပတ်လုံး သမီးနှင့် ထိုက်တန်သောသူကို မရ၊ ယခုမှ ရပါပေသည်။ ဪ... ထိုငါတို့ ပြည့်ရှင်မင်းကြီး၏ သမီးပျိုကလေးအား ဘိုးအေထက် အသက်ကြီးသော ဤသူသာလျှင် ထိုက်တန်ရလေခြင်း”ဟု မကျေမခဲ အရှက်ကွဲ၍ ဖဲသွားကြလေ၏။

သုဇာတာကို သိကြားမင်း ဆောင်ယူခြင်း

အဘိုးအိုကြီးသည်လည်း ထိုသုဇာတာမည်သော အသုရာမင်းကြီး၏သမီးကို လက်၌ကိုင်ဆွဲ၍ “ငါကား တာဝတိံသာနတ်ပြည်ကို အစိုးရသော သိကြားမင်းပေတည်း”ဟု ဝမ်းမြောက်ဝမ်းသာ ကြွေးကြော်သောစကားဖြင့် ကြုံးဝါးလျက် ကောင်းကင်ထက်သို့ တက်သွားလေ၏။ အသုရာတို့သည်လည်း “သိကြားအိုသည် ငါတို့ကို လှည့်စားခဲ့လေပြီ”ဟု နှလုံး မသာမယာရှိကုန်သဖြင့် သိကြားမင်းကို အမီလိုက်ကြကုန်၏။ ကူညီဖော် ကူညီဖက်ဖြစ်သော မာတလိနတ်သားသည် ဝေဇယန္တာနတ်ရထားကို ဆောင်ယူလာခဲ့၍ ခရီးအကြား၌ စောင့်မျှော်လျက် နေနှင့်လေ၏။ သိကြားမင်းသည် ထိုသုဇာတာနတ်သမီးကို ဝေဇယန္တာရထားထက်တင်၍ တာဝတိံသာနတ်ပြည်သို့ ရှေးရှုသွားလေ၏။ ထိုသို့သွား၍ သိကြားမင်း လက်ပံတောသို့ရောက်သောအခါ ရထားသံကိုကြား၍ ကြောက်လန့်ကုန်သော ဂဠုန်ငှက်ငယ်တို့သည် ငိုမြည်ဟစ်ကြွေး အော်သံပေးကြလေကုန်၏။ ထိုဂဠုန်ငှက်တို့၏ မြည်သံကိုကြား၍ သိကြားမင်းသည် မာတလိနတ်သားကို “မြည်သော ဤသူတို့ကား အဘယ်သူတို့နည်း”ဟု မေး၏။ “အရှင်သိကြားမင်း- ဂဠုန်ငှက်ငယ်တို့ပါတည်း”ဟု လျှောက်တင်လတ်သော် “အဘယ့်ကြောင့် မြည်ကြကုန်ဘိသနည်း”ဟု မေး၏။ “ရထားသံကိုကြား၍ သေအံ့သောဘေးမှ ကြောက်သောကြောင့် မြည်ကြပါကုန်၏”ဟု ဆိုလတ်သော် “ငါတစ်ယောက်ကိုမှီ၍ ဤမျှလောက်သော သူအပေါင်းသည် ရထား၏အဟုန်ဖြင့် မှုန့်မှုန့်ညက်ညက် မပျက်စီးစေလင့်၊ ရထားကို နောက်သို့ ဆုတ်နစ်ဦးလော့”ဟု ဆိုလေ၏။ မာတလိနတ်သားလည်း သိန္ဓောမြင်းတစ်ထောင်ကို နှင်တံဖြင့် အမှတ်ပေး၍ ရထားကို နောက်သို့ ဆုတ်နစ်စေလေ၏။ ထိုသို့ ရထားနောက်သို့ ဆုတ်နစ်သည်ကိုမြင်၍ အသုရာတို့သည်လည်း “သိကြားအိုသည် အသုရာပြည်မှစ၍ အားကုန်ပြေးခဲ့လေရာ ယခုအခါ ရထားကို နောက်သို့ ဆုတ်နစ်စေ၏၊ မချွတ်ဧကန် ထိုသိကြားအိုသည် အထောက်အပံ့ အဖော်သဟဲကို ရသည်ဖြစ်လတ္တံ့”ဟု အသုရာတို့ မလိုက်ဝံဘဲ ပြန်လည်ခဲ့၍ လာသောခရီးဖြင့်ပင် အသုရာပြည်သို့ဝင်၍ တစ်ဖန် ဦးခေါင်း မထောင်ဝံ့ကြလေကုန်။

သုဇာတာ နတ်မိဖုရားဖြစ်ခြင်း

သိကြားမင်းသည်လည်း အသုရာမင်းကြီးသမီး သုဇာတာကို တာဝတိံသာနတ်ပြည်သို့ ဆောင်ယူခဲ့၍ နှစ်ကုဋေ ငါးသန်းကုန်သော နတ်သမီးတို့၏ အကြီးအရာ၌ ထားလေ၏။ သုဇာတာသည်လည်း သိကြားမင်းအား “အရှင်မင်းမြတ်-ဤတာဝတိံသာနတ်ပြည်၌ ကျွန်မအား မိဘတို့သည်လည်းကောင်း၊ မောင်ကြီးမောင်ငယ်တို့သည်လည်းကောင်း၊ အစ်မကြီး အစ်မငယ်တို့သည်လည်းကောင်း မရှိပါကုန်၊ သွားလေရာရာအရပ်သို့ ကျွန်မကိုခေါ်ငင်၍ သွားစေချင်ပါသည်”ဟု ဆုကို တောင်းလတ်သော် သိကြားမင်းလည်း “ကောင်းပြီ”ဟု ဝန်ခံလျက် သုဇာတာအား ပဋိညာဉ်ကို ပေးထားလေ၏။

ထိုအခါမှစ၍ သခွတ်ပင် ပွင့်လတ်သည်ရှိသော် “ငါတို့၏ နေရာနတ်ပြည်၌ နတ်၌ဖြစ်သော ပင်လယ်ကသစ်ပင် ပွင့်သောအခါပေတည်း”ဟု အသုရာတို့သည် စစ်ထိုးခြင်းငှာ နတ်ပြည်သို့ တက်လာကြကုန်၏။ သိကြားမင်းသည်လည်း သမုဒ္ဒရာအောက်၌ နဂါးတို့အား အစောင့်အပ်နှင်းလေ၏။ ထို့နောင်မှ ဂဠုန်၊ ထို့နောင် ကုမ္ဘဏ်၊ ထို့နောင် ဘီလူးတို့အား အပ်နှင်းလေ၏။ ထို့နောင်မှ (အထက်အာလိန်၌) စတုမဟာရာဇ် နတ်မင်းကြီး လေးယောက်တို့အား အစောင့် အပ်နှင်းလေ၏။ အလုံးစုံတို့၏အထက်၌ကား ဘေးဥပဒ္ဒဝေါတို့ကို တားမြစ်စေခြင်းငှာ တာဝတိံသာနတ်ပြည် မြို့တံခါးအနီးတို့၌ ဝရဇိန်လက်နက်ကို စွဲကိုင်ဟန် သိကြားမင်းပုံသဏ္ဌာန်ကို ထားလေ၏။ အသုရာတို့သည် နဂါးစသည်တို့ကို အောင်မြင်ပြီး၍ လာကြကုန်သော်လည်း သိကြားမင်းပုံသဏ္ဌာန်ကိုမြင်လျှင် “သိကြားမင်းကြီး ထွက်လာပြီ”ဟူသော အမှတ်ဖြင့် မရပ်မနား ဖဲသွား ထွက်ပြေးကြကုန်၏။

“မဟာလိ လိစ္ဆဝီမင်းသား- ဤသို့လျှင် မဃမည်သော လုလင်သည် မမေ့မလျော့သောအကျင့်ကို ကျင့်၏။ ဤမဃလုလင်သည် ကုသိုလ်ကောင်းမှု၌ ဤသို့ မမေ့မလျော့သောကြောင့် ဤသို့သဘောရှိသော အစိုးတရ သိကြားမင်း၏အဖြစ်သို့ရောက်၍ နတ်ပြည်နှစ်ထပ်တို့၌ မင်းအဖြစ်ကို ပြုရလေ၏။ ဤအပ္ပမာဒတရားမည်သည်ကို ဘုရားအစရှိသော သူတော်ကောင်းတို့သည် ချီးမွမ်းအပ်၏။ မမေ့မလျော့ခြင်းကိုမှီ၍ အလုံးစုံသော လောကီလောကုတ္တရာ အကျိုးထူးတရားတို့ကို ရနိုင်ပေ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၃၀] အပ္ပမာဒေန မဃဝါ၊ ဝေဒါနံ သေဋ္ဌတံ ဂတော။
အပ္ပမာဒံ ပသံသန္တိ၊ ပမာဒေါ ဂရဟိတော သဒါ။

မဃဝါ၊ မဃဝါဟု ယခုအခါ ထင်ရှားသော မဃလုလင်သည်။ အပ္ပမာဒေန၊ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းကြောင့်။ ဒေဝါနံ၊ စတုမဟာရာဇ်, တာဝတိံသာနတ်တို့၏။ သေဋ္ဌတံ၊ အမြတ်အကြီး၏ အဖြစ်သို့။ ဂတော၊ ရောက်လေ၏။ အပ္ပမာဒံ၊ အပ္ပမာဒတရားကို။ ပသံသန္တိ ၊ ဘုရား အစရှိသော ပညာရှိတို့ ချီးမွမ်းကြကုန်၏။ ပမာဒေါ၊ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို။ သဒါ၊ အခါခပ်သိမ်း။ ဂရဟိတော၊ ကဲ့ရဲ့ပြစ်တင်အပ်၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ မဟာလိ လိစ္ဆဝီမင်းသားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်များစွာတို့သည်လည်း သောတာပန်စသည်တို့ ဖြစ်ကုန်၏။

မဃလုလင်ဝတ္ထုပြီး၏။

֍ * ၈။ မထင်ရှားသောရဟန်းဝတ္ထု

အပ္ပမာဒရတော ဘိက္ခုအစရှိသော ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိ မထင်ရှားသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တောမီးကို မဂ်ဉာဏ်ပမာထား၍ ရှုဆင်ခြင်ပုံ

ထိုရဟန်းသည် ဘုရားရှင်၏ အထံတော်၌ အရဟတ္တဖိုလ်ကို ရအံ့သည်တိုင်အောင်သော ကမ္မဋ္ဌာန်းတရားများကို ဟောကြားတော်မူစေ၍ တောအုပ်သို့ ဝင်ပြီးလျှင် အဖန်ဖန်စေ့ဆော်၍ လုံ့လပြုသော်လည်း အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှာ မတတ်နိုင်သေးရကား အထူးပြု၍ ကမ္မဋ္ဌာန်းကို တစ်ဖန်ဟောစေဦးအံ့ဟု ထိုတောအုပ်မှ ထွက်ခဲ့၍ ဘုရားအထံတော်သို့ ပြန်လာသည်ရှိသော် လမ်းခရီးအကြား၌ ကြီးစွာသော တောမီးလောင်သည်ကို မြင်ရ၍ လျင်စွာသောအဟုန်ဖြင့် မြက်သစ်ပင်မပေါက် သွေ့ခြောက်သောအပြင်ရှိသော တောင်ထိပ်သို့တက်ရောက်ကာ ထိုင်နေလျက် တောကိုလောင်သောမီးကို ရှု၍ မီးတောက်ဟူသောအာရုံကို ယူလေ၏။ (အာရုံယူပုံကား) “ဤမီးသည်ကား ကြီးကြီးငယ်ငယ်ဖြစ်ကုန်သော မီးစာတို့ကို အကြွင်းမဲ့ တောက်လောင်လျက် သွားသကဲ့သို့ အရိယမဂ်ဉာဏ် တည်းဟူသော မီးသည်လည်း ကြီးကြီးငယ်ငယ် အသွယ်သွယ်သော သံယောဇဉ်တို့ကို တောက်လောင်လျက် သွားခြင်းပင် ဖြစ်လတ္တံ့”ဟု အာရုံကို ယူလေ၏။

မြတ်စွာဘုရားသည်လည်း ဂန္ဓကုဋိ၌ နေတော်မူလျက်ပင်လျှင် ထိုရဟန်း၏ စိတ်ဖြစ်ခြင်းကိုသိ၍ “ချစ်သားရဟန်း- ဤကဲ့သို့ အောက်မေ့ခြင်းသည် ဟုတ်မှန်ပေ၏။ ကြီးကြီး, ငယ်ငယ်ဖြစ်ကုန်သော လောင်စာ ထင်း,သစ်သားတို့ကဲ့သို့ ဤသတ္တဝါတို့၏ ကိုယ်တွင်း၌ဖြစ်ကုန်သော အငယ်အကြီးဖြစ်သော သံယောဇဉ်တို့သည် ရှိကုန်၏။ ထိုသံယောဇဉ်တို့ကို အရိယမဂ်ဉာဏ်တည်းဟူသော မီးဖြင့် အကြွင်းမဲ့ အကုန်လောင်စေလျက် တစ်ဖန်ပြန်၍ ဖြစ်ခြင်းငှာ မထိုက်အောင် ပြုသင့်ပေ၏”ဟု မိန့်တော်မူပြီးလျှင် ရောင်ခြည်တော်လွှတ်တော်မူ၍ ထိုရဟန်း၏ ရှေးရှုမျက်မှောက်၌ ကိုယ်တိုင်ထင်ရှား ပြတော်မူဘိသကဲ့သို့ ရောင်ခြည်တော်လွှတ်ကာ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၃၁] အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿီဝါ။
သံယောဇနံ အဏုံ ထူလံ၊ ဒဟံ အဂ္ဂီဝ ဂစ္ဆတိ။

အပ္ပမာဒရတော၊ အပ္ပမာဒတရားဖြင့် အလွန် မွေ့လျော်ခြင်းရှိသော။ ပမာဒေ၊ မေ့လျော့ခြင်း၌။ ဘယဒဿီဝါ၊ ဘေးရန်ဟု ရှုလေ့ရှိသော။ ဘိက္ခု၊ ရဟန်းသည်။ အဏုံ ထူလံ၊ အငယ်အကြီးဖြစ်သော မီးစာကို။ ဒဟံ-ဒဟန္တော၊ လောင်သွားသော။ အဂ္ဂီဝ၊ တောမီးကဲ့သို့။ အဏုံ၊ ငယ်သည်လည်းဖြစ်သော။ ထူလံ၊ ကြီးသည်လည်းဖြစ်သော။ သံယောဇနံ၊ သံယောဇဉ်ကို။ ဒဟံ-ဒဟန္တော၊ အကြွင်းမရှိ တိတိကုန်အောင် လောင်စေသည်ဖြစ်၍။ ဂစ္ဆတိ၊ သွား၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ ထိုရဟန်းသည် ထိုင်၍ နေမြဲတိုင်းလျှင် အလုံးစုံသော သံယောဇဉ်တို့ကို လောင်စေ၍ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ရောက်သဖြင့် ကောင်းကင်ခရီးဖြင့် ဘုရားရှိရာသို့လာခဲ့၍ သိင်္ဂီနိက် ဇမ္ဗူရာဇ်ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ဘုရားရှင် ကိုယ်တော်မြတ်ကို ချီးမွမ်းအံ့ဩ ထောမနာကာ ရှိခိုးပြီးမှ ဖဲသွားလေ၏။

မထင်ရှားသောရဟန်းဝတ္ထု ဖြစ်၏။

֍ * ၉။ နီဂမဝါသီ တိဿမထေရ်ဝတ္ထု

အပ္ပမာဒရတောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် နိဂမဝါသီ (နိဂုံးနေ) တိဿမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရောင့်ရဲလွယ်သောရဟန်းဖြစ်၍ ဘုရား ချီးမွမ်းတော်မူခြင်း

သာဝတ္ထိပြည်မှ မနီးမဝေးသောအရပ်တွင် တစ်ခုသော နိဂုံးရွာ၌ ပင်ကိုဖြစ်၍ ကြီးပွားခြင်းရှိသော အမျိုးသားတစ်ယောက်သည် ဘုရားသာသနာတော်၌ ရဟန်းပြု၍ ပဉ္စင်းအဖြစ်ကို ရပြီးသည်ရှိသော် “နိဂမဝါသီ တိဿမထေရ်မည်သော ရဟန်းသည် အလိုနည်း၏၊ ရောင့်ရဲလွယ်၏၊ ဆိတ်ငြိမ်ရာ၌ မွေ့လျော်၏၊ အားထုတ်အပ်သော လုံ့လ ဝီရိယရှိ၏” ဤသို့သော ဂုဏ်ကျေးဇူးဖြင့် အထူးထင်ရှား ကျော်စောလေ၏။ ထိုနိဂမဝါသီ တိဿမထေရ်သည် အမြဲမပြတ် မိဘဆွေမျိုးရှိရာ ရွာ၌သာလျှင် ဆွမ်းအလို့ငှာ လှည့်လည်လေ့ရှိ၏။ အနာထပိဏ်သူဌေးစသော သူတို့သည် အလှူကြီးကိုပေးသော်လည်းကောင်း၊ ပသေနဒီကောသလမင်းကြီးသည် အသဒိသအလှူကြီးကို ပေးသော်လည်းကောင်း သာဝတ္ထိပြည်သို့ ကြွလာတော်မမူလေ၊ အခြားသောရဟန်းတို့က “ဤနိဂမဝါသီ တိဿမထေရ်သည် ထကြွလုံ့လ လွန်စွာသော ဥဿာဟကို ဖြစ်စေ၍ အဆွေအမျိုးတို့နှင့် ရောနှောဆက်ဆံလျက်နေ၏။ အနာထပိဏ်သူဌေးစသော သူတို့သည် ကြီးစွာသော အလှူဒါနကြီးတို့ကို ပြုကုန်သော်လည်းကောင်း၊ ပသေနဒီ ကောသလမင်းကြီးသည် အသဒိသအလှူကို ပြုသော်လည်းကောင်း ကြွလာတော်မမူ”ဟူသော စကားကို ဖြစ်စေ၍ ဘုရားရှင်အား လျှောက်ကြားကုန်၏။

ဘုရားရှင်လည်း ထိုနိဂမဝါသီ တိဿမထေရ်ကို ခေါ်စေတော်မူ၍ “ရဟန်း- သင်သည် ဤသို့ပြုဘိသောဟူသည် မှန်သလော”ဟု မေးတော်မူ၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဘုရားတပည့်တော်အား ဆွေမျိုးတို့နှင့် ရောနှောဆက်ဆံခြင်းဟူသည် မရှိရပါ၊ ဘုရားတပည့်တော်သည် ဤဆွေမျိုးဖြစ်သော လူတို့ကိုမှီ၍ စားလောက်ရုံမျှသော အစာအာဟာရကို ရပါ၏၊ ကြမ်းတမ်းသည်မူလည်းဖြစ်စေ၊ မွန်မြတ်သည်မူလည်းဖြစ်စေ “မျှတလောက်သောဆွမ်းကို ရသည်ရှိသော် တစ်ဖန် ဆွမ်းအာဟာရကို ရှာမှီးခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု နှလုံးပြု၍ မသွားဘဲသာ နေပါသည်၊ ဆွေမျိုးတို့နှင့်ကား ရောနှောဆက်ဆံခြင်းမည်သည် မရှိရပါဘုရား”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည်လည်း ပင်ကိုသဘောအားဖြင့်ပင် ထိုရဟန်း၏အလိုကို သိတော်မူပြီး ဖြစ်ရကား “ချစ်သားရဟန်း- ကောင်းစွ ကောင်းစွ”ဟု ထိုရဟန်းအား ကောင်းချီးပေးတော်မူ၍ “ချစ်သား ရဟန်း- သင်သည် ငါကဲ့သို့သောဆရာကိုရ၍ အလိုနည်းသဖြင့် ရောင့်ရဲလွယ်သောသူ ဖြစ်သည်ကား အံ့ဖွယ်မရှိသေး၊ ဤအလိုနည်းခြင်းသည် ငါဘုရား၏ အနွယ်အလာ အစဉ်အဆက်တည်း”ဟု မိန့်တော်မူပြီးလျှင် ရဟန်းတို့သည် တောင်းပန်အပ်သည်ရှိသော် လွန်လေပြီးသောအတိတ်ကို ဆောင်တော်မူလေ၏။

ရောင့်ရဲလွယ်သော ကျေးမင်းဝတ္ထု

လွန်လေပြီးသောအခါ ဟိမဝန္တာ တောအုပ်ဝယ် ဂင်္ဂါမြစ်ကမ်းမှာ တစ်ခုသော ရေသဖန်းတော၌ အထောင်မက များစွာသော ကျေးငှက်တို့သည် နေကြလေကုန်၏။ ထိုကျေးငှက်တို့တွင်လည်း ကျေးမင်းတစ်ခုသည် မိမိနေသောသစ်ပင်၏အသီးတို့ ကုန်တုံးခဲ့သော်လည်း ဤသစ်ပင်၌ အညွန့်, အရွက်, အခေါက်, အကာ အစရှိသည်သည် ကြွင်းသေး၏။ ထိုထို အညွန့်, အခေါက် အစရှိသည်ကိုစား၍ ဂင်္ဂါမြစ်၌ ရေကိုသောက်လျက် အလွန် အလိုနည်းသည် ရောင့်ရဲလွယ်သည်ဖြစ်၍ တစ်ပါးသောအရပ်သို့ မသွား၊ ထိုကျေးမင်း၏ အလိုနည်းခြင်း၊ ရောင့်ရဲလွယ်ခြင်း အစရှိသော ဂုဏ်ကျေးဇူးတို့ကြောင့် သိကြားမင်း၏နေရာဘုံသည် တုန်လှုပ်ခြင်းဖြစ်လေ၏။ သိကြားမင်းသည် ဆင်ခြင်လတ်သည်ရှိသော် ထိုအကြောင်းကိုမြင်၍ ထိုကျေးမင်းကို စူးစမ်းအံ့သောငှာ မိမိ၏အာနုဘော်ဖြင့် ရေသဖန်းပင်ကို ခြောက်သွေ့စေ၏။ ရေသဖန်းပင်သည်လည်း အငုတ်မျှသာကျန်သည်ဖြစ်၍ အပြတ်ပြတ် အပေါက်ပေါက်ဖြစ်ပြီးလျှင် လေလာသည်ရှိသော် လက်ဖြင့် ခေါက်အပ်သကဲ့သို့ အသံမြည်လျက် တည်လေ၏။ ထိုရေသဖန်းပင်အပေါက်တို့မှ အမှုန့်တို့သည် ထွက်ခဲ့ကုန်၏။ ကျေးမင်းသည် ထိုအမှုန့်တို့ကိုစား၍ ဂင်္ဂါမြစ်၌ ရေကိုသောက်ပြီးလျှင် တစ်ပါးသောအရပ်သို့ မသွားမူ၍ လေ,နေပူတို့ကို မရေတွက်ဘဲ (ဂရုမစိုက်ဘဲ) ရေသဖန်းပင်ငုတ်ထက်၌သာလျှင် နေ၏။ သိကြားမင်းလည်း ထိုကျေးမင်း၏ လွန်စွာ အလိုနည်းသည့်အဖြစ်ကိုသိသဖြင့် “အဆွေခင်ပွန်းတို့၌ ကျင့်ရာသောကျေးဇူးကို ဟောပြောစေ၍ ထိုကျေးမင်းအား ဆုကိုပေးလျက် ရေသဖန်းပင်ကို လွန်စွာ ချိုမြိန်သော အရသာရှိသော အသီးရှိသည်ကို ပြုပြီးမှ ပြန်လာပေအံ့”ဟု ကြံ၍ မိမိသည် တစ်ကောင်သော ဟင်္သာမင်းယောင်ဆောင်၍ အသုရာနတ်မင်း၏ သမီးဖြစ်သော သုဇာတာကို ရှေ့သွားပြု၍ ရေသဖန်းပင်တောသို့သွားပြီးလျှင် မနီးမဝေးသောအရပ်၌ သစ်ပင်တစ်ခု၏အခက်၌ နားနေလျက် ထိုကျေးမင်းနှင့်တကွ စကားပြောဆိုလိုရကား ဤဂါထာကို ဆိုလေ၏။

သန္တိ ရုက္ခာ ဟရိပတ္တာ၊ ဒုမာနေကဖလာ ဗဟူ။
ကသ္မာ နု သုက္ခေ ကောဠာပေ၊ သုဝဿ နိရတော မနော။

သုဝရာဇ၊ ကျေးမင်း။ ဟရိပတ္တာ၊ စိမ်းသော အရွက်ရှိကုန်သော။ ရုက္ခာ၊ သစ်ပင်တို့သည်လည်းကောင်း။ အနေကဖလာ၊ များသော အသီးရှိကုန်သော။ ဗဟူ၊ များစွာကုန်သော။ ဒုမာ၊ သစ်ပင်တို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ ကသ္မာ နု၊ အဘယ့်ကြောင့်လျှင်။ ကောဠာပေ၊ အငုတ်မျှသာဖြစ်သော။ သုက္ခေ၊ ရေသဖန်းပင်ခြောက်၌။ သုဝဿ၊ ကျေးမင်း၏။ မနော၊ စိတ်သည်။ နိရတော၊ မွေ့လျော်လေဘိသနည်း။

ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍ “ထိုအခါ သိကြားမင်းသည် အာနန္ဒာ ဖြစ်လေ၏။ ကျေးမင်းကား ငါဘုရားသာလျှင်တည်း”ဟု မိန့်တော်မူ၍ “ချစ်သားရဟန်းတို့- ဤသို့ အလိုနည်းခြင်းမည်သည်ကား ငါဘုရား အနွယ်အလာတည်း၊ ငါဘုရား အစဉ်အဆက်တည်း၊ ငါ့သား နိဂမဝါသီ တိဿအား ငါကဲ့သို့သော ဆရာကို ရခြင်းကြောင့် အလိုနည်းသည်၏ အဖြစ်သည်ကား အံ့ဖွယ်မရှိလှသေး။ ရဟန်းမည်သည်ကား နိဂမဝါသီ တိဿရဟန်းကဲ့သို့လျှင် အလိုနည်းခြင်းသည် ဖြစ်ရာ၏။ ဤသို့ သဘောရှိသော ရဟန်းသည် သမထ,ဝိပဿနာ တရားတို့မှလည်းကောင်း၊ မဂ်ဖိုလ်တို့မှလည်းကောင်း ဆုတ်ယုတ်ခြင်းငှာ မထိုက်၊ စင်စစ်ကား နိဗ္ဗာန်နှင့် နီးကပ်သည်သာလျှင် ဖြစ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၃၂] အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿီဝါ။
အဘဗ္ဗော ပရိဟာနာယ၊ နိဗ္ဗာနဿေဝ သန္တိကေ။

အပ္ပမာဒရတော၊ မမေ့မလျော့ခြင်းဖြင့် အလွန် မွေ့လျော်ခြင်းရှိသော။ ပမာဒေ၊ မေ့လျော့ခြင်း၌။ ဘယဒဿီဝါ၊ ဘေးရန်ဟု ရှုလေ့ရှိသော။ ဘိက္ခု၊ ရဟန်းသည်။ ပရိဟာနာယ၊ သမထ ဝိပဿနာ မဂ်ဖိုလ်တို့မှ ဆုတ်ယုတ်ခြင်းငှာ။ အဘဗ္ဗော၊ မထိုက်။ အညဒတ္ထု၊ စင်စစ်သော်ကား။ နိဗ္ဗာနဿေဝ၊ နိဗ္ဗာန်နှင့်သာလျှင်။ သန္တိကေ၊ နီး၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ နိဂမဝါသီ တိဿမထေရ်သည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ များစွာသော တစ်ပါးသောသူတို့သည်လည်း သောတာပန်စသည်တို့ ဖြစ်ကြကုန်၏။ လူများအပေါင်းအား အကျိုးရှိသော ဒေသနာတော် ဖြစ်တော်မူလေ၏။

နိဂမဝါသီ တိဿမထေရ်ဝတ္ထုပြီး၏။

֍ * ၁။ မေဃိယမထေရ်ဝတ္ထု

ဖန္ဒနံ စပလံ စိတ္တံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် စာလိယတောင်၌ နေတော်မူစဉ် အရှင်မေဃိယမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အကြံများသော အရှင်မေဃိယအား စိတ်အလိုသို့ မလိုက်သင့်ဟု ဟောကြားခြင်း

(ထိုအရှင် မေဃိယမထေရ်၏ဝတ္ထုကို ထင်စွာပြုခြင်းငှာ အလုံးစုံသော မေဃိယသုတ္တန်ကို ချဲ့အပ်၏။)

ဘုရားရှင်သည် သုံးပါးသော စိတ်အကြံတို့ဖြင့် အစဉ်မပြတ် နှိပ်စက်သည်ဖြစ်ရကား ထိုသရက်ဥယျာဉ်၌ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းငှာ မတတ်နိုင်ခြင်းကြောင့် ပြန်လာသော မေဃိယမထေရ်ကို ခေါ်တော်မူ၍ “မေဃိယရဟန်း- သင်ပြုအပ်သောအမှုသည် အလွန်ဝန်လေးလေစွ။ မေဃိယရဟန်း- ငါဘုရားသည် တစ်ပါးတည်းသာ ဖြစ်ခဲ့၏။ အကြင်မျှလောက် တစ်ပါးလည်းဖြစ်သော တစ်စုံတစ်ယောက်သော အလုပ်အကျွေးရဟန်းသည် မလာမရောက် မထင်သေး၊ ထိုမျှလောက် ရဟန်းတစ်ပါးလာရုံ ဆိုင်းငံ့ဦးလော့ဟု တောင်းပန်သော ငါဘုရားကို တစ်ပါးချင်း တစ်ကိုယ်တော်တည်း ပယ်စွန့်၍သွားသော ရဟန်းမည်သည် ဤသို့ စိတ်အလိုလိုက်သောသူ ဖြစ်ခြင်းငှာမထိုက်၊ ဤစိတ်မည်သည်ကား လျင်သောအပြန်ရှိ၏။ ထိုစိတ်ကို မိမိအလိုသို့လိုက်စေခြင်းငှာသာ ထိုက်၏”ဟု မိန့်တော်မူ၍ ဤနှစ်ဂါထာတို့ကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၃၃] ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။
ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။
֍ * [၃၄] ဝါရိဇောဝ ထလေ ခိတ္တော၊ ဩကမောကတ ဥဗ္ဘတော။
ပရိပ္ဖန္ဒတိဒံ စိတ္တံ၊ မာရဓေယျံ ပဟာတဝေ။

ဖန္ဒနံ၊ ငါးပါးအာရုံ ကာမဂုဏ်တို့၌ တုန်လှုပ်ခြင်း ရှိထသော။ စပလံ၊ တစ်ခုသောအာရုံ၌ မတည်သည်ဖြစ်၍ လျှပ်ပေါ်ခြင်းရှိထသော။ ဒူရက္ခံ၊ စောင့်နိုင်ခဲ့ထသော။ ဒုန္နိဝါရယံ၊ ဝိသဘာဂအာရုံသို့ သွားသည်ကို တားမြစ်နိုင်ခဲထသော။ စိတ္တံ၊ စိတ်ကို။ မေဓာဝီ၊ ပညာရှိသည်။ ဥဇုံ၊ ဖြောင့်စွာ။ ကရောတိ၊ ပြု၏။ ယထာ၊ ဥပမာ အဘယ်ကဲ့သို့နည်းဟူမူကား။ ဥသုကာရော၊ လေးသမားသည်။ တေဇနံ၊ မြားကို။ ဥဇုံ၊ ဖြောင့်စွာ။ ကရောတိ ဣဝ၊ ပြုသကဲ့သို့တည်း။

ဩကမောကတော၊ ရေဟူသော တည်ရာမှ။ ဥဗ္ဘတော၊ ထုတ်အပ်သည်ဖြစ်၍။ ထလေ၊ ကြည်းကုန်းအရပ်၌။ ခိတ္တော၊ ပစ်အပ်သော။ ဝါရိဇော၊ ရေ၌ကျက်စား ငါးသတ္တဝါသည်။ ပရိပ္ဖန္ဒတိ ဣဝ၊ လွန့်လျက်ခုန်ကာ တုန်လှုပ်ရှာသကဲ့သို့။ တထာ၊ ထို့အတူ။ ဣဒံ စိတ္တံ၊ ဤကာမဂုဏ် ငါးပါးတည်းဟူသော နေရာ၌ အလွန်မွေ့လျော်သောစိတ်သည်။ ဝါ၊ စိတ်ကို။ (တတော၊ ထိုကာမဂုဏ်မှ။ ဥဒ္ဓရိတွာ၊ ထုတ်နုတ်၍။) မာရဓေယျံ၊ ကိလေသာမာရ်၏ အရာတည်းဟူသော ဝဋ်ကို။ ပဟာတဝေ၊ ပယ်ဖျက်ခြင်းငှာ။ ကမ္မဋ္ဌာနေ၊ ကမ္မဋ္ဌာန်း၌။ ခိတ္တံ၊ ချထားအပ်သည်ရှိသော်။ ပရိပ္ဖန္ဒတိ၊ တလွန့်လွန့် တုန်လှုပ်၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ မေဃိယမထေရ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုမှတစ်ပါး များစွာသော ပရိသတ်တို့သည်လည်း သောတာပန် စသည်တို့ ဖြစ်ကြလေကုန်၏။

မေဃိယမထေရ်ဝတ္တုပြီး၏။

֍ * ၂။ မထင်ရှားသောရဟန်းဝတ္ထု

ဒုန္နိဂ္ဂဟဿ လဟုနောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် မထင်ရှားသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မာတိကမိခင် ဒါယိကာမကြီးနှင့် ရဟန်းခြောက်ကျိပ်တို့အကြောင်း

ကောသလမင်း၏ နိုင်ငံတွင် တောင်ခြေရင်း၌ တခဲနက်ပြည့်သော လူနေအိမ်ခြေရှိ၍ စည်ပင်လှစွာသော မာတိကမည်သောရွာသည် ရှိသတတ်။ ထိုအခါ တစ်နေ့သ၌ ခြောက်ကျိပ်မျှလောက်ကုန်သော ရဟန်းတို့သည် ဘုရားအထံ၌ အရဟတ္တဖိုလ်သို့ ရောက်နိုင်လောက်သော ကမ္မဋ္ဌာန်းတရားများကို ဟောကြားစေပြီးလျှင် ထိုရွာသို့ သွားရောက်၍ ဆွမ်းအလို့ငှာ ရွာသို့ ဝင်ကြလေကုန်၏။ ထိုရွာကိုပိုင်သော ရွာသူကြီးသည် မာတိကမည်၏။ ထိုရွာသူကြီး၏မိခင်သည် ရဟန်းတို့ကိုမြင်၍ မိမိအိမ်၌ နေစေလျက် အထူးထူး ကောင်းမွန်သော အရသာရှိသော ယာဂုဆွမ်းတို့ဖြင့် လုပ်ကျွေး၍ “အရှင်ဘုရားတို့- အဘယ်အရပ်သို့ ကြွလိုကြပါကုန်သနည်း”ဟု မေးလျှောက်လေ၏။ “ဒါယိကာမကြီး- ချမ်းသာစွာနေရအံ့သော အရပ်ထိုထိုသို့ သွားပါကုန်အံ့”ဟုဆိုလျှင် ရွာသူကြီး၏မိခင်သည် “အရှင်ကောင်းတို့သည် ဝါဆိုကျောင်းကို ရှာယောင်တကား”ဟု ရိပ်မိသိရှိ၍ ခြေရင်း၌ တုံ့ဝပ်လျက် “အရှင်ကောင်းတို့သည် ဤအရပ်၌ ဤဝါတွင်းသုံးလပတ်လုံး အကယ်၍ နေကြကုန်သည် ဖြစ်ပါအံ့၊ တပည့်တော်မသည်လည်း သရဏဂုံသုံးပါး, ငါးပါးသော သီလတို့ကိုယူ၍ ဥပုသ်စောင့်သုံးသောအမှုကို ပြုပါအံ့”ဟု လျှောက်လေ၏။ ရဟန်းတော် အရှင်မြတ်တို့ကလည်း “ငါတို့သည် ဤဒါယိကာမကြီးကိုမှီ၍ ဆွမ်းမပင်ပန်းဘဲ သံသရာဝဋ် ဘဝညွတ်မှ လွတ်ထွက်ရအောင်ပြုခြင်းငှာ စွမ်းနိုင်ကုန်လတ္တံ့”ဟု ဝန်ခံကြကုန်၏။ ဒါယိကာမကြီးသည်လည်း ထိုရဟန်းတို့ နေစရာ ကျောင်းကို သုတ်သင်ပြုပြင်၍ ပေးလှူလေ၏။

ထိုရဟန်းတို့သည် ထိုကျောင်း၌ပင် နေကုန်လျက် တစ်နေ့သ၌ စည်းဝေး၍ အချင်းချင်း ဆုံးမကြကုန်၏။ “ငါ့ရှင်တို့- ငါတို့သည် မေ့လျော့သောအကျင့်ကို ကျင့်ခြင်းငှာ မသင့်၊ ငရဲကြီးရှစ်ထပ်တို့သည် ငါတို့ဖို့ မိမိနေရာ ကျောင်းကဲ့သို့ တံခါးဟင်းလင်း ပွင့်နေကုန်သေးသည်သာတည်း။ ဤသို့ သက်တော်ထင်ရှား ဘုရားအထံ၌ ကမ္မဋ္ဌာန်းကိုယူ၍ ငါတို့လာကြလေကုန်ပြီ၊ ဘုရားရှင်တို့မည်သည်ကား ဖဝါးအဆင့်ဆင့် ခြေရာစပ်အောင် အကြိမ်များစွာ လှည့်လည်နေသဖြင့်လည်း နှစ်သိမ့်စိမ့်သောငှာ မတတ်ကောင်း၊ ဖြောင့်မတ်သော နှလုံးသွင်း အလိုအားဖြင့်သာ နှစ်သိမ့်စိမ့်သောငှာ တတ်ကောင်း၏၊ မမေ့မလျော့ ဖြစ်ကြကုန်လော့၊ နှစ်ပါးသောရဟန်းတို့သည် တစ်ခုသောအရပ်၌ ရပ်မနေအပ်, ထိုင်မနေအပ်, ညနေချမ်းအခါ မထေရ်ကြီးထံ ဆည်းကပ်သောအခါ၌လည်းကောင်း၊ နံနက် ဆွမ်းခံသွားသောအခါ၌လည်းကောင်း ထိုအခါနှစ်ပါး၌သာ တစ်ပေါင်းတည်း ဖြစ်ကြကုန်စို့အံ့။ ကြွင်းသောအခါ၌ နှစ်ပါးအတူတကွ မနေကြကုန်စို့အံ့၊ စင်စစ်အားဖြင့်ကား ရဟန်းတစ်ပါး နာဖျားမကျန်းရှိခဲ့လျှင် လာ၍ ကျောင်းအလယ်၌ ခေါင်းလောင်းထိုးခတ်မှ ခေါင်းလောင်းသံ အမှတ်သညာဖြင့် လာကြ၍ ထိုနာသောရဟန်းအား ဆေးဝါးကုသကြကုန်စို့အံ့”ဟု စည်းဝေး၍ အချင်းချင်း ဆိုဆုံးမကာ ကတိကဝတ်ပြုကြလေကုန်၏။

မာတိကမာတာ ဒွတ္တိံသကမ္မဋ္ဌာန်းဖြင့် ပဋိသမ္ဘိဒါ အဘိညာဉ်နှင့်တကွ အနာဂါမ်တည်ပုံ

ထိုရဟန်းခြောက်ကျိပ်တို့သည် ဤသို့ ဆုံးမကာ ကတိကဝတ်ပြု၍ နေကြကုန်သည်ရှိသော် တစ်နေ့သ၌ ထို (မာတိကမာတာ) ဒါယိကာမကြီးသည် ထောပတ်, ဆီ, တင်လဲ စသည်တို့ကို ယူစေ၍ ကျွန်ယောက်ျား ကျွန်မိန်းမ အမှုလုပ်စသည်တို့ဖြင့် ခြံရံလျက် ညချမ်းသောအခါ ကျောင်းသို့သွား၍ ကျောင်းအလယ်၌ ရဟန်းတစ်ပါးမျှ မမြင်ခြင်းကြောင့် “အရှင်ကောင်းတို့သည် အဘယ်အရပ်သို့ သွားကြကုန်သနည်း”ဟု ကျွန်အမှုလုပ် ယောကျာ်းတို့ကို မေးသော် “အရှင်မ- အရှင်ကောင်းတို့သည် မိမိ, မိမိတို့၏ ညဉ့်သန့်ရာ နေ့သန့်ရာအရပ်တို့၌ နေကုန်သည်ဖြစ်လတ္တံ့”ဟု ဆိုကုန်ရကား “အဘယ်သို့ပြုမှ ဖူးမြင်ခြင်းငှာ ရလတ္တံ့နည်း”ဟု မေးလေ၏။ ထိုအခါ ရဟန်းသံဃာ၏ ကတိကဝတ်ကို သိကုန်သောလူတို့သည် “အရှင်မ- ခေါင်းလောင်း ထိုးခတ်အပ်သည်ရှိသော် အရှင်ကောင်းတို့စည်းဝေးကုန်လတ္တံ့”ဟု ပြောဆိုကြကုန်သဖြင့် ထိုဒါယိကာမကြီးသည်လည်း ခေါင်းလောင်းကို ထိုးခတ်စေ၏။ ရဟန်းတို့လည်း ထိုခေါင်းလောင်းသံ ကြားရ၍ တစ်စုံတစ်ယောက်သော ရဟန်းအား မကျန်းမမာ မချမ်းသာခြင်းသည် ဖြစ်လတ္တံ့ဟု မိမိ,မိမိတို့၏ နေရာမှထွက်၍ ကျောင်းအလယ်၌ စည်းဝေးကြကုန်၏။ နှစ်ဦးသော ရဟန်းတို့သည် တစ်ကြောင်းတည်းသောခရီးဖြင့် ကြွလာခြင်းမည်သည် မရှိ၊ တစ်ခုတစ်ခုသော အရပ်မှ တစ်ပါး တစ်ပါးစီသာ ကြွလာသည်ကို ဒါယိကာမကြီးမြင်လျှင် “ငါ့သားတို့သည် အချင်းချင်း ခိုက်ရန်ငြင်းခုံပြုသည် ဖြစ်လတ္တံ့”ဟု ကြံ၍ ရဟန်းသံဃာတို့ကို ရှိခိုးပြီးလျှင် “အရှင်ဘုရားတို့ ခိုက်ရန်ငြင်းခုံ ပြုကြကုန်သလော”ဟုမေးလျှောက်လေ၏။

“ဒါယိကာမကြီး- ခိုက်ရန်ငြင်းခုံ မပြုကုန်”ဟု မိန့်ဆိုကုန်သည်ရှိသော် “အရှင်ဘုရားတို့အား ထိုသို့ ခိုက်ရန်ငြင်းခုံခြင်း မရှိခဲ့ပါလျှင် အဘယ့်ကြောင့် အိမ်သို့ကြွလာသောအခါ အားလုံး တစ်ပေါင်းတည်း ကြွလာကုန်သကဲ့သို့ မကြွလာဘဲ တစ်ခုတစ်ခုသော အရပ်မှ တစ်ပါးစီသာ ကြွလာကုန်သနည်း”ဟု လျှောက်ပြန်သဖြင့် “ဒါယိကာမကြီး- တစ်ခုတစ်ခုသော အရပ်၌ တစ်ပါးတစ်ပါးစီနေ၍ ရဟန်းတရားကို အားထုတ်ကြရကုန်သည်”ဟု မိန့်ဆိုကြကုန်သော် “အရှင်ဘုရားတို့- ဤရဟန်းတရားမည်သည်ကား အဘယ်နည်း”ဟု မေးလျှောက်ပြန်သဖြင့် “ဒါယိကာမကြီး ဆံပင်,မွေးညင်း အစရှိသော သုံးဆယ့်နှစ်ပါးသော အခြင်းအရာတို့ဟူသော ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို စီးဖြန်းရွတ်ဖတ် သရဇ္ဈာယ်ခြင်းကို ပြုကုန်လျက် ဤကိုယ်အတ္တဘော၌ ကုန်ခန်းခြင်း ပျက်စီးခြင်း ထင်မြင်အောင် အဖန်တလဲလဲ နှလုံးသွင်း၍ နေကြကုန်၏”ဟု မိန့်ဆိုကြလေကုန်၏။ “အရှင်ဘုရားတို့- အသို့ပါနည်း၊ ဤဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို စီးဖြန်းသရဇ္ဈာယ်ခြင်းငှာလည်းကောင်း၊ ဤကိုယ်အတ္တဘော၌ ကုန်ခန်းခြင်း ပျက်စီးခြင်း ထင်မြင်အောင် နှလုံးသွင်းခြင်းငှာလည်းကောင်း အရှင်ဘုရားတို့အားသာ ပြုအပ်ပါသလော၊ တပည့်တော်မ ဒါယိကာမတို့အားလည်း အပ်ပါမည်လော”ဟု မေးလျှောက်ပြန်၏။

“ဒါယိကာမကြီး- ဤဒတ္တိံသာကာရကမ္မဋ္ဌာန်း စီးဖြန်းခြင်းကို တစ်စုံတစ်ယောက်သောသူအားမျှ တားမြစ်တော် မမူအပ်”ဟု မိန့်ဆိုတော်မူကြသဖြင့် “အရှင်ဘုရားတို့- ထိုသို့ ဖြစ်ပါမူ တပည့်တော်မအားလည်း ဒွတ္တိံသာကာရကမ္မဋ္ဌာန်းကို စီးဖြန်းအံ့သောငှာ ပေးသနားတော်မူကြပါဘုရား၊ ဤကိုယ်အတ္တဘော၌ ကုန်ခန်းခြင်း ပျက်စီးခြင်း ထင်မြင်အောင် နှလုံးသွင်းပုံကို ဟောကြား သင်ပေးတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။ “ဒါယိကာမကြီး- ထိုသို့ စီးဖြန်းလိုမူကား သင်ယူလော့”ဟု ဆို၍ အလုံးစုံကို သင်ယူစေကြလေကုန်၏။ ဒါယိကာမကြီးသည်လည်း ထိုအခါမှစ၍ ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို စီးဖြန်းသရဇ္ဈာယ်ခြင်းပြုလျက် မိမိကိုယ်၌ ကုန်ခန်းခြင်း ပျက်စီးခြင်း ထင်မြင်အောင် အသင့်အားဖြင့် နှလုံးသွင်းသည်ရှိသော် ထိုရဟန်းတို့ထက် ရှေးဦးစွာသာလျှင် မဂ်သုံးပါး, ဖိုလ်သုံးပါးတို့သို့ ရောက်လေ၏။ ထိုဒါယိကာမကြီးအား မဂ်စိတ်ဖြစ်သည်နှင့် တကွပင်လျှင် ပဋိသမ္ဘိဒါလေးပါးနှင့် လောကီအဘိညာဉ်တို့သည်လည်း ဖြစ်လာ ရောက်လာလေကုန်၏။

မာတိကမာတာ၏ ကျေးဇူးကြောင့် အားလုံး ရဟန္တာဖြစ်၍ ဘုရားထံ သွားရောက်လျှောက်ထားကြပုံ

ထိုအနာဂါမ်တည်သော ဒါယိကာမကြီးသည် မဂ်ဖိုလ်ချမ်းသာခံစားခြင်းမှထ၍ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်၍ “အဘယ်အခါ၌ ငါ့သားတို့သည် တရားထူးကို ရအပ်လေသနည်း”ဟု စူးစမ်းသည်ရှိသော် “အလုံးစုံ ဤခြောက်ကျိပ်သော ရဟန်းတို့သည်လည်း ရာဂ, ဒေါသ, မောဟ ရှိကြကုန်သေး၏၊ ဈာန်မျှ ဝိပဿနာမျှလည်း ထိုရဟန်းတို့အား မရှိကုန်။ အသို့နည်း- ငါ့သားတို့အား အရဟတ္တဖိုလ်၏အကြောင်း ဥပနိဿယသည် ရှိအံ့လော”ဟု စူးစမ်းပြန်သည်ရှိသော် ရှိကြောင်းကို သိမြင်လေလျှင် “လျောက်ပတ်သော ကျောင်းဟူသော သေနာသန သပ္ပါယသည် မရှိလေသလော”ဟု စူးစမ်းပြန်သော် သေနာသနသပ္ပါယကို မြင်လေလျှင် “လျောက်ပတ်သော ပုဂ္ဂိုလ်ဟူသော ပုဂ္ဂလသပ္ပါယ မရလေကုန်သလော”ဟု စူးစမ်းပြန်သော် ပုဂ္ဂလသပ္ပါယကို မြင်လေလျှင် “လျောက်ပတ်သော အာဟာရဟူသော အာဟာရသပ္ပါယ မရလေကုန်သလော”ဟု စူးစမ်းပြန်သော် ထိုရဟန်းတို့အား အာဟာရ သပ္ပါယ မရှိပါတကားဟု မြင်ရလေလျှင် ထိုအခါမှစ၍ အထူးထူးအပြားပြားရှိသော ယာဂု, များသော အပြားရှိသော ခဲဖွယ်, အထူးထူး အရသာရှိသော ဘောဇဉ်ကို ပြည့်စုံစွာ စီရင်စေ၍ အိမ်၌ ရဟန်းတို့ကို သီတင်းသုံး ထိုင်နေစေပြီးလျှင် မြတ်သော အလှူရေစက် သွန်းချပေးလှူ၍ “အရှင်ဘုရားတို့- အရှင်မြတ်တို့၏ နှစ်သက်ရာ ထိုထို ယာဂု, ခဲဖွယ်, ဘောဇဉ်ကိုယူ၍ (အလိုရှိတိုင်း) ဘုဉ်းပေးတော်မူပါဘုရား”ဟု ဆောင်နှင်း ဆက်ကပ်လေ၏။

ရဟန်းတို့လည်း အလိုရှိတိုင်း ယာဂုစသည်တို့ကိုယူ၍ ဘုဉ်းပေးတော်မူကြကုန်၏။ လျောက်ပတ်သော ခဲဖွယ်, ဘောဇဉ်ကို ရကုန်သော ထိုရဟန်းတို့၏စိတ်သည် တည်တည်ကြည်ကြည် ရှိလေ၏။ ထိုရဟန်းတို့သည် တည်ကြည်သောစိတ်ဖြင့် ဝိပဿနာကို ပွားစေသည်ရှိသော် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်ကြပြီးလျှင် ဤသို့ ကြံစည်ကြကုန်၏။ “ဤဒါယိကာမကြီးသည် အံ့ဖွယ်ရှိပေစွ၊ ငါတို့၏ မှီခိုအားထားရာ ဖြစ်ပေ၏၊ ငါတို့သည် လျောက်ပတ်သော ဆွမ်းစသော အာဟာရကို အကယ်၍ မရကြသည်ဖြစ်အံ့၊ မဂ်ဖိုလ်ကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်ရာ၊ ယခုအခါ ဝါကျွတ်ပြီဖြစ်သောကြောင့် ပဝါရဏာပြု၍ ဘုရားထံတော်သို့ သွားကြကုန်အံ့”ဟု ကြံစည်ကြပြီးလျှင် ထိုရဟန်း ခြောက်ကျိပ်တို့သည် မြတ်စွာဘုရားကို ဖူးမြင်လိုကုန်သည်ဟု ဥပါသိကာ ဒါယိကာမကြီးကို ပန်ကြားလေကုန်၏။ ဒါယိကာမကြီးသည်လည်း “အရှင်ဘုရားတို့- ကောင်းလှပါပြီဘုရား”ဟု ကျေနပ်စွာ လျှောက်ထားပြီးလျှင် ထိုရဟန်းတို့ကို အစဉ်အတိုင်း လိုက်ပို့လျက် “အရှင်ဘုရားတို့သည် တစ်ဖန် တပည့်တော်တို့ကို ငဲ့ညှာသမှု ကြည့်ရှုတော်မူကြပါဦးဘုရား”ဟု ချေငံသာယာသော စကားတို့ကို လျှောက်ထား၍ ပြန်ခဲ့လေ၏။

ထိုရဟန်းတို့သည်လည်း သာဝတ္ထိပြည်သို့ရောက်၍ ဘုရားရှင်ကို ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ ထိုင်နေကြကုန်လျက် “ချစ်သား ရဟန်းတို့- အသို့နည်း၊ ခံ့ကျန်းခြင်း မျှတခြင်း ရှိ၏လော၊ ဆွမ်းဖြင့်လည်း မပင်ပန်းဘဲ ရှိကြကုန်၏လော”ဟု မေးတော်မူသည်ရှိသော် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ခံ့ကျန်းခြင်း မျှတခြင်း ရှိပါ၏။ အထူးသဖြင့် ဆွမ်းဖြင့်ကား ပင်ပန်းခြင်း အလျှင်းမရှိကြပါ။ ပင်ပန်းခြင်း မရှိရကြောင်းကား မာတိကမာတာဟူသော အမည်ရှိသော တစ်ယောက်သော ဒါယိကာမကြီးသည် ဘုရားတပည့်တော်တို့၏ စိတ်အကြံဖြစ်ပုံ (စိတ်အလို)ကိုသိ၍ “ငါတို့အလို့ငှာ ဤသို့သဘောရှိသော ဆွမ်းစသော အာဟာရကို စီရင်ပါမူကား ကောင်လေစွ”ဟု ကြံသည်ရှိသော် ကြံတိုင်းကြံတိုင်းသော ဆွမ်းစသော အာဟာရကို စီရင်၍ လှူဒါန်းပါသည်။ ထို့ကြောင့် ပင်ပန်းခြင်းမရှိရပါဘုရား”ဟု ထိုအနာဂါမ် ဒါယိကာမကြီး၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကို ပြောကြား လျှောက်ထားကြလေကုန်၏။

အညတရ ရဟန်းတစ်ပါးနှင့် မာတိကမာတာတို့အကြောင်း

ထိုအခါ အမှတ်မရှိ တစ်ပါးသောရဟန်းသည် ထိုအနာဂါမ် ဒါယိကာမကြီး၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကို ကြားရ၍ ထိုရွာသို့ သွားလိုသောကြောင့် ဘုရားရှင်အထံတော်၌ ကမ္မဋ္ဌာန်းကိုယူပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ထိုမာတိကရွာသို့ သွားပါရစေဘုရား”ဟု ဘုရားထံ ပန်ကြားပြီးမှ ဇေတဝန်ကျောင်းတော်မှ ထွက်လာခဲ့ရာ အစဉ်သဖြင့် ထိုရွာသို့ရောက်၍ ကျောင်းသို့ဝင်အံ့သောနေ့၌ “ဒါယိကာမကြီးသည် ကြံတိုင်းကြံတိုင်းကို သိသတတ်၊ ငါသည်လည်း ခရီးပင်ပန်းခဲ့၏။ ကျောင်းကို သုတ်သင်ခြင်းငှာ မစွမ်းနိုင်၊ ငါ့ထံ ကျောင်းကိုသုတ်သင်တတ်သော လူကို စေလွှတ်ပါမူကား ကောင်းလေစွ”ဟု ကြံလေ၏။ ဒါယိကာမကြီးသည်လည်း အိမ်၌နေလျက်ပင်လျှင် ဆင်ခြင်သည်ရှိသော် ထိုအကြောင်းကိုသိ၍ “သွားချေ၊ ကျောင်းကို သုတ်သင်ရှင်းလင်း၍ လာခဲ့လော့”ဟု လူတစ်ယောက်ကို စေလွှတ်၏။ ရဟန်းသည်လည်း သောက်ရေ သောက်လိုသည်ဖြစ်၍ “ငါ့အား သကာအဖျော်ကိုပြု၍ (လှူချေဟု) စေလွှတ် ပို့လိုက်ပါမူကား ကောင်းလေစွ”ဟု ကြံပြန်၏။ ဒါယိကာမကြီးသည် ထိုသကာ အဖျော်ကိုလည်း စေလွှတ်ပို့လိုက်လေ၏။ ရဟန်းသည် တစ်ဖန် မိုးသောက်ရောက်သောနေ့၌ နံနက်စောစောကပင်လျှင် “ငါ့အား ပျော့ပျောင်းနူးညံ့သော ယာဂုကို လက်သုပ်ဟင်းလျာနှင့်တကွ စေလွှတ်၍ ပို့ပါစေသတည်း”ဟု အောက်မေ့ကြံစည်၏။ ဒါယိကာမကြီးသည်လည်း ထိုအကြံအတိုင်း (လှူချေဟု) စေပြန်၏။ ရဟန်းသည်လည်း ယာဂုသောက်ပြီးသော် “ငါ့အား ဤသို့သဘောရှိသော ခဲဖွယ်ကို စေလွှတ်၍ ပို့လိုက်ပါမူကား ကောင်းလေစွာ့”ဟု ကြံပြန်၏။ ဒါယိကာမကြီးသည်လည်း ထိုသို့ သဘောရှိသော ခဲဖွယ်ကို ပို့ချေဟု စေလွှတ်လိုက်လေ၏။ ရဟန်းသည်လည်း “ဤဒါယိကာမကြီးကား ငါ ကြံတိုင်း,ကြံတိုင်း အလုံးစုံကို ပေးပို့စေလွှတ်လေပြီ၊ ငါသည် ဤဒါယိကာမကြီးကို ရှုမြင်ခြင်းငှာ အလိုရှိ၏။ အထူးထူး ကောင်းမွန်သော အရသာရှိသော ဘောဇဉ်ကို ယူစေ၍ ငါ့အထံ ကိုယ်တိုင် ရောက်လာပါမူကား ကောင်းလေစွ”ဟု ကြံပြန်၏။ ဒါယိကာမကြီးသည်လည်း “ငါ့သားသည် ငါ့ကိုရှုမြင်ခြင်းငှာ အလိုရှိ၏။ ငါ၏လာခြင်းကို တောင့်တ၏”ဟု ဘောဇဉ်ကိုယူစေ၍ ကျောင်းသို့သွား၍ ထိုရဟန်းအား လှူဒါန်းလေ၏။

မာတိကမာတာကို ကြောက်ရွံ့၍ အညတရရဟန်း ဘုရားထံ ပြန်ပြေးခြင်း

ထိုအခါ ထိုရဟန်းသည် ဆွမ်းစားခြင်းကိစ္စ ပြီးလတ်သော် “ဒါယိကာမကြီး- မာတိကမာတာ မည်သောသူသည် သင် ဒါယိကာမကြီးပင်လော”ဟု မေးမြန်းလေ၏။ “သားတော် မောင်ပဉ္စင်း- မာတိကမာတာမည်သောသူ ဟုတ်မှန်ပါသည်ဘုရား”ဟု လျှောက်လျှင် “သင်ဒါယိကာမကြီးသည် သူတစ်ပါးစိတ်အကြံကို သိလေသလော”ဟု မေးပြန်၏။ “သားမောင်ပဉ္စင်း- အဘယ့်ကြောင့် ဒါယိကာမကြီးကို မေးရသနည်း”ဟု လျှောက်လျှင် “ငါသည် ကြံတိုင်း,ကြံတိုင်း အလုံးစုံကို ပြုခဲ့လေပြီ။ ထို့ကြောင့် ဒါယိကာမကြီးကို မေးမြန်းရသည်”ဟု မိန့်ဆိုလေ၏။ “သားမောင်ပဉ္စင်း- သူတစ်ပါးစိတ်ကို သိသောရဟန်းတို့သည် များစွာရှိကုန်၏”ဟု လျှောက်ဆိုပြန်သည်ရှိသော် “ဒါယိကာမကြီး- ငါသည် သူတစ်ပါးကို မမေး၊ သင်ဒါယိကာမကြီးကိုသာ မေး၏”ဟု ဆိုလေ၏။ ဤသို့ မလွှဲသာအောင် မေးသော်လည်း ဒါယိကာမကြီးသည် “သူတစ်ပါးစိတ်အကြံကို တပည့်တော် သိတတ်ပါသည်ဘုရား”ဟူ၍ မဆိုဘဲ “သားမောင်ပဉ္စင်း- သူတစ်ပါးစိတ်အကြံကို သိသောသူတို့ မည်သည်ကား ဤသို့ ပြုတတ်ကြကုန်၏”ဟု လျှောက်သည်ရှိသော် ထိုရဟန်းသည် “ဤအမှုသည်ကား ဝန်လေးလေစွတကား၊ ပုထုဇဉ်တို့မည်သည် လျောက်ပတ်သည်ကိုလည်းကောင်း၊ မလျောက်ပတ်သည်ကိုလည်းကောင်း ကြံစည်တတ်ကုန်၏။ ငါသည် မသင့်တင့် မလျောက်ပတ်သည်ကို အကယ်၍ ကြံမှားမိသည်ဖြစ်အံ့၊ ဥစ္စာထုပ်နှင့်တကွ ဖမ်းမိသော ခိုးသူကို သျှောင်ကိုဆွဲငင်ဘိသကဲ့သို့ ငါ့ကို ဖရိုဖရဲ ဖောက်ပြန်ခြင်းသို့ ရောက်စေရာ၏။ ငါသည် ဤကျောင်းမှ ထွက်ပြေးခြင်းငှာ သင့်၏”ဟု ကြံ၍ “ဒါယိကာမကြီး- ငါသွားတော့အံ့”ဟု ဆိုလေ၏။ “အရှင်ဘုရား- ဘယ်အရပ်သို့ သွားအံ့နည်း”ဟု မေးလျှောက်သည်ရှိသော် “ဘုရားရှင်ထံတော်သို့ သွားပါအံ့”ဟု ဆိုလေ၏။ “အရှင်ဘုရား- ဤကျောင်း၌ နေကြည့်စမ်းပါဦးဘုရား”ဟု လျှောက်ပြန်သော် “ဒါယိကာမကြီး- နေနိုင်တော့မည် မဟုတ်၊ သွားမည်သာတည်း”ဟုဆို၍ ကျောင်းမှ ထွက်ခဲ့ပြီးလျှင် မြတ်စွာဘုရားအထံတော်သို့ သွားလေ၏။

ထိုအခါ ရဟန်းကို ဘုရားရှင်သည် “ရဟန်း- သင်သည် ထိုအရပ်၌ အဘယ့်ကြောင့် မနေသနည်း”ဟု မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား- မနေဝံ့ပါ။ ထိုအရပ်၌ နေခြင်းငှာ မစွမ်းနိုင်ပါဘုရား”ဟု လျှောက်လေ၏။ “ချစ်သားရဟန်း- အဘယ့်ကြောင့်နည်း”ဟု မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား- ထိုဒါယိကာမကြီးသည် ကြံတိုင်း,ကြံတိုင်း အလုံးစုံကို သိမြင်ခဲ့၏။ ပုထုဇဉ်တို့မည်သည်ကား လျောက်ပတ်သည်ကိုလည်းကောင်း မလျောက်ပတ်သည်ကိုလည်းကောင်း ကြံတတ်ကုန်၏။ တပည့်တော်သည် “တစ်စုံတစ်ခုသော မသင့်မတင့် မလျောက်ပတ်သည်ကို အကယ်၍ မတော်တဆ ကြံမိသည်ဖြစ်အံ့၊ ဥစ္စာထုပ်နှင့်တကွ ဖမ်းမိသောသူကို သျှောင်ကိုဆွဲငင်ဘိသကဲ့သို့ ဘုရားတပည့်တော်ကို ဖရိုဖရဲ ဖောက်ပြန်ခြင်းသို့ ရောက်စေပါလတ္တံ့”ဟု ကြံမိ၍ မြတ်စွာဘုရားထံ ပြန်လာပါကြောင်း”နှင့် လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ရဟန်း- ထိုကျောင်း၌ပင် သင်နေခြင်းငှာ သင့်၏”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- မတတ်နိုင်ပါ၊ တပည့်တော်သည် ထိုအရပ်၌ နေခြင်းငှာ မဝံ့ပါဘုရား”ဟု လျှောက်လေ၏။ “ရဟန်း- ထိုသို့ဖြစ်မူ သင်သည် တစ်ခုတည်းကိုသာလျှင် စောင့်ရှောက်နိုင်လတ္တံ့လော”ဟု မေးတော်မူလတ်သော် “မြတ်စွာဘုရား- တစ်ခုတည်းဟူသည် အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်လေသဖြင့် “သင်၏စိတ်ကိုသာလျှင် စောင့်ရှောက်လော့၊ ထိုစိတ်မည်သည်ကို စောင့်ရှောက်နိုင်ခဲ၏။ သင်သည် မိမိစိတ်ကိုသာလျှင် နှိပ်နင်းလော့၊ တစ်ပါးသော တစ်စုံတစ်ခုကို မကြံစည်လေလင့်၊ ထိုစိတ်မည်သည်ကို နှိပ်နင်းနိုင်ခဲ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၃၅] ဒုန္နိဂ္ဂဟဿ လဟုနော၊ ယတ္ထကာမနိပါတိနော။
စိတ္တဿ ဒမထော သာဓု၊ စိတ္တံ ဒန္တံ သုခါဝဟံ။

ဒုန္နိဂ္ဂဟဿ၊ အလွန်နှိပ်နင်း နိုင်ခဲထသော။ လဟုနော၊ လျင်စွာ ဖြစ်ခြင်း,ချုပ်ခြင်း ရှိထသော။ ယတ္ထကာမနိပါတိနော၊ အလိုရှိရာအာရုံ၌ ကျတတ်သော။ စိတ္တဿ၊ စိတ်ကို။ ဒမထော၊ ယဉ်ကျေးအောင် ဆုံးမခြင်းသည်။ သာဓု၊ ကောင်း၏။ ဒန္တံ၊ ဆုံးမပြီးသည်ဖြစ်၍ ယဉ်ကျေးသော။ စိတ္တံ၊ စိတ်သည်။ သုခါဝဟံ၊ မဂ်ဖိုလ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ဆောင်တတ်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ရောက်လာသော ပရိသတ်များစွာတို့သည် သောတာပန် စသည်တို့ ဖြစ်ကုန်၏။ လူများ အပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အညတရရဟန်း ရဟန္တာဖြစ်ခြင်းနှင့် ဒါယိကာမကြီးအပေါ်၌ အတိတ်ဘဝ အပြစ်မြင်ခြင်း

ဘုရားရှင်သည် ထိုရဟန်းအား ဤသို့သော ဆုံးမဩဝါဒကို ပေး၍ “ရဟန်း- သွားလေ၊ တစ်ပါးသော တစ်စုံတစ်ခုသောအကြံကို မကြံမူ၍ ထိုကျောင်း၌သာ နေလေလော့”ဟု စေလွှတ်တော်မူလေ၏။ ရဟန်းလည်း ဘုရားရှင်အထံတော်မှ အဆုံးအမကိုရ၍ ထိုကျောင်းသို့ပင် သွားရလေ၏။ တစ်စုံတစ်ခု အပဖြစ်သော အာရုံကြံခြင်းမည်သည်ကို မကြံစည်ဝံ့လေပြီ။ ဒါယိကာမကြီးသည်လည်း ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်လတ်သည်ရှိသော် မထေရ်ကိုမြင်၍ “ယခုအခါ အဆုံးအမဩဝါဒ ပေးသနားတော်မူတတ်သော ဆရာကိုရ၍ ငါ့သားသည် တစ်ဖန် ပြန်လာ၏”ဟု မိမိဉာဏ်ဖြင့်ပိုင်းခြား၍ ထိုရဟန်းအား လျောက်ပတ်သော ဆွမ်းစသော အာဟာရကို စီရင်၍ လှူဒါန်းလေ၏။ ထိုရဟန်းသည်လည်း လျောက်ပတ်သော ဘောဇဉ်ကို မှီဝဲရ၍ နှစ်ရက်သုံးရက်ဖြင့်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် မဂ်ဖိုလ်ချမ်းသာဖြင့် လွန်စေလျက် “အံ့ဖွယ်ရှိလှပေစွတကား၊ ဒါယိကာမကြီးသည် ငါ၏ မှီခိုအားထားရာ ဖြစ်ပေစွတကား၊ ငါသည် ဤဒါယိကာမကြီးကို အမှီပြု၍ ဝဋ်မှ ထွက်မြောက်ခြင်းသို့ ရောက်ရပေပြီ”ဟု ကြံ၍ “ရှေးဦးစွာ ငါ၏ ဤကိုယ်အဖြစ်၌ မှီခိုရာဖြစ်ပြီ။ သံသရာ၌ ငါ၏ ခန္ဓာအစဉ် ကျင်လည်သောအခိုက် တစ်ပါးသော ငါ၏ကိုယ်အဖြစ်တို့၌လည်း ဤဒါယိကာမကြီးသည် မှီခိုရာ ဖြစ်ဖူးသလော၊ မဖြစ်ဖူးသလော”ဟု စူးစမ်းသည်ရှိသော် ကိုးဆယ့်ကိုးဘဝသော ကိုယ်၏အဖြစ်ကို အစဉ်လျှောက်၍ အောက်မေ့မိလေ၏။ ထိုဒါယိကာမကြီးသည်လည်း ကိုးဆယ့်ကိုးဘဝသော ကိုယ်၏အဖြစ်၌ ထိုမထေရ်၏ ခြေရင်းအလုပ်အကျွေးဖြစ်သော ခင်ပွန်းမ,ဖြစ်ဖူး၍ တစ်ပါးသောသူတို့၌ တပ်သောစိတ် ရှိခြင်းကြောင့် ထိုမထေရ်ဖြစ်ဖူးသော လင်ယောက်ျားကို အသက်မှ ချစေဖူးလေ၏။ မထေရ်သည် ထိုဒါယိကာမကြီး၏ ဤမျှလောက်သော ကျေးဇူးမဲ့အစုကို မြင်ရ၍ “ဤဒါယိကာမကြီးသည် အံ့ဖွယ်ရှိပေစွ၊ ဝန်လေးသောအမှုကို ပြုဖူးလေပြီတကား”ဟု ကြံစည်အောက်မေ့ကာ နေလေ၏။

အညတရရဟန်းသည် မာတိကမာတာအပေါ်၌ အတိတ်ဘဝကျေးဇူးကို မြင်ခြင်းနှင့် နိဗ္ဗာန်ဝင်ခြင်း

ဒါယိကာမကြီးသည်လည်း အိမ်၌နေလျက်ပင် “အသို့နည်း၊ ငါ့သားအား ရဟန်းကိစ္စအပြီးသို့ ရောက်ပြီလော၊ မရောက်သေးလေသလော”ဟု စူးစမ်းသည်ရှိသော် ထိုရဟန်း၏ အရဟတ္တဖိုလ်သို့ ရောက်သည်ကိုသိ၍ ထိုထက်အလွန် စူးစမ်းပြန်သည်ရှိသော် “ငါ့သားသည် အရဟတ္တဖိုလ်သို့ ရောက်၍ ဤဒါယိကာမကြီးသည် အံ့ဖွယ်ရှိပေစွ၊ ငါ၏ ကြီးကျယ်သော မှီခိုအားထားရာ ဖြစ်ဖူးလေစွတကား”ဟု ကြံစည်ပြီးလျှင် အတိတ်ဘဝ၌လည်း “ဤဒါယိကာမကြီးသည် ငါ၏ မှီခိုအားထားရာ ဖြစ်ဖူးလေသလော၊ မဖြစ်လေသလောဟု ဆင်ခြင်စူးစမ်းရာ ကိုးဆယ့်ကိုးခုသော ကိုယ်၏အဖြစ်ကို အစဉ်လျှောက်၍အောက်မေ့ကာ နေပြီ၊ ငါသည်ကား ကိုးဆယ့်ကိုးဘဝသော ကိုယ်၏အဖြစ်၌ သူတစ်ပါးတို့နှင့် တစ်ပေါင်းတည်းဖြစ်၍ ဤမထေရ်ကို အသက်မှ ချဖူးလေပြီ။ ဤမထေရ်သည် ဤမျှလောက်သော ငါ၏ကျေးဇူးမဲ့ကို မြင်ရ၍ ဒါယိကာမကြီးသည် အံ့ဖွယ်ရှိပေစွ၊ ဝန်လေးသောအမှုကို ပြုဖူးလေပြီတကားဟု ကြံစည် အောက်မေ့ကာ နေလေပြီ။ ဤသို့ သံသရာ၌ ကျင်လည်စဉ် ငါ့သားအား ကျေးဇူးဥပကာရ ပြုဖူးခြင်းသည် ရှိလေသလော”ဟု ဆင်ခြင်ပြန်လျှင် “ထိုကိုးဆယ့်ကိုးဘဝမှ အလွန် တစ်ရာမြောက်သော ကိုယ်အဖြစ်၌ ငါသည် ဤရဟန်း၏ ခြေရင်းအလုပ်အကျွေး ခင်ပွန်းမ,ဖြစ်၍ ဤရဟန်းအပေါ်၌ အသက်ကိုချရာတွင် အသက်အလှူကို ပေးလှူခဲ့ဖူးလေပြီ။ ငါသည် ငါ့သားအား ဤသို့ ကြီးစွာသော ကျေးဇူးဥပကာရကို ပြုဖူးခြင်းသည်လည်း အံ့ဖွယ်ရှိစွ”ဟု မြင်ရ၍ အိမ်၌နေလျက်ပင် “ထိုထက်အလွန် အထူးပြု၍ ဆင်ခြင်တော်မူပါဦးဘုရား”ဟု လျှောက်လိုက်လေ၏။

မထေရ်သည်လည်း ဒိဗ္ဗသောတ အဘိညာဉ်ဖြင့် အသံကို ကြားရသဖြင့် အထူးပြု၍ တစ်ရာမြောက်သော ကိုယ်၏အဖြစ်ကို အစဉ်လျှောက်၍ အောက်မေ့လိုက်ရာ ထိုဘဝ၌ ထိုဒါယိကာမကြီးသည် မိမိအား အသက်ပေးအပ်သည်အဖြစ်ကို မြင်လေလျှင် “ဤဒါယိကာမကြီးသည် လွန်လေသောဘဝ၌ ငါ့အား ကျေးဇူးဥပကာရ ပြုဖူးခြင်းကား အံ့ဖွယ်ရှိစွ”ဟု ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍ ထိုဒါယိကာမကြီး၏ ကျောင်း၌ပင်လျှင် လေးပါးသော မဂ်ဖိုလ်တို့၌ ပြဿနာကို (မဂ်ဖိုလ်တရားတို့ကို ကောင်းစွာ ခွဲခြမ်း၍ မေးဖြေကာ ဟောကြားတော်မူသည် ဟူလို။) ဟောကြားတော်မူ၍ ဝိပါက်ကမ္မဇရုပ် အကြွင်းမရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူလေ၏။

မထင်ရှားသောရဟန်းဝတ္ထု ပြီး၏။

֍ * ၃။ မထင်ရှားသော ငြီးငွေ့သောရဟန်း ဝတ္ထု

သုဒုဒ္ဒသံအစရှိသော ဤတရားဒေသနာတော်ကို သဗ္ဗညုမြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သာသနာတော်၌ ပျင်းရိငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောကြားတော်မူလေ၏။

ဆင်းရဲမှ လွတ်စိမ့်သောငှာ တစ်ဆင့်မှတစ်ဆင့် ကုသိုလ်တိုးတက် အားထုတ်သော သူဌေးသားအကြောင်း

ဘုရားရှင်သည် သာဝတ္ထိပြည်၌ နေတော်မူသည်ရှိသော် သူဌေးသားတစ်ယောက်သည် မိမိအိမ်သို့ ကြွလာတော်မူလေ့ရှိသော ဆရာမထေရ်သို့ ချဉ်းကပ်၍ “အရှင်ဘုရား- တပည့်တော်သည် ဆင်းရဲမှလွတ်ခြင်းငှာ အလိုရှိပါသည်၊ တပည့်တော်အား ဆင်းရဲမှ လွတ်အံ့သော အကြောင်းတစ်ခုကို ဟောကြားတော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။ “ဒါယကာ- ကောင်းပြီ၊ ဆင်းရဲမှ အကယ်၍ လွတ်လိုသည်ဖြစ်အံ့၊ စာရေးတံဆွမ်း (လဆန်းပက္ခ လဆုတ်ပက္ခ၌ လှူအပ်သောဆွမ်း) ဝါဆိုသင်္ကန်းကို လှူလော့၊ သင်္ကန်းအစရှိသော ပစ္စည်းတို့ကို လှူလော့၊ မိမိ၏ဥစ္စာကို သုံးဖို့,သုံးစုပြု၍ တစ်ဖို့တစ်စုဖြင့် ရောင်းဝယ်ခြင်းစသော အမှုကိုပြု, တစ်ဖို့တစ်စုဖြင့် သားမယားကို ကျွေးမွေး, တစ်ဖို့တစ်စုကို ဘုရားသာသနာတော်၌ အလှူကို ပေးလှူလေလော့”ဟု ဆိုလေ၏။ သူဌေးသားလည်း “အရှင်ဘုရား- ကောင်းပါပြီဘုရား”ဟု ဝန်ခံ၍ ဆိုခဲ့ပြီးသော အစဉ်အတိုင်းအားဖြင့် အလုံးစုံကိုပြုပြီးမှ တစ်ဖန် မထေရ်ကို မေးလျှောက်ပြန်၏။ “အရှင်ဘုရား- ဤဆိုခဲ့ပြီးသော ကောင်းမှုထက်အလွန် အဘယ်ကောင်းမှုကို ပြုရအံ့နည်းဘုရား”ဟု မေးလျှောက်ပြန်သော် “ဒါယကာ- သုံးပါးသော သရဏဂုံတို့ကို ဆောက်တည်၍ ငါးလီသော သီလတို့ကို ခံယူဦးလော့”ဟု မိန့်ဆိုလေ၏။ ထိုသရဏဂုံ ပဉ္စသီလတို့ကိုလည်း ခံယူပြီး၍ ထို့ထက်အလွန် မေးပြန်သော် “ဆယ်ပါးသော သီလတို့ကို ခံယူလော့”ဟု မိန့်ဆိုသဖြင့် “ကောင်းပါပြီဘုရား”ဟု ဝန်ခံကာ ခံယူဆောက်တည်လေ၏။ ထိုသူဌေးသားသည် အစဉ်အားဖြင့် ကုသိုလ်ကောင်းမှုကို ပြုအပ်သည်၏အဖြစ်ကြောင့် အနုပုဗ္ဗသူဌေးသားဟူသော အမည် ထင်ရှားစွာ ဖြစ်လေ၏။

“ထို့ထက်အလွန်လည်း ပြုအပ်သောအမှု ရှိပါသေးသလောဘုရား”ဟု တစ်ဖန်မေးပြန်လျှင် “ထိုသို့ဖြစ်မူ ရဟန်းပြုလော့”ဟု ဆိုအပ်ရကား လူ့ဘောင်မှထွက်၍ ရဟန်းပြုလေ၏။ ထိုရဟန်းအား တစ်ပါးသော အဘိဓမ္မာဆောင် ရဟန်းသည် ကမ္မဝါစာဆရာ နိသျည်းဆရာဖြစ်၏။ တစ်ပါးသော ဝိနည်းဓိုရ်ရဟန်းသည်။ဥပဇ္ဈာယ်ဆရာ ဖြစ်၏။ ထိုရဟန်းအား ပဉ္စင်းအဖြစ်ကို ရပြီးသည်ရှိသော် ကမ္မဝါစာ ဆရာ, နိသျည်းဆရာသည် မိမိထံသို့ လာသောအခါ၌ “ဘုရားသာသနာတော် မည်သည်ကား ဤမည်သောအမှုကို ပြုခြင်းငှာ သင့်လျော်၏၊ ဤမည်သောအမှုကို ပြုခြင်းငှာ မသင့်လျော်”ဟု အဘိဓမ္မာတရား ဟောကြားတော်မူလေ၏။ ထိုရဟန်း၏ ဥပဇ္ဈာယ်ဆရာသည်လည်း မိမိထံသို့ လာသောအခါ၌ “ဘုရားသာသနာတော် မည်သည်ကား ဤအမှုကို ပြုခြင်းငှာ သင့်လျော်၏၊ ဤအမှုကို ပြုခြင်းငှာ မသင့်လျော်၊ ဤအမူအရာကား အပ်၏၊ ဤအမူအရာကားမအပ်”ဟု ဝိနည်တရား ဟောကြားတော်မူလေ၏။

သူဌေးသားရဟန်း ပျင်းရိလာသဖြင့် ကျင့်စရာတရားကို အကျဉ်းဆုံး ချုံးပေးပုံ

သူဌေးသား ရဟန်းလည်း “ဤရဟန်းကိစ္စကား အလွန် ဝန်လေးစွတကား၊ ငါသည် ဆင်းရဲမှ လွတ်လိုသောကြောင့် ရဟန်းပြု၏၊ ဤသာသနာတော်၌ ငါ့အား လက်ဆန့်စရာ အရပ်မျှပင် မထင်၊ အိမ်၌နေ၍သာလျှင် ဆင်းရဲမှ လွတ်စိမ့်သောငှာ တတ်ကောင်း၏၊ ငါသည် လူထွက်ခြင်းငှာ သင့်၏”ဟု ကြံစည်လေ၏။ ထိုရဟန်းသည် ထိုအခါမှစ၍ သာသနာတော်၌ မမွေ့လျော်ခြင်းကြောင့် ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကိုလည်း စီးဖြန်းသရဇ္ဈာယ်ခြင်းကို မပြု၊ ပါဠိကိုလည်း မသင်ယူ၊ ကြုံလှီသည်ဖြစ်၍ ခေါင်းပါးသည်ဖြစ်၍ အကြောပြိုင်းပြိုင်းထသော ခန္ဓာကိုယ်ရှိသည်ဖြစ်၍ အပျင်းတရား အလွန်နှိပ်စက်အပ်သည် ဖြစ်ရကား ဝဲနာ,ပွေးနာတို့ဖြင့်ပြွမ်းသော ကိုယ်ရှိလျက် နေလေ၏။ ထိုအခါ ထိုရဟန်းကို သာမဏေငယ်တို့သည် “အရှင်ဘုရား- အဘယ်သို့ ဖြစ်ပါသနည်း၊ အရှင်ဘုရားသည် ရပ်၍နေသော နေရာ၌ ရပ်မြဲတိုင်းသာ၊ ထိုင်၍နေသော နေရာ၌ ထိုင်မြဲတိုင်းသာ ဖြစ်သည်။ ဖျော့တော့သောအနာ နှိပ်စက်အပ်သည်ဖြစ်၍ ကြုံလှီသည်ဖြစ်၍ ခေါင်းပါးသည်ဖြစ်၍ ဝဲနာ,ပွေးနာတို့ဖြင့် ပြွမ်းသော ကိုယ်ရှိလျက် နေပါသည်။ အရှင်ဘုရားသည် အဘယ်အမှုကို ပြုမိပါသနည်း”ဟု မေးမြန်းကြလေကုန်၏။

“ငါ့ရှင်တို့- ငါသည် သာသနာတော်၌ ပျင်းရိ ဆန့်ကျင်လှပေ၏”ဟု ဆိုသော် “အဘယ့်ကြောင့် ပျင်းရိ ဆန့်ကျင်ရပါသနည်း”ဟု မေးကြပြန်သောအခါ ထိုရဟန်းသည် ထိုအကြောင်းအရာကို ပြန်ကြားလေ၏။ သာမဏေငယ်တို့သည်လည်း ထိုရဟန်း၏ ဆရာ,ဥပဇ္ဈာယ်တို့အား ပြောကြား လျှောက်ထားကြလျှင် ထိုဆရာ,ဥပဇ္ဈာယ်တို့သည် ဘုရားရှင်အထံသို့ သူဌေးသားရဟန်းကို ခေါ်ဆောင်သွားကြလေကုန်၏။ ဘုရားရှင်သည်လည်း “ချစ်သားရဟန်းတို့- အဘယ်အကြောင်းကြောင့် လာရောက်ကြကုန်သနည်း”ဟု မိန့်တော်မူသဖြင့် “မြတ်စွာဘုရား- ဤရဟန်းသည် ရှင်တော်မြတ်ဘုရားတို့၏ သာသနာတော်၌ ပျင်းရိ ဆန့်ကျင်လျက်နေခြင်းကြောင့် လာရောက်ကြရပါသည်ဘုရား”ဟု လျှောက်ထားအပ်ရကား “ချစ်သားရဟန်း- ဤအတိုင်း ဟုတ်မှန်သလော”ဟု မေးစစ်တော်မူလေ၏။ “ဘုန်းတော် အလွန်ကြီးတော်မူသော မြတ်စွာဘုရား- ဟုတ်မှန်ပါသည်ဘုရား”ဟု ဝန်ခံသောအခါ “အဘယ့်ကြောင့် ပျင်းရိရသနည်း”ဟု မေးစစ်တော်မူပြန်သဖြင့် “မြတ်စွာဘုရား- ဘုရားတပည့်တော်သည် ဆင်းရဲမှ လွတ်လို၍သာလျှင် ရဟန်းပြုပါသည်၊ ဘုရားတပည့်တော်အား ကမ္မဝါစာဆရာ, နိသျည်းဆရာသည် အဘိဓမ္မာတရား ဟောကြားပါသည်၊ ဥပဇ္ဈာယ်ဆရာသည် ဝိနည်းတရား ဟောကြားပါသည်။ ဘုရားတပည့်တော်သည် ဤသာသနာတော်၌ ငါ့အား လက်ဆန့်စရာ အရပ်မျှပင် မရှိ၊ လူထွက်ပါတော့မည်ဟု သန္နိဋ္ဌာန်ချပြီးပါပြီ မြတ်စွာဘုရား”ဟု လျှောက်ထားလေ၏။

“ချစ်သားရဟန်း- သင်သည် တစ်ခုတည်းသော တရားကိုသာ အကယ်၍ စောင့်နိုင်သည်ဖြစ်အံ့၊ ကြွင်းကျန်သော တရားကို စောင့်ဖွယ်ကိစ္စမရှိ”ဟု မိန့်တော်မူလိုက်သောအခါ “မြတ်စွာဘုရား- ဤတရားကား အဘယ်တရားပါနည်းဘုရား”ဟု လျှောက်ထားလေ၏။ “သင်ချစ်သား၏ စိတ်တစ်ခုကိုသာ စောင့်ရှောက်ခြင်းငှာ စွမ်းနိုင်အံ့လော”ဟု မေးမြန်းတော်မူသဖြင့် “စွမ်းနိုင်ပါသည် မြတ်စွာဘုရား”ဟု ဝန်ခံရကား “ထိုသို့ဖြစ်မူ မိမိ၏ စိတ်တစ်ခုကိုသာလျှင် ဆင်းရဲမှလွတ်ခြင်းငှာ စောင့်ရှောက်လေလော့”ဟု မြတ်စွာဘုရားသည် အဆုံးအမကိုပေး၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၃၆] သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထကာမနိပါတိနံ။
စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ။

ဘိက္ခု၊ ရဟန်း။ သုဒုဒ္ဒသံ၊ အလွန်မြင်နိုင်ခဲထသော။ သုနိပုဏံ၊ အလွန်သိမ်မွေ့စွာထသော။ ယတ္ထကာမနိပါတိနံ၊ အကြင်အမှတ်မရှိ အလိုရှိရာအာရုံ၌ ကျလေ့ရှိထသော။ စိတ္တံ၊ စိတ်ကို၊ မေဓာဝီ၊ ပညာရှိသည်။ ရက္ခေထ၊ စောင့်ရှောက်ရာ၏။ ဂုတ္တံ၊ လုံခြုံစွာ စောင့်ရှောက်အပ်သော။ စိတ္တံ၊ စိတ်သည်။ သုခါဝဟံ၊ လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ဆောင်နိုင်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုသူဌေးသား ရဟန်းသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ သူဌေးသား ရဟန်းမှတစ်ပါး များစွာသော လူတို့သည်လည်း သောတာပန် စသည်တို့ ဖြစ်ကြကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

မထင်ရှားသော ငြီးငွေ့သောရဟန်းဝတ္ထု ပြီး၏။

֍ * ၄။ သံဃရက္ခိတမထေရ်၏တူ မထေရ်ငယ် ဝတ္ထု

ဒူရင်္ဂမံ ဧကစရံအစရှိသော ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သံဃရက္ခိတအမည်ရှိသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သံဃရက္ခိတ ရဟန်းငယ်သည် ဦးရီး ဥပဇ္ဈာယ်မထေရ်ကြီးအား သင်္ကန်းလှူခြင်း

သာဝတ္ထိပြည်၌ အမျိုးသားတစ်ယောက်သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ကြားနာရ၍ လူ့ဘောင်မှ ထွက်ပြီးလျှင် ရဟန်းပြုလေသတတ်။ ပဉ္စင်းအဖြစ်ကို ရပြီးသည်ရှိသော် သံဃရက္ခိတ မထေရ်ဟူသော အမည်ရှိသည်ဖြစ်၍ နှစ်ရက်သုံးရက်ဖြင့်သာ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ထိုမထေရ်မြတ်၏ နှမငယ်သည်လည်း သားယောက်ျားကို ရသည်ဖြစ်၍ မထေရ်မြတ်၏ အမည်ကိုသာလျှင် မှည့်လေ၏။ ထိုသူငယ်သည် တူဖြစ်သောကြောင့် ဘာဂိနေယျ သံဃရက္ခိတဟူသော အမည်ရှိသည်ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် မထေရ်မြတ်၏ အထံ၌သာလျှင် ရှင်ပြုပြီး ရဟန်းအဖြစ် ရသည်ဖြစ်၍ မထင်ရှားသော ရွာငယ်အရံကျောင်း၌ ဝါကပ်လေ၏။ ထိုသို့ဝါကပ်ရာတွင် ခုနစ်တောင်ရှိသော သင်္ကန်းလျာ ပုဆိုးတစ်ထည်၊ ရှစ်တောင်ရှိသော သင်္ကန်းလျာ ပုဆိုးတစ်ထည် ပေါင်း နှစ်ထည်သော ဝါဆိုဝတ်သင်္ကန်းလျာ ပုဆိုးတို့ကိုရ၍ ရှစ်တောင်ရှိသောပုဆိုးကို “ငါ၏ ဥပဇ္ဈာယ်အလို့ငှာ ဖြစ်လတ္တံ့ဟု”ကြံ၍ ဝါကျွတ်သဖြင့် ဥပဇ္ဈာယ်ဆရာကို ဖူးမြင်အံ့ဟု လာစဉ် လမ်းခရီးအကြား၌ ဆွမ်းအလို့ငှာ လှည့်လည်ကာလာ၍ မထေရ်ကြီးသည် ကျောင်းသို့ မရောက်သေးမီပင်လျှင် ကျောင်းသို့ဝင်၍ မထေရ်ကြီး၏ နေ့သန့်ရာအရပ်ကို တံမြက်လှည်းလျက် ခြေဆေးရေကို တည်ထား၍ နေရာကိုခင်းပြီးမှ ကြွလာအံ့သော လမ်းခရီးကို ကြည့်မျှော်ကာ နေလေ၏။

ထိုအခါ ဥပဇ္ဈာယ်မထေရ်ကြီး၏ ကြွလာသည့်အဖြစ်ကိုသိ၍ ခရီးကြိုဆိုလျက် သပိတ်သင်္ကန်းကို လှမ်းယူပြီးလျှင် “အရှင်ဘုရား- ထိုင်နေ သီတင်းသုံးတော်မူပါဘုရား”ဟု မထေရ်ကြီးကို ထိုင်နေစေပြီးသော် ထန်းရွက်ယပ်ကိုယူ၍ ယပ်လေခတ်ပြီးလျှင် သောက်ရေကပ်ခြင်း၊ ခြေဆေးခြင်းတို့ကိုပြု၍ ထိုရှစ်တောင်ရှိသော ပုဆိုးကိုဆောင်ယူကာ ခြေရင်း၌ထား၍ “အရှင်ဘုရား- ဤသင်္ကန်းကို သုံးဆောင်တော်မူပါဘုရား”ဟု လျှောက်ထား၍ ယပ်ခတ်ကာ နေလေ၏။ ထိုအခါ ထိုရဟန်းငယ်ကို “ငါ့ရှင် သံဃရက္ခိတ- ငါ့အား သင်္ကန်းပြည့်စုံပြီ၊ သင်သည်သာလျှင် သုံးဆောင်လော့”ဟု ပြောဆိုလေ၏။ “အရှင်ဘုရား- တပည့်တော်သည် ရသောအခါမှစ၍ ဤသင်္ကန်းလျာပုဆိုးကို အရှင်ဘုရားတို့၏ အလို့ငှာဟူ၍သာ မှတ်သားထားပါသည်၊ သုံးဆောင်ခြင်းကို ပြုတော်မူပါဘုရား”ဟု လျှောက်ထားပြန်လေ၏။ ထိုသို့ လျှောက်ထားပြန်သော်လည်း “ငါ့ရှင် သံဃရက္ခိတ- ငါ့အား သင်္ကန်းပြည့်စုံပြီ၊ သင်သည်သာလျှင် သုံးဆောင်လော့”ဟု ပြောဆိုပြန်လေ၏။ “အရှင်ဘုရား- ဤသို့ မပြုပါလင့်၊ အရှင်ဘုရားတို့ သုံးဆောင်သည်ရှိသော် တပည့်တော်အား များသော အကျိုးရှိသည် ဖြစ်ပါလိမ့်မည် ဘုရား”ဟု လျှောက်ထားပြန်လေ၏။ ထိုအခါ တူရဟန်းသည် အဖန်တလဲလဲ လျှောက်သော်လည်း မထေရ်သည် အလိုမရှိသည်သာလျှင်တည်း။

လူထွက်ရန် ကြံစည်ရာမှ ဥပဇ္ဈာယ်၏ ဦးခေါင်းတော်ကို ယပ်ဝန်းဖြင့် ရိုက်မိခြင်း

ဤသို့လျှင် ထိုသံဃရက္ခိတ ရဟန်းငယ်သည် ယပ်ခတ်ကာ နေလျက်သာလျှင် ဤသို့ ကြံစည်လေ၏။ “ငါကား မထေရ်မြတ်၏ လူဖြစ်စဉ်အခါ၌ တူဖြစ်၏၊ ရဟန်းဖြစ်သောအခါ၌လည်း အတူနေ သဒ္ဓိဝိဟာရိက တပည့်ဖြစ်၏။ ဤသို့ဖြစ်ပါလျက်လည်း ငါနှင့်အတူတကွ ဥပဇ္ဈာယ်ဆရာသည် သုံးဆောင်ခြင်းကို ပြုခြင်းငှာ အလိုမရှိ၊ ဤမထေရ်မြတ်သည် ငါနှင့်အတူတကွ သုံးဆောင်ခြင်းမပြုသည်ရှိသော် ငါ့အား ရဟန်းအဖြစ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လူထွက်တော့အံ့”ဟု ကြံစည်လေ၏။ ထို့နောက်မှ ထိုရဟန်းငယ်အား ဤသို့ အကြံဖြစ်ပြန်လေ၏။ “အိမ်ရာတည်ထောင် လူ့ဘောင်မည်သည် တည်တံ့ခြင်းငှာ ခဲယဉ်းစွာ၏၊ လူဖြစ်လတ်သည်ရှိသော် အဘယ်အမှုပြု၍ အသက်မွေးရပါအံ့နည်း”ဟု ကြံပြန်သော် “ရှစ်တောင်သောပုဆိုးကို ရောင်း၍ ဆိတ်မတစ်ကောင်ကို ဝယ်ပေအံ့၊ ဆိတ်မမည်သည်ကား လျင်စွာ မွေးလွယ်၏၊ ထိုငါသည် မွေးတိုင်း,မွေးတိုင်းသော ဆိတ်ကို ရောင်းချ၍ အရင်းငွေပြုအံ့၊ အရင်းငွေပြုပြီးလျှင် မယားတစ်ယောက်ကို ဆောင်ယူပေအံ့၊ ထိုမယားသည်လည်း သားငယ်တစ်ယောက်ကို ဖွားမြင်လတ္တံ့။ ထိုအခါ သားငယ်အား ဦးရီးမထေရ်၏ သံဃရက္ခိတဟူသော အမည်ကိုပင် မှည့်၍ လှည်းယာဉ်ငယ်တစ်ခု၌ ထိုင်စေလျက် ငါ၏ သားကိုလည်းကောင်း၊ မယားကိုလည်းကောင်း ယူဆောင်ပြီး ဦးရီးမထေရ်မြတ်ကို ဖူးမြော်ရန် လာပေအံ့၊ လာစဉ် လမ်းခရီးအကြား၌ ငါ့မယားကို ဤသို့ဆိုပေအံ့၊ “ငါ့သား ငါ့ကိုပေးလော့၊ ငါချီဦးမည်”ဟု ဆိုလိုက်လျှင် ထိုမိန်းမက “အရှင့်အား သားကိုချီသဖြင့် အဘယ်အကျိုးရှိမည်နည်း၊ လာ၍ ဤလှည်းယာဉ်ငယ်ကိုသာ မောင်းနှင်ပါ”ဟု ဆို၍ သားငယ်ကိုချီကာ ယူဆောင်ပါမည်ဟု ယူဆောင်ရာ ကောင်းကောင်း မထားနိုင်သဖြင့် လှည်းဘီးလမ်း၌ (လွတ်)ချလိုက်မိပေလတ္တံ့၊ ထိုအခါ သားငယ်၏ ကိုယ်ပေါ်ကို လှည်းဘီးတက်၍ ကြိတ်သွားလတ္တံ့၊ ထိုအခါ မိန်းမကို “နင်သည် ငါ့သားငယ်ကို ငါ့ကိုလည်း မပေး၊ ကောင်းကောင်း ချီထားခြင်းငှာလည်း မတတ်နိုင်၊ နင်သည် ငါ့ကို နှိပ်စက်ဖျက်ဆီးဘိ၏တကား”ဟုဆို၍ ကြိမ်တံပြာ လှင်တံဖြင့် မိန်းမ၏ကျောက်ကုန်း၌ ရိုက်နှက်ပေအံ့”ဟု စိတ်ကူးအကြံ ဖြစ်ပေါ်ပြန်လေ၏။ ထိုရဟန်းငယ်သည် ဤသို့ ကြံစည်လျက်သာနေ၍ ယပ်ခတ်နေစဉ်ဖြစ်ရကား မထေရ်မြတ်၏ ဦးခေါင်းတော်ကို ထန်းရွက်ယပ်ဖြင့် အကြိမ်ကြိမ် ပုတ်ခတ်မိလေ၏။

မထေရ်ကြီး သိသွားသဖြင့် ရှက်၍ ထွက်ပြေးရာမှ ဘုရားရှင် ဆုံးမတော်မူခြင်း

မထေရ်မြတ်သည် “ဤသံဃရက္ခိတကား ငါ၏ဦးခေါင်းကို ပုတ်ခတ်၏။ အကြောင်း အဘယ်သို့ ရှိသနည်း”ဟု စူးစမ်းသည်ရှိသော် ရဟန်းငယ် ကြံတိုင်း,ကြံတိုင်း အလုံးစုံကိုသိ၍ “ငါ့ရှင် သံဃရက္ခိတ- သင်၏မယား မာတုဂါမကို ရိုက်နှက်ပုတ်ခတ်ခြင်းငှာ မစွမ်းနိုင်ဘဲ ဤအရာ၌ အိုမင်း ကြီးရင့်လေပြီးသော ငါ့အား အဘယ်အပြစ်ရှိပါသနည်း”ဟု မေးလေ၏။ တူရဟန်းငယ်သည်လည်း “အံ့ဖွယ်ရှိစွ၊ ငါသည် ပျက်စီးခြင်းသို့ ရောက်ချေပြီ၊ ငါ၏ဥပဇ္ဈာယ်ဆရာကား ငါကြံသမျှကို သိခဲ့ပြီ၊ ငါ့အား ရဟန်းအဖြစ်ဖြင့် အကျိုးမရှိပြီ”ဟု ထန်းရွက်ယပ်ကို စွန့်ပစ်၍ ပြေးအံ့သောငှာ အားထုတ်လေ၏။ ထိုအခါ သံဃရက္ခိတရဟန်းငယ်ကို ပဉ္စင်းငယ်, သာမဏေငယ်တို့သည် အစဉ်လိုက်၍ ခေါ်ဆောင်ပြီးလျှင် ဘုရားရှင်အထံတော်သို့ သွားကြကုန်၏။ ဘုရားရှင်သည်လည်း ထိုရဟန်းတို့ကို မြင်တော်မူ၍ “ရဟန်းတို့- အဘယ့်ကြောင့် လာရောက်ကြသနည်း၊ ရဟန်းတစ်ပါးကို အသင်တို့ ရလာသလော”ဟု မေးတော်မူလတ်သော် “မှန်လှပါ မြတ်စွာဘုရား”ဟု လျှောက်၍ “သာသနာတော်၌ ပျင်းရိငြီးငွေ့သဖြင့် ထွက်ပြေးသော ဤရဟန်းငယ်ကိုဖမ်း၍ မြတ်စွာဘုရားထံသို့ ရောက်လာရပါကြောင်း”နှင့် လျှောက်ထားကြလေကုန်၏။

ထိုအခါ ဘုရားရှင်သည် “ချစ်သားရဟန်း- ဤသာသနာတော်၌ ပျင်းရိငြီးငွေ့သောဟူသည် မှန်သလော”ဟု မေးတော်မူသည်ရှိသော် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မှန်လှပါသည်ဘုရား”ဟု လျှောက်ထားသဖြင့် “ချစ်သားရဟန်း- အဘယ်အကျိုးငှာ ဤသို့ ဝန်လေးသောအမှုကို သင်ပြုလေဘိသနည်း။ သင်သည် အားထုတ်အပ်သော လုံ့လရှိသော တစ်ဆူသော ငါဘုရား၏သားတော် မဟုတ်သလော၊ ငါကဲ့သို့သော ဘုရားရှင်၏ သာသနာတော်၌ ရဟန်းပြုသည်ဖြစ်ပါလျက် မိမိကိုယ်ကို သောတာပန်ဟူ၍လည်းကောင်း၊ သကဒါဂါမ် ဟူ၍လည်းကောင်း၊ အနာဂါမ်ဟူ၍လည်းကောင်း၊ ရဟန္တာဟူ၍လည်းကောင်း ဆိုစေခြင်းငှာ မစွမ်းနိုင်လေဘဲ အဘယ့်ကြောင့် ဤသို့ ဝန်လေးစွာသောအမှုကို ပြုလေဘိသနည်း”ဟု တစ်ဖန် မေးတော်မူပြန်၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ပျင်းရိငြီးငွေ့လှပါသည်ဘုရား”ဟု လျှောက်သော် “အဘယ့်ကြောင့် ပျင်းရိခြင်း ဖြစ်သနည်း”ဟု မေးတော်မူပြန်သဖြင့် ထိုရဟန်းငယ်သည် ဝါဆိုသင်္ကန်းတို့ကို ရသောအခါမှစ၍ ထန်းရွက်ယပ်ဖြင့် ဆရာဥပဇ္ဈာယ်မထေရ်အား ပုတ်ခတ်မိသည်တိုင်အောင် အလုံးစုံသော ထိုအကြောင်းကို လျှောက်ကြား၍ “ဤသို့သောအကြောင်းကြောင့် ထွက်ပြေးခြင်း ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ ပဉ္စင်းငယ်ကို ဘုရားရှင်သည် “ချစ်သားရဟန်း-လာခဲ့လော့၊ အထူးထူးအထွေထွေ မကြံလေလင့်၊ ဤစိတ်မည်သည်ကား ဝေးသောအရပ်၌ ထင်ရှားရှိသော အာရုံကိုလည်း လက်ခံတတ်သောသဘောရှိ၏။ ရာဂ,ဒေါသ,မောဟဟူသော အနှောင်အဖွဲ့မှ လွတ်စိမ့်သောငှာ လုံ့လပြုသင့်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၃၇] ဒူရင်္ဂမံ ဧကစရံ၊ အသရီရံ ဂုဟာသယံ။
ယေ စိတ္တံ သံယမေဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ။

ဒုရင်္ဂမံ၊ ဝေးသောအရပ်၌တည်သော အာရုံသို့လည်း သွားရောက်တတ်သော။ ဧကစရံ၊ တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်တတ်သော။ အသရီရံ၊ ကိုယ်သဏ္ဌာန်မရှိထသော။ ဂုဟာသယံ၊ ဟဒယဝတ္ထုဟုဆိုအပ်သော လိုဏ်ဥမင်ကိုမှီ၍ ဖြစ်တတ်သော။ စိတ္တံ၊ စိတ်ကို။ ယေ၊ အကြင် ယောက်ျား,မိန်းမ, လူ,ရှင်,ရဟန်းတို့သည်။ သံယမေဿန္တိ၊ လုံခြုံစွာ စောင့်စည်းနိုင်ကြကုန်လတ္တံ့။ တေ၊ ထိုယောက်ျား,မိန်းမ, လူ,ရှင်,ရဟန်းတို့သည်။ မာရဗန္ဓနာ၊ ကိလေသာမာရ် အနှောင်အဖွဲ့ဟူသော တေဘူမက ဝဋ်ဒုက္ခမှ။ မောက္ခန္တိ၊ လွတ်မြောက်ကြကုန်လတ္တံ့။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ တူဖြစ်သော သံဃရက္ခိတမထေရ်သည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ထိုမှတစ်ပါး များစွာသောသူတို့သည်လည်း သောတာပန်စသည်တို့ ဖြစ်ကြကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

သံဃရက္ခိတမထေရ်၏တူ မထေရ်ငယ်ဝတ္ထုပြီး၏။

֍ * ၅။ စိတ္တဟတ္ထမထေရ် ဝတ္ထု

အနဝဋ္ဌိတစိတ္တဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် စိတ္တဟတ္ထမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ခြောက်ကြိမ်တိုင်အောင် ရဟန်းပြုလိုက် လူထွက်လိုက်ပြုသောသူ အကြောင်း

သာဝတ္ထိပြည်၌နေလေ့ရှိသော တစ်ယောက်သော အမျိုးသားသည် ပျောက်သောနွားကို ရှာမီးရန် တောအုပ်သို့ဝင်၍ မွန်းတည့်သောအခါ၌ နွားကိုတွေ့မြင်ရသဖြင့် နွားအုပ်ထဲ၌ လွှတ်ခဲ့၍ “အရှင်ကောင်းတို့၏အထံ၌ အနည်းငယ်မျှ အာဟာရကို မချွတ်ရလိမ့်မည်”ဟု ငတ်မွတ်ခြင်း နှိပ်စက်သည်ဖြစ်၍ ကျောင်းသို့ဝင်လာပြီးလျှင် ရဟန်းတို့အထံသို့သွား၍ ရှိခိုးပြီးမှ သင့်တင့်လျောက်ပတ်သောအရပ်၌ နေလေ၏။ ထိုအခါ ရဟန်းတို့၏ဆွမ်းတောင်း၌ စားပြီးသည်မှ ကြွင်းကျန်သော ထမင်းသည် ရှိသတတ်။ ရဟန်းတို့သည်လည်း ငတ်မွတ်ခြင်းဖြင့် နှိပ်စက်ခြင်းရှိသော ထိုအမျိုးသားကိုမြင်လျှင် “ဤဆွမ်းတောင်းမှ ထမင်းကိုယူ၍ စားလော့”ဟု ဆိုကြကုန်၏။

ထိုအမျိုးသား ယောက်ျားသည် ထိုဆွမ်းတောင်းမှ စားလောက်ရုံမျှသော ထမင်းကိုယူကာ စားပြီး ရေသောက်လက်ဆေးပြီးလျှင် ရဟန်းတို့ကိုရှိခိုးလျက် “အရှင်ဘုရားတို့- ယနေ့ ပင့်ဖိတ်ရာအရပ်သို့ ကြွကြရကုန်သလော”ဟု မေးလျှောက်သော် “ဒါယကာ- ပင့်ဖိတ်ရာအရပ်ကား မရှိ၊ ဤသို့ မရှိသော်လည်း အမြဲမပြတ် ရဟန်းတို့သည် ဤနည်းအတိုင်း ရကြကုန်၏”ဟု ဆိုကြကုန်၏။ အမျိုးသား ယောက်ျားသည် ကြံစည်သည်မှာ “ငါတို့သည် ထထကြွကြွ လွန်စွာ လုံ့လပြုခြင်းဖြင့် ညဉ့်နေ့ပတ်လုံးမပြတ် အလုပ်ကို ကြိုးစား၍ လုပ်ဆောင်ပါသော်လည်း ဤအရှင်ကောင်းတို့၏ ဆွမ်းနှင့်အတူ ကောင်းသောဟင်းလျာရှိသော ထမင်းကို မရကြကုန်၊ ဤရဟန်းတို့ကား စင်စစ်အားဖြင့် မပြတ် ဘုဉ်းပေးကြရကုန်၏။ ငါ့အား လူ၏အဖြစ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ရဟန်းပြုအံ့”ဟု ကြံစည်၍ ရဟန်းတို့အထံသို့ချဉ်းကပ်ကာ ရဟန်းအဖြစ်ကို တောင်းပန်လေ၏။ ထိုအခါ ထိုအမျိုးသားကို ရဟန်းတို့သည် “ဒါယကာ- ကောင်းပြီ”ဟု ဆို၍ ရဟန်းခံပေးကြကုန်၏။ ထိုအမျိုးသားသည် ရဟန်းဖြစ်ပြီးသည်ရှိသော် အလုံးစုံသော ဝတ်ကြီးတ်ငယ်ကို ပြုစုဖော်ရလေ၏။ ထိုရဟန်းသည် ဘုရားရှင်တို့အားဖြစ်သော လာဘ်ပူဇော်သက္ကာရကို စားရသဖြင့် နှစ်ရက်,သုံးရက် လွန်လတ်သော် ဆူဖြိုးသောကိုယ် ရှိလေ၏။

ထို့နောက် ကြံပုံကား “ငါ့အား ဆွမ်းအတွက် အရပ်ထဲ၌ လှည့်လည်ကာ အသက်မွေးရခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လူထွက်အံ့”ဟု ကြံပြီးလျှင် လူထွက်သွား၍ အိမ်(အလုပ်)သို့ ဝင်လေ၏။ အိမ်၌ အမှုကြီးငယ်တို့ကို ပြုစုလုပ်ကိုင်ရသော ထိုယောက်ျားအား နှစ်ရက်,သုံးရက်ကြာလျှင်ပင် ဝဖြိုးသောကိုယ်သည် ညှိုးနွမ်း ပိန်ချုံးပြန်လေ၏။ ထို့နောက်မှ “ငါ့အား ဤဆင်းရဲခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရဟန်းပြုအံ့”ဟု ကြံပြန်၍ တစ်ဖန်သွား၍ ရဟန်းပြုပြန်လေ၏။ ထိုရဟန်းသည် နှစ်ရက်,သုံးရက် လွန်ပြန်လျှင် တစ်ဖန် ငြီးငွေ့၍ လူထွက်ပြန်လေ၏။ ရဟန်းပြုသောအခါ၌ကား ရဟန်းတို့အား ကျေးဇူးများသောသူတစ်ယောက် ဖြစ်ပေ၏။ ထိုရဟန်းလူထွက်သည် နှစ်ရက်,သုံးရက်ဖြင့်သာလျှင် တစ်ဖန် ငြီးငွေ့၍ “ငါ့အား လူ၏အဖြစ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရဟန်းပြုဦးအံ့”ဟု သွား၍ ရဟန်းတို့အား ရှိခိုးပြီးလျှင် ရဟန်းအဖြစ်ကို တောင်းပြန်လေ၏။ ထိုအခါ ထိုလူထွက်ကို ရဟန်းတို့သည် ကျေးဇူးဥပကာရ၏အစွမ်းဖြင့် တစ်ဖန် ရဟန်းပြုပေးကြပြန်လေ၏။ ဤသို့သောနည်းဖြင့် ထိုယောက်ျားသည် ခြောက်ကြိမ်၊ ခြောက်ခါ ရဟန်းပြုပြီး လူထွက်ခဲ့လေ၏။ ထိုသူအား ရဟန်းတို့သည် “ဤသူကား စိတ်သွားရာအာရုံသို့ လိုက်တတ်သော။ ဝါ၊ စိတ်အလိုသို့ လိုက်တတ်သောသူဖြစ်၍ သွားလာလှည့်ပတ်တတ်သောကြောင့် “စိတ္တဟတ္ထမထေရ်”ဟု အမည်ကို မှည့်ခေါ်ကြလေကုန်၏။

မယား အအိပ်ဆိုးလှသဖြင့် သောတာပန်တည်သော ယောက်ျားအကြောင်း

ထိုအမျိုးသားသည် ရဟန်းဘဝ, လူ့ဘဝသို့ ခဏခဏ တုံ့ခေါက်မကြာ လူးလာစဉ်ပင် မယား ကိုယ်ဝန်ရှိခဲ့လေ၏။ ထိုအမျိုးသားသည် ခုနစ်ကြိမ်မြောက် ရဟန်းပြုလတ္တံ့သောအကြိမ်၌ တောမှ ထွန်တုံးစသော ဘဏ္ဍာကိုယူ၍ အိမ်သို့ပြန်သွားပြီးလျှင် ထွန်တုံးစသော ဘဏ္ဍာကိုထား၍ မိမိသင်္ကန်းကို ယူမည်ဟု အိမ်ခန်းထဲသို့ ဝင်သွားလေ၏။ ထိုခဏ၌ ထိုအမျိုးသား၏မယားသည် လျောင်းလျက် အိပ်ပျော်နေ၏။ ထိုမိန်းမအား ဝတ်သောအဝတ် ကင်းကျွတ်လျက်ရှိ၏။ ခံတွင်းမှလည်း အရိအရွဲ ယိုစီး၏။ နှာခေါင်းမှ ဃုရ-ဃုရ အသံမြည်၏။ (တရှုတ်ရှုတ်မြည်၏။) ခံတွင်းသည် ဟင်းလင်းပွင့်လျက်နေ၏။ ထိုအခါ အမျိုးကောင်းသားသည် ထိုမိန်းမအား ဖူးဖူးရောင်သော အကောင်ပုပ်၏ ကိုယ်ကဲ့သို့ ရွံရှာစက်ဆုပ်ဖွယ်ဟု ထင်လေ၏။ အမျိုးကောင်းသားသည် ဤခန္ဓာကိုယ်သည် အမြဲမရှိ၊ ဆင်းရဲခြင်းသဘောရှိ၏ဟု အမှတ်သညာကိုရ၍ “ငါသည် ဤမျှလောက်သော ကာလပတ်လုံး ရဟန်းပြုပြီးလျှင် ဤမိန်းမကိုအမှီပြု၍ ရဟန်းအဖြစ်၌ တည်တံ့ခြင်းငှာ မတတ်နိုင်”ဟု ကြံ၍ သင်္ကန်းစွန်း၌ကိုင်ကာ ရင်၌ဖွဲ့လျက် အိမ်မှ ထွက်ခွာသွားလေ၏။ ထိုအခါ အခြားမဲ့သောအိမ်၌နေသော ယောက္ခမသည် ထိုသို့သော အခြင်းအရာဖြင့်သွားသော ထိုသားမက်ကိုမြင်လျှင် “ဤသားမက်ကား လူ့အဖြစ်၌ တစ်ဖန်ငြီးငွေ့ပြန်ပြီ ဖြစ်လတ္တံ့၊ ယခုပင် တောမှပြန်လာ၍ ဖန်ရည်စွန်းသောသင်္ကန်းကို ရင်၌ဖွဲ့ပြီးလျှင် အိမ်မှထွက်၍ ကျောင်းသို့ ရှေးရှုသာ သွား၏။ အကြောင်း အသို့နည်း”ဟု အိမ်သို့ဝင်၍ကြည့်သော် အိပ်ပျော်၍နေသောသမီးကို မြင်ရလေ၏။

ထိုအခါ ယောက္ခမသည် “ငါ့သားမက်ကား ငါ့သမီးအိပ်သည်ကိုမြင်ရာ နှလုံးမသက်သာသည်ဖြစ်၍ သွားချေသည်”ဟု သိရကား သမီးကိုပုတ်ခတ်၍ “ဟဲ့.. သူယုတ်မ-ထလော့၊ သင်၏လင်သည် အိပ်ပျော်သောနင့်ကို မြင်ရာ နှလုံးမသက်သာသည်ဖြစ်၍ သွားလေပြီ၊ ထိုသူသည် ဤနေ့မှစ၍ သင်နှင့် ပေါင်းသင်းဆက်ဆံခြင်း မရှိတော့ပြီ”ဟု ပြစ်တင်စကား ပြောဆိုလေ၏။ ထိုသမီးကလည်း “အမိ- ဖဲသွားပါလော့ (အသာနေပါ)၊ ဤယောက်ျားသွားခြင်းကား အတည်ဘယ်မှာရှိအံ့နည်း၊ နှစ်ရက်,သုံးရက်ဖြင့်သာ တစ်ဖန် ပြန်လာလတ္တံ့”ဟု ဆိုလေ၏။ ထိုအမျိုးသားသည်လည်း “အနိစ္စ, ဒုက္ခ”ဟု ရွတ်ဆိုကာ သွားစဉ်ပင်လျှင် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ထိုယောက်ျားသည် ကျောင်းသို့သွား၍ ရဟန်းတို့ကိုရှိခိုးပြီးလျှင် ရဟန်းအဖြစ်ကို ပေးသနားတော်မူပါမည့်အကြောင်းနှင့် လျှောက်တောင်းပြန်လေ၏။ ထိုအခါ ရဟန်းတို့က “ငါတို့သည် သင့်ကို ရဟန်းပြုပေးခြင်းငှာ မတတ်နိုင်၊ သင်၏ရဟန်းအဖြစ်သည် အဘယ်မှာနည်း၊ သင်၏ဦးခေါင်းသည် ဓားသွေးကျောက်နှင့် တူ၏၊ ထို့ကြောင့် ရဟန်းပြုပေးခြင်းငှာ မတတ်နိုင်”ဟု ဆိုလတ်သော် “အရှင်ဘုရား- ယခုတစ်ကြိမ်သာ တပည့်တော်ကို ရဟန်းပြုပေးတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ ရဟန်းတို့လည်း ထိုအမျိုးသား၏ ကျေးဇူးများသည်အဖြစ်ကြောင့် ရဟန်းပြုပေးကြလေကုန်၏။ ထိုအမျိုးသားရဟန်းသည် နှစ်ရက်,သုံးရက်ဖြင့်ပင်လျှင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။

ထိုအခါ ရဟန်းတို့သည် ထိုအမျိုးသားရဟန်းကို “ငါ့ရှင် စိတ္တဟတ္ထ- သင်၏အိမ်သို့ ပြန်သွားမည့်အခါကို သင်သည်သာလျှင် သိရာ၏”ဟုဆို၍ “ဤအကြိမ်၌ သင် ရဟန်းပြုခြင်းကား ကြာမြင့်စွ”ဟု ဆိုကြသော် “အရှင်ဘုရားတို့- ပေါင်းသင်းဆက်ဆံလိုသောစိတ် ရှိသောအခါ၌ သွားခဲ့ကြရပါပြီ၊ ထိုပေါင်းသင်း ဆက်ဆံခြင်းသည် တပည့်တော်တို့အား ပြတ်ခဲ့ပြီ၊ ယခုအခါ မသွားသောသဘောရှိသောသူတို့ ဖြစ်ကြရပါပြီ”ဟု လျှောက်လေ၏။ ရဟန်းတို့လည်း မြတ်စွာဘုရားအထံသို့သွား၍ “မြတ်စွာဘုရား- ဤရဟန်းသည် တပည့်တော်တို့ ဤသို့ဆိုအပ်သည်ရှိသော် ဤမည်သောစကားကို ဆိုပါသည်၊ အရဟတ္တဖိုလ်ကို ဖြေကြားပါသည်။ မဟုတ်မမှန်သည်ကို ပြောဆိုပါသည်ဘုရား”ဟု လျှောက်ကြားကြသောအခါ ဘုရားရှင်သည်လည်း “ချစ်သား ရဟန်းတို့- ထိုရဟန်းဆိုတိုင်း မှန်၏။ ဤငါ့သားသည် မိမိ၏ တည်တံ့သော စိတ်မရှိသောအခါ၌လည်းကောင်း၊ သူတော်ကောင်းတရားကို မသိသေးသောအခါ၌လည်းကောင်း အိမ်နှင့်ကျောင်းသို့ လူးလာတုံ့နှင်း သွားလာခြင်းကို ပြု၏၊ ယခုအခါ၌ ထိုငါ့သားရဟန်းသည် ကောင်းမှု,မကောင်းမှုကို ပယ်အပ်ပြီ”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၃၈] အနဝဋ္ဌိတစိတ္တဿ၊ သဒ္ဓမ္မံ အဝိဇာနတော။
ပရိပ္လဝပသာဒဿ၊ ပညာ န ပရိပူရတိ။
֍ * [၃၉] အနဝဿုတစိတ္တဿ၊ အနနွာဟတစေတသော။
ပုညပါပပဟီနဿ၊ နတ္ထိ ဇာဂရတော ဘယံ။

အနဝဋ္ဌိတစိတ္တဿ၊ တည်တံ့သောစိတ် မရှိသော။ သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။ အဝိဇာနတော၊ မသိတတ်သော။ ပရိပ္လဝပသာဒဿ၊ နည်းပါးသောကြောင့် ပက်လက်ပေါလောမျောသော သဒ္ဓါယုံကြည်ခြင်းရှိသော။ ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်အား။ ပညာ၊ လောကီ လောကုတ္တရာပညာသည်။ န ပရိပူရတိ၊ မပြည့်စုံ။

အနဝဿုတစိတ္တဿ၊ ရာဂဖြင့် မစွတ်စိုသော စိတ်ရှိထသော။ အနနွာဟတစေတသော၊ ဒေါသဖြင့် မထိပါးသော စိတ်ရှိထသော။ ပုညပါပပဟီနဿ၊ ကောင်းမှု,မကောင်းမှုကို ပယ်ပြီးထသော။ ဇာဂရတော၊ သဒ္ဓါစသော ငါးပါးသော နိုးကြားခြင်းဂုဏ်နှင့် ပြည့်စုံထသော။ ခီဏာသဝဿ၊ ရဟန္တာပုဂ္ဂိုလ်အား။ ဘယံ၊ ကိလေသာဟူသော ဘေးရန်သည်။ နတ္ထိ၊ မရှိ။

ဒေသနာတော်၏ အကျိုး

လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

စိတ္တဟတ္ထမထေရ်အကြောင်းနှင့် စပ်လျဉ်း၍ ကိလေသာ၏ အပြစ်ပြခြင်း

ထိုအခါ တစ်နေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် “ငါ့ရှင်တို့-ကိလေသာတို့မည်သည်ကား ဝန်လေးလေစွတကား။ ဤသို့သဘောရှိသော အရဟတ္တဖိုလ်၏ အကြောင်းဥပနိဿယနှင့် ပြည့်စုံသော အမျိုးကောင်းသားကို ကိလေသာတို့သည် လှုပ်ချောက်ချားအပ်သည်ဖြစ်၍ ခုနစ်ကြိမ် လူဖြစ်၍ ခုနစ်ကြိမ် ရဟန်းပြုရ၏”ဟု စကားကို ဖြစ်စေကြကုန်၏။ ဘုရားရှင်သည် ထိုရဟန်းတို့ စကားပြောဆိုသည်ကို ကြားတော်မူ၍ ထိုခဏအား လျောက်ပတ်သော ကြွသွားတော်မူခြင်းဖြင့် တရားသဘင်သို့ ကြွသွားတော်မူပြီးလျှင် ဘုရားနေရာ၌ နေတော်မူလျက် “ချစ်သား ရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကာနေကြသနည်း”ဟု မေးမြန်းတော်မူသဖြင့် “ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏”ဟု လျှောက်ကြားအပ်သည်ရှိသော် “ချစ်သား ရဟန်းတို့- ကိလေသာတို့မည်သည်ကား ဤသို့သာလျှင် ဝန်လေးကြကုန်၏။ ထိုကိလေသာတို့သည် အကယ်၍ ရုပ်အစိုင်အခဲဖြစ်၍ တစ်စုံတစ်ခုသောနေရာ၌ စုပုံထားခြင်းငှာ တတ်ကောင်းသည် ဖြစ်ကုန်ငြားအံ့၊ စကြဝဠာသည် အလွန်ကျဉ်းသေး၏၊ ဗြဟ္မာ့ပြည်သည် အလွန်နိမ့်သေး၏။ ထို့ကြောင့် ကိလေသာတို့၏တည်ရှိရန် အရပ်ပင် မရှိရာ၊ ထိုကိလေသာတို့သည် ဤမျှလောက် ဝန်လေးကုန်၏။ ပညာနှင့်ပြည့်စုံ၍ ယောက်ျားအာဇာနည်ဖြစ်သော ငါကဲ့သို့သောသူကိုပင် ချောက်ချားစေကုန်၏။ ကြွင်းသောသူတို့၌ ဆိုဖွယ်မရှိ”ဟု မိန့်တော်မူပြီးလျှင် “ငါကိုယ်တိုင်ပင် တစ်ကွမ်းစားဝက် (တစ်စလယ်ဝက်)မျှသော ပြောင်းမျိုးနှင့် အသွားတုံးသော ပေါက်တူးကို အမှီပြု၍ ခြောက်ကြိမ်တိုင်အောင် ရသေ့ရဟန်းပြုပြီး လူထွက်ဖူးလေပြီ”ဟု မိန့်တော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အဘယ်အခါကပါနည်းဘုရား၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား- အဘယ်အခါကပါနည်းဘုရား”ဟု လျှောက်ထားကြသဖြင့် “နာလိုကြကုန်သလော ချစ်သားတို့”ဟု မေးမြန်းတော်မူရာ “နာလိုကြပါသည်ဘုရားဟု လျှောက်ကြားကြပြန်သဖြင့် “ထိုသို့ဖြစ်မူ နာကြကုန်လော့”ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူလေ၏။

ကုဒါလပဏ္ဍိတသည် ရသေ့ရဟန်းပြု၍ ခြောက်ကြိမ် လူထွက်ခြင်းအကြောင်း

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ကုဒါလပဏ္ဍိတ အမည်ရှိသောသူသည် သာသနာတော်မှအပ ရသေ့ရဟန်းပြု၍ ရှစ်လတို့ပတ်လုံး ဟိမဝန္တာ၌နေလျက် မိုးစွတ်သောအခါ မြေစိုလတ်သည်ရှိသော် “ငါ့အိမ်၌ ကွမ်းစားဝက်မျှသော ပြောင်းမျိုးနှင့် အသွားတုံးသော ပေါက်တူးသည်ရှိ၏။ ထိုပြောင်းမျိုးသည် မပျက်ပါစေလင့်”ဟု လူထွက်၍ တစ်ခုသောအရပ်ကို ပေါက်တူးဖြင့် ပေါက်ဆွကာ ထွန်လျက် မျိုးစေ့ကိုပျိုး၍ စောင်းရန်ကာပြီး၍ မှည့်သောအခါ ရိတ်၍ တစ်ကွမ်းစား (တစ်စလယ်)မျှလောက်သော မျိုးစေ့ကိုထား၍ အကြွင်းကို စားသုံးလေ၏။ ထိုကုဒါလပဏ္ဍိတသည် “ငါ့အား ယခုအခါ အိမ်၌နေသဖြင့် အဘယ်အကျိုး ရှိအံ့နည်း”ဟု တစ်ဖန် ရှစ်လတို့ပတ်လုံး တောထွက်၍ ရဟန်းပြုအံ့ဟု ကြံပြီးလျှင် ထွက်၍ ရဟန်းပြုပြန်၏။ ဤသို့သောနည်းဖြင့်သာလျှင် တစ်ကွမ်းစားမျှသော ပြောင်းမျိုးနှင့် ပေါက်တူးတုံးတို့ကိုမှီ၍ ခြောက်ကြိမ် လူဖြစ်၍ ခြောက်ကြိမ် ရဟန်းပြုပြီးလျှင် ခုနစ်ခုမြောက်သော အကြိမ်၌ “ငါသည် ခြောက်ကြိမ်တိုင်အောင် ဤပေါက်တူးတုံးကိုမှီ၍ လူဖြစ်ပြီး ရဟန်းပြုရ၏။ တစ်ခုသောနေရာ၌ ဤပေါက်တူးတုံးကို စွန့်ပစ်တော့အံ့”ဟု ကြံစည်ပြီးလျှင် ဂင်္ဂါမြစ်ကမ်းနားသို့သွား၍ “ကျရာအရပ်ကို မြင်သည်ရှိသော် တစ်ဖန်ဆင်း၍ ယူရာ၏၊ အကြင်သို့သော အခြင်းအရာဖြင့် စွန့်ပစ်သည်ရှိသော် ကျရာအရပ်ကိုမမြင်၊ ထိုသို့သောအခြင်းအရာဖြင့် စွန့်ပစ်တော့အံ့”ဟု ကြံ၍ တစ်ကွမ်းစားမျှသော ပြောင်းမျိုးကို ပုဆိုးပိုင်းဖြင့်ထုပ်ပြီးလျှင် ပုဆိုးပိုင်းကို ပေါက်တူးသွားနှင့် ဖွဲ့ချည်၍ ပေါက်တူးကို အရိုးဖျားက ကိုင်ဆွဲလျက် ဂင်္ဂါမြစ်ကမ်းနား၌ရပ်ပြီးမှ မျက်စိတို့ကိုမှိတ်ကာ ဦးခေါင်းထက်၌ သုံးကြိမ်လှည့်ယမ်း ရစ်ပတ်လျက် ဂင်္ဂါမြစ်၌ပစ်ပြီး ပြန်လှည့်ကြည့်လိုက်သည်ရှိသော် ကျရာအရပ်ကို မမြင်သဖြင့် “ငါသည် အောင်အပ်လေပြီ၊ ငါသည် အောင်အပ်လေပြီ”ဟု သုံးကြိမ် အသံပြုလေ၏။

ခုနှစ်ပြည်ထောင်မင်းတို့ အတုလိုက်၍ ရသေ့ရဟန်းပြုကြခြင်း

ထိုခဏ၌ ဗာရာဏသီ ပြည့်ရှင်မင်းကြီးသည် ပစ္စန္တရစ်ကိုရန်ငြိမ်းစေ၍ ပြန်လာသည်ရှိသော် ဂင်္ဂါမြစ်ကမ်းနား၌ သစ်ခက်တဲနန်းဖြင့် တည်းခိုနေ၍ ရေချိုးခြင်းငှာ မြစ်သို့ဆင်းသက်စဉ် ထိုအသံကို ကြားရလေ၏။ မင်းတို့မည်သည်ကား “ငါသည် အောင်အပ်လေပြီ”ဟူသော အသံသည် မနှစ်သက်အပ်သော အသံဖြစ်၏။ ထိုမင်းသည် ကုဒါလပဏ္ဍိတအထံသို့ သွား၍ “အကျွန်ုပ်သည် ယခုအခါ ရန်သူကိုဆုံးမ၍ ငါအောင်ပြီဟု လာခဲ့၏၊ ရှင်ရသေ့သည်ကား ငါအောင်ပြီ ငါအောင်ပြီဟုဆိုဘိ၏၊ ဤအောင်ခြင်းကား အဘယ်အောင်ခြင်းနည်း”ဟု မေးလေ၏။ ကုဒါလပဏ္ဍိတ ရသေ့သည်လည်း “အရှင်မင်းကြီးကား အပဖြစ်သော ခိုးသူတို့ကို အောင်တော်မူ၏။ အရှင်မင်းကြီး အောင်အပ်သောရန်သူသည် နောက်၌ တစ်ဖန် မအောင်အပ်သေးသည်သာလျှင် ဖြစ်တတ်၏၊ အကျွန်ုပ်ကား ကိုယ်တွင်း၌ဖြစ်သော လောဘဟူသော ခိုးသူကို အောင်အပ်၏၊ ထိုလောဘဟူသော ခိုးသူသည် တစ်ဖန် အကျွန်ုပ်ကို မအောင်နိုင်လတ္တံ့၊ ထိုအတွင်းရန်သူကို အောင်ခြင်းသည်သာလျှင် ကောင်းသော အောင်ခြင်းမည်၏”ဟု ဆို၍ ဤဂါထာကို ရွတ်ဆိုပြန်လေ၏။

န တံ ဇိတံ သာဓုဇိတံ၊ ယံ ဇိတံ အဝဇီယတိ။
တံ ခေါ ဇိတံ သာဓုဇိတံ၊ ယံ ဇိတံ နာဝဇီယတိ။

မဟာရာဇ၊ အိုမင်းမြတ်။ ယံ ဇိတံ၊ အကြင်အောင်ခြင်းသည်။ အဝဇီယတိ၊ ယုတ်သောအားဖြင့် အောင်၏။ ဝါ၊ အပရန်ကိုအောင်၏။ တံ ဇိတံ၊ ထိုအောင်ခြင်းသည်။ န သာဓုဇိတံ၊ ကောင်းသော အောင်ခြင်းမမည်။ ယံ ဇိတံ၊ အကြင်အောင်ခြင်းသည်။ နာဝဇီယတိ၊ မယုတ်သောအားဖြင့် အောင်၏။ ဝါ၊ အတွင်းရန်ကို အောင်၏။ ခေါ၊ စင်စစ်။ တံ ဇိတံ၊ ထိုအောင်ခြင်းသည်။ သာဓုဇိတံ၊ ကောင်းသောအောင်ခြင်းမည်၏။

ထိုခဏ၌ပင်လျှင် ဂင်္ဂါမြစ်(ရေ)ကို ကြည့်လျက် အာပေါကသိုဏ်းကို ဖြစ်စေပြီးလျှင် ရအပ်သော ဈာန်အထူးရှိသည်ဖြစ်၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေနေခြင်းဖြင့် နေလေ၏။ မင်းကြီးသည်လည်း ဘုရားလောင်း ယောက်ျားမြတ်၏ တရားစကားကို ကြားနာရသဖြင့် ရှိခိုးကာ ရဟန်းအဖြစ်ကို တောင်းပန်ပြီးလျှင် ဗိုလ်ပါအပေါင်းနှင့်တကွ ရဟန်းပြုလေ၏။ ထိုအခါ တစ်ယူဇနာမျှလောက်သော ပရိသတ်သည် ဖြစ်လေ၏။ ဗာရာဏသီပြည်နှင့် နီးသောပြည်၌ စိုးစံသော ပြည်နီးချင်း မင်းတစ်ပါးသည် ဗာရာဏသီမင်း ရဟန်းပြုသောအဖြစ်ကို ကြားရ၍ ထိုမင်း၏တိုင်းပြည်ကို ယူအံ့ဟု လာပြီးသော် ထိုသို့သဘောရှိသော ပြည့်စုံကြွယ်ဝ ပြန့်ပြောလှသောပြည်သည် အချည်းနှီး ဆိတ်ငြိမ်လျက်ရှိသည်ကို မြင်ရ၍ “ဤသို့သဘောရှိသော ပြည်ကြီးကိုပင်စွန့်၍ ရသေ့ရဟန်းပြုပေ၏။ ယုတ်ညံ့သော နေရာဌာန၌မူကား ရသေ့ရဟန်း မပြုပေလတ္တံ့၊ ငါသည်လည်း ရဟန်းပြုခြင်းငှာ သင့်လျော် လျောက်ပတ်ပေ၏”ဟု ကြံဆင်ခြင်ပြီးလျှင် ဘုရားလောင်း၏ သီတင်းသုံးရာအရပ်သို့ သွားရောက်၍ ဘုရားလောင်း ယောက်ျားမြတ်ကို တောင်းပန်ပြီးလျှင် ပရိသတ် အခြံအရံနှင့်တကွ ရဟန်းပြုလေ၏။ ဤသို့သော နည်းအားဖြင့်သာလျှင် မင်းခုနစ်ယောက်တို့သည် စည်းစိမ်ချမ်းသာတို့ကိုစွန့်၍ ဤမျှအတိုင်းအရှည်ရှိသော လူအပေါင်းကို ခေါ်ယူပြီးလျှင် ရဟန်းပြုကြလေကုန်၏။ ဘုရားလောင်း ယောက်ျားမြတ်သည်လည်း မြတ်သောအကျင့် ကျင့်သုံးကာနေ၍ ဗြဟ္မာ့ပြည်သို့ လားလေ၏။

ဘုရားရှင်သည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ “ချစ်သားရဟန်းတို့- ငါဘုရားသည် ထိုအခါ ကုဒါလပဏ္ဍိတ ဖြစ်ဖူးပြီ၊ ဤကိလေသာတို့မည်သည်ကား ဤသို့သော အခြင်းအရာဖြင့် ဝန်လေးသောတရားတို့ ဖြစ်ကြကုန်၏”ဟု ဟောတော်မူလေ၏။

စိတ္တဟတ္ထမထေရ်ဝတ္ထု ပြီး၏။

֍ * ၆။ ရဟန်းငါးရာဝတ္ထု

ကုမ္ဘူပမံအစရှိသော ဤတရားဒေသနာတော်ကို သဗ္ဗညုဘုရားရှင်သည် သာဝတ္ထိပြည်၌ နေတော်မူစဉ် အားထုတ်အပ်သော ဝိပဿနာရှိသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန်းငါရာတို့အား တောစောင့်နတ်တို့သည် ကြောက်ဖွယ်ကောင်းသော အာရုံတို့ကိုပြခြင်း

သာဝတ္ထိပြည်၌ ငါးရာသော ရဟန်းတို့သည် မြတ်စွာဘုရားအထံတော်၌ အရဟတ္တဖိုလ်တိုင်အောင်သော ကမ္မဋ္ဌာန်းကိုယူ၍ ရဟန်းတရားကို အားထုတ်ကုန်အံ့ဟု ယူဇနာတစ်ရာမျှလောက်သောအရပ်သို့ သွားကြရာ များစွာသောလူတို့၏ နေရာဖြစ်သော တစ်ခုသောရွာကြီးသို့ ရောက်ကြကုန်သတတ်။ ထိုအခါ၌ ရဟန်းတို့ကို လူတို့မြင်လျှင် ခင်းထားအပ်သောနေရာ၌ သီတင်းသုံးနေစေ၍ မွန်မြတ်သော ယာဂု,ဆွမ်းစသည်တို့ဖြင့် လုပ်ကျွေးပြီးလျှင် “အရှင်ဘုရားတို့- အဘယ်အရပ်သို့ ကြွကုန်အံ့နည်း”ဟု မေးလျှောက်သဖြင့် “ချမ်းသာရာဖြစ်သော အရပ်ထိုထိုသို့ ကြွကုန်အံ့”ဟု ဆိုသည်ရှိသော် “အရှင်ဘုရားတို့- ဤဝါတွင်းသုံးလပတ်လုံး ဤရွာ၌ပင် နေကြပါကုန်လော့၊ တပည့်တော်တို့သည်လည်း အရှင်ဘုရားတို့အထံ၌ သရဏဂုံသုံးပါး၌ တည်လျက် ငါးလီသောသီလတို့ကို စောင့်ထိန်းရပါကုန်အံ့”ဟု တောင်းပန်၍ ထိုအရှင်မြတ်တို့၏ သည်းခံခြင်းကို သိရလျှင် “ရွာ၏ မနီးမဝေးသောအရပ်၌ရှိသော ဤတောအုပ်ကြီးတစ်ခု၌ အရှင်ဘုရားတို့ သီတင်းသုံး နေထိုင်တော်မူကြပါဘုရား”ဟု လျှောက်ကြားကာ လွှတ်လိုက်ကြလေကုန်၏။ ရဟန်းတို့သည်လည်း ထိုတောအုပ်သို့ ဝင်ကြလေကုန်၏။ ထိုတောအုပ်ကြီး၌ စောင့်ရှောက်အုပ်စိုး၍ နေကုန်သော နတ်တို့သည် “သီလရှိသော အရှင်ကောင်းတို့သည် ဤတောအုပ်သို့ အစဉ်ကြွရောက်တော်မူကြကုန်ပြီ။ အရှင်ကောင်းတို့သည် ဤအရပ်၌ နေကုန်သည်ရှိသော် သားမယားတို့ကိုခေါ်၍ သစ်ပင်သို့တက်၍ နေခြင်းငှာ မသင့်လျော်ချေ”ဟု ကြံပြီးလျှင် ထိုနတ်တို့သည် သစ်ပင်မှ သက်ဆင်း၍ မြေ၌နေလျက် “အရှင်ကောင်းတို့သည် ဤအရပ်၌ ယနေ့ တညဉ့်မျှနေ၍ နက်ဖြန် မချွတ်ကြွသွားကြကုန်လတ္တံ့”ဟု ကြံကြပြန်ကုန်၏။ ရဟန်းတို့သည် တစ်ဖန် မိုးသောက်သောနေ့၌ ရွာတွင်းသို့ ဆွမ်းခံဝင်၍ တစ်ဖန် ထိုတောအုပ်သို့သာ ပြန်ကြွလာကြကုန်၏။

နတ်တို့သည် “ဤရဟန်းသံဃာတော်အပေါင်းကား နက်ဖြန် ဆွမ်းဘုဉ်းပေးခြင်းအလို့ငှာ တစ်စုံတစ်ယောက်သောသူသည် ပင့်ဖိတ်အပ်သည် ဖြစ်လတ္တံ့၊ ထို့ကြောင့် ဤအရပ်သို့ ပြန်လာပြန်သည်”ဟု ထင်မှတ်ပြီးလျှင် “ယနေ့ မသွားသေးသော်လည်း နက်ဖြန် ကြွသွားလိမ့်မည်”ဟု ဤသို့သောနည်းဖြင့် နတ်တို့လည်း မြေ၌သာ လခွဲမျှ နေကြရကုန်၏။ ထို့နောက်မှ “အရှင်ကောင်းတို့သည် ဤဝါတွင်းသုံးလပတ်လုံး ဤအရပ်၌သာ နေလိမ့်မည်ထင်၏၊ စင်စစ် ဤရဟန်းတို့ ဤအရပ်၌ နေကုန်သည်ရှိသော် ငါတို့အား သစ်ပင်သို့တက်၍ နေခြင်းငှာလည်း မသင့်၊ သုံးလပတ်လုံး သားမယားကိုယူ၍ မြေ၌ထိုင်ခြင်း၊ ရပ်ခြင်းတို့သည်လည်း ဆင်းရဲခြင်း ဖြစ်ကုန်ရာ၏။ တစ်စုံတစ်ခုသော အမှုကိုပြု၍ ဤရဟန်းတို့ကို ထွက်ပြေးစေခြင်းငှာ သင့်၏”ဟု ထိုထိုနေရာဖြစ်ကုန်သော ညဉ့်သန့်စင်ရာ နေ့သန့်စင်ရာတို့၌လည်းကောင်း၊ စင်္ကြံဦးတို့၌လည်းကောင်း ပြတ်သော ဦးခေါင်း၊ ဦးခေါင်းမပါသောကိုယ်ကို ပြခြင်းငှာလည်းကောင်း၊ ဘီလူးသံကို ကြားစိမ့်သောငှာလည်းကောင်း အားထုတ်ကြလေကုန်၏။ ရဟန်းတို့အားလည်း ထိုအခါမှစ၍ ချေဆတ်ခြင်းကို အစပြု၍ ချောင်းဆိုးခြင်း အစရှိသော ရောဂါဝေဒနာတို့သည် ဖြစ်ကြကုန်၏။ ထိုရဟန်းတို့သည် အချင်းချင်း “ငါ့ရှင်- သင့်အား အဘယ်ရောဂါ နှိပ်စက်ပါသနည်း”ဟု မေးသော် “တပည့်တော်အား ချေဆတ်သောအနာ ချောင်းဆိုးနာ နှိပ်စက်ပါသည်”ဟု ဆို၍ “ငါ့ရှင်- ယနေ့ ငါကား စင်္ကြံဦး၌ ပြတ်သောဦးခေါင်းကို မြင်၏၊ ငါကား ညဉ့်သန့်စင်ရာအရပ်၌ ဦးခေါင်းမပါသောကိုယ်ကို မြင်၏။ ငါကား နေ့သန့်စင်ရာ အရပ်၌ ဘီလူးသံကို ကြား၏၊ ဤအရပ်သည် ရှောင်ကြဉ်ခြင်းငှာသင့်သော အရပ်တည်း၊ ငါတို့အား ဤကျောင်း၌ မချမ်းသာခြင်းသည် ဖြစ်၏၊ ဘုရားရှင်ထံတော်သို့ ငါတို့ သွားကြကုန်စို့အံ့”ဟု တိုင်ပင်ကြလေကုန်၏။

မြတ်စွာဘုရားပေးသော မေတ္တာလက်နက်ဖြင့် ဖြိုဖျက်ခြင်း

ထိုရဟန်ငါးရာတို့သည် ဤသို့တိုင်ပင်၍ ထွက်လာခဲ့ကြရာ အစဉ်သဖြင့် ဘုရားရှင်ထံတော်သို့ ရောက်ကြလျှင် ရှိခိုး၍ တင့်အပ်လျောက်ပတ်သောအရပ်၌ နေကြကုန်၏။ ထိုအခါ ဘုရားရှင်သည် ထိုရဟန်းငါးရာတို့ကို “ချစ်သားရဟန်းတို့- အသို့နည်း၊ ထိုအရပ်၌နေခြင်းငှာ မတတ်နိုင်ကြသလော”ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား- မတတ်နိုင်ကြပါဘုရား၊ ထိုအရပ်၌ နေကြကုန်သော ဘုရားတပည့်တော်တို့အား ဤသို့သဘောရှိသော ကြောက်မက်ဖွယ်သော အာရုံတို့သည် ထင်ပါကုန်သောကြောင့် ဤသို့သော မချမ်းမသာခြင်းသည် ဖြစ်ပါ၏။ ထို့ကြောင့် ဘုရားတပည့်တော်တို့သည် ဤအရပ်ကား ရှောင်ကြဉ်ခြင်းငှာသင့်သော အရပ်တည်းဟု စွန့်၍ မြတ်စွာဘုရားတို့အထံတော်သို့ လာကြပါကုန်၏ဘုရား”ဟု လျှောက်လတ်သော် “ရဟန်းတို့- သင်တို့အား ထိုအရပ်သည်သာလျှင် သွားခြင်းငှာလည်း သင့်၏။ နေခြင်းငှာလည်း သင့်၏”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား သွားခြင်း,နေခြင်းငှာ မဝံ့ပါဘုရား”ဟု လျှောက်ပြန်သော် “ချစ်သား ရဟန်းတို့- သင်တို့သည် လက်နက်ကိုမယူမူ၍ သွားကြကုန်၏။ ဤယခုအခါ၌ လက်နက်ကိုကိုင်စွဲ၍ သွားကြကုန်လော့”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- လက်နက်တို့ဟူသည် အဘယ်တို့ပါနည်းဘုရား”ဟု မေးလျှောက်ကြရကား မြတ်စွာဘုရားသည် “သင်ချစ်သားတို့အား လက်နက်ကို ငါဘုရား ပေးလိုက်အံ့၊ ငါဘုရားပေးအပ်သော လက်နက်ကို ယူဆောင်၍ သွားကြလေကုန်”ဟု မိန့်မြွက်တော်မူပြီးလျှင်-

ကရဏီယမတ္ထကုသလေန၊ ယန္တသန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။

ဤသို့ အစရှိသော အလုံးစုံသော မေတ္တသုတ် ဒေသနာကို ဟောကြားတော်မူပြီးလျှင် “ချစ်သား ရဟန်းတို့- ဤမေတ္တသုတ်ကို သင်တို့သည် ကျောင်းမှအပ၌ တောအုပ်ဝင်သည်မှစ၍ သရဇ္ဈာယ်ကြကုန်လျက် ကျောင်းတွင်းသို့ ဝင်ကြကုန်လော့”ဟု လွှတ်လိုက်တော်မူလေ၏။ ထိုရဟန်းတို့သည်လည်း ဘုရားရှင်ကိုရှိခိုး၍ ထွက်လာကြရာ ခရီးစဉ်အတိုင်းအားဖြင့် ထိုအရပ်သို့ရောက်သဖြင့် ကျောင်း၏အပ၌ အပေါင်းသရဇ္ဈာယ်ခြင်းကိုပြု၍ သရဇ္ဈာယ်လျက်သာလျှင် တောအုပ်သို့ ဝင်တော်မူကြလေကုန်၏။ အလုံးစုံသော တောအုပ်၌နေသော နတ်တို့သည်လည်း မေတ္တာစိတ်ကိုရ၍ ထိုရဟန်းတို့အား ခရီးဦးကြိုဆိုခြင်းပြုလျက် သပိတ်သင်္ကန်းကို လှမ်းယူခြင်း၊ လက်ခြေဆုပ်နယ်ခြင်းကို ပန်ကြားကုန်လျက် ထိုရဟန်းငါးရာတို့အလို့ငှာ အစောင့်အရှောက်ကို စီရင်ကြလေကုန်၏။ ထိုနတ်တို့လည်း ကျက်ကျက်ပူသော ဆီကဲ့သို့ ငြိမ်သက်စွာ နေကြလေကုန်၏။ တစ်စုံတစ်ခုသောအရပ်၌ ဘီလူးသံကို ကြားခြင်းမည်သည်မရှိ၊ ထိုရဟန်းတို့၏စိတ်သည် တည်တည်ကြည်ကြည် ဖြစ်လေ၏။

ရဟန်းတို့လည်း ညဉ့်သန့်စင်ရာအရပ်၊ နေ့သန့်စင်ရာအရပ်တို့၌ အညီအညွတ် ငြိမ်သက်စွာ နေကြကုန်လျက် ဝိပဿနာဉာဏ်အကျိုးငှာ စိတ်ကို ချသွင်း၍ မိမိကိုယ်၌ ကုန်ခန်းခြင်း, ပျက်စီးခြင်းကို ရှေးရှုထင်စေပြီးလျှင် “ဤအတ္တဘောမည်သည်ကား ပျက်စီးတတ်သော အနက်ကြောင့်လည်းကောင်း၊ အနှစ်သာရမရှိသော အနက်ကြောင့်လည်းကောင်း အိုးထိန်းသည်တို့၏ ခွက်(မြေအိုး)နှင့် တူ၏”ဟု ဝိပဿနာကို ပွားများစေလျက် နေကြကုန်၏။ ဘုရားရှင်သည်လည်း ဂန္ဓကုဋီ၌ နေတော်မူလျက်ပင်လျှင် ထိုရဟန်းတို့ ဝိပဿနာဉာဏ်အကျိုးငှာ အားထုတ်သည်အဖြစ်ကို သိတော်မူ၍ ထိုရဟန်းတို့ကို ဤသို့ သိစေတော်မူလေ၏။ “ချစ်သားရဟန်းတို့- သင်တို့ ဝိပဿနာပွားများစေသော အတိုင်းသာလျှင် ဤအတ္တဘောမည်သည်ကား ပျက်စီးတတ်သော အနက်ကြောင့်လည်းကောင်း၊ အနှစ်သာရမရှိသော အနက်ကြောင့်လည်းကောင်း အိုးထိန်းသည်တို့၏ ခွက်(မြေအိုး)နှင့် တူသည်သာလျှင်တည်း”ဟု မိန့်တော်မူပြီးလျှင် ရောင်ခြည်တော်ကို နှံ့စေလျက် ယူဇနာတစ်ရာထက်၌ပင် တည်ငြားသော်လည်း မျက်မှောက်၌ နေတော်မူဘိသကဲ့သို့ ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့ကို လွှတ်တော်မူ၍ ထင်ရှားတိတိ မြင်သိအပ်သော ရုပ်သဏ္ဌာန်ဖြင့် ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၄၀] ကုမ္ဘူပမံ ကာယမိမံ ဝိဒိတွာ၊
နဂရူပမံ စိတ္တမိဒံ ထပေတွာ။
ယောဓေထ မာရံ ပညာဝုဓေန၊
ဇိတဉ္စ ရက္ခေ အနိဝေသနော သိယာ။

ဘိက္ခဝေ၊ ရဟန်းတို့။ ဣမံ ကာယံ၊ ဤဆံအစရှိသည်တို့၏ အပေါင်းဖြစ်သော ရူပကာယကို။ ကုမ္ဘူပမံ၊ အိုးထိန်းသည်တို့၏ အိုးခွက်နှင့်တူသော ဥပမာရှိ၏ဟု။ ဝိဒိတွာ၊ သိ၏။ ဣဒံ စိတ္တံ၊ ဤမိမိ၏ ဝိပဿနာစိတ်ကို။ နဂရူပမံ၊ လုံခြုံစွာသော မြို့နှင့်တူသော ဥပမာရှိအောင်။ ထပေတွာ၊ ဖြစ်စေ၍။ ပညာဝုဓေန၊ ဝိပဿနာဉာဏ် မဂ်ဉာဏ်တည်းဟူသော ပညာလက်နက်ဖြင့်။ မာရံ၊ ကိလေသာတည်းဟူသော မာရ်ကို။ ယောဓေထ၊ ထိုးပစ်ပုတ်ခတ်ရာ၏။ ဇိတံ၊ အောင်မြင်သောအားဖြင့် ဖြစ်စေအပ်ပြီးသော နုသောဝိပဿနာဉာဏ်ကိုလည်း။ ရက္ခေ၊ စင်ကြယ်သောစိတ်ဖြင့် စောင့်ရှောက်ရာ၏၊ အနိဝေသနော၊ သမာပတ်၌ သာယာကပ်ငြိခြင်း မရှိသည်။ သိယာ၊ ဖြစ်ရာ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ငါးရာသော ရဟန်းတို့သည် နေမြဲတိုင်းသော နေရာအရပ်၌ နေကြကုန်လျက်ပင် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၍ ဘုရားရှင်၏ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ကိုယ်တော်ကို ချီးမွမ်းထောမနာကာ ရှိခိုးလျက် ကြွလာကြလေကုန်၏။

ရဟန်းငါးရာဝတ္ထု ပြီး၏။

֍ * ၇။ ပူတိဂတ္တတိဿမထေရ်ဝတ္ထု

အစိရံ ဝတယံ ကာယောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် ပူတိဂတ္တတိဿ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သာဝတ္ထိပြည်၌နေသော အမျိုးသားတစ်ယောက်သည် မြတ်စွာဘုရား၏အထံတော်၌ တရားတော်မြတ်ကို ကြားနာရ၍ သာသနာတော်၌ ရင်ပေး၍ (မြတ်သောစိတ်ကို သာသနာတော်၌ထား၍ ဟူလို။) ရဟန်းပြုလေ၏။ ထိုအမျိုးသား ပဉ္စင်းအဖြစ်ကို ရသည်ရှိသော် တိဿမထေရ် အမည်ရှိလေ၏။ ထိုတိဿမထေရ်သည် ကမ္မဋ္ဌာန်းကို အားထုတ်လျက် စင်္ကြံသွားလေ့ရှိ၏။ ကာလများစွာ အလွန်သွားသည်ရှိသော် ထိုတိဿမထေရ်၏ကိုယ်တွင် အနာရောဂါ ဖြစ်ပေါ်လေ၏။ မုန်ညင်းစေ့ ပမာဏရှိသော အဖုငယ်တို့သည် ပေါက်ကုန်၏။ ထိုအဖုငယ်တို့သည် အစဉ်အားဖြင့် ပဲနောက်စေ့, ပဲစဉ်းငုံစေ့မျှ, ကလောစေ့မျှ, သျှစ်သျှားသီးမျှ, ဥသျှစ်သီးမျှ အတိုင်းအရှည် ရှိကုန်သည်ဖြစ်၍ ပေါက်ကွဲကြလေကုန်၏။ ကိုယ်အလုံးသည် အပေါက်အပေါက်ရှိသည်ဖြစ်၍ ပူတိဂတ္တတိဿမထေရ်ဟူ၍သာလျှင် မထေရ်၏အမည် ထင်ရှားခဲ့လေ၏။ ထိုမှ နောက်အဖို့၌ ပူတိဂတ္တတိဿမထေရ်ကြီး၏ကိုယ်၌ အရိုးတို့သည် ကျိုးကုန်သည်ဖြစ်၍ လုပ်ကျွေးသမှု ပြုစုသုတ်သင်ခြင်းငှာ မရသောအနေ ဖြစ်ခဲ့လေ၏။ ဝတ်ရုံသောသင်္ကန်းသည် ပြည်,သွေးအလိမ်းလိမ်း ကပ်ခြင်းရှိသည်ဖြစ်၍ ဇာလပူဝ-မည်သော ( ကွန်ယက်နှင့်တူသော ) မုန့်နှင့်တူလေ၏။ အတူနေသော သဒ္ဓိဝိဟာရိက တပည့် စသည်တို့သည်လည်း ပြုစုသုတ်သင်ခြင်းငှာ မတတ်နိုင်ကုန်ရကား စွန့်ပစ်ကာ ထားကြကုန်၏။ ထိုပူတိဂတ္တ တိဿမထေရ်သည် ကိုးကွယ်ရာ မရှိသည်ဖြစ်၍ အိပ်လျက်နေရလေ၏။

ဘုရားရှင်တို့အားမည်သည်လည်း နှစ်ကြိမ် လောကကို ကြည့်ရှုခြင်းသည် မစွန့်အပ်သည် ဖြစ်ပေ၏။ နံနက်စောစောအခါ လောကကို ကြည့်ရှုတော်မူသည်ရှိသော် စကြဝဠာအနားရေးမှစ၍ ဂန္ဓကုဋီသို့ရှေးရှု ဉာဏ်တော်ကိုပြု၍ ကြည့်ရှုတော်မူကြကုန်၏။ ညချမ်းအခါ ကြည့်ရှုတော်မူသည်ရှိသော် ဂန္ဓကုဋိတိုက်မှစ၍ အပသို့ရှေးရှု ဉာဏ်တော်ကိုပြု၍ ကြည့်ရှုတော်မူကြကုန်၏။ ထိုအခါ၌ကား မြတ်စွာဘုရား၏ ဉာဏ်တည်းဟူသော ကွန်ယက်အတွင်း၌ ပူတိဂတ္တတိဿ မထေရ်ကြီးသည် ထင်လာလေ၏။ ဘုရားရှင်သည် ထိုပူတိဂတ္တတိဿ မထေရ်၏ အရဟတ္တဖိုလ်သို့ ရောက်အံ့သော ဥပနိဿယအကြောင်းကို မြင်တော်မူ၍ “ဤရဟန်းကို သဒ္ဓိဝိဟာရိက တပည့်စသော ရဟန်းတို့သည် စွန့်လွှတ်အပ်ပြီ၊ ယခုအခါ ငါဘုရားကို ဖယ်ထား၍ တစ်ပါးသော ကိုးကွယ်ရာသည် မရှိပြီ”ဟု (ဆင်ခြင်တော်မူပြီးသော်) ဂန္ဓကုဋိတိုက်မှ ထွက်တော်မူ၍ ကျောင်းစဉ် ဒေသစာရီ လှည့်လည်ကာ ကြွတော်မူသကဲ့သို့ မီးတင်းကုပ်သို့ ကြွသွားတော်မူသဖြင့် အိုးကိုဆေးတော်မူ၍ မီးဖိုခုံလောက်သို့ တင်ပြီးလျှင် ရေပူသည်တိုင်အောင် ဆိုင်းငံ့တော်မူလျက် မီးတင်းကုပ်၌ပင် နေတော်မူလေ၏။ ရေပူသည့်အဖြစ်ကို သိတော်မူလျှင် ကြွသွားတော်မူ၍ အရှင်ပူတိဂတ္တ တိဿမထေရ်၏ လျောင်းရာ ညောင်စောင်းစွန်း၌ ဆွဲကိုင်တော်မူလေ၏။

ထိုအခါ ရဟန်းတို့သည် “မြတ်စွာဘုရား- ဖဲတော်မူပါ၊ တပည့်တော်တို့ ကိုင်ပါအံ့ဘုရား”ဟု လျှောက်ကြကုန်လျက် ညောင်စောင်းကိုယူ၍ မီးတင်းကုပ်သို့ ယူဆောင်ကြလေကုန်၏။ ထိုအခါ ဘုရားရှင်သည် ရေစကျင်း (ရေအင်တုံ)ကို ဆောင်ယူစေ၍ ရေနွေးလောင်းထည့်ပြီးလျှင် ထိုရဟန်းတို့ကို ပူတိဂတ္တတိဿမထေရ်၏ ကိုယ်ရုံသင်္ကန်းကို ခွာယူစေပြီး ရေနွေးဖြင့်နယ်၍ နေပူစာ၌ လှန်းစေပြီးမှ ပူတိဂတ္တတိဿမထေရ်အနီး၌ ရပ်၍ ကိုယ်ကို ရေနွေးဖြင့် ဆွတ်ကာပွတ်ကာ ရေချိုးစေတော်မူ၏။ ထိုရဟန်း ရေချိုးပြီးသောအဆုံး၌ နေစာလှန်းသော ကိုယ်ရုံသင်္ကန်းသည် ခြောက်သဖြင့် ထိုခြောက်သောသင်္ကန်းကို ဝတ်စေ၍ တစ်ဖန် ဝတ်ထားသော သင်းပိုင်သင်္ကန်းကို ရေနွေးဖြင့် ဆွတ်နယ်စေ၍ နေလှန်းစေတော်မူ၏။ ထိုရဟန်း၏ကိုယ်၌ ရေပေါက်ပြတ်စဲကာမျှ၌ ထိုလှန်းသော သင်းပိုင်သင်္ကန်းလည်း ခြောက်လေ၏။ ထိုရဟန်းသည် သင်္ကန်းတစ်ထည်ဝတ် တစ်ထည်ရုံလျက် ပေါ့ပါးသောကိုယ်ရှိလျက် တည်ကြည်သောစိတ်ရှိသဖြင့် ညောင်စောင်း၌ အိပ်၏။ မြတ်စွာဘုရားလည်း ထိုပူတိဂတ္တတိဿရဟန်း၏ ဦးခေါင်းရင်း၌ ရပ်တော်မူ၍ “ချစ်သားရဟန်း- သင်၏ဤကိုယ်သည် ကင်းသော ဝိညာဉ်ရှိလတ်သော် ကျေးဇူးဥပကာရ ဘာမျှမရှိဘဲ ဖွဲထင်းပွေးကဲ့သို့ (ဖွဲထင်းပွေး-ဟူသည်ကား အဖြောင့်, အကောက်ဖြစ်သော သစ်သားအဆောက်အဦဖြင့် အသုံးမဝင်၍ စွန့်ပစ်အပ်သော အခေါင်းရှိသောသစ်တုံး၊ ဆွေးသောသစ်တုံး၊ အနှစ်မရှိသောသစ်တုံး၊ အဖုအထစ်အမြစ်ဆုံဖြစ်သော သစ်တုံးတည်း။) မြေပြင်၌ အိပ်ရလတ္တံ့”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၄၁] အစိရံ ဝတယံ ကာယော၊ ပထဝိံ အဓိသေဿတိ။
ဆုဒ္ဓေါ အပေတဝိညာဏော၊ နိရတ္ထံဝ ကလိင်္ဂရံ။

တိဿ၊ ပူတိဂတ္တတိဿရဟန်း။ အယံ ကာယော၊ အလျားတလံ အနံတစ်ထွာ ကေသာအစ ဒွတ္တိံသအစုဖြစ်သော ဤခန္ဓာကိုယ်သည်။ ဆုဒ္ဓေါ၊ စွန့်ပစ်အပ်သည်ဖြစ်၍။ အပေတဝိညာဏော၊ ကင်းသော ဝိညာဉ်ရှိသည်ဖြစ်၍။ နိရတ္ထံ၊ တစ်စုံတစ်ခု ကျေးဇူးဥပကာရ မရှိသော။ ကလိင်္ဂရံ၊ ဖွဲ့ထင်းပွေးကဲ့သို့။ အစိရံ၊ မကြာမြင့်မီ။ ပထဝိံ၊ မြေအပြင်၌။ အဓိသေဿတိ ဝတ၊ အိပ်ရလိမ့်မည်တကား။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ပူတိဂတ္တတိဿမထေရ်သည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ များစွာသော တစ်ပါးသောသူတို့သည်လည်း သောတာပန် စသည်တို့ ဖြစ်ကြလေကုန်၏။ မထေရ်သည်လည်း ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ပြုတော်မူလေ၏။ ဘုရားရှင်သည် ထိုပူတိဂတ္တတိဿ မထေရ်၏ အလောင်းကောင် သင်္ဂြိုဟ်ခြင်းအမှုကို ပြုစေပြီးလျှင် ဓာတ်တော်တို့ကိုယူ၍ စေတီတည်စေတော်မူလေ၏။

ငှက်ခတ်မုဆိုးကြီးဖြစ်စဉ် ပြုအပ်သော မကောင်းမှု, ကောင်းမှုတို့ကို ဟောတော်မူခြင်း

ထိုအခါ ရဟန်းတို့သည် ဘုရားရှင်ကို “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ပူတိဂတ္တတိဿမထေရ်သည် အဘယ်ဘုံဘဝ၌ ဖြစ်ပါသနည်း”ဟု မေးလျှောက်ကြသည်ရှိသော် “ချစ်သားရဟန်းတို့- ပရိနိဗ္ဗာန်ပြုလေပြီ”ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား- ဤသို့သဘောရှိသော အရဟတ္တဖိုလ်၏အကြောင်း ဥပနိဿယနှင့်ပြည့်စုံသော ရဟန်းအား အဘယ့်ကြောင့် ကိုယ်ပုပ်ရပါသနည်း၊ အဘယ့်ကြောင့် အရိုးကျိုးရပါသနည်း၊ ထိုရဟန်း၏ အရဟတ္တဖိုလ်သို့ ရောက်ကြောင်း ဥပနိဿယ ကုသိုလ်ကံကား အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်ကြပြန်သဖြင့် ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ဤအလုံးစုံကား မိမိပြုအပ်သော ကံကြောင့်သာလျှင် ထိုရဟန်းအား ဖြစ်ရလေ၏”ဟု မိန့်တော်မူပြန်လေ၏။ “မြတ်စွာဘုရား- ထိုရဟန်းပြုအပ်သော ကံကား အဘယ်ပါနည်းဘုရား”ဟု လျှောက်ကြပြန်သည်ရှိသော် “ချစ်သား ရဟန်းတို့- ထိုသို့ဖြစ်မူ နာကြကုန်လော့၊ ဤပူတိဂတ္တတိဿမထေရ်သည် ကဿပဘုရားရှင်၏ လက်ထက်တော်အခါ၌ ငှက်ခတ်မုဆိုးဖြစ်၍ များစွာသောငှက်တို့ကို သတ်ဖြတ်လျက် အစိုးရသောသူကို ခစားလုပ်ကျွေးလေ၏။ ထိုအစိုးရသောသူအား ဆက်သ၍ ကြွင်းကျန်သောငှက်တို့ကို ရောင်း၏။ ရောင်း၍ကြွင်းကျန်သော ငှက်တို့ကို “သတ်၍ထားလျှင် ပုပ်ကုန်သည် ဖြစ်လတ္တံ့”ဟု ကြံလျက် ပျံခြင်းငှာ မတတ်နိုင်အောင် ငှက်တို့၏ မြင်းခေါင်း ဒူးရိုး အတောင်ရိုးတို့ကို ချိုး၍ စုပုံကာထားလေပြီးလျှင် တစ်ဖန် မိုးသောက်ရောက်သောအခါ ထိုငှက်တို့ကို ရောင်းပြန်၏။ အလွန်များသောငှက်တို့ကို ရသောအခါ မိမိအကျိုးငှာလည်း ချက်စေ၏။

ထိုအခါ တစ်နေ့သ၌ ငှက်မုဆိုးအား အရသာနှင့်ပြည့်စုံသော ဘောဇဉ်ချက်ပြုတ်သည်ရှိသော် ရဟန္တာတစ်ပါးသည် ဆွမ်းအလို့ငှာ ကြွလာတော်မူ၍ ထိုငှက်မုဆိုးအိမ်တံခါး၌ ရပ်တန့်လာ၏။ ထိုငှက်မုဆိုးသည် ရဟန္တာထေရ်အရှင်ကိုမြင်၍ စိတ်ကိုကြည်ညိုစေပြီးလျှင် “ငါသည် များစွာသောငှက်တို့ကိုသတ်၍ စားအပ်ကုန်၏။ အရှင်မြတ်သည်လည်း ငါ၏အိမ်တံခါး၌ ရပ်တန့်တော်မူလာ၏။ အိမ်တွင်း၌လည်း အရသာနှင့်ပြည့်စုံသော ဘောဇဉ်ရှိ၏။ ဤအရှင်မြတ်အား ဆွမ်းလှူပေအံ့”ဟု ရည်စူးကာ မထေရ်မြတ်၏ သပိတ်တော်ကိုယူ၍ ပြည့်စေသဖြင့် ဆွမ်းကို လှူဒါန်းပြီးလျှင် ငါးပါးသောတည်ခြင်းဖြင့် ရှိခိုးလျက် “အရှင်ဘုရား- ဤကုသိုလ် အကျိုးဆက်ကြောင့် အရှင်မြတ်ဘုရားတို့ မြင်အပ်,သိအပ်သော တရားမြတ်၏ အထွတ်အထိပ်သို့ တပည့်တော် ရောက်ရပါလို၏ဘုရား”ဟု ဆုတောင်းလေ၏။ မထေရ်လည်း “ဤသို့ တောင်းသောအတိုင်း ဖြစ်ပါစေသတည်း”ဟု ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုတော်မူ၏။ (ဤသို့အားဖြင့် အတိတ်စကားကို ဆောင်တော်မူ၍) “ချစ်သားရဟန်းတို့- ထိုအခါ ပြုအပ်သောကံအစွမ်းဖြင့် အလုံးစုံသည် တိဿရဟန်းအား ဖြစ်ရလေပြီ။ ငှက်တို့၏အရိုးကိုချိုးခဲ့ဖူးသော မကောင်းမှုကံ၏ အကျိုးဆက်ကြောင့် ထိုတိဿအား ကိုယ်သည်လည်း အပုပ်ဖြစ်၏။ အရိုးတို့သည်လည်း ကျိုးကုန်၏။ ရဟန္တာသခင် အရှင်မြတ်အား အရသာနှင့်ပြည့်စုံသော ဆွမ်းဘောဇဉ်ကို လှူဒါန်းခဲ့ဖူးသော ကောင်းမှုကံ၏ အကျိုးဆက်ကြောင့် ရဟန္တာအဖြစ်ကို ရောက်လေ၏”ဟု အတိတ်ကိုဆောင်၍ ဟောကြားတော်မူလေ၏။

ပူတိဂတ္တတိဿမထေရ်ဝတ္ထု ပြီး၏။

֍ * ၈။ နန္ဒ နွားကျောင်းသား ဝတ္ထု

ဒိသော ဒိသံအစရှိသော ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ကောသလဇနပုဒ်၌ နန္ဒမည်သော နွားကျောင်းသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

နန္ဒမည်သော နွားကျောင်းသား ဘုရားအားလိုက်ပို့ပြီး အပြန် အသတ်ခံရခြင်း

သာဝတ္ထိပြည်၌ အနာထပိဏ်သူဌေးကြီး၏ နန္ဒမည်သော နွားကျောင်းသားသည် နွားအပေါင်းကို စောင့်ရှောက် ထိန်းသိမ်းသတတ်။ ထိုနွားကျောင်းသားသည် ကြွယ်ဝချမ်းသာသည်ဖြစ်၍ များစွာသော စည်းစိမ်ဥစ္စာ အသုံးအဆောင်ရှိ၏။

ထိုနန္ဒ နွားကျောင်းသားသည် ရံခါ,ရံခါ ငါးပါးသော နွားနို့ အရသာတို့ကိုယူ၍ အနာထပိဏ်သူဌေးကြီးအထံသို့ သွားပြီးလျှင် ဘုရားရှင်ကိုဖူးမြင်၍ တရားတော်ကိုလည်း နာရ၏။ ထိုနန္ဒ နွားကျောင်းသားသည် မိမိနေရာအရပ်သို့ ကြွလာတော်မူစေခြင်းငှာ ဘုရားရှင်ကို တောင်းပန်၏။ ဘုရားရှင်လည်း ထိုနွားကျောင်းသား၏ ဉာဏ်ရင့်သန်ခြင်းကို ဆိုင်းငံ့တော်မူသဖြင့် ကြွသွားတော်မမူသေးဘဲ ဉာဏ်ရင့်သန်သည့်အဖြစ်သို့ ရောက်သည်ကိုသိမှ တစ်နေ့သ၌ ရဟန်းသံဃာများစွာ ခြံရံလျက် ဒေသစာရီ ကြွချီတော်မူ၍ ခရီးမမှ ဖဲတော်မူပြီးလျှင် ထိုနွားကျောင်းသား၏ နေရာအရပ်အနီး တစ်ခုသောသစ်ပင်ရင်း၌ နေတော်မူလေ၏။ နန္ဒနွားကျောင်းသားသည်လည်း ဘုရားအထံသို့ ချဉ်းကပ်ကာ ရှိခိုး၍ ပဋိသန္ထာရစကား ပြောကြားပြီးလျှင် မြတ်စွာဘုရားကိုဖိတ်၍ ခုနစ်ရက်ပတ်လုံး ရဟန်းသံဃာတော်အပေါင်းအား မွန်မြတ်သော ငါးပါးသောအရသာရှိသော နွားနို့အလှူကို ပေးလှူလေ၏။ ခုနစ်ရက်မြောက်သောနေ့၌ ဘုရားရှင်သည် တရားအနုမောဒနာကို ပြုတော်မူ၍ ဒါနကထာစသော အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြားဆုံးမတော်မူ၏။ ဂါထာဒေသနာတော်၏အဆုံး၌ နန္ဒ နွားကျောင်းသားသည် သောတာပတ္တိဖိုလ်၌တည်၍ ဘုရားရှင်၏ သပိတ်တော်ကို ယူကာ လိုက်ပို့သည်ရှိသော် ဝေးသောအရပ်သို့ရောက်လျှင် “ဒါယကာ နေရစ်လော့”ဟု မိန့်တော်မူမှ ဆုတ်နစ်လျက် ဘုရားရှင်ကို ရှိခိုး၍ ပြန်ခဲ့လေ၏။

ထိုအခါ ထိုနန္ဒ နွားကျောင်းသားကို မုဆိုးတစ်ယောက်သည် ပစ်ခတ်၍ သတ်လေ၏။ နောက်မှလိုက်လာသော ရဟန်းတို့သည် ထိုနန္ဒ နွားကျောင်းသား သေနေသည်ကိုမြင်လျှင်သွား၍ ဘုရားရှင်ကို လျှောက်ထားကြကုန်၏။ “မြတ်စွာဘုရား- နန္ဒ နွားကျောင်းသားသည် မြတ်စွာဘုရားတို့၏ ဤအရပ်သို့ ကြွတော်မူလာခြင်းကြောင့် အလှူကြီးကိုပေးလှူ၍ လိုက်ပို့ရာမှ ပြန်လေသည်ရှိသော် သေရရှာလေပြီ။ မြတ်စွာဘုရားတို့သည် အကယ်၍ မကြွလာကုန်သည်ဖြစ်အံ့၊ နန္ဒ နွားကျောင်းသားအား သေရခြင်းသည် မဖြစ်တန်ရာ”ဟု လျှောက်ထားကြလေကုန်၏။ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ဤနန္ဒ နွားကျောင်းသားကား ငါဘုရား ကြွလာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ တူရူအရပ်လေးမျက်နှာ အထောင့်အရပ်လေးမျက်နှာတို့ကို သွားငြားသော်လည်း ထိုနန္ဒ နွားကျောင်းသားအား သေခြင်းမှ လွတ်အံ့သောအကြောင်းမည်သည် မရှိ၊ အကြင် သတ်ဖြတ် ဖျက်ဆီးခြင်းအမှုကို ခိုးသူတို့သည်လည်းကောင်း၊ ရန်သူတို့သည်လည်းကောင်း မပြုနိုင်ကြ၊ ဤသတ္တဝါတို့၏ ကိုယ်တွင်း၌ဖြစ်သော မှားသောအားဖြင့် ကျင့်သုံး ဆောက်တည် နှလုံးသွင်းအပ်သော စိတ်သည်သာလျှင် ပြု၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၄၂] ဒိသော ဒိသံ ယံ တံ ကယိရာ၊ ဝေရီ ဝါ ပန ဝေရိနံ။
မိစ္ဆာပဏိဟိတံ စိတ္တံ၊ ပါပိယော နံ တတော ကရေ။

ဒိသော၊ ခိုးသူတစ်ယောက်သည်။ ဒိသံ၊ ရန်ဘက်ဖြစ်သော ခိုးသူတစ်ယောက်ကို။ ဒိသွာ၊ မြင်သည်ရှိသော်။ ဝေရီ ဝါ ပန၊ ရန်သူတစ်ယောက်သည်လည်း။ ဝေရိနံ၊ ရန်သူတစ်ယောက်ကို။ ဒိသွာ၊ မြင်သည်ရှိသော်။ ယံတံ၊ အကြင်အကျိုးမဲ့ ပျက်စီးခြင်းကို။ ကယိရာ၊ ဤဘဝ၌သာ ပြုနိုင်ရာ၏။ တတော၊ ထိုခိုးသူ,ရန်သူပြုသော အကျိုးမဲ့ပျက်စီးခြင်းထက်။ မိစ္ဆာပဏိဟိတံ၊ မှားသောအားဖြင့် ဆောက်တည်အပ်သော။ စိတ္တံ၊ စိတ်ယုတ်မာသည်။ နံ၊ ထိုစိတ်ယုတ်မာ ဆောက်တည်သူကို။ ပါပိယော၊ အလွန် ယုတ်မာလေအောင်။ ဝါ၊ အလွန် အကျိုးမဲ့ ပျက်စီးလေအောင်။ ကရေ၊ ပြုနိုင်ရာ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

(နန္ဒ နွားကျောင်းသား ဥပါသကာသည် လွန်လေပြီးသော ဘဝတစ်ပါး၌ ပြုခဲ့သော အကုသိုလ်ကံကို ရဟန်းတို့ မမေးမလျှောက်သောကြောင့် ဘုရားရှင်ဟောပြတော်မမူ။)

နန္ဒ နွားကျောင်းသားဝတ္ထု ပြီး၏။

֍ * ၉။ သောရေယျသူဌေးသား ဝတ္ထု

န တံ မာတာ ပိတာ ကယိရာအစရှိသော ဤတရားဒေသနာတော်ကို သဗ္ဗညု မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သောရေယျသူဌေးသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(ဤဝတ္ထုသည် သောရေယျပြည်၌ ဖြစ်ပေါ်၍ သာဝတ္ထိပြည်၌ ပြီးဆုံးစေအပ်သော ဝတ္ထုဖြစ်၏။)

အရှင်မဟာကစ္စည်းကို ပြစ်မှား၍ သောရေယျသူဌေးသား မိန်းမဖြစ်ရခြင်း

ဘုရားရှင်သည် သာဝတ္ထိပြည်၌ နေထိုင်ရွှင်ပြုံး သီတင်းသုံးတော်မူဆဲဖြစ်သောအခါ သောရေယျပြည်တွင် သောရေယျသူဌေးသားသည် သူငယ်ချင်း အဖော်တစ်ယောက်နှင့် အတူတကွ ငြိမ့်သောယာဉ်ငယ်၌စီး၍ များစွာသော အခြံအရံ ပရိသတ်များနှင့်အတူ ရေချိုးခြင်း (ရေကစားခြင်း)ငှာ ပြည်မှ ထွက်ခဲ့လေ၏။ ထိုခဏ၌ အရှင်မဟာကစ္စည်း မထေရ်မြတ်သည် သောရေယျပြည်သို့ ဆွမ်းအလို့ငှာ ဝင်လိုသည်ဖြစ်၍ ပြည်ပ၌ ဒုကုဋ်သင်္ကန်း ရုံလွှမ်းသပ္ပာယ်တော်မူလေ၏။ ထိုအရှင်မဟာကစ္စည်း မထေရ်မြတ်အားလည်း ရွှေအဆင်းနှင့်တူသော လှပတင့်တယ်သောအဆင်း ရှိတော်မူလေ၏။ သောရေယျသူဌေးသားသည် မထေရ်မြတ်ကိုမြင်လျှင် “ဤမထေရ်သည်လည်း ငါ့မယား ဖြစ်ပါမူကား ဪ... ကောင်းလေစွ။ ငါ့မယား၏ ကိုယ်အဆင်းသည်မူလည်း ဤမထေရ်၏ ကိုယ်အဆင်းကဲ့သို့ ဖြစ်ပါမူကား ဪ... ကောင်းလေစွ”ဟု ကြံမိလေ၏။ ထိုသောရေယျသူဌေးသားအား ဤသို့ ကြံမိကာမျှ၌ပင်လျှင် ယောက်ျားအသွင် ကွယ်ခဲ့၍ မိန်းမအသွင်သည် ထင်ရှားစွာ ဖြစ်ပေါ်လာလေ၏။ ထိုသူဌေးသားသည် ရှက်နိုးလှသဖြင့် ယာဉ်ငယ်ထက်မှ ဆင်းသက်၍ ထွက်ပြေးလေ၏။ အပေါင်းအဖော် အခြံအရံဖြစ်သော လူအပေါင်းသည်လည်း ထိုအကြောင်းကို မသိသည်ဖြစ်၍၊ ဝါ-ထိုသူကို မမှတ်မိသည်ဖြစ်၍ “ဤသူထွက်ပြေးခြင်းအကြောင်းကား အဘယ်နည်း”ဟု ဆိုလေ၏။ ထိုမိန်းမသည်လည်း တက္ကသိုလ်ပြည် လမ်းခရီးသို့ သွားလေ၏။ ထိုမိန်းမဖြစ်လေသော သူဌေးသား၏ အဆွေခင်ပွန်းတို့သည်လည်း ထိုမှဤမှ ပြေးကာလွှားကာ လိုက်လံရှာဖွေကြသော်လည်း မမြင်ကြလေကုန်။ ထိုအလုံးစုံသောသူတို့သည် ရေချိုးပြီးလျှင် အိမ်သို့ ပြန်လာခဲ့ကြကုန်၏။ “သူဌေးသား အဘယ်မှာနည်း”ဟု မေးကြသောအခါလည်း “ရေချိုးပြီး၍ ပြန်သွားနှင့်လတ္တံ့”ဟု မှတ်ထင်ကြကြောင်း ပြောဆိုကြသဖြင့် မိခင်ဖခင်တို့သည် ထိုထိုအရပ်၌ ရှာဖွေ၍ မတွေ့မမြင်ကြကုန်သည်ရှိသော် ငိုကြွေးမြည်တမ်းကြကုန်လျက် သေလေပြီဖြစ်လတ္တံ့ဟူသော အမှတ်ဖြင့် မတကဘတ်ကို (မတက+ဘတ်-ဟူသည်ကား သေလွန်လေသောသူအား-ကောင်းကျိုးရရန် ရည်မှန်း၍ ကျွေးမွေးလှူဒါန်းသော အလှူတည်း။) လှူဒါန်းကြကုန်၏။

ထိုမိန်းမသည်လည်း တက္ကသိုလ်ပြည်သို့သွားသော လှည်းကုန်သည်တစ်ယောက်ကို မြင်သဖြင့် လှည်း၏ နောက်မှနောက်မှ အစဉ်လိုက်သွားလေ၏။ ထိုအခါ လူတို့သည် ထိုမိန်းမကိုမြင်လျှင် “ငါတို့၏လှည်းနောက်မှ နောက်မှ အဘယ့်ကြောင့် အစဉ်လိုက်သနည်း၊ ဤသတို့သမီးသည် အဘယ်သူ၏ သတို့သမီးနည်း၊ ထိုသတို့သမီးကို ငါတို့မသိကြကုန်”ဟု ဆိုကြကုန်၏။ “အရှင်- အရှင်တို့သည် မဆိုကြပါကုန်လင့်၊ မိမိလှည်းကိုသာ မောင်းနှင်ကြပါ၊ အကျွန်ုပ်သည် ခြေဖြင့်သွားပါအံ့”ဟု ဆိုကာ သွားသည်ရှိသော် ခြေတို့သည် ပေါက်ကွဲကုန်သဖြင့် လက်စွပ်ကိုပေး၍ တစ်ခုသောလှည်း၌ (စီးနင်းလိုက်ပါရန်) အခွင့်တောင်းခြင်းကို ပြုရလေ၏။ လူတို့လည်း “တက္ကသိုလ်ပြည်၌ ငါတို့သူဌေးသားအား မယားမရှိ၊ ထိုသူဌေးသားအား ပြောကြားကြကုန်စို့အံ့၊ ငါတို့အား များစွာသော လက်ဆောင်ပဏ္ဏာ ရလတ္တံ့”ဟု ကြံစည်ကြလေကုန်၏။ ထို့နောက် လှည်းကုန်သည်တို့သည် သူဌေးသားအိမ်သို့သွား၍ “အရှင်သူဌေးသား- အကျွန်ုပ်တို့သည် အရှင်သူဌေးသားအလို့ငှာ တစ်ဦးသောမိန်းမရတနာကို ဆောင်ခဲ့ပါသည်”ဟု ပြောကြား၏။ သူဌေးသားလည်း ထိုစကားကိုကြားလျှင် ထိုမိန်းမကိုခေါ်စေ၍ မိမိ၏အရွယ်နှင့် လျောက်ပတ်သော အလွန်တရာလှပသဖြင့် ကြည်လင်စွဲမက် နှစ်သက်ချင်စဖွယ် အဆင်းပုံဟန်ရှိသည်ကို မြင်တဲ့လျှင် ဖြစ်သော ချစ်ခင်စုံမက် နှစ်သက်ခြင်းရှိရကား မိမိအိမ်၌ နေစိမ့်သောငှာ လက်ခံသိမ်းပိုက်ခြင်းအမှု ပြုလေ၏။

(ယောက်ျားတို့သည် မိန်းမ မဖြစ်ဖူးသောသူမည်သည် မရှိ။ မိန်းမတို့သည်လည်း ယောက်ျားမဖြစ်ဖူးသောသူ မည်သည် မရှိ။ ယောက်ျားတို့သည် သူတစ်ပါး၏ မယားတို့၌ လွန်ကျူးပြစ်မှား၍ သေလွန်သည်ရှိသော် များစွာသော နှစ်အသိန်းတို့ပတ်လုံး ငရဲ၌ ကျက်ပြီး(ခံရပြီး)လျှင် ထိုငရဲမှ လွတ်၍ လူ့ဘဝသို့ ရောက်လာကုန်သည်ရှိသော် အရာမက များစွာသော အတ္တဘောတို့ပတ်လုံး မိန်းမအဖြစ်သို့သာ ရောက်ကြရကုန်၏။ ကမ္ဘာတစ်သိန်းပတ်လုံး ပါရမီဖြည့်ပြီးသော အရိယာသာဝက အရှင်အာနန္ဒာ မထေရ်သော်မှလည်း သံသရာ၌ကျင်လည်စဉ် တစ်ခုသော ကိုယ်အဖြစ်ဝယ် ပန်းထိမ်သည်အမျိုး၌ဖြစ်၍ ပရဒါရကံကို ပြုမှားမိသောကြောင့် ငရဲ၌ကျက်ပြီး ခံရပြီးမှ ထိုဝိပါက် အကြွင်းအကျန်၏အစွမ်းဖြင့် တစ်ဆယ့်လေးခုသော ကိုယ်အဖြစ်တို့၌ ယောက်ျား၏ ခြေရင်းအလုပ်အကျွေး မိန်းမ ဖြစ်ရဖူးလေ၏။ ခုနစ်ကြိမ်သော ကိုယ်အဖြစ်တို့၌ ဝှေးစေ့ထုတ်ခံရခြင်းသို့ ရောက်ရဖူးလေ၏။ မိန်းမတို့မည်သည်ကား အလှူပေးခြင်းအစရှိသော ကောင်းမှုတို့ကိုပြု၍ မိန်းမအဖြစ်၌ တပ်နှစ်သက်ခြင်း ကင်းစေပြီးလျှင် “ဤကောင်းမှု ကုသိုလ်ကံသည် ငါတို့အား ယောက်ျား၏ ကိုယ်ခန္ဓာအဖြစ်ကို ရခြင်းအကျိုးငှာ ဖြစ်ပါစေသော်”ဟု စိတ်ကို ခိုင်မြဲစွာ ဆောက်တည်နိုင်ကြလျှင် သေလေပြီးသောအခါ ယောက်ျား၏ ကိုယ်ခန္ဓာအဖြစ်ကို ရနိုင်ကြကုန်၏။ လင်ယောက်ျားအပေါ်၌ အိမ်ဦးနတ်ကဲ့သို့ ရိုသေစွာ လုပ်ကျွေးလျက် အကျင့်ကောင်းခြင်း၏ အစွမ်းဖြင့်လည်း ယောက်ျား၏ ကိုယ်ခန္ဓာအဖြစ်ကို ရနိုင်ကြကုန်သည်သာလျှင်တည်း။)

တက္ကသိုလ်ပြည်၌ သူဌေးသားနှင့် ကလေးနှစ်ယောက် ရပြီးမှ မိတ်ဆွေဟောင်းနှင့် တွေ့ဆုံခြင်း

ဤသောရေယျသူဌေးသားသည်လည်း အရှင်မဟာကစ္စည်း မထေရ်မြတ်၌ မသင့်သောစိတ် နှလုံးသွင်းခြင်းကို ဖြစ်စေမိသဖြင့် ဤကိုယ်၏အဖြစ်၌ မိန်းမဘဝကိုရလျက် တက္ကသိုလ်ပြည်၌ သူဌေးသားနှင့် အတူတကွနေခြင်းကိုစွဲ၍ ထိုတက္ကသိုလ် သူဌေးကတော်၏ဝမ်း၌ ကိုယ်ဝန်သားငယ် တည်လေ၏။ ထိုသူဌေးကတော်သည် ဆယ်လလွန်သောအခါ သားကိုရ၍ ထိုသူငယ် ခြေဖြင့်သွားနိုင်သောအခါ တစ်ယောက်သော သားကိုလည်း ရပြန်၏။ ဤသို့လျှင် ထိုသူဌေးကတော်အား ဝမ်း၌လွယ်၍ ဖွားသော သားငယ် နှစ်ယောက်၊ သောရေယျပြည်၌ ယောက်ျားဖြစ်စဉ် ထိုသူဌေးကတော်ကိုပင် အစွဲပြု၍ ဖွားသော သားငယ်နှစ်ယောက်၊ ဤသို့အားဖြင့် လေးယောက်သော သားတို့သည် ရှိလေကုန်၏။ ထိုအခါ သောရေယျပြည်မှ ထိုသူဌေးကတော်၏ အဆွေခင်ပွန်းဖြစ်သော သူဌေးသားသည် လှည်းငါးရာတို့ဖြင့် တက္ကသိုလ်ပြည်သို့ သွားရောက်၍ ငြိမ့်သောယာဉ်ငယ်စီးလျက် မြို့တွင်းသို့ ဝင်လာလေ၏။

ထိုအခါ သူဌေးကတော်သည် အထက်ပြာသာဒ်အပြင်ဝယ် လေသာပြတင်းကို ဖွင့်လှစ်၍ ခရီးလမ်းမငယ်ကို ကြည့်လျက် ရပ်နေစဉ် ထိုသူဌေးသားကို မြင်ရလေလျှင် ကောင်းစွာမှတ်မိသဖြင့် ကျွန်မကိုစေလွှတ်ကာ ခေါ်စေ၍ ပြာသာဒ်အပြင်၌ နေထိုင်စေလျက် မြတ်နိုးတနာ ပူဇော်ခြင်းကို ပြုလေ၏။ ထိုအခါ တက္ကသိုလ် သူဌေးကတော်ကို သောရေယျပြည်မှ ရောက်လာစဖြစ်သော သူဌေးသားသည် “အရှင်မ- သင့်ကို ဤအခါမှ ရှေး၌ ငါတို့ မမြင်ဖူးပါ၊ အဘယ်အကြောင်းကြောင့် ငါတို့အား များစွာသော မြတ်နိုးတနာ ပူဇော်သက္ကာရကို ပြုပါသနည်း၊ ငါတို့ကို သင်သိသလော”ဟု ပြောဆိုမေးမြန်းလေ၏။ “အရှင်သူဌေး- သိသည်မှန်ပါ၏”ဟု ဖြေဆိုပြီးလျှင် “သင်တို့သည် သောရေယျပြည်သား မဟုတ်ပါကုန်လော”ဟု ပြန်၍ မေးလေ၏။ “အရှင်မ- ငါတို့ကား သောရေယျပြည်သား မှန်ပေ၏”ဟု ဆိုသောအခါ ထိုသူဌေးကတော်သည် ထိုသောရေယျ ပြည်၌ရှိသော မိခင်ဖခင်တို့၏လည်းကောင်း၊ မယား၏လည်းကောင်း သားငယ်နှစ်ယောက်တို့၏လည်းကောင်း အနာရောဂါ ကင်းလွတ်ကြောင်းကို မေးမြန်းလေ၏။ သောရေယျပြည်ကလာသော သူဌေးသားသည်လည်း “အရှင်မ- အနာရောဂါ ကင်းလွတ်ကြပါ၏”ဟု ဆိုပြီးလျှင် သူဌေးသားသည် “အရှင်မ- ဤသူတို့ကို သိပါသလော”ဟု မေးလေ၏။

“အရှင်- သိသည် မှန်ပါ၏၊ ထိုသူတို့အား သားတစ်ယောက်ရှိသည် မဟုတ်ပါလော၊ ထိုသားသည် ကျွန်မပင် ဖြစ်ပါသည်”ဟု ပြောလျှင် “အရှင်မ- ဤသို့မဆိုလင့်၊ ငါတို့သည် ထိုသူနှင့်အတူတကွ တစ်နေ့သ၌ ငြိမ့်သောယာဉ်ငယ်စီး၍ ရေချိုးခြင်းငှာ ထွက်ခွာသွားကြစဉ် ထိုသူသွားရာ အရပ်ကို မသိကြကုန်၊ ထိုမှဤမှ လှည့်လည်ရှာဖွေသော်လည်း ထိုသူကို မမြင်ခြင်းကြောင့် မိခင်ဖခင်တို့ကို အကြောင်းကြားသော် ထိုမိခင်ဖခင်တို့လည်း ငိုကြွေးမြည်တမ်းလျက် တမလွန်ဘဝ ပြောင်းသွားသော သူအတွက် မတကဘတ် လှူဒါန်းခြင်းကိစ္စကို ပြုလုပ်ကြပါကုန်ပြီ”ဟု ဆိုလေ၏။ “အရှင်သူဌေးသား- အရှင်နှင့်အတူ ယာဉ်ငြိမ့်စီး၍ ရေချိုးသွားသော ထိုသူဌေးသားဟူသည် ကျွန်မပင် ဖြစ်သည်”ဟု ဆိုပြန်သဖြင့် “အရှင်မ- ဖဲလော့ (တန်တော့)၊ အဘယ်သို့သော စကားကို ဆိုသနည်း၊ ငါ၏အဆွေခင်ပွန်းကား နတ်သားလုလင်ကဲ့သို့ လှပသော ယောက်ျား တစ်ယောက်”ဟု ငြင်းဆိုလေ၏။ “အရှင်သူဌေးသား- ထိုသို့ပင် ဖြစ်ပါစေ၊ ထိုလုလင် သူဌေးသားသည် ကျွန်မပင်တည်း”ဟု ပြောကြားပြန်သောအခါ ထိုသူဌေးကတော်ကို “ဤသို့ မိန်းမဖြစ်ရခြင်းကား အဘယ်ပုံ ဖြစ်ရခြင်းနည်း”ဟု မေးမြန်းလေ၏။

“အရှင်သူဌေးသား၊ ထိုရေကစားသွားသောနေ့၌ အသင်သည် အရှင်မဟာကစ္စည်း မထေရ်ကို မြင်လိုက်မိပါ၏လော”ဟု မေးသဖြင့် “ဪ- မြင်သည် မှန်၏”ဟု ပြောလျှင် “ကျွန်မသည် ဤအရှင်မဟာကစ္စည်းမထေရ်ကို ကြည့်ရှု၍ “ဤမထေရ်သည်မူလည်း ငါ့မယား ဖြစ်ပါမူကား ဪ ကောင်းလေစွ၊ ဤမထေရ်၏ ကိုယ်အဆင်းကဲ့သို့လည်း ငါ့မယား၏ ကိုယ်အဆင်း ဖြစ်ပါမူကား ဪ ကောင်းလေစွ”ဟု ကြံစည်မိပါသည်။ ဤသို့ ကြံစည်မိသော ခဏ၌ပင်လျှင် ယောက်ျားအသွင်ကွယ်ခဲ့၍ မိန်းမအသွင် ထင်ရှားစွာ ဖြစ်ပေါ်လာပါသည်၊ ထိုအခါ၌ ကျွန်မသည် ရှက်နိုးလှသဖြင့် တစ်စုံတစ်ယောက်သောသူအား တစ်ခွန်းသော စကားကိုမျှ ပြောဆိုခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ ထွက်ပြေးကာ ဤတက္ကသိုလ်ပြည်သို့ ရောက်လာခဲ့ရပါ၏ အရှင်သူဌေးသား”ဟု စုံလင်စွာ ပြောပြလတ်သည်ရှိသော် “ဪ- သင်ပြုအပ်သောအမှုကား စင်စစ် အလွန်ဝန်လေးလေစွတကား၊ အဘယ့်ကြောင့် ငါ့အား မပြောကြားလေဘိသနည်း၊ သင်သည် အရှင်မဟာကစ္စည်းမထေရ်ကို သည်းခံစေအပ်ပြီလော၊ ဝါ- တောင်းပန်ကန်တော့အပ်ပြီလော”ဟု မေးမြန်း စိစစ်လေ၏။

အရှင်မဟာကစ္စည်းအား ကန်တော့သဖြင့် ယောက်ျား ပြန်ဖြစ်ခြင်း

ထိုသို့ မေးမြန်းစိစစ်သောအခါ “အရှင်သူဌေးသား- ကျွန်မသည် မကန်တော့ရသေးပါ”ဟု ဆိုလျှင် “အရှင်မဟာကစ္စည်း မထေရ်မြတ်သည် အဘယ်အရပ်၌ နေသနည်း၊ သင်သိသလော”ဟု မေးမြန်းပြန်လေ၏။ “ဤတက္ကသိုလ်ပြည်ကိုသာလျှင် အမှီပြု၍ နေတော်မူ၏ဟု သိရှိရပါ၏၊ အကယ်၍ ဆွမ်းအလို့ငှာ လှည့်လည်လာသဖြင့် ကျွန်မတို့၏ ဤအိမ်သို့ ကြွလာပါမူကား ကျွန်မကိုယ်တိုင် ကျွန်မ၏ အရှင်မြတ်ကြီးအား ဆွမ်းအာဟာရကို လှူပါအံ့ အရှင်သူဌေးသား”ဟု ဆိုရကား “ထိုသို့ဖြစ်မူ လျင်စွာ ပူဇော်သက္ကာရကို ပြုပါလော့၊ ငါတို့လည်း ဤအရှင်မဟာကစ္စည်း မထေရ်ကို သည်းခံစေအံ့ (တောင်းပန်ပေးအံ့)”ဟု ဆိုပြီးလျှင် မထေရ်မြတ်၏ သီတင်းသုံးရာ အရပ်သို့သွား၍ ရိုသေစွာ ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ နေပြီးမှ “အရှင်မြတ်ဘုရား- နက်ဖြန် တပည့်တော်၏ ဆွမ်းအလှူ ခံယူတော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။ “သူဌေးသား- သင်သည် ဧည့်သည် မဟုတ်လော”ဟု မိန့်တော်မူလတ်သော် “အရှင်ဘုရား တပည့်တော်တို့၏ ဧည့်သည်အဖြစ်ကို မေးမြန်းတော်မမူပါလင့်၊ နက်ဖြန် တပည့်တော်၏ ဆွမ်းအလှူကိုသာ ခံယူတော်မူပါဘုရား”ဟု လျှောက်ကြားသဖြင့် မထေရ်မြတ်သည် ဝန်ခံတော်မူလိုက်လေ၏။ အိမ်၌လည်း မထေရ်မြတ်၏အလို့ငှာ ကြီးစွာသော ပူဇော်ဖွယ်ကို စီရင်လေ၏။

မထေရ်မြတ်သည် တစ်ဖန် မိုးသောက် နံနက်ရောက်သောအခါ ထိုအိမ်တံခါးသို့ ကြွသွားတော်မူလေ၏။ ထိုအခါ မထေရ်မြတ်ကို နေထိုင်တော်မူစေ၍ မွန်မြတ်သော ဆွမ်းဘောဇဉ် အာဟာရဖြင့် လုပ်ကျွေးပြီးလျှင် သူဌေးသားသည် ထိုမိန်းမကိုခေါ်၍ မထေရ်၏ခြေရင်း၌ ဝပ်စေလျက် “အရှင်မြတ်ဘုရား- တပည့်တော်၏ အဆွေခင်ပွန်းမအား အနာမယူ သည်းခံတော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။ မထေရ်မြတ်လည်း “ဤသည်းခံရခြင်း အကြောင်းကား အဘယ်နည်း”ဟု မေးလျှင် “အရှင်မြတ်ဘုရား- ဤဒါယိကာမသည် ရှေးအခါ၌ တပည့်တော်၏ မိတ်ဆွေအဖော် ဖြစ်ပါသည်၊ အရှင်ဘုရားတို့ကို ကြည့်ရှုပြီးလျှင် ဤမည်သော အကြံကို ကြံစည်မိပါပြီ၊ ထိုသို့ ကြံစည်သောအခါ ဤသူ့အား ယောက်ျားအသွင် ကွယ်ခဲ့၍ မိန်းမအသွင် ထင်ရှားစွာ ဖြစ်ပေါ်လာပါသည်ဘုရား၊ အရှင်မြတ်ဘုရား- သည်းခံတော်မူပါဘုရား”ဟု လျှောက်ထား တောင်းပန်လေ၏။ မထေရ်လည်း “ထိုသို့ဖြစ်မူ ထလော့၊ ငါသည်းခံ၏”ဟု ဆိုလေ၏။ မထေရ်မြတ်သည် “ငါသည်းခံ၏”ဟု ဆိုကာမျှ၌သာလျှင် မိန်းမအသွင်ကွယ်ခဲ့၍ ယောက်ျားအသွင် ထင်ရှားစွာ ဖြစ်ပေါ်လာလေ၏။ ဤသို့လျှင် ယောက်ျားအသွင် ထင်ရှားစွာ ဖြစ်ပေါ်လာကာမျှ၌ပင်လျှင် ထိုသောရေယျသူဌေးသားကို တက္ကသိုလ် ပြည်သား သူဌေးသားက “အချင်း မိတ်ဆွေ- ဤသူငယ်နှစ်ယောက်တို့ကား သင်၏ဝမ်း၌လွယ်၍ ဖွားမြင်သော သားတို့ ဖြစ်ကြကုန်၏၊ အကျွန်ုပ်ကိုစွဲ၍ ဖြစ်ကုန်ရကား နှစ်ပါးစုံဖြစ်သော ငါတို့၏ သားသာလျှင်တည်း၊ ဤတက္ကသိုလ်ပြည်၌သာ အတူနေကြကုန်စို့အံ့၊ ငြီးငွေ့ မပျင်းရိပါလင့်”ဟု ဆိုလေ၏။

“အချင်းမိတ်ဆွေ- အကျွန်ုပ်ကား တစ်ခုသော ကိုယ်အဖြစ်ဖြင့် ရှေးဦးစွာ ယောက်ျားဖြစ်လျက် တစ်ဖန် မိန်းမအဖြစ်သို့ရောက်၍ တစ်ဖန် ယောက်ျားဖြစ်ပြန်၏။ ဤသို့ ဖောက်ဖောက်ပြန်ပြန် ဖြစ်ခြင်းသို့ ရောက်ရလေ၏၊ ရှေးဦးစွာ အကျွန်ုပ်ကို အကြောင်းပြု၍ သားနှစ်ယောက် ဖြစ်ကုန်၏၊ ယခု မိန်းမဖြစ်သောအခါ၌လည်း အကျွန်ုပ်၏ဝမ်းမှ သားနှစ်ယောက်တို့ ဖွားမြင်ကုန်၏။ ထိုအကျွန်ုပ်သည် တစ်ခုတည်းသော အတ္တဘောဖြင့် ဖောက်ပြန်သောအခြင်းအရာသို့ ရောက်ရခြင်းကြောင့် တစ်ဖန် အိမ်၌နေဦးမည်ဟု အမှတ်သညာ မပြုလိုတော့ပြီ၊ အကျွန်ုပ်၏အရှင် မထေရ်မြတ်၏အထံ၌ အကျွန်ုပ်သည် ရဟန်းပြုတော့အံ့၊ ဤသားငယ်နှစ်ယောက်တို့လည်း အသင်၏ တာဝန်ဖြစ်ရကား ဤသားငယ်နှစ်ယောက်တို့အပေါ်၌ မမေ့မလျော့ ပြုစုရစ်ပါလော့”ဟု မေတ္တာစကား မှာထားပြီးမှ သားငယ်တို့၏ ဦးခေါင်း၌ အဖန်ဖန် နမ်းရှုပ် သုံးသပ်ပွတ်သပ်လျက် ရင်ခွင်ထက်၌ အိပ်စေပြီးလျှင် ဖခင်အား အပ်နှင်းကာ အိမ်မှထွက်ခဲ့၍ မထေရ်မြတ်၏အထံတော်၌ ရဟန်းအဖြစ်ကို တောင်းပန်လေ၏။

သောရေယျလုလင် ရဟန္တာဖြစ်ခြင်း

အရှင်မဟာကစ္စည်း မထေရ်သည်လည်း ထိုသောရေယျသူဌေးသားကို ရှင်ရဟန်းပြုစေ၍ ကမ္မဋ္ဌာန်းကို သင်ယူစေပြီးလျှင် ဒေသစာရီ ကြွချီလတ်သည်ရှိသော် အစဉ်သဖြင့် သာဝတ္ထိပြည်သို့ ရောက်တော်မူလေ၏။ ထိုရဟန်းသစ်အား သောရေယျမထေရ်ဟု အမည်တွင်လေ၏။ ဇနပုဒ်၌နေသော သူတို့သည် ထိုသောရေယျမထေရ် အကြောင်းကို သိကုန်ရကား တုန်လှုပ်ချောက်ချားကာ အုတ်အုတ်ကျက်ကျက်သော အသံဖြစ်ကုန်လျက် မထေရ်အထံသို့ချဉ်းကပ်၍ မေးမြန်းကြကုန်၏။ “အရှင်ဘုရား- ဤသို့ ဖြစ်သောဟူသည် မှန်ပါသလော”ဟု မေးလျှင် “ဒါယကာတို့- အမှန်ဖြစ်၏”ဟု ဆိုလတ်သော် “အရှင်ဘုရား- ဤသို့သဘောရှိသော အကြောင်းမည်သည်လည်း ဖြစ်ရချေသေး၏၊ အရှင်ဘုရားတို့၏ဝမ်း၌ သားငယ်နှစ်ယောက် ဖွားကုန်သတတ်၊ အရှင်ဘုရားတို့ကိုစွဲ၍ သားငယ်နှစ်ယောက် ဖြစ်ကုန်သတတ်၊ ထိုသားငယ် လေးယောက်တို့တွင် အဘယ်သားတို့၌ အရှင်မြတ်သည် အားကြီးသောချစ်ခြင်း ဖြစ်ပါသနည်းဘုရား”ဟု မေးလျှောက်ကြကုန်၏။ “ဒါယကာတို့- ဝမ်း၌ဖြစ်၍ လွယ်ဖွားသော သားငယ်တို့အပေါ်၌ အားကြီးသော ချစ်ခြင်းသည် ဖြစ်၏”ဟု မိန့်ဆိုတော်မူလေ၏။ ရောက်လာ,ရောက်လာကုန်သော သူတို့လည်း ထိုနည်းတူစွာသာလျှင် မပြတ် မေးကြကုန်၏။

အရှင်သောရေယျ မထေရ်လည်း ဝမ်း၌ဖြစ်၍ လွယ်ဖွားသော သားငယ်တို့အပေါ်၌သာ ချစ်ခြင်းအားကြီးသည်ဟု အဖန်ဖန် မိန့်ဆို ပြောကြားရသည်ရှိသော် ရှက်စနိုးရကား တစ်ပါးတည်းသာ ထိုင်ခြင်း၊ တစ်ပါးတည်းသာ ရပ်ခြင်းကိုပြုလေ၏။ ထိုသောရေယျ မထေရ်သည် ဤသို့ တစ်ပါးတည်းသာ နေလေ့ရှိသောသူ၏အဖြစ်သို့ ကပ်ရောက်လျက် ဤကိုယ်၏အဖြစ် အတ္တဘော၌ ကုန်ခန်းခြင်း,ပျက်စီးခြင်းဟူသော ခယဝယကမ္မဋ္ဌာန်းကို ထင်မြင်အောင် စီးဖြန်းဆင်ခြင်သည်ရှိသော် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ထိုသို့ ရဟန္တာဖြစ်ပြီးသောအခါ၌ လာတိုင်းလာတိုင်းကုန်သော သူတို့သည် “အရှင်ဘုရား- ဤသို့ ဖြစ်ရသည်ဟူသည် ဟုတ်မှန်ပါသလားဘုရား”ဟု မေးကြကုန်သည်ရှိသော် “ဟုတ်မှန်၏ ဒါယကာတို့”ဟု ဖြေဆို၏။ “အဘယ်သားတို့အပေါ်၌ ချစ်ခြင်း အားကြီးပါသနည်း”ဟု တစ်ဖန် မေးကြပြန်သော် “ငါ့အား တစ်စုံတစ်ယောက်သောသားတို့၌ ချစ်ခြင်းမည်သည် မရှိ”ဟု ပြောဆိုလေ၏။ ရဟန်းတို့သည် “ဤသောရေယျမထေရ်ကား မဟုတ်မမှန်သော စကားကို ပြောဆိုဘိ၏။ ရှေးဖြစ်သောနေ့၌ ဝမ်း၌လွယ်၍ ဖွားမြင်သော သားတို့အပေါ်၌သာ ချစ်ခြင်းအားကြီးသည်ဟု ပြောဆိုပါလျက် ယခုကား ငါ့အား တစ်စုံတစ်ယောက်သော သားတို့၌ ချစ်ခြင်းမည်သည် မရှိပြီဟု ပြောဆိုဘိ၏။ အရဟတ္တဖိုလ်စကားကို ပြောကြားပါသည် မြတ်စွာဘုရား”ဟု နားတော်ရောက် လျှောက်ကြလေကုန်၏။

ဘုရားရှင်သည် “ချစ်သား ရဟန်းများတို့- ငါ၏သားတော် သောရေယျမထေရ်သည် အရဟတ္တဖိုလ်စကားကို ပြောကြားသည် မဟုတ်၊ ကောင်းစွာ ဆောက်တည်အပ်သော စိတ်ဖြင့် မဂ်တရားကို မြင်သည်မှစ၍ ငါ့သားတော်အား တစ်စုံတစ်ယောက်သော သားတို့၌ ချစ်ခြင်း မဖြစ်လေပြီ၊ ဤမဂ်ဖိုလ်ဟူသော စည်းစိမ်ချမ်းသာ၏ ပြည့်စုံခြင်းကို အမိသည်လည်းကောင်း၊ အဘသည်လည်းကောင်း ပြုခြင်းငှာ မတတ်နိုင်၊ ဤသတ္တဝါတို့အား မိမိကိုယ်တွင်း၌ ကောင်းစွာဖြစ်သော စိတ်သည်သာလျှင် ထိုစည်းစိမ်ချမ်းသာ၏ ပြည့်စုံခြင်းကို ပေးခြင်းငှာ စွမ်းနိုင်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၄၃] န တံ မာတာ ပိတာ ကယိရာ၊ အညေ ဝါပိစ ဉာတကာ။
သမ္မာပဏိဟိတံ စိတ္တံ၊ သေယျသော နံ တတော ကရေ။

တံ ကရဏံ၊ ထိုချမ်းသာ ပြည့်စုံအောင် ပြုခြင်းကို။ မာတာ၊ မွေးသည့်မိခင် ကျေးဇူးရှင်သည်။ န ကယိရာ၊ မပြုနိုင်ရာ။ ပိတာ၊ မွေးသည့်ဖခင် ကျေးဇူးရှင်သည်။ န ကယိရာ၊ မပြုနိုင်ရာ။ အညေ၊ မိခင်ဖခင် ကျေးဇူးရှင်မှ တစ်ပါးကုန်သော။ ဉာတကာဝါပိစ၊ ဆွေမျိုး သားချင်းတို့သည်လည်း။ န ကရေယျုံ၊ မပြုနိုင်ကုန်ရာ။ သမ္မာပဏိဟိတံ၊ ဆယ်ပါးသော ကုသိုလ်ကမ္မပထ၌ ကောင်းစွာ ဆောက်တည်အပ်သော။ စိတ္တံ၊ စိတ်ကောင်းသည်။ တတော၊ ထိုမိဘဆွေမျိုးတို့ ချမ်းသာပြည့်စုံအောင် ပြုနိုင်ခြင်းထက်။ နံ၊ ထိုပုဂ္ဂိုလ်ကို။ သေယျသော၊ အဆင့်ဆင့် မြင့်မြတ်အောင်။ ကရေ-ကရောတိ၊ ပြုနိုင်၏။

ဒေသနာတော်၏ မှတ်ဖွယ် အဓိပ္ပာယ်

သားသမီးတို့အား ပစ္စည်းဥစ္စာပေးကြသော မိဘတို့မည်သည် တစ်ဘဝ၌သာလျှင် အလုပ်အကိုင် မလုပ်ရဘဲ ချမ်းသာစွာ အသက်မွေးနိုင်လောက်သော ပစ္စည်းဥစ္စာကို ပေးနိုင်ကြ၏။ ဝိသာခါအား ပစ္စည်းဥစ္စာ အသုံးအဆောင် လွန်စွာကြွယ်ဝသော မိဘသူဌေးကြီးတို့သော်မှလည်း တစ်ဘဝ၌သာလျှင် ချမ်းသာစွာ အသက်မွေးနိုင်လောက်ရုံ ပေးနိုင်ကြလေကုန်၏။ လေးကျွန်းလုံး၌ စကြဝတေးမင်း စည်းစိမ်အသရေကို စွမ်းနိုင်သော မိဘတို့မည်သည်ကား သားသမီးတို့အား မရှိ၊ နတ်ပြည်စည်းစိမ်၊ ပဌမဈာန် စသည့် စည်းစိမ်၊ မဂ်ဖိုလ်နိဗ္ဗာန်ဟူသော လောကုတ္တရာ စည်းစိမ်ချမ်းသာကို အဘယ်မှာလျှင် ပေးစွမ်းနိုင်အံ့နည်း။ ဆိုစရာ စကားပင် မရှိ။ ကောင်းစွာ ဆောက်တည်အပ်သော စိတ်ကောင်းစိတ်မြတ်သည်ကား ထိုအလုံးစုံသော စည်းစိမ်ချမ်းသာတို့ကို ပေးစွမ်းနိုင်၏။ ထို့ကြောင့် အဆင့်ဆင့် မြင့်မြတ်အောင် ပြုနိုင်၏ဟု ဆိုအပ်လေသတည်း။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော ဒေသနာတော် ဖြစ်လေ၏။

သောရေယျသူဌေးသားဝတ္ထု ပြီး၏။

֍ * ၁။ မြေကြီးနှင့်စပ်သောစကား ပြောကြားလေ့ရှိသော ရဟန်းငါးရာဝတ္ထု

ကော ဣမံ ပထဝိံ ဝိစေဿတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် မြေကြီးနှင့်စပ်သောစကားကို ပြောကြားခြင်း၌ လေ့ကျက်ကုန်သော ငါးရာသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ထိုငါးရာသော ရဟန်းတို့သည် ဘုရားရှင်နှင့် အတူတကွ ဇနပုဒ်သို့ ဒေသစာရီ ကြွချီတော်မူကြပြီးသည်ရှိသော် ဇေတဝန်ကျောင်းတော်သို့ ပြန်လာ၍ ညချမ်းသောအခါ စည်းဝေးခစားရာဖြစ်သော ဇရပ်၌ ထိုင်နေစည်းဝေးကုန်လျက် မိမိတို့ကိုယ်တိုင် ရောက်ရာရောက်ရာ အရပ်တို့၌ “ဤမည်သောရွာမှ ဤမည်သောရွာသို့ သွားရာအရပ်၌ မြေညီညွတ်၏၊ မညီညွတ်၊ ညွှန်ပျောင်းများ၏ ကျောက်စရစ် များ၏၊ မည်းနက်သော မြေစိုင်ရှိ၏၊ နီမြန်းသော မြေစိုင်ရှိ၏၊” ဤသို့ အစရှိသည်ဖြင့် မြေကြီးနှင့်စပ်သော စကားကို ပြောကြားကာ နေကြလေကုန်၏။ ထိုအခါ ဘုရားသဗ္ဗညုသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့-ယခု ငါဘုရား ကြွလာဆဲကာလ၌ အဘယ်စကား ပြောကြားခြင်းဖြင့် စည်းဝေးနေထိုင်ကြသနည်း”ဟု မေးတော်မူသဖြင့် “ဘုန်းတော်ကြံတော်မူသော မြတ်စွာဘုရား- ဘုရားတပည့်တော်တို့သည် လှည့်လည်သွားလာရာအရပ်၌ တွေ့မြင်ခဲ့သော မြေကြီးနှင့်စပ်သောစကား ပြောကြားခြင်းဖြင့် စည်းဝေးနေထိုင်ကြပါသည်ဘုရား”ဟု လျှောက်သည်ရှိသော် “ချမ်သားရဟန်းတို့- ဤမြေကြီးသည် အပဖြစ်သော မြေကြီးမည်၏၊ သင်တို့သည် အတွင်းဖြစ်သော မြေကြီး၌ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း ပရိကံကို ပြုခြင်းငှာ သင့်၏”ဟု မိန့်တော်မူ၍ ဤနှစ်ဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၄၄] ကော ဣမံ ပထဝိံ ဝိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေဝကံ။
ကော ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ဝိစေဿတိ။
֍ * [၄၅] သေခေါ ပထဝိံ ဝိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေဝကံ။
သေခေါ ဓမ္မပဒံ သုဒေသိတံ၊ ကုသလာ ပုပ္ဖမိဝ ဝိစေဿတိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ကော၊ အဘယ်သူသည်။ ဣမံ ပထဝိံ၊ ဤအတ္တဘောတည်းဟူသော အဇ္ဈတ္တမြေကြီးကို။ ဝိစေဿတိ၊ မိမိဉာဏ်ဖြင့် ဝေဖန်ရွေးချယ်နိုင်လတ္တံ့နည်း။ ယမလောကဉ္စ၊ အပါယ်လေးဘုံကိုလည်းကောင်း။ သဒေဝကံ၊ နတ်ဘုံ ဗြဟ္မာဘုံနှင့်တကွသော။ ဣမံ လောကဉ္စ၊ ဤလူ့ဘုံကိုလည်းကောင်း။ ကော၊ အဘယ်သူသည်။ ဝိစေဿတိ၊ မိမိဉာဏ်ဖြင့် ဝေဖန်ရွေးချယ်နိုင်လတ္တံ့နည်း။ ကုသလော၊ လိမ္မာသော ပန်းသည်သည်။ ပုပ္ဖံ၊ ပန်းပွင့်ကို။ ဝိစိနန္တော ဝိယ၊ ဝေဖန်ရွေးချယ်နိုင်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ကော၊ အဘယ်သူသည်။ သုဒေသိတံ၊ ကောင်းစွာ ဟောတော်မူအပ်သော။ ဓမ္မပဒံ၊ ဗောဓိပက္ခိယဓမ္မဟူသော တရားအစုကို။ ဝိစေဿတိ၊ မိမိဉာဏ်ဖြင့် ဝေဖန်ရွေးချယ်နိုင်လတ္တံ့နည်း။

ဘိက္ခဝေ၊ ရဟန်းတို့။ သေခေါ၊ သေက္ခပုဂ္ဂိုလ် ခုနစ်ယောက်သည်။ ဣမံ ပထဝိံ၊ ဤအတ္တဘောတည်းဟူသော အဇ္ဈတ္တမြေကြီးကို။ ဝိစေဿတိ၊ မိမိဉာဏ်ဖြင့် ဝေဖန်ရွေးချယ်နိုင်လတ္တံ့။ ယမလောကဉ္စ၊ အပါယ်လေးဘုံကိုလည်းကောင်း။ သဒေဝကံ၊ နတ်ဘုံ ဗြဟ္မာဘုံနှင့်တကွသော။ ဣမံ လောကဉ္စ၊ ဤလူ့ဘုံကိုလည်းကောင်း။ သေခေါ၊ သေက္ခပုဂ္ဂိုလ် ခုနစ်ယောက်သည်။ ဝိစေဿတိ၊ မိမိဉာဏ်ဖြင့် ဝေဖန်ရွေးချယ်နိုင်လတ္တံ့။ ကုသလော၊ လိမ္မာသော ပန်းသည်သည်။ ပုပ္ဖံ၊ ပန်းပွင့်ကို။ ဝိစိနာတိ ဣဝ၊ ဝေဖန်ရွေးချယ်နိုင်သကဲ့သို့။ ဧဝံ၊ ဤအတူ။ သေခေါ၊ သေက္ခပုဂ္ဂိုလ် ခုနစ်ယောက်သည်။ သုဒေသိတံ၊ ကောင်းစွာ ဟောတော်မူအပ်သော။ ဓမ္မပဒံ၊ ဗောဓိပက္ခိယဓမ္မဟူသော တရားအစုကို။ ဝိစေဿတိ၊ မိမိဉာဏ်ဖြင့် ဝေဖန်ရွေးချယ်လတ္တံ့။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ငါးရာသော ရဟန်းတို့သည် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

မြေကြီးနှင့်စပ်သောစကား ပြောကြားလေ့ရှိသော ရဟန်းငါးရာဝတ္ထု ပြီး၏။

֍ * ၂။ တံလှပ်ပမာ ကမ္မဋ္ဌာန်းကိုရှုသော မထေရ်ဝတ္ထု

ဖေဏူပမံအစရှိသော ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည်၌နေတော်မူစဉ် အမှတ်မရှိတစ်ပါးသော “တံလှပ်ပမာပါတကား”ဟု ကမ္မဋ္ဌာန်းရှုလေ့ရှိသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တံလှပ်ပမာ ဤခန္ဓာ

ထိုရဟန်းသည် ဘုရားရှင်၏အထံတော်၌ ကမ္မဋ္ဌာန်းယူ၍ “ရဟန်းတရားကို အားထုတ်အံ့”ဟု တောအုပ်သို့ ဝင်ပြီးလျှင် စေ့ဆော်လုံ့လဝီရိယဖြင့် အားထုတ်ပါသော်လည်း အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှာ မတတ်နိုင်ခြင်းကြောင့် “အထူးပြု၍ ကမ္မဋ္ဌာန်းကို ဟောပြစေဦးအံ့”ဟု ဘုရားရှင်၏ အထံတော်သို့ ကြွလာသည်ရှိသော် ခရီးအကြား၌ တံလှပ်ကိုမြင်လေလျှင် (တံလှပ်ဟူသည်မှာ နွေဥတုအခါ၌ ပူပြင်းသောကြောင့်လည်းကောင်း၊ မျက်စိအားလျော့ခြင်းကြောင့်လည်းကောင်း ရေကဲ့သို့လည်းကောင်း၊ အခိုးအငွေ့ကဲ့သို့လည်းကောင်း မြင်သည်ဟုထင်ရသော သဘောတည်း။) “နွေအခါ၌ ဖြစ်လေ့ရှိသော ဤတံလှပ်သည် အဝေး၌ တည်နေကုန်သောသူတို့အား ရုပ်အဆင်းသဏ္ဌာန်ရှိသော အရာကဲ့သို့ ထင်လျက်၊ အနီးသို့ ရောက်လာကုန်သော သူတို့အား မထင်လေသကဲ့သို့ ထို့အတူ ဤအတ္တဘောသည်လည်း ဖြစ်ပျက်တတ်သော အနက်သဘောကြောင့် ဤတံလှပ်နှင့်တူသော သဘောရှိလေစွတကား”ဟု တံလှပ်ပမာ ကမ္မဋ္ဌာန်းကို ပွားစေလျက် ကြွလာခဲ့လေရာ ခရီးပန်းလှသောကြောင့် အစီရဝတီမြစ်၌ ရေချိုးပြီးလျှင် အဟုန်ပြင်စွာစီးသဖြင့် ကြမ်းသောရေအလျဉ်ရှိသော တစ်ခုသော ကမ်းနားတွင် သစ်ပင်အရိပ်၌နေစဉ် ရေလှိုင်းအဟုန် ပုတ်ခတ်သဖြင့် ဖြစ်ပေါ်လာပြီးလျှင် ပျက်စီးကြကုန်သော ကြီးစွာ,ကြီးစွာကုန်သော ရေမြှုပ်စိုင်တို့ကို မြင်ပြန်လေလျှင် “ဤအတ္တဘောသည်လည်း ဖြစ်ပြီးလျှင် ပျက်စီးတတ်သော အနက်သဘောကြောင့် ဤရေမြှုပ်စိုင်နှင့်တူသော သဘောရှိသည်သာလျှင်တည်း”ဟု အာရုံယူပြန်လေ၏။

မြတ်စွာဘုရားသည်လည်း ဂန္ဓကုဋီ၌ နေတော်မူလျက်သာလျှင် ထိုမထေရ်ကို မြင်တော်မူ၍ “ချစ်သားရဟန်း- ဤအတ္တဘောသည် ဤအတိုင်းသာလျှင် ဟုတ်မှန်ပေ၏၊ ဤသို့ သဘောရှိသည်သာလျှင် ဖြစ်ပေ၏၊ ရေမြှုပ်စိုင်ကဲ့သို့လည်းကောင်း၊ တံလှပ်ကဲ့သို့လည်းကောင်း ဖြစ်ခြင်းပျက်ခြင်း သဘောရှိသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ရေမြှုပ်ပမာ ဤခန္ဓာ

֍ * [၄၆] ဖေဏူပမံ ကာယမိမံ ဝိဒိတွာ၊ မရီစိဓမ္မံ အဘိသမ္ဗုဓာနော။
ဆေတွာန မာရဿ ပပုပ္ဖကာနိ၊ အဒဿနံ မစ္စုရာဇဿ ဂစ္ဆေ။

ဣမံ ကာယံ၊ ဆံပင်, မွေးညင်း, ခြေသည်းလက်သည်း စသည်တို့၏ အပေါင်းအစုဖြစ်သော ဤကိုယ်ကို။ ဖေဏူပမံ၊ ခဏဖြစ်ချုပ် အခြေနုပ်သော ရေမြှုပ်နှင့်တူ၏ဟု။ ဝိဒိတွာ၊ သိပြီး၍။ မရီစိဓမ္မံ၊ ဗလာကွက်လပ် အထင်ကပ်သည့် တံလှပ်နှင့်တူသော သဘောကို။ အဘိသမ္ဗုဓာနော၊ ကောင်းစွာ သိသောသူသည်။ မာရဿ၊ မာရ်မင်း၏။ ပပုပ္ဖကာနိ၊ ပပုပ္ဖက ပန်းပွင့်မျိုးစုံပွင့်လျက် မွေ့လျော်ဖွယ်ကောင်းသော ပန်းဥယျာဉ်ကြီးဟု ဆိုအပ်ကုန်သော တေဘူမက ဝဋ်တရားတို့ကို။ ဆေတွာန၊ အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် ဖြတ်ဖျက်၍။ မစ္စရာဇဿ၊ သေမင်း၏။ အဒဿနံ၊ မမြင်မတွေ့ရာ ပြည်သာနိဗ္ဗာန်သို့။ ဂစ္ဆေ၊ ရောက်ရာ၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ ထိုမထေရ်မြတ်သည် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ရောက်၍ ဘုရားရှင်၏ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ကိုယ်တော်ကို ချီးမွမ်းထောမနာ ရှိခိုးလျက်သာလျှင် ရောက်လာခဲ့လေသတည်း။

တံလှပ်ပမာ ကမ္မဋ္ဌာန်းကိုရှုသော မထေရ်၏ဝတ္ထု ပြီး၏။

֍ * ၃။ ဝိဋဋူဘဝတ္ထု

ပုပ္ဖာနိဟေဝ ပစိနန္တံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် ကြီးစွာသော ရေအလျဉ်သည် လွှမ်းမိုးဖိစီးလျက် နှစ်မြှုပ်ကာသတ်အပ်သော ပရိသတ်နှင့်တကွ သေလေသော ဝိဋဋူဘကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ပသေနဒီ ကောသလမင်းကြီး၊ ဗန္ဓုလစစ်သူကြီးနှင့် မဟာလိလိစ္ဆဝီမင်းတို့၏ အကြောင်း

သာဝတ္ထိပြည်၌ မဟာကောသလမင်းကြီး၏ သားတော်သည် ပသေနဒီမင်းသား မည်၏။ ဝေသာလီပြည်၌ လိစ္ဆဝီမင်း၏ သားတော်သည် လိစ္ဆဝီမင်းသား မဟာလိ မည်၏။ ကုသိနာရုံပြည်၌ မလ္လာမင်း၏သားတော်သည် ဗန္ဓုလ မည်၏။ ဤသို့ ဤသုံးယောက်သော မင်းသားတို့သည် အရပ်လေးမျက်နှာမှ လာကုန်သောသူတို့၏ အကြီးအမှူးဖြစ်သော ဒိသာပါမောက္ခ ဆရာ့အထံ၌ အတတ်ပညာ သင်ယူခြင်းငှာ တက္ကသိုလ်ပြည်သို့သွားကြရာ မြို့မှအပဖြစ်သော ဇရပ်သို့ အတူတကွ ရောက်ကြကုန်သဖြင့် အချင်းချင်း လာခြင်း၏ အကြောင်းကိုလည်းကောင်း၊ အမျိုးအနွယ်ကိုလည်းကောင်း၊ အမည်ကိုလည်းကောင်း မေးကြ၍ အဆွေခင်ပွန်းဖြစ်ကြပြီးလျှင် အတူတကွ ဆရာ့ထံချဉ်းကပ်လျက် အတတ်ပညာကို သင်ကြားကြကုန်သည်ရှိသော် မကြာမြင့်မီ တတ်မြောက်အောင် သင်ယူအပ်ပြီးသော အတတ်ပညာရှိကုန်သဖြင့် ထိုမင်းသား သုံးယောက်တို့သည် ဆရာကိုပန်ကြားပြီးလျှင် အတူတကွ ထွက်ခဲ့ကြရာ မိမိ,မိမိတို့နေရာ တိုင်းပြည်တို့သို့ ရောက်သွားကြလေကုန်၏။ ထိုမင်းသားတို့တွင် ပသေနဒီမင်းသားသည် ခမည်းတော်အား အတတ်ကို ပြလတ်သည်ရှိသော် သားအား မြတ်နိုးသဖြင့် ခမည်းတော်သည် မင်းအဖြစ်ဖြင့် အဘိသိက်သွန်း၍ မင်းပြုစေတော်မူလေ၏။

မဟာလိမင်းသားသည်လည်း လိစ္ဆဝီမင်းတို့အား အတတ်ကို ပြသည်ရှိသော် ကြီးစွာသော အားထုတ်ခြင်းဖြင့် ပြလေ၏။ ထိုမဟာလိမင်းသား၏ မျက်စိတို့သည် ပေါက်ကွဲပျက်စီး၍ သွားကုန်၏။ လိစ္ဆဝီမင်းတို့လည်း “ဪ- ဖြစ်ရလေခြင်း၊ ဆရာသည် မျက်စိကွယ်ပျက်ခြင်းသို့ ရောက်ခဲ့ရလေပြီတကား၊ ထို့ကြောင့် မဟာလိမင်းသားကို ငါတို့ မစွန့်ကုန်အံ့၊ ငါတို့ လုပ်ကျွေးသမှု ပြုစုကုန်အံ့”ဟု အခွန်တစ်သိန်းထွက်သော တံခါးတစ်ခုကို ပေးထားကြလေကုန်၏။ ထိုမဟာလိမင်းသားသည် ထိုတံခါးကို အမှီပြု၍ ငါးရာ အတိုင်းအရှည်ရှိသော လိစ္ဆဝီမင်းသားတို့ကို အတတ်သင်ပေးလျက် နေလေ၏။

ဗန္ဓုလမင်းသားသည်ကား ခြောက်ဆယ်, ခြောက်ဆယ်သော ဝါးကို ယူဆောင်စေ၍ ဝါးစည်းအလယ်၌ သံချောင်းကို ထည့်သွင်းသဖြင့် စိုက်ထောင်၍ ထားအပ်ကုန်ပြီးသော ဝါးအစည်း ခြောက်ဆယ်တို့ကို မလ္လာမင်းသားတို့က “ဤဝါးစည်းတို့ကို ပြတ်အောင် ခုတ်ဖြတ်စေသတည်း”ဟုဆိုလျှင် အတောင်ရှစ်ဆယ်မျှလောက်သော ကောင်းကင်သို့ခုန်တက်၍ သန်လျက်ဖြင့် ပြတ်အောင်ခုတ်ဖြတ်ကာ သွားလေ၏။ ဗန္ဓုလမင်းသားသည် အဆုံးဖြစ်သော ဝါးစည်း၌ သံချောင်း၏ ကိရီဟူ၍ မြည်သောအသံကို ကြားရ၍ “ဤအသံကား အဘယ်နည်း”ဟု မေးလတ်သော် အလုံးစုံသော ဝါးစည်းတို့၌ သံချောင်းတို့ ထားသည်အဖြစ်ကို သိရလျှင် သန်လျက်ကိုစွန့်ပစ်၍ ငိုကြွေးလျက် “ငါ့အား ဤမျျအတိုင်းအရှည်ရှိသော ဆွေမျိုး, နှလုံးချစ်ကျွမ်းဝင်သောသူတို့တွင် တစ်ယောက်သောသူမျှလည်း ချစ်ခင်ခြင်းရှိသဖြင့် ဤအကြောင်းကို မပြောကြား၊ ငါသည် အကယ်၍ သိရပါမူကား သံချောင်းသံကို မမြည်စေမူ၍သာလျှင် ဖြတ်နိုင်ရာ၏”ဟု ဆိုပြီးလျှင် မယ်တော် ခမည်းတော်တို့အား “ဘုရားသားတော်သည် အလုံးစုံသော ဤသူတို့ကိုသတ်၍ မင်းအဖြစ်ကို ပြုလို၏”ဟု ပြောကြားလေ၏။ မယ်တော် ခမည်းတော်တို့ကလည်း “ချစ်သား- အစဉ်အဆက်ဖြစ်သော ဤမင်းအဖြစ်မည်သည်ကို ဤသို့ပြုခြင်းငှာ မရအပ်”ဟု အထူးထူးအပြားပြားအားဖြင့် တားမြစ်လေ၏။ “ထိုသို့ဖြစ်မူ ငါ့သူငယ်ချင်းအထံသို့ သွားတော့အံ့”ဟု ကြံ၍ သာဝတ္ထိပြည်သို့ သွားလေ၏။

ပသေနဒီ ကောသလမင်းသည်လည်း သူငယ်ချင်း ဗန္ဓုလမင်းသား လာကြောင်းကို ကြားရလေလျှင် ခရီးဦးကြိုဆို၍ များစွာကြီးကျယ်သော ပူဇော်သက္ကာရဖြင့် ထိုဗန္ဓုလမင်းသားကို သာဝတ္ထိပြည်သို့ သွင်းသဖြင့် စစ်သူကြီးအရာ၌ ထားလေ၏။ ထိုဗန္ဓုလမင်းသားသည် မယ်တော် ခမည်းတော်တို့ကိုလည်း ခေါ်စေ၍ သာဝတ္ထိပြည်၌သာလျှင် နေခြင်းကို ပြုလေ၏။

ကောသလမင်းကြီးနှင့် အရှင်အာနန္ဒာ

ထို့နောက် တစ်နေ့သ၌ ပသေနဒီ ကောသလမင်းသည် ပြာသာဒ်ထက်၌ ရပ်တည်လျက် ခရီးလမ်းမကို ကြည့်ရှုသည်ရှိသော် အနာထပိဏ် သူဌေးကြီး၏လည်းကောင်း၊ ဝိသာခါ ဒါယိကာမကြီး၏လည်းကောင်း၊ သုပ္ပါဝါသာ ဒါယိကာမကြီး၏လည်းကောင်း ဤသူတို့၏အိမ်သို့ နေ့စဉ်မပြတ် ဆွမ်းစားခြင်းငှာ ကြွသွားတော်မူကြကုန်သော အထောင်မကသော ရဟန်းတို့ကိုမြင်လျှင် “အရှင်ကောင်းတို့သည် အဘယ်အရပ်သို့ ကြွတော်မူကြကုန်သနည်း”ဟု မေးတော်မူသည်ရှိသော် “မင်းကြီး- အနာထပိဏ်သူဌေးကြီးအိမ်၌ နိစ္စဘတ်, သလာကဘတ်, ဂိလာနဘတ် စသည်အလို့ငှာ နေ့တိုင်းနေ့တိုင်း နှစ်ထောင်သော ရဟန်းတို့သည် ကြွတော်မူကြကုန်၏။ စူဠအနာထပိဏ်သူဌေးကြီးအိမ်၌ ငါးရာသော ရဟန်းတို့သည် ကြွတော်မူကြကုန်၏၊ ဝိသာခါ, သုပ္ပဝါသာတို့အိမ်၌လည်း ထို့အတူ ကြွတော်မူကြကုန်၏”ဟု လျှောက်တင်ကုန်သည်ရှိသော် မိမိကိုယ်တိုင်လည်း ရဟန်းသံဃာအပေါင်းကို လုပ်ကျွေးလိုသည်ဖြစ်၍ ကျောင်းတော်သို့ သွားပြီးလျှင် ရဟန်းတစ်ထောင်နှင့်တကွ ဘုရားရှင်ကို ပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး မိမိလက်ဖြင့် အလှူကြီးကိုပေးလှူ၍ ခုနစ်ရက်မြောက်သောနေ့၌ ဘုရားရှင်ကို ရှိခိုးလျက် “မြတ်စွာဘုရား- ငါးရာသော ရဟန်းတို့နှင့်တကွ မပြတ် တပည့်တော်၏ဆွမ်းကို ခံယူတော်မူကြပါဘုရား”ဟု လျှောက်လေ၏။ “မြတ်သောမင်းကြီး- ဘုရားတို့မည်သည်ကား တစ်ခုတည်းသော အရပ်၌ မပြတ် ဆွမ်းကို မခံယူကုန်၊ လူအများတို့သည် ဘုရားရှင်တို့၏ ကြွလာတော်မူခြင်းကို တောင့်တမျှော်ခေါ်ကြကုန်၏”ဟု မိန့်တော်မူလတ်သော် “ထိုသို့ဖြစ်မူ ရဟန်းတစ်ပါးကို မပြတ် စေလွှတ်တော်မူကြပါဘုရား”ဟု လျှောက်ပြန်သဖြင့် ဘုရားရှင်လည်း အာနန္ဒာမထေရ်အား မပြတ် ကြွရောက်ချီးမြှောက်ရန် တာဝန်ပြုလေ၏။

မင်းကြီးလည်း ရဟန်းသံဃာ ကြွလာသည်ရှိသော် သပိတ်ကိုလှမ်းယူလျက် “ဤအမည်ရှိကုန်သော သူတို့သည် လုပ်ကျွေးသမှု ပြုစေကုန်သတည်း”ဟု မစီရင် မခွဲခြမ်းမူ၍ ခုနစ်ရက်ပတ်လုံး ကိုယ်တိုင်သာလျှင် လုပ်ကျွေးပြီးလျှင် ရှစ်ရက်မြောက်သောနေ့၌ ပျံ့လွင့်သောစိတ် ရှိခြင်းကြောင့် မေ့လျော့ခြင်းကိုပြုလေ၏။ မင်းအိမ်နန်းတော် မည်သည်ကား မစေခိုင်း မတိုက်တွန်းအပ်ကုန်သော သူတို့သည် နေရာတို့ကိုခင်း၍ ရဟန်းတို့ကိုနေစေလျက် လုပ်ကျွေးခြင်းငှာ မရကြကုန်။ ထို့ကြောင့် ရဟန်းတို့သည် “ငါတို့ကား ဤအရပ်၌နေခြင်းငှာ မစွမ်းနိုင်ကုန်”ဟု နှလုံးပြု၍ များစွာသော ရဟန်းတို့သည် ဖဲသွားကြလေကုန်၏။ မင်းကြီးသည် နှစ်ရက်မြောက်သော နေ့၌လည်း မေ့လျော့ပြန်ခြင်းကြောင့် များစွာသော ရဟန်းတို့သည် ဖဲသွားကြလေကုန်၏။ သုံးရက်မြောက်သော နေ့၌လည်း မေ့လျော့ပြန်လေ၏။ ထိုအခါ အရှင်အာနန္ဒာ တစ်ပါးကိုသာလျှင် ထားခဲ့၍ ကြွင်းသော ရဟန်းတို့သည် ဖဲသွားကြလေကုန်၏။

(ဘုန်းရှိသော သူတို့မည်သည်ကား အကြောင်းကို ထောက်ညှာသဖြင့် ဒါယကာတို့၏ ကြည်ညိုခြင်းကိုလည်း စောင့်ရှောက်ကုန်၏။ ရှင်သာရိပုတြာ, ရှင်မောဂ္ဂလာန်ဟူသော နှစ်ပါးသော အဂ္ဂသာဝက၊ ရဟန်းမတို့တွင် ခေမာ, ဥပ္ပလဝဏ်ဟူသော နှစ်ပါးသော အဂ္ဂသာဝိကာမ၊ ဥပါသကာ ယောက်ျားတို့တွင် စိတ္တသူကြွယ်, ဟတ္ထကအာဠဝကဟူသော နှစ်ယောက်သော မြတ်သောဥပါသကာ၊ ဥပါသိကာ မိန်းမတို့တွင် ဝေဠုကဏ္ဍကီမည်သော နန္ဒမာတာ, ခုဇ္ဇုတ္တရာဟူသော နှစ်ယောက်သော မြတ်သော ဥပါသိကာမ၊ ဤရှစ်ယောက်သောသူတို့ကို အစပြု၍ အရာအထူးသို့ ရောက်ကုန်သော အလုံးစုံသော သာဝကတို့သည်လည်း တစ်စိတ်အားဖြင့် ဆယ်ပါးသော ပါရမီတို့ကို ဖြည့်သည်၏အဖြစ်ကြောင့် ကြီးသော ဘုန်းကံရှိကုန်၏။ ဆုတောင်းခြင်းနှင့် ပြည့်စုံကုန်၏။)

ရှင်အာနန္ဒာ မထေရ်သည်လည်း ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ပြီးသော ပါရမီရှိသည်ဖြစ်၍ ဆုတောင်းနှင့် ပြည့်စုံသောကြောင့် ကြီးသော ဘုန်းကံရှိသည်ဖြစ်ရကား မိမိ၏အကြောင်းကို ထောက်ညှာ၍ နေလေ့ရှိသော အဖြစ်ဖြင့် ဒါယကာ၏ ကြည်ညိုခြင်းကို စောင့်ရှောက်လျက် နေလေ၏။

ရဟန်းတို့ မသွားသင့်သော ဒါယကာအိမ်

ကောသလမင်းကြီးသည်လည်း ရဟန်းတို့၏ ကြွသွားတော်မူကြသောကာလ၌ လာလတ်၍ ခဲဖွယ်ဘောဇဉ်တို့ကို ထိုသို့ ထားတိုင်းပင် တည်သည်တို့ကို မြင်ရလျှင် “အသို့နည်း- အရှင်မြတ်တို့ မကြွလာကုန်သလော”ဟု မေးမြန်းသဖြင့် “အရှင်မင်းကြီး- ရှင်အာနန္ဒာ တစ်ပါးသာလျှင် ကြွလာတော်မူပါသည်”ဟု လျှောက်သောစကားကို ကြားရလျှင် “မချွတ်ဧကန် ငါ၏ ဤမျှလောက်သော ဆွမ်းဖြတ်ခြင်းကို ပြုကုန်ဘိ၏”ဟု ရဟန်းတို့အား အမျက်ထွက်၍ ဘုရားရှင် အထံတော်သို့ သွားပြီးလျှင် “မြတ်စွာဘုရား- ဒကာတော်တို့သည် ငါးရာသော ရဟန်းတို့အဖို့ ဆွမ်းကို လှူဒါန်းရန် စီရင်အပ်၏၊ ရှင်အာနန္ဒာမထေရ် တစ်ပါးတည်းသာလျှင် ကြွလာခဲ့ပါသည်၊ စီရင်အပ်သော ဆွမ်းသည် ထိုသို့ စီရင်တိုင်းသာလျှင် တည်ရှိပါသည်၊ ရဟန်းငါးရာတို့သည် ဒကာတော်၏နန်းတော်၌ ဆွမ်းဘုဉ်းပေးအံ့ဟူသော အမှတ်ကို မပြုကြပါကုန်၊ အကြောင်းကား အသို့ပါနည်းဘုရား”ဟု လျှောက်ထားလေ၏။ ဘုရားရှင်လည်း ရဟန်းတို့၏အပြစ်ကို မိန့်တော်မမူဘဲ “မြတ်သောမင်းကြီး- ငါဘုရား၏တပည့်သား သာဝကတို့အား အသင်မင်းကြီးတို့နှင့်တကွ ချစ်ချစ်ခင်ခင် အကျွမ်းဝင်ခြင်းသည် မရှိ၊ ထို့ကြောင့် မလာကုန်သည် ဖြစ်ပေကုန်လတ္တံ့”ဟု မိန့်တော်မူ၍ ဒါယကာတို့၏အထံသို့ မသွားသင့် မကပ်ရောက်သင့်သော အကြောင်းကိုလည်းကောင်း၊ သွားသင့် ကပ်ရောက်သင့်သော အကြောင်းကိုလည်းကောင်း ထင်ရှားစွာ ပြတော်မူလိုသည်ဖြစ်၍ ရဟန်းတို့ကို ခေါ်တော်မူပြီးလျှင် ဤသုတ်ကို ဟောတော်မူလေ၏။

“ချစ်သားရဟန်းတို့- ကိုးပါးသောအင်္ဂါတို့နှင့် ပြည့်စုံသော ဒါယကာအိမ်သို့ မကပ်ရောက်ရသေးလျှင် ကပ်ရောက်ခြင်းငှာ မသင့်၊ ကပ်ရောက်ပြီးလျှင်လည်း ချဉ်းကပ်နေထိုင်ခြင်းငှာ မသင့်၊ အဘယ်ကိုးပါးတို့နည်း ဟူမူကား-

၁။ နှစ်သက်မြတ်နိုးစွာ ခရီးဦး မကြိုဆိုကြကုန်။
၂။ နှစ်သက်မြတ်နိုးစွာ ရှိမခိုးကြကုန်။
၃။ နှစ်သက်မြတ်နိုးစွာ နေရာမပေးကြကုန်။
၄။ ထင်ရှားရှိသော လှူဖွယ်ဝတ္ထုကို လျှို့ဝှက်၍ ထားကြကုန်၏။
၅။ များများရှိသော်လည်း အနည်းငယ်ကိုသာ လှူကြကုန်၏။
၆။ အမွန်အမြတ်ရှိသော်လည်း အယုတ်အညံ့ကိုသာ လှူဒါန်းကြကုန်၏။
၇။ မရိုမသေ လှူဒါန်းကြကုန်၏။ ရိုရိုသေသေ မလှူဒါန်းကြကုန်။
၈။ ရိုရိုသေသေဆည်းကပ်၍ မနေကြကုန်။
၉။ တရားနာစိမ့်သောငှာ ဟောကြားသောပုဂ္ဂိုလ်အား မမြတ်နိုးကြကုန်။

ချစ်သားရဟန်းတို့- ဤအင်္ဂါကိုးပါးတို့နှင့် ပြည့်စုံသော ဒါယကာအိမ်သို့ မကပ်မရောက်ရသေးလျှင် ကပ်ရောက်ခြင်းငှာ မသင့်။ ကပ်ရောက်ပြီးလျှင်လည်း ချဉ်းကပ်ထိုင်နေခြင်းငှာ မသင့်။

ရဟန်းတို့သွားသင့်သော ဒါယကာအိမ်

ချစ်သားရဟန်းတို့- ကိုးပါးသောအင်္ဂါတို့နှင့် ပြည့်စုံသော ဒါယကာအိမ်သို့ မကပ်မရောက်ရသေးလျှင်လည်း ကပ်ရောက်ခြင်းငှာ သင့်၏။ ကပ်ရောက်ပြီးလျှင်လည်း ချဉ်းကပ်ထိုင်နေခြင်းငှာ သင့်၏။ အဘယ်ကိုးပါးတို့နည်း ဟူမူကား-

၁။ နှစ်သက်မြတ်နိုးစွာ ခရီးဦးကြိုဆိုကြကုန်၏။
၂။ နှစ်သက်မြတ်နိုးစွာ ရှိခိုးကြကုန်၏။
၃။ နှစ်သက်မြတ်နိုးစွာ နေရာပေးကြကုန်၏။
၄။ ထင်ရှားရှိသော လှူဖွယ်ဝတ္ထုကို လျှို့ဝှက်၍ မထားကြကုန်။
၅၊ များများရှိသဖြင့်လည်း များများ လှူကြကုန်၏။
၆။ အမွန်အမြတ်ရှိသဖြင့်လည်း အမွန်အမြတ်ကိုသာ လှူကြကုန်၏။
၇။ ရိုသေစွာ လှူဒါန်းကြကုန်၏။ မရိုမသေ မလှူဒါန်းကြကုန်။
၈။ ရိုရိုသေသေ ဆည်းကပ်၍ နေကြကုန်၏။
၉။ တရားနာစိမ့်သောငှာ ဟောကြားသောပုဂ္ဂိုလ်အား မြတ်နိုးကြကုန်၏။

ချစ်သားရဟန်းတို့- ဤအင်္ဂါကိုးပါးတို့နှင့် ပြည့်စုံသော ဒါယကာအိမ်သို့ မကပ်မရောက်ရသေးလျှင်လည်း ကပ်ရောက်ခြင်းငှာ သင့်၏။ ကပ်ရောက်ပြီးလျှင်လည်း ချဉ်းကပ် ထိုင်နေခြင်းငှာလည်း သင့်၏။

“မြတ်သောမင်းကြီး- ဤသို့လျှင် ငါဘုရား၏ တပည့်သား သာဝကတို့သည် ဒကာတော်မင်းကြီးတို့အထံ၌ ချစ်ချစ်ခင်ခင် အကျွမ်းဝင်ခြင်းကို မရကုန်သည်ဖြစ်၍ မလာကုန်သည် ဖြစ်ပေကုန်လတ္တံ့”ဟု မိန့်တော်မူပြီးလျှင် “ရှေးပညာရှိတို့သည်လည်း ချစ်ချစ်ခင်ခင် အကျွမ်းမဝင်သောအရပ်၌ ရိုသေစွာ လုပ်ကျွေးသမှု ပြုစုအပ်ကုန်သော်လည်း သေလုနီးပါး ရောဂါဝေဒနာသို့ ရောက်သောအခါ ချစ်ချစ်ခင်ခင် အကျွမ်းဝင်သော အရပ်သို့သာ ကြွသွားကြလေကုန်၏”ဟု မိန့်တော်မူသည်ရှိသော် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အဘယ်အခါ၌ ကြွသွားကြပါကုန်သနည်းဘုရား”ဟု မင်းကြီးသည် လျှောက်ထားမေးမြန်းအပ်သည်ဖြစ်၍ လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။

မင်းနန်းတော်၌ နေရသော်လည်း ပျင်းရိငြီးငွေ့သော ရသေ့များ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ကေသဝအမည်ရှိသော မင်းသည် မင်းစည်းစိမ်ကိုစွန့်ပယ်၍ ရသေ့ရဟန်းအဖြစ်ကို ပြုလေ၏။ ထိုကေသဝမင်း ရသေ့ပြုပြီဟူသော စကားကိုကြား၍ ထိုမင်း၏ ငါးရာကုန်သော ယောက်ျားတို့သည် အတုလိုက်၍ ရသေ့ရဟန်းပြုကြကုန်၏။ ထိုရသေ့သည် ကေသဝရသေ့မည်သည် ဖြစ်လေ၏။ ထိုကေသဝမင်း၏ ဆံမုတ်ဆိတ် စသည်တို့ကို ပြုပြင်ခြင်း, တန်ဆာဆင်ခြင်းနှင့်ယှဉ်သော ဆတ္တာသည်သည်လည်း ရသေ့ရဟန်းပြု၍ ကပ္ပကမည်သော အန္တေဝါသိကတပည့်ရင်း ဖြစ်လေ၏။ ထိုကေသဝရသေ့သည် ပရိသတ်နှင့်တကွ ရှစ်လတို့ပတ်လုံး ဟိမဝန္တာတော၌နေ၍ မိုးဥတုအခါ၌ ချဉ်,ဆားကို မှီဝဲသုံးဆောင်ခြင်းအကျိုးငှာ ဗာရာဏသီပြည်သို့ရောက်၍ ဆွမ်းအလို့ငှာ ဝင်လေ၏။ ထိုအခါ ကေသဝရသေ့ကို ဗာရာဏသီမင်းမြင်လျှင် ကြည်ညိုသောစိတ် ရှိရကား မိုးလေးလပတ်လုံး မိမိနေပြည်တော်၌ နေစိမ့်သောငှာ ပဋိညာဉ်ကို ယူစေလျက် ဥယျာဉ်၌ နေစေပြီးလျှင် ညချမ်းနံနက်တို့၌ ထိုရသေ့အား ဆည်းကပ်ခြင်းသို့ သွားရောက်၏။ ကြွင်းသော ရသေ့တို့သည် နှစ်ရက်သုံးရက်ပတ်လုံး နေပြီးလျှင် ဆင်သံစသည်တို့ဖြင့် ဆူညံ နှိပ်စက်ကုန်သောကြောင့် ပျင်းရိ ငြီးငွေ့ကုန်သည်ဖြစ်၍ သွားလိုကြပါကုန်၏ဟု ပန်ကြားလျှောက်ထားလေကုန်၏။

“ချစ်သားတို့- အဘယ်အရပ်သို့ သွားလိုကြကုန်သနည်း”ဟု မေးလတ်သော် “ဆရာ- ဟိမဝန္တာသို့ သွားပါကုန်အံ့”ဟု လျှောက်ကုန်၏။ “ချစ်သားတို့- မင်းကြီးသည် ငါတို့ရောက်သော နေ့ရက်၌ပင်လျှင် မိုးလေးလပတ်လုံး ဤဥယျာဉ်၌ နေခြင်းငှာ ပဋိညာဉ်ကိုယူလေပြီ။ အဘယ်သို့သော အခြင်းအရာဖြင့် သွားနိုင်ကုန်အံ့နည်း”ဟု ဆိုလတ်သော် “ဆရာ- အရှင်တို့သည် အကျွန်ုပ်တို့အား မပြောမကြားမူ၍သာလျှင် ပဋိညာဉ်ကိုပေးအပ်၏။ အကျွန်ုပ်တို့ကား နေခြင်းငှာမစွမ်းနိုင်ပါကုန်။ ဤဥယျာဉ်မှ မနီးမဝေး အရှင်ဆရာတို့၏ သတင်းစကားကို ကြားကောင်းသော အရပ်ဌာန၌ နေကြပါကုန်အံ့”ဟု လျှောက်ကြာပြီးလျှင် ဆရာရသေ့ကိုရှိခိုး၍ ဖဲသွားကြလေကုန်၏။ ကပ္ပကအမည်ရှိသော အတွင်းနေ တပည့်နှင့်အတူတကွ ဆရာရသေ့သည်သာလျှင် ကျန်ရစ်လေ၏။ မင်းကြီးသည် ဆည်းကပ်ခစားခြင်းသို့ ရောက်လာသည်ရှိသော် “အရှင်ကောင်းတို့သည် အဘယ်မှာနည်း”ဟု မေးလျှောက်၏။ “မြတ်သောမင်းကြီး- ထိုရသေ့အားလုံးတို့ကား မမွေ့လျော်၊ ပြင်းရိငြီးငွေ့သည်ဟု ဆို၍ ဟိမဝန္တာသို့ သွားကြကုန်၏”ဟု ဆိုလေ၏။

ကပ္ပက ရသေ့သည်လည်း မကြာမြင့်မီ ပျင်းရိငြီးငွေ့၍ ဆရာရသေ့သည် အဖန်တလဲလဲ တားမြစ်သော်လည်း မစွမ်းနိုင်ပါဟုဆို၍ ဖဲသွားပြီးလျှင် ရှေးဦးစွာ သွားနှင့်သော ရသေ့တို့ထံ ရောက်၍ ဆရာရသေ့၏ သတင်းစကားကို နားထောင်လျက်သာလျှင် မနီးမဝေးသော အရပ်၌ နေလေ၏။ နောက်အဖို့၌ ဆရာရသေ့အား အတွင်းနေတပည့်တို့ကို အောက်မေ့သဖြင့် ဝမ်းသွေးသွန်သော အနာရောဂါသည် ဖြစ်လေ၏။ မင်းကြီးသည် သမားကောင်းတို့ဖြင့် ကုစားစေသော်လည်း ရောဂါသည် မငြိမ်းမပျောက်လေ။ ထိုအခါ ကေသဝရသေ့က “မြတ်သောမင်းကြီး- အသို့နည်း၊ ငါ့အား ရောဂါငြိမ်းပျောက်ခြင်းကို အလိုရှိသလော”ဟု မေးလေ၏။ “အရှင်ဘုရား- အကျွန်ုပ်သည် အကယ်၍ တတ်နိုင်ပါအံ့၊ ယခုချက်ချင်း ချမ်းသာခြင်းကို ပြုလိုပါ၏”ဟု လျှောက်၏။ “မြတ်သောမင်းကြီး- ငါ၏ချမ်းသာခြင်းကို အကယ်၍ အလိုရှိသည်ဖြစ်အံ့၊ ငါ၏ အတွင်းနေ တပည့်တို့အထံသို့ ငါ့ကို ပို့ပါလော့”ဟု ဆို၏။ မင်းကြီးသည်လည်း “အရှင်ဘုရား- ကောင်းလှပါပြီ”ဟု ဝန်ခံ၍ ထိုကေသဝရသေ့ကို ညောင်စောင်း၌ အိပ်စေပြီးလျှင် နာရဒအမတ် အမှူးရှိသော အမတ်လေးယောက်တို့ကို “ငါ့အရှင်ဆရာမြတ်၏ အကြောင်းဖြစ်သော သတင်းစကားကို ကြားသိအောင်ပြု၍ ငါ့အား သတင်းစကား ပို့လိုက်ကြကုန်လော့”ဟု မိန့်မှာတော်မူ၍ လွှတ်လိုက်၏။ ကပ္ပကမည်သော အတွင်းနေ တပည့်သည် ဆရာရသေ့၏ ကြွလာသောသတင်းစကားကို ကြားရလျှင် ခရီးဦးကြိုဆိုခြင်းကိုပြု၍ “ကြွင်းသော ရသေ့တို့သည် အဘယ်မှာနည်း”ဟု မေးသည်ရှိသော် “ဤမည်သောအရပ်၌ နေပါကုန်သတတ်”ဟု ပြောလေ၏။ ထိုရသေ့တို့သည်လည်း ဆရာမြတ်၏ ကြွရောက်လာကြောင်းကို ကြားရလျှင် ထိုအရပ်သို့ပင် သက်ဝင်စုဝေးကြ၍ ဆရာအား ရေနွေးကိုပေး၍ သစ်သီးကြီးငယ်ကို ပေးဆက်ကပ်လှူကြကုန်၏။ ထိုခဏ၌ပင်လျှင် ရောဂါသည် ငြိမ်းပျောက်ချမ်းသာလေ၏။

ကေသဝရသေ့သည် နှစ်ရက်,သုံးရက်ဖြင့်သာလျှင် ရွှေအဆင်းကဲ့သို့သော အဆင်းရှိသည် ဖြစ်လေ၏။ ထိုအခါ၌ ကေသဝရသေ့ကို နာရဒအမတ်သည် ဤသို့ မေးလေ၏။ (ကေသဝရသေ့သည် အဖြေဂါထာတို့ကို ဖြေဆိုလေ၏။)

ရင်းနှီးမှ ခင်မင်၊ ခင်မင်မှ ပျော်ရွှင်

မနုဇိန္ဒံ ဇဟိတွာန၊ သဗ္ဗကာမသမိဒ္ဓိနံ။
ကထံ နု ဘဂဝါ ကေသီ၊ ကပ္ပဿ ရမတဿမေ။
သာဒူနိ ရမဏီယာနိ၊ သန္တိ ဝက္ခာ မနောရမာ။
သုဘာသိတာနိ ကပ္ပဿ၊ နာရဒ ရမယန္တိ မံ။
သာလီနံ ဩဒနံ ဘုတွာ၊ သုစိံ မံသူပသေစနံ။
ကထံ သာမာကနီဝါရာ၊ အလောဏာ ဆာဒယန္တိ တံ။
သာဒုံ ဝါ ယဒိ ဝါ သာဒုံ၊ အပ္ပံ ဝါ ယဒိ ဝါ ဗဟုံ။
ဝိဿတ္ထော ယတ္ထ ဘုဉ္ဇေယျ၊ ဝိဿာသပရမာ ရသာ။

သဗ္ဗကာမသမိဒ္ဓိနံ၊ အလိုခပ်သိမ်းကို ပြည့်စုံစေနိုင်သော။ မနုဇိန္ဒံ၊ လူတို့ကိုအစိုးရသော ဗာရာဏသီမင်းကို။ ဇဟိတွာန၊ စွန့်ပယ်၍။ ကထံနု၊ အဘယ်သို့သော အကြောင်းဖြင့်။ ဘဂဝါ၊ ငါတို့၏ ဘုန်းကြီးသောအရှင်ဖြစ်သော။ ကေသီ၊ ကေသဝရှင်ရသေ့သည်။ ကပ္ပဿ၊ ကပ္ပကရသေ့၏။ အဿမေ၊ သင်္ခမ်းကျောင်း၌။ ရမတိ၊ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ဘိသနည်း။

နာရဒ၊ နာရဒအမတ်။ ကပ္ပဿ၊ ကပ္ပက ရသေ့၏။ အဿမေ၊ သင်္ခမ်းကျောင်း၌။ သာဒူနိ၊ ကောင်းကုန်သော။ ရမဏီယာနိ၊ မွေ့လျော်ပျော်ဖွယ် ဖြစ်ကုန်သော။ မနောရမာ၊ စိတ်နှလုံးကို မွေ့လျော်စေတတ်ကုန်သော။ ဝက္ခာ၊ သစ်ပင်တို့သည်။ သန္တိ၊ ရှိကုန်၏။ ကပ္ပဿ၊ ကပ္ပကရသေ့၏။ သုဘာသိတာနိ၊ ချစ်ကြည်နှုတ်ချို မိန့်အဆိုဖြင့် နှစ်လိုဘိတောင်း စကားကောင်းတို့သည်။ မံ၊ ငါ့ကို။ ရမယန္တိ၊ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်စေကုန်ဘိ၏။

သုစိံ၊ သန့်ရှင်း စင်ကြယ်သော။ မံသူပသေစနံ၊ သားဖြင့် ပြွမ်းထသော။ သာလီနံ ဩဒနံ၊ သလေးဆွမ်းကို။ ဘုတွာ၊ ဘုဉ်းပေးတော်မူပြီး၍။ အလောဏာ၊ ဆားမျှ မခတ်ကုန်သော။ သာမာကနီဝါရာ၊ လမန်းမြက်ဆန်, ကျိတ်ဆန်ဟူသော အာဟာရတို့သည်။ ကထံ၊ အဘယ်သို့သော အကြောင်းဖြင့်။ တံ၊ ရှင်ရသေ့ကို။ ဆာဒယန္တိ၊ နှစ်သက်စေနိုင်ကုန်ဘိသနည်း။

နာရဒ၊ နာရဒ အမတ်။ သာဒုံ ဝါ၊ ကောင်းသည်မူလည်း ဖြစ်စေ။ ယဒိ၊ ထိုမှတစ်ပါး။ အသာဒုံ ဝါ၊ မကောင်းသည်မူလည်း ဖြစ်စေ။ အပ္ပံ ဝါ၊ နည်းသည်မူလည်း ဖြစ်စေ။ ယဒိ၊ ထိုမှတစ်ပါး။ ဗဟုံ ဝါ၊ များသည်မူလည်း ဖြစ်စေ။ ယတ္ထ၊ အကြင်နေရာအရပ်၌။ ဝိဿတ္ထော၊ ရွံ့ရှားမထင် အကျွမ်းဝင်လျက်။ ဘုဉ္ဇေယျ၊ စားသောက်ရာ၏။ တတ္ထ၊ ထိုနေရာအရပ်၌။ သာဒုမေဝ၊ ကောင်းသည်သာတည်း။ ရသာ၊ အရသာတို့သည်။ ဝိဿာသပရမာ၊ အကျွမ်းဝင်ခြင်းလျှင် အမြတ်ဆုံးရှိကုန်၏။

ဘုရားရှင်သည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူလေ၏။ ထိုအခါ မင်းကြီးသည် ရှင်မောဂ္ဂလာန် ဖြစ်လာ၏။ နာရဒအမတ်သည် ရှင်သာရိပုတြာ ဖြစ်လာ၏။ ကပ္ပကမည်သော အန္တေဝါသိကတပည့်သည် ရှင်အာနန္ဒာ ဖြစ်လာ၏။ ကေသဝရသေ့သည်ကား ငါဘုရား ဖြစ်လာ၏ဟု ဇာတ်တော်ပေါင်းစကား မိန့်ကြားတော်မူပြီးလျှင် “မြတ်သောမင်းကြီး- ဤသို့လျှင် ရှေးပညာရှိတို့သည် သေလုနီးပါး ရောဂါဝေဒနာသို့ ရောက်သောအခါ ချစ်ချစ်ခင်ခင် အကျွမ်းဝင်သောနေရာသို့ ကြွသွားကြလေကုန်၏။ ငါဘုရား တပည့်သားတို့သည်လည်း သင်မင်းကြီးတို့၏အထံ၌ ချစ်ချစ်ခင်ခင် အကျွမ်းဝင်ခြင်းကို မရကုန်ယောင်တကား”ဟု မိန့်တော်မူလေ၏။

ကောသလမင်းကြီး သာကီတောင်းရာ ဒါသီရခြင်း

ပသေနဒီ ကောသလမင်းကြီးသည်လည်း “ရဟန်းသံဃာနှင့်တကွ ငါသည် ချစ်ချစ်ခင်ခင် အကျွမ်းဝင်အောင် ပြုခြင်းငှာသင့်၏”ဟု နှလုံးသွင်းပြီးလျှင် “အဘယ်အကြောင်းဖြင့် ပြုရအံ့နည်း”ဟု ကြံဆင်ခြင်တော်မူရာ “မြတ်စွာဘုရား၏ ဆွေတော်မျိုးတော်ဖြစ်သော မင်းသမီးတစ်ယောက်ကို ငါ၏နန်းတော်၌ ရရှိအောင်ပြုခြင်းငှာ သင့်၏”ဟု ကြံဆင်ခြင်တော်မူမိလေ၏။ “ဤသို့ဖြစ်သည်ရှိသော် ပဉ္စင်းငယ်တို့သည်လည်းကောင်း၊ သာမဏေတို့သည်လည်းကောင်း မြတ်စွာဘုရား၏ ဆွေတော်မျိုးတော်ဖြစ်သော မင်းကြီးပေတည်းဟု ငါ့အထံသို့ ချစ်ချစ်ခင်ခင် အကျွမ်းဝင်သဖြင့် မပြတ်ကြွလာကုန်လတ္တံ့”ဟု ကြံ၍ “ငါ့အား သမီးတော်တစ်ပါးကို ပေးစေသတည်း”ဟု သာကီဝင်မင်းတို့အထံသို့ သတင်းစကား ပါးလိုက်ပြီးလျှင် “အဘယ်သာကီဝင်မင်း၏ သမီးဖြစ်သည်ကိုမေး၍ သိအောင်ပြုပြီးမှ ပြန်လာခဲ့ကြကုန်”ဟု တမန်တို့ကို အမိန့်ပေးလိုက်လေ၏။ တမန်တို့လည်း သွား၍ သာကီဝင်မင်းတို့ကို သမီးရတနာ တောင်းဆိုကြကုန်၏။ သာကီဝင်မင်းတို့သည် စည်းဝေးကြကုန်၍ “တိုင်းတစ်ပါးမှဖြစ်သော မင်းသည် အကယ်၍ မပေးကုန်သည်ဖြစ်အံ့၊ ငါတို့ကို ဖျက်ဆီးလတ္တံ့၊ စင်စစ်အားဖြင့် ငါတို့နှင့် အမျိုးချင်းအားဖြင့်လည်း မတူ၊ အဘယ်သို့ ပြုသင့်သနည်း”ဟု တိုင်ပင်ကြကုန်၏။ ထိုအခါ မဟာနာမ်သည် “ငါ့ကျွန်မ၏ဝမ်း၌ သန္ဓေတည်၍ ဖွားမြင်သော ဝါသဘခတ္တိယာ အမည်ရှိသော အဆင်း၏ တင့်တယ်ခြင်းအစုသို့ရောက်သော သမီးတော်တစ်ပါးရှိ၏။ ထိုသမီးတော်ကို ပေးကုန်အံ့”ဟု ပြောဆိုတိုင်ပင်ကြ၍ တမန်တို့ကို “ကောင်းပြီ- ပသေနဒီ ကောသလမင်းကြီးအား သမီးကညာရတနာကို ပေးဆက်ကုန်အံ့”ဟု ဆိုကြကုန်၏။ “အဘယ်သူ့ သမီးနည်း”ဟု မေးလတ်သော် “မြတ်စွာဘုရား၏ ဘထွေးတော်သား မဟာနာမ်မည်သော သာကီဝင်မင်း၏ ဝါသဘခတ္တိယာ အမည်ရှိသော မင်းသမီးတည်း”ဟု ဆိုကြကုန်၏။

တမန်တို့သည် သွား၍ မင်းကြီးအား လျှောက်ကြား သံတော်ဦးတင်ကြလေကုန်၏။ မင်းကြီးသည် “ယင်းသို့ဖြစ်လျှင် ကောင်းလှပေပြီ၊ လျင်မြန်စွာ ဆောင်ယူခဲ့ကြကုန်လော့၊ မင်းတို့မည်သည်ကား များသောမာယာ ရှိကုန်၏။ ကျွန်မ၏ သမီးကိုသော်လည်း ပို့ဆက်ကုန်ရာ၏။ ဖခင်မင်းကြီးနှင့် တစ်ခုသော ပွဲတော်အုပ်၌ အတူတကွ စားသောက်သော မင်းသမီးကိုသာ အကျွန်ုပ်တို့မင်းသည် အလိုရှိပါသည်”ဟု လျှောက်ကြားကြကုန်၏။ မဟာနာမ် သာကီဝင်မင်းသည် “အမောင်တို့- ကောင်းလှပေပြီ”ဟု ဝန်ခံ၍ ဝါသဘခတ္တိယာ မင်းသမီးကို တန်ဆာဆင်စေပြီးလျှင် မိမိ စားတော်ခေါ်သောအခါ ခေါ်စေ၍ ထိုမင်းသမီးနှင့် အတူတကွ စားသောက်ဘိသကဲ့သို့သော အခြင်းအရာကိုပြ၍ ဝါသဘခတ္တိယာကို တမန်တို့အား ဆောင်နှင်း အပ်နှံလိုက်လေ၏။

တမန်တို့လည်း ထိုမင်းသမီးကို ဆောင်ယူခဲ့၍ သာဝတ္ထိပြည်သို့ ရောက်လတ်သော် ထိုအကြောင်းကို မင်းကြီးအား လျှောက်ထား သံတော်ဦးတင်ကြလေကုန်၏။ မင်းကြီးသည် နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ ထိုဝါသဘခတ္တိယာ မင်းသမီးကို ငါးရာသော မင်းမောင်းမတို့၏ အကြီးပြု၍ မိဖုရားကြီးအရာ၌ အဘိသိက်သွန်းလေ၏။ ထိုဝါသဘခတ္တိယာ မိဖုရားသည် မကြာမြင့်မီလျှင် ရွှေအဆင်းနှင့်တူသော အဆင်းရှိသော သတို့သားကို ဖွားမြင်လေ၏။

ဝိဋဋူဘဟု အမည်ဖြစ်ပေါ်လာပုံ

ထိုအခါ မင်းသားငယ်ကို အမည်မှည့်အံ့သောနေ့၌ ကောသလမင်းကြီးသည် မင်းသားငယ်၏ ဘိုးတော်ဖြစ်သော မဟာနာမ်မင်း၏အထံသို့ “သာကီဝင်မင်းသမီး ဝါသဘခတ္တိယာသည် သတို့သား ဖွားမြင်ပါပြီ၊ ထိုသူငယ်၏အမည်ကို အဘယ်သို့ မှည့်စေလိုပါသနည်း”ဟု တမန် စေလွှတ်လေ၏။ ထိုသတင်းစကားကို ယူဆောင်၍သွားသူ အမတ်သည်ကား အနည်းငယ် နားလေးသော သဘောရှိ၏။ ထိုအမတ်သည် သွားရောက်၍ ဘိုးတော်ဖြစ်သော မဟာနာမ်မင်းကြီးအား လျှောက်ကြား သံတော်ဦးတင်လေ၏။ မဟာနာမ်မင်းကြီးလည်း ထိုစကားကိုကြားရလျှင် “ဝါသဘခတ္တိယာသည် သားမဖွားမြင်သေးမီကပင် အလုံးစုံသော လူအပေါင်းကို လွှမ်းမိုးနိုင်သေး၏။ ယခုအခါကား အလွန်လျှင် မင်းနှင့် အကျွမ်းဝင်သည် ဖြစ်လတ္တံ့၊ ဝလ္လဘာ ဖြစ်လတ္တံ့”ဟု ဆိုလေ၏။ ထို“ဝလ္လဘာ”ဟူသော စကားကို နားလေးသောအမတ်သည် မှားယွင်းချွတ်ချော်စွာ ကြားရ၍ “ဝိဋဋူဘ”ဟု မှတ်သားပြီးလျှင် ကောသလမင်းကြီးသို့ ချဉ်းကပ်၍ “အရှင်မင်းကြီး- သတို့သား၏အမည်ကို ဝိဋဋူဘဟူ၍ မှည့်တော်မူကြရမည်တဲ့”ဟု သံတော်ဦးတင်လေ၏။ ကောသလမင်းသည်လည်း “ဤအမည်ကား ငါတို့၏ အမျိုးဥစ္စာဖြစ်သော ရှေးဟောင်းအမည် ဖြစ်ပေလတ္တံ့”ဟု ကြံ၍ ထိုဝိဋဋူဘဟူသော အမည်ကိုပင် မှည့်လေ၏။

ဝိဋဋူဘ ကပိလဝတ်ပြည်သို့ သွားခြင်း

ထိုအခါ ဝိဋဋူဘမင်းသားကို ငယ်စဉ်ကပင်လျှင် မင်းကြီးသည် “ဘုရားရှင်၏ ချစ်မြတ်နိုးအောင် ပြုအံ့”ဟု စစ်သူကြီးအရာကို ပေးလေ၏။ ထိုဝိဋဋူဘမင်းသားသည် မင်းသားတို့ အစောင့်အရှောက်ဖြင့် ကြီးပွားသည်ဖြစ်၍ ခုနစ်နှစ်သားအရွယ် ရှိသောအခါ၌ တစ်ပါးသော မင်းသားတို့အား ဘွားတော်အိမ်မှ ဆင်ရုပ်,မြင်းရုပ် စသည်တို့ကို ဆောင်ပို့လာသည်တို့ကိုမြင်လျှင် မယ်တော်ကို မေးလေ၏။ “မယ်တော်- တစ်ပါးသော မင်းသားတို့အား ဘွားတော်အိမ်မှ လက်ဆောင်ပဏ္ဏာကာရကို ဆောင်လာကြပါကုန်၏။ သားတော်ဖြစ်သော ကျွန်တော်အားကား တစ်စုံတစ်ယောက်သောသူမျှ တစ်စုံတစ်ခုကို မပို့လာပါ၊ အသို့ပါနည်း၊ မယ်တော်သည် မိမဲ့ဖမဲ့ ဖြစ်လေသလော”ဟု ဝိဋဋူဘမင်းသားသည် အဖန်ဖန်အထပ်ထပ် မေးအပ်သည်ရှိသော် ထိုဝါသဘခတ္တိယာ မိဖုရားက သားတော် ဝိဋဋူဘမင်းသားကို “ငါ့သားချစ်- သင်၏အမျိုးသည် သာကီဝင်မင်းတို့ ဖြစ်ကုန်၏။ ဘွားတော်တို့သည် ဝေးသောအရပ်၌ နေကုန်၏။ ထို့ကြောင့် တစ်စုံတစ်ခုကို မပို့နိုင်ကြကုန်”ဟု ဆို၍ လှည့်ပတ်ဖြားယောင်းထားလေ၏။ တစ်ဖန် တစ်ဆယ့်ခြောက်နှစ် အရွယ်ရှိသောအခါ၌ “မယ်တော်- မယ်တော်၏ ဘွားတော်မျိုးကို ဖူးမြင်လိုပါသည်”ဟု ပြောဆိုခြင်းကြောင့် “ငါ့သား- မသင့်၊ ထိုကပိလဝတ်ပြည်သို့သွား၍ အဘယ်အမှု ပြုလတ္တံ့နည်း”ဟု တားမြစ်ပါသော်လည်း အဖန်တလဲလဲ တောင်းပန်လေ၏။ ထိုအခါ ဝိဋဋူဘမင်းသား၏ မိခင်သည် “ထိုသို့ဖြစ်မူ သွားလေတော့”ဟု ဝန်ခံ၍ ခွင့်ပြုလေ၏။ ဝိဋဋူဘမင်းသားသည် ခမည်းတော်မင်းကြီးအား ပန်ကြား၍ များစွာသော အခြံအရံနှင့် ထွက်သွားလေ၏။

ဝါသဘခတ္တိယာ မင်းသမီးသည်လည်း ရှေးဦးစွာ စာလွှာကို ပို့လိုက်လေ၏။ “ဘုရားကျွန်တော်မကား ဤသာဝတ္ထိပြည်၌ ချမ်းသာစွာနေရပါ၏၊ အရှင် သာကီဝင်မင်းတို့သည် ဝိဋဋူဘမင်းသားကလေးအား တစ်စုံတစ်ခု ခြားနားမှုကို မပြုကြပါကုန်လင့်”ဟု စာလွှာဖြင့် တောင်းပန်လိုက်လေ၏။ သာကီဝင်မင်းတို့သည်လည်း ဝိဋဋူဘ၏လာခြင်းကို သိနှင့်၍ “ရှိခိုးခြင်းငှာ မစွမ်းနိုင်ကုန်”ဟု ထိုဝိဋဋူဘ မင်းသားအောက် ငယ်ကုန်,ငယ်ကုန်သော မင်းသားတို့ကို ဇနပုဒ်သို့ စေလွှတ်၍ ထိုဝိဋဋူဘသည် ကပိလဝတ်ပြည်သို့ ရောက်သည်ရှိသော် မင်းကွန်း၌ (မင်းကွန်း-ဆိုသည်ကား တိုင်းသူပြည်သား လူအများတို့၏ အမှုကိစ္စဟူသမျှကို စီရင်ဆုံးမရာ ဖြစ်သောမင်းတဲ။) စည်းဝေးကြကုန်၏။ ဝိဋဋူဘ မင်းသားသည် ထိုမင်းကွန်းသို့သွား၍ နေလေ၏။

ဝိဋဋူဘထိုင်ရာ အင်းပျဉ်ကို နို့ရည်ဖြင့်ဆေးခြင်း

ထိုအခါ ဝိဋဋူဘကို “ချစ်သား- ဤသူသည် သင်၏ အဘွားတော်တည်း။ ဤသူသည် ဦးရီးတော်တည်း”ဟု ဆို၍ ရှိခိုးစေကြကုန်၏။ ဝိဋဋူဘသည် အလုံးစုံသော သူတို့ကို ရှိခိုးလျက် လှည့်လည်သွားလာပြီးလျှင် မိမိကို ရှိခိုးသောသူကို တစ်ယောက်မျှ မမြင်ခြင်းကြောင့် “အသို့ပါနည်း၊ အကျွန်ုပ်ကို ရှိခိုးထိုက်သောသူတို့သည် မရှိလေကုန်သလော”ဟု မေးလေ၏။ သာကီဝင်မင်းတို့သည် “ချစ်သား- သင့်အောက် အသက်အရွယ်ငယ်ကုန်သော အသင်၏ ညီတော်ဖြစ်သော မင်းသားတို့သည် ဇနပုဒ်သို့ သွားကြကုန်၏”ဟု ပြောဆို၍ ထိုဝိဋဋူဘအား ကြီးစွာသော ပူဇော်သက္ကာရကို ပြုကြကုန်၏။ ထိုဝိဋဋူဘလည်း နှစ်ရက်,သုံးရက်ပတ်လုံး နေခဲ့၍ များစွာသော အခြံအရံနှင့် ထွက်ပြန်လာခဲ့လေ၏။ ထိုအခါ ကျွန်မတစ်ယောက်သည် မင်းကွန်း၌ ထိုဝိဋဋူဘနေထိုင်ရာ ပျဉ်ချပ်ကို “ဤနေရာသည်ကား ဝါသဘခတ္တိယာ ကျွန်မသား၏ နေထိုင်ရာ ပျဉ်ချပ်တည်း”ဟု ဆဲရေးရေရွတ်လျက် နို့ရည်ဖြင့် ဆေးကြောလေ၏။ တစ်ယောက်သော မင်းချင်းယောက်ျားသည် မိမိ၏လက်နက်ကို မေ့ရစ်သဖြင့် ပြန်လည်၍ ထိုလက်နက်ကိုယူစဉ် ဝိဋဋူဘမင်းသားအား ဆဲရေးသံကိုကြားရ၍ ထိုအကြောင်းကိုမေးသဖြင့် “ဝါသဘခတ္တိယာသည် ကျွန်မ၏ ဝမ်း၌ မဟာနာမ်မည်သော သာကီဝင်မင်းကိုအစွဲပြု၍ ဖွားမြင်သည်”ဟု သိသောကြောင့် ဗိုလ်ပါအပေါင်းအား ပြောကြားလေ၏။ ဝါသဘခတ္တိယာ မိဖုရားသည် “ကျွန်မ၏သမီး ဖြစ်သတတ်”ဟု အုတ်အုတ်ကျက်ကျက် ကြီးစွာဖြစ်လေ၏။ ထိုစကားကိုကြားလျှင် ဝိဋဋူဘမင်းသားသည် “ဤသာကီဝင်မင်းတို့ကား ရှေးဦးစွာငါ၏နေထိုင်ရာ ပျဉ်ချပ်ကို နို့ရည်ဖြင့် ဆေးကြောနှင့်စေဦး၊ ငါသည် မင်းအဖြစ်၌ တည်သောအခါ ဤသာကီဝင်မင်းတို့၏ လည်ချောင်းသွေးအားလုံးကို ယူ၍ ငါ၏နေထိုင်ရာ ပျဉ်ချပ်ကို ဆေးကြောပေအံ့”ဟု စိတ်အကြံကို ဖြစ်စေလေ၏။

အဘမျိုးသာ ပဓာန

ထိုဝိဋဋူဘမင်းသားသည် သာဝတ္ထိပြည်သို့ ရောက်သည်ရှိသော် အမတ်တို့သည် အလုံးစုံသောအကြောင်းကို မင်းကြီးအား လျှောက်ကြား သံတော်ဦးတင်ကြလေကုန်၏။ ပသေနဒီ ကောသလမင်းကြီးသည် “ငါ့အား ကျွန်မသမီးကို ပေးကုန်၏”ဟု သာကီဝင်မင်းတို့အား အမျက်ထွက်၍ ဝါသဘခတ္တိယာ မင်းသမီးအားလည်းကောင်း၊ သားတော် ဝိဋဋူဘအားလည်းကောင်း ပေးကမ်း ချီးမြှင့်တော်မူခဲ့သော အစောင့်အရှောက် အခြံအရံကို ရုပ်သိမ်း၍ ကျွန်ယောက်ျား ကျွန်မိန်းမတို့ ရသင့်သမျှကိုသာ ပေးစေလေ၏။ ထို့နောင်မှ နှစ်ရက်သုံးရက်ကို လွန်မြောက်သောအခါ ဘုရားရှင်သည် ကောသလမင်း၏ နန်းတော်သို့ ကြွသွားတော်မူ၍ ခင်းထားအပ်သော နေရာ၌ နေတော်မူ၏။ မင်းကြီးသည် လာ၍ ရှိခိုးပြီးလျှင် “မြတ်စွာဘုရား- မြတ်စွာဘုရားတို့၏ ဆွေတော်မျိုးတော်တို့သည် ကျွန်မသမီးကို ဒကာတော်အား ပေးခဲ့သတတ်။ ထို့ကြောင့် ဒကာတော်သည် သားတော်နှင့်တကွ မိဖုရားအား အစောင့်အရှောက် အခြံအရံကို ရုပ်သိမ်းပြီးလျှင် ကျွန်ယောက်ျား, ကျွန်မိန်းမတို့ ရသင့်သမျှလောက်ကိုသာ ပေးစေ၍ ထားပါသည်”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည်လည်း “မြတ်သောမင်းကြီး- သာကီဝင်တို့သည် မသင့်မလျောက်ပတ်သည်ကို ပြုဘိ၏။ ပေးကမ်းဆက်သသော သူတို့မည်သည်ကား တူမျှသော ဇာတ်ရှိသောသူကိုသာ ဆက်သအပ်သည် ဖြစ်ရာ၏။ မြတ်သောမင်းကြီး- ငါဘုရားသည် သင်မင်းကြီးကို အကြောင်းတစ်ခု ပြောကြားတော်မူဦးအံ့။ ဝါသဘခတ္တိယာ မိဖုရားသည် မဟာနာမ်မင်းကြီး သမီးဖြစ်၍ ခတ္တိယစင်စစ် ဖြစ်လေသော သင်မင်းကြီး၏နန်းတော်၌ အဘိသိက်သွန်းခြင်းကို ရ၏။ ဝိဋဋူဘ မင်းသားသည်လည်း ခတ္တိယစင်စစ် မင်းမျိုးဖြစ်သော အသင်မင်းကြီးကိုစွဲ၍ ဖွားမြင်၏။ အမိ အမျိုးအနွယ်မည်သည်ကား အဘယ်သို့ ပြုအံ့နည်း။ အဘအမျိုးအနွယ်သာလျှင် ပမာဏတည်း”ဟု မိန့်မြွက်တော်မူ၏။ “ရှေးပညာရှိတို့သည် သူဆင်းရဲဖြစ်သော ထင်းခွေသည်မိန်းမအား မိဖုရားကြီးအရာကို ပေးကြကုန်သေး၏။ ထိုသူဆင်းရဲမ၏ဝမ်း၌ဖြစ်၍ ဖွားမြင်သော မင်းသားသည်လည်း တစ်ဆယ့်နှစ်ယူဇနာ ကျယ်ဝန်းသော ဗာရာဏသီပြည်၌ မင်းအဖြစ်သို့ရောက်၍ ကဋ္ဌဝါဟနမည်သောမင်း ဖြစ်ဖူး၏”ဟု ကဋ္ဌဝါဟနဇာတ်ကို အတိတ်ဆောင်၍ ဟောကြားတော်မူလေ၏။

ပသေနဒီကောသလမင်းကြီးသည် ဤတရားစကားကို ကြားနာရ၍ အဘ၏အမျိုးအနွယ်သည်သာ ပမာဏဖြစ်ပေသတတ်ဟု နှစ်သက်၍ ဝါသဘခတ္တိယာ မိဖုရားအားလည်းကောင်း၊ သားတော် ဝိဋဘအားလည်းကောင်း ပေးတော်မူမြဲဖြစ်သော အစောင့်အရှောက် အခြံအရံကိုသာလျှင် ပေးစေတော်မူလေ၏။ ဝိဋဋူဘမင်းသားကိုလည်း စစ်သူကြီးအရာ၌ ထားတော်မူလေ၏။

မလ္လိကာ၏ ချင်ခြင်းနှင့် ဗန္ဓုလ၏ သူရသတ္တိ

ဗန္ဓုလ စစ်သူကြီးအားလည်း ကုသိနာရုံပြည်၌နေသော မလ္လိကာမိဖုရား၏ သမီးဖြစ်သော မလ္လိကာမည်သော စစ်သူကြီးကတော်သည် ရှိလေ၏။ ထိုမလ္လိကာသည်လည်း ကြာမြင့်စွာသော ကာလပတ်လုံး သားသမီးကို မဖွားမြင်လေ။ ထိုအခါ ဗန္ဓုလစစ်သူကြီးသည် မလ္လိကာကို “မိမိအမျိုးအိမ်ကို ပြန်သွားလော့”ဟုဆို၍ လွှတ်လိုက်လေ၏။ မလ္လိကာသည် “ဘုရားကို ဖူးမြင်ပြီးမှ သွားအံ့”ဟု နှလုံးသွင်း၍ ဇေတဝန်ကျောင်းတော်သို့ ဝင်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တည်နေသည်ရှိသော် “အဘယ်အရပ်သို့ သွားအံ့နည်း”ဟု မေးတော်မူအပ်သဖြင့် “မြတ်စွာဘုရား- တပည့်တော်မကို အရှင်ဖြစ်သော ဗန္ဓုလ စစ်သူကြီးသည် အမျိုးအိမ်သို့ စေလွှတ်ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “အဘယ်အကြောင်းကြောင့် စေလွှတ်သနည်း”ဟု မေးတော်မူလတ်သော် “သားသမီးမရ မိန်းမမြုံ ဖြစ်ပါသတတ်”ဟု လျှောက်ကြားလေ၏။

(လေနှိပ်စက်ခြင်းကြောင့်လည်းကောင်း၊ ပိုးခဲခြင်းကြောင့်လည်းကောင်း၊ အကုသိုလ်ကံ စီမံခြင်းကြောင့်လည်းကောင်း၊ ဤအကြောင်းသုံးပါးကြောင့် ပဋိသန္ဓေ ကိုယ်ဝန်တည်ပြီးသော်လည်း ပျက်စီးတတ်သည်။ မြုံသော မိန်းမမည်သည် မရှိ ဟူ၏။)

“ယင်းသို့ဖြစ်လျှင် သွားဖွယ်ကိစ္စ မရှိ၊ ပြန်နစ်လော့”ဟု မိန့်တော်မူလတ်သည်ရှိသော် မလ္လိကာသည် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသဖြင့် ဘုရားရှင်ကိုရှိခိုး၍ အိမ်သို့သွားသည်ရှိသော် “အဘယ့်ကြောင့် ပြန်နစ်ခဲ့သနည်း”ဟု မေးမြန်းအပ်သည်ဖြစ်၍ “မြတ်စွာဘုရား တားမြစ်တော်မူသောကြောင့် ပြန်လာခဲ့ပါသည်”ဟု ပြောကြားလေ၏။ ဗန္ဓုလ စစ်သူကြီးသည်လည်း “အရှည်ကို မြင်လေ့ရှိတော်မူသော ဘုရားသဗ္ဗညုသည် အကြောင်းဖြစ်အင်ကို သိမြင်တော်မူသည်ဖြစ်လတ္တံ့”ဟု နှလုံးပြု၍ လက်ခံသိမ်းပိုက်လေ၏။ ထိုမလ္လိကာသည်လည်း မကြာမြင့်မီသာလျှင် ကိုယ်ဝန်ကိုရ၍ ဖြစ်သောချင်ခြင်း ရှိသည်ဖြစ်ရကား “ကျွန်တော်မအား ချင်ခြင်းသည် ဖြစ်ပေါ်လာချေပြီ”ဟု ပြောကြားလေ၏။ “အဘယ်သို့သောချင်ခြင်း ဖြစ်ပေါ်လာသနည်း”ဟု မေးလျှင် “အရှင်- ဝေသာလီပြည်ကြီး၌ အပေါင်းဖြစ်သော မင်းမျိုးတို့၏ အဘိသိက်သွန်းသော မင်္ဂလာရေကန်တွင်းသက်ဆင်း ရေချိုးပြီးလျှင် ရေကို သောက်လိုပါသည်”ဟု ဆိုလေ၏။ ဗန္ဓုလစစ်သူကြီးသည် ကောင်းပြီဟုဆို၍ ဗိုလ်ခြေလူဦးရေ တစ်ထောင်၏အစွမ်းအားဖြင့် တင်အပ်သော လေးကိုယူ၍ မလ္လိကာကို ရထားထက်တင်ပြီးလျှင် သာဝတ္ထိပြည်မှ ထွက်သဖြင့် ရထားကို မောင်းနှင်လျက် မဟာလိ လိစ္ဆဝီမင်းသားအား ပေးထားအပ်သော တံခါးဖြင့် ဝေသာလီပြည်သို့ ဝင်လေ၏။ မဟာလိလိစ္ဆဝီမင်းသည် တံခါးခုံ၌ ရထား၏ ထိခိုက်သံကို ကြားရလျှင် “ဤအသံကား ဗန္ဓုစစ်သူကြီး၏ ရထားသံတည်း”ဟု သိသဖြင့် “ယနေ့ လိစ္ဆဝီမင်းတို့အား ဘေးအန္တရာယ် ဖြစ်လတ္တံ့”ဟု ဆိုလေ၏။ ရေကန်၏ အတွင်း၌လည်းကောင်း၊ အပ၌လည်းကောင်း အစောင့်အရှောက်တို့သည် လွန်စွာ အားကြီးကုန်၏။ အထက်၌ သံကွန်ယက်ကို ဖုံးအုပ်၍ ထားအပ်၏။ ငှက်တို့အားသော်လည်း ဝင်နိုင်ရန် နေရာအခွင့်မရှိ။ ဗန္ဓုလ စစ်သူကြီးသည်ကား ရထားမှဆင်းသက်၍ အစောင့်အရှောက်ဖြစ်သော လူတို့ကို သန်လျက်ဖြင့် ပုတ်ခတ်ကာ ထွက်ပြေးစေ၍ သံကွန်ယက်ကို ဖြတ်ပြီးလျှင် ရေကန်တွင်းသို့ဝင်သဖြင့် မယားကိုချိုးစေ, သောက်စေ၍ မိမိကိုယ်တိုင်လည်း ရေချိုး၍ တစ်ဖန် မလ္လိကာကို ရထားသို့တင်၍ ပြည်မှထွက်ကာ လာခဲ့သော လမ်းခရီးဖြင့်သာလျှင် ပြန်သွားလေ၏။

ဗန္ဓုလမြားဖြင့် လိစ္ဆဝီမင်းများ ပျက်စီးပုံ

အစောင့်အရှောက်ဖြစ်သော လူတို့သည် လိစ္ဆဝီမင်းတို့အား ကြားလျှောက်ကြလေကုန်၏။ လိစ္ဆဝီမင်းတို့သည် အမျက်ထွက်၍ ရထားငါးရာတို့သို့ တက်စီးကုန်လျက် “ဗန္ဓုလစစ်သူကြီးကိုလည်းကောင်း၊ မလ္လိကာကိုလည်းကောင်း ဖမ်းယူအံ့”ဟု ထွက်ခဲ့ကြလေကုန်၏။ ထိုအကြောင်းကို မဟာလိ လိစ္ဆဝီမင်းအား ပြောကြားကြကုန်သော် မဟာလိ လိစ္ဆဝီမင်းသည်လည်း “မလိုက်ကြကုန်လင့်၊ ထိုဗန္ဓုလသည် အလုံးစုံသော သင်တို့ကို သတ်လတ္တံ့”ဟု ဆိုလေ၏။ လိစ္ဆဝီမင်းတို့သည်လည်း “အကျွန်ုပ်တို့ လိုက်ကုန်အံ့သည်သာလျှင်တည်း”ဟု ဆိုကြကုန်သဖြင့် “ထိုသို့ လိုက်လိုမူကား ထိုဗန္ဓုလ၏ ရထားလှည်းဘီး၏ ချက်မပုံတောင်းတိုင်အောင် မြေသို့ဝင်ရာအရပ်ကို မြင်လျှင် ပြန်ခဲ့ကြကုန်လော့၊ ထိုအရပ်မှ မပြန်ကုန်သည်ရှိသော် ရှေ့မှ မိုးကြိုးသံကဲ့သို့ ကြားရကုန်လတ္တံ့၊ ထိုအရပ်မှ ပြန်ခဲ့ကြကုန်လော့၊ ထိုအရပ်မှ မပြန်ကုန်သည်ရှိသော် အသင်လိစ္ဆဝီမင်းတို့၏ ရထားလှည်းဦးတို့၌ အပေါက်ကို မြင်ရကုန်လတ္တံ့၊ ထိုအရပ်မှ ပြန်ခဲ့ကြကုန်လော့။ ထိုအရပ်မှ မပြန်မူ၍ ရှေ့သို့ မလိုက်ကြလေနှင့်”ဟု မှာကြားပြောဆိုလိုက်လေ၏။ ထိုလိစ္ဆဝီမင်းသား ငါးရာတို့သည်လည်း မဟာလိစကားဖြင့် မပြန်ကုန်မူ၍ ဗန္ဓုလ စစ်သူကြီးသို့ အစဉ်လိုက်ကြကုန်၏။ မလ္လိကာသည် ထိုလိုက်လာသော လိစ္ဆဝီမင်းအပေါင်းတို့ကိုမြင်၍ “အရှင့်သား- ရထားတို့သည် ထင်ကုန်၏”ဟု ဆိုလေ၏။ “ထိုသို့ဖြစ်မူ တစ်ခုတည်းသော ရထားဦး ထင်သောအခါ ငါ့အား ပြောကြားလော့”ဟု ဆို၏။ အလုံးစုံသော ရထားတို့သည် တစ်ခုတည်းသော ရထားကဲ့သို့ ဖြစ်၍ ရှေ့နောက်စဉ်လျက် ထင်ကုန်သောအခါ မလ္လိကာက “အရှင့်သား -တစ်ခုတည်းသော ရထားဦးထင်ပါပြီ”ဟု ပြောကြားလေ၏။

ဗန္ဓုလ စစ်သူကြီးသည်လည်း “ယင်းသို့ဖြစ်မူ ဤကြိုးတို့ကို ကိုင်ငင်ဦးလော့”ဟု ဆိုလျက် မလ္လိကာအား ကြိုးတို့ကိုပေး၍ ရထား၌ရပ်လျက် လေးကို တင်လေ၏။ ရထားလှည်းဘီးသည် ချက်မပုံတောင်းတိုင်အောင် မြေသို့ ဝင်လေ၏။ လိစ္ဆဝီမင်းတို့သည် ထိုအရပ်ကို မြင်သော်လည်း မပြန်ကြကုန်။ ဗန္ဓုလစစ်သူကြီးလည်း အတန်ငယ်သွား၍ လေးညှို့ကို ဖြန့်၏။ မိုးကြိုးသံကဲ့သို့ ဖြစ်လေ၏။ ထိုလိစ္ဆဝီမင်းတို့သည် ထိုအရပ်မှလည်း မပြန်ကြကုန်။ အစဉ်အတိုင်း လိုက်လျက် သွားကြကုန်သော လိစ္ဆဝီမင်းတို့ကို ဗန္ဓုလစစ်သူကြီးသည် ရထားထက်၌ ရပ်လျက်သာလျှင် မြားတစ်စင်းကို ပစ်လွှတ်လေ၏။ ထိုမြားသည် ရထားငါးရာတို့၏ ရထားဦးကို ဖောက်ထွင်း၍ ငါးရာသော မင်းတို့ကို ဝတ်ဆင်သော ချပ်မိန်ညိုနေရာ၌ ဖောက်ထွင်းလျက် မြေသို့ ဝင်လေ၏။ လိစ္ဆဝီမင်းတို့လည်း မိမိတို့ကိုယ်ကို မြားဖောက်ထွင်း၍ သွားသည့်အဖြစ်ကို မသိသောကြောင့် “အချင်းဗန္ဓုလ ရပ်ဦးလော့၊ အချင်းဗန္ဓုလ- ရပ်ဦးလော့”ဟု ဆိုကုန်လျက် အစဉ်အတိုင်း လိုက်ကြကုန်သည်။ ထိုအခါ ဗန္ဓုလစစ်သူကြီးသည် ရထားကို မောင်းနှင်လျက် “သင်တို့ သူသေတို့ချည်းသာတည်း၊ သူသေတို့နှင့် ငါ့အား စစ်ထိုးခြင်းမည်သည် မရှိ”ဟု ဆို၏။ “သူသေတို့မည်သည် ငါတို့နှင့် တူသည်မဖြစ်ကုန်”ဟု ဆိုပြန်သော် “ယင်းသို့ဖြစ်မှု နောက်ဆုံးဖြစ်သော လိစ္ဆဝီမင်း၏ ချပ်ဝတ်တန်ဆာကို ချွတ်စေကြကုန်လော့”ဟု ဆိုသဖြင့် ထိုလိစ္ဆဝီမင်းတို့သည် ချွတ်ကြလေကုန်၏။ တန်ဆာကို ချွတ်သည်နှင့်တပြိုင်နက် ထိုလိစ္ဆဝီမင်းတစ်ယောက်သည် အသက်သေ၍ လဲကျ၏။ ထိုအခါ ထိုအလုံးစုံသော လိစ္ဆဝီမင်းသားတို့ကိုလည်း “အလုံးစုံကုန်သော အသင်တို့သည် ဤသို့သဘောရှိကြကုန်၏။ မိမိတို့အိမ်သို့ ပြန်သွား၍ စီရင်အပ်သောအမှုကို စီရင်ပြီးမှ သားမယားကို ဆုံးမဩဝါဒပေး၍ ချပ်မိန်ညိုတန်ဆာကို ချွတ်စေကြကုန်လော့”ဟု ဆိုလေ၏။ လိစ္ဆဝီမင်းတို့လည်း ဆိုတိုင်းပြု၍ အားလုံး အသက်ကုန်ခြင်းသို့ ရောက်ကြလေကုန်၏။

သားများနှင့်တကွ ဗန္ဓုလ အနိစ္စရောက်ခြင်း

ဗန္ဓုလ စစ်သူကြီးသည်လည်း မလ္လိကာကို သာဝတ္ထိပြည်သို့ ဆောင်လေ၏။ မလ္လိကာသည် တစ်ဆယ့်ခြောက်ကြိမ် အစုံအစုံသော သားမွှာတို့ကို ဖွားမြင်လေ၏။ အလုံးစုံ သုံးကျိပ်နှစ်ယောက်သော သားတို့သည်လည်း ရဲရင့်ကုန်သဖြင့် အားအစွမ်းနှင့် ပြည့်စုံကြကုန်၏။ အလုံးစုံသော အတတ်ပညာတို့၏ အပြီးအဆုံးသို့ ရောက်ကြလေကုန်၏။ တစ်ယောက်, တစ်ယောက်သော သားအား ယောက်ျားတစ်ထောင် အခြံအရံရှိ၏။ ဖခင် ဗန္ဓုလစစ်သူကြီးနှင့်တကွ မင်းအိမ်နန်းတော်သို့ သွားသည်ရှိသော် ထိုသူတို့ဖြင့်သာလျှင် မင်းရင်ပြင်သည် ပြည့်လေ၏။

ထိုနောက် တစ်နေ့သ၌ တရားဆုံးဖြတ်ရာ သဘင်နန်းတော်၌ ကောက်ကျစ် စဉ်းလဲသောအားဖြင့် တရားရှုံးသောလူတို့သည် ဗန္ဓုလစစ်သူကြီးလာသည်ကို မြင်လတ်သော် သည်းစွာ ငိုကျွေးမည်တမ်းကုန်လျက် တရားစီရင် ဆုံးဖြတ်သော အမတ်တို့ စဉ်းလဲသောအားဖြင့် တံစိုးစား၍ စီရင်ကြောင်းကို ထိုဗန္ဓုလစစ်သူကြီးအား ပြောကြားကြကုန်၏။ ဗန္ဓုလစစ်သူကြီးလည်း တရားသဘင်ရုံးတော်သို့သွား၍ ထိုတရားကို စိစစ်မေးမြန်းပြီးလျှင် ပစ္စည်းရှင်ကိုသာ ပစ္စည်းရှင်ပြုလေ၏။ လူများအပေါင်းတို့သည် ကျယ်စွာသောအသံဖြင့် ကောင်းချီးပေးခြင်းကို ဖြစ်စေ၏။ ပသေနဒီ ကောသလမင်းကြီးသည် “ဤအသံကား အဘယ်အသံနည်း”ဟု မေးတော်မူ၍ ထိုအကြောင်းကို ကြားသိတော်မူလျှင် နှစ်သက်တော်မူသဖြင့် ထိုအလုံးစုံ ကောက်ကျစ် စဉ်းလဲသောအားဖြင့် စီရင်သော အမတ်တို့ကို တရားသူကြီးအရာမှ နုတ်စေ၍ ဗန္ဓုလအားသာလျှင် တရားသဘင်ရုံးတော်ကို အပ်နှင်းလေ၏။ ဗန္ဓုလစစ်သူကြီးသည်လည်း ထိုအခါမှစ၍ မှန်ကန်ဖြောင့်မတ်စွာ ဆုံးဖြတ်စီရင်၏။ ထိုသို့ ဗန္ဓုလစစ်သူကြီးသာ တရားဆုံးဖြတ်သောကြောင့် တရားသူကြီးဟောင်း ဖြစ်ကုန်သော အမတ်တို့သည် တစ်စုံတစ်ခုသော တံစိုးလက်ဆောင်ကို မရကြကုန်သည်ဖြစ်၍ နည်းသောလာဘ် ရှိကုန်ရကား “ဗန္ဓုလစစ်သူကြီးသည် မင်းအဖြစ် တောင့်တ၏”ဟု မင်းကြီးကို ကုန်းတိုက်ကြလေကုန်၏။

မင်းကြီးသည် ထိုအမတ်ဟောင်းတို့၏စကားကို ယုံကြည်တော်မူသည်ဖြစ်၍ မိမိစိတ်ကို နှိပ်ကွပ်ငြိမ်းအေးအောင် ပြုခြင်းငှါ မစွမ်းနိုင်၊ “ဗန္ဓုလစစ်သူကြီးကို ဤအရပ်၌သာ သတ်အပ်သည်ရှိသော် ငါ့အား ကဲ့ရဲ့ခြင်း ဖြစ်လတ္တံ့”ဟု တစ်ဖန် အောက်မေ့မိပြန်သဖြင့် သူလျှို မင်းယောက်ျားတို့ကို ပစ္စန္တရစ်ကို လုယက်ဖျက်ဆီးစေ၍ ဗန္ဓုလစစ်သူကြီးကို ခေါ်တော်မူပြီးလျှင် “ပစ္စန္တရစ်ကျေးရွာသည် ပျက်စီးသတတ်၊ သင်၏ သားတို့နှင့်တကွ သွား၍ ခိုးသူတို့ကို ဖမ်းယူချေလော့”ဟု စေလွှတ်၍ “ထိုအရပ်၌ပင် သုံးကျိပ်နှစ်ယောက်သော သားတို့နှင့်တကွ ဗန္ဓုလစစ်သူကြီး၏ ဦးခေါင်းကို ဖြတ်၍ဆောင်ချေကြကုန်လော့”ဟု ဆိုလျက် ထိုသူတို့နှင့် အတူတကွ တစ်ပါးကုန်သော ဆောင်စွမ်းနိုင်သော သူရဲကြီးတို့ကို စေလွှတ်တော်မူပြန်လေ၏။ ဗန္ဓုလစစ်သူကြီးလည်း ပစ္စန္တရစ်သို့ ရောက်ခါမျှ၌သာလျှင် စစ်သူကြီးလာသတတ်ဟု ပုန်ကန်သောင်းကျန်းနေသော သူလျှိုခိုးသူတို့သည် ထွက်ပြေးတိမ်းရှောင်ကြလေကုန်၏။ ဗန္ဓုလစစ်သူကြီးသည် ထိုအရပ်ကို လူနေမြဲ နေစေ၍ ကောင်းစွာတည်စေ၍ ပြန်ခဲ့လေ၏။ ထိုအခါ မြို့မှ မနီးမဝေးသောအရပ်၌ မင်းကြီး စေလွှတ်အပ်ကုန်သော သူရဲကြီးတို့သည် သားတို့နှင့်တကွဖြစ်သော ဗန္ဓုလစစ်သူကြီး၏ ဦးခေါင်းကို ဖြတ်ကြလေကုန်၏။

ထိုနေ့၌ပင် မလ္လိကာသည် ရဟန်းငါးရာတို့နှင့်တကွ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကို ပင့်ဖိတ်၍ ထားအပ်ကုန်၏။ ထိုအခါ မလ္လိကာအား နံနက်မိုးသောက်စ အခါမှာပင် “သင်၏ သားတို့နှင့်တကွဖြစ်သော အရှင်သခင် ဗန္ဓုလစစ်သူကြီး၏ ဦးခေါင်းကို ဖြတ်ကြကုန်၏”ဟူသော ကမ္ပည်းအမှာစာကို ဆောင်ယူခဲ့၍ ပေးလာကြကုန်၏။ မလ္လိကာသည် ထိုအကြောင်းကိုသိလျှင် တစ်စုံတစ်ယောက်သော သူအား တစ်ခွန်းသော စကားကိုမျှ မပြောမဆို မကြားဘဲ ကမ္ပည်းအမှာစာကို ရင်ခွင်၌ထားလျက် ရဟန်းသံဃာတော်တို့ကိုသာလျှင် ဆွမ်းလုပ်ကျွေးလေ၏။ ထိုအခါ မလ္လိကာ၏ အလုပ်အကျွေး ကျွန်မတို့သည် ရဟန်းတို့အား ဆွမ်းကိုကပ်လှူပြီး၍ ထောပတ်အိုးကို ဆောင်ယူကြသည်ရှိသော် မထေရ်မြတ်တို့၏ရှေ့တော်၌ ထောပတ်အိုးတို့ကို ခွဲပစ်ကြလေကုန်၏။ အရှင်သာရိပုတြာသည် “ကွဲတတ်, ပျက်တတ်သော သဘောတရားသည် ကွဲတတ်ပျက်တတ်၏၊ ထွေရာလေးပါး မကြံစည်အပ်”ဟု ဟောကြားဆုံးမတော်မူ၏။

ထိုမလ္လိကာသည် ရင်ခွင်မှ ကမ္ပည်းအမှာစာကို ထုတ်ယူပြီးလျှင် “သုံးကျိပ်နှစ်ယောက်သော သားတို့နှင့်တကွ ဖခင်ဖြစ်သော ဗန္ဓုလစစ်သူကြီး၏ ဦးခေါင်းကို ဖြတ်ကြကုန်၏ဟု တပည့်တော်မထံ ဤအမှာစာကို ပို့လာကြပါကုန်၏။ တပည့်တော်မသည် ဤသို့သောအကြောင်းကို ကြားသိရပါသော်လည်း ထွေရာလေးပါး မကြံစည်ပါ၊ ထောပတ်အိုး ကွဲရာ၌ အဘယ်မှာ ကြံစည်ပါအံ့နည်းဘုရား”ဟု လျှောက်ကြားလေ၏။ တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတြာ မထေရ်မြတ်သည် အနိမိတ္တမနညာတံ၊ မစ္စာနံ ဣဓ ဇီဝိတံ။ ဣဓ၊ ဤလောက၌။ မစ္စာနံ၊ သတ္တဝါတို့၏။ ဇီဝိတံ၊ အသက်သည်။ အနိမိတ္တံ၊ သိနိုင်စကောင်း အကြောင်းမရှိ။ အနညာတံ၊ မသိအပ်။ ဤသို့ အစရှိသည်တို့ကို ရွတ်ဆိုကာ တရားဟောကြားတော်မူပြီးလျှင် နေရာမှထ၍ ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။ မလ္လိကာသည်လည်း သုံးကျိပ်နှစ်ယောက်သော ချွေးမတို့ကိုခေါ်စေ၍ “သင်တို့၏ အရှင်ယောက်ျားတို့သည် အပြစ်မရှိကြပါဘဲလျက် မိမိ ရှေးဘဝ၌ ပြုခဲ့ဖူးသော အကုသိုလ်ကံအကျိုးကို ရကြလေကုန်ပြီ၊ သင်တို့သည် မစိုးရိမ်ကြကုန်လင့်၊ ဘုရင်မင်းမြတ်၏အပေါ်၌လည်း စိတ်၏ပြစ်မှားခြင်းကို မပြုကြကုန်လင့်”ဟု ဆုံးမဩဝါဒ ပေးလေ၏။

ပဿနဒီကောသလမင်းကြီး ခိုကိုးရာမဲ့ နတ်ရွာစံရခြင်း

မင်းကြီး၏ သူလျှိုဖြစ်သော ယောက်ျားတို့သည် ထိုမလ္လိကာဆိုသော စကားကို ကြားရလျှင် သွားကြ၍ ထိုသူတို့၏ အပြစ်မရှိသောအဖြစ်ကို မင်းကြီးအား လျှောက်ကြားကြကုန်၏။ မင်းကြီးသည် ထိတ်လန့်ခြင်းသို့ရောက်သဖြင့် မလ္လိကာ၏နေအိမ်သို့ သွားရောက်ပြီးလျှင် မလ္လိကာကိုလည်းကောင်း၊ မလ္လိကာ၏ ချွေးမတို့ကိုလည်းကောင်း သည်းခံစေ၍ မလ္လိကာအား ဆုမြတ်ကို ပေးသနားတော်မူလေ၏။ မလ္လိကာကလည်း “ပေးသနားတော်မူအပ်သောဆုကို ဘုရားကျွန်မ ယူအပ်သည်ဖြစ်ပါစေသတည်း”ဟု လျှောက်ကြားပြီးမှ ထိုနေအိမ်၌ပင်လျှင် ထိုသေလွန်ကုန်သော သား, လင် ခင်ပွန်းတို့၏ အလို့ငှါ မတကဘတ်ကို လှူဒါန်းပြီးလျှင် မင်းကြီးထံ ချဉ်းကပ်ကာ ရှိခိုးလျက် “အရှင်မင်းမြတ်- အရှင်မင်းမြတ်တို့သည် ဘုရားကျွန်မအား ဆုမြတ်ကို ပေးသနားတော်မူပါသည်၊ ဘုရားကျွန်မအား တစ်ပါးသောဆုဖြင့် အလိုမရှိပါ။ သုံးကျိပ်နှစ်ယောက်ကုန်သော ချွေးမတို့၏လည်းကောင်း၊ ဘုရားကျွန်မ၏လည်းကောင်း မိဘအိမ်သို့ ပြန်သွားရခြင်းကို ခွင့်ပြုတော်မူပါ”ဟု လျှောက်ကြားသံတော်ဦးတင်လေ၏။ မင်းကြီးလည်း ဝန်ခံလေ၏။ မလ္လိကာသည် သုံးကျိပ်နှစ်ယောက်သော ချွေးမတို့ကို အကြင်အကြင် မိမိတို့၏မိဘအိမ်သို့ စေလွှတ်၍ မိမိလည်း ကုသိနာရုံပြည် မိမိ မိဘအိမ်သို့ သွားလေ၏။

ပသေနဒီ ကောသလမင်းကြီးသည် ဗန္ဓုလစစ်သူကြီး၏ တူဖြစ်သော ဒီဃကာရာယနမည်သော သူအား စစ်သူကြီးအရာကို ပေးတော်မူ၏။ ထိုဒီဃကာရာယန စစ်သူကြီးကား “ဤမင်းကြီးသည် ငါ၏ဦးရီး ဗန္ဓုလကို သတ်အပ်၏”ဟု မင်းကြီးအားလုပ်ကြံရန် အခွင့်ကိုရှာလျက် သွားလာလှည့်ပတ်၍နေ၏။ မင်းကြီးသည်လည်း အပြစ်မရှိသော ဗန္ဓုလစစ်သူကြီးကို သတ်မိသောကာလမှစ၍ နှလုံးမသာယာခြင်းရှိသဖြင့် စိတ်၏သက်သာရာကို မရ၊ မင်းစည်းစိမ်ကိုလည်း ခံစားတော်မမူနိုင်ရှာ။ ထိုအခါ မြတ်စွာဘုရားသည် သာကီဝင်မင်းတို့၏ ဇနပဒပရမ အမည်ရှိသော နိဂုံးကိုအမှီပြု၍ နေတော်မူ၏။ ပသေနဒီကောသလမင်းကြီးသည် ဘုရားရှိရာအရပ်သို့သွား၍ ကျောင်းတော်အာရာမ်မှ မနီးမဝေး၌ သစ်ခက်တဲနန်းတည်၍ နေပြီးလျှင် များစွာသော အခြံအရံဖြင့် ဘုရားရှင်ကို ရှိခိုးအံ့ဟု ကျောင်းတော်သို့ သွားလတ်သော် ငါးပါးကုန်သော မင်းမြောက်တန်ဆာတို့ကို ဒီဃကာရာယန စစ်သူကြီးအား ပေးအပ်၍ တစ်ယောက်အထီးတည်း ဂန္ဓကုဋိသို့ ဝင်တော်မူ၏။

(အလုံးစုံသော အတ္ထုပ္ပတ္တိကို ဓမ္မစေတိယသုတ္တန်၌ လာသောနည်းဖြင့် ပြဆိုအပ်၏။)

ပသေနဒီကောသလမင်းသည် ဂန္ဓကုဋိသို့ ဝင်သွားသည်ရှိသော် ဒီဃကာရာယန စစ်သူကြီးသည် ထိုမင်းမြောက်တန်ဆာ ငါးပါးတို့ကိုယူ၍ ဝိဋဋူဘမင်းသားကို မင်းမြှောက်ပြီးလျှင် ကောသလမင်းကြီးအား မြင်းတစ်စီးနှင့် ခြေရင်းအလုပ်အကျွေး မိန်းမတစ်ယောက်ကို ထားခဲ့၍ ပြန်လာသဖြင့် သာဝတ္ထိပြည်သို့ သွားလေ၏။

ပသေနဒီ ကောသလမင်းကြီးသည်လည်း ဘုရားရှင်နှင့်တကွ ချစ်မြတ်နိုးအပ်သော စကားကို ပြောဆိုလျှောက်ထားပြီးလျှင် ဘုရားရှင်ကို ရှိခိုး၍ ထွက်ခဲ့သည်ရှိသော် စစ်သည်အပေါင်းတို့ကို မမြင်ခြင်းကြောင့် ထိုကြွင်းကျန်စောင့်နေသော မိန်းမကိုမေး၍ ထိုအကြောင်းကို ကြားသိရသဖြင့် “ငါသည် တူတော်ဖြစ်သော အဇာတသတ်မင်းကို ခေါ်ယူ၍ ဝိဋဋူဘကို ဖမ်းအံ့”ဟု ရာဇဂြိုဟ်ပြည်သို့ မြန်းကြွလေရာ အချိန်မဟုတ် မိုးချုပ်သည့်အခါ၌ တံခါးကို ပိတ်ထားသည့်အခါတွင် ရာဇဂြိုဟ်ပြည်သို့ ရောက်သဖြင့် တစ်ဆောင်သောဇရပ်၌ အိပ်ရ၍ လေနေပူတို့ဖြင့် ပင်ပန်းသည်အဖြစ်ကြောင့် ညဉ့်အဖို့တွင် ထိုဇရပ်၌ပင် နတ်ရွာလားတော်မူလေ၏။

ထိုညဉ့် မိုးသောက်လင်းစင်ခြင်းသို့ ရောက်သောအခါ “ကောသလပြည့်ရှင် ဘုရင်မင်းမြတ်ကြီးဘုရာ့- အရှင်မင်းမြတ်ကြီးသည် ကိုးကွယ်ရာမဲ့ ဖြစ်ခဲ့ပြီ”ဟု ငိုကြွေးမြည်တမ်းသော ထိုမိန်းမ၏အသံကို ကြားလျှင် အဇာတသတ်မင်းကြီးအား ကြားလျှောက်လေ၏။ အဇာတသတ်မင်းကြီးသည်လည်း ဦးရီးဖြစ်သော မင်းကြီးအား များစွာသော ပူဇော်သက္ကာရဖြင့် အလောင်းကို သင်္ဂြိုဟ်ခြင်းကိစ္စကို ပြုစေလေ၏။

သစ်ပင်ရိပ်ထက် ဆွေမျိုးအရိပ် အေးချမ်း

ဝိဋဋူဘသည်လည်း မင်းအဖြစ်ကိုရလျှင် ထိုရန်ကို အောက်မေ့မိသည်ဖြစ်၍ “အလုံးစုံသော သာကီဝင်မင်းတို့ကို သတ်အံ့”ဟု ကြံစည်ကာ များစွာသော စစ်သည်ဗိုလ်ပါနှင့်တကွ ထွက်ခဲ့၏။ ထိုနေ့၌ မြတ်စွာဘုရားသည် မိုးသောက် နံနက်စောစောအခါ၌ လောကကို ကြည့်ရှုတော်မူလတ်သည်ရှိသော် ဆွေတော်မျိုးတော်အပေါင်း၏ ပျက်စီးအံ့သည်ကို မြင်တော်မူ၍ “ဆွေတော်မျိုးတော်အပေါင်းအား ချီးမြှင့်ခြင်းကို ပြုခြင်းငှာ သင့်၏”ဟု ကြံတော်မူလျက် နံနက်အခါ ဆွမ်းအလို့ငှာ ကြွသွားတော်မူ၍ ဆွမ်းခံရွာမှ ဖဲခဲ့သည်ရှိသော် ဂန္ဓကုဋိ၌ ခြင်္သေ့မင်း၏ အိပ်ခြင်းနှင့်တူသော မြတ်သော ကိန်းစက်တော်မူခြင်းကိုပြု၍ ညချမ်းသောအခါ၌ ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူပြီးလျှင် ကပိလဝတ်ပြည်၏အနီး ကျဲသော,ပူသော အရိပ်ရှိသော တစ်ခုသောသစ်ပင်ရင်း၌ နေတော်မူလေ၏။ ထိုမှတစ်ပါး ဝိဋဋူဘမင်း၏ ပြည်အပိုင်းအခြား၌ ကြီးစွာသော ထူထဲသော အေးချမ်းသော အရိပ်ရှိသော ပညောင်ပင်သည်ရှိ၏။ ဝိဋဋူဘမင်းသည် ဘုရားရှင်ကို မြင်လျှင် ဆည်းကပ်၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အဘယ်အကြောင်းကြောင့် ဤသို့ ပူလောင်ပြင်းပြသောအခါတွင် အရိပ်မရှိသော ဤသစ်ပင်ရင်း၌ နေတော်မူကြကုန်ဘိသနည်း။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အေးချမ်းသော အရိပ်ရှိသော ထိုပညောင်ပင်ရင်း၌ နေတော်မူကြပါဘုရား”ဟု လျှောက်ကြားသဖြင့် “မြတ်သောမင်းကြီး- ရှိပါစေတော့၊ ဆွေတော်မျိုးတော်တို့၏ အရိပ်မည်သည်ကား အေးချမ်းကုန်၏”ဟု မိန့်တော်မူသည်ရှိသော် “ဆွေတော်မျိုးတော်တို့ကို စောင့်ရှောက်ခြင်းငှာ ဘုရားသဗ္ဗညု ကြွလာတော်မူသည် ဖြစ်လတ္တံ့”ဟု ကြံ၍ ဘုရားရှင်ကို ရှိခိုးပြီးလျှင် ဆုတ်နစ်ကာ သာဝတ္ထိပြည်သို့သာ ရှေးရှပြန်လေ၏။

မကောင်းမှုကံ၏ အကျိုး

ဘုရားရှင်သည်လည် ကောင်းကင်ခရီးသို့ ပျံတက်တော်မူသဖြင့် ဇေတဝန်ကျောင်းတော်သို့သာလျှင် ကြွသွားတော်မူလေ၏။ ဝိဋဋူဘ မင်းသည်လည်း သာကီဝင်မင်းတို့၏ အပြစ်ကို အောက်မေ့၍ နှစ်ကြိမ်မြောက် ထွက်ပြန်သော် ထိုအရပ်၌ပင် ဘုရားရှင်ကို ဖူးမြင်ရ၍ တစ်ဖန် ပြန်လာပြန်၏။ သုံးကြိမ်မြောက် ထွက်ပြန်သော် ဘုရားရှင်ကို ထိုအရပ်၌ပင် ဖူးမြင်ရ၍ တစ်ဖန် ပြန်လာပြန်၏။ လေးကြိမ်မြောက်သောအခါ၌ကား ဝိဋဋူဘမင်းသည် ထွက်သည်ရှိသော် ဘုရားရှင်သည် သာကီဝင်မင်းတို့၏ ရှေးမကောင်းမှုကံကို မြင်တော်မူသဖြင့် ထိုသာကီဝင်မင်းတို့၏ တစ်နေ့သောအခါ မြစ်၌ အဆိပ်ခတ်ခဲ့ဖူးသော မကောင်းမှုကံ၏ မတားမြစ်နိုင်သည့်အဖြစ်ကို သိတော်မူ၍ လေးကြိမ်မြောက်သောအခါ၌ ကြွတော်မမူ။ ဝိဋဋူဘမင်းသည် သာကီဝင်မင်းတို့ကို သတ်တော့အံ့ဟု များစွာသော ရဲမက်ဗိုလ်ပါအပေါင်းနှင့်တကွ ထွက်ခဲ့လေ၏။

ဘုရားရှင်၏ ဆွေတော်မျိုးတော်တို့ကား သူတစ်ပါး၏ အသက်ကို သတ်ဖြတ်သောမည်သည် မရှိ၊ သေကုန်သော်လည်း သူတစ်ပါးတို့၏ အသက်ကို မသတ်ကြကုန်။ ထိုသာကီဝင်တို့ ကြံပုံကား “ငါတို့ကား ကောင်းစွာသင်အပ်သော လေးအတတ် အစရှိသည်ကို လက်စွဲခြင်း ရှိကုန်၏။ လေ့ကျက်အပ်သော မြားရေး ရှိကုန်၏။ မြတ်သော လေးသမားတို့ ဖြစ်ကြကုန်၏။ ငါတို့သည် သူတစ်ပါးကို အသက်မှချခြင်းငှာ မတတ်ကောင်းကုန်၊ မိမိ၏ အတတ်ပညာ အမှုကိစ္စကိုပြသဖြင့် ပြေးစေကုန်အံ့”ဟု ကြံကြလေကုန်၏။ ထိုသာကီဝင်မင်းတို့သည် ဆင်ယင်အပ်သော ချပ်မိန်ညို ရှိကုန်လျက် ထွက်ခဲ့၍ စစ်ထိုးခြင်းငှာ အားထုတ်ကြလေကုန်၏။

သာကီဝင်မင်းတို့ ပစ်အပ်သော မြားတို့သည် ဝိဋဋူဘ၏ စစ်သည်ယောကျာ်းတို့ အကြားအကြားဖြင့် သွားကုန်၏။ ကာကြား၊ နားပေါက်ကြား စသည်တို့မှ ထွက်ကုန်၏။ ဝိဋဋုဘမင်းသည် မြင်၍ “အချင်းတို့- သာကီဝင်မင်းတို့သည် “ငါတို့ကား သူတစ်ပါး၏အသက်ကို မသတ်ဖြတ်ကြကုန်”ဟု ဆိုကုန်သည်မဟုတ်လော၊ ထိုသို့ ဆိုကုန်လျက်လည်း ငါ၏စစ်သည်တော် ယောက်ျားတို့ကို သတ်ဖြတ်ကုန်၏”ဟု ဆို၏။ ထိုအခါ ဝိဋဋူဘမင်းကို ယောက်ျားတစ်ယောက်သည် “အရှင်မင်းကြီး- အဘယ်သို့ဆိုသနည်း၊ ပြန်လည်၍ ကြည့်ရှုတော်မူပါဦးလော့”ဟု ဆိုလေ၏။ သာကီဝင်မင်းတို့သည် “ငါ၏ စစ်သည်တော် ယောက်ျားတို့ကို သတ်ဖြတ်ကုန်၏”ဟု ဆိုပြန်၏။ “အရှင်မင်းကြီးတို့၏ စစ်သည်တော် ယောက်ျားသည် တစ်ယောက်မျှလည်း သေသောသူ မရှိ”ဟုဆိုလျှင် “အချင်းတို့- ယင်းသို့ဖြစ်မူ ငါတိုက်တွန်း၏၊ ရေတွက်ကြကုန်လော့”ဟု ပြောဆို၍ ရေတွက်စေသည်ရှိသော် တစ်ယောက်သောသူ၏လည်း ကုန်ပျောက်ပျက်စီးခြင်းကို မမြင်။ ဝိဋဋူဘမင်းသည် ထိုအရပ်မှ ပြန်လည်ဆုတ်နစ်၍ “အချင်းတို့- “ငါတို့ကား သာကီဝင် ဖြစ်ကုန်၏”ဟု ပြောဆိုကုန်သော ထိုထိုအလုံးစုံသော သူတို့ကို သတ်ကြကုန်လော့။ ဘိုးတော်ဖြစ်သော မဟာနာမ် သာကီဝင်မင်း၏အထံ၌ နေကုန်သောသူတို့၏ အသက်ကို ချမ်းသာပေးကြကုန်လော့”ဟု ဆိုလေ၏။

သာကီဝင်မင်းတို့သည် ကိုင်ယူသင့် ကိုင်ယူစရာကို မမြင်ရှာကြကုန်သဖြင့် အချို့ကား မြက်ပင်ကို ကိုင်လျက်၊ အချို့ကား ကျူပင်ကိုကိုင်စွဲလျက် ရပ်တည်ကြလေကုန်၏။ “သင်တို့သည် သာကီဝင်တို့ မဟုတ်ကုန်လော”ဟု မေးမြန်းလတ်သော် ထိုသာကီဝင်တို့သည် သေကုန်သော်လည်း မဟုတ်မမှန်သော စကားကို မဆိုကြကုန်။ ထို့ကြောင့် မြက်ပင်ကို ကိုင်လျက်တည်သော သူတို့သည် “သာကီဝင် မဟုတ်၊ မြက်”ဟု ဆိုကြရှာကုန်၏။ ကျူပင်ကို ကိုင်စွဲလျက်တည်သော သူတို့သည် “သာကီဝင် မဟုတ်၊ ကျူ”ဟု ဆိုကြရှာကုန်၏။ အကြင် သာကီဝင်တို့သည်ကား မဟာနာမ်မင်းကြီး၏အထံ၌ နေကြကုန်၏၊ ထိုသာကီဝင်တို့သာလျှင် အသက်ကို ရကြကုန်၏။ ထိုသာကီဝင်တို့တွင် မြက်ပင်ကို ကိုင်လျက်တည်သော သာကီဝင်တို့သည် “တိဏသာကီဝင်”တို့ မည်ကုန်၏။ ကျူပင်ကို ကိုင်စွဲလျက် တည်သော သာကီဝင်တို့သည် “နဠသာကီဝင်”တို့ မည်ကုန်၏။ ဝိဋဋူဘသည်လည်း ကြွင်းသော နို့စို့သူငယ်တို့ကိုပင် မလွှတ်မူ၍ သတ်စေလျက် သွေးချောင်းစီးစေပြီးလျှင် ထိုသာကီဝင်မင်းတို့၏ လည်ချောင်းသွေးဖြင့် မိမိနေထိုင်ရာ ပျဉ်ချပ်ကို ဆေးကြောစေ၏။ ဤသို့သော အခြင်းအရာဖြင့် သာကီဝင်မင်း အဆက်အနွယ်သည် ဝိဋဋူဘမင်း၏ ဘေးဖြင့် ပြတ်ခြင်းသို့ ရောက်လေ၏။

မဟာနာမ်မင်းကြီး နဂါးပြည်၌ တစ်ဆယ့်နှစ်နှစ် နေခြင်း

ဝိဋဋူဘမင်းသည် ဘိုးတော်ဖြစ်သော မဟာနာမ် သာကီဝင်မင်းကြီးကို ဆောင်ယူခဲ့စေ၍ ဆုတ်နစ်ပြန်လာသည်ရှိသော် နံနက်စာစားချိန်အခါ၌ “နံနက်စာ ပွဲတော်တည်ခြင်းကို ပြုအံ့”ဟု တစ်ခုသောအရပ်၌ သက်ဆင်းထိုင်နေ၍ ဘောဇဉ်အုပ်ကို ဆောင်ယူအပ်သည်ရှိသော် “အတူတကွ ပွဲတော်တည်အံ့”ဟု ဘိုးတော် မဟာနာမ်မင်းကြီးကို ခေါ်စေလေ၏။ မင်းမျိုးတို့မည်သည်ကား အသက်ကိုစွန့်ရသော်လည်း ကျွန်မသားတို့နှင့် အတူတကွ ပွဲတော်မတည်ကြကုန်။ ထို့ကြောင့် မဟာနာမ်မင်းကြီးသည် ရေအိုင်တစ်ခုကို ကြည့်ရှုလျက် “ငါ့မြေး- ညစ်နွမ်းသော ကိုယ်ရှိသည်ဖြစ်ခဲ့၏၊ ရေချိုးအံ့”ဟု ဆိုလေ၏။ “ဘိုးတော်- ကောင်းလှပါပြီ၊ ရေချိုးတော်မူကြပါဦးလော့”ဟု ပြန်လျှောက်လေ၏။ ထိုမဟာနာမ်မင်းကြီးသည်ကား “ဤဝိဋဋူဘသည် အတူတကွ မစားသည်ရှိသော် ငါ့ကို သတ်လတ္တံ့၊ မိမိအလိုလိုသာလျှင် သေရခြင်းသည် မြတ်၏”ဟု ဆံတို့ကိုဖြည်သဖြင့် အဖျား၌ အထုံးအဖွဲ့ပြု၍ ဆံပင်တို့၌ ခြေမတို့ကို သွတ်သွင်းပြီးလျှင် ရေ၌ ငုပ်လျှိုးလေ၏။

ထိုမဟာနာမ်မင်း၏ ဂုဏ်ကျေးဇူး အာနုဘော်ကြောင့် နဂါးပြည်သည် ပူသောအခြင်းအရာကို ပြလေ၏။ နဂါးမင်းသည် အကြောင်း အဘယ်သို့ရှိသနည်းဟု စူးစမ်းဆင်ခြင်လတ်သည်ရှိသော် ထိုအကြောင်းကိုသိရလျှင် မဟာနာမ်မင်းကြီးအထံသို့လာ၍ မဟာနာမ်မင်းကြီးကို ပါးပျဉ်းထက်နေစေ၍ နဂါးပြည်သို့ ဆောင်သွင်းလေ၏။ ထိုမဟာနာမ်မင်းကြီးသည်လည်း တစ်ဆယ့်နှစ်နှစ်ပတ်လုံး ထိုနဂါးပြည်၌သာလျှင် စံနေတော်မူလေ၏။ ထိုဝိဋဋူဘမင်းလည်း “ငါ၏ ဘိုးတော်မင်းကြီးသည် ယခုပင် လာလတ္တံ့”ဟု ဆိုင်းငံ့မျှော်လျက်သာ နေလေ၏။ ထိုမဟာနာမ်မင်းကြီးသည် အလွန်ကြာမြင့်လှသည်ရှိသော် ရေအိုင်၌ စူးစမ်းရှာဖွေစေ၍ ဆီမီးရောင်အလင်းဖြင့် သူတစ်ပါးတို့၏ အဝတ် အသုံးအဆောင် အကြားတို့ကိုလည်း ရှာဖွေကြည့်ရှုပြန်ရာ မမြင်သဖြင့် ထွက်သွားတော်မူသည် ဖြစ်လတ္တံ့ဟု နှလုံးပြု၍ ဖဲသွားလေ၏။

ဝိဋဋူဘတို့၏ ကံကြမ္မာဆိုး

ဝိဋဋူဘသည် ညဉ့်အဖို့၌ အစိရဝတီမြစ်သို့ရောက်၍ သစ်ခက်တဲနန်းတော်သို့ သက်ဝင်နေထိုင်လေ၏။ အချို့ ကုန်သော ရဲမက်ဗိုလ်ပါတို့သည် မြစ်၏အတွင်း သဲသောင်ပြင်စု၌ အိပ်ကြကုန်၏။ အချို့ကား မြစ်မှအပ ကြည်းကုန်းထက်၌ အိပ်ကြကုန်၏။ မြစ်၏အတွင်း၌ အိပ်ကုန်သော သူတို့တွင်လည်း ရှေး၌ မိမိ၏ပြုအပ်သော မကောင်းမှု အကုသိုလ်ကံကင်းသော သူတို့သည် ရှိကုန်၏။ မြစ်မှအပ၌ အိပ်ကုန်သော သူတို့တွင်လည်း ရှေး၌ပြုအပ်သော မကောင်းမှု အကုသိုလ်ကံ မကင်းသောသူတို့သည် ရှိကုန်၏။ ထိုသူတို့၏ အိပ်ရာအရပ်တို့၌ ပိုးပုရွက်တို့သည် ထကြွကိုက်ခဲကြကုန်၏။ ထိုသူတို့သည် “ငါတို့၏ အိပ်ရာအရပ်၌ ပိုးပုရွက်တို့ ရှိကုန်၏။ ငါတို့၏ အိပ်ရာအရပ်၌ ပိုးပုရွက်တို့ ရှိကုန်၏”ဟုဆို၍ ထကြပြီးလျှင် ရှေးဘဝ၌ပြုအပ်သော အကုသိုလ်ကံကင်းကုန်သောသူတို့သည် တက်၍ ကြည်းကုန်းထက်၌ အိပ်ကြကုန်၏။ ပြုအပ်ပြီးသော အကုသိုလ်ကံ မကင်းသောသူတို့သည် သက်ဆင်း၍ သဲသောင်ပြင်စု၌ အိပ်ကြကုန်၏။ ထိုခဏ၌ မိုးကြီးသည် တက်လတ်၍ တစ်ခဲနက်သော မိုးကြီးကို သည်းထန်စွာ အထက်မြစ်ညာ၌ ရွာချလေ၏ ။ မြစ်၌ ရေအလျဉ်သည် စီးလာ၍ ရဲမက်ဗိုလ်ပါ ပရိသတ်အပေါင်းနှင့်တကွ ဝိဋဋူဘမင်းကို သမုဒ္ဒရာသို့သာလျှင် ရောက်စေလေ၏၊ မျှောလိုက်လေ၏။ ထိုသမုဒ္ဒရာ၌ အလုံးစုံသောသူတို့သည် ငါးလိပ်တို့၏ အစာဖြစ်ကုန်၏။

သာကီဝင်တို့၏ ရှေးမကောင်းမှုကံ

များစွာသော လူအပေါင်းသည် စကားကို ဖြစ်စေကြကုန်၏။ “သာကီဝင်မင်းတို့၏ သေရပုံကား မသင့်၊ သာကီဝင်မင်းတို့သည် ဤသို့ဤပုံ ဖြတ်၍ဖြတ်၍ အသတ်ခံရရှာကုန်၏။ ထိုသို့ အသတ်ခံရခြင်းသည် မသင့်မလျော်ချေတကား”ဟု စကားကို ဖြစ်စေကြကုန်၏။ မြတ်စွာဘုရားသည် ထိုစကားကို ကြားတော်မူသည်ရှိသော် “ချစ်သားရဟန်းတို့- ဤကိုယ်၏အဖြစ်၌ သာကီဝင်မင်းတို့အား ဤသို့သေရခြင်းသည် အကယ်၍ကား မလျောက်ပတ်၊ ထိုသို့ပင် မလျောက်ပတ်သော်လည်း ဤသာကီဝင်မင်းတို့သည် ရှေးဘဝ၌ ပြုအပ်ဖူးသော ကံ၏ အစွမ်းဖြင့်ကား သင့်လျော်လျောက်ပတ်သော သေရခြင်းကိုသာ ရအပ်ပေ၏”ဟု မိန့်တော်မူလေ၏။ “ဘုန်းတော်အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား- ထိုသာကီဝင်မင်းတို့သည် ရှေးဘဝ၌ အဘယ်မကောင်းမှုကို ပြုကြကုန်ဖူးပါသနည်းဘုရား”ဟု မေးလျှောက်သဖြင့် “ထိုသာကီဝင်မင်းတို့သည် တစ်ပေါင်းတည်း အတူတကွဖြစ်၍ မြစ်၌ အဆိပ်ကို ထည့်ခဲ့ဖူးကြလေ၏”ဟု မိန့်တော်မူလေ၏။

တစ်ဖန် တစ်နေ့သ၌ များစွာကုန်သော ရဟန်းတို့သည် တရားသဘင်၌ “ဝိဋဋူဘသည် ဤမျှလောက်သော သာကီဝင်မင်းတို့ကို သတ်ဖြတ်၍ ပြန်လာခဲ့ရာ မိမိ၏အလို မပြည့်စုံသေးမီသာလျှင် ဤမျှလောက်သော ဗိုလ်ခြေနှင့်တကွ မဟာသမုဒ္ဒရာ၌ ငါးလိပ်တို့၏အစာ ဖြစ်ရရှာ၏”ဟု စကားကို ဖြစ်စေကြကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာဆဲဖြစ်သောအခါ အဘယ်စကားဖြင့် အညီအညွတ် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသဖြင့် “ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု လျှောက်ကြားသည်ရှိသော် “ချစ်သားရဟန်းတို့- ဤသူတို့၏ နှလုံးအလို မပြည့်သေးမီသာလျှင် သေမင်းသည် အိပ်ပျော်နေသော ရွာသူရွာသားအပေါင်းကို လွှမ်းမိုးဖိစီး မြှုပ်နှစ်တတ်သော ကြီးစွာသော ရေအလျဉ်ကဲ့သို့ ဇီဝိတိန္ဒြေကိုဖြတ်၍ အပါယ်တည်းဟူသော သမုဒ္ဒရာလေးစင်းတို့၌ နစ်မွန်းလျှိုးငုပ် မြုပ်စေလေ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၄၇] ပုပ္ဖာနိဟေ၀ ပစိနန္တံ၊ ဗျာသတ္တမာနသံ နရံ။
သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ၊

ပုပ္ဖာနိ၊ ငါးပါးအာရုံ ကာမဂုဏ်တည်းဟူသော ပန်းပွင့်တို့ကို။ ပစိနန္တံဟေဝ၊ ရွေးချယ်ဆဲသာလျှင် ဖြစ်သော။ ဗျာသတ္တမာနသံ၊ အထူးထူးအပြားပြားသော အခြင်းအရာအားဖြင့် လွန်စွာကပ်ငြိသော စိတ်ရှိသော။ နရံ၊ သတ္တဝါကို။ မဟောဃော၊ ကြီးစွာသော ရေအလျဉ်သည်။ သုတ္တံ၊ အိပ်ပျော်သော။ ဂါမံ၊ ရွာနေသူ လူအပေါင်းကို။ အာဒါယ၊ ယူဆောင်၍။ ဂစ္ဆတိ ဣဝ၊ သွားသကဲ့သို့။ မစ္စု၊ သေမင်းသည်။ အာဒါယ၊ ယူ၍။ ဂစ္ဆတိ၊ သွားလေ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ဝိဋဋူဘဝတ္ထု ပြီး၏။

֍ * ၄။ ပတိပူဇိကာ သတို့သမီးဝတ္ထု

ပုပ္ဖာနိဟေဝအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် ပတိပူဇိကာအမည်ရှိသော သတို့သမီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ထိုတာဝတိံသာနတ်ပြည်၌ မာလဘာရီ အမည်ရှိသော နတ်သားသည် နတ်သမီးတစ်ထောင် ခြံရံလျက် ဥယျာဉ်သို့ ဝင်လေ၏။ ငါးရာကုန်သော နတ်သမီးတို့သည် ပန်းပင်ထက်သို့တက်၍ ပန်းတို့ကို ဆွတ်ခြွေ၍ ချကြကုန်၏။ ငါးရာကုန်သော နတ်သမီးတို့သည် ကြွေကျလာသော ပန်းတို့ကို ကောက်ယူ၍ နတ်သားကို တန်ဆာဆင်ကြကုန်၏။ ထိုနတ်သမီးတို့တွင် တစ်ဦးသော နတ်သမီးသည် တစ်ခုသော သစ်ကိုင်းထက်၌ပင်လျှင် ကွယ်လွန်ရှာလေသဖြင့် ခန္ဓာကိုယ်သည် ဆီမီးလျှံကဲ့သို့ ကွယ်ပျောက်, ချုပ်ငြိမ်းလေ၏။

ထိုနတ်သမီးသည် သာဝတ္ထိပြည်၌ တစ်ဦးသော အမျိုးအိမ်၌ ပဋိသန္ဓေ တည်နေပြီးလျှင် ဖွားမြင်သောအခါ ဘဝဟောင်းကို အောက်မေ့နိုင်သည့် ဇာတိဿရဉာဏ်ကို ရသည်ဖြစ်၍ မာလဘာရီနတ်သား၏ ကြင်ဖက်ဖြစ်ဖူးကြောင်းကို အစဉ်အောက်မေ့လျက် ကြီးရင့်သောအရွယ်သို့ ရောက်လတ်သည်ရှိသော် နံ့သာပန်းစသည်တို့ဖြင့် ပူဇော် လှူဒါန်းခြင်းကိုပြု၍ “အရှင်ဖြစ်သော မာလဘာရီ နတ်သား၏အထံ၌ ပြန်၍ ဖြစ်ရပါစေသတည်း”ဟု ဆုတောင်းပတ္ထနာ ပြုလေ၏။

ပတိပူဇိကာ အမည်ရပုံ

ထိုသတို့သမီးသည် တစ်ဆယ့်ခြောက်နှစ်ရှိသောအခါ လင်ယောက်ျား၏အိမ်သို့ လိုက်သွားရသော်လည်း စာရေးတံဆွမ်း, လဆန်းပက္ခ လဆုတ်ပက္ခ၌ လှူအပ်သော ဆွမ်း, ဝါဆိုသင်္ကန်း စသည်တို့ကို လှူဒါန်းပေးကမ်း၍ “ငါ၏ ယခုပြုအပ်သော ကောင်းမှုသည် အရှင်ဖြစ်သော လင်၏အထံ၌ ဖြစ်ရပါစေခြင်းအကျိုးငှာ အထောက်အပံ့ ဖြစ်ပါစေသတည်း”ဟု နှုတ်မြွက်၍ ဆုတောင်းပတ္ထနာ ပြုလေ၏။ ထိုအခါ ထိုသတို့သမီးအား ရဟန်းတို့သည် “ဤသတို့သမီးသည် ထကြွလုံ့လ ဥဿာဟရှိသည်ဖြစ်၍ ဒါနစသော ကုသိုလ်ကောင်းမှုကို ပြုစုတိုင်း,ပြုစုတိုင်း လင်ကိုသာ တောင့်တသည်”ဟု ဆို၍ “ပတိပူဇိကာ”ဟူသော အမည်ကို မှည့်ခေါ်ကြကုန်၏။

ဆုတောင်းပြည့်ပုံ

ထိုပတိပူဇိကာ သတို့သမီးသည်လည်း မပြတ်သာလျှင် ဆွမ်းစားဇရပ်ကို သုတ်သင်ရှင်းလင်း၏၊ သောက်ရေ သုံးဆောင်ရေကို တည်ထား၏၊ နေထိုင်စရာ နေရာတို့ကို ခင်းထား၏။ စာရေးတံဆွမ်း စသည်တို့ကို လှူလိုကြကုန်သော တစ်ပါးသော လူတို့ကလည်း “ချစ်သမီး- ဤလှူဖွယ်ဝတ္ထုတို့ကိုလည်း ရဟန်းသံဃာအား ကိုယ်စားပြု၍၊ ဝါ၊ တစ်ဆင့်လှူဒါန်းပေးပါလော့”ဟု ဆိုသည်ရှိသော် ဆောင်ယူလာ၍ လှူဒါန်းပေး၏။ ဤသို့သောနည်းဖြင့် လာတိုင်း သွားတိုင်းသော ထိုပတိပူဇိကာ သတို့သမီးသည် ခြေတစ်လှမ်းအကြိမ်၌ ငါးဆယ့်ခြောက်ပါးသော ကုသိုလ်တရားတို့ကို ရလေ၏။ ထိုပတိပူဇိကာ သတို့သမီး၏ဝမ်း၌ ကိုယ်ဝန်သန္ဓေတည်သဖြင့် ဆယ်လလွန်သောအခါ သားငယ်ကို ဖွားမြင်လေ၏။ ထိုသူငယ် ခြေဖြင့်သွားနိုင်သောအခါ သားတစ်ယောက်ကိုထပ်မံ ဖွားမြင်ပြန်လေ၏။ ဤသို့လျှင် သားလေးယောက်တို့ကို ရလေ၏။ ထိုပတိပူဇိကာ သတို့သမီးသည် တစ်နေ့သ၌ အလှူလှူခြင်း, ပူဇော်ခြင်း, တရားနာခြင်း, သိက္ခာပုဒ်တို့ကို စောင့်ရှောက်ထိန်းသိမ်းခြင်းတို့ကို ပြု၍နေစဉ် နေ့အဆုံး ညချမ်းသောကာလ၌ ထိုတစ်ခဏချင်း ဖြစ်ပေါ်သော တစ်စုံတစ်ခုသော အနာရောဂါကြောင့် ဘဝတစ်ပါးပြောင်းသွားပြန်သည်ရှိသော် မိမိ၏ အရှင်ဖြစ်ခဲ့ဖူးသော မာလဘာရီနတ်သား၏ အထံ၌သာ ပြန်၍ ဖြစ်လေ၏။

လူ့ဘဝ၌ နေခဲ့ရပုံ ရှင်းပြ

အဖော်ဖြစ်ကုန်သော တစ်ပါးသော နတ်သမီးတို့သည်လည်း ဤမျှလောက် ကြာမြင့်သော ကာလပတ်လုံး မာလဘာရီနတ်သားကို တန်ဆာဆင်လျက်ပင် ရှိကြကုန်သေး၏။ မာလဘာရီနတ်သားသည် ထိုပတိပူဇိကာ နတ်သမီးကို မြင်ရလျှင် “အသင်သည် နံနက်စောစော ကာလမှစ၍ ပျောက်နေသည်၊ အဘယ်အရပ်သို့ သွားသနည်း”ဟု မေးမြန်းလေ၏။ “ကျွန်မသည် စုတိပျက်ပြား သေလွန်သွားပါသည် အရှင်နတ်သား”ဟု ဖြေဆိုလေ၏။ “သင် အဘယ်သို့ ဆိုဘိသနည်း”ဟု မေးပြန်လတ်သော် “ဤသို့ စုတိပျက်ပြား သေလွန်သွားသည်မှာ မှန်ပါသည်အရှင်နတ်သား”ဟု ဆိုလေ၏။ “အဘယ်အရပ်၌ ဖြစ်ခဲ့သနည်း”ဟု မေးပြန်လတ်သော် “သာဝတ္ထိပြည် တစ်ဦးသော အမျိုးအိမ်၌ ဖြစ်ပါသည်”ဟု ပြောပြလေ၏။ “ထိုဘဝ၌ အဘယ်မျှကာလပတ်လုံး နေခဲ့သနည်း”ဟု မေးပြန်လတ်သော် “အရှင်နတ်သား- ဆယ်လလွန်သောအခါ အမိဝမ်းမှ ဖွားမြင်၍ တစ်ဆယ့်ခြောက်နှစ် ရှိသောအခါ လင်ယောက်ျား၏အိမ်သို့ လိုက်သွား၍ သားလေးယောက်တို့ကို ဖွားမြင်ခဲ့ပြီးလျှင် အလှူပေးခြင်းစသော ကောင်းမှုတို့ကို ပြုစုအားထုတ်လျက် အရှင်နတ်သားတို့ကို တောင့်တသဖြင့် ပြန်လာခဲ့ရာ အရှင်နတ်သားတို့၏အထံ၌သာ တစ်ဖန် ဖြစ်လာရပါသည်”ဟု ဆိုလေ၏။

လူတို့ဘဝ သံဝေဂယူဖွယ်

“လူတို့၏ အသက်သည် အဘယ်မျှ အပိုင်းအခြားရှိသနည်း”ဟု မေးလတ်ပြန်သော် “အနှစ်တစ်ရာ မျှလောက်သာ အသက်ရှည်ကြပါကုန်၏”ဟု ဆိုလေ၏။ “ဤအနှစ်တစ်ရာ မျှလောက်သာလျှင် ဖြစ်လေသလော”ဟု မေးလတ်ပြန်သည်ရှိသော် “အရှင်နတ်သား- ဤအနှစ်တစ်ရာ မျှလောက်သာ ဟုတ်ပါပေသည်”ဟု ဝန်ခံကာ ဆိုလေ၏။ “ဤအနှစ်တစ်ရာ မျှလောက်သော အသက်ကိုယူ၍ ဖြစ်ကုန်သော လူတို့သည် အိပ်ပျော်ခြင်း, မေ့လျော့ခြင်း ရှိကုန်သည်ဖြစ်၍ ကာလကို ကုန်လွန်စေကြကုန်သလော၊ ထိုသို့မဟုတ် အလှူပေးခြင်းအစရှိသော ကောင်းမှုတို့ကို ပြုကြကုန်သလော”ဟု မေးပြန်သည်ရှိသော် “အရှင်နတ်သား- အဘယ်သို့ ဆိုတော်မူပါသနည်း၊ နှစ်အသင်္ချေ မရေမတွက်နိုင်သော အသက်ကိုယူ၍ ဖြစ်ကုန်သကဲ့သို့လည်းကောင်း၊ မအိုနိုင်, မသေနိုင်ကြကုန်သကဲ့သို့လည်းကောင်း လူတို့သည် အမြဲမပြတ် မေ့လျော့ကြကုန်၏”ဟု ဆိုလေ၏။

ထိုသို့ ဆိုသောအခါ “အနှစ်တစ်ရာမျှလောက်သော အသက်ကိုယူ၍ ဖြစ်ကုန်သောလူတို့သည် မေ့လျော့ကုန်လျက် တုံးလုံးလှဲကာ အိပ်မောကျကြကုန်၏။ အဘယ်အခါ ဆင်းရဲမှ လွတ်နိုင်ကြကုန်လတ္တံ့နည်း”ဟု မာလဘာရီ နတ်သားအား ကြီးစွာသော ထိတ်လန့်ခြင်း သံဝေဂသည် ဖြစ်လေ၏။

(လူတို့၏ သက်တမ်း အနှစ်တစ်ရာသည် တာဝတိံသာ နတ်သက်အားဖြင့် တစ်နေ့နှင့်တစ်ညဉ့် တစ်ရက်မျှဖြစ်၏။)

ပတိပူဇိကာ၏ အတိတ်နှင့်ပစ္စုပ္ပန်

တစ်ဖန် မိုးသောက်ရောက်သောနေ့၌ ရဟန်းတို့သည် ရွာတွင်းသို့ ဝင်ကုန်သည်ရှိသော် ဆွမ်းစားဇရပ် မသုတ်သင်သည်ကိုလည်းကောင်း၊ နေရာမခင်းသည်ကိုလည်းကောင်း၊ သောက်ရေ သုံးဆောင်ရေ တည်မထားသည်ကိုလည်းကောင်း မြင်ကြကုန်သည်ဖြစ်၍ “ပတိပူဇိကာ ဥပါသိကာမသည် အဘယ်မှာနည်း”ဟု ဆိုကြလေကုန်၏။ “အရှင်ဘုရားတို့သည် အဘယ်မှာ ပတိပူဇိကာ ဥပါသိကာမကို မြင်နိုင်ပါကုန်အံ့နည်း၊ ယမန်နေ့၌ အရှင်မြတ်တို့သည် ဆွမ်းဘုဉ်းပေးပြီး၍ ပြန်ကြွကြကုန်သည်ရှိသော် ညချမ်းသောအခါ ခန္ဓာပျက်ကြွေ သေရှာလေပြီ”ဟု လျှောက်ကြားကြကုန်၏။ ထိုစကားကိုကြား၍ ပုထုဇဉ်ရဟန်းတို့သည် ထိုဥပါသိကာမ၏ ကျေးဇူး ဥပကာရကို အောက်မေ့ကုန်လျက် မျက်ရည်ဆည်ခြင်းငှာ မတတ်နိုင်ကြလေကုန်၊ ရဟန္တာပုဂ္ဂိုလ်တို့အားကား ဓမ္မသံဝေဂသည် ဖြစ်လေ၏။

ထိုရဟန်းတို့သည် ဆွမ်းစားခြင်းကိစ္စပြု၍ ကျောင်းသို့ သွားရောက်ပြီးလျှင် ဘုရားရှင်ကို ရှိခိုး၍ “ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား- ပတိပူဇိကာမည်သော ဥပါသိကာမသည် ထကြွလုံ့လ ဥဿာဟဖြင့် အထူးထူးအပြားပြားသော ကောင်းမှုတို့ကိုပြု၍ လင်ကိုသာ တောင့်တပါသည်၊ ထိုဥပါသိကာမသည် ယခုအခါ သေရှာပါပြီ၊ အဘယ်အရပ်၌ ဖြစ်ပါသနည်းဘုရား”ဟု မေးလျှောက်ကြကုန်သည်ရှိသော် “ချစ်သားရဟန်းတို့- မိမိအရှင် လင်ယောက်ျား၏အထံ၌ပင် ဖြစ်လေပြီ”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- အရှင်လင်ယောက်ျား၏ အထံ၌ ထိုဥပါသိကာမ မရှိပါဘုရား”ဟု လျှောက်ကုန်ကြသည်ရှိသော် “ချစ်သားရဟန်းတို့- ပတိပူဇိကာ ဥပါသိကာမသည် ဤလူ့ပြည်၌ရှိသော လင်ယောက်ျားကို တောင့်တသည် မဟုတ်၊ တာဝတိံသာနတ်ပြည်၌ မာလဘာရီမည်သော နတ်သားသည် ထိုဥပါသိကာမ၏ အရှင်လင်ယောက်ျားပေတည်း။ ထိုဥပါသိကာမသည် မာလဘာရီ နတ်သား၏အထံ၌ပင် ဖြစ်လေပြီ”ဟု မိန့်တော်မူလေ၏။ „မြတ်စွာဘုရား- ဤသို့ ဖြစ်ပါသလားဘုရား”ဟု မေးလျှောက်ကြပြန်သည်ရှိသော် “ချစ်သားရဟန်းတို့- ဤသို့ဖြစ်ပေသည်”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- သတ္တဝါတို့၏အသက်သည် အလွန်နည်းပါးလေစွတကား။ နံနက်အခါ ကာလ၌ပင် ဘုရားတပည့်တော်တို့ကို ဆွမ်းလုပ်ကျွေးပါသေးလျက် ညချမ်းသောအခါ၌ ဖြစ်သောအနာဖြင့် သေရရှာလေ၏”ဟု လျှောက်ထားသည်ရှိသော် မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- သတ္တဝါတို့၏ အသက်မည်သည်ကား နည်းပါးသည် မှန်ပေ၏၊ ထို့ကြောင့်သာလျှင် ဤသတ္တဝါတို့ကို ဝတ္ထုကာမတို့ဖြင့်လည်းကောင်း၊ ကိလေသာကာမတို့ဖြင့်လည်းကောင်း မရောင့်ရဲ မတင်းတိမ်သေးမီသာလျှင် သေမင်းသည် မိမိအလိုနိုင်ငံသို့ လိုက်စေ၍ ငိုကြွေးမြည်တမ်းကုန်စဉ် ယူဆောင်၍ သွားပေ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၄၈] ပုပ္ဖာနိဟေဝ ပစိနန္တံ၊ ဗျာသတ္တမာနသံ နရံ။
အတိတ္တံယေဝ ကာမေသု၊ အန္တကော ကုရုတေ ဝသံ။

ပုပ္ဖာနိ၊ ငါးပါးအာရုံ ကာမဂုဏ်တည်းဟူသော ပန်းပွင့်တို့ကို။ ပစိနန္တံဟေဝ၊ ရွေးချယ်ဆဲသာလျှင် ဖြစ်သော။ ဗျာသတ္တမာနသံ၊ အထူးထူး အပြားပြားသော အခြင်းအရာဖြင့် လွန်စွာကပ်ငြိသော စိတ်ရှိသော။ ကာမေသု၊ ဝတ္ထုကာမ ကိလေသာကာမတို့၌။ အတိတ္တံယေဝ၊ ရှာမှီးခြင်း, ရခြင်း, သုံးဆောင်ခြင်း, သိုမှီးခြင်းအားဖြင့် မရောင့်ရဲသည်သာလျှင် ဖြစ်သော။ နရံ၊ သတ္တဝါကို။ အန္တကော၊ သေမင်းသည်။ ဝသံ၊ မိမိအလိုကို။ ကုရုတေ၊ ပြုပေ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ပတိပူဇိကာ သတို့သမီးဝတ္ထု ပြီး၏။

֍ * ၅။ မစ္ဆရိယ ကောသိယသူဌေး ဝတ္ထု

ယထာပိ ဘမရော ပုပ္ဖံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် မစ္ဆရိယ ကောသိယသူဌေးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သူဌေးကြီး၏ နှမျောတွန့်တိုပုံ

ရာဇဂြိုဟ်ပြည်၏ မနီးမဝေးသောအရပ်၌ သက္ကာရ အမည်ရှိသော နိဂုံးသည် ရှိလေသတတ်။ ထိုနိဂုံး၌ ကုဋေရှစ်ဆယ်ဥစ္စာကြွယ်သော မစ္ဆရိယ ကောသိယမည်သော သူဌေးကြီးတစ်ဦးသည် နေ၏။ ထိုသူဌေးသည် မြက်ပင်ဖျားဖြင့် ဆီတစ်ပေါက်မျှလောက်ကိုလည်း သူတစ်ပါးတို့အား မပေးမလှူ၊ မိမိလည်း မသုံးဆောင် မခံစား။ ထို့ကြောင့် ထိုသူဌေးကြီးအား ထိုမျှလောက်သော စည်းစိမ်ဥစ္စာသည် ဖြစ်လေ၏။ သားမယားစသော သူတို့အားလည်းကောင်း၊ ရဟန်းပုဏ္ဏားတို့အားလည်းကောင်း တစ်စုံတစ်ခုမျှသော အကျိုးစီးပွားကို မပြီးစေနိုင်။ ရက္ခိုက်ဘီလူး သိမ်းဆည်း၍ထားအပ်သော ရေကန်ကြီးကဲ့သို့ မသုံးဆောင်ထိုက်သော အရာဖြစ်၍ တည်၏။ မြတ်စွာဘုရားသည် တစ်နေ့သ၌ မိုးသောက်ယာမ် နံနက်စောစော မဟာကရုဏာသမာပတ်မှ ထတော်မူလျက် အလုံးစုံသော လောကဓာတ်၌ သစ္စာလေးပါးသိခြင်းငှာ ထိုက်သော ဝေနေယျတို့ကို ကြည့်ရှုတော်မူလတ်သည်ရှိသော် လေးဆယ့်ငါးယူဇနာထက်၌ နေထိုင်လျက်ရှိသော မစ္ဆရိယ ကောသိယသူဌေးကြီး၏ သူဌေးကတော်ကြီးနှင့်တကွ သောတာပတ္တိဖိုလ်ရအံ့သော အကြောင်း ဥပနိဿယကို မြင်တော်မူလေ၏။

ထိုဘုရားရှင် မြင်တော်မူသောနေ့မှ ရှေးဖြစ်သော တစ်နေ့၌ကား ထိုသူဌေးကြီးသည် မင်းကြီးသို့ ဆည်းကပ် ခစားခြင်းငှာ မင်း၏နန်းတော်သို့သွား၍ မင်းခစားခြင်းကိုပြု၍ ပြန်လာခဲ့သည်ရှိသော် ဆာလောင်မွတ်သိပ်ခြင်း ကိုယ်တွင်းရှိသော ဇနပုဒ်သားတစ်ယောက် မုယောမုန့်ဖြစ်သော မုန့်အိုးကင်း (ဂျုံမှုန့်ဖြင့်ပြုအပ်သော နံပြား, ပလာတာစသော မုန့်မျိုးတည်း။) စားနေသည်ကို မြင်ရသဖြင့် ထိုမုန့်၌ စားလိုသော အာသာဆန္ဒကို ဖြစ်စေလျက် မိမိ၏အိမ်သို့ ရောက်လတ်သော် ကြံစည်ပုံကား “ငါသည် မုန့်အိုးကင်းကို စားလိုသည်ဟု အကယ်၍ ဆိုငြားအံ့၊ များစွာသော လူတို့သည် ငါနှင့်အတူ စားလိုကုန်လတ္တံ့၊ ဤသို့အများစားကြသော် ငါ၏ များစွာသော နှမ်း, ဆန်, ထောပတ်, တင်လဲ စသည်တို့သည် ကုန်ခြင်းသို့ ရောက်ကုန်လတ္တံ့၊ တစ်စုံတစ်ယောက်အားမျှ မပြောကြားတော့အံ့”ဟု ကြံစည်၍ စားလိုသောတဏှာကို သည်းခံလျက် သွားလာလှည့်ပတ်၏။ ထိုသူဌေးလည်း ကာလရှည်ကြာလတ်သော် ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိသည်ဖြစ်၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိသည် ဖြစ်လေ၏။ ထို့နောက်မှ စားလိုသောတဏှာကို သည်းခံခြင်းငှာ မတတ်နိုင်ရကား တိုက်ခန်းတွင်းသို့ဝင်၍ ညောင်စောင်း၌ တက်၍ အိပ်လေ၏။ ဤသို့ပင် ဖြစ်သော်လည်း ဥစ္စာကုန်အံ့သောဘေးမှ ကြောက်သောကြောင့် တစ်စုံတစ်ယောက်သောသူအား တစ်ခွန်းသောစကားကိုမျှ မပြောမဆိုဘဲ တိတ်တဆိတ်သာ နေလေ၏။

ထိုအခါ သူဌေးကြီးကို သူဌေးကတော်သည် ချဉ်းကပ်၍ ကျောက်ကုန်းကို ဆုပ်နယ်သုံးသပ်လျက် “အရှင်သူဌေး- အရှင်အား အဘယ်သို့သော မချမ်းသာခြင်းသည် ဖြစ်လေသနည်း”ဟု မေးမြန်းလေ၏။ “ငါ့အား တစ်စုံတစ်ခုသော မချမ်းသာခြင်းသည် မရှိပေ”ဟု ပြောဆိုလတ်သော် “အရှင်သူဌေးကြီးအား မင်းကြီး အမျက်ထွက်လေသလော”ဟု မေးပြန်လေ၏။ “ငါ့အား မင်းကြီးသည်လည်း အမျက်မထွက်”ဟု ဆိုလတ်သော် “ယင်းသို့ဖြစ်မူ အသို့ပါနည်း၊ အရှင့်အား သားသမီးတို့သည်လည်းကောင်း၊ ကျွန်အမှုလုပ် အစရှိသော သူတို့သည်လည်းကောင်း၊ တစ်စုံတစ်ခုသော မနှစ်သက်ဖွယ်အမှုကို ပြုခြင်းရှိပါသလော”ဟု မေးပြန်လေ၏။ “ထိုသို့သဘောရှိသော အကြောင်းတစ်စုံတစ်ရာသည်လည်း မရှိ”ဟု ဆိုပြန်သော် “အရှင့်အား တစ်စုံတစ်ခုသောဝတ္ထု၌ စွဲလမ်းသော တဏှာသည် ရှိပါသလော”ဟု မေးမြန်းပြန်လေ၏။ ဤသို့ပင် မေးမြန်းပြောဆိုသော်လည်း ဥစ္စာကုန်အံ့သောဘေးမှ ကြောက်သောကြောင့် တစ်ခွန်းသော စကားကိုမျှမဆိုမူ၍ အသံ တိတ်ဆိတ်သည်ဖြစ်၍သာလျှင် အိပ်နေလေ၏။

ထိုအခါ သူဌေးကြီးကို သူဌေးကတော်သည် “အရှင် ပြောသာ ပြောပေါလော့၊ အရှင့်အား တစ်စုံတစ်ခုသော ဝတ္ထု၌ စွဲလမ်းသောတဏှာ ရှိပါသလော”ဟု ဆိုပြန်သော် သူဌေးကြီးသည် ထိုသူဌေးကတော်၏စကားကို အလွန်ပင်ပန်းသကဲ့သို့ပြု၍ “ငါ့အား စွဲလမ်းသော တဏှာသည် ရှိ၏”ဟု ဆိုလေ၏။ “အရှင်- အဘယ် စွဲလမ်းသောတဏှာ ဖြစ်သနည်း”ဟု မေးပြန်သော် မုန့်အိုးကင်းကို စားခြင်းငှာ အလိုရှိကြောင်း ပြောကြားလေ၏။ “ထိုသို့ဖြစ်လျက် ထိုအကြောင်းကို အဘယ့်ကြောင့် မပြောကြားလေသနည်း၊ အရှင်သည် လူမွဲဖြစ်သလော၊ ယခုပင်လျှင် အလုံးစုံသော မြို့နိဂုံး၌နေသော သူတို့အား စားလောက်အောင် မုန့်အိုးကင်းကို ကြော်ပါအံ့”ဟု ဆိုလတ်သော် “ထိုမြို့နိဂုံး၌နေသော သူတို့ဖြင့် အသင့်အား အဘယ်အကျိုးရှိအံ့နည်း၊ မိမိအမှုကို ပြုလုပ်၍ စားကုန်လတ္တံ့”ဟု ဆိုလေ၏။

“ယင်းသို့ဖြစ်မူ လမ်းတစ်လမ်းတည်း၌နေသော သူတို့အား စားလောက်အောင် မုန့်အိုးကင်းတို့ကို ကြော်ပါအံ့”ဟု ဆိုပြန်သော် “သင်၏ ဥစ္စာများစွာ ကြွယ်ဝသည့်အဖြစ်ကို ငါသိ၏”ဟု ဆိုလေ၏။ “ဤအိမ်အနီးအပါး ထက်ဝန်းကျင်၌ နေသောသူအားလုံးတို့အား စားလောက်အောင်ပြု၍ ကြော်ပါအံ့”ဟု ဆိုပြန်သော် “သင်၏ ကြီးကျယ်သော အလိုဆန္ဒရှိသည့်အဖြစ်ကို ငါသိ၏”ဟု ဆိုလေ၏။ “ယင်းသို့ဖြစ်မူ သင်သူဌေးကြီး၏ သားမယားမျှလောက်သာ စားလောက်ရုံပြု၍ ကြော်ပါအံ့”ဟု ဆိုပြန်သော် “ထိုသားမယားတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ဆိုလေ၏။ “အရှင်သူဌေးကြီးနှင့် ကျွန်တော်မအား စားလောက်ရုံပြု၍ ကြော်ရမည်လော”ဟု ဆိုပြန်သော် “သင့်ကို အဘယ်သို့ ပြုအံ့နည်း”ဟု ဆိုပြန်လေ၏။ “ထိုသို့ဖြစ်မူ အရှင်သူဌေးကြီးတစ်ယောက်အား စားလောက်ရုံပြု၍ ကြော်ပါအံ့”ဟု ဆိုသောအခါ “လူအများ မြင်ရာအရပ်၌ ကြော်သည်ရှိသော် လူအများတို့ လိုချင်တောင့်တကြကုန်လတ္တံ့။ ဆန်ကောင်းတို့ကို ဖယ်ထား၍ ဆန်ကွဲတို့ကိုလည်းကောင်း၊ ဖိုခနောက်, အိုးကင်းတို့ကိုလည်းကောင်း ယူ၍ အတန်ငယ်သော နို့ရည်, ထောပတ်, ပျား, တင်လဲကိုလည်းကောင်း ယူ၍ ဘုံခုနှစ်ဆင့်ရှိသော ပြာသာဒ်၏ အထက်ထပ်သို့တက်၍ ကြော်ရမည်၊ ထိုအထက်ထပ်၌ ငါတစ်ယောက်တည်းသာ နေထိုင်၍ စားမည်”ဟု ဆိုလေ၏။

ရှင်မောဂ္ဂလာန်၏ တန်ခိုး

သူဌေးကတော်လည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ ယူသင့်သမျှကို ယူစေပြီးလျှင် ပြာသာဒ်ထက်သို့တက်၍ ကျွန်မတို့ကို စေလွှတ်၍ သူဌေးကြီးကို ခေါ်စေလေ၏။ သူဌေးကြီးသည် အစတံခါးမှစ၍ တံခါးတို့ကိုပိတ်၍ တံခါးဟူသမျှတို့၌ ကျည်ငယ် ကျည်မတို့ကိုပေး၍ (မင်းတုတ်လျှို၍) ခုနစ်ဆင့်မြောက်သော အထပ်သို့တက်ပြီးလျှင် ထိုအထပ်၌လည်း တံခါးပိတ်၍ နေထိုင်လေ၏။ သူဌေးကတော်ကြီးသည်လည်း ဖိုခနောက်၌ မီးမွှေး၍ အိုးကင်းကို တင်ပြီးလျှင် မုန့်ကိုကြော်ခြင်းငှာ အားထုတ်လေ၏။

ထိုအခါ၌ကား မြတ်စွာဘုရားသည် နံနက်စောစောကပင်လျှင် အရှင်မောဂ္ဂလာန်မထေရ်ကို ခေါ်တော်မူ၍ မိန့်တော်မူလေ၏။ “ချစ်သား မောဂ္ဂလာန်- ရာဇဂြိုဟ်၏ မနီးမဝေးဖြစ်သော သက္ကာရနိဂုံး၌ မစ္ဆရိယသူဌေးသည် မုန့်အိုးကင်းတို့ကို စားအံ့ဟု သူတစ်ပါးတို့ မြင်အံ့သည်မှ ကြောက်သဖြင့် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၌ မုန့်အိုးကင်းတို့ကို ကြော်စေ၏။ သင်သည် ထိုအရပ်သို့သွား၍ သူဌေးကြီးကို ဆုံးမလျက် အဆိပ်အတောက်မရှိသည်ကို ပြုသဖြင့် နှစ်ယောက်စလုံးဖြစ်ကုန်သော ဇနီးခင်ပွန်းတို့ကိုလည်း မုန့်တို့ကိုလည်းကောင်း၊ နို့ရည်, ထောပတ်, ပျား, တင်လဲတို့ကိုလည်းကောင်း ယူစေ၍ မိမိ၏တန်ခိုးအာနုဘော်ဖြင့် ဇေတဝန်ကျောင်းတော်သို့ ဆောင်ခဲ့လော့။ ယနေ့ ငါဘုရားသည် ငါးရာသော ရဟန်းတို့နှင့်တကွ ဇေတဝန်ကျောင် တော်၌သာလျှင် နေတော်မူအံ့၊ မုန့်တို့ဖြင့်သာလျှင် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူအံ့”ဟု မိန့်တော်မူလေ၏။ ရှင်မဟာမောဂ္ဂလာန် မထေရ်သည်လည်း “ကောင်းလှပါပြီ မြတ်စွာဘုရား”ဟု ဝန်ခံပြီးလျှင် ထိုခဏ၌ တန်ခိုးတော်အစွမ်းဖြင့် ထိုနိဂုံးသို့သွား၍ ထိုဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏ ခြင်္သေ့ရုပ်ခံသော လေသာပြူတင်းတံခါး၌ ကောင်းစွာဝတ်လျက် ကောင်းစွာရုံလျက် ကောင်းကင်၌ပင် ပတ္တမြားဆင်းတုကဲ့သို့ ရပ်တည်နေလေ၏။ ရှင်မောဂ္ဂလာန်ကို မြင်လျှင်မြင်ချင်း သူဌေးကြီး၏ နှလုံးသားသည် တုန်လှုပ်လေ၏။

ထိုသူဌေးကြီးသည် “ငါကား ဤသို့သဘောရှိသောသူတို့၏ မြင်အံ့သည်မှ ကြောက်သောကြောင့်သာ ဤအရပ်သို့လာ၏။ ဤရဟန်းသည် ကောင်းကင်ခရီး၌ ကြွသွားစဉ် လေသာပြူတင်းတံခါး၌ ရပ်လာဘိ၏တကား”ဟု တုန်တုန်လှုပ်လှုပ် ဖြစ်လေ၏။ သူဌေးကြီးသည် ယူသင့်ယူထိုက်သော ပစ္စည်းဝတ္ထုကို ကြည့်ရှုထင်ထင် မမြင်နိုင်ဘဲ မီး၌ ထည့်အပ်သော ဆားပွင့်ကဲ့သို့ အမျက်ဒေါသဖြင့် တဖျစ်ဖျစ် တတောက်တောက်မြည်လျက် “ရှင်ရဟန်း- ကောင်းကင်၌ ရပ်တည်၍နေသော်လည်း အရှင်သည် အဘယ်ကို ရလတ္တံ့နည်း၊ ခြေရာမထင်သော ကောင်းကင်၌ ခြေရာကိုပြ၍ စင်္ကြံသွားသော်လည်း မရလတ္တံ့”ဟု ဆိုလေ၏။ ရှင်မောဂ္ဂလာန်မထေရ်သည် ထိုအရပ်၌ပင် ထိုမှဤမှ စင်္ကြံသွားလေ၏။ သူဌေးကြီးသည် “စင်္ကြံသွားသော်လည်း အရှင်သည် အဘယ်ကို ရလတ္တံ့နည်း၊ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် ထိုင်၍နေသော်လည်း မရလတ္တံ့သည်သာတည်း”ဟု ဆိုလေ၏။ ရှင်မောဂ္ဂလာန်မထေရ်သည် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေလျက် နေတော်မူလေ၏။

ထို့နောက် ရှင်မောဂ္ဂလာန်မထေရ်ကို “ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော်လည်း အဘယ်ကို ရလတ္တံ့နည်း၊ ကြွလာ၍ လေသာပြူတင်း တံခါးခုံ၌ ရပ်သော်လည်း တစ်စုံတစ်ခုကိုမျှ မရလတ္တံ့”ဟု ဆိုပြန်၏။ ရှင်မောဂ္ဂလာန်သည် လေသာပြူတင်း တံခါးခုံ၌ ရပ်လေ၏။ ထိုအခါ ရှင်မောဂ္ဂလာန်ကို “ပြူတင်းတံခါးခုံ၌ ရပ်သော်လည်း အဘယ်ကို ရလတ္တံ့နည်း၊ အခိုးလွှတ်သော်လည်း တစ်စုံတစ်ခုကိုမျှ မရလတ္တံ့သည်သာတည်း”ဟု ဆိုပြန်လေ၏။ ရှင်မောဂ္ဂလာန်လည်း အခိုးလွှတ်တော်မူ၏။ အလုံးစုံသော ပြာသာဒ်သည် တစ်ခဲနက် အခိုးအတိ ဖြစ်၏။ သူဌေးကြီး၏မျက်စိတို့ကို အပ်ဖြင့် ထိုးဆွဘိသကဲ့သို့ ဖြစ်လေ၏။ အိမ်ကို မီးလောင်အံ့သည်မှ ကြောက်သောကြောင့် “အရှင်ရဟန်းသည် ထိန်ထိန်ပြောင်ပြောင် အလျှံလွှတ်သော်လည်း တစ်စုံတစ်ခုကိုမျှ မရပေလတ္တံ့”ဟူသော ဤစကားကို မဆိုမူ၍ “ဤရဟန်းသည် လွန်စွာကပ်ငြိခြင်းရှိ၏၊ မရလျှင် သွားလိမ့်မည်မဟုတ်၊ ထို့ကြောင့် ထိုရဟန်းအား မုန့်တစ်ယှက်ကို ပေးစေအံ့”ဟုကြံ၍ သူဌေးကတော်ကြီးကို “ရှင်မ- မုန့်ငယ်တစ်ယှက် ကြော်ပြီးလျှင် ရဟန်းအားပေး၍ လွှတ်လိုက်လော့”ဟု ဆိုလေ၏။ သူဌေးကတော်သည်လည်း အနည်းငယ်မျှသော မုန့်ညက်ကို အိုးကင်းခွက်၌ ထည့်လိုက်လေရာ ကြီးစွာသော မုန့်ကြီးဖြစ်၍ မုံ့အိုးကင်းတစ်ခွက်လုံးကို ပြည့်စေလျက် ဖောင်းဖောင်းပွပွဖြစ်၍ တည်လေ၏။

သူဌေးကြီးသည် ထိုမုန့်အိုးကင်းကိုမြင်လျှင် “သင်သည် များစွာသော မုန့်ညက်ကို ယူအပ်သည်ဖြစ်လတ္တံ့”ဟုဆို၍ ကိုယ်တိုင် ယောက်မဖျား အနားထောင့်စွန်းဖြင့် အနည်းငယ်သော မုန့်ညက်ကိုယူ၍ ထည့်လိုက်၏။ မုန့်သည် ရှေးမုန့်ထက် အလွန်ကြီးသော မုံ့ဖြစ်လေ၏။ ဤသို့လျှင် အကြင်အကြင် ငယ်သည်ထက် ငယ်စွာသော မုန့်ကိုကြော်၏။ ထိုထိုမုန့်သည် ကြီးသည်ထက်ကြီးသော မုန့်သာလျှင်ဖြစ်၏။ သူဌေးကြီးသည် ငြီးငွေ့သည်ဖြစ်၍ သူဌေးကတော်ကြီးကို “ချစ်နှမ- ဤရဟန်းအား မုန့်တစ်ယှက် လှူလိုက်လော့”ဟု ဆိုလေ၏။ သူဌေးကတော်ကြီးသည်လည်း မုန့်တောင်းမှ မုန့်တစ်ယှက်ကို ယူသည်ရှိသော် အလုံးစုံသော မုန့်တို့သည် တစပ်တည်း ကပ်ငြိကြလေကုန်၏။ သူဌေးကတော်သည်လည်း သူဌေးကြီးကို “အရှင်သူဌေးကြီး- အလုံးစုံသော မုန့်တို့သည် တပေါင်းတည်း ကပ်ငြိကြပါကုန်၏။ တစ်ယှက်စီခွဲခြင်းငှာ မစွမ်းနိုင်ပါ”ဟု ပြောကြား၏။

ထိုအခါ သူဌေးကြီးက “ငါပြုအံ့”ဟု ဆိုပြီးလျှင် သူဌေးကြီးသည်လည်း ပြုခြင်းငှာမတတ်နိုင်၊ နှစ်ယောက်သော သူတို့သည် အစွန်း၌ကိုင်၍ ဆွဲငင်ကြကုန်သော်လည်း ထိုမုန့်ကို ခွဲခြင်းငှာ မတတ်နိုင်ကြကုန်သည်သာတည်း။ ထိုသို့သူဌေးကြီးသည် မုန့်တို့နှင့်တကွ လုံ့လပြုစဉ်ပင်လျှင် ကိုယ်မှချွေးတို့သည် ဖြိုင်ဖြိုင်ယိုထွက်ကုန်၏။ စားလိုသော အာသာဆန္ဒသည် ပြတ်စဲလေ၏။ ထို့နောက်မှ သူဌေးကတော်ကြီးကို “ချစ်နှမ- ငါ့အား ဤမုန့်တို့ဖြင့် စားခြင်းငှာ အလိုမရှိတော့ပြီ၊ တောင်းနှင့်တကွသာလျှင် ဤရဟန်းအား ပေးလှူလိုက်ပါလော့”ဟုဆိုရကား သူဌေးကတော်သည်လည်း တောင်းကိုယူ၍ ရှင်မောဂ္ဂလာန် မထေရ်သို့ ချဉ်းကပ်ကာ လှူဒါန်းလေ၏။ ရှင်မောဂ္ဂလာန်မထေရ်မြတ်သည် နှစ်ယောက်ကုန်သော သူတို့အားလည်း တရားဓမ္မကိုလည်း ဟောပြတော်မူလေ၏။ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကိုလည်း ပြောကြားတော်မူလေ၏။ “အတ္ထိ ဒိန္နံ၊ အတ္ထိ ယိဋ္ဌံ” စသည်ဖြင့် အလှူဒါနတို့၏ အကျိုးကိုလည်း ကောင်းကင်ပြင်၌ လပြည့်ဝန်းကို ထင်စေဘိသကဲ့သို့ ပြတော်မူလေ၏။

သူဌေးကြီးလင်မယား သောတာပန်တည်ခြင်း

ထိုတရားစကားကို ကြားနာရလျှင် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ သူဌေးကြီးသည် “အရှင်မြတ်ဘုရား- ကြွလာတော်မူ၍ ဤပလ္လင်ထက်၌ နေထိုင်တော်မူလျက် ဘုဉ်းပေးတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ မထေရ်လည်း “ဒါယကာသူဌေးကြီး- မြတ်စွာဘုရားသည် “မုန့်တို့ကို ဘုဉ်းပေးတော်မူလိုသည်”ဟု ရဟန်းငါးရာတို့နှင့်တကွ ကျောင်းတော်၌ နေတော်မူ၏။ သင်တို့အား အလိုရှိလတ်သော် သင်တို့ကို ငါဆောင်ကြဉ်းအံ့”ဟု မိန့်တော်မူသဖြင့် သူဌေးကြီးသည် သူဌေးကတော်ကို “မုန့်တို့ကိုလည်းကောင်း၊ နို့ရည် စသည်တို့ကိုလည်းကောင်း ယူစေကုန်လော့၊ ဘုရားရှင်အထံတော်သို့ သွားကြကုန်စို့အံ့”ဟု ဆိုပြီးလျှင် “အရှင်ဘုရား- ယခုအခါ မြတ်စွာဘုရားသည် အဘယ်အရပ်၌ နေတော်မူပါသနည်း”ဟု မေးလျှောက် လေ၏။ “ဒါယကာသူဌေးကြီး- ဤနိဂုံးမှ လေးဆယ့်ငါးယူဇနာထက်၌ ဇေတဝန် ကျောင်းတော်တွင် နေတော်မူ၏”ဟု မိန့်တော်မူလတ်သော် “အရှင်ဘုရား- မွန်းတည့်ကာလကို မလွန်မူ၍ ဤမျှ အဓွန့်ရှည်ဝေးသောခရီးကို အဘယ်သို့သောနည်းဖြင့် သွားနိုင်ကြပါကုန်အံ့နည်း”ဟု လျှောက်လေ၏။

“ဒါယကာသူဌေးကြီး- သင်တို့အား အလိုရှိလတ်သော် ငါသည် သင်တို့ကို မိမိတန်ခိုးအာနုဘော်ဖြင့် ဆောင်ကြဉ်းပေးအံ့၊ သင်တို့၏ ပြာသာဒ်၌ စောင်းတန်းဦးသည် မိမိ၏နေရာ၌သာလျှင်ဖြစ်လတ္တံ့၊ သင်တို့၏ စောင်းတန်းအဆုံး ခြေရင်းသည် ဇေတဝန်ကျောင်းတော်တံခါးမုခ်ဦး၌ ဖြစ်လတ္တံ့။ ပြာသာဒ်အထက်အပြင်မှ ပြာသာဒ်အောက်အပြင်သို့ သက်ဆင်းသောကာလမျှဖြင့်သာလျှင် ဇေတဝန်ကျောင်းတော်သို့ ဆောင်ကြဉ်းအံ့”ဟု မိန့်တော်မူလတ်သော် သူဌေးကြီးသည် “ကောင်းလှပါပြီ အရှင်ဘုရား”ဟု ဝန်ခံလေ၏။ အရှင်မောဂ္ဂလာန်မထေရ်သည် “စောင်းတန်းဦးကို ထိုနေရာ၌သာလျှင်ပြု၍ စောင်းတန်းခြေရင်းသည် ဇေတဝန်ကျောင်းတော်၏ တံခါးမုခ်၌ ဖြစ်စေသတည်း”ဟု ဓိဋ္ဌာန်တော်မူလျှင် ဓိဋ္ဌာန်တော်မူတိုင်းသာလျှင် ဖြစ်လေ၏၊ ဤသို့ ရှင်မောဂ္ဂလာန်မထေရ်သည် သူဌေးကြီးကိုလည်းကောင်း၊ သူဌေးကတော်ကြီးကိုလည်းကောင်း ပြာသာဒ်အထက်မှ ပြာသာဒ်အောက်သို့ သက်ဆင်းသောကာလထက်ပင် အလွန်လျင်မြန်စွာ ဇေတဝန်ကျောင်းတော်သို့ ရောက်စေတော်မူလေ၏။

ထိုသူဌေးလင်မယား နှစ်ဦးတို့သည်လည်း ဘုရားရှင်သို့ချဉ်းကပ်၍ ဆွမ်းဘုဉ်းပေးတော်မူရန် အချိန်ကာလကို လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်လည်း ဆွမ်းစားဇရပ်သို့ ဝင်တော်မူ၍ ခင်းထားအပ်သော မြတ်သောဘုရားနေရာတော်ထက်၌ ရဟန်းသံဃာတော်အပေါင်းနှင့်တကွ နေထိုင်တော်မူလေ၏။ သူဌေးကြီးသည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား မြတ်သောအလှူရေစက်ကို ပေးလှူလေ၏။ သူဌေးကတော်သည်လည်း ဘုရားရှင်၏ သပိတ်တော်၌ မုန့်ကို လောင်းထည့်လေ၏။ ဘုရားရှင်သည် ကိုယ်တော်မြတ်အား မျှတလောက်အောင်သော မုန့်ကို ခံယူတော်မူ၏။ ငါးရာသောရဟန်းတို့သည်လည်း မျှတလောက်အောင်သာ ခံယူတော်မူကြကုန်၏။ သူဌေးကြီးသည် နို့, ထောပတ်, ပျားသကာ စသည်တို့ကို ပေးလှူလတ်သည်ရှိသော် ကုန်ခြင်းသို့ မရောက်လေပြီ၊ ဘုရားရှင်သည် ငါးရာသောရဟန်းတို့နှင့်တကွ မုန့်ဆွမ်းကိစ္စကို ပြီးစီးစေတော်မူ၏။ သူဌေးကြီးသည်လည်း မယားနှင့်တကွ အလိုရှိသမျှ သုံးဆောင်စားသောက်လေ၏။ မုန့်တို့ကား ကုန်သည်ဟူ၍ မရှိပေ။ ကျောင်းတိုက်တစ်ခုလုံး၌ ရဟန်းသာမဏေတို့အားလည်းကောင်း၊ စားကြွင်းစားတို့အားလည်းကောင်း ပေးကုန်သော်လည်း မုန့်တို့သည် မကုန်။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မုန့်တို့သည် ကုန်ခန်းခြင်းသို့ မရောက်နိုင်ကြပါကုန်ဘုရား”ဟု ဘုရားရှင်အား လျှောက်ကြားကြကုန်၏။ “ထိုသို့ဖြစ်မူ ဇေတဝန်ကျောင်းတော် တံခါးမုခ်ဦး၌ စွန့်ပစ်စေကြကုန်လော့”ဟု မိန့်တော်မူသောအခါ ထိုမုန့်တို့ကို တံခါးမုခ်ဦး၏မနီးမဝေး ချိုင့်ဝှမ်းရာအရပ်၌ စွန့်ပစ်ကြလေကုန်၏။

(ယခုထက်တိုင်လည်း ထိုအရပ်သည် မုန့်အိုးကင်းစွန့်ရာ ချောက်ဖြစ်သောကြောင့် ကပလ္လပူဝပဗ္ဘာရ ဟူ၍သာလျှင် ထင်ရှားလေ၏။)

သူဌေးကြီးသည် သူဌေးကတော်နှင့်တကွ ဘုရားရှင်သို့ချဉ်းကပ်၍ ရှိခိုးဦးချလျက် တင့်အပ်လျောက်ပတ်သောအရပ်၌ တည်နေ၏။ မြတ်စွာဘုရားသည် တရားအနုမောဒနာ ပြုတော်မူလေ၏။ တရားအနုမောဒနာအဆုံး၌ သူဌေးလင်မယား နှစ်ယောက်စလုံးတို့သည်လည်း သောတာပတ္တိဖိုလ်၌တည်၍ ဘုရားရှင်ကိုရှိခိုးလျက် ဇေတဝန်ကျောင်းတော် တံခါးမုခ်ဦး၌ ပြာသာဒ်စောင်းတန်းသို့တက်၍ မိမိပြာသာဒ်၌သာ တည်နေကြလေကုန်၏။ ထိုနေ့မှစ၍ သူဌေးကြီးသည် ကုဋေရှစ်ဆယ်သောဥစ္စာကို ဘုရားသာသနာတော်၌သာလျှင် စွန့်ကြဲလှူဒါန်းလေ၏။

တစ်ဖန် မိုးသောက်သောနေ့ ညချမ်းသောအခါ၌ တရားသဘင်ဝယ် စည်းဝေးကုန်သော ရဟန်းတို့သည် “ငါ့ရှင်တို့- ရှင်မောဂ္ဂလာန်မထေရ်၏ အာနုဘော်ကို ကြည့်ကြပါကုန်လော့၊ သဒ္ဓါတရားကို မထိခိုက်စေမူ၍ စည်းစိမ်ဥစ္စာတို့ကို မထိခိုက်ပါစေမူ၍ မစ္ဆရိယသူဌေးကြီးကို တစ်ခဏချင်းဖြင့်သာလျှင် ဆုံးမ၍ အဆိပ်အတောက် ကင်းပျောက်သည်ကိုပြုလျက် မုန့်တို့ကို ယူစေပြီးလျှင် ဇေတဝန်ကျောင်းတော်သို့ ဆောင်ကြဉ်းခဲ့သဖြင့် ဘုရားရှင်မျက်မှောက် ရောက်သည်ကိုပြု၍ သောတာပတ္တိဖိုလ်၌ တည်စေတော်မူပေပြီ။ ရှင်မောဂ္ဂလာန်မထေရ်သည် အံ့ဩဖွယ် အလွန်တန်ခိုးအာနုဘော်ရှိပေစွ”ဟု ရှင်မောဂ္ဂလာန်မထေရ်မြတ်၏ ဂုဏ်ကျေးဇူးကို ပြောကြားလျက် နေကြလေကုန်၏။

ဘုရားရှင်သည်လည်း ဒိဗ္ဗသောတ အဘိညာဉ်ဖြင့် ရဟန်းတို့၏စကားကို ကြားတော်မူသဖြင့် ကြွလာတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ယခု ငါဘုရား ကြွလာဆဲအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူလျှင် “ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်သည်ဘုရား”ဟု နားတော် လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ဒါယကာကို ဆုံးမတတ်သော ရဟန်းမည်သည် သဒ္ဓါတရားကို မထိခိုက်စေမူ၍ စည်းစိမ်ဥစ္စာတို့ကို မထိခိုက်စေမူ၍ အမျိုးကောင်းဒါယကာကို မပင်မပန်း မညစ်နွမ်းစေမူ၍ မညှဉ်းဆဲ မနှိပ်စက်မူ၍ ပန်းပွင့်မှ ဝတ်ဆံဝတ်မှုန်ကို ဆွတ်ခြွေယူသော ပျားပိတုန်းကဲ့သို့ ချဉ်းကပ်၍ ဘုရားရှင်၏ဂုဏ်ကျေးဇူးကို သိစေအပ်၏။ ငါ၏သားတော်ဖြစ်သော မောဂ္ဂလာန်သည်ကား ထိုသို့သဘောရှိပေ၏”ဟု မထေရ်မြတ်ကို ချီးမွမ်းတော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၄၉] ယထာပိ ဘမရော ပုပ္ဖံ၊ ဝဏ္ဏဂန္ဓမဟေဌယံ။
ပလေတိ ရသမာဒါယ၊ ဧဝံ ဂါမေ မုနီ စရေ။

ဘမရော၊ ပျားပိတုန်းသည်။ ပုပ္ဖံပိ၊ ပန်းပွင့်ကိုလည်းကောင်း။ ဝဏ္ဏဂန္ဓံပိ၊ အဆင်းအနံ့ကိုလည်းကောင်း။ အဟေဌယံ-အဟေဌယန္တော၊ မပျက်စီးစေမူ၍။ ရသံ၊ ပန်းရည် ပန်းရက်ကို။ အာဒါယ၊ စုပ်ယူ၍။ ပလေတိ ယထာ၊ ပျံသွားသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဂါမေ၊ ရွာ၌။ မုနိ၊ ရဟန်းသည်။ စရေ၊ ကျင့်ရာ၏။

(ဆန်းကျမ်း စည်းကမ်းကြောင့် “မုနီ”ဟု ဒီဃဖြစ်သွားသော်လည်း အနက်ပေးသောအခါ ပင်ကိုအတိုင်း “မုနိ”ဟုရဿဖြင့် ပေးရသည်။)

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဣလ္လိသဇာတ်တော် အကျဉ်းချုပ်

သဗ္ဗညုမြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၍ ထို့ထက်အလွန်လည်း ရှင်မောဂ္ဂလာန်မထေရ်မြတ်၏ ဂုဏ်ကျေးဇူးကို ထင်ရှားစွာပြုခြင်းငှာ “ချစ်သားရဟန်းတို့- ယခုအခါ၌သာလျှင် မောဂ္ဂလာန်သည် မစ္ဆရိယသူဌေးကို ဆုံးမသည်မဟုတ်သေး၊ ရှေး၌လည်း ထိုသူဌေးကိုဆုံးမ၍ ကံအကျိုးနှင့်စပ်သည်ကို သိစေဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤသို့သောအကြောင်းကို ထင်ရှားစွာ ပြလိုရကား ရှေးလွန်လေပြီးသော အတိတ်ကို ဆောင်တော်မူ၍-

ဥဘော ခဉ္ဇာ ဥဘော ကုဏီ၊ ဥဘော ဝိသမစက္ခုကာ။
ဥဘိန္နံ ပိဠကာ ဇာတာ၊ နာဟံ ပဿာမိ ဣလ္လိသံ။

ဥဘော၊ နှစ်ယောက်သောသူတို့သည်။ ခဉ္ဇာ၊ ခွင်ကြကုန်၏။ ဥဘော၊ နှစ်ယောက်သောသူတို့သည်။ ကုဏီ၊ ကောက်သောလက် ရှိကြကုန်၏။ ဥဘော၊ နှစ်ယောက်သောသူတို့သည်။ ဝိသမစက္ခုကာ၊ မညီညွတ်သောမျက်စိ ရှိကြကုန်၏။ ဥဘိန္နံ၊ နှစ်ယောက်သောသူတို့အား။ ပိဠကာ၊ အနာအဖုတို့သည်။ ဇာတာ၊ ပေါက်ရောက်ကြကုန်၏။ အဟံ၊ အကျွန်ုပ်သည်။ ဣလ္လိသံ၊ ဣလ္လိသသူဌေးကို။ န ပဿာမိ၊ မမြင်ပါ။

ဤသို့သောဂါထာဖြင့် ဤဣလ္လိသဇာတ်ကို (ဤဣလ္လသဇာတ်အကျယ်သည် ငါးရာငါးဆယ် ဧကနိပါတ် ဝရုဏဝဂ်၌ ရှိသည်) ဟောတော်မူလေ၏။

မစ္ဆရိယ ကောသိယ သူဌေးဝတ္ထု ပြီး၏။

֍ * ၆။ ပါဝေယျကမည်သော တက္ကတွန်းဝတ္ထု

န ပရေသံ ဝိလောမာနိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် ပါဝေယျက အမည်ရှိသော အာဇီဝကတက္ကတွန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားအား တက္ကတွန်းငြူစူခြင်း

သာဝတ္ထိပြည်၌ သူကြွယ်မတစ်ယောက်သည် ပါဝေယျကမည်သော အာဇီဝကတက္ကတွန်းကို သားအရာ၌ထား၍ လုပ်ကျွေးသမှု ပြုစုလေသတတ်။ ထိုသူကြွယ်မအိမ်၏ အခြားမဲ့အိမ်တို့၌နေသော လူတို့သည် မြတ်စွာဘုရား၏ တရားတော်မြတ်ကို ကြားနာရသဖြင့် လာပြီးလျှင် “မြတ်စွာဘုရားတို့၏ တရားဒေသနာတော်မြတ်သည်ကား ဪ အလွန်အံ့ဖွယ်ရှိပေစွ”ဟု အထူးထူးအပြားပြားသော အခြင်းအရာတို့ဖြင့် ဘုရားဂုဏ်ကျေးဇူးတို့ကို ချီးမွမ်းထောမနာကြကုန်၏။ သူကြွယ်မလည်း ဘုရားရှင်တို့၏ ဂုဏ်ကျေးဇူးနှင့် စပ်သောစကားကို ကြားရလျှင် ကျောင်းတော်သို့သွား၍ တရားနာလိုသည်ဖြစ်ရကား “အရှင်မတို့- အကျွန်ုပ်သည် အာဇီဝကတက္ကတွန်းအား ထိုအကြောင်းကို ပြောပြပြီးမှ သွားပါအံ့”ဟုဆိုလေ၏။ တက္ကတွန်းသည်လည်း “မသွားလင့်”ဟု တားမြစ်သဖြင့် ထိုတက္ကတွန်းကို အဖန်တလဲလဲ တောင်းပန်ပါသော်လည်း တားမြစ်မြဲ တားမြစ်သည်သာလျှင်တည်း။ သူကြွယ်မသည် “ဤတက္ကတွန်းကား ငါ့ကို ကျောင်းသို့သွား၍ တရားနာအံ့သောငှာ ခွင့်မပေး။ ဘုရားရှင်ကိုပင့်ဖိတ်၍ ဤအိမ်၌ပင် တရားနာအံ့”ဟုကြံပြီးလျှင် သူကြွယ်မသည် ညနေချမ်းအခါ၌ သားငယ်ကိုခေါ်စေ၍ “ချစ်သား- သွားချေ၊ နက်ဖြန် ကောင်းမှုအလို့ငှာ ဘုရားရှင်ကို ပင့်ဖိတ်လော့”ဟု စေလွှတ်၏။

ထိုသားငယ်သည် သွားသည်ရှိသော် ရှေးဦးစွာ ဆရာတက္ကတွန်း၏ နေရာသို့သွား၍ ရှိခိုးလျက်ထိုင်နေလေ၏။ ထိုအခါ သားငယ်ကို တက္ကတွန်းသည် “အဘယ်အရပ်သို့ သွားအံ့နည်း”ဟု မေးသဖြင့် “မိခင်၏စကားဖြင့် ဘုရားရှင်ကို ပင့်ဖိတ်ခြင်းငှာ သွားပါအံ့”ဟု ဆိုလတ်သော် “ထိုရှင်ကြီးဂေါတမ၏အထံသို့ မသွားလင့်”ဟု တားမြစ်လေ၏။ “အရှင်- တားမြစ်ခြင်းငှာ မသင့်ပါ၊ တပည့်တော်၏မိခင်အား ကြောက်လှပါသည်၊ တပည့်တော်သည် သွားပါအံ့”ဟု ဆိုလတ်သော် “ဤရှင်ကြီးဂေါတမအတွက် ပြုလုပ်အပ်သော ပူဇော်သက္ကာရကို နှစ်ယောက်ကုန်သော ငါတို့သည် စားကုန်အံ့၊ မသွားလေလင့်”ဟု ဆိုပြန်လေ၏။ “အရှင်- ဤသို့တားမြစ်ခြင်းသည် မသင့်လျော်ပါ။ မိခင်သည် တပည့်တော်အား ကြိမ်းမောင်းပါလိမ့်မည်”ဟု ဆိုပြန်လတ်သော် “ထိုသို့ဖြစ်မူ သွားချေ၊ သွားပြီးသော်ကား ဆွမ်းဖိတ်၍ “တပည့်တော်တို့၏အိမ်သည် ဤမည်သောအရပ်၌ဟူ၍လည်းကောင်း၊ ဤမည်သော လမ်း၌ဟူ၍လည်းကောင်း၊ ဤမည်သော လမ်းခရီးဖြင့် သွားရပါသည်ဟူ၍လည်းကောင်း” မပြောကြားလင့်။ ထိုရှင်ကြီးဂေါတမ၏အထံ၌ တည်နေလေဟန်၊ တစ်ပါးသောခရီးဖြင့် သွားလေဟန်ကဲ့သို့ ထွက်ပြေး၍ လာခဲ့လော့”ဟု မှာထားလိုက်၏။ ထိုသူကြွယ်မ၏သားသည်လည်း တက္ကတွန်း၏စကားကို နားထောင်၍ မြတ်စွာဘုရားအထံသို့ သွားရောက်ကာ ပင့်ဖိတ်လျက် ဆရာတက္ကတွန်း ညွှန်ကြားသောနည်းအားဖြင့်သာ အလုံးစုံပြုပြီးလျှင် ထိုတက္ကတွန်းထံ သွားသည်ရှိသော် “သင်သည် အဘယ်သို့ပြုခဲ့သနည်း”ဟု မေးအပ်သဖြင့် “အရှင်- ထိုအလုံးစုံကို ပြုအပ်လေပြီ”ဟု ဆိုလေ၏။ “သင်၏ ပြုပုံကောင်းလေစွ၊ ထိုရှင်ကြီးဂေါတမအား ပြုအပ်သော ပူဇော်သက္ကာရကို နှစ်ယောက်ကုန်သော ငါတို့သည် စားကြရကုန်အံ့”ဟု ဆိုပြီးလျှင် နံနက် မိုးသောက်ရောက်သောအခါ တက္ကတွန်းသည် စောစောကလျှင် ထိုအိမ်သို့ သွားလေ၏။ ထိုတက္ကတွန်းကို ခေါ်ငင်ဆောင်ယူ၍ အိမ်တိုက်ခန်းနောက်အဖို့၌ နေစေရလေသတည်း။

အိမ်နီးခြင်း လူအများတို့သည် ထိုသူကြွယ်မ၏အိမ်ကို စိုစွတ်သော နွားချေးဖြင့် လိမ်းကျံ၍ ပေါက်ပေါက်လျှင် ငါးခုမြောက်သောပန်းတို့ကို ဖြန့်ကြဲကာ မြတ်စွာဘုရား သီတင်းသုံးတော်မူရန် မြတ်သောသူတို့အားသာထိုက်သော နေရာကို ခင်းကျင်းကြကုန်၏။ ထိုစကားမှန်၏။ မြတ်စွာဘုရားတို့နှင့် အတူတကွ မလေ့ကျက်ဖူးကုန်သော လူတို့သည် နေရာခင်းခြင်းကို မသိကြကုန်။ ထိုမှတစ်ပါးလည်း မြတ်စွာဘုရားတို့အား ခရီးညွှန်ကြားခြင်းဖြင့် ပြုဖွယ်ကိစ္စမည်သည် မရှိ။ ဗောဓိပင်ရင်း၌ တစ်သောင်းသော လောကဓာတ်ကို တုန်လှုပ်စေလျက် ဘုရားအဖြစ်သို့ ရောက်တော်မူသော နေ့ကပင်လျှင် ထိုဘုရားရှင်တို့အား “ဤလမ်းခရီးကား ငရဲသို့လားရသော လမ်းခရီးတည်း။ ဤလမ်းခရီးကား တိရစ္ဆာန်အမျိုးသို့၊ ဤလမ်းခရီးကား ပြိတ္တာဘုံသို့၊ ဤလမ်းခရီးကား လူ့ပြည်သို့၊ ဤလမ်းခရီးကား နတ်ပြည်သို့၊ ဤလမ်းခရီးကား သေခြင်းငြိမ်းလတ် မြတ်သောနိဗ္ဗာန်သို့ လားရသော လမ်းခရီးတည်း”ဟု အလုံးစုံ လားရာခရီးတို့သည် ထင်ရှားဖြစ်ခဲ့ကုန်၏။ ရွာနိဂုံး စသည်တို့၏ လမ်းခရီးမျှ၌ ဆိုဖွယ်ရာမရှိသည်သာတည်း။ ထို့ကြောင့် ဘုရားရှင်သည် နံနက်စောစောကလျှင် သပိတ်သင်္ကန်းကို ယူတော်မူ၍ ဒါယိကာမကြီး၏ အိမ်တံခါးဝသို့ ကြွရောက်တော်မူလေ၏။

သာဓုခေါ်သံကြောင့် တက္ကတွန်းပြေး

ထိုဒါယိကာမကြီးသည်လည်း အိမ်မှထွက်၍ မြတ်စွာဘုရားကို ဒူးနှစ်ဖက်, လက်ဝါးနှစ်ဖက်, နဖူးဟူသော ငါးပါးသောတည်ခြင်းဖြင့် ရှိခိုးလျက် အိမ်တွင်းသို့ ကြွဝင်တော်မူစေ၍ ခင်းအပ်သောနေရာမြတ်၌ နေစေပြီးလျှင် အလှူရေစက်သွန်းချလျက် မွန်မြတ်လှသော ခဲဖွယ်ဘောဇဉ်ဖြင့် လုပ်ကျွေးပြုစုလေ၏။ ဒါယိကာမကြီးသည် ပြုအပ်သော ဆွမ်းစားခြင်းကိစ္စရှိသော မြတ်စွာဘုရားအား တရားအနုမောဒနာကို ပြုစေလိုသည်ဖြစ်၍ သပိတ်တော်ကို ယူလေ၏။ ဘုရားရှင်သည် “သာယာနာဖွယ် သိလွယ်သန့်စင် ပဲ့တင်လုံးနက် ပြင်မထွက် သံတော်အင်ရှစ်ချက်” ဟူသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံစွာ သာယာသောအသံတော်ဖြင့် အနုမောဒနာဖြစ်သော တရားစကားကို ဟောကြားတော်မူလေ၏။ ဒါယိကာမကြီးသည်လည်း “သာဓု သာဓု”ဟု ကောင်းချီးသံကိုပေးလျက် တရားတော်ကို နာကြားလေ၏။ တက္ကတွန်းသည်လည်း အိမ်တိုက်ခန်းနောက်အဖို့၌ နေလျက်သာလျှင် ကောင်းချီးသံပေး၍ တရားနာကြားသော ထိုဒါယိကာမကြီး၏အသံကို ကြားရလျှင် တည်တည်တံ့တံ့ နေအံ့သောငှာ မစွမ်းနိုင်သည်ဖြစ်၍ “ဤဒါယိကာမကြီးသည် ယခုအခါ ငါ့ဒါယိကာမ မဟုတ်တော့ပြီ”ဟု ကြံစည်ကာ တိုက်ခန်းမှထွက်ခဲ့၍ “ဟယ် (သူယုတ်မာမ) နင်ကား ပျက်ခဲ့လေပြီ၊ ထိုရဟန်းကြီး ဂေါတမအား ဤသို့သော ပူဇော်သက္ကာရ ပြုဘိ၏တကား”ဟု အထူးထူးအပြားပြားဖြင့် ဒါယိကာမကြီးကိုလည်းကောင်း၊ ဘုရားရှင်ကိုလည်းကောင်း ဆဲရေးလျက် ထွက်ပြေးဖဲသွားလေ၏။

ကိုယ့်အလုပ် ကိုယ်လုပ်ပါ

ဒါယိကာမကြီးသည်လည်း တက္ကတွန်း၏ ဆဲရေးသောစကားဖြင့် ရှက်နိုးရကား အာရုံတစ်ပါးသို့ တုန်လှုပ်ပြေးသွားသော မကြည်သာသောအဖြစ်သို့ ရောက်သောစိတ်ကို ဘုရားရှင်ဒေသနာတော်သို့ အစဉ်လျှောက်သဖြင့် အသိဉာဏ်ကို စေလွှတ်ခြင်းငှာ မစွမ်းနိုင်ရှာလေ။ ထိုအခါ ဘုရားရှင်သည် “ဒါယိကာမကြီး- အသို့နည်း၊ မိမိစိတ်ကို ဒေသနာတော်သို့ အစဉ်လျှောက်အောင် ပြုခြင်းငှာ မစွမ်းနိုင်လေသလော”ဟု မေးတော်မူ၏။ “မြတ်စွာဘုရား- ထိုတက္ကတွန်း၏စကားဖြင့် တပည့်တော်မ၏စိတ်သည် အာရုံတစ်ပါးသို့ တုန်လှုပ်ပြေးသွားသဖြင့် မကြည်သာေသာအဖြစ်သို့ ရောက်ရပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် မြတ်စွာဘုရားသည် “ဒါယိကာမကြီး- ဤသို့သဘောရှိသော ပြောဆိုဆဲရေးသောစကားကို နှလုံးမသွင်းမူ၍ မိမိ၏ ပြုအပ်သောအမှု၊ မပြုအပ်သောအမှုကိုသာလျှင် ဆင်ခြင်ကြည့်ရှုခြင်းငှာ သင့်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

သူများမကောင်းမှု လျစ်လျူရှုပါ

֍ * [၅၀] န ပရေသံ ဝိလောမာနိ၊ န ပရေသံ ကတာကတံ။
အတ္တနောဝ အဝေက္ခေယျ၊ ကတာနိ အကတာနိ စ။

ပရေသံ၊ တစ်ပါးသောသူတို့၏။ ဝိလောမာနိ၊ မလျော်ကြမ်းကြုတ် ဝန်တိုသော စကားယုတ်တို့ကို။ န မနသိကာတဗ္ဗာနိ၊ နှလုံးမသွင်းအပ်ကုန်။ ပရေသံ၊ တစ်ပါးသောသူတို့၏။ ကတာကတံ၊ ကောင်းမှု,မကောင်းမှု ပြုအပ်သည် မပြုအပ်သည်ကို။ န ဩလောကေတဗ္ဗံ၊ မကြည့်ရှုအပ်။ အတ္တနောဝ၊ မိမိ၏သာလျှင်။ ကတာနိ စ၊ ကောင်းမှု မကောင်းမှု ပြုသည်တို့ကိုလည်းကောင်း။ အကတာနိ စ၊ကောင်းမှု မကောင်းမှု မပြုသည်တို့ကိုလည်းကောင်း။ အဝေက္ခေယျ၊ ရှုဆင်ခြင်ရာ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုဥပါသိကာမသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ လူများအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ပါဝေယျကမည်သော တက္ကတွန်းဝတ္ထု ပြီး၏။

֍ * ၇။ ဆတ္တပါဏိ ဥပါသကာဝတ္ထု

ယထာပိ ရုစိရံ ပုပ္ဖံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် ဆတ္တပါဏိ ဥပါသကာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားမျက်မှောက် ဘုရင်ဂုဏ်ပျောက်ခြင်း

သာဝတ္ထိပြည်၌ ဆတ္တပါဏိအမည်ရှိသော ဥပါသကာသည် ပိဋကတ်သုံးပုံကိုဆောင်သော အနာဂါမ်ပုဂ္ဂိုလ်ဖြစ်၏။ ထိုဆတ္တပါဏိ ဥပါသကာသည် စောစောကလျှင် ဥပုသ်သီလ ကျင့်သုံးသည်ဖြစ်၍ ဘုရားရှင်အား ဆည်းကပ်ခြင်းငှာ သွားလေ၏။

(အနာဂါမ်တည်သော အရိယာသာဝကတို့အား ဆောက်တည်ခံယူသည်၏အစွမ်းဖြင့် ဥပုသ်သီလကျင့်သုံးခြင်းမည်သည်မရှိ၊ အနာဂါမိမဂ်ဖြင့်သာလျှင် ထိုအရိယာ သာဝကတို့အား ဗြဟ္မစရိယအကျင့်သည်လည်းကောင်း၊ ဧကဘတ္တိကအကျင့်သည်လည်းကောင်း အလိုလိုရောက်လာလေ၏။)

ထိုဆတ္တပါဏိ ဥပါသကာသည်လည်း ထိုနည်းတူစွာသာလျှင် ဥပုသ်သီလ ကျင့်သုံးသည်ဖြစ်၍ ဘုရားရှင်သို့ချဉ်းကပ်ပြီးလျှင် ရိုသေစွာရှိခိုး၍ တရားစကားကို နာကြားလျက် ထိုင်နေလေ၏။ ထိုအခါ ပသေနဒီကောသလမင်းကြီးသည်ဘုရားရှင်အား ဆည်းကပ်ခြင်းငှာ ရောက်သွား၏။ ဆတ္တပါဏိ ဥပါသကာသည် ရှေးရှုလာသော ထိုကောသလမင်းကြီးကိုမြင်လျှင် “နေရာမှထသင့်သလော၊ မထဘဲ နေသင့်သလော”ဟု ကြံစည်လတ်သော် “ငါသည် မြတ်သောမင်း ဖြစ်တော်မူသော မြတ်စွာဘုရား၏အထံတော်၌ ထိုင်နေ၏။ တစ်စိတ်တစ်ဒေသမျှ အစိုးရသော ပဒေသရာဇ်မင်းကိုမြင်၍ ထခြင်းငှာ ထိုငါ့အား မသင့်လျော်ချေ။ စင်စစ်အားဖြင့် မင်းကြီးသည် မထဘဲနေသောငါ့အား အမျက်ထွက်လတ္တံ့၊ ဤကောသလမင်းသည် အမျက်ထွက်စေကာမူ ငါကား မထဘဲနေတော့အံ့”ဟု ကြံစည်မိလေ၏။ ထိုအကြံ သင့်လျော်လှပေ၏။ မင်းကိုမြင်၍ ထသောသူသည် မင်း၌ အလေးပြုသောသူဖြစ်၏။ မြတ်စွာဘုရား၌ အလေးပြုသောသူ မဟုတ်။ ထို့ကြောင့် ငါမထဘဲနေတော့အံ့ဟု ကြံစည်၍ မထဘဲ နေလေ၏။

(ပညာရှိသောယောက်ျားတို့မည်သည်ကား အလွန်အလေးအမြတ်ပြုအပ်သော သူတို့၏အထံ၌ ထိုင်နေ၍ မထသောသူကို မြင်ကုန်ငြားသော်လည်း အမျက်မထွက်ကြကုန်။)

ကောသလမင်းကြီးသည်ကား နေရာမှမထသော ထိုဆတ္တပါဏိ ဥပါသကာကိုမြင်လျှင် အမျက်ထွက်သော စိတ်ရှိသည်ဖြစ်လျက် ဘုရားရှင်ကိုရှိခိုး၍ တင့်အပ် လျောက်ပတ်သောအရပ်၌ နေလေ၏။ ဘုရားရှင်လည်း ထိုကောသလမင်းကြီး၏ အမျက်ထွက်သောအဖြစ်ကို သိတော်မူသဖြင့် “မြတ်သောမင်းကြီး- ဤဆတ္တပါဏိ ဥပါသကာသည် ပညာရှိသောသူဖြစ်၏။ သိမြင်အပ်ပြီးသောတရားရှိ၏။ ပိဋကတ်သုံးပုံကို ဆောင်နိုင်၏။ အကျိုးဟုတ်သည် မဟုတ်သည်၌ လိမ္မာလှပေ၏”ဟု ဥပါသကာ၏ ဂုဏ်ကျေးဇူးကို ချီးကျူးမိန့်ဆိုတော်မူလေ၏။ မင်းကြီးအား ထိုဆတ္တပါဏိ ဥပါသကာ၏ ဂုဏ်ကျေးဇူးစကားကို ကြားနာရစဉ်ပင်လျှင် စိတ်သည် နူးညံ့ခြင်း ဖြစ်လေ၏။

ဘုရားမျက်ကွယ် ဘုရင်ဂုဏ်ကြွယ်ခြင်း

ထို့နောက် တစ်နေ့သ၌ ပသေနဒီကောသလမင်းကြီးသည် ဘုံနန်းပြာသာဒ်အထက်၌ စံပယ်တော်မူလျက်နေစဉ် ဆတ္တပါဏိ ဥပါသကာ နံနက်စာထမင်း စားပြီးသဖြင့် ထီးကိုဆောင်ယူ၍ ဖိနပ်ကိုစီးလျက် မင်းရင်ပြင်ဖြင့် သွားသည်ကို မြင်ရလျှင် ခေါ်တော်မူလေ၏။ ထိုဆတ္တပါဏိ ဥပါသကာသည် ထီးနှင့်ဖိနပ်ကို ချွတ်ပယ်၍ မင်းကြီးအထံသို့ချဉ်းကပ်ကာ ရှိခိုးလျက် သင့်တင့်လျောက်ပတ်သောအရပ်၌ တည်နေလေ၏။ ထိုအခါ ဆတ္တပါဏိ ဥပါသကာကို ကောသလမင်းကြီးသည် “အို..အချင်း ဥပါသကာ- အဘယ့်ကြောင့် သင်သည် ထီးဖိနပ်တို့ကို ချွတ်ပယ်အပ်ကုန်သနည်း”ဟု မေးတော်မူ၏။ “အရှင်မင်းမြတ်သည် ခေါ်တော်မူ၏” ဟူသောစကားကို ကြားရပါသောကြောင့် ချွတ်ပယ်ထားခဲ့၍ လာရောက်ရပါကြောင်း သံတော်ဦးတင်လတ်သော် “ယခုမှ အကျွန်ုပ်တို့၏ မင်းအဖြစ်ကို သင်တို့ သိအပ်သည် ဖြစ်ပေလိမ့်မည်”ဟု မိန့်တော်မူလေ၏။ “အရှင်မင်းကြီး- အခါခပ်သိမ်းလည်း အရှင့် ကျွန်တော်မျိုးတို့သည် အရှင်မင်းကြီးတို့၏ မင်းအဖြစ်ကို သိပါကုန်၏”ဟု လျှောက်တင်လတ်သော် “အကယ်၍ ဤသို့ သိသည်ဖြစ်ခဲ့အံ့၊ အဘယ့်ကြောင့် ရှေးဖြစ်သောနေ့၌ မြတ်စွာဘုရား၏ အထံတော်၌နေစဉ် အကျွန်ုပ်ကိုမြင်လျက် နေရာမှ မထသနည်း”ဟု မေးတော်မူလေ၏။

“မြတ်သောမင်းကြီး- အရှင့်ကျွန်တော်မျိုးသည် မင်းတကာတို့ထက်မြတ်သော အဂ္ဂရာဇာဖြစ်တော်မူသော မြတ်စွာဘုရား၏ အထံတော်၌နေစဉ် တစ်စိတ်တစ်ဒေသမျှ အစိုးရသောပဒေသရာဇ်မင်းကို မြင်၍ ထခဲ့သည်ရှိသော် မြတ်စွာဘုရား၌ မရိုသေခြင်းကို ပြောကြားသည် ဖြစ်ခဲ့ပေရာ၏။ ထို့ကြောင့် မထဘဲနေပါသတည်း”ဟု လျှောက်တင်လတ်သော် “အို..အချင်း ဥပါသကာကြီး- ရှိပါစေတော့၊ ထိုစကားသည် ရပ်တန့်ပါစေ၊ အသင် ဥပါသကာကြီးတို့သည် ပစ္စုပ္ပန်ဘဝ, တမလွန်ဘ၀၌ဖြစ်သော အကျိုးစီးပွားရှိ,မရှိတို့၌ လိမ္မာတတ်သော ဉာဏ်ပညာရှိပေကုန်၏။ ပိဋကတ်သုံးပုံကို ဆောင်နိုင်ပေကုန်၏။ ငါတို့၏ နန်းတော်တွင်း၌ တရားဓမ္မကို ပို့ချပါလော့”ဟု တောင်းပန်စကား မိန့်ကြားတော်မူလေ၏။ “အရှင်မင်းမြတ် မတတ်နိုင်ပါ”ဟု လျှောက်တင်သော် “အဘယ့်ကြောင့်နည်း”ဟု မေးမြန်းတော်မူပြန်လေ၏။ “အရှင်မင်းကြီး- ဘုရင်မင်းမြတ်တို့၏ စံပျော်ရာ ရွှေနန်းတော်မည်သည်ကား များသောအပြစ် ရှိပါသည်။ မကောင်းသဖြင့်ယှဉ်အပ်သော အမှုကိစ္စ တာဝန်တို့သည် ကြီးလေးပါကုန်၏”ဟု လျှောက်တင်လတ်သော် “ဤသို့ မဆိုပါလင့်။ ရှေးဖြစ်သောနေ့၌ ဘုရင်မင်းမြတ်ကိုမြင်၍ ငါမထခဲ့ဟု အလို့လို့ဖြစ်ခြင်း မပြုပါလင့်”ဟု မိန့်ဆိုလေ၏။ “အရှင်မင်းမြတ်- လူတို့၏ လှည့်လည်သွားလာခြင်းမည်သည် အပြစ်များလှပါ၏၊ ရဟန်းတော်တစ်ပါးကို ပင့်ခေါ်စေ၍ တရားဓမ္မကို ပို့ချစေတော်မူပါ”ဟု လျှောက်တင်လေ၏။

စာသင်လေ့ရှိသော မိဖုရားအကြောင်း

မင်းကြီးသည် “အို..အချင်း ဥပါသကာ- ကောင်းလှပါပေပြီ။ အသင်တို့သည် သွားကြပါကုန်လော့”ဟု ဆိုသဖြင့် ထိုဆတ္တပါဏိ ဥပါသကာကို လွှတ်လိုက်ပြီးလျှင် ဘုရားရှင်အထံတော်သို့သွား၍ “ဘုန်းတော်အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား- မလ္လိကာမိဖုရားသည်လည်းကောင်း၊ ဝါသဘခတ္တိယာ မိဖုရားသည်လည်းကောင်း “တရားဓမ္မကို သင်ကြားလိုကြပါကုန်၏”ဟု ပြောဆိုကြပါသည်။ မြတ်စွာဘုရားသည် ရဟန်းတော်ငါးရာတို့နှင့်တကွ အမြဲမပြတ် ဘုရားတပည့်တော်၏ နန်းတော်သို့ ကြွတော်မူ၍ ထိုမိဖုရားတို့အား တရားဓမ္မ ပို့ချသင်ပေးတော်မူကြပါဘုရား”ဟု မြတ်စွာဘုရားကို လျှောက်ကြား တောင်းပန်လေ၏။ “မြတ်သောမင်းကြီး ဘုရားရှင်တို့အား အမြဲမပြတ် တစ်ခုတည်းသောအရပ်သို့ ကြွသွားတော်မူခြင်းမည်သည် မရှိ”ဟု မိန့်တော်မူလတ်သော် “ယင်းသို့ဖြစ်မူ ဘုန်းတော်ကြီးလှပေသော မြတ်စွာဘုရား- ဘုရားရှင်မှတစ်ပါး ရဟန်းတော်တစ်ပါးကို ပေးသနားတော်မူပါဘုရား”ဟု လျှောက်ကြား တောင်းပန်ပြန်သဖြင့် မြတ်စွာဘုရားသည် ရှင်အာနန္ဒာမထေရ်အား တာဝန်ပေးတော်မူလေ၏။

ရှင်အာနန္ဒာမထေရ်သည်လည်း အမြဲမပြတ် ကြွတော်မူ၍ ထိုမိဖုရားတို့အား တရားဓမ္မကို ပို့ချသင်ပေးတော်မူ၏။ ထိုမိဖုရားနှစ်ပါးတို့တွင် မလ္လိကာမိဖုရားသည် ကောင်းမွန်ရိုသေစွာသင်ယူကာ သရဇ္ဈာယ်၏။ ဝါသဘခတ္တိယာကား ရိုသေစွာ မသင်၊ သရဇ္ဈာယ်ခြင်းမပြု။ ထို့နောက် တစ်နေ့သ၌ ရှင်အာနန္ဒာကို မြတ်စွာဘုရားသည် “ချစ်သားအာနန္ဒာ- ဥပါသိကာမတို့သည် တရားတော်ကို သင်ယူကြကုန်၏လော”ဟု မေးတော်မူလတ်သော် “မြတ်စွာဘုရား- သင်ယူကြပါကုန်၏ဘုရား”ဟု လျှောက်လေ၏။ “ဥပါသိကာမတို့သည် ရိုသေကောင်းမွန်စွာ သင်ယူကြကုန်၏လော”ဟု မေးတော်မူပြန်လတ်သော် “မြတ်စွာဘုရား- မလ္လိကာမိဖုရားသည် ရိုသေကောင်းမွန်စွာ သင်ယူပါသည်။ ရိုသေကောင်းမွန်စွာ သရဇ္ဈာယ်ပါသည်။ ရိုသေကောင်းမွန်စွာ သင်ယူအပ်သော ပါဠိကို အလွတ်ရွတ်ဆိုခြင်းငှာ စွမ်းနိုင်ပါသည်။ ရှင်တော်မြတ်ဘုရားတို့၏ ဆွေတော်မျိုးတော် သမီးဖြစ်သော ဝါသဘခတ္တိယာ မိဖုရားကား ရိုသေကောင်းမွန်စွာ မသင်ယူပါ။ မသရဇ္ဈာယ်ပါ။ သင်ယူအပ်သောပါဠိကို အလွတ်ရွတ်ဆိုခြင်းငှာ မစွမ်းနိုင်ပါဘုရား”ဟု နားတော်လျှောက်လေ၏။

မြတ်စွာဘုရားသည် ရှင်အာနန္ဒာမထေရ်စကားကို ကြားရလျှင် “ချစ်သားအာနန္ဒာ- ငါဘုရားဟောကြားအပ်သော တရားမည်သည်ကား ရိုသေစွာ မနာသောသူ၊ မသရဇ္ဈာယ်သောသူ မဟောကြားသောသူအား အဆင်းနှင့်သာပြည့်စုံ၍ အနံ့မရှိသော ပန်းကဲ့သို့ အကျိုးမရှိဖြစ်ရပေ၏။ ရိုသေစွာနာခြင်း စသည်တို့ကို ပြုသောသူအားကား များမြတ်သော အကျိုးအာနိသင်ရှိပေ၏”ဟု မိန့်တော်မူ၍ ဤနှစ်ဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၅၁] ယထာပိ ရုစိရံ ပုပ္ဖံ၊ ဝဏ္ဏဝန္တံ အဂန္ဓကံ။
ဧဝံ သုဘာသိတာ ဝါစာ၊ အဖလာ ဟောတိ အကုဗ္ဗတော။
֍ * [၅၂] ယထာပိ ရုစိရံ ပုပ္ဖံ၊ ဝဏ္ဏဝန္တံ သဂန္ဓကံ။
ဧဝံ သုဘာသိတာ ဝါစာ၊ သဖလာ ဟောတိ ကုဗ္ဗတော။

ရုစိရံ၊ တင့်တယ်သည်ဖြစ်၍။ ဝဏ္ဏဝန္တံ၊ အဆင်းသဏ္ဌာန်နှင့်ပြည့်စုံသော။ အဂန္ဓကံ၊ အနံ့မရှိသော။ ပုပ္ဖံ၊ ကသစ်, ခေါင်ရမ်းစသော ပန်းသည်။ အဖလံ၊ အကျိုးမရှိသည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ သုဘာသိတာ၊ ကောင်းစွာဟောကြားတော်မူအပ်သော။ ဝါစာ၊ ပိဋကတ်သုံးပုံတည်းဟူသော ဘုရားစကားတော်သည်။ အကုဗ္ဗတော၊ ရိုသေစွာ သင်ကြားနာယူခြင်း စသည်ဖြင့် မပြုမကျင့်သောသူအား။ အဖလာ၊ အကျိုးမရှိသည်။ ဟောတိ၊ ဖြစ်၏။

ရုစိရံ၊ တင့်တယ်သည်ဖြစ်၍။ ဝဏ္ဏဝန္တံ၊ အဆင်းသဏ္ဌာန်နှင့်လည်း ပြည့်စုံထသော။ သဂန္ဓကံ၊ ကောင်းသောအနံ့လည်း ရှိထသော။ ပုပ္ဖံ၊ ကြာညို, ဇလပ်, ရင်ခတ်, ပွင့်ဆန်း, ကတတ်ငန်းစသော ပန်းသည်။ သဖလံ၊ အကျိုးရှိသည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ သုဘာသိတာ၊ ကောင်းစွာဟောကြားတော်မူအပ်သော။ ဝါစာ၊ ပိဋကတ်သုံးပုံ တည်းဟူသော ဘုရားစကားတော်သည်။ ကုဗ္ဗတော၊ ရိုသေစွာ သင်ကြားနာယူခြင်း စသည်ဖြင့် ပြုကျင့်သောသူအား။ သဖလာ၊ များစွာအကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာဖြစ်တော်မူလေ၏။

ဆတ္တပါဏိ ဥပါသကာဝတ္ထု ပြီး၏၊

֍ * ၈။ ဝိသာခါဝတ္ထု

ယထာပိ ပုပ္ဖရာသိမှာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်ကိုအမှီပြု၍ ပုဗ္ဗာရုံကျောင်းတော်၌ နေတော်မူစဉ် ဝိသာခါ ဒါယိကာမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဝိသာခါ၏ အမိအဘများ

ထိုဝိသာခါ ဒါယိကာမသည်ကား အင်္ဂတိုင်း ဘဒ္ဒိယမြို့၌ မေဏ္ဍကသူဌေးကြီး၏ သားဖြစ်သော ဓနဉ္စယသူဌေး၏ သူဌေးကတော်ကြီးဖြစ်သော သုမနဒေဝီမည်သော သူဌေးမ၏ဝမ်း၌ ဖြစ်သတတ်။ ထိုဝိသာခါ၏ ခုနစ်နှစ်သမီးအရွယ်ရှိသောအခါ ဘုရားရှင်သည် သူဌေးပုဏ္ဏား အစရှိသော သူတို့၏လည်းကောင်း၊ သစ္စာလေးပါးသိခြင်းငှာ ထိုက်သော ဝေနေယျတို့၏လည်းကောင်း အကြောင်းဥပနိဿယနှင့် ပြည့်စုံခြင်းကို မြင်တော်မူသဖြင့် များစွာသော ရဟန်းသံဃာအပေါင်း ခြံရံတော်မူလျက် ဒေသစာရီ ကြွချီတော်မူလတ်သည်ရှိသော် ထိုဘဒ္ဒိယမြို့သို့ ဆိုက်ရောက်တော်မူလေ၏။ ထိုအခါ၌လည်း မေဏ္ဍကသူဌေးကြီးသည် ထိုဘဒ္ဒိယမြို့၌ ရှေးဘုန်းရှေးကံ ကြီးမားကုန်သော ငါးယောက်သောသူတို့၏ အကြီးအမှူးဖြစ်၍ သူဌေးအရာကို ပြုလေ၏။ ရှေးဘုန်းရှေးကံ ကြီးမားကုန်သော ငါးယောက်သောသူတို့ မည်သည်ကား မေဏ္ဍကသူဌေးကြီး၊ မေဏ္ဍကသူဌေး၏ စန္ဒပဒုမာမည်သော သူဌေးကတော်ကြီး၊ မေဏ္ဍကသူဌေး၏ ဓနဉ္စယမည်သောသားကြီး၊ ထိုဓနဉ္စယသူဌေးကလေး၏ သုမနဒေဝီမည်သော သူဌေးကတော်ကလေး၊ မေဏ္ဍကသူဌေး၏ ပုဏ္ဏမည်သော ကျွန်ယောက်ျား ဤငါးယောက်တို့ပေတည်း။

သူဌေးကြီးငါးယောက်

သက်သက် ဤမေဏ္ဍကသူဌေးကြီးတစ်ဦးသာ မဟုတ်သေး။ ဗိမ္ဗိသာရမင်းကြီး၏ တိုင်းပြည်နိုင်ငံတော်၌ အတိုင်းမသိသော စည်းစိမ်ဥစ္စာရှိသည် မည်ကုန်သော ဇောတိက, ဇဋိလ, မေဏ္ဍက, ပုဏ္ဏ, ကာကဝလ္လိယဟူသော သူဌေးကြီး ငါးဦးတို့လည်း ရှိကုန်သေး၏။ ထိုငါးယောက်ကုန်သော သူဌေးကြီးတို့တွင် ဤမေဏ္ဍကသူဌေးကြီးသည် မိမိ၏ ဘဒ္ဒိယမြို့သို့ မြတ်စွာဘုရားကြွရောက်တော်မူလာသည့်အဖြစ်ကိုသိ၍ သားဖြစ်သော ဓနဉ္စယသူဌေးကလေး၏သမီး ဝိသာခါ သတို့သမီးငယ်ကို ခေါ်စေပြီးလျှင် “ချစ်မြေးဝိသာခါ- သင်အားလည်း မင်္ဂလာဖြစ်လတ္တံ့၊ ငါတို့အားလည်း မင်္ဂလာဖြစ်လတ္တံ့၊ သင်၏အခြံအရံ ငါးရာသော သတို့သမီးငယ်တို့နှင့်တကွ ငါးရာသောရထားထက် တက်စီး၍ ငါးရာကုန်သော ကျွန်မတို့ဖြင့် ခြံရံလျက် ကိုယ်အား, ဉာဏ်အား ဆယ်ပါးသခင် ဘုရားရှင်အား ခရီးဦးကြိုဆိုခြင်း အမှု ပြုလော့”ဟု ဆိုလေ၏။ ဝိသာခါသတို့သမီးငယ်သည်လည်း “ကောင်းလှပါပြီ”ဟု ဝန်ခံ၍ သူဌေးကြီးဆိုတိုင်းပြုလေ၏။ အကြောင်းဟုတ်သည်, မဟုတ်သည်တို့၌ လိမ္မာသောသဘောရှိသည် အဖြစ်ကြောင့် အကြင်မျှလောက် ယာဉ်ဖြင့်သွားခြင်းငှာ လျောက်ပတ်သော မြေပြင်သည် ရှိ၏။ ထိုမျှလောက် ယာဉ်ဖြင့်သွား၍ ယာဉ်မှ သက်ဆင်းပြီး ခြေဖြင့်သာလျှင် သဗ္ဗညုဘုရားရှင်သို့ ချဉ်းကပ်ကာ ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ နေလေ၏။

<(b>ကိုယ်အား ဉာဏ်အား ဆယ်ပါးသခင်ဟူသော စကားရပ်၌ ကိုယ်အားဟူသည်မှာ (ဆဒ္ဒန်ဆင် ဆယ်စီးအားရှိသော ဘုရားဟူလို) လူဆယ်ယောက်၏အားသည် ကာဠာဝကဆင်၏ အား၊ ကာဠာဝကဆင် ဆယ်စီးအားသည် ဂင်္ဂေယျဆင်၏ အား၊ ဂင်္ဂေယျတစ်ဆယ် ပဏ္ဍရ။ ပဏ္ဍရတစ်ဆယ် တမ္ဗ။ တမ္ဗတစ်ဆယ် ပိင်္ဂလ၊ ပိင်္ဂလတစ်ဆယ် ဂန္ဓ၊ ဂန္ဓတစ်ဆယ် မင်္ဂလ။ မင်္ဂလတစ်ဆယ် ဟေမ။ ဟေမတစ်ဆယ် ဥပေါသထ။ ဥပေါသထတစ်ဆယ် ဆဒ္ဒန္တ။ ဆဒ္ဒန္တ ဆင်ဆယ်စီးအားသည် မြတ်စွာဘုရား၏ ကိုယ်အားနှင့် ညီမျှ၏။ ထိုဘုရားရှင်၏အားတော်သည် ဆဒ္ဒန် တစ်ဆယ်။ ဥပေါသထ တစ်ရာ။ ဟေမ တစ်ထောင်။ မင်္ဂလ တစ်သောင်း။ ဂန္ဓ တစ်သိန်း။ ပိင်္ဂလ တစ်သန်း။ တမ္ဗ တစ်ကုဋေ။ ပဏ္ဍရ ဆယ်ကုဋေ။ ဂင်္ဂေယျ ကုဋေတစ်ရာ။ ကာဠာဝက ကုဋေတစ်ထောင်။ လူ ကုဋေတစ်သောင်းအားနှင့် ညီမျှ၏။ ဉာဏ်အား ဆယ်ပါးကား ဌာနာဌာနကောသလ္လဉာဏ် စသော ဉာဏ်တော်ဆယ်ပါးတည်း)

ဝိသာခါ သောတာပန်ဖြစ်ခြင်း

ထိုအခါ ဝိသာခါအား ရှေးရှေးသောကာလ အတိတ်ဘဝက လေ့ကျက်ခဲ့ဖူးသော ကောင်းမှုကံ၏ အစွမ်းအားဖြင့် ဘုရားရှင်သည် တရားကို ဟောတော်မူ၏။ ထိုဝိသာခါသည် ဒေသနာတော်၏အဆုံး၌ ငါးရာသောသတို့သမီးတို့နှင့်တကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။ မေဏ္ဍကသူဌေးကြီးသည်လည်း ဘုရားရှင်သို့ချဉ်းကပ်၍ တရားစကားကို ကြားနာရသဖြင့် သောတာပတ္တိဖိုလ်၌ တည်ပြီးလျှင် နက်ဖြန်ကောင်းမှုအလို့ငှာ ပင့်ဖိတ်ခဲ့၍ တစ်ဖန် နံနက်မိုးသောက်ရောက်သောနေ့၌ မိမိ၏နေအိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ဖြင့် ဘုရားအမှူးရှိသော သံဃာတော်မြတ်အပေါင်းကို ဆွမ်းလုပ်ကျွေး၍ ဤသို့သောနည်းဖြင့်သာလျှင် တစ်ဆယ့်ငါးရက်ပတ်လုံး အလှူကြီးကို ပေးလှူ၏။ မြတ်စွာဘုရားသည်လည်း ဘဒ္ဒိယမြို့၌ မွေ့လျော်သမျှ ကာလပတ်လုံး သီတင်းသုံးနေထိုင်တော်မူ၍ ဖဲကြွသွားတော်မူလေ၏။

သူဌေးတစ်ဦးပေးရန် တောင်းခြင်း

ထိုအခါ ဗိမ္ဗိသာရမင်းနှင့် ပသေနဒီ ကောသလမင်းတို့သည် အချင်းချင်း တစ်ယောက်သည် တစ်ယောက်၏ မောင်လယ်,နှမလယ် နှမ၏ခင်ပွန်းတို့ ဖြစ်ကြကုန်၏။ ထိုအခါ တစ်နေ့သ၌ ကောသလမင်း ကြံစည်သည်မှာ “ဗိမ္ဗိသာရမင်း၏ နိုင်ငံတော်၌ အတိုင်းမသိ များစွာသော စည်းစိမ်ချမ်းသာရှိကုန်သော ဘုန်းကံကြီးမားသော ငါးယောက်ကုန်သော သူဌေးကြီးတို့သည် နေထိုင်ကြကုန်၏။ ငါ၏နိုင်ငံတော်၌ကား ထိုသို့သဘောရှိသော သူဌေးသည် တစ်ဦးတစ်ယောက်မျှလည်း မရှိချေ။ ငါသည် ဗိမ္ဗိသာရမင်းအထံသို့သွား၍ ဘုန်းကံကြီးမားသော သူဌေးကြီးတစ်ဦးကို တောင်းရမူကား ကောင်းလေစွ”ဟု ကြံစည်လေ၏။ ထိုကောသလမင်းကြီးသည် ရာဇဂြိုဟ်ပြည်သို့သွား၍ ဗိမ္ဗိသာရမင်းသည် စေ့စပ်ခြင်း ပဋိသန္ဓာရ လောကဝတ် ပြုအပ်သည်ဖြစ်၍ “အသင်မင်းကြီးသည် အဘယ်အကြောင်းကြောင့် ကြွလာတော်မူသနည်း”ဟု မေးအပ်သည်ရှိသော် “အသင်မင်းကြီးတို့၏ တိုင်းနိုင်ငံတော်၌ အတိုင်းမသိ စည်းစိမ်ချမ်းသာ များစွာကြွယ်ဝကုန်သော ဘုန်းကံကြီးမားကုန်သော သူဌေးကြီးငါးဦးတို့သည် နေထိုင်ကြကုန်၏။ ထိုငါးဦးကုန်သော သူဌေးကြီးတို့တွင် တစ်ဦးတစ်ယောက်မျှသော သူဌေးကိုယူ၍ သွားအံ့ဟု အကျွန်ုပ်လာခဲ့ပါသည်။ ထိုသူဌေးကြီးငါးဦးတို့တွင် အသင်မင်းကြီးတို့သည် တစ်ယောက်ကို ပေးကြပါကုန်လော့”ဟု ဆို၏။ “ကြီးကျယ်သော အမျိုးကြီးတို့ဖြစ်သဖြင့် အကျွန်ုပ်တို့သည် လှုပ်ရှားခြင်းငှာ မတတ်နိုင်ကုန်”ဟု ဆိုလတ်သော် “အကျွန်ုပ်သည် မရသည်ရှိသော် နေပြည်တော်သို့ ပြန်မသွားတော့အံ့”ဟု ဆိုပြန်၏။

သာဝတ္ထိသို့ ဓနဉ္စယသူဌေး ပေးပို့ခြင်း

ထိုအခါ၌ ဗိမ္ဗိသာရမင်းကြီးသည် အမတ်တို့နှင့်တိုင်ပင်၍ “ဇောတိက အစရှိသော အမျိုးမြတ်သူဌေးကြီးတို့ကို ရွှေ့ပြောင်း တုန်လှုပ်စေခြင်းမည်သည် မြေကြီးကို ရွှေ့ပြောင်းတုန်လှုပ်စေရသည်နှင့် တူ၏။ မေဏ္ဍကသူဌေးကြီး၏သား ဓနဉ္စယသူဌေးမည်သည် ရှိ၏။ ထိုဓနဉ္စယ သူဌေးနှင့်အတူ တိုင်ပင်ပြီးမှသာလျှင် အသင်မင်းကြီးအား စကားတုံ့ကို ပြန်အံ့”ဟုဆို၍ ဓနဉ္စယသူဌေးကို ခေါ်စေပြီးလျှင် “ချစ်သားဓနဉ္စယသူဌေး- ကောသလမင်းကြီးသည် ဥစ္စာကြွယ်ဝသော သူဌေးတစ်ယောက်ကို ယူဆောင်၍ တိုင်းပြည်သို့ ပြန်သွားအံ့ဟုဆို၏။ သင်သည် ထိုကောသလမင်းကြီးနှင့်အတူတကွ လိုက်သွားပါလော့”ဟု ဆိုလတ်သော် “အရှင်မင်းကြီး- အရှင်မင်းကြီးတို့ စေလွှတ်ကုန်သည်ရှိသော် သွားပါအံ့”ဟု လျှောက်တင်လျှင် “ချစ်သား-ယင်းသို့ဖြစ်မူ စီရင်ဖွယ်ရှိသမျှ စီရင်ပြုလုပ်၍ လိုက်သွားပါလော့”ဟု မိန့်ဆို၍ လွှတ်လိုက်၏။ ဓနဉ္စယသူဌေးလည်း မိမိပြုလုပ်သင့်သမျှကို ပြုလုပ်လေ၏။ ဗိမ္ဗိသာရမင်းကြီးသည်လည်း ထိုဓနဉ္စယသူဌေးအား များစွာကြီးကျယ်သော ပူဇော်သက္ကာရကိုပြု၍ “ဤသူဌေးကို ခေါ်၍ သွားကြပါကုန်လော့”ဟု ပြောဆိုကာ ပသေနဒီ ကောသလမင်းကြီးကို လွှတ်လိုက်လေ၏။ ကောသလမင်းကြီးလည်း ထိုသူဌေးကိုခေါ်၍ သာဝတ္ထိပြည်သို့ တစ်ညဉ့်အိပ်ခရီးဖြင့် သွားသဖြင့် ချမ်းသာသော အရပ်တစ်ခုသို့ ရောက်လျှင် နေရာကို ယူလေ၏။

သာကေတမြို့သစ် တည်ခြင်း

ထိုအခါ ကောသလမင်းကြီးကို ဓနဉ္စယသူဌေးသည် “ဤအရပ်ကား အဘယ်မင်းမြတ်၏ နိုင်ငံအဝင်အပါ အရပ်ဖြစ်ပါသနည်း”ဟု မေးလျှောက်လေ၏။ “သူဌေးကြီး- ငါ၏နိုင်ငံအဝင်အပါ အရပ်ဖြစ်သည်”ဟု ပြောဆိုလျှင် “သာဝတ္ထိပြည်သည် ဤအရပ်မှ အဘယ်မျှ ဝေးကွာသောအရပ်၌ တည်ရှိပါသနည်း”ဟု မေးပြန်လေ၏။ “ခုနစ်ယူဇနာထက်၌ တည်ရှိပေ၏”ဟု ပြောဆိုလျှင် “အရှင်မင်းမြတ်- မြို့၏အတွင်းမည်သည် ကျဉ်းမြောင်းလှ၏။ အရှင့် ကျွန်တော်မျိုးတို့၏ အခြံအရံ အလုပ်အကျွေး လူပရိသတ်ကား များလှစွာ၏။ အရှင်မင်းကြီးတို့သည် အကယ်၍ နှစ်သက်ကုန်သည် ဖြစ်ခဲ့အံ့။ ဤအရပ်၌ပင် နေလိုပါ၏”ဟု လျှောက်တင်လေ၏။ ကောသလမင်းကြီးလည်း “ကောင်းပြီ”ဟု ဝန်ခံ၍ ထိုအရပ်၌ မြို့ကို တည်ထောင်သဖြင့် ဓနဉ္စယသူဌေးအားပေးပြီး ကြွသွားလေ၏။ ထိုအရပ်၌ မိမိကိုယ်တိုင် နေရာအရပ် ယူအပ်သောကြောင့် သာကေတဟူ၍ မြို့၏အမည် တွင်လေ၏။

သားမရှိသောအမျိုး ပျက်စီးတတ်

သာဝတ္ထိပြည်၌လည်း မိဂါရသူဌေး၏ သားဖြစ်သော ပုဏ္ဏဝဍ္ဎနမည်သော သတို့သားသည် အရွယ်သို့ရောက်သည်ဖြစ်ပေ၏။ ထိုအခါ မိဘတို့သည် ထိုပုဏ္ဏဝဍ္ဎနသတို့သားကို “ချစ်သား- သင်နှစ်သက်ရာအရပ်၌ သတို့သမီးတစ်ယောက်ကို စုံစမ်းရှာဖွေလော့”ဟု ဆိုကြကုန်၏။ “မိခင်ဖခင်တို့- ဤသို့ သဘောရှိသော မယားဖြင့် ကျွန်တော်အား ပြုဖွယ်ကိစ္စ အလိုဆန္ဒ မရှိပါ”ဟု ဆိုသဖြင့် မိခင်ဖခင်တို့လည်း “ချစ်သား- ဤသို့မပြုပါလင့်၊ သားမရှိသော အမျိုးမည်သည်ကား ကာလအရှည် မတည်တံ့နိုင်, ပျက်စီးတတ်သည်။ ထို့ကြောင့် ချစ်သားနှစ်သက်ရာ သတို့သမီးငယ်တစ်ယောက်ကိုသာ ရှာဖွေလော့”ဟု ဆိုပြန်လေ၏။ ပုဏ္ဏဝဍ္ဎန သူဌေးသားသည် အဖန်ဖန်ပြောဆို တိုက်တွန်းအပ်သည်ရှိသော် “ထိုသို့ဖြစ်မူ ကောင်းခြင်းငါးပါးနှင့်ပြည့်စုံသော သတို့သမီးကို ရသည်ဖြစ်အံ့။ မိခင်ဖခင်တို့၏ ပြောကြားသောစကားကို လိုက်နာပါအံ့”ဟု ဝန်ခံ၏။

ကောင်းခြင်းငါးဖြာဟူသည်

“ချစ်သား- ကောင်းခြင်းငါးပါးတို့ဟူသည် အဘယ်သည်တို့နည်း”ဟု မေးသဖြင့် “ဆံပင်၏ကောင်းခြင်း၊ အသား၏ကောင်းခြင်း၊ အရိုး၏ကောင်းခြင်း၊ အရေ၏ကောင်းခြင်း၊ အရွယ်၏ကောင်းခြင်းဟူသော ဤငါးပါးတို့တည်း”ဟု ဖြေဆိုလေ၏။ ထိုစကားမှန်၏။

၁။ ဘုန်းကံကြီးသောမိန်းမ၏ ဆံပင်တို့သည် ဥဒေါင်းမြီးစည်းနှင့် တူကုန်သည်ဖြစ်၍ ဦးခေါင်းမှ ဖြေ၍ချလိုက်သည်ရှိသော် အဝတ်ထဘီအစွန်းကိုထိ၍ အဖျားကော့တက်လျက် တည်ကုန်၏။ ဤကား ဆံပင်၏ကောင်းခြင်းမည်၏။

၂။ သွားကိုဖုံးသော နှုတ်ခမ်းသားသည် ကျီးအာသီးမှည့်နှင့်တူစွာ နီမြန်းသောအဆင်းနှင့် ပြည့်စုံသည်ဖြစ်၍ ညီညွတ်၏၊ ကောင်းစွာထိခြင်း,စပ်ခြင်း ရှိ၏။ ဤကား အသား၏ကောင်းခြင်းမည်၏။

၃။ သွားတို့သည် ဖြူစင်ခြင်း, ညီညွတ်ခြင်း, မကျဲခြင်း ရှိကုန်သည်ဖြစ်၍ စိုက်၍ထားအပ်သော ဝဇီရစိန်ရတနာ အစီအတန်းကဲ့သို့လည်းကောင်း၊ ကောင်းမွန်ညီညွတ်စွာ ဖြတ်အပ်သော ခရုသင်း အစီအတန်းကဲ့သို့လည်းကောင်း တင့်တယ်ကုန်၏။ ဤကား အရိုး၏ကောင်းခြင်းမည်၏။

၄။ အသားညိုသော မိန်းမ၏ အရေအဆင်းသည် ပေါင်ဒါမှုန့် စသည်တို့ဖြင့် မလိမ်းမကျံဘဲသာလျှင် ပင်ကို ညက်ညောပြေပြစ်၏။ ကြာညိုပန်းဆိုင်းနှင့်တူ၏။ အသားဖြူသောမိန်းမ၏ အရေအဆင်းသည် မဟာလှေကား ပန်းဆိုင်းနှင့်တူ၏။ ဤကား အရေ၏ကောင်းခြင်းမည်၏။

၅။ ဆယ်ကြိမ်တိုင်အောင် သားသမီးဖွားမြင်ပြီးသော်လည်း စင်စစ်အားဖြင့် တစ်ကြိမ်သားဖွားသော မိန်းမကဲ့သို့ အရွယ်ကွေကွင်း ဆုတ်ယုတ်ခြင်းမရှိသည်သာတည်း။ ဤကား အရွယ်၏ကောင်းခြင်းမည်၏။

သတို့သမီး အရှာထွက်ခြင်း

ထိုအခါ ပုဏ္ဏဝဍ္ဎနသတို့သား၏ မိခင်ဖခင်တို့သည် ပုဏ္ဏားရှစ်ယောက်တို့ကို ပင့်ခေါ်၍ ကျွေးမွေးပြီးလျှင် “ကောင်းခြင်းငါးပါးနှင့် ပြည့်စုံကုန်သော မိန်းမတို့မည်သည် ရှိပါကုန်သလော”ဟု မေးမြန်းကြကုန်၏။ ပုဏ္ဏားတို့သည် “ဪ ရှိကြကုန်၏”ဟု ဆိုလျှင် “ထိုသို့ဖြစ်မူ ဤသို့သဘောရှိသော သတို့သမီးကို ရှာဖွေခြင်းငှာ ရှစ်ယောက်သောပုဏ္ဏားတို့သည် သွားကြပါကုန်လော့”ဟုဆို၍ များစွာသော ဥစ္စာကို ပေးပြီးလျှင် “ပြန်ရောက်လာသောအခါ သင်တို့အား ကျေးဇူးတုံ့ပြုဖွယ်ကို သိကြပါကုန်အံ့။ ကျေးဇူးဆပ်ပါမည်။ သွားကြပါကုန်လော့။ ဤသို့ ကောင်းခြင်းငါးဖြာနှင့်ပြည့်စုံသော သတို့သမီးကို ရှာဖွေကြပါကုန်လော့။ တွေ့သောအခါ၌လည်း ဤတန်ဆာကို ပေးခဲ့ကြပါကုန်လော့”ဟု မှာထား ပြောဆိုလျက် အဖိုးတစ်သိန်းထိုက်သော ရွှေပန်းကုံးကိုပေး၍ လွှတ်လိုက်ကြလေကုန်၏။

ထိုပုဏ္ဏားတို့သည် ကြီးကုန်,ကြီးကုန်သော မြို့ကြီးပြကြီးတို့သို့သွား၍ ရှာဖွေကြကုန်သော်လည်း ကောင်းခြင်းငါးပါးနှင့်ပြည့်စုံသော သတို့သမီးကို မတွေ့မထင် မမြင်ရသဖြင့် ပြန်လည်ဆုတ်နစ်ကာ လာကုန်သည်ရှိသော် ဝိဝဋနက္ခတ်ပွဲသဘင် ကြုံသောနေ့၌ သာကေတမြို့သို့ အစဉ်အတိုင်း ရောက်လာကြကုန်ရကား “ယနေ့ ငါတို့၏အမှုကိစ္စသည် ပြီးဆုံးခြင်းသို့ ရောက်လတ္တံ့”ဟု ကြံစည်ကြကုန်၏။ ထိုသာကေတမြို့၌ကား နှစ်စဉ်မပြတ် ကျင်းပပြုလုပ်အပ်သော ဝိဝဋနက္ခတ်ပွဲသဘင်မည်သည် ရှိ၏။ ထိုအခါ ပြင်ပသို့ ထွက်သွားလေ့မရှိကုန်သော အမျိုးသား အမျိုးသမီးတို့သည်လည်း အခြံအရံနှင့်တကွ နေအိမ်မှထွက်၍ မကွယ်မဝှက်သော ကိုယ်ရှိသည်ဖြစ်၍ ခြေဖြင့်သာလျှင် မြစ်ကမ်းနားသို့ သွားလေ့ရှိကုန်၏။ ထိုနေ့၌ ခတ္တိယ မဟာသာလ စသည်တို့၏ သားယောက်ျားတို့သည်လည်း မိမိနှင့် အမျိုးအနွယ်တူမျှသော နှစ်သက်ဖွယ်ကောင်းသော အမျိုးသတို့သမီးကို မြင်လျှင် ပန်းကုံးဖြင့် ပစ်ကုန်အံ့၊ ပန်းကုံး စွပ်ကုန်အံ့ဟု ကြံလျက် ထိုထိုခရီးလမ်းမကိုမှီ၍ ရပ်တည်နေကြကုန်၏။

<(b>ခတ္တိယ မဟာသာလ စသည်တို့၏ အဓိပ္ပာယ်။ ။အသပြာ ဒင်္ဂါး ကုဋေတစ်ရာ မြေ၌သိုမှီး၍ နေ့စဉ် ဒင်္ဂါးတင်းနှစ်ဆယ် သုံးသောမင်းသည် ခတ္တိယမဟာသာလမည်၏။ ကုဋေရှစ်ဆယ်သိုမှီး၍ နေ့စဉ် ဆယ်တင်းသုံးသော ပုဏ္ဏားသည် ဗြာဟ္မဏမဟာသာလမည်၏။ ကုဋေလေးဆယ် သိုမှီး၍ နေ့စဉ် ငါးတင်းသုံးသော သူကြွယ်သည် ဂဟပတိမဟာသာလမည်၏။ အဘိဓာန်အလို။ ကုဋေတစ်ရာ, တစ်ထောင်မြှုပ်၍ နေ့စဉ်ရိက္ခာ တစ်နေ့ အသပြာတစ်လှည်းထွက်၊ ညနေ နှစ်လှည်းဝင်သော မင်းသည် ခတ္တိယမဟာသာလမည်၏။ ကုဋေရှစ်ဆယ်မြှုပ်၍ နေ့စဉ် ရိက္ခာ တကုမ္ဘထွက်၊ ညနေ တစ်လှည်းဝင်သော ပုဏ္ဏားသည် ဗြာဟ္မဏမဟာသာလမည်၏။ ကုဋေလေးဆယ်မြှုပ်၍ နေ့စဉ် ရိက္ခာ ငါးအမ္ဗဏထွက်၊ ညနေ ဆယ်အမ္ဗဏဝင်သော သူကြွယ်သည် ဂဟပတိမဟာသာလမည်၏။ သုတ်မဟာဝါ။)

ထိုပုဏ္ဏားတို့သည်လည်း မြစ်ကမ်းနား၌ ဇရပ်တစ်ခုသို့ ဝင်ရောက်၍ ရပ်တည်နေကြကုန်၏။ ထိုခဏ၌ ဝိသာခါသည် တစ်ဆယ့်ငါးနှစ်၊ တစ်ဆယ့်ခြောက်နှစ် အရွယ်ရှိပြီဖြစ်၍ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် သတို့သမီးငယ်ငါးရာတို့ဖြင့် ခြံရံကာ မြစ်သို့သွား၍ ရေချိုးအံ့ဟု လာခဲ့ရာ ထိုပုဏ္ဏားတို့နေသောအရပ်သို့ ရောက်လာလေ၏။ ထိုအခါ မိုးတက်၍ ရွာလတ်သဖြင့် ငါးရာကုန်သော သတို့သမီးတို့သည် လျင်မြန်စွာ ပြေးသွား၍ ဇရပ်သို့ ဝင်ကြကုန်၏။ ပုဏ္ဏားတို့သည် ကြည့်ရှုကြသည်ရှိသော် ထိုသတို့သမီးငါးရာတို့တွင် ကောင်းခြင်းငါးဖြာ လက္ခဏာနှင့် ပြည့်စုံသူတစ်ယောက်ကိုမျှ မမြင်ကြရလေကုန်။

ပုဏ္ဏားတို့ ဝိသာခါကို တွေ့ခြင်း

ထို့နောက်မှ ဝိသာခါသည် ပြကတေ့သော သွားခြင်းဖြင့်သာ ဇရပ်သို့ဝင်လာသဖြင့် ဆင်သော အဝတ်တန်ဆာတို့သည် စွတ်စိုကုန်၏။

ပုဏ္ဏားတို့သည် ထိုဝိသာခါ၏ လေးပါးသော ကောင်းခြင်းတို့ကိုမြင်၍ သွားတို့ကို ကြည့်ရှုလိုသောကြောင့် “ငါတို့သမီးကား ပျင်းရိသောသဘောရှိ၏။ ဤသတို့သမီး၏ အရှင်သည် ပအုံးရည်မျှကိုလည်း ရလိမ့်မည်မဟုတ်ယောင်တကား”ဟု အချင်းချင်း ပြောဆိုကြကုန်၏။ ထိုအခါ ဝိသာခါသည် ထိုပုဏ္ဏားတို့ကို “အသင်ပုဏ္ဏားကြီးတို့သည် အဘယ်သူကို ပြောဆိုကြပါသနည်း”ဟု မေးလေသဖြင့် “ချစ်သမီး- အသင့်ကို ပြောဆိုကြကုန်၏”ဟု ဆိုကြလေကုန်၏။ ထိုဝိသာခါ၏အသံသည် သာယာနာပျော်ဖွယ် နားဝင်ချိုသည်ဖြစ်၍ တီးခေါက်အပ်သော ကြေးဖလား, ကြေးခွက်သံကဲ့သို့ မြည်ထွက်လေ၏။ ထိုအခါ ပုဏ္ဏားတို့ကို တစ်ဖန် သာယာစွာသောအသံဖြင့် “အဘယ်အကြောင်းကြောင့် ပြောဆိုကြပါကုန်သနည်း”ဟု မေးပြန်လေ၏။ “သင်၏ အခြံအရံဖြစ်ကုန်သော မိန်းမတို့သည် အဝတ်တန်ဆာတို့ကို မစွတ်စိုစေမူ၍ လျင်မြန်စွာ ဇရပ်သို့ဝင်လာကြကုန်ပြီ။ သင့်အားမူကား ဤမျှလောက် လျင်မြန်စွာ လာခြင်းမျှသည်လည်း မရှိ၊ အဝတ်တန်ဆာတို့ကို စွတ်စိုစေလျက် လာခဲ့သည်ဖြစ်ပေ၏။ ချစ်သမီး- ထို့ကြောင့် ငါတို့သည် ပြောဆိုကြကုန်သတည်း”ဟု ပြောကြားကြလေကုန်၏။

လျင်မြန်စွာ မသွားသင့်သူ လေးယောက်

ထိုအခါ ဝိသာခါသည် “ဖခင်တို့- ဤသို့သောစကားကို မဆိုကြပါကုန်လင့်။ ကျွန်မသည် ဤမိန်းမတို့ထက် လွန်စွာကြီးသောခွန်အားဗလ ရှိပါသည်။ စင်စစ်သော်ကား အကြောင်းကိုမှတ်သား၍ လျင်မြန်စွာ မလာခြင်းဖြစ်ပါသည်”ဟု ဆိုသဖြင့် “ချစ်သမီး- အဘယ်အကြောင်းကိုနည်း”ဟု မေးပြန်သော် “ဖခင်တို့- လေးယောက်ကုန်သောသူတို့သည် လျင်မြန်စွာ သွားကြသည်ရှိသော် မတင့်တယ်ကြပါကုန်။ ထိုမှတစ်ပါးလည်း အကြောင်းတစ်ပါးရှိပါသေးသည်”ဟု ဝိသာခါက ဆိုလေ၏။ “ချစ်သမီး- လျင်မြန်စွာ ပြေးသွားသဖြင့် မတင့်တယ်ကုန်သော လေးယောက်ကုန်သော သူတို့သည် အဘယ်သူတို့နည်း”ဟု မေးပြန်လေသော် “ဖခင်တို့-

၁။အဘိသိက်သွန်းပြီးသောမင်းသည် အလုံးစုံသော မင်းမြောက်တန်ဆာငါးပါး ဆင်ယင်လျက် ခါးတောင်း အောက်ပိုးကျိုက်ခြင်းကိုပြု၍ မင်းရင်ပြင်၌ လျင်မြန်စွာသွားသည်ရှိသော် မတင့်တယ်ပါ။ “အသို့နည်း၊ ဤမင်းသည် လယ်လုပ်,ကုန်သွယ် အသက်မွေးသော သူကြွယ်ကဲ့သို့ လျင်စွာ ပြေးသွားသည်”ဟု သူတစ်ပါးတို့၏ ကဲ့ရဲ့ခြင်းကို ဧကန်မုချ ရရှာပေ၏။ ဖြည်းဖြည်းသာသာ သွားမှသာလျှင် တင့်တယ်လှပါသည်။

၂။ မင်း၏ မင်္ဂလာရှိသော ဆင်ရတနာသည်လည်း တန်ဆာဆင်ခြင်း ရှိသည်ဖြစ်လျက် လျင်မြန်စွာသွားသည်ရှိသော် မတင့်တယ်ပါ။ ဆင်မင်းတို့၏ တင့်တယ်စံပယ်ခြင်းဖြင့် သွားမှသာလျှင် တင့်တယ်ပါသည်။

၃။ ရဟန်းတော် အရှင်မြတ်သည်လည်း လျင်မြန်စွာသွားသည်ရှိသော် မတင့်တယ်ပါ၊ “အသို့နည်း၊ ဤရဟန်းသည် လူကဲ့သို့ လျင်မြန်စွာ ပြေးသွားဘိသည်”ဟု သက်သက် ကဲ့ရဲ့ခြင်းကိုသာ ခံရပေ၏။ ငြိမ်သက်တည်ကြည်စွာ သွားခြင်းဖြင့် သွားမှသာလျှင် တင့်တယ်ပါသည်။

၄။ မိန်းမတို့သည်လည်း လျင်မြန်စွာ သွားကုန်သည်ရှိသော် မတင့်တယ်ကြပါကုန်။ “အသို့နည်း၊ ဤမိန်းမသည် ယောက်ျားကဲ့သို့ လျင်မြန်စွာ ပြေးသွားလေသည်”ဟု သူတစ်ပါးတို့ ကဲ့ရဲ့အပ်သည်သာတည်း။

ဤလေးယောက်သော သူတို့သည် လျင်မြန်စွာ သွားကြသည်ရှိသော် မတင့်တယ်ကြပါကုန်”ဟု ဆိုလေ၏။

“ချစ်သမီး-ထိုမှတစ်ပါး အကြောင်းတစ်ပါး ရှိပါသေးသည်ဟုဆိုရာ၌ ထိုအကြောင်းကား အဘယ်နည်း”ဟု မေးပြန်လတ်သော် “ဖခင်တို့- မိခင်ဖခင်တို့မည်သည် မိမိတို့၏သမီးကို အင်္ဂါကြီးငယ် အသွယ်သွယ် အဝဝတို့ကို လှပတင့်တယ် ရှုချင်ဖွယ် ရှိသည်၏အဖြစ်၌ တည်စေလျက် မွေးမြူကြရပါကုန်၏။ ကျွန်မတို့သည် ရောင်းအပ်သော ဥစ္စာဘဏ္ဍာမည်ပါသည်၊ ကျွန်မတို့ကို တစ်ပါးသော အမျိုးသားအိမ်သို့ စေလွှတ်ခြင်းအကျိုးငှာ မွေးမြူကြရပါကုန်၏။ လျင်မြန်စွာသွားသဖြင့် ဆင်ယင်ဝတ်စားထားသော အဝတ်၏ အစွန်းအနား၌ နင်းမိသည်ဖြစ်၍လည်းကောင်း၊ မြေ၌ ချွတ်ချော်သည်ဖြစ်၍လည်းကောင်း လဲပြိုသောအခါ လက်သည်လည်းကောင်း၊ ခြေသည်လည်းကောင်း ကျိုးခဲ့ငြားအံ့၊ အမျိုးအားသာလျှင် တာဝန်ဖြစ်ရာ၏။ ကျွန်မ၏ ဆင်ယင်ဝတ်စားသော တန်ဆာသည်ကား မိုးစိုစွတ်သော်လည်း ခြောက်သွေ့ပါလတ္တံ့၊ ဤအကြောင်းကိုမြင်ကာ မှတ်သား၍ လျင်မြန်စွာမသွားဘဲ နေပါသည် ဖခင်တို့”ဟု ပြန်ပြောလေ၏။

ဝိသာခါ လက်ထပ်ပန်းကုံး လက်ခံခြင်း

ပုဏ္ဏားတို့လည်း ထိုဝိသာခါ၏ စကားပြောသောကာလ၌ ညီညွတ်လှပသော သွား၏ပြည့်စုံခြင်းကို မြင်ရ၍ “ဤသို့သဘောရှိသော သွား၏ကောင်းခြင်းနှင့်ပြည့်စုံသော သတို့သမီးကို ငါတို့မမြင်အပ်စဘူးကုန်”ဟု အချင်းချင်း ပြောဆိုပြီးမှ ဝိသာခါအား ကောင်းချီးပေး၍ “ချစ်သမီး- ဤပန်းကုံးသည် သင်ချစ်သမီးအားသာလျှင် လျောက်ပတ်ထိုက်တန်၏”ဟု ဆို၍ ထိုရွှေပန်းကုံးကို ပန်ဆင်စေကြကုန်၏။ ထိုအခါ ဝိသာခါက ပုဏ္ဏားတို့ကို “ဖခင်တို့- ဖခင်တို့သည် ဘယ်ပြည်,ဘယ်မြို့မှ လာခဲ့ကြပါကုန်သနည်း”ဟု မေးသော် “ချစ်သမီး- ငါတို့သည် သာဝတ္ထိပြည်မှ လာခဲ့ကြကုန်၏”ဟု ဆိုလျှင် “ဖခင်တို့ သူဌေးမျိုးသည် အဘယ် အမည်ရှိပါသနည်း”ဟု မေးပြန်သော် “ချစ်သမီး- မိဂါရသူဌေးမည်၏”ဟု ပြောလျှင် “အရှင်သူဌေးသားကား အဘယ်အမည်ရှိပါသနည်း”ဟု မေးသဖြင့် “ချစ်သမီး- ပုဏ္ဏဝဍ္ဎနသတို့သား အမည်ရှိ၏”ဟု ပြောဆိုကြလေကုန်၏။ ဝိသာခါသည်လည်း “ငါတို့နှင့်တူမျှသော ဇာတ်ရှိသော အမျိုးပေတည်း”ဟု ရွှေပန်းကုံးကို သိမ်းပိုက်လက်ခံ ပန်ဆင်ပြီးလျှင် ဖခင်၏အထံသို့ “ကျွန်မတို့အလို့ငှာ ရထားစေလွှတ်ပါ”ဟု မှာကြားလိုက်၏။

(ရထားမှာရခြင်းအကြောင်းကား ဝိသာခါသည် လာသောအခါ ခြေဖြင့်လာခဲ့သော်လည်း ရွှေပန်းကုံးကို တန်ဆာဆင်ရသောအခါမှစ၍ ထိုသို့ ခြေဖြင့်သွားခြင်းငှာ မရ၊ ကြွယ်ဝချမ်းသာသော သတို့သမီးတို့သည် ရထားစသည်တို့ဖြင့် သွားကြရကုန်၏။ တစ်ပါးသော သတို့သမီးတို့ကား ပြကတေ့သော ယာဉ်ကိုသော်လည်း စီးကြရကုန်၏။ ထီးကိုလည်းကောင်း, ထန်းရွက်ကိုလည်းကောင်း ဆောင်း၍ သွားကြရကုန်၏။ ထိုထီး,ထန်းရွက်မျှလည်း မရှိခဲ့သော် ဝတ်ဆင်ထားသော အဝတ်၏ အမြိတ်အဆာစွန်းကို ပင့်မြှောက်၍ ပခုံးထက်၌ တင်လွှားကုန်လျက် သွားကြရကုန်စမြဲတည်း။)

ထိုဝိသာခါ၏အလို့ငှာ ဖခင်သူဌေးကြီးလည်း ရထားငါးရာတို့ကို စေလွှတ်လေ၏။ ဝိသာခါသည် အခြံအရံငါးရာနှင့်တကွ ရထားထက်သို့ တက်စီး၍ သွားကြကုန်၏။ ပုဏ္ဏားတို့သည်လည်း အတူတကွသာလျှင် လိုက်သွားကြကုန်၏။ အိမ်သို့ရောက်သောအခါ ထိုပုဏ္ဏားတို့ကို သူဌေးကြီးသည် “အဘယ်အရပ်မှ လာခဲ့ကြပါသနည်း”ဟု မေး၏။ “သူဌေးကြီး- အကျွန်ုပ်တို့သည် သာဝတ္ထိပြည်မှ လာခဲ့ကြပါကုန်၏”ဟု ပြောဆိုလျှင် “အသင်တို့၏ သူဌေးသည် အဘယ်အမည် ရှိသနည်း”ဟု မေး၏။ “မိဂါရသူဌေး မည်ပါသည်”ဟု ပြောဆိုလျှင် “သူဌေးသားသည် အဘယ်အမည်ရှိသနည်း”ဟု မေး၏။ “ပုဏ္ဏဝဍ္ဎနသတို့သား မည်ပါသည်”ဟု ပြောဆိုလျှင် “ဥစ္စာအဘယ်မျှ ရှိသနည်း”ဟု မေးပြန်လေ၏။ “အရှင်သူဌေးမင်း- ကုဋေလေးဆယ် ရှိပါကုန်၏”ဟု ဆိုလတ်သော် “ထိုကုဋေလေးဆယ်မျှသော ဥစ္စာသည် ငါတို့ပိုင်ဥစ္စာကို ထောက်သော် တစ်ချင်ရွေးမျှလောက် ဖြစ်၏။ သို့သော်လည်း ငါ့သမီးကို စောင့်ရှောက်ရန် ရသောအခါမှစ၍ တစ်ပါးသောအကြောင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ကြံ၍ ဝန်ခံလေ၏။ ဓနဉ္စယသူဌေးသည် ထိုပုဏ္ဏားတို့အား ပူဇော်သက္ကာရပြု၍ တစ်ရက်, နှစ်ရက်ပတ်လုံး နေစေပြီးမှ လွှတ်လိုက်လေ၏။

သတို့သမီးအကြောင်း သတင်းပို့

ထိုပုဏ္ဏားတို့သည် သာဝတ္ထိပြည်သို့ ပြန်သွား၍ “ငါတို့ကား သတို့သမီးကို ရအပ်ပါပြီ”ဟု ပြောကြားကြလေကုန်၏။ “အဘယ်သူ၏ သမီးနည်း”ဟု မေးလတ်သော် “ဓနဉ္စယသူဌေးကြီး၏ သမီးတည်း”ဟု ပြောကြားကုန်၏။ မိဂါရသူဌေးလည်း “ငါ့အား ကြီးကျယ်မြင့်မြတ်သော အမျိုး၏ သတို့သမီးကို ရအပ်ပေပြီတကား။ ထို့ကြောင့် လျင်မြန်စွာသာလျှင် သတို့သမီးကို ဆောင်ယူခြင်းငှာ သင့်သည်”ဟုဆို၍ ထိုသာကေတပြည်သို့ သွားအံ့သောငှာ ကောသလမင်းကြီးအား လျှောက်ကြား သံတော်ဦးတင်လေ၏။ ကောသလမင်းကြီးသည်လည်း “ဤသူဌေးမျိုးကား ကြီးကျယ် မြင့်မြတ်သော စည်းစိမ်ရှိ၏။ ဗိမ္ဗိသာရမင်းကြီးထံမှ တောင်းရမ်း ဆောင်ယူပြီးလျှင် ဤသာကေတပြည်၌ နေစေအပ်၏။ ထိုသူဌေးအား အမြတ်တနိုး ချီးမြှောက်ထောက်ပံ့ခြင်းငှာ သင့်၏”ဟု ကြံ၍ “ငါသည်လည်း သွားအံ့”ဟု ဆိုလေ၏။ မိဂါရသူဌေးသည် “အရှင်မင်းကြီး- ကောင်းလှပါပြီ”ဟု ဝန်ခံပြောဆို၍ ဓနဉ္စယသူဌေးကြီး၏ အထံသို့ “အကျွန်ုပ်လာသည်ရှိသော် သာဝတ္ထိပြည်ကြီးရှင် ဘုရင်မင်းမြတ်သည်လည်း ကြွလာတော်မူပါလတ္တံ့၊ မင်းကြီး၏ စစ်သည်ဗိုလ်ပါ ရဲမက်အပေါင်းကား များပြားလှ၏၊ ဤမျှလောက်သော လူအပေါင်းအား ကောင်းစွာ ကျွေးမွေး ပေးကမ်းနှစ်ခြိုက် ပြုထိုက်ပြုသင့်သော အမှုကိစ္စအဝဝ အလုံးစုံကို အကုန်ပြုခြင်းငှာ တတ်နိုင်အံ့လော၊ မတတ်နိုင်အံ့လော”ဟု တမန်စေလွှတ်လိုက်လေ၏။ ဓနဉ္စယသူဌေးကလည်း “တစ်ကျိပ်ကုန်သော မင်းတို့သည် အကယ်၍ လာကြကုန်သည်ဖြစ်အံ့၊ လာကြပါစေ”ဟု သတင်းတုံ့တစ်ဖန်ပြန်၍ စေလွှတ်လေ၏။

မိဂါရသူဌေးကြီးသည် ထိုမျှလောက်ဖြင့် ကြီးကျယ်သော ပြည်၌ အိမ်စောင့်မျှလောက်ကိုသာထားခဲ့၍ ကြွင်းသော လူအပေါင်းကို ခေါ်ယူလျက် သွားသည်ရှိသော် ယူဇနာခွဲ အရပ်၌ တည်နေဆိုင်းငံ့၍ “အကျွန်ုပ်တို့ လာကြကုန်ပြီ”ဟု သတင်းစကား ပို့လိုက်လေ၏။ ဓနဉ္စယသူဌေးကြီးလည်း များစွာသော လက်ဆောင်ပဏ္ဏာကို ပို့သစေလေ၍ သမီးနှင့်တကွ တိုင်ပင်စကား ဤသို့ ပြောကြားလေ၏။

“ချစ်သမီး- အသင်၏ ယောက္ခမဖြစ်သော မိဂါရသူဌေးကြီးသည် ကောသလမင်းကြီးနှင့်တကွ ကြွလာသတတ်၊ ထိုသူဌေးကြီးအလို့ငှာ အဘယ်အိမ်ကို သုတ်သင် ပြင်ဆင်သင့်သနည်း၊ မင်ကြီးအလို့ငှာ အဘယ်အိမ်ကို၊ အိမ်ရှေ့မင်း စသည်တို့အလို့ငှာ အဘယ်အိမ်တို့ကို သုတ်သင်ပြင်ဆင်သင့်သနည်း”ဟု တိုင်ပင်စကား ပြောကြားလေ၏။ သူဌေးသမီးသည်ကား ပညာကြီး၏၊ ၀ဇီရစိန်သွားကဲ့သို့ ထက်မြက်သော ဉာဏ်အမြင်ရှိ၏။ ကမ္ဘာတစ်သိန်းကာလပတ်လုံး တောင့်တအပ်သော ဆုတောင်းပတ္ထနာရှိ၏၊ ရှေးကောင်းမှု ဆုတောင်းခြင်းနှင့်လည်း ပြည့်စုံလှပေသည် ဖြစ်ရကား “ကျွန်မ၏ ယောက္ခမအလို့ငှာ ဤမည်သောအိမ်ကို သုတ်သင် ပြင်ဆင်ကြပါကုန်လော့၊ မင်းကြီးအလို့ငှာ ဤမည်သော အိမ်တို့ကို သုတ်သင် ပြင်ဆင်ကြပါကုန်လော့”ဟု ပြောဆိုစီမံ၍ ကျွန်အမှုလုပ်တို့ကို ခေါ်စေပြီးလျှင် “ဤမျှလောက်ကို မင်းကြီးအား ပြုသင့်သမျှ အလုံးစုံ ပြုစုကြပါကုန်လော့၊ ဤမျှလောက်တို့ကို အိမ်ရှေ့မင်းစသည်တို့အား ပြုစုကြပါကုန်လော့၊ ဆင်,မြင်းစသည်တို့ကိုလည်း သင်တို့သာလျှင် ထိန်းကျောင်းကျွေးမွေး သုတ်သင်ကြပါကုန်လော့၊ ဆင်ထိန်း, မြင်ထိန်းစသော သူတို့သည်လည်း လာရောက်၍ မင်္ဂလာဆောင် ပွဲသဘင်ကို ကြည့်ရှုခံစားနိုင်ကြပါကုန်လတ္တံ့”ဟု ပြုစုစီမံလေ၏။

မင်္ဂလာဆောင်ပွဲ၌ ထင်းမလောက်နိုင်ပုံ

ထိုနေ့၌ပင်လျှင် ဝိသာခါ၏ ဖခင်သူဌေးကြီးသည် ရွှေပန်းထိမ်သည် ငါးရာတို့ကို ခေါ်စေ၍ “ငါ့သမီးဆင်ယင်ဖို့ရာ မဟာလတာ တန်ဆာမည်သည်ကို ပြုကြကုန်လော့”ဟု နီမြန်းသောရွှေစင် နိက္ခတစ်ထောင်ကို (တစ်နိက္ခ = ရွေးတစ်ထောင်) ပေး၍ ထိုရွှေစင်အားထိုက်လျောက် သင့်လျော်ကုန်သော ငွေ, ပတ္တမြား, ပုလဲ, သန္တာ, ဝဇီရစိန်ကျောက် စသည်တို့ကိုလည်း ပေးစေလေ၏။ ပသေနဒီကောသလမင်းကြီးသည် နှစ်ရက်သုံးရက်မျှ နေပြီးလျှင် ဓနဉ္စယသူဌေးကြီး၏ အထံသို့ “သူဌေးကြီး- ငါတို့အား တာရှည်လေးမြင့်စွာ လုပ်ကျွေးမွေးမြူခြင်း မည်သည်ကို ပြုခြင်းငှာ မစွမ်းနိုင်ကောင်းပေ။ ဤယခုအခါ သတို့သမီး၏ သွားသင့်သောအခါကိုသာ သိပါလေလော့”ဟု သတင်းစကား စေလွှတ်လိုက်၏။ သူဌေးကြီးသည်လည်း ကောသလမင်းကြီး၏ အထံသို့ “ယခုအခါ မိုးကာလ ရောက်လာပါပြီ။ မိုးလေးလတို့ပတ်လုံး လှည့်လည် သွားလာခြင်းငှာ မတတ်ကောင်းပါ၊ အရှင်မင်းကြီးတို့၏ ဗိုလ်ပါအပေါင်းအား ရသင့်သမျှအဖုံဖုံ ထိုထိုအလုံးစုံသည် အကျွန်ုပ်၏ တာဝန်ပါတည်း။ အကျွန်ုပ် ခွင့်လွှတ် လျှောက်တင်သောအခါမှ အရှင်မင်းကြီး ပြန်ကြွတော်မူနိုင်ရပါလတ္တံ့”ဟု သတင်းစကားကို စေလိုက်၏။ ထိုနေ့မှစ၍ သာကေတမြို့ အလုံးသည် အမြဲ နက္ခတ်ပွဲသဘင်ကဲ့သို့ ဖြစ်လေ၏။ မင်းကြီးကိုအစပြု၍ အလုံးစုံသော လူတို့အလို့ငှာ ပန်းနံ့သာ အဝတ်ပုဆိုး စသည်တို့ကို စီရင်အပ်ကုန်သည်သာ ဖြစ်ကုန်၏။ ထို့နောက်မှ ထိုလူများတို့သည် သူဌေးကြီးသည် “ငါတို့အားသာလျှင် ပူဇော်သက္ကာရ ချီးမြှင့်ခြင်းကို ပြုလေဘိသည်”ဟု ကြံစည်အောက်မေ့ မှတ်ထင်ကြကုန်၏။

ဤသို့သောနည်းဖြင့် သုံးလတို့သည် လွန်မြောက်ကုန်ပါသော်လည်း မဟာလတာ တန်ဆာသည် မပြီးဆုံးသေးသည်သာတည်း။ အမှုကြီးငယ် လုပ်ဆောင်ရာ၌ ကြီးမှူးကြပ်မတ် ကြည့်ရှုကြရကုန်သော သူတို့သည် လာလတ်၍ “တစ်ပါးသော မရှိသော မပြည့်စုံသော အရာမည်သည် မရှိပါ၊ ဗိုလ်ပါရဲမက် အပေါင်းအလို့ငှာ ထမင်းချက်ပြုတ်ရန် ထင်းတို့သည် မလောက်နိုင်ကုန်ပါ”ဟု သူဌေးကြီးအား ပြောကြားကြကုန်၏။ သူဌေးကြီးက “အမောင်တို့- သွားကြချေ၊ ဤမြို့၌ ဟောင်းနွမ်းဆွေးမြေ့ကုန်သော ဆင်တင်းကုပ် စသည်တို့ကိုလည်းကောင်း၊ ဟောင်းနွမ်းဆွေးမြေ့ကုန်သော အိမ်တို့ကိုလည်းကောင်း ဖျက်ဆီးဆောင်ယူ၍ ချက်ပြုတ်ကြကုန်လော့”ဟု ဆိုရလေ၏။ ဤသို့ပြု၍ ချက်ပြုတ်ကုန်သော်လည်း လခွဲမျှသာ လွန်မြောက်လေ၏။ ထို့နောက် တစ်ဖန်လည်း “ထင်းတို့မရှိကုန်ပါ”ဟု ပြောကြားကြပြန်ကုန်၏။ “ဤအချိန်အခါ၌ ထင်းတို့ကိုရခြင်းငှာ မတတ်ကောင်း၊ ရနိုင်ဖွယ်မရှိချေ။ ပုဆိုးတိုက် ကျီကျတို့ကို ဖွင့်လှစ်၍ ထူကြမ်းသော ပုဆိုးတို့ကို မီးစာကျစ်သဖြင့် ဆီအိုးတို့၌ဆွတ်၍ ထမင်းကို ချက်ကြကုန်လော့”ဟု ဆိုလေ၏။ ထိုသူတို့လည်း လခွဲပတ်လုံး ထိုသူဌေးဆိုတိုင်း ပြုကြကုန်၏။ ဤသို့လျှင် လေးလတို့သည် လွန်ကုန်သည်ဖြစ်၍ ပြုပြင်စီမံသော မဟာလတာတန်ဆာသည်လည်း ပြီးဆုံးခြင်းသို့ ရောက်လေ၏။

မဟာလတာတန်ဆာ၏ ပုံစံ တန်ဖိုး

ထိုမဟာလတာ တန်ဆာ၌ လေးစလယ် ကွမ်းစားရှိသော ဝဇီရစိန်ကျောက်တို့သည် ထည့်စပ်ယှဉ်တပ်ခြင်းသို့ ရောက်ကုန်၏။ ပုလဲတစ်ဆယ့်တစ်စလယ် ကွမ်းစားတို့လည်းကောင်း၊ သန္တာ နှစ်ဆယ့်နှစ်စလယ် ကွမ်းစားတို့လည်းကောင်း၊ ပတ္တမြား သုံးဆယ့်သုံးစလယ် ကွမ်းစားတို့လည်းကောင်း၊ ဤသို့ဆိုအပ်ပြီးသော ရတနာတို့ဖြင့်လည်းကောင်း၊ တစ်ပါးသော ရတနာခုနစ်ပါးတို့ဖြင့်လည်းကောင်း ပြုပြင်စီရင် ခြယ်လှယ်အပ်သည်ဖြစ်၍ ပြီးဆုံးခြင်းသို့ ရောက်လေ၏။ ဤတန်ဆာကား ချည်တို့ဖြင့် ရက်လုပ်အပ်သည် မဟုတ်၊ မရောမယှက် ငွေသက်သက်ဖြင့်သာ ချည်ကိစ္စကို ပြုကြရကုန်၏။ ထိုမဟာလတာ တန်ဆာသည် ဦးခေါင်း၌ စွပ်သည်ရှိသော် ခြေဖမိုးတိုင်အောင် ရောက်၏၊ ဖုံးမိ၏။ ထိုထိုအရပ်၌ လက်စွပ်ကွင်းတို့ကိုယှဉ်၍ ပြုအပ်သော ကမ္ပတ်သိမ်း ကြယ်သီးတို့သည် ရွှေဖြင့် ပြီးကုန်၏။ ကမ္ပတ်ကွင်း ကြယ်သီးအိမ်တို့သည် ငွေဖြင့် ပြီးကုန်၏။ အထက် ဦးခေါင်းအလယ်၌ လက်စွပ်ကွင်းတစ်ခု၊ နှစ်ခုသော နားရင်းတို့၌ နှစ်ခု၊ လည်ချောင်းရေမျို၌ တစ်ခု၊ နှစ်ဖက်သော ပုဆစ်ဒူးဝန်းတို့၌ နှစ်ခု၊ တံတောင်ဆစ် နှစ်ဖက်တို့၌ နှစ်ခု၊ ပေါင်နှစ်ဖက်တို့၌ နှစ်ခု၊ ခါးစောင်နံဘေးနှစ်ဖက်တို့၌ နှစ်ခုတို့သည် ရှိသည်ဖြစ်ကုန်၏။ ထိုမဟာလတာ တန်ဆာ၌ တစ်ခုသော ဥဒေါင်းရုပ်သဏ္ဌာန် ပြုကြကုန်၏။

ထိုဥဒေါင်းရုပ်၏ လက်ယာတောင်ပံ၌ ရွှေနီဖလံဖြင့် ပြီးသော ငါးရာသော လေသာတောင်တို့သည်လည်းကောင်း၊ လက်ဝဲတောင်ပံ၌ ငါးရာသော လေသာတောင်တို့သည်လည်းကောင်း ရှိကြကုန်၏။ နှုတ်သီးသည် သန္တာဖြင့် ပြီး၏။ မျက်လုံးတို့သည် ပတ္တမြားတို့ဖြင့် ပြီးကုန်၏။ လည်တံနှင့် အမြီးတို့သည်လည်း ထို့အတူ ပတ္တမြားဖြင့် ပြီးကုန်၏။ ငါးရာသော လေသာတောင် အရိုးတံတို့သည် ငွေဖြင့် ပြီးကုန်၏။ သလုံးမြင်းခေါင်းတို့သည် ထို့အတူ ငွေဖြင့် ပြီးကုန်၏။ ထိုဥဒေါင်းရုပ်သဏ္ဌာန်သည် ဝိသာခါ၏ ဦးထိပ်အလယ်၌ တောင်ထွတ်၌နားလျက် က,သောဥဒေါင်းကဲ့သို့ မြင်သူတို့စိတ်တွင် ထင်မြင်ရ၏။ လေသာတောင်အရိုးတံ တစ်ထောင်၏ အသံသည် နတ်တို့၏ ကောင်းစွာညှိ၍ ဆိုအပ်သော သီချင်းသံကဲ့သို့လည်းကောင်း၊ ငါးပါးသော အင်္ဂါရှိသော တူရိယာအသံကဲ့သို့လည်းကောင်း သာယာနာပျော်ဖွယ် ဖြစ်၏။ အနီးသို့ ရောက်သော သူတို့သာလျှင် ထိုဝိသာခါ မဟာလတာတန်ဆာ ဥဒေါင်းရုပ်၏ ဥဒေါင်းစင်စစ် အရှင်မဟုတ်သည့်အဖြစ်ကို သိနိုင်ကြရကုန်၏။ ထိုတန်ဆာသည် ကိုးကုဋေ အဖိုးထိုက်သည်ဖြစ်၍ ရွှေပန်းထိမ်သည်တို့အား လက်ခ တစ်သိန်းပေးရ၏။

ရှေးကောင်းမှုကံ

အဘယ်မည်သော ကောင်းမှု၏ အကျိုးဆက်ကြောင့် ထိုဝိသာခါသည် ဤမဟာလတာတန်ဆာကို ရသနည်းဟူမူကား ကဿပဘုရှားရှင် လက်ထက်တော်အခါ၌ နှစ်သောင်းသော ရဟန်းတို့အား သင်္ကန်းလျာ ပုဆိုးကို လှူဒါန်း၍ မိမိ၏ ဥစ္စာသာလျှင်ဖြစ်သော ချည်ကိုလည်းကောင်း၊ အပ်တို့ကိုလည်းကောင်း၊ ဆိုးရည်ကိုလည်းကောင်း လှူဒါန်းဖူးလေသတတ်၊ ထိုသင်္ကန်းဒါန၏ အကျိုးဆက်ဖြင့် ဤမဟာလတာတန်ဆာကို ရလေသတည်း။

လက်ဖွဲ့လိုက်သောပစ္စည်းများ

ဤသို့လျှင် သူဌေးကြီးသည် လေးလတို့ပတ်လုံး သမီးအတွက် စီရင်ဖွယ် အမှုကြီးငယ် အခမ်းအနားကို ပြုပြီးလျှင် ထိုဝိသာခါအား ပေးအပ်သော ဥစ္စာစည်းစိမ်ကို ပေးကမ်းချီးမြှင့် လက်ဖွဲ့လိုသဖြင့် အသပြာတို့ဖြင့် ပြည့်သော လှည်းငါးရာ၊ ရွှေအိုး,ရွှေခွက်တို့ဖြင့်ပြည့်သော လှည်းငါးရာ၊ ငွေအိုး,ငွေခွက်တို့ဖြင့်ပြည့်သော လှည်းငါးရာ၊ ကြေးနီအိုး,ကြေးနီခွက်တို့ဖြင့်ပြည့်သော လှည်းငါးရာ၊ ပတ္တုဏ္ဏတိုင်းမှဖြစ်သော ပုဆိုး၊ ပိုးချည်ပုဆိုးတို့ဖြင့် ပြည့်သော လှည်းငါးရာ၊ ထောပတ်ဖြင့်ပြည့်သော လှည်းငါးရာ၊ ဆီဖြင့်ပြည့်သော လှည်းငါးရာ၊ သလေးဆန်ဖြင့် ပြည့်သော လှည်းငါးရာ၊ ထွန်တုံးထွန်သွားစသော အဆောက်ဦးတို့ဖြင့်ပြည့်သော လှည်းငါးရာတို့ကို ပေးလိုက်လေ၏။ ထိုဓနဉ္စယသူဌေးကြီးအား “ငါ့သမီးသည် ရောက်လေရာအရပ်၌ ဤမည်သော ဥစ္စာပစ္စည်းတို့ဖြင့် ငါ့အားအလိုရှိ၏ဟူ၍ သူတစ်ပါးအိမ်သို့ မစေခိုင်းရပါစေလင့်”ဟု အကြံအစည် ဖြစ်လေသတတ်။ ထို့ကြောင့် ခပ်သိမ်းသော အဆောက်အဦတို့ကို ပေးကမ်းလက်ဖွဲ့ စေလေသတည်း။ တစ်ခုတစ်ခုသော ရထား၌ အလုံးစုံသော တန်ဆာ ဆင်ယင်လျက် သုံးယောက် သုံးယောက်စီဖြစ်ကုန်သော အဆင်းလှပသော ကျွန်မတို့ကိုထား၍ ရထားငါးရာတို့ကို ပေးလိုက်လေ၏။ ထိုအဆင်းလှပသော ကျွန်မတို့ကို ရေချိုးခိုင်းလျက် ကျွေးမွေးခိုင်းလျက် တန်ဆာဆင်ယင်ခိုင်းလျက် လှည့်လည်ကြကုန်လော့ဟု တစ်ထောင့်ငါးရာသော အလုပ်အကျွေး အခြွေအရံ မိန်းမတို့ကို ပေးလိုက်လေသတည်း။

ထို့နောက် သူဌေးကြီးအား “ငါ၏ ချစ်သမီးအား နွားတို့ကို ပေးလိုက်ဦးအံ့”ဟု အကြံအစည် ပေါ်ပေါက်လာပြန်သဖြင့် သူဌေးကြီးသည် ယောက်ျားတို့ကိုခေါ်၍ ဤသို့ စေခိုင်းလေ၏။ “အချင်းတို့- သွားကြချေကုန်လော့၊ ငယ်သောနွားခြံ၏ တံခါးကိုဖွင့်၍ သုံးဂါဝုတ်တို့၌ (တစ်ဂါဝုတ်ဟူသည် သုံးမိုင်ကျော်ဖြစ်၏) သုံးလုံးသော စည်ကြီးတို့ကိုယူ၍ တည်နေကြကုန်လော့၊ အပြန့်အကျယ်အားဖြင့် တစ်ဥသဘ (တစ်ဥသဘဟူသည် အတောင်တစ်ရာ့လေးဆယ် သို့မဟုတ် ပေနှစ်ရာကျော် ဖြစ်၏။) အတိုင်းအရှည်ရှိသော နေရာ၌ နံပါးနှစ်ဘက်တို့၌ တည်နေကြကုန်လော့၊ နွားတို့အား ထို့ထက်အလွန် သွားအံ့သောငှာ မပေးကြကုန်လင့်၊ ဤသို့ တည်နေသောကာလ၌ စည်ကြီးသံ ပြုကြရမည်”ဟု စေခိုင်းလေ၏။ ထိုယောက်ျားတို့လည်း သူဌေးကြီးဆိုတိုင်းပြုကြ၍ နွားတို့ကို နွားခြံမှထွက်စေ၍ တစ်ဂါဝုတ်သို့ရောက်သောအခါ စည်သံ အမှတ်သညာကို ပြုကြကုန်၏။ တစ်ဖန် ယူဇနာခွဲသို့ ရောက်သောအခါ စည်သံအမှတ်သညာကို ပေးကြပြန်၏။ တစ်ဖန် သုံးဂါဝုတ်သို့ ရောက်ပြန်သောအခါလည်း စည်သံအမှတ်သညာကို ပေးလျက် အပြန့်အကျယ်အားဖြင့် သွားခြင်းကိုလည်း တားမြစ်ကြလေကုန်၏။ ဤသို့ အလျားအားဖြင့် သုံးဂါဝုတ်၊ အပြန့်အကျယ်အားဖြင့် တစ်ဥသဘမျှသော အရပ်၌ နွားတို့သည် အချင်းချင်း တိုးဝှေ့လျက် နေကြလေကုန်၏။

သူဌေးကြီးသည်လည်း “ငါ့သမီးအလို့ငှာ ဤမျှလောက်သော နွားတို့သည် သင့်တော်လောက်ပြီ၊ တံခါးကိုပိတ်ကြကုန်လော့”ဟု ဆိုလျက် နွားခြံတံခါးကို ပိတ်ထားစေ၏။ တံခါးပိတ်အပ်သည်ရှိသော် ဝိသာခါ၏ကောင်းမှုအကျိုးအားဖြင့် ခွန်အားကြီးကုန်သော နွားလားတို့သည်လည်းကောင်း၊ နွားမတို့သည်လည်းကောင်း ခုန်၍ ခုန်၍ ထွက်ကြလေကုန်၏။ လူတို့ ပိတ်ပင်တားဆီးကြကုန်စဉ်ပင်လျှင် ခြောက်သောင်း အတိုင်းအရှည် ရှိကုန်သော အားကြီးသော နွားလားတို့သည်လည်းကောင်း၊ ခြောက်သောင်း အတိုင်းအရှည်ရှိကုန်သော နွားမတို့သည်လည်းကောင်း ထွက်လိုက်ကြကုန်၏။ ထိုမျှလောက် အတိုင်းအရှည်ရှိသော ခွန်အားကြီးသော နွားလားဥသဘတို့သည် ထိုနွားမတို့၏ နောက်မှ ခုန်ထွက်ကာ အစဉ်လိုက်ကြကုန်၏။ အဘယ်ကောင်းမှုကံ၏ အကျိုးဆက်အားဖြင့် ဤသို့ နွားတို့သည် တားမြစ်ကုန်သော်လည်း လိုက်သွားကြလေကုန်သနည်းဟူမူကား တန်ပြီဟု တားမြစ်ကုန်၊ တားမြစ်ကုန်သော အလှူခံပုဂ္ဂိုလ်တို့အား အားကြီးစွာ လှူဒါန်းသော အလှူဒါန၏အစွမ်းဖြင့် လိုက်သွားကြလေကုန်သတည်း။ ထိုဝိသာခါသည် ကဿပမြတ်စွာဘုရား လက်ထက်တော်အခါ၌ ကိကီမင်းကြီး၏ သမီးတော် ခုနစ်ယောက်တို့တွင် အငယ်အထွေးဆုံး သံဃဒါသီမည်သော မင်းသမီးဖြစ်၍ နှစ်သောင်းသော ရဟန်းတို့အား ငါးပါးသော နွားနို့အရသာအလှူကို ပေးလှူလတ်သည်ရှိသော် မထေရ်တို့၏လည်းကောင်း၊ ပဉ္စင်းငယ်တို့၏လည်းကောင်း၊ သာမဏေတို့၏လည်းကောင်း သပိတ်ခွက်ကို လက်ဖြင့်ပိတ်ထာ၍ တန်ပြီတန်ပြီဟု တားမြစ်ကြကုန်သော်လည် “ဤအာဟာရသည် ကောင်းမြတ် ချိုမြိန်လှပါသည်ဘုရား၊ ဤအာဟာရသည် နှစ်သက်မြတ်နိုးဖွယ် ရှိလှပါသည်ဘုရား”ဟု ဆို၍ လှူဒါန်းပေးကမ်းဖူးသတတ်၊ ဤသို့ လှူဒါန်းပေးကမ်းအပ်သော ထိုကုသိုလ်ကံ၏ အကျိုးဆက်အားဖြင့် တာဆီးပိတ်ပင်အပ်ကုန်သော်လည် ထိုနွားတို့သည် ခြံမှခုန်၍ ထွက်လိုက်ကြလေကုန်သတည်း။

သူဌေးကြီးသည် ဤမျှလောက်သော ဥစ္စာကို ပေးသောအခါ၌ သူဌေးကတော်ကြီးသည် ဤသို့ဆိုလေ၏။ “အရှင်သူဌေးကြီးတို့သည် ကျွန်တော်မ၏ သမီးအလို့ငှာ အလုံးစုံသော စည်းစိမ်ဥစ္စာကို စီရင်ပေးအပ်ပြီ၊ အမှုကြီးငယ်ကို ရွက်ဆောင်ပြုလုပ်အံ့သော ကျွန်ယောက်ျား ကျွန်မိန်းမတို့ကို မစီရင်အပ်ကုန်။ အကြောင်းကား အသို့ရှိပါသနည်း”ဟု မေးမြန်းပြောဆိုလေ၏။ “ငါ့သမီး၌ ချစ်ခင်သည် မချစ်ခင်သည်တို့ကို သိရစိမ့်သောငှာ မစီရင်အပ်ကုန်၊ ငါသည် “ငါ့သမီးဝိသာခါနှင့် အတူလိုက်လိုသော သူတို့သည် လိုက်သွားကြကုန်လော့၊ မလိုက်လိုသော သူတို့သည် မလိုက်သွားကြကုန်လင့်”ဟူ၍ ပြောဆိုပေအံ့”ဟု ဖြေဆိုလေ၏။

ထို့နောက် “နက်ဖြန် ငါ၏သမီးသည် သွားရပေတော့လတ္တံ့”ဟု တိုက်ခန်းတွင်း၌ နေထိုင်လျက် သမီးကို အနီး၌ ထိုင်နေစေပြီးလျှင် “ချစ်သမီး-- လင့်အိမ်၌နေသော မိန်းမမည်သည် ဤမည် ဤမည်သော ဝတ်အကျင့်ကို စောင့်ရှောက်ခြင်းငှာ သင့်လျော်ပေ၏”ဟု ဆိုလျက် အဆုံးအမ ဩဝါဒကို ပေးလေ၏။ ဤမိဂါရသူဌေးကြီးသည်လည်း အခြားမဲ့ဖြစ်သော တိုက်ခန်း၌နေလျက် ဓနဉ္စယသူဌေး၏ အဆုံးအမပေးသော စကားကို နာကြား နားထောင်ကာ နေလေ၏။

ချွေးမတို့ လိုက်နာသင့်သော အချက် (၁၀) ချက်

ထိုဓနဉ္စယသူဌေးကြီးသည်လည်း သမီးဝိသာခါကို ဤသို့ ဆုံးမဩဝါဒပေးလေ၏။ “ချစ်သမီး- ယောက္ခမအိမ်၌နေသော ချွေးမမည်သည်ကား -

၁။ အတွင်းမီးကို အပသို့ မထုတ်အပ်။
၂။ အပြင်မီးကို အတွင်းသို့ မသွင်းအပ်။
၃။ ပေးသောသူအားသာ ပေးအပ်၏။
၄။ မပေးသောသူအား မပေးအပ်။
၅။ပေးသောသူအားလည်းကောင်း၊မပေးသောသူအားလည်းကောင်း ပေးအပ်၏။
၆။ ချမ်းသာစွာ ထိုင်နေအပ်၏။
၇။ ချမ်းသာစွာ စားအပ်၏။
၈။ ချမ်းသာစွာ အိပ်စက်အပ်၏။
၉။ မီးကို လုပ်ကျွေးအပ်၏။
၁၀။အိမ်တွင်းနတ်ကို ရှိခိုးအပ်၏။

ဤသို့ ဤဆယ်ပါးသော အဆုံးအမဩဝါဒကိုပေး၍ တစ်ဖန် မိုးသောက်ရောက်သောနေ့၌ ခပ်သိမ်းသော စစ်သည်ဗိုလ်ပါတို့ကို စည်းဝေးစေ၍ မင်းစစ်သည် အပေါင်းတို့အလယ်၌ ရှစ်ယောက်သော သူကြွယ်တို့ကို တာဝန်ခံယူစေလျက် “ရောက်ရာအရပ်၌ ငါ၏သမီးအား အပြစ်ဒေါသသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ သင်တို့သည် အပြစ်ဒေါသကို စောကြောပြစ်တင် သုတ်သင်ရမည်”ဆို၍ ကိုးကုဋေ အဖိုးထိုက်တန်သော မဟာလတာတန်ဆာဖြင့် သမီးကို တန်ဆာဆင်ယင်စေပြီးလျှင် ရေချိုးကသယ်မှုန့် ဆပ်ပြာဖိုး ငါးဆယ့်လေးကုဋေသော ဥစ္စာကို ပေးပြီးမှ ယာဉ်ထက်သို့ တက်စေလျက် သာကေတပြည်၏ အနီးထက်ဝန်းကျင် မိမိဥစ္စာဖြစ်ကုန်သော အနုရာဓပြည်မျှလောက် အတိုင်းအရှည်ရှိသော တစ်ဆယ့်လေးခရိုင် အပိုင်စားရာ ကျေးရွာတို့၌ “ငါ၏သမီးနှင့် အတူတကွ လိုက်သွားလိုသော သူတို့သည် လိုက်သွားကြကုန်လော့”ဟု စည်လည်စေ၏။ ရွာသူရွာသားတို့သည် စည်သံကို ကြားလျှင်ကြားချင်း “ငါတို့၏ သခင်မသွားသောအခါ ဤအရပ်၌နေသဖြင့် ငါတို့အား အဘယ်အကျိုး ရှိတော့အံ့နည်း”ဟု တစ်ဆယ့်လေးရွာ၌ အနည်းငယ်မျှလောက်သော သူကိုသာ ကြွင်းကျန်စေသဖြင့် ထွက်လိုက်ကြလေကုန်၏။ ဓနဉ္စယသူဌေးကြီးသည်လည်း ကောသလမင်းကြီးအားလည်းကောင်း၊ မိဂါရသူဌေးကြီးအားလည်းကောင်း ပူဇော်သက္ကာ မြတ်နိုးတနာပြု၍ အတန်ငယ်လိုက်ပို့လျက် ထိုသူတို့နှင့်တကွ သမီးဝိသာခါကို လွှတ်လိုက်လေ၏။

ဝိသာခါ လောကဝတ်ကျေပွန်ခြင်း

မိဂါရသူဌေးသည်လည်း အလုံးစုံသော သူတို့၏နောက်မှ ယာဉ်ငယ်၌စီးလျက် သွားသည်ရှိသော် ဗိုလ်ပါအပေါင်းကို မြင်ရလျှင် “ဤသူတို့ကား အဘယ်မည်သော သူတို့နည်း”ဟု မေး၏။ “အရှင်သူဌေးကြီးချွေးမ၏ အမှုကြီးငယ် ပြုလုပ်ရွက်ဆောင်ကြကုန်သော ကျွန်မိန်းမ ကျွန်ယောက်ျားတို့ပါတည်း”ဟု ပြောဆိုလတ်သည်ရှိသော် “ဤမျှလောက်သောသူတို့ကို အဘယ်သူသည် ကျွေးမွေးနိုင်လတ္တံ့နည်း။ ထိုသူတို့ကို ပုတ်ခတ်ရိုက်နှက်၍ ထွက်ပြေးစေကြကုန်လော့၊ မပြေးကြကုန်သည်ရှိသော် ဤအရပ်မှနေ၍ ဒဏ်ထားကြကုန်လော့”ဟု ဆိုလေ၏။ ဝိသာခါသည်ပင်လျှင် ဗိုလ်ပါအပေါင်းအား ထမင်းကို ပေးပေလတ္တံ့ဟု ဆိုလေ၏။ ဤသို့ပင်ဆိုသော်လည်း မိဂါရသူဌေးကြီးသည် “ချစ်သမီး- ငါတို့အား ဤသူတို့ဖြင့် အလိုမရှိ၊ ဤသူတို့ကို အဘယ်သူကျွေးမွေးနိုင်လတ္တံ့နည်း”ဟု ဆိုလျက် အုတ်ခဲ,လှံတံ စသည်တို့ဖြင့် ပစ်ခတ်ရိုက်နှက်၍ ရှေးဦးစွာ ထွက်ပြေးစေပြီးလျှင် ကြွင်းကျန်သောသူတို့ကို “ငါတို့အား ဤမျှလောက်သောသူတို့ဖြင့် သင့်လျော်လောက်ပေပြီ”ဟု ဆို၍ ထိုသူတို့ကို ယူဆောင်ကာ သွားလေ၏။

ထို့နောက် ဝိသာခါသည် သာဝတ္ထိပြည်မြို့တံခါးသို့ ရောက်သောအခါ ဤသို့ကြံ၏၊ “ငါသည် ဖုံးလွှမ်းမိုးကာသော ယာဉ်၌ နေထိုင်၍ ဝင်ရအံ့လော၊ ထိုသို့မဟုတ် ရထားထက်၌ ရပ်တည်၍ ဝင်ရအံ့လော”ဟု ကြံလေ၏။ ထိုအခါ ဝိသာခါအား ဤသို့သော အကြံဖြစ်လေ၏။ “ဖုံးလွှမ်းမိုးကာသော ယာဉ်ဖြင့်ဝင်မူ မဟာလတာတန်ဆာ၏ ဂုဏ်အထူးသည် ထင်ရှားလိမ့်မည် မဟုတ်”ဟု အကြံဖြစ်ပေါ်လတ်သဖြင့် ဝိသာခါသည် အလုံးစုံသော ပြည်သူပြည်သားအပေါင်းအား မိမိကိုယ်ကို မြင်စေလျက် အမိုးမရှိသော ရထားထက်၌ ရပ်တည်၍ သာဝတ္ထိပြည်သို့ ဝင်လေ၏။ သာဝတ္ထိပြည်သူ, ပြည်သားတို့သည် ဝိသာခါ၏ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်းကို မြင်ရလျှင် “ဝိသာခါမည်သော ဤသတို့သမီးသည် ဤသို့ သဘောရှိပေသတတ်၊ အံ့ဩ၍ မဆုံးနိုင်အောင် ခမ်းနားသော ဤစည်းစိမ်နှင့် ပြည့်စုံခြင်းသည် ဤဝိသာခါ သတို့သမီးအားသာလျှင် သင့်လျော်လျောက်ပတ်လှပေ၏”ဟု ချီးမွမ်းပြောဆိုကြကုန်၏။ ဤသို့လျှင် ဝိသာခါသည် ကြီးကျယ်ခမ်းနား များစွာသော စည်းစိမ်ချမ်းသာဖြင့် မိဂါရသူဌေးကြီး၏အိမ်သို့ ဝင်လေ၏။ ရောက်သောနေ့၌ပင်လျှင် ထိုဝိသာခါအား မြို့၌နေသော အလုံးစုံသောသူတို့သည် “ငါတို့၏ ဓနဉ္စယသူဌေးသမီး ဝိသာခါသည် မိမိမြို့သို့ ရောက်လာသောသူတို့အား များစွာသော ပူဇော်သက္ကာရကို ပြုဖူး၏။ ငါတို့သည်လည်းပေးတုံ့လှည့် ပူဇော်သက္ကာရကို ပြုကုန်အံ့”ဟု စွမ်းအားသတ္တိ ရှိသည်အလျောက် လက်ဆောင်ပဏ္ဏာကို စေလွှတ်ပို့ကြလေကုန်၏။

ဝိသာခါသည်လည်း ထိုပြည်သူပြည်သားတို့ ပို့သလာသော လက်ဆောင်ပဏ္ဏာကို ထိုပြည်၌သာလျှင် အချင်းချင်းဖြစ်ကုန်သော အမျိုးတို့၌ ရောက်လာတိုင်းသော လက်ဆောင်ပဏ္ဏာတို့ကို လဲလှယ်လျက် အလုံးစုံသော သူတို့အားသာလျှင် ပေးကမ်းစေလေ၏။ ဤသို့လျှင် ဝိသာခါသည် “ဤဥစ္စာကို ငါ့မိခင်အား ပေးကြပါကုန်လော့၊ ဤဥစ္စာကို ငါ့ဖခင်အား ပေးကြပါကုန်လော့၊ ဤဥစ္စာကို ငါ့မောင်ကြီး မောင်ငယ်တို့အား ပေးကြပါကုန်လော့၊ ဤဥစ္စာကို ငါ့အစ်မ ညီမအား ပေးကြပါကုန်လော့”ဟု ထိုထိုသူတို့၏ အရွယ်အားလျော်စွာ ချစ်ဖွယ်သော စကားကိုဆို၍ လက်ဆောင်ပဏ္ဏာကို ပို့သစေ၏။ သာဝတ္ထိပြည်အလုံး၌ နေသောသူတို့ကို ဆွေမျိုးအရင်းအချာတို့ကဲ့သို့ ပြုလေ၏။ ထို့နောက် ဝိသာခါသူဌေးသမီးအိမ်သို့ ရောက်သောညဉ့်အဖို့ အခြားမဲ့ သန်းခေါင်ယံအခါ၌ အာဇာနည်မြင်းငယ်ကို ကိုယ်ဝန်ဆောင်သော မြည်းမအား ကိုယ်ဝန်မှ ထမြောက်ဖွားမြင်ခြင်းသည် ဖြစ်လေ၏။ ဝိသာခါသည် ကျွန်မတို့နှင့် အတူတကွ မီးရှူးမီးတိုင်တို့ကို ညှိထွန်းကိုင်ယူစေ၍ ထိုမြည်းမသားဖွားရာသို့ သွားသဖြင့် မြည်းမကို ရေနွေးဖြင့် ရေချိုးစေ၍ ဆီဖြင့်လိမ်းကျံပြီးလျှင် မိမိနေရာ အရပ်သို့သာ သွားလေ၏။

ဝိသာခါနှင့် တက္ကတွန်းများ

မိဂါရသူဌေးကြီးသည်လည်း သားအား ထိမ်းမြားခြင်းမင်္ဂလာကို ပြုသည်ရှိသော် မနီးမဝေးသော ဇေတဝန်ကျောင်းတော်၌ နေတော်မူသော်လည်း မြတ်စွာဘုရားကို နှလုံးသွင်းခြင်းမပြုမူ၍ ရှည်ကြာစွာသော ကာလပတ်လုံး အဝတ်မရှိသော အစေလကတိတ္ထိရဟန်းတို့၌ ချစ်ကြည်မြတ်နိုးခြင်းဖြင့် တိုက်တွန်းနှိုးဆော်အပ်သည် ဖြစ်ရကား “ငါ၏ အရှင်ကောင်းတို့အားလည်း ပူဇော် သက္ကာရကို ပြုကြကုန်ဦးအံ့”ဟု တစ်ခုသောနေ့၌ အရာမက များစွာကုန်သောအိုးသစ်တို့၌ ရေမရောသော နို့ဃနာကို ချက်စေ၍ ငါးရာမျှလောက်ကုန်သော အစေလကတက္ကတွန်းတို့ကို (အစေလကတက္ကတွန်း = အဝတ်ချွတ်လျက် နေနိုင်မှ ရဟန္တာဖြစ်သည်ဟု အယူရှိသော မိစ္ဆာဒိဋ္ဌိတစ်မျိုး) ပင့်ဖိတ်စေပြီးလျှင် အိမ်တွင်းသို့ ပင့်သွင်း၍ “ငါ၏ချွေးမ ဝိသာခါသည် လာပါစေ၊ ရဟန္တာကြီးတို့ကို ရှိခိုးပါစေ”ဟု ဝိသာခါထံသို့ သတင်းစကားကို စေလွှတ်လိုက်လေ၏။ သောတာပန် အရိယာ သာဝိကာမဖြစ်သော ဝိသာခါသည် “ရဟန္တာကြီးတို့ကို”ဟူသော စကားကို ကြားရလျှင် အလွန်တရာ ရွှင်လန်းနှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ထိုရဟန္တာကြီးတို့၏ ဆွမ်းဘုဉ်းပေးရာအရပ်သို့ ရောက်သွားလျှင် ထိုအစေလက တက္ကတွန်းတို့ကို ကြည့်ရမြင်ရသဖြင့် “ဤသို့သဘောရှိကုန်သော အရှက်အကြောက် ဟိရိဩတ္တပ္ပမှ ကင်းကုန်သောသူတို့သည် ရဟန္တာမည်သောသူတို့ မဟုတ်ကုန်၊ အဘယ့်ကြောင့် ငါ၏ယောက္ခမ သူဌေးကြီးသည် ငါ့ကို ခေါ်စေလေဘိသနည်း”ဟု မနှစ်သက်သဖြင့် “စက်ဆုပ်ဖွယ်ရှိလေစွ၊ စက်ဆုပ်ဖွယ် ရှိလေစွ၊” “ထွီ-ထွီ”ဟု ကဲ့ရဲ့ရှုတ်ချလျက် မိမိနေရာအရပ်သို့သာ ပြန်သွားလေ၏။

ဝိသာခါကို နှင်ထုတ်ရန် တိုက်တွန်း

အလုံးစုံသော အစေလက တက္ကတွန်းတို့သည် ထိုဝိသာခါကို မြင်လတ်သော် တစ်ပြိုင်နက်တည်းအားဖြင့်သာလျှင် သူဌေးကြီးကို ကဲ့ရဲ့ကြလေကုန်၏။ “ဒါယကာသူဌေးကြီး- အသင်သည် တစ်ပါးသော အမျိုးကောင်းသမီးကို မရနိုင်လေသလော၊ ဘာကြောင့် ရဟန်းဂေါတမ၏ တပည့်မဖြစ်သော အလွန်ယုတ်မာသော သူယုတ်မာမကို ဤအိမ်သို့ ဆောင်ယူသွင်းထားလေဘိသနည်း၊ လျင်မြန်စွာ ထိုသူယုတ်မာမကို ဤအိမ်မှ နှင်ထုတ်စေလော့”ဟု ဆိုကြကုန်၏။ သူဌေးကြီးသည်ကား “ငါသည် ဤရဟန္တာကြီးတို့၏ စကားမျှဖြင့်သာလျှင် ငါ့ချွေးမ ဝိသာခါကို နှင်ထုတ်စေခြင်းငှာ မတတ်နိုင်၊ ဝိသာခါသည် များမြတ်သော စည်းစိမ်ချမ်းသာရှိသော အမျိုးကြီးတစ်ဦး၏ သမီးဖြစ်ပေသည်”ဟု ကြံလျက် “အရှင်ကောင်းတို့-အသက်အရွယ် နုနယ်ပျိုမြစ်သော သူတို့မည်သည်ကား သိ၍လည်းကောင်း၊ မသိ၍လည်းကောင်း ပြုကုန်ရာ၏။ အရှင်ဘုရားတို့သည် ဆိတ်ဆိတ်ငြိမ်ငြိမ်သာ နေကြပါကုန်လော့”ဟု တောင်းပန်လျှောက်ကြား၍ ထိုအစေလကတို့ကို လွှတ်လိုက်ပြီးလျှင် သူဌေးကြီးသည် မြတ်သောသူတို့အား နေခြင်းငှာ ထိုက်သောနေရာ၌ ထိုင်နေလျက် ရွှေခွက်၌ ရေမရောသော နို့ဃနာကို သုံးဆောင်စားသောက်၍ နေလေ၏။ ထိုအခါ ဆွမ်းခံလှည့်လည်လေ့ရှိသော မထေရ်တစ်ပါးသည် ဆွမ်းအလို့ငှာ လှည့်လည်လတ်သည်ဖြစ်၍ ထိုသူဌေးကြီးအိမ်သို့ ဝင်ရောက်လာလေ၏။ ဝိသာခါသည် ယောက္ခမဖြစ်သော မိဂါရသူဌေးကြီးကို ယပ်ခတ်လျက်နေစဉ် ဆွမ်းခံကြွလာသော ထိုမထေရ်ကိုမြင်ရ၍ “ငါ၏ ယောက္ခမကြီးအား ပြောကြားခြင်းငှာ မသင့်မလျော်”ဟု ကြံစည်လျက် သူဌေးကြီးသည် ထိုမထေရ်ကို မြင်နိုင်လောက်သော အခြင်းအရာဖြင့် နေရာမှဖဲ၍ နေလေ၏။

အဟောင်းကိုသာ စားသူ

ထိုမိဂါရသူဌေးသည်ကား မိုက်မဲတွေဝေသည်၏အဖြစ်ကြောင့် မထေရ်ကို မြင်ပါလျက်လည်း မမြင်လေယောင် ဟန်ဆောင်၍ အောက်သို့ မျက်နှာမူလျက် (ငုံ့လျက်) စားမြဲတိုင်းသာ စားနေသည်သာတည်း။ ဝိသာခါသည် “ငါ၏ယောက္ခမကြီးသည် မထေရ်မြတ်ကိုမြင်၍လည်း အမှတ်သညာ မပြုလေ”ဟု သိ၍ “အရှင်ဘုရား လွန်၍အလိုရှိတော်မူကြပါဘုရား (ကန်တော့ဆွမ်းပါဘုရား)၊ တပည့်တော်မ၏ ယောက္ခမကြီးသည် အဟောင်းကိုသာ စားသောက်ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုမိဂါရသူဌေးကြီးသည် အစေလကတက္ကတွန်းတို့က ပြောဆိုသောကာလ၌ သည်းခံနိုင်ပါသော်လည်း “အဟောင်းကိုသာ စားသောက်ပါသည်”ဟူ၍ ဆိုသောခဏ၌သာလျှင် လက်ကိုဖယ်၍ “ဤနို့ဃနာကို ဤနေရာမှ ဆောင်ယူကြကုန်လော့”ဟု ဆိုပြီးလျှင် “ဤသူယုတ်မအားလုံးတို့ကို ဤအိမ်မှ နှင်ထုတ်ကြကုန်လော့၊ ကိုင်ဆွဲကြကုန်လော့၊ ဤချွေးမ ဝိသာခါသော်မှလည်း ငါ့ကို ဤသို့သဘောရှိသော မင်္ဂလာအခါကောင်း၌ အညစ်အကြေး စားသောသူအဖြစ် ပြုဘိ၏တကား”ဟု ဆိုလေ၏။

ဝိသာခါ၌ အပြစ် ရှိ-မရှိ

ထိုအခါ အိမ်၌ အလုံးစုံသော ကျွန်အမှုလုပ်တို့သည် ဝိသာခါ၏ ဥစ္စာဖြစ်ကုန်သော ကျွန်အမှုလုပ်တို့သာလျှင်ဖြစ်၍ အဘယ်သူသည် ထိုဝိသာခါကို လက်၌လည်းကောင်း၊ ခြေ၌လည်းကောင်း ကိုင်ဆွဲယူငင်ဝံ့အံ့နည်း၊ ခံတွင်းဖြင့် ပြောဆိုခြင်းငှာ ဝံ့သောသူမျှလည်း မရှိ။ ဝိသာခါသည် ယောက္ခမကြီး၏ စကားကို ကြားရသဖြင့် ဤသို့ဆိုလေ၏။ “ဖခင်- ကျွန်မတို့သည် ဤမျှသောစကားကို ပြောကာမတ္တမျှဖြင့် ထွက်မသွားနိုင်ပါ။ ကျွန်မကို အသင်သူဌေးကြီးတို့သည် ရေဆိပ်မှ ခေါ်ငင်ဆောင်ယူလာသော ရေခပ်ကျွန်မကဲ့သို့ ဆောင်ယူအပ်သည် မဟုတ်ပါ။ ထင်ရှားရှိသော မိခင်ဖခင်တို့၏ သမီးတို့မည်သည်ကား ဤမျှဖြင့် မထွက်သွားနိုင်ကြပါကုန်။ ဤသို့သော အကြောင်းကြောင့် ကျွန်မ၏ဖခင်သည် ဤအရပ်သို့ လာသောအခါ သူကြွယ်ရှစ်ယောက်တို့ကို ခေါ်စေ၍ “ငါ့သမီးအား အပြစ်ဒေါသသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ အသင်တို့သည် စောကြောပြစ်တင် သုတ်သင်ကြကုန်လော့”ဟု ဆို၍ ကျွန်မကို ထိုသူကြွယ်ရှစ်ယောက်တို့၏လက်၌ အပ်နှံ၍ထည့်လိုက်ပါသည်၊ ထိုသူကြွယ်တို့ကို ခေါ်စေ၍ ကျွန်မ၏ အပြစ် ရှိ,မရှိကို သုတ်သင် ရှင်းလင်းစေတော်မူကြပါကုန်ဦးလော့”ဟု ဆို၏။

ဝိသာခါ ရှင်းပြ

သူဌေးကြီးသည်လည်း “ဤဝိသာခါကား ကောင်းသောစကားကို ဆိုပေသည်”ဟု သူကြွယ်ရှစ်ယောက်တို့ကို ခေါ်စေ၍ “ဤသူငယ်မသည် မင်္ဂလာအခါကောင်း၌ ထိုင်နေလျက် ရေမရောသော နို့ဃနာကို ရွှေခွက်တွင်ထည့်၍ သုံးဆောင်စားသောက်နေသော ငါ့ကို “အညစ်အကြေး သုံးဆောင်စားသောက်သောသူ”ဟူ၍ ဆိုလေဘိသည်”ဟု ဆိုပြီးလျှင် “ဤသတို့သမီးအား အပြစ်သို့တင်၍ ဤသတို့သမီးကို ဤအိမ်မှ နှင်ထုတ်လိုက်ကြပါကုန်လော့”ဟု ပြောဆိုလေ၏။ သူကြွယ်ရှစ်ယောက်တို့ကလည်း “ချစ်သမီး- ဤသို့ ပြောဆိုမိသည် မှန်သလော”ဟု မေးစစ်လတ်သော် ဝိသာခါက “ဖခင်တို့- ကျွန်မသည် ဤသို့ ပြောဆိုရသည် မဟုတ်ပါ၊ ဆွမ်းခံလှည့်လည်သော မထေရ်တစ်ပါးသည် အိမ်တံခါး၌ ရပ်လာသည်ရှိသော် ကျွန်မ၏ယောက္ခမကြီးသည် ရေမရောသော ချိုမြိန်ကောင်းမြတ်သော နို့ဃနာကို သုံးဆောင်စားသောက်စဉ် မထေရ်ရှင် ဆွမ်းရပ်လာသည်ကို နှလုံးသွင်းခြင်းကို မပြုသောကြောင့် “ငါ၏ ယောက္ခမကြီးကား ဤကိုယ်အဖြစ်၌ ကောင်းမှုကို မပြု၊ ရှေး၌ပြုအပ်သော ကောင်းမှုကံ၏ အကျိုးကိုသာလျှင် ခံစား,စံစားလေဘိ၏”ဟု ကြံစည်မိ၍ “အရှင်ဘုရား- ကန်တော့ဆွမ်းပါဘုရား၊ တပည့်တော်မ၏ ယောက္ခမကြီးသည် အဟောင်းကို စားသောက်ပါသည်”ဟု ကျွန်မ ပြောဆိုပါသည်။ ဤသို့ ပြောဆိုရာ၌ ကျွန်မအား အဘယ်အပြစ်ရှိပါသနည်း”ဟု ဝိသာခါဆိုသည်ရှိသော် ရှစ်ဦးကုန်သော သူကြွယ်တို့ကလည်း “အရှင်သူဌေးမင်း- ဤသို့ ပြောဆိုရာ၌ တစိုးတစိ အပြစ်မရှိချေ။ အကျွန်ုပ်တို့၏သမီးသည် သင့်လျော်လျောက်ပတ် ကောင်းမြတ်သော စကားကိုသာ ဆိုချေသည်တကား၊ အရှင်သူဌေးကြီးသည် အဘယ့်ကြောင့် အမျက်ထွက်ဘိသနည်း”ဟု ဆိုကြကုန်၏။

ထိုအခါ မိဂါရသူဌေးကြီးက “အမောင်သူကြွယ်တို့- ဤအပြစ်သည် အပြစ်မဟုတ်သေးလျှင် ရှိပါစေဦးတော့။ ဤဝိသာခါသည် တစ်နေ့သ၌ သန်းခေါင်ယံတွင် ကျွန်ယောက်ျား ကျွန်မိန်းမတို့ဖြင့် ခြံရံလျက် အိမ်နောက်ဖေးသို့ ဆင်းသွားဖူးသည်”ဟု ဆိုလတ်ပြန်သော် “ချစ်သမီး ဝိသာခါ- ဤမိဂါရသူဌေးကြီး ပြောဆိုတိုင်း မှန်လေသလော”ဟု မေးစစ်ပြန်လေ၏။ “ဖခင်တို့- ကျွန်မသည် တစ်ပါးသောအကြောင်းဖြင့် သွားရသည်မဟုတ်ပါ၊ ဤအိမ်၌ အာဇာနည်မြင်း ကိုယ်ဝန်ဆောင်သော မြည်းမသည် သားပေါက်ဖွားရာ၌ “အမှတ်သညာမျှကိုသော်လည်း မပြုဘဲ နေခြင်းငှာမည်သည် မသင့်လေတကား”ဟု အောက်မေ့ဆင်ခြင်မိသဖြင့် မီးရှူးမီးတိုင်တို့ကို ညှိထွန်းကိုင်ယူစေ၍ ရေနွေး စသည်တို့ကိုလည်း ယူစေ၍ ကျွန်ယောက်ျား ကျွန်မိန်းမတို့နှင့် အတူတကွ သွားပြီးလျှင် မြည်းမ သားဖွားမြင်ခြင်းကို အစောင့်အရှောက် ပြုစုစေပါသည်”ဟု ဆိုပြီးလျှင် “ဤသို့ပြုစုရာ၌ ကျွန်မအား အဘယ်အပြစ်ရှိပါသနည်း”ဟု ပြောကြားလေ၏။

“အရှင်သူဌေးမင်း- အကျွန်ုပ်တို့၏သမီးသည် အရှင်သူဌေးကြီးအိမ်၌ ကျွန်မတို့ပင် ပြုခြင်းငှာ မလျောက်ပတ်သော အမှုကို ပြုပါပေသည်၊ အသင်သူဌေးကြီးသည် ဤသို့ သန်းခေါင်ယံ အိမ်နောက်ဖေးသို့သွား၍ ပြုစုရာ၌ အဘယ်အပြစ်ကို မြင်ပါသနည်း”ဟု မေးကုန်၏၊ “အမောင်သူကြွယ်တို့- ဤအရာ၌လည်း ဝိသာခါ၏ အပြစ်မဟုတ်သေးမူ ရှိပါစေဦးတော့၊ ဤဝိသာခါ၏ဖခင် ဓနဉ္စယသူဌေးကြီးသည် ဤအိမ်သို့လာအံ့သောအခါ ဤသို့သဘောရှိသော ဆုံးမဩဝါဒကို ပြောကြား ဆုံးမသည်ရှိသော် လျှို့ဝှက်ဖုံးကွယ်အပ်သော ဆယ်ပါးသော အဆုံးအမ ဩဝါဒတို့ကို ပေးလေ၏။ ထိုဆယ်ပါးသော ဩဝါဒတို့၏ အနက်အဓိပ္ပာယ်ကို ငါမသိရ၊ ထိုဆယ်ပါးသော ဩဝါဒတို့၏ အနက်အဓိပ္ပာယ်ကို ငါ့အား ပြောကြားပါစေ၊ ဤဝိသာခါ၏ဖခင် ဓနဉ္စယသူဌေးကြီးသည် “အတွင်းမီးကို အပြင်သို့ မထုတ်အပ်”ဟု ဆိုဆုံးမ၏။ ငါတို့သည် နှစ်ခုသောအဖို့၌တည်သော အိမ်နီးချင်းဖြစ်သော အိမ်တို့အား မီးကိုမပေးမူ၍ နေခြင်းငှာ တတ်နိုင်ကောင်းပါအံ့လော”ဟု ဆိုလေ၏။

ချွေးမဩဝါဒ ၁၀-ချက်၏ အဓိပ္ပာယ်

“ချစ်သမီး- ဤသို့ပြောဆိုသည့်အတိုင်း ဟုတ်မှန်ပေသလော”ဟု မေးစစ်ကုန်သည်ရှိသော် “ဖခင်သူကြွယ်တို့- ကျွန်မ၏ဖခင်သည် ဤသို့သော ပကတိမီးကို ရည်မှန်း၍ ပြောဆိုဆုံးမသည် မဟုတ်ရပါ၊ “သင်၏ယောက္ခမ မိန်းမသူ၊ ယောက္ခမယောက်ျားသူ၊ ကျေးဇူးရှင် လင်ယောက်ျားတို့၏ ဂုဏ်ကျေးဇူးမဲ့အပြစ်ကို မြင်လျှင် အပြင်ဖြစ်သော ထိုထိုအိမ်၌တည်နေ၍ မပြောမဆိုလေလင့်”ဟူသော အနက်အဓိပ္ပာယ်ကို ရည်မှန်း၍ ပြောဆိုဆုံးမပါသည်၊ ထိုစကားသည် မှန်လှပါ၏။ ဤသို့ သဘောရှိသော ယောက္ခမမိဘ ချစ်လင်တို့၏ ဂုဏ်ကျေးဇူးမဲ့ အပြစ်မီးနှင့်တူသော မီးမည်သည် မရှိပါ”ဟု ပြောပြလေ၏။ “အမောင်သူကြွယ်တို့- ဤလျှို့ဝှက်အပ်သော ဩဝါဒသည် ဤသို့ပြောပြသော အတိုင်းပင် ရှိပါစေဦးတော့။ ဤဝိသာခါ၏ ဖခင် သူဌေးကြီးသည် “အပြင်မှမီးကို အတွင်းသို့ မသွင်းအပ်”ဟု ဆိုဆုံးမ၏။ ငါတို့ကား အိမ်တွင်း၌ မီးငြိမ်းခဲ့သည်ရှိသော် အပြင်မှမီးကို မဆောင်ယူဘဲ နေခြင်းငှာ အဘယ်မှာ တတ်နိုင်ကောင်းပါအံ့နည်း”ဟု ဆို၏။ “ချစ်သမီး- ဤသို့ ပြောဆိုသည့်အတိုင်း မှန်ပေသလော”ဟု မေးစစ်ကြပြန်၏။ “ဖခင်သူကြွယ်တို့- ကျွန်မ၏ဖခင်သည်ကား ဤသို့သော ပကတိမီးကို ရည်မှန်း၍ ပြောဆိုဆုံးမသည် မဟုတ်ရပါ၊ “အိမ်နီးချင်းဖြစ်သော အိမ်တို့၌ နေကုန်သော မိန်းမတို့သည်လည်းကောင်း၊ ယောက်ျားတို့သည်လည်းကောင်း ယောက္ခမ, မိဘ, ချစ်လင်တို့၏ ဂုဏ်ကျေးဇူးမဲ့ အပြစ်စကားကို ပြောဆိုဘိ၏ဟု တစ်ဆင့်တစ်ဖန် ပြန်ကြားပြောကြားခြင်းကို မပြုလေနှင့်”ဟူသော အနက်အဓိပ္ပာယ်ကို ရည်မှန်း၍ ပြောဆိုဆုံးမပါသည်၊ ထိုစကားသည် မှန်လှပါ၏၊ ဤသို့ သဘောရှိသော မီးနှင့်တူသော မီးမည်သည် မရှိပါဟု ပြောပြန်လေ၏။ ဤသို့သောနည်းဖြင့် ဤအကြောင်းကြောင့်လည်း ဝိသာခါသည် အပြစ်မရှိသည်သာ ဖြစ်လေ၏။

(ဤဩဝါဒ နှစ်ပါးတို့၏ အပြစ်မရှိလေသကဲ့သို့ ကြွင်းသော ဩဝါဒတို့၌လည်း ဤအတူအပြစ်မရှိသည်သာတည်း။ ကြွင်းသော ဩဝါဒရှစ်ပါးတို့၌ ဤဆိုလတ္တံ့သည်ကား အနက်အဓိပ္ပာယ် ဖြစ်သတည်း။)

ဝိသာခါ၏ဖခင် သူဌေးကြီးသည် “ပေးသောသူတို့အားသာ ပေးအပ်၏”ဟု ဆိုအပ်သောစကားကိုကား “အကြင်သူတို့သည် ငှားရမ်းအပ်သော အသုံးအဆောင်ကို ငှားယူပြီးလျှင် တစ်ဖန်ပြန်၍ ပို့လာကြကုန်၏၊ ထိုသူတို့အားသာလျှင် ပေးအပ်၏”ဟု ဤသို့သော အနက်အဓိပ္ပာယ်ကို ရည်မှန်း၍ ဆိုအပ်၏။ “မပေးကုန်သော သူတို့အား မပေးအပ်”ဟူသော စကားကို “အကြင်သူတို့သည် ငှားရမ်းအပ်သော အသုံးအဆောင်ကို ငှားယူပြီးလျှင် တစ်ဖန်ပြန်၍ မပေးကြကုန်၊ ထိုသူတို့အား မပေးအပ်”ဟု ဤသို့သော အနက်အဓိပ္ပာယ်ကို ရည်မှန်း၍ ဆိုအပ်၏။ “ပေးသောသူအားလည်းကောင်း၊ မပေးသောသူအားလည်းကောင်း ပေးအပ်၏”ဟူသော ဤစကားကိုကား “ဆင်းရဲငြိုငြင် ပင်ပန်းကုန်သော အဆွေအမျိုး အကျွမ်းဝင်သောသူတို့သည် ရောက်လာကုန်သည်ရှိသော် တစ်ဖန်ပြန်၍ ပေးခြင်းငှာ တတ်သည်နိုင်ကြသည်မူလည်း ဖြစ်စေကုန်၊ မတတ်နိုင်ကြမူလည်း ဖြစ်စေကုန်၊ ပေးကမ်းခြင်းငှာသာလျှင် သင့်လျော်ပေ၏”ဟု ဤသို့သော အနက်အဓိပ္ပာယ်ကိုရည်မှန်း၍ ဆိုအပ်၏။ “ချမ်းသာစွာ ထိုင်နေအပ်၏”ဟူသော ဤစကားကိုလည်း “ယောက္ခမ မိန်းမသူ၊ ယောက္ခမ ယောက်ျားသူ၊ ကျေးဇူးရှင် လင်ယောက်ျားတို့ကိုမြင်လျှင် ထသင့်သောနေရာ၌ ထိုင်နေခြင်းငှာ မလျောက်ပတ်”ဟူသော အနက်အဓိပ္ပာယ်ကို ရည်မှန်း၍ ဆိုအပ်၏။

“ချမ်းသာစွာ စားအပ်၏”ဟူသော ဤစကားကိုကား “ယောက္ခမ မိန်းမသူ၊ ယောက္ခမ ယောက်ျားသူ၊ ကျေးဇူးရှင် လင်ယောက်ျားတို့စားသည် ရှေးဦးစွာ မစားနှင့်မူ၍ ယောက္ခမ မိဘ အရှင်လင်ယောက်ျားတို့ကို လုပ်ကျွေးပြီးလျှင် လောက်လောက်ငင ရ,မရ အလုံးစုံကိုလည်း သိပြီး၍ နောက်ဆုံးမှ မိမိစားခြင်းငှာ သင့်လျော်၏”ဟူသော အနက်အဓိပ္ပာယ်ကိုသာ ရည်မှန်း၍ ဆိုအပ်၏။ “ချမ်းသာစွာ အိပ်စက်အပ်၏”ဟူသော ဤစကားကိုလည်း “ယောက္ခမ မိဘ အရှင်လင်ယောက်ျားတို့အိပ်သည်မှ ရှေးဦးစွာ အိပ်ရာသို့တက်၍ မအိပ်လိုက်ရသေး၊ ထိုသူတို့အား ပြုသင့်ပြုထိုက်သော ခြေဆုပ်လက်နယ်ခြင်း အစရှိသော ဝတ်ကြီးဝတ်ငယ်ကိုပြု၍ နောက်မှ အိပ်ရာသို့တက်၍ အိပ်ခြင်းငှာ သင့်လျော်၏”ဟူသော အနက်အဓိပ္ပာယ်ကို ရည်မှန်း၍ ဆိုအပ်၏။ “မီးကို လုပ်ကျွေးအပ်၏”ဟူသော ဤစကားကိုလည်း “ယောက္ခမ မိန်းမသူကိုလည်းကောင်း၊ ယောက္ခမ ယောက်ျားသူကိုလည်းကောင်း၊ ကျေးဇူးရှင် လင်ယောက်ျားကိုလည်းကောင်း မီးပုံကြီးကဲ့သို့လည်းကောင်း၊ နဂါးမင်းကြီးကဲ့သို့လည်းကောင်း ရိုသေကြောက်ရွံ့ခြင်းကိုပြု၍ ကြည့်ရှုခြင်းငှာ သင့်လျော်၏”ဟူသော အနက်အဓိပ္ပာယ်ကို ရည်မှန်း၍ ဆိုအပ်၏။ “အိမ်တွင်းနတ်ကို ရှိခိုးအပ်၏”ဟူသော ဤစကားကို “ယောက္ခမ မိန်းမသူကိုလည်းကောင်း၊ ယောက္ခမယောက်ျားသူကိုလည်းကောင်း၊ ကျေးဇူးရှင် လင်ယောက်ျားကိုလည်းကောင်း နတ်ကဲ့သို့ အရိုအသေ အလေးအမြတ်ပြု၍ ကြည့်ရှုဖူးမြင်ခြင်းငှာ သင့်လျော်၏”ဟူသော ဤအနက်အဓိပ္ပာယ်ကို ရည်မှန်း၍ ဆိုအပ်၏။

ဤကား ဩဝါဒစကားတို့၏ အနက်အဓိပ္ပာယ်တည်း။ ဤသို့လျှင် မိဂါရသူဌေးကြီးသည် ဤဆယ်ပါးသော ဆုံးမဩဝါဒတို့၏ အနက်အဓိပ္ပာယ်ကို ကြားနာရလျှင် တစ်ဖန် ထပ်လော ပြန်ပြောစရာ တစ်စုံတစ်ခုသောစကားကို မမြင်ရှာသဖြင့် မျက်နှာအောက်ချငုံ့လျက်သာ နေရှာရလေ၏။

ဝိသာခါအား သူဌေးကြီးတောင်းပန်

ထိုအခါ မိဂါရသူဌေးကြီးကို သူကြွယ်ရှစ်ယောက်တို့သည် “အရှင်သူဌေးကြီး- အသို့ပါနည်း၊ အကျွန်ုပ်တို့၏သမီးအား တစ်ပါးသော အပြစ်ဒေါသသည် ရှိပါသေးသလော”ဟု မေးကြကုန်၏။ “အမောင်သူကြွယ်တို့- မရှိပါပြီ”ဟုဆိုလျှင် “ထိုသို့ အပြစ်မရှိပါဘဲလျက် အဘယ့်ကြောင့် အပြစ်မရှိသော ဤသတို့သမီးကို အကြောင်းမဲ့သက်သက် အိမ်မှ နှင်ထုတ်စေဘိသနည်း”ဟု အပြစ်တင်စကား ပြောကြားကြပြန်လေကုန်၏။ ဤသို့ မိဂါရသူဌေးကြီး ပြစ်တင်ပြောဆိုခံနေရစဉ် ဝိသာခါက ဤသို့ဆိုလေ၏။ “ဖခင်တို့- ယောက္ခမကြီးစကားဖြင့် ရှေးဦးစွာက ကျွန်မဆင်းသွားခြင်းသည် အကယ်၍ကား သင့်လျော်လှပါ၏၊ ထိုသို့ပင် ဆင်းသွားသင့်သော်လည်း ဖခင် ဓနဉ္စယသူဌေးကြီးသည် ကျွန်မ ဤအိမ်သို့လာစဉ်အခါက ကျွန်မအပေါ်၌ အပြစ်ကြီးငယ်ကို စောကြောပြစ်တင် သုတ်သင်ခြင်းအကျိုးငှာ ကျွန်မကို အရှင် ဖခင်သူကြွယ် ရှစ်ယောက်တို့၏လက်၌ အပ်နှံ၍ ထည့်လိုက်ပါသည်။ အရှင်ဖခင်တို့သည်လည်း ကျွန်မ၏ အပြစ်မရှိသည့်အဖြစ်ကို သိအပ်လေပြီ၊ ယခုအခါ ကျွန်မ ဆင်းသွားခြင်းငှာ သင့်လျော်ပါပြီ”ဟု ဆို၍ ကျွန်မိန်းမ ကျွန်ယောက်ျားတို့ကို “ယာဉ်,ရထား စသည်ကို ပြင်ဆင်စေကြကုန်လော့”ဟု စေခိုင်းလိုက်လေ၏။ ထိုအခါ မိဂါရသူဌေးကြီးသည် ရှစ်ဦးကုန်သော သူကြွယ်တို့ကိုခေါ်၍ ဝိသာခါကို “ချစ်သမီး- ငါသည် မသိ၍သာ ပြောဆိုမိပါသည်၊ ငါ့အား သည်းခံပါလော့”ဟု တောင်းပန်စကား ပြောကြားလေ၏။

ဝိသာခါ ဘုရားရှင်အား ဆွမ်းကပ်

“ဖခင်- သင်ဖခင်တို့၏အပေါ်၌ သည်းခံသင့်သမျှကို သည်းခံပါ၏။ သို့ရာတွင် ကျွန်မသည် သစ္စာလေးပါး တရားသိမြင် ဘုရားရှင်၏ သာသနာတော်မြတ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းရှိသော အမျိုးသမီး ဖြစ်ပါသည်၊ ကျွန်မတို့သည် ရဟန်းသံဃာနှင့်ကွေကွင်း၍ မနေလိုကြပါ၊ ကျွန်မ၏အလိုအားဖြင့် ရဟန်းသံဃာကို လုပ်ကျွေးခြင်းငှာ အကယ်၍ ရသည်ဖြစ်အံ့၊ ဤသို့ရသည်ရှိသော် နေပါမည်”ဟု ဆို၏။ “ချစ်သမီး- သင်ချစ်သမီးသည် အလိုရှိတိုင်း သင်ချစ်သမီး၏ရဟန်းတော်တို့ကို လုပ်ကျွေးပါလော့”ဟု အခွင့်ပေးစကား ပြောကြားလေ၏။ ဝိသာခါသည်လည်း မြတ်စွာဘုရားကို ဖိတ်မန်စေ၍ တစ်ဖန် မိုးသောက်သောနေ့၌ နေအိမ်တွင်းသို့ ဆွမ်းဘုဉ်းပေးစိမ့်သောငှာ ပင့်လေ၏။ အဝတ်မဆီးသော အစေလက တက္ကတွန်းရဟန်းတို့သည်လည်း မိဂါရသူဌေးကြီး၏ အိမ်သို့ မြတ်စွာဘုရား ကြွသွားတော်မူသည့်အဖြစ်ကို ကြားရသဖြင့် သွားပြီးလျှင် အိမ်၏နောက်ဖေး၌ ဝိုင်းဝန်းခြံရံလျက် နေကြလေကုန်၏။ ဝိသာခါသည် မြတ်သောအလှူရေစက်ကို ဆက်ကပ်လှူဒါန်း၍ အလုံးစုံသော ပူဇော်သက္ကာရကို စီရင်အပ်ပြီးသည်ရှိသော် “ကျွန်မ၏ယောက္ခမ မိဂါရသူဌေးကြီးသည် လာရောက်၍ ဘုရားသဗ္ဗညု သုံးလူ့သခင့် အားတော်ဆယ်ပါး ဘုရားရှင်ကို လုပ်ကျွေးသမှု ပြုစုပါလော့”ဟု သတင်းစကားကို တုံ့ပြန်စေလွှတ်လိုက်၏။

ဗုဒ္ဓတရား မနာယူရန် တက္ကတွန်းတို့ တားပုံ

ထိုအခါ သွားခြင်းငှာအလိုရှိသော မိဂါရသူဌေးကြီးကို အာဇီဝကတက္ကတွန်းတို့သည် “သူဌေးကြီး- သင်သည် ရဟန်းဂေါတမ၏အထံသို့ မသွားလေလင့်”ဟု တားမြစ်ကြလေကုန်၏။ မိဂါရသူဌေးကြီးကလည်း “ငါ၏ချွေးမသည် မိမိကိုယ်တိုင်သာ လုပ်ကျွေးသမှု ပြုစုလှူဒါန်းပါလော့”ဟု သတင်းစကားကို တုံ့ပြန်စေလွှတ်လိုက်၏။ ဝိသာခါသည် ဘုရားအမှူးရှိသော သံဃာတော်မြတ်အပေါင်းကို ဆွမ်းလုပ်ကျွေးပြီးလျှင် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးလတ်သည်ရှိသော် တစ်ဖန် “ကျွန်မ၏ယောက္ခမ မိဂါရသူဌေးကြီးသည် လာရောက်၍ တရားစကားတော်ကို နာကြားပါလော့”ဟု သတင်းစကား စေလွှတ်ပြန်၏။ ထိုအခါ “ယခုအခါ၌ မသွားဘဲနေခြင်းမည်သည် အလွန်လျှင် မသင့်လျော်လေတကား”ဟု တရားကို နာကြားလိုသဖြင့် တရားနာရန်သွားသော မိဂါရသူဌေးကြီးကို အာဇီဝကတက္ကတွန်းတို့သည် “ထိုသို့ဖြစ်မူ ရဟန်းဂေါတမ၏အထံ၌ တရားကို နာသည်ရှိသော် တင်းတိမ်အကာ၏ အပြင်ဘက်မှနေ၍ နာလော့”ဟု ဆိုကြကုန်၏။ မိဂါရသူဌေးကြီး မသွားမီ ရှေးဦးကပင်လျှင် သွား၍ တင်းတိမ်အကာကို ကာရံ၍ ထားကြကုန်၏။ မိဂါရသူဌေးကြီးသည် သွား၍ တင်းတိမ်အကာ၏ အပြင်ဘက်၌ နေလေ၏။ မြတ်စွာဘုရားသည် “သင်မိဂါရသူဌေးကြီးသည် တင်းတိမ်အကာ၏ အပြင်ပ၌မှုလည်း နေသည်ဖြစ်စေ၊ တိုက်နံရံ တစ်ဘက်ခြားသော အရပ်၌မူလည်း နေသည်ဖြစ်စေ၊ ကျောက်တောင် တစ်ဘက်ခြားသောအရပ်၌မူလည်း နေသည်ဖြစ်စေ၊ တစ်ပါးသော စကြဝဠာ၌မူလည်း နေသည်ဖြစ်စေ ငါဘုရားမည်သည်ကား ထိုထိုသူကို ငါ့အသံကိုကြားစေခြင်းငှာ စွမ်းနိုင်၏”ဟု ကြိမ်းဝါးတော်မူလေဟန်ပြု၍ သပြေပင်ကြီး၏ပင်စည်ကို ကိုင်ငင်၍ လှုပ်ဘိသကဲ့သို့လည်းကောင်း၊ အမြိုက်ဟူသော မိုးကြီးကို ရွာသွန်းချဘိသကဲ့သို့လည်းကောင်း တရားကို ဟောကြားတော်မူခြင်းငှာ အစဉ်အတိုင်းသော တရားစကားကို အားထုတ်တော်မူလေ၏။

ဘုရားရှင်အား သူဌေးကြီး ကြည်ညို

မိဂါရသူဌေးကြီးလည်း မြတ်စွာဘုရားသည် တရားဟောကြားခြင်း ပြီးဆုံးရပ်တန့်စေလိုက်သည်ရှိသော် တင်းတိမ်အကာ၏ပြင်ပ၌ နေလျက်သာလျှင် နည်းတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော (တန်ဆာဆင်၍ ဟောကြားအပ်သော) သောတာပတ္တိဖိုလ်၌တည်၍ မတုန်မလှုပ် မြဲမြံခိုင်ခံ့သော သဒ္ဓါတရားနှင့် ပြည့်စုံသဖြင့် သုံးပါးသော သရဏဂုံတို့၌ ယုံမှားကင်းခြင်းကြီး ကင်းလျက် တင်းတိမ်ထောင့်စွန်းကို မြှောက်တင်ပင့်ကာ ထွက်လာပြီးလျှင် ချွေးမဖြစ်သော ဝိသာခါ၏သားမြတ်ကို ခံတွင်းဖြင့်ယူစို့၍ “ယနေ့မှစ၍ သင်သည် ငါ၏မိခင်ပေတည်း”ဟု ဝိသာခါကို မိခင်အရာ၌ ထားလေ၏။ ဝိသာခါသည်လည်း ထိုအခါမှစ၍ “မိဂါရမာတာ”ဟူသော အမည်ရလေ၏။ နောက်အဖို့၌ သားငယ်ကို ရရှိသဖြင့်လည်း ထိုသားငယ်အား “မိဂါရ”ဟူသော အမည်ကို မှည့်လေ၏။ မိဂါရသူဌေးကြီးသည် ချွေးမ၏သားမြတ်ကို စွန့်လွှတ်ပြီးလျှင် သွား၍ မြတ်စွာဘုရား၏ နှစ်ခုသောခြေတော်တို့၌ ဦးခေါင်းဖြင့် ဝပ်စင်းလျက် ခြေတော်တို့ကို လက်တို့ဖြင့် သုံးသပ် ဆုပ်နယ်သဖြင့်လည်းကောင်း၊ ခံတွင်းဖြင့် နမ်းစုပ်သဖြင့်လည်းကောင်း ဘုန်းတော် “အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား- တပည့်တော်သည် မိဂါရပါတည်း။ တပည့်တော်သည် မိဂါရပါတည်း”ဟု သုံးကြိမ်တိုင်တိုင် အမည်ကို သိသိသာသာ လျှောက်ကြား၍ “ဘုန်းတော်အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား- တပည့်တော်သည် ဤမျှလောက်သော ကာလပတ်လုံး ဤသာသနာတော်မြတ်အား ပေးလှူခြင်းမည်သည် အကျိုးကြီးမြတ်လှပေ၏ဟူ၍ မသိမိပါဘုရား၊ ယခုအခါ၌ကား တပည့်တော်၏ချွေးမကို အမှီပြု၍ သိအပ်ပါပြီ၊ အလုံးစုံသော အပါယ်ဆင်းရဲမှ လွတ်ကင်းရပါပြီဘုရား”ဟု လျှောက်ကြားပြီးလျှင် “ဤအိမ်သို့ ရောက်လာသော တပည့်တော်၏ ချွေးမ ဝိသာခါသည် တပည့်တော်၏ အကျိုးများခြင်းငှာ, စီးပွားတိုးတတ်ခြင်းငှာ, ချမ်းသာကြီးခြင်းငှာ ရောက်လာပါသည်ဘုရား”ဟု လျှောက်ကြား၍ ဤဂါထာကို ရွတ်ဆိုလေ၏။

သောဟံ အဇ္ဇ ပဇာနာမိ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ။
အတ္ထာယ ဝတ မေ ဘဒ္ဒါ၊ သုဏိသာ ဃရမာဂတာ။

ဘန္တေ၊ ရွှေဘုန်းတော် နေလဝန်းမက ထွန်းလင်းတောက်ပတော်မူပေသော မြတ်စွာဘုရား။ ယတ္ထ၊ အကြင်သာသနာတော်မြတ်အား။ ဒိန္နံ၊ လှူဒါန်းခြင်းသည်။ မဟပ္ဖလံ၊ ကြီးကျယ်ပြန့်ပြော မြတ်သော အကျိုးရှိ၏။ တံ၊ ထိုအကျိုး များကြောင်း လှူဒါန်းကောင်းရာ သာသနာတော်မြတ်ကို။ သောဟံ၊ ထိုတပည့်တော်သည်။ အဇ္ဇ၊ ယခုနေ့၌။ ပဇာနာမိ၊ သိရပါ၏ဘုရား။ ဝတ၊ စင်စစ်။ မေ-မမ၊ ဘုရားတပည့်တော်၏။ အတ္ထာယ၊ အကျိုးငှာ။ ဘဒ္ဒါ၊ ကောင်းလှပေသော။ သုဏိသာ၊ ချွေးမသည်။ ဃရံ၊ နေအိမ်သို့။ အာဂတာ၊ ရောက်လာရပါသည်ဘုရား။

သူဌေးကတော်ကြီး သောတာပန်တည်

ဝိသာခါသည် တစ်ဖန် မိုးသောက်သောနေ့၌လည်း မြတ်စွာဘုရားကို ပင့်ဖိတ်ပြန်လေ၏။ ထို့နောက် တစ်ဖန် မိုးသောက်ရောက်သောနေ့၌လည်း ဝိသာခါ၏ယောက္ခမ မိန်းမသူဖြစ်သော သူဌေးကတော်ကြီးသည် သောတာပတ္တိဖိုလ်သို့ရောက်လေ၏။ ထိုအခါမှစ၍ ထိုအိမ်သည် သာသနာတော်အား ဟင်းလင်းပွင့်သောတံခါးရှိသော အိမ်ဖြစ်လေ၏။ ထို့နောက် မိဂါရသူဌေးကြီး ကြံစည်စိတ်ကူးမိသည်မှာ “ငါ၏ချွေးမသည် ငါ့အား အလွန်လျှင် ကျေးဇူးများလှပေသည်။ ထိုချွေးမအား ကြည်လင်နှစ်သက်သော အခြင်းအရာကို ပြုပေအံ့၊ ဤငါ၏ချွေးမအား ယခုရှိသော ဤမဟာလတာတန်ဆာသည် လေးလံလှသည်ဖြစ်၍ အခါခပ်သိမ်း ဆင်ယင်ခြင်းငှာ မတတ်ကောင်း။ နေ့၌လည်းကောင်း, ညဉ့်၌လည်းကောင်း အလုံးစုံသော ဣရိယာပုထ်တို့၌ ဆင်ယင်ခြင်းငှာ လျောက်ပတ်သော ပေါ့ပါးသော တန်ဆာတစ်ခုကို ချွေးမအလို့ငှာ ပြုပေအံ့”ဟု ကြံပြီးလျှင် အဖိုးတစ်သိန်းထိုက်သော တစ်ခဲနက် ပြေပြစ်ချောမောသောကြောင့် ဃနမဋ္ဌက မည်သော တန်ဆာကို ပြုလုပ်စေ၍ ထိုတန်ဆာပြီးလတ်သည်ရှိသော် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းကို ပင့်ဖိတ်၍ ရိုသေကောင်းမွန်စွာ ဆွမ်းကျွေးပြီးလျှင် ဝိသာခါကို တစ်ဆယ့်ခြောက်လုံးသော နံ့သာရေအိုးတို့ဖြင့် ရေချိုးစေ၍ မြတ်စွာဘုရား မျက်မှောက်တော်၌ ထားသဖြင့် နေစေသဖြင့် တန်ဆာဆင်ယင်စေလျက် မြတ်စွာဘုရားကို ရှိခိုးစေလေ၏။ မြတ်စွာဘုရားသည် ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြု၍ ကျောင်းတော်သို့သာလျှင် ကြွသွားတော်မူ၏။

ဝိသာခါ၏ သား, မြေး, မြစ်များ

ဝိသာခါသည်လည်း ထိုအခါမှစ၍ အလှူပေးခြင်း အစရှိသော ကောင်းမှုတို့ကိုပြုလျက် ဘုရားရှင်၏ အထံတော်မှ ရှစ်ပါးသောဆုတို့ကိုရ၍ ကောင်းကင်ပြင်၌ လ,ရေးပမာ လွန်စွာထင်ရှားသဖြင့် သားသမီးတို့ဖြင့် စည်ပင်ပေါများ ကြီးပွားခြင်းသို့ ရောက်လေ၏။ ထိုဝိသာခါအား တစ်ကျိပ်သော သားတို့သည်လည်းကောင်း၊ တစ်ကျိပ်သော သမီးတို့သည်လည်းကောင်း ပေါက်ဖွားလေကုန်သတတ်။ ထိုသားသမီးတို့တွင် တစ်ယောက် တစ်ယောက်အား တစ်ကျိပ် တစ်ကျိပ်သော သားတို့သည်လည်းကောင်း၊ တစ်ကျိပ် တစ်ကျိပ်သော သမီးတို့သည်လည်းကောင်း ပေါက်ဖွားပြန်ကုန်၏။ ထိုမြေးတို့တွင်လည်း တစ်ယောက်တစ်ယောက်အား တစ်ကျိပ် တစ်ကျိပ်သော သားတို့သည်လည်းကောင်း၊ တစ်ကျိပ်တစ်ကျိပ်သော သမီးတို့သည်လည်းကောင်း ပေါက်ဖွားပြန်လေကုန်၏။ ဤသို့လျှင် ဝိသာခါ၏ သား,မြေး,မြစ်အစဉ်၏ အစွမ်းဖြင့် ဖြစ်ကုန်သော သူတို့သည် ရှစ်ထောင်,လေးရာ,နှစ်ဆယ်တို့သည် ဖြစ်ကုန်၏။ ထို့ကြောင့် ရှေးဆရာတို့သည် ဤဂါထာကို မိန့်ဆိုတော်မူကြလေကုန်၏။

ဝိသာခါ ဝီသတိပုတ္တာ၊ နတ္တာ စ စတုရော သတာ။
ပနတ္တာ အဋ္ဌသဟဿာ၊ ဇမ္ဗုဒီပေ သုပါကဋာ။

ဝိသာခါ ဝိသာခါယ၊ ဝိသာခါ၏။ ဝီသတိ၊ နှစ်ဆယ်သော။ ပုတ္တာ၊ သားသမီးတို့သည်။ အဟေသုံ၊ ဖြစ်ကုန်၏။ နတ္တာ စ၊ ဝိသာခါ၏ မြေးတို့ကား။ စတုရောသတာ၊ လေးရာတို့တည်း။ ပနတ္တာ၊ ဝိသာခါ၏ မြစ်တို့ကား။ အဋ္ဌသဟဿာ၊ ရှစ်ထောင်တို့တည်း။ ဣတိ၊ ဤသို့။ ဇမ္ဗုဒီပေ၊ ဇမ္ဗူဒီပါ ကျွန်းအပြင်၌။ သုပါကဋာ၊ အလွန်ထင်ရှား၏။

ဝိသာခါ၏ တင့်တယ်ပုံ

ဝိသာခါ၏ အသက်ကား တစ်ရာ့နှစ်ဆယ်ရှည်၏၊ ဦးခေါင်း၌ တစ်ခုသော ဖြူသော ဆံပင်မျှမည်သည်လည်း မရှိ။ အမြဲမပြတ် တစ်ဆယ့်ခြောက်နှစ်ရွယ်ကဲ့သို့ ဖြစ်လေ၏။ သားမြေးမြစ်တို့ဖြင့် ခြံရံလျက် ကျောင်းတော်သို့ သွားသော ဝိသာခါကို မြင်ကုန်သည်ရှိသော် “ဤသူတို့တွင် အဘယ်သူသည် ဝိသာခါ ဖြစ်ပါသနည်း”ဟု မေးမြန်းကြရကုန်၏။ သွားဆဲဖြစ်သော ဝိသာခါကို မြင်ရကုန်သောသူတို့သည် “ယခုအခါ အတန်ငယ် သွားပါစေဦး၊ သွားဆဲသာလျှင်ဖြစ်သော ငါတို့၏သခင်မသည် တင့်တယ်လှပေ၏”ဟု ကြံစည်မိကြကုန်၏။ ရပ်ဆဲ, ထိုင်ဆဲ, လျောင်းစက်ဆဲဖြစ်သော ဝိသာခါကို မြင်ရကုန်သော သူတို့သည် “ယခုအခါ အတန်ငယ်လျောင်းစက်ပါစေဦး၊ လျောင်းစက်ဆဲသာလျှင်ဖြစ်သော ငါတို့၏သခင်မသည် တင့်တယ်လှပေ၏”ဟု ကြံစည်မိကြကုန်၏။ ဤသို့လျှင် ဝိသာခါအား သွား,ရပ်,ထိုင်,လျောင်းခြင်း တည်းဟူသော ဣရိယာပုထ် လေးပါးတို့၌ “ဤမည်သော ဣရိယာပုထ်ဖြင့် မတင့်တယ်သောမည်သည် ရှိပေ၏”ဟု ဆိုဖွယ်မရှိ၊ ထိုဝိသာခါသည် ဆင်ပြောင်ငါးစီးတို့၏ အားအစွမ်းကိုလည်း ဆောင်နိုင်၏။

ဝိသာခါကို ဆင်ပြောင်ဖြင့် ခွန်အားစမ်းခြင်း

ပသေနဒီ ကောသလမင်းကြီးသည် ဝိသာခါကား ဆင်ပြောင်ငါးစီးတို့၏ အားအစွမ်းကို ဆောင်နိုင်၏ဟူသော စကားကို ကြားရသဖြင့် ကျောင်းတော်သို့သွား၍ တရားနာပြီး ပြန်လာသော အခါကာလ၌ ဝိသာခါ၏ အားအစွမ်းကို စုံစမ်းလိုသည်ဖြစ်၍ ဆင်ပြောင်ကို လွှတ်စေလေ၏။ ထိုဆင်ပြောင်သည် နှာမောင်းကို ပင့်မြှောက်၍ ဝိသာခါရှိရာသို့ ရှေးရှုပြေးသွား၏။ ထိုဝိသာခါ၏ အခြံအရံ မိန်းမငါးရာတို့တွင် အချို့သော မိန်းမတို့သည် ထွက်ပြေးကြကုန်၏။ အချို့သော မိန်းမတို့ကား ဝိသာခါကို ထက်ဝန်းကျင် တားဆီးကာကွယ်သော အခြင်းအရာကို စီရင်ကြကုန်သည်ဖြစ်၍ “ဤသို့ပြုခြင်းကား အကြောင်းအသို့နည်း”ဟု ဝိသာခါက မေးလတ်သော် “သခင်မ- မင်းကြီးသည် သခင်မ၏ အားအစွမ်းကို စုံစမ်းလိုသည်ဖြစ်၍ ဆင်ပြောင်ကို လွှတ်စေဘိသတတ်”ဟု ပြောဆိုကြကုန်၏။ ဝိသာခါသည် “ဤဆင်ပြောင်ကိုမြင်၍ ထွက်ပြေးသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ အဘယ်သို့သော အခြင်းအရာဖြင့် ထိုဆင်ပြောင်ကို ငါကိုင်ဖမ်းရအံ့နည်း”ဟု ကြံပြီးလျှင် “အကယ်၍ မြဲမြံစွာ ကိုင်ဖမ်းသည်ဖြစ်အံ့၊ ထိုဆင်သည် ဆင်းရဲပင်ပန်းခြင်းသို့ ရောက်ရရှာ၏”ဟု ဆင်ခြင်မိသဖြင့် နှစ်ခုသော လက်ချောင်းတို့ဖြင့် နှာမောင်း၌ ဖိနှိပ်ကာတွန်းလိုက်လေ၏။ ဆင်ပြောင်ကြီးသည် မိမိကိုယ်ကို တည်တံ့စွာဆောင်လျက် ရပ်တည်ခြင်းငှာ မတတ်နိုင်ရကား မင်းရင်ပြင်၌ ဆောင့်ကြောင့်ထိုင်လျက် လဲကျသွားလေ၏။ များစွာသော လူအပေါင်းသည် အုတ်အုတ်ကျက်ကျက် ကောင်းချီးပေးလေ၏။ ဝိသာခါသည်လည်း အခြံအရံနှင့်တကွ ချမ်းသာစွာ အိမ်သို့ ပြန်သွားလေ၏။

မဟာလတာတန်ဆာ မေ့ကျန်ရစ်ခြင်း

ထိုအခါ သာဝတ္ထိပြည်ကြီးဝယ် ဝိသာခါသည် များသော သားသမီးရှိ၏။ များသောမြေးရှိ၏။ များသောမြစ်ရှိ၏၊ သားသမီး မြေးမြစ်တို့သည် အနာရောဂါဝေဒနာမှ ကင်းကြကုန်၏၊ အလွန်မင်္ဂလာရှိသည်ဟု သမုတ်အပ်ကုန်၏။ ထိုမျှလောက်ကုန်သော သား,သမီး,မြေး,မြစ်တို့တွင် တစ်ယောက်သောသူမျှလည်း အကြား၌သေခြင်းသို့ ရောက်လေသောသူမည်သည် မရှိစဖူး။ သာဝတ္ထိ ပြည်သူပြည်သားတို့သည် မင်္ဂလာရှိသော ပွဲသဘင်တို့၌ ဝိသာခါကို ရှေးဦးစွာ ဖိတ်မန်၍ ကျွေးမွေးကြရကုန်၏။ ထိုအခါ တစ်ခုသော ပွဲသဘင်နေ့၌ လူများအပေါင်းသည်။အဝတ်တန်ဆာဖြင့် တန်ဆာဆင်လျက် တရားနာခြင်းငှာ ကျောင်းတော်သို့ သွားလတ်သည်ရှိသော် ဝိသာခါသည်လည်း ဖိတ်မန်ရာ အရပ်၌ သုံးဆောင် စားသောက်ပြီးမှ မဟာလတာတန်ဆာကို ဆင်ယင်လျက် လူများအပေါင်းနှင့်တကွ။ကျောင်းသို့သွား၍ တန်ဆာတို့ကိုချွတ်ပြီးလျှင် အပေါ်ရုံအဝတ်ဖြင့် အထုပ်ကိုထုပ်၍ ကျွန်မအား “ဤဘဏ္ဍာထုပ်ကို ယူခဲ့လော့”ဟု ပေးလေ၏။

ဝိသာခါသည် “ကျောင်းတော်သို့ သွားသည်ရှိသော် ဤသို့သဘောရှိသော အဖိုးများစွာ ထိုက်တန်သော ဦးခေါင်း၌စွပ်၍ ခြေဖနောင့်တိုင် ဆင်ယင်အပ်သော တန်ဆာကို ဆင်ယင်ဝတ်စားလျက် ကျောင်းတော်သို့ ဝင်ခြင်းငှာ မသင့်မလျော်ပါတကား”ဟု ကြံမိသဖြင့် ထိုတန်ဆာကိုချွတ်၍ အထုပ်ကိုပြုပြီးလျှင် မိမိ၏ကောင်းမှုကြောင့်သာ ဖြစ်ပေါ်လာသော ဆင်ပြောင်ငါးစီးအားကို ဆောင်စွမ်းနိုင်သော ကျွန်မ၏လက်၌ ပေးအပ်လေ၏။ ထိုကျွန်မသည်သာလျှင် ထိုတန်ဆာကို ဆောင်ယူခြင်းငှာ စွမ်းနိုင်သတတ်။ ထို့ကြောင့် ကျွန်မကို “အမိ- ဤမဟာလတာတန်ဆာကို ယူထားဦးလော့၊ ဘုရားရှင်၏ အထံတော်မှ ပြန်လာသောအခါကျမှ ထိုတန်ဆာကို ဆင်ယင်ပေအံ့”ဟု ဆိုလေ၏။ ထိုတန်ဆာကိုကား ပေးအပ်ပြီးလျှင် ဃနမဋ္ဌကတန်ဆာကို ဆင်ယင်လျက် မြတ်စွာဘုရား အထံတော်သို့ ချဉ်းကပ်၍ တရားတော်ကို နာကြားလေသတည်း။ တရားနာပြီးသောအဆုံး၌ ဘုရားရှင်ကိုရှိခိုး၍ ထပြီး ဖဲသွားလေ၏။ ဝိသာခါ၏ မဟာလတာတန်ဆာကို ယူသိမ်းထားသော ထိုကျွန်မသည်လည်း တန်ဆာကို သတိလွတ်ကင်းသဖြင့် မေ့လျော့ခဲ့မိလေ၏။ တရားတော်ကိုနာ၍ ပရိသတ် ဖဲလတ်သည်ရှိသော် တစ်စုံတစ်ခုသော ပစ္စည်းဥစ္စာသည် အကယ်၍ မေ့ကျန်ရစ်သည်ဖြစ်အံ့၊ ထိုပစ္စည်းဥစ္စာကို ရှင်အာနန္ဒာမထေရ်သည် သိုမှီးသိမ်းဆည်းထားနေကျ ဖြစ်၏။ ထို့ကြောင့် ရှင်အာနန္ဒာမထေရ်သည် ထိုနေ့၌ မဟာလတာတန်ဆာကို မြင်လေလျှင် ဘုရားရှင်အား “မြတ်စွာဘုရား- ဝိသာခါသည် မဟာလတာ တန်ဆာကို မေ့ရစ်၍ သွားပါသည်ဘုရား”ဟု လျှောက်ကြားသဖြင့် “ချစ်သားအာနန္ဒာ- တင့်အပ်လျောက်ပတ်သော အရပ်၌ ထားလော့”ဟု မိန့်တော်မူလျှင် ရှင်အာနန္ဒာမထေရ်သည် ထိုမဟာလတာ တန်ဆာကို ပင့်ချီမြှောက်ယူ၍ စောင်းတန်းနံပါး၌ ဆွဲချိတ်ကာ ထားလေ၏။

သုပ္ပိယာဒါယိကာမ၏ စေတနာထက်သန်ပုံ

ဝိသာခါသည်လည်း သုပ္ပိယာမည်သော ဒါယိကာမနှင့်တကွ အာဂန္တုဧည့် သည်ရဟန်း, ခရီးသွားသော ရဟန်း, သူနာရဟန်း စသည်တို့အား ပြုစုသင့် ပြုစုထိုက်သော ကိစ္စအလုံးစုံကို သိရအံ့ဟု ကျောင်းတွင်း၌ လှည့်လည်ခဲ့လေ၏။ ထိုဒါယိကာမတို့ကို ကျောင်းတွင်း၌ တွေ့မြင်ကြကုန်သည်ရှိသော် ထောပတ်, ပျား, တင်လဲ အစရှိသည်တို့ဖြင့် အလိုရှိကုန်သော ပဉ္စင်းငယ်တို့သည်လည်းကောင်း၊ သာမဏေတို့သည်လည်းကောင်း ပြကတေ့အားဖြင့်သာလျှင် ခွက် စသည်တို့ကို ယူကုန်လျက် ချဉ်းကပ်လာကြကုန်၏။ ထိုနေ့၌လည်း ထိုနည်းအတူသာလျှင် ပြုကြလေကုန်၏။

(အခါတစ်ပါး၌ မကျန်းမမာသော ဂိလာန ရဟန်းတစ်ပါးကို မြင်ရ၍ သုပ္ပိယာဒါယိကာမသည် “အရှင်မြတ်အား အဘယ်ဝတ္ထုဖြင့် အလိုတော်ရှိပါသနည်း”ဟု မေးလျှောက်သဖြင့် “သားပြွမ်းဟင်းရည်ဖြင့် အလိုရှိကြောင်း”ကို ဆိုလတ်သော် “အလိုတော်ရှိသည်ဖြစ်ပါမူ အရှင်မြတ်ထံ ပို့ခိုင်းလိုက်ပါမည်ဘုရား”ဟု လျှောက်ကြားဝန်ခံ၍ နှစ်ရက်မြောက်သောနေ့၌ အပ်သောအသားကို ရှာ၍မရခြင်းကြောင့် မိမိ၏ပေါင်သားဖြင့် ပြုဖွယ်ဖြစ်သော သားပြွမ်းဟင်းရည်ကိစ္စကို မချွတ်မယွင်းရအောင် ပြုလုပ်လှူဒါန်း၍ နောက်တစ်ဖန်မြတ်စွာဘုရား၌ ကြည်ညိုသောစိတ်ကြောင့် ပြကတေ့သော ကိုယ်ရှိသည်သာလျှင် ဖြစ်ပြန်၏။
ဇာတ်တူဖြစ်သော လူသား, မင်းသုံးဘဏ္ဍာဖြစ်သော ဆင်သား, မြင်းသား, ရွံဖွယ်ကောင်းသော ခွေးသား, မြွေသား, ဘေးရန်တွေ့တတ်သော ကျားသား, သစ်သား, ခြင်္သေ့သား, ဝံသား, အောင်းသား၊ ဤကား မအပ်သော အသားဆယ်မျိုး ဖြစ်၏။ ထိုမှတစ်ပါး အပ်သောအသား ဖြစ်စေကာမူ ရဟန်းတို့အား ကျွေးမွေးရန် ရည်မှန်း၍ သတ်သည်ဟု မြင်ရသောအသား, ကြားရသောအသား, တွေးတောဖွယ် မကင်းသော အသား ဤသုံးပါးလည်း မအပ်သော အသားဖြစ်၏။)

မဟာလတာတန်ဆာကို ရောင်းရန် စီမံခြင်း

ဝိသာခါသည်လည်း သူနာရဟန်းတို့ကိုလည်းကောင်း၊ ရဟန်းငယ်တို့ကိုလည်းကောင်း၊ သာမဏေငယ်တို့ကိုလည်းကောင်း ကြည့်ရှု၍ တစ်ခုသောတံခါးဖြင့် ထွက်ခဲ့ပြီးလျှင် ကျောင်းဥပစာ၌ တည်နေလျက် “အမိ- မဟာလတာတန်ဆာကို ဆောင်ခဲ့လော့၊ ဆင်ယင်ဦးအံ့”ဟု ဆိုလေ၏။ ထိုခဏ၌ ကျွန်မသည် မေ့လျော့၍ ထွက်လာခဲ့မိသည့်အဖြစ်ကို သတိရ၍ “အရှင်မ- မေ့လျော့ခဲ့မိပါပြီ”ဟု ပြောဆိုလေ၏။ “ထိုသို့ဖြစ်မူ သွားယူ၍ လာခဲ့လော့၊ ငါ၏ အရှင်သခင် အာနန္ဒာမထေရ်မြတ်သည် ချီမ၍ ဤမည်သောအရပ်၌ အကယ်၍ထားအပ်သည်ဖြစ်အံ့၊ မဆောင်ယူခဲ့လေလင့်၊ အရှင်မြတ်အားသာလျှင် ထိုတန်ဆာကို ငါသည် စွန့်လွှတ်လှူဒါန်းအပ်ပေပြီ”ဟု ဆိုလိုက်၏။

(ဤသို့သောစကားကို မှာထားလိုက်ခြင်းသည်ကား “အမျိုးကောင်းသား,သမီးတို့၏ မေ့လျော့ကျန်ရစ်သော ဘဏ္ဍာကို အရှင်အာနန္ဒာမထေရ်သည် သိမ်းဆည်းမြဲ ဖြစ်၏”ဟု ဝိသာခါ သိပြီးဖြစ်၏။ ထို့ကြောင့် ဤသို့ မှာထားလိုက်ခြင်း ဖြစ်၏။)

ရှင်အာနန္ဒာမထေရ်သည်လည်း ထိုကျွန်မကို မြင်လျှင်မြင်ချင်း “အဘယ့်ကြောင့် လာသနည်း”ဟု မေးသဖြင့် “အရှင်ဘုရား- တပည့်တော်မ၏ သခင်မ တန်ဆာကို မေ့လျော့ခဲ့မိ၍ ပြန်လာရပါသည်ဘုရား”ဟု လျှောက်ကြာလတ်သော် “ငါသည် တစ်ခုသော စောင်းတန်းနံပါး၌ ထားအပ်၏၊ သွားချေ၊ ထိုတန်ဆာကို ယူလော့”ဟု မိန့်ဆိုတော်မူလေ၏။ ကျွန်မသည် “အရှင်ဘုရား- အရှင်မြတ်တို့၏ လက်တော်ဖြင့် သုံးသပ်အပ်ပြီးသော ဘဏ္ဍာကို တပည့်တော်မ၏ သခင်မသည် မဆောင်ယူအပ်သည်ကို ပြုအပ်ပါလေပြီဘုရား”ဟု လျှောက်ထား၍ အချည်းနှီးသော လက်ရှိသဖြင့်သာလျှင် ပြန်သွား၍ “အမိ- အကြောင်းအသို့နည်း”ဟု ဝိသာခါကမေးလျှင် ထိုအကြောင်းကို ပြောကြားလေ၏။ “အမိ- ငါ၏ အရှင်သခင် အာနန္ဒာ သုံးသပ်လေပြီးသော ဘဏ္ဍာကို ငါသည် မဆင်ယင်တော့အံ့၊ ငါသည် စွန့်လွှတ် လှူဒါန်းအပ်ပေပြီ၊ ထိုသို့ စွန့်လွှတ်အပ်သော်လည်း အရှင်မြတ်သည် သိမ်းဆည်းစောင့်ရှောက်ခြင်းငှာ ဆင်းရဲငြိုငြင်ပေလတ္တံ့၊ ထိုတန်ဆာကို စွန့်လွှတ်ရောင်းချပြီးလျှင် အပ်သော ကပ္ပိယဘဏ္ဍာကို ဆောင်ပို့လှူဒါန်းအံ့၊ သွားချေ၊ ထိုတန်ဆာကို ဆောင်ခဲ့လော့”ဟု စေလွှတ်ပြန်၏။ ကျွန်မလည်းသွား၍ မဟာလတာတန်ဆာကို ဆောင်ယူလေ၏။ ဝိသာခါသည် ကျွန်မ ဆောင်ယူလာသော တန်ဆာကို မဆင်ယင်မူ၍သာလျှင် ပန်းထိမ်သည်တို့ကို ခေါ်စေ၍ အဖိုးဖြတ်စေ၏။ ထိုပန်းထိမ်သည်တို့က “ကိုးကုဋေ အဖိုးထိုက်၏၊ လက်ခကား တစ်သိန်းထိုက်၏”ဟု ဖြတ်ဆိုသည်ရှိသော် “ထိုသို့ဖြစ်မူ ဤတန်ဆာကို လှည်းယာဉ်ထက်၌ တင်စေ၍ ရောင်းချကုန်လော့”ဟု ဆိုလေ၏။ ထိုမျှလောက်သော အဖိုးဥစ္စာကို ပေးဝယ်ယူအံ့သောငှာ တစ်စုံတစ်ယောက်သောသူမျှ မစွမ်းနိုင်လတ္တံ့။

(မဝယ်နိုင်ကြောင်းကား ထိုတန်ဆာကို ဆင်ယင်ခြင်းငှာ ထိုက်တန်သော မိန်းမတို့မည်သည် ရနိုင်ခဲကုန်၏။ ထိုစကား မှန်၏။ ဤမြေပြင်အဝန်း၌ သုံးယောက်သော မိန်းမတို့သည်သာလျှင် မဟာလတာတန်ဆာကို ရကြလေကုန်၏။ ဝိသာခါသည်လည်းကောင်း၊ မလ္လမင်းသား ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာသည်လည်းကောင်း၊ ဗာရာဏသီသူဌေးကြီး၏ သမီးသည်လည်းကောင်း၊ ဤသုံးဦးတို့သာ ရကြလေကုန်၏။)

ထို့ကြောင့် ဝိသာခါသည် မိမိကိုယ်တိုင်ပင်လျှင် ထိုမဟာလတာတန်ဆာ၏ အဖိုးကိုပေး၍ တစ်သိန်းအလွန်ရှိသော ကိုးကုဋေသော ဥစ္စာတို့ကို လှည်း၌တင်၍ ကျောင်းတော်သို့ ဆောင်ယူလျက် မြတ်စွာဘုရားကို ရှိခိုးပူဇော်ပြီးလျှင် “ဘုန်းတော်အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား- တပည့်တော်မ၏ အရှင်သခင် အာနန္ဒာမထေရ်မြတ်သည် တပည့်တော်မ၏ မဟာလတာတန်ဆာကို လက်တော်ဖြင့် သုံးသပ်အပ်လေပြီ၊ ထိုမထေရ်မြတ် သုံးသပ်သောအခါမှစ၍ ထိုတန်ဆာကို တပည့်တော်မ ဝတ်ဆင်ခြင်းငှာ မတတ်နိုင်ပါ၊ ထိုတန်ဆာကို စွန့်လွှတ်ရောင်းချ၍ အပ်သော ကပ္ပိယဘဏ္ဍာကို ဆောင်ပို့လှူဒါန်းအံ့ဟု လှည့်လည်ရောင်းချစေပါသော်လည်း ဝယ်ယူခြင်းငှာ စွမ်းနိုင်သော တစ်ပါးသောသူကို မမြင်ခြင်းကြောင့် တပည့်တော်မသည်ပင်လျှင် အဖိုးကိုပေး၍ ဝယ်ယူပြီးမှ ထိုတန်ဆာအဖိုးကို ယူဆောင်၍ လာရောက်ခဲ့ပါသည်၊ လေးပါးသော ပစ္စည်းတို့တွင် အဘယ်ပစ္စည်းကို ဆောင်ယူလှူဒါန်းရပါအံ့နည်းဘုရား”ဟု လျှောက်ကြားလေ၏။

သံဃာတော်များအတွက် ကျောင်းဆောက်လှူခြင်း

“ဝိသာခါ ဒါယိကာမ- သင်သည် မြို့၏ အရှေ့တံခါး၌ သံဃာတော်အပေါင်း သီတင်းသုံးနေစရာကျောင်းကို ဆောက်လုပ်ခြင်းငှာ သင့်လျော်ပေ၏”ဟု မိန့်တော်မူ၏။ ဝိသာခါသည် “မြတ်စွာဘုရား- သင့်လျော်ကောင်းမြတ် လျောက်ပတ်လှပါသည်ဘုရား”ဟု လျှောက်ကြား၍ နှစ်သက်ဝမ်းမြောက်လှစွာ ကိုးကုဋေသော ဥစ္စာတို့ဖြင့် မြေကိုသာလျှင် ဝယ်ယူလေ၏။ တစ်ပါးသော ကိုးကုဋေသော ဥစ္စာတိုဖြင့် ကျောင်းကို ဆောက်လုပ်ခြင်းငှာ အားထုတ်လေ၏။ ထို့နောက် တစ်နေ့သ၌ မြတ်စွာဘုရားသည် နံနက်စောစော မိုးသောက်ယံအခါ၌ လောကကို ကြည့်ရှုတော်မူလတ်သည်ရှိသော် နတ်ပြည်မှစုတေ၍ ဘဒ္ဒိယပြည် သူဌေးမျိုး၌ဖြစ်သော ဘဒ္ဒိယမည်သော သူဌေးသား၏ အကြောင်းဥပနိဿယနှင့် ပြည့်စုံခြင်းကို မြင်တော်မူ၍ အနာထပိဏ်သူဌေးကြီး၏ ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုပြီးလျှင် မြောက်တံခါးသို့ ရှေးရှုကြွတော်မူလေ၏။

(ပကတိသဘောအားဖြင့် မြတ်စွာဘုရားသည် ဝိသာခါအိမ်၌ ဆွမ်းကိုခံယူတော်မူပြီးသည်ရှိသော် တောင်တံခါးဖြင့် ထွက်ကြွတော်မူ၍ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူလေ့ရှိ၏။ အနာထပိဏ်သူဌေးကြီးအိမ်၌ ဆွမ်းခံယူတော်မူပြီးသည်ရှိသော် အရှေ့တံခါးဖြင့် ထွက်ကြွတော်မူ၍ ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးတော်မူလေ့ရှိ၏။ မြောက်တံခါးသို့ ရည်ရွယ်၍ ကြွသွားတော်မူသည်သာလျှင်ဖြစ်သော ဘုရားရှင်ကို မြင်ကြကုန်လျှင် ဒေသစာရီ ကြွချီလတ္တံ့ဟု သိကြရကုန်၏။)

ဝိသာခါသည်လည်း ထိုနေ့၌ မြတ်စွာဘုရားသည် မြောက်တံခါးသို့ ရှေးရှုကြွသွားတော်မူ၏ဟု ကြားသိရသဖြင့် လျင်မြန်စွာ လိုက်သွား၍ ရိုသေမြတ်နိုး ရှိခိုးလျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဒေသစာရီ ကြွချီတော်မူလိုကြပါသလောဘုရား”ဟု မေးလျှောက်ကြားလေ၏။ “ဝိသာခါ- ကြွချီလိုသည် မှန်ပေ၏”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- ဤမျှလောက်သော ပစ္စည်းဥစ္စာကိုစွန့်လျက် ရှင်တော်မြတ်ဘုရားတို့အလို့ငှာ ကျောင်းကို ဆောက်လုပ်မည်ဖြစ်ပါသောကြောင့် ပြန်လည် ဆုတ်နစ်တော်မူပါဘုရား”ဟု လျှောက်ကြားပြန်လေ၏။ “ဝိသာခါ- ဤကြွခြင်းကား ပြန်လည်ဆုတ်နစ်ခြင်းမရှိသော ကြွသွားခြင်းတည်း”ဟု မိန့်တော်မူလေလျှင် ဝိသာခါသည် “မချွတ်လျှင် အကြောင်းဥပနိဿယနှင့် ပြည့်စုံသော တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်ကို မြတ်စွာဘုရား မြင်တော်မူလတ္တံ့”ဟု ကြံမိ၍ “မြတ်စွာဘုရား- ထိုသို့ဖြစ်ပါမူ တပည့်တော်မ၏ ပြုသင့်ပြုထိုက် မပြုသင့် မပြုထိုက်သည်ကို ကျွမ်းကျင်နားလည်သော ရဟန်းတစ်ပါးကို ပြန်နစ်စေ၍ ကြွမြန်းတော်မူကြပါဘုရား”ဟု လျှောက်ကြားပြန်သဖြင့် “ဝိသာခါ- အကြင်ရဟန်းကို နှစ်သက်၏၊ ထိုရဟန်း၏ သပိတ်ကို ယူလော့”ဟု မိန့်တော်မူလေ၏။

ရှင်မောဂ္ဂလာန် စီမံပေးခြင်း

ဝိသာခါသည် ရှင်အာနန္ဒမထေရ်ကို အကယ်၍ကား ချစ်ကြည်မြတ်နိုး၏။ ထိုသို့ပင် ဖြစ်သော်လည်း ရှင်မောဂ္ဂလာန်မထေရ်ကား တန်ခိုးကြီး၏။ ထိုရှင်မောဂ္ဂလာန် မထေရ်ကို အမှီပြုရလျှင် ငါ၏အမှုသည် လျင်မြန်စွာ ပြီးစီးပေလတ္တံ့ဟု တစ်ဖန် ကြံစည်လျက် ရှင်မောဂ္ဂလာန်မထေရ်၏သပိတ်ကို ယူလေ၏။ မထေရ်လည်း မြတ်စွာဘုရားကို မော်၍ဖူးမြော်ကြည့်ရှုရကား မြတ်စွာဘုရားက “ချစ်သားမောဂ္ဂလာန်- သင်၏ အခြံအရံ ရဟန်းငါးရာတို့ကိုခေါ်၍ ပြန်လည်ဆုတ်နစ် နေရစ်လေလော့”ဟု မိန့်တော်မူလျှင် ရှင်မောဂ္ဂလာန်လည်း ဘုရားမိန့်တော်မူတိုင်း ဆုတ်နစ်နေရစ်လေ၏။ ထိုရှင်မောဂ္ဂလာန်၏ တန်ခိုးအာနုဘော်တော်အားဖြင့် ယူဇနာငါးဆယ်၊ ခြောက်ဆယ်သို့ တိုင်အောင်လည်း သစ်သားအလို့ငှာလည်းကောင်း၊ ကျောက်အလို့ငှာလည်းကောင်း သွား၍ ကြီးကုန်ကြီးကုန်သော သစ်သားတို့ကိုလည်းကောင်း၊ ကျောက်တို့ကိုလည်းကောင်း ယူပြီးလျှင် ထိုနေ့၌ပင် ပြန်လာ နိုင်ကြကုန်၏။ လှည်းပေါ်သို့ သစ်သား, ကျောက်တို့ကို တင်သောသူတို့သည် ပင်ပန်းခြင်းမည်သည်လည်း မရှိကြကုန်၊ လှည်းဝင်ရိုးကျိုးခြင်းလည်း မရှိ။ မကြာမီပင်လျှင် ဘုံနှစ်ဆင့်ရှိသော ပြာသာဒ်ကျောင်းကြီးကို ဆောက်လုပ်ကြလေကုန်၏။ အောက်ထပ် ဘုံဆင့်၌ တိုက်ခန်းငါးရာတို့လည်းကောင်း၊ အထက်ထပ် ဘုံဆင့်၌ တိုက်ခန်းငါးရာတို့လည်းကောင်း ဤသို့ တိုက်ခန်းတစ်ထောင်တို့ဖြင့် တန်ဆာဆင်အပ်သော ပြာသာဒ်ကျောင်းတော်ကြီးသည် ဖြစ်လေ၏။ ရှစ်မင်းပယ်စားမျှလောက်သော သန့်ရှင်းသော မြေအဖို့၌ ပြာသာဒ်ကို ဆောက်လုပ်စေ၏။ သက်သက်သော ပြာသာဒ်သည် မတင့်တယ်ခဲ့ဟု ပြာသာဒ်ကို ပတ်လည်ဝန်းရံပြီးလျှင် ကမ္မဋ္ဌာန်းစီးဖြန်းစေရာ ကျောင်းငါးရာတို့ကိုလည်းကောင်း၊ ပြာသာဒ်ငယ် ငါးရာတို့ကိုလည်းကောင်း၊ ရှည်လျားသော ဇရပ်တန်ဆောင်း ငါးရာတို့ကိုလည်းကောင်း ဆောက်လုပ်စေပြန်၏။

ထို့နောက် မြတ်စွာဘုရားသည် ကိုးလတို့ပတ်လုံး ဒေသစာရီ ကြွချီတော်မူ၍ တစ်ဖန် သာဝတ္ထိပြည်သို့ ပြန်ကြွတော်မူလာ၏။ ဝိသာခါ၏ ပြာသာဒ်ကျောင်းတော်ကြီး၌ ဆောက်လုပ်ခြင်းအမှုသည် ကိုးလတို့ဖြင့် ပြီးဆုံးခြင်းသို့ ရောက်လေ၏။ ပြာသာဒ် အထွတ်အဖျား စုလစ်မွန်းချွန်ကား တစ်ခဲနက် ခတ်အပ်သော နီသောရွှေဖြင့်သာလျှင် ရေအိုး အလုံးခြောက်ဆယ်ဝင် အိုစရည်းကြီးပမာဏရှိသော ကြာသွတ်အိုးကို ပြုလုပ်စေလေ၏။ မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်သို့ ကြွတော်မူ၏ဟူသော စကားကို ကြား၍ ခရီးဦးကြိုဆိုပြီးလျှင် မြတ်စွာဘုရားကို မိမိ၏ကျောင်းသို့ ပင့်ဆောင်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား- ဤမိုးလေးလပတ်လုံး ရဟန်းသံဃာတော်အပေါင်းကို ခေါ်ယူတော်မူခဲ့သဖြင့် ဤကျောင်း၌သာလျှင် သီတင်းသုံးတော်မူပါ၊ ပြာသာဒ် ပူဇော်ပွဲသဘင် ကျောင်းသာဓုခေါ်ခြင်းကို ပြုလုပ်လိုပါသည်ဘုရား”ဟု ပဋိညာဉ်ကို ယူ၏။ မြတ်စွာဘုရားသည်လည်း သည်းခံတော်မူလေ၏။ ဝိသာခါသည် ထိုအခါမှစ၍ ဘုရားအမှူးရှိသော ရဟန်းသံဃာအား ကျောင်း၌သာလျှင် အလှူဒါနကို ပေးလှူစွန့်ကြဲ၏။

အဆွေခင်ပွန်းမတစ်ယောက် ကုသိုလ်ပါဝင်ခြင်း

ထိုအခါ ဝိသာခါ၏ အဆွေခင်ပွန်းမဖြစ်သော ဒါယိကာမ တစ်ယောက်သည် အဖိုးတစ်သိန်းထိုက်သော တစ်ထည်သော အဝတ်ပုဆိုးကို ယူလာ၍ “အဆွေခင်ပွန်းမ ဝိသာခါ- ငါသည် ဤအဝတ်ပုဆိုးကို သင်အရှင်မ၏ ကျောင်းပြာသာဒ်၌ မြေအခင်းအသွင်ဖြင့် ခင်းလိုပါသည်၊ ခင်းဖို့ရာအရပ်ကို ငါ့အား ပြောကြားပါကုန်လော့”ဟု ဆို၏။ “အဆွေခင်ပွန်းမ- ကောင်းလှပါပြီ၊ ငါသည် သင့်အား “ခင်းဖို့ရာ အခွင့်အရပ် မရှိ”ဟု အကယ်၍ ဆိုသည်ဖြစ်အံ့၊ ငါ့အား ခင်းဖို့ရာ အခွင့်အရပ်ပေးခြင်းငှာ အလိုမရှိဟု သင်အောက်မေ့လတ္တံ့၊ ထို့ကြောင့် ကိုယ်တိုင်သာလျှင် ပြာသာဒ်၏ ဘုံနှစ်ဆင့်တို့ကိုလည်းကောင်း၊ တိုက်ခန်းတစ်ထောင်ကိုလည်းကောင်း ကြည့်ရှု၍ ခင်းဖို့ရာအရပ်ကို သိပါလေလော့”ဟု ဆို၏။ ထိုအဖော်မသည်လည်း အဖိုးတစ်သိန်းထိုက်သော အဝတ်ပုဆိုးကိုယူ၍ ထိုထိုအရပ်၌ သွားလာကြည့်ရှုသည်ရှိသော် မိမိယူလာသော ထိုအဝတ်ပုဆိုးထက် နည်းသော အဖိုးရှိသော အဝတ်ပုဆိုးကို မမြင်ခြင်းကြောင့် “ငါသည် ဤကျောင်းပြာသာဒ်၌ ကောင်းမှုအဖို့ကို မရဘဲ ရှိချေ၏”ဟု နှလုံးမသာယာခြင်းသို့ ရောက်သည်ဖြစ်၍ တစ်ခုသောအရပ်၌ ငိုကြွေးလျက် ရပ်နေ၏။ ထိုအခါ အရှင်အာနန္ဒာမထေရ်သည် ငိုကြွေး၍နေသော ဒါယိကာမကို မြင်ရသဖြင့် “အဘယ့်ကြောင့် ငိုကြွေးဘိသနည်း”ဟု မေးသော် ငိုကြွေးသော ဒါယိကာမသည် ထိုအကြောင်းကို လျှောက်ကြားလေ၏။ ရှင်အာနန္ဒာမထေရ်က “မစိုးရိမ်လင့်၊ ငါသည် သင့်အား ခင်းဖို့ရာအရပ်ကို ပြောကြားပေအံ့”ဟု မိန့်တော်မူပြီးလျှင် “စောင်းတန်းခြေရင်း ခြေဆေးရာအရပ်၌ ဤတစ်သိန်းတန် အဝတ်ပုဆိုးကို ခြေသုတ်ပုဆိုးပြု၍ ခင်းလေလော့”ဟု မိန့်ကြားတော်မူ၍ “ရဟန်းတို့သည် ခြေတို့ကိုဆေး၍ ရှေးဦးစွာ ဤအဝတ်ပုဆိုး၌ ခြေကိုသုတ်သင်ပြီးမှ ကျောင်းတွင်းသို့ ကြွဝင်ကြရကုန်လတ္တံ့၊ ဤသို့လျှင် သင်ဒါယိကာမကြီးအား များစွာအကျိုးရှိသည် ဖြစ်လတ္တံ့”ဟု မိန့်ကြားတော်မူလေ၏။

ဒါနစုံပြုပြီး၍ ဝမ်းသာဥဒါန်းကျူးခြင်း

ဝိသာခါသည် လေးလတို့ပတ်လုံး ကျောင်းတွင်း၌ ဘုရားအမှူးရှိသော ရဟန်းသံဃာတော်မြတ်အပေါင်းအား အလှူကို ပေးလှူလေ၏။ နောက်ဆုံးဖြစ်သောနေ့၌ ရဟန်းသံဃာတော်မြတ်အပေါင်းအား သင်္ကန်းလျာ ပုဆိုးတို့ကို ပေးလှူ၏။ သီတင်းအငယ်ဆုံးဖြစ်သောရဟန်း ရအပ်သော သင်္ကန်းလျာ ပုဆိုးတို့သည် အဖိုးတစ်ထောင် ထိုက်ကုန်၏။ ခပ်သိမ်းသော ရဟန်းတို့အား သပိတ်တို့ကိုပြည့်စေလျက် ဆေးပစ္စည်းကို ပေးလှူ၏။ ဒါနဝတ္ထုကို စွန့်လွှတ်လှူဒါန်းခြင်းအားဖြင့် အသပြာ ကိုးကုဋေတို့သည် ကုန်ခန်းခြင်းသို့ ရောက်ကုန်၏။ ဤသို့အားဖြင့် ကျောင်းရာမြေကို ဝယ်ယူခြင်းဖြင့် ကိုးကုဋေ၊ ကျောင်းဆောက်လုပ်စေခြင်းဖြင့် ကိုးကုဋေ၊ ကျောင်းပူဇော်ပွဲကို ကျင်းပခြင်းဖြင့် ကိုးကုဋေ၊ ဤသို့ အလုံးစုံ နှစ်ဆယ့်ခုနှစ်ကုဋေသော ဥစ္စာတို့ကို ဝိသာခါသည် ဘုရားရှင် သာသနာတော်၌ စွန့်ကြဲ လှူဒါန်း၏။ မိန်းမအဖြစ်၌တည်၍ မိစ္ဆာတိတ္ထိအိမ်၌ နေရသည်ဖြစ်လျက် ဤသို့သဘောရှိသော မြတ်သော စွန့်ကြဲခြင်းမည်သည် ဝိသာခါမှတစ်ပါး အခြားသော မိန်းမအား မရှိစဖူး။ ဝိသာခါသည် ကျောင်းသာဓုခေါ်ခြင်း၏ ပြီးဆုံးသောနေ့၌ ညချမ်းသောအခါ သားမြေးမြစ်တို့ ခြံရံလျက် “ငါသည် ရှေး၌ အကြင်အကြင်ဆုကို တောင့်တအပ်၏၊ ထိုထို အလုံးစုံသောဆုသည် အထွတ်အထိပ် ပြည့်စုံခြင်းသို့ ရောက်ပေသည်”ဟု ကျောင်းပြာသာဒ်ကို အစဉ်လှည့်လည်ကာ သွားလျက် ငါးခုသော ဂါထာတို့ဖြင့် အသံသာယာစွာ ဤဥဒါန်းစကားကို မြွက်ကြားကျူးရင့်လေ၏။

ဝိသာခါ၏ ဥဒါန်းဂါထာများ

ကဒါဟံ ပါသာဒံ ရမ္မံ၊ သုဓာမတ္တိကလေပနံ။
ဝိဟာရဒါနံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။
ကဒါဟံ မဉ္စပီဌဉ္စ၊ ဘိသိဗိမ္ဗောဟနာနိ စ။
သေနာသနဘဏ္ဍံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။
ကဒါဟံ သလာကဘတ္တံ၊ သုစိံ မံသူပသေစနံ။
ဘောဇနဒါနံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။
ကဒါဟံ ကာသိကံ ဝတ္ထံ၊ ခေါမကပ္ပါသိကာနိ စ။
စီဝရဒါနံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။
ကဒါဟံ သပ္ပိနဝနီတံ၊ မဓုတေလဉ္စ ဖာဏိတံ။
ဘေသဇ္ဇဒါနံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။

ကဒါ၊ အဘယ်နံရောအခါ၌။ အဟံ၊ ငါသည်။ သုဓာမတ္တိကလေပနံ၊ ထုံး,အင်္ဂတေ မြေဖြူ,မြေနီဖြင့် လိမ်းကျံအပ်သော။ ရမ္မံ၊ နှလုံးမွေ့လျော် ပျော်ဖွယ်လည်းရှိသော။ ပါသာဒံ၊ ပြာသာဒ်ဟု ဆိုအပ်သော။ ဝိဟာရဒါနံ၊ ကျောင်းဟူသော အလှူကို။ ဒဿာမိ၊ ပေးလှူရပါအံ့နည်း။ ဣတိ၊ ဤသို့။ မယှံ၊ ငါ၏။ သင်္ကပ္ပေါ၊ တောင့်တအပ်သော အကြံသည်။ အဇ္ဇ၊ ယနေ့။ ပူရိတော၊ ပြည့်လေပြီ။

ကဒါ၊ အဘယ်နံရောအခါ၌။ အဟံ၊ ငါသည်။ မဉ္စပီဌဉ္စ၊ ညောင်စောင်း, အင်းပျဉ်လည်းဖြစ်သော။ ဘိသိဗိမ္ဗောဟနာနိ စ၊ မွေ့ရာ, ခေါင်းအုံးတို့လည်း ဖြစ်ကုန်သော။ သေနာသနဘဏ္ဍံ၊ အိပ်ရာနေရာ ကျောင်းဘဏ္ဍာကို။ ဒဿာမိ၊ ပေးလှူရပါအံ့နည်း။ ဣတိ၊ ဤသို့။ မယှံ၊ ငါ၏။ သင်္ကပ္ပေါ၊ တောင့်တအပ်သော အကြံသည်။ ပူရိတော၊ ပြည့်လေပြီ။

ကဒါ၊ အဘယ်နံရောအခါ၌။ အဟံ၊ ငါသည်။ သုစိံ၊ သန့်ရှင်းစင်ကြယ်သော။ မံသူပသေစနံ၊ ငါး,အမဲဖြင့် ပြွမ်းသော။ သလာကဘတ္တံ၊ စာရေးတံဆွမ်း အစရှိသော။ ဘောဇနဒါနံ၊ ဘောဇဉ်ဟူသော အလှူကို။ ဒဿာမိ၊ ပေးလှူရပါအံ့နည်း။ ဣတိ၊ ဤသို့။ မယှံ၊ ငါ၏။ သင်္ကပ္ပေါ၊ တောင့်တအပ်သောအကြံသည်။ ပူရိတော၊ ပြည့်လေပြီ။

ကဒါ၊ အဘယ်နံရောအခါ၌။ အဟံ၊ ငါသည်။ ကာသိကဝတ္ထဉ္စ၊ ကာသိကရာဇ်တိုင်း၌ဖြစ်သော အဝတ်ပုဆိုးလည်းဖြစ်သော။ ခေါမကပ္ပါသိကာနိစ၊ ခေါမတိုင်း၌ဖြစ်သော ပုဆိုး, ဝါချည်ပုဆိုးတို့လည်း ဖြစ်ကုန်သော။ စီဝရဒါနံ၊ သင်္ကန်းဟူသော အလှူကို။ ဒဿာမိ၊ ပေးလှူရပါအံ့နည်း။ ဣတိ၊ ဤသို့။ မယှံ၊ ငါ၏။ သင်္ကပ္ပေါ၊ တောင့်တအပ်သောအကြံသည်။ ပူရိတော၊ ပြည့်လေပြီ။

ကဒါ၊ အဘယ်နံရောအခါ၌။ အဟံ၊ ငါသည်။ သပ္ပိနဝနီတဉ္စ၊ ထောပတ်ဆီဦးလည်းဖြစ်သော။ မဓုတေလဉ္စ၊ ပျားရည် ဆီလည်းဖြစ်သော။ ဖာဏိတံ၊ တင်လဲလည်းဖြစ်သော။ ဘေသဇ္ဇဒါနံ၊ ဆေးဟူသော အလှူကို။ ဒဿာမိ၊ ပေးလှူရပါအံ့နည်း။ ဣတိ၊ ဤသို့။ မယှံ၊ ငါ၏။ သင်္ကပ္ပေါ၊ တောင့်တအပ်သော အကြံသည်။ ပူရိတော၊ ပြည့်လေပြီ။

ရဟန်းတို့သည် ထိုဝိသာခါ၏ ဂါထာရွတ်ဆိုသောအသံကို ကြားရလျှင် မြတ်စွာဘုရားအား ဤသို့ နားတော်လျှောက်ကုန်၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်တို့သည် ဤမျှအတိုင်းအရှည်ရှိသော ကာလပတ်လုံး ဝိသာခါ ဒါယိကာမ၏ သီချင်းဆိုခြင်းမည်သည် မကြားဖူးပါ။ ထိုဝိသာခါသည် ယနေ့ သား,မြေး,မြစ်တို့ ခြံရံကာ သီချင်းသီဆိုလျက် ကျောင်းပြာသာဒ်ကို အစဉ်လှည့်လည်ပါသည်။ ထိုဝိသာခါအား သည်းခြေသည်မူလည်း ပျက်စီးပါလေသလော။ ထိုသို့မဟုတ် ရူးသွပ်ခြင်းသည်လည်း ဖြစ်ပါလေသလောဘုရား”ဟု လျှောက်ကြားကြလေကုန်၏။

မြတ်စွာဘုရားသည်လည်း “ချစ်သားရဟန်းတို့- ငါ၏သမီး ဝိသာခါသည် သီချင်းသီဆိုသည် မဟုတ်၊ ထိုဝိသာခါအား မိမိ၏အလိုဆန္ဒ ပြည့်ဝလေပြီ။ ထိုဝိသာခါသည် “ငါ၏ တောင့်တအပ်သော ဆုတောင်းခြင်းသည် အထွတ်အထိပ် အပြီးအဆုံးသို့ ရောက်ရပေပြီ”ဟု နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ဥဒါန်းသီကုံး ကျူးရင့်လျက် လှည့်ပတ်သွားလာပေ၏”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- အဘယ်အခါကာလ၌ ထိုဝိသာခါသည် ဆုတောင်းခြင်းကို တောင့်တဖူးပါသနည်းဘုရား”ဟု ရဟန်းတို့ လျှောက်ထားပြန်သည်ဖြစ်၍ “ချစ်သားရဟန်းတို့- နာကြားလိုကြကုန်သလော”ဟု မိန့်တော်မူပြန်သဖြင့် “နာကြားလိုကြပါကုန်သည် မြတ်စွာဘုရား”ဟု ရဟန်းတို့က လျှောက်ထားပြန်သောကြောင့် လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။

ဝိသာခါ၏ ရှေးကောင်းမှု, ဆုတောင်း

ချစ်သားရဟန်းတို့- ဤကမ္ဘာမှပြန်၍ ရေတွက်သည်ရှိသော် ကမ္ဘာတစ်သိန်းထက်၌ ပဒုမုတ္တရမည်တော်မူသော မြတ်စွာဘုရားသည် လောက၌ ထင်ရှား ပွင့်တော်မူလေ၏။ ထိုပဒုမုတ္တရဘုရားရှင်၏ အသက်တော်ကား အနှစ်တစ်သိန်းဖြစ်၏။ ရဟန္တာတစ်သိန်း အခြံအရံရှိ၏။ နေပြည်တော်ကား ဟံသာဝတီ အမည်ရှိ၏။ ခမည်းတော်ကား သုနန္ဒအမည်ရှိသော မင်းကြီးဖြစ်၏။ မယ်တော်ကား သုဇာတာအမည်ရှိသော မိဖုရားကြီးဖြစ်၏။ ထိုပဒုမုတ္တရ ဘုရားရှင်၏ မြတ်သောအလုပ်အကျွေး ဒါယိကာမ တစ်ယောက်သည် ရှစ်ပါးသောဆုတို့ကို တောင်းယူ၍ မိခင်၏အရာ၌တည်ပြီးလျှင် ဘုရားသဗ္ဗညုကို ပစ္စည်းလေးပါးတို့ဖြင့် နေ့ညဉ့်မပြတ် ဆည်းကပ်လုပ်ကျွေးလေ၏။ ညဉ့်နံနက် မပျက်မကွက်စေသောအားဖြင့် ခစားလုပ်ကျွေးခြင်းငှာ ရောက်၏။

ထိုအလုပ်အကျွေး ဒါယိကာမ၏ တစ်ယောက်သော အဆွေခင်ပွန်းမသည် ထိုအလုပ်အကျွေး ဒါယိကာမနှင့် အတူတကွ ကျောင်းတော်သို့ မပြတ်သွား၏။ ထိုအဆွေခင်ပွန်းမသည် ထိုအလုပ်အကျွေး ဒါယိကာမအား ဘုရားရှင်နှင့်တကွ အကျွမ်းဝင်သဖြင့် စကားပြောဆိုခြင်းကိုလည်းကောင်း၊ အထူးအကျွမ်းဝင်ခြင်းကိုလည်းကောင်း မြင်ရလျှင် “အဘယ်ကောင်းမှုကိုပြု၍ ဤသို့ ဘုရားရှင်တို့နှင့် အကျွမ်းဝင်သောသူတို့ ဖြစ်ကြကုန်သနည်း”ဟု ကြံစည်၍ မြတ်စွာဘုရားကို ဤသို့မေးမြန်း လျှောက်ထားလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤမိန်းမသည် ရှင်တော်မြတ်ဘုရားတို့နှင့် အဘယ်သို့ တော်စပ်ပါသနည်းဘုရား”ဟု မေးလျှောက်လတ်သော် “အလုပ်အကျွေး ဒါယိကာမတို့တွင် မြတ်သော အလုပ်အကျွေးတစ်ယောက် ဖြစ်ပေသည်”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- အဘယ်ကောင်းမှုကို ပြုခြင်းကြောင့် ဒါယိကာမတို့တွင် မြတ်သောအလုပ်အကျွေး ဖြစ်ရပါသနည်းဘုရား”ဟု လျှောက်ပြန်သော် “ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဆုတောင်းခြင်းကို ပြုခြင်းကြောင့် ဖြစ်သည်”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ယခုအခါ၌ ဆုတောင်း၍ ရခြင်းငှာ တတ်နိုင်ကောင်းပါမည်လောဘုရား”ဟု လျှောက်ပြန်သော် “တတ်နိုင်ကောင်းသည် မှန်၏”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ထိုသို့ဖြစ်ပါမူ ရဟန်းတစ်သိန်းနှင့်တကွ ခုနစ်ရက်ပတ်လုံး တပည့်တော်မ၏ဆွမ်းကို ခံယူတော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။ ပဒုမုတ္တရဘုရားရှင်လည်း သည်းခံတော်မူလေ၏။

ထိုအဆွေခင်ပွန်းမသည် ခုနစ်ရက်ပတ်လုံး အလှူကြီးကို ပေးလှူ၍ အဆုံးဖြစ်သောနေ့၌ သင်္ကန်းလျာ ပုဆိုးတို့ကို လှူဒါန်းပြီးလျှင် ဘုရားရှင်ကိုရှိခိုး၍ ခြေတော်ရင်း၌ဝပ်လျက် “ဘုန်းတော်ကြီးတော်မူလှပေသော မြတ်စွာဘုရား- တပည့်တော်မသည် ဤအလှူကောင်းမှု၏ အကျိုးဆက်အားဖြင့် နတ်စည်းစိမ် အစိုးတရမင်းစည်းစိမ် စသည်တို့တွင် တစ်ပါးပါးသော စည်းစိမ်ကိုမျှ တောင့်တရည်ရွယ်ခြင်း မပြုလိုပါ။ ရှင်တော်မြတ်ဘုရားတို့ကဲ့သို့ သဘောရှိသော တစ်ဆူသောဘုရားရှင်၏ အထံတော်၌ သံဃာအား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း လှူခြင်း၊ အာဂန္တုရဟန်းအား ဆွမ်းလှူခြင်း၊ ခရီးသွားရဟန်းအား ဆွမ်းလှူခြင်း၊ နာသောရဟန်းအား ဆွမ်းလှူခြင်း၊ နာသောရဟန်းကို လုပ်ကျွေးသောရဟန်းအား ဆွမ်းလှူခြင်း၊ နာသောရဟန်းအား ဆေးလှူခြင်း၊ အမြဲယာဂုလှူခြင်း၊ ဘိက္ခုနီသံဃာအား ရေသနုပ်သင်္ကန်းလှူခြင်းဟူသော ရှစ်ပါးသောဆုတို့ကိုရ၍ မိခင်၏အရာ၌ တည်ပြီးလျှင် ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေးသမှု ပြုစုခြင်းငှာ စွမ်းနိုင်သောသူတို့တွင် မြတ်သောအလုပ်အကျွေးသည် ဖြစ်ရပါလို၏ဘုရား”ဟု ဆုတောင်းခြင်းကို ပြုလေ၏။

ပဒုမုတ္တရ မြတ်စွာဘုရားသည်လည်း “ဤဒါယိကာမ၏ ဆုတောင်းခြင်းကား ပြည့်စုံလတ္တံ့လော”ဟု အနာဂတ်ကာလကို စူးစမ်းဆင်ခြင်တော်မူသဖြင့် ကမ္ဘာတစ်သိန်းကို ကြည့်ရှုတော်မူလတ်၍ ထိုဒါယိကာမ၏ ဆုတောင်း ပြည့်စုံလတ္တံ့သည်အဖြစ်ကို မြင်တော်မူလျှင် “ကမ္ဘာတစ်သိန်း၏အဆုံး၌ ဂေါတမ အမည်ရှိသော မြတ်စွာဘုရားသည် ထင်ရှားစွာ ပွင့်တော်မူလတ္တံ့၊ ထိုအခါ သင်သည် ဝိသာခါအမည်ရှိသော ဒါယိကာမဖြစ်၍ ထိုဂေါတမဘုရားရှင်၏အထံ၌ ရှစ်ပါးသောဆုတို့ကို ရလျက် မိခင်၏အရာ၌ တည်ပြီးလျှင် ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေးနိုင်သော ဒါယိကာမတို့တွင် မြတ်သောအလုပ်အကျွေး ဒါယိကာမ ဖြစ်ပေလတ္တံ့”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။

ကိကီမင်းကြီး၏သမီး သံဃဒါသီဖြစ်ခြင်း

ထိုဝိသာခါ အလောင်းဖြစ်သော ဒါယိကာမသည်လည်း အသက်ရှည်သမျှ ကာလပတ်လုံး ကုသိုလ်ကောင်းမှုကိုပြုလျက် ထိုကိုယ်၏အဖြစ်မှ စုတေသေသည်ရှိသော် နတ်ပြည်၌ဖြစ်၍ နတ်ပြည်, လူ့ပြည်တို့၌ ကြိမ်ဖန်များစွာ ကျင်လည်လျက် ကဿပမြတ်စွာဘုရား၏ လက်ထက်တော်၌ ကိကီအမည်ရှိသော ကာသိကရာဇ်မင်းကြီး၏ သမီးတော် ခုနစ်ယောက်တို့တွင် အငယ်ဆုံး သံဃဒါသီမည်သော မင်းသမီးဖြစ်၍ လင့်အိမ်သို့မလိုက်၊ အိမ်ထောင်မပြုဘဲ ထိုအစ်မကြီးတို့နှင့်အတူတကွ ရှည်ကြာစွာသော ကာလပတ်လုံး ဒါနအစရှိသော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်၍ ကဿပဘုရားရှင်၏ ခြေတော်ရင်း၌လည်း “နောင်သောအခါ ရှင်တော်မြတ်ဘုရားတို့ကဲ့သို့သော ဘုရားရှင်တစ်ဆူ၏ မိခင်အရာ၌တည်ပြီးလျှင် လေးပါးသောပစ္စည်းတို့ဖြင့် လုပ်ကျွေးကုန်သော ဒါယိကာမတို့တွင် မြတ်သောအလုပ်အကျွေး ဒါယိကာမ ဖြစ်ရပါလို၏ဘုရား”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းပြုလေ၏။

ဝိသာခါ အလောင်းဖြစ်သော ထိုဒါယိကာမသည် ထိုအခါမှစ၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်လျက် ဤကိုယ်၏အဖြစ်၌ မေဏ္ဍကသူဌေးကြီး၏သားဖြစ်သော ဓနဉ္စယသူဌေး၏ သမီးကောင်းရတနာဖြစ်လာ၍ ငါဘုရား၏ သာသနာတော်၌ များစွာကုန်သော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်လေ၏။ “ချစ်သားရဟန်းတို့- ဤသို့သော အကြောင်းအရာကြောင့် ငါ၏သမီး ဝိသာခါသည် သီချင်းသီဆိုသည်မဟုတ်၊ တောင့်တအပ်သော ဆုတောင်းခြင်း၏ ပြီးစီးခြင်း ပြည့်စုံခြင်းကို မြင်ရသဖြင့် ဥဒါန်းစကား ကျူးရင့်မြွက်ဆိုခြင်းကိုပြုပေ၏”ဟု မိန့်တော်မူပြီးလျှင် မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောကြားတော်မူလိုရကား “ချစ်သားရဟန်းတို့- ဥပမာမည်သည်ကား လိမ္မာလှသောပန်းသည်သည် အထူးထူးသောပန်းတို့ကို အစုအပုံကြီးပြု၍ အထူးထူးအပြားပြားသော ပန်းကုံးတို့ကို ပြုဘိသကဲ့သို့ ဤအတူသာလျှင် ဝိသာခါ၏စိတ်သည် အထူးထူးအပြားပြားသော ကောင်းမှုတို့ကို ပြုခြင်းငှာ ညွတ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၅၃] ယထာပိ ပုပ္ဖရာသိမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။
ဧဝံ ဇာတေန မစ္စေန၊ ကတ္တဗ္ဗံ ကုသလံ ဗဟုံ။

ပုပ္ဖရာသိမှာ၊ အထူးထူးသောပန်းတို့၏ အပေါင်းအစုမှ။ ဗဟူ၊ များစွာကုန်သော။ မာလာဂုဏေ၊ ပန်းကုံးအထူးတို့ကို။ ကယိရာ ယထာ၊ ပြုရာသကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ ဇာတေန၊ ဖွားမြင်ပြီး၍။ မစ္စေန၊ သေခြင်းငှာထိုက်သော သတ္တဝါသည်။ ဗဟုံ၊ များလှစွာသော။ ကုသလံ၊ ဒါနစသော ကုသိုလ်ကို။ ကတ္တဗ္ဗံ၊ ပြုအပ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြလေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ဝိသာခါဝတ္ထု ပြီး၏။

֍ * ၉။ အာနန္ဒာမထေရ်၏ ပြဿနာဝတ္ထု

န ပုပ္ဖဂန္ဓော ပဋိဝါတမေတိအစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် အာနန္ဒာမထေရ်၏ပြဿနာ ဖြေဆိုခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

လေအောက်,လေထက် မွှေးကြိုင်သောနံ့သာ

အရှင်အာနန္ဒာမထေရ်သည် ညချမ်းသောအခါ ဆိတ်ငြိမ်ရာသို့ တစ်ပါးတည်း ချဉ်းကပ်နေထိုင်လျက် ဆင်ခြင်တော်မူသည်မှာ “မြတ်စွာဘုရားသည် အနှစ်နံ့သာ, အပွင့်နံ့သာ, အမြစ်နံ့သာဟု သုံးပါးကုန်သော မြတ်သောနံ့သာတို့ကို ဟောကြားတော်မူအပ်ကုန်၏။ ထိုနံ့သာတို့၏ အနံ့သည် လေအောက်သို့သာ အစဉ်လျှောက်၍ သင်းပျံ့မွှေးကြိုင် လှိုင်စေနိုင်၏။ သွားပေ၏။ လေညာသို့တက်ကာ မွှေးကြိုင်လှိုင်ခြင်းငှာ မစွမ်းနိုင်။ အကြင်နံ့သာ၏ အနံ့သည် လေအောက်သို့ လေညာသို့ တကြိုင်ကြိုင် လှိုင်ကာသွား၏။ ထိုနံ့သာမျိုးသည် ရှိကောင်းပါအံ့လော”ဟု ဆင်ခြင်တော်မူလေ၏။ ထို့နောက် အရှင်အာနန္ဒာမထေရ်အား ဤသို့သော အကြံသည် ဖြစ်ပေါ်လာလေ၏။ “ငါ့အား မိမိကိုယ်တိုင် ဆုံးဖြတ်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ဘုရားရှင်ကိုသာလျှင် လျှောက်ထား မေးမြန်းပေအံ့”ဟု အကြံဖြစ်ပေါ်လာလေ၏။ အရှင်အာနန္ဒာသည် ဘုရားရှင်သို့ချဉ်းကပ်ကာ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အကြင်နံ့သာ၏ အနံ့သည် လေကြေသို့လည်း သွားပါ၏။ လေညာသို့လည်း သွားပါ၏၊ ထိုနံ့သာမျိုး တစ်စုံတစ်ရာ ရှိပါသလောဘုရား”ဟု မေးလျှောက်လေ၏။

ထိုအခါ အရှင်အာနန္ဒာမထေရ်၏ အမေးပြဿနာကို ဖြေတော်မူလိုသော မြတ်စွာဘုရားသည် “ချစ်သားအာနန္ဒာ- အကြင်နံ့သာ၏အနံ့သည် လေအောက်သို့လည်း တကြိုင်ကြိုင် လှိုင်ကာသွား၏၊ လေညာသို့လည်း တကြိုင်ကြိုင် လှိုင်ကာသွား၏။ လေအောက် လေညာသို့လည်း တကြိုင်ကြိုင် လှိုင်ကာသွား၏။ ထိုနံ့သာမျိုးကား ရှိပေ၏”ဟု ဖြေဆိုတော်မူ၏။ “မြတ်စွာဘုရား- အကြင်နံ့သာ၏ အနံ့သည် လေအောက်သို့လည်း တကြိုင်ကြိုင် လှိုင်ကာသွား၏။ လေညာသို့လည်း တကြိုင်ကြိုင်လှိုင်ကာသွား၏။ လေအောက် လေညာသို့လည်း တကြိုင်ကြိုင် လှိုင်ကာသွား၏။ ထိုနံ့သာမျိုးကား အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်ကြားလတ်သော် “ချစ်သား အာနန္ဒာ- ဤလောကဝယ် အကြင်ရွာ၌လည်းကောင်း၊ အကြင်နိဂုံး၌လည်းကောင်း၊ မိန်းမသည်လည်းကောင်း, ယောက်ျားသည်လည်းကောင်း ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သောသူဖြစ်၏။ တရားတော်ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သောသူ ဖြစ်၏။ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သောသူ ဖြစ်၏။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သောသူဖြစ်၏။ သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သောသူဖြစ်၏။ ကာမဂုဏ်တို့၌ မှားယွင်းသောအကျင့်မှ ရှောင်ကြဉ်သောသူဖြစ်၏။ မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်သောသူဖြစ်၏။ မေ့လျော့ခြင်း၏အကြောင်းဖြစ်သော သေအရက်ကို သောက်စားသုံးစွဲခြင်းမှ ရှောင်ကြဉ်သောသူ ဖြစ်၏။ သီလရှိ၍ ကောင်းသောအကျင့်တရား ရှိသောသူဖြစ်၏။ ဝန်တိုခြင်းဟူသော အညစ်အကြေးမှ ကင်းသောစိတ်ဖြင့် အိမ်ရာထောင်သော လူ၏ဘောင်၌ နေလေ့ရှိ၏။ လွတ်လွတ်စွန့်ကြဲခြင်း အလေ့ရှိ၏။ လှူဒါန်းရန်ဖြစ်သော (ဝါ) ဆန့်တမ်းသောလက် ရှိ၏။ စွန့်ကြဲခြင်း၌ မွေ့လျော်သောနှလုံးရှိ၏။ ဖုန်းတောင်းယာစကာ အလှူခံပုဂ္ဂိုလ်တို့နှင့် ဆက်ဆံလျက်ရှိ၏။ လှူဒါန်း, ပေးကမ်း, ခွဲခြမ်း, ဝေဖန်ခြင်း၌ မွေ့လျော်သောနှလုံးရှိ၏။

ထိုသို့သဘောရှိသော မိန်းမ၏လည်းကောင်း၊ ယောက်ျား၏လည်းကောင်း ဂုဏ်ကျေးဇူးကို အရပ်ဆယ်မျက်နှာတို့၌ ရဟန်းပုဏ္ဏားတို့သည် “ဤမည်သော ရွာ၌လည်းကောင်း၊ ဤမည်သော နိဂုံး၌လည်းကောင်း မိန်းမသည်လည်းကောင်း၊ ယောက်ျားသည်လည်းကောင်း ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သောသူဖြစ်၏။ တရားတော်ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သောသူဖြစ်၏။ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သောသူဖြစ်၏။ လှူဒါန်းပေးကမ်း ခွဲခြမ်းဝေဖန်ခြင်း၌ မွေ့လျော်သော နှလုံးရှိ၏”ဟု ပြောကြားကြကုန်၏။ ချစ်သားအာနန္ဒာ- အကြင်နံ့သာမျိုး၏ အနံ့သည် လေအောက်သို့လည်း တကြိုင်ကြိုင် လှိုင်ကာသွား၏။ လေညာသို့လည်း တကြိုင်ကြိုင် လှိုင်ကာသွား၏။ ထိုနံ့သာမျိုးဟူသည်ကား စင်စစ် ဤဆိုအပ်ပြီးသော သရဏဂုံသီလ ဒါနကျင့်ညောင်း သူတော်ကောင်းပေတည်း။ ဝါ၊ ထိုသူတော်ကောင်း၏ သရဏဂုံသီလ ဒါနအစု မြတ်ကောင်းမှုပေတည်း”ဟု မိန့်ကြားတော်မူ၍ ဤဂါထာတို့ကို ဟောတော်မူ၏။

သီလအနံ့သာ အမြတ်ဆုံး

֍ * [၅၄] န ပုပ္ဖဂန္ဓော ပဋိဝါတမေတိ၊ န စန္ဒရံ တဂရံ မလ္လိကာ ဝါ။
သတဉ္စ ဂန္ဓော ပဋိဝါတမေတိ၊ သဗ္ဗာ ဒိသာ သပ္ပုရိသော ပဝါယတိ။
֍ * [၅၅] စန္ဒနံ တဂရံ ဝါပိ၊ ဥပ္ပလံ အထ ဝဿိကီ။
ဧတေသံ ဂန္ဓဇာတာနံ၊ သီလဂန္ဓော အနုတ္တရော။

ပုပ္ဖဂန္ဓော၊ ပန်းတို့၏ အနံ့သည်။ ပဋိဝါတံ၊ လေတင်လေညာသို့။ န ဧတိ၊ မသွားမရောက်နိုင်။ စန္ဒနံ ဝါ၊ စန္ဒကူးနံ့သည်လည်းကောင်း။ တဂရံ ဝါ၊ တောင်ဇလပ် နံ့သည်လည်းကောင်း။ မလ္လိကာ ဝါ၊ ကြက်ရုံး စံပယ်နံ့သည်လည်းကောင်း။ ပဋိဝါတံ၊ လေညာသို့။ န ဧတိ၊ မသွားမရောက်နိုင်။ သတံ၊ သူတော်ကောင်းတို့၏။ ဂန္ဓော စ၊ သီလကျေးဇူးဟူသော သတင်းအနံ့သည်သာလျှင်။ ပဋိဝါတံ၊ လေတင်လေညာသို့။ ဧတိ၊ သွားရောက်နိုင်ပေ၏။ သပ္ပုရိသော၊ သူတော်ကောင်းသည်။ သီလဂန္ဓေန၊ သီလကျေးဇူး အနံ့ထူးဖြင့်။ သဗ္ဗာ ဒိသာ၊ ခပ်သိမ်းသော အရပ်မျက်နှာတို့သို့။ ပဝါယတိ၊ သတင်းကြိုင်ကြိုင် လွှမ်းမိုး၍ လှိုင်၏။

စန္ဒနံ ဝါ၊ စန္ဒကူးအနံ့လည်းကောင်း။ တဂရံဝါပိ၊ တောင်ဇလပ်ပန်းအနံ့လည်းကောင်း။ ဥပ္ပလံဝါ၊ ကြာပန်းအနံ့လည်းကောင်း။ အထ၊ ထိုမှတစ်ပါ။ ဝဿိကီဝါ၊ မုလေးပန်းအနံ့လည်းကောင်း။ ဣတိ၊ ဤသို့။ ဧတေသံ ဂန္ဓဇာတာနံ၊ ဤနံ့သာမျိုးတို့၏ အနံ့ထက်။ သီလဂန္ဓော၊ သူတော်ကောင်းတို့၏ သီလတည်းဟူသော အနံ့သည်။ အနုတ္တရော၊ အတုမရှိ လွန်ကဲ ထူးမြတ်ပေ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အာနန္ဒာမထေရ်၏ ပြဿနာဝတ္ထုပြီး၏။

֍ * ၁၀။ အရှင်မဟာကဿပမထေရ်အား ဆွမ်းလှူသောတ္ထု

အပ္ပမတ္တော အယံ ဂန္ဓောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်မဟာကဿပမထေရ်အား ဆွမ်းလှူဒါန်းခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

နတ်သမီးတို့လှူသော ဆွမ်းကိုပယ်

တစ်ခုသောနေ့၌ ရှင်မဟာကဿပမထေရ်သည် ခုနစ်ရက်လွန်သဖြင့် နိရောဓသမာပတ်မှ ထတော်မူ၍ ရာဇဂြိုဟ်ပြည်၌ အစဉ်တိုင်း အိမ်စဉ်မပြတ် ဆွမ်းအလို့ငှာ လှည့်လည်ပေအံ့ဟု ထွက်ကြွတော်မူခဲ့လေ၏။ ထိုအခါ နတ်တို့ကိုအစိုးရသော သိကြားမင်း၏ အလုပ်အကျွေးဖြစ်ကုန်သော ခိုခြေအဆင်းနှင့်တူစွာ နီသော ခြေအဆင်းရှိသော ငါးရာသောနတ်သမီးတို့သည် “ရှင်မဟာကဿပမထေရ်အား ဆွမ်းကိုလှူအံ့”ဟု အားထုတ်ခြင်းရှိကုန်သည်ဖြစ်၍ ငါးရာသောဆွမ်းတို့ကို စီရင်ကာ ယူခဲ့ပြီးလျှင် ခရီးအကြား၌ နေလျက် “အရှင်ဘုရား- ဤဆွမ်းဘောဇဉ်ကို အလှူခံတော်မူကြပါ၊ တပည့်တော်မတို့အား ချီးမြှင့်တော်မူကြပါဘုရား”ဟု တောင်းပန် လျှောက်ကြားကြကုန်၏။ ထိုအခါ ရှင်မဟာကဿပမထေရ်သည် “သင်တို့ ဖဲသွားကြကုန်လော့၊ ငါကား ဆင်းရဲငြိုငြင် ပင်ပန်းနွမ်းနယ်သောသူတို့အား ချီးမြှင့်ခြင်းကို ပြုအံ့”ဟု မိန့်မြွက်တော်မူလေလျှင် “အရှင်ဘုရား တပည့်တော်မတို့အား မဖျက်ဆီးကြပါလင့်၊ တပည့်တော်မတို့အား ချီးမြှင့်ခြင်းကို ပြုတော်မူကြပါဘုရား”ဟု လျှောက်ပြန်သော် ရှင်မဟာကဿပမထေရ်မြတ်သည် သိပြီးဖြစ်၍ တစ်ဖန် ပယ်မြစ်သော်လည်း ဖဲသွားခြင်းငှာ အလိုမရှိသဖြင့် တောင်းပန်ပြန်ကုန်သော် နတ်သမီးတို့ကို “အသင်တို့သည် မိမိ၏ပမာဏကို မသိကြလေကုန်၊ ဖဲသွားကြလေကုန်လော့”ဟု မိန့်တော်မူ၍ လက်ဖျစ်တီးတော်မူ၏။

သိကြားမင်း သူအိုယောင်ဆောင်ခြင်း

နတ်သမီးတို့သည် မထေရ်၏ လက်ဖျစ်တီးသံကို ကြားရလျှင် ခိုင်ခံ့တည်တံ့စွာပြု၍ မျက်မှောက်တော်၌ တည်နေခြင်းငှာ မတတ်နိုင်ကုန်ရကား ထွက်ပြေးတိမ်းရှောင်ကာ တာဝတိံသာနတ်ပြည်သို့သာ ပြန်သွားရသဖြင့် သိကြားမင်းသည် “အသင်တို့- အဘယ်အရပ်သို့ သွားကြသနည်း”ဟု မေးအပ်ကုန်လတ်သော် “အရှင်သိကြားမင်း- နိရောဓ သမာပတ်မှထသော ရှင်မဟာကဿပအား ဆွမ်းလှူကြကုန်အံ့ဟု သွားကြပါသည်”ဟူ၍ လျှောက်တင်လေလျှင် “သင်တို့ လှူကြရကုန်၏လော”ဟု မေးပြန်သော် “မထေရ်မြတ်သည် ခံယူခြင်းငှာ အလိုမရှိပါ”ဟု လျှောက်တင်ကြကုန်၏။ “မထေရ်မြတ်သည် အဘယ်သို့ မိန့်တော်မူသနည်း”ဟု မေးပြန်သော် “အရှင်သိကြားမင်း- ဆင်းရဲငြိုငြင် ပင်ပန်းသောသူတို့အား ချီးမြှင့်ခြင်းကို ပြုအံ့”ဟု မိန့်တော်မူပါသည်ဟူ၍ လျှောက်တင်ကြလေကုန်၏။ “သင်တို့သည် အဘယ်သို့သော အသွင်ဖြင့် သွားရောက်ကြကုန်သနည်း”ဟု မေးပြန်သော် “အရှင်သိကြားမင်း- ဤယခုအသွင်ဖြင့်သာ သွားရောက်ကြပါသည်”ဟု လျှောက်ကြလေကုန်၏။ သိကြားမင်းသည် “အသင်တို့ကဲ့သို့ သဘောရှိကုန်သောသူတို့သည် မထေရ်မြတ်အား ဆွမ်းအလှူကို အဘယ်မှာ လှူနိုင်ရပေကုန်အံ့နည်း”ဟု ဆိုပြီးလျှင် မိမိကိုယ်တိုင် လှူလိုသည်ဖြစ်၍ အိုမင်းယွင်းယို ကြီးရင့်လေပြီးသော ကျိုးသောသွားရှိသော, ဖွေးဖွေးဖြူသော ဆံပင်ရှိသော, စနောင့်စနင်းကိုယ်ရှိသော ရက်ကန်းသည် သူအိုကြီးဖြစ်အောင် ဖန်ဆင်းလျက် မိဖုရား သုဇာတာ နတ်သမီးကိုလည်း ထိုသို့သဘော ရှိသည်သာလျှင်ဖြစ်သော အမယ်အိုကြီးသဏ္ဌာန် ဖန်ဆင်းပြုလုပ်လျက် ရက်ကန်းသည် လမ်းခရီးတစ်ခုကို ဖန်ဆင်းပြီးလျှင် ရက်ကန်းချည်ကို ဖြန့်လျက်နေလေ၏။

(နိရောဓသမာပတ်ဟူသည် ဈာန်အားလုံး ဝင်စားပြီးသည့်အဆုံး၌ စိတ်စေတသိက်ဟူသော နာမ်ခန္ဓာလေးပါးနှင့် စိတ်ကြောင့်ဖြစ်သော ရုပ်ခန္ဓာ မဖြစ်ပေါ်စေဘဲ ခုနစ်ရက်တိုင်အောင် ဒုက္ခချုပ်ငြိမ်းသော သမာပတ်တည်း။ ထိုသမာပတ်ကို ဈာန်အားလုံးရပြီးသော အနာဂါမ်ပုဂ္ဂိုလ်နှင့် ရဟန္တာပုဂ္ဂိုလ်တို့သာ ဝင်စားနိုင်ကြသည်။)

ရှင်မဟာကဿပ ဆွမ်းခံကြွခြင်း

အရှင်မဟာကဿပ မထေရ်သည်လည်း “ဆင်းရဲငြိုငြင်ကုန်သောသူတို့အား ချီးမြှင့်ခြင်းကိုပြုအံ့”ဟု နှလုံးပြုလျက် မြို့သို့ ရှေးရှုကြွတော်မူသည်ရှိသော် မြို့ပြင်၌သာလျှင် ထိုလမ်းခရီးကိုမြင်၍ ကြည့်တော်မူလေလျှင် အဘိုးအို, အမယ်အို နှစ်ယောက်တို့ကို မြင်တော်မူလေ၏။ ထိုခဏ၌ သိကြားမင်းသည် ရက်ကန်းချည်ကို ဖြန့်၏။ သုဇာတာသည် ရက်ဖောက်ရောက်၏(လုံး၏)။ မထေရ်မြတ် ဆင်ခြင်တော်မူသည်မှာ “ဤသူအိုလင်မယားတို့သည် အိုမင်းကြီးရင့်သောအရွယ်သို့ကျ၍ ဇရာဒုဗ္ဗလအခါ၌သော်လည်း အသက်မွေးမှု ကိစ္စစုကို ပြုလုပ်ရကုန်သေး၏။ ဤမြို့၌ ဤသူတို့အောက် လွန်စွာဆင်းရဲသောသူသည် မရှိယောင်တကား(ရှိမည် ငါမထင်)။ ဤသူအိုမွဲတို့လှူအပ်သော တစ်ယောက်ချို တစ်မှုတ်မျှသော ဆွမ်းဟင်းကိုသော်လည်းကောင်း၊ ဟင်းရွက်ပြုတ်မျှကိုသော်လည်းကောင်း ခံယူသုံးဆောင်၍ သူအိုမွဲလင်မယားတို့အား ချီးမြှင့်ခြင်းကိုပြုအံ့”ဟု ဆင်ခြင်တော်မူပြီးလျှင် ထိုရှင်မဟာကဿပမထေရ်သည် ထိုသူအိုမွဲတို့၏ အိမ်သို့ ရှေးရှုကြွတော်မူလေ၏။

သိကြားမင်းသည်လည်း ကြွလာသော ရှင်မဟာကဿပမထေရ်ကိုမြင်လျှင် သုဇာတာကို ဤသို့ဆို၏။ “ချစ်နှမ- ငါ့အရှင်သည် ဤအရပ်သို့ ကြွလာတော်မူ၏။ သင်နှမသည် မမြင်ဘိသကဲ့သို့ ဟန်ဆောင်၍ တိတ်ဆိတ်စွာ အသာနေလော့။ ထိုခဏဖြင့်သာလျှင် မထေရ်မြတ်ကို လှည့်စား၍ ဆွမ်းလှူဒါန်းပေအံ့”ဟု ဆိုလေ၏။ ရှင်မဟာကဿပမထေရ်မြတ်သည်လည်း ကြွလာတော်မူ၍ ဤအိမ်တံခါး၌ ရပ်တန့်တော်မူ၏။ ထိုလူအိုမွဲ ဇနီးခင်ပွန်းတို့သည် မမြင်လေယောင်ဆောင်၍ မိမိ၏အမှုကိုသာလျှင် ပြုလုပ်ကုန်လျက် အနည်းငယ်မျှသောကာလကို ဆိုင်းငံ့၍ နေကြလေကုန်၏။

ထို့နောက်မှ သိကြားမင်းသည် “အိမ်တံခါးဝ၌ မထေရ်တစ်ပါး ရပ်တည်၍နေဘိ၏၊ စူးစမ်းစမ်းပါဦးရှင်မ”ဟု ဆိုလေ၏။ “အရှင်- အသင်တို့သာသွား၍ စူးစမ်းချေပါဦးလော့”ဟု ပြောဆိုလတ်သော် သူအိုအသွင်ဖန်ဆင်းထားသောသိကြားမင်းသည် အိမ်မှထွက်လာသဖြင့် မထေရ်ကို ငါးပါးသောတည်ခြင်းဖြင့် ရှိခိုး၍ လက်နှစ်ဖက်တို့ဖြင့် ဒူးတို့ကိုထောက်၍ ညည်းတွားလျက် ထလာပြီးလျှင် “အရှင်မြတ်သည် အဘယ်မထေရ် ဖြစ်ပါလိမ့်မည်နည်း”ဟု အတန်ငယ် နောက်သို့ဆုတ်၍ “ငါ၏မျက်စိတို့သည် အခိုးလွှမ်းထုံ သီမှုန်လှကုန်၏”ဟု နဖူးပြင်၌ လက်ကိုထား၍ အထက်သို့ မော်ကြည့်ပြီးလျှင် “ဪ ဆင်းရဲလှ၏တကား၊ ငါတို့၏အရှင်ဖြစ်သော မဟာကဿပမထေရ်သည် ငါတို့၏အိမ်တံခါးဝသို့ ကြွလာတော်မူ၏။ အိမ်၌ တစ်စုံတစ်ခု လှူဖွယ်ဝတ္ထုရှိသလော”ဟု မေးလေ၏။ သုဇာတာသည် အတန်ငယ် ရှာဖွေမွှေနှောက်ဟန်ပြု၍ “အရှင်-ရှိပါသေးသည်”ဟု စကားတုံ့ပြန်လေ၏။ သိကြားမင်းသည်လည်း “အရှင်ဘုရား- ခေါင်းပါးရုန့်ရင်း ကြမ်းတမ်းခြင်းကိုလည်းကောင်း၊ မွန်မြတ်ခြင်းကိုလည်းကောင်း မရေမတွက် မကြံစည်မူ၍ မွဲအိုချွတ်ချော် တပည့်တော်တို့အား သနားကူပင့် ချီးမြှင့်တော်မူကြပါဘုရား”ဟု လျှောက်၍ သပိတ်ကို ယူ၏။

အရှင်မဟာကဿပမထေရ်သည်လည်း “ဤသူအိုမွဲတို့ လှူအပ်သောဝတ္ထုသည် ဟင်းရွက်ပြုတ်မူလည်းဖြစ်စေ၊ ဆန်ကွဲမုန့်ဆုပ်မူလည်းဖြစ်စေ ထိုသူမွဲတို့အား ချီးမြှင့်ခြင်းကို ပြုပေအံ့”ဟု နှလုံးပြု၍ သပိတ်ကို ပေးလေ၏။ သိကြားမင်းသည်လည်း အိမ်အတွင်းသို့ဝင်၍ ဆွမ်းမည်သည်ကို အိုးမှခူးပြီးလျှင် သပိတ်ကိုပြည့်စေလျက် မထေရ်၏လက်၌ ထားလေ၏။ ထိုဆွမ်းသည် များစွာသော စမဲဟင်းလျာနှင့် ပြည့်စုံသည်ဖြစ်၍ အလုံးစုံသော ရာဇဂြိုဟ်ပြည်တစ်ပြည်လုံးကို မွှေးကြိုင်သောအနံ့ဖြင့် လွှမ်းမိုးလေ၏။ ထိုအခါ အရှင်မဟာကဿပမထေရ်သည် “ဤယောက်ျားအိုကြီးကား နည်းသောဘုန်းကံရှိ၏(မွဲလှ၏)။ ဆွမ်းမူကား ဘုန်းကံကြီးမြတ်သောသူတို့၏ သုံးဆောင်စရာဖြစ်ပေ၏။ သိကြားမင်း၏ ဘောဇဉ်နှင့်တူ၏။ ဤသူကား အဘယ်သူဖြစ်ပါလိမ့်မည်နည်း”ဟု ဆင်ခြင်တော်မူလေ၏။

သာသနာတွင်း, သာသနာပ ကုသိုလ်ကွာခြားပုံ

ထိုသို့ဆင်ခြင်တော်မူသောအခါ ထိုသူအိုကြီးကို “သိကြားမင်းတည်း”ဟု သိတော်မူ၍ “သင်သိကြားမင်းသည် သူဆင်းရဲတို့အား ရထိုက်သော စည်းစိမ်ချမ်းသာကို လုယက်ဖျက်ဆီးသဖြင့် ဝန်လေးသောအမှုကို ပြုဘိ၏။ ယနေ့ ငါ့အား အလှူဒါနကိုပေးလှူ၍ တစ်စုံတစ်ယောက်သာလျှင်ဖြစ်သော သူဆင်းရဲသည် စစ်သူကြီးအရာကိုသော်လည်းကောင်း၊ သူဌေးကြီးအရာကိုသော်လည်းကောင်း ရလေရာ၏”ဟု မိန့်ဆိုတော်မူလေ၏။ “အရှင်ဘုရား- တပည့်တော်အောက် လွန်စွာဆင်းရဲသောသူ မရှိပါ”ဟု လျှောက်ပြန်သဖြင့် “အသင်သိကြားမင်းသည် နတ်ပြည်၌ နတ်မင်း၏စည်းစိမ်ကို ခံစား၍နေရပါလျက် အဘယ်အကြောင်းကြောင့် ဆင်းရဲရသနည်း”ဟု မေးမြန်းတော်မူ၏။ “အရှင်ဘုရား- ထိုနတ်မင်းစည်းစိမ်ကို ခံစားရသောဟူသည် မှန်ပါ၏၊ ထိုသို့ပင် မှန်သော်လည်း တပည့်တော်သည် ဘုရားပွင့်တော်မမူမီ သာသနာပကာလ၌ ကုသိုလ်ကောင်းမှု ပြုစုအားထုတ်ရပါသည်။ ဘုရားပွင့်တော်မူသောအခါ၌ ကောင်းမှုကုသိုလ်ကို ပြုခဲ့ကြရကုန်၍ စူဠရထနတ်သား, မဟာရထနတ်သား, အနေကဝဏ္ဏနတ်သားဟူသော ဤသုံးယောက်သော တူမျှသော သဘောရှိကုန်သော နတ်သားတို့သည် တပည့်တော်၏ အနီးအပါးနေရာ၌ ဖြစ်ကြပါသည်။ တပည့်တော်ထက် လွန်စွာ တန်ခိုးအာနုဘော် ကြီးကြပါသည်။ ထိုနတ်သားတို့သည် နက္ခတ်သဘင်ကို ကစားကုန်အံ့ဟု အလုပ်အကျွေး အခြွေအရံတို့ကိုခေါ်၍ ခရီးမသို့ သက်ကုန်သည်ရှိသော် တပည့်တော်သည် ထွက်ပြေး၍ နေအိမ်ဗိမာန်တွင်းသို့ ဝင်နေရပါသည်။ ထိုနတ်သားတို့၏ ကိုယ်မှဖြစ်သော အရောင်အဝါတန်ခိုးသည် တပည့်တော်၏ကိုယ်ကို လွမ်းမိုးဖိစီးပါသည်။ တပည့်တော်၏ ကိုယ်မှထွက်သော အရောင်အဝါတန်ခိုးသည် ထိုနတ်တို့၏ကိုယ်ကို မလွှမ်းမိုးနိုင်ပါ။ အရှင်ဘုရား- တပည့်တော်အောက် လွန်စွာဆင်းရဲသောသူသည် အဘယ်မှာ ရှိပါအံ့နည်းဘုရား”ဟု လျှက်ကြားလေ၏။

“ဒကာတော်သိကြားမင်း- ဤသို့ပင်ဖြစ်သော်လည်း ဤနေ့ ဤအခါမှစ၍ နောက်နောက်သောကာလ၌ ငါ့အား ဤသို့လှည့်စားလျက် အလှူကို မလှူလေလင့်”ဟု မိန့်တော်မူလတ်သော် “လှည့်စား၍ အရှင်ဘုရားတို့အား အလှူကို လှူသည်ရှိသော် တပည့်တော်အား ကုသိုလ်ရရှိပါအံ့လော၊ မရဘဲပင် ရှိပါအံ့လော”ဟု လျှောက်ပြန်လေ၏။ “ဒါယကာသိကြားမင်း- ကောင်းမှုကုသိုလ်ကိုမူကား ရရှိ၏”ဟု မိန့်တော်မူသောအခါ “အရှင်ဘုရား- ဤသို့ဖြစ်ခဲ့သည်ရှိသော် ကုသိုလ်ကောင်းမှုပြုခြင်းမည်သည် ဒကာတော်၏ တာဝန်ပါဘုရား”ဟု လျှောက်ကြားလေ၏။ သိကြားမင်းသည် ဤသို့သောစကားကို လျှောက်ထားပြီးလျှင် အရှင်မဟာကဿပမထေရ်ကို ရှိခိုး၍ သုဇာတာမိဖုရားကို ခေါ်လျက် မထေရ်ကို လက်ယာရစ် လှည့်သည်ကိုပြုသဖြင့် ကောင်းကင်သို့ လှမ်းကြွပြန်တက်ပြီးလျှင်-

“အဟော ဒါနံ ပရမဒါနံ၊ ကဿပေ သုပ္ပတိဋ္ဌိတံ။”

“ဒါနံ၊ ငါ၏ အလှူဒါနသည်။ ပရမဒါနံ၊ မြတ်သော အလှူဒါန ဖြစ်လေစွတကား။ ကဿပေ၊ ဓူတင်ဆောင် ဧတဒဂ်ရ နိရောဓသမာပတ်မှ ထတော်မူသော အရှင်မဟာကဿပမထေရ်မြတ်ကြီး၌။ သုပ္ပတိဋ္ဌိတံ၊ ကောင်းစွာ တည်လတ်ပြီဖြစ်၍။ အဟော၊ ဪ လက်ဖျောက်တီး၍ အံ့ချီးဖွယ်ကောင်းသော အလှူဒါန ဖြစ်ခဲ့လေစွတကား”ဟု ဥဒါန်းကျူးရင့်လေ၏။

မြတ်စွာဘုရား ဥဒါန်းကျူးခြင်း

ထိုအခါ မြတ်စွာဘုရားသည် ကျောင်းတော်၌ နေတော်မူလျက်သာလျှင် ထိုသိကြားမင်း၏ ဥဒါန်းကျူးသောအသံကို ကြားရ၍ ရဟန်းတို့ကို ခေါ်တော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ဝမ်းမြောက်စွာ ဥဒါန်းစကား ကျူးရင့်လျက် ကောင်းကင်ခရီးဖြင့် ပျံတက်သွားသော သိကြားနတ်မင်းကြီးကို ကြည့်ရှုကြကုန်လော့”ဟု မိန့်တော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ထိုသိကြားမင်းသည် အဘယ်သို့သောအမှုကို ပြုပါလေသနည်းဘုရား”ဟု မေးလျှောက်ကြကုန်သောအခါ “ထိုသိကြားမင်းသည် ငါ၏သားတော် ကဿပအား လှည့်စား၍ ဆွမ်းကိုလှူအပ်၏။ ထိုဆွမ်းကိုလှူပြီးလျှင် နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ ဝမ်းမြောက်စွာ ရွတ်ဆိုအပ်သောဥဒါန်းကို ကျူးရင့်လျက် သွား၏”ဟု မိန့်ကြားတော်မူ၏။ “မြတ်စွာဘုရား- မထေရ်အား ဆွမ်းကိုလှူခြင်းငှာ သင့်၏ဟူ၍ ထိုသိကြားမင်းသည် အဘယ်သို့သောအခြင်းအရာဖြင့် သိအပ်သနည်းဘုရား”ဟု မေးလျှောက်ပြန်သော် “ချစ်သားရဟန်းတို့- ငါ့သား ကဿပနှင့်တူသော ပိဏ္ဍပါတ်ဆောက်တည်သော ဆွမ်းခံသွားလေ့ရှိသော ရဟန်းမည်သည်ကို နတ်တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း ချစ်ခင်မြတ်နိုးကြကုန်၏”ဟု မိန့်တော်မူလေ၏။ ဤသို့သောစကားကို မိန့်တော်မူပြီးလျှင် ကိုယ်တော်မြတ်သည်လည်း ဥဒါန်းဂါထာကို ကျူးရင့်တော်မူလေ၏။

ပိဏ္ဍပါတိကဿ ဘိက္ခုနော၊ အတ္တဘရဿ အနညပေါသိနော။
ဒေဝါပိ ပိဟယန္တိ တာဒိနော၊ ဥပသန္တဿ သဒါ သတိမတော။

တာဒိနော၊ လောကဓံတရား ရှစ်ပါးတို့ကြောင့် တုန်လှုပ်ခြင်းမရှိသော တာဒိဂုဏ်နှင့်ပြည့်စုံထသော။ ဥပသန္တဿ၊ ငြိမ်းပြီးသော ကိလေသာရှိထသော။ သဒါ၊ အခါခပ်သိမ်း။ သတိမတော၊ သတိနှင့်ပြည့်စုံထသော။ အတ္တဘရဿ၊ မိမိကိုယ်ကို မိမိမွေးမြူနိုင်ထသော။ အနညပေါသိနော၊ သူတစ်ပါးတို့မွေးမြူအပ်သည် မဟုတ်သော။ ပိဏ္ဍပါတိကဿ၊ ဆွမ်းခံသွားလေ့ရှိထသော။ ဘိက္ခုနော၊ ရဟန်းအား။ ဒေဝါပိ၊ နတ်တို့သည်လည်း။ ပိဟယန္တိ၊ ချစ်မြတ်နိုးကြကုန်၏။

ဤသို့သော ဥဒါန်းစကားကို ကျူးရင့်တော်မူပြီးလျှင် “ချစ်သားရဟန်းတို့- နတ်တို့ကိုအစိုးရသော သိကြားမင်းသည် ငါ့သားကဿပ၏ သီလတည်းဟူသောအနံ့ကြောင့် လာ၍ ဆွမ်းကို လှူဒါန်းရလေသတည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ပန်းရနံ့ထက် သီလရနံ့ မွန်မြတ်

֍ * [၅၆] အပ္ပမတ္တော အယံ ဂန္ဓော၊ ယွာယံ တဂရစန္ဒနံ။
ယော စ သီလဝတံ ဂန္ဓော၊ ဝါတိ ဒေဝေသု ဥတ္တမော။

တဂရစန္ဒနံ တဂရစန္ဒနာနံ၊ တောင်ဇလပ် စန္ဒကူးနီတို့၏။ ယွာယံ ဂန္ဓော၊ အကြင်အနံ့သည်။ အတ္ထိ၊ ရှိ၏။ အယံ ဂန္ဓော၊ ဤအနံ့သည်။ အပ္ပမတ္တော၊ နည်းသော အတိုင်းအရှည်ရှိ၏။ သီလဝတံ၊ သီလရှိကုန်သောသူတို့၏။ ယော စ ဂန္ဓော၊ အကြင် သီလတည်းဟူသော အနံ့သည်။ အတ္ထိ၊ ရှိ၏။ သော ဂန္ဓော၊ ထိုသီလတည်းဟူသော အနံ့သည်။ ဥတ္တမော၊ ထူးကဲလွန်မြတ်သည်ဖြစ်၍။ ဒေဝေသု၊ နတ်တို့၌။ ဝါတိ၊ လှိုင်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော ဒေသနာတော် ဖြစ်တော်မူလေ၏။

အရှင်မဟာကဿပမထေရ်အား ဆွမ်းလှူသောဝတ္ထုပြီး၏။

֍ * ၁၁။ ဂေါဓိကမထေရ် ပရိနိဗ္ဗာနဝတ္ထု

တေသံ သမ္ပန္နသီလာနံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်ကိုအမှီပြု၍ ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဂေါဓိကမထေရ်၏ ပရိနိဗ္ဗာန်စံယူတော်မူသည်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဂေါဓိကမထေရ် ပရိနိဗ္ဗာန်စံယူခြင်း

ထိုအရှင် ဂေါဓိကမထေရ်သည် “မဒုမဒေဝီသား ပစ္စေကဗုဒ္ဓါ ငါးရာတို့သည် တောင်ကြီး၏ လိုဏ်ခေါင်းတွင်းသို့ သီတင်းသုံးရန် ဝင်သွားသည်ကို မြင်ရသောသူတို့က “ပစ္စေကဗုဒ္ဓါတို့ကို ဤတောင်ကြီးသည် မျို၏”ဟု ဆိုစမှတ်ပြုသဖြင့် ဣသိဂိလိဟု အမည်တွင်သော” တောင်ယံနံပါးဝယ် ညိုသောအဆင်းရှိသော ကာဠသိလာမည်သော ကျောက်ဖျာ၌ သီတင်းသုံးနေတော်မူစဉ် မမေ့မလျော့ဘဲ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်သောစိတ်ရှိလျက် ဧကဂ္ဂတာသမာဓိကြောင့်ဖြစ်သော နီဝရဏမှ ကင်းလွတ်သောဈာန်တရားသို့ ရောက်စေပြီးလျှင် အစဉ်မပြတ်ကိန်းသော တစ်ခုသော အနာရောဂါ၏အစွမ်းအားဖြင့် ထိုရအပ်သောဈာန်မှ ဆုတ်ယုတ်ခြင်း ဖြစ်ခဲ့လေ၏။ ထိုဂေါဓိကမထေရ်သည် နှစ်ကြိမ်မြောက်လည်းကောင်း၊ သုံးကြိမ်မြောက်လည်းကောင်း ခြောက်ကြိမ်တိုင်အောင် ဈာန်ကိုဝင်စားပြီးလျှင် ထိုဈာန်မှ ဆုတ်ယုတ်လေ၏။ ခုနစ်ကြိမ်မြောက်သောအခါ၌ ဈာန်ကိုဖြစ်စေပြီးလျှင် ဤသို့ ကြံစည်လေ၏။ “ငါကား ခြောက်ကြိမ်တိုင်အောင် ဈာန်မှဆုတ်ယုတ်ခဲ့၏။ ဆုတ်ယုတ်သောဈာန်ရှိသောသူအား လားရာဂတိသည် အမြဲမရှိနိုင်သည်သာလျှင်တည်း။ ယခုပင် လက်နက်ကို ဆောင်အံ့၊ ကိုယ့်ကိုယ်ကို သတ်သေအံ့”ဟု ဆံရိတ်သင်ဓုန်းကိုယူ၍ ရေမျိုလည်ချောင်းကိုဖြတ်ခြင်းငှာ ညောင်စောင်း၌ အိပ်စက်လေ၏။ မာရ်နတ်သည် ထိုဂေါဓိကမထေရ်၏ စိတ်အကြံတော်ကိုသိ၍ “ဤရဟန်းသည် လက်နက်ကို ဆောင်ခြင်းငှာ အလိုရှိ၏။ လက်နက်ကိုဆောင်ကုန်သောသူတို့သည်လည်း စင်စစ်အားဖြင့် အသက်၌ ငဲ့ကွက်ခြင်း ကင်းကုန်၏။ ထိုသို့ အသက်၌ ငဲ့ကွက်တွယ်တာ ညှာတာခြင်းမရှိသော သူတို့သည် ဝိပဿနာကိုပွားစေ၍ ရဟန္တာအဖြစ်သို့လည်း ရောက်တတ်ကုန်၏”ဟု ဆင်ခြင်၍ မာရ်နတ်သည် “ငါသည် ဤရဟန်းကို အကယ်၍ တားမြစ်သည် ဖြစ်အံ့၊ ငါ၏စကားကို နာယူခြင်းမပြုဘဲ ရှိပေလိမ့်မည်။ ဆရာဖြစ်သော မြတ်စွာဘုရားကို တားမြစ်စေအံ့”ဟု မထင်ရှားသောအသွင်ဖြင့် မြတ်စွာဘုရားအထံတော်သို့ ချဉ်းကပ်၍ ဤသို့လျှောက်လေ၏။

မဟာဝီရ မဟာပည၊ ဣဒ္ဓိယာ ယသသာ ဇလံ။
သဗ္ဗဝေရဘယာတီတ၊ ပါဒေ ဝန္ဒာမိ စက္ခုမ။
သာဝကော တေ မဟာဝီရ၊ မရဏံ မရဏာဘိဘူ။
အာကင်္ခတိ စေတယတိ၊ တံ နိသေဓ ဇုတိန္ဓရ။
ကထံ ဟိ ဘဂဝါ တုယှံ၊ သာဝကော သာသနေ ရတော။
အပ္ပတ္တမာနသော သေက္ခော၊ ကာလံ ကယိရာ ဇနေ သုတာ။

မဟာဝီရ၊ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား။ မဟာပည၊ ကြီးသော ပညာရှိတော်မူသော မြတ်စွာဘုရား။ ဣဒ္ဓိယာ၊ တန်ခိုးအားဖြင့်လည်းကောင်း။ ယသသာ၊ အခြံအရံအားဖြင့်လည်းကောင်း။ ဇလ၊ ထွန်းလင်းတောက်ပတော်မူသော မြတ်စွာဘုရား။ သဗ္ဗဝေရဘယာတီတ၊ အလုံးစုံသော ရန်ဘေးအပေါင်းကို လွန်မြောက်တော်မူသော မြတ်စွာဘုရား။ စက္ခုမ၊ ဣန္ဒြိယပရောပရိယတ္တိဉာဏ်, အာသယာနုသယဉာဏ်ဟူသော ဗုဒ္ဓစက္ခု, အောက်မဂ်ဖိုလ်ဉာဏ်ဟူသော ဓမ္မစက္ခု, သဗ္ဗညုတဉာဏ်ဟူသော သမန္တစက္ခု, ဒိဗ္ဗစက္ခု အဘိညာဉ်ဟူသော ဒိဗ္ဗစက္ခု, ပုဗ္ဗေနိဝါသအဘိညာဉ်စသော ဉာဏစက္ခုအားဖြင့် စက္ခုငါးပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား။ တေ၊ ရှင်တော်မြတ်ဘုရား၏။ ပါဒေ၊ ခြေတော်အစုံတို့ကို။ ဝန္ဒာမိ၊ ရှိခိုးပါ၏။

မဟာဝီရ၊ ကြီးသောလုံ့လ ရှိတော်မူသော မြတ်စွာဘုရား။ တေ၊ ရှင်တော်မြတ်ဘုရား၏။ သာဝကော၊ တပည့်ဖြစ်သော ဂေါဓိကမထေရ်သည်။ မရဏာဘိဘူ၊ သေခြင်းဖြင့် နှိပ်စက်သည်ဖြစ်၍။ မရဏံ၊ သေခြင်းကို။ အာကင်္ခတိ၊ တောင့်တ၏။ စေတယတိ၊ လုံ့လမြှောက်ကော် စေ့ဆော်အားထုတ်၏။ ဇုတိန္ဓရ၊ တောက်ပသော တန်ခိုးခြည်ရောင် ဆောင်တော်မူသော မြတ်စွာဘုရား။ တံ၊ ထိုသေခြင်းကို တောင့်တ၍ အားထုတ်ကြိုးစား ရှင်တော်မြတ်တပည့်သားကို။ နိသေဓ၊ တားမြစ်တော်မူပါဘုရား။

ဇနေသုတာ၊ လူအပေါင်း၌ ထင်ရှားတော်မူသော။ ဘဂဝါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား။ တုယှံ၊ ရှင်ပင်မြတ်ဘုရား၏။ သာသနေ၊ သာသနာတော်၌။ ရတော၊ မွေ့လျော်သော။ သာဝကော၊ တပည့်သည်။ အပ္ပတ္တမာနသော၊ အရဟတ္တဖိုလ်သို့ မရောက်မူ၍။ သေက္ခော၊ သီလ, သမာဓိ, ပညာဟူသော သေက္ခာသုံးပါးကို ကျင့်ဆဲဖြစ်သော မဂ်ပုဂ္ဂိုလ် လေးယောက်, အောက်ဖိုလ်ပုဂ္ဂိုလ် သုံးယောက် ပေါင်း-ခုနစ်ယောက်သော ပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင်ဖြစ်သော သေက္ခပုဂ္ဂိုလ်သာဖြစ်လျက်။ ကထံဟိ၊ အဘယ်အကြောင်းကြောင့်လျှင်။ ကာလံ၊ စုတေခြင်းကို။ ကယိရာ၊ ပြုရာအံ့နည်း။

ထိုသို့ ဘုရားရှင်အား မာရ်နတ်လျှောက်ကြားဆဲဖြစ်သော ခဏ၌ မထေရ်သည် လက်နက်ကို ဆောင်အပ်လေသတည်း။ မြတ်စွာဘုရားသည်လည်း “ဤလျှောက်ထားလာသောသူသည်ကား မာရ်နတ်တည်း”ဟု သိတော်မူ၍ ဤဂါထာကို မိန့်တော်မူလေ၏။

ဧဝံ ဟိ ဓီရာ ကုဗ္ဗန္တိ၊ နာဝကင်္ခန္တိ ဇီဝိတံ။
သမူလံ တဏှမဗ္ဗုယှ၊ ဂေါဓိကော ပရိနိဗ္ဗုတော။

ဧဝံဟိ၊ ဤသို့လျှင်။ ဓီရာ၊ ပညာရှိသောသူတို့သည်။ ကုဗ္ဗန္တိ၊ ပြုကြကုန်၏။ ဇီဝိတံ၊ အသက်ရှည်ခြင်းကို။ နာဝကင်္ခန္တိ၊ အလိုမရှိကြ မတောင့်တကြကုန်။ ဂေါဓိကော၊ ဂေါဓိကမထေရ်သည်။ သမူလံ၊ အမြစ်အရင်းနှင့်တကွ ဖြစ်သော။ တဏှံ၊ တဏှာကို။ အဗ္ဗုယှ၊ အကြွင်းမဲ့နုတ်၍။ ပရိနိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုလေပြီ။

မာရ်နတ် လိုက်လံရှာဖွေခြင်း

ထိုသို့မိန့်တော်မူပြီးသောအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းတို့နှင့်တကွ မထေရ် လက်နက်ကိုဆောင်လျက် လျောင်းစက်ရာဖြစ်သော ညောင်စောင်းသို့ ကြွသွားတော်မူလေ၏။ ထိုခဏ၌ ယုတ်မာသော သဘောရှိသော မာရ်နတ်သည် “အဘယ်အရပ် အဘယ်ဘုံ၌ ဤဂေါဓိကမထေရ်၏ ပဋိသန္ဓေဝိညာဉ်သည် သန္ဓေဆွဲမှီ တည်နေဘိသနည်း”ဟု ကြံ၍ မီးခိုးအစုကဲ့သို့လည်းကောင်း၊ အမိုက်မှောင် အစုကဲ့သို့လည်းကောင်း ဖြစ်၍ အလုံးစုံသော အရပ်မျက်နှာတို့၌ လှည့်လည်ပြေးသွားလျက် မထေရ်၏ ပဋိသန္ဓေဝိညာဉ်ကို အစဉ်လိုက်ကာ ရှာ၏။ မြတ်စွာဘုရားသည်လည်း ထိုမီးခိုးအမိုက်မှောင်၏အဖြစ်ကို ရဟန်းတို့အားပြ၍ “ချစ်သားရဟန်းတို့- ဤမီးခိုးစု အမိုက်မှောင်ထုကား ယုတ်မာသော သဘောရှိသော မာရ်နတ်ပေတည်း။ ဂေါဓိကမည်သော အမျိုးကောင်းသားရဟန်း၏ ဝိညာဉ်ကို အစဉ်လိုက်ကာ ရှာမှီး၍ နေလေသတည်း”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- အဘယ်အရပ်, အဘယ်ဘုံ၌ ဂေါဓိကမည်သော အမျိုးကောင်းသားရဟန်း၏ ဝိညာဉ်သည် တည်နေပါသနည်းဘုရား”ဟု မေးလျှောက်လတ်သော် “ချစ်သားရဟန်းတို့- ပဋိသန္ဓေတည်နေခြင်း ကင်းသည်သာလျှင်ဖြစ်သော ဝိညာဉ်ဖြင့် ဂေါဓိကမည်သော အမျိုးကောင်းသား ရဟန်းသည် ပရိနိဗ္ဗာန်ပြုလေပြီ”ဟု မိန့်တော်မူလေ၏။ မာရ်နတ်သည်လည်း ထိုမထေရ်၏ ဝိညာဉ်တည်ရာအရပ်ကို မြင်ရစိမ့်သောငှာ မတတ်နိုင်ရကား သတို့သားငယ်၏အသွင်ကို ပြုပြင်ဖန်ဆင်းပြီးလျှင် ဖျော့တော့သော ဥသျှစ်သီးမှည့် အဆင်းရှိသော ဗေဠုဝနတ်စောင်းကို ပိုက်ယူလျက် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ဤဂါထာဖြင့် မေးလျှောက်လေ၏။

ဥဒ္ဓံ အဓောစ တိရိယံ၊ ဒိသာ အနုဒိသာသွဟံ။
အနွေသံ နာဓိဂစ္ဆာမိ၊ ဂေါဓိကော သော ကုဟိံ ဂတော။

ဘန္တေ၊ မြတ်စွာဘုရား။ ဥဒ္ဓံ စ၊ အထက်၌လည်းကောင်း။ အဓော စ၊ အောက်၌လည်းကောင်း။ တိရိယံ ဒိသာ အနုဒိသာသု စ၊ ဖီလာအရပ်လေးပါး, အထောင့်အရပ်လေးပါးတို့၌လည်းကောင်း။ အနွေသံ အနွေသန္တော၊ အစဉ်လိုက်ကာ ရှာမှီးပါသော။ အဟံ၊ အကျွန်ုပ်သည်။ နာဓိဂစ္ဆာမိ၊ မတွေ့မထင် မသိမြင်ရပါ။ သော ဂေါဓိကော၊ ထိုဂေါဓိကမထေရ်သည်။ ကုဟိံ၊ အဘယ်အရပ် အဘယ်ဘုံသို့။ ဂတော၊ သွားရှာလေသနည်း။

ထိုအခါ မာရ်နတ်သားကို မြတ်စွာဘုရားသည် ဤသို့ မိန့်ကြားတော်မူလေ၏။

ယော ဓီရော ဓိတိသမ္ပန္နော၊ ဈာယီ ဈာနရတော သဒါ။
အဟောရတ္တံ အနုယုဉ္ဇံ၊ ဇီဝိတံ အနိကာမယံ။
ဇေတွာန မစ္စုနော သေနံ၊ အနာဂန္တွာ ပုနဗ္ဘဝံ။
သမူလံ တဏှမဗ္ဗယှ၊ ဂေါဓိကော ပရိနိဗ္ဗုတော။

ယော ဂေါဓိကော၊ အကြင်ဂေါဓိကရဟန်းသည်။ သဒါ၊ အခါခပ်သိမ်း။ ဓီရော၊ ပညာရှိ၏။ ဓိတိသမ္ပန္နော၊ သမာဓိနှင့်ပြည့်စုံ၏။ ဈာယီ၊ ဈာန်ဝင်စားလေ့ရှိ၏။ ဈာနရတော၊ ဈာန်၌ မွေ့လျော်၏။ အဟောရတ္တံ၊ နေ့ညဉ့်ပတ်လုံး။ အနုယုဉ္ဇံ၊ အားထုတ်ခြင်းရှိ၏။ ဇီဝိတံ၊ အသက်ကို။ အနိကာမယံ၊ တောင့်တခြင်းမရှိ။

သော ဂေါဓိကော၊ ထိုဂေါဓိကရဟန်းသည်။ မစ္စုနော၊ သေမင်း၏။ သေနံ၊ စစ်သည်အပေါင်းကို။ ဇေတွာန၊ အောင်မြင်၍။ ပုနဗ္ဘဝံ၊ တစ်ဖန်ဖြစ်သော ဘဝသစ်သို့။ အနာဂန္တွာ၊ မသွားမူ၍။ သမူလံ၊ အမြစ်အရင်းနှင့် တကွဖြစ်သော။ တဏှံ၊ တဏှာကို။ အဗ္ဗယှ၊ အကြွင်းမဲ့နုတ်၍။ ပရိနိဗ္ဗာတော၊ ပရိနိဗ္ဗာန်ပြုလေပြီ။

မြတ်စွာဘုရားသည် ဤသို့ မိန့်ကြားတော်မူသည်ရှိသော်-

တဿ သောကပရေတဿ၊ ဝီဏာ ကစ္ဆာ အဘဿထ။
တတော သော ဒုမ္မနော ယက္ခော၊ တတ္ထေဝန္တရဓာယထ။

သောကပရေတဿ၊ စိုးရိမ်ခြင်းဖြင့် နှိပ်စက်အပ်သော။ တဿ၊ ထိုမာရ်နတ်၏။ ကစ္ဆာ၊ လက်ကတီးကြားမှ။ ဝီဏာ၊ ဗေဠုဝစောင်းသည်။ အဘဿထ၊ လွတ်၍ကျလေ၏။ တတော၊ ထို့နောင်မှ။ ဒုမ္မနော၊ မကောင်းဖျင်းချာ မသာယာသော စိတ်နှလုံးရှိသော။ သော ယက္ခော၊ ထိုမာရ်နတ်သည်။ တတ္ထေဝ၊ ထိုအရပ်၌ပင်လျှင်။ အန္တရဓာယထ၊ ကွယ်ပျောက်လေ၏။

မြတ်စွာဘုရားသည်လည်း “မာရ်ယုတ်- ဂေါဓိကမည်သော အမျိုးကောင်းသားရဟန်း၏ ဖြစ်ရာအရပ်ဖြင့် (ဖြစ်ရာအရပ်ကို သိရသဖြင့်) သင့်အား အဘယ်အကျိုး ရှိအံ့နည်း။ ထိုဂေါဓိကရဟန်း၏ ပရိနိဗ္ဗာန်စံယူရာအရပ်ကို သင်ကဲ့သို့သဘောရှိသောသူတို့၏ အရာသည်လည်းကောင်း၊ အထောင်သည်လည်းကောင်း ရှာဖွေကြည့်ရှု၍ ထင်မြင်ခြင်းငှာမတတ်ကောင်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၅၇] တေသံ သမ္ပန္နသီလာနံ၊ အပ္ပမာဒဝိဟာရိနံ။
သမ္မဒညာ ဝိမုတ္တာနံ၊ မာရော မဂ္ဂံ န ဝိန္ဒတိ။

သမ္ပန္နသီလာနံ၊ ပြည့်စုံသောသီလရှိကြကုန်သော။ အပ္ပမာဒဝိဟာရိနံ၊ သတိမကင်း မမေ့မလျော့ခြင်းဖြင့် နေလေ့ရှိကြကုန်သော။ သမ္မာ၊ သင့်သော အကြောင်းဖြင့်။ အညာ၊ သိ၍။ ဝိမုတ္တာနံ၊ ငါးပါးသော ဝိမုတ္တိတို့ဖြင့် လွတ်ပြီးကုန်ထသော။ တေသံ၊ ထိုဂေါဓိကရဟန်းကဲ့သို့ နိဗ္ဗာန်စံပြီး မြတ်သော ရဟန္တာကြီးတို့၏။ မဂ္ဂံ၊ သွားရာခရီးကို။ မာရော၊ မာရ်နတ်သည်။ မဂ္ဂံ မဂ္ဂန္တောပိ၊ အစွမ်းကုန် ရှာသော်လည်း။ န ဝိန္ဒတိ၊ မရအပ်။ ဝါ၊ မသိမမြင်နိုင်။

ဒေသနာတော်၏အကျိုး

ဒေသနာတော်အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ဂေါဓိကမထေရ် ပရိနိဗ္ဗာနဝတ္ထုပြီး၏။

֍ * ၁၂။ ဂရဟဒိန္နသူကြွယ်ဝတ္ထု

ယထာ သင်္ကာရဋ္ဌာနသ္မိံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဂရဟဒိန္နအမည်ရှိသော နိဂဏ္ဌတက္ကတွန်း၏ တပည့်သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(နိ-ဂဏ္ဌ၊ အထုံးအဖွဲ့မရှိ။ အထုံးအဖွဲ့အလား မှားယွင်းသော အကျင့်ရှိလျက် “ငါ့အယူကား အထူးအဖွဲ့မရှိ၊ အချောဆုံး အမှန်ဆုံး”ဟု စွဲမြဲစွာယူလေ့ရှိသော မိစ္ဆာဒိဋ္ဌိတစ်မျိုးဟူလို။)

နိဂဏ္ဌတို့အား သိရိဂုတ္တသူကြွယ် ပင့်ဖိတ်စေခြင်း

သာဝတ္ထိပြည်၌ သိရိဂုတ္တမည်သော သူကြွယ်သည်လည်းကောင်း၊ ဂရဟဒိန္နမည်သော သူကြွယ်သည်လည်းကောင်း ဤသို့ နှစ်ဦးကုန်သော အပေါင်းအဖော် သူကြွယ်တို့သည် ရှိကုန်သတတ်။ ထိုသူနှစ်ယောက်တို့တွင် သိရိဂုတ္တသူကြွယ်သည် မြတ်စွာဘုရား၏ တပည့်တည်း။ ဂရဟဒိန္နသူကြွယ်ကား နိဂဏ္ဌတက္ကတွန်း၏ တပည့်တည်း။ ထိုဂရဟဒိန္နသူကြွယ်ကို ဆရာဖြစ်ကုန်သော နိဂဏ္ဌတက္ကတွန်းတို့က ပြောဆိုလေ့ရှိသည်မှာ “သင်၏သူငယ်ချင်း သိရိဂုတ္တကို “သင်သည် အဘယ့်ကြောင့် ရဟန်းဂေါတမကို ဆည်းကပ်လေဘိသနည်း၊ ထိုရဟန်းဂေါတမအထံ၌ အဘယ်ကို ရလတ္တံ့နည်း”ဟု ဤသို့ စသော စကားကိုပြောပြ၍ အကြင်သို့သော အခြင်းအရာဖြင့် ဆုံးမစကားပြောကြားသည်ရှိသော် ငါတို့သို့ ဆည်းကပ်၍ ငါတို့အား အလှူဝတ္ထုကို လှူဒါန်းလတ္တံ့၊ ထိုသို့သောအခြင်းအရာဖြင့် ဆုံးမစကား ပြောကြားခြင်းငှာ မသင့်လေသလော”ဟု မပြတ် ပြောဆိုကြကုန်၏။ ဂရဟဒိန္နသူကြွယ်သည်လည်း ထိုတက္ကတွန်းတို့၏စကားကို ကြားရလျှင် မပြတ်မပြတ် သွားတဲ့၍ ရပ်၍နေရာ ထိုင်၍နေရာ စသည်တို့၌ သိရိဂုတ္တသူကြွယ်ကို ဤသို့ဆိုလေ၏။ “အဆွေ သိရိဂုတ္တ- သင့်အား ရဟန်းဂေါတမဖြင့် အဘယ်အကျိုး ရှိအံ့နည်း။ ထိုရဟန်းဂေါတမကို ဆည်းကပ်ခြင်းကြောင့် အဘယ်ဝတ္ထုကို ရလတ္တံ့နည်း။ အသို့နည်း။ အသင်သည် ငါ၏ အရှင်မြတ်တို့ကို မှီဝဲဆည်းကပ်၍ ထိုအရှင်မြတ်တို့အားလည်း အလှူပေးခြင်းငှာ အပ်သည် မဟုတ်ပါဘုံလော”ဟု မပြတ်,မပြတ် ပြောဆိုလေ၏။ သိရိဂုတ္တသူကြွယ်သည် ထိုဂရဟဒိန္နသူကြွယ်၏စကားကို ကြားရသော်လည်း များစွာသော နေ့ရက်တို့ပတ်လုံး ဆိတ်ဆိတ်ဖြစ်၍သာ အိပ်စက်ကာနေလျက် တစ်နေ့သ၌-

“အဆွေ ဂရဟဒိန္န- အသင်သည် မပြတ်မလပ် အကျွန်ုပ်ကို ရပ်၍နေရာ စသည်တို့၌ ဤသို့ ဆိုလေ့ရှိ၏။ “အဆွေ သိရိဂုတ္တ- သင်သည် ရဟန်းဂေါတမကို ဆည်းကပ်၍ အဘယ်ဝတ္ထုကို ရလတ္တံ့နည်း၊ ငါ၏အရှင်မြတ်တို့ကို မှီဝဲဆည်းကပ်၍ ထိုအရှင်မြတ်တို့အားလည်း အလှူ လှူဒါန်းပေးကမ်းပါလော့”ဟု မပြတ်မလပ်ဆို၏။ သင်၏ အရှင်တို့သည် အဘယ်ကို သိကုန်သနည်း၊ ရှေးဦးစွာ ငါ့အား ပြောကြားပါဦးလော့”ဟု ဆိုသော် “အရှင့်သား -အံ့ဩဖွယ်ရှိလေစွ၊ ဤသို့ မပြောမဆိုပါလင့်။ ငါ၏အရှင်မြတ်တို့အား မသိသော အရာမည်သည် မရှိ၊ အလုံးစုံသော အတိတ်, အနာဂတ်, ပစ္စုပ္ပန်ကိုလည်းကောင်း၊ အလုံးစုံသော ကာယကံ, ဝစီကံ, မနောကံကိုလည်းကောင်း၊ ဤအမှုသည် ဖြစ်လတ္တံ့, ဤအမှုသည် မဖြစ်လတ္တံ့ဟု အလုံးစုံထိုက်သည် မထိုက်သည်ကိုပင် သိကြပါကုန်၏”ဟု ပြောလျှင် “ဤသို့ အသင်ပြောဆိုဝံ့သလော”ဟု မေးပြန်လတ်သော် “ဪ.. ပြောဆိုဝံ့ပါ၏”ဟု ပြောကြားဝန်ခံသဖြင့် “အသင် ပြောကြားဝန်ခံသောအတိုင်း ဖြစ်ခဲ့ပါလျှင် ဤမျှလောက် ကာလပတ်လုံး ငါ့အား ဤအကြောင်းကို မပြောကြားဘဲနေသဖြင့် အသင်သည် အလွန်ဝန်လေးသောအမှုကို ပြုဘိ၏။ ယနေ့မှပင် ငါသည် အရှင်မြတ်တို့၏ ဉာဏ်အစွမ်းအာနုဘော်ကို သိအပ်ပေ၏။ အဆွေဂရဟဒိန္န- သွားချေပါလော့၊ အရှင်မြတ်တို့ကို ငါ့စကားဖြင့် ပင့်ဖိတ်ပါလော့”ဟု ဆိုလေ၏။

ထိုဂရဟဒိန္နသည် နိဂဏ္ဌတက္ကတွန်းတို့၏ အထံသို့သွား၍ ထိုနိဂဏ္ဌတက္ကတွန်းတို့ကို ရှိခိုးလျက် “အကျွန်ုပ်၏ အဆွေဖြစ်သော သိရိဂုတ္တသူကြွယ်သည် နက်ဖြန်ကောင်းမှုအလို့ငှာ အရှင်တို့ကို ပင့်ဖိတ်ပါ၏”ဟု ဆိုလေ၏။ “သိရိဂုတ္တသူကြွယ်သည် ကိုယ်တိုင်ကပင် သင့်ကို ပြောဆိုသလော”ဟု မေးလတ်သဖြင့် “အရှင်ဘုရားတို့ ကိုယ်တိုင်ကပင် ပြောဆိုပါသည်”ဟု လျှောက်လတ်သော် ထိုနိဂဏ္ဌတက္ကတွန်းတို့သည် နှစ်သက်ရွှင်လန်း ဝမ်းမြောက်ကြသည်ဖြစ်၍ “ငါတို့လိုအပ်သော အမှုသည် ပြည့်စုံပေပြီ။ ငါတို့၌ သိရိဂုတ္တသူကြွယ် ကြည်ညိုသောအခါမှစ၍ အဘယ်မည်သော ပြည့်စုံခြင်းသည် ငါတို့အား မဖြစ်ဘဲ ရှိလတ္တံ့နည်း”ဟု ဆိုကြလေကုန်၏။

သိရိဂုတ္တသူကြွယ်အိမ်၌ စီမံထားပုံ

သိရိဂုတ္တသူကြွယ်၏အိမ်ကား အလွန်ကြီး၏။ ထိုသိရိဂုတ္တသူကြွယ်သည် ထိုအိမ်ကြီး၌ အိမ်နှစ်ဆောင်တို့၏ အကြား၌ နှစ်ဖက်အားဖြင့် အလျားရှည်သောတွင်းကို တူးစေပြီးလျှင် မစင်,ညွန်ပျောင်းဖြင့် ပြည့်စေ၏။ တွင်း၏အပ အစွန်းနှစ်ဖက်တို့၌ သစ်ငုတ်တို့ကို ရိုက်နှက်ကာစိုက်စေ၍ ထိုသစ်ငုတ်တို့၌ ကြိုးတို့ကို ဖွဲ့ချည်စေလျက် နေရာညောင်စောင်းတို့၏ ရှေ့ခြေတို့ကို တွင်း၏ရှေ့နံပါး၌ ထားစေသဖြင့် နောက်ခြေတို့ကို ကြိုးငယ်တို့၌ မှေးကာထားစေလေကုန်၏။ “ဤသို့ ထားသည်ရှိသော် ထိုင်သောအခါ၌ပင်လျှင် ဦးခေါင်းစောက်ထိုး လိမ့်ကျကုန်လတ္တံ့”ဟု အမှတ်ပြုလျက် တွင်းသည် ထင်ရှားပေါ်လွင်ခြင်းမဖြစ်နိုင်သော အခြင်းအရာဖြင့် နေရာတို့၏အထက်၌ အခင်းတို့ကို ခင်းပေးစေလေ၏။ ကြီးကုန်,ကြီးကုန်သော အိုးတို့ကိုထားစေ၍ ငှက်ပျောရွက်တို့ဖြင့်လည်းကောင်း၊ ဖြူသောပုဆိုး အဝတ်ပိုင်းတို့ဖြင့်လည်းကောင်း အိုးဝတို့ကို ဖုံးပိတ် ဖွဲ့စည်းစေလျက် အချည်းနှီးသာလျှင်ဖြစ်သော ထိုအိုးတို့ကို အိမ်၏ နောက်အဖို့ဖြစ်သော အပနေရာ၌ ယာဂု, ထမင်းလုံး, ထောပတ်, ဆီ, ပျား, တင်လဲ, မုန့်မှုန့်တို့ဖြင့် အလိမ်းလိမ်း ကပ်ငြိသည်တို့ကိုပြု၍ ထားစေလေ၏။ ဂရဟဒိန္နသူကြွယ်သည် နံနက်စောစောကလျှင် ထိုသိရိဂုတ္တသူကြွယ်၏အိမ်သို့ လျင်မြန်စွာသွား၍ “အရှင်မြတ်တို့အလို့ငှာ ကျွေးမွေးပေးကမ်း လှူဒါန်းဖွယ်ကို စီရင်အပ်ပါပြီလော”ဟု မေးလေ၏။ “အဆွေ -စီရင်အပ်ပါပြီ”ဟု ဆိုလတ်သော် “ထိုစီရင်အပ်သော ပေးကမ်းလှူဒါန်းဖွယ်သည် အဘယ်မှာနည်း”ဟု မေးပြန်သဖြင့် “ဤမျှ အတိုင်းအရှည်ရှိသော ထိုအိုးတို့၌ ယာဂုကို၊ ဤမျှသောအိုးတို့၌ ဆွမ်းကို၊ ဤမျှသောအိုးတို့၌ ထောပတ်, တင်လဲ, မုန့် စသည်တို့ကို ပြည့်စေအပ်ပါကုန်ပြီ။ နေရာတို့ကိုလည်း ခင်ထားအပ်ပါကုန်ပြီ”ဟု ညွှန်ပြပြောဆိုလေ၏။ ထိုဂရဟဒိန္နသူကြွယ်သည် “ကောင်းလှပါပြီ”ဟု ပြောဆို၍ ပြန်သွားလေ၏။

ထိုဂရဟဒိန္နသူကြွယ် သွားသောအခါ ငါးရာသော နိဂဏ္ဌတက္ကတွန်းတို့သည် ကြွလာကြလေကုန်၏။ သိရိဂုတ္တသူကြွယ်သည် အိမ်မှထွက်၍ ငါးပါးသောတည်ခြင်းဖြင့် နိဂဏ္ဌတက္ကတွန်းတို့ကို ရှိခိုး၍ ထိုနိဂဏ္ဌတက္ကတွန်းတို့၏ရှေ့မှ လက်အုပ်ကို မြှောက်ချီကာ ရပ်တည်လျက် ဤသို့ကြံဆင်လေ၏။ “အရှင်တို့သည် အတိတ်စသည် အပြားရှိသော အလုံးစုံကို သိကြကုန်သတတ်။ ဤသို့ သိကြကြောင်းကို အရှင်တို့၏ အလုပ်အကျွေး ဒါယကာသည် အကျွန်ုပ်အား ပြောကြားအပ်၏။ ထိုပြောဆိုတိုင်း အရှင်တို့သည် အလုံးစုံကို အကယ်၍ သိကြကုန်သည်ဖြစ်အံ့၊ အကျွန်ုပ်၏အိမ်သို့ မဝင်ကြပါကုန်လင့်၊ မဝင်သင့်ကြောင်းကား အကျွန်ုပ်၏အိမ်သို့ဝင်ကုန်သော အရှင်တို့အလို့ငှာ ယာဂုလည်းမရှိ၊ ထမင်း စသည်တို့လည်းမရှိ၊ မသိဘဲလျက် အကယ်၍ ဝင်ကြကုန်သည်ဖြစ်အံ့၊ မစင်တွင်း၌ သင်တို့ကို လိမ့်ကျစေ၍ ပုတ်ခတ် ရိုက်နှက်စေအံ့”ဟု ကြံဆင်ခြင်ပြီးလျှင် အမှုလုပ် ယောက်ျားတို့အား “အမောင်တို့သည် ထိုနိဂဏ္ဌတက္ကတွန်းတို့၏ ထိုင်နေသောအဖြစ်ကို သိပြီးလျှင် နောက်အဖို့၌နေလျက် နေရာတို့၏အထက်၌ လွှမ်း၍ခင်းထားအပ်သော ပုဆိုးအခင်းတို့ကို ဖယ်ကြကုန်လော့။ ထိုပုဆိုးအခင်းတို့သည် မစင်အညစ်အကြေးဖြင့် မလိမ်းကျံ မကပ်ငြိပါစေကုန်လင့်”ဟု ပြောဆိုကာ အမှတ်သညာပေးလေ၏။

နိဂဏ္ဌတို့ကို မစင်တွင်းချ၍ ညှဉ်းပန်းခြင်း

ထို့နောက်မှ နိဂဏ္ဌတက္ကတွန်းတို့ကို “အရှင်တို့သည် ဤအရပ်သို့ ကြွဝင်ကြပါကုန်လော့”ဟုဆို၏။ နိဂဏ္ဌတက္ကတွန်းတို့သည် ဝင်ကြပြီးလျှင် ခင်းထားအပ်သော နေရာတို့၌ ထိုင်နေခြင်းငှာ အားထုတ်ကြကုန်၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်းတို့ကို လူတို့သည် “အရှင်ဘုရားတို့- ခေတ္တဆိုင်းငံ့တော်မူကြပါဦး၊ ရှေးဦးစွာ မထိုင်ကြပါကုန်လင့်”ဟု ပြောဆိုကြကုန်၏။ “အဘယ်အကြောင်းကြောင့်နည်း”ဟု မေးသည်ရှိသော် “အကျွန်ုပ်တို့၏ အိမ်သို့ဝင်ရောက်ကုန်သော အရှင်တို့သည် ပြုအပ်သောကျင့်ဝတ်ကို သိပြီးမှ ထိုင်နေခြင်းငှာ သင့်ပါသည်”ဟု ပြောဆိုကြသဖြင့် “ဒါယကာတို့- အဘယ်ကျင့်ဝတ်ကိုသိပြီးမှ ထိုင်နေခြင်းငှာ သင့်သနည်း”ဟု မေးလတ်ပြန်သော် “မိမိ,မိမိအား ရောက်သောနေရာအနီးတို့၌ ရပ်လျက် အလုံးစုံသော အရှင်တို့သည်လည်း တစ်ပြိုင်နက်တည်းသာ ထိုင်နေခြင်းငှာ သင့်ပါသည်”ဟု ပြောဆိုကြကုန်၏။

ထိုနိဂဏ္ဌတက္ကတွန်းတို့လည်း “ကောင်းလှပါပြီ”ဟု ပြောဆိုဝန်ခံ၍ “ဤသူတို့ပြောဆိုတိုင်း ပြောဆိုတိုင်းသော စကားကို ငါတို့သည် ပြုခြင်းငှာ သင့်၏”ဟု ကြံကြကုန်၏။ ထို့နောက် အလုံးစုံသော နိဂဏ္ဌတက္ကတွန်းတို့သည် မိမိ,မိမိအား ရောက်သောနေရာအနီး၌ အစဉ်အတိုင်း ရပ်တည်ကြကုန်၏။ ထိုအခါ အမှုလုပ်ယောက်ျားတို့က ထိုနိဂဏ္ဌတို့ကို “အရှင်ဘုရားတို့- လျင်မြန်စွာ တစ်ပြိုင်နက်တည်းဖြင့်သာလျှင် ထိုင်တော်မူကြပါကုန်လော့”ဟုဆို၍ ထိုနိဂဏ္ဌတို့၏ ထိုင်နေကြောင်းကို သိပြီးသောအခါ နေရာတို့၏ အထက်၌ အခင်းတို့ကို ပယ်ဆောင်ကြလေကုန်၏။ နိဂဏ္ဌတက္ကတွန်းတို့သည် တစ်ပြိုင်နက်တည်းအားဖြင့်သာလျှင် ထိုင်ကြကုန်သည်ရှိသော် ကြိုးတို့၏အထက်၌ ထားအပ်ကုန်သော ညောင်စောင်းနေရာ အခြေတို့သည် လျှောကျကုန်ရကား နိဂဏ္ဌတို့သည် ဦးခေါင်းစောက်ထိုး တွင်း၌လိမ့်ကျကြလေကုန်၏။ သိရိဂုတ္တသူကြွယ်သည် ထိုနိဂဏ္ဌတို့ တွင်းသို့ လိမ့်ကျကုန်သည်ရှိသော် တံခါးကိုပိတ်လျက် ထိုနိဂဏ္ဌတို့တွင် တက်လာတိုင်း တက်လာတိုင်းဖြစ်ကုန်သော နိဂဏ္ဌတို့ကို “အတိတ်, အနာဂတ်, ပစ္စုပ္ပန်ကို အဘယ့်ကြောင့် မသိကြကုန်သနည်း”ဟု တုတ်, တောင်ဝှေး, လှံတံတို့ဖြင့် ပုတ်ခတ် ရိုက်နှက်စေပြီးလျှင် “ဤမျှလောက်သည် ဤနိဂဏ္ဌတို့အား သင့်လျော်လတ္တံ့”ဟု တံခါးကို ဖွင့်ပေးစေလေ၏။ နိဂဏ္ဌတို့သည် ထွက်ခွာ၍ ပြေးလွှားခြင်းငှာ အားထုတ်ကြကုန်၏။ ထိုနိဂဏ္ဌတို့၏ သွားရာဖြစ်လတ္တံ့သော လမ်းခရီး၌ကား အင်္ဂတေဖြင့် အပြေအပြစ် ပြုအပ်သောမြေပြင်ကို ချွဲကျိအောင် ပြုထားစေပြီးဖြစ်သဖြင့် ထိုချွဲကျိသောမြေပြင်၌ မတည်တံ့နိုင်ခြင်းကြောင့် ချော်လဲတိုင်း ချော်လဲတိုင်းဖြစ်သော ထိုနိဂဏ္ဌတက္ကတွန်းတို့ကို တစ်ဖန် ပုတ်ခတ် ရိုက်နှက်စေပြန်သဖြင့် “ဤမျှလောက်သော နှိပ်စက် ညှဉ်းပန်းခြင်းသည် အရှင်တို့အား သင့်လျော် ထိုက်တန်၏”ဟု ပြောဆိုကာ လွှတ်လိုက်လေ၏။ နိဂဏ္ဌတို့လည်း “အသင်ဒါယကာသည် ငါတို့ကို နှိပ်စက်ဖျက်ဆီး၏၊ အသင်ဒါယကာသည် ငါတို့ကို နှိပ်စက်ဖျက်ဆီး၏”ဟု ဟစ်ကြွေးမြည်တမ်းလျက် အလုပ်အကျွေးဒါယကာဖြစ်သော ရဟဒိန္နသူကြွယ်၏ အိမ်တံခါးသို့ သွားကြလေကုန်၏။

ဂရဟဒိန္န တရားစွဲဆိုခြင်း

ဂရဟဒိန္န သူကြွယ်သည် ထိုသို့သော ဖောက်ပြန်ပျက်စီးခြင်းကို မြင်ရလျှင် အမျက်ခြောင်းခြောင်းထွက်သဖြင့် “သိရိဂုက္ကသူကြွယ်သည် ငါတို့ကို နှိပ်စက်ဖျက်ဆီးဘိ၏။ လက်ကိုဆန့်တန်းလျက် ရှိခိုးကြည်ညို ရိုသေကုန်သော သူတို့အား နတ်နှင့်တကွသော လောက၌ အလိုရှိတိုင်း စည်းစိမ်ချမ်းသာ အကျိုးပေးခြင်းငှာ စွမ်းနိုင်သည်မည်ကုန်သော ကောင်းမှုမျိုးစေ့တို့၏ စိုက်ပျိုးကြဲချရာ လယ်တောမြေကောင်းသဖွယ်ဖြစ်၍ ဖြစ်ကုန်သော ငါ၏အရှင်မြတ်တို့ကို ပုတ်ခတ် ရိုက်နှက်စေ၍ ပျက်စီးခြင်းသို့ ရောက်စေဘိသည်တကား”ဟု အမျက်ဒေါသ ခြောင်းခြောင်းထလျက် မင်းနန်းတော်သို့ သွားပြီးလျှင် သိရိဂုတ္တသူကြွယ်အား အသပြာတစ်ထောင် ဒဏ်ထားစေလေ၏။ ထိုအခါ မင်းသည် သိရိဂုတ္တသူကြွယ်ထံ သတင်းစကားကို မှာကြားဆင့်ဆိုလိုက်၏။ သိရိဂုတ္တသူကြွယ်သည် သွား၍ မင်းကြီးကို ရှိခိုးပြီးလျှင် “အရှင်မင်းမြတ်- စူးစမ်း ဆင်ခြင်တော်မူ၍ ဒဏ်ကို ယူတော်မူကြပါကုန်လော့၊ မစူးစမ်း မဆင်ခြင်မူ၍ မယူကြပါလင့်”ဟု လျှောက်တင်လေ၏။ “စူးစမ်းဆင်ခြင်၍သာ ငါယူပေအံ့”ဟု မိန့်တော်မူသဖြင့် “ကောင်းလှပါပြီ အရှင်မင်းကြီး”ဟု လျှောက်တင်သောအခါ “ထိုသို့ဖြစ်မူ ပြောဆိုသင့်သော အကြောင်းကို ယူလော့၊ ဝါ၊ ပြောဆိုလေလော့”ဟု မိန့်တော်မူသဖြင့် “အရှင်မင်းမြတ်- ကျွန်တော်မျိုး၏ အဆွေခင်ပွန်းဖြစ်၍ နိဂဏ္ဌတို့၏ တပည့်သာဝကဖြစ်သော ဤဂရဟဒိန္နသူကြွယ်သည် ရှေးဦးစွာ ကျွန်တော်မျိုးတို့ထံ ချဉ်းကပ်၍ ရပ်၍နေရာ ထိုင်၍နေရာ စသည်တို့၌ မပြတ်မလပ် ဤသို့ဆိုလေ့ရှိပါသည်။

“အဆွေသိရိဂုတ္တ- အသင့်အား ရဟန်းဂေါတမဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရဟန်းဂေါတမကို မှီဝဲဆည်းကပ်ခြင်းကြောင့် အဘယ်ဝတ္ထုကို ရလတ္တံ့နည်း”ဟူသော ဤစကားကိုအစပြု၍ သိရိဂုတ္တသူကြွယ်က အလုံးစုံသော ထိုအကြောင်းကို လျှောက်ကြားသံတော်ဦးတင်ပြီးလျှင် “အရှင်မင်းမြတ်- ဤအရာ၌ ဒဏ်ကိုယူစိမ့်သောငှာ အကယ်၍ သင့်သည်ဖြစ်အံ့၊ ယူတော်မူကြပါကုန်လော့”ဟု လျှောက်တင်လေ၏။ မင်းကြီးလည်း ဂရဟဒိန္နသူကြွယ်ကို ကြည့်၍ “သင် ဤသို့ဆိုသည် မှန်သလော”ဟု မေးလေ၏။ “အရှင်မင်းမြတ်- ဟုတ်မှန်ပါသည်ဘုရား”ဟု ဝန်ခံလျှင် ထိုဂရဟဒိန္နကို “သင်သည် ဤမျှလောက်ကိုသော်လည်း မသိတတ်သောသူတို့ကို ဆရာဘုရားဟု ယူဆပြီးလျှင် လှည့်လည်ကာ အလုံးစုံ အကုန်ပင် သိတတ်ကုန်၏ဟု အဘယ်အကြောင်းကြောင့် မြတ်စွာဘုရား၏ တပည့်သားအား ပြောကြားဘိသနည်း၊ သင်တင်အပ်သော ဒဏ်သည် သင့်အားသာလျှင် ဖြစ်စေရမည်”ဟု ဂရဟဒိန္န၏ အပေါ်၌သာလျှင် ဒဏ်ကို ရောက်စေလေ၏။ ထိုဂရဟဒိန္န၏ ဆရာတက္ကတွန်းတို့ကိုလည်း ပုတ်ခတ်ရိုက်နှက်ကာ နှင်ထုတ်စေအပ်ကုန်၏။

တရားရှုံးသဖြင့် လက်စားချေရန် အားထုတ်ခြင်း

ဂရဟဒိန္နသူကြွယ်သည် သိရိဂုတ္တသူကြွယ်ကို အမျက်ထွက်သဖြင့် ထိုနေ့မှစ၍ လခွဲမျှသော ကာလတိုင်အောင် သိရိဂုတ္တသူကြွယ်နှင့် အတူတကွ စကားမပြောမဆိုဘဲ နေပြီးလျှင် ဆင်ခြင်ပြန်သည်မှာ “ဤသို့ လှည့်လည်နေထိုင်ခြင်းငှာ ငါ့အား မသင့်လျော် မလျောက်ပတ်၊ ထိုသိရိဂုတ္တသူကြွယ်၏ ဆရာတို့အားလည်း ကြီးစွာသော ပျက်စီးခြင်းကို ပြုလုပ်ခြင်းငှာ သင့်လျော်၏”ဟု ကြံဆင်ခြင်ပြီးလျှင် သိရိဂုတ္တသူကြွယ်ထံသို့ ချဉ်းကပ်၍ “အဆွေသိရိဂုတ္တ”ဟု မြွက်ဆို ခေါ်ဝေါ်လေ၏။ “အဆွေဂရဟဒိန္န- အသို့နည်း”ဟု စကားတုံ့ပြန်သောအခါ “အဆွေ သိရိဂုတ္တ-အကျွမ်းအဝင် စိတ်နှလုံးကောင်းရှိကြသော ဆွေမျိုးသားချင်း နီးရင်းသော သူတို့အားမည်သည် ကိုယ်လက်ထိပါး ခိုက်ရန်ပွားခြင်းသည်လည်းကောင်း၊ ငြင်းခုံကျယ်ပွား စကားများခြင်းသည်လည်းကောင်း ဖြစ်တတ်၏၊ အသင်သည် တစ်စုံတစ်ခုသော စကားကို မပြောမဆိုဘဲ နေဘိ၏။ အဘယ့်ကြောင့် ဤသို့ ပြုဘိသနည်း”ဟု မေးမြန်းပြောဆိုလေ၏။ “အဆွေ ဂရဟဒိန္န- ငါနှင့်အတူတကွ သင်စကားမပြောမဆိုဘဲ နေသောကြောင့် ငါသည်လည်း စကားမပြောမဆိုဘဲ နေခဲ့၏”ဟု ပြန်ကြားပြောဆိုသောအခါ “အဆွေသိရိဂုတ္တ- အကြင်ပြုအပ်သောအမှုကား ပြုပြီးသည်သာတည်း၊ ထိုပြုပြီးသောအမှုဖြင့် ငါတို့သည် အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သည်အဖြစ်ကို မဖျက်ကြကုန်အံ့”ဟု အစေ့အစပ် ပြောဆိုလေ၏။ ထိုအခါမှစ၍ သူကြွယ်နှစ်ဦးတို့သည်လည်း တစ်ခုတည်းသော နေရာ၌ ရပ်ကြ,ထိုင်ကြကုန်၏။

ထို့နောက် တစ်နေ့သ၌ သိရိဂုတ္တသူကြွယ်က ဂရဟဒိန္နသူကြွယ်ကို “သင့်အား နိဂဏ္ဌတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ထိုနိဂဏ္ဏတို့ကို ဆည်းကပ်ခြင်းကြောင့် အဘယ်ဝတ္ထုကို ရလတ္တံ့နည်း၊ ငါ၏ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသို့ ဆည်းကပ်ခြင်းငှာလည်းကောင်း၊ အရှင်မြတ်တို့အား အလှူပေးခြင်းငှာလည်းကောင်း အသို့နည်း၊ အသင့်အား မအပ်လေသလော”ဟု ပြောဆိုလေ၏။ ဂရဟဒိန္နသူကြွယ်သည်လည်း ဤသို့ ပြောဆိုခြင်းကိုသာလျှင် တောင့်တကာ နေလျက်ရှိသောကြောင့် ဂရဟဒိန္နသူကြွယ်အား ယားနာရှိရာအရပ်၌ လက်သည်းဖြင့် ဖျောက်လိုက်သကဲ့သို့ ဖြစ်ပြီးလျှင် သိရိဂုတ္တကို “သင်၏ ဆရာဘုရားသည် အဘယ်အရာကို သိသနည်း”ဟု မေးလေ၏။ “အဆွေဂရဟဒိန္န- ဤသို့ မဆိုပါလင့်၊ ဆရာဘုရားမည်သည် အလုံးစုံသော အရာ၌သာလျှင် မသိအပ်သောအရာမည်သည် မရှိ၊ အတိတ်စသော အပြားရှိသော အလုံးစုံကို အကုန်သိတော်မူ၏။ တစ်ဆယ့်ခြောက်ပါးသော အခြင်းအရာတို့ဖြင့် သတ္တဝါတို့၏စိတ်ကို ပိုင်းခြား၍ သိတော်မူ၏”ဟု ဆိုလတ်သော် “ငါသည် ဤသို့သော အကြောင်းကို မသိရပါ၊ ဤမျှလောက်ကြာအောင်သော ကာလပတ်လုံး ငါ့အား အဘယ့်ကြောင့် မပြောကြားဘဲ နေဘိသနည်း၊ အဆွေသိရိဂုတ္တ- ထိုသို့ဖြစ်မူ အသင်သည် သွားပါချေလော့၊ သင့်ဆရာ မြတ်စွာဘုရားကို နက်ဖြန် ကောင်းမှုအလို့ငှာ ပင့်ဖိတ်ပါချေလော့၊ ဆွမ်းလုပ်ကျွေးပါအံ့၊ ရဟန်းငါးရာတို့နှင့်တကွ အကျွန်ုပ်ဆွမ်းကို ခံယူစိမ့်သောငှာ လျှောက်ကြားပါလော့”ဟု ပြောကြားကာ စေလွှတ်လိုက်လေ၏။

သိရိဂုတ္တသူကြွယ်သည်လည်း မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်၍ ရှိခိုးလျက် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား- တပည့်တော်၏ အဆွေခင်ပွန်းဖြစ်သော ဂရဟဒိန္နသူကြွယ်သည် ရှင်တော်မြတ်ဘုရားတို့ကို ရဟန်းငါးရာတို့နှင့်တကွ နက်ဖြန် ထိုဂရဟဒိန္နသူကြွယ်၏ ဆွမ်းကို ခံယူတော်မူကြပါမည့်အကြောင်းနှင့် တပည့်တော်ကို ပင့်ဖိတ်လျှောက်ထားစေပါသည်ဘုရား။ ရှေးဖြစ်သောနေ့၌ကား ထိုဂရဟဒိန္နသူကြွယ်၏ ဆရာနိဂဏ္ဌတို့အား တပည့်တော်သည် ဤမည်သောအမှုကို ပြုလုပ်စီရင်အပ်ပါသည်၊ တပည့်တော် ပြုလုပ်စီရင်အပ်သော အမှုကို လက်စားချေလိမ့်မည်ကိုလည်း မသိပါ၊ ရှင်တော်မြတ်ဘုရားတို့အား စင်ကြယ်ကောင်းမွန်သောစိတ်ဖြင့် ဆွမ်းကို လှူလိုသည့်အဖြစ်ကိုလည်း မသိပါဘုရား၊ ဆင်ခြင်တော်မူ၍ သင့်လျော်သည် အကယ်၍ ဖြစ်ခဲ့ပါအံ့၊ သည်းခံတော်မူကြပါ။ အကယ်၍ မသင့်လျော်သည်ဖြစ်ခဲ့အံ့၊ သည်းခံတော်မမူကြပါကုန်လင့် ဘုရား”ဟု လျှောက်ထားလေ၏။

မြတ်စွာဘုရား မြင်တော်မူပုံ

မြတ်စွာဘုရားသည်လည်း “ထိုဂရဟဒိန္နသည် ငါတို့အား အဘယ်သို့သောအမှုကို ပြုခြင်းငှာ အလိုရှိသနည်း”ဟု ဆင်ခြင်တော်မူသည်ရှိသော် နှစ်ခုသော အိမ်တို့၏အကြား၌ ကြီးစွာသောတွင်းကို တူးစေ၍ လှည်းအစီးရှစ်ဆယ်တိုက်မျှလောက်ကုန်သော ရှားနှစ်ထင်းတို့ကို ဆောင်ယူစေသဖြင့် တွင်း၌ပြည့်စေပြီးလျှင် မီးတိုက်၍ ငါတို့ကို မီးကျီးတွင်း၌ လိမ့်ကျစေ၍ နှိပ်စက်ခြင်းငှာ အလိုရှိသည်”ဟု မြင်သိတော်မူရသဖြင့် “ထိုဂရဟဒိန္နသူကြွယ်အိမ်သို့ ငါဘုရား ကြွသွားခြင်းတည်းဟူသော အကြောင်းကြောင့် အကျိုးရှိအံ့လော၊ မရှိအံ့လော”ဟု တစ်ဖန် စူးစမ်းဆင်ခြင်တော်မူပြန်လေ၏။ ထို့နောက် ဤသို့သော အကျိုးအာနိသင်ကို မြင်တော်မူလေ၏။ “ငါဘုရားသည် မီးကျီးတွင်း၌ ခြေတော်တို့ကို ဆန့်လှမ်းတော်မူအံ့၊ ထိုမီးကျီးတွင်းကို ဖုံးလွှမ်း၍ ထားအပ်သောဖျာသည် ကွယ်ပျောက်လတ္တံ့၊ မီးကျီးတွင်းကိုဖောက်ခွဲလျက် လှည်းဘီးစက်အတိုင်းအရှည်ရှိသော ပဒုမာကြာပွင့်ကြီးသည် ပေါ်ပေါက်လာလတ္တံ့၊ ထိုအခါ ငါဘုရားသည် ပဒုမာကြာချပ်၏အချက်ကို နင်းလျက် ကြွသွား၍ နေရာ၌ ထိုင်နေရလတ္တံ့၊ ငါးရာသော ရဟန်းတို့သည်လည်း ထို့အတူသာလျှင် သွားရောက် ထိုင်နေကြရကုန်လတ္တံ့၊ များစွာကုန်သော လူအပေါင်းသည် စည်းဝေးလာရောက်လတ္တံ့၊ ထိုအစည်းအဝေး၌ ငါဘုရားသည် နှစ်ခုကုန်သော ဂါထာတို့ဖြင့် အနုမောဒနာကို ပြုရလတ္တံ့၊ အနုမောဒနာ ပြုတော်မူသောအဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါး တရားထင်ထင် သိမြင်သောအား အကျွတ်တရားကို ရခြင်းဖြစ်လတ္တံ့၊ သိရိဂုတ္တသူကြွယ် ဂရဟဒိန္နသူကြွယ်တို့သည် သောတာပန် ဖြစ်ကုန်လတ္တံ့၊ မိမိ၏ပစ္စည်းဥစ္စာစုကို သာသနာတော်၌ စွန့်ကြဲလှူဒါန်းလတ္တံ့၊ ဤအမျိုးသားကိုမှီ၍ ငါဘုရားသည် ကြွသွားခြင်းငှာ သင့်လျော်၏”ဟု မြင်တော်မူ၍ ပင့်ဖိတ်လာသော ဆွမ်းအလှူကို သည်းခံတော်မူလေ၏။

ဂရဟဒိန္န မီးကျီးတွင်း စီရင်ပုံ

သိရိဂုတ္တသူကြွယ်သည် သွား၍ ဘုရားရှင် သည်းခံတော်မူသည့် အဖြစ်ကိုသိရသဖြင့် ဂရဟဒိန္နသူကြွယ်အား ပြောကြားပြီးလျှင် “လူသုံးပါးတို့၏ အကြီးအမှူးဖြစ်သော မြတ်စွာဘုရားအား ပူဇော်သက္ကာရကို ပြုပြင်စီရင်ပါလော့”ဟု ဆိုလေ၏။ ဂရဟဒိန္နသူကြွယ်သည် “ယခုအခါ ထိုသိရိဂုတ္တ၏ ဆရာဘုရားအား ပြုအပ်သည်နှင့် ယှဉ်သည်ကို သိရပေတော့အံ့၊ ပြုရပေတော့အံ့”ဟု ကြံပြီးလျှင် နှစ်ခုသော အိမ်တို့၏အကြား၌ နွားချေးဖြင့် လိမ်းကျံစေလျက် ကြီးစွာသောတွင်းကို တူးစေ၍ လှည်းအစီးရှစ်ဆယ်မျှလောက်ကုန်သော ရှားနှစ်ထင်းတို့ကို ဆောင်ယူကာ တွင်းကိုပြည့်စေသဖြင့် ထင်းတို့ကို မီးတိုက်ပြီးမှ ရှားမီးခဲအစုတို့ကို ပြုစေပြီးလျှင် ညာဉ့်သုံးယာမ်ပတ်လုံး အခိုးထွက်စေလျက် ရှားမီးကျီးစုကို ပြုလုပ်စေ၍ တွင်းအထက်၌ ပျဉ်ချပ်တို့ကိုခင်းလျက် ဖျာဖြင့် ဖုံးလွှမ်းစေပြီးလျှင် နွားချေးဖြင့် လိမ်းကျံလျက် တစ်ဘက်သောနံပါး၌ အားနည်းသော တုတ်တံဖြင့်ဖြန့်ခင်း၍ သွားရာလမ်းခရီးကို ပြုစေလေ၏။ ဤသို့ပြုထားပါမှ နင်းသောကာလ၌ တုတ်တံတို့သည် ကျိုးကုန်သည်ရှိသော် တိမ်းလဲ၍ မီးကျီးတွင်း၌ လိမ့်ကျလတ္တံ့ဟု အမှတ်ပြုလျက် နေအိမ်၏ နောက်အဖို့၌လည်း သိရိဂုတ္တသူကြွယ်ထားသော နည်းဖြင့်သာလျှင် အိုးတို့ကို ထားစေလေ၏။ နေရာတို့ကိုလည်း ထိုနည်းအတူသာလျှင် ခင်းစေလေ၏။ သိရိဂုတ္တသူကြွယ်သည်လည်း နံနက်စောစောကလျှင် ထိုဂရဟဒိန္နသူကြွယ်၏ အိမ်သို့သွား၍ “အဆွေ- လှူဖွယ်ဝတ္ထုကို စီမံပြုလုပ်အပ်ပြီးပြီလော”ဟု မေးလေ၏။ “အဆွေ- ဪ.. စီမံပြုလုပ်အပ်ပါပြီ”ဟု ဆိုလျှင် “ထိုလှူဖွယ်သည် အဘယ်မှာနည်း”ဟု မေးပြန်လေ၏။ “လာပါ၊ ကြည့်ရှုကြရအောင်”ဟု ဆို၍ အလုံးစုံကို သိရိဂုတ္တ သူကြွယ်ပြသော နည်းဖြင့်ပင် ပြလေ၏။ သိရိဂုတ္တသူကြွယ်သည်လည်း “အဆွေ- ကောင်းလှပေပြီ”ဟု ဝန်ခံပြောဆို၏။ များစွာသော လူအပေါင်းသည်လည်း စည်းဝေးလေ၏။

(စည်းဝေးခြင်းအကြောင်းကား- မိစ္ဆာအယူရှိသောသူသည် ပင့်ဖိတ်သည်ရှိသော် ကြီးစွာသော အစည်းအဝေးသည် ဖြစ်လေ၏။ မိစ္ဆာဒိဋ္ဌိတို့သည်ကား ရဟန်းဂေါတမ၏ ဖောက်ပြန်ပျက်စီးခြင်းကို ကြည့်ရှုကြကုန်အံ့ဟု စည်းဝေးကြကုန်၏။ သမ္မာဒိဋ္ဌိတို့သည်ကား ယနေ့ ငါတို့၏ ဆရာဖြစ်တော်မူသော ဘုရားရှင်သည် မြတ်သော တရားဒေသနာတော်ကို ဟောကြားတော် မူလတ္တံ့၊ မြတ်စွာဘုရား၏ အရာဖြစ်သော တင့်တယ်စံပယ်ခြင်းကို ဖူးမြင်မှတ်သားကြရကုန်စို့အံ့ဟု စည်းဝေးကြကုန်၏။)

မီးကျီးတွင်း၌ ကြာပန်းပေါက်ခြင်း

တစ်ဖန် မိုးသောက်သောနေ့၌ မြတ်စွာဘုရားသည် ငါးရာသော ရဟန်းတော်တို့နှင့်တကွ ဂရဟဒိန္နသူကြွယ်၏ အိမ်တံခါးသို့ ကြွသွားတော်မူလေ၏။ ဂရဟဒိန္နသူကြွယ်သည် အိမ်မှထွက်၍ ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးပြီး ရှေ့မှလက်အုပ်ချီကာ ရပ်၍ စိတ်ထဲ၌ ကြံအောက်မေ့သည်မှာ “မြတ်စွာဘုရား-ရှင်တော်ဘုရားတို့သည် အတိတ်စသောအားဖြင့်ပြားသော အလုံးစုံကို အကုန်အစင် သိမြင်နိုင်ကြကုန်၏၊ တစ်ဆယ့်ခြောက်ပါးသော အခြင်းအရာတို့ဖြင့် သတ္တဝါတို့၏ စိတ်ဖြစ်ပုံကို ပိုင်းခြားနိုင်ကြကုန်၏ဟု ရှင်တော်မြတ်ဘုရားတို့၏ အလုပ်အကျွေးသည် အကျွန်ုပ်အား ပြောဆိုအပ်ပါ၏၊ အကယ်၍ သိကြကုန်သည် ဖြစ်ခဲ့အံ့၊ အကျွန်ုပ်၏အိမ်သို့ မဝင်ကြပါကုန်လင့်၊ ဝင်ကြကုန်သော အရှင်တို့အလို့ငှာ ယာဂုဆွမ်း စသည်တို့သည် တစ်စုံတစ်ခုမျှ မရှိကုန်။ အလုံးစုံသော အရှင်တို့ကို မီးကျီးတွင်း၌ချ၍ နှိပ်စက်ပါအံ့”ဟု ကြံအောက်မေ့၏။ ဤသို့ ကြံအောက်မေ့ပြီးလျှင် ဘုရားရှင်၏သပိတ်တော်ကိုယူ၍ “မြတ်စွာဘုရား- ဤအရပ်သို့ ကြွတော်မူကြပါ”ဟု ဆိုလျက် “မြတ်စွာဘုရား- အကျွန်ုပ်တို့၏အိမ်သို့ လာကုန်သော သူတို့သည် ပြုသင့်သောကျင့်ဝတ်ကိုသိ၍ လာခြင်းငှာ သင့်လျော်ပါသည်ဘုရား”ဟု လျှောက်လေ၏။ “ဒါယကာ- အဘယ်သို့သော ကျင့်ဝတ်ကို ပြုခြင်းငှာ သင့်သနည်း”ဟု မေးတော်မူလျှင် “တစ်ပါးစီ, တစ်ပါးစီ ဝင်သဖြင့် ရှေ့သို့ သွား၍ ထိုင်နေပြီးသောအခါ နောက်မှ တစ်ပါးသော ရဟန်းသည် ကြွလာခြင်းငှာ သင့်ပါသည်ဘုရား”ဟု လျှောက်ပြန်လေ၏။

(ဤသို့ ထိုဂရဟဒိန္နအား အကြံဖြစ်ပေါ်သတတ်။ ရှေ့မှသွားသောသူ မီးကျီးတွင်း၌ လိမ့်ကျသည်ကို တွေ့မြင်ရလျှင် နောက်မှလာကုန်သော ကြွင်းကျန်သောသူတို့သည် မလာရောက်ကြကုန်လတ္တံ့။ တစ်ယောက်ချင်း တစ်ယောက်ချင်းကိုသာ လိမ့်ကျစေပြီးလျှင် နှိပ်စက်ညှဉ်းပန်းခြင်းကို ပြုပေအံ့။ ဤကား ဖြစ်သော အကြံတည်း။)

ဘုရားရှင်သည်လည်း ကောင်းပြီဟု ဝန်ခံတော်မူ၍ ကိုယ်တော်မြတ် တစ်ပါးတည်းသာလျှင် ကြွသွားတော်မူလေ၏။ ဂရဟဒိန္နသူကြွယ်သည် မီးကျီးတွင်း၏ အနီးသို့ရောက်လျှင် နောက်သို့ဆုတ်၍ ရပ်တည်နေသော မြတ်စွာဘုရားကို “ရှင်တော်မြတ်ဘုရား- ရှေ့သို့တိုး၍ ကြွတော်မူပါဦးဘုရား”ဟု လျှောက်လေ၏။ ထိုအခါ ဘုရားရှင်လည်း မီးကျီးတွင်းအထက်၌ ခြေတော်ကို ဆန့်လှမ်းတော်မူလေ၏။ ဖျာသည်လည်း ကွယ်ပျောက်လေ၏။ မီးကျီးတွင်းကို ဖောက်ခွဲလျက် လှည်းဘီးစက် အတိုင်းအရှည်ရှိသော ပဒုမာကြာပွင့်တို့သည် ပေါ်ပေါက်လာကြလေကုန်၏။ ဘုရားရှင်သည်လည်း ပဒုမာကြာချပ်၏ အချက်၌ နင်းလျက် ကြွလှမ်းတော်မူ၍ ခင်းထားအပ်သော ဘုရားနေရာ၌ သီတင်းသုံးနေတော်မူလေ၏။ ရဟန်းတို့သည်လည်း ထို့အတူသာလျှင် ကြွသွားကြကုန်၍ သီတင်းသုံးနေတော်မူကြလေကုန်၏။ ဂရဟဒိန္နသူကြွယ်၏ကိုယ်သည် ပူလောင်သကဲ့သို့ ထကြွ ဖြစ်ပေါ်လာလေ၏။

အချည်းနှီးသောအိုး၌ ဆွမ်းစသည် ပြည့်နေခြင်း

ထိုဂရဟဒိန္နသူကြွယ်သည် လျင်မြန်စွာသွား၍ သိရိဂုတ္တသူကြွယ်သို့ ချဉ်းကပ်ပြီးလျှင် “အရှင်သိရိဂုတ္တ- သင်သည် ငါ၏ မှီခိုပုန်းအောင်းရာ ဖြစ်ပါလော့”ဟု တောင်းပန် ပြောဆို၏။ “ဤတောင်းပန်စကား ပြောကြားကြောင်း အမှုကား အဘယ်နည်း”ဟု မေးသည်ရှိသော် “အဆွေ- ရဟန်းငါးရာတို့အား ကျွေးမွေးလှူဒါန်းရန် ငါ၏အိမ်၌ ယာဂုသည်လည်းကောင်း၊ ဆွမ်းစသည်တို့သည်လည်းကောင်း မရှိပါကုန်၊ အဘယ်သို့ ပြုရပါအံ့နည်း”ဟု ပြောပြန်သဖြင့် “အသို့နည်း- အသင်သည် အဘယ်သို့သောအမှုကို ပြုထားလေဘိသနည်း”ဟု မေးပြန်၏။ “ငါသည် အိမ်နှစ်ခုတို့၏အကြား၌ ကြီးစွာသောတွင်းကို ရှားမီးကျီးဖြင့်ပြည့်အောင် ပြုလုပ်ထားစေမိ၏၊ ထိုရှားမီးကျီးတွင်း၌ လိမ့်ကျစေ၍ နှိပ်စက်အံ့ဟု ကြံမိပါ၏။ ထိုသို့ ကြံစည်ပြုလုပ်ပါသော်လည်း မီးကျီးတွင်းကိုဖောက်ခွဲ၍ ပဒုမာကြာပွင့်ကြီးတို့သည် ပေါ်ပေါက်လာကြလေကုန်ပြီ။ အလုံးစုံသော ရဟန်းတို့သည် ထိုပေါ်ပေါက်လာသော ပဒုမာကြာပွင့်ချပ်၏ အချက်၌ နင်းကာ ကြွသွားတော်မူပြီးလျှင် ခင်းထားအပ်သော နေရာ၌ သီတင်းသုံး နေထိုင်တော်မူကြကုန်ပြီ၊ အိုအရှင်သိရိဂုတ္တ- ယခုအခါ အဘယ်သို့ ပြုရအံ့နည်း”ဟု ပြောဆိုပြန်သော် “ယခုပင်လျှင် သင်သည် ငါ့အား ဤမျှအတိုင်းအရှည်ရှိသော အိုးတို့သည် ယာဂု၊ ဤမျှ အတိုင်းအရှည်ရှိသော အိုးတို့သည် ဆွမ်းစသည်တို့ဟူ၍ ပြသည်မဟုတ်လော”ဟု မေးလျှင် “အရှင်- မဟုတ်မမှန်သော စကားကို ပြောမိပါသည်၊ အိုးတို့ကား အချည်းနှီးသာတည်း”ဟု ဆိုသဖြင့် “ထိုသို့ပင်ဖြစ်စေကာမူ သွားသာသွားချေ၊ ထိုအိုးတို့၌ ယာဂုစသည်တို့ကို ကြည့်ရှုပါဦးလော့”ဟု ဆိုလေ၏။

ထိုဆိုသော ခဏ၌ပင်လျှင် ဂရဟဒိန္နသူကြွယ်သည် ယာဂုအိုးတို့၌ ယာဂုဟူ၍ ဆိုသောကြောင့် ယာဂုဖြင့် ပြည့်ကုန်၏။ ဆွမ်းစသည်တို့ကို ဆိုသောကြောင့် ဆွမ်းစသည်တို့သည် အပြည့်သာလျှင် ဖြစ်ကုန်၏။ ထိုသို့ ပြည့်စုံခြင်းကို မြင်လျှင်မြင်ချင်း ဂရဟဒိန္နသူကြွယ်၏ တစ်ကိုယ်လုံးသည် နှစ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းဖြင့် ထက်ဝန်းကျင်ပြည့်သော စိတ်ရှိသည်ဖြစ်၍ ကြည်ကြည်လင်လင် ဖြစ်လေ၏။ ထိုဂရဟဒိန္နသည် ရိုသေကောင်းမွန်စွာ ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းကို ဆွမ်းလုပ်ကျွေး၍ ပြုအပ်ပြီးသော ဆွမ်းစားခြင်းကိစ္စရှိတော်မူသော မြတ်စွာဘုရားအား ဆွမ်းအနုမောဒနာ ပြုစေလိုသောကြောင့် သပိတ်တော်ကို ယူလေ၏။ မြတ်စွာဘုရားသည် အနုမောဒနာတရား ဟောကြားတော်မူသည်ရှိသော် “ဤသတ္တဝါတို့သည် ပညာမျက်စိ မရှိခြင်းကြောင့် ငါဘုရား၏လည်းကောင်း၊ တပည့်သာဝကတို့၏လည်းကောင်း၊ ငါဘုရား သာသနာတော်၏လည်းကောင်း ဂုဏ်ကျေးဇူးတော်ကို မသိနိုင်ကြကုန်၊ ပညာမျက်စိမှ ကင်းကုန်သော သူတို့သည် သူကန်းတို့ မည်ကုန်၏၊ ပညာရှိကုန်သော သူတို့သည်သာ မျက်စိရှိကုန်သောသူတို့ မည်ကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၅၈] ယထာ သင်္ကာရဌာနသ္မိံ၊ ဥဇ္ဈိတသ္မိံ မဟာပထေ။
ပဒုမံ တတ္ထ ဇာယေထ၊ သုစိဂန္ဓံ မနောရမံ။
֍ * [၅၉] ဧဝံ သင်္ကာရဘူတေသု၊ အန္ဓဘူတေ ပုထုဇ္ဇနေ။
အတိရောစတိ ပညာယ၊ သမ္မာသမ္ဗုဒ္ဓသာဝကော။

မဟာပထေ၊ သွားရာခရီးလမ်းမကြီး၌။ ဥဇ္ဈိတသ္မိံ၊ စွန့်ပစ်ထားအပ်သော။ တတ္ထ သင်္ကာရဌာနသ္မိံ၊ ထိုသို့ သဘောရှိသော တံမြက်ချေးစုံ ရွံ့ဖွယ်ထူသော အမှိုက်ပုံ၌။ သုစိဂန္ဓံ၊ စင်ကြယ်သန့်ရှင်း ထုံသင်းပျံ့ပျံ့ ကောင်းသော ရနံ့ရှိသော။ မနောရမံ၊ နှလုံးမွေ့လျော်ဖွယ်ဖြစ်သော။ ပဒုမံ၊ ပဒုမာကြာပန်းသည်။ ဇာယေထ ယထာ၊ ပေါက်ရောက်လာသကဲ့သို့။

ဧဝံ တထာ၊ ဤအတူ။ သင်္ကာရဘူတေသု၊ တံမြက်ချေးစုသဖွယ်ဖြစ်၍ ဖြစ်ကုန်သော။ အန္ဓဘူတေ-အန္ဓဘူတေသု၊ ပညာမျက်စိကင်းခြင်းကြောင့် အကန်းသဖွယ်ဖြစ်၍ ဖြစ်ကုန်သော။ ပုထုဇ္ဇနေ-ပုထုဇ္ဇနေသု၊ ပုထုဇဉ် ပုဂ္ဂိုလ်တို့၌။ ဇာတော၊ ဖြစ်သော။ သမ္မာသမ္ဗုဒ္ဓသာဝကော၊ ဘုရားတပည့်သားသည်။ ပညာယ၊ မိမိပညာဖြင့်။ အတိရောစတိ၊ အလွန်တင့်တယ်၏။

သူကြွယ်နှစ်ယောက် သောတာပန်ဖြစ်

ဒေသနာတော်၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍သိခြင်းသည် ဖြစ်လေ၏။ ဂရဟဒိန္နသူကြွယ်သည်လည်းကောင်း၊ သိရိဂုတ္တသူကြွယ်သည်လည်းကောင်း သောတာပတ္တိဖိုလ်သို့ ရောက်ကြလေကုန်၏။ ထိုဂရဟဒိန္နသူကြွယ်နှင့် သိရိဂုတ္တသူကြွယ်တို့သည် မိမိတို့၏ ဥစ္စာအလုံးစုံကို ဘုရားသာသနာတော်၌ စွန့်ကြဲပေးကမ်း လှူဒါန်းကြလေကုန်၏။

ခဒိရင်္ဂါရဇာတ် ဟောခြင်းအမြွက်

ဘုရားရှင်သည်လည်း နေရာမှထ၍ ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။ ရဟန်းတို့သည် ညချမ်းအခါ တရားသဘင်၌ “မြတ်စွာဘုရားတို့၏ ဂုဏ်တော်ကျေးဇူးတော်တို့ မည်သည်ကား ဪ အံ့ဖွယ်ရှိပါပေစွတကား၊ ထိုသို့ သဘောရှိသည်မည်သော ရှားမီးကျီးအစုကို ဖောက်ခွဲ၍ ပဒုမာကြာပွင့်တို့သည် ပေါက်ရောက်ကုန်သည်တကား” ဟူသောစကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသည်ဖြစ်၍ “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု လျှောက်ကြားလတ်သည်ရှိသော် “ယခုအခါ၌ ဘုရားဖြစ်တော်မူသော ငါ့အား ရှားမီးကျီးခဲအစုမှ ဖောက်ကွဲ၍ ပဒုမာကြာပန်းတို့ ပေါက်လာကုန်သည်ကား အံ့ဩဖွယ် မရှိလှသေး၊ ဉာဏ်ပညာ မရင့်သေးမီကပင် ဘုရားလောင်းတော်ဖြစ်၍ ဖြစ်သော ငါ့အားလည်း ပဒုမာကြာပန်းတို့သည် ပေါက်လာကုန်ဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- အဘယ်အခါ၌ပါနည်း၊ တပည့်တော်တို့အား မိန့်ကြားတော်မူပါဘုရား”ဟု တောင်းပန်အပ်သောကြောင့် အတိတ်ဆောင်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ကာမံ ပတာမိ နိရယံ၊ ဥဒ္ဓံပါဒေါ အဝံသိရော။
နာနရိယံ ကရိဿာမိ၊ ဟန္ဒ ပိဏ္ဍံ ပဋိဂ္ဂဟ။

ဘန္တေ၊ ပစ္စေကဗောဓိသခင် အရှင်သူမြတ်ဘုရား။ အဟံ၊ ဆွမ်းအုပ်ပို့ရန် ရည်သန်ပြုလုပ် အကျွန်ုပ်သည်။ နိရယံ၊ အတောင်ရှစ်ဆယ် ကြီးကျယ်ဘိခြင်း ရှားမီးကျီးတွင်းဟူသော ငရဲသို့။ ဥဒ္ဓံပါဒေါ၊ ခြေမိုးမျှော်လျက်။ အဝံသိရော၊ ဦးခေါင်း စောက်ထိုးဖြစ်လျက်။ ကာမံ ပတာမိ၊ အကယ်စင်စစ် ကျသည်ဖြစ်စေကာမူ။ အနရိယံ၊ အလှူမပေးခြင်း, သီလမစောင့်ခြင်းစသော မသူတော်တို့၏ အမှုကို။ န ကရိဿာမိ၊ မပြုပါအံ့။ တုဝံ၊ ရှင်တော်ဘုရားသည်။ ဟန္ဒ၊ လွတ်လွတ်ကျွတ်ကျွတ်။ ပိဏ္ဍံ၊ တပည့်တော်၏ ဆွမ်းကို။ ပဋိဂ္ဂဟ၊ ခံယူ သုံးဆောင်တော်မူပါဘုရား။

ဤသို့ ဤခဒိရင်္ဂါရဇာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူလေ၏။

ဂရဟဒိန္နသူကြွယ်ဝတ္ထု ပြီး၏။

֍ * ၁။ ပသေနဒီကောသလမင်းကြီးနှင့် မထင်ရှားသော ယောက်ျားဝတ္ထု

ဒီဃာ ဇာဂရတော ရတ္တိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပသေနဒီကောသလမင်းကြီးကိုလည်းကောင်း၊ မထင်ရှားသော ယောက်ျားကိုလည်းကောင်း အကြောင်းပြု၍ ဟောတော်မူလေ၏။

မယားလိုချင်သဖြင့် လင်အား ရာထူးပေးခြင်း

သာဝတ္ထိပြည်ကြီးကို အစိုးရတော်မူသော ဘုရင်ပသေနဒီကောသလမင်းကြီးသည် တစ်ခုသော ပွဲသဘင်နေ့၌ တန်ဆာဆင်ခြင်းနှင့်စပ်သော တစ်ကိုယ်လုံး ဖွေးဖွေးဖြူသော ပုဏ္ဍရိကမည်သော ဆင်တစ်စီးကို တက်စီး၍ ကြီးစွာသော မင်း၏အာနုဘော်ဖြင့် ပြည်ကို လက်ယာရစ် လှည့်လည်ခြင်းကို ပြုသတတ်။ များစွာသောလူတို့ အစုအရုံးသည် ဖြစ်လတ်သည်ရှိသော် ခဲ,တုတ် စသည်တို့ဖြင့် ပုတ်ခတ်အပ်ကာ ပြေးစေသော်လည်း လူများအပေါင်းသည် လည်ပင်းကို ပြန်လှည့်၍ပင် ကြည့်ရှုသေးသည်သာတည်း။

(ဤသို့ ပြန်ကြည့်ရှုခြင်းကား မင်းတို့၏ ကောင်းမွန်စွာ လှူခဲ့သော သက္ကစ္စဒါနအကျိုးဆက် အာနိသံသ ဖြစ်ပေသတတ်။)

မထင်ရှားသော လူဆင်းရဲတစ်ယောက်၏ မယားသည်လည်း ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏ အထက်အပြင်၌ တည်နေလျက် တစ်ခုသော လေသာပြူတင်း တံခါးရွက်ကို ဖွင့်၍ကြည့်ပြီးမှ ဖဲသွားလေ၏။ ပဿနဒီကောသလမင်းကြီး၏စိတ်၌ လပြည့်ဝန်းသည် တိမ်တိုက်ကြားသို့ ဝင်၍သွားဘိသကဲ့သို့ အောက်မေ့မှတ်ထင်လေ၏။ မင်းကြီးသည် ထိုမိန်းမအား တပ်နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ဆင်ကျောက်ကုန်းထက်မှ လိမ့်ကျအံ့သော အခြင်းအရာသို့ ရောက်ဘိသကဲ့သို့ ဖြစ်ရကား လျင်မြန်စွာ ပြည်ကို လက်ယာရစ်လှည့်လျက် နန်းတော်တွင်းဝင်ပြီးလျှင် မင်းကျွမ်းဝင်သော အမတ်တစ်ယောက်ကို “ဤမည်သောအရပ်သို့ ရောက်လတ်သော် ငါကြည့်အပ်သော ပြာသာဒ်ကို သင်မြင်၏လော”ဟု မိန့်မြွက်တော်မူလေ၏။ “အရှင်မင်းကြီး- မြင်ပါသည်ဘုရား”ဟု လျှောက်တင်လတ်သော် “ထိုပြာသာဒ်၌ တစ်ယောက်သော မိန်းမကို မြင်မိ၏လော”ဟု မေးတော်မူပြန်၏။ “အရှင်မင်းကြီး- မြင်မိပါသည်ဘုရား”ဟု လျှောက်ကြားသောကာလ၌ “အချင်းအမတ်- သွားတဲ့ချေလော့၊ ထိုမိန်းမ၏ လင်ရှိသည်အဖြစ်, မရှိသည်အဖြစ်ကို သိအောင်ပြုလော့”ဟု ခိုင်းစေသောကြောင့် အမတ်သည် သွားပြီးလျှင် ထိုမိန်းမ၏ လင်ရှိသည်အဖြစ်ကို သိရသဖြင့် ပြန်လာ၍ မင်းကြီးအား လင်ရှိမယား ဖြစ်ပါကြောင်းနှင့် လျှောက်တင်လေ၏။ ထိုအခါ မင်းကြီးသည် “ထိုသို့ဖြစ်မူ ထိုမိန်းမ၏ခင်ပွန်းအရှင် လင်ယောက်ျားကို ခေါ်ဆောင်ခဲ့လော့”ဟု ဆိုပြန်သည်ရှိသော် အမတ်လည်း သွားရောက်၍ “အို.. အချင်းယောက်ျား- လာလော့၊ မင်းကြီးသည် သင့်ကို ခေါ်တော်မူ၏”ဟု ပြောဆိုလေ၏။ ထိုယောက်ျားလည်း ဤသို့ကြံစည်၏၊ “ငါ့အား မယားကိုမှီ၍ ဘေးဖြစ်ခြင်းသည် ဖြစ်ရာ၏”ဟု ကြံစည်လျက် မင်း၏အာဏာကို ဖီဆန်ခြင်းငှာ မတတ်နိုင်ရကား လိုက်သွား၍ မင်းကြီးကို ရှိခိုးကာ ရပ်တည်နေလေ၏။ ထိုအခါ မင်းကြီးသည် “အချင်းယောက်ျား- ယနေ့မှစ၍ ငါ့အား ခစားလုပ်ကျွေးရမည်”ဟု မိန့်တော်မူလေ၏။ “အရှင်မင်းကြီး- အလိုဆန္ဒမရှိလှပါ၊ မိမိ၏အမှုကို ပြုလုပ်၍ အရှင်မင်းကြီးတို့အား အခွန်အတုတ်ကို ဆက်သွင်းပါမည်။ အိမ်၌သာလျှင်နေ၍ ကျွန်တော်မျိုး၏ အသက်ရှည်ခြင်းသည် ဖြစ်ပါစေ”ဟု လျှောက်လေ၏။ “သင်၏ အခွန်အတုတ်ဖြင့် ငါ့အား အလိုမရှိ၊ ယနေ့မှစ၍ ငါ့အား ခစားလုပ်ကျွေးခြင်းကို ပြုဘိလော့”ဟု ဆို၍ ထိုယောက်ျားအား ကာကိုလည်းကောင်း၊ လက်နက်ကိုလည်းကောင်း ပေးစေတော်မူလေ၏။

(မင်းကြီး၏ အကြံကား ဤသို့ဖြစ်သတတ်။ “တစ်စုံတစ်ခုသောအပြစ်ကို ထိုယောက်ျားအပေါ်၌တင်၍ သတ်ပြီးမှ ထိုယောက်ျား၏မယားကို ငါယူမည်။” ဤကား မင်းကြီး၏ အကြံတည်း။

ထိုအခါ ထိုယောက်ျားသည် သေဘေးမှ တွေးတောရွံ့ကြောက်သည်ဖြစ်၍ မမေ့မလျော့သာလျှင် မင်းကြီးအား ခစားလုပ်ကျွေးရလေ၏။

ကြာပန်းနှင့်မြေနီ ယူခိုင်းခြင်း

ထိုအခါ မင်းကြီးသည် ထိုယောက်ျား၏အပေါ်၌ အပြစ်ဒေါသကို မမြင်သည်ရှိသော် ကာမဂုဏ်နှောင် ပူလောင်ပြင်းပြလှသည်ဖြစ်၍ “ထိုယောက်ျားအား တစ်ခုသောအပြစ်ကိုတင်၍ မင်း၏အာဏာကို ပြုအံ့”ဟု ကြံ၍ ထိုယောက်ျားကို ခေါ်စေပြီးလျှင် “အချင်းယောက်ျား- ဤနေပြည်တော်မှ တစ်ယူဇနာထက်၌ မြစ်တစ်ခု၏၊ ဤအမည်ရှိသော အရပ်သို့ သွားပြီးလျှင် ညချမ်းအခါ ငါဘုရင်မင်းမြတ် ရေချိုးချိန်၌ ကုမုဒြာကြာပန်းတို့ကိုလည်းကောင်း၊ အရုဏဝတီ မြေကိုလည်းကောင်း ဆောင်ချေလော့၊ ထိုအချိန်အခါ၌ အကယ်၍ မရောက်လာနိုင်ခဲ့သော် သင့်အား မင်းအာဏာကို ပြုအံ့”ဟု ဤသို့ မိန့်တော်မူလေ၏။ မင်းခယောက်ျားသည် ကျွန်လေးမျိုးတို့အောက် ယုတ်ညံ့လှစွာ၏၊ ငွေဝယ်ကျွန် စသည်တို့ကား “ငါ၏ ခေါင်းကိုက်၏၊ ငါ၏ ကျောက်ကုန်းနာ၏”ဟူသော စကားကို တောင်းပန်ပြောဆို၍ နေခြင်းငှာ ရကြကုန်သေး၏၊ မင်းခယောက်ျားအား ထိုသို့နေနိုင်ခွင့်မရှိ၊ စေခိုင်းအပ်သောအမှုကို ပြုခြင်းငှာသာ သင့်၏။ ထို့ကြောင့် ထိုမင်းခယောက်ျားသည် “မချွတ် ငါကား သွားရတော့အံ့၊ ကုမုဒြာကြာပန်းတို့နှင့် အရုဏဝတီ မြေမည်သည်ကား နဂါးပြည်၌သာလျှင် ရှိသည်ဖြစ်လေ၏၊ ငါသည် အဘယ်၌ ရနိုင်ပါအံ့နည်း”ဟု ကြံစည်လျက် သေအံ့သောဘေးမှ တွေးတော ကြောက်ရွံ့သည်ဖြစ်၍ လျင်မြန်စွာ အိမ်သို့ သွားပြီးလျှင် “ချစ်နှမ- ငါ့အလို့ငှာ ထမင်းကျက်ပြီလော”ဟု မေးလေ၏။ “အရှင်- ဖိုခနောက်ထက်၌သာ ရှိပါသေးသည်”ဟု ဆိုလတ်သော် ထိုယောက်ျားသည် ထမင်းအိုးချရာကာလတိုင်အောင် ဆိုင်းငံ့၍နေခြင်းငှာ မတတ်နိုင်ရကား ဟင်းချိုမှုတ်ဖြင့် ပအုံးရည်ကို ဆောင်စေ၍ ရတိုင်းသော ဟင်းလျာနှင့်တကွ ချွေးမတိတ်သေးသဖြင့် စိုစွတ်သော ထမင်းကိုသာလျှင် ပခြုပ်တောင်း၌ သိပ်ထည့်ကာ ယူဆောင်လျက် တစ်ယူဇနာရှိသော ခရီးတိုင်အောင် ပြေးသွားသည်ရှိသော် ထိုယောက်ျား၏သွားစဉ်ပင် ထမင်းသည် ကျက်ခြင်း,နပ်ခြင်း ဖြစ်ရလေ၏။

အမျှဝေခြင်းအကျိုး

ထိုယောက်ျားသည် အကြွင်းအကျန်ဖြစ်အောင် မပြုလိုသဖြင့် အတန်ငယ်သော စားဦးထမင်းကိုဖယ်ထား၍ ထမင်းကို စားနေစဉ် ခရီးသွားတစ်ယောက်ကို မြင်ရလျှင် “အရှင်- ငါသည် ဖယ်၍ထားသော အကြွင်းအကျန်မဟုတ်သော အတန်ငယ်သော ထမင်းသည် ရှိ၏၊ ယူ၍စားပါလော့”ဟု ဆိုလေ၏။ ခရီးသွားယောက်ျားလည်း ယူ၍စားလေ၏။ မင်းခယောက်ျားလည်း မိမိစားပြီး၍ ထမင်းတစ်ဆုပ်ကို ရေ၌စွန့်ကြဲပြီးလျှင် ခံတွင်းကို ဆေးကြော၍ ကျယ်စွာသောအသံဖြင့် “ဤမြစ်အရပ်၌ စောင့်ရှောက် စိုးအုပ်ကာ နေကြကုန်သော နဂါး,ဂဠုန်,နတ်တို့သည် အကျွန်ုပ်၏စကားကို နာတော်မူကြပါကုန်လော့၊ မင်းကြီးသည် အကျွန်ုပ်အား မင်းအာဏာကို ပြုလိုသောကြောင့် ကုမုဒြာ ကြာပန်းနှင့်တကွ အရုဏဝတီ မြေကို ဆောင်ချေဟု မိန့်မြွက်၍ အကျွန်ုပ်ကို စေလွှတ်တော်မူ၏။ ခရီးသွားယောက်ျား လူတစ်ယောက်အားလည်း အကျွန်ုပ်သည် ထမင်း ပေးလှူအပ်ပါ၏။ ထိုအလှူသည် တစ်ထောင်သောအကျိုးအာနိသင် ရှိပါ၏။ ရေ၌ ငါးတို့အားလည်း ပေးလှူအပ်ပါ၏။ ထိုအလှူသည် တစ်ရာသော အကျိုးအာနိသင် ရှိပါ၏။ ဤမျှလောက်သော ကောင်းမှုအကျိုးကို အသင်တို့ အလို့ငှာ အဖို့ပြု၍ အမျှပေးဝေပါ၏။ အကျွန်ုပ်အား ကုမုဒြာကြာပန်းနှင့် အရုဏ၀တီမြေညက်ကို ဆောင်ယူ၍ ပေးသနားတော်မူကြပါကုန်လော့”ဟု ဆိုလျက် သုံးကြိမ်တိုင်အောင် ကြွေးကြော်လေ၏။

ထိုမြစ်အရပ်၌ စောင့်ရှောက် စိုးအုပ်ကာနေသော နဂါးမင်းကြီးသည် ထိုအသံကိုကြားရလျှင် သူအို၏အသွင်ဖြင့် ထိုမင်းခယောက်ျား၏ အထံသို့ သွားရောက်၍ “အသင်သည် အဘယ်ကို ဟစ်အော်ပြောဆိုသနည်း”ဟု မေးလေ၏။ ထိုယောက်ျားသည် နောက်ထပ်တစ်ဖန် ရှေးနည်းအတူသာလျှင် ပြောကြားပြန်သောကြောင့် “ငါ့အား ထိုအလှူအဖို့ကို ပေးပါလော့”ဟု နဂါးမင်းက ဆိုလတ်သည်ရှိသော် “ပေးဝေပါ၏”ဟု ပြောဆို၏။ နောက်ထပ်တစ်ဖန် “ပေးပါလော့”ဟု ဆိုပြန်သောအခါ “အရှင်-ပေးဝေပါ၏”ဟု ပြောဆို၏။ ဤသို့ နဂါးမင်းသည် နှစ်ကြိမ်,သုံးကြိမ်တိုင်အောင် အလှူအဖို့ကို ပေးဝေစေပြီးလျှင် ကုမုဒြာကြာပန်းနှင့်တကွ အရုဏ၀တီမြေညက်ကို ယူဆောင်၍ ပေးလိုက်လေ၏။

မြို့တံခါးပိတ်ထား၍ ကျောင်းသို့သွားရခြင်း

ပသေနဒီ ကောသလမင်းကြီးသည်လည်း “လူတို့မည်သည်ကား များသောလှည့်ပတ်ခြင်း ရှိကုန်၏၊ ထိုယောက်ျားသည် တစ်စုံတစ်ခုသော ဥပါယ်တံမျဉ် အကြောင်းအရာဖြင့် အကယ်၍ ရခဲ့သည်ဖြစ်အံ့၊ ငါ့အား ကိစ္စပြီးခြင်း မဖြစ်ရာ”ဟု ကြံဆင်ခြင်တော်မူ၏။ ဤသို့ ကြံဆင်ခြင်တော်မူပြီးလျှင် စောစောကလျှင် မြို့တံခါးကို ပိတ်ထားစေ၍ ကမ္ပည်းတံဆိပ် သံကောက်သော့ကို မိမိ၏အထံသို့ ဆောင်ယူလာစေ၏။ မင်းခယောက်ျားလည်း မင်းကြီး ရေချိုးအံ့သော အချိန်အခါ၌သာလျှင် လာရောက်၍ တံခါးကို ဝင်ခွင့်မရခြင်းကြောင့် တံခါးစောင့်ကိုခေါ်စေ၍ “တံခါးကို ဖွင့်ပါလော့”ဟု ဆိုလေ၏။ “တံခါးကိုဖွင့်ခြင်းငှာ မတတ်နိုင်ပါ၊ မင်းကြီးသည် စောစောကလျှင် တံဆိပ်ခပ်နှိပ်၍ သော့ခတ်၍ သော့ကို မင်းနန်းတော်သို့ ဆောင်ယူစေပါပြီ”ဟု ပြောဆို၏။ ထိုယောက်ျားက “ငါသည် မင်းကြီးစေလွှတ်အပ်သော တမန်ဖြစ်ပါသည်၊ တံခါးကို ဖွင့်၍ပေးပါလော့”ဟု ပြောဆိုသော်လည်း ဝင်ရန်တံခါးကို မရသည်ဖြစ်၍ “ဤယခုအခါ၌ ငါအား အသက်သည် ရှိတော့မည်မဟုတ်၊ အဘယ်သို့ ပြုရပါအံ့နည်း”ဟု ကြံစည်လျက် တံခါး၏အထက် တံခါးခုံ၌ မြေညက်စိုင်ခဲကို တင်ထားပြီးလျှင် ထိုမြေညက်စိုင်ခဲ၏ အထက်၌ ကြာပန်းတို့ကို ဆွဲထား၍ ကျယ်စွာသော အသံကိုပြုလျက် “အို.. တိုင်းသူပြည်သား လူအများတို့- မင်းကြီး၏ စေခိုင်းသော အာဏာဖြင့် အကျွန်ုပ် သွားရသည်အဖြစ်ကို အသင်တို့သည် သိကြပါကုန်လော့၊ မင်းကြီးသည် အကျွန်ုပ်ကို အကြောင်းမဲ့ ဖျက်ဆီးခြင်းငှာ အလိုရှိပါ၏”ဟု သုံးကြိမ်တိုင်အောင် ဟစ်အော်ပြီးမှ “ငါသည် အဘယ်အရပ်သို့ သွားရပါမည်နည်း”ဟု ကြံစည်၍ “ရဟန်းတော်တို့မည်သည်ကား နူးညံ့သိမ်မွေ့သော စိတ်နှလုံး ရှိကြကုန်၏။ ကျောင်းသို့သွား၍ အိပ်တော့အံ့”ဟု ဆုံးဖြတ်ခြင်းကို ပြုရလေ၏။

(ဤသတ္တဝါတို့မည်သည်ကား ချမ်းသာသောကာလ၌ ရဟန်းတော်တို့၏ ရှိသည့်အဖြစ်ကိုသော်လည်း မသိ၊ ဆင်းရဲဖြင့် နှိပ်စက်အပ်ကုန်သော်ကား ကျောင်းသို့ သွားခြင်းငှာ အလိုရှိကုန်သည်သာတည်း။)

ထို့ကြောင့် ထိုမင်းခယောက်ျားသည်လည်း “ငါ့အား တစ်ပါးသော ကိုးကွယ်ရာမည်သည် မရှိလေပြီ”ဟု ကြံ၍ ကျောင်းသို့သွားပြီးလျှင် ချမ်းသာရာ နေရာတစ်ခု၌ အိပ်လေ၏။ ထိုအခါ ပသေနဒီ ကောသလမင်းကြီးသည်လည်း ထိုညဉ့်၌ အိပ်ပျော်ခြင်းကို မရသဖြင့် ထိုမိန်းမကို အောက်မေ့ကြံစည်စဉ် ကာမတဏှာတည်းဟူသော ပြင်းစွာသော ပူလောင်ခြင်းသည် ဖြစ်လေ၏။ ထိုသို့ ကာမတဏှာ ပူလောင်ခြင်းဖြင့် နှိပ်စက်အပ်သော ထိုပသေနဒီ ကောသလမင်းကြီးသည် “မိုးလင်းစင်သော ခဏ၌သာလျှင် ထိုယောက်ျားကိုသတ်၍ ထိုမိန်းမကို ဆောင်ယူ သိမ်းပိုက်တော့အံ့”ဟု ကြံစည်အောက်မေ့၍ နေလေ၏။

“ဒု-သ-န-သော”ဟု ကြားရပုံ

ထိုခဏ၌ပင်လျှင် ယူဇနာခြောက်ဆယ်ရှိသော လောဟကုမ္ဘီငရဲ၌ ဖြစ်ကြကုန်သော ယောက်ျားလေးယောက်တို့သည် ကျိုက်ကျိုက်ဆူသော ထမင်းအိုး၌ ဆန်တို့ကဲ့သို့ တပြောင်းပြန်ပြန် ကျက်ကုန်လျက် အနှစ်သုံးသောင်းတို့ကြာမှ အောက်အပြင်သို့ရောက်၍ တစ်ပါးသော အနှစ်သုံးသောင်းတို့ကြာမှ တစ်ဖန် ငရဲအိုးမျက်နှာဝသို့ ရောက်ကြလေကုန်၏။ ထိုငရဲသား လေးယောက်တို့သည် ဦးခေါင်းကို ပင့်မြှောက်၍ အချင်းချင်းကို ကြည့်ရှုပြီးလျှင် ဂါထာတစ်ခု, တစ်ခုစီ ဆိုလိုကုန်လျက် ထိုဂါထာကို ရွတ်ဆိုခြင်းငှာ မစွမ်းနိုင်ကုန်ရကား အက္ခရာ တစ်လုံး, တစ်လုံးစီကိုသာ ရွတ်ဆိုနိုင်သဖြင့် ပြန်လည်၍ လောဟကုမ္ဘီငရဲသို့သာ နစ်မြုပ်ဝင်သွားပြန်လေကုန်၏။ ပသေနဒီ ကောသလမင်းကြီးသည် မအိပ်နိုင်မူ၍ သန်းခေါင်းယာမ်၏ အခြားမဲ့၌ ထိုအသံကိုကြားရလျှင် ကြောက်ရွံ့ထိတ်လန့်သော စိတ်ရှိရကား “အသို့နည်း- ငါ၏ အသက်အန္တရာယ်သည် ဖြစ်လတ္တံ့လေလော၊ သို့တည်းမဟုတ် ငါ၏ တောင်ညာဒေဝီ မဟေသီမိဖုရားကြီး၏ အသက်အန္တရာယ်တည်း ဖြစ်လတ္တံ့လေလော၊ သို့တည်းမဟုတ် ငါ၏ တိုင်းပြည်ကြီးသည်ပင် ပျက်စီးလတ္တံ့လော”ဟု ကြံစည်အောက်မေ့လျက် တစ်ညဉ့်ပတ်လုံး မျက်စိတို့ကိုမှိတ်ခြင်းငှာ မတတ်နိုင်ဘဲ ရှိလေ၏။ ထိုပသေနဒီ ကောသလမင်းကြီးသည် အရုဏ်တက်သောအခါ၌ပင် ပုရောဟိတ်ပုဏ္ဏားကို ခေါ်စေတော်မူ၍ “ဆရာပုဏ္ဏား- ငါဘုရင်မင်းမြတ်သည် သန်းခေါင်ယာမ်၏ အခြားမဲ့၌ ကြီးသော ကြောက်မက်ဖွယ်သော အသံကို ကြားအပ်၏။ တိုင်းပြည်အားလည်းကောင်း၊ မိဖုရားကြီးအားလည်းကောင်း၊ ငါဘုရင်မင်းမြတ်အားလည်းကောင်း အဘယ်သူအား အန္တရာယ်သည် ဖြစ်လတ္တံ့ဟု မသိရ၊ ထို့ကြောင့် ငါဘုရင်မင်းမြတ်သည် အသင်ဆရာကို ခေါ်စေအပ်၏”ဟု မိန့်ဆိုလေ၏။ “မြတ်သောမင်းကြီး- အဘယ်သို့သော အသံတို့ကို အရှင်မင်းကြီးသည် ကြားအပ်ပါကုန်သနည်း”ဟု မေးလျှင် “ဆရာပုဏ္ဏား- ဒု-ဟူ၍လည်းကောင်း၊ သ-ဟူ၍လည်းကောင်း၊ န-ဟူ၍လည်းကောင်း၊ သော-ဟူ၍လည်းကောင်း၊ ဤသို့ ဤအသံကို ကြားလေသည်၊ ဤအသံလေးခုတို့၏ အကျိုးအပြစ်ကို စူးစမ်းပါလော့”ဟု မိန့်တော်မူလေ၏။

ဒု-သ-န-သော ပုဏ္ဏား ကိန်းဆင်ပုံ

ထိုအခါ ပုရောဟိတ်ပုဏ္ဏားကြီးအား ကြီးစွာသော အမိုက်တိုက်သို့ သက်ဝင်သောသူအားကဲ့သို့ တစ်စုံတစ်ခုသော အကျိုးအပြစ်သည် မထင်ရှားလေ။ သို့ရာတွင် “အကျွန်ုပ်မသိပါ”ဟု အကယ်၍ လျှောက်ကြားအပ်သည်ဖြစ်အံ့၊ ငါ့အား လာဘ်ပူဇော်သက္ကာရသည် ဆုတ်ယုတ်ပေလတ္တံ့”ဟု ကြောက်သောကြောင့် “အရှင်မင်းမြတ်- ဝန်လေးလှပါသည်”ဟု လျှောက်လေ၏။ “ဆရာပုရောဟိတ်- အသို့ပါနည်း”ဟု မေးပြန်လတ်သော် “အရှင်မင်းမြတ်၏ အသက်အန္တရာယ်သည် ထင်ပေါ်လာပါသည်”ဟု ဆိုလျှင် မင်းကြီးသည် နှစ်ဆတက် ကြောက်လန့်သည်ဖြစ်၍ “ဆရာပုရောဟိတ်- ပယ်ဖျောက်တားမြစ်နိုင်သော တစ်စုံတစ်ခုသောအကြောင်း ရှိပါသလော”ဟု မေးတော်မူလေ၏။ “အရှင်မင်းမြတ်- တားမြစ်နိုင်သော အကြောင်းသည် ရှိပါ၏၊ ကြောက်လန့်တော်မမူပါလင့်၊ အကျွန်ုပ်သည် ဗေဒင်သုံးပုံတို့ကို သိပါ၏”ဟု လျှောက်တင်လေ၏။ “အဘယ်ကို ရခြင်းငှာ သင့်သနည်း”ဟု မေးတော်မူပြန်သော် “အရှင်မင်းမြတ်- “သဗ္ဗသတ”မည်သော ယဇ်ကို ပူဇော်သဖြင့် အသက်ကို ရပါလတ္တံ့”ဟု လျှောက်တင်လေ၏။ “အဘယ်ကိုရခြင်းငှာ သင့်သနည်း”ဟု ပုဏ္ဏားကို မေးပြန်သော် ဆင်တစ်ရာ, မြင်းတစ်ရာ, နွားလားဥသဘ တစ်ရာ, နို့ညှစ်နွားမ တစ်ရာ, ဆိတ်မြန်မာ တစ်ရာ, မြည်းတစ်ရာ, အာဇာနည်မြင်း တစ်ရာ, ဆိတ်ကုလား တစ်ရာ, ကြက်တစ်ရာ, ဝက်တစ်ရာ, သတို့သားတစ်ရာ, သူတို့သမီး တစ်ရာ, ဤသို့အားဖြင့် တစ်ဦးတစ်ဦးသော သတ္တဝါမျိုး၌ တစ်ရာစီပြု၍ ယူစေလေ၏။

(သားမျိုးချည်း သက်သက်ကိုသာလျှင် အကယ်၍ ယူစေငြားအံ့၊ “မိမိအလို့ငှာ စားဖွယ်ရာကိုသာလျှင် ယူစေဘိသည်”ဟု လူတို့ ဆိုကုန်လတ္တံ့။ ထို့ကြောင့် ဆင်,မြင်း,လူတို့ကိုလည်း ယူစေသတည်း ။)

မင်းကြီးလည်း “ငါ၏အသက်သည်သာလျှင် ငါ့အား ရထိုက်သော လာဘ်ကြီးတစ်ခု ဖြစ်ခဲ့၏”ဟု ကြံ၍ “အလုံးစုံ သတ္တဝါတို့ကို လျင်မြန်စွာ ဖမ်းဆီးကြကုန်လော့”ဟု စေခိုင်းတော်မူ၏။ စေခိုင်းအပ်သော လူတို့သည် စေခိုင်းသည်ထက် ပိုလွန်၍ ဖမ်းဆီးကြလေကုန်၏။

များစွာသော လူအပေါင်းသည်လည်း မိမိ,မိမိ၏ သားသမီး ဆွေမျိုး၏ သေဘေးမှ လွတ်စေခြင်းအကျိုးငှာ ဟစ်အော်ငိုကြွေး ပူဆွေးလျက် ကြီးစွာသောအသံကို ပြုကြလေကုန်၏။ မဟာပထဝီမြေကြီးသည် ပဲ့တင်ထပ်ဘိသကဲ့သို့ ဖြစ်လေ၏။

မင်းဖြစ်လျက် အသိဉာဏ်နည်း

ထိုအခါ မလ္လိကာမိဖုရားသည် ထိုအသံကို ကြားရ၍ မင်းကြီး၏ အထံသို့ သွားရောက်ပြီးလျှင် “မြတ်သောမင်ကြီး- အရှင်မင်းမြတ်၏ ဣန္ဒြေတို့သည် ပြကတေ့အတိုင်း မဟုတ်ကုန်၊ နွမ်းနယ်ပင်ပန်းဘိသကဲ့သို့ ထင်ရှား ဖြစ်ပေါ်ချေပြီတကား။ အကြောင်ကား အသို့ပါနည်း”ဟု မေးလျှောက်လေ၏။ “မလ္လိကာမိဖုရား- သင်သည် ငါ၏နားရင်း၌ လျင်သောအဆိပ်ရှိသောမြွေ သွားနေသည်ကိုလည်း မသိလေသလော”ဟု မိန့်တော်မူလတ်သော် “အရှင်မင်းကြီး- ဤအကြောင်းကား အဘယ်ပါနည်း”ဟု မေးလျှောက်ပြန်လေ၏။ “ညဉ့်အဖို့၌ ဤသို့သဘောရှိသော အသံမည်သည်ကို ကြားအပ်၏၊ ငါသည် ပုရောဟိတ် ပုဏ္ဏားကြီးကို မေးသည်ရှိသော် အသင်မင်းမြတ်၏ အသက်အန္တရာယ်သည် ထင်ပါ၏၊ ထို့ကြောင့် သဗ္ဗသတမည်သော ယဇ်ကြီးကို ပူဇော်ပါမှ အသက်ကို ရပေလတ္တံ့ဟု လျှောက်တင်သောကြောင့် ငါ၏အသက်သည်သာလျှင် ငါ၏ကြီးစွာသော ဆုလာဘ်တစ်ခုဟု နှလုံးပြု၍ ဤသတ္တဝါတို့ကို ဖမ်းယူစေဘိ၏”ဟု မိန့်တော်မူလေ၏။ မလ္လိကာ မိဖုရားသည်လည်း “မြတ်သောမင်းကြီး-အရှင်မင်ကြီးသည် အလွန်မိုက်သည်သာလျှင် ဖြစ်ပေ၏၊ အစားကြီးသောသူသည် အကယ်၍ကား ဖြစ်ခဲ့လေ၏။ များစွာသော စားမဲဟင်းလျာအထူးရှိသော တစ်စိတ်ချက်ထမင်းကို အကယ်၍ကား စားနိုင်ခဲ့၏၊ တိုင်းကြီးနှစ်တိုင်းတို့၌ မင်းအဖြစ်ကို အကယ်၍ကား ပြုနိုင်၏၊ ယင်းသို့ဖြစ်သော် လည်း အရှင်မင်းမြတ်၏ပညာကား နည်းပါးလှပေ၏”ဟု ဆိုလေ၏။

ဗုဒ္ဓအဆုံးအဖြတ် ခံယူပါ

ထိုအခါ “အဘယ်မိဖုရား- သင်အဘယ့်ကြောင့် ဤသို့ဆိုဘိသနည်း”ဟု မေးလျှင် “သူတစ်ပါး၏သေခြင်းဖြင့် သူတစ်ပါး၏ အသက်ရခြင်းကို အဘယ်သို့လျှင် သင်မင်းကြီး မြင်ဖူးလေသနည်း၊ အလွန်မိုက်လှစွာသော ပုဏ္ဏား၏စကားကိုယူ၍ လူအပေါင်း၏အထက်၌ ဆင်းရဲဒုက္ခကို အဘယ့်ကြောင့် ပစ်ချလိုဘိသနည်း၊ မနီးမဝေးဖြစ်သော ဇေတဝန်ကျောင်းတော်၌ နတ်နှင့်တကွသော လူအပေါင်း၏ အထွတ်အမြတ်ပုဂ္ဂိုလ်ဖြစ်သော အတိတ် စသည်တို့၌ အပိတ်အပင် အဆီးအတားကင်းသော ဉာဏ်ရှိတော်မူသော မြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူ၏။ ထိုမြတ်စွာဘုရားကို မေးလျှောက်၍ မြတ်စွာဘုရား၏ အဆုံးအမကိုသာ လိုက်နာပြုကျင့်တော်မူပါလော့”ဟု လျှောက်ကြားပြောဆိုအပ်သည်ရှိသော် ထိုအခါ မင်းကြီးသည် ပေါ့ပါးလျင်လျားသော ယာဉ်တို့ဖြင့် မလ္လိကာမိဖုရားနှင့်တကွ တက်စီး၍ ကျောင်းတော်သို့ သွားရောက်၍ သေသောဘေးဖြင့် ခြိမ်းခြောက်အပ်သောသူဖြစ်ရကား တစ်စုံတစ်ခုသော စကားကိုမျှ ဆိုခြင်းငှာ မတတ်နိုင်သဖြင့် မြတ်စွာဘုရားကို ရှိခိုးလျက် သင့်တင့်သောအရပ်၌ နေထိုင်လေ၏။ ထိုအခါ မင်းကြီးကို မြတ်စွာဘုရားသည် “ဒကာတော်မင်းကြီး- အသင်မင်းကြီးသည် ယခု နေ့လယ်ကြောင်တောင်ဖြစ်သော မွန်းတည့်အခါကာလ၌ အဘယ်အရပ်မှ လာခဲ့သနည်း”ဟု ရှေးဦးစွာ စတင်လျက် ပြောဆိုမေးမြန်းတော်မူလေ၏။ ပသေနဒီ ကောသလမင်းကြီးသည်ကား ဆိတ်ဆိတ်သာလျှင် ထိုင်နေလေ၏။

မင်းကြီး၏ အသက်အန္တရာယ်မရှိ

ထို့နောက်မှ မလ္လိကာ မိဖုရားသည် မြတ်စွာဘုရားအား “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အရှင်မြတ်၏ ဒကာတော်မင်းကြီးသည် သန်းခေါင်ယာမ်၏ အခြားမဲ့၌ မကောင်းသောအသံကို ကြားရလေသတတ်၊ ထိုအခါ ဤမင်းကြီးသည် ပုရောဟိတ်ပုဏ္ဏားအား ပြန်ကြားပြောဆိုပါသည်။ ထိုစကားကိုကြားရလျှင် ပုရောဟိတ်ပုဏ္ဏားသည် အသင်မင်းကြီး၏ အသက်အန္တရာယ်ဖြစ်လတ္တံ့ဟု ဆို၍ ထိုအန္တရာယ်ကို တားမြစ်ခြင်းအကျိုးငှာ အလုံးစုံ တစ်ရာ,တစ်ရာဖြစ်သော သတ္တဝါတို့ကို ဖမ်းယူ၍ ထိုသတ္တဝါတို့၏ လည်ချောင်းသွေးဖြင့် ယဇ်ကြီးပူဇော်ပါမှ အသက်ကိုရပါလတ္တံ့ဟု လျှောက်တင်ပါသည်ဘုရား၊ မင်းကြီးသည်လည်း သတ္တဝါတို့ကို ဖမ်းယူစေပါသည်၊ ထို့ကြောင့် တပည့်တော်မသည် ဤမင်းကြီးကို ရှင်တော်မြတ်ဘုရား၏ ခြေတော်ရင်းဖြစ်သော ဤအရပ်သို့ သွေးဆောင် ခေါ်ယူခဲ့ရပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ဒကာတော်မင်းကြီး- ဤမိဖုရား လျှောက်ကြားတိုင်း မှန်ပေသလော”ဟု မေးတော်မူသော် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဟုတ်မှန်ပါသည်ဘုရား”ဟု ဝန်ခံသဖြင့် “မင်းကြီး- အသင်သည် အဘယ်သို့သော အသံကို ကြားအပ်လေသနည်း”ဟု မေးတော်မူပြန်သော် မင်းကြီးသည် မိမိကြားသော နည်းဖြင့်သာလျှင် မြတ်စွာဘုရားအား လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် မင်းကြီးလျှောက်ထားသည်ကို ကြားတော်မူ၍သာလျှင် တစ်ပြိုင်နက် အရောင်အလင်းသည် ဖြစ်လေ၏။ ထိုအခါ မင်းကြီးကို “ဒကာတော်မင်းကြီး- မကြောက်မရွံ့လင့်၊ အသင်မင်းကြီးအား အန္တရာယ်သည် မရှိ၊ မကောင်းမှုကို ပြုဖူးကုန်သော သတ္တဝါတို့သည် မိမိ၏ ဆင်းရဲဒုက္ခကို သည်းခံခြင်းငှာ မတတ်နိုင်ကုန်ရကား ဤသို့သောအသံကို ရွတ်ဆိုကြကုန်၏”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ထိုသူတို့သည် ပြုအပ်ဖူးသော မကောင်းမှုသည်ကား အဘယ်ပါနည်းဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုသူတို့၏ မကောင်းမှုကို ဟောကြားတော်မူခြင်းငှာ “ထိုသို့ဖြစ်မူ ဒကာတော်မင်းကြီး နာကြားလေလော့”ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူလေ၏။

ဒု-သ-န-သော အတိတ်ဝတ္ထု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ အနှစ်,နှစ်သောင်းတမ်း အသက်ရှိသော လူတို့၌ ကဿပမည်သော မြတ်စွာဘုရားသည် လူတွင်ထင်ရှား ဘုရားဖြစ်တော်မူ၍ ရဟန္တာအပေါင်း နှစ်သောင်းတို့နှင့်တကွ ဒေသစာရီ ကြွချီတော်မူသည်ရှိသော် ဗာရာဏသီပြည်သို့ ရောက်တော်မူလေ၏။ ဗာရာဏသီ ပြည်သူပြည်သားတို့သည် နှစ်ယောက်သော သူတို့သည်လည်းကောင်း၊ သုံးယောက်သော သူတို့သည်လည်းကောင်း၊ များစွာသော သူတို့သည်လည်းကောင်း တစ်ပေါင်းတည်း ပေါင်းစည်းစုဝေး၍ အာဂန္တုရဟန်းတို့အား လှူအပ်သော အာဂန္တုကဒါနကို ဖြစ်စေကြကုန်၏။ ထိုအခါ ဗာရာဏသီပြည်၌ ကုဋေလေးဆယ်ကြွယ်ဝချမ်းသာသော စည်းစိမ်ရှိသောသူ လေးယောက်တို့သည် သူဌေးသားဖြစ်၍ အပေါင်းအဖော် အဆွေခင်ပွန်းတို့ ဖြစ်ကြလေကုန်၏။ ထိုသူတို့သည် တိုင်ပင်စကား ပြောကြားကြကုန်သည်မှာ “ငါတို့၏အိမ်၌ များစွာသော ရွှေငွေရတနာ ပစ္စည်းဥစ္စာသည် ရှိပေ၏။ ထိုပစ္စည်းဥစ္စာဖြင့် အဘယ်အမှုကို ပြုရကုန်အံ့နည်း”ဟု တိုင်ပင်ကြကုန်သော် “ဤသို့သဘောရှိသော မြတ်စွာဘုရား ဒေသစာရီ လှည့်လည်ကြွလာသည့်အခိုက် အလှူဒါနကို ပေးလှူကြကုန်အံ့၊ သီလကို စောင့်ရှောက်ကြကုန်အံ့၊ ပူဇော်ခြင်းကို ပြုကြကုန်အံ့”ဟု ထိုသူဌေးသား လေးယောက်တို့တွင် တစ်ယောက်သောသူမျှလည်း မပြောမဆိုမူ၍ တစ်ယောက်သော သူဌေးသားသည် ရှေးဦးစွာ ဤသို့ဆိုလေ၏။ “ထက်သော သေရည်ကို သောက်ကုန်လျက် မြိန်မြတ်သော အရသာရှိသော ငါးအမဲကို စားကုန်၍ သွားလာလှည့်ပတ်ကြကုန်စို့အံ့၊ ဤသို့ သောက်စား လှည့်လည်ရခြင်းသည် ငါတို့အား အသက်ရှည်ခြင်း၏အကျိုး ဖြစ်ပေလိမ့်မည်”ဟု ဆိုလေ၏။

တစ်ယောက်သော သူဌေးသားကလည်း “နေ့တိုင်းနေ့တိုင်း သုံးနှစ်လည်အောင် နံ့သာမွှေးကြိုင်သော သလေးထမင်းကို အထူးထူးသော အရသာကောင်းတို့နှင့် သုံးဆောင် စားသောက်ကုန်လျက် လှည့်လည်သွားလာကြကုန်စို့အံ့”ဟု ပြောဆိုလေ၏။ တစ်ယောက်သော သူဌေးသားကလည်း “အထူးထူးအပြားပြား များလှသော မုန့်ခဲဖွယ်အထူးကို ကြော်စေချက်စေ၍ စားသောက်ကုန်လျက် လှည့်လည်ကြကုန်စို့အံ့”ဟု ပြောဆိုလေ၏။ တစ်ယောက်သော သူဌေးသားကမူကား “အဆွေတို့- ငါတို့သည် တစ်ပါးသော တစ်စုံတစ်ခုသောကိစ္စကို မပြုလိုကြကုန်၊ “ပစ္စည်းဥစ္စာကို ပေးအံ့”ဟု ဆိုသည်ရှိသော် အလိုမရှိသော မိန်းမတို့မည်သည် မရှိ၊ ထို့ကြောင့် ပစ္စည်းဥစ္စာဖြင့် ဖြားယောင်းကုန်လျက် သူတစ်ပါး၏ ဇနီးမယားတို့၌ ပျော်ပါးခြင်းတည်းဟူသော ပရဒါရိက ကံအမှုကို ပြုကျင့်ကြကုန်စို့အံ့”ဟု ပြောဆိုလေ၏။ အလုံးစုံသော သူတို့သည် “ကောင်းပေ၏၊ ကောင်းပေ၏”ဟု ထိုသူ၏စကား၌သာ ရပ်တည်ကြလေကုန်၏။

ထိုသူဌေးသားတို့သည် ထိုအခါမှစ၍ အဆင်းသဏ္ဌာန် ကြန်အင်လက္ခဏာ ကောင်းစွာပြည့်ဝ လှပကုန်သော မိန်းမတို့အား ဥစ္စာကိုပေးပို့စေ၍ အနှစ်,နှစ်သောင်းတိုင်တိုင် သူတစ်ပါး သားမယားအား လွန်ကျူးပြစ်မှားသော အမှုကို ပြုမိခဲ့ကြ၍ စုတေသေလွန်သည်ရှိသော် အဝီစိငရဲကြီး၌ ဖြစ်ကြသဖြင့် ဘုရားနှစ်ဆူတို့၏ တစ်ခုသောအကြား ကာလပတ်လုံး ငရဲ၌ကျက်ပြီးလျှင် ထိုအဝီစိငရဲ၌ သေလွန်ပြန်ရကား ထိုမကောင်းမှုကံကြွင်း၏ အစွမ်းအားဖြင့် ယူဇနာခြောက်ဆယ်ရှိသော လောဟကုမ္ဘီငရဲအိုး၌ ဖြစ်ပြန်သဖြင့် အနှစ်သုံးသောင်းတို့ဖြင့် အောက်အပြင်သို့ ကျရောက်၍ တစ်ဖန် အနှစ်သုံးသောင်းတို့ဖြင့် လောဟကုမ္ဘီငရဲအိုး၏ အထက်မျက်နှာရေးဝသို့ ရောက်လာသောအခါ တစ်ခုစီသောဂါထာကို ရွတ်ဆိုလိုကုန်လျက် ရွတ်ဆိုခြင်းငှာ မစွမ်းနိုင်ရကား တစ်လုံး,တစ်လုံးစီသော အက္ခရာကို ရွတ်ဆိုမိပြီးလျှင် တစ်ဖန် ကျွမ်းပြန်လျက် ငရဲအိုးသို့သာ နစ်မြုပ်ကာဝင်သွားရလေ၏။ “ဒကာတော်မင်းကြီး- လျှောက်ဆိုလေလော့၊ အသင်မင်းကြီးသည် ရှေးဦးစွာ အဘယ်မည်သော အသံကို ကြားအပ်ပေသနည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- ဒု-ဟူသောအသံကို ကြားရပါသည်ဘုရား”ဟု လျှောက်လေ၏။ မြတ်စွာဘုရားလည်း ထိုငရဲသား သတ္တဝါသည် မပြည့်မစုံဘဲ ရွတ်ဆိုအပ်သော ဂါထာကို အပြည့်အစုံပြု၍ ဟောပြတော်မူလိုသောကြောင့် ဤသို့ မိန့်တော်မူလေ၏။

ဒု-သ-န-သော အကျယ်ဂါထာ

ဒုဇ္ဇီဝိတ မဇီဝိမှ၊ ယေ သန္တေ န ဒဒမှသေ။
ဝိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။

ယေသံ၊ အကြင်ငါတို့အား။ တစ်နည်းကား။ ယေသံ နော၊ အကြင်ငါတို့သည်။ ဘောဂေသု၊ စည်းစိမ်ဥစ္စာတို့သည်။ ဝိဇ္ဇမာနေသု၊ ထင်ရှားရှိကုန်လျက်။ န ဒဒမှသေ၊ မပေးမလှူမိကုန်။ အတ္တနော၊ မိမိ၏။ ဒီပံ၊ မှီခိုရာ ကိုင်းကျွန်းသဖွယ်ဖြစ်သော ကုသိုလ်ကောင်းမှုကံကို။ န အကမှ၊ မပြုမိကုန်။ တေသံ နော၊ ထိုငါတို့သည်။ ဒုဇ္ဇီဝိတံ၊ မကောင်းသဖြင့် အသက်မွေးခြင်းကို။ အဇီဝိမှ၊ အသက်မွေးမိကြလေကုန်၏။

ထိုအခါ မင်းကြီးအား ဤဂါထာ၏အနက်ကို ပြတော်မူပြီးလျှင် “ဒကာတော်မင်းကြီး- သင်မင်းကြီးသည် နှစ်ခုမြောက်သော အသံ, သုံးခုမြောက်သော အသံ, လေးခုမြောက်သောအသံကို အဘယ်သို့ ကြားအပ်ပေသနည်း”ဟု မေးတော်မူပြန်သဖြင့် “ဤသို့မည်သော အသံပါဘုရား”ဟု လျှောက်ကြားအပ်သည်ရှိသော် အကြွင်းအကျန်ကို အပြည့်အစုံ ပြုတော်မူလျက်-

သဋ္ဌိဝဿသဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။
နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘဝိဿတိ။

နိရယေ၊ လောဟကုမ္ဘီ ဤသည်ငရဲ သံရေထဲ၌။ ပစ္စမာနာနံ၊ ကျက်ကြရကုန်သော ငါတို့အား။ သဗ္ဗသော၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်။ သဋ္ဌိဝဿသဟဿာနိ၊ အနှစ် ခြောက်သောင်းတို့သည်။ ပရိပုဏ္ဏာနိ၊ ပြည့်ကုန်ပြီ။ ကဒါ၊ အဘယ်နံရောအခါ၌။ အန္တော၊ အဆုံးသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့နည်း။

နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။
တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ။

အမှာကံ၊ ငါတို့အား။ အန္တော၊ အဆုံးအပိုင်းအခြားသည်။ နတ္ထိ၊ မရှိခဲ့။ အန္တော၊ ငရဲ၏ အဆုံးကား။ ကုတော၊ အဘယ်မှာ ရှိအံ့နည်း။ အန္တော၊ ငရဲခံရခြင်း၏ အပိုင်းအခြားသည်။ န ပဋိဒိဿတိ၊ မထင်။ ဟိ၊ ထိုစကားသင့်စွ။ မာရိသာ၊ ငါနှင့်တူသောသူ။ တဒါ၊ ထိုဗာရာဏသီပြည်တွင် လူဖြစ်စဉ်အခါ၌။ မမ စ၊ ငါသည်လည်းကောင်း။ တုယှဉ္စ၊ သင်သည် လည်ကောင်း။ ပါပံ၊ မကောင်းမှုကို။ ပကတံ၊ များစွာ ပြုမိခဲ့လေပြီ။

သောဟံ နူန ဣတော ဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။
ဝဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။

သောဟံ၊ ထိုငါသည်။ ဣတော၊ ဤသံရေပူငရဲမှ။ ဂန္တွာ၊ သွားရ၍။ မာနုသိံ၊ လူဖြစ်သော။ ယောနိံ၊ ဘဝကို။ လဒ္ဓါန၊ ရပါမူကား။ ဝဒညူ၊ အလှူခံသူ လူပုဂ္ဂိုလ်တို့၏စကားကို သိလေ့ရှိသည်ဖြစ်၍။ သီလသမ္ပန္နော၊ သီလနှင့် ပြည့်စုံသည်ဖြစ်၍။ နူန၊ စင်စစ်အားဖြင့်။ ဗဟုံ၊ များစွာ။ ကုသလံ၊ ကုသိုလ်ကောင်းမှုကို။ ကာဟာမိ၊ ပြုပါတော့အံ့။

ဤသို့ အစဉ်အတိုင်း ဤဂါထာတို့ကို ယှဉ်စပ်ဟောပြတော်မူပြီးလျှင် ထို့နောက်မှ မြတ်စွာဘုရားသည် အနက်ကို ပြတော်မူလိုရကား “ဒကာတော်မင်းကြီး- ဤသို့လျှင် ထိုလေးယောက်ကုန်သော သူတို့သည် တစ်ခု,တစ်ခုသော ဂါထာကို ရွတ်ဆိုခြင်းငှာ မတတ်နိုင်ကြကုန်ရကား တစ်လုံး, တစ်လုံးသာလျှင်ဖြစ်သော အက္ခရာကို ရွတ်ဆိုပြီး တစ်ဖန် ထိုငရဲသားသတ္တဝါတို့သည် လောဟကုမ္ဘီငရဲသို့သာ ဝင်ရပြန်လေတော့သည်”ဟု မိန့်တော်မူလေ၏။

သူ့မယား ပြစ်မှားလိုစိတ် ပယ်

ထိုတရားဒေသနာတော်ကို ကြားရလျှင် ပသေနဒီ ကောသလမင်းကြီး၏သန္တာန်၌ ကြီးစွာသော ထိတ်လန့်ခြင်းသည် ဖြစ်ပေါ်လာလေ၏။ “သူတစ်ပါး၏မယား၌ ကျူးလွန်စော်ကား ပြစ်မှားသော ထိုမကောင်းမှုမည်သည် ဝန်လေးလှ၏တကား၊ နှစ်ဆူသောဘုရားရှင်တို့၏ တစ်ခုသော အကြားကာလပတ်လုံး ဤသို့ ငရဲ၌ကျက်ပြီးလျှင် ထိုငရဲမှ စုတေသည်ရှိသော် ယူဇနာခြောက်ဆယ်ရှိသော လောဟကုမ္ဘီငရဲအိုး၌ ဖြစ်ရ၍ ထိုလောဟကုမ္ဘီငရဲအိုး၌ အနှစ်ခြောက်သောင်းတို့ပတ်လုံးကျက်၍ ခံစားကာနေရပါလျက်လည်း ထိုငရဲသားတို့အား ဆင်းရဲမှ လွတ်အံ့သောအခါသည် မထင်ရှားခဲ့။ ငါသည်လည်း သူ့မယား၌ ချစ်ခင်ခြင်းကို ပြုမိသောကြောင့် အလုံးစုံသော ညဉ့်သုံးယာမ်ပတ်လုံး အိပ်ပျော်ခြင်းကို မရလေ။ ယခုအခါ ဤနေ့မှစ၍ သူတစ်ပါး၏မယား၌ ပြစ်မှားသောစိတ်ကို မဖွဲ့တော့အံ့(မဖြစ်စေတော့အံ့)”ဟု ပသေနဒီကောသလမင်းကြီး ကြံလျက် မြတ်စွာဘုရားကို “ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား- ဒကာတော်သည် ယနေ့ညဉ့်၏ တာရှည်သည့်အဖြစ်ကို သိရပါပြီဘုရား”ဟု လျှောက်ကြားလေ၏။ မင်းကြီး စေလွှတ်အပ်သော ထိုမင်းခယောက်ျားသည်လည်း ထိုနေရာ၏အနီး၌သာလျှင် ထိုင်နေရကား မင်းကြီးလျှောက်ထားသောစကားကို ကြားရသည်ရှိသော် “ငါ့အား အားကိုးရာ အထောက်အပံ့ကို ရအပ်ပေပြီ”ဟု ကြံလျက် မြတ်စွာဘုရားကို “ဘုန်းကြီးတော်မူသော မြတ်စွာဘုရား- ပြည့်ရှင်မင်းမြတ်သည် ညဉ့်၏ တာရှည်သည့်အဖြစ်ကို ရှေးဦးစွာ သိလေပြီဘုရား၊ တပည့်တော်သည်လည်း ယမန်နေ့က တစ်ယူဇနာမျှလောက်သောခရီး၏ ရှည်ဝေးသည့်အဖြစ်ကို သိရပါသည်ဘုရား”ဟူ၍ လျှောက်လေ၏။ မြတ်စွာဘုရားသည် နှစ်ဦးနှစ်ယောက်လည်းဖြစ်သော သူတို့၏စကားကို နှီးနှောတော်မူ၍ “အချို့သောသူအား ညဉ့်သည် တာရှည်၏၊ အချို့သောသူအား တစ်ယူဇနာမျှသော ခရီးသည် ရှည်ဝေး၏၊ မိုက်မဲ တွေဝေသောသူအား သံသရာသည် ကြာရှည်၏”ဟု မိန့်တော်မူ၍ တရားဟောတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

လူမိုက်အတွက် သံသရာရှည်ကြာ

֍ * [၆၀] ဒီဃာ ဇာဂရတော ရတ္တိ၊ ဒီဃံ သန္တဿ ယောဇနံ။
ဒီဃော ဗာလာန သံသာရော၊ သဒ္ဓမ္မံ အဝိဇာနတံ။

ဇာဂရတော၊ အိပ်၍မပျော် နိုးကြား၍နေသောသူအား။ ရတ္တိ၊ သုံးယာမ်မျှသာရှိသော ညဉ့်သည်။ ဒီဃာ၊ ရှည်ကြာသကဲ့သို့ ဖြစ်ပေ၏။ သန္တဿ၊ ခရီးပန်းသောသူအား။ ယောဇနံ၊ လေးဂါဝုတ်သာ တစ်ယူဇနာမျှသော ခရီးသည်။ ဒီဃံ၊ ရှည်ဝေးသကဲ့သို့ ဖြစ်ပေ၏။ သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။ အဝိဇာနတံ-အဝိဇာနန္တာနံ၊ မသိကုန်သော။ ဗာလာနံ၊ သူမိုက်တို့အား။ သံသာရော၊ ကျင်လည်ပြေးသွားရာ သံသရာသည်။ ဒီဃော၊ အလွန် ရှည်ဝေးလှသည်သာတည်း။

မင်းခယောက်ျား သောတာပန်ဖြစ်

ဒေသနာတော်၏အဆုံး၌ ထိုမင်းခစား ယောက်ျားသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ တစ်ပါးလည်း ဖြစ်ကုန်သော များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများ အပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။ ပသေနဒီ ကောသလမင်းကြီးသည် မြတ်စွာဘုရားကို ရိုသေမြတ်နိုးရှိခိုးပြီး၍ နန်းတော်သို့ ပြန်သွားသဖြင့်သာလျှင် ချုပ်နှောင်ဖမ်းဆီး၍ ထားအပ်ကုန်သော ထိုသတ္တဝါတို့ကို အနှောင်အဖွဲ့မှ လွတ်စေလေ၏။

မလ္လိကာ၏ ဂုဏ်ကျေးဇူး ပြောဆိုကြခြင်း

ထိုယဇ်စီမံရာ၌ အနှောင်အဖွဲ့မှ လွတ်ကုန်သော မိန်မယောက်ျားတို့သည် ဦးခေါင်းကို ရေဖြင့်ဆေးကြောသုတ်သင်ပြီးလျှင် မိမိတို့၏အိမ်တို့သို့ သွားကြကုန်သည်ရှိသော် “ငါတို့အရှင် မလ္လိကာမိဖုရားကြီးသည် ကြာမြင့်စွာ သက်တော်ရှည်ပါစေသတည်း”ဟု ဆုတောင်းလျက် “ထိုမလ္လိကာမိဖုရားကြီးကို အမှီပြု၍ ငါတို့သည် အသက်ကို ရကြလေကုန်ပြီ”ဟု မလ္လိကာမိဖုရားကြီး၏ ဂုဏ်ကျေးဇူးနှင့်စပ်သောစကားကို ပြောဆိုကြလေကုန်၏။

ညချမ်းသောအခါ ရဟန်းတို့သည်လည်း တရားသဘင်၌ “ဤမလ္လိကာမိဖုရားကြီးသည် ဪ အလွန်ပညာရှိပေစွတကား၊ မိမိ၏ပညာကိုမှီ၍ ဤမျှလောက်သော သတ္တဝါအပေါင်းအား ဇီဝိတဒါနကို ပေးလှူလေဘိသည်တကား”ဟု ချီးမွမ်းထောမနာသော စကားကို ဖြစ်စေကြလေကုန်၏။

မြတ်စွာဘုရားသည် ဂန္ဓကုဋီတိုက်၌ သီတင်းသုံးနေတော်မူလျက်သာလျှင် ထိုရဟန်းတို့၏စကားကို ကြားသိတော်မူရသဖြင့် ဂန္ဓကုဋီတိုက်မှ ထွက်ကြွတော်မူပြီးလျှင် တရားသဘင်သို့ ဝင်တော်မူ၍ ခင်းထားအပ်သော ဘုရားနေရာ၌ သီတင်းသုံးနေတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်မည်သောစကားဖြင့် ပြောကြားစည်းဝေးနေကြကုန်သနည်း”ဟု မေးတော်မူသဖြင့် “ဤမည်သောစကားဖြင့် ပြောကြားစည်းဝေးနေကြပါသည်ဘုရား”ဟု လျှောက်ထားအပ်သည်ရှိသော် “ချစ်သားရဟန်းတို့- မလ္လိကာမိဖုရားကြီးသည် ဤယခုဘဝ၌သာလျှင် မိမိ၏ပညာကိုမှီ၍ များစွာသော လူအပေါင်းအား ဇီဝိတဒါနကို ပေးလှူသည် မဟုတ်သေး။ ရှေး၌လည်း ပေးလှူဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ မြတ်စွာဘုရားသည် ထိုအကြောင်းကို ထင်စွာပြတော်မူလိုသောကြောင့် အတိတ်ကို ဆောင်တော်မူလေ၏။

ဗလိနတ်စာပူဇော်ခြင်း အတိတ်ဝတ္ထု

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်ကြီး၌ ပြည့်ရှင်မင်းကြီး၏သားတော် မင်းသားတစ်ပါးသည် တစ်ခုသော ပညောင်ပင်သို့ ချဉ်းကပ်၍ ထိုပညောင်ပင်၌ စောင့်ရှောက်နေထိုင်သောနတ်အား “အရှင်နတ်မင်း- ဤဇမ္ဗူဒီပါကျွန်း၌ တစ်ရာ့တစ်ပါးသော မင်းတို့သည်လည်းကောင်း၊ တစ်ရာ့တစ်ပါးသော မိဖုရားတို့သည်လည်းကောင်း ရှိကြပါကုန်၏၊ အကျွန်ုပ်သည် ဘခမည်းတော် ကွယ်လွန်သဖြင့် မင်းအဖြစ်ကို အကယ်၍ အကျွန်ုပ်ရလေသည်ဖြစ်ပါအံ့၊ ထိုတစ်ရာ့တစ်ပါးသော မင်း,မိဖုရားတို့၏ လည်ချောင်းသွေးဖြင့် ဗလိနတ်စာကို ပြုလုပ်ပါအံ့”ဟု တောင်းပန်လေ၏။ ထိုမင်းသားသည်လည်း ခမည်းတော် နတ်ရွာစံလွန်သည်ရှိသော် မင်းအဖြစ်သို့ရောက်၍ “ငါသည် နတ်မင်း၏ အာနုဘော်ကြောင့် မင်းအဖြစ်သို့ ရောက်ရပေပြီ၊ ထိုနတ်မင်းအား ဗလိနတ်စာကို ပြုလုပ်ပေတော့အံ့”ဟု ကြံ၍ များစွာသော စစ်သည်အပေါင်းနှင့်ထွက်၍ တစ်ဦးသောမင်းကို မိမိ၏အလိုသို့ လိုက်ပါစေပြီးလျှင် ထိုမင်းနှင့်အတူတကွ ပေါင်းသင်း၍ တစ်ပါးသောမင်းကိုလည်းကောင်း၊ တပါးသောမင်းကိုလည်းကောင်း မိမိ၏အလိုသို့ လိုက်ပါစေလေ၏။ ဤသို့သောနည်းဖြင့် အလုံးစုံသောမင်းတို့ကို မိမိအလိုသို့ လိုက်ပါစေသည်ကို ပြုပြီးလျှင် မိဖုရားကြီးတို့နှင့်တကွ ခေါ်ဆောင်ယူငင်၍ သွားသည်ရှိသော် အလုံးစုံသောမင်းတို့အောက် အငယ်ဆုံးဖြစ်သော ဥဂ္ဂသေနမည်သော မင်း၏ ဓမ္မဒိန္နာအမည်ရှိသော မိဖုရားကြီးသည်ကား လေးသော ကိုယ်ဝန်ရှိသောကြောင့် ထိုမိဖုရားကြီးကို ချန်ထားကာ လာခဲ့ပြီးလျှင် “ဤမျှလောက်သော လူအပေါင်းကို အဆိပ်ဆေးဖြင့်ရောသော အဖျော်ကို သောက်စေ၍ သတ်တော့အံ့”ဟု ကြံစည်ကာ ပညောင်ပင်ရင်းကို သုတ်သင်စေလေ၏။

ပညောင်ပင်စောင့်နတ်မင်းသည် ဤသို့ ကြံစည်လေ၏။ “ဤမင်းကြီးသည်ကား ဤမျှလောက် အတိုင်းအရှည်ရှိကုန်သော မင်းတို့ကို ဖမ်းယူစဉ် ငါ့ကိုမှီ၍ ဖမ်းယူအပ်ကုန်၏ဟု ကြံစည်အောက်မေ့၍ ထိုမင်းတို့၏ လည်ချောင်းသွေးဖြင့် ငါ့အား ဗလိနတ်စာပြုခြင်းငှာ အလိုရှိ၏၊ ပူဇော်ခြင်းကို ပြုလို၏။ ဤမင်းကြီးသည် ထိုမင်းတို့ကို အကယ်၍ သတ်သည်ဖြစ်အံ့၊ ဤသို့ သတ်သည်ရှိသော် ဇမ္ဗူဒီပါကျွန်း၌ မင်းဆက်မင်းနွယ်သည် ပြတ်ပေတော့လတ္တံ့၊ ငါ၏စံရာ ကောင်းစွာသန့်ရှင်း ပညောင်ပင်ရင်းသည်လည်း မစင်ကြယ် မသန့်ရှင်းသည် ဖြစ်ပေတော့လတ္တံ့၊ ထိုမင်း ပြုလတ္တံ့သောအမှုကို ငါသည် တားမြစ်ခြင်းငှာ တတ်စွမ်းနိုင်လတ္တံ့လော”ဟု ကြံစည်၍ ထိုပညောင်ပင်စောင့်နတ်သည် စူးစမ်းဆင်ခြင်လတ်သည်ရှိသော်ကား “မတတ်စွမ်းနိုင်လတ္တံ့”ဟု သိရသဖြင့် တစ်ပါးသောနတ်သို့ ချဉ်းကပ်၍ ဤအကြောင်းကို ပြောကြားလျက် “သင်နတ်မင်းသည် တားမြစ်ခြင်းငှာ တတ်နိုင်ကောင်းအံ့လော”ဟု မေးမြန်းပြောဆိုလေ၏။ ထိုနတ်မင်းကလည်း မတတ်နိုင်ပါဟု ပယ်မြစ်လေ၏။ တစ်ပါးသော နတ်မင်း၏ထံသို့လည်း ချဉ်းကပ်ပြန်၍ ထိုနတ်မင်းကလည်း ပယ်မြစ်ပြန်လေ၏။ ဤသို့သောနည်းအားဖြင့် စကြဝဠာတိုက်အလုံး၌ နေကုန်သော နတ်တို့သို့ ချဉ်းကပ်ပြန်သဖြင့်လည်း ထိုနတ်တို့သည့် ပယ်မြစ်ပြန်လေ၏။

ထို့နောက် လေးယောက်ကုန်သော စတုမဟာရာဇ်နတ်မင်းကြီးတို့၏အထံသို့ သွားရောက်ချဉ်းကပ်၍ တောင်းပန်ပြောဆိုပါသော်လည်း ထိုနတ်မင်းကြီးတို့က ပြောဆိုသောအခါ ဖြစ်ပေါ်သောဘေးကို ငါတို့ မတတ်စွမ်းနိုင်ကြကုန်ဟု ပြောလတ်သော် သိကြားမင်း၏အထံသို့ ချဉ်းကပ်၍ ထိုအကြောင်းအလုံးစုံကို အကုန်ပြန်ကြားပြီးလျှင် “အရှင်သိကြားမင်း- အရှင်တို့သည် ကြောင့်ကြမဲ့နေခြင်းသို့ ရောက်ခဲ့ကုန်သည်ရှိသော် ဇမ္ဗူဒိပ်ကျွန်း၌ မင်းမျိုးမင်းနွယ် ပြတ်ပါလိမ့်မည်၊ ထိုမင်းတို့၏ ကိုးကွယ် မှီခိုရာသည် ဖြစ်တော်မူကြပါကုန်လော့”ဟု လျှောက်ထားလေ၏။ သိကြားမင်းက “ငါသည်လည်း တားမြစ်ခြင်းငှာ မတတ်စွမ်းနိုင်”ဟု ဆိုပြီးလျှင် “အကြောင်းဥပါယ်တံမျဉ်ကိုမူကား သင့်အား ညွှန်ကြား ပြောဆိုလိုက်ပေအံ့”ဟု ဆို၍ အကြောင်းဥပါယ်တံမျဉ်ကို ဤသို့ ညွှန်ကြားလိုက်လေ၏။ “သွားချေ၊ အသင်သည် မင်းကြီး၏ ကြည့်ရှုထင်ထင် မြင်စဉ်ပင်လျှင် နီမြန်းသော အဝတ်ပုဆိုးကိုဝတ်လျက် မိမိ၏သစ်ပင်မှ ထွက်၍သွားအံ့သော အခြင်းအရာကို ပြလေလော့၊ ထိုအခါ မင်းကြီးသည် ပညောင်ပင်စောင့်နတ်မင်း ထွက်သွားလေ၏ဟုဆို၍ ထိုနတ်မင်းကို ဆုတ်နစ်ပြန်လည်စေအံ့ဟု အထူးထူးအပြားပြား များစွာသော အခြင်းအရာဖြင့် တောင်းပန်လတ္တံ့။ ထိုသို့ တောင်းပန်သောအခါ ထိုမင်းကြီးကို “အရှင်မင်းကြီး- အသင်သည် အဂ္ဂမဟေသီ မိဖုရားကြီးတို့နှင့်တကွဖြစ်သော တစ်ရာ့တစ်ပါးသောမင်းတို့ကို ဖမ်းဆောင်ယူငင်၍ ထိုမင်းမိဖုရားတို့၏ လည်ချောင်းသွေးဖြင့် ဗလိနတ်စာပူဇော်မှုကို ပြုလုပ်ပါမည်ဟု ငါ့အား တောင်းပန်ပြီးလျှင် ဥဂ္ဂသေနမင်း၏မိဖုရားကို ချန်ထားခဲ့၍ လာရောက်ပေ၏၊ ငါသည် ထိုသို့သဘောရှိသော မုသားဆိုသောသူ၏ ပူဇော်ခြင်းကို မခံယူလို”ဟူ၍ ပြောဆိုလေလော့”ဟု အကြောင်းဥပါယ်တံမျဉ်ကို ညွှန်ကြားလိုက်လေ၏။

(ဤသို့ ပြောဆိုအပ်သည်ရှိသော် “မင်းကြီးသည် ဓမ္မဒိန္နာမိဖုရားကို အာဏာဖြင့်စေလွှတ်၍ ခေါ်ဆောင်စေလတ္တံ့၊ ထိုဓမ္မဒိန္နာမိဖုရားသည် မင်းကြီးအား တရားဟော၍ ဤမျှလောက်သော လူအပေါင်းအား အသက်အလှူတည်းဟူသော ဇီဝိတဒါနကို ပေးလှူလတ္တံ့”ဟူသော ဤအကြောင်းဖြင့် သိကြားမင်းသည် ထိုပညောင်ပင်စောင့်နတ်အား ဤသို့သော အကြောင်းဥပါယ်တံမျဉ်ကို ပြောကြားလိုက်လေသတတ်။)

ဓမ္မဒိန္နာမိဖုရား ငိုခြင်းနှင့် ရယ်ခြင်း

ပညောင်ပင်စောင့်သော နတ်သည်လည်း သိကြားမင်း ပြောကြားတိုင်း ပြုလေ၏။ ဗာရာဏသီမင်းကြီးသည်လည်း ဓမ္မဒိန္နာမိဖုရားကို ခေါ်ဆောင်စေရန် စေလွှတ်၏။ ဓမ္မဒိန္နာမိဖုရားသည် လာရောက်၍ ထိုအလုံးစုံသော မင်းတို့အောက် အငယ်ဆုံးဖြစ်၍ အစွန်ဆုံးဖြစ်သောနေရာ၌ ထိုင်နေသော မိမိ၏အရှင်ဖြစ်သော ဥဂ္ဂသေနမင်းကိုသာ ရိုသေစွာရှိခိုးလျက် ထိုင်နေလေ၏။ ဗာရာဏသီပြည့်ရှင်မင်းကြီးသည် “အလုံးစုံသောမင်းတို့၏ အကြီးအမှူးဖြစ်သော ငါသည် တည်နေပါလျက် အလုံးစုံသောမင်းတို့အောက် ငယ်သောအရွယ်ရှိသော မိမိ၏ခင်ပွန်းလင် အရှင်ဖြစ်သော ဥဂ္ဂသေနမင်းကိုသာ ရှိခိုးလေဘိသည်”ဟု ထိုဓမ္မဒိန္နာမိဖုရားအား အမျက်ထွက်လေ၏။ ထိုအခါ ဓမ္မဒိန္နာမိဖုရားက ဗာရာဏသီပြည့်ရှင်မင်းကြီးကို ဤသို့ ပြောဆိုလေ၏။ “အရှင်မင်းကြီး၌ အကျွန်ုပ်အား အဘယ်သို့ တော်စပ်ခြင်းရှိဖူးပါသနည်း၊ ဤဥဂ္ဂသေနမင်းမြတ်သည်ကား အကျွန်ုပ်၏ အရှင်ခင်ပွန်း ဖြစ်တော်မူ၏၊ အစိုးရခြင်း စည်းစိမ်ချမ်းသာကို ပေးသနားတော်မူပေ၏။ ထိုဥဂ္ဂသေနမင်းမြတ်ကို ရှိမခိုးဘဲ အဘယ့်ကြောင့် အသင် ဗာရာဏသီမင်းကြီးကို ရှိခိုးနိုင်ပါလတ္တံ့နည်း”ဟု ပြောဆိုလေ၏။ ထိုအခါ ပညောင်ပင်စောင့်နတ်သည် များစွာသော လူအပေါင်း၏ ကြည့်ရှုစဉ်ပင်လျှင် “အရှင်မ- အသင့်စကားသည် ဟုတ်မှန်လှပေ၏”ဟု ပြောဆိုချီးမွမ်း၍ ဓမ္မဒိန္နာမိဖုရားကို ပန်းတစ်လက်ဆုပ်ဖြင့် ပူဇော်လေ၏။

တစ်ဖန် ဗာရာဏသီပြည့်ရှင်မင်းကြီးက “ငါ့ကို အကယ်၍ ရှိမခိုးသည်ရှိသော် ငါ့အား မင်း၏စည်းစိမ်ချမ်းသာ အသရေကို ပေးတော်မူတတ်သော ဤသို့ ကြီးမြတ်သော တန်ခိုးအာနုဘော် ရှိတော်မူပေသော နတ်မင်းကြီးကို အဘယ့်ကြောင့် နင်ရှိမခိုးလေဘိသနည်း”ဟု ဆိုပြန်လတ်သော် “အရှင်မင်းမြတ်- အရှင်မင်းမြတ်သည် မိမိ၏ကောင်းမှု ဘုန်းကံတော်၌တည်၍ မင်းတို့ကို ဖမ်းယူအပ်ကုန်၏၊ နတ်မင်းသည် ဖမ်းယူ၍ ပေးအပ်ကုန်သည်မဟုတ်”ဟု ပြောဆိုပြန်လေ၏။ တစ်ဖန်လည်း ထိုဓမ္မဒိန္နာမိဖုရားကို နတ်မင်းသည် “အရှင်မ- ဟုတ်မှန်လှပေ၏၊ အရှင်မ- ဟုတ်မှန်လှပေ၏”ဟု ပြောဆိုချီးမွမ်း၍ ရှေးနည်းအတူသာလျှင် ပူဇော်ပြန်လေ၏။ တစ်ဖန် ဓမ္မဒိန္နာမိဖုရားသည် မင်းကြီးကို ဤသို့ ပြောဆိုလေ၏။ “အရှင်မင်းကြီး- အရှင်မင်းကြီးက ဤပညောင်ပင်စောင့်နတ်မင်းသည် ငါ့အား ဤမျှလောက်သောမင်းတို့ကို ဖမ်းယူ၍ ပေး၏ဟု ဆိုဘိ၏။ ယခုအခါ အရှင့်ထိုနတ်မင်းကြီး၏ အထက်လက်ဝဲနံပါး၌ သစ်ပင်မီးကျွမ်းနေသည်၊ အရှင့်ထိုနတ်မင်းကြီးသည် ယင်းသို့ ကြီးကျယ်သော တန်ခိုးအာနုဘော်ရှိပါလျက် ထိုမီးကို ငြိမ်းအေးစိမ့်သောငှာ မတတ်နိုင်ရှာလတ္တံ့”ဟု ပြောဆိုပြန်လေ၏။ တစ်ဖန်လည်း ဓမ္မဒိန္နာမိဖုရားကို နတ်မင်းသည် “အရှင်မ- ဟုတ်မှန်လှပေ၏။ အရှင်မ- ဟုတ်မှန်လှပေ၏”ဟု ပြောဆိုချီးမွမ်းပြီးလျှင် ရှေးနည်းအတူသာလျှင် ပူဇော်ပြန်လေ၏။

ဓမ္မဒိန္နာမိဖုရားသည် ထိုစကားကို ပြောဆိုနေစဉ်ပင် ငိုလည်း ငို၏၊ ရယ်လည်း ရယ်၏။ ထိုအခါ ဓမ္မဒိန္နာမိဖုရားကို ဗာရာဏသီမင်းကြီးသည် “အသို့နည်း၊ နင်ရူးသွပ်လေသလော”ဟု ဆိုလေသဖြင့် “အရှင်မင်းကြီး- အဘယ့်ကြောင့် ဤသို့ဆိုလေဘိသနည်း၊ အကျွန်ုပ်ကဲ့သို့သော မိန်းမတို့သည် ရူးသွပ်ကြသည် မဟုတ်ကုန်”ဟု ပြန်ပြောလေ၏။ ထိုအခါ ဓမ္မဒိန္နာမိဖုရားကို “အဘယ့်ကြောင့် ငိုလည်း ငို, ရယ်လည်း ရယ်လေဘိသနည်း”ဟု မေးပြန်သော် “အရှင်မင်းကြီး- နားထောင်တော်မူပါလော့၊ ချဲ့၍ ပြောဆိုပေအံ့၊ ကျွန်တော်မသည် ရှေးလွန်လေပြီးသောအခါ အမျိုးသမီးဖြစ်၍ ခင်ပွန်းသည် လင်ယောက်ျား၏အိမ်၌နေစဉ် အရှင်လင်ယောက်ျား၏ အဆွေခင်ပွန်းဖြစ်သော ဧည့်သည်ကိုမြင်၍ ထိုဧည့်သည်အလို့ငှာ ထမင်းကို ချက်ပြုတ်လိုသောကြောင့် အမဲသားကို ဆောင်ခဲ့ချေလောဟု ကျွန်မတစ်ယောက်အား အသပြာကိုပေးလိုက်ရာ ထိုကျွန်မသည် အမဲသားကို မရခဲ့သောကြောင့် ပြန်လာ၍ အမဲသား မရှိပါဟု ပြောဆိုသောအခါ အိမ်နောက်အဖို့၌ အိပ်နေသော ဆိတ်မတစ်ကောင်၏ ဦးခေါင်းကို ဖြတ်ပိုင်း၍ ထမင်းကို ကောင်းစွာ ချက်ပြုတ်ကျွေးမွေးလေ၏။

ထိုကျွန်တော်မသည် တစ်ကောင်သောဆိတ်မ၏ ဦးခေါင်းကို ဖြတ်ပိုင်းခဲ့သောကြောင့် ငရဲ၌ကျက်ရ၍ အကျိုးအကြွင်းအကျန်အားဖြင့် ထိုဆိတ်မ၏ အမွေးအရေအတွက်နှင့်အမျှ ဦးခေါင်းပြတ်ခြင်းသို့ ရောက်ရပါပြီ၊ အရှင်မင်းမြတ်သည် ဤမျှလောက်သော မင်းအပေါင်းကို သတ်သည်ရှိသော် အဘယ်အခါကာလဝယ် ဆင်းရဲဒုက္ခမှ လွတ်ရပေလတ္တံ့နည်း၊ ဤသို့သော အကြောင်းကြောင့် ကျွန်တော်မသည် အသင်မင်းကြီး၏ ဆင်းရဲဒုက္ခကို အောက်မေ့ စဉ်းစားလျက် စိုးရိမ်ပူဆွေး ငိုကြွေးမိပါသည်”ဟု ပြောဆို၍ ထိုဓမ္မဒိန္နာမိဖုရားသည် ဤဂါထာကို ရွတ်ဆိုလေ၏။

ဧကိဿာ ကဏ္ဌံ ဆေတွာန၊ လောမဂဏနာယ ပစ္စိသံ။
ဗဟူနံ ကဏ္ဌေ ဆေတွာန၊ ကထံ ကာဟသိ ခတ္တိယ။

ခတ္တိယ၊ ရေမြေစိုးကြပ် အိုမင်းမြတ်။ အဟံ၊ ကျွန်တော်မသည်။ ဧကိဿာ၊ တစ်ကောင်သော ဆိတ်မ၏။ ကဏ္ဌံ၊ လည်ပင်းကို။ ဆေတွာန၊ ဖြတ်မိသောကြောင့်။ လောမဂဏနာယ၊ အမွေး၏အရေအတွက်အားဖြင့်။ ဝါ၊ အမွေး၏အရေအတွက်နှင့်အမျှ။ ပစ္စိသံ၊ ငရဲ၌ကျက်ပြီး လည်ပင်း အဖြတ်ခံရလေပြီ။ တွံ၊ အရှင်ဗာရာဏသီမင်းကြီးသည်။ ဗဟူနံ၊ များစွာသော မင်း,မိဖုရားတို့၏။ ကဏ္ဌေ၊ လည်ပင်းတို့ကို။ ဆေတွာန၊ ဖြတ်ခဲ့သည်ရှိသော်။ ကထံ ကာဟသိ၊ အဘယ်သို့ ဆင်းရဲမှ လွတ်ကြောင်းပြုနိုင်ပါတော့အံ့နည်း။

ထိုသို့ ဂါထာ ရွတ်ဆိုပြီးသောအခါ “အဘယ့်ကြောင့် သင် ရယ်လေဘိသနည်း”ဟု မေးပြန်လတ်သော် “အရှင်မင်းမြတ်- ကျွန်တော်မသည် ထိုဆင်းရဲမှ လွတ်မြောက်သူ ဖြစ်ခဲ့ပေပြီဟု နှစ်သက်ဝမ်းမြောက်သဖြင့် ရယ်မိပါသည်”ဟု လျှောက်ကြားလေ၏။ တစ်ဖန်လည်း ဓမ္မဒိန္နာမိဖုရားကို ပညောင်ပင်စောင့်နတ်သည် “အရှင်မ- ဟုတ်မှန်လှပေ၏၊ အရှင်မ- ဟုတ်မှန်လှပေ၏”ဟု ပြောဆိုချီးမွမ်းပြီးလျှင် ပန်းတစ်လက်ဆုပ်ဖြင့် ပူဇော်ပြန်လေ၏။

ဗာရာဏသီမင်းကြီး တောင်းပန်ကန်တော့ခြင်း

ဗာရာဏသီပြည့်ရှင်မင်းကြီးသည် “ဪ-အလွန်ဝန်လေးသောအမှုကို ငါပြုမိလေစွတကား၊ ဤဓမ္မဒိန္နာမိဖုရားကား ဆိတ်မတစ်ကောင်ကို သတ်မိခြင်းကြောင့် ငရဲ၌ကျက်ပြီးမှ အကျိုးအကြွင်းအကျန်အားဖြင့် ဆိတ်မ၏ အမွေးအရေအတွက်နှင့်အမျှ ဦးခေါင်းဖြတ်ခြင်းသို့ ရောက်ရပေသတတ်၊ ငါသည် ဤမျှလောက်သော မင်းအပေါင်းကို သတ်ခဲ့သည်ရှိသော် အဘယ်အခါ ချမ်းသာခြင်းသို့ ရောက်နိုင်ပါလတ္တံ့နည်း”ဟု အောက်မေ့စဉ်းစား နှလုံးထားလျက် အလုံးစုံသော မင်းတို့ကိုလွှတ်၍ မိမိထက် အသက်အရွယ် ကြီးရင့်ကုန်သော မင်းတို့ကို ရှိခိုးလျက် ငယ်ကုန်,ငယ်ကုန်သောမင်းတို့ကို လက်အုပ်ချီလျက် အလုံးစုံသော မင်းတို့ကို သည်းခံစေလျက် တောင်းပန်ကန်တော့၍ မိမိ,မိမိ၏ စံရာဖြစ်သော တိုင်းနိုင်ငံနေပြည်တော်သို့သာ ပြန်၍လွှတ်လေ၏။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍ “ချစ်သားရဟန်းတို့- ဤသို့လျှင် မလ္လိကာမိဖုရားသည် ဤယခုအခါ၌သာ မိမိ၏ပညာကိုမှီ၍ များစွာသော လူအပေါင်းအား ဇီဝိတဒါန အသက်အလှူကို ပေးလှူသည် မဟုတ်သေး၊ ရှေးအခါကာလ၌လည်း ပေးလှူဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ အတိတ်ဇာတ်ကို ပေါင်းတော်မူလေ၏။ “ထိုအခါ ဗာရာဏသီမင်းသည် ယခုအခါ ပသေနဒီကောသလမင်းကြီး ဖြစ်လာ၏။ ထိုအခါ ဓမ္မဒိန္ဒာမိဖုရားသည် ယခုအခါ မလ္လိကာမိဖုရား ဖြစ်လာ၏။ ထိုအခါ ပညောင်ပင်စောင့်နတ်သည် ယခုအခါ ငါဘုရားသာလျှင် ဖြစ်လာ၏”ဟု အတိတ်ဇာတ်ကို ပေါင်းတော်မူလေ၏။ ဤသို့ အတိတ်ဇာတ်ကို ပေါင်းတော်မူပြီးလျှင် တစ်ဖန် တရားဟောကြားတော်မူလိုရကား “ချစ်သားရဟန်းတို့- သူ့အသက်ကို သတ်ခြင်းမည်သည်ကို ပြုခြင်းငှာ မသင့်တင့် မလျောက်ပတ်သော အမှုပေတည်း။ ထိုစကားမှန်၏၊ သူ့အသက်ကို သတ်လေ့ရှိသောသူတို့သည် ရှည်စွာသော နေ့ညဉ့်ကာလပတ်လုံး စိုးရိမ်ကြရကုန်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဣဓ သောစတိ ပေစ္စ သောစတိ၊ ပါပကာရီ ဥဘယတ္ထ သောစတိ။
သော သောစတိ သော ဝိဟညတိ၊ ဒိသွာ ကမ္မကိလိဋ္ဌမတ္တနော။
ဧဝံ စေ သတ္တာ ဇာနေယျုံ၊ ဒုက္ခာယံ ဇာတိသမ္ဘဝေါ။
န ပါဏော ပါဏိနံ ဟညေ၊ ပါဏဃာတီ ဟိ သောစတိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ပါပကာရီ၊ မကောင်းမှုကို ပြုလေ့ရှိသောသူသည်။ ဣဓ၊ ပစ္စုပ္ပန်လောက ဤဘဝ၌လည်း။ သောစတိ၊ စိုးရိမ်ရ၏။ ပေစ္စ၊ တမလွန်လောက နောင်ဘဝ၌လည်း။ သောစတိ၊ စိုးရိမ်ရ၏။ ဥဘယတ္ထ၊ ပစ္စုပ္ပန်,တမလွန် နှစ်တန်သော ဘဝ၌။ သောစတိ၊ စိုးရိမ်ရ၏။ သော၊ ထိုသူသည်။ အတ္တနော၊ မိမိ၏။ ကမ္မကိလိဋ္ဌံ၊ ညစ်ညူးသော အကုသိုလ်ကံကြမ္မာကို။ ဒိသွာ၊ မြင်၍။ သောစတိ၊ စိုးရိမ်ရ၏။ သော၊ ထိုသူသည်။ ဝိဟညတိ၊ ပင်ပန်းရ၏။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ အယံ ဇာတိသမ္ဘဝေါ၊ ဤပဋိသန္ဓေနေခြင်း သဘောသည်။ ဒုက္ခော၊ ဆင်းရဲလှလေစွတကား။ ဧဝံ၊ ဤသို့။ သတ္တာ၊ သတ္တဝါတို့သည်။ စေ ဇာနေယျုံ၊ အကယ်၍ သိကုန်ငြားအံ့။ ပါဏော၊ သတ္တဝါတစ်ဦးသည်။ ပါဏိနံ၊ သတ္တဝါတစ်ဦးကို။ န ဟညေ၊ မသတ်မညှဉ်းဆဲရာ။ ဟိ၊ ထိုစကားသင့်စွ။ ပါဏဃာတီ၊ သတ္တဝါကို သတ်လေ့ရှိသော သူသည်။ သောစတိ၊ စိုးရိမ်ပူပန်ရ၏။

ဤတရားဒေသနာတော်၏အဆုံး၌ များစွာကုန်သောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ပဿနဒီကောသလမင်းကြီးနှင့် မထင်ရှားသော ယောကျာ်းဝတ္ထု ပြီး၏။

֍ * ၂။ မဟာကဿပ မထေရ်မြတ်၏တပည့် ဝတ္ထု

စရဉ္စေ နာဓိဂစ္ဆေယျအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်မဟာကဿပမထေရ်၏ အတူနေတပည့်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။ ဒေသနာဝတ္ထုသည် ရာဇဂြိုဟ်ပြည်၌ ဖြစ်၏။

တပည့်လိမ္မာ အလိမ်ပေါ်ခြင်း

ရာဇဂြိုဟ်ပြည်ကိုမှီ၍ ပိပ္ဖလိညောင်ချပ်ပင်ရှိသော လိုဏ်ဂူ၌ သီတင်းသုံးနေတော်မူသော ရှင်မဟာကဿပမထေရ်ကို နှစ်ယောက်သော အတူနေတပည့်တို့သည် လုပ်ကျွေးပြုစုကြလေကုန်သတတ်။ ထိုတပည့်နှစ်ယောက်တို့တွင် တစ်ယောက်ကား ရိုသေကောင်းမွန်စွာ ဝတ်ကြီးဝတ်ငယ်ကို ပြု၏။ တစ်ယောက်ကား ထိုဝတ်နှင့်ပြည့်စုံသောရဟန်း ပြုပြုသမျှကို မိမိပြုသကဲ့သို့ ပြလျက် မျက်သစ်ရေ, ဒန်ပူတို့ကို စီရင်ပြီးသည့်အဖြစ်ကို သိသောအခါ “အရှင်ဘုရား- မျက်သစ်ရေ, ဒန်ပူတို့ကို တပည့်တော် ပြုပြင်စီရင် ထားအပ်ပါကုန်ပြီ၊ မျက်နှာသစ်တော်မူပါဘုရား”ဟု လျှောက်ကြား၏၊ ခြေဆေးအံ့သောအခါ၊ ရေချိုးအံ့သောအခါ စသည်တို့၌လည်း ဤအတူသာလျှင် လျှောက်ကြားလေ့ရှိ၏။ ဤမှတပါး ဝတ်နှင့် ပြည့်စုံသော တပည့်ရဟန်းသည် ကြံဆင်ခြင်သည်မှာ “ဤရဟန်းသည် အမြဲမပြတ် ကာလပတ်လုံး ငါပြုပြုသမျှကို မိမိပြုသကဲ့သို့ပြု၍ ညွှန်ပြလေ့ရှိ၏၊ ရှိစေဦးတော့၊ ဤရဟန်းအား ပြုအပ်သောအမှုကို ပြုဦးအံ့”ဟု ကြံဆင်ခြင်ပြီးလျှင် ဆွမ်းစားပြီး၍ ထိုရဟန်းအိပ်ပျော်စဉ် ချိုးရေကိုနွှေး၍ အိုးတစ်ခု၌ထည့်လျက် ရေချိုးအိမ်၏နောက်၌ ထားလေ၏။ ရေကိုနွှေးသောအိုး၌ကား တစ်ကွမ်းစား တစ်စလယ်မျှလောက်သော ရေကို ချန်ကြွင်း၍ အငွေ့ကိုလွှတ်စေလျက် ထားလေ၏။

ဤမှတစ်ပါး ဝတ်နှင့်မပြည့်စုံသော တပည့်ရဟန်းသည် ညချမ်းအခါ အိပ်ရာမှနိုး၍ အခိုးအငွေ့ ခြောင်းခြောင်းထနေသည်ကို မြင်ရလျှင် “ရေကိုနွှေး၍ ရေချိုးအိမ်၌ ထားအပ်သည် ဖြစ်ပေလတ္တံ့”ဟု မှတ်ထင်သဖြင့် လျင်မြန်စွာ သွားရောက်၍ မထေရ်ကိုရှိခိုးလျက် “အရှင်ဘုရား- ရေချိုးအိမ်၌ ရေကို ထည့်ထားအပ်ပါပြီ၊ ရေသုံးသပ်တော်မူကြပါဘုရား”ဟု လျှောက်၍ မထေရ်နှင့်တကွသာလျှင် ရေချိုးအိမ်သို့ဝင်လေ၏။ မထေရ်လည်း ရေကိုမမြင်ရကား “ငါ့ရှင်- ရေအဘယ်မှာနည်း”ဟု မေးတော်မူ၏၊ ရဟန်းငယ်သည် မီးတင်းကုပ်သို့သွား၍ အိုး၌ မှုတ်ကိုချခပ်လိုက်လျှင် ရေမရှိဘဲ အချည်းနှီးသော အိုး၏အဖြစ်ကိုသိရ၍ “ယုတ်မာသော ရဟန်းပျက်၏အမှုကို ကြည့်စမ်းပါလော့၊ ရေမရှိဘဲ အချည်းနှီးသောအိုးကို ဖိုခနောက်၌ တင်ထား၍ အဘယ်အရပ်သို့ သွားလေဘိသနည်း၊ ငါကား ရေချိုးအိမ်၌ ရေရှိ၏ဟူသောအမှတ်ဖြင့် မထေရ်ကို လျှောက်ထားမိလေပြီ”ဟု ကဲ့ရဲ့ရှုတ်ချလျက် ရေအိုးကိုယူ၍ ရေဆိပ်သို့ သွားလေ၏။ ဝတ်နှင့်ပြည့်စုံသော ရဟန်းငယ်သည် ရေချိုးအိမ်၏နောက်မှ ရေကို ဆောင်ယူလာ၍ ရေချိုးအိမ်၌ ထားလေ၏။ အရှင်မဟာကဿပမထေရ် ကြံဆင်ခြင်တော်မူသည်မှာ “ဤရဟန်းငယ်သည် ရေကိုနွှေး၍ ရေချိုအိမ်၌ တပည့်တော် ထားအပ်ပါပြီ၊ အရှင်ဘုရား ကြွတော်မူကြပါ။ ရေသုံးသပ်တော်မူကြပါဘုရားဟု ဆိုလျက် ဤယခုအခါ၌ ကဲ့ရဲ့ရှုတ်ချကာ ရေအိုးကိုယူ၍ မြစ်ဆိပ်သို့ သွားဘိ၏။”

“ဤအကြောင်းကား အသို့နည်း”ဟု စူးစမ်းဆင်ခြင်သည်ရှိသော် “ဤမျှလောက်သော ကာလပတ်လုံး ထိုရဟန်းငယ်သည် ဤရဟန်းငယ်ပြုအပ်သော ဝတ်ကြီးဝတ်ငယ်အမှုကို မိမိသာလျှင်ပြုအပ်ဘိသကဲ့သို့ ထင်ရှားပြလျက် နေလေဘိသည်”ဟု သိတော်မူရကား ညချမ်းအခါလာ၍ ခစားနေထိုင်သော ထိုရဟန်းငယ်အား အဆုံးအမကို ဤသို့ပေးတော်မူလေ၏။ “ငါ့ရှင်- ရဟန်းမည်သည်ကား မိမိပြုအပ်သော အမှုကိုသာလျှင် ပြု၏ဟု ပြောဆိုခြင်းငှာ သင့်သည်၊ မပြုအပ်သောအမှုကို ပြု၏ဟု ပြောဆိုခြင်းငှာ မသင့်၊ သင်သည် ယခုပင် ရေချိုးအိမ်၌ ရေကို ထားအပ်ပါပြီ၊ အရှင်ဘုရား- ရေသုံးသပ်တော်မူကြပါဘုရားဟု လျှောက်ကြားသဖြင့် ငါသည် ရေချိုးအိမ်သို့ ဝင်ရောက်၍ နေသည်ရှိသော် ရေအိုးကို ယူဆောင်၍ ကဲ့ရဲ့ရှုတ်ချကာ သွားလေဘိ၏။ ရဟန်းမည်သောသူအား ဤသို့ပြုခြင်းငှာ မသင့်လျော်”ဟု အဆုံးအမကို ပေးတော်မူလေ၏။ ထိုရဟန်းငယ်သည် “မထေရ်၏အမှုကို ကြည့်ရှုကြပါကုန်လော့၊ ရေအနည်းငယ်မျှကိုအမှီပြု၍ ငါ့ကို ဤသို့ ပြောဆိုဘိ၏”ဟု အမျက်ထွက်သဖြင့် တစ်ဖန် မိုးသောက်သောနေ့၌ မထေရ်နှင့်အတူတကွ ဆွမ်းခံမဝင်ဘဲ နေလေ၏။

ရန်ငြိုးကြီးသဖြင့် ကျောင်းမီးရှို့ခြင်း

မထေရ်သည်လည်း ဝတ်နှင့်ပြည့်စုံသော ရဟန်းငယ်နှင့် အတူတကွ တစ်ခုသောအရပ်သို့ ကြွတော်မူ၏။ ဝတ်နှင့်မပြည့်စုံသော ရဟန်းငယ်သည် မထေရ်ကြွတော်မူသည်ရှိသော် မထေရ်၏ အလုပ်အကျွေးဖြစ်သော အမျိုးအိမ်သို့ သွားသဖြင့် “အရှင်ဘုရား- မထေရ်မြတ်သည် အဘယ်မှာနည်း”ဟု မေးလျှောက်အပ်သည်ဖြစ်၍ “မထေရ်အား မချမ်းမသာ မကျန်းမမာဖြစ်၍ ကျောင်း၌သာလျှင် ကျိန်းစက်တော်မူ၏”ဟု ပြောလေ၏။ “အရှင်ဘုရား- အဘယ်ကိုရခြင်းငှာ သင့်ပါသနည်း”ဟု မေးပြန်လျှင် “ဤသို့သဘောရှိသည်မည်သော အစာအာဟာရကို လှူကြကုန်လော့”ဟု ပြောဆိုသဖြင့် ထိုရဟန်းငယ်ပြောဆိုသော အတိုင်းဖြင့်သာလျှင် ကောင်းစွာ ပြုပြင်စီရင်၍ ပေးလှူလိုက်ကြကုန်၏။ ထိုရဟန်းငယ်သည် ခရီးအကြား၌သာလျှင် ဆွမ်းကိုစား၍ ကျောင်းသို့သွားလေ၏။ မထေရ်သည်လည်း ကြွတော်မူရာအရပ်၌ ကြီးသည်ဖြစ်၍ သိမ်မွေ့နူးညံ့သော သင်္ကန်းလျာပုဆိုးကိုရခဲ့၍ မိမိနှင့်အတူတကွ လိုက်ပါသွားသော ရဟန်းငယ်အား ပေးသနားတော်မူ၏။ ထိုရဟန်းငယ်သည်လည်း သင်္ကန်းလျာပုဆိုးကို ဆိုးရည်ဖြင့်ဆိုး၍ မိမိကိုယ်တိုင် အဝတ်အရုံကို ပြုလေ၏။

အရှင်မဟာကဿပ မထေရ်သည် တစ်ဖန် မိုးသောက်ရောက်သောနေ့၌ ထိုအလုပ်အကျွေးအမျိုးအိမ်သို့ ကြွသွားတော်မူသည်ရှိသော် “အရှင်ဘုရား- အရှင်ဘုရားတို့အား မချမ်းမသာမကျန်းမမာဖြစ်သည်ဟု တပည့်တော်တို့သည် ရဟန်းငယ် မိန့်ဆိုအပ်သောအတိုင်းဖြင့်သာလျှင် ပြုပြင်စီရင်၍ အစာအာဟာရကို ပေးပို့လိုက်ပါသည်၊ ဘုဉ်းပေးသုံးဆောင် စားသောက်ရသောကြောင့် အရှင်မြတ်အား ကျန်းမာချမ်းသာခြင်း ဖြစ်ပါလေသလောဘုရား”ဟု လျှောက်ကြားလျှင် မထေရ်သည် ဆိတ်ဆိတ်သာ နေတော်မူခဲ့၍ ကျောင်းသို့ရောက်သွားတော်မူလတ်သည်ရှိသော် ရှိခိုး၍ နေထိုင်လာသော ထိုရဟန်းငယ်ကို “ငါ့ရှင်- အသင်သည် ယမန်နေ့က ဤသို့သော အမှုမည်သည်ကို ပြုအပ်လေသတတ်၊ ဤသို့ပြုခြင်းသည် ရဟန်းတို့အား မလျောက်ပတ်၊ ဝိညတ်ကိုပြု၍ (အမျိုးမတော်သူ၊ လိုလျှင်တောင်းပါဟု မဖိတ်ကြားထားသော သူတို့အထံ၌ နှုတ်မြွက်၍ တောင်းခြင်းတည်း။) စားသောက်ခြင်းငှာ မအပ်”ဟု ပြောဆိုဆုံးမတော်မူလေ၏။ ထိုရဟန်းငယ်သည်လည်း အမျက်ထွက်၍ မထေရ်၌ ရန်ငြိုးဖွဲ့သဖြင့် “ရှေးဖြစ်သောနေ့၌ ရေအနည်းငယ်မျှကိုမှီ၍ ငါ့ကို မုသာဝါဒ ပြောဆိုလေ့ရှိသောသူဟု ပြောဘိ၏၊ ယနေ့လည်း မိမိ၏အလုပ်အကျွေးဖြစ်သော အမျိုးအိမ်၌ တစ်ဆုပ်မျှလောက်သောဆွမ်းကို စားသုံးမိခြင်းတည်းဟူသော အကြောင်းကြောင့် ငါ့ကို ဝိညတ်ပြု၍ တောင်းစားခြင်းငှာ မအပ်ဟု ပြောဆိုဘိ၏။ ရအပ်သော သင်္ကန်းလျာပုဆိုးကိုလည်း ထိုမထေရ်သည် မိမိ၏ အလုပ်အကျွေးဖြစ်သော ထိုရဟန်းအားသာလျှင် ပေးဘို၏။ ဪ.. မထေရ်သည် ပြုအပ်သောအမှုကား ဝန်လေးလှ၏တကား၊ မထေရ်အား ပြုအပ်သည်နှင့်ယှဉ်သောအမှုကို သိရပေတော့အံ့”ဟု အပြစ်ရှုပြီးလျှင် တစ်ဖန် မိုးသောက်သောနေ့၌ မထေရ်သည် ရွာတွင်းသို့ ဝင်တော်မူသည်ရှိသော် မိမိကား ကျောင်း၌ကျန်နေရစ်ခဲ့၍ တုတ်လှံတံကိုကိုင်လျက် အသုံးအဆောင်ဖြစ်သော အိုးခွက်တို့ကိုရိုက်ခွဲပြီးလျှင် မထေရ်၏ သစ်ရွက်မိုးသောကျောင်းကို မီးတိုက်၍ အကြင်ဝတ္ထုသည် မီးမစွဲမလောင်၊ ထိုမီးမစွဲမလောင်သော ဝတ္ထုကို လက်ရိုက်တင်းပုတ်ဖြင့် ရိုက်ခွဲပြီးမှ ထွက်ပြေးလေ၏။ ထိုရဟန်းငယ်သည် စုတေ သေလွန်သည်ရှိသော် အဝီစိငရဲကြီး၌ ဖြစ်ရရှာလေ၏။

ဘုရားအား လျှောက်ထားခြင်း

များစွာသော လူအပေါင်းသည် “အရှင်မဟာကဿပ မထေရ်၏ သိဒ္ဓိဝိဟာရိက တပည့်ရဟန်းသည် ဆိုဆုံးမသည်မျှကို သည်းမခံနိုင်သဖြင့် အမျက်ထွက်၍ မထေရ်၏ သစ်ရွက်မိုးသော ကျောင်းကို မီးတိုက်၍ ထွက်ပြေးလေသတတ်”ဟု စကားကို ဖြစ်စေကြလေကုန်၏။ ထိုမှနောက်အဖို့၌ ရဟန်းတစ်ပါးသည် ရာဇဂြိုဟ်ပြည်မှ ထွက်ခဲ့၍ မြတ်စွာဘုရားကို ဖူးမြော်လိုသဖြင့် ဇေတဝန်ကျောင်းတော်သို့ သွားရောက်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ မြတ်စွာဘုရားကို အစေ့အစပ် ပဋိသန္ဓာရပြုသဖြင့် “ချစ်သားရဟန်း- အသင်သည် အဘယ်အရပ်မှ လာခဲ့သနည်း”ဟု မေးတော်မူအပ်သည်ရှိသော် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ရာဇဂြိုဟ်ပြည်မှ လာခဲ့ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ငါ၏ သားတော်ဖြစ်သော မဟာကဿပအား ခန့်ကျန်းချမ်းသာစွာ ရှိ၏လော”ဟု မေးတော်မူပြန်လျှင် “မြတ်စွာဘုရား- ခန့်ကျန်းချမ်းသာစွာ ရှိပါ၏၊ သိဒ္ဓိဝိဟာရိက တပည့်ရဟန်းငယ်တစ်ပါးသည်ကား အဆုံးအမ ဩဝါဒပေးကာမျှဖြင့် အမျက်ထွက်၍ သစ်ရွက်မိုးသောကျောင်းကို မီးတိုက်ပြီးလျှင် ထွက်ပြေးပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်း- ထိုရဟန်းငယ်သည် ယခုအခါ၌သာလျှင် အဆုံးအမကို ကြားနာရ၍ အမျက်ထွက်သည် မဟုတ်သေး၊ ရှေး၌လည်း အမျက်ထွက်သည်သာလျှင်တည်း။ ယခုအခါ၌သာလျှင် နေရာဖြစ်သော ကုဋီကို ဖျက်ဆီးသည်မဟုတ်သေး၊ ရှေး၌လည်း ဖျက်ဆီးသည်သာလျှင်တည်း”ဟု မိန့်တော်မူပြီးလျှင် လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။

(ကုဋီဟူသည် အလျား ၂၇-တောင်၊ အနံ ၁၅-တောင် တစ်ထွာ ခြောက်သစ်ထက် မကြီး။ အလျား ၄-တောင်၊ အနံ ၄-တောင်အောက် မငယ်သော နေရာအဆောက်အအုံတည်း။ တစ်ပါးသော အဆောက်အအုံကိုလည်း ရုဠှီ, ဥပစာအားဖြင့် ကုဋီဟု ခေါ်သေး၏။)

မျောက်နှင့် စာပေါင်းသောင်း အတိတ်ဝတ္ထု

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဟိမဝန္တာအရပ်၌ တစ်ခုသော စာပေါင်းသောင်းသည် အသိုက်ပြု၍ နေလေ၏။ ထိုအခါ တစ်နေ့သ၌ မိုးရွာလတ်သော် တစ်ကောင်သော မျောက်သည် ချမ်းအေးခြင်းကြောင့် တုန်တုန်လှုပ်လှုပ်ဖြစ်လျက် ထိုအရပ်သို့ ရောက်သွားလေ၏။ စာပေါင်းသောင်းသည် ထိုမျောက်ကိုမြင်၍ ဤဂါထာကို ဆိုလေ၏။

မနုဿဿေဝ တေ သီသံ၊ ဟတ္ထပါဒါ စ ဝါနရ။
အထ ကေန နု ဝဏ္ဏေန၊ အဂါရံ တေ န ဝိဇ္ဇတိ။

ဝါနရ၊ အိုမျောက်။ တေ၊ သင်မျောက်၏။ သီသံ၊ ဦးခေါင်းသည်။ မနုဿဿ၊ လူ၏။ သီသံ ဣဝ၊ ဦးခေါင်းကဲ့သို့ ဖြစ်၏။ ဟတ္ထပါဒါ စ၊ လက်ခြေတို့သည်လည်း။ မနုဿဿ၊ လူ၏။ ဟတ္ထပါဒါ ဣဝ၊ လက်ခြေတို့ကဲ့သို့ ဖြစ်ကုန်၏။ အထ၊ ထိုသို့ဖြစ်လျက်။ ကေန နု ဝဏ္ဏေန၊ အဘယ်အကြောင့်ကြောင့်။ တေ၊ သင့်အား။ အဂါရံ၊ နေရာအိမ်သည်။ န ဝိဇ္ဇတိ၊ မရှိရလေသနည်း။

မျောက်သည်လည်း “ငါ့အား လက်ခြေတို့သည်ကား အကယ်၍ ရှိကုန်၏။ ထိုသို့ပင် ရှိကုန်သော်လည်း အကြင်ပညာဖြင့် စိစစ်ဆင်ခြင်၍ နေရာအိမ်ကို ဆောက်လုပ်နိုင်၏။ ထိုပညာသည် ငါ့အား မရှိ”ဟု ကြံစည်လျက် ထိုအကြောင်းကို ထင်ရှားစွာ သိစေလိုရကား ဤဂါထာကို ဆိုလေ၏။

မနုဿဿေဝ မေ သီသံ၊ ဟတ္ထပါဒါ စ သိင်္ဂိလ။
ယာဟု သေဋ္ဌာ မနုဿေသု၊ သာ မေ ပညာ န ဝိဇ္ဇတိ။

သိင်္ဂိလ၊ အဆွေ စာပေါင်းသောင်း။ မေ၊ ငါ၏။ သီသံ၊ ဦးခေါင်းသည်။ မနုဿဿ၊ လူ၏။ သီသံ ဣဝ၊ ဦးခေါင်းကဲ့သို့ ဖြစ်၏။ ဟတ္ထပါဒါ စ၊ လက်ခြေတို့သည်လည်း။ မနုဿဿ၊ လူ၏။ ဟတ္ထပါဒါ ဣဝ၊ လက်ခြေတို့ကဲ့သို့ ဖြစ်ကုန်၏။ ယာ ပညာ၊ အကြင်ပညာသည်။ မနုဿေသု၊ လူတို့၌။ သေဋ္ဌာ၊ မြတ်၏ဟူ၍။ အာဟု၊ ဆိုကုန်၏။ သာ ပညာ၊ ထိုပညာသည်။ မေ၊ ငါ့အား။ န ဝိဇ္ဇတိ၊ မရှိ။

ထိုအခါ မျောက်ကို “ဤသို့သဘောရှိသာ သင့်အား အဘယ်သို့လျှင် အိမ်၌နေခြင်းသည် ပြည့်စုံနိုင်လတ္တံ့နည်း”ဟု ကဲ့ရဲ့ရှုတ်ချလိုသဖြင့် စာပေါင်းသောင်းသည် ဤဂါထာနှစ်ခုအပေါင်းကို ဆိုလေ၏။

အနဝဋ္ဌိတစိတ္တဿ၊ လဟုစိတ္တဿ ဒုဗ္ဘိနော။
နိစ္စံ အဒ္ဓုဝသီလဿ၊ သုခဘာဝေါ န ဝိဇ္ဇတိ။
သော ကရဿု အာနုဘာဝံ၊ ဝီတိဝတ္တဿု သီလိယံ။
သီတဝါတပရိတ္တာဏံ၊ ကရဿု ကုဋဝံ ကပိ။

ဝါနရ၊ အိုမျောက်။ အနဝဋ္ဌိတစိတ္တဿ၊ မတည်တံ့ မငြိမ်သက်သော စိတ်ရှိသော။ လဟုစိတ္တဿ၊ ပေါ့သော လျင်သော စိတ်အကြံရှိသော။ ဒုဗ္ဘိနော၊ အဆွေခင်ပွန်းအား ပြစ်မှားတတ်သော။ နိစ္စံ၊ အမြဲ။ အဒ္ဓုဝသီလဿ၊ မမြဲသော သီလအကျင့်ရှိသော သူအား။ သုခဘာဝေါ၊ ချမ်းသာခြင်း၏ အဖြစ်သည်။ န ဝိဇ္ဇတိ၊ မရှိ။

ကပိ၊ အို..မျောက်။ သော တွံ၊ ထိုသင်သည်။ အာနုဘာဝံ၊ ပညာ၏ ဖြစ်ခြင်းအကျိုးငှာ အာနုဘော်ဟုဆိုအပ်သော ဥပါယ်တံမျဉ်ကို။ ကရဿု၊ ပြုလေဦးလော့။ သီလိယံ၊ ညစ်နွမ်းခြင်းကို ဖြစ်စေတတ်သော မျောက်တို့၏ အလေ့အလာကို။ ဝီတိဝတ္တဿု၊ လွန်စေဦးလော့။ သီတဝါတပရိတ္တာဏံ၊ ချမ်းအေးခြင်းကို ဖြစ်စေတတ်သောလေကို တားမြစ်ရာ, တားမြစ်ကြောင်းဖြစ်သော။ ကုဋဝံ၊ နေရာအိမ်ကို။ ကရဿု၊ ပြုလေဦးလော့။

မျောက်သည်လည်း “ဤစာပေါင်းသောင်းငှက်ကား ငါ့ကို မရပ်သွေဖည် မတည်ကြည်သော စိတ်ရှိသည်ကိုလည်းကောင်း၊ ပေါ့သော လျင်သော စိတ်ရှိသည်ကိုလည်းကောင်း၊ အဆွေခင်ပွန်းအား ပြစ်မှားတတ်သည်ကိုလည်းကောင်း၊ မမြဲသော သီလရှိသည်ကိုလည်းကောင်း ပြုလေဘိ၏။ ဤယခုအခါ၌ ထိုစာပေါင်းသောင်းငှက်အား အဆွေခင်ပွန်းအား ပြစ်မှားတတ်သည်၏အဖြစ်ကို ပြရပေတော့အံ့”ဟု အသိုက်ကို ဆုတ်ဖဲ့ဖျက်ဆီး၍ ဖရိုဖရဲ ကြဲဖြန့်လေ၏။ ထိုစာပေါင်းသောင်းငှက်ကား မျောက်သည် အသိုက်ကို ဆွဲငင်သော ကာလ၌ပင် နံပါးတစ်ဘက်ဖြင့်ထွက်၍ ပျံသွားလေ၏။ မြတ်စွာဘုရားသည် ဤစတုက္ကနိပါတ် သိင်္ဂိလသကုဏဇာတ်ဖြစ်သော ဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူလေ၏။

ကျောင်းကိုဖျက်ဆီးသော ရဟန်းသည် ထိုအခါ မျောက်ဖြစ်ဖူးလေပြီ၊ ကဿပမထေရ်သည် စာပေါင်းသောင်းငှက် ဖြစ်ဖူးလေပြီ။ ဤသို့ ဇာတ်ကိုပေါင်းတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ထိုရဟန်းငယ်သည် ဤယခုအခါ၌သာ ဤသို့သဘောရှိသည် မဟုတ်သေး၊ ရှေး၌လည်း ဆိုဆုံးမသောခဏ၌ အမျက်ထွက်၍ စာပေါင်းသောင်းအသိုက်ကို ဖျက်ဆီး၏၊ ငါ့သားဖြစ်သော ကဿပအား ဤသို့သဘောရှိသော မလိမ္မာသောသူနှင့်တကွ နေရခြင်းထက် တစ်ယောက်တည်းသာ နေရခြင်းသည် မြတ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၆၁] စရဉ္စေ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသမတ္တနော။
ဧကစရိယံ ဒဠှံ ကယိရာ၊ နတ္ထိ ဗာလေ သဟာယတာ။

စရံ စရန္တော၊ ကလျာဏမိတ္တကို ရှာမှီးသောသူသည်။ အတ္တနော၊ မိမိထက်။ သေယျံ၊ သီလအစရှိသော ဂုဏ်ကျေးဇူးတို့ဖြင့် လွန်မြတ်သောသူကိုလည်းကောင်း။ အတ္တနော၊ မိမိနှင့်။ သဒိသံ၊ သီလစသော ဂုဏ်ကျေးဇူးတို့ဖြင့် တူသောသူကိုလည်းကောင်း။ စေ နာဓိဂစ္ဆေယျ၊ အကယ်၍ မရငြားအံ့။ ဧကစရိယံ၊ တစ်ယောက်တည်းသာ ကျင့်ခြင်းကို။ ဒဠှံ၊ မြဲစွာ။ ကယိရာ၊ ပြုရာ၏။ ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူကား။ ဗာလေ ဗာလံ၊ မလိမ္မာသောသူကို။ နိဿာယ၊ မှီ၍။ သဟာယတာ၊ အပေါင်းအဖော်၏ဖြစ်ကြောင်း သီလစသော ဂုဏ်ကျေးဇူးသည်။ နတ္ထိ၊ မရှိ။

ဒေသနာတော်၏ အကျိုး

တရားဒေသနာတော်၏အဆုံး၌ ရာဇဂြိုဟ်ပြည်မှ ကြွလာသော အာဂန္တုကရဟန်းသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ထိုမှတစ်ပါး များစွာသောသူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

မဟာကဿပမထေရ်မြတ်၏ တပည့်ဝတ္ထု ပြီး၏။

֍ * ၃။ အာနန္ဒာသူဌေးကြီးတ္ထု

ပုတ္တာ မတ္တိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် အာနန္ဒာအမည်ရှိသော သူဌေးကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(အာနန္ဒဟု ပုလ္လိင်အကာရန္တဖြင့်သာ ဆိုသင့်သော်လည်း မြန်မာတို့ခေါ်ဝေါ်မှု၌ အာနန္ဒာဟု ပုလ္လိင်အာကာရန္တ ဆိုလေ့ရှိကြသည်။ သာရိပုတြာ, အရိယာသံဃာတို့၌လည်း ၎င်းနည်းတူ။)

အာနန္ဒာသူဌေးကြီးသေ၍ လူပြိတ္တာဖြစ်ခြင်း

သာဝတ္ထိပြည်၌ ကုဋေလေးဆယ် ကြွယ်ဝသော စည်းစိမ် ဥစ္စာရှိသည်ဖြစ်၍ လွန်မင်းစွာ နှမြောဝန်တိုသော သဘောရှိသော အာနန္ဒာအမည်ရှိသော သူဌေးတစ်ဦးသည် ရှိပေသတတ်။ ထိုအာနန္ဒာသူဌေးသည် လခွဲတိုင်း, လခွဲတိုင်း ဆွေမျိုးဉာတကာတို့ကို စည်းဝေးစေ၍ မူလသိရိအမည်ရှိသော မိမိ၏သားကို သုံးပါးသောအခါတို့၌ ဤသို့သော အဆုံးအမ ဩဝါဒကို ပေးလေ၏။ “ဤကုဋေလေးဆယ်မျှလောက်သော ပစ္စည်းဥစ္စာကို များလှပြီဟူသော အမှတ်သညာကို မပြုလေလင့်၊ ထင်ရှားရှိနေသော ဥစ္စာကို မပေးကမ်းအပ်၊ အသစ်ဖြစ်သော ဥစ္စာကို တိုးပွားစေအပ် ဖြစ်စေအပ်၏၊ တစ်သပြာမျှဖြစ်သော ဥစ္စာကိုလည်း ကုန်ခန်းပျက်စီးအောင် ပြုသောသူအား ဥစ္စာသည် တဖြည်းဖြည်း ကုန်သည်သာတည်း။” ထို့ကြောင့်-

အဉ္စနာနံ ခယံ ဒိသွာ၊ ဥပစိကာနဉ္စ အာစယံ။
မဓူနဉ္စ သမာဟာရံ၊ ပဏ္ဍိတော ဃရမာဝသေ။

ပဏ္ဍိတော၊ ပညာရှိသည်။ အဉ္စနာနံ၊ မျက်စဉ်းတို့၏။ ခယံ စ၊ ကုန်ခြင်းကိုလည်းကောင်း။ ဥပစိကာနံ၊ သေးငယ်စွာလှ ပိုးရွခြတို့၏။ အာစယဉ္စ၊ တောင်ပို့ဖြစ်အောင် ပေါင်းစုခြင်းကိုလည်းကောင်း။ မဓူနံ၊ ပျားကောင်တို့၏။ သမာဟာရံစ၊ ပျားလပို့ဖြစ်အောင် ပန်းယက်စုပေါင်းကာ ဆောင်ယူခြင်းကိုလည်းကောင်း။ ဒိသွာ၊ ကြည့်ရှု၍။ ဃရံ၊ အိမ်ကို။ ဝါ၊ အိမ်၌။ အာဝသေ၊ အုပ်ချုပ်သေချာ နေထိုင်ရာ၏။

ဤသို့ အဆုံးအမ ဩဝါဒကိုပေး၏။ ထိုသူဌေးကြီးသည် နောက်အဖို့ဖြစ်သော တစ်ပါးသောအခါ၌ မိမိ၏ ရွှေအိုးကြီးငါးလုံးကို မိမိ၏သားဖြစ်သော မူလသိရိအား မပြောမကြားမူ၍ ဥစ္စာကိုမှီ၍ဖြစ်သော နှမြောဝန်တိုခြင်းတည်းဟူသော အညစ်အကြေး ယှက်မှေးလိမ်းကျံလျက် စုတိပြောင်းကြွေ သေလွန်ခြင်းကို ပြုရလေသောကြောင့် ထိုသာဝတ္ထိပြည်၏သာလျှင် တစ်ခုသော တံခါးအနီးရွာ၌ ဒွန်းစဏ္ဍာတို့၏ အမျိုးတစ်ထောင်သည် နေထိုင်၏။ ထိုရွာတွင် ဒွန်းစဏ္ဍားမတစ်ယောက်၏ဝမ်း၌ ပဋိသန္ဓေ စွဲယူလေ၏။

သာဝတ္ထိပြည်ကြီးရှင် ဘုရင် ပသေနဒီကောသလမင်းကြီးသည် ထိုအာနန္ဒာသူဌေး၏ သေလွန်ခြင်းကို ကြားသိတော်မူသဖြင့် သူဌေး၏သားဖြစ်သော မူလသိရိကို ခေါ်စေပြီးလျှင် သူဌေးအရာ၌ ထားတော်မူလေ၏။ ထိုဒွန်းစဏ္ဏားမျိုး တစ်ထောင်သည်လည်း တစ်ပေါင်းတစ်စုတည်းသာလျှင် အခဖြင့် အမှုကိုပြုလျက် အသက်မွေးခြင်းအမှုကို ပြုနေရာ အာနန္ဒာသူဌေး၏ ပဋိသန္ဓေစွဲယူနေသည်မှစ၍ အခကိုမရ၊ မျှတလောက်ရုံမျှကိုလည်း မရ၊ ထိုမှနောက်၌လည်း ထမင်းတစ်ဆုပ်မျှကိုပင် မရသောကြောင့် ဒွန်းစဏ္ဏားတို့သည် “ဤယခုအခါ ငါတို့သည် အမှုကို ပြုလုပ်ပါကုန်သော်လည်း ထမင်းတစ်ဆုပ်ကိုမျှလည်း မရကြကုန်၊ ငါတို့၏အတွင်း၌ သူယုတ်မာမသည် ရှိသည်ဖြစ်တန်ရာ၏”ဟု နှစ်ဖို့နှစ်စု ဖြစ်ကြ၍ အကြင်မျှလောက် အာနန္ဒာသူဌေး၏ အမိအဘတို့သည် အသီးအခြား ဖြစ်ကြကုန်၏။ ထိုမျှလောက် ခွဲခြားဝေဖန်၍ “ဤအမျိုး၌ သူယုတ်မာမသည် ဖြစ်ပေါ်လေ၏”ဟု ထိုအာနန္ဒာသူဌေး၏ မိခင်ဖြစ်သော ဒွန်းစဏ္ဍားမကို နှင်ထုတ်ကြလေကုန်၏။ ထိုမိခင် ဒွန်းစဏ္ဍားမသည်လည်း အကြင်မျှလောက် ထိုသူငယ်သည် ဝမ်း၌တည်၏၊ ထိုမျှလောက်သော ကာလပတ်လုံး မျှတလောက်ရုံသော ထမင်းကိုမျှလည်း ငြိုငြင်ဆင်းရဲစွာ ရှာဖွေပါမှ ရသည်ဖြစ်၍ သားကို ဖွားမြင်ရရှာလေ၏။ ထိုသူငယ်၏ လက်တို့သည်လည်းကောင်း၊ ခြေတို့သည်လည်းကောင်း၊ မျက်စိတို့သည်လည်းကောင်း၊ နားတို့သည်လည်းကောင်း၊ နှာခေါင်းသည်လည်းကောင်း၊ ခံတွင်းသည်လည်းကောင်း ပကတိ တည်ရှိမြဲတိုင်းသောအရပ်၌ မဟုတ်ကုန်။ ထိုသူငယ်သည် ဤသို့သဘောရှိသော အင်္ဂါကြီးငယ် ချို့တဲ့ခြင်းနှင့် ပြည့်စုံသည်ဖြစ်ရကား မြေဘုတ်ဘီလူးကဲ့သို့ အလွန်အမင်း ဖောက်ပြန်စွာ အဆင်းမလှခြင်းရှိသောသူငယ် ဖြစ်ရရှာလေ၏။

ဘဝဟောင်းက ရွှေအိုးများ ဖော်ပြခြင်း

ဤသို့ အလွန်အမင်း အဆင်းမလှသောသူငယ် ဖြစ်သော်ငြားလည်း ထိုသူငယ်ကို မိခင်သည် မစွန့်ပစ်ရက်နိုင်။ မိမိ၏ဝမ်း၌ ပဋိသန္ဓေတည်နေသော သားသမီး၌ ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးခြင်းသည် လွန်မင်းစွာ အားကြီးပေ၏။ ထိုဒွန်းစဏ္ဍားမသည် သားငယ်ကို ဆင်းရဲငြိုငြင်စွာ မွေးကျွေးသုတ်သင်လျက် ထိုသားငယ်ကိုပွေ့ချီ၍ သွားသောနေ့၌ကား တစ်စုံတစ်ခုကိုမျှ မရသောကြောင့် အိမ်၌ထားခဲ့၍ မိမိချည်းသွားသောနေ့၌ တစ်ဖန် ရနေကျ ရလေ၏။ ထို့နောက် ထမင်းစသော အစာအာဟာရ အလို့ငှာ လှည့်လည်သွားလာရှာဖွေ၍ အသက်မွေးခြင်းငှာ စွမ်းနိုင်သောအခါ သူငယ်ကို လက်၌ ခွက်တစ်ခုထား၍ “ချစ်သား- ငါတို့သည် သင်ချစ်သားကိုအမှီပြု၍ ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်ကြရလေကုန်ပြီ၊ ယခုအခါ အသင်ချစ်သားကို မွေးကျွေးသုတ်သင်ခြင်းငှာ မစွမ်းနိုင်ကြကုန်၊ ဤသာဝတ္ထိပြည်ကြီး၌ အထီးကျန်သောသူ၊ ခရီးသွားသောသူ စသည်တို့၏အကျိုးငှာ စီရင်အပ်သော ထမင်းတို့သည် ရှိကုန်၏။ ထိုထမင်းရှိရာ၌ ထမင်းစသော အစာကို တောင်းရမ်းလှည့်လည် ရှာဖွေကာ အသက်မွေးလေလော့”ဟု ဆို၍ သားငယ်ကို စေလွှတ် စွန့်ပစ်ရရှာလေ၏။ ထိုသူငယ်သည် အိမ်စဉ်အတိုင်းအားဖြင့် လှည့်လည်လတ်သည်ရှိသော် အာနန္ဒာသူဌေးကြီး ဖြစ်စဉ်အခါ ရှေးယခင်က ဖြစ်ခဲ့ဖူးသော အိမ်နေရာသို့ ရောက်သွားပြီးလျှင် ဘဝဟောင်းကို သိစွမ်းနိုင်သော ဇာတိဿရဉာဏ် ရသည်ဖြစ်၍ မိမိ၏အိမ်သို့ ဝင်သွားလေ၏။ သုံးတန်သုံးထပ်ကုန်သော တံခါးမုခ်တို့၌စောင့်သော တစ်စုံတစ်ယောက်သောသူမျှ အမှတ်အသား မပြုလိုက်မိသဖြင့် လေးတန်မြောက် စတုတ္ထတံခါးမုခ်၌ မူလသိရိသူဌေး၏ သားငယ်တို့ မြင်ရသည်ရှိသော် လွန်စွာထိတ်လန့်သော နှလုံးရှိကုန်သည်ဖြစ်၍ ငိုကြွေးမြည်တမ်းကြလေကုန်၏။

ထိုအခါ ထိုသူငယ်ကို မူလသိရိသူဌေး၏ အလုပ်အကျွေး အစောင့်အရှောက် ယောက်ျားတို့သည် “ဘုန်းကျက်သရေမဲ့လှသော ဟယ်သူယုတ်- ထွက်သွားလော့”ဟု ရိုက်နှက်ပုတ်ခတ် ထောင်းထုသတ်၍ နှင်ထုတ်ပြီးလျှင် တံမြက်ချေးစွန့်ရာအရပ်၌ ပစ်ထားကြလေကုန်၏။ မြတ်စွာဘုရားသည် အာနန္ဒာမထေရ်လျှင် နောက်လိုက်ရဟန်းရှိသဖြင့် ဆွမ်းအလို့ငှာ လှည့်လည်လတ်သည်ရှိသော် ထိုအရပ်သို့ ရောက်တော်မူလျှင် အာနန္ဒာမထေရ်ကို ကြည့်တော်မူသဖြင့် ရှင်အာနန္ဒာမထေရ် မေးတော်မူအပ်သည်ရှိသော် ထိုအကြောင်းကို ပြောကြား မိန့်မြွက်တော်မူသောကြောင့် အာနန္ဒာမထေရ်သည် မူလသိရိသူဌေးကို ခေါ်စေတော်မူလေ၏။ ထိုအခါ များစွာသော လူအပေါင်းတို့သည် စည်းဝေးကြကုန်၏။ မြတ်စွာဘုရားသည် မူလသိရိသူဌေးကို ခေါ်တော်မူ၍ “ဤသူငယ်ကို သိ၏လော”ဟု မေးတော်မူသဖြင့် “မသိပါဘုရား”ဟု လျှောက်ကြာသည်ရှိသော် “အသင်၏ ဖခင်ဖြစ်သော အာနန္ဒာသူဌေးကြီးပေတည်း”ဟု မိန့်တော်မူသဖြင့် မယုံမကြည်ဖြစ်နေသော မူလသိရိသူဌေးကို “အာနန္ဒာသူဌေးကြီး- သင်၏သားအား ငါးလုံးသော ရွှေအိုးကြီးကို ပြောကြားလေလော့”ဟု မိန့်တော်မူ၍ ပြောကြားစေတော်မူသဖြင့် ယုံကြည်စေတော်မူလေ၏။ ထိုမူလသိရိသူဌေးသည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟု ဆည်းကပ်ခြင်းသို့ ရောက်လေ၏။ ထိုမူလသိရိသူဌေးအား တရားဟောကြားတော်မူလိုပြန်ရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၆၂] ပုတ္တာ မတ္တိ ဓနမတ္ထိ၊ ဣတိ ဗာလော ဝိဟညတိ။
အတ္တာ ဟိ အတ္တနော နတ္ထိ၊ ကုတော ပုတ္တာ ကုတော ဓနံ။

မေ၊ ငါ့အား။ ပုတ္တာ၊ သားသမီးတို့သည်။ အတ္ထိ၊ ရှိကုန်၏။ မေ၊ ငါ့အား။ ဓနံ၊ ဥစ္စာသည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့။ ဗာလော၊ မလိမ္မာသော သူမိုက်သည်။ တဏှာယ၊ သားသမီးဥစ္စာ တပ်ငြိကာဖြင့်။ ဝိဟညတိ၊ ပင်ပန်းဆင်းရဲ၏။ ဧဝမ္ပိ၊ ဤသို့ ပင်ပန်းဆင်းရဲရပါသော်လည်း။ အတ္တာ ဟိ၊ မိမိပင်သော်လည်း။ အတ္တနော၊ မိမိ၏။ တာဏာယ၊ ကိုးကွယ်ရာ စောင့်ရှောက်ရာ အကျိုးငှာ။ နတ္ထိ၊ မရှိ။ ပုတ္တာ၊ သားသမီးတို့သည်။ ကုတော အတ္ထိ၊ အဘယ်မှာ ရှိကုန်အံ့နည်း။ ဓနံ၊ ဥစ္စာသည်။ ကုတော အတ္ထိ၊ အဘယ်မှာ ရှိနိုင်အံ့နည်း။

ဒေသနာတော်၏ အကျိုး

တရားဒေသနာတော်၏အဆုံး၌ ရှစ်သောင်း လေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါး တရားအထူးကို သိခြင်းသည် ဖြစ်လေ၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အာနန္ဒာသူဌေးကြီးဝတ္ထု ပြီး၏။

֍ * ၄။ အထုပ်ဖြေတတ်သော ခိုးသူနှစ်ယောက် ဝတ္ထု

ယော ဗာလောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သူတစ်ပါးတို့၏ ဥစ္စာထုပ်ကို ဖြေဖျက်၍ ခိုးယူတတ်ကုန်သော ခိုးသူတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ခါးပိုက်နှိုက်သမား သောတာပန်တည်ခြင်း

အပေါင်းအဖော်ဖြစ်ကုန်သော နှစ်ယောက်သော ခိုးသူတို့သည် တရားနာခြင်းငှာ သွားကုန်သော လူအပေါင်းနှင့်တကွ ဇေတဝန်ကျောင်းတော်သို့ လိုက်သွား၍ တစ်ယောက်သော ခိုးသူသည်ကား တရားစကားကို နာကြား၍ နေသတတ်။ တစ်ယောက်သော ခိုးသူသည်ကား မိမိခိုးယူရန် ဥစ္စာကိုသာ ကြည့်ရှု၍ နေသတတ်။ ထိုနှစ်ယောက်ကုန်သော ခိုးသူတို့တွင် တစ်ယောက်သော ခိုးသူသည် တရားတော်ကို နာလျက်ပင် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ တစ်ယောက်သော ခိုးသူသည်ကား တရားနာသောသူတစ်ယောက်၏ ပုဆိုးစွန်း၌ထုပ်သော ငါးပဲမျှသော အသပြာကို ခိုးယူ၍ ရလေ၏။ ထိုသူ၏ ထိုငါးပဲမျှသော အသပြာသည် အိမ်၌ ချက်ပြုတ်အပ်သော ထမင်းဟင်းဖြစ်လေ၏။ ဤမှတစ်ပါးသော တရားနာသော ခိုးသူ၏အိမ်၌ကား မချက်ပြုတ်ရ။ ထိုအခါ၌ တရားနာသော ခိုးသူကို အဖော်ဖြစ်သော ခိုးသူသည် မိမိ၏ဇနီးနှင့်အတူတကွ ပြက်ရယ်စကား ပြောကြားလျက် “အသင်သည် အလွန်ပညာရှိသည်၏အဖြစ်ကြောင့် မိမိ၏အိမ်၌ ချက်ပြုတ်ရန် ထမင်းဟင်းလျာဖိုးကိုမျှသော်လည်း မရ၊ မပြီးစေနိုင်”ဟု ပြောဆိုလေ၏။ မြတ်စွာဘုရား တရားတော်ကို ကြားနာရသော ခိုးသူသည်ကား “ဤသူသည် အလွန်တရာ မိုက်မဲတွေဝေခြင်းကြောင့်သာလျှင် မိမိ၏ ပညာရှိတစ်ယောက်ဖြစ်ကြောင်းကို အောက်မေ့ဘိ၏”ဟု ထိုအကြောင်းအရာကို မြတ်စွာဘုရားအား လျှောက်ကြားအံ့သောငှာ ဆွေမျိုးဉာတကာတို့နှင့် အတူတကွ ဇေတဝန်ကျောင်းတော်သို့သွား၍ လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည်လည်း ထိုဒါယကာအား တရားဟောတော်မူလို၍ ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၆၃] ယော ဗာလော မညတိ ဗာလျံ၊ ပဏ္ဍိတော ဝါပိ တေန သော။
ဗာလော စ ပဏ္ဍိတမာနီ၊ သ ဝေ ဗာလောတိ ဝုစ္စတိ။

ယော-ဗာလော၊ အကြင်သူမိုက်သည်။ ဗာလျံ၊ မိမိ မိုက်သည်၏အဖြစ်ကို။ မညတိ၊ ငါမိုက်သည်ဟု သိ၏။ သော ဗာလော၊ ထိုသူမိုက်သည်။ တေန၊ ထိုမိုက်သည့်အဖြစ်ကို သိသောအကြောင်းကြောင့်။ ပဏ္ဍိတောဝါပိ၊ ပညာရှိသည်မူလည်း။ ဝါ၊ ပညာရှိနှင့် တူသည်မူလည်း။ ဟောတိ၊ ဖြစ်၏။ ယော ဗာလော၊ အကြင်သူမိုက်သည်။ ဗာလော စ၊ မိုက်သည်ဖြစ်၍သာလျှင်။ ပဏ္ဍိတမာနီ၊ ငါပညာရှိဟု မှတ်၏။ သော ဗာလော၊ ထိုသူမိုက်ကို။ ဝေ၊ စင်စစ်။ ဗာလာတိ၊ ဗာလဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ဒေသနာတော်၏ အကျိုး

တရားဒေသနာတော်၏အဆုံး၌ တရားနာသော ခိုးသူ၏ အဆွေအမျိုးတို့နှင့်တကွ များစွာသော လူအပေါင်းသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။

အထုပ်ဖြေတတ်သော ခိုးသူနှစ်ယောက်ဝတ္ထု ပြီး၏။

֍ * ၅။ အရှင်ဥဒါယီမထေရ်ဝတ္ထု

ယာဝဇီဝမ္ပိ စေ ဗာလောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဥဒါယီမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တရားမရဘဲ ပလ္လင်ထိုင်ခြင်း

ထိုအရှင် ဥဒါယီမထေရ်သည် မထေရ်ကြီးတို့သည် တရားသဘင်နေရာမှ ဖဲကြွတော်မူကုန်သည်ရှိသော် တရားသဘင်သို့သွား၍ တရားဟောပုဂ္ဂိုလ်တို့၏နေရာ၌ ထိုင်နေလေ့ရှိသတတ်။ ထိုအခါ တစ်နေ့သ၌ ထိုအရှင်ဥဒါယီမထေရ်ကို အာဂန္တုကရဟန်းတို့သည် မြင်သဖြင့် “ဤအရှင်ကား များသော အကြားအမြင်ရှိသော မထေရ်ကြီးတစ်ပါး ဖြစ်ပေလတ္တံ့”ဟု မှတ်ထင်ကုန်သည်ဖြစ်၍ ခန္ဓာစသည်နှင့်စပ်သော ပြဿနာကို မေးမြန်းလျှောက်ထားကြပြီးလျှင် တစ်စုံတစ်ခုကိုမျှ မသိသောသူဖြစ်ရကား “ဤအရှင်ကား အဘယ်သို့သော အရှင်ဖြစ်လေသနည်း”ဟု ဆိုလျက် “မြတ်စွာဘုရားတို့နှင့်တကွ တစ်ကျောင်းတည်း၌ နေသည်ဖြစ်ပါလျက် ခန္ဓာ, ဓာတ်, အာယတနကိုမျှလည်း မသိ”ဟု ကဲ့ရဲ့ရှုတ်ချကာ အပြစ်တင်၍ ထိုအကြောင်းအရာကို မြတ်စွာဘုရားအား လျှောက်ကြားကြကုန်၏။

မြတ်စွာဘုရားသည် ထိုအာဂန္တုက ရဟန်းတို့အား တရားဟောတော်မူလို၍ ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၆၄] ယာဝဇီဝမ္ပိ စေ ဗာလော၊ ပဏ္ဍိတံ ပယိရုပါသတိ။
န သော ဓမ္မံ ဝိဇာနာတိ၊ ဒဗ္ဗီ သူပရသံ ယထာ။

ဒဗ္ဗီ၊ ဟင်းမွှေယောက်မသည်။ သူပရသံ၊ အစပ်, အငန်, အဖန်, အခါး စသောအားဖြင့် ခြောက်ပါးဖြာဖြာ ဟင်း၏အရသာကို။ န ဝိဇာနာတိ ယထာ၊ မသိနိုင်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဗာလော၊ လူမိုက်သည်။ ယာဝဇီဝမ္ပိ၊ အသက်ထက်ဆုံးလည်း။ ပဏ္ဍိတံ၊ ပညာရှိသောသူကို။ စေ ပယိရုပါသတိ၊ အကယ်၍ အတူတကွနေလျက် ဆည်းကပ်သည်ဖြစ်ငြားအံ့။ သော ဗာလော၊ ထိုသူမိုက်သည်။ ဓမ္မံ၊ ဘုရားဟောကြား မြတ်တရားကို။ န ဝိဇာနာတိ၊ မသိ။

ဒေသနာတော်၏ အကျိုး

တရားဒေသနာတော်၏အဆုံး၌ အာဂန္တုက ရဟန်းတို့သည် အာသဝေါတရားတို့မှ စိတ်တို့သည် ကင်းလွတ်ကြလေကုန်၏။

အရှင်ဥဒါယီမထေရ်ဝတ္ထု ပြီး၏။

֍ * ၆။ ပါဝေယျကတိုင်းသား ရဟန်းတို့ ဝတ္ထု

မုဟုတ္တမပိ စေ ဝိညူအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သုံးကျိပ်မျှသော ပါဝေယျကတိုင်းသား ရဟန်းများကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တစ်ခဏဖြင့် တရားသိခြင်း

မြတ်စွာဘုရားသည် မိန်းမတစ်ယောက်ကို လိုက်လံရှာဖွေကုန်သော သုံးကျိပ်သော ပါဝေယျကတိုင်းသားတို့အား ကပ္ပါသိကမည်သော တောအုပ်၌ ရှေးဦးစွာ တရားကို ဟောကြားတော်မူလေ၏။ ထိုအခါ သုံးကျိပ်မျှသော အလုံးစုံသောသူတို့သည် ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ ရောက်ကြပြီးလျှင် တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းကို ဆောင်ကုန်သည်ဖြစ်၍ တစ်ဆယ့်သုံးပါးသော ဓူတင်ကျင့်ဝတ်တို့ကို ဆောက်တည်ကာ ကျင့်ကြံကြိုးကုတ် အားထုတ်ကြကုန်သဖြင့် တစ်ဖန်လည်း ရှည်စွာသော ကာလလွန်ပြီးသောအခါ မြတ်စွာဘုရားသို့ချဉ်းကပ်၍ အနမတဂ္ဂသုတ္တန် တရားဒေသနာကို ကြားနာရသဖြင့် ထိုနေရာ၌ပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။ ရဟန်းတို့သည် “ဤရဟန်းသုံးကျိပ်တို့သည်ကား အံ့ဩဖွယ်ရှိစွ၊ လျင်မြန်စွာ တရားတော်ကို ထိုးထွင်း၍ သိအပ်ပေသည်တကား”ဟု တရားသဘင်၌ စကားကို ဖြစ်စေကြကုန်၏။ မြတ်စွာဘုရားသည် ထိုစကားကိုကြားတော်မူ၍ “ချစ်သားရဟန်းတို့- ဤသုံးကျိပ်သော ရဟန်းတို့သည် ယခုအခါ၌သာ တရားတော်ကို လျင်မြန်စွာ ထိုးထွင်း၍ သိသည်မဟုတ်သေး၊ ရှေးအခါ၌လည်း သုံးကျိပ်မျှလောက်သော် အဆွေခင်ပွန်း သေသောက်ကြူးတို့ဖြစ်၍ တုဏ္ဍိလဇာတ်၌ မဟာတုဏ္ဍိလဝက်မင်း၏ တရားဟောခြင်းကို ကြားနာရ၍လည်း လျင်မြန်စွာသာလျှင် တရားဒေသနာကို သိကြသဖြင့် ငါးပါးသောသီလတို့ကို ဆောက်တည်ကြလေကုန်ပြီ၊ ထိုသို့သော အကြောင်းဥပနိဿယကြောင့် ယခုအခါ ထိုင်နေသော နေရာဌာန၌ပင် အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏”ဟု မိန့်တော်မူ၍ တရားဟောတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၆၅] မုဟုတ္တမပိ စေ ဝိညူ၊ ပဏ္ဍိတံ ပယိရုပါသတိ။
ခိပ္ပံ ဓမ္မံ ဝိဇာနာတိ၊ ဇိဝှာ သူပရသံ ယထာ။

ဇိဝှါ၊ လျှာသည်။ သူပရသံ၊ ဟင်း၏အရသာကို။ ဝိဇာနာတိ ယထာ၊ သိနိုင်သကဲ့သို့။ ဝိညူ၊ သိကြားလိမ္မာ ပညာရှိသောသူသည်။ မုဟုတ္တမပိ၊ တစ်ခဏမျှလည်း။ ပဏ္ဍိတံ၊ ပညာရှိသောသူကို။ စေ ပယိရုပါသတိ၊ အကယ်၍ ဆည်းကပ်သည် ဖြစ်ငြားအံ့။ ခိပ္ပံ၊ လျင်လျင်မြန်မြန်။ ဓမ္မံ၊ ဘုရားဟောကြား မြတ်တရားကို။ ဝိဇာတိ၊ သိ၏။

ဒေသနာတော်၏ အကျိုး

တရားဒေသနာတော်၏အဆုံး၌ များစွာသော ရဟန်းတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။

သုံးကျိပ်မျှသော ပါဝေယျကတိုင်းသား ရဟန်းတို့ဝတ္ထု ပြီး၏။

֍ * ၇။ သုပ္ပဗုဒ္ဓလူနူဝတ္ထု

စရန္တိ ဗာလာ ဒုမ္မေဓာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် သုပ္ပဗုဒ္ဓမည်သော လူနူကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တရားခုနစ်ပါးဆောင် သေအောင်မမွဲခြင်း

သုပ္ပဗုဒ္ဓလူနူ၏ ဝတ္ထုကား ဥဒါန်းပါဠိတော်၌ လာသည်သာလျှင်တည်း။ ထိုအခါ သုပ္ပဗုဒ္ဓလူနူသည် ပရိသတ်အစွန်၌ ထိုင်နေလျက် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရသဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်ပြီးလျှင် မိမိရအပ်သော ဂုဏ်ကျေးဇူးကို မြတ်စွာဘုရားအား လျှောက်ကြားလိုသည်ဖြစ်၍ ပရိသတ်အလယ်၌ သက်ဝင်ခြင်းငှာ မစွမ်းနိုင်သည်ဖြစ်ရကား များစွာသော လူအပေါင်းသည် ဘုရားရှင်ကိုရှိခိုးကာ လိုက်သွားပြီးမှ ပြန်လည်ဆုတ်နစ်လာသောကာလ၌ ကျောင်းတော်သို့ သွားလေ၏။ ထိုခဏ၌ နတ်တို့ကိုအစိုးရသော သိကြားမင်းသည် “ဤသုပ္ပဗုဒ္ဓလူနူသည်ကား မြတ်စွာဘုရား၏ သာသနာတော်၌ မိမိရအပ်သော ဂုဏ်ကျေးဇူးကို ထင်ရှားစွာပြုခြင်းငှာ အလိုရှိ၏”ဟု သိမြင်သဖြင့် “ထိုသုပ္ပဗုဒ္ဓလူနူကို စုံစမ်းဦးအံ့”ဟု သွားရောက်ပြီးလျှင် ကောင်းကင်၌ ရပ်တည်လျက်သာလျှင် ဤသို့ ပြောဆိုလေ၏။ “အို..သုပ္ပဗုဒ္ဓ- သင်သည် လူ့လောက၌ ဆင်းရဲလှသော ဒုက္ခိတသတ္တဝါဖြစ်ပေသည်၊ တောင်းခံမှ စားသောက်ရသော အထီးကျန်သောသူ ဖြစ်ပေသည်၊ ငါသည် သင့်အား အပိုင်းအခြား အဆုံးမရှိသော ပစ္စည်းဥစ္စာကို ပေးကမ်းပေအံ့၊ ဘုရားသည် ဘုရားမဟုတ်, တရားသည် တရားမဟုတ်, သံဃာသည် သံဃာမဟုတ်, ငါ့အား ဘုရားဖြင့် အကျိုးမရှိ, ငါ့အားတရားဖြင့် အကျိုးမရှိ, ငါ့အား သံဃာဖြင့် အကျိုးမရှိဟူ၍ ဆိုပါလေလော့”ဟု ပြောဆိုလေ၏။ ထိုအခါ သိကြားမင်းကို သုပ္ပဗုဒ္ဓလူနူသည် “အသင်ကား အသူဖြစ်လေဘိသနည်း”ဟု မေးမြန်းပြောဆိုလေ၏။ “ငါကား သိကြားမင်းတည်း”ဟု ပြန်ပြောသဖြင့် “အလွန်မိုက်ကန်းလှသဖြင့် အရှက်ကင်းပသော သိကြာမင်း- သင်သည် ငါနှင့်အတူတကွ စကားပြောဆိုခြင်းငှာ မသင့်တင့် မလျောက်ပတ်သော သဘောရှိသူ ဖြစ်ပေ၏”ဟု ဆိုပြီးလျှင် “အသင်သည် ငါ့ကို မကောင်းသော အလားရှိသောသူ ဟူ၍လည်းကောင်း, သူဆင်းရဲ ဟူ၍လည်းကောင်း, အထီးကျန်သူဟူ၍လည်းကောင်း ပြောဆိုဘိ၏၊ ငါသည်ကား မကောင်းသော အလားရှိသောသူ မဟုတ်၊ လူဆင်းရဲ မဟုတ်၊ အထီးကျန်သောသူ မဟုတ်၊ ငါသည် ချမ်းသာခြင်းသို့ ရောက်သောသူဖြစ်၏၊ ပစ္စည်းဥစ္စာ များစွာ ကြွယ်ဝသောသူ ဖြစ်၏။

သဒ္ဓါဓနံ သီလဓနံ၊ ဟိရိ ဩတ္တပ္ပိယံ ဓနံ။
သုတဓနဉ္စ စာဂေါ စ၊ ပညာ ဝေ သတ္တမံ ဓနံ။
ယဿ ဧတေ ဓနာ အတ္ထိ၊ ဣတ္ထိယာ ပုရိသဿ ဝါ။
အဒလိဒ္ဒေါတိ တံ အာဟု၊ အမောဃံ တဿ ဇီဝိတံ။

ယံ သဒ္ဓါဓနဉ္စ၊ ရတနာသုံးပါး ကံ,ကံ၏အကျိုးကို ယုံကြည်ခြင်းလက္ခဏာရှိသော သဒ္ဓါတည်းဟူသော အကြင်ဥစ္စာသည်လည်းကောင်း။ ယံ သီလဓနဉ္စ၊ စာရိတ္တ,ဝါရိတ္တ သီလ တည်းဟူသော အကြင်ဥစ္စာသည်လည်းကောင်း။ ယံ ဟိရိဓနဉ္စ၊ မကောင်းမှုမှ ရှက်ခြင်းလက္ခဏာရှိသော ဟိရီတည်းဟူသော အကြင်ဥစ္စာသည်လည်းကောင်း။ ယံ ဩတ္တပ္ပိယဉ္စ၊ မကောင်းမှုမှ ထိတ်လန့်ခြင်းလက္ခဏာရှိသော ဩတ္တပ္ပ တည်းဟူသော အကြင်ဥစ္စာသည်လည်းကောင်း။ ယံ သုတဓနဉ္စ၊ သူတော်တရား အကြားအမြင်များခြင်း သုတတည်းဟူသော အကြင်ဥစ္စာသည်လည်းကောင်း။ ယော စာဂေါ စ၊ ချီးမြှောက်ပေးကမ်း စွန့်ကြဲခြင်း စာဂတည်းဟူသော အကြင်ဥစ္စာသည်လည်းကောင်း။ ဝေ ဧကန္တေန၊ စင်စစ်အားဖြင့်။ သတ္တမံ၊ ခုနစ်ခုမြောက်ဖြစ်သော။ ယံ ပညာ ဓနဉ္စ၊ ယထာဘူတ သဘာဝကို သိစွမ်းနိုင်သော ပညာတည်းဟူသော အကြင်ဥစ္စာသည်လည်းကောင်း။ ဧတေ ဓနာ၊ ထိုဥစ္စာတို့သည်။ ယဿာ ဣတ္ထိယာ ဝါ၊ အကြင်မိန်းမအား လည်းကောင်း။ ယဿ ပုရိဿ ဝါ၊ အကြင်ယောင်္ကျားအားလည်းကောင်း။ အတ္ထိ သန္တိ၊ ရှိကုန်၏။ တံ ဣတ္ထိံ ဝါ၊ ထိုမိန်းမကိုလည်းကောင်း။ တံ ပုရိသံ ဝါ၊ ထိုယောက်ျားကိုလည်းကောင်း။ အဒလိဒ္ဒေါတိ၊ မဆင်းရဲသော များသော ဥစ္စာရှိသောသူ ဟူ၍သာလျှင်။ ပဏ္ဍိတာ၊ ဘုရားအစရှိသော ပညာရှိသူတော်ကောင်းတို့သည်။ အာဟု၊ မိန့်ဆိုတော်မူကြလေကုန်ပြီ။ တဿ၊ ထိုသူတော်ကောင်းဥစ္စာ ခုနစ်ဖြာနှင့် ပြည့်စုံသော ယောက်ျား,မိန်းမ၏။ ဇီဝိတံ၊ အသက်ရှည်ခြင်းကို။ အမောဃံ၊ အချည်းနှီး မဟုတ်။ သဖလန္တိ၊ အကျိုးရှိသော အသက်ရှည်ခြင်းဟူ၍။ ပဏ္ဍိတာ၊ ဘုရားအစရှိသော ပညာရှိသူတော်ကောင်းတို့သည်။ အာဟု၊ မိန့်ဆိုတော်မူကြလေကုန်ပြီ။

ဤဆိုအပ်ခဲ့ပြီးသော ခုနစ်ပါးအပြားရှိသော အရိယာ သူတော်ကောင်းတို့၏ ဥစ္စာတို့သည် ငါ့အား ထင်ရှားရှိကုန်၏။ အကြင်သူတို့အား ဤခုနှစ်ပါးသော ဥစ္စာတို့သည် ရှိကုန်၏။ ထိုသူတို့ကို ဘုရားတို့သည်လည်းကောင်း၊ ပစ္စေကဗုဒ္ဓါအစရှိကုန်သော အရိယာသူတော်ကောင်း အပေါင်းတို့သည်လည်းကောင်း သူဆင်းရဲဟူ၍ မိန့်ဆိုတော်မမူကြကုန်”ဟု သိကြားမင်းကို ပြောဆိုလေ၏။

သုပ္ပဗုဒ္ဓ နွားဝှေ့ခြင်း အတိတ်ကံ

သိကြားမင်းသည် ထိုသုပ္ပဗုဒ္ဓလူနူ၏ တရားစကားကို ကြားနာရသဖြင့် သုပ္ပဗုဒ္ဓလူနူကို လမ်းခရီးအကြား၌ စွန့်ထားခဲ့၍ မြတ်စွာဘုရား၏အထံတော်သို့ သွားရောက်ချဉ်းကပ်ပြီးလျှင် အလုံးစုံသော ထိုမိမိပြောသောစကား၊ သုပ္ပဗုဒ္ဓ ပြန်ပြောသော စကားကို လျှောက်ကြားလေ၏။ ထိုအခါ သိကြားမင်းကို မြတ်စွာဘုရားသည် “ဒကာတော်သိကြားမင်း- ဒကာတော်ကဲ့သို့သော သိကြားတို့၏ အရာသည်လည်းကောင်း၊ အထောင်သည်လည်းကောင်း သုပ္ပဗုဒ္ဓလူနူကို ဘုရားသည် ဘုရားမဟုတ်ဟူ၍လည်းကောင်း၊ တရားတော်သည် တရားမဟုတ်ဟူ၍လည်းကောင်း၊ သံဃာတော်သည် သံဃာတော် မဟုတ်ဟူ၍လည်းကောင်း ပြောဆိုစိမ့်သောငှာ မစွမ်းနိုင်သည်သာတည်း”ဟု မိန့်တော်မူလေ၏။ သုပ္ပဗုဒ္ဓလူနူသည်လည်း မြတ်စွာဘုရား၏ အထံတော်သို့ သွားရောက်၍ မြတ်စွာဘုရားနှင့်တကွ ပဋိသန္ဓာရစကား ပြောကြားပြီးသည်ရှိသော် ဝမ်းမြောက်ဝမ်းသာ ရအပ်သော တရားဂုဏ်ထူးကို လျှောက်ကြားပြီးလျှင် နေရာမှထ၍ ဖဲသွားလေ၏။ ထို့နောက် ဖဲသွား၍ မကြာမြင့်မီသာလျှင် ထိုသုပ္ပဗုဒ္ဓလူနူကို ပျိုမြစ်နုနယ် ငယ်သောသားရှိသော နွားမသည် ဇီဝိတိန္ဒြေမှ ချသတ်လေ၏။

(ထိုနွားမသည်ကား ပကတိသော နွားမ,မဟုတ်၊ တစ်ယောက်သော ဘီလူးမသည် ပုက္ကုသာတိမင်း, ဗာဟိယဒါရုစီရိယ, တမ္ဗဒါဌိက ခိုးသူသတ်, သုပ္ပဗုဒ္ဓလူနူဟူသော ဤလေးယောက်သောသူတို့၏ တစ်ရာ,တစ်ရာစီလောက်တိုင်အောင် ခန္ဓာကိုယ်အတ္တဘောတို့ကို နွားမအယောင်ဆောင်၍ ဇီဝိတိန္ဒြေမှ ချသတ်ဖူးလေသတတ်။ ထိုလေးယောက်သောသူတို့သည် ရှေးလွန်လေပြီးသောအခါ သူဌေးသားလေးယောက်ဖြစ်ကြ၍ ပြည်ကြီးကျက်သရေဖြစ်သော တစ်ယောက်သော ပြည့်တန်ဆာမကို ဥယျာဉ်သို့ဆောင်၍ နေ့အဖို့ပတ်လုံး စည်းစိမ်ချမ်းသာကို မွေ့လျော်စွာ ခံစားပြီးလျှင် ညချမ်းသောကာလ၌ ဤသို့ပြောကြား တိုင်ပင်ကြကုန်၏။ “ဤအရပ်ဒေသ၌ ငါတို့မှတစ်ပါး အခြားသောသူသည် တစ်စုံတစ်ယောက်မျှမရှိ၊ ဤမိန်းမအား ငါတို့ပေးအပ်သော အသပြာတစ်ထောင်နှင့် ဝတ်ဆင်သော အလုံးစုံသော တန်ဆာကိုယူ၍ ဤပြည့်တန်ဆာမိန်းမကို သတ်ပြီးမှ သွားကြကုန်စို့အံ့”ဟု ပြောကြားတိုင်ပင်ကြကုန်၏။ ထိုပြည့်တန်ဆာမသည် သူဌေးသားလေးယောက်တို့၏ တိုင်ပင်ပြောဆိုသောစကားကို ကြားရလျှင် “ဤသူတို့ကား အရှက်မရှိကုန်စွ၊ ငါနှင့်အတူတကွ မွေ့လျော်ပျော်ပါးပြီး၍ ယခုအခါ ငါ့ကိုသတ်ခြင်းငှာ အလိုရှိကြကုန်၏။ ထိုသူတို့အား ပြုအပ်သောအမှုကို သိရပေတော့အံ့”ဟု ကြံဆင်ခြင်ပြီးမှ ထိုပြည့်တန်ဆာမသည် ထိုသူဌေးသားတို့ သတ်အပ်သည်ရှိသော် “ငါသည် ဘီလူးမဖြစ်၍ ဤသူလေးယောက်တို့ ငါ့ကို သတ်ကုန်သကဲ့သို့ပင် ငါသည်လည်း ထိုသူတို့ကိုသတ်ခြင်းငှာ စွမ်းနိုင်သည် ဖြစ်ရပါလို၏”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ပြုလေ၏။ ထိုအကျိုးဆက်ဖြင့် ဤသူလေးယောက်တို့ကို ဘီလူးမက သတ်လေဘိသတည်း။)

များစွာသော ရဟန်းတို့သည် ထိုသုပ္ပဗုဒ္ဓလူနူ၏ သေလွန်ခြင်းကို မြတ်စွာဘုရားအား လျှောက်ကြား၍ “ထိုသုပ္ပဗုဒ္ဓ၏ လားရာဂတိကား အဘယ်ပါနည်း၊ အဘယ်အကြောင်းကြောင့် နူနာစွဲသည်အဖြစ်သို့ ရောက်ရပါလေသနည်းဘုရား”ဟု မေးလျှောက်ကြလေကုန်၏။ မြတ်စွာဘုရားသည် သောတာပတ္တိဖိုလ်သို့ရောက်၍ ထိုသုပ္ပဗုဒ္ဓလူနူ၏ တာဝတိံသာနတ်ပြည်၌ ဖြစ်ကြောင်းကိုလည်းကောင်း၊ “တဂရသိခီ အမည်ရှိသော ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို တွေ့မြင်၍ တံတွေးဖြင့်ထွေးလျက် မရိုမသေ ပြစ်မှားသောအမှုကို ပြုမိသောကြောင့် ရှည်ကြာစွာသော ကာလပတ်လုံး ငရဲ၌ကျက်ပြီးမှ ကံအကျိုးအကြွင်း၏ အစွမ်းအားဖြင့် ဤယခုဘဝ၌ နူနာစွဲကပ်ခြင်း ရောက်ရလေ၏”ဟု ထိုအကြောင်းကို မိန့်ကြားတော်မူပြီးလျှင် “ချစ်သားရဟန်းတို့ ဤသတ္တဝါတို့သည် မိမိ,မိမိအလို့ငှာ ခါးစပ်ပြင်းထန်သောအကျိုးကို ရစေတတ်သော အကုသိုလ်ကံကို ပြုကြကုန်လျက် ကျင်လည်ကုန်ဘိသည်”ဟု အနုသန္ဓေကို စပ်တော်မူ၍ ထိုထက်အလွန်ဖြစ်သော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၆၆] စရန္တိ ဗာလာ ဒုမ္မေဓာ၊ အမိတ္တေနေဝ အတ္တနာ။
ကရောန္တာ ပါပကံ ကမ္မံ၊ ယံ ဟောတိ ကဋုကပ္ဖလံ။

ဗာလာ၊ မျက်မှောက်တမလွန် နှစ်တန်သောအကျိုးကို မသိသဖြင့် မိုက်မဲတွေဝေကြကုန်သော။ ဒုမ္မေဓာ၊ ပညာမဲ့သောသူတို့သည်။ အမိတ္တေနေဝ၊ ရန်သူနှင့်တူသော။ အတ္တနာ၊ မိမိကိုယ်ဖြင့်။ ဝါ၊ အမိတ္တေနေဝ အတ္တနာ၊ မိမိကိုယ်လျှင် ရန်သူရှိသည်ဖြစ်၍။ ပါပကံ၊ ယုတ်မာသော။ ကမ္မံ၊ အကုသိုလ်ကံတရားကို။ ကရောန္တာ၊ ပြုကြကုန်လျက်။ စရန္တိ၊ ကျင်လည်ကြကုန်၏။ ယံ၊ ယင်းအကုသိုလ်ကံတရားသည်။ ကဋုကပ္ဖလံ၊ ခါးစပ်ကျင်နာ မခံသာအောင် ဆင်းရဲသောအကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သုပ္ပဗုဒ္ဓလူနူဝတ္ထု ပြီး၏။

֍ * ၈။ လယ်ထွန်ယောက်ျားဝတ္ထု

န တံ ကမ္မံ ကတံ သာဓုအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် လယ်ထွန်ယောက်ျား တစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ငွေထုပ်လော မြွေဆိုးလော

ထိုလယ်ထွန်ယောက်ျားသည် သာဝတ္ထိပြည်မှ မနီးမဝေးသောအရပ်၌ တစ်ခုသောလယ်ကို ထွန်ယက်နေသတတ်။ ခိုးသူတို့သည် ရေပြွန်ပေါက်ဖြင့်သာလျှင် မြို့သို့ဝင်၍ တစ်ဦးသော ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာသော အမျိုးအိမ်၌ ဥမင်လိုဏ်ခေါင်းကို ဖျက်ဆီးဖောက်ထွင်း၍ များစွာသော ရွှေငွေတို့ကိုယူပြီးလျှင် ရေပြွန်ပေါက်ဖြင့်သာလျှင် ထွက်ခဲ့ကြလေကုန်၏။ တစ်ယောက်သော ခိုးသူသည် အဖော်ခိုးသူတို့ကို လှည့်ပတ်ပြီးလျှင် အသပြာတစ်ထောင်ဝင် အိတ်တစ်လုံးကို ခါးတောင်းကျိုက်၌ထားလျက် ထိုလယ်သို့ သွား၍ အဖော်ခိုးသူတို့နှင့် ဥစ္စာကိုခွဲဝေကာ ယူပြီးမှ သွားလေသည်ရှိသော် ခါးတောင်းကျိုက်မှကျသော အသပြာတစ်ထောင်ဝင်အိတ်ကို မမှတ်သားမိ သတိမရဖြစ်လေ၏။ ထိုနေ့၌ မြတ်စွာဘုရားသည် နံနက်စောစော မိုးသောက်သောအခါ လောကကို ကြည့်ရှုတော်မူသည်ရှိသော် ထိုလယ်ထွန်ယောက်ျားကို ကိုယ်တော်မြတ်၏ ဉာဏ်တော်တည်းဟူသော ကွန်ယက်၏အတွင်း၌ ဝင်လာသည်ကို မြင်ရတော်မူသဖြင့် “အသို့ဖြစ်လတ္တံ့နည်း”ဟု စူးစမ်းဆင်ခြင်တော်မူပြန်သည်ရှိသော် “ဤလယ်ထွန်ယောက်ျားသည် နံနက်စောစောကပင်လျှင် လယ်ထွန်ခြင်းငှာ သွားလတ္တံ့၊ ဥစ္စာရှင်တို့သည် ခိုးသူတို့၏ ခြေရာကိုလိုက်၍ ခါးတောင်းကျိုက်မှကျသော အသပြာထောင်ထုပ်အိတ်ကိုမြင်လျှင် ထိုလယ်ထွန်ယောက်ျားကို ဖမ်းယူကုန်လတ္တံ့၊ ငါဘုရားကိုထား၍ ထိုလယ်ထွန်ယောက်ျားအား တစ်ပါးသော သက်သေမည်သည် မဖြစ်လတ္တံ့၊ သောတာပတ္တိမဂ်၏ ဥပနိဿယသည်လည်း ထိုလယ်ထွန်ယောက်ျားအား ရှိ၏။ ထိုလယ်သို့ ငါဘုရားကြွခြင်းငှာ သင့်လျော်ပေ၏”ဟု ဤအကြောင်းကို မြင်တော်မူလေ၏။

ထိုလယ်ထွန်ယောက်ျားလည်း နံနက်စောစောကပင်လျှင် လယ်ထွန်ခြင်းငှာ သွားခဲ့လေ၏။ မြတ်စွာဘုရားသည် အရှင်အာနန္ဒာမထေရ်လျှင် နောက်လိုက်ရဟန်းရှိသဖြင့် ထိုလယ်တောသို့ ကြွသွားတော်မူလေ၏။ လယ်ထွန်ယောက်ျားလည်း မြတ်စွာဘုရားကိုမြင်သဖြင့် သွားတဲ့၍ ဘုန်းတော်သခင် အရှင်ဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီး တစ်ဖန် လယ်ထွန်ခြင်းငှာ အားထုတ်လေ၏။ မြတ်စွာဘုရားသည် ထိုလယ်ထွန်ယောက်ျားနှင့် တစ်စုံတစ်ခုသောစကားကို မိန့်ကြားပြောဆိုတော်မမူဘဲသာလျှင် အသပြာထောင်ထုပ်အိတ်၏ ကျရာအရပ်သို့ ကြွသွားတော်မူ၍ ထိုအသပြာထောင်ထုပ်အိတ်ကို မြင်တော်မူလျှင် အရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ- လျင်သော အဆိပ်ရှိသောမြွေကို ကြည့်ရှုစမ်းလော့”ဟု မိန့်ဆိုတော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော် မြင်ပါသည်၊ ပြင်းထန်သော အဆိပ်ရှိသော မြွေပါဘုရား”ဟု လျှောက်ကြားလေ၏။ လယ်ထွန်ယောက်ျားသည်လည်း ထိုစကားကိုကြားရ၍ “ဤနေရာအရပ်သည် အခါဟုတ်သည်၌လည်းကောင်း၊ အခါမဟုတ်သည်၌လည်းကောင်း ငါ၏သွားလာရာ အရပ်တည်း၊ ဤနေရာအရပ်၌ လျင်သောအဆိပ်ရှိသော မြွေရှိ၏”ဟု ကြံပြီးလျှင် မြတ်စွာဘုရားသည် ဤမျှသော စကားကိုသာ မိန့်တော်မူ၍ ဖဲကြွသွားတော်မူသည်ရှိသော် “ထိုမြွေကို ဆောင်ယူအံ့”ဟု နှင်တံကိုကိုင်ယူလျက် သွားရောက်သည်ရှိသော် အသပြာထောင်ထုပ်ကိုမြင်၍ “ဤအသပြာထုပ်ကို ရည်စူးတော်မူသဖြင့် မြတ်စွာဘုရား မိန့်တော်မူသည်ဖြစ်လတ္တံ့”ဟု နှလုံးသွင်း၍ အသပြာအိတ်ကို ယူဆောင်ပြီး ဆုတ်နစ်ပြန်လည်ခဲ့လေ၏။ လိမ္မာထက်မြက်သော ဉာဏ်ပညာ မရှိသည့်အဖြစ်ကြောင့် တစ်ခုသောအရပ်၌ထား၍ မြေမှုန့်ဖြင့် ဖုံးအုပ်ပြီးလျှင် တစ်ဖန် လယ်ထွန်ခြင်းငှာ အားထုတ်ပြန်လေ၏။

ဘုရားကြောင့် အသက်ဘေးမှ ချမ်းသာခြင်း

လူတို့သည်လည်း နံနက်မိုးသောက် အလင်းသို့ရောက်သောအခါ အိမ်၌ ခိုးသူတို့သည် ပြုအပ်သော အခြင်းအရာအမှုကို မြင်ရသဖြင့် ခြေရာအစဉ်အတိုင်း ကြည့်ရှုကာ လိုက်လျက် ထိုလယ်တောအရပ်သို့ ရောက်သွားကြရာ ထိုအရပ်ဒေသ၌ ခိုးသူတို့ ဥစ္စာခွဲဝေရာဖြစ်သော နေရာအရပ်ကို တွေ့မြင်ရပြီးလျှင် လယ်ထွန်ယောက်ျား၏ ခြေရာကို မြင်ပြန်လေကုန်၏။ ဥစ္စာရှင်တို့သည် ထိုလယ်ထွန်ယောက်ျား၏ ခြေရာကို အစဉ်လျှောက်သဖြင့် သွားကြရာ ဥစ္စာထားရာအရပ်ကိုမြင်သဖြင့် မြေမှုန့်ကိုယက်၍ ထားအပ်သော ဥစ္စာထုပ်ကို ယူပြီးလျှင် “သင်သည် အိမ်၌ လုယက်ဖျက်ဆီး ခိုးယူပြီးမှ လယ်ကိုထွန်နေလေဟန်ကဲ့သို့ လှည့်လည်ဘိသည်”ဟု ခြိမ်းခြောက်မောင်းမဲ ထောင်းပုတ်ရိုက်နှက်ကာ ဆောင်ယူ၍ မင်းကြီးအား ပြလေကုန်၏။ မင်းသည်လည်း ထိုအကြောင်းအရာကို ကြားတော်မူသဖြင့် လယ်ထွန်ယောက်ျားအား သတ်စေအံ့သောငှာ အမိန့်အာဏာကို ပေးလေ၏။ မင်းချင်းယောက်ျားတို့သည် ထိုလယ်ထွန်ယောက်ျားကို လက်ပြန်ချည်နှောင်၍ တံပြာကြိမ်လုံးတို့ဖြင့်လည်း ရိုက်ခတ်ကုန်လျက် သတ်ရာသင်္ချိုင်းသို့ ဆောင်ယူကြလေကုန်၏။ ထိုလယ်ထွန်ယောက်ျားသည် တံပြာကြိမ်လုံးဖြင့် ရိုက်ခတ်အပ်သည်ရှိသော် တစ်ပါးသော တစ်စုံတစ်ခုသော စကားကို မမြည်တမ်း မမြွက်ဆိုမူ၍ “ပဿာနန္ဒ အာသီဝိသောတိ၊ ပဿာမိ ဘဂဝါ ဃောရဝိသော”ဟူသော စကားကိုသာ မြည်တမ်းမြွက်ဆိုလျက် သွားလေသတည်း။

အဓိပ္ပာယ်ကား “ချစ်သားအာနန္ဒာ- လျင်သောအဆိပ်ရှိသော မြွေကို ကြည့်ရှုစမ်းလော့”၊ ဤကား ဘုရားစကားတော်။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်မြင်ပါသည်။ ပြင်းထန်သော အဆိပ်ရှိသောမြွေပါဘုရား”၊ ဤကား ရှင်အာနန္ဒာစကားတော်။ ဟူသော စကားကိုသာ မြွက်ဆို၏ဟူလို။

ထိုအခါ လယ်ထွန်ယောက်ျားကို မင်းချင်းယောက်ျားတို့သည် “အသင်သည် ဘုရားသဗ္ဗညု၏လည်းကောင်း၊ အာနန္ဒာမထေရ်၏လည်းကောင်း စကားကိုသာ မြည်တမ်းမြွက်ဆိုဘိ၏။ ဤသို့ဆိုခြင်းကား အကြောင်းအသို့နည်း”ဟု မေးမြန်းသဖြင့် “မင်းကြီးကို ဖူးမြင်ရပါမူကား ပြောကြားပါအံ့”ဟု ဆိုသည်ရှိသော် မင်းကြီး၏အထံသို့သွား၍ မင်းကြီးကို လျှောက်ကြား သံတော်ဦးတင်ကြလေကုန်၏။ ထိုအခါ လယ်ထွန်ယောက်ျားကို မင်းကြီးသည် “အဘယ့်ကြောင့် ဤသို့ မြွက်ဆိုဘိသနည်း”ဟု မေးတော်မူသဖြင့် လယ်ထွန်ယောက်ျားက “အရှင်မင်းမြတ်- အရှင့်ကျွန်တော်မျိုးသည် ခိုးသူမဟုတ်ရပါ”ဟု လျှောက်တင်ပြီးလျှင် လယ်ထွန်ခြင်းငှာ ထွက်သွားသောကာလမှစ၍ ဖြစ်ခဲ့သမျှ အဖုံဖုံသော အကြောင်းမျိုးအစုံကို မင်းကြီးအား လျှောက်ကြား သံတော်ဦးတင်လေ၏။ မင်းကြီးလည်း ထိုသူ၏ တင်လျှောက်ချက်စကားကို ကြားသိတော်မူရ၍ “အချင်းတို့- ဤသူသည် လောက၌ မြတ်သောပုဂ္ဂိုလ်အစစ် ဖြစ်တော်မူသော မြတ်စွာဘုရားကို သက်သေညွှန်ပြပေ၏၊ ထိုသူ၏အပေါ်၌ ပြစ်ချက်ကိုတင်၍ အပြစ်ပေးခြင်းငှာ မသင့်လျော် မလျောက်ပတ်လေ၊ ငါသည် ဤအရာ၌ ပြုအပ်သော အခြင်းအရာကို သိအောင်ပြုရလတ္တံ့”ဟု မိန့်တော်မူပြီးလျှင် ထိုလယ်ထွန်ယောက်ျားကိုခေါ်၍ ညချမ်းသောအခါ မြတ်စွာဘုရား၏ အထံတော်သို့ သွားရောက်ပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တစ်ရံတစ်ခါ ရှင်တော်မြတ်ဘုရားတို့သည် အာနန္ဒာမထေရ်နှင့်အတူတကွ ဤလယ်ထွန်ယောက်ျား၏ နေထိုင်ရာအရပ်သို့ ကြွသွားတော်မူဖူးပါသလောဘုရား”ဟု မြတ်စွာဘုရားကို မေးလျှောက်လေ၏။

“ဒကာတော်မင်းကြီး- ငါဘုရား ကြွသွားတော်မူဖူးသည် မှန်ပေ၏”ဟု မိန့်တော်မူပြီးလျှင် “ထိုအရပ်၌ ရှင်တော်မြတ်ဘုရားတို့သည် အဘယ်ကို မြင်တော်မူခဲ့ပါသနည်း”ဟု မေးလျှောက်ကြားပြန်လေ၏။ “ဒကာတော်မင်းကြီး- တစ်ထောင်ဝင်သော အသပြာအိတ်ကို မြင်ခဲ့ရပေ၏”ဟု မိန့်တော်မူလျှင် “မြင်တော်မူပြီးသောအခါ အဘယ်သို့သော စကားကို မိန့်ဆိုတော်မူပါသနည်းဘုရား”ဟု မေးလျှောက်ပြန်လေ၏။ “ဒကာတော်မင်းမြတ်- ဤမည်သောစကားကို မိန့်ဆိုခဲ့ပေသည်”ဟု မိန့်တော်မူလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤလယ်ထွန်ယောက်ျားသည် ရှင်တော်မြတ်ဘုရားတို့ကဲ့သို့သော ညွှန်ပြစရာ သက်သေကို မပြုခဲ့နိုင်သည် ဖြစ်ခဲ့ပါအံ့၊ ဇီဝိတိန္ဒြေတည်နေခြင်းကို မရတော့ပါပြီ၊ ရှင်တော်မြတ်ဘုရားတို့သည် မိန့်ဆိုတော်မူခဲ့သောစကားကို ဆိုခြင်းကြောင့် ထိုလယ်ထွန်ယောက်ျားသည် အသက်ကို ရအပ်ပါပြီဘုရား”ဟု လျှောက်ကြားလေ၏။ ထိုစကားကြား၍ မြတ်စွာဘုရားသည် “ဒကာတော်မင်းကြီး- ဟုတ်မှန်ပေ၏၊ ငါဘုရားသည်လည်း ဤမျှသောစကားကိုသာ မိန့်ကြား၍ ကြွသွားတော်မူခဲ့ပေ၏။ ပညာရှိသောသူ မည်သည်ကား အကြင်အမှုကို ပြု၍ နောင်တစ်ဖန် ပူပန်ရ၏။ ထိုအမှုကို မပြုကျင့်အပ်ပေ”ဟု အနုသန္ဓေကိုစပ်၍ တရားဟောတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၆၇] န တံ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ အနုတပ္ပတိ။
ယဿ အဿုမုခေါ ရောဒံ၊ ဝိပါကံ ပဋိသေဝတိ။

ယံ ကမ္မံ၊ အကြင်အမှုကို။ ကတွာ၊ ပြု၍။ အနုတပ္ပတိ၊ အဖန်တလဲလဲ စိုးရိမ်ရ၏။ ကတံ၊ ပြုအပ်သော။ တံ ကမ္မံ၊ ထိုအမှုသည်။ န သာဓု၊ မကောင်း။ ယဿ ကမ္မဿ၊ ယင်းမကောင်းမှုကံ၏။ ဝိပါကံ၊ အကျိုးကို။ အဿုမုခေါ၊ မျက်ရည်ဖြင့်စွတ်သော မျက်နှာရှိသည်ဖြစ်၍။ ရောဒံ-ရောဒန္တော၊ ငိုကြွေးလျက်။ ပဋိသေဝတိ၊ မှီဝဲခံစားရ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ လယ်ထွန်ယောက်ျား ဥပါသကာသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ စည်းဝေးရောက်လာကုန်သော ရဟန်းတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

လယ်ထွန်ယောက်ျားဝတ္ထု ပြီး၏။

֍ * ၉။ သုမနပန်းသည်ဝတ္ထု

တဉ္စ ကမ္မံ ကတံ သာဓုအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် သုမနမည်သော ပန်းသည်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အသက်မငဲ့ဘဲ စွန့်စားကာ လှူဒါန်းခြင်း

ထိုသုမနပန်းသည်သည် နေ့တိုင်းမပြတ် ရာဇဂြိုဟ်ပြည်ကြီးရှင် ဘုရင်ဗိမ္ဗိသာရမင်းမြတ်ကို နံနက်စောစော အချိန်၌သာ ရှစ်ကွမ်းစား ရှစ်စလယ်သော မြတ်လေးပန်းတို့ဖြင့် ခစားဆည်းကပ် ဆက်သသည်ရှိသော် ရှစ်ခုသော အသပြာတို့ကို ရလေသတတ်။ ထိုအခါ တစ်နေ့သ၌ ထိုပန်းသည်သည် ပန်းတို့ကိုယူ၍ မြို့သို့ဝင်ကာမျှ၌သာလျှင် မြတ်စွာဘုရားသည် များစွာသော ရဟန်းအပေါင်းခြံရံလျက် ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့ကို လွှတ်တော်မူ၍ ကြီးကျယ်စွာသော မြတ်စွာဘုရား၏ အာနုဘော်တော်ဖြင့် ရာဇဂြိုဟ်ပြည်တွင်းသို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူလေ၏။ မြတ်စွာဘုရားသည် တစ်ရံတစ်ခါ ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့ကို သင်္ကန်းတော်ဖြင့် ဖုံးလွှမ်း၍ ယူဇနာသုံးဆယ်ရှိသောခရီးကို အင်္ဂုလိမာလအား ခရီးဦးကြိုဆိုခြင်းငှာ ကြွသွားတော်မူသကဲ့သို့ မထင်မရှား ဆွမ်းခံကြွသွားသော ရဟန်းတစ်ပါးကဲ့သို့ လှည့်လည်ကြွသွားတော်မူ၏။ တစ်ရံတစ်ခါ၌ကား ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့ကို လွှတ်တော်မူ၍ ကပိလဝတ်ပြည်သို့ ဝင်တော်မူခြင်းစသည်တို့ကဲ့သို့ လှည့်လည် ကြွသွားတော်မူ၏။ ထိုနေ့၌လည်း ကိုယ်တော်မှ ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့ကို လွှတ်တော်မူလျက် ကြီးကျယ်စွာသော မြတ်စွာဘုရား၏ အာနုဘော်တော်ဖြင့်လည်းကောင်း၊ ကြီးကျယ်စွာသော ဘုရားရှင်၏ တင့်တယ်စံပယ်ခြင်းဖြင့်လည်းကောင်း ရာဇဂြိုဟ်ပြည်သို့ ကြွဝင်တော်မူလေ၏။

သုမနပန်းသည်သည် မြတ်စွာဘုရား၏ ရတနာစေတီအထွတ်နှင့် တူလှစွာသော ကိုယ်တော်မြတ်၏ အတ္တဘောတော်ကို ဖူးမြင်ရလျှင် သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့ဖြင့် တင့်တယ်ခြင်းအထွတ်အထိပ်သို့ရောက်သော ကိုယ်တော်ကို ကြည့်၍ ကြည်ညိုသောစိတ်ရှိသဖြင့် “မြတ်စွာဘုရားအား အဘယ်သို့သော လွန်ကဲသောပူဇော်ခြင်းအမှုကို ပြုရပါအံ့နည်း”ဟု ကြံစည်ပြီးလျှင် တစ်စုံတစ်ခုမျှသော တစ်ပါးသော ပစ္စည်းဝတ္ထုကို မမြင်သောကြောင့် “ဤမြတ်လေးပန်းတို့ဖြင့် မြတ်စွာဘုရားကို ပူဇော်အံ့”ဟု ကြံပြီးမှ တစ်ဖန်လည်း “ဤပန်းတို့သည်ကား မင်းကြီးအား နေ့တိုင်းမပြတ် ခစားဆည်းကပ် ဆက်သအပ်သောပန်းတို့ ဖြစ်ကုန်၏။ မင်းကြီးသည် ဤပန်းတို့ကို မရသည်ရှိသော် ငါ့ကို နှောင်ဖွဲ့မူလည်း နှောင်ဖွဲ့ ပေရာ၏။ သတ်မူလည်း သတ်ပေရာ၏၊ တိုင်းပြည်မှ နှင်ထုတ်မူလည်း နှင်ထုတ်ပေရာ၏။ အသို့လျှင် ပြုရပါအံ့နည်း”ဟု စဉ်းစားဆင်ခြင်၏။ ထိုအခါ သုမနပန်းသည်အားဤသို့သော အကြံသည် ဖြစ်လေ၏။ “ပြည်ကြီးသခင် ဘုရင်မင်းကြီးသည် ငါ့ကို သတ်လိုမှုလည်း သတ်စေတော့၊ နှောင်ဖွဲ့လိုမူလည်း နှောင်ဖွဲ့စေတော့၊ တိုင်းပြည်မှ နှင်ထုတ်လိုမူလည်း နှင်ထုတ်စေတော့၊ ထိုမင်းကြီးသည် ငါ့အားပေးသော်လည်း ဤခန္ဓာကိုယ် အတ္တဘော၌ အသက်မွေးလောက်ရုံမျှသော ပစ္စည်းဥစ္စာကိုသာ ပေးလေရာ၏၊ မြတ်စွာဘုရားကို ပူဇော်လှူဒါန်းရခြင်းသည်ကား ငါ့အား များစွာသော ကမ္ဘာကုဋေတို့၌ အစီးအပွားဖြစ်ခြင်းငှာလည်းကောင်း၊ ချမ်းသာခြင်းငှာလည်းကောင်း ထိုက်၏”ဟု အကြံဖြစ်ပြီးလျှင် မိမိ၏အသက်ကို မြတ်စွာဘုရားအား စွန့်လွှတ်လေ၏။ ထိုသုမနပန်းသည်သည် “အကြင်မျှလောက်သောကာလ၌ ငါ၏ ကြည်ညိုသောစိတ်သည် မတွန့်တို မဆုတ်နစ်၊ ထိုမျှလောက်သော ကာလ၌သာလျှင် ပူဇော်ခြင်းကို ပြုပေတော့အံ့”ဟု အလွန်ရွှင်လန်း ဝမ်းမြောက်ဝမ်းသာ အဖန်ဖန်တက်ကြွသော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားကို လှူဒါန်းပူဇော်လေ၏။

ဘုရားရှင်တန်ခိုးတော်၏ အံ့ဩဖွယ်

အဘယ်သို့ လှူဒါန်းပူဇော်သနည်းဟူမူကား ရှေးဦးစွာ နှစ်ဆုပ်မျှသော ပန်းတို့ကို မြတ်စွာဘုရား၏ အထက်၌ ကြဲမြှောက်ပစ်လိုက်လေ၏။ ထိုပစ်အပ်သော ပန်းဆုပ်တို့သည် ဦးထိပ်မဏိတော်ထက်၌ ဗိတာန်မျက်နှာကြက်ဖြစ်၍ တည်ကုန်၏။ တစ်ပါးသော ပန်းနှစ်ဆုပ်တို့ကို ကြဲမြှောက်ပစ်လိုက်ပြန်လေသော် ထိုပန်းနှစ်ဆုပ်တို့သည် လက်ယာလက် နံပါးတော်ဖြင့် ပန်းအမိုးအကာအဖြစ်အားဖြင့် အောက်သို့ တွဲလျားကျဆင်းလျက် တည်ကုန်၏။ တစ်ပါးသော ပန်းနှစ်ဆုပ်တို့ကို ကြဲမြှောက်ကာ ပစ်လိုက်ပြန်လေသော် ထိုပန်းဆုပ်တို့သည် ကျောက်ကုန်းနံပါးတော်ဖြင့် အောက်သို့ တွဲလျားကျဆင်းလျက် ရှေးနည်းအတူသာလျှင် တည်ကုန်၏။ တစ်ပါးသော ပန်းနှစ်ဆုပ်တို့ကို ကြဲမြှောက်ကာ ပစ်လိုက်ပြန်လေသော် ထိုပန်းဆုပ်တို့သည် လက်ဝဲလက်နံပါးတော်ဖြင့် အောက်သို့ တွဲလျားကျဆင်းလျက် ရှေးနည်းအတူသာလျှင် တည်ကုန်၏။ ဤသို့လျှင် ရှစ်စလယ် ရှစ်ကွမ်းစား အတိုင်းအရှည်ရှိသော ပန်းတို့သည် ရှစ်ဆုပ်ဖြစ်၍ လေးပါးသောအရပ်တို့၌ မြတ်စွာဘုရားကို ခြံရံလျက် တည်ကြလေကုန်၏။ မြတ်စွာဘုရား၏ ရှေ့တည့်တည့်မှာကား ကြွသွားတော်မူစရာ တံခါးမကြီးတမျှသာလျှင် ဖြစ်လေ၏။ ပန်းတို့၏ အညှာတို့သည် အတွင်း၌ တည်ကုန်၏။ ပွင့်ရွက်ပွင့်ချပ်တို့သည်ကား အပသို့ရှေးရှူ မျက်နှာမူကြကုန်၏။ မြတ်စွာဘုရားသည် ငွေပြားချပ် ဝန်းရံအပ်သကဲ့သို့ဖြစ်၍ ကြွသွားတော်မူလေ၏။ ပန်းတို့သည် စိတ်စေတနာမရှိသော အဝိညာဏကပင် ဖြစ်ကုန်သော်လည်း စိတ်စေတနာရှိသော သဝိညာဏကဖြစ်သော မြတ်စွာဘုရားကိုမှီ၍ စိတ်စေတနာရှိဘိသကဲ့သို့ မပြိုမပျက် မပြုတ်မကျမူ၍ ဘုရားရှင်နှင့် အတူတကွသာလျှင် သွားကြကုန်၏။ ရပ်တော်မူရာ ရပ်တော်မူရာဌာန၌ ရပ်တည်ကြကုန်၏။

ဘုရားရှင်၏ကိုယ်တော်မှ တစ်သိန်းမျှလောက်သော လျှပ်စစ်နွယ်တို့ပမာ ရောင်ခြည်တော်များစွာတို့သည် ရစ်သန်းပြိုးပြက် ထွက်တော်မူကြလေကုန်၏။ ရှေ့တော်မှလည်းကောင်း, နောက်တော်မှလည်းကောင်း, လက်ယာတော်မှလည်းကောင်း, လက်ဝဲတော်မှလည်းကောင်း, ဦးခေါင်းတော်၏ အထက်တော်မှလည်းကောင်း မပြတ်မလပ်ထွက်သော ရောင်ခြည်တော်တို့သည် အထူးထူးအားဖြင့် ထွက်ခွာပြေးသန်း ကြွမြန်းတော်မူကြကုန်၏။ တစ်ခုသော ရောင်ခြည်တော်မျှလည်း ရှေးရှုရာ ရှေးရှုရာ အရပ်သို့သာလျှင် မပြေးသွားသေးမူ၍ ခပ်သိမ်းသော ရောင်ခြည်တော်တို့သည် မြတ်စွာဘုရားကို သုံးကြိမ်တိုင်တိုင် လက်ယာရစ် လှည့်လည်သည်ကိုပြု၍ ပျိုနုသော ထန်းပင်၏ ပင်စည်လုံးပတ် ပမာဏရှိကုန်လျက် ရှေ့တော်မှသာလျှင် ပြေးသွားကြကုန်၏။ အလုံးစုံသော ရာဇဂြိုဟ်ပြည်ကြီးသည် အုတ်အုတ်ကျက်ကျက် တုန်လှုပ်ချောက်ချားလေ၏။ ပြည်တွင်းကိုးကုဋေ ပြည်ပကိုးကုဋေအားဖြင့် တစ်ဆယ့်ရှစ်ကုဋေတို့တွင် တစ်ယောက်သော ယောက်ျားသည်လည်းကောင်း, တစ်ယောက်သော မိန်းမသည်လည်းကောင်း လှူဒါန်းဖွယ်ရာသော ဆွမ်းကိုယူ၍ အိမ်မှမထွက်သောသူမည်သည် မရှိ။ များစွာသော လူအပေါင်းသည် ရဲရင့်စွာသောအသံကို ကြွေးကြော်လျက် ပုဆိုးဦးရစ်မြှောက်ခြင်း,ပစ်ခြင်း တစ်ထောင်တို့ကို ပြုသည်ဖြစ်၍ မြတ်စွာဘုရား၏ ရှေ့တော်မှသာလျှင် သွားလေ၏။ မြတ်စွာဘုရားသည်လည်း သုမနပန်းသည်၏ ဂုဏ်ကျေးဇူးကို ထင်ရှားအောင်ပြုခြင်းငှာ သုံးဂါဝုတ် အတိုင်းအရှည်ရှိသော မြို့တွင်း၌ စည်လှည့်လည်သော ခရီးလမ်းဖြင့်သာ ကြွတော်မူလေ၏။ သုမနပန်းသည်၏ ကိုယ်အလုံးသည် ငါးပါးအပြားရှိသော ပီတိဖြင့် ထက်ဝန်းကျင် ပြည့်လေ၏။ ထိုပန်းသည်သည် အနည်းငယ်သာလျှင် မြတ်စွာဘုရားနှင့် အတူတကွ လှည့်လည်၍ ဆေးဒန်းမြင်းသီလာ အပြင်၌ငုပ်လျှိုးသကဲ့သို့ ဘုရားရောင်ခြည်တော်တို့၏ အတွင်းသို့ဝင်၍ မြတ်စွာဘုရားကို ချီးမွမ်းရှိခိုးပြီးလျှင် ပန်းမရှိသော အချည်းနှီးသော ခြင်းတောင်းကိုသာလျှင် ယူငင်၍ နေအိမ်သို့ ပြန်လေ၏။

လင်အလှူရဲခြင်းကြောင့် မယားစိတ်ပူပန်ခြင်း

ထိုအခါ သုမနပန်းသည်ကို မယားခင်ပွန်းမက “ပန်းတို့သည် အဘယ်မှာနည်း”ဟု မေး၏။ “မြတ်စွာဘုရားကိုသာ ငါလှူဒါန်းပူဇော်လိုက်ပြီ”ဟု ပြောဆိုလျှင် “ယခုအခါ၌ ဘုရင်မင်းမြတ်အတွက် အသို့ပြုပါအံ့နည်း”ဟု မေးပြန်လေ၏။ “မင်းကြီးသည် ငါ့ကို သတ်လိုလည်း သတ်စေ၊ တိုင်းပြည်မှ နှင်ထုတ်လိုမူလည်း နှင်ထုတ်စေ၊ ငါသည် အသက်ကိုစွန့်လွှတ်၍ မြတ်စွာဘုရားကို ပူဇော်လှူဒါန်း၏။ အလုံးစုံသော ပန်းတို့ကား ရှစ်ဆုပ်မျှတို့သည် ဖြစ်ကုန်၏။ ဤသို့သဘောရှိသည်မည်သော လှူဒါန်းပူဇော်ခြင်းသည် ဖြစ်၏၊ လူများအပေါင်းသည် တစ်ထောင်မျှလောက်ကုန်သော ကြွေးကြော်ခြင်း သာဓုခေါ်ခြင်းတို့ကိုပြုလျက် မြတ်စွာဘုရားနှင့်အတူတကွ လိုက်သွား၏။ ဤသို့ များစွာသောလူအပေါင်း ကြွေးကြော်သော ဤအသံသည် ထိုငါပန်းပူဇော်ရာအရပ်၌ အံ့ဖွယ်သရဲဖြစ်၍ ကြွေးကြော်ကြသော အသံပေတည်း”ဟု ပြောပြလေ၏။

ထိုအခါ သုမနပန်းသည်၏မယား ခင်ပွန်းမသည် မိုက်မဲ တွေဝေလှသည်ဖြစ်သောကြောင့် ဤသို့သဘောရှိသော အံ့ဩဖွယ်ရာ တန်ခိုးပြာဋိဟာ၌ ကြည်ညိုနှစ်သက်ခြင်းမည်သည်ကို မဖြစ်စေမူ၍ ထိုသုမနပန်းသည်ကို ဆဲရေး ရေရွတ်လျက် “ပြည့်ရှင်မင်းတို့မည်သည်ကား ရက်စက်ကြမ်းကြုတ်သော သဘောရှိကုန်၏၊ တစ်ကြိမ်မျှဖြစ်သော အမျက်ကြောင့် လက်ခြေစသည်တို့ကို ဖြတ်ခြင်းဖြင့် များစွာသော အကျိုးစီးပွားမဲ့ကိုသော်လည်း ပြုတတ်ကုန်၏။ အသင်ပြုအပ်သော ထိုပြစ်မှုကြောင့် ငါ့အားလည်း အကျိုးစီးပွားမဲ့သည် ဖြစ်ရာ၏”ဟု ပြောဆိုမြည်တမ်းကာ သားငယ်တို့ကိုယူ၍ မင်းနန်းတော်သို့သွားပြီးလျှင် မင်းကြီးအထံသို့ချဉ်းကပ်သဖြင့် မင်းကြီးက “ချဉ်းကပ်ခြင်းအကြောင်းကား အဘယ်နည်း”ဟု မေးတော်မူလတ်သော် ထိုမိန်းမက “အရှင်မင်းမြတ်- ကျွန်တော်မ၏ ခင်ပွန်းဖြစ်သော ဤသုမနပန်းသည်သည် အရှင်မင်းမြတ်တို့အား ဆက်သရန် ပန်းတို့ဖြင့် မြတ်စွာဘုရားကို လှူဒါန်းပူဇော်၍ အချည်းနှီးသော လက်ရှိသည်ဖြစ်၍ အိမ်သို့ ပြန်လာပါသဖြင့် ပန်းတို့သည် အဘယ်မှာနည်းဟု ကျွန်တော်မက မေးမြန်းသောအခါ ဤမည်သောစကားကို ပြောဆိုပါသည်၊ ကျွန်တော်မသည် ထိုသူကို ဆဲရေးရေရွတ်ခြိမ်းခြောက်လျက် ပြည့်ရှင်မင်းတို့မည်သည်ကား ရက်စက်ကြမ်းကြုတ်သော သဘောရှိကုန်၏၊ တစ်ကြိမ်မျှဖြစ်သော အမျက်ကြောင့် လက်ခြေစသည်တို့ကို ဖြတ်ခြင်းဖြင့် များစွာသောအကျိုးစီးပွားမဲ့ကိုသော်လည်း ပြုတတ်ကုန်၏၊ အသင်ပြုအပ်သော ပြစ်မှုကြောင့် ငါ့အားလည်း အကျိုးစီးပွားမဲ့သည် ဖြစ်ရာ၏ဟု ပြောဆို မြည်တမ်း၍ ထိုသုမနပန်းသည်ကို ပယ်စွန့်၍ ဤနန်းတော်သို့ ရောက်လာရပါသည်၊ ထိုသူပြုအပ်သောအမှုသည် ကောင်းသည်မူလည်းဖြစ်စေ၊ မကောင်းသည်မူလည်း ဖြစ်စေ၊ ထိုအမှုသည် ထိုသူအားသာလျှင် ဖြစ်ပါစေ၊ ကျွန်တော်မသည် ထိုသူကို အပြတ်အစဲ စွန့်ပစ်အပ်သည့်အဖြစ်ကို အရှင်မင်းမြတ် သိတော်မူပါဘုရား”ဟု လျှောက်တင်လေ၏။

ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားကို ပထမ ရှေးဦး ဖူးမြင်ရခြင်းအားဖြင့်ပင်လျှင် သောတာပတ္တိဖိုလ်သို့ ရောက်ခဲ့လေရကား သဒ္ဓါတရားအားကြီးသော နှစ်သက်ကြည်ညိုခြင်းရှိသော အရိယာသာဝက ဖြစ်တော်မူသောကြောင့် ကြံဆင်ခြင်တော်မူသည်မှာ “ဪ- အံ့ဖွယ်ရှိလေစွတကား၊ ဤမိန်းမသည် အလွန်မိုက်မဲ တွေဝေလေစွတကား၊ ဤသို့သဘောရှိသော ဂုဏ်ကျေးဇူးတော်၌သော်လည်း နှစ်သက်ကြည်ညိုခြင်းကို မဖြစ်စေနိုင်”ဟု ကြံဆင်ခြင်တော်မူ၏။ ထိုဗိမ္ဗိသာရမင်းကြီးသည် ဒေါသအမျက် ခြောင်းခြောင်းထွက်သကဲ့သို့ဖြစ်၍ “မယ်မင်းမ- သင် အသို့ဆိုဘိသနည်း၊ ငါ့အား ဆက်သရန်ပန်းတို့ဖြင့် ထိုပန်းသည် သုမနသည် လှူဒါန်းပူဇော်ခြင်းကို ပြုလေသလော”ဟု မေးတော်မူသည်ရှိသော် “အရှင်မင်းမြတ်- ဟုတ်မှန်ပါသည်ဘုရား”ဟု လျှောက်တင်ပြန်လေ၏။ “ယခုအခါ ထိုပန်းသည်သုမနကို စွန့်ပစ်သဖြင့် ကောင်းသောအမှုကို သင်ပြုအပ်ပေ၏၊ ထိုသုမနသည် ငါဘုရင်မင်းမြတ်၏ပန်းတို့ဖြင့် လှူဒါန်းပူဇော်ခြင်းကို ပြုလေဘိသည်၊ ထိုပန်းသည်သုမနအား ပြုအပ်သောအမှုကို ငါသိအောင်ပြုရပေတော့အံ့”ဟု ပြောဆို၍ ထိုမိန်းမကို လွှတ်လိုက်ပြီးလျှင် လျင်မြန်စွာ မြတ်စွာဘုရား၏အထံတော်သို့ သွား၍ ရှိခိုးလျက် မြတ်စွာဘုရားနှင့် အတူတကွသာလျှင် လှည့်လည်လေ၏။

သုမနပန်းသည် သဗ္ဗဋ္ဌကဆုရခြင်း

မြတ်စွာဘုရားသည် မင်းကြီး၏ စိတ်ကြည်ညိုခြင်းကို သိတော်မူ၍ စည်လှည့်လည်သော ခရီးလမ်းဖြင့် မြို့တွင်းသို့ လှည့်လည်ပြီးလျှင် မင်း၏အိမ်နန်းတော်တံခါးဝသို့ ကြွသွားတော်မူလေ၏။ မင်းသည် သပိတ်တော်ကိုယူ၍ နန်းတော်တွင်းသို့ သွင်းဆောင်ခြင်းငှာ အလိုရှိ၏။ မြတ်စွာဘုရားသည်ကား မင်းရင်ပြင်၌သာ နေတော်မူလိုသော အခြင်းအရာကို ပြတော်မူ၏။ မင်းကြီးသည် ထိုအကြောင်းကိုသိ၍ “လျင်စွာ မဏ္ဍပ်ကို ပြုကြကုန်လော့”ဟု မိန့်ခြင်းကြောင့် ထိုခဏ၌သာလျှင် မဏ္ဍပ်ကို ပြုစေလေ၏။ မြတ်စွာဘုရားသည် ရဟန်းသံဃာအပေါင်းနှင့်တကွ ထိုင်နေတော်မူလေ၏။

(မြတ်စွာဘုရားသည် အဘယ့်ကြောင့် မင်းအိမ်နန်းတော်သို့ ဝင်တော်မမူလေသနည်းဟူမူကား မြတ်စွာဘုရားအား ဤသို့သော အကြံတော်သည် ဖြစ်ပေသတတ်။ “ငါဘုရားသည် နန်းတော်တွင်းသို့ဝင်၍ ထိုင်နေတော်မူသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ လူများအပေါင်းသည် ငါဘုရားကို ဖူးမြင်ခြင်းငှာ မရပေလတ္တံ့၊ သုမနပန်းသည်၏ ဂုဏ်ကျေးဇူးသည် ထင်ထင်ရှားရှား မဖြစ်ပေလတ္တံ့၊ မင်းရင်ပြင်၌ ထိုင်နေတော်မူသော ငါဘုရားကိုမူကား လူများအပေါင်းသည် ဖူးမြင်ခြင်းငှာ ရပေလတ္တံ့၊ သုမနပန်းသည်၏ ဂုဏ်ကျေးဇူးသည်လည်း ထင်ထင်ရှားရှား ဖြစ်ပေလတ္တံ့”ဟု ဤသို့သော အကြံ ဖြစ်တော်မူလေ၏။ ဂုဏ်ရှိသောသူတို့၏ ဂုဏ်ကျေးဇူးကို မြတ်စွာဘုရားတို့သည်သာလျှင် ထင်ရှားသည်ကို ပြုခြင်းငှာ စွမ်းနိုင်ကြကုန်၏။ ကြွင်းသောလူများအပေါင်းသည် ဂုဏ်ရှိသောသူတို့၏ ဂုဏ်ကျေးဇူးကို ဆိုသည်ရှိသော် မထင်ရှားစေလို ဝန်တိုလျှို့ဝှက်တတ်၏။)

လေးခုကုန်သော ပုဆိုးအလား ပန်းအပြားတို့သည် လေးပါးကုန်သော အရပ်မျက်နှာအဖို့တို့၌ တည်နေကြကုန်၏။ လူများအပေါင်းသည် မြတ်စွာဘုရားကို ခြံရံ၏။ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းကို မွန်မြတ်သော ဆွမ်းခဲဖွယ် ဘောဇဉ်အာဟာရဖြင့် လုပ်ကျွေးဆက်ကပ် လှူဒါန်း၏။ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးသောအခါ အနုမောဒနာ ပြုတော်မူ၍ ရှေးနည်းဖြင့်သာလျှင် လေးခုသော ပန်းအပြားတို့ဖြင့် ခြံရံအပ်လျက် မြတ်သော ရဲရင့်သောအသံကို ရွတ်ဆိုပြီးလျှင် များစွာသော လူအပေါင်းခြံရံကာ ကျောင်းတော်သို့ ကြွတော်မူလေ၏။ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားကို အစဉ်လိုက်၍ ပို့လိုက်ပြီးမှ ဆုတ်နစ်ပြန်လည်လာခဲ့ပြီးလျှင် သုမနပန်းသည်ကို ခေါ်စေတော်မူ၍ “ငါ့အား ဆက်သွင်းခြင်းငှာ ယူဆောင်၍လာခဲ့သော ရှစ်စလယ် ရှစ်ကွမ်းစားဖြစ်သော ပန်းတို့ဖြင့် အဘယ်သို့ နှလုံးသွင်းခြင်းကိုပြု၍ မြတ်စွာဘုရားကို လှူဒါန်းပူဇော်ဘိသနည်း”ဟု မေးမြန်းတော်မူ၏။ သုမနပန်းသည်က “အရှင်မင်းမြတ်- ပြည့်ရှင်မင်းကြီးသည် ငါ့အား သတ်လိုမူလည်း သတ်စေတော့၊ တိုင်းနိုင်ငံမှ နှင်ထုတ်လိုမူလည်း နှင်ထုတ်စေတော့ဟု ဆို၍ အသက်ကိုစွန့်လွှတ်ပြီးလျှင် လှူဒါန်းပူဇော်လိုက်ပါသည်ဘုရား”ဟု လျှောက်တင်လေ၏။ မင်းကြီးသည် “သင်ကား ယောက်ျားမြတ်မည်ပေသည်”ဟု မိန့်ဆိုတော်မူ၍ ဆင်ရှစ်စီးတို့ကိုလည်းကောင်း, မြင်းရှစ်စီးတို့ကိုလည်းကောင်း, ကျွန်မိန်းမ ရှစ်ယောက်တို့ကိုလည်းကောင်း, ကျွန်ယောက်ျား ရှစ်ယောက်တို့ကိုလည်းကောင်း, မြတ်သောတန်ဆာ ရှစ်ခုတို့ကိုလည်းကောင်း ပေးတော်မူပြီးလျှင် အသပြာရှစ်ထောင်တို့ကိုလည်း နန်းတော်တွင်းမှ ထုတ်ဆောင်၍ အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော ရှစ်ယောက်သော သမီးကညာ မိန်းမတို့ကိုလည်းကောင်း, အခွန်ကျေးလက်ကောင်းစွာထွက်ကုန်သော ရှစ်ခုသော ရွာမြတ်တို့ကိုလည်းကောင်း ဤသို့ ဤအလုံးစုံ ရှစ်ခုစီရှိသော သဗ္ဗဋ္ဌက အမည်ရှိသော ပေးအပ်သော ဆုတော်လာဘ်တော်တို့ကို ပေးသနားတော်မူလေ၏။

ပစ္စေကဗောဓိဆု ဗျာဒိတ်ပေးခြင်း

အရှင်အာနန္ဒာ မထေရ်သည် ကြံဆင်ခြင်တော်မူသည်မှာ “ယနေ့နံနက်အခါမှစ၍ ရဲရင့်သော ကောင်းချီးပေးသံ တစ်ထောင်တို့သည်လည်းကောင်း၊ ပုဆိုးဦးရစ်တစ်ထောင် ပစ်မြှောက်ခြင်းတို့သည်လည်းကောင်း ဖြစ်စေကုန်၏၊ သုမန ပန်းသည်အား ခံစားရလတ္တံ့သော အကျိုးအာနိသံသကား အဘယ်သို့ ဖြစ်လတ္တံ့နည်း”ဟု ကြံဆင်ခြင်တော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားကို မေးလျှောက်လေ၏။ ထိုအခါ အရှင်အာနန္ဒာကို မြတ်စွာဘုရားသည် “ချစ်သားအာနန္ဒာ- ဤပန်းသည်သည် အနည်းငယ်မျှသာဖြစ်သော ကောင်းမှုကို ပြုအပ်ပြီဟု မမှတ်သားလေလင့်၊ ဤသူသည် ငါဘုရားအား အသက်ကိုစွန့်၍ ပူဇော်ခြင်းကို ပြုလေ၏၊ ထိုပန်းသည်သည် ဤသို့ ငါဘုရား၌ စိတ်ကို ကြည်ညိုစေရသောကြောင့် ဤသို့ဖြစ်လတ္တံ့”ဟု ဤဂါထာကို ဟောတော်မူလေ၏။

ကပ္ပါနံ သတသဟဿံ၊ ဒုဂ္ဂတိံ န ဂမိဿတိ။
ဌတွာ ဒေဝမနုဿေသု၊ ဖလံ ဧတဿ ကမ္မုနော။
ပစ္ဆာ ပစ္စေကသမ္ဗုဒ္ဓေါ၊ သုမနော နာမ ဘဝိဿတိ။

အာနန္ဒ၊ ချစ်သားအာနန္ဒာ။ ဧတဿ ကမ္မုနော၊ ထိုကောင်းမှုကံ၏။ ဖလံ၊ အကျိုးသည်။ ကပ္ပါနံ၊ ကမ္ဘာတို့၏။ သတသဟဿံ၊ တစ်သိန်းကာလပတ်လုံး။ ဒုဂ္ဂတိံ၊ ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် အပါယ်လေးပါး မကောင်းသောအလားသို့။ န ဂမိဿတိ၊ မသွားမလာရလတ္တံ့။ ဒေဝမနုဿေသု၊ နတ်ပြည် လူ့ပြည်တို့၌။ ဌတွာ၊ တည်၍။ ပစ္ဆာ၊ နောက်ကာလ၌။ သုမနော နာမ၊ သုမန အမည်ရှိသော။ ပစ္စေကသမ္ဗုဒ္ဓေါ၊ ပစ္စေကဗုဒ္ဓါသည်။ ဘဝိဿတိ၊ အမှန်စင်စစ် ဖြစ်ပေလတ္တံ့။

မြတ်စွာဘုရားသည် ကျောင်းတော်သို့ ကြွသွားတော်မူ၍ ဂန္ဓကုဋိသို့ ဝင်တော်မူသောအခါ ထိုမြတ်လေးပန်းတို့သည် တံခါးမုခ်၌ ကျလေကုန်၏။ ညချမ်းသောအခါ ရဟန်းတို့သည် တရားသဘင်၌ “သုမနပန်းသည်၏ ပြုအပ်သောကောင်းမှုကံသည် အံ့ဩဖွယ်ရှိလေစွတကား၊ သက်တော်ထင်ရှားရှိတော်မူသော မြတ်စွာဘုရားအား အသက်ကိုစွန့်လွှတ်၍ ပန်းလှူဒါန်းပူဇော်ခြင်းကို ပြုသဖြင့် ထိုခဏ၌ပင် သဗ္ဗဋ္ဌကမည်သော ဆုတော်လာဘ်တော်ကို ရလေပြီ”ဟူသောစကားကို ဖြစ်စေကြကုန်၏။ မြတ်စွာဘုရားသည် ဂန္ဓကုဋိတိုက်တော်မှ ထွက်တော်မူ၍ ကြွသွားခြင်းသုံးပါးတို့တွင် တစ်ပါးပါးသော ကြွသွားတော်မူခြင်းဖြင့် တရားသဘင်သို့ ကြွသွားတော်မူ၍ မြတ်စွာဘုရား နေရာတော်၌ ထိုင်နေသီတင်းသုံးတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ယခု ငါဘုရား ကြွလာတော်မူဆဲကာလ၌ အဘယ်စကားဖြင့် စည်းဝေးနေထိုင်ကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေး နေထိုင်ကြပါသည်ဘုရား”ဟု နားတော်လျှောက်သော် “ချစ်သားရဟန်းတို့- ဪ.. ဟုတ်ပေ၏။ အကြင်သို့သော အမှုကို ပြုအပ်သည်၏အဖြစ်ကြောင့် နောင်တတစ်ဖန် စိုးရိမ်ပူပန်ခြင်းသည် မဖြစ်နိုင်၊ အောက်မေ့တိုင်း အောက်မေ့တိုင်းသော ခဏ၌ ဝမ်းမြောက်ခြင်းသည်သာလျှင် ဖြစ်၏။ ဤသို့သဘောရှိသော ကောင်းမှုကံကို ပြုအပ်သည်သာလျှင်တည်း”ဟု မိန့်တော်မူပြီးလျှင် အနုသန္ဓေကိုစပ်၍ တရားဟောတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၆၈] တဉ္စ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ နာနုတပ္ပတိ။
ယဿ ပတီတော သုမနော၊ ဝိပါကံ ပဋိသေ၀တိ။

ယံ ကမ္မံ၊ အကြင်အမှုကို။ ကတွာ၊ ပြု၍။ နာနုတပ္ပတိ၊ နောင်တတစ်ဖန် မပူပန်ရပေ။ ယဿ ကမ္မဿ၊ အကြင်ကံ၏။ ဝိပါကံ၊ အကျိုးကို။ ပတီတော၊ ပီတိအဟုန်ဖြင့် နှစ်သက်သည်ဖြစ်၍။ သုမနော၊ သောမနဿအဟုန်ဖြင့် ဝမ်းမြောက်သည်ဖြစ်၍။ ပဋိသေဝတိ၊ မှီဝဲသုံးဆောင်ရ၏။ တဉ္စ ကမ္မံ၊ ထိုကောင်းမှုကံကိုသာလျှင်။ ကတံ၊ ပြုရခြင်းသည်။ သာဓု၊ ကောင်းလှပေ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား အကျွတ်တရားကိုရခြင်းသည် ဖြစ်လေ၏။

သုမနပန်းသည်ဝတ္ထု ပြီး၏။

֍ * ၁၀။ ဥပ္ပလဝဏ်ထေရီမ ဝတ္ထု

မဓုဝါ မညတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဥပ္ပလဝဏ်ထေရီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဆီမီးလျှံ၌ နိမိတ်ယူ၍ ရဟန္တာမ ဖြစ်ခြင်း

ထိုဥပ္ပလဝဏ်ထေရီမသည် ပဒုမုတ္တရ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ အဂ္ဂသာဝိကာမဆုကို ပန်ဆင်ဆုတောင်းခြင်းကို ဖြစ်စေ၍ ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံး များစွာသော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်လျက် နတ်ပြည်တို့၌လည်းကောင်၊ လူ့ပြည်တို့၌လည်းကောင်း ကျင်လည်ခံစားပြီးလျှင် ဤငါတို့မြတ်စွာဘုရား ပွင့်တော်မူသောအခါ၌ နတ်ပြည်မှ စုတေခဲ့၍ သာဝတ္ထိပြည်ဝယ် သူဌေးမျိုး၌ ပဋိသန္ဓေ တည်နေစွဲယူလေ၏။ ကြာညိုပန်းတိုက်နှင့်တူသော အဆင်းသဏ္ဌာန် ကြန်အင်လက္ခဏာ လွန်စွာ လှပကြည်လင်ခြင်းရှိသောကြောင့် ထိုသတို့သမီးအား ဥပ္ပလဝဏ် ဟူသောအမည်ကို မှည့်ခေါ်ကြလေကုန်၏။ ထို့နောက် ဥပ္ပလဝဏ်သတို့သမီး အရွယ်သို့ ရောက်သောအခါ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌နေကုန်သော မင်းတို့သည်လည်းကောင်း၊ သူဌေးသူကြွယ်တို့သည်လည်းကောင်း ဥပ္ပလဝဏ်သတို့သမီး၏ ဖခင်သူဌေးကြီးအထံသို့ “ငါတို့အား သမီးကို ပေးပါလော့”ဟု သတင်းစကား စေလွှတ်ကုန်၏၊ မစေလွှတ်သောသူမည်သည် မရှိ။

ထို့နောက်မှ သူဌေးကြီးက ကြံဆင်ခြင်သည်မှာ “ငါသည် အလုံးစုံကုန်သောသူတို့၏ စိတ်အလိုကို ပြည့်အောင်ယူခြင်းငှာ မတတ်နိုင်၊ တစ်ခုသော ဥပါယ်တံမျဉ်အကြောင်းကို ပြုတော့အံ့”ဟု ကြံဆင်ခြင်၍ သမီးကိုခေါ်စေပြီးလျှင် “ချစ်သမီး- ရဟန်းပြုခြင်းငှာ တတ်နိုင်အံ့လော”ဟု မေးလေ၏။ ထိုဥပ္ပလဝဏ်သတို့သမီးလည်း ပစ္ဆိမဘဝိကသတ္တဝါ ဖြစ်သောကြောင့် ဖခင်သူဌေးမေးအပ်သော ထိုစကားသည် ဦးခေါင်း၌ သွန်းလောင်းအပ်သော အကြိမ်တစ်ရာချက်ပြီးသော ဆီကဲ့သို့ဖြစ်လေ၏။ ထို့ကြောင့် ဖခင်သူဌေးကြီးကို “ဖခင်- ကျွန်တော်မသည် ရဟန်းပြုပါအံ့”ဟု ပြောဆိုလေ၏။ သူဌေးကြီးသည် ထိုမိမိ၏သမီးအား များစွာသော ပူဇော်သက္ကာရကိုပြု၍ ရဟန်းမိန်းမကျောင်းသို့ ဆောင်ပို့ပြီးလျှင် ရဟန်းပြုစေ၏၊ ထိုဥပ္ပလဝဏ်ထေရီမအား ရဟန်းပြု၍ မကြာမြင့်မီသာလျှင် ဥပုသ်အိမ်၌ ဆီမီးညှိထွန်းခြင်းစသည်ကို ပြုရသော အလှည့်အကြိမ်သည် ရောက်လေ၏။ ထိုဥပ္ပလဝဏ်ထေရီမသည် ဆီမီးကိုညှိထွန်း၍ ဥပုသ်အိမ်ကို တံမြက်လှည်းလျက် မိမိညှိထွန်းအပ်သော ဆီမီးလျှံ၌ နိမိတ်ကိုယူပြီးလျှင် ရပ်နေလျက်သာလျှင် အဖန်ဖန်ကြည့်ရှုလျက် တေဇောကသိုဏ်းလျှင် အာရုံရှိသောဈာန်ကို ဖြစ်စေ၍ ထိုဈာန်ကိုပင်လျှင် အခြေပြုသဖြင့် ပဋိသမ္ဘိဒါ အဘိညာဉ်တို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏။

နန္ဒလုလင် ပြစ်မှား၍ မြေမျိုခြင်း

ထိုဥပ္ပလဝဏ်ထေရီမသည် နောက်အဖို့ဖြစ်သော အခါတစ်ပါး၌ ဇနပုဒ်ဒေသစာရီ လှည့်လည်ခြင်းကို လှည့်လည်ပြီး၍ ပြန်လာသောအခါ အန္ဓဝနမည်သော သူကန်းတောသို့ ကြွဝင်၍ သီတင်းသုံးတော်မူလေ၏။ ထိုအခါ ရဟန်းမိန်းမတို့အား တောကျောင်း၌နေခြင်းကို သိက္ခာပုဒ် ပညတ်တော်မူခြင်းဖြင့် တားမြစ်တော်မမူရသေး။ ထိုအခါ ထိုမထေရ်မအား ထိုတောအုပ်၌ ကျောင်းငယ်ကုဋိကို ဆောက်လုပ်၍ ညောင်စောင်းကိုခင်းပြီးလျှင် တင်းတိမ်ကို ကာရံပေးကြလေကုန်၏။ ထိုဥပ္ပလဝဏ်ထေရီမသည် သာဝတ္ထိပြည်၌ ဆွမ်းအလို့ငှာ လှည့်လည်ကြွဝင်တော်မူပြီးလျှင် ထွက်လာလေ၏။ ထိုဥပ္ပလဝဏ်ထေရီမ၏ ဦးရီးသားဖြစ်သော နန္ဒအမည်ရှိသော လုလင်သည် လူဖြစ်စဉ်ကာလမှစ၍ စွဲတပ်သောစိတ်ရှိ၏။ ထိုနန္ဒလုလင်သည် ဥပ္ပလဝဏ် ထေရီမ ရောက်လာသည့်အဖြစ်ကို ကြားသိရ၍ ထေရီမ မလာမရောက်မီ ရှေးဦးကပင်လျှင် သူကန်းတောသို့ သွားလင့်ပြီးမှ ထိုကျောင်းငယ် ကုဋီသို့ဝင်၍ အိပ်ရာညောင်စောင်းအောက်၌ ပုန်းအောင်းကာ နေလင့်သဖြင့် မထေရ်မလည်း ပြန်လာ၍ ကျောင်းငယ်ကုဋီသို့ဝင်လျက် တံခါးပိတ်ပြီး ညောင်စောင်းထက်၌ ထိုင်နေကာမျှ အပြင်ပဖြစ်သော နေပူမှလာခဲ့ရသည့်အဖြစ်ကြောင့် စက္ခုထင်ထင် ရှုမြင်သောနေရာဝယ် အမိုက်တိုက် မပျောက်သေးမီသာလျှင် ညောင်စောင်းအောက်မှထွက်၍ ညောင်စောင်းထက်သို့ တက်လျက် “ဟယ် လူမိုက်- မဖျက်ဆီးလေနှင့်”ဟု မထေရ်မ တားမြစ်စဉ်ပင်လျှင် ဖိစီးနှိပ်စက်၍ မိမိသည် တောင့်တအပ်သော အမှုကိုပြုလုပ်၍ ထွက်ခွာသွားလေ၏။

ထိုအခါ အလွန်မိုက်လှစွာသော ထိုနန္ဒလုလင်၏ ကျေးဇူးမဲ့ကို ဆောင်ရွက်ခြင်းငှာ မတတ်နိုင်လေသကဲ့သို့ ယူဇနာ နှစ်သိန်းလေးသောင်း အထုရှိသော မဟာပထဝီမြေကြီးသည် နှစ်ဖြာပြတ်စဲ ဟင်းလင်းကွဲလေ၏။ ထိုနန္ဒလုလင်သည် မြေကြီး၏အတွင်းသို့ ဝင်ရောက်ကျသွား၍ မဟာအဝီစိငရဲ၌သာလျှင် ဖြစ်လေ၏။ ထေရီမသည်လည်း ထိုအကြောင်းကို သီတင်းသုံးဖော် ရဟန်းမိန်းမတို့အား ပြောကြား၏။ ရဟန်းမိန်းမတို့လည်း ရဟန်းယောက်ျားတို့အား ထိုအကြောင်းကို ပြောကြားလျှောက်ထားကြကုန်၏။ ရဟန်းယောက်ျားတို့သည်လည်း မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ ထိုစကားကို ကြားသိတော်မူသဖြင့် မြတ်စွာဘုရားသည် ရဟန်းတို့ကိုခေါ်တော်မူ၍ “ချစ်သားရဟန်းတို့- ငါဘုရား၏ တပည့်သားဖြစ်ကုန်သော ရဟန်းယောက်ျား, ရဟန်းမိန်းမ, ဥပါသကာ ယောက်ျား, ဥပါသိကာမိန်းမတို့၌ အမှတ်မထင် အကြင် တစ်စုတစ်ယောက်သော သူမိုက်သည် မကောင်းမှု အကုသိုလ်ကံကို ပြုလုပ်၏။ ထိုသူမိုက်သည် ပျားသကာ စသည်တို့၌ရှိသော တစ်စုံတစ်ခုသာလျှင်ဖြစ်သော ချိုမြိန်ကောင်းမြတ်သော အရသာကို စားရသောယောက်ျားကဲ့သို့ ရွှင်လန်းနှစ်သက် တက်ကြွသည်ထက် တက်ကြွသော စိတ်ရှိသောသူကဲ့သို့ဖြစ်၍ ပြုလုပ်လေ့ရှိ၏”ဟု အနုသန္ဓေကိုစပ်၍ တရားဒေသနာကို ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၆၉] မဓုဝါ မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ ဗာလော ဒုက္ခံ နိဂစ္ဆတိ။

ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ ပါပံ၊ မကောင်းမှုကံသည်။ န ပစ္စတိ၊ အကျိုးကို မပေးသေး။ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။ တံ ကမ္မံ၊ ထိုမကောင်းမှုကံကို။ ဗာလော၊ သူမိုက်သည်။ မဓုဝါ၊ ပျားအရသာကဲ့သို့။ မညတိ၊ မှတ်ထင်အောက်မေ့၏။ ယဒါ စ၊ အကြင်အခါ၌ကား။ ပါပံ၊ မကောင်းမှုကံသည်။ ပစ္စတိ၊ အကျိုးကိုပေး၏။ တဒါ၊ ထိုအခါ၌။ သော ဗာလော၊ ထိုသူမိုက်သည်။ ဒုက္ခံ၊ ဆင်းရဲခြင်းသို့။ ဝါ၊ ဆင်းရဲခြင်းကို။ နိဂစ္ဆတိ၊ ရောက်ရလေ၏။ ဝါ၊ ရရှိလေ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဘိက္ခုနီမတို့ ရွာ၌သာနေရန် စီမံခြင်း

ထို့နောက် အခါတစ်ပါး တရားသဘင်၌ များစွာသော လူရဟန်းအပေါင်းသည် “ရဟန္တာပုဂ္ဂိုလ်တို့သည် ငါးပါးသော ကာမဂုဏ်ချမ်းသာကို ခုံမင်တပ်မက် နှစ်သက်သာယာကြကုန်၏။ ငါးပါးအာရုံ ကာမဂုဏ်ကို ခုံမင်တပ်စွဲ မှီဝဲကြကုန်၏။ အဘယ့်ကြောင့် မမှီဝဲဘဲ ရှိကုန်အံ့နည်း။ ထိုရဟန္တာတို့သည်လည်း ခြောက်သွေ့သော သစ်ငုတ်တို့လည်း မဟုတ်ကုန်၊ တောင်ပို့တို့လည်း မဟုတ်ကုန်၊ စိုစွတ်သော အသားရှိသောကိုယ် ရှိကုန်သည်သာလျှင်တည်း။ ထို့ကြောင့် ထိုရဟန္တာတို့သည်လည်း ကာမဂုဏ်ချမ်းသာကို သာယာကြကုန်၏၊ ကာမဂုဏ်ကို မှီဝဲကြကုန်၏”ဟု စကားကို ဖြစ်စေလေ၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သော် “ချစ်သားရဟန်းတို့- ရဟန္တာတို့သည် ကာမဂုဏ်ချမ်းသာကို မသာယာကြကုန်၊ ကာမဂုဏ်ကို မမှီဝဲကြကုန်၊ ဥပမာမည်သည်ကား ပဒုမ္မာကြာရွက်၌ကျသော ရေပေါက်သည် မကပ်ငြိ မတည်တံ့နိုင်ဘဲ လိမ့်၍ကျသကဲ့သို့လည်းကောင်း၊ ပွတ်ဆောက်ဖျား၌ မုန်ညင်းစေ့သည် မငြိမတည်တံ့နိုင်ဘဲ လိမ့်၍ကျသကဲ့သို့လည်းကောင်း၊ ဤအတူသာလျှင် ရဟန္တာပုဂ္ဂိုလ်၏စိတ်၌ နှစ်ပါးအပြားရှိသော ဝတ္ထုကာမ, ကိလေသာကာမသည် မကပ်ငြိ မတည်တံ့နိုင်သည်သာတည်း”ဟု မိန့်တော်မူပြီးလျှင် မြတ်စွာဘုရားသည် အနုသန္ဓေကိုစပ်၍ တရားဟောလိုရကား ဗြာဟ္မဏဝဂ်၌ ဤဂါထာကို မိန့်တော်မူလေ၏။

ဝါရိ ပေါက္ခရပတ္တေဝ၊ အာရဂ္ဂေရိဝ သာသပေါ။
ယော န လိမ္ပတိ ကာမေသု၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဝါရိ၊ ရေသည်။ ပေါက္ခရပတ္တေ၊ ကြာရွက်၌။ န လိမ္ပတိ ဣဝ၊ မကပ်ငြိ မတည်တံ့သကဲ့သို့လည်းကောင်း။ သာသပေါ၊ မုန်ညင်းစေ့သည်။ အာရဂ္ဂေ၊ ပွတ်ဆောက်ဖျား၌။ န လိမ္ပတိ ဣဝ၊ မကပ်ငြိ မတည်တံ့သကဲ့သို့လည်းကောင်း။ ဧဝံ၊ ဤအတူ။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ကာမေသု၊ နှစ်ပါးသော ကာမတို့၌။ န လိမ္ပတိ၊ မကပ်ငြိ မတည်တံ့။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

မြတ်စွာဘုရားသည် ပသေနဒီ ကောသလမင်းကြီးကို ခေါ်စေတော်မူ၍ “ဒကာတော်မင်းကြီး- ဤငါဘုရား၏ သာသနာတော်၌ အမျိုးကောင်းသား ယောက်ျားတို့ကဲ့သို့သာလျှင် ထို့အတူ အမျိုးကောင်းသမီး မိန်းမတို့သည်လည်း များစွာသော ဆွေမျိုးဉာတကာ အပေါင်းကိုလည်းကောင်း၊ စည်းစိမ်ဥစ္စာစုကိုလည်းကောင်း စွန့်ပစ်ပယ်ရှား၍ ရဟန်းပြုပြီးလျှင် တော၌ နေထိုင်ကြကုန်၏။ ထိုရဟန်းမိန်းမတို့သည် တောကျောင်း၌ နေထိုင်ကြကုန်သည်ရှိသော် ရာဂဖြင့် စွဲတပ်ကပ်ငြိခြင်းရှိသော ယုတ်မာသော ပုဂ္ဂိုလ်တို့သည် ယုတ်သော မာန်မူခြင်း၊ လွန်ကဲသော မာန်မူခြင်းတို့၏အစွမ်းဖြင့် ညှဉ်းဆဲလည်း ညှဉ်းဆဲကြကုန်၏။ မြတ်သောအကျင့်၏ အန္တရာယ်သို့လည်း ရောက်စေကြကုန်၏။ ထို့ကြောင့် ရဟန်းမိန်းမ သံဃာအပေါင်း၏အလို့ငှာ နေရာကျောင်းကို မြို့၏အတွင်း၌သာ ပြုခြင်းငှာ သင့်၏”ဟု မိန့်တော်မူလေ၏။ ပသေနဒီကောသလမင်းကြီးသည်လည်း “ကောင်းပါပြီဘုရား”ဟု ဝန်ခံ၍ မြို့၏ တစ်ခုသောနံပါး၌ ရဟန်းမိန်းမ သံဃာအပေါင်း၏အလို့ငှာ နေရာကျောင်းကို ဆောက်လုပ်စေလေ၏။ ထိုအခါမှစ၍ ရဟန်းမိန်းမတို့သည် မြို့တွင်း ရွာတွင်း၌သာ နေထိုင်ကြရကုန်၏။

ဥပ္ပလဝဏ်ထေရီမဝတ္ထု ပြီး၏။

֍ * ၁၁။ ဇမ္ဗုကမထေရ်ဝတ္ထု

မာသေ မာသေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဇမ္ဗုကအမည်ရှိသော အာဇီဝကကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန္တာအား ဆဲရေးမိခြင်း

ရှေးလွန်လေပြီးသောအခါ ကဿပ မြတ်စွာဘုရား၏ လက်ထက်တော်အခါတွင် တစ်ခုသောရွာ၌ နေလေ့ရှိသော သူကြွယ်တစ်ယောက်သည် တစ်ပါးသောမထေရ်အား သီတင်းသုံးရာဖြစ်သော ကျောင်းကို ဆောက်လုပ်လှူဒါန်း၍ ထိုကျောင်း၌ သီတင်းသုံးသော မထေရ်ကို ပစ္စည်းလေးပါးတို့ဖြင့် ပြုစုလုပ်ကျွေးလေသတတ်။ မထေရ်သည်လည်း ထိုသူကြွယ်၏အိမ်၌ အမြဲမပြတ် ဆွမ်းဘုဉ်းပေးတော်မူ၏။ ထိုအခါ ရဟန္တာ မထေရ်တစ်ပါးသည် နေ့အခါ၌ ဆွမ်းအလို့ငှာ လှည့်လည်တော်မူသည်ရှိသော် ထိုသူကြွယ်၏ အိမ်တံခါးသို့ ရောက်သွားလေ၏။ သူကြွယ်သည် ထိုရဟန္တာမထေရ်အရှင်ကို မြင်လျှင်မြင်ချင်း မထေရ်၏ ဣရိယာပုတ်၌ ကြည်ညိုသည်ဖြစ်၍ အိမ်အတွင်းသို့ ပင့်သွင်းပြီးလျှင် ရိုသေကောင်းမွန်စွာ မွန်မြတ်သောဘောဇဉ်ဖြင့် လုပ်ကျွေး၍ “အရှင်ဘုရား- ဤအဝတ်ပုဆိုးကို ဆိုးရည်ဆိုး၍ ဝတ်ရုံသုံးဆောင်တော်မူကြပါဘုရား”ဟု ကြီးစွာသော အဝတ်ပုဆိုးကို လှူပြီးလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့၏ ဆံပင်တို့သည် ရှည်ကုန်ပြီ၊ အရှင်ဘုရားတို့၏ ဆံချစိမ့်သောငှာ ဆတ္တာသည်ကို ခေါ်ဆောင်ခဲ့ပါအံ့”ဟု လျှောက်ထားသဖြင့် ”အရှင်ဘုရားတို့၏ ကျိန်းစက်ရာအလို့ငှာ ညောင်စောင်းကိုလည်း ယူစေ၍ လာခဲ့ပါမည်ဘုရား”ဟု ဝန်ခံလျှောက်ကြားလေ၏။ အိမ်၌ အမြဲမပြတ် ကိုးကွယ်နေသော ကုလူပက ဆရာရဟန်းသည် ထိုအာဂန္တုက ဧည့်သည်ရဟန်းအား ထိုသို့ ပြုအပ်သော ပူဇော်သက္ကာရကိုမြင်လျှင် စိတ်ကိုကြည်လင်စေခြင်းငှာ မစွမ်းနိုင်ရှာသဖြင့် “ဤဒါယကာသည် ထိုတစ်ခဏမျှ မြင်အပ်သော အာဂန္တုက ဧည့်သည်ရဟန်းအား ဤသို့သဘောရှိသော ပူဇော်သက္ကာရကို ပြုဘိ၏။ အိမ်၌ အမြဲမပြတ် ဆွမ်းစား၍နေသော ငါ့အားမူကား ဤသို့သော ပူဇော်သက္ကာရကို မပြုလေဘိ”ဟု ကြံအောက်မေ့လျက် ကျောင်းသို့ သွားလေ၏။

အာဂန္တုက ဧည့်သည်ရဟန္တာသည်လည်း ထိုအာဝါသိကကျောင်းနေရဟန်းနှင့် အတူတကွသာလျှင် လိုက်သွား၍ သူကြွယ်သည် ပေးလှူအပ်သော အဝတ်ပုဆိုးကို ဆိုးရည်ဆိုး၍ ဝတ်ရုံသုံးဆောင်လေ၏။ သူကြွယ်လည်း ဆတ္တာသည်ကို ခေါ်သွား၍ မထေရ်၏ဆံတို့ကို ချစေပြီးလျှင် ညောင်စောင်းကိုခင်းစေ၍ “အရှင်ဘုရား- ဤညောင်စောင်း၌သာလျှင် ကျိန်းစက် သီတင်းသုံးတော်မူကြပါဘုရား”ဟု လျှောက်ကြား၍ နှစ်ဦးသော မထေရ်တို့ကိုလည်း နက်ဖြန် ကောင်းမှုအလို့ငှာ ပင့်ဖိတ်ပြီးလျှင် ဖဲသွားလေ၏။ နေဝါသိကဖြစ်သော ကျောင်းနေရဟန်းသည် ထို အာဂန္တုက ဧည့်သည်ရဟန္တာအား ပြုအပ်သော ထိုပူဇော်သက္ကာရကို သည်းခံခြင်းငှာ မစွမ်းနိုင်ရှာသဖြင့် ထို့နောက် ညချမ်းသောအခါသို့ ရောက်သည်ရှိသော် ကျောင်းနေရဟန်းသည် အာဂန္တုက ဧည့်သည်မထေရ်၏ အိပ်ရာအရပ်သို့ သွားရောက်၍ လေးပါးသော အခြင်းအရာတို့ဖြင့် မထေရ်ကို ဆဲရေးလေ၏။

၁။ ငါ့ရှင်အာဂန္တု- သူကြွယ်၏အိမ်၌ ဆွမ်းကို အသင်စားခြင်းထက် မစင်ကို စားခြင်းသည် မြတ်သေး၏။
၂။ သူကြွယ်သည် ခေါ်ဆောင်ခဲ့သော ဆတ္တာသည်ဖြင့် ဆံချခြင်းထက် ထန်းစေ့မှုတ်ဖြင့် ဆံပင်တို့ကို နုတ်စေခြင်းသည် မြတ်သေး၏။
၃။ သူကြွယ်သည် ပေးလှူအပ်သော သင်္ကန်းလျာအဝတ်ပုဆိုးကို ဝတ်ရုံခြင်းထက် အဝတ်မဆီး အချည်းနှီးလှည့်လည်ခြင်းသည် မြတ်သေး၏။
၄။ သူကြွယ်သည် ဆောင်ယူခဲ့သော ညောင်စောင်း၌ အိပ်ခြင်းထက် မြေ၌အိပ်ခြင်းသည် မြတ်သေး၏ဟု

ဤလေးပါးသော အခြင်းအရာတို့ဖြင့် ဆဲရေးလေ၏။

ဒါယကာနှင့်စပ်၍ ဝန်တိုခြင်း

ရဟန္တာမထေရ်သည်လည်း “ဤမလိမ္မာသော ရဟန်းသည် ငါ့ကိုအမှီပြု၍ မပျက်စီးပါစေလင့်”ဟု ကြံဆင်ခြင်တော်မူ၍ ပင့်ဖိတ်လျှောက်ကြားထားသည်ကို မယူ၊ လက်မခံမူ၍ နံနက်စောစော၌ပင်ထ၍ ချမ်းသာသည့်အားလျော်စွာ အလိုရှိရာအရပ်သို့ ကြွသွားတော်မူလေ၏။ ကျောင်းနေရဟန်းသည်လည်း နံနက်စောစောကပင်လျှင် ကျောင်း၌ ပြုဖွယ်ကိစ္စဖြစ်သော ဝတ်ကြီးဝတ်ငယ်ကို ပြုပြီးလျှင် ဆွမ်းခံအံ့သောအခါ၌ “ဤယခုအခါ၌ အာဂန္တုကရဟန်းသည်လည်း အိပ်ပျော်၍နေ၏။ ခေါင်းလောင်း ကျောက်စည်သံဖြင့် နိုးလေရာ၏”ဟူသော အမှတ်ရှိသဖြင့် လက်သည်းခွံဖြင့်သာလျှင် ခေါင်းလောင်းကို အသံမမြည်အောင် ထိုးခတ်၍ ရွာသို့ ဆွမ်းအလို့ငှာ ကြွဝင်လေ၏။ သူကြွယ်သည်လည်း ပူဇော်သက္ကာရကို ပြုစုစီမံ၍ မထေရ်နှစ်ပါးတို့၏ ကြွလာရာလမ်းခရီးကို ကြည့်မျှော်လျက်နေရာ ကျောင်းနေရဟန်းကိုသာ မြင်ရ၍ “အရှင်ဘုရား- အာဂန္တုမထေရ်သည် အဘယ်မှာနည်း”ဟု မေးလျှောက်လေ၏။ ထိုအခါ ကျောင်းနေရဟန်းသည် သူကြွယ်ကို “ဒါယကာ သူကြွယ်- တစ်စုံတစ်ခုသော စကားကို မဆိုလေနှင့်၊ အသင်၏ ကုလူပကဆရာ အာဂန္တုကရဟန်းသည် ယမန်နေ့က အသင် ဖိတ်မာန်ပြီး၍ ထွက်သွားသောအခါ တိုက်ခန်းတွင်းသို့ဝင်၍ အိပ်ပျော်ခြင်းသို့ သက်ရောက်လေ၏။ နံနက်စောစောကထ၍ ငါသည် ကျောင်းကို တံမြက်လှည်းသံကိုလည်းကောင်း၊ သောက်ရေအိုး သုံးဆောင်ရေအိုးတို့၌ ရေလောင်းသံကိုလည်းကောင်း၊ ခေါင်းလောင်းကျောက်စည်သံကိုလည်းကောင်း ပြုလုပ်ပါလျက် မသိလေခဲ့”ဟု ဆိုလေ၏။

ဒါယကာသူကြွယ် ကြံဆင်ခြင်သည်မှာ “ထိုသို့သဘောရှိသော ဣရိယာပုထ်၏ပြည့်စုံခြင်းနှင့် ပြည့်စုံသော ငါ၏အရှင်အား ဤအချိန်အခါ ကာလတိုင်အောင် အိပ်ခြင်းမည်သည် မရှိတန်ရာ၊ ထိုမထေရ်အား ဤသို့ ပူဇော်သက္ကာရပြုသည်ကိုမြင်၍ မချွတ်မလွဲ ဤအရှင်သည် တစ်စုံတစ်ခုသော အမနာပစကားကို ပြောဆိုသည် ဖြစ်ပေလတ္တံ့”ဟု ကြံဆင်ခြင်မိလေ၏။ ထိုသူကြွယ်သည် မိမိ၏ ဉာဏ်ပညာရှိသည်၏အဖြစ်ကြောင့် ထိုကြွလာသော ကျောင်းနေရဟန်းကို ရိုသေကောင်းမွန်စွာ ဆွမ်းကျွေး၍ ထိုရဟန်း၏သပိတ်ကို ကောင်းစွာဆေးကြောပြီးလျှင် အထူးထူး ကောင်းမြတ်သော အရသာရှိသော ဘောဇဉ်ဖြင့်ပြည့်စေ၍ “အရှင်ဘုရား- တပည့်တော်၏အရှင်ကို အကယ်၍ တွေ့မြင်ကြပါကုန်ငြားအံ့၊ ဤဆွမ်းကို ထိုအရှင်မြတ်အား လှူဒါန်းတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ ကျောင်းနေရဟန်းသည်လည်း ထိုဆွမ်းဘောဇဉ်ကို ယူလာလျက်သာလျှင် ကြံအောက်မေ့သည်မှာ “ထိုအာဂန္တုကရဟန်းသည် ဤသို့သဘောရှိသော ဆွမ်းဘောဇဉ်ကို အကယ်၍ သုံးဆောင်စားသောက်ရသည် ဖြစ်ငြားအံ့၊ ဤအရပ်ဌာန၌သာလျှင် လွန်စွာမက်မော စွဲလမ်းကပ်ငြိခြင်းရှိသောသူ ဖြစ်လတ္တံ့”ဟု အောက်မေ့ပြီးလျှင် လမ်းခရီးအကြား၌ ထိုဆွမ်းကို စွန့်ပစ်ခဲ့၍ မထေရ်၏ နေရာဌာနသို့သွား၍ မထေရ်ကို ထိုအရပ်၌ ကြည့်ရှုသည်ရှိသော် မတွေ့မမြင်ဘဲ ရှိလေ၏။

မကောင်းကျိုးရရှိပုံ

ထိုအခါ ဤမျှအတိုင်းအရှည်ရှိသော မကောင်းမှုကံကို ပြုအပ်ဖူးသည်၏အဖြစ်ကြောင့် အနှစ်,နှစ်သောင်းတို့ပတ်လုံး ပြုကျင့်အပ်သည်လည်းဖြစ်သော ရဟန်းတရားသည် ထိုရဟန်းကို အပါယ်မှလွတ်အောင် စောင့်ရှောက်ခြင်းငှာ မစွမ်းနိုင်လေ။ အသက်အပိုင်းအခြား၏အဆုံး၌ သေလွန်ခြင်းကို ပြုခဲ့ပြီးလျှင် အဝီစိငရဲကြီး၌ဖြစ်၍ နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသောအကြားကာလပတ်လုံး ကြီးစွာသော ဆင်းရဲခြင်းကို ခံစားရ၍ ဤဂေါတမမြတ်စွာဘုရား ထင်ရှားပွင့်တော်မူသောအခါ၌ ရာဇဂြိုဟ်ပြည်ဝယ် များစွာသော ထမင်းအဖျော်ရှိသော တစ်ဆောင်သော အမျိုးအိမ်၌ ဖြစ်လေ၏။ ထိုသူငယ်သည် ခြေဖြင့်သွားလာနိုင်သော အခါမှစ၍ အိပ်ရာ၌ အိပ်ခြင်းငှာ အလိုမရှိ၊ ထမင်းကိုစားခြင်းငှာ အလိုမရှိ၊ မိမိ၏ ကိုယ်မှဖြစ်သော အညစ်အကြေးကိုသာ စားလေ့ရှိ၏။ “အသက်အရွယ် ငယ်သေး၍ မသိမလိမ္မာသောကြောင့်သာ ဤကဲ့သို့ ပြုဘိသည်”ဟု အောက်မေ့မှတ်ထင်လျက် ထိုသူငယ်ကို မွေးကျွေးသုတ်သင်ကြလေကုန်၏။ အရွယ်ကြီးရင့်လာသောအခါ၌လည်း အဝတ်ပုဆိုးကို ဝတ်ခြင်းငှာ အလိုမရှိ။ အချည်းနှီးသာလျှင် လှည့်လည်သွားလာလေ့ရှိ၏။ မြေ၌သာ အိပ်လေ့ရှိ၏။ မိမိ၏ကိုယ်မှဖြစ်သော အညစ်အကြေးကိုသာ စားလေ့ရှိ၏။

မစင်ကိုသာ စားသူ

ထိုအခါ သူငယ်၏ မိခင်ဖခင်တို့သည် “ဤသူငယ်ကား ငါတို့၏အိမ်နှင့် မထိုက်တန် မလျောက်ပတ်၊ သက်သက် အရှက်မရှိသောသူ ဖြစ်ပေရကား ဤသူငယ်သည် အာဇီဝကတို့အား ထိုက်တန်လတ္တံ့”ဟု ကြံ၍ ထိုအာဇီဝကတို့၏အထံသို့ ဆောင်ယူ၍ “ဤသူငယ်ကို ရဟန်းပြုပါကုန်လော့”ဟု ပေးကြလေကုန်၏။ ထိုအခါ အာဇီဝကတို့သည် ထိုသူငယ်ကို ရဟန်းပြုကြကုန်၏။ ရဟန်းပြုပေးကြကုန်သော အာဇီဝကတို့သည်လည်း လည်ပင်းမျှ ပမာဏရှိသော တွင်း၌ထား၍ ပခုံးစွန်းနှစ်ဖက်တို့၏အထက်၌ ပျဉ်ချပ်တို့ကိုခင်း၍ ထိုပျဉ်ချပ်တို့၏အထက်၌ ထိုင်လျက် ထန်းစေ့မှုတ် ထက်ခြမ်းပိုင်းဖြင့် ဆံပင်တို့ကို နုတ်ကြလေကုန်၏။ ထိုအခါ ထိုသူငယ်၏ အမိအဘတို့သည် ထိုအာဇီဝကတို့ကို နက်ဖြန် ဆွမ်းဘောဇဉ် ကျွေးမွေးခြင်းအလို့ငှာ ပင့်ဖိတ်၍ ဖဲသွားကြကုန်၏။ တစ်ဖန် မိုးသောက်ရောက်သောနေ့၌ အာဇီဝကတို့သည် “ငါ့ရှင် လာလှည့်၊ ရွာသို့ဝင်ကုန်အံ့”ဟု ခေါ်ကြကုန်သည်ရှိသော် ထိုသူငယ် အာဇီဝကသည် “အသင်တို့သာ သွားကြပါကုန်လော့၊ အကျွန်ုပ်သည်ကား ဤအရပ်၌သာလျှင် နေရစ်ခဲ့ပါအံ့”ဟု ဆိုလျက် ရွာသို့ဝင်ခြင်းကို အလိုမရှိ။ ထိုအခါ ထိုသူငယ် အာဇီဝကကို အဖန်တလဲလဲ ဆိုသော်လည်း လိုက်ခြင်းငှာ အလိုမရှိသည်ဖြစ်၍ စွန့်ပစ်ချန်ထားခဲ့၍ သွားကြလေကုန်၏။ ထိုသူငယ် အာဇီဝကသည်လည်း အဖော်အာဇီဝကတို့ သွားသည့်အဖြစ်ကိုသိလျှင် ဝစ္စကုဋီဟူသော ကျင်ကြီးအိမ်၌ ပျဉ်ချပ်ကိုဖွင့်၍ သက်ဆင်းပြီးမှ လက်နှစ်ဖက်တို့ဖြင့် အလုတ်အလုတ်ပြု၍ မစင်ကို စားလေ၏။ အာဇီဝကတို့သည်လည်း ထိုသူငယ် အာဇီဝကအလို့ငှာ ရွာတွင်းမှ အစာအာဟာရကို ပို့လိုက်ကြကုန်၏။

ထိုအစာအာဟာရကိုလည်း အလိုမရှိ၊ အဖန်တလဲလဲ ပြောဆိုသော်လည်း “ငါ့အား ဤအစာအာဟာရဖြင့် အလိုမရှိ။ ငါ့အား အစာအာဟာရကို ရအပ်ပြီ”ဟု ဆိုလေ၏။ “အဘယ်မှာ ရသနည်း”ဟု မေးသည်ရှိသော် “ဤအရပ်၌ပင် ရ၏”ဟု ပြောဆို၏။ ဤသို့သောနည်းဖြင့် နှစ်ရက်မြောက် သုံးရက်မြောက် လေးရက်မြောက်သော နေ့၌လည်း ထိုအာဇီဝကတို့သည် များစွာ ပြောဆိုသော်လည်း “ငါသည် ဤအရပ်၌ပင် အစာအာဟာရ ရပေလတ္တံ့”ဟု ပြောဆို၍ ရွာတွင်းသို့ သွားခြင်းငှာ အလိုမရှိဘဲ နေ၏။ အာဇီဝကတို့သည်လည်း “ဤသူငယ် အာဇီဝကသည် နေ့တိုင်းနေ့တိုင်း ရွာသို့ဝင်ခြင်းငှာ အလိုမရှိ၊ ငါတို့ပို့လိုက်သော အစာအာဟာရကိုလည်း သုံးဆောင်ခြင်းငှာ အလိုမရှိ၊ ဤအရပ်၌သာလျှင် ငါ့အား အစာအာဟာရကို ရအပ်ပြီဟု ပြောဆို၏။ အဘယ်သို့လျှင် ပြုလုပ်၍ နေဘိသနည်းဟု ထိုသူကို စူးစမ်း၍ ဖမ်းကြကုန်အံ့”ဟု ကြံပြီးလျှင် ရွာသို့ဝင်ကုန်လတ်သော် တစ်ယောက် နှစ်ယောက်သော သူတို့ကို ထိုသူအား စူးစမ်း၍ ဖမ်းယူခြင်းငှာ ချန်ထားခဲ့၍ သွားကြလေကုန်၏။ ထိုအာဇီဝကတို့လည်း နောက်မှ လိုက်သွားဘိသကဲ့သို့ပြု၍ ပုန်းအောင်းကာ နေကြကုန်၏။ ထိုသူငယ် အာဇီဝကသည်လည်း အာဇီဝကတို့၏ သွားသည်အဖြစ်ကိုသိလျှင် ရှေးနည်းအတူသာလျှင် ကျင်ကြီးအိမ်သို့ သက်ဆင်း၍ မစင်ကို စားလေ၏။

အာဇီဝကတို့က နှင်ထုတ်ခြင်း

ပုန်းအောင်း ချောင်းမြောင်း၍နေသော အာဇီဝကတို့လည်း ထိုအာဇီဝက၏ အပြုအမူကိုမြင်လျှင် အာဇီဝကတို့အား ပြောကြားကြကုန်၏။ ထိုစကားကိုကြားလျှင် အာဇီဝကတို့က “ဪ.. ဝန်လေးစွာသော အမှုပါတကား၊ ရဟန်းဂေါတမ၏ တပည့်တို့သည် အကယ်၍ သိကုန်ငြားအံ့၊ အာဇီဝကတို့သည် မစင်ကိုစားကုန်လျက် သွားလာလှည့်လည်ကုန်၏ဟု ငါတို့၏ မကောင်းသော ကျော်စောခြင်းကို ပြသပြောဆိုကုန်ရာ၏၊ ဤသူသည် ငါတို့နှင့် မထိုက်တန်”ဟု ပြောဆိုတိုင်ပင်၍ ထိုသူငယ် အာဇီဝကကို မိမိတို့အထံမှ နှင်ထုတ်ကြလေကုန်၏။ ထိုသူငယ် အာဇီဝကသည်လည်း ဆရာအာဇီဝကတို့သည် နှင်ထုတ်အပ်သည်ဖြစ်၍ လူများအပေါင်း၏ ကျင်ကြီးစွန့်ရာအရပ်၌ ခင်းထားအပ်သော တစ်ခုသော ကျောက်ဖျာသည် ရှိ၏။ ထိုကျောက်ဖျာ၌ ကြီးသော နှာမောင်းသဖွယ် မှီရာဖြစ်သော ကျောက်ဖျာကိုမှီ၍ လူများအပေါင်း၏ ကျင်ကြီးစွန့်ရာအရပ်သည် ရှိ၏။ ထိုသူငယ် အာဇီဝကသည် ထိုအရပ်သို့ သွားပြီးမှ ညဉ့်အခါ၌ မစင်ကိုစား၍ လူများအပေါင်း၏ ကိုယ်လက်သန့်ရှင်း သုတ်သင်ခြင်းငှာ လာသောအခါ လက်တစ်ဖက်ဖြင့် ကျောက်ဖျာ၏ အစွန်းတစ်ခုကို ထောက်ပြီးလျှင် ခြေတစ်ဖက်ကိုပင့်မြှောက်၍ ဒူ၌ထားသဖြင့် အထက်၌ လေသို့ရှေးရှု ခံတွင်းကိုဖွင့်လျက် ရပ်တည်၏။ လူများအပေါင်းသည် ထိုသူငယ်အာဇီဝကကိုမြင်လျှင် ချဉ်းကပ်ကာ ရှိခိုး၍ “အရှင်ဘုရား- အရှင်မြတ်သည် အဘယ့်ကြောင့် ခံတွင်းကိုဖွင့်၍ ရပ်နေဘိသနည်း”ဟု မေးလေ၏။ “ငါသည် လေကိုသာ စား၏၊ ငါ့အား လေမှတစ်ပါးသော အစာအာဟာရ မရှိ”ဟု ဆိုသော် “ထိုသို့ဖြစ်မူ အဘယ့်ကြောင့် ခြေတစ်ဖက်ကို ဒူး၌ထား၍ ရပ်နေပါသနည်း”ဟု မေးပြန်သည်ရှိသော် “ငါသည် မြတ်သောအကျင့်ရှိ၏၊ ပြင်းထန်သော အကျင့်ရှိ၏၊ ငါသည် ခြေနှစ်ဖက်တို့ဖြင့် နင်းထောက်အပ်သည်ရှိသော် မြေကြီး တုန်လှုပ်၏။”

ကောင်းကျင့် ဆိုးကျင့် မခွဲတတ်သူတို့ သဘာဝ

“ထို့ကြောင့်သာ ခြေတစ်ဖက်ကိုမြှောက်၍ ဒူး၌ထားလျက် ရပ်တည်နေ၏”ဟု ပြောဆို၏။ “ထိုစကားမှန်၏။ ငါသည် ညဉ့်ရောနေ့ပါ ရပ်လျက်သာလျှင် ကာလကို လွန်စေ၏၊ ထိုင်နေခြင်း, အိပ်နေခြင်းမရှိ”ဟု ပြောဆိုလေ၏။ လူတို့မည်သည်ကား များသောအားဖြင့် စကားမျှကိုပင်သော်လည်း ယုံကြည်တတ်ကြကုန်၏။ ထို့ကြောင့် “အလွန်အံ့ဩဖွယ်ရှိပေစွ၊ ဤသို့သဘောရှိသော အကျင့် ကျင့်နိုင်သူတို့ မရှိကုန်၊ ဤသို့သဘောရှိသော အကျင့်အာစာရရှိသောသူကို ရှေးအခါက ငါတို့ မမြင်စဖူး”ဟု ပြောဆိုချီးမွမ်းလျက် များသောအားဖြင့် အင်္ဂတိုင်း, မဂဓတိုင်း၌ နေသောသူတို့သည် တုန်လှုပ်ချောက်ချား၍ ချဉ်းကပ်ပြီးလျှင် လတိုင်း,လတိုင်း၌ ကြီးစွာသော ပူဇော်သက္ကာရကို ရှေးရှုဆောင်ယူခဲ့ကြကုန်၏။ ထိုသူငယ် အာဇီဝကသည် “ငါကား လေကိုသာ စား၏၊ လေမှတစ်ပါးသော အစာကို မစား၊ လေမှတစ်ပါး အခြားသောအစာကို ငါစားသည်ရှိသော် အကျင့်ပျက်စီးလတ္တံ့”ဟု ဆို၍ ထိုသူတို့ ရှေးရှုဆောင်ယူခဲ့သော တစ်စုံတစ်ခုသော အာဟာရကို အလိုမရှိ။ လူတို့သည် “အရှင်ဘုရား တပည့်တော်တို့ကို မဖျက်ဆီးပါကုန်လင့်၊ အရှင်ဘုရားတို့ကဲ့သို့ သဘောရှိသော ပြင်းထန်သော အကျင့်ရှိသောသူသည် သုံးဆောင်ခြင်း ပြုသည်ရှိသော် တပည့်တော်တို့အား ရှည်ကြာစွာသော နေ့ညဉ့်ကာလပတ်လုံး စီးပွားခြင်းငှာ, ချမ်းသာခြင်းငှာ ဖြစ်ပါသည်”ဟု အဖန်တလဲလဲ တောင်းပန်ကြကုန်၏။ “ထိုငါ့အား တစ်ပါးသော အစာအာဟာရဖြင့် မနှစ်သက်”ဟု မြစ်ပယ်သော်လည်း လူအပေါင်း၏ တောင်းပန်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ထိုသူတို့ ဆောင်ယူခဲ့သော ထောပတ်, တင်လဲစသည်တို့ကို သမန်းမြက်ဖျားဖြင့် လျှာဖျား၌တင်၍ “သင်တို့ သွားကြကုန်လော့၊ ဤမျှလောက်သည် သင်တို့အား ချမ်းသာခြင်းငှာ, စီးပွားခြင်းငှာ ထိုက်တန်လောက်ပေပြီ”ဟု ဆို၍ လွှတ်လိုက်လေ၏။ ဤသို့လျှင် ထိုသူငယ် အာဇီဝကသည် ငါးဆယ့်ငါးနှစ်တို့ ကာလပတ်လုံး အချည်းနှီး အဝတ်မကပ်ဘဲ မစင်ကိုသာ စား၍ ဆံပင်တို့ကိုနုတ်၍ မြေ၌အိပ်လျက် ကာလကို လွန်စေလေ၏။

ဘုရားရှင် ကြွလာတော်မူခြင်း

မြတ်စွာဘုရားတို့အားလည်း နံနက်စောစော မိုးသောက်သောအခါ လောကကို ကြည့်ရှုတော်မူခြင်းသဘောသည် မစွန့်လွှတ်အပ်သည်သာ ဖြစ်၏။ ထို့ကြောင့် တစ်နေ့သ၌ နံနက်စောစော မိုးသောက်သောအခါ လောကကို ကြည့်ရှုတော်မူသော မြတ်စွာဘုရားအား ဤအာဇီဝက (ဇမ္ဗုက အာဇီဝက)သည် ဉာဏ်တော်တည်းဟူသော ကွန်ယက်၏အတွင်း၌ ထင်လာ၏။ မြတ်စွာဘုရားသည် “အသို့ဖြစ်လတ္တံ့နည်း”ဟု ဆင်ခြင်တော်မူပြန်သည်ရှိသော် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ထိုဇမ္ဗုက အာဇီဝက၏ အရဟတ္တဖိုလ်အကြောင်း ဥပနိဿယ၏ ပြည့်စုံခြင်းကို မြင်တော်မူလျှင် “ငါဘုရားသည် ထိုဇမ္ဗုကကို အစပြု၍ တစ်ခုသောဂါထာကို ဟောကြားတော်မူပေအံ့၊ ထိုဒေသနာဂါထာ၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား အကျွတ်တရားကို ရခြင်းသည် ဖြစ်ပေလတ္တံ့၊ ထို့ကြောင့် ဤအမျိုးသားကိုအမှီပြု၍ လူများအပေါင်းသည် ချမ်းသာခြင်းသို့ရောက်ပေလတ္တံ့”ဟု သိမြင်တော်မူ၍ တစ်ဖန် မိုးသောက်သောနေ့ဝယ် ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှာ ကြွတော်မူ၍ ဆွမ်းခံရာမှ ဖဲကြွတော်မူလတ်သော် အရှင်အာနန္ဒာမထေရ်ကို ခေါ်တော်မူ၍ “ချစ်သားအာနန္ဒာ- ငါဘုရားသည် ဇမ္ဗုကအာဇီဝက၏အထံသို့ ကြွသွားတော်မူအံ့”ဟု မိန့်တော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မြတ်စွာဘုရားတို့သည်သာလျှင် အဖော်မပါတစ်ပါးတည်း ကြွသွားတော်မူကြကုန်အံ့လောဘုရား”ဟု မေးလျှောက်လျှင် “ဪ.. ဟုတ်ပေ၏၊ ငါဘုရားတစ်ပါးတည်းသာ ကြွသွားတော်မူအံ့”ဟု မိန့်တော်မူ၍ မြတ်စွာဘုရားသည် ညနေစောင်းအခါဝယ် ဇမ္ဗုကအာဇီဝက၏ အထံသို့ ကြွသွားတော်မူလေ၏။

နတ်တို့ သန့်ရှင်းစွာ ဖန်ဆင်းထား

နတ်တို့လည်း “မြတ်စွာဘုရားသည် ဇမ္ဗုကအာဇီဝက၏ အထံသို့ ကြွသွားတော်မူ၏၊ ထိုဇမ္ဗုကအာဇီဝကသည်လည်း စက်ဆုပ်ဖွယ်သော ကျင်ကြီးကျင်ငယ် ဒန်ပူဖတ်တို့ဖြင့် ညစ်နွမ်းခြင်းရှိသော ကျောက်ဖျာ၌ နေ၏၊ မိုးရွာစိမ့်သောငှာ သင့်လျော်၏”ဟုကြံ၍ မိမိတို့၏အာနုဘော်ဖြင့် ထိုခဏ၌သာလျှင် မိုးကိုရွာစေကြကုန်၏၊ ကျောက်ဖျာသည် သန့်ရှင်းစင်ကြယ်စွာ အညစ်အကြေး ကင်းလေ၏။ ထို့နောက်မှ ကျောက်ဖျာထက်၌ ငါးပါးသော အဆင်းရှိသော ပန်းမိုးကို ရွာစေပြန်ကုန်၏။

မြတ်စွာဘုရားသည် ညချမ်းသောအခါ၌ ဇမ္ဗုကအာဇီဝက၏အထံသို့ ရောက်သွားတော်မူ၍ “ဇမ္ဗုက”ဟု အသံကိုပြုတော်မူ၏။ ဇမ္ဗူကလည်း “ဤသူယုတ်မာသည် အဘယ်သူဖြစ်လေသနည်း၊ ငါ့ကို ဇမ္ဗုကဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်လေဘိ၏”ဟု ကြံလျက် “ဤခေါ်သောသူကား အဘယ်သူနည်း”ဟု မေးလေ၏။ “ဇမ္ဗုက- ငါဘုရားတည်း”ဟု မိန့်တော်မူလျှင် “ရဟန်းကြီး- အဘယ်အကြောင်းကြောင့် ခေါ်သနည်း”ဟု မေးလေ၏။ “ယနေ့ ငါ့အား တစ်ညဉ့်မျှ ဤအရပ်၌ တည်းခိုနေထိုင်ခြင်းငှာ တစ်ခုသောနေရာကို ပေးလော့”ဟု မိန့်တော်မူသော် “ရဟန်းကြီး- ဤအရပ်၌ တည်းခိုနေထိုင်စရာ နေရာမရှိ”ဟု မြစ်ပယ်၏။ “ဇမ္ဗုက- ဤသို့မပြုလင့်၊ တစ်ညဉ့်မျှ နေရာအရပ်ကို ငါ့အားပေးလော့”ဟု မိန့်တော်မူပြန်လတ်သော် “ရဟန်းတို့မည်သည်ကား ရဟန်းချင်းချင်းကို နှစ်သက်တောင့်တကြကုန်၏၊ လူတို့သည် လူချင်းချင်းကို နှစ်သက်တောင့်တကြကုန်၏၊ သားကောင်တို့သည် သားကောင်ချင်းချင်းကို နှစ်သက်တောင့်တကြကုန်၏၊ အသို့နည်း၊ သင်သည် ရဟန်းပင်လော”ဟု မေးပြန်လေ၏။ “ဪ -ရဟန်း ဟုတ်ပေ၏”ဟု မိန့်တော်မူသည်ရှိသော် “သင်သည် အကယ်၍ ရဟန်းဖြစ်ခဲ့ငြားအံ့၊ ဤသို့ရဟန်းဖြစ်သည်ရှိသော် သင်၏ဘူးတောင်းသည် အဘယ်မှာနည်း၊ မီးမွှေယောက်မသည် အဘယ်မှာနည်း၊ ယဇ်ပူဇော်သောချည်သည် အဘယ်မှာနည်း”ဟု မေးပြန်လေသည်။ “ဤအလုံးစုံသည် ငါ့အား ရှိ၏။ အသီးအသီးယူ၍ သွားခြင်းသည် ဆင်းရဲပင်ပန်းလှသောကြောင့် ကိုယ်တွင်း၌သာလျှင်ယူ၍ သွားလာလှည့်လည်၏”ဟု မိန့်ဆိုပြန်သော် “ထိုအသင်သည် ထိုဘူးတောင်းစသည်ကို မကိုင်ယူမူ၍ သွားလတ္တံ့”ဟု ဆို၍ အမျက်ထွက်လေ၏။ ထိုအခါ ဇမ္ဗုကကို မြတ်စွာဘုရားသည် “ဇမ္ဗုက- ရှိပါစေတော့၊ -အမျက်မထွက်ပါလင့်၊ ငါ့အား တည်းခိုနေထိုင်ရာ နေရာတစ်ခုကိုသာ ပြောကြားလော့”ဟု မိန့်တော်မူပြန်သော် “ရဟန်းကြီး- ဤအရပ်၌ နေစရာနေရာ မရှိ”ဟု ဆိုလေ၏။

ဘုရားထံ နတ်မင်း, သိကြား, ဗြဟ္မာတို့ လာကြခြင်း

ထိုဇမ္ဗုက၏ နေရာအရပ်မှ မနီးမဝေးသော အရပ်၌ တစ်ခုသော တောင်ဝှမ်းသည် ရှိ၏။ မြတ်စွာဘုရားလည်း ထိုတောင်ဝှမ်းကို စုံစမ်းတော်မူ၍ “ထိုတောင်ဝှမ်း၌ အဘယ်သူနေသနည်း”ဟု မေးတော်မူလေ၏။ “ရဟန်းကြီး- ဤနေရာ၌မူကား တစ်စုံတစ်ယောက်သောသူသည် မရှိ”ဟုဆိုလျှင် “ထိုသို့ဖြစ်မူ ဤနေရာကို ငါ့အား ပေးလော့”ဟု မိန့်တော်မူ၏။ “ရဟန်းကြီး- သင်သည်ပင်လျှင် သိလေလော့”ဟု ဆိုလတ်သော် မြတ်စွာဘုရားသည် တောင်ဝှမ်း၌ နိသီဒိုင်ကိုခင်း၍ နေထိုင်တော်မူလေ၏။ ထိုအခါ ပထမယာမ်၌ စတုမဟာရာဇ် နတ်မင်းကြီး လေးယောက်တို့သည် အရပ်လေးမျက်နှာတို့ကို တစ်ပြိုင်နက် အရောင်အလင်းကိုပြုလျက် မြတ်စွာဘုရားအား ခစားခြင်းငှာ လာရောက်ကြကုန်၏။ ဇမ္ဗုကလည်း အရောင်အလင်းကိုမြင်၍ “ဤအရောင်ကား အဘယ်သို့သော အရောင်ပေနည်း”ဟု ကြံစည်လေ၏။ သန်းခေါင်းယာမ်၌ သိကြားနတ်မင်းသည် ရောက်လာ၏။ ဇမ္ဗုကသည် ထိုသိကြားမင်း၏ ကိုယ်ရောင်ကိုမြင်၍ “ဤအရောင်သည်လည်း အဘယ်အရောင်ပေနည်း”ဟု ကြံစည်ပြန်လေ၏။ ပစ္ဆိမယာမ်၌ လက်တစ်ချောင်းဖြင့် စကြဝဠာတစ်ခု လက်နှစ်ချောင်းဖြင့် စကြဝဠာနှစ်ခု လက်ဆယ်ချောင်းဖြင့် စကြဝဠာ ဆယ်ခုတို့ကို ထွန်းလင်းစေခြင်းငှာ စွမ်းနိုင်သော မဟာဗြဟ္မာကြီးသည် တောအုပ်အလုံးကို တစ်ပြိုင်နက် အလင်းရောင်ပြုလျက် ရောက်လာလေ၏။

ဇမ္ဗုကသည် ထိုဗြဟ္မာမင်း၏ ကိုယ်အရောင်ကိုမြင်၍ “ဤအရောင်သည်လည်း အဘယ်သို့သောအရောင်ပေနည်း”ဟု ကြံစည်၍ နံနက်စောစောကပင်လျှင် မြတ်စွာဘုရား၏ အထံတော်သို့သွား၍ ပဋိသန္ဓာရစကားကို ပြောကြားပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌နေလျက် မြတ်စွာဘုရားကို “ရဟန်းကြီး- အသင်တို့၏အထံ၌ လေးပါးသော အရပ်တို့ကို ထွန်းလင်းစေကုန်လျက် အဘယ်သူတို့သည် လာရောက်ကြကုန်သနည်း”ဟု မေးလေ၏။ “လေးယောက်ကုန်သော စတုမဟာရာဇ် နတ်မင်းကြီးတို့တည်း”ဟု မိန့်တော်မူလျှင် “အဘယ့်ကြောင့် လာကုန်သနည်း”ဟု မေးပြန်လေ၏။ “ငါဘုရားကို ခစားဆည်းကပ်ခြင်းငှာ လာကုန်၏”ဟု မိန့်တော်မူလျှင် “အသင်သည် ထိုလေးယောက်ကုန်သော စတုမဟာရာဇ် နတ်မင်းကြီးတို့ထက်ပင် မြတ်လေသလော”ဟု မေးပြန်သဖြင့် “ဇမ္ဗုက- ဪ.. ဟုတ်မှန်ပေ၏။ ငါသည် ထိုစတုမဟာရာဇ် နတ်မင်းကြီးတို့ထက်လည်း ကဲလွန်ထူးမြတ်သော မင်းကြီးပေတည်း”ဟု မိန့်တော်မူ၏။ “သန်းခေါင်ယာမ်၌ကား အဘယ်သူ လာသနည်း”ဟု မေးပြန်သော် “ဇမ္ဗုက- နတ်တို့ကိုအစိုးရသော သိကြားမင်းတည်း”ဟု မိန့်တော်မူလေ၏။ “အဘယ့်ကြောင့် လာသနည်း”ဟု မေးပြန်သော် “ငါ့ကို ခစားဆည်းကပ်ခြင်းငှာ လာ၏”ဟု မိန့်တော်မူလေ၏။ “အသင်သည် သိကြားနတ်မင်းထက်ပင် မြတ်သေးသလော”ဟု မေးပြန်သော် “ဪ- ဟုတ်မှန်ပေ၏၊ ဇမ္ဗုက- ငါကား သိကြားနတ်မင်းထက်လည်း မြတ်၏”ဟု မိန့်တော်မူ၍ “ဤသိကြားနတ်မင်းကား ငါ၏ နာဖျားမကျန်းရှိသောအခါ လုပ်ကျွေးပြုစု သူနာပြုတစ်ယောက်ဖြစ်၏၊ အမှုကြီးငယ်ပြုတတ်သော ကပ္ပိယကာရက တစ်ယောက်ဖြစ်၏။ တပည့်သာမဏေနှင့် တူ၏”ဟု မိန့်တော်မူလေ၏။

“ရဟန်းကြီး- မိုးသောက်ယာမ်၌ တောအလုံးကို ထွန်းလင်းစေလျက် အဘယ်သူသည် ရောက်လာသနည်း”ဟု မေးပြန်သော် “လောက၌ ပုဏ္ဏား အစရှိသောသူတို့သည် ချေဆတ်သော်လည်းကောင်း၊ ချွတ်ချော်သော်လည်းကောင်း အကြင်သူကို ရည်စူး၍ “နမော မဟာဗြဟ္မုနော- မဟာဗြဟ္မာကြီးအား ရှိခိုးပါ၏”ဟု ဆိုကြကုန်၏၊ ထိုသူကား ဤမဟာဗြဟ္မာကြီးပေတည်း”ဟု မိန့်တော်မူ၏။ “အသို့နည်း၊ အသင်သည် မဟာဗြဟ္မာကြီးထက်ပင် မြတ်လေသေးသလော”ဟု မေးပြန်သော် “ဇမ္ဗုက- ဪ.. ဟုတ်မှန်ပေ၏၊ ငါသည် ဗြဟ္မာတို့ထက်လည်း ကဲလွန်ထူးမြတ်သော ဗြဟ္မာကြီးပေတည်း”ဟု မိန့်တော်မူလျှင် “ရဟန်းကြီး- အသင်သည် လက်ဖြောက်တီး၍ အံ့ချီးဖွယ်ကောင်းသော သူတစ်ယောက်ဖြစ်ပေ၏၊ အကျွန်ုပ်သည် ငါ့ဆယ့်ငါးနှစ်တို့ပတ်လုံး ဤအရပ်ဒေသ၌ နေထိုင်ပါသော်လည်း ထိုသူတို့တွင် တစ်ယောက်သောသူမျှလည်း အကျွန်ုပ်ကို ခစားဆည်းကပ်ခြင်းငှာ လာဖူးသည် မရှိ၊ အကျွန်ုပ်သည် ဤမျှလောက်သော ကာလပက်လုံး လေကိုသာ စားသည်ဖြစ်၍ ရပ်တည်လျက်သာလျှင် ကာလကို လွန်စေခဲ့လေပြီ၊ ထိုမျှလောက်ကြာသော်လည်း ထိုသူတို့သည် အကျွန်ုပ်အား ခစားဆည်းကပ်ခြင်းငှာ မလာစဖူးကြကုန်”ဟု ပြောဆိုလေ၏။

ဇမ္ဗုက ရဟန္တာဖြစ်၍ ဝဋ်ကျွတ်ခန်း

ထိုအခါ ဇမ္ဗုကကို မြတ်စွာဘုရားသည် “အို..ဇမ္ဗုက- အသင်သည် လောက၌ မိုက်မဲတွေဝေသော လူများအပေါင်းကို လှည့်စားလျက် ငါဘုရားကိုလည်း လှည့်စားခြင်းငှာ အလိုရှိသောသူတစ်ယောက် ဖြစ်ဘိ၏၊ အသင်သည် ငါးဆယ့်ငါးနှစ်တို့ပတ်လုံး မစင်ကိုသာ စားသည်မဟုတ်လော၊ မြေ၌သာလျှင် အိပ်သည်မဟုတ်လော၊ အဝတ်မဝတ်ဘဲ အချည်းနှီးဖြစ်၍ လှည့်လည်သည်မဟုတ်လော၊ ထန်းစေ့မှုတ် ထက်ခြမ်းပိုင်းဖြင့် ဆံတို့ကို နုတ်သည် မဟုတ်လော၊ ထိုသို့ဖြစ်လျက် မလိမ္မာသော လူအပေါင်းကို လှည့်စား၍ “ငါသည် လေကို စား၏၊ ခြေတစ်ဖက်ဖြင့်သာ ရပ်တည်၏၊ ထိုင်နေခြင်း, အိပ်နေခြင်းမရှိ”ဟု ပြောဆိုဘိ၏၊ ငါဘုရားကိုလည်း လှည့်စားလိုသောသူ ဖြစ်ဘိ၏”ဟု မိန့်ဆိုပြီးလျှင် “အသင်သည် ရှေးရှေးသော ဘဝ၌လည်း အလွန်အကြူး ယုတ်မာလှသော အယူကိုမှီ၍ ဤမျှလောက်သော ကာလပတ်လုံး မစင်ကို စားလျက်, မြေ၌ အိပ်လျက်, အချည်းနှီး လှည့်လည်လျက်, ထန်းစေ့မှုတ် ထက်ခြမ်းပိုင်းဖြင့် ဆံပင်တို့ကို နုတ်ရခြင်းသို့ရောက်လေ၏။ ယခုအခါ၌လည်း အလွန်အကြူး ယုတ်မာလှသော အယူကိုသာ ယူပြန်ဘိ၏”ဟု မိန့်တော်မူလတ်သော် “ရဟန်းကြီး- အကျွန်ုပ်သည် အဘယ်သို့သော မကောင်းမှုကို ပြုဖူးပါသနည်း”ဟု မေးသဖြင့် ထိုအခါ မြတ်စွာဘုရားသည် ထိုဇမ္ဗုကအား ရှေး၌ပြုခဲ့ဖူးသော မကောင်းမှုကံကို ပြန်ကြားမိန့်မြွက်တော်မူလေ၏။ မြတ်စွာဘုရား ဟောကြားစဉ်ပင်လျှင် ထိုဇမ္ဗူကအား ထိတ်လန့်ခြင်း သံဝေဂဖြစ်၍ ရှက်ကြောက်ခြင်း ဟိရိဩတ္တပ္ပ ဖြစ်ခဲ့ရကား ဆောင့်ကြောင့်ထိုင်နေလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုဇမ္ဗုကအား ရေသနုပ်ကို ပစ်၍ ပေးတော်မူလေ၏။ ဇမ္ဗုကလည်း ထိုရေသနုပ်ကိုဝတ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် သင့်တင့်လျောက်ပတ်သောနေရာ၌ ထိုင်နေလေ၏။ မြတ်စွာဘုရားသည် ဇမ္ဗူကအား အစဉ်အတိုင်းသော တရားစကားကို ပြောကြားလျက် တရားဟောတော်မူလေ၏။ ထိုဇမ္ဗုကသည် ဒေသနာတော်၏အဆုံး၌ ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ရောက်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ထိုင်နေရာမှထလျက် ရှင်အဖြစ်ကိုလည်းကောင်း၊ ပဉ္စင်း၏အဖြစ်ကိုလည်းကောင်း တောင်းပန်၏။ ဤမျှဖြင့် ထိုဇမ္ဗုက၏ ရှေးမကောင်းမှုကံသည် ကုန်လေပြီ။

(ဤဇမ္ဗကသည် ရဟန္တာမထေရ်မြတ်ကို လေးပါးကုန်သော ဆဲရေးခြင်းတို့ဖြင့် ဆဲရေး၍ အကြင်ရွေ့လောက် ဤမဟာပထဝီမြေကြီးသည် သုံးဂါဝုတ် အလွန်ရှိသော တစ်ယူဇနာတိုင်တိုင် တက်၏၊ ထိုရွေ့လောက် အဝီစိငရဲ၌ကျက်ပြီးလျှင် ထိုအဝီစိငရဲ၌ ခံစားရပြီးသော အကျိုးကြွင်း၏အစွမ်းဖြင့် ငါးဆယ့်ငါးနှစ်တို့ပတ်လုံး ဤသို့သော ဖောက်ပြန်ခြင်းသို့ ရောက်ရလေ၏။ ရဟန္တာဖြစ်ခြင်းဖြင့် ဇမ္ဗုကအား ထိုအကုသိုလ်ကံသည် ကုန်ခြင်းသို့ ရောက်လေ၏။)

ဧဟိဘိက္ခု ရဟန်းဖြစ်ခြင်း

အနှစ်နှစ်သောင်းတို့ ကာလပတ်လုံး ဤဇမ္ဗုကသည် ကြိုးစားအားထုတ် ပြုလုပ်ခဲ့သော ရဟန်းတရား၏ အကျိုးကို ဖျက်ဆီးတားမြစ်ခြင်းငှာ မစွမ်းနိုင်လေ။ ထို့ကြောင့် မြတ်စွာဘုရားသည် လက်ယာလက်တော်ကို ဆန့်တန်းတော်မူ၍ “ချစ်သားရဟန်း- လာလော့၊ ကောင်းစွာ ဆင်းရဲခြင်း၏အဆုံးကို ပြုခြင်းငှာ မြတ်သောအကျင့်ကို ကျင့်လေလော့”ဟု ဧဟိဘိက္ခု ခေါ်တော်မူလေ၏။ ထိုခဏ၌သာလျှင် ထိုဇမ္ဗုကအား လူ့အသွင် ကွယ်ပျောက်၍ ပရိက္ခရာရှစ်ပါးတို့ကို ဆောင်လျက် ဝါတော်ခြောက်ဆယ် ပြည့်ကြွယ်လေပြီး မထေရ်ကြီးကဲ့သို့ ဖြစ်တော်မူလေသတည်း။

ဇမ္ဗုကမထေရ် တန်ခိုးပြခြင်း

ထိုနေ့သည်ကား အင်္ဂတိုင်း, မာဂဓတိုင်း တိုင်းနှစ်တိုင်း၌ နေကြကုန်သောသူတို့သည် ထိုဇမ္ဗုကအလို့ငှာ ပူဇော်သက္ကာရကိုယူ၍ လာသောနေ့ ဖြစ်ပေသတတ်။ ထို့ကြောင့် နှစ်ခုသော တိုင်းသူပြည်သား ယောက်ျားမိန်းမတို့သည် ပေးလှူပူဇော်ဖွယ် ဝတ္ထုကိုယူ၍ လာကြကုန်သည်ရှိသော် မြတ်စွာဘုရားနှင့် အရှင်ဇမ္ဗုက အတူနေသည်ကို တွေ့မြင်သောအခါ “အသို့နည်း၊ ငါတို့၏ အရှင်ဇမ္ဗုကသည် တန်ခိုးကြီးမြတ်သလော၊ သို့တည်းမဟုတ် ရဟန်းဂေါတမပင် တန်ခိုးကြီးမြတ်သလော”ဟု ကြံ၍ “ရဟန်းဂေါတမသည် တန်ခိုးကြီးမြတ်သည် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ ဤအရှင်ဇမ္ဗုကသည် ရဟန်းဂေါတမ၏အထံသို့ သွားလေရာ၏။ ငါတို့၏အရှင် ဇမ္ဗုကအာဇီဝက၏ တန်ခိုးကြီးမြတ်သည်၏ အဖြစ်ကြောင့်သာလျှင် ရဟန်းဂေါတမသည် ဤဇမ္ဗုကအာဇီဝက၏အထံသို့ ရောက်လာရသည်”ဟု ကြံစည်ကြကုန်၏။ မြတ်စွာဘုရားသည် လူများအပေါင်း၏ အကြံအစည်ကို သိတော်မူ၍ “ဇမ္ဗုက- သင်၏ အလုပ်အကျွေး ဒါယကာတို့၏ ယုံမှားခြင်းကို ပယ်ဖြတ်လေလော့”ဟု မိန့်တော်မူလေ၏။ ဇမ္ဗုကသည်လည်း “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဘုရားတပည့်တော်သည်လည်း ဤမျှသော အတိုင်းအရှည်ကိုသာလျှင် တောင့်တ၍ နေပါသည်”ဟု လျှောက်ကြားပြီးလျှင် စတုတ္ထဈာန်ကိုဝင်စား၍ ဈာန်မှထလျက် ထန်းတစ်ပင်အမြင့် အတိုင်းအရှည်ရှိသော ကောင်းကင်သို့ ပြန်တက်၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားသည် တပည့်တော်၏ဆရာပါဘုရား၊ တပည့်တော်သည် ရှင်တော်မြတ်ဘုရား၏ တပည့်သာဝကပါဘုရား”ဟု လျှောက်ကြားကာ အောက်သို့ သက်ဆင်းပြီးလျှင် ခြေတော်အစုံကို ဦးတိုက်၍ တစ်ဖန် ထန်းနှစ်ဆင့်မျှသော အရပ်သို့လည်းကောင်း၊ ထန်းသုံးဆင့်မျှသော အရပ်သို့ လည်းကောင်း၊ ဤအတူ ထန်းခုနစ်ဆင့်မျှသောအရပ်သို့လည်းကောင်း ကောင်းကင်သို့ ပြန်တက်ပြီးမှ ဆင်းသက်၍ မိမိ၏ တပည့်သာဝက၏အဖြစ်ကို သိစေလေ၏။

ထိုသို့သော အခြင်းအရာကိုမြင်၍ လူအပေါင်းသည် “ဘုရားတို့မည်သည်ကား အလွန်အကျူး အထူးသဖြင့် အံ့ဩဖွယ် ရှိပေစွတကား၊ မနှိုင်းယှဉ်အပ်သော ကျေးဇူးတော်ဂုဏ်တော် ရှိပါ၏”ဟု ကြံဆင်ခြင်လေ၏။ မြတ်စွာဘုရားလည်း လူများအပေါင်းနှင့်တကွ စကားပြောဆိုတော်မူလိုရကား ဤသို့သောစကားကို မိန့်တော်မူ၏။ “ဤဇမ္ဗုကသည် ဤမျှလောက်သော ကာလပတ်လုံး သင်တို့ ဆောင်ယူခဲ့သော ပူဇော်သက္ကာရကို သမန်းမျက်ဖျားဖြင့် လျှာဖျား၌တင်ထား၍ ခြိုးခြံသောအကျင့်ကို ဖြည့်ကျင့်အံ့ဟု ဤအရပ်၌ နေလေ၏။ ဤသို့သော အကြောင်းဖြင့် အနှစ်တစ်ရာပတ်လုံး ခြိုးခြံသောအကျင့်ကို အကယ်၍မူလည်း ဖြည့်ကျင့်ငြားအံ့၊ ဤယခုအခါ အချိန်ကာလကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း သံသယကုက္ကုစ္စ ဖြစ်ပွား၍ မစားဘဲနေသော ထိုဇမ္ဗုက၏ အကြင်ရွေ့ လောက် အစာဖြတ်ခြင်း ကုသိုလ်စေတနာသည် ရှိ၏၊ ထိုကုသိုလ်စေတနာကို တစ်ဆယ့်ခြောက်စိတ် တစ်ဆယ့်ခြောက်ကြိမ် စိတ်၍ တစ်စိတ်သော အဖို့မျှကိုသော်လည်း ထိုအနှစ်တစ်ရာ ပြင်းပြစွာကျင့်ကြံ အားထုတ်အပ်သော သမန်းမြက်ဖျားဖြင့် လျှာဖျားတင်ထားသော ခြိုးခြံသော အကျင့်သည် မမီနိုင်၊ အဖိုးမထိုက်ပေ”ဟု အနုသန္ဓေကိုစပ်၍ တရားဟောတော်မူလိုရကား ဤဂါထာကို ရွတ်ဆိုတော်မူလေ၏။

ဒေသနာတော်

֍ * [၇၀] မာသေ မာသေ ကုသဂ္ဂေန၊ ဗာလော ဘုဉ္ဇေယျ ဘောဇနံ။
န သော သင်္ခါတဓမ္မာနံ၊ ကလံ အဂ္ဃတိ သောဠသိံ။

ဗာလော၊ မသိမလိမ္မာသော သူမိုက်သည်။ မာသေမသေ၊ လတိုင်းလတိုင်းသို့။ ပတ္တေ၊ ရောက်လတ်သည်ရှိသော်။ ဘောဇနံ၊ ဘောဇဉ်ကို။ ကုသဂ္ဂေန၊ သမန်းမြက်ဖျားဖြင့်။ ဘုဉ္ဇေယျ၊ စားရာ၏။ သော ဗာလော၊ ထိုတပစရဏအကျင့်ကိုကျင့်သော သူမိုက်သည်။ သင်္ခါတဓမ္မာနံ၊ ပိုင်းခြား၍ သိအပ်သော တရားရှိကုန်သော အရိယာပုဂ္ဂိုလ်တို့၏။ သောဠသိံ၊ တစ်ဆယ့်ခြောက်ခု တစ်ဆယ့်ခြောက်လီ နှစ်ရာ့ငါးဆယ့်ခြောက်ခုမြောက်ဖြစ်သော။ ကလံ၊ အစိတ်ကို။ တစ်နည်းကား။ သောဠသိံ၊ နှစ်ရာ့ငါးဆယ့်ခြောက်စိတ် စိတ်၍။ ကလံ၊ တစ်စိတ်ကိုမျှ။ န အဂ္ဃတိ၊ မမီနိုင်။ ဝါ၊ အဖိုးမထိုက်။

ဒေသနာတော်၏အကျိုး

ဒေသနာ၏အဆုံး၌ ရှစ်သောင်းလေးထောင်သောသတ္တဝါတို့အား တရားကို ထိုးထွင်း၍သိသဖြင့် အကျွတ်တရားရခြင်းသည် ဖြစ်လေ၏။

ဇမ္ဗုကမထေရ်ဝတ္ထုပြီး၏။

֍ * ၁၂။ မြွေပြိတ္တာဝတ္ထု

န ဟိ ပါပံ ကတံ ကမ္မံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော မြွေပြိတ္တာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မြေပြိတ္တာ၏ ဆင်းရဲခြင်း

တစ်နေ့သ၌ ဥရုဝေဠကဿပ အမှူးရှိသော ရသေ့တစ်ထောင်၏ အတွင်း၌ဖြစ်သော အရှင်လက္ခဏမထေရ်သည်လည်းကောင်း၊ အရှင်မောဂ္ဂလာန်မထေရ်သည်လည်းကောင်း ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှာ လှည့်လည်ကုန်အံ့ဟု ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်ခဲ့ကုန်၏။ ထိုမထေရ်နှစ်ပါးတို့တွင် အရှင်မောဂ္ဂလာန်မထေရ်သည် တစ်ကောင်သော မြွေပြိတ္တာကိုမြင်၍ ပြုံးရယ်ခြင်းကို ပြုတော်မူ၏။ ထိုအခါ လက္ခဏမထေရ်သည် “ငါ့ရှင်မောဂ္ဂလာန်- အဘယ်ကြောင့် ပြုံးရယ်ခြင်းကို ထင်ရှားစွာပြုသနည်း”ဟု ပြုံးရယ်ခြင်း၏အကြောင်းကို မေးလေ၏။ “ငါ့ရှင်လက္ခဏ- ဤပြဿနာကို ဖြေဆိုအံ့သောငှာ အခါမဟုတ်သေး၊ ဤပြဿနာကို မြတ်စွာဘုရား၏အထံတော်၌ ငါ့ကို မေးဦးလော့”ဟု အရှင်မောဂ္ဂလာန်မထေရ်က မိန့်ဆိုတော်မူလေ၏။ ထိုမထေရ်နှစ်ပါးတို့သည် ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှာ သွားပြီးမှ မြတ်စွာဘုရား၏အထံသို့ သွားရောက်နေထိုင်ကြကုန်သည်ရှိသော် လက္ခဏမထေရ်သည် “ငါ့ရှင်မောဂ္ဂလာန်-အသင်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်သည်ရှိသော် ပြုံးရယ်ခြင်းကို ထင်ရှားစွာပြုသဖြင့် ပြုံးရယ်ခြင်း၏ အကြောင်းကို အကျွန်ုပ်မေးသည်ရှိသော် “မြတ်စွာဘုရား၏ အထံ၌ ငါ့ကို မေးဦးလော့”ဟု ပြောဆိုဘိ၏၊ ယခုအခါ ထိုအကြောင်းကို ပြန်ကြားလော့”ဟု မေးတော်မူလေ၏။ အရှင်မောဂ္ဂလာန်မထေရ်သည် ဤသို့ မိန့်တော်မူလေ၏၊ “ငါ့ရှင်လက္ခဏ- ငါသည် တစ်ကောင်သော မြွေပြိတ္တာကို မြင်သောကြောင့် ပြုံးရယ်ခြင်းကို ထင်ရှားစွာပြုလေသည်၊ ထိုမြွေပြိတ္တာ၏ ခန္ဓာကိုယ်အတ္တဘောသည်ကား ဤသို့သဘောရှိ၏၊ ထိုမြွေပြိတ္တာ၏ ဦးခေါင်းသည် လူတို့၏ဦးခေါင်းကဲ့သို့ သဏ္ဌာန်ရှိ၏၊ ကြွင်းသောကိုယ်သည် မြွေနှင့်တူ၏။ ဤပြိတ္တာသည် မြွေပြိတ္တာမည်၏၊ အတိုင်းအရှည်ပမာဏအားဖြင့် နှစ်ဆယ့်ငါးယူဇနာရှိ၏၊ ထိုမြွေပြိတ္တာ၏ ဦးခေါင်းမှထသော မီးလျှံတို့သည် အမြီးဖျားတိုင်အောင် တောက်လောင်၍သွားကုန်၏။ အမြီးဖျားမှထသော မီးတို့သည် ဦးခေါင်းတိုင်အောင် တောက်လောင်၍ သွားကုန်၏။ ဦးခေါင်းလယ်မှထသော မီးလျှံတို့သည် နံပါးနှစ်ဖက်တို့ကို တောက်လောင်၍ သွားကုန်၏။ နံပါးနှစ်ဖက်တို့မှထသော မီးလျှံတို့သည် အလယ်သို့ သက်ဝင်ကုန်၏”ဟု မိန့်တော်မူလေ၏။

သံဃာ့အဦးစား၍ ကျီးပြိတ္တာဖြစ်ရခြင်း

အရှင်မောဂ္ဂလာန်မထေရ်သည် ဂိဇ္ဈကုဋ်တောင်ထိပ်တက်၍ ကျက်၍ ခံစားရသော ကျီးပြိတ္တာကိုလည်း မြင်တော်မူ၍ ထိုကျီးပြိတ္တာ၏ ရှေးအကြောင်း မကောင်းမှုကံကို မေးလိုရကား ဤဂါထာကို ရွတ်ဆိုတော်မူ၏။

ပဉ္စယောဇနိကာ ဇိဝှါ၊ သီသံ တေ နဝယောဇနံ။
ကာယော အစ္စုဂ္ဂတော တုယှံ၊ ပဉ္စဝီသတိယောဇနံ။
ကိံ နု ကမ္မံ ကရိတွာန၊ ပတ္တောသိ ဒုက္ခမီဒိသံ။

ဘော၊ အို..ကျီးပြိတ္တာ။ တေ၊ သင်၏။ ဇိဝှာ၊ လျှာသည်။ ပဉ္စယောဇနိကာ၊ ငါးယူဇနာရှိ၏။ သီသံ၊ ဦးခေါင်းသည်။ နဝယောဇနံ၊ ကိုးယူဇနာရှိ၏။ တုယှံ၊ သင်၏။ ကာယော၊ ကိုယ်သည်။ ပဉ္စဝီသတိယောဇနံ၊ နှစ်ဆယ့်ငါးယူဇနာတိုင်တိုင်။ အစ္စုဂ္ဂတော၊ အထက်သို့ မြင့်တက်၏။ တွံ၊ သင်သည်။ ကိံ ကမ္မံ၊ အဘယ်သို့သော မကောင်းမှု အကုသိုလ်ကံကို။ ကရိတွာန၊ ပြုခဲ့မိသောကြောင့်။ ဤဒိသံ၊ ဤသို့သဘောရှိသော။ ဒုက္ခံ၊ ဆင်းရဲခြင်းသို့။ ပတ္တော၊ ရောက်သည်။ အသိနု၊ ဖြစ်ရလေဘိသနည်း။

ထိုသို့ မေးတော်မူသောအခါ အရှင်မောဂ္ဂလာန်မထေရ်အား ကျီးပြိတ္တာသည် ပြောကြားလိုသည်ဖြစ်၍-

အဟံ ဘန္တေ မောဂ္ဂလ္လာန၊ ကဿပဿ မဟေသိနော။
သံဃဿ အာဘတံ ဘတ္တံ၊ အာဟရေသိံ ယဒိစ္ဆကံ။

ဘန္တေ မောဂ္ဂလ္လာန၊ အရှင်ဘုရား မောဂ္ဂလာန်။ အဟံ၊ တပည့်တော် ကျီးပြိတ္တာသည်။ ကဿပဿ မဟေသိနော၊ ကဿပမြတ်စွာဘုရား၏။ သံဃဿ၊ တပည့်သား သံဃာတော်အလို့ငှာ။ အာဘတံ၊ ရှေးရှုဆောင်ယူအပ်သော။ ဘတ္တံ၊ ဆွမ်းကို။ ယဒိစ္ဆကံ၊ အလိုရှိတိုင်း။ အာဟရေသိံ၊ ဆောင်ယူခဲ့ဖူးပါသည်ဘုရား။

ဤဂါထာကို လျှောက်ဆို၍ “အရှင်ဘုရား- ကဿပမြတ်စွာဘုရားလက်ထက်တော်၌ များစွာသောရဟန်းတို့ ရွာသို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူကြကုန်၏။ လူတို့သည် မထေရ်ကိုမြင်၍ မြတ်နိုးတနာ ခင်မင်ကုန်သည်ဖြစ်၍ ဆွမ်းစားဇရပ်၌ ထိုင်နေစေပြီးလျှင် ယာဂုကို သောက်စေပြီးသော် ခဲဖွယ်ကိုလှူဒါန်း၍၊ ခြေတို့ကို ဆေးကြော၍၊ ဆီဖြင့်လိမ်းကျံ၍ ဆွမ်းစားချိန်တိုင်အောင်သော ကာလပတ်လုံး ဆိုင်းငံ့လျက် တရားတော်ကို နာကြားကာ နေကြပါကုန်၏။ တရားဟောတော်မူပြီးသောအဆုံး၌ မထေရ်တို့၏သပိတ်တို့ကိုယူ၍ မိမိ မိမိ၏အိမ်၌ စီမံချက်ပြုတ်အပ်သော အထူးထူး ကောင်းသောအရသာရှိသော ဘောဇဉ်ဖြင့်ပြည့်စေ၍ ဆောင်ယူခဲ့ကြပါကုန်၏။ ထိုအခါ တပည့်တော်သည် တိရစ္ဆာန် ကျီးသတ္တဝါဖြစ်၍ ဆွမ်းစားဇရပ်၏ အမိုးခေါင်အပြင်၌ နားနေလျက် ဆောင်ယူခဲ့သော ဆွမ်းကိုမြင်လျှင် တစ်ယောက်သောသူ ယူဆောင်လာအပ်သောသပိတ်မှ သုံးကြိမ်တိုင်အောင် ခံတွင်းနှုတ်သီးကိုပြည့်စေလျက် သုံးလုတ်သောထမင်းလုတ်တို့ကို ထိုးသုတ်ချီဆောင်၍ ယူဖူးပါသည်ဘုရား၊ ထိုဆွမ်းသည်ကား သံဃာ၏စိုးပိုင်သော ပစ္စည်းဥစ္စာလည်း မဟုတ်ရသေးပါ၊ သံဃာအား ဆောင်နှင်း၍ ပေးလှူအပ်သော ဥစ္စာလည်း မဟုတ်ရသေးပါ၊ ရဟန်းတို့သည် ခံယူသည်မှ အကြွင်းလည်း မဟုတ်ရသေးပါ၊ စင်စစ်မှာမူကား မိမိအိမ်မှ ထုတ်ဆောင်အပ်သော လူတို့သည် သုံးဆောင်စားသောက်ခြင်းငှာ ထိုက်သည်ဖြစ်၍ သက်သက် သံဃာအားရည်ညွှန်းသဖြင့် ရှေးရှုဆောင်အပ်ခါမျှသော ဆွမ်းသာဖြစ်ပါသေးသည်။ ထိုဆွမ်းမှ သုံးလုတ်သော ဆွမ်းလုတ်ကြီးတို့ကို ထိုးသုတ်ကာ ယူစားမိပါသည်ဘုရား၊ တပည့်တော်၏ ရှေး မကောင်းမှုကံကား ဤမျှသာပါတည်း။ ထိုတပည့်တော်သည် သေလွန်ခြင်းကိုပြု၍ ထိုမကောင်းမှုကံ၏ အကျိုးအဆက်ဖြင့် အဝီစိငရဲ၌ ငရဲခံရပြီးမှ ကြွင်းကျန်သော အကုသိုလ်ကံအကျိုးဖြင့် ယခုအခါ ဂိဇ္ဈကုဋ်တောင်ထိပ်၌ ကျီးပြိတ္တာ၏အဖြစ်ဖြင့် ဖြစ်ရ၍ ဤဆင်းရဲကို ခံစားရပါသည်ဘုရား”ဟု ပြန်ပြီး လျှောက်ထားရှာလေသတည်း။ ဤသည်ကား ကျီးပြိတ္တာဝတ္ထုတည်း။

ကျောင်းမီးရှို့သဖြင့် မြွေပြိတ္တာဖြစ်ခြင်း

ဤအရာ၌ အရှင်မောဂ္ဂလာန်မထေရ်သည် မြွေပြိတ္တာကိုမြင်၍ ပြုံးရယ်ခြင်းကို ထင်ရှားစွာပြု၏ဟု ဆို၏။ ထိုအခါ မြတ်စွာဘုရားသည် အရှင်မောဂ္ဂလာန်၏ သက်သေဖြစ်တော်မူသဖြင့် ထ၍ “ချစ်သားရဟန်းတို့- မောဂ္ဂလာန်သည် ဟုတ်မှန်သောစကားကို ဆိုပေ၏။ ငါဘုရားသည်လည်း ဤမြွေပြိတ္တာကို ဘုရားအဖြစ်သို့ ရောက်တော်မူသောနေ့၌ပင်လျှင် မြင်တော်မူ၏။ ထိုသို့မြင်တော်မူသော်လည်း ငါဘုရား မဟောကြားဘဲ နေတော်မူ၏။ အကြင်သူတို့သည် ငါဘုရား၏စကားကို မယုံကြည်ကုန်ငြားအံ့၊ ထိုသူတို့အား အကျိုးစီးပွားမဲ့ခြင်းငှာ ဖြစ်ကုန်ရာ၏။ ဤသို့သော အကြောင်းကြောင့် သူတစ်ပါးကို သနားခြင်းဖြင့် ဟောကြားတော်မမူ”ဟု မိန့်တော်မူလေ၏။

ဤမြွေတ္တာ၏ အကြောင်းအရာဝတ္ထုကိုလည်း ထိုအရှင်မဟာမောဂ္ဂလာန်မထေရ်သည် လျှောက်ကြားအပ်၏။ ထိုစကားကိုကြားလျှင် ရဟန်းတို့သည် ထိုမြွေပြိတ္တာ၏ ရှေးမကောင်းမှုကံကို မေးလျှောက်ကြလေကုန်၏။ မြတ်စွာဘုရားလည်း ထိုရဟန်းတို့အား ဟောကြားတော်မူလေ၏။ ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်ကို အမှီပြု၍ မြစ်ကမ်းဖြစ်သော တစ်ခုသောအရပ်၌ ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ဆူအား သစ်ရွက်မိုးသောကျောင်းကို ဆောက်လုပ်လှူဒါန်းကြကုန်၏။ ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ထိုကျောင်း၌ နေတော်မူစဉ် အမြဲမပြတ် ဗာရာဏသီမြို့တွင်း၌ ဆွမ်းအလို့ငှာ ကြွဝင်လှည့်လည်တော်မူ၏။ မြို့သူမြို့သားတို့သည်လည်း ညဉ့်နံနက်မပြတ် နံ့သာပန်းစသည် လက်စွဲကုန်လျက် ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား ခစားဆည်းကပ်ခြင်းငှာ သွားရောက်ကြကုန်၏။ ဗာရာဏသီပြည်သား တစ်ယောက်သောယောက်ျားသည် လူတို့၏သွားလာရာ ထိုလမ်းခရီးကိုမှီ၍ လယ်ကိုထွန်လေ၏။ လူများအပေါင်းသည် ညချမ်းနံနက်မပြတ် ပစ္စေကဗုဒ္ဓါအရှင်မြတ်အား ခစားဆည်းကပ်ခြင်းငှာ သွားလတ်သည်ရှိသော် ထိုလယ်ကို နင်းနယ်လျက် သွားကြကုန်၏။ ထိုလယ်ထွန်ယောက်ျားသည် “ငါ၏လယ်ကို မနင်းနယ်ကြပါကုန်လင့်”ဟု တားမြစ်ပါသော်လည်း တားမြစ်ခြင်းငှာ မတတ်နိုင်။ ထိုအခါ လယ်ထွန်ယောက်ျားအား ဤသို့သောအကြံသည် ဖြစ်လေ၏။ “အရှင်ပစ္စေကဗုဒ္ဓ၏ သီတင်းသုံးတော်မူရာ သစ်ရွက်မိုးသောကျောင်းသည် ဤအရပ်ဌာန၌ အကယ်၍ မရှိခဲ့သည်ဖြစ်အံ့၊ ငါ၏လယ်ကို နင်းနယ်ကြမည်မဟုတ်ကုန်ရာ”ဟု အကြံဖြစ်ပြီးလျှင် ထိုလယ်ထွန်ယောက်ျားသည် အရှင်ပစ္စေကဗုဒ္ဓါ၏ ဆွမ်းအလို့ငှာ ကြွဝင်တော်မူခိုက် သုံးဆောင်သော အိုးခွက်တို့ကိုရိုက်ခွဲ၍ သစ်ရွက်မိုးသောကျောင်းကိုလည်း မီးဖြင့် တိုက်လေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် မီးစွဲလောင်သော မိမိ၏ ကျောင်းသင်္ခမ်းကိုမြင်လျှင် ချမ်းသာရာအရပ်သို့ ကြွသွားတော်မူလေ၏။

လူများသည် နံ့သာပန်းကိုလက်စွဲလျက် လာလတ်သည်ရှိသော် မီးလောင်သော သစ်ရွက်မိုးသောကျောင်းကို မြင်ရ၍ “ငါတို့၏အရှင်မြတ်သည် အဘယ်အရပ်သို့ ကြွသွားတော်မူသနည်း”ဟု ပြောဆို မေးမြန်းလေ၏။ လယ်ထွန်ယောက်ျားသည်လည်း လူများအပေါင်းနှင့် အတူတကွသွား၍ လူများအပေါင်း၏အလယ်၌ ရပ်တည်နေလျက်သာလျှင် “ငါသည် အရှင်ပစ္စေကဗုဒ္ဓါ၏ သီတင်းသုံးရာ သစ်ရွက်မိုးသောကျောင်းကို မီးဖြင့်တိုက်အပ်လေပြီ”ဟု ပြောလေ၏။ ထိုအခါ “ဤသူယုတ်မာကို ဖမ်းဆီးကြကုန်လော့၊ ဤသူယုတ်မာကိုမှီ၍ ငါတို့သည် ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ဖူးမြင်ခြင်းငှာ မရကြလေကုန်”ဟု ဆိုလျက် တုတ်,လှံတံ စသည်တို့ဖြင့် ပုတ်ခတ်ထောင်းထု၍ အသက်ကုန်ခြင်းသို့ ရောက်စေကြလေကုန်၏။ ထိုလယ်ထွန်ယောက်ျားသည် အဝီစိငရဲကြီး၌ဖြစ်၍ အကြင်ရွေ့ လောက် ဤမဟာပထဝီမြေကြီးသည် တစ်ယူဇနာမျှ မြင့်တက်၏၊ ထိုရွေ့လောက် ငရဲ၌ကျက်၍ ခံစားရပြီးလျှင် အကျိုးအကြွင်း၏ အစွမ်းအားဖြင့် ဤဂိဇ္ဈကုဋ်တောင်၌ မြွေပြိတ္တာ၏အဖြစ်ဖြင့် ဖြစ်လေသတည်း။ မြတ်စွာဘုရားသည် ထိုမြွေပြိတ္တာ၏ ဤသို့သဘောရှိသော ရှေးမကောင်းမှုကို ဟောတော်မူပြီးလျှင် “ချစ်သားရဟန်တို့- ဤမကောင်းမှုမည်သည်ကား နို့ရည်နှင့်တူ၏။ နို့ရည်သည် ညှစ်လျှင်ညှစ်ချင်း မပုပ်မသိုး အခိုးမလွှတ်သေးသကဲ့သို့ ထို့အတူ အကုသိုလ်သည်လည်း ပြုလျှင်ပြုချင်း အကျိုးကိုမဖြစ်စေသေး၊ အကြင်အခါ အကျိုးကိုဖြစ်စေ၏။ ထိုအခါ၌ ဤသို့သဘောရှိသော ဆင်းရဲခြင်းဖြင့် ပူပန်စိုးရိမ်ရ၏”ဟု အနုသန္ဓေကိုစပ်၍ တရားဟောတော်မူလိုရကား ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၇၁] န ဟိ ပါပံ ကတံ ကမ္မံ၊ သဇ္ဇုခီရံဝ မုစ္စတိ။
ဍဟန္တံ ဗာလမနွေတိ၊ ဘသ္မစ္ဆန္နော ပါဝကော။

သဇ္ဇုခီရံ၊ ယိုထွက်စ ပူပူနွေးနွေးဖြစ်သော နို့ရည်သည်။ န မုစ္စတိ ဣဝ၊ ချဉ်နံ့ထောင်းထောင်း ချက်ချင်းမပြောင်းသေးသကဲ့သို့။ ကတံ၊ ပြုအပ်ခါစဖြစ်သော။ ပါပံ ကမ္မံ၊ အကုသိုလ်ကံသည်။ န ဟိ ဝိပစ္စတိ၊ မကောင်းကျိုးစင်စစ် ချက်ချင်းမဖြစ်နိုင်။ ဝိပစ္စမာနံ၊ မကောင်းကျိုးစင်စစ် ဖြစ်စေလတ်သည်ရှိသော်။ ဗာလံ၊ ကံဆိုးသိမ်းပိုက် ယင်းလူမိုက်ကို။ ဍဟန္တံ၊ ပူလောင်စေသည်ဖြစ်၍။ အနွေတိ၊ အစဉ်လိုက်၏။ ယထာ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ဘသ္မစ္ဆန္နော၊ ပြာဖြင့်ဖုံးလွှမ်းအပ်သော။ ပါဝကော၊ မီးကျီးခဲသည်။ ဍဟန္တော၊ နင်းမိသူကို ပူလောင်စေလျက်။ အနွေတိ ဣဝ၊ အစဉ်လိုက်သကဲ့သို့တည်း။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြလေကုန်၏။

မြွေပြိတ္တာဝတ္ထု ပြီး၏။

֍ * ၁၃။ သဋ္ဌိကူဋပြိတ္တာဝတ္ထု

ယာဝဒေဝ အနတ္ထာယအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် သဋ္ဌိကူဋပြိတ္တာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တူမခြောက်သောင်း အထုခံရသောပြိတ္တာ

ရှေးနည်းအားဖြင့်သာလျှင် ရှင်မဟာမောဂ္ဂလာန်မထေရ်သည် လက္ခဏမထေရ်နှင့်တကွ ဂိဇ္ဈကုဋ်တောင်ထက်မှ ဆင်းသက်တော်မူသည်ရှိသော် အမှတ်မရှိ တစ်ခုသောအရပ်၌ ပြုံးရယ်ခြင်းကို ထင်ရှားစွာပြုတော်မူလေ၏။ အရှင်လက္ခဏမထေရ်သည် ပြုံးရယ်ခြင်း၏ အကြောင်းကို မေးအပ်သည်ရှိသော် “မြတ်စွာဘုရား၏အထံတော်၌ ငါ့ကို မေးဦးလော့”ဟု ဆို၍ ဆွမ်းအလို့ငှာ ကြွသွားတော်မူပြီးမှ မြတ်စွာဘုရား၏ အထံတော်သို့ ချဉ်းကပ်ကာ ရှိခိုးလျက်နေသောအခါ အရှင်လက္ခဏမထေရ်က တစ်ဖန် မေးပြန်သောကြောင့် “ငါ့ရှင်လက္ခဏ- ငါသည် တစ်ကောင်သောပြိတ္တာကို မြင်ရပေသည်။ သုံးဂါဝုတ်မျှပမာဏရှိသော ခန္ဓာကိုယ်အတ္တဘောဖြင့် ထိုပြိတ္တာ၏ ဦးခေါင်းထိပ်ထက်၌ ခြောက်သောင်းသော သံဖြင့်ပြီးသော တူမတို့သည် အလျှံရဲရဲ ငြိစွဲတောက်ပြောင် လောင်ကုန်လျက် ကျကာကျကာ ထကြ,တက်ကြကုန်၏။ ဦးခေါင်းကို ရိုက်ခွဲကြကုန်၏။ ဦးခေါင်း ကွဲတိုင်းကွဲတိုင်း ရှေးအတိုင်း တစ်ဖန်ဖြစ်စေပြန်၏။ ငါသည် ဤကိုယ်၏အဖြစ်ဖြင့် ဤသို့သဘောရှိသော အတ္တဘောကို ရှေး၌ တစ်ရံတစ်ခါမျှ မမြင်အပ်စဖူး”ဟု မြွက်ဆိုပြီးလျှင် “ငါသည် ထိုပြိတ္တာကို မြင်သောကြောင့် ပြုံးရယ်ခြင်းကို ထင်ရှားစွာ ပြုမိပေသည်”ဟု ပြောဆိုလေ၏။ ထိုစကားသည် မှန်၏။ ပေတဝတ္ထုပါဠိတော် အဆုံးစွန်သောဝတ္ထု၌ ဤသဋိကူဋပြိတ္တာကိုပင် ရည်မှန်း၍ ဤဂါထာကို ဟောတော်မူလေ၏။

သဋ္ဌိကူဋသဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။
သီသေ တုယှံ နိပတန္တိ၊ ဘိန္ဒန္တိ တဝ မတ္ထကံ။

ဘောပေတ၊ အို..ပြိတ္တာ။ သဗ္ဗသော၊ အလုံးစုံသောအခြင်းအရာဖြင့်။ ပရိပုဏ္ဏာနိ၊ ပြည့်ကုန်သော။ သဋိကူဋသဟဿာနိ၊ ခြောက်သောင်းသော သံတူတို့သည်။ တုယှံ၊ သင်၏။ သီသေ၊ ဦးခေါင်း၌။ နိပတန္တိ၊ ကျကုန်၏။ တဝ၊ သင်၏။ မတ္ထကံ၊ ဦးထိပ်ကို။ ဘိန္ဒန္တိ၊ ရိုက်ခွဲကြကုန်၏။

မြတ်စွာဘုရားလည်း အရှင်မောဂ္ဂလာန်မထေရ်၏ စကားကို ကြားတော်မူ၍ “ချစ်သားရဟန်းတို့- ငါဘုရားသည်လည်း ဤသတ္တဝါကို ဗောဓိမဏ္ဍိုင်၌ နေတော်မူစဉ်ပင် မြင်တော်မူ၏။ ယင်းသို့ပင်မြင်သော်လည်း အကြင်သူတို့သည် ငါဘုရား၏စကားကို မယုံကြည်ကြကုန်၊ ထိုသူတို့အား အကျိုးစီးပွားမဲ့ခြင်းငှာ ဖြစ်ကုန်ရာ၏ဟု သူတစ်ပါးတို့အား အစဉ်သနားသဖြင့် ငါဘုရား မဟောကြားဘဲနေတော်မူ၏။ ယခုအခါမူကား မောဂ္ဂလာန်၏ သက်သေဖြစ်၍၊ ဝါ၊ သက်သေ၏အဖြစ်ဖြင့် ဟောကြားတော်မူပေအံ့”ဟု မိန့်တော်မူ၏။ ထိုစကားကိုကြားရလျှင် ရဟန်းတို့သည် ထိုပြိတ္တာ၏ ရှေးမကောင်းကံကို မေးလျှောက်ကြကုန်၏။ မြတ်စွာဘုရားသည်လည်း ထိုရဟန်းတို့အား အတိတ်ကိုဆောင်၍ ဟောကြားတော်မူလေ၏။

ပုရောဟိတ်ခံတွင်း ဆိတ်မစင် ပစ်သွင်းခြင်း

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ကျောက်စရစ်ကို ပစ်သောအတတ်၌ အပြီးတိုင် တတ်မြောက်ခြင်းသို့ရောက်သော တစ်ယောက်သော သူဆွံ့သည် ရှိလေသတတ်။ ထိုသူဆွံ့သည် မြို့တံခါး၌ တစ်ခုသော ပညောင်ပင်၏ အရင်း၌နေလျက် ကျောက်စရစ်တို့ကိုပစ်၍ ထိုပညောင်ပင်၏ အရွက်တို့ကို ပြတ်စေ,ပေါက်စေလျက် “ဆင်ရုပ်ကို ငါတို့အား ပြပါလေလော့”၊ “မြင်းရုပ်ကို ငါတို့အား ပြပါလေလော့”ဟု ရွာသူသားငယ်တို့ ဆိုလတ်သော် အလိုရှိတိုင်း, အလိုရှိတိုင်းသော အရုပ်တို့ကိုပြလျက် ထိုရွာသူသားငယ်တို့၏အထံမှ ခဲဖွယ်ဘောဇဉ် စသည်တို့ကို ရပေ၏။ ထို့နောက် တစ်နေ့သ၌ ပြည့်ရှင်မင်းမြတ်သည် ဥယျာဉ်သို့ ထွက်တော်မူသည်ရှိသော် ထိုအရပ်သို့ ရောက်တော်မူလေ၏။ ထိုရွာသူသားငယ်တို့သည် သူဆွံ့ကို ပညောင်ပင်မြစ်ပျဉ်းကြား၌ ပစ်ထားခဲ့၍ ထွက်ပြေးတိမ်းရှောင်ကြလေကုန်၏။ မင်းကြီးသည် မွန်းတည့်ဆဲဆဲသောအခါ ပညောင်ပင်ရင်းသို့ ဝင်ရောက်သည်ရှိသော် အပေါက်ကြီး အပေါက်ငယ်ရှိသော နေရိပ်ဖြင့် မင်းကြီး၏ကိုယ်ကို ထိခိုက်လာ၏။ မင်းကြီးသည် “ဤအကြောင်းကား အဘယ်အကြောင်းနည်း”ဟု အထက်သို့မော့၍ ကြည့်လတ်သော် သစ်ရွက်တို့၌ ဆင်ရုပ် စသည်တို့ကို မြင်ရလျှင် “ဤအမှုသည် အဘယ်သူ၏ အမှုနည်း”ဟု မေးတော်မူသည်ရှိသော် “တစ်ယောက်သော သူဆွံ့၏အမှုဖြစ်ပါသည်”ဟု လျှောက်ထားသောစကားကို ကြားသိတော်မူရ၍ ထိုသူကို ခေါ်စေတော်မူပြီးလျှင် “ငါ၏ပုရောဟိတ်ပုဏ္ဏားကား အလွန်တရာ နှုတ်သီးကောင်းလှ၏၊ ငါသည် စကားအနည်းငယ်မျှကို ပြောဆိုသည်ရှိသော် များစွာသောစကားကို ပြောဆိုလျက် ငါ့ကို ဖိစီးနှိပ်စက်၏၊ ထိုပုရောဟိတ် ပုဏ္ဏား၏ခံတွင်းသို့ တစ်စလယ် ကွမ်းစားမျှလောက်ကုန်သော ဆိတ်ချေးတို့ကိုပစ်သွင်းခြင်းငှာ စွမ်းနိုင်ကောင်းလတ္တံ့လော”ဟု မေးမြန်း ပြောဆိုတော်မူလေ၏။ “အရှင်မင်းမြတ်- ကျွန်တော်မျိုး စွမ်းနိုင်ပါသည်၊ ဆိတ်ချေးကို ဆောင်ယူစေ၍ ပုရောဟိတ်ပုဏ္ဏားနှင့်တကွ အရှင်မင်းကြီးတို့သည် စကားပြောဆိုကုန်လျက် တင်းတိမ်တွင်း၌ နေထိုင်တော်မူပါကုန်လော့၊ ကျွန်တော်မျိုးသည် ဤအရာ၌ ပြုအပ်သောအမှုကို သိနိုင်ရပါလတ္တံ့”ဟု လျှောက်တင်လေ၏။

ထိုအခါ မင်းကြီးလည်း ထိုသူဆွံ့ ပြောဆိုသောအတိုင်း စီမံပြုလုပ်စေ၏။ သူဆွံ့သည် ကတ်ကြေးဦးဖျားဖြင့် တင်းတိမ်၌ အပေါက်ဖောက်သည်ကိုပြု၍ မင်းကြီးနှင့်တကွ စကားပြောဆိုသော ပုရောဟိတ်ပုဏ္ဏား၏ ခံတွင်း ဖွင့်ဟရုံမျှ၌ တစ်လုံး, တစ်လုံးသော ဆိတ်ချေးကို ပစ်သွင်းလေ၏။ ပုရောဟိတ်ပုဏ္ဏားလည်း ခံတွင်းသို့ ဝင်လာတိုင်း ဝင်လာတိုင်းသော ဆိတ်ချေးကို မျိုချလေ၏။ သူဆွံ့သည် ဆိတ်ချေးတို့ ကုန်ခြင်းသို့ရောက်သည်ရှိသော် တင်းတိမ်ကို လှုပ်လိုက်လေ၏။ မင်းကြီးလည်း ထိုတင်းတိမ်လှုပ်သောအမှတ်ဖြင့် ဆိတ်ချေးတို့ ကုန်သည့်အဖြစ်ကိုသိရ၍ “ဆရာပုရောဟိတ်- အသင်တို့နှင့်တကွ စကားပြောဆိုသော အကျွန်ုပ်သည် စကားကို ခံတွင်းမှ ထုတ်ခြင်းငှာမစွမ်းနိုင်၊ အသင်တို့သည် အလွန်တရာ နှုတ်သီးကောင်းလှသည့်အဖြစ်ကြောင့် တစ်စလယ် ကွမ်းစားမျှလောက်သော ဆိတ်ချေးတို့ကို မျိုချပြီး၍သော်လည်း နှုတ်၏တိတ်ဆိတ်ခြင်းသို့ မရောက်နိုင်ကြပါကုန်တကား”ဟု ဆိုလေ၏။ ပုရောဟိတ်ပုဏ္ဏားသည် မျက်နှာမသာယာသည့်အဖြစ်သို့ ရောက်ပြီးလျှင် ထိုအခါမှစ၍ ခံတွင်းကို ဖွင့်ဟလျက် မင်းကြီးနှင့်အတူတကွ စကားပြောဆိုခြင်းငှာ မဝံ့ရှာလေ။ မင်းကြီးသည် သူဆွံ့၏ကျေးဇူးကို အောက်မေ့သဖြင့် ထိုသူကို ခေါ်တော်မူစေ၍ “ငါသည် အသင့်ကို အမှီပြုသဖြင့် ချမ်းသာသုခကို ရအပ်ပေသည်”ဟု နှစ်သက်ဝမ်းမြောက်တော်မူလျက် ထိုသူဆွံ့အား အလုံးစုံ ရှစ်ခုအရေအတွက်ရှိသောကြောင့် သဗ္ဗဋ္ဌကမည်သော ပစ္စည်းဥစ္စာကို ပေးသနားတော်မူပြီး၍ မြို့၏အရပ်လေးမျက်နှာတို့၌ လေးခုသော ရွာမြတ်တို့ကို ပေးသနားတော်မူလေ၏။ ထိုအကြောင်းကို ထင်ရှားစွာသိရ၍ မင်းကြီး၏အကျိုးအကြောင်း ကောင်း,မကောင်း အရာတို့ကို သေချာညွှန်ပြ ဆုံးမတတ်သော အမတ်ပညာရှိသည် ဤဂါထာကို ရွတ်ဆိုလေ၏။

သာဓု ခေါ သိပ္ပကံ နာမ၊ အပိ ယာဒိသကီဒိသံ။
ပဿ ခဉ္ဇပ္ပဟာရေန၊ လဒ္ဓါ ဂါမာ စတုဒိသာ။

မဟာရာဇ၊ မြတ်သောမင်းကြီး။ သိပ္ပကံ နာမ၊ အတတ်မည်သည်ကား။ ယာဒိသကီဒိသံ အပိ၊ အမှတ်မရှိ ဟုတ်ဟုတ်ငြားငြား ဖြစ်သော်လည်း။ သာဓု ခေါ၊ ကောင်းသည်သာတည်း။ တွံ၊ အရှင်မင်းမြတ်သည်။ ပဿ၊ ရှုတော်မူပါလော့။ ခဉ္ဇပ္ပဟာရေန၊ ဤသူဆွံ့သည် ဆိတ်ချေးကိုပစ်သဖြင့်။ စတုဒ္ဒိသာ၊ မြို့တော်၏ အရပ်လေးမျက်နှာ၌ ရှိကုန်သော။ ဂါမာ၊ လေးခုသော ရွာတို့ကို။ လဒ္ဓါ၊ ရအပ်လေကုန်ပြီ။

ထိုဆုံးမတတ်သော အမတ်ပညာရှိကား ထိုအခါ ငါဘုရားသာလျှင် ဖြစ်လေ၏။

အတတ်ပညာကို အသုံးမှားသဖြင့် ပြိတ္တာဖြစ်ခြင်း

ထိုအခါ ယောက်ျားတစ်ယောက်သည် သူဆွံ့သည် ရအပ်သော စည်းစိမ်ချမ်းသာကို မြင်ရသဖြင့် “ဤမည်သောသူသည် သူဆွံ့တစ်ယောက်ဖြစ်ပါလျက် ဤအတတ်ကိုမှီ၍ ကြီးစွာသော စည်းစိမ်ချမ်းသာကို ရလေ၏။ ငါသည်လည်း ထိုအတတ်ပညာကို သင်ယူခြင်းငှာ သင့်၏”ဟု ကြံလေ၏။ ကြံပြီးလျှင် ထိုယောက်ျားသည် သူဆွံ့၏အထံသို့ ချဉ်းကပ်လျက် “ဆရာ- ဤအတတ်ပညာကို အကျွန်ုပ်အား သင်ကြားပေးသနားပါ”ဟု ပြောဆိုတောင်းပန်လေ၏။ “အမောင်- သင်ကြားပေးခြင်းငှာ မစွမ်းနိုင်”ဟု ပယ်မြစ်သည်ရှိသော် ထိုယောက်ျားလည်း “သူဆွံ့ပယ်မြစ်သည်ဖြစ်ပါစေ သူဆွံ့ကိုနှစ်သက်အောင် ငါပြုအံ့”ဟု ကြံ၍ ထိုသူဆွံ့ ၏ လက်ခြေဆုပ်နယ်ခြင်း အစရှိသော ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်တို့ကို ပြုလျက် ရှည်ကြာလေးမြင့်စွာ ထိုယောက်ျားသည် သူဆွံ့ကို နှစ်သက်စေပြီးလျှင် အဖန်ဖန် တောင်းပန်လေ၏။ သူဆွံ့သည်လည်း “ဤယောက်ျားကား ငါ့အား အလွန်လျှင် ကျေးဇူးများလှပေ၏”ဟု ထိုယောက်ျား၏စကားကို ပယ်ခြင်းငှာ မစွမ်းနိုင်ရကား အတတ်ပညာကို သင်ကြားပြသပြီးလျှင် “အမောင်- အသင့်အား အတတ်ပညာသည် အပြီးအဆုံးတိုင်လေပြီ၊ အခုအခါ၌ အသို့ပြုအံ့နည်း”ဟု မေး၏။ “ဆရာ- မြို့၏အပသို့သွား၍ အတတ်ပညာကို စုံစမ်းအံ့”ဟုဆိုလျှင် “အဘယ်သို့ စုံစမ်းခြင်း ပြုအံ့နည်း”ဟု မေးပြန်သော် “နွားကိုလည်းကောင်း၊ လူကိုလည်းကောင်း ပစ်ခတ်၍ သေစေအံ့”ဟု ပြောဆိုလေ၏။

“အမောင်- နွားကိုသတ်သောသူအား ဒဏ်တစ်ရာထိုက်၏၊ လူကိုသတ်သောသူအား ဒဏ်တစ်ထောင်ထိုက်၏၊ သင်သည် သားမယားနှင့်တကွ ပြုသော်လည်း ထိုဒဏ်ကို ထုတ်ဆောင်ခြင်းငှာ မစွမ်းနိုင်ပေလတ္တံ့”ဟု ဆို၍ “သင်သည် မပျက်စီးပါစေလင့်၊ အကြင်သူကို ပစ်ခတ်သည်ရှိသော် ဒဏ်ကိုပေးဆောင်ရခြင်းမရှိ၊ ထိုသို့သဘောရှိသော အမိအဘမရှိသူ တစ်ဦးတစ်ယောက်ကို စူးစမ်းလော့”ဟု ပြောဆိုမှာထား၍ လွှတ်လိုက်လေ၏။ ထိုယောက်ျားလည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ ကျောက်စရစ်တို့ကို ရင်ခွင်၌ ထည့်ပိုက်ယူဆောင်လျက် ထိုသို့သဘောရှိသော စောင့်ရှောက်စိုးပိုင်သူ ကင်းရှင်းသည့်သူကို ရှာဖွလှည့်လည်ရာ နွားကိုမြင်လျှင် “ဤကား အရှင်ရှိ၏”ဟု ပစ်ခတ်ခြင်းငှာ မဝံ့လေ။ လူကိုမြင်ပြန်လျှင်လည်း “ဤသူကား အမိအဘရှိ၏”ဟု ပစ်ခတ်ခြင်းငှာ မဝံ့လေ၊ ထိုအခါကာလ၌ သုနေတ္တအမည်ရှိသော ပစ္စေကဗုဒ္ဓါတစ်ဆူသည် ထိုဗာရာဏသီပြည်ကို အမှီပြု၍ သစ်ရွက်မိုးသောကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုယောက်ျားသည် ဆွမ်းအလို့ငှာ ကြွဝင်တော်မူလာသော ထိုသုနေတ္တပစ္စေကဗုဒ္ဓါကို မြို့တံခါး၏အကြား၌မြင်လျှင် “ဤသူသည် အမိအဘမရှိသောသူသာတည်း၊ ဤသူကို ပစ်ခတ်အပ်သည်ရှိသော် ဒဏ်မရှိသည် ဖြစ်ပေလိမ့်မည်၊ ဤသူကို ပစ်ခတ်၍ အတတ်ပညာကို စုံစမ်းအံ့”ဟု ကြံပြီးလျှင် ထိုအတတ်ပညာတတ်သော ယောက်ျားမိုက်သည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ လက်ယာနားတွင်းကို ရွယ်ရည်ချိန်မှန်းလျက် ကျောက်စရစ်ကို ပစ်လွှတ်လိုက်လေ၏။ ထိုကျောက်စရစ်သည် လက်ယာနားတွင်းဖြင့်ဝင်၍ လက်ဝဲနားတွင်းဖြင့် ထွက်သွား၏။ ပြင်းစွာသော ဆင်းရဲဝေဒနာသည် ဖြစ်လေ၏။ ပစ္စေကဗုဒ္ဓါအရှင်မြတ်သည် ဆွမ်းခံကြွဝင်တော်မူခြင်းငှာ မစွမ်းနိုင်သဖြင့် ကောင်းကင်ခရီးဖြင့် သီတင်းသုံးတော်မူရာ သစ်ရွက်မိုးသော ကျောင်းသင်္ခမ်းသို့ ကြွသွားတော်မူ၍ ပရိနိဗ္ဗာန် စံတော်မူရလေ၏။

လူတို့သည် ပစ္စေကဗုဒ္ဓါအရှင်သည် ဆွမ်းခံမကြွမဝင်လာသည်ရှိသော် တစ်စုံတစ်ခု မချမ်းသာသဖြင့် ဖြစ်ပေလတ္တံ့ဟု ကြံ၍ အရှင်မြတ် ကိန်းအောင်းသောကျောင်းသို့ သွားရောက်သောအခါ ပစ္စေကဗုဒ္ဓါအရှင် ပရိနိဗ္ဗာန်စံဝင်တော်မူသည်ကို မြင်ရလျှင် မျက်ရည်ရွှဲစို ငိုကြွေးလွမ်းဆွတ် တမ်းတကြလေကုန်၏။ ထိုယောက်ျားသည်လည်း သွားလာကြသော လူများအပေါင်းကိုမြင်၍ ထိုကျောင်းသို့ သွားရောက်ပြီးလျှင် ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ကောင်းစွာမှတ်မိသောကြောင့် “ဤပစ္စေကဗုဒ္ဓါအရှင်သည် ဆွမ်းအလို့ငှာ ကြွဝင်တော်မူလာ၍ မြို့တံခါး၏အကြား ငါ၏မျက်မှောက်၌ ရှေးရှုဖြစ်လေ၏၊ ငါသည် မိမိ၏အတတ်ပညာကို စုံစမ်းလိုသောကြောင့် ဤအရှင်ကို ငါပစ်ခတ်၏”ဟု ပြောဆိုလေ၏။ လူတို့သည်လည်း “ဤသူယုတ်မာသည် ငါတို့၏ အရှင်ပစ္စေကဗုဒ္ဓါကို ပစ်သတ်လေသတတ်၊ ဖမ်းဆီးကြကုန်လော့၊ ဖမ်းဆီးကြကုန်လော့”ဟု ပြောဆိုကာ ရိုက်နှက်ပုတ်ခတ်ကြသဖြင့် ထိုနေရာဌာန၌ပင် ထိုလူယုတ်မာကို အသက်ကုန်ခြင်းသို့ ရောက်စေကြကုန်၏။ ထိုလူယုတ်မာသည်လည်း အဝီစိငရဲကြီး၌ဖြစ်၍ အကြင်ရွေ့လောက် ကာလပတ်လုံး ဤမဟာပထဝီမြေကြီးသည် တစ်ယူဇနာတိုင်တိုင် အထက်သို့ မြင့်တက်၏၊ ထိုရွေ့လောက်ကာလပတ်လုံး ငရဲ၌ကျက်၍ အကျိုးကြွင်း၏ အစွမ်းအားဖြင့် ဂိဇ္ဈကုဋ်တောင်ထက်၌ သဋ္ဌိကူဋပြိတ္တာ၏အဖြစ်ဖြင့် ဖြစ်ရလေ၏။

မြတ်စွာဘုရားသည် ထိုသဋ္ဌိကူဋပြိတ္တာ၏ ရှေးအကြောင်း မကောင်းမှုကံကို ဟောကြားတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- လူမိုက်အား အတတ်ပညာသည်လည်ကောင်း၊ အစိုးရခြင်းသည်လည်းကောင်း ဖြစ်ပေါ်လာသည်ရှိသော် အကျိုးမဲ့ အချည်းနှီးသာလျှင် ဖြစ်လေ၏။ ထိုစကားမှန်၏။ လူမိုက်သည် အတတ်ပညာကိုလည်းကောင်း၊ အစိုးရခြင်းကိုလည်းကောင်း ရလျှင် မိမိ၏ အကျိုးစီးပွားမဲ့ကိုသာ ပြုတတ်၏ဟု အနုသန္ဓေကိုစပ်၍ တရားကို ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၇၂] ယာဝဒေဝ အနတ္ထာယ၊ ဉတ္တံ ဗာလဿ ဇာယတိ။
ဟန္တိ ဗာလဿ သုက္ကံသံ၊ မုဒ္ဓမဿ ဝိပါတယံ။

ဗာလဿ၊ လူမိုက်၏။ ဉတ္တံ၊ သိခြင်းသည်။ ဝါ၊ အတတ်ပညာ စည်းစိမ်အခြံအရံ အစိုးရခြင်း စသည်ဖြင့် လူ၌ ထင်ရှားသောအဖြစ်သည်။ ယာဝ အနတ္ထာယ ဧဝ၊ မိမိအကျိုးမဲ့ဖြစ်ခြင်းငှာသာလျှင်။ ဇာယတိ၊ ဖြစ်၏။ ဗာလဿ၊ လူမိုက်အား။ ဥပ္ပဇ္ဇမာနံ၊ ဖြစ်သော အတတ်ပညာ အစိုးရခြင်းသည်။ သုက္ကံသံ၊ ဖြူစင်သော ကောင်းမှုအဖို့ကို။ ဟန္တိ ဟနတိ၊ ဖျက်ဆီးတတ်၏။ အဿ၊ ထိုလူမိုက်၏။ မုဒ္ဓံ၊ ပညာတည်းဟူသော ဦးထိပ်ကို။ ဝိပါတယံ၊ ဖျက်ဆီးပယ်ချသည်ဖြစ်၍။ ဟန္တိ ဟနတိ၊ ပယ်ဖျောက်တတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သဋ္ဌိကူဋပြိတ္တာဝတ္ထုပြီး၏။

֍ * ၁၄။ စိတ္တသူကြွယ်ဝတ္ထု

အသန္တံ ဘာဝနမိစ္ဆေယျအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သုဓမ္မမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

စိတ္တသူကြွယ်သည် အာဂန္တုတို့အား ဆွမ်းစားပင့်ခြင်း

မစ္ဆိကာသဏ္ဍမြို့၌ စိတ္တအမည်ရှိသော သူကြွယ်သည် ပဉ္စဝဂ္ဂီငါးဦးတို့တွင် အဝင်အပါ အရှင်မဟာနာမ် အမည်ရှိသော မထေရ်သည် ဆွမ်းအလို့ငှာ လှည့်လည်တော်မူသည်ကို မြင်ရလျှင် ထိုမထေရ်အရှင်၏ ဣရိယာပုထ်၌ ကြည်ညိုခြင်းရှိလှသဖြင့် သပိတ်တော်ကိုယူကာ အိမ်သို့ပင့်ပြီးလျှင် ဆွမ်းကျွေး၍ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ၏ အပြီးအဆုံး၌ တရားစကားတော်ကို ကြားနာရသောကြောင့် သောတာပတ္တိဖိုလ်သို့ ရောက်လေရကား မတုန်မလှုပ်သော သဒ္ဓါတရားရှိသည်ဖြစ်၍ အမ္ဗဋ္ဌကဝနမည်သော မိမိ၏ဥယျာဉ်ကို သံဃာတော်တို့သီတင်းသုံးရာ သံဃာအာရာမ်ပြုလိုသဖြင့် မထေရ်၏လက်တော်၌ ရေကိုသွန်းချကာ ဆောင်နှင်းလှူဒါန်းလေ၏။ ထိုခဏ၌ “ဘုရားသာသနာတော် တည်လေပြီ”ဟု ရေလျှင်အဆုံးရှိသည်ကိုပြု၍ ဤမဟာပထဝီမြေကြီးသည် တုန်လှုပ်လေ၏။ စိတ္တသူကြွယ်သည်လည်း ဥယျာဉ်၌ ကျောင်းကြီးကို ဆောက်လုပ်စေ၍ ခပ်သိမ်းသော အရပ်မျက်နှာတို့မှ ကြွရောက်လာကြကုန်သော ရဟန်းတို့အလို့ငှာ ဖွင့်ထားအပ်သော တံခါးသဖွယ်ဖြစ်လေ၏။ မစ္ဆိကာသဏ္ဍမြို့၌လည်း သုဓမ္မမထေရ်ကား ကျောင်း၌စောင့်ရှောက်ကာနေသော နေဝါသိကရဟန်းဖြစ်၏။ တစ်ပါးသောအခါ၌ စိတ္တသူကြွယ်၏ ဂုဏ်ကျေးဇူးစကားကို ကြားသိရသည်ဖြစ်သောကြောင့် နှစ်ပါးသော အဂ္ဂသာဝကတို့သည် စိတ္တသူကြွယ်အား သင်္ဂြိုဟ်ချီးမြှောက် ထောက်ပံ့လိုကုန်သည်ဖြစ်၍ မစ္ဆိကာသဏ္ဍမြို့သို့ ကြွသွားတော်မူကြကုန်၏။

စိတ္တသူကြွယ်သည် ထိုမထေရ်ကြီးတို့၏ ကြွလာတော်မူသော သတင်းစကားကို ကြားသိရလျှင် ယူဇနာခွဲမျှလောက်သော ခရီးသို့ သွားရောက်ကြိုဆို၍ မထေရ်တို့ကို ပင့်ဆောင်ခဲ့သဖြင့် မိမိဆောက်လုပ်လှူဒါန်းအပ်သော ကျောင်းသို့ ပင့်သွား၍ အာဂန္တုကဝတ်ကို ပြုပြီးသောအခါ “အရှင်ဘုရား- အနည်းငယ်သော တရားစကားကို နာလိုပါသည်ဘုရား”ဟု တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတြာမထေရ်မြတ်ကို တောင်းပန်လျှောက်ထားလေ၏။ ထိုအခါ စိတ္တသူကြွယ်ကို အရှင်သာရိပုတြာမထေရ်သည် “ဒါယကာ- ငါတို့သည် အဓွန့်ရှည်စွာသောခရီးဖြင့် လာရသည်ဖြစ်သောကြောင့် ပင်ပန်းနွမ်းနယ်သော သဘောရှိကုန်၏။ ထိုသို့ပင်ဖြစ်သော်လည်း အနည်းငယ်မျှသော တရားတော်ကိုနာဦးလော့”ဟု မိန့်တော်မူပြီးလျှင် ထိုစိတ္တသူကြွယ်အား တရားစကားဟောကြားတော်မူ၏။ သူကြွယ်သည် မထေရ်မြတ်၏ တရားစကားကို နာကြားလျက်သာလျှင် အနာဂါမိဖိုလ်သို့ ရောက်လေ၏။ သူကြွယ်သည် နှစ်ပါးသော အဂ္ဂသာဝကတို့ကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် “အရှင်ဘုရားတို့- နက်ဖြန် နောက်ပါရဟန်းတစ်ထောင်နှင့်တကွ တပည့်တော်၏အိမ်၌ ဆွမ်းကို အလှူခံတော်မူပါဘုရား”ဟု ပင့်ဖိတ်လျှောက်ထား၍ နောက်မှ ကျောင်းနေဖြစ်သော သုဓမ္မမထေရ်ကို “အရှင်ဘုရားတို့သည်လည်း နက်ဖြန် မထေရ်ကြီးတို့နှင့်အတူတကွ ကြွတော်မူကြပါဘုရား”ဟု ပင့်ဖိတ်လေ၏။

သုဓမ္မရဟန်း ဒါယကာကို အမျက်ထွက်ခြင်း

သုဓမ္မမထေရ်သည် “ဤသူကြွယ်ကား ငါ့ကို နောက်မှ ပင့်ဖိတ်ဘိသည်”ဟု အမျက်ထွက်လျက် ပယ်မြစ်လေသောကြောင့် အဖန်တလဲလဲတောင်းပန်ပါသော်လည်း ပယ်မြစ်မြဲ ပယ်မြစ်သည်သာလျှင်တည်း။ ဒါယကာလည်း “အရှင်ဘုရား- တပည့်တော်ဉာဏ်၌ ထင်ရှားစွာသိရပါပြီ”ဟု လျှောက်ကြား၍ ဖဲသွားပြီးလျှင် တစ်ဖန် မိုးသောက်နေ့၌ မိမိအိမ်ဝယ် ကြီးကျယ်သော အလှူဒါနကို စီရင်လေ၏။ သုဓမ္မမထေရ်သည်လည်း နံနက်စောစောအချိန်ကသာလျှင် “အဂ္ဂသာဝကမထေရ်အရှင်တို့အား သူကြွယ်သည် အဘယ်သို့သဘောရှိသော ပူဇော်လှူဒါန်းဖွယ်ကို စီရင်လေဘိသနည်း။ နက်ဖြန်၌ သွားရောက်၍ ကြည့်ရှုဦးအံ့”ဟု ကြံစည်၍ နံနက်စောစောကပင် သပိတ်သင်္ကန်းကို ယူဆောင်လျက် သူကြွယ်၏အိမ်သို့ သွားလေ၏။ သူကြွယ်သည် “အရှင်ဘုရား- ထိုင်နေ သီတင်းသုံးတော်မူကြပါဦး”ဟု လျှောက်ထား တောင်းပန်သော်လည်း ထိုသုဓမ္မမထေရ်က “ငါသည် ထိုင်နေခြင်းငှာ အလိုမရှိ၊ ဆွမ်းအလို့ငှာ လှည့်လည်တော့အံ့”ဟု ဆို၍ အဂ္ဂသာဝကမထေရ် အရှင်တို့အလို့ငှာ ပြုစုစီရင်၍ ထားအပ်သော လှူဖွယ်ဝတ္ထု အစုစုကို ကြည့်ရှုပြီးလျှင် သူကြွယ်ကို အမျိုးအားဖြင့် ထိပါး ပုတ်ခတ် ပြောဆိုလိုရကား “ဒါယကာသူကြွယ်- ကျွေးမွေးလှူဒါန်းဖွယ်ကား အလွန်လျှင် မွန်မြတ်ပေ၏။ စင်စစ်မူကား ဤလှူဖွယ်ဝတ္ထုအစု၌ လှူဖွယ်တစ်ပါးသည်သာလျှင် မစုံမပြည့် ဖြစ်နေလေ၏”ဟု ဆိုလေ၏။

“အရှင်ဘုရား- အဘယ်လှူဖွယ်ဝတ္ထုပါနည်း”ဟု မေးလတ်သော် “ဒါယကာသူကြွယ်- နှမ်းပျစ်မုန့်တည်း”ဟု ပြောဆိုလေသဖြင့် သူကြွယ်သည် ကျီးဥပမာဖြင့် (ကျီးဖိုနှင့်ကြက်မ စပ်၍ကျသော ကျီးဗန္ဓတ်သည် ကြက်သံမပီ၊ ကျီးသံမပီ “အောက်ကလိအာ”ဟု မြည်သကဲ့သို့ အရှင်သုဓမ္မသည်လည်း ဘုရားသားတော်ဖြစ်လျက် စကားကို ပြီသစွာမဆိုဘဲရှိုးရှား “နှမ်းပျစ်မုန့်”ဟူသော စကားကို ဆိုဘိ၏ဟူလို။) ပြောဆို မောင်းမဲအပ်သည်ရှိသော် ဒေါသအမျက် ပြင်းစွာထွက်သောကြောင့် “ဒါယကာသူကြွယ်- ဤကျောင်းကား အသင်၏ကျောင်းတည်း၊ ငါသည် အရပ်တစ်ပါးသို့ ဖဲသွားတော့အံ့”ဟု ပြောဆိုသဖြင့် သုံးကြိမ်တိုင်အောင် တားမြစ်တောင်းပန်ပါသော်လည်း မနာမယူ၊ ဖဲသွား၍ မြတ်စွာဘုရား၏အထံသို့ သွားရောက်ပြီးလျှင် စိတ္တသူကြွယ်သည်လည်းကောင်း၊ မိမိသည်လည်းကောင်း ပြောဆိုအပ်သောစကားကို လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “သင်ကား သဒ္ဓါတရားနှင့် ပြည့်စုံသော ရတနာသုံးပါးအား ကြည်ညိုတတ်သော ဒါယကာကို ယုတ်ညံ့သော ဆဲရေးခြင်းဖြင့် ကဲ့ရဲ့ရှုတ်ချ ဂရဟိတသဘော ပြောဆိုဘိသည်”ဟု ထိုသုဓမ္မမထေရ်အားသာလျှင် အပြစ်တင်၍ ပဋိသာရဏီယကံကို (ဒါယကာကို ဆဲဆိုသော ရဟန်းအား ပြုသော ဝိနည်းကံတည်း။ ထိုကံ အပြုခံရသော ရဟန်းသည် ထိုဒါယကာကျေနပ်အောင် တောင်းပန်ရသည်။ အယုတ်ဆုံး ဒါယကာရှေ့၌ ဒေသနာကြားရမည်။) ပြုစေပြီးလျှင် “သွားချေ၊ စိတ္တသူကြွယ်ကို သည်းခံအောင်ပြုလေလော့”ဟု မိန့်တော်မူ၏။ ထိုသုဓမ္မမထေရ်သည် ထိုမစ္ဆိကာသဏ္ဍမြို့သို့သွား၍ဒါယကာသူကြွယ်ကို “ဤအပြစ်သည် ငါ၏အပြစ်သာ ဖြစ်ပေသည်၊ ငါ့အား သည်းခံပါလော့”ဟု တောင်းပန် ပြောဆိုသော်လည်း “တပည့်တော် သည်းမခံနိုင်”ဟု သူကြွယ်က ပယ်မြစ်အပ်သဖြင့် မျက်နှာမသာမယာဖြစ်၍ ထိုသူကြွယ်ကို သည်းခံစေခြင်းငှာ မစွမ်းနိုင်ရကား တစ်ဖန် မိုးသောက်သောနေ့၌ မြတ်စွာဘုရား၏ အထံတော်သို့ ပြန်လာခဲ့ပြန်လေ၏။

(မြတ်စွာဘုရားသည်ကား ထိုမထေရ်အား ဒါယကာသည် သည်းမခံလတ္တံ့ဟု သိတော်မူပြီးဖြစ်သော်လည်း ဤရဟန်းသည် ခက်ထန်သော မာန်မာနရှိ၏။ ယူဇနာ သုံးဆယ်ရှိသော ဤလမ်းခရီးသို့သွား၍ တစ်ဖန် ပြန်လာစေဦးဟု နှလုံးသွင်းတော်မူ၍ သည်းခံအံ့သောအကြောင်းကို မပြောကြားမူ၍သာလျှင် လွှတ်လိုက်ခြင်းဖြစ်လေ၏။)

ထိုအခါ တစ်ဖန် ပြန်လာသောကာလ၌ ပယ်ချအပ်သော မာန်မာနရှိသည်ဖြစ်၍ ထိုသုဓမ္မမထေရ်အား အတူလိုက်သွားရန် အဖော်တမန်ရဟန်းကို ပေးသနားတော်မူ၍ “သွားချေ၊ ဤရဟန်းနှင့်အတူတကွသွား၍ ဒါယကာကို သည်းခံစေလော့”ဟု မိန့်တော်မူပြီး “ရဟန်းမည်သည် ငါ၏နေရာကျောင်း၊ ငါ၏နေရာအရပ်၊ ငါ၏ဒါယကာ၊ ငါ၏ဒါယိကာမဟူ၍ မာန်ထောင်လွှားခြင်းကိုလည်းကောင်း၊ ငြူစူစောင်းမြောင်းခြင်းကိုလည်းကောင်း ပြုစေခြင်းငှာ မသင့်မတော်”ဟု မိန့်တော်မူပြီးလျှင် “ဤသို့ပြုသော ရဟန်းအား မကောင်းသော အလိုရမ္မက် မာန်မာနအစရှိသော ကိလေသာတို့သည် တိုးတက်ပွားလေကုန်၏”ဟု အနုသန္ဓေကိုစပ်၍ တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၇၃] အသန္တံ ဘာဝနမိစ္ဆေယျ။ ပုရေက္ခာရဉ္စ ဘိက္ခုသု။
အာဝါသေသု ဣဿရိယံ၊ ပူဇာ ပရကုလေသု စ။
֍ * [၇၄] မမေဝ ကတမညန္တု၊ ဂိဟီ ပဗ္ဗဇိတာ ဥဘော။
မမေဝါတိဝသာ အဿု၊ ကိစ္စာကိစ္စေသု ကိသ္မိဉ္စိ။
ဣတိ ဗာလဿ သင်္ကပ္ပေါ၊ ဣစ္ဆာ မာနော စ ဝဍ္ဎတိ။

ယော ဗာလော၊ အကြင် မလိမ္မာသောရဟန်းသည်။ အသန္တံ ဘာဝနံ၊ ထင်ရှားမရှိသော ချီးမွမ်းခြင်းကို။ ဣစ္ဆေယျ၊ အလိုရှိရာ၏။ ဘိက္ခုသု၊ ရဟန်းတို့၏။ ပုရေက္ခာရဉ္စ၊ မိမိကို ခြံရံခြင်းကိုလည်းကောင်း။ ဣစ္ဆေယျ၊ အလိုရှိရာ၏။ အာဝါသေသု၊ ကျောင်းတို့၌။ ဣဿရိယဉ္စ၊ အစိုးရခြင်းကိုလည်းကောင်း။ ဣစ္ဆေယျ၊ အလိုရှိရာ၏။ ပရကုလေသု၊ တစ်ပါးသော ဒါယကာတို့၌။ ပူဇာ စ၊ ပူဇော်ခြင်းတို့ကိုလည်းကောင်း။ ဣစ္ဆေယျ၊ အလိုရှိရာ၏။ ယဿ ဗာလဿ၊ အကြင်မလိမ္မာသောရဟန်းအား။ ဥဘော၊ နှစ်ဦးကုန်သော။ ဂိဟီပဗ္ဗဇိတာ၊ လူနှင့်ရဟန်းတို့သည်။ မမေဝ၊ ငါ့ကိုသာလျှင်။ ကတံ၊ သေနာသန စသည်မချွတ် ဝတ်ကိုပြု၏ဟူ၍။ မညန္တု၊ မှတ်ထင် အောက်မေ့ကြပါစေကုန်သတည်း။ ဣတိ၊ ဤသို့။ သင်္ကပ္ပေါ၊ အကြံသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။

ကိစ္စာကိစ္စေသု၊ ငယ်သော အမှုကိစ္စ, ကြီးသော အမှုကိစ္စတို့တွင်။ ကိသ္မိဉ္စိ၊ တစ်စုံတစ်ခုသော အမှုကိစ္စ၌သော်လည်း။ မမေဝ၊ ငါ၏သာလျှင်။ အတိဝသာ၊ အလိုအတိုင်း။ ဝါ၊ အလိုသို့လိုက်ကုန်သည်။ အဿု၊ ဖြစ်ပါစေကုန်သတည်း။ ဣတိ၊ ဤသို့။ သင်္ကေပ္ပေါ၊ အကြံသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တဿ ဗာလဿ၊ ထိုမလိမ္မာသော ရဟန်းအား။ ဣစ္ဆာ စ၊ တဏှာသည်လည်းကောင်း။ မာနော စ၊ မာန်မာနသည်လည်းကောင်း။ ဝဍ္ဎတိ၊ တိုးပွား၏။

(အလိုဆိုး လေးချက်၊ အကြံပေး နှစ်ချက် ဖြစ်ပေါ်လျက်ရှိသော ထိုရဟန်းအား ဝိပဿနာဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်တို့သည် မတိုးပွား၊ စင်စစ်သော်ကား သမုဒ္ဒရာဒီရေအလား ဒွါရခြောက်ပါး၌ တဏှာသည်လည်းကောင်း၊ ကိုးပါးသော မာန်မာနသည်လည်းကောင်း တိုးပွားလေ၏။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောလူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သုဓမ္မမထေရ် ရဟန္တာဖြစ်ခြင်း

သုဓမ္မမထေရ်သည်လည်း ဤသို့သော အဆုံးအမ ဩဝါဒကို ကြားနာရ၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် နေရာမှထ၍ လက်ယာရစ် လှည့်လည်သည်ကို ပြုသဖြင့် ထိုအဖော် တမန်ရဟန်းနှင့် အတူတကွ သွားရောက်၍ စိတ္တသူကြွယ်၏မျက်မှောက် မြင်လောက်သောအရပ်၌ အာပတ်ကိုကုစား ဒေသနာပြောကြားလျက် ဒါယကာစိတ္တသူကြွယ်ကို သည်းခံစေရလေ၏။ စိတ္တသူကြွယ်ကလည်း “အရှင်ဘုရား- အရှင်မြတ် လွန်ကျူးအပ်သောအပြစ်ကို တပည့်တော် သည်းခံပါ၏၊ တပည့်တော်အား လွန်ကျူးပြစ်မှားအပ်သော အပြစ်ဒေါသရှိခဲ့ပါလျှင် အရှင်ဘုရားကလည်း သည်းခံတော်မူပါဘုရား”ဟု ပြန်၍ ကန်တော့ဝန်ချအပ်သည်ရှိသော် သုဓမ္မမထေရ်သည် မြတ်စွာဘုရား ပေးသနားတော်မူအပ်သော အဆုံးအမဩဝါဒ၌တည်၍ နှစ်ရက်,သုံးရက်ဖြင့်သာလျှင် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်တော်မူလေ၏။

စိတ္တသူကြွယ် သာဝတ္ထိပြည်သို့ ဘုရားဖူးသွားခြင်း

စိတ္တသူကြွယ်သည်လည်း “ငါသည် ဆရာဖြစ်တော်မူသော မြတ်စွာဘုရားကို တပ်အပ်ထင်ထင် မဖူးမမြင်ရသေးမူ၍သာလျှင် သောတာပတ္တိဖိုလ်သို့ ရောက်၏။ မြတ်စွာဘုရားကို မဖူးမမြင်ရသေးမူ၍သာလျှင် အနာဂါမိဖိုလ်၌လည်း တည်၏။ မြတ်စွာဘုရားကို ငါသွား၍ ဖူးမြင်ခြင်းငှာ သင့်ပေ၏”ဟု ကြံဆင်ခြင်လေ၏။ ယင်းသို့ ကြံဆင်ခြင်ပြီးလျှင် ထိုသူကြွယ်သည် နှမ်း, ဆန်, တင်လဲ, အဝတ်ပုဆိုး စသည်တို့ဖြင့် ပြည့်ကုန်သော လှည်းငါးရာတို့ကို က,စေ၍ “မြတ်စွာဘုရားကို ဖူးမြင်လိုကုန်သော အရှင်မြတ်တို့သည် ကြွလိုက်ခဲ့ကြပါစေကုန်လော့၊ ဆွမ်းစသည်တို့ဖြင့် ပင်ပန်းခြင်းမဖြစ်ပါလတ္တံ့”ဟု ရဟန်းသံဃာအား လျှောက်ကြားစေပြီးလျှင် ရဟန်းမိန်းမ သံဃာအားလည်းကောင်း၊ ဒါယကာ ယောက်ျားတို့အားလည်းကောင်း၊ ဒါယိကာ မိန်းမတို့အားလည်းကောင်း ပြောကြားသိစေလေ၏။ ထိုစိတ္တသူကြွယ်နှင့် အတူတကွ ငါးရာငါးရာကုန်သော ရဟန်း ယောက်ျားတို့သည်လည်းကောင်း၊ ရဟန်း မိန်းမတို့သည်လည်းကောင်း၊ ဒါယကာ ယောက်ျား ငါးရာတို့သည်လည်ကောင်း၊ ဒါယိကာမိန်းမ ငါးရာတို့သည်လည်းကောင်း ထွက်ခွာလာကြကုန်၏။ စိတ္တသူကြွယ်သည်လည်း ထိုသို့ထွက်ခွာလာကြကုန်သော ပုဂ္ဂိုလ်တို့နှင့်တကွ မိမိပရိတ်သတ်ပါ သုံးထောင်သောလူတို့အား အကြင်သို့သောနည်းဖြင့် ယူဇနာသုံးဆယ်ရှိသောခရီး၌ ယာဂု,ထမင်း စသည်တို့ဖြင့် တစ်စုံတစ်ခု မလုံမလောက်, ချို့တဲ့ခြင်းမည်သည်မဖြစ်၊ ထိုသို့သောနည်းဖြင့် စီရင်ပြုစုလေ၏။ ထိုစိတ္တသူကြွယ် ထွက်ခွာလာသည့်အဖြစ်ကိုသိ၍ နတ်တို့သည် တစ်ယူဇနာ, တစ်ယူဇနာ၌ သစ်ခက်တဲအုံ ဖွဲ့ချီပြုလုပ်သဖြင့် နတ်၌ဖြစ်သော ယာဂုခဲဖွယ် ထမင်းအဖျော်စသည်တို့ဖြင့် လူများအပေါင်းကို လုပ်ကျွေးသမှု ပြုစုကြလေကုန်၏။ တစ်စုံတစ်ယောက်သောသူအား တစ်စုံတစ်ခုသောယာဂု စသည်ဖြင့် ချို့တဲ့ခြင်းမည်သည် မရှိ။ ဤသို့လျှင် နတ်တို့သည် ကောင်းစွာ လုပ်ကျွေးအပ်သည်ဖြစ်၍ နေ့တိုင်း တစ်ယူဇနာစီ သွားခဲ့ရာ တစ်လဖြင့် သာဝတ္ထိပြည်သို့ ရောက်လေသတည်း။ လှည်းငါးရာတို့လည်း လျော့သည် မရှိ၊ ပြည့်မြဲတိုင်းသာလျှင် ဖြစ်ကုန်၏။ နတ်တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း ဆောင်ယူပေးပို့လာသော လက်ဆောင်ပဏ္ဏာကာရကို စွန့်ကြဲပေးကမ်း လှူဒါန်း၍သာ သွားရလေ၏။

စိတ္တသူကြွယ် ဘုရားဖူးစဉ် ပန်းမိုးရွာခြင်း

မြတ်စွာဘုရားသည် အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ- ယနေ့ညချမ်း နေမွန်းတိမ်းသောအခါ၌ စိတ္တသူကြွယ်သည် လှည်းငါးရာတို့ဖြင့် ခြံရံလျက် ရောက်၍ ငါဘုရားကို ဖူးမြော်လတ္တံ့”ဟု မိန့်တော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားတို့အား ထိုစိတ္တသူကြွယ်၏ ဖူးမြော်လာသောအခါ တစ်စုံတစ်ခုသော တန်ခိုးပြာဋိဟာသည် ဖြစ်ပါလတ္တံ့လောဘုရား”ဟု မေးလျှောက်လတ်သော် “ချစ်သားအာနန္ဒာ- ဖြစ်ပေလတ္တံ့”ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား- အဘယ်သို့ ဖြစ်ပါလတ္တံ့နည်းဘုရား”ဟု မေးလျှောက်ပြန်သော် “စိတ္တသူကြွယ်လာ၍ ငါဘုရားကို ရှိခိုးသောအခါ ပြည့်ရှင်မင်းတို့၏ အတိုင်းအထွာ ပမာဏအားဖြင့် ရှစ်မင်းပယ်မျှလောက် ပမာဏရှိသောအရပ်၌ ဒူးပုဆစ်မျှလောက်သော အပိုင်းအခြားအားဖြင့် ငါးပါးသောအဆင်းရှိသော နတ်ပန်းတို့၏ တစ်ခဲနက် ပန်းမိုးရွာခြင်းဖြင့် ရွာချပေလတ္တံ့”ဟု မိန့်တော်မူလေ၏၊ ထိုသို့ မြတ်စွာဘုရား မိန့်တော်မူသောစကားကို အဆင့်ဆင့်အားဖြင့် ကြားသိကုန်သည်ရှိသော် မြို့သူမြို့သားတို့သည် “ဤသို့သဘောရှိသော ကောင်းမှုဘုန်းကံနှင့်ပြည့်စုံသော စိတ္တမည်သော သူကြွယ်သည် လာရောက်၍ ယနေ့မြတ်စွာဘုရားကို ဖူးမြော်လတ္တံ့၊ ဤသို့သဘောရှိသော တန်ခိုးပြာဋိဟာသည် ဖြစ်ပေလတ္တံ့၊ ငါတို့သည် ထိုကောင်းမှုဘုန်းကံ ကြီးမားသော စိတ္တသူကြွယ်ကို မြင်ခြင်းငှာ ရပေတော့လတ္တံ့”ဟု ပူဇော်သက္ကာရကို ယူဆောင်ကုန်လျက် လမ်းခရီး၏ နံပါးနှစ်ဖက်တို့၌ တည်နေကြကုန်၏။

ကျောင်းတော်၏အနီးသို့ ရောက်သောအခါ ငါးရာသော ရဟန်းတို့သည် ရှေးဦးစွာ ကြွလာကြလေကုန်၏။ စိတ္တသူကြွယ်လည်း “မိခင်တို့- အသင်မိခင်တို့သည် အကျွန်ုပ်တို့၏နောက်မှ လာခဲ့ကြပါကုန်လော့”ဟု ဥပါသိကာမကြီးတို့ကိုချန်ထားခဲ့ပြီးလျှင် ငါးရာသောဥပါသကာတို့ဖြင့် ခြံရံလျက် မြတ်စွာဘုရား၏အထံတော်သို့ သွားလေ၏။ ဘုရားရှင်တို့၏ မျက်မှောက်တော်၌ ရပ်နေသောသူတို့သည်လည်းကောင်း၊ ထိုင်နေသော သူတို့သည်လည်းကောင်း ဤနေရာ၌လည်းကောင်း၊ ထိုနေရာ၌လည်းကောင်း မရှိကုန်၊ မြတ်စွာဘုရား၏ ရှေ့တော်လမ်းခရီး၏ နံပါးနှစ်ဖက်တို့၌ မတုန်မလှုပ်သာလျှင် တည်နေကြကုန်၏၊ စိတ္တသူကြွယ်သည် မြတ်စွာဘုရား၏ ရှေ့တော်လမ်းခရီးမကြီးသို့ သက်ဝင်လေ၏။ ဖိုလ်သုံးပါးသို့ရောက်ပြီးသော အရိယာသာဝကဖြစ်သော စိတ္တသူကြွယ်သည် ကြည့်အပ်တိုင်း, ကြည့်အပ်တိုင်းသောအရပ်ကား တုန်လှုပ်လေ၏။ “စိတ္တသူကြွယ်သည် ဤသူ ဖြစ်ပေသတတ်”ဟု လူများအပေါင်းသည် ကြည့်ရှုကြလေ၏။ စိတ္တသူကြွယ်သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ခြောက်သွယ်သော အဆင်းရှိသော ဘုရားရှင်၏ ရောင်ခြည်တော်တို့၏ အတွင်းသို့ဝင်ပြီး နှစ်ခုကုန်သော ခြေဖမျက်တို့၌ မြတ်စွာဘုရား၏ ခြေတော်တို့ကို လက်ဖြင့်ကိုင်လျက် ရှိခိုးဦးချလေ၏။ ထိုသို့ ရှိခိုးဦးချသော ခဏ၌သာလျှင် မြတ်စွာဘုရား မိန့်ကြားတော်မူအပ်သော ပန်းမိုးသည် ရွာသွန်းလေ၏၊ ကောင်းချီးပေးခြင်း အထောင်တို့ကိုလည်း ဖြစ်စေကြလေကုန်၏။

ဘုရားအထံ၌ တစ်လတိတိနေ၍ အလှူလှူခြင်း

ထိုစိတ္တသူကြွယ်သည် တစ်လပတ်လုံး မြတ်စွာဘုရား၏ အထံတော်၌ နေ၏။ ထိုသို့နေလျက်သာလျှင် ဘုရားအမှူးရှိသော အလုံးစုံသော ရဟန်းသံဃာတော်အပေါင်းကို ကျောင်းတော်၌သာ သီတင်းသုံးနေစေ၍ ကြီးစွာသော အလှူကြီးကို ပေးလှူလေ၏။ မိမိနှင့်အတူတကွ လိုက်ပါလာသော သူတို့ကိုလည်း ကျောင်းတော်တွင်း၌သာလျှင် တည်းခိုနေထိုင်စေ၍ လုပ်ကျွေးသမှု ပြုစုလေ၏။ တစ်နေ့မျှလည်း မိမိ၏လှည်းတို့၌ ပါလာသော ပစ္စည်းတစ်စုံတစ်ခုကို ယူရသည်မရှိ၊ နတ်လူတို့သည် ဆောင်ယူပို့ဆက်လာသော လက်ဆောင်ပဏ္ဏာကာရဖြင့်သာလျှင် အလှူကို ပေးလှူ၏။ ခပ်သိမ်းသော ကိစ္စတို့ကိုလည်း ပြုစု၏။ ထိုစိတ္တသူကြွယ်သည် မြတ်စွာဘုရားကိုရှိခိုးလျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်သည် ရှင်တော်မြတ်ဘုရားတို့အား အလှူကို ပေးအံ့ဟု လာခဲ့ရာ တစ်လပတ်လုံး လမ်းခရီးအကြား၌ ဖြစ်ပါသည်၊ ဤကျောင်းတော်၌လည်း တပည့်တော်အား တစ်လလွန်ပါပြီ၊ တပည့်တော်ဆောင်ယူခဲ့သော တစ်စုံတစ်ခုသော ပစ္စည်းကို, လှူစရာ လက်ဆောင်ပဏ္ဏာကာရကို တစ်စုံတစ်ရာအနည်းငယ်မျှ ထုတ်ယူခြင်းငှာ မပြုရသေးပါ၊ ဤမျှလောက်သော ကာလပတ်လုံး နတ်လူတို့သည် ဆောင်ယူပို့လာအပ်သော လက်ဆောင်ပဏ္ဏာကာရဖြင့်သာလျှင် အလှူဒါနကို ပေးလှူ၍ နေရပါသည်ဘုရား၊ တပည့်တော်သည် ဤသာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ကြီး၌ တစ်နှစ်ပတ်လုံးသော်လည်း အကယ်၍ နေခဲ့ငြားအံ့၊ တပည့်တော်၏ လှူဖွယ်ဝတ္ထု ပစ္စည်းအစုကို ပြုစုပေးကမ်း လှူဒါန်းခြင်းငှာ ခွင့်ရနိုင်တော့မည်မဟုတ်ပါဘုရား၊ တပည့်တော်သည် လှည်းတို့ကို ပစ္စည်းဥစ္စာဘဏ္ဍာ အလုံးစုံချစေ၍ ပြန်သွားခြင်းငှာ အလိုရှိပါသည်။ သိုမှီးရာ အရပ်ကိုသာ တပည့်တော်အား ညွှန်ပြပြောကြား ခိုင်းတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည်လည်း အာနန္ဒာမထေရ်ကို “ချစ်သား အာနန္ဒာ- ဤသူကြွယ်ဒါယကာအား တစ်ခုသော နေရာအရပ်ကို နေရာလွတ်ပြု၍ ပေးလေလော့”ဟု မိန့်တော်မူလေ၏။ အာနန္ဒာမထေရ်လည်း မြတ်စွာဘုရား မိန့်တော်မူသောအတိုင်း ပြုလေ၏။

(စိတ္တသူကြွယ်၏ နှမ်း,ဆန်စသော လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို သိုမှီးရန် ခွင့်ပြုအပ်သော နေရာအရပ်သည် သိုမှီးကောင်းသော၊ အပ်သော ကပ္ပိယကုဋိဖြစ်သတတ်။ ကပ္ပိယကုဋိဟူသည်ကား ခဲဖွယ်ဘောဇဉ်တို့ကို ညဉ့်သိပ်သိုမှီး၍ ထားကောင်းသော ရဟန်းတို့နေရာ ကျောင်းပေတည်း။ ထိုနေရာကျောင်သည် ၁။ ဥဿာဝနန္တိကကုဋီ၊ ၂။ ဂေါနိသာဓိကကုဋိ၊ ၃။ ဂဟပတိကုဋိ၊ ၄။ သမ္မုတိကုဋီဟု လေးမျိုးရှိ၏။ ထိုလေးမျိုးမှလွတ်သော နေရာကျောင်းသည် အကပ္ပိယကုဋိ မည်၏။ ခဲဖွယ်ဘောဇဉ်တို့ကို ညဉ့်သိပ်သိုမှီးမိလျှင် ရဟန်းတို့ မစားအပ်၊ အန္တောဝုတ္တဒုက္ကဋ် အာပတ်သင့်သည်။)

ဘုရားဖူးအပြန် ရတနာခုနစ်ပါး အပြည့်ရခြင်း

စိတ္တသူကြွယ် ဥပါသကာသည်လည်း မိမိနှင့်အတူတကွ လိုက်လာကြကုန်သော သုံးထောင်သောသူတို့နှင့်အတူ အချည်းနှီးသော လှည်းတို့ဖြင့် တစ်ဖန် လမ်းခရီးသို့ သွားလေ၏။ နတ်လူတို့သည် ထလာကြကုန်၍ “အရှင်သူကြွယ်- အရှင်သည် အချည်းနှီးသောလှည်းတို့ဖြင့် သွားခြင်းအမှုကို ပြုအပ်ဘိသည်တကား”ဟု ဆိုကုန်လျက် ရတနာခုနစ်ပါးတို့ဖြင့် လှည်းတို့ကို ပြည့်စေကြလေကုန်၏။ စိတ္တသူကြွယ်လည်း ပို့သလာသော လက်ဆောင်ပဏ္ဏာကာရဖြင့်သာလျှင် လူများအပေါင်းကို စောင့်ရှောက်သမှု ပြုစုလုပ်ကျွေးကာ ပြန်သွားလေ၏။ အရှင်အာနန္ဒာ မထေရ်သည်လည်း မြတ်စွာဘုရားကို ရှိခိုးလျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- စိတ္တသူကြွယ်သည် ရှင်တော်ဘုရားတို့၏ အထံတော်သို့ လာသောအခါလည်း တစ်လတိုင်တိုင်လာရပါသည်၊ ဤကျောင်းတော်၌လည်း တစ်လတိုင်တိုင်သာလျှင် နေပါသည်ဘုရား၊ ဤမျှလောက်သော ကာလပတ်လုံး နတ်လူတို့သည် ရှေးရှုဆောင်ယူ ပေးအပ်လာသော လက်ဆောင်ဖြင့်သာလျှင် ကြီးစွာသော အလှူဒါနကို ပေးလှူပါလေပြီ။ ယခုအခါ လှည်းငါးရာတို့ကို အချည်းနှီးပြု၍ တစ်လဖြင့်သာလျှင် သွားရလိမ့်မည် ဖြစ်ပါသတတ်။ နတ်လူတို့သည် ထိုစိတ္တသူကြွယ်အား ထလာကြကုန်၍ အရှင်သူကြွယ်- အရှင်သည် အချည်းနှီးသော လှည်းတို့ဖြင့် သွားခြင်းအမှုကို ပြုအပ်ဘိသည်တကားဟု ဆိုကုန်လျက် လှည်းငါးရာတို့ကို ရတနာခုနှစ်ပါးတို့ဖြင့် ပြည့်စေကြလေကုန်၏။ ထိုစိတ္တသူကြွယ်သည် တစ်ဖန် မိမိအား ပို့သလာသော လက်ဆောင်ပဏ္ဏာကာရဖြင့်သာလျှင် လူများအပေါင်းကို စောင့်ရှောက်သမှု ပြုစုလုပ်ကျွေးကာ သွားပါလိမ့်မည်ဘုရား”ဟု လျှောက်ထားပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အသို့ပါနည်း၊ ထိုစိတ္တသူကြွယ်အား ရှင်တော်မြတ်ဘုရားတို့၏ ထံမှောက်တော်သို့ လာရောက် ချဉ်းကပ်သော်သာလျှင် ဤသို့သော လာဘ်ပူဇော်သက္ကာရသည် ဖြစ်ရပါသလော။ သို့တည်းမဟုတ် တစ်ပါးသောအရပ်သို့ သွားရောက်သော်လည်း ဤသို့သဘောရှိသော လာဘ်ပူဇော်သက္ကာရသည် ဖြစ်ရပါသလောဘုရား”ဟု မေးလျှောက်လေ၏။ “ချစ်သားအာနန္ဒာ- ငါဘုရား၏အထံသို့လာသော်လည်းကောင်း၊ အရပ်တစ္ပါးသို့ သွားသော်လည်းကောင်း ထိုသူကြွယ်အား ဤသို့သဘောရှိသော ပူဇော်သက္ကာရသည် ဖြစ်သည်သာလျှင်တည်း။ ဤဥပါသကာ ဒါယကာကား ယုံကြည်ခြင်းသဒ္ဓါဂုဏ်ရှိ၏။ ကြည်ညိုခြင်းပသန္နဂုဏ်ရှိ၏။ အပြည့်အစုံ သင်းထုံသော သီလဂုဏ်ရှိ၏။ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် အကြင်,အကြင်အရပ်သို့ ချဉ်းကပ်သွားလာ၏၊ ထိုထိုအရပ်၌ပင် ထိုသူ့အား လာဘ်ပူဇော်သက္ကာရသည် ဖြစ်ပေါ်လာရ၏”ဟု မိန့်တော်မူ၍ မြတ်စွာဘုရားသည် ပကိဏ္ဏကဝဂ်၌လာသော ဤဂါထာကို ဟောတော်မူလေ၏။

သဒ္ဓါ သီလေန သမ္ပန္နော၊ ယသော ဘောဂသမပ္ပိတော။
ယံ ယံ ပဒေသံ ဘဇတိ၊ တတ္ထ တတ္ထေဝ ပူဇိတော။

သဒ္ဓါ၊ သဒ္ဓါတရားရှိသော။ သီလေန၊ သီလနှင့်။ သမ္ပန္နော၊ ပြည့်စုံသောသူသည်။ ယသော၊ ကျော်စောသတင်း ရှိသည်ဖြစ်၍။ ဘောဂသမပ္ပိတော၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသည်ဖြစ်၍။ ယံယံ ပဒေသံ၊ အကြင်အကြင်အရပ်သို့။ ဘဇတိ၊ ချဉ်းကပ်သွားလာ၏။ တတ္ထတတ္ထေဝ၊ ထိုထိုအရပ်၌သာလျှင်။ ပူဇိတော၊ ပူဇော်အပ်သည်။ ဟောတိ၊ ဖြစ်၏။

မုဆိုးဘဝ ရှေးကောင်းမှု ဆုတောင်း

ဤသို့မြတ်စွာဘုရား ဟောကြားတော်မူအပ်သည်ရှိသော် အရှင်အာနန္ဒာမထေရ်သည် စိတ္တသူကြွယ်၏ ရှေးကောင်းမှုကံကို မေးလျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် အရှင်အာနန္ဒာမထေရ်အား ဟောကြားတော်မူလိုသည်ဖြစ်၍ မိန့်ကြားတော်မူဟန်ကား “ချစ်သားအာနန္ဒာ- ဤစိတ္တသူကြွယ်သည် ပဒုမုတ္တရမြတ်စွာဘုရား၏ ခြေတော်ရင်း၌ ပြုအပ်သော ဆုတောင်းခြင်းရှိသည်ဖြစ်၍ ကမ္ဘာတစ်သိန်း ကာလပတ်လုံး နတ်ပြည်လူ့ပြည်တို့၌ ကျင်လည်ပြီလျှင် ကဿပမြတ်စွာဘုရား၏ လက်ထက်တော်၌ သားမုဆိုးအမျိုး၌ ဖြစ်ရသဖြင့် ကြီးရင့်ခြင်းသို့ ရောက်လတ်သော် တစ်နေ့သ၌ မိုးရွာလတ်သောအခါ သားသမင်တို့ကို သတ်ခြင်းငှာ လှံကိုယူ၍ တောအုပ်သို့ သွားပြီးလျှင် သားသမင်တို့ကို ကြည့်ရှုလတ်သည်ရှိသော် မပြုမပြင် ပင်ကိုဖြစ်သော တစ်ခုသော တောင်ဝှမ်း၌ ဦးခေါင်းနှင့်တကွ ခြုံ၍ ထိုင်နေတော်မူသော ရဟန်းတစ်ပါးကိုမြင်ရလျှင် “အရှင်ကောင်းတစ်ပါးသည် ရဟန်းတရားကို အားထုတ်လျက် သီတင်းသုံးနေတော်မူသည် ဖြစ်ပေလတ္တံ့၊ ထိုအရှင်မြတ်အား ဆွမ်းကို ဆောင်ပို့အံ့”ဟု ကြံလျက် လျင်မြန်စွာ အိမ်သို့ပြန်လာ၍ တစ်ခုသော ဖိုခနောက်၌ ယမန်နေ့က ဆောင်ယူ၍ထားအပ်သော အမဲကိုလည်းကောင်း၊ တစ်ခုသော ဖိုခနောက်၌ ထမင်းကိုလည်းကောင်း ချက်စေပြီးလျှင် ဆွမ်းခံလှည့်လည်တော်မူကုန်သော အခြားသော ရဟန်းတို့ကိုမြင်လျှင် ထိုရဟန်းတို့၏ သပိတ်တို့ကိုလည်း ယူကုန်၍ ခင်းထားအပ်သောနေရာ၌ သီတင်းသုံးနေစေလျက် ဆွမ်းကိုစီရင်၍ “အရှင်ကောင်းတို့ကို ဆွမ်းလုပ်ကျွေးကြပါကုန်လော့”ဟု သူတစ်ပါးကို စေခိုင်းပြီးလျှင် ချက်ပြုတ်အပ်သော ထိုထမင်းကို အထုပ်၌ ပိုးထုပ်ကာ ယူဆောင်၍ သွားသည်ရှိသော်--

ခရီးအကြား၌ အထူးထူးသော ပန်းတို့ကို ဆွတ်ခူး၍ ထမင်းထုပ်၌တင်လျက် မထေရ်မြတ်၏နေရာအရပ်သို့ သွားရောက်ပြီးလျှင် “အရှင်ဘုရား တပည့်တော်အား ချီးမြှင့်ခြင်းအမှုကို ပြုတော်မူကြပါဘုရား”ဟု လျှောက်ကြားပြီးလျှင် သပိတ်ကိုယူသဖြင့် ဆွမ်းတို့ကို ပြည့်စေပြီးမှ မထေရ်မြတ်၏လက်၌ ထားလျက် ထိုပန်းတို့ဖြင့် ပူဇော်ခြင်းကိုပြုပြီးလျှင် “ဘုရားတပည့်တော်၏ ပန်းပူဇော်ခြင်းနှင့်တကွ အရသာရှိလှသော ဤဆွမ်းသည် စိတ်ကို နှစ်သက်စေနိုင်ဘိသကဲ့သို့ ဤအတူ ဖြစ်တိုင်းဖြစ်တိုင်းသော ဌာန၌ လက်ဆောင်ပဏ္ဏာကာရ တစ်ထောင်မျှလောက်တို့သည် ရောက်လာ၍ တပည့်တော်၏စိတ်ကို နှစ်သက်စေလျက် ငါးပါးသောအဆင်းရှိသော ပန်းမိုးရွာခြင်းဖြင့်လည်း ရွာပါစေသတည်း”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ပြုလေ၏။ ထိုသားမုဆိုးသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြုသဖြင့် နတ်ပြည်၌ ဖြစ်လေ၏။ ဖြစ်လေရာဌာန၌ ဒူးပုဆစ်မျှလောက်သော အပိုင်းအခြားအားဖြင့် နတ်ပန်းမိုးသည် ရွာလေ၏။ ဤယခုဘဝ၌လည်း ထိုသူကြွယ် ဖွားမြင်သော နေ့၌လည်းကောင်း၊ ဤအရပ်သို့ ရောက်သောအခါ၌ ပန်းမိုးရွာခြင်း သည်လည်းကောင်း၊ လက်ဆောင်ပဏ္ဏာ ရှေးရှုဆောင်ပို့ခြင်းသည်လည်းကောင်း၊ ရတနာခုနစ်ပါးတို့ဖြင့် လှည်း၌ ပြည့်စေခြင်းသည်လည်းကောင်း ထိုသားမုဆိုးဖြစ်စဉ်အခါက ပြုခဲ့ဖူးသော ကုသိုလ်ကံ၏ အကျိုးဆက်သာတည်း”ဟု အတိတ်ကိုဆောင်၍ မိန့်ကြားတော်မူလေ၏။

စိတ္တသူကြွယ်ဝတ္ထုပြီး၏။

֍ * ၁၅။ ဝနဝါသီတိဿသာမဏေဝတ္ထု

အညာ ဟိ လာဘူပနိသာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဝနဝါသီတိဿမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မဟာသေနပုဏ္ဏားကြီး ဆင်းရဲခိုက် အလှူပေးခြင်း

အရှင်သာရိပုတြာ မထေရ်မြတ်၏ ဖခမည်းတော် ဝင်္ဂန္တ မည်သော ပုဏ္ဏားကြီး၏ အဆွေခင်ပွန်းဖြစ်သော မဟာသေနအမည်ရှိသော ပုဏ္ဏားကြီးသည် ရာဇဂြိုဟ်ပြည်၌ နေသတတ်။ အရှင်သာရိပုတြာ မထေရ်သည် တစ်နေ့သ၌ ဆွမ်းအလို့ငှာ ကြွသွားတော်မူသည်ရှိသော် ထိုမဟာသေနပုဏ္ဏားကြီး၌ အစဉ်သနားသောအားဖြင့် ပုဏ္ဏားကြီး၏ အိမ်တံခါးသို့ ကြွသွားတော်မူလေ၏။ ထိုပုဏ္ဏားကြီးကား ကုန်ပြီးသော စည်းစိမ်ချမ်းသာ ရှိသည်ဖြစ်၍ ဆင်းရဲခြင်းသို့ ရောက်နေရကား “ငါ၏သား မထေရ်ကား ငါ၏အိမ်တံခါးသို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူလာသည် ဖြစ်ပေလတ္တံ့၊ ငါသည်လည်း ဆင်းရဲခိုက်ဖြစ်ခဲ့၏။ ငါ၏ ဆင်းရဲသည့်အဖြစ်ကိုလည်း မသိလေယောင်တကား၊ ငါ့အား တစ်စုံတစ်ခုသော လှူဒါန်းပေးကမ်းဖွယ် ဝတ္ထုသည်လည်း မရှိ”ဟု ကြံ၍ ထိုပုဏ္ဏားကြီးသည် မထေရ်၏မျက်မှောက်၌ ဖြစ်ခြင်းငှာ (နေထိုင်ခြင်းငှာ) မစွမ်းနိုင်သဖြင့် ပုန်းအောင်း၍သာ နေလေ၏။ အရှင်သာရိပုတြာ မထေရ်သည် နောက်တစ်နေ့၌လည်း ကြွသွားတော်မူပြန်၏။ ပုဏ္ဏားကြီးသည်လည်း ရှေးနည်းအတူ ပုန်းအောင်း၍သာ နေပြန်လေ၏။ “တစ်စုံတစ်ခု လှူဖွယ်ဝတ္ထုကိုရလျှင် လှူဒါန်းပေအံ့”ဟု ကြံပါသော်လည်း တစ်စုံတစ်ခုကိုမျှ မရပေ။ ထို့နောက် တစ်နေ့သ၌ တစ်ခုသော ပုဏ္ဏားတို့ စာဟောပွဲ၌ ထူထဲရုန့်ရင်းသော ပုဆိုးပိုင်းနှင့်တကွ နို့ဃနာခွက်ကိုရသဖြင့် ယူဆောင်၍ အိမ်သို့ရောက်လျှင်ရောက်ချင်း “မထေရ်ကို ဤဆွမ်းကို ငါသည် မထေရ်မြတ်အား ပေးလှူခြင်းငှာ သင့်၏”ဟု အောက်မေ့သတိရရှိလေ၏။

အရှင်သာရိပုတြာ မထေရ်သည်လည်း ထိုခဏ၌ ဈာန်သမာပတ်ကိုဝင်စား၍ သမာပတ်မှ ထတော်မူသည်ရှိသော် ထိုပုဏ္ဏားကြီးကိုမြင်၍ “ပုဏ္ဏားကြီးသည် လှူဖွယ်ဝတ္ထုကို ရသောကြောင့် ငါ၏လာရောက်ခြင်းကို တောင့်တမျှော်လင့်၍ နေ၏၊ ငါသည် ထိုအရပ်သို့ ကြွသွားခြင်းငှာ သင့်လျော် လျောက်ပတ်ပေ၏”ဟု ဒုကုဋ်သင်္ကန်းကို ရုံတော်မူ၍ သပိတ်ပိုက်ကာ ထိုပုဏ္ဏားကြီး၏ အိမ်တံခါးဝ၌ ရပ်လျက်သာလျှင် မိမိကိုယ်ကို ပြတော်မူလေ၏။ မဟာသေန ပုဏ္ဏားကြီးသည် မထေရ်ကိုမြင်ရ၍သာလျှင် စိတ်သည် ကြည်လင်လေ၏။ ထိုအခါ မထေရ်သို့ ချဉ်းကပ်၍ ရိုသေမြတ်နိုး ရှိခိုးပြီးမှ ပဋိသန္ဓာရစကား ပြောကြားသဖြင့် အိမ်တွင်း၌ထိုင်နေစေ၍ နို့ဃနာခွက်ကိုကိုင်လျက် မထေရ်၏သပိတ်၌ လောင်းထည့်လှူဒါန်းလေ၏။ မထေရ်လည်း ထက်ဝက်မျှလောက်ကိုသာ ခံယူလျက် သပိတ်ကိုပိတ်တော်မူ၏။ ထိုအခါ ပုဏ္ဏားကြီးက မထေရ်ကို “အရှင်ဘုရား- ဤနို့ဃနာသည် တစ်ယောက်စာမျှအဖို့သာ ဖြစ်ပါသည်၊ တမလွန်လောက နောက်ဘဝ၌ ချီးမြှင့်ခြင်းကိုသာ ပြုတော်မူပါ၊ ဤပစ္စုပ္ပန်ဘဝ ပစ္စက္ခ၌ ချီးမြှင့်ခြင်းကို ပြုတော်မမူပါလင့်၊ ကြွင်းမဲ့အကုန် အလုံးစုံကိုသာ လှူဒါန်းလိုပါသည်ဘုရား”ဟု လျှောက်ထား၍ အလုံးစုံ အကုန်ကိုပင် လောင်းထည့်၏။ မထေရ်သည်လည်း ထိုနေရာ၌ပင် ဘုဉ်းပေးသုံးဆောင်တော်မူလေ၏။ ထို့နောက် ဆွမ်းဘုဉ်းပေးပြီးသောအဆုံး၌ မထေရ်အား မိမိရရှိသော ပုဆိုးပိုင်းကိုလည်း ပေးလှူ၍ ရှိခိုးဦးချပြီးသောအခါ “အရှင်ဘုရား- တပည့်တော်သည်လည်း အရှင်ဘုရားတို့ သိမြင်အပ်သော တရားတော်ကိုသာလျှင် မျက်မှောက်ပြုနိုင်ရပါလို၏ဘုရား”ဟု ဆုတောင်းလျှောက်ထားလေ၏။ မထေရ်မြတ်ကလည်း “ဒါယကာ ပုဏ္ဏားကြီး- အသင်တောင်းသောဆုအတိုင်း ပြည့်စုံစေ”ဟု ထိုပုဏ္ဏားကြီးအား ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြု၍ နေရာမှထ၍ ဖဲကြွတော်မူလျက် အစဉ်သဖြင့် ဒေသစာရီ လှည့်လည်သည်ရှိသော် ဇေတဝန်ကျောင်းတော်သို့ ရောက်တော်မူလေ၏။

ပုဏ္ဏားကြီးသည်လည်း ထိုအလှူဒါနကို ပေးလှူပြီးလျှင် ကြည်ညိုနှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်လတ်သဖြင့် အရှင်သာရိပုတြာမထေရ်၌ အလွန်အကဲ ချစ်ကြည်မြတ်နိုးခြင်းကို ပြုလေ၏။

မဟာသေနပုဏ္ဏား တစ်ဖြစ်လဲ ကျေးဇူးသိတတ်ခြင်း

ထိုပုဏ္ဏားကြီးသည် မထေရ်၌ ချစ်ခင်ကြည်ညိုခြင်းဖြင့်သာလျှင် သေလွန်ခြင်းကိုပြုသည်ရှိသော် သာဝတ္ထိပြည်ဝယ် အရှင်သာရိပုတြာမထေရ်၏ အလုပ်အကျွေးဖြစ်သော အမျိုးအိမ်၌ ပဋိသန္ဓေ တည်နေစွဲယူလေ၏။ ထိုခဏ၌သာလျှင် ပဋိသန္ဓေတည်နေသောသူငယ်၏ မိခင်သည် “ငါ၏ဝမ်း၌ သူငယ် ပဋိသန္ဓေတည်နေပြီ”ဟု သိလျက် အရှင်ခင်ပွန်းသည် လင်ယောက်ျားအား ပြောကြားသဖြင့် လင်ယောက်ျားက ထိုမိန်းမအား ကိုယ်ဝန်အစောင့်အရှောက်ကို ပေးလေ၏။ ထိုသူငယ်ပဋိသန္ဓေရှိသော မိန်းမအား ပူလွန်းသောအရသာ၊ အေးလွန်သောအရသာ၊ ချဉ်လွန်းသောအရသာ စသည်တို့ကို သုံးဆောင်စားသောက်ခြင်းကို ကြဉ်ရှောင်စေလျက် ချမ်းသာခြင်းဖြင့် ကိုယ်ဝန်ကို စောင့်ရှောက်အပ်သည်ရှိသော် ဤသို့သဘောရှိသော ချင်ခြင်းသည် ဖြစ်လေ၏။ “ငါသည် အရှင်သာရိပုတြာမထေရ် အမှူးရှိကုန်သော ငါးရာသောရဟန်းတို့ကို ပင့်ဖိတ်၍ အိမ်၌ထိုင်နေစေလျက် ရေမရောသော နို့ဃနာဆွမ်းကို ပေးလှူပြီးသောအခါ မိမိကိုယ်တိုင်လည်း ဖန်ရည်စွန်းသော အဝတ်တို့ကိုဝတ်ဆင်၍ ရွှေခွက်ကိုယူပြီးလျှင် အဆုံးဖြစ်သော နေရာစွန်း၌ထိုင်နေလျက် ဤမျှလောက်သော ရဟန်းတို့ ဘုဉ်းပေးသုံးဆောင်၍ ကြွင်းကျန်သော စားကြွင်းနို့ဃနာဆွမ်းကို စားသုံးရပါမူကား ကောင်းလေစွ”ဟု ချင်ခြင်းဖြစ်လေ၏။

ထိုအခါ ထိုမိန်းမ၏ မိဘဆွေမျိုးတို့သည် “ငါတို့သမီး၏ ချင်ခြင်းကား သူတော်ကောင်းတရားအား လျော်ပေ၏”ဟု သာရိပုတြာမထေရ်မြတ်ကို အကြီးအမှူး သံဃာထေရ်ပြု၍ ငါးရာသောရဟန်းတို့အား ရေမရောသော နို့ဃနာဆွမ်းကို ပေးလှူလေကုန်၏။ ထိုမိန်းမသည်လည်း တစ်ခုသော ဖန်ရည်စွန်းသော အဝတ်ကိုဝတ်လျက် တစ်ထည်ကိုရုံလျက် ရွှေခွက်ကိုကိုင်၍ အဆုံးဖြစ်သော နေရာစွန်း၌ ထိုင်နေလျက် သံဃာ့စားကြွင်းဖြစ်သော နို့ဃနာကို သုံးဆောင်စားသောက်လေ၏။ ထိုခဏ၌ ချင်ခြင်းသည် ငြိမ်းပျောက်လေ၏။ ထိုမိန်းမအား ကိုယ်ဝန်မှ ထမြောက်သည်တိုင်အောင် အကြားအကြား၌ ပြုအပ်သော မင်္ဂလာတို့၌လည်းကောင်း၊ ဆယ်လလွန်သဖြင့် သားကိုဖွားမြင်သဖြင့် ပြုအပ်သောမင်္ဂလာတို့၌လည်းကောင်း ရှင်သာရိပုတြာမထေရ်အမှူးရှိသော ရဟန်းငါးရာတို့အား ရေမရောသော ချိုမြိန်သော နို့ဃနာကိုသာလျှင် ပေးလှူကြကုန်၏။

သားဖွားမင်္ဂလာပြုသော နေ့၌ကား ထိုသူငယ်ကို နံနက်စောစောကပင်လျှင် ရေချိုးစေ၍ တန်ဆာဆင်ယင်စေပြီးလျှင် အသရေရှိသော အိပ်ရာဝယ် အဖိုးတစ်သိန်းထိုက်တန်သော ကမ္ဗလာ၏အထက်၌ သိပ်ထားကြလေကုန်၏။ သူငယ်သည်လည်း ထိုကမ္ဗလာ အိပ်ရာထက်၌ အိပ်လျက်သာလျှင် အရှင်သာရိပုတြာမထေရ်ကို စိန်စိန်းကြည့်၍ “ဤမထေရ်သည် ငါ၏ ရှေးဆရာရင်းပေတည်း၊ ငါသည် ဤမထေရ်ကိုမှီ၍ ဤစည်းစိမ်၏ ပြည့်စုံခြင်းကို ရပေ၏။ ငါသည် ဤမထေရ်အား တစ်ခုသော ပစ္စည်းဝတ္ထုကို လှူဒါန်းစွန့်ကြဲခြင်းငှာ သင့်လျော်ပေ၏”ဟုကြံ၍ သိက္ခာပုဒ်သီလကို ခံယူဆောက်တည်စိမ့်သောငှာ သူငယ်ကို ဆောင်ယူလာခဲ့သည်ရှိသော် ထိုတစ်သိန်းတန် ကမ္ဗလာကို လက်ချောင်းငယ်ဖြင့် ရစ်ပတ်ကာ ယူလေ၏။ ထိုအခါ “သူငယ်၏လက်ချောင်း၌ ကမ္ဗလာချိတ်ငြိနေသည်”ဟု သူငယ်ကို ဆောင်ကုန်သောသူတို့သည် ကမ္ဗလာကိုဖယ်ခြင်းငှာ အားထုတ်ကြကုန်၏။ သူငယ်သည် ပြင်းစွာငိုကြွေးလေ၏။ မိဘအဆွေအမျိုးတို့သည် “ဖဲကြကုန်လော့၊ သူငယ်ကို အငိုမရှာကြကုန်လင့်”ဟု တားမြစ်၍ ကမ္ဗလာနှင့်တကွသာလျှင် ဆောင်ယူကြရ၏။ သူငယ်သည်လည်း မထေရ်ကို ရှိခိုးသောအခါ ကမ္ဗလာမှ လက်ချောင်းကိုဆွဲငင်၍ ကမ္ဗလာကို မထေရ်၏ခြေတော်ရင်း၌ ကျစေလေ၏။

တိဿအမည်မှည့်ခြင်းနှင့် ကျောင်းတော်သို့ ပို့ခြင်း

မိဘဆွေမျိုးတို့သည် “သူငယ်သတို့သားသည် ကလေး အမိုက်အမဲ မသိမလိမ္မာသောကြောင့် ပြုလေဘိသည်”ဟု မဆိုမူ၍ “အရှင်ဘုရား- တပည့်တော်တို့၏ သားငယ်ကလေး ပေးကမ်းလှူဒါန်းအပ်သော အလှူသည် လွတ်လွတ်ကျွတ်ကျွတ် စွန့်လွှတ်အပ်ပြီးသော အလှူပင်ဖြစ်ပါစေဘုရား”ဟု လျှောက်ကြား၍ “အရှင်ဘုရား- အဖိုးတစ်သိန်းထိုက်သော ကမ္ဗလာဖြင့် လှူဒါန်းပူဇော်ခြင်းကိုပြုသော အရှင်ဘုရားတို့၏ တပည့်အား သိက္ခာပုဒ်တို့ကို ပေးသနားတော်မူကြပါဘုရား”ဟု လျှောက်ထားကြလေကုန်၏။ “ဤသူငယ်သည် အဘယ်အမည်ရှိသနည်း”ဟု မထေရ်က မေးသည်ရှိသော် “အရှင်ဘုရား- ဤသားငယ်သည် အရှင်ဘုရားနှင့်အမည်တူ တိဿအမည်ရှိသောသူ ဖြစ်ပါလတ္တံ့”ဟု လျှောက်ကြားကြကုန်၏။

ထိုသူငယ်၏ မိခင်လည်း “ငါသည် သားငယ်၏အလိုဆန္ဒ အဇ္ဈာသယကို မဖျက်ဆီးထိုက်”ဟု ကြံလေ၏။ ဤသို့ သူငယ်အား အမည်မှည့်ခြင်း မင်္ဂလာကို ပြုပြီးလျှင် တစ်ဖန် သူငယ်အား ထမင်းအာဟာရ သုံးဆောင်ခြင်းမင်္ဂလာ ပြုရာ၌လည်းကောင်း၊ တစ်ဖန် သူငယ်အား နားထွင်းမင်္ဂလာ ပြုရာ၌လည်းကောင်း၊ ပုဆိုးဝတ်မင်္ဂလာ ပြုရာ၌လည်းကောင်း၊ သျှောင်ထုံးမင်္ဂလာ ပြုရာ၌လည်းကောင်း အရှင်သာရိပုတြာမထေရ် အမှူးရှိသော ငါးရာသောရဟန်းတို့အား ရေမရောသော ချိုမြိန်သော နို့ဃနာဆွမ်းကိုသာလျှင် လှူဒါန်းကြလေကုန်၏။ သူငယ်သည် ကြီးရင့်ခြင်းသို့ရောက်၍ ခုနစ်နှစ်သားအရွယ်ရှိသောအခါ အမိကို “မိခင်- အကျွန်ုပ်သည် အရှင်သာရိပုတြာ၏အထံ၌ ရှင်သာမဏေပြုပါရစေ”ဟု ခွင့်တောင်းလေ၏။ “ချစ်သား- ကောင်းလှပြီ၊ ရှေးအခါ ကာလကပင် ငါသည် သား၏အလိုကို မဖျက်ဆီးထိုက်ဟု စိတ်ထားနှလုံးသွင်းပြုထားသည်၊ ချစ်သား-ရှင်သာမဏေပြုပါ”ဟု အနူးအညွတ်ခွင့်ပြု၍ မထေရ်ကို ပင့်ဖိတ်စေပြီးလျှင် ကြွလာတော်မူသော မထေရ်အား ဆွမ်းကိုပေးလှူသဖြင့် “အရှင်ဘုရား- အရှင်ဘုရားတို့၏ တပည့်သည် ရှင်သာမဏေပြုပါရစေဟု ခွင့်တောင်းပါသည်၊ ဤသူငယ်ကိုယူဆောင်၍ ညချမ်းအခါ ကျောင်းသို့ လာခဲ့ပါမည်ဘုရား”ဟု လျှောက်ကြား၍ မထေရ်ကို လွှတ်လိုက်ပြီးလျှင် ညချမ်းသောအခါ ကြီးစွာသော မြတ်နိုးတနာဖြင့် သားငယ်ကို ယူဆောင်လျက် ကျောင်းတော်သို့သွား၍ မထေရ်အား ဆောင်နှင်းလေ၏။ အရှင်သာရိပုတြာမထေရ်သည် ထိုသူငယ်နှင့်အတူတကွ စကားပြောကြားလိုသည်ဖြစ်၍ “သူငယ်တိဿ- ရှင်သာမဏေပြုရခြင်း မည်သည်ကား ခဲယဉ်းလှပေ၏။ အပူကို အလိုရှိသော် အအေးကို ရတတ်၏၊ အအေးကို အလိုရှိသော် အပူကိုရတတ်၏၊ ရှင်သာမဏေတို့မည်သည် ဆင်းရဲငြိုငြင်သဖြင့် အသက်မွေးကြရကုန်၏။ သင်သည်လည်း ချမ်းသာခြင်းဖြင့် ကြီးပွား၍လာခဲ့၏”ဟု ဤသို့သောစကားကို မိန့်ကြားတော်မူလတ်သော် “အရှင်ဘုရား- တပည့်တော်သည် အရှင်ဘုရားတို့ ဆိုဆုံးမသော နည်းအတိုင်းဖြင့်သာလျှင် အလုံးစုံကိုပြုခြင်းငှာ စွမ်းနိုင်ပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။

ရှင်ပြုခြင်းနှင့် အမည်ထူးရခြင်း

မထေရ်သည်လည်း “ကောင်းလှပြီ”ဟု မိန့်တော်မူ၍ ထိုသူငယ်အား စက်ဆုပ်ရွံရှာဖွယ်သော အခြင်းအရာကို နှလုံးသွင်းသည်၏အစွမ်းဖြင့် တစပဉ္စက ကမ္မဋ္ဌာန်းကို ဟောကြားတော်မူပြီး၍ ထိုသူငယ်ကို ရှင်သာမဏေပြုပေးတော်မူလေ၏။

(ထိုစကားမှန်၏။ အလုံးစုံသော ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို ဟောကြားခြင်းငှာ သင့်လျော်သည်သာလျှင်တည်း။ အလုံးစုံကို ဟောကြားခြင်းငှာ မစွမ်းနိုင်သော ဆရာသည်ကား တစပဉ္စက ကမ္မဋ္ဌာန်းကို ဟောကြားအပ်သည်သာလျှင်တည်း။ ထိုစကား သင့်စွ။ ဤဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းသည် ခပ်သိမ်းသော ဘုရားရှင်တို့ မစွန့်အပ်သော ကမ္မဋ္ဌာန်းသာတည်း။ ဆံပင်အစရှိသော အစုတို့တွင် တစ်ခုတစ်ခုသော အစုတို့၌ အရဟတ္တဖိုလ်သို့ ရောက်ကုန်သော ရဟန်းယောက်ျားတို့၏လည်းကောင်း၊ ရဟန်းမိန်းမတို့၏လည်းကောင်း၊ ဥပါသကာယောက်ျားတို့၏လည်းကောင်း၊ ဥပါသိကာ မိန်းမတို့၏လည်းကောင်း ဤရွေ့ဤမျှဟု အပိုင်းအခြားမည်သည် မရှိ။ လိမ္မာခြင်းမရှိသော ဆရာရဟန်းတို့သည်ကား ရှင်ရဟန်းပြုပေးကြကုန်သည်ရှိသော် အရဟတ္တဖိုလ်၏ အကြောင်းဥပနိဿယကို ဖျက်ဆီးပစ်ကြကုန်၏။ ထို့ကြောင့် မထေရ်သည် တစပဉ္စက ကမ္မဋ္ဌာန်းကို ဟောကြားလျက်သာလျှင် ရှင်ပြုပေး၍ ဆယ်ပါးသော သီလတို့၌ တည်စေလေသတည်း။)

သူငယ်၏ မိခင်ဖခင်တို့သည် သားငယ်၏ ရှင်သာမဏေပြုပွဲ ပူဇော်သက္ကာရကို ပြုကြကုန်လျက် ခုနစ်ရက်ပတ်လုံး ကျောင်းတော်၌သာလျှင် နေကုန်၍ ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား ရေမရောသော ချိုမြိန်သော နို့ဃနာဆွမ်းကိုသာလျှင် ပေးလှူကြကုန်၏။ ရဟန်းသံဃာတို့သည်လည်း “ငါတို့သည် နေ့တိုင်းမပြတ် ရေမရောသော ချိုမြိန်သော နို့ဃနာဆွမ်းကို ဘုဉ်းပေးသုံးဆောင်ခြင်းငှာ မစွမ်းနိုင်ကြကုန်”ဟု ပြစ်တင်ကဲ့ရဲ့ခြင်းကိုပင်သော်လည်း ပြုကြလေကုန်၏။ သာမဏေငယ်၏ မိခင်ဖခင်တို့သည် ခုနစ်ရက်မြောက်သောနေ့ ညချမ်းအခါ အိမ်သို့ပြန်သွားကြလေကုန်၏။ သာမဏေငယ် ရှင်တိဿသည် ရှစ်ရက်မြောက်သောနေ့၌ ရဟန်းတို့နှင့်အတူတကွ ဆွမ်းခံခြင်းအလို့ငှာ ကြွဝင်တော်မူလေ၏။ သာဝတ္ထိပြည်သူပြည်သားတို့သည် “သာမဏေငယ် ရှင်တိဿ ယနေ့ ဆွမ်းခံခြင်းအလို့ငှာ ကြွဝင်တော်မူလာလိမ့်မည်၊ ထိုသာမဏေငယ်အား ပူဇော်သက္ကာရကို ပြုကုန်အံ့”ဟု ငါးရာကုန်သော ပုဆိုးတို့ဖြင့် ခေါင်းခုတို့ကိုပြု၍ ငါးရာကုန်သော ဆွမ်းတို့ကို စီရင်ကာ ဆောင်ယူ၍ ခရီးရင်ဆိုင် တည်နေကြကုန်လျက် ပေးလှူကြလေကုန်၏။ တစ်ဖန် မိုးသောက်ရောက်သောနေ့၌ ကျောင်း၏ဥပစာသို့ လာရောက်၍ ပေးလှူကြကုန်၏။ ဤသို့သောနည်းဖြင့် သာမဏေသည် နှစ်ရက်သောနေ့တို့ဖြင့်သာလျှင် သင်္ကန်းပုဆိုးတစ်ထောင်တို့နှင့်တကွ ဆွမ်းတစ်ထောင်ကိုရ၍ ရဟန်းသံဃာအား ပေးလှူစေလေ၏။

ထိုအခါ ထိုသာမဏေအား ရဟန်းတို့သည် ဆွမ်းတစ်ထောင်လှူသောကြောင့် “ပိဏ္ဍပါတဒါယကတိဿ” ဟူသောအမည်ကို မှည့်ကြလေကုန်၏။

ကမ္ဗလာ အလှူခံကြွခြင်းနှင့် သဝန်တိုသောသူ

တစ်ဖန် တစ်နေ့သ၌ သာမဏေသည် ချမ်းအေးသောအခါ ကျောင်းစဉ်ဒေသစာရီ လှည့်လည်သွားလာသည်ရှိသော် ရဟန်းတော်တို့ကို ထိုထိုသို့သော မီးတင်းကုပ် စသည်တို့၌ မီးလှုံနေကြသည်တို့ကို မြင်ရလျှင် “အရှင်ဘုရားတို့- အသို့ပါနည်း၊ မီးလှုံ၍နေကြပါကုန်သလောဘုရား”ဟု မေးလျှောက်၏။ ရဟန်းတော်တို့က “ရှင်သာမဏေ- ငါတို့အား အချမ်းနှိပ်စက်၏”ဟု မိန့်ကုန်သည်ရှိသော် “အရှင်ဘုရားတို့- ချမ်းသောကာလ၌ မည်သည့်ကမ္ဗလာကို ခြုံခြင်းရုံးခြင်းငှာ သင့်လျော်သည် မဟုတ်ပါတုံလော”ဟု လျှောက်၍ “ထိုကမ္ဗလာကား အချမ်းကိုတားမြစ်ခြင်းငှာ စွမ်းနိုင်ပါသည်ဘုရား”ဟု လျှောက်ပြန်လေ၏။ “ငါ့ရှင်သာမဏေ- သင်ကား မြတ်သော ရှေးဘုန်းရှေးကံ ရှိပေသောကြောင့် ကမ္ဗလာကို ရပေရာ၏။ ဘုန်းကံနည်းပါးသော ငါတို့အား ကမ္ဗလာကို အဘယ်မှာ ရနိုင်ပါအံ့နည်း”ဟု ဆိုလတ်သော် “အရှင်ဘုရားတို့- ထိုသို့ဖြစ်မူ ကမ္ဗလာဖြင့် အလိုရှိကုန်သောပုဂ္ဂိုလ်တို့သည် တပည့်တော်နှင့်တကွ လိုက်လာတော်မူကြပါစေဘုရား”ဟု အလုံးစုံသောကျောင်း၌ ပြောကြားလျှောက်ထားစေ၏။ ထိုအခါ ရဟန်းတော်တို့သည် “သာမဏေငယ် ရှင်တိဿနှင့် အတူတကွသွား၍ ကမ္ဗလာကို ဆောင်ယူကုန်စို့အံ့”ဟု ဆိုလျက် ခုနစ်နှစ်သားမျှရှိသေးသော သာမဏေငယ်ကိုမှီ၍ တစ်ထောင်မျှလောက်သော ရဟန်းတော်တို့သည် ထွက်လာခဲ့ကြကုန်၏။ သာမဏေငယ်လည်း “ဤမျှလောက်များပြားသော ရဟန်းတော်တို့အလို့ငှာ ကမ္ဗလာကို အဘယ်မှာရနိုင်ပါအံ့နည်း”ဟု စိတ်မျှကိုသော်လည်း မဖြစ်စေမူ၍ ထိုရဟန်းတော်တို့ကို ပင့်ခေါ်ဆောင်ယူပြီးလျှင် မြို့သို့ ရှေးရှုကြွသွားတော်မူလေ၏။

ထိုသာမဏေသည် မြို့၏အပ၌သာလျှင် အိမ်စဉ်အတိုင်း ကြွသွားသည်ရှိသော် ငါးရာသော ကမ္ဗလာတို့ကို ရပြီးလျှင် မြို့တွင်းသို့ ကြွဝင်တော်မူပြန်လေ၏။ လူတို့သည် ထိုမှဤမှ ကမ္ဗလာတို့ကို ဆောင်ယူကြရကုန်၏။ ယောက်ျားတစ်ယောက်သည် အိမ်ဈေးတံခါးဖြင့် လာလတ်သည်ရှိသော် ကမ္ဗလာငါးရာတို့ကို ဖြန့်ခင်းရောင်းချ၍နေသော တစ်ယောက်သော ဆိုင်ရှင်ဈေးသည်ကိုမြင်၍ “အိုအချင်း- သာမဏေငယ်တစ်ပါးသည် ကမ္ဗလာတို့ကို ယူဆောင်ရန် တစ်ထောင်မျှလောက်သော ရဟန်းတော်တို့ကို စုရုံးလျက် ကြွလာတော်မူ၏။ အသင်၏ ကမ္ဗလာတို့ကို ဖုံးအုပ်ကာ ထားပါလေလော့”ဟု ပြောကြားလေ၏။ “အသို့နည်း- ထိုသာမဏေငယ်သည် လှူဒါန်းအပ်သော ကမ္ဗလာတို့ကို ယူဆောင်သလော၊ သို့တည်းမဟုတ် မလှူဒါန်းအပ်သော ကမ္ဗလာတို့ကို ယူဆောင်လေသလော”ဟု မေးလတ်သော် “လှူဒါန်းအပ်သော ကမ္ဗလာတို့ကိုသာ ယူ ဆောင်၏”ဟု ဆိုလျှင် “ဤသို့ဖြစ်သည်ရှိသော် အကယ်၍ လှူဒါန်းလိုသည်ဖြစ်အံ့ လှူဒါန်းမည်၊ မလှူဒါန်းလိုမူကား မလှူဒါန်းဘဲပင်နေမည်။ သင်သွားချေလော့”ဟု လွှတ်လိုက်လေ၏။

ခုနစ်နှစ်အရွယ်တွင် ကမ္ဗလာတစ်ထောင်ရခြင်း

ဆိုင်ရှင်ဈေးသည်သည်လည်း “ဤယောကျာ်းကား မိမိ၏သဘောအားဖြင့် လာရောက်၍ အသင်၏ကမ္ဗလာတို့ကို ဖုံးအုပ်ကာ ထားပါလေလော့ဟု ငါ့ကို ဆိုဘိ၏၊ သာမဏေသည် လှူဒါန်းအပ်သော ကမ္ဗလာကိုသာ အကယ်၍ ယူသည်ဖြစ်ခဲ့အံ့၊ ငါသည်ကား ငါ၏ပစ္စည်းဥစ္စာကို အကယ်၍ လှူဒါန်းလိုသည်ဖြစ်အံ့၊ လှူဒါန်းမည်၊ မလှူဒါန်းလိုမူကား မလှူဒါန်းဘဲပင် နေမည်ဟု ဆိုလိုက်မိပေပြီ။ မျက်မှောက်ထင်ထင် မြင်နေရသော အလှူခံပုဂ္ဂိုလ်ကို မပေးမလှူသောသူအား ရှက်ဖွယ်လိလိ ဖြစ်ချေဘိ၏၊ ထို့ကြောင့် မိမိ၏ပစ္စည်းဥစ္စာကို ဖုံးအုပ်ကာထားသောသူအား အပြစ်မရှိ၊ ဤငါးရာသော ကမ္ဗလာတို့တွင် နှစ်ထည်သော ကမ္ဗလာတို့ကား အဖိုးတစ်သိန်းစီ ထိုက်တန်ကုန်၏။ ထိုကမ္ဗလာနှစ်ထည်တို့ကိုသာ ဖုံးလွှမ်းထားခြင်းငှာ သင့်၏”ဟု ကြံ၍ ကမ္ဗလာနှစ်ထည်စလုံးတို့ကို အမြိတ်အဆာတစ်ခုဖြင့် အမြိတ်အဆာတစ်ခုကို ဖွဲ့စပ်ပြီးလျှင် ထိုကမ္ဗလာတို့၏အတွင်း၌ထည့်သွင်း၍ ဖုံးလွှမ်းကာ ထားလေ၏။ သာမဏေသည်လည်း ရဟန်းတစ်ထောင်နှင့်တကွ ထိုအရပ်သို့ ရောက်လာလေ၏။ ဆိုင်ရှင်ဈေးသည်ကား သာမဏေကိုမြင်လျှင်မြင်ချင်း သားတည်းဟူသော ချစ်ခြင်းသည် ဖြစ်ပေါ်လာ၏။ ကိုယ်အလုံးသည် သားတည်းဟူသော ချစ်ခင်ခြင်းဖြင့် ပြည့်သည်ဖြစ်၏။ ထိုဈေးသည်သည် “ကမ္ဗလာတို့ကို ထားလိုက်ဘိဦး၊ ဤသာမဏေကို မြင်ရလျှင် နှလုံးသားကိုပင်သော်လည်း လှူဒါန်းခြင်းငှာ သင့်လျော်လျောက်ပတ်သော သဘောရှိ၏”ဟု ချစ်ခင်လှသဖြင့် အဖိုးတစ်သိန်းစီ ထိုက်တန်ကုန်သော ထိုကမ္ဗလာ နှစ်ထည်တို့ကိုပင် ထုတ်ယူ၍ သာမဏေ၏ ခြေရင်း၌ချထားလျက် ရှိခိုးပြီးလျှင် “အရှင်ဘုရား- အရှင်ဘုရားသည် သိမြင်အပ်သော တရားအဖို့ကို သိရှိနိုင်သောသူဖြစ်ရပါလို၏ဘုရား”ဟု ဆုတောင်းပတ္ထနာ ပြုလေ၏။ သာမဏေသည်လည်း ထိုဒါယကာအား တောင်းသည့်ဆုအတိုင်း ပြည့်စုံလော့ဟု ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုတော်မူလေ၏။

သာမဏေသည် မြို့အတွင်း၌လည်း ကမ္ဗလာငါးရာတို့ကို ရပြန်လေ၏။ ဤသို့လျှင် တစ်နေ့တည်းသာလျှင် ကမ္ဗလာတစ်ထောင်ကို ရရှိသဖြင့် ရဟန်းတစ်ထောင်အား ပေးလှူ၏။ ထိုအခါ ထိုသာမဏေအား ကမ္ဗလာတစ်ထောင် လှူသောကြောင့် “ကမ္ဗလာဒါယကတိဿမထေရ်”ဟူ၍ အမည်ကို မှည့်ကြလေကုန်၏။ ဤသို့ ယခုဘဝ အမည်မှည့်သောနေ့၌ လှူသော ကမ္ဗလာတစ်ထည်သည် ခုနစ်နှစ်သားအရွယ်ရှိသောကာလ၌ ကမ္ဗလာတစ်ထောင်အဖို့သို့ ရောက်လေ၏။

ဤသို့လျှင် သာမဏေသည် ကမ္ဗလာတစ်ထည်၏ အကျိုးဆက်ဖြင့် ခုနစ်နှစ်အရွယ်ရှိစဉ်ကပင် ကမ္ဗလာတစ်ထောင်ကို ရလေ၏။

ခုနစ်နှစ်သားအတွင်း တောနေသဖြင့် လေးမည်ရခြင်း

ဇေတဝန်ကျောင်းတော်၌နေသော ထိုတိဿသာမဏေ၏ အထံသို့ ဆွေမျိုးဖြစ်သော ဒါယကာတို့သည် မပြတ်မလပ် လာရောက်ကြသဖြင့် စကားပြောဆိုခြင်းကို ပြုကြကုန်၏။ ထို့ကြောင့် သာမဏေသည် “ငါကား ဤဇေတဝန်ကျောင်းတော်၌နေသဖြင့် ဆွေမျိုးဖြစ်သော ဒါယကာတို့သည် လာ၍ စကားပြောဆိုကြကုန်သည်ရှိသော် မပြောမဆိုဘဲ နေခြင်းငှာလည်း မတတ်ကောင်း၊ ထိုသူတို့နှင့် အတူတကွ စကားပြောကြားရခြင်းသည်ကား ကြာမြင့်သဖြင့်သော်လည်း မိမိ၏ထောက်ရာတည်ရာ အားကိုးရာကို ပြုခြင်းငှာ မစွမ်းနိုင်၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ကမ္မဋ္ဌာန်းကို သင်ယူပြီးသောအခါ တောအုပ်သို့ သက်ဝင်ရမူကား ကောင်းလေစွတကား”ဟု ကြံဆင်ခြင်လေ၏။ ထိုသာမဏေ ရှင်တိဿသည် မြတ်စွာဘုရားသို့ချဉ်းကပ်၍ အရဟတ္တဖိုလ်တိုင်အောင် ကမ္မဋ္ဌာန်းကို ဟောကြားတော်မူစေပြီးလျှင် ဥပဇ္ဈာယ်ဆရာကို ရိုသေမြတ်နိုး ရှိခိုးသဖြင့် သပိတ်သင်္ကန်းကိုယူလျက် ကျောင်းတော်မှထွက်ခဲ့၍ “ငါသည် နီးသောအရပ်၌ အကယ်၍နေသည်ဖြစ်အံ့၊ ဆွေမျိုးတို့သည် ငါ့ကို ပင့်ခေါ်ကြကုန်လတ္တံ့”ဟု နှလုံးပြု၍ ယူဇနာ တစ်ရာ့နှစ်ဆယ်ကွာသောခရီးသို့ ကြွသွားလေ၏။ ထိုအခါ တစ်ခုသောရွာတံခါးဖြင့် သွားသော သူအိုယောက်ျားတစ်ယောက်ကိုမြင်၍ “ဥပါသကာ ဒါယကာကြီး- ဤအရပ်၌ နေလိုသော ပုဂ္ဂိုလ်တို့အလို့ငှာ တောအင်္ဂါရသောကျောင်းသည် ရှိသလော”ဟု မေးတော်မူ၏။ “အရှင်ဘုရား-ရှိပါသည်”ဟု လျှောက်ကြားလျှင် “ထိုသို့ဖြစ်မူ ကိုရင့်အား လမ်းခရီးကို ညွှန်ကြားပါလော့”ဟု ဆိုလေ၏။ ဥပသကာ သူအိုကြီးအားလည်း ထိုသာမဏေကို မြင်လျှင်မြင်ချင်း သားတည်းဟူသော ချစ်ခြင်းသည် ဖြစ်ပေါ်လေ၏။

ထိုအခါ ထိုသာမဏေအား ထိုအရပ်၌သာလျှင် ရပ်လျက် မညွှန်ကြားမူ၍ “အရှင်ဘုရား- ကြွလာပါလော့၊ အရှင်ဘုရားအား ပြောကြားပါမည်ဘုရား”ဟု ပင့်ခေါ်၍ သွားလေ၏။ သာမဏေသည် ထိုဥပါသကာ သူအိုကြီးနှင့် အတူတကွ သွားသည်ရှိသော် ခရီးအကြား၌ အထူးထူးသော အပွင့်အသီးတို့ဖြင့် တင့်တယ်စွာ တန်ဆာဆင်အပ်ကုန်သော သစ်ပင်တောတောင်နေရာတို့ကို မြင်ရလျှင် “ဥပါသကာကြီး- ဤအရပ်သည် အဘယ်အရပ်မည်သနည်း”ဟု မေး၏။ ဥပါသကာသည်လည်း ထိုသာမဏေအား ထိုနေရာတို့၏အမည်တို့ကို ပြောကြားသဖြင့် တောကျောင်းသို့ ရောက်လတ်သော် “အရှင်ဘုရား- ဤအရပ်ကား ချမ်းသာသုခရှိသော အရပ်တည်း၊ ဤအရပ်၌သာ သီတင်းသုံးနေတော်မူပါဘုရား”ဟု လျှောက်ကြားပြီးလျှင် “အရှင်ဘုရား- အရှင်ဘုရားသည် အဘယ်အမည်ရှိပါသနည်း”ဟု အမည်ကို မေးလျှောက်၍ “နက်ဖြန် တပည့်တော်တို့ရွာ၌ ဆွမ်းအလို့ငှာကြွရန် သင့်လျော်ပါသည်”ဟု လျှောက်ကြား၍ ပြန်လာပြီးသောအခါ ရွာတွင်းသို့သွားလျက် ဝနဝါသီတိဿမထေရ် အမည်ရှိသော အရှင်မြတ်တစ်ပါးသည် ကျောင်းသို့ကြွလာတော်မူ၏။ ထိုအရှင်အလို့ငှာ ယာဂု,ဆွမ်းစသည်တို့ကို စီရင်ကြကုန်လော့”ဟု လူတို့အာ ပြောကြားစေလေ၏။ သာမဏေသည် ရှေးဦးကလျှင် တိဿအမည်ရှိသည်ဖြစ်၍ ထို့နောက်မှ “ပိဏ္ဍပါတဒါယက တိဿ”၊ “ကမ္ဗလဒါယကတိဿ”၊ “ဝနဝါသီတိဿ”၊ ဤသုံးပါးကုန်သော အမည်တို့ကိုရသဖြင့် ခုနစ်နှစ်အတွင်း၌ အမည်လေးပါးတို့ကို ရရှိလေ၏။

တောကျောင်းနေ ကိုရင်တိဿ ရဟန္တာဖြစ်ခြင်း

ထိုသာမဏေသည် တစ်ဖန် မိုးသောက် နက်ဖြန်ရောက်သောနေ့၌ နံနက်စောစောကကလျှင် ထိုရွာသို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူလေ၏။ လူတို့သည် ဆွမ်းကိုလှူဒါန်း၍ ရိုသေမြတ်နိုး ရှိခိုးကြကုန်၏။ သာမဏေသည် “သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ၊ ချမ်းသာကြသူတို့ ဖြစ်ကြပါစေ၊ ဆင်းရဲမှ ကင်းလွတ်ကြပါစေ”ဟု မိန့်ဆိုလေ၏။ တစ်ယောက်သောလူမျှလည်း သာမဏေအား ဆွမ်းလှူပြီးလျှင် တစ်ဖန် အိမ်သို့ပြန်သွားခြင်းငှာ မစွမ်းနိုင်၊ ခပ်သိမ်းသောလူတို့သည် ငေးကြည့်လျက်သာလျှင် တည်နေကြကုန်၏။ တိဿ သာမဏေသည်လည်း မိမိအား မျှတလောက်ရုံသော ဆွမ်းကိုသာလျှင် ခံယူလေ၏။ အလုံးစုံသော ရွာသူရွာသားတို့သည် သာမဏေ၏ခြေရင်း၌ ရင်ဖြင့်ဝပ်လျက် “အရှင်ဘုရား- အရှင်ဘုရားတို့သည် ဤဝါတွင်းသုံးလပတ်လုံး ဤအရပ်၌ သီတင်းသုံးတော်မူသည်ရှိသော် တပည့်တော်တို့သည် သရဏဂုံသုံးပါးတို့ကိုယူ၍ ငါးပါးသောသီလတို့၌ တည်လျက် ဝါတွင်းသုံးလ၏အတွင်း ရှစ်ပါးသော ဥပုသ်သီလတို့ကို ကျင့်သုံးဆောက်တည်ကာ နေကြပါမည်ဘုရား၊ ထို့ကြောင့် ဤအရပ်၌ သီတင်းသုံးတော်မူခြင်းငှာ တပည့်တော်တို့အား ဝန်ခံခြင်းပဋိညာဉ်ကို ပေးသနားတော်မူကြပါဘုရား”ဟု တောင်းပန်လျှောက်ကြားကြကုန်၏။ သာမဏေလည်း ကျေးဇူးဥပကာရကို မှတ်သားသဖြင့် ထိုသူတို့အား ဝန်ခံခြင်းပဋိညာဉ်ကို ပေးတော်မူပြီးလျှင် အမြဲမပြတ် ထိုရွာ၌သာလျှင် ဆွမ်းခံကြွချီလှည့်လည်တော်မူ၏။ ရှိခိုးတိုင်း ရှိခိုးတိုင်းသော ခဏ၌လည်း “သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ”ဟူသော ပုဒ်နှစ်ခုကိုသာလျှင် မိန့်ဆို၍ ဖဲကြွတော်မူလေ၏။ ထိုသာမဏေသည် ထိုအရပ်၌သာလျှင် ပထမတစ်လကိုလည်းကောင်း၊ ဒုတိယ တစ်လကိုလည်းကောင်း လွန်စေ၍ တတိယလသို့ ရောက်လတ်သည်ရှိသော် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။

ရှင်သာရိပုတြာစသော သံဃာလေးထောင် ကြွရောက်ခြင်း

ထို့နောက် ထိုတောကျောင်းနေ ကိုရင်တိဿအား ပဝါရဏာပြု၍ ဝါကျွတ်သောအခါ သာမဏေ၏ ဥပဇ္ဈာယ်ဆရာဖြစ်သော အရှင်သာရိပုတြာမထေရ်သည် မြတ်စွာဘုရား၏အထံတော်သို့ ချဉ်းကပ်၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်သည် တိဿသာမဏေ၏အထံသို့ သွားလိုပါသည်ဘုရား”ဟု လျှောက်ကြားခွင့်တောင်းလေသော် “ချစ်သား သာရိပုတြာ- သွားလေလော့”ဟု ခွင့်ပြုတော်မူ၏။ အရှင်သာရိပုတြာမထေရ်သည် မိမိ၏ အခြံအရံဖြစ်ကုန်သော ရဟန်းငါးရာတို့ကို ခေါ်တော်မူ၍ ဖဲကြွတော်မူစဉ် “ငါ့ရှင်မောဂ္ဂလာန်- ငါသည် တိဿသာမဏေ၏အထံသို့ သွားဦးအံ့”ဟု ပြောကြားလေ၏။ အရှင်မောဂ္ဂလာန်မထေရ်လည်း “ငါ့ရှင်သာရိပုတြာ- ငါသည်လည်း သွားဦးအံ့”ဟု ရဟန်းငါးရာတို့နှင့်တကွ ထွက်ကြွတော်မူလေ၏။ ဤသို့သောနည်းဖြင့် ရှေးအတူသာလျှင် ရှင်မဟာကဿပမထေရ်၊ ရှင်အနုရုဒ္ဓါမထေရ်၊ ရှင်ဥပါလိမထေရ်၊ ရှင်ပုဏ္ဏမထေရ် အစရှိကုန်သော အလုံးစုံသော မဟာသာဝကတို့သည် ငါးရာ,ငါးရာကုန်သောရဟန်းတို့နှင့် အတူတကွ ထွက်ကြွတော်မူကြကုန်၏။ မဟာသာဝကတို့၏ အလုံးစုံသော အခြံအရံ ရဟန်းတော်တို့သည် လေးထောင်မျှ ဖြစ်ကုန်၏။ ယူဇနာ တစ်ရာ့နှစ်ဆယ်တိုင်အောင် လမ်းခရီးသို့ ကြွသွားတော်မူကြကုန်၍ ဆွမ်းခံရွာသို့ ရောက်လာကြကုန်သော အလုံးစုံ လေးထောင်သော ရဟန်းတို့ကို သာမဏေ၏ အမြဲမပြတ် လုပ်ကျွေးသော ဒါယကာသည် ရွာ၏တံခါး၌သာလျှင် မြင်ရသဖြင့် ခရီးဦးကြိုဆို၍ ရိုသေမြတ်နိုး ရှိခိုးလေ၏။

ထိုအခါ ဒါယကာကို အရှင်သာရိပုတြာမထေရ်သည် “ဒါယကာ- ဤအရပ်၌ တောကျောင်းသည် ရှိလေသလော”ဟု မေးတော်မူ၏။ “အရှင်ဘုရား- ရှိပါသည်ဘုရား”ဟု လျှောက်ကြားသောအခါ “ထိုကျောင်းသည် သီတင်းသုံးနေသော ရဟန်းရှိသော ကျောင်းလော၊ မရှိသော ကျောင်းလော”ဟု မေးတော်မူပြန်လေ၏။ “အရှင်ဘုရား- ရဟန်းရှိသော ကျောင်းပါဘုရား”ဟု လျှောက်ကြားသောအခါ “ထိုကျောင်း၌ အဘယ်အမည်ရှိသော ရဟန်းသည် သီတင်းသုံးနေသနည်း”ဟု မေးတော်မူပြန်လေ၏။ “အရှင်ဘုရား- ဝနဝါသီတိဿမထေရ် သီတင်းသုံးနေပါသည်ဘုရား”ဟု လျှောက်လျှင် “ထိုသို့ဖြစ်မူ ငါတို့အား လမ်းခရီးကို ညွှန်ကြားပါလော့”ဟု မိန့်တော်မူ၏။ “အရှင်ဘုရားတို့သည် အဘယ်သို့သော ပုဂ္ဂိုလ်တို့ ဖြစ်ကြပါကုန်သနည်း”ဟု မေးလျှောက်သောအခါ “ဒါယကာ- ငါတို့သည် သာမဏေ၏အထံသို့ လာကြကုန်သော ပုဂ္ဂိုလ်တို့တည်း”ဟု မိန့်တော်မူလေ၏။ ဒါယကာသည် ကြည့်ရှု ဖူးမြော်သဖြင့် တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတြာမထေရ်မြတ်ကို အစပြု၍ အလုံးစုံလည်းဖြစ်ကုန်သော မဟာသာဝကတို့ကို မှတ်မိသောကြောင့် မပြတ်သောပီတိဖြင့် တွေ့ထိသော ကိုယ်ရှိသည်ဖြစ်၍ “အရှင်ဘုရားတို့- ခဏခေတ္တမျှ ဆိုင်းငံ့ရပ်တန့်တော်မူကြပါဦးဘုရား”ဟု လျှောက်ကြားပြီးလျှင် လျင်စွာသောအဟုန်ဖြင့် ရွာတွင်းသို့ဝင်၍ “အမောင်တို့- အမိတို့- အရှင်သာရိပုတြာမထေရ်ကို အစပြု၍ ထိုအသီတိမဟာသာဝကတို့သည် မိမိ၏အခြံအရံနှင့်တကွ သာမဏေ၏အထံသို့ ကြွလာတော်မူကြကုန်၏၊ ညောင်စောင်း, အင်းပျဉ်, အိပ်ရာခင်း, ဆီမီးစသည်တို့ကိုယူ၍ လျင်မြန်စွာ ထွက်ကြကုန်လော့”ဟု ကြွေးကြော်ပြောဆိုလေ၏။ လူတို့သည်လည်း ထိုခဏ၌ပင်လျှင် ညောင်စောင်း စသည်တို့ကိုယူ၍ မထေရ်တို့ ခြေရာစဉ်မီအောင် လိုက်ကုန်သည်ဖြစ်၍ မထေရ်တို့နှင့် အတူတကွသာလျှင် ကျောင်းသို့ ဝင်ရောက်ကြကုန်၏။ သာမဏေသည်လည်း ရဟန်းအပေါင်းကို ကောင်းစွာသိသဖြင့် အစဉ်အတိုင်းဖြစ်ကုန်သော မထေရ်တို့၏ သပိတ်သင်္ကန်းတို့ကိုယူလျက် ဝတ်ကြီးဝတ်ငယ်ကို ပြုလေ၏။ သာမဏေသည် မထေရ်တို့၏ သီတင်းသုံးတော်မူရန် နေရာကို စီရင်တော်မူစဉ် သပိတ်သင်္ကန်းကို သိုမှီးစဉ်ပင်လျှင် မိုးချုပ်မှောင်မိုက်လေ၏။

ဓမ္မကထိက အသစ်တစ်ပါး တောင်းကြပုံ

အရှင်သာရိပုတြာ မထေရ်သည် ဒါယကာတို့ကို “ဒါယကာတို့- ပြန်လည်ကြကုန်လော့၊ သင်တို့အား မိုးချုပ် မှောင်မိုက်ခဲ့ချေပြီ”ဟု မိန့်တော်မူလျှင် “အရှင်ဘုရား- ယနေ့ကား တရားနာအံ့သောနေ့ ဖြစ်ပါသည်၊ တပည့်တော်တို့သည် မသွားလိုကြသေးပါ၊ တရားတော်ကို နာကြားကြကုန်ဦးအံ့၊ ဤနေ့မှ ရှေးအခါ၌ တရားတော်ကို နာကြားရခြင်းမျှလည်း မရှိပါဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ ငါ့ရှင်သာမဏေ- ထိုသို့ဖြစ်မူ ဆီမီးကို ညှိထွန်း၍ တရားနာအံ့သောအခါကို ကြွေးကြော်လေလော့”ဟု မိန့်တော်မူ၏။ သာမဏေသည်လည်း မထေရ် ဆိုတော်မူတိုင်း ပြုလေ၏။ ထိုအခါ သာမဏေကို မထေရ်သည် “တိဿ- သင်၏ အလုပ်အကျွေးဖြစ်ကုန်သော ဒါယကာ, ဒါယိကာမတို့သည် တရားတော်ကို နာကြားခြင်းငှာ အလိုရှိပါကုန်၏ဟု လျှောက်ကြားကြကုန်၏။ ထိုဒါယကာ, ဒါယိကာမတို့အား တရားဟောလေလော့”ဟု မိန့်တော်မူလတ်သော် ထိုဒါယကာ ဒါယိကာမတို့သည် တစ်ပြိုင်နက် တစ်ချက်တည်းထ၍ “အရှင်ဘုရား- တပည့်တော်တို့၏ အရှင်သည်ကား “သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ”ဟူသော ဤနှစ်ပုဒ်တို့ကိုဖယ်ထား၍ တစ်ပါးသောတရားကို မသိတတ်ပါ၊ တပည့်တော်တို့အား တစ်ပါးသော တရားစကားကို ဟောကြားတတ်သော ဓမ္မကထိကကို ပေးသနားတော်မူကြပါဘုရား”ဟု လျှောက်ကြားကြကုန်၏။

ဟောနေကျတရား အကျယ်ချဲ့၍ ဟောပြခြင်း

ထိုအခါ သာမဏေကို ဥပဇ္ဈာယ်ဆရာ ဖြစ်တော်မူသော အရှင်သာရိပုတြာ မထေရ်သည် “ငါ့ရှင်သာမဏေ- အဘယ်သို့လျှင် ချမ်းသာကြသည် ဖြစ်ကုန်သနည်း၊ အဘယ်သို့လျှင် ဆင်းရဲမှ လွတ်ကြကုန်သနည်း၊ ဤနှစ်ပုဒ်တို့၏ အနက်အဓိပ္ပာယ်ကို ငါတို့အား ဟောကြားဦးလော့”ဟု မိန့်တော်မူ၏။ သာမဏေသည် “အရှင်ဘုရား- ကောင်းပါပြီဘုရား”ဟု ဝန်ခံ၍ ဆန်းကြယ်သော ယပ်ကို ကိုင်ယူလျက် တရားဟောပလ္လင်သို့ တက်ပြီးလျှင် နိကာယ်ငါးရပ်တို့မှ အကျိုးကိုလည်းကောင်း၊ အကြောင်းကိုလည်းကောင်း ယူငင်ဆွဲထုတ်၍ တစ်ခဲနက် မိုးကိုရွာသွန်းသော လေးကျွန်းလုံးနှံ့သော မိုးကြီးကဲ့သို့ ခန္ဓာ, အာယတန, ဓာတ်, ဗောဓိပက္ခိယတရားတို့ကို ဝေဖန်လျက် အရဟတ္တဖိုလ်တည်းဟူသော အထွတ်တပ်သောအားဖြင့် တရားစကားကို ဟောကြားပြီးနောက် “အရှင်ဘုရား- ဤသို့လျှင် အရဟတ္တဖိုလ်သို့ ရောက်သောသူအား ချမ်းသာခြင်းသည် ဖြစ်ပါ၏၊ အရဟတ္တဖိုလ်သို့ ရောက်သောသူသည်သာလျှင် ဆင်းရဲမှ လွတ်ပါ၏၊ ကြွင်းသော သတ္တဝါတို့သည် ပဋိသန္ဓေ တည်နေခြင်းစသော ဆင်းရဲတို့မှလည်းကောင်း၊ ငရဲသို့ ကျရောက်ခံစားခြင်း စသော ဆင်းရဲတို့မှလည်းကောင်း မလွတ်နိုင်ကြပါဘုရား”ဟု ဟောကြား လျှောက်ထားလေ၏။ “သာမဏေ- ကောင်းပါပေ၏၊ တရားကို ကောင်းစွာ ဟောကြားအပ်ပေ၏၊ သင့်အား ထက်မြက်သော ပဋိဘာန်ဉာဏ်ပညာ ရှိပေ၏၊ ယခုအခါ သရဘညဝတ်ကို ရွတ်ဆိုဦးလော့”ဟု မိန့်တော်မူပြန်သဖြင့် သာမဏေသည် သရဘညဝတ်ကိုလည်း ရွတ်ဆိုတော်မူလေ၏။

တရားနာသူတို့ နှစ်စုဖြစ်သွားပုံ

အရုဏ်တက်သည်ရှိသော် သာမဏေ၏ အလုပ်အကျွေး ဒါယကာတို့သည် နှစ်ဖို့နှစ်စု ဖြစ်ကြကုန်၏။ အချို့သောသူတို့သည် “ငါတို့ကား ဤသို့ သဘောရှိသော ခက်ထန်ကြမ်းကြုတ်သောသူကို မမြင်ဖူးလေစွတကား။ ထိုစကား မှန်၏။ ဤသို့သဘောရှိသော တရားစကားကို သိတတ်ပါလျက်နှင့် ဤမျှလောက်သော ကာလပတ်လုံး မိခင်ဖခင်အရာ၌တည်၍ လုပ်ကျွေးသောသူတို့အား တစ်ပုဒ်တစ်ပါဒသော တရားကိုမျှ အဘယ့်ကြောင့် မဟောကြားဘဲ နေနိုင်ဘိသနည်း”ဟု အမျက်ထွက်ကြလေကုန်၏။ အချို့သောသူတို့သည် “အကြင်ငါတို့သည် ဤသို့သဘောရှိသော ဂုဏ်ကျေးဇူးအထူးနှင့် ပြည့်စုံသော အရှင်ကို ဂုဏ်ကျေးဇူးရှိသည်ကိုလည်းကောင်း၊ မရှိသည်ကိုလည်းကောင်း မသိကြကုန်သော်လည်း လုပ်ကျွေးသမှု ပြုစုကြရကုန်၏။ ထိုငါတို့အား အရတော်လေစွတကား၊ ယခုအခါမူကား ထိုအရှင်၏အထံတော်၌ တရားနာခြင်းငှာ ရကြပေကုန်ပြီ”ဟု နှစ်သက်ရွှင်လန်း ဝမ်းမြောက်ကြလေကုန်၏။ မြတ်စွာဘုရားသည်လည်း ထိုနေ့ နံနက်စောစောအချိန်အခါ လောကကို ကြည့်ရှုတော်မူသည်ရှိသော် ဝနဝါသီတိဿမထေရ်၏ အလုပ်အကျွေးဖြစ်ကုန်သော ဒါယကာ ဒါယိကာမတို့ကို ကိုယ်တော်မြတ်၏ ဉာဏ်တော်ကွန်ယက်အတွင်းသို့ ဝင်လာသည်တို့ကို မြင်တော်မူရလျှင် “အသို့ ဖြစ်လတ္တံ့နည်း”ဟု စူးစမ်းဆင်ခြင်တော်မူသည်ရှိသော် ဤအကြောင်းကို ဆင်ခြင်မှတ်သား နှလုံးထားတော်မူလေ၏။

ဗုဒ္ဓကိုယ်တော်တိုင် ကြွလာ

“ဝနဝါသီတိဿ သာမဏေ၏ အလုပ်အကျွေး ဖြစ်ကုန်သော ဒါယကာ, ဒါယိကာမတို့သည် အချို့တို့ကား နှစ်သက်ကြကုန်၏။ အချို့တို့ကား အမျက်ထွက်ကြကုန်၏၊ ငါ၏သားတော် တိဿသာမဏေအား အမျက်ထွက်သောသူတို့သည် ငရဲသို့ ကျရောက်ခြင်းအဖို့ ရှိကြသည်ဖြစ်ကုန်လတ္တံ့၊ ထို့ကြောင့် ငါဘုရားသည် ကြွသွားတော်မူသည်ရှိသော် အလုံးစုံသော ထိုဒါယကာ ဒါယိကာမတို့သည် သာမဏေ၌ မေတ္တာစိတ်ကိုဖြစ်စေ၍ ဆင်းရဲမှ လွတ်ကုန်လတ္တံ့”ဟု ကြံဆင်ခြင်တော်မူမိ၏။ ထိုရွာသူရွာသား လူအများတို့သည်လည်း ရဟန်းသံဃာတော်အပေါင်းကို ပင့်ဖိတ်ပြီးလျှင် ရွာသို့သွားရောက် မဏ္ဍပ် ဆောက်လုပ်စေသဖြင့် ယာဂု,ဆွမ်းစသည်တို့ကို စီရင်၍ နေရာတို့ကို ခင်းထားကုန်လျက် ရဟန်းသံဃာတော်အပေါင်း၏ ကြွလာခြင်းကို မျှော်လင့်ဆိုင်းငံ့ကာ နေကြလေကုန်၏။ ရဟန်းတို့သည်လည်း ကိုယ်လက်သုတ်သင်ခြင်းအမှုကို ပြုပြီးလျှင် ဆွမ်းခံချိန်တန်သောအခါ၌ ရွာသို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူကြကုန်သည်ရှိသော် ထိုသာမဏေကို “ငါ့ရှင် တိဿ- အသို့နည်း၊ အသင်သည် ငါတို့နှင့်အတူတကွ လိုက်လာအံ့လော၊ သို့တည်းမဟုတ် နောက်မှ လိုက်လာခဲ့အံ့လော”ဟု မေးကုန်၏။ “တပည့်တော်၏ သွားအံ့သော အချိန်ကာလ တိုင်မှသာလျှင် လိုက်လာခဲ့ပါအံ့၊ အရှင်ဘုရားတို့- အရှင်ဘုရားတို့သည် ရှေးဦးစွာ ကြွနှင့်တော်မူကြပါဘုရား”ဟု လျှောက်ကြားသဖြင့် ရဟန်းသံဃာတို့သည် သပိတ်သင်္ကန်းကိုယူလျက် ရွာသို့ ကြွဝင်ကြလေကုန်၏။ မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌သာလျှင် သင်္ကန်းတော်ကို ရုံတော်မူသဖြင့် သပိတ်တော်ကို ယူတော်မူပြီးလျှင် တစ်ခုသော စိတ္တက္ခဏဖြင့်သာ ကြွတော်မူ၍ ရဟန်းတော်တို့၏ရှေ့၌ ရပ်တော်မူလျက်သာလျှင်ဖြစ်သော ကိုယ်တော်ကို ထင်ရှားပြတော်မူ၏။ “မြတ်စွာဘုရား ကြွလာတော်မူသည်”ဟု အလုံးစုံ တစ်ရွာလုံး တစ်ပြိုင်နက် အုတ်အုတ်ကျက်ကျက် ဖြစ်လေ၏။

ဗုဒ္ဓအား အနုမောဒနာပြုရန် တောင်းပန်ကြခြင်း

လူတို့လည်း ရွှင်လန်းနှစ်သက် တက်ကြွသောစိတ် ရှိကုန်သည်ဖြစ်၍ မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းကို သီတင်းသုံးနေစေတော်မူပြီးလျှင် ယာဂုကိုလှူ၍ ခဲဖွယ်ကို လှူဒါန်းကြကုန်၏။ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ မပြီးမီသာလျှင် သာမဏေလည်း ရွာတွင်းသို့ ဝင်လာခဲ့လေ၏။ ရွာသူရွာသားတို့လည်း ကောင်းစွာဆောင်၍ သာမဏေအား ရိုသေလေးမြတ်စွာ လှူဒါန်းကြကုန်၏။ သာမဏေသည် မိမိ မျှတလောက်ရုံမျှသော ဆွမ်းကို အလှူခံ၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ သပိတ်ကို ဆက်ကပ်လှူဒါန်းလေ၏။ မြတ်စွာဘုရာလည်း “ချစ်သား တိဿ- ဆောင်ယူခဲ့လေလော့”ဟု လက်တော်ကိုဆန့်၍ သပိတ်ကို လှမ်းယူတော်မူပြီးလျှင် “ချစ်သား သာရိပုတြာ- အသင်၏ တပည့်ရင်းဖြစ်သော သာမဏေ၏သပိတ်ကို မြင်၏လော”ဟု မိန့်တော်မူလျက် အရှင်သာရိပုတြာမထေရ်အား လှမ်း၍ ပြတော်မူ၏။ မထေရ်လည်း မြတ်စွာဘုရား၏လက်တော်မှ သပိတ်ကို လှမ်းယူ၍ သာမဏေအားပေးပြီးလျှင် “သွားချေ၊ မိမိအား ရောက်သောနေရာ၌ ထိုင်နေလျက် ဆွမ်းစားခြင်းကိစ္စကို ပြုလေလော့”ဟု မိန့်တော်မူ၏။ ရွာသူရွာသားတို့လည်း ဘုရားအမှူးရှိသော ရဟန်းသံဃာကို ဆွမ်းလုပ်ကျွေးပြီးလျှင် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးဦးချ၍ အနုမောဒနာတရား ဟောကြားခြင်းကို တောင်းပန်ကြကုန်၏။

ဗုဒ္ဓဟောညွှန်ပြ၍ သာမဏေအား ပိုမိုကြည်ညို

မြတ်စွာဘုရားသည် အနုမောဒနာ ပြုတော်မူလိုရကား ဤသို့သောစကားကို မိန့်တော်မူ၏။ “ဒါယကာတို့- သင်တို့အား အရတော်လေစွတကား၊ အကြင် သင်တို့သည် မိမိ၏ဆရာဖြစ်သော သာမဏေကိုအမှီပြု၍ သာရိပုတြာ၊ မောဂ္ဂလာန်၊ ကဿပ၊ အနုရုဒ္ဓါ အစရှိသော အသီတိ မဟာသာဝကတို့ကို ဖူးမြော်ခြင်းငှာ ရကြကုန်၏၊ ငါဘုရားသည်လည်း အသင်တို့၏ဆရာကိုသာ အမှီပြု၍ ကြွလာတော်မူခဲ့ရပေ၏၊ ငါဘုရားအား ဖူးမြင်ရခြင်းကိုလည်း အသင် ဒါယကာတို့သည် ဤသာမဏေကို အမှီပြု၍သာလျှင် ရအပ်ပေ၏၊ အသင်တို့အား အရတော်လေစွတကား၊ ကောင်းစွာ ရအပ်လေစွတကား”ဟု မိန့်တော်မူလေ၏။ လူတို့သည် “ဪ.. အံ့ဖွယ်ရှိလေစွတကား၊ ငါတို့အား အရတော်လေစွတကား၊ မြတ်စွာဘုရားတို့အားလည်းကောင်း၊ ရဟန်းသံဃာအပေါင်းအားလည်းကောင်း နှစ်သိမ့်စေခြင်းငှာ စွမ်းနိုင်သော ငါတို့၏ အရှင်ကို ဖူးမြော်ခြင်းငှာ ငါတို့ ရပေသည်၊ ထိုအရှင်အား လှူဖွယ်ဝတ္ထုကို လှူဒါန်းပူဇော်ခြင်းငှာလည်း ငါတို့ ရပေသည်”ဟု သာမဏေအား အမျက်ထွက်ပြီးကုန်သော လူတို့သည် နှစ်သက်ရွှင်လန်း ဝမ်းမြောက်ကြလေကုန်၏။ နှစ်သက်ပြီးဖြစ်ကုန်သော လူတို့လည်း အတိုင်းထက် အလွန် ကြည်ညိုမြတ်နိုးကြလေကုန်၏။ အနုမောဒနာတရားတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ မြတ်စွာဘုရားလည်း နေရာမှထ၍ ကြွတော်မူသည်ရှိသော် လူတို့သည် မြတ်စွာဘုရားကို အစဉ်လိုက်၍ ပို့ပြီးမှ ရှိခိုးဦးချ၍ ပြန်လည် ဆုတ်နစ်ကြလေကုန်၏။

သမုဒ္ဒရာမြင်ရာ၌ ကိုရင်တိဿ ဆင်ခြင်ပုံ

မြတ်စွာဘုရားသည် သာမဏေနှင့်အတူတကွ သာယာဖြည်းညင်းစွာ ကြွသွားခြင်းဖြင့် ကြွသွားတော်မူလျက် “သာမဏေ- ဤအရပ်သည် အဘယ်အရပ် မည်သနည်း၊ ဤအရပ်သည် အဘယ်အရပ် မည်သနည်း”ဟု ရှေးအခါ သာမဏေအား ဒကာကြီးက ညွှန်ကြားပြောဆိုအပ်သော အရပ်တို့ကို မေးမြန်းကာ ကြွတော်မူလေ၏။ သာမဏေသည်လည်း “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤအရပ်သည်ကား ဤအမည်ရှိပါသည်၊ ဤအရပ်သည်ကား ဤအမည်ရှိပါသည်ဘုရား”ဟု လျှောက်ကြားလျက်သာလျှင် လိုက်သွားလေ၏။ မြတ်စွာဘုရားသည် ထိုသာမဏေ၏ နေရာအရပ်သို့ရောက်လျှင် တောင်ထိပ်သို့ တက်ကြွတော်မူပြန်၏။ ထိုတောင်ထိပ်၌တည်နေသော သူတို့အားကား မဟာသမုဒ္ဒရာသည် ပေါ်လွင်ထင်ရှားလေ၏။ မြတ်စွာဘုရားသည် သာမဏေကို “ချစ်သားတိဿ- တောင်ထိပ်မှရပ်လျက် ထိုမှဤမှ ကြည့်သည်ရှိသော် အဘယ်ကို မြင်ရသနည်း”ဟု မေးတော်မူလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မဟာသမုဒ္ဒရာကို မြင်ရပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “မဟာသမုဒ္ဒရာကိုမြင်လျှင် အဘယ်သို့သော အကြံကို ကြံစည်အောက်မေ့သနည်း”ဟု မေးတော်မူပြန်လတ်သော် “ဆင်းရဲဒုက္ခ တွေ့ကြုံတိုင်း တွေ့ကြုံတိုင်း ငိုကြွေးရသော ငါ၏မျက်ရည်သည် ဤသမုဒ္ဒရာလေးစင်းရှိ ရေထက် အလွန့်အလွန်များသည် ဖြစ်တန်ရာ၏ဟူ၍ ဤအကြံကို တပည့်တော် ကြံမိပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ချစ်သား တိဿ- သာဓု သာဓု၊ ကောင်းလေစွ၊ ကောင်းလေစွ၊ အသင်လျှောက်ကြားသော စကားအတိုင်း ဟုတ်မှန်လှပေ၏။ တစ်ယောက် တစ်ယောက်သော သတ္တဝါ၏ ဆင်းရဲဒုက္ခ တွေ့ကြုံသောအခါ ယိုစီးသော မျက်ရည်တို့သည် သမုဒ္ဒရာလေးစင်းရှိ ရေတို့ထက် အလွန့်အလွန် များကုန်သည်သာလျှင်တည်း”ဟု ဤသို့သောစကားကို မိန့်ကြားတော်မူပြီးလျှင် ဤဂါထာကို ဟောတော်မူလေ၏။

စတူသု သမုဒ္ဒေသု ဇလံ ပရိတ္တကံ၊ တတော ဗဟုံ အဿုဇလံ အနပ္ပကံ။
ဒုက္ခေန ဖုဋ္ဌဿ နရဿ သောစနာ၊ ကိံ ကာရဏာ သမ္မ တုဝံ ပမဇ္ဇသိ။

စတူသု သမုဒ္ဒေသု၊ သမုဒ္ဒရာ လေးစင်းတို့၌။ ဇလံ၊ ရှိသော ရေသည်။ ပရိတ္တကံ၊ နည်း၏။ ဒုက္ခေန၊ ဆင်းရဲခြင်းဖြင့်။ ဖုဋ္ဌဿ၊ တွေ့သော။ နရဿ၊ သတ္တဝါအား။ ဝါ၊ သတ္တဝါ၏။ သောစနာ၊ စိုးရိမ်ခြင်းကြောင့်။ ဇာတံ၊ ဖြစ်သော။ အဿုဇလံ၊ မျက်ရည်သည်။ တတော၊ ထိုထက်။ ဗဟုံ၊ များ၏။ အနပ္ပကံ၊ မနည်း။ သမ္မ၊ အချင်း။ တုဝံ၊ သင်သည်။ ကိံ ကာရဏာ၊ အဘယ်အကြောင်းကြောင့်။ ပမဇ္ဇသိ၊ မေ့လျော့ဘိသနည်း။

အိပ်ရာနေရာ၌ ကိုရင်တိဿ ဆင်ခြင်ပုံ

ထို့နောက်မှ တစ်ဖန် ထိုတိဿသာမဏေကို မြတ်စွာဘုရားသည် “ချစ်သားတိဿ- အဘယ်အရပ်မှာ နေသနည်း”ဟု မေးတော်မူ၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား- ဤတောင်ဝှမ်း၌ နေပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် “ထိုတောင်ဝှမ်း၌နေစဉ် အဘယ်သို့သော အကြံကို ကြံစည်သနည်း”ဟု မေးတော်မူပြန်လေ၏။ “ငါသေသဖြင့် ဤနေရာ၌ အလောင်းကောင် ပစ်ချသည်ကို ပြုရခြင်း၏ အပိုင်းအခြားသည် မရှိပြီဟူ၍ ဤအကြံကို တပည့်တော် ကြံမိပါသည် မြတ်စွာဘုရား”ဟု လျှောက်ကြားလေ၏။ “ချစ်သားတိဿ- သာဓု သာဓု၊ ကောင်းလေစွ၊ ကောင်းလေစွ၊ ချစ်သား တိဿ- သင်လျှောက်ကြားသော စကားအတိုင်း ဟုတ်မှန်လှပေ၏၊ ဤသတ္တဝါတို့အား မဟာပထဝီမြေကြီးထက်၌ လျောင်းအိပ်စက်လျက် မသေဖူးသောနေရာမည်သည် မရှိ”ဟု မိန့်တော်မူပြီးလျှင် ဒုကနိပါတ် ဥပသာဠကဇာတ်လာ ဤဂါထာတို့ကို ဟောတော်မူ၏။

ဥပသာကနာမာနိ၊ သဟဿာနိ စတုဒ္ဒသ။
အသ္မိံ ပဒေသေ ဒဍ္ဎာနိ၊ နတ္ထိ လောကေ အနာမတံ။
ယမှိ သစ္စဉ္စ ဓမ္မော စ၊ အဟိံသာ သံယမော ဒမော။
ဧတံ အရိယာ သေဝန္တိ၊ ဧတံ လောကေ အနာမတံ။

အသ္မိံ ပဒေသေ၊ ဤအရပ်၌။ ဥပသာဠကနာမာနိ၊ ဥပသာဠက အမည်ချည်းသာ တွင်ကုန်သည်ဖြစ်၍။ စတုဒ္ဒသ သဟဿာနိ၊ တစ်သောင်း လေးထောင်သော အလောင်းကောင်တို့ကို။ ဒဍ္ဎာနိ၊ ဖုတ်ကြည်းသင်္ဂြိုဟ်အပ်ကုန်ပြီ။ လောကေ၊ လောက၌။ အနာမတံ၊ မသေဖူးရာဖြစ်သော အရပ်မည်သည်။ ဝါ၊ သုသာန်မဟုတ်သော အရပ်မည်သည်။ နတ္ထိ၊ မရှိ။

ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။ သစ္စဉ္စ၊ သစ္စာလေးပါးသိကြောင်း ရှေ့အဖို့ သစ္စာဉာဏ်သည်လည်းကောင်း။ ဓမ္မော စ၊ ကုသိုလ်တရားသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ အဟိံသာ စ၊ မညှဉ်းဆဲခြင်း ကရုဏာတရားသည်လည်း။ အတ္ထိ၊ ရှိ၏။ သံယမော စ၊ သီလစောင့်ရှောက်ခြင်းသည်လည်း။ အတ္ထိ၊ ရှိ၏။ ဒမော စ၊ ဣန္ဒြေကို ဆုံးမခြင်းသည်လည်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤဂုဏ်လေးပါး အပေါင်းရှိသော ပုဂ္ဂိုလ်ကို။ အရိယာ၊ ဘုရား,ပစ္စေကဗုဒ္ဓါ, သာဝကတို့သည်။ သေဝန္တိ၊ မှီဝဲဆည်းကပ်ကြကုန်၏။ လောကေ၊ လောက၌။ ဧတံ၊ ဤဂုဏ်လေးပါးအပေါင်းသည်။ အနာမတံ၊ သေခြင်း ကင်းသည်ကို ပြီးစေတတ်သောကြောင့် အနာမတ မည်ပေ၏။

အရှင်အာနန္ဒာ ပရိနိဗ္ဗာန်စံတော်မူခြင်း

အရှင်အာနန္ဒာမထေရ်နှင့် တူသောသူတို့သည်ကား မသေဖူးရာဖြစ်သောအရပ်၌ ပရိနိဗ္ဗာန်စံယူတော်မူကြကုန်၏။ အရှင်အာနန္ဒာမထေရ်သည် သက်တော် တစ်ရာ့နှစ်ဆယ် ရှိသောအခါ အာယုသင်္ခါရကို ကြည့်ရှုဆင်ခြင်တော်မူသည်ရှိသော် အာယုသင်္ခါရ ကုန်ခန်းသည့်အဖြစ်ကို သိတော်မူ၍ “ဤနေ့မှနောက် ခုနစ်ရက်မြောက်သောနေ့၌ ငါပရိနိဗ္ဗာန်ပြုတော့အံ့”ဟု မိန့်ကြားတော်မူလေ၏။ ထိုအကြောင်းကို ကြားသိကြရကုန်၍ ရောဟိနီမြစ်၏ နှစ်ဖက်သော ကမ်းခြေတို့၌ နေကုန်သောလူတို့တွင် ဤမှာဘက်ကမ်းခြေ၌နေကုန်သော လူတို့သည်လည်း “ငါတို့သည် မထေရ်မြတ်၏အပေါ်၌ များစွာ ကျေးဇူးဥပကာရ ရှိကြကုန်၏၊ ငါတို့၏အထံ၌ ပရိနိဗ္ဗာန်ပြုတော်မူလတ္တံ့”ဟု ပြောဆိုကြလေကုန်၏။ ထိုမှာဘက်ကမ်းခြေ၌နေကုန်သော လူတို့သည်လည်း “ငါတို့သည် မထေရ်မြတ်၏အပေါ်၌ များစွာ ကျေးဇူးဥပကာရ ရှိကြကုန်၏၊ ငါတို့၏အထံ၌ ပရိနိဗ္ဗာန်ပြုတော်မူလတ္တံ့”ဟု ပြောဆိုကြလေကုန်၏။ အရှင်အာနန္ဒာမထေရ်သည် ထိုလူတို့၏စကားကို ကြားသိတော်မူရလျှင် “နှစ်ဖက်ကမ်းခြေ၌ နေကြကုန်သော လူတို့သည် ငါ၏အပေါ်၌ ကျေးဇူးဥပကာရ များလှသော သူတို့ချည်းသာ ဖြစ်ကုန်၏၊ ဤမည်သောသူတို့ကား ကျေးဇူးမများဟုဆိုခြင်းငှာ မတတ်ကောင်းကုန်၊ ငါသည် ဤမှာဘက်ကမ်း၌ အကယ်၍ ပရိနိဗ္ဗာန်ပြုသည် ဖြစ်ခဲ့အံ့၊ ထိုမှာဘက်ကမ်း၌နေသော သူတို့သည် ငါ၏ဓာတ်တော်ကိုယူခြင်းငှာ ဤမှာဘက်ကမ်း၌ နေသောသူတို့နှင့် ငြင်းခုံခိုက်ရန် ပြုကြကုန်လတ္တံ့၊ ထိုမှာဘက်ကမ်း၌ အကယ်၍ ပရိနိဗ္ဗာန်ပြုသည် ဖြစ်ခဲ့အံ့၊ ဤမှာဘက်ကမ်း၌နေသော သူတို့သည် ထို့အတူ ငြင်းခုံခိုက်ရန် ပြုကြကုန်လတ္တံ့၊ ငြင်းခုံခိုက်ရန် ဖြစ်လတ်သည်ရှိသော်လည်း ငါ့ကိုမှီ၍သာလျှင် ဖြစ်လတ္တံ့၊ ငြင်းခုံခိုက်ရန် ငြိမ်းအေးလတ်သည်ရှိသော်လည်း ငါ့ကိုမှီ၍သာလျှင် ငြိမ်းအေးလတ္တံ့”ဟု ကြံစည်ဆင်ခြင်တော်မူ၍ “ဤမှာဘက်ကမ်း၌နေသော သူတို့သည်လည်း ငါ့အားကျေးဇူးဥပကာရ များကုန်၏၊ ထိုမှာဘက်ကမ်း၌ နေသူတို့သည်လည်း ငါ့အား ကျေးဇူးဥပကာရ များကုန်၏၊ ကျေးဇူးမများသော သူတို့မည်သည် မရှိကုန်။”

“ဤမှာဘက်ကမ်း၌ နေလေ့ရှိသောသူတို့သည် ဤမှာဘက်ကမ်း၌သာ စည်းဝေးကြကုန်လော့၊ ထိုမှာဘက်ကမ်း၌ နေလေ့ရှိသောသူတို့သည်လည်း ထိုမှာဘက်ကမ်း၌သာ စည်းဝေးကြကုန်လော့”ဟု မိန့်တော်မူလေ၏။ ထို့နောက် ခုနှစ်ရက်မြောက်သောနေ့၌ မြစ်၏အလယ် ထန်းခုနစ်ဆင့် အတိုင်းအရှည်မြင့်သော ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် နေထိုင်တော်မူလျက် လူများအပေါင်းအား တရားစကားကို ဟောကြားတော်မူပြီးလျှင် “ငါ၏ကိုယ်သည် အလယ်၌ ထက်ခြမ်းကွဲသဖြင့် တစ်ခုသောအဖို့ကား ဤမှာဘက်ကမ်း၌ ကျစေသတည်း၊ တစ်ခုသောအဖို့ကား ထိုမှာဘက်ကမ်း၌ ကျစေသတည်း”ဟု ဓိဋ္ဌာန်တော်မူ၍ ထိုနေတော်မူမြဲတိုင်းသာလျှင် တေဇောကသိုဏ်းဈာန်ကို ဝင်စားတော်မူလတ်သည်ရှိသော် မီးတောက်မီးလျှံတို့သည် ထကုန်၏။ ကိုယ်တော်သည် အလယ်၌ကွဲ၍ တစ်ခုသောအဖို့သည် ဤမှာဘက်ကမ်း၌ ကျ၏။ တစ်ခုသောအဖို့ကား ထိုမှာဘက်ကမ်း၌ ကျ၏။ ထိုသို့ကျပြီးနောက် ကမ်းခြေနှစ်ဖက်၌ တည်နေစုဝေးကြကုန်သော များစွာသောလူတို့သည် ငိုကြွေးမြည်တမ်းကြလေကုန်၏။ ငိုကြွေးမြည်တမ်းသောအသံသည် မြေကြီးတော်လဲသော အသံကဲ့သို့ပင် ဖြစ်လေ၏။ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်စံတော်မူစဉ်အခါ၌ ငိုကြွေးမြည်တမ်းသော အသံထက်သော်လည်း လွန်စွာသနားကြင်နာဖွယ်ရာ ကောင်းလှပေ၏။ လူတို့သည် လေးလတို့ပတ်လုံး ငိုကြွေးမြည်တမ်းကုန်လျက် “မြတ်စွာဘုရား၏ သပိတ်သင်္ကန်းတော်တို့ကို သယ်ပိုးရွက်ဆောင်လေ့ရှိသော အရှင်အာနန္ဒာမထေရ်သည် တည်နေထင်ရှား ရှိလတ်သော် မြတ်စွာဘုရား၏ တည်နေတကျ ရှိတော်မူသောကာလကဲ့သို့ ငါတို့အား ဖြစ်ချေ၏။ ယခုအခါ၌ ငါတို့၏ဘုရားသည် ပရိနိဗ္ဗာန်စံတော်မူလေပြီ”ဟု ယောင်ယမ်း မြည်တမ်းကုန်လျက် လှည့်လည်သွားလာကြကုန်၏။ ဤကား အရှင်အာနန္ဒာမထေရ်၏ ပရိနိဗ္ဗာန်စံယူခန်း အမြွက်တည်း။

ဗုဒ္ဓ ဇေတဝန်သို့ ပြန်ကြွတော်မူခြင်း

ထို့နောက်တစ်ဖန် မြတ်စွာဘုရားသည် သာမဏေကို “ချစ်သား တိဿ- ဤတောအုပ်၌ သစ်အစရှိသော တောတိရစ္ဆာန်တို့၏အသံဖြင့် ကြောက်ရွံ့,တုန်လှုပ်ခြင်း ဖြစ်လေသလော၊ မဖြစ်လေသလော”ဟု မေးတော်မူလတ်သည်ရှိသော် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ကြောက်ရွံ့တုန်လှုပ်ခြင်း မဖြစ်ပါ၊ စင်စစ်သော်ကား ထိုတောတိရစ္ဆာန်တို့၏အသံကို ကြားရလျှင် တော၌ဖြစ်သော မွေ့လျော်ခြင်းမည်သည် ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားပြီးလျှင် ခြောက်ဆယ်မျှလောက်ကုန်သော ဂါထာတို့ဖြင့် ဝနဝဏ္ဏမည်သော တောဘွဲ့မည်သည်ကို ရွတ်ဆိုလေ၏။ ထိုအခါ သာမဏေကို မြတ်စွာဘုရားသည် “ချစ်သား တိဿ”ဟု ခေါ်တော်မူ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အသို့ပါနည်းဘုရား”ဟု မေးလျှောက်၏။ “ငါတို့သည် ပြန်သွားကြကုန်အံ့၊ အသင်သည် လိုက်လာခဲ့အံ့လော၊ သို့တည်းမဟုတ် ဆုတ်နစ်ပြန်လည်၍ပင် နေရစ်အံ့လော”ဟု မေးတော်မူ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်၏ ဥပဇ္ဈာယ်ဆရာ မထေရ်မြတ်သည် တပည့်တော်ကို ခေါ်ဆောင်၍သွားလိုသည်ဖြစ်ပါအံ့၊ တပည့်တော်လိုက်ပါမည်၊ ဆုတ်နစ် ပြန်လည်စေသည်ဖြစ်ပါအံ့၊ ပြန်လည်၍ နေရစ်ပါမည်ဘုရား”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် ရဟန်းသံဃာတော် အပေါင်းနှင့်တကွ ဖဲသွားတော်မူလေ၏။ သာမဏေအားကား ဆုတ်နစ်ပြန်လည်၍ နေလိုသော ဆန္ဒရှိ၏။ အရှင်သာရိပုတြာ မထေရ်မြတ်သည် ဤသို့ နေရစ်လိုသည်အဖြစ်ကို သိတော်မူသဖြင့် “ငါ့ရှင်တိဿ- အကယ်၍ ပြန်လည်နေလိုသော ဆန္ဒရှိမူကား ဆုတ်နစ် ပြန်လည်လော့”ဟု မိန့်တော်မူ၏။ သာမဏေသည် မြတ်စွာဘုရားကိုလည်းကောင်း၊ ရဟန်းသံဃာတော်အပေါင်းကိုလည်းကောင်း ရိုသေမြတ်နိုး ရှိခိုးဦးချပြီးလျှင် နေရစ်ခဲ့လေ၏။ မြတ်စွာဘုရားလည်း ဇေတဝန်ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။

အစည်းအဝေး၌ ရဟန်းတို့ပြောသောစကား

ရဟန်းသံဃာတော်အပေါင်းတို့အား တရားသဘင်၌ ဤသို့သောစကားသည် ဖြစ်ပေါ်လေ၏။ “ငါ့ရှင်တို့- ဪ.. အံ့ဩဖွယ် ရှိလေစွတကား၊ ဝနဝါသီ တိဿသာမဏေသည် ပြုနိုင်ခဲသောအမှုကို ပြုလေစွတကား၊ ပဋိသန္ဓေ စွဲယူနေသော အခါမှစ၍ ထိုတိဿသာမဏေ၏ ဆွေမျိုးသားချင်းတို့သည် မင်္ဂလာခုနစ်ပါးတို့၌ ငါးရာသောရဟန်းတို့အား ရေမရောသော ချိုမြိန်သော နို့ဃနာဆွမ်းကိုသာလျှင် လှူဒါန်းကြကုန်၏၊ ရှင်သာမဏေပြုသောအခါ ကျောင်း၏အတွင်း၌ မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား ခုနစ်ရက်တို့ပတ်လုံး ရေမရောသော ချိုမြိန်သော နို့ဃနာဆွမ်းကိုသာ လှူဒါန်းကြလေကုန်၏၊ ရှင်သာမဏေပြုပြီး၍ ရှစ်ရက်မြောက်သော နေ့၌လည်း ရွာတွင်းသို့ဝင်သည်ရှိသော် နှစ်ရက်တို့ဖြင့်သာလျှင် ပုဆိုးတစ်ထောင်နှင့်တကွ ဆွမ်းတစ်ထောင်ကို ရပြန်လေ၏။ တစ်ဖန် တစ်နေ့သ၌ ကမ္ဗလာတစ်ထောင်ကို ရလေ၏။ တစ်ဖန် တစ်ခုသောနေ့၌ ကမ္ဗလာတစ်ထောင်ကိုရပြန်လေ၏၊ ဤသို့လျှင် ထိုသာမဏအား ဤအရပ်၌ နေသောအခါ များစွာသော လာဘ်ပူဇော်သက္ကာရသည် ဖြစ်လေ၏။ ယခုအခါ ဤသို့သဘောရှိသော လာဘ်ပူဇော်သက္ကာရကိုစွန့်၍ တောသို့ဝင်ပြီးလျှင် အရောအနှောဖြစ်သော အစာအာဟာရဖြင့် မျှတစေနိုင်ပေ၏၊ သာမဏေသည် ပြုနိုင်ခဲသောအမှုကို ပြုလေစွတကား”ဟု ချီးမွမ်းထောမနာသော စကားသည် ထင်ရှားစွာ ဖြစ်ပေါ်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ငါဘုရား ကြွတော်မူလာသော ဤယခုအခါ၌ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည် ရှိသော် “ချစ်သားရဟန်းတို့- ဪ.. ဟုတ်လှပေ၏။ ထိုလာဘ်ကိုမှီ၍ကျင့်သော အကျင့်မည်သည်လည်း တစ်မျိုးတခြား ဖြစ်၏။ ဤသို့ ကျင့်သည်ရှိသော် လာဘ်ကိုရအံ့ဟူ၍ အာရညကင်စသော ဓုတင်ကို ဆောက်တည်သည်၏ အစွမ်းဖြင့် လာဘ်ကိုမှီ၍ကျင့်သော ဓုတင်စသောအကျင့်ကို ပြုသောရဟန်းအား အပါယ်လေးဘုံတို့သည် တံခါးဟင်းလင်းပွင့်ကုန်၍သာလျှင် တည်ကုန်၏၊ နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်ဖြင့် ဖြစ်ပေါ်လာသော လာဘ်သက္ကာရကို ပယ်ခွာစွန့်ပစ်လျက် တောသို့ဝင်ပြီးသောအခါ ကောင်းမွန်စွာ စေ့ဆော်တတ်သော လုံ့လဥဿာဟ ဝီရိယရှိသော ရဟန်းသည် အရဟတ္တဖိုလ်ကိုယူရလေ၏”ဟု အနုသန္ဓေကိုစပ်၍ တရားကို ဟောကြားတော်မူလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၇၅] အညာ ဟိ လာဘူပနိသာ၊ အညာ နိဗ္ဗာနဂါမိနီ။
ဧဝမေတံ အဘိညာယ၊ ဘိက္ခု ဗုဒ္ဓဿ သာဝကော။
သက္ကာရံ နာဘိနန္ဒေယျ၊ ဝိဝေကမနုဗြူဟယေ။

လာဘူပနိသာ၊ လာဘ်ကိုမှီ၍ကျင့်သော အကျင့်သည်။ အညာဟိ-အညာဧဝ၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်မှတစ်ပါး တခြားသာလျှင်တည်း။ နိဗ္ဗာနဂါမိနီ၊ နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်သည်။ အညာဟိ-အညာဧဝ၊ လာဘ်ရကြောင်း အကျင့်မှတစ်ပါး တခြားသာလျှင်တည်း။ ဧဝံ၊ ဤသို့။ ဧတံ၊ ဤအကျင့်နှစ်ပါးကို။ အဘိညာယ၊ သိ၍။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာဝကော၊ တပည့်သာဝကဖြစ်သော။ ဘိက္ခု၊ ရဟန်းသည်။ သက္ကာရံ၊ လာဘ်ပူဇော်သက္ကာရအထူးကို။ နာဘိနန္ဒေယျ၊ အလွန်နှစ်သက် မတောင့်တရာ။ ဝိဝေကံ၊ သုံးပါးသောဝိဝေကကို။ အနုဗြူဟယေ၊ အဖန်ဖန် ပွားများရာ၏။

ဒေသနာတော်၌ မှတ်ဖွယ် အဓိပ္ပာယ်

(လာဘ်ရကြောင်း အကျင့်ကား တခြား၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကား တခြားစီသာ ဖြစ်၏။ လာဘ်ရလိုသော ရဟန်းသည် အနည်းငယ်သော အကုသိုလ်အမှုကို ပြုသင့်၏၊ ကိုယ်၏ ကောက်ကျစ်စဉ်းလဲခြင်း စသည်တို့ကို ပြုအပ်ကုန်၏။ အကြင်အခါ ကောက်ကျစ်စဉ်းလဲခြင်း တစ်ခုခုကို ပြု၏။ ထိုအခါ လာဘ်လာဘ ဖြစ်ပေါ်လာတတ်၏။ ဥပမာကား နို့ဃနာခွက်၌ ကောက်ကွေးခြင်းမပြုဘဲ ဖြောင့်ဖြောင့်တန်းတန်းဖြစ်သော လက်ကိုချ၍ မြှောက်သောသူ၏လက်သည် လိမ်းကျံရုံမျှသာ ဖြစ်၏။ ကောက်ကွေး၍ မြှောက်သည်ရှိသော်ကား နို့ဃနာအစိုင်အခဲကို ထုတ်ကော်၍သာ ထွက်လာ၏။ ဤဥပမာအတူ ကောက်ကျစ်စဉ်းလဲခြင်း စသည်တို့ကို ပြုသောအခါ၌သာလျှင် လာဘ်လာဘ ဖြစ်ပေါ်၏။ ဤကား တရားနှင့်မညီသော လာဘ်ရကြောင်းအကျင့် မည်ပေ၏။ ခန္ဓာကိုယ် ဥပဓိပြည့်ဖြိုးခြင်း၊ သင်္ကန်း ညီညွတ်စွာဆောင်ခြင်း၊ အကြားအမြင် ဗဟုသုတရှိခြင်း၊ အခြံအရံနှင့် ပြည့်စုံခြင်း၊ တောကျောင်း၌နေခြင်း ဤသို့သဘောရှိသော အကြောင်းတို့ကြောင့် ဖြစ်ပေါ်သော လာဘ်လာဘသည် တရားနှင့်အညီဖြစ်သော လာဘ်မည်ပေ၏။ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းကို ဖြောင့်တန်းစွာ ဖြည့်ကျင့်လိုသောရဟန်းသည် ကိုယ်၏ ကောက်ကျစ်စဉ်းလဲခြင်း စသည်တို့ကို ပယ်စွန့်အပ်ကုန်၏။ မကန်းသော်လည်း ကန်းသကဲ့သို့၊ မအ,သော်လည်း အ,သကဲ့သို့၊ နားမပင်းသော်လည်း နားပင်းသကဲ့သို့ ဖြစ်သင့်၏။ ကောက်ကျစ်စဉ်းလဲခြင်းမှကင်း၍ လှည့်ဖြားခြင်းမှ ကင်းလွတ်သူ ဖြစ်သင့်၏။
ဤသို့ လာဘ်ရကြောင်း၊ နိဗ္ဗာန်ရကြောင်း တရားနှစ်ပါးအပေါင်းကို ကောင်းစွာသိမြင်သော ဗုဒ္ဓ၏သာဝက ရဟန်းကောင်းသည် တရားနှင့်မညီသော ပစ္စည်းလေးသွယ် ပူဇော်ဖွယ်ကို ခုံမင်စုံမက် နှစ်သက်ခြင်းမပြုရာ၏။ တရားနှင့်ညီသော ပစ္စည်းလေးသွယ် ပူဇော်ဖွယ်ကို ပိတ်ပင်တားဆီး မဖျက်ဆီးရာ။ တစ်ကိုယ်တည်းအဖြစ်ဟူသော ကာယဝိဝေက၊ သမာပတ်ရှစ်ပါးဟူသော စိတ္တဝိဝေက၊ နိဗ္ဗာန်ဟူသော ဥပဓိဝိဝေက ဤဝိဝေကသုံးပါးတိုးပွားအောင် ဖြည့်ကျင့်ရာ၏။ ထိုသုံးပါးတို့တွင် ကာယဝိဝေကသည် အပေါင်းအဖော်အပေါင်း၌ နေခြင်းကို ပယ်ဖျောက်တတ်၏။ စိတ္တဝိဝေကသည် ကိလေသာအပေါင်း၌ နေခြင်းကို ပယ်ဖျောက်တတ်၏။ ဥပဓိဝိဝေကသည် သင်္ခါရတရားအပေါင်း၌ နေခြင်းကို ပယ်ဖျောက်တတ်၏။ ကာယဝိဝေကသည် စိတ္တဝိဝေက၏ အကြောင်းအထောက်အပံ့ ဖြစ်၏။ စိတ္တဝိဝေကသည် ဥပဓိဝိဝေက၏ အကြောင်းအထောက်အပံ့ ဖြစ်၏။ ဤဝိဝေကသုံးပါး တိုးပွားအောင် ဖြည့်ကျင့်ရမည် ဟူလို။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဝနဝါသီတိဿသာမဏေဝတ္ထု ပြီး၏။

֍ * ၁။ ရာဓမထေရ်ဝတ္ထု

နိဓီနံဝ ပဝတ္တာရံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်ရာဓမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ပုဏ္ဏားအို၏ကျေးဇူးကို ရှင်သာရိပုတြာ သိတော်မူပုံ

ထိုရာဓမထေရ်သည် လူဖြစ်စဉ်ကာလ၌ သာဝတ္ထိပြည်ဝယ် ဆင်းရဲစွာသော ပုဏ္ဏားတစ်ဦး ဖြစ်သတတ်၊ ထိုပုဏ္ဏားသည် ရဟန်းတော် အရှင်မြတ်တို့၏အထံ၌ အသက်မွေးမြူတော့အံ့ဟု ကြံ၍ ကျောင်းသို့ သွားရောက်ပြီးလျှင် စိမ်းစိုပေါက်ရောက်သော မြက်သစ်ပင်တို့ကို သုတ်သင်ရှင်းလင်းခြင်းကို ပြုလျက် ပရိဝုဏ်ကို တံမြက်လှည်းလျက် မျက်နှာသစ်ရေ စသည်တို့ကိုပေးလျက် ကျောင်း၏အတွင်း၌သာလျှင် နေလေ၏။ ရဟန်းတော် အရှင်မြတ်တို့လည်း ထိုသူဆင်းရဲ ရာဓပုဏ္ဏားကြီးကို ချီးမြှင့်ထောက်ပံ့ကြကုန်၏၊ ရဟန်းပြုပေးခြင်းငှာကား အလိုမရှိကြကုန်။ ထိုပုဏ္ဏားသည်လည်း ရဟန်းအဖြစ်ကို မရသောကြောင့် ပိန်ချုံးကြုံလှီခြင်း ဖြစ်လေ၏။ ထို့နောက် တစ်နေ့သ၌ မြတ်စွာဘုရားသည် နံနက်စောစော မိုးသောက်ထသောအခါ လောကကို ကြည့်ရှုတော်မူလတ်သည်ရှိသော် ထိုပုဏ္ဏားကြီးကို မြင်တော်မူရ၍ “အသို့ ဖြစ်လတ္တံ့နည်း”ဟု စူးစမ်းဆင်ခြင်တော်မူသည်ရှိသော် “အရဟတ္တဖိုလ်သို့ လျင်စွာ ရောက်ခြင်းဖြစ်လတ္တံ့”ဟု သိတော်မူ၍ ညချမ်းသောအခါ ကျောင်းစဉ်ဒေသစာရီ လှည့်လည်တော်မူဘိသကဲ့သို့ ပုဏ္ဏား၏အနီးသို့ ကြွသွားတော်မူသဖြင့် “ပုဏ္ဏားကြီး- အဘယ်သို့သောအမှုကိုပြု၍ လှည့်လည်ဘိသနည်း”ဟု မေးတော်မူ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ရဟန်းတော် အရှင်မြတ်တို့၏ ဝတ်ကြီးဝတ်ငယ်ကို ပြုစုဆောင်ရွက်လျက် နေပါသည်ဘုရား”ဟု လျှောက်ကြားလေသော် “ထိုရဟန်းတို့၏အထံမှ ထောက်ပံ့ချီးမြှင့်ခြင်းကို ရလေသလော”ဟု မေးတော်မူပြန်၏။ “မှန်လှပါသည် မြတ်စွာဘုရား- အစာအာဟာရ ချီးမြှင့်ခြင်းမျှကိုသာ ရပါ၏၊ စင်စစ်မှာ တပည့်တော်ကို ရဟန်းပြုမပေးလိုကြပါဘုရား”ဟု လျှောက်ထားပြန်သောအခါ မြတ်စွာဘုရားသည် ထိုအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေ၍ ထိုသို့သောအကြောင်းကို မေးမြန်းတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ဤပုဏ္ဏားကြီးပြုစုဖူးသော ကျေးဇူးအထူးကို အောက်မေ့နိုင်သော တစ်စုံတစ်ယောက်သော ရဟန်းသည် ရှိလေသလော”ဟု မေးတော်မူ၏။

အရှင်သာရိပုတြာမထေရ်သည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော် အောက်မေ့မိပါသည်ဘုရား၊ ဤပုဏ္ဏားကြီးသည် ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှာ လှည့်လည်သွားလာသော တပည့်တော်အား မိမိအလို့ငှာ ရှေးရှုဆောင်အပ်သော တစ်ယောက်မျှသောဆွမ်းကို ပေးလှူစေဖူးပါသည်၊ တပည့်တော်သည် ဤပုဏ္ဏားကြီး၏ ပြုစုဖူးသော ကျေးဇူးအထူးကို အောက်မေ့မိပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ချစ်သား သာရိပုတြာ- အသို့နည်း၊ သင့်အား ဤသို့ ပြုဖူးသော ကျေးဇူးရှိသောသူတစ်ယောက်ကို ဆင်းရဲအပေါင်းမှ လွက်စေခြင်းငှာ သင့်လျော်သည် မဟုတ်တုံလော”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- ကောင်းလှပါပြီ၊ တပည့်တော် ရဟန်းပြုပေးပါမည်ဘုရား”ဟု လျှောက်ကြားပြီးလျှင် ထိုပုဏ္ဏားကြီးကို ရဟန်းပြုပေးတော်မူလေ၏။ ထိုရာဓပုဏ္ဏားရဟန်းကြီးသည် ဆွမ်းစားဇရပ်၏ အစွန်အဖျား၌သာ နေရာရ၏။ ယာဂုဆွမ်း စသည်တို့ဖြင့်လည်း ပင်ပန်းဆင်းရဲ၏။ အရှင်သာရိပုတြာမထေရ်သည် ထိုရဟန်းကြီးကို ခေါ်ဆောင်တော်မူ၍ ဒေသစာရီ လှည့်လည် ဖဲကြွတော်မူ၏။ အစဉ်မပြတ်လျှင် ထိုရာဓပုဏ္ဏားရဟန်းကြီးကို “ဤအမှုကား သင်သည် ပြုအပ်၏။ ဤအမှုကား သင်သည် မပြုအပ်”ဟု သွန်သင်ဆုံးမ ကံ့မြစ်တော်မူ၏။ ထိုရဟန်းကြီးလည်း ဆိုလွယ်သောစကား ရှိသည်ဖြစ်၍ အဆုံးအမကို ရိုသေစွာ လိုက်နာခံယူလေ၏။ ထို့ကြောင့် ပြောဆိုဆုံးမတိုင်း ကျင့်လတ်သည်ရှိသော် နှစ်ရက်,သုံးရက်ဖြင့်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ အရှင်သာရိပုတြာမထေရ်သည် ထိုရဟန်းကြီးကို ခေါ်ဆောင်တော်မူ၍ မြတ်စွာဘုရား၏အထံသို့ သွားရောက်ပြီးလျှင် ရိုသေမြတ်နိုး ရှိခိုးဦးချလျက် ထိုင်နေလေ၏။

ထိုအခါ မြတ်စွာဘုရားသည် အရှင်သာရိပုတြာမထေရ်ကို ပဋိသန္ဓာရပြုတော်မူ၍ “ချစ်သားသာရိပုတြာ- အသင်၏ အန္တေဝါသိက တပည့်ရဟန်းကြီးသည် ပြောဆိုဆုံးမလွယ်ကူ၏လော”ဟု မေးတော်မူ၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား- အလွန်ပင် ဆိုဆုံးမ၍ လွယ်ကူပါသည်၊ တစ်စုံတစ်ခုသော အပြစ်ကြောင့် ပြောဆိုဆုံးမသည်ရှိသော် အမျက်ဒေါသမာန် ခက်ထန်ခြင်း တစ်ရံတစ်ခါမျှ မရှိပါဘုရား”ဟု လျှောက်ထားသဖြင့် “ချစ်သား သာရိပုတြာ- ဤသို့သဘောရှိသော သဒ္ဓိဝိဟာရက အတူနေတပည့်ကို ရရှိသည်ရှိသော် အဘယ်မျှလောက်သော တပည့်တို့ကို သင်သည် သိမ်းဆည်းစောင့်ရှောက်နိုင်လတ္တံ့နည်း”ဟု မေးတော်မူပြန်သောအခါ “မြတ်စွာဘုရား- ဤကဲ့သို့သော တပည့်တို့ကို များစွာပင် ဖြစ်လေငြားသော်လည်း သိမ်းဆည်း စောင့်ရှောက်နိုင်သည်သာပါဘုရား”ဟု လျှောက်ထားလေ၏။ ထို့နောက် တစ်နေ့သ၌ တရားသဘင်တွင် “အရှင်သာရိပုတြာမထေရ်သည် ပြုအပ်ဖူးသော သူ့ကျေးဇူးကို သိတတ်၏။ သူ့ကျေးဇူးကို ထင်စွာ ပြုတတ်၏၊ တစ်ယောက်မ,မျှ ဆွမ်းလှူဖူးသော ကျေးဇူးကို အောက်မေ့၍ ဆင်းရဲသောပုဏ္ဏားကို ရဟန်းပြုပေးတော်မူပေ၏၊ ထို့ကြောင့် မထေရ်သည်လည်း ဆုံးမခြင်းကို ခံနိုင်သည်ဖြစ်၍ ဆုံးမခြင်းကိုခံနိုင်သော တပည့်ကိုသာ ရလေသည်တကား”ဟူသော စကားကို ဖြစ်စေကြလေကုန်၏။

သူ့ကျေးဇူး သိဖူးပုံ အလီနစိတ္တဇာတ် အမြွက်

မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကို ကြားတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ၌သာလျှင် မဟုတ်သေး၊ ရှေးအခါကာလ၌လည်း သာရိပုတြာသည် ပြုအပ်ဖူးသော သူ့ကျေးဇူးကို သိတတ်၍ ထင်စွာ ပြုတတ်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ထိုအကြောင်းကို ထင်စွာ ပြခြင်းငှာ-

အလီနစိတ္တံ နိဿယ၊ ပဟဋ္ဌာ မဟတီ စမူ။
ကောသလံ သေနာသန္တုဋ္ဌံ၊ ဇီဝဂ္ဂါဟံ အဂါဟယိ။
ဧဝံ နိဿယသမ္ပန္နော၊ ဘိက္ခု အာရဒ္ဓဝီရိယော။
ဘာဝယံ ကုသလံ ဓမ္မံ၊ ယောဂက္ခေမဿ ပတ္တိယာ။
ပါပုဏေ အနုပုဗ္ဗေန၊ သဗ္ဗသံယောဇနက္ခယံ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ အလီနစိတ္တံ၊ အလီနစိတ္တ မည်သော မင်းသားကလေးကို။ နိဿယ၊ အမှီပြု၍။ ပဟဋ္ဌာ၊ ရွှင်လန်းနှစ်သက် ကြွတက်သော စိတ်နှလုံးရှိသော။ မဟတီ၊ များစွာသော။ စမူ၊ စစ်သည် ရဲမက်အပေါင်းသည်။ သေန၊ မိမိ၏ဥစ္စာဖြစ်သော တိုင်းပြည်ဖြင့်။ အသန္တဋ္ဌံ၊ ရောင့်ရဲတင်းတိမ်ခြင်းကင်းသော။ ကောသလံ၊ ကောသလမင်းကြီးကို။ ဇီဝဂ္ဂါဟံ၊ အရှင် လက်ရဖမ်းခြင်းကို။ ဝါ၊ ဖမ်းခြင်းဖြင့်။ ဟတ္ထိနာ၊ မင်္ဂလာဆင်တော်ကြီးကို။ အဂါဟယိ၊ ဖမ်းယူစေလေပြီ။

ဧဝံ၊ ဤအတူ။ နိဿယသမ္ပန္နော၊ ကလျာဏမိတ္တ အမှီကောင်းနှင့် ပြည့်စုံသော။ အာရဒ္ဓဝီရိယော၊ အားထုတ်အပ်သော လုံ့လဝီရိယနှင့် ပြည့်စုံသော။ ဘိက္ခု၊ ရဟန်းသည်။ ဝါ၊ အမျိုးကောင်းသားသည်။ ယောဂက္ခေမဿ၊ ယောဂလေးရပ် ဘေးရန်ပြတ်သည့် အမြတ်နိဗ္ဗာန်သို့။ ပတ္တိယာ၊ ရောက်စိမ့်သောငှာ။ ကုသလံ၊ အပြစ်ကင်းသော။ ဓမ္မံ၊ ဗောဓိပက္ခိယ တရားကို။ ဘာဝယံ-ဘာဝယန္တော၊ ပွားများစေလျက်။ အနုပုဗ္ဗေန၊ အစဉ်အတိုင်းအားဖြင့်။ သဗ္ဗသံယောဇနက္ခယံ၊ အလုံးစုံသော သံယောဇဉ်တို့၏ ကုန်ခြင်းအဆုံး၌ ဖြစ်သော အရဟတ္တဖိုလ်သို့။ ဝါ၊ နိဗ္ဗာန်သို့။ ပါပုဏေ ပါပုဏာတိ၊ ရောက်၏။

ဤသို့လျှင် ဒုကနိပါတ်၌ အလီနစိတ္တဇာတ်ကို အကျယ်ချဲ့၍ ဟောတော်မူလေ၏။ ထိုအခါကာလ လက်သမားဆရာတို့သည် အနာမရှိအောင်ပြုခြင်းဖြင့် မိမိအားပြုအပ်သော ကျေးဇူးဥပကာရကိုသိ၍ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူသော ဆင်ငယ်ကိုပေးသော တစ်စီးတည်းသာ လှည့်လည်ကျက်စားသွားလာလေ့ရှိသော ဧကစာရီ ဆင်ပြောင်ကြီးသည် သာရိပုတြာ ဖြစ်ဖူးလေသတတ်ဟု ဤသို့လျှင် အရှင်သာရိပုတြာမထေရ်ကို အကြောင်းပြု၍ အလီနစိတ္တဇာတ်ကို ဟောကြားတော်မူပြီးလျှင်-

ရာဓမထေရ်ကို အကြောင်းပြု၍ “ချစ်သားရဟန်းတို့- ရဟန်းမည်သည်ကား ရာဓမထေရ်ကဲ့သို့ ပြောဆိုဆုံးမလွယ်သော စကားရှိသည် ဖြစ်ရာ၏၊ အပြစ်ကိုပြ၍ ပြောဆိုဆုံးမအပ်သဖြင့်လည်း အမျက်မထွက်အပ်၊ အဆုံးအမ ပေးလာသောသူကိုကား ရတနာရွှေအိုးကို ညွှန်ပြပြောကြားလာသောသူကဲ့သို့ မှတ်အပ်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေ စပ်လျက် တရားတော်ကို ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၇၆] နိဓီနံဝ ပဝတ္တာရံ၊ ယံ ပဿေ ဝဇ္ဇဒဿိနံ။
နိဂ္ဂယှဝါဒိံ မေဓာဝိံ၊ တာဒိသံ ပဏ္ဍိတံ ဘဇေ။
တာဒိသံ ဘဇမာနဿ၊ သေယျာ ဟောတိ န ပါပိယော။

ဝဇ္ဇဒဿိနံ၊ အပြစ်ကို ဖော်ပြတတ်သော။ နိဂ္ဂယှဝါဒိံ၊ နှိပ်ကွပ်၍ ဆိုဆုံးမလေ့ရှိသော။ မေဓာဝိံ၊ ပညာထက်မြက် ဉာဏ်သန်လျက်ရှိထသော။ ယံ ပဏ္ဍိတံ၊ အကြင်ပညာရှိကို။ ပဿေ၊ တွေ့မြင်ရငြားအံ့။ တာဒိသံ၊ ထိုသို့ သဘောရှိသော။ တံ ပဏ္ဍိတံ၊ ထိုပညာရှိကို။ နိဓီနံ၊ မြှုပ်ထားအပ်သော ဥစ္စာအိုးတို့ကို။ ပဝတ္တာရံ ဣဝ၊ ထုတ်ဖော်ပြောကြားလာသောသူကဲ့သို့။ ဘဇေ၊ ဆည်းကပ်ရာ၏။ တာဒိသံ၊ ထိုသို့ သဘောရှိသော ပညာရှိကို။ ဘဇမာနဿ၊ ဆည်းကပ်သောသူအား။ သေယျော၊ အထူးသဖြင့် မြတ်သည်။ ဟောတိ၊ ဖြစ်၏။ ပါပိယော၊ ယုတ်မာသည်။ န ဟောတိ၊ မဖြစ်။

ဒေသနာတော်၌ မှတ်ဖွယ် အဓိပ္ပာယ်

(ထိုထိုအရပ်၌ မြှုပ်ထားအပ်သော ရွှေ,ငွေစသည်တို့ဖြင့် ပြည့်သော အိုးကြီးတို့ကို ဆင်းရဲငြိုငြင် ပင်ပန်းသောလူတို့ကို သနားသဖြင့် “လာခဲ့၊ ချမ်းသာစွာ အသက်မွေးခြင်းအကြောင်းကို ပြပေအံ့”ဟု ရွှေအိုးနေရာသို့ဆောင်၍ လက်ကိုဆန့်တန်းလျက် “ဤဥစ္စာကိုယူပြီး ချမ်းသာစွာ အသက် မွေးလေလော့”ဟု ပြောကြားညွှန်ပြသောသူကို နှစ်သက်စွာ မှီဝဲဆည်းကပ်ရသကဲ့သို့ အပြစ်ဖော်ပြတတ်သော, နှိပ်ကွပ်ဆုံးမတတ်သော, ထက်မြက်သောပညာဖြင့် ပညာရှိသောပုဂ္ဂိုလ်ကို နှစ်သက်စွာ မှီဝဲဆည်းကပ်ရမည်။ ဤနေရာ၌ အပြစ်ဖော်ပြတတ်သောသူ နှစ်မျိုးရှိ၏။ “ဤမလျော်သော ပြစ်ချက်ဖြင့် ဤသူ့ကို ပရိသတ်အလယ် နှိပ်စက်အရှက်ခွဲအံ့”ဟု အပြစ်ရှာနေသောသူလည်း တစ်ယောက် ဖြစ်၏။ မတတ်,မသိ,မလိမ္မာသေးလျှင် တတ်သိလိမ္မာစိမ့်သောငှာ၊ တတ်သိလိမ္မာလျှင် ချီးမြှောက်ထောက်ပံ့ခြင်းငှာ ထိုသူအား သီလစသည်တို့ဖြင့် ကြီးပွားစေလိုသဖြင့် ထိုထိုအပြစ်ကို ကြည့်ရှုဆင်ခြင်ခြင်းအားဖြင့် ထုတ်ဆောင်ကယ်ဆယ်လိုသော သဘောရှိသော ပညာရှိလည်း တစ်ယောက်ဖြစ်၏။ ထိုနှစ်မျိုးတို့တွင် နောက်ပုဂ္ဂိုလ်သာ ဤနေရာ၌ အလိုရှိအပ်သည်။)

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ရာဓမထေရ်ဝတ္ထုပြီး၏။

֍ * ၂။ အဿဇိပုနဗ္ဗသုကရဟန်းတို့ ဝတ္ထု

ဩဝဒေယျအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အဿဇိ,ပုနဗ္ဗသုက အမည်ရှိကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဆုံးမတတ်သူ လူမိုက်မုန်းခြင်း

ထိုအဿဇိ,ပုနဗ္ဗသုက ရဟန်းတို့သည် အဂ္ဂသာဝက မထေရ်အရှင်တို့၏ ဥပဇ္ဈာယ်ယူ သဒ္ဓိဝိဟာရိကတပည့် ရဟန်းတို့ ဖြစ်ကုန်သတတ်။ သို့ရာတွင် ထိုရဟန်းတို့သည် အရှက်မရှိသော အလဇ္ဇီရဟန်းတို့ ဖြစ်ကုန်၏။ ယုတ်မာသော အကျင့်ရှိသော ရဟန်းတို့သာတည်း။ ထိုရဟန်းတို့သည် မိမိ၏ အခြံအရံဖြစ်သော ရဟန်းငါးရာတို့နှင့်တကွ ကိဋာဂိရိဇနပုဒ်၌ နေကြကုန်လျက် ပန်းပင်ငယ်ကို မိမိလည်းစိုက်ပျိုးကြကုန်၏၊ သူတစ်ပါးကိုလည်း စိုက်ပျိုးစေကြကုန်၏။ ဤသို့အစရှိသော အထူးထူးအပြားပြား မလျောက်ပတ်သောအကျင့်ကို ပြုကျင့်ကြကုန်၍ ဒါယကာတို့၏သဒ္ဓါတရားကို ဖျက်ဆီးခြင်း ကုလဒူသနအမှုကို ပြုကြသဖြင့် ထိုကုလဒူသနအမှုကြောင့် ရအပ်ကုန်သော ပစ္စည်းတို့ဖြင့် အသက်မွေးခြင်းကိုပြုကုန်လျက် ထိုကျောင်း အရိပ်အာဝါသကို သီလကို ချစ်မြတ်နိုးကုန်သောရဟန်းတို့ မနေနိုင်အောင် ပြုလုပ်ကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုအကြောင်းကို ကြားသိတော်မူ၍ ထိုအဿဇိ,ပုနဗ္ဗသုက ရဟန်းတို့အား ပဗ္ဗာဇနီယကံကိုပြုစေခြင်းငှာ တပည့်အခြံအရံနှင့်တကွ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကို ခေါ်တော်မူ၍ “ချစ်သား သာရိပုတြာ မောဂ္ဂလာန်တို့- သွားကြလေကုန်၊ ထိုရဟန်းတို့တွင် အကြင်ရဟန်းတို့သည် အသင်တို့၏ စကားကို မလိုက်နာကြကုန်၊ ထိုရဟန်းတို့အား ပဗ္ဗာဇနီယကံကို ပြုကြကုန်လော့၊ အကြင်ရဟန်းတို့သည် အသင်တို့၏စကားကို လိုက်နာခြင်းပြုကြကုန်၏၊ ထိုရဟန်းတို့ကိုသာလျှင် ပြောဆိုဆုံးမကြကုန်လော့၊ ကံ့မြစ်ကြကုန်လော့။ ထိုစကား မှန်၏။ ပြောဆိုဆုံးမတတ်သောသူ, ကံမြစ်တတ်သောသူကို ပညာမရှိသော သူတို့သည်သာလျှင် မချစ်မနှစ်သက်အပ်၊ နှလုံးကို မပွားအပ်၊ ပညာရှိတို့သည်ကား နှစ်သက်မြတ်နိုးအပ်၏၊ နှလုံးကို ပွားစေအပ်၏”ဟု အနုသန္ဓေစပ်၍ တရားတော်ကို ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၇၇] ဩဝဒေယျာနုသာသေယျ၊ အသဗ္ဘာ စ နိဝါရယေ။
သတံ ဟိ သော ပိယော ဟောတိ၊ အသတံ ဟောတိ အပ္ပိယော။

ဩဝဒေယျ၊ ဆုံးမရာ၏။ အနုသာသေယျ၊ ကံ့မြစ်ရာ၏။ အသဗ္ဘာ စ၊ အကုသိုလ်တရားမှလည်း။ နိဝါရယေ၊ တားမြစ်ရာ၏။ (ကုသိုလ်တရား၌ တည်စေရာ၏ဟူလို)။ ဟိ၊ ထိုစကား သင့်စွ။ သော၊ ထိုဆုံးမကံ့မြစ်တတ်သောသူသည်။ သတံ၊ သူတော်ကောင်းတို့သည်။ ဝါ၊ သူတော်ကောင်းတို့၏။ ပိယော၊ ချစ်ခင်နှစ်သက် မြတ်နိုးအပ်သောသူသည်။ ဟောတိ၊ ဖြစ်၏။ အသတံ၊ လာဘ်ကိုမျှော်တွေး ဝမ်းရေးကိုရှာ သူယုတ်မာတို့သည်။ ဝါ၊ သူယုတ်မာတို့၏။ ဝါ၊ နှုတ်လှံထိုးသူတို့၏။ အပ္ပိယော၊ မချစ်ခင် မမြတ်နိုးအပ်သော သူသည်။ ဟောတိ၊ ဖြစ်၏။

(အကြောင်းဖြစ်မှ ဆုံးမလျှင် ဩဝါဒ၊ မဖြစ်မီ ကြိုတင် ဆုံးမလျှင် အနုသာသနီ မည်၏။ တစ်နည်းကား မျက်မှောက်ဆုံးမလျှင် ဩဝါဒ၊ မျက်ကွယ် စေလွှတ်၍ စာပေး၍ ဆုံးမလျှင် အနုသာသနီ။ တစ်နည်းကား တစ်ကြိမ်ဆုံးမလျှင် ဩဝါဒ၊ အကြိမ်ကြိမ် ဆုံးမလျှင် အနုသာသနီ။ တစ်နည်းကား ဩဝါဒသည်ပင် အနုသာသနီ အတူတူပင်တည်း။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ အရှင်သာရိပုတြာ၊ အရှင်မောဂ္ဂလာန်တို့သည်လည်း ထိုကိဋာဂိရိဇနပုဒ်သို့ ကြွသွားတော်မူကြ၍ ထိုရဟန်းတို့ကို ဆုံးမတော်မူကြကုန်၏။ ကံ့မြစ်တော်မူကြကုန်၏။ ထိုရဟန်းတို့တွင် အချို့သောရဟန်းတို့သည် အဆုံးအမဩဝါဒကို လိုက်နာခံယူ၍ ကောင်းစွာ ကျင့်ဆောင်ကြကုန်၏။ အချို့သောရဟန်းတို့သည် လူထွက်ကြကုန်၏။ အချို့သော ရဟန်းတို့သည် ပဗ္ဗာဇနီယကံသို့ ရောက်ကြလေကုန်၏။

အဿဇိပုနဗ္ဗသုက ရဟန်းတို့ဝတ္ထု ပြီး၏။

֍ * ၃။ ဆန္နမထေရ်ဝတ္ထု

န ဘဇေ ပါပကေ မိတ္တေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်ဆန္နမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မိတ်ဆွေကောင်းကို ဆည်းကပ်ခစားပါ

ထိုအရှင်ဆန္နမထေရ်ကား “ငါသည် ငါတို့အရှင်ကောင်းသားနှင့် အတူတကွ မြတ်သော တောထွက်ခြင်းဖြင့် ထွက်၏။ ထိုစဉ်အခါ ငါမှတစ်ပါး အခြားသူတစ်ယောက်ကိုမျှလည်း မမြင်ရ၊ ယခုအခါ၌ကား “ငါကား သာရိပုတြာမည်၏။ ငါကား မောဂ္ဂလာန်မည်၏၊ ငါတို့သည် အဂ္ဂသာဝက ဖြစ်ကုန်၏”ဟု ဤပုဂ္ဂိုလ်တို့သည် လှည့်လည်သွားလာကြကုန်၏၊” စသည်ဖြင့် အဂ္ဂသာဝကနှစ်ပါးတို့ကို ဆဲရေး၏။ မြတ်စွာဘုရားသည် ရဟန်းတို့၏အထံမှ ထိုအကြောင်းကို ကြားတော်မူလျှင် ဆန္နမထေရ်ကိုခေါ်စေတော်မူ၍ ပြောဆိုဆုံးမတော်မူလေ၏။ ထိုဆန္နမထေရ်သည် ထိုမြတ်စွာဘုရား ဆုံးမတော်မူသော ခဏ၌သာလျှင် ဆိတ်ဆိတ်နေ၍ တစ်ဖန် သွားပြီးလျှင် မထေရ်တို့ကို ဆဲရေးမြဲ ဆဲရေးပြန်သည်သာလျှင်တည်း။ ဤသို့ သုံးကြိမ်တိုင်အောင် ဆဲရေးသော ထိုဆန္နမထေရ်ကို ခေါ်စေတော်မူ၍ မြတ်စွာဘုရားသည် ပြောဆိုဆုံးမတော်မူပြီးလျှင် “ချစ်သားဆန္န- နှစ်ဦးသော အဂ္ဂသာဝကတို့မည်သည်ကား အသင်၏ ကောင်းသော အဆွေခင်ပွန်းတို့ ဖြစ်ကုန်၏၊ မြတ်လှသော ယောက်ျားမြတ်တို့ဖြစ်ကုန်၏၊ ဤသို့သဘောရှိသော ကောင်းသော အဆွေခင်ပွန်းတို့ကို ပေါင်းဖော်မှီဝဲလေလော့၊ ဆည်းကပ်ခစားလေလော့”ဟု မိန့်တော်မူပြီး၍ တရားတော်ကို ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၇၈] န ဘဇေ ပါပကေ မိတ္တေ၊ န ဘဇေ ပုရိသာဓမေ။
ဘဇေထ မိတ္တေ ကလျာဏေ၊ ဘဇေထ ပုရိသုတ္တမေ။

ပါပကေ၊ ယုတ်မာကုန်သော။ မိတ္တေ၊ အဆွေခင်ပွန်းတို့ကို။ န ဘဇေ၊ မဆည်းကပ်ရာ။ ပုရိသာဓမေ၊ ကြမ်းတမ်းကုန်သော သူတို့ကို။ န ဘဇေ၊ မဆည်းကပ်ရာ။ ကလျာဏေ၊ ကောင်းကုန်သော။ မိတ္တေ၊ အဆွေခင်ပွန်းတို့ကို။ ဘဇေထ၊ ဆည်းကပ်ရာ၏။ ပုရိသုတ္တမေ၊ ယောက်ျားမြတ်ဖြစ်ကုန်သော သူတော်ကောင်းတို့ကို။ ဘဇေထ၊ ဆည်းကပ်ရာ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဆန္နမထေရ် ရဟန္တာဖြစ်ခြင်း

ဆန္နမထေရ်သည်ကား ထိုအဆုံးအမစကားကို ကြားနာရသော်လည်း ရှေးနည်းဖြင့်သာလျှင် ရဟန်းတို့ကို ဆဲရေးရေရွတ်ပြန်၏။ တစ်ဖန်လည်း မြတ်စွာဘုရားအား လျှောက်ကြားကြပြန်ကုန်၏။ မြတ်စွာဘုရားသည် ဤသို့မိန့်တော်မူလေ၏။ ချစ်သားရဟန်းတို့-ငါဘုရား ထင်ရှားရှိတော်မူစဉ် ဆန္နကို ဆုံးမခြင်းငှာ သင်တို့ မစွမ်းနိုင်ပေကုန်လတ္တံ့၊ ငါဘုရား ပရိနိဗ္ဗာန် စံယူတော်မူသည်ရှိသော် စွမ်းနိုင်ပေကုန်လတ္တံ့”ဟု မိန့်တော်မူသောကြောင့် ပရိနိဗ္ဗာန်ပြုရာ ညောင်စောင်း၌ လျောင်းစက်တော်မူသောအခါ အရှင်အာနန္ဒာမထေရ်သည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်တို့သည် ဆန္နမထေရ်အပေါ်၌ အဘယ်သို့ ပြုကျင့်လိုက်ပါမည်နည်းဘုရား”ဟု မေးလျှောက်သည်ရှိသော် “ချစ်သားအာနန္ဒာ- ဆန္နရဟန်းအား ဗြဟ္မဒဏ်ကို ပေးကြကုန်လော့”ဟု စေခိုင်းတော်မူ၏။ (ဗြဟ္မဒဏ်ဟူသည်ကား ကောင်းသောအမှုဖြစ်စေ၊ မကောင်းသောအမှုဖြစ်စေ သူပြုလိုရာ ပြုပစေ၊ ချီးမွမ်းခြင်းမပြုရ၊ ကဲ့ရဲ့ခြင်းမပြုရ၊ ဘာမျှမပြောရ။ သံဃာအားလုံးက အဖက်မလုပ်ဘဲ ပယ်စွန့်ပစ်ထားခြင်းတည်း။) အရှင်ဆန္နလည်း မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူပြီးသည်ရှိသော် အရှင်အာနန္ဒာမထေရ် မိန့်ကြားပြောပြအပ်သော ဗြဟ္မဒဏ်ကို ကြားသိရလေသောကြောင့် ဆင်းရဲငြိုငြင်သော စိတ်နှလုံးဖြင့် ယူကျုံးမရဖြစ်၍ သုံးကြိမ်တိုင်အောင် မူးမေ့ကာ လဲကျသွားပြီးလျှင် “အရှင်ဘုရားတို့- တပည့်တော်ကို ဖျက်ဆီးခြင်းကို ပြုတော်မမူကြပါကုန်လင့်ဘုရား”ဟု အဖန်ဖန်အထပ်ထပ် လျှောက်ထားတောင်းပန်၍ ရဟန်းကျင့်ဝတ် မယွင်းမချွတ် မပျက်ပြားအောင် ကောင်းစွာ ဖြည့်ကျင့်သည်ရှိသော် မကြာမြင့်မီပင်လျှင် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏။

ဆန္နမထေရ်ဝတ္ထု ပြီး၏။

֍ * ၄။ မဟာကပ္ပိနမထေရ်ဝတ္ထု

ဓမ္မပီတိ သုခံ သေတိအစရှိသော ဤတရားဒေသနာကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်မဟာကပ္ပိနမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကပ္ပိနမထေရ်၏ ရှေးကောင်းမှု

လွန်လေပြီးသောအခါ အရှင်မဟာကပ္ပိနမထေရ်အလောင်းသည် ပဒုမုတ္တရမြတ်စွာဘုရား၏ ခြေတော်ရင်း၌ ပြုအပ်သော ဆုတောင်းပတ္ထနာခြင်း ရှိသည်ဖြစ်၍ သံသရာ၌ ကျင်လည်ရသည်ရှိသော် ဗာရာဏသီပြည်မှ မနီးမဝေးသော တစ်ခုသော ရက်ကန်းသည်ရွာ၌ ရက်ကန်းသည်တို့၏ အကြီးအမှူးအဖြစ်ဖြင့် ဖြစ်လေ၏။ ထိုအခါ တစ်ထောင်မျှလောက်သော အရှင်ပစ္စေကဗုဒ္ဓါတို့သည် ရှစ်လတို့ပတ်လုံး ဟိမဝန္တာ၌ သီတင်းသုံးနေတော်မူပြီး၍ မိုးလေးလပတ်လုံး မြို့ရွာဇနပုဒ်၌ သီတင်းသုံးနေတော်မူကြကုန်၏။ ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် တစ်ကြိမ်သောအလှည့်အခါ၌ ဗာရာဏသီပြည်၏ မနီးမဝေးသော အရပ်၌ သက်ဆင်း၍ “ကျောင်းဆောက်လုပ်ခြင်းငှာ လက်အမှုကို တောင်းခံကြကုန်လော့”ဟု ဆို၍ ပြည့်ရှင်မင်းကြီး၏အထံသို့ ရှစ်ပါးကုန်သော ပစ္စေကဗုဒ္ဓါတို့ကို စေလွှတ်ကြကုန်၏။ ထိုအခါ ပြည့်ရှင်မင်းကြီးအား လယ်ယာစိုက်ပျိုးခြင်း မင်္ဂလာသည် ဖြစ်လေ၏။ မင်းကြီးသည် “ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ ကြွလာတော်မူကုန်သတတ်”ဟု ကြားသိရလျှင် ထိုခဏ၌ ထွက်လာတော်မူ၍ ကြွလာတော်မူခြင်း၏အကြောင်းကို မေးမြန်းလျှောက်ထားပြီးလျှင် “အရှင်ဘုရားတို့- ယနေ့အချိန် အခွင့်မရှိပါ၊ နက်ဖြန် တပည့်တော်တို့အား လယ်ယာစိုက်ပျိုးခြင်းမင်္ဂလာကို သုံးရက်မြောက်သောနေ့၌ ပြုလုပ်ပါလိမ့်ဦးမည်”ဟု လျှောက်ကြားသဖြင့် ပစ္စေကဗုဒ္ဓါတို့ကို မပင့်ဖိတ်မူ၍သာလျှင် နန်းအိမ်ခန်းတွင်းသို့ ဝင်သွားလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့လည်း အရပ်တစ်ပါးသို့ သွားကုန်အံ့ဟု ဖဲကြွတော်မူ ကြကုန်၏။

ထိုခဏ၌ ရက်ကန်းသည်အကြီး၏ မယားသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် ဗာရာဏသီပြည်သို့ သွားသည်ရှိသော် ထိုပစ္စေကဗုဒ္ဓါတို့ကို ဖူးမြင်ရ၍ ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် “အရှင်ဘုရားတို့- အချိန်အခါမဟုတ်ဘဲ အဘယ်ကြောင့် ကြွလာတော်မူကြပါသနည်းဘုရား”ဟု မေးလျှောက်သဖြင့် အစမှစ၍ ပြန်ကြားပြောဆို ကြလေကုန်၏။ ထိုအကြောင်းကိုကြားရလျှင် သဒ္ဓါတရားနှင့် ပြည့်စုံသော ထိုမိန်းမသည် “အရှင်ဘုရားတို့- နက်ဖြန်တပည့်တော်မ၏ဆွမ်းကို ခံယူတော်မူပါကုန်ဘုရား”ဟု လျှောက်ကြားပင့်ဖိတ်လေ၏။ “နှမအရွယ် သဒ္ဓါကြွယ်ဘိ ဒါယိကာမ- ငါတို့ကား အလွန်ပင်များကုန်၏”ဟု မိန့်တော်မူလတ်သည်ရှိသော် “အရှင်ဘုရားတို့- အဘယ်မျှလောက် ရှိပါကုန်သနည်းဘုရား”ဟု မေးလျှောက်သဖြင့် “တစ်ထောင်မျှလောက်ရှိပေကုန်၏”ဟု မိန့်တော်မူသောအခါ “အရှင်ဘုရားတို့- ဤရွာ၌ တစ်ထောင်မျှလောက်ကုန်သော ရက်ကန်သည်တို့သည် နေထိုင်ကြပါကုန်၏။ တစ်ဦး,တစ်ဦးသောသူသည် တစ်ပါးတစ်ပါးသော အရှင်အား ဆွမ်းကိုလှူဒါန်းပါလတ္တံ့၊ ဆွမ်းကို သည်းခံတော်မူကြပါဘုရား၊ တပည့်တော်မသည်ပင် အရှင်ဘုရားတို့အား သီးတင်းသုံးတော်မူရန် ကျောင်းနေရာကိုလည်း ဆောက်လုပ်ပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့လည်း သည်းခံတော်မူကြကုန်၏။ ထိုဒါယိကာမသည် ရွာသို့ဝင်ရောက်ပြီးလျှင် “ငါသည် တစ်ထောင်မျှလောက်ကုန်သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို ဖူးမြင်ရ၍ ပင့်ဖိတ်ခဲ့၏။ အရှင်မြတ်တို့အား သီတင်းသုံးနေထိုင်တော်မူရာ နေရာကို စီရင်ကြကုန်လော့၊ ယာဂု,ဆွမ်း စသည်တို့ကို ပြည့်စုံအောင် ချက်ပြုတ်ကြကုန်လော့”ဟု ကြွေးကြော်ဆော်ဩလေ၏။

ထို့နောက် ရွာလယ်၌ မဏ္ဍပ်ကို ဆောက်လုပ်စေ၍ နေရာတို့ကို ခင်းစေပြီးလျှင် တစ်ဖန်မိုးသောက် ရောက်သောနေ့၌ အရှင်ပစ္စေကဗုဒ္ဓါတို့ကို ထိုင်နေသီတင်းသုံးတော်မူစေ၍ မွန်မြတ်လှသော ခဲဖွယ်ဖြင့်လည်းကောင်း, ဘောဇဉ်ဖြင့်လည်းကောင်း လုပ်ကျွေးသမှုပြုစုသဖြင့် ဆွမ်းစားပြီးသောအခါ ထိုရွာ၌နေသော အလုံးစုံသောမိန်းမတို့ကို ခေါ်ဆောင်၍ ထိုမိန်းမတို့နှင့်အတူတကွ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို ရိုသေမြတ်နိုး ရှိခိုးဦးချပြီးလျှင် သုံးလပတ်လုံး သီတင်းသုံးရန် ပဋိညာဉ်ကိုယူ၍ တစ်ဖန် ရွာ၌ကြွေးကြော်ဆော်ဩပြန်သည်မှာ “အိုမိခင်ဖခင်တို့- တစ်ဦးတစ်ဦးသောအမျိုးမှ တစ်ယောက်တစ်ယောက်သောယောက်ျားသည် ပေါက်ဆိန်,ပဲခွပ် စသည်တို့ကိုယူ၍ တောသို့ဝင်ပြီးလျှင် သစ်သားအဆောက်အဦတို့ကို ဆောင်ယူခဲ့၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၏ သီတင်းသုံးတော်မူရာဖြစ်သော ကျောင်းကို ဆောက်လုပ်ပါလော့”ဟု ကြွေးကြော်လေ၏။ ရွာသူရွာသားတို့သည် ထိုမိန်းမ၏စကားကို ကြားရလျှင် တစ်ယောက်တစ်ယောက်သောသူသည် တစ်ခုတစ်ခုသော နေစရာကျောင်းကို ဆောက်လုပ်၍ ညဉ့်သန့်ရာ နေ့သန့်ရာတို့နှင့်တကွ သစ်ရွက်မိုးသော ကျောင်းဆောင်တစ်ဆောင်ကို ဆောက်လုပ်စေပြီးလျှင် မိမိ,မိမိ၏သစ်ရွက်မိုးသောကျောင်း၌ ဝါကပ်သီတင်းသုံးကြကုန်သော ပစ္စေကဗုဒ္ဓါတို့ကို “ငါသည် ရိုသေစွာလုပ်ကျွေးအံ့၊ ငါသည် ရိုသေစွာ လုပ်ကျွေးအံ့”ဟု အားတက်သရော ရိုရိုသေသေ လုပ်ကျွေးကြလေကုန်၏။ ဝါကျွတ်သောအခါ “မိမိ,မိမိ၏ သစ်ရွက်မိုးသောကျောင်း၌ ဝါမှထမြောက်ကုန်သော အရှင်ပစ္စေကဗုဒ္ဓါတို့အလို့ငှာ သင်္ကန်းလျာပုဆိုးတို့ကို စီရင်ကြကုန်ဦးလော့”ဟု စီရင်ပြုလုပ်စေ၍ တစ်ပါးတစ်ပါးသော ပစ္စေကဗုဒ္ဓါအား အဖိုးတစ်ထောင်မျှ ထိုက်တန်သော သင်္ကန်းကို လှူဒါန်းစေလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ဝါကျွတ်ကုန်သည်ရှိသော် အနုမောဒနာပြု၍ ဖဲကြွတော်မူကြလေကုန်၏။

ကဿပဘုရားလက်ထက် ကျောင်းဆောက်လှူဒါန်းခြင်း

ရွာသူရွာသားတို့သည်လည်း ဤသို့သော ကုသိုလ်ကောင်းမှုကံကို ပြုလုပ်၍ ဤလူ့ပြည်မှ စုတေကြကုန်သည်ရှိသော် တာဝတိံသာနတ်ပြည်၌ ဖြစ်သဖြင့် အပေါင်းအစုအဖွဲ့ဖြစ်သော ဂဏနတ်သားတို့ မည်ကြလေကုန်၏။ ထိုအပေါင်းနတ်သားတို့သည် တာဝတိံသာနတ်ပြည်၌ နတ်စည်းစိမ်ချမ်းသာကို အစဉ်ခံစားကြပြီးလျှင် ကဿပမြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ ဗာရာဏသီပြည်ဝယ် သူကြွယ်အိမ်တို့၌ ဖြစ်ကြကုန်၏။ အကြီးအမှူးဖြစ်သော ရက်ကန်းသည်သည် အကြီးအမှူးဖြစ်သော သူကြွယ်၏သားဖြစ်၏။ ထိုသူ၏ မယားဟောင်းသည်လည်း အကြီးအမှူးဖြစ်သော သူကြွယ်၏သမီးဖြစ်လေ၏။ ထိုအလုံးစုံသော မိန်းမတို့သည်လည်း အရွယ်သို့ရောက်သောအခါ တစ်ပါးသောအမျိုးသားအိမ်သို့ လိုက်သွားကြကုန်သည်ရှိသော် ထိုသူထို,သူတို့၏ အိမ်သို့သာ ရောက်သွားကြလေကုန်၏။ ထို့နောက် တစ်နေ့သ၌ ကျောင်းတော်၌ တရားနာ ကြွေးကြော်အပ်သည်ဖြစ်၍ “မြတ်စွာဘုရား တရားဟောတော်မူလတ္တံ့”ဟု ကြားသိရသဖြင့် အလုံးစုံသော ထိုသူကြွယ်တို့သည်လည်း “တရားတော်ကို နာကုန်အံ့”ဟု ဇနီးသည်မယားတို့နှင့်တကွ ကျောင်းတော်သို့ ရောက်လာကြကုန်၏။ ထိုသူတို့ ကျောင်းအလယ်သို့ ဝင်ရောက်သောခဏ၌သာလျှင် မိုးသားတက်၍ ရွာသွားခဲ့လေ၏။ အကြင်လူတို့အား ချဉ်းကပ်နေကျ ဆရာရဟန်းတို့သည်လည်းကောင်း ဆွေမျိုးတော်စပ်ကုန်သော ရဟန်းသာမဏေတို့သည်လည်းကောင်း ရှိကြကုန်၏။ ထိုလူတို့သည် ထိုရဟန်းသာမဏေတို့၏ နေရာကျောင်းငယ် ပရိဝုဏ်တို့သို့ ဝင်ကြကုန်၏။

ထိုသူကြွယ်သား တစ်ထောင်တို့အား ထိုသို့သော ရဟန်းသာမဏေတို့ မရှိကြကုန်သဖြင့် ထိုသူတို့သည် တစ်စုံတစ်ခုသော ပရိဂုဏ်ကျောင်းသို့ ဝင်ခြင်းငှာ မစွမ်းနိုင်သောကြောင့် ကျောင်းအလယ်၌သာလျှင် ရပ်တည်၍နေကြကုန်၏။ ထိုအခါ ထိုသူတို့ကို အကြီးအမှူးဖြစ်သော သူကြွယ်က “ငါတို့၏ ဖောက်ပြန်ခြင်းကို ကြည့်ရှုကြကုန်လော့၊ အမျိုးကောင်းသားတို့မည်သည်ကား ဤမျှဖြင့် ရှက်ခြင်းငှာ သင့်လှပြီ”ဟု ဆိုလေ၏။ “အရှင်- ယင်းသို့ဖြစ်ခဲ့လျှင် အဘယ်သို့ပြုကြကုန်အံ့နည်း”ဟု မေးသဖြင့် “ငါတို့သည် အကျွမ်းဝင်ရာ အရပ်ဌာနမရှိသောကြောင့် ဤသို့သော ဖောက်ပြန်ခြင်းသို့ ရောက်ရကုန်၏”ဟု ဆိုလျှင် “အလုံးစုံသော ငါတို့သည် ဥစ္စာကိုစုဆောင်း၍ ကျောင်းပရိဝုဏ်ကို ပြုကြကုန်စို့အံ့”ဟု ပြောဆိုကြသဖြင့် “အရှင်တို့- ကောင်းလှပေပြီ”ဟု ဝန်ခံ၍ အကြီးအမှူးဖြစ်သော သူကြွယ်သည် ဥစ္စာတစ်ထောင်ကို ပေးလေ၏။ ကြွင်းသောသူတို့သည် ငါးရာငါးရာစီတို့ကို ပေးကုန်၏။ မိန်းမတို့သည် နှစ်ရာ့ငါးဆယ်စီတို့ကို ပေးကြလေကုန်၏။

ထိုသူကြွယ်သားတစ်ထောင်တို့သည် မိမိတို့၏ ဥစ္စာကို စုဆောင်း၍ စုလစ်မွမ်းချွန်တပ်သော ကျောင်းအရံတစ်ထောင် မြတ်စွာဘုရား သီတင်းသုံးတော်မူရန်အလို့ငှာ ကျယ်ဝန်းသော ကျောင်းပရိဝုဏ်ကြီးမည်သည်ကို ဆောက်လုပ်ခြင်းငှာ အားထုတ်ကြလေကုန်၏။ ပြုလုပ်ဖွယ်ဖြစ်သော အမှုသစ်၏ များပြားကျယ်ဝန်းလှသည်အဖြစ်ကြောင့် ဥစ္စာမလောက်သည်ရှိသော် ရှေးက လှူဒါန်းအပ်သော ဥစ္စာအောက် ထက်ဝက်မျှလောက်သော ဥစ္စာကို ထပ်မံလှူဒါန်းကြရလေကုန်၏။ ပရိဝုဏ်ကျောင်းကြီးပြီးလတ်သော် ကျောင်းပူဇော်ခြင်း, ကျောင်းသာဓုခေါ်ခြင်းကို ပြုကြကုန်သဖြင့် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အား ခုနစ်ရက်ပတ်လုံး ကြီးစွာသော အလှူဒါနကို ပေးလှူပူဇော်၍ နှစ်သောင်းကုန်သော ရဟန်းတော် အရှင်မြတ်တို့အလို့ငှာ သင်္ကန်းတို့ကို စီရင်ကြလေကုန်၏။ အကြီးအမှူးဖြစ်သော သူကြွယ်၏မယားသည်ကား အလုံးစုံသော သူတို့ နှင့်တူမျှအောင် မပြုမူ၍ မိမိ၏ဉာဏ်ပညာ၌ ကောင်းစွာတည်လျက် အလွန်အကြူး အထူးပြုပြီးလျှင် “မြတ်စွာဘုရားကို ပူဇော်အံ့”ဟု အနောဇာပန်း (လိပ်ဆူးရွှေပန်း) အဆင်းရှိသော အဖိုးတစ်ထောင်ထိုက်တန်သော ပုဆိုးနှင့်အတူတကွ အနောဇာပန်းခြင်းတောင်းကိုယူ၍ တရားအနုမောဒနာပြုသောအခါ မြတ်စွာဘုရားကို အနောဇာပန်းတို့ဖြင့် ပူဇော်လျက် ထိုပုဆိုးကို မြတ်စွာဘုရား၏ ခြေတော်ရင်း၌ထားပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဖြစ်တိုင်းဖြစ်တိုင်းသော ဌာန,ဘုံဘဝ၌ တပည့်တော်မ၏ကိုယ်သည် အနောဇာပန်းအဆင်းနှင့်တူသော အဆင်းရှိသည်သာလျှင် ဖြစ်ပါစေသတည်း၊ တပည့်တော်မ၏ အမည်သည်လည်း အနောဇာသာလျှင် ဖြစ်ပါစေသတည်း”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ပြုလေ၏။ မြတ်စွာဘုရားသည်လည်း “ဤသို့တောင်းသည့်ဆုအတိုင်း ပြည့်စုံစေသတည်း”ဟု အနုမောဒနာကို ပြုတော်မူလေ၏။

ယခုဘုရားလက်ထက် ကပ္ပိနမင်းကြီး စသည်ဖြစ်ခြင်း

ထိုအလုံးစုံသော သူတို့သည်လည်း အသက်အတိုင်း တည်နေ၍ ထိုကိုယ်အဖြစ်မှ စုတေသေလွန်ကြကုန်သည်ရှိသော် နတ်ပြည်၌ဖြစ်ပြီးလျှင် ငါတို့ဂေါတမမြတ်စွာဘုရား ထင်ရှားပွင့်တော်မူလာသော ဤအခါ၌ နတ်ပြည်မှစုတေခဲ့၍ အကြီးအမှူးဖြစ်သော သူကြွယ်သည် ကုက္ကုဋဝတီမည်သောပြည်ဝယ် မင်းမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သည်ရှိသော် မဟာကပ္ပိနမည်သော မင်းသည် ဖြစ်လေ၏။ ကြွင်းသောသူကြွယ်တို့သည်လည်း အမတ်မျိုး၌ ဖြစ်ကြလေကုန်၏။ အကြီးအမှူးဖြစ်သော သူကြွယ်၏မယားကား မဒ္ဒရာဇ်တိုင်း သာဂလပြည်ဝယ် မင်းမျိုး၌ဖြစ်လေ၏။ ထိုမင်းသမီးကိုယ်သည် အနောဇာပန်းအဆင်းနှင့်တူသော အဆင်းရှိသည်သာဖြစ်၍ အနောဇာဟူ၍သာလျှင် မင်းသမီး၏အမည်ကို မှည့်ကြလေကုန်၏။ ထိုမင်းသမီးသည် အရွယ်သို့ရောက်သည်ရှိသော် မဟာကပ္ပိနမင်းကြီး၏နန်းအိမ်တော်သို့ လိုက်ပါသွားရောက်သဖြင့် အနောဇာဒေဝီမည်သော မိဖုရားကြီးဖြစ်လေ၏။ ကြွင်းသော မိန်းမတို့သည်လည်း အမတ်မျိုးတို့၌ဖြစ်၍ အရွယ်သို့ရောက်ကြကုန်သည်ရှိသော် ရှေးဘဝဟောင်း အတူပေါင်းဖူးကုန်သော ထိုအမတ်သားတို့၏ အိမ်တို့သို့သာ သွားရောက်ကြကုန်၏။ ထိုအလုံးစုံသော အမတ်တို့သည်လည်း မင်းကြီး၏စည်းစိမ်နှင့် တူမျှသော စည်းစိမ်ချမ်းသာကို ခံစားကြရလေကုန်၏။ အကြင်အခါ မင်းကြီးသည် အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် ဆင်ကိုတက်စီး၍ လှည့်လည်ကုန်၏။ မင်းကြီးသည် မြင်းဖြင့်လည်းကောင်း, ရထားဖြင့်လည်းကောင်း လှည့်လည် သွားလာသည်ရှိသော် အမတ်တို့သည်လည်း ထို့အတူသာလျှင် လှည့်လည်သွားလာကုန်၏။ ဤသို့လျှင် ထိုမင်းနှင့် အမတ်တို့သည် တစ်ပေါင်းတည်းအတူဖြစ်၍ ပြုအပ်ကုန်သော ကုသိုလ်ကောင်းမှုတို့၏ အာနုဘော်ဖြင့် တစ်ပေါင်းတည်း အတူသာလျှင် စည်းစိမ်ချမ်းသာကို ခံစားကြရလေကုန်၏။

အထူးကား မင်းကြီးအား ဗလမည်သောမြင်း၊ ဗလဝါဟနမည်သောမြင်း၊ ပုပ္ဖမည်သောမြင်း၊ ပုပ္ဖဝါဟနမည်သောမြင်း၊ သုပတ္တမည်သောမြင်း၊ ဤသို့မြင်းငါးစီးတို့သည် ရှိကုန်၏။ ထိုမြင်းငါးစီးတို့တွင် မင်းကြီးသည် သုပတ္တမည်သောမြင်းကို စီးနင်း၏။ ကြွင်းသော လေးစီးသောမြင်းတို့ကို မြင်းစီးသူရဲတို့အား သတင်းစကားကို ဆောင်စိမ့်သောငှာ ပေးထားလေ၏။ မင်းကြီးသည် ထိုတမန်တို့ကို နံနက်စောစောကသာလျှင် ကျွေးမွေး၍ “သွားကြလေကုန်၊ နှစ်ယူဇနာ သုံးယူဇနာမျှလောက်သော ခရီးသို့တိုင်အောင် လှည့်လည်ရှာဖွေ၍ မြတ်စွာဘုရား၏လည်းကောင်း၊ တရားတော်မြတ်၏လည်းကောင်း၊ သံဃာတော်မြတ်၏လည်းကောင်း ပွင့်ထွန်းဖြစ်ပေါ်လာသည့် အဖြစ်ကို သိအောင်ပြု၍ ငါ့အလို့ငှာ ချမ်းသာကြောင်း သတင်းကောင်းကို ယူဆောင်ခဲ့ကြရမည်”ဟု စေလွှတ်လေ၏။ မြင်းစီးသူရဲ လေးယောက်တို့သည်လည်း တံခါးလေးမျက်နှာတို့မှ ထွက်ကြ၍ နှစ်ယူဇနာ သုံးယူဇနာတို့တိုင်တိုင် လှည့်လည်ရှာဖွေကြရာ သတင်းစကားကို မရကြကုန်သဖြင့် တစ်ဖန်ပြန်လာကြရကုန်၏။

ထို့နောက် တစ်နေ့သ၌ မင်းကြီးသည် သုပတ္တမည်သော မြင်းကိုစီး၍ အမတ်တစ်ထောင်ခြံရံလျက် ဥယျာဉ်သို့ ထွက်တော်မူသည်ရှိသော် ပင်ပန်းသော သဘောရှိသော ငါးရာမျှကုန်သော လှည်းကုန်သည်တို့ကို မြို့တော်သို့ ဝင်လာသည်တို့ကို မြင်ရလျှင် “ဤသူတို့သည် အခွန့်ရှည်သော ခရီးသွားခြင်းတို့ဖြင့် ပင်ပန်းကြကုန်၏။ မချွတ်လျှင် ဤကုန်သည်တို့၏အထံမှ ကောင်းမြတ်သော သတင်းစကားတစ်ခုကို ကြားနာရပေအံ့”ဟု ကြံစည်လျက် ထိုကုန်သည်တို့ကို ခေါ်စေတော်မူပြီးလျှင် “အသင်တို့သည် အဘယ်အရပ်မှလာခဲ့ကြကုန်သနည်း”ဟု မေးတော်မူလေ၏။

ရတနာသုံးပါး သတင်းပေး၍ သုံးသိန်းဆုချခြင်း

“အရှင်မင်းမြတ်- ဤနေပြည်တော်မှ ယူဇနာတစ်ရာ့နှစ်ဆယ်ထက်၌ သာဝတ္တိအမည်ရှိသော မြို့ကြီးသည်ရှိပါသည်။ ထိုသာဝတ္ထိမြို့ကြီးမှ လာကြပါသည်ဘုရား”ဟု လျှောက်တင်လတ်သော် “အသင်တို့၏အရပ်ဒေသ၌ တစ်စုံတစ်ခု ဖြစ်ပေါ်သော သတင်းထူးသည်ရှိလေသလော”ဟု မေးတော်မူပြန်သဖြင့် “အရှင်မင်းမြတ်- တစ်ပါးသော သတင်းထူး ဝိသေသသည်ကား တစ်စုံတစ်ခုမျှ မရှိပါ။ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူတတ်သော မြတ်စွာဘုရားသည်ကား ထင်ရှားဖြစ်ပေါ်လာပါသည်ဘုရား”ဟု လျှောက်ကြား၏။ ထိုခဏ၌သာလျှင် မင်းကြီးသည် ငါးပါးအပြားရှိသော ပီတိနှင့် တွေ့ထိသော ကိုယ်ရှိသည်ဖြစ်၍ တစ်စုံတစ်ခုကို မှတ်သားခြင်းငှာ မစွမ်းနိုင်ရကား တစ်ခဏမျှသော ကာလကို လွန်စေပြီးလျှင် “အမောင်တို့- အဘယ်ကို ပြောဆိုကြကုန်ဘိသနည်း”ဟု မေးတော်မူပြန်လေ၏။ “အရှင်မင်းမြတ်- မြတ်စွာဘုရားသည် ထင်ရှားပွင့်တော်မူပါသည်ဘုရား”ဟု လျှောက်တင်ပြန်သည်ရှိသော် မင်းကြီးသည် နှစ်ကြိမ်မြောက်လည်းကောင်း၊ သုံးကြိမ်မြောက်လည်းကောင်း ရှေးနည်းအတူသာလျှင် ကာလကို လွန်စေပြီးလျှင် လေးခုမြောက်အကြိမ်၌ “အမောင်တို့- အသင်တို့သည် အဘယ်ကို ပြောဆိုကုန်ဘိသနည်း”ဟု မေးတော်မူ၍ “အရှင်မင်းမြတ်- မြတ်စွာဘုရားသည် ထင်ရှားပွင့်တော်မူပါသည်”ဟု လျှောက်တင်ပြန်သောအခါ “အသင်တို့အား တစ်သိန်းသောအသပြာကို ဆုချပေအံ့”ဟု မိန့်တော်မူလေ၏။

ထိုမှတစ်ပါး “တစ်စုံတစ်ခုသော သတင်းထူလည်းရှိလေသေးသလော”ဟု မေးတော်မူပြန်၏။ “အရှင်မင်းမြတ်- ရှိပါသေးသည်၊ တရားတော်လည်း ဖြစ်တော်မူပါသည်ဘုရား”ဟု လျှောက်တင်ပြန်သဖြင့် မင်းကြီးသည် ထိုစကားကို ကြားရ၍လည်း ရှေးနည်းဖြင့်သာလျှင် သုံးကြိမ်တိုင်တိုင် ကာလကို လွန်စေပြီးလျှင် လေးခုမြောက်သောအကြိမ်၌ “တရားတော် ဖြစ်တော်မူပါသည်ဘုရား”ဟု လျှောက်တင်လတ်သော် မင်းကြီးသည် ဤနေရာ၌လည်း “အသင်တို့အား တစ်သိန်းသော အသပြာကို ဆုချပေအံ့”ဟု မိန့်တော်မူ၍ “အမောင်တို့- တစ်ပါးသော သတင်းထူးလည်း ရှိလေသေးသလော”ဟု မေးတော်မူပြန်၏။ “အရှင်မင်းမြတ်- ရှိပါသေးသည်၊ သံဃာရတနာလည်း ဖြစ်တော်မူပါသေးသည်”ဟု လျှောက်တင်ပြန်သဖြင့် မင်းကြီးသည် ထိုစကားကိုကြား၍လည်း သုံးကြိမ်တိုင်တိုင် ကာလကို လွန်စေပြီးလျှင် လေးခုမြောက်အကြိမ်၌ “သံဃော”ဟူသော စကားပုဒ်ကို ဆိုလတ်သော် ဤနေရာ၌လည်း “အသင်တို့အား တစ်သိန်းသော အသပြာကို ဆုချပေအံ့”ဟု မိန့်တော်မူလေ၏။

မင်းစည်းစိမ်စွန့်၍ တောထွက်ခြင်း

ထို့နောက် အမတ်တစ်ထောင်ကို ကြည့်ရှုတော်မူလျက် “အမောင်တို့- အသို့ပြုကုန်လတ္တံ့နည်း”ဟု မေးတော်မူလတ်သော် “အရှင်မင်းမြတ်- အရှင်မင်းမြတ်ကြီးတို့သည် အသို့ပြုကုန်လတ္တံ့နည်း”ဟု ပြန်၍မေးလျှောက်ကုန်၏။ “အမောင်တို့- ငါသည် “ဘုရားထင်ရှားဖြစ်တော်မူသည်၊ တရားထင်ရှားဖြစ်တော်မူသည်၊ သံဃာထင်ရှားဖြစ်တော်မူသည်”ဟူသော စကားကိုကြားရသည် ဖြစ်သောကြောင့် ငါသည် တစ်ဖန် မပြန်လည် မဆုတ်နစ်လို၊ မြတ်စွာဘုရားကို ရည်မှန်းကာ သွားပြီးလျှင် ထိုမြတ်စွာဘုရား၏ အထံတော်၌ ရဟန်းပြုတော့အံ့”ဟု မိန့်တော်မူလတ်သော် “အရှင်မင်းကြီး- ဘုရားကျွန်တော်မျိုးတို့သည်လည်း အရှင်မင်းကြီးတို့နှင့် အတူတကွ လိုက်ပါရဟန်းပြုကြပါကုန်အံ့”ဟု လျှောက်တင်ကြလေကုန်၏။ မင်းကြီးသည် ရွှေပြား၌ အက္ခရာတို့ကိုရေးစေ၍ ကုန်သည်တို့ကို ဤသို့မိန့်မှာတော်မူ၏။ “အသင်တို့အား အနောဇာဒေဝီမိဖုရားကြီးသည် သုံးသိန်းသော အသပြာတို့ကို ပေးသနားပေလတ္တံ့၊ ဤသို့သော စကားကိုလည်း လျှောက်တင်ကြကုန်ဦးလော့၊ “မင်းကြီးသည် အရှင်မအား အစိုးရသော မင်း၏စည်းစိမ်ချမ်းသာကို စွန့်လွှတ်အပ်သတတ်၊ အလိုတော်ရှိတိုင်း စည်းစိမ်ချမ်းသာကို ခံစားတော်မူပါ”ဟူ၍ လျှောက်တင်ကြလော့၊ “အသင်တို့၏ မင်းကြီးသည် အဘယ်သို့သွားသနည်း”ဟု အကယ်၍ မေးခဲ့ငြားအံ့၊ “မြတ်စွာဘုရားကိုရည်မှန်း၍ ရဟန်းပြုတော့အံ့”ဟုဆိုလျက် ကြွသွားတော်မူ၏ဟု လျှောက်ကြားလိုက်ကြကုန်လော့”ဟု မိန့်မှာတော်မူလိုက်၏။ အမတ်တို့လည်း မိမိ မိမိ၏ မယားတို့အထံသို့ ထိုမင်းကြီးအတူသာလျှင် သတင်းစကား မှာကြားပေးပို့လိုက်ကြကုန်၏။ မင်းကြီးသည် လှည်းကုန်သည်တို့ကိုလွှတ်လိုက်၍ မြင်းတော်စီးပြီးလျှင် အမတ်ပေါင်း တစ်ထောင်ခြံရံလျက် ထိုခဏ၌သာလျှင် ထွက်တော်မူလေ၏။

မြတ်စွာဘုရား ကြွသွား၍ ကြိုဆိုခြင်း

မြတ်စွာဘုရားသည်လည်း ထိုနေ့နံနက်စောစောအချိန် လောကကို ကြည့်ရှုတော်မူသည်ရှိသော် အခြံအရံနှင့်တကွဖြစ်သော မဟာကပ္ပိနမင်းကြီးကို မြင်တော်မူလျှင် “ဤမဟာကပ္ပိနမင်းသည် ကုန်သည်တို့၏အထံမှ ရတနာသုံးပါးတို့၏သတင်းကို ကြားရ၍ ထိုကုန်သည်တို့၏ စကားကို သုံးသိန်းကုန်သော အသပြာတို့ဖြင့် ပူဇော်ချီးမြှင့်ပြီးလျှင် ပြည်စည်းစိမ်ကိုစွန့်၍ အမတ်ပေါင်းတစ်ထောင်တို့ဖြင့် ခြံရံလျက် ငါဘုရားကိုရည်မှန်းကာ ရဟန်းပြုလိုသောကြောင့် နက်ဖြန်ထွက်လာလတ္တံ့၊ အခြံအရံနှင့်တကွသော ထိုမင်းသည် လေးဖြာသော ပဋိသမ္ဘိဒါတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လတ္တံ့။ ထိုမင်းသား ခရီးဦးကြိုဆိုခြင်းကို ငါပြုအံ့”ဟု ကြံဆင်ခြင်တော်မူ၍ တစ်ဖန် မိုးသောက်ရောက်သောနေ့၌ သေးငယ်သောရွာကို ပိုင်စားသော ရွာစားရွာအုပ်ကို ခရီးဦးကြိုဆိုခြင်းငှာ ရွှေစက်နှစ်စင်း ဖြန့်ချီခင်းသော လေးကျွန်းသနင်း စကြာမင်းကြီးကဲ့သို့ ကိုယ်တော်သာလျှင် သပိတ်သင်္ကန်းကို လွယ်ယူတော်မူလျက် ယူဇနာတစ်ရာ့နှစ်ဆယ်ရှိသော လမ်းခရီးသို့ ကြွသွားတော်မူပြီးလျှင် စန္ဒဘာဂါမြစ်၏ကမ်းနား၌ ပညောင်ပင်ရင်းဝယ် ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့ကို ဖြိုင်ဖြိုင်လွှတ်လျက် သီတင်းသုံး ထိုင်နေတော်မူလေ၏။

ဂုဏ်တော်အာရုံပြုလျက် မြစ်သုံးတန် မြင်းဖြင့်ကူးခြင်း

မဟာကပ္ပိနမင်းကြီးသည်လည်း ထွက်၍လာလတ်သည်ရှိသော် မြစ်တစ်ခုသို့ရောက်လျှင် “ဤမြစ်သည် အဘယ်အမည်ရှိပေသနည်း”ဟု မေးတော်မူ၏။ “အရှင်မင်းမြတ်- အပရစ္ဆာမြစ် မည်ပါသည်ဘုရား”ဟု လျှောက်လျှင် “အမောင်တို့- ဤမြစ်၏ အတိုင်းအရှည်ကား အဘယ်မျှလောက်ရှိသနည်း”ဟု မေးတော်မူပြန်လေ၏။ “အရှင်မင်းကြီး- အစောက်အားဖြင့် တစ်ဂါဝုတ်၊ အနံအကျယ်အားဖြင့် နှစ်ဂါဝုတ်ရှိပါသည်”ဟု ကြားလျှောက်လတ်သော် “ဤမြစ်၌ လှေသည်လည်းကောင်း၊ ဖောင်သည်လည်းကောင်း ရှိလေသလော”ဟု မေးပြန်လေ၏။ “အရှင်မင်းမြတ်- မရှိပါ”ဟု လျှောက်တင်လျှင် “လှေစသည်တို့ကို ရှာဖွေကြည့်ရှု၍နေသော ငါတို့ကို ဇာတိတရားသည် ဇရာတရားသို့ရောက်အောင် ကပ်၍ဆောင်၏၊ ဇရာတရားသည် မရဏတရားသို့ရောက်အောင် ကပ်၍ဆောင်၏၊ ငါသည် ယုံမှားခြင်းမရှိသည်ဖြစ်၍ ရတနာသုံးပါးတို့ကို ရည်မှန်းလျက် ထွက်လာခဲ့၏၊ ငါ့အား ထိုရတနာသုံးပါးတို့၏ အာနုဘော်တော်အားဖြင့် ဤမြစ်ရေသည် ရေကဲ့သို့မဖြစ်ပါစေသတည်း”ဟု ဓိဋ္ဌာန်လျက် ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို ဆင်ခြင်ပြီးလျှင် “ဣတိပိ သောဘဂဝါ, အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ” အစရှိသည်ဖြင့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို အဖန်ဖန်ပွားများ အောက်မေ့ကာ နှလုံးထားလျက် အခြံအရံနှင့်တကွ မြင်းတစ်ထောင်ဖြင့် ရေပြင်ပေါ်သို့ စိုင်းဝင်ပြေးသွားလေ၏။ မြင်းတို့သည် ကျောက်ဖျာအပြင်၌ စိုင်းသွားကုန်သကဲ့သို့ စိုင်းသွားကြလေကုန်၏။ ခွာတို့၏ အဖျားမျှတို့သည်သာလျှင် ရေစိုစွတ်ကြလေကုန်၏။

ထိုမဟာကပ္ပိနမင်းကြီးသည် အပရစ္ဆာမြစ်ကို ကူးပြီးလျှင် ရှေ့သို့သွားသည်ရှိသော် တစ်ပါးသော မြစ်တစ်စင်းကိုလည်း မြင်ပြန်သဖြင့် “ဤမြစ်ကား အဘယ်အမည်ရှိသနည်း”ဟု မေးတော်မူ၏။ “အရှင်မင်းမြတ်- နီလဝါဟနာ မည်ပါသည်ဘုရား”ဟု လျှောက်တင်လတ်သော် “ဤမြစ်၏ အတိုင်းအရှည်ပမာဏကား အဘယ်မျှရှိသနည်း”ဟု မေးတော်မူပြန်သဖြင့် “အရှင်မင်းမြတ်- အစောက်အားဖြင့်လည်းကောင်း၊ အနံအားဖြင့်လည်းကောင်း ယူဇနာခွဲ ယူဇနာဝက်ရှိပါသည်ဘုရား”ဟု လျှောက်တင်လေ၏။ အကြွင်းကား ရှေးနည်းအတူသာလျှင် ဖြစ်လေ၏။ ထိုနီလဝါဟနာမြစ်ကို မြင်ရပြီးလျှင် “သွာက္ခာတော ဘဂဝတာဓမ္မော” အစရှိသည်ဖြင့် ဓမ္မာနုဿတိကမ္မဋ္ဌာန်းကို အဖန်ဖန် ပွားများအောက်မေ့ကာ နှလုံးထားလျက် စိုင်းနှင်ကာ ကူးသွားပြန်လေ၏။ ထိုနီလဝါဟနာမြစ်ကိုလွန်၍ တစ်ပါးလည်းဖြစ်သောမြစ်ကို မြင်ပြန်လေသဖြင့် “ဤမြစ်ကား အဘယ်အမည်ရှိသနည်း”ဟု မေးတော်မူ၏။ “အရှင်မင်းမြတ်- စန္ဒဘာဂါ အမည်ရှိပါသည်ဘုရား”ဟု လျှောက်တင်လတ်သော် “ဤမြစ်၏ အတိုင်းအရှည်ပမာဏကား အဘယ်မျှရှိသနည်း”ဟု မေးတော်မူပြန်လျှင် “အရှင်မင်းမြတ်- အစောက်အားဖြင့်လည်းကောင်း၊ အနံအားဖြင့်လည်းကောင်း တစ်ယူဇနာရှိပါသည်ဘုရား”ဟု လျှောက်တင်လေ၏။ အကြွင်းကား ရှေးနည်းအတူသာလျှင် ဖြစ်လေ၏။ ထိုစန္ဒဘာဂါမြစ်ကိုမြင်ရပြီးလျှင် “သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော” အစရှိသည်ဖြင့် သံဃာနုဿတိကမ္မဋ္ဌာန်းကို အဖန်ဖန်ပွားများ အောက်မေ့ကာ နှလုံးထားလျက် စိုင်းနှင်ကာ ကူးသွားပြန်လေ၏။

ဗုဒ္ဓ၏ရောင်ခြည်တော်ကို ဖူးတွေ့ရခြင်း

ထိုမြစ်ကိုကျော်လွန်၍ သွားလတ်သည်ရှိသော် မြတ်စွာဘုရား၏ ကိုယ်တော်မှထွက်သော ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့ကို ဖူးမြင်ရလေ၏။ ပညောင်ပင်၏ အကိုင်းအခွ ရွက်နုရွက်ရင့်ဟူသမျှသည် ရွှေဖြင့်ပြီးကုန်သကဲ့သို့ ဖြစ်ကုန်၏။ မင်းကြီးသည် “ဤအရောင်သည်ကား နေ၏အရောင်လည်း မဟုတ်၊ လ၏အရောင်လည်းမဟုတ်၊ နတ်မင်း, မာရ်မင်း, ဗြဟ္မာမင်း, နဂါး, ဂဠုန် စသည်တို့တွင် တစ်စုံတစ်ယောက်သောသူ၏ အရောင်လည်းမဟုတ်၊ ငါသည် မြတ်စွာဘုရားကို ရည်မှန်း၍လာသည်ကို မဟာဂေါတမအနွယ်ဖြစ်သော မြတ်စွာဘုရားသည် မချွတ်ဧကန် မြင်တော်မူအပ်သည်ဖြစ်ပေလိမ့်မည်”ဟု ကြံလျက် မဟာကပ္ပိနမင်းကြီးသည် ထိုခဏ၌လျှင် မြင်းကျောက်ကုန်းထက်မှ သက်ဆင်းသဖြင့် ညွတ်ကိုင်းသော ကိုယ်ရှိသည်ဖြစ်၍ ရောင်ခြည်တော်သို့ အစဉ်လျှောက်လျက် မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ဆေးဒန်းမြင်းသီလာရေ၌ ငုပ်လျှိုးဘိသည့်အလား မြတ်စွာဘုရား၏ ရောင်ခြည်တော်တို့၏အတွင်းသို့ သက်ဝင်၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးဦးချပြီးမှ သင့်တင့်လျောက်ပတ်သော အရပ်၌ အမတ်ပေါင်းတစ်ထောင်တို့နှင့် အတူတကွ ထိုင်နေလေ၏။

ဧဟိဘိက္ခု ရဟန်းများဖြစ်ခြင်း

မြတ်စွာဘုရားသည် ထိုမဟာကပ္ပိနမင်းကြီးအား အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြားတော်မူလေ၏။ ဒေသနာတော်၏အဆုံး၌ မင်းကြီးသည် အခြံအရံနှင့်တကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုအခါ အလုံးစုံသော သူတို့သည် နေရာမှထ၍ ရဟန်းအဖြစ်ကို တောင်းပန်ကြကုန်၏။ မြတ်စွာဘုရားသည် “အသို့နည်း၊ ဤအမျိုးသားတို့အား တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းသည် ရောက်လာလတ္တံ့လော”ဟု စူးစမ်းဆင်ခြင်တော်မူသည်ရှိသော် “ဤအမျိုးသားတို့သည် ပစ္စေကဗုဒ္ဓါ အရှင်တစ်ထောင်တို့အား သင်္ကန်းတစ်ထောင်ကို ပေးလှူဖူးကုန်၏။ ကဿပမြတ်စွာဘုရား လက်ထက်တော်အခါ၌ နှစ်သောင်းသော ရဟန်းတို့အား နှစ်သောင်းသော သင်္ကန်းတို့ကိုလည်း ပေးလှူဖူးကုန်၏။ ဤသူတို့အား အံ့ဖွယ်ကောင်းသော တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းရောက်လာခြင်းသည် ရှိပေ၏”ဟု သိတော်မူသဖြင့် မြတ်စွာဘုရားသည် လက်ယာဘက်လက်တော်ကို ဆန့်တန်းတော်မူလျက် “ရဟန်းတို့- လာလှည့်ကြကုန်လော့၊ ဆင်းရဲအဆုံးကို ပြုခြင်းငှာ ကောင်းစွာ မြတ်သောအကျင့်ကို ကျင့်ကြကုန်လော့”ဟု မိန့်တော်မူ၍ ဧဟိဘိက္ခုခေါ်တော်မူ၏။ ထိုသူတို့သည် ထိုခဏ၌သာလျှင် ပရိက္ခရာရှစ်ပါးကို ဆောင်ကုန်လျက် ဝါတော်ခြောက်ဆယ်ရပြီးသော မထေရ်ကြီးတို့ကဲ့သို့ဖြစ်၍ ကောင်းကင်သို့ ပျံတက်ပြီးလျှင် တစ်ဖန်ဆင်းသက်ကာ မြတ်စွာဘုရားကို ရှိခိုးဦးချ၍ ထိုင်နေကြလေကုန်၏။

အနောဇာဒေဝီမိဖုရား သုံးဆဆုချခြင်း

ထိုလှည်းကုန်သည်တို့သည် မင်းအိမ်နန်းတော်သို့ သွားရောက်၍ မင်းကြီးစေလွှတ်အပ်သော သတင်းစကားကို ပြောကြားသိစေသောအခါ အနောဇာမိဖုရားကြီးက “လာခဲ့စေသတည်း”ဟု မိန့်ခေါ်သည်ရှိသော် ဝင်သွား၍ ရှိခိုးလျက် တင့်အပ်လျောက်ပတ်သောအရပ်၌ တည်နေကြလေကုန်၏။ ထိုအခါ ထိုကုန်သည်တို့ကို မိဖုရားကြီးက “အမောင်တို့သည် အဘယ်အကြောင်းကြောင့် လာခဲ့ကြကုန်သနည်း”ဟု မေးလေ၏။ “မင်းကြီးသည် အရှင်မိဖုရားကြီးတို့၏အထံသို့ သုံးသိန်းကုန်သော အသပြာတို့ကို အရှင့်ကျွန်တော်မျိုးတို့အား ပေးလိုက်ကြရမည်တဲ့ဟု အရှင့်ကျွန်တော်မျိုးတို့ကို စေလွှတ်အပ်ပါသည်ဘုရား”ဟူ၍ လျှောက်ကြားသောအခါ “အမောင်ကုန်သည်တို့- အလွန်များသည်ကိုပြု၍ တောင်းဆိုကုန်ဘိ၏။ အသင်တို့သည် မင်းကြီး၏အဘယ်ကိစ္စကို ပြုအပ်သနည်း။ မင်းကြီးသည် တစ်စုံတစ်ခုသော အဘယ်အမှုကိစ္စ၌ ကြည်လင်နှစ်သက်၍ သင်တို့အား ဤမျှသောဥစ္စာကို ပေးစေဘိသနည်း”ဟု မေးမြန်းတော်မူ လေ၏။ “အရှင်မိဖုရား- တစ်ပါးသော တစ်စုံတစ်ခုသောအမှုကို ပြုစုရသည်မဟုတ်ပါ။ မင်းကြီးအား ဤမျှသော သတင်းစကားကို လျှောက်ကြားကြပါကုန်၏”ဟု လျှောက်တင်လေသဖြင့် “အမောင်တို့- ထိုသတင်းစကားကို ငါ့အားလည်း ပြောကြားခြင်းငှာ တတ်ကောင်းပါအံ့လော”ဟု မေးမြန်းပြန်လေ၏။ “အရှင်မိဖုရား-တတ်ကောင်းပါ၏”ဟု လျှောက်လျှင် “အမောင်တို့- ထိုသို့ဖြစ်မူ ငါ့အားလည်း ပြောကြားကြပါကုန်လော့”ဟု မိန့်ဆိုလေ၏။ “အရှင်မိဖုရား- လောက၌ သုံးလူ့ထွတ်ထား မြတ်စွာဘုရား ထင်ရှားပွင့်တော်မူပါသည်ဘုရား”ဟု လျှောက်ကြားသောအခါ မိဖုရားကြီးသည်လည်း ထိုစကားကိုကြားရလျှင် ရှေးနည်းအားဖြင့်သာလျှင် ပီတီဖြင့်တွေ့ထိသောကိုယ်ရှိသည်ဖြစ်၍ သုံးကြိမ်တိုင်တိုင် တစ်စုံတစ်ခုကိုမျှ မမှတ်သားနိုင်ဘဲ လေးကြိမ်မြောက်၌ ဘုရားဟူသောပုဒ်ကို ကြားရလျှင် “အမောင်တို့- ဤဘုရားဟူသောပုဒ်၌ မင်းကြီးသည် အဘယ်မျှလောက် ချီးမြှောက်ဆုချတော်မူသနည်း”ဟု မေးလေ၏။

“အရှင်မိဖုရား- တစ်သိန်း ဆုတော်ချပါသည်ဘုရား”ဟု လျှောက်သောအခါ “အမောင်တို့- ဤသို့ သဘောရှိသော သတင်းစကားကိုကြား၍ သင်တို့အား တစ်သိန်းသော အသပြာဆုချတော်မူသဖြင့် မင်းကြီးသည် မလျှောက်ပတ်သည်ကိုပြုဘိ၏။ ငါသည်ကား သင်တို့အား ငါ၏လက်ဆောင် သုံးသိန်းဆုချပေအံ့”ဟု မိန့်ဆိုလေ၏။ “အသင်တို့သည် မင်းကြီးအား ထိုမှတစ်ပါးဖြစ်သော အဘယ်သတင်းစကားကို လျှောက်ကြားအပ်သေးသနည်း”ဟု မေးပြန်သဖြင့် ကုန်သည်တို့သည် ဤမည်သောအကြောင်းကိုလည်း လျှောက်ကြားအပ်ပါသေး၏ဟု ဤမျှတစ်ပါး ကြွင်းကျန်သော သတင်းစကားနှစ်ခုတို့ကို လျှောက်ထားကြလေကုန်၏။ မိဖုရားကြီးသည် ရှေးနည်းဖြင့်သာလျှင် ပီတိဖြင့်တွေ့ထိသော ကိုယ်ရှိသည်ဖြစ်၍ သုံးကြိမ်တိုင်တိုင် တစ်စုံတစ်ခုကိုမျှ မမှတ်သားနိုင်သဖြင့် လေးကြိမ်မြောက်၌ ထို့အတူကြားရလျှင် သုံးသိန်း,သုံးသိန်းသော အသပြာတို့ကို ပေးစေလေ၏။ ဤသို့သာလျှင် ကုန်သည်တို့သည် အလုံးစုံ တစ်သန်းနှစ်သိန်းကုန်သော အသပြာတို့ကို ရကြလေကုန်၏။ ထို့နောက် ကုန်သည်တို့ကို မိဖုရားကြီးသည် “အမောင်တို့- မင်းကြီးသည် အဘယ်မှာနည်း”ဟု မေးတော်မူ၏။ “အရှင်မိဖုရားကြီး- မြတ်စွာဘုရားကို ရည်မှန်း၍ ရဟန်းပြုတော့အံ့ဟု ကြွသွားလေပြီ”ဟု လျှောက်ကြားလတ်သော် “ငါ့အား မင်းကြီးသည် အဘယ်သို့သော သတင်းစကားကို မှာကြားပေးသွားလေဘိသနည်း”ဟု မိန့်ဆိုလေ၏။ “မင်းကြီးသည် အရှင်မိဖုရားကြီးတို့အား အလုံးစုံသော အစိုးတရစည်းစိမ်ချမ်းသာကို ခံစားစံစားကြကုန်လော့”ဟု မိန့်မှာခဲ့ကြောင်းကို လျှောက်တင်လေလျှင် “အမောင်တို့.. အမတ်တို့ကား အဘယ်မှာနည်း”ဟု မေးပြန်သဖြင့် “အရှင်မိဖုရား- ထိုအမတ်တို့သည်လည်း မင်းကြီးနှင့်တကွ ရဟန်းပြုကုန်အံ့ဟု လိုက်သွားကြပါကုန်ပြီ”ဟု လျှောက်တင်ကြလေကုန်၏။

မင်းကြီးနောက်သို့ မိဖုရားကြီးလိုက်သွားပုံ

မိဖုရားကြီးသည် အမတ်ကတော်တို့ကို ခေါ်စေ၍ “အမိတို့- အသင်တို့၏အရှင် ချစ်လင်တို့သည် မင်းကြီးနှင့်အတူတကွ ရဟန်းပြုကုန်အံ့ဟု လိုက်ပါလေကုန်ပြီ။ အသင်တို့သည် အဘယ်သို့ ပြုကုန်အံ့နည်း”ဟု မေးတော်မူ၏။ “အရှင်မိဖုရား- ကျွန်တော်မတို့အား အမတ်ကြီးတို့သည် အဘယ်သို့သော သတင်းစကားကို မှာကြားစေလွှတ်လိုက်ပါသနည်း”ဟု မေးလျှောက်ကြသဖြင့် “ထိုအမတ်ကြီးတို့သည် အသင်တို့အား မိမိတို့၏ စည်းစိမ်ချမ်းသာကို စွန့်လွှတ်အပ်ပြီ၊ အသင်တို့သည် အလိုရှိတိုင်း ထိုစည်းစိမ်ချမ်းသာကို ခံစားစံစားကြကုန်လော့ဟု မှာထားစေလွှတ်လိုက်ပေသည်”ဟု မိန့်ဆိုလေ၏။ “အရှင်မိဖုရား- အရှင်မတို့ကား အဘယ်သို့ပြကုန်အံ့နည်း”ဟု မေးပြန်လျှင် “အမိတို့- ငါတို့အရှင်ဖြစ်သော ထိုမင်းမြတ်သည် သတင်းစကားကိုကြားရလျှင် လမ်းခရီး၌ ရပ်တည်လျက်သာလျှင် အသပြာသုံးသိန်းတို့ဖြင့် ရတနာသုံးပါးတို့ကိုပူဇော်၍ ပြည်စည်းစိမ်ကို တံတွေးပေါက်ကဲ့သို့ စွန့်ပစ်ကာ ရဟန်းပြုတော့အံ့ဟု ထွက်သွားတော်မူလေပြီ။ ငါသည်လည်း ရတနာသုံးပါးတို့၏ ဖြစ်ပေါ်လာကြောင်း သတင်းကောင်းကို ကြားရ၍ ရတနာသုံးပါးတို့ကို ကိုးသိန်းသော အသပြာတို့ဖြင့် ပူဇော်အပ်ကုန်ပြီ။ ဤစည်းစိမ်သည် စင်စစ်အားဖြင့် မင်းကြီးအားသာလျှင် ဆင်းရဲခြင်း၏ အကြောင်းရင်းဖြစ်သည်မဟုတ်၊ ငါ့အားလည်း ဆင်းရဲခြင်း၏အကြောင်း ဖြစ်သည်သာလျှင်တည်း။ ဘုရင်မင်းမြတ်၏ စွန့်ထွေးလေပြီးသော တံတွေးပေါက်ကို ဒူးပုဆစ်ထောက်၍ အဘယ်သူသည် ခံတွင်းဖြင့် ကောက်ယူအံ့နည်း၊ ငါ့အား စည်းစိမ်ချမ်းသာကို ခံစားခြင်းဖြင့် အလိုမရှိပြီ။ ငါသည်လည်း မြတ်စွာဘုရားကိုရည်မှန်း၍ သွားပြီးလျှင် ရဟန်းပြုပေတော့အံ့”ဟု ဆိုလေ၏။

“အရှင်မိဖုရား- ကျွန်တော်မတို့လည်း အရှင်မတို့နှင့် အတူ တကွသာလျှင် ရဟန်းပြုပါကုန်အံ့”ဟု လျှောက်ဆိုကြလျှင် “အမိတို့- အကယ်၍ တတ်နိုင်ကုန်ငြားအံ့၊ ကောင်းပါ၏”ဟု ဆိုလေ၏။ “အရှင်မိဖုရား- တတ်နိုင်ပါကုန်၏”ဟု ဝန်ခံကြကုန်လျှင် “အမိတို့- ကောင်းလှပေပြီ။ ထိုသို့ဖြစ်မူ လာကြကုန်လော့”ဟု ခေါ်ငင်လျက် ရထားတစ်ထောင်ကို က,စေလျက် ရထားထက်သို့ တက်စီးပြီးလျှင် ထိုအမတ်ကတော်တစ်ထောင်တို့နှင့် အတူတကွ ထွက်လာခဲ့၍ လမ်းခရီးအကြား မြစ်ကိုတွေ့မြင်သောအခါ မင်းကြီးမေးသကဲ့သို့မေး၍ အလုံးစုံသော အကြောင်းကိုကြားသိရပြီးလျှင် “မင်းကြီးကြွသွားသော လမ်းခရီးကို ကြည့်ရှုရှာဖွေကြကုန်လော့”ဟု မိန့်တော်မူသဖြင့် “အရှင်မိဖုရား- မြင်းတို့၏ခြေရာကို မမြင်ကြရပါဘုရား”ဟု လျှောက်သည်ရှိသော် “မင်းကြီးသည် ရတနာသုံးပါးတို့ကို ရည်မှန်း၍ ဘုရားတပည့်တော် ထွက်လာပါသည်ဘုရားဟု သစ္စာပြု၍ ကူးသွားသည် ဖြစ်ပေလိမ့်မည်”ဟု ကြံဆင်ခြင်၍ “ငါသည်လည်း ရတနာသုံးပါးတို့ကို ရည်မှန်း၍ ထွက်လာခဲ့သူ ဖြစ်ပေ၏။ ထိုရတနာသုံးပါးတို့၏ အာနုဘော်အားဖြင့် ငါ့အား ဤရေသည် ရေကဲ့သို့မဖြစ်စေသတည်း”ဟု ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို အဖန်တလဲလဲ အောက်မေ့ပြီးလျှင် ရထားတစ်ထောင်ကို စေလွှတ်မောင်းနှင်၏။ ရေသည် ကျောက်ဖျာအပြင်ကဲ့သို့ဖြစ်လေ၏။ ရထားလှည်းဘီးတို့၏အစွန်အဖျား အကွပ်အဝိုင်းတို့သာလျှင် စိုစွတ်ကြလေကုန်၏။ ဤသို့သောနည်းဖြင့်သာလျှင် ဤမှတစ်ပါးသော မြစ်နှစ်ခုတို့ကိုလည်း ကူးသွားလေ၏။

အနောဇာဒေဝီတို့ သောတာပန်၊ မဟာကပ္ပိနတို့ ရဟန္တာဖြစ်ခြင်း

ထိုအခါ မြတ်စွာဘုရားသည် ထိုအနောဇာဒေဝီမိဖုရား၏ လာလတ္တံ့သောအဖြစ်ကို သိတော်မူ၍ အကြင်သို့သော အခြင်းအရာဖြင့် ပြုအပ်သည်ရှိသော် ကိုယ်တော်မြတ်၏ အထံ၌ နေကြကုန်သော ရဟန်းတို့သည် ထင်ရှားမဖြစ်ကုန်၊ ထိုသို့သော အခြင်းအရာဖြင့် တန်ခိုးပြာဋိဟာ ပြုတော်မူလင့်၏။ အနောဇာဒေဝီမိဖုရားလည်း သွားလတ်သည်ရှိသော် မြတ်စွာဘုရား၏ ကိုယ်တော်မှထွက်သော ရောင်ခြည်တော် ခြောက်သွယ်တို့ကို မြင်ရလျှင် ရှေးနည်းအတူ ကြံဆင်ခြင်ပြီးသဖြင့် ဘုရားရှင်ထံသို့ ချဉ်းကပ်၍ ရိုသေမြတ်နိုး ရှိခိုးဦးချပြီးမှ သင့်တင့်လျောက်ပတ်သော အရပ်၌နေလျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မဟာကပ္ပိနမင်းကြီးသည် ရှင်တော်မြတ်ဘုရားတို့ကို ရည်မှန်း၍ ထွက်ရောက်လာကြကုန်ပြီဟု မှတ်ထင်မိပါသည်။ ထိုမဟာကပ္ပိနမင်းကြီးသည် အဘယ်မှာ ရှိပါသနည်းဘုရား”ဟု မေးလျှောက်ပြီးလျှင် “တပည့်တော်မတို့အား ထိုမဟာကပ္ပိနမင်းကြီးကို ညွှန်ပြတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။ “အသင်တို့သည် ရှေးဦးစွာ ထိုင်နေကြဦးလော့၊ ဤအရပ်၌ပင် ထိုမင်းကြီးကို မြင်ကြရကုန်လတ္တံ့”ဟု မိန့်တော်မူလတ်သော် အနောဇာဒေဝီ အမှူးရှိကုန်သော အလုံးစုံသော ထိုမိန်းမတို့သည် ဝမ်းမြောက်သော စိတ်ရှိကုန်သည်ဖြစ်၍ “ဤအရပ်၌ပင် ထိုင်နေကုန်လျက် ငါတို့အရှင် ခင်ပွန်းတို့ကိုတွေ့မြင်ကြရကုန်လတ္တံ့”ဟု ထိုင်နေကြကုန်၏။ မြတ်စွာဘုရားသည် ထိုမိန်းမတို့အား အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောတော်မူ၏။ အနောဇာဒေဝီမိဖုရားသည် တရားဒေသနာ ဟောတော်မူပြီးသော အဆုံး၌ အခြံအရံဖြစ်ကုန်သော မိန်းမတစ်ထောင်တို့နှင့် အတူတကွ သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ မဟာကပ္ပိနမထေရ်သည်လည်း ထိုမိန်းမတို့အား ဟောကြားပွားများစေအပ်သော တရားဒေသနာတော်ကို ကြားနာရလျက် အခြံအရံ အမတ်ရဟန်းတစ်ထောင်တို့ပါမကျန် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုခဏ၌ မြတ်စွာဘုရားသည် အနောဇာဒေဝီ အမှူးရှိကုန်သော ထိုမိန်းမတို့အား အရဟတ္တဖိုလ်သို့ ရောက်ပြီးကုန်သော မဟာကပ္ပိနမထေရ် အမှူးရှိကုန်သော ထိုရဟန်းတို့ကို ပြတော်မူလေ၏။

(ထိုအနောဇာမိဖုရား အမှူးရှိသော မိန်းမတစ်ထောင်တို့အား လာရောက်စဖြစ်သော အခါ၌သာလျှင် ဖန်ရည်စွန်းသော အဝတ်ကိုဆောင်ကုန်လျက် ဦးခေါင်းပြည်းသော ဦးခေါင်းရှိကုန်သော မိမိအရှင် ခင်ပွန်းတို့ကိုမြင်ရလျှင် စိတ်သည် တည်ကြည်ခြင်း မဖြစ်နိုင်ရာ၊ ထိုသို့ မတည်ကြည်သဖြင့် မဂ်ဖိုလ်တို့သို့ရောက်ခြင်းငှာ မတတ်နိုင်ကုန်ရာ၊ ထို့ကြောင့် မတုန်မလှုပ် ကြည်ညိုခြင်းတည်ရှိသောအခါ၌ ထိုမိန်းမတို့အား အရဟတ္တဖိုလ်သို့ ရောက်ပြီးသည်သာလျှင် ဖြစ်ကုန်သော ထိုရဟန်းတို့ကို ပြတော်မူသတည်း။)

အနောဇာဒေဝီအမှူးရှိကုန်သော ထိုမိန်းမတို့သည်လည်း မဟာကပ္ပိနမထေရ် အမှူးရှိကုန်သော ထိုရဟန်းတို့ကို မြင်ရလျှင် ငါးပါးသော တည်ခြင်းဖြင့် ရိုသေမြတ်နိုး ရှိခိုးဦးချလျက် “အရှင်ဘုရားတို့- အရှင်ဘုရားတို့အား ရှေးဦးစွာ ရဟန်းကိစ္စသည် အပြီးသို့ရောက်လေပြီ”ဟု လျှောက်ကြားပြီးလျှင် မြတ်စွာဘုရားကို ကြည်လင်ညွတ်လျှိုး ရှိခိုး၍ တင့်အပ်လျောက်ပတ်သော အရပ်၌နေလျက် ရဟန်းအဖြစ်ကို တောင်းပန်ကြလေကုန်၏။

အနောဇာဒေဝီတို့ ရဟန်းပြု၍ ရဟန္တာမဖြစ်ကြခြင်း

မြတ်စွာဘုရားသည် ထိုဒါယိကာမတို့ကို “အသင်တို့သည် သာဝတ္ထိပြည်သို့သွား၍ ရဟန်းမိန်းမတို့၏ကျောင်း၌ ရဟန်းပြုကြကုန်လော့”ဟု မိန့်တော်မူလေ၏။ ထိုမိန်းမတစ်ထောင်တို့သည် ခရီးစဉ်အတိုင်း ဇနပုဒ်လှည့်လည်ခြင်းဖြင့် လှည့်လည်ကြရာ လမ်းခရီးအကြား၌ များစွာသော လူအပေါင်းသည် ရှေးရှုဆောင်ပို့အပ်သော ပူဇော်သက္ကာရ မြတ်နိုးတနာ ရရှိကုန်လျက် ခြေဖြင့်သာလျှင် ယူဇနာတရာ့နှစ်ဆယ်ရှိသော ခရီးသို့သွား၍ ရဟန်းမိန်းမတို့၏ကျောင်း၌ ရဟန်းပြုကြ၍ အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။ မြတ်စွာဘုရားသည်လည်း ရဟန်းတစ်ထောင်ကို ယူဆောင်တော်မူ၍ ကောင်းကင်ခရီးဖြင့်သာလျှင် ဇေတဝန်ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။ ထိုဇေတဝန်ကျောင်းတော်၌ အရှင်မဟာကပ္ပိနမထေရ်သည် ညဉ့်သန့်ရာအရပ်, နေ့သန့်ရာအရပ် စသည်တို့၌ “အဟော သုခံ, အဟော သုခံ၊ ဪ- ချမ်းသာလေစွ၊ ဪ- ချမ်းသာလေစွ”ဟူသော ဥဒါန်းစကားကို ကျူးရင့် တော်မူသည်ဖြစ်၍ လှည့်လည်သွားလာလေ့ရှိ၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မဟာကပ္ပိနမထေရ်သည် “အဟော သုခံ, အဟော သုခံ၊ ဪ- ချမ်းသာလေစွ၊ ဪ- ချမ်းသာလေစွ”ဟူသော ဥဒါန်းကို ရွတ်ဆိုကျူးရင့်လျက် လှည့်လည်လေ့ရှိပါသည်ဘုရား၊ မိမိ၏တိုင်းပြည် မင်းအဖြစ်တည်းဟူသော စည်းစိမ်ချမ်းသာကို ရည်မှန်းလျက်မြည်တမ်းရွတ်ဆိုလေ့ရှိယောင်တကား”ဟု လျှောက်ကြားကြလေကုန်၏။

မြတ်စွာဘုရားသည် မဟာကပ္ပိနမထေရ်ကို ခေါ်စေတော်မူ၍ “ချစ်သားကပ္ပိန- အသင်သည် ကာမဂုဏ်ချမ်းသာကို ရည်မှန်းလျက် ဥဒါန်းကျူးရင့်သောဟူသည် မှန်ပေသလော”ဟု မေးတော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ကာမဂုဏ်ချမ်းသာကို ရည်မှန်းလျက် ဥဒါန်းကျူးရင့်သော အဖြစ်ကိုလည်းကောင်း၊ ကာမဂုဏ်ချမ်းသာကို မရည်မှန်းဘဲ ဥဒါန်းကျူးရင့်သောအဖြစ်ကိုလည်းကောင်း မြတ်စွာဘုရား သိတော်မူပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ငါ၏သားတော်ဖြစ်သော ကပ္ပိနသည် ကာမဂုဏ်ချမ်းသာကိုလည်းကောင်း၊ ပြည်ရွာရိပ်ငြိမ် မင်းစည်းစိမ်ကိုလည်းကောင်း ရည်မှန်း၍ ဥဒါန်းစကားကို ရွတ်ဆိုကျူးရင့်သည်မဟုတ်၊ စင်စစ်အားဖြင့် ငါ၏သားတော်အား ဓမ္မပီတိဖြစ်၏။ ထိုငါ၏သားတော်သည် အမြိုက်နိဗ္ဗာန်တရားကြီးကို ရည်မှန်းထောက်ရှု အာရုံပြု၍ ဥဒါန်းကို ကျူးရင့်မြွက်ဆိုလေသည်”ဟု အနုသန္ဓေကို စပ်တော်မူ၍ တရားကို ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၇၉] ဓမ္မပီတိ သုခံ သေတိ၊ ဝိပ္ပသန္နေန စေတသာ။
အရိယပ္ပဝေဒိတေ ဓမ္မေ၊ သဒါ ရမတိ ပဏ္ဍိတော။

ဓမ္မပီတိ၊ တရားအရသာကို သောက်စို့သောသူသည်။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ အိပ်ရ၏။ ဝါ၊ လေးပါးဣရိယာ ချမ်းသာစွာနေရ၏။ ပဏ္ဍိတော၊ ပညာရှိသောသူသည်။ အရိယပ္ပဝေဒိတေ၊ ဘုရားအစရှိသော အရိယာတို့သည် ဟောကြားအပ်သော။ ဓမ္မေ၊ ဗောဓိပက္ခိယတရား၌။ ဝိပ္ပသန္နေန၊ ညစ်ကြေးလွတ်ကင်း သန့်ရှင်းကြည်လင်သော။ စေတသာ၊ စိတ်ဖြင့်။ သဒါ၊ အခါခပ်သိမ်း။ ရမတိ၊ အလွန်မွေ့လျော်ရပေ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြလေကုန်၏။

မဟာကပ္ပိနမထေရ်ဝတ္ထုပြီး၏။

֍ * ၅။ ပဏ္ဍိတသာမဏေဝတ္ထု

ဥဒကံ ဟိ နယန္တိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပဏ္ဍိတသာမဏေကို အကြောင်းပြု၍ ဟောတော်မူလေ၏။

လွန်လေပြီးသောအခါ ကဿပမြတ်စွာဘုရားသည် ရဟန္တာနှစ်သောင်းခြံရံတော်မူလျက် ဗာရာဏသီပြည်သို့ ကြွမြန်းတော်မူလေ၏။ လူတို့သည် မိမိ၏အားအစွမ်းကို မှတ်သား၍ ရှစ်ယောက်မျှကုန်သော သူတို့သည်လည်းကောင်း၊ ဆယ်ယောက်မျှကုန်သော သူတို့သည်လည်းကောင်း တစ်ပေါင်းတည်းပြု၍ အာဂန္တုကအလှူ စသည်တို့ကို ပေးလှူကြကုန်၏။ ထိုအခါ တစ်နေ့သ၌ ကဿပမြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးသောအဆုံး၌-

ဥစ္စာသာရ၍ အခြံအရံမရသော ဒါန

၁။ “ဥပါသကာ ဒါယကာတို့- ဤလောက၌ အချို့သောသူသည် “မိမိ၏ဥစ္စာကိုသာ လှူဒါန်းခြင်းငှာသင့်၏။ သူတစ်ပါးကို တိုက်တွန်းဆောက်တည်စေသဖြင့် အဘယ်အကျိုး ရှိအံ့နည်း”ဟု နှလုံးသွင်း၍ မိမိသာလျှင် အလှူပေးလှူ၏။ သူတစ်ပါးကို မတိုက်တွန်း။ ထိုသူသည် ဖြစ်တိုင်းဖြစ်တိုင်းသောဘဝ၌ ဥစ္စာပြည့်စုံခြင်းကိုရ၏။ အခြံအရံ ပြည့်စုံခြင်းကို မရ။

အခြံအရံကိုသာ ရ၍ ဥစ္စာမရသောဒါန

၂။ အချို့သောသူသည် သူတစ်ပါးကို နှိုးဆော်တိုက်တွန်း၏၊ မိမိကား မလှူဒါန်း။ ထိုသူသည် ဖြစ်တိုင်းဖြစ်တိုင်းသော ဘဝ၌ အခြံအရံ ပြည့်စုံခြင်းကိုရ၏။ ဥစ္စာပြည့်စုံခြင်းကို မရ။

ဥစ္စာလည်း မရ၊ အခြံအရံလည်း မရသော ဒါန

၃။ အချို့သောသူသည် မိမိလည်း မပေးမလှူ၊ သူတစ်ပါးကိုလည်း မနှိုးဆော် မတိုက်တွန်း။ ထိုသူသည် ဖြစ်တိုင်းဖြစ်တိုင်းသောဘဝ၌ ဥစ္စာပြည့်စုံခြင်းကိုလည်း မရ၊ အခြံအရံပြည့်စုံခြင်းကိုလည်း မရ၊ စားကြွင်းစားဖြစ်၍သာ အသက်မွေးရ၏။

နှစ်ပါးစုံရသော ဒါန

၄။ အချို့သောသူသည် မိမိလည်း လှူဒါန်း၏။ သူတစ်ပါးကိုလည်း နှိုးဆော်တိုက်တွန်း၏။ ထိုသူသည် ဖြစ်တိုင်းဖြစ်တိုင်းသောဘဝ၌ ဥစ္စာပြည့်စုံခြင်းကိုလည်း ရ၏။ အခြံအရံ ပြည့်စုံခြင်းကိုလည်း ရ၏”ဟု ဤသို့ ဝမ်းမြောက်ဝမ်းသာ တရားဟောကြားတော်မူလေ၏။

ထိုသို့ ဟောကြားတော်မူသော တရားဒေသနာတော်ကို ကြားနာရလျှင် အနီး၌နေသော ပညာရှိယောက်ျားတစ်ယောက်သည် “ငါသည်ကား ယခုအခါ အကြင်အခြင်းအရာအားဖြင့် ပြုသည်ရှိသော် ဘောဂသမ္ပတ္တိ၊ ပရိဝါရသမ္ပတ္တိအားဖြင့် နှစ်ပါးသော ပြည့်စုံခြင်းတို့သည် ဖြစ်လေကုန်လတ္တံ့၊ ထိုအခြင်းအရာဖြင့် ပြုပေအံ့”ဟု ကြံစည်လေ၏။ ထိုပညာရှိသော ယောက်ျားသည် မြတ်စွာဘုရားကို ရှိခိုးဦးချပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- နက်ဖြန် တပည့်တော်၏ဆွမ်းကို ခံယူတော်မူကြပါဘုရား”ဟု လျှောက်ကြားသဖြင့် “အသင်အား အဘယ်မျှလောက်သော ရဟန်းတို့ဖြင့် အလိုရှိဘိသနည်း”ဟု မေးတော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရား၏ အခြံအရံသည် အဘယ်မျှ အရေအတွက် ရှိပါသနည်းဘုရား”ဟု လျှောက်လေသော် “ရဟန်းနှစ်သောင်းရှိ၏”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ထိုအလုံးစုံသော ရဟန်းတို့နှင့်တကွ နက်ဖြန် တပည့်တော်၏ဆွမ်းကို ခံယူတော်မူကြပါဘုရား”ဟု ပင့်ဖိတ်ပြန်သဖြင့် မြတ်စွာဘုရားသည် သည်းခံတော်မူလေ၏။ ထိုယောက်ျားသည် ရွာသို့ဝင်၍ “အို.. မိခင်ဖခင်တို့- အကျွန်ုပ်သည် နက်ဖြန်အလို့ငှာ ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းကို ပင့်ဖိတ်ခဲ့ပါ၏။ အသင်တို့သည် အကြင်မျှလောက်သော ရဟန်းတို့အား လှူဒါန်းခြင်းငှာ တတ်နိုင်ကုန်၏။ ထိုမျှလောက်သောရဟန်းတို့အား လှူဒါန်းကြပါကုန်လော့”ဟု ပြောကြားကာ လှည့်လည်လတ်သည်ရှိသော် ထိုသူတို့သည် မိမိ၏အားအစွမ်းကို မှတ်သားလျက် “ငါတို့သည် တစ်ကျိပ်မျှလောက်သော ရဟန်းတို့အား လှူဒါန်းကြပါကုန်အံ့၊ ငါတို့သည် နှစ်ကျိပ်၊ ငါတို့သည် တစ်ရာ၊ ငါတို့သည် ငါးရာသော ရဟန်းတော်တို့အား လှူဒါန်းကြပါကုန်အံ့”ဟု ဝန်ခံပြောဆိုသည်ရှိသော် အလုံးစုံသောသူတို့၏ စကားကို အစမှစ၍ ကမ္ပည်းစာ၌ ရေးမှတ်တင်ထားလေ၏။

မဟာဒုဂ် ရဟန်းတစ်ပါးအတွက် တာဝန်ခံခြင်း

ထိုအခါကာလ၌ ထိုဗာရာဏသီပြည်ဝယ် အလွန်ဆင်းရဲသည့်အဖြစ်ကြောင့်သာလျှင် မဟာဒုဂ်ဟူ၍ ထင်ရှားသော ယောက်ျားတစ်ယောက်သည် ရှိလေ၏။ ဆွမ်းဖိတ်မန်သော ယောက်ျားသည် ထိုမဟာဒုဂ်ကိုလည်း မျက်မှောက်၌နေသည်ကို မြင်ရသောကြောင့် “အချင်းမဟာဒုဂ်- ငါသည် နက်ဖြန်ကောင်းမှုအလို့ငှာ ဘုရားအမှူးရှိသော ရဟန်းသံဃာတော်တို့ကို ပင့်ဖိတ်ခဲ့၏။ နက်ဖြန်ပြည်သူ ပြည်သားတို့သည် အလှူဒါနကို ပေးလှူကြကုန်လတ္တံ့၊ အသင်သည် အဘယ်မျှလောက်သော ရဟန်းတို့ကို ဆွမ်းကျွေးမည်နည်း”ဟု မေးလေ၏။ “အချင်း- ငါ့အား ရဟန်းတို့ဖြင့် အဘယ်မှာ အလိုရှိနိုင်အံ့နည်း၊ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝကုန်သော သူတို့အားသာ ရဟန်းတို့ဖြင့် အလိုရှိနိုင်မည်၊ အကျွန်ုပ်အားကား နက်ဖြန်ယာဂုကျိုစရာအလို့ငှာ ဆန်တစ်စလယ် ကွမ်းစားတစ်ခုမျှလည်း မရှိခဲ့၊ အကျွန်ုပ်သည် အခစားပြု၍ အသက်မွေးရပါသည်။ အကျွန်ုပ်အား ရဟန်းတို့ဖြင့် အဘယ်မှာ အလိုရှိနိုင်ပါအံ့နည်း”ဟု ပြောဆိုလေ၏။

ထို့ကြောင့် ၎င်းနှိုးဆော်သော ယောက်ျားသည် မဟာဒုဂ်က မရှိဟုပြောဆိုသော်လည်း ဆိတ်ဆိတ်မနေမူ၍ မဟာဒုဂ်အနီးသို့ လာရောက်ပြီးလျှင် “အချင်းမဟာဒုဂ်- ဤဗာရာဏသီမြို့ကြီး၌ ကောင်းမြတ်သော ဘောဇဉ်ကိုစား၍ သိမ်မွေ့သော အဝတ်ကိုဝတ်၍ အထူးထူးသော တန်ဆာတို့ဖြင့် တန်ဆာဆင်ယင်လျက် အသရေရှိသောအိပ်ရာ၌ အိပ်နေကုန်လျက် များစွာသောလူတို့သည် စည်းစိမ်ချမ်းသာကို ခံစားစံစားကြကုန်၏။ သင်သည်ကား တစ်နေ့လုံး အခစားပြုလုပ်လျက် ဝမ်းပြည့်လောက်ရုံမျှကိုလည်း မရချေ။ ဤသို့ပင်ဖြစ်သော်လည်း “ဪ- ငါသည် ရှေးအခါကာလ၌ ကုသိုလ်ကောင်းမှု မပြုမိဖူးသောကြောင့် တစ်စုံတစ်ခုကိုမျှ မရပါချေတကား”ဟူ၍ သိပါ၏လော”ဟု မေးလျှင် “အရှင်- သိပါ၏”ဟု ပြန်ကြားသဖြင့် “ထိုသို့သိပါလျက် အဘယ့်ကြောင့် ယခုအခါ ကုသိုလ်ကောင်းမှု မပြုဘဲနေသနည်း၊ အသင်သည် ပျိုနု၏၊ ခွန်အားဗလနှင့် ပြည့်စုံ၏။ အသင်သည် အခစားအမှုကို ပြုပြီး၍သော်လည်း အစွမ်းသတ္တိရှိသည့်အလျောက် အလှူလှူခြင်းငှာ မသင့်ပါသလော”ဟု ဟောပြောလေ၏။

မဟာဒုဂ်သည် ထိုပညာရှိယောက်ျားပြောကြားစဉ်ပင် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ “အကျွန်ုပ်အတွက်လည်း ရဟန်းတစ်ပါးကို ကမ္ပည်းစာ၌ ရေးတင်မှတ်သားပါလော့၊ တစ်စုံတစ်ခုသော အခစားအမှုကို ပြုလုပ်၍ ရဟန်းတစ်ပါးအား ဆွမ်းလှူဒါန်းပါတော့အံ့”ဟု ပြောဆိုဝန်ခံလိုက်လေ၏။ ထိုပညာရှိ နိဗ္ဗာန်ဆော်ယောက်ျားသည်လည်း “ရဟန်းတော်တစ်ပါးအတွက် စာရင်း၌ ရေးမှတ်တင်ထားသဖြင့် အဘယ်ပြုအံ့နည်း၊ ကိစ္စတစ်စုံတစ်ခု မရှိတန်ရာ”ဟု စာရင်း၌ မတင်ထားမိဘဲရှိလေ၏။ မဟာဒုဂ်သည်လည်း အိမ်သို့သွား၍ မယားကို “ချစ်နှမ- ပြည်သူပြည်သားတို့သည် နက်ဖြန်သံဃာတော်တို့အား ဆွမ်းကျွေးခြင်းကို ပြုကြကုန်လတ္တံ့၊ ငါ့ကိုလည်း နှိုးဆော်တိုက်တွန်းသော ယောက်ျားသည် “ရဟန်းတစ်ပါးအား ဆွမ်းလှူလော့”ဟု နှိုးဆော်တိုက်တွန်းအပ်သောကြောင့် ငါတို့သည်လည် နက်ဖြန် ရဟန်းတစ်ပါးအား ဆွမ်းလှူဒါန်းကြကုန်အံ့”ဟု ပြောကြားလေ၏။ ထိုအခါ မဟာဒုဂ်၏မယားက “ငါတို့ကား ဆင်းရဲမွဲချာလှသည်ဖြစ်လျက် အဘယ့်ကြောင့် အမောင်ဝန်ခံခဲ့သနည်း”ဟု မဆိုမူ၍သာလျှင် “အမောင်- အမောင်သည် ကောင်းမြတ်သောအမှုကို ပြုအပ်ပေ၏။ ငါတို့သည် ရှေးရှေးသောဘဝ၌လည် တစ်စုံတစ်ခုကိုမျှ မပေးလှူခဲ့ခြင်းကြောင့် ဤယခုအခါ ဆင်းရဲနွမ်းပါးသောသူတို့ ဖြစ်ကြရကုန်၏။ ငါတို့ နှစ်ယောက်စလုံးတို့သည်လည်း အခစားအမှုပြုလုပ်၍ ရဟန်းတော်တစ်ပါးအား ဆွမ်းလှူအံ့”ဟု ဆိုပြီးလျှင် နှစ်ဦးကုန်သော ဇနီးခင်ပွန်းတို့သည် အိမ်မှထွက်၍ အခစားအမှု ပြုလုပ်ရာအရပ်သို့ သွားကြလေကုန်၏။

မဟာဒုဂ်လင်မယား ထင်းပေါက် ဆန်ဖွပ်ကြခြင်း

သူဌေးကြီးတစ်ဦးသည် ထိုမဟာဒုဂ်ကိုမြင်လျှင် “အချင်းမဟာဒုဂ်- အခစားအမှုကို ပြုလုပ်အံ့လော”ဟု မေးသဖြင့် “အရှင်သူဌေးမင်း- ပြုလုပ်ပါမည်”ဟု ဝန်ခံလေ၏။ “အဘယ်အမှုကို ပြုလတ္တံ့နည်း”ဟု မေးပြန်သော် “အရှင်သူဌေးမင်းတို့ ပြုလိုသောအမှုကို ပြုလုပ်ပါမည်”ဟု ဆိုလေ၏။ “ထိုသို့ဖြစ်မူ ငါတို့သည် နက်ဖြန် နှစ်ရာသုံးရာလောက်ကုန်သော ရဟန်းတို့ကို ဆွမ်းကျွေးကုန်အံ့၊ လာလော့၊ ထင်းတို့ကို ပေါက်ခွဲလော့”ဟု ပဲခွပ်ပေါက်ဆိန်ကို ထုတ်ဆောင်၍ ပေးစေလေ၏။ မဟာဒုဂ်သည် မြဲမြံစွာ ခါးတောင်းကျိုက်သဖြင့် လွန်စွာအားထုတ်ခြင်းသို့ ရောက်သည်ဖြစ်၍ ပဲခွပ်လည်းဖြစ်၊ ပေါက်ဆိန်လည်းဖြစ်သော ပဲခွပ်ပေါက်ဆိန်ကို ကိုင်ယူကာ ထင်းတို့ကို ခွဲလေ၏။ ထိုအခါ မဟာဒုဂ်ကို သူဌေးကြီးသည် “အချင်းမဟာဒုဂ်- သင်သည် ယနေ့အလွန်လျှင် အားထုတ်ခြင်းသို့ ရောက်သည်ဖြစ်၍ အမှုကိစ္စကို ပြုလေဘိ၏။ အကြောင်းကား အသို့ရှိသနည်း”ဟု မေးမြန်းသဖြင့် “အရှင်သူဌေးမင်း- အကျွန်ုပ်သည် နက်ဖြန် ရဟန်းတော်တစ်ပါးကို ဆွမ်းလုပ်ကျွေးလိုပါသည်၊ ဤသည်လျှင် အကြောင်းပါတည်း”ဟု ဆိုလေ၏။ ထိုစကားကိုကြားလျှင် သူဌေးကြီးသည် ကြည်လင်သောစိတ်ရှိသည်ဖြစ်၍ ကြံဆင်ခြင်သည်မှာ ဪ- အံ့ဖွယ်ရှိလေစွတကား၊ ဤသူသည် ပြုနိုင်ခဲသော အမှုကို ပြုဘိ၏။ “ငါသည် လူဆင်းရဲတစ်ယောက်”ဟု ဆိတ်ဆိတ်နေခြင်းသို့ မရောက်မူ၍ အခစားအမှုပြုလုပ်လျက် ရဟန်းတစ်ပါးကို ဆွမ်းလုပ်ကျွေးလိုပါသည်ဟု ပြောဆိုဝန်ခံဘိသည်”ဟု ကြံဆင်ခြင်၏။ သူဌေးကတော်သည်လည်း ထိုမဟာဒုဂ်၏ မယားကိုမြင်သဖြင့် “အမိ- အဘယ်အမှုကို ပြုလတ္တံ့နည်း”ဟု မေးသည်ရှိသော် “အရှင်မ- အရှင်မတို့သည် အကြင်အမှုကို ပြုလိုကြကုန်၏။ ထိုအမှုကို ပြုပါမည်”ဟု ပြောဆိုလတ်သော် မောင်းတင်းကုပ်သို့ဝင်စေ၍ ဗန်း,ကျည်ပွေ့ စသည်တို့ကို ပေးစေလေ၏။ ထိုမဟာဒုဂ်၏မယားသည် က,ခုန်နေသည့်အသွင် ရွှင်လန်းနှစ်သက်စွာ စပါးကို ထောင်းလည်းထောင်း၏။ ပြာလည်း ပြာ၏။

ထိုအခါ မဟာဒုဂ်မယားကို သူဌေးကတော်က “အမိ- အသင်သည် အလွန်လျှင် ရွှင်လန်းနှစ်သက်စွာ အမှုကိုပြုလုပ်ဘိ၏။ အမိအား အကြောင်း အသို့ရှိသနည်း”ဟု မေး၏။ “အရှင်မ- ဤသို့ အခစားအမှုပြုလုပ်၍ အကျွန်ုပ်တို့သည်လည်း ရဟန်းတစ်ပါးကို ဆွမ်းလုပ်ကျွေးလိုကြပါကုန်သည်”ဟု ပြောဆိုလေ၏။ ထိုစကားကိုကြားလျှင် သူဌေးကတော်ကြီးသည်လည်း “ဪ- အံ့ဖွယ်ရှိလေစွတကား။ ဤမိန်းမသည် ပြုနိုင်ခဲသော အမှုကိုပြုဘိ၏”ဟု ကြည်လင်နှစ်သက်ခြင်းဖြစ်လေ၏။ သူဌေးကြီးသည် မဟာဒုဂ်အား ထင်းတို့ကို ခွဲပြီးသောအခါ “ဤသည်ကား သင့်လုပ်ခတည်း”ဟု သလေးဆန် လေးစလယ် ကွမ်းစားတို့ကို ပေးစေပြီးလျှင် “ဤသည်ကား သင့်အားနှစ်သက်၍ ပေးသောဆုတည်း”ဟု တစ်ပါးလည်းဖြစ်ကုန်သော ဆန် လေးစလယ်ကွမ်းစားတို့ကို ပေးစေပြန်လေ၏။ မဟာဒုဂ်သည် အိမ်သို့သွား၍ မယားကို ပြောဆိုသည်မှာ “ငါသည် အခစားအမှုပြုသဖြင့် သလေးဆန်ကိုရအပ်၏။ ဤဆန်သည် ကျွေးမွေးရန် ဆွမ်းရိက္ခာ ဖြစ်ပေလတ္တံ့၊ အသင်ရခဲ့သော အခဖြင့် နို့ဓမ်း,ဆီ,ငရုတ်စသော ဘဏ္ဍာတို့ကို ဝယ်ချေလော့”ဟု ပြောဆိုလေ၏။ သူဌေးကတော်ကြီးသည်လည်း တစ်ဖန် ထိုမဟာဒုဂ်မယားအား ထောပတ်တစ်အိုးကိုလည်းကောင်း, နို့ဓမ်းအိုးကိုလည်းကောင်း, ငရုတ်စသော ဘဏ္ဍာကိုလည်းကောင်း, စင်ကြယ်သန့်ရှင်းသော သလေးဆန် တစ်စလယ် ကွမ်းစားကိုလည်းကောင်း ပေးစေလေ၏။ ဤသို့သော အခြင်းအရာဖြင့် ဇနီးခင်ပွန်းနှစ်ဦးတို့အားရအပ်သော ဆန်တို့သည်ကား ငါးကွမ်းစားတို့ ဖြစ်ကုန်၏။ ထိုဇနီးခင်ပွန်းနှစ်ဦးတို့သည် “ငါတို့သည် လှူဖွယ်ဝတ္ထုကို ရအပ်ပေပြီ”ဟု နှစ်သက်ရွှင်လန်းကုန်သည်ဖြစ်၍ စောစောကပင် ထကြလေကုန်၏။

ဆွမ်းကျွေးရန် ငါးကြင်းလေးကောင် တံငါသည်က ပေးခြင်း

မယားဖြစ်သူက မဟာဒုဂ်ကို “အမောင်- သွား၍ ဟင်းရွက်ကို ရှာဖွေကာ ယူဆောင်ခဲ့ပါလော့”ဟု ဆို၏။ မဟာဒုဂ်သည် အိမ်ဈေး၌ ဟင်းရွက်ကို မရသောကြောင့် မြစ်ဆိပ်ကမ်းနားသို့ သွားရောက်သဖြင့် “ယနေ့ အရှင်မြတ်တို့အား ဆွမ်းဘောဇဉ်ကို လှူဒါန်းခြင်းငှာ ရပေလတ္တံ့”ဟု အလွန်ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ သီချင်းကို သီဆိုလျက် ဟင်းရွက်ကို ရွေးချယ်ဆွတ်ခူးနေဆဲ ပိုက်ကွန်ကြီးကိုပစ်ချ၍ တည်နေသော တံငါသည်သည် “မဟာဒုဂ်၏အသံ ဖြစ်တန်ရာ၏”ဟု ကြံ၍ မဟာဒုဂ်ကို ခေါ်ပြီးလျှင် “အသင်သည် အလွန်လျှင် ရွှင်လန်းနှစ်သက်သော စိတ်ရှိသည်ဖြစ်၍ သီချင်းဆိုဘိ၏။ အကြောင်း အသို့ရှိသနည်း”ဟု မေးလေ၏။ “အချင်း- ဟင်းရွက်တို့ကို ရွေးချယ်ဆွတ်ခူးနေပါသည်”ဟု ဆိုသော် “ဟင်းရွက်ဖြင့် အဘယ်အမှုကို ပြုလတ္တံ့နည်း”ဟု မေးပြန်လေ၏။ “ရဟန်းတော်တစ်ပါးကို ဆွမ်းလုပ်ကျွေးအံ့”ဟု ဆိုသော် “ဪ- အံ့ဖွယ်ရှိစွ၊ သင့်ဟင်းရွက်ကို အဘယ်ရဟန်းသည် ချမ်းချမ်းသာသာ ဘုဉ်းပေးနိုင်ပါလတ္တံ့နည်း”ဟု ဆိုလေ၏။ “အချင်း- အသို့ ပြုနိုင်ပါအံ့နည်း။ မိမိရအပ်သော ဟင်းရွက်ဖြင့်ပင် ကျွေးမွေးပေတော့အံ့”ဟု ဆိုသော် “ထိုသို့ဖြစ်မူ လာလော့”ဟု ဆိုလေ၏။ “အချင်း- အသို့ပြုရမည်နည်း”ဟု ဆိုလတ်သော် “ဤငါးတို့ကိုယူ၍ တစ်မတ်ဖိုးတို့ကိုလည်းကောင်း၊ ငါမူးဖိုးတို့ကိုလည်းကောင်း၊ တစ်ကျပ်ဖိုးတို့ကိုလည်းကောင်း ပေါင်းစုဖွဲ့ခြင်းတို့ကို ပြုလုပ်လေလော့”ဟု ဆိုလေ၏။ မဟာဒုဂ်လည်း တံငါသည်ဆိုသောအတိုင်း ပြုလုပ်လေ၏။ ဖွဲ့တိုင်းဖွဲ့တိုင်းသော ငါးတို့ကို ပြည်သူပြည်သားတို့သည် ပင့်ဖိတ်အပ်ကုန်သော ရဟန်းတို့အလို့ငှာ ဆောင်ယူကြကုန်၏။ မဟာဒုဂ်သည် ငါးအတွဲအဖွဲ့တို့ကို ပြုလုပ်စဉ်ပင် ဆွမ်းခံသွားချိန်လည်း ရောက်လေ၏။ မဟာဒုဂ်သည် အခါကိုမှတ်သား၍ “အချင်း- ငါသည် သွားတော့အံ့၊ ဤအခါသည် ရဟန်းတော်တို့၏ ကြွလာအံ့သောအခါတည်း”ဟု ဆို၏။ “တစ်စုံတစ်ခုသော ငါးအတွဲသည် ရှိလေသေးသလော”ဟု မေးလတ်သော် “အချင်း- တစ်ခုမျှမရှိ၊ အလုံးစုံသော ငါးအတွဲတို့သည် ကုန်လေပြီ”ဟု ဆိုလေသဖြင့် “ထိုသို့ဖြစ်မူ ငါသည် မိမိ၏အလို့ငှာ သဲ၌မြုပ်၍ ငါးကြင်းလေးကောင်တို့ကို ထားအပ်ကုန်၏။ ရဟန်းသံဃာတော်ကို အကယ်၍ ဆွမ်းလုပ်ကျွေးလိုမူကား ဤငါးကြင်းတို့ကိုယူ၍ သွားလေလော့”ဟု ဆိုပြီးလျှင် ထိုငါးတို့ကို မဟာဒုဂ်အား ပေးလိုက်လေ၏။

ဘုရားနှင့်သိကြားမင်းတို့ မဟာဒုဂ်ကို ကြည့်ရှုခြင်း

ထိုနေ့၌ မြတ်စွာဘုရားသည် နံနက်စောစောအခါ လောကကို ကြည့်ရှုတော်မူသည်ရှိသော် မဟာဒုဂ်ကို ကိုယ်တော်မြတ်၏ ဉာဏ်တော်ကွန်ယက်အတွင်းသို့ ဝင်လာသည်ကို မြင်တော်မူရ၍ “အသို့ဖြစ်လတ္တံ့နည်း”ဟု ဆင်ခြင်တော်မူသည်ရှိသော်- “မဟာဒုဂ်သည် ရဟန်းတစ်ပါးကို ဆွမ်းလုပ်ကျွေးအံ့ဟု မယားနှင့်တကွ ယမန်နေ့က အခစားအမှု ပြုလုပ်လေ၏။ အဘယ်ရဟန်းကို ရလတ္တံ့နည်း”ဟု ကြံဆင်ခြင်တော်မူပြန်သည်ရှိသော် “လူတို့သည် စာရင်း၌တင်ထားပြီးသော အမှတ်သညာဖြင့် ရဟန်းတို့ကိုပင့်၍ မိမိအိမ်တို့၌ နေစေကြကုန်လတ္တံ့၊ မဟာဒုဂ်သည် ငါဘုရားကိုဖယ်ထား၍ တစ်ပါးသော ရဟန်းတို့ကိုမရဘဲရှိလတ္တံ့”ဟု ဆင်ခြင်တော်မူမိလေ၏။ ဘုရားရှင်တို့မည်သည် ဆင်းရဲပင်ပန်းလှသောသူတို့၌ အစဉ်သနားခြင်းကို ပြုတော်မူကြကုန်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် နံနက်စောစောကလျှင် ကိုယ်လက်သုတ်သင်ခြင်းကို ပြုတော်မူ၍ “မဟာဒုဂ်ကို ချီးမြှောက်အံ့”ဟု အောက်မေ့ဆင်ခြင်တော်မူလျက် ဂန္ဓကုဋိတိုက်သို့ ကြွဝင်၍ သီတင်းသုံးထိုင်နေတော်မူလေ၏။ မဟာဒုဂ်သည်လည်း ငါးကြင်းတို့ကို ယူဆောင်၍ အိမ်သို့ဝင်သည်ရှိသော် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် ပူသောအခြင်းအရာကို ပြ၏။ သိကြားမင်းသည်လည်း “အကြောင်းကား အသို့နည်း”ဟု ကြည့်ရှုလတ်သည်ရှိသော် “ယမန်နေ့က မဟာဒုဂ်သည် ရဟန်းသံဃာတော်တစ်ပါး အား ဆွမ်းလုပ်ကျွေးအံ့ဟု မိမိမယားနှင့်တကွ အခစားအမှုကို ပြုလေ၏။ အဘယ်ရဟန်းကိုရလတ္တံ့နည်းဟု ဆင်ခြင်ပြန်သောအခါ ထိုမဟာဒုဂ်အတွက် တစ်ပါးသောရဟန်းသည် မရှိ၊ မြတ်စွာဘုရားသည် မဟာဒုဂ်အား ချီးမြှောက်ခြင်းကိုပြုအံ့ဟု ဂန္ဓကုဋိတိုက်၌ သီတင်းသုံးနေထိုင်တော်မူ၏။”

“မဟာဒုဂ်သည် မြတ်စွာဘုရားအလို့ငှာ မိမိအားသာ သုံးဆောင်ခြင်းငှာ ထိုက်သော ယာဂုဆွမ်းကိုလည်းကောင်း၊ ဟင်းရွက်ဟင်းလျာကိုလည်းကောင်း စီမံ၍ မြတ်စွာဘုရားအား ပေးလှူလေရာ၏။ ငါသည် မဟာဒုဂ်၏အိမ်သို့သွား၍ ထမင်းချက်အမှုကို ပြုလုပ်ရမူကား ကောင်းလေစွ”ဟု ကြံပြီးလျှင် ထိုသိကြားမင်းသည် မထင်ရှားသောအသွင်ဖြင့် ထိုမဟာဒုဂ်၏ အိမ်အနီးအပါးသို့သွား၍ “တစ်စုံတစ်ယောက်သောသူအား အခဖြင့်ငှားရမ်း၍ ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုသည် ရှိပါသလော”ဟု မေးမြန်းလေ၏။ မဟာဒုဂ်သည် ထိုသူကိုမြင်လျှင် “အဘယ်သို့သောအမှုကို ပြုလတ္တံ့နည်း”ဟု မေးလေ၏။ “အရှင်- ငါသည် အလုံးစုံသော အတတ်ကိုတတ်၏။ မသိသောအတတ်မည်သည် မရှိ၊ ယာဂုထမင်းစသည်တို့ကိုလည်း ပြည့်ပြည့်စုံစုံ ချက်ပြုတ်ခြင်းငှာ တတ်သိနားလည်၏”ဟုဆိုသော် “အချင်း- ငါတို့ကား အသင်၏ပြုလုပ်သော အမှုကိစ္စဖြင့် အလိုရှိပါကုန်၏။ သို့ရာတွင် အသင့်အား ပေးကမ်းဖွယ် တစ်စုံတစ်ခုသောအခကို မမြင်”ဟုဆို၏။ “သင့်အား ပြုလုပ်ဖွယ် အဘယ်အမှုရှိသနည်း”ဟု မေးပြန်သော် “ရဟန်းတော်တစ်ပါးအား ဆွမ်းလှူဒါန်းလို၏။ ထိုရဟန်းအလို့ငှာ ယာဂုဆွမ်းစီရင်ခြင်းကို အလိုရှိပါ၏”ဟု ဆို၏။ “ရဟန်းသံဃာတော်အား အကယ်၍ ဆွမ်းလှူလိုသည်ဖြစ်အံ့၊ ငါ့အား အဖိုးအခဖြင့် အလိုမရှိ၊ ငါ့အား ကုသိုလ်ကောင်းမှုသည် မသင့်လျော်ပါသလော”ဟု ဆိုလတ်သော် “အချင်း- ထိုသို့ဖြစ်မယ ကောင်းလှပါပြီ၊ ချက်ပြုတ်စီမံပါလော့”ဟု ပြောဆိုတိုက်တွန်းလေ၏။

မဟာဒုဂ် ဆွမ်းကျွေးရန် ရဟန်းမရှိ

သိကြားမင်းသည် မဟာဒုဂ်၏အိမ်သို့ဝင်၍ ဆီ,ဆန်စသည်တို့ကို ဆောင်ယူစေပြီးလျှင် “အချင်းမဟာဒုဂ်- သွားချေ၊ မိမိအားရောက်သော ရဟန်းတော်ကို ပင့်ဆောင်လေလော့”ဟု ဆို၍ မဟာဒုဂ်ကို လွှတ်လိုက်လေ၏။ အလှူဝတ်ကို ပြုစုစီမံသော စာရင်းကိုင် ယောက်ျားသည်လည်း ကမ္ပည်းစာ၌ ရေးသားတင်ထားသော အမှတ်ဖြင့်သာလျှင် ထိုထိုသူတို့၏အိမ်တို့ဖို့ ရဟန်းတို့ကို ပို့လိုက်လေ၏။ မဟာဒုဂ်သည် စာရင်းကိုင်ယောက်ျား၏ အထံသို့သွား၍ “အကျွန်ုပ်အတွက် ရဟန်းတော်ကို ပေးတော်မူပါလော့”ဟု တောင်းဆိုလေ၏။ ထိုစာရင်းကိုင်ယောက်ျားသည် ထိုခဏ၌ သတိရ၍ “ငါကား သင့်အတွက် ရဟန်းကို သတိမေ့လျော့ခဲ့လေပြီ”ဟု ဆိုလတ်သော် မဟာဒုဂ်သည် ထက်လှစွာသော လှံမဖြင့် ရင်ဝကို ထိုးဆွပုတ်ခတ်ဘိသကဲ့သို့ “အချင်း နိဗ္ဗာန်ဆော်ယောက်ျား- အဘယ့်ကြောင့် အကျွန်ုပ်ကို ဖျက်ဆီးနှိပ်စက်ပါသနည်း၊ အသင်သည် ယမန်နေ့က အကျွန်ုပ်ကို နှိုးဆော်တိုက်တွန်းခြင်းကြောင့် မယားနှင့်တကွ တစ်နေ့ပတ်လုံး အခစားအမှုပြုလုပ်၍ ယနေ့နံနက်စောစောကပင်လျှင် ဟင်းရွက်အလို့ငှာ မြစ်ကမ်းနား၌ ရှာဖွေလှည့်လည်၍ လာခဲ့ပါသည်၊ အကျွန်ုပ်အား ရဟန်းတော်တစ်ပါးကို ပေးသနားတော်မူပါခင်ဗျား”ဟု လက်မြှောက်ကာ ငိုကြွေးရှာလေ၏။ လူတို့လည်း စည်းဝေးကုန်လျက် “မဟာဒုဂ်- ဤသို့ ငိုကြွေးရခြင်းကား အကြောင်းအသို့နည်း”ဟု မေးလေကုန်၏၊ မဟာဒုဂ်သည် ထိုအကြောင်းကို ပြောကြားလေ၏၊ ထိုသူတို့သည် အလှူဝတ်ကိုစီရင်သော စာရင်းကိုင်ယောက်ျားကို “အချင်း- အသင်သည် ဤမဟာဒုဂ်ကို အခစားအမှုပြုလုပ်၍ ရဟန်းတော်တစ်ပါးအား ဆွမ်းကို လှူဒါန်းပါလော့ဟု နှိုးဆော်တိုက်တွန်းသောဟူသည် မှန်သလော”ဟု မေးကုန်လတ်သော် “အရှင်တို့- နှိုးဆော်မိသည် မှန်ပါပေ၏”ဟု ဆိုလျှင် “အကြင်အသင်သည် ဤမျှလောက်သော ရဟန်းတို့ကို စီရင်နိုင်ပါလျက် ဤမဟာဒုဂ်ကား ရဟန်းတစ်ပါးကိုမျှ မပေးနိုင်၊ ထိုအသင်သည် ဝန်လေးသောအမှုကို ပြုအပ်ဘိလေတော့၏”ဟု ဆိုကြလေကုန်၏။

ဘုရားရှင်ထံ မဟာဒုဂ်သွားခြင်း

စာရင်းကိုင်သော ယောက်ျားလည်း ထိုသူတို့၏စကားဖြင့် မျက်နှာမသာသည်ဖြစ်၍ မဟာဒုဂ်ကို ဤသို့ဆို၏။ “အချင်းမဟာဒုဂ်- ငါ့ကို မဖျက်ဆီးပါလင့်၊ ငါကား သင်တစ်ယောက်၏ အကြောင်းကြောင့် ကြီးစွာသော ပင်ပန်းခြင်းသို့ ရောက်ခဲ့ရပါပြီ။ လူတို့သည်လည်း စာရင်း၌တင်ပြီးသောနည်းအားဖြင့် မိမိမိမိတို့အတွက် ရဟန်းတို့ကို ပင့်ဆောင်ကြချေကုန်ပြီ။ မိမိ၏အိမ်၌ ထိုင်နေသီတင်းသုံးပြီးသော ရဟန်းတို့ကို ထုတ်ဆောင်၍ ပေးသောသူမည်သည် မရှိ။ မြတ်စွာဘုရားသည်ကား မျက်နှာတော်သစ်၍ (မျက်နှာတော်သစ်ဖွယ် မြူအညစ်အကြေး မရှိသော်လည်း အေးသောအခိုးအငွေ့ကို ယူလိုသောကြောင့်လည်းကောင်း၊ အလေ့ကျင့်ဝတ် မချွတ်စေလိုသောကြောင့်လည်းကောင်း မျက်နှာတော်သစ်၏ ဟူလို။) ဂန္ဓကုဋိ၌သာလျှင် သီတင်းသုံး နေထိုင်တော်မူ၏။ မင်း, အိမ်ရှေ့မင်း, စစ်သူကြီး စသောသူတို့သည် မြတ်စွာဘုရား၏ ဂန္ဓကုဋိမှ ထွက်တော်မူခြင်းကို ကြည့်ရှုငံ့လင့်ကုန်လျက် မြတ်စွာဘုရား၏ သပိတ်တော်ကို ယူ၍ သွားကုန်အံ့ဟု ဆိုင်းငံ့နေကြကုန်၏။ ဘုရားရှင်တို့မည်သည်ကား ဆင်းရဲသောသူကို အစဉ်သနားတော်မူကြကုန်၏။ အသင်သည် ကျောင်းတော်သို့သွား၍ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဘုရားတပည့်တော်သည် အလွန်အမင်း ဆင်းရဲသောသူဖြစ်ပါသည်။ တပည့်တော်အား ချီးမြှောက်ခြင်းကို ပြုတော်မူပါဘုရားဟု လျှောက်ကြား၍ မြတ်စွာဘုရားကို ရှိခိုးလေလော့။ အသင့်အား အကယ်၍ ကုသိုလ်ကံရှိသည် ဖြစ်အံ့၊ မချွတ်ဧကန် ရပေလတ္တံ့”ဟု ပြောဆို၍ စေလွှတ်လိုက်၏။ မဟာဒုဂ်သည် ကျောင်းတော်သို့ သွားလေ၏။

မဟာဒုဂ် ဘုရားသပိတ်တော် ရလာခြင်း

ထိုအခါ မဟာဒုဂ်ကို တစ်ပါးသောနေ့၌ ကျောင်းတွင် စားကြွင်းစား၏အဖြစ်ဖြင့် မြင်အပ်ဖူးသောကြောင့် မင်း, အိမ်ရှေ့မင်း စသောသူတို့က “အချင်းမဟာဒုဂ်- ယခုအခါ ဆွမ်းဘုဉ်းပေးသော အချိန်အခါမဟုတ်သေး၊ အဘယ့်ကြောင့် အသင်လာဘိသနည်း”ဟု ပြောဆိုကြကုန်၏။မဟာဒုဂ်လည်း “သခင်- ယခုအခါ ဆွမ်းဘုဉ်းပေးသောအချိန်အခါ မဟုတ်သေးဟု သိပါ၏၊ သို့သော်လည်း မြတ်စွာဘုရားကို ရှိခိုးခြင်းငှာ ရောက်လာပါသည်”ဟု ပြောပြောဆိုဆိုဖြင့်သွား၍ ဂန္ဓကုဋိတံခါးခုံ၌ ဦးခေါင်းကိုထားလျက် ငါးပါးသောတည်ခြင်းဖြင့် ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော သဗ္ဗညုမြတ်စွာဘုရား- ဤဗာရာဏသီပြည်ကြီး၌ ဘုရားတပည့်တော်အောက် ဆင်းရဲပင်ပန်း နွမ်းပါးလွန်းသောသူမည်သည် မရှိပါဘုရား၊ မြတ်စွာသခင်ဘုရားရှင်တို့သည် တပည့်တော်၏ ကိုးကွယ်မှီခိုရာ ဖြစ်တော်မူကြပါသည်ဘုရား၊ တပည့်တော်အား ချီးမြှင့်ခြင်းကို ပြုတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ ကဿပမြတ်စွာ စိန္တေယျာသည် ဂန္ဓကုဋိတိုက်တံခါးကို ဖွင့်လှစ်တော်မူ၍ သပိတ်တော်ကို ထုတ်ဆောင်တော်မူပြီးလျှင် မဟာဒုဂ်၏လက်၌ ထားတော်မူလေ၏။ မဟာဒုဂ်သည် စကြဝတေးမင်း၏အသရေကို ရဘိသကဲ့သို့ ဖြစ်လေ၏။ မင်း,အိမ်ရှေ့မင်း စသောသူတို့သည် အချင်းချင်း မျက်နှာတို့ကိုကြည့်ကြကုန်၏။ မြတ်စွာဘုရားကိုယ်တော်တိုင် ပေးသနားတော်မူအပ်သော သပိတ်တော်ကို တစ်စုံတစ်ယောက်သောသူသည် အစိုးတရ ပိုင်စိုးပိုင်နင်း ယူငင်ခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိ။ ယင်းသို့ မရှိသော်လည်း “အချင်းမဟာဒုဂ်- ငါတို့အား သပိတ်တော်ကို ပေးလော့၊ သင့်အား ဤမျှလောက် အသပြာကို ပေးကုန်အံ့၊ သင်သည် ဆင်းရဲလှ၏၊ ပစ္စည်းဥစ္စာကိုသာ ယူလေလော့၊ သင့်အား သပိတ်တော်ဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ပြောဆိုကြလေကုန်၏။

မဟာဒုဂ်သည်လည်း “အကျွန်ုပ်သည် တစ်စုံတစ်ယောက်သောသူအား ပေးလိမ့်မည်မဟုတ်၊ အကျွန်ုပ်အား ဥစ္စာဖြင့် အလိုမရှိ၊ မြတ်စွာဘုရားကိုသာ ဆွမ်းလုပ်ကျွေးပါအံ့”ဟု ပြန်ပြောလေ၏။ ကြွင်းကျန်သောလူတို့သည် မဟာဒုဂ်ကိုတောင်း၍ သပိတ်တော်ကို မရသောကြောင့် ပြန်လည်ဆုတ်နစ်ကြကုန်၏။ ပြည့်ရှင်မင်းသည်ကား “မဟာဒုဂ်သည် ဥစ္စာဖြင့် ဖြားယောင်းဖြောင်းဖျသော်လည်း မြတ်စွာဘုရား၏ သပိတ်တော်ကို မပေး၊ မြတ်စွာဘုရားကိုယ်တော်တိုင် သနားတော်မူအပ်သော သပိတ်တော်ဖြစ်၍ တစ်စုံတစ်ယောက်သောသူ အတင်းယူခြင်းငှာလည်း မစွမ်းနိုင်၊ ဤမဟာဒုဂ်၏ လှူဖွယ်ဝတ္ထုမည်သည် အဘယ်မျှရှိသည် ဖြစ်လတ္တံ့နည်း။ မဟာဒုဂ်သည် လှူဖွယ်ဝတ္ထုကို လှူပြီးသောအခါ မြတ်စွာဘုရားကို ပင့်၍ နန်းတော်သို့ ပင့်ဆောင်ပြီးလျှင် ငါ၏ ကောင်းစွာစီရင်အပ်သော အာဟာရကို ပေးလှူပေအံ့”ဟု ကြံလျက် မြတ်စွာဘုရားနှင့် အတူတကွသာ လိုက်ပါသွားလေ၏။ သိကြားနတ်မင်းသည်လည်း ယာဂု,ခဲဖွယ်,ဆွမ်း, ဟင်းရွက်ဟင်း စသည်တို့ကို ပြည့်ပြည့်စုံစုံ စီမံပြီးလျှင် မြတ်စွာဘုရားအလို့ငှာ ထိုင်နေသီတင်းသုံးခြင်းငှာထိုက်သော နေရာကိုခင်း၍ နေလေ၏။

မဟာဒုဂ်အိမ်၌ ဘုရားရှင်အား မင်းကြီးလျှောက်ကြားပုံ

မဟာဒုဂ်သည် မြတ်စွာဘုရားကို ပင့်ဆောင်၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ကြွဝင်တော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။

(မဟာဒုဂ်၏နေအိမ်သည် နိမ့်သည်ဖြစ်၍ မညွတ်မကိုင်းဘဲဝင်ခြင်းငှာ မတတ်ကောင်း၊ မြတ်စွာဘုရားတို့မည်သည်ကား ဝင်တော်မူသည်ရှိသော် ညွတ်ကိုင်း၍ ဝင်တော်မမူကြကုန်၊ အိမ်သို့ဝင်တော်မူသောအခါ မဟာပထဝီမြေကြီးသည်မူလည်း အောက်သို့နိမ့်ဝင်ရ၏၊ အိမ်သည်မူလည်း အထက်သို့ မြင့်တက်ရ၏။ ဤသည်ကား ဘုရားရှင်တို့၏ ကောင်းစွာလှူဒါန်းအပ်သော အလှူဒါန၏ အကျိုးတည်း၊ တစ်ဖန်ထွက်၍ ကြွသွားတော်မူသောအခါ၌ အလုံးစုံသည် ပကတိအတိုင်းသာလျှင်ဖြစ်၏။)

ထို့ကြောင့် မြတ်စွာဘုရားသည် ရပ်တော်မူလျက်သာလျှင် မဟာဒုဂ်၏အိမ်သို့ ကြွဝင်တော်မူ၍ သိကြားမင်း ခင်းထားအပ်သောနေရာ၌ ထိုင်နေ သီတင်းသုံးတော်မူလေ၏။ မြတ်စွာဘုရား ထိုင်နေ သီတင်းသုံးတော်မူသည်ရှိသော် ဗာရာဏသီပြည့်ရှင် ဘုရင်မင်းမြတ်သည် ဤသို့ ဆို၏၊ “အချင်းမဟာဒုဂ်- သင်သည် ငါတို့ တောင်းကြကုန်သော်လည်း ဘုရား၏ သပိတ်တော်ကို မပေး၊ ငါတို့သည် ရှေးဦးစွာ ကြည့်ရှုလိုကုန်၏၊ အသင်သည် မြတ်စွာဘုရားအား အဘယ်သို့သော ပူဇော်သက္ကာရကို ပြုဘိသနည်း”ဟု ဆိုလတ်သော် ထိုအခါ မင်းကြီးအား သိကြားမင်းသည် ယာဂုခဲဖွယ် စသည်တို့ကို ဖွင့်လှစ်ကာပြလေ၏။ ယာဂုခဲဖွယ် စသည်တို့၏ တကြိုင်ကြိုင်လှိုင်သော အနံ့သည် တစ်ပြည်လုံးကို လွှမ်းမိုး၍ တည်လေ၏။ မင်းကြီးသည် ယာဂုစသည်တို့ကို ကြည့်ရှုပြီးလျှင် မြတ်စွာဘုရားကို ဤသို့ နားတော်လျှောက်လေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်သည် မဟာဒုဂ်၏ လှူဖွယ်ဝတ္ထုကား အဘယ်မျှလောက် ဖြစ်လတ္တံ့နည်း၊ ဤမဟာဒုဂ်သည် လှူဖွယ်ဝတ္ထုကို ပေးလှူပြီးသည်ရှိသော် မြတ်စွာဘုရားကို နန်းတော်သို့ဆောင်၍ မိမိအလို့ငှာ စီရင်အပ်သော အာဟာရကို ပေးလှူအံ့ဟုကြံ၍ လာခဲ့ပါသည်ဘုရား၊ တပည့်တော်သည် ဤသို့သဘောရှိသော အာဟာရကို ရှေးအခါ မမြင်အပ်စဖူးပါ၊ ဤအရပ်၌ တပည့်တော် နေသည်ရှိသော် မဟာဒုဂ်သည် ပင်ပန်းရာ၏၊ တပည့်တော် သွားပါဦးမည်ဘုရား”ဟု လျှောက်ကြား၍ မြတ်စွာဘုရားကို ရှိခိုး၍ ဖဲသွားလေ၏။ သိကြားမင်းသည်လည်း မြတ်စွာဘုရားကို ယာဂုစသည်တို့ကို လှူဒါန်းသဖြင့် ရိုသေစွာ လုပ်ကျွေး ပြုစုလေ၏။ မြတ်စွာဘုရားသည်လည်း ဆွမ်းစားခြင်းကို ပြုပြီးသည်ရှိသော် အနုမောဒနာပြု၍ နေရာမှ ထတော်မူပြီးလျှင် ဖဲကြွတော်မူလေ၏။ သိကြားမင်းသည် မဟာဒုဂ်အား အမှတ်သညာပေးသဖြင့် မဟာဒုဂ်လည်း သပိတ်တော်ကိုယူ၍ မြတ်စွာဘုရားကို လိုက်ပို့လေ၏။

ရတနာမိုးရွာ၍ မဟာဒုဂ် သူဌေးကြီးဖြစ်ခြင်း

သိကြားမင်းသည် နတ်ပြည်သို့ ပြန်လည်လေသောအခါ မဟာဒုဂ်၏ အိမ်တံခါး၌ရပ်လျက် ကောင်းကင်သို့ ကြည့်ရှုလေ၏။ ထိုခဏ၌သာလျှင် ကောင်းကင်မှ ရတနာခုနစ်ပါးနှင့်ပြီးသော မိုးကြီးကိုရွာချ၍ မဟာဒုဂ်၏အိမ်၌ ခပ်သိမ်းသော အိုးတို့ကို ပြည့်စေပြီးလျှင် တစ်အိမ်လုံး ပြည့်စေလေ၏။ ထိုမဟာဒုဂ်၏အိမ်၌ နေရာကွက်လပ်မရှိလေပြီ၊ မဟာဒုဂ်၏မယားသည် သားငယ်တို့ကို လက်ဆွဲငင် ထုတ်ဆောင်လျက် အိမ်အပ၌ ရပ်နေလေ၏။ မဟာဒုဂ်သည် မြတ်စွာဘုရားကို လိုက်ပို့၍ ပြန်လာသောအခါ သားငယ်တို့ကို အိမ်ပြင်ပ၌ တွေ့မြင်ရလျှင် “ဤကား အကြောင်းအသို့နည်း”ဟု မေး၏။ “အမောင်- ကျွန်မတို့၏ အိမ်တစ်အိမ်လုံးသည် ရတနာခုနစ်ပါးတို့ဖြင့် ပြည့်သည်ဖြစ်၍ ဝင်ခြင်းငှာ နေရာကွက်လပ်မရှိပါ”ဟု ပြောလေ၏။ မဟာဒုဂ်သည် “ယနေ့ပင်လျှင် ငါ့အား အလှူဒါနသည် အကျိုးပေးလေပြီ”ဟု ဆင်ခြင်အောက်မေ့လျက် မင်းကြီး၏အထံသို့ သွားရောက်၍ ရှိခိုးကာ ရပ်တည်လေ၏။ “အဘယ့်ကြောင့် လာသနည်း”ဟု မေးတော်မူသောအခါ မဟာဒုဂ်သည် “အရှင်မင်းမြတ်- အရှင့်ကျွန်တော်မျိုး၏အိမ်သည် ရတနာခုနှစ်ပါးတို့ဖြင့် ပြည့်နေပါပြီ၊ ထိုဥစ္စာကို ယူတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ မင်းကြီးသည် “ဪ- အံ့ဖွယ်ရှိလေစွ၊ ဘုရားရှင်တို့အား ပေးလှူအပ်သောဒါနသည် ယနေ့ပင်လျှင် အပြီးအဆုံးသို့ ရောက်ချေပြီ”ဟု ကြံစည်အောက်မေ့၍ ထိုမဟာဒုဂ်ကို “အဘယ်ဝတ္ထုကို ရခြင်းငှာ သင့်သနည်း”ဟု မိန့်ဆိုလေ၏။

“အရှင်မင်းမြတ်- ဥစ္စာပစ္စည်းကို ဆောင်ယူသယ်ပိုးခြင်းငှာ လှည်းအစီးတစ်ထောင် ရခြင်းငှာ သင့်ပါသည်ဘုရား”ဟု လျှောက်တင်သော် မင်းကြီးသည် လှည်းအစီးတစ်ထောင်ကို စေလွှတ်၍ ဥစ္စာကို ဆောင်ယူစေပြီးလျှင် မင်းရင်ပြင်၌ ပေါင်းစုပုံထားစေလေ၏။ ထန်းတစ်ဆင့် အတိုင်းအရှည်မြင့်သော ရတနာအစုအပုံသည် ဖြစ်လေ၏။ မင်းကြီးသည် ပြည်သူပြည်သားတို့ကို စည်းဝေးစေပြီးလျှင် “ဤပြည်၌ တစ်စုံတစ်ယောက်သောသူအား ဤမျှလောက်သောဥစ္စာ ရှိလေသလော”ဟု မေးလေ၏။ “အရှင်မင်းမြတ်- မရှိပါ”ဟု လျှောက်ကြားကုန်သည်ရှိသော် “ဤသို့ ပစ္စည်းဥစ္စာများစွာ ကြွယ်ဝချမ်းသာလှသောသူအား အသို့ပြုခြင်းငှာ သင့်သနည်း”ဟု မေးပြန်လေ၏၊ “အရှင်မင်းမြတ်- သူဌေးအရာကိုပေးခြင်းငှာ သင့်ပါသည်”ဟု လျှောက်တင်ကြသောကြောင့် မဟာဒုဂ်အား များစွာသော ပူဇော်သက္ကာရကိုပြု၍ သူဌေးကြီးအရာကို ပေးသနားတော်မူလေ၏၊ ထို့နောက် မဟာဒုဂ်အား ရှေးအခါ တစ်ဦးသောသူဌေး၏ နေဖူးသော အိမ်နေရာကို ညွှန်ကြားလျက် “ဤအရပ်၌ ပေါက်ရောက်ကုန်သော ချုံတို့ကို ခုတ်ထွင်ဖယ်ရှားစေ၍ အိမ်ကို ဆောက်လုပ်စေပြီးလျှင် နေထိုင်လေလော့”ဟု အမိန့်ချမှတ်တော်မူလေ၏။ မဟာဒုဂ်သည် ထိုနေရာအရပ်ကို သုတ်သင်ရှင်းလင်းသဖြင့် အညီအညွတ်ပြု၍ မြေတူးအပ်သည်ရှိသော် အချင်းချင်းထိ၍တည်နေသော ရွှေအိုးတို့သည် ပေါ်ပေါက်လာကုန်၏။ မဟာဒုဂ်သည် မင်းကြီးအား လျှောက်ကြားလတ်သည်ရှိသော် “အသင်၏ ကောင်းမှုကြောင့် ပေါ်ပေါက်လာကုန်၏၊ အသင်သည်သာ ယူ လေလော့”ဟု မိန့်ကြားတော်မူ၏။ မဟာဒုဂ်လည်း အိမ်ကို ဆောက်လုပ်စေပြီးလျှင် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား အလှူကြီးကို ပေးလှူလေ၏။ ထိုမှနောက်၌လည်း အသက်ရှည်သမျှကာလပတ်လုံး တည်နေလျက် ကောင်းမှုတို့ကိုပြုရသဖြင့် အသက်၏အဆုံး၌ နတ်ပြည်၌ ဖြစ်လေ၏။

ယခုဘုရားလက်ထက် အမျိုးသားပဏ္ဍိတ ဖြစ်လာခြင်း

မဟာဒုဂ်သည် နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသောကာလပတ်လုံး နတ်စည်းစိမ်ကို အစဉ်ခံစားပြီးလျှင် ဤငါတို့ဘုရား ထင်ရှားပွင့်လင်း ထွန်းဝင်းတောက်ပသောအခါ ထိုနတ်ပြည်မှ စုတေခဲ့လေ၍ သာဝတ္ထိပြည်၌ အရှင်သာရိပုတြာမထေရ်၏ အလုပ်အကျွေး အမျိုးအိမ်တွင် သူဌေးသမီးဝမ်း၌ ပဋိသန္ဓေ စွဲယူလေ၏။ ထိုအခါ သူဌေးသမီး၏ မိခင်,ဖခင်တို့သည် ကိုယ်ဝန်တည်သည့်အဖြစ်ကိုသိ၍ ကိုယ်ဝန်အစောင့်အရှောက်ကို ပေးကြလေကုန်၏။ ထိုသတို့သမီးအား တစ်ပါးသောအခါ ဤသို့သဘောရှိသော ချင်ခြင်းသည် ဖြစ်လေ၏၊ “ငါသည် တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတြာမထေရ်ကို အစပြု၍ ငါးရာသော ရဟန်းတော်တို့အား ငါးကြင်းသားဟင်း အရသာဖြင့် အလှူကို ပေးလှူပြီးလျှင် ဖန်ရည်စွန်းသောအဝတ်ကို ဝတ်လျက် နေရာအစွန်၌နေပြီးမှ ရဟန်းတော်တို့၏ စားကြွင်းထမင်းကို စားရပါမူကား ကောင်းလေစွ”ဟု ချင်ခြင်းဖြစ်လေ၏။ ထိုသူဌေးသမီးသည် မိခင်,ဖခင်တို့အား ပြောကြားပြီးလျှင် ချင်ခြင်းဖြစ်သောအတိုင်း ပြုသည်ရှိသော် ချင်ခြင်းသည် ငြိမ်းပျောက်လေ၏။ ထို့နောက် သူဌေးသမီးအလို့ငှာ ပြုအပ်ကုန်သော ချင်ခြင်းငြိမ်းအောင်ပြုသည်မှတစ်ပါး ခုနစ်ပါးသော မင်္ဂလာတို့၌လည်း (ချင်ခြင်းငြိမ်းပြီးနောက် မဖွားမီ ၁။ ကြိုးကြား ကြိုးကြား ပြုအပ်သောမင်္ဂလာ၊ ၂။ သားဖွားမင်္ဂလာ၊ ၃။ အမည်မှည့်မင်္ဂလာ၊ ၄။ အစာခွံ့မင်္ဂလာ၊ ၅။ နားသမင်္ဂလာ၊ ၆။ အဝတ်ဆီးမင်္ဂလာ၊ ၇။ ဦးသျှောင်ထုံးမင်္ဂလာ။) ငါးကြင်းသားဟင်းအရသာဖြင့်လျှင် အရှင်သာရိပုတြာမထေရ်အမှူးရှိကုန်သော ငါးရာသော ရဟန်းတော်တို့ကို ဆွမ်းကျွေးကြလေကုန်၏။

(အလုံးစုံသည် တိဿသတို့သား၏ဝတ္ထု၌ ဆိုခဲ့အပ်ပြီးသော နည်းဖြင့်သာလျှင် သိအပ်၏၊ အထူးကား- ဤသတို့သားအား မဟာဒုဂ်ဖြစ်သောအခါ ပေးလှူအပ်သော ငါးကြင်းသားဟင်းအရသာ အလှူ၏သာလျှင် အကျိုးဆက်တည်း။)

ထိုသူငယ်ကို အမည်မှည့်အံ့သောနေ့၌ကား “အရှင်ဘုရား- အရှင်မြတ်တို့၏ အလုပ်အကျွေးဖြစ်သော သူငယ်အား သိက္ခာပုဒ်တို့ကို ပေးသနားတော် မူကြပါဘုရား”ဟု မိခင်က လျှောက်ကြားလတ်သည်ရှိသော် မထေရ်သည် “ဤသူငယ်ကား အဘယ်အမည်ရှိသနည်း”ဟု မေးတော်မူလေ၏၊ “အရှင်ဘုရား- ဤသူငယ်သည် ဝမ်း၌ ပဋိသန္ဓေတည်နေသောအခါမှစ၍ ဤအိမ်၌ ထုံအ, ဖျင်းနုံ၊ ထိုင်းမှိုင်းကုန်သော သူတို့သော်လည်း ပညာရှိဖြစ်ကြကုန်ပါ၏၊ ထို့ကြောင့် တပည့်တော်မ၏သားကား ပဏ္ဍိတဟူသော အမည်သည်သာလျှင် ဖြစ်ပါလိမ့်မည်ဘုရား”ဟု လျှောက်ကြား၏၊ အရှင်သာရိပုတြာ မထေရ်သည်လည်း သိက္ခာပုဒ်တို့ကို ပေးသနားတော်မူလေ၏။ ထိုသူငယ် ဖွားမြင်သောနေ့မှစ၍ “ငါ့သား၏ အလိုဆန္ဒ အဇ္ဈာသယကို ငါမဖျက်ဆီးအံ့”ဟု မိခင်အား စိတ်အကြံသည် ဖြစ်လေ၏။

မဟာဒုဂ်တစ်ဖြစ်လဲ မောင်ပဏ္ဍိတ ရှင်ပြုခြင်း

သူငယ်သည် ခုနစ်နှစ်သား အရွယ်ရှိသောအခါ မိခင်ကို “မိခင်- ကျွန်တော်သည် အရှင်သာရိပုတြာမထေရ်၏ အထံ၌ ရှင်သာမဏေပြုပါရစေ”ဟု ခွင့်တောင်းလေ၏။ “ချစ်သား- ကောင်းလှပေပြီ၊ ငါမိခင်သည် ချစ်သား၏ အလိုဆန္ဒ အဇ္ဈာသယကို မဖျက်ဆီးအံ့ဟူ၍ စိတ်အကြံကို ဖြစ်စေဖူးပြီ”ဟု ပြောဆိုပြီးလျှင် အရှင်သာရိပုတြာမထေရ်ကို ပင့်ဖိတ်သဖြင့် ဆွမ်းကျွေး၍ “အရှင်ဘုရား- အရှင်မြတ်တို့၏အလုပ်အကျွေးဖြစ်သော ဤသူငယ်သည် ရှင်သာမဏေပြုခြင်းငှာ အလိုရှိပါသည်၊ ကျွန်တော်မသည် ညချမ်းသောအခါ၌ ဤသူငယ်ကို ကျောင်းသို့ ပို့ဆောင်ပါမည်ဘုရား”ဟု လျှောက်ထားပြီးလျှင် မထေရ်ကို လွှတ်လိုက်၍ ဆွေမျိုးတို့ကို စည်းဝေးစေလျက် “ငါ၏သားအား လူအဖြစ်၌ ပြုစုထိုက်သော အလုံးစုံသော ပူဇော်သက္ကာရကို ယနေ့ပင်လျှင် ပြုတော့အံ့”ဟု များစွာသော ပူဇော်သက္ကာရကို ပြုစေ၍ သူငယ်ကို ဆောင်ယူလျက် ကျောင်းတော်သို့ သွားပြီးလျှင် “အရှင်ဘုရား- ဤသူငယ်ကို ရှင်သာမဏေ ပြုပေးတော်မူပါဘုရား”ဟု တောင်းပန်လျက် မထေရ်အား အပ်နှံလေ၏။

မထေရ်သည်လည်း ရဟန်းအဖြစ်၌ ဆင်းရဲငြိုငြင်စွာ ကျင့်ရသည့်အဖြစ်ကို ပြောကြားလျှင် “အရှင်ဘုရား- တပည့်တော်သည် အရှင်ဘုရားတို့၏ အဆုံးအမပေးတော်မူသမျှကို လိုက်နာကျင့်ကြံပါမည်ဘုရား”ဟု လျှောက်ကြားသည်ရှိသော် “ထိုသို့ဖြစ်မူ လာလော့”ဟု ခေါ်ပြီးလျှင် ဆံပင်တို့ကို ရေဖြင့်ဆွတ်၍ တစပဉ္စကကမ္မဋ္ဌာန်းကို ဟောကြားလျက် ရှင်သာမဏေ ပြုပေးလေ၏။ ထိုပဏ္ဍိတ သာမဏေ၏ မိခင်,ဖခင်တို့သည်လည်း ခုနစ်ရက်ပတ်လုံး ကျောင်း၌သာ နေကုန်လျက် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား ငါးကြင်းသားဟင်းအရသာ အလှူဒါနကိုသာ ပေးလှူ၍ ခုနစ်ရက်မြောက်ရောက်သောနေ့ ညချမ်းသောအခါ အိမ်သို့ ပြန်သွားကြလေကုန်၏။ အရှင်သာရိပုတြာထေရ်သည်လည်း ရှစ်ရက်မြောက်သောနေ့၌ ရွာတွင်းသို့ ဆွမ်းခံကြွဝင်တော်မူသည်ရှိသော် ထိုသာမဏေကိုခေါ်၍ ကြွသွားတော်မူ၏။

ရဟန်းသံဃာအပေါင်းနှင့် အတူတကွ ကြွသွားတော်မမူ၊ အဘယ့်ကြောင့် အတူတကွ မကြွသနည်းဟူမူကား ထိုသာမဏေငယ်၏ သင်္ကန်းဝတ်ခြင်း၊ သပိတ်ကိုင်ခြင်းတို့သည်လည်းကောင်း၊ ဣရိယာပုထ်၌ ကြည်ညိုဖွယ် ဆောင်နိုင်ခြင်းသည်လည်းကောင်း ရှေးဦးစွာ မဖြစ်သေး၊ တစ်နည်းအကြောင်းမှာ ကျောင်း၌ အရှင်သာရိပုတြာမထေရ်အား ပြုအပ်သော ဝတ်သည်ရှိ၏၊ မထေရ်ကြီးတစ်ပါးပင် ဖြစ်သော်လည်း ရဟန်းသံဃာ ရွာတွင်းသို့ ကြွဝင်လတ်သည်ရှိသော် ကျောင်းအလုံးကို လှည့်ပတ်လျက် တံမြက်လှည်းသောအရပ်ကို တံမြက်လှည်း၍ ရေမရှိသောအိုးတို့၌ သောက်ရေ,သုံးဆောင်ရေ ထည့်ပေါင်း၍ မကောင်းသဖြင့် ခင်းထားအပ်သော ညောင်စောင်း, အင်းပျဉ် စသည်တို့ကို သိုမှီးသိမ်းဆည်းပြီးမှ နောက်၌ ရွာသို့ ကြွဝင်တော်မူလေ၏။ အကြောင်း တစ်နည်းကား “သာသနာတော်မှအပဖြစ်သော တိတ္ထိတို့သည် အချည်းနှီးသောကျောင်းသို့ ဝင်ရောက်ပြီးလျှင် “ရဟန်းကြီးဂေါတမ၏ တပည့်သားတို့၏ နေရာအရပ်တို့ကို ကြည့်ရှုကြစမ်းပါဦး”ဟု ရှုတ်ချပြောဆိုခြင်းငှာ မရကြပါစေလင့်”ဟု ဆင်ခြင်၍ ကျောင်းအလုံးကို သုတ်သင်ရှင်းလင်းပြီးမှ နောက်၌ ရွာသို့ ကြွဝင်တော်မူ၏။ ထို့ကြောင့် ထိုနေ့၌လည်း သာမဏေအား သပိတ်သင်္ကန်းကို ယူစေတော်မူ၍ နေမြင့်မှ ဆွမ်းအလို့ငှာ ကြွဝင်တော်မူလေသတည်း။

ရေမြောင်း စသည်မြင်ရာ ကိုရင်ပဏ္ဍိတ ဆင်ခြင်ပုံ

ပဏ္ဍိတသာမဏေငယ်သည် ဥပဇ္ဈာယ်ဆရာနှင့် အတူတကွ ကြွသွားလတ်သည်ရှိသော် ခရီးအကြား၌ မြောင်းကို မြင်ရလျှင် “အရှင်ဘုရား- ဤသည်ကား အဘယ်အမည် ရှိပါသနည်းဘုရား”ဟု မေးလျှောက်လေ၏။ “သာမဏေ- မြောင်းမည်၏”ဟု မိန့်တော်မူလျှင် “ဤမြောင်းဖြင့် အဘယ်ကို ပြုကြပါကုန်သနည်းဘုရား”ဟု မိန့်တော်မူလျှင် “ထိုမှဤမှ ရေကိုဆောင်၍ မိမိ၏ လယ်လုပ်ခြင်းအမှုကို ပြုကြကုန်၏”ဟု မိန့်တော်မူသော် “အရှင်ဘုရား- ရေမှာ စိတ်ရှိပါသလားဘုရား”ဟု လျှောက်ပြန်လေ၏။ “ငါ့ရှင် သာမဏေ- ရေမှာ စိတ်မရှိ”ဟု မိန့်တော်မူလေသော် “အရှင်ဘုရား- ဤသို့သဘောရှိသော စိတ်မှကင်းသောရေကို မိမိ၏ လိုရာအရပ်သို့ ရောက်အောင် ဆောင်နိုင်ကြပါကုန်သလောဘုရား”ဟု မေးလျှောက်ပြန်လေ၏။ “ဆောင်နိုင်သည် မှန်၏ ငါ့ရှင်”ဟု မထေရ် မိန့်ဆိုလတ်သော် သာမဏေသည် ဤသို့ ကြံဆင်ခြင်၏၊ “ဤသို့သဘောရှိသော စိတ်မရှိသောရေကို မိမိ၏ အလိုရှိရာ အလိုရှိရာအရပ်သို့ ဆောင်လျက် လယ်လုပ်ခြင်းစသော အမှုကို အကယ်၍ ပြုလုပ်နိုင်ကြကုန်သည်ဖြစ်အံ့၊ စိတ်ရှိသောသူတို့သည်လည်း စိတ်ကို မိမိတို့အလိုနိုင်ငံသို့ လိုက်စေ၍ ရဟန်းတရားကို အားထုတ်ခြင်းငှာ အဘယ့်ကြောင့် မတတ်နိုင်ဘဲ ရှိကုန်အံ့နည်း”ဟု ကြံဆင်ခြင်လေ၏။

ထို့နောက် ထိုပဏ္ဍိတ သာမဏေငယ်သည် ရှေ့သို့ သွားပြန်လတ်သည်ရှိသော် လေးသမားသည် မြားတံကို မီး၌ကင်၍ မျက်စိထောင့်စွန်းဖြင့် ကြည့်လျက် ဖြောင့်မတ်စွာ ပြုကြသည်တို့ကို မြင်ရပြန်လျှင် “အရှင်ဘုရား- ဤသူတို့ကား အဘယ်အမည်ရှိပါသနည်းဘုရား”ဟု မေးလျှောက်လေ၏။ “ငါ့ရှင် သာမဏေ- လေးသမားတို့ မည်ကုန်၏”ဟု မိန့်တော်မူလတ်သော် “ဤသူတို့သည် အဘယ်အမှုကို ပြုကြပါကုန်သနည်းဘုရား”ဟု မေးပြန်လေ၏။ “မီး၌ကင်၍ မြားတံကို ဖြောင့်မတ်အောင် ပြုကြကုန်၏”ဟု မိန့်တော်မူလတ်သော် “အရှင်ဘုရား- ဤမြားကား စိတ်ရှိပါသလောဘုရား”ဟု မေးလျှောက်ပြန်လေ၏။ “ငါ့ရှင်သာမဏေ- မြားကား စိတ်မရှိ”ဟု မိန့်ဆိုလတ်သော် သာမဏေသည် ဤသို့ ကြံဆင်ခြင်၏၊ “စိတ်မရှိသော မြားတံကိုယူ၍ မီး၌ ကင်လျက် ဖြောင့်မတ်အောင် အကယ်၍ ပြုလုပ်နိုင်ကြကုန်သည်ဖြစ်အံ့၊ စိတ်ရှိသော သူတို့သည်လည်း မိမိ၏စိတ်ကို မိမိအလိုသို့ လိုက်စေ၍ ရဟန်းတရားကို အားထုတ်ခြင်းငှာ အဘယ့်ကြောင့် မတတ်နိုင်ဘဲ ရှိကုန်အံ့နည်း”ဟု ကြံဆင်ခြင်ပြန်လေ၏။ ထို့နောက် ထိုပဏ္ဍိတသာမဏေငယ်သည် ရှေ့သို့ သွားပြန်လတ်သည်ရှိသော် သစ်တို့ကို အကန့်အကွပ်, ပုန်တောင်းချက်မ စသည်တို့ကို ရွေကြသည်တို့ကို မြင်ရပြန်လျှင် “အရှင်ဘုရား- ဤသူတို့ကား အဘယ်အမည်ရှိပါသနည်းဘုရား”ဟု မေးလျှောက်လေ၏။ “ငါ့ရှင်သာမဏေ- တံစဉ်းသမား ပဲခွပ်သမားတို့ မည်ကုန်၏”ဟု မိန့်တော်မူလတ်သော် “ဤသူတို့သည် အဘယ်အမှုကို ပြုကြပါကုန်သနည်း”ဟု မေးလျှောက်ပြန်လေ၏။ “သစ်တို့ကိုယူ၍ လှည်းယာဉ်စသည်တို့၏ ဘီး စသည်တို့ကို ပြုကြကုန်၏”ဟု မိန့်တော်မူလတ်သော် “အရှင်ဘုရား- ဤသစ်တို့သည် စိတ်ရှိကြပါကုန်သလောဘုရား”ဟု လျှောက်ပြန်လေ၏။ “ငါ့ရှင်သာမဏေ- စိတ်မရှိ”ဟု မိန့်တော်မူလတ်သော် ထိုအခါ သာမဏေအား ဤသို့သော စိတ်အကြံ ဖြစ်လေ၏၊ “စိတ်မရှိသော သစ်တုံးတို့ကိုယူ၍ လှည်းဘီးစက်ဝန်းသည်တို့ကို အကယ်၍ ပြုလုပ်နိုင်ကြကုန်သည်ဖြစ်အံ့၊ စိတ်ရှိသော သူတို့သည် မိမိ၏စိတ်ကို မိမိအလိုသို့ လိုက်စေ၍ ရဟန်းတရားကို အားထုတ်ခြင်းငှာအဘယ့်ကြောင့် မတတ်နိုင်ဘဲ ရှိကုန်အံ့နည်း”ဟု စိတ်အကြံ ဖြစ်ပြန်လေ၏။

ရှင်ပဏ္ဍိတအား သိကြား စောင့်ရှောက်ပုံ

သာမဏေသည် ဤအကြောင်းတို့ကို မြင်ရပြီးလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့၏ သပိတ်သင်္ကန်းတို့ကို အရှင်ဘုရားတို့သည် အကယ်၍ ယူကုန်သည်ဖြစ်ငြားအံ့၊ တပည့်တော်သည် ပြန်လည် ဆုတ်နစ်လိုပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ မထေရ်သည်လည်း “ဤသာမဏေသည် ယခုပင် ရှင်ပြုသော သာမဏေငယ်ဖြစ်လျက် ငါ့နောက်သို့ အစဉ်အတိုင်း လိုက်နေစဉ်ဖြစ်လျက် ဤသို့ ဆိုဘိ၏”ဟု စိတ်ကိုမဖြစ်စေမူ၍ “သာမဏေ- ယူဆောင်ခဲ့လေလော့”ဟု ဆိုပြီးလျှင် မိမိ၏သပိတ်သင်္ကန်းကို ယူတော်မူလေ၏။ သာမဏေသည်လည်း ဥပဇ္ဈာယ်ဆရာကို ရှိခိုး၍ ပြန်နစ်သည်ရှိသော် “အရှင်ဘုရား- တပည့်တော်၏အလို့ငှာ ဆွမ်းအာဟာရကို ဆောင်ယူလာသည်ရှိသော် ငါးကြင်းသားဟင်းအရသာနှင့်သာလျှင် ဆောင်ယူတော်မူခဲ့ပါဘုရား”ဟု လျှောက်လေ၏။ “ငါ့ရှင် ပဏ္ဍိတ သာမဏေ- အဘယ်သို့လျှင် ရနိုင်ပါအံ့နည်း”ဟု ဆိုလတ်သော် “မိမိ၏ဘုန်းကံဖြင့် မရနိုင်လျှင် တပည့်တော်၏ဘုန်းကံဖြင့် ရတော်မူကြပါကုန်လတ္တံ့”ဟု လျှောက်လေ၏။ မထေရ်သည်လည်း သာမဏေငယ်အား ကျောင်းပြင်ပ၌ နေရသည်ရှိသော် ဘေးရန်သော်လည်း ဖြစ်ရာ၏ဟု သံကောက်(သော့)ကို ပေးလိုက်၍ “ငါနေသော တိုက်ခန်းတံခါးကို ဖွင့်ပြီးလျှင် အတွင်းသို့ဝင်၍ နေလေလော့”ဟု မှာထားတော်မူလိုက်၏။ သာမဏေလည်း မထေရ်မှာလိုက်တိုင်း အတွင်း၌နေ၍ မိမိ၏ ကရဇကာယ ခန္ဓာကိုယ်၌ ဉာဏ်ကိုချသွင်းပြီးလျှင် အတ္တဘောကို သုံးသပ်ကာ နေလေ၏။ ထိုအခါ သာမဏေ၏ ဂုဏ်ကျေးဇူး အာနုဘော်ကြောင့် သိကြားမင်း၏နေရာသည် ပူသော အခြင်းအရာကို ပြလေ၏။

သိကြားမင်းသည် “အကြောင်းကား အဘယ်သို့နည်း”ဟု ကြည့်ရှုဆင်ခြင်လတ်သည်ရှိသော် “ပဏ္ဍိတသာမဏေသည် ဥပဇ္ဈာယ်ဆရာအား သပိတ်သင်္ကန်းကိုပေးလိုက်၍ ရဟန်းတရားကို အားထုတ်အံ့ဟု ပြန်လာခဲ့လေ၏။ ငါသိကြားမင်းသည်လည်း ထိုပဏ္ဍိတသာမဏေရှိရာသို့ သွားခြင်းငှာ သင့်၏”ဟု ကြံ၍ စတုမဟာရာဇ်နတ်မင်းကြီး လေးယောက်တို့ကို ခေါ်ပြီးလျှင် “ကျောင်း၏ ဥပစာအနီးအနား၌ နေကုန်သော ငှက်တို့ကို ပျံသွားစေ၍ ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ယူကြကုန်လော့”ဟု မိန့်တော်မူ၍ လနတ်သားကိုလည်း “လဝန်းကို ဆွဲငင်၍ ဆီးတားထားလော့၊” နေနတ်သားကိုလည်း “နေဝန်းကို ဆွဲငင်၍ ဆီးတားထားလော့”ဟု ဆိုပြီးမှ မိမိကိုယ်တိုင်သွား၍ တံခါးသံကောက်ကြိုး ဆွဲငင်ရာအရပ်၌ အစောင့်အရှောက်ကိုယူ၍ တည်နေလေ၏။

ပဏ္ဍိတသာမဏေ အောက်ဖိုလ်သုံးပါးရခြင်း

ကျောင်း၌ သစ်ရွက်ရော်ကြွေ၍ ကျသော်လည်း ကျသံမမည်၊ သာမဏေ၏စိတ်သည် မတုန်မလှုပ် တည်ကြည်လတ်သည်ဖြစ်သဖြင့် သာမဏေသည် ဆွမ်းမစားမီ အကြား၌သာလျှင် ကိုယ်ခန္ဓာအတ္တဘောကို သုံးသပ်ဆင်ခြင်၍ ဖိုလ်သုံးပါးတို့သို့ ရောက်လေ၏။ မထေရ်သည်လည်း “သာမဏေငယ်သည် ကျောင်း၌ နေ၏။ ထိုသာမဏေအား သုံးဆောင်ခြင်းငှာ ထိုက်သော ဆွမ်းဘောဇဉ်ကို အဘယ်မည်သော အမျိုးအိမ်၌ ရခြင်းငှာ တတ်နိုင်ကောင်းအံ့နည်း”ဟု အောက်မေ့လျက် ချစ်ခြင်း, မြတ်နိုးခြင်း, ရိုသေခြင်းရှိသော တစ်ယောက်သော အလုပ်အကျွေး ဒါယကာအိမ်သို့ ကြွတော်မူလေ၏။ ထိုအလုပ်အကျွေး ဒါယကာအိမ်၌လည်း လူတို့သည် ထိုနေ့၌ ငါးကြင်းတို့ကိုရသဖြင့် မထေရ်မြတ်၏ ကြွလာခြင်းကို ဆိုင်းငံ့မျှော်လင့်ကာ နေကြကုန်၏။ ထိုဒါယကာတို့သည် “ကြွလာတော်မူခြင်းတို့ဖြင့် ကောင်းသောလာခြင်းကို ပြုတော်မူပေ၏”ဟု လျှောက်၍ အိမ်တွင်းသို့သွင်းပြီးလျှင် ယာဂုခဲဖွယ် စသည်တို့ကိုလှူ၍ ငါးကြင်းသားဟင်းအရသာဖြင့် ထိုမထေရ်သပိတ်၌ ဘောဇဉ်ကို ပြည့်စေလျက် ဆွမ်းလှူဒါန်းကြလေကုန်၏။ မထေရ်သည်လည်း ဆောင်ယူသွားအံ့သော အကြောင်းကိုပြလျှင် လူတို့သည်မြင်၍ “အရှင်ဘုရား- ဘုဉ်းပေးတော်မူကြပါဘုရား၊ ကျောင်းသို့ ဆောင်ယူအပ်သော ဆွမ်းကိုလည်း ရပါလိမ့်မည်ဘုရား”ဟု လျှောက်ကုန်၍ မထေရ် ဆွမ်းဘုဉ်းပေးပြီးသောအခါ သပိတ်ကို ငါးကြင်းသားဟင်းအရသာရှိသော ဘောဇဉ်ဖြင့် ပြည့်စေ၍ လှူဒါန်းကြလေကုန်၏။ မထေရ်သည်လည်း “သာမဏေသည် ဆာလောင်မွတ်သိပ်တန်ပြီ”ဟု လျင်မြန်စွာ ကြွသွားတော်မူလေ၏။

ဘုရားရှင်သည်လည်း ထိုနေ့ စောစောကလျှင် ဆွမ်းဘုဉ်းပေး၍ ကျောင်းတော်သို့ကြွသဖြင့် ဤသို့ ဆင်ခြင်တော်မူ၏၊ “ပဏ္ဍိတသာမဏေသည် ဥပဇ္ဈာယ်ဆရာအား သပိတ်သင်္ကန်းကိုပေး၍ ရဟန်းတရားကို အားထုတ်အံ့ဟု ပြန်လာ၏၊ ထိုသာမဏေအား ရဟန်းကိစ္စ အပြီးတိုင်အံ့လော”ဟု စူးစမ်းသည်ရှိသော် သုံးပါးသော ဖိုလ်တို့သို့ ရောက်သည့်အဖြစ်ကို သိရပြီးလျှင် “အရဟတ္တဖိုလ်၏ အကြောင်း ဥပနိဿယ ရှိသလော၊ မရှိသလော”ဟု ဆင်ခြင်ပြန်သည်ရှိသော် “ရှိ၏”ဟု မြင်တော်မူ၍ “ဆွမ်းမစားမီသာလျှင် အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှာ တတ်နိုင်အံ့လော၊ မတတ်နိုင်အံ့လော”ဟု စူးစမ်း ဆင်ခြင်ပြန်သည်ရှိသော် “တတ်နိုင်လတ္တံ့”ဟု သိမြင်တော်မူလေ၏။ ထိုအခါ မြတ်စွာဘုရားအား ဤသို့သော အကြံသည် ဖြစ်လေ၏။ “သာရိပုတြာသည် သာမဏေအလို့ငှာ ဆွမ်းကိုယူ၍ လျင်မြန်စွာ လာ၏။ သာမဏေအား ရဟန်းတရား ပြီးဆုံးခြင်း အန္တရာယ်ကိုလည်း ပြုရာ၏။ တံခါးမုခ်၌ အစောင့်အရှောက်ကို ယူ၍ နေနှင့်အံ့။ ထိုအခါ သာရိပုတြာကို ပြဿနာလေးပါးတို့ကို မေးပေအံ့၊ ထိုပြဿနာကို ဖြေဆိုအပ်သည်ရှိသော် သာမဏေသည် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လတ္တံ့”ဟု အကြံဖြစ်တော်မူလေ၏။ ထို့နောက်မှ ကြွသွားတော်မူ၍ တံခါးမုခ်၌ ရပ်တည်တော်မူပြီးလျှင် ရောက်လာသော အရှင်သာရိပုတြာမထေရ်ကို ပြဿနာလေးပါးတို့ကို မေးတော်မူလေ၏။ မေးတိုင်း မေးတိုင်းသော ပြဿနာကို ဖြေဆိုလေ၏။

ပြဿနာလေးပါး ဖြေဆိုစဉ် ရဟန္တာဖြစ်ခြင်း

မြတ်စွာဘုရားသည် အရှင်သာရိပုတြာမထေရ်ကို ဤသို့ မေးမြန်းတော်မူ၏။

၁။ “ချစ်သား သာရိပုတြာ- အဘယ်ကို ရလာသနည်း”ဟု မေးတော်မူ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အာဟာရကို ရလာပါသည်ဘုရား”ဟု ဆို၏။
၂။ “ချစ်သား သာရိပုတြာ- အာဟာရမည်သည် အဘယ်ကို ဆောင်တတ်သနည်း”ဟု မေးတော်မူ၏။ “မြတ်စွာဘုရား- ဝေဒနာကို ဆောင်တတ်ပါသည်ဘုရား”ဟု ဖြေဆို၏။
၃။ “ချစ်သား သာရိပုတြာ- ဝေဒနာသည် အဘယ်ကို ဆောင်တတ်သနည်း”ဟု မေးတော်မူ၏။ “မြတ်စွာဘုရား- ရုပ်ကို ဆောင်တတ်ပါသည်ဘုရား”ဟု ဖြေဆို၏။
၄။ “ချစ်သား သာရိပုတြာ- ရုပ်သည်ကား အဘယ်ကို ဆောင်တတ်သနည်း”ဟု မေးတော်မူ၏။ “မြတ်စွာဘုရား- ဖဿကို ဆောင်တတ်ပါသည်ဘုရား”ဟု ဖြေဆို၏။

(မွတ်သိပ်ဆာလောင်သောသူသည် စားအပ်သော အစာအာဟာရသည် ထိုသူအား မွတ်သိပ်ဆာလောင်ခြင်းကို ပယ်ဖျောက်၍ သုခဝေဒနာကို ရွက်ဆောင်တတ်၏၊ အစာအာဟာရကို သုံးဆောင်ခြင်းဖြင့် ချမ်းသာသောသူအား သုခဝေဒနာဖြစ်ခြင်းကြောင့် ကိုယ်၌ အဆင်း၏ ပြည့်စုံခြင်းသည် ဖြစ်၏။ ဤသို့ ဝေဒနာသည် ရုပ်ကို ရွက်ဆောင်၏၊ ချမ်းသာသော သူသည်ကား အာဟာရကြောင့် ဖြစ်သော ရုပ်၏အစွမ်းဖြင့်ဖြစ်သော ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်း ရှိသည်ဖြစ်၍ “ယခုအခါ ငါ့အား သက်သာခြင်းဖြစ်၏”ဟူ၍ အိပ်လျက်လည်းကောင်း၊ ထိုင်လျက်လည်းကောင်း ကောင်းသောအတွေ့ကိုရ၏၊ ဤကား အဓိပ္ပာယ်တည်း။)

ဤသို့ ဤပြဿနာလေးပါးတို့ကို ဖြေအပ်ကုန်ပြီးသည် ရှိသော် ပဏ္ဍိတသာမဏေသည် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်တော်မူလေသတည်း။

နေလွဲမှ ဆွမ်းစားသည်ဟု ကဲ့ရဲ့ကြခြင်း

မြတ်စွာဘုရားသည်လည်း မထေရ်ကို “ချစ်သား သာရိပုတြာ- သွားချေလော့၊ သင်၏သာမဏေအား ဆွမ်းကို ပေးလော့”ဟု မိန့်တော်မူ၏။ အရှင်သာရိပုတြာ မထေရ်သည်လည်း သွား၍ တံခါးကို ခေါက်လေ၏။ သာမဏေသည် ထွက်လာ၍ မထေရ်၏လက်မှ သပိတ်ကိုယူလျက် တင့်အပ်သောအရပ်၌ ထားပြီးလျှင် ထန်းရွက်ယပ်ဖြင့် အရှင်သာရိပုတြာမထေရ်ကို ယပ်လေခတ်လျက် နေလေ၏။ ထိုအခါ သာမဏေကို မထေရ်သည် “သာမဏေ- ဆွမ်းစားခြင်းကိစ္စကို ပြုလော့”ဟု ဆိုလေ၏။ “အရှင်ဘုရား- အရှင်ဘုရားတို့ကား ဆွမ်းစားခြင်းကိစ္စ ပြုပါပြီလော”ဟု လျှောက်ပြန်သော် “ငါသည် ဆွမ်းစားခြင်းကိစ္စကို ပြုအပ်ပြီ၊ သင်သာ ပြုလော့”ဟု ဆိုသောအခါ ခုနစ်နှစ်ရှိသော သူငယ်သည် ရှင်သာမဏေပြု၍ ရှစ်ရက်မြောက်သောနေ့ဝယ် ထိုခဏ၌ ပွင့်သစ်သော ပဒုမ္မာကြာ၊ ဥပ္ပလကြာနှင့်တူစွာ အရဟတ္တဖိုလ်သို့ ရောက်တော်မူသဖြင့် ပစ္စဝေက္ခဏာ ဆင်ခြင်သင့်သောအရာကို ပစ္စဝေက္ခဏာ ဆင်ခြင်ကာနေလျက် ဆွမ်းစားခြင်းကိစ္စကို ပြုတော်မူ၏။ ပဏ္ဍိတသာမဏေသည် သပိတ်ကိုဆေး၍ သိမ်းဆည်းပြီးသောအခါ လနတ်သားသည် လကို လွှတ်လေ၏။ နေနတ်သားသည်လည်း နေကို လွှတ်လေ၏။ စတုမဟာရာဇ်နတ်မင်းကြီး လေးယောက်တို့သည်လည်း အရပ်လေးမျက်နှာမှ အစောင့်အရှောက်ကို လွှတ်လေ၏။ နေသည် မွန်းတည့်သော အရပ်ဌာနမှ လျှောကျ၍ သွားလေ၏။ ရဟန်းတို့သည် “အရိပ်ကား ပိုလွန်သော ပမာဏရှိပြီ၊ နေသည် မွန်းတည့်ရာမှ လျှောကျ၍ သွားခဲ့ပြီ၊ သာမဏေသည်လည်း ယခုပင်လျှင် ဆွမ်းစားပြီး၏၊ ဤသို့ ဖြစ်ခြင်းကား အဘယ်နည်း”ဟု ကဲ့ရဲစကား ပြောကြားကြလေကုန်၏။

မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူသဖြင့် ကြွလာတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- အဘယ်စကားကို ပြောဆိုကြကုန်သနည်း”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- ဤမည်သောအကြောင်းကို ပြောဆိုကြပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် “ချစ်သားရဟန်းတို့- ဪ- ဟုတ်ပေ၏၊ ဘုန်းကံရှိသောသူ၏ ရဟန်းတရားကို အားထုတ်ကြိုးပမ်း စီးဖြန်းသောအခါ လနတ်သားသည်လည်း လဝန်းကို ဆွဲငင်၍ တားမြစ်ထား၏၊ နေနတ်သားသည်လည်း နေဝန်းကို ဆွဲငင်၍ တားမြစ်ထား၏၊ နတ်မင်းကြီးလေးယောက်တို့သည်လည်း ဇေတဝန်ကျောင်းတော်အနီး အရပ်လေးမျက်နှာ၌ အစောင့်အရှောက်ကို ယူကြလေကုန်၏၊ သိကြားနတ်မင်းသည်လည်း တံခါးကြိုးဆွဲရာ၌ အစောင့်အရှောက်ကို ယူလေ၏။ ငါဘုရားသည်လည်း “ငါကား သစ္စာလေးပါးသိသော ဘုရားဖြစ်၏”ဟု ကြောင့်ကြမဲ့နေခြင်းငှာ မရဘဲ ကြွသွား၍ တံခါးမုခ်၌ ငါ၏သားတော်အား အစောင့်အရှောက်ကိုယူခဲ့ရလေပြီ၊ ထိုသာမဏေသည် ရေဆောင်သမားတို့ ရေမြောင်းဖြင့်သာလျှင် ရေဆောင်ယူကြသည်တို့ကိုလည်းကောင်း၊ မြားသမားတို့ မြားကိုဖြောင့်အောင် ပြုကြသည်တို့ကိုလည်းကောင်း၊ တံစဉ်းသမားတို့ သစ်တို့ကို ရွေကြသည်တို့ကိုလည်းကောင်း မြင်ရသဖြင့် ဤမျှလောက်သော အာရုံကိုယူပြီးလျှင် ပညာရှိသောသူတို့သည် မိမိကိုယ်ကို ဆုံးမလျက် အရဟတ္တဖိုလ်ကို ယူကြကုန်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်ဆိုတော်မူလေ၏။

ဒေသနာတော်

֍ * [၈၀] ဥဒကံ ဟိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ နမယန္တိ တေဇနံ။
ဒါရုံ နမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ။

နေတ္တိကာ၊ ရေကို ဆောင်ယူတတ်ကုန်သော သူတို့သည်။ ဥဒကံ၊ ရေကို။ နယန္တိ၊ မိမိတို့လိုရာအရပ်သို့ ဆောင်ကြကုန်၏။ ဥသုကာရာ၊ လေးသမားတို့သည်။ တေဇနံ၊ မြားကို။ နမယန္တိ၊ ဖြောင့်အောင် ပြုလုပ်ကြကုန်၏။ တစ္ဆကာ၊ တံစဉ်းသမားတို့သည်။ ဒါရုံ၊ သစ်တုံးကို။ နမယန္တိ ၊ မိမိတို့အလိုရှိတိုင်း အဖြောင့်အကောက် ပြုလုပ်ကြကုန်၏။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဒမယန္တိ၊ မဂ်ဖိုလ်ရအောင် ဆုံးမကြကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ပဏ္ဍိတသာမဏေဝတ္ထု ပြီး၏။

֍ * ၆။ လကုဏ္ဍကဘဒ္ဒိယမထေရ်ဝတ္ထု

သေလော ယထာ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပုကွသောကြောင့် လကုဏ္ဍကဘဒ္ဒိယ အမည်ရသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန္တာတို့၏သဘာဝ

ပုထုဇဉ်ဖြစ်ကြကုန်သော သာမဏေ,ပဉ္စင်းငယ် စသည်တို့သည် လကုဏ္ဍကဘဒ္ဒိယ မထေရ်ကိုမြင်လျှင် ဦးခေါင်း၌ လည်းကောင်း၊ နားရွက်၌လည်းကောင်း၊ နှာခေါင်းတို့၌လည်းကောင်း ဆွဲငင်ကိုင်ယူကုန်လျက် “အသို့နည်း၊ ဘထွေးတော်- မြတ်ဘုရား၏ သာသနာတော်၌ ငြီးငွေ့ခြင်း မဖြစ်လေသလော၊ အလွန်မွေ့လျော်ခြင်း ရှိပါလေသလော”ဟု ပြက်ရယ်စကား ပြောဆိုကြကုန်၏။ မထေရ်သည် ထိုသာမဏေ ရဟန်းငယ်တို့အပေါ်၌ အမျက်ထွက်တော်မမူ၊ စိတ်ဖြင့် ပြစ်မှားခြင်းမျှကိုသော်လည်း ပြုတော်မမူ၊ တရားသဘင်၌ “ငါ့ရှင်တို့- ကြည့်ရှုကြကုန်လော့၊ လကုဏ္ဍကဘဒ္ဒိယ မထေရ်ကိုမြင်လျှင် သာမဏေစသည်တို့သည် ဤသို့ ဤသို့ ညှဉ်းပန်းကြကုန်၏။ မထေရ်သည် ထိုသာမဏေ ရဟန်းငယ်တို့အပေါ်၌ အမျက်လည်း ထွက်တော်မမူ၊ စိက်ဖြင့် ပြစ်မှားခြင်းမျှကိုသော်လည်း မပြုပေ”ဟု ဤသို့သော စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- အဘယ်သို့သော စကားကို ပြောကြားကြကုန်သနည်း”ဟု မေးခြင်းကြောင့် “မြတ်စွာဘုရား- ဤမည်သောစကားကို ပြောဆိုကြပါသည်ဘုရား”ဟု နားတော်လျှောက်လတ်သည်ရှိသော် “ချစ်သားရဟန်းတို့- အမျက်မထွက် စိတ်မဆိုးဟူသည် မှန်ပေ၏၊ ရဟန္တာတို့မည်သည်ကား အမျက်လည်း မထွက်ကုန်၊ စိတ်ဖြင့် ပြစ်မှားခြင်းကိုလည်း မပြုကြကုန်၊ ထိုစကား မှန်၏၊ ဤရဟန္တာတို့သည် တစ်ခဲနက်သော ကျောက်တောင်နှင့် တူကုန်၏၊ မတုန်မလှုပ်ကုန်”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားတော်ကို ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၈၁] သေလော ယထာ ဧကဃနော၊ ဝါတေန န သမီရတိ။
ဧဝံ နိန္ဒာပသံသာသု၊ န သမိဉ္ဇန္တိ ပဏ္ဍိတာ။

ဧကဃနော၊ တစ်ခဲနက် အခေါင်းမရှိသော။ သေလော၊ ကျောက်အတိပြီးသော တောင်သည်။ ဝါတေန၊ လေဖြင့်။ န သမီရတိ ယထာ၊ မတုန်မလှုပ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ နိန္ဒာပသံသာသု၊ ကဲ့ရဲခြင်း ချီးမွမ်းခြင်းတို့ကြောင့်။ န သမိဉ္ဇန္တိ၊ အမျက်ထွက်ခြင်း ဝမ်းမြောက်ခြင်းအစွမ်းဖြင့် မတုန်မလှုပ်ကြကုန်။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

လကုဏ္ဍကဘဒ္ဒိယ မထေရ်ဝတ္ထုပြီး၏။

֍ * ၇။ ကာဏမာတာဝတ္ထု

ယထာပိ ရဟဒေါအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကာဏာမည်သော သတို့သမီး၏ မိခင်ဖြစ်သော ကာဏမာတာ ဒါယိကာမကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(ကာဏာ၏မိခင်ကား သောတာပန်ဖြစ်၍ မုန့်ကြော်စဉ် ဆွမ်းခံရဟန်း ဆွမ်းရပ်လာသောအခါ မုန့်တစ်သပိတ် လှူလိုက်သဖြင့် မုန့်ကုန်သွားခြင်းကြောင့် ကာဏာသည် ယောက်ျားအိမ်သို့ မပြန်ဖြစ်၊ ဤနည်းဖြင့် လေးကြိမ်ရှိသောအခါ “ကာဏာ ပြန်လာခဲသည်”ဟု ယောက်ျားက မယားတစ်ယောက် ယူလိုက်လေ၏။ သိက္ခာပုဒ်ကိုကား မုန့်သုံးသပိတ်ထက်ပို၍ အလှူမခံရ၊ ပို၍ ခံယူလျှင် ပါစိတ်အာပတ်ဟု ပညတ်တော်မူ၏။ ဝတ္ထုကား ဝိနည်းပိဋကတ်၌ လာသည်သာလျှင်တည်း။)

ကာဏာသတို့သမီး နှလုံးမသာမယာ ဖြစ်ရခြင်း

ထိုအခါ ကာဏမာတာ ဒါယိကာမကြီးသည် လက်ချည်းစည်းဖြစ်သောသမီးကို လင့်အိမ်သို့ ပြန်လွှတ်ခြင်းငှာ မတတ်ကောင်းဟု ကြံ၍ သား,လင်ခင်ပွန်းတို့အလို့ငှာ မုန့်တို့ကို ကြော်လတ်စဉ် လေးကြိမ်တိုင်တိုင် ရဟန်းလေးပါးတို့အား လှူပြီးသောကာလ၌ မြတ်စွာဘုရားသည် ထိုဝတ္ထုကြောင့် သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ ကာဏာ၏ လင်ယောက်ျားသည် တစ်ပါးသောမယားကို ဆောင်ယူသည်ရှိသော် ကာဏာသည် ထိုအကြောင်းကို ကြားရသဖြင့် “ဤရဟန်းတို့ကား ငါ၏အိမ်ထောင်ကို ဖျက်ဆီးအပ်၏”ဟု မြင်တိုင်းမြင်တိုင်းကုန်သော ရဟန်းတို့ကို ဆဲရေး၏၊ ရေရွတ်၏၊ ရဟန်းတို့လည်း ထိုလမ်းသို့ လျှောက်သွားခြင်းငှာ မဝံ့ကြလေကုန်၊ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ ထိုအရပ်သို့ ကြွသွားတော်မူလေ၏၊ ကာဏာ၏မိခင်သည် မြတ်စွာဘုရားကိုရှိခိုး၍ ခင်းအပ်ပြီးသော နေရာ၌ နေစေပြီးလျှင် ယာဂုခဲဖွယ်ကို လှူဒါန်းဆက်ကပ်လေ၏။ မြတ်စွာဘုရားသည် နံနက်စာ ဆွမ်းဘုဉ်းပေးပြီးသည်ရှိသော် “ကာဏာ အဘယ်မှာနည်း”ဟု မေးမြန်းတော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ကာဏာသည် ရှင်တော်မြတ်ဘုရားတို့ကို မြင်ရလျှင် မျက်နှာမသာမယာရှိသည်ဖြစ်၍ ငိုကြွေးကာ နေပါသည်ဘုရား”ဟု လျှောက်ကြာလတ်သော် “အဘယ့်ကြောင့်နည်း”ဟု မေးတော်မူပြန်လျှင် “မြတ်စွာဘုရား- ဤကာဏာသည် ရဟန်းတို့ကို ဆဲရေး ရေရွတ်ပါသည်၊ မောင်းမဲပါသည်။ ထို့ကြောင့် ရှင်တော်မြတ်ဘုရားတို့ကို မြင်ရလျှင် မျက်နှာမသာမယာရှိလှ၍ ငိုကြွေးကာ နေပါသည်ဘုရား”ဟု လျှောက်လေ၏။

ထိုသို့ လျှောက်သည်ရှိသော် ကာဏာကို မြတ်စွာဘုရားသည် ခေါ်စေတော်မူ၍ “ချစ်သမီးကာဏာ- အဘယ့်ကြောင့် ငါဘုရားကိုမြင်ရလျှင် မျက်နှာမသာမယာဖြစ်၍ ပုန်းကွယ်လျက် ငိုနေဘိသနည်း”ဟု မိန့်တော်မူ၏။ ထိုအခါ ကာဏာမိခင်သည် ကာဏာပြုအပ်သော အမူအရာကို လျှောက်ကြားလေ၏၊ ထိုအခါ ဒါယိကာမကြီးကို မြတ်စွာဘုရားသည် “ကာဏမာတာ ဒါယိကာမကြီး- အသို့နည်း၊ ငါဘုရား၏တပည့်တို့သည် သင်လှူသည်ကို ခံယူကုန်သလော၊ မလှူသည်ကို ခံယူကုန်သလော”ဟု မေးတော်မူ၏။ “မြတ်စွာဘုရား- လှူသည်ကို ခံယူကြပါသည်ဘုရား”ဟု လျှောက်လတ်သော် “ငါ၏တပည့်တို့သည် ဆွမ်းအလို့ငှာ သွားကုန်သည်ဖြစ်၍ သင်ဒါယိကာမကြီး၏ အိမ်တံခါးသို့ ရောက်လတ်သော် သင်ဒါယိကာမကြီးလှူသောမုန့်ကို အကယ်၍ ခံယူကုန်သည်ဖြစ်အံ့၊ ထိုသို့ ခံယူသည်ရှိသော် ထိုရဟန်းတို့အား အဘယ်အပြစ်ရှိသနည်း”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- အရှင်ကောင်းတို့အား အပြစ်မရှိပါ၊ ဤချစ်သမီး ကာဏာ၏သာ အပြစ်ပါဘုရား”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည်လည်း ကာဏာကို “ချစ်သမီး ကာဏာ- ငါ၏တပည့်တို့သည် ဆွမ်းအလို့ငှာ သွားကုန်သည်ရှိသော် အိမ်တံခါးသို့ ရောက်လာကုန်သတတ်၊ ထိုအခါ ရဟန်းတို့အား သင်၏မိခင်သည် မုန့်တို့ကို လှူအပ်ကုန်၏၊ ဤသို့ လှူရာ၌ ငါ၏တပည့်တို့အား အဘယ်မည်သော အပြစ်ရှိသနည်း”ဟု မိန့်တော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အရှင်ကောင်းတို့အား အပြစ်မရှိပါဘုရား၊ တပည့်တော်မအားသာလျှင် အပြစ်ရှိပါသည်ဘုရား”ဟု လျှောက်ကြား၍ မြတ်စွာဘုရားကိုရှိခိုး၍ ကန်တော့တောင်းပန်လေ၏။

လောကုတ်,လောကီ စည်းစိမ်နှစ်လီ ရခြင်း

ထိုအခါ ကာဏာအား မြတ်စွာဘုရားသည် အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြားတော်မူလေ၏။ ကာဏာသတို့သမီးသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏၊ မြတ်စွာဘုရားသည်လည်း နေရာမှထ၍ ကျောင်းတော်သို့ ကြွသွားတော်မူလတ်သည်ရှိသော် မင်းရင်ပြင်ဖြင့် ဖြတ်လျက် ကြွသွားတော်မူလေ၏။ ကောသလမင်းတရား မြင်လတ်သော် “အချင်းတို့- မြတ်စွာဘုရားနှင့် တူသည်မဟုတ်လော”ဟု မေးမြန်းသဖြင့် “အရှင်မင်းကြီး- မြတ်စွာဘုရား စင်စစ် မှန်လှပါကြောင်း” လျှောက်တင်လတ်သော် “သွားကြချေ၊ ငါဘုရင်မင်းမြတ် လာရောက်၍ ရှိခိုးမည့်အကြောင်းကို လျှောက်ကြားကြချေလော့”ဟု စေလွှတ်လိုက်သဖြင့် မင်းရင်ပြင်၌ ရပ်တည်နေတော်မူသော ဘုရားရှင်သို့ချဉ်းကပ်၍ ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အဘယ်အရပ်သို့ ကြွသွားပါသနည်းဘုရား”ဟု မေးလျှောက်လေ၏၊ “မြတ်သောမင်းကြီး- ကာဏမာတာ ဒါယိကာမကြီး၏အိမ်သို့ သွား၏”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- အဘယ်အကြောင်းကြောင့် ကြွပါသနည်းဘုရား”ဟု မေးလျှောက်ပြန်လေ၏။ “ကာဏာအမည်ရှိသော သတို့သမီးသည် ရဟန်းတို့ကို ဆဲရေးရေရွတ်သတတ်၊ ထိုအကြောင်းကြောင့် သွားသည်ဖြစ်၏”ဟု မိန့်တော်မူသောအခါ “မြတ်စွာဘုရား အသို့ပါနည်း၊ ထိုကာဏာ ဆဲရေးခြင်းမှ ကင်းလွတ်သည့်အဖြစ်ကို ပြုအပ်ပါပြီလောဘုရား”ဟု မေးလျှောက်လေ၏။

“မြတ်သောမင်းကြီး- ပြုအပ်သည် မှန်၏”ဟု မိန့်တော်မူပြီးလျှင် “ရဟန်းတို့ကိုလည်း ဆဲရေးခြင်းမရှိအောင် ပြုအပ်ခဲ့ပြီ၊ လောကုတ္တရာတရား စည်းစိမ်ရှင်၏အဖြစ်ကိုလည်း ပြု အပ်ခဲ့ပြီ”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ထိုသို့ ဖြစ်ပါစေ၊ ရှင်တော် မြတ်ဘုရားတို့သည် ကာဏာအား လောကုတ္တရာတရား စည်းစိမ်ရှင်ဖြစ်အောင် ပြုအပ်ပါပြီဘုရား၊ တပည့်တော်သည်ကား ထိုကာဏာကို လောကီဥစ္စာ စည်းစိမ်ရှင်ဖြစ်အောင် ပြုပါမည်ဘုရား”ဟု လျှောက်ကြား၍ မင်းကြီးသည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ဆုတ်နစ်ပြန်လည်သွားလေ၏။ ထို့နောက်မှ မင်းကြီးသည် ဖုံးလွှမ်းသောယာဉ်ကြီးကို စေလွှတ်ပြီးလျှင် ကာဏာကို ခေါ်စေတော်မူ၍ အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် သမီးကြီးအရာ၌ထား၍ “ငါ၏သမီးတော်ကို မွေးကျွေးသုတ်သင်ခြင်းငှာ စွမ်းနိုင်သောသူတို့သည် ယူကြကုန်လော့”ဟု မိန့်တော်မူလေ၏။ ထိုအခါ အမှုခပ်သိမ်းကို ပြီးစေတတ်သော အမတ်ကြီးတစ်ယောက်သည် “အရှင်မင်းကြီး- အရှင်မင်းကြီး၏သမီးတော်ကို အရှင့်ကျွန်တော်မျိုး မွေးကျွေးသုတ်သင်ပါမည်”ဟု လျှောက်၍ ထိုကာဏာကို မိမိအိမ်သို့ ဆောင်စေပြီးလျှင် အလုံးစုံသောစည်းစိမ်ကို ဆောင်နှင်းပေးအပ်၍ အလိုရှိတိုင်း ကောင်းမှုတို့ကို ပြုလေလော့”ဟု ဆိုလေ၏။ ထိုနေ့မှစ၍ ကာဏာသတို့သမီးသည် လေးခုကုန်သော တံခါးမကြီးတို့၌ လုလင်ယောက်ျားတို့ကို ထားရလေသဖြင့် မိမိကိုယ်တိုင်ပင် လုပ်ကျွေးအပ်ကုန်သော ရဟန်းယောက်ျားတို့ကိုလည်းကောင်း၊ ရဟန်းမိန်းမတို့ကိုလည်းကောင်း ရှာဖွေသော်လည်း တွေ့မြင်ခြင်းငှာ မရနိုင်၊ ကာဏာ၏ အိမ်တံခါး၌ စီရင်၍ထားအပ်သော ခဲဖွယ်ဘောဇဉ်အစဉ်သည် ကြီးစွာသော ရေအလျဉ်ကဲ့သို့ ဖြစ်လေ၏။

(ကြွရောက်ချီးမြှောက်သော ရဟန်းသံဃာ များလှသဖြင့် လုပ်ကျွေးနေကျ ရဟန်းယောက်ျား၊ ရဟန်းမိန်းမတို့ကိုပင် လွယ်ကူစွာရှာ၍ မတွေ့နိုင်ဟူလို။)

ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့- ရှေးအခါ၌ မထေရ်ကြီး လေးပါးတို့သည် ကာဏာသတို့သမီး နှလုံးမသာမယာအောင် ပြုကြလေကုန်၏၊ ထိုကာဏာသည် ဤသို့ နှလုံးမသာမယာခြင်း ရှိသည်ဖြစ်သော်လည်း မြတ်စွာဘုရားကို အကြောင်းပြု၍ သဒ္ဓါတရားနှင့် ပြည့်စုံခြင်းကို ရပြီးလျှင် မြတ်စွာဘုရားသည် တစ်ဖန် ထိုကာဏာ၏ အိမ်တံခါးသို့ ရဟန်းတို့အား ချဉ်းကပ်ခြင်းငှာ ထိုက်အောင် ပြုအပ်ပေ၏။ ယခုအခါ ကာဏာသတို့သမီး ကိုယ်တိုင်ပင် လုပ်ကျွေးအပ်ကုန်သော ရဟန်းယောက်ျားတို့ကိုလည်းကောင်း၊ ရဟန်းမိန်းမတို့ကိုလည်းကောင်း ရှာဖွေသော်လည်း တွေ့မြင်ခြင်းငှာမရနိုင်၊ ဘုရားတို့မည်သည်ကား အံ့ဩ၍ မကုန်နိုင်သော ဂုဏ်တော်ကျေးဇူး ရှိကြကုန်စွတကား”ဟု ပြောဆိုကြလေကုန်၏။

ကာကာ၏အတိတ်

မြတ်စွာဘုရားသည် ကြွတော်မူ၍ “ချစ်သား ရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ယခုအခါ၌သာလျှင် ထိုရဟန်းကြီးလေးပါးတို့သည် ကာဏာ၏ စိတ်နှလုံးမသာယာခြင်းကို ပြုသည်မဟုတ်သေး၊ ရှေး၌လည်း ပြုကြဖူးကုန်သည်သာလျှင်တည်း။ ယခုအခါ၌သာလျှင် ငါဘုရားသည် ကာဏာကို ငါ ဘုရားစကားကို လိုက်နာအောင် ပြုအပ်သည်မဟုတ်သေး၊ ရှေး၌လည်း ပြုအပ်ဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ထိုအကြောင်းကို နာကြားလိုကုန်သော ရဟန်းတို့သည် တောင်းပန်အပ်သည် ဖြစ်ရကား-

ယတ္ထေကော လဘတေ ဗဗ္ဗု၊ ဒုတိယော တတ္ထ ဇာယတိ။
တတိယော စ စတုတ္ထော စ၊ ဣဒံ တေ ဗဗ္ဗုကာ ဗိဠံ။

ယတ္ထ၊ အကြင်အရပ်၌။ ဧကော ဗဗ္ဗု၊ ကြောင်တစ်ကောင်သည်။ မူသိကံ ဝါ၊ ကြွက်ကိုလည်းကောင်း။ မံသံ ဝါ၊ အသားကိုလည်းကောင်း။ လဘတေ၊ ရ၏။ တတ္ထ၊ ထိုအရပ်၌။ ဒုတိယော စ၊ နှစ်ခုမြောက်သော ကြောင်သည်လည်း။ ဇာယတိ၊ ဖြစ်ပေါ်လာ၏။ တတိယော စ၊ သုံးခုမြောက်သော ကြောင်သည်လည်း။ ဇာယတိ၊ ဖြစ်ပေါ်လာ၏။ စတုတ္တော စ၊ လေးခုမြောက်သော ကြောင်သည်လည်း။ ဇာယတိ၊ ဖြစ်ပေါ်လာ၏။ တေ ဗဗ္ဗုကာ၊ ထိုကြောင်တို့သည်။ ဣဒံ ဗိဠံ၊ ဤဖလ်ဂူကို။ ဥရေန၊ ရင်ဖြင့်။ ပဟရိတွာ၊ ခတ်မိ၍။ ဇီဝိတက္ခယံ၊ အသက်ကုန်ခြင်းသို့။ ပတ္တာ၊ ရောက်ကြလေကုန်ပြီ။

ဤသို့ ဤဗဗ္ဗုဇာတ်ကို (ဤဗဗ္ဗုဇာတ်သည် ဧကနိပါတ် ၁၄-ခုမြောက် အသမ္ပဒါနဝဂ်၌ ပါရှိ၏။) အကျယ်အားဖြင့် ဟောကြားတော်မူပြီးလျှင် လေးပါးသော ရဟန်းကြီးတို့သည် ကြောင်ကြီးလေးစီးတို့ ဖြစ်ကုန်ပြီ။ ကြွက်မသည် ကာဏာဖြစ်ပြီ။ ရွဲထွင်းသမား- ဝါ၊ ကျောက်သွေးသမားသည် ငါဘုရားသာလျှင်တည်း။ ဤသို့ ဇာတ်ကိုပေါင်း၍ “ချစ်သားရဟန်းတို့- ဤသို့လျှင် လွန်လေပြီးသောအခါ၌လည်း ကာဏာသည် နှလုံးမသာယာသည်ဖြစ်၍၊ နောက်ကျုသောစိတ် ရှိသည်ဖြစ်၍၊ ပျံ့လွင့်သောစိတ် ရှိသည်ဖြစ်၍၊ ငါ့စကားဖြင့် ကြည်လင်သော စိတ်ရှိလေ၏၊ နက်လှစွာသော ရေအိုင်ကြီးကဲ့သို့ အထူးသဖြင့် ကြည်လင်သောစိတ် ရှိသည်ဖြစ်ပြီ”ဟု မိန့်တော်မူ၍ အနုသန္ဓေကိုစပ်လျက် တရားဟောတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၈၂] ယထာပိ ရဟဒေါ ဂမ္ဘီရော၊ ဝိပ္ပသန္နော အနာဝိလော။
ဧဝံ ဓမ္မာနိ သုတွာန၊ ဝိပ္ပသီဒန္တိ ပဏ္ဍိတာ။

ဂမ္ဘီရော၊ နက်လှစွာသော။ ရဟဒေါ၊ မဟာသမုဒ္ဒရာသည်။ ဝိပ္ပသန္နော၊ ကြည်လင်သည်။ အနာဝိလော၊ မနောက်ကျုသည်။ ဟောတိ ယထာပိ၊ ဖြစ်သကဲ့သို့လည်း။ ဧဝံ၊ ဤအတူ။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ဓမ္မာနိ၊ ဟောကြားအပ်သော တရားတို့ကို။ သုတွာန၊ နာကြားကြရကုန်၍။ ဝိပ္ပသီဒန္တိ ၊ အထူးအားဖြင့် ကြည်လင်ကြကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ကာဏမာတာဝတ္ထုပြီး၏။

֍ * ၈။ ရဟန်းငါးရာဝတ္ထု

သဗ္ဗတ္ထ ဝေ သပ္ပုရိသာ စဇန္တိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ငါးရာသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

စားကြွင်းစား အစာဝ၊ ဣန္ဒြေမရခြင်းအကြောင်း

မြတ်စွာဘုရားသည် ပထမဗောဓိ၌ (ဘုရားဖြစ်ပြီး၍ ဝါနှစ်ဆယ်အတွင်း ပထမဗောဓိဟု ခေါ်သည်။) ဝေရဉ္ဇာပြည်သို့ ကြွသွား၍ ဝေရဉ္ဇပုဏ္ဏား ပင့်ဖိတ်အပ်သောကြောင့် ရဟန်းငါးရာတို့နှင့်တကွ ဝါတွင်းသုံးလနေခြင်းသို့ ကပ်ရောက်ဝါဆိုတော်မူလေ၏။ ဝေရဉ္ဇပုဏ္ဏားသည် မာရ်နတ် လှည့်ပတ်ခြင်းဖြင့် လှည့်ပတ်ထားအပ်သဖြင့် တစ်နေ့မျှလည်း မြတ်စွာဘုရားကို အာရုံပြု၍ အောက်မေ့ခြင်းသတိကို မဖြစ်စေနိုင်၊ ဝေရဉ္ဇာ ပြည်သူပြည်သားတို့သည်လည်း ငတ်မွတ်ခေါင်းပါးကြကုန်၏၊ ငါးရာအတိုင်းအရှည်ရှိသော ရဟန်းတို့သည် ထက်ဝန်းကျင် အတွင်းအပဖြစ်သော ဝေရဉ္ဇာပြည်သို့ ဆွမ်းအလို့ငှာ လှည့်လည်၍ ဆွမ်းကို မရခြင်းကြောင့် ပင်ပန်းကြလေကုန်၏၊ ထိုရဟန်းတို့အား မြင်းကုန်သည်တို့သည် တစ်ကွမ်းစား,တစ်ကွမ်းစား တစ်စလယ်သော မုယောဆန်ကို ဆွမ်းဝတ် တည်ကြကုန်၏၊ ပင်ပန်းကြကုန်သော ထိုရဟန်းတို့ကိုမြင်လျှင် အရှင်မောဂ္ဂလာန် မထေရ်သည် မြေဆီဩဇာအရသာကို ဘုဉ်းပေးသုံးဆောင်စိမ့်သောငှာလည်း အလိုရှိတော်မူ၏၊ မြောက်ကျွန်းသို့ ဆွမ်းအလို့ငှာ စေလွှတ်ခြင်းငှာလည်း အလိုရှိတော်မူ၏၊ မြတ်စွာဘုရားသည် ထိုအရှင်မောဂ္ဂလာန် အလိုရှိသဖြင့် တောင်းပန်သောစကားကို ပယ်မြစ်တော်မူခြင်းကြောင့် ရဟန်းတို့အား တစ်နေ့မျှလည်း ဆွမ်းကိုအကြောင်းပြု၍ အရိပ်အယောင်ပြခြင်း မည်သည်မရှိ၊ မကောင်းသော အလိုရမ္မက်ကို ကြဉ်ရှောင်၍သာလျှင် နေကြလေကုန်၏။

မြတ်စွာဘုရားသည် ထိုဝေရဉ္ဇာပြည်၌ ဝါတွင်းသုံးလပတ်လုံး နေတော်မူပြီးလျှင် ဝေရဉ္ဇပုဏ္ဏားကိုပန်ကြားသဖြင့် ဝေရဉ္ဇပုဏ္ဏားသည် ပြုအပ်သော အရိုအသေပြုခြင်း, မြတ်နိုးခြင်း ရှိသည်ဖြစ်၍ ဝေရဉ္ဇပုဏ္ဏားကို သရဂုံတို့၌ တည်စေပြီးလျှင် ထိုဝေရဉ္ဇာပြည်မှ ထွက်ကြွတော်မူခဲ့၍ အစဉ်သဖြင့် ဒေသစာရီ ကြွချီလတ်သည်ရှိသော် အခါတစ်ပါး၌ သာဝတ္ထိပြည်သို့ရောက်သဖြင့် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေထိုင်တော်မူလေ၏။ သာဝတ္ထိပြည်သူပြည်သားတို့သည်လည်း မြတ်စွာဘုရားအလို့ငှာ အာဂန္တုကဘတ်တို့ကို ပြုကြလေကုန်၏။ ထိုအခါ၌ကား ငါးရာမျှ အတိုင်းအရှည်ရှိကုန်သော စားကြွင်းစားတို့သည် ရဟန်းတို့ကိုမှီ၍ ကျောင်းတွင်း၌သာလျှင် နေကြကုန်၏။ ထိုစားကြွင်းစားတို့သည် ရဟန်းတို့ ဘုဉ်းပေးကြွင်းဖြစ်ကုန်သော မွန်မြတ်သော ဘောဇဉ်တို့ကို စားပြီးလျှင် အိပ်၍ အိပ်ရာမှ ထပြီးလျှင် မြစ်ကမ်းနားသို့သွား၍ ကြွေးကြော်ကုန်လျက် လက်ပန်းပေါက်ခတ်ကုန်လျက် လက်ဝှေ့သတ်ခြင်းကို အားထုတ်ကုန်လျက် ကစားမြူးထူးကုန်လျက် ကျောင်းတွင်း၌လည်းကောင်း, ကျောင်းပ၌လည်းကောင်း မလျောက်ပတ်သော အကျင့်ကိုသာလျှင် ကျင့်ကုန်လျက် သွားလာလှည့်ပတ်ကြကုန်၏။

ဝါလောဒကဇာတ်အမြွက်

ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့- ကြည့်ရှုကြကုန်လော့၊ ဤစားကြွင်းစားတို့ ငတ်မွတ်ခေါင်းပါးသောအခါ ဝေရဉ္ဇာပြည်၌ တစ်စုံတစ်ခုသော ဖောက်ပြန်ခြင်းအမှုကို မပြကြလေကုန်၊ ယခုအခါ၌ကား ဤသို့ သဘောရှိသော မွန်မြတ်သောဘောဇဉ်တို့ကို စားရသောကြောင့် များစွာသော ဖောက်ပြန်သော အခြင်းအရာကို ပြကြကုန်လျက် လှည့်ပတ်သွားလာကြကုန်၏။ ရဟန်းတော်တို့သည်ကား ဝေရဉ္ဇာပြည်၌လည်း ငြိမ်သက်သော သဘောရှိကုန်လျက် နေထိုင်ကြ၍ ယခုအခါ၌လည်း ငြိမ်သက်ကုန်သည်ဖြစ်၍သာ နေထိုင်ကြကုန်၏”ဟု စကားကို ပြောဆိုကာ နေကြလေကုန်၏။

မြတ်စွာဘုရားသည် တရားသဘင်သို့ ကြွတော်မူ၍ “ချစ်သား ရဟန်းတို့- အဘယ်စကားကို ပြောဆိုကာ နေကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် ဤမည်သော စကားကို ပြောဆိုကာ နေကြပါသည်ဘုရားဟု နားတော်လျှောက်သည်ရှိသော် “ဤသူတို့သည် ရှေ့၌လည်း မြည်းအမျိုး၌ ဖြစ်ကြကုန်သည်ရှိသော် ငါးရာသောမြည်းတို့ ဖြစ်ကုန်၍ အာဇာနည် သိန္ဓောမြင်း ငါးရာတို့၏ ဦးဖျားလတ်ဆတ်စိုစွတ်သော အရည်အရသာရှိသော မုဒရက်သီးအဖျော်သောက်ကြွင်း စွန့်ပစ်သင့်သောအဖတ်ကို ရေဖြင့်နယ်၍ ပိုက်ဆံလျှော်ဖြင့်ရက်သော ပုဆိုးနွမ်း (ဂုန်အိတ်စုတ်ဖြင့်) စစ်အပ်သည်အဖြစ်ကြောင့် ဝါလောဒက (ဝါလ ဥဒက- ရုန့်ရင်းညံ့ဖျင်းသော သောက်ဖွယ်ရေ) ဟူ၍ ခေါ်ခြင်းသို့ ရောက်သော ကောင်းသော အရသာနည်းပါးသော အညံ့စားဖျော်ရည်ကို သောက်ကြရလျှင် ပျားအရသာ ယစ်ကုန်သကဲ့သို့ ဟစ်အော်မြည်တမ်းကာ သွားလာလှည့်လည်ကြလေကုန်၏”ဟု မိန့်တော်မူ၍-

ဝါလောဒကံ အပ္ပရသံ နိဟီနံ၊ ပိတွာ မဒေါ ဇာယတိ ဂဒြဘာနံ။
ဣမဉ္စ ပိတွာန ရသံ ပဏီတံ၊ မဒေါ န သဉ္ဇာယတိ သိန္ဓဝါနံ။
အပ္ပံ ပိဝိတွာန နိဟီနဇစ္စော၊ သော မဇ္ဇတိ တေန ဇနိန္ဒ ပုဋ္ဌော။
ဓောရယှသီလီ စ ကုလမှိ ဇာတော၊ န မဇ္ဇတိ အဂ္ဂရသံ ပိဝိတွာ။

ဝါလောဒကံ၊ ဝါလောဒကမည်သော။ အပ္ပရသံ၊ နည်းသော အရသာရှိသော။ နိဟီနံ၊ ယုတ်ညံ့သော အဖျော်ရည်ကို။ ပိတွာ၊ သောက်ရသောကြောင့်။ ဂဒြဘာနံ၊ မြည်းတို့အား။ မဒေါ၊ ယစ်ခြင်းသည်။ ဇာယတိ၊ ဖြစ်၏။ ပဏီတံ၊ မွန်မြတ်သော။ ဣမဉ္စ ရသံ၊ ဤသို့ အရသာရှိသော မုဒရက်သီး အဖျော်ကိုပင်လျှင်။ ပိတွာန၊ သောက်ရသောကြောင့်။ သိန္ဓဝါနံ၊ သိန္ဓောမြင်းတို့အား။ မဒေါ၊ ယစ်ခြင်းသည်။ န သဉ္ဇာယတိ၊ မဖြစ်။

ဇနိန္ဒ၊ မင်းမြတ်။ နိဟီနဇစ္စော၊ ယုတ်သော အမျိုးဇာတ်ရှိသော။ သော၊ ထိုမြည်းအပေါင်းသည်။ အပ္ပံ၊ အနည်းငယ်သော မုဒရက်သီးအဖျော်ကို။ ပိဝိတွာန၊ သောက်ရ၍။ တေန၊ ထိုမုဒရက်ရည်သည်။ ပုဋ္ဌော၊ နှိပ်စက်အပ်သည်ဖြစ်၍။ မဇ္ဇတိ၊ ယစ်၏။ ဓောရယှသီလီ စ၊ ဝန်ကို ရွက်ဆောင်ခြင်းငှာ စွမ်းနိုင်သော အလေ့ရှိသော။ ကုလမှိ၊ မြတ်သောအမျိုး၌။ ဇာတော၊ ဖြစ်သော သိန္ဓောမြင်းသည်။ အဂ္ဂရသံ၊ မြတ်သော မုဒရက်သီးအရည်ကို။ ပိဝိတွာ၊ သောက်၍။ န မဇ္ဇတိ၊ မယစ်။

ဤဝါလောဒကဇာတ်ကို ငါးရာငါးဆယ် ဒုကနိပါတ်၌ အကျယ်အားဖြင့် ဟောတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ဤသို့ သူတော်ကောင်းတို့သည် လောကဓံတရားကို ကြဉ်ရှောင်၍ ချမ်းသာသော အခါ၌လည်းကောင်း၊ ဆင်းရဲသော အခါ၌လည်းကောင်း ဖောက်ပြန်တုန်လှုပ်ခြင်း မရှိသည်သာလျှင် ဖြစ်ကြကုန်၏”ဟု အနုသန္ဓေစပ်၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၈၃] သဗ္ဗတ္ထ ဝေ သပ္ပုရိသာ စဇန္တိ၊ န ကာမကာမာ လပယန္တိ သန္တော။
သုခေန ဖုဋ္ဌာ အထ ဝါ ဒုခေန၊ န ဥစ္စာဝစံ ပဏ္ဍိတာ ဒဿယန္တိ။

သပ္ပုရိသာ၊ သူတော်ကောင်းတို့သည်။ သဗ္ဗတ္ထ၊ ခန္ဓာငါးပါးစသော အပြားရှိကုန်သော ခပ်သိမ်းသော ဓမ္မတို့၌။ ဝေ၊ စင်စစ်။ စဇန္တိ၊ ဆန္ဒရာဂကို စွန့်ကြကုန်၏။ သန္တော၊ ဘုရား စသော သူတော်ကောင်းတို့သည်။ ကာမကာမာ၊ ဝတ္ထုအာရုံ ကာမဂုဏ်ကို ရှာမှီးကြကုန်သည်ဖြစ်၍။ န လပယန္တိ၊ မပြောကြား မမြွက်ဆိုကြကုန်။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ သုခေန၊ ချမ်းသာခြင်းဖြင့်။ အထ ဝါ၊ ထိုမှတစ်ပါး။ ဒုခေန၊ ဆင်းရဲခြင်းဖြင့်။ ဖုဋ္ဌာ၊ တွေ့ကုန်သော်လည်း။ ဥစ္စာဝစံ၊ မြတ်သော,ယုတ်သော အခြင်းအရာကို။ န ဒဿယန္တိ ၊ မပြကြကုန်။

(ပစ္စည်းနှင့်စပ်သော အလိုဆိုး၌တည်၍ “ဥပါသကာ ဒါယကာကြီး- အသို့နည်း၊ သားမယားများ ချမ်းချမ်းသာသာ ရှိ၏လော၊ ပစ္စည်းဥစ္စာများ တိုးပွား၏လော”ဟု ပြောဆိုခြင်းကိုလည်းကောင်း၊ “အရှင်ဘုရား- မှန်လှပါ၊ ချမ်းချမ်းသာသာ ရှိကြပါ၏။ ဥပဒ်အန္တရာယ်မရှိပါ၊ အိမ်ဆွမ်းဘုဉ်းပေးကြွပါဦး”စသည်ဖြင့် ပြောဆိုစေခြင်းတို့ကို လည်းကောင်း မပြုကြဟူလို။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာကုန်သော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ရဟန်းငါးရာဝတ္ထု ပြီး၏။

֍ * ၉။ ဓမ္မိကမထေရ်ဝတ္ထု

န အတ္တဟေတုအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဓမ္မိကမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တစ်ဦးနောက် တစ်ဦးလိုက်၍ တရားကျင့်ခြင်း

သာဝတ္ထိပြည်၌ တစ်ယောက်သော ဒါယကာသည် တရားနှင့်အညီ အိမ်ရာထောင်သော လူ့ဘောင်၌ နေသတတ်။ ထိုဒါယကာသည် ရဟန်းပြုလိုသည်ဖြစ်၍ တစ်နေ့သ၌ မယားနှင့် အတူတကွနေလျက် ချမ်းသာသောစကားကို ပြောကြားနေစဉ် “ချစ်နှမ- ငါကား ရဟန်းပြုခြင်းငှာ အလိုရှိ၏”ဟု ပြောဆိုလေ၏။ “သခင့်သား- အကြင်ရွေ့ လောက် အကျွန်ုပ်သည် ဝမ်း၌ရှိသော သူငယ်ကို ဖွားမြင်ပါဦးအံ့။ ထိုရွေ့လောက် ဆိုင်းငံ့ပါဦး”ဟု ဆိုလျှင် ထိုဒါယကာသည် ဆိုင်းငံ့၍ သူငယ်၏ခြေဖြင့် သွားနိုင်သောအခါ တစ်ဖန် ထိုမယားကို ခွင့်ပန်ပြန်သဖြင့် “သခင့်သား- ဤသူငယ် အရွယ်သို့ ရောက်သည့်တိုင်အောင် ဆိုင်းငံ့ပါဦး”ဟု ဆိုပြန်သော် “ဤမိန်းမအား ပန်ကြားသဖြင့်လည်းကောင်း၊ မပန်ကြားသဖြင့်လည်းကောင်း ငါ့အား အဘယ်အကျိုးရှိအံ့နည်း။ မိမိ၏ ဝဋ်ဆင်းရဲမှ ထွက်မြောက်ရာကိုသာ ပြုတော့အံ့”ဟု တောထွက်၍ ရဟန်းပြုလေသတည်း။ ထိုဓမ္မိကရဟန်းသည် ကမ္မဋ္ဌာန်းကိုယူသဖြင့် အားထုတ်လတ်သည်ဖြစ်၍ မိမိ၏ရဟန်းကိစ္စကို ပြီးစေပြီးလျှင် ထိုသားမယားတို့ကို ကြည့်ရှုခြင်းငှာ တစ်ဖန် သာဝတ္ထိပြည်သို့ သွားလေ၍ သားအား တရားစကားကို ဟောကြားလေ၏။ သားသည်လည်း တောထွက်၍ ရဟန်းပြုလေ၏။ ရဟန်းပြုပြီးလျှင်လည်း မကြာမြင့်မီ ရဟန္တာအဖြစ်သို့ ရောက်လေ၏။

ထိုဓမ္မိကရဟန်း၏ အပေါင်းအဖော်ဟောင်း မယားသည်လည်း အကြင်သား, လင်တို့၏အကျိုးငှာ ငါသည် လူ့ဘောင်၌ နေ၏။ ထိုနှစ်ယောက်သော သား,လင်တို့သည်လည်း ရဟန်းပြုကြကုန်ပြီ။ ယခုအခါ ငါ့အား အိမ်၌နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ရဟန်းပြုတော့အံ့”ဟု ကြံ၍ တောထွက်ပြီး ရဟန်းပြုပြန်လေ၏။ ရဟန်းပြုပြီး၍ မကြာမြင့်မီပင် အရဟတ္တဖိုလ်သို့ ရောက်လေ၏၊ ထိုအခါ တစ်နေ့သ၌ တရားသဘင်ဝယ် “ငါ့ရှင်တို့- ဓမ္မိကဥပါသကာ ဒါယကာသည် မိမိကိုယ်တိုင်လည်း တရား၌တည်ခြင်းကြောင့် တောထွက်၍ ရဟန်းပြုပြီးလျှင် ရဟန္တာအဖြစ်သို့ ရောက်ခဲ့လေ၏။ သားမယား၏လည်း မှီခိုကိုးကွယ်ရာ ဖြစ်ခဲ့လေ၏”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးနေထိုင်ကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သော စကားဖြင့် စည်းဝေးနေထိုင်ကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ပညာရှိသောသူမည်သည်ကား မိမိ၏ အကြောင်းကြောင့်လည်းကောင်း၊ သူတစ်ပါး၏ အကြောင်းကြောင့်လည်းကောင်း စည်းစိမ်ချမ်းသာ၏ ပြည့်စုံခြင်းကို အလိုမရှိအပ်။ တရားနှင့်အညီသာလျှင် တရားသဖြင့် ဝဋ်ဆင်းရဲမှ ထွက်မြောက်ခြင်း ရှိသည်ဖြစ်ရာ၏”ဟု အနုသန္ဓေကိုစပ်၍ တရားဟောတော်မူလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၈၄] န အတ္တဟေတု န ပရဿ ဟေတု၊
န ပုတ္တမိစ္ဆေ န ဓနံ န ရဋ္ဌံ။
န ဣစ္ဆေယျ အဓမ္မေန သမိဒ္ဓိမတ္တနော၊
သ သီလဝါ ပညဝါ ဓမ္မိကော သိယာ။

ပဏ္ဍိတော နာမ၊ ပညာရှိသောသူမည်သည်ကား။ အတ္တဟေတု၊ မိမိ၏အကြောင်းကြောင့်။ ပါပံ၊ မကောင်းမှုကို။ န ကရောတိ၊ မပြု။ ပရဿ၊ သူတစ်ပါး၏။ ဟေတု၊ အကြောင်းကြောင့်။ ပါပံ၊ မကောင်းမှုကို။ န ကရောတိ၊ မပြု။ ပါပကမ္မေန၊ မကောင်းမှုဖြင့်။ ပုတ္တံ၊ သားကို။ န ဣစ္ဆေ၊ အလိုမရှိရာ။ ဓနံ၊ ဥစ္စာကို။ န ဣစ္ဆေ၊ အလိုမရှိရာ။ ရဋ္ဌံ၊ ပြည်စည်းစိမ်ကို။ န ဣစ္ဆေ၊ အလိုမရှိရာ။ အဓမ္မေန၊ မတရားသဖြင့်။ အတ္တနော၊ မိမိ၏။ သမိဒ္ဓိ၊ စည်းစိမ်ချမ်းသာ၏ ပြည့်စုံခြင်းကို။ န ဣစ္ဆေယျ၊ အလိုမရှိရာ။ သ သော၊ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်သည်။ သီလဝါ၊ သီလရှိသည်။ သိယာ၊ ဖြစ်ရာ၏။ ပညဝါ၊ ပညာရှိသည်။ သိယာ၊ ဖြစ်ရာ၏။ ဓမ္မိကော၊ တရားရှိသောသူသည်။ သိယာ၊ ဖြစ်ရာ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဓမ္မိကမထေရ်ဝတ္ထု ပြီး၏။

֍ * ၁၀။ ဓမ္မဿဝနဝတ္ထု

အပ္ပကာ တေ မနုဿေသု အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တရားနာခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မရိုမသေ တရားနာကြခြင်း

သာဝတ္ထိပြည်ကြီးဝယ် တစ်ခုသောလမ်းခရီး၌ နေကြကုန်သော လူတို့သည် အညီအညွတ်ဖြစ်၍ အပေါင်းအစုဖွဲ့ သဖြင့် အလှူဒါနကို ပေးလှူပြီးလျှင် ညဉ့်သုံးယံပတ်လုံး တရားနာခြင်းကို ပြုကြကုန်သတတ်။ ညဉ့်သုံးယံလုံး တရားဟောသော်လည်း နာကြားခြင်းငှာ မတတ်နိုင်ကြကုန်ရကား အချို့သောသူတို့သည် ကာမဂုဏ်၌ မွေ့လျော်ခြင်းကို မှီကုန်သည်ဖြစ်၍ တစ်ဖန် အိမ်သို့သာလျှင် ပြန်သွားကြကုန်၏။ အချို့သောသူတို့သည် ဒေါသကို မှီကုန်သည်ဖြစ်၍၊ အချို့သောသူတို့သည် မာနကို မှီကုန်သည်ဖြစ်၍ အိမ်သို့ပြန်သွားကြကုန်၏။ အချို့သောသူတို့သည် ငိုက်မျဉ်းခြင်းနှင့် ပေါင်းမိကုန်သည်ဖြစ်၍ ထိုအရပ်၌ပင် ထိုင်ကုန်လျက် မှိတ်တုပ်မှိတ်တုပ်လှုပ်သော မျက်စိရှိကုန်သည်ဖြစ်၍ ငိုက်မျဉ်းကုန်၍ တရားနာခြင်းငှာ မတတ်နိုင်ကြကုန်၊ တစ်ဖန် မိုးသောက်သောနေ့၌ ရဟန်းတို့သည် ထိုအကြောင်းကို သိကြလျှင် တရားသဘင်၌ စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည်လည်း ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးနေထိုင်ကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးနေထိုင်ကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ဤသတ္တဝါတို့ မည်သည်ကား များသောအားဖြင့် ဖြစ်ရာဘဝကို မှီကြကုန်သည်ဖြစ်၍ ဘဝတို့၌သာလျှင် ငြိကပ်ကုန်လျက် နေကြကုန်၏။ နိဗ္ဗာန်ဟူသော တစ်ဘက်ကမ်းသို့ရောက်သော သတ္တဝါတို့မည်သည်ကား နည်းပါးလှကုန်၏”ဟု အနုသန္ဓေစပ်၍ တရားဟောတော်မူလိုရကား ဤဂါထာအပေါင်းကိုဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၈၅] အပ္ပကာ တေ မနုဿေသု၊ ယေ ဇနာ ပါရဂါမိနော။
အထာယံ ဣတရာ ပဇာ၊ တီရမေဝါနုဓာဝတိ။
֍ * [၈၆] ယေ စ ခေါ သမ္မဒက္ခာတေ၊ ဓမ္မေ ဓမ္မာနုဝတ္တိနော။
တေ ဇနာ ပါရမေဿန္တိ၊ မစ္စုဓေယျံ သုဒုတ္တရံ။

မနုဿေသု၊ လူတို့တွင်။ ယေ ဇနာ၊ အကြင်လူတို့သည်။ ပါရာဂါမိနော၊ နိဗ္ဗာန်ဟူသော ကမ်းတစ်ဘက်သို့သာ ရောက်နိုင်ကြကုန်၏။ တေ ဇနာ၊ ထိုလူတို့သည်။ အပ္ပကာ၊ နည်းပါးလှကုန်၏။ ဣတရာ၊ နိဗ္ဗာန်သို့ သွားရောက်နိုင်ကြကုန်သောသူမှ တစ်ပါးသော။ အယံ ပဇာ၊ ဤသတ္တဝါအပေါင်းသည်။ တီရမေဝ၊ သက္ကာယဒိဋ္ဌိတည်းဟူသော ဤမှာဘက်သို့သာလျှင်။ အနုဓာဝတိ၊ အစဉ်ပြေးဝင်လေ၏။

ယေ စ ဇနာ၊ အကြင်သူတို့သည်ကား။ သမ္မဒက္ခာတေ၊ ကောင်းစွာဟောကြားအပ်သော။ ဓမ္မေ၊ တရားတော်၌။ ခေါ၊ စင်စစ်။ ဓမ္မာနုဝတ္တိနော၊ လောကုတ္တရာတရား ကိုးပါးနှင့်လျော်သော တရားတော်ကို မှတ်သားကြားနာ အတုလိုက်ကာ ကျင့်ကြကုန်၏။ တေ ဇနာ၊ ထိုလူတို့သည်။ သုဒုတ္တရံ၊ အလွန်ကူးမြောက်နိုင်ခဲသော။ မစ္စုဓေယျံ၊ ကိလေသာလျှံ မစ္စုမာရ်၏ နေရာဖြစ်သော တေဘူမက ဝဋ်ဘဝကို။ တရိတွာ၊ လွန်မြောက်ကူးခတ်၍။ ပါရံ၊ နိဗ္ဗာန် ဟူသော ကမ်းတစ်ဘက်သို့။ ဧဿန္တိ၊ ရောက်နိုင်ကြကုန်လတ္တံ့။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဓမ္မဿဝနဝတ္ထုပြီး၏။

֍ * ၁၁။ အာဂန္တုရဟန်းငါးရာဝတ္ထု

ကဏှံ ဓမ္မံ ဝိပ္ပဟာယအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ငါးရာကုန်သော အာဂန္တုကရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဝါကျွတ်သောအခါ ဘုရားဖူးသွားကြခြင်း

ကောသလတိုင်းကြီး၌ သီတင်းသုံးတော်မူကြကုန်သော ငါးရာသော ရဟန်းတော်တို့သည် ဝါတွင်းသုံးလပတ်လုံး နေပြီး၍ ဝါလကျွတ်မြောက် အခါရောက်လတ်သော် မြတ်စွာဘုရားကို ဖူးမြင်ကုန်အံ့ဟု ဇေတဝန်ကျောင်းတော်သို့ သွားရောက်ပြီးလျှင် ဘုရားရှင်ကို ရိုသေမြတ်နိုးရှိခိုးဦးချ၍ တင့်အပ်လျောက်ပတ်သောအရပ်၌ နေကြလေကုန်သတတ်။ မြတ်စွာဘုရားသည်လည်း ထိုရဟန်းတို့၏စရိုက် ဆန့်ကျင်ဘက်ကို မှတ်သားတော်မူပြီးလျှင် တရားဟောကြားတော်မူလိုရကား ဤဂါထာတို့ကို မိန့်ဆိုတော်မူလေ၏။

ဒေသနာတော်

֍ * [၈၇] ကဏှံ ဓမ္မံ ဝိပ္ပဟာယ၊ သုက္ကံ ဘာဝေထ ပဏ္ဍိတော။
ဩကာ အနောကမာဂမ္မ၊ ဝိဝေကေ ယတ္ထ ဒူရမံ။
֍ * [၈၈] တတြာဘိရတိမိစ္ဆေယျ၊ ဟိတွာ ကာမေ အကိဉ္စနော။
ပရိယောဒပေယျ အတ္တာနံ၊ စိတ္တက္လေသေဟိ ပဏ္ဍိတော။
֍ * [၈၉] ယေသံ သမ္ဗောဓိယင်္ဂေသု၊ သမ္မာ စိတ္တံ သုဘာဝိတံ။
အာဒါနပဋိနိဿဂ္ဂေ၊ အနုပါဒါယ ယေ ရတာ။
ခီဏာသဝါ ဇုတိမန္တော၊ တေ လောကေ ပရိနိဗ္ဗုတာ။

ပဏ္ဍိတော၊ ပညာရှိသည်။ ကဏှံ ဓမ္မံ၊ မည်းညစ်သော ဒုစရိုက် အကုသိုလ်တရားကို။ ဝိပ္ပဟာယ၊ ပယ်စွန့်၍။ သုက္ကံ ဓမ္မံ၊ ဖြူစင်သော သုစရိုက်ကုသိုလ်တရားကို။ ဘာဝေထ၊ အရဟတ္တမဂ်တိုင်အောင် ပွားများရာ၏။ ကထံ၊ အဘယ်သို့လျှင် ပွားများရာသနည်းဟူမူကား။ ဩကာ၊ တဏှာဟုဆိုအပ်သော တည်ရာမှ။ နိက္ခမိတွာ၊ ထွက်၍။ အနောကံ၊ တဏှာကင်းရာ ချမ်းသာအထွတ် နိဗ္ဗာန်မြတ်ကို။ အာဂမ္မ၊ စွဲ၍။ ဘာဝေထ၊ ပွားများရာ၏။ ယတ္ထ ဝိဝေကေ၊ အကြင် နိဗ္ဗာန်တည်းဟူသော ဝိဝေက၌။ ဒူရမံ၊ သတ္တဝါတို့ မွေ့လျော်နိုင်ခဲ့၏။

ပဏ္ဍိတော၊ ပညာရှိသည်။ ကာမေ၊ ဝတ္ထုကာမ ကိလေသာကာမတို့ကို။ ဟိတွာ၊ စွန့်၍။ အကိဉ္စနော၊ ရာဂစသော စိုးရိမ်ခြင်း မရှိသည်ဖြစ်၍။ တတြ ဝိဝေကေ၊ ထိုနိဗ္ဗာန်တည်းဟူသော ဝိဝေက၌။ အဘိရတိံ၊ လွန်စွာမွေ့လျော်ခြင်းကို။ ဣစ္ဆေယျ၊ အလိုရှိရာ၏။ စိတ္တက္လေသေဟိ၊ စိတ်ကို ညစ်ညူးစေတတ်ကုန်သော နီဝရဏတို့မှ။ အတ္တာနံ၊ မိမိကိုယ်ကို။ ပရိယောဒပေယျ၊ ဖြူစင်စေရာ၏။

ယေသံ၊ အကြင် ပုဂ္ဂိုလ်တို့သည်။ သမ္ဗောဓိယင်္ဂေသု၊ သမ္ဗောဓိ၏ အကြောင်းဖြစ်သော ဗောဇ္ဈင်တို့၌။ သမ္မာ၊ သင့်သောအကြောင်းအားဖြင့်။ စိတ္တံ၊ စိတ်ကို။ သုဘာဝိတံ၊ ကောင်းစွာ ပွားများစေအပ်ပြီ။ ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ အနုပါဒါယ၊ လေးပါးသော ဥပါဒါန်တို့ဖြင့် တစ်စုံတစ်ခုကိုမျှ မစွဲမလမ်းမူ၍။ အာဒါနပဋိနိဿဂ္ဂေ၊ စွဲလမ်းခြင်းကို စွန့်လွှတ်ရာ နိဗ္ဗာန်၌။ ရတာ၊ မွေ့လျော်ကြကုန်၏။ ခီဏာသဝါ၊ ကုန်ပြီးသော အာသဝေါ ရှိကုန်သော။ ဇုတိမန္တော၊ အရဟတ္တမဂ်ဉာဏ်ရောင် ပြောင်ပြောင်လင်းကုန်သော။ တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ လောကေ၊ ခန္ဓာ စသော လောက၌။ ပရိနိဗ္ဗုတာ၊ နှစ်ပါးသော နိဗ္ဗာနဓာတ်ဖြင့် ငြိမ်းကြကုန်၏။

ဒေသနာတော်၏ အကျိုး

တရားဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အာဂန္တုရဟန်းငါးရာဝတ္ထု ပြီး၏။

֍ * ၁။ ဇီဝကပဉှဝတ္ထု

ဂတိဒ္ဓိနောအစရှိသော ဤတရားဒေသနာကို မြတ်စွာဘုရားသည် ဇီဝက၏သရက်ဥယျာဉ်၌ နေတော်မူစဉ် ဇီဝကမေးအပ်သော အမေးပုစ္ဆာ ပြဿနာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(ဇီဝကဝတ္ထုကို စူဠဝါခန္ဓက၌ အကျယ်ချဲ့၍ ဟောတော်မူအပ်သည်။)

အနာဆေးစည်းခြင်းကြောင့် အပူကို မေးလျှောက်ခြင်း

တစ်ပါးသောအခါ ဒေဝဒတ်သည် အဇာတသတ်မင်းနှင့် အတူတကွ တစ်ပေါင်းတည်းဖြစ်သဖြင့် ဂိဇ္ဈကုဋ်တောင်သို့ တက်ပြီးလျှင် ပြစ်မှားလိုသော စိတ်ရှိသည်ဖြစ်၍ “ဘုရားရှင်ကို သတ်အံ့”ဟု ကျောက်လုံးကို လှိမ့်ချ၏။ ထိုကျောက်လုံးကို တောင်ထွတ်နှစ်ခုတို့သည် ခုကြခံကြလေကုန်၏၊ လိမ့်ကျသောကျောက်မှ ကွဲအက်လွင့်စဉ်သွားသော ကျောက်လွှာသည် မြတ်စွာဘုရား၏ ခြေတော်ကိုခတ်မိ၍ သွေးကို ဖြစ်စေလေ၏။ ပြင်းပြလွန်ကဲကုန်သော ဆင်းရဲဒုက္ခဝေဒနာတို့သည် ဖြစ်ကြလေကုန်၏။ ရဟန်းတို့သည် ဘုရားရှင်ကို မဒ္ဒကုစ္ဆိတောင်သို့ ဆောင်ယူကြကုန်၏။ မြတ်စွာဘုရားသည် ထိုမဒ္ဒကုစ္ဆိတောင်မှလည်း ဇီဝကသရက်ဥယျာဉ်သို့ ကြွတော်မူလိုသောကြောင့် “ထိုသရက်ဥယျာဉ်သို့ ငါဘုရားကို ဆောင်ပို့ကြကုန်လော့”ဟု မိန့်တော်မူလေ၏။ ရဟန်းတို့သည် မြတ်စွာဘုရားကို ဆောင်ယူ၍ ဇီဝကသရက်ဥယျာဉ်သို့ သွားကြလေကုန်၏။ ဇီဝကသည် ထိုအကြောင်းကိုသိရလျှင် ဘုရားရှင်၏အထံတော်သို့ သွားသဖြင့် အနာကို ဆေးကုအံ့သောငှာ ထက်စွာသော ဆေးကိုပေး၍ အနာကို ဖွဲ့စည်းပြီးလျှင် ဘုရားရှင်ကို ဤသို့သော စကားလျှောက်ကြားလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်သည် မြို့တော်အတွင်း၌ လူတစ်ယောက်အား ဆေးကုခြင်းကို ပြုထားပါသည်၊ ထိုသူ၏အထံသို့ သွားပြီးလျှင် တစ်ဖန် ပြန်လာပါမည်ဘုရား”ဟု လျှောက်ကြား၍ “ဤဆေးကို တပည့်တော် ပြန်လာသည့်တိုင်အောင် ဖွဲ့စည်းမြဲတိုင်းဖြင့်သာ တည်စေချင်ပါသည်ဘုရား”ဟု လျှောက်ကြားပြီးလျှင် ဇီဝကသည် သွား၍ ထိုယောက်ျားအား ပြုအပ်သောကိစ္စကို ပြုပြီးမှ တံခါးပိတ်သောအချိန်၌ ပြန်လာသည်ရှိသော် တံခါးမပိတ်မီ မရောက်ဘဲရှိလေ၏။

ထိုအခါ ဇီဝကအား ဤသို့သောအကြံသည် ဖြစ်ပေါ်လေ၏။ “ဪ.. ငါသည် ဝန်လေးစွာသောအမှုကို ပြုအပ်မိပေ၏၊ ငါသည် မထင်မရှား သာမန်ယောက်ျား၏ခြေကဲ့သို့ ဘုရားရှင်၏ခြေတော်၌ ထက်စွာသောဆေးကို ပေး၍ အနာကို ဖွဲ့စည်းခဲ့မိရကား ဤအခါသည် ထိုဖွဲ့စည်းပြီးသောအဖွဲ့ကို ဖြေသင့်သောအခါတည်း။ ထိုအစည်းအဖွဲ့ ကို မဖြေချေသည်ရှိသော် တစ်ညဉ့်ပတ်လုံး ဘုရားရှင်၏ကိုယ်တော်၌ ပူလောင်ခြင်းဖြစ်လတ္တံ့”ဟု အကြံဖြစ်ပေါ်လေ၏။ ထိုခဏ၌ ဘုရားရှင်သည် အာနန္ဒာမထေရ်ကို ခေါ်တော်မူ၍ “ချစ်သားအာနန္ဒာ- ဇီဝကသည် ညချမ်းအခါ ပြန်လာရာ တံခါးမပိတ်မီ မရောက်နိုင်ဘဲ ရှိလေ၏၊ ဤအခါသည်လည်း အနာကို ဖြေသင့်သောအခါတည်းဟူ၍ကား ကြံစည်လေ၏၊ ထိုအစည်းအဖွဲ့ကို ဖြေလော့”ဟု မိန့်တော်မူသဖြင့် ရှင်အာနန္ဒာသည် ဖြေ၏။ အနာသည် သစ်ပင်မှ သစ်ခေါက်ကွာကျသကဲ့သို့ ကင်းပျောက်လေ၏။ ဇီဝကသည် အရုဏ်အတွင်း၌သာလျှင် ဘုရားရှင်၏အထံတော်သို့ လျင်မြန်စွာ လာရောက်ပြီးလျှင် “မြတ်စွာဘုရား- အသို့ဖြစ်ပါသနည်း၊ ရှင်တော်မြတ်ဘုရား၏ ကိုယ်တော်၌ပူလောင်ခြင်း ဖြစ်ပါသလောဘုရား”ဟု မေးလျှောက်လေ၏။ ဘုရားရှင်လည်း “သမားတော်ဇီဝက- ငါဘုရားအားကား ဗောဓိမဏ္ဍိုင်၌သာလျှင် အလုံးစုံသော ပူပန်ခြင်းသည် ငြိမ်းအေးခဲ့လေပြီ”ဟု အနုသန္ဓေစပ်၍ တရားဟောတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၉၀] ဂတဒ္ဓိနော ဝိသောကဿ၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။
သဗ္ဗဂန္ထပ္ပဟီနဿ၊ ပရိဠာဟော န ဝိဇ္ဇတိ။

ဂတဒ္ဓိနော၊ အဓွန့်ရှည်သော သံသရာခရီးကို သွားပြီးထသော။ ဝိသောကဿ၊ စိုးရိမ်ခြင်းလည်း ကင်းပြီးထသော။ သဗ္ဗဓိ၊ ခပ်သိမ်းသော ခန္ဓာစသော တရားတို့၌။ ဝိပ္ပမုတ္တဿ၊ လွတ်ပြီးထသော။ သဗ္ဗဂန္ထပ္ပဟီနဿ၊ အလုံးစုံသော ဂန္ထလေးပါးကို ပယ်ပြီးသောပုဂ္ဂိုလ်အား။ ပရိဠာဟော၊ ကိလေသာဟူသော စိတ်၏ပူပန်ခြင်းသည်။ န ဝိဇ္ဇတိ၊ မရှိ။

(သီတဥတု, ဥဏှဥတု ရဟန္တာကိုယ်၌ မကင်းသေးရကား ကိုယ်အပူကိုရည်မှန်း၍ ဇီဝက မေးသည်။ မြတ်စွာဘုရားကား တရားဟောလိုသဖြင့် စိတ်အပူကိုရည်မှန်း၍ မရှိဟု ဖြေသည်။)

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာကုန်သောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဇီဝကပဉှဝတ္ထုပြီး၏။

֍ * ၂။ မဟာကဿပမထေရ်ဝတ္ထု

ဥယျုဉ္ဇန္တိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်မဟာကဿပမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရှင်မဟာကဿပအား ရဟန်းတို့ ကဲ့ရဲ့ခြင်း

အခါတစ်ပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ ဝါကျွတ်တော်မူလတ်သည်ရှိသော် “ချစ်သားရဟန်းတို့- ငါဘုရားသည် လခွဲလွန်သောအခါ ဒေသစာရီ ကြွချီတော်မူပေအံ့”ဟု ရဟန်းတို့အား မိန့်ကြားသိစေတော်မူ၏။

(ဤသို့ လခွဲကြိုတင်၍ မိန့်ကြားတော်မူခြင်းသည် ရဟန်းတို့နှင့်အတူတကွ ခရီးဒေသစာရီ ကြွချီတော်မူလိုသော ဘုရားရှင်တို့၏ ကျင့်ဝတ်ဖြစ်သတတ်။ ဤသို့ မိန့်ကြားတော်မူသဖြင့် ရဟန်းတို့သည် မိမိ၏ သပိတ်ဖုတ်ခြင်း, သင်္ကန်းဆိုးခြင်း စသည်တို့ကို ပြုလုပ်ကြ၍ ချမ်းသာစွာ သွားကြရကုန်လတ္တံ့ဟု နှလုံးပြုလျက် ယခုအခါ လခွဲလွန်သောအခါ ဒေသစာရီ ကြွချီပေအံ့ဟု ရဟန်းတို့အား မိန့်ကြား သိစေတော်မူခြင်း ဖြစ်ပေ၏။)

ရဟန်းတို့သည် မိမိတို့၏ သပိတ်ဖုတ်ခြင်း စသည်တို့ကို ပြုကြကုန်သည်ရှိသော် အရှင်မဟာကဿပမထေရ်သည်လည်း သင်္ကန်းတို့ကို ဖွပ်လျှော်တော်မူလေ၏။ ရဟန်းတို့က “အဘယ့်ကြောင့် မထေရ်သည် သင်္ကန်းတို့ကို ဖွပ်လျှော်ဘိသနည်း။ ဤရာဇဂြိုဟ်ပြည်၌ မြို့တွင်း၌လည်းကောင်း၊ မြို့ပ၌လည်းကောင်း တစ်ဆယ့်ရှစ်ကုဋေကုန်သော လူတို့သည် နေကြကုန်၏။ ထိုသူတို့တွင် အကြင်သူတို့သည် ရှင်မဟာကဿပမထေရ်၏ အဆွေအမျိုးမဟုတ်ကုန်၊ ထိုသူတို့သည် အလုပ်အကျွေးဖြစ်ကြကုန်၏။ အကြင်သူတို့သည် အလုပ်အကျွေးမဟုတ်ကုန်၊ ထိုသူတို့သည် ဆွေမျိုးဖြစ်ကြကုန်၏။ မထေရ်အား ပစ္စည်းလေးပါးတို့ဖြင့် မြတ်နိုးတနာ ပူဇာသက္ကာရကို ပြုကြကုန်၏။ ဤမျှလောက်သော ကျေးဇူးဥပကာရကို ပယ်စွန့်၍ ဤမထေရ်သည် အဘယ်အရပ်သို့ သွားနိုင်အံ့နည်း။ အကယ်၍ သွားခဲ့ငြားအံ့၊ မာပမာဒကန္ဒရချောက်မှ အလွန်သွားနိုင်လိမ့်မည်မဟုတ်”ဟု ကဲ့ရဲ့ကြလေကုန်၏။

(ဘုရားရှင်သည် အကြင်ချောက်သို့ရောက်လျှင် ပြန်နစ်သင့်ကုန်သော ရဟန်းတို့ကို “သင်တို့သည် ဤအရပ်မှ ပြန်နစ်ကြကုန်လော့၊ မမေ့မလျော့ကြကုန်လင့်”ဟု မိန့်ဆိုတော်မူလေ့ရှိ၏။ ထို့ကြောင့် ထိုချောက်ကို မာပမာဒကန္ဒရချောက်ဟု ဆိုအပ်သတတ်။ ထိုချောက်ကိုရည်၍ ဤစကားကို ဆိုအပ်၏။)

ဘုရားရှင်သည်လည်း ဒေသစာရီ ကြွချီတော်မူလတ်သောအခါ ကြံစည်တော်မူသည်မှာ “ဤပြည်၌ မြို့တွင်း၌လည်းကောင်း၊ မြို့ပ၌လည်းကောင်း တစ်ဆယ့်ရှစ်ကုဋေကုန်သော လူတို့သည် နေကြကုန်၏၊ လူတို့၏ သုမင်္ဂလ, ဒုမင်္ဂလအရာတို့၌ ရဟန်းတို့ သွားသင့်၏၊ ကျောင်းတိုက်ကို အချည်းနှီးပြုခြင်းငှာ မတတ်ကောင်း။ အဘယ်သူကို ပြန်နစ်စေရအံ့နည်း”ဟု ကြံစည်တော်မူလေ၏။ ထိုအခါ မြတ်စွာဘုရားအား ဤသို့အကြံ ဖြစ်တော်မူ၏။ “ဤလူတို့သည် မဟာကဿပ၏ အဆွေအမျိုးတို့သည်လည်းကောင်း၊ အလုပ်အကျွေးတို့သည်လည်းကောင်း ဖြစ်ကုန်၏၊ ငါ့သားကြီးကဿပကို ပြန်နစ်စေခြင်းငှာ သင့်လျော်၏”ဟု အကြံဖြစ်တော်မူ၍ မြတ်စွာဘုရားသည် ရှင်မဟာကဿပကို “ချစ်သားကဿပ- ကျောင်းတိုက်ကို အချည်းနှီးပြုခြင်းငှာ မတတ်ကောင်း။ လူတို့၏ သုမင်္ဂလ, ဒုမင်္ဂလအရာတို့၌ ရဟန်းတို့ဖြင့် အလိုရှိ၏။ သင်သည် မိမိပရိသတ်နှင့်အတူ ပြန်နစ်လေလော့”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ကောင်းပါပြီဘုရား”ဟု ဝန်ခံ၍ ရှင်မဟာကဿပသည် ပရိသတ်ကိုခေါ်၍ ပြန်နစ်လေ၏။ ထိုအခါ ရဟန်းတို့သည် “ငါ့ရှင်တို့- သင်တို့ မြင်အပ်ပြီလော၊ ယခုပင်လျှင် ငါတို့ဆိုအပ်သည် မဟုတ်တုံလော၊ ရှင်မဟာကဿပသည် အဘယ့်ကြောင့် သင်္ကန်းကို ဖွပ်လျှော်ဘိသနည်း။ ဤအရှင်မဟာကဿပသည် ဘုရားရှင်နှင့် အတူမလိုက်လတ္တံ့ဟု ငါတို့ဆိုအပ်သောစကားအတိုင်းသာ ဖြစ်၏”ဟု ကဲ့ရဲ့ရှုတ်ချကြလေကုန်၏။

ရွှေလမင်းနှင့်တူကြောင်း ဘုရားချီးမွမ်းခြင်း

မြတ်စွာဘုရားသည် ရဟန်းတို့၏စကားကို ကြားရလျှင် ပြန်လည်ရပ်တန့်တော်မူလျက် “ချစ်သားရဟန်းတို့- အဘယ်မည်သော စကားကို ပြောဆိုကြကုန်ဘိသနည်း”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ရှင်မဟာကဿပမထေရ်ကို အကြောင်းပြု၍ တပည့်တော်တို့ ပြောဆိုကြပါသည်ဘုရား”ဟု မိမိတို့ကိုယ်တိုင် ပြောဆိုပြီးသောနည်းဖြင့်သာလျှင် အလုံးစုံသောအကြောင်းကို လျှောက်ကြားကြလေကုန်၏။ ထိုစကားကို ကြားတော်မူရသဖြင့် မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- သင်တို့သည် ငါ့သားကဿပကို အလုပ်အကျွေး ဒါယကာတို့၌လည်းကောင်း၊ ပစ္စည်းတို့၌လည်းကောင်း ကပ်ငြိသောစိတ်ရှိ၏ဟု ဆိုချင်ကြကုန်၏။ ငါ့သားကဿပသည် ငါဘုရား၏စကားကို လိုက်နာအံ့ဟု ပြန်နစ်လေ၏၊ ဤကဿပသည် ရှေးဘဝ ဆုတောင်းစဉ်ကပင် ပစ္စည်းလေးပါးတို့၌ ငြိတွယ်ခြင်းမရှိ၊ လမင်းနှင့်တူသော ဥပမာရှိသည်ဖြစ်၍ ဒါယကာတို့သို့ ချဉ်းကပ်ခြင်းငှာ စွမ်းနိုင်သောသူ ဖြစ်ရပါလို၏ဟု ဆုတောင်းခြင်းကို ပြုခဲ့၏။ ထိုကဿပကား ဒါယကာ၌လည်းကောင်း၊ ပစ္စည်းလေးပါး၌လည်းကောင်း ငြိတွယ်ခြင်းမရှိ။ ငါဘုရားသည် လနှင့်တူသော အကျင့်မြတ်ကိုလည်းကောင်း၊ အရိယဝံသအကျင့်မြတ်ကိုလည်းကောင်း ဟောသည်ရှိသော် ငါ့သားကဿပကိုအစပြု၍ ဟောတော်မူရ၏”ဟု မိန့်တော်မူလေ၏။ ရဟန်းတို့သည် မြတ်စွာဘုရားကို “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အဘယ်အခါ၌ မထေရ်မြတ်သည် ဆုတောင်းခြင်း ပြုပါသနည်းဘုရား”ဟု မေးလျှောက်ကြကုန်၏။ “ချစ်သားရဟန်းတို့- နာကြားလိုကြကုန်သလော”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- နာကြားလိုကြပါသည်ဘုရား”ဟု လျှောက်ထားကြလေကုန်၏။

မြတ်စွာဘုရားသည် ရဟန်းတို့အား “ချစ်သားရဟန်းတို့- ဤကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် ကမ္ဘာတစ်သိန်းထက်၌ ပဒုမုတ္တရမည်သော ဘုရားရှင်သည် လောက၌ ထင်ရှားပွင့်တော်မူလေ၏” စသည်ဖြင့် ဟောကြားတော်မူပြီးလျှင် ပဒုမုတ္တရဘုရားရှင်၏ ခြေရင်းတော်၌ မထေရ်သည် ထားအပ် တောင်းဆိုအပ်သော ဆုတောင်းခြင်းကို အစပြု၍ မထေရ်၏ အလုံးစုံသော ရှေးအကျင့်ကို ဟောတော်မူလေ၏။ ထိုအကြောင်းကို ထေရပါဠိတော်၌ အကျယ်ချဲ့ အပ်သည်သာလျှင်တည်း။ ဘုရားရှင်သည်ကား ရှင်မဟာကဿပမထေရ်၏ ဤရှေးအကျင့်ကို အကျယ်ချဲ့ကာ ဟောတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ဤသို့လျှင် ငါဘုရားသည် လနှင့်တူသော အကျင့်မြတ်ကိုလည်းကောင်း၊ အရိယဝံသ အကျင့်မြတ်ကိုလည်းကောင်း ငါ့သားဖြစ်သော ကဿပကိုအစပြု၍ ဟောတော်မူရ၏။ ငါ့သားဖြစ်သော ကဿပအား ပစ္စည်းတို့၌လည်းကောင်း၊ ဒါယကာတို့၌လည်းကောင်း၊ ကျောင်းတို့၌လည်းကောင်း၊ ပရိဝုဏ်တို့၌လည်းကောင်း ကပ်ငြိခြင်းမည်သည် မရှိ၊ ညွှန်ပျောင်းသို့ သက်ဆင်း၍ ညွှန်ပျောင်း၌ ကျင်လည်ကျက်စား သွားလာသော ဟင်္သာမင်းကဲ့သို့ တစ်စုံတစ်ခုသောအာရုံ၌ ငါ့သားကဿပသည် မငြိမကပ်သည်သာလျှင်တည်း”ဟု အနုသန္ဓေစပ်၍ တရားစကား ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၉၁] ဥယျုဉ္ဇန္တိ သတီမန္တော၊ န နိကေတေ ရမန္တိ တေ။
ဟံသာဝ ပလ္လလံ ဟိတွာ၊ ဩကမောကံ ဇဟန္တိ တေ။

သတီမန္တော၊ ပြန့်ပြောသော သတိရှိကြကုန်သော ပုဂ္ဂိုလ်တို့သည်။ ဥယျုဉ္ဇန္တိ၊ ဝသီဘော်ငါးပါးတို့ဖြင့် လုံ့လပြုကြကုန်၏။ တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ နိကေတေ၊ တွယ်တာစရာ နေရာအရပ်၌။ န ရမန္တိ ၊ မမွေ့လျော်ကြကုန်။ ဟံသာ၊ ဟင်္သာငှက်တို့သည်။ ပလ္လလံ၊ ကျက်စားရာညွန်ပျောင်းကို။ ဟိတွာ၊ မငဲ့မကွက်စွန့်ပစ်၍။ ဂစ္ဆန္တိ ဣဝ၊ သွားကြလေကုန်သကဲ့သို့။ တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ ဩကမောကံ၊ တွယ်တာစရာ နေရာတိုင်းကို။ ဇဟန္တိ၊ စွန့်ပယ်ကြကုန်၏။

(ဟင်္သာစသော ငှက်အားလုံးတို့သည် စားကျက်၌ အစာစားပြီး ပျံသွားသောအခါ “ငါ့အသီး, ငါ့အရွက်, ငါ့ရေ, ငါ့ကြာ” စသည်တို့ဖြင့် ထိုစားကျက်၌ စွဲလမ်းခြင်းမရှိဘဲ ပျံသွားနိုင်ကြကုန်သကဲ့သို့ ထို့အတူ ရဟန္တာပုဂ္ဂိုလ်တို့သည် ကျောင်း,ဒါယကာ, ဒါယိကာမ စသည်တို့ဖြင့် စွဲလမ်းခြင်းမရှိဘဲ ကြွသွားနိုင်ကြ၏ဟူလို။)

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မဟာကဿပမထေရ်ဝတ္ထုပြီး၏။

֍ * ၃။ ဗေလဋ္ဌသီသမထေရ်ဝတ္ထု

ယေသံ သန္နိစယော နတ္ထိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်ဗေလဋ္ဌသီသ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ထမင်းခြောက်လှန်းသဖြင့် သိက္ခာပုဒ်ပညတ်ခြင်း

ထိုအရှင်ဗေလဋ္ဌသီသသည် ရွာတွင်း လမ်းခရီးတစ်ခု၌ ဆွမ်းအလို့ငှာသွား၍ ဆွမ်းစားခြင်းကိစ္စကို ပြုပြီးနောက် တစ်ဖန် တစ်ပါးသော လမ်းခရီးကို ဆွမ်းခံလှည့်လည်ပြန်သဖြင့် ထမင်းခြောက်ကိုယူ၍ ကျောင်းသို့ဆောင်ယူ သိုမှီးပြီးလျှင် “နေ့စဉ်မပြတ် ဆွမ်းကို ရှာမှီးရခြင်းမည်သည် ဆင်းရဲလှ၏”ဟု နှလုံးထားသဖြင့် နှစ်ရက်,သုံးရက်ပတ်လုံး ဈာန်ချမ်းသာဖြင့် လွန်စေ၍ အာဟာရကို အလိုရှိသည်ရှိသော် ထမင်းခြောက်ကို ဘုဉ်းပေးသုံးဆောင်တော်မူ၏။ ရဟန်းတို့ သိကြ၍ ကဲ့ရဲ့ရှုတ်ချပြီးလျှင် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်သည်လည်း ဤအကြောင်းကြောင့် နောင်အခါ သိုမှီးခြင်းကိုပြုခြင်းမှ ရှောင်ကြဉ်စေခြင်းငှာ ရဟန်းတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏။ မထေရ်သည်ကား သိက္ခာပုဒ်ကို မပညတ်သေးမီ အလိုနည်းသည့်အဖြစ်ကို မှီ၍ ပြုခြင်းကြောင့် ထိုဗေလဋ္ဌသီသမထေရ်အား အပြစ်မရှိခြင်းကို ထင်ရှားပြလျက် အနုသန္ဓေကိုစပ်၍ တရားဟောတော်မူလို၍ ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၉၂] ယေသံ သန္နိစယော နတ္ထိ၊ ယေ ပရိညာတဘောဇနာ။
သုညတော အနိမိတ္တော စ၊ ဝိမောက္ခော ယေသံ ဂေါစရော။
အာကာသေဝ သကုန္တာနံ၊ ဂတိ တေသံ ဒုရန္နယာ။

ယေသံ၊ အကြင်ပုဂ္ဂိုလ်တို့အား။ သန္နိစယော၊ သိုမှီးခြင်းသည်။ နတ္ထိ၊ မရှိ။

(ကုသိုလ်ကံ အကုသိုလ်ကံသည် ကမ္မသန္နိစယမည်၏။ ပစ္စည်းလေးပါးတို့သည် ပစ္စယသန္နိစယမည်၏၊ ထိုနှစ်ပါးတို့တွင် ကျောင်းနေရဟန်းအား တစ်ခုသော တင်လဲနိုင်ခဲကိုလည်းကောင်း၊ လေးဖို့တစ်ဖို့မျှ ထောပတ်ကိုလည်းကောင်း၊ ဆန်တစ်စလယ်မျှကိုလည်းကောင်း ထားခဲ့လျှင် ပစ္စည်းသိုမှီးသည် မမည်။ ထို့ထက် ပိုထားခဲ့လျှင် ပစ္စည်းသိုမှီးသည် မည်၏။ ကမ္မသန္နိစယ, ပစ္စယသန္နိစယနှစ်ပါးလုံးပင် မရှိဟူလို။)

ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ ပရိညာတဘောဇနာ၊ ပိုင်းခြား၍သိအပ်သော ဘောဇဉ်ရှိကုန်၏။

(ယာဂုစသည်တို့တွင် တစ်ခုခုကို ယာဂုအဖြစ်စသည်ကို သိခြင်းသည် ဉာတပရိညာ မည်၏။ အာဟာရ၌ စက်ဆုပ်ဖွယ် အမှတ်သညာ၏အစွမ်းဖြင့် ဘောဇဉ်ကို အထူးသိခြင်းသည် တီရဏပရိညာ မည်၏။ သုံးဆောင်အပ်သော အာဟာရ၌ လောဘတဏှာကို ပယ်တတ်သောဉာဏ်သည် ပဟာနပရိညာ မည်၏။ ဤသုံးပါးသော ပရိညာတို့ဖြင့် ခဲဖွယ်ဘောဇဉ်ကို ပိုင်းခြား၍ သိနိုင်ကြကုန်၏ဟူလို။)

သုညတော ဝိမောက္ခော စ၊ သုညတနိဗ္ဗာန်သည်လည်းကောင်း။ အနိမိတ္တော ဝိမောက္ခော စ၊ အနိမိတ္တ နိဗ္ဗာန်သည်လည်းကောင်း။ ယေသံ၊ အကြင်ပုဂ္ဂိုလ်တို့၏။ ဂေါစရော၊ အာရုံသည်။ ဟောတိ၊ ဖြစ်၏။

(နိဗ္ဗာန်သည် ရာဂ,ဒေါသ,မောဟတို့၏ မရှိခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့မှ လွတ်ခြင်းကြောင့်လည်းကောင်း “သုညတဝိမောက္ခ” မည်၏။ ရာဂစသော အကြောင်းနိမိတ် မရှိခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့မှ လွတ်ခြင်းကြောင့်လည်းကောင်း “အနိမိတ္တဝိမောက္ခ” မည်၏။ ရာဂစသော တောင့်တခြင်း မရှိခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့မှ လွတ်ခြင်းကြောင့်လည်းကောင်း “အပ္ပဏိဟိတဝိမောက္ခ” မည်၏။ စ-သဒ္ဒါဖြင့် ၎င်းဝိမောက္ခကိုလည်းယူ၊ ထိုသုံးမည်ရ နိဗ္ဗာန်ကို ဖိုလ်ဉာဏ်ဖြင့် အာရုံပြုကာ နေကြကုန်၏ဟူလို။)

တေသံ၊ ထိုပုဂ္ဂိုလ်တို့၏။ ဂတိ၊ လားရာဂတိသည်။ အာကာသေ၊ ကောင်းကင်၌။ သကုန္တာနံ၊ ငှက်တို့၏။ ဂတိ ဣဝ၊ သွားရာလမ်းကဲ့သို့။ ဒုရန္နယာ၊ သိနိုင်ခဲ၏။ ဝါ၊ သိခြင်းငှာ မတတ်ကောင်း။

(ကောင်းကင်ခရီး၌ ပျံသွားကုန်သော ငှက်တို့၏ခြေရာကို မမြင်ရခြင်းကြောင့် သွားရာခရီးကို သိခြင်းငှာ မတတ်ကောင်းသကဲ့သို့ ထို့အတူ သန္နိစယနှစ်ပါး မရှိ၍ ပရိညာသုံးပါးဖြင့် ဘောဇဉ်ကိုသိပြီးလျှင် နိဗ္ဗာန်လျှင် အာရုံပြုကုန်သောပုဂ္ဂိုလ်တို့၏ လားရာဂတိသည်လည်း ဘဝသုံးပါး, ယောနိလေးပါး, ဂတိငါးပါး, ဝိညာဏဋ္ဌိတိ ခုနစ်ပါး, သတ္တာဝါသ ကိုးပါးဟူသော ငါးပါးသော အဖို့အစုတို့တွင် ဤမည်သော အဖို့အစုဖြင့် သွား၏ဟု သွားလမ်းမထင်ရှားရကား သိခြင်းငှာ မတတ်ကောင်း ဟူလို။)

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဗေလဋ္ဌသီသမထေရ်ဝတ္ထု ပြီး၏။

֍ * ၄။ အနုရုဒ္ဓါမထေရ်ဝတ္ထု

ယဿာသဝါအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်အနုရုဒ္ဓါမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သင်္ကန်းချုပ်ရာ၌ ဘုရားရှင် အပ်နဖားထိုးပေးခြင်း

တစ်နေ့သ၌ အရှင်အနုရုဒ္ဓါမထေရ်သည် ဆွေးမြည့်သောသင်္ကန်းရှိသည်ဖြစ်၍ တံမြက်ချေးစွန့်ရာ အမှိုက်ပုံစသည်တို့၌ သင်္ကန်းကို ရှာမှီးတော်မူရ၏။ ထိုမထေရ်၏ ဤကိုယ်အဖြစ်မှ သုံးခုမြောက်ဖြစ်သော ကိုယ်အဖြစ်၌ မယားဟောင်းဖြစ်ဖူးသော မိန်းမသည် တာဝတိံသာ နတ်ပြည်၌ဖြစ်၍ ဇာလိနီအမည်ရှိသောနတ်သမီး ဖြစ်လေ၏။ ထိုနတ်သမီးသည် မထေရ် သင်္ကန်းလျာပုဆိုး ရှာမှီးတော်မူသည်ကို မြင်ရလျှင် မထေရ်မြတ်အလို့ငှာ အလျားတစ်ဆယ့်သုံးတောင်ရှည်၍ အနံလေးတောင် အပြန့်ကျယ်သော သုံးထည်သော နတ်ပုဆိုးတို့ကိုယူ၍ “ငါကား ဤသို့သောနည်းအားဖြင့် အကယ်၍ လှူသည်ဖြစ်အံ့၊ မထေရ်သည် မခံယူလတ္တံ့”ဟု ကြံပြီးလျှင် ပုဆိုးတို့ကိုရှာမှီးသော ထိုအနုရုဒ္ဓါမထေရ်၏ရှေ့မှ တစ်ခုသော တံမြက်ချေးစွန့်ရာ အမှိုက်ပုံ၌ အကြင်အခြင်းအရာဖြင့် ထားသည်ရှိသော် ထိုပုဆိုးတို့၏ အမြိတ်အစွန်းမျှသည်သာလျှင် ထင်ထင်ရှားရှား ပေါ်ပေါ်လွင်လွင် ဖြစ်၏။ ထိုအခြင်းအရာဖြင့် ထားလေ၏။ မထေရ်သည်လည်း ထိုခရီးဖြင့် ပုဆိုးကိုရှာမှီးခြင်းငှာ သွားလာလှည့်ပတ်သည်ရှိသော် ပုဆိုးတို့၏ အမြတ်အစွန်းကိုမြင်လျှင် ထိုအစွန်း၌သာ ကိုင်ယူ၍ ဆွဲငင်သည်ရှိသော် ဆိုအပ်ပြီးသော အတိုင်းအရှည်ရှိသော နတ်ပုဆိုးတို့ကို မြင်ရသဖြင့် “ဤပစ္စည်းကား မြတ်သောအဖိုးတန် ပံသုကူသင်္ကန်း ဖြစ်လေစွတကား”ဟု ယူ၍ ဖဲသွားလေ၏။

ထို့နောက် မထေရ်၏ သင်္ကန်းချုပ်သောနေ့၌ ဘုရားရှင်သည် ရဟန်းငါးရာခြံရံလျက် ကျောင်းသို့ကြွ၍ နေတော်မူလေ၏။ ရှစ်ကျိပ်သော မထေရ်ကြီးတို့သည်လည်း ထိုကျောင်း၌ပင် နေကြလေကုန်၏။ သင်္ကန်းချုပ်ခြင်းငှာ အရှင်မဟာကဿပမထေရ်သည် သင်္ကန်းအရင်း၌ နေ၏။ အရှင်သာရိပုတြာမထေရ်သည် အလယ်၌ နေ၏။ အရှင်အာနန္ဒာမထေရ်သည် သင်္ကန်းအဖျား၌ နေ၏။ ရဟန်းသံဃာအပေါင်းသည် အပ်ချည်ကို ကျစ်၏။ ဘုရားရှင်သည် အပ်နဖား၌ အပ်ချည် သီတပ်ပေးတော်မူ၏။ အရှင်မဟာမောဂ္ဂလာန်မထေရ်သည် အလိုရှိသော အရာဟူသမျှကို ဆောင်ပို့ကာ လှည့်လည်၏။ နတ်သမီးသည် ရွာတွင်းသို့ဝင်၍ “ငါ့အရှင်ဖြစ်သော အနုရုဒ္ဓါမထေရ်၏ သင်္ကန်းကို ချုပ်သဖြင့် ဘုရားရှင်သည် ရှစ်ကျိပ်သော မဟာသာဝကတို့ဖြင့် ခြံရံလျက် ရဟန်းငါးရာတို့နှင့်တကွ ကျောင်း၌နေတော်မူ၏။ ယာဂုစသည်တို့ကိုယူ၍ ကျောင်းသို့ သွားကြပါကုန်လော့”ဟု နှိုးဆော်လျက် ဆွမ်းကို ပြည့်စုံစေလေ၏။ အရှင်မဟာမောဂ္ဂလာန် မထေရ်သည်လည်း ဆွမ်းမစားမီအကြား များစွာသော ဇမ္ဗုသပြေသီးကို ဆောင်ယူလာ၏။ ငါးရာသော ရဟန်းတို့သည် ကုန်အောင် ဘုဉ်းပေးသုံးဆောင်ခြင်းငှာ မတတ်နိုင်ကြကုန်။ သိကြားမင်းသည် သင်္ကန်းချုပ်ရာအရပ်၌ မြေကို ညီညွတ်အောင်ပြု၏။ မြေသည် ချိပ်ရည်ဖြင့် ဆိုးအပ်သကဲ့သို့ ဖြစ်လေ၏။ ရဟန်းတို့သုံးဆောင်၍ ကြွင်းသော ယာဂု,ဆွမ်း, ခဲဖွယ်,ဘောဇဉ်တို့၏ ကြီးစွာသော အစုအပုံသည် ဖြစ်လေ၏ ။

ရဟန်းတို့သည် “ဤမျှလောက်သော ရဟန်းတို့အား ဤသို့ များစွာကုန်သော ယာဂုစသည်တို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း။ အတိုင်းအရှည်ကို မှတ်သား၍ ဤမျှလောက်သော ခဲဖွယ်ဘောဇဉ်ကို ဆောင်ယူလာကြကုန်လော့ဟု ဆွေမျိုးတို့ကိုလည်းကောင်း၊ အလုပ်အကျွေး ဒါယကာတို့ကိုလည်းကောင်း ဆိုအပ်သည် မဟုတ်ပါလော။ ရှင်အနုရုဒ္ဓါမထေရ်သည် မိမိဆွေမျိုး အလုပ်အကျွေးဒါယကာ များသည်အဖြစ်ကို သိစေလိုယောင်တကား”ဟု ကဲ့ရဲ့ ရှုတ်ချကြလေကုန်၏။ ထိုအခါ ရဟန်းတို့ကို မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- အဘယ်စကားကို ဆိုကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤမည်သောစကားကို ဆိုကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- အနုရုဒ္ဓါမထေရ်သည် ဤယာဂု စသည်တို့ကို ဆွေမျိုးအလုပ်အကျွေး ဒါယကာတို့အား များစွာဆောင်ယူစေအပ်၏ဟု သင်တို့ မှတ်ထင်ကြကုန်သလော”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- မှတ်ထင်မိကြသည် မှန်ပါသည်ဘုရား”ဟု လျှောက်လတ်သော် “ချစ်သားရဟန်းတို့- ငါ့သားဖြစ်သော အနုရုဒ္ဓါမထေရ်သည် ဤသို့သောစကားကိုမဆို။ ရဟန္တာတို့မည်သည်ကား ပစ္စည်းနှင့်စပ်သောစကားကို မဆိုကြကုန်။ ဤဆွမ်းသည် နတ်၏ အာနုဘော်ကြောင့်ဖြစ်သော ဆွမ်းတည်း”ဟု အနုသန္ဓေစပ်၍ တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၉၃] ယဿာသဝါ ပရိက္ခီဏာ၊ အာဟာရေ စ အနိဿိတော။
သုညတော အနိမိတ္တော စ၊ ဝိမောက္ခော ယဿ ဂေါစရော။
အာကာသေဝ သကုန္တာနံ၊ ပဒံ တဿ ဒုရန္နယံ။

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ အာသဝါ၊ အာသဝေါတရားလေးပါးတို့သည်။ ပရိက္ခီဏာ၊ ကုန်ခန်းလေကုန်ပြီ။ အာဟာရေ စ၊ ဆွမ်းစသော အာဟာရ၌လည်း။ အနိဿိတော၊ တဏှာဒိဋ္ဌိအားဖြင့် မှီခိုအားထားခြင်းမရှိ။ သုညတော ဝိမောက္ခော စ၊ သုညတနိဗ္ဗာန်သည်လည်းကောင်း။ အနိမိတ္တော ဝိမောက္ခော စ၊ အနိမိတ္တ နိဗ္ဗာန်သည်လည်းကောင်း။ ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ ဂေါစရော၊ အာရုံသည်။ ဟောတိ၊ ဖြစ်၏။ တဿ၊ ထိုပုဂ္ဂိုလ်၏။ ပဒံ၊ ခြေရာအလား လားရာအရပ်သည်။ အာကာသေ၊ ကောင်းကင်၌။ သကုန္တာနံ၊ ငှက်တို့၏။ ပဒံ ဣဝ၊ ခြေရာကဲ့သို့။ ဒုရန္နယံ၊ သိခြင်းငှာ မတတ်ကောင်း။

(ဤနေရာ၌ ခြေဖြင့်နင်းသွားသည်။ ဤနေရာ ရင်ဖြင့် ထိခိုက်သွားသည်။ ဤနေရာ ဦးခေါင်းဖြင့်၊ အတောင်တို့ဖြင့် ထိခိုက်သွားသည်ဟု ကောင်းကင်ခရီး၌ ပျံသွားကုန်သော ငှက်တို့၏ခြေရာကို သိခြင်းငှာ မတတ်ကောင်းသကဲ့သို့ ထို့အတူ အာသဝေါကင်းကွာ အာဟာရမမှီ သုံးမည်ရနိဗ္ဗာန်ကို အာရုံပြုသောပုဂ္ဂိုလ်၏ ခြေရာကိုလည်း ငရဲခြေရာဖြင့်သွားသည်။ တိရစ္ဆာန်ခြေရာဖြင့်သွားသည် စသည်ဖြင့် သိခြင်းငှာ မတတ်ကောင်းဟူလို။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အနုရုဒ္ဓါမထေရ်ဝတ္ထု ပြီး၏။

֍ * ၅။ မဟာကစ္စာယနမထေရ်ဝတ္ထု

ယဿိန္ဒြိယာနိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ပုဗ္ဗာရုံကျောင်းတော်၌ နေတော်မူစဉ် ရှင်မဟာကစ္စည်းမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သိကြားနတ်မင်းတို့ ချစ်ခင်မြတ်နိုးခြင်း

တစ်ပါးသောအခါ မြတ်စွာဘုရားသည် သီတင်းကျွတ်လပြည့်နေ့၌ မိဂါရမာတာ ဝိသာခါဒါယိကာမကြီး၏ ပြာသာဒ်အောက်တွင် မဟာသာဝကကြီးတို့ ခြံရံလျက် နေတော်မူလေ၏။ ထိုအခါ ရှင်မဟာကစ္စည်းမထေရ်သည် အဝန္တိတိုင်းတို့၌ နေတော်မူ၏။ ထိုမဟာကစ္စည်းအရှင်မြတ်သည် ဝေးသောအရပ်မှသော်လည်း ကြွလာ၍ တရားနာခြင်းကို ချီးမြှင့်တော်မူလေ့ရှိသည်သာတည်း။ ထို့ကြောင့် မထေရ်ကြီးတို့သည် နေထိုင်ကြကုန်သည်ရှိသော် ရှင်မဟာကစ္စည်းမထေရ်၏အလို့ငှာ နေရာကိုချန်ထား၍ နေထိုင်ကြလေကုန်၏။ သိကြားနတ်မင်းသည်လည်း နတ်ပြည်နှစ်ထပ်၌နေကုန်သော နတ်ပရိသတ်တို့နှင့်တကွ လာရောက်၍ နတ်၌ဖြစ်သော နံ့သာပန်းစသည်တို့ဖြင့် ဘုရားရှင်ကိုပူဇော်၍ မတ်မတ်ရပ်လျက် ရှင်မဟာကစ္စည်းမထေရ်ကို မမြင်ခြင်းကြောင့် “ငါ၏အရှင်ကစ္စည်းမထေရ်သည် အဘယ်မှာနည်း၊ မထင်မြင်ပါတကား။ အကယ်၍ ကြွလာတော်မူပါလျှင် စင်စစ်အားဖြင့် ကောင်းခြင်းဖြစ်ရာ၏”ဟု အာရုံပြုကာ နေလေ၏။ မထေရ်မြတ်သည်လည်း ထိုခဏ၌သာလျှင် ကြွလာ၍ မိမိကိုယ်တိုင် ထိုင်လျက်သာလျှင်ဖြစ်သောကိုယ်ကို ပြတော်မူလေ၏။

သိကြားမင်းသည် မထေရ်ကိုမြင်ရလျှင် ရှိခိုး၍ ဖမျက်တို့၌ မြဲစွာကိုင်ဆုပ်လျက် “ငါ၏အရှင်မြတ်သည် ကောင်းစွာ ကြွလာတော်မူပေစွတကား။ တပည့်တော်သည် အရှင်မြတ်၏ကြွလာခြင်းကို တောင့်တကာ နေပါသည်ဘုရား”ဟု ဆို၍ နံ့သာပန်း စသည်တို့ဖြင့် ပူဇော်လျက် တင့်အပ်လျောက်ပတ်သောအရပ်၌ နေလေ၏။ ရဟန်းတို့သည် သိကြားမင်းကား မျက်နှာကြည့်၍ ပူဇော်ခြင်းကို ပြု၏။ ရှင်မဟာကစ္စည်းမထေရ်မှကြွင်းသော မဟာသာဝကတို့အား ဤသို့သဘောရှိသော ပူဇော်ခြင်းကို မပြုမူ၍ ရှင်မဟာကစ္စည်းကိုမြင်လျှင် လျင်မြန်စွာ ဖမျက်တို့၌ကိုင်ဆုပ်၍ ငါ၏အရှင်မြတ်သည် ကြွလာတော်မူပေ၏။ ကောင်းလှပေစွတကားဟု ဆိုပြီးလျှင် တပည့်တော်သည် အရှင်မြတ်၏ ကြွလာခြင်းကိုသာ တောင့်တကာ နေပါသည်ဘုရားဟုဆို၍ လက်နှစ်ဘက်တို့ဖြင့် ခြေတို့ကို သုံးသပ်ဆုပ်နယ်လျက် ရှိခိုးပူဇော်ပြီးမှ တင့်အပ်လျောက်ပတ်သောအရပ်၌ နေလေဘိ၏တကား”ဟု ကဲ့ရဲ့ကြကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကို ကြားတော်မူရ၍ “ချစ်သားရဟန်းတို့- ငါ့သားဖြစ်သော ကစ္စည်းနှင့်တူကုန်သော စက္ခုစသောဣနြေတို့၌ လုံခြုံသောတံခါးရှိကုန်သော ရဟန်းတို့ကို နတ်တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း ချစ်မြတ်နိုးကုန်သည်သာတည်း”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၉၄] ယဿိန္ဒြိယာနိ သမထင်္ဂတာနိ၊ အဿာ ယထာ သာရထိနာ သုဒန္တာ။
ပဟီနမာနဿ အနာသဝဿ၊ ဒေဝါပိ တဿ ပိဟယန္တိ တာဒိနော။

သာရထိနာ၊ လိမ္မာသောရထားထိန်းသည်။ သုဒန္တာ၊ ကောင်းစွာ ဆုံးမအပ်ကုန်သော။ အဿာ ယထာ၊ မြင်းတို့ကဲ့သို့။ ယဿ၊ အကြင်ရဟန္တာပုဂ္ဂိုလ်၏။ ဣန္ဒြိယာနိ၊ စက္ခုစသောဣန္ဒြေတို့သည်။ သမထံ၊ ငြိမ်သက် တည်ကြည်ခြင်းသို့။ ဂတာနိ၊ ရောက်ကုန်၏။ ပဟီနမာနဿ၊ ပယ်အပ်ပြီးသော မာနရှိသော။ အနာသဝဿ၊ အာသဝေါတရား လေးပါးမှ ကင်းပြီးသော။ တာဒိနော၊ ကောင်း,မကောင်းသောအာရုံတို့၌ မတုန်မလှုပ်သော သဘောရှိသော။ တဿ၊ ထိုရဟန္တာပုဂ္ဂိုလ်အား။ ဒေဝါပိ၊ နတ်တို့သည်လည်း။ ပိဟယန္တိ၊ ချစ်မြတ်နိုးကြကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မဟာကစ္စာယနမထေရ်ဝတ္ထုပြီး၏။

֍ * ၆။ အရှင်သာရိပုတြာမထေရ်ဝတ္ထု

ပထဝိသမောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်သာရိပုတြာမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အရှင်သာရိပုတြာအား ရိုက်မှုဖြင့် စွဲဆိုခြင်း

တစ်ပါးသောအခါ အရှင်သာရိပုတြာမထေရ်သည် ဝါကျွတ်လတ်သဖြင့် ဒေသစာရီ ဖဲသွားလိုရကား မြတ်စွာဘုရားကို ပန်ကြား၍ ရှိခိုးပြီးလျှင် မိမိ၏အခြံအရံနှင့်တကွ ထွက်သွားတော်မူလေ၏။ ထိုမှတစ်ပါး များစွာကုန်သော ရဟန်းတို့သည်လည်း မထေရ်သို့ အစဉ်လိုက်ပို့ကြကုန်၏။ မထေရ်မြတ်သည် အမည်,အမျိုး,အစွမ်းအားဖြင့် ထင်ရှားကုန်သော ရဟန်းတို့ကို အမည်,အမျိုး,အစွမ်းအားဖြင့် ပြောကြား၍ ပြန်သွားဆုတ်နစ်စေလေ၏။ အမှတ်မရှိ အမည်,အမျိုး,အစွမ်းအားဖြင့် မထင်ရှားသော ရဟန်းတစ်ပါးသည်ကား “ငါ့ကိုလည်း အမည်,အမျိုး,အစွမ်းအားဖြင့် ချီးမြှောက်လျက် ပြောဆို၍ ပြန်သွားဆုတ်နစ်စေပါမူကား ကောင်းလေစွတကား”ဟု ကြံစည်အောက်မေ့လေ၏။ မထေရ်မြတ်သည် များစွာသော ရဟန်းသံဃာအပေါင်း၏အကြား၌ ထိုရဟန်းကို မမှတ်သားမိဘဲ ရှိလေ၏။ ထိုရဟန်းသည် “အခြားသောရဟန်းတို့ကဲ့သို့ ငါ့ကို မချီးမြှောက်”ဟု ကြံအောက်မေ့၍ မထေရ်၌ ရန်ငြိုးဖွဲ့ လေ၏။ မထေရ်၏ ဒုကုဋ်စွန်းသည်လည်း ထိုရဟန်း၏ကိုယ်ကို ထိမိခဲ့လေ၏။ ထို့ကြောင့်လည်း ရန်ငြိုးဖွဲ့သည်သာလျှင်တည်း။

“ယခုအခါ မထေရ်သည် ကျောင်းဥပစာကို လွန်မြောက်သည် ဖြစ်လတ္တံ့”ဟု သိရသဖြင့် ထိုရဟန်းသည် ဘုရားရှင်သို့ ချဉ်းကပ်ပြီးလျှင် “မြတ်စွာဘုရား- တပည့်တော်ကို အရှင်သာရိပုတြာသည် ရှင်တော်မြတ်ဘုရားတို့၏ အဂ္ဂသာဝကတစ်ပါး ဖြစ်၏ဟု ထောင်လွှားလျက် နားရွက်ကို ရိုက်ခွဲသကဲ့သို့ ပုတ်ခတ်ပြီးလျှင် မတောင်းပန်ဘဲသာလျှင် ဒေသစာရီ ဖဲသွားပါသည်ဘုရား”ဟု လျှောက်ထားလေ၏။ ဘုရားရှင်သည် အရှင်သာရိပုတြာမထေရ်ကို ခေါ်စေတော်မူ၏။ ထိုခဏ၌ ရှင်မောဂ္ဂလာန်မထေရ်သည်လည်းကောင်း၊ အရှင်အာနန္ဒာမထေရ်သည်လည်းကောင်း ဤသို့ ကြံစည်ကြကုန်၏။ “ဤရဟန်း၏ ရန်ငြိုးဖွဲ့သည့်အဖြစ်ကို ဘုရားရှင် မသိသည်မဟုတ်၊ ငါတို့၏ အဂ္ဂသာဝက နောင်တော်ကြီးကို ခြင်္သေ့သံကဲ့သို့ ရဲရင့်စွာ မြတ်သောစကားကိုဆိုခြင်းငှာ အလိုတော်ရှိသည်ဖြစ်လတ္တံ့၊ ထို့ကြောင့် ပရိသတ်ကို စည်းဝေးစေကြကုန်စို့အံ့”ဟု ကြံစည်ကြ၍ ရှင်မောဂ္ဂလာန်၊ ရှင်အာနန္ဒာတို့သည် သံကောက်(သော့) လက်စွဲကုန်လျက် ပရိဝုဏ်ကျောင်းငယ် တံခါးတို့ကိုဖွင့်၍ “အရှင်တို့- ထွက်ကြပါကုန်လော့၊ ယခုအခါ အရှင်သာရိပုတြာသည် ဘုရားမျက်မှောက် မကြောက်မရွံ့သောစကားကို ဆိုတော်မူလတ္တံ့”ဟု တိုက်တွန်းသဖြင့် များစွာသော ရဟန်းသံဃာအပေါင်းကို စည်းဝေးစေတော်မူကြလေကုန်၏။ အရှင်သာရိပုတြာမထေရ်သည်လည်း ကြွလာ၍ ဘုရားရှင်ကိုရှိခိုးလျက် နေလေ၏။

အရှင်သာရိပုတြာ ဥပမာ(၉)ပါးဖြင့် လျှောက်ထားပုံ

ထိုအခါ အရှင်သာရိပုတြာကို မြတ်စွာဘုရားသည် ထိုအကြောင်းကိုမေးတော်မူ၏။ အရှင်သာရိပုတြာသည် “ဤရဟန်းကို တပည့်တော် မပုတ်ခတ်ရပါဘုရား”ဟု မလျှောက်ထားမူ၍ မိမိဂုဏ်ကျေးဇူးနှင့် စပ်သောစကားကို ဆိုလိုသဖြင့် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အကြင်ရဟန်းအား ကိုယ်၌ ကာယဂတာသတိသည် အဖန်တလဲလဲ ရှေးရှုထင်ရှားသည် ဖြစ်ခဲ့ငြားအံ့၊ ထိုရဟန်းသည် ဤသာသနာတော်၌ အမှတ်မရှိ တစ်စုံတစ်ယောက်သော သီတင်းသုံးဖော်ကို ထိခိုက်ပြစ်မှားမိလျှင် အပြစ်ကို မစွန့်မူ၍ အပြစ်တန်းလန်း ခရီးဒေသစာရီ ဖဲသွားနိုင်ပါအံ့နည်း”ဟု လျှောက်ထားပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဥပမာမည်သည် မဟာပထဝီမြေကြီး၌ သန့်ရှင်းစင်ကြယ်သောဝတ္ထုကိုလည်း စွန့်ပစ်ကြပါကုန်၏။ မစင်ကြယ်သောဝတ္ထုကိုလည်း စွန့်ပစ်ကြပါကုန်၏။” ဤသို့ အစရှိသောနည်းဖြင့် မိမိ၏ မြေနှင့်တူစွာ စိတ်ရှိသည့်အဖြစ်ကိုလည်းကောင်း ရေ, မီး, လေ, ခြေသုတ်စရာအဝတ်စုတ်, ဒွန်းစဏ္ဍားသတို့သား, ဦးချိုကျိုးသော နွားလားဥဿဘနှင့်တူစွာ စိတ်ရှိသည့်အဖြစ်ကိုလည်းကောင်း၊ မြွေကောင်ပုပ် စသည်တို့အလား မိမိ၏ကိုယ်ဖြင့် ငြီးငွေ့သည့်အဖြစ်ကိုလည်းကောင်း၊ ဝါးလုံးဖျားသို့တက်သော “မေဒကထာလိကာ”မည်သော လုလင်ကဲ့သို့ (ဤအကြောင်းကို မဟာဝဂ္ဂသံယုတ်၊ သတိပဋ္ဌာန၊ နာလန္ဒဝဂ်၊ ကိုးခုမြောက်သုတ်၌ ဟောထား၏။) မိမိ၏ကိုယ်ကို သတိမကင်း ဆောင်ယူခြင်းကိုလည်းကောင်း ထင်ရှားစွာ ဖော်ပြလျှောက်ထားလေ၏။

(ဤကိုးပါးသော ဥပမာတို့ဖြင့် မထေရ်မြတ်သည် မိမိ၏ဂုဏ်ကျေးဇူးကို ဆိုလတ်သည်ရှိသော် ကိုးပါးသောနေရာတို့၌ပင် ရေအဆုံးရှိသည်ကိုပြု၍ မဟာပထဝီမြေကြီး တုန်လှုပ်လေ၏။ ခြေသုတ်စရာအဝတ်စုတ်၊ ဒွန်းစဏ္ဍားသတို့သား၊ မေဒကထာလိကာ ဥပမာကို ဆောင်သောကာလ၌ ပုထုဇဉ်ရဟန်းတို့သည် မျက်ရည်တို့ကို ကောင်းစွာထားခြင်းငှာ (ဆည်ခြင်းငှာ) မတတ်နိုင်ကြကုန်။ ရဟန္တာပုဂ္ဂိုလ်တို့အား ဓမ္မသံဝေဂသည် ထင်စွာဖြစ်လေ၏။)

စွပ်စွဲသောရဟန်း တောင်းပန်ခြင်း

အရှင်သာရိပုတြာမထေရ်သည် မိမိ၏ဂုဏ်ကျေးဇူးကို ဆိုစဉ်ပင်လျှင် စွပ်စွဲသောရဟန်း၏ ကိုယ်အလုံး၌ ပူလောင်ခြင်းသည် ဖြစ်လေ၏။ ထိုရဟန်းသည် ထိုခဏ၌ပင်လျှင် ဘုရားရှင်၏ ခြေတော်တို့၌ဝပ်၍ မိမိ၏ စွပ်စွဲမိသောအပြစ်ကို ထင်ရှားစွာဖော်ပြ၍ အပြစ်ကို လျှောက်ကြားတောင်းပန်လေ၏။ မြတ်စွာဘုရားသည် အရှင်သာရိပုတြာကို ခေါ်တော်မူ၍ “ချစ်သား သာရိပုတြာ- ဤရဟန်း၏ဦးခေါင်းသည် ခုနစ်စိတ်မကွဲမီ မဂ်ဖိုလ်မှအချည်းနှီးဖြစ်သော ဤရဟန်းအား သည်းခံစေလော့၊ ကန်တော့ခံလေလော့”ဟု မိန့်တော်မူလေ၏။ မထေရ်သည် ဆောင့်ကြောင့်ထိုင်၍ လက်အုပ်ချီပြီးလျှင် “မြတ်စွာဘုရား- တပည့်တော်သည် ထိုအရှင်မြတ်အား သည်းခံပါ၏။ ဘုရားတပည့်တော်အားလည်း အကယ်၍ အပြစ်ရှိသည်ဖြစ်အံ့၊ ဤသို့ရှိခဲ့သော် အရှင်မြတ်သည်လည်း တပည့်တော်၏အပြစ်ကို သည်းခံစေသတည်း”ဟု လျှောက်ဆိုလေ၏။ ရဟန်းတို့သည် “ငါ့ရှင်တို့- ယခုအခါ မထေရ်မြတ်ပြုအပ်သော နှိုင်းယှဉ်စရာ ဥပမာကင်းသော ဂုဏ်ကျေးဇူးကို ကြည့်ရှုကြကုန်လော့။ ဤသို့သဘောရှိသော မဟုတ်မမှန်သောစကားဖြင့် စွပ်စွဲသော ရဟန်း၏အပေါ်၌ အနည်းငယ်မျှလည်းဖြစ်သော အမျက်ငယ်ကိုလည်းကောင်း၊ အမျက်ကြီးကိုလည်းကောင်း မပြုမူ၍ မိမိကိုယ်တိုင်ပင် ဆောင့်ကြောင့်ထိုင်လျက် လက်အုပ်ချီကာ ကန်တော့သေး၏”ဟု ပြောဆိုကြကုန်၏။ ဘုရားရှင်သည် ထိုစကားကို ကြားရလျှင် “ချစ်သားရဟန်းတို့- အဘယ်စကားကို ပြောဆိုကြကုန်ဘိသနည်း”ဟု မေးတော်မူခြင်းကြောင့် “မြတ်စွာဘုရား-- ဤမည်သောစကား ပြောဆိုကြပါသည်ဘုရား”ဟု နားတော်လျှောက်သော် “ချစ်သားရဟန်းတို့- သာရိပုတြာနှင့် တူကုန်သောသူတို့အား အမျက်ငယ်ကိုလည်းကောင်း၊ အမျက်ကြီးကိုလည်းကောင်း ဖြစ်စေခြင်းငှာ မတတ်ကောင်း၊ ချစ်သားရဟန်းတို့- သာရိပုတြာ၏စိတ်သည် မဟာပထဝီမြေကြီးနှင့် တူ၏။ တံခါးခုံနှင့်လည်း တူ၏။ ကြည်သောရေရှိသော ရေအိုင်နှင့်လည်း တူ၏”ဟု မိန့်တော်မူပြီးလျှင် အနုသန္ဓေစပ်၍ တရားဟောတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၉၅] ပထဝိသမော နော ဝိရုဇ္ဈတိ၊ ဣန္ဒခီလုပမော တာဒိ သုဗ္ဗတော။
ရဟဒေါ ဣဝ အပေတကဒ္ဒမော၊ သံသာရာ န ဘဝန္တိ တာဒိနော။

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ပထဝိသမော၊ မြေကြီးနှင့် တူသည်ဖြစ်၍လည်းကောင်း။ ဣန္ဒခီလုပမော၊ တံခါးတိုင်နှင့် တူသည်ဖြစ်၍လည်းကောင်း။ နော ဝိရုဇ္ဈတိ၊ မဆန့်ကျင်။ ဝါ၊ လျော်ခြင်းလည်းမဖြစ်, မလျော်ခြင်းလည်း မဖြစ်။ တာဒိ၊ လောကဓံတရား ရှစ်ပါးတို့ကြောင့် မတုန်မလှုပ် ပကတိသဘောရှိ၏။ သုဗ္ဗတော၊ ကောင်းသောအကျင့်ရှိ၏။ အပေတကဒ္ဒမော၊ ကင်းသော ညွန်ရှိသော။ ရဟဒေါ ဣဝ၊ ရေအိုင်ကဲ့သို့။ ပသန္နော၊ ကြည်လင်သောစိတ်ရှိ၏။ တာဒိနော၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား။ သံသာရာ၊ သုဂတိဒုဂ္ဂတိတို့၌ ကျင်လည်ခြင်းတို့သည်။ န ဘဝန္တိ၊ မဖြစ်ကုန်။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ကိုးထောင်သော ရဟန်းတို့သည် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်ကြလေကုန်၏။

ရှင်သာရိပုတြာမထေရ်ဝတ္ထုပြီး၏။

֍ * ၇။ ကောသမ္ဗီဝါသီ တိဿမထေရ်၏ သာမဏေဝတ္ထု

သန္တံ တဿ မနံ ဟောတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တိဿမထေရ်၏ သာမဏေကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တပည့်လိမ္မာ ဆရာအာပတ်လွတ်ခြင်း

ကောသမ္ဗီပြည်၌နေသော အမျိုးသားတစ်ယောက်သည် ဘုရားရှင်၏သာသနာတော်၌ ရှင်သာမဏေပြု၍ ပဉ္စင်းအဖြစ်ကို ရပြီးသည်ရှိသော် ကောသမ္ဗီပြည်၌ နေလေ့ရှိခြင်းကြောင့် “ကောသမ္ဗီဝါသီတိဿမထေရ်”ဟူ၍ ကျော်စော ထင်ရှားလေသတတ်။ ကောသမ္ဗီပြည်၌ ဝါကျွတ်ပြီးသည်ရှိသော် ထိုမထေရ်အား အလုပ်အကျွေး ဒါယကာသည် သင်္ကန်းသုံးထည်ကိုလည်းကောင်း၊ ထောပတ်တင်လဲကိုလည်းကောင်း ဆောင်၍ ခြေရင်း၌ လှူရန်ထားလေ၏။ ထိုအခါ ဒါယကာကို မထေရ်သည် “ဒါယကာ- ဤသည်ကား အဘယ်နည်း”ဟု မေးလေ၏။ “အရှင်ဘုရား- အရှင်ဘုရားတို့ကို တပည့်တော်သည် ဝါဆိုစေအပ်ကုန်သည် မဟုတ်ပါလော။ တပည့်တော်တို့၏ကျောင်း၌ ဝါကျွတ်ကုန်သောရဟန်းတို့သည် ဤလာဘ်လာဘကို ရကြပါကုန်၏။ အရှင်ဘုရား- ခံယူတော်မူကြပါဘုရား”ဟု လျှောက်ထားသဖြင့် “ဒါယကာ- ထိုသို့ဖြစ်စေကာမူ ငါ့အား ဤလာဘ်လာဘဖြင့် အလိုမရှိ”ဟု မိန့်ဆိုလေ၏။ “အရှင်ဘုရား အကြောင်းကား အသို့ပါနည်းဘုရား”ဟု လျှောက်လျှင် “ဒါယကာ- ငါ့အထံ၌ ကပ္ပိယကာရကဖြစ်သော သာမဏေသည်လည်း မရှိ”ဟု မိန့်တော်မူ၏။ “အရှင်ဘုရား- ကပ္ပိယကာရက အကယ်၍ မရှိသည်ဖြစ်အံ့၊ တပည့်တော်၏သားသည် အရှင်ဘုရား၏အထံတော်၌ သာမဏေဖြစ်ပါလိမ့်မည်ဘုရား”ဟု လျှောက်လတ်သော် မထေရ်မြတ်သည် သည်းခံတော်မူလေ၏။ ဒါယကာသည်လည်း ခုနစ်နှစ်အရွယ်သာရှိသော မိမိ၏သားကို မထေရ်အထံသို့ ဆောင်ပို့၍ “ဤသတို့သားကို ရှင်သာမဏေပြုပေးတော်မူကြပါဘုရား”ဟု အပ်နှင်းလေ၏။ ထိုအခါ မထေရ်သည် ထိုသူငယ်၏ဆံတို့ကို ရေဆွတ်လျက် တစပဉ္စက ကမ္မဋ္ဌာန်းကိုပေး၍ ရှင်သာမဏေပြုပေးတော်မူလေ၏။ ထိုသာမဏေသည် ဆံရိတ်သော သင်ဓုန်းအဆုံး၌ပင်လျှင် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ မထေရ်သည် ထိုသူငယ်ကို ရှင်သာမဏေပြုပေးပြီး၍ လခွဲပတ်လုံး ထိုကျောင်း၌နေပြီးလျှင် “ဘုရားရှင်ကို ဖူးမြင်အံ့”ဟု သာမဏေကို ပရိက္ခရာ ယူစေ၍ ကြွတော်မူရာ လမ်းခရီးအကြား၌ ကျောင်းတစ်ခုသို့ ဝင်ရောက်လေ၏။

သာမဏေသည်လည်း ဥပဇ္ဈာယ်ဆရာတို့၏အလို့ငှာ အိပ်ရာနေရာတို့ကိုယူ၍ သုတ်သင်ရှင်းလင်း၏။ ထိုနေရာကို သာမဏေ သုတ်သင်ရှင်းလင်းစဉ်ပင်လျှင် နေဝင်မိုးချုပ်ခြင်း ဖြစ်သောကြောင့် မိမိအလို့ငှာ အိပ်ရာနေရာကို သုတ်သင် ရှင်းလင်းခြင်းငှာ မတတ်နိုင်၊ ထိုအခါ ခစားသင့်သော အချိန်ကာလ၌ လာရောက်၍နေသော သာမဏေကို မထေရ်သည် “သာမဏေ- သင်သည် မိမိအလို့ငှာ နေရာအရပ်ကို သုတ်သင်ပြီးပြီလော”ဟု မေးတော်မူ၏။ “အရှင်ဘုရား- သုတ်သင်ခြင်းငှာ အခွင့်ကို မရပါဘုရား”ဟု လျှောက်သောအခါ “ထိုသို့ဖြစ်မူ ငါ့နေရာအရပ်၌သာလျှင် နေလော့။ ဧည့်သည် အာဂန္တုတို့၏ နေရာအပြင်ပ၌ နေခြင်းသည် သင့်အား ဆင်းရဲ၏”ဟု ဆိုသဖြင့် သာမဏေကို ယူ၍ ကျောင်းသို့ ဝင်လေ၏။ မထေရ်သည်ကား ပုထုဇဉ်ဖြစ်သောကြောင့် လျောင်းစက်ကာမျှသာလျှင် အိပ်ပျော်ခြင်းသို့ ရောက်လေ၏။ သာမဏေသည် ဤသို့ ကြံဆင်ခြင်၏၊ “ယနေ့ကား ဥပဇ္ဈာယ်ဆရာနှင့်အတူတကွ တစ်မိုးတစ်ရံတည်းသောကျောင်း၌ ငါအိပ်ရသည်မှာ သုံးရက်ရှိကုန်ပြီ၊ အကယ်၍ တုံးလုံးလှဲလျက် ငါအိပ်သည်ဖြစ်အံ့၊ မထေရ်သည် သဟသေယျအာပတ်သို့ ရောက်ခဲ့ရာ၏”ဟု ကြံဆင်ခြင်လျက် “ထိုင်လျက်သာလျှင် ညဉ့်အချိန်ကို လွန်စေအံ့”ဟု ဥပဇ္ဈာယ်ဆရာ၏ ညောင်စောင်းအနီး၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေလျက်သာ ညဉ့်ကိုလွန်စေလေ၏။ မထေရ်သည် နံနက်စောစောအခါ အိပ်ရာမှထ၍ “သာမဏေကို ပြင်ဘက်သို့ ထွက်စေခြင်းငှာ သင့်၏”ဟု ညောင်စောင့်တစ်ဘက်နံပါး၌ ထားအပ်သော ယပ်ကို ယူပြီးလျှင် ယပ်ရွက်အစွန်းဖြင့် သာမဏေ၏သင်ဖျူးကို ပုတ်ခတ်၍ ယပ်ကို အထက်သို့မြှောက်လျက် “အပသို့ ထွက်လော့”ဟု ဆိုလေ၏။

(တစ်မိုးတစ်ရံတည်းသောကျောင်း၌ လူသာမဏေနှင့် သုံးရက်ပတ်လုံး နံနက်အရုဏ်တက်အောင် အိပ်မိလျှင် နောက်ညဉ့် နေဝင်ချိန်မှ အရုဏ်တက်ချိန်အတွင်း လူသာမဏေနှင့် မအိပ်ရ၊ အာပတ်သင့်၏၊ သုံးရက်သာ အိပ်ခွင့်ရ၏ဟူလို။ မာတုဂါမနှင့်ကား ညဉ့်အချိန် တစ်ခဏမျှ အခွင့်မရ။)

တပည့်မျက်စိပျက်၍ ဆရာပင်ပန်းခြင်း

ယပ်ရွက်ရိုးသည် မျက်စိ၌ ထိုးမိထိခိုက်လေ၏။ ထိုခဏ၌ပင်လျှင် မျက်စိပေါက်ကွဲ ပျက်စီးလေ၏။ “အပသို့ ထွက်လော့”ဟု ဆိုလျှင်ဆိုချင်း ထိုသာမဏေသည်လည်း “အရှင်ဘုရား- အဘယ်ပါနည်းဘုရား”ဟု လျှောက်ဆိုလျက် ထပြီးလျှင် “အရှင်ဘုရား- တပည့်တော်၏မျက်စိ ပေါက်ကွဲပျက်စီးပါပြီဘုရား”ဟု မဆိုမူ၍ လက်တစ်ဘက်ဖြင့်ဖုံးအုပ်ကာ ထွက်သွားရှာလေ၏။ ဝတ်ကြီးဝတ်ငယ်ပြုသောအခါ၌လည်း လက်တစ်ဘက်ဖြင့် မျက်စိကိုမ၍ လက်တစ်ဘက်ဖြင့် လက်ဆုပ်တံမြက်စည်းကိုယူလျက် ဝစ္စကုဋိကိုလည်းကောင်း မျက်နှာသစ်ရာ အရပ်ကိုလည်းကောင်း တံမြက်လှည်းပြီးလျှင် မျက်နှာသစ်ရေကိုလည်း တည်ထား၍ ပရိဝုဏ်ကို တံမြက်လှည်း၏။ ထို့နောက် သာမဏေသည် ဥပဇ္ဈာယ်ဆရာအား ဒန်ပူကို ဆက်ကပ်သည်ရှိသော် လက်တစ်ဘက်ဖြင့်သာလျှင် ဆက်ကပ်ရလေ၏။

ထိုအခါ သာမဏေကို ဥပဇ္ဈာယ်ဆရာသည် “ဤသာမဏေကား သင်ကြားတတ်မြောက်ခြင်း ကင်းလေစွတကား။ ဆရာဥပဇ္ဈာယ်တို့အား လက်တစ်ဘက်တည်းဖြင့် ဒန်ပူကို ဆက်ကပ်ခြင်းငှာ မသင့်မလျော်”ဟု မိန့်ဆိုလေ၏။ “အရှင်ဘုရား- တပည့်တော်သည် ဤသို့ပြုလျှင် မသင့်မလျော်ဟု သိပါသည်။ ထိုသို့သိသော်လည်း တပည့်တော်၏ လက်တစ်ဘက်သည် အချည်းနှီးမဟုတ်ပါဘုရား”ဟု လျှောက်ထားလေသော် “သာမဏေ- အသို့နည်း”ဟု မေးပြန်လေ၏။ သာမဏေသည် အစမှစ၍ ထိုအကြောင်းကို လျှောက်ကြားလေ၏။ မထေရ်သည် ကြားလျှင်ကြားချင်းထိတ်လန့်သော စိတ်နှလုံးရှိသဖြင့် “ငါကား အလွန်ဝန်လေးစွာသောအမှုကို ပြုမိလေစွတကား”ဟု ဆို၍ “သူတော်ကောင်း သာမဏေ- ငါ့အား သည်းခံပါလော့။ ဤအကြောင်းကို ငါမသိ၊ ငါ၏ကိုးကွယ်ရာ ဖြစ်ပါလော့”ဟု လက်အုပ်ချီလျက် ခုနစ်နှစ်ရှိသော သာမဏေငယ်၏ခြေရင်း၌ ဆောင့်ကြောင့်ထိုင်နေလေ၏။ ထိုအခါ မထေရ်ကို သာမဏေသည် “အရှင်ဘုရား- တပည့်တော်ကား ဤသို့ တောင်းပန်ရှိခိုးစိမ့်သောငှာ ဆိုသည်မဟုတ်ပါ။ အရှင်ဘုရားတို့၏ စိတ်တော်ကို စောင့်ရှောက်လိုပါသဖြင့် တပည့်တော် ဤသို့ ဆိုပါသည်၊ ဤအရာ၌ အရှင်ဘုရားတို့၏ အပြစ်မဟုတ်ပါ။ တပည့်တော်၏အပြစ်လည်း မဟုတ်ပါ။ ဤအပြစ်သည် သံသရာဝဋ်၏ အပြစ်သာဖြစ်ပါသည်။ ထွေထွေရာရာ မကြံကြပါလင့်။ တပည့်တော်သည် အရှင်ဘုရားတို့၏ နှလုံးမသာယာခြင်းကို စောင့်ရှောက်သောအားဖြင့်သာလျှင် မလျှောက်ကြားဘဲ နေပါသည်ဘုရား”ဟု လျှောက်ဆိုလေ၏။ မထေရ်ကား သာမဏေက သက်သာရာရအောင် နှစ်သိမ့်စေသော်လည်း မနှစ်သိမ့်မူ၍ ဖြစ်သောထိတ်လန့်ခြင်းရှိလျက် သာမဏေ၏ ပရိက္ခရာကိုယူ၍ ဘုရားရှင်၏အထံတော်သို့ သွားလေ၏။

မြတ်စွာဘုရားသည်လည်း ထိုကောသမ္ဗီဝါသီ တိဿရဟန်း၏ လာခြင်းကို ကြည့်ရှုလျက်သာ နေတော်မူလေ၏။ မထေရ်သည် သွားရောက်၍ ဘုရားရှင်ကို ရှိခိုးပြီးလျှင် ဘုရားရှင်နှင့်အတူတကွ ဝမ်းမြောက်ဝမ်းသာ ပြောကြားခြင်းကို ပြုသဖြင့် “ရဟန်း- သင့်အား ခန့်ကျန်း၏လော၊ တစ်စုံတစ်ခု လွန်စွာဖြစ်သော မချမ်းမသာခြင်းသည် ဖြစ်လေသလော”ဟု မေးမြန်းအပ်သည်ရှိသော် မထေရ်သည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ခန့်ကျန်းပါ၏၊ တပည့်တော်အား တစ်စုံတစ်ခု လွန်စွာဖြစ်သော မချမ်းသာခြင်းမရှိပါ။ စင်စစ်မူကား တပည့်တော်၏ ဤသာမဏေငယ်ကဲ့သို့ လွန်ကဲသောဂုဏ်ကျေးဇူးရှိသောသူကို မမြင်စဖူးပါဘုရား”ဟု လျှောက်ထားလေ၏။

“ချစ်သားရဟန်း- အဘယ်အမှုကို ဤသာမဏေငယ် ပြုဖူးလေသနည်း”ဟု မေးတော်မူလတ်သော် မထေရ်သည် အစမှစ၍ အလုံးစုံသော ထိုအကြောင်းကို မြတ်စွာဘုရားအား ပြောကြားလျှောက်ထားလျက် “မြတ်စွာဘုရား- ဤသို့လျှင် တပည့်တော်သည် သည်းခံစေအပ်သည်ရှိသော် တပည့်တော်ကို ဤသို့ ဆိုပါသည်။ “ဤအရာ၌ အရှင်ဘုရားတို့အား အပြစ်မရှိပါ။ တပည့်တော်အားလည်း အပြစ်မရှိပါ၊ ဤသို့ဖြစ်ရခြင်းသည် သံသရာဝဋ်၏ အပြစ်သာတည်း။ အရှင်ဘုရားတို့သည် ထွေထွေရာရာ မကြံကြပါကုန်လင့်”ဟု ဆို၍ သက်သာရာရအောင် နှစ်သိမ့်စေပါသေးသည်။ တပည့်တော်အပေါ်၌ ငယ်သောအမျက်ထွက်ခြင်း၊ ကြီးသောအမျက်ထွက်ခြင်းကို မပြုပါ။ မြတ်စွာဘုရား- ဤသို့သဘောရှိသော ဂုဏ်ကျေးဇူးနှင့်ပြည့်စုံသောသူကို မမြင်စဖူးပါဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ ထိုမထေရ်ကို “ချစ်သားရဟန်း- ရဟန္တာတို့မည်သည်ကား တစ်စုံတစ်ယောက်သောသူအား အမျက်မထွက်ကြကုန်၊ ပြစ်မှားခြင်းမပြုကြကုန်၊ ငြိမ်သက်သော ဣန္ဒြေရှိကုန်သည်ဖြစ်၍ ငြိမ်သက်သော စိတ်ရှိကုန်သည်သာလျှင် ဖြစ်ကြကုန်၏”ဟု မိန့်တော်မူလျက် အနုသန္ဓေစပ်၍ တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၉၆] သန္တံ တဿ မနံ ဟောတိ၊ သန္တာ ဝါစာ စ ကမ္မ စ။
သမ္မဒညာ ဝိမုတ္တဿ၊ ဥပသန္တဿ တာဒိနော။

သမ္မာ၊ သင့်သောအကြောင်းဖြင့်။ အညာ၊ သိ၍။ ဝိမုတ္တဿ၊ ကိလေသာမှ လွတ်ပြီးထသော။ ဥပသန္တဿ၊ အတွင်းရာဂစသည် ငြိမ်းခြင်းဖြင့် ငြိမ်းပြီးထသော။ တာဒိနော၊ ထိုသို့သဘောရှိသော။ တဿ၊ ထိုရဟန္တာသာမဏေ၏။ မနံ၊ စိတ်သည်။ သန္တံ၊ အဘိဇ္ဈာစသည် မရှိသဖြင့် ငြိမ်းအေးသည်။ ဟောတိ၊ ဖြစ်၏။ ဝါစာ စ၊ ဝစီကံစကားသည်လည်းကောင်း။ ကမ္မံ စ၊ ကာယကံ အမှုသည်လည်းကောင်း။ သန္တံ၊ ငြိမ်းအေးသည်။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ကောသမ္ဗီပြည်၌ နေလေ့ရှိသော တိဿမထေရ်သည် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ကြွင်းသော လူများအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ကောသမ္ဗီဝါသီတိဿမထေရ်၏ သာမဏေဝတ္ထုပြီး၏။

֍ * ၈။ အရှင်သာရိပုတြာမထေရ်ဝတ္ထု

အသဒ္ဓေါအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်သာရိပုတြာမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အရှင်သာရိပုတြာ မိစ္ဆာအယူ မစွန့်သေးဟု ဆိုခြင်း

တစ်ပါးသောအခါ၌ သုံးကျိပ်မျှသော တောကျောင်းနေ ရဟန်းတို့သည် မြတ်စွာဘုရား၏ အထံတော်သို့လာ၍ ရှိခိုးပြီးလျှင် ထိုင်နေကြလေကုန်၏။ ဘုရားရှင်သည် ထိုရဟန်းတို့၏ ပဋိသမ္ဘိဒါတို့နှင့်တကွ အရဟတ္တဖိုလ်၏ အကြောင်းဥပနိဿယကို မြင်တော်မူသဖြင့် အရှင်သာရိပုတြာမထေရ်ကို ခေါ်တော်မူပြီးလျှင် “ချစ်သားသာရိပုတြာ- သဒ္ဓိန္ဒြေကို ပွားစေအပ်သည်ရှိသော် အကြိမ်များစွာ ပြုအပ်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏။ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏။ သင်ယုံကြည်၏လော”ဟု ဣန္ဒြေငါးပါးတို့ကို အကြောင်းပြု၍ ပြဿနာကို မေးတော်မူလေ၏။ အရှင်သာရိပုတြာ မထေရ်သည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤသဒ္ဓိန္ဒြေကို ပွားများ၍ အမြိုက်နိဗ္ဗာန်ကို ရ၏ဟူသောအရာ၌ တပည့်တော်သည် မြတ်စွာဘုရားအား ယုံကြည်သောအဖြင့် ကပ်ရောက်သည် မဟုတ်ပါဘုရား။ မြတ်စွာဘုရား- အကြင်သူတို့သည် ထိုအရာကို ဉာဏ်ပညာဖြင့် ဧကန်စင်စစ် မသိအပ်, မရှုအပ်, မမြင်အပ်, ထိုးထွင်း၍ မသိအပ်, မျက်မှောက်မပြုအပ်, မတွေ့ထိအပ်၊ ထိုသူတို့သည်သာလျှင် ထိုအရာ၌ သူတစ်ပါးတို့အား ယုံကြည်သောအားဖြင့် ကပ်ရောက်လေကုန်ရာ၏”ဟု ထိုပြဿနာကို ဖြေကြားလေ၏။ ထိုဖြေဆိုခြင်းကိုကြားရလျှင် ရဟန်းတို့သည် “အရှင်သာရိပုတြာမထေရ်ကား မိစ္ဆာအယူကို မစွန့်သေး၊ ယနေ့တိုင်အောင်လည်း ဘုရားသဗ္ဗညုအား ယုံယုံကြည်ကြည် မရှိသေးသည်သာလျှင်တည်း”ဟု စကားကို ပြောကြားကြလေကုန်၏။ ထိုစကားကိုကြားလျှင် ဘုရားရှင်သည် “ချစ်သားရဟန်းတို့- အဘယ်မည်သောစကားကို ဆိုကြကုန်ဘိသနည်း၊ ငါဘုရားသည် ဣန္ဒြေငါးပါးတို့ကို မပွားစေမူ၍ သမထဝိပဿနာကို မစီးဖြန်းစေမူ၍ မဂ်ဖိုလ်တို့ကို မျက်မှောက်ပြုခြင်းငှာ စွမ်းနိုင်သောသူမည်သည် ရှိ၏ဟူသည်ကို ချစ်သားသာရိပုတြာ- သင်သည် ယုံကြည်သလောဟု မေးတော်မူ၏။ ထိုသာရိပုတြာသည်ကား ဤသို့ မျက်မှောက်ပြုသောသူမည်သည် ရှိ၏ဟူသည်ကို မယုံကြည်နိုင်ပါဘုရားဟု လျှောက်ကြားဖြေဆို၏။ လှူအပ်သော အလှူ၏လည်းကောင်း၊ ပြုအပ်သော ကောင်းမှု၏လည်းကောင်း အကျိုးဝိပါက်ကို မယုံကြည်သည်မဟုတ်၊ ဘုရားရှင်စသည်တို့၏ ဂုဏ်တော်ကျေးဇူးကိုလည်း မယုံကြည်သည်မဟုတ်။ ဤသာရိပုတြာကား မိမိရအပ်ကုန်သော ဈာန်ဝိပဿနာ မဂ်ဖိုလ်ဓမ္မတို့၌ သူတစ်ပါးတို့အား ယုံကြည်သောအားဖြင့် ကပ်ရောက်သည်မဟုတ်၊ ထို့ကြောင့် အပြစ်မဆိုအပ်”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်ပြီးလျှင် ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၉၇] အဿဒ္ဓေါ အကတညူ စ၊ သန္ဓိစ္ဆေဒေါ စ ယော နရော။
ဟတာဝကာသော ဝန္တာသော၊ သ ဝေ ဥတ္တမ ပေါရိသော။

စကားထာဝှက် ပဟေဠိအနက်

ယော နရော၊ အကြင်သူသည်။ အဿဒ္ဓေါ စ၊ သဒ္ဓါတရားလည်း မရှိ။ အကတညူ စ၊ ပြုဖူးသော ကျေးဇူးကိုလည်း မသိတတ်။ သန္ဓိစ္ဆေဒေါ စ၊ အိမ်နံရံအစပ်ကိုလည်း ဖောက်ထွင်း ဖျက်ဆီးတတ်၏။ ဝါ၊ ဖောက်ထွင်းခိုးယူတတ်၏။ ဟတာဝကာသော၊ မြို့ပြပြည်ရွာ လူနေရာကိုလည်း ဖျက်ဆီးတတ်၏။ ဝန္တာသော၊ တွယ်တာစုံမက် နှစ်သက်စရာ ဥစ္စာပစ္စည်းကိုလည်း ထွေးအန်စွန့်ပစ်ချင်အောင် လုယူတတ်၏။ သ-သော နရော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ ဥတ္တမပေါရိသော၊ နုတ်အပ်ပြီးသော အဝိဇ္ဇာရှိသော ယောက်ျားမြတ် ဖြစ်ပေ၏။

(ဤကား စကားဝှက်သည်ကို မသိသဖြင့် ပေးအပ်သော အလိုမရှိအပ်သော အနက်။)

ယော နရော၊ အကြင်သူသည်။ အဿဒ္ဓေါ၊ မိမိရအပ်သော ဂုဏ်ကို သူတစ်ပါးစကားဖြင့် ယုံကြည်သောသူမဟုတ်။ (ကိုယ်တွေ့ဖြင့်သာ ယုံကြည်၏ဟူလို) အကတညူ စ၊ အကြောင်းတရားတို့ မပြုအပ်သော နိဗ္ဗာန်ကိုလည်း သိတတ်၏။ သန္ဓိစ္ဆေဒေါ စ၊ သံသရာဝဋ်အစပ် စက်ရဟတ်ကိုလည်း ဖြတ်တတ်၏။ ဟတာဝကာသော စ၊ ဖြစ်ရာဌာန ဘုံဘဝကိုလည်း ဖျက်ဆီးတတ်၏။ (ကံမျိုးစေ့ကုန်ခြင်းကြောင့် ဖြစ်စရာဘဝမရှိပြီဟူလို) ဝန္တာသော စ၊ ထွေးအန်ပြီးသော အာသာတဏှာလည်း ရှိ၏။ သော နရော၊ ထိုသူသည်။ ဝေ၊ စင်စင်။ ဥတ္တမပေါရိသော၊ မြတ်သော ယောက်ျားဖြစ်ပေ၏။

(ဤကား အလိုရှိအပ်သောအနက်)

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ ထိုတောကျောင်းနေ သုံးကျိပ်မျှသော ရဟန်းတို့သည် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်ကြလေကုန်၏။ ကြွင်းသော လူအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အရှင်သာရိပုတြာမထေရ်ဝတ္ထုပြီး၏။

֍ * ၉။ ရှားတောနေ ရှင်ရေဝတမထေရ်ဝတ္ထု

ဂါမေ ဝါအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ရှားတော၌ နေလေ့ရှိသော ရေဝတမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ခုနစ်နှစ်သား ရေဝတ မင်္ဂလာဆောင်ပွဲ

အရှင်သာရိပုတြာမထေရ်သည် ရှစ်ဆယ့်ခုနစ်ကုဋေ ဥစ္စာကိုပယ်စွန့်၍ ရဟန်းပြုပြီးလျှင် စာလာ, ဥပစာလာ, သီသူပစာလာဟူသော နှမသုံးယောက်တို့ကိုလည်းကောင်း စုန္ဒ, ဥပသေနဟူသော ညီနှစ်ယောက်တို့ကိုလည်းကောင်း ရဟန်းပြုစေလေ၏၊ ရေဝတသတို့သား တစ်ယောက်တည်းသာ အိမ်၌ ကြွင်းကျန်၏။ ထိုအခါ ရေဝတသတို့သား၏ မိခင်သည် “ငါ့သားဖြစ်သော ဥပတိဿသည် ဤမျှလောက်သော ဥစ္စာကို ပယ်စွန့်၍ ရဟန်းပြုပြီးလျှင် နှမသုံးယောက်တို့ကိုလည်းကောင်း၊ ညီနှစ်ယောက်တို့ကိုလည်းကောင်း ရဟန်းပြုစေပြန်၏။ ရေဝတတစ်ယောက်သာ အိမ်၌ ကြွင်းကျန်၏။ ဤရေဝတကိုလည်း အကယ်၍ ရှင်ရဟန်းပြုပေးသည်ဖြစ်အံ့၊ ငါတို့၏ ဤမျှလောက်သောဥစ္စာသည် ပျက်စီးလတ္တံ့၊ အမျိုးအနွယ် ပြတ်လတ္တံ့၊ ငယ်စဉ်ကသာလျှင် ရေ၀တကို အိမ်ရာထောင်ခြင်းဖြင့် နှောင်ဖွဲ့ပေတော့အံ့”ဟု ကြံစည်လေ၏။ အရှင်သာရိပုတြာမထေရ်သည်လည်း ရှေးဦးမဆွကပင်လျှင် ရဟန်းတို့ကို “ငါ့ရှင်တို့- ရေဝတသည် ရှင်ရဟန်းပြုလိုသောကြောင့် အကယ်၍ လာသည်ဖြစ်အံ့၊ လာကာမျှချက်ချင်း ထိုရေဝတကို ရှင်ရဟန်းပြုပေးကြပါကုန်လော့၊ ငါ့မိခင်,ဖခင်တို့သည် မိစ္ဆာအယူရှိကုန်၏။ မိဘတို့ကို ပန်ကြားခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ငါသည်ပင်လျှင် ထိုရေဝတ၏ အမိလည်း ဟုတ်၏၊ အဘလည်း ဟုဟ်၏”ဟု မိန့်ဆိုမှာထားလေ၏။ ထိုရေ၀တ၏ မိခင်သည်လည်း ရေဝတ သတို့သားကို ခုနစ်နှစ်အရွယ်ကပင်လျှင် အိမ်ရာထောင်ခြင်းဖြင့် နှောင်ဖွဲ့လိုသောကြောင့် တူသောဇာတ်ရှိသောအမျိုး၌ သတို့သမီးငယ်ကို တောင်းရမ်းကာ နေ့ရက်ချိန်းချက်ထားပြီးလျှင် သတို့သားကို ဝတ်စားတန်ဆာ ကောင်းစွာဆင်ယင်စေလျက် များစွာသော အခြံအရံနှင့်တကွ ယူဆောင်၍ သတို့သမီးငယ်၏ ဆွေမျိုးမိဘအိမ်သို့ သွားလေ၏။

ထိုအခါ ပြုအပ်သော မင်္ဂလာရှိကုန်သော နှစ်ယောက်သောသူတို့၏လည်း ဆွေမျိုးဉာတကာ တော်စပ်ကုန်သော သူတို့သည် စည်းဝေးကြကုန်သည်ရှိသော် ရေခွက်၌ လက်တို့ကိုချစေ၍ မင်္ဂလာစကားတို့ကို ပြောဆိုကြပြီးလျှင် သတို့သမီးငယ်၏ ကြီးပွားခြင်းကို တောင့်တကြကုန်သော ဆွေမျိုးတို့က “ချစ်သမီး- သင်သည် သင်၏အဘွားမ မြင်သိအပ်သော တရားကိုမြင်ရ၍ အဘွားမကဲ့သို့ ရှည်မြင့်စွာ အသက်ရှည်ပါစေသတည်း”ဟု ဆိုကြကုန်၏။ ရေဝတ သတို့သားသည် “ဤသတို့သမီး၏အဘွားမ မြင်သိအပ်သော တရားဟူသည် အဘယ်နည်း”ဟု ကြံ၍ “ဤသတို့သမီး၏ အဘွားမဟူသည် အဘယ်သူနည်း”ဟု မေးလေ၏။ ထိုအခါ ရေဝတကို “ချစ်သား- အသို့နည်း၊ အသက်တစ်ရာ့နှစ်ဆယ် ရှည်ခြင်းရှိလျက် ကျိုးသောသွားရှိသော ဖြူသော ဆံလည်းရှိသော တွန့်လိပ်သော အရေလည်းရှိသော မှည့်မည်းပေါက်စွဲသော ကိုယ်လည်းရှိသော နံရိုးကိုင်းကိုင်းရှိသော ဤအဘွားမကို မမြင်လေသလော၊ ဤသူကား သတို့သမီး၏ အဘွားမတည်း”ဟု ပြောဆိုကြကုန်၏။ “အသို့နည်း၊ ဤသတို့သမီးငယ်သည်လည်း ဤသို့သဘောရှိသည် ဖြစ်လတ္တံ့လော”ဟု မေးပြန်လတ်သော် “ချစ်သား- အကယ်၍ အသက်ရှည်သည်ဖြစ်အံ့၊ ဖြစ်လတ္တံ့”ဟု ဆိုကုန်၏။ ထိုရေဝတသည် “ဤသို့သဘောရှိသည်မည်သော ကိုယ်သည်လည်း အိုခြင်းဖြင့် ဤသို့ ဖောက်ပြန်ခြင်းသို့ ရောက်လတ္တံ့၊ ထို့ကြောင့် ငါ၏နောင်တော် အကြီးဆုံးဖြစ်သော ဥပတိဿသည် ဤသဘောကိုမြင်သည် ဖြစ်လတ္တံ့၊ ယနေ့ပင်လျှင် ငါသည် ထွက်ပြေး၍ ရှင်ရဟန်းပြုခြင်းငှာ သင့်၏”ဟု ကြံစည်မိလေ၏။ ထို့နောက် ရေဝတကို ဆွေမျိုးတို့သည် သတို့သမီးငယ်နှင့်အတူတကွ ယာဉ်တစ်ခုသို့တင်၍ ဆောင်ယူဖဲသွားကြလေကုန်၏။

ရေဝတသတို့သား ထွက်ပြေး၍ သာမဏေပြုခြင်း

ထိုရေဝတသတို့သားသည် အတန်ငယ်သွားမိလျှင် ကိုယ်လက်သုတ်သင်ခြင်းကိစ္စကို ညွှန်းပြယိုးမယ်ဖွဲ့၍ “တစ်ခဏမျှ ယာဉ်ကို ရပ်ဆိုင်းကြပါကုန်ဦးလော့။ သက်ဆင်းပြီးလျှင် မကြာမီ လာခဲ့ပါမည်”ဟု ဆို၍ ယာဉ်မှ ဆင်းသက်သဖြင့် တစ်ခုသောချုံ၌ အတန်ငယ်ကြာမြင့်အောင်ပြုပြီးမှ သွားလေ၏။ တစ်ဖန်လည်း အတန်ငယ်သွားပြီးလျှင် ထိုကိစ္စရှိယောင် ညွှန်းပြခြင်းဖြင့်သာလျှင် ဆင်းသက်ပြီးမှ တက်၍စီးပြန်၏။ တစ်ဖန်လည်း ထိုရှေးအတူသာလျှင် ပြုပြန်၏။ ထိုအခါ ရေဝတ၏ဆွေမျိုးတို့သည် “မချွတ်ဧကန် အမှန်စင်စစ် ဤသူငယ်အား ကိုယ်လက်သုတ်သင်ရန် ဝေဒနာထကြွခြင်းတို့သည် ဖြစ်ကုန်ဘိ၏”ဟု မှတ်ထင်ခြင်းကြောင့် အလွန်မြဲမြံစွာ အစောင့်အရှောက်ကို မပြုကြကုန်။ ထိုရေဝတသည် တစ်ဖန်လည်း အတန်ငယ်သွား၍ ထိုကိုယ်လက်သုတ်သင်ခြင်းကိစ္စ ညွန်းပြခြင်းဖြင့်သာလျှင် ဆင်းသက်ပြီးလျှင် “သင်တို့သည် မောင်းနှင်ကာ ရှေ့သို့ သွားနှင့်ကြပါ။ ကျွန်တော်တို့သည် နောက်မှ ဖြည်းဖြည်းလာကြပါမည်”ဟု ဆိုလျက် ဆင်းသက်ကာ ချုံသို့ရှေးရှု မျက်နှာပြုလေ၏။ ထိုရေဝတ၏ ဆွေမျိုးတို့သည်လည်း “နောက်မှ လိုက်လာလိမ့်မည်”ဟူသော အမှတ်ဖြင့် ယာဉ်ကို မောင်းနှင်ကာ သွားကြလေကုန်၏။ ရေဝတသည်လည်း ထိုချုံမှထွက်ပြေး၍ တစ်ခုသောအရပ်၌ သုံးကျိပ်သော ရဟန်းတို့သည် နေကြကုန်၏၊ ထိုရဟန်းတို့၏အထံသို့ ရောက်သွားသဖြင့် ရှိခိုးပြီးလျှင် “အရှင်ဘုရားတို့- တပည့်တော်ကို ရှင်သာမဏေပြုပေးတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။

“သတို့သားငယ် ဒါယကာကလေး- သင်သည် ခပ်သိမ်းသောတန်ဆာတို့ဖြင့် တန်ဆာဆင်ယင်လျက် ရှိပေ၏၊ ငါတို့သည် သင်၏ မင်းသားဖြစ်သည်ကိုလည်းကောင်း၊ အမတ်သားဖြစ်သည်ကိုလည်းကောင်း မသိကြရကုန်၊ အဘယ်သို့လျှင် ရှင်သာမဏေ ပြုပေးနိုင်ကုန်လတ္တံ့နည်း”ဟု မိန့်တော်မူကြသောအခါ “အရှင်ဘုရားတို့သည် ပည့်တော်ကို မသိကြပါသလော”ဟု လျှောက်ဆိုလေ၏။ “ဒါယကာသတို့သားငယ်- ငါတို့ မသိကြ”ဟုဆိုလျှင် “တပည့်တော်သည် ဥပတိဿ၏ ညီအငယ်ဆုံးပါဘုရား”ဟု လျှောက်ဆိုပြန်လေ၏။ “ဤဥပတိဿ အမည်ရှိသောသူသည် အဘယ်သူနည်း”ဟု မေးပြန်သော် “ဪ..ဟုတ်ပါပေ၏။ အရှင်ဘုရားတို့- အရှင်ကောင်းတို့သည် တပည့်တော်၏နောင်တော်ကို သာရိပုတြာဟု ခေါ်ဝေါ်ကုန်၏၊ ထို့ကြောင့် တပည့်တော်က ဥပတိဿဟူ၍ လျှောက်ထားသည်ကို မသိနိုင်ကြကုန်”ဟု လျှောက်လေ၏။ “အသို့နည်း၊ သင်သည် အရှင်သာရိပုတြာ၏ ညီငယ်လေလော”ဟု မေးပြန်သော် “အရှင်ဘုရားတို့- မှန်လှပါသည်ဘုရား”ဟု လျှောက်ဆိုပြန်လေ၏။ “ထိုသို့ဖြစ်မူ လာလှည့်၊ သင့်၏နောင်တော်သည် ခွင့်ပြုထားနှင့်သည်သာတည်း”ဟု ဆို၍ ရဟန်းတို့သည် ထိုရေဝတ၏ တန်ဆာတို့ကို ချွတ်စေသဖြင့် တင့်အပ်လျောက်ပတ်သော အရပ်၌ ထားစေလျက် ရှင်သာမဏေပြုပေးပြီးလျှင် အရှင်သာရိပုတြာမထေရ်အား သတင်းစကား လျှောက်ကြားလွှတ်ကြလေကုန်၏။

ဘုရားနှင့် အရှင်သာရိပုတြာတို့ ကြွသွားခြင်း

အရှင်သာရိပုတြာ မထေရ်သည် ထိုစကားကို ကြားရလျှင် ဘုရားရှင်အား “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တောကျောင်းနေ ရဟန်းတို့သည် ရေဝတကို ရှင်သာမဏေ ပြုပေးသတတ်ဟု သတင်းစကား ပို့လိုက်ကြပါသည်။ တပည့်တော်သွား၍ ထိုရေဝတကို ကြည့်ရှုပြီးမှ ပြန်လာလိုပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည်လည်း “ချစ်သား သာရိပုတြာ- သည်းခံဦးလော့”ဟု မိန့်တော်မူသဖြင့် သွားခြင်းငှာ အခွင့်မပေးဘဲ ထားလေ၏။ အရှင်သာရိပုတြာမထေရ်လည်း တစ်ဖန် နှစ်ရက်သုံးရက် လွန်သောအခါ ဘုရားရှင်ကို ပန်ကြားပြန်၏။ ဘုရားရှင်သည်လည်း “ချစ်သားသာရိပုတြာ- သည်းခံဦးလော့၊ ငါဘုရားတို့သည်လည်း လိုက်ကြကုန်ဦးအံ့”ဟု မိန့်တော်မူသဖြင့် သွားခွင့်ကိုမပေးဘဲ ထားလေ၏။

သာမဏေ ရှင်ရေဝတသည်လည်း “ငါကား ဤအရပ်၌ အကယ်၍ နေခဲ့သည်ဖြစ်အံ့၊ ဆွေမျိုးတို့သည် ငါ့ကို လိုက်၍ ခေါ်စေကြကုန်လတ္တံ့”ဟု နှလုံးပြုလျက် ထိုရဟန်းတို့အထံ၌ အရဟတ္တဖိုလ်သို့ ရောက်သည်တိုင်အောင် ကမ္မဋ္ဌာန်းကိုသင်ကြား၍ သပိတ်သင်္ကန်းကိုယူလျက် ဒေသစာရီ လှည့်လည်လတ်သည်ရှိသော် ထိုအရပ်မှ ယူဇနာသုံးဆယ်ကွာသော ရှားတောသို့ ရောက်သွားသဖြင့် ဝါတွင်းသုံးလအတွင်း၌ပင် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ အရှင်သာရိပုတြာမထေရ်သည်လည်း ပဝါရဏာပြုပြီးလျှင် ဘုရားရှင်ကို တစ်ဖန် ထိုရှားတောသို့သွားခြင်းငှာ ပန်ကြားပြန်လေ၏။ ဘုရားရှင်သည် ချစ်သားသာရိပုတြာ- ငါဘုရားတို့သည်လည်း သွားကြကုန်အံ့”ဟု မိန့်တော်မူ၍ ရဟန်းငါးရာတို့နှင့် အတူတကွ ထွက်တော်မူလေ၏။ အတန်ငယ် ခရီးရောက်သွားသောကာလ အရှင်အာနန္ဒာမထေရ်က နှစ်ဖြာသော ခရီး၌ရပ်လျက် ဘုရားရှင်ကို “မြတ်စွာဘုရား- ရေဝတသာမဏေအထံသို့ သွားရာခရီးတို့တွင် ဤခရီးကား မဖြောင့်သော ယူဇနာ ခြောက်ဆယ်ရှိသော ခရီးဖြစ်၍ လူတို့ နေရာဖြစ်ပါသည်။ ဤခရီးကား ဖြောင့်သော ယူဇနာသုံးဆယ်ရှိသော ခရီးဖြစ်၍ နတ်ဘီလူးတို့ သိမ်းဆည်းအပ်ပါသည်၊ အဘယ်ခရီးဖြင့် သွားကြရပါကုန်အံ့နည်းဘုရား”ဟု လျှောက်လေ၏။ “ချစ်သားအာနန္ဒာ- ရှင်သီဝလိသည် ငါတို့နှင့်အတူတကွ လိုက်ပါလာသလော”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား ရှင်သီဝလိ လိုက်ပါလာပါသည်ဘုရား”ဟု လျှောက်သဖြင့် “ရှင်သီဝလိ အကယ်၍ လိုက်ပါလာသည်ဖြစ်အံ့၊ ဖြောင့်သောခရီးကိုသာလျှင် ယူလော့”ဟု မိန့်တော်မူလေ၏။

ရှင်သီဝလိ လာဘ်ပေါခြင်း ဘုန်းတန်ခိုး

ထိုခရီးသို့ မြတ်စွာဘုရား ကြွသွားတော်မူသည်ရှိသော် နတ်တို့သည် “ငါတို့အရှင် သီဝလိမထေရ်အား ပူဇော်သက္ကာရကို ပြုကုန်အံ့”ဟု ကြံ၍ တစ်ယူဇနာ တစ်ယူဇနာကွာသော အရပ်၌ ကျောင်းတို့ကို ဆောက်စေလျက် တစ်ယူဇနာမှ အထက်သို့ ကြွသွားစိမ့်သောငှာ မပေးမူ၍ နံနက်စောစောထပြီးလျှင် နတ်၌ဖြစ်သော ယာဂုစသည်တို့ကို ယူကုန်သဖြင့် “ငါတို့၏အရှင်ဖြစ်သော သီဝလိမထေရ်သည် အဘယ်၌ နေတော်မူသနည်း”ဟု လှည့်လည်ရှာဖွေကြကုန်၏။ သီဝလိမထေရ်သည် မိမိအား ရှေးရှုဆောင်ခဲ့သောဆွမ်းကို ဘုရားအမှူးရှိသော ရဟန်းသံဃာအား လှူဒါန်းစေ၏။ ဤသို့လျှင် ဘုရားရှင်သည် အခြံအရံပရိသတ်နှင့်တကွ ယူဇနာသုံးဆယ်ရှိသော ခရီးခဲကို ရှင်သီဝလိမထေရ်၏ ဘုန်းကံကို ခံစားသုံးဆောင်လျက် ကြွသွားတော်မူလေ၏။ ရေဝတမထေရ်သည်လည်း မြတ်စွာဘုရား၏ ကြွလာခြင်းကိုသိလျှင် ဘုရားရှင်အလို့ငှာ ဂန္ဓကုဋိတိုက်တော် ဖန်ဆင်း၍ အထွတ်တပ်သော ကျောင်းငါးရာ, စင်္ကြံငါးရာ, ညဉ့်သန့်စရာ နေ့သန့်စရာ အရပ်ငါးရာတို့ကိုလည်း ဖန်ဆင်းကာ ထားလင့်၏။ ဘုရားရှင်သည် ထိုရေဝတ၏အထံ၌ တစ်လမျှနေတော်မူလေ၏။ ထိုအရပ်၌ နေတော်မူလျက်လည်း ရှင်သီဝလိမထေရ်၏ ဘုန်းကံကိုသာလျှင် ခံစားသုံးဆောင်တော်မူရလေ၏။

ရဟန်းကြီးနှစ်ပါး ဒုက္ခတွေ့ပုံ

ထိုအရပ်၌ ရဟန်းကြီးနှစ်ပါးတို့သည် ရှားတောသို့ ဝင်သောအခါ ကြံစည်မိပုံကား “ဤရဟန်းသည် ဤမျှလောက်သော အမှုသစ်(အမှုပို)ကို ပြုလုပ်အားထုတ်သူဖြစ်ရကား ရဟန်းတရားကို အားထုတ်ခြင်းငှာ အဘယ်မှာ တတ်နိုင်လတ္တံ့နည်း။ ဘုရားရှင်သည် အရှင်သာရိပုတြာမထေရ်၏ ညီငယ်ဖြစ်ပေသည်ဟု မျက်နှာကြည့်ရှုငဲ့ညှာလျက် ဤသို့သဘောရှိသော အမှုသစ်ပြုလုပ်အားထုတ်လေ့ရှိသော ရဟန်း၏အထံသို့ ကြွလာဘိလေသည်”ဟု ကြံစည်မိကြလေကုန်၏။ ဘုရားရှင်သည်လည်း ထိုနေ့နံနက် စောစောအခါ လောကကို ကြည့်ရှုတော်မူလတ်သည်ရှိသော် ထိုရဟန်းတို့ကို မြင်တော်မူလျှင် ထိုရဟန်းတို့၏ စိတ်အကြံကိုလည်း သိတော်မူလေ၏။ ထို့ကြောင့် ဤအရပ်တွင် တစ်လမျှနေ၍ ထွက်ပြန်လာခဲ့သောနေ့၌ အကြင်အခြင်းအရာဖြင့် ဓိဋ္ဌာန်သည်ရှိသော် ထိုရဟန်းကြီးတို့သည် မိမိ၏ ဆီကျည်တောက်ကိုလည်းကောင်း၊ ရေဘူးကိုလည်းကောင်း၊ ဖိနပ်တို့ကိုလည်းကောင်း မေ့လျော့ကုန်၏။ ထိုအခြင်းအရာဖြင့် ဆောက်တည်၍ ထွက်လာခဲ့ပြန်သည်ရှိသော် ကျောင်းဥပစာမှအပသို့ ထွက်မိသောအခါ၌ တန်ခိုးပြာဋိဟာကို စွန့်လွှတ်လေ၏။

ထိုအခါ ထိုရဟန်းကြီးနှစ်ပါးတို့သည် “ငါကား ဤမည် ဤမည်သောဝတ္ထုကို မေ့လျော့၏၊ ငါသည်လည်း မေ့လျော့၏”ဟု နှစ်ဦးစလုံး ဆုတ်နစ်ပြန်သွား၍ ထိုနေရပ်ကို မမှတ်မိသောကြောင့် ရှားဆူးတို့ဖြင့် စူးကုန်သည်ဖြစ်၍ သွားလာလှည့်လည် ရှာဖွေသည်ရှိသော် တစ်ခုသော ရှားပင်၌ တွဲလွဲဆွဲနေသော မိမိဥစ္စာကိုမြင်ကြရမှ ယူငင်ကာ ဖဲသွားကြရရှာလေသတည်း။

ဝိသာခါအား ပြောကြားပုံ

ဘုရားရှင်သည်လည်း ရဟန်းသံဃာအပေါင်းကို ခေါ်ဆောင်၍ တစ်ဖန်တစ်လမျှဖြင့်သာလျှင် ရှင်သီဝလိမထေရ်၏ ဘုန်းကံကို ခံစားသုံးဆောင်လျက် ပြန်သွား၍ ပုဗ္ဗာရုံကျောင်းတော်သို့ ဝင်ရောက်တော်မူလေ၏။ ထိုအခါ ထိုရဟန်းကြီးနှစ်ပါးတို့သည် နံနက်စောစောကပင်လျှင် မျက်နှာသစ်၍ ဧည့်သည်အာဂန္တုတို့အလို့ငှာ ဆွမ်းလှူလေ့ရှိသော ဝိသာခါ၏အိမ်သို့ ယာဂုကို သောက်ကုန်အံ့ဟု သွား၍ ယာဂုသောက်ပြီးလျှင် ခဲဖွယ်စားကာ နေကြကုန်၏။ ထိုအခါ ထိုရဟန်းကြီးနှစ်ပါးတို့အား ဝိသာခါက “အရှင်ဘုရားတို့- အရှင်ဘုရားတို့သည်လည်း ဘုရားရှင်နှင့်အတူတကွ ရှင်ရေဝတမထေရ်၏ နေရာအရပ်သို့ ကြွရောက်တော်မူကြပါသလားဘုရား”ဟု မေးလျှောက်ရာ “ဒါယိကာမကြီး- သွားကြသည်မှန်၏”ဟု ဆိုကုန်၏။ “အရှင်ဘုရားတို့- ရေဝတမထေရ်၏ နေရာအရပ်သည် မွေ့လျော်ဖွယ် ရှိပါရဲ့လားဘုရား”ဟု မေးပြန်သည်ရှိသော် “ဒါယိကာမကြီး- ထိုရှင်ရေဝတ၏နေရာသည် မွေ့လျော်ဖွယ် အဘယ်မှာရှိနိုင်အံ့နည်း၊ ထိုနေရာသည် ထိုရွေ့ လောက်သက်သက် ဆူးရှိသော ရှားပင်တောအုပ် ရှုပ်လျက်ရှိ၏၊ ပြိတ္တာတို့နေရာအရပ်နှင့် အတူတူဖြစ်၏”ဟု ပြောကြားလေကုန်၏။ ထို့နောက် တစ်ပါးသောရဟန်းငယ်နှစ်ပါးတို့ ကြွလာကြပြန်ကုန်၏။ ဒါယိကာမကြီးသည် ထိုရဟန်းငယ် နှစ်ပါးတို့အားလည်း ယာဂုခဲဖွယ်ကို လှူဒါန်း၍ ထို့အတူသာလျှင် မေးပြန်လေ၏။ ရဟန်းငယ်နှစ်ပါးတို့က “ဒါယိကာမကြီး- ချီးမွမ်းခြင်းငှာ မတတ်နိုင်။ ရေဝတမထေရ်၏ နေရာအရပ်သည် သုဓမ္မာနတ်သဘင်နှင့် အတူတူဖြစ်၏။ တန်ခိုးဖြင့် ဖန်ဆင်းစီရင်ထားအပ်သကဲ့သို့ ဖြစ်၏”ဟု ဆိုကြလေကုန်၏။

ဝိသာခါ ဒါယိကာမကြီး ကြံစည်ရိပ်မိပုံကား- “ရှေးဦးစွာကြွလာသော ရဟန်းကြီးတို့က တစ်ပါးသော အခြင်းအရာဖြင့် ပြောဆိုကြကုန်၏။ ဤရဟန်းငယ်တို့ကား တစ်ပါးသော အခြင်းအရာဖြင့် ပြောဆိုကြကုန်၏။ ရှေးဦးစွာ ကြွလာသော ရဟန်းကြီးတို့သည် တစ်စုံတစ်ခု မေ့လျော့ကျန်ရစ်သဖြင့် တန်ခိုးလွှတ်သော ရုပ်သိမ်းသောကာလမှ ပြန်လာကြသည် ဖြစ်ကုန်လတ္တံ့။ ဤရဟန်းငယ်တို့ကား တန်ခိုးဖြင့် ပြုပြင်စီရင်၍ ဖန်ဆင်းထားသောကာလ၌ပင် ပြန်လာကြသည် ဖြစ်ကုန်လတ္တံ့”ဟု ကြံစည်မိ၍ မိမိပညာရှိသည့်အဖြစ်ကြောင့် ဤအကြောင်းကိုသိပြီးလျှင် “မြတ်စွာဘုရားကို ကြွလာတော်မူသောအခါ၌ မေးမြန်းလျှောက်ထားဦးအံ့”ဟု ကြံ၍ နေလင့်၏။ ထို့နောက် တစ်ခဏ တစ်မုဟုတ်ကြာ ကာလ၌ပင် မြတ်စွာဘုရားသည် ရဟန်းသံဃာအပေါင်းခြံရံလျက် ဝိသာခါအိမ်သို့ ကြွသွားလေ၍ ခင်းထားအပ်သောနေရာ၌ နေတော်မူလေ၏။ ဝိသာခါသည် ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းတို့ကို ရိုသေစွာ လုပ်ကျွေးသဖြင့် ဆွမ်းစားခြင်းကိစ္စ ပြီးသောအခါ ဘုရားရှင်ကိုရှိခိုးလျက် “မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားတို့နှင့် အတူကြွသွားကြကုန်သော ရဟန်းတို့တွင် အချို့သော ရဟန်းတို့သည် ရေဝတမထေရ်၏ နေရာအရပ်သည် ရှားချုံရှုပ်ထွေးသော တောဟူ၍ ဆိုကြပါသည်။ အချို့သော ရဟန်းတို့သည် မွေ့လျော်ဖွယ်ရှိသည်ဟု ဆိုကြပါသည်၊ ဤအကြောင်းသည် အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်လေ၏။ ထိုစကားကို ကြားလျှင် “ဒါယိကာမကြီး- ရွာ၌မူလည်းဖြစ်စေ၊ တော၌မူလည်းဖြစ်စေ အကြင်နေရာအရပ်၌ ရဟန္တာတို့ နေကြကုန်၏၊ ထိုနေရာအရပ်သည် မွေ့လျော်ဖွယ်ရှိသည် သာလျှင်တည်း”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၉၈] ဂါမေ ဝါ ယဒိ ဝါ ရညေ၊ နိန္နေ ဝါ ယဒိ ဝါ ထလေ။
ယတ္ထ အရဟန္တော ဝိဟရန္တိ၊ တံ ဘူမိ ရာမဏေယျကံ။

ဂါမေ ဝါ၊ ရွာ၌မူလည်းဖြစ်စေ။ ယဒိ၊ ထိုမှတစ်ပါး။ အရညေ ဝါ၊ တော၌မူလည်းဖြစ်စေ။ နိန္နေ ဝါ၊ ချိုင့်ဝှမ်းရာ နိမ့်ရာအရပ်၌မူလည်း ဖြစ်စေ။ ယဒိ၊ ထိုမှတစ်ပါး။ ထလေ ဝါ၊ ကြည်းကုန်းမြင့်ရာ အရပ်၌မူလည်းဖြစ်စေ။ ယတ္ထ၊ အကြင်အရပ်၌။ အရဟန္တော၊ ရဟန္တာတို့သည်။ ဝိဟရန္တိ၊ နေကြကုန်၏။ တံဘူမိ၊ ထိုနေရာအရပ်သည်။ ရာမဏေယျကံ၊ မွေ့လျော်နှစ်သက်ဖွယ်ရှိ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ရှင်သီဝလိအတိတ်ကံ မေးလျှောက်ခြင်း

တစ်ပါးသောအခါ ရဟန်းတို့သည် “ငါ့ရှင်တို့- အဘယ်အကြောင်းကြောင့် ရှင်သီဝလိမထေရ်သည် ခုနစ်နှစ်, ခုနစ်လ, ခုနစ်ရက်တို့တိုင်တိုင် အမိဝမ်း၌ နေရရှာလေသနည်း၊ အဘယ်အကြောင်းကြောင့် ငရဲ၌ ခံရကျက်ရရှာလေသနည်း၊ အဘယ်အကျိုးဆက်ကြောင့် ဤသို့ လာဘ်လာဘပြန့်ပြောခြင်း, အခြံအရံပြန့်ပြောခြင်းကို ရတော်မူလေသနည်း”ဟု စကားကို ပြောကြားကြလေကုန်၏။ ဘုရားရှင်သည် ထိုစကားကိုကြားလျှင် “ချစ်သားရဟန်းတို့- အဘယ်စကားကို ပြောကြားကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “မြတ်စွာဘုရား- ဤမည်သောစကား ပြောကြားကြပါသည်ဘုရား”ဟု နားတော်လျှောက်လတ်သည်ရှိသော် ထိုရှင်သီဝလိ၏ ရှေးကောင်းမှုကံကို ဟောကြားတော်မူလိုသဖြင့် ဤသို့ မိန့်တော်မူလေ၏။

ဝိပဿီဘုရားလက်ထက် ကုသိုလ်ပြိုင်ပွဲ

ချစ်သားရဟန်းတို့- ဤကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဝိပဿီမည်သော ဘုရားရှင်သည် လူတွင် ထင်ရှားပွင့်တော်မူသဖြင့် တစ်ပါးသောအခါ ဇနပုဒ်ဒေသစာရီ ကြွချီတော်မူပြီးလျှင် ခမည်းတော်၏ နေပြည်တော်သို့ ပြန်ရောက်လာလေ၏။ ခမည်းတော်မင်းကြီးသည် ဘုရားအမှူးရှိသော သံဃာတော်အပေါင်းအလို့ငှာ အာဂန္တုကအလှူကို စီရင်သဖြင့် ပြည်သူ ပြည်သားတို့အား “လာ၍ ငါ၏အလှူ၌ အဖော်သဟဲ ဖြစ်ကြကုန်လော့”ဟု သတင်းစကား ပြောကြား စေလွှတ်လိုက်လေ၏။ ပြည်သူပြည်သားတို့သည် မင်းကြီးဆိုတိုင်း ပြုပြီးလျှင် “မင်းကြီးပေးသော အလှူထက် အလွန်လွန်ကဲစွာ ပေးလှူကြကုန်အံ့”ဟု ဘုရားရှင်ကို ပင့်ဖိတ်၍ တစ်ဖန်မိုးသောက်သောနေ့၌ အလှူကိုစီရင်ကာ မင်းကြီးအား သတင်းစကား စေလွှတ်သံတော်ဦးတင်ကြလေကုန်၏။ မင်းကြီးသည်လည်း ကြွလာတော်မူ၍ ပြည်သူပြည်သားတို့၏အလှူကို မြင်ရလျှင် “ဤအလှူထက် လွန်ကဲစွာ လှူဦးအံ့”ဟု တစ်ဖန် မိုးသောက်သောနေ့၌ မြတ်စွာဘုရားကို ပင့်ဖိတ်ပြန်၏။ မင်းကြီးသည် ပြည်သူပြည်သားတို့ကို ရှုံးစေခြင်းငှာ မတတ်နိုင်။ ပြည်သူပြည်သားတို့သည်လည်း မင်းကြီးကို ရှုံးစေခြင်းငှာ မတတ်နိုင်ကြကုန်။ ပြည်သူပြည်သားတို့သည် ခြောက်ကြိမ်မြောက်သောအခါ၌ “ယခုအခါ နက်ဖြန် “ဤသူတို့၏အလှူ၌ ဤမည်သော လှူဖွယ်ဝတ္ထုသည် မရှိ”ဟု ဆိုခြင်းငှာ မတတ်ကောင်းအောင် အလှူကို လှူကုန်အံ့”ဟု ကြံ၍ တစ်ဖန် မိုးသောက်သောနေ့၌ အလှူကို စီရင်ပြီးလျှင် “ဤအလှူ၌ အဘယ်ဒါနဝတ္ထု မရှိသနည်း”ဟု ကြည့်ရှုကြသည်ရှိသော် ပျားရည်အစိမ်းကိုသာလျှင် မမြင်ကြကုန်၊ ပျားရည်အကျက်ကား များစွာရှိ၏။ ထိုပြည်သူပြည်သားတို့သည် ပျားရည်အစိမ်းအလို့ငှာ လေးခုကုန်သော မြို့တံခါးတို့၌ အသပြာ လေးထောင်တို့ကို ယူစေ၍ စေလွှတ်ကြလေကုန်၏။

ပျားရည်အလှူဝင်သူ ဇနပုဒ်သား

ထိုအခါ ဇနပုဒ်ရွာသား တစ်ယောက်သည် ရွာစားမင်းကို ဖူးမြင်ခြင်းငှာ လာလတ်သည်ရှိသော် ခရီးအကြား၌ ပျားအုံကိုမြင်ရသဖြင့် ပျားကောင်တို့ကို ပျံသွားစေပြီးလျှင် သစ်ခက်ကိုဖြတ်၍ အခက်အတံနှင့်တကွ ပျားအုံကိုယူဆောင်ကာ ရွာစားမင်းအား ဆက်သအံ့ဟု မြို့သို့ ဝင်ရောက်လေ၏။ ပျားအလို့ငှာ သွားသောသူသည် ထိုဇနပုဒ်သား ယောက်ျားကိုမြင်လျှင် “အိုအချင်းယောက်ျား- ရောင်းအပ်သော ပျားအုံလော”ဟု မေးလေ၏။ “သခင့်သား- ရောင်းစရာမဟုတ်ပါ”ဟု ဆိုလတ်သော် “ယခု ဤအသပြာကိုယူ၍ ပျားအုံကို ပေးပါလော့”ဟု ဆိုလေ၏။ ထိုပျားရှင် ယောက်ျားသည် “ဤပျားအုံသည်ကား တစ်မတ်မျှလည်း မထိုက်၊ ဤသူသည်ကား အသပြာကို ပေး၏၊ အသပြာ များစွာ ရှိယောင်တကား၊ ငါကား အသပြာကို တိုးတက်စိမ့်သောငှာ သင့်၏”ဟု ကြံ၏။ ထို့နောက်မှ ထိုသူကို “မပေးနိုင်”ဟု ဆိုလေ၏။ “ထိုသို့ဖြစ်မူ နှစ်သပြာတို့ကို ယူပါလော့”ဟု ဆိုပြန်သော် “နှစ်သပြာတို့ဖြင့်လည်း မပေးနိုင်”ဟု ဆိုပြန်လေ၏။ ဤသို့လျှင် ထိုမျှလောက် တိုးတက်စေသည်သာတည်း။ ထိုပျားဝယ်လိုသော ယောက်ျားသည် “ထိုသို့ဖြစ်မူ ဤအသပြာတစ်ထောင်ကို ယူပါလော့”ဟု ဆိုလျက် ဥစ္စာထုပ်ကို အနီးသို့ ဆောင်ယူလာလေ၏။ ထိုအခါ ထိုဝယ်ယူလိုသောသူကို ပျားရှင်က “အသို့နည်း၊ သင်ရူးသလော၊ ထိုသို့မဟုတ် အသပြာထားရာအရပ်ကို မရသလော၊ တစ်မတ်မျှပင်မထိုက်သော ပျားကို တစ်ထောင်ယူ၍ ပေးပါဟု ဆိုဘိ၏။ ဤသည်ကား အဘယ်သဘောနည်း”ဟု ဆိုလေ၏။ “အချင်းယောက်ျား၊ ငါကား သိပါ၏၊ ဤပျားဖြင့် ငါ့အား ပြုဖွယ်ကိစ္စ ရှိပါသည်၊ ထို့ကြောင့်သာ ဆိုပါသည်”ဟု ပြောဆိုလတ်သော် “သခင့်သား- အဘယ်အမှုကိစ္စပါနည်း”ဟု မေးမြန်းလေ၏။

“ငါတို့သည် ခြောက်သောင်းရှစ်ထောင် ရဟန်းအခြံအရံရှိသော ဝိပဿီမြတ်စွာဘုရားအား အလှူကြီးကို စီရင်အပ်၏၊ ထိုအလှူ၌ ပျားအစိမ်းတစ်ခုသာလျှင် မရှိ၊ ထို့ကြောင့် ဤသို့ ဝယ်ယူရပါသည်”ဟု ဆိုလျှင် “ဤသို့ မြတ်စွာဘုရားအား လှူလိုသည်ရှိသော် ငါသည် အဖိုးဖြင့်မပေး၊ ငါသည်လည်း အလှူ၌ ကုသိုလ်အဖို့ကို အကယ်၍ ရသည်ဖြစ်အံ့၊ ဤသို့ရမူ ပေးပါအံ့”ဟု ဆိုလေ၏။ ထိုဝယ်ယူလိုသောသူသည်လည်း ပြန်သွား၍ ပြည်သူပြည်သားတို့အား ထိုအကြောင်းကို ပြောကြားလေ၏။ ပြည်သူပြည်သားတို့သည်လည်း ထိုပျားရှင်၏ သဒ္ဓါတရား အားကြီးခြင်းကို သိရလျှင် “ကောင်းလေစွ၊ ကောင်းလေစွ၊ အလှူအဖို့ကို အညီအမျှရသည် ဖြစ်စေပါလော့”ဟု ဝန်ခံကြ၍ ပြည်သူပြည်သားတို့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို သီတင်းသုံးနေစေလျက် ယာဂုခဲဖွယ်ကို လှူဒါန်း၍ ကြီးစွာသောရွှေခွက်ကို ဆောင်ယူလာစေပြီးလျှင် ပျားအုံပျားလပို့ကို ညှစ်စေကြကုန်၏။ ထိုဇနပုဒ်သားဖြစ်သော သူသည်ပင်လျှင် လက်ဆောင်အလို့ငှာ ဆောင်ယူလာခဲ့သော နို့ဓမ်းအိုးလည်းရှိသေး၏။ ထိုသူသည် နို့ဓမ်းကိုလည်း ခွက်၌လောင်းထည့်၍ ပျားရည်နှင့်ရောနှောကာ နယ်ပြီးလျှင် ဘုရားအမှူးရှိသော ရဟန်းသံဃာအား အစဖြစ်သော ဘုရားမှစ၍ လှူဒါန်းဆက်ကပ်လေ၏။ ထိုပျားနို့ဓမ်းသည် အလိုရှိတိုင်း အလှူခံယူကုန်သော ရဟန်းအားလုံးတို့အား ပြည့်စုံစွာရောက်လေ၏။ အပိုအလျှံလည်း ကြွင်းကျန်သေးသည်သာလျှင်တည်း။

(“ဤသို့လျှင် အနည်းငယ်သော ပျားတို့သည် ထိုရွေ့လောက် များစွာသောသူတို့အား အဘယ်သို့သော အခြင်းအရာဖြင့် စေ့စေ့ငင ရောက်လေသနည်း”ဟု မကြံစည်အပ်။ ထိုသို့ရောက်ခြင်းသည် ဘုရားအာနုဘော်အားဖြင့် ရောက်သည်သာတည်း။ ဘုရားအရာကိုလည်း မကြံစည်အပ်။ ထိုစကားမှန်၏။ မကြံစည်အပ်သော ဗုဒ္ဓဝိသယဟူသော ဘုရားအရာ၊ ဣဒ္ဓိဝိသယဟူသော တန်ခိုးအရာ၊ လောကဝိသယဟူသော လောကအရာ၊ ကမ္မဝိသယဟူသော သတ္တဝါတို့၏ ကံအရာ၊ ဤလေးပါးသော သဘောတရားတို့ကို ဟောကြားအပ်ကုန်၏။ ထိုမကြံစည်အပ်သည်တို့ကို ကြံစည်သောသူသည် ရူးသွပ်ခြင်း၏အဖို့ရှိသည်သာ ဖြစ်၏။)

ရှင်သီဝလိ သားအမိတို့၏ ကြောက်ဖွယ်ဝိပါက်

ထိုပျားရှင်ယောက်ျားသည် ဤမျှလောက်သော ကောင်းမှုကံကိုပြုရသဖြင့် အသက်အဆုံး၌ နတ်ပြည်၌ဖြစ်ပြီးလျှင် ဤမျှကာလတိုင်တိုင် သံသရာ၌ ကျင်လည်လတ်သည်ရှိသော် အခါတစ်ပါး နတ်ပြည်မှစုတေခဲ့၍ ဗာရာဏသီပြည် မင်းမျိုး၌ဖြစ်သဖြင့် ခမည်းတော်ကွယ်လွန်သောအခါ မင်းအဖြစ်သို့ရောက်လေ၏။ ထိုမင်းသည် “မြို့တစ်ခုကို သိမ်းယူအံ့”ဟု သွား၍ ဝန်းရံထားလေ၏။ မြို့သူမြို့သားတို့အားလည်း “ငါ့အား ပြည်စည်းစိမ်ကိုမူလည်း ပေးမည်လော၊ စစ်ထိုးခြင်းကိုမူလည်း ပြုမည်လော”ဟု သတင်းစကား ပို့လိုက်၏။ ထိုမြို့သူမြို့သားတို့သည် “ပြည်စည်းစိမ်ကိုလည်း ငါတို့ မပေးလိုကုန်၊ စစ်ထိုးခြင်းကိုလည်း မပြုလိုကုန်”ဟု ဆို၍ မလွယ်ပေါက် တံခါးငယ်တို့ဖြင့် ထွက်လျက် ထင်း,ရေ စသည်တို့ကို ဆောင်ယူကြကုန်၏၊ အလုံးစုံသောက်စ္စတို့ကိုလည်း ပြုကြလေကုန်၏။ ဗာရာဏသီမင်းသည် တံခါးမလေးခုတို့ကို စောင့်ရှောက်လျက် ခုနစ်နှစ်နှင့် ခုနစ်လတို့ပတ်လုံး မြို့ကို ပိတ်ပင်ဆီးတား ဝန်းရံထားလေ၏။ ထိုအခါ မင်း၏မယ်တော်သည် “ငါ့သားတော်ကား အဘယ်သို့သောအမှုကို ပြုသနည်း”ဟု မင်းချင်းတို့ကို မေးလတ်သဖြင့် “မိဖုရားကြီး- ဤမည်သောအမှုကို ပြုပါသည်”ဟု ပြောကြားသောကြောင့် ထိုအကြောင်းကိုကြားလျှင် “ငါ့သားတော်သည် မလိမ္မာ, မသိ, မိုက်မဲဘိ၏တကား။ သွားကြလေကုန်၊ ထိုသားတော်မင်းအား တံခါးငယ်တို့ကိုပိတ်လျက် မြို့ကို ဆီးတားပိတ်ပင်ရမည်ဟူ၍ ဆိုကြလေတော့”ဟု တမန်စေလွှတ်လေ၏။

ထိုဗာရာဏသီမင်းသည်လည်း မယ်တော်၏ သတင်းစကားကို ကြားရလျှင် ထိုမယ်တော်ဆိုတိုင်း ပြုစေလေ၏။ မြို့သူမြို့သားတို့သည်လည်း အပသို့ထွက်ခြင်းငှာ မရကုန်သည်ဖြစ်၍ ခုနစ်ရက်မြောက်သောနေ့၌ မိမိတို့ပြည့်ရှင်မင်းကို သတ်၍ ဗာရာဏသီမင်းအား ပြည်စည်းစိမ်ကို အပ်နှင်းကြလေကုန်၏။ ထိုမင်းသည် ဤမကောင်းမှုကို ပြုခြင်းကြောင့် အသက်အဆုံး၌ အဝီစိငရဲ၌ဖြစ်ပြီးလျှင် အကြင်ရွေ့လောက် ဤမြေကြီးသည် တစ်ယူဇနာမျှ တိုးပွားမြင့်မောက်လာ၏၊ ထိုရွေ့လောက် ငရဲ၌ကျက်ပြီးလျှင် တံခါးငယ်လေးခုတို့ကို ပိတ်ခြင်းကြောင့် ထိုငရဲမှ စုတေသည်ရှိသော် ထိုမိခင်၏ဝမ်း၌သာလျှင် ပဋိသန္ဓေ စွဲယူလေသဖြင့် ခုနစ်နှစ်နှင့် ခုနစ်လတို့ပတ်လုံး အမိဝမ်းတွင်း၌ နေရပြီးလျှင် ခုနှစ်ရက်တိုင်တိုင် ယောနိဝ၌ ကန့်လန့်ဖီလာ အိပ်ရရှာ၏။ “ချစ်သားရဟန်းတို့- ဤသို့လျှင် သီဝလိသည် ထိုအခါ မြို့ကို ဝန်းရံပိတ်ဆီးကာ ယူခဲ့ဖူးသော မကောင်းမှုကြောင့် ဤမျှကာလပတ်လုံး ငရဲ၌ကျက်၍ တံခါးငယ် လေးခုတို့ကို ပိတ်ခြင်းကြောင့် ထိုကိုယ်မှ စုတေသည်ရှိသော် ထိုမိခင်၏ဝမ်း၌သာလျှင် ပဋိသန္ဓေစွဲယူလေသဖြင့် ဤမျှကာလပတ်လုံး ဝမ်းခေါင်း၌ ကိန်းအောင်းရရှာလေ၏။ လတ်လတ်ဆတ်ဆတ် ပျားရည်ကို လှူခဲ့ဖူးသော ကောင်းမှုကြောင့်ကား လာဘ်လာဘ ပြန့်ပြောခြင်း၊ အခြံအရံ ပြန့်ပြောခြင်းကို ရသည်ဖြစ်၏”ဟု မိန့်တော်မူလေ၏။

တစ်ဖန် တစ်နေ့သ၌ ရဟန်းတို့သည် “ရေဝတသာမဏေအား လာဘ်လာဘသည် အံ့ဩဖွယ်ရှိပေစွ၊ ဘုန်းကံသည်လည်း အံ့ဩဖွယ်ရှိပေစွ၊ ယင်းသာမဏေသည် ဘုန်းရှိ၏၊ တစ်ယောက်တည်းဖြစ်လျက် ရဟန်းငါးရာတို့၏အလို့ငှာ စုလစ်မွန်းချွန် အထွတ်တပ်သော ငါးရာသောကျောင်း စသည်တို့ကို ပြုလုပ်အပ်ကုန်၏”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ငါ့သားအား ကောင်းမှုလည်း မရှိ။ မကောင်းမှုလည်း မရှိ၊ ကောင်းမှု,မကောင်းမှု နှစ်ပါးကို ထိုသာမဏေ ပယ်ရှားအပ်ပြီ”ဟု မိန့်တော်မူပြီးလျှင် ဗြာဟ္မဏဝဂ်၌ ဤဂါထာကို ဟောတော်မူလေ၏။

ယောဓ ပုညဉ္စ ပါပဉ္စ၊ ဥဘော သင်္ဂမုပစ္စဂါ။
အသောကံ ဝိရဇံ သုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဣဓ၊ ဤသာသနာတော်၌။ ယော၊ အကြင်သူသည်။ ပုညဉ္စ၊ ကောင်းမှုကိုလည်းကောင်း။ ပါပဉ္စ၊ မကောင်းမှုကိုလည်းကောင်း။ ဥဘော၊ နှစ်ပါးစုံသော ကံတို့ကို။ ဆဍ္ဍေတွာ၊ ပယ်စွန့်၍။ သင်္ဂံ၊ အာရုံ၌ ကပ်ငြိတတ်သော ရာဂကို။ ဥပစ္စဂါ၊ လွန်မြောက်ပြီ။ အသောကံ၊ စိုးရိမ်ခြင်းလည်း မရှိသော။ ဝိရဇံ၊ ကိလေသာဟူ မြူလည်းမရှိသော။ သုဒ္ဓံ၊ သန့်ရှင်းစင်ကြယ်သော။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုမှ အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ရှားတောနေ ရှင်ရေဝတမထေရ်ဝတ္ထုပြီး၏။

֍ * ၁၀။ မထင်ရှားသော မိန်းမတစ်ယောက်ဝတ္ထု

ရမဏီယာနိ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် မထင်ရှားသော မိန်းမတစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မ,တို့ပရိယာယ် အသွယ်သွယ်

ပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်သော ရဟန်းတစ်ပါးသည် မြတ်စွာဘုရား၏အထံတော်၌ ကမ္မဋ္ဌာန်းကိုယူပြီးလျှင် တစ်ခုသော ဥယျာဉ်ဟောင်းသို့ဝင်၍ ရဟန်းတရားကို အားထုတ်သတတ်။ မြို့ကြီးပြည်ကြီးကို တင့်တယ်စေတတ်သောကြောင့် တန်ဆာသဖွယ်ဟု သမုတ်ခေါ်ဝေါ်အပ်သော ပြည်မကံကျွေး မိန်းမတစ်ယောက်သည် ယောက်ျားတစ်ယောက်နှင့်တကွ “ကျွန်မသည် ဤမည်သောအရပ်သို့သွားပါမည်။ အရှင်သည် ထိုအရပ်သို့ လာခဲ့ပါ”ဟု ချိန်းချက်မှတ်သားခြင်းကိုပြု၍ သွားလေရာ ထိုယောက်ျားမလာသဖြင့် ထိုမိန်းမသည် ယောက်ျား၏ လာရာလမ်းခရီးကို ကြည့်ရှုလတ်သည်ရှိသော် ထိုယောက်ျားကို မမြင်ရသဖြင့် ပျင်းရိလှသောကြောင့် ထိုမှဤမှ လှည့်လည်လျက် ဥယျာဉ်သို့ဝင်လာကာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသော မထေရ်မြတ်ကို မြင်ရပြီးလျှင် ထိုမှဤမှ တစ်ပါးသောသူကို ကြည့်ရှုပြန်ရာ တစ်ပါးသောသူ တစ်စုံတစ်ယောက်ကိုမျှ မမြင်ရခြင်းကြောင့် “ဤရဟန်းသည်လည်း ယောက်ျားဖြစ်၏၊ ဤသို့လျှင် ထိုရဟန်းစိတ်ကို တွေဝေအောင် ပြုအံ့”ဟု ကြံစည်လျက် ထိုရဟန်း၏ရှေ့၌ရပ်၍ အဖန်တလဲလဲ အဝတ်ထဘီကို တမင်ချွတ်ကာ ဝတ်လေ၏၊ ဆံပင်တို့ကိုလည်း ဖြည်၍ ထုံး၏၊ လက်ခုပ်ကိုလည်း တီး၍ရယ်၏။ မထေရ်အား ထိတ်လန့်ခြင်း သံဝေဂဉာဏ် ဖြစ်ပေါ်လာသောကြောင့် တစ်ကိုယ်လုံး ပီတိဖြင့် ပျံ့နှံ့လေရကား ထိုရဟန်းသည် “ဤသည်ကား အဘယ်နည်း”ဟု ဆင်ခြင်လေ၏။

ဗုဒ္ဓညွှန်ကြား တရားစကား

ဘုရားရှင်သည်လည်း “ငါဘုရား၏အထံ၌ ကမ္မဋ္ဌာန်းယူ၍ ရဟန်းတရားကို အားထုတ်အံ့ဟုသွားသော ရဟန်းအား အကြောင်း အဘယ်သို့ ဖြစ်သနည်း”ဟု ဆင်ခြင်တော်မူလတ်သည်ရှိသော် ထိုမိန်းမကိုမြင်ရလျှင် ထိုမိန်းမ၏ မသင့်လျော်သော အကျင့်အမူအရာကိုလည်းကောင်း၊ မထေရ်၏ ထိတ်လန့်ခြင်းသို့ ရောက်ခြင်းကိုလည်းကောင်း သိမြင်တော်မူသဖြင့် ဂန္ဓကုဋိတိုက်၌ နေတော်မူလျက်သာလျှင် ထိုရဟန်းနှင့်အတူတကွ “ချစ်သားရဟန်း- ကာမဂုဏ်ကို ရှာကုန်သောသူတို့ အာရုံပြုရာဌာနသည် ရာဂကင်းကွာ ရဟန္တာတို့အား အာရုံပြုရာ ဌာနမဟုတ်”ဟု စကားကို မိန့်ကြားပြောဆိုတော်မူလေ၏။ ဤသို့ မိန့်ဆိုပြီးလျှင် ရောင်ခြည်တော်ကို ပျံ့နှံ့စေတော်မူလျက် ထိုရဟန်းအား တရားဟောလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၉၉] ရမဏီယာနိ အရညာနိ၊ ယတ္ထ န ရမတိ ဇနော။
ဝီတရာဂါ ရမိဿန္တိ၊ န တေ ကာမဂဝေသိနော။

အရညာနိ၊ တောတို့သည်။ ရမဏီယာနိ၊ မွေ့လျော်ဖွယ် ရှိကြကုန်၏။ ယတ္ထ၊ ယင်းတောတို့၌။ ဇနော၊ လူအပေါင်းသည်။ န ရမတိ၊ မမွေ့လျော်။ ဝီတရာဂါ၊ တပ်ခြင်းကင်းသော ရဟန္တာတို့သည်။ ရမိဿန္တိ၊ မွေ့လျော်ကုန်လတ္တံ့။ ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။ တေ၊ ထိုရဟန္တာတို့သည်။ ကာမဂဝေသိနော၊ ကာမဂုဏ်ကို ရှာမှီးကြကုန်သည်။ န ဟောန္တိ၊ မဟုတ်ကုန်။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ မထေရ်သည် နေထိုင်လျက်ပင်လျှင် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်သဖြင့် ကောင်းကင်ခရီးဖြင့်ကြွလာတော်မူ၍ ချီးမွမ်းခြင်းကိုပြုလျက် ဘုရားရှင်၏ ခြေတော်တို့ကို ရှိခိုးပြီးမှ ပြန်သွားတော်မူလေသတည်း။

မထင်ရှားသော မိန်းမတစ်ယောက်ဝတ္ထုပြီး၏။

֍ * ၁။ တမ္ဗဒါဌိက ခိုးသူသတ်ယောက်ျား ဝတ္ထု

သဟဿမပိ စေ ဝါစာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် တမ္ဗဒါဌိက ခိုးသူသတ်ယောက်ျားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သူသတ်ရာထူး ငါးဆယ့်ငါးနှစ် အမှုထမ်းသူ

တစ်ယောက်ဖြင့် ယုတ်လျော့သော ငါးရာသော ခိုးသူတို့သည် ရွာကိုဖျက်ဆီးခြင်း အစရှိသည်တို့ကို ပြုကုန်လျက် အသက်မွေးမြူကြကုန်သတတ်။ ထိုအခါ ထုတ်ချင်းခတ် မျက်စိကြောင်သည်ဖြစ်၍ နီသောကြင်စွယ်ရှိသောကြောင့် တမ္ဗဒါဌိကမည်သော ယောက်ျားတစ်ယောက်သည် ထိုခိုးသူတို့၏အထံသို့ သွားပြီးလျှင် “ငါလည်း သင်တို့နှင့်အတူတကွ အသက်မွေးမြူပါအံ့”ဟု ဆို၏။ ထိုအခါ ထိုသူ့ကို ခိုးမှူးကြီးအားပြ၍ “ဤသူသည်လည်း အကျွန်ုပ်တို့အထံ၌ နေခြင်းငှာ အလိုရှိပါသတဲ့”ဟု ဆိုကြလေကုန်၏။ ထိုသူကို ခိုးမှုကြီးသည် ကြည့်ရှုလတ်သော် “ဤသူကား မိခင်၏ သားမြတ်ကို ကိုက်ဖြတ်၍ ဖခင်၏ လည်ချောင်းသွေးကိုထုတ်၍ စားသောက်ခြင်းငှာ စွမ်းနိုင်သောသူဖြစ်၍ အလွန်ကြမ်းကြုတ်သောသူတည်း”ဟု ကြံစည်မိသဖြင့် “ငါတို့အထံ၌ ဤသူ၏ နေဖွယ်ကိစ္စ မရှိ”ဟု ပယ်လေ၏။ ထိုတမ္ဗဒါဌိကသည် ဤသို့ ပယ်သော်လည်း လာပြန်၍ ထိုခိုးမှူးကြီး၏ အတွင်းနေ တပည့်တစ်ယောက်ကို ခစားလုပ်ကျွေးကာ နှစ်သိမ့်စေလေ၏။ ထိုတပည့်သည် တမ္ဗဒါဌိကကိုခေါ်၍ ခိုးမှူးကြီးသို့ ချဉ်းကပ်ပြီးလျှင် “အရှင်- ဤသူသည် ကောင်းသော သဘောရှိ၏၊ ကျွန်တော်တို့အား ကျေးဇူးများသူဖြစ်ပါလိမ့်မည်၊ ထိုယောက်ျားကို ပြုစုချီးမြှောက်ကြပါကုန်လော့”ဟု တောင်းပန်၍ ခိုးမှုကြီးကို လက်ခံစေလေ၏။

ထိုအခါ တစ်နေ့သ၌ မြို့သူမြို့သားတို့သည် မင်းချင်းယောက်ျားတို့နှင့်အတူ တစ်ပေါင်းတည်းဖြစ်၍ ထိုခိုးသူတို့ကို ဖမ်းယူပြီးလျှင် တရားဆုံးဖြတ်တတ်သော အမတ်တို့အထံသို့ ပို့ဆောင်ကြကုန်၏။ အမတ်တို့သည် ထိုခိုးသူတို့အား ပုဆိန်ဖြင့် ဦးခေါင်းဖြတ်ခြင်းကို (ဦးခေါင်းဖြတ်ရန်) အမိန့်ပေးကြလေကုန်၏။ ထို့နောက်မှ “အဘယ်သူသည် ဤခိုးသူတို့ကို သတ်နိုင်အံ့နည်း”ဟု ရှာဖွေသည်ရှိသော် ထိုခိုးသူတို့ကို သတ်ခြင်းငှာအလိုရှိသော တစ်စုံတစ်ယောက်သောသူကို မမြင်သဖြင့် ခိုးမှူးကြီးကို “သင်သည် ဤခိုးသူတို့ကိုသတ်လျှင် အသက်ကိုလည်း ရလတ္တံ့၊ ဆုလာဘ်ချီးမြှောက်ခြင်းကိုလည်း ရလတ္တံ့၊ ဤခိုးသူတို့ကို သတ်လော့”ဟု ဆိုကြကုန်၏။ ခိုးမှူးကြီးသည်လည်း မိမိကို မှီ၍နေသော တပည့်တို့ဖြစ်သောကြောင့် ထိုသူတို့ကို သတ်ခြင်းငှာ အလိုမရှိ။ ဤသို့သောနည်းဖြင့် တစ်ခုယုတ် ငါးရာသော ခိုးသူတို့ကို မေးကြကုန်၏။ အလုံးစုံသော သူတို့သည်လည်း အလိုမရှိကြကုန်။ အလုံးစုံသောသူတို့၏ နောက်၌ ထုတ်ချင်းခတ် မျက်စိကြောင်သည်ဖြစ်၍ နီသောကြင်စွယ်ရှိသော ထိုတမ္ဗဒါဌိကကို မေးကြကုန်၏။ ထိုတမ္ဗဒါဌိကသည် “ကောင်းပြီ”ဟု ဝန်ခံ၍ အလုံးစုံသော ထိုခိုးသူတို့ကို သတ်ခြင်းကြောင့် အသက်ကိုလည်း ရ၏၊ ဆုလာဘ်ချီးမြှောက်ခြင်းကိုလည်း ရလေ၏။

ဤသို့သောနည်းအားဖြင့် မြို့၏ တောင်အရပ်မှလည်း ခိုးသားငါးရာတို့ကိုဆောင်၍ အမတ်တို့အားပြလျှင် အမတ်တို့လည်း ခိုးသားတို့၏ ဦးခေါင်းဖြတ်ခြင်းကို စေအပ်ပြန်သည်ရှိသော် ခိုးမှူးကြီးကိုအစပြု၍ မေးမြန်းကြရာ တစ်စုံတစ်ယောက်သောသူမျှ သတ်ခြင်းငှာ အလိုမရှိသည်ကို မြင်ရ၍ “ရှေးဖြစ်သောနေ့၌ ယောက်ျားတစ်ယောက်သည် ငါးရာသောခိုးသူတို့ကို သတ်၏၊ ထိုယောက်ျားသည် အဘယ်မှာနည်း”ဟု မေးသဖြင့် “ဤမည်သောအရပ်၌ ငါတို့မြင်အပ်၏”ဟု ဆိုလတ်သော် ထိုခိုးသူသတ် တမ္ဗဒါဌိကကို ခေါ်ခိုင်း၍ “ဤသူတို့ကို သတ်လော့၊ ဆုတော်လာဘ်တော် ရလတ္တံ့”ဟု စေခိုင်းကြကုန်၏။ ထိုတမ္ဗဒါဌိကသည်လည်း “ကောင်းပြီ”ဟု ဝန်ခံ၍ ထိုအလုံးစုံသော သူတို့ကိုလည်း သတ်ခြင်းကြောင့် မြတ်နိုးစွာ ပေးအပ်သောဆုလာဘ်တို့ကိုရလေ၏ ထိုအခါ တမ္ဗဒါဌိကကို “ဤယောက်ျားသည် အသတ်ကောင်း၏”ဟု “ထိုယောက်ျားကို အမြဲတမ်း ခိုးသူသတ်ကိုသာ ပြုအံ့”ဟု တိုင်ပင်၍ တမ္ဗဒါဌိကအားသာလျှင် ထိုရာထူးကိုပေး၍ ဆုတော်လာဘ်တော် ပေးခြင်းကို ပြုကြလေကုန်၏။ ထိုတမ္ဗဒါဌိကသည် အနောက်မျက်နှာအရပ်မှလည်းကောင်း၊ မြောက်မျက်နှာအရပ်မှလည်းကောင်း ဆောင်ခဲ့ကုန်သော ငါးရာ,ငါးရာသော ခိုးသားတို့ကိုလည်း သတ်သည်သာလျှင်တည်း။ ဤသို့ အရပ်လေးမျက်နှာတို့မှ ဆောင်ခဲ့ကုန်သော နှစ်ထောင်သော ခိုးသားတို့ကို သတ်ပြီးလျှင် ထိုအခါမှစလျက် နေ့တိုင်း,နေ့တိုင်း ဆောင်ခဲ့ကုန်သော တစ်ယောက်, နှစ်ယောက်, သုံးယောက်ဖြစ်ကုန်သော လူတို့ကိုလည်း သတ်သဖြင့် ငါးဆယ့်ငါးနှစ်တို့ပတ်လုံး ခိုးသူသတ်မှုကိုသာ ပြုခဲ့လေ၏။

တမ္ဗဒါဌိက ရာထူးမှ ရွေ့လျောခြင်း

ထိုတမ္ဗဒါဌိကသည် အိုမင်းကြီးရင့်သောအခါ တစ်ချက်တည်းဖြင့်သာလျှင် ဦးခေါင်းကိုဖြတ်ခြင်းငှာ မတတ်နိုင်၊ နှစ်ကြိမ်သုံးကြိမ် ပုတ်ခတ်ရသဖြင့် လူတို့ကိုပင်ပန်းစေ၏။ မြို့သူမြို့သားတို့သည် “တမ္ဗဒါဌိကမှတစ်ပါးသော ခိုးသူသတ်ယောက်ျားသည်လည်း ပေါ်ပေါက်လာပါလိမ့်မည်၊ ဤသူသည် အလွန်လျှင် လူတို့ကို ဆင်းရဲပင်ပန်းစေ၏၊ ဤသူဖြင့် အဘယ်အကျိုးရှိအံ့နေ့ည်း”ဟု ကြံ၍ တမ္ဗဒါဌိက၏ ခိုးသူသတ်ရာထူးကို ပယ်နုတ်ကြကုန်၏။ ထိုတမ္ဗဒါဌိကသည် ရှေး၌ ခိုးသူသတ်အမှုကို ပြုရလေသောကြောင့် အစာမကြေသေးသော ပုဆိုးသစ်ဖြင့် ဝတ်ခြင်းငှာလည်းကောင်း၊ ထောပတ်သစ်ဖြင့် နို့ရည်ယာဂုကို သောက်ခြင်းငှာလည်းကောင်း၊ မုလေးပန်းကို ပန်ဆင်ခြင်းငှာလည်းကောင်း၊ နံ့သာတို့ကို လိမ်းကျံခြင်းငှာလည်းကောင်း၊ ဤလေးပါးတို့ကို မရ။ ထိုတမ္ဗဒါဌိကသည် ရာထူးမှ ရွေ့လျောသောနေ့၌ “ငါ့အလိုငှာ နို့ရည်ယာဂုကို ချက်ပေးကြကုန်လော့”ဟု ဆို၍ အစာမကျေသေးသော ပုဆိုးသစ်တို့ကိုလည်းကောင်း၊ မုလေးပန်း နံ့သာပျောင်းတို့ကိုလည်းကောင်း ယူစေ၍ မြစ်သို့သွားသဖြင့် ရေချိုးပြီးလျှင် အစာမကျေသေးသော ပုဆိုးသစ်တို့ကို ဝတ်လျက် ပန်းတို့ကို ပန်ဆင်လျက် နံ့သာတို့ဖြင့် လိမ်းကျံအပ်သော ကိုယ်ရှိသည်ဖြစ်၍ အိမ်သို့ပြန်လာပြီး ထိုင်နေလေ၏။ ထိုအခါ တမ္ဗဒါဌိကအလို့ငှာ ထောပတ်သစ်ဖြင့် စီရင်အပ်သော နို့ရည်ယာဂုကို ရှေ့တွင်ထား၍ လက်ဆေးရေကို ဆောင်ယူခဲ့ကြကုန်၏။ ထိုခဏ၌ အရှင်သာရိပုတြာမထေရ်သည် သမာပတ်မှထသဖြင့် “ယနေ့ အဘယ်အိမ်သို့ ငါသည် သွားသင့်မည်နည်း”ဟု ဆင်ခြင်လျက် မိမိ၏ဆွမ်းခံရာအရပ်ကို ကြည့်ရှုလတ်သော် ထိုတမ္ဗဒါဌိကအိမ်၌ နို့ရည်ယာဂုကိုမြင်ရလျှင် “ငါ့အား ထိုယောက်ျားသည် ချီးမြှောက် ထောက်ပံ့ခြင်းကို ပြုနိုင်အံ့လော”ဟု စူးစမ်းဆင်ခြင်ပြန်သည်ရှိသော် “ငါ့ကိုမြင်လျှင် ငါ့အား ချီးမြှောက်ထောက်ပံ့ခြင်းကို ပြုနိုင်လတ္တံ့၊ ပြုပြီး၍ကား ဤအမျိုးသားသည် ကြီးစွာသော စည်းစိမ်ချမ်းသာကို ရလတ္တံ့”ဟု သိတော်မူ၍ သင်္ကန်းကိုရုံပြီးလျှင် သပိတ်ကိုပိုက်ယူ၍ တမ္ဗဒါဌိက၏အိမ်တံခါး၌ ရပ်လျက်သာလျှင်ဖြစ်သော မိမိကိုယ်ကို ပြလေ၏။

ထိုတမ္ဗဒါဌိကသည် မထေရ်ကိုမြင်လျှင် ကြည်လင်သောစိတ်ရှိသည်ဖြစ်၍ “ငါကား ကြာမြင့်စွာသော ကာလပတ်လုံး ခိုးသူသတ်အမှုကို ပြုအပ်၏၊ များစွာသောလူတို့ကို သတ်အပ်ကုန်၏၊ ယခုအခါ ငါ့အိမ်၌ နို့ရည်ယာဂုကို စီရင်အပ်၏။ မထေရ်သည်လည်း ကြွလာ၍ ငါ၏အိမ်တံခါး၌ ရပ်၏၊ ယခုအခါ ငါသည် ဤအရှင်မြတ်အား လှူဖွယ်ဝတ္ထုကို လှူခြင်းငှာ သင့်၏”ဟု ကြံစည်မိသဖြင့် ရှေ့၌ချထားအပ်သော ယာဂုကိုပယ်၍ မထေရ်သို့ကပ်လျက် ရှိခိုးပြီးလျှင် အိမ်တွင်း၌နေစေလျက် သပိတ်၌ နို့ရည်ယာဂုကို လောင်းထည့်၍ ထောပတ်သစ်ကို သွန်းလောင်း၍ မထေရ်ကို ယပ်ခတ်ကာ နေလေ၏။ ထိုအခါ တမ္ဗဒါဌိကအားလည်း ရှည်ကြာစွာသော ကာလပတ်လုံး မရဖူးသည်၏ အဖြစ်ကြောင့် နို့ရည်ယာဂုကိုသောက်ခြင်းငှာ အားကြီးစွာသော အလိုဆန္ဒရှိလေ၏။ အရှင်သာရိပုတြာမထေရ်သည် ထိုတမ္ဗဒါဌိကအလိုကို သိတော်မူသဖြင့် “ဒါယကာ- သင်သည် မိမိ၏ယာဂုကို သောက်လော့”ဟု ဆိုလေ၏။ ထိုတမ္ဗဒါဌိကသည် တစ်ပါးသောသူ၏လက်၌ ယပ်ကိုပေး၍ ယာဂုကို သောက်လေ၏။ မထေရ်သည်လည်း ယပ်ခတ်သောယောင်္ကျားကို “ဒါယကာ- သင်သွားလော့၊ ငါ့အား ယပ်မခတ်လင့်”ဟု ဆိုလေ၏။ ထိုတစ်ပါးသောသူ ယပ်ခတ်စဉ် တမ္ဗဒါဌိကသည် ဝမ်းပြည့်အောင် ယာဂုသောက်ပြီးမှ လာလတ်သဖြင့် မထေရ်ကို ယပ်ခတ်ကာ နေ၍ ဆွမ်းစားပြီးသော အရှင်သာရိပုတြာမထေရ်၏ သပိတ်ကို ယူလေ၏။

ကြာမြင့်စွာ လူသတ်ခဲ့၍ တရားအာရုံမယူနိုင်

အရှင်သာရိပုတြာမထေရ်သည် တမ္ဗဒါဌိကအား တရားအနုမောဒနာပြုရန် အားထုတ်တော်မူလေ၏။ ထိုတမ္ဗဒါဌိကသည် မိမိ၏စိတ်ကို မထေရ်မြတ်ဟောတော်မူသော တရားဒေသနာ၌ ယှဉ်တွဲ၍ အစဉ်လိုက်ခြင်းကို ပြုခြင်းငှာ မတတ်နိုင်။ မထေရ်သည် ထိုအမူအရာကို မှတ်သား၍ “ဒါယကာ- အဘယ့်ကြောင့် စိတ်ကို ဒေသနာတော်၌ အစဉ်လိုက်ခြင်းကို ပြုခြင်းငှာ မတတ်နိုင်လေသနည်း”ဟု မေးတော်မူလေ၏။ “အရှင်ဘုရား- တပည့်တော်သည် ရှည်ကြာစွာသော ကာလပတ်လုံး ကြမ်းတမ်းသောအမှုကို ပြုအပ်ပါသည်၊ များစွာသောလူတို့ကို သတ်အပ်ကုန်၏။ ထို မိမိ၏မကောင်းမှုကို တပည့်တော်သည် အောက်မေ့မိသည်ဖြစ်ပါ၍ စိတ်ကို အရှင်မြတ်ဘုရား၏ ဒေသနာတော်၌ ယှဉ်တွဲ၍ အစဉ်လိုက်ခြင်းကိုပြုခြင်းငှာ မတတ်နိုင်ပါဘုရား”ဟု လျှောက်လေ၏။ မထေရ်မြတ်သည်လည်း ထိုတမ္ဗဒါဌိကကို “ငါလှည့်ပတ်အံ့”ဟု ကြံတော်မူ၍ “ဒါယကာ- သင်သည် မိမိအလိုဖြင့် ပြုသလော၊ သူတစ်ပါးတို့သည် ပြုစေအပ်သလော”ဟု မေးတော်မူ၏။ “အရှင်ဘုရား- ပြည့်ရှင်မင်းကြီးသည် တပည့်တော်ကို ပြုခိုင်းပါသည်ဘုရား”ဟု လျှောက်ကြားလတ်သောအခါ “ဒါယကာ- ဤသို့ဖြစ်သည်ရှိသော် သင့်အား မကောင်းမှုအကုသိုလ်ကံ ဖြစ်သတဲ့လော”ဟု မိန့်မြွက်တော်မူလေ၏။ ပညာနုံ့သော သဘောရှိသော ဒါယကာသည် အရှင်သာရိပုတြာမထေရ် ဤသို့မိန့်သည်ရှိသော် “ငါ့အား မကောင်းမှု အကုသိုလ်ကံ မရှိလေစွတကား”ဟု မှတ်ထင်သဖြင့် “အရှင်ဘုရား- ထိုသို့ဖြစ်မူ တရားတော်ကို ဟောကြားတော်မူပါဘုရား”ဟု အားရဝမ်းသာ လျှောက်ကြားရှာလေ၏။

တမ္ဗဒါဌိက နွားမဝှေ့၍ ကွယ်လွန်

ထိုတမ္ဗဒါဌိကသည် အရှင်သာရိပုတြာ မထေရ်မြတ် အနုမောဒနာတရား ဟောကြားလတ်သည်ရှိသော် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ တရားတော်နာကြားစဉ် သောတာပတ္တိမဂ်၏ ဤမှာဘက်အတွင်းမှ အနုလောမိကခန္တီကို ဖြစ်စေလေ၏။ (အနုလောမိကခန္တီဟူသည် မဂ်အားလျော်စွာ မဂ်၏ရှေးအဖို့၌ဖြစ်သော ဝိပဿနာဉာဏ်) မထေရ်လည်း အနုမောဒနာပြုပြီးလျှင် ဖဲကြွသွားတော်မူလေ၏။ မထေရ်မြတ်ကို အတန်ငယ်လိုက်ပို့၍ ပြန်လည်လာသော တမ္ဗဒါဌိကဥပါသကာကို ဘီလူးမတစ်ယောက်သည် နွားမအသွင်ဖြင့် ပြေးလာပြီးလျှင် ရင်၌ပုတ်ခတ်၍ ဝှေ့သတ်၏။ ထိုတမ္ဗဒါဌိကသည် စုတေသေသည်ရှိသော် တုသိတာနတ်ပြည်၌ ဖြစ်လေ၏။ ရဟန်းတို့သည် တရားသဘင်၌ “ခိုးသူသတ်ယောက်ျားသည် ငါးဆယ့်ငါးနှစ်တို့ပတ်လုံး ကြမ်းကြုတ်သောအမှုကိုပြု၍ ယနေ့ပင်လျှင် ထိုကြမ်းကြုတ်သောအမှုမှ လွတ်မြောက်၏၊ ယနေ့ပင်လျှင် အရှင်သာရိပုတြာမထေရ်အား ဆွမ်းလှူဒါန်း၍ ယနေ့ပင်လျှင် သေလွန်ရှာလေ၏၊ အဘယ်အရပ်၌ ဖြစ်လေအံ့နည်း”ဟု စကားပြောကြားကြလေကုန်၏။

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ထိုတမ္ဗဒါဌိကသည် တုသိတာနတ်ပြည်၌ ဖြစ်၏”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- အဘယ်သို့မိန့်တော်မူပါသနည်း၊ ဤမျှကာလတိုင်တိုင် ဤမျှလောက်သော လူတို့ကိုသတ်၍ တုသိတာနတ်ပြည်၌ ဖြစ်လေဘိသလောဘုရား”ဟု လျှောက်ပြန်လေသော် “ချစ်သားရဟန်းတို့- တုသိတာနတ်ပြည်၌ ဖြစ်သည်ကား မှန်၏။ ထိုတမ္ဗဒါဌိကသည် အဆွေခင်ပွန်းကောင်းကို ရအပ်၏။ သာရိပုတြာ၏ တရားဒေသနာကို ကြားရ၍ အနုလောမိကဉာဏ်ကို ဖြစ်စေသဖြင့် ဤဘဝ ဤကိုယ်အဖြစ်မှ စုတေသည်ရှိသော် တုသိတာနတ်ပြည်၌ ဖြစ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

သုဘာသိတံ သုဏိတွာန၊ နဂရေ စောရဃာတကော။
အနုလောမခန္တိံ လဒ္ဓါန၊ မောဒတီ တိဒိဝံ ဂတော။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ နဂရေ၊ ရာဇဂြိုဟ်ပြည်၌။ စောရဃာတကော၊ ခိုးသူသတ်ယောက်ျားသည်။ သုဘာသိတံ၊ ကောင်းစွာဟောအပ်သော တရားတော်ကို။ သုဏိတွာန၊ နာကြားရ၍။ အနုလောမခန္တိံ၊ အနုလောမဉာဏ်ကို။ လဒ္ဓါန၊ ရသဖြင့်။ တိဒိဝံ ဂတော၊ တုသိတာနတ်ပြည်သို့ ရောက်လျက်။ မောဒတိ၊ မွေ့လျော်ရ၏။

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အနုမောဒနာတရားဟောခြင်းမည်သည် အားမကြီးလှပါ။ ထိုတမ္ဗဒါဌိက ပြုအပ်သော အကုသိုလ်ကံကား အားကြီးလှပါ၏။ အဘယ်သို့လျှင် ဤမျှလောက်သောတရား နာကြားရုံမျှဖြင့် အကျိုးထူးကို ဖြစ်စေနိုင်ပါသနည်းဘုရား”ဟု လျှောက်ကြားကြပြန်သည်ရှိသော် မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ငါဘုရား ဟောကြားအပ်သော တရားတော်၏ပမာဏကို နည်းသည်ဟူ၍လည်းကောင်း၊ များသည်ဟူ၍လည်းကောင်း မမှတ်ယူကြကုန်လင့်၊ တစ်ခွန်းသော စကားသည်လည်း အကျိုးစီးပွားကို မှီခြင်းကြောင့် မြတ်သည်သာလျှင်တည်း”ဟု မိန့်တော်မူပြီးလျှင် အနုသန္ဓေကိုစပ်၍ တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၀၀] သဟဿမပိ စေ ဝါစာ၊ အနတ္ထပဒသံဟိတာ။
ဧကံ အတ္ထပဒံ သေပျော၊ ယံ သုတွာ ဥပသမ္မတိ။

အနတ္ထပဒသံဟိတာ၊ တောဘွဲ့,တောင်ဘွဲ့ အကျိုးမဲ့သော ပုဒ်တို့ဖြင့် စပ်ယှဉ်သော။ ဝါစာ၊ စကားသည်။ သဟဿမပိ၊ ပုဒ်ပေါင်းတစ်ထောင် မြားမြောင်စွာသည်လည်း။ စေ ဟောတိ၊ အကယ်၍ ဖြစ်ခဲ့ငြားအံ့။ န သေယျော၊ မမြတ်။ အတ္ထပဒံ၊ အကျိုးပြီးစရာ ခန္ဓာစသည်ကို ပြတတ်သော ပုဒ်ဟုဆိုအပ်သော။ ယံ၊ အကြင်ပုဒ်ကို။ သုတွာ၊ နာကြားရသည်ရှိသော်။ ဥပသမ္မတိ၊ ရာဂစသည်တို့၏ ငြိမ်းခြင်းဖြင့် ငြိမ်း၏။ တံ၊ ထိုပုဒ်သည်။ ဧကမ္ပိ၊ တစ်ပုဒ်တည်းပင် ဖြစ်သော်လည်း။ သေယျော၊ မြတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

တမ္ဗဒါဌိကခိုးသူသတ်ယောက်ျားဝတ္ထုပြီး၏။

֍ * ၂။ ဗာဟိယဒါရုစီရိယမထေရ်ဝတ္ထု

သဟဿမပိ စေ ဂါထာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဒါရုစီရိယမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သူတစ်ပါးစကားကြောင့် အကြံမှားပုံ

အခါတစ်ပါး များစွာသောလူတို့သည် လှေဖြင့် မဟာသမုဒ္ဒရာသို့ သက်ဝင်ကူးသွားကြရာ မဟာသမုဒ္ဒရာအတွင်း၌ လှေကွဲပျက်သောကြောင့် ငါးလိပ်တို့၏အစာ ဖြစ်ကုန်၏။ ဤလူအပေါင်းတို့တွင် တစ်ယောက်သော ကုန်သည်သည် ပျဉ်ချပ်တစ်ခုကိုယူ၍ လုံ့လပြုသောကြောင့် သုပ္ပါရက သင်္ဘောဆိပ်မြစ်ကမ်းနားသို့ ရောက်လေ၏။ ထိုယောက်ျားအား အဝတ်အရုံ ပုဆိုးကား မရှိ၊ ထိုယောက်ျားသည် တစ်ပါးသော တစ်စုံတစ်ခု ဝတ်ရုံစရာကို မမြင်ရကား ခြောက်သွေ့သော သစ်သားတုတ်ချောင်းကို လျှော်ဖြင့် ရစ်ပတ်သီကုံး၍ အဝတ်အရုံကို ပြုပြီးလျှင် နတ်ကွန်းနတ်စင်မှ ခွက်ကိုယူ၍ သုပ္ပါရကဆိပ်သို့ သွားလေ၏။ လူတို့သည် ထိုသူကိုမြင်လျှင် ယာဂုထမင်း စသည်တို့ကို ပေးကမ်း၍ “ဤသူကား ရဟန္တာတစ်ပါးပင်တည်း”ဟု ချီးမွမ်းပြောပကြကုန်၏။ ထိုယောက်ျားသည် အဝတ်တို့ကို ဆောင်ပို့လာကြကုန်သည်ရှိသော် “ငါသည် အကယ်၍ ဝတ်မူလည်း ဝတ်ငြားအံ့၊ ရုံမူလည်း ရုံငြားအံ့၊ ငါ့အား လာဘ်ပူဇော်သက္ကာရ ဆုတ်ယုတ်လတ္တံ့”ဟု ကြံစည်၍ ထိုအဝတ်တို့ကို ပယ်စွန့်ပြီးလျှင် သစ်သားတုတ်ချောင်း အဝတ်သင်္ကန်းတို့ကိုသာ ဆောင်ယူ၏။ ထိုအခါ များစွာသောလူတို့က ရဟန္တာဟူ၍ ဆိုအပ်သည်ရှိသော် ထိုသူအား ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်လေ၏။ “လောက၌ အကြင် အမှတ်မရှိ အလုံးစုံကုန်သော ရဟန္တာဖြစ်သော သူတို့သည်လည်းကောင်း၊ အရဟတ္တမဂ်သို့ ရောက်သောသူတို့သည်လည်းကောင်း ရှိကြကုန်၏။ ထိုသူတို့တွင် ငါသည် တစ်ယောက်အဝင်အပါတည်း”ဟု အကြံဖြစ်ပေါ်လေ၏။ ထိုအခါ ထိုသူ၏ ရှေး၌ သွေးသားတော်စပ်သူအလား အကျွမ်းတဝင်ဖြစ်ဖူးသောကြောင့် ပုရာဏသာလောဟိတဟု ဆိုအပ်သော ဗြဟ္မာကြီးသည် ဤသို့ ကြံစည်လေ၏။ ထိုပုရာဏသာလောဟိတ ဟူသည်ကား ရှေး၌ အတူတကွ ရဟန်းတရားကို အားထုတ်ဖူးသောသူတည်း။

ရဟန်းခုနစ်ပါး တောင်ပေါ်သို့တက်၍ တရားအားထုတ်ခြင်း

ရှေးအခါ ကဿပမြတ်စွာဘုရား၏ သာသနာတော် ရွေ့လျောဆုတ်နစ်လတ်သည်ရှိသော် သာမဏေစသည်တို့၏ ဖောက်ပြန်သောအမူအရာကို မြင်ရ၍ ခုနစ်ပါးသော ရဟန်းတော်တို့သည် ထိတ်လန့်ခြင်းသို့ ရောက်ကုန်သဖြင့် “အကြင်ရွေ့လောက် သာသနာတော်၏ ကွယ်ပျောက်ခြင်းသည် မဖြစ်သေး၊ ထိုရွေ့လောက် မိမိ၏ ထောက်တည် ကိုးကွယ်ရာကို ပြုကြကုန်အံ့”ဟု ရွှေစေတီကို ရှိခိုးပြီးလျှင် တောသို့သက်ဝင်၍ တောင်တစ်ခုကို မြင်လတ်သော် “အသက်၌ တွယ်တာငဲ့ကွက်ခြင်းရှိသော သူတို့သည် ဆုတ်နစ်ပြန်လည်ကြကုန်လော့၊ တွယ်တာငဲ့ကွက်ခြင်း ကင်းကုန်သောသူတို့သည် ဤတောင်သို့ တက်ကြကုန်လော့”ဟုဆို၍ ထန်းကျင့်လှေကားကိုဖွဲ့လျက် အလုံးစုံခုနစ်ပါးသော ရဟန်းတို့သည်ပင် ထိုတောင်သို့ တက်ကြသဖြင့် ထန်းကျင့်လှေကားကို တွန်းလှန်ပစ်ချပြီးလျှင် ရဟန်းတရားကို အားထုတ်ကြလေကုန်၏။ ထိုရဟန်းခုနစ်ပါးတို့တွင် သံဃထေရ်ကား တစ်ညဉ့်လွန်ခြင်းဖြင့်ပင်လျှင် ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ထိုသံဃထေရ်သည် အနဝတတ်အိုင်၌ နာဂလတာမည်သော ဒန်ပူကိုစား၍ မြောက်ကျွန်းမှ ဆွမ်းကိုဆောင်ယူပြီးလျှင် ထိုရဟန်းတို့ကို “ငါ့ရှင်တို့- ဤဒန်ပူကိုစား၍ မျက်နှာသစ်ပြီးလျှင် ဤဆွမ်းကို သုံးဆောင်ကြကုန်လော့”ဟု ဆိုလေ၏။ “အရှင်ဘုရား- အသို့ပါနည်း၊ “အကြင်ရဟန်းသည် ရှေးဦးစွာ ရဟန္တာအဖြစ်သို့ ရောက်၏၊ ထိုရဟန်းသည် ဆောင်ယူအပ်သော ဆွမ်းကို ကြွင်းသောရဟန်းတို့သည် သုံးဆောင်ရကုန်လတ္တံ့”ဟု တပည့်တော်တို့သည် ဤသို့သော ကတိကဝတ်ကို ပြုထားအပ်ပါသလောဘုရား”ဟု လျှောက်ထားကြသော် “ငါ့ရှင်တို့- ဤသို့သော ကတိကဝတ် ပြုထားခြင်းကား မရှိ”ဟု ဆိုလေ၏။

“ထိုသို့ဖြစ်မူ တပည့်တော်တို့သည်လည်း အရှင်ဘုရားတို့ကဲ့သို့ တရားအထူးကို အကယ်၍ ဖြစ်စေနိုင်ကြကုန်အံ့၊ ကိုယ်တိုင်ဆောင်၍ သုံးဆောင်ကြပါကုန်အံ့”ဟု ဆို၍ အလိုမရှိ ငြင်းဆန်ကြလေကုန်၏။ နှစ်ရက်မြောက်သော နေ့၌ ဒုတိယမထေရ်သည် အနာဂါမိဖိုလ်သို့ ရောက်လေ၏။ ထိုမထေရ်သည်လည်း ထို့အတူသာလျှင် ဆွမ်းကို ဆောင်၍ ကြွင်းကျန်သော ရဟန်းတို့ကို ဖိတ်ကြားလေ၏။ ထိုရဟန်းတို့သည် “အရှင်ဘုရား အသို့ပါနည်း၊ “မဟာထေရ်ကြီးသည် ဆောင်ယူခဲ့သောဆွမ်းကို မသုံးဆောင်မူ၍ ဒုတိယမထေရ်ဆောင်ယူခဲ့သော ဆွမ်းကို သုံးဆောင်ကြရကုန်လတ္တံ့”ဟု တပည့်တော်တို့သည် ဤသို့သော ကတိကဝတ်ကို ပြုထားအပ်ပါသလောဘုရား”ဟု လျှောက်ထားကြပြန်သော် “ငါ့ရှင်တို့- ဤသို့သော ကတိကဝတ်ပြုထားခြင်းကား မရှိ”ဟု ဆိုလေ၏။ “ဤသို့ဖြစ်သည်ရှိသော် အရှင်ဘုရားတို့ကဲ့သို့ တပည့်တော်တို့သည်လည်း တရားအထူးကိုဖြစ်စေပြီးလျှင် မိမိ၏ ယောကျာ်းဟူသော အခြင်းအရာအားဖြင့် သုံးဆောင်ခြင်းငှာ တတ်နိုင်ကုန်သည်ရှိသော် သုံးဆောင်ကြပါကုန်အံ့”ဟု ဆို၍ အလိုမရှိကြလေကုန်။ ထိုရဟန်းတို့တွင် ရဟန္တာအဖြစ်သို့ရောက်သော ရဟန်းသည် ပရိနိဗ္ဗာန်စံယူလေ၏။ အနာဂါမ်တည်သော ရဟန်းသည် ဗြဟ္မာ့ပြည်၌ ဖြစ်လေ၏။ ဤမှတစ်ပါး ငါးပါးသော မထေရ်တို့သည် တရားထူးကို ဖြစ်စေခြင်းငှာ မတတ်နိုင်ကုန်ရကား ခြောက်ကပ်ပိန်ချုံးသဖြင့် ခုနစ်ရက်မြောက်သောနေ့၌ စုတေသေလွန်ခြင်းကိုပြု၍ နတ်ပြည်၌ ဖြစ်ကြပြီးလျှင် ဤငါတို့ဘုရား ထင်ရှားပွင့်တော်မူသောအခါ ထိုနတ်ပြည်မှ စုတေခဲ့၍ ထိုထိုအမျိုးအိမ်တို့၌ ဖြစ်ကြလေကုန်၏။

ထိုသူငါးဦးတို့တွင် တစ်ဦးကား ပက္ကုသာတိမင်း ဖြစ်လာ၏။ တစ်ဦးကား ကုမာရကဿပ ဖြစ်လာ၏။ တစ်ဦးကား ဒါရုစီရိယ ဖြစ်လာ၏။ တစ်ဦးကား မလ္လာမင်းသား ဒဗ္ဗ ဖြစ်လာ၏။ တစ်ဦးကား သုပ္ပိယပရိဗိုဇ် ဖြစ်လာ၏။ ထိုရဟန်းခုနစ်ပါးတို့တွင် အကြင်ရဟန်းသည် ဗြဟ္မာ့ပြည်၌ ဖြစ်၏၊ ထိုရဟန်းကိုရည်မှန်း၍ ပုရာဏသာလောဟိတ ဗြဟ္မာကြီးဟူသော စကားကို ဆိုအပ်၏။

(ပုက္ကုသာတိဟူ၍ အချို့စာ၌ ရှိ၏။ ပက္ကုသာတိကား ခေါ်ဝေါ်လွယ်သော အများသုံးဖြစ်၏။ ဗာဟိယ ဒါရုစီရိယ- အပဖြစ်သော အကျင့်ရှိသည်ဖြစ်၍ သစ်သားအဝတ် ဝတ်ဆင်သောသူ၊ ခေါ်ဝေါ်ရာ၌ လွယ်ကူစေခြင်းငှာ ဗာဟိယ ဒါရုစိဟု အသုံးပြုကြသည်။)

မိတ်ဟောင်း ဗြဟ္မာကြီး စောင်မခြင်း

ထိုဗြဟ္မာကြီးအား ဤသို့သော အကြံဖြစ်လေ၏။ “ဤတုတ်ချောင်းကြိုးသီအဝတ်ဖြင့် ရဟန္တာတစ်ပါးဟု အထင်မှားနေသော ဗာဟိယဒါရုစိမည်သောသူကား ငါနှင့်အတူတကွ ထန်းကျင့်လှေကားကိုဖွဲ့သဖြင့် တောင်ထိပ်သို့တက်၍ ရဟန်းတရားကို အားထုတ်ဖူး၏။ ယခုအခါ ဤအယူကိုယူလျက် လှည့်လည်နေသည်ရှိသော် ပျက်စီးလေရာ၏၊ ထိုဗာဟိယ ဒါရုစိကို ထိတ်လန့်စေဦးအံ့”ဟု အကြံဖြစ်ပေါ်လေ၏။ ထို့နောက်မှ ဗာဟိယဒါရုစိထံသို့ ချဉ်းကပ်၍ ဤသို့ဆိုလေ၏။ “အချင်းဗာဟိယ- အသင်သည် ရဟန္တာမဟုတ်သေး၊ အရဟတ္တမဂ်သို့ ရောက်သောသူလည်း မဟုတ်သေး၊ အကြင်အကျင့်ဖြင့် သင်သည် ရဟန္တာသော်လည်း ဖြစ်ရာ၏၊ အရဟတ္တမဂ်သို့သော်လည်း ရောက်ရာ၏၊ ထိုအကျင့်မျိုးသည်လည်း သင့်အားမရှိသေး”ဟု ဆိုလတ်သော် ရဟန္တာအဖြစ်မှ အပဖြစ်သော အကျင့်ရှိသော ဗာဟိယဒါရုစိသည် ကောင်းကင်၌ရပ်၍ဆိုသော မဟာဗြဟ္မာကြီးကိုကြည့်ရှုလျက် “အလွန်ဝန်လေးသောအမှုကို ငါပြုမိချေပြီတကား၊ ငါကား ရဟန္တာဖြစ်၏ဟု ကြံမိ၏၊ ဤဗြဟ္မာသည်ကား ငါ့ကို သင်ရဟန္တာမဟုတ်သေး၊ အရဟတ္တမဂ်သို့ ရောက်သောသူလည်း မဟုတ်သေးဟူ၍ပင် ဆိုဘိ၏၊ လောက၌ ငါမှတစ်ပါးသော ရဟန္တာဖြစ်သော ပုဂ္ဂိုလ်သည် ရှိနှင့်လေသလော”ဟု ကြံစည် စဉ်းစားလေ၏။ ထို့နောက်မှ ဗြဟ္မာကြီးကို “ဗြဟ္မာကြီး- ယခုအခါ လောက၌ ရဟန္တာသည်လည်းကောင်း၊ အရဟတ္တမဂ်သို့ ရောက်သောသူသည်လည်းကောင်း ရှိလေသလော”ဟု မေး၏။ ထိုအခါ ဗာဟိယဒါရုစိအား ဗြဟ္မာကြီးသည် ဤသို့ပြောကြားလေ၏။ “အချင်းဗာဟိယ- မြောက်ခွင်ဖြစ်သော ဇနပုဒ်တို့၌ သာဝတ္ထိမည်သောပြည်သည် ရှိ၏၊ ထိုသာဝတ္ထိပြည်၌ ပူဇော်အထူးကို ခံတော်မူထိုက်သည်ဖြစ်၍ အလုံးစုံသောတရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူပြီးသော ထိုမြတ်စွာဘုရားသည် ယခုအခါ သီတင်းသုံးနေတော်မူ၏။ ဗာဟိယ- ထိုမြတ်စွာဘုရားသည် ရဟန္တာလည်း မည်၏၊ ရဟန္တာဖြစ်ခြင်းအကျိုးငှာလည်း တရားဟောတော်မူ၏”ဟု ပြောကြားလေ၏။

ဗာဟိယသည် ညဉ့်အဖို့၌ ဗြဟ္မာကြီးစကားကိုကြား၍ ထိတ်လန့်သော စိတ်နှလုံးရှိသဖြင့် ထိုခဏ၌ပင် သုပ္ပါရကသင်္ဘောဆိပ်မှထွက်ခဲ့ရာ အလုံးစုံသော လမ်းခရီးအရပ်တို့၌ တစ်ညဉ့်မျှကြာခြင်းဖြင့် သာဝတ္ထိပြည်သို့ ရောက်လေ၏။ အလုံးစုံ ယူဇနာတစ်ရာ့နှစ်ဆယ်ရှိသော လမ်းခရီးကို တစ်ညဉ့်မျှ ကြာခြင်းဖြင့်သာလျှင် ရောက်သွားလေ၏။ သွားသော်လည်း ဗြဟ္မာကြီး၏ အာနုဘော်အားဖြင့် သွားလေ၏။ ဘုရားရှင်၏ အာနုဘော်အားဖြင့်ဟူ၍လည်း ဆိုကြကုန်သည်သာလျှင်တည်း။

ဘုရားရှင်အား တရားဟောရန် တောင်းပန်ခြင်း

ထိုခဏ၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှာ ဝင်တော်မူဆဲဖြစ်၏။ ထိုဗာဟိယသည် နံနက်ဆွမ်း ဘုဉ်းပေးပြီးဖြစ်သဖြင့် ကိုယ်၏ ပျင်းရိထိုင်းမှိုင်းခြင်းမှ လွတ်စိမ့်သောငှာ လွင်တီးခေါင်၌ စင်္ကြံသွားနေကုန်သော များစွာသော ရဟန်းတို့ကို “မြတ်စွာဘုရားသည် ယခုအခါ အဘယ်မှာပါနည်းဘုရား”ဟု မေးလေ၏။ ရဟန်းတို့သည် “သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှာ ဝင်တော်မူခိုက်ဖြစ်၏”ဟု ပြောကြား၍ ထိုဗာဟိယကို “သင်သည် အဘယ်အရပ်မှ လာခဲ့သနည်း”ဟု မေးကြကုန်၏။ “သုပ္ပါရကသင်္ဘောဆိပ်မှ လာခဲ့ပါသည်ဘုရား”ဟု ဆိုလျှင် “အဘယ်အခါ ထွက်ခဲ့သနည်း”ဟု မေးပြန်လေ၏။ “ယမန်နေ့ညချမ်းအခါ ထွက်ခဲ့ပါသည်ဘုရား”ဟု ဆိုလျှင် “သင်ကား ဝေးသောအရပ်မှ လာသည်ဖြစ်ခဲ့၏။ ရှေးဦးစွာ ထိုင်ဦးလော့၊ ခြေတို့ကို ဆေးပြီးမှ ဆီဖြင့်လိမ်းကျံ၍ အတန်ငယ်အပင်ပန်းဖြေဦးလော့၊ ကြွလာတော်မူသောအခါ ဘုရားရှင်ကို ဖူးမြင်ရလတ္တံ့”ဟု ဆိုကြကုန်၏။ “အရှင်ဘုရားတို့- တပည့်တော်သည် မြတ်စွာဘုရား၏လည်းကောင်း၊ မိမိ၏လည်းကောင်း အသက်အန္တရာယ်ကို မသိပါ၊ တစ်ညဉ့်မျှတည်းဖြင့်သာလျှင် တစ်စုံတစ်ခုသောအရပ်၌ မရပ်မနားမူ၍၊ မထိုင်ခဲ့မူ၍ ယူဇနာတစ်ရာ့နှစ်ဆယ်ရှိသော လမ်းခရီးကို လာသောသူဖြစ်ပါသည်၊ ဘုရားရှင်ကို ဖူးမြင်ရပြီးမှ အပင်အပန်းဖြေဖျောက်နိုင်ပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။

ထိုဗာဟိယသည် ဤသို့ဆို၍ အဆောတလျင် သာဝတ္ထိပြည်သို့ဝင်သဖြင့် နှိုင်းယှဉ်စရာ ဥပမာမရှိသော ဘုရားရှင်၏ ကျက်သရေတော်ဖြင့် ဆွမ်းအလို့ငှာ ကြွနေတော်မူသော ဘုန်းတော်သခင် သဗ္ဗညုဘုရားရှင်ကို မြင်ရလျှင် “ငါသည် အလွန်ကြာမြင့်သောကာလမှ ဂေါတမအနွယ်ဖြစ်သော ဘုရားသဗ္ဗညုကို ဖူးမြင်ရပေ၏တကား”ဟု မြင်ရာအရပ်မှစ၍ ကိုင်းညွှတ်သောကိုယ်ရှိလျက် သွားပြီးလျှင် ခရီးအကြား၌သာလျှင် ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးသဖြင့် ဖမျက်တော်တို့၌ မြဲစွာဖက်၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မြတ်စွာဘုရားသည် တပည့်တော်အား တရားဟောတော်မူပါဘုရား၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တရားဟောတော်မူပါဘုရား၊ ၎င်းတရားတော်သည် တပည့်တော်အား ရှည်စွာသောကာလပတ်လုံး စီးပွားခြင်းငှာ၊ ချမ်းသာခြင်းငှာ ဖြစ်ရာ၏”ဟု လျှောက်လေ၏။ ထိုအခါ ထိုဗာဟိယကို မြတ်စွာဘုရားသည် “ဗာဟိယ- တရားဟောချိန်ကာလ မဟုတ်သေး၊ ရွာတွင်းသို့ ဆွမ်းအလို့ငှာ ဝင်ဆဲဖြစ်သေး၏”ဟု မိန့်မြွက်ကာ ပယ်တော်မူလေ၏။

မြတ်စွာဘုရား မိန့်တော်မူသောစကားကိုကြားရလျှင် ဗာဟိယသည် “မြတ်စွာဘုရား- သံသရာ၌ ကျင်လည်ရသဖြင့် ကဗဠိကာရ အာဟာရကို မရဖူးသောမည်သည် မရှိပါ၊ ရှင်တော်မြတ်ဘုရားတို့၏လည်းကောင်း၊ တပည့်တော်၏လည်းကောင်း အသက်အန္တရာယ်ကို မသိနိုင်ပါ၊ တပည့်တော်အား တရားဟောတော်မူပါဘုရား”ဟု လျှောက်ကြားပြန်လေ၏။ မြတ်စွာဘုရားသည် နှစ်ကြိမ်မြောက်၌လည်း ပယ်တော်မူသည်သာလျှင်တည်း။

မြတ်စွာဘုရားအား ဤသို့ အကြံဖြစ်သတတ်၊ “ငါဘုရားကို ဖူးမြင်ရသောအခါမှစ၍ ဤဗာဟိယ၏ ကိုယ်အလုံးသည် နှစ်သက်ခြင်းဖြင့် မပြတ်ပျံ့နှံ့လွမ်းမိုးခြင်းရှိ၏၊ အားကြီးသော ပီတိအဟုန်ရှိရကား တရားနာရသော်လည်း ထိုးထွင်း၍သိခြင်းငှာ မတတ်နိုင်လတ္တံ့၊ အလယ်အလတ် လျစ်လျူရှုခြင်း၌ တည်လင့်စေဦး၊ တစ်ညဉ့်ချင်းဖြင့်သာလျှင် ယူဇနာတစ်ရာ့နှစ်ဆယ်ရှိသော လမ်းခရီးကို လာရခြင်းကြောင့် ပင်ပန်းခြင်းသည်လည်း ထိုသူအား အားကြီး၏။ ထိုပင်ပန်းခြင်းသည်လည်း ငြိမ်းစေဦးလော့”ဟု ကြံတော်မူသတတ်။

ရဟန္တာဖြစ်ခြင်းနှင့် နွားဝှေ့သတ်ခြင်း

ထို့ကြောင့် နှစ်ကြိမ်ပယ်တော်မူ၍ သုံးကြိမ်မြောက် တောင်းပန်အပ်သော် မြတ်စွာဘုရားသည် ခရီးလမ်းမအတွင်း၌ ရပ်တော်မူလျက်သာလျှင် “တသ္မာတိဟ တေ ဗာဟိယ ဧဝံ သိက္ခိတဗ္ဗံ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ” ဤသို့စသောနည်းအားဖြင့် တရားဟောတော်မူလေ၏။

ဗာဟိယ- ချစ်သား ဗာဟိယ။ ယသ္မာ၊ အကြင်ကြောင့်။ ဒိဋ္ဌေ၊ မြင်အပ်သောရူပါရုံ၌။ ဒိဋ္ဌမတ္တံ၊ မြင်အပ်သော ရူပါရုံမျှသာလျှင်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ တသ္မာ၊ ထို့ကြောင့်။ ဣဟ၊ ဤလောက၌၊ တေ-တယာ၊ သင်သည်။ ဧဝံ၊ ဤသို့။ သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏။

ထိုဗာဟိယသည် မြတ်စွာဘုရား၏ တရားတော်ကို နာစဉ်ပင်လျှင် အလုံးစုံသော အာသဝေါတို့ကို ကုန်ခန်းစေ၍ ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ထိုရဟန္တာဖြစ်သော ခဏ၌ပင်လျှင် မြတ်စွာဘုရား၏အထံ၌ ရဟန်းအဖြစ်ကို တောင်းပန်လေ၏။ “သင့်အား သပိတ်သင်္ကန်း ပြည့်စုံပြီလော”ဟု မေးတော်မူသည်ရှိသော် “မပြည့်စုံသေးပါ ဘုရား”ဟု လျှောက်ဆိုလေ၏။ ထိုအခါ ဗာဟိယကို မြတ်စွာဘုရားသည် “ထိုသို့ဖြစ်မူ သပိတ်သင်္ကန်းကို ရှာချေဦးလော့”ဟု မိန့်တော်မူ၍ ဖဲကြွတော်မူလေ၏။ ထိုဗာဟိယဒါရုစိသည် အနှစ်နှစ်သောင်း ကာလပတ်လုံး ရဟန်းတရားကို အားထုတ်သည်ရှိသော် “ရဟန်းမည်သည် မိမိကိုယ်တိုင် ပစ္စည်းတို့ရမူ တစ်ပါးသူကို မငဲ့မကြည့်ဘဲ မိမိချည်းသာလျှင် သုံးဆောင်ခြင်းငှာ သင့်၏”ဟု နှလုံးသွင်းသဖြင့် တစ်ပါးသော ရဟန်းအားမူလည်း သပိတ်တစ်လုံးဖြင့်လည်းကောင်း၊ သင်္ကန်းတစ်ထည်ဖြင့်လည်းကောင်း သင်္ဂြိုဟ်ထောက်ပံ့ ချီးမြှောက်ခြင်းကို မပြုလေသတတ်။ ထို့ကြောင့် ထိုဗာဟိယဒါရုစိအား တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းသည် မဖြစ်နိုင်ဟု သိတော်မူသဖြင့် ဧဟိဘိက္ခုရဟန်း၏အဖြစ်ဖြင့် ရဟန်းအဖြစ်ကို ပေးတော်မမူ။ ထိုဗာဟိယဒါရုစိကို သပိတ်သင်္ကန်းရှာခြင်းငှာ လှည့်လည်သွားလာစဉ်သာလျှင် ဘီလူးမတစ်ယောက်သည် နွားမအသွင်ဖြင့် လာလတ်၍ လက်ဝဲပေါင်၌ တိုးဝှေ့သဖြင့် အသက်ကုန်ခြင်းသို့ ရောက်စေလေ၏။

စေတီတည်ခြင်းနှင့် ခိပ္ပါဘိည ဧတဒဂ်ပေးခြင်း

မြတ်စွာဘုရားသည် ဆွမ်းအလို့ငှာ လှည့်လည်တော်မူ၍ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးစီးသည်ရှိသော် များစွာသော ရဟန်းတို့နှင့်တကွ ထွက်လာခဲ့ရာ ဗာဟိယ၏ ကိုယ်အလောင်းကောင်ကို တံမြက်ချေးစုရာအမှိုက်ပုံ၌ လဲကျလျက်ရှိသည်ကို မြင်တော်မူရလျှင် ရဟန်းတို့ကို “ချစ်သားရဟန်းတို့- တစ်ခုသော အိမ်တံခါး၌ရပ်၍ ညောင်စောင်းငယ်ကို ဆောင်ယူစေသဖြင့် ဤအလောင်းကောင်ကို မြို့မှထုတ်၍ မီးသင်္ဂြိုဟ်ပြီးလျှင် စေတီတည်ကြကုန်လော့”ဟု မိန့်မြွက်စေခိုင်းတော်မူလေ၏။ ရဟန်းတို့သည်လည်း မြတ်စွာဘုရား မိန့်တော်မူတိုင်း ပြုကြလေကုန်၏။ ထိုသို့ပြုကြပြီးသည်ရှိသော် ကျောင်းသို့သွား၍ ဘုရားသို့ချဉ်းကပ်လျက် မိမိတို့ပြုပြီးသောကိစ္စကို လျှောက်ကြား၍ ထိုဗာဟိယဒါရုစိ၏ လားရာ တမလွန်ဘဝကို မေးလျှောက်ကြလေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့အား ထိုဗာဟိယဒါရုစိ၏ ပရိနိဗ္ဗာန်ပြုကြောင်းကို ကြားသိစေတော်မူပြီးလျှင်-

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ခိပ္ပါဘိညာနံ ယဒိဒံ ဗာဟိယော ဒါရုစီရိယော။

ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။ မမ၊ ငါဘုရား၏။ သာဝကာနံ၊ တပည့်ဖြစ်ကုန်သော။ ခိပ္ပါဘိညာနံ၊ လျင်သော အဘိညာဉ်ရှိကုန်သော။ ဘိက္ခူနံ၊ ရဟန်းတို့တွင်။ ယဒိဒံ- ယော အယံ ဗာဟိယော ဒါရုစီရိယော၊ အကြင်ဗာဟိယ ဒါရုစီရိယသည်။ အတ္ထိ၊ ရှိ၏။ ဧတံ-ဧသော ဗာဟိယော ဒါရုစီရိယော၊ ထိုဗာဟိယဒါရုစီရိယသည်။ အဂ္ဂံ-အဂ္ဂေါ၊ မြတ်၏။

ဤသို့ မြတ်စွာဘုရားသည် ဗာဟိယဒါရုစီရိယကို ဧတဒဂ်အရာ၌ ထားတော်မူလေ၏။ ထိုအခါ မြတ်စွာဘုရားကို ရဟန်းတို့သည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားတို့သည် ဗာဟိယကား ရဟန္တာအဖြစ်သို့ ရောက်ပြီဟူ၍ မိန့်တော်မူကြပါကုန်၏၊ အဘယ်အခါ၌ ထိုဗာဟိယသည် ရဟန္တာအဖြစ်သို့ ရောက်ပါသနည်းဘုရား”ဟု မေးလျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ငါဘုရား၏တရားကို နာရစဉ်အခါ၌ ရောက်၏”ဟု မိန့်တော်မူ၏။ “အဘယ်အခါ ဗာဟိယအား ရှင်တော်မြတ်ဘုရားတို့သည် တရားဟောတော်မူပါသနည်းဘုရား”ဟု မေးလျှောက်ပြန်သည်ရှိသော် “ဆွမ်းအလို့ငှာသွားစဉ် လမ်းခရီးအကြား၌ ရပ်နားလျက် ဟောအပ်၏”ဟု မိန့်တော်မူသဖြင့် “မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားတို့သည် လမ်းခရီးအကြား၌ ရပ်နားလျက် ဟောအပ်သောတရားသည် အနည်းငယ်မျှသာတည်း၊ အဘယ်သို့လျှင် ဗာဟိယသည် ထိုမျှဖြင့် တရားထူးကို ဖြစ်စေနိုင်ပါသနည်းဘုရား”ဟု လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို “ချစ်သားရဟန်းတို့- အဘယ်သို့ ဆိုကြကုန်သနည်း၊ ငါဘုရား၏တရားတော်ကို အနည်းငယ်ဟူ၍လည်းကောင်း၊ အများဟူ၍လည်းကောင်း အတိုင်းအရှည်ကို မမှတ်ယူကြကုန်လင့်၊ များစွာလည်းဖြစ်သော ဂါထာ တစ်ထောင်တို့ပင်သော်လည်း အကျိုးမဲ့ကို မှီကုန်သည်ရှိသော် မမြတ်၊ အကျိုးကိုမှီသည်ရှိသော် ဂါထာတစ်ပုဒ်သည်လည်း မြတ်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေကို စပ်လျက် တရားစကား ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

(၁ဝ၁) သဟဿမပိ စေ ဂါထာ၊ အနတ္ထပဒသံဟိတာ။
ဧကံ ဂါထာပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။

ဂါထာ၊ ဂါထာသည်။ သဟဿမပိ၊ အထောင်မက များသော်လည်း။ စေ အနတ္ထပဒသံဟိတာ၊ အကယ်၍ အကျိုးမဲ့ကို ပြတတ်သောပုဒ်နှင့် ယှဉ်စပ်သည်ဖြစ်အံ့။ န သေယျော၊ မမြတ်။ ယံ၊ အကြင်ဂါထာကို။ သုတွာ၊ ကြားနာရ၍။ ဥပသမ္မတိ၊ ရာဂစသည်ငြိမ်း၏။ တံ ဂါထာပဒံ၊ ထိုဂါထာပုဒ်သည်။ ဧကံ၊ တစ်ပုဒ်တည်းပင် ဖြစ်သော်လည်း။ သေယျော၊ မြတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဗာဟိယဒါရုစီရိယမထေရ်ဝတ္ထုပြီး၏။

֍ * ၃။ ကုဏ္ဍလကေသီထေရီမ ဝတ္ထု

ယော စ ဂါထာသတံ ဘာသေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကုဏ္ဍလကေသီကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သူဌေးသမီး ခိုးသူနှင့် အကြောင်းပါခြင်း

ရာဇဂြိုဟ်ပြည်၌ သူဌေးသမီးတစ်ယောက်သည် တစ်ဆယ့်ခြောက်နှစ်အရွယ်ရှိ၍ အလွန်အဆင်းလှသဖြင့် ရှုစချင်ဖွယ် စိတ်ကြည်လင်ဖွယ် ဖြစ်လေသတတ်။ ထိုအရွယ်၌ တည်ကုန်သော မိန်းမတို့သည်ကား ယောက်ျား၌ အလိုဆန္ဒရှိကြကုန်၏၊ ယောက်ျား၌ လျှပ်ပေါ်လော်လည်ကြကုန်၏။ ထိုအခါ သမီးကို မိဘတို့သည် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏ အထက်အပြင် အသရေရှိသော တိုက်ခန်း၌ နေစေကြလေကုန်၏။ ထိုသတို့သမီးအား တစ်ယောက်သာလျှင်ဖြစ်သော အလုပ်အကျွေး ကျွန်မငယ်ကို ပေးထားကြကုန်၏။ ထိုအခါ ခိုးမှုကိုပြုသော အမျိုးသားတစ်ယောက်ကိုဖမ်း၍ လက်ပြန်ကြိုး ချည်နှောင်လျက် ခရီးလေးဆုံ, ခရီးလေးဆုံ၌ ကြိမ်လုံးတို့ဖြင့် ပုတ်ခတ်ကာ လူသတ်ရာ သင်္ချိုင်းတစပြင်သို့ ဆောင်ယူကြကုန်၏။ သူဌေးသမီးသည် များစွာသော လူအပေါင်း၏အသံကို ကြားရလျှင် “ဤအသံကား အဘယ်အသံနည်း”ဟု ပြာသာဒ်အပြင်၌ရပ်လျက် ကြည့်ရှုလတ်သည်ရှိသော် ထိုခိုးသူကိုမြင်ရ၍ တပ်နှစ်သက်သောစိတ် ရှိသည်ဖြစ်ရကား ထိုခိုးသူကို တောင့်တလျက် ထမင်းအာဟာရကိုပယ်၍ မစားဘဲ ညောင်စောင်းငယ်၌ အိပ်လေ၏။

ထိုအခါ သူဌေးသမီးကို မိခင်က “ချစ်သမီး- ဤသို့ ထမင်းမစားဘဲနေခြင်းကား အဘယ်အကြောင်းရှိသနည်း”ဟု မေးလေ၏။ “ခိုးသူကိုဖမ်း၍ ဆောင်ယူသွားသော ထိုယောက်ျားကို အကယ်၍ရပါမူကား အသက်ရှင်အံ့၊ မရပါမူကား ကျွန်မအား အသက်မရှိ၊ ဤနေရာ၌သာလျှင် သေရပါလတ္တံ့”ဟု ဆိုလတ်သော် “ချစ်သမီး- ဤသို့ မပြုပါလင့်၊ ငါတို့နှင့် အမျိုးအားဖြင့်လည်းကောင်း၊ စည်းစိမ်အားဖြင့်လည်းကောင်း တူသော တစ်ပါးသော အမျိုးတူလင်ယောက်ျားကို ရပေလတ္တံ့”ဟု ဆိုလေ၏။ “ကျွန်မအား တစ်ပါးသောယောက်ျားဖြင့် ပြုဖွယ်ကိစ္စ တစ်စုံတစ်ရာမရှိ၊ ဤခိုးသူယောက်ျားကို မရသည်ရှိသော် သေရပါလိမ့်မည်”ဟု ဆိုလတ်သဖြင့် မိခင်သည် သမီးကို မှတ်သားလိုက်နာစိမ့်သောငှာ မတတ်နိုင်ရကား ဖခင်သူဌေးကြီးအား အကြောင်းကြားလေ၏။ ဖခင်သူဌေးကြီးသည်လည်း သမီးကို မှတ်သားလိုက်နာစိမ့်သောငှာ မတတ်နိုင်သည်ဖြစ်၍ “အဘယ်သို့ပြုခြင်းငှာ တတ်နိုင်ကောင်းအံ့နည်း”ဟု ကြံပြီးလျှင် ခိုးသူကို ဖမ်းယူစေ၍သွားသော မင်းချင်းယောက်ျားအား ဥစ္စာတစ်ထောင်ထုပ်ကို “ဤဥစ္စာတစ်ထောင်ထုပ်ယူ၍ ခိုးသူယောက်ျားကို ငါ့အားပေးလော့”ဟု ပို့လိုက်လေ၏။ မင်းချင်းယောက်ျားလည်း “ကောင်းပြီ”ဟု ဝန်ခံ၍ အသပြာတို့ကိုယူပြီးလျှင် ခိုးသူကိုလွှတ်လိုက်၍ တစ်ပါးသူကိုသတ်ပြီးမှ “အရှင်မင်းမြတ်- ခိုးသူကို သတ်အပ်ပါပြီ”ဟု မင်းကြီးအား လျှောက်ကြား သံတော်ဦးတင်လေ၏။ သူဌေးကြီးသည်လည်း ထိုခိုးသူအား သမီးကို ပေးလေ၏။ သူဌေးသမီးသည် ထိုအခါမှစပြီးလျှင် “လင်ကို နှစ်သက်စေအံ့”ဟု ခပ်သိမ်းသောတန်ဆာဖြင့် တန်ဆာဆင်ယင်လျက် ကိုယ်တိုင်သာလျှင် ထိုခိုးသူအလို့ငှာ ယာဂု စသည်တို့ကို စီရင်လေ၏။

သူဌေးသမီးကိုသတ်၍ ပစ္စည်းယူရန် ကြံစည်ပုံ

ခိုးသူယောက်ျားသည် နှစ်ရက်သုံးရက် လွန်သောအခါ ကြံစည်ပုံမှာ “အဘယ်အခါ ဤသူဌေးသမီးကိုသတ်၍ သူဌေးသမီး၏တန်ဆာတို့ကို ယူပြီးလျှင် သုရာတင်းကုပ်တစ်ခု၌ရောင်း၍ စားသောက်ခြင်းငှာ ရပါအံ့နည်း”ဟု ကြံ၏။ ကြံပြီးလျှင် ခိုးသူသည် “တစ်ခုသော ထိုအကြောင်းသည် ရှိ၏”ဟု ကြံပြန်သဖြင့် ထမင်းအစာကိုပယ်၍ ညောင်စောင်းငယ်၌ အိပ်လေ၏။ ထိုအခါ ခိုးသူကို သူဌေးသမီးသည် ချဉ်းကပ်၍ “အရှင့်သား- သင့်အား အဘယ်သို့သော နာကျင်ခြင်း ရှိပါသနည်း”ဟု မေးလေ၏။ ”ချစ်နှမ- ငါ့အား တစ်စုံတစ်ခု နာကျင်ခြင်းမရှိ”ဟု ဆိုလျှင် “အသို့ပါနည်း၊ ကျွန်မ၏ မိခင်ဖခင်တို့သည် အရှင့်အား အမျက်ထွက်ကြပါသလော”ဟု မေးပြန်၏။ “ချစ်နှမ- အမျက်မထွက်ကြကုန်”ဟု ဆိုလျှင် “ထိုသို့ဖြစ်ပါလျှင် ဤသို့ဖြစ်ရခြင်းကား အကြောင်းအဘယ်သို့နည်း”ဟု မေးပြန်၏။ “ချစ်နှမ- ငါသည် ထိုနေ့၌ နှောင်ဖွဲ့၍ ဆောင်ယူအပ်သည်ရှိသော် ခိုးသူတို့ကိုချရာချောက်၌ စောင့်ရှောက်သောနတ်မင်းအား ဗလိနတ်စာကို ပူဇော်ရန် ဝန်ခံခဲ့ခြင်းကြောင့် အသက်ကို ရခဲ့လေ၏။ သင့်ကိုလည်း ငါသည် ထိုနတ်မင်း၏ အာနုဘော်ဖြင့်သာလျှင် ရအပ်ပေ၏။”

“ချစ်နှမ- နတ်မင်းအား ထိုဗလိနတ်စာကို ပူဇော်ရန် ဝန်ခံအပ်ပေ၏”ဟု ကြံစည်လျက်ရှိကြောင်း ပြောဆိုလတ်သော် “သခင့်သား- မပူပန်ပါလင့်၊ ပြုပေးပါမည်၊ ပြောကြားပါလော့၊ ဗလိနတ်စာပြုရန် အဘယ်ဝတ္ထုဖြင့် အလိုရှိပါသနည်း”ဟု မေးလေ၏။ “ရေမပါသော နို့ဃနာချိုဖြင့်လည်းကောင်း၊ ပေါက်ပေါက်လျှင် ငါးခုမြောက်ရှိသော ပန်းပွင့်တို့ဖြင့်လည်းကောင်း အလိုရှိ၏”ဟု ဆိုလေသော် “အရှင့်သား- ကောင်းပါပြီ၊ ကျွန်မ စီရင်ပေးပါမည်”ဟု ဆိုပြီးလျှင် သူဌေးသမီးသည် အလုံးစုံသော ဗလိနတ်စာအမှုကို စီရင်၍ “သခင့်သား- လာပါလော့၊ သွားကြကုန်စို့အံ့”ဟု ဆိုလေ၏။ “ချစ်နှမ- ထိုသို့ဖြစ်မူ သင်၏ဆွေမျိုးတို့ကို ပြန်လည်ဆုတ်နစ်စေ၍ အဖိုးများစွာထိုက်သော အဝတ်တန်ဆာတို့ကိုယူလျက် မိမိကိုယ်ကို တန်ဆာဆင်လော့၊ ရွှင်ရွှင်ပျပျ ပျော်ပျော်ပါးပါး ချမ်းချမ်းသာသာ သွားကြကုန်စို့အံ့”ဟု ဆိုသော် ထိုသူဌေးသမီးသည် ခိုးသူဆိုတိုင်း ပြုလေ၏။ ထိုအခါ သူဌေးသမီးကို တောင်ခြေရင်းသို့ ရောက်သောအခါ “ချစ်နှမ- ဤနေရာမှအထက်၌ ငါတို့နှစ်ယောက်တည်းသာ သွားကုန်အံ့”ဟု ဆိုပြီးလျှင် “ကြွင်းသောလူအပေါင်းကို ယာဉ်နှင့်တကွ ပြန်လည်စေ၍ ဗလိနတ်စာခွက်ကို ကိုယ်တိုင်ရွက်၍ ယူခဲ့လော့”ဟု ဆိုလတ်သော် သူဌေးသမီးသည် ခိုးသူဆိုတိုင်းပြုလေ၏။ ခိုးသူသည် ထိုသူဌေးသမီးကိုခေါ်၍ ခိုးသူတို့ကို ချရာချောက်ရှိသော တောင်သို့ တက်လေ၏။

(ထိုတောင်အားကား တစ်ခုသောနံပါးဖြင့် လူတို့သည် တက်ရောက်နိုင်ကြကုန်၏။ တစ်ခုသောနံပါးသည် ပြတ်သောချောက်ရှိ၏။ ထိုတောင်ထိပ်၌ ရပ်တည်ကုန်လျက် ထိုနံပါးဖြင့် ခိုးသူတို့ကို ကျစေကြကုန်၏။ တွန်းချကုန်၏။ ထိုခိုးသူတို့သည် အပိုင်းပိုင်း အတစ်တစ်ဖြစ်၍ မြေ၌ကျကုန်၏။ ထို့ကြောင့် ခိုးသူတို့ကိုချရာ “စောရပပါတ”ဟူ၍ ခေါ်ဆိုအပ်၏။)

သူဌေးသမီး တောင်းပန်ခြင်း

သူဌေးသမီးသည် ထိုတောင်၏ ထိပ်ထက်၌ရပ်လျက် “သခင့်သား- သင်၏ ဗလိနတ်စာပူဇော်ခြင်းကို ပြုပါလော့”ဟု ဆိုလေ၏။ ခိုးသူကား ဆိတ်ဆိတ်သာ နေလေ၏။ တစ်ဖန် သူဌေးသမီးသည် “သခင့်သား- အဘယ့်ကြောင့် ဆိတ်ဆိတ်နေသနည်း”ဟု မေးသည်ရှိသော် သူဌေးသမီးကို “ငါ့အား ဗလိနတ်စာအမှုဖြင့် အလိုမရှိ၊ သင့်ကိုသာ လှည့်စား၍ ခေါ်လာခဲ့ပေသည်”ဟု ဆိုလျှင် “သခင့်သား- အဘယ်အကြောင်းကြောင့်ပါနည်း”ဟု မေးလေ၏။ “သင့်ကိုသတ်၍ သင်၏တန်ဆာကိုယူပြီးလျှင် ထွက်ပြေးလိုသောကြောင့် လာသည်”ဟု ဆိုလတ်သော် သူဌေးသမီးသည် သေဘေးဖြင့် ခြိမ်းခြောက်ခြင်းကြောင့် ကြောက်လန့်ရကား “အရှင့်သား- ကျွန်မသည်လည်းကောင်း၊ တန်ဆာတို့သည်လည်းကောင်း အရှင့်ဥစ္စာတို့သာ ဖြစ်ပါသည်၊ အဘယ့်ကြောင့် ဤသို့ဆိုရက်ပါသနည်း”ဟု ပြောရှာလေ၏။ ခိုးသူသည် “ဤသို့ မပြုပါလင့်”ဟု အဖန်တလဲလဲ တောင်းပန်အပ်သော်လည်း “သတ်မည်သာလျှင် စင်စစ်”ဟု ပြောဆိုပြန်၏။ “ဤသို့ တန်ဆာတို့ကို အလိုရှိပါလျှင် ကျွန်မ၏သေခြင်းဖြင့် အရှင့်အား အဘယ်အကျိုးရှိပါအံ့နည်း၊ ဤတန်ဆာတို့ကိုယူ၍ ကျွန်မအသက် ချမ်းသာပေးပါ၊ ဤအခါမှစ၍ ဤအကောင်မကို သေလေပြီဟု မှတ်သားထားပါ၊ သို့တည်းမဟုတ် အရှင်၏ ကျေးကျွန်အဖြစ်ဖြင့် အမှုကြီးငယ်ကို ပြုလုပ်ကာ နေရပါစေ”ဟုဆို၍ ဤဂါထာကို ဆိုရှာလေ၏။

ဣမေ သုဝဏ္ဏကေယူရာ၊ သဗ္ဗေ ဝေဠုရိယာမယာ။
သဗ္ဗဉ္စ ဂဏှ ဘဒ္ဒန္တေ၊ မမံ ဒါသိံ စ သာဝယ။

သာမိ၊ အရှင့်သား။ တေ၊ အရှင့်သားအား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်ပါစေ။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဣမေ သုဝဏ္ဏကေယူရာ၊ ဤရွှေသားလက်ကောက်စသော တန်ဆာတို့သည်။ ဝေဠုရိယာမယာ၊ ကြောင်မျက်ရွဲဖြင့် ခြယ်စီအပ်ကုန်၏။ သဗ္ဗဉ္စ၊ အလုံးစုံသော တန်ဆာကိုလည်း။ ဂဏှ၊ ယူပါလော့။ မမံ စ၊ ကျွန်တော်မကိုလည်း။ ဒါသိံ၊ ကျေးကျွန်မ အစေခံဟူ၍။ သာဝယ၊ ပြောကြားပါလော့။

ထိုစကားကိုကြားလျှင် ခိုးသူက “ဤသို့ပြုသည်ရှိသော် သင်သည် ပြန်သွား၍ မိဘတို့အား ပြောကြားလတ္တံ့၊ သင့်ကို သတ်မည်သာလျှင် စင်စစ်တည်း၊ ပြင်းပြစွာ မငိုကြွေးလေလင့်”ဟု ဆို၍ ဤဂါထာကို ဆိုလေ၏။

မာ ဗာဠှံ ပရိဒေဝေသိ၊ ခိပ္ပံ ဗန္ဓာဟိ ဘဏ္ဍိကံ။
န တုယှံ ဇီဝိတံ အတ္ထိ၊ သဗ္ဗံ ဂဏှာမိ ဘဏ္ဍကံ။

ဗာလေ၊ ဟယ်အမိုက်မ။ ဗာဠှံ၊ ပြင်းပြစွာ။ မာ ပရိဒေဝေသိ၊ မငိုကြွေးလေလင့်။ ခိပ္ပံ၊ လျင်မြန်စွာ။ ဘဏ္ဍိကံ၊ တန်ဆာအထုပ်ကို။ ဗန္ဓာဟိ၊ ဖွဲ့ထုပ်လော့။ တုယှံ၊ သင့်အား။ ဝါ၊ သင့်အလို့ငှာ။ ဇီဝိတံ၊ အသက်သည်။ န အတ္ထိ၊ မရှိ။ သဗ္ဗံ၊ အလုံးစုံသော။ ဘဏ္ဍကံ၊ တန်ဆာကို။ ဂဏှာမိ၊ ငါယူအံ့။

ခိုးသူသေသဖြင့် နတ်သာဓုခေါ်ခြင်း

သူဌေးသမီးသည် “ဤအမှုကား အလွန်ဝန်လေးလှ၏တကား၊ ပညာမည်သည်ကို ချက်၍စားခြင်းငှာ ပြုအပ်သည်မဟုတ်၊ စင်စစ်မူကား ဆင်ခြင်သုံးသပ်ခြင်းငှာ ပြုအပ်၏၊ ထိုခိုးသူအား ပြုအပ်သောအမှုကို သိရပေတော့အံ့”ဟု ကြံလေ၏။ ထို့နောက်မှ ခိုးသူကို “အရှင့်သား- အကြင်အခါ အရှင့်ကို ခိုးသူဟု ဖမ်းလျက် ဆောင်ယူလာ၏၊ ထိုအခါ ကျွန်မသည် မိဘတို့အား ပြောကြားပါသည်။ မိဘတို့က ဥစ္စာတစ်ထောင်ကို စွန့်လွှတ်၍ အရှင့်ကိုလွှတ်ရန် စေခိုင်းပြီးလျှင် အိမ်၌နေရန် ပြုကြရပါသည်၊ ထိုအခါမှစ၍ ကျွန်မသည် အရှင့်အား ကျေးဇူးများသူတစ်ယောက် ဖြစ်ပါသည်၊ ယနေ့ ကျွန်မအား ကောင်းစွာမြင်ရအောင် ထင်ထင်ရှားရှားပြု၍ ကိုယ်ကိုရှိခိုးခြင်းငှာ ခွင့်ပေးစေချင်ပါသည်”ဟု ဆိုလေ၏။ ခိုးသူသည် “ချစ်နှမ- ကောင်းပြီ၊ ကောင်းစွာမြင်ရအောင် ထင်ထင်ရှားရှားပြု၍ ရှိခိုးလော့”ဟု တောင်၏အစွန်း၌ ရပ်နေလေ၏။ ထိုအခါ ခိုးသူကို သူဌေးသမီးသည် သုံးကြိမ် လက်ယာရစ် လှည့်လည်သည်ကိုပြု၍ လေးပါးသောအရပ်တို့၌ ရှိခိုးလျက် “အရှင့်သား- ဤယခုမြင်ရခြင်းသည် ကျွန်မ၏ နောက်ဆုံးဖြစ်သော မြင်ရခြင်းပါတည်း၊ ယခုအခါ အရှင့်အားလည်း ကျွန်မကို မြင်ရခြင်းသည် ရှိတော့မည်မဟုတ်ပါ၊ ကျွန်မအားလည်း အရှင့်ကိုမြင်ရခြင်းသည် ရှိတော့မည် မဟုတ်ပါ”ဟု ဆိုကာ ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း လည်ဖက်ပြီးလျှင် မေ့လျော့သည်ဖြစ်၍ တောင်စွန်း၌ရပ်နေသော ခိုးသူကို ကျောက်ကုန်း၏ နံပါးတစ်ဖက်၌ ရပ်တည်လျက် လက်တစ်ဖက်ဖြင့် ပခုံး၌ကိုင်၍ လက်တစ်ဖက်ဖြင့် ကျောက်ကုန်းနောက် ခါးတောင်းကျိုက်စွန်း၌ကိုင်၍ တောင်ခြေရင်းသို့ ပစ်ချလေ၏။ ထိုခိုးသူသည် တောင်ဝှမ်း၌ ထိခိုက်အပ်သဖြင့် အပိုင်းပိုင်းအတစ်တစ်ဖြစ်၍ မြေသို့ကျလေ၏။ “စောရပပါတ” တောင်ထိပ်၌ အမြဲစောင့်သော တောင်စောင့်နတ်သည် ထိုသူနှစ်ယောက်တို့၏ အမူအရာကိုမြင်ရသဖြင့် ထိုမိန်းမအား ကောင်းချီးပေး၍ ဤဂါထာကို ရွတ်ဆိုလေ၏။

န ဟိ သဗ္ဗေသု ဌာနေသု၊ ပုရိသော ဟောတိ ပဏ္ဍိတော။
ဣတ္ထီပိ ပဏ္ဍိတာ ဟောတိ၊ တတ္ထ တတ္ထ ဝိစက္ခဏာ။

ဘော၊ အိုအချင်းတို့။ သဗ္ဗေသု ဌာနေသု၊ အလုံးစုံသော အရာတို့၌။ ပုရိသော၊ ယောက်ျားသည်။ ပဏ္ဍိတော၊ ပညာရှိသည်။ န ဟောတိ၊ မဖြစ်။ ဣတ္ထီပိ၊ မိန်းမသည်လည်း။ တတ္ထ တတ္ထ၊ ထိုထိုအရာ၌။ ဝိစက္ခဏာ၊ ပညာအမြော်အမြင်နှင့် ပြည့်စုံသည်ဖြစ်၍။ ပဏ္ဍိတာ၊ ပညာရှိသည်။ ဟောတိ၊ ဖြစ်၏။

(ဘေးရန်လွတ်ကြောင်း ကောင်းသော ပညာအဆင်ခြင်ကိုသာ အာရုံပြု၍ ကောင်းချီးပေးလျှင် အပြစ်မရှိ၊ ခိုးသူအား သတ်ခြင်းကို နှစ်သက်၍ ကောင်းချီးပေးခဲ့လျှင် “ပြု, စေ, ဝမ်းမြောက်, ချီးမွမ်းလှောက်၊ လေးယောက်အပြစ်ရှိ”၌ ပါဝင်၏။)

လင်သတ်ပြီးနောက် ပရိဗိုဇ်မပြုခြင်း

ထိုသူဌေးသမီးသည်လည်း ခိုးသူကို ကမ်းပါးပြတ်၌ ပစ်ချပြီးလျှင် “ငါကား အိမ်သို့ အကယ်၍သွားသည်ဖြစ်အံ့၊ “သင်၏အရှင် လင်ယောက်ျားကား အဘယ်မှာနည်း”ဟု မေးကြကုန်လတ္တံ့၊ ငါ့ကိုမေးသည်ရှိသော် “ငါသတ်ပစ်ခဲ့ပြီ”ဟု အကယ်၍ ဆိုသည်ဖြစ်အံ့၊ “ဟယ် မိန်းမယုတ်- ဥစ္စာ တစ်ထောင်ပေး၍ ထိုယောက်ျားကို ဆောင်ယူစေပြီးလျှင် ယခုအခါ ထိုယောက်ျားကို သတ်လေဘိ၏တကား”ဟု ငါ့ကို နှုတ်သီးတည်းဟူသော လှံတို့ဖြင့် ထိုးကြကုန်လတ္တံ့၊ နာကြည်းအောင် ဆိုကုန်လတ္တံ့၊ “ထိုယောက်ျားသည် တန်ဆာအလို့ငှာ ငါ့ကို သတ်လိုသတတ်”ဟု ဆိုသော်လည်း မယုံကြည်ကြကုန်လတ္တံ့၊ ငါ့အား အိမ်သို့ပြန်ခြင်းဖြင့် အကျိုးမရှိ”ဟု ကြံစည်လျက် ထိုအရပ်၌သာလျှင် တန်ဆာတို့ကိုစွန့်ပယ်၍ တောသို့ဝင်ပြီးလျှင် အစဉ်သဖြင့် လှည့်လည်လတ်သည်ရှိသော် ပရိဗိုဇ်မတို့၏ နေရာသင်္ခမ်းတစ်ခုသို့ ရောက်သွားသဖြင့် “အရှင်မတို့- အကျွန်ုပ်အား အရှင်မတို့၏အထံ၌ ရဟန်းအဖြစ်ကို ပေးကြပါလော့”ဟု ပြောဆိုလေ၏။ ထိုအခါ သူဌေးသမီးကို ရဟန်းပြုပေးကြကုန်၏။ သူဌေးသမီးသည် ရဟန်းပြုပြီး၍သာလျှင် “အရှင်မတို့- အရှင်မတို့၏ရဟန်းအဖြစ်၌ မြတ်သောအကျင့်ကား အဘယ်ပါနည်း”ဟု မေးသည်ရှိသော် “ညီမ- ဆယ်ပါးသော ကသိုဏ်းတို့၌ ပရိကံပြု၍ ဈာန်ကိုမူလည်း ဖြစ်စေအပ်၏၊ အယူဝါဒ တစ်ထောင်ကိုမူလည်း သင်ယူအပ်၏၊ ဤသည်လျှင် ငါတို့၏ ရဟန်းအဖြစ်၌ မြတ်သောအကျိုးတည်း”ဟု ဆိုကြကုန်၏။ “အရှင်မတို့- ဈာန်ကို ရှေးဦးစွာ ဖြစ်ခြင်းငှာ အကျွန်ုပ်သည် မတတ်နိုင်သေးလတ္တံ့၊ အယူဝါဒ တစ်ထောင်ကိုကား သင်ယူနိုင်ပါလတ္တံ့”ဟု ဆိုလတ်သော်-

သပြေခက်ဖြင့် ဝါဒချင်းယှဉ်ပြိုင်ရန် စိန်ခေါ်

ထိုအခါ သူဌေးသမီးကို ဝါဒတစ်ထောင်ကို သင်ယူစေ၍ “သင်သည် အတတ်ပညာ သင်ယူအပ်ပြီ၊ ယခုအခါ သင်သည် ဇမ္ဗူဒီပါကျွန်းအပြင်၌ လှည့်လည်သွားလာ၍ မိမိနှင့်တကွ ပြဿနာကို ဖြေဆိုခြင်းငှာ စွမ်းနိုင်သောသူတို့ကို ကြည့်ရှုရှာဖွေလေတော့”ဟု ဆိုပြီးလျှင် သူဌေးသမီး ပရိဗိုဇ်မ၏လက်၌ ဇမ္ဗုသပြေခက်ကိုပေး၍ “ညီမ- သွားချေ၊ လူဖြစ်သောသူသည် သင်နှင့်အတူတကွ ပြဿနာကိုဖြေဆိုခြင်းငှာ အကယ်၍ တတ်နိုင်သည်ဖြစ်အံ့၊ ထိုသူ၏ ခြေရင်းအလုပ်အကျွေး ဖြစ်လေလော့၊ ရဟန်းသည် အကယ်၍ တတ်နိုင်သည်ဖြစ်အံ့၊ ထိုရဟန်း၏အထံ၌ ရဟန်းပြုလေလော့”ဟု ဆို၍ လွှတ်လိုက်ကြလေကုန်၏။ ထိုသူဌေးသမီးသည်လည်း အမည်အားဖြင့် “ဇမ္ဗုပရိဗိုဇ်မ” အမည်တွင်သည်ဖြစ်၍ ထိုအာရာမ်မှ ထွက်ခဲ့ပြီးလျှင် မြင်တိုင်းသော သူတို့ကို ပြဿနာမေးလျက် လှည့်လည် သွားလာလေ၏။ ထိုပရိဗိုဇ်မနှင့် အတူတကွ ပြောဆိုခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိ။ “ဤအရပ်သို့ ဇမ္ဗုပရိဗိုဇ်မသည် ရောက်လာ၏”ဟူသော စကားကိုကြားလျှင် လူတို့သည် ထွက်ပြေးကြကုန်၏။ ထိုပရိဗိုဇ်မသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းအလို့ငှာ ဝင်သည်ရှိသော် ရွာတံခါး၌ သဲပုံအစုပြုသဖြင့် ထိုသဲပုံအစု၌သာလျှင် ဇမ္ဗုသပြေခက်ကို စိုက်ထားပြီးလျှင် “ငါနှင့်အတူတကွ ပြောဆိုခြင်းငှာ စွမ်းနိုင်သောသူသည် ဤဇမ္ဗုသပြေခက်ကို နင်းနယ်ဖျက်ဆီးစေသတည်း”ဟု ဆို၍ ရွာသို့ဝင်လေ့ရှိ၏။ ထိုအရပ်သို့ ချဉ်းကပ်ခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိ။ သူဌေးသမီး ပရိဗိုဇ်မသည်လည်း သပြေခက်တစ်ခု ညှိုးသည်ရှိသော် တစ်ပါးသော သပြေခက်တစ်ခုကိုယူ၍ ဤသို့သောနည်းဖြင့် လှည့်လည်လတ်သည်ရှိသော် သဝတ္ထိပြည်သို့ရောက်သဖြင့် တံခါး၌ သပြေခက်ကိုထား၍ ဆိုအပ်ပြီးသောနည်းဖြင့်သာလျှင် ဆိုလျက် ဆွမ်းအလို့ငှာဝင်လေ၏။ များစွာကုန်သော ရွာသူသားငယ်တို့သည် ဇမ္ဗုသပြေခက်ကိုခြံရံကာ နေကြလေကုန်၏။

အရှင်သာရိပုတြာနှင့် ဝါဒပြိုင်

ထိုအခါ အရှင်သာရိပုတြာမထေရ်သည် ဆွမ်းအလို့ငှာ လှည့်လည်ရင်း ဆွမ်းဘုဉ်းပေးပြီးသည်ရှိသော် မြို့မှထွက်လာရာ ထိုသူငယ်တို့ ဇမ္ဗုသပြေခက်ကို ခြံရံကာ နေကြသည်တို့ကို မြင်ရလျှင် “ဤသည်ကား အဘယ်နည်း”ဟု မေးလေ၏။ ထိုသူငယ်တို့သည် မထေရ်အား ထိုအကြောင်းကို လျှောက်ကြားကြကုန်၏။ “သူငယ်တို့- ထိုသို့ဖြစ်မူ ဤသပြေခက်ကို နင်းနယ်ဖျက်ဆီးကြကုန်လော့”ဟု မိန့်တော်မူလျှင် “အရှင်ဘုရား- ကြောက်လှပါသည်ဘုရား”ဟု လျှောက်ကြားကြကုန်၏။ “ငါသည် ပြဿနာကို ဖြေဆိုအံ့၊ သင်တို့သည် မကြောက်မရွံ့ နင်းနယ် ဖျက်ဆီးကြကုန်လော့”ဟု မိန့်တော်မူလျှင် သူငယ်တို့သည် မထေရ်မြတ်၏ စကားတော်ဖြင့် ဖြစ်သော အားထုတ်ခြင်း ရှိကုန်သည်ဖြစ်၍ ထိုအရှင်သာရိပုတြာမထေရ် မိန့်တော်မူတိုင်း နင်းနယ်ဖျက်ဆီးလျက် ဇမ္ဗုသပြေခက်ကို နုတ်ပစ်မြှောက်လွှင့်ကြလေကုန်၏။ ပရိဗိုဇ်မသည်လည်း လာလတ်၍ သူငယ်တို့ကို ရေရွတ်မောင်းမဲပြီးလျှင် “သင်တို့နှင့်တကွ ငါ့အား ပြဿနာဖြင့်ပြောဆိုရန် ကိစ္စမရှိ၊ အဘယ့်ကြောင့် ငါ၏သပြေခက်ကို နင်းနယ်ဖျက်ဆီးဘိသနည်း’ဟု ဆိုလေ၏။ “အရှင်သာရိပုတြာမထေရ်သည် အကျွန်ုပ်တို့ကို နင်းနယ်ဖျက်ဆီးစေအပ်ကုန်၏”ဟု ဆိုလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့သည် သပြေခက်ကို ဖျက်ဆီးစေအပ်ပါသလော”ဟု မေးလေ၏။ “နှမ ပရိဗိုဇ်မ- ဖျက်ဆီးစေသည် မှန်၏”ဟု မိန့်တော်မူလျှင် “ထိုသို့ဖြစ်မှု အကျွန်ုပ်နှင့်တကွ ပြဿနာကို ဖြေတော်မူကြပါလော့”ဟု လျှောက်ဆိုလေ၏။

“ဧကံ နာမ ကိံ”ဟူသော ပြဿနာကို မဖြေနိုင်

“ကောင်းပြီ၊ ဖြေဆိုရပေအံ့ဟု မိန့်တော်မူလတ်သော် ထိုပရိဗိုဇ်မသည် နေမွန်းယိမ်းသောအခါ ပြဿနာမေးခြင်းငှာ အရှင်သာရိပုတြာအထံသို့ သွားလေ၏။ သာဝတ္ထိတစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်၍ ချောက်ချားလေ၏။ “ပညာရှိနှစ်ဦးတို့စကားကို နားထောင်ကြကုန်စို့”ဟု မြို့သူမြို့သားတို့သည် ပရိဗိုဇ်မနှင့်အတူသာလျှင် လိုက်သွား၍ မထေရ်ကိုရှိခိုးလျက် တင့်အပ်လျောက်ပတ်သောအရပ်၌ နေကြလေကုန်၏။ ပရိဗိုဇ်မသည် မထေရ်ကို “အရှင်ဘုရား- ပြဿနာကို မေးပါတော့မည်”ဟု လျှောက်ဆိုလေ၏။ “နှမ- မေးတော့”ဟုဆိုလျှင် ပရိဗိုဇ်မသည် ဝါဒတစ်ထောင်ကို မေးလေ၏။ မေးတိုင်းမေးတိုင်း ပြဿနာကို အရှင်သာရိပုတြာမထေရ် ဖြေဆိုလေ၏။ ထိုအခါ ပရိဗိုဇ်မကို မထေရ်သည် “သင်၏ အမေးပုစ္ဆာပြဿနာသည် ဤမျှပင်လော၊ တစ်ပါးသော ပြဿနာတို့သည်လည်း ရှိလေသေးသလော”ဟု မိန့်တော်မူ၏။ “အရှင်ဘုရား- ဤတစ်ထောင်မျှသာ ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားလျှင် “သင်ကား များစွာသော ပြဿနာတို့ကို မေးအပ်ကုန်ပြီ၊ ငါတို့လည်း တစ်ခုသော ပြဿနာကို မေးကုန်ဦးအံ့၊ ငါတို့၏ ပြဿနာကို သင်ဖြေဆိုလတ္တံ့လော”ဟု မိန့်တော်မူ၏။ “အရှင်ဘုရား- ယခုအခါ သိလျှင်ဖြေဆိုပါမည်၊ မေးတော်မူကြပါလော့”ဟု လျှောက်သဖြင့် မထေရ်သည် “ဧကံနာမ ကိံ။ ဧကံနာမ၊ တစ်ခုမည်သည်။ ကိံ၊ အဘယ်နည်း”ဟု ပြဿနာ မေးတော်မူလေ၏။ ပရိဗိုဇ်မသည် “ဤပြဿနာကို ဤသို့ ဖြေဆိုအပ်သည်မည်၏”ဟု မသိရကား “အရှင်ဘုရား- ဤကား အဘယ်မည်သောပြဿနာ ဖြစ်ပါသနည်းဘုရား”ဟု ပြန်မေးလျှင် “နှမ- ဘုရားရှင်၏ ပြဿနာမည်၏”ဟု မိန့်တော်မူလေ၏။

(အဖြေကား-- သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာ။ သဗ္ဗေ၊ အလုံးစုံကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ (ဥပစာ) သတ္တာ၊ ခန္ဓာငါးပါးတို့သည်။ (မုချလိုရင်း) အာဟာရဋ္ဌိတိကာ၊ အကြောင်းတရားကြောင့် တည်တံ့ကုန်၏။)

ဘိက္ခုနီမပြု၍ ရဟန္တာဖြစ်

“အရှင်ဘုရား- ထိုပြဿနာကို တပည့်တော်မအားလည်း ပေးသနားတော်မူကြပါဘုရား”ဟု လျှောက်ကြားသဖြင့် “ငါနှင့်တူသောသူသည် အကယ်၍ဖြစ်အံ့၊ ပေးသနားပေအံ့”ဟု မိန့်ဆိုတော်မူ၏။ “ထိုသို့ဖြစ်မူ တပည့်တော်မကို ရဟန်းပြုပေးတော်မူကြပါဘုရား”ဟု လျှောက်ကြားပြန်သဖြင့် အရှင်သာရိပုတြာမထေရ်သည် ရဟန်းမိန်းမတို့အား အကြောင်းပြောကြား၍ ရဟန်းပြုပေးစေလေ၏။ “ဇမ္ဗု”မည်သော ပရိဗိုဇ်မသည် ဘိက္ခုနီအဖြစ်သို့ ရလတ်သည်ရှိသော် “ကုဏ္ဍလကေသီထေရီမ” အမည်ရှိသည်ဖြစ်၍ နှစ်ရက်သုံးရက် လွန်သဖြင့်သာလျှင် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာမအဖြစ်သို့ ရောက်လေ၏။

ရဟန်းတို့သည်လည်း တရားသဘင်၌ “ကုဏ္ဍလကေသီထေရီမအား တရားနာရခြင်းသည် များစွာလည်း မရှိဘဲလျက် ရဟန်းကိစ္စ အပြီးသို့ ရောက်လေ၏။ ခိုးသူတစ်ယောက်နှင့် အတူတကွ ကြီးစွာသော စစ်ထိုးခြင်းကို ပြုရသဖြင့် အနိုင်ရပြီးမှ လာခဲ့လေသတတ်”ဟူသော စကားကို ပြောကြားကြကုန်၏။ ဘုရားရှင်သည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ငါဘုရား ဟောကြားအပ်သောတရားကို နည်းသည်ဟူ၍လည်းကောင်း၊ များသည်ဟူ၍လည်းကောင်း အတိုင်းအရှည်ကို မမှတ်ယူကြကုန်လင့်၊ အကျိုးမဲ့နှင့် စပ်သည်ရှိသော် အရာသောပုဒ်သည်လည်း မြတ်သည်မဟုတ်၊ အကျိုးပြီးခြင်းရှိသောပုဒ်သည် တစ်ပုဒ်တည်းသော်လည်း မြတ်သည်သာတည်း။ ကြွင်းသော ခိုးသူပကတိတို့ကို အနိုင်ရသောသူအားသော်လည်း အောင်ခြင်းမည်သည် မဖြစ်၊ ကိုယ်တွင်းရှိ အဇ္ဈတ္တိကခိုးသူတို့ကို အနိုင်ရသောသူအားသာလျှင် အောင်ခြင်းမည်သည် ဖြစ်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေကိုစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာတို့ကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၀၂] ယော စ ဂါထာသတံ ဘာသေ၊ အနတ္ထပဒသဉှိတံ။
ဧကံ ဓမ္မပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။
֍ * [၁၀၃] ယော သဟဿံ သဟဿေန၊ သင်္ဂါမေ မာနုသေ ဇိနေ။
ဧကဉ္စ ဇေယျမတ္တာနံ၊ သ ဝေ သင်္ဂါမဇုတ္တမော။

ယော စ၊ အကြင်ပုဂ္ဂိုလ်သည်လည်း။ အနတ္ထပဒသဉှိတံ၊ အကျိုးမဲ့ကိုပြတတ်သော ပုဒ်နှင့်ယှဉ်သော။ ဂါထာသတံ၊ အရာမျှလောက်သော ဂါထာကို။ ဘာသေ၊ ဆိုရာ၏။ တဿ၊ ထိုသူ၏။ သာ၊ ထိုဂါထာသည်။ န သေယျော၊ မမြတ်။ ယံ ဓမ္မပဒံ၊ အကြင်အကျိုးကို ပြီးစေတတ်သော တရားစကားပုဒ်ကို။ သုတွာ၊ ကြားနာရ၍။ ဥပသမ္မတိ၊ ရာဂစသည် ငြိမ်း၏။ ဧတံ ဓမ္မပဒံ၊ ထိုအကျိုးကို ပြီးစေတတ်သော တရားစကားပုဒ်သည်။ ဧကံပိ၊ တစ်ပုဒ်တည်းပင် ဖြစ်သော်လည်း။ သေယျော၊ မြတ်၏။

ယော၊ အကြင်စစ်သူရဲသည်။ သဟဿေန၊ တစ်ထောင်ဖြင့်။ ဂုဏိတံ၊ မြှောက်အပ်သော။ သဟဿံ၊ တစ်ထောင်သော။ မာနုသေ၊ လူတစ်သန်းတို့ကို။ သင်္ဂါမေ၊ စစ်ထိုးရာမြေ၌။ ဇိနေ၊ အောင်ရာ၏။ အယံ၊ ဤလူတစ်သန်း အောင်သောသူသည်။ ဥတ္တမော၊ စစ်မြေပြင် အောင်သူတကာတို့ထက် မြတ်သည်။ ဟောတိ၊ ဖြစ်၏။ ယော ပန၊ အကြင် ယောဂါဝစရ ပုဂ္ဂိုလ်သည်ကား။ ဧကဉ္စ၊ တစ်ခုတည်းသာဖြစ်သော။ အတ္တာနံ၊ မိမိကိုယ်ကို။ ဇေယျ၊ အောင်ရာ၏ ။ သော၊ ထိုတစ်ကိုယ်တည်းအောင်သော ပုဂ္ဂိုလ်သည်။ ဝေ၊ စင်စစ်။ သင်္ဂါမဇုတ္တမော၊ စစ်မြေပြင်၌ အောင်သူတကာတို့ထက် အထူးသဖြင့်မြတ်သော စစ်ဗိုလ်ချုပ်သည်။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ကုဏ္ဍလကေသီထေရီမဝတ္ထုပြီး၏။

֍ * ၄။ အနတ္ထပုစ္ဆကပုဏ္ဏား ဝတ္ထု

အတ္တာ ဟဝေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အနတ္ထပုစ္ဆကမည်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ထိုပုဏ္ဏားကား “အသို့နည်း၊ သဗ္ဗညု မြတ်စွာဘုရားသည် အကျိုးစီးပွားကိုသာလျှင် သိလေသလော၊ သို့တည်းမဟုတ် အကျိုးစီးပွားမဲ့ကိုလည်း သိလေသလော၊ ဤသို့သောအကြောင်းကို ထိုသဗ္ဗညု မြတ်စွာဘုရားကို မေးလျှောက်အံ့”ဟု ဘုရားရှင်သို့ ချဉ်းကပ်၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားတို့သည် အကျိုးစီးပွားကိုသာလျှင် သိတော်မူကြကုန်၏၊ အကျိုးစီးပွားမဲ့ကို သိတော်မမူကြဟူ၍ ထင်မြင်အောက်မေ့ပါသည်ဘုရား”ဟု မေးမြန်းလျှောက်ကြားလေသတတ်။ “ပုဏ္ဏားကြီး- ငါဘုရားသည် အကျိုးစီးပွားကိုလည်း သိ၏၊ အကျိုးစီးပွားမဲ့ကိုလည်း သိ၏”ဟု မိန့်ဆိုတော်မူလတ်သော် “ထိုသို့ဖြစ်မူ တပည့်တော်အား အကျိုးစီးပွားမဲ့ကို ဟောတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ ပုဏ္ဏားကြီးအား မြတ်စွာဘုရားသည် ဤဂါထာကို ဟောကြားတော်မူလေ၏။

အကျိုးစီးပွားမဲ့စေသော တရား (၆) ပါး

ဥဿူရသေယျံ အာလသျံ၊ စဏ္ဍိက္ကံ ဒီဃသောဏ္ဍိယံ။
ဧကဿဒ္ဓါနဂမနံ၊ ပရဒါရူပသေဝနံ။
ဧတံ ဗြာဟ္မဏ သေဝဿု၊ အနတ္ထံ တေ ဘဝိဿတိ။

ဗြာဟ္မဏ၊ ပုဏ္ဏားကြီး။ ဥဿူရသေယျံ၊ နေထွက်အောင်အိပ်ခြင်းသည်လည်းကောင်း။ အာလသျံ၊ ပျင်းရိခြင်းသည်လည်းကောင်း။ စဏ္ဍိက္ကံ၊ ကြမ်းကြုတ် ခက်ထန်ခြင်းသည်လည်းကောင်း။ ဒီဃသောဏ္ဍိယံ၊ အရှည်သေသောက်ကြူးခြင်းသည်လည်းကောင်း။ ဧကဿ၊ တစ်ယောက်အထီးတည်း။ အဒ္ဓါနဂမနံ၊ အဓွန့်ရှည်သောခရီးသို့ သွားခြင်းသည်လည်းကောင်း။ ပရဒါရူပသေဝနံ၊ သူတစ်ပါး၏မယားကို မှီဝဲခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဗြာဟ္မဏ၊ ပုဏ္ဏားကြီး။ တွံ၊ သင်သည်။ ဧတံ၊ ဤခြောက်ပါးသောတရားကို။ သေဝဿု၊ မှီဝဲကြိုးပမ်း အားထုတ်စမ်းလော့။ တေ၊ သင့်အား။ အနတ္ထံ၊ အကျိုးစီးပွားမဲ့သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

ထိုစကားကိုကြားရလျှင် ပုဏ္ဏားကြီးသည် “ဂိုဏ်းဆရာကြီး ဖြစ်တော်မူသော မြတ်စွာဘုရား- ဂိုဏ်းတို့၏ အကြီးအမြတ်ဆုံးဖြစ်တော်မူသော မြတ်စွာဘုရား- ကောင်းလေစွ, ကောင်းလေစွ, ရှင်တော်မြတ်ဘုရားတို့ကား အကျိုးစီးပွားကိုလည်း သိတော်မူကုန်စွတကား၊ အကျိုးစီးပွားမဲ့ကိုလည်း သိတော်မူကုန်စွတကား”ဟု ကောင်းချီးပေးလေ၏။ “ပုဏ္ဏားကြီး- ဤသို့လျှင် ငါဘုရားနှင့်တူသော အကျိုးရှိ,အကျိုးမဲ့ကို သိတတ်သောသူမည်သည် မရှိ”ဟု မိန့်တော်မူပြီးလျှင် ထိုအခါ မြတ်စွာဘုရားသည် ပုဏ္ဏားကြီး၏ အလိုအဇ္ဈာသယကို စူးစမ်းဆင်ခြင်တော်မူ၍ “ပုဏ္ဏားကြီး- အဘယ်အမှုဖြင့် အသက်မွေးသနည်း”ဟု မေးသဖြင့် “ရှင်ကြီးဂေါတမ ကြွေအန်ကစားသောအမှုဖြင့် အသက်မွေးပါသည်ဘုရား”ဟု လျှောက်ထားလတ်သော် “သင့်အား အသို့နည်း၊ နိုင်ခြင်းဖြစ်သလော၊ သို့တည်းမဟုတ် ရှုံးခြင်းဖြစ်သလော”ဟု မေးတော်မူပြန်၏၊ “နိုင်ခြင်းလည်း ဖြစ်ပါသည်။ ရှုံးခြင်းလည်း ဖြစ်ပါသည်ဘုရား”ဟု လျှောက်ပြန်လတ်သော် “ပုဏ္ဏားကြီး- ဤနိုင်ခြင်းသည် အနည်းငယ်သာတည်း။ သူတစ်ပါးကို နိုင်သောသူ၏ အောင်ခြင်းမည်သည် မမြတ်၊ အကြင်သူသည်ကား ကိလေသာကို နိုင်ခြင်းဖြင့် မိမိကိုယ်ကို အောင်၏၊ ထိုသူ၏ အောင်ခြင်းသည်သာ မြတ်၏၊ ထိုမိမိကိုယ်ကို အောင်သောသူကို တစ်စုံတစ်ယောက်သောသူသည် ရှုံးအောင်ပြုခြင်းငှာ မတတ်နိုင်သည်သာတည်း”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောတော်မူလိုရကား ဤဂါထာတို့ကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၀၄] အတ္တာ ဟဝေ ဇိတံ သေယျော၊ ယာ စာယံ ဣတရာ ပဇာ။
အတ္တဒန္တဿ ပေါသဿ၊ နိစ္စံ သညတစာရိနော။
֍ * [၁၀၅] နေဝ ဒေဝေါ န ဂန္ဓဗ္ဗော၊ န မာရော သဟဗြဟ္မုနာ။
ဇိတံ အပဇိတံ ကယိရာ၊ တထာရူပဿ ဇန္တုနော။

အတ္တဒန္တဿ၊ မိမိကိုယ်ကို ဆုံးမပြီးသော။ နိစ္စံ၊ အမြဲ။ သညတစာရိနော၊ ကိုယ်နှုတ်နှလုံးသုံးပါးကို စောင့်စည်းသော အကျင့်ရှိသော။ တထာရူပဿ၊ ထိုသို့ သဘောရှိသော။ ဇန္တုနော၊ သတ္တဝါဟုဆိုအပ်သော။ ပေါသဿ၊ ယောက်ျားတစ်ယောက် ဆိုစလောက်သောသူ၏။ ဇိတံ၊ အောင်ခြင်း,နိုင်ခြင်းကို။ အပဇိတံ၊ ရှုံးအောင်။ ဒေဝေါ ဝါ၊ နတ်သည်လည်း။ နေဝ ကယိရာ၊ မပြုနိုင်ရာ။ ဂန္ဓဗ္ဗော ဝါ၊ ဂန္ဓဗ္ဗနတ်သည်လည်း။ န ကယိရာ၊ မပြုနိုင်ရာ။ ဗြဟ္မုနာ၊ ဗြဟ္မာမင်းနှင့်။ သဟ၊ တကွ။ မာရော ဝါ၊ မာရ်နတ်သည်လည်း။ န ကယိရာ၊ မပြုနိုင်ရာ။ တသ္မာ၊ ထို့ကြောင့်။ တဿ၊ ထိုယောက်ျားကြီး၏။ ဇိတံ-ဇိတော၊ ကိလေသာကို အောင်ခြင်းဖြင့် အောင်ပြီးသော။ အတ္တာ၊ ကိုယ်သည်။ ဟဝေ၊ စင်စစ်။ သေယျော၊ မြတ်၏။ ဣတရာ၊ ဤမှတစ်ပါး ကြွေအန်,စစ်တိုက် စသည်ဖြင့် အောင်နိုင်သော။ ယာ စ အယံ ပဇာ၊ အကြင်သတ္တဝါအပေါင်းသည်။ အတ္ထိ၊ ရှိ၏။ တဿာ ပဇာယ၊ ထိုသတ္တဝါအပေါင်း၏။ ဇိတံ-ဇိတော၊ ကစားပွဲစသည် အောင်ခြင်းဖြင့်အောင်သော။ အတ္တာ၊ ကိုယ်သည်။ န သေယျော၊ မမြတ်။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အနတ္ထပုစ္ဆကပုဏ္ဏားဝတ္ထုပြီး၏။

h၅ ။ အရှင်သာရိပုတြာ၏ ဦးရီးပုဏ္ဏားကြီးဝတ္ထု

မာသေ မာသေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်သာရိပုတြာမထေရ်၏ ဦးရီးဖြစ်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဗြဟ္မာပြည်တောင့်တ၍ တက္ကတွန်းအားလှူခြင်း

အရှင်သာရိပုတြာမထေရ်သည် ထိုဦးရီးဖြစ်သော ပုဏ္ဏား၏အထံသို့သွား၍ “ပုဏ္ဏားကြီး- အသို့နည်း၊ တစ်စုံတစ်ခုသာလျှင်ဖြစ်သော ကုသိုလ်ကောင်းမှု ပြုဘိ၏လော”ဟု မေးသတတ်။ “အရှင်ဘုရား- ပြုပါ၏ဘုရား”ဟု လျှောက်ဆိုလျှင် “အဘယ်ကောင်းမှု ပြုသနည်း”ဟု မေးတော်မူ၏။ လတိုင်းလတိုင်း တစ်ထောင်သောဥစ္စာကို စွန့်ကြဲသဖြင့် အလှူကို ပေးလှူပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် “အဘယ်သူအား ပေးသနည်း”ဟု မေးပြန်လေ၏။ “အရှင်ဘုရား- တက္ကတွန်းတို့အား ပေးပါသည်ဘုရား”ဟု လျှောက်ကြာလတ်သော် “အဘယ်အကျိုးကိုတောင့်တ၍ ပေးလှူပါသနည်း”ဟု မေးပြန်လေ၏။ “အရှင်ဘုရား- ဗြဟ္မာပြည်ကိုတောင့်တ၍ ပေးပါသည်ဘုရား”ဟု လျှောက်ကြာလတ်သော် “ပုဏ္ဏားကြီး- အသို့နည်း၊ ဤသို့ ပေးလှူခြင်းသည် ဗြဟ္မာပြည်သို့ ရောက်ခြင်း၏အကြောင်းလော”ဟု မေးပြန်လေ၏။ “အရှင်ဘုရား- ဗြဟ္မာပြည်သို့ ရောက်ကြောင်း မှန်ပါသည်ဘုရား”ဟု လျှောက်ကြာလတ်သော် “အဘယ်သူသည် ဤသို့ ဟောပြောသနည်း”ဟု မေးတော်မူပြန်၏။

“အရှင်ဘုရား- တပည့်တော်၏ ဆရာတို့သည် ဟောပြောအပ်ပါသည်ဘုရား”ဟု လျှောက်ကြားပြန်သော် “သင်သည်လည်း ဗြဟ္မာပြည်သို့ ရောက်ကြောင်းကို မသိ၊ သင့်ဆရာတို့သည်လည်း မသိကြကုန်၊ တစ်ဦးတည်းသော မြတ်စွာဘုရားသည်သာလျှင် သိ၏၊ ပုဏ္ဏားကြီး- လာလော့၊ သင့်အား ဗြဟ္မာပြည်သို့ရောက်ကြောင်းကို ဟောကြားစေအံ့”ဟု မိန့်ဆိုတော်မူပြီးလျှင် ထိုပုဏ္ဏားကိုခေါ်ကာ မြတ်စွာဘုရား၏ အထံတော်သို့ ဆောင်ယူသွား၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤပုဏ္ဏားကြီးသည် ဤသို့ဆိုပါသည်ဘုရား”ဟု ထိုအကြောင်းကို လျှောက်ကြား၍ “တောင်းပန်ပါ၏ မြတ်စွာဘုရား၊ ထိုပုဏ္ဏားကြီးအား ဗြဟ္မာပြည်သို့ရောက်ကြောင်းကို ဟောကြားတော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည် “ပုဏ္ဏားကြီး- ဤသို့ သာရိပုတြာမထေရ် လျှောက်ကြားသောအတိုင်း ဟုတ်မှန်သလော”ဟု မေးတော်မူခြင်းကြောင့် “အိုရှင်ကြီးဂေါတမ- ဟုတ်မှန်ပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ပုဏ္ဏားကြီး- သင်သည် ဤသို့ပေးလှူသဖြင့် အနှစ်တစ်ရာပတ်လုံး ပေးလှူအပ်သော အလှူထက်လည်း တစ်ခဏမျှ ကြည်ညိုသောစိတ်ဖြင့် ငါ၏တပည့် ရဟန်းသံဃာအား ဖူးမြင်ရခြင်းသည်လည်းကောင်း၊ တစ်ယောက်မမျှသောဆွမ်းကို လှူဒါန်းရခြင်းသည်လည်းကောင်း လွန်စွာ အကျိုးကြီးမြတ်လှ၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၀၆] မာသေ မာသေ သဟဿေန၊ ယော ယဇေထ သတံ သမံ။
ဧကဉ္စ ဘာဝိတတ္တာနံ၊ မုဟုတ္တမပိ ပူဇယေ။
သာယေဝ ပူဇနာ သေယျော၊ ယဉ္စေ ဝဿသတံ ဟုတံ။

ယော၊ အကြင်သူသည်။ သတံ၊ တစ်ရာသော။ သမံ၊ နှစ်ပတ်လုံး။ ဝါ- သတံသမံ၊ အနှစ်တစ်ရာ ကာလပတ်လုံး။ မာသေ မာသေ၊ လတိုင်း,လတိုင်း။ သဟဿေန၊ တစ်ထောင်သော ဥစ္စာကိုစွန့်သဖြင့်။ ယဇေထ၊ ပုဂ္ဂိုလ်သာမန်အား လှူဒါန်းပူဇော်ရာ၏။ ယော စ၊ အကြင်သူသည်လည်း။ ဘာဝိတတ္တာနံ၊ ဝိပဿနာဂုဏ် လွှမ်းထုံပွားစီး စိတ်သဘောကြီးသော။ ဧကဉ္စ၊ တစ်ယောက်တည်းသော အရိယာပုဂ္ဂိုလ်ကိုလည်း။ မုဟုတ္တမပိ၊ တစ်ခဏမျှလည်း။ ပူဇယေ၊ လှူဒါန်းပူဇော်ရာ၏။ တေသံ၊ ထိုနှစ်ယောက်သော သူတို့၏။ ပူဇနာသု၊ ပူဇော်ခြင်းတို့တွင်။ သာယေဝ ပူဇနာ၊ ထိုအရိယာပုဂ္ဂိုလ်အား တစ်ခဏမျှ လှူဒါန်းပူဇော်ခြင်းသည်သာလျှင်။ သေယျော၊ မြတ်၏။ ဝဿသတံ၊ အနှစ်တစ်ရာပတ်လုံး။ ဟုတံ၊ ပုဂ္ဂိုလ်သာမန်အား လှူဒါန်းပူဇော်ခြင်းသည်။ ယဉ္စေ သေယျာ၊ မမြတ်။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ပုဏ္ဏားကြီးသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ပုဏ္ဏားကြီးမှတစ်ပါး များစွာသော သူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အရှင်သာရိပုတြာ၏ ဦးရီးပုဏ္ဏားကြီးဝတ္ထု ပြီး၏။

֍ * ၆။ အရှင်သာရိပုတြာ၏တူ ဝတ္ထု

ယော စ ဝဿသတံ ဇန္တုအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်သာရိပုတြာမထေရ်၏ တူဖြစ်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဗြဟ္မာပြည်တောင့်တ၍ သားကောင်ဖြင့် မီးပူဇော်ခြင်း

အရှင်သာရိပုတြာမထေရ်သည် ထိုတူဖြစ်သော ပုဏ္ဏားသို့လည်း ချဉ်းကပ်၍ “အမောင်ပုဏ္ဏား- ကုသိုလ်ကောင်းမှုပြုဘိ၏လော”ဟု မိန့်ဆိုတော်မူလေ၏။ “အရှင်ဘုရား- ပြုရပါ၏ဘုရား”ဟု လျှောက်ကြားလျှင် “အဘယ်ကောင်းမှုကို ပြုသနည်း”ဟု မေးတော်မူပြန်၏။ “လတိုင်းလတိုင်း တစ်ကောင်, တစ်ကောင်သော သားကောင်ကိုသတ်၍ မီးကိုလုပ်ကျွေးရပါသည်ဘုရား”ဟု လျှောက်ကြာလတ်သော် “ဘယ်အကျိုးငှာ ဤသို့ပြုဘိသနည်း”ဟု မေးတော်မူပြန်၏။ “ဤမီးကို လုပ်ကျွေးခြင်းသည် ဗြဟ္မာပြည်သို့ ရောက်ကြောင်း ဖြစ်ပါသတတ်ဘုရား”ဟု လျှောက်ပြန်လတ်သော် “အဘယ်သူသည် ဤသို့ပြောဟောသနည်း”ဟု မေးတော်မူပြန်၏။ “အရှင်ဘုရား- ဆရာတို့သည် ဟောပြောအပ်ပါသည်ဘုရား”ဟု လျှောက်ကြားပြန်သော် “သင်သည် ဗြဟ္မာပြည်သို့ရောက်ကြောင်းကို မသိ၊ သင်၏ဆရာတို့သည်လည်း မသိကြကုန်၊ လာလှည့်၊ မြတ်စွာဘုရား၏ အထံတော်သို့ သွားကြကုန်အံ့”ဟု ထိုတူဖြစ်သောပုဏ္ဏားကို မြတ်စွာဘုရားအထံသို့ ဆောင်ယူသွား၍ ထိုအကြောင်းကို ပြောကြားလျှောက်ထားပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤပုဏ္ဏားအား ဗြဟ္မာပြည်သို့ရောက်ကြောင်းကို ဟောကြားတော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည်လည်း “ဤအတိုင်း မှန်သလော”ဟု မိန့်တော်မူခြင်းကြောင့် “အိုရှင်ကြီးဂေါတမ- ဤအတိုင်း မှန်ပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ပုဏ္ဏား- အနှစ်တစ်ရာ ကာလပတ်လုံးလည်း ဤသို့ မီးကိုလုပ်ကျွေးသောသူ၏ မီးကိုလုပ်ကျွေးခြင်းသည် ငါ၏တပည့် ရဟန်းသံဃာအား ထိုခဏမျှ ပူဇော်ခြင်းကိုလည်း မမီနိုင်”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၀၇] ယော စ ဝဿသတံ ဇန္တု၊ အဂ္ဂိံ ပရိစရေ ဝနေ။
ဧကဉ္စ ဘာဝိတတ္တာနံ၊ မုဟုတ္တမပိ ပူဇယေ။
သာယေဝ ပူဇနာ သေယျော၊ ယဉ္စေ ၀ဿသတံ ဟုတံ။

ယော စ ဇန္တု၊ အကြင်သတ္တဝါသည်လည်း။ ဝဿသတံ၊ အနှစ်တစ်ရာ ကာလပတ်လုံး။ ဝနေ၊ တော၌။ အဂ္ဂိံ ၊ မီးကို။ ပရိစရေ၊ လုပ်ကျွေးရာ၏။ ယော စ၊ အကြင်သူသည်လည်း။ ဧကဉ္စ၊ တစ်ပါးတည်းသာဖြစ်သော။ ဘာဝိတတ္တာနံ၊ ဝိပဿနာ ဂုဏ်အထူးဖြင့် ပွားစေအပ်သော စိတ်သဘောရှိသော အရိယာပုဂ္ဂိုလ်ကို။ မုဟုတ္တမပိ၊ တစ်ခဏမျှလည်း။ ပူဇယေ၊ ပူဇော်ရာ၏။ တေသု၊ ထိုသူနှစ်ယောက်တို့တွင်။ တဿ၊ ထိုဒုတိယပုဂ္ဂိုလ်၏။ သာယေဝ ပူဇနာ၊ ထိုပူဇော်ခြင်းသည်သာလျှင်။ သေယျော၊ မြတ်၏။ ဝဿသတံ၊ အနှစ်တစ်ရာပတ်လုံး။ ဟုတံ၊ သားကောင်သတ်၍ မီးပူဇော်ခြင်းသည်။ ယဉ္စေ သေယျော၊ မမြတ်။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ပုဏ္ဏားသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ပုဏ္ဏားမှတစ်ပါး များစွာသောသူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အရှင်သာရိပုတြာ၏တူဝတ္ထု ပြီး၏။

֍ * ၇။ အရှင်သာရိပုတြာ၏ အဖော်ပုဏ္ဏား ဝတ္ထု

ယံကိဉ္စိ ယိဋ္ဌံဝအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်သာရိပုတြာမထေရ်၏ အဆွေခင်ပွန်းဖြစ်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဗြဟ္မာပြည်တောင့်တ၍ ယဇ်ကြီးပူဇော်ခြင်း

အရှင်သာရိပုတြာမထေရ်သည် ထိုအဆွေခင်ပွန်းဖြစ်သော ပုဏ္ဏားသို့လည်း ချဉ်းကပ်၍ “ပုဏ္ဏား- အသို့နည်း၊ တစ်စုံတစ်ခုသော ကုသိုလ်ကောင်းမှု ပြုဘိ၏လော”ဟု မိန့်တော်မူလေ၏။ “အရှင်ဘုရား- ပြုရပါ၏ဘုရား”ဟု လျှောက်ကြားလတ်သော် “အဘယ်ကောင်းမှုကို ပြုရသနည်း”ဟု မေးတော်မူပြန်သဖြင့် “ကြီးစွာသော ယဇ်ပူဇော်ခြင်းသို့ရောက်အောင် ပူဇော်ရပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။

ထိုမှနောက်၌ မေးစရာရှိသမျှကို မေးပြီးလျှင် ထိုပုဏ္ဏားကို မြတ်စွာဘုရား၏ အထံတော်သို့ ခေါ်ဆောင်၍ ထိုအကြောင်းကို လျှောက်ကြားပြီးမှ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤပုဏ္ဏားအား ဗြဟ္မာပြည်သို့ရောက်ကြောင်းကို ဟောကြားတော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည်လည်း “ပုဏ္ဏား- ဤအတိုင်း ဟုတ်မှန်သလော”ဟု မေးတော်မူခြင်းကြောင့် “အိုရှင်ကြီးဂေါတမက ဟုတ်မှန်ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ပုဏ္ဏား- သင်သည် တစ်နှစ်ပတ်လုံး ယဇ်ကြီးပူဇော်ခြင်းကို ပူဇော်ခြင်းဖြင့် ပြိန်ဖျင်းသော သာမန်လူများအပေါင်းအား ပေးအပ်သောအလှူသည် ကြည်ညိုသောစိတ်ဖြင့် ငါ၏တပည့် အရိယာသာဝကတို့အား ရှိခိုးကုန်သောသူတို့သန္တာန်၌ဖြစ်သော ကုသိုလ်စေတနာ၏ လေးဖို့တစ်ဖို့မျှကိုလည်း မမီ,မထိုက်တန်”ဟု မိန့်တော်မူပြီးလျှင် အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၀၈] ယံကိဉ္စိ ယိဋ္ဌံဝ ဟုတံဝ လောကေ၊ သံဝစ္ဆရံ ယဇေထ ပုညပေက္ခော။
သဗ္ဗမ္ပိ တံ န စတုဘာဂမေတိ၊ အဘိဝါဒနာ ဥဇ္ဇုဂတေသု သေယျော။

လောကေ၊ လောက၌။ ပုညပေက္ခော၊ ကောင်းမှုကို အလိုရှိသည်ဖြစ်၍။ ယံ ကိဉ္စိ၊ အကြွင်းမရှိ အလုံးစုံသော။ ယိဋ္ဌံ ဝါ၊ မင်္ဂလာပြုခြင်း စသည်အစွမ်းဖြင့် ကောင်းစွာလှူသော ယဇ်ကြီးကိုလည်းကောင်း။ ဟုတံ ဝါ၊ စီမံပြုအပ် ဧည့်သည်မြတ်အား ဆက်ကပ်သွယ်သွယ် လှူသောယဇ်ငယ်ကိုလည်းကောင်း။ ဝါ၊ ကံနှင့်အကျိုး အားကိုးကြည်ဖြူ ပြုအပ်သော အလှူကိုလည်းကောင်း။ သံဝစ္ဆရံ၊ တစ်နှစ်ပတ်လုံး။ မဟာဇနဿပိ၊ စက္ကဝါကုန် အလုံးစုံစုဆောင်း သာမန်လူအပေါင်းအားသော်လည်း။ ယဇေထ၊ လှူဒါန်းကော်ရော် ပူဇော်ငြားအံ့။ တံ သဗ္ဗမ္ပိ၊ ထိုအလုံးစုံသော ယဇ်ကြီးယဇ်သေး လှူပေးဒါန ဟူသမျှသည်လည်း။ ဥဇ္ဇုဂတေသု၊ ဖြောင့်ဖြောင့်မတ်မတ် ဖြစ်ကုန်သော အရိယာပုဂ္ဂိုလ်တို့၌။ အဘိဝါဒနာ-အဘိဝါဒနာယ၊ ရှိခိုးခြင်း ကုသိုလ်စေတနာ၏။ စတုဘာဂံ၊ လေးဖို့တစ်ဖို့ကို။ န ဧတိ၊ မမီ,မထိုက်တန်။ တသ္မာ၊ ထို့ကြောင့်။ အဘိဝါဒနမေဝ၊ အရိယာပုဂ္ဂိုလ်တို့၌ ရှိခိုးခြင်းသည်သာလျှင်။ သေယျော၊ မြတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုပုဏ္ဏားသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ထိုပုဏ္ဏားမှတစ်ပါး များစွာသောသူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အရှင်သာရိပုတြာ၏ အဖော်ပုဏ္ဏားဝတ္ထုပြီး၏။

֍ * ၈။ အာယုဝဍ္ဎနသတို့သားဝတ္ထု

အဘိဝါဒနသီလိဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဒီဃလင်္ဃိကမြို့ကို အမှီပြု၍ အရညကုဋိခေါ် တောကျောင်း၌ နေတော်မူစဉ် ဒီဃာယုသတို့သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အစိုးရိမ်လွန်သူ ပုဏ္ဏား

ဒီဃလင်္ဃိကမြို့နေ ပုဏ္ဏားနှစ်ယောက်တို့သည် သာသနာပ ရသေ့ရဟန်းအဖြစ်ဖြင့် ရဟန်းပြု၍ လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး တပစရဏမည်သော ကိလေသာခေါင်းပါးအောင် သာသနာပပုဂ္ဂိုလ်တို့ကျင့်သော အကျင့်ကို ကျင့်ကြကုန်သတတ်။ ထိုပုဏ္ဏားနှစ်ယောက်တို့တွင် တစ်ယောက်သော ပုဏ္ဏားသည် “ငါ၏အဆက်အနွယ်သည် ပျောက်ပျက်ပေတော့လတ္တံ့ ၊ လူထွက်ဦးမည်”ဟု ကြံဆင်ခြင်၍ မိမိကျင့်အပ်သောအကျင့်ကို သူတစ်ပါးတို့အား ရောင်းချသည်ရှိသော် နွားတရာနှင့်လည်းကောင်း အသပြာတစ်ရာနှင့်လည်းကောင်း အတူတကွ မယားကိုရသဖြင့် ပစ္စည်းဥစ္စာ ကောင်းစွာ စုဆောင်းမိလေ၏။ ထို့နောက် ထိုပုဏ္ဏား၏မယားသည် သားယောက်ျားကလေးကို ဖွားမြင်လေ၏။ ၎င်း၏အဖော်ဖြစ်သော ပုဏ္ဏားရသေ့သည်ကား အရပ်တစ်ပါးသို့သွား၍ တစ်ဖန် ထိုဒီဃလင်္ဃိကမြို့သို့ ပြန်ရောက်လာ၏။ ထိုပုဏ္ဏားသည် အဆွေခင်ပွန်း ပုဏ္ဏားရသေ့ ပြန်လာသည့်အဖြစ်ကို ကြားရလျှင် သားမယားကိုခေါ်လျှက် ဖူးမြင်ခြင်းငှာ ရောက်သွားလေ၏။ ရောက်သွားသဖြင့် သားကို မိခင်၏လက်၌ပေးထား၍ ကိုယ်တိုင် ရှေးဦးစွာ ရှိခိုး၏။ မိခင်သည်လည်း သားကို ဖခင်လက်၌ပေး၍ ကိုယ်တိုင်ရှိခိုး၏။ ထိုရသေ့သည် “ဒီဃာယုကာ ဟောထ။ တုမှေ၊ သင်တို့သည်။ ဒီဃာယုကာ၊ ရှည်သောအသက် ရှိကြကုန်သည်။ ဟောထ၊ ဖြစ်ကြစေ”ဟု ဆုပေးစကား ဆိုလေ၏။ သားငယ်ကို ရှိခိုးစေသည်ရှိသော်ကား ဆိတ်ဆိတ်နေလေ၏။

(မြေကြီးကုန်သွားမည်စိုးသဖြင့် တီကောင်တို့သည် စားပြီးလျှင် ပြန်ထွေးကြသည်။ မိုးပြိုမည်စိုးသဖြင့် တစ်တီတူးငှက်တို့သည် ခြေမိုးထောင်၍ ပက်လက်အိပ်ကြသည်။ ရေကုန်သွားမည်စိုးသဖြင့် ကြိုးကြာတို့ ရေမသောက်ကြကုန်။ မျိုးနွယ်ဆက် ပျောက်ပျက်မည်စိုးသဖြင့် တရားကျင့်သောပုဏ္ဏားတို့ အကျင့်စွန့်၍ အိမ်ထောင်ပြုကြသည်။ အစိုးရိမ်လွန်သော တွေဝေသူ လေးယောက်။ မြေပြိုမည်စိုးသဖြင့် ဆင် ဖြည်းညင်းစွာ နင်းသည်ဟူ၍လည်း ဆိုကြသေး၏။)

အန္တရာယ်ရှိ၍ ဆုမပေး

ထိုအခါ ရသေ့ကို “အရှင်ဘုရား- အဘယ့်ကြောင့် တပည့်တော်တို့ ရှိခိုးသည်ရှိသော် ဒီဃာယုကာ ဟောထဟူသော ဆုကိုပေးလျက် ဤသားငယ်၏ ရှိခိုးသောအခါ တစ်စုံတစ်ခု မဆိုကြပါကုန်သနည်း”ဟု ဆို၍ “ဤသားငယ်အား အန္တရာယ်ရှိပါသလော”ဟု မေးလျှောက်၏။ “ဒါယကာပုဏ္ဏား- ဤသူငယ်အား အန္တရာယ်ရှိ၏”ဟု ဆိုလျှင် “အရှင်ဘုရား- အဘယ်မျှလောက် အသက်ရှည်ပါအံ့နည်း”ဟု မေးပြန်လေ၏။ “ဒါယကာပုဏ္ဏား- ခုနစ်ရက်မျှ အသက်ရှည်လတ္တံ့”ဟု ဆိုလျှင် “အရှင်ဘုရား- တားမြစ်အံ့သောအကြောင်း ရှိပါသလော”ဟု မေးပြန်လေ၏။ “ငါကား ထိုတားမြစ်အံ့သောအကြောင်းကို မသိ”ဟု ဆိုလျှင် “အရှင်ဘုရား- အဘယ်သူ သိနိုင်ပါအံ့နည်း”ဟု မေးပြန်လေ၏။ “ရဟန်းဂေါတမသည် သိနိုင်ရာ၏၊ ထိုရဟန်းဂေါတမထံသို့ သွား၍ မေးလော့”ဟု ပြောဆိုလျှင် မြတ်စွာဘုရားအထံသို့ သွားသည်ရှိသော် ပုဏ္ဏားသည် “အကျင့်၏ ဆုတ်ယုတ်အံ့သည်မှ ကြောက်လှပါသည်”ဟု ဆိုလေ၏။ “သင့်သား၌ ချစ်ခြင်း အကယ်၍ ရှိသည်ဖြစ်အံ့၊ အကျင့်ဆုတ်ယုတ်ခြင်းကို မကြံစည်ဘဲ ရဟန်းဂေါတမအထံသို့သွား၍ မေးသာမေးလော့”ဟု ဆိုလျှင် ထိုပုဏ္ဏားသည် ဘုရားအထံသို့သွား၍ မိမိကိုယ်တိုင် ရှေးဦးစွာ ရှိခိုးလေ၏။ မြတ်စွာဘုရားသည် “ဒီဃာယုကော ဟောဟိ။ တွံ၊ သင်သည်။ ဒီဃာယုကော၊ ရှည်သောအသက်ရှိသည်။ ဟောဟိ၊ ဖြစ်စေ”ဟု ဆုပေးစကား မိန့်ဆိုတော်မူလေ၏။ မယားရှိခိုးသောအခါ၌လည်း ထိုမိန်းမအား ထို့အတူ ဆုပေးစကားဆို၍ သားငယ်ရှိခိုးသောအခါ ဆိတ်ဆိတ်သာလျှင် နေတော်မူလေ၏။

ပုဏ္ဏားသည် ရှေးနည်းဖြင့်သာလျှင် မြတ်စွာဘုရားကို မေးလျှောက်လေ၏။ ဘုရားရှင်လည်း ထို့အတူသာလျှင် ဖြေကြားတော်မူ၏။

(ထိုရသေ့ပုဏ္ဏားသည် သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်း၍ မသိနိုင်သော်လည်း မိမိ၏ မန္တန်ပညာကို သဗ္ဗညုတဉာဏ်တော်ဖြင့် နှီးနှောမိစေ၏။ အန္တရာယ်ကို တားမြစ်ခြင်းအကြောင်းကိုကား မသိ။)

ပရိတ်ရွတ်၍ ဘီလူးအန္တရာယ် ကာကွယ်

ပုဏ္ဏားသည် ဘုရားရှင်ကို “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အန္တရာယ်ကို တားမြစ်နိုင်အံ့သော အကြောင်းရှိပါသလားဘုရား”ဟု မေးလျှောက်လေ၏။ “ပုဏ္ဏားကြီး ဖြစ်နိုင်ရာ၏”ဟု မိန့်တော်မူလျှင် “အဘယ်သို့ပြုမှ ဖြစ်နိုင်ရာသနည်းဘုရား”ဟု မေးလျှောက်လေ၏။ “သင်သည် မိမိ၏အိမ်တံခါး၌ မဏ္ဍပ်ကို ဆောက်လုပ်၍ ထိုမဏ္ဍပ်၏အလယ်၌ အင်းပျဉ်ကိုခင်း၍ ထိုအင်းပျဉ်ကို ခြံရံလျက် ရှစ်ခုဖြစ်စေ၊ တစ်ဆယ့်ခြောက်ခုဖြစ်စေ နေရာတို့ကို ခင်းစေသဖြင့် ထိုနေရာတို့၌ ငါ၏ တပည့်သားဖြစ်ကုန်သော ရဟန်းတော်တို့ကို သီတင်းသုံးနေစေပြီးလျှင် ခုနစ်ရက်ပတ်လုံး မပြတ် ပရိတ်အရံအတား ပြုစိမ့်သောငှာ အကယ်၍ တတ်နိုင်သည်ဖြစ်အံ့၊ ဤသို့တတ်နိုင်လျှင် ထိုသူငယ်၏ အန္တရာယ်သည် ပျောက်ပျက်လွင့်ပြယ်လေရာ၏”ဟု မိန့်တော်မူလျှင် “အိုရှင်ကြီးဂေါတမ- တပည့်တော်သည် မဏ္ဍပ်စသည်တို့ကို ပြုခြင်းငှာ တတ်နိုင်ပါ၏၊ ရှင်တော်မြတ်ဘုရားတို့၏ တပည့်ရဟန်းတော်တို့ကို အဘယ်မှာ ရနိုင်ပါအံ့နည်းဘုရား”ဟု လျှောက်ကြားလေ၏။ “သင်သည် ဤမျှလောက်ကို ပြုသည်ရှိသော် ငါဘုရားသည် ငါ့တပည့် ရဟန်းတော်တို့ကို စေလွှတ်ပေအံ့”ဟု မိန့်တော်မူလျှင် “အိုရှင်ကြီးဂေါတမ- ကောင်းလှပါပြီ”ဟု ဝမ်းမြောက်ဝမ်းသာ ဝန်ခံ၍ ပုဏ္ဏားကြီးသည် မိမိ၏ အိမ်တံခါး၌ အလုံးစုံသောကိစ္စကို ပြီးဆုံးအောင်ပြုပြီးလျှင် မြတ်စွာဘုရားထံတော်သို့ သွားလေ၏။ ဘုရားရှင်သည် ရဟန်းတော်တို့ကို စေလွှတ်တော်မူလေ၏။ ရဟန်းတော်တို့သည် သွား၍ ထိုနေရာတို့၌ နေထိုင်ကြကုန်၏။ သူငယ်ကိုလည်း အင်းပျဉ်ထက်၌ အိပ်စေကြကုန်၏။ ရဟန်းတော်တို့သည် ခုနစ်ခုသော ညဉ့်တို့ပတ်လုံး မပြတ် ပရိတ်ရွတ်ကြလေကုန်၏။ ခုနစ်ရက်မြောက်သောနေ့၌ မြတ်စွာဘုရားသည် ကိုယ်တော်တိုင်ကြွလာတော်မူ၏။ ဤသို့ မြတ်စွာဘုရား ကြွလာတော်မူသည်ရှိသော် စကြဝဠာ၌နေကုန်သော အလုံးစုံသော နတ်တို့သည် စည်းဝေး ရောက်လာကြကုန်၏။ အဝရုဒ္ဓကဟု အမည်ရှိသော ဘီလူးတစ်ယောက်သည် တစ်ဆယ့်နှစ်နှစ်ပတ်လုံး ဝေဿဝဏ်နတ်မင်းကြီးကို လုပ်ကျွေးခစားသဖြင့် ထိုဝေဿဝဏ်နတ်မင်းထံမှ ဆုရသည်ရှိသော် “ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ ဤသူငယ်ကို ယူလေလော့”ဟူသော ဆုကို ရလေ၏။ ထို့ကြောင့် အဝရုဒ္ဓကဘီလူးသည်လည်း လာ၍ ရပ်တည်နေလေ၏။

မြတ်စွာဘုရားသည် ထိုအရပ်သို့ ကြွရောက်တော်မူသည်ရှိသော် တန်ခိုးကြီးသော နတ်တို့သည် စည်းဝေးကြကုန်၏။ တန်ခိုးကြီးသောနတ်တို့သည် စည်းဝေးကြကုန်သည်ရှိသော် တန်ခိုးနည်းသောနတ်တို့ နောက်ဆုတ်၍, နောက်ဆုတ်၍ နေရာအရပ်ကို မရကြကုန်သဖြင့် တစ်ဆယ့်နှစ်ယူဇနာတိုင်အောင် ဖဲသွားကြရလေကုန်၏။ အဝရုဒ္ဓကဘီလူးသည်လည်း ထိုတစ်ဆယ့်နှစ်ယူဇနာသို့သာ ဖဲသွားရလေ၏။ ဘုရားရှင်သည်လည်း တစ်ညဉ့်ပတ်လုံး ပရိတ်အရံအတား ပြုတော်မူလေ၏။

အာယုဝဍ္ဎန အမည်ရပုံ

ခုနှစ်ရက်လွန်လတ်သည်ရှိသော် အဝရုဒ္ဓကဘီလူးသည် သူငယ်ကို မရနိုင်။ ရှစ်ရက်မြောက်သောနေ့ အရုဏ်တက်ကာမျှ၌ သူငယ်ကိုဆောင်ယူ၍ မြတ်စွာဘုရားကို ရှိခိုးစေကြကုန်၏။ ဘုရားရှင်သည် “ဒီဃာယုကော ဟောဟိ။ တွံ၊ သင်သတို့သားငယ်သည်။ ဒီဃာယုကော၊ ရှည်သောအသက်ရှိသည်။ ဟောဟိ၊ ဖြစ်စေ”ဟု ဆုပေးတော်မူလေ၏။ “အိုရှင်ကြီးဂေါတမ- ဤသူငယ်ကား အဘယ်မျှ ကာလကြာအောင် တည်နိုင်ပါအံ့နည်း၊ အသက်ရှည်ပါအံ့နည်းဘုရား”ဟု လျှောက်ကြားသည်ရှိသော် “အိုပုဏ္ဏားကြီး- အသက် တစ်ရာ့နှစ်ဆယ်ပတ်လုံး တည်လတ္တံ့”ဟု မိန့်တော်မူသဖြင့် ထိုအခါ သူငယ်အား “အာယုဝဍ္ဎနသတို့သား” ဟူသောအမည်ကို မှည့်ကြလေကုန်၏။ ဤအာယုဝဍ္ဎန သတို့သားသည် ကြီးရင့်ခြင်းသို့ ရောက်လတ်သော် သီတင်းသည် ဥပါသကာ ငါးရာတို့ဖြင့် ခြံရံလျက် လှည့်လည်သွားလာကာနေလေ၏။ ထိုအခါ တစ်နေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် “ငါ့ရှင်တို့- မြင်ကြကုန်၏လော၊ အာယုဝဍ္ဎန သတို့သားသည် ခုနှစ်ရက်မြောက်သောနေ့၌ သေထိုက်သူဖြစ်၏။ ထိုသူသည် ယခုအခါ အသက်တစ်ရာ့နှစ်ဆယ် တည်နိုင်လိမ့်မည်ဖြစ်၍ သီတင်းသည် ဥပါသကာငါးရာတို့ဖြင့် ခြံရံလျက် လှည့်လည်လေ၏၊ ဤသတ္တဝါတို့အား အသက်ရှည်နိုင်ခြင်း အကြောင်းသည် ရှိယောင်တကား”ဟု စကားကို ပြောဆိုကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- သက်သက် အသက်ရှည်ခြင်းတစ်ခုသာ မဟုတ်သေး၊ ဤသတ္တဝါတို့သည် ဂုဏ်ရှိသောသူတို့ကို ရှိခိုးကြကုန်သည်ရှိသော် လေးပါးသောအကြောင်းတို့ဖြင့် တိုးပွားနိုင်ကြကုန်၏။ ဘေးရန်မှ လွတ်နိုင်ကြကုန်၏၊ အသက်အတိုင်းသာလျှင် တည်နိုင်ကြကုန်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၀၉] အဘိဝါဒနသီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။
စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။

နိစ္စံ၊ အမြဲ။ အဘိဝါဒနသီလိဿ၊ ရိုသေစွာ ရှိခိုးလေ့ရှိသော။ ဝုဍ္ဎာပစာယိနော၊ အသက်သိက္ခာ ဂုဏ်ဝါအားဖြင့် ကြီးသောသူတို့ကို အရိုအသေပြုခြင်းရှိသော။ ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်အား။ အာယု စ၊ ဇီဝိတိန္ဒြေဟူသော အသက်သည်လည်းကောင်း။ ဝဏ္ဏော စ၊ အဆင်းသည်လည်းကောင်း။ သုခဉ္စ၊ ချမ်းသာခြင်းသည်လည်းကောင်း။ ဗလဉ္စ၊ ခွန်အားသည်လည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရော၊ လေးပါးကုန်သော။ ဓမ္မာ၊ အကျိုးကျေးဇူးတရားတို့သည်။ ဝဍ္ဎန္တိ၊ တိုးပွားကြကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ အာယုဝဍ္ဎနသတို့သားသည်လည်း သီတင်းသည်ဥပါသကာ ငါးရာတို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။ ဤမှတစ်ပါး များစွာသော သူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အာယုဝဍ္ဎနသတို့သားဝတ္ထု ပြီး၏။

֍ * ၉။ သံကိစ္စသာမဏေဝတ္ထု

ယော စ ဝဿသတံ ဇီဝေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သံကိစ္စသာမဏေကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘေးရန်ကို ကြို၍ မြင်တော်မူခြင်း

သာဝတ္ထိပြည်၌ သုံးကျိပ်မျှကုန်သော အမျိုးသားတို့သည် မြတ်စွာဘုရား၏ တရားစကားကို ကြားနာရသဖြင့် ဘုရားရှင်၏သာသနာတော်၌ မဆုတ်မနစ်သောစိတ်ဖြင့် ရဟန်းပြုကြလေကုန်၏။ ထိုရဟန်းတို့သည် ပဉ္စင်းဖြစ်သည်မှ ငါးဝါရလတ်ကုန်သော် မြတ်စွာဘုရားအထံတော်သို့ ချဉ်းကပ်၍ ဂန္ထဓုရ, ဝိပဿနာဓုရဟူသော ဓုရနှစ်ပါးတို့ကို နာကြားပြီးလျှင် အိုမင်းသောကာလ၌ ရဟန်းပြုရခြင်းကြောင့် စာပေသင်ကြားခြင်းဟူသော ဂန္ထဓုရ၌ အားထုတ်ခြင်းကို မပြုနိုင်သဖြင့် ဝိပဿနာဓုရကို ဖြည့်ကျင့်လိုကုန်ရကား “အရဟတ္တဖိုလ်တိုင်အောင်သော ကမ္မဋ္ဌာန်းကို ဟောကြားတော်မူပါဘုရား”ဟု တောင်းပန်ပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တစ်ခုသော တောကျောင်းသို့ သွားလိုကြပါသည်ဘုရား”ဟု မြတ်စွာဘုရားကို ပန်ကြားကြကုန်၏။ ဘုရားရှင်လည်း “ချစ်သားရဟန်းတို့- အဘယ်အရပ်သို့ သွားကြကုန်အံ့နည်း”ဟု မေးသည်ရှိသော် “ဤမည်သောအရပ်သို့ သွားလိုကြပါသည်ဘုရား”ဟု နားတော်လျှောက်လျှင် “ထိုအရပ်၌ ထိုရဟန်းတို့အား တစ်ယောက်သော စားကြွင်းစားကိုမှီ၍ ဘေးရန်ဖြစ်ပေါ်လတ္တံ့၊ ထိုဘေးရန်သည်လည်း သံကိစ္စသာမဏေ လိုက်ပါသွားသည်ရှိသော် ငြိမ်းလတ္တံ့၊ ထိုအခါ ထိုရဟန်းတို့အား ရဟန်းကိစ္စ ပြည့်စုံခြင်းသို့ ရောက်လတ္တံ့”ဟု သိမြင်တော်မူလေ၏။

သာမဏေလောင်းလျာ လူ့ဘဝ ရောက်လာပုံ

သံကိစ္စသာမဏေ မည်သည်ကား အရှင်သာရိပုတြာမထေရ်၏ တပည့်သာမဏေတည်း။ ဖွားမြင်သည်မှ ခုနှစ်နှစ်အရွယ်သာ ရှိသေး၏။ ထိုသာမဏေ၏ မယ်တော်သည် သာဝတ္ထိပြည်၌ ကုံလုံကြွယ်ဝသော အမျိုးကောင်းသား တစ်ယောက်၏ သမီးဖြစ်သတတ်။ ထိုသံကိစ္စသာမဏေလောင်း ဝမ်း၌ကိန်းအောင်းစဉ် တစ်ခုသောအနာကြောင့် ခဏချင်း သေရှာလေ၏။ ထိုအလောင်းကောင်ကို ဖုတ်ကြည်းသင်္ဂြိုဟ်အပ်သည်ရှိသော် သန္ဓေအိမ်အသားကိုထား၍ ကြွင်းသောကိုယ်ကောင်သည် လောင်ကျွမ်းလေ၏။ ထိုအခါ ထိုအလောင်းကောင်၏ သန္ဓေအိမ်အသားကို ထင်းပုံမှချ၍ နှစ်ခုသောအရပ်တို့၌ တံစူးဝါးတို့ဖြင့် ထိုးဆွကြလေကုန်၏။ တံစူးဝါးအစွန်းသည် သူငယ်၏ မျက်စိထောင့်စွန်းကို ခတ်မိလေ၏။ ဤသို့လျှင် သန္ဓေအိမ်အသားကို ထိုးဆွကာ မီးကျီးစု၌ ပစ်ချပြီးလျှင် မီးကျီးခဲတို့ဖြင့်သာ ဖုံးလွှမ်း၍ ဖဲသွားကြကုန်၏။ သန္ဓေအိမ်အသားသည်သာ လောင်ကျွမ်း၍ မီးကျီးခဲအထက်၌ကား ရွှေအဆင်းနှင့်တူသော အဆင်းရှိသော သူငယ်သည် ပဒုမ္မာကြာတိုက်၌ လျောင်းစက်နေရသကဲ့သို့ ဖြစ်လေ၏။

(ပစ္ဆိမဘဝိကဖြစ်သော သတ္တဝါအား မြင်းမိုရ်တောင်ဖြင့် ဖိလေသော်လည်း ရဟန္တာအဖြစ်သို့ မရောက်သေးလျှင် အသက်ကုန်ခြင်းမည်သည် မရှိနိုင်။)

သံကိစ္စ အမည်တွင်ရပုံ

တစ်ဖန် မိုးသောက်ရောက်သောနေ့၌ “ထင်းပုံကို ငြိမ်းစေကြကုန်အံ့”ဟု လာသောသူတို့သည် ထိုအခြင်းအရာဖြင့် လျောင်းစက်နေသော သူငယ်ကို မြင်ရလျှင် အဆန်းတကြယ် အံ့ဩသောစိတ် ရှိကြကုန်သဖြင့် “အဘယ်အကြောင်းကြောင့်လျှင် ဤမျှလောက်သော ထင်းတို့ကုန်လျက် ကိုယ်အလုံး လောင်ကျွမ်းသော်လည်း သူငယ်သည် မလောင်းကျွမ်းဘိသနည်း၊ အဘယ်သို့ ဖြစ်လတ္တံ့နည်း”ဟု သူငယ်ကိုယူ၍ ရွာသို့သွားပြီးလျှင် နိမိတ်ဖတ်တတ်သောသူတို့ကို မေးကြလေကုန်၏။ နိမိတ်ဖတ်တတ်သော သူတို့သည် “ဤသူငယ်ကား အကယ်၍ အိမ်ကိုအုပ်ချုပ်ကာနေသည်ဖြစ်အံ့၊ ခုနစ်ခုမြောက်သော အမျိုးဆက်တိုက်အောင် ပေါက်ဖော်သားချင်း ဆွေရင်းမျိုးချာတို့သည် ဆင်းရဲနွမ်းပါးကြကုန်လတ္တံ့၊ အကယ်၍ ရဟန်းပြုသည်ဖြစ်အံ့၊ ငါးရာသောရဟန်းတို့ဖြင့် ခြံရံလျက် လှည့်လည်သွားလာရလတ္တံ့”ဟု ဆိုကြကုန်၏။ ထိုအခါ သတို့သားအား ခိုက်မိသော တံစူးဝါးဖြင့် မျက်စိထောင့်စွန်း ကွဲပျက်ခြင်းကြောင်း “သံကိစ္စ” ဟူသောအမည်ကို မှည့်ကြလေကုန်၏။ ထိုသတို့သားသည် တစ်ပါးသောအခါ၌ သံကိစ္စဟူသော အမည်ဖြင့် ထင်ရှားခဲ့၏။ ထိုအခါ သတို့သားကို ဆွေမျိုးတို့သည် “ထိုနိမိတ်ဖတ်သောအတိုင်းပင် ဖြစ်ပါစေ၊ ကြီးရင့်သောအခါ ငါတို့၏အရှင်ဖြစ်သော ရှင်သာရိပုတြာမထေရ်၏အထံ၌ ရှင်ပြုကြကုန်အံ့”ဟု ကျွေးမွေးသုတ်သင်ကြလေကုန်၏။

သံကိစ္စသာမဏေ ရဟန္တာဖြစ်ခြင်း

ထိုသတို့သားသည် ခုနစ်နှစ်ရှိသောအခါ “အမောင် ချစ်သား- မိခင်ဝမ်း၌ ပဋိသန္ဓေနေသောအခါ သင်ချစ်သား၏ မိခင်သည် သေခဲ့လေ၏၊ ထိုမိခင်၏ကိုယ်ကောင် လောင်ကျွမ်းသော်လည်း သင်ချစ်သားကား မလောင်ကျွမ်း”ဟု ပြောပြသည်ရှိသော် သတို့သားသည် ဆွေမျိုးတို့၏စကားကို ကြားရသဖြင့် “ငါကား ဤသို့သဘောရှိသောဘေးမှ လွတ်သတတ်၊ ငါ့အား အိမ်၌နေခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရှင်ရဟန်းပြုပါတော့အံ့”ဟု ဆွေမျိုးတို့အား ပြောကြားလေ၏။ ဆွေမျိုးတို့သည်လည်း “ချစ်သား အမောင်- ကောင်းလှပေပြီ”ဟု ဝန်ခံ၍ အရှင်သာရိပုတြာမထေရ်၏ အထံသို့ ဆောင်ပို့ပြီးလျှင် “အရှင်ဘုရား- ဤသတို့သားကို ရှင်ပြုပေးတော်မူကြပါဘုရား”ဟု အပ်နှင်းကြကုန်၏။ မထေရ်သည် တစပဉ္စကကမ္မဋ္ဌာန်းကိုပေး၍ ရှင်ပြုပေးလေ၏။ သံကိစ္စသတို့သား ရှင်လောင်းသည် ဆံရိတ်သော သင်တုန်းအဆုံး၌သာလျှင် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ သံကိစ္စသာမဏေ အမည်ရှိသောသူကား ဤသာမဏေပင်တည်း။

သာမဏေကို တောကျောင်းသို့ ထည့်လိုက်ခြင်း

မြတ်စွာဘုရားသည် “သံကိစ္စသာမဏေ လိုက်ပါသွားသည်ရှိသော် ဘေးရန်ငြိမ်းလတ္တံ့။ ထိုအခါ ထိုရဟန်းတို့အား ရဟန်းကိစ္စ ပြည့်စုံခြင်းသို့ ရောက်လတ္တံ့”ဟု သိမြင်တော်မူသဖြင့် “ချစ်သားရဟန်းတို့- သင်တို့၏ နောင်တော်ကြီးဖြစ်သော သာရိပုတြာမထေရ်ကို ဖူးမြော်ပြီးမှ သွားကြ”ဟု မိန့်တော်မူလေ၏။ ရဟန်းတို့လည်း “ကောင်းလှပါပြီဘုရား”ဟု လျှောက်ကြား၍ မထေရ်အထံသို့ သွားရောက်ကြသဖြင့် “ငါ့ရှင်တို့- အဘယ်အကြောင်းရှိသနည်း”ဟု မေးသည်ရှိသော် “တပည့်တော်တို့သည် မြတ်စွာဘုရား၏ အထံတော်၌ ကမ္မဋ္ဌာန်းကို ယူပြီးပါသဖြင့် တောသို့ဝင်ခြင်းငှာ အလိုရှိကုန်ရကား တပည့်တော်တို့အား မြတ်စွာဘုရားသည် သင်တို့နောင်တော်ကြီးကို ဖူးမြော်ပြီးမှ သွားကြဟု မိန့်တော်မူပါသည်၊ ထို့ကြောင့် ဤအရပ်သို့ လာကြရပါသည်ဘုရား”ဟု လျှောက်ကြားကြကုန်လျှင် မထေရ်သည် “မြတ်စွာဘုရားကား တစ်ခုသောအကြောင်းကို မြင်တော်မူသဖြင့် ရဟန်းတို့ကို ဤအရပ်သို့ စေလွှတ်အပ်ကုန်သည် ဖြစ်ကုန်လတ္တံ့”ဟု ကြံစည်တော်မူလေ၏။

“ဤအကြောင်းသည် အဘယ်နည်း”ဟု ဆင်ခြင်တော်မူလတ်သည်ရှိသော် ထိုအကြောင်းကို သိမြင်တော်မူရ၍ “ငါ့ ရှင်တို့- သင်တို့အား သာမဏေရှိ၏လော”ဟု မိန့်ဆိုတော်မူလေ၏။ “အရှင်ဘုရား- မရှိပါ”ဟု လျှောက်ကြာလတ်သော် “ငါ့ရှင်တို့- အကယ်၍ မရှိသည်ဖြစ်အံ့၊ ဤသံကိစ္စသာမဏေကို ခေါ်၍သွားကြကုန်လော့”ဟု ဆိုလေ၏။ “အရှင်ဘုရား- အလိုမရှိကြပါ၊ တပည့်တော်တို့အား သာမဏေကိုမှီ၍ ကြောင့်ကြခြင်းဖြစ်လတ္တံ့၊ တော၌နေသောသူတို့အား သာမဏေဖြင့် အဘယ်အကျိုးရှိပါအံ့နည်း”ဟု ဆိုလတ်ပြန်သော် “ငါ့ရှင်တို့- ဤသံကိစ္စ သာမဏေကိုမှီ၍ သင်တို့အား ကြောင့်ကြခြင်း မဖြစ်လတ္တံ့၊ စင်စစ်တမူကား သင်တို့ကိုမှီ၍ ဤသာမဏေအား ကြောင့်ကြခြင်းဖြစ်လတ္တံ့”ဟု ဆိုပြီးလျှင် “မြတ်စွာဘုရားသည်လည်း သင်တို့ကို ငါ့အထံသို့ စေလွှတ်လိုက်သည်ရှိသော် သင်တို့နှင့်အတူတကွ သာမဏေကို ထည့်ပို့လိုက်ခြင်းကို တောင့်တတော်မူသဖြင့် စေလွှတ်တော်မူလိုက်၏၊ ဤသာမဏေကိုခေါ်၍ သွားကြကုန်လော့”ဟု မိန့်ဆိုတော်မူလေ၏။ ရဟန်းတို့လည်း “ကောင်းလှပါပြီဘုရား”ဟု ဝန်ခံ၍ သာမဏေနှင့်တကွ သုံးကျိပ်တစ်ပါးသော အရှင်မြတ်တို့သည် သာရိပုတြာမထေရ်ကို ပန်ကြားပြီးလျှင် ကျောင်းမှထွက်သဖြင့် ဒေသစာရီ ကြွချီလတ်သည်ရှိသော် ယူဇနာ တစ်ရာ့နှစ်ဆယ်ထက်၌ အိမ်ခြေတစ်ထောင်ရှိသော ရွာတစ်ခုသို့ ရောက်ကြလေကုန်၏။

လူတို့သည် ထိုရဟန်းတို့ကို မြင်ရလျှင် ကြည်လင်ရွှင်ပျသော စိတ်ရှိသည်ဖြစ်၍ ရိုသေစွာ ဆွမ်းလုပ်ကျွေးပြီးလျှင် “အရှင်ဘုရားတို့- အဘယ်အရပ်သို့ ကြွသွားကြကုန်အံ့နည်း”ဟု မေးသဖြင့် “ဒါယကာတို့- ချမ်းသာရာ အရပ်ထိုထိုသို့ သွားကြကုန်အံ့”ဟု ဆိုလတ်သော် ခြေရင်း၌ဝပ်၍ “အရှင်ဘုရားတို့- အရှင်မြတ်ဘုရားတို့သည် ဤအရပ်ကိုမှီ၍ ဝါတွင်းကာလပတ်လုံး သီတင်းသုံးတော်မူကြသည်ရှိသော် တပည့်တော်တို့သည် ငါးပါးသီလကို ဆောက်တည်၍ ဥပုသ်သုံးခြင်းအမှုကို ပြုကြရပါလိမ့်မည်ဘုရား”ဟု လျှောက်ကြား တောင်းပန်ကြလေကုန်၏။ မထေရ်တို့သည် သည်းခံတော်မူကြလေကုန်၏။ ထိုအခါ လူတို့သည် ထိုရဟန်းတို့အလို့ငှာ ညဉ့်သန့်ရာအရပ်၊ နေ့သန့်ရာအရပ်၊ စင်္ကြံ၊ သစ်ရွက်မိုးသောဇရပ် စသည်တို့ကို စီမံပြုလုပ်ကြ၍ “ယနေ့ ငါတို့က လုပ်ကျွေးမည်၊ နက်ဖြန် ငါတို့က” စသည်ဖြင့် အားထုတ်ခြင်းသို့ ရောက်ကြကုန်သည်ဖြစ်၍ ဆည်းကပ်လုပ်ကျွေးခြင်းအမှုကို ပြုကြလေကုန်၏။

အချင်းချင်း ကတိကဝတ်ပြုပုံ

မထေရ်တို့သည် ဝါဆိုအံ့သောနေ့၌ ကတိကဝတ်ပြုကြသည်မှာ “ငါ့ရှင်တို့- ငါတို့သည် သက်တော်ထင်ရှားရှိသော ဘုရားရှင်၏အထံတော်၌ ကမ္မဋ္ဌာန်းကို ယူအပ်ပေပြီ၊ အကျင့်မြတ်၏ ပြည့်စုံခြင်းကို ဖယ်ထား၍ တစ်ပါးသောအကျင့်ဖြင့် ဘုရားရှင်တို့ကို နှစ်သိမ့်စေခြင်းငှာ မတက်ကောင်း၊ ငါတို့အလို့ငှာ အပါယ်တံခါးတို့သည် ဟင်းလင်းပွင့်ကြကုန်သည်သာတည်း၊ ထို့ကြောင့် နံနက်စောစော၌ ဆွမ်းခံသွားသောအခါကိုလည်းကောင်း၊ ညချမ်း၌ မထေရ်ကြီးအား ဆည်းကပ်ခစားသောအခါကိုလည်းကောင်း ဖယ်ထား၍ ကြွင်းသောအခါ၌ ငါတို့သည် နှစ်ပါးဖြစ်၍ တစ်ခုသောအရပ်၌ မဖြစ်ကြရကုန်စို့အံ့၊ မနေကြစတမ်း၊ အကြင်ရဟန်းအား မချမ်းမသာ ရောဂါဝေဒနာ ဖြစ်ငြားအံ့၊ ထိုရဟန်းသည် ခေါင်းလောင်းထိုးခတ်သည်ရှိသော် ထိုရဟန်း၏အထံသို့သွား၍ ဆေးကုသရကြကုန်စို့အံ့၊ ဤအချိန် ဤအဖို့မှ တစ်ပါးသော ညဉ့်အဖို့၌လည်းကောင်း၊ နေ့အဖို့၌လည်းကောင်း မမေ့မလျော့ကြကုန်မူ၍ ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ အားထုတ်ကြရကုန်စို့အံ့”ဟု ကတိကဝတ်ကို ပြုကြလေကုန်၏။

စားကြွင်းစား ရောက်လာခြင်း

ထိုရဟန်းတို့သည် ဤသို့ ကတိကဝတ်ပြုသဖြင့် နေကြကုန်သည်ရှိသော် သမီးကိုအမှီပြု၍ အသက်မွေးရသော ဆင်းရဲသော ယောက်ျားတစ်ယောက်သည် ထိုအရပ်၌ ငတ်မွတ်ခေါင်းပါးခြင်း ဖြစ်ပေါ်လေရကား ထိုမှတစ်ပါးသောသမီးကို အမှီပြု၍ အသက်မွေးလိုသောကြောင့် ခရီးထွက်သွားလေ၏။ မထေရ်တို့သည်လည်း ရွာ၌ ဆွမ်းအလို့ငှာ လှည့်လည်ပြီးလျှင် နေရာအရပ်သို့ ပြန်လာကြသည်ရှိသော် လမ်းခရီးအကြား တစ်ခုသောမြစ်၌ရေချိုး၍ သဲပုံစု၌ ထိုင်လျက် ဆွမ်းစားခြင်းအမှုကို ပြုကြလေကုန်၏။ ထိုခဏ၌ ထိုသူဆင်းရဲယောက်ျားသည် ထိုအရပ်သို့ ရောက်သွား၍ တင့်အပ်လျောက်ပတ်သောအရပ်၌ တည်နေလေ၏။ ထိုအခါ သူဆင်းရဲယောက်ျားကို မထေရ်တို့သည် “အဘယ်အရပ်သို့ သွားအံ့နည်း”ဟု မေးကြကုန်၏။ ထိုယောက်ျားသည် ထိုအကြောင်းကို လျှောက်ကြားလေ၏။ မထေရ်တို့သည် ထိုသူဆင်းရဲယောက်ျား၌ သနားခြင်း ကရုဏာကို ဖြစ်စေကြကုန်သဖြင့် “ဒါယကာ- သင်သည် အလွန်လျှင် မွတ်သိပ်ဆာလောင်ဟန်တကား၊ သွားချေ၊ ဖက်ရွက်ကို ဆောင်ယူခဲ့ချေလော့၊ တစ်ဆုပ်,တစ်ဆုပ်စီသော ထမင်းဆုပ်ကို သင့်အား ပေးကြကုန်အံ့”ဟု ဆိုခြင်းကြောင့် ထိုသူဆင်းရဲ ဖက်ရွက်ကို ဆောင်ယူခဲ့သည်ရှိသော် မိမိ,မိမိတို့ စားသောနည်းအားဖြင့်ပင်လျှင် ဟင်းလျာလက်သုပ်တို့ဖြင့် ရောစု၍ တစ်ဆုပ်,တစ်ဆုပ်စီသော ထမင်းဆုပ်ကို ပေးကြလေကုန်၏။

(ဤသို့ပေးခြင်းသည်ပင်လျှင် ဘုရားရှင် အလိုတော်ကျ ကျင့်ဝတ်ဖြစ်သတတ်။ စားဆဲဖြစ်သောခဏ၌ ရောက်လာသောသူအား ထမင်းကိုပေးလိုသော ရဟန်းသည် ဆွမ်းဦးကို မပေးမူ၍ မိမိသုံးဆောင်သော နည်းဖြင့်သာလျှင် အနည်းငယ်ကိုလည်းကောင်း၊ အများကိုလည်းကောင်း ပေးအပ်၏။ ထို့ကြောင့် ရဟန်းတို့သည်လည်း ထိုသို့သောနည်းအားဖြင့် ပေးကြလေကုန်၏။)

ထိုလူဆင်းရဲသည် ထမင်းစားခြင်းကိစ္စ ပြီးစီးသည်ရှိသော် မထေရ်တို့ကို ရှိခိုး၍ “အရှင်ဘုရားတို့- အရှင်မြတ်ဘုရားတို့ကို တစ်စုံတစ်ယောက်သောသူသည် ပင့်ဖိတ်အပ်ပါကုန်သလော”ဟု မေးလျှောက်လေ၏။ “ဒါယကာ- ပင့်ဖိတ်ခြင်းမရှိ၊ လူတို့သည် နေ့တိုင်း ဤသို့သာလျှင် ဆွမ်းအာဟာရကို လှူဒါန်းကြကုန်၏”ဟု မိန့်တော်မူလတ်သော် ထိုသူဆင်းရဲသည် “ငါတို့သည် အခါခပ်သိမ်း ထကြွလုံ့လ ကောင်းစွာပြုကြသဖြင့် အမှုအလုပ် အားထုတ်ကြကုန်သော်လည်း ဤသို့သဘောရှိသော ထမင်းအာဟာရကိုလည်း ရခြင်းငှာ မတတ်နိုင်ကုန်၊ ငါ့အား တစ်ပါးသောအရပ်သို့ သွားသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဤရဟန်းတို့အထံ၌သာလျှင် အသက်မွေးမြူပေတော့အံ့”ဟု ကြံစည်လေ၏။ ထိုအခါ ရဟန်းတော်တို့ကို “တပည့်တော်သည် ဝတ်ကြီးဝတ်ငယ်ကိုပြု၍ အရှင်မြတ်ဘုရားတို့၏အထံ၌ နေခြင်းငှာ အလိုရှိပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ဒါယကာ- ကောင်းပြီ”ဟု မိန့်တော်မူလတ်သော် ထိုသူဆင်းရဲသည် ရဟန်းတော်တို့နှင့် အတူတကွ ထိုရဟန်းတို့၏ နေရာအရပ်သို့ လိုက်သွား၍ ကောင်းစွာ ဝတ်ကြီးဝတ်ငယ်ကို ပြုလုပ်လျက် ရဟန်းတော်တို့ကို အလွန်လျှင် နှစ်သက်စေပြီးလျှင် နှစ်လလွန်သောအခါ သမီးကို ကြည့်ရှုလိုသည်ဖြစ်၍ “အရှင်မြတ်တို့ကို အကယ်၍ ပန်ကြားသည်ဖြစ်အံ့၊ ငါ့ကို မလွှတ်ကြကုန်လတ္တံ့၊ မပန်ကြားမူ၍ သွားအံ့”ဟု နှလုံးသွင်းလျက် ထိုရဟန်းတို့အား မပန်ကြားမူ၍သာလျှင် ထွက်ခွာသွားလေ၏။

(ဤမျှလောက်သာလျှင် ထိုသူ၏ ရုန့်ရင်းသော ချွတ်ယွင်းမှုသည် ဖြစ်သတတ်။ ၎င်းချွတ်ယွင်းမှုကား ရဟန်းတော်တို့အား မပန်ကြားမူ၍ ဖဲသွားခြင်းပင်တည်း။)

စားကြွင်းစား ကျေးဇူးကန်းပုံ

ထိုသူဆင်းရဲယောက်ျား သွားရာလမ်းခရီး၌ကား တောအုပ်တစ်ခု ရှိ၏။ ထိုတောအုပ်၌ ငါးရာသော ခိုးသားတို့သည် “အကြင်သူသည် ဤတောအုပ်သို့ သက်ဝင်၏၊ ထိုသူကိုသတ်၍ ထိုသူ၏ အသားအသွေးဖြင့် အရှင်နတ်မင်းတို့အား ဗလိနတ်စာ တင်မြှောက်ခြင်းကို ပြုကြပါကုန်အံ့”ဟု နတ်အား တောင်းပန်ခြင်းကိုပြု၍ နေကြကုန်စဉ် (နေကြသည်မှာ) ခုနစ်ရက်မြောက်သောနေ့သည် ဖြစ်လေ၏။ ထို့ကြောင့် ခုနစ်ရက်မြောက်သောနေ့၌ ခိုးမှူးကြီးသည် သစ်ပင်သို့တက်၍ ကြည့်ရှုလတ်သည်ရှိသော် ထိုဆင်းရဲသောသူ လာသည်ကို မြင်ရလျှင် ခိုးသူတို့အား အမှတ်သညာ အချက်ပေးလေ၏။

ခိုးသူတို့သည် ထိုသူဆင်းရဲ၏ တောအုပ်အလယ်သို့ ဝင်လာသည်အဖြစ်ကို သိသောကြောင့် ဝန်းရံသဖြင့် ထိုဆင်းရဲသောသူကို ဖမ်းဆီး၍ မြဲစွာ နှောင်ဖွဲ့ခြင်းကိုပြုပြီးလျှင် ပွတ်ခုံနှင့်တကွ ပွတ်ကျည်ဖြင့် မီးကိုဖြစ်စေပြီးလျှင် ထင်းတို့ကိုစုပုံသဖြင့် မီးပုံကြီးကိုပြု၍ တံစို့တို့ကို ရွေကြကုန်၏၊ ထိုသူဆင်းရဲသည် ခိုးသူတို့၏ ထိုသို့သော အခြင်းအရာကို မြင်ရလျှင် “အရှင်တို့-- ဤအရပ်၌ ဝက်သည်လည်း မထင်ကုန်၊ သမင်စသော သတ္တဝါတို့သည်လည်း မထင်ကုန်၊ အဘယ်အကြောင်းကြောင့် ဤအခြင်းအရာကို ပြုကြပါကုန်သနည်း”ဟု မေးလေ၏။ “သင့်ကိုသတ်၍ သင်၏အသားအသွေးဖြင့် နတ်မင်းအား ဗလိနတ်စာ တင်မြှောက်ခြင်းကို ပြုလုပ်ကြကုန်အံ့”ဟု ဆိုလတ်သော ထိုသူဆင်းရဲယောက်ျားသည် သေရအံ့သောဘေးမှ ကြောက်လန့်သောကြောင့် ရဟန်းတော်တို့၏ ထိုကျေးဇူးဥပကာရကို မအောက်မေ့မူ၍ သက်သက် မိမိ၏အသက်ကိုသာလျှင် စောင့်ရှောက်လျက် “အရှင့်သားတို့- အကျွန်ုပ်သည် စားကြွင်းစားပေတည်း၊ စွန့်ပစ်အပ်သော ထမင်းကျန်ကိုစား၍ ကြီးရင့်သော စားကြွင်းစားမည်သည် အလွန်ယုတ်ညံ့သောသူ ဖြစ်ပါသည်၊ အရှင်ကောင်းတို့သည် ဟုတ်ဟုတ်ငြားငြား ထိုထိုအမျိုးမှထွက်၍ ရဟန်းပြုကုန်သော်လည်း မင်းမျိုးသာလျှင် ဖြစ်ကုန်၏၊ ဤမည်သော အရပ်၌ သုံးကျိပ်တစ်ပါးသော ရဟန်းတို့သည် နေတော်မူကြကုန်၏၊ ထိုရဟန်းတော်တို့ကိုသတ်၍ ဗလိနတ်စာ တင်မြှောက်ခြင်းကို ပြုကြကုန်လော့၊ အလွန်လျှင် သခင်တို့အား နတ်မင်း နှစ်သက်လတ္တံ့”ဟု ဆိုလေ၏။

ထိုစကားကိုကြားရလျှင် ခိုးသူတို့သည် “ဤသူကား ကောင်းသောစကားကို ဆိုဘိ၏”ဟူ၍လည်းကောင်း၊ “ဤကျက်သရေမရှိ ယုတ်ညံ့သောသူဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ မင်းမျိုးဖြစ်သော ရဟန်းတို့ကိုသတ်၍ ဗလိနတ်စာ တင်မြှောက်ခြင်းကို ပြုအံ့”ဟူ၍လည်းကောင်း ကြံစည်ပြီးလျှင် “လာလှည့်၊ ထိုရဟန်းတို့၏နေရာအရပ်ကို ညွှန်ပြလော့”ဟုဆို၍ ထိုလူဆင်းရဲ စားကြွင်းစားကိုပင်လျှင် ခရီးညွှန်ပြုသဖြင့် ထိုအရပ်သို့ရောက်လျှင် ကျောင်းအလယ်၌ ရဟန်းတို့ကို မမြင်သည်ရှိသော် “ရဟန်းတို့သည် အဘယ်မှာနည်း”ဟု စားကြွင်းစားကို မေးကြကုန်၏။ ထိုစားကြွင်းစားသည် နှစ်လပတ်လုံး နေဖူးသောကြောင့် ထိုရဟန်းတို့၏ ကတိကဝတ်ကို သိသည်ဖြစ်၍ ပြောဆိုသည်မှာ “မိမိ၏ ညဉ့်သန့်ရာအရပ်, နေ့သန့်ရာအရပ်တို့၌ နေကြကုန်၏။ ဤခေါင်းလောင်းကို ထိုးကြကုန်လော့၊ ခေါင်းလောင်းသံဖြင့် စည်းဝေးကြကုန်လတ္တံ့”ဟု ပြောဆိုလေ၏။ ခိုးမှူးကြီးသည် ခေါင်းလောင်းကို ထိုးလေ၏။

ခိုးသူဘေးကြောင့် ရဟန်းတို့ တိုင်ပင်ခြင်း

ရဟန်းတို့လည်း ခေါင်းလောင်းသံကိုကြားရလျှင် “အခါမဲ့၌ ခေါင်းလောင်းကို ထိုးကြကုန်၏၊ တစ်စုံတစ်ယောက်သောသူအား မချမ်းမသာ ဝေဒနာသည် ဖြစ်လတ္တံ့”ဟု အောက်မေ့သဖြင့် ကြွလာကြပြီးလျှင် ကျောင်းအလယ်၌ အစဉ်အတိုင်း ခင်းထားအပ်သော ကျောက်ဖျာတို့၌ နေကြကုန်၏။ သံဃထေရ်သည် ခိုးသူတို့ကိုကြည့်၍ “ဒါယကာတို့- အဘယ်သူ ဤခေါင်းလောင်းကို ထိုးသနည်း”ဟု မေးတော်မူလေ၏။ ခိုးမှူးကြီးသည် “အရှင်ဘုရား- တပည့်တော် ထိုးပါသည်”ဟု လျှောက်ကြားလျှင် “အဘယ်အကြောင်းကြောင့် ထိုးသနည်း”ဟု မေးတော်မူပြန်၏။ “တပည့်တော်တို့သည် တောအုပ်၌နေသော နတ်မင်းအား ခယတောင်းပန်ခြင်းရှိပါသည်၊ ထို့ကြောင့် ဗလိနတ်စာ တင်မြှောက်ခြင်းပြုရန် ရဟန်းတစ်ပါးကိုယူ၍ သွားလိုကြပါသည်”ဟု လျှောက်ကြားလေသော် ထိုစကားကိုကြားရလျှင် မထေရ်ကြီးသည် ရဟန်းတို့ကို “ငါ့ရှင်တို့- ညီငယ်တို့အားဖြစ်သော ကိစ္စမည်သည်ကို အစ်ကိုကြီး ထုတ်ဆောင်အပ်၏၊ ငါသည် မိမိ၏အသက်ကို သင်တို့အားစွန့်၍ ဤခိုးသူတို့နှင့် အတူတကွ လိုက်သွားပေတော့အံ့” ဟူ၍လည်းကောင်း၊ “ခပ်သိမ်းသော ရဟန်းတို့အား အန္တရာယ်သည် မဖြစ်ပါစေသတည်း၊ မမေ့မလျော့ ရဟန်းတရားကို အားထုတ်ကြကုန်လော့” ဟူ၍လည်းကောင်း မှာကြား မိန့်ဆိုလေ၏။ မထေရ်ကြီးအောက် ဒုတိယမြောက်သော မထေရ်ကလည်း “အရှင်ဘုရား- အစ်ကိုကြီးအားဖြစ်သော ကိစ္စမည်သည် ညီငယ်၏ တာဝန်ဖြစ်ပါသည်၊ တပည့်တော် လိုက်သွားပါမည်။ အရှင်ဘုရားတို့သည် မမေ့မလျော့ ရဟန်းတရား အားထုတ်သော ပုဂ္ဂိုလ်တို့ ဖြစ်ကြပါဘုရား”ဟု လျှောက်ကြားလေ၏။ ဤသို့သောအားဖြင့် “တပည့်တော်သည်သာလျှင် လိုက်သွားပါအံ့”ဟု ဆိုသဖြင့် အစဉ်အတိုင်း သုံးကျိပ်သော ရဟန်းတို့သည်လည်း ဆိုကြလေကုန်၏။

(ဤသို့ဖြစ်လျှင် ထိုရဟန်းသုံးကျိပ်တို့သည် တစ်ယောက်သော အမိ၏သားတို့လည်းမဟုတ်၊ တစ်ယောက်သော အဘ၏ သားတို့လည်းမဟုတ်၊ ရာဂကင်းကုန်သော ရဟန္တာတို့လည်းမဟုတ်၊ အဟုတ်သော်ကား အမှန်စင်စစ် ကြွင်းသောသူတို့၏အကျိုးငှာ အစဉ်အတိုင်း အသက်ကိုစွန့်လွှတ်ကြကုန်၏။ ဤရဟန်းတို့တွင် တစ်ယောက်သော ရဟန်းသည်မျှလည်း “သင်လိုက်သွားလော့၊ သင်လိုက်သွားလော့”ဟု ဆိုသောသူမည်သည် မရှိ။)

သံကိစ္စသာမဏေ ခိုးသူတို့ထံ လိုက်သွားပုံ

သံကိစ္စသာမဏေသည် ထိုရဟန်းတော်တို့၏စကားကို ကြားရလျှင် “အရှင်ဘုရားတို့သည် နေမြဲသာ နေတော်မူကြပါ၊ တပည့်တော်သည် အရှင်ဘုရားတို့အတွက် အသက်ကိုစွန့်၍ လိုက်သွားပါအံ့ဘုရား”ဟု လျှောက်ဆိုသဖြင့် ရဟန်းသုံးကျိပ်တို့သည် “ငါ့ရှင်သာမဏေ- ငါတို့အားလုံး တစ်ပေါင်းတည်း အသတ်ခံကြရကုန်သော်လည်း သင်တစ်ယောက်တည်းကိုကား မလွှတ်နိုင်ကြကုန်လတ္တံ့”ဟု မိန့်ဆိုကြကုန်၏။ “အရှင်ဘုရားတို့- အကြောင်းကား အဘယ်ပါနည်းဘုရား”ဟု လျှောက်ဆိုလျှင် “ငါ့ရှင်သာမဏေ- သင်သည် တရားစစ်သူကြီးဖြစ်သော ရှင်သာရိပုတြာမထေရ်၏ သာမဏေတည်း၊ သင့်ကို အကယ်၍ လွှတ်လိုက်ကုန်သည်ဖြစ်အံ့၊ “ငါ၏သာမဏေကို ခေါ်သွား၍ ခိုးသူတို့အား အပ်နှင်းကြကုန်၏”ဟု မထေရ်သည် ငါတို့အား ကဲ့ရဲ့ပြစ်တင်တော်မူလတ္တံ့၊ ထိုကဲ့ရဲ့ပြစ်တင်ခြင်းကို ထုတ်ဆောင်ခြင်းငှာ မတတ်နိုင်ကုန်လတ္တံ့၊ ထို့ကြောင့် သင့်ကို ငါတို့ မလွှတ်နိုင်ကြကုန်”ဟု မိန့်ဆိုကြလေကုန်၏။ “အရှင်ဘုရားတို့- မြတ်စွာဘုရားသည် အရှင်ဘုရားတို့ကို တပည့်တော်၏ ဥပဇ္ဈာယ်အထံသို့ စေလွှတ်တော်မူလတ်သော်လည်းကောင်း၊ တပည့်တော်၏ဥပဇ္ဈာယ်သည် တပည့်တော်ကို အရှင်ဘုရားတို့နှင့် အတူတကွ စေလွှတ်တော်မူလတ်သော်လည်းကောင်း ဤအကြောင်းကိုသာလျှင် မြင်တော်မူသဖြင့် စေလွှတ်တော်မူပါသည်။ အရှင်ဘုရားတို့သည် နေမြဲသာ နေတော်မူကြပါ၊ တပည့်တော်သာလျှင် လိုက်သွားပါမည်ဘုရား”ဟု ဆို၍ သံကိစ္စသာမဏေသည် သုံးကျိပ်သော ရဟန်းတို့ကို ရှိခိုးပြီးလျှင် “အရှင်ဘုရားတို့- တပည့်တော်အား ပြစ်မှားမိသောအပြစ်သည် အကယ်၍ ရှိငြားအံ့၊ သည်းခံတော်မူကြပါဘုရား”ဟု ဆိုလျက် ထွက်ခွာသွားလေ၏။

သန်လျက်ဓား ခွေလိပ်သွားခြင်း

ထိုအခါ ရဟန်းတို့အား ကြီးစွာသော ထိတ်လန့်ခြင်း သံဝေဂသည် ဖြစ်လေ၏၊ မျက်လုံးတို့သည် မျက်ရည်တို့ဖြင့် ပြည့်လေကုန်၏၊ နှလုံးသားသည် တုန်တုန်လှုပ်လှုပ် ဖြစ်လေ၏။ မထေရ်ကြီးသည် ခိုးသူတို့ကို “ဒါယကာတို့- ဤသာမဏေသည် ငယ်ရွယ်သေး၏၊ သင်တို့ မီးထည့်ကြသည်တို့ကိုလည်းကောင်း၊ တံစို့ချွန်ကြသည်တို့ကိုလည်းကောင်း၊ သစ်ရွက် ခင်းကြသည်တို့ကိုလည်းကောင်း၊ မြင်လျှင် ကြောက်လန့်လိမ့်မည်၊ ဤသာမဏေငယ်ကို သင့်လျော်သော အရပ်တစ်ခု၌ ထားပြီးမှ ထိုကိစ္စတို့ကို ပြုလုပ်ကြကုန်လော့”ဟု ဆို၏။ ခိုးသူတို့လည်း သာမဏေကိုခေါ်သွား၍ သင့်လျော်သောအရပ်တစ်ခု၌ထားပြီးမှ ခပ်သိမ်းသောကိစ္စတို့ကို ပြုကြလေကုန်၏။ ပြုဖွယ်ကိစ္စပြီးသောအခါ ခိုးမှူးကြီးသည် သန်လျက်ကို အိမ်မှထုတ်၍ သာမဏေသို့ ချဉ်းကပ်လတ်သည်ရှိသော် သာမဏေလည်း ထိုင်လျက် ဈာန်ကိုဝင်စား၍သာ နေလေ၏။ ခိုးမှူးကြီးသည် သန်လျက်ကိုဝင့်၍ အရှိန်ယူ၍ သာမဏေ၏ပခုံး၌ကျစေ၍ ဖြတ်ပိုင်းလိုက်၏။ သန်လျက်သည် ညွှတ်လိပ်၍ အသွားတစ်ခုဖြင့် အသွားတစ်ခုကို ခတ်မိလေ၏၊ ခိုးမှူးကြီးသည် “ငါသည် ကောင်းစွာ မခုတ်လိုက်မိလေပြီ”ဟု အောက်မေ့မှတ်ထင်သဖြင့် အဖန်တလဲလဲ ထိုသန်လျက်ကို ဖြောင့်မတ်စွာပြု၍ ခုတ်ဖြတ်ပြန်လေ၏။ သန်လျက်သည် ထန်းရွက်ကဲ့သို့ ယိမ်းနွဲ့တိမ်းယိုင်လျက် အရိုးရင်းသို့ ရောက်လေ၏။

(ထိုအခါ၌ သာမဏေကို မြင်းမိုရ်တောင်ဖြင့် ဖိသော်လည်း သေစေခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိ၊ သန်လျက်ဖြင့်မူကား အဘယ်မှာ ဆိုဖွယ်ရာ ရှိအံ့နည်း။)

ခိုးမှူးကြီး ဓားပစ်ချ၍ မေးမြန်းပုံ

ထိုသာမဏေ၏ တန်ခိုးပြာဋိဟာကို မြင်ရလျှင် ခိုးမှူးကြီးသည် “ရှေးအခါ ငါ၏သန်လျက်သည် ကျောက်တိုင်ကိုလည်းကောင်း၊ ရှားနှစ်သစ်ငုတ်ကိုလည်းကောင်း ကြာစွယ်ကြာရင်းကိုကဲ့သို့ ဖြတ်နိုင်၏၊ ယခုအခါ တစ်ကြိမ်တည်း ညွတ်ကိုင်း၍ ထန်းရွက်လိပ်ကဲ့သို့ ဖြစ်ရလေ၏၊ ဤသန်လျက်မည်သည် စိတ်မရှိသည်ဖြစ်လျက်လည်း ဤသာမဏေ၏ ဂုဏ်ကျေးဇူးကို သိ၏၊ ငါကား စိတ်ရှိပါလျက်လည်း မသိခဲ့တကား”ဟု နောင်တပူပန်လျက် ထိုခိုးမှူးကြီးသည် သန်လျက်ကို မြေ၌ပစ်ချ၍ ထိုသာမဏေ၏ခြေရင်း၌ ရင်ဖြင့်ဝပ်ပြီးလျှင် “အရှင်ဘုရား- တပည့်တော်တို့သည် ဥစ္စာဟူသောအကြောင်းကြောင့် တောအုပ်သို့ ဝင်သည်ဖြစ်ကုန်၏။ တပည့်တော်တို့ကို အဝေးမှမြင်ရလျှင် တစ်ထောင်မျှလောက်သော လူတို့သည်လည်း တုန်လှုပ်ကြကုန်၏၊ နှစ်ယောက် သုံးယောက်သော သူတို့ဆိုလျှင်ကား ဆိုဖွယ်ရာ မရှိပါ၊ အရှင်ဘုရားအားကား ထိတ်လန့်ခြင်းမျှလည်း မရှိ၊ ဖိုဝ၌ ဦးသစ်စ ရွှေကဲ့သို့လည်းကောင်း၊ ကောင်းစွာပွင့်သော မဟာလှေကားပန်းကဲ့သို့လည်းကောင်း အရှင်ဘုရားမျက်နှာတော်သည် တင့်တယ်ဘိ၏ ၊ အကြောင်းကား အဘယ်ပါနည်းဘုရား”ဟု မေးလိုရကား ဤဂါထာကို လျှောက်ဆိုလေ၏။

တာသော တေ နတ္ထိ န ဘယံ၊ ဘိယျော ဝဏ္ဏော ပသီဒတိ။
ကသ္မာ န ပရိဒေဝေသိ၊ ဧဝရူပေ မဟဗ္ဘယေ။

တေ၊ အရှင်ဘုရားအား။ တာသော၊ ထိတ်လန့်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဘယံ၊ ကြောက်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဘိယျော၊ လွန်စွာ။ ဝဏ္ဏော၊ အဆင်းသည်။ ပသီဒတိ၊ ကြည်လင်လှ၏။ ဧဝရူပေ၊ ဤသို့သဘောရှိသော။ မဟဗ္ဘယေ၊ ကြီးစွာသော ဘေးဖြစ်သောအခါ၌။ ကသ္မာ၊ အဘယ့်ကြောင့်။ န ပရိဒေဝေသိ၊ မငိုကြွေးဘိသနည်း။

သာမဏေသည်လည်း ဈာန်မှထ၍ ထိုခိုးမှူးကြီးအား တရားဟောလိုရကား “ငါ့ရှင် ဒါယကာ အရပ်လူကြီးမင်း- ရဟန္တာပုဂ္ဂိုလ်၏ အတ္တဘောမည်သည်ကား ဦးခေါင်းထက်၌ တင်ထားအပ်သော ဝန်ကဲ့သို့ ဖြစ်၏။ ထိုရဟန္တာသည် အတ္တဘောပျက်ခဲ့သော်လည်းကောင်း၊ ပျောက်ခဲ့သော်လည်းကောင်း နှစ်သက်သည်သာလျှင်တည်း၊ မကြောက် မလန့်ပေ”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ရွတ်ဆိုတော်မူလေ၏။

နတ္ထိ စေတသိကံ ဒုက္ခံ၊ အနပေက္ခဿ ဂါမဏိ။
အတိက္ကန္တော ဘယံ သဗ္ဗံ၊ ခီဏသံယောဇနော ဣသိ။
ခီဏာယ ဘဝနေတ္တိယာ၊ ဒိဋ္ဌဓမ္မေ ယထာ တထာ။
နိဗ္ဘယံ မရဏံ ဟောတိ၊ ဘာရဝေါရောပနံ ယထာ။

ဂါမဏိ၊ ဒါယကာခိုးမှူးကြီး။ ဣသိ၊ ရဟန္တာပုဂ္ဂိုလ်သည်။ သဗ္ဗံ၊ အလုံးစုံသော။ ဘယံ၊ ဘေးရန်ကို။ အတိက္ကန္တော၊ လွန်မြောက်တော်မူပြီ။ ခီဏသံယောဇနော၊ ကုန်ပြီးသော သံယောဇဉ်ရှိတော်မူ၏။ အနပေက္ခဿ၊ ကိုယ်အသက်၌ ငဲ့ကွက်ခြင်းမရှိသော ရဟန္တာပုဂ္ဂိုလ်အား။ စေတသိကံ၊ စိတ်ကိုမှီ၍ဖြစ်သော။ ဒုက္ခံ၊ ဆင်းရဲခြင်းသည်။ နတ္ထိ၊ မရှိ။

ဘဝနေတ္တိယာ၊ ဘဝသုံးပါးသို့ ဆောင်တတ်သော ကြိုးနှင့်တူသော တဏှာ၏။ ခီဏာယ၊ ကုန်ခြင်းကြောင့်။ ဘာရဝေါရောပနံ ယထာ၊ ဝန်ထုပ်ကို ပစ်ချရခြင်းကဲ့သို့။ ဒိဋ္ဌဓမ္မေ၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌။ ယထာ တထာ၊ ဟုတ်ဟုတ်ငြားငြားသော အခြင်းအရာဖြင့်။ နိဗ္ဘယံ၊ ကြောက်လန့်ခြင်းမရှိဘဲ။ မရဏံ၊ သေရခြင်း(ပရိနိဗ္ဗာန်ပြုခြင်း)သည်။ ဟောတိ၊ ဖြစ်၏။

ခိုးသားငါးရာတို့ တိုင်ပင်ကြပုံ

ထိုခိုးမှုကြီးသည် သာမဏေဟောသော တရားစကားကို ကြားနာရလျှင် ငါးရာသော ခိုးသားငယ်တို့ကို ကြည့်ရှုလျက် “သင်တို့သည် အဘယ်သို့ ပြုကုန်အံ့နည်း”ဟု မေးလေ၏။ “အရှင်ခိုးမှူးကြီး- သခင်တို့ကား အဘယ်သို့ ပြုကြမည်နည်း”ဟု ပြန်မေးလတ်သော် “အချင်းတို့- ငါ့အား ဤသို့သဘောရှိသော တန်ခိုးပြာဋိဟာကို ရှေးဦးစွာ မြင်ရသဖြင့် အိမ်ရာထောင်သော လူ၏ဘောင်၌ ပြုဖွယ်အမှုမရှိပြီ၊ အရှင်မြတ်၏အထံတော်၌ ရဟန်းပြုတော့အံ့”ဟု ပြောဆိုလေ၏။ “ကျွန်တော်တို့သည်လည်း ထို့အတူသာလျှင် ပြုကြပါကုန်အံ့”ဟု ဆိုလျှင် “အမောင်တို့ - ကောင်းလှပေပြီ”ဟု ဆိုလေ၏။ ထို့နောက် ငါးရာစလုံးဖြစ်သော ခိုးသူတို့သည် သာမဏေကိုရှိခိုး၍ ရဟန်းအဖြစ်ကို တောင်းပန်ကြလေကုန်၏။

ခိုးသားတို့ ရဟန်းပြုကြခြင်း

ထိုသံကိစ္စ သာမဏေသည် ခိုးသူတို့၏ သန်လျက်သွားဖြင့်သာလျှင် ဆံတို့ကိုလည်းကောင်း၊ ပုဆိုးမြိတ်တို့ကိုလည်းကောင်း ဖြတ်၍ မြေနီဖြင့်ဆိုးသဖြင့် ထိုသင်္ကန်းတို့ကိုဝတ်စေ၍ ဆယ်ပါးသော သီလတို့၌ တည်စေလျက် ထိုရဟန်းသစ်တို့ကို ခေါ်ခဲ့၍ သွားစဉ် “ငါကား မထေရ်တို့ကို မဖူးမြင်ဘဲသာ အကယ်၍ သွားချေသည်ဖြစ်အံ့၊ ထိုရဟန်းတို့သည် ရဟန်းတရားကို အားထုတ်ခြင်းငှာ မတတ်နိုင်ကုန်လတ္တံ့၊ ခိုးသူတို့သည် ငါ့ကို ဖမ်းယူသဖြင့် ထွက်သွားသောအခါမှစ၍ ထိုရဟန်းတို့တွင် တစ်ပါးသောရဟန်းမျှလည်း မျက်ရည်တို့ကို ဆည်ခြင်း,တည်တံ့စေခြင်းငှာ မတတ်နိုင်၊ သေသလော, မသေသလောဟု တွေးတောကြံစည်လျက် ကမ္မဋ္ဌာန်းသို့ ရှေးရှုပြုခြင်း ဘာဝနာကို မရကုန်လတ္တံ့၊ ထို့ကြောင့် ထိုရဟန်းတို့အား ဖူးမြင်ပြီးမှသာလျှင် သွားပေအံ့”ဟု ကြံစည်လေ၏။ ထိုသာမဏေသည် ရဟန်းငါးရာတို့ဖြင့် ခြံရံလျက် ထိုအရပ်သို့သွား၍ မိမိအား မြင်ရခြင်းဖြင့် ရွှင်လန်းနှစ်သိမ့်ခြင်း ရရှိကုန်သော မထေရ်တို့သည် “သူတော်ကောင်းဖြစ်သော သံကိစ္စ သာမဏေ- အသို့နည်း၊ သင်သည် အသက်ရှင်ခြင်းကို ရလေပြီလော”ဟု မိန့်ဆိုလတ်သော် “အရှင်ဘုရားတို့- ရခဲ့သည် မှန်လှပါ၏ဘုရား၊ ဤသူတို့သည် တပည့်တော်ကို သတ်လိုကြကုန်လျက် သတ်ခြင်းငှာ မတတ်နိုင်ကြသည်ဖြစ်၍ တပည့်တော်၏ ဂုဏ်ကျေးဇူး၌ ကြည်ညိုပြီးလျှင် တရားနာရ၍ ရဟန်းပြုကြပါသည်၊ တပည့်တော်သည် အရှင်ဘုရားတို့ကို ဖူးမြင်ပြီးမှသာ သွားပေအံ့ဟု ရောက်လာပါသည်ဘုရား၊ မမေ့မလျော့ ရဟန်းတရားကို အားထုတ်တော်မူကြပါ၊ တပည့်တော်သည် မြတ်စွာဘုရား အထံတော်သို့ ပြန်သွားပါတော့မည်ဘုရား”ဟု လျှောက်ကြားပြီးလျှင် ထိုရဟန်းတို့ကိုရှိခိုး၍ ရဟန်းသစ် ငါးရာတို့ကို ခေါ်ပြီးလျှင် ဥပဇ္ဈာယ်ဖြစ်သော ရှင်သာရိပုတြာမထေရ်မြတ်၏ အထံတော်သို့ ရောက်သွားသည်ရှိသော် “သံကိစ္စသာမဏေ- အသို့နည်း၊ သင်သည် အန္တေဝါသိကတပည့်တို့ကို ရခဲ့လေသလော”ဟု မိန့်တော်မူလျှင် “အရှင်ဘုရား- ရခဲ့သည် မှန်လှပါသည်ဘုရား”ဟု ဆို၍ ထိုအကြောင်းကို ပြန်ပြောင်းလျှောက်ကြားလေ၏။ အရှင်သာရိပုတြာ မထေရ်သည် “သံကိစ္စသာမဏေ- သွားချေ၊ ဘုရားရှင်ကို ဖူးမြော်ချေဦးလော့”ဟု ဆိုလတ်သော် “ကောင်းပါပြီဘုရား”ဟု မထေရ်ကိုရှိခိုး၍ ထိုရဟန်းတို့ကိုခေါ်သဖြင့် ဘုရားရှင်၏အထံတော်သို့ သွားရောက်လတ်သော် ဘုရားသဗ္ဗညုသည်လည်း “သံကိစ္စသာမဏေ- သင်သည် အန္တေဝါသိကတပည့်တို့ကို ရခဲ့လေသလော”ဟု မိန့်တော်မူလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ရခဲ့သည် မှန်ပါသည်ဘုရား”ဟု ထိုအကြောင်းကို လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ဤသို့ဖြစ်၏ဟူသည် မှန်သလော”ဟု မေးတော်မူခြင်းကြောင့် “မြတ်စွာဘုရား- မှန်လှပါသည်ဘုရား”ဟု လျှောက်လတ်သော် “ချစ်သားရဟန်းတို့- သင်တို့အား ခိုးမှုကိုပြု၍ သီလမရှိသောအရာ၌တည်လျက် အနှစ်တစ်ရာပတ်လုံး အသက်ရှည်ရခြင်းထက် ယခုအခါ သီလ၌တည်လျက် တစ်ရက်မျှသော်လည်း အသက်ရှည်ရခြင်းသည် မြတ်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားလိုရကား ဤဂါထာကို မိန့်ကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၁၀] ယော စ ၀ဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော။
ဧကာဟံ ဇီဝိတံ သေယျော၊ သီလဝန္တဿ ဈာယိနော။

ယော စ၊ အကြင်သူသည်ကား။ ဒုဿီလော၊ သီလမရှိဘဲ။ အသမာဟိတော၊ တည်ကြည်ခြင်းမရှိဘဲ။ ဝဿသတံ၊ အနှစ်တစ်ရာကာလပတ်လုံး။ ဇီဝေ၊ အသက်ရှည်ငြားအံ့။ တတော၊ ထိုသီလမရှိသောသူ အနှစ်တစ်ရာ အသက်ရှည်ခြင်းထက်။ သီလဝန္တဿ၊ သီလရှိသော။ ဈာယိနော၊ ကသိုဏ်းစသောအာရုံ, အနိစ္စစသော လက္ခဏာကို မပြတ်ရှုလတ်သောသူ၏။ ဧကာဟံ၊ တစ်ရက်မျှ။ ဝါ၊ တစ်ခဏမျှသော်လည်း။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျော၊ မြတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ခိုးသူဖြစ်ဖူးသော ထိုရဟန်းငါးရာစလုံးတို့သည် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်ကြလေကုန်၏။ ရောက်လာသော လူများအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အဓိမုတ္တ သာမဏေ၏ ခိုင်ခံ့သောသစ္စာ

တစ်ပါးသောအခါကာလ၌ သံကိစ္စသာမဏေသည် ရဟန်းပဉ္စင်းအဖြစ်ကိုရ၍ ဆယ်ဝါရလတ်သည်ရှိသော် သာမဏေကို လက်ခံလေ၏။ (ဆယ်ဝါမရဘဲ သာမဏေ လက်မခံရ၊ လက်ခံလျှင် ဒုက္ကဋ်အာပတ်သင့်စေဟု ရှင်ဥပသေနကို အကြောင်းပြု၍ သိက္ခာပုဒ် ပညတ်ချက်ရှိလေသည်။) ထိုသာမဏေသည်ကား သံကိစ္စမထေရ်၏တူဖြစ်သော အဓိမုတ္တ သာမဏေမည်၏။ ထိုအခါ အဓိမုတ္တသာမဏေကို သံကိစ္စမထေရ်သည် အသက်နှစ်ဆယ် ပြည့်သောအခါ ခေါ်၍ “သင့်အား ပဉ္စင်းအဖြစ်ကို ပြုပေးပေအံ့၊ သွားချေ၊ ဆွေမျိုးတို့အထံ၌ အသက်အပိုင်းအခြားကိုမေး၍ ပြန်လာခဲ့လော့”ဟု လွှတ်လိုက်လေ၏။ ထိုအဓိမုတ္တသာမဏေသည် မိဘတို့၏အထံသို့သွားစဉ် လမ်ခရီးအကြား၌ ငါးရာသော ခိုးသူတို့သည် ဗလိနတ်စာ တင်မြှောက်ခြင်းအကျိုးငှာ ဆောင်ယူအပ်သည်ရှိသော် ထိုခိုးသူတို့အား တရားဟောကြားခြင်းကြောင့် ကြည်ညိုသော စိတ်ရှိကုန်သော ခိုးသူတို့သည် (ဤအရပ်၌ အကျွန်ုပ်တို့သည် အဖြစ်ကို တစ်စုံတစ်ယောက်သောသူအား သင်သည် မပြောကြားအပ်ဟုဆို၍) လွှတ်လိုက်သည်ရှိသော် ခရီးရင်ဆိုင် မိဘတို့လာကြသည်တို့ကိုမြင်ရလျှင် ထိုခိုးသူတို့ရှိသော လမ်းခရီးသို့သာလျှင် သွားဆဲဖြစ်ကုန်သော်လည်း ခိုးသူတို့ထံ ဝန်ခံခဲ့သောသစ္စာကို စောင့်ရှောက်လိုသည်ဖြစ်၍ ထိုမိဘတို့အား မပြောကြားလေ။ ထိုမိဘတို့ကို ခိုးသူတို့ ညှဉ်းပန်းအပ်ကုန်သည်ရှိသော် “ငါတို့သား အဓိမုတ္တသာမဏေဖြစ်သော သင်သည်လည်း ခိုးသူတို့နှင့်အတူတကွ တစ်ပေါင်းတည်းဖြစ်၍ ငါတို့အား မပြောကြားယောင်တကား”ဟု ဆိုလျက် ငိုကြွေးမြည်တမ်းကုန်သော မိဘတို့၏အသံကို ကြားရလျှင် ထိုသာမဏေသည် ထိုမိဘတို့အားသော်လည်း မပြောကြားသည်အဖြစ်ကို သိရသဖြင့် ကြည်ညိုသော စိတ်ရှိခြင်းကြောင့် ရဟန်းအဖြစ်ကို တောင်းပန်ကြလေကုန်၏။ ထိုအဓိမုတ္တသာမဏေသည်လည်း သံကိစ္စသာမဏေကဲ့သို့ ထိုအလုံးစုံသော ခိုးသူတို့ကို ရဟန်းပြုပေး၍ ဆရာဥပဇ္ဈာယ်၏အထံတော်သို့ ခေါ်ဆောင်ပြီးလျှင် ထိုဥပဇ္ဈာယ်ဖြစ်သော သံကိစ္စမထေရ်သည် ဘုရားရှင်၏အထံတော်သို့ စေလွှတ်ခြင်းကြောင့် သွား၍ ထိုအကြောင်းကို လျှောက်ကြားလေ၏။ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ဤသို့ဖြစ်၏ဟူသည် မှန်သလော”ဟု မေးတော်မူခြင်းကြောင့် “မြတ်စွာဘုရား- မှန်လှပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် ရှေးနည်းအားဖြင့်သာလျှင် အနုသန္ဓေကိုစပ်၍ တရားဟောလိုရကား-

ယော စ ၀ဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော။
ဧကာဟံ ဇီဝိတံ သေယျော၊ သီလဝန္တဿ ဈာယိနော။

ဟူသော ဤဂါထာကို ဟောတော်မူပြန်လေ၏။ (အနက်- ယခင်အတိုင်းပင်တည်း။)

သံကိစ္စသာမဏေဝတ္ထု ပြီး၏။

h၁ဝ။ ခါဏုကောဏ္ဍညမထေရ်ဝတ္ထု

ယော စ ဝဿသတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ခါဏုကောဏ္ဍညမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သစ်ငုတ်ဟု ထင်ရလောက်အောင် တည်ကြည်ပုံ

ထိုမထေရ်သည် မြတ်စွာဘုရား၏အထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ တော၌နေသည်ရှိသော် ရဟန္တာအဖြစ်သို့ ရောက်လတ်သဖြင့် “မြတ်စွာဘုရားအား လျှောက်ကြားအံ့”ဟု ထိုတောအရပ်မှ လာခဲ့ရာ လမ်းခရီးအကြား၌ ပင်ပန်းလှသောကြောင့် လမ်းခရီးမှဖဲ၍ တစ်ခုသော ကျောက်ဖျာအပြင်၌နေလျက် ဈာန်ဝင်စားတော်မူသတတ်။ ထိုအခါ ရွာတစ်ခုကို လုယက်ဖျက်ဆီး၍ ငါးရာသော ခိုးသူတို့သည် မိမိ၏ ခွန်အားနှင့်လျော်စွာ အထုပ်ဖွဲ့လျက် ဦးခေါင်းဖြင့်ဆောင်၍ သွားကြကုန်သည်ရှိသော် ဝေးသောအရပ်သို့ ရောက်လတ်သဖြင့် “ငါတို့ကား ပင်ပန်းသော သဘောရှိကုန်လျက် ဝေးသောအရပ်မှ လာကြရကုန်၏၊ ဤကျောက်ဖျာ၌ အပင်ပန်းဖြေကြကုန်ဦးအံ့”ဟု လမ်းခရီးမှ ဖဲ၍ ကျောက်ဖြာအနီးသို့သွားပြီးလျှင် မထေရ်ကိုမြင်သော်လည်း “ဤသည်ကား သစ်ငုတ်တည်း”ဟု အမှတ်ရှိကြလေကုန်၏။ ထိုအခါ ခိုးသူတစ်ယောက်သည် မထေရ်၏ဦးခေါင်း၌ ဥစ္စာထုပ်ကို တင်ထားလေ၏။ တစ်ပါးသော ခိုးသူသည်လည်း ထိုမထေရ်ဦးခေါင်းကိုမှီ၍ ဥစ္စာထုပ်ကို ထားလေ၏။ ဤသို့လျှင် ငါးရာသော ဥစ္စာထုပ်တို့ဖြင့် မထေရ်ကို ဝန်းရံပြီးလျှင် မိမိတို့ကိုယ်တိုင်လည်း ထိုင်ကုန်လျက် အိပ်ကြပြီးမှ အရုဏ်တက်သောအခါ နိုးလတ်သဖြင့် မိမိတို့၏ဥစ္စာထုပ်တို့ကို ယူကြကုန်သည်ရှိသော် မထေရ်ကိုမြင်ရလျှင် “ဘီလူး”ဟူသော အမှတ်သညာဖြင့် ထွက်ပြေးကြခြင်းငှာ အားထုတ်ကြလေ၏။

ခိုးသားတို့ ရဟန်းပြုကြခြင်း

ထိုအခါ ခိုးသူတို့ကို မထေရ်သည် “ဒါယကာတို့- မကြောက်ကြကုန်လင့်၊ ငါကား ရဟန်းတည်း”ဟု မိန့်တော်မူလေ၏။ ခိုးသူတို့သည် မထေရ်၏ခြေရင်း၌ဝပ်၍ “အရှင်ဘုရား- သည်းခံတော်မူကြပါ၊ တပည့်တော်တို့သည် သစ်ငုတ်ဟူသော အမှတ်သညာ ရှိကြပါသည်ဘုရား”ဟု မထေရ်ကို ကန်တော့ပြီးလျှင် ခိုးမှူးကြီးသည် “ငါကား အရှင်မြတ်၏အထံတော်၌ ရဟန်းပြုတော့အံ့”ဟု ဆိုလတ်သော် ကြွင်းသောခိုးသူတို့သည် တူသောဆန္ဒရှိကုန်သဖြင့် မထေရ်မြတ်ကို ရဟန်းအဖြစ်ကို တောင်းပန်ကြကုန်၏။ မထေရ်လည်း သံကိစ္စသာမဏေကဲ့သို့ ထိုအလုံးစုံသော ခိုးသူတို့ကို ရဟန်းပြုပေးတော်မူလေ၏။ ထိုအခါမှစ၍ ခါဏုကောဏ္ဍညဟူသော အမည်ဖြင့် ကျော်စောထင်ရှားလေ၏။ ထိုမထေရ်သည် ထိုရဟန်းတို့နှင့်အတူတကွ ဘုရားရှင်၏အထံတော်သို့ ရောက်၍ “ချစ်သားကောဏ္ဍည- အသို့နည်း၊ သင်သည် အန္တေဝါသိကတပည့်တို့ကို ရခဲ့လေသလော”ဟု မေးတော်မူသည်ရှိသော် ထိုအကြောင်းကို လျှောက်ကြားလေ၏။ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ဤယခု လျှောက်ကြားသောအတိုင်း ဟုတ်မှန်သလော”ဟု မေးတော်မူခြင်းကြောင့် “မြတ်စွာဘုရား- မှန်လှပါသည်ဘုရား၊ တပည့်တော်တို့သည် တစ်ပါးသောပုဂ္ဂိုလ်၏ ဤသို့သဘောရှိသော အာနုဘော်ကို မမြင်အပ်စဖူးပါ၊ ထို့ကြောင့် ရဟန်းပြုကြပါသည်ဘုရား”ဟု လျှောက်လတ်သော် “ချစ်သားရဟန်းတို့- ဤသို့သဘောရှိသော ပညာနည်းသောသူတို့၏ အမှု၌တည်၍ အနှစ်တစ်ရာပတ်လုံး အသက်ရှည်ရခြင်းထက် ယခုအခါ ပညာ၏ ပြည့်စုံခြင်းသို့ ရောက်ကြကုန်သောအသင်တို့၏ တစ်ရက်မျှအသက်ရှည်ရခြင်းသည် မြတ်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေကိုစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၁၁] ယော စ ဝဿသတံ ဇီဝေ၊ ဒုပ္ပညော အသမာဟိတော။
ဧကာဟံ ဇီဝိတံ သေယျော၊ ပညဝန္တဿ ဈာယိနော။

ယော စ၊ အကြင်သူသည်ကား။ ဒုပ္ပညော၊ ပညာမရှိဘဲ။ အသမာဟိတော၊ တည်ကြည်ခြင်းမရှိဘဲ။ ဝဿသတံ၊ အနှစ်တစ်ရာ ကာလပတ်လုံး။ ဇီဝေ၊ အသက်ရှည်ငြားအံ့။ တတော၊ ထိုပညာမရှိသူ အနှစ်တစ်ရာ အသက်ရှည်ခြင်းထက်။ ပညဝန္တဿ၊ ပညာရှိသော။ ဈာယိနော၊ ကသိုဏ်းစသော အာရုံ, အနိစ္စစသော လက္ခဏာကို မပြတ်ရှုလတ်သောသူ၏။ ဧကာဟံ၊ တစ်ရက်မျှ။ ဝါ၊ တစ်ခဏပင်။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျော၊ မြတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်အဆုံး၌ ငါးရာသော ရဟန်းတို့သည်လည်း ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်ကြလေကုန်၏။ ရောက်လာသူ လူများအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ခါဏုကောဏ္ဍညမထေရ်ဝတ္ထု ပြီး၏။

֍ * ၁၁။ သပ္ပဒါသမထေရ်ဝတ္ထု

ယော စ ဝဿသတံ ဇီဝေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်သပ္ပဒါသ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မြွေဆိုးမကိုက်သော ရဟန်း

သာဝတ္ထိပြည်၌ အမျိုးသားတစ်ယောက်သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ကြားနာရ၍ ရဟန်းပြုသဖြင့် ပဉ္စင်းအဖြစ်ကို ရလတ်သည်ရှိသော် တစ်ပါးသောအခါ၌ ဆန့်ကျင်ပျင်းရိလှသောကြောင့် “ငါကဲ့သို့ သဘောရှိသော အမျိုးသားအား လူဖြစ်ခြင်း လူထွက်ခြင်းမည်သည် မသင့်မလျောက်ပတ်၊ ရဟန်းအဖြစ်၌တည်၍ စုတေသေရခြင်းသည် မြတ်၏”ဟု ကြံ၍ မိမိ၏ သေခြင်းအကြောင်းကို ကြံအောက်မေ့လျက် လှည့်လည်သွားလာ၏။ ထိုအခါ တစ်နေ့သ၌ နံနက်စောစောကပင်လျှင် ဆွမ်းစားပြီးကုန်သော ရဟန်းတို့သည် ကျောင်းသို့သွားကြသဖြင့် မီးတင်းကုပ်၌ မြွေကိုမြင်ရလျှင် ထိုမြွေကို တစ်ခုသောအိုး၌ထည့်လျက် ထိုအိုးကိုပိတ်ယူ၍ ကျောင်းမှ ထွက်သွားကြလေကုန်၏။ ဆန့်ကျင်ပျင်းရိသော ရဟန်းသည်လည်း ဆွမ်းစားခြင်းကိုပြုပြီး၍ လာလတ်ရကား ထိုရဟန်းတို့ကိုမြင်လျှင် “ငါ့ရှင်တို့- ဤသည်ကား အဘယ်နည်း”ဟု မေးသဖြင့် “ငါ့ရှင်- မြွေတည်း”ဟု ဆိုသည်ရှိသော် “ဤမြွေဖြင့် အဘယ်သို့ ပြုကြကုန်အံ့နည်း”ဟု မေးပြန်လျှင် “ထိုမြွေကို လွှတ်ကုန်အံ့”ဟု ဆိုကြလေကုန်၏။

ထိုရဟန်းတို့၏စကားကို ကြားလျှင် “ဤမြွေဖြင့် မိမိကိုယ်ကို ကိုက်စေ၍ သေအံ့"ဟု အကြံအစည်ပြုသဖြင့် “ဆောင်ခဲ့ကြပါကုန်လော့၊ တပည့်တော် ထိုမြွေကို စွန့်ပစ်ပါမည်”ဟု ဆိုပြီးလျှင် ထိုရဟန်းတို့၏လက်မှ အိုးကိုယူ၍ တစ်ခုသောအရပ်၌နေလျက် ထိုမြွေကို မိမိကိုယ်ကို ကိုက်စေ၏။ မြွေသည် ကိုက်ခြင်းငှာ အလိုမရှိ၊ ထိုရဟန်းသည် အိုး၌ လက်ကိုချ၍ နှိုက်၍ ထိုမှဤမှလည်း မွှေနှောက်၏။ ကြမ်းသော အဆိပ်ရှိသော မြွေ၏ခံတွင်းကိုဖွင့်၍ လက်ချောင်းကို ထည့်သွင်း၏။ ထိုရဟန်းကို မြွေသည် မကိုက်။ ထိုရဟန်းသည် “ဤမြွေကား လျင်သော အဆိပ်ရှိသော မြွေမဟုတ်၊ အိမ်မွေ့တည်း”ဟု ထိုမြွေကိုစွန့်ပစ်၍ ကျောင်းသို့ ပြန်သွားလေ၏။ ထိုအခါ ထိုရဟန်းကို ရဟန်းတို့သည် “ငါ့ရှင်- သင်သည် မြွေကို စွန့်ပစ်ခဲ့ပြီလော”ဟု ပြောဆိုကြကုန်၏။ ထိုရဟန်းသည် “ငါ့ရှင်တို့- ဤမြွေကား မြွေဆိုး,မြွေကြမ်းမဟုတ်၊ အိမ်မြွေတည်း”ဟု ဆိုလျှင် “ငါ့ရှင်- မြွေဆိုး,မြွေကြမ်းသာလျှင် ဖြစ်၏။ ကြီးစွာသော ပါးပျဉ်းကိုပြု၍ တရှူးရှူးမြည်၏၊ ငါတို့သည် ဆင်းရဲငြိုငြင်စွာ ဖမ်းယူအပ်၏၊ အဘယ်အကြောင်းကြောင့် ဤသို့ သင်ဆိုလေဘိသနည်း”ဟု ပြောဆိုကြကုန်၏။ “ငါ့ရှင်တို့- ငါကား ထိုမြွေကို လက်ချောင်းကို ကိုက်စေသော်လည်းကောင်း၊ ခံတွင်း၌ လက်ချောင်းကို ထည့်သွင်းစေသော်လည်းကောင်း ထိုမြွေကို ကိုက်စေခြင်းငှာ မတတ်နိုင်ခဲ့လေပြီ”ဟု ဆိုလတ်သော် ထိုစကားကိုကြားလျှင် ရဟန်းတို့သည် ဆိတ်ဆိတ်နေကြလေကုန်၏။

ရဟန္တာဖြစ်တော်မူခြင်း

ထိုအခါ တစ်နေ့သ၌ ဆတ္တာသည်သည် နှစ်စင်းသုံးစင်းသော သင်တုန်းတို့ကိုယူလျက် ကျောင်းသို့သွားသဖြင့် သင်တုန်းတစ်စင်းကို မြေ၌ထား၍ သင်တုန်းတစ်စင်းဖြင့် ရဟန်းတို့၏ဆံတို့ကို ချလေ၏။ ထိုရဟန်းသည် မြေ၌ ထားအပ်သော သင်တုန်းကိုယူ၍ “ဤသင်တုန်းဖြင့် လည်ပင်းကိုဖြတ်၍ သေတော့အံ့”ဟု သစ်ပင်တစ်ခု၌ လည်ပင်းကိုမှီထားသဖြင့် သင်တုန်းသွားကို ရေမျို၌ တင်ထားပြီးလျှင် မတ်တတ်ရပ်လျက် ပဉ္စင်းဖြစ်သောအခါမှစ၍ မိမိသီလကို ဆင်ခြင်လတ်သည်ရှိသော် အညစ်အကြေးကင်းသော လပြည့်ဝန်းကဲ့သို့လည်းကောင်း၊ ကောင်းစွာသွေးအပ်သော ပတ္တမြားတုံးကဲ့သို့လည်းကောင်း အညစ်အကြေးမရှိသော သီလကို မြင်ရလေ၏။ ထိုသီလကို ကြည့်ရှုဆင်ခြင်သော ထိုရဟန်းအား ကိုယ်အလုံးကို ပျံ့နှံ့သော ဖရဏာပီတိသည် ဖြစ်လေ၏။ ထိုရဟန်းသည် နှစ်သိမ့်သောပီတိကို ဖယ်ခွာ၍ ဝိပဿနာကို ပွားစေလတ်သော် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေရကား သင်တုန်းကိုယူလျက် ကျောင်းလယ်သို့ ပြန်ဝင်လာလေ၏။

ထိုအခါ ထိုရဟန်းကို ရဟန်းတော်တို့သည် “ငါ့ရှင်- သင်ကား အဘယ်သို့သွားသနည်း”ဟု မေးကြလေကုန်၏။ “ငါ့ရှင်တို့- ဤသင်တုန်းဖြင့် ရေမျိုလည်ချောင်းကိုဖြတ်၍ သေတော့အံ့ဟူ၍ သွားပါသည်”ဟု ဆိုလေသော် “ထိုသို့ဖြစ်လျက် အဘယ့်ကြောင့် မသေသနည်း”ဟု ဆိုကြကုန်၏။ “ယခုအခါ တပည့်တော်သည် လက်နက်ကိုဆောင်ခြင်းငှာ မထိုက်သောသူဖြစ်ပြီ၊ တပည့်တော်သည် ဤသင်တုန်းဖြင့် ရေမျိုကိုဖြတ်အံ့ဟု ရည်ရွယ်သော်လည်း ဉာဏ်တည်းဟူသော သင်တုန်းဖြင့် အလုံးစုံသော ကိလေသာတို့ကို ဖြတ်ခဲ့လေပြီ”ဟု ဆိုသည်ရှိသော် ရဟန်းတို့သည် “ဤရဟန်းကား မဟုတ်မမှန်သောအားဖြင့် အရဟတ္တဖိုလ်ကို ပြောကြားဘိ၏”ဟူ၍ မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။

သပ္ပဒါသဟု အမည်ရပုံ

ဘုရားရှင်လည်း ထိုရဟန်းတို့၏စကားကို ကြားတော်မူလျှင် “ချစ်သားရဟန်းတို့- ရဟန္တာတို့မည်သည် မိမိလက်ဖြင့် မိမိကိုယ်ကို အသက်မှ မချကြကုန်”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ဤရဟန်းကို ရဟန္တာဟူ၍ ရှင်တော်ဘုရားတို့သည် မိန့်ဆိုတော်မူကြပါ၏၊ ဤသို့ ရဟန္တာဖြစ်ကြောင်း အရဟတ္တဖိုလ်၏ ဥပနိဿယနှင့် ပြည့်စုံလျက် ဤရဟန်းသည် အဘယ့်ကြောင့် ဆန့်ကျင် ပျင်းရိလေဘိသနည်း၊ ထိုရဟန်း၏ အရဟတ္တဖိုလ် ဥပနိဿယအကြောင်းသည် အဘယ်ပါနည်း၊ အဘယ့်ကြောင့် ထိုမြွေသည် ဤရဟန်းကို မကိုက်သနည်းဘုရား”ဟု လျှောက်ကြားကြကုန်သော် “ချစ်သားရဟန်းတို့- ရှေးဦးစွာ ဤရဟန်း၏ သုံးခုမြောက်သော ကိုယ်အဖြစ်၌ ဤမြွေသည် ကျွန်ဖြစ်ခဲ့ဖူးပြီ၊ ထိုမြွေသည် မိမိသခင်၏ကိုယ်ကို ကိုက်ခြင်းငှာ မရဲဝံ့”ဟု ထိုရဟန်းနှင့်မြွေတို့၏ တစ်ခုသော အကြောင်းကို မြတ်စွာဘုရား မိန့်ကြားတော်မူလေ၏။ ထိုအခါမှစ၍ ထိုရဟန်းသည် သပ္ပဒါသ (မြွေဖြစ်သော ကျွန်ရှိသောရဟန်း) ဟူသော အမည်ရှိသည် ဖြစ်လေ၏။

အတိတ်ကံအကြောင်း

ကဿပ မြတ်စွာဘုရား၏ လက်ထက်တော်၌ အမျိုးသားတစ်ယောက်သည် မြတ်စွာဘုရား၏ တရားစကားကို ကြားနာရ၍ ဖြစ်သောထိတ်လန့်ခြင်းရှိရကား ရဟန်းပြုသဖြင့် ပဉ္စင်းအဖြစ် ရလတ်သည်ရှိသော် တစ်ပါးသောအခါ၌ မမွေ့လျော်ခြင်း ဖြစ်ပေါ်ခြင်းကြောင့် အဆွေခင်ပွန်းဖြစ်သော ရဟန်းတစ်ပါးအား ပြောကြားလေသတတ်။ ထိုအဆွေခင်ပွန်း ရဟန်းသည် ထိုရဟန်းအား မပြတ်မလပ် လူ့အဖြစ်၌ အပြစ်ကိုဟောပြောလေ၏။ ထိုစကားကိုကြားရလျှင် သာသနာတော်၌ ပျင်းရိဆန့်ကျင်သော ရဟန်းသည် သာသနာတော်၌ အလွန်မွေ့လျော်လေသည်ဖြစ်ရကား ရှေး၌ မမွေ့လျော်စဉ်အခါ အညစ်အကြေး ကပ်ငြိကုန်သော ရဟန်းပရိက္ခရာတို့ကို တစ်ခုသော ရေအိုင်ကမ်းနား၌ အညစ်အကြေးကင်းအောင် ပြုလုပ်ကာ နေလေ၏။ အဆွေခင်ပွန်းဖြစ်သော ရဟန်းသည်လည်း ထိုရဟန်း၏အထံ၌သာလျှင် ထိုင်နေလေ၏။ ထိုအခါ အဆွေခင်ပွန်းဖြစ်သော ရဟန်းကို ရဟန်းပရိက္ခရာ အညစ်အကြေး ကင်းအောင်ပြုသော ရဟန်းက “ငါ့ရှင်- ငါကား လူထွက်ဖြစ်သည်ရှိသော် ဤပရိက္ခရာတို့ကို အရှင်အား ပေးလှူခြင်းငှာ အလိုရှိခဲ့၏”ဟု ဆိုလေ၏။ ထိုအဆွေခင်ပွန်းဖြစ်သော ရဟန်းသည် “ဤရဟန်းကား ရဟန်းဖြစ်သဖြင့်လည်းကောင်း၊ လူထွက်သဖြင့်လည်းကောင်း ငါ့အား အဘယ်အကျိုးရှိအံ့နည်း၊ ယခုအခါ ပရိက္ခရာတို့ကို ပျက်စေအံ့”ဟု ကြံလေ၏။ ထိုအဆွေခင်ပွန်းဖြစ်သော ရဟန်းသည် ထိုနေ့မှအစပြု၍ “ငါ့ရှင်- ယခုအခါ ငါ့တို့အား အသက်ရှင်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ငါတို့သည် ခွက်လက်စွဲကုန်လျက် သူတစ်ပါးအိမ်တို့၌ ဆွမ်းအလို့ငှာ လှည့်လည်ရသဖြင့် သားမယားတို့နှင့် အတူတကွ စကားပြောဟောခြင်းကို မပြုကြရကုန်”ဟု ဤသို့အစရှိသော စကားတို့ကိုဆိုလျက် လူ့အဖြစ်၏ဂုဏ်ကျေးဇူးကို ဆိုလေ၏။ ရဟန်းသည် အဆွေခင်ပွန်းဖြစ်သော ရဟန်း၏စကားကို ကြားရလျှင် တစ်ဖန် ငြီးငွေ့ ပျင်းရိပြန်သည်ဖြစ်၍ “ဤရဟန်းကား ငြီးငွေ့ပျင်းရိလှပါ၏ဟု ငါဆိုသည်ရှိသော် ရှေးဦးစွာ လူ့အဖြစ်၌ အပြစ်ကိုဟောပြောပါလျက် ယခုအခါ မပြတ် ဂုဏ်ကျေးဇူးကို ဟောပြောခဲ့လေ၏၊ အကြောင်းကား အသို့နည်း”ဟု ကြံစည်လတ်သည်ရှိသော် “ဤရဟန်းပရိက္ခရာတို့၌ လိုချင်မက်မောခြင်းကြောင့် ဟောပြော၏”ဟု သိရသဖြင့် အလိုလိုသာလျှင် မိမိ၏စိတ်ကို ပြန်လည်ဆုတ်နစ်စေလေ၏။ ဤသို့လျှင် ထိုရဟန်းသည် ကဿပမြတ်စွာဘုရား လက်ထက်တော်၌ ရဟန်းတစ်ပါးကို လူထွက်အောင် တိုက်တွန်းဖူးသည်အဖြစ်ကြောင့် ယခုအခါ မမွေ့လျော်ခြင်းသည် ဖြစ်လေ၏။

ရဟန္တာဖြစ်ကြောင်း ကောင်းမှု

ထိုရဟန်းသည်ပင်လျှင် ထိုအခါ အနှစ်နှစ်သောင်းတို့ပတ်လုံး အကြင်ရဟန်းတရားကို ဖြည့်ကျင့်ခဲ့ဖူး၏၊ ထိုရဟန်းတရားသည် ယခုအခါ အရဟတ္တဖိုလ်၏အကြောင်း ဥပနိဿယဖြစ်လေ၏ဟု ဤအကြောင်းကို ရဟန်းတို့သည် ဘုရားရှင်၏အထံတော်မှ ကြားနာရသဖြင့် ထို့ထက်အလွန် မေးလျှောက်ပြန်သည်မှာ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤရဟန်းသည် သင်တုန်းသွားကို ရေမျိုး၌တင်ထား၍ ရပ်လျက်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်ပါသတတ်၊ ဤမျှလောက်ဖြင့် အရဟတ္တမဂ်သည် ဖြစ်နိုင်ပါသလောဘုရား”ဟု မေးလျှောက်ကြလေကုန်၏။ “ချစ်သားရဟန်းတို့- ဖြစ်နိုင်၏၊ အားထုတ်အပ်သော လုံ့လဝီရိယရှိသော ရဟန်း၏ ခြေကိုကြွ၍ မြေ၌ထားစဉ် ခြေသည် မြေသို့မရောက်မီပင်လျှင် အရဟတ္တမဂ်သည် ဖြစ်၏။ ပျင်းရိသောပုဂ္ဂိုလ်၏ အနှစ်တစ်ရာ ကာလပတ်လုံး အသက်ရှည်ခြင်းထက် အားထုတ်အပ်သော လုံ့လရှိသောပုဂ္ဂိုလ်၏ တစ်ခဏမျှသော်လည်း အသက်ရှည်ခြင်းသည် မြတ်၏”ဟု မိန့်တော်မူပြီးလျှင် အနုသန္ဓေကိုစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၁၂] ယော စ ဝဿသတံ ဇီဝေ၊ ကုသီတော ဟီနဝီရိယော။
ဧကာဟံ ဇီဝိတံ သေယျော၊ ဝီရိယမာရဘတော ဒဠှံ။

ယောစ၊ အကြင်သူသည်ကား။ ကုသီတော၊ ပျင်းရိခြင်းရှိသည်။ ဟီနဝီရိယော၊ လျော့သော လုံ့လရှိသည်။ ဟုတွာ၊ ဖြစ်၍။ ဝဿသတံ၊ အနှစ်တစ်ရာ ကာလပတ်လုံး။ ဇီဝေ၊ အသက်ရှည်ငြားအံ့။ တတော၊ ထိုပျင်းရိသောသူ အနှစ်တစ်ရာ အသက်ရှည်ခြင်းထက်။ ဝီရိယံ၊ လုံ့လကို။ ဒဠှံ၊ မြဲစွာ။ အာရဘတော၊ အားထုတ်သောသူ၏။ ဧကာဟံ၊ တစ်ရက်မျှ။ ဝါ၊ တစ်ခဏမျှပင်။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျော၊ မြတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သပ္ပဒါသမထေရ်ဝတ္ထု ပြီး၏။

֍ * ၁၂။ ပဋာစာရီထေရီမဝတ္ထု

ယော စ ဝဿသတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပဋာစာရီမည်သော ထေရီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ပဋာစာရီနှင့် ဒါသတို့ ဘဝအစ

ထိုပဋာစာရီ ထေရီမသည် သာဝတ္ထိပြည်၌ ကုဋေလေးဆယ် ဥစ္စာကြွယ်သော သူဌေးကြီး၏ သမီးဖြစ်၍ အလွန်အဆင်းလှသတတ်။ ထိုသူဌေးသမီးကို တစ်ဆယ့်ခြောက်နှစ် အရွယ်ရောက်သောအခါ ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏အထက်၌ စောင့်ရှောက်ကာ နေကြစေကုန်၏။ ထိုသို့ နေစေကုန်သော်လည်း ထိုသူဌေးသမီးသည် မိမိ၏ အလုပ်အကျွေး ကျေးကျွန်ငယ် တစ်ယောက်နှင့်တကွ ဖောက်ပြန်မှားယွင်း ပြုကျင့်ခြင်းရှိလေ၏။ ထို့နောက် သတို့သမီး၏ မိခင်,ဖခင်တို့သည် အမျိုးဇာတ်အားဖြင့် တူမျှသောအမျိုး၌ တစ်ယောက်သော သတို့သားအား ဝန်ခံ၍ ထိမ်းမြားမင်္ဂလာ ဆောင်အံ့သောနေ့ကို ချိန်းချက်မှတ်သားထားကြကုန်၏။ ထိုနေ့ နီးလတ်သည်ရှိသော် သူဌေးသမီးသည် ထိုအလုပ်အကျွေးငယ်ကို “ငါ့ကို ဤမည်သော သတို့သားအား မချွတ်ပေးကြကုန်လတ္တံ့၊ ငါသည် လင့်အိမ်သို့ သွားရသည်ရှိသော် ငါ့အဖို့ လက်ဆောင်ကိုယူ၍လာသော်လည်း ထိုလင့်အိမ်သို့ဝင်ခြင်းကို မရလတ္တံ့၊ သင့်အား အကယ်၍ ငါ့အပေါ်၌ ချစ်ချစ်ခင်ခင် ရှိခဲ့ပါမူ ယခုပင် ငါ့ကိုခိုးယူ၍ အမှတ်မရှိ တစ်စုံတစ်ခုသောအရပ်သို့ ထွက်ပြေးပါလော့”ဟု ပြောဆိုလေ၏။

ရုပ်ပြောင်း၍ ဒါသနောက် လိုက်သွားပုံ

အလုပ်အကျွေးငယ်လည်း “သခင်မ- ကောင်းပါပြီ”ဟု ဆိုလေ၏၊ “ထိုသို့ဖြစ်မူ ငါသည် နက်ဖြန်နံနက် စောစောကပင်လျှင် မြို့တံခါး၏ ဤမည်သောအရပ်၌ နေပေအံ့၊ သင်သည် တစ်ခုသော ဥပါယ်တံမျဉ်ဖြင့် ထွက်ခဲ့၍ ထိုမြို့တံခါးသို့ လာခဲ့လော့”ဟု မှာဆိုခြင်းကြောင့် နှစ်ရက်မြောက်သောနေ့တွင် ချိန်းချက်ရာအရပ်၌ စောင့်နေနှင့်လေ၏။ သူဌေးသမီးသည်လည်း နံနက်စောစောကပင်လျှင် ညစ်နွမ်းသော ထဘီအဝတ်ကိုဝတ်၍ ဆံပင်တို့ကို ဖရိုဖရဲကြဲလျက် ဆန်ကွဲမှုန့်ဖြင့် ကိုယ်ကိုလိမ်းကျံသဖြင့် ရေအိုးကို ရွက်ပြီးလျှင် ကျွန်မတို့နှင့်အတူတကွ သွားဘိသကဲ့သို့ အိမ်မှထွက်သွားသဖြင့် ထိုအရပ်သို့ ရောက်သွားလေ၏။ အလုပ်အကျွေးငယ်သည် သူဌေးသမီးကို ယူဆောင်ပြီးလျှင် ဝေးသောအရပ်သို့သွား၍ ရွာတစ်ခု၌ နေခြင်းကိုပြုသဖြင့် တော၌ လယ်ကိုထွန်ပြီးသောအခါ ထင်းနှင့်ဟင်းရွက်တို့ကို ဆောင်ယူလာရလေ၏။ သူဌေးသမီးသည်ကား ရေအိုးဖြင့် ရေကိုဆောင်ယူ၍ မိမိလက်ဖြင့် မောင်းထောင်ခြင်း, ထမင်းချက်ခြင်း စသည်တို့ကိုပြုလျက် မိမိမကောင်းမှုအကျိုးကို ခံစားရရှာလေ၏။

လမ်းခရီး၌ သားဖွားမြင်ခြင်း

ထို့နောက် သူဌေးသမီး၏ဝမ်း၌ ကိုယ်ဝန်ပဋိသန္ဓေ တည်လာလေ၏။ သူဌေးသမီးသည် ကိုယ်ဝန်သန္ဓေ ပြည့်စုံစွာ ရင့်လေလျှင် “ဤရွာ၌ ငါ့အား ကျေးဇူးဥပကာရပြုတတ်သော တစ်စုံတစ်ယောက်သောသူ မရှိ၊ မိခင်ဖခင်တို့မည်သည်ကား သားသမီးတို့အပေါ်၌ နူးညံ့သိမ်မွေ့သော စိတ်နှလုံးရှိကြကုန်၏၊ ထိုမိခင်ဖခင်တို့၏အထံသို့ ငါ့ကို ပို့ပါလော့၊ ထိုမိဘတို့နေရာအိမ်၌ ငါ၏ သားဖွားမြင်ခြင်းသည် ဖြစ်လတ္တံ့”ဟု လင်ယောက်ျားကို တောင်းပန်လေ၏။ ထိုကျေးကျွန်ဖြစ်သော လင်ယောက်ျားသည် “ချစ်နှမ- အသို့ဆိုသနည်း၊ ငါ့ကိုမြင်လျှင် သင်၏မိဘတို့သည် အထူးထူး ရိုက်ပုတ်ထောင်းသတ်ခြင်း အမှုတို့ကို ပြုကုန်ရာ၏၊ ငါသွားခြင်းငှာ မဝံ့”ဟု ငြင်းပယ်လေ၏။ ထိုသူဌေးသမီးသည် အဖန်တလဲလဲ တောင်းပန်သော်လည်း တောင်းပန်၍မရခြင်းကြောင့် ထိုယောက်ျား တောသို့သွားခိုက် အိမ်နီးချင်းတို့ကို ပန်ကြား၍ “ယောက်ျားလာသဖြင့် အကျွန်ုပ်ကို မမြင်သည်ရှိသော် အဘယ်အရပ်သို့ သွားသနည်းဟု အကယ်၍ မေးသည် ဖြစ်ပါအံ့၊ မိမိ၏ မိဘအိမ်သို့ အကျွန်ုပ်သွားကြောင်းကို ပြောကြားလိုက်ကြပါ”ဟု ဆို၍ အိမ်တံခါးကိုပိတ်ပြီးလျှင် ထွက်ခွာခဲ့လေ၏။ ထိုလင်ယောက်ျားသည်လည်း ပြန်လာသဖြင့် သူဌေးသမီးကို မမြင်လတ်သည်ရှိသော် အိမ်နီးချင်းတို့ကိုမေး၍ ထိုအကြောင်းကိုကြားသိရလျှင် “မယားကို ပြန်လည်စေအံ့”ဟု အစဉ်လိုက်သွားရာ မယားကို တွေ့မြင်သောအခါ အထူးထူးအပြားပြား တောင်းပန်သော်လည်း ပြန်လည်စေခြင်းငှာမတတ်နိုင်၊ ထို့နောက် သူဌေးသမီးအား တစ်ခုသောအရပ်၌ ကမ္မဇလေတို့သည် လှုပ်ရှားလေကုန်၏။ ပဋာစာရီသည် ချုံငယ်တစ်ခုအတွင်းသို့ဝင်၍ “အမောင်ချစ်လင်- ငါ့အား ကမ္မဇလေတို့သည် လှုပ်ချောက်ချားကုန်ပြီ”ဟု ဆို၍ မြေ၌လျောင်းစက်လျက် တပြောင်းပြန်ပြန် လူးကာလှိမ့်ကာ ဆင်းရဲငြိုငြင်စွာ သားငယ်ကို ဖွားမြင်ရရှာပြီးမှ “သားဖွားခြင်းအကျိုးငှာ ငါသည် မိဘအိမ်သို့ သွားရာ၏၊ ထိုအကျိုးသည် ပြီးငြိမ်းလေပြီ”ဟု တစ်ဖန်သာလျှင် လင်ယောက်ျားနှင့်အတူတကွ အိမ်သို့ပြန်လာ၍ နေခြင်းကို ပြုလေ၏။

ထိုသူဌေးသမီးအား တစ်ပါးသောအခါ ကိုယ်ဝန် တစ်ဖန် တည်ပြန်လေ၏။ ထိုသူဌေးသမီးသည် ရင့်သော ကိုယ်ဝန်ရှိသည်ဖြစ်၍ ရှေးနည်းအားဖြင့်သာလျှင် လင်ယောက်ျားကို တောင်းပန်ပြန်သော် တောင်းပန်၍မရခြင်းကြောင့် သားကို ရင်ခွင်ဖြင့်ချီလျက် ထိုရှေးအတူသာလျှင် ထွက်ခွာခဲ့ပြန်သဖြင့် လင်ယောက်ျားသည် အစဉ်လိုက်၍ “ရပ်ဆိုင်းပါဦး”ဟု ဆိုသော်လည်း ပြန်လည်ခြင်းငှာ အလိုမရှိခဲ့လေပြီ။ ထိုအခါ ထိုသူတို့ သွားကြကုန်စဉ် အခါမဲ့မိုးကြီးသည် ထင်ရှားစွာဖြစ်လေ၏။ ထက်ဝန်းကျင်မှ လျှပ်စစ်နွယ်တို့ဖြင့် ရဲရဲပြောင်ပြောင် တောက်လောင်ဘိသကဲ့သို့လည်းကောင်း၊ မိုးထစ်ချုန်းသံဖြင့် ကွဲအက် ပြိုပျက်အံ့သကဲ့သို့လည်းကောင်း ကောင်းကင်သည် ရေအယဉ်လေတို့ဖြင့် အကြားအလပ်မရှိ ဖြစ်လေ၏။ ထိုခဏ၌ ထိုသူဌေးသမီးအား ကမ္မဇလေတို့သည် လှုပ်ရှားလေကုန်၏။ သူဌေးသမီးသည် လင်ယောက်ျားကိုခေါ်၍ “အမောင်ချစ်လင်- ငါ့အား ကမ္မဇလေတို့သည် လှုပ်ချောက်ချားကုန်ပြီ၊ တည်တံ့စွာနေခြင်းငှာ မတတ်နိုင်၊ မိုးမစွတ်ရာအရပ်ကို ငါ့အလို့ငှာ သိပါလော့၊ ပြုစမ်းပါလော့”ဟု ဆိုရှာလေ၏။

မြွေကိုက်၍ ဒါသကွယ်လွန်ပုံ

ကျေးကျွန်ဖြစ်သော လင်ယောက်ျားသည် လက်၌ပါသော ပဲခွပ်ဖြင့် ထိုမှဤမှ စူးစမ်းရှာဖွေသည်ရှိသော် တစ်ခုသော တောင်ပို့ထိပ်ထက်၌ ပေါက်သောချုံကိုမြင်လျှင် ဖြတ်ခြင်းငှာ အားထုတ်လေ၏။ ထိုအခါ ထိုယောက်ျားကို တောင်ပို့မှထွက်၍ ကြမ်းသောအဆိပ်ရှိသဖြင့် လျင်သောအဆိပ်ရှိသော မြွေသည် ကိုက်လေ၏။ ထိုခဏ၌သာလျှင် ထိုယောက်ျား၏ကိုယ်သည် အတွင်းမှထသော မီးလျှံတို့ဖြင့် လောင်သကဲ့သို့ တစ်ကိုယ်လုံး ညိုသောအဆင်းရှိသည်ဖြစ်၍ ထိုနေရာ၌ပင် လဲကျလေ၏။ သူဌေးသမီးသည်လည်း ကြီးစွာသောဆင်းရဲကို ခံစားလျက် ထိုလင်ယောက်ျား၏ လာခြင်းကို ကြည့်မျှော်ပါသော်လည်း ထိုယောက်ျားကို မမြင်မူ၍သာလျှင် တစ်ပါးသောသားငယ်ကိုလည်း ဖွားမြင်ပြန်၏။ သားငယ်နှစ်ယောက်တို့သည် လေနှင့်တကွသော မိုး၏အဟုန်ကို သည်းမခံနိုင်ကြရသေးရကား သည်းစွာဟစ်လျက် ငိုကြွေးမြည်တမ်းကြရရှာကုန်၏။ သူဌေးသမီးသည် သားနှစ်ယောက်စလုံးတို့ကို ရင်ခွင်ကြား၌ထား၍ နှစ်ခုသော ပုဆစ်ဒူးတို့ဖြင့်လည်းကောင်း၊ လက်တို့ဖြင့်လည်းကောင်း မြေ၌ ဖိနှိပ်ထောက်ထားသဖြင့် ထိုအရပ်၌ တည်နေလျက်သာ ညဉ့်အခါကို လွန်စေရရှာလေ၏။ တစ်ကိုယ်လုံးသည် သွေးမရှိသကဲ့သို့ဖြစ်၍ ဖက်ရွက်ရော်အဆင်းနှင့်တူသော အဆင်းရှိလေ၏။ ထိုသူဌေးသမီးသည် နေအရုဏ်တက်လတ်သည်ရှိသော် သားတစ်အဆင်းနှင့်တူသော တစ်ယောက်သော သားငယ်ကို ရင်ခွင်ဖြင့်ချီလျက် တစ်ယောက်သော သားငယ်ကို လက်ချောင်း၌ဆွဲငင်လျက် “ချစ်သား- လာလှည့်ပါလေ၊ မောင့်ဖခင်သည် ဤအရပ်ဆီသို့ ထွက်သွားခဲ့၏”ဟု ဆို၍ လင်ယောက်ျားသွားသော ခရီးလမ်းဖြင့် ခြေရာခံကာ လိုက်သွားသည်ရှိသော် တောင်ပို့ထိပ်ထက်၌ သေရှာ၍ လဲကျနေသော ညိုသောအဆင်းရှိ၍ မာတောင့်နေသော ကိုယ်ကောင်ကို မြင်ရလျှင် “ငါ့ကိုအကြောင်းပြု၍ ငါ့လင်သည် လမ်းခရီး၌ သေရရှာလေပြီတကား”ဟု အကြိမ်ကြိမ် ငိုကြွေးမြည်တမ်းလျက် ထွက်ခွာသွားရရှာလေ၏။

သားငယ် စွန်ချီ, သားကြီး ရေမျော

ထိုသူဌေးသမီးသည် တစ်ညဉ့်ပတ်လုံး မိုးသည်းစွာ ရွာအပ်သည့်အဖြစ်ကြောင့် ဒူးခေါင်းအတိုင်းအရှည် ခါးစောင်းအတိုင်းအရှည်ရှိသော ရေဖြင့်ပြည့်သော အစိရဝတီမြစ်ကို မြင်ရလျှင် မိမိပညာနုံ့သည့်အဖြစ်ကြောင့် သားငယ်နှစ်ယောက်တို့နှင့်အတူတကွ ရေသို့သက်ဆင်းခြင်းငှာ မရဲဝံ့ရကား သားကြီးကို ဤမှာဘက်ကမ်း၌ထားခဲ့၍ ဖွားမြင်စသားငယ်ကိုယူလျက် ထိုမှာဘက်ကမ်းသို့ သွားသဖြင့် သစ်ခက်ချိုးခင်းကာ သိပ်ထားပြီးလျှင် “သားကြီး၏အထံသို့ သွားဦးအံ့”ဟု သားငယ်ကိုပယ်စွန့်ကာ ကူးသွားခြင်းငှာ မတတ်နိုင်သည်ဖြစ်ရကား အဖန်တလဲလဲ ပြန်လှည့်ပြန်လှည့်၍ ကြည့်လျက်သွားရရှာလေ၏။ ထိုအခါ သူဌေးသမီး မြစ်လယ်သို့ ရောက်လတ်သောအခါ စွန်တစ်ကောင်သည် ထိုဖွားမြင်စသူငယ်ကိုမြင်လျှင် သားတစ်ဟူသောအမှတ်ဖြင့် ကောင်းကင်မှ သက်ဆင်းပျံဝဲကျလာလေ၏။ သူဌေးသမီးသည် သားကို ချီသုတ်ခြင်းငှာ ပျံဝဲကျလာသော စွန်ကို မြင်ရသဖြင့် လက်နှစ်ဖက်တို့ကို မြှောက်ချီလျက် (သု-သု) “ရွှေးရွှေး”ဟု သုံးကြိမ် သည်းစွာသောအသံကို မြွက်ဆိုခြောက်လှန့်လေ၏။ စွန်သည် ဝေးလှသဖြင့် ထိုခြောက်လှန့်သောအသံကို မကြားမူ၍သာလျှင် ဖွားမြင်စသူငယ်ကို ချီလျက် ကောင်းကင်သို့ ပျံသွားလေ၏။ ဤမှာဘက်ကမ်း၌နေရစ်သော သားကြီးသည် မြစ်လယ်၌ လက်နှစ်ဖက်တို့ကို မြှောက်ချီလျက် သည်းစွာသောအသံကို မြွက်ဆိုခြောက်လှန့်သော မိခင်ကိုမြင်ရလျှင် “ငါ့ကိုခေါ်၏” ဟူသောအမှတ်ဖြင့် လျင်မြန်စွာ ဆင်းလာလေရာ ရေ၌ကျသွားရှာလေ၏။ ဤသို့လျှင် သူဌေးသမီး၏ သားငယ်ကို စွန်ချီခဲ့လေ၏။ သားကြီးသည် ရေဖြင့် မျောခဲ့လေသတည်း။

မိဘနှစ်ပါးနှင့် မောင်တို့ တိုက်ပြို၍သေဆုံး

ထိုသူဌေးသမီးသည် “ငါ၏သားတစ်ယောက်ကို စွန်ချီပြီ၊ သားတစ်ယောက် ရေဖြင့်မျောပြီ၊ ငါ၏လင်ယောက်ျားသည်လည်း လမ်းခရီး၌ သေခဲ့ပြီ”ဟု ငိုကြွေးမြည်တမ်းကာ သွားလတ်သည်ရှိသော် သာဝတ္ထိပြည်မှလာသော ယောက်ျားတစ်ယောက်ကိုမြင်လျှင် “အမောင်- အဘယ်အရပ်၌နေသောသူ ဖြစ်သနည်း”ဟု မေးလေ၏။ “အမိ- အကျွန်ုပ်သည် သာဝတ္ထိပြည်၌ နေသောသူ ဖြစ်ပါသည်”ဟု ဆိုလျှင် “အမောင်- သာဝတ္ထိပြည် ဤမည်သောခရီးလမ်း၌ ဤသို့သဘောရှိသော အမျိုးသည် ရှိပါသည်၊ အမောင်သည် ထိုအမျိုးကို သိပါ၏လော”ဟု မေးပြန်လေ၏။ “အမိ- သိပါ၏၊ သို့သော် ထိုအမျိုးအကြောင်းကိုကား မမေးပါနှင့်၊ တစ်ပါးသူကို အကယ်၍ သိသည်ဖြစ်အံ့၊ မေးပါလော့”ဟုဆိုလျှင် “အမောင်- အကျွန်ုပ်အား သူတစ်ပါးဖြင့် မေးဖွယ်ကိစ္စမရှိ၊ ထိုသူဌေးအမျိုးကိုသာ မေးလိုပါ၏”ဟု ဆိုလေ၏။ “အမိ- သင်သည် မိမိအား မပြောကြားစိမ့်သောငှာ ခွင့်မပေး၊ ယနေ့ သင်သည် တစ်ညဉ့်ပတ်လုံး မိုးရွာသည်ကို မြင်၏လော”ဟု မေးပြန်သော် “အမောင်- အကျွန်ုပ် မြင်အပ်ပါ၏၊ အကျွန်ုပ်အားသာလျှင် တစ်ညဉ့်ပတ်လုံး ထိုမိုးရွာသွန်းချခြင်းသည် ဖြစ်ပါသည်၊ သူတစ်ပါးအား မဖြစ်ပါ၊ အကျွန်ုပ်အား မိုးရွာသွန်းချခြင်းအကြောင်းကို နောက်မှ သင့်အား ပြောပါအံ့၊ ရှေးဦးစွာ အကျွန်ုပ်အား ထိုသူဌေးအမျိုးအိမ်၌ ဖြစ်ကြောင်းကို ပြောပါဦးလော့”ဟု ဆိုလေ၏။ “အမိ- ယနေ့ညဉ့်၌ သူဌေးကြီးကိုလည်းကောင်း၊ သူဌေးကတော်ကြီးကိုလည်းကောင်း၊ သူဌေးသားကိုလည်းကောင်း ဤသုံးယောက်စလုံးသောသူတို့ကို လေနှင့်တကွလာသောမိုးသည် ဖိသဖြင့် အိမ်ပြိုခဲ့လေပြီ၊ ထိုသုံးလောင်းတို့ကို ထင်းပုံတစ်ခုတည်း၌ မီးသင်္ဂြိုဟ်ကြရကုန်၏။ အမိ- ဤသုံးလောင်းစု၍ မီးသင်္ဂြိုဟ်သော မီးခိုးသည် ထင်ရှားရှိသေး၏”ဟု ဆိုလျှင် ထိုသူဌေးသမီးသည် ထိုခဏချင်း၌ ဝတ်ထားသော ထဘီအဝတ် ကျွတ်၍ကျသည်ကို မမှတ်သားနိုင်၊ ရူးသွပ်သည်အဖြစ်သို့ ရောက်ရှာ၍ မိမွေးတိုင်း ဝတ်လစ်စားလစ် ငိုကြွေးမြည်တမ်းလျက်-

ဥဘော ပုတ္တာ ကာလင်္ကတာ၊ ပန္ထေ မယှံ ပတိ မတော။
မာတာ ပိတာ စ ဘာတာ စ၊ ဧကစိတကသ္မိံ ဍယှရေ။

မယှံ၊ ငါ၏။ ဥဘောပုတ္တာ၊ သားနှစ်ယောက်တို့သည်။ ကာလင်္ကတာ၊ သေခဲ့လေကုန်ပြီ။ ပတိ၊ ချစ်လင်သည်။ ပန္ထေ၊ သွားရာလမ်းခရီး၌။ မတော၊ သေခဲ့လေပြီ။ မာတာ စ၊ မိခင်သည်လည်းကောင်း။ ပိတာ စ၊ ဖခင်သည်လည်းကောင်း။ ဘာတာစ၊ မောင်သည်လည်းကောင်း။ ဧကစိတကသ္မိံ၊ ထင်းပုံတစ်ခုတည်း၌။ ဍယှရေ၊ မီးသင်္ဂြိုဟ်ကြရလေကုန်ပြီ။

ဤသို့ ယောင်ယမ်းမြည်တမ်းလျက် ချာချာလည် ရူးသွပ်ကာ လှည့်လည်ရရှာလေ၏။ လူတို့သည် ထိုရူးသွပ်သော သူဌေးသမီးကိုမြင်လျှင် “အရူးမကြီး, အရူးမကြီး”ဟု ခေါ်ဆိုလျက် တံမြက်ချေးအမှိုက်သရိုက်ကို ယူ၍လည်းကောင်း၊ မြေမှုန့်ကို ယူ၍လည်းကောင်း ဦးခေါင်းထိပ်ထက်၌ ဖြန့်ကြဲကုန်လျက် ခဲတို့ဖြင့် ပစ်ခတ်ကြလေကုန်သတည်း။

အတိတ်မှ ဆုတောင်း

ဘုရားသုံးလူ့ သဗ္ဗညုသည် ဇေတဝန်ကျောင်းတိုက်တော်ကြီးဝယ် ပရိသတ်အလယ်၌ နေတော်မူလျက် တရားဟောနေစဉ် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ဆည်းပူးအပ်ပြီးသော ပါရမီရှိသော ဆုတောင်းခြင်းနှင့်လည်း ပြည့်စုံသော သူဌေးသမီး ရောက်လာသည်ကို မြင်တော်မူလေ၏။ ထိုသူဌေးသမီးသည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်၌ ပဒုမုတ္တရဘုရားရှင်သည် ဝိနည်းဆောင် ထေရီမတစ်ဦးကို လက်မောင်း၌ချီမ၍ နန္ဒဝန်ဥယျာဉ်၌ ထားဘိသကဲ့သို့ ဧတဒဂ်အရာ၌ ထားအပ်သည်ကို မြင်ရလျှင် “ဘုရားတပည့်တော်မသည်လည်း ရှင်တော်မြတ်ဘုရားတို့ကဲ့သို့သော ဘုရားရှင်၏အထံတော်၌ ဝိနည်းကိုဆောင်ကုန်သော ထေရီမတို့၏အတွင်း၌ မြတ်သောရာထူးကို ရလိုပါသည်ဘုရား”ဟု ကြီးစွာသော ကောင်းမှုပြု၍ ဆုတောင်းခြင်းကို ဖြစ်စေခဲ့လေသတတ်။

ဘုရားရှင်ထံမှောက် ရောက်လာ

ပဒုမုတ္တရမြတ်စွာဘုရားသည် အနာဂတံသဉာဏ်တော်ကို ဖြန့်တော်မူသဖြင့် ဆုတောင်းခြင်း၏ ပြည့်စုံအပ်သောအဖြစ်ကို သိတော်မူလျှင် “နောင်သောအခါ ဂေါတမမည်သော မြတ်စွာဘုရား၏ သာသနာတော်၌ ဤဒါယိကာမသည် ပဋာစာရီဟူသောအမည်ဖြင့် ဝိနည်းဓိုရ်ထေရီမတို့တွင် အမြတ်ဆုံးတပည့်မ ဖြစ်လတ္တံ့”ဟူသော ဗျာဒိတ်စကားကို မိန့်ကြားတော်မူခဲ့လေ၏။ ဤသို့ တောင့်တအပ်သော ဆုတောင်းကောင်းမှုနှင့် ပြည့်စုံသော သူဌေးသမီးကို မြတ်စွာဘုရားသည် အဝေးမှ လာသည်ကို မြင်တော်မူရလျှင် “ဤသူဌေးသမီးအား ငါဘုရားကို ဖယ်ထား၍ တစ်ပါးသော ကိုးကွယ်ရာဖြစ်ခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိ”ဟု ကြံ၍ သူဌေးသမီးကို ကျောင်းတော်သို့ ရှေးရှုရောက်လာအောင် ပြုတော်မူလေ၏။ ပရိသတ်တို့သည် ထိုသူဌေးသမီးကို မြင်လျှင်မြင်ချင်း “ဤအရူးမကြီးကို ဘုရားရှင်ရှိရာ ဤအရပ်သို့ လာစိမ့်သောငှာ မပြုကြပါကုန်လင့်”ဟု ဆိုကြကုန်၏။ ဘုရားရှင်သည် “ဖဲကြကုန်လော့၊ ထိုအရူးမကို မတားမြစ်ကြကုန်လင့်”ဟု မိန့်တော်မူ၍ မနီးမဝေးသောအရပ်သို့ ရောက်လာသောအခါ “ချစ်သမီး- သတိကို ရစေလော့”ဟု မိန့်တော်မူလေ၏။ သူဌေးသမီး အရူးမသည် ဘုရားရှင်၏ တန်ခိုးအာနုဘော်တော်အားဖြင့် ခဏချက်ချင်း သတိကို ရလေ၏။ ထိုအခါ ဝတ်သောထဘီ၏ ကျွတ်ကျသည်အဖြစ်ကို မှတ်သားမိသဖြင့် ရှက်ခြင်း,ကြောက်ခြင်းကို ဖြစ်စေလျက် ကျုံ့ကျုံ့ထိုင်လေ၏။

ဖြစ်ကြောင်းကုန်စင် လျှောက်ထားပုံ

ထိုအခါ ထိုသူဌေးသမီးအား ယောက်ျားတစ်ယောက်သည် အပေါ်ရုံပုဆိုးကို ပစ်ပေးလေ၏။ သူဌေးသမီးသည် ထိုအပေါ်ရုံပုဆိုးကိုဝတ်၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ခြေတော်တို့၌ ငါးပါးသောတည်ခြင်းဖြင့် ရှိခိုးလျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်မ၏ မှီခိုအားထားရာ ဖြစ်တော်မူပါဘုရား၊ တပည့်တော်မ၏ ထောက်တည်ရာ ဖြစ်တော်မူပါဘုရား၊ တပည့်တော်မ၏ သားတစ်ယောက်ကို စွန်ချီသွားပါပြီ။ သားတစ်ယောက်သည် ရေဖြင့် မျောသွားပါပြီ၊ လမ်းခရီး၌ တပည့်တော်မ၏ လင်ယောက်ျား သေဆုံးခဲ့ပါပြီ၊ တပည့်တော်မ၏ မိဘတို့သည်လည်းကောင်း၊ မောင်သည်လည်းကောင်း အိမ်ပိကုန်သဖြင့် တစ်ခုသောထင်းပုံထက်၌ မီးသင်္ဂြိုကြရပါကုန်ပြီဘုရား”ဟု လျှောက်ထားရှာလေ၏။

သံသရာမှာ ယခုအဖြစ်မျိုး ကြုံခဲ့ဖူးပြီ

မြတ်စွာဘုရားသည် ထိုသူဌေးသမီး၏စကားကို ကြားတော်မူရလျှင် “ချစ်သမီး ပဋာစာရီ- မစိုးရိမ်လင့်၊ စောင့်ရှောက်ရာ,ကိုးကွယ်ရာ မှီခိုရာဖြစ်ခြင်းငှာ စွမ်းနိုင်သောသူ၏ အထံသို့သာလျှင် ရှေးဦးစွာ ရောက်လာခဲ့ပေ၏”ဟု မိန့်တော်မူ၍ ယခုအခါ၌ သင်၏သားတစ်ယောက် စွန်ချီသကဲ့သို့လည်းကောင်း၊ သားတစ်ယောက် ရေမျောသကဲ့သို့လည်းကောင်း၊ လင်ယောက်ျား လမ်းခရီး၌ သေသကဲ့သို့လည်းကောင်း၊ မိဘတို့သည်လည်းကောင်း၊ မောင်သည်လည်းကောင်း အိမ်ပိကုန်သကဲ့သို့လည်းကောင်း ဤအတူသာလျှင် ဤသံသရာ၌ သား,စသောသူတို့၏ သေသောအခါ ငိုကြွေးရသော သင်၏ ယိုကျသောမျက်ရည်တို့သည် လေးစင်းသော မဟာသမုဒ္ဒရာတို့၏ရေထက် လွန်စွာများ၏”ဟု မိန့်တော်မူပြီးလျှင် ဤဂါထာကို မိန့်တော်မူလေ၏။

စတူသု သမုဒ္ဒေသု ဇလံ ပရိတ္တကံ၊ တတော ဗဟုံ အဿုဇလံ အနပ္ပကံ။
ဒုက္ခေန ဖုဋ္ဌဿ နရဿ သောစနာ၊ ကိံကာရဏာ အမ္မ တုဝံ ပမဇ္ဇသိ။

ပဋာစာရေ၊ ချစ်သမီးပဋာစာရီ။ စတူသု သမုဒ္ဒေသု၊ သမုဒ္ဒရာလေးစင်းတို့၌။ ဇလံ၊ ရေသည်။ ပရိတ္တကံ၊ နည်းသေး၏။ ဒုက္ခေန၊ ဆင်းရဲငြိုငြင် ပင်ပန်းခြင်းဖြင့်။ ဖုဋ္ဌဿ၊ တွေ့သော။ နရဿ၊ သတ္တဝါ၏။ သောစနာ၊ စိုးရိမ်ခြင်းကြောင့်။ အဿုဇလံ၊ ဖြစ်သော မျက်ရည်သည်။ တတော၊ ထိုသမုဒ္ဒရာလေးစင်း ရေထက်။ ဗဟုံ၊ များလှ၏။ အနပ္ပကံ၊ နည်းသည်မဟုတ်။ အမ္မ၊ ချစ်သမီး ပဋာစာရီ။ တုဝံ၊ သင်သည်။ ကိံကာရဏာ၊ အဘယ်အကြောင်းကြောင့်။ ပမဇ္ဇသိ၊ မေ့လျော့ဘိသနည်း။

အနမတဂ္ဂသုတ္တန်ဟောကြား

ဤသို့လျှင် မြတ်စွာဘုရားသည် အနမတဂ္ဂသုတ္တန်တရားကို ဟောကြားတော်မူလတ်သည်ရှိသော် ထိုပဋာစာရီ၏ ကိုယ်၌ စိုးရိမ်ခြင်းသည် ခေါင်းပါးခြင်းသို့ ရောက်လေ၏။ ထိုအခါ ပဋာစာရီကို ခေါင်းပါးသော စိုးရိမ်ခြင်းရှိသည်ကို သိတော်မူသဖြင့် တစ်ဖန် မြတ်စွာဘုရားသည် ခေါ်တော်မူလျက် “ပဋာစာရီ- သားသမီးအစရှိသော သူတို့မည်သည် တမလွန်ဘဝသို့ သွားရသောသူ၏အလို့ငှာ စောင့်ရှောက်ရာသည်လည်းကောင်း၊ ကိုးကွယ်ရာသည်လည်းကောင်း ဖြစ်ခြင်းငှာ မတတ်နိုင်ကြကုန်။ ထို့ကြောင့် ထင်ရှားရှိကုန်ငြားလည်း ထိုသားသမီး အစရှိသောသူတို့သည် မရှိကြသည်သာ မည်ကုန်၏။ ပညာရှိသောသူသည်ကား သီလကိုသုတ်သင်၍ မိမိ၏ နိဗ္ဗာန်သို့ရောက်ကြောင်း လမ်းခရီးကိုသာလျှင် သုတ်သင်ခြင်းငှာ သင့်လျော်ပေ၏”ဟု မိန့်တော်မူ၍ တရားဟောကြားတော်မူလိုရကား ဤဂါထာတို့ကို မိန့်တော်မူလေ၏။

န သန္တိ ပုတ္တာ တာဏာယ၊ န ပိတာ နာပိ ဗန္ဓဝါ။
အန္တကေနာဓိပန္နဿ၊ နတ္ထိ ဉာတီသု တာဏတာ။
ဧတမတ္ထံ ဝသံ ဉတွာ၊ ပဏ္ဍိတော သီလသံဝုတော။
နိဗ္ဗာနဂမနံ မဂ္ဂံ၊ ခိပ္ပမေ၀ ဝိသောဓယေ။

အန္တကေန၊ သေမင်းသည်။ အဓိပန္နဿ၊ နှိပ်စက်အပ်သောသူအား။ တာဏာယ၊ စောင့်ရှောက်ခြင်းငှာ။ ပုတ္တာ၊ သားသမီးတို့သည်။ န သန္တိ၊ မရှိကုန်။ ပိတာပိ၊ မိဘတို့သည်လည်း။ န သန္တိ၊ မရှိကုန်။ ဗန္ဓဝါပိ၊ အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သောသူတို့သည်လည်း။ န သန္တိ၊ မရှိကုန်။ ဉာတီသု၊ ဆွေမျိုးသားချင်းတို့၌။ တာဏတာ၊ စောင့်ရှောက်ခြင်းသည်။ နတ္ထိ၊ မရှိ။

ဧတမတ္ထံ၊ ဤအကြောင်းကို။ ဧတံဝသံ၊ ဤအလိုကို။ ဉတွာ၊ သိ၍။ ပဏ္ဍိတော၊ ပညာရှိသောသူသည်။ သီလသံဝုတော၊ သီလကို ရိုသေစွာ စောင့်ရှောက်ထိန်းသိမ်းလျက်။ နိဗ္ဗာနဂမနံမဂ္ဂံ၊ နိဗ္ဗာန်သို့ သွားရာလမ်းခရီးကို။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ ဝိသောဓယေ၊ သုတ်သင်ရာ၏။

သောတာပန်ဖြစ်ခြင်း

ဒေသနာတော်၏အဆုံး၌ ပဋာစာရီသည် မြေကြီး၌ မြေမှုန့်အတိုင်းအရှည်ရှိကုန်သော ကိလေသာတို့ကို လောင်ကျွမ်းစေလျက် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုမှတစ်ပါး များစွာသောသူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဘိက္ခုနီမပြု၍ ရေအာရုံယူခြင်း

ထိုပဋာစာရီသည်ကား သောတာပန်ပုဂ္ဂိုလ်ဖြစ်ပြီးလျှင် မြတ်စွာဘုရားကို ရဟန်းအဖြစ်ကို တောင်းပန်လျှောက်ကြားလေ၏။ ဘုရားရှင်သည် ပဋာစာရီကို ရဟန်းမိန်းမတို့၏အထံသို့ စေလွှတ်၍ ရဟန်းပြုစေ၏။ ထိုပဋာစာရီသည် ဘိက္ခုနီအဖြစ် ရပြီးသည်ရှိသော် ထင်ရှားသော အကျင့်ရှိခြင်းကြောင့် ပဋာစာရီဟူ၍သာလျှင် အမည်ထင်ရှားလေ၏။ ထိုပဋာစာရီသည် တစ်နေ့သ၌ ရေအိုးဖြင့် ရေကိုယူ၍ ခြေတို့ကို ဆေးလတ်သည်ရှိသော် သွန်းလောင်းအပ်သောရေသည် အနည်းငယ်သော အရပ်သို့သွား၍ ပြတ်၏။ နှစ်ကြိမ်မြောက်၌ သွန်းလောင်းအပ်သောရေသည် ထို့ထက်အလွန်ဝေးသောအရပ်သို့ ရောက်သွား၏။ သုံးကြိမ်မြောက်၌ သွန်းလောင်းအပ်သော ရေသည် ထို့ထက်လည်း ဝေးစွာသောအရပ်သို့ ရောက်သွားလေ၏။ ဤသို့သော အခြင်းအရာဖြင့် ပဋာစာရီ ဘိက္ခုနီမသည် ထိုရေကိုသာလျှင် အာရုံယူ၍ အရွယ်သုံးပါးတို့ကို ပိုင်းခြားဝေဖန်လျက် “ငါသည် ပထမရှေးဦးစွာ သွန်းလောင်းအပ်သော ရေကဲ့သို့ ဤသတ္တဝါတို့သည် ပထမအရွယ်၌ သေလွန်ကုန်၏၊ ထိုရေထက်ဝေးသော အရပ်သို့ စီးသွားသော နှစ်ကြိမ်မြောက် သွန်းလောင်းအပ်သော ရေကဲ့သို့ မဇ္ဈိမအရွယ်၌လည်း သေလွန်ကုန်၏၊ ထို့ထက် ဝေးစွာသောအရပ်သို့ စီးသွားသော သုံးကြိမ်မြောက် သွန်းလောင်းအပ်သောရေကဲ့သို့ ပစ္ဆိမအရွယ်၌လည်း သေလွန်ကုန်သည်သာလျှင်တည်း”ဟု ကြံဆင်ခြင်လေ၏။ မြတ်စွာဘုရားသည် ဂန္ဓကုဋိ၌ နေတော်မူလျက်သာလျှင် ရောင်ခြည်တော်ကို ပျံ့နှံ့စေတော်မူသဖြင့် ပဋာစာရီဘိက္ခုနီမ၏ မျက်မှောက်၌တည်နေ၍ တရားဟောတော်မူဘိသကဲ့သို့ “ချစ်သမီး ပဋာစာရီ- ဤအကြံသည် ကြံတိုင်းသာလျှင် မှန်ပေ၏၊ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မမြင်သောသူ၏ အနှစ်တစ်ရာပတ်လုံး အသက်ရှည်ခြင်းထက် ထိုခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မြင်သောသူ၏ တစ်ရက်မျှလည်းကောင်း၊ တစ်ခဏမျှလည်းကောင်း အသက်ရှည်ခြင်းသည် မြတ်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေကိုစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၁၃] ယောစ ၀ဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။

ယော စ၊ အကြင်သူသည်ကား။ ဥဒယဗ္ဗယံ၊ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းပျက်ခြင်းကို။ အပဿံ အပဿန္တော၊ မမြင်ဘဲ။ ဝဿသတံ၊ အနှစ်တစ်ရာ ကာလပတ်လုံး။ ဇီဝေ၊ အသက်ရှည်ငြားအံ့။ တတော၊ ထိုအဖြစ်အပျက် မသိသောသူ အနှစ်တစ်ရာ အသက်ရှည်ခြင်းထက်။ ဥဒယဗ္ဗယံ၊ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းပျက်ခြင်းကို။ ပဿတော၊ မြင်သောသူ၏။ ဧကာဟံ၊ တစ်ရက်မျှ။ ဝါ၊ တစ်ခဏမျှပင်။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျော၊ မြတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ပဋာစာရီ ဘိက္ခုနီမသည် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာမအဖြစ်သို့ ရောက်လေ၏။

ပဋာစာရီထေရီမဝတ္ထုပြီး၏။

֍ * ၁၃။ ကိသာဂေါတမီထေရီမဝတ္ထု

ယော စ ဝဿသတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကိသာဂေါတမီ ထေရီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မီးသွေးမှ ရွှေငွေဖြစ်သော သတို့သမီးဘုန်းကံ

သာဝတ္ထိပြည်၌ တစ်ယောက်သောသူဌေး၏အိမ်တွင် ကုဋေလေးဆယ်သောဥစ္စာသည် မီးသွေးချည်းသာဖြစ်၍ တည်လေသတတ်။ သူဌေးကြီးသည် ထိုမီးသွေးကိုမြင်ရလျှင် စိုးရိမ်ခြင်းဖြစ်လှသောကြောင့် အာဟာရကိုပယ်၍ ညောင်စောင်း၌ လျောင်းစက်လေ၏။ ထိုသူဌေး၏ အဆွေခင်ပွန်းတစ်ယောက်သည် အိမ်သို့လာ၍ “အချင်း- အဘယ့်ကြောင့် စိုးရိမ်ရသနည်း”ဟု မေးလတ်သဖြင့် ထိုအကြောင်းကို ကြားရသည်ရှိသော် “အချင်း- မစိုးရိမ်လင့်၊ ငါကား တစ်ခုသောအကြောင်းကို သိ၏။ ထိုအကြောင်းကို ပြုလော့”ဟု ဆိုလေ၏။ “အချင်း- အဘယ်ကို ပြုရမည်နည်း”ဟု မေးလျှင် “မိမိ၏အိမ်ဈေး၌ (ဈေးဆိုင်၌) ဖျာကို ဖြန့်ခင်း၍ ထိုဖျာပေါ်၌ မီးသွေးတို့ကို အစုအပုံပြုလုပ်ပြီးလျှင် ရောင်းသကဲ့သို့ ထိုင်နေချေလော့၊ လာကုန်,လာကုန်သော လူတို့တွင် အကြင်သူတို့သည် “သင်မှ ကြွင်းသော အခြားသော ဈေးသည်တို့ကား အဝတ်, ဆီ, ပျား, တင်လဲ စသည်တို့ကို ရောင်းကြကုန်၏။ သင်သည်ကား မီးသွေးကို ရောင်းလျက် ထိုင်နေဘိ၏”ဟု ဆိုကြကုန်၏၊ ထိုလူတို့ကို “မိမိဥစ္စာကို မိမိမရောင်းသည်ရှိသော် အဘယ်အမှု ပြုရအံ့နည်း”ဟု ဆိုရာ၏။ အကြင်လူသည်ကား သင့်ကို “ကြွင်းသော ဈေးသည်တို့သည်ကား အဝတ်,ဆီ,ပျား,တင်လဲ စသည်တို့ကို ရောင်းကြကုန်၏၊ သင်သည်ကား ရွှေငွေကိုရောင်းလျက် ထိုင်နေဘိ၏”ဟု ဆို၏၊ ထိုလူကို “ရွှေငွေအဘယ်မှာနည်း”ဟု ဆိုရာ၏၊ “ဤဥစ္စာတည်း”ဟု ဆိုလတ်သော် “ထိုရွှေငွေကို ဆောင်ခဲ့ကြပါလော့ (ယူပေးကြပါလော့)”ဟု ဆို၍ လက်တို့ဖြင့် ခံယူရာ၏၊ ဤသို့ပေးအပ်သည်ရှိသော် သင်၏လက်၌ ရွှေငွေဖြစ်လတ္တံ့။”

“ထိုသူကား အကယ်၍ သတို့သမီးဖြစ်အံ့၊ သင်၏အိမ်၌ သားအလို့ငှာ ထိုသတို့သမီးကိုဆောင်ယူ၍ ကုဋေလေးဆယ်သော ဥစ္စာတို့ကို သတို့သမီးအား အပ်နှင်းပြီးလျှင် သတို့သမီးက ပေးသည်ကိုသာ သုံးဆောင်ရာ၏၊ အကယ်၍ သတို့သားဖြစ်အံ့၊ သင့်အိမ်၌ အရွယ်ရောက်သောသမီးကို နှင်းပြီးလျှင် ထိုသတို့သားအားပေး၍ ကုဋေလေးဆယ်သောဥစ္စာကို အပ်နှင်းပြီးလျှင် ထိုသတို့သားက ပေးသည်ကိုသာ သုံးဆောင်ရာ၏”ဟု ဆိုလေ၏။ “ထိုအကြောင်းကား ကောင်း၏”ဟု နှစ်သက်သဖြင့် မိမိ၏အိမ်ဈေး၌ မီးသွေးအစုအပုံကိုပြု၍ ရောင်းသကဲ့သို့ ထိုင်နေလေ၏။ အကြင်လူတို့သည် ထိုသူဌေးကြီးကို “ကြွင်းသော ဈေးသည်တို့ကား အဝတ်, ဆီ, ပျား, တင်လဲ စသည်တို့ကို ရောင်းကြကုန်၏၊ သင်ကား အသို့နည်း၊ မီးသွေးတို့ကို ရောင်းလျက် ထိုင်နေဘိသလော”ဟု ဆိုကြကုန်၏။ ထိုသူတို့အား “မိမိဥစ္စာကို မရောင်းသော် အဘယ်အမှုကို ပြုအံ့နည်း”ဟု စကားတုံ့ပေး၏။ ထိုအခါ ကြုံလှီသော ကိုယ်ရှိသည်အဖြစ်ကြောင့် ကိသာဂေါတမီဟူသော အမည်ဖြင့် ထင်ရှားသော ပျက်စီးလေသော သူဌေးမျိုး၏သမီးဖြစ်သော သတို့သမီးတစ်ယောက်သည် မိမိ၏ တစ်ခုသောကိစ္စကြောင့် အိမ်ဈေးတံခါးသို့ ရောက်သွားပြီးလျှင် ထိုသူဌေးကြီးကိုမြင်လျှင် “ဖခင်သူဌေးမင်း- အသို့ပါနည်း၊ ကြွင်းသောဈေးသည်တို့သည်ကား အဝတ်, ဆီ, ပျား, တင်လဲ စသည်တို့ကို ရောင်းကြကုန်၏၊ သင်ဖခင်သည် ရွှေငွေကို ရောင်းလျက် ထိုင်နေဘိ၏”ဟု ဆိုလေ၏။ “ချစ်သမီး- ရွှေငွေသည် အဘယ်မှာနည်း”ဟု မေးလတ်သော် “အရှင်သူဌေးကြီးသည် ထိုရွှေငွေကိုပင် ကိုင်၍နေသည် မဟုတ်ပါလော”ဟု ဆိုပြန်လေ၏။ “ချစ်သမီး- ထိုရွှေငွေကို ဆောင်ခဲ့ပါလော့၊ ယူပေးပါလော့” ဆိုလတ်သော် ကိသာဂေါတမီသည် လက်အပြည့်ယူ၍ သူဌေးကြီး၏လက်တို့၌ ထား၏။ ထိုဥစ္စာသည် ရွှေငွေသာ ဖြစ်လေသတည်း။

သားသေသဖြင့် ရူးသွပ်ခြင်း

ထိုအခါ ကိသာဂေါတမီကို သူဌေးကြီးသည် “ချစ်သမီး- သင်၏အိမ်သည် အဘယ်အိမ်နည်း”ဟု မေးသဖြင့် “ဤမည်သောအိမ်ပါတည်း”ဟု ဆိုလျှင် ထိုကိသာဂေါတမီ၏ လင်ယောက်ျား မရှိသေးသည့်အဖြစ်ကို သိရ၍ ဥစ္စာကို သိုမှီးပြီးလျှင် ကိသာဂေါတမီကို မိမိသားအလို့ငှာ ဆောင်ယူသဖြင့် ကုဋေလေးဆယ်သောဥစ္စာကို လက်ခံသိမ်းပိုက်စေ၏။ ထိုအလုံးစုံသည်လည်း ရွှေငွေသာလျှင် ဖြစ်လေ၏။ ထိုကိသာဂေါတမီအား တစ်ပါးသော အခါ၌ ကိုယ်ဝန်သန္ဓေ တည်နေလေ၏။ ကိသာဂေါတမီသည် ဆယ်လလွန်သောအခါ သားယောက်ျားကို ဖွားမြင်လေ၏။ ထိုသားငယ်သည် ခြေဖြင့်သွားနိုင်သောအခါ သေလွန်ရှာလေ၏။ ကိသာဂေါတမီသည် သေခြင်းကို ရှေး၌မမြင်ဖူးသည့်အဖြစ်ကြောင့် သေသောသားကို မီးသင်္ဂြိုဟ်ခြင်းငှာ ထုတ်ဆောင်သောသူတို့ကို တားမြစ်၍ “ငါ့သားအလို့ငှာ ဆေးကို မေးမြန်းဦးအံ့”ဟု သေလေပြီးသောသားကို ရင်ခွင်ဖြင့် ပိုက်ချီလျက် “ငါ့သားအလို့ငှာ ဆေးကို သိကြပါသလော”ဟု မေးမြန်းကာ အိမ်စဉ်အတိုင်း သွားလာလှည့်လည်လေ၏။ ထိုအခါ ကိသာဂေါတမီကို လူတို့သည် “အမိ- သင်သည် အရူးဖြစ်ပြီ၊ သေလေပြီးသော သားငယ်၏အလို့ငှာ ဆေးကို မေးမြန်းလျက် လှည့်လည်ဘိ၏”ဟု ပြောဆိုကြကုန်၏။

သားသေကိုကုမည့် သမားရှာပုံ

ကိသာဂေါတမီသည်ကား “မချွတ်ဧကန် ငါ့သားအလို့ငှာ ဆေးသိသော ဆေးသမားကို ရပေလိမ့်မည်”ဟု မှတ်ထင်လျက် သွားလာလှည့်လည်၏။ ထိုအခါ ကိသာဂေါတမီကို ပညာရှိယောက်ျားတစ်ယောက်သည် မြင်ရလျှင် “ဤငါ၏သမီးသည် ရှေးဦးစွာ သားဦးရတနာကို ဖွားမြင်သည်ဖြစ်လတ္တံ့၊ ရှေး၌လည်း သေခြင်းကို မမြင်ဖူးသေးသည်ဖြစ်လတ္တံ့၊ ထို့ကြောင့် ငါသည် ဤကိသာဂေါတမီ၏ မှီခိုအားထားရာဖြစ်ခြင်းငှာ သင့်လျော်၏”ဟု ကြံ၍ “ချစ်သမီး- ငါကား ဆေးကိုမသိ၊ ဆေးသိသော သမားကောင်းကိုကား ငါသိ၏”ဟု ဆိုလေ၏။ “ဖခင်- အဘယ်သူ သိပါသနည်း”ဟု မေးလတ်သော် “ငါ့သမီး- သဗ္ဗညုဘုရားရှင်သည် သိတော်မူ၏။ သွားချေ၊ ထိုဘုရားရှင်ကို မေးလျှောက်လေလော့”ဟု ပြောဆိုလေ၏။ ကိသာဂေါတမီသည်လည်း “သွားပါမည်ဖခင်၊ မေးပါမည်ဖခင်”ဟု ဆို၍ မြတ်စွာဘုရားသို့ချဉ်းကပ်ကာ ရှိခိုးပြီးလျှင် တင့်အပ်လျှောက်ပတ်သောအရပ်၌ နေလျက် “ဘုန်းတော်သခင် ရှင်ပင်ဘုရား- ရှင်တော်မြတ်ဘုရားတို့သည် တပည့်တော်မ၏ သားအလို့ငှာ ဆေးကို သိနားလည်တော်မူကြသောဟူသည် မှန်ပါကုန်သလောဘုရား”ဟု မေးလေ၏။ “သိသည် မှန်၏”ဟု မိန့်တော်မူလျှင် “အဘယ်ဝတ္ထုကိုရခြင်းငှာ သင့်လျော်ပါသနည်းဘုရား”ဟု မေးမြန်းလေ၏။

“လက်ချောင်းဖြင့် ညှပ်၍ယူကာ မုန်ညင်းစေ့ကို ရခြင်းငှာ သင့်လျော်၏”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- ရပါလိမ့်မည်၊ အဘယ်သူ၏အိမ်၌ ရခြင်းငှာ သင့်လျော်ပါသနည်းဘုရား”ဟု မေးလျှောက်ပြန်လေ၏။ “သားသော်လည်းကောင်း၊ သမီးသော်လည်းကောင်း တစ်စုံတစ်ယောက်မျှ မသေဖူးသောသူ၏အိမ်၌ ရခြင်းငှာ သင့်လျော်၏”ဟု မိန့်တော်မူလတ်သော် ကိသာဂေါတမီသည် “မြတ်စွာဘုရား- ကောင်းလှပါပြီဘုရား”ဟု လျှောက်ထားသဖြင့် ဘုရားရှင်ကိုရှိခိုး၍ သားသေကို ရင်ခွင်ဖြင့် ပိုက်ချီလျက် ရွာသို့ဝင်ပြီးလျှင် ရှေးဦးစွာသော အိမ်၏တံခါး၌ ရပ်လျက် “ဤအိမ်၌ မုန်ညင်းစေ့ ရှိပါသလော၊ မုန်ညင်းစေ့သည် ကျွန်မ၏သားအလို့ငှာ ဆေးဖြစ်ပါသတဲ့”ဟု ပြောဆိုလတ်သဖြင့် “ရှိ၏”ဟုဆိုသော် “ထိုသို့ရှိလျှင် ပေးကြစမ်းပါ”ဟု ဆိုရှာလေ၏။ ထိုသူတို့သည် ဆောင်ယူခဲ့၍ မုန်ညင်းစေ့တို့ကို ပေးအပ်ကုန်သည်ရှိသော် “အမိ- ဤအိမ်၌ သေဖူးသောသားသော်လည်းကောင်း၊ သမီးသော်လည်းကောင်း စိုးစဉ်းမျှ မရှိလေသလော”ဟု မေးပြန်သဖြင့် “ချစ်သမီး- အသို့ဆိုသနည်း၊ အသက်ရှင်ကုန်သော သားသမီးတို့သည် နှစ်ယောက်, သုံးယောက်သာ ဖြစ်ကုန်၏၊ သေသော သားသမီးတို့သည်သာ များကုန်၏”ဟု ဆိုလတ်သော် “ထိုသို့ဖြစ်မူ ထိုမုန်ညင်းစေ့တို့ကို ယူရစ်ကြပါလော့၊ ဤမုန်ညင်းစေ့သည် ကျွန်မ၏ သားအလို့ငှာ ဆေးမဟုတ်”ဟု ဆို၍ တစ်ဖန် ပြန်ပေးခဲ့ရရှာလေ၏။

မုန်ညင်းစေ့ရှာရင်း တရားတွေ့

ဤသို့သောနည်းအားဖြင့် ကိသာဂေါတမီသည် အစမှစ၍ မေးမြန်းကာ လှည့်လည်သွားလေ၏။ ကိသာဂေါတမီသည် တစ်ခုသော အိမ်မှသော်လည်း မုန်ညင်းစေ့တို့ကို မယူမူ၍ ညချမ်းအခါ “ဤအမှုသည် အလွန်ဝန်လေးလှ၏။ ငါသည်သာလျှင် ငါ၏သားသေသည်ဟု အမှတ်သညာကိုပြုမိပေသည်။ အလုံးစုံသောရွာ၌ အသက်ရှင်သောသူတို့ထက် သေသောသူတို့သာ အလွန်များကုန်၏”ဟု ကြံစည်မိလေ၏။ ဤသို့ကြံစည်စဉ် ကိသာဂေါတမီ၏သား၌ ချစ်ခင်သော နူးညံ့သောစိတ်နှလုံးသည် ခက်ထန်သည့်အဖြစ်သို့ ရောက်လေ၏။ ကိသာဂေါတမီသည် တော၌ သားသေကို စွန့်ပစ်ခဲ့၍ မြတ်စွာဘုရား၏ အထံတော်သို့သွား၍ ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ နေလေ၏။ ထိုအခါ ကိသာဂေါတမီကို မြတ်စွာဘုရားသည် “သင်ကား တစ်လက်ဖျစ်မျှကုန်သော မုန်ညင်းစေ့တို့ကို ရအပ်ကုန်၏လော”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- မရအပ်ကုန်ပါ၊ ရွာအလုံး၌ အသက်ရှင်သောသူတို့ထက် သေသူတို့သာလျှင် လွန်စွာများကြပါသည်ဘုရား”ဟု လျှောက်လေ၏။ ထိုအခါ ကိသာဂေါတမီကို မြတ်စွာဘုရားသည် “သင်သည်သာလျှင် ငါ၏သား သေသည်ဟု မှတ်ထင်ဘိ၏၊ ဤသေခြင်းကား သတ္တဝါတို့၏ မြဲသောသဘောတည်း။ သေမင်းကြီးသည် အလုံးစုံသော သတ္တဝါတို့ကို အလိုဆန္ဒ မပြည့်စုံကြမီသာလျှင် ပြင်းစွာလာသော ရေအလျဉ်ကဲ့သို့ ဆွဲငင်၍သာ အပါယ်ဟူသောသမုဒ္ဒရာ၌ ထည့်သွင်းပစ်ချတတ်၏”ဟု မိန့်တော်မူ၍ တရားစကား ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

တံ ပုတ္တပသုသမ္မတ္တံ၊ ဗျာသတ္တမနသံ နရံ။
သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။

မဟောဃော၊ ပြင်းစွာလာသော ရေအလျဉ်သည်။ သုတ္တံ၊ အိပ်ပျော်သော။ ဂါမံ၊ ရွာသူရွာသားအပေါင်းကို။ အာဒါယ၊ တိုက်ယူ၍။ ဂစ္ဆတိ ဣဝ၊ သွားသကဲ့သို့။ တထာ၊ ထို့အတူ။ မစ္စု၊ သေမင်းသည်။ ပုတ္တပသုသမ္မတ္တံ၊ သားသမီး ဆင်မြင်းစသော သတ္တဝါတို့ဖြင့် လွန်စွာမေ့ရစ် ချစ်မြတ်နိုးခြင်းရှိသော။ ဗျာသတ္တမနသံ၊ အထူးထူး အပြားပြားသော အခြင်းအရာဖြင့် လွန်စွာကပ်ငြိသော စိတ်ရှိသော။ တံ နံရံ၊ ထိုသတ္တဝါကို။ အာဒါယ၊ ဆွဲငင်၍။ ဂစ္ဆတိ၊ သွား၏။

သောတာပန်ဖြစ်ခြင်း

ဂါထာ၏အဆုံး၌ ကိသာဂေါတမီသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုမှတစ်ပါး များစွာသောလူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်လေကုန်၏။

ဘိက္ခုနီမပြု၍ မီးအာရုံယူခြင်း

ထိုကိသာဂေါတမီသည် တစ်ဖန် ဘုရားရှင်အား ဘိက္ခုနီအဖြစ်ကို တောင်းပန်လေ၏။ ဘုရားရှင်လည်း ရဟန်းမိန်းမတို့၏အထံသို့ စေလွှတ်၍ ရဟန်းပြုစေတော်မူ၏။ ကိသာဂေါတမီသည် ဘိက္ခုနီအဖြစ် ရပြီးသည်ရှိသော် ကိသာဂေါတမီ ထေရီမဟူသောအမည်ဖြင့် ထင်ရှားလေ၏။ ထိုကိသာဂေါတမီ ထေရီမသည် တစ်နေ့သ၌ ဥပုသ်အိမ်တွင် ဝတ်ပြုရန် အလှည့်ရောက်သဖြင့် ဆီမီးညှိထွန်းလျက်နေစဉ် ဆီမီးလျှံတို့ ပြတ်ပျက်,ပျောက်ကြသည်တို့ကိုလည်းကောင်း၊ ဖြစ်ပေါတိုးပွားကြသည်တို့ကိုလည်းကောင်း မြင်ရလျှင် “ဤဆီမီးလျှံ အတူသာလျှင် သတ္တဝါတို့သည် ဖြစ်လည်း ဖြစ်ကုန်၏၊ ချုပ်လည်း ချုပ်ကုန်၏၊ နိဗ္ဗာန်သို့ရောက်သော သူတို့သာလျှင် မထင်နိုင်ကြကုန်”ဟု အာရုံကို ယူလေ၏။ မြတ်စွာဘုရားသည် ဂန္ဓကုဋီ၌ နေတော်မူလျက်သာလျှင် ရောင်ခြည်တော်ကို ပျံ့နှံ့စေတော်မူသဖြင့် ထိုကိသာဂေါတမီ ဘိက္ခုနီမ၏ မျက်မှောက်၌တည်နေ၍ ဟောတော်မူဘိသကဲ့သို့ “ချစ်သမီး ဂေါတမီ- ဤသို့ သင်နှလုံးသွင်းသည့်အတိုင်းသာလျှင် ဤသတ္တဝါတို့သည် ဖြစ်လည်း ဖြစ်ကုန်၏၊ ချုပ်လည်း ချုပ်ကုန်၏၊ နိဗ္ဗာန်သို့ရောက်သော သူတို့မှသာလျှင် မထင်နိုင်ကြကုန်။ ဤသို့ နိဗ္ဗာန်ကို မမြင်သောသူတို့၏ အနှစ်တစ်ရာပတ်လုံး အသက်ရှည်ခြင်းထက် နိဗ္ဗာန်ကိုမြင်သောသူ၏ တစ်ခဏမျှလည်း အသက်ရှည်ခြင်းသည် မြတ်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၁၄] ယော စ ဝဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။

ယော စ၊ အကြင်သူသည်ကား။ အမတံ ပဒံ၊ သေခြင်းကင်းသော နိဗ္ဗာန်ကို။ အပဿံ-အပဿန္တော၊ မမြင်ဘဲ။ ဝဿသတံ၊ အနှစ်တစ်ရာကာလပတ်လုံး။ ဇီဝေ၊ အသက်ရှည်ငြားအံ့။ တတော၊ ထိုနိဗ္ဗာန်မမြင်သောသူ အနှစ်တစ်ရာ အသက်ရှည်ခြင်းထက်။ အမတံ ပဒံ၊ သေခြင်းကင်းရာ နိဗ္ဗာန်ကို။ ပဿတော၊ မြင်သောသူ၏။ ဧကာဟံ၊ တစ်ရက်မျှ။ ဝါ၊ တစ်ခဏမျှပင်။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျော၊ မြတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ကိသာဂေါတမီထေရီမသည် နေမြဲတိုင်းပင်လျှင် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာမအဖြစ်၌ တည်လေ၏။

ကိသာဂေါတမီထေရီမဝတ္ထုပြီး၏။

֍ * ၁၄။ ဗဟုပုတ္တိကာထေရီမဝတ္ထု

ယော စ ဝဿသတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဗဟုပုတ္တိကာထေရီမကို အကြောင်းပြု၍ ဟောတော်မူ၏။

သားသမီးတို့အား အမွေခွဲပေးပုံ

သာဝတ္ထိပြည်၌ တစ်ခုသောအမျိုးအိမ်တွင် သားခုနစ်ယောက်, သမီးခုနစ်ယောက်တို့သည် ရှိကုန်သတတ်။ ထိုအလုံးစုံသော သားသမီးတို့သည် အရွယ်သို့ ရောက်လတ်ကုန်သည်ရှိသော် အိုးအိမ်တို့ကို ထူထောင်ကြ၍ မိမိ၏သဘောအားဖြင့် ချမ်းသာခြင်းသို့ ရောက်ကြလေကုန်၏။ ထိုသူတို့၏ဖခင်သည် အခါတစ်ပါး၌ စုတေသေခဲ့လေ၏။ ဥပါသိကာမကြီးသည် လင်ယောက်ျား သေဆုံးသော်လည်း အမွေဥစ္စာနှစ်ကို မခွဲမဝေဘဲနေ၏။ ထိုအခါ မိခင်ကို သားသမီးတို့သည် “မိခင်- ကျွန်တော်တို့၏ဖခင် သေလွန်ပြီးသည်ရှိသော် သင်မိခင်တို့အား ဥစ္စာနှစ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ကျွန်တော်တို့သည် မိခင်ကို လုပ်ကျွေးခြင်းငှာ မတတ်နိုင်ကုန်သလော”ဟု ဆိုကြကုန်၏။ မိခင်သည် ထိုသားသမီးတို့၏စကားကို ကြားရ၍ ဆိတ်ဆိတ်သာနေသော်လည်း အဖန်တလဲလဲ ထိုသားသမီးတို့ဆိုသောကြောင့် “သားသမီးတို့သည် ငါ့ကို လုပ်ကျွေးကြကုန်လတ္တံ့၊ ထို့ကြောင့် ငါ့အား အသီးအခြား ဥစ္စာထားသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု အောက်မေ့၍ အလုံးစုံသော ဥစ္စာနှစ်ကို အလယ်၌ခွဲဝေ၍ ပေးလေ၏။ နှစ်ရက်,သုံးရက်လွန်သောအခါ သားကြီး၏ အိမ်သို့ သွားလေ၏။ ထိုအခါ မိခင်ကို သားကြီး၏မယားသည် “ငါတို့၏ယောက္ခမဖြစ်သော အရှင်မကား အံ့ဖွယ်ရှိပေစွ၊ ငါ့သားအကြီးတည်းဟု နှစ်ခုသော အဖို့အစုတို့ကို ပေးလေဘိသကဲ့သို့ ဤငါတို့အိမ်သို့သာလျှင် လာခဲ့ရှာ၏တကား”ဟု ပြောဆိုလေ၏။ ကြွင်းသော သားခြောက်ယောက်တို့၏ မယားတို့သည်လည်း ဤအတူသာလျှင် ဆိုကြလေကုန်၏။ သမီးအကြီးကိုအစပြု၍ ထိုသမီးတို့၏အိမ်သို့ သွားသောအခါ၌လည်း ထိုမိခင်သက်ကြီးအိုမကို ဤသို့ပင် ဆိုကြလေကုန်၏။

ဘိက္ခုနီမပြုခြင်း

ထိုဥပါသိကာမကြီးသည် မထီမဲ့မြင် အပြုခံရခြင်းသို့ ရောက်သည်ဖြစ်၍ “ဤသားသမီးတို့၏အထံ၌ နေခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ရဟန်းမိန်းမပြုလုပ်၍ အသက်မွေးအံ့”ဟု ကြံပြီးလျှင် “ရဟန်းမိန်းမကျောင်းသို့ သွား၍ ရဟန်းအဖြစ်ကို တောင်းပန်လေ၏။ ထိုရဟန်းမိန်းမတို့သည် ထိုဒါယိကာမကြီးကို ရဟန်းပြုပေးကြလေကုန်၏။ ထိုဒါယိကာမကြီးသည် ပဉ္စင်းအဖြစ် ရလတ်သည်ရှိသော် ဗဟုပုတ္တိကာထေရီမ ဟူသောအမည်ဖြင့် ထင်ရှားလေ၏။ ထိုထေရီမသည် “ငါကား အိုမင်းသောကာလ၌ ရဟန်းပြုရသည်၊ ငါသည် မမေ့မလျော့ဖြစ်သင့်၏”ဟု ဘိက္ခုနီမတို့၏ ဝတ်ကြီးဝတ်ငယ်ကိုပြုလျက် တစ်ညဉ့်ပတ်လုံး “ရဟန်းတရားကို အားထုတ်အံ့”ဟု ကြံ၍ ပြာသာဒ်အောက်၌ သည်တိုင်တစ်ခုကို လက်ဖြင့်ကိုင်၍ ထိုသည်တိုင်ကို ဆွဲငင်လျက်သာလျှင် ရဟန်းတရားကို အားထုတ်၏၊ စင်္ကြံသွားသော်လည်း “မှောင်မိုက်သောအရပ်၌ သစ်ပင်၌လည်းကောင်း၊ ညောင်စောင်း၌လည်းကောင်း၊ တစ်စုံတစ်ခုသော အရပ်၌လည်းကောင်း ငါ၏ ဦးခေါင်းကို ထိခိုက်မိရာ၏”ဟု သစ်ပင်ကို လက်ဖြင့်ကိုင်၍ ထိုသစ်ပင်ကို ဆွဲငင်လျက်သာလျှင် ရဟန်းတရားကို အားထုတ်၏။ “မြတ်စွာဘုရား ဟောကြားအပ်သောတရားကိုသာလျှင် လိုက်နာအံ့”ဟု တရားကိုဆင်ခြင်၍ တရားကို အဖန်တလဲလဲ အောက်မေ့လျက်သာလျှင် ရဟန်းတရားကို အားထုတ်၍နေ၏။ ဘုရားရှင်သည် ဂန္ဓကုဋီ၌ နေတော်မူလျက်သာလျှင် ရောင်ခြည်တော်ကို ပျံ့နှံ့စေတော်မူသဖြင့် မျက်မှောက်၌ ထိုင်နေတော်မူဘိသကဲ့သို့ ထိုထေရီမနှင့်အတူတကွ ဟောပြောလျက် “ဗဟုပုတ္တိကာထေရီမ- ငါဘုရားဟောကြားအပ်သော တရားတော်ကို မဆင်ခြင်သဖြင့် မမြင်သောသူ၏ အနှစ်တစ်ရာကာလပတ်လုံး အသက်ရှည်ခြင်းထက် ငါဘုရားဟောကြားအပ်သော တရားတော်ကို မြင်သောသူ၏ တစ်ခဏမျှပင် အသက်ရှည်ခြင်းသည် မြတ်၏”ဟု ဟောတော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော် မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၁၅] ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဓမ္မမုတ္တမံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။

ယော စ၊ အကြင်သူသည်ကား။ ဥတ္တမံ ဓမ္မံ၊ မြတ်သော လောကုတ္တရာတရားကိုးပါးကို။ အပဿံ၊ မမြင်ဘဲ။ ဝဿသတံ၊ အနှစ်တစ်ရာကာလပတ်လုံး။ ဇီဝေ၊ အသက်ရှည်ငြားအံ့။ တတော၊ ထိုလောကုတ္တရာတရား မမြင်သောသူ အနှစ်တစ်ရာ အသက်ရှည်ခြင်းထက်။ ဥတ္တမံ ဓမ္မံ၊ မြတ်သော လောကုတ္တရာတရားကို။ ပဿတော၊ မြင်သောသူ၏။ ဧကာဟံ၊ တစ်ရက်မျှ။ ဝါ၊ တစ်ခဏမျှပင်။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျော၊ မြတ်၏။

ဒေသနာတော်၏အကျိုး

ဂါထာ၏အဆုံး၌ ဗဟုပုတ္တိကာ ထေရီမသည် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်၌ တည်လေ၏။

ဗဟုပုတ္တိကာထေရီမဝတ္ထုပြီး၏။

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ