Skip to main content

နိုင်ငံခြားပုစ္ဆာ အဖြေပေါင်းချုပ်

နိုင်ငံခြားပုစ္ဆာ အဖြေပေါင်းချုပ်

ပြင်သစ်ပုစ္ဆာ အဖြေ

နိုင်ငံခြားပုစ္ဆာ အဖြေပေါင်းချုပ်

ပြင်သစ်ပုစ္ဆာ အဖြေ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လျှောက်လွှာ

တပည့်တော်-မန္တလေးမြို့ အထက်မြန်မာနိုင်ငံ တရားဌာနချုပ် ဝန်ကြီးမင်း ရုံးတော်စာရေးကြီး ပြင်သစ်လူမျိုး ''ဗိုလ်ရှင်'' လျှောက်ထား ပါသည်-လယ်တီဆရာတော်ဘုရား။

ပြင်သစ်ပြည် ပါရစ်မြို့တော် ပညာရှိလူကြီးမင်းများက ဗုဒ္ဓဘာ သာ တရားဓမ္မဒေသနာတော်နှင့် စပ်လျဉ်း၍ ထုတ်ဖော်ရေးသားလိုက် သော အမေးပုစ္ဆာ ၅-ရပ်တို့ကို အဖြေရေးသား ပေးသနားတော်မူပါ ဘုရား။

၁။ သားသမီးတို့၏ ကံ-ကမ္မသည် ၎င်းတို့၏ မိ, ဘများ ''ကံ-ကမ္မ'' နှင့် တူ, မတူ။

၂။ မိဘက နူသည်ဖြစ်စေ, ရောဂါဆိုးကပ်သည်ဖြစ်စေ, ရူးသည် ဖြစ်စေ၊ ထိုသူတို့မှ ပေါက်ဖွားသော သားသမီးတို့မှာ ဆေးကျမ်း ပညာအရ ကူးတတ်သည်၊ ရူးတတ်သည်-ဆိုကြသည် ''ကံ ကမ္မ''ချင်း မတူကြလျှင် မည်သည့် အတွက်ကြောင့် နူနိုင်, ရူးနိုင်, ကူးနိုင်ကြပါသနည်း။

၃။ ဝိညာဉ်သည် အတွယ်ရှိပါမှ ဖြစ်ပါသလား၊ သို့မဟုတ် မတွယ်မီ အလျောက်ဖြစ်နေပါသလား၊ အစိမ်းတစ္ဆေဖြစ်သည် ဆိုကြသော စကား-မှန်ပါသလား။

၄။ ''လူဝင်စား'' ဟူ၍ လောက၌ ပြောရိုးဆိုရိုး ရှိကြ၏၊ ဝင်စားခြင်း အကြောင်းသည် ဗုဒ္ဓဘာသာတရားတော်တွင် သက်ဝင်ခြင်းရှိပါ သလား။

၅။ အဘိညာငါးပါး

၁။ ဣဒ္ဓိဝိဓ အဘိညာ,

၂။ ဒိဗ္ဗသောတ အဘိညာ,

၃။ စေတောပရိယ အဘိညာ,

၄။ ပုဗ္ဗေနိဝါသ အဘိညာ,

၅။ ဒိဗ္ဗစက္ခု အဘိညာ,

ဤငါးပါးတို့သည် မြတ်စွာဘုရားမှတစ်ပါး ရဟန္တာ-အစရှိသော အရိယာသာဝကများနှင့် ဆက်ဆံပါသေး၏လား။

------*------

လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက် ပထမပုစ္ဆာအဖြေ

၁။ သား, သမီးတို့ ကံ-ကမ္မ, သည်၊ ၎င်းတို့၏ မိ, ဘများ ''ကံကမ္မ'' နှင့် တူ, မတူဟူသော မေးချက်မှာ

တူသည်လည်းရှိ၏၊ မတူသည်လည်းရှိ၏၊ တူ, မတူဆိုသည် ကား- အားရှိ, အားမဲ့ချင်း တူ, မတူကို ဆိုလိုသည်၊ ငါတို့ဘုရားအလောင်း သိဒ္ဓတ်မင်းသား၏ ကံ-ကမ္မနှင့် အမိ မယ်တော်မာယာ, အဘသုဒ္ဓေါဒန မင်းကြီးတို့၏ ကံ-ကမ္မသည် မတူကြ၊ သိဒ္ဓတ်မင်းသား၏ ကံ-ကမ္မသည် အလွန်ကြီး၏၊ အလွန်အားရှိ၏၊ ၎င်းသိဒ္ဓတ်မင်းသား၏ ကံ-ကမ္မနှင့် နှိုင်းယှဉ်သော် မယ်တော်, ခမည်းတော်တို့၏ ကံ-ကမ္မသည် အလွန် ငယ်၏၊ အလွန်အားမဲ့၏၊ ဤကား-မတူရာ၌ သက်သေတည်း။ တူရာ၌ သက်သေမူကား- လောက၌ မြော်မြင်ဖွယ် အလွန်ပေါများလေပြီ၊ မျက်မြင်ဘဝ၌ အကျိုးပေးကြပုံချင်း တူ, မတူကို ထောက်မြော်၍ ကံကမ္မချင်း တူ-မတူကို ဆိုနိုင်ခွင့်ရှိလေသတည်း။

ပထမပုစ္ဆာအဖြေပြီး၏၊

----*------

ဒုတိယပုစ္ဆာအဖြေ

၂။ မိဘကနူသည်ဖြစ်စေ, ရောဂါဆိုး စွဲကပ်သည်ဖြစ်စေ, ရူးသည်ဖြစ်စေ, ထိုသူတို့မှပေါက်ဖွားသော သားသမီးတို့မှာ ဆေးကျမ်း ပညာအရ ကူးတတ်သည်၊ ရူးတတ်သည်-ဆိုကြသည် 'ကံ-ကမ္မ' ချင်း မတူကြလျှင် မည်သည့်အတွက်ကြောင့် နူနိုင်, ရူးနိုင်, ကူးနိုင်ပါသနည်းဟူသော မေးချက်မှာ

အမိ၏ ဥတုအတွက်, အဘ၏ဥတုအတွက်ကြောင့် နုူနိုင်, ရူးနိုင်, ကူးနိုင်လေသည်၊ ဤအရာ၌ ပန်းပင်ငယ် ဥပမာကို ပြဆိုရာ၏၊ အလွန် မြေဩဇာ, ရေဩဇာ ညံ့ဖျင်းလှသော မြေအရပ်တစ်ခု၊ အလွန် မြေဩဇာ, ရေဩဇာကောင်းမွန်လှသော မြေအရပ်တစ်ခုရှိရာ၏၊ တစ်ခုသော ပန်းမျိုးစေ့ကို ရရှိ၍ ညံ့ဖျင်းလှသော မြေအရပ်၌စိုက်မျိုးခဲ့ပါမူ တစ်ထွာ ခန့်မျှရှိလျှင် နာ၍ နူ၍နေတတ်၏၊ ထိုမျိုးစေ့ကိုပင် ကောင်းမွန်သော မြေအရပ်၌ စိုက်မျိုးခဲ့ပါမူကား-တစ်တောင်ခန့်မျှ ကြီးပွား၍ နာမှု, နူမှု ကင်းရှင်းလျက် အလွန်ရွှင်လန်းတတ်၏၊ မျိုးစေ့တစ်ခုတည်းဖြစ်ပါလျက် အဘယ့်ကြောင့် ပန်းပင်ချင်း မတူရှိကြလေသနည်း၊ မြေအတွက်, ရေအတွက်ကြောင့် ပန်းပင်ချင်းမတူရှိကြလေသတည်း။

နှိုင်းယှဉ်ပြချက်

၁။ ရှေးကံဟောင်းသည် ပန်းမျိုးစေ့နှင့် တူ၏၊

၂။ အမိ၏ အသွေးအသားစုသည် ပန်းမျိုးစေ့စိုက်ပျိုးရာ မြေအရပ်နှင့်တူ၏၊

၃။ အဘ၏ အသွေးအသားစုသည် ထိုမြေအရပ်၌ ကျရောက်သော ရေနှင့်တူ၏၊

ပန်းမျိုးစေ့၏ အဖို့သည် ပန်းပင်ငယ်မှာ ဆယ်ဖို့တွင် တစ်ဖို့ခန့် ပါဝင်၏၊ မြေ၏အဖို့သည် ပန်းပင်ငယ်မှာ ဆယ်ဖို့တွင် ခြောက်ဖို့ခန့် ပါဝင်၏၊ ရေ၏အဖို့သည် ပန်းပင်ငယ်မှာ ဆယ်ဖို့တွင် သုံးဖို့ခန့် ပါဝင်၏၊ မြေအဖို့, ရေအဖို့ဆိုသည်ကား- ပန်းပင်ငယ်တို့၌ မြေ, ရေတို့မှ လိုက်ပါကြ သော အဆင်း, သဏ္ဌာန်, ရသ, ဩဇာတို့၏ ကောင်းခြင်း, မကောင်းခြင်း တို့ပေတည်း။

[ကံနှင့်မိဘ သာသမီးတို့မှာလည်း ထိုနည်းတူမှတ်လေ။ ]

မိဘတို့၏ အဖို့ဆိုသည်ကား- မိဘတို့သည် လူဖြစ်ကုန်အံ့၊ သား သမီးတို့သည် လူသဏ္ဌာန်ဖြစ်ကြရကုန်၏၊ မိဘတို့သည် နွားဖြစ်ကြရ ကုန်အံ့၊ သားသမီးတို့သည် နွားသဏ္ဌာန်ဖြစ်ကြရကုန်၏၊ လူတို့တွင်လည်း မိဘတို့သည် တရုပ်လူမျိုး ဖြစ်ကြကုန်အံ့၊ သားသမီးတို့သည် တရုပ်လူမျိုး သဏ္ဌာန် ဖြစ်ကြရကုန်၏၊ မိဘတို့သည် ကုလားလူမျိုးဖြစ်ကြကုန်အံ့၊ သားသမီးတို့သည် ကုလားလူမျိုးသဏ္ဌာန် ဖြစ်ကြရကုန်၏၊ အနာရောဂါ တို့သည်လည်း ထိုမိဘတို့၏ အဖို့တွင် ပါဝင်လျက် ရှိကြကုန်၏၊

ထို့ကြောင့် မိဘတို့၏ ကံနှင့် သားသမီးတို့၏ ကံသည် မတူကြ ကုန်ငြားသော်လည်း, အတန်ငယ်မျှ ကြီးမြတ်ကြကုန်ငြားသော်လည်း မိဘတို့၏အဖို့ကို မလွန်ဆန်နိုင်၊ မခုခံနိုင်၊ မိဘနူလျှင် သားသမီး နူတတ်၏၊ မိဘရောဂါသည် ဖြစ်ခဲ့လျှင် သားသမီးလည်း ကြီးလျှင် ရောဂါ သည်ဖြစ်တတ်၏၊ မိဘရူးလျှင် သားသမီးလည်း ကြီးလျှင် ရူးတတ်၏၊ မိဘတို့၏ ကံထက် အလွန်အားကြီးသော ကံမှသာလျှင် သားသမီး သဏ္ဌာန်၌ မိဘတို့မှ လိုက်ပါ သော ဓာတ်ဆိုး ဓာတ်ဝါးတို့၏ ပွားစီးခြင်း ကို လွန်ဆန်နိုင်၏၊ ခုခံနိုင်၏၊ ဆေးကောင်း ဝါးကောင်းတို့ဖြင့် ကိုယ် သဏ္ဌာန်၌ ဓာတ်ကောင်း ဓာတ်မွန်တို့ကို ပွားစီးလေအောင် တည်ထောင် ပြုစုနိုင်ခဲ့ပါမူကား- မိဘနူသော်လည်း မနူရအောင် တတ်နိုင်လေသ တည်း။

အမိဝမ်း၌ ပဋိသန္ဓေကိန်းရသောသတ္တဝါတို့မှာ မျိုးစေ့သုံးပါးနှင့် ဖြစ်ပွါးရကုန်၏၊ ရှေးကံဟောင်းလည်း မျိုးစေ့တစ်ပါး၊ အမိ၏ ရသဓာတ် လည်း မျိုးစေ့တစ်ပါး၊ အဘ၏ ရသဓာတ်လည်း မျိုးစေ့တစ်ပါး၊ ထိုတွင် အမိဓာတ် အဘဓာတ် နှစ်ပါးတို့သည်လည်း အားရှိ, အားမဲ့ချင်း တူ, မတူနှစ်ပါး ရှိကြကုန်၏၊ မိဘနှစ်ပါးစုံ ကျန်းမာမှု, ဆူဖြိုးမှု တူကြလျှင် ရသဓာတ်နှစ်ပါး အားရှိခြင်းတူကြ၏၊ ထိုအခါ ပဋိသန္ဓေတည်နေသော သားသမီးတို့မှာ အဆင်းသဏ္ဌာန်စသည် နှစ်ဖက်မျှတလျက် ရှိတတ် ကြ၏၊ မိဘတို့မှာ ရသဓာတ် တစ်ဖက်ကအားရှိ၍ တစ်ဖက်ကအားနည်း သောအခါ ပဋိသန္ဓေတည်နေသော သားသမီးတို့မှာ အဆင်းသဏ္ဌာန် စသည် တစ်ဖက်ဖက်က သာလွန်တတ်ကြ၏၊

ဒုတိယပုစ္ဆာအဖြေ ပြီး၏၊

-----*------

တတိယပုစ္ဆာအဖြေ

၃။ ဝိညာဉ်သည် အတွယ်ရှိမှ ပြုတ်ပါသလား၊ သို့မဟုတ် မတွယ်မီ အလိုအလျောက် ဖြစ်နေပါသလား၊ အစိမ်းတစ္ဆေဖြစ်သည်ဆိုကြသောစကား မှန်ပါသလား-ဟူသောမေးချက်မှာ

အတွယ်ရှိမှပင်ပြုတ်သည်၊ အတွယ်မရှိမီ အကြားမှာ တစ်စုံ တစ်ခုသောအဖြစ်၌ အလွတ်အလျောက်ဖြစ်၍ နေရသည်မဟုတ်၊ အတွယ်မရှိမီ အကြားမှာ တစ်စုံတစ်ခုသောအဖြစ်၌ အလွတ်အလျောက် ဖြစ်၍ နေရသေးသည်ဟူသော အယူသည် အန္တရာဘဝဒိဋ္ဌိ အယူမည်၏၊ ထိုအယူကို ဗုဒ္ဓဘာသာကျမ်းဂန်တို့၌ ပယ်ဖျက်လျက်ရှိကြ၏၊

ထိုအယူဖြစ်ပုံကား။ ဤဘဝမှသေလွန်လျှင် နောက်ဘဝ၌ လူဖြစ်မည့်သူ, နတ်ဖြစ်မည့်သူ, ဗြဟ္မာဖြစ်မည့်သူ, အောက်ငရဲ၌ ဖြစ်မည့်သူ, တိရစ္ဆာန်-ပြိတ္တာတို့၌ဖြစ်မည့်သူ အမျိုးမျိုးရှိကြ၏၊ ထိုသူတို့ သည် ဤလူဘဝ သေလွန်ရာဌာနမှ နောက်လူဘဝသို့, နတ်ဘဝသို့, ဗြဟ္မာဘဝသို့, ငရဲ တိရစ္ဆာန်-ပြိတ္တာဘဝသို့ အဘယ်သို့ ကူးပြောင်း သွား ရောက်နိုင်ကြပါကုန်သနည်း၊ အကြား၌ သွားလွင့်ကူးသန်းမှု ဧကန္တရှိရ လိမ့်မည် မဟုတ်လော၊ သွားလွင့်ကူးသန်းမှုရှိခဲ့သော် ထိုသွားလွင့် ကူးသန်းသူသည် အကောင်အထယ် ရှိသောသူလည်း မဟုတ်သေး၊ နတ်ဗြဟ္မာလည်း မဟုတ်သေး၊ ငရဲ, တိရစ္ဆာန်, ပြိတ္တာလည်း မဟုတ်သေး၊ အလွတ်တစ်မျိုး မဟုတ်လော၊ ထိုသူကို အန္တရာဘဝခေါ်၏၊

ထိုသူသည် ခန္ဓာငါးပါးအပြည့်အစုံရှိသည်ဟူ၍လည်း ယူကြ၏၊ ဝိညာဉ်ချည်းသက်သက် ရှိသည်ဟူ၍လည်း ယူကြ၏၊ ထိုသူသည် နတ်မျက်စိအမြင်နှင့်ပြည့်စုံ၏၊ အလိုရှိရာဘဝသို့ ခဏခြင်းရောက်နိုင် သော တန်ခိုးလည်းရှိ၏၊ ထိုသူသည် ကံတိုက်တွန်းရာ ထွေထွေလာလာ ထင်တတ်၏၊ လူဆင်းရဲဖြစ်ရန် ကံတိုက်တွန်းခဲ့လျှင် လူဆင်းရဲကိုပင် လူချမ်းသာထင်၏၊ ငရဲ၌ကျရောက်ရန် ကံတိုက်တွန်းခဲ့လျှင် ငရဲပြည်ကိုပင် နတ်ပြည်ထင်တတ်၏၊ ထိုအန္တရာဘဝမှတစ်ဆင့် အလိုရှိရာဘဝသို့ ခဏခြင်း သွားရောက်၍ ပဋိသန္ဓေစွဲနေ ဖြစ်ပေါ်လေ၏၊

[ဤကား-အန္တရာဘဝဝါဒီပုဂ္ဂိုလ်တို့၏ အယူတည်း။]

ဤအယူကို ဗုဒ္ဓဘာသာကျမ်းဂန်တို့၌ ပယ်ဖျက်၏၊

ပယ်ဖျက်ပုံကား-အန္တရာဘဝဟူ၍မရှိ၊ ဤဘဝမှ သေလွန်လျှင် နောက်ဘဝ၌ လူဖြစ်မည့်သူသည် လူဖြစ်လေ၏၊ နတ်ဖြစ်မည့်သူသည် နတ်ပြည်၌ နတ်ဖြစ်လေ၏၊ ငရဲ၌ ဖြစ်မည့်သူသည် ငရဲ၌ ဦးတိုက် ဖြစ်လေ၏၊ အကြား၌ အန္တရာဘဝ မရှိခဲ့သော် လူ့ပြည်မှ နတ်ပြည်သို့, လူ့ပြည်မှ ငရဲပြည်သို့ အဘယ်သို့ သွားလိမ့်မည်နည်း ဆိုငြားအံ့ တစ်ဘဝ မှ တစ်ဘဝသို့ သွားသည်၊ လာသည်၊ ကူးသန်းသည်၊ ပြောင်းရွှေ့ သည်၊ ကျင်လည်သည်-ဟူသော စကားမျိုးသည် လောကစကားမျိုးသာ ဖြစ်၏၊ ဓမ္မစကားမျိုး, ဓာတ်စကားမျိုး မဟုတ်။

ဓမ္မစကားမျိုးနှင့် ပြောဆိုသည်ရှိသော် တစ်ခုသောရုပ်ဓမ္မ, နာမ်ဓမ္မသည် တစ်ဘဝမှတစ်ဘဝသို့ သွားသည် လာသည် မရှိ၊ ကူးသန်း ပြောင်းရွှေ့သည်၊ ကျင်လည်သည်-ဟူ၍မရှိ၊ ဤအရာ၌ အရိပ်ဓာတ်ပုံ ပြခန်း၊ ဓာတ်သီချင်းဖွင့်ခန်းများကို စေ့စုံစွာ ထောက်မြော်၍ ရုပ်ဓမ္မ, နာမ်ဓမ္မတို့၏ အစီအစဉ်အားဖြင့် အဆက်ဆက် အဆင့်ဆင့် ဖြစ်ပွား၍ သွားပုံကို ယုံကြည်ထိုက်လှ၏၊

အကြင်သူသည် လူ့ပြည်မှသေ၍ နတ်ပြည်၌ဖြစ်လေ၏၊ ထိုသူ၌ လူ့ဘဝအဆုံးနှင့် နတ်ဘဝအစသည် ဌာနအားဖြင့် ဝေးကွာသော်လည်း ကာလအားဖြင့် အခြားမရှိ၊ တစ်စပ်တည်း, တစ်ဆက်တည်း စပ်ဆက် လျက်ဖြစ်၏၊ အကြင်သူသည် လူ့ပြည်မှ သေ၍ အောက်မဟာအဝီစိ ငရဲကြီး၌ ဖြစ်လေ၏၊ ထိုသူ၌လည်း လူ့ဘဝအဆုံးနှင့် ငရဲဘဝအစသည် ဌာနအားဖြင့် ကွာဝေးသော်လည်း ကာလအားဖြင့် အခြားမရှိ၊ လောက မျက်မြင်အားဖြင့် မဟာပထဝီမြေအထု ခုခံကွယ်ခြား၍ နေသော်လည်း ကံဟူသောနာမ်ဓမ္မ၏ အစွမ်းသတ္တိကို ထိုမဟာပထဝီ မြေအထု ခုခံ ကွယ်ခြားနိုင်သည်မဟုတ်၊ လူ့ဘဝမှာအဆုံး နာမ်ဓမ္မ အဟောင်း ချုပ်လျှင် မဟာအဝီစိငရဲကြီးမှာအစ, နာမ်ဓမ္မအသစ် ဆက်လက်ဖြစ်ပေါ်လေ တော့သည်၊ အကြား၌ မျက်တောင်တစ်ခပ် လျှပ်တစ်ပြက်မျှ ကြံ့ကြာခြင်း မရှိလေပြီ။

အကြောင်းမူကား-အသီးအသီး သူ့ကံနှင့်သူ့ဘုံ၊ သူ့ဘုံနှင့် သူ့ဘဝ သတ်မှတ်ပိုင်းခြားလျက် ရှိလေသောကြောင့်တည်း။

သတ်မှတ်ပိုင်းခြားပုံကား

ကံသည်အမျိုးမျိုးရှိ၏၊ ကံ၏အကျိုးသည် အမျိုးမျိုးရှိ၏၊

၁။ ဒါနဟူသောကုသိုလ်ကံတစ်မျိုးမှာပင် အချို့သောဒါနကံသည် လူ့ဘဝကိုဖြစ်စေနိုင်၏၊ အချို့သောဒါနကံသည် စာတုမဟာရာဇ်နတ်ဘဝကို ဖြစ်စေနိုင်၏၊ အချို့သောဒါနကံသည် တာဝတိံသာနတ်ဘဝကို ဖြစ်စေနိုင်၏၊ နတ်ပြည်ခြောက်ထပ် အဆင့်ဆင့်သွားလေ။

၂။ သီလဟူသောကုသိုလ်ကံတစ်မျိုးမှာလည်း ဒါနကံအတိုင်း ဝေဖန်လေ။

၃။ မဟဂ္ဂုတ်ဘာဝနာကံစုမှာလည်း ပထမစျာန် ကုသိုလ်ကံသည် ပထမစျာန်ဗြဟ္မာ့ဘုံ၌ ပထမစျာန်ဗြဟ္မာ့ဘဝကို ဖြစ်စေနိုင်၏၊ ဒုတိယစျာန်ကုသိုလ်ကံသည် ဒုတိယစျာန် ဗြဟ္မာ့ဘုံ၌ ဒုတိယ စျာန်ဗြဟ္မာ့ဘဝကိုဖြစ်စေနိုင်၏၊ တတိယစျာန်, စတုတ္ထစျာန် စသည်တို့၌လည်း သူ့ကုသိုလ်ကံနှင့် သူ့ဘုံ, သူ့ဘဝ အသီး အသီးရှိကြလေပြီ၊ အထက်ဆုံးဖြစ်သော နေဝသညာနာသညာ ယတနစျာန်ကုသိုလ်ကံသည် အထက်ဆုံးဖြစ်သောယတနစျာန်ကုသိုလ်ကံသည် အထက်ဆုံးဖြစ်သော သညာနာသညာယတနဗြဟ္မာ့ဘုံ၌ နေဝသညာနာသညာယတန ဗြဟ္မာ့ဘဝကို ဖြစ်စေ၏၊

၄။ ပါဏာတိပါတ, ဟူသော အကုသိုလ်ကံတစ်မျိုးမှာပင် အချို့ ကံသည် သဉ္ဇီဝငရဲဘုံ၌ သဉ္ဇီဝငရဲဘဝကို ဖြစ်စေနိုင်၏၊ အချို့ ကံသည် ကာလသုတ္တငရဲဘုံ၌ ကာလသုတ္တငရဲဘဝကို ဖြစ်စေ နိုင်၏၊ ဤနည်းအတူ အောက်ဆုံးဖြစ်သော မဟာအဝီစိငရဲ ဘုံတိုင်အောင်ဆိုလေ၊ အဒိန္နာဒါနကံ, စသည်တို့ကိုလည်း ပါဏာတိပါတကံအတိုင်း ဝေဖန်လေ။

ကံ၏အကျိုး အမျိုးမျိုးဆိုသည်ကား-

လူ့ဘဝ, စာတုမဟာရာဇ်နတ်ဘဝ, တာဝတိံသာနတ်ဘဝ အစရှိ သည်ဖြင့် ဆိုခဲ့ပြီးသော စကားရပ်စု၌ ဘဝဟူသောစကားသည် ကံ၏ အကျိုးကိုဆိုသော စကားပင်တည်း၊ ဘဝအမျိုးမျိုးကို ကံ၏အကျိုး အမျိုးမျိုးဟူ၍ ဆိုပေသည်၊ ဤသို့လျှင် ပကတိအားဖြင့် သူ့ကံနှင့်သူ့ဘုံ၊ သူ့ဘုံနှင့်သူ့ဘဝ၊ အသီးအသီး သတ်မှတ်ပိုင်းခြားလျက်ရှိလေသော ကြောင့် လူ့ပြည်မှသေလွန်လျှင် သေလွန်သူ၌ အားအရှိဆုံးဖြစ်သော ကံတစ်ခုသည် မိမိ၏သက်ဆိုင်ရာဘုံ၌ မိမိသက်ဆိုင်ရာဘဝကိုသာ ဖြစ်စေတတ်၏၊ တစ်ခြားသောဘုံ၌ တစ်ခြားသောဘဝကို မဖြစ်စေတတ်။

[ဤကား-အန္တရာဘဝအယူကို ဗုဒ္ဓဘာသာကျမ်းဂန်တို့၌ ပယ်ဖျက်ပုံပေတည်း]

''အစိမ်းတစ္ဆေဖြစ်သည်ဆိုကြသောစကား မှန်ပါသလား'' ဟူသော စကားဖြင့် အစိမ်းတစ္ဆေဖြစ်သည်ကိုပင် အန္တရာဘဝ ဖြစ်သည် ဟု အယူ ရှိကြသည်ကို ထုတ်ဖော်၍ပြပေ၏၊ အစိမ်းတစ္ဆေ-ဟူသည် အခြား တစ်ပါးမဟုတ်၊ နတ်ဘဝစုတွင် အယုတ်ဆုံး အညံ့ဆုံးဖြစ်သော စာတု မဟာရာဇ်နတ်ဘဝပေတည်း၊ လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝ, ငရဲဘဝ, တိရစ္ဆာန်ဘဝ, ပြိတ္တာဘဝတို့မှ အလွတ်အလပ် အသီးအခြား မဟုတ်ပေ၊ ထိုဘဝသို့ရောက်လေသောသူသည်၊ လူနှင့်အလွန်နီးစပ်၏၊ ထိုဘဝ၌ ဆင်းရဲရန် ကံအခွင့်ကုန်လျှင် လူ့ဘုံသို့ပြန်လာနိုင်၏၊ အခွင့်သင့် လျော်ရာ အမိဝမ်းမှာ ပဋိသန္ဓေယူနိုင်၏၊

ထိုဘဝကို ချမ်းသာသော နတ်ဘဝ မဟုတ်သည့်အတွက်ကြောင့် နတ်ဘဝ-ဟူ၍ အယူမရှိကြဘဲ ''အန္တရာဘဝ''ဟူ၍ တစ်မျိုးတစ်မည် ထင်မှတ်ကြ၏၊ မြန်မာတို့၌ ''အစိမ်း-တစ္ဆေ'' ဟူသော အမည်တစ်မျိုးနှင့် ခေါ်ကြ၏၊ ဗုဒ္ဓဘာသာကျမ်းဂန်တို့၌ '' ဝိနိပါတိကအသုရာ'' ဟူ၍ခေါ်၏၊ နတ်ဘဝစုတွင် အယုတ်ဆုံးအညံ့ဆုံးသော နတ်ဘဝတစ်မျိုးဖြစ်ပေ သတည်း၊ လူ့ပြည်မှ သေလွန်ကြသူအပေါင်းတို့သည် ထိုဘဝသို့ချည်း ရောက်ကြကုန်သည် မဟုတ်၊ အချို့မျှသာ ရောက်ကြကုန်၏၊ ရုတ်တရက် အခွင့်နှင့် သေဆုံးကြသော သူများသည် ထိုဘဝသို့ ရောက်တတ်ကြ၏၊ မနုဿဂတိ, ဒေဝဂတိ, နိရယဂတိ, တိရစ္ဆာနဂတိ, ပေတဂတိ-ဟူ၍ ဂတိငါးပါးတို့မှ အလွတ်အလပ် အသီးအခြားမဟုတ်ပေ။

တတိယပုစ္ဆာ အဖြေပြီး၏၊

----ဝ------

စတုတ္ထပုစ္ဆာအဖြေ

၄။ လူဝင်စား-ဟူ၍ လောက၌ ပြောရိုး, ဆိုရိုးရှိကြ၏၊ ဝင်စား ခြင်း အကြောင်းသည် ဗုဒ္ဓဘာသာတရားတော်တွင် သက်ဝင်ခြင်းရှိပါသ လား- ဟူသောမေးချက်၌--

လူဝင်စား-ဟူသည် အသီးအခြား တစ်ပါးတစ်မျိုးမဟုတ်၊ လူ့ဘဝ သို့ ရောက်လာကြသူအပေါင်းတို့တွင် ရှေးဘဝကို ပြန်၍ သိနိုင်သူ အနည်းငယ်မျှ ရှိကြ၏၊ ထိုသူတို့ကို လူဝင်စား-ဟူ၍ ခေါ်ကြ၏၊ ထိုသူကို ဗုဒ္ဓဘာသာကျမ်းဂန်တို့၌ ''ဇာတိသရ'' ပုဂ္ဂိုလ်-ဟူ၍ ခေါ်၏၊ ရှေးဘဝကို ပြန်၍ အောက်မေ့နိုင်သောသူ, သိနိုင်သောသူဆိုလိုသည်။

ရှေးဘဝကိုပြန်၍ မသိနိုင်ခြင်း, သိနိုင်ခြင်းအကြောင်းကား

၁။ ဤလူ့ဘဝ၌ နေ့ရက်ရှည်ကြာ အနာရောဂါနှိပ်စက်ညှဉ်းပန်း စိတ်အား ကုန်ခန်း၍ သေရခြင်းတစ်ပါး,

၂။ နောက်ဘဝ၌ ဂဗ္ဘသေယျကမျိုးဖြစ်၍ အလွန်သေးငယ်လှသော ကလလ ရေကြည် အစတည်လျက် နေ့ရှည်ရက်များ ဖြည်းနှေး စွာ ကြီးပွားရသဖြင့် စိတ်အားသေးနုပ် မှေးတုပ်မိန်းမော၍ နေရခြင်းတစ်ပါး,

ဤအကြောင်းနှစ်ပါးနှင့် တွေ့ကြုံ၍ လာကြကုန်သော သူတို့သည် ရှေးဘဝကို မေ့ကြကုန်၏၊

ထိုမှတစ်ပါး-

၁။ အလွန်ငယ်ကလေးက သေခဲ့ကြသောသူ, အလွန်အိုမင်း ထိုင်းမှိုင်းလှမှ သေခဲ့ကြသောသူ, ယစ်မျိုးကြူးလှသော သူတို့ သည်လည်းကောင်း,

၂။ နောက်ဘဝ၌အမိသည်ရောဂါသယ်မ, ဖြစ်ခဲ့သော်လည်း ကောင်း,

၃။ အလုပ်ကြမ်းအကိုင်ကြမ်း လုပ်ကိုင်ရသူဖြစ်ခဲ့သော်လည်း ကောင်း,

၄။ ကိုယ်ဝန်ဆောင်မှု၌ အလိမ္မာမရှိသူ,

၅။ အစောင့်အစည်းမရှိသူ ဖြစ်ခဲ့သော်လည်းကောင်း, အမိဝမ်း တွင်း၌ သူငယ်သည် အလွန်ထိတ်လန့် ချောက်ချားခြင်း များ သဖြင့်လည်း ရှေးဘဝကို မေ့ကြကုန်၏၊

[ဤကား-ရှေးဘဝကို ပြန်၍မသိနိုင်ခြင်း အကြောင်းတည်း။]

၁။ ဤလူ့ဘဝ၌ သေလွန်၍ ဥပပတ်နတ်ဘဝ, ဗြဟ္မာဘဝသို့ ရောက်ကြသောသူ ငရဲဘဝ, ပြိတ္တာဘဝသို့ ရောက်ကြသော သူတို့သည် ရှေးဘဝကိုသိနိုင်ကြကုန်၏၊

၂။ ဤလူ့ဘဝ၌ အားရှိတုန်းအခါမှာ လက်နက်ဘေး, ကပ် ဥပါဒ် ဘေးတို့နှင့် ရုတ်တရက်သေဆုံးကြကုန်၍ နောက်ဘဝ၌ အနာရောဂါကင်း၍ သန့်ရှင်းငြိမ်သက်သော အမိဝမ်း၌ ဖြစ်ရ သော သူများသည် ရှေးဘဝကို သိတတ်ကြကုန်၏၊

၃။ ရှေးဘဝကိုပြန်၍ သိရလို၏-ဟု ကုသိုလ်ကောင်းမှုပြု၍ ဆုတောင်း ပတ္ထနာပြုခဲ့သော သူများသည်လည်း ရှေးဘဝကို ပြန်၍ သိတတ်ကြကုန်၏၊

၄။ ပုဗ္ဗေနိဝါသ အဘိညာဉ်ကို ရကြကုန်သော ရသေ့တို့သည် လည်းကောင်း, ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာတို့သည်လည်း ကောင်း၊ ရှေးဘဝကို သိတတ်ကြကုန်၏၊

[ဤကား- ရှေးဘဝကိုပြန်၍ သိနိုင်ခြင်းအကြာင်းတည်း။]

စတုတ္ထပုစ္ဆာအဖြေ ပြီး၏၊

------*------

ပဉ္စမပုစ္ဆာအဖြေ

၅။ အဘိညာငါးပါး

၁။ ဣဒ္ဓိဝိဓအဘိညာ,

၂။ ဒိဗ္ဗသောတအဘိညာ,

၃။ စေတောပရိယအဘိညာ,

၄။ ပုဗ္ဗေနိဝါသ အဘိညာ,

၅။ ဒိဗ္ဗစက္ခုအဘိညာ,

ဤငါးပါးတို့သည် မြတ်စွာဘုရားမှတစ်ပါး ရဟန္တာအစရှိသော အရိယာသာဝကများနှင့် ဆက်ဆံပါသေး၏လား-ဟူသောမေးချက်၌ ၎င်းအဘိညာငါးပါးတို့သည် ရဟန္တာအစရှိသော အရိယာသာဝက များနှင့်လည်း ဆက်ဆံပါသေး၏၊ အရိယာသာဝကများနှင့်သာ မဟုတ်သေး၊ သမထဘာဝနာတရားကို ထမြောက်အောင် အားထုတ် နိုင်ကြကုန်သော ပုထုဇဉ်သာဝကများတို့နှင့်လည်းကောင်း၊ ကမ္ဘာဦး အခါတို့၌ စျာန်ရသော သမဏ, ဗြာဟ္မဏ ရသေ့ ရဟန်းတို့နှင့် လည်းကောင်း ဆက်ဆံပါသေး၏၊ ဘုရားမပွင့်မီ ရှေးကမ္ဘာဦးအခါ၌ ကောင်းကင်မြေမိုး ပျံလျှိုးသွားလာ နိုင်ကြကုန်သော သာသနာပစျာန်ရ ရသေ့တို့သည် အလွန်ပေါများ ကုန်၏၊

ယခုအခါ၌လည်း ထိုအဘိညာ ငါးပါးတို့ကို ထမြောက်ပေါက် ရောက်အောင် အားထုတ်ရန် နည်းလမ်းများသည် ဗုဒ္ဓဘာသာကျမ်းဂန် တို့မှာ ထင်လျားစွာလာရှိ၏၊ ယခုအခါမှာလည်း ထိုနည်းလမ်းများအတိုင်း ထမြောက်ပေါက်ရောက်အောင် အားထုတ်နိုင်ကြပါလျှင် ထိုအဘိညာ ငါးပါးတို့ကို ရနိုင်ကြကုန်၏၊ ကာယဗလ, ဝီရိယဗလ နည်းပါးကြ သည် ဖြစ်၍ ယခုကာလ၌ ထိုအဘိညာငါးပါးတို့ကို ပေါက်ရောက်သူ မရှိ ကြလေသည်။

ပဉ္စမပုစ္ဆာအဖြေ ပြီး၏၊

၁၂၇၅-ခု၊ နယုန်လဆုတ် ၁၀-ရက်နေ့တွင် အပြီးအဆုံး နိဂုံးခါးပတ် သတ်သတည်း။

ပြင်သစ်ပုစ္ဆာအဖြေ ပြီး၏၊

မေးခွန်းပုစ္ဆာများ

သီရိလင်္ကာ-ကိုလံဗိုပုစ္ဆာ အဖြေ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁၉၂၀-ပြည့်နှစ်၊ နိုဝင်ဘာလ ၂၆-ရက်နေ့စွဲပါ Columbo,ကိုလံဗိုမြို့ ဗုဒ္ဓဘာသာ သတင်းစာတွင် ပါလာသော

၁။ ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး ဟူ၍ ခြားနားခြင်း မရှိလျှင် ဒုစရိုက်အတွက် မည်သို့တာဝန်ရှိနိုင်ပါမည်နည်း။

၂။ ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး ဟူ၍ ခြားနားခြင်းရှိလျှင်၄င်းသဘောတရားသည် အနိစ္စသဘောတရားနှင့်ညီညွတ်ပါ၏ လား။

၃။ နိဗ္ဗာန်သည် ဘာဝလော, အဘာဝလော၊ အနက် အဓိပ္ပာယ်နှင့် တကွ ဖြေဆိုပါ။

၄။ ခန္ဓာတရားစုကို ရထားဥပမာဖြင့် ခွဲခြားစိတ်ဖြာ၍ ပြခြင်းသည် ''ဟယွန်း'' အမည်ရှိသောပညာရှိက စိတ်တရားကို ခွဲခြားပြသကဲ့ သို့ ရုပ်သက်သက်နှင့်သာလျှင်ဆိုင်သော ခွဲခြားခြင်းဟုတ်ပါ သလား။

၅။ ၎င်းအချက်တွင် ပညာရှိ ''ဟယွန်း'' ကို ပညာရှိ ''ကန့်'' က မှားသည်ဟုဆို၏၊ ပညာရှိ ''ကန့်'' ဆိုချက်နှင့် သက်ဆိုင် သော အဘိဓမ္မာတရားတို့သည် အဘယ်တရားတို့ပါနည်း။

၆။ စိတ်အစဉ်တို့သည် သေသည့်အခါ၌ ကျိုးပြတ်ခြင်းဖြစ်ပါသလား၊ အနက်အဓိပ္ပါယ်နှင့်တကွဖြေဆိုပါ။

[ဤကား-အမေးတည်း။]

လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်

ဒေသနာအပြား, သာသနာအပြား

ရှေးဦးစွာ ဗုဒ္ဓဘာသာ၌ ဒေသနာအပြား, သာသနာအပြားကို ပြဆိုရာ၏၊ ဒေသနာသည် ဝေါဟာရဒေသနာ, ပရမတ္ထဒေသနာ-ဟူ၍ နှစ်ပါးအပြားရှိ၏၊ ထိုတွင်

၁။ ဝေါဟာရဒေသနာဆိုသည်ကားဝေါဟာရဒေသနာဆိုသည်ကား-လောက၌ပုဂ္ဂိုလ်ရှိသည် သတ္တဝါ ရှိသည်၊ အတ္တရှိသည်၊ ဇီဝရှိသည်ဟု-လောကီဘုံသား လူအများတို့ မှတ်ယူပြောဆိုကြသော စကားမျိုးသည် ဝေါဟာရ မည်၏၊ ထို ဝေါဟာရရှိကြသည့်အတိုင်း ဟောတော်မူသော ဝိနည်းဒေသနာ, သုတ္တန်ဒေသနာတော်များသည် ဝေါဟာရ ဒေသနာမည်၏၊

၂။ ပရမတ္ထဒေသနာဆိုသည်ကား

ပရမတ္ထဒေသနာဆိုသည်ကား လောက၌ ပုဂ္ဂိုလ်ဟူ၍မရှိ၊ သတ္တဝါ ဟူ၍မရှိ၊ အတ္တဟူ၍မရှိ၊ ဇီဝဟူ၍မရှိ၊ ရုပ်ဓာတ်အစု, နာမ်ဓာတ်အစု မျှသာရှိသည်-ဟု ဟောတော်မူသော အဘိဓမ္မာ ဒေသနာတော်သည်၊ ပရမတ္ထဒေသနာမည်၏၊

အဓိသီလသာသနာ, အဓိစိတ္တသာသနာ, အဓိပညာသာသနာဟူ၍ သာသနာအပြား သုံးပါးရှိ၏၊ ထိုတွင်

၁။ သူ၏အသက်ကို မသက်အပ်၊ သူ၏ဥစ္စာကို မခိုးအပ်အစရှိသည်ဖြင့် ဆုံးမတော်မူသော သာသနာသည် အဓိသီလသာသနာမည်၏၊

၂။ သဗ္ဗေသတ္တာ အဝေရာဟောန္တု အဗျာပဇ္ဇာဟောန္တုအစရှိသဖြင့် ပွါးများကြစေရန် ဆုံးမတော်မူသော သာသနာသည် အဓိစိတ္တသာသနာမည်၏၊

၃။ ပုဂ္ဂိုလ်သတ္တဝါ, အတ္တ, ဇီဝ ဟူ၍မရှိ၊ ရုပ်ဓာတ်အစု, နာမ်ဓာတ်အစုမျှသာရှိ၏၊ ထိုရုပ်ဓာတ်အစု, နာမ်ဓာတ် အစုသည်လည်း အနိစ္စသာဖြစ်၏၊ ဒုက္ခသာဖြစ်၏၊ အနတ္တသာဖြစ်၏-ဟု ပွါးများကြစေရန် ဆုံးမတော် မူသော သာသနာသည် အဓိပညာသာသနာအဓိပညာသာသနာမည်၏၊

ထိုတွင် အဓိသီလသာသနာ, အဓိစိတ္တသာသနာနှစ်ပါးသည် ဝေါဟာရဒေသနာ၏ ဆိုင်ရာဖြစ်၏၊ အဓိပညာသာသနာသည် ပရမတ္ထ ဒေသနာ၏ ဆိုင်ရာဖြစ်၏၊

[ဤကား ဒေသနာအပြား-သာသနာအပြား ခွဲခန်းတည်း။]

-----ဝ------

ပထမပုစ္ဆာ အဖြေ

အထက်က ကိုလံဗိုပုစ္ဆာ ၆-ချက်တွင်-

၁။ ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး-ဟူ၍ ခြားနားခြင်းမရှိလျှင် ဒုစရိုက်အတွက် မည်သို့တာဝန်ရှိနိုင်မည်နည်း-ဟူသော ပထမပုစ္ဆာ၌

အဖြေကား။ ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး-ဟူ၍ ခြားနား ခြင်းမရှိ-ဟူသောစကားသည် ပရမတ္ထဒေသနာ၏ ဆိုင်ရာပေတည်း၊ ဒုစရိုက်အတွက် မည်သို့တာဝန်ရှိနိုင်မည်နည်းဟူသော စကားသည် ဝေါဟာရဒေသနာ၏ဆိုင်ရာပေတည်း၊ အဓိသီလသာသနာ အဓိစိတ္တ သာသနာဟူသော သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိကို ပြဆိုရာ၌ ဝေါဟာရ ဒေသနာကိုလွှတ်၍ ပြဆိုခြင်းငှာ မတတ်ကောင်း၊ အဓိပညာ သာသနာ ဟူသော ဒိဋ္ဌိဝိသုဒ္ဓိကိုပြဆိုရာ၌ ဝေါဟာရဒေသနာနှင့်ပြဆိုခြင်းငှာ မတတ်ကောင်း၊ ပရမတ္ထဒေသနာ၏ဆိုင်ရာသာ ဖြစ်၏၊ ပုစ္ဆာ၌မူကားဝေါဟာရဒေသနာအရာနှင့် ပရမတ္ထဒေသနာအရာ ထွေးယှက်လျက် ရှိ၏၊ အထက်ကပြဆိုခဲ့သော ဒေသနာအပြား, သာသနာအပြားနှင့် ထောက်ထား၍ယူလေ။

ပထမပုစ္ဆာအဖြေပြီး၏၊

------ဝ------

ဒုတိယပုစ္ဆာ အဖြေ

၂။ ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး-ဟူ၍ခြားနားခြင်းရှိလျှင် ၎င်းသဘောတရားသည် အနိစ္စသဘောတရားနှင့် ညီညွတ်ပါ၏လားဟူသော ဒုတိယပုစ္ဆာ၌

အဖြေကား။ ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါးမည်သည် တစ်ဘဝမှာ တစ်ခါသာသေမြဲဖြစ်၏၊ တစ်ဘဝမှာ အခါခါ သေသည် ဟူ၍မရှိ အနိစ္စမျိုးမည်၏၊ ဗုဒ္ဓဘာသာ၌ အနိစ္စဆိုသည်ကား-ရုပ်တရား, နာမ်တရားတို့၏ ချုပ်ခြင်းကိုဆိုလို၏၊ ထိုရုပ်တရား, နာမ်တရားတို့၏ ချုပ်ခြင်းမည်သည် မျက်တောင်တစ်ခတ်, လျှပ်တစ်ပြက် ခဏအတွင်းမှာ အကြိမ်များစွာ ချုပ်၏၊ ပျက်၏၊ ထိုကြောင့် ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါးဟူ၍ အမှန်မရှိ၊ ဧကန်ရှိယူခဲ့လျှင် အနိစ္စဝိပဿနာဉာဏ်နှင့် ဆန့်ကျင်ဘက် ဖြစ်၏၊ အနိစ္စဝိပဿနာဉာဏ်ကို ပေါက်ရောက်လျှင် ထိုအယူသည် ပျက်၏၊ ထိုအယူပျက်မှပင် မဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့ ရောက်နိုင်၏၊

ဒုတိယပုစ္ဆာ အဖြေပြီး၏၊

------ဝ------

တတိယပုစ္ဆာအဖြေ

နိဗ္ဗာန်သည်ဘာဝလော, အဘာဝလော၊ အနက်အဓိပ္ပါယ်နှင့် တကွ ဖြေဆိုပါ-ဟူသော တတိယပုစ္ဆာ၌--

အဖြေကား။ နိဗ္ဗာန်သည် ဘာဝလည်းဟုတ်၏၊ အဘာဝ လည်းဟုတ်၏၊ ထိုတွင်ဘာဝဟုတ်ပုံကား-မဂ်ဉာဏ်လေးပါးသို့ ဆိုက် ရောက်သောအခါ ကိလေသာတရားတို့၏ ချုပ်ငြိမ်းမှုမည်သည် ဧကန် ရှိ၏၊ အမှန်ရှိ၏၊ ထိုချုပ်ငြိမ်းမှုကိုပင်လျှင် သန္တိသဘောဟုခေါ်၏၊ ထိုချုပ်ငြိမ်းမှုဧကန်ရှိသောကြောင့် နိဗ္ဗာန်သည် ဘာဝဟုတ်၏၊ အဘာဝ ဟုတ်ပုံကား-နိဗ္ဗာန်၌ ကိလေသာတို့၏ မရှိခြင်းကြောင့် အဘာဝဟုတ်၏၊

အဓိပ္ပါယ်ကား။ ကိလေသာတရား, သင်္ခါရတရားတို့၏ မရှိခြင်းကြောင့် အဘာဝဟုတ်၏၊ ချုပ်ငြိမ်းမှု ဧကန်ရှိခြင်းကြောင့် ဘာဝဟုတ်၏ ဟူလိုသည်။

တတိယပုစ္ဆာ အဖြေပြီး၏၊

---*---

စတုတ္ထ-ပဉ္စမပုစ္ဆာအဖြေ

၄။ ခန္ဓာတရားစုကို ရထားဥပမာဖြင့် ခွဲခြားစိတ်ဖြာ၍ ပြခြင်း သည် ''ဟယွန်း'' အမည်ရှိသော ပညာရှိက စိတ်တရားကို ခွဲခြားပြ သကဲ့သို့ ရုပ်သက်သက်၌သာလျှင်ဆိုင်သော ခွဲခြားခြင်းဟုတ်ပါသလားဟူသောပုစ္ဆာ,

၅။ ၎င်းအချက်တွင် ပညာရှိ ''ဟယွန်း'' ကို ပညာရှိ ''ကန့်'' က မှားသည်ဟုဆို၏၊ ပညာရှိ''ကန့်'' ဆိုချက်နှင့် သက်ဆိုင်သော အဘိဓမ္မာတရားတို့သည် အဘယ်တရားတို့ပါနည်း- ဟူသော ပုစ္ဆာ နှစ်ချက်တို့၌

ခန္ဓာတရားကို ရထားဥပမာဖြင့် ခွဲခြားစိတ်ဖြာ၍ ပြပုံအခြင်းအရာလည်း လျှောက်လွာ၌မပါ၊ ''ကန့်''ဆိုသူ၏ ပယ်ပုံအခြင်းအရာလည်း မပါသောကြောင့် ဖြေဆိုရန်အခွင့်မသာရှိချေသည်။

စတုတ္ထ-ပဉ္စမပုစ္ဆာအဖြေပြီး၏၊

အဋ္ဌမပုစ္ဆာအဖြေ

၆။ စိတ်အစဉ်တို့သည် သေသည့်အခါ၌- ကျိုးပြတ်ခြင်း ဖြစ်ပါ သလား၊ အနက်အဓိပ္ပါယ်နှင့်တကွ ဖြေဆိုပါ- ဟူသော ပုစ္ဆာ၌-

အဖြေကား။ အနမတဂ္ဂသံသရာ၌ ကျင်လည်၍ နေရသော သတ္တဝါ၏ စိတ်အစဉ်သည် အသညသတ်ဘုံမှာ ဖြစ်ခိုက်, နိရောဓ သမာပတ် ဝင်စားခိုက်တို့၌ စိတ်အစဉ်ရပ်တန့်၏၊ ဤမှတစ်ပါး စိတ် အစဉ်တို့သည် သေသည့်အခါ၌ ပြတ်သည်ဟူ၍ မရှိ၊ စုတိနောင် ပဋိသန္ဓေဖြစ်မြဲ အစဉ်အတိုင်းဖြစ်၏၊ ဘုရားရဟန္တာဖြစ်၍ ပရိနိဗ္ဗာန် စံသောအခါမှသာလျှင် စိတ်အစဉ် ပြတ်၏၊

ဆဋ္ဌမပုစ္ဆာ အဖြေပြီး၏၊

သီရိလင်္ကာ-ကိုလံဗိုပုစ္ဆာ အဖြေပြီး၏၊

------*------

လယ်တီဆရာတော်ဘုရားကြီး ဖြေဆိုချက်

လန်ဒန်-အက်(ဒ်)မိဂျေမီ(လ်-စ်)၏ပုစ္ဆာအဖြေ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁၂၈၂-ခု၊ တပိုတွဲလဆန်း ၁၀ -ရက်။

ကျိုက်ထိုမြို့။

လန်ဒန်မြို့ အက်(ဒ်)မိ ဂျေ မီ(လ်)(စ်)(Edmund J.Mills)၏ အမေးပုစ္ဆာ နှစ်ရပ်သည် ပြာသိုလဆန်း ၂ -ရက်နေ့တွင် ဆရာတော်၏ လက်သို့ ရောက်လာပေသည်၊ ၎င်းပုစ္ဆာ ရောက်လာပေသည့်အတွက် ဆရာတော် ဝမ်းမြောက်ပါ၏၊ လန်ဒန်မြို့ ပါဠိဒေဗစ်ထံမှ မောင်ရွှေစံ အောင် ထံသို့ ပေးပို့လိုက်သည့် အမှာစာတစ်စောင်တွင် ယခု လန်ဒန်မြို့ မှာ ''အဘိဓမ္မာ ပဋ္ဌာန ဝဏ္ဏနာ'' စာအုပ်ရိုက်ဆဲရှိနေရာ လယ်တီ ဆရာတော်၏ ''ပဋ္ဌာန ၂၄-ပစ္စယ'' အဖွင့်ကို ၎င်းပဋ္ဌာန ဝဏ္ဏနာ စာအုပ်တွင် နောက်ဆက်တွဲအနေနှင့် တွဲဖက်ထည့်ရိုက်ရန် အလိုရှိ ကြောင်း ပါရှိတွေ့မြင်ရသည်ဖြစ်၍ ၎င်းပဋ္ဌာနပစ္စယ၏ အဖွင့်ကို ပါဠိ ဘာသာနှင့် ဖွင့်ဆိုဆဲ၊ အင်္ဂလိပ်အက္ခရာပြန်ဆဲ ရှိနေသော်လည်း အက်(ဒ်)မိ ဂျေမီ(လ်)(စ်)(Edmund J.Mills) ၏ အမေးပုစ္ဆာ နှစ်ရပ်သည် ဖြေဆိုတဲ့ရန် အလျင်အမြန် ပြီးစီးလွယ်လိမ့်မည်ဖြစ်၍ ပဋ္ဌာန ၂၄- ပစ္စည်းဖွင့်ဆဲ အလုပ်တွင်းမှာ ကြားချပ်၍ ၎င်းပုစ္ဆာနှစ်ရပ်ကိုပင် အလျင်အမြန် ဖြေဆိုလိုက်လေသည်။

၁-အာကာသပုစ္ဆာအဖြေ

အာကာသအမျိုးသည် ရူပကလာပ ပရိစ္ဆေဒါကာသတစ်ပါး, သုသိရာကာသတစ်ပါး, ဝိဝရာကာသတစ်ပါး, ကသိဏုဂ္ဃါဋိမာကာသ တစ်ပါး, အဇဋာကာသတစ်ပါး-ဟူ၍ ငါးမျိုးလာရှိ၏၊

ထိုငါးမျိုးတို့တွင်-

၁။ ရူပကလာပ ပရိစ္ဆေဒါကာသ ဆိုသည်ကား

ရူပကလာပ ပရိစ္ဆေဒါကာသ ဆိုသည်ကား- ရုပ်-ကလာပ် တို့၏ တစ်ခုနှင့်တစ်ခု ပိုင်းခြားမှုကို ဆိုသည်၊ ထိုအာကာသသည် ကျောက်တုံး, သံတုံးတို့၏ အတွင်းမှာပင် အပြည့်ရှိနေ၏၊ ထိုအာကာသအပြည့်ရှိနေသည့်အတွက်ကြောင့် ၎င်းကျောက် တုံး, သံတုံးတို့ကို ခွဲစိတ်ခြင်းငှာလည်းကောင်း, အမှုန့်ပြုခြင်းငှာ လည်းကောင်း တတ်ကောင်းလေသတည်း။ ခြောက်သွေ့သော သဲပုံသဲစုတို့၌ သဲလုံးတို့၏အကြား စပါးပုံ စပါးစု, ဆန်ပုံဆန်စုတို့၌ စပါးလုံး, ဆန်လုံးတို့၏အကြား၊ အဝတ် ပုဆိုးတို့၌ ချည်ကြောင်းတို့၏အကြားတို့မှစ၍ စေ့စပ်စွာ စီခင်း၍ ထား အပ်သော အုတ်ချပ်တို့၏အကြား၊ ပျဉ်ချပ်တို့၏အကြား စသည်ဖြင့် နေရောင် မီးရောင်တို့ မဝင်နိုင်လောက်သော အကြားတို့သည် ထိုပရိစ္ဆေဒါကာသ၌ ပါဝင်ကုန်၏၊

[ထိုပရိစ္ဆေ ဒါကာသကို အဘိဓမ္မာ၌ ပရိစ္ဆေဒရုပ်ခေါ်၏၊ ပကတိ မီးရောင်, နေရောင်တို့ မဝင်နိုင်ကြကုန်သော်လည်း မြတ်စွာဘုရားတို့၏ အလောင်း တော်ကြီးများ ဖွားမြင်တော်မူသောအခါ စသည်တို့၌ဖြစ်ပွါးသော အရောင် အလင်းကြီးများတို့သည်မူကား- မဝင်နိုင် မဖေါက်နိုင်သော အရာဟူ၍ တစ်စုံတစ်ခုမျှ မရှိကြကုန်၊ လောက၌ ဖြစ်ပေါ်ကြသော လျှပ်စစ် ဓာတ်မီး ရောင် တို့သည်ပင်လျှင် အတန်အရာ ထွင်းဖေါက်နိုင်ကြကုန်သည်။ ]

၂။ သုသိရာကာသ ဆိုသည်ကား

သုသိရာကာသ ဆိုသည်ကား- ဝါးလုံး စသည်တို့၏ အတွင်း၌ ပကတိအားဖြင့် ပြင်ဖက်သို့မပေါ်သော အခေါင်းမျိုးကို ဆိုသတည်း။

၃။ ဝိဝရာကာသ ဆိုသည်ကား

ဝိဝရာကာသ ဆိုသည်ကား - နေရောင်, မီးရောင်တို့ ဝင်နိုင် လောက်သော ခံတွင်းပေါက်, နှာခေါင်းပေါက်တို့မှစ၍ ကျောင်း, အိမ်တို့၌ နံရံပေါက်, ပြူတင်းပေါက်, တံခါးပေါက် စသည်ကို ဆိုသတည်း။

[ထိုဝိဝရာကာသသည်၊ ကသိုဏ်းဆယ်ပါးတွင် အာကာသကသိုဏ်း၏ အရာ ဖြစ်ပေ၏၊ အာကာသဓာတ်၏ အဖွင့်များမှာလည်း ထိုသုသိရာကာသ၊ ဝိဝရာကာသ တို့ကိုလည်းဟောပါ၏၊]

၄။ ကသိဏုဂ္ဃါဋိမာကာသဆိုသည်ကား

ကသိဏုဂ္ဃါဋိမာကာသဆိုသည်ကား-ကသိုဏ်းဝန်းကို ပယ်ခွါ ရအပ်သော အာကာသကိုဆိုသည်၊ ပထဝီကသိုဏ်း စသော ကသိုဏ်းဝန်းတို့၌ ကသိုဏ်းစျာန်တို့ကို ရရှိပြီးနောက် အရူပ စျာန်တို့ကို ရလိုပြန်သော် စိတ်ထဲတွင် စွဲ၍ ရှိနေသော ကသိုဏ်း ဝန်းအာရုံကို စိတ်နှင့်ပင် ဖျောက်ဖျက်ရလေ၏၊ ထိုကသိုဏ်းဝန်း အာရုံ ပျောက်ကွယ်လေသောအခါ ထိုနေရာမှာ ထိုကသိုဏ်း ဝန်း ပမာဏရှိသော အာကာသအဝန်းကို ရလေ၏၊ ထို အာကာသသည် အာကာသာနဉ္စာယတနစိတ်၏ အရာမှာ လာရှိပေ၏၊

၅။ အဇဋာကာသဆိုသည်ကား- တစ်စုံတစ်ခု ဝတ္ထု ဒြဗ် အထွေး အယှက် မရှိသည်ဖြစ်၍ လဟာပြင်ဟု ဆိုအပ်သော အာကာသ ကြီးကို ဆိုသတည်း၊ ထိုအဇဋာကာသသည်မူကားကမ္ဘာမြေ ရေ လေ၏ အောက်မှာလည်း ဖီလာအဖို့, အောက်အဖို့အားဖြင့် အဆုံးမရှိ အနန္တဖြစ်၏၊ အထက်မှာလည်း အဆုံးမရှိ အနန္တ ဖြစ်၏၊

[ဤကား-အာကာသ ငါးမျိုး ခွဲခန်းတည်း။]

ပကတိသဘောအားဖြင့်မူကား--ထိုအာကာသဟူသော အာရုံ မျိုးသည် တစ်စုံတစ်ခုသော ဓာတ်သားဝထ္ထု, အမှုကိရိယာရှိသော ဓာတ်မျိုး မဟုတ်၊ စိတ်မနောတွင် ဓာတ်သားဝထ္ထု, အမှုကိရိယာ ရှိသ ကဲ့သို့ ထင်ရုံမြင်ရုံမျှ ထင်မြင်ရသော အာရုံမျိုးဖြစ်၏၊ နိစ္စအာရုံမျိုး, ဓုဝ အာရုံမျိုးဖြစ်၏၊ ကျောင်း, အိမ်ပြုတင်းပေါက်တို့၌ ပြူတင်းတံခါးရွက်ကို ဖွင့်လှစ်၍ထားခဲ့သော် ထိုအပေါက်အာကာသသည် လေးထောင့် သဏ္ဌာန်နှင့်တကွ မှန်ချပ် မှန်ပြားကဲ့သို့ စိတ်မနောတွင် ထင်မြင်ရ၏၊ ပြူတင်းတံခါးရွက်ကို ပိတ်၍ထားခဲ့ပြန်လျှင် ထိုအပေါက်အာကာသသည် ကွယ်ပျောက်၍သွားပြီဟု ထင်မြင်ရ၏၊

ထိုအပေါက်၌ရောက်ရှိသော အရောင်ဓာတ်, အလင်းဓာတ် တို့၏ ဖြစ်ပေါ်မှု, ပျောက်ပျက်မှုသည်သာရှိ၏၊ အပေါက် အာကာသ၏ ဖြစ်ပေါ်မှု, ပျောက်ပျက်မှုဟူ၍ မရှိ၊ သက်သက်သော အာကာသဓာတ် မည်သည် အရောင်ဓာတ်, အဆင်းဓာတ်မျိုးမဟုတ်၊ နေရောင်, မီးရောင် စသော အရောင်ဓာတ်မျိုး, အလင်းဓာတ်မျိုးနှင့် ကင်းခဲ့လျှင် ထင်မြင်ရ သည်မဟုတ်၊ ရှိသည်ဟူ၍လည်း မထင်မြင်ရ၊ အရောင်အလင်းသည် အာကာသ၏ ဓာတ်သားဝထ္ထု, အမှုကိရိယာ အရာ၌တည်၍ အာကာသ နှင့် တစ်ခုတည်းကဲ့သို့ ထင်မြင်ရ၏၊

ဤမျှသော စစ်ဆေးချက်တို့ဖြင့် ပရိစ္ဆေဒါကာသနှင့်တကွ အလုံးစုံသော အာကာသမျိုးဟူသမျှသည် မိမိ၏ သဘောအားဖြင့် ဖြစ်ခြင်း ပျက်ခြင်းမှကင်းသော နိစ္စမျိုး, ဓုဝမျိုးသာ အမှန်ဖြစ်၏ဟု ထင်ရှားလေပြီ၊ ထိုသို့ဓာတ်သားဝတ္ထု, အမှုကိရိယာရှိသော အာရုံမျိုး ထင်ရှားလေပြီ၊ ထိုသို့ဓာတ်သားဝတ္ထု, အမှုကိရိယာရှိသော အာရုံမျိုး မဟုတ်လေရကား-တစ်ခုတည်းသာ အမှန်ဖြစ်၏၊ ၂-ခု၊ ၃-ခု၊ ၄-ခု၊ ၅- ခု စသည်များပြားရန်မရှိ၊ သို့ရာတွင်ပြူတင်းတံခါးအများရှိခဲ့လျှင် အပေါက်အာကာသအများပင် ထင်မြင်ခေါ်ဆိုကြရ၏၊ ပြူတင်းတံခါး အကြီး အငယ်ရှိခဲ့ပြန်လျှင် အပေါက်အာကာသ အကြီးအငယ် အများပင် ထင်မြင်ခေါ်ဆိုကြရ၏၊ ထို့အတူ အာကာသ ငါးမျိုးဟူ၍ ခေါ်ဆိုရပြန်၏၊

ပြူတင်းတံခါးကိုဖွင့်လျှင် အပေါက်အာကာသ ဖြစ်ပေါ်လာ၏၊ ပြူတင်းတံခါးကိုပိတ်လျှင် ထိုအပေါက်အာကာသ ပျက်ကွယ်ပြန်၏ဟု ထင်မြင်ပြောဆိုရ၏၊ ထို့အတူ ထိုရှေ့အာကာသလေးပါးတို့မှာ ဖြစ်ပေါ် သည်၊ ပျက်ကွယ်သည်-ဟူ၍ခေါ်ဆိုရပြန်၏၊ သို့သော်လည်း စင်စစ် အားဖြင့်မူကား ရှေ့အာကာသ လေးပါးတို့သည်လည်း ဖြစ်မှု ပျက်မှုမရှိဘဲ မြဲသောအာရုံမျိုးသာ ဖြစ်ကြကုန်၏၊ လဟာပြင်ဟုဆိုအပ်သော အဇဋာကာသ အနန္တ ကောင်းကင်ကြီးသည်မူကား ဖြစ်မှု ပျက်မှုတို့နှင့် ဝေးကွာလျက် အခါခပ်သိမ်း နိစ္စ ဓုဝအသွင် ထင်ရှားလေပြီ၊ ထို့ကြောင့် အင်္ဂုတ္ထိုရ်ပါဠိတော်၌ အာကာသကို နိစ္စ, ဓုဝ, သဿတ, အဝိပရိဏာမ ဓမ္မ-ဟု ဟောတော်မူပေသည်။

''ရွှေစံအောင်''-အဘိဓမ္မာကျမ်းစာတွင် ထပ်ကာထပ်ကာ လာသော အာကာသများသည်မူကား-ရှေ့အာကာသများ ဖြစ်ကြပေ သည်။ အနောက်နိုင်ငံပညာရှိကြီးတို့လည်း ဤကဲ့သို့ပင် သဘောကျ၍ ယူနေကြပါသည်-ဟူသော လျှောက်လွှာပါစကားမှာလည်း ၎င်းပညာရှိ ကြီးတို့သည် ပြဆိုခဲ့ပြီးသော အတိုင်းပင်သဘောကျ၍ ယူနေကြသူများ ဖြစ်ပေသည်။

လျှောက်လွှာတွင် ''နောက်၌ကျွန်ုပ်၏သဘောအရမှာ လဟာ စင်စစ်မည်သည် ဘာမျှမရှိခြင်း စင်စစ်သာပင်တည်း'' ဟု ပါရှိသော ကြောင့် လျှောက်လွှာရှင် ''မီ(လ်-စ်)''သည်လည်း အာကာသ ဉာဏ်အမြင်မှာ ၎င်းပညာရှိကြီးများနှင့် ထပ်တူထပ်မျှပင်ဖြစ်ပေသည်၊ အင်္ဂုတ္ထိုရ် ပါဠိတော်ကို အနက်ပြန်ဆိုသူ ရဟန်းတော်တိလောက သည်လည်း ပါဠိတော်ရှိသည့် အတိုင်းသာ ပြန်ဆိုပေသည်၊ တစ်စုံတစ်ရာ အပိုအမို ပြောဆိုသည် မဟုတ်ပေ၊ ထို့ကြောင့် ထိုပါဠိတော်အရ အာကာသဉာဏ် အမြင်မှ ထူးခြားကွဲလွဲခြင်း မရှိကြ-ဟု ဆရာတော် သဘောရရှိပေသည်၊ သို့ရာတွင် လျှောက်လွှာရှင် ''မီ(လ်-စ်)'' ၏ စိတ်မှာမူကား-''ကေရပ်စသခင်'' စီရင်ရေးသားသော ဗုဒ္ဓမြတ်စွာဘုရား၏ အကြောင်းအရာ အတ္ထုပ္ပတ္တိ စာအုပ်၌ အရာဝတ္ထု-ဟူသမျှတို့သည် တစ်ခုတည်းသော မူလသဘာဝမှ ဖြစ်ပွါးလာကြသောကြောင့် တစ်ခု တည်းသော တရားအတိုင်းသာလျှင် ကြီးပွါးဖြစ်ထွန်း၍ လာကြသည်။

၎င်းပြင် ''နိဗ္ဗာန်တည်း-ဟူသော ရည်ရွယ်ချက် တစ်ခုတည်း သို့သာလျှင် ရောက်ကြကုန်လတ္တံ့၊ အမှန်သည် တစ်ခုသာလျှင် ရှိသကဲ့သို့ နိဗ္ဗာန်သည်လည်း တစ်ခုသာလျှင်ရှိ၏၊ ၂-ခု၊ ၃-ခုဟူ၍ မရှိချေ။'' ဟူ၍ ပါရှိသောစကားကို အစွဲပြု၍ ဝိစိကိစ္ဆာတရား ဖြစ်ပွါးလျက် ရှိနေပြန်၏၊ ဖြစ်ပွါးပုံကား။

အဆုံးသတ်ဖြစ်သော နိစ္စဓုဝတရားသည် တစ်ခု တည်း သာဖြစ်ရာပါသည်၊ သို့ဖြစ်ပါလျက် ထိုပါဠိ တော်မှာ အာကာသလည်း နိစ္စ ဓုဝတရားတစ်ပါး၊ နိဗ္ဗာန်လည်း နိစ္စ ဓုဝတရားတစ်ပါး-ဟူ၍ နိစ္စ ဓုဝ တရားနှစ်ပါးဖြစ်၍ နေပြန်ပါသည်-ဟု ဝိစိကိစ္ဆာ တရားဖြစ်ပွါးလျက် နေပြန်လေသည်။

အဖြေကား။ ''ကေရပ်စသခင်'' ၏စာအုပ်မှာ အရာဝတ္ထု-ဟူသမျှ တို့သည်-ဟုဆိုသော်လည်း နောက်၌ နိဗ္ဗာန်တည်းဟူ သော ရည်ရွယ်ချက် တစ်ခုတည်းသို့သာလျှင် ရောက်ကြကုန်လတ္တံ့-ဟူ၍ အချုပ်စကား ပါရှိသောကြောင့် နိဗ္ဗာန်နှင့် သက်ဆိုင်သော သတ္တဝါ၏ ကိုယ်ခန္ဓာ အရာဝတ္ထု-ဟူသမျှတို့ကိုသာလျှင် ယူသင့်ပေသည်၊ မြေ, ရေ, တော, တောင်, အဇဋာကာသ ကောင်းကင်တို့သည်ကား- နိဗ္ဗာန်နှင့် သက်ဆိုင်ကြသော အရာဝတ္ထုမျိုးမဟုတ်ကြပေကုန်၊ ဤ မြေ, ရေ, တော, တောင်စသော အရာဝတ္ထု ဟူသမျှတို့သည် အနိစ္စနိုင်ငံသို့ပါကြ၍ အဇဋာကာသ တစ်ခုတည်းသို့သာ ရောက်ကြကုန် လတ္တံ့- ဟု ဆိုသင့် ပေသည်။

ထိုသို့ဆိုခဲ့သော်

၁။ သတ္တဝါတို့၏ ဖြစ်မှု, ပျက်မှု၏ ကုန်ဆုံးရာဌာနသည် ကား- နိဗ္ဗာန်ပေတည်း။

၂။ သတ္တဝါမဟုတ်သောမြေ, ရေ, တော, တောင်စသော ဗဟိဒ္ဓဝတ္ထုတို့၏ ဖြစ်မှု, ပျက်မှု၏ ကုန်ဆုံးရာဌာနသည် ကား- အဇဋာကာသပေတည်း

ဟု ယူရန်အနက်-ပေါ်ထွက်လာသောကြောင့် ၎င်း ''ကေရပ်စ''၏ စကားသည်လည်း

ဒွေမေ ဘိက္ခဝေ ဓမ္မာ နိစ္စဓုဝါ သဿတာ အဝိပရိဏာမ ဓမ္မာ၊ ကတမေ ဒွေ၊ အာကာသော စ နိဗ္ဗာနဉ္စ။ ဟူသော ပါဠိတော်နှင့် ရောနှောမိကြသည်ပင် ဖြစ်သည်၊ နိဗ္ဗာန် သည် တစ်ခုသာ ရှိ၏၊ ၂-ခု၊ ၃-ခုဟူ၍ မရှိချေ-ဟူသော စကားမှာ လည်း စင်စစ်အားဖြင့် တစ်ခုသာရှိသည်မှန်၏၊ သို့ရာတွင် ၂-ခု ၃- ခုပြု၍ ပြောထိုက် ဟောထိုက်သော ပရိယာယ်အကြောင်းနှင့် ဖက်တွဲ၍ နိဗ္ဗာန်သည် နှစ်ပါးရှိသည်၊ သုံးပါးရှိသည်၊ လေးပါး၊ ငါးပါး၊ ဆယ်ပါး ရှိသည်- စသည်ဖြင့် ပြောဟောလိုလျှင် ပြောဟောထိုက်သော အခွင့် ရှိပြန်၏၊ ကောင်းကင်သည် စင်စစ်အားဖြင့် နိစ္စ ဓုဝ-အနေနှင့် တစ်ခုတည်းရှိငြားသော်လည်း ဤပြူတင်းပေါက်မှာ ကောင်းကင်တစ်ခု၊ ထိုပြူတင်းပေါက်မှာ ကောင်းကင်တစ်ခု-ဟူ၍ ပြောဟောထိုက်ပြန်သကဲ့ သို့တည်း။

နောက်၌ ''ရှေးအထက်က နှစ်ကြောင်း နှစ်သွယ်ထွက်သော ကိစ္စတို့ကို ဆုံးဖြတ်ကြသော ပုဂ္ဂိုလ်ကျော်များတို့သည် ဤအချက်ကို သွတ်သွင်း၍ ဆုံးဖြတ်ခဲ့ဖို့ ကောင်းပါသည်'' ဟူသော လျှောက်လွှာရှင်၏ စကားမှာလည်း ''မိလိန္ဒပဥှာမိလိန္ဒပဥှာ'' ကျမ်းသည် နှစ်ကြောင်း နှစ်သွယ် ထွက်သော ကိစ္စတို့ကို ဆုံးဖြတ်သောကျမ်းရင်း, ကျမ်းမဖြစ်ပေသည်၊ လျှောက်လွှာရှင်၏ အထက်စကားမှာ ''မိလိန္ဒပဥှာမိလိန္ဒပဥှာ'' တွင်လည်း ဤကဲ့သို့ပင် ပါပါသည်'' ဟု ပါရှိသည့်အတိုင်း အာကာသသည် နိစ္စ ဓုဝ-မျိုးစင်စစ်ဖြစ်ကြောင်းကို ထိုကျမ်းတွင် ဆိုပြီး ဆုံးဖြတ်ပြီးပင်ဖြစ်သည်။ အဘိဓမ္မာရုပ်ပိုင်းတွင်လာသော ပရိစ္ဆေဒါကာသသည်ကား- ရုပ်စိုင် ရုပ်ခဲတို့နှင့် ဖက်စပ်၍ ထင်မြင်ရသော အာကာသမျိုးဖြစ်ချေ၍ ရုပ်စိုင်ရုပ်ခတို့နှင့်အလားတူ အနိစ္စမျိုး, အဓုဝမျိုးဖြစ်သည်ဟု ပြောဆိုရန် ပရိယာယ်အကြောင်းရှိ၏၊ လဟာ-ဟုခေါ်ရသော အဇဋာကာသ အနန္တကြီးမှာမူကား- ရုပ်စိုင်ရုပ်ခဲတို့မှ ဆိတ်ကင်းရာ အနန္တနယ်ကြီးဖြစ်ပေ သည်နှင့် အနိစ္စမျိုး, အဓုဝမျိုးဖြစ်သည်ဟု ပြောဆိုရန် ပရိယာယ် အကြောင်းမျှပင်မရှိဘဲ ကမ္ဘာအစဉ်အဆက်အားဖြင့် နိစ္စရိုးရာကြီး, ဓုဝရိုးရာကြီး ဖြစ်ပေရကား ဘယ်သူ တစ်ဦးတစ်ယောက်မျှ ထိုအာကာသ ကြီးကို အနိစ္စ, အဓုဝ-ဟု ယူဆခြင်း မရှိကြလေ။

[ဤမျှသောဖြေရှင်းချက်တို့ဖြင့် လျှောက်လွှာမှာ ပထမပုစ္ဆာ နောက်ပိုင်းတွင် အစိုင်အခဲနှင့် ဖက်တွဲ၍ အနဲနဲရှုပ်ထွေးချက်များသည်လည်း ဖြေရှင်းပြီး ဖြစ်လေ တော့သည်။ ]

အာကာသပုစ္ဆာ အဖြေပြီး၏၊

------*------

၂- မာတုဂါမ-ရဟန်းပြုပုစ္ဆာအဖြေ

ဒုတီယမာတုဂါမ-ရဟန်းပြု ပုစ္ဆာအဖြေကား

၎င်းပုစ္ဆာမှာ

၁။ ခွင့်ပေးခန်း၌ ဖြေရှင်းရန်တစ်ချက်,

၂။ သာသနာနှစ်အပိုင်းအခြား၌ ဖြေရှင်းရန် တစ်ချက်,

ဟူ၍ ဖြေရှင်းရန် နှစ်ချက်ရှိ၏၊

ခွင့်ပေးခန်း၌ ဖြေရှင်းရန်အချက်

၁။ ခွင့်ပေးခန်း၌ဖြေရှင်းရန်အချက်ကား-မိထွေးတော် ဂေါတမီသည် မာတုဂါမများ ရဟန်းပြုခွင့်ရကြစေရန် မြတ်စွာဘုရား အား ကပိလဝတ်ပြည်မှာ ပထမအခါ သုံးကြိမ်တိုင်တိုင် ခွင့်တောင်း၏၊ မြတ်စွာဘုရားက သုံးကြိမ်တိုင်တိုင် ပယ်တော်မူ၏၊ ခွင့်မရသည့်အတွက် မိထွေးတော်ဂေါတမီသည် အလွန်ဝမ်းနည်းခြင်း, စိတ်နှလုံးဆင်းရဲ ခြင်းဖြစ်၍ နေရ၏၊ တစ်ဖန် ရဟန်းပြုလိုကြသော သာကီဝင်မ, ပေါင်း ငါးရာတို့နှင့် စိတ်တူသဘောတူ ဆံပင်ရိတ်ခြင်း, ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်ရုံခြင်းတို့ဖြင့် သီလရှင်မ ပြုလုပ်ကြကုန်ပြီးလျှင် ကပိလဝတ် ပြည်မှ ငါးဆယ့်တစ်ယူဇနာ ကွာဝေးသော ဝေသာလီပြည်သို့ ခြေလျင် ခရီးဖြင့် ပင်ပန်းကြီးစွာ လာရောက်ကြရကုန်၏၊ အကြီးအမှူးဖြစ်သူ မိထွေးတော်ဂေါတမီသည် မာတုကာမများ ရဟန်းပြုခွင့် ရကြစေရန် မြတ်စွာဘုရားအား ဝေသာလီပြည်မှာ ဒုတိယအခါ သုံးကြိမ်တိုင်တိုင် ခွင့်တောင်းပြန်၏၊

မြတ်စွာဘုရားက ဝေသာလီပြည်မှာလည်း သုံးကြိမ်တိုင်တိုင် ပယ်တော်မူသည်သာတည်း၊ ထိုအခါမှာလည်း မိထွေးတော်ဂေါတမီ သည် ရှေးအခါကထက် အဆများစွာသာလွန်၍ အလွန်ဝမ်းနည်းခြင်း, စိတ်နှလုံး ဆင်းရဲခြင်း ဖြစ်ရပြန်၏၊ ထိုအကြောင်းကို အရှင်အာနန္ဒာမြင်၍ မိထွေးတော်၏ကိုယ်စား ပြုလုပ်ပြီးလျှင် တတိယအခါ သုံးကြိမ်တိုင်တိုင် ခွင့်တောင်းပြန်၏၊ သုံးကြိမ်တိုင်တိုင်ပင် ပယ်မြဲပယ်တော်မူပြန်၏၊ အခါပေါင်းသုံးခါ၊ အကြိမ်ပေါင်း ၉-ကြိမ်ရှိပြီ။

ထိုအခါမှာ အရှင်အာနန္ဒာသည် ကြီးစွာသောအကြောင်းကြီး နှစ်ပါးကို ထုတ်ဖော်၍ စတုတ္ထအခါ တစ်ကြိမ်တောင်းပန်ပြန်၏၊ အကြောင်းကြီးနှစ်ပါးဆိုသည်ကား

၁။ မြတ်စွာဘုရားတို့၏ သာသနာတော်မှာ မာတုဂါမများ ရဟန်းပြု ခဲ့သော် မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ရထိုက်ပါ၏လားဘုရား-ဟု မေးလျှောက်၏၊ ရထိုက်ပါ၏ဟု ဖြေတော်မူရ၏၊ ဤသည်လည်း အကြောင်းတစ်ပါး,

၂။ မြတ်စွာဘုရား၏ အပေါ်မှာ မိထွေးတော်၏ ဂုဏ်ကျေးဇူးအနန္တ ကို ဖော်ပြခြင်းသည်လည်း အကြောင်းတစ်ပါး,

ဤအကြောင်း နှစ်ပါးပေတည်း။

ဤအကြောင်း နှစ်ပါးကို ထုတ်ဖေါ်၍ မိထွေးတော်အတွက် ခွင့်တောင်းသောအခါမှာ တစ်ကြိမ်တည်းနှင့်ပင် ခွင့်ပေးတော်မူရ၏၊ သို့ရာတွင် ရှေးရှေးခွင့်တောင်းချက်တို့မှာ အကြောင်းနှစ်ပါး မပါသေး၍ အခွင့်မပေးသည်မဟုတ်၊ ပေါ့လျော့ရန်ရှိသေး၍ အခွင့်မပေးခြင်း ဖြစ်သတည်း၊ အကြောင်းနှစ်ပါး ပါရှိမှ ခွင့်ပေးတော်မူသည်မှာ ပညာရှိ တစ်ပါးတို့ ကျေနပ်ကြစေရန်မျှ ဖြစ်ပေသတည်း၊ ခွင့်ပေးသည့်အခါမှာ လည်း အလွတ်သက်သက်အားဖြင့် ခွင့်ပေးတော်မူသည်မဟုတ်၊ ဂရုဓမ်တရားရှစ်ပါးကို ဖော်ပြတော်မူပြီးမှ ဤဂရုဓမ်တရားရှစ်ပါးကို မိထွေးတော် ဝန်ခံနိုင်ပါလျှင် ရဟန်းပြုရန် ခွင့်ပေး၏၊ ဝန်မခံနိုင်လျှင် အခွင့်မပေး - ဟု အချုပ်စကားနှင့် ခွင့်ပေးတော်မူ၏၊

ထိုအခါ ရှင်အာနန္ဒာသည် မိထွေးတော်အား ပြန်ကြားလေရာ မိထွေးတော်သည် အရှင်အာနန္ဒာအား ဂရုဓမ်တရားရှစ်ပါးကို ရိုသေ လေးမြတ်စွာ ခံယူပါမည်-ဟုလျှောက်လေ၏၊ မိထွေးတော် ပင်ပန်းမှုကို နေ့ရက်ကြံ့ ကြာစွာပြု၍ လျစ်လျူရှုတော်မူခြင်း၏အကျိုးသည် ဤမိထွေး တော် လျှောက်ခန်းမှာ ထင်ရှားစွာပေါ်လာပေ၏၊ ဤကဲ့သို့ မိထွေးတော် ကြီး ပင်ပန်းခွင့်ကို မြင်တော်မူသဖြင့် မိထွေးတော်ကြီး ဆင်းရဲဒုက္ခ မဖြစ်ရ စေရန် တစ်ခါ တစ်ကြိမ် ခွင့်တောင်းခါမျှနှင့် အခွင့်ပေးတော်မူပြန်လျှင် လည်း ဂရုဓမ်တရားကို အလေးဂရုပြုမှု နည်းပါးကြလိမ့်မည် အမှန် ဖြစ်၏၊

၁။ မိထွေးတော်ကြီး၏ ပင်ပန်းမှုသည် ဂရုဓမ်တရားကို အလေး ဂရုပြုကြခြင်း၏ အကြောင်းရင်းစင်စစ်ဖြစ်၏၊

၂။ ဂရုဓမ်တရားကို အလေးဂရုပြုကြခြင်းသည် သာသနာ တော်ကြီး ကာလမြင့်ရှည် တည်မြဲ တည်နိုင်ခြင်း၏ အ ကြောင်းဖြစ်၏၊

ထို့ကြောင့် မိထွေးတော်ကြီး၏ ပင်ပန်းမှုသည် သာသနာတော်၏ အကျိုးစီးပွား များမြတ်ရန်အကြောင်းကြီး စင်စစ်ဖြစ်ပေသောကြောင့် မိထွေးတော်ကြီး ထိုမျှလောက် ပင်ပန်းသည်တိုင်အောင် လျစ်လျူ ရှုတော်မူ ရပြန်သတည်း။

ဝိနည်းပိဋကတ် စူဠဝါပါဠိတော် ဘိက္ခုနိက္ခန္ဓက၌ -သစေ အာနန္ဒ နာလဘိဿ မာတုဂါမော တထာဂတပ္ပဝေဒိ တေ ဓမ္မဝိနယေ အဂါရသ္မာ အနာဂါရိယံ ပဗ္ဗဇ္ဇံ၊ စိရဋ္ဌိတိကံ အာနန္ဒ ဗြဟ္မစရိယံ အဘဝိဿ၊ ဝဿသဟဿံ သဒ္ဓမ္မော တိဋ္ဌေယျ။

အဓိပ္ပါယ်ကား။ အာနန္ဒာ- မာတုဂါမများသည် ငါဘုရား သာသနာ၌ ရဟန်းပြုခွင့်မရပါမူကား- ငါဘုရားသာသနာသည် နှစ်ပေါင်းတစ်ထောင်တိုင်အောင်တည်လေရာ၏၊ ဆိုလိုသည်၊ ဤစကားသည်လည်း ဖြစ်ထိုက်သော အခွင့် ရှိသည့်အတိုင်း ဟောတော်မူသော စကားတော်ပင် ဖြစ်သတည်း။

ယတော စ ခေါ အာနန္ဒ မာတုဂါမော တထာဂတပ္ပဝေဒိ တေ ဓမ္မဝိနယေ အဂါရသ္မာ အနာဂါရိယံ ပဗ္ဗဇိတော၊ န ဒါနိ အာနန္ဒ ဗြဟ္မစရိယံ စိရဋ္ဌိတိကံ ဘဝိဿတိ၊ ပဉ္စေဝ ဒါနိ အာနန္ဒာ ဝဿသတာနိ သဒ္ဓမ္မော ဌဿတိ။

အဓိပ္ပါယ်ကား။ အာနန္ဒာ- အကြင်အကြောင်းကြောင့် မာတုဂါမများသည် ငါဘုရားသာသနာ၌ ရဟန်းပြုခွင့်ကိုရ၍ ရဟန်းပြု၏၊ ထိုအကြောင်းကြောင့် ယခုအခါ ငါဘုရား သာသနာသည် နှစ်ပေါင်း ငါးရာသာလျှင် တည်တော့လတ္တံ့။

ဆိုလိုသည်၊ ဤစကားသည်လည်း ဖြစ်ထိုက်သော အခွင့်ရှိသည့် အတိုင်း ဟောတော်မူသော စကားတော်ပင် ဖြစ်၏၊

အသက်ရှည်သောကာလ၌ ဖြစ်တော်မူကြသော မြတ်စွာဘုရား တို့၏ လက်ထက်မှာ လူသတ္တဝါတို့အား ကိလေသာတရား အားနည်းကြ ၏၊ ဖြူစင်ဖြောင့်မတ်သောတရား အားကြီးကြ၏၊ ထို့ကြောင့် ထိုဘုရား တို့၏ လက်ထက်မှာ မာတုဂါမများ ရဟန်းပြုကြသော်လည်း သာသနာ တော် ဆုတ်ယုတ်ခွင့် မရှိ။

ငါတို့မြတ်စွာဘုရား ဖြစ်ပွင့်ရာကာလ၌မူကား လူသတ္တဝါတို့အား ကိလေသာတရား အလွန်အားကြီးကြ၏၊ ဖြူစင် ဖြောင့်မတ်သောတရား အလွန်အားနည်းကြ၏၊ ထို့ကြောင့် ငါတို့ဘုရားလက်ထက်မှာ မာတုဂါမ များ ရဟန်းပြုမှုသည် သာသနာတော် ဆုတ်ယုတ်ရန်အခွင့်ကြီး စင်စစ် ဖြစ်လေသတည်း၊ ဤသို့ သာသနာတော် ဆုတ်ယုတ်ရန် အခွင့်ကြီး စင်စစ်ဖြစ်သည့်အတွက် ထိုအခွင့်ကြီးကို တားဆီးကွယ်ကာရန် အရေးကြီး လည်း ကြီးမားလျက်ရှိလေသောကြောင့် ရုတ်တရက် ခွင့်မပေးမူ၍ အလိုတော်ရှိတိုင်း အမှုပါအောင်ကြံ့ကြာစွာ ပြုရလေသတည်း။

ဤစကားနှစ်ရပ်ဖြင့် အခါခါအကြိမ်ကြိမ်ခွင့်တောင်းကြရာ၌ အခါခါ အကြိမ်ကြိမ်ပယ်တော်မူခြင်း၏အကြောင်းကို ထုတ်ဖော်၍ ပြတော်မူ၏၊

သေယျထာပိ အာနန္ဒ ယာနိကာနိစိ ကုလာနိ ဗဟုတ္ထိကာနိ အပ္ပပုရိသကာနိ၊ တာနိ သုပ္ပဓံသိယာနိ ဟောန္တိ စောရေဟိ ကုမ္ဘထေနကေဟိ၊ ဧဝမေဝ။

အဓိပ္ပါယ်ကား။ အာနန္ဒာ..အကြင်လူမျိုးတို့သည် မိန်းမ တို့သာများကုန်၏၊ ယောကျ်ားတို့ နည်းပါးကုန်၏၊ ထိုလူမျိုးတို့ကို သူခိုး, ဓားပြတို့သည်ဖျက်ဆီးရန် အလွန် လွယ်ကုန်၏၊ ထို့အတူ ဟူ၍ ဟောတော်မူသည် တစ်ချက်။

[ ဤပါဠိ၌ ကုမ္ဘာထေနက ဆိုသည်ကား-ညဉ့်အခါမှာ အိုးအုံတွင်း၌ မီးအလင်း ကိုဆောင်ယူ၍ ခိုးကြ တိုက်ကြသူတို့ကို ဆိုသည်။ ]

သေယျထာပိ အာနန္ဒ သမ္ပန္နေ သာလိက္ခေတ္တေ သေတဋ္ဋိကာနာမ ရောဂဇာတိ နိပတတိ၊ ဧဝံ တံ သာလိက္ခေတ္တံ န စိရဋ္ဌိတိကံ ဟောတိ သေယျထာပိ အာနန္ဒ သမ္ပန္နေ ဥစ္ဆုက္ခေတ္တေ မဉ္ဇဋ္ဌိကာနာမ ရောဂဇာတိ နိပတတိ၊ ဧဝံ တံ ဥစ္ဆုက္ခေတ္တံ န စိရဋ္ဌိတိကံ ဟောတိ၊ ဧဝမေဝ။

အဓိပ္ပါယ်ကား။ အာနန္ဒာ..ပြည့်စုံစွာသော သလေးစပါးခင်း ကြံခင်းတို့၌ အနာရောဂါဆိုး ကျရောက်ခဲ့ငြားအံ့၊ ထို သလေးစပါးခင်း၊ကြံခင်းများသည် ကြာမြင့်စွာ ပွါးစီး တည်နေ ခြင်းမရှိ၊ အလျင်အမြန် ပျက်စီးရာ၏၊ ထို့အတူ-ဟူ၍ ဟော တော်မူသည်တစ်ချက်။

ဤပါဠိ ၂-ရပ်၌ သေတဋ္ဋိကဆိုသည်ကား- အဆန်မပါသော စပါးနှံဖြူထွက်အောင် နှိပ်စက်တတ်သော ရောဂါမျိုးကိုဆိုသည်၊ မဉ္ဇဋ္ဌိက ဆိုသည်ကား- ကြံ၏ အရိုးတလျှောက်ကို ဖေါက်စားသော ပိုးရောဂါ မျိုးကို ဆိုသည်၊ ဤစကားရပ်များသည် အထူးမဟုတ်၊ ယောကျ်ားများ ကဲ့သို့ စိတ်မခိုင်မာတတ်သော မာတုဂါမများ ရဟန်းပြုကြသည့်အတွက် သာသနာ အနှစ်ငါးရာ ယုတ်လျော့ခြင်း၏ ဥပမာများ ဖြစ်ကြပေသ တည်း။

သေယျထာပိ အာနန္ဒ ပုရိသော မဟတော တဠာကဿ ပဋိကစ္စေဝ အာဠိံ ဗန္ဓေယျ၊ ယာဝဒေဝ ဥဒကဿ အနတိက္ကမနာယ၊ ဧဝမေဝ ခေါ အာနန္ဒ မယာ ပဋိကစ္စေဝ ဘိက္ခုနီိနံ၊ အဋ္ဌ ဂရုဓမ္မာ ပညတ္တာ၊ ယာဝဇီဝံ အနတိက္ကမနီယာတိ။

အဓိပ္ပါယ်ကား။ အာနန္ဒာ--ကျိုးပေါက်၍နေသော တစ်ဖက် ဆည်ကန်မှာ ရေမလာမီတင်ကူး၍ ခိုင်လုံစွာ ဆည်ဖို့ထားခဲ့သော် လာသမျှ ရေစုသည် လွန်၍မသွားရဘဲ တစ်ဖက်ဆည်ကန် တွင်းမှာ တည်ရသကဲ့သို့ ထို့အတူ ငါဘုရား သာသနာမှာ မာတုဂါမများ မများပြားမီ တင်ကူး၍ အသက်ထက်ဆုံး မကျူး မလွန်သော ဂရုဓမ္မတရား ရှစ်ပါးတို့ကို ငါဘုရား ပညတ်၍ ထားလေပြီ--

ဟူသော ဤနောက်ဆုံးစကားဖြင့် မာတုဂါမများကို ရဟန်း ပြုကြစေရန် ခွင့်ပြုတော်မူသည့်အတွက် သာသနာအနှစ်ငါးရာ ယုတ် လျော့ရန် အခွင့်ကို ပိတ်ဆို့တားဆီး၍ ထားပြီးရှိလေပြီဟု ပြဆိုတော် မူသဖြင့် မာတုဂါမများ ရဟန်းပြုကြစေရန် ခွင့်ပြုတော်မူရသည့်အတွက် အပြစ်တင်ဆိုဖွယ် ရှိသမျှကို ဖြေရှင်းတော်မူပေ၏၊

သာသနာနှစ်ပေါင်းတစ်ထောင်အတိုင်းပင် အတည်ပြုရာ ရောက်လေ၏၊ ဂရုဓမ္မတရားရှစ်ပါးတို့၏ အလိုမှာလည်း စိတ်မခိုင်မာ တတ်သော မာတုဂါမ ရဟန်းမများတို့ကို ဘုရားသာသနာတော်၌ ဘယ်မျှလောက်ပင် တန်ခိုးဣဒ္ဓိပါဒ် ကြီးမြတ်ငြားသော်လည်း ဘယ်မျှ လောက်ပင် ပရိယတ်, ပဋိပတ်တတ်မြောက်ငြားသော်လည်း အဘယ်မျှ လောက်ပင် အသက်သိက္ခာ ကြီးမြတ်ငြားသော်လည်း သာသနာတော်၌ အကြီးအကဲ အရာဌာနမှ အခြင်းခပ်သိမ်းနှိမ့်ချ၍ ထားတော်မူခြင်း ဖြစ်၏၊ စိတ်ခိုင်မာတတ်သော ယောကျ်ားရဟန်းတော်များတို့ကိုသာ အကြီးအကဲ အမြဲခန့်ထားတော်မူခြင်းဖြစ်၏၊

ဥပမာကား။ ယခုအခါ အင်္ဂလန်နိုင်ငံမှာပင် မာတုဂါမတို့က အစိုးရဥပဒေပညတ်ကြီးများကို တတ်မြောက်ကြသည့်အတွက် အကြီး အကဲ အရာဌာနကြီးများကို ရလိုကြသည်ဟု အခိုင်အမာ တောင်းဆို၍ နေကြရာ စိတ်မခိုင်မာတတ်သော မာတုဂါမများကို နိုင်ငံအုပ်ချုပ်မှု အကြီးအကဲ အရာများ၌ ခန့်ထားခဲ့သော် အုပ်ချုပ်မှု ရာဇသတ် ဥပဒေ ကြီးများ လျော့ပါး၍ ကုန်သဖြင့် တန်ခိုးအာဏာ ပျက်ပြား၍ကုန်ရာ၏ဟု မြော်မြင်ကြကုန်သကဲ့သို့တည်း။

ထိုစကားမှန်၏၊ မိန်းမတို့မည်သည် မိမိတို့၏အမျိုး သား မြေး ပွါးများစေရန် အလွန်သိမ်မွေ့စွာသော အလိမ်မာမှုမျိုးတို့နှင့်သာ ထိုက်တန်ကြကုန်၏၊ အလွန်ကြမ်းတမ်းစွာသော နိုင်ငံကို စီရင်အုပ်ချုပ်မှု မျိုးတို့နှင့် မထိုက်တန်ကြကုန်၊ ယောကျ်ားဖြစ်သူ အစိုးရမင်းတို့ကလည်း မိမိတို့ အမျိုးအရိုး၌ သား, လင်, ခင်ပွန်းမရှိကြသော မိန်းမများတို့ကို စိတ်အလို မပြည့်သည့်အတွက်နှင့် ခက်ထန်သောင်းကျန်းခြင်း မရှိကြ စေရန်၊ အစိုးရမင်းတို့၏ အကျိုးကျေးဇူးများကို ခံစားကြရစေရန် စီမံအား ထုတ်သင့်လှပေ၏၊ စီမံချက်မှာလည်း မြတ်စွာဘုရားကြီးသည် မိန်းမများ အတွက် အသီးအခြား ဂရုဓမ်တရား ဝိနည်းဥပဒေကြီးများကို ထားတော် မူသကဲ့သို့ မိန်းမများအတွက် အသီးအခြား ရာဇသတ်ဥပဒေကြီးများကို ထားကြကုန်ရာ၏၊

ခွင့်ပေးခန်း၌ ဖြေရှင်းရန်အချက်ပြီး၏၊

-----*------

သာသနာနှစ်, အပိုင်းအခြား၌ ဖြေရှင်းချက်

၂။ သစေ အာနန္ဒ န လဘိဿ မာတုဂါမော တထာဂတပ္ပဝေဒိတေ ဓမ္မဝိနယေ အဂါရသ္မာ အနာဂါရိယံ ပဗ္ဗဇ္ဇံ၊ စိရဋ္ဌိတိကံ အာနန္ဒ ဗြဟ္မစရိယံ အဘဝိဿ၊ ဝဿသဟဿံ သဒ္ဓမ္မော တိဋ္ဌေယျ။

ဟူသောပါဠိတော်စကား၌ အဓိပ္ပါယ်ကား

အနှစ်တစ်ထောင်တိုင်အောင် ပြည့်စုံစွာ တည်ခြင်းကို ''ဝဿသ ဟဿံ တိဋ္ဌေယျ'' ဆိုသည်၊ ထိုစကားကို ထင်ရှားစေဦးအံ့၊ ဗုဒ္ဓဘာသာ သာသနာတော်၏ ပြည့်စုံခြင်းမည်သည် အရိယာပုဂ္ဂိုလ်လေးမျိုးတို့နှင့် ပြည့်စုံခြင်းဖြစ်၏၊၊

အရိယာပုဂ္ဂိုလ် လေးမျိုးဆိုသည်ကား-

၁။ သုက္ခဝိပဿက အရိယာပုဂ္ဂိုလ်မျိုး,

၂။ တေဝိဇ္ဇ အရိယာပုဂ္ဂိုလ်မျိုး,

၃။ ဆဠာဘိည အရိယာပုဂ္ဂိုလ်မျိုး,

၄။ ပဋိသမ္ဘိဒါပတ္တ အရိယာပုဂ္ဂိုလ်မျိုး, ဤလေးမျိုးတို့ပေတည်း။

''ဝဿသဟဿံ သဒ္ဓမ္မော တိဋ္ဌေယျ'' ဆိုသည်ကား--အနှစ်တစ်ထောင်မျှသာ, ပြည့်စုံစွာတည်ရာ၏၊ အနှစ်တစ်ထောင်မှ နောက်၌ ဆုတ်ယုတ်လျော့ပါး၍ သွားရာ၏-ဟူ၍ ဆိုလို ပေသည်၊ အနှစ်တစ်ထောင်ပြည့်သည့်နေ့ရက်မှာ တစ်ချက်တည်း အကုန်ကွယ်ပျောက်ရာ၏ဟု ဆိုလိုသည်မဟုတ်၊ အနှစ်တစ်ထောင်ပြည့် သည်မှ နောက်၌ ဗုဒ္ဓဘာသာသာသနာမှာ ပဋိသမ္ဘိဒါပတ္တ ပုဂ္ဂိုလ်မျိုးမရှိပြီ ဆုတ်ယုတ်လေ၏၊ ထိုနောက် ကာလကြာညောင်းလတ်သော် ဆဠာဘိည ပုဂ္ဂိုလ်မျိုး ဆုတ်ယုတ်လေ၏၊ ထို့နောက်တေဝိဇ္ဇပုဂ္ဂိုလ်မျိုး၊ ထို့နောက် သုက္ခဝိပဿက အရိယာပုဂ္ဂိုလ်မျိုး၊ အစဉ်အတိုင်းဆုတ်ယုတ်လေ၏၊ ဤသို့လျှင် အနှစ်တစ်ထောင်မျှသာ ပြည့်စုံစွာတည်ရာ၏၊ အနှစ် တစ်ထောင်ကျော်လျှင် ပြည့်စုံစွာ မတည်နိုင်ဘဲ ဆုတ်ယုတ်လျော့ပါး၍ သွားလေရာ၏ဟု ဆိုလိုရင်း အမှန်ဖြစ်၏၊

လောက၌ အချို့သောသူတို့သည်ကား''ဝဿသဟဿံ သဒ္ဓမ္မော တိဋ္ဌေယျ'' ဟူသော စကားသည် မြတ်စွာဘုရား ပြဋ္ဌာန်းချက် ထားခဲ့သော ဗျာဒိတ်စကားတော်ကြီးဟု ထင်မှတ်၍ တစ်ထောင်မှနောက်၌ တစ်နေ့ တစ်ရက်မျှ သာသနာသက် မရှိပြီ၊ သာသနာခေတ် မရှိပြီ၊ သာသနာ ခေတ် မရှိကလျှင် သိမ်ဟူ၍မရှိပြီ၊ သိမ်မရှိကလည်း ရဟန်းဟူ၍မရှိပြီ၊ ယခုကာလ ရှိနေကြသော ရဟန်းများသည် ဗုဒ္ဓဘာသာ, သာသနာ ရဟန်းစစ်မဟုတ်ကြ၊ ရဟန်းတု, ရဟန်းယောင်မျှသာ ဖြစ်ကြလေသည် ဟု ခိုင်မြဲစွာယူကြ ပြောဆိုကြကုန်၏၊ ဤ ''ဝဿသဟဿံ သဒ္ဓမ္မော တိဋ္ဌေယျ'' ဟူသော ပါဠိစကားသည်ကား၊ ပြဋ္ဌာန်းချက်ထားသော စကားတော်မျိုးပင်မဟုတ်၊ ဗျာဒိတ်စကားမျိုး ပင်မဟုတ်၊ ဝိနည်းပညတ် ချက် အာဏာစက် စကားမျိုးလည်းမဟုတ်၊ ဆိုက်တိုက်ရာ အရေးအခွင့် မှ အကြောင်းအားလျော်စွာ ဆက်လက်၍လာသော ဓမ္မကထာဒေသနာ စကားမျိုးသာ ဖြစ်၏၊

သာသနာနှစ်မည်သည်လည်း ပိုင်းပိုင်း-ခြားခြား ပြဋ္ဌာန်းချက်နှင့် ထားရသော အရာမျိုးပင်မဟုတ်၊ ခေတ်ကာလ သမယနှင့် သာသနာ ပြုပုဂ္ဂိုလ် အဆက်ဆက်တို့၏ အစွမ်းသတ္တိအလိုက် တည်ရှိရသော အရာ မျိုးပေတည်း၊

ထို့ကြောင့်-

၁။ အဆက်ဆက်သင်္ဂါယနာတင်ခြင်း,

၂။ သာသနာပြုပုဂ္ဂိုလ်ခန့်ထားခြင်း,

၃။ တိုင်းတစ်ပါး နိုင်ငံတစ်ပါးတို့သို့ သာသနာပြုပုဂ္ဂိုလ် စေလွှတ်ခြင်း,

တို့ကို အစဉ်အဆက် ရွက်ဆောင်ကြရလေသတည်း။

ဓမ္မာသောကမင်းကဲ့သို့ သာသနာပြုမင်းကောင်း တစ်ဦးတစ် ယောက် ပေါ်ပေါက်လာလျှင် သာသနာအသစ် ထွန်းကား၏၊ အရှင် မဟိန္ဒမထေရ်ကဲ့သို့ သာသနာပြုပုဂ္ဂိုလ်ကောင်း တစ်ဦးတစ်ယောက် ပေါ်ပေါက်လာလျှင် သာသနာပြန့်ပွား၏၊ ထိုမှတစ်ပါးလည်း သာသနာ မည်သည် ပရိယတ္တိသာသနာ, ပဋိပတ္တိသာသနာ, ပဋိဝေဓ သာသနာဟူ၍ သုံးပါးရှိ၏၊ ထိုသုံးပါးတို့တွင်လည်း ဓမ္မ ဝိနယ-ဟု ဆိုအပ်သော ပိဋကတ်သုံးပုံ ပရိယတ္တိသာသနာတော်မြတ်ကြီးသည် အမြစ်ပင်မ ကြီးဖြစ်၏၊ မြတ်စွာဘုရားကြီးသည် ပရိနိဗ္ဗာန်စံတော်မူခါနီးတွင်

ယော ဝေါ အာနန္ဒ မယာ ဓမ္မော စ ဝိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ။

ဟူ၍ ထိုပရိယတ္တိသာသနာတော်မြတ်ကြီးကိုပင်လျှင် ကိုယ် တော်မြတ်၏နေရာ၌ ကိုယ်စားလှယ် ကိုယ်စားခန့်ထား တော်မူခဲ့လေပြီ၊ ထို့ကြောင့် ထိုပရိယတ္တိသာသနာတော်မြတ်ကြီးရှိခဲ့လျှင် မြတ်စွာ ဘုရားကြီးရှိသည်ပင်မည်၏၊ ထိုပရိယတ္တိသာသနာတော်ကြီးသည် ယခုအခါ ဤလောကတွင် နေ လအသွင် မျက်မြင်ဒိဋ္ဌ ထင်ရှားရှိနေ လေပြီ၊ ပဋိပတ္တိသာသနာတော်မြတ်ကြီး ပဋိဝေဓသာသနာတော် မြတ်ကြီးနှစ်ပါးသည် အမြစ်ပင်မကြီးမှ ပေါက်ပွားကြသော အကိုင်း အခက် အရွက်အညွှန့် အပွင့်အသီးများဖြစ်ကြ၏၊ ထိုပရိယတ္တိသာသနာ တော်မြတ်ကြီးမှ ပေါက်ပွားကြသော သီလ, သမာဓိ, ပညာ သိက္ခာသုံးပါးဟူသော ပဋိပတ္တိသာသနာ, ပဋိဝေဓသာသနာကြီးများသည်လည်း ယခုလောကတွင် ယုံကြည်လေးမြတ် ဆည်းကပ်ကျင့်ကြံ ရည်သန်တောင့် တလျက် နေ လ အသွင် ထင်ပေါ်ထင်ရှားလျက်ရှိနေကြ၏၊

အမြစ်ပင်မကြီးနှင့် အကိုင်းအခက်စသည်တို့၌ အမြစ်ပင်မကြီး သည်သာလျှင် ထာဝရခိုင်မြဲတတ်၏၊ အကိုင်းအခက်စသည်တို့မှာကားပြုစုသူ, ဖျက်ဆီးသူတို့၏ အတွက်လည်းကောင်း မိုးကောင်းမှု, မိုးခေါင်မှု အတွက်လည်းကောင်း ဖြစ်လွယ်ပျက်လွယ်ရှိတတ်ကြကုန်၏၊ အနှစ်တစ် ထောင်မှနောက်၌ တစ်နေ့တစ်ရက်မျှ သာသနာသက် မရှိပြီ၊ သာသနာ ခေတ် မရှိပြီ-ဟု ခိုင်မြဲစွာ ပြောဆိုကြသော သူတို့သည်မူကား-ဤ လောက၌ နေကို နေ-ဟူ၍ မသိကြ၊ လ-ကို လ-ဟူ၍ မသိကြသဖြင့် လောကမှာ နေ-ဟူ၍ မရှိပြီ၊ လ-ဟူ၍ မရှိပြီဟု ဆိုကြသူများနှင့် အလား တူကြကုန်၏၊

[ဤကား မိထွေးတော်ဂေါတမီ၏ ရဟန်းပြုရန်ခွင့်တောင်း ခန်းတွင် ယခုကာလ ရှိနေကြသော ပါဠိတော်များအတိုင်း ပါဌ်ရင်း ပါဌ်မှန် ပြု၍ ဖြောင့်ချက် ဖြေရှင်းချက်ပေတည်း၊ ဤဖြောင့်ချက် ဖြေရှင်းချက်ဖြင့်ပင်လျှင် အက်ဒမိ-ဂျေ-မီလစ၏ ဒုတိယပုစ္ဆာကြီးသည် ပြီးပြေနိုင်လောက်ပြီ။]

သို့သော်လည်း အလွန်အရေးကြီးလှသော သာသနာ့အချက် ကြီးဖြစ်ပေ၍ ပြီးပြေသည်ထက် ပြီးပြေစေခြင်းငှါ ပုစ္ဆာစကားရပ်စုကို အစိတ်အစိတ်ထုတ်ဖေါ်၍ အစဉ်အတိုင်းဖြေဆိုပေဦးအံ့။

၁-ပုစ္ဆာ။ အာနန္ဒာသည် မြတ်စွာဘုရားထံတော်ပါးသို့ ချဉ်း ကပ်၍ မာတုဂါမတို့အား ဘိက္ခုနီမ- ပြုလုပ်နိုင်စေရန် ခွင့်တောင်း၍ အခွင့်ပေးတော်မူရသည်- ဟုကျမ်း အစောင်စောင်တို့၌ ပါ-ပါသည်။

အဖြေ။ ဤစကားရပ်စုကို ပုစ္ဆာရှင် မယုံကြည်နိုင်၏၊ အကြောင်းမှာ နောက်၌ထင်ရှားလတံ့။

၂-ပုစ္ဆာ။ မြတ်စွာဘုရားသည် ဤကဲ့သိုခွင့်ပြုရန်ကို သဘော တော် မပါ- ဟူ၍လည်းပြောကြပါသည်။

အဖြေ။ သဘောတော် မပါ-ဟု ပြောကြသည်မှာ မာတုဂါမ များ ရဟန်းပြုကြသည့်အတွက် နောက်၌ အပြစ် ဖေါ်ပြချက် များစွာပါရှိသောကြောင့် သဘောတော် မပါ-ဟု ယူဆကာ ပြောကြပေသည်၊ ပြောကြသော် လည်း သဘောတော် မပါသည် မဟုတ်၊ သဘော တော် ပါသည်သာဖြစ်၏၊ အကြောင်းမူကား-ခပ်သိမ်း သော မြတ်စွာဘုရားတို့၏ သာသနာတို့မှာ ဘိက္ခု ပရိသတ်, ဘိက္ခုနီပရိသတ်, ဥပသကာပရိတ်သတ်, ဥပါသိကာပရိသတ်- ဟူ၍ ပရိသတ်လေးပါး ရှိမြဲ ဖြစ်၏၊

မာရသံယုတ်ပါဠိတော်၌ ဘုရားဖြစ်တော်မူ၍ အဇပါလ ညောင်ပင်၌ နေတော်မူစဉ်အခါတွင် ပရိနိဗ္ဗာန်စံတော်မူပါ-ဟု မာရ်နတ် လျှောက်ထားရာ၌ပင်လျှင် အကြင်မျှလောက် ငါဘုရား၏ ပရိသတ် လေးပါးတို့သည် ငါဘုရား၏ သာသနာဓမ္မ၌ ကောင်းစွာ မလိမ်မာကြ ကုန်သေး၊ ထိုမျှလောက် ငါဘုရား ပရိနိဗ္ဗာန်မစံသေးဟူ၍ ဟောတော်မူ ချက်ရှိ၏၊ ထိုအခါကပင်လျှင် ဘိက္ခုနီပရိသတ်၏ ပြည့်စုံခြင်းသည် သာသနာတော်မြတ်၏ ပြည့်စုံခြင်း အင်္ဂါတစ်ပါးအဖြစ်ဖြင့် ရည်မှတ်တော် မူရင်းဖြစ်သည်ဟု ယုံကြည်ထိုက်လှ၏၊

ထိုမှနောက်၌ ဥပရိပဏ္ဏာသ ဝစ္ဆသုတ်အစရှိသော ထိုထိုသုတ္တန် ကြီးငယ်တို့မှာလည်း ထိုနည်းတူ လာရှိလျက်ရှိ၏၊ သို့ရာတွင် မာတုဂါမတို့ ၏ အပေါ်မှာ ကြီးမားစွာသော ဥပဒေအချုပ်ကြီးများကို ထားတော်မူရန် အရေး အလွန်ကြီးလှသောကြောင့် ထိုအလွန်ကြီးလှသောအရေးကို အလိုတော်ကျပြုလုပ်လွယ်စေခြင်းငှာ မာတုဂါမများ ရဟန်းပြုကြ သည့်အတွက် ဖြစ်ထိုက်ရာသော အပြစ်ကြီးများကို ထုတ်ဖော်၍ ဟော တော်မူရပြန်သတည်း။

၃-ပုစ္ဆာ။ အာနန္ဒာသည် တတီယမြောက် လျှောက်ထား မြစ်ပယ် ပြီးနောက် တစ်ဖန်ပယ်ခွင့်မရသာအောင် ကြီးစွာသော အကြောင်းကိုဖော်ပြ၍ စတုတ္ထမြောက် ခွင့် တောင်းပြန်သောအခါ ခွင့်ပြုတော်မူရချေသည်ဟူ၍လည်း ပါဠိတော်စာအုပ်များမှာပါသည်။

အဖြေ။ ပါသည်မှန်ပေ၏၊ ပါသော်လည်း အလိုတော် မရှိပါဘဲလျက် ပယ်ခွင့်မသာလှ၍ ခွင့်ပေးရသည် မဟုတ် ရှေ့အဖို့ကပင် ဤကဲ့သို့သော လျှောက်ထား ချက်ကြီးသို့ ဆိုက်ရောက်သောအခါမှ ခွင့်ပြုတော် မူမည်ဟု မြော်လင့်စောင့်ဆိုင်း လျက်ရှိကြောင်းကို ၂- ပုစ္ဆာအဖြေ မှာ ဖော်ပြခဲ့သော အကြောင်းများနှင့်ပင် ထင်ရှားလျက် ရှိလေပြီ။

၄-ပုစ္ဆာ။ ထိုမှတစ်ပါးလည်း အရှင်အာနန္ဒာ လျှောက်ထားဖန် များလှ၍ မြတ်စွာဘုရား မနှစ်သက်သော်လည်း ခွင့်ပြု တော်မူရပြီးနောက် အရှင်အာနန္ဒာအား မိန့်ကြားတော် မူပြန်သည်မှာ အာနန္ဒာ..ယခု ငါဘုရား၏ သာသနာ သည် မာတုဂါမများ ရဟန်းပြုကြသည့်အတွက် အနှစ် ငါးရာသာတည်တော့လတံ့-ဟူ၍ မိန့်တော်မူကြောင်း ပါရှိပါသည်၊ အကျွန်ုပ်တို့၏ ကိုးကွယ်ရာဖြစ်တော်မူ သော မြတ်စွာဘုရားကြီးသည် ဤကဲ့သို့ မိန့်တော်မူလိမ့် မည်-ဟု မထင်ပါ။

အဖြေ။ မထင်ခြင်း၏အကြောင်းကား- ယခုသာသနာတော် အနှစ် နှစ်ထောင်ကျော်ရှိသည်တိုင်အောင် အမြစ် ပင်မကြီးဖြစ်သော ပိဋကတ်သုံးပုံ-ပရိယတ္တိသာသနာ တော်မြတ်ကြီး ထင်ရှားရှိနေသည်ကို ပုစ္ဆာရှင် မျက်မြင် ဒိဋ္ဌ တွေ့ကြုံရလျက် ရှိနေသည်နှင့် အနှစ်ငါးရာသာ တည်လတ္တံ့-ဟူသောစကားသည် မျက်မြင်ဒိဋ္ဌနှင့် အလွန် ကွာလှမ်းလျက် ရှိနေသောကြောင့်တည်း၊ ထိုစကားသည် ဂရုဓမ်တရားရှစ်ပါး ပညတ်တော်ကြီး များကို မထားခဲ့လျှင် မာတုဂါမများ ရဟန်းပြုကြသည့် အတွက် သက်သက် ဖြစ်ထိုက်သော အပြစ်ကို ပြဆို သော စကားသာတည်း၊ ထိုစကားကိုလည်း နောက်၌ တစ်ဖက်ဆည်ကန်ဥပမာဖြင့် သေချာစွာ ပယ်ဖျက် တော်မူခဲ့လေပြီ၊ ဖြစ်ထိုက်သော အပြစ်ကို ပြဆိုရခြင်း သည်လည်း မာတုဂါမတို့၏အပေါ်၌ အလွန်ဝန်လေး လှစွာသော ဂရုဓမ်တရားကြီးများကို ထားထိုက်လှပေ သည်-ဟု ကျေနပ်သမှု အလေးပြုကြစေရန် အတွက် ပေတည်း။

၅-ပုစ္ဆာ။ မာတုဂါမတို့ ဘိက္ခုနီမ-မပြုထိုက်ဟု မြတ်စွာဘုရား သဘောရှိတော်မူပါလျှင် ဘိက္ခုနီ ပြုခွင့်ကိုပင် အခွင့် ပေးတော်မူလိမ့်မည် မဟုတ်ဟုထင်ပါသည်။

အဖြေ။ မာတုဂါမတို့ ဘိက္ခုနီမ-မပြုထိုက်ဟူ၍ သဘောမရှိ သည့်အတွက်ကြောင့်ပင်လျှင် ခွင့်ပေးတော်မူလျက် ရှိလေပြီ။

၆-ပုစ္ဆာ။ ရုတ်တရက်ခွင့်မပေးဘဲ နေ့ရက်ကြံ့ကြာအောင်ပြု၍ ထားခြင်းကို အကျွနု်တို့နားလည်ပါ၏၊ သဘောကျနိုင် ပါ၏၊

အဖြေ။ နေ့ရက်ကြံ့ကြာအောင် ပြု၍ထားခြင်းကို သဘော ကျ နိုင်ပါလျှင် ခွင့်တောင်းမှု နေ့ရက်ကြံ့ကြာစေပြီးမှ ခွင့်ပေးမှု, အပြစ်ကြီးများကို ဖော်ပြမှုအလုံးစုံသည် လည်း အကုန်ကျေလယ်လေတော့သည်၊ ခဲယဉ်းစွာ သော အရေးအရာကြီးတို့၌ လူအများတို့ကို မိမိအလိုရှိ ရာသို့ ပိုင်နိုင်စွာပါနိုင်ကြစေရန် ပညာရှိကြီးတို့ အသုံး ပြုကြရိုးဖြစ်သော ပရိယာယ်မှုကြီးပေတည်း။

၇-ပုစ္ဆာ။ ခေတ်ကလည်းခေတ်ပျက်၊ လျှောက်ထားချက်ကလည်း ကြီးကျယ်သော အချက်ကြီးတစ်ရပ်ဖြစ်ပါသည်၊ ရဟန်း တော်များကလည်း သဘောမကျ၊ ထို့ကြောင့် ကောင်း မွန်သော နည်းလမ်းဥပဒေသတို့ကို သေချာစွာ စဉ်းစား ပြီးမှ ထုတ်ဖော်မေးလျှောက်ရပါသည်။

အဖြေ။ ဤစကားသည် ဖြေသောသူအားလည်း သတိပေး လိုက်သော စကားဖြစ်ပေသည်။

၈-ပုစ္ဆာ။ အနှစ်ငါးရာသာ တည်လတံ့ဟု ဗျာဒိတ်စကား ထား တော်မူခဲ့ခြင်းသည် မြတ်စွာဘုရားကြီး၏ ပါရမီတော်, ဉာဏ်တော်, ဘုန်းတန်ခိုးတော်များနှင့် နှိုင်းစာသည်ရှိ သော် မလျော်မသင့်ဟု ထင်ပါသည်။

အဖြေ။ ဗျာဒိတ်စကား ထားတော်မူခဲ့သော နိယတ စကား မျိုး မဟုတ်ကြောင်း လောက၌အချို့သော သူတို့၏ အယူအပြောကို ဖြေဆိုရာ၌ ပြီးစီးခဲ့လေပြီ၊ ၄-ပုစ္ဆာ အဖြေလည်း ပြီးစီးခဲ့လေပြီ။

၉-ပုစ္ဆာ။ထိုမှတစ်ပါးလည်း နောက်နောက်သော အခါတို့၌ ချီးမွမ်းထိုက်သော ဘိက္ခုနီမတို့ကိုလည်း သီးခြား၍, သီးခြား၍ ချီးမွမ်းတော်မူသည်များကိုလည်း တွေ့ရှိရပါ သည်၊ ရဟန်းပြုမှုကို အလိုတော်မရှိခဲ့လျှင် ချီးမွမ်း တော်မူလိမ့်မည် မထင်ပါ။

အဖြေ။ မြတ်စွာဘုရား အလိုတော်ရှိရင်းပင်ဖြစ်ကြောင်း ရှေး၌ ထင်ရှားခဲ့လေပြီ။

၁၀-ပုစ္ဆာ။ဤအနှစ်ငါးရာဟူသောစကားသည် မြတ်စွာဘုရား၏ စကားတော်မဟုတ်၊ ပထမသင်္ဂါယနာပွဲအပြီးတွင် ထိုအစည်းအဝေးမှာပင် အရှင်အာနန္ဒာကို အပြစ် ဆိုကြသော ရဟန်းများထဲက တစ်ပါးပါး၏ စကားသာ ဖြစ်ရာပါသည်။

အဖြေ။ မြတ်စွာဘုရား၏ စကားတော်ပင်ဖြစ်ကြောင်း၊ ထိုစကားသည်လည်း နိယတဗျာဒိတ်စကားမျိုးမဟုတ်၊ အနိယတ စကားမျိုးသာဖြစ်ကြောင်း-ရှေ့၌ ထင်ရှား ခဲ့ပေပြီ။

[အချို့သောပုစ္ဆာများမှာ အသိဉာဏ်အဖြေ ရှင်းလင်းစေရန် ပြင်ဆင်လိုက် ပေသည်။]

အနှစ်ငါးရာ-ဟူသောစကား၌ ဖြေရှင်းချက်ပြီး၏၊

ဤပုစ္ဆာအဖြေမှာ ''အနှစ်တစ်ထောင်တိုင်အောင် အတည်ပြုရာ ရောက်ပြန်၏'' ဟူသောစကား၌ ပဋိသမ္ဘိဒါပတ္တ အရိယာပုဂ္ဂိုလ်မျိုး တို့နှင့်တကွ ပြည့်စုံစွာတည်ခြင်းကို မိန့်ဆိုတော်မူသဖြင့် အနှစ်တစ်ထောင် မှနောက်၌ အရိယာပုဂ္ဂိုလ်မျိုး အဆင့်ဆင့် ယုတ်လျော့၍သွားလတံ့ဟူ၍လည်း မိန့်တော်မူရာရောက်၏၊ အမြစ်ပင်မနှင့် အကိုင်းအခက် ဥပမာအတိုင်း ပြုစုသူ, ဖျက်ဆီးသူ, ကောင်းစွာကျင့်ကြသူ, မကျင့်ကြ သူတို့အတွက် သာသနာတော်မြတ်ကြီးသည် ရံခါရံခါ ထွန်းကားခြင်း, ရံခါရံခါ မှေးမှိန်ခြင်း, အရိယာပုဂ္ဂိုလ်မျိုးများ ရံခါရံခါပေါ်ပေါက်ခြင်း, ရံခါရံခါ ပပျောက်ခြင်း ဆုတ်တုံ-တက်တုံ, တက်တုံ-ဆုတ်တုံ သွားလတ္တံ့ဟူ၍ ဟောတော်မူရာကျ၏၊ အဋ္ဌကထာဆရာကြီးတို့ကား- အနှစ်ငါး ထောင်ကို အမှန်ပြုကြကုန်၏၊ ပါဠိတော်နှင့် အလျော်ပင်ဖြစ်၏၊

လိုရင်းအချုပ်မှာမူကား-လောက၌ ပါဠိစကားတတ်ကျွမ်း သူများနှင့် ပိဋကတ်သုံးပုံ ပါဠိတော်ကြီးတည်ရှိသမျှ ကာလပတ်လုံး သာသနာတော်ကြီးသုံးပါး တည်ရှိသည်သာ-ဟု ယုံကြည်ထိုက်၏၊ ငါးထောင်-ဟူသည်လည်း လူ့ပြည်၌ အပိုင်းအခြားပေတည်း၊ အထက် နတ်ပြည်တို့၌မူကား- သာသနာတော်မြတ်ကြီးသည် အနှစ်ငါးထောင် မျှမက ငါးသိန်းမျှမက တည်ရှိပေလတံ့၊ အကြောင်းမူကား-ဘုရား လက်ထက်တော်၌ မဇ္ဈိမတိုက်ကြီးမှာ လူသောတာပန်ပေါင်း ကုဋေများစွာ ဖြစ်ကြကုန်၏၊ ထိုလူတို့သည် ယခုအခါ အထက်နတ်ပြည်တို့မှာ ရှိနေကြကုန်၏၊

နတ်ပြည်တို့မှ သောတာပန်ဖြစ်ကြကုန်သော နေ-နတ်သား, လနတ်သား, စာတုမဟာရာဇ်နတ်မင်းကြီးများ, တာဝတိံသာ သိကြားမင်း, နတ်မင်းကြီးများ, နတ်သား နတ်သမီးပေါင်းလည်း ကုဋေများစွာပင် ရှိကြ၏၊ ထိုနတ်အရိယာတို့ ထိုထိုနတ်ပြည်မှာ ရှိနေကြသမျှ ကာလပတ် လုံး စာတုမဟာရာဇ်စသော အထက်နတ်ပြည်မှာ သာသနာတည်လျက် ပင် ရှိပေလတံ့၊ ဗြဟ္မာ့ပြည်၌မူကား- ဝိပဿီ မြတ်စွာဘုရားမှစ၍ ငါတို့ ဘုရားလက်ထက်တော်တိုင် ဗုဒ္ဓဘာသာ သာသနာသည် သုဒ္ဓါဝါသ နတ်ပြည်မှာ တစ်ဆက်တည်းတည်ရှိ၏၊

ဤအကြောင်းကို မဟာဝါပါဠိတော် မဟာနိဒါနသုတ်, သက္က ပဥှာသုတ်, မဟာဂေါဝိန္ဒသုတ်တို့ကိုမြင်၍ သိကြရကုန်၏၊ ယခုအခါ နတ်ပြည်ခြောက်ထပ်လုံး, ဗြဟ္မာ့ပြည်အလုံးသည် အရိယာတို့ဖြင့် ပြည့်လျက်ရှိကြ၏၊ ယခုအခါ၌ လူ့ပြည်မှသေလွန်၍ နတ်ပြည်သို့ ရောက်ကြသူများသည် နိဗ္ဗာန်နှင့် အလွန်နီးစပ်လျက်ရှိ၏၊ ဘုရားလက် ထက်တော်၌ အလုံးစုံသော အကြောင်းအရာတို့ကို နတ်ပြည်သို့ရောက်မှ စေ့စုံစွာ ကြားသိကြရကုန်လတံ့၊ ဤအကြောင်းကိုမူကား-ဆရာတော် စီရင်သည့် သာသနသမ္ပတ္တိဒီပနီတွင် သတ္ထာဒေဝမနုဿာနံ-ဂုဏ်တော် အဖွင့်မှာ ပြည့်စုံစွာပါရှိလေပြီ။

သာသနာနှစ် အပိုင်းအခြား၌ ဖြေရှင်းချက်ပြီး၏၊

မာတုဂါမ ရဟန်းပြုပုစ္ဆာ အဖြေ ပြီး၏၊

၁၂၇၅-ခု၊ ပြာသိုလဆန်း ၇-ရက်နေ့၊ နံနက်-၈-နာရီ အချိန်တွင် ပြီးဆုံးခြင်းသို့ ရောက်၏၊

လန်ဒန်-အက်(ဒ်)မိ ဂျေမီ(လ်)(စ်)(Edmund J.Mills)၏ ပုစ္ဆာ အဖြေပြီး၏၊

------*------

လန်ဒန်ပါဠိဒေဝီက လျှောက်ထားချက်

လန်ဒန်-ပါဠိဒေဝီ၏ သညာပုစ္ဆာအဖြေ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဘုရားတပည့်တော်၏ သင်္ဂြီုဟ်စာအုပ် မျက်နှာနံပါတ် ၄၂-တွင် သညာစေတသိက်သည် နောင်မှတ်မိ သိရှိစေခြင်းငှါ အမှတ်ကိုပြုသည်၊ ၎င်းအမှတ်သညာသည် ရှေးစိတ္တုပ္ပါဒ်နှင့်ချုပ်လေပြီ၊ ပြုအပ်သော အမှတ် သည်လည်း ထိုအာရုံနှင့်တကွချုပ်လေပြီ၊ နောက် အသစ်အသစ်ဖြစ်သော စိတ္တုပ္ပါဒ်သည် အသစ်အသစ်ဖြစ်သောအာရုံကို ချုပ်လေပြီးသော အာရုံ ကဲ့သို့ပင် ထင်မှတ်ခြင်းငှါ အနန္တရာဒိပစ္စည်းလေးပါးကို အရိပ်အမြွက်မျှ ဖော်ပြလျက် ပါရှိလေသည်ကို အကျယ်ချဲ့စေလိုပါကြောင်း။

------*------

လယ်တီဆရာတော်ဘုရားကြီး ဖြေဆိုချက်

သညာစေတသိက်သည် နောင်မှတ်မိ သိရှိစေခြင်းငှါ အမှတ်ကို ပြုသည်၊ ထိုဝတ္ထုကိုနောက်တစ်ခါ တွေ့မြင်လျှင် ဘယ်ဝတ္ထုတဲ့-ဟူ၍ အမည်နှင့်တကွ ပြောနိုင်သည်၊ ဤအရာမှာ ရှေးအမှတ်ပြုစဉ်အခါ ထိုဝတ္ထုရုပ်၌ ရုပ်တရားစုကား တစ်ခြား၊ နောက်တွေ့မြင်စဉ်အခါ ရုပ်တရားစုကား တစ်ခြား၊ ရှေ့ရုပ်တရားစုနှင့် ရှေ့အမှတ်ပြုသောသညာ ရှေ့၌ချုပ်လေပြီ၊ နောက်တစ်ခါတွေ့မြင်၍ ဘယ်ဝတ္ထုတဲ့ - ဟု မှတ်မိ သိရှိစဉ်အခါ ထိုဝတ္ထု၌ရှိနေသော ရုပ်တရားစုနှင့် မှတ်မိသိရှိကြသော စိတ္တုပ္ပါဒ်စုကား-နောက်မှ အသစ်ဖြစ်ပေါ်ကြသော ရုပ်သစ်များ, စိတ္တုပ္ပါဒ်သစ်များဖြစ်ကြ၏၊ ထိုစိတ္တုပ္ပါဒ်သစ်များသည် ရှေ့ရုပ်တရားစုကို မသိနိုင်ရာ၊ ရှေ့ရုပ်တရားစုကို မသိနိုင်လျှင်လည်း ရှေ့ဝတ္ထုကိုပြန်၍ မမှတ်မိ မသိရှိနိုင်ရာ၊ ပြန်၍မမှတ်မိ မသိရှိနိုင်လျှင်လည်း နောင်မှတ်မိ သိရှိစေခြင်းငှါ အမှတ်ပြုသော ရှေ့သညာသည် အကျိုးမရှိ အချည်းနှီး သာဖြစ်ရာ၏၊ ရှေ့သညာ အချည်းနှီးဖြစ်လျှင်လည်း ဤလောကမှာ မိမိ၏ အမည်ကိုပင် မိမိမသိနိုင်သူ-ဟူ၍ တစ်စုံတစ်ယောက်မျှ မရှိလေရာ။

[ဤကား- အမေးစကား၏ အဓိပ္ပါယ်ပေတည်း။]

အဖြေကား။ လောက၌ အချို့သောသူတို့က ဤအမေးကို ဤသို့ ဖြေကြကုန်၏၊ ရှေ့ရုပ်စုနှင့် ရှေ့ဝတ္ထုကို နောက်ဖြစ် စိတ္တုပ္ပါဒ်စုက ပြန်၍မှတ်မိ သိရှိနိုင်သည်မှာ အတ္တ၏ အစွမ်းပေတည်း၊ ရုပ်တရား, နာမ်တရားစုများမှာ ရှေ့အမှတ်ပြုစဉ် အခါ၌ တစ်ခြား၊ နောက် ထိုအမှတ်အတိုင်း သိရှိစဉ်အခါ၌ တစ်ခြားစီပင် ဖြစ်သော်လည်း အတ္တ သည်မူကား တစ်ခြားစီမဟုတ်၊ ရှေ့အခါ၌လည်း ထိုအတ္တပင်, နောက် အခါ၌လည်း ထိုအတ္တပင် ဖြစ်၍ ထိုအတ္တသည် နောက်အခါ၌ ဒိဋ္ဌသက် သေဖြစ်လေ၏၊ ဤသတ္တဝါတို့၏ ကိုယ်ခန္ဓာ၌ အတ္တဟူ၍ အသီးအခြား ရှိကြောင်းမှာလည်း ဤရှေ့၌ အမှတ်ပြုခဲ့၍ နောက်၌ထိုရှေ့အမှတ် အတိုင်း သိမှုသည် ခိုင်လုံသော သက်သေကြီးပေတည်း ဟူ၍ အတ္တဝါဒီ ပုဂ္ဂိုလ်တို့က ဖြေဆိုကြကုန်၏၊

အနတ္တဝါဒီပုဂ္ဂိုလ်တို့ကား- ဤသို့ဖြေဆိုကြကုန်၏၊ ရှေ့၌ အမှတ် ပြုမှုနှင့် နောက်၌ ထိုရှေ့အမှတ်အတိုင်းသိမှုသည် အတ္တ၏အစွမ်း မဟုတ်၊ အတ္တဟူ၍မရှိ၊ အနန္တရာဒိပစ္စည်းအစွမ်းပေတည်း၊ အဘယ်သို့ အနန္တရာဒိ ပစ္စည်း၏အစွမ်းဖြင့် နောက်၌ သိခြင်းကိစ္စ ပြီးစီးနိုင်ပါသနည်း ဟူမူကားအနန္တရာဒိဟူသောစကား၌ အနန္တရူပနိဿယပစ္စည်းလည်း ပါဝင် သည်ဖြစ်၍ ထိုပစ္စည်း၏ အစွမ်းဖြင့်လည်းကောင်း၊ ထိုမှတစ်ပါး ပကတူပနိဿယပစ္စည်း၏အစွမ်းဖြင့်လည်းကောင်း ပြီးစီးနိုင်လေသ တည်း၊ ဤ၌ အနန္တရူပနိဿယပစ္စည်း, ပကတူနိဿယပစ္စည်းတို့အစွမ်း ဖြင့် ပြီးစီးနိုင်ပုံကို ယခုဆရာတော်စီရင်သည့် ပဋ္ဌာနုဒ္ဒေသဒီပနီ ပဋ္ဌာနုဒ္ဒေသဒီပနီ မှာပင် ဖွင့်ဆိုချက်ပါရှိလေ၏၊

အဓိပ္ပါယ်ကိုပြဆိုအံ့။။ ပစ္စည်းနှစ်ပါး၏ အထူးကို ပြဆိုချက်မှာ အနန္တရူပနိဿယပစ္စည်း၏အစွမ်းသည် နောက်အနန္တရ စိတ္တုပ္ပါဒ်၌သာ ပျံ့နှံ့၏၊ သို့ရာတွင် ရှေ့စိတ်, နောက်စိတ်အဆင့်ဆင့် အဆက်ဆက် အမွေပေး, အမွေခံ အနေအားဖြင့် ကာလတစ်ပါးတိုင် အောင် ပျံ့နှံ့၍ သွားသည်သာဖြစ်၏၊ ပကတူပနိဿယပစ္စည်း၏ အစွမ်း သည်မူကား ထိုစိတ်အစဉ်မှာ ရှည်ဝေးစွာတိုင်အောင် ပျံ့နှံ့နိုင်၏၊

ထင်ရှားစေအံ့။ ယခုဘဝ၌ ရှေးရှေးသော ရက်, လ, နှစ်တို့၌ မြင်ခဲ့ဘူး, ကြားခဲ့ဘူး, နံခဲ့ဘူး, လျက်ခဲ့ဘူး, တွေ့ထိခဲ့ဘူး, သိမှတ်ခဲ့ ဘူးသော အာရုံဟောင်းတို့သည် နောက်ကာလ၌ ထိုအားလျော်သော အကြောင်းဆိုက်တိုက်လာခဲ့သော် အနှစ်တစ်ရာ ကြာမြင့်မှသော်လည်း မနောဒွါရ၌ ထင်လာကုန်၏၊ ငါသည်ရှေးအခါ၌ ဤမည်သော အဆင်းကို မြင်ဘူး၏၊ ဤမည်သော အသံကို ကြားဘူး၏ အစရှိသည်ဖြင့် ဤသတ္တဝါ တို့သည် အမှတ်ရနိုင်ကြကုန်၏၊ နတ်, သိကြား, ဗြဟ္မာ အစရှိသော ဩပပါတိကသတ္တဝါတို့သည်ကား- ရှေးဘဝကိုပင် အမှတ်ရနိုင်ကြ ကုန်၏၊

ထို့အတူ လူတို့တွင်လည်း အချို့ကုန်သော ဇာတိသရဉာဏ်ကို ရကြကုန်သောသူတို့သည် ရှေးဘဝကိုပင် ပြန်၍ သိနိုင်ကြကုန်၏၊ ထိုအတူရှေးအခါ၌ အလွန်ထင်ရှားစွာ မြင်ဘူး, ကြားဘူး, တွေ့ဘူး, ကြုံဘူးကုန်သော အသိန်းမကသော အာရုံတို့ထဲက နောက်ကာလ၌ တစ်ခုခုသောအာရုံကို မြင်ကြရ, ကြားကြရသည်ရှိသော် ထိုစကား၌ ပင်လျှင် ထိုအသိန်းမကသော အာရုံတို့ကို မနောဝိညာဏ်စိတ်သည် တစ်ပြိုင်နက်ကဲ့သို့ ပျံနှံ့နိုင်၏၊

ဥပမာကား။ ဘိလပ်မြို့ကြီး၌ ကြီးပွားသောသူသည် ရန်ကုန်မြို့သို့ ရောက်လာရာ ရန်ကုန်မြို့၌ ဘိလပ်ဖြစ် အထည်ဝတ္ထု

တစ်ခုခုကို မြင်လိုက်လျှင် ဘိလပ်မြို့ရှိ ဝတ္ထုအာရုံ အသိန်းအသန်းတို့သည် ထိုသူ၏ စိတ်တွင် တစ်ပြိုင်နက်ကဲ့သို့ ထင်လာကုန်၏၊ ဤအတိုင်းပင် တည်း၊ ရှေး၌ ထင်ရှားစွာ မြင်ဖူး, ကြားဖူး, တွေ့ကြုံဖူးရာ၌ပါရှိသော အမှတ် သညာစုသည် ပကတူပနိဿယပစ္စည်း၊ နောက်၌ ပြန်၍ သိနိုင်သော စိတ္တုပ္ပါဒ်စုသည် ၎င်း၏ပစ္စယုပ္ပန်။

ပကတူပနိဿယပစ္စည်းဆိုသည်ကား- ရှေးသညာမှတ်ချက် အားကြီးခဲ့သော် နောင်အနှစ်တစ်ရာတိုင်မှသော်လည်း ထိုစိတ်အစဉ်မှာ ထိုအမှတ်ပေါ်နိုင်၏၊ နောက်ဘဝတစ်ပါးမှာပင် ထိုအမှတ်ပေါ်နိုင်၏၊ နောက်စတုတ္ထအဖြေမှာ ထိုပစ္စည်း၏ ကျေးဇူးအထူး ထင်ရှားလာလတံ့၊ ရှေး၌ အမှတ်သညာများပြားလေလေ- စိတ်အသိ၏ပျံ့နှံ့ခြင်း လျင်မြန် ချက် ထင်ရှားလေလေ ဖြစ်၏၊

ဤလျှောက်ချက်၌ ''ရှေ့သညာသည်လည်း ချုပ်လေပြီ'' ''ရှေ့ရုပ်စုသည်လည်း ချုပ်လေပြီ''-ဟူသော စကားရပ်ဖြင့် ချုပ်ပြီး၍ မရှိသော တရားသည် ဘယ်တရားကို ကျေးဇူးပြုနိုင်မည်နည်းဟု ဆိုလို၏၊ ထိုအဆို မျိုးကို ပယ်ခြင်းငှါ နတ္ထိပစ္စယော, ဝိဂတပစ္စယောကို ဟောပေ၏၊ ရှေ့သညာနှင့် ရှေ့ရုပ်စုကား တစ်ခြား၊ နောက်စိတ္တုပ္ပါဒ်စုနှင့် နောက်ရုပ် စုကားတစ်ခြား ဟူသောစကားရပ်ဖြင့် ရှေ့နှင့်နောက် တစ်ဦးတစ် ယောက်တည်း ဖြစ်မှသာလျှင် ရှေ့၌တွေ့ကြုံဖူးသည်ကို နောက်၌ပြန်၍ သိနိုင်သည်ဟူသော လောကဒိဋ္ဌကို အခိုင်အမြဲပြု၍ မှတ်သူနှင့်သိသူ ရှေ့နောက်တစ်ခြားစီ ဖြစ်ခဲ့သော် ရှေ့အမှတ်ကို နောက်ကပြန်၍ မသိ နိုင်ရာဟု စောဒနာ လေသည်။

ရှေ့တစ်ခြားနောက်တစ်ခြားဆိုသည်မှာ ပရမတ္ထတရား အလိုနှင့် ဆိုပေသည်၊ လောကသမ္မုတိအလိုအားဖြင့်မူကား- ရှေ့သညာလည်း ထိုသူပင်၊ နောက်စိတ္တုပ္ပါဒ်လည်း ထိုသူပင်၊ ရှေ့နှင့်နောက် တစ်ဦး တစ်ယောက်တည်း ပင်ဖြစ်ပေ၍ ရှေ့နောက် တစ်ခြားစီဟူသော ပရမတ် စကားနှင့် ရှေ့နောက် တစ်ဦးတစ်ယောက်တည်းဟူသော လောက သမ္မုတိစကားသည် ဆန့်ကျင်ကြသည်မဟုတ်၊ အကြောင်းမူကားပရမတ္ထတရားအလို, လောကသမ္မုတိအလို ဟူ၍ အဖြေဝိသေသန ပါရှိပေပြီ၊ ဤ၌ သမ္မုတိသစ္စာ, ပရမတ္ထသစ္စာနှစ်ပါး ခွဲနည်းအတိုင်း အကျယ်ချဲ့ရာ၏၊

အတ္တဝါဒီပုဂ္ဂိုလ်တို့၏ အတ္တကိုသက်သေထား၍ ဖြေကြားချက် သည် လောကီဘုံသား, လူအများတို့၏ စွဲလမ်းရင်းအတိုင်းပင်ဖြစ်ချေ၍ ဉာဏ် အထူးနှင့်ကြံရသည်မဟုတ်။

အနတ္တဝါဒီပုဂ္ဂိုလ်တို့၏ ဖြေဆိုချက်၌မူကား ပရမတ်ဓာတ်ခွဲမှုနှင့် ပစ္စည်းနှစ်ပါး၏ အရှိန်အဝါပျံ့နှံ့မှု စိတ်တရား၏ စိန္တနဗျာပါဒလျင်မြန်မှု, ဆန်းကြယ်မှု, ကျယ်ပွားမှုတို့သည် နက်နဲသောဉာဏ်၏ဆိုင်ရာသာ ဖြစ်ကုန်၏၊

လန်ဒန်-ပါဠိဒေဝီ၏ သညာပုစ္ဆာအဖြေ ပြီး၏၊

------*------

လန်ဒန်-ပါဠိဒေဝီ၏ နိယာမပုစ္ဆာအဖြေ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးထံ လျှောက်လွှာ

မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဝါခေါင်လပြည့်ကျော်(၁၀)ရက်။

ရိုသေလေးမြတ်စွာ ရှိခိုးလျှောက်ထားဝံ့ပါသည်-ကျေးဇူးရှင် ဆရာတော်ဘုရား။

အကြောင်းမှာ ဘိလပ်မှ မစ္စစ် ရီးဒေဗစ် (Mrs C.A.F Rhys Davids)ဒကာမကြီးထံမှ စာတစ်စောင်ရရှိပါကြောင်း၊ ၎င်းစာမှာ နိယာမ ငါးပါးနှင့် စပ်လျဉ်း၍ ဓမ္မနိယာမအတွက် စိတ်မကျေမနပ် ရှိနေ ကြောင်းဖြစ်ပါသည်၊ ဓမ္မနိယာမသဒ္ဒါကို အင်္ဂလိပ်ဘာသာ ပြန်ဆိုကြရာ မူလပထမပြန်ဆိုသူ ''မစ္စတာ ဘရူးအား'' က (Philosophie order or casual order) အကျိုးတရား၊ သို့မဟုတ် အကြောင်းတရား တို့၏ အစဉ်နိယာမ-ဟုပြန် ဆိုပါသည်၊ ဦးရွှေစံအောင် က (Natural phenomenal scquence) ပြကတေ့ ဖြစ်ပေါ်သောဝတ္ထုဓမ္မတို့၏ အကြောင်း အကျိုးအဆက်ဆက် နိယာမ-ဟု ပြန်ဆိုပါသည်၊ ထိုနှစ်ရပ်ကို သဘော မကျသေး၍ တပည့်တော်၏ ပြန်ဆိုချက်ကို တောင်းပန်ပြန်ပါသည်။

၁။ တပည့်တော်က Natural order of things other than the above mentioned) အထက်နိယာမ လေးပါးတွင် မပါဝင်သေး သော သဘာဝဓမ္မတို့၏ ပြကတေ့အစဉ် နိယာမ-ဟု ပြန်ဆိုပါသည်၊ ဤကဲ့သို့ ပြန်ဆို ပေးလိုက်သည်ကိုလည်း ကျေနပ်ဖွယ် မရှိသေးကြောင်း- ယခု အကျယ်တဝင့်ပြန်စာရေးပါသည်၊ ၎င်းပြန်စာကို မြန်မာပြန်၍ ဆရာတော် ဘုရားကြီးထံ ယခုဆက်သ ပေးပို့လိုက်ပါသည်။

၂။ နိယာမဒီပနီ-အင်္ဂလိပ်စာအုပ် နိဿယ၌လည်း ၎င်းဓမ္မ သဒ္ဒါကို အင်္ဂလိပ်လူမျိုးတို့ သိနိုင်သော ထိထိရောက်ရောက် ကျကျနန အင်္ဂလိပ်စကားအသုံးအစွဲ ဝေါဟာရ မရှိကြောင်းကို ''မစ္စစ် ရီးဒေဗစ်'' (Mrs C.A.F Rhys Davids)က မှတ်သားချက် ရေးထားသည်ကိုလည်း တွေ့သိရပါသည်။

သို့ဖြစ်ပါ၍ ဤစာနှင့်အတူ ဆက်ကပ်လိုက်သော ၎င်းပြန်စာကို ကြည့်ရှုတော်မူပြီးလျှင် ဓမ္မသဒ္ဒါကို သုံးသင့်မသုံးသင့်၊ ဓမ္မသဒ္ဒါအစား သေသ, ပကိဏ္ဏက-စသော သဒ္ဒါမျိုးကိုသုံးက အကျိုးအပြစ် မည်သို့ ဆိုက်ရောက်ကြောင်း၊ ဗုဒ္ဓနိယာမတစ်ပါးတိုး၍ နိယာမခြောက်ပါး ဆိုသင့် မဆိုသင့်- စသည်ကို ရှင်းလင်းအောင် အမိန့်ရှိတော်မူပါမည့် အကြောင်း ကို ရှိခိုးလျှောက်ထားဝံ့ပါသည်ဘုရား။

ဦးဉာဏထံ မစ္စစ် ရီးဒေဗစ်၏ ပြန်စာ

တပည့်တော်မ၏သဘောကို ပွင့်ပွင့်လင်းလင်း လျှောက်ထားရ မည်မှန်ပါက ဓမ္မသဒ္ဒါ၏ အနက်အဓိပ္ပါယ် ရှင်းလင်းဖော်ပြချက်များကို မည်သည့်ဟာကိုမျှ သဘောမကျေနပ်သေးပါ၊ တပည့်တော်မတို့၏ အနောက်နိုင်ငံသူ, နိုင်ငံသားတို့ ဉာဏ်အမြင်မှာ အစိတ်စိတ်ဘေဒ တို့သည် အချင်းချင်းဂုဏ်ရည်တူ၍ တစ်သီးတစ်သန့်စီ ဖြစ်ရမည်ဟု သဘောရပါသည်။

ဆိုလိုရင်းမှာ။ ဗီဇနိယာမသည် ဥတုနိယာမနှင့် မရော မယှက်ရ၊ ကမ္မနိယာမနှင့် မရောမယှက်ရ၊ စိတ္တနိယာမနှင့် မရော မယှက်ရ၊ ဓမ္မနိယာမနှင့် မရောမယှက်ရ ဓမ္မနိယာမမျိုး မဖြစ်ရဆိုလိုသည် ဦးဉာဏ။

၁။ ယခုအခါတော့ ဓမ္မသဒ္ဒါကိုထည့်၍ အသုံးပြုခြင်းကြောင့် အထက်နိယာမလေးပါးသည် ဓမ္မနိယာမ နယ်တွင်းက မလွတ်နိုင်ဖြစ်နေပါသည်။ ဗီဇ, ဥတု, စိတ္တ, ကမ္မတို့သည် ဓမ္မပင် ဖြစ်သောကြောင့် ဆိုလိုသည် ဦးဉာဏ။

ဤကဲ့သို့ နိယာမဗီဇကို ခွဲစိတ်ခြင်းသည် တပည့်တော်မတို့ အနောက်နိုင်ငံက ဘေဒခွဲစိတ်ခြင်း နည်းဥပဒေသမျိုးနှင့် ဖြောင့် ဖြောင့်ဆန့်ကျင်ယောင် ဖြစ်နေပါသည်။

၂။ အကယ်၍ အထက်လေးပါး၌ မပါသောတရားတို့၏ နိယာမကို ဆိုလိုရိပ်ရှိ၍၊ သေသနိယာမ-ဟု သုံးစွဲခဲ့ပါလျှင် တပည့် တော်မတို့ ကောင်းကောင်းကြီး စိတ်ကျေနပ်ပါသည်၊ အကယ် စင်စစ် သည်အတိုင်းမှန်လျှင် သေသနိယာမ-ဟုသာ သုံးရမည်၊ ဓမ္မနိယာမ-ဟု မသုံးစွဲသင့်ပါ။ အရှင်ဘုရားတို့ မြန်မာလူမျိုးတို့၏ အာစရိယ လဒ္ဓေါပဒေသအတိုင်း အမှန်ယူရမည်ဖြစ်လျှင် နိယာမငါးပါးကို ပဉ္စကနိယာမ-ဟု ခေါ်သင့်ပါသည်၊ ယင်းသို့ ခေါ်လျှင်လည်း ပဉ္စမမြောက်နိယာမကို သေသနိယာမ, ပကိဏ္ဏ ကနိယာမ-ဟု တစ်ခုခုသောအမည်ဖြင့် ခေါ်ဝေါ်သုံးစွဲသင့် ပါသည်။

၃။ ဗုဒ္ဓနိယာမ တစ်ပါးတိုး၍ နိယာမခြောက်ပါး ထားမည်ဆိုလျှင် သင့်ပါမည်လော၊ ထားထိုက်သည်-ဟုထင်ပါသည် အရှင်ဘုရား တို့ အာစရိယလဒ္ဓေါ ပဒေသအရ ကောက်ယူပုံကို မကြားသိ ရသေးမီအခါက ဤစကားကို ထောက်သဖြင့် ဓမ္မသဒ္ဒါ၏အရကို ရိပ်မိဟန်တူပါသည် ဦးဉာဏ။

၁၉၁၂-ခုနှစ်တွင် (Buddhism) ဗုဒ္ဓဘာသာအကြောင်း စာတစ်အုပ် တပည့်တော်မ-ရေးသားထုတ်ဝေရာ စာမျက်နှာ ၁၁၇-၌၊ နိယာမအကြောင်းနှင့်စပ်လျဉ်း၍ ဖော်ပြရာတွင် ၎င်းစာအုပ် တပည့် တော်မမှာ မရှိ၍ ဘယ်လိုရေးထားသည်ကို အသေအချာ မသိရသော ကြောင့် ဆရာတော်ဘုရားကြီး သိတော်မူရန် ထည့်သွင်းမဖော်ပြလိုက်ရပါ ဦးဉာဏ။

ပဉ္စမမြောက်နိယာမသည် များစွာသော ဓမ္မတို့၏နိယာမ မဟုတ်၊ တစ်ခုသောဓမ္မ၏ နိယာမမျှသာ-ဟု ရေးသား ဖော်ပြမိခဲ့ပါသည်၊ တပည့်တော်မသည် ဤကဲ့သို့ရေးသားဖော်ပြလိုက်ခြင်းမှာ လောကကြီး၌ ဘုရားဖြစ်ထွန်း ပေါ်လာခြင်း အကြောင်းနှင့် စပ်လျဉ်း၍ ဓမ္မတာသဒ္ဒါကို ဖွင့်ဆိုရေးသားသော အရှင်ဗုဒ္ဓဃောသ၏ ပြဆိုချက်များကို တွေ့မြင် မှတ်သားရခြင်းကြောင့် ဖြစ်ပါသည်၊ ဤသို့ တွေ့စဉ်အခါကပင် လောက ကြီး၌ ဖြစ်လျက်ရှိသော နိယာမတရားတို့တွင် အခါကာလ အားလျော်စွာ ဘုရားတွေဖြစ်ခြင်းကို ထည့်သွင်းထားခြင်းသည် ဗုဒ္ဓ ဘာသာလူမျိုးတို့၌ အရေးကြီးသော အချက်တစ်ခု ဖြစ်ဟန်ရှိသည်ကို အံ့ဩမိပါသည်။

ဗုဒ္ဓဘာသာလူမျိုးတို့သည် မိမိတို့အယူဝါဒအားလျော်စွာ ဘုရား ပွင့်ခြင်းကို ဓမ္မတာ-ဟု ခေါ်ဆိုရပေသည်၊ အကယ်၍ ဓမ္မတာ-ဟု မခေါ်လျှင် ဘယ်ကဲ့သို့ အရှင်ဘုရားတို့ ခေါ်ဝေါ်ပြောဆို ပြသကြ ပါမည်နည်း၊ အကယ်၍ ဓမ္မတာဖြစ်သောကြောင့် ဗုဒ္ဓနိယာမ တစ်ခုတိုး၍ အထက်နိယာမ လေးပါးနှင့် တန်းတူထား၍ ၆-ပါးလုပ်ပြန်လျှင်လည်း သာ၍ပင် မကျေနပ်ဖွယ်ရှိလိမ့်မည်ထင်ပါသည်။

တပည့်တော်မသည် လယ်တီဆရာတော်ဘုရားကြီးအား အနောက်နိုင်ငံနည်းတွေကိုပြ၍ မြန်မာလိုချေချေငံငံ လျှောက်ထား လိုသော စိတ်ဆန္ဒတွေ ဘယ်လောက်များ အားကြီးတယ်ဆိုတာတွေ မပြောနိုင်အောင်ရှိပါသည်၊ နိယာမငါးပါးကို အရှင်ဗုဒ္ဓဃောသမှတစ်ပါး အခြားသော မည်သည့်ပုဂ္ဂိုလ်များ ရေးသားသေးသည်ကိုလည်း သိလို ပါသည်၊ မဟာပဓာနသုတ် အဋ္ဌကထာမှတစ်ပါး အခြားနေရာ၌ မတွေ့ ဘူးသေးပါ၊ တပည့်တော်မ ၎င်းနိယာမအကြောင်းနှင့်စပ်လျဉ်း၍ စာ တစ်အုပ် ရေးမည်ကြံစည်နေပါကြောင်း ကူညီစေလိုပါသည်။

''မစ္စစ် ရီးဒေဗစ်''

(Mrs C.A.F Rhys Davids)

အထူးလျှောက်ထားရန်မှာ တပည့်တော်မသည် သေသနိယာမ, ပကိဏ္ဏကနိယာမခေါ်ဆိုလျှင် အဓိပ္ပါယ်သဘောအားဖြင့် ခေါ်ဆိုသင့် သော်လည်း သဒ္ဒါနေအခေါ်ဝေါဟာရအသုံးအစွဲအားဖြင့် မသင့်ကြောင်း သာမညစာပြန်ရေးလိုက်ပါသည်၊ ဓမ္မာယတန, ဓမ္မဓာတ်, ဓမ္မာရုံ-စသည် သုံးစွဲကြရာ သဒ္ဒါအထူးကို ဥပမာပြ၍ ဓမ္မသဒ္ဒါကို အသုံးပြုခြင်းသည် အရပ်သုံး, လွှတ်သုံး, ကျောင်းသုံး၊ သို့မဟုတ် အရပ်သားသုံး, မင်းသုံး, ကျမ်းဂန်တတ်သုံး သုံးမျိုးတို့တွင် ကျမ်းဂန်သုံးဖြစ်ကြောင်း ရှိရှိသမျှဓမ္မမည် သော်လည်း စက္ခာယတန, စက္ခုဓာတ်, ရူပါရုံစသည်မှာ သဒ္ဒနာမ ဝိသေသ ဖြစ်ကြကုန်သောကြောင့် ဓမ္မသဒ္ဒါ နယ်ကလွတ်ခြင်း ဓမ္မသဒ္ဒါက မလွှမ်းမိုး နိုင်ခြင်းစသည်ကို သာမညရေးသား ပြန်ကြားလိုက်ရပါသည်။

ဗုဒ္ဓနိယာမကိုလည်း အသီးအခြားမထုတ်သင့်၊ ဘုရားလောင်း များ ပါရမီပြည့်က, အခါသင့်က ပွင့်မြဲဓမ္မတာသာဖြစ်၍ ဓမ္မနိယာမမှာ သွင်းသင့်သည်၊ သို့မဟုတ် ဘုရားဖြစ်ထိုက်သော ကံ-ပါရမီကိုဖြည့်က ထိုကံအားလျော်စွာ ဘုရားဖြစ်နိုင်သောကြောင့် ကမ္မနိယာမမှာ သွင်းသင့် သည်ဟူ၍၎င်း၊ ဥတုနိယာမမျိုး မဟုတ်သောကြောင့် အသီးမထုတ်သင့် ဟူ၍၎င်း စာပြန်လိုက်ပါသည်၊ ဆရာတော်ဘုရားကြီးထံက အသေအချာ ရှင်းလင်းချက်ရမှ ဆရာတော်ဘုရားကြီး၏ အလိုတော်ကျကို ထပ်မံ သေချာစွာ ရေးသားပါဦးမည်ဟု ''မစ္စစ် ရီးဒေဗစ်'' (Mrs C.A.F Rhys Davids)ထံ စာပြန်ပါသည်၊ သို့ဖြစ်ပါသောကြောင့် သေချာစွာ ရှင်းလင်း ပေးသနားတော်မူပါမည့်အကြောင်းကို ရှိခိုးလျှောက်ထားဝံ့ပါသည် အရှင်ဘုရား။

ဦးဉာဏ U, Nyana.

ဦးဉာဏ၏ လျှောက်လွှာ ပြီး၏၊

မှတ်ချက်။ ။ ဦးဉာဏ၏ လျှောက်လွှာဆိုသည်ကား မန္တလေးမြို့ မစိုးရိမ် ကျောင်းတိုက် ဆရာတော် အရှင်ဉာဏ၏ လျှောက်လွှာဟု မှတ်ပါ။

(တည်းဖြတ်သူ)

------*------

ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ပြန်ကြားဖြေဆိုတော်မူချက်

ပထမလျှောက်ချက်အဖြေ

နိယာမငါးပါးကို အဋ္ဌကထာဆရာကြီးတို့ ပြဆိုခြင်း၏ အကြောင်းကို ရှေးဦးစွာဖော်ပြရာ၏၊ လောက၌ ဣဿရကုဋ္ဋအယူ, ဗြဟ္မကုဋ္ဋ အယူ၊ ဤအယူနှစ်ပါးသည်၊ လူ့ပြည်, နတ်ပြည်တို့၌ အနှံ့ အပြားတည်ရှိ၏၊

ထိုနှစ်ပါးတို့တွင်--

၁။ ဣဿရကုဋ္ဋအယူဆိုသည်ကား-လောကသုံးပါးကို ပိုင်ပိုင် နိုင်နိုင်ကြီး အစိုးရသော လောကသုံးပါး၏ အရှင်ကြီး သခင်ကြီးသည် အထက်ကောင်းကင်ဘုံကြီး၌ အစဉ်ထာဝရတည်ရှိ၏၊ လောကသုံးပါးသည်လည်း ထိုအရှင်ကြီး သခင်ကြီး ပြုလုပ်တိုင်း ဖြစ်ရ၏-ဟု ယူခြင်းသည် ဣဿရကုဋ္ဋအယူမည်၏၊ ဣဿရ နိမ္မာနအယူ-ဟူ၍လည်းခေါ်၏၊ ထိုအရှင်ကြီး, သခင်ကြီး ဖန်ဆင်းတိုင်း ဖြစ်ရ၏-ဟူလိုသည်။

၂။ ဗြဟ္မကုဋ္ဋ အယူဆိုသည်ကား လောကသုံးပါးကို ပိုင်ပိုင် နိုင်နိုင် ကြီး အစိုးရသော လောကအဘကြီး, အဘိုးကြီးဖြစ်သော ဗြဟ္မာမင်းကြီးသည် အထက်ကောင်းကင်ဘုံကြီး၌ အစဉ် ထာဝရတည်ရှိ၏-စသည်ဖြင့်ဆိုလေ။ ဣဿရနှင့် ဗြဟ္မာ မျှသာ ကွဲကြ၏၊

ထိုနှစ်ပါးတို့တွင်

၁။ ဗြဟ္မာအမည်သည် လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာဘုံ-ဟူ၍ ကမ္ဘာ အရိုးအစဉ် ထင်ရှားရှိကြသော ဗြာဟ္မဏ ဟိန္ဒူ လူမျိုးတို့၏ အမည်ပေတည်း။

၂။ ဣဿရအမည်သည်ကား-ကမ္ဘာအရိုးအစဉ်မရှိကြမူ၍ ကမ္ဘာ၏ ဖြစ်ကြောင်းကို တွေးဆယူကြလေသော လူမျိုးခြားတို့၏ အမည် ပေတည်း။

ဤအယူကြီးနှစ်ပါးကို ပယ်ဖျက်ခြင်းငှါ နိယာမငါးပါးကို အဋ္ဌကထာဆရာတို့ ပြဆိုကြပေကုန်၏၊

နိယာမတရားငါးပါးဆိုသည်ကား-

၁။ ဥတုနိယာမ,

၂။ ဗီဇနိယာမ,

၃။ ကမ္မနိယာမ,

၄။စိတ္တနိယာမ,

၅။ ဓမ္မနိယာမ, ဤငါးပါးတည်း။

ဓမ္မသဒ္ဒါ၏ အနက်

ထိုငါးပါးတို့တွင် ဓမ္မနိယာမ၌ ဓမ္မသဒ္ဒါ၏အနက်ကို ရှေးဦးစွာ ဆိုရာ၏၊

နိဒါနဝဂ္ဂသံယုတ် အာဟာရဝဂ် ဒသမသုတ် စာမျက်နှာ နံပါတ်

-၁၆၂-၌

- ဇာတိပစ္စယာ ဘိက္ခဝေ ဇရာမရဏံ ဥပ္ပါဒါ ဝါ တထာဂတာနံ၊ အနုပ္ပါဒါ ဝါ တထာဂတာနံ ဌိတာဝ သာ ဓာတုဓမ္မဋ္ဌိတတာ ဓမ္မနိယာမတာ၊ ဣဒပ္ပစ္စယတာ ဘဝပစ္စယာ ဘိက္ခဝေ ဇာတိ ဥပ္ပါဒါ ဝါ တထာဂတာနံ။ (လ)။ ဣဒပ္ပစ္စယတာ အဝိဇ္ဇာပစ္စယာ ဘိက္ခဝေ သင်္ခါရာ ဥပ္ပါဒါ ဝါ တထာဂတာနံ။ (လ)။ ဣဒပ္ပစ္စယတာ အယံ ဝုစ္စတိ ဘိက္ခဝေ ပဋိစ္စသမုပ ဤပါဠိတော်၌ အဝိဇ္ဇာအစရှိသော သဘာဝဓမ္မတို့ကို ရှေးဦးစွာ ထုတ်ပြပြီးမှ နိယာမသဒ္ဒါ၏အနက်ကို ''ဥပ္ပါဒါဝါ တထာဂတာနံ'' အစရှိ သည်ဖြင့်ပြတော်မူ၏၊ ထို့ကြောင့် ဓမ္မသဒ္ဒါသည် အကြောင်းတရား, အကျိုးတရား-ဟူသော သဘာဝဓမ္မကိုဟော၏ နိယာမသဒ္ဒါသည် ထိုအကြောင်းတရား, အကျိုးတရား အစဉ်မပြတ်ပဲ အမြဲတည်ရှိ၍ နေသည်ကို ဟော၏၊

သာ ဓာတု=ထိုဓာတ်သဘောသည်၊ သာ ဓမ္မဋ္ဌိတတာ=ထို အဝိဇ္ဇာစသော သဘာဝဓမ္မတို့၏ အကြောင်းအကျိုး အစဉ်အဆက် တည်မှုသည်၊ သာ ဓမ္မနိယာမတာ=ထိုအဝိဇ္ဇာအစရှိသော သဘာဝ ဓမ္မတို့၏ အကြောင်းအကျိုး အစဉ်အဆက် မြဲမှုသည်၊ သာ ဣဒပ္ပစ္စယတာ= ဤတရားကား ဤအကြောင်းကြောင့်ဖြစ်သည်၊ ဤတရားကား ဤအကြောင်းကြောင့်ဖြစ်သည်-ဟု ညွန်ပြထိုက်သော ထိုပစ္စယာကာရ အခြင်းအရာသည်၊ ဌိတာဝ=သံသရာလောက၌ အစဉ်အမြဲ တည်ရှိသည် သာလျှင်တည်း။

[နောက်ပါဠိအနက်။]

ဤပါဠိ၌ ဓမ္မဋ္ဌိတတာပုဒ်သည် ဓမ္မတာပုဒ်၏ ပရိယာယ် ပေတည်း၊ ဓမ္မနိယာမတာ-ဟူသောပုဒ်သည် ဓမ္မတာနိယာမော-ဟူသော ပုဒ်၏ ပရိယာယ်ပေတည်း၊ ဓမ္မသဒ္ဒါ၏အနက်ကို အသီးအသီး ဘာသာပြန်ကြရာ၌ မောင်ရွှေစံအောင်၏ ပြန်ဆိုချက် မောင်ဉာဏ၏ ပြန်ဆိုချက်များသည် ဤပါဠိတော်နှင့်ညီပေ၏၊

[ဤကား-ဓမ္မသဒ္ဒါ၏ အနက်တည်း။]

နိယာမငါးပါး၌ ပဒသောဓနနည်း

အဘိဓမ္မာ ယမိုက်ဆယ်ကျမ်းတို့ကို ဟောတော်မူရာ၌ ဆယ် ကျမ်းလုံးမှာပင် ပဒသောဓနနည်းကို ရှေးဦးစွာ ပြဆိုရသကဲ့သို့ ဤနိယာမ ငါးပါးကို ဝေဖန်ရာ၌လည်း ပဒသောဓနစကားကို ရှေးဦးစွာပြဆိုရာ၏၊

ပြဆိုပုံကား။ ။ ဓမ္မနိယာမ၌ ဓမ္မသဒ္ဒါသည် အလုံးစုံသော ရုပ်တရား, နာမ်တရားများကို ဟောသည်ဟုမှတ်၊ ထိုကြောင့် ဥတု, ဗီဇ, ကမ္မ, စိတ္တ ဤလေးပါးသည်လည်း ဓမ္မချည်းပင်ဖြစ်၏၊ သို့သော် ဥတုမှာ လည်း ဓမ္မဟူသော သာမညအမည် ဥတုဟူသော ဝိသေသအမည် ၂- ပါးရှိ၏၊ ထို့အတူ ဗီဇ, ကမ္မ, စိတ္တတိ့ု၌လည်း သာမညအမည်, ဝိသေသ အမည် နှစ်ပါးစီရှိကြ၏၊ ထိုနှစ်ပါးတို့တွင် နိယာမအပြား ကိုပြဆိုရာဌာန၌ ဓမ္မဟူသောသာမညအမည်ကို အသုံးမပြုလို၊ ဥတု, ဗီဇ, ကမ္မ, စိတ္တ ဟူသော ဝိသေသအမည်တို့ကိုသာ အသုံးပြုလိုသောကြောင့် နိယာမ အမည်ကို ထိုဝိသေသအမည် လေးပါးနှင့်သာ တွဲဖက်၍ ဥတုနိယာမ, ဗီဇနိယာမ, ကမ္မနိယာမ, စိတ္တနိယာမ-ဟု အထူးထုတ် ဖော်၍ထားပေ၏၊

ထိုလေးပါးမှကြွင်းသော ရုပ်တရား, နာမ်တရား, သဘာဝ တရားများမှာမူကား - ဝိသေသအမည်နှင့် ထုတ်ဖော်ခြင်းကို မပြုသော ကြောင့် ဓမ္မ-ဟူသော သာမညအမည်၌သာ ပါဝင်ကြ၍၊ ဓမ္မနိယာမ အမည်ကိုသာ ရကြလေ၏၊ ထိုဓမ္မနိယာမ-ဟူသော အမည်သည်လည်း ထိုလေးပါးမှအလွတ်ဖြစ်သော ရုပ်တရား, နာမ်တရား သဘာဝတရား တို့၌သာ အတည်ဖြစ်ရလေ၏၊ ဥတုကို နိယာမအရာ၌ဆိုလိုသော် ဥတုနိယာမ- ဟူ၍သာ ဆိုရမည်၊ ဓမ္မနိယာမ-ဟူ၍မဆိုရ၊ မဆိုထိုက် ဆိုခဲ့သည်ရှိသော် ဝိသေသထုတ်ပြမှုသည် အကျိုးမရှိဖြစ်ရာ၏၊ ဗီဇ နိယာမ, ကမ္မနိယာမ, စိတ္တနိယာမတို့၌လည်း ထိ့ုအတူဆိုလေ။

ဥပမာကား။ သင်္ဘောပေါ်၌ သင်္ဘောအလုပ်ကို လုပ်ကြသော သူများသည် ငါးမျိုးရှိ၏၊ ကပ္ပီတန်-ဟူ၍တစ်မျိုး, မာလိန်-ဟူ၍တစ်မျိုး, ဆလင်-ဟူ၍တစ်မျိုး, ရေကြောင်းပြ-ဟူ၍တစ်မျိုး, သင်္ဘောသား-ဟူ၍ တစ်မျိုး၊ သင်္ဘောသူဌေးဖြစ်သူက ထိုသူတို့ကို အထူးအားရ နှစ်သက် ရှိသည်နှင့် ပစ္စည်းဝတ္ထုနှင့်တကွ တစ်ယောက်သောသူကို စေလွှတ်၍ ဆုပေးစေရာ၌ ကပ္ပီတန်အတွက်မည်မျှ, မာလိန်အတွက်မည်မျှ, ဆလင်အတွက်မည်မျှ, ရေကြောင်းပြအတွက်မည်မျှ, သင်္ဘောသား များမှာလည်း တစ်ယောက်အတွက် မည်မျှစီ-ဟု မှာစာနှင့်တကွ ပေးလေ ရာ၏၊ ထိုသို့ပေးလေရာ၌ ကပ္ပီတန်, မာလိန်, ဆလင်, ရေကြောင်းပြ လေးဦးသားတို့မှာ သင်္ဘောသားဟု သာမညအမည်နှင့် သင်္ဘောသား တစ်စုတွင် ပါဝင်ရန်ရှိသော်လည်း အမည်ဝိသေသ ဆုလာဘ်ဝိသေသ အသီးသီး ထုတ်ဖော်ပြီးဖြစ်၍ သင်္ဘောသားအစုကို မရနိုင်ပြီ၊ ဤဥပမာ ကဲ့သို့ မှတ်လေ။

[ ဤကား နိယာမငါးပါး၌ ပဒသောဓနနည်းကိုပြဆိုချက်တည်း။]

ထိုမှတစ်ပါးလည်း ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ-အစရှိသော အာရုံ ခြောက်ပါးမှာလည်း ဓမ္မာရုံသည် အဆုံးကျ၏၊၊ စက္ခာယတန, သောတာ ယတန, ဃာနာယတနအစရှိသော အာယတန ၁၂-ပါးမှာလည်း ဓမ္မာ ယတနသည် အဆုံးကျ၏၊၊ စက္ခုဓာတ်, သောတဓာတ်, ဃာနဓာတ် အစရှိသော ဓာတ် ၁၈-ပါးမှာလည်း ဓမ္မဓာတ်သည် အဆုံးကျ၏၊ ဤအာရုံခြောက်ပါး, အာယတန ၁၂-ပါး, ဓာတ်၁၈-ပါးတို့၌လည်း နိယာမငါးပါးမှာကဲ့သို့ ပဒသောဓနစစ်နည်းကို သိလေ။

ဤမျှသောစကားရပ်တို့ဖြင့် လျှောက်လွှာ၌

၁။ ယခုအခါတော့ ဓမ္မသဒ္ဒါကိုထည့်၍ အသုံးပြုခြင်းကြောင့် အထက်နိယာမ လေးပါးလည်း ဓမ္မနိယာမနယ်တွင်းက မလွတ်နိုင်ဖြစ်နေပါသည်၊ ဤကဲ့သို့ နိယာမဘေဒကို ခွဲစိတ်ခြင်းသည် တပည့်တော်မတို့ အနောက်နိုင်ငံက ဘေဒခွဲစိတ်ခြင်း နည်းဥပဒေသမျိုးနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ယောင် ဖြစ်နေပါသည်-ဟူသော လျှောက်ထားချက်၌ အဖြေပြီး၏၊ ဤ၌သာဓကပါဠိတော်ကိုလည်း အနည်းငယ်ထည့်လိုက်ဦးအံ့။ အာယတန ယမိုက်ပါဠိတော်၌--

ဓမ္မော ဓမ္မာယတနန္တိ ဓမ္မာယတနံ ဌပေတွာ အဝသေသော ဓမ္မော၊ ဓမ္မော န ဓမ္မာယတနံ၊ ဓမ္မာယတနံ ဓမ္မောစေဝ ဓမ္မာယတနဉ္စ။ ဓမ္မာယတနံ ဓမ္မောတိ အာမန္တာ။

ဓါတုယမိုက်ပါဠိတော်၌လည်း--

ဓမ္မော ဓမ္မဓာတူတိ ဓမ္မဓာတုံ ဌပေတွာ အဝသေသော ဓမ္မော၊ ဓမ္မော န ဓမ္မဓာတု၊ ဓမ္မဓာတု ဓမ္မောစေဝ ဓမ္မဓာတုစ။ ဓမ္မဓာတု ဓမ္မောတိ အာမန္တာ

ဟူ၍ဟောတော်မူ၏၊

ပထမလျှောက်ချက်အဖြေ ပြီး၏၊

------*------

ဒုတိယလျှောက်ချက်အဖြေ

ဤမှနောက်၌

၂။ ဓမ္မသဒ္ဒါကိုပယ်ထား၍ သေသနိယာမ၊ သို့မဟုတ် ပကိဏ္ဏက နိယာမဟု ခေါ်ဝေါ်သုံးစွဲသင့်ပါသည် ဟူသော လျှောက်ထား ချက်အဖြေကား--

သေသနိယာမဟုဆိုခြင်းသည် ရှေးနိယာမလေးပါးနှင့် မရော ယှက်ရုံမျှသာ အနက်ရှိသည်၊ ပကိဏ္ဏကနိယာမဆိုခဲ့လျှင် ရှေးနိယာမ လေးပါးတို့နှင့်လည်း မရောယှက်၊ ဗုဒ္ဓနိယာမအစရှိသော နိယာမ အမျိုးမျိုးကိုလည်း ထုတ်ဖေါ်နိုင်ရန် အခွင့်ရှိ၏၊ သို့သော် ဗုဒ္ဓဘာသာ၌ ဓမ္မသဒ္ဒါသည် အလွန်အရေးကြီး၏၊ ဓမ္မသဒ္ဒါ၏ အနက် အဓိပ္ပါယ် အရေးအခွင့်သည် အလွန်ကြီးကျယ်၏၊

အဘယ်သို့ကြီးကျယ်သနည်းဟူမူကား ကမ္ဘာပေါ်၌ ရှိနေကြ သော ဣဿရကုဋ္ဋဒိဋ္ဌိ, ဗြဟ္မကုဋ္ဋဒိဋ္ဌိ, သက္ကာယဒိဋ္ဌိ-အစရှိကုန်သော ခပ်သိမ်းသောဒိဋ္ဌိတို့ကို ဤဓမ္မသဒ္ဒါဖြင့်ပင်လျှင် တွန်းလှန်ပယ်ဖျက်မှု အရေးအခွင့်ကြီးသည် အလွန်ကြီးကျယ်၏၊ အဘိဓမ္မာခုနစ်ကျမ်း ကြီးသည် ဓမ္မသဒ္ဒါ၏ အနက်သက်သက်ဖြစ်၏၊ အထူးအားဖြင့် ဤ နိယာမတရားငါးပါးကို အဋ္ဌကထာဆရာ ထုတ်ပြခြင်းသည် ဣဿရ ကုဋ္ဋဒိဋ္ဌိ, ဗြဟ္မကုဋ္ဋဒိဋ္ဌိတို့ကို တွန်းလှန်ပယ်ဖျက်ခြင်းငှါ ထုတ်ပြခြင်းဖြစ်၏၊ တွန်းလှန်ပယ်ဖျက်ပုံကို နောက်၌ဖေါ်ပြလတံ့။

တန်ခိုးဆိုင်ရာနှင့် နိယာမဆိုင်ရာခြားနားချက်

ဤအရာ၌ ဣဿရခေါ်သော မဟာဗြဟ္မာကြီး၏ တန်ခိုး၏ ဆိုင်ရာနှင့် နိယာမတရားတို့၏ဆိုင်ရာ ခြားနားချက်ကိုပြဆိုရာ၏၊

ထိုမဟာဗြဟ္မာကြီးသည် မိမိနေရာ၌နေ၍ အထောင်မကသော လောကဓာတ်တို့ကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းစေနိုင်၏၊ ထိုလောကဓာတ်တို့၌ရှိသော အဆင်းတို့ကိုလည်း မြင်နိုင်၏၊ အသံတို့ကို လည်း ကြားနိုင်၏၊ ကိုယ်တိုင်သွားလိုလျှင် အလိုရှိရာလောကဓာတ်သို့ ခဏချင်းရောက်အောင် သွားနိုင်၏၊ ခဏချင်းပြန်လာနိုင်၏၊ ထို လောကဓာတ်၌ရှိသော လူအပေါင်း, နတ်အပေါင်းတို့၏ စိတ်ကိုသိလို လျှင် သိနိုင်၏၊ တန်ခိုးဖန်ဆင်းရာ၌မူကား သတ္တဝါကို ဖန်ဆင်းသည်ရှိ သော် သတ္တဝါအတုအယောင်ကိုသာ ဆင်တစ်ထောင် မြင်းတစ်ထောင် အစရှိသည်ဖြင့် ဖန်ဆင်းနိုင်၏၊ သတ္တဝါအစစ်ကိုမူကား သန်းကောင် ငယ်တစ်ခု, သန်းဥတစ်လုံးကိုမျှ မဖန်ဆင်းနိုင်။

သစ်ပင် ဥယျာဉ်တို့ကို ဖန်ဆင်းသည်ရှိသော် သစ်ပင်အတု အယောင် ဥယျာဉ်အတုအယောင် အထောင် အသောင်းမက ဖန်းဆင်း နိုင်၏၊ သစ်ပင်အစစ်ကိုမူကား မြတ်ပင်ငယ်တစ်ခုကိုမျှ မဖန်ဆင်းနိုင်၊ အဘယ့်ကြောင့်နည်းဆိုသော် သတ္တဝါအစစ် ဖြစ်ပေါ်မှုများသည် တန်ခိုး ၏ဆိုင်ရာ မဟုတ်၊ ကမ္မနိယာမ, ဗီဇနိယာမတို့၏ ဆိုင်ရာဖြစ်ပေသော ကြောင့်တည်း၊ အတုအယောင်မည်သည်လည်း ကာလအရှည် တည်နိုင် သည်မဟုတ်၊ မကြာမီကွယ်ပျောက်၍ ကုန်မြဲပေတည်း၊ ဥတုနိယာမ အရာ၌လည်း နွေဥတု, မိုးဥတု, ဆောင်းဥတု အစဉ်အဆက်သည် တန်ခိုး၏ဆိုင်ရာ မဟုတ်၊ ဥတုနိယာမ၏သာ ဆိုင်ရာဖြစ်ပေ၏၊

ဓမ္မနိယာမတရား၌လည်း ထိုဗြဟ္မာကြီးသည် လူ သတ္တဝါတို့ကို ယခုဘဝတွင် မိမိနေရာ အထက်ကောင်းကင်ဘုံကြီးသို့ တင်လိုလျှင် လူပေါင်း ထောင်သောင်းများစွာကိုပင် တင်နိုင်၏၊ ထိုဘုံ၌ နေကြသော လူတို့ကိုမူကား မအိုရအောင် မတတ်နိုင်၊ မသေရအောင် မတတ်နိုင်၊ သေကြပြန်လျှင်လည်း အောက်ဘုံအောက်ဘဝ, အပါယ်ဘုံ အပါယ်ဘဝ သို့ မကျရအောင် မတတ်နိုင်၊ အဘယ့်ကြောင့်နည်းဆိုသော် ထိုလူ အပေါင်းတို့၏ သန္တာန်၌ရှိသော ရုပ်, နာမ်ခန္ဓာတို့သည် ဇာတိ, ဇရာ, မရဏဟူသော ဓမ္မနိယာမတရားကြီးသုံးပါးကို မလွန်နိုင်သောကြောင့် တည်း၊ ထိုဗြဟ္မာကြီးသည် လူသတ္တဝါတို့ကို သေကြသည်၏ အခြားမဲ့၌ ကောင်းကင်ဘုံကြီးသို့ ရောက်အောင်မတတ်နိုင်၊ အဘယ့်ကြောင့် နည်းဆိုသော် သတ္တဝါတို့သေသည်၏အခြားမဲ့၌ ဘဝအသစ် ဖြစ်ပေါ်မှု သည် တန်ခိုး၏ဆိုင်ရာ မဟုတ်၊ ကမ္မနိယာမ၏ ဆိုင်ရာဖြစ်သော ကြောင့်တည်း။

လောက၌ အကြင်သူသည် ကြက်ဥ, ဘဲဥ, ကြက်ကောင်, ဘဲကောင်အစရှိသော တိရစ္ဆာန်တို့ကိုလည်း နေ့စဉ်သတ်၍ စားကြ၏၊ သေရည်သေရက်တို့ကိုလည်း အမြဲသောက်ကြ၏၊ ဘုရားရှိခိုးကျောင်းကို လည်း နေ့စဉ်သွား၍ ရှိခိုးကြ၏၊ ဆုတောင်း၏၊ ဗြဟ္မာမင်းကြီးသည် ထိုသူကို သေသည်၏အခြားမဲ့၌ အပါယ်သို့ မကျရအောင် ဘယ်လိုနည်း နှင့်မှ မတတ်နိုင်၊ အဘယ့်ကြောင့်နည်းဆိုသော် တန်ခိုး၏ ဆိုင်ရာမဟုတ်၊ ကမ္ဘာ့နိယာမ၏ ဆိုင်ရာဖြစ်သောကြောင့်တည်း။

အကြင်သူသည် ဣဿရကုဋ္ဋ, ဗြဟ္မကုဋ္ဋအယူကို မယူမူ၍ ကမ္မဝါဒီ အယူကိုသာ ခိုင်မြဲစွာယူပြီးလျှင် ဒုစရိုက်တရားတို့ကို ရှောင်ကြဉ် ၍ ဒါန, သီလ, ဘာဝနာအစရှိသော သုစရိုက်တရားတို့ကို အမြဲအား ထုတ်၏၊ သေသည်၏အခြားမဲ့၌ ထိုသူကို ဗြဟ္မာကြီးသည် အထက် ကောင်းကင်ဘုံသို့ မလာရအောင် မတားဆီးနိုင်၊ အကြောင်းကို ဆိုမြဲ ဆိုလေ၊ ထိုဗြဟ္မာကြီးသည် နိယာမတရားတို့၏ ဆိုင်ရာသို့ကျလျှင် သူတစ်ပါး တို့ကို ကယ်နိုင်မည် ဝေးလေစွ၊ မိမိကိုယ်ကိုမျှ မိမိမကယ်နိုင်ချေ။ [ဤကား-တန်ခိုး၏ဆိုင်ရာနှင့်နိယာမတရားတို့၏ဆိုင်ရာချင်း

ခြားနားချက်ကို အမြွက်မျှ ပြဆိုချက်တည်း။]

ဒိဋ္ဌိ ၂-ပါးတို့ကို တွန်းလှန်ဖြိုဖျက်ချက်

ယခုအခါ ဣဿရကုဋ္ဋဒိဋ္ဌိ, ဗြဟ္မကုဋ္ဋဒိဋ္ဌိ နှစ်ပါးတို့ကို တွန်းလှန် ပယ်ဖျက်ပုံကိုပြဆိုရာ၏၊ လောက၌ အကြင်လူမျိုးတို့ သည် ကမ္ဘာဆိုလျှင် ယခုရှိနေသော ဤကမ္ဘာကြီးတစ်ခုသာရှိသည်ဟု မှတ်ယူကြကုန်၏၊ ရှေး၌လည်း ကမ္ဘာကြီးအဆက်ဆက်ရှိသည်ကို မသိကြကုန်၊ နောက်၌ လည်း ကမ္ဘာကြီးအဆက်ဆက်ရှိသည်ဟု အယူမရှိကြကုန်၊ ယခုရှိနေ သော ကမ္ဘာကြီးမှာလည်း အစက အဆုံးသည်ရှိရာ၏ ဟုယူကြကုန်ပြီး လျှင် အစ၌ကမ္ဘာဖြစ်ပေါ်ရန်အကြောင်းကို ရှာကြံမရ ရှိနေကြသည့် အတွင်း ဤသို့အကြံပေါက်ကြကုန်၏၊ လောက၌ တိုက်အိမ်ရှိသည်ကို မြင်ကြသဖြင့် တိုက်အိမ်ဆောက်လုပ်သူရှိသည်ကို အမှန်သိနိုင်သကဲ့သို့ ဤယခုကမ္ဘာကြီး ရှိနေသည်ကို တွေ့မြင်ကြသဖြင့် ကမ္ဘာကို ဖန်ဆင်း သောသူ ရှိသည်ကို အမှန်သိနိုင်၏-ဟု အကြံပေါက်ပြီးလျှင် ဣဿရကုဋ္ဋ အယူ, ဗြဟ္မကုဋ္ဋအယူကို ခိုင်မြဲစွာယူကြကုန်၏၊

ဗုဒ္ဓဘာသာ၌မူကား- ဤယခုရှိသောကမ္ဘာကြီးမှ ရှေး၌လည်း ကမ္ဘာကြီးအဆက်ဆက်တွေ အသင်္ချေအနန္တ အဆုံးမရှိ ဖြစ်ပွါး၍ သွား လတံ့၊ တစ်ခုခုသော ကမ္ဘာကြီး၌လည်း အစလည်းရှိသည်၊ အဆုံး လည်းရှိသည်ဟုဟောတော်မူ၏၊ ကမ္ဘာ၏ ဖြစ်ပေါ်ကြောင်းဖြစ်သော နိယာမတရားမျိုးသည်လည်း အစမရှိ၊ အဆုံးမရှိ၊ အစဉ်အဆက် တည် ရှိနေ၏၊ ထိုကြောင့် ယခုရှိနေသော ကမ္ဘာကြီး၏အစ၌ ဣဿရကုဋ္ဋ အကြံ, ဗြဟ္မကုဋ္ဋအကြံကို ကြံယူဖွယ် မရှိလေပြီ။

[ ဤကား--ဣဿရကုဋ္ဋဒိဋ္ဌိ, ဗြဟ္မကုဋ္ဋဒိဋ္ဌိ နှစ်ပါးတို့ကို တွန်းလှန် ပယ်ဖျက် ချက်တည်း။ ]

ဤအကြောင်းကိုလည်း ဆရာတော်စီရင်သော နိယာမဒီပနီ ကျမ်းမှာ လုံလောက်စွာ ပါရှိလေပြီ၊ နိယာမတရား ငါးပါးတို့တွင်လည်း ဓမ္မနိယာမသည် အရေးအရာ အကြီးကျယ်ဆုံးဖြစ်၏၊ ဒီဃနိကာယ် ပါထေယျဝဂ် စက္ကဝတ္တီသုတ်ကြီး, အဂ္ဂညသုတ်ကြီးများသည် ဓမ္မနိယာမ ၏အရာဖြစ်၏၊ ထိုသုတ်ကြီး၌ ကုသလဓမ္မ, အကုသလဓမ္မတို့အတွက် အသက်အသင်္ချေတမ်းမှသည် ဆယ်နှစ်တမ်းတိုင်အောင် တစ်ဖန် ဆယ်နှစ်တမ်းမှသည် အသက်အသင်္ချေတမ်းတိုင်အောင် ဆုတ်ချည် တက်ချည် အစဉ်လည်၍နေသော နိယာမကြီးသည် လာရှိ၏၊

ထိုမှတစ်ပါးလည်း ဤဓမ္မနိယာမအချက်သည် ပိဋကတ်တော် တို့၌ များစွာလာရှိသေး၏၊ အဘိဓမ္မာ ဝိဘင်းပါဠိတော်, ဓမ္မဟဒယ ဝိဘင်း၌လည်းကောင်း၊ အဋ္ဌကအင်္ဂုတ္တိုရ် ပါဠိတော် - ဥပေါသထသုတ် တို့၌လည်းကောင်း၊ နတ်ပြည်ခြောက်ထပ်, ဗြဟ္မာ ၂၀-တို့၌ အာယုကပ္ပ နိယာမတွေကို အသေအချာ ဟောတော်မူ၏၊ ဘာသာတစ်ပါးတို့၌ မကြားဘူးကြသော ဓမ္မနိယာမတရားမျိုးပင် ဖြစ်၏၊ အာယုကပ္ပနိယာမဟူ၍လည်းဆိုအပ်၏၊ ကမ္မနိယာမနှင့်လည်း လျော်၏၊

ဒုတိယလျှောက်ချက် အဖြေပြီး၏၊

----*------

တတိယလျောက်ချက် အဖြေ

''ဗုဒ္ဓနိယာမတစ်ပါးတိုး၍နိယာမခြောက်ပါး ထားမည်ဆိုလျှင် သင့်ပါမည်လော'' ဟူသော ပုစ္ဆာ၌ --

သင့်ပါ၏၊ အရေးအလွန်ကြီးလှသော ဗုဒ္ဓ၏ အံ့ဩဖွယ်ကြီး တစ်မျိုး၊ အသီးအခြား ထင်ရှားပေရာ၏၊ ဆရာတော်သည်လည်း သုတ္တ နိပါတ်ပါဠိတော် မဟာဝဂ်ဝါသေဋ္ဌသုတ်၌လာသော ဇာတိနိယာမ တစ်ပါးတိုး၍ နိယာမခြောက်ပါး ထားခွင့်ရှိသည်ကို နိယာမဒီပန စာအုပ်မှာ ရေးလိုက်ပေ၏၊ အကြောင်းမူကား -- ထိုသုတ်၌လာသော တိရစ္ဆာန် သတ္တဝါတို့၏ ဇာတိနိယာမသည် ဗီဇနိယာမ, ကမ္မနိယာမတို့မှ အသီးအခြားကဲ့သိ့ုဖြစ်၏၊ ဗုဒ္ဓနိယာမ-ဆိုရာမှာလည်း ကမ္ဘာတိုင်း ကမ္ဘာတိုင်း ဘုရားဖြစ်ခြင်းကို မဆိုနိုင်၊ ဘုရားဖြစ်ပေါ်သော ကမ္ဘာသည် အလွန်တရာ နည်းပါးလှ၏၊ တစ်ဆူသော ဘုရား၏အထံ၌ ရှေးဦးစွာ နိယတဗျာဒိတ်ကို ခံယူသောအခါမှ စ၍၊ ပရိနိဗ္ဗာန်စံယူသည်တိုင်အောင် အသင်္ချေများစွာ ကာလအတွင်း၌ အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာ သော လောကဓာတ်တစ်သောင်း တုန်လှုပ်ခြင်းအစရှိသော အစ္ဆရိယ အဗ္ဘူတဓမ္မတို့၏ ဖြစ်ခြင်းကို ဗုဒ္ဓနိယာမဟု ဆိုရလိမ့်မည်၊ ထိုအစ္ဆရိယ အဗ္ဘူတဓမ္မတို့၏ ဖြစ်ခြင်းသည် ဗုဒ္ဓဝင်ပါဠိတော်တွင် သုမေဓာရသေ့ ဗျာဒိတ်ခံခန်း၌ များစွာလာရှိ၏၊ ထို၌လာသော အစ္ဆရိယအဗ္ဘူတဓမ္မ များသည်

၁။ ပစ္ဆိမဘဝတွင် ပဋိသန္ဓေယူသော အခါ၌၎င်း,

၂။ ဖွားမြင်တော်မူသော အခါ၌၎င်း,

၃။ ဓမ္မစကြာဟောတော်မူသော အခါ၌၎င်း,

၄။ အာယုသင်္ခါရလွတ်တော်မူသော အခါ၌၎င်း,

၅။ ပရိနိဗ္ဗာန်စံတော်မူသော အခါ၌၎င်း,

ဖြစ်ပေါ်မြဲ ဓမ္မတာဟု အဋ္ဌကထာတို့၌ဆို၏၊ ဒီဃနိကာယ် မဟာဝါပါဠိတော် -- မဟာပဒါနသုတ်၌ ဓမ္မတာဟူသော အမည်နှင့် လာသော နိယာမမျိုးလည်း ရှိသေး၏၊ ထိုနိယာမဓမ္မမျိုးကိုပင်လျှင် မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် တတိယဝဂ် တတိယသုတ်၌ အစ္ဆရိယအဗ္ဘူတဓမ္မဟုလာ၏၊ အဋ္ဌကထာတို့၌မူကား-ထိုအစ္ဆရိယ အဗ္ဘူတဓမ္မတို့ကို ဓမ္မနိယာမ၌ဖော်ပြ၏၊ ဗုဒ္ဓနိယာမကို အသီးထုတ်ဆို ခဲ့သော် သာဝကနိယာမကိုလည်း အသီးထုတ်ဆိုခွင့် ရောက်ပြန်၏၊

သာဝကနိယာမဆိုသည်ကား-အနမတဂ္ဂသံသရာ၌ ဂင်္ဂါမြစ် ထဲတွင် သဲလုံးအရေအတွက်မျှမက ဖြစ်ပွင့််တော်မူကြကုန်သော ဗုဒ္ဓမြတ် စွာ အပေါင်းတို့တွင် တစ်ဆူတစ်ဆူသော ဗုဒ္ဓမြတ်စွာ၏ ဗုဒ္ဓဘာသာ သာသနာ၌ အကျွတ်တရားကို ရကြသော လူသာဝကအပေါင်း, နတ် သာဝကအပေါင်း, ဗြဟ္မာသာဝကအပေါင်းတို့၏ သီလနိယာမ စသည်ကို သာဝကနိယာမ ဆိုပေသတည်း။

ပုထုဇဉ်သတ္တဝါတို့၏ ဂတိ ၃-ပါး

ဤအရာ၌ပုထုဇ္ဇနဘူမိ- ပုထုဇ္ဇနဂတိကို ရှေးဦးစွာပြဆိုရာ၏၊ ပုထုဇ္ဇနဘူမိဆိုသည်ကား

၁။ အတ္တဒိဋ္ဌိကို ခိုင်မြဲစွာယူလျက် ရှိကြသဖြင့် ကိလေသာ တို့၏ ထက်သန်ခြင်း,

၂။ ဒုစရိုက်ကံတို့၏ များပြားခြင်း,

၃။ အပါယ်လေးပါး တံခါးဟင်းလင်းပွင့်လျက် ရှိနေခြင်း သည် ပုထုဇ္ဇနဘူမိမည်၏၊

ထိုသုံးပါးတို့တွင်

၁။ ကိလေသာတို့၏ ထက်သန်ခြင်းဆိုသည်ကား-မာတုဃာတက ကံ, ပိတုဃာတကကံ-အစရှိသော အနန္တရိယကံကြီးကို ပြုနိုင် ခြင်း, နတ္ထိကဒိဋ္ဌိ, အဟေတုကဒိဋ္ဌိ, အကြိယဒိဋ္ဌိတည်းဟူသော နိယတဒိဋ္ဌိကြီးများကိုယူနိုင်ခြင်းတည်း။

၂။ ဒုစရိုက်ကံတို့၏ များပြားခြင်းဆိုသည်ကား- တစ်ဦးတစ် ယောက်သော ပုထုဇဉ်ပုဂ္ဂိုလ်၏ သန္တာန်၌ ဒုစရိုက်ကံ ဟောင်း အနန္တတို့သည်လည်း အမြဲဝန်းဝိုင်းလျက်ရှိနေ၏၊ အဘယ်သို့ ရှိနေသနည်း ဟူမူကား-မနုဿတ္တဒုလ္လဘကို ထောက်၍ သံသရာ၌ ကျင်လည်၍ နေသော ပုထုဇဉ်သတ္တဝါ မှာ အပါယ်၌ ဘဝပေါင်း အသိန်းများစွာရှိမှ လူ့ဘဝကို တစ်ကြိမ်တစ်ခါမျှ ရနိုင်၏၊ အပါယ်ဘဝ၌ ဘဝပေါင်း များစွာရှိမှ နတ်ကောင်း နတ်မြတ်ဘဝကို တစ်ကြိမ်တစ်ခါမျှ ရနိုင်၏၊ အပါယ်ဘဝတွေ များပြားသမျှသည်လည်း ဒုစရိုက်ကံဟောင်းတွေ များပြားရန် အခွင့်ကြီးဖြစ်၏၊

ထိုဒုစရိုက်ကံဟောင်းတွေလည်း အသင်္ချေအနန္တရှိခဲ့ပြီ၊ အပါယ်၌ အကျိုးပေးခွင့်မရသေး၍ အတ္တဒိဋ္ဌိ၌ တွယ်တာပြီးလျှင် အကျိုးပေးရန် အခွင့်ရသောအခါ၌ အကျိုးပေးခြင်းငှာ ပုထုဇဉ်၏သန္တာန်မှာ အတ္တဒိဋ္ဌိ ရှိနေသမျှ ကာလပတ်လုံး နောင်အသစ်အသစ်ဖြစ်လတံ့သော ဒုစရိုက် ကံတွေ အနန္တလည်းရှိနေ၏၊ ထိုပုထုဇဉ်သန္တာန်မှာ ကုသိုလ်ကံလည်း ရှိ၏၊ သို့သော် ကုသိုလ်ကံသည် လက်ဆုပ်ထဲမှာရှိသော သဲလုံး အရေအတွက်ကဲ့သို့ နည်းပါး၏၊ အကုသိုလ်ကံသည်မူကား-ဂင်္ဂါမြစ်ထဲ မှာ သဲလုံးအရေအတွက်ကဲ့သို့ အလွန်များပြား၏၊

[ဤကား တစ်ဦးတစ်ယောက်သော ပုထုဇဉ်သန္တာန်မှာ အတ္တဒိဋ္ဌိ ရှိနေသည့် အတွက် ဒုစရိုက်ကံတို့၏ များပြားပုံတည်း။]

၃။ အပါယ်လေးပါး တံခါးဟင်းလင်းပွင့်လျက် ရှိနေသည်ဆို သည်ကား-ပုထုဇဉ်သတ္တဝါသည် လူအဖြစ်၌တည်နေသော် လည်း အတ္တဒိဋ္ဌိနှင့်တကွ အသင်္ချေအနန္တပါရှိနေသည့်အတွက် အပါယ်လေးပါးသို့သာ ကိုင်းရှိုင်းလျက်ရှိနေ၏၊ ပုထုဇဉ် သတ္တဝါမည်သည် လူ့ဘုံ လူ့ဘဝက သေလွန်လျှင် အပါယ် လေးပါးသို့ ကျရောက်သူ အလွန်များကုန်၏၊ ထိုထိုနတ်ဘုံ နတ်ဘဝတို့မှ သေလွန်လျှင်လည်း အပါယ်လေးပါးသို့ ကျ ရောက်သူ အလွန်များကုန်၏၊ ဗြဟ္မာဘုံ ဗြဟ္မာဘဝတို့မှ သေလွန်လျှင်လည်း အဆင့်ဆင့်အားဖြင့် အပါယ်လေးပါးသို့ ကျရောက်သူ အလွန်များကုန်၏၊ အလွန်များကြောင်းကိုလည်း သံယုတ္တနိကာယ် မဟာဝဂ္ဂသံယုတ် ပဉ္စအာမကဓည ပေယျာလ ဝဂ် နခသိခသုတ်တို့၌ ဟောတော်မူ၏၊ အပါယ်လေးပါးသို့ တစ်ကြိမ်ကျရောက်ပြန်လျှင်လည်း လူ့ဘုံလူ့ဘဝသို့ ပြန်လာနိုင် ရန် အလွန်ခဲယဉ်း၏၊ အပါယ်လေးပါး၌ ဘဝပေါင်း အသိန်း များစွာကျပြီးမှ တစ်ကြိမ်တစ်ခါမျှ လူ့ဘုံလူ့ဘဝသို့ ပြန်ခွင့် ရနိုင်၏၊ ဤအကြောင်းကိုလည်း မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသ သုညတဝဂ် ဗာလပဏ္ဍိတသုတ်၌

''သေယျထာပိ ဘိက္ခဝေ ပုရိသော ဧကစ္ဆိဂ္ဂလံ ယုဂံ မဟာသမုဒ္ဒေ ပက္ခိပေယျ'' အစရှိသည်ဖြင့် ဟောတော်မူ၏၊

[ဤကား-အနမတဂ္ဂသံသရာ၌ ကျင်လည်၍နေကြကုန်သော ပုထုဇဉ် သတ္တဝါ တို့၏ ဂတိ ၃-ပါးကို ပြဆိုချက်တည်း။]

သာဝက နိယာမ

ယခုအခါ သာဝကနိယာမကို ပြဆိုရာ၏၊ ဗုဒ္ဓမြတ်စွာ လက်ထက် တော်၌ သုညတဓမ္မဒေသနာမျိုးကို ကြားနာကြကုန်၍ အမြစ်အရင်း နှင့်တကွ အတ္တဒိဋ္ဌိကြီး ကျွတ်လွတ်သည်နှင့်တပြိုင်နက် ပရမတ္ထ အရိယာ အဖြစ်သို့ ရောက်ကြကုန်သဖြင့် ခပ်သိမ်းသော မိစ္ဆာဒိဋ္ဌိတို့၏ ချုပ်ငြိမ်း ခြင်း, ခပ်သိမ်းသော ဒုစရိုက်ကံဟောင်း အနန္တတို့၏ အကုန်ချုပ်ငြိမ်းခြင်း, ခပ်သိမ်းသော ဒုစရိုက်ကံသစ်တို့၏ အကုန်ချုပ်ငြိမ်းခြင်း, ခပ်သိမ်းသော အပါယ်ဘဝအနန္တတို့၏ အကုန်ချုပ်ငြိမ်းခြင်းသည် သာဝကနိယာမဘူမိ မည်၏၊

ထိုဘုံသို့ ရောက်ကြသော လူသာဝက, နတ်သာဝက, ဗြဟ္မာ သာဝကများသည် နောက်ဘဝ နောက်သံသရာတို့၌ ကောင်းမြတ်သော နတ်ဘုံနတ်ဘဝ, ကောင်းမြတ်သော ဗြဟ္မာ့ဘုံ ဗြဟ္မာဘဝတို့၌သာ ကျင်လည်ကြရကုန်တော့သည် ထိုသူတို့မှာ လွတ်ငြိမ်းလေပြီးသော ဒုက္ခနှင့်နှိုင်းစာသော် ကျန်ရှိသောဒုက္ခသည် အလွန်နည်းပါး၏၊ ဤ အကြောင်းကိုလည်း သံယုတ္တနိကာယ် မဟာဝဂ္ဂသံယုတ် အဘိသမယ ဝဂ်၌ ဟောတော်မူ၏၊ ငါတို့ဗုဒ္ဓမြတ်စွာ လက်ထက်တော်၌ ဤကဲ့သို့ အကျွတ်တရားကို ရကြကုန်သော လူသာဝကအပေါင်း, နတ်သာဝက အပေါင်း, ဗြဟ္မာသာဝကအပေါင်းတို့ အဘယ်မျှ များပြားကြသနည်းဆို သော်-မိလိန္ဒပဥှာကျမ်း နဝမဝဂ် ဇတင်္ဂပဥှာ၌ ကျွတ်သူပေါင်း တစ်ဆဲ့သုံး အသင်္ချေ, ကုဋေသုံးရာ သုံးဆဲ့ခုနစ်, အစွန်းခြောက်သန်း ငါးသိန်း ခြောက်သောင်းလာရှိ၏၊

ဤမိလိန္ဒပဥှာကျမ်း၌ ''ဂဏနပထ မတီတာနံ ဒေဝတာန ဂဏနပထ မတီတာနံ ဒေဝတာနံ'' ဟူ၍၎င်း '' အပရိမာဏဒေဝတာယောအပရိမာဏဒေဝတာယော'' ဟူ၍၎င်း လာရာတို့၌ အသင်္ချေ အရေအတွက်ကို မှတ်ယူရ၏၊ ဤကျမ်း၌ သောင်းဂဏန်းမှ အထက် ကျွတ်ကိန်းကြီးများကိုသာပြဆို၏၊ ဆယ်, ရာ, ထောင်, ကျွတ်ကိန်းငယ်များ ရှိကြသေး၏၊ ရဟန်းသံဃာမှတစ်ပါး လူနတ်ဗြဟ္မာ တို့၏ ကျွတ်ကိန်းကိုသာပြဆို၏၊ ရဟန်းသံဃာများ ကျွတ်ကိန်းကျန်ရှိသေး ၏၊ ဗုဒ္ဓမြတ်စွာလက်ထက်တော်၌ ကျွတ်ကိန်းကြီးတို့ကိုပြဆို၏၊ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံလွန်ပြီးနောက် ကျွတ်ကိန်းကြီးတွေများစွာ ကျန်ရှိသေး၏၊

အဋ္ဌကထာတို့၌မူကား - ကျန်ရှိသောကျွတ်ကိန်းတွေပါ အကုန် သိမ်းကျုံး၍ နှစ်ဆယ့်လေးသင်္ချေနှင့်-ကုဋေခြောက်ဆယ် အစွန်း တစ်သိန်းဟူ၍ ဆိုကြကုန်၏၊ ဤသို့လာသော ကျွတ်တမ်း အရေအတွက် မှာလည်း လူသတ္တဝါအရေအတွက် အလွန်နည်းပါး၏၊ နတ်ဗြဟ္မာ အရေ အတွက် အလွန်များပြား၏၊ အကြောင်းမူကား - လူသတ္တဝါ ကျွတ်တမ်း သည် ငါတို့လောကဓာတ် တစ်ခု၌သာပါဝင်နိုင်၏၊ ငါတို့ လောကဓာတ် တွင်းမှာလည်း ဇမ္ဗူဒီပါကျွန်း၌သာ ပါဝင်နိုင်၏၊ ဇမ္ဗူဒိပါကျွန်းတွင်မှာ လည်း ဣန္ဒိယနယ်ပယ်တို့၌သာ ပါဝင်နိုင်၏၊

နတ်, ဗြဟ္မာတို့ကျွတ်တမ်းမှာ မူကား - ဤ ငါတို့ လောကဓာတ် ကို အလယ်ထား၍ အရပ်ရှစ်မျက်နှာတို့၌ ပတ်လည်ဝိုင်းရံ ကာဆီးတည် ရှိကြကုန်သော လောကဓာတ်တို့သည် ငါတို့လောကဓာတ်နှင့်တကွ လောကဓာတ်ပေါင်း တစ်သောင်းအရေအတွက်ရှိကြကုန်၏၊ တစ်ခုခု သော လောကဓာတ်မှာလည်း နတ်ဘုံကြီးခြောက်ဘုံစီ ရှိကြရကားလောကဓာတ်တစ်သောင်းမှာ နတ်ဘုံကြီးခြောက်သောင်း၊ တစ်ခုခုသော လောကဓာတ်မှာ ဗြဟ္မာဘုံကြီး နှစ်ဆယ်စီရှိနေကြရကား-လောကဓာတ် တစ်သောင်းမှာ ဗြဟ္မာဘုံကြီးပေါင်း နှစ်သိန်းရှိ၏၊ ဤအလုံးစုံသော နတ်ဘုံ ဗြဟ္မာဘုံအစုသည် တစ်ခုသော ဗုဒ္ဓခေတ်မည်၏၊ ဇာတိခေတ် လည်းမည်၏်။

ဤလောကဓာတ်တစ်သောင်းအတွင်း၌ ရှိနေကြကုန်သော နတ် သိကြားဗြဟ္မာတို့သည် လူ့ဘုံ လူ့လောက၌ ဗုဒ္ဓမြတ်စွာပေါ်ရန် အရေးကို ကြောင်းကြစိုက်ကြမြဲ ကမ္ဘာအရိုးအစဉ်ကြီးရှိနေကြကုန်၏၊ ထိုနတ်, သိကြား, ဗြဟ္မာတို့၏ အစည်းဝေးကြီးသည်-

၁။ အလောင်းတော်နတ်သား တုသိတာဘုံ၌ နေစဉ်အခါ ဗုဒ္ဓဘုရား ဖြစ်ချိန်တိုင်ပါပြီ၊ လူ့ပြည်သို့သက်ဆင်း၍ ဘုရားဖြစ်တော်မူပါဟု တောင်းပန်ကြသော အဘိယာစန အစည်းအဝေးကြီးတစ်ပါး,

၂။ အလောင်းတော်သူမြတ် မယ်တော်ဝမ်းမှာ ပဋိသန္ဓေယူသော အခါ၌ ပဋိသန္ဓေအစည်းဝေးကြီးတစ်ပါး,

၃။ ဖွားမြင်တော်မူသောအခါ၌ အဘိဇာတ အစည်းအဝေးကြီး တစ်ပါး,

၄။ တောထွက်တော်မူသောအခါ၌ အဘိနိက္ခမန အစည်းအဝေး ကြီး တစ်ပါး,

၅။ ဗုဒ္ဓမြတ်စွာပွင့်တော်မူသောအခါ၌ အဘိသမ္ဗောဓိ အစည်း အဝေးကြီး တစ်ပါး,

အစရှိသဖြင့် ပရိနိဗ္ဗာန အစည်းဝေးကြီးသို့ တိုင်ရောက်အောင် အစည်းအဝေးကြီးပေါင်းများစွာရှိ၏၊

ထို့ကြောင့် ကျွတ်တမ်းဝင်ရာ၌လည်း နတ်, ဗြဟ္မာတို့၏ အရေ အတွက်သည် အလွန်များပြား၏၊ အသင်္ချေကျွတ်ကိန်းဟူသမျှသည် နတ်တို့၏ ကျွတ်ကိန်းကြီးဖြစ်၏၊ ကောဋိကျွတ်ကိန်းဟူသမျှသည် လူ, နတ်, ဗြဟ္မာ ကျွတ်ကိန်းဖြစ်၏၊ သာဝတ္ထိပြည်နယ်အတွင်း လူအရိယာ သာဝကပေါင်း ငါးကုဋေ, ငါသန်း, ခုနစ်သိန်း, သုံးသောင်း အရေအတွက် ရှိသည်ဟု မိလိန္ဒပဥှာ၌ လာ၏၊ ရာဇဂြိုဟ်ပြည်နယ်အတွင်း လူအရိယာ သာဝကပေါင်း ငါးသန်း, သုံးသိန်းအရေအတွက်ရှိသည်ဟုလာ၏၊ ''နတ်သိကြားဗြဟ္မာတို့သည် လူ့ဘုံလောက၌ ဗုဒ္ဓမြတ်စွာဖြစ် ပေါ်ရန်အရေးကို ကြောင့်ကြစိုက်မြဲ ကမ္ဘာအရိုးအစဉ်ကြီး ရှိနေကြ ကုန်၏'' ဟုဆိုရာ၌ အကြောင်းမူကား-

နတ်ပြည်, ဗြဟ္မာပြည်မည်သည် သဗ္ဗညုဗုဒ္ဓမြတ်စွာတို့ ဖြစ်ရာ ဌာနလည်းမဟုတ်၊ သဗ္ဗညုဗုဒ္ဓဖြစ်ရန် ပါရမီပုညသမ္ဘာရတို့၏ ဖြည့်ရာ ဌာနလည်းမဟုတ်၊ ပစ္စေကဗုဒ္ဓါတို့၏ ဖြစ်ရာဌာနလည်းမဟုတ်၊ ပစ္စေက ဗုဒ္ဓါတို့၏ ဖြစ်ရန် ပါရမီပုညသမ္ဗာရတို့၏ ဖြည့်ရာဌာနလည်းမဟုတ်၊ သဗ္ဗညုဗုဒ္ဓမြတ်စွာတို့၏ ကိုယ်စားလှယ်ကိုယ်စား တပည့်သား သံဃာ တော်တို့၏ ဖြစ်ရာဌာနလည်းမဟုတ်၊ ထို နတ်, ဗြဟ္မာတို့၏ နတ်ဘုံ, ဗြဟ္မာဘုံတို့၌ ဖြစ်ရခြင်းသည်လည်း လူ့ပြည်၌ ပြုလုပ်အားထုတ်ခဲ့သော ကုသိုလ်တို့ကြောင့်ဖြစ်ရခြင်းသာများ၏၊ ထို့ကြောင့်နတ်ပြည်, ဗြဟ္မာပြည် တို့၌ သဗ္ဗညုဗုဒ္ဓဖြစ်ခြင်းမရှိ၊ လူ့ဘုံ၌သာ သဗ္ဗညု ဗုဒ္ဓဖြစ်ခြင်းရှိ၏၊ လူ့ဘုံ၌ ဖြစ်ပြီးလျှင် လောကဓာတ်တစ်သောင်းအတွင်းရှိသော နတ်, သိကြား, ဗြဟ္မာအပေါင်းတို့အားလည်း အကျွတ်တရားကိုပေးတော်မူနိုင်၏၊ ထို့ကြောင့် နတ်, သိကြား, ဗြဟ္မာတို့သည် လူ့ဘုံလောက၌ ဗုဒ္ဓမြတ်စွာ ဖြစ်ပေါ်ရန်အရေးကို ကြောင့်ကြစိုက်ကြမြဲ ကမ္ဘာအရ်ိုးအစဉ်ကြီး ရှိနေကြ ကုန်သတည်း။

[ဤကား- သာဝကနိယာမကို ပြဆိုချက်တည်း။]

တတိယလျှောက်ချက်အဖြေ ပြီး၏၊

-----*------

နောက်ထပ်လျှောက်လွှာ

[၁၂၈၂-ခု၊ ပြာသိုလဆန်း ၇-ရက်နေ့စွဲနှင့် လန်ဒန်ဒေဝီခေါ် C.A.F.Rhys Davids. က နိယာမအကြောင်းနှင့် နောက်ထပ်မေးလိုက်သောမေးခွန်းကို ကျိုက်ထိုမြို့ စံကျောင်းတော်တွင် သီတင်းသုံးနေတော်မူစဉ် ကျေးဇူးရှင်လယ်တီ ဆရာတော်ဘုရားကြီး ဖြေဆိုတော်မူချက်ဖြစ်သည်။]

၁။ ဆရာတော်ဘုရားကြီး ရေးသားဖြေဆိုတော်မူချက် အဦး အစ၌ ဣဿရကုဋ္ဋ, ဗြဟ္မကုဋ္ဋ အယူဝါဒကြီး နှစ်ပါးကို နှိပ်နင်းပယ်ဖျက် ၍ မိမိပကတိ သဘောအတိုင်း တည်နေသော နိယာမစက်ကြီး သည်သာ ကမ္ဘာလောကကြီး၌ လည်လျက်ရှိနေကြသည်ဟု ဖော်ပြပါရှိရာတွင် ဆရာတော်ဘုရားသည် ဤနိယာမစက်ကြီး မှာ အစ-မရှိ၊ အစ-ကင်းသည် ဟု မှတ်ယူယုံကြည်တော်မူပါ သလော-ဟူသောအမေး၌

အဖြေကား။ ။ ဤနိယာမစက်ကြီးမှာ အစ-မရှိ၊ အစ-ကင်း သည်ဟု ဆရာတော်မှတ်ယူ ယုံကြည်ပေသည်၊ အကြောင်းမူကား ဤ နိယာမစက်ကြီးမှာ ရှေး၌တစ်စုံတစ်ခုမျှ မရှိဘူးသေးမူ၍ တစ်စုံ တစ်ခု မျှသောအခါ၌ အစစွာ ဖြစ်ပေါ်၍လာသည်ဟု ယူခဲ့သည်ရှိသော်

၁။ အဟေတုကဒိဋ္ဌိမှစ၍ ဒိဋ္ဌိအမျိုးမျိုးသော်လည်း ဖြစ်ပွား၍ သွားလေရာ၏၊

၂။ ဣဿရနိမ္မာနဒိဋ္ဌိမှစ၍ ဒိဋ္ဌိအမျိုးမျိုးသော်လည်း ဖြစ်ပွား၍ သွားလေရာ၏၊

၃။ အဘိဓမ္မာ ပဋိစ္စသမုပ္ပါဒ်ဒေသနာ ပဋ္ဌာန်းဒေသနာတော်များ နှင့်လည်း ဆန့်ကျင်နေရာ၏၊

၄။ ဤနိယာမစက်ကြီးမှာ အစ - မရှိ၊ အစ - ကင်းသည်ဟု ယူခဲ့သော် ထိုဒိဋ္ဌိအမျိုးမျိုးတို့မှလည်း လွတ်ကင်း၏၊ အဘိဓမ္မာပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ပဋ္ဌာန်းဒေသနာ တော်ကြီး များနှင့်လည်း ညီညွတ်၏၊

ဤစကား၌

၁။ အဟေတုကဒိဋ္ဌိမှစ၍ ဒိဋ္ဌိအမျိုးမျိုးဖြစ်ပွါး၍ သွား ပုံကား

၁။ သံသရာလည်းအစ-ရှိ၏၊ ကမ္ဘာလည်းအစ-ရှိ၏၊ သတ္တဝါ လည်းအစ=-ရှိ၏၊ နိယာစက်ကြီးလည်း အစရှိ၏ ဟု ယူခဲ့လျှင် ထိုအစ-သည် အဘယ်သို့ ဖြစ်ပေါ်လာ သနည်း-ဟု မေးခွန်း ဆိုက်လေရာ အချို့သော သူတို့က အကြောင်းမရှိ၊ သူ့ပကတိသဘာဝအလျှောက် ဖြစ်ပေါ် လာသည်ဟု ယူကြကုန်၏၊ အဟေတုကဒိဋ္ဌိ ပေတည်း။

၂။ ဤအဟေတုကဒိဋ္ဌိအယူရှိသောသူများသည် ယခုအခါ သတ္တဝါတို့ ဘဝအသစ်အသစ် ဖြစ်ပေါ်ကြရာ၌လည်း ရှေးဘဝကပြုခဲ့ကြသော ကံတည်းဟူသော အကြောင်းမရှိ၊ သူ့ပကတိသဘာဝအလျောက် ဖြစ်ကြကုန်၏၊ သေကြ ပြန်လျှင်လည်း ဘဝတစ်ပါးသို့ ပြောင်းသွားသည်မရှိ၊ သေရာတွင် ဆုံးကြ တုံးကြကုန်၏-ဟု ယူကြကုန်၏၊ ဥစ္ဆေဒ ဒိဋ္ဌိတည်း။

၃။ ဤဥစ္ဆေဒဒိဋ္ဌိအယူရှိသောသူတို့မှာ နောက်ဘဝဟူ၍ မရှိ သောကြောင့် နောက်ဘဝ၌ ကောင်းကျိုးကို ပေးတတ် သော ကုသိုလ်ကံဟူ၍လည်းမရှိ၊ မကောင်းကျိုးကို ပေး တတ်သော အကုသိုလ်ကံ ဟူ၍လည်း မရှိ-ဟု ယူကြ ကုန်၏၊ နတ္ထိက-ဒိဋ္ဌိ, အကြိယဒိဋ္ဌိများပေတည်း။

[ဤကား-သံသရာမကောင်းကျိုးကိုပေးတတ်သော အကုသိုလ်ကံ ဟူ၍လည်းမရှိ အစရှိသည်၊ ကမ္ဘာအစရှိသည်၊ သတ္တဝါအစရှိသည်၊ နိယာမစက်ကြီး အစရှိသည်-ဟု ယူကြရာ၌ အဟေတုဒိဋ္ဌိမှ စ၍ ဒိဋ္ဌိ အမျိုးမျိုး ဖြစ်ပွါး၍ သွားပုံတည်း။]

၂။ ဣဿရနိမ္မာနဒိဋ္ဌိမှစ၍ ဒိဋ္ဌိအမျိုးမျိုးဖြစ်ပွား၍ သွားပုံကား

၁။ ထိုအစသည် အဘယ်သို့ ဖြစ်ပေါ်လာပါသနည်း-ဟု မေးခွင့် ဆိုက်လေရာ အချို့သောသူတို့က အကြောင်းမရှိလျှင် ဖြစ် ပေါ်နိုင်ရန် အခွင့်မရှိ၊ သံသရာ, ကမ္ဘာ, သတ္တဝါ, နိယာမ စက်ကြီးတို့ကို တန်ခိုးဖြင့် ဖန်ဆင်းသောသူ ဧကန်ရှိပြီဟု ယူကြကုန်၏၊ ဣဿရနိမ္မာနဒိဋ္ဌိတည်း။

၂။ ဤဒိဋ္ဌိအယူရှိသောသူတို့မှာ ကမ္ဘာကို၎င်း, သတ္တဝါကို၎င်း ဖန်ဆင်းနိုင်သော ထိုသူသည် အဘယ်မျှလောက် တန်ခိုး ကြီးလေသနည်းဟု ဆင်ခြင်ခဲ့သော် တန်ခိုးတော်အနန္တ ကြီးကျယ်လှ၏၊ ထိုအနန္တတန်ခိုးတော်ဖြင့် ကမ္ဘာ, သတ္တဝါ တို့အပေါ်၌ သူအလိုရှိတိုင်း ပြုပြင်နိုင်၏၊ သူ့ကို ယုံကြည်စွာ ရှိခိုးကိုးကွယ်ကြသည်ရှိသော် ထိုသူတို့၌ ရှိနေသမျှသော ဒုစရိုက်အပြစ်တို့ကို တန်ခိုးတော်ဖြင့် ပယ်ဖျောက်၍ သေကြသည်မှနောက်၌ အထက်ကောင်းကင်ဘုံသို့ပင် တင်ပို့နိုင်၏-ဟု ယူကြကုန်၏၊ သူ့ကိုမယုံကြည်မူ၍ ရှိခိုးခြင်း, ကိုးကွယ်ခြင်း မပြုကြသောသူတို့မှာ ကယ်တင်သူ မရှိသည့်အတွက် သေသည်မှနောက်၌ သူ့ကိုမယုံကြည် ခြင်း, ရှိမခိုးခြင်း, မကိုးကွယ်ခြင်းဟူသော ဒုစရိုက်ကြောင့် အပါယ်လေးပါးသို့ ကျရောက်ကြလေကုန်၏-ဟု ယူကြကုန် ၏၊ ဤအယူ၌လည်း ထိုကမ္ဘာ, သတ္တဝါတို့ကို ဖန်ဆင်းသော သူ၏ တန်ခိုးတော်မှတစ်ပါး သတ္တဝါကိုကယ်ဆယ်နိုင်သော ကုသိုလ်ကံဟူ၍မရှိ-ဟု ဒါန, သီလ, ဘာဝနာစသော ကုသိုလ်ကံကို တားမြစ်လျက်ရှိ၏၊ နတ္ထိကဒိဋ္ဌိ, အကြိယဒိဋ္ဌိ မျိုးပင်တည်း။

၃။ ထိုကမ္ဘာ, သတ္တဝါကို ဖန်ဆင်းသောသူသည်မူကား အထက် ကောင်းကင်ဘုံကြီး၌ နိစ္စထာဝရတည်ရှိ၏-ဟု ယူကြကုန် ၏၊ ဧကစ္စသဿတဒိဋ္ဌိကြီးပေတည်း။

[ဤကား-သံသရာအစရှိသည်၊ ကမ္ဘာအစရှိသည်၊ သတ္တဝါအစရှိသည်၊ နိယာမစက်ကြီး အစရှိသည်ဟု ယူကြရာ၌ ဣဿရနိမ္မာနဒိဋ္ဌိမှစ၍ ဒိဋ္ဌိ အမျိုးမျိုးဖြစ်ပွား၍ သွားပုံတည်း]

၃။ အဘိဓမ္မာပဋိစ္စသမုပ္ပါဒ်ဒေသနာ, ပဋ္ဌာန်းဒေသနာတော်ကြီးများနှင့် ဆန့်ကျင်ပုံကား

ထိုအယူ၌ ကမ္ဘာ, သတ္တဝါ, နိယာမစက်ကြီးတို့ကို ဖန်ဆင်းသောသူသည် အထက်ကောင်းကင်ဘုံကြီး၌ နိစ္စ ထာဝရတည်ရှိ၏၊ သူ့ကိုယုံကြည်စွာ ကိုးကွယ်ကြသော လူ အပေါင်း, နတ်အပေါင်းတို့သည် သေသည်မှနောက်၌ ထိုကောင်းကင်ဘုံကြီးသို့ ရောက်ကြကုန်၍ အိုခြင်း, နာခြင်း, သေခြင်းကင်းသော နိစ္စထာဝရချမ်းသာကြီးကို ရကြကုန်၏ ဟုယူ၏၊ ကောင်းကင်ဘုံကြီး ဆိုသည်ကား-ဗြဟ္မာ့ဘုံကြီးကို ဆို၏၊

ဗုဒ္ဓဘာသာ အဘိဓမ္မာ၌မှာမူကား-ဝိဘင်းပါဠိတော် တွင် နောက်ဆုံးဖြစ်သော ဓမ္မဟဒယဝိဘင်းမျက်နှာ နံပါတ်၃၆၂-၌ ထိုဗြဟ္မာဘုံကြီးသည် နှစ်ဆယ်အရေအတွက်ရှိကြောင်း ဟောတော်မူ၏၊ ထိုဘုံတို့သို့ ရောက်စေတတ်သော အပ္ပနာ စျာန်တည်းဟူသော မဟဂ္ဂုတ်ကံတို့ကိုလည်း အသီးအသီး ဟောတော်မူ၏၊ ထိုဘုံတို့သို့ ရောက်ကြကုန်သော ဗြဟ္မာတို့၏ အသက်တမ်းတို့ကိုလည်း ဟောတော်မူ၏၊ ထိုဗြဟ္မာတို့သည် လည်း နိစ္စထာဝရ မဟုတ်ကြကြောင်း၊ မိမိတို့ အသက်တမ်း ကုန်လျှင် သေဆုံး၍ အောက်မဟာအဝီစိငရဲတိုင်အောင် ကျရောက်လာကြရကြောင်း ဟောတော်မူ၏၊ ထိုနှစ်ဆယ်သော ကောင်းကင်ဘုံကြီးတို့တွင် နိစ္စထာဝရချမ်းသာကြီးကို ရနိုင် သောဘုံဟူ၍ တစ်ဘုံ မျှမရှိချေ၊ ထိုနှစ်ဆယ်သော ကောင်းကင် ဘုံကြီးတို့မှ အလွတ်၌ နိစ္စ ထာဝရချမ်းသာကြီးကို ရနိုင်သော ကောင်းကင်ဘုံကြီး အသီးအခြား ရှိသေးသည်ဟူ၍လည်း ဟောတော်မမူချေ။

ဤသို့လျှင် ထိုအယူသည်အဘိဓမ္မာနှင့် ဆန့်ကျင်၏၊

အဘိဓမ္မာ၌ ပဋိစ္စသမုပ္ပါဒ်ဒေသနာ ပဋ္ဌာန်းဒေသနာကြီးများကို ဟောတော်မူခြင်းသည် ပြဆိုခဲ့ပြီးသော အဟေတုကဒိဋ္ဌိ, ဣဿရ နိမ္မာနဒိဋ္ဌိကြီးတို့ကို ပယ်ရှားခြင်းငှါ ဟောတော်မူပေ၏၊ ထိုဒိဋ္ဌိကြီးနှစ်ပါးတို့ကို ပယ်ရှားသဖြင့်လည်း သံသရာ သည် အစ-ရှိ၏၊ ကမ္ဘာသည် အစ-ရှိ၏၊ သတ္တဝါသည် အစရှိ၏၊ နိယာမစက်ကြီးသည်အစ-ရှိ၏ဟု ယူသော အယူကိုလည်း ပယ်ရှားခြင်း ကိစ္စပြီးလေ၏၊ သံသရာသည် အစမရှိ၊ ကမ္ဘာ သည်အစမရှိ၊ သတ္တဝါသည် အစမရှိ၊ နိယာမစက်ကြီးသည် အစမရှိဟူသော ဆုံးဖြတ်ချက်ကြီးသည် ထင်လျားစွာ ပေါ် လေ၏၊ ဤသို့လျှင် ထိုအယူသည် ပဋိစ္စသမုပ္ပါဒ်ဒေသနာ ပဋ္ဌာန်း ဒေသနာတော်များနှင့် ဆန့်ကျင်၏၊

၄။ ဤနိယာမစက်ကြီးမှာ အစမရှိ၊ အစ-ကင်းသည်ဟု ယူခဲ့ သော် ထိုဒိဋ္ဌိအမျိုးမျိုးမှလည်း လွတ်ကင်း၏၊ အဘိဓမ္မာ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်, ပဋ္ဌာန်းဒေသနာတော်ကြီးများနှင့်လည်း ညီညွတ်၏ဟူသော စကားမှာ အဓိပ္ပါယ်အကျယ်ပြဆိုဖွယ်မရှိ၊ သိသာထင်ရှား လှလေပြီ၊ လောက၌မှာမူကား- အစရှိသည်ဟူသောအယူ ဖန်ဆင်းသူရှိသည် ဟူသောအယူကို ခိုင်မြဲစေခြင်းငှါ အကြောင်း တု, အကြောင်းယောင်, အကြောင်းသေး, အကြောင်း နုတ်တို့ကို ရှာကြံ၍ ပြောဟော ကြကုန်သေး၏၊ ဉာဏ်ပညာမရှိသော ဗာလသတ္တဝါတို့ကို မျက်စိလှည့်စား, နားလှည့်စား ထင်ယောင် ထင်မှားရှိကြလေအောင် သွေးဆောင်ဖြားယောင်းကြသော အကြောင်းတု အကြောင်းယောင် အကြောင်းသေး အကြောင်း နုတ်မျှသာတည်း။

ဤအရာ၌ စောဒနာရန်ရှိ၏၊ ရှိပုံကား

အကယ်၍ သံသရာသည်အစမရှိ၊ ကမ္ဘာသည်အစမရှိ၊ သတ္တဝါသည်အစမရှိ၊ နိယာမစက်ကြီးသည် အစမရှိသည် ဖြစ်ခဲ့ငြားအံ့၊ ပါဠိတော်တို့၌ ''ပုဗ္ဗကောဋိ နတ္ထိ'' ဟူ၍ ဟောတော် မူ သင့်ပါသည်၊ ထိုသို့ကား-ဟောတော်မမူ၊ ''ပုဗ္ဗကောဋိ နပညာယတိ'' ဟူ၍သာ ဟောတော်မူချေသည်၊ ဤသို့ ဟောတော်မူသောကြောင့် သံသရာ, ကမ္ဘာ, သတ္တဝါ နိယာမ စက်ကြီးတို့မှာ အစမူကား ရှိပါ၏၊ ရှိကြောင်းကိုလည်း သဗ္ဗညုတ ဉာဏ်ရှင်တို့ သိကြပါကုန်၏၊ သို့သော်လည်း ထိုအစသည် အလွန်အဝေးကြီး ဝေးလှသည်ဖြစ်၍ သတ္တဝါတို့ဉာဏ်တွင် ထင်နိုင်မြင်နိုင်ကောင်းသောအရာ မဟုတ်သည့်အတွက် ကြောင့် ''ပုဗ္ဗကောဋိ နပညာယတိ'' ဟူ၍ ဟောတော်မူသည် မဟုတ် ပါလောဟု မေးရန်ရှိ၏၊

အဖြေကား-ဤ''ပုဗ္ဗကောဋိ နပညာယတိ''ဟူသော စကား သည် 'ပုဗ္ဗကောဋိ နတ္ထိ'ဆိုသည်နှင့် အဓိပ္ပါယ်အရ တူကြသည်ပင်ဖြစ်၏၊ သဒ္ဒါအနက်မျှသာ ကွဲကြ၏၊ အဓိပ္ပါယ်အရ တူကြကြောင်းကိုလည်း ဒီဃနိကာယ် သုတ်မဟာဝါ မဟာနိဒါနသုတ် ပါဠိတော်ကြီးကိုထောက်၍ သိအပ်၏၊

အတ္ထိ ဣဒပ္ပစ္စယာ ဇရာမရဏန္တိ ဣတိ ပုဋ္ဌေန သတာ အာနန္ဒ အတ္ထီတိဿ ဝစနီယံ၊ ကိံ ပစ္စယာ ဇရာ မရဏန္တိ ဣတိ စေ ဝဒေယျ၊ ဇာတိပစ္စယာ ဇရာမရဏန္တိ ဣစ္စဿ ဝစနီယံ။ (ပ)။ ဇာတိပစ္စယာ ဇရာမရဏန္တိ ဣတိ ခေါပနေတံ ဝုတ္တံ၊ တဒါနန္ဒ ဣမိနာပေတံ ပရိယာယေန ဝေဒိတဗ္ဗံ၊ ယထာ ဇာတိပစ္စယာ ဇရာမရဏံ၊ ဇာတိစ ဟိ အာနန္ဒ နာဘဝိဿ။ (ပ)။ သဗ္ဗသော ဇာတိယာ အသတိ ဇာတိနိရောဓာ အပိ နုခေါ ဇရာမရဏံ ပညာယေထာတိ၊ နောဟေတံ ဘန္တေ။

[၎င်းသုတ်ပါဠိတော် စာမျက်နှာနံပါတ်-၄၂, ၄၃။]

အနက်ကား။။ အာနန္ဒ= အာနန္ဒာ၊ ဣဒပ္ပစ္စယာ= ဤမည် သော အကြောင်းကြောင့်၊ ဇရာမရဏံ=ဇရာမရဏမည်သည်၊ အတ္ထိ= ရှိပါသလော၊ ဣတိ=ဤသို့၊ ပုဋ္ဌေန=မေးအပ်သည်၊ သတာ=ရှိသည် ရှိသော်၊ အတ္ထိ=ရှိပါ၏၊ ဣတိ=ဤသို့၊ အဿ=ထိုမေးသောသူအား၊ ဝစနီယံ=ဖြေဆိုအပ်၏၊ ကိံ ပစ္စယာ=အဘယ်မည်သော အကြောင်း တရားကြောင့်၊ ဇရာမရဏံ= ဇရာမရဏမည်သည်၊ အတ္ထိ=ရှိပါသနည်း၊ ဣတိ= ဤသို့၊ စေ ဝဒေယျ=အကယ်၍ဆိုငြားအံ့၊ ဇာတိပစ္စယာ=ဇာတိ ဟူသော အကြောင်းကြောင့်၊ ဇရာမရဏံ=ဇရာ-မရဏသည်၊ အတ္ထိ= ရှိ၏၊ ဣတိ=ဤသို့၊ အဿ=ထိုမေးသောသူအား၊ ဝစနီယံ= ဖြေဆိုအပ်၏၊ (ပ)။ ဇာတိပစ္စယာ=ဇာတိဟူသောအကြောင်းကြောင့်၊ ဇရာမရဏံ= ဇရာမရဏသည်၊ အတ္ထိ=ရှိ၏၊ ဣတိခေါ= ဤသို့လျှင်၊ ဧတံ=ဤစကားကို၊ ဝုတ္တံ=ဆိုအပ်ပြီ၊ အာနန္ဒ=အာနန္ဒာ၊ တံ ဧတံ=ထိုစကားကို၊ ဣမိနာပိ ပရိယာယေန=ဤသို့သော အကြောင်းဖြင့်လည်း၊ ဝေဒိတဗ္ဗံ=သိအပ်၏၊ ယထာ=အကြင် အခြင်းအရာအားဖြင့်၊ ဇာတိပစ္စယာ=ဇာတိဟူသော အကြောင်းကြောင့်၊ ဇရာမရဏံ=ဇရာမရဏသည်၊ အတ္ထိ=ရှိ၏၊ တထာ= ထိုအခြင်းအရာအားဖြင့်၊ ဝေဒိတဗ္ဗံ=သိအပ်၏၊ အာနန္ဒ=အာနန္ဒာ၊ ဇာတိစ=ဇာတိသည်၊ နာဘဝိဿ=မရှိငြားအံ့။ (ပ)။

သဗ္ဗသော=အခြင်းခပ်သိမ်း၊ ဇာတိယာ= ဇာတိသည်၊ အသတိ= မရှိခဲ့သော်၊ ဇာတိနိရောဓာ=ဇာတိချုပ်ငြိမ်းခဲ့သော်၊ ဇရာမရဏံ= ဇရာမရဏသည်၊ ပညာယေထ အပိနုခေါ=ထင်ရှားသေး၏လော။ ဘန္တေ= အရှင်ဘုရား၊ ဧတံ=ဤဇရာမရဏသည်၊ နော ပညာယေထ=မထင် ရှားပါ။

ဤပါဠိတော်၌ ရှေ့စကားမှာ အတ္ထိ-ဟုဆိုခဲ့ပြီး၍ နောက်စကား မှာ အတ္ထိ-နေရာ၌''ပညာယေထ''ဟု ပညာယနကြိယာနှင့်လာ၏၊ ပညာယေထ-ဟု ပညာယနကြိယာနှင့်လာသောကြောင့် ပညာယေထ, နောပညာယေထ-ဟူသော ၂-ပုဒ်သည် အတ္ထိ, နတ္ထိပုဒ်တို့၏ ပရိယာယ် မျိုးဖြစ်သည်ကို သိအပ်၏၊ ဇာတိရှိခဲ့လျှင် ဇရာမရဏဧကန်ရှိ၏၊ ဇာတိမရှိခဲ့လျှင် ဇရာမရဏဧကန်မရှိ-ဟု ဆိုလိုရင်းဖြစ်၏၊

[ဤကား-ပုဗ္ဗကောဋိ နပညာယတိဆိုရာ၌၊ ပုဗ္ဗကောဋိနတ္ထိဆိုသည်နှင့်အတူတူယူကုန်သည်]

နေတ္တိပါဠိတော်တို့၌ ဖြေပုံကား--

ပုဗ္ဗာ ဘိက္ခဝေ ကောဋိ န ပညာယတိ အဝိဇ္ဇာ နီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သကိံ နိရယံ တိရစ္ဆာနယောနိံ သကိံ ပေတ္တိဝိသယံ သကိံ အသုရယောနိံ သကိံ ဒေဝေ သကိံ မနုေဿ သန္ဓာဝတံ သံသရတံ၊ ကတမာ ပုဗ္ဗကောဋီတိ အဝိဿဇ္ဇနီယံ၊ န ပညာယတီတိ သာဝကာနံ ဉာဏဝေကလ္လေန၊ ဒုဝိဓာ ဗုဒ္ဓါနံ ဘဂဝန္တာနံ ဒေသနာ အတ္တူပနာယိကာစ ပရူပနာယိကာစ၊ န ပညာယတီတိ ပရူပနာယိကာ၊ နတ္ထိ ဗုဒ္ဓါနံ ဘဂဝန္တာနံ အပ္ပဇာနနာတိ အတ္တူပနာယိကာ။

[နေတ္တိပါဠိတော် စာမျက်နှာနံပါတ်-၁၄၄။]

၎င်းအဋ္ဌကထာ၌--

နပညာယတီတိ အညဿ ဉာဏဝိသယော န ဟောတီ နပညာယတီတိ အညဿ ဉာဏဝိသယော န ဟောတီ

ကလ္လေနာတိ အာဒိ ဝုတ္တံ၊ တတ္ထ အတ္တူပနာယိကာတိ အတ္တာ ဥပနေတဗ္ဗော ဧတိဿာတိ အတ္တူပနာယိကာ၊ နတ္ထိ ဗုဒ္ဓါနံ ဘဂဝန္တာနံ အပ္ပဇာနနာတိ ဧတေန ပုရိမာယ ကောဋိယာ အဘာဝတောဧဝ နပညာယတိ၊ န တတ္ထ ဉာဏဿ ပဋိဃာတာ-တိ ဒေဿတိ။

ဟူ၍ဖွင့်၏၊

[၎င်းအဋ္ဌကထာ စာမျက်နှာနံပါတ်-၂၄၇။]

ပါဠိတော်အနက်ကား။။ ဘိက္ခဝေ=ရဟန်းတို့၊ အဝိဇ္ဇာ နီဝရဏာနံ= အဝိဇ္ဇာနီဝရဏ ရှိနေကြကုန်သည်ဖြစ်၍၊ တဏှာ သံယော ဇနာနံ=တဏှာသံယောဇဉ် ရှိနေကြကုန်သည်ဖြစ်၍၊ သကိံ=တစ်ကြိမ်၊ နိရယံ=ငရဲဘုံသို့၊ သကိံ=တစ်ကြိမ်၊ တိရစ္ဆာနယောနိံ=တိရစ္ဆာန်မျိုးသို့၊ သကိံ=တစ်ကြိမ်၊ ပေတ္တိဝိသယံ=ပြိတ္တာဘုံသို့၊ သကိံ=တစ်ကြိမ်၊ အသုရ ယောနိံ= အသုရကာယ်မျိုးသို့၊ သကိံ= တစ်ကြိမ်၊ ဒေဝေ=နတ်ဘဝတို့သို့၊ သကိံ=တစ်ကြိမ်၊ မနုေဿ=လူ့ဘဝတို့သို့၊ သန္ဓာဝတံ-သန္ဓာဝန္တာနံ= အဖန်ဖန်ပြေးသွား၍နေကြကုန်သော၊ သံသရတံ-သံသရန္တာနံ= အဖန်ဖန်ကျင်လည်၍နေကြကုန်သော၊ သတ္တာနံ=သတ္တဝါတို့အား၊ ပုဗ္ဗကောဋိ=ရှေ့အစွန်းသည်၊ န ပညာယတိ=မထင်။

ပုဗ္ဗကောဋိ= ရှေ့အစွန်းသည်၊ ကတမာ=အဘယ်နည်း၊ ဣတိ= ဤသို့ မေးသည်ရှိသော်၊ အဝိဿဇ္ဇနီယံ= မဖြေဆိုအပ်၊ န ပညာယတီတိ= န ပညာယတိ-ဟူသည်ကား၊ သာဝကာနံ=သာဝကတို့အား၊ ဉာဏဝေကလ္လေန=ဉာဏ်၏ချို့တဲ့ခြင်းကြောင့်၊ န ပညာယတိ=မထင်နိုင်၊ ဘဂဝန္တာနံ=ဘုန်းတော်ကြီးကုန်သော၊ ဗုဒ္ဓါနံ=မြတ်စွာဘုရားတို့၏၊ ဒေသနာ= ဒေသနာသည်၊ အတ္တူပနာယိကာစ= မိမိလျှင် ရည်ညွန်းရာ ရှိသောဒေသနာ၎င်း၊ ပရူပနာယိကာစ=သူတစ်ပါးလျှင် ရည်ညွန်းရာ ရှိသောဒေသနာ၎င်း၊ ဣတိ=ဤသို့၊ ဒုဝိဓာ=နှစ်ပါးအပြားရှိ၏၊ န ပညာယတီတိ= န ပညာယတိ-ဟူသော ဒေသနာသည်၊ ပရူပနာယိကာ= သူတစ်ပါးလျှင် ရည်ညွန်းရာရှိသောဒေသနာတည်း၊ အပ္ပဇာနနာတိ နတ္ထိ ဗုဒ္ဓါနံ ဘဂဝန္တာနံ=အပ္ပဇာနနာတိ နတ္ထိ ဗုဒ္ဓါနံ ဘဂဝန္တာနံ-ဟူသော ဒေသနာသည်၊ အတ္တူပနာယိကာ=မိမိလျှင် ရည်ညွန်းရာရှိသော ဒေသနာတည်း။

အဋ္ဌကထာအနက်ကား။။ န ပညာယတီတိ= န ပညာယတိဟူသည်ကား၊ အညဿ=သူတစ်ပါး၏၊ ဉာဏဝိသယော= ဉာဏ်၏ အရာသည်၊ န ဟောတိ= မဖြစ်၊ ဣတိပနအတ္ထံ= ဤသို့သောအနက်ကို၊ သန္ဓာယ= ရည်၍၊ န ပညာယတီတိ သာဝကာနံ ဉာဏဝေကလ္လေနာတိ အာဒိ= န ပညာယတီတိ သာဝကာနံ ဉာဏဝေကလ္လေန-အစရှိသော စကားကို၊ ဝုတ္တံ= ဆိုအပ်၏၊ တတ္ထ=ထိုစကား၌၊ အတ္တူပနာယိကာတိ= အတ္တူပနာယိကာ-ဟူသည်ကား၊ ဧတိဿာ=ထိုဒေသနာအား၊ ဥပနေတဗ္ဗော= ရည်ညွန်းအပ်သော၊ အတ္တာ=မြတ်စွာဘုရားတည်းဟူသောမိမိသည်၊ အတ္ထိ= ရှိ၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ အတ္တူပနာယိကာ=အတ္တူပနာယိကာမည်၏၊ နတ္ထိ ဗုဒ္ဓါနံ ဘဂဝန္တာနံ အပ္ပဇာနနာတိ ဧတေန=နတ္ထိ ဗုဒ္ဓါနံ ဘဂဝန္တာနံ အပ္ပဇာနနာဟူသော ဤပါဌ်ဖြင့်၊ ပုရိမာယကောဋိယာ=သတ္တဝါတို့၏ ရှေ့အစွန်း၏၊ အဘာဝတောဧဝ= မရှိခြင်းကြောင့်သာလျှင်၊ န ပညာယတိ=မထင်လေသတည်း၊ တတ္ထ= ထိုသတ္တဝါတို့၏ အစ၌၊ ဉာဏဿ=သဗ္ဗညုတဉာဏ်တော်၏၊ ပဋိဃာတာ= မမြင်နိုင်ရန် အခုအခံရှိသောကြောင့်၊ န ပညာယတိ=မထင်နိုင်သည်၊ န=မဟုတ်၊ ဣတိ=ဤသို့၊ ဒေဿတိ=ပြတော်မူ၏၊

ပါဠိအဋ္ဌကထာတို့၌ န ပညာယတိ-ဟူသော ဒေသနာကို ပဥှာပနာယိကဒေသနာ-ဟုဆိုရာ၌ အဓိပ္ပါယ်ကား--

မြတ်စွာဘုရား၏ဉာဏ်တော်အလိုအားဖြင့် ပုဗ္ဗကောဋိ နတ္ထိဟူ၍ ဟောတော်မူရမည်ပင်ဖြစ်၏၊ ထိုသို့ဟောခဲ့သော် ထိုစကားကို ကြား နာကြကုန်သော ပုထုဇဉ်သတ္တဝါတို့မှာ တရားသဘောကို မြင်နိုင်ရန် ဉာဏ်မရှိကြ၊ ဉာဏ်မရှိသည့်အတွက်ကြောင့် ယုံကြည်နိုင်ရန် သဒ္ဓါ တရားလည်း ဖြစ်ခွင့်မရှိ၊ နတ္ထိ-ဟူ၍ ဟောတော်မူသော မြတ်စွာဘုရား၏ ဉာဏ်တော်ကိုပင် မယုံကြည်နိုင်ခြင်း ဖြစ်ရ၏၊ မြတ်စွာဘုရား၏ ဉာဏ်တော်ကို မယုံကြည်ခြင်းသည် ထိုပုထုဇဉ် သတ္တဝါတို့၌ အလွန် အပြစ်ကြီး၏၊ ထိုအပြစ်ကို မဖြစ်ကြစေခြင်းငှါ ပုဗ္ဗကောဋိ နတ္ထိ-ဟု မဟောမူ၍ ပုဗ္ဗကောဋိ န ပညာယတိ-ဟု ပဥှာပနာယိက ဒေသနာကို ဟောတော်မူ၏-ဟူလိုသည်။

သတ္တဝါ၏ အစ-ရှိ, မရှိ-ဟူသော အရာသည် လွန်ခဲ့ပြီးသော အရာဖြစ်၍ အရေကြီးတစ်ခု ကြောင့်ကြပြုဖွယ် ကိစ္စမရှိ၊ နောင်လာလတံ့ သော နောက်အစွန်း၌သာ တွေ့ကြုံလတံ့သောအရာဖြစ်၍ အရေးကြီး တစ်ခု ကြောင့်ကြပြုဖွယ်ကိစ္စ ရှိလေသတည်း၊ ကြောင့်ကြပြု ဖွယ်ကိစ္စဆို သည်ကား-ယခုအခါ၌ အပါယ်လေးပါးမှ ကျွတ်လွတ်နိုင်ကြရန် ဒါနမှု, သီလမှု, သမထဘာဝနာ-ဝိပဿနာဘာဝနာမှုများကို ဆိုပေသတည်း။

ဒိဋ္ဌိ ၆၂-ပါး

ဒီဃနိကာယ်သီလက္ခန်ပါဠိတော် ဗြဟ္မဇာလသုတ်ကြီး၌ ပုဗ္ဗန္တကပ္ပိကဒိဋ္ဌိ ၁၈-ပါး, အပရန္တကပ္ပိကဒိဋ္ဌိ ၄၄-ပါးဟူ၍ ဒိဋ္ဌိပေါင်း ၆၂- ပါးလာ၏၊ ထို ၆၂-ပါးတို့တွင်

၁။ ပုဗ္ဗန္တကပ္ပိကဒိဋ္ဌိဆိုသည်ကား-သတ္တဝါတို့၏ ရှေ့အစ ရှေ့အစွန်းကို ရှာကြံကြရာတွင် ထွေထွေလာလာ ဖြစ်ပွားကြ သော ဒိဋ္ဌိမျိုးပေတည်း။

၂။ အပရန္တကပ္ပိကဒိဋ္ဌိဆိုသည်ကား-သေသည်မှနောက်၌ သတ္တဝါ တို့၏ နောက်အစွန်းကို ရှာကြံကြရာတွင် ထွေထွေလာလာ ဖြစ်ပွါးကြသော ဒိဋ္ဌိမျိုးပေတည်း။

ဣဿရနိမ္မာနဒိဋ္ဌိဖြစ်ပုံ ပထမဌာန

ထိုနှစ်ပါးတို့တွင် ပုဗ္ဗန္တကပ္ပိကဒိဋ္ဌိမျိုး၌ ဣဿရနိမ္မာနဒိဋ္ဌိဖြစ်ပုံကို ပြဆိုရာ၏၊

ရှေးကမ္ဘာပျက်ပြီး၍ ယခုကမ္ဘာသစ် တည်ထောင်၍ လာသော အခါ ပထမစျာန်ဘုံသည် ရှေးဦးစွာဖြစ်ပေါ်လာ၏၊ တစ်ဦးသော ဗြဟ္မာကြီးသည် အထက်အာဘဿရာဘုံမှ စုတေ၍ ပထမစျာန်ဘုံ၌ ရှေးဦးစွာဖြစ်လာ၏၊ ထိုဗြဟ္မာကြီးသည် ဤသို့တောင့်တခြင်းဖြစ်၏၊ တစ်ပါးသောဗြဟ္မာတို့သည်လည်း ဤဘုံ၌ဖြစ်လာသော် ကောင်းလေ၏ဟု တောင့်တ၏၊ ထိုအခါ ဗြဟ္မာအများတို့သည်လည်း အထက် အာဘဿရာဘုံမှ စုတေ၍ထိုဗြဟ္မာကြီး၏အခြံအရံ ဗြဟ္မာတွေများစွာ ဖြစ်လာကြကုန်၏၊ အထက်အာဘဿရာဘုံမှ စုတေ၍ လာကြသည် ကို ထိုဗြဟ္မာကြီးသည်လည်း မသိ၊ အခြံအရံဗြဟ္မာများစွာတို့သည်လည်း မသိကြကုန်၊ ထိုအခါ၌ ဣဿရနိမ္မာနဒိဋ္ဌိအယူသည် ဖြစ်ပေါ်လာ၏၊

ဖြစ်ပေါ်ပုံကား

အဟမသ္မိ ဗြဟ္မာ မဟာဗြဟ္မာ အဘိဘူ အနဘိဘူတော အညဒတ္ထုဒသော ဝသဝတ္တီ ဣဿရော ကတ္တာ နိမ္မာတာ သေဋ္ဌော သဇိတာ ဝသီ ပိတာ ဘူတဘဗျာနံ မယာ ဣမေ သတ္တာ နိမ္မိတာ၊ တံ ကိဿ ဟေတု၊ မမံ ဟိ ပုဗ္ဗေ ဧတဒဟောသိ ''အဟောဝတ အညေပိ သတ္တာ ဣတ္ထတ္တံ အာဂစ္ဆေယျုန္တိ'' ဣတိ မမ စ မနောပဏိဓိ ဣမေ စ သတ္တာ ဣတ္ထတ္တံ အာဂတာတိ၊ ယေပိ တေ သတ္တာ ပစ္ဆာ ဥပပန္နာ၊ တေသံပိ ဧဝံ ဟောတိ၊ အယံ ခေါ ဘဝံ ဗြဟ္မာ မဟာဗြဟ္မာ။ပ။ ပိတာ ဘူတဘဗျာနံ၊ ဣမိနာ မယံ ဘောတာ ဗြဟ္မုနာ နိမ္မိတာ၊ တံ ကိဿ ဟေတု၊ ဣမံ ဟိ မယံ အဒ္ဒသာမ ဣဓ ပထမံ ဥပပန္နံ၊ မယံ ပနမှာ ပစ္ဆာ ဥပပန္နာ။

အနက်ကား။ ။ အဟံ=ငါသည်၊ ဗြဟ္မာ=ဗြဟ္မာသည်၊ အသ္မိ= ဖြစ်၏၊ မဟာဗြဟ္မာ=အကြီးဆုံးသောဗြဟ္မာသည်၊ အသ္မိ=ဖြစ်၏၊ အဘိဘူ= တစ်ပါးသောသတ္တဝါတို့ကို မိမိတန်ခိုးဖြင့် လွှမ်းမိုးနိုင်၏၊ အနဘိ ဘူတော=မိမိကို သူတစ်ပါးတို့က မလွှမ်းမိုးနိုင်၊ အညဒတ္ထုဒသော= အလုံးစုံကို အဟုတ်အမှန်အားဖြင့် သိနိုင် မြင်နိုင်၏၊ ဝသဝတ္တီ= အလိုရှိတိုင်းဖြစ်နိုင်၏၊ ဣဿရော=လောကကိုအစိုးရ၏၊ ကတ္တာ= လောကကိုအလိုရှိတိုင်း ပြုလုပ်နိုင်၏၊ နိမ္မာတာ= လောကကိုအလိုရှိတိုင်း ဖန်ဆင်းနိုင်၏၊ သေဋ္ဌော=လောကတွင် အကြီးဆုံးဖြစ်၏၊ သဇိတာ= လောကကိုအလိုရှိတိုင်း စီရင်နိုင်၏၊ ဝသီ=စျာန်တန်ခိုးကို အစိုးရ၏၊ ဘူတဘဗျာနံ=ဘူတခေါ်သော ဥပပတ် သတ္တဝါမျိုး, ဘဗျခေါ်သော တစ်ပါးသော သတ္တဝါမျိုးတို့၏၊ ပိတာ=အဖကြီးဖြစ်၏၊ မယာ=ငါသည်၊ ဣမေသတ္တာ=ဤသတ္တဝါတို့ကို၊ နိမ္မိတာ=ဖန်ဆင်းအပ်ကုန်၏၊ တံ=ထိုဖန်ဆင်းသည်ဟူသောစကားသည်၊ ကိဿဟေတု= အဘယ့်အကြောင်းကြောင့် ဆိုထိုက်သနည်းဟူမူကား၊ ဟိသစ္စံ=မှန်၏၊ ပုဗ္ဗေ= ရှေး၌၊ မမံ=ငါ့အား၊ ဧတံ= ဤသို့သောအကြံသည်၊ အဟောသိ= ဖြစ်၏၊ အညေပိ=တစ်ပါးလည်းဖြစ်ကုန်သော၊ သတ္တာ= သတ္တဝါတို့ သည်၊ ဣတ္ထတ္တံ=ဤဘုံသို့၊ အာဂစ္ဆေယျုံ=ပေါ်လာကြကုန်မူကား၊ အဟောဝတ= ဩော်ကောင်းလေစွတကား၊ ဣတိ=ဤသို့၊ မမ စ=ငါ၏လည်း၊ မနောပဏိဓိ=စိတ်ဖြင့်တောင့်တခြင်းသည်၊ ဟောတိ=ဖြစ်၏၊ ဣမေစ သတ္တာ=ဤသတ္တဝါတို့သည်လည်း၊ ဣတ္ထတ္တံ=ဤဘုံသို့၊ အာဂတာ= ပေါ်လာကြကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဝဒါမိ=ဤသတ္တဝါတို့ကို ငါဖန်ဆင်းသည်-ဟုဆိုပေ၏၊

ယေပိ သတ္တာ=အကြင်သတ္တဝါတို့သည်လည်း၊ ပစ္ဆာ=နောက်မှ၊ ဥပပန္နာ=ဖြစ်ပေါ်လာကြကုန်၏၊ တေသံ ပိ=ထိုသတ္တဝါတို့အားလည်း၊ ဧဝံ=ဤသို့သောအကြံသည်၊ ဟောတိ=ဖြစ်၏၊ အယံ ဘဝံ=ဤအရှင် မင်းကြီးသည်၊ ဗြဟ္မာ=ဗြဟ္မာတည်း၊ မဟာဗြဟ္မာ=အကြီးဆုံးသော ဗြဟ္မာတည်း။ ပ။ ဘူတဘဗျာနံ=ဘူတခေါ်သော ဥပပတ်သတ္တဝါ မျိုး, ဘဗျခေါ် သော တစ်ပါးသောသတ္တဝါမျိုးတို့၏၊ ပိတာ=အဖကြီးပေတည်း၊ ဣမိနာ ဘောတော ဗြဟ္မုနာ=ဤအရှင်ဗြဟ္မာမင်းကြီးသည်၊ မယံ= ငါတို့ကို၊ နိမ္မိတာ=ဖန်ဆင်းအပ်ကုန်၏၊ တံ=ထိုသို့ဖန်ဆင်းသည်-ဟူ၍ဆိုခြင်းသည်၊ ကိဿဟေတု= အဘယ်ကြောင့်ဆိုသနည်းဟူမူကား၊ ဟိသစ္စံ= မှန်၏၊ ဣမံ=ဤဗြဟ္မာကြီးကို၊ ဣဓ=ဤဘုံ၌၊ ပထမံ= ရှေးဦးစွာ။ ဥပပန္နံ=ထင်ရှားဖြစ်နေသည်ကို၊ မယံ=ငါတို့သည်၊ အဒ္ဒသာမ=မြင်ရ ကုန်၏၊ မယံ ပန=ငါတို့သည်မူကား၊ ပစ္ဆာ=နောက်မှ၊ ဥပပန္နာ= ဖြစ်ပေါ် လာကြကုန်သည်၊ အမှာ=ဖြစ်ကြကုန်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ ဝဒါမ= ဤဗြဟ္မာကြီးသည်ပင်လျှင် ငါတို့ကို ဖန်ဆင်းသည်-ဟု ဆိုပေသတည်း။

[ ဤကား- ဗြဟ္မာပြည်၌ ဣဿရနိမ္မာနဒိဋ္ဌိရှေးဦးစွာဖြစ်ပုံတည်း။]

သဿတဒိဋ္ဌိဖြစ်ပုံ

ဤစကား၌

၁။ ဘူတခေါ်သော သတ္တဝါမျိုးဆိုသည်ကား ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် ကြီးပွါးမှု ကိစ္စပြီးစီးလျက်ရှိသော ဗြဟ္မာ, ဥပပတ် နတ်ပြည် ၆-ထပ် နတ်ဥပပတ်မျိုးကို ဆိုသတည်း။

၂။ ဘဗျခေါ်သော သတ္တဝါမျိုးဆိုသည်ကား- ပဋိသန္ဓေအခါ၌ သေးငယ်စွာ ဖြစ်ရ၏၊ နောက်၌ ကြီးပွါးခြင်းကို မြော်လင့်ရသော သံသေဒဇသတ္တဝါမျိုး, အဏ္ဍဇသတ္တဝါမျိုး, ဇလာဗုဇ သတ္တဝါမျိုး ကို ဆိုသတည်း။

ထိုဗြဟ္မာကြီးသည် ပထမစျာန်ဘုံမှစ၍ နတ်ဘုံ, လူ့ဘုံတို့၌ ထိုအခါ ဖြစ်ပေါ်လာကြသော သတ္တဝါတို့ကို သူ့အလိုနှင့် ဖြစ်ရသည်၊ သူဖန်ဆင်း၍ဖြစ်ရသည်-ဟု အခိုင်အမြဲယူ၏၊ တစ်ပါးသော ဗြဟ္မာတို့က လည်း ဤအတိုင်းယူကြ၏၊ ဣဿရနိမ္မာနဒိဋ္ဌိပေတည်း။ ဣဿရကုဋ္ဋ, ဗြဟ္မကုဋ္ဋဒိဋ္ဌိ-ဟူ၍လည်းခေါ်၏၊ ထိုဗြဟ္မာငယ် အပေါင်းတို့တွင် အချို့သောဗြဟ္မာတို့သည် ထိုဘဝမှ စုတေ၍ လူ့ဘုံသို့ ရောက်လာကြ ကုန်ပြီးလျှင် အချို့သောသူတို့သည် ရသေ့ ရဟန်းပြုကြကုန်၍ ဘာဝနာ တရားကို အားထုတ်ကြကုန်ရာ စျာန်အဘိညာဉ်ကိုရ၍ ရှေ့ဘဝကို ကြည့်ရှုကြကုန်သောအခါ ထိုဗြဟ္မာကြီးကို၎င်း, မိမိတို့ ဘဝကို၎င်း မြင်ကြ ကုန်၍ ထိုဗြဟ္မာကြီးကား-နိစ္စထာဝရ အမြဲတည်၏၊ ဗြဟ္မာငယ် အပေါင်း တို့ကား အမြဲမရှိ၊ အနိစ္စတို့သာတည်း-ဟု ယူကြကုန်၏၊ ဧကစ္စသဿတဒိဋ္ဌိတည်း။

ပါဠိတော်ကား--

ယော ခေါ သော ဘဝံ ဗြဟ္မာ မဟာဗြဟ္မာ အဘိဘူ အနဘိဘူတော အညဒတ္ထုဒသော ဝသဝတ္တီ ဣဿရော ကတ္တာ နိမ္မာတာ သေဋ္ဌော သဇိတာ ဝသီ ပိတာ ဘူတဘဗျာနံ၊ ယေန မယံ ဘောတာ ဗြဟ္မုနာ နိမ္မိတာ၊ သော နိစ္စော ဓုဝေါ သဿတော အဝိပရိဏာမဓမ္မော သဿတိသမံ တထေဝ ဌဿတိ၊ ယေ ပန မယံ အဟုမှာ တေန ဘောတာ ဗြဟ္မုနာ နိမ္မိတာ၊ တေ မယံ အနိစ္စာ အဓုဝါ အပ္ပါယုကာ စဝနဓမ္မာ ဣတ္ထတ္တံ အာဂတာတိ။

[ဗြဟ္မဇာလသုတ်ပါဠိတော် စာမျက်နှာနံပါတ်-၁၆။]

အနက်ကား။ ။ ခေါ=စင်စစ်၊ ယော သော ဘဝံ ဗြဟ္မာ= အကြင် အရှင်ဗြဟ္မာသည်၊ မဟာဗြဟ္မာ=အကြီးဆုံးသော ဗြဟ္မာတည်း။ အဘိဘူ= တစ်ပါးသော သတ္တဝါတို့ကို မိမိတန်ခိုးဖြင့် လွှမ်းမိုးနိုင်၏၊ အနဘိဘူတော=မိမိကို သူတစ်ပါးတို့က မလွှမ်းမိုးနိုင်၊ အညဒတ္ထုဒသော= အလုံးစုံကို အဟုတ်အမှန်အားဖြင့် သိမြင်နိုင်၏၊ ဝသဝတ္တီ=အလိုရှိတိုင်း ဖြစ်နိုင်၏၊ ဣဿရော=လောကကို အစိုးရ၏၊ ကတ္တာ=လောကကို အလိုရှိ တိုင်း ပြုလုပ်နိုင်၏၊၊ နိမ္မာတာ=လောကကို အလိုရှိတိုင်း ဖန်ဆင်းနိုင်၏၊ သေဋ္ဌော= လောကတွင် အကြီးဆုံးဖြစ်၏၊ သဇိတာ= လောကကို အလိုရှိ တိုင်း စီရင်နိုင်၏၊ ဝသီ=စျာန်တန်ခိုးကို အစိုးရ၏၊ ဘူတဘဗျာနံ= ဘူတခေါ်သော ဥပပတ်သတ္တဝါမျိုး, ဘဗျခေါ်သော တစ်ပါးသော သတ္တဝါမျိုးတို့၏၊ ပိတာ=အဖကြီးဖြစ်၏၊

ဘောတာ=အရှင်သခင်ကြီးဖြစ်သော၊ ယေန ဗြဟ္မုနာ= အကြင် ဗြဟ္မာကြီးသည်၊ မယံ=ငါတို့ကို၊ နိမ္မိတာ=ဖန်ဆင်းအပ်ကုန်၏၊ သော= ထိုဗြဟ္မာမင်းကြီးသည်၊ နိစ္စော=အစဉ်ထာဝရမြဲ၏၊ ဓုဝေါ= ဘဝတစ်ပါးသို့ မရွေ့မယိုင်ခိုင်ခံ့၏၊ သဿတော=မအို မသေ အမြဲနေ၏၊ အဝိပရိဏာမ ဓမ္မော= မဖောက်ပြန်ခြင်း သဘောရှိ၏၊ သဿတိသမံ=ကမ္ဘာ၌အမြဲ တည်သော မြေကြီး မြင်းမိုရ်တောင် နေ လ-တို့နှင့်တူစွာ၊ တထေဝ= ထိုတည်မြဲတိုင်းသာလျှင်၊ ဌဿတိ=နောက်၌လည်း အဆုံးမရှိ တည်နေ လတ္တံ့။

ယေ ပန မယံ=အကြင် ငါတို့သည်ကား၊ ဘောတာ= အရှင်သခင် ကြီးဖြစ်သော၊ တေန ဗြဟ္မုနာ= ထိုဗြဟ္မာမင်းကြီးသည်၊ နိမ္မိတာ= ဖန်ဆင်းအပ်ကုန်သည်၊ အဟုမှာ=ဖြစ်ကုန်၏၊ တေ မယံ=ထိုငါတို့သည်၊ အနိစ္စာ=မမြဲကုန်၊ အဓုဝါ= မခိုင်ခံ့ကုန်၊ အပ္ပါယုကာ=တိုသောအသက်ရှိ ကုန်၏၊ စဝန ဓမ္မာ=ဘဝတစ်ပါးသို့ ရွေ့လျောခြင်း သဘောရှိကုန်သည် ဖြစ်၍၊ ဣတ္ထတ္တံ=ဤလူ့ဘဝသို့၊ အာဂတာ=ရောက်လာကြကုန်၏၊၊ ဣတိဧဝံ=ဤသို့သော ဧကစ္စ သဿတဒိဋ္ဌိအယူသည်၊ ဟောတိ=ဖြစ်၏၊

ဤအယူသည် လူ့ပြည်မှစ၍ နတ်ပြည်ခြောက်ထပ်တိုင်အောင် ပြန့်နှံ့လေ၏၊ [ ဤကား- ဣဿရနိမ္မာနဒိဋ္ဌိ အရင်းရှိသော သဿတဒိဋ္ဌိဖြစ်ပုံတည်း။] ဗြဟ္မာပြည်မှစ၍ဖြစ်သော ပထမဌာနပြီး၏၊

------*------

ဒုတိယဌာန, တတိယဌာန

ဒုတိယဌာန, တတိယဌာနတို့သည်ကား-နတ်ပြည်ခြောက်ထပ် နှင့် စပ်၍ဖြစ်ကုန်၏၊ ဖြစ်ပုံကား-အထပ်နတ်ပြည်ကြီးတို့၌ အလွန်အသက် ရှည်သော နတ်တန်ခိုးကြီးတို့သည်လည်း ရှိကြကုန်၏၊ အသက်တိုသော နတ်တို့သည်လည်း များစွာရှိကြကုန်၏၊ ထိုအသက်တိုသော နတ်တို့သည် ထိုဘဝမှ စုတေကြကုန်၍ လူ့ဘုံသို့ ရောက်လာကြကုန်ပြီးလျှင် အချို့သော သူတို့သည် ရသေ့ ရဟန်းပြုကြကုန်၍ ဘာဝနာတရားကို အားထုတ်ကြ ကုန်ရာ စျာန်အဘိညာဉ်ကိုရ၍ ရှေ့ဘဝသို့ ကြည့်ရှုကြကုန်သောအခါ ထိုနတ်တန်ခိုး ကြီးတို့ကို၎င်း, မိမိတို့ဘဝကို၎င်း မြင်ကြကုန်၍ ထိုနတ် တန်ခိုးကြီးတို့ကား-နိစ္စထာဝရ အမြဲတည်ကုန်၏၊ ငါတို့သည်မူကား အမြဲမရှိ အနိစ္စတို့သာ တည်းဟု ယူကြကုန်၏၊

[ဒုတိယဌာန, တတိယဌာန ပြီး၏၊]

ဤအယူ၌ ထိုအမြဲတည်ရှိကြသော နတ်တန်ခိုးကြီးတို့သည် လောကကိုစောင့်ရှောက်ပြုပြင် စီရင်ဖန်ဆင်းမှုကို ပြုကြကုန်သည်ဟု ယူကြကုန်သောကြောင့် ဣဿရနိမ္မာနဒိဋ္ဌိနှင့် အလားတူ၏၊ ဤ အကြောင်းကိုလည်း ၎င်းပါဠိတော်၌ ဒုတိယေစ-ဘောန္တော သမဏ ဗြာဟ္မဏာ-အစရှိသည်ဖြင့် ဟော်တော်မူ၏၊

[ဤကား-ကမ္ဘာဦးအခါမှစ၍ ဗြဟ္မာ့ပြည်, နတ်ပြည်, လူ့ပြည်တို့၌ ဣဿရနိမ္မာနဒိဋ္ဌိ အရင်းရှိသော သဿတဒိဋ္ဌိ အမျိုးမျိုး ဖြစ်ပွား၍ သွားပုံတည်း။]

ဣဿရကုဋ္ဋ, ဗြဟ္မကုဋ္ဋ, အဂ္ဂညကို ယူသောသူတို့ အစီးအပွားမဲ့ခြင်းသို့ ရောက်ကြပုံ

ဤဣဿရနိမ္မာနဒိဋ္ဌိကို ဣဿရကုဋ္ဋ, ဗြဟ္မကုဋ္ဋ ဒိဋ္ဌိ ဟူ၍လည်း ဟောတော်မူ၏၊

ပါဠိတော်ကား

အဂ္ဂညဉ္စဟံ ဘဂ္ဂဝ ပဇာနာမိ၊ တဉ္စ ပဇာနာမိ၊ တတော စ ဥတ္တရိတရံ ပဇာနာမိ၊ တဉ္စ ပဇာနနံ န ပရာမသာမိ၊ အပရာမ သတော စ မေ ပစ္စတ္တညေဝ နိဗ္ဗုတိ ဝိဒိတာ၊ ယဒဘိဇာနံ တထာ ဂတော နော အနယံ အာပဇ္ဇတိ၊ သန္တိ ဘဂ္ဂဝ ဧကေ သမဏ ဗြာဟ္မဏာ ဣဿရကုဋ္ဋံ ဗြဟ္မကုဋ္ဋံ အာစရိယကံ အဂ္ဂညံ ပညပေန္တိ။

[ဒီဃနိကာယ် သုတ်ပါထေယျပါဠိတော် ပါထိကသုတ် စာမျက်နှာ နံပါတ်၂၀၊ စာကြောင်းရေ-၂၂။]

အနက်ကား။ ။ ဘဂ္ဂဝ=ဘဂ္ဂဝပရဗိုဇ်၊ အဟံ=ငါသည်၊ အဂ္ဂညဉ္စ=အဂ္ဂညအယူကိုလည်း၊ ပဇာနာမိ=သိ၏၊ တတောစ=ထိုထက် လည်း၊ ဥတ္တရိတရံ=လွန်ကဲသောအရာကို၊ ပဇာနာမိ=သိ၏၊ တဉ္စပဇာနနံ= ထို သိခြင်းကိုလည်း၊ န ပရာမသာမိ=တဏှာ, မာန, ဒိဋ္ဌိဖြင့် ငါသိ သည်ဟူ၍ မသုံးသပ်၊ အပရာမသတော-အပရာမသန္တဿ=မသုံး သပ်သော၊ မေ=ငါ့အား၊ ပစ္စတ္တညေဝ=ယခုမျက်မှောက်၌သာလျှင်၊ နိဗ္ဗုတိ= ကိလေသာမီးငြိမ်းခြင်းကို၊ ဝိဒိတာ=သိအပ်၏၊ ယံ=အကြင် အဂ္ဂည အယူကို၊ အဘိဇာနံ-အဘိဇာနန္တော=အလွန်သိသော၊ တထာဂတော= ငါဘုရားသည်၊ အနယံ=အစီးအပွားမဲ့ခြင်းသို့၊ နော အာပဇ္ဇတိ=မရောက်၊၊ ဘဂ္ဂဝ=ဘဂ္ဂဝပရဗုဇ်၊ သန္တိ=လောက၌ရှိကြကုန်၏၊ ဧကေ=အချို့ကုန်သော၊ သမဏဗြာဟ္မဏာ= ရဟန်း ပုဏ္ဏားတို့သည်၊ ဣဿရကုဋ္ဋံ=လောကကို အစိုးရသောသူ ပြုလုပ်ဖန်ဆင်းအပ်သော၊ ဗြဟ္မကုဋ္ဋံ့=ဗြဟ္မာကြီး ပြုလုပ်ဖန်ဆင်းအပ်သော၊ အာစရိယကံ=ဆရာစဉ် ဆက်လာသော၊ အဂ္ဂညံ=အစဦးဟူ၍ သိအပ်သော ရှေ့အစွန်းကို၊ ပညပေန္တိ=ပညတ်ကြ ကုန်၏၊

''ယဒဘိဇာနံ တထာဂတော နော အနယံ အာပဇ္ဇတိ'' ဟူသောပါဌ်၌ အဓိပ္ပါယ်ကား

လောက၌ ဤဣဿရကုဋ္ဋ, ဗြဟ္မကုဋ္ဋ, အဂ္ဂညကို ယူကြကုန် သော သူတို့သည် အစီးအပွါးမဲ့ခြင်းသို့ ရောက်ကုန်ကြ၏၊ အဘယ်သို့ ရောက်ကုန်ကြသနည်းဟူမူကား-ဤလူ့ဘုံ လူ့ဘဝမည်သည် အလွန်ရ ခြင်းငှါ ခဲယဉ်း၏၊ ဘဝပေါင်း တစ်သိန်းတွင် တစ်ကြိမ်မျှ ရခဲလှ၏၊ ဘဝပေါင်း တစ်သန်း, ဘဝပေါင်းတစ်ကုဋေတွင် တစ်ကြိမ်မျှ ရခဲလှ၏၊ အပါယ်လေးဘုံ၌သာ ဘဝတွေ အလွန်များ၍နေကြ၏၊ နောက်သံသရာ၌ ဘဝပေါင်းများစွာ, ကမ္ဘာပေါင်းများစွာ လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ ချမ်းသာကို ပေးနိုင်သော ဒါနကုသိုလ်အမျိုးမိ်ျုး, သီလကုသိုလ် အမျိုးမျိုး, ဘာဝနာကုသိုလ်အမျိုးမျိုးတို့သည် လူ့ဘုံ လူ့ဘဝ၌သာ ဖြစ်နိုင်ကုန်၏၊

နောင်ဘုရားဖြစ်နိုင်ရန်, ပစ္စေကဗုဒ္ဓါဖြစ်နိုင်ရန်, ရဟန္တာဖြစ်နိုင်ရန် ပါရမီကုသိုလ်မျိုးတို့သည်လည်း လူ့ဘုံ လူ့ဘဝ၌သာ ဖြစ်နိုင်ကုန်၏၊ သေကြသည်မှနောက်၌ နတ်ဘုံ, ဗြဟ္မာ့ဘုံဟူသော အထက်ကောင်းကင် ဘုံသို့ ရောက်ကြခြင်းမည်သည် ကုသိုလ်ကံ၏ဆိုင်ရာသာဖြစ်၏၊ နတ်တန်ခိုး, ဗြဟ္မာတန်ခိုး၏ ဆိုင်ရာမဟုတ်၊ ဣဿရခေါ်သော ထိုဗြဟ္မာ မင်းကြီးသည် အလွန်တန်ခိုးကြီးလှ၏ ဆိုသော်လည်း တန်ခိုး၏ အရာ၌ သာ စွမ်းနိုင်၏၊ ကံ၏အရာ၌ မစွမ်းနိုင်၊ ဤဣဿရနိမ္မာနဒိဋ္ဌိကို ခိုင်မြဲစွာယူကြကုန်သော သူတို့သည်ကား၊ ထိုဣဿရသခင်ကြီး၏ အနန္တ တန်ခိုးတော်ဖြင့် ကယ်တင်မှုကိုသာ ယုံကြည်အားကိုး ပြုကြကုန်၏၊

ထိုကုသိုလ်အမျိုးမျိုး, ပါရမီအမျိုးမျိုးတို့မှ ဆိတ်ကင်းကြကုန်၏၊ တန်ခိုး၏အရာ မဟုတ်သည့်အတွက် ထိုဣဿရ သခင်ကြီး၏ ကယ်တင် မှုမှလည်း ဆိတ်ကင်းကြကုန်၏၊ သေသည်မှနောက်၌ အဘယ်သို့ ဖြစ်လိမ့်မည်နည်း-ဟု စဉ်းစားကြရန် အရေးကြီးလှ၏၊

[ဤကား-ဣဿရကုဋ္ဋ, ဗြဟ္မကုဋ္ဋ, အဂ္ဂညကို ယူကြကုန်သော သူတို့သည် အစီးအပွားမဲ့ခြင်းသို့ ရောက်ကြပုံတည်း။]

အလောင်းတော် သုမေဓာရသေ့အဖြစ်မှစ၍ ဘဝအဆက်ဆက် တို့၌ ထိုကုသိုလ်အမျိုးမျိုး, ပါရမီအမျိုးမျိုးတို့ကိုသာ အားကိုးအားထား ပြု၍ လာခဲ့၏၊ ထိုဣဿရသခင်ကြီး၏ ကယ်တင်မှုကို အားကိုးအားထား မပြုသည်ဖြစ်၍ ငါဘုရားသည်မူကား- ထိုကဲ့သို့ အစီးအပွားမဲ့သို့ မရောက်ဟူလိုသည်။

[ဤကား-ယဒဘိဇာနံ တထာဂတော နော အနယံ အာပဇ္ဇတိ-ဟူသောပါဌ်၏ အဓိပ္ပါယ်တည်း။]

ကံ, ဉာဏ်, တန်ခိုးတို့၏ သက်ဆိုင်ရာခြားနားချက်

ဤအရာ၌ ကံ၏သက်ဆိုင်ရာ, ဉာဏ်၏သက်ဆိုင်ရာ, တန်ခိုး၏ သက်ဆိုင်ရာ သုံးပါးကို ခြားနား၍ သိရာ၏၊

၁။ သေလွန်သည်မှနောက်၌ ဘဝအသစ်အသစ်ဖြစ်ပေါ်ခြင်းသည် ကံ၏ဆိုင်ရာသာတည်း၊ တန်ခိုး၏ ဆိုင်ရာမဟုတ်၊ ရှေးကံ ကောင်းလျှင် ကောင်းသည့်အလျောက် မြင့်မြတ်ရာ၌ဖြစ် ပေါ်၏၊ ရှေးကံမကောင်းလျှင် မကောင်းသည့်အလျောက် ယုတ် နိမ့်ရာ၌ ဖြစ်ပေါ်၏၊ နတ်တန်ခိုး, သိကြားတန်ခိုး, ဗြဟ္မာ တန်ခိုးတို့နှင့် ပြုပြင်နိုင်သောအရာမဟုတ်၊ ကယ်တင်နိုင်သော အရာမဟုတ်။

၂။ သတ္တဝါတို့၏ သဏ္ဌာန်၌ ရှိနေကြသော ဒုစရိုက်အပြစ်တို့ကို ပပျောက်စေခြင်းသည် ဉာဏ်၏ ဆိုင်ရာသာတည်း၊ တန်ခိုး၏ ဆိုင်ရာ မဟုတ်၊ ဝိပဿနာဉာဏ်, မဂ်ဉာဏ်တို့ဖြင့် တဏှာ မာန ဒိဋ္ဌိ ကိလေသာတို့ကို ပယ်ရှား၍ ပစ်မှသာလျှင် ထိုဒုစရိုက် အပြစ်တို့သည် ပ, ပျောက်ကြလေကုန်၏၊ နတ်တန်ခိုး, သိကြား တန်ခိုး, ဗြဟ္မာတန်ခိုးတို့နှင့် ပြုပြင်နိုင်သော အရာမဟုတ်။

၃။ မြေထဲသို့ ငုတ်လျှိုးခြင်း, မိုးကောင်းကင်သို့ ပျံသွားခြင်း, အတု အယောင် အကောင်အထည် အထူးထူး အထွေထွေ ဖန်ဆင်း ခြင်းတို့သည်သာလျှင် နတ်တန်ခိုး, သိကြားတန်ခိုး, ဗြဟ္မာ တန်ခိုးတို့ အရာပေတည်း၊ ထို့ကြောင့် ဣဿရသခင်ကြီးသည် မိမိကို ယုံကြည်စွာ ကိုးကွယ်သောသူတို့ကို သေကြသည်မှ နောက်၌ မိမိတန်ခိုးဖြင့် အထက်ကောင်းကင်ဘုံသို့ ကယ်တင် နိုင်သည်ဟူသော အယူသည် အမှောက်အမှား ဝါကြွားသော အယူသာ ဖြစ်လေသတည်း။

ဤတွင်ရွေ့ကား-အင်္ဂလန်ပြည် ဆာရေးမြို့ လန်ဒန်ဒေဝီခေါ် C.A.F.Rice David.၏လျှောက်လွှာတွင် ''ဣဿရကုဋ္ဋ, ဗြဟ္မကုဋ္ဋ အယူဝါဒကြီးနှစ်ပါးကို နှိပ်နင်းပယ်ဖျက်၍ မိမိပကတိသဘာဝအတိုင်း တည်နေသော နိယာမစက်ကြီးသည်သာ ကမ္ဘာလောကကြီး၌ လည်လျက် ရှိနေသည်-ဟု ဖော်ပြပါရှိရာတွင် ဆရာတော်ဘုရားကြီးသည် ဤနိယာမ စက်ကြီးမှာ အစမရှိ၊ အစကင်းသည်-ဟု မှတ်ယူ ယုံကြည်တော် မူပါသလော၊ သို့တည်းမဟုတ် ဤနိယာမစက်ကြီး၏ အစသည် မထင်၊ ''န ပညာယတိဟုသာ မှတ်ယူတော်မူပါသလော''ဟူသော ပုစ္ဆာအဖြေပြီး၏၊

လန်ဒန်-ပါဠိဒေဝီ၏ နိယာမပုစ္ဆာ အဖြေပြီး၏၊

------*------

ယမိုက်ပုစ္ဆာ ငါးချက်

လန်ဒန်-ပါဠိဒေဝီ၏ ယမိုက်ပုစ္ဆာအဖြေ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

[လန်ဒန်ပါဠိအသင်းကြီး၏ ပရီစီဒင် ရီးဒေဗစ် (Mrs C.A.F Rhys Davidsက မုံရွာမြို့ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးထံ မေး လျှောက်သော ပုစ္ဆာငါးချက်ဖြစ်သည်။]

၁။ အဘိဓမ္မာ(၇) ကျမ်းကို ဟောတော်မူရာမှာ ဓမ္မသင်္ဂဏီကျမ်း, ဝိဘင်းကျမ်း, ဓာတုကထာကျမ်း, ပုဂ္ဂလပညတ်ကျမ်း, ကထာဝတ္ထုကျမ်း, ယမိုက်ကျမ်း, ပဋ္ဌာန်းကျမ်း-ဟူ၍ (၇) ကျမ်းရှိသည်တွင် ယမိုက်ကျမ်းသည် (၆) ဆင့်မြောက် ဖြစ်၏၊ ကထာဝတ္ထုကျမ်း၏နောက် အခြားမဲ့၌ကျ၏၊ အဘယ့်ကြောင့် ယမိုက်ကျမ်းကို (၆) ဆင့်မြောက်သော နေရာ၌ ဟောတော်မူပါသနည်း၊ အဘယ်အကျိုးကို ရှုမြော် ၍ ဟောတော်မူပါသနည်း။

၂။ ထို (၆) ဆင့်မြောက်ဖြစ်သော ယမိုက်ကျမ်းသည်လည်း မူလယမိုက်ကျမ်း, ခန္ဓယမိုက်ကျမ်း, အာယတနယမိုက် ကျမ်း, ဓာတုယမိုက်ကျမ်း, သစ္စယမိုက်ကျမ်း, သင်္ခါရ ယမိုက်ကျမ်း, အနုသယယမိုက်ကျမ်း, စိတ္တယမိုက်ကျမ်း, ဓမ္မယမိုက်ကျမ်း, ဣန္ဒြိယယမိုက်ကျမ်းဟူ၍ ဆယ်ကျမ်း ရှိပြန်ရာတွင် မူလယမိုက်ကျမ်းကို ရှေးဦးစွာဟောတော်မူခြင်း၏ အကြောင်းအကျိုးကို၎င်း, ၎င်း၏နောက် အခြားမဲ့ ၌ ခန္ဓယမိုက်ကျမ်းကို (၂) ဆင့်မြောက် ဟောတော်မူခြင်း ၏ အကြောင်းအကျိုးကို၎င်း၊ ဤသို့စသည်ဖြင့် ရှေ့ကျမ်း နောက်ကျမ်း စီစဉ်၍ ဟောတော်မူရာ၌ အကြောင်း အသီးသီး, အကျိုးအသီးသီးကို သိလိုပါသည်။

၃။ ထိုဆယ်ကျမ်းသော ယမိုက်ကျမ်းတို့မှာ အမာခံတရား, အထည်ခံတရား ဆယ်ပါးသာရှိ၏၊ မူလယမိုက်ကျမ်းမှာ လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ-ဟူသော မူလခေါ်သော တရား (၆) ပါးသည် အမာခံအထည်ခံဖြစ်၏၊ ခန္ဓယမိုက်ကျမ်းမှာ ခန္ဓာငါးပါး သည် အမာခံအထည်ခံဖြစ်၏၊ ဤသို့စသည်ဖြင့် ယမိုက် ဆယ်ကျမ်းမှာ တရားဆယ်မျိုး သာရှိကုန်၏၊ စျာန် တရား, မဂ်တရား စသည်များစွာကျန်ရှိ၏၊ စျာန်တရားအတွက် စျာနယမိုက်ကျမ်း, မဂ်တရားအတွက် မဂ္ဂယမိုက်ကျမ်း စသည်ဖြင့် ဟောတော်မူရန် များစွာကျန်ရှိ၏၊ ထိုသို့ ဖြစ်ပါလျက် တရားဆယ်မျိုးအတွက် ယမိုက်ဆယ်ကျမ်းကို သာ ဟောတော်မူခြင်း၌ အကြောင်းအကျိုးကို ပြဆိုပါ။

၄။ ထိုယမိုက်ဆယ်ကျမ်းတို့မှာလည်း တစ်ခုတစ်ခုသော စကား အချက်, တရားအချက်, အနက်သဘော ထိုထိုနေရာမှာ အခါခါ အထပ်ထပ် ရှိနေသည်ကား-အလွန်ကြီးများပြား၏၊ အလွန်ကြီး များပြားစွာ အခါခါ အထပ်ထပ် ပါရှိ၍နေခြင်း ၏ အကြောင်းအကျိုးကို ပြဆိုပါ။

၅။ ထိုယမိုက်ဆယ်ကျမ်းတို့တွင် အသီးအသီး တစ်ကျမ်းတစ် ကျမ်း၏ လိုရင်းထက်လိုရင်း အကျဉ်းအချုပ် သရုပ်သဘော ကို ပြဆိုပါ။

[မြန်မာသက္ကရာဇ် ၁၂၇၃-ခု၊ နတ္တော်လအတွင်း မန္တလေးမြို့တွင် ရပ်တန့် နေထိုင်စဉ်အခါ ငါတို့အထံသို့ရောက်လာသော လန်ဒန်ပုစ္ဆာငါးချက်။]

------*------

လယ်တီဆရာတော်ဘုရားကြီး ဖြေဆိုချက် ပထမယမိုက်ပုစ္ဆာအဖြေ

ယမိုက်ကျမ်းကို (၆) ဆင့်မြောက်ပြု၍ ဟောတော်မူရာ၌ အကြောင်းကား

သဗ္ဗညုတဉာဏ်တော်သည် အစွမ်းသတ္တိ သုံးပါးရှိ၏၊

၁။ ခပ်သိမ်းသောတရားတို့ကို အကြွင်းအကျန်မရှိ အကုန် အစင် သိမြင်နိုင်ခြင်းတစ်ပါး။

၂။ ထိုတရားတို့ကို ဘယ်လိုပေါင်းစု၍ ဟောထိုက်သည်, ဘယ်လိုစိတ်ဖြာ၍ ဟောထိုက်သည်, ဟောပုံမျိုး ဟောနည်းမျိုးတို့ကို အကြွင်းအကျန်မရှိ အကုန်အစင် သိမြင်နိုင်ခြင်းတစ်ပါး။

၃။ တရားနာသူတို့၏ စိတ်သဘော, ဉာဏ်, ဓာတ်ခံ, ဓာတ်ရင်း, အတွင်းအခြေအနေတို့ကို အကုန်အစင် သိမြင်နိုင်ခြင်း တစ်ပါး။

ဤသို့လျှင် သဗ္ဗညုတဉာဏ်သည် အစွမ်းသတ္တိ သုံးပါးရှိ၏၊ ထိုသုံးပါးတို့တွင် အဘိဓမ္မာ အောက်ငါးကျမ်းတို့မှာ ခပ်သိမ်း သော တရားဓမ္မ ဟူသမျှ အကြွင်းအကျန်မရှိ ကုန်စင်သိ၏၊ ဟောပုံမျိုး, ဟောနည်းမျိုးတို့သည်မူကား မကုန်သေး၊ ယမက ဟောပုံဟောနည်း ကြွင်းကျန်လျက်ရှိ၏၊

ယမက ဟောပုံဟောနည်းဆိုသည်ကား တရားနှစ်ပါး နှစ်ပါး တို့ကို အစုံအစုံတွဲဖက်၍ ဟောနည်းကို ယမကဟောနည်းဆို သည်၊ ထိုကြောင့် ထိုငါးကျမ်းတို့၏ နောက်၌ (၆) ဆင့်မြောက်ပြု၍ ယမိုက်ကျမ်း ကို ဟောတော်မူသည်။

[ဤကား-အကြောင်းတည်း။]

အကျိုးမှာမူကား-အောက်ငါးကျမ်းတို့၌ မပါသေးသော အထူး အပြားတို့ကို ယမိုက်ကျမ်းမှာမှ ပါရှိသဖြင့် အသိဉာဏ် သစ်လင်းရခြင်း အကျိုးရှိ၏၊

[ဤကား-အကျိုးတည်း။]

ပထမယမိုက်ပုစ္ဆာ အဖြေပြီး၏၊

------*------

ဒုတိယ ယမိုက်ပုစ္ဆာ အဖြေ

ယမိုက်ဆယ်ကျမ်းတို့တွင်လည်း မူလယမိုက်ကျမ်းကို ပထမ, ၎င်းနောက် ခန္ဓ, ၎င်းနောက် အာယတနစသည်ဖြင့် စီစဉ်၍ ဟောတော် မူရာ၌ အကြောင်းကား

အဘိဓမ္မာ အောက်ငါးကျမ်းတို့၌ အလွန်ကျယ်ဝန်းစွာ ဟောတော်မူအပ်ပြီးသော တရားအပေါင်းတို့၏အတွင်း၌ အလွန်အစွမ်း အာနုဘော်ကြီးမားကြကုန်သော တရား ၉-ပါးတို့သည် ပါရှိကြကုန်၏၊ ထိုကျမ်းတို့၌ ထိုတရားတို့ကို အထူးထုတ်ဖော်၍ မပြရကုန်သေး၊ ဤအခါ၌ ပြခွင့်ဆိုက်၏၊ ထို့ကြောင့် ထိုတရား ၉-ပါးတို့ကို အထူး ထုတ် ဖော်၍ ပြခြင်းငှါ အဘိဓမ္မာ အောက်ငါးကျမ်း၏အခြားမဲ့၌ မူလယမိုက် ကျမ်းကို ရှေးဦးစွာ ဟောတော်မူပေသည်။

[ဤကား-အကြောင်းတည်း။]

အလွန်အစွမ်း အာနုဘော်ကြီးမားသော တရား ၉-ပါး ဆိုသည် ကား

- လောဘ, ဒေါသ, မောဟ-ဟူသော အကုသိုလ် မူလတရား သုံးပါး။

- အလောဘ, အဒေါသ, အမောဟ-ဟူသော ကုသိုလ်မူလ တရား သုံးပါး။

- ထို့အတူ အလောဘ, အဒေါသ, အမောဟ-ဟူသော အဗျာ ကတ မူလတရားသုံးပါး။

ဤ ၉-ပါးတို့ပေတည်း။

ထို့ပြင်လည်း ဗုဒ္ဓဘာသာ သာသနာ၌ အကြီးဆုံးသော အရေး အခွင့်ကြီး သုံးပါးရှိ၏၊ အရေးအခွင့်ကြီး သုံးပါးဆိုသည်ကား-ပရိညာ ကိစ္စကြီး သုံးပါးပေတည်း၊ ပရိညာကိစ္စကြီး သုံးပါးဆိုသည်ကား အသိဉာဏ်၏ ပိုင်နိုင်ပေါက်ရောက် ပြီးမြောက်အောင်မြင်ခြင်းကိစ္စကြီး သုံးပါးဆိုလိုသည်။

သုံးပါးဟူသည်ကား--

၁။ ပထမ-ဉာတပရိညာ ကိစ္စကြီး တစ်ပါး,

၂။ ဒုတိယ-တီရဏပရိညာကိစ္စကြီး တစ်ပါး,

၃။ တတိယ-ပဟာနပရိညာကိစ္စကြီး တစ်ပါး,

ဤသုံးပါးတို့ပေတည်း။

ပထမဉာတပရိညာကိစ္စကြီး

ထိုသုံးပါးတို့တွင် ပထမဉာတပရိညာကိစ္စကြီးသည်လည်း နှစ်ပါး ရှိပြန်၏၊ နှစ်ပါးဆိုသည်ကား-

၁။ ဓမ္မဝဝတ္ထာနဉာဏ်ကိစ္စကြီး တစ်ပါး,

၂။ ပစ္စယပရိဂ္ဂဟဉာဏ်ကိစ္စကြီးတစ်ပါး,

ထိုနှစ်ပါးတွင်

၁။ ဓမ္မဝဝတ္ထာနဉာဏ်ကိစ္စ ဆိုသည်ကား-လောက၌ ပုဂ္ဂိုလ်-ဟူ၍ လည်း မရှိ, သတ္တဝါ-ဟူ၍လည်း မရှိ, ရုပ်တရား နာမ်တရား သာရှိ၏၊ ဘယ်ဟာစုကား-ရုပ်တရားမျိုးပေတည်း၊ ဘယ်ဟာ စုကား နာမ်တရားမျိုးပေတည်း၊ ရုပ်တရားသည်လည်း ပုဂ္ဂိုလ်သတ္တဝါ မဟုတ်, နာမ်တရား သည်လည်း ပုဂ္ဂိုလ်သတ္တဝါ မဟုတ်, ရုပ်တရား, နာမ်တရားတို့မှအလွတ် ပုဂ္ဂိုလ်သတ္တဝါဟူ၍လည်း အဏုမြူမျှ မရှိ-ဟု ခြားခြားနားနား သိမြင် ထင်လင်း သော ဉာဏ်ကိစ္စကို ဓမ္မဝဝတ္ထာနဉာဏ် ကိစ္စဆိုသတည်း။

[ထိုဓမ္မဝဝတ္ထာနဉာဏ်ကိစ္စကို အဘိဓမ္မာ အောက်ငါးကျမ်းတို့ဖြင့် ပြည့်စုံစေ၏၊ ထိုမှနောက်၌ ပစ္စယပရိဂ္ဂဟဉာဏ်ကို ပြည့်စုံစေရန် အခွင့်ဆိုက်၏၊]

၂။ ပစ္စယပရိဂ္ဂဟဉာဏ် ဆိုသည်ကား-ပုဂ္ဂိုလ် မဟုတ်, သတ္တဝါ မဟုတ်ကြကုန်သော ထိုရုပ်တရား, နာမ်တရားတို့၏ ဖြစ်ပေါ်ရန် အကြောင်းတရားတို့ကို သူ့အကြောင်းနှင့် သူ့အကျိုး ခြားနားစွာ သိမြင်ထင်လင်းသော ဉာဏ်ကိစ္စကိုဆိုသတည်း၊ အကြောင်း တရား အများရှိကြသည်တွင်လည်း မူလတရားကိုးပါးတို့သည် မူလတရားမျိုး ဖြစ်ကြကုန်၏၊ အခြေအမြစ် အရင်းစစ်သော တရားမျိုး ဖြစ်ကြကုန်၏၊ ထို့ကြောင့် ဤနေရာ ဤဌာနမှာ မူလ ယမိုက်ကျမ်းကို ရှေးဦးစွာ ဟောတော်မူသတည်း။

[ဤကား-အကြောင်းတည်း]

အကျိုးကိုပြဆိုပေအံ့။ အကျိုးကိုပြဆိုပေအံ့။။ ထိုရုပ်တရား, နာမ်တရားတို့၏ ဖြစ်ပေါ်ရန်အကြောင်းတရား ဟူသည်လည်း ရုပ်တရား, နာမ်တရားတို့မှ အလွတ် တခြားတစ်ပါး မဟုတ်ကြကုန်ပြီ၊ ရုပ်တရား, နာမ်တရား ချင်းချင်းတွင်သာ အကြောင်းကိစ္စ, အကျိုးကိစ္စ ပြီးစီးကြကုန်၏၊ ထိုသို့ပြီးစီးပုံကို ဤမူလယမိုက်ကျမ်းဖြင့် ပြတော်မူသည်၊ ဤသို့ ပြတော် မူခြင်းသည် လောက၏ဖြစ်ပေါ်ရန် အကြောင်းတရား၌ ယူမှားခြင်း အမျိုးမျိုးတို့ကို ပယ်ဖျောက်စေရခြင်း အကျိုးရှိ၏၊

[ ဤကား- အကျိုးတည်း]

လောက၏ဖြစ်ပေါ်ရန် အကြောင်းတရား၌ ယူမှားခြင်း အမျိုး မျိုး ဆိုသည်ကား

၁။ လောက၌ သုခ, ဒုက္ခ, သုစရိုက်, ဒုစရိုက်, အမိုက်, အလိမ္မာဟူသမျှသည် ရှေးဘဝကပြုခဲ့သော ကံဟောင်း ကြောင့်သာဖြစ်၏၊ ရှေးကံဟောင်းမှတစ်ပါး အကြောင်း မရှိ-ဟု ယူမှားခြင်းတစ်ပါး။

၂။ လောက၌ သုခ, ဒုက္ခ, သုစရိုက်, ဒုစရိုက်, အမိုက်, အလိမ္မာဟူသမျှသည် ထာဝရဘုရားတန်ခိုးတော် ကြောင့်သာဖြစ်၏၊ ထာဝရဘုရားတန်ခိုးတော်မှ တစ်ပါး အကြောင်းမရှိ-ဟု ယူမှားခြင်းတစ်ပါး။

၃။ လောက၌ သုခ, ဒုက္ခ, သုစရိုက်, ဒုစရိုက်, အမိုက်, အလိမ္မာဟူသမျှသည် အကြောင်းဟူ၍ မရှိ၊ မိမိ လျောက်လျားဖြစ်ကြရ၏ဟု ယူမှားခြင်းတစ်ပါး။ ဤသုံးပါးကို တိတ္ထာယတန တရားသုံးပါးဟူ၍ ဟောတော်မူ သည်။

တိတ္ထာယတနဆိုသည်ကား-လောက၌ရှိကြသော မိစ္ဆာဒိဋ္ဌိဟူ သမျှတို့၏ သက်ဝင်ရာ ရေဆိပ်ကြီးသဖွယ်ဖြစ်သော ဒိဋ္ဌိကြီးသုံးပါး ဆိုလိုသည်။

ယုံမှားခြင်းအမျိုးမျိုးဆိုသည်ကား

၁။ ဘုရား၌ ယုံမှားခြင်း,

၂။ တရား၌ ယုံမှားခြင်း,

၃။ သံဃာ၌ ယုံမှားခြင်း,

၄။ သိက္ခာသုံးပါး၌ ယုံမှားခြင်း,

၅။ အတိတ်ဘဝ၌ ယုံမှားခြင်း,

၆။ အနာဂတ်ဘဝ၌ ယုံမှားခြင်း,

၇။ ပစ္စုပ္ပန်ဘဝ၌ ယုံမှားခြင်း,

၈။ ပဋိစ္စသမုပ္ပါဒ်တရား၌ ယုံမှားခြင်း, ရှစ်ပါးရှိ၏၊

ဤမူလယမိုက်ကျမ်းဖြင့် သတ္တဝါတို့၏သန္တာန်၌ ပစ္စုပ္ပန်မူလ အကြောင်းရင်းကြီး ကိုးပါးကိုပြသဖြင့် ထိုတိတ္ထာယတနကြီးသုံးပါး, ယုံမှားခြင်းအမျိုးမျိုးတို့ကို ပယ်ဖျောက်စေရခြင်း အကျိုးရှိ၏၊

ပယ်ဖျောက်ပုံကား။ ။ လောက၌ သုခ, ဒုက္ခ, သုစရိုက်, ဒုစရိုက်, အမိုက်, အလိမ်မာဟူသမျှသည် ရှေးကံဟောင်းကြီးနှင့် ဖြစ်နိုင် သည် မဟုတ်၊ ယခုပစ္စုပ္ပန်ဘဝမှာလည်း ထိုတရားတို့ ဖြစ်ပေါ်နိုင်ရန် အကြောင်း တရားများစွာရှိကုန်သေး၏၊

လောကတွင် သစ်ပင်, နွယ်, မြက်, ကောက်ပဲ, စပါးတို့ ဖြစ်ပေါ် ပေါက်ပွားကြရာ၌ မျိုးစေ့တစ်ခုတည်းနှင့် ဖြစ်နိုင်သည်မဟုတ်၊ မြေဥတု, ရေဥတုစသည်ရှိပါမှ ဖြစ်ပေါ်ပေါက်ပွားနိုင်ကြကုန်၏၊ ကောက်ပဲ, စပါးတို့မှာ မြေဥတု, ရေဥတု ပြုလုပ်ပျိုးထောင်သူ စသည်ရှိပါမှ ဖြစ်ပေါ် ပေါက်ပွားနိုင်ကြကုန်၏၊

* ရှေးကံဟောင်းသည် မျိုးစေ့နှင့် တူ၏၊

* ယခုပစ္စုပ္ပန် အကြောင်းတို့သည် မြေဥတု, ရေဥတု, လယ်မြေ, ယာမြေ, မိုးရေမိုးပေါက်, ပြုလုပ်ပျိုးထောင်သူ စသည်တို့နှင့် တူကုန်၏၊

* ဤရှေးကံဟောင်းတစ်ခုကိုသာ ယူခြင်းသည် ပစ္စုပ္ပန်အကြောင်း တို့ကို ပစ်ပယ်သည့်အတွက် အမှားဖြစ်ရ၏၊

* ထာဝရဘုရားတန်ခိုးတော်ကြောင့်သာ ဖြစ်နိုင်၏-ဟူသော ဒုတိယအယူသည် ရှေးကံဟောင်းကို၎င်း, ပစ္စုပ္ပန်အကြောင်း တို့ကို၎င်း အကုန်ပစ်၍ မစပ်ရာ မဆိုင်ရာ ထာဝရဘုရားတန်ခိုး ကို ယူသည့်အတွက် အမှားကြီးမှား၏၊

* အကြောင်း-ဟူ၍ပင် မရှိ-ဟူသော တတိယအယူသည် မူကားအမှားဆုံးကြီးဖြစ်၏၊

ထိုအယူတို့ကိုလည်း ယူသည်မဟုတ်၊ အမှန်ကိုလည်း နေရာကျ မသိရဘူး၊ စပ်ကြိုစပ်ကြား လူ့ရောင်ဝါးတို့သည်မူကား- မိစ္ဆာဒိဋ္ဌိဖက်သို့ လည်းမပါ, သမ္မာဒိဋ္ဌိဖက်သို့လည်း မရောက် ရှိနေကြကုန်၏၊ ထိုသူတို့တွင် မောဟလွန်ကဲကြသော သတ္တဝါတို့မှာ အကြံမရှိ, အစည်မရှိ၊ မသိသမား လုံးလုံး မောဟတုံးတွေဖြစ်၍နေကြကုန်၏၊

သတ္တဝါတို့၏ အကြောင်းအရာ၌ တရားမှန်ကို မတွေ့ကြသည့် အတွက် သမ္မာဒိဋ္ဌိဖက်သို့ မသက်ဘဲ ဝိတက်အနေနှင့် ထွေထွေ ပြားပြား အကြံသမားတို့မှာ ဘုရားကိုမယုံကြည်နိုင်, မကြည်ညိုနိုင်၊ ဘုရားဂုဏ် ပုဒ်ကို ထုတ်ဖော်ပြောဟောလျှင် ကြည်လင်ရွှင်လန်းသော စိတ်မျိုးပင် မရှိနိုင်၊ ဝိစိကိစ္ဆာတုံးတွေ ဖြစ်၍နေကြကုန်၏၊

[တရားဂုဏ်စသည်တို့၌လည်း ဤနည်းတူမှတ်လေ။]

ဤသို့လျှင် ဤနေရာဌာန ဤမူလယမိုက်ကျမ်းကို ဟောတော် မူရခြင်းသည် ပစ္စယပရိဂ္ဂဟဉာဏ်ကို တစ်စိတ်တစ်ဒေသအားဖြင့် ပြပြီးလျှင် လောက၏ဖြစ်ရန် အကြောင်းတရား၌ ယူမှားခြင်းအမျိုးမျိုး, ယုံမှားခြင်းအမျိုးမျိုးတို့ကို ပယ်ဖျောက်စေရခြင်း အကျိုးရှိ၏၊

ဤကျမ်း၏ အနက်အဓိပ္ပါယ်ကို ပေါက်ရောက်စွာ နာကြကုန် သည်ရှိသော် ထိုမသိသမား, ဒိဋ္ဌိသမား, ဝိစိကိစ္ဆာသမားတို့ကို ကယ်ချွတ် ရခြင်း အကျိုးရှိ၏၊ ပဋိစ္စသမုပ္ပါဒ်တရားကို ကောင်းစွာသိမြင် ထင်လင်းမှု သည်လည်း ထိုအကျိုးကို ပြီးစေနိုင်၏၊

[ဤကား-ပထမဉာတပရိညာကိစ္စကြီး နှစ်ပါးတည်း။]

------

ဒုတိယ တီရဏ ပရိညာကိစ္စကြီး

ပထမဉာတပရိညာကိစ္စကြီး၏ အခြားမဲ့၌ ဒုတိယတီရဏ ပရိညာကိစ္စကြီးကို ပြည့်စုံစေရန် အခွင့်ဆိုက်၏၊

တီရဏပရိညာ ကိစ္စကြီးဆိုသည်ကား-ရုပ်တရား, နာမ်တရား တို့၏အပေါ်၌ အဆုံးတိုင် ပြီးပြတ်အောင် ရွက်ဆောင်ရန် ဉာဏ်ကိစ္စ ကြီးကို ဆိုသတည်း။

ထိုတီရဏပရိညာ ကိစ္စကြီးသည်လည်း

၁။ အနိစ္စပရိညာ ကိစ္စတစ်ပါး,

၂။ ဒုက္ခပရိညာ ကိစ္စတစ်ပါး,

၃။ အနတ္တပရိညာ ကိစ္စတစ်ပါး ဟူ၍ သုံးပါးရှိပြန်၏၊

ထိုတီရဏပရိညာ ကိစ္စကြီးသုံးပါးကို အားထုတ်လိုသည်ရှိသော် ရုပ်တရား, နာမ်တရားတို့ကို အပေါင်းအစုအားဖြင့် ဖွဲ့စည်း၍ အားထုတ် ရာ၏၊ အပေါင်းအစုဆိုသည်ကား-အလုံးစုံသော ရုပ်တရား နာမ်တရား တို့ကို ခန္ဓာအားဖြင့် ငါးပါးအစုပြု၍ ဖွဲ့စည်းခြင်း, အာယတနအားဖြင့် တစ်ဆဲ့နှစ်ပါးပြု၍ ဖွဲ့စည်းခြင်း, ဓာတ်အားဖြင့် တစ်ဆဲ့ရှစ်ပါးပြု၍ ဖွဲ့စည်းခြင်းပေတည်း။

ထို့ကြောင့် ပထမဉာတ ပရိညာကိစ္စပြီးမြောက်သည်၏ အခြား မဲ့၌ ဒုတိယတီရဏပရိညာကိစ္စကြီးကို ပြည့်စုံစေခြင်းငှါ မူလယမိုက် ကျမ်း၏ အခြားမဲ့၌ ခန္ဓယမိုက်ကျမ်း, ၎င်း၏အခြားမဲ့၌ အာယတန ယမိုက်ကျမ်း, ၎င်း၏အခြားမဲ့၌ ဓာတုယမိုက်ကျမ်းကို ဟောတော်မူ၏၊ ၎င်းနောက် တတိယပဟာန ပရိညာကိစ္စကြီးကို ပြည့်စုံစေခြင်းငှါ သစ္စယမိုက်ကျမ်းကို ဟောတော်မူ၏၊

[ဤကဲ့သို့ ရှေ့နောက်အစီအစဉ်၏ အကြောင်းအကျိုးကို ပြဆိုမှုမည်သည် ပြဆိုဖွယ်ပရိယာယ် အလွန်များပြား၏၊ ထုတ်ဖော်၍ မပြ မဆိုသော်လည်း ထိုထိုအကြောင်းအကျိုး ပြီးစီးလျက်ရှိ၏၊ ထို့ကြောင့် အထက်ငါးကျမ်းတို့၏ အစီအစဉ် အကြောင်းအကျိုးတို့ကို မဆိုလိုက်ပြီ။]

ဒုတိယ ယမိုက်ပုစ္ဆာအဖြေပြီး၏၊

တတိယ ယမိုက်ပုစ္ဆာအဖြေ

မူလတရား ၉-ပါး, ခန္ဓာတရားငါးပါးစသည်ဖြင့် ဆယ်ပါးသော တရားမျိုးတို့ကိုသာလျှင် ယမိုက်ဆယ်ကျမ်းပြု၍ ဟောတော်မူ၏၊ စျာနဓမ္မ, မဂ္ဂဓမ္မစသည်ဖြင့် ကျန်ရှိသော တရားတို့ကိုမူကား-ယမိုက် ကျမ်းပြု၍ မဟောရာ၌ အကြောင်းကား- ထိုဆယ်ပါးတို့ကို ယမိုက် ဆယ်ကျမ်းပြု၍ ဟောတော်မူသဖြင့်ပင်လျှင် စျာနဓမ္မ, မဂ္ဂဓမ္မ စသည်ဖြင့် ကျန်ရှိသော တရားတို့ကို ယမိုက်ကျမ်းပြု၍ ဟောပုံနည်းသည် ပညာရှိ ပုဂ္ဂိုလ်တို့အား ထင်ရှားသိသာလောက်ပြီဖြစ်၍ မဟောပေသည်။

[ထင်ရှားသိသာပုံ အတန်ငယ်အကျယ်မှာ ထိုအဖြေပါဠိတွင် ပါရှိလေပြီ။] တတိယ ယမိုက်ပုစ္ဆာအဖြေပြီး၏၊

-----*------

စတုတ္ထ ယမိုက်ပုစ္ဆာအဖြေ

ထို ယမိုက်ဆယ်ကျမ်းတို့မှာ တစ်ခုတစ်ခုသော တရားအတွက် အနက်သဘော ထိုထိုနေရာမှာ အထပ်ထပ်အခါခါ အလွန်များစွာပါရှိ၍ နေရာ၌ အကြောင်းကား

ဒေသနာဂတိသည် ၁။ သုတ္တန်ဒေသနာ ဂတိတစ်မျိုး,

၂။ အဘိဓမ္မာ ဒေသနာ ဂတိတစ်မျိုး, ဟူ၍ နှစ်မျိုးရှိ၏၊

[သုတ္တန်ဒေသနာ အလားတစ်မျိုး, အဘိဓမ္မာဒေသနာ အလားတစ်မျိုး ဆိုလိုသည်။]

ထိုနှစ်မျိုးတို့တွင်

၁။ သုတ္တန်ဒေသနာဂတိဆိုသည်ကား-တရားနာပရိသတ် ၏သန္တာန်ကို ကြည့်တော်မူ၍ တရားနာပရိသတ်၏ ဉာဏ်နှင့်တော်တန်ရုံ, လျော်ကန်ရုံ တိုင်းတာ၍ ဟော ခြင်းတည်း။

၂။ အဘိဓမ္မာ ဒေသနာဂတိဆိုသည်ကား- တရား၏ သန္တာန်ကို ကြည့်တော်မူ၍ တရား၏အလား ရှိ သလောက် လွှတ်၍ ဟောတော်မူခြင်းတည်း။

တရား၏ အလားမည်သည် အလွန်များပြား ကျယ်ဝန်း၏၊ ပထဝီဓာတ်သည် တစ်ခုသောတရား ဖြစ်၏၊ ထိုတစ်ခုသော ပထဝီဓာတ် တရား၏အလားမည်သည် အလွန်များပြား ကျယ်ဝန်း၏၊ မြေအမျိုးမျိုး၊ ကျောက်အမျိုးမျိုး, ရွှေအမျိုးမျိုး, ငွေအမျိုးမျိုး, ကြေးအမျိုးမျိုး, သံအမျိုးမျိုး စသည်ဖြင့်၎င်း, သစ်အမျိုးမျိုး, ဝါးအမျိုးမျိုး, အမြစ်ပင်စည်အမျိုးမျိုး, အကိုင်းအခက် အရွက်အသီးအမျိုးမျိုး စသည်ဖြင့်၎င်း ဗဟိဒ္ဓပထဝီ မျိုးမှာလည်း အသင်္ချေယျ အနန္တများပြား၏၊ ဆံပင်အမျိုးမျိုး, မွေးညှင်း အမျိုးမျိုး, ခြေသည်းလက်သည်းအမျိုးမျိုး, သွားအမျိုးမျိုး, အရေအမျိုး မျိုးစသည်ဖြင့် အဇ္ဈတ္တပထဝီမျိုးမှာလည်း အလွန်များပြား၏၊

လောဘသည် တစ်ခုသောတရားဖြစ်၏၊ ထိုတစ်ခုသော လောဘတရား၏ အလားမည်သည် အလွန်များပြား ကျယ်ဝန်း၏၊ အဆင်း၌မက်မောခြင်း အမျိုးမျိုး, အသံ၌မက်မောခြင်းအမျိုးမျိုး စသည်တည်း။

သတ္တဝါတို့၏ ကျွတ်လွတ်မှုမည်သည် ဉာဏ်အမြင် ပေါက်နိုင်မှ ကျွတ်နိုင်၏၊ ဉာဏ်အမြင် ပေါက်မှုမည်သည် မိမိဉာဏ်အားနှင့် တန်ရုံမှ ပေါက်နိုင်၏၊ အလွန်များပြားခဲ့သော် အမြင်ပေါက်ရန်ဝေးစွ၊ မှတ်ရုံမျှပင် မမှတ်နိုင်ရှိကြ၏၊ မှတ်ရုံမျှပင် မမှတ်နိုင်လျှင် အမြင်ပေါက်နိုင်ကြရန်, အကျွတ်တရား ရနိုင်ကြရန် အလွန်ကွာဝေးကြ၏၊

ထို့ကြောင့် ဝေနေယျသတ္တဝါတို့ကို ယခုကျွတ်လွတ်ကြစေရန် ဟောတော်မူသော သုတ္တန်ဒေသနာတို့မှာ ထိုသတ္တဝါတို့၏ ဉာဏ်နှင့် တော်တန်ရုံမျှ တိုင်းတာ၍ ဟောတော်မူ၏၊

တရားဓမ္မတို့၏အလား, ဉာဏ်တော်၏အလား ဤနှစ်ပါးတို့ကို အလွှတ်ဖွင့်လို၍ ဟောတော်မူသော အဘိဓမ္မာဒေသနာတို့မှာ တရား၏ သန္တာန်ကို ကြည့်မြော်တော်မူ၍ တရား၏အလားရှိသလောက် လွှတ်၍ ဟောတော်မူ၏၊

ထို့ကြောင့် ယခုကာလ အဘိဓမ္မာ ပါဠိတော်ကြီးများကို ကြည့်ရှု ကြသူ လူပုဂ္ဂိုလ်တို့က အထပ်များလွန်းသည်, ကျယ်ပွားလွန်းသည်ဟူ၍ ဆိုခွင့်မရှိ၊ ငါတို့နှင့်တိုင်းတာ၍ ငါတို့ကျွတ်နိုင်ဖို့ ဟောသောဒေသနာ မဟုတ်ပေ၊ အကြောင်းတစ်မျိုး, အကျိုးတစ်မျိုးနှင့် ဟောသောဒေသနာ ဖြစ်ပေသည်-ဟု ကျေနပ်ကြရကုန်၏၊

[အကြောင်းတစ်မျိုးကား-ထင်ရှားပြီ။]

------*------

အကျိုးတစ်မျိုးကား။။ထိုကဲ့သို့ အကျယ်အပွား ဟောတော် မူရခြင်းသည် မဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့ ပေါက်ရောက်ကြကုန်သော သာသနာတော်ထမ်း ရဟန်းသံဃာတော်အပေါင်းတို့အား ပဋိသမ္ဘိဒါ ဉာဏ် ပညာတရား တိုးပွားကြီးကျယ်စေရခြင်း အကျိုးရှိ၏၊ ယခုကာလ ရှိနေကြကုန

ဘုရားသာသနာတော်၌ အကျွတ်တရားကို ရကြကုန်သော ရဟန်း ရှင်လူအပေါင်းတို့တွင် ပဋိသမ္ဘိဒါပတ္တ ဖြစ်ကြသူတို့သည် အထွက်အထိပ် ဖြစ်ကြကုန်၏၊ ရဟန်းယောကျ်ားတို့တွင် အရှင် သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလာန်, အရှင်အာနန္ဒာ စသည်တို့ပေ တည်း၊ ရဟန်းမိန်းမတို့တွင် ရှင်ခေမာ, ရှင်ဓမ္မဒိန္နာ စသည်တို့ပေတည်း၊ လူယောကျ်ားတို့တွင် စိတ္တသူကြွယ်, ဥဂ္ဂသူကြွယ်, ဥပါလိသူကြွယ် စသည် တို့ပေတည်း၊ လူမိန်းမတို့တွင် ဝေဠုကန္တကီ, ဥတ္တရာစသည်တို့ပေတည်း။

[ပဋိသမ္ဘိဒါဉာဏ်ဆိုသည်ကား-မြတ်စွာဘုရားတို့၏ တစ်ခွန်းသော တရား စကားကို ကြားသိရလျှင် နည်းတစ်ရာ နည်းတစ်ထောင်တို့ဖြင့် အကျယ် ဝေဖန်နိုင်သော ဉာဏ်ပညာမျိုးပေတည်း။]

စတုတ္ထ ယမိုက်ပုစ္ဆာအဖြေပြီး၏၊

------

ပဉ္စမ ယမိုက်ပုစ္ဆာ အဖြေ

ယမိုက်ဆယ်ကျမ်းတို့တွင် တစ်ကျမ်းတစ်ကျမ်း၏ လိုရင်းထက် လိုရင်း အကျဉ်းအချုပ် သရုပ်သဘောကို ပြဆိုပါဟူသော အမေး၌ လန်ဒန်သို့ ပေးပို့သည့် အဖြေကျမ်းတွင် လိုရင်းထက် လိုရင်း အကျဉ်းအချုပ် သရုပ်သဘောမျိုး များစွာပါရှိသည်တွင် အချို့အချို့သော သရုပ်သဘောများသည် လန်ဒန်မြို့ရှိ ပါဠိဘာသာ အသင်းသားများကဲ့သို့ အင်္ဂါလေးဆယ်ခန့်ရှိသော ပါဠိယမိုက်ကျမ်းကြီးကို လက်ကိုင်ပြု၍ ကြည့်ရှုနိုင်ကြသူများမှသာလျှင် နားလည်နိုင်ကြမည်ဖြစ်၏၊

ပဉ္စမယမိုက်ပုစ္ဆာပြီး၏၊

------*------

နောက်ဆက်တွဲ သစ္စာနှစ်ပါးပြဆိုခန်း

ထိုကဲ့သို့သော သရုပ်သဘောများကို ချန်လှပ်ပြီးလျှင် ဤမြန်မာ နိုင်ငံသူနိုင်ငံသား လူအများတို့ နားလည်နိုင်ကြစေရန် လန်ဒန်မြို့သား တို့ အထူးအားဖြင့် အားရနှစ်သက် ထုတ်ဖော်လျက် ပါရှိသည်များကိုသာ ပြဆိုပေအံ့။

၁။ ပဋိစ္စသမုပ္ပါဒ,

၂။ အနတ္တ,

၃။ နိဗ္ဗာန,

ဤတရား ၃-ပါးတို့ကို သဘောကျကျ နားလည်နိုင်ကြစေရန် ၎င်းအဖြေမှာ ပါရှိသော သစ္စာနှစ်ပါး ခွဲနည်းကို ရှေးဦးစွာ ပြဆိုပေအံ့။

သစ္စာနှစ်ပါး

မဖောက်မပြန် မှန်ကန်သည်ကို သစ္စာဟူ၍ဆိုသည်၊ ထိုသစ္စာ သည်-

၁။ သမုတိသစ္စာ,

၂။ ပရမတ္ထသစ္စာ

အားဖြင့် နှစ်ပါးအပြားရှိ၏၊

၁။ သမုတိသစ္စာဆိုသည်ကား-လောကီလူများအပေါင်းတို့ သမုတ်အပ်သောအတိုင်း လောကအခေါ်အဝေါ် ဝေါဟာရအားဖြင့် ပြီးစီးမှန်ကန်သော သစ္စာပေတည်း။ အတ္တ, ဇီဝ, သတ္တဝါ, ပုဂ္ဂိုလ်, ယောကျ်ား, မိန်းမ, ဦးခေါင်း, ကိုယ်, လက်, ခြေ, ဆံပင်, အမွေး, ခြေသည်း, လက်သည်း, သွား, အရေ, အသား, အကြော, အရိုးအစရှိသော ပုဂ္ဂိုလ်သတ္တဝါတို့၏ သဏ္ဌာန်နှင့် ဆိုင်သော အခေါ်အဝေါ် ပညတ်ချက်တို့သည်၎င်း, သတ္တဝါတို့၏ ကိုယ်သဏ္ဌာန်မှ အပ၌ သစ်ပင်, နွယ်, ချုံ, အိမ်, ကျောင်း, ညောင်စောင်း, အင်းပျဉ်, တော, တောင်, သမုဒ္ဒရာစသော အခေါ်အဝေါ်ပညတ်ချက် တို့သည်၎င်း လောကသမ္မုတိမည်ကုန်၏၊

ထိုလောကသမ္မုတိသည် စိတ်, ဝေဒနာ, ဖဿ, ပထဝီ, အာပေါ စသော ပရမတ္ထသဘာဝတို့၏ အမည်နာမများ မဟုတ်ကြကုန်၊ သဏ္ဌာန ပညတ်, သန္တတိပညတ်တို့၏ အမည်တို့သာတည်း။

ထိုလောကသမ္မုတိအမည်တို့၏ အနက်ဒြဗ်တို့သည်လည်း ပရမတ္ထအားဖြင့် ထင်ရှားရရှိကောင်းသောတရားတို့ မဟုတ်ကုန်၊ သဏ္ဌာနပညတ်, သန္တတိပညတ်မျှတို့သာ ဖြစ်ကုန်၏၊ ထိုလောက သမ္မုတိအမည်တို့နှင့် အနက်ဒြဗ်တို့သည်လည်း လောကသမ္မုတိမျှသာ ဖြစ်၍ စင်စစ်အားဖြင့် သဘာဝဓမ္မများကို မရကောင်းသော ပညတ်မျှတို့ သာတည်း၊ ထိုပညတ်မျှသည်ပင်လျှင် လောကသမ္မုတိမည်လေသည်။

ဥပမာ။ မိန်းမမြုံ၏သား- ဟူသောစကားသည်ရှိ၏၊ စင်စစ် မိန်း မမြုံ၏သား ရှိသလောဆိုလျှင် မုချမရှိလေ သကဲ့သို့ တည်း။

မေး။ ထိုသို့ဖြစ်လျှင် လောကသမ္မုတိအားဖြင့် ပြီးစီးသော အရာကို အဘယ့်ကြောင့် သစ္စာဆိုသနည်း။ ဖြေ။ သတ္တဝါရှိ၏, ပုဂ္ဂိုလ်ရှိ၏, လူရှိ၏, ယောကျ်ားရှိ၏, မိန်းမရှိ၏, နတ်ရှိ၏, သစ်ပင်ရှိ၏, တောတောင်ရှိ၏ စသည်ဖြင့် လောကီလူတို့ ခေါ်ဝေါ်ပြောဆိုကြမြဲ အတိုင်း သုံးစွဲခေါ်ဝေါ်ပြောဆိုလျှင် မုသာဝါဒမဖြစ်၊ အမှန်ကိုသာ ပြောဆိုသည် မည်သောကြောင့် သစ္စာ မည်၏၊ ပြောဆိုသော ပုဂ္ဂိုလ်သည်လည်း သစ္စာဝါဒီ မည်၏၊ အဘယ့်ကြောင့်နည်းဆိုသော် ထိုသို့ ပြောဆို ခြင်းအားဖြင့် တစ်စုံတစ်ယောက်သော သူအား ပျက်ပြားချွတ်ယွင်းခြင်းကို မဖြစ်စေတတ်သော ကြောင့်တည်း။

သမ္မုတိသစ္စာကို ပြောဆိုသောအခါ ပရမတ္ထဖက်သို့ မလှည့်ဘဲ လောကလူတို့ အပြောအဆို, အခေါ်အဝေါ်, အမှတ်အထင်အားဖြင့် သာလျှင် ပြောကြားရာ၏၊ ထိုသမ္မုတိသစ္စာသည် သူ့ဆိုင်ရာဌာန၌ များစွာအကျိုးရှိ၏၊ ဗောဓိလောင်း ဟူသမျှတို့သည် ထိုသမ္မုတိသစ္စာကို လက်ကိုင်ပြုသဖြင့်သာလျှင် ဗောဓိကို ဖြည့်ဆည်းပူးတော်မူကြရကုန်၏၊ လောကသမ္မုတိအစွမ်း ကြီးကျယ်စွာနှင့် မှန်ကန်ပုံမှာ အမိအဘနှင့် အခြားသူများသည် လူ့ဘုံအချင်းချင်း တူကြ၏၊ အမိအဘဟူ၍ လောက သမ္မုတိပညတ်ချက်ရှိလေသောကြောင့် အခြားသောသူကို သတ်လျှင် မာတုဃာတကကံ, ပိတုဃာတကကံထိုက်၍ အပြစ်လေးသည်မဟုတ်၊ အမိအဘကိုသတ်လျှင်သာ ထိုအပြစ်ကြီးများထိုက်၍ အကျိုးပေး နက်နဲ လေသည်၊ အကုသိုလ်တရား, ကုသိုလ်တရားတို့၌ သမ္မုတိသစ္စာနှင့် ဖြန့်၍ နှံ့စပ်အောင်ကြည့်လေ။

[ ဤကား-သမ္မုတိသစ္စာကို ပြသောစကားရပ်ပေတည်း။]

၂။ သဘောအားဖြင့် ထင်ရှားပြီးသော သစ္စာသည် ပရမတ္ထသစ္စာမည်၏၊

မေး။ ပရမတ္ထဟူသည် အဘယ်ကိုခေါ်သနည်း။ ဖြေ။ သဘောအားဖြင့် ထင်ရှားရရှိကောင်းသော တရား

များကို ပရမတ္ထဆိုသည်၊ သဘောအားဖြင့် ထင်ရှားရ ရှိကောင်းသော တရားတို့ကား-စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်, ခန္ဓာ, အာယတန, ဓာတ်တို့ပေတည်း၊ ထိုတရား အပေါင်းတို့သည် ပညတ်မျှမဟုတ်၊ သဘောအားဖြင့် ထင်ရှားသောကြောင့်၎င်း, ထိုထက်လွန်ကဲ၍ နူးညံ့ သိမ်မွေ့ နက်နဲသောသဘော မရှိသောကြောင့်၎င်း ပရမတ္ထမည်သည်၊၊

သဘာဝတော ဝိဇ္ဇမာနဋ္ဌေန တတော ဥတ္တရိတရဿ၊ အတ္ထဿ အဘာဝတော ပရမတ္ထော နာမ။

အနက်ကား။။ သဘာဝတော=သဘောအားဖြင့်၊ ဝိဇ္ဇမာနဋ္ဌေန=ထင်ရှားရှိသောအနက်ကြောင့်၎င်း၊ တတော=ထိုတရား ထက်၊ ဥတ္တရိတရဿ=လွန်ကဲနက်နဲသော တရားမျိုး၏၊ အဘာဝတော= မရှိခြင်းကြောင့်၎င်း၊ ပရမတ္ထောနာမ=ပရမတ္ထမည်၏၊

မေး။ ပရမတ္ထအားဖြင့် ပြီးစီးသောသစ္စာကား-အဘယ်နည်း။ ဖြေ။ အာရုံကို ကြံတတ်, သိတတ်သော စိတ်ရှိ၏၊ တွေ့ထိ တတ်သော ဖဿရှိ၏၊ ခံစားတတ်သော ဝေဒနာရှိ၏၊ ခက်မာခြင်း ပထဝီရှိ၏၊ ဖွဲ့စေးခြင်း အာပေါရှိ၏၊ ချုပ်ငြိမ်းခြင်း နိဗ္ဗာန်ရှိ၏၊ ဤသို့စသည်ဖြင့် တရား သဘောရှိတိုင်း ပြောဆိုသည်ရှိသော် မှန်ကန်ခြင်းသို့ ရောက်၏၊ ဤသို့စသည်ဖြင့် ပြောဆိုသောပုဂ္ဂိုလ်သည် လည်း သစ္စာဝါဒီမည်၏၊ ပြောဆိုသောစကားသည် လည်း သစ္စာစကားဖြစ်၏၊ အဘယ့်ကြောင့် နည်းဟူမူ သညာဝိပလ္လာသ, စိတ္တဝိပလ္လာသ, ဒိဋ္ဌိဝိပလ္လာသတို့နှင့် မစပ်မယှက် သက်သက် မှန်ကန်သော သဘောဖြစ် လေသောကြောင့်တည်း။

[ဤကား- ပရမတ္ထသစ္စာကို ပြသော စကားရပ်ပေတည်း။]

------

သမ္မုတိသစ္စာ၏ ဆန့်ကျင်ဖက် မုသာဝါဒ

* သမ္မုတိသစ္စာသည် မဟုတ်မမှန်ပြောခြင်းတည်း-ဟူ သော မုသာဝါဒနှင့်ဆန့်ကျင်ဖက်ဖြစ်၏၊

* ပရမတ္ထသစ္စာသည် ဖေါက်ပြန်ထင်မှားခြင်းတည်း-ဟူ သော ဝိပလ္လာသတရားနှင့် ဆန့်ကျင်ဖက်ဖြစ်၏၊ သမ္မုတိ သစ္စံ မုသာဝါဒပဋိပက္ခံ၊

ပရမတ္ထသစ္စံ ဝိလ္လာသ ပဋိပက္ခံ။

အနက်ကား။။ သမ္မုတိသစ္စံ=သမ္မုတိသစ္စာသည်၊ မုသာဝါဒပဋိပက္ခံ= မုသာဝါဒနှင့် ဆန့်ကျင်ဖက်ဖြစ်၏၊ ပရမတ္ထသစ္စံ= ပရမတ္ထ သစ္စာသည်၊ ဝိပလ္လာသ ပဋိပက္ခံ=ဝိပလ္လာသနှင့် ဆန့်ကျင်ဖက်ဖြစ်၏၊

ထိုစကားကိုထင်စွာပြဦးအံ့။ ။ သဘောအားဖြင့် မှန်သည် ဖြစ်စေ, မမှန်သည်ဖြစ်စေ, မိစ္ဆာဒိဋ္ဌိ အရာ ပင်ဖြစ်စေ, သမ္မာဒိဋ္ဌိ အရာပင်ဖြစ်စေ, သမ္မုတိသစ္စာဖက်ကနေ၍ အတ္တရှိ၏, ဇီဝရှိ၏, ပုဂ္ဂိုလ်ရှိ၏, သတ္တဝါ ရှိ၏, ယောကျ်ားရှိ၏, မိန်းမရှိ၏၊ ဤသို့စသည်ဖြင့် ပြောဆိုသောသူအား မုသာဝါဒ မဖြစ်နိုင်၊ အဘယ့် ကြောင့်နည်းဆိုသော် တစ်စုံတစ်ယောက်သောသူကိုမျှ လိမ်လည် လှည့်ပတ်၍ ပြောခြင်းမဟုတ်သောကြောင့် တည်း။

ထိုသမ္မုတိ သစ္စာအားဖြင့် ပြောကြားသည်ရှိသော် ဖောက်ပြန် ထင်မှားခြင်း ဝိပလ္လာသမူကား ဖြစ်၏၊ အဘယ့်ကြောင့်နည်းဆိုသော် အတ္တမဟုတ်သော တရားတို့ကို အတ္တစသည်ဖြင့် စွဲလမ်း၍ ပြောဆိုခြင်း ကြောင့်တည်း။

ပရမတ္ထသစ္စာဖက်၌ ကြည့်၍ အတ္တမရှိ, ဇီဝမရှိ, သတ္တဝါမရှိ, ပုဂ္ဂိုလ်မရှိ, ယောကျ်ားမရှိ, မိန်းမမရှိ, သဘာဝဓမ္မတို့သာ ရှိကုန်၏၊ ထိုသဘာဝဓမ္မတို့သည် အတ္တမဟုတ်ကုန်၊ အနတ္တတို့သည်သာလျှင် တည်း-ဟူ၍ ပြောဆိုသည်ရှိသော် မုသာဝါဒလည်း မဖြစ်နိုင်၊ ဝိပလ္လာသ လည်း မဖြစ်နိုင်။

ပရမတ္ထသစ္စာ၏ ဆန့်ကျင်ဖက် ဝိပလ္လာသ

မှားယွင်းဖေါက်ပြန်သည်ကို ဝိပလ္လာသ ဆိုသည်။

ဝိပရီတတော အသနံ ဥပဂမနံ ဝိပလ္လာသော။ အနက်ကား။ ။ ဝိပရီတတော= မှားယွင်းသောအားဖြင့်၊ အသနံ ဥပဂမနံ= ကပ်ရောက်ခြင်းသည်၊ ဝိပလ္လာသော= ဝိပလ္လာသ မည်၏၊

၁။ အနိစ္စကို နိစ္စ,

၂။ ဒုက္ခကို သုခ,

၃။ အနတ္တကို အတ္တ

၄။ အသုဘကို သုဘ ဟူ၍ ဖေါက်ပြန် ထင်မှားခြင်း-ဝိပလ္လာသတရား လေးပါးရှိသည်။

[ဝိပလ္လာသ လေးပါးကို သညာ, စိတ္တ, ဒိဋ္ဌိသုံးပါးနှင့် မြှောက်ပွားသည်ရှိသော် ဝိပလ္လာသတရား ၁၂-ပါး ဖြစ်၏၊]

* အမှတ်မထင်ဖေါက်ပြန်မှုကို သညာဝိပလ္လာသဆိုသည်။

* အသိအကြံဖေါက်ပြန်မှုကို စိတ္တဝိပလ္လာသဆိုသည်။

* အမြင်အယူ ဖေါက်ပြန်မှုကို ဒိဋ္ဌိဝိပလ္လာသဆိုသည်။

ရုပ်နာမ်တရားတို့၌ အမှတ်သညာ၏ဖေါက်ပြန်ခြင်း, အသိ အကြံ၏ဖေါက်ပြန်ခြင်း, အမြင်အယူ၏ဖေါက်ပြန်ခြင်း ဆိုလိုသည်။

ပရမတ္ထသက်သက်မျှသာဖြစ်သော ရုပ်နာမ်တရားတို့ကို သတ္တဝါဟူ၍၎င်း, ပုဂ္ဂိုလ်-ဟူ၍၎င်း, ထင်မှတ်စွဲလမ်း၍ ယူသည်ရှိသော် အနိစ္စ၌ နိစ္စ-ဟူ၍ မှတ်ယူစွဲလမ်းသည်မည်၏၊ အဘယ့်ကြောင့် နည်းဆိုသော် သတ္တဝါပုဂ္ဂိုလ်- ဟူသည် ပညတ်မျှသာ ဖြစ်၏၊ စင်စစ်ရှိ သော တရားမျိုးမဟုတ်။

စင်စစ်ထင်ရှား မရှိသော ပညတ်တရားမှာ ပျက်စီးချုပ်ကွယ်ခြင်း သဘောမရှိ၊ ပုဂ္ဂိုလ်သတ္တဝါတစ်ယောက်သည် တစ်ခုသောဘဝ၌ ပထမ ပဋိသန္ဓေတည်နေသောအခါ တစ်ကြိမ်သာလျှင်ဖြစ်၏၊ ဘဝအဆုံး၌ တစ်ကြိမ်သာလျှင်သေ၏၊ သတ္တဝါသည် ထိုဘဝမှလာ၍ ပဋိသန္ဓေတည် နေ၏၊ သေသည်မှ နောက်ကာလ၌ ထိုထိုဘဝသို့ ကူးပြောင်းရလေ၏၊

ဤကား-သတ္တဝါတို့၏ သဘောအလေ့ပေတည်း၊ ထို့ကြောင့် နာမ်, ရုပ်တရားတို့ကို ပုဂ္ဂိုလ်သတ္တဝါ-ဟူ၍ ယူသည်ရှိသော် အနိစ္စ၌ နိစ္စဟူ၍ မှတ်ယူဖောက်ပြန်သည် မည်လေသည်။

ရုပ်, နာမ်တရားသည် မြဲသောသဘောမရှိ၍ အနိစ္စဖြစ်၏၊ ခဏခဏဖြစ်၍ ခဏခဏပျက်စီးတတ်၏၊ သတ္တဝါမှာ ထိုသို့သဘောမရှိ၊ သို့ဖြစ်၍ နာမ် ရုပ်တို့ကို သတ္တဝါ-ဟု မှတ်ယူသောအခါ သဘောချင်း ကန့်လန့်ဆန့်ကျင်၍ ဝိပလ္လာသ မည်လေသည်၊ ဒုက္ခသစ္စာတွင် အကျုံး ဝင်၍ ဖြစ်ပျက်ခြင်းတို့ဖြင့် နှိပ်စက်အပ်သောကြောင့် ချမ်းသာမဖက် သက်သက် ဒုက္ခအတိသာဖြစ်သော ရုပ်, နာမ်တို့ကို ချစ်ခင်ဖွယ်, နှစ်သက်ဖွယ်, သာယာမြတ်နိုးဖွယ်, ချမ်းသာဖွယ်-ဟူ၍ မှတ်ယူစွဲလမ်း သည်ရှိသော် ဒုက္ခ၌သုခဟူ၍ မှတ်ယူဖေါက်ပြန်သည်မည်၏၊ အသုဘ၌ သုဘ-ဟူ၍ မှတ်ယူဖေါက်ပြန်သည်လည်း မည်၏၊

သတ္တဝါမည်သည် ပညတ်မျှသာရှိ၏၊ သဘောအားဖြင့် ထင်ရှား မရှိ၊ ဤကဲ့သို့ ထင်ရှားမရှိသောသတ္တဝါကို ထင်ရှားရှိသကဲ့သို့ စွဲလမ်း မှတ်ယူလျက် နာမ်, ရုပ်တရားကိုပင်လျှင် သတ္တဝါ၏အနှစ်သာရ, အတ္တ, ဇီဝ- ဟူ၍ ပြုလုပ်ပြီးလျှင် နာမ်, ရုပ်တရားသည်ပင်လျှင် သတ္တဝါ ၏အတ္တ, ဇီဝမည်၏၊ ဤနာမ်, ရုပ်တရားသည်ပင်လျှင် သတ္တဝါမည်၏ဟူ၍ မှတ်ယူသည်ရှိသော် အနတ္တ၌ အတ္တ-ဟူ၍ မှတ်ယူစွဲလမ်း ဖေါက်ပြန်သည်မည်၏၊

ယောကျ်ားသည် မျက်စိဖြင့် အဆင်းကိုမြင်၏- ဟူသော စကား၌ မြင်ခြင်းမည်သည်ကား-စက္ခုဝိညာဏ်စိတ်ပင်လျှင်တည်း၊ ထိုစက္ခုဝိညာဏ်စိတ်သည် အဆင်းကိုအာရုံပြု၏၊ အဆင်းမည်သည်လည်း ဝဏ္ဏာယတနခေါ်သော ရူပါရုံဓာတ်တရားဖြစ်၏၊ ပုဂ္ဂိုလ်မဟုတ်, သတ္တဝါမဟုတ်, ပုဂ္ဂိုလ်က မြင်သည်မဟုတ်။

အဆင်းကို မြင်ပြီးသောအခါ တစ်ဖန် မနောဝိညာဏ်စိတ်တို့ဖြင့် သတ္တဝါ-ဟူ၍ မှတ်ထင်၏၊ ယောက်ျား-ဟူ၍, ဦးခေါင်း-ဟူ၍, မျက်နှာ ဟူ၍, ခြေလက်အင်္ဂါ-ဟူ၍, မှတ်ထင်၏၊ သစ်ပင်-ဟူ၍, ရထား-ဟူ၍, အိမ်-ဟူ၍, ကျောင်း-ဟူ၍ မှတ်ထင်၏၊၊ ဤသို့ဖြစ်ရခြင်းကား- မြင်ခြင်း ဒဿနလျှင် အကြောင်းရင်းရှိသော စိတ္တဝိပလ္လာသမျိုးပေတည်း၊ ကြားခြင်း သဝန, နံခြင်း ဃာယန, လျက်ခြင်း သာယန, တွေ့ထိခြင်း ဖုသနလျှင် အရင်းရှိသော စိတ္တဝိပလ္လာသတို့၌လည်း ထိုနည်းအတူ ပင်တည်း၊၊ စိတ်လျှင် အရင်းရှိသော စိတ္တဝိပလ္လာသသည်ကား- လွန်စွာ အရာကျယ်၏၊

အကြင်သို့သော အခြင်းအရာအားဖြင့် မနောဝိညာဏ်စိတ်က မှတ်၍ ထား၏၊ ထိုသို့သော အခြင်းအရာအားဖြင့် သညာက မြဲစွဲစေ၏၊ နောက်အခါ၌ မေ့လျော့ခြင်း ပျက်စီးခြင်းကို မဖြစ်စေ၊ ဤကား-သညာ ဝိပလ္လာသမှုပေတည်း။

ထိုထိုသို့သော အခြင်းအရာအားဖြင့် သညာက အမြဲအစွဲ မှတ်၍ ထားအပ်ကုန်သော သတ္တဝါပုဂ္ဂိုလ်စသည်တို့၌ အတ္တရှိ၏, ဇီဝရှိ၏, ထိုအတ္တ-ဇီဝသည် ဤသို့သဘောရှိ၏, ဤသို့အခြင်းအရာရှိ၏ စသည် ဖြင့် ဒိဋ္ဌိကကြံစည်၏၊ ဤကား- ဒိဋ္ဌိဝိပလ္လာသမှုပေတည်း။

သုတ္တန်တို့၌မူကား- သညာဝိပလ္လာသက သတ္တဝါတို့၌ ထင်ရှား သောကြောင့် ထိုသညာဝိပလ္လာသကို ရှေးဦးစွာ ဟောကြားတော်မူသည်၊ သို့ရာတွင် ထိုသညာဝိပလ္လာသသည် ဒိဋ္ဌိ၏ နောက်သို့ပင် အစဉ်လိုက် လျက် ရှိလေသေး၏၊

ဤဝိပလ္လာသ တရားတို့သည် အဝိဇ္ဇာလျှင် အကြောင်းရင်း

ရှိကုန်၏၊ အဝိဇ္ဇာကြောင့် ဖြစ်၏၊ သစ္စာလေးတန်ကို မှန်သောအတိုင်း မသိမှုကြောင့် အဖေါက်ဖေါက် အပြန်ပြန် ဝိပလ္လာသတရားတွေဖြစ်၍ နေသည်၊ ထိုဝိပလ္လာသတို့တွင် သညာဝိပလ္လာသနှင့် စိတ္တဝိပလ္လာသ နှစ်ပါးတို့ကို လောကီကုသိုလ် စိတ္တုပ္ပါဒ်တို့၌လည်း ရအပ်ကုန်၏၊ ထိုဝိပလ္လာသတရားတို့ကြောင့် တဏှာ, မာန, ဒိဋ္ဌိတည်းဟူသော သံသရာနယ်ချဲ့သမား ပပဉ္စတရားတို့ဖြစ်ပေါ်လာကြကုန်၏၊ ပရမတ္ထ သစ္စာ၌ ကြည့်၍ ဆင်ခြင်သည်ရှိသော် ထိုဝိပလ္လာသတရားတို့၏ မှားယွင်းဖေါက်ပြန်ချက်တို့ကို ထင်ရှားစွာ ပိုင်းခြားသိနိုင်ကုန်၏၊ ထိုသို့ ပိုင်းခြား၍သိနိုင်သည်ရှိသော် ထိုဝိပလ္လာသတရားတို့ကို ပယ်စွန့်နိုင်လေ၏၊

[သစ္စာနှစ်ပါးကို ပြဆိုခန်းပြီး၏၊]

[ဤတွင်ရွေ့ကား-လန်ဒန်မြို့ (Mrs C.A.F Rhys Davids) ရီးဒေဗစ် ပုစ္ဆာ ငါးရပ် အကျဉ်းအားဖြင့် ဖြေဆိုခန်းပြီး၏၊ အကျယ်ဝိတ္ထာရ-အဖြေမှာ-လန်ဒန်ပါဠိ အဖြေမှာ ပါရှိလေ၏၊]

လန်ဒန်ပါဠိဒေဝီ၏ ယမိုက်ပုစ္ဆာအဖြေပြီး၏၊

------*------

လန်ဒန်ပါဠိဒေဝီ မေးချက်များ

လန်ဒန်-ပါဠိဒေဝီ၏ ပဋ္ဌာန်းပုစ္ဆာအဖြေ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁။ ဗုဒ္ဓဘာသာအဘိဓမ္မာ၌- ပစ္စယသဒ္ဒါ၏ အနက်အဓိပ္ပါယ်ကို သိလိုပါသည် တစ်ရပ်။

၂။ ပစ္စည်းတရား ၂၄-ပါးတို့သည် ပရမတ်တရားများပါလား၊ သို့မဟုတ် ၎င်း ၂၄-ပါးတို့သည် စိတ္တမယ ဓမ္မများပါလား တစ်ရပ်။

၃။ ၎င်းပစ္စည်းတရား၂၄-ပါးတို့သည် ''ဣဒပ္ပစ္စယတာ'' အမျိုးမျိုး ပင်ဖြစ်ကြ၍ ရှေးရှေးသော ခဏိကတရားတစ်ခုသည် နောက်နောက်သော ခဏိကတရားတစ်ခုအား ဥပကာရ ဖြစ်ကြပါသလော၊ ရှေးရှေးတရားသည် နောက်နောက် တရား၏ အကြောင်းဟုတ်ပါသလော- မဟုတ်ပါသလောတစ်ရပ်။

လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်

၁။ ''ဗုဒ္ဓဘာသာ အဘိဓမ္မာ၌- ပစ္စယသဒ္ဒါ၏ အနက်အဓိပ္ပါယ် ကို သိလိုပါသည်'' ဟူသောမေးချက်၏ အဖြေမှာ မောင်ရွှေစံအောင်၏ မေးချက်အဖြေ၌ ပါရှိလေပြီ၊ ဤမှာလည်း အတန်ငယ် ပြဆိုဦးအံ့။

ပစ္စယသဒ္ဒါ၏ဝစနတ္ထ

ပစ္စယသဒ္ဒါ၏အနက်သည် ဝစနတ္ထအနက်, အဓိပ္ပါယတ္ထအနက် ဟူ၍ နှစ်ပါးရှိ၏၊ ထိုနှစ်ပါးတို့တွင်

အတ္တာနံ ပဋိစ္စ အယန္တိ ဂစ္ဆန္တိ ပဝတ္တန္တိ ဖလဓမ္မာ ဧတေနာတိ ပစ္စယော ဟုဝိဂ္ဂဟပြု၍။

အကျိုးတရားတို့၏ မိမိကိုအစွဲပြု၍ ဖြစ်ပေါ်နိုင်ကြရန်, တည်နေ

နိုင်ကြရန် အကြောင်းတရားသည် ပစ္စယမည်၏၊ ဥပမာကား-သစ်ပင် တည်းဟူသော အကျိုးတရားတို့မှာ မျိုးစေ့သည်လည်း ပစ္စယမည်၏၊ မြေသည်လည်းပစ္စယမည်၏၊ မိုးရေသည်လည်း ပစ္စယမည်၏၊ နေဥတုဟူသော မီးသည်လည်း ပစ္စယမည်၏၊ လေသည်လည်း ပစ္စယမည်၏၊ ထိုပစ္စယငါးပါးကို အစွဲပြု၍ သစ်ပင်တို့သည် ဖြစ်ပေါ်ကြကုန်၏၊ ကြီးပွား ကြကုန်၏၊ ကြီးပွားပြီးနောက် အမျိုးဇာတိအားလျော်စွာ ကာလမြင့် ရှည်တည်နေကြကုန်၏၊

ထိုတွင် မျိုးစေ့တို့၏ ပစ္စယကိစ္စသည် သစ်ပင်ငယ်တို့၏ အစစွာ ဖြစ်ပေါ်မှု၌ လွန်ကဲ၏၊ ကြွင်းသော မြေ, ရေ, မီး, လေ-ဟူသော ပစ္စယ တရားလေးပါးတို့သည် အစစွာဖြစ်ပေါ်မှု၌ အကူအညီမျှ ဖြစ်ကြကုန်၍ ကြီးပွားမှု, တည်နေမှုတို့၌ လွန်ကဲကြကုန်၏၊

သို့သော် မျိုးစေ့၏အာနုဘာဝသည် ကြီးပွားရာ, တည်နေရာ တို့၌လည်း အုပ်စိုးလျက်ပါရှိ၏၊ မျိုးစေ့သို့လိုက်၍ အမျိုးဇာတိ အား လျော်စွာသာ ကြီးပွားနိုင်ကြကုန်၏၊ တည်နေနိုင်ကြကုန်၏၊ အပင် သဏ္ဌာန်, အကိုင်း, အခက်, အရွက်, အသီးသဏ္ဌာန် အလုံးစုံတို့သည် လည်း အမျိုးဇာတိသို့ လိုက်ကြကုန်၏၊

မန်ကျည်းမျိုးစေ့မှ ပေါက်ပွါးသည်ရှိသော် မန်ကျည်းပင်သဏ္ဌာန်,

မန်ကျည်းကိုင်း, မန်ကျည်းခက်, မကျည်းရွက်, မန်ကျည်းသီး သဏ္ဌာန်တို့သာ ဖြစ်ကြရကုန်၏၊ မန်ကျည်းမျိုးစေ့မှ သရက်ပင်, သရက်ကိုင်း, သရက်ခက်, သရက်ရွက်, သရက်သီး စသည် မဖြစ်နိုင်ကြ ကုန်-ဟူလို၊ ဤကား-မျိုးစေ့၏ အာနုဘာဝတည်း၊ ဤဥပမာ၌ သစ်ပင် တို့၏ ပေါက်ရောက် ကြီးပွါးကြရန် အကြောင်းတရားငါးပါးတို့ကဲ့သို့ ခပ်သိမ်းသော သင်္ခတတရားတို့၏ ဖြစ်ပေါ်ရန်, ကြီးပွါးရန်, အစဉ်အဆက် အားဖြင့် ကာလမြင့်ရှည် တည်နေနိုင်ကြရန် အကြောင်းတရားမျိုးကို ပစ္စယဆိုသည်။

ပစ္စယသဒ္ဒါ၏ ဝစနတ္ထအရကို ပြဆိုချက်ပြီး၏၊

-----*------

ပစ္စယသဒ္ဒါ၏ အဓိပ္ပါယတ္ထ

ပစ္စယသဒ္ဒါ၏ အဓိပ္ပါယတ္ထကို ကျမ်းဂန်တို့၌ ''ဥပကာရကော'' ဟု ဖွင့်ကြ၏၊ ကျေးဇူးပြုတတ်သည်-ဟု ဘာသာပြန်ဆိုရိုးရှိသည်၊ မျိုးစေ့တို့သည် သစ်ပင်ငယ်တို့ကို ပေါက်ဖွားမှုနှင့် ကျေးဇူးပြုကုန်၏၊ မြေသည်မျိုးစေ့တို့နှင့် သစ်ပင်ငယ်တို့ကို တည်နေနိုင်ကြရန် ထမ်း ဆောင်မှု, မြေကြီး၏အတွင်း၌ရှိသော မြေဩဇာ, ရေဩဇာတို့ကို သစ်ပင်တို့သို့ အမြဲတင်ပို့မှု, မလဲ မပြိုစေမှုတို့ဖြင့် ကျေးဇူးပြု၏၊ မိုးရေ သည် မြေကြီးကို မြေဩဇာ, ရေဩဇာ မယုတ်မလျော့စေမှုဖြင့် သစ်ပင်တို့ကို ကျေးဇူးပြု၏၊ နေဥတုဟူသော မီးသည် မြေကြီးနှင့် သစ်ပင်တို့ကို ဓာတ်ခိုး, ဓာတ်ကင်း ပွင့်လင်းစေမှုဖြင့် ကျေးဇူးပြု၏၊ လေဓာတ်သည် သစ်ပင်တို့၌ရှိသော ဥတုမီးကို ပွါးစီးစေမှုဖြင့် ကျေးဇူး ပြု၏၊ ဤသို့ ကျေးဇူးပြုတတ်သည်ကို ''ဥပကာရက'' ဆိုသည်။

ပစ္စယသဒ္ဒါ၏ အဓိပ္ပါယတ္တကို ပြဆိုချက်ပြီး၏၊

------*------

၂။ ပစ္စည်းတရား ၂၄-ပါးတို့သည် ပရမတ်တရားများပါလော၊ သို့တည်းမဟုတ် ၎င်း၂၄-ပါးတို့သည် စိတ္တနိယာမဓမ္မများပါလောဟူသော မေးခွန်းသည် ပစ္စည်းတရား၂၄-ပါးတို့၏ အမည်နာမများက နာမ်တရား, ရုပ်တရား ပရမတ်တရားတို့၏ မူလအမည်နာမရင်းများ မဟုတ်ကြသည့်အတွက် မေးခွန်းဖြစ်ရလေ

ဟေတုပစ္စည်း

၁။ ဟေတုပစ္စယော။။ ၎င်း ၂၄-ပါးတို့တွင် ဟေတုပစ္စည်း သည် အစဆုံး ပစ္စည်းပေတည်း၊ ထိုဟေတုပစ္စည်းသည် အဘယ်တရား များပေနည်း၊ လောဘ, ဒေါသ, မောဟ-ဟူသော အကုသိုလ်စေတသိက် နာမ်တရားသုံးပါး၊ အလောဘ, အဒေါသ, အမောဟ-ဟူသော သောဘဏစေတသိက်နာမ်တရားသုံးပါး ဤစေတသိက် နာမ်တရား ခြောက်ပါးကို ဟေတုပစ္စည်းခေါ်သည်၊ ဟေတုပစ္စည်းဆိုသည်ကားထိုနာမ်တရားခြောက်ပါးတို့ကို ဆိုလိုသည်။ ဤသို့နာမ်တရားတို့၏ အမည်ရင်းနှင့် ဖော်ပြမှသာလျှင် ဟေတုပစ္စည်းဟူသည် နာမ်တရား ခြောက်ပါးပေတည်း-ဟုသိရလေသည်။ ဟေတုပစ္စယော-ဟူသော ပါဠိတော်၌ ဟေတု-ဟူသောအမည်သည် နာမ်တရားခြောက်ပါး၏ အမည်ရင်း မဟုတ်၊ ပစ္စယကိစ္စ၏ အမည်ပေတည်း၊ ပစ္စယဟူသော အမည်သည်လည်း ပစ္စယသတ္တိ၏ အမည်ပေတည်း။

ဥပမာကား။ ညအခါ၌ အနုကြမ်းစီးသော ဓားပြဗိုလ်ကြီး ခြောက်ယောက်တို့ကို ဖမ်းမိသည်-ဟု ပြောကြရာ၏၊ ဤစကားကို ကြားကြသော်လည်း ထိုသူများသည် မည်သူမည်ဝါဖြစ်သည်ဟု လူတိုင်းမသိနိုင်ကြ၊ အဘယ့်ကြောင့်နည်းဟူမူ ဓားပြ-ဟူသော အမည်, ဗိုလ်ကြီး-ဟူသော အမည်များသည် ထိုသူတို့၏ မူလအမည်ရင်း မဟုတ်ကြ၊ ထိုသူတို့၏ ကိစ္စအမည်, သတ္တိအမည်များ ဖြစ်ကြ၏၊ ဓားပြ ဟူသည်ကား-တိုက်ခိုက်လုယက်-သတ်ဖြတ်မှုကိစ္စ၏ အမည်ပေတည်း၊ ဗိုလ်ကြီးဟူသည်ကား-ထိုကိစ္စ၌ သာလွန်သော အစွမ်းသတ္တိ၏ အမည် ပေတည်း၊ ထိုသူခြောက်ယောက်၏ မူလအမည်ရင်းမှာကား- တစ်ခြား တစ်ပါးပေတည်း၊ ဓားပြဗိုလ်ကြီး တစ်ယောက်ဆိုသည်မှာ ဘယ်သူများ ဖြစ်လေသနည်း-ဟု မေးခဲ့လျှင် မည်သူမည်သူများဖြစ်သည်မူလအမည်ရင်းနှင့် ထုတ်ဖော်၍ ပြောသည့်အခါမှ မည်သူမည်ဝါ-ဟု သိကြလေရာ၏၊

ဤဥပမာအတိုင်း ဟေတုပစ္စယော-ဟူသော ပါဠိတော်မှာ ဟေတုကား-ကိစ္စ၏အမည်ပေတည်း၊ ပစ္စယကား-သတ္တိ၏အမည် ပေတည်း၊ ထိုဟေတုကိစ္စ, ထိုပစ္စယသတ္တိသည် လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟတို့၏ ကိစ္စသတ္တိများဖြစ်ကြ၏၊ ဟေတုကိစ္စဆိုသည်ကား-မူလကိစ္စပေတည်း၊ မူလကိစ္စဆိုသည်ကားပစ္စယုပ္ပန်တရားတို့ကို အာရုံ၌ခိုင်မြဲစွာ တည်နိုင်ကြစေရန် အာရုံ၌ခိုင်မြဲစွာ တည်မှုကိစ္စပေတည်း၊ ပစ္စယသတ္တိဆိုသည်ကား-ထိုကိစ္စဖြင့် ပစ္စယုပ္ပန် တရားတို့ကို အာရုံ၌ခိုင်မြဲစွာ တည်နိုင်ကြစေရန် ရွက်ဆောင်ခြင်းငှာ စွမ်းနိုင်သော အစွမ်းသတ္တိပေတည်း။ လောဘသည် ချစ်မှု, သာယာမှု, တပ်စွမ်းမှု, စွဲလမ်းမှုဖြင့် တစ်ခုခုသောအာရုံ၌ ခိုင်မြဲစွာတွယ်တာ တတ်သောတရားဖြစ်၏၊ လောဘ၏ခိုင်မြဲစွာတည်ခြင်းကြောင့် လောဘနှင့် ယှဉ်ဖော်ယှဉ်ဖက်ဖြစ်ကြကုန်သော စိတ်, စေတသိက်ဟူသော နာမ်တရားတို့သည်လည်း ထိုအာရုံ၌ခိုင်မြဲစွာ တွယ်တာကြ ရကုန်၏၊ ခိုင်မြဲစွာဆိုသည်ကား-ထိုအာရုံကို မစွန့်နိုင်, မပစ်နိုင်, ခိုင်မြဲသည် ကိုဆိုသည်။

ပစ္စည်း, ပစ္စယုပ္ပန်ဆက်ဆံပုံ

ဤသတ္တဝါတို့သည် ထိုကဲ့သို့သော တွယ်တာမှုအတွက်နှင့် ရက် များစွာ, လများစွာ, နှစ်များစွာ ထိုအာရုံဝယ် တဝဲလယ်လယ်နေကြ သည်ကား- လောက၌ မျက်မြင်ဒိဋ္ဌ ဖြစ်ကြ၏၊ ထိုသို့နေကြရာ၌ လောဘဟူသော နာမ်တရားသည် ဟေတုပစ္စည်းမည်၏၊ လောဘနှင့် ယှဉ်ဖော် ယှဉ်ဖက်ဖြစ်ကြကုန်သော စိတ်, စေတသိက် နာမ်တရားတို့သည် ဟေတုပစ္စည်း၏ ပစ္စယုပ္ပန်ဖြစ်ကြကုန်၏၊ ထိုအာရုံအတွက်နှင့် ထိုလောဘ လှုံ့ဆော်တိုင်း ကိုယ်အင်္ဂါအမူအရာ, နှုတ်အင်္ဂါအမူအရာ-ဟူသော ရုပ်တရားတို့သည်လည်း ထိုလောဘဟေတုပစ္စည်းတရား၏ ပစ္စယုပ္ပန် မည်ကုန်၏၊ ထိုအာရုံသည်မူကား-ထိုလောဘအား၎င်း၊ ထိုလောဘနှင့် ယှဉ်သော စိတ်, စေတသိက် နာမ်တရားတို့အား၎င်း၊ အာရမ္မဏကိစ္စနှင့် ကျေးဇူးပြုပေ၏၊ ထိုအာရုံ၌ ထိုလောဘတရား ကျွတ်လွတ်၍ သွားသော အခါမှ ထိုပစ္စယုပ္ပန်တရားတို့သည် ထိုအာရုံမှ ကျွတ်လွတ်ကြလေကုန်၏၊

[ ဤကား-လောဘဟူသောဟေတုပစ္စည်းတရားနှင့် ပစ္စယုပ္ပန်တရားတို့၏ ပစ္စည်း, ပစ္စယုပ္ပန်ဆက်ဆံခြင်းကို ပြဆိုချက်တည်း။ ဒေါသ,မောဟ, အလောဘ,အဒေါသ,အမောဟ ဟေတုပစ္စည်းတရားတို့မှာလည်း ဤနည်း တူ-အသီးသီးသူ့ပစ္စည်းနှင့် သူ့ပစ္စယုပ္ပန်-ဆက်ဆံကြပုံကို အကျယ်ဆိုလေ၊ ငါတို့စီရင်သော ပဋ္ဌာနုဒ္ဒေသဒီပနီကျမ်းမှာ စုံလင်စွာပါရှိလေပြီ။]

အကျဉ်းအားဖြင့်မူကား ဒေါသသည်လည်း အာရုံ၌ ခိုက်တိုက်မှု နှင့် ခိုင်မြဲစွာတည်၍ ပစ္စယုပ္ပန်တရားတို့ကို ထိုအာရုံအတွက်နှင့် ပွားများစေတတ်၏၊ မောဟသည်လည်း အာရုံ၌မသိမှုနှင့် ခိုင်မြဲစွာ တည်တတ်၏၊ အလောဘ, အဒေါသ, အမောဟတို့သည်လည်း ကုသိုလ်အရာဌာနတို့မှာ မိမိ မိမိတို့၏ကိစ္စနှင့် ခိုင်မြဲစွာတည်ကြကုန်၍ ကောင်းမြတ်သောသဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပအစရှိသော နာမ်တရား တို့ကို၎င်း၊ ကိုယ်အင်္ဂါလှုပ်ရှားမှု, နှုတ်အင်္ဂါလှုပ်ရှားမှုအစရှိသော ရုပ် တရားတို့ကို၎င်း ကောင်းမြတ်သောဒါနမှု, သီလမှု, ဘာဝနာမှုစသည် တို့၌ ခိုင်မြဲစွာတည်စေနိုင်ကြကုန်၏၊ ခိုင်မြဲစွာ-ဆိုသော်လည်း အားရှိအားမဲ့ကို ထောက်၍ယူရမည်။

အလောဘ၏ခိုင်မြဲမှုသည် နိက္ခမပါရမီဟူသော တောထွက်မှု တို့နှင့် ကသိုဏ်းဆယ်ပါး, စျာန်တရားပွားများမှုတို့၌ ထင်လျား၏၊ အဒေါသ၏ခိုင်မြဲမှုသည် ဗြဟ္မဝိဟာရစျာန်တရား ပွားများမှုတို့၌ ထင်လျား၏၊ အမောဟ၏ခိုင်မြဲမှုသည် သုတ္တန်တရား, အဘိဓမ္မာတရား တတ်ကျွမ်းမှုတို့နှင့် သစ္စာလေးပါးထိုးထွင်းမှုတို့၌ ထင်လျား၏၊

[ဤကား-ဟေတုပစ္စည်းတည်း။]

-----*------

ဟေတုကိစ္စနှင့်ပစ္စယသတ္တိ

ထိုဟေတုကိစ္စနှင့် ပစ္စယသတ္တိနှစ်ပါးတို့တွင် ဟေတုကိစ္စဆိုသည်ကား -မူလကိစ္စပေတည်း၊ မူလကိစ္စဆိုသည် သစ်ပင်တို့မှာ သစ်မြစ်တို့နှင့်တူသောကိစ္စတည်း၊ သစ်မြစ်တို့သည် သစ်ပင်တို့ကို ကိစ္စအမျိုးမျိုးတို့နှင့် ကျေးဇူးပြုပေကုန်၏၊ သစ်မြစ်တို့သည် မြေ၏အတွင်း၌ ခိုင်မြဲစွာတည်နေကြကုန်ပြီးလျှင် မြေဩဇာ, ရေဩဇာ တို့ကို စုပ်ယူ၍ သစ်ပင်ဖျားသို့တိုင်ရောက်အောင် အမြဲတင်ပို့ကြကုန်၏၊ သစ်ပင်တို့သည် ထိုမြေဩဇာ, ရေဩဇာတို့ဖြင့် ကြီးပွားကြရကုန်၏၊ ရေ, လေတို့၏ တိုက်ခိုက်မှု၊ လူသူ, နွား, ကျွဲတို့၏ တိုက်ခိုက်မှုတို့ကြောင့် သစ်ပင်တို့ကို မလဲမပြိုကြစေရန် သစ်မြစ်တို့သည် မြေကြီးအထဲမှ ဆွဲကိုင်၍ထားကြပေကုန်၏၊ သစ်မြစ်တို့အသက်ရှည်၍ စည်ပင်စည်ကား ရှိနေသမျှကာလပတ်လုံး သစ်ပင်တို့သည် အဆက်ဆက်အားဖြင့် ပေါက် ရောက်ကြီးပွား စိမ်းရှင်စည်ကားနိုင်ကြကုန်၏၊

ဤသို့လျှင် သစ်မြစ်တို့သည် သစ်ပင်တို့ကား ကောင်းစွာတည်ရာ မှီရာ, ပွါးစီးရာ အခြေအမြစ်အဖြစ်ဖြင့် ကျေးဇူးပြုကြပေကုန်သည်ဖြစ်၍ ၎င်းသစ်မြစ်တို့ကို ''မူလ'' ဟူ၍ခေါ်ကြကုန်၏၊ ပရမတ္ထဓမ္မအရာ၌လည်း ထိုခြောက်ပါးသောတရားတို့သည် သစ်မြစ်တို့နှင့်အလားတူလှကုန် သည်ဖြစ်၍ ''မူလ'' တရားတို့မည်ကုန်၏၊

နှိုင်းယှဉ်ပြချက်

၁။ လောက၌ သတ္တဝါအပေါင်းတို့ပြုလုပ်၍ နေကြကုန်သော အကုသိုလ်မှု, ကုသိုလ်မှုတို့သည် သစ်ပင်တွေနှင့်တူကြ ကုန်၏၊

၂။ မူလတရား ခြောက်ပါးတို့သည် သစ်မြစ်တွေနှင့် တူကြ ကုန်၏၊

လောက၌ လှုပ်လှုပ်ရွရွ ပြုလုပ်၍နေကြသော ကာယကံမှု, ဝစီကံမှု, မနောကံမှုတို့သည် ထိုမူလတရားခြောက်ပါးတို့မှချည်း ဖြစ် ပွားကြရကုန်၏၊ ဖြစ်ပွားကြပုံကား- လောက၌ အလုံးစုံသော အကုသိုလ် မှု, ကုသိုလ်မှုတို့၏ အရင်းအမြစ်ကို ရှာသည်ရှိသော် အကုသိုလ်မှု မျိုး ဖက်၌သုံးပါး, ကုသိုလ်မှုမျိုးဖက်၌သုံးပါး-ဟူ၍ အရင်းအမြစ် ခြောက် ပါးသာရှိ၏၊ အလုံးစုံသော အကုသိုလ်မှုမျိုးဖက်၌ သုံးပါးဆိုသည်ကား၁။ လောဘအမြစ် တစ်ပါး, ၂။ ဒေါသအမြစ် တစ်ပါး,

၃။ မောဟအမြစ် တစ်ပါး,

ဤသုံးပါးပေတည်း၊ ခင်တွယ်မှုတစ်ပါး, မုန်းပယ်မှုတစ်ပါး, မသိမှုတစ်ပါး-ဟူလိုသည်။

- အချို့သော အကုသိုလ်မှုတို့သည် ခင်တွယ်မှုကြောင့် ဖြစ်ပွား ကုန်၏၊

- အချို့သော အကုသိုလ်မှုတို့သည် မုန်းပယ်မှုကြောင့် ဖြစ်ပွါးကြ ကုန်၏၊

- အချို့သော အကုသိုလ်မှုတို့သည် အကျိုးအပြစ်ကို မသိမှု ကြောင့် ဖြစ်ပွားကြကုန်၏၊

အကုသိုလ်ကံဖက်၌ အမြစ်တရား ဤသုံးပါးသာရှိ၏၊

ကုသိုလ်မှုမျိုးဖက်၌ သုံးပါးဆိုသည်ကား

၁။ အလောဘအမြစ် တစ်ပါး,

၂။ အဒေါသအမြစ် တစ်ပါး,

၃။ အမောဟအမြစ် တစ်ပါး,

ဤသုံးပါးပေတည်း၊ ခင်တွယ်မှုမှ ကျွတ်လွတ်ခြင်းတစ်ပါး, မုန်းပယ်မှုမှ ကျွတ်လွတ်ခြင်းတစ်ပါး, မသိမှုမှ ကျွတ်လွတ်ခြင်းတစ်ပါးဟူလိုသည်၊

- အချို့သော ကုသိုလ်မှုတို့သည် စိတ်၏ခင်တွယ်မှုမှ ကျွတ်လွတ် ခြင်းကြောင့် ဖြစ်ပွါးလာကုန်၏၊

- အချို့သောကုသိုလ်မှုတို့သည် စိတ်၏ မုန်းပယ်မှုမှ ကျွတ်လွတ် ခြင်းကြောင့် ဖြစ်ပွါးလာကုန်၏၊

- အချို့သောကုသိုလ်မှုတို့သည် မသိမှုမှ ကျွတ်လွတ်ခြင်းကြောင့် ဖြစ်ပွါးလာကုန်၏၊

ကုသိုလ်ကံဖက်၌ အမြစ်တရား ဤသုံးပါးသာရှိ၏၊

ထိုကြောင့် အင်္ဂုတ္တရနိကာယ် တိကနိပါတ် တတိယပဏ္ဏာသ ပထမဝဂ်အဆုံး၌-

တီဏိမာနိ ဘိက္ခဝေ နိဒါနာနိ ကမ္မာနံ သမုဒယာယ၊ ကတမာနိ တီဏိ၊ လောဘော နိဒါနံ ကမ္မာနံ သမုဒယာယ၊ ဒေါသော နိဒါနံ ကမ္မာနံ သမုဒယာယ၊ မောဟော နိဒါနံ ကမ္မာနံ သမုဒယာယ၊ ယံ ဘိက္ခဝေ လောဘပကတံ ကမ္မံ၊ တံ ကမ္မံ အကုသလံ တံ ကမ္မံ သာဝဇ္ဇံ တံ ကမ္မံ ဒုက္ခဝိပါကံအစရှိသည်ဖြင့်၎င်း, တီဏိမာနိ ဘိက္ခဝေ နိဒါနာနိ ကမ္မာနံ သမုဒယာယ၊ ကတမာနိ တီဏိ၊ အလောဘော နိဒါနံ ကမ္မာနံ သမုဒယာယ၊ အဒေါသော နိဒါနံ ကမ္မာနံ သမုဒယာယ၊ အမောဟော နိဒါနံ ကမ္မာနံ သမုဒယာယ၊ ယံ ဘိက္ခဝေ အလောဘပကတံ ကမ္မံ တံ ကမ္မံ ကုသလံ တံ ကမ္မံ အနဝဇ္ဇံ တံ ကမ္မံ သုခဝိပါကံအစရှိသည်ဖြင့်၎င်း-အကျယ်ဟောတော်မူ၏၊

ထိုမှတစ်ပါး ဤဟေတုပစ္စည်း၏ ဆိုင်ရာဖြစ်သော ဒေသနာ တော်တို့သည် သုတ္တန်ပိဋကတ်၌ အလွန်ပင်များပြား၏၊ အဘိဓမ္မာ ပိဋကတ်၌ မူလယမိုက်ကျမ်းသည် ဤဟေတုပစ္စည်းကျမ်းပင် ဖြစ်၏၊ လောဘကြောင့်, တဏှာရာဂကြောင့် ဘယ်အပြစ် ဖြစ်သည်ဟူ၍၎င်း၊ ဒေါသကြောင့်, ဗျာပါဒကြောင့် ဘယ်အပြစ် ဖြစ်သည်ဟူ၍၎င်း၊ မောဟ ကြောင့်, အဝိဇ္ဇာ အညာဏကြောင့် ဘယ်အပြစ် ဖြစ်သည်ဟူ၍၎င်း ဆိုသမျှသည် ဤဟေတုပစ္စည်းစကားချည်းမှတ်၊ လောဘကို ပယ်နိုင်၍ ဘယ်အကျိုးဖြစ်သည်၊ ဒေါသကိုပယ်နိုင်၍ ဘယ်အကျိုး ဖြစ်သည်၊ မောဟကိုပယ်နိုင်၍ဘယ်အကျိုးဖြစ်သည်ဟူ၍ ဆိုသမျှသည်လည်း ဤဟေတုပစ္စည်း စကားချည်းမှတ်။

[ဤကား-ပစ္စည်းတရား ၂၄-ပါး တိုတွင် ဟေတုပစ္စည်းသည် နာမ်တရား ခြောက်ပါးဖြစ်သည်-ဟုဖြေဆိုချက်တည်း။]

ဟေတုပစ္စည်းပြီး၏၊

နောက်ကျန်ရှိသော ပစ္စည်းတရား ၂၃-ပါးတို့ကိုလည်း၊ ပစ္စယ ကိစ္စ, ပစ္စယသတ္တိတို့နှင့်တကွ ပစ္စည်းတရားတို့ကို အကျဉ်းအားဖြင့် ပြဆို ဦးအံ့။

အာရမ္မဏပစ္စည်း

၂။ အာရမ္မဏပစ္စယော။။ ဤပစ္စည်း၌ အာရမ္မဏဟူသော မည်သည်ကား-ပစ္စယကိစ္စ၏အမည်ပေတည်း၊ ပစ္စယဟူသော အမည် သည်ကား- ပစ္စယသတ္တိ၏အမည်ပေတည်း၊ ပစ္စည်းတရားကား-အဘယ် နည်း စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ဟူသော ပရမတ္ထတရား လေးပါး သည်လည်း အာရမ္မဏပစ္စည်းတရားချည်းပင်တည်း၊ ပညတ်တရား ဟူသမျှသည်လည်း အာရမ္မဏပစ္စည်းတရားချည်းပင်တည်း၊ အာရမ္မဏ ပစ္စည်းတရား မဟုတ်သောအရာဟူ၍ တစ်စုံတစ်ခုမျှ မရှိလေ။

၎င်းပစ္စည်းကြောင့်ဖြစ်ပွားသော ပစ္စယုပ္ပန်တရားများမူကားအာရုံကိုသိတတ်သောစိတ်, စေတသိက်ဟူသော ပရမတ္ထတရားနှစ်ပါး သာတည်း၊ အာရုံကို မသိတတ်သော ရုပ်တရား, နိဗ္ဗာန်တရား, ပညတ်တရားများသည် ဤပစ္စည်း၌ ပစ္စယုပ္ပုန်မထိုက်၊ အာရမ္မဏ ကိစ္စဆိုသည်ကား-လောက၌ရှိကြသော ဥစ္စာဓနများနှင့် တူ၏၊ စိတ်, စေတသိက်တို့သည် ဥစ္စာဓနရှာကြံကြသူ, သိမ်းပိုက်ကြသူ, သုံးစွဲကြသူ လူတို့နှင့်တူကုန်၏၊ လူတို့သည် ဥစ္စာဓနများကို အလွန်အလိုရှိကြကုန်၏၊ ရှာကြံကြကုန်၏၊ အဘယ့်ကြောင့်နည်းဆိုမူ-ဥစ္စာဓနနှင့်ကင်း၍ မဖြစ်နိုင် ကြခြင်းကြောင့်တည်း၊ ထို့အတူ စိတ်, စေတသိက်တရားတို့သည် အာရုံနှင့်ကင်း၍ မဖြစ်နိုင်ကြကုန်၊ ထို့ကြောင့် အာရုံတရားတို့သည် စိတ်, စေတသိက်တရားတို့၏ တွယ်တာစွဲလမ်းရာ ဥစ္စာဓနကိစ္စရှိကြကုန်၏၊

ထိုအာရမ္မဏပစ္စည်းသည် ခြောက်ပါးရှိ၏၊

၁။ ရူပါရုံ တစ်ပါး,

၃။ ဂန္ဓာရုံ တစ်ပါး,

၅။ ဖောဋ္ဌဗ္ဗာရုံ တစ်ပါး,

၂။ သဒ္ဒါရုံ တစ်ပါး,

၄။ ရသာရုံ တစ်ပါး,

၆။ ဓမ္မာရုံ တစ်ပါး။

ထိုခြောက်ပါးတို့တွင် ဓမ္မာရုံဆိုသည်ကား-စိတ်အကုန်၊ စေတသိက် အကုန်၊ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ-ဟူသော ပသာဒရုပ်ငါးပါး၊ သုခုမရုပ်တစ်ဆယ့်ခြောက်ပါး၊ နိဗ္ဗာန်၊ ပညတ်၊ ဤတရားစုကို ဓမ္မာရုံ ခေါ်သည်၊

ထိုဓမ္မာရုံခြောက်ပါးတို့တွင်

၁။ ပစ္စုပ္ပန်ဖြစ်သော ရူပါရုံသည် စက္ခုဒွါရဝီထိ၌ဖြစ်သော စိတ်, စေတသိက်အပေါင်းတို့အား အာရမ္မဏပစ္စည်းတပ်၏၊ ပစ္စုပ္ပန် ရူပါရုံသည် အာရမ္မဏပစ္စည်းမည်၏၊ ထိုစိတ်, စေတသိက် အပေါင်းသည် အာရမ္မဏပစ္စည်း၏ ပစ္စယုပ္ပန်မည်၏၊

၂။ ဤနည်းအတူ ပစ္စုပ္ပန်ဖြစ်သော သဒ္ဒါရုံသည် အာရမ္မဏပစ္စည်း၊ သောတဒွါရဝီထိ၌ဖြစ်သော စိတ်, စေတသိက် အပေါင်းသည် ၎င်းပစ္စည်း၏ ပစ္စယုပ္ပန်။

၃။ ပစ္စုပ္ပန်ဖြစ်သော ဂန္ဓာရုံသည် အာရမ္မဏပစ္စည်း၊ ဃာနဒွါရဝီထိ၌ ဖြစ်သော စိတ်, စေတသိက်အပေါင်းသည် ပစ္စယုပ္ပန်။

၄။ ပစ္စုပ္ပန်ဖြစ်သော ရသာရုံသည် အာရမ္မဏပစ္စည်း၊ ဇိဝှါဒွါရ ဝီထိ၌ဖြစ်သော စိတ်, စေတသိက်အပေါင်းသည် ပစ္စယုပ္ပန်။

၅။ ပစ္စုပ္ပန်ဖြစ်သော ဖောဋ္ဌဗ္ဗာရုံသည် အာရမ္မဏပစ္စည်း၊ ကာယဒွါရ ဝီထိ၌ဖြစ်သော စိတ်, စေတသိက်အပေါင်းသည် ပစ္စယုပ္ပန်။

၆။ ပြဆိုခဲ့ပြီးသော ဓမ္မာရုံစုတွင် တစ်ပါးပါးသော ဓမ္မာရုံသည် အာရမ္မဏပစ္စည်း၊ မနောဒွါရဝီထိ၌ဖြစ်သော စိတ်, စေတသိက် အပေါင်းသည် ပစ္စယုပ္ပန်။

ရူပါရုံအစရှိသော ရှေ့အာရုံငါးပါးတို့သည်လည်း မနောဒွါရိက စိတ်, စေတသိက်တို့အား အာရမ္မဏပစ္စည်းတပ်သည်သာလျှင်တည်း။

ဤမနောဒွါရိကစိတ်, စေတသိက်တို့မည်သည် ကာမစိတ်, ရူပစိတ်, အရူပစိတ်, လောကုတ္တရာစိတ်, စျာန်စိတ်, အဘိညာစိတ်, မဂ်စိတ်, ဖိုလ်စိတ်-စသည်ဖြင့် အလွန်များပြားကုန်၏၊ ထိုစိတ်, စေတသိက်တို့အား ပစ္စည်းတပ်ကောင်းသော အာရုံတရားတို့သည်လည်း အလွန်များပြားကုန်၏၊ သဗ္ဗညုတဉာဏ်၏အာရုံ အလုံးစုံနှင့် ဆက်ဆံ၏၊ ရှေးရှေးအတိတ်ကာလ, အတိတ်ဘဝ, အတိတ်ကမ္ဘာ, အတိတ်သံသရာ တို့၌ ကွယ်လွန်ကြကုန်ပြီးသော ရုပ်တရား, နာမ်တရားတို့သည်လည်း ယခုပစ္စုပ္ပန်၌ရှိနေကြကုန်သော အဘိညာရ-ရသေ့ ရဟန်းတို့၏ ဉာဏသမ္ပယုတ် စိတ်, စေတသိက်တို့အား အာရမ္မဏပစ္စည်းတပ်၏၊ နောက်နောက်သော အနာဂတ်ကာလ, အနာဂတ်ဘဝ, အနာဂတ်ကမ္ဘာ, အနာဂတ်သံသရာတို့၌ ဖြစ်ပေါ်လတံ့ကုန်သော ရုပ်တရား, နာမ်တရား တို့သည်လည်း ယခုပစ္စုပ္ပန်၌ရှိနေကြကုန်သော အဘိညာရ-ရသေ့ ရဟန်းတို့၏ ဉာဏသမ္ပယုတ်စိတ်, စေတသိက်တို့အား အာရမ္မဏ ပစ္စည်းတပ်၏၊ ယခုရှိနေကြသော လူ့လောက, နတ်လောက, ဗြဟ္မာ့ လောကအာရုံစုမှာ ဆိုဖွယ်ရာမရှိပြီ၊ ဤအာရမ္မဏပစ္စည်းသည် ပိဋကတ် သုံးပုံတွင် အကုန်လုံး ပျံ့နှံ့လျက်တည်၏၊

အာရမ္မဏပစ္စည်ပြီး၏၊

---*--

အဓိပတိပစ္စည်း

၃။ အဓိပတိပစ္စယော။ ၃။ အဓိပတိပစ္စယော။ ဤပစ္စည်း၌ အဓိပတိ-ဟူသော အမည် သည် ပစ္စယကိစ္စ၏ အမည်ပေတည်း၊ ပစ္စယ-ဟူသော အမည်သည် ပစ္စယသတ္တိ၏အမည်ပေတည်း၊ အဓိပတိ ဆိုသည်ကား-အတုမရှိသော အကြီးအကဲဆိုလိုသည်၊ အတုမရှိသော အကြီးအကဲကိစ္စနှင့် ကျေးဇူးပြု တတ်သောတရားမျိုးကို အဓိပတိပစ္စည်းဆိုသည်။

အဓိပတိပစ္စည်း ၂-မျိုး

ထိုအဓိပတိပစ္စည်းသည် သဟဇာတာဓိပတိပစ္စည်း, အာရမ္မဏာ ဓိပတိပစ္စည်းဟူ၍ နှစ်မျိုးရှိ၏၊

ထိုနှစ်မျိုးတို့တွင်

၁။ အတူတကွဖြစ်သော သဟဇာတ-တရားတို့၏ အပေါ်၌ အကြီးအကဲဖြစ်သောတရားကို သဟဇာတာဓိပတိပစ္စည်းခေါ်သည်၊ အဘယ်တရားများပါနည်းဆိုမူ, ဆန္ဒစေတသိက်တစ်ပါး, ဝီရိယ စေတသိက်တစ်ပါး, စိတ်ဝိညာဉ်တစ်ပါး, ဝီမံသာပညာတစ်ပါး၊ ဤလေးပါး ပေတည်း၊ ဟိမဝန္တာတောတွင် တိရစ္ဆာန်သတ္တဝါအပေါင်း တို့၏အပေါ်၌ ကေသရ သီဟရာဇာခေါ်သော သားမင်းသည် အဓိပတိ ဖြစ်၏၊ ဘယ် တိရစ္ဆာန်မျိုးမှ သူ့ကိုမခုခံနိုင်၊ ထို့အတူ နာမ်တရားတို့၏ အပေါ်၌လည်း ထိုလေးပါးသောတရားတို့သည် အဓိပတိဖြစ်ကုန်၏၊ ဘယ်နာမ်တရား မျိုးမှ သူတို့ကို မခုခံနိုင်လေ၊ အဓိပတိဖြစ်ကုန်၏ ဆိုသော်လည်း အဓိပတိ ဖြစ်လောက်အောင် အားရှိမှ ဖြစ်နိုင်ကြကုန်သည်၊ လောက၌ သူအများ တို့မလုပ်နိုင်ကြသော အလွန် ကြီးမားသော အတတ်ပညာကြီးများ, အလုပ်အကိုင်ကြီးများ, အကျင့် သိက္ခာကြီးများတို့ကို ပြီးစီးထမြောက် ပေါက်ရောက်လေအောင် လုပ်ကိုင်နိုင်ရန် အခြေခံတရားကြီးလေးပါး တို့ပေတည်း။

၁။ လောက၌၎င်း, ဓမ္မ၌၎င်း, ကုသိုလ်မှု၌၎င်း, အကုသိုလ်မှု၌၎င်း၊ ဘယ်ဟာမဆို အလွန်လိုချင်, အလွန်ရချင်, အလွန်ထမြောက် အောင်မြင်ချင်လှသော ဆန္ဒကြီးတစ်ခု ခိုင်မြဲစွာရှိခဲ့လျှင် ထိုအလိုသည် ပြည့်တတ်၏၊ မြန်မြန်ပြည့်ခြင်း နှေးနှေးပြည့်ခြင်း သာရှိတတ်၏၊ ဤသည်လည်း အဓိပတိကြီးတစ်ပါးတည်း။ ၂။ ဝီရိယထုတ်နိုင်လျှင် ပြီးစီးကောင်းသော ကုသိုလ်မှု, အကုသိုလ်မှု, အရေးကိစ္စကြီးတို့၌ ဝီရိယထုတ်မှုကို ဘာလောက်မှ ဝန်မလေး သောသူ ဖြစ်ခဲ့အံ့၊ ထိုအမှု ပြီးစီးတတ်၏၊ ဤသည်လည်း အဓိပတိကြီးတစ်ပါးတည်း။

၃။ ကြီးမားသောကုသိုလ်မှု, အကုသိုလ်မှု အရေးအရာ အမှုကိစ္စကြီး ကို ပြုလုပ်ရာ၌ အလွန်စိတ်ခိုင်မြဲတတ်သောသူ ဖြစ်ခဲ့အံ့၊ ထိုအမှုပြီးစီးတတ်၏၊ ဤသည်လည်း အဓိပတိကြီးတစ်ပါး တည်း။

၄။ ကြီးမားသော, ခက်ခဲသော ပညာမှုအရေးအရာကြီးကို ကြံဖန် ရာ၌ နေရာကျ, အချက်ကျ ပေါက်ရောက်အောင် ကြံနိုင်သူ ဖြစ်ခဲ့အံ့၊ ထိုအမှု ပြီးစီးတတ်၏၊ ဤသည်လည်း အဓိပတိ ကြီးတစ်ပါးတည်း။

ထိုအဓိပတိကြီးလေးပါးတို့နှင့် အတူတကွဖြစ်ကြရကုန်သော နာမ်တရား, ရုပ်တရားတို့သည် ပစ္စယုပ္ပန်တို့ပေတည်း၊ ဤသဟဇာတာ ဓိပတိပစ္စည်းသည် သုတ္တန်ပိဋကတ် မဟာဝဂ္ဂ ဣဒ္ဓိပါဒ သံယုတ်တွင် များစွာလာရှိ၏၊ အဘိဓမ္မာ၌ ဝိဘင်းကျမ်းတွင် ဣဒ္ဓိပါဒဝိဘင်းသည် ဤသဟဇာတာဓိပတိဝိဘင်းပင်ဖြစ်၏၊

သဟဇာတာဓိပတိပစ္စည်းပြီး၏၊

------*------

အာရမ္မဏာဓိပတိပစ္စည်း

၂ ။ အာရမ္မဏာဓိပတိဆိုသည်ကား-အာရမ္မဏပစ္စည်း တရားစု ထဲတွင် သတ္တဝါတို့အလွန်ကြိုက်နှစ်သက်လောက်သော ဣဋ္ဌာရုံများကိုပင် အာရမ္မဏာဓိပတိပစ္စည်းဆိုသည်၊ ထိုကဲ့သို့သော အာရုံတရားများသည် အာရမ္မဏိကဖြစ်သော စိတ်, စေတသိက်တရားတို့၏အပေါ်၌ လွန်စွာ ဖိစီးနိုင်၏၊ ရွှေကို အလွန်အလိုရှိသောသူကို ထိုရွှေသည် လွန်စွာ ဖိစီးနိုင်၏၊ ထိုသူသည် ထိုရွှေအတွက်နှင့် ဒုက္ခများစွာ ခံရငြားသော်လည်း ထိုရွှေကို မမုန်းနိုင်, မပစ်နိုင်, မစွန့်နိုင်ရှိနေ၏၊ ငွေကို အလွန်အလိုရှိသော သူ-အစရှိသည်ဖြင့် အကုန်ဆိုလေ။

ဒါနကုသိုလ်ကို အလွန်အလိုရှိသောသူကို ထိုဒါနကုသိုလ်မှု သည် လွန်စွာဖိစီးနိုင်၏၊ ထိုသူသည် ထိုဒါနကုသိုလ်မှုအတွက်နှင့် ဒုက္ခများစွာ ခံရငြားသော်လည်း ထိုဒါနမှုကို မမုန်းနိုင်, မပစ်နိုင်, မစွန့်နိုင် ရှိနေ၏၊ သီလကုသိုလ်မှုကို အလွန်အလိုရှိသောသူ အစရှိသည်ဖြင့် အကုန်ဆိုလေ၊ ဤသို့လျှင် အာရမ္မဏိကဖြစ်သော စိတ်, စေတသိက် တရားတို့ကို လွန်စွာဖိစီးနိုင်သော ဣဋ္ဌာရုံမျိုးဖြစ်သော အာရမ္မဏပစ္စည်း တရားအချို့ကိုပင် အာရမ္မဏာဓိပတိပစ္စည်းဆိုသည်၊ ထိုအာရုံမျိုးကို အာရုံပြုကြသော စိတ်, စေတသိက်တရားစုကို ပစ္စယုပ္ပန်ဆိုသည်။

အာရမ္မဏာဓိပတိပစ္စည်းပြီး၏၊

------*------

အနန္တရပစ္စည်း

၄။ အနန္တရပစ္စယော။ ။ ဤပစ္စည်း၌ အနန္တရသဒ္ဒါသည် အခြားမရှိဟူသော အနက်ကိုဟော၏၊ ရှေးဖြစ်သော ပစ္စည်းတရားနှင့် နောက်ဖြစ်သော ပစ္စယုပ္ပန်တရားတို့၏ အလယ်ကြား၌ နာမ်တရား တစ်ပါး အခြားမရှိသည်ကို အနန္တရဆိုသည်၊၊ ဤပစ္စည်းမျိုး၌ စိတ်ဟူ၍ ဆိုလျှင် ထိုစိတ်၌ယှဉ်သော စေတသိက်အပေါင်းလည်း ပါလေပြီဟူ၍မှတ်၊ ပဋိသန္ဓေစိတ်သည် အနန္တရပစ္စည်း၊ ပထမဘဝင်စိတ်သည် ပစ္စယုပ္ပန်၊ ပထမဘဝင်စိတ်သည် အနန္တရပစ္စည်း၊ ဒုတိယဘဝင်စိတ်သည် ပစ္စယုပ္ပန်၊ ဤသို့စသည်ဖြင့် တစ်ဘဝလုံး သွားလေ၏၊ တစ်ဘဝအဆုံး တွင် စုတိစိတ်သည် အနန္တရပစ္စည်း၊ နောက်ဘဝ၌ ပဋိသန္ဓေစိတ်သည် ပစ္စယုပ္ပန်၊ ပဋိသန္ဓေစိတ်သည် အနန္တရပစ္စည်း၊ ပထမဘဝင်စိတ်သည် ပစ္စယုပ္ပန်၊ ဤသို့စသည်ဖြင့် ရဟန္တာပုဂ္ဂိုလ်တို့၏ ပရိနိဗ္ဗာန စုတိစိတ်တိုင် အောင် ဘဝအနန္တ သွားလေ၏၊

ဤအနန္တရပစ္စည်း ပစ္စယုပ္ပန် အစဉ်အဆက်သည် သတ္တဝါ တစ်ယောက်တစ်ယောက်မှာ အနမတဂ္ဂသံသရာကာလ၌ တစ်စဉ်တည်း တစ်ဆက်တည်းဖြစ်၏၊ ပစ္စယကိစ္စ, ပစ္စယသတ္တိတို့၌မူကား- ရှေးရှေး စိတ်သည် အမိနှင့်တူ၏၊ နောက်နောက်စိတ်သည် အမိမှပေါက် ဖွားသော သားသမီးနှင့်တူ၏၊ လောက၌ အမိသည် သား, သမီးပေါက်ဖွားရာ၌ အမိအသက်ဝိညာဉ်ရှိစဉ် ပေါက်ဖွား၏၊ ဤအနန္တရပစ္စည်း၌မူကားရှေးရှေးစိတ်ချုပ်ပြီးမှ နောက်နောက်စိတ်ဖြစ်ပေါ်ရ၏၊၊ ဤမျှသာ ထူး ကြ၏၊ ဤဥပမာဖြင့်ပင် ရှေးရှေးစိတ်၏ကျေးဇူးပြုမှု နောက်နောက် စိတ်၏ကျေးဇူးခံစံရမှု ထင်ရှားလေပြီ၊ သားသမီးသည် အမိ၏ အမွေ ဥစ္စာများကိုလည်း ခံစံရဘိသကဲ့သို့ အကြောင်းထူး, အခွင့်ထူးမရှိခဲ့သော် နောက်နောက်စိတ်သည် ရှေ့ရှေ့စိတ်၏ ကိစ္စအာရုံ အလုံးစုံကိုပင် ခံယူရ ၏၊ အကြောင်းထူး, အခွင့်ထူးရှိခဲ့သော်မူကား-ကိစ္စအာရုံအလုံးစုံ ပြောင်း လဲ၍ သွားနိုင်ပြန်၏၊

အနန္တရပစ္စည်းပြီး၏၊

------*------

သမနန္တရပစ္စည်း

၅။ သမနန္တရပစ္စယော။ ။ ဤပစ္စည်း၌ သံ-သဒ္ဒါမျှ ထူး၏၊ ကောင်းစွာအခြားမဲ့-ဟု ဆိုလို၏၊ ကောင်းစွာ ဆိုသည်ကား- ရုပ်တရား တို့မှာ ရှေးရုပ်နှင့်နောက်ရုပ် အခြားမရှိ ဆက်စပ်ကြသည်-ဟုဆိုရ သော်လည်း အကြား၌ အာကာသပရိစ္ဆေဒရှိကြသည်သာဖြစ်၏၊ နာမ်တရားတို့၌ ရှေးစိတ်နှင့်နောက်စိတ် အခြားမရှိ ဆက်စပ်ကြရာ၌ မူကား-အာကာသ ပရိစ္ဆေဒဟူ၍ပင် မရှိပြီ ဤသို့အာကာသပရိစ္ဆေဒမျှ ထင်ရအောင် ဆက်စပ်ကြသည်ကို ကောင်းစွာအခြားမဲ့ဆိုသတည်း၊ ထို့ကြောင့် မိမိသန္တာန်၌ တစ်ခုတစ်ခုသောအာရုံကို အကြံအစည် ပြု၍နေလေရာ ရှေးရှေးဖြစ်သောစိတ်စု ခဏမစဲချုပ်ကွယ်၍ နောက် နောက်ဖြစ်သောစိတ်စု ခဏမစဲ အသစ်အသစ် ဖြစ်ပေါ်ပြောင်းလဲ ခြင်းရှိပါသော်လည်း ရှေ့စိတ်နောက်စိတ် အခြားဟူ၍ မထင်ပြီ၊ တစ်နေ့ လုံးပင် ကြံစည်၍နေသော်လည်း စိတ်တစ်ခုတည်းသာ ထင်ရ၏၊ တစ် သက်လုံးမှာပင် စိတ်တစ်ခုတည်းသာထင်ရ၏၊ ထို့ကြောင့်ပင်လျှင် စိတ်၌ ''နိစ္စ-ဒိဋ္ဌိ အယူ'' ခိုင်မြဲလျက် ရှိနေကြ၏၊

သမနန္တရပစ္စည်း ပြီး၏၊

----*------

၂၂-၂၃။ နတ္ထိပစ္စည်း, ဝိဂတပစ္စည်း

၂၂-၂၃။ နတ္ထိပစ္စယော, ဝိဂတပစ္စယော။ ။ဤပစ္စည်း နှစ်ပါးသည် အခြားမဟုတ်၊ အနန္တရပစ္စည်းပင်ဖြစ်၏၊ အနန္တရ ပစ္စည်းကိုပင် ပစ္စည်းတရား ချုပ်ပျက်ပြီးမှ ပစ္စယုပ္ပန်တရား ဖြစ်ပေါ်ခွင့်ရ သောကြောင့် နတ္ထိပစ္စည်းခေါ်၏၊ ပစ္စည်းတရား ကင်းပျောက်ပြီးမှ ပစ္စယုပ္ပန်တရား ဖြစ်ပေါ်ခွင့်ရသောကြောင့် ဝိဂတပစ္စည်းခေါ်၏၊

နတ္ထိပစ္စည်း, ဝိဂတပစ္စည်းပြီး၏၊

---- * ---

အာသေဝနပစ္စည်း

၁၂။ အာသေဝနပစ္စယော အာသေဝနပစ္စယော။ ။ဤပစ္စည်းသည်လည်း အနန္တရပစ္စည်းမျိုးပင်ဖြစ်၏၊ ဇဝနကိစ္စရှိကြသောစိတ်ချင်းချင်း အခြားမဲ့ ကိစ္စနှင့် ကျေးဇူးပြုကြသည်ကို အာသေဝနပစ္စည်းဆိုသည်၊ ဇဝနကိစ္စဆိုသည်ကား-ယမ်းမီး၏ အဟုန်အားဖြင့် အလွန်ပြင်းထန်စွာ ထွက်သွား သော သေနတ်ကျည်ဆံ အမြောက်ကျည်ဆံတို့၏အဟုန်ကဲ့သို့ အလွန် ပြင်းထန်သော အဟုန်ရှိသည်ကို ဆိုသည်။

အလုံးစုံသောကုသိုလ်, အကုသိုလ်, ကာယကံ, ဝစီကံ, မနောကံဟူသမျှတို့သည်လည်း ဤဇဝနကိစ္စရှိကြကုန်သော စိတ်တို့မှ ဖြစ်ကြ ကုန်၏၊ အလုံးစုံသော အင်္ဂါကြီးငယ်လှုပ်ရှားမှု, ပြောမှု, ဆိုမှုစသည်တို့ သည်လည်း ဤဇဝနကိစ္စရှိကြကုန်သော စိတ်တို့မှဖြစ်နိုင်ကြကုန်၏၊ ဤဇဝနကိစ္စရှိကြကုန်သော စိတ်တို့၏အနန္တရပစ္စည်းအထူးကို အာသေ ဝနပစ္စည်းခေါ်သည်၊ အာသေဝနဆိုသည်ကား-ဘာဝနာပေတည်း၊ ဘာဝနာဆိုသည်ကား-တစ်ခုသောအမှုကို အထပ်ထပ်အခါခါ အကြိမ် များစွာ, အခါများစွာ လေ့ကျက်မှုပေတည်း၊ စာတစ်ပုဒ်ကို ကြေကြေ ချောချောရအောင် အထပ်ထပ်ရွတ်အံကြရာ၌ တစ်ခေါက်ထက် တစ်ခေါက် ချောမော၍လာ၏၊ ထိုသို့ချောမောခြင်း တိုးတက်၍လာ သည်ကို ပါဂုဏဘာဝဟူ၍ခေါ်၏၊ ဤကဲ့သို့ တစ်ဆင့်ထက် တစ်ဆင့် တိုးတက်ကြီးပွါး၍လာသည်ကို ဘာဝနာခေါ်သည်၊ ဤဘာဝနာကို အာသေဝနခေါ်သည်။

ထိုသို့တစ်ဆင့်ထက်တစ်ဆင့် ကြီးပွါး၍လာခြင်းမည်သည် ရှေး

ရှေးစိတ်က ချီးပင့်မြှောက်စားနိုင်သော အားခွန်ဗလရှိမှ ဖြစ်နိုင်၏၊ ထိုကဲ့သို့သော အရှိန်အဟုန်အားခွန်ဗလတို့ဖြင့် ရှေးရှေးစိတ်က နောက်နောက်စိတ်အား အဆင့်ဆင့်ချီးပင့်မြှောက်စား အားပေး၍ သွားမှုကို အာသေဝန ပစ္စည်းခေါ်သတည်း၊ ထိုသို့တစ်ဆင့်ထက်တစ်ဆင့် တိုးတက်၍ သွားသည်ဆိုငြားသော်လည်း ကာမာဝစရဇဝနစိတ်တို့သည် ဝီထိစိတ်ကိစ္စနှင့် တစ်ခါဖြစ်ပေါ်လျှင် ခုနစ်ကြိမ်မျှသာ ဇဝနအသက် ရှိကြကုန်၏၊ စတုတ္ထအကြိမ်တိုင်အောင် တစ်ဆင့်ထက်တစ်ဆင့် တိုးတက်ပြီးလျှင် စတုတ္ထအကြိမ်မှနောက်၌ လျှောကျ၍ သတ္တမအကြိမ် တွင်ဆုံး၏၊

ဤအာသေဝနပစ္စည်းသည် လောက၌လည်း အလွန်အသုံး ကျ၏၊ လောက၌အတတ်ပညာ သင်ကြားရာတို့၌လည်းကောင်း၊ ကိုယ်အင်္ဂါကို အလေ့အကျင့်ပြု၍ လုပ်ကြရသော အလုပ်မျိုး, အတတ်မျိုး, နှုတ်အင်္ဂါကို အလေ့အကျင့်ပြု၍ လုပ်ကြရသော အလုပ်မျိုး, အတတ်မျိုး, စိတ်ကိုအလေ့အကျင့်ပြု၍ လုပ်ကြရသော အလုပ်မျိုး အတတ်မျိုး အယုတ်သဖြင့် စောင်းတီးသောအတတ်, နှဲ, ပလွေမှုတ်သော အတတ်မျိုး တို့၌ပင်သော်လည်း အကြိမ်များစွာ လေ့လာလေ့ကျက်ခြင်းဟူသော အာသေဝနကိစ္စနှင့် လုပ်နိုင်မှ ဖြစ်မြောက်ကြလေသည်။

ခြောက်ဒွါရ၌ ဖြစ်ပေါ်ကြကုန်သော ဝီထိစိတ်အစဉ်တို့တွင် ဇဝနစိတ်တို့၏အတွင်း၌သာ ဤအာသေဝန,အနန္တရပစ္စည်းတို့ကို ရအပ်၏၊ ပထမဇဝနစိတ်သည် အာသေဝနပစ္စည်း ဒုတိယဇဝနစိတ် သည် ပစ္စယုပ္ပန်၊ ဒုတိယဇဝနစိတ်သည် အာသေဝနပစ္စည်း၊ တတိယ ဇဝနစိတ်သည် ပစ္စယုပ္ပန်- စသည်ဖြင့်ဆိုလေ၊ ဤအာသေဝနပစ္စည်းသည် တစ်နေ့တစ်ရက်တွင် အခါများစွာ အကြိမ်များစွာ ပြုလုပ်နိုင်ပါလျှင် တစ်ခါထက်တစ်ခါ ထိုအလုပ်ကျေလည်၍လာ၏၊ ရှေးရှေးလုပ်မှုက နောက်နောက်လုပ်မှုအား ကျေးဇူးပြုမှု ထင်လျား၏၊ နေ့ရက်များစွာ, လနှစ်များစွာပြုလုပ်ရာ၌ ဆိုဖွယ်မရှိ၊၊ ဘဝများစွာပင် ဆက်လက်နိုင်၏၊

ယခုဘဝတွင် မဂ်ဉာဏ်, ဖိုလ်ဉာဏ်, စျာန်, အဘိညာ, သမာပတ် တို့ကိုရအောင် အားထုတ်မှုသည်လည်း ဤအာသေဝနပစ္စည်းပင်တည်း၊ အလောင်းအလျာတို့သည် နောက်နောက်ဘဝတို့၌ မဂ်ဉာဏ်, ဖိုလ်ဉာဏ် သို့ ပေါက်ရောက်နိုင်ရန် ပါရမီတရားတို့ကို ဖြည့်ကျင့်ဆည်းပူးကြရာ၌ ပါရမီဆယ်ပါးကုသိုလ်တရားတို့သည် တစ်ဘဝထက်တစ်ဘဝ ထက်သန် တိုးပွါး၍ လာမှုသည်လည်း ဤအာသေဝနပစ္စည်းပင်ဖြစ်၏၊

သို့ရာတွင် ဤ ၂၄- ပစ္စည်းအရာ၌မူကား- ပဋ္ဌာန်းကျမ်းဖြစ်သည် နှင့်အညီ ပဋ္ဌာနသဒ္ဒါ၏ အနက်အားလျော်စွာ အနန္တရဖြစ်ကြသော ဇဝနစိတ်ချင်းချင်းသာ ပစ္စည်း, ပစ္စယုပ္ပန်ဆက်ဆံမှုကို ဟောတော်မူ၏၊ ပထမဇဝနစိတ်သည် အနန္တရဖြစ်သော ဒုတိယဇဝနစိတ်အားသာ အာသေဝနပစ္စည်းတပ်၏၊ ပထမဇဝနစိတ်သည် အနန္တရမဟုတ်သော တတိယဇဝနစိတ်အား အာသေဝနပစ္စည်း မတပ်၊ ဤသို့စသည်ဖြင့် ဆိုလေ။

ဤကဲ့သို့ အနန္တရ မဟုတ်သော တတိယဇဝနစိတ်, စတုတ္ထဇဝန စိတ်တို့မှစ၍ ပထမဇဝနစိတ်၏ အရှိန်အဝါကို ခံယူကြသမျှကုန်သော နောက်နောက်စိတ်တို့အားမူကား - ပထမဇဝနစိတ်သည် ဥပနိဿယ ပစ္စည်း တပ်သည်ဟုဆိုရ၏၊၊ အာသေဝန အရှိန်အဝါကို ခံယူခြင်းမည် သည် လောဘမူ, လောဘမူချင်း, ဒေါသမူ, ဒေါသမူချင်း, မောဟမူ, မောဟမူချင်း- စသည်ဖြင့် သဘောတူချင်းမှသာ ခံယူနိုင်၏၊ သဘောမတူ လျှင် မခံယူနိုင်၊ ဤအာသေဝနပစ္စည်းကို သုတ္တန်ပိဋကတ်တွင် မဟာဝဂ္ဂ သံယုတ်ကျမ်း၌ များစွာဟောပေ၏၊ ''သမ္မာဒိဋ္ဌိံ ဘာဝေတိ'သမ္မာဒိဋ္ဌိံ ဘာဝေတိ'' စသည်ဖြင့် ဘာဝနာကိစ္စနှင့် စပ်ဆိုင်သမျှသည် အာသေဝနပစ္စည်းချည်းမှတ်။

အာသေဝန ပစ္စည်းပြီး၏၊

-----*------

သဟဇာတပစ္စည်း

သဟဇာတပစ္စယော။။ ဤပစ္စည်း၌ အတူတကွဖြစ်သည်ကို သဟဇာတဆို၏၊ မီးတောက်တစ်ခုပေါ်လာခဲ့လျှင် မီး၏အရှိန်, မီး၏ အရောင်, မီး၏အနံ့တို့သည် မီး၏အစွမ်းသတ္တိကြောင့် ထိုမီးနှင့် အတူ တကွ ဖြစ်ပေါ်ကြရကုန်သကဲ့သို့ မိမိ၏ ပစ္စယုပ္ပန်တရားတို့ကို မိမိနှင့် အတူတကွ ဖြစ်ပေါ်နိုင်ကြစေရန် ကျေးဇူးပြုတတ်သော ရုပ်တရား, နာမ်တရားများတို့ကို သဟဇာတပစ္စည်းဆိုသည်။

သဟဇာတ ၄-ချက်

ဤသဟဇာတပစ္စည်း၌

၁။ နာမ်ပစ္စည်း-နာမ်ပစ္စယုပ္ပန်,

၂။ နာမ်ပစ္စည်း-ရုပ်ပစ္စယုပ္ပန်,

၃။ ရုပ်ပစ္စည်း-ရုပ်ပစ္စယုပ္ပန်,

၄။ ရုပ်ပစ္စည်း-နာမ်ပစ္စယုပ္ပန်,

ဟူ၍အချက်လေးခုရှိ၏၊

ထိုလေးခုတို့တွင်-

၁။ နာမ်ပစ္စည်း-နာမ်ပစ္စယုပ္ပန်ဆိုသည်ကား-အဘိဓမ္မတ္ထသင်္ဂဟ ကျမ်း စေတသိက်ပိုင်း၌ နာမ်သင်္ဂဟနည်းပေါင်း ၃၃-နည်း လာရှိရာတွင် နာမ်သင်္ဂဟနည်း-တစ်နည်း, တစ်နည်းမှာ ပါရှိကြ သော နာမ်အပေါင်းစုသည် သဟဇာတပစ္စည်း ပစ္စယုပ္ပန်ချင်း ဖြစ်ကြ၏၊ ဘယ်နာမ်က ပစ္စည်းမတပ်ဟု ဆိုရန်မရှိ၊ ဘယ်နာမ် ကား-ပစ္စယုပ္ပန်မထိုက်ဟု၍လည်း ဆိုရန်မရှိ။

[ဤကား-နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်ကို ပြဆိုချက်တည်း။]

၂။ နာမ်ပစ္စည်း-ရုပ်ပစ္စယုပ္ပန်ဆိုသည်ကား- ပဋိသန္ဓေခဏ၌ ပဋိသန္ဓေနာမက္ခန္ဓာလေးပါးသည် သဟဇာတပစ္စည်း၊ ၎င်းနှင့် တစ်ပြိုင်နက် အတူတကွဖြစ်ပေါ်ကြသော ကမ္မဇရုပ်စုသည် ပစ္စယုပ္ပန်၊ ပဋိသန္ဓေခဏမှ နောက်ပဝတ္တိကာလ၌ နာမက္ခန္ဓာ လေးပါးသည် ပစ္စည်း၊ ၎င်းနာမက္ခန္ဓာလေးပါးကြောင့် ဖြစ်ပေါ်ရ သော စိတ္တဇရုပ်စုသည် ပစ္စယုပ္ပန်။

[ဤကား-နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန်ကို ပြဆိုချက်တည်း။]

၃။ ရုပ်ပစ္စည်း- ရုပ်ပစ္စယုပ္ပန်ဆိုသည်ကား-၎င်းအဘိဓမ္မတ္ထသင်္ဂဟ ကျမ်း ရုပ်ပိုင်း ကလာပ, ယောဇနာခန်း၌ ရုပ်ကလာပ်ပေါင်း ၂၁-စည်းလာရှိရာတွင် ရုပ်ကလာပ်စည်း တစ်စည်း, တစ်စည်း မှာပါရှိကြသော ရုပ်တရားအပေါင်းအစုသည် သဟဇာတပစ္စည်း ပစ္စယုပ္ပန်ချည်းဖြစ်ကြ၏၊ ထိုရုပ်တရားအပေါင်းစုတွင် မဟာ ဘုတ်ကြီးလေးပါးသည် ပစ္စည်း၊ ၎င်းမဟာဘုတ်ကြီး လေးပါးနှင့် တကွ ဥပါဒါရုပ်စုသည် ပစ္စယုပ္ပန်၊ ဤ၌ ဥပါဒါရုပ်စုသည် ပစ္စည်းကား-မတပ်၊ ပစ္စယုပ္ပန်မျှသာဖြစ်ကြ၏၊

[ ဤကား-ရုပ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန်ကို ပြဆိုချက်တည်း။]

၄။ ရုပ်ပစ္စည်း-နာမ်ပစ္စယုပ္ပန်ဆိုသည်ကား-ပဋိသန္ဓေခဏ၌ ဟဒယ ဝတ္ထုရုပ်သည် သဟဇာတပစ္စည်း-ပဋိသန္ဓေနာမက္ခန္ဓာ လေးပါး သည် ပစ္စယုပ္ပန်။

[ဤကား-ရုပ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်ကို ပြဆိုချက်တည်း]

ဤသဟဇာတပစ္စည်း၌လည်း ရုပ်တရားတို့သည် အချင်ချင်း ဖွဲ့စည်းမှုတို့နှင့် ကျေးဇူးပြုကြကုန်လျက် တစ်ပြိုင်နက် တစ်ချက်တည်း အားဖြင့် အလွန်များစွာပင် ဖြစ်ပေါ်ကြကုန်၏၊ အချင်းချင်း အဖွဲ့အစည်း အခြေအနေကောင်းကြသည့်အတွက် အလွန်ကာလရှည်စွာပင် တည်နေ နိုင်ကြကုန်၏၊ ရေသတ္တဝါ, ကုန်းသတ္တဝါ, နတ်, ဗြဟ္မာတို့၏ ရုပ်ခန္ဓာ ကြီးငယ်တို့နှင့် သံတုံး, သံခဲ, ကျောက်တုံးကျောက်ခဲ, မဟာပထဝီ မြေကြီး, မြင်းမိုရ်တောင်ကြီးတိုင်အောင် မြှော်လေ။

သို့ရာတွင် ဤ၂၄- ပစ္စည်းအရာ၌မူကား- ပဋ္ဌာန်းကျမ်း ဖြစ်သည် နှင့်အညီ ပဋ္ဌာနသဒ္ဒါ၏ အနက်အားလျော်စွာ တစ်ခုတစ်ခုသော ရုပ်ကလာပ်အတွင်း၌ပါရှိကြသော ရုပ်တရားအချင်းချင်းတို့၌သာ ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံမှုကို ဟောတော်မူ၏၊ ထိုသို့ဟောတော်မူသဖြင့်လည်း မဟာပထဝီမြေကြီးတစ်ခုလုံး, မြင်းမိုရ်တောင်ကြီးတစ်ခုလုံး ရုပ်တရား တို့၏ အချင်းချင်း ဖွဲ့စည်းမှုအတွက် အကျိုးကျေးဇူးများကြပုံကို အကုန် မြင်နိုင်ကြရာ၏၊

သဟဇာတပစ္စည်းမျိုး ၁၅-ပါး

ဤသဟဇာတပစ္စည်းကြီးသည် သဟဇာတပစ္စည်းမျိုး ၁၅- ပါး တို့ကို အကုန်သိမ်းချုံမိ၏၊

၁၅- ပါးဆိုသည်ကား

၁။ နိဿယပစ္စည်းတွင် သဟဇာတနိဿယပစ္စည်းတစ်ပါး, ၂။ အတ္ထိပစ္စည်းတွင် သဟဇာတ္ထိပစ္စည်းတစ်ပါး,

၃။ အဝိဂတပစ္စည်းတွင် သဟဇာတ အဝိဂတပစ္စည်းတစ်ပါး,

ဤသုံးပါးသည် အထက်သဟဇာတပစ္စည်းကြီးနှင့် အလုံးစုံ ထပ်တူကြ၏၊ သဟဇာတကြီးလေးပါးဖြစ်၏၊

၄။ အညမညပစ္စည်းတစ်ပါး,

၅။ ဝိပါကပစ္စည်းတစ်ပါး,

၆။ သမ္ပယုတ္တပစ္စည်းတစ်ပါး,

၇။ ဝိပ္ပယုတ္တပစ္စည်းတစ်ပါး,

ဤလေးပါးသည် အထက်သဟဇာတပစ္စည်းကြီးအထဲမှခွဲ၍ ထွက်လာသော သဟဇာတအလတ်များဖြစ်ကြ၏၊

၈။ ဟေတုပစ္စည်းတစ်ပါး,

၉။ အဓိပတိပစ္စည်းတွင် သဟဇာတာဓိပတိပစ္စည်းတစ်ပါး,

၁၀။ ကမ္မပစ္စည်းတွင် သဟဇာတကမ္မပစ္စည်းတစ်ပါး,

၁၁။ အာဟာရပစ္စည်းတွင် နာမ်အာဟာရပစ္စည်းတစ်ပါး,

၁၂။ ဣန္ဒြိယပစ္စည်းတွင် နာမ်ဣန္ဒြိယပစ္စည်းတစ်ပါး,

၁၃။ စျာနပစ္စည်းတစ်ပါး,

၁၄။ မဂ္ဂပစ္စည်းတစ်ပါး,

ဤခုနစ်ပါးသည် သဟဇာတအငယ်များ ဖြစ်ကြ၏၊ အထက် သဟဇာတပစ္စည်းကြီးနှင့်ပေါင်းသော် သဟဇာတပစ္စည်းမျိုး ၁၅- ပါးဖြစ်၏၊

ထိုတွင် သဟဇာတကြီးသည် ပင်လယ်သင်္ဘောကြီးနှင့်တူ၏၊ သဟဇာတ အလတ်လေးပါး, သဟဇာတ အငယ်ခုနစ်ပါး၊ ဤ ၁၁-ပါး သည် ပင်လယ်သင်္ဘောကြီး၏ အမှုဆောင် လူအမျိုးမျိုး သင်္ဘောကြိယာ အမျိုးမျိုး, စက်ကြိယာအမျိုးမျိုး, ရွက်ကြိယာအမျိုးမျိုးတို့နှင့်တူ၏၊

၁။ နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်,

၂။ နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန်,

၃။ ရုပ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန်,

၄။ ရုပ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်,

ဟူ၍ သဟဇာတ အချက်လေးခုကို အတည်ပြု၍ ထားရာ၏၊

သဟဇာတကြီး ၄-ပါး

သဟဇာတပစ္စည်းကြီးလေးပါး ထပ်တူကြပုံကို ပြဆိုရာ၏၊ သဟဇာတပစ္စည်းတရားကိုပင်လျှင် ပစ္စယုပ္ပန်တို့၏ မှီရာသဘောရှိပြန် သည့်အတွက် နိဿယပစ္စည်း ဆိုရပြန်၏၊ ကျေးဇူးပြုဆဲအခါ၌ ပစ္စည်း တရားထင်ရှားရှိဆဲ ဖြစ်ပြန်သည့်အတွက် အတ္ထိပစ္စည်း, အဝိဂတပစ္စည်း ဆိုရပြန်၏၊

[ဤကား- သဟဇာတ ပစ္စည်းကြီးလေးပါး ထပ်မိကြပုံတည်း]

သဟဇာတအလတ် ၄-ပါး

သဟဇာတ အလတ်လေးပါးကို ပြဆိုပေအံ့၁။ အညမည ပစ္စည်းဆိုသည်ကား- သဟဇာတပစ္စည်း တပ်ကြ သော ပစ္စည်းတရားအချင်းချင်း အပြန်အလှန် ပစ္စည်းတပ်ကြသည်ကို ဆိုလိုသည်၊ သဟဇာတ အချက်လေးခုတွင် ၁-နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်၊ အကုန်လုံး အညမညပစ္စည်း ပစ္စယုပ္ပန်ချည်း၊ ၃-ရုပ်ပစ္စည်း ရုပ်ပစ္စယုပ္ပန်တွင် မဟာဘုတ်ကြီးလေးပါး အချင်းချင်း အညမညပစ္စည်း ပစ္စယုပ္ပန်ချည်းမှတ်၊၊ ပဋိသန္ဓေနာမ်နှင့်ဟဒယဝတ္ထုရုပ် အချင်းချင်း အညမည ပစ္စည်း ပစ္စယုပ္ပန်။

၂။ ဝိပါကပစ္စည်းဆိုသည်ကား- ပိန္နဲသီး, သရက်သီးတို့သည် မှည့်ခြင်းသို့ ရောက်ကြသည့်အခါ၌ အကုန်လုံး နူး, နပ်, ပျော့ပျောင်းကြ ကုန်ဘိသကဲ့သို့ ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အကျိုးဖြစ်ကြကုန်သော ကာမာဝစရဝိပါက်, ရူပါဝစရဝိပါက်, အရူပါဝစရဝိပါက်, လောကုတ္တရာ ဝိပါက်တရားတို့သည် အကုန်လုံး နူး, နပ်, ငြိမ်သက်ကြကုန်၏၊ ကုသိုလ်, အကုသိုလ်တို့ကဲ့သို့ လှုပ်ရှားထကြွ မရှိကြကုန်၊ ဤသို့သော ငြိမ်သက်မှုကို ဝိပါကပစ္စည်း ဆိုသတည်း၊ ဤသို့သော ငြိမ်သက်မှုကြောင့် အိပ်ပျော်၍ နေကြသောသူတို့မှာ ဘဝင်စိတ်-ဟူသော ဝိပါကပစ္စည်းတရား ဖြစ်ပွား၍ နေစဉ်အခါ အသေကောင်နှင့်တူစွာ ငြိမ်သက်ခြင်းသို့ရောက်၍ နေကြ ကုန်၏၊ နေ့အခါ၌ စိတ္တဗျာပါရအတွက် အဇ္ဈတ္တရုပ်တို့၏ ပူလောင် ချောက်ချားမှုတို့သည် ထိုဝိပါကပစ္စည်းဖြင့် ငြိမ်းချမ်းကြကုန်၏၊ ဤဝိပါကပစ္စည်းသည် သဟဇာတပစ္စည်းကြီး၏အထဲမှ ဝိပါက်ဖြစ်သော စိတ်, စေတသိက် နာမ်တရားစုပေတည်း၊ သဟဇာတလေးချက်တွင် ၁- နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်၊ ၂-နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန်၊ ဤနှစ်ချက် သာရ၏၊

၃။ သမ္ပယုတ္တပစ္စည်းဆိုသည်ကား-အထက်မြစ်ညာ၌ ချောင်း အမျိုးမျိုး, မြောင်းအမျိုးမျိုး, စိမ့်အမျိုးမျိုး, စမ်းအမျိုးမျိုးတို့မှာ အသီးအသီး စီးဆင်းလာကြကုန်သော ရေအမျိုးမျိုးတို့သည် မြစ်မကြီးသို့ရောက်၍ ပေါင်းဆုံရောနှောကြသောအခါ ဓာတ်ခွဲပညာဖြင့်သော်လည်း ခွဲခြား ခြင်းငှါ မတတ်ကောင်းအောင် ရေအချင်းချင်းရောနှောချက် ကောင်းကြ သကဲ့သို့ အတူတကွဖြစ်ကြကုန်သော စိတ်, စေတသိက် နာမ်တရားတို့၏ အချင်းချင်း အလွန်ရောနှောချက်ကောင်းသောအားဖြင့် ကျေးဇူးပြုမှုကို သမ္ပယုတ္တပစ္စည်းဆိုသည်၊ သဟဇာတလေးချက်တွင် ၁-နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန် တစ်ချက်သာရ၏၊

၄။ ဝိပ္ပယုတ္တပစ္စည်းဆိုသည်ကား-သတ-ဟူ၍လည်းကောင်း, ရသ-ဟူ၍လည်းကောင်းခေါ်ဆိုကြသော ပြဒါး-ဟူသော ဓာတ်ရည် အထူးသည် အရည်အချင်းချင်းဖြစ်ပါလျက် ရေ၌ထည့်သော်လည်း ရေနှင့်ရောစပ်ချင်း မရှိ၊ အုန်းရေ၌ထည့်သော်လည်း အုန်းရေနှင့်ရောစပ် ခြင်းမရှိသကဲ့သို့ ရုပ်နှင့်နာမ်, နာမ်နှင့်ရုပ် ရောစပ်ခြင်း မရှိမူ၍ ကျေးဇူးပြု မှုသည် ဝိပ္ပယုတ္တပစ္စည်းမည်၏၊ သဟဇာတလေးချက်တွင် ၂-နာမ် ပစ္စည်း, ရုပ်ပစ္စယုပ္ပန်၊ ၄-ရုပ်ပစ္စည်း, နာမ်ပစ္စယုပ္ပန် နှစ်ချက်သာရ၏၊

သဟဇာတငယ် ၇-ပါး

သဟဇာတအငယ်-ခုနစ်ပါးကို ပြဆိုပေအံ့

၁။ ဟေတုပစ္စည်းဆိုသည်ကား-ရှေး၌ပြဆိုခဲ့ပြီးသော ဟေတု ပစ္စည်းပင်တည်း၊ အဟိတ်စိတ် ၁၈-ခုတို့၌ ယှဉ်သော စေတသိက်တို့ကို ကြဉ်ဖယ်၍ သဟိတ်စိတ် ၇၁-ခုတို့၌ယှဉ်သော စေတသိက်တို့ကို ကွက်ခြား၍ ယူလေ။ သဟဇာတလေးချက်တွင် ၁-နာမ်ပစ္စည်း, နာမ် ပစ္စယုပ္ပန်၊ ၂-နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန် နှစ်ချက်သာရ၏၊

၂။ သဟဇာတာဓိပတိပစ္စည်းဆိုသည်လည်း ရှေး၌ပြဆိုခဲ့ပြီး သော သဟဇာတာဓိပတိပစ္စည်းပင်တည်း၊ အားခွန်ဗလ ကြီးမားကြသဖြင့် အဓိပတိအရာမြောက်ကြသော ဆန္ဒ, ဝီရိယ, စိတ်,ပညာတို့နှင့် ယှဉ်ကြ ကုန်လျက် ဇဝနကိစ္စတပ်ကြကုန်သော ဒွိဟိတ်စိတ်, တိဟိတ်စိတ်တို့ကို ယူလေ၊ သဟဇာတလေးချက်တွင် ၁-နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်၊ ၂- နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန် နှစ်ချက်သာရ၏၊

၃။ သဟဇာတကမ္မပစ္စည်းဆိုသည်ကား-စေတနာစေတသိက်ပေ တည်း၊ ဤ၌ ကမ္မဆိုသည်ကား-နာမ်တရား, ရုပ်တရားတို့ကို စေ့ဆော်မှု, လှုံ့ဆော်မှု, ဆော်ဩမှု, စီရင်မှုဟူသော ကြိယာအထူးပေတည်း၊ ကိုယ်အင်္ဂါတို့ကို ထကြွလှုပ်ရှားအောင် လှုံ့ဆော်သောစေတနာကို ကာယကံခေါ်၏၊ နှုတ်အင်္ဂါတို့ကို ထကြွလှုပ်ရှားအောင် စေ့ဆော်သော စေတနာကို ဝစီကံခေါ်၏၊ စိတ်အင်္ဂါတို့ကို ထကြွလှုပ်ရှားအောင် စေ့ဆော်သော စေတနာကို မနောကံခေါ်၏၊ ဤကဲ့သို့ လှုံ့ဆော်မှုနှင့် ကျေးဇူးပြုတတ်သော စေတနာစေတသိက်ကို သဟဇာတကမ္မပစ္စည်းဆို သတည်း၊ သဟဇာတလေးချက်တွင် ၁-နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်၊ ၂- နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန် နှစ်ချက်သာရ၏၊

နာနက္ခဏိကပစ္စည်းသည်မူကား-ပစ္စယုပ္ပန်တို့က နောက်ကာလ မှ ဖြစ်ကြကုန်သောကြောင့် ဤသဟဇာတအရာ၌ မဝင်သာချေ၊ သုတ္တန်ပိဋကတ်၌ သုစရိတဆယ်ပါး, ဒုစ္စရိတဆယ်ပါး, ကုသလကမ္မပထဆယ်ပါး, အကုသလကမ္မပထ ဆယ်ပါးတို့ကိုပြဆိုသော ဒေသနာဟူ သမျှသည် ဤသဟဇာတကမ္မပစ္စည်းချည်းမှတ်။

၄။ သဟဇာတ အာဟာရပစ္စည်းဆိုသည်ကား - ဖဿ စေတသိက်, စေတနာစေတသိက်, ဝိညာဏ်တို့ပေတည်း၊ ဤသုံးပါးတို့ကို နာမ်အာဟာရသုံးပါးဆိုသည်၊ ဤ၌ အာဟာရဆိုသည်ကား-လွန်စွာ ဆောင်ရွက်တတ်သည်ကိုဆိုသည်၊ ထမင်းအစာအာဟာရတို့သည် လူ့တို့၏ကိုယ်ခန္ဓာကို လွန်စွာဆောင်ရွက်တတ်ကုန်၏၊ ထို့အတူ ဤ သုံးပါးသော နာမ်တရားတို့သည် မိမိ မိမိတို့၏ ပစ္စယုပ္ပန်တရားတို့ကို လွန်စွာဆောင်ရွက်တတ်ကြကုန်၏၊

ဖဿသည် အာရုံကို ခံစားမှုတို့၌ ဝေဒနာအမှူးရှိသော စေတသိက်နာမ်တရားတို့ကို လွန်စွာဆောင်ရွက်တတ်၏၊ စေတနာသည် ကာယကံ, ဝစီကံ, မနောကံမှုတို့၌ ဖဿအစရှိသော စေတသိက်နာမ် တရားတို့ကို လွန်စွာဆောင်ရွက်တတ်၏၊ ဝိညာဏ်သည် အာရုံကိုသိမှု, ယူမှု, ရမှု, ရှာကြံမှုတို့၌ ဖဿအစရှိသော စေတသိက်နာမ်တရားတို့ကို လွန်စွာဆောင်ရွက်တတ်၏၊ စေတသိက်နာမ်တရားတို့ကို ဆောင်ရွက် လျှင်လည်း သဟဇာတ်ရုပ်တရားတို့သည် ပါကြကုန်တော့သည်၊ ဤသို့ လွန်စွာ ဆောင်ရွက်တတ်သည်ကို အာဟာရဆို၏၊ ထိုအာဟာရကိစ္စဖြင့် ကျေးဇူးပြုသည်ကို အာဟာရပစ္စည်းဆို၏၊ သဟဇာတ လေးချက်တွင် ၁-နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်၊ ၂-နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန် နှစ်ချက် သာရ၏၊

ထမင်းအစာ-ဟူသော ရုပ်အာဟာရကိုမူကား-မိမိသည်ဖြစ်ဆဲ ခဏ၌ ဆောင်ရွက်နိုင်သည် မဟုတ်၊ ဌီသို့ရောက်မှ ဆောင်ရွက်နိုင်၏၊ ထိုကြောင့် ဤသဟဇာတမျိုးတွင် မပါသော်လည်း အလျော်အားဖြင့် သဟဇာတမျိုးတွင် ထည့်သွင်းရ၏၊ အလုံးစုံသော ကာမဘုံသားတို့၏ ရူပကာယတို့သည် ဖြစ်စေမှုအတွက်အားဖြင့်၎င်း၊ ထောက်ပံ့မှုအတွက် အားဖြင့်၎င်း၊ ဤရုပ်အာဟာရပစ္စည်း၏ ပစ္စယုပ္ပန်ချည်းသာတည်း၊ ဤအာဟာရပစ္စည်းသည် နိဒါနဝဂ္ဂသံယုတ် သတ္တမဝဂ်၌ အကျယ် လာ၏၊

၅။ သဟဇာတဣန္ဒြိယပစ္စည်းဆိုသည်ကား- ဇီဝိတ, စိတ်, ဝေဒနာ, သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ၊ ဤနာမ်တရား ရှစ်ပါးကို ဆိုသည်၊ ဇီဝိတိန္ဒြေ, မနိန္ဒြေ, သုခိန္ဒြေ, ဒုက္ခိန္ဒြေ, သောမနဿိန္ဒြေ, ဒေါမနဿိန္ဒြေ, ဥပေက္ခိန္ဒြေ, သဒ္ဓိန္ဒြေ, ဝီရိယိန္ဒြေ, သတိန္ဒြေ, သမာဓိန္ဒြေ, ပညိန္ဒြေ, ဤနာမ်ဣန္ဒြေတစ်ဆယ်နှစ်ပါးတို့ပင်တည်း၊ ဤ၌ဣန္ဒြေဆို သည်ကား-အစိုးရမှုပေတည်း။ ထိုနာမ်တရားတို့သည် အသီးအသီး မိမိ မိမိတို့၏ ဆိုင်ရာဌာန၌ ပစ္စယုပ္ပန်တရားတို့၏ အပေါ်မှာ အုပ်ချုပ်နိုင်ကြ ကုန်၏၊

ဇီဝိတသည် သန္တတိအစဉ်အားဖြင့် နာမ်တရားတို့၏ အသက် ရှည်မှု၌ အစိုးရ၏၊ စိတ်သည် အာရုံကို သိမှု, ယူမှု, ရှာကြံမှု၌ အစိုးရ၏၊ သုခဝေဒနာသည် ကိုယ်အင်္ဂါချမ်းသာမှု၌၊ ဒုက္ခဝေဒနာသည် ကိုယ်အင်္ဂါ ဆင်းရဲမှု၌၊ သောမနဿဝေဒနာသည် ဝမ်းသာမှု, ဝမ်းမြောက်မှု၌၊ ဒေါမနဿဝေဒနာသည် ဝမ်းနဲမှု, စိတ်နှလုံးဆင်းရဲမှု၌၊ ဥပေက္ခာဝေဒနာ သည် လျစ်လျူရှုမှု၌ အစိုးရ၏၊ သဒ္ဓါသည် ဘုရားဂုဏ်, တရားဂုဏ်, သံဃဂုဏ်, သီလဂုဏ်ကို ယုံကြည်မှု၌ ပစ္စယုပ္ပန်တရားတို့ကို အစိုးရ၏၊ ဝီရိယသည် သမ္မပ္ပဓာန်ကိစ္စတို့၌၊ သတိသည် သတိပဋ္ဌာန်ကိစ္စတို့၌၊ သမာဓိသည် စျာန်သမာပတ္တိကိစ္စတို့၌၊ ပညာသည် သစ္စာလေးပါးကို ထိုးထွင်းမှု၌ ပစ္စယုပ္ပန်တရားတို့ကို အစိုးရ၏၊ အစိုးရမှုဆိုသည်ကားပြဆိုခဲ့ပြီးသောကိစ္စတို့၌ သူတို့သည်သာ ထင်ပေါ်လျက်ရှိကြကုန်တော့ သည်၊ သမ္ပယုတ်တရားတို့သည်မူကား- မရှိသကဲ့သို့ မှေးမှိန်၍ နေကြ ကုန်တော့သည်။

ကိုယ်အင်္ဂါ၌ ပြင်းထန်စွာ ထိခိုက်မိ၍ ဒုက္ခဝေဒနာ ဖြစ်ပွား၍ နေဆဲအခါ၌ နာမှုဟူသော ဒုက္ခဝေဒနာ တစ်ခုတည်းသည်သာ ထင်ပေါ် လျက်ရှိ၏၊ ဒုက္ခဝေဒနာနှင့် ယှဉ်လျက်ပါရှိသော စိတ်, ဖဿ, သညာ, စသောနာမ်တရားများ မှေးမှိန်၍ နေကြရကုန်တော့သည်၊ ဤကားဒုက္ခဝေဒနာ၏ အစိုးရမှုတည်း၊ ကြွင်းသော ဣန္ဒြေတရားတို့၏ အစိုးရမှု တို့မှာလည်း ဤနည်းအတိုင်းသိလေ၊ ဤသို့ အသီးအသီး မိမိ မိမိတို့၏ ဆိုင်ရာဌာန၌ အစိုးရမှုနှင့် ကျေးဇူးပြုတတ်သည်ကို ဣန္ဒြိယပစ္စည်း ဆိုသတည်း၊ သဟဇာတ လေးချက်တွင် ၁- နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်၊ ၂- နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန် နှစ်ချက်သာရ၏၊

အဓိပတိပစ္စည်းနှင့် ဣန္ဒြိယပစ္စည်းအထူးကား --၁။ အဓိပတိပစ္စည်းသည် ပြိုင်ဖက်မရှိကြီးမားသည်ဖြစ်၍ ကျွန်းကြီးလေးကျွန်းလုံးကို အစိုးရသော စကြာမင်းကြီးနှင့်တူ၏၊ ၂။ ဣန္ဒြိယပစ္စည်းသည် ဣန္ဒြေချင်းပြိုင်ဖက် အများရှိသည်ဖြစ်၍ စကြာမင်းကြီး၏ အောက်၌ မိမိ မိမိတို့၏ဆိုင်ရာ တိုင်းပြည် အသီးသီး တို့ကို အစိုးရကြသော ပဒေသရာဇ်မင်း များနှင့် တူ၏၊

တစ်နည်း

၁။ အဓိပတိသည် တိုင်းပြည်ကို အစိုးရသော ရှင်ဘုရင်နှင့် တူ ၏၊

၂။ ဣန္ဒြိယပစ္စည်းသည် ရှင်ဘုရင်၏ အောက်၌ အသီးအသီး အစိုးရကြသော မှူး, မတ်အရာရှိ အစိုးရများနှင့် တူကြ၏၊

၁။ အဓိပတိပစ္စည်းမှာ အဓိပတိတရားနှစ်ပါး ယှဉ်တွဲ၍ ဖြစ်သည်မရှိ။

၂။ ဣန္ဒြိယပစ္စည်းမှာ နာမ်ဣန္ဒြေတရား အများယှဉ်တွဲ၍ ဖြစ်နိုင်၏၊ တစ်ခုသော ဣန္ဒြေတရား၏ ဆိုင်ရာကိစ္စ၌ တစ်ပါးသော ဣန္ဒြေတရားတို့က အကူအညီပြုလုပ်ကြရ၏၊

[ဤကား- ပစ္စည်းနှစ်ပါး အထူးတည်း။]

ဣန္ဒြိယပစ္စည်းတွင် ပုရေဇာတိန္ဒြိယပစ္စည်းသည် ဤသဟဇာတ အရာ၌မဆိုင်၊ ရူပဇီဝိတိန္ဒြိယပစ္စည်းသည်လည်း ရုပ်အာဟာရပစ္စည်း ကဲ့သို့ပင် ဌီခဏ၌သာ ပစ္စယကိစ္စပြဋ္ဌာန်းသည်ဖြစ်၍ ဖြစ်ပေါ်မှုမှာ လိုရင်းကျသော ဤသဟဇာတပစ္စည်းအရာ၌ မပါနိုင်သော်လည်း အလျော်အားဖြင့် သဟဇာတမျိုး၌သွင်းရ၏၊ ကမ္မဇရုပ်ကလာပ်ဟူ သမျှသည် စောင့်ရှောက်မှုအတွက်အားဖြင့် ဤဇီဝိတိန္ဒြိယပစ္စည်း၏ ပစ္စယုပ္ပန်ချည်းသာတည်း၊ ဤဣန္ဒြိယပစ္စည်းသည် အဘိဓမ္မာတွင် ဣန္ဒြိယယမိုက်ကျမ်း၌ အလွန်ကျယ်ဝန်းစွာလာ၏၊ သုတ္တန်ပိဋကတ်တွင် မဟာဝဂ္ဂသံယုတ်၌ ဣန္ဒြိယသံယုတ်ရှိလေ၏၊ ရဟန်းတို့၏ ကျင့်ဝတ် တရားတွင် ဣန္ဒြိယသံဝရသီလသည် ဤဣန္ဒြိယပစ္စည်းပင်ဖြစ်၏၊

၆။ စျာနပစ္စည်းဆိုသည်ကား-ဝိတက်, ဝိစာရ, ပီတိ, ဝေဒနာ, ဧကဂ္ဂတာ ဤစေတသိက်ငါးပါးပေတည်း၊ စျာနဆိုသည်ကား-တစ်ခု တစ်ခုသောအာရုံ၌ စိုက်၍ရှုခြင်းတည်း၊ သားမုဆိုး, ငှက်မုဆိုးတို့သည် လေးမြားတို့ဖြင့် သားငှက်တို့ကို ပစ်ကြရာ၌ တည့်မတ်စွာ ချိန်ရွယ်မှု, တည့်မတ်ပြန်လျှင်လည်း မြားဦးတည်ငြိမ်စွာ နေစေရန် ထိန်းချုပ်မှု တို့ကဲ့သို့ အာရုံ၌တည့်မတ်စွာ ချိန်ရွယ်မှု ထိန်းချုပ်မှုတို့ကို စျာနပစ္စည်းဆို သတည်း၊ သမ္ပယုတ်တရားတို့ကို အာရုံသို့ ရှေ့ရှုတင်ခြင်းလက္ခဏာရှိ သော ဝိတက်သည် အလိုရှိရာအာရုံသို့ စိတ်ကိုဖြောင့်မတ်စွာ သွားနိုင်ရန် ချိန်ရွယ်မှုမည်၏၊ အာရုံ၌ တရစ်ဝဲဝဲနေတတ်သော ဝိစာရ, အာရုံကို နှစ်သက်တတ်သော ပီတိ, အာရုံ၏အရသာကို ခံစားတတ်သော ဝေဒနာ, အာရုံ၌စိတ်ကိုတည်ငြိမ်စွာ ချုပ်ထားတတ်သော ဧကဂ္ဂတာတို့သည် အာရုံ၌စိတ်ကို ထိန်းချုပ်မှုများ ဖြစ်ကြရကုန်၏၊ ဒေါသတရားဖြင့် ပြစ်မှား ရာ၌လည်း ဒေါမနဿဝေဒနာသည် အာရုံ၌ မကောင်းစွာ ခံစားမှုနှင့် စိတ်ကို ချုပ်ထိန်းသည်သာဖြစ်၏၊

ဤစျာနပစ္စည်းရှိပေသည့်အတွက်ကြောင့် ကုသိုလ်တရား, အကုသိုလ်တရားတို့၌ တစ်ခုခုသော ကာယကံမှု, ဝစီကံမှု, မနောကံမှုတို့ ကို အစ, အလယ်, အဆုံးတိုင်ရောက်အောင် ပြုလုပ်နိုင်ကြကုန်၏၊ စျာနပစ္စည်း မရှိခဲ့သော် အထက်ကပြဆိုခဲ့သော သားမုဆိုးသည်လည်း သားကောင်ကို မှန်အောင်ပစ်နိုင်မည်မဟုတ်၊ ငှက်မုဆိုးသည်လည်း ငှက်ကောင်ကို မှန်အောင် ပစ်နိုင်လိမ့်မည်မဟုတ်၊ အဆင်းသဏ္ဌာန် တစ်ခုကိုမျှ အကောင်အထည် ဘယ်သူဘယ်ဟာ ပေါ်အောင်ကြည့်နိုင် ကြမည် မဟုတ် ခြေတစ်လှမ်းကိုမျှ တည့်မတ်စွာ လှမ်းနိုင်ကြမည် မဟုတ်၊ အစ၌ အရှေ့ကိုရွယ်၏၊ အလယ်၌ တောင်သို့တိမ်း၏၊ အဆုံး၌ အနောက် သို့ ကျ၏၊ ဤသို့သော်လည်း ဖြစ်၍သွားရာ၏၊

ထိုခြေလှမ်းရင်း မတ်တတ်နှင့်ပင် တစ်ခြားတစ်ပါးသော အာရုံသို့ စိတ်ပြောင်းရွေ့သဖြင့် မေ့၍သော်လည်းနေရာ၏ ''နမောတဿ'' တစ်ခုကိုမျှ ချောမောအောင် မရွတ်ဆိုနိုင် ရှိလေရာ၏၊ စိတ်မည်သည် ဤမျှလောက် လွင့်ပါး ရွေ့ရှားမှု လျင်မြန်၏၊ စိတ်သည် အလွန်ရိုင်းစိုင်း လှသော နွားသားငယ်နှင့်တူ၏၊ စျာနပစ္စည်းသည် ကြိုး, လွန်, ချည်တိုင်, မြက်ရေနှင့်တူ၏၊ သဟဇာတလေးချက်တွင် ၁-နာမ်ပစ္စည်း, နာမ် ပစ္စယုပ္ပန်, ၂-နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန် နှစ်ချက်သာရ၏၊

ဒွေပဉ္စဝိညာဏ်တစ်ဆယ်တို့၌ ဤစျာနပစ္စည်းကို မရအပ်၊ ဒွေပဉ္စဝိညာဏ်တစ်ဆယ်တို့၏ ရှေ့သွား နောက်လိုက်ဖြစ်သော စိတ်တို့၌ မူကား- ရထိုက်၏၊ အဘိဓမ္မာ၌ စျာနဝိဘင်း၊ သုတ္တန်တို့၌ သီလ, သမာဓိ, ပညာ, ဟူသော သာသနာသုံးပါးကို ဟောတော်မူရာ ပထမစျာန်, ဒုတိယစျာန် အစရှိသော သမာဓိ, ဘာဝနာ, ဒေသနာ အရပ်ရပ်များသည ဤစျာနပစ္စည်း အရာချည်းမှတ်။

၇။ မဂ္ဂပစ္စည်းဆိုသည်ကား - ပညာ, ဝိတက်, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, ဝီရိယ, သတိ, ဧကဂ္ဂတာ, ဒိဋ္ဌိ ဤကိုးပါး သော စေတသိက်နာမ်တရားတို့ပေတည်း၊ ဝိတက်, ဝီရိယ, ဧကဂ္ဂတာ တို့သည် ကုသိုလ်, အကုသိုလ် နှစ်ဖက်နှင့် ဆက်ဆံကြကုန်၏၊ ဒိဋ္ဌိသည် အကုသိုလ်ဖက်သက်သက်သာ ဖြစ်၏၊ ကြွင်းကျန်သမျှတို့သည် ကုသိုလ်ဖက်တို့သာတည်း၊ အကုသိုလ်ဖက်၌လည်း မိစ္ဆာဝါစာ, မိစ္ဆာကမ္မန္တ, မိစ္ဆာအာဇီဝ, မိစ္ဆာသတိ-ဟူ၍ ရှိကြသည်မဟုတ်လောဟူမူ- ရှိကြ၏၊ ရှိကြသော်လည်း အကုသိုလ်စေတနာနှင့် အကုသိုလ်နာမက္ခန္ဓာ လေးပါးလုံး၏ အမည်များဖြစ်ကြ၏၊ မဂ္ဂင်တရား အသီးအခြား မဟုတ်ကြ ပေကုန်။

မဂ္ဂဆိုသည်ကား- လမ်းခရီး၏ -အမည်ပေတည်း၊ မိမိနေရာဌာန မှ အနီးအဝေးဖြစ်သော အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာတို့သို့ သွားကြလာကြရာ၌ တွင်ကျယ်စွာသော လမ်းကြီးလမ်းငယ်တို့၏ ကျေးဇူးသည်ထင်လျား၏၊ အလိုရှိရာအရပ်သို့ သွားလာ ဆောင်ပို့ကြ ကုန်သော လှည်း, လှေ, သင်္ဘော, မီးရထား, မြင်းရထားတို့သည်လည်း ထိုလမ်း၏ အင်္ဂါတို့ပင်ဖြစ်ကြကုန်၏၊ ထိုအတူ မိစ္ဆာ မဂ္ဂင်တရား, သမ္မာ မဂ္ဂင်တရားတို့သည်လည်း ဒုဂ္ဂတိအရပ်မျက်နှာ သုဂတိအရပ်မျက်နှာ, နိဗ္ဗာန်အရပ်မျက်နှာတို့သို့ ပို့ဆောင်ကြကုန်သော တရားများဖြစ်ကြ ကုန်၍ မဂ္ဂင်တရားတို့မည်ကုန်၏၊

မိစ္ဆာဒိဋ္ဌိသည် ဒုဂ္ဂတိလမ်းမကြီးပေတည်း၊ မိစ္ဆာသင်္ကပ္ပ, မိစ္ဆာဝါ ယာမ, မိစ္ဆာသတိ, မိစ္ဆာသမာဓိတို့သည် ထိုဒုဂ္ဂတိလမ်းမကြီး၌ အတွင် သွားလာ ပို့ဆောင်၍နေကြကုန်သော လှည်း, လှေ, သင်္ဘော, ရထား တို့ပေတည်း၊ သမ္မာဒိဋ္ဌိသည် သုဂတိနိဗ္ဗာန် လမ်းမကြီးပေတည်း၊ သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ သမ္မာသတိ, သမ္မာသမာဓိတို့သည် ထိုသုဂတိလမ်းမကြီး၌ အတွင်သွား လာပို့ဆောင်၍ နေကြကုန်သော လှည်း, လှေ, သင်္ဘော, ရထားတို့ ပေတည်း၊ စိတ်, စေတနာ, အစရှိသော ကြွင်းသော နာမ်တရားတို့သည် မိမိ မိမိတို့၏ ကိစ္စကြီးငယ်အတွက်နှင့် ထိုလမ်းမကြီးတို့၌ ထိုလှည်း, လှေ, သင်္ဘော, ရထားတို့၌ စီး၍ သွားလာနေကြကုန်သော ခရီးသည်တို့ ပေတည်း။

အနမတဂ္ဂသံသရာ၌ သွားလာ၍နေကြကုန်သော သတ္တဝါ တို့ကိုလည်း ထိုလမ်းမကြီး၌ ခရီးသည်တို့- ဟူ၍ဆိုရ၏၊ သဟဇာတ လေးချက်တွင်၊ ၁- နာမ်ပစ္စည်း၊ နာမ်ပစ္စယုပ္ပန်၊ ၂- နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန် နှစ်ချက်သာရ၏၊ ဟေတုပစ္စည်းနှင့် မဂ္ဂပစ္စည်းသည် ရှေ့သွားနောက်လိုက်ကဲ့သို့ ဖြစ်ကြသောကြောင့် ဟေတုပစ္စည်းရကောင်း သော သဟိတ်စိတ်ဧကသတ္တတိတို့၌သာ ဤမဂ္ဂပစ္စည်းကို ရထိုက်၏၊ အဟိတ်စိတ် အဋ္ဌာရသတို့၌ ဤမဂ္ဂပစ္စည်းကို မရထိုက်၊ ဤမဂ္ဂပစ္စည်း သည်လည်း အဘိဓမ္မာတွင် မဂ္ဂဝိဘင်း၊ သုတ္တန်ပိဋကတ်တွင် မဟာဝဂ္ဂ သံယုတ်၌, မဂ္ဂသံယုတ်၊ အင်္ဂုတ္တရနိကာယ်တွင် အဋ္ဌနိပါတ်, နဝနိပါတ်တို့၌ များစွာလာ၏၊

ဤတွင်ရွေ့ကား- သဟဇာတပစ္စည်းမျိုး ၁၅-ပါးကို ပြဆိုချက်ပြီး၏၊

------*------

ပုရေဇာတပစ္စည်း

ပုရေဇာတပစ္စည်းမျိုး ၉-ပါးကို ပြဆိုအံ့

၁၀။ ပုရေဇာတပစ္စယော။။ ပုရေဇာတပစ္စည်းဆိုသည်ကားပစ္စည်းတရားက အဖြစ်အလျင်ကျ၍ ရင့်သန်ခြင်းသို့ရောက်မှ ပစ္စယုပ္ပန် တရားတို့ကို ပေါက်ဖွားနိုင်ကြကုန်သောကြောင့် အဖြစ်အလျင်ကျသည်ကို ပုရေဇာတဆိုသည်၊ ချုပ်လေပြီး, လွန်လေပြီးကို ပုရေဇာတဆိုသည် မဟုတ်၊ ထိုပုရေဇာတပစ္စည်းသည် ဝတ္ထုပုရေဇာတပစ္စည်း, အာရမ္မဏ ပုရေဇာတပစ္စည်း- ဟူ၍နှစ်မျိုးရှိ၏၊

ထိုနှစ်ပါးတွင်

၁။ ဝတ္ထုပုရေဇာတပစ္စည်းဆိုသည်ကား- စက္ခုဝတ္ထုရုပ်, သောတဝတ္ထုရုပ်, ဃာနဝတ္ထုရုပ်, ဇိဝှါဝတ္ထုရုပ်, ကာယ ဝတ္ထုရုပ်, ဟဒယဝတ္ထု ရုပ်ဟူသော ဝတ္ထုရုပ်ခြောက်ပါးကို ဝတ္ထုပုရေဇာတပစ္စည်းဆိုသည်။

၂။ အာရမ္မဏ ပုရေဇာတပစ္စည်း ဆိုသည်ကား-ပစ္စယုပ္ပန် ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံတို့နှင့် ပစ္စုပ္ပန်ဖြစ်သော နိပ္ဖန္နရုပ်တရားစုကို ဆိုသည်။

ထိုနှစ်ပစ္စည်းတို့ကို ပဉ္စဒွါရဝီထိစိတ်တို့မှာ အမြဲရ၏၊ အမြဲရ ပုံကား-စောင်းကြိုး၌ စောင်းဒဏ်ဖြင့် တစ်ချက်တီးခတ် လိုက်သည်ရှိသော် စောင်းသံအဆင့်ဆင့်တွေ များစွာဖြစ်၍ သွားလေသကဲ့သို့ ပုရေဇာတ ဖြစ်သော ပဉ္စာရုံတို့သည် တစ်ကြိမ်ထိခိုက်ကြကုန်သည်ရှိသော် ဘဝင် စိတ်လှုပ်ရှားပြီးလျှင် ပဉ္စဒွါရဝီထိစိတ် အဆင့်ဆင့်တို့သည် ထိုပဉ္စာရုံတို့ကို အာရုံပြုလျက် များစွာဖြစ်ပွား၍ သွားကုန်၏၊ ထိုပဉ္စာရုံတို့ချုပ်ဆုံးမှ ထိုဝီထိစိတ်အစဉ်တို့သည် ချုပ်ဆုံးကုန်၏၊ ထိုတွင် စက္ခုဒွါရဝီထိစိတ် အစဉ်၌ ပုရေဇာတဖြစ်သော စက္ခုဝတ္ထုရုပ်သည် စက္ခုဝိညာဏ်စိတ်အား ဝတ္ထုပုရေဇာတပစ္စည်းတပ်၏၊ ပုရေဇာတဖြစ်သော ရူပါရုံတို့သည် စက္ခုဝိညာဏ်စိတ်နှင့်တကွ ထိုရူပါရုံတို့ကို အာရုံပြုလျက် အဆင့်ဆင့် ဖြစ်ပွါးကြကုန်သော ဝီထိစိတ်တို့အား အာရမ္မဏပုရေဇာတပစ္စည်း တပ်ကြကုန်၏၊

ဤစက္ခုဒွါရဝီထိ၌ စက္ခုဝိညာဏ်စိတ်သည် မျက်လုံးတွင်းမှာ ဖြစ်ပေါ်သောကြောင့် စက္ခုဝတ္ထုရုပ်ကို မှီရ၏၊ ဘဝင်စိတ်, အာဝဇ္ဇနစိတ်, သမ္ပဋိစ္ဆနစိတ်, သန္တီရဏစိတ်, ဝေါဋ္ဌဗ္ဗနစိတ်, ဇဝနစိတ်, တဒါရမ္မဏ စိတ်တို့သည်မူကား-နှလုံးတွင်းမှာ ဖြစ်ပေါ်လာကြသောကြောင့် စက္ခုဝတ္ထုရုပ်ကို မမှီကြရကုန်၊ မိမိ မိမိတို့၏ရှေ့ အနန္တရစိတ်နှင့် ပြိုင်၍ ဖြစ်ပေါ် သော အသီးအသီးသော ဟဒယဝတ္ထုရုပ်ကိုသာ မှီကြရကုန်၏၊ ထို့ ကြောင့် ထိုစိတ်တို့မှာ အသီးအသီးသော ဟဒယဝတ္ထုရုပ်သည် ဝတ္ထုပုရေဇာတ ပစ္စည်း တပ်၏၊ သောတဝတ္ထု, သဒ္ဒါရုံ, သောတဝိညာဏ် စိတ်နှင့်တ ကွသော သောတဒွါရဝီထိစိတ်တို့၌လည်းကောင်း၊ ဃာနဝတ္ထု, ဂန္ဓာရုံ, ဃာနဝိညာဏ်စိတ်နှင့်တကွသော ဃာနဒွါရဝီထိစိတ်တို့၌ လည်းကောင်း၊ ဇိဝှါဝတ္ထု, ရသာရုံ, ဇိဝှါဝိညာဏ်စိတ်နှင့်တကွသော ဇိဝှါဒွါရ ဝီထိစိတ် တို့၌လည်းကောင်း၊ ကာယဝတ္ထု, ဖောဋ္ဌဗ္ဗာရုံ, ကာယဝိညာဏ်စိတ်နှင့် တကွသော ကာယဒွါရဝီထိစိတ်တို့၌လည်းကောင်း၊ သူ့ဝတ္ထုနှင့် သူ့အာရုံ, သူ့ဝီထိစိတ် အသီးသီးထုတ်ဖော်၍ ဆိုလေ။

မနောဒွါရ၌ ဝီထိစိတ်တို့သည်မူကား-မိမိ မိမိတို့၏ ရှေ့အနန္တရ စိတ်နှင့် ပြိုင်၍ဖြစ်ပေါ်သော အသီးအသီးသော ဟဒယဝတ္ထုရုပ်ကို မှီကြရကုန်၏၊ ဤမနောဒွါရဝီထိစိတ်တို့၌မူကား-ဝတ္ထုပုရေဇာတပစ္စည်း သာမြဲ၏၊ အာရမ္မဏပုရေဇာတပစ္စည်းကိုမူကား-ရံခါရံခါ၌သာ ရကြ ကုန်၏၊ အဘယ့်ကြောင့်နည်းဆိုသော်-ဤပုရေဇာတပစ္စည်းမည်သည် စိတ္တက္ခဏတစ်ဆယ့်ခုနစ်ပြန်စာမျှ အသက်ရှည်ခြင်းရှိကြသော ပစ္စုပ္ပန် ဖြစ်သော နိပ္ဖန္နရုပ်အဋ္ဌာရသတို့၏ ကိစ္စပေတည်း၊ ထိုမှကြွင်းကျန်သော ရုပ်တရား, နာမ်တရား, နိဗ္ဗာန်တရား, ပညတ်တရားတို့၏ ကိစ္စမဟုတ်ပေ၊ မနောဒွါရ၌ ဝီထိစိတ်တို့သည်မူကား- ထိုအလုံးစုံသော အာရုံတို့ကို ထိုက်သည်အားလျော်စွာ အာရုံပြုကြကုန်၏၊ အတိတ်ကိုလည်း အာရုံပြု ကြကုန်၏၊ အနာဂတ်ကိုလည်းအာရုံ ပြုကြကုန်၏၊ ကာလသုံးပါးမှ လွတ်သော ပညတ်, နိဗ္ဗာန်တို့ကိုလည်း ထိုက်သည့်အားလျော်စွာ အာရုံပြု ကြကုန်၏၊

ထိုသို့ပြုကြရာတွင် ပစ္စုပ္ပန်ဖြစ်သော နိပ္ဖန္နရုပ်အဋ္ဌာရသတို့ကို အာရုံပြုကြသည့်အခါ မနောဒွါရဝီထိစိတ်တို့မှာ အာရမ္မဏပုရေဇာတ ပစ္စည်းကို ရသည်ဟုဆိုရ၏၊ မိမိ၌ ယခုရှိနေသော ပထဝီကို၊ အာပေါကို၊ တေဇော-ဝါယောတို့ကို စက္ခု-သောတတို့ကို ရူပ-သဒ္ဒ စသည်တို့ကို မနောဒွါရဝီထိစိတ်ဖြင့် အာရုံပြုခဲ့သော်လည်းကောင်း, တစ်ခြားတစ်ပါး၌ ယခုရှိနေသော သက်ရှိသက်မဲ့ဝတ္ထုတို့ကို မနောဒွါရဝီထိစိတ်ဖြင့် အာရုံပြု ခဲ့သော်လည်းကောင်း အာရမ္မဏပုရေဇာတပစ္စည်းကို ရသည်ဟုဆိုရ၏၊ ဤပုရေဇာတပစ္စည်း၌ ပစ္စည်းတရားကား ရုပ်တရားပေတည်း၊ ပစ္စယုပ္ပန် ကား-နာမ်တရား သက်သက်ပေတည်း။

ထိုပုရေဇာတပစ္စည်းနှစ်မျိုးတွင် ဝတ္ထုပုရေဇာတပစ္စည်း၌ ဝတ္ထုရုပ် ခြောက်ပါးတို့သည် နာမ်တရားတို့၏ မှီရာကိစ္စရှိကြသည့်အတွက် နိဿယပစ္စည်းလည်းတပ်ကြကုန်၏၊ မိမိ၌မှီကြသော နာမ်တရားတို့နှင့် ရောယှက်ခြင်း မရှိကြသည့်အတွက် ဝိပ္ပယုတ္တပစ္စည်းလည်း တပ်ကြ ကုန်၏၊ ပစ္စုပ္ပန်အနေနှင့် ရှိနေဆဲဖြစ်ကြသည့်အတွက် အတ္ထိပစ္စည်း, အဝိဂတပစ္စည်းလည်း တပ်ကြကုန်၏၊ ဟဒယဝတ္ထုမှတစ်ပါးသော ပဉ္စဝတ္ထုရုပ်တို့သည် မိမိတို့မှာမှီသော ပဉ္စဝိညာဏ်နာမ်တရားတို့ကို အစိုးရကြသည့်အတွက် ဣန္ဒြိယပစ္စည်းလည်း တပ်ကြကုန်၏၊ အာရမ္မဏ ပုရေဇာတပစ္စည်းတို့သည်လည်း[အာရမ္မဏပစ္စည်းအာရမ္မဏပစ္စည်း] လည်း တပ်ကြ ကုန်၏၊ ပစ္စုပ္ပန် အနေနှင့် ရှိနေဆဲဖြစ်ကြသည့်အတွက် အဝိဂတ ပစ္စည်းလည်း တပ်ကြကုန်၏၊

ထိုအာရမ္မဏပုရေဇာတပစ္စည်းတို့သည် အလွန်အလိုရှိအပ်သော အာရုံများဖြစ်ခဲ့သော် လောဘတရားနှင့် အလွန်သာယာခြင်းများရှိ ခဲ့သော် [အာရမ္မဏာဓိပတိပစ္စည်း, အာရမ္မဏူပနိဿယပစ္စည်းအာရမ္မဏာဓိပတိပစ္စည်း, အာရမ္မဏူပနိဿယပစ္စည်း] လည်း တပ်ကြကုန်၏၊ ဤပုရေဇာတပစ္စည်းသည် အဘိဓမ္မာ၌ အာယတန ဝိဘင်းနှင့် အာယတနယမိုက်ကျမ်း၊ သုတ္တန်၌ သဠာယတနသံယုတ်ကျမ်း တို့မှာ ကျယ်လှစွာ၏၊

ပုရေဇာတပစ္စည်းမျိုး ၉-ပါးပြီး၏၊

------*------

ပစ္ဆာဇာတပစ္စည်း

ပစ္ဆာဇာတပစ္စည်းမျိုး ၄-ပါးကို ပြဆိုပေအံ့-

ပစ္ဆာဇာတပစ္စည်းမျိုး လေးပါးဆိုသည်ကား

၁။ ပစ္ဆာဇာတပစ္စည်း,

၂။ ပစ္ဆာဇာတဝိပ္ပယုတ္တပစ္စည်း,

၃။ ပစ္ဆာဇာတအတ္ထိပစ္စည်း,

၄။ ပစ္ဆာဇာတအဝိဂတပစ္စည်း,

ဤလေးပါးပေတည်း။

၁၁။ ပစ္ဆာဇာတပစ္စယော။ ။ ပဋိသန္ဓေခဏ၌ဖြစ်သော ပဋိသန္ဓေစိတ်မှတစ်ပါး ရုပ်ရှိရာဘုံ၌ ဖြစ်ကြသော အလုံးစုံသော စိတ်, စေတသိက် နာမ်တရားများကို ပစ္ဆာဇာတပစ္စည်းဆိုသည်၊ ထိုနာမ်တရား များသည် မိမိ၏ပစ္စယုပ္ပန်ဖြစ်သော ရုပ်တရားများက အလျင်ဖြစ်၍ ဌီခဏသို့ရောက်ကြကုန်မှ မိမိတို့က ဖြစ်ပေါ်ကြသည်ဖြစ်၍ ပစ္ဆာဇာတ ဆိုသည်၊ မိုးဦး၌ စိုက်ပျိုးကြကုန်သော ကောက်စပါးတို့မှာ မိုးလယ်, မိုးနှောင်း၌ ရွာသောမိုးများသည် ထိုကောက်စပါးတို့ကို မခြောက်မညှိုး တိုးပွားစည်ကားနိုင်ကြစေရန် ချီးမြှောက်စောင့်ရှောက် ထောက်ပံ့မှုနှင့် ကျေးဇူးပြုပေသကဲ့သို့ နောက်မှဖြစ်ပေါ်သော ထိုနာမ်တရားတို့သည် ရှေ့၌ဖြစ်၍ ဌီသို့ရောက်ကြကုန်သော ကမ္မဇကာယ, စိတ္တဇကာယ, ဥတုဇ ကာယ, အာဟာရဇကာယ ရုပ်တရားတို့အား ချီးမြှောက်စောင့်ရှောက် ထောက်ပံ့မှုတို့နှင့် ကျေးဇူးပြုသည်ကို ပစ္ဆာဇာတပစ္စည်းဆိုသည်၊ ဤ ပစ္ဆာဇာတပစ္စည်း၌ ပစ္စည်းတရားကား-နာမ်တရားသက်သက်ပေတည်း၊ ပစ္စယုပ္ပန်ကား-ရုပ်တရားသက်သက်ပေတည်း။

ဤပစ္ဆာဇာတတရားပစ္စည်းတို့သည် ရုပ်တရားတို့ကို ကျေးဇူးပြု ဆဲအခါ၌ ရောယှက်ခြင်းမရှိမူ၍ ကျေးဇူးပြုကြသည့်အတွက် [ဝိပ္ပယုတ္တ ပစ္စည်း] လည်း တပ်ကြကုန်၏၊ မိမိတို့ရှိနေဆဲ အခါ၌သာ ကျေးဇူးပြုကြ သည့်အတွက် [အတ္ထိပစ္စည်း, အဝိဂတပစ္စည်းအတ္ထိပစ္စည်း, အဝိဂတပစ္စည်း]လည်း တပ်ကြကုန်၏၊ ဤပစ္ဆာဇာတပစ္စည်းသည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသ ပဉ္စမဝဂ်တွင် မဟာဝေဒလ္လသုတ်၌။

၁။ အာယုတစ်ပါး,

၂။ ဥသ္မာတစ်ပါး,

၃။ ဝိညာဏ်တစ်ပါး

ဟူ၍ ကိုယ်စောင့်တရားသုံးပါးတွင် ဝိညာဏ်ဟူသော ကိုယ် စောင့်တရားကြီးပေတည်း၊ အာယု-ဟူသော ကိုယ်စောင့်တရားသည် ကား- ဣန္ဒြိယပစ္စည်းတွင် ရူပဇီဝိတိန္ဒြိယပစ္စည်းတရားပေတည်း၊ ဥသ္မာဟူ သောကိုယ်စောင့် တရားသည်ကား- သဟဇာတပစ္စည်းတွင် ကမ္မဇ တေဇော-ဟူသော မဟာဘုတ်ရုပ်တရားပေတည်း။

ပစ္ဆာဇာတပစ္စည်းမျိုးလေးပါးပြီး၏၊

------*------

ကမ္မပစ္စည်း

ဥပနိဿယပစ္စည်းတစ်စိတ်နှင့် ကမ္မပစ္စည်းတစ်စိတ်ကျန်ရှိ၏၊ ကျန်ရှိပုံကား-ထိုနှစ်ပါးတို့တွင်--

၁၃-ကမ္မပစ္စယော။ ။ ကမ္မပစ္စည်းသည် သဟဇာတကမ္မ ပစ္စည်း, နာနာက္ခဏိကကမ္မပစ္စည်း-ဟူ၍ နှစ်မျိုးရှိ၏၊ ထိုနှစ်မျိုးတို့တွင် သဟဇာတကမ္မပစ္စည်းသည် သဟဇာတပစ္စည်းမျိုး ၁၅-တွင် ပါဝင်ခဲ့ပြီ၊ နာနာက္ခဏိကကမ္မပစ္စည်းတစ်မျိုးသာကျန်ရှိ၏၊ နာနာက္ခဏိက ကမ္မ ပစ္စည်းဆိုသည်ကား-ထိုသဟဇာတကမ္မပစ္စည်းခေါ်သော စေတနာတစ်ခု တွင် ကုသိုလ်စေတနာ, အကုသိုလ်စေတနာစုကို သဟဇာတ ကမ္မပစ္စည်း လည်းဆိုရ၏၊ နာနာက္ခဏိက ကမ္မပစ္စည်းလည်းဆိုရ၏၊ အတူတကွဖြစ် သော နာမ်တရား, ရုပ်တရားတို့ကို စေ့ဆော်မှု, စီရင်မှုဖြင့် ကျေးဇူးပြုပေ သည့်အတွက် သဟဇာတကမ္မပစ္စည်းဆိုရ၏၊ ထိုစေ့ ဆော်မှု, စီရင်မှုများ သည် ထိုစေတနာချုပ်ကွယ်၍ သွားပြီးနောက် ခဏတစ်ပါး, ကာလ တစ်ပါးတို့၌ ဝိပါက်တရား, ကမ္မဇရုပ်တရားတို့ကို ဖြစ်ပေါ်အောင် ကျေးဇူးပြုနိုင်ပြန်သည့်အတွက် နာနာက္ခဏိကကမ္မ ပစ္စည်းဆိုရ၏၊ ထိုနာနာက္ခဏိကကမ္မပစ္စည်းသည် ဒိဋ္ဌဓမ္မဝေဒနီယကံ, ဥပပဇ္ဇ ဝေဒနီယကံ, အပရာပရိယဝေဒနီယကံ, အဟောသိကံ-ဟူ၍ လေးပါး ရှိ၏၊ ယခုဘဝတွင် အကျိုးပေးနိုင်သော ကုသိုလ်အကုသိုလ် ပထမဇဝန စေတနာကံသည် ဒိဋ္ဌဓမ္မဝေဒနီယကံမည်၏၊ အနန္တရဖြစ်သော နောက်ဘဝ၌ ဘဝတစ်ခုဖြစ်ပေါ်အောင် ထူထောင်နိုင်သော ကုသိုလ်အကုသိုလ်သတ္တမဇဝနစေတနာသည် ဥပပဇ္ဇဝေဒနီယကံမည်၏၊ အနန္တရဘဝမှ နောက်ဘဝများစွာ သံသရာကာလ၌ အခွင့်ရရာဘဝတို့၌ ဘဝကိုထူထောင်မှု, ဘဝကိုချီးမြောက်မှုတို့ဖြင့် ကျေးဇူးပြုနိုင်သော ကုသိုလ်-အကုသိုလ်အလယ်ဇဝနစေတနာစုသည် အပရာပရိယ ကံမည်၏၊

အဘိဓမ္မတ္ထသင်္ဂဟကျမ်းတွင် ဘုံပိုင်း၌ ကမ္မစတုက္က တစ်ခုလုံး သည် ဤနာနာက္ခဏိကကမ္မပစ္စည်း၏ စတုက္ကပင်တည်း၊ ဘုမ္မိစတုက္က, ပဋိသန္ဓိစတုက္က, မရဏုပ္ပတ္တိစတုက္ကများသည် ဤပစ္စည်း၏ ပစ္စယုပ္ပန်တို့ကို ဝေဖန်ခွဲခြမ်းခန်းများပေတည်း၊ ဤနာနာက္ခဏိကကမ္မပစ္စည်းသည် အနမတဂ္ဂသံသရာလောကတွင် အလွန်အရေးအရာကြီးကျယ်လှ၏၊ သတ္တဝါအနန္တတို့သည်လည်း ဤပစ္စည်းမှ ဖြစ်ပွား၍ နေကြရကုန်၏၊ သတ္တဝါတို့၏ဖြစ်ရာဌာန ဘုံဘဝတို့ုသည်လည်း ဤပစ္စည်းမှ ဖြစ်ကြရ ကုန်၏၊

၁။ အကုသိုလ်စေတနာဟူသော ကမ္မပစ္စည်းမှ အပါယ်လေး ဘုံနှင့်အပါယ်သတ္တဝါမျိုးအနန္တဖြစ်ပွား၏၊

၂။ ကာမာဝစရကုသိုလ်စေတနာဟူသော ကမ္မပစ္စည်းမှ လူဘုံ, နတ်ပြည်ခြောက်ထပ်နတ်ဘုံ, လူသတ္တဝါအနန္တ, နတ် သတ္တဝါအနန္တ ဖြစ်ပွား၏၊

၃။ ရူပါဝစရကုသိုလ်စေတနာဟူသော ကမ္မပစ္စည်းမှ ရူပါဝစရ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ, ရူပဗြဟ္မာသတ္တဝါအနန္တ ဖြစ်ပွား၏၊

၄။ အရူပကုသိုလ်စေတနာဟူသော ကမ္မပစ္စည်းမှ အရူပလေး ဘုံ, အရူပဗြဟ္မာအနန္တဖြစ်ပွား၏၊

ဤကမ္မပစ္စည်း၏ နိဿန္ဒအကျိုးဆက်အားဖြင့် ထိုသတ္တဝါတို့၏

ဆင်းရဲချမ်းသာ ခံစား, စံစားကြရန်, ဘုံ, ဗိမာန်, ရေ, မြေ, တော, တောင်, အလုံးစုံဖြစ်ရ၏၊ မြက်သစ်ပင်တို့သည် အသီးအသီးမျိုးစေ့တို့မှ ပေါက်ပွား ကြကုန်ဘိသကဲ့သို့ သတ္တဝါအနန္တတို့သည် ဤကမ္မပစ္စည်းမှ ပေါက်ပွားကြ ရကုန်၏၊ ကမ္မပစ္စည်းသည် သတ္တဝါအနန္တတို့၏ မျိုးစေ့အစစ်အမှန်ဖြစ်၏်၊၊ သုတ္တန်ပိဋကတစ်ခွင်လုံးမှာ ဒါန, သီလ, ဘာဝနာကံတို့၏အကျိုး, ဒုစရိုက် သုစရိုက်တရားတို့၏ အကျိူးအပြစ်တို့ကို ပြဆိုသမျှတို့သည် ဤ နာနာက္ခဏိကကမ္မပစ္စည်း ပစ္စယုပ္ပန်တို့ချည်းပင်တည်း။

အထူးအားဖြင့် မဇ္ဈိမနိကာယ မူလပဏ္ဏာသကျမ်း ပဉ္စမဝဂ်တွင် သာလေယျကသုတ်, ဝေရဇ္ဇကသုတ်, စူဠဓမ္မသမာဒါနသုတ်, မဟာဓမ္မ သမာဒါနသုတ်၊ ဥပရိပဏ္ဏာသကျမ်း ဒုတိယဝဂ်တွင် ဗာလပဏ္ဍိတသုတ်၊ တတိယဝဂ်တွင် ဒေဝဒူတသုတ်၊ စတုထ္ထဝဂ်တွင် စူဠကမ္မဝိဘင်္ဂသုတ်, မဟာကမ္မဝိဘင်္ဂသုတ်၊ ခုဒ္ဒကနိယာယ်ကျမ်းစုတွင် အပဒါန်ကျမ်း, ဝိမာနဝတ္ထုကျမ်း, ပေတဝတ္ထုကျမ်း ဤသုတ္တန်စုသည် နာနာက္ခဏိက ကမ္မပစ္စည်း, ပစ္စယုပ္ပန်ကို ပြဆိုသောသုတ္တန်များပေတည်း။

ဤကမ္မပစ္စည်းကို အယူမရှိကြသူ, မသိကြသူ ငြင်းပယ်ကြ သူတို့သည် အတ္ထိဒိန္နံ အတ္ထိယိဋ္ဌံအစရှိသော ဆယ်ပါးသော သမ္မာဒိဋ္ဌိတို့မှ လွတ်ကြကုန်၍ သုံးပါးသောနိယတမိစ္ဆာဒိဋ္ဌိကြီးတို့နှင့် နတ္ထိဒိန္နံ နတ္ထိယိဋ္ဌံ အစရှိသောဆယ်ပါးသော မိစ္ဆာဒိဋ္ဌိ, ဣဿရနိမ္မနဒိဋ္ဌိတို့၌ သက်ဝင်ကြ လေကုန်၏၊ သို့မဟုတ်-သံသရာအရေး၌ ခွေး, ဝက်, ကြက်, ငှက်-အစရှိ သော တိရစ္ဆာန်များကဲ့သို့ နောက်ဘဝဟူ၍၎င်း၊ ကုသိုလ်-အကုသိုလ်, သုဂတိ, ဒုဂ္ဂတိဟူ၍၎င်း မသိကြသော သမ္မောဟတုံးတို့သာ ဖြစ်ကြလေ ကုန်၏၊

ကမ္မပစ္စည်းပြီး၏၊

---ဝ------

ဥပနိဿယပစ္စည်း

၉။ ဥပနိဿယပစ္စယော။။ ဥပနိဿယပစ္စည်းဆိုသည်ကားအလွန်အားကြီးသော မှီရာဖြစ်သောပစ္စည်းကို ဆိုလိုသည်၊ ထိုဥပနိဿယ ပစ္စည်းသည် အာရမ္မဏူပနိဿယပစ္စည်း, အနန္တရူပနိဿယပစ္စည်း, ပကတူပနိဿယပစ္စည်းဟူ၍ သုံးမျိုးရှိ၏၊

ထိုသုံးမျိုးတို့တွင်-

၁။ အာရမ္မဏူပနိဿယပစ္စည်း ဆိုသည်ကား- အာရမ္မဏာ ဓိပတိ ပစ္စည်းပင်တည်း။

၂။ အနန္တရူပနိဿယပစ္စည်းဆိုသည်လည်း အနန္တရပစ္စည်း ပင်တည်း။

[ထိုပစ္စည်းနှစ်ပါးကို ရှေ့၌ပြဆိုခဲ့ပြီ၊ ပကတူပနိဿယပစ္စည်း တစ်မျိုးသာ ကျန်ရှိ၏၊]

၃။ ပကတူပနိဿယဆိုသည်ကား- အားကြီးသော မှီခိုရာကို ဥပနိဿယဆို၏၊

ထိုဥပနိဿယသည်

ပကတော ဟုတွာ ဥပနိဿယော၊ ပကတူပနိဿယော၊ ပကတော=ရှေ့၌မိမိကပြုအပ်ဖူးသည်၊ ဟုတွာ=ဖြစ်၍၊ ဥပ နိဿယော=နောက်၌ မိမိ၏အားကြီးသောမှီရာတည်း၊ ပကတူပ နိဿယော၊ ရှေး၌ ပြုအပ်ဘူးသည်ဖြစ်၍ နောက်၌အားကြီးသော မှီရာ။ ဟူသော ဝိဂ္ဂဟနှင့်အညီ ပကတူပနိဿယမည်၏၊

အဓိပ္ပါယ်ကား။ လောက၌ မိတ်ဆွေမည်သည် ရှိကြရ၏၊ ထိုမိတ်ဆွေသည် မိမိအိမ်သို့ရောက်လာသည့်အခါ မိမိက မိတ်ဆွေ ဝတ္တရားကို ကျေကုန်စွာပြုအပ်ဖူး၏၊ ထိုမိတ်ဆွေသည် ပကတ, မည်၏၊ ထိုမိတ်ဆွေသည် နောင်အခါ သူ့အိမ်သို့ မိမိကရောက်သည်ရှိသော် အားကြီးသောမှီရာဖြစ်၏၊ မိမိအိမ်သို့ မိတ်ဆွေရောက်လာသည့်အခါ၌ အလေးမပြုဂရုမစိုက်ခဲ့သော် ပကတ-မဖြစ်၊ ပကတ မဖြစ်ခဲ့သော် နောင် ထိုသူ့အိမ်သို့ မိမိရောက်ရှိသည်ရှိသော် အားကြီးသောမှီရာ မဖြစ်၊ ထိုမိတ်ဆွေကလည်း အလေးပြုမည် မဟုတ်၊ ဂရုစိုက်မည်မဟုတ်၊ မိမိက ကောင်းကောင်းပြုလေလေ နောင်ခါအဖို့ ထိုသူကို မိမိက အားကိုးရ လေလေ ဖြစ်၏၊ အားကြီးသော မှီရာဖြစ်၏၊ အားကြီးသော မှီရာဆိုသော် လည်း ထိုမိတ်ဆွေ၏ အင်အားရှိသမျှကို ဆိုသည်၊ ထိုမိတ်ဆွေသည် သူဆင်းရဲလည်း ရှိ၏၊ သူကြွယ်လည်း ရှိ၏၊ သူဋ္ဌေးလည်း ရှိ၏၊ မင်းစိုး ရာဇာလည်း ရှိ၏၊

အိမ်နှင့်နေရသောသူသည် အိမ်ကို ဆောက်လုပ်သော အခါ၌ ကောင်းမွန်စွာ ဆောက်လုပ်ခဲ့သော် နောင်ထိုအိမ်သည် ထိုသူ၏ အားကြီး သော မှီရာဖြစ်၏၊ ထိုသူ၏သား, မြေး စဉ်ဆက်ပင် အားကြီးသော မှီရာဖြစ်တတ်၏၊ လယ်ယာလုပ်သမားသည် ထိုလယ် ထိုယာကို ကောင်းမွန်စွာ တည်ထောင်ခဲ့သော် နောင်ထိုလယ် ထိုယာသည် ထိုသူ၏ အားကြီးသော မှီရာဖြစ်၏၊ ထိုသူ၏ သား, မြေးစဉ်ဆက်ပင် အားကြီး သော မှီရာဖြစ်တတ်၏၊ အတတ်ပညာသင်ကြားသောသူသည် သင်ကြားစဉ်အခါ၌ ကျေလည်လှစွာ သင်ကြားခဲ့သော် နောင် ထိုအတတ် ပညာသည် ထိုသူ၏ အားကြီးသော မှီရာဖြစ်၏၊ ဒါန, သီလ, ဘာဝနာမှု တို့၌လည်း ပြုစဉ်အခါ၌ ကောင်းမွန်စွာပြုခဲ့သော် နောင်ဘဝ၌ ထိုဒါန, သီလ, ဘာဝနာကုသိုလ်သည် ထိုသူ၏ အားကြီးသော မှီရာဖြစ်၏၊ ဤကုသိုလ်ကံဖက်၌ ကောင်းစွာပွါးများအပ်ပြီးသော မဟဂ္ဂုတ် ကုသိုလ်ကံ, မဂ်ကုသိုလ်ကံများသည် အလွန်အားကြီးသော ပကတူပ နိဿယများ ဖြစ်ကြ၏၊

အကုသိုလ်အရာ၌လည်း သူတစ်ပါးကို အလွန်အကြူးပြုခဲ့သော် နောင်ထိုသူမှာ ခိုက်ရန်ပွါးများဖို့ အားကြီးသော မှီရာဖြစ်၏၊ အားကြီး သော မှီရာဆိုသည်ကား- ပြယ်ပျောက်စေခြင်းငှာ မတတ်ကောင်းအောင် အားကြီးသော အကြောင်းဖြစ်သည်ကို ဆိုသည်၊ ပါဏာတိပါတမှုကို စိတ်ရောကိုယ်ပါ ထက်သန်စွာပြုခဲ့သော် နောင်ထိုသူမှာ အပါယ်ဒုက္ခပွား များဖို့ သာမညအားဖြင့် မတားမဆီးနိုင်အောင် အားကြီးသော မှီရာဖြစ်၏၊ ဤသို့စသည်ဖြင့် လောကဓမ္မ အကုန်မြင်လေ၊၊ မာတုဃာတကကံ, ပိတုဃာတကကံ, အရဟန္တဃာတကကံ, လောဟိတုပ္ပါ ဒကကံ, သံဃဘေဒကကံနှင့် နိယတမိစ္ဆာဒိဋ္ဌိကံကြီး သုံးပါးတို့သည် ဤအကုသိုလ် ဖက်၌ အကြီးဆုံးသော ပကတူပနိဿယကြီး ဖြစ်ကြကုန်၏၊ ထိုသူတို့ကို သေလွန်ကြသည်ရှိသော် အပါယ်သို့ မကျကြစေရန် ဘယ်ကုသိုလ်တစ် ပါးမှ မတားဆီးနိုင်ကြကုန်ပြီ။

ပဋ္ဌာနုဒ္ဒေသဒီပနီ၌ကား-

လောကပကတိယာ ပဏ္ဍိတာနံပါကဋော ဥပနိဿယော ပကတူပနိဿယော-ဟု ဝိဂ္ဂဟပြု၍ လောကအရိုးအစဉ်အားဖြင့် ပညာရှိပုဂ္ဂိုလ်တို့အား ထင်ရှား၍နေကြသော ဥပနိဿယမျိုးသည် ပကတူပနိဿယမည်၏-ဟုဖွင့်၏၊ အထက်က ပြဆိုခဲ့ပြီးသော ပကတူပ နိဿယအမှုများသည်လည်း လောက၌ အရိုးအစဉ် ထင်ရှား၍နေကြ သော ဥပနိဿယကြီးများပင် ဖြစ်၏၊ အဓိပ္ပါယ်အားဖြင့် တူကြ၏၊ လောက၌ ဘယ်အမှုမျိုးမဆို ပြုလုပ်စဉ်အခါ၌ နာကြည်းစွာ လေးနက်စွာ ပြုခဲ့သော် နောက်အခါ၌ အကျိုးတရား အားကြီးစွာလာလတံ့-ဟု သိကြ၏၊

ဤပကတူပနိဿယပစ္စည်းသည်-

၁။ ပစ္စုပ္ပန်ပစ္စည်း, ပစ္စုပ္ပန် ပစ္စယုပ္ပန်,

၂။ အတိတ်ပစ္စည်း, ပစ္စုပ္ပန် ပစ္စယုပ္ပန်,

၃။ အနာဂတ်ပစ္စည်း, ပစ္စုပ္ပန် ပစ္စယုပ္ပန်,

၄။ ကာလဝိမုတ်ပစ္စည်း, ပစ္စုပ္ပန် ပစ္စယုပ္ပန်, ဟူ၍ လေးပါးရ၏၊

ထိုလေးပါးတို့တွင်

၁။ ပစ္စုပ္ပန် ပစ္စည်း, ပစ္စုပ္ပန် ပစ္စယုပ္ပန်ဆိုသည်ကား-လောက၌ မိမိ၏ သဒ္ဓါတရားအားကောင်းသည့်အတွက် မိမိ၌ ကုသိုလ်တရား အဆင့်ဆင့်ဖြစ်ပွားခြင်း၊ မိမိ၏ သဒ္ဓါတရား အားကောင်းသည့်အတွက် မိမိနှင့်စပ်နွယ်သမျှ သူတစ်ပါးတို့၌ ကုသိုလ်တရား ပွါးများခြင်း၊ သူတစ်ပါး တို့၏ သဒ္ဓါတရားအားကောင်းသည့်အတွက် မိမိ၌ ကုသိုလ်တရားပွား များခြင်း၊ ထို့အတူ မိမိ၏သီလတရား, မိမိ၏ဗဟုဿုတတရား, မိမိ၏ အသိအလိမ္မာ ဉာဏ်ပညာတရား စသည်ဖြင့်ချဲ့လေ၊ မိမိ၏တဏှာ, ရာဂ, လောဘတရား အားကြီးသည့်အတွက် မိမိ၌အကုသိုလ်တရား အဆင့် ဆင့်ပွားများခြင်း၊ မိမိ၏ တဏှာ, ရာဂ, လောဘတရား အားကြီးသည့် အတွက် သူတစ်ပါးတို့၌ တဏှာ, ရာဂ, လောဘစသော အကုသိုလ်တရား ပွားများခြင်း၊ ထို့အတူ မိမိ၏ ဒေါသ, မာနတရား အားကြီးသည့်အတွက် မိမိ၏ ဒိဋ္ဌိအယူအမှား အားကြီးသည့်အတွက်-အစရှိသည်ဖြင့် ချဲ့လေ။ သူတစ်ပါးတို့ ဟူသောစကား၌ သဒ္ဓါတရားကောင်းကြသော မိဘတို့၏သားသမီးများသည် သဒ္ဓါတရားကောင်းတတ်ကြ၏၊ အကျင့် သီလရှိကြသော မိဘတို့၏ သားသမီးများသည် အကျင့်သီလကောင်း တတ်ကြ၏၊ ပညာဗဟုဿုတ ကောင်းကြသော မိဘတို့၏ သားသမီးများ သည် ပညာဗဟုဿုတ ကောင်းတတ်ကြ၏၊ မကောင်းသောဖက်၌လည်း အမျိုးအရိုးလိုက်မှုကို အကုန်မြင်လေ၊ ဆရာကောင်း, သမားကောင်း, မိတ်ဆွေကောင်းတို့နှင့် ပေါင်းဖော်ခဲ့လျှင် ကောင်းမြတ်တတ်ကြ၏၊ ယုတ်ညံ့သော ဆရာယုတ်ညံ့သောမိတ်ဆွေတို့နှင့် ပေါင်းဖော်ခဲ့လျှင် ယုတ်ညံ့တတ်ကြ၏၊ ကာလကောင်းနှင့် ကြုံကြိုက်ခဲ့သော် တရားကောင်း ပွားများတက်ကြ၏၊ ကာလဆိုးနှင့် ကြုံကြိုက်ခဲ့သော် တရားယုတ် ပွားများတတ်ကြ၏၊ အရပ်ဒေသ ကောင်းမြတ်ခဲ့သော် အလိမ်မာတရား ပွားများတတ်ကြ၏၊ အရပ်ဒေသ ယုတ်ညံ့ခဲ့သော် အမိုက်တရား ပွားများ တတ်ကြ၏-စသည်ဖြင့် မျက်မြင်ဒိဋ္ဌ ဥပနိဿယပစ္စည်း ပစ္စယုပ္ပန်တို့ကို အကုန်မြင်လေ။

မဟာပထဝီမြေကြီးသည် မြေကိုမှီကြရသော သတ္တဝါခန္ဓာတို့၏ အားကြီးသောမှီရာဖြစ်၏၊ သစ်ပင်, တော, တောင်, ချုံ, မြက်တို့သည် သားငှက်တိရစ္ဆာန် ခန္ဓာအပေါင်းတို့၏ အားကြီးသောမှီရာဖြစ်၏၊ ရေကန်, ရေတွင်း, အိုင်, အင်း, မြစ်, သမုဒ္ဒရာ ရေတို့သည် ရေသတ္တဝါ ခန္ဓာ အပေါင်းတို့၏ အားကြီးသောမှီရာဖြစ်ကုန်၏၊ မိုးရေ မိုးပေါက်တို့သည် မိုးကိုမှီကြရကုန်သော သတ္တဝါတို့၏ အားကြီးသော မှီရာဖြစ်ကုန်၏၊ ကောင်းကင်သည် ကောင်းကင်ပျံငှက်တို့၏လည်းကောင်း, ကောင်းကင် ဘုံသား နတ်သိကြားဗြဟ္မာတို့၏လည်းကောင်း အားကြီးသောမှီရာဖြစ်၏၊ ဤသို့အစရှိသည်ဖြင့် မျက်မြင်ဒိဋ္ဌ ဖြစ်ကြကုန်သော ပစ္စုပ္ပန်ဥပနိဿယ ပစ္စည်း ပစ္စယုပ္ပန်တို့ကို သိကြရကုန်၏၊

၂။ အတိတ်ပစ္စည်း, ပစ္စုပ္ပန် ပစ္စယုပ္ပန်ဆိုသည်ကား- ကွယ်လွန် ကြကုန်လေပြီးသော မိဘ ဘိုးဘွားတို့သည် ထိုသူတို့၏ အတွင်းဥစ္စာ, အပဥစ္စာ, အယူဝါဒကို ဆက်ခံရကုန်သော သားမြေးတို့၏ အားကြီးသော မှီရာဖြစ်ကြကုန်၏၊ ကွယ်လွန်ကြကုန်ပြီးသော ငါတို့မြတ်စွာဘုရား၏ တပည့်သား ရဟန်းတော်သင်္ဃာတော်အပေါင်းတို့သည် ငါတို့နောက်ဖြစ် နောက်ပွါး တပည့်သားတို့၏ အားကြီးသော မှီရာဖြစ်ကုန်၏၊ ရှေးရှေး သောဘဝ၌ ပြည့်စုံစွာပြုခဲ့ကြကုန်သော ကုသိုလ်ကံဟောင်း, အကုသိုလ်ကံဟောင်းတို့သည် နောက်ဘဝတို့၌ ချမ်းသာသုခကိုလည်းကောင်း, ဆင်းရဲ ဒုက္ခကိုလည်းကောင်း ခံစားကြရန် အားကြီးသောမှီရာ ဖြစ် ကုန်၏၊

ရှေးရှေးသောဘဝတို့၌ ပြည့်စုံစွာစွဲယူ ကျင့်ဆောင်ခဲ့ကြကုန်သော ကောင်းမြတ်သောအယူအကျင့်, ဆိုးယုတ်သောအယူအကျင့်တို့သည် နောက်ဘဝတို့၌ ထိုအယူ ထိုအကျင့်တို့သို့ သက်ရောက်ခြင်းငှါ အားကြီး သော မှီရာဖြစ်ကုန်၏၊ ရှေးရှေးသောဘဝတို့၌ ဖြည့်ကျင့်ခဲ့ကြကုန်သော ဝါသနာ, ဝသီ, ပါရမီကုသိုလ်မှုတို့သည် တစ်ဘဝထက်တစ်ဘဝ ထက် သန်ရဲရင့် အဆင့်ဆင့် တိုးပွါးကြီးမြင့်၍ သွားခြင်းငှါ အားကြီးသောမှီရာ ဖြစ်ကုန်၏၊ ယခုဘဝတွင်လည်း ရှေးရှေးသော နေ့, ရက်, လ, နှစ်တို့၌ ပြည့်စုံစွာပြုခဲ့ကြကုန်သော ဝီရိယမှုတို့သည် နောက်နောက်သော နေ့, ရက်, လ, နှစ်တို့၌ အားကြီးသော မှီရာဖြစ်ကုန်၏၊ ဤသို့အစရှိသဖြင့် အတိတ်ဥပနိဿယပစ္စည်း, ပစ္စုပ္ပန် ပစ္စယုပ္ပန်ဖြစ်ပုံကို သိမြင်ကြကုန်ရာ ၏၊

အနာဂတ်ပစ္စည်း, ပစ္စုပ္ပန် ပစ္စယုပ္ပန်ဆိုသည်ကား-ရှေ့သို့တွေ့ လတံ့သော အနာဂတ်အကျိုးသည် ပစ္စည်း၊ တွေ့လတံ့သော အကျိုးကို အားကိုးအားထားပြု၍ ထိုအကျိုးကို အလွန်အလိုရှိသောကြောင့် ယခု ပစ္စုပ္ပန်၌ ထိုအကျိုးကို တွေ့စေတတ်သောအမှုကို အားထုတ်ပြု လုပ်ခြင်းသည် ပစ္စယုပ္ပန်၊ ရှေ့ုသို့ရလတံ့သော အနာဂတ်အကျိုးသည် ပစ္စည်း၊ ရလတံ့သောအကျိုးကို အားကိုးအားထားပြု၍ ထိုအကျိုးကို ရလိုသောကြောင့် ယခုပစ္စုပ္ပန်၌ ထိုအကျိုးကိုရစေတတ်သောအမှုကို အားထုတ်ပြုလုပ်ခြင်းသည် ပစ္စယုပ္ပန်၊ သတ္တဝါအပေါင်းတို့ကို ရှေ့သို့တွေ့ လတံ့, ရလတံ့, ခံစားရလတံ့, စံစားရလတံ့-ဟူ၍ မြော်လင့်ခြင်းသည် အမြဲအုပ်စိုးလျက်ရှိ၏၊ ရှေ့အလားသည် သတ္တဝါအများတို့ကို အမြဲဆွဲ ငင်၍ နေ၏၊ ယခုပစ္စယုပ္ပန်၌ မေ့လျော့ပေါ့စား၍ မနေသာအောင် အမြဲနိုးဆော်တိုက်တွန်း၏၊

ရှေ့သို့တွေ့ရလတံ့သော ကောင်းကျိုး, မကောင်းကျိုးတို့သည် ယခုပစ္စုပ္ပန်၌ သတ္တဝါတို့ကို လွန်စွာဆုံးမနိုင်ကုန်၏၊ အလွန်မကောင်း သည်ကို တွေ့ရလိမ့်မည်ဆိုလျှင် ထိုလမ်းကို မသွားဝံ့ကြကုန်၊ အလွန် ကောင်းသည်ကိုတွေ့ရလိမ့်မည်ဆိုလျှင် ထိုလမ်းကို တားဆီးမရ သွားကြ ကုန်၏၊ ထို့ကြောင့် ရှေ့သို့တွေ့လတံ့, ရလတံ့, ခံစားရလတံ့, စံစားရ လတံ့-ဟူသော အနာဂတ်အကျိုးသည် သတ္တဝါတို့၌ အကြီးဆုံးသော ဥပနိဿယပစ္စည်းကြီးဖြစ်၏၊ မကောင်းသော ရှေ့အကျိုးမျိုးကို လွတ်ကင်းစေခြင်းငှါ ကောင်းသောရှေ့အကျိုးမျိုးကို ရရှိစေခြင်းငှါ ယခု အားထုတ်ကြသော လူတို့၏ကိစ္စ, ရှင်တို့၏ကိစ္စကြီးငယ် အလုံးစုံသည် ပစ္စုပ္ပန် ပစ္စယုပ္ပန်မည်၏၊

ဤပစ္စုပ္ပန် ပစ္စယုပ္ပန် ကိစ္စကြီးငယ်ကို ပြည့်စုံစွာအားထုတ်ကြ သည့်အတွက် နောက်ရက်, နောက်လ, နောက်နှစ်, နောက်ဘဝတို့၌ အကျိုးကိုရကြပြန်သောအခါ ထိုပစ္စုပ္ပန် ကိစ္စကြီးငယ်များသည် အတိတ် ဥပနိဿယပစ္စည်းဖြစ်ပြန်၏၊ ရရှိကြသော အကျိုးများသည် ပစ္စုပ္ပန် ပစ္စယုပ္ပန် ဖြစ်လာကြပြန်၏၊ ဤသို့အစရှိသည်ဖြင့် လောကတွင် မျက်မြင်ဒိဋ္ဌ ဖြစ်ကြကုန်သော အနာဂတ်ဥပနိဿယပစ္စည်းမျိူး, သမ္မာဒိဋ္ဌိ ပညာရှိကြီးတို့၏ ဟောပြောမှုနှင့် သိရှိကြရကုန်သော အနာဂတ်ဘဝ ဥပနိဿယပစ္စည်းမျိူးတို့ကို သိကြကုန်ရာ၏၊

၄။ ကာလဝိမုတ်ပစ္စည်း, ပစ္စုပ္ပန်, ပစ္စယုပ္ပန် ဆိုသည်ကားနိဗ္ဗာန်တရား, ပညတ်တရားတို့သည် ဖြစ်ခြင်းပျက်ခြင်းမှ ကင်းလွတ်ကြ ကုန်သဖြင့် ကာလသုးံပါး မရှိကြကုန်သည်ဖြစ်၍ ကာလဝိမုတ်မည် ကုန်၏၊ ထိုတွင်နိဗ္ဗာန်တရားသည် သံသရာဘေးမှ ကြောက်လန့်ကြကုန် သော ပညာရှိတို့မှာ ဒါနပါရမီ, သီလပါရမီ-အစရှိသောပါရမီကုသိုလ် တရား, ဝိသုဒ္ဓိခုနစ်ပါး, ဗောဓိပက္ခိယတရားတို့၏ ဖြစ်ပွားခြင်းငှါ အလွန် အားကြီးလှသော ဥပနိဿယကြီးဖြစ်၏၊ ငြိမ်းမှုမည်သည် ထိုအသင်္ခတ မဟာနိဗ္ဗာန်ကြီးကို မဆိုထားဘိဦး၊ လောက၌ မီးဘေးဟူ၍ ရှိ၏၊ မီးဘေး၏ငြိမ်းမှု-ဟူ၍ ရှိ၏၊ ရေဘေးဟူ၍ ရှိ၏၊ ရေဘေး၏ငြိမ်းမှု-ဟူ၍ ရှိ၏၊ ခိုးသူ, ဓားပြဘေး-ဟူ၍ရှိ၏၊ ခိုးသူ, ဓားပြဘေး၏ ငြိမ်းမှု-ဟူ၍ ရှိ၏၊ ရန်သူဘေး-ဟူ၍ ရှိ၏၊ ရန်သူဘေး၏ ငြိမ်းမှု-ဟူ၍ ရှိ၏၊ ဆင်ဘေး, ကျား ဘေး-စသည်အကုန်သွားလေ၊ ရောဂါဘေး, အနာဘေး-ဟူ၍ရှိ၏၊ ရောဂါဘေး, အနာဘေး၏ ငြိမ်းမှု-ဟူ၍ ရှိ၏၊ ထိုထိုဘေးနှင့် တွေ့ရှိ၍ နေကြသောသူတို့မှာ ထိုထိုဘေး၏ လွတ်ငြိမ်းခြင်းကို လွန်စွာရှာကြံ တောင့်တ အားကိုးကြရကုန်၏၊

အဇဋာကာသကောင်းကင် ပညတ်ကြီးသည် ကောင်းကင်နှင့် စပ်၍ ဖြစ်ပွါးကြရကုန်သော သတ္တဝါ ခန္ဓာအပေါင်းမှာ အားကြီးစွာသော မှီရာကြီးဖြစ်၏၊ အရှေ့, အနောက်, တောင်, မြောက်, အထက်, အောက် ဟူသော ဒိသာပညတ်, ဒေသပညတ်များသည်လည်း အမှတ်သညာထား၍ ကျင်လည်ကြကုန်သော သတ္တဝါ ခန္ဓာအပေါင်းတို့မှာ အားကြီးစွာသော မှီရာနိဿယကြီးဖြစ်၏၊ အထွေထွေသော သဏ္ဌာန်ပညတ်, အထွေထွေ သော သန္တတိပညတ်တို့သည်လည်းကောင်း၊ ထိုပညတ်တို့ကို ခေါ်ဆိုကြ ရန် အထွေထွေသော အမည်သညာ နာမပညတ်တို့သည်လည်းကောင်း၊ ဗေဒင်ကျမ်းတို့၌လာသော အထွေထွေသော ဗေဒင်ပညတ်၊ ဆေးကျမ်း တို့၌လာသော အထွေထွေသော ဆေးပညတ်၊ ထိုမှတစ်ပါး လောကီ အတတ်ပညာကျမ်းမျိုးတို့၌လာသော အထွေထွေသော အတတ်ပညာ၊ ဗုဒ္ဓဘာသာတွင်ဝိနည်းကျမ်းဂန်တို့၌လာသော ဝိနယပညတ်၊ သုတ္တန်တို့၌ လာသော ဓမ္မပညတ်၊ အဘိဓမ္မာတို့၌လာသော အဘိဓမ္မာနာမပညတ် တို့သည်လည်းကောင်း အသိဉာဏ်အရာ အလိမ္မာတရား ဖြစ်ပွားကြရန် အလွန်အားကြီးသော မှီရာနိဿယကြီးတွေ ဖြစ်ကြကုန်၏၊ ဤသို့အစရှိ သည်ဖြင့် ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန်တရား, ပညတ်တရား ဥပ နိဿယပစ္စည်းကြီးများတို့ကို သိကြကုန်ရာ၏၊

ကာလအားဖြင့် ဥပနိဿယပစ္စည်း အပြားလေးပါးပြီး၏၊

-----ဝ------

တစ်နည်းကား

၁။ ကုသိုလ်ပစ္စည်း, ကုသိုလ်ပစ္စယုပ္ပန်,

၂။ ကုသိုလ်ပစ္စည်း, အကုသိုလ်ပစ္စယုပ္ပန်,

၃။ ကုသိုလ်ပစ္စည်း, အဗျာကတပစ္စယုပ္ပန်

ဟူ၍ ၃-ပါး။

၁။ အကုသိုလ်ပစ္စည်း, အကုသိုလ်ပစ္စယုပ္ပန်,

၂။ အကုသိုလ်ပစ္စည်း, ကုသိုလ်ပစ္စယုပ္ပန်,

၃။ အကုသိုလ်ပစ္စည်း, အဗျာကတပစ္စယုပ္ပန်

ဟူ၍ ၃-ပါး။

၁။ အဗျာကတပစ္စည်း, အဗျာကတပစ္စယုပ္ပန်,

၂။ အဗျာကတပစ္စည်း, ကုသိုလ်ပစ္စယုပ္ပန်,

၃။ အဗျာကတပစ္စည်း, အကုသိုလ်ပစ္စယုပ္ပန်

ဟူ၍ ၃-ပါး, အားဖြင့် ဥပနိဿယပစ္စည်းအပြား ကိုးပါးရှိ၏၊ ထိုကိုးပါးတို့တွင်

၁။ ကုသိုလ်ပစ္စည်း, ကုသိုလ်ပစ္စယုပ္ပန်ဖြစ်ပုံကား-ကုသိုလ်ကံ, အကုသိုလ်ကံတို့၌လည်းကောင်း၊ ထိုကံတို့၏အကျိုးတို့၌လည်းကောင်း ယုံကြည်ခြင်း သဒ္ဓါတရားရှိခဲ့သော် မိမိတို့လည်း အမျိုးမျိုးသော ကုသိုလ်ကောင်းမှုတို့သည် ဖြစ်ပွါးတတ်ကုန်၏၊ မိမိနှင့်စပ်နွယ်သူ အများတို့မှာလည်း ကုသိုလ်တရား ဖြစ်ပွါးတတ်၏၊ ဘုရား၌ ယုံကြည် သော သဒ္ဓါတရား, ဒေသနာတရား၌ယုံကြည်သော သဒ္ဓါတရား, သံဃာ၌ ယုံကြည်သော သဒ္ဓါတရား တစ်ခုခုရှိခဲ့သော် မိမိ၌လည်းကောင်း, သူတစ်ပါးတို့၌လည်းကောင်း အဆင့်ဆင့်သော ကုသိုလ်တရား ဖြစ်ပွါး တတ်၏၊ မိမိ၌ သီလတရားရှိခဲ့သော် ဗဟုဿုတပညာတရားရှိခဲ့သော် စသည်ဖြင့်ဆိုလေ။

[ဤကား-ကုသိုလ်ပစ္စည်း ကုသိုလ်ပစ္စယုပ္ပန်ဖြစ်ပုံတည်း။]

၂။ ကုသိုလ်ပစ္စည်း, အကုသိုလ်ပစ္စယုပ္ပန်ဆိုသည်ကား-မိမိ၌ ထိုကဲ့သို့သော သဒ္ဓါဂုဏ်, ဗဟုဿုတဂုဏ်စသည်ရှိခဲ့သော် ထိုဂုဏ် အတွက် မိမိကိုယ်ကို မော်မောက်ခြင်း, သူတစ်ပါးကို ရှုတ်ချခြင်း, ထိုအတွက်နှင့်အမျက်ဒေါသဖြစ်ပွါးခြင်း, ခိုက်ရန်ပွါးခြင်းစသည်ဖြင့် မိမိ၌ လည်းကောင်း, သူတစ်ပါးတို့၌လည်းကောင်း၊ အကုသိုလ်တရား ဖြစ်ပွါး တတ်၏၊

[ဤကား-ကုသိုလ်ပစ္စည်း,အကုသိုလ်ပစ္စယုပ္ပန်ဖြစ်ပုံတည်း။] ၃။ ကုသိုလ်ပစ္စည်း, အဗျာကတပစ္စယုပ္ပန်ဖြစ်ပုံကား- ယခုဘဝ၌ ဒါနတရား, သီလတရားကိုအားထုတ်ခဲ့လျှင် နောက်ဘဝတို့၌ လူ့ချမ်းသာ, နတ်ချမ်းသာတို့ကို ရနိုင်သည်ဟူသော ယုံကြည်ခြင်း သဒ္ဓါတရားရှိသည့် အတွက် ထိုထိုကုသိုလ်တရား, အကျင့်တရားတို့ကို ပွါးများအား ထုတ်မှု နှင့် ကိုယ်၏ဆင်းရဲခြင်းဒုက္ခ, ပရိယတ္တိဓမ္မကို သင်ကြားအားထုတ်မှုနှင့် ကိုယ်၏ဆင်းရဲခြင်းဒုက္ခ, ဓုတင်ပဋိပတ်ကို ကျင့်ဆောင်မှုနှင့် ကိုယ်၏ ဆင်းရဲခြင်းဒုက္ခ, သမထဘာဝနာတရားများကို ပွါးများအားထုတ်မှုနှင့် ကိုယ်၏ဆင်းရဲခြင်းဒုက္ခ, ဝိပဿနာဘာဝနာတရားများကို ပွါးများအား ထုတ်မှုနှင့် ကိုယ်၏ဆင်းရဲခြင်းဒုက္ခ, ဘုရားအလောင်းအလျာကြီးများ ကဲ့သို့ အလွန်ကြီးမြတ်သောပါရမီကုသိုလ်ကြီးများကိုပွါးများအား ထုတ်မှုနှင့် အလွန်ကြီးမားသောဒုက္ခကြီးများကို ခံရခြင်းစသည်ဖြင့် ကုသိုလ်ကို ရဖို့ရန်အတွက် ဆင်းရဲဒုက္ခကို ခံကြရသည်ကား-အလွန် များပြား၏၊ ကိုယ်၏ဆင်းရဲခြင်းဒုက္ခတရားမည်သည်ကုသိုလ်, အကုသိုလ်မှ အလွတ်ဖြစ်၍ အဗျာကတတရားမည်၏၊

လောက၌ ကုသိုလ်မှု အလိမ်မာမှုမည်သည် သင်္ခါရမျိုးဖြစ်၏၊ ဆင်းရဲဒုက္ခကို ခံနိုင်မှ ရတတ်၏၊ ယခုလက်ငင်း ဆင်းရဲမည်ကို ကြောက် သောသူသည် ကုသိုလ်အလိမ်မာနှင့် ဝေးကွာတတ်၏၊ ဆင်းရဲဒုက္ခကို အနည်းငယ် ခံနိုင်သောသူသည် အနည်းငယ်မျှသော ကုသိုလ်အလိမ်မာ ကို ရနိုင်၏၊ ဆင်းရဲဒုက္ခကို အလယ်အလတ်မျှ ခံနိုင်သောသူသည် အလယ်အလတ်မျှသော ကုသိုလ်အလိမ်မာကို ရနိုင်၏၊ ဆင်းရဲဒုက္ခကို များများကြီး ခံနိုင်သောသူသည် များများကြီးသော ကုသိုလ်အလိမ်မာကို ရနိုင်၏၊ သဗ္ဗညုဘုရားဖြစ်လိုသောသူများသည် အနည်းဆုးံအားဖြင့် ကမ္ဘာပေါင်း လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီကုသိုလ် တရားတို့ကို ဖြည့်ကျင့်မှုနှင့် အလွန်ကြီးကျယ်သော ဆင်းရဲဒုက္ခကို ခံတော်မူကြရ၏၊ အလွန်ကြီးကျယ်သော ဆင်းရဲဒုက္ခကို ခံနိုင်တော်မူကြ သည့်အတွက် အလွန်ကြီးကျယ်သော ကုသိုလ်အလိမ်မာတို့နှင့် ပြည့်စုံကြ သော သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူကြကုန်၏၊

ထို့အောက် ထက်ဝက်မျှ ဆင်းရဲဒုက္ခကို ခံနိုင်ကြသူများသည် ပစ္စေကဗုဒ္ဓါဖြစ်ကြကုန်၏၊ ထို့အောက် ထက်ဝက်မျှ ဆင်းရဲဒုက္ခကို ခံနိုင်ကြသူများသည် ဘုရားလက်ထက်တော်တွင် အဂ္ဂသာဝကကြီးများ ဖြစ်ကြရ၏၊ ထို့အောက် အလွန်နည်းစွာ ဆင်းရဲဒုက္ခကို ခံနိုင်ကြသူများ သည် မဟာသာဝကများဖြစ်ကြရ၏၊ ထို့အောက် ပါရမီဖြည့်ကျင့်မှုနှင့် ဆင်းရဲဒုက္ခကို အနည်းဆုံး ခံနိုင်ကြသူများသည် ပကတိသာဝကဖြစ်ကြ ရ၏၊

ယခုဘဝတွင် သီလ, ကုသိုလ် ကောင်းသည့်အတွက် လူတို့၏ ဒုက္ခမျိုးတို့မှ လွတ်ကင်း၍ ကိုယ်၏ချမ်းသာခြင်းကို ရကြကုန်၏၊ ကိုယ်၏ ချမ်းသာခြင်းသည် အဗျာကတတရားပေတည်း၊ ယခုဘဝ၌ ကောင်းမွန် စွာ ပြုကြသော ဒါနမှု, သီလမှု, ဘာဝနာမှု ကုသိုလ်ကံတို့ကြောင့် နောက်နောက် ဘဝတို့၌ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတို့ကို ရကြကုန်၏၊

[ ဤကား-ကုသိုလ်ပစ္စည်း, အဗျာကတပစ္စယုပ္ပန်ဖြစ်ပုံတည်း။]

၁။ အကုသိုလ်ပစ္စည်း, အကုသိုလ်ပစ္စယုပ္ပန်ဖြစ်ပုံကား-မိမိကိုယ် ကို ခင်တွယ်မှု, သားမယားကို ခင်တွယ်မှု တဏှာ ရာဂအတွက်ကြောင့် သူ့အသက်ကို သတ်ခြင်း, သူဥစ္စာကို ခိုးယူခြင်း-စသည်ကို ပြုကြ၏၊ ဤသို့အစရှိသည်ဖြင့် တစ်ခုတစ်ခုသော အကုသိုလ်တရားအတွက် မိမိ၌ လည်းကောင်း, သူတစ်ပါးတို့၌လည်းကောင်း အကုသိုလ်အမျိုးမျိုး အဆင့်ဆင့်ဖြစ်ပွား၍နေကြသည်မှာ လောကမျက်မြင်ထင်ရှား၏၊

[ ဤကား-အကုသိုလ်ပစ္စည်း, အကုသိုလ်ပစ္စယုပ္ပန်ဖြစ်ပုံတည်း။]

၂။ အကုသိုလ်ပစ္စည်း, ကုသိုလ်ပစ္စယုပ္ပန်ဖြစ်ပုံကား-အနာ ရောဂါရှိနေသောသူများသည် ထိုအနာရောဂါကို ပျောက်ငြိမ်းစေတတ် သော ဆေးကောင်း ဝါးကောင်းကိုရှာ၍ မှီဝဲကြရသကဲ့သို့, မီးကို ကြောက် ကြရသည့်အတွက် ရေကို ရှာမှီးကြရသကဲ့သို့, ရန်သူ့ဘေးကို ကြောက်ကြ ရသည့်အတွက် လက်နက်ကိရိယာကို ရှာမှီးကြရသကဲ့သို့ သတ္တဝါတို့မှာ လည်း လောဘ, ဒေါသ, မောဟ-အစရှိသော အကုသိုလ်တရားတွေ ရှိနေကြကုန်သည်ဖြစ်၍ ထိုအကုသိုလ်တရားတို့ကို ပယ်ရှားခြင်းငှါ ထိုအကုသိုလ်တရားတို့အတွက် ဒါန, သီလ-အစရှိသော ကုသိုလ်တရား တို့ကို အားထုတ်ကြရကုန်၏၊ သူ့အသက်ကို သတ်မိသောသူသည် ထိုအပြစ်ကို ပပျောက်စေခြင်းငှါ သီလကို ဖြည့်ကျင့်၏၊ သမာဓိ, ဘာဝနာ တရားကို ပွားများ၏၊ စျာန်အဘိညာဏ် သမာပတ်တရားကို ပွားများ၏၊ အရိယာမဂ်လေးပါးကို ပွားများ၏၊ သူ့အသက်ကို သက်မိသော ပါဏာတိပါတ အကုသိုလ်သည် ပကတူပနိဿယပစ္စည်း၊ သီလကုသိုလ်, စျာန်အဘိညာဏ် သမာပတ်ကုသိုလ်, အရိယာမဂ်လေးပါး ကုသိုလ်များ သည် ပစ္စယုပ္ပန်၊ သူ့ဥစ္စာကို ခိုးယူမိသောသူ-စသည်တို့မှာလည်း ထိုနည်း တူ။

လောက၌ အကြောင်း, အကျိုး, အလုံးစုံကို အကုန်သိနိုင်ကြ ကုန်သော သဗ္ဗညုဘုရားကို ရှာကြံကြကုန်သည်မှာ ထိုကုသိုလ်တရားများ ကို ရလို၍ရှာကြံကြရကုန်၏၊ ထိုကုသိုလ်တရားများကို ရလိုကြရသည်မှာ လည်း မိမိတို့၏သန္တာန်၌ အနမတဂ္ဂသံသရာတွင် မိုက်မှား၍ လာခဲ့ကြ ကုန်သော အကုသိုလ်ကံဟောင်း မကောင်းသောကြွေးဆိုး, မြီဆိုး, အပါယ်မျိုးတို့သည် တစ်ယောက်မှာပင် အသင်္ချေယျအနန္တပါရှိ၍ နေကြ ကုန်၏၊ ယခုဘဝ၌လည်းကောင်း, နောက်နောက် ဘဝတို့၌လည်းကောင်း အမိုက်အမှား အမျိုးမျိုးတို့ကို ဖြစ်ပွားကြစေရန် ကိလေသာဆိုး, အမိုက်မျိုးတို့သည်လည်း ရှိနေကြကုန်၏၊ ထိုကြွေးဆိုး, မြီဆိုး, အပါယ်မျိုး တို့နှင့် ထိုကိလေသာဆိုး, အမိုက်အမှားမျိုးတို့ကို အကုန်အစင် ပယ်ရှင်း ကြရန် သီလ, သမာဓိ, ပညာ, သိက္ခာသုးံပါး ကုသိုလ်တရားတို့ကို ရလိုကြ ကုန်၏၊ ကျင့်ဆောင်ပွားများအားထုတ်ကြရကုန်၏၊ ထို့ကြောင့် ထိုအကုသိုလ်ကံဟောင်းတို့နှင့် ထိုကိလေသာဆိုး, အပါယ်မျိုးတို့သည် ပကတူပနိဿယပစ္စည်း၊ ထိုသိက္ခာသုံးပါး ကုသိုလ်တရားတို့သည် ပစ္စယုပ္ပန်။

[ဤကား- အကုသိုလ်ပစ္စည်း , ကုသိုလ်ပစ္စယုပ္ပန်ဖြစ်ပုံတည်း။]

၃။ အကုသိုလ်ပစ္စည်း, အဗျာကတပစ္စယုပ္ပန် ဖြစ်ပုံကား- တဏှာ ဖြင့် အလိုရှိရာအာရုံဝတ္ထုတို့ကို ရှာကြံလိုက်စားရာတို့၌ သုခလည်း တွေ့ ကြရ၏၊ ဒုက္ခလည်းတွေ့ကြရ၏၊ တဏှာသည်ကား-ပစ္စည်း သုခ, ဒုက္ခတို့ကား- ပစ္စယုပ္ပန်၊ ဒေါသဖြင့် မိုက်မဲ့မှုကြောင့် ဒုက္ခတွေ့တတ်၏၊ ဒေါသကား-ပစ္စည်း၊ ဒုက္ခကား- ပစ္စယုပ္ပန်၊ မောဟဖြင့် မသိမှုကြောင့် ဒုက္ခတွေ့တတ်၏၊ မောဟက-ပစ္စည်း၊ ဒုက္ခကား-ပစ္စယုပ္ပန်၊ မာနဖြင့် မော်မှု ကြွားမှုကြောင့် ဒုက္ခတွေ့တတ်၏၊ မာနကား-ပစ္စည်း၊ ဒုက္ခကား- ပစ္စယုပ္ပန်၊ ဒိဋ္ဌိဖြင့် အယူမှား၍ အကျိုးမရှိသော အလွန်ဆင်းရဲသော အတ္တကိလ မထာနုယောဂအကျင့်မျိုးတို့ကို ကျင့်၏၊ ဒိဋ္ဌိကား-ပစ္စည်း၊ ထိုဆင်းရဲ ဒုက္ခတို့ကား- အဗျာကတပစ္စယုပ္ပန်၊ ရှေးရှေးသော ဘဝတို့၌ ဒုစရိုက်မှု တို့ကို ပြုကြကုန်၍ နောက်နောက်သောဘဝတို့၌ မကောင်းသော အကျိုးတို့ကို ခံစားကြရာ၌ ရှေးရှေးဒုစရိုက်တို့ကား-ပစ္စည်း၊ နောက် နောက်မကောင်းကျိုးတို့ကား-ပစ္စယုပ္ပန်။

[ဤကား- အကုသိုလ်ပစ္စည်း, အဗျာကတ ပစ္စယုပ္ပန်ဖြစ်ပုံတည်း။]

၁။ အဗျာကတပစ္စည်း, အဗျာကတပစ္စယုပ္ပန် ဖြစ်ပုံကားမျက်စိရှိသည့်အတွက် ကိုယ်၏ချမ်းသာခြင်းကိုလည်း ရကြ၏၊ ကိုယ်၏ ဆင်းရဲခြင်းကိုလည်း ရကြ၏၊ နားရှိသည့်အတွက်, နှာခေါင်းရှိသည် အတွက်, လျှာရှိသည့်အတွက်, ကိုယ်အင်္ဂါကြီးငယ် ရှိသည့်အတွက် ကိုယ် ၏ ချမ်းသာခြင်း, ဆင်းရဲခြင်းနှစ်ပါးကိုပင် ရကြ၏၊ အဆင်းလှသည့် အတွက်, မလှသည့်အတွက်, အသံကောင်းသည့်အတွက်, မကောင်း သည့်အတွက်, အနံ့ကောင်းသည့်အတွက်, မကောင်းသည့်တွက်, ဆင်းရဲ, ချမ်းသာနှစ်ပါးနှင့် သက်ဆိုင်သည်ချည်းဖြစ်၏၊ အသား, အရသာ ကောင်းကြကုန်သော ဝက်, ကြက်, ငှက်, သား, ငါး တိရစ္ဆာန်တို့အား မိမိတို့၏ အသားတို့သည် မိမိတို့၏ အသက်အန္တရာယ်ကြီး အမြဲဖြစ်ကြ ကုန်၏၊

အမွေးအမျှင် ကောင်းကြသော သားငှက်တို့အား မိမိတို့၏ အမွေးအမျှင်တို့သည် မိမိတို့၏ အသက်အနန္တရာယ်ကြီး အမြဲဖြစ်ကြ ကုန်၏၊ အရေကောင်းသော တိရစ္ဆာန်, အရိုးကောင်းသောတိရစ္ဆာန်, အစွယ်ကောင်းသော တိရစ္ဆာန်, အသွေးအဆီကောင်းသော တိရစ္ဆာန်စသည်တို့မှာလည်း ထိုနည်းတူတည်း၊ ရွှေ, ငွေ, ရတနာစသော အတွင်း ဥစ္စာ၊ အိမ်, တိုက်, လှည်း, လှေ, လယ်ယာ, ဥယျာဉ် အစရှိသော အပ ဥစ္စာ အဗျာကတတို့အတွက် ကိုယ်၏ချမ်းသာခြင်း, ဆင်းရဲခြင်း ရှိနေကြ သည်များလည်း ထင်ရှားလေပြီ။

[ ဤကား-အဗျာကတပစ္စည်း, အဗျာကတ ပစ္စယုပ္ပန် ဖြစ်ပုံတည်း။]

၂-၃။ အဗျာကတပစ္စည်း, ကုသိုလ်ပစ္စယုပ္ပန်၊ အဗျာကတပစ္စည်း, အကုသိုလ်ပစ္စယုပ္ပန် ဖြစ်ပုံကား- မျက်စိရှိနေသည့်အတွက် ကုသိုလ်လည်း အမျိုးမျိုးဖြစ်ကြ၏၊ အကုသိုလ်လည်းအမျိုးမျိုး ဖြစ်ကြ၏၊ နားရှိနေသည့် အတွက်, နှာခေါင်းရှိနေသည့်အတွက်, လျှာခံတွင်းရှိနေသည့်အတွက်, ကိုယ်အင်္ဂါကြီးငယ်ရှိနေသည့်အတွက်, ကုသိုလ်လည်းအမျိုးမျိုး, အကုသိုလ်လည်း အမျိုးမျိုးဖြစ်ကြ၏၊ အဆင်းလှသည့်အတွက်, အဆင်းမလှ သည့်အတွက်- အစရှိသည်ဖြင့် အကျယ်ဆိုလေ။

[ ဤကား-အဗျာကတပစ္စည်း, ကုသိုလ်- အကုသိုလ်ပစ္စယုပ္ပန် ဖြစ်ပုံတည်း။]

ဤဥပနိဿယပစ္စည်းကို အကျဉ်းချုပ်အားဖြင့် ပြဆိုမူကားဤဥပနိဿယပစ္စည်းမှတစ်ပါးသော ၂၃-ပစ္စည်းတို့သည် ရှိကြကုန်၏၊ ထို၂၃-ပစ္စည်းတို့၏ အရာအချက်တို့ကို ချန်လှပ်၍ လောက၌ အကြောင်း အကျိုးအဖြစ်ဖြင့် ဆက်ဆံသမျှ အလုံးစုံတို့ကို ဤဥပနိဿယပစ္စည်း၏ အရာအချက်ချည်း-ဟူ၍မှတ်ရာ၏၊ ၂၃-ပစ္စည်းတွင်လည်း အာရမ္မဏာဓိပတိပစ္စည်းမျိုး, အနန္တရပစ္စည်းမျိုး, ဗလဝဖြစ်သော နာနာက္ခဏိက ကမ္မပစ္စည်းမျိုးတို့ကိုလည်း ဤဥပနိဿယပစ္စည်း၌ သိမ်းကြုံးလျက်ရှိကြ ၏၊

[ဤတွင်ရွေ့ကား-ပဋ္ဌာန်းပစ္စည်း၂၄-ပါးတို့ကို ပစ္စယကိစ္စ, ပစ္စယသတ္တိတို့နှင့်တကွ ပြဆိုခြင်းတည်း။]

------*------

၂၄-ပစ္စည်း ပုံစုနည်း

၂၄-ပစ္စည်းတို့၏ ပေါင်းစုနည်းကို ပြဆိုပေအံ့--ပစ္စည်း ၇-ပုံစုနည်း

၁။ သဟဇာတမျိုး ,

၂။ ပုရေဇာတမျိုး ,

၃။ ပစ္ဆာဇာတမျိုး ,

၄။ အနန္တရမျိုး ,

၅။ နာနာက္ခဏိက ကမ္မမျိုး ,

၆။ အာရမ္မဏမျိုး ,

၇။ ပကတူပနိဿယမျိုး ,

ဟူ၍ ခုနစ်မျိုးရှိ၏၊

ထိုခုနစ်မျိုးတို့တွင် --

၁။ သဟဇာတမျိုးသည်ကား သဟဇာတမျိုးသည်ကား- ပစ္စည်းနှင့်ပစ္စယုပ္ပန် အတူ တကွဖြစ်ကြသော ပစ္စည်းမျိုးပေတည်း၊ ထိုသဟဇာတပစ္စည်းသည် သဟဇာတကြီးလေးပါး, သဟဇာတလတ်လေးပါး, သဟဇာတငယ် ၇-ပါး-ဟူ၍ ၁၅-ပါးရှိ၏၊ ရုပ်အာဟာရပစ္စည်းနှင့် ရူပဇီဝိတပစ္စည်း နှစ်ပါးတို့ကိုလည်း သဟဇာတမျိုး၌ပင် ထည့်သွင်းခဲ့ပြီ၊ ဤသဟဇာတ မျိုးသည် ပစ္စုပ္ပန်ပစ္စည်းမျိုးပေတည်း။

၂။ ပုရေဇာတမျိုးဆိုသည်ကား ပုရေဇာတမျိုးဆိုသည်ကား - ပစ္စည်းတရားက အဖြစ် အလျင်ကျ၍ ဌီသို့ရောက်သဖြင့် အားရှိသောအခါမှ ပစ္စယုပ္ပန်တရားကို ဖြစ်ပေါ်စေသော ပစ္စည်းမျိုးပေတည်း၊ ထိုပုရေဇာတမျိုးသည် ဝထ္ထုဖြစ်ပေါ်စေသော ပစ္စည်းမျိုးပေတည်း၊ ထိုပုရေဇာတမျိုးသည် ဝထ္ထု ပါးရှိ၏၊ ဤပုရေဇာတမျိုးသည်လည်း ပစ္စုပ္ပန်ပစ္စည်းမျိုးပေတည်း။

၃။ ပစ္ဆာဇာတ မျိုးဆိုသည်ကား ပစ္ဆာဇာတ မျိုးဆိုသည်ကား - ပစ္စည်းတရားက အဖြစ် နောက်ကျ၍ ရှေးခဏကဖြစ်၍လာခဲ့သော ပစ္စယုပ္ပန်ကို မိမိနှင့်တွေ့ဆုံကြ သောအခါ ထောက်ပံ့မှုနှင့် ကျေးဇူးပြုသော ပစ္စည်းပေတည်း၊ ထိုပစ္စည်း မျိုးသည် လေးပါးရှိ၏ ဤပစ္ဆာဇာတမျိုးသည်လည်း ပစ္စုပ္ပန်ပစ္စည်း မျိုးပေတည်း။

၄။ အနန္တရမျိုးဆိုသည်ကား အနန္တရမျိုးဆိုသည်ကား ရှေးပစ္စည်းတရားနှင့် နောက် ပစ္စယုပ္ပန်တရား၏အကြားမှာ အခြားမရှိစေမှု၍ တစ်စဉ်တည်း, တစ် ဆက်တည်း တစ်ခုချုပ်လျှင်တစ်ခု ဖြစ်ပေါ်စေနိုင်သော ပစ္စည်းမျိုး ပေတည်း၊ ထိုပစ္စည်းမျိုးသည် ခြောက်ပါးရှိ၏၊ ဤအနန္တရမျိုးသည် အတိတ်ပစ္စည်းမျိုးပေတည်း။

၅။ နာနာက္ခဏိက ကမ္မပစ္စည်းဆိုသည်ကား နာနာက္ခဏိက ကမ္မပစ္စည်းဆိုသည်ကား- ရှေးရှေးနှစ်မှ ဖြစ်ပြီး ၍ ရင့်မာအောင်မြင်ခဲ့ကြပြီးလျှင် နောက်နောက်နှစ်၌ မိုးဥတုနှင့် ပေါင်းမိမှ အပင်သစ်တို့ကို ပေါက်ဖွားကြကုန်သော မျိုးစေ့တို့ကဲ့သို့ ရှေးရှေးဘဝတို့၌ ဒုစရိုက်ကိစ္စ, သုစရိုက်ကိစ္စတို့နှင့် အောင်မြင်စွာ ဖြစ်ခဲ့ကြကုန်ပြီးလျှင် နောက်နောက်ဘဝတို့၌ မိမိအကျိုးပေးနိုင်ရန် အကြောင်းအခွင့်များနှင့်ပေါင်းမိမှ ဘဝသစ်တို့ကိုဖြစ်စေနိုင်သော ပစ္စည်းမျိုးပေတည်း၊ ထိုပစ္စည်းသည် ဗလဝဖြစ်ခဲ့သော် ဥပနိဿယ ပစ္စည်း၌လည်း ပါဝင်၏၊ ဒုဗ္ဗလဖြစ်ခဲ့သော် ကမ္မသက်သက်သာဖြစ်၏၊ ဤကမ္မပစ္စည်းလည်း အတိတ်ပစ္စည်းမျိုးပေတည်း။

၆။ အာရမ္မဏမျိုးဆိုသည်ကား အာရမ္မဏမျိုးဆိုသည်ကား- ကုန်းရိုး, ကုန်းပြင်ကျသော အရပ်ဒေသတို့၌ နွေလအခါ လိပ်မျိုး, ဖားမျိုးအစရှိကုန်သော သတ္တဝါမျိုး တို့သည် အနည်းငယ်မျှသော ရေအတွင်း, မြေအတွင်းမှာ ကျဉ်းကြပ်စွာ ခိုအောင်း၍ နေကြရကုန်၏၊၊ မိုးဦးကျသောအခါ သည်းထန်စွာရွာသော မိုးရေ မိုးပွင့်တို့သည် ထိုသတ္တဝါမျိုးတို့ကို ကျဉ်းမြောင်းရာမှ ထွက်ပေါ် ကွန့်မြူးပွါးများကြစေရန် လွန်စွာကျေးဇူးပြုနိုင်ကြသကဲ့သို့ စိတ်, စေတသိက်တရားတို့ကို လွန်စွာဖြစ်ပေါ် ကွန့်မြူးပွါးများစေနိုင်သော ပစ္စည်းမျိုးပေတည်း၊ ထိုပစ္စည်းမျိုးသည် ဂ-ပစ္စည်းဆိုင်၏၊ ဤအာရမ္မဏ မျိုးသည် အတိတ်, အနာဂတ်, ပစ္စုပ္ပန်, ကာလဝိမုတ်- လေးမျိုးဆိုင်၏၊

၇။ ပကတူပ နိဿယမျိုးဆိုသည်ကား ပကတူပ နိဿယမျိုးဆိုသည်ကား- တစ်ခြားသော ပစ္စည်း မျိုးတို့မှ အလွတ်ဖြစ်သော အကြောင်းအကျိုး ဆက်ဆံခြင်းတို့ကို အကုန်သိမ်းကျုံးနိုင်သော ပစ္စည်းမျိုးပေတည်း၊ ဤပကတူပနိဿယ သည်လည်း အတိတ်, အနာဂတ်, ပစ္စုပ္ပန်, ကာလဝိမုတ် လေးပါးဆိုင်၏၊ ဤသဟဇာတမျိုး အစရှိသည်တို့ကို ရှေး၌လည်း အသီးအသီး ပြဆိုခဲ့ပြီ။

ပစ္စည်း ၇-ပုံ စုနည်းပြီး၏၊

------*------

တစ်နည်းအကျဉ်းချုံနည်းကား

၁။ အတ္ထိပစ္စည်းမျိုး,

၂။ နာနာက္ခဏိက ကမ္မပစ္စည်းမျိုး,

၃။ အာရမ္မဏပစ္စည်းမျိုး,

၄။ ဥပနိဿယပစ္စည်းမျိုး

ဟူ၍ အကျဉ်းအားဖြင့် လေးပါးသာရှိ၏၊ ရှေ့ ၇-မျိုးတို့တွင် သဟဇာတမျိုး, ပုရေဇာတမျိုး, ပစ္ဆာဇာတမျိုး၊ ဤသုးံမျိုးတို့သည် ပစ္စည်း တရားလည်း ရှိနေဆဲ၊ ပစ္စယုပ္ပန်တရားလည်း ရှိနေဆဲ၌သာ ပစ္စည်း ပစ္စယုပ္ပန်ဆက်ဆံကြသော ပစ္စည်းမျိုးဖြစ်ကြ၍ အတ္ထိပစ္စည်း၌ အကုန် သက်ဝင်ကြရကုန်၏၊ ရှေ့ ၇-မျိုးတို့တွင် အနန္တရမျိုးသည် ဥပနိဿယ ၌ဝင်၏၊ ရှေ့ ၇-မျိုးတို့တွင် နောက်ဆုံးသုံးမျိုးတို့သည် ဤစတုက္ကနည်း၌ နောက်သုံးမျိုး ဖြစ်ကြရကုန်၏၊

ပစ္စည်း ၄-ပုံစုနည်းပြီး၏၊

------*------

ပစ္စည်း ၆-ပုံစုနည်း

အဘိဓမ္မတ္ထသင်္ဂဟကျမ်း ပစ္စည်းပိုင်း၌-''ဆဓာ နာမန္တု နာမဿ'' ချီသော နှစ်ဂါထာအရ-ပစ္စည်း ၆-ပုံစုနည်းကား

၁။ နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်ခြောက်ပါး,

၂။ နာမ်ပစ္စည်း, နာမ်ရုပ်ပစ္စယုပ္ပန်ငါးပါး,

၃။ နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန်တစ်ပါး,

၄။ ရုပ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်တစ်ပါး,

၅။ နာမ်-ရုပ်-ပညတ်ပစ္စည်း, နာမ်ပစ္စယုပ္ပန်နှစ်ပါး,

၆။ နာမ်-ရုပ်ပစ္စည်း, နာမ်-ရုပ်ပစ္စယုပ္ပန်ကိုးပါး,

ထို ၆-ပုံစုတွင်

၁။ နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန် ခြောက်ပါးဆိုသည်ကားအနန္တရ ခြောက်မျိုးဟုအထက်ကပြဆိုခဲရာ၌ ဥပနိဿယပစ္စည်း မျိုးကိုနုတ်၍ သမ္ပယုတ္တပစ္စည်းကိုထည့်သော် နာမ်ပစ္စည်း, နာမ်ပစ္စယုပ္ပန် ခြောက်ပါးဖြစ်၏၊ ထိုပစ္စည်းခြောက်ပါးတို့မှာ ရုပ်, နိဗ္ဗာန်, ပညတ် မဆိုင်လေပြီ။

၂။ နာမ်ပစ္စည်း, နာမ်ရုပ်ပစ္စယုပ္ပန် ငါးပါးဆိုသည်ကား-ဟေတု တစ်ပါး, ကမ္မတစ်ပါး, ဝိပါကတစ်ပါး, စျာနတစ်ပါး, မဂ္ဂတစ်ပါး၊ ဤငါးပါးပေတည်း။

၃။ နာမ်ပစ္စည်း, ရုပ်ပစ္စယုပ္ပန် တစ်ပါးဆိုသည်ကား- ပစ္ဆာဇာတ ပစ္စည်းပေတည်း။

၄။ ရုပ်ပစ္စည်း, နာမ်ပစ္စယုပ္ပန် တစ်ပါးဆိုသည်ကား-ပုရေဇာတ ပစ္စည်းပေတည်း။

၅။ နာမ်, ရုပ်, ပညတ်ပစ္စည်း, နာမ်ပစ္စယုပ္ပန် နှစ်ပါးဆိုသည်ကား အာရမ္မဏပစ္စည်း, ဥပနိဿယပစ္စည်း ဤနှစ်ပါးပေတည်း။ ၆။ နာမ်ရုပ်ပစ္စည်း, နာမ်ရုပ်ပစ္စယုပ္ပန်ကိုးပါး ဆိုသည်ကားအဓိပတိတစ်ပါး, သဟဇာတတစ်ပါး, အညမညတစ်ပါး, နိဿယတစ်ပါး, အာဟာရတစ်ပါး, ဣန္ဒြိယတစ်ပါး, ဝိပ္ပယုတ္တ တစ်ပါး, အတ္ထိ တစ်ပါး, အဝိဂတတစ်ပါး၊ ဤကိုးပါးပေတည်း၊ ဤကိုးပစ္စည်းတို့သည် အသီးအသီး ပစ္စည်းဖက်၌လည်း နာမ်ရုပ် နှစ်ပါး ရှိကြကုန်၏၊ ပစ္စယုပ္ပန် ဖက်၌လည်း နာမ်ရုပ် နှစ်ပါး ရှိကြကုန်၏၊

ပစ္စည်း ၆-ပုံစုနည်းပြီး၏၊

ဤတွင်ရွေ့ကား ၂၄-ပစ္စည်းပုံစုနည်းပြီး၏၊

-----*------

မှာထားချက်

လန်ဒန်ပါဠိဒေဝီ၏ အမေးပုစ္ဆာ ဖြေကြားချက်ကြီးကို ပထမ အကြိမ်ရိုက် ''လယ်တီပုစ္ဆာအဖြေ ပေါင်းချုပ်ကျမ်း'' ကြီးတွင် ထည့်သွင်း ဖော်ပြခဲ့သည်မှာ တစ်ပိုင်းတစ်ပြစ်မျှသာဖြစ်ကြောင်း၊ ကျေးဇူးရှင် ဆရာတော်ဘုရားကြီး၏ ဖြေကြားချက် ကော်ပီမူများကို ရှာဖွေစစ်ဆေး ကာ အစအဆုံး ဆရာတော်ဘုရားကြီး လက်ရေးကော်ပီမူကို တွေ့ရှိ သည့်အတိုင်း ဤဒုတိယအကြိမ်ရိုက်နှိပ်သော ''လယ်တီပုစ္ဆာ အဖြေ ပေါင်းချုပ်'' ကျမ်းကြီးတွင် နောက်ထပ်ဖြည့်စွက် ဖော်ပြရသည် ဖြစ် ကြောင်း။

လယ်တီဦးဝဏ္ဏိတ ၁၂၈၇-ခု တပေါင်းလဆန်း ၁၅-ရက်နေ လန်ဒန်ပါဠိဒေဝီ၏ ပဋ္ဌာန်းပုစ္ဆာအဖြေပြီး၏၊

-----*------

ဘာတရင်ရာဆယ်၏ စကားလေးခွန်းအဖြေ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဘာတရင်ရာဆယ်၏ စကားလေးခွန်း

[လန်ဒန်ပါဠိဒေဝီ၏ မှာစာတွင် ပါရှိသည့် ဘာတရင်ရာဆယ်၏ ပြောဟောချက်များဖြစ်သည်။]

၁။ အဘိဓမ္မာတွင် ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံခြင်းသည် အထူး အရေးကြီးသော အချက်ကြီးဖြစ်သည် တစ်ရပ်။

၂။ ၎င်းပစ္စည်း,ပစ္စယုပ္ပန်ဆက်ဆံခြင်း သဘောများသည် နာမ်တရားလည်းမဟုတ်၊ ရုပ်တရားလည်းမဟုတ်၊ သို့သော် လည်း ၎င်းဆက်ဆံခြင်းသဘောတရားသည် နာမ်တရား, ရုပ်တရားတို့ထက်ပင် သာ၍အရင်းကြသော တရားများ ဖြစ်ပေသည် တစ်ရပ်။

၃။ ၎င်းဆက်ဆံခြင်း သဘောတရားများသည် ဂရိတ်လူမျိုး ''ပရမတ်ဆရာကြီး-ပလေတိုး'' ပြောဟောသော သဒ္ဒ ပညတ် အတ္ထပညတ်များနှင့် အလားတူ၏-တစ်ရပ်။

၄။ ၎င်းဆက်ဆံခြင်း သဘောတရားများသည် နာမ်တရား လည်း မဟုတ်, ရုပ်တရားလည်း မဟုတ်ပဲလျက် အစဉ်အမြဲ တည်၍နေသော တရားများဖြစ်ကြသည်-တစ်ရပ်။

[ဤကား-ဘာတရင်ရာဆယ်၏ စကားလေးခွန်းတည်း။]

ပထမစကားခွန်းအဖြေ

အထက်က ထုတ်ပြအပ်ပြီးသော ဘာတရင်ရာဆယ်၏ ပြော ဟောချက် ၄-ရပ်တွင်--

၁။ ''အဘိဓမ္မာတွင် ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံခြင်းသည် အထူး အရေးကြီးသော အချက်ကြီးဖြစ်သည်'' ဟူသော စကားသည် အလွန် ကောင်းမြတ်ပေ၏၊

ဤစကား၌--

၁။ ပစ္စည်းဆိုသည်ကား-အကြောင်းတရားကိုဆိုသည်။

၂။ ပစ္စယုပ္ပန်ဆိုသည်ကား-အကြောင်းတရားမှ ဖြစ်ပွါးသော အကျိုးတရားကို ဆိုသည်။

၃။ ဆက်ဆံခြင်း ဆိုသည်ကား-အကြောင်းတရားရှိလျှင် အကျိုး တရားဖြစ်မြဲ-ဟူသော သာမညလက္ခဏာ သဘောကို ဆိုသည်။

၄။ သာမညလက္ခဏာဆိုသည်ကား-ရုပ်တရား, နာမ်တရားများ တို့နှင့် ဆက်ဆံသော သဘောမျိုးကို ဆိုလိုသည်။

ထိုသာမညလက္ခဏာသည်--

၁။ အနိစ္စလက္ခဏာ,

၂။ ဒုက္ခလက္ခဏာ,

၃။ အနတ္တလက္ခဏာ,

၄။ သင်္ခတလက္ခဏာ,

၅။ ဣဒပ္ပစ္စယတာလက္ခဏာ,

စသည်ဖြင့် များပြား၏၊

၁။ အနိစ္စလက္ခဏာဆိုသည်ကားအနိစ္စလက္ခဏာဆိုသည်ကား '' ဤတရားကား-မမြဲတတ် သော တရားတည်း''ဟု အတတ်သိနိုင်ကြောင်းဖြစ်သော အနိစ္စတရား မျိုး၌ ပါရှိနေသော ဇာတိအချက်, ဇရာအချက်, မရဏအချက် များပေ တည်း။

၂။ ဒုက္ခလက္ခဏာဆိုသည်ကားဒုက္ခလက္ခဏာဆိုသည်ကား ''ဤတရားကား-ဖြစ်ခြင်း ပျက်ခြင်းတို့ဖြင့် နှိပ်စက်အပ်သောကြောင့် ကြောက်မက်ဖွယ်ကောင်း သော တရားတည်း'' ဟု အတတ်သိနိုင်ကြောင်းဖြစ်သော အနိစ္စတရားမျိုး ဖြစ်သော ပထဝီဓာတ်စသည်၌ပါရှိနေသော ဇာတိအချက်, ဇရာအချက်, မရဏအချက် များပေတည်း။

၃။ အနတ္တလက္ခဏာဆိုသည်ကားအနတ္တလက္ခဏာဆိုသည်ကား ''ဤတရားကား-အမာခံ အနှစ်သာရမရှိ၊ မိမိကိုယ်မဟုတ်၊ မိမိအလိုသို့ မလိုက်မပါ၊ သူ့သဘော အတိုင်းသာ ဖြစ်နေသော တရားတည်း'' ဟု အတတ်သိနိုင်ကြောင်းဖြစ် သော အနိစ္စ, ဒုက္ခတရားမျိုးဖြစ်သော ပထဝီဓာတ်စသည်၌ပါရှိသော ဇာတိအချက်, ဇရာအချက်, မရဏအချက်များပေတည်း။

၄။ သင်္ခတလက္ခဏာဆိုသည်ကား '' တီဏိမာနိ ဘိက္ခဝေ သင်္ခတဿ သင်္ခတလက္ခဏာနိ၊ ကတမာနိ တီဏိ၊ ဥပ္ပါဒေါ ပညာ ယတိ, ဝယော ပညာယတိ၊ ဌိတဿ အညထတ္တံ ပညာယတိ '' ဟူသော ပါဠိတော်အရ သင်္ခတတရားတို့၏ ဖြစ်မှု, ပျက်မှု, ဖေါက်ပြန်မှုများ ပေတည်း။

[ ထိုအမှုများသည် အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာတို့ကဲ့သို့ သင်္ခတတရားအများနှင့်ဆက်ဆံသော အမှုများဖြစ်၍ သာမညလက္ခဏာ ဆိုသည်၊ သာမညသဒ္ဒါသည် ဆက်ဆံခြင်းအနက်ရှိ၏၊]

၅။ ဣဒပ္ပစ္စယတာဆိုသည်ကား ဣဒပ္ပစ္စယတာဆိုသည်ကား ''ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ '' ဟူသော ပါဠိတော်အရ ဤအကျိုးမှာ ဤအကြောင်းရှိသည်၊ ဤအကျိုးမှာ ဤအကြောင်းရှိသည်ဟု ဆိုရသော အကြောင်း,အကျိုး ဆက်ဆံမှုကိုဆိုသည်၊ ထိုဣဒပ္ပစ္စယ တာ-ဟူသော သာမညလက္ခဏာကြီးတစ်ပါးကို ဘာတရင်ရာဆယ်က ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံခြင်း-ဟူ၍ ဆိုပေသည်။

[ထိုဣဒပ္ပစ္စယတာ-ဟူသော ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံခြင်းသဘောသည် အဘိဓမ္မာတွင်သာ အထူးအရေးကြီးသည် မဟုတ်၊ သုတ္တန်၌လည်းကောင်း, ဝိနည်း၌လည်းကောင်း, ခပ်သိမ်းသော လောကအရေးအရာတို့၌လည်း ကောင်း အထူးအရေးကြီးသော အချက်ကြှီးဖြစ်၏၊၊ လောကဓဓ္မတို့၌ ပညာရှိတို့၏ လက်ကိုင်လက်စွဲကြီးဖြစ်သော အချင့်အချိန် အတိုင်းအတာ ချိန်ကြီးတစ်ခု ဖြစ်၏၊]

ချင့်ချိန်ပုံ

ပစ္စည်း, ပစ္စယုပ္ပန် အကြောင်း, အကျိုး ဆက်ဆံခြင်း၌ လိမ်မာ သောသူသည် အကြောင်းတစ်ခုကို တွေ့မြင်ရလျှင် ဤအမှုကြောင့် ရှေ့သို့ အကျိုးမည်ရွေ့မည်မျှ ဖြစ်ထွန်းလိမ့်မည်ကို သိနိုင်၏၊ အကျိုး တစ်ခုကို တွေ့မြင်ရလျှင် အဘယ်အကြောင်းကြောင့် ဤအကျိုးဖြစ်လာ သည်ဟု ရှေးအကြောင်းကို သိနိုင်၏၊

မိုးကောင်းစွာရွာလျှင် သစ်ပင်, ကောက်ပဲတို့သည် ဖြစ်ထွန်း ကုန်၏၊ မိုးကောင်းစွာမရွာလျှင် သစ်ပင်, ကောက်ပဲတို့သည် မဖြစ်ထွန်း နိုင်ကုန်ဟု သိနိုင်၏၊ သစ်ပင်, ကောက်ပဲဖြစ်ထွန်းလျှင် သတ္တဝါတို့သည် ချမ်းသာဝပြောကြကုန်၏၊ သစ်ပင်, ကောက်ပဲ မဖြစ်ထွန်းလျှင် သတ္တဝါ တို့သည် ဆင်းရဲငတ်မွတ်ကြကုန်၏ဟု သိနိုင်၏၊

ယုတ်စွအဆုံး ထမင်းရှိလျှင် ထမင်းရှိသည့်အတွက် ချမ်းသာသုခ

ရ၏၊ ထမင်းမရှိလျှင် ထမင်းမရှိသည့်အတွက် ဆင်းရဲဒုက္ခရ၏- ဟု သိနိုင်၏၊ တိရစ္ဆာန်သတ္တဝါတို့ပင်သော်လည်း အကြောင်း, အကျိုး ဆက်ဆံမှုကို သိကောင်းသိရာ သိကြ၏၊

[လောကကြီး တစ်ခွင်လုံး၌ မျက်မြင်ဒိဋ္ဌ ရှိနေကြကုန်သော ပစ္စည်း, ပစ္စယုပ္ပန် အကြောင်း, အကျိုး ဆက်ဆံမှုတွေကို အကုန်မြှော်မြင်လေ။ ]

သညာသိနှင့်ပညာသိအထူး

၁။ သညာဖြင့် သိနိုင်သော အကြောင်းအကျိုး ဆက်ဆံမှု,

၂။ ပညာဖြင့်သာ သိနိုင်သော အကြောင်းအကျိုးဆက်ဆံမှုဟူ၍နှစ်မျိုးရှိ၏၊

ထိုနှစ်မျိုးတို့တွင်

၁။ ''သညာဖြင့် သိနိုင်သော အကြောင်းအကျိုး ဆက်ဆံမှု'' ဆိုသည်ကား- အတွေ့အကြုံများလှ၍ ဘယ်လိုပြုလျှင် ဘယ်လိုဖြစ် တတ်သည်ဟု သိခြင်းတည်း၊ ထိုသညာသိကို သတ္တဝါအများတို့ပင် အနည်းအများသိကြ၏၊

၂။ ''ပညာဖြင့်သာ သိနိုင်သော အကြောင်းအကျိုးဆက်ဆံမှု'' ဆိုသည်ကား-ပညာရှိမှသိ၏၊ အနာရောဂါ, အစာ, ဆေးဝါးနှင့် စပ်ယှဉ်သော အကြောင်းအကျိုးမျိုးကို ဆေးပညာရှိမှသိ၏၊ ဗေဒင်နှင့် စပ်ယှဉ်သော အကြောင်းအကျိုးမျိုးကို ဗေဒင်ပညာရှိမှသိ၏၊ ဓာတ်သတ္တု နှင့်စပ်ယှဉ်သော အကြောင်းအကျိုးမျိုးကို ဓာတ်သတ္တုပညာရှိမှသိ၏၊

[ဤသို့စသည်ဖြင့် ပညာသိ၏ဆိုင်ရာသည်လည်း အလွန်များပြား၏၊]

ထိုပညာသိသည်လည်း

၁။ တိမ်သောအရာ,

၂။ နက်သောအရာ,

၃။ အလွန်နက်သောအရာ,

၄။ အလွန်ထက် အလွန်နက်သောအရာ

ဟူ၍ အမျိုးမျိုးရှိ၏၊

အဆုံးတိုင် ပြောသည်ရှိသော်- ဤပဋ္ဌာန်းကျမ်းကြီးသို့ ရောက် လျှင် လောကသုံးပါး၌ အကြောင်းအကျိုးဟူသမျှသည် အလုံးစုံ ကုန် လေ၏၊ သို့ရာတွင် လောကဝေါဟာရနှင့် ဟောတော်မူသည်မဟုတ်၊ ဓမ္မဝေါဟာရနှင့် ဟောတော်မူသောကြောင့် လောကဝေါဟာရနှင့် ထုတ်ဖော်ပြောရန် အလွန်ခက်ခဲ၏၊

[ဤသို့လျှင် ပစ္စည်း, ပစ္စယုပ္ပန်, ဆက်ဆံခြင်းမည်သည် လောကအရေးအရာ တို့၌ပင် အထူးအရေးကြီးသော အချက်ဖြစ်ပေ၏၊]

ဤပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံခြင်းသဘောသည်

၁။ ပဋိစ္စသမုပ္ပါဒ်နည်း,

၂။ ပဋ္ဌာန်းနည်း၏

ဟူ၍ နှစ်ပါးရှိ၏၊

ထိုနှစ်ပါးတွင်

၁။ ''အဝိဇ္ဇာပစ္စယာသင်္ခါရာ၊ သင်္ခါရပစ္စယာဝိညာဏံ'' အစရှိ သည်ဖြင့် ဟောတော်မူသောနည်းသည် ပဋိစ္စသမုပ္ပါဒ်နည်းမည်၏၊ ၂။ ''ဟေတုပစ္စယော၊ အာရမ္မဏယော'' အစရှိသည်ဖြင့် ဤပဋ္ဌာန်းကျမ်းတွင် ဟောတော်မူသောနည်းသည် ပဋ္ဌာန်းနည်းမည်၏၊ ထိုနည်းနှစ်ပါးတို့တွင်

၁။ သာဝကပုဂ္ဂိုလ်တို့မှာ ပဋိစ္စသမုပ္ပါဒ်နည်းအတိုင်း အသိဉာဏ် ပေါက်နိုင်လျှင် ကိစ္စပြီးစီး၏၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ပေါက်ရောက် နိုင်၏၊

၂။ ပဋ္ဌာန်းနည်းမှာမူကား- သက်သက်အားဖြင့် သဗ္ဗညုတဉာဏ် တော်ကို အသုံးချရန် ဟောတော်မူခြင်းသာ ဖြစ်၏၊

[သာဝကတို့မှာမူကား- ပဋိသမ္ဘိဒါဉာဏ်ပွါးစီးရန် အကျိုးရှိ၏၊ ပုထုဇဉ် သတ္တဝါတို့မှာလည်း နောင်ပဋိသမ္ဘိဒါဉာဏ်ကိုရနိုင်ရန် အကြီးဆုံးသော ပညာပါရမီကြီးဖြစ်၏၊]

ပထမစကားခွန်းအဖြေ ပြီး၏၊

------*------

ဒုတိယစကားခွန်းအဖြေ

၂။ ၎င်းပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံခြင်းသဘောများသည် နာမ်တရားလည်းမဟုတ်၊ ရုပ်တရားလည်းမဟုတ်၊ သို့သော်လည်း ၎င်းဆက်ဆံခြင်း သဘောတရားများသည် နာမ်တရား, ရုပ်တရားတို့ ထက်ပင် သာ၍အရင်းကျသော တရားများဖြစ်ပေ၏'' ဟူသောစကား၌ပစ္စည်းတရားသည်

၁။ နာမ်ပစ္စည်းတရား,

၂။ ရုပ်ပစ္စည်းတရား,

၃။ နိဗ္ဗာန်ပစ္စည်းတရား,

၄။ ပညတ်ပစ္စည်းတရား

ဟူ၍လေးမျိုးရှိ၏၊

ပစ္စယုပ္ပန်တရားသည်မူကား

၁။ ရုပ်ပစ္စယုပ္ပန်တရား,

၂။ နာမ်ပစ္စယုပ္ပန်တရား

ဟူ၍ နှစ်ပါးသာရှိ၏၊

[ဖြစ်ပေါ်ခြင်းဟူသော ဇာတိတရားမှ ရှင်းရှင်းလွတ်ကင်းကြသော နိဗ္ဗာန်တရား, ပညတ်တရားနှစ်ပါးသည် ပစ္စယုပ္ပန်မထိုက်]

ထိုနှစ်ပါးတွင် နာမ်ဖြစ်သော ပစ္စည်းတရား၏ မိမိ၏ဆိုင်ရာ ပစ္စယုပ္ပန်တရားနှင့် ဆက်ဆံခြင်းသဘောသည် နာမ်တရားမဟုတ်ဟု မဆိုရ၊ နာမ်တရား၏ အရှိန်အဝါဖြစ်၍ နာမ်တရား၌ ပါဝင်၏၊ နာမ်တရားဟူ၍ပင် ဆိုရ၏၊

ဥဒါဟရုဏ်ကား။ ။ ရပ်ရွာထဲမှာ လူတစ်ယောက်သည် ဒေါသအမျက် အလွန်ထန်၏၊ ထိုသူကို တစ်ရပ်လုံး တစ်ရွာလုံး မုန်းကြ၏၊ ထိုသူ၏ဒေါသသည် ပစ္စည်းတရား, ရပ်သူရွာသားတို့၏ မုန်းမှုသည် ပစ္စယုပ္ပန်တရား။

လူတစ်ယောက်သည်ကား- မေတ္တာတရား အလွန်ကောင်း၏၊ ထိုသူကို တစ်ရပ်လုံးတစ်ရွာလုံး ချစ်ခင်ကြ၏၊ ထိုသူ၏မေတ္တာသည် ပစ္စည်းတရား, ရပ်သူရွာသားတို့၏ ချစ်ခင်မှုသည် ပစ္စယုပ္ပန်တရား။

ဤဝတ္ထု၌

ဒေါသ၏ အရှိန်အဝါသည် တစ်ရပ်လုံး တစ်ရွာလုံး ပျံ့နှံ့၏၊ ရပ်သူရွာသားတို့၌ မုန်းစိတ်ဖြစ်ပွါးအောင် လှုံ့ဆော်၏၊ ထိုသူသည် ကာယကံ, ဝစီကံဖြင့် ရပ်သူရွာသားတို့ကို မထိပါးသော်လည်း မုန်းကြရ မည် အမှန်ဖြစ်၏၊ ထိပါးခဲ့လျှင် ဆိုဖွယ်မရှိ၊၊ ထိုဒေါသ၏ အရှိန်အဝါသည် ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံမှုနှင့် တစ်ခုတည်းဖြစ်၏၊ ဒေါသသည် နာမ်တရားအစစ်ဖြစ်၏၊ ထိုဒေါသ၏ အရှိန်အဝါဟူသော ဆက်ဆံမှုသည် နာမ်တရားမဟုတ်ဟု မဆိုရ၊ ဒေါသဟူသော စကား၌ ပါဝင်၏၊ ဒေါသ ဟူ၍ပင် ဆိုရ၏၊

[ မေတ္တာဝတ္ထုမှာလည်း ဤနည်းတူသိလေ။]

ဥပမာ- '' သူရိယော-နေ'' ဟူ၍ဆိုလျှင် ထိုနေမှထွက်သော အရောင်အဝါ, ထိုနေမှထွက်သော အပူရှိန်များသည် နေမဟုတ်ဟူ၍ မဆိုရ၊ နေဟူသောစကား၌ ပါဝင်၏၊ နေ- ဟူ၍ပင် ဆိုရ၏၊

[ ''စန္ဒော-လ'' ဟူသောစကား၌ ထိုလမှထွက်သော အရောင်အဝါ, ထိုလမှ ထွက်သော အအေးရှိန်တို့မှာလည်း ထိုနည်းတူသိလေ]

ဤမျှသောစကားရပ်တို့ဖြင့်

၁။ နာမ်ပစ္စည်း၏ ဆက်ဆံမှုသည် နာမ်တရားပင် ဖြစ်၏၊

၂။ ရုပ်ပစ္စည်း၏ ဆက်ဆံမှုသည် ရုပ်တရားပင်ဖြစ်၏၊

၃။ နိဗ္ဗာန်ပစ္စည်း၏ ဆက်ဆံမှုသည် နိဗ္ဗာန်တရားပင်ဖြစ်၏၊

၄။ ပညတ်ပစ္စည်း၏ ဆက်ဆံမှုသည် ပညတ်တရားပင် ဖြစ်၏၊ ဟူ၍ဖြေဆိုပေသည်။

'' ၎င်းဆက်ဆံခြင်း သဘောတရားသည် နာမ်တရား, ရုပ်တရား တို့ထက်ပင် သာ၍အရင်းကျသော တရားများဖြစ်ပေ၏'' ဟူသော စကားမှာလည်း

သံသရာလည်းအစ- ဟူ၍ မရှိ၊ သတ္တဝါလည်း အစဟူ၍ မရှိ၊ ကမ္ဘာအစဉ်မှာလည်း အစ- ဟူ၍ မရှိ၊ နာမ်တရား အစဉ်မှာလည်း အစ-ဟူ၍ မရှိ၊ ရုပ်တရားအစဉ်မှာလည်း အစဟူ၍ မရှိ၊ ပစ္စည်းပစ္စုယုပ္ပန် ဆက်ဆံမှုမှာလည်း အစ-ဟူ၍ မရှိလေရကား

နာမ်တရား, ရုပ်တရားတို့က နောက်ကျ၍ ထိုဆက်ဆံမှုက အရင်ကျသည်-ဟု ဆိုဖွယ်မရှိပေ။

ဒုတီယစကားခွန်း အဖြေပြီး၏၊

----*------

တတိယစကားခွန်းအဖြေ

၃။ ၎င်း ဆက်ဆံခြင်းသဘော တရားများသည် ဂရိတ်လူမျိုး ပရမတ်ဆရာကြီး ''ပလေတိုး ပြောဟောသော သဒ္ဒပညတ်, အတ္ထ ပညတ်များနှင့် အလားတူ၏'' ဟူသော စကား၌

သဒ္ဒပညတ်, အတ္ထပညတ်ဆိုသည်ကား''ဃဋော-ရေအိုး'' ဟူ

သော သဒ္ဒပညတ်, အတ္ထပညတ်နှစ်ပါးသည်ရှိ၏၊

ရှိပုံကား။ အိုးမြေရှိရာ မြေနီတွင်းမှ မြေစိုင်ခဲတို့ကို ယူပြီးလျှင် ရွှံ့မြေလုပ်၍ ၎င်းရွှံ့လုံးကို အိုးထိန်းစက်ပေါ်သို့တင်၍ စက်ကိုလှည့်ပြီး လျှင် လက်ဖြင့်အလိုရှိရာ အိုးမျိုးသဏ္ဌာန်ဖြစ်စေရန် ပြုပြင်လေရာ ထိုရွှံ့ခဲသည် ရေအိုးသဏ္ဌာန်ဖြစ်လာ၏၊ ထိုသဏ္ဌာန်သည် အတ္ထပညတ် မည်၏၊ ထိုသဏ္ဌာန်-ဟူသော အတ္ထပညတ်ပေါ်လာသည်နှင့် တစ်ပြိုင် နက် ထိုသဏ္ဌာန်မှာ ဃဋ-ဟူသော သဒ္ဒပညတ်သည်လည်း ကပ်ရောက် လာ၏၊ ထိုအိုးသည် မြေမှုန့်ပကတိပြန်၍မဖြစ်သမျှ ကာလပတ်လုံး ထိုသဏ္ဌာန်သည် မပျက်၊ ထိုသဏ္ဌာန်မပျက်သမျှ ကာလပတ်လုံး ထိုအိုးမှာ ထိုသဒ္ဒပညတ်မပျက်။

အကြင်အခါ၌ ထိုအိုးကိုခွဲ၍ မြေမှုန့်မြေခဲပကတိ ပြန်၍ဖြစ်စေ ရန် ပြုလုပ်သဖြင့် ထိုမြေမှုန့်မှာ အိုးလုပ်သမား၏ ပြုပြင်ချက်သည် ကွယ်ပျောက်၏၊ မြေမှုန့်ပကတိ ပြန်၍ဖြစ်၏၊ ထိုအခါ ထိုအိုးသဏ္ဌာန်ဟူသော အတ္ထပညတ်သည် ကွယ်ပျောက်၏၊ ထိုအတ္ထပညတ် ကွယ် ပျောက်သည်နှင့်တစ်ပြိုင်နက် ဃဋ-ဟူသော သဒ္ဒပညတ်သည်လည်း ထိုမြေမှုန့်မှာ ကွယ်ပျောက်လေ၏၊ မည်သူတစ်ယောက်မျှ ထိုမြေမှုန့်ကို ဃဋ-ဟူ၍ မထင်ကြကုန်ပြီ၊ မခေါ်ကြကုန်ပြီ။

ဤဝတ္ထု၌

မြေမှုန့်သည် အိုးသဏ္ဌာန်မဟုတ်၊ အိုးသဏ္ဌာန်သည် မြေမှုန့် မဟုတ်၊ မြေမှုန့်သည်ကား-တစ်ခြား၊ အိုးသဏ္ဌာန်သည်ကား-တစ်ခြား၊ မြေမှုန့်သည် အိုးထိန်းသမားလုပ်၍ ဖြစ်လာသည်မဟုတ်၊ မဟာပထဝီ မြေကြီးမှဖြစ်လာ၏၊ အိုးသဏ္ဌာန်သည် မဟာပထဝီမြေကြီးမှ ဖြစ်လာ သည်မဟုတ်၊ အိုးထိန်းသမားလုပ်၍ ဖြစ်လာ၏၊

မြေမှုန့်သည် အိုးထိန်းသမားလက်သို့ မရောက်မီကလည်း မြေမှုန့်ပင်ဖြစ်၏၊ အိုးထိန်းသမားလက်သို့ ရောက်၍ ပြုပြင်စဉ် အခါ၌ လည်း မြေမှုန့်ပင်ဖြစ်၏၊ ပြုပြင်ပြီးနောက် အိုးသဏ္ဌာန်ရှိနေစဉ်အခါ၌ လည်း မြေမှုန့်ပင်ဖြစ်၏၊ တစ်ဖန် ထိုအိုးကိုခွဲ၍ ထိုသဏ္ဌာန် ကွယ်ပျောက် သည့် အခါ၌လည်း မြေမှုန့်ပင်ဖြစ်၏၊

မြေမှုန့်သည်ပကတိ သဘာဝမျိုးဖြစ်၏၊ အိုးသဏ္ဌာန်သည် ပကတိသဘာဝမျိုးမဟုတ်၊ စိတ်သညာတွင် မြေမှုန့်အပေါင်းအဖွဲ့ကို မှီကပ်၍ ထင်မြင်အပ်သော ပညတ်မျိုးသာဖြစ်၏၊ အိုးထိန်းသမား မပြုပြင်မီကလည်း ထိုမြေမှုန့်မှာ ထိုသဏ္ဌာန်ရှိနေသည်မဟုတ်၊ အိုးကိုစွဲ၍ မြေမှုန့်ပကတိ ဖြစ်ပြန်သောအခါ၌လည်း ထိုမြေမှုန့်မှာ ထိုအိုးသဏ္ဌာန်ရှိ နေသည် မဟုတ်၊ ဃဋ-ဟူသော သဒ္ဒပညတ်သည်လည်း ထိုမြေမှုန့်မှာ ထိုအိုးသဏ္ဌာန်ရှိခိုက်၌သာလျှင် ကပ်ရောက်လာ၏၊

ဤမြေမှုန့်ကိုပင် တစ်ဖန်မြေခွက်လုပ်ပြန်လျှင် မြေခွက်သဏ္ဌာန် ပေါ်ပြန်၏၊ အမှုန့်ပြုလုပ်ပြန်လျှင် မြေခွက်သဏ္ဌာန် ကွယ်ပျောက်ပြန်၏၊ မြေမှုန့်အတိုင်းပြန်၍ ဖြစ်ပြန်၏၊ ထိုမြေမှုန့်ကိုပင် လူရုပ်ပြုလုပ်ပြန်လျှင် လူရုပ်သဏ္ဌာန်ပေါ်ပြန်၏၊ အမှုန့်ပြုလုပ်ပြန်လျှင် လူရုပ်သဏ္ဌာန် ကွယ် ပျောက်ပြန်၏၊ မြေမှုန့်အတိုင်းပြန်၍ ဖြစ်ပြန်၏၊

[ဤနည်းအတိုင်း ထိုမြေမှုန့်ကိုပင် အဆင့်ဆင့် အရုပ်မျိုးတစ်ရာ, အရုပ်မျိုး တစ်ထောင် လုပ်၍ကြည့်။]

အဆုံး၌ မြေမှုန့်အတိုင်းပြန်၍ဖြစ်လျှင် ထိုမြေမှုန့်ကို မြေကြီး အတွင်းသို့ ပြန်၍ပို့ထားက မြေကြီးပကတိအတိုင်း အတည်ကျပြန်လေ၏၊ အလယ်၌ပြုလုပ်သမျှသော အိုးသဏ္ဌာန်, ခွက်သဏ္ဌာန်, လူရုပ်သဏ္ဌာန် စသည်တို့သည် မျက်လှည့်ပြရာတွင် ထင်မြင်ရသော အထည်ဝတ္ထု တွေနှင့် တူလှလေကုန်၏၊

[ထို့ကြောင့်ပင်လျှင် စိတ်ဝိညာဏ်ကို မျက်လှည့်သည်ကြီးများနှင့် တူကြောင်း မြတ်စွာဘုရားကြီး ဟောတော်မူပေသည်]

စိတ်ဝိညာဏ်သည် မျက်လှည့်သည်ကြီးများနှင့် တူပုံ

မျက်လှည့်သည်ကြီးများသည် မြင့်ရာ၌နေသော သူတို့အား အောက်၌ ကောင်းကင်ကို မြေပြင်ထင်ရအောင် ပြုလုပ်တတ်၏၊ ထိုသူ တို့သည် မြေပြင်ထင်၍ ဆင်းကြကုန်ရာ တည်ရာမရ အောက်သို့ကျ၍ သေဆုံးတတ်ကြကုန်၏၊ ရေပြင်ကို မြေပင်ထင်ရအောင် ပြုလုပ်တတ်ကြ ကုန်၏၊ မြေပြင်ထင်၍ ဆင်း-နင်း ကြကုန်ရာ ရေနစ်၍ သေဆုံးတတ်ကြ ကုန်၏၊

သတ္တဝါတို့၏ စိတ်ဝိညာဏ်သည် ထိုမျက်လှည့်သည်ကြီးများနှင့်

အလွန်တူလှ၏၊ ထိုအိုးဝတ္ထု သဏ္ဌာန်ပညတ်သည် ကောင်းကင်နှင့်တူ၏၊ ကောင်းကင်ကို မြေပြင်ထင်ရအောင် ပြုလုပ်တတ်သော မျက်လှည့်သည် ကြီးကဲ့သို့ သတ္တဝါတို့၏ စိတ်ဝိညာဏ်သည် ထိုသဏ္ဌာန်ပညတ်ကိုပင အထည်ဝတ္ထုကြီးထင်ရအောင် ပြတတ်ကုန်၏၊

စိတ်ဝိညာဏ်၏ အကြီးအကျယ် လှည့်စားမှုကြီးကို မသိကြကုန် သောသူတို့သည် ဘာမျှမှမရှိသောကောင်းကင်ကို မြေပြင်ကြီး ထင်မြင် ကြသော သူတို့ကဲ့သို့ လောက၌ စိတ်ဝိညာဏ်၏ လှည့်စားမှုနှင့် ထင်ပေါ် ထင်ရှား၍ နေကုန်သောသက်ရှိသက်မဲ့ ဝတ္ထုကြီးငယ် အထည်ဒြဗ် ပညတ်သဏ္ဌာန်တို့ကို အဟုတ်အမှန် ထင်မှတ်စွဲလမ်း၍ နေကြကုန်၏၊

[ဤကား-ပရမတ်သဘောမှ အလွတ်ဖြစ်သော သဒ္ဒပညတ်နှင့် အတ္ထပညတ်ကို ပြဆိုခြင်းတည်း။]

----*--

ပရမတ်သဘောမှ မလွတ်သော သဒ္ဒပညတ်နှင့် အတ္ထပညတ်

စိတ္တ, ဝိညာဏ, ဖဿ, ဝေဒနာ, ပထဝီ, အာပေါ, စက္ခု, သောတ, ရူပ, သဒ္ဒ-အစရှိသော သဒ္ဒပညတ်တို့သည်မူကား- ကြံခြင်း, သိခြင်း, တွေ့ခြင်း, ခံစားခြင်း, ခက်မာခြင်း, ဖွဲ့စေးခြင်း, မျက်စိမှာရှိသော အကြည် ဓာတ်, နားမှာရှိသော အကြည်ဓာတ်, အဆင်းဓာတ်, အသံဓာတ်-အစရှိ ကုန်သော သဘောအားဖြင့် ထင်ရှားရှိကုန်သော ပရမတ္ထသဘာဝ အနက်တို့ကို ပြဆိုကြပေကုန်သော သဒ္ဒပညတ်တို့ပေတည်း။

၁။ အနက်တို့ကား-ပရမတ်တို့ပေတည်း။

၂။ သဒ္ဒါတို့ကား-ပညတ်တို့ပေတည်း။

သဒ္ဒါဆိုသော်လည်း ဤ ''ပလေတိုး'' ၏စကား၌ နားဖြင့်ကြား ကောင်းသော ပရမတ်သဒ္ဒါရုံကို ဆိုသည်မဟုတ်၊ စိတ်သညာထဲတွင် သိမှတ်၍နေကြသော နာမပညတ်ကို သဒ္ဒပညတ်ဆိုသတည်း၊ ထိုအတ္ထ ပညတ်, သဒ္ဒပညတ်များသည် နိစ္စမျိုးဖြစ်၍ မြဲသည်ဟုဆိုရ၏၊

အဘယ့်ကြောင့် နိစ္စမျိုးဖြစ်သနည်းဟူမူ

ဖြစ်သည်, ရင့်သည်, ပျက်သည်ဟူ၍ဆိုရန် ဓာတ်သားဝတ္ထုမျှ မရှိမူ၍ မျက်လှည့်အတတ်၏အစွမ်းဖြင့် ကောင်းကင်ကို မြေပြင်ကြီး ထင်သကဲ့သို့ စိတ်ဝိညာဏ် မျက်လှည့်၏အစွမ်းဖြင့် ထင်ရသော အရာမျိုး ဖြစ်ချေ၍ ကောင်းကင်ကဲ့သို့ မြဲသည်ဟု ဆိုရလေသတည်း။ မြဲပုံကား။ ။အိုးတစ်ခုကွဲပျက်၍ ထိုအိုးအတွက် ဃဋ-သဒ္ဒါ ကွယ်ပျောက်သော်လည်း ရှိနေကြသော အိုးများအတွက် လူတို့၏ စိတ်သညာထဲမှာ ဃဋ-ဟူသော နာမပညတ် အမှတ်အသိ ရှိမြဲရှိကြသည် သာဖြစ်၏၊

[ဤကဲ့သို့ ရှိမြဲရှိသည်ကို မြဲသည်ဟု ဆိုပေသည်။]

ပစ္စည်း,ပစ္စယုပ္ပန် ဆက်ဆံခြင်းသဘောသည်မူကား- ထိုသဒ္ဒ ပညတ်, အတ္ထပညတ်များကဲ့သို့ နိစ္စမျိုးမဟုတ်ပေ၊ အကြောင်းမူကားအထက်ကထုတ်ပြခဲ့သော ဒေါသဝတ္ထု, မေတ္တာဝတ္ထုတို့၌ ဒေါသဟူသော ပရမတ်အစစ်မှ ဖြစ်ပွားသော ဆက်ဆံမှုသည် ထိုဒေါသချုပ်ပျောက် ကင်းငြိမ်း၍သွားလျှင် ထိုဆက်ဆံမှုသည်လည်း ချုပ်ပျောက်သည် သာဖြစ်၏၊

[မေတ္တာဝတ္ထု၌လည်း ထို့အတူတည်း။]

ကြွင်းသောနာမ်ပစ္စည်း, ရုပ်ပစ္စည်းတို့မှာလည်း ထိုထိုနာမ်ပစ္စည်း, ရုပ်ပစ္စည်းတို့မှ ဖြစ်ပွားကြသော ဆက်ဆံမှုတို့သည် အရင်းခံဖြစ်သော ထိုထိုနာမ်ပစ္စည်းတရား, ရုပ်ပစ္စည်းတရားချုပ်ဆုံး၍ သွားကြလျှင် ချုပ်ဆုံးကြကုန်၏၊

သို့သော် အာရမ္မဏပစ္စည်း, ဥပနိဿယပစ္စည်း, ကမ္မပစ္စည်းတို့မှ ဖြစ်ပွားကြကုန်သော ဆက်ဆံမှုတို့သည်ကား-ပစ္စည်းတရားရင်းချုပ်၍ သွားသော်လည်း ကာလမြင့်ကြာ တည်ရှိသည်လည်း ရှိကြကုန်၏၊

ပညတ်ပစ္စည်း, နိဗ္ဗာန်ပစ္စည်းတို့မှ ဖြစ်ပွားသော ဆက်ဆံမှုတို့ သည်မူကား-ထိုပညတ်တရား, နိဗ္ဗာန်တရားတို့ကို သိကြသူတို့ ရှိနေခိုက်၌ သာ တည်ရှိနိုင်ကြကုန်၏၊ သိကြသူတို့မရှိကြလျှင် ကွယ်ပျောက်ကြ ရကုန်၏၊

တတီယစကားခွန်း အဖြေပြီး၏၊

------*------

စတုတ္ထစကားခွန်း အဖြေ

၄။ ''၎င်းဆက်ဆံခြင်း သဘောတရားသည် နာမ်တရားလည်း မဟုတ်၊ ရုပ်တရားလည်းမဟုတ်ပဲလျက် အစဉ်အမြဲ တည်၍နေသော တရားများဖြစ်ကြသည်'' ဟူသောစကား၌ တတိယအဖြေတွင် နာမ်ပစ္စည်းမှဖြစ်ပွားသောဆက်ဆံခြင်းကို

နာမ်တရား၌ ထည့်သွင်းခဲ့ပြီ၊ ရုပ်ပစ္စည်းမှဖြစ်ပွားသော ဆက်ဆံခြင်းကို ရုပ်တရား၌ ထည့်သွင်းခဲ့ပြီ၊ နိဗ္ဗာန်ပစ္စည်း, ပညတ်ပစ္စည်းတို့မှ ဖြစ်ပွား သော ဆက်ဆံခြင်းသဘောတို့မှာလည်း ထိုနည်းအတူ ထည့်သွင်းရမည်။

[ ''ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံခြင်း'' ဟူသောစကား၌ ပစ္စယုပ္ပန်ဆိုသည် ကား-ရုပ်တရားမျိုးနှင့် သင်္ခတဖြစ်သော နာမ်တရားမျိုးဟူ၍ နှစ်မျိုးသာ ရှိကြောင်းကို ပြဆိုခဲ့ပြီ။]

သင်္ခတတရားတို့၏အထဲမှာ ပစ္စည်းတရားများသည်လည်း အနိစ္စဖြစ်ကြ၏၊ ပစ္စယုပ္ပန်တရားများသည်လည်း အနိစ္စဖြစ်ကြ၏၊ ပစ္စည်းနှင့် ပစ္စယုပ္ပန်အလယ်၌ ဆက်သွယ်ရသော ဆက်ဆံခြင်းသဘော သည် အဘယ်မှာ အစဉ်အမြဲ တည်နိုင်ချေအံ့နည်း။

စတုတ္ထစကားခွန်း အဖြေပြီး၏၊

ဘာတရင်ရာဆယ်၏စကားလေးခွန်း အဖြေပြီး၏၊

------*------

အတ္တခွဲနည်း

သီရိလင်္ကာ အတ္တ,အနတ္တပုစ္ဆာအဖြေ

နမော တဿ ဘဂဂတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

သီဟိုဠ်ကျွန်းသား-ကျောင်းဆရာကြီး၏ အတ္တ, အနတ္တ, ပုစ္ဆာကို-ဆရာတော်ဘုရားကြီး ဖြေဆိုတော်မူချက်

အတ္တ, ဆိုသည်ကား-သာရတ္ထေန အတ္တာ-ဟူသောပါဌ်နှင့်အညီ ပုဂ္ဂိုလ်၏အထည်ခံ အမာခံဖြစ်သော အနှစ်သာရ-သတ္တဝါ၏ အထည်ခံ အမာခံဖြစ်သော အနှစ်သာရကို ဆိုသတည်း။

ပရမတ်နှင့်ပညတ် နှစ်ပါးခွဲနည်း

ဤအရာ၌ ပရမတ္ထတရားနှင့် ပညတ်တရားခွဲခန်းကို ပြဆိုရာ၏

၁။ ပထဝီဓာတ်, အာပေါဓာတ် အစရှိသော ရုပ်ဓာတ်တရားမျိုး တို့သည် လောက၌ ကိုယ့်သဘောနှင့်ကိုယ် အသီးအသီး ဧကန်မုချ ထင်ရှား ရှိကြကုန်၏၊

စိတ်ဝိညာဏ်ဟူသော နာမ်ဓာတ်တရား, ဖဿ, ဝေဒနာ, သညာ, စေတနာ- အစရှိသော စေတသိက်ဟူသော နာမ်ဓာတ်တရားတို့ သည်လည်း လောက၌ ကိုယ့်သဘောနှင့်ကိုယ် အသီးအသီး ဧကန်မုချ ထင်ရှားရှိကြကုန်၏၊ ထိုရုပ်ဓာတ်တရား, နာမ်ဓာတ်တရားတို့သည် သာလျှင် ဧကန်မုချ ထင်ရှားရှိကြသောကြောင့် ပရမတ္ထတရားတို့ မည်ကုန်၏၊

၂။ ပုဂ္ဂိုလ်သတ္တဝါ အစရှိသော ပညတ်တရားတို့သည်ကား

ကိုယ့်သဘောနှင့်ကိုယ် အသီးအသီး ထင်ရှားမရှိကြကုန်၊ ရုပ်ဓာတ်တရား, နာမ်ဓာတ်တရားတို့၏ အပေါင်းအစုကို အမှီပြု၍ ပုဂ္ဂိုလ်တို့၏ စိတ် သဘောထဲတွင် ထင်မြင်ကြရသော ပညတ်တရားမျှတို့သာတည်း။

ဥပမာကား။ မြေသပိတ်, သံသပိတ်ဟူသော စကား၌ ပထဝီ ဓာတ်မျိုးဖြစ်သောမြေ, ပထဝီဓာတ်မျိုးဖြစ်သော သံတို့သည် သဘော အားဖြင့် ထင်ရှားရှိကုန်၏၊ သပိတ်ဆိုသည်ကား-သဘောအားဖြင့် ထင်ရှားမရှိ၊ ထိုမြေအစုအခဲ, သံအစုအခဲတို့ကို အမှီပြု၍ သတ္ထဝါတို့၏ စိတ်မနောထဲတွင် အဝန်းအဝိုင်းအနေအားဖြင့် ထင်မြင်ကြရသော သဏ္ဌာန်ပညတ်မျှသာတည်း။

မြေ, သံတို့သည်ကား- လောက၌ ကမ္ဘာအဆက်ဆက် အရိုး အစဉ်အားဖြင့် ထင်ရှားရှိနေကြကုန်၏၊ သပိတ်သည်မူကား- ထိုကဲ့သို့ အရိုးအစဉ်အားဖြင့် ထင်ရှားရှိနေသည်မဟုတ်၊ သပိတ်လုပ်သောသူ၏ ပြုပြင်ချက်နှင့် အဝန်းအဝိုင်း အနေအားဖြင့် ထင်ရှားမြင်လာရသော အာဂန္တုကသဏ္ဌာန်နိမိတ် အရိပ်အရောင်မျှသာတည်း၊ တစ်ဖန် ထိုသပိတ် ကိုပင် ထုနှက်ကြိတ်နယ်၍ ဖျက်စီးပြန်သည်ရှိသော် မြေ, သံတို့သည် ပကတိအတိုင်းပင် ရှိနေကြကုန်၏၊ အဝန်းအဝိုင်းသဏ္ဌာန် သည်မူကားကွယ်ပျောက်လေ၏၊ အဝန်းအဝိုင်း သဏ္ဌာန်ကွယ် ပျောက်ခဲ့လျှင် သပိတ် ဟူသော အမှတ်သညာသည်လည်း ကွယ်ပျောက်လေ၏၊

နှိုင်းယှဉ်ပြချက်

၁။ ဤဥပမာ၌ မြေ, သံတို့နှင့် ထိုရုပ်ဓာတ်, နာမ်ဓာတ် ဟူသော ပရမတ္ထတရားတို့သည် တူကုန်၏၊

၂။ ဤဥပမာ၌ သပိတ်ဟူသော အဝန်းအဝိုင်းသဏ္ဌာန်ပညတ် နှင့် ပုဂ္ဂိုလ်သတ္တဝါဟူသော သဏ္ဌာန်ပညတ် နိမိတ် အရိပ်အရောင် တို့သည် တူကြကုန်၏၊

ပုဂ္ဂိုလ်သတ္တဝါတို့၌လည်း ဦးခေါင်း၌ရှိသော ရုပ်ဓာတ်, နာမ်ဓာတ် တို့သည်သာလျှင် အဟုတ်ရှိအမှန်ရှိ ဖြစ်ကုန်၏၊ ဦးခေါင်းသည်မူကားအဟုတ်ရှိအမှန်ရှိ မဟုတ်၊ သဏ္ဌာန်ပညတ်မျှသာတည်း၊ ကျန်ရှိသော ခြေသဏ္ဌာန်, လက်သဏ္ဌာန် အစရှိသော သဏ္ဌာန်ကြီးငယ်တို့၌လည်း ထို့အတူ ပရမတ်, ပညတ်နှစ်ပါး ခွဲခြမ်းဝေဖန်၍သိလေ။

ဆံပင်, မွေးညင်း- စသည်တို့တွင်လည်း ဆံပင်တို့၌ရှိသော ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ-အစရှိသော ရုပ်ဓာတ်တို့သည်သာလျှင် အဟုတ်အမှန်ရှိ ဖြစ်ကုန်၏၊ ဆံပင်သည်မူ ကား- အဟုတ်ရှိအမှန်ရှိ မဟုတ်၊၊ လုံးလုံးလျားလျား-ဟူသော သဏ္ဌာန် ပညတ်မျှသာတည်း။

မွေးညင်းတို့၌လည်း ဤအတူတည်း၊ ခြေသည်း, လက်သည်း, သွား, အရေ, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညို့, နှလုံး, အမြှေး, အဆုတ်, အူမ, အူသိမ်, အစာသစ်, အစာဟောင်း- စသည်တို့၌လည်း ရုပ်ဓာတ်တို့သည်သာလျှင် ဧကန်မုချ အဟုတ်အမှန်ရှိကုန်၏၊ အဝန်း, အဝိုင်း, အလုံး, အပြား- အစရှိသည်တို့သည်ကား- အဟုတ်ရှိ အမှန်ရှိ မဟုတ်ကုန်၊ သဏ္ဌာန် ပညတ်မျှတို့သာတည်း။

''ပညတ်ပေါ်လျှင် ပရမတ်ငုတ်မြဲ, ပရမတ်ပေါ်လျှင် ပညတ် ကွယ်ပျောက်မြဲ'' ဟူသော ဆိုရိုးစကားနှင့်အညီ ဦးခေါင်း သဏ္ဌာန်စသော ပညတ်ပေါ်၍ နေသည့်အခါ ထိုဦးခေါင်းစသည်တို့၌ ရှိကြကုန်သော ရုပ်ဓာတ်တို့သည် ငုတ်မြုပ်၍ နေကြကုန်၏၊ ထိုဦးခေါင်း သဏ္ဌာန် စသည်ကို ထုနှက်ကြိတ်နယ်၍ ဖျက်စီးပြန်သည်ရှိသော် ပရမတ် ပထဝီ ဓာတ်မှုန့်တို့သည် ပေါ်ထွက်၍လာကုန်၏၊ ဦးခေါင်းသဏ္ဌာန် အစရှိသော ပညတ်သဏ္ဌာန်တို့သည် ကွယ်ပျောက်လေကုန်၏၊ ဆံပင်၊ မွေးညင်း-စသော ပညတ်ပေါ်၍နေသည့်အခါ ထိုဆံပင်, မွေးညင်း စသည်တို့၌ ရှိနေကြသော ပရမတ်ရုပ်တရားတို့သည် ငုတ်မြုပ်၍ နေကြ ကုန်၏၊ ထိုဆံပင်, မွေးညင်းသဏ္ဌာန်- စသည်တို့ကို ထုနှက်ကြိတ် နယ်၍ ဖျက်ဆီး ပြန်သည်ရှိသော် ပရမတ် ပထဝီဓာတ်မှုန့်တို့သည် ပေါ်ထွက်၍ လာကုန်၏၊ ဆံပင်, မွေးညင်းအစရှိသော ပညတ်သဏ္ဌာန်တို့သည် ကွယ်ပျောက်လေ၏၊

ပရမတ်, ပညတ်, နှစ်ပါးခွဲနည်းပြီး၏၊

------*------

နိစ္စ, အနိစ္စ, ခွဲနည်း

နိစ္စ, အနိစ္စ ခွဲနည်းကို ပြဆိုရာ၏၊ ပညတ်မည်သည် သဘော အားဖြင့် အဟုတ်ရှိမျိုး, အမှန်ရှိမျိုး မဟုတ်, ဖြစ်မှု, ပျက်မှုဟူ၍လည်း အမှန်မရှိ၊ စိတ်မနောတွင် ထင်ခွင့်ရှိနေသောအခါ သပိတ်မှာကဲ့သို့ ထင်ပေါ်၍နေ၏၊ ထင်ခွင့်မရှိသောအခါ သပိတ်ကို အမှုန့်ပြုရာ၌ကဲ့သို့ မထင်ဘဲရှိနေတတ်၏၊ ထို့ကြောင့် ခပ်သိမ်းသော ပညတ်မျိုးတို့သည် နိစ္စမျိုးသာဖြစ်ကုန်၏၊၊ ရုပ်ဓာတ်, နာမ်ဓာတ်တို့သည်မူကား- သဘော အားဖြင့် အဟုတ်ရှိ အမှန်ရှိမျိုးဖြစ် ကြကုန်၏၊ ဖြစ်မှု, ပျက်မှုလည်း အမှန်ရှိကြကုန်၏၊ ထို့ကြောင့် နိဗ္ဗာန်မှတစ်ပါးသော ထိုရုပ်ဓာတ်မျိုး, နာမ်ဓာတ်မျိုးတို့သည် အနိစ္စမျိုးသာတည်း။

ထင်ရှားအောင်ပြဆိုဦးအံ့

တစ်ယောက်သောလူ၏ ဦးခေါင်း ခြေလက် စသော ပညတ်မျိုး၊ ဆံပင်, မွေးညင်း-စသော ပညတ်မျိုးတို့ သည် အသက်ထက်ဆုံး မြဲကုန်၏၊ ထိုသူသေဆုံး၍ အလောင်းကောင်ဖြစ် သည်တိုင်အောင် ထိုပညတ်မျိုး တိ့ုသည် ရှိနေကြကုန်၏၊ အလောင်းကို မြင်လျှင် မည်သူ့အလောင်းဟူ၍ သိနိုင်ကြကုန်၏၊ ဤကား-ဦးခေါင်း၊ ဤကား-ခြေလက်စသည် ဖြင့်လည်း သိနိုင်ကြကုန်၏၊ ဤကား-ဆံပင်၊ ဤကား-မွေးညင်း၊ စသည် တို့ဖြင့်လည်း သိနိုင်ကြကုန်၏၊ အလောင်းကို မီးမြှိုက်၍ ပြာမှုန့် အစုဖြစ်သောအခါမှသာလျှင် ထိုပညတ်တို့သည် ပျောက်ကွယ်၍ ကုန်လေ၏၊

[ဤကား- ပညတ်တရား၏ နိစ္စမျိုးဖြစ်ပုံကို ပြဆိုချက်တည်း။]

ထိုလူ၌ ရှိနေကြကုန်သော ရုပ်ဓာတ်တရား, နာမ်ဓာတ်တရား တို့သည်မူကား- တစ်နေ့တစ်ရက်အဖို့မှာပင် အကြိမ်တစ်ရာမက ဖြစ်ပျက် ပြောင်းလဲကြရကုန်၏၊ ပြောင်းလဲပုံကား-ဣရိယာပထ ပြောင်းလဲမှုကို အစဉ်လျှောက်၍ ဆိုပေအံ့၊ ဣရိယာပထသည် လေးပါးရှိ၏၊

၁။ အိပ်ခြင်းတစ်ပါး,

၂။ ထိုင်ခြင်းတစ်ပါး,

၃။ ရပ်ခြင်းတစ်ပါး,

၄။ သွားခြင်းတစ်ပါး,

ထိုလေးပါးတို့တွင် အိပ်ခြင်းဣရိယာပထ၏ သက်ဆိုင်ရာ ရုပ်ဓာတ်အသင်း, နာမ်ဓာတ်အသင်းတို့ကား-တစ်မျိုး၊ ထိုင်ခြင်း ဣရိယာပထ၏ သက်ဆိုင်ရာရုပ်ဓာတ်အသင်း, နာမ်ဓာတ်အသင်းတို့ ကား-တစ်မျိုး၊ ရပ်ခြင်းဣရိယာပထ၏ သက်ဆိုင်ရာရုပ်ဓာတ်အသင်း, နာမ်ဓာတ်အသင်းတို့ကား-တစ်မျိုး၊ သွားခြင်းဣရိယာပထ၏ သက်ဆိုင် ရာရုပ်ဓာတ်အသင်း, နာမ်ဓာတ်အသင်းတို့ကား-တစ်မျိုး၊ သွားခြင်း ဣရိယာပထ၏ သက်ဆိုင်ရာရုပ်ဓာတ်အသင်း, နာမ်ဓာတ်အသင်းတို့ သည်လည်း ပထမခြေလှမ်း၏သက်ဆိုင်ရာ ရုပ်ဓာတ်အသင်း, နာမ်ဓာတ် အသင်းတို့ကား-တစ်မျိုး၊ ဒုတိယခြေလှမ်း၏ သက်ဆိုင်ရာ ရုပ်ဓာတ် အသင်း, နာမ်ဓာတ်အသင်းတို့ကား-တစ်မျိုးစသည်ဖြင့် ဆိုလေ။ ထိုတွင် အိပ်ခြင်းဣရိယာပထ၏ သက်ဆိုင်ရာ ရုပ်ဓာတ်အသင်း, နာမ်ဓာတ်အသင်းတို့သည် ထိုင်ခြင်း ဣရိယာပထသို့ မရောက်နိုင်ကြ ကုန်၊ အိပ်ခြင်းဣရိယာပထ၌သာ အကုန်ချုပ်ဆုံးကြကုန်၏၊ အိပ်ရာမှ ထ၍ ထိုင်လိုသည်ရှိသော် စိတ်ရောကိုယ်ပါ လှုပ်မှု, ရှားမှု, အားယူမှုတို့ကို အသစ်တစ်မျိုးထူထောင်၍ ထိုင်ခြင်းဣရိယာပထ၏ သက်ဆိုင်ရာ ရုပ်ဓာတ်အသင်း, နာမ်ဓာတ်အသင်းတို့ကို အသစ်တစ်မျိုးဖြစ်ပေါ်စေကြ ကုန်ရာ၏၊ ထိုအခါ အိပ်ခြင်းဣရိယာပထ၏ သက်ဆိုင်ရာ ရုပ်ဓာတ် အသင်း, နာမ်ဓာတ်အသင်းတို့သည် မီးတောက်ကြီး သေပျောက်သကဲ့သို့ ခဏချင်းကွယ်ပျောက်ကြလေကုန်၏၊ ဤသို့အိပ်ခြင်းအမှုနှင့် ထိုင်ခြင်း အမှု၌ ရုပ်ဓာတ်, နာမ်ဓာတ်အသင်းတို့၏ ပြောင်းလဲမှုကြီးသည် လောက၌ ကိုယ်တွေ့ဒိဋ္ဌဖြစ်ကြ၏၊ ထိုင်ခြင်းဣရိယာပထနှင့် ရပ်ခြင်း ဣရိယာ ပထတို့၏ ပြောင်းလဲမှု, ရပ်ခြင်းဣရိယာပထနှင့် သွားခြင်း ဣရိယာ ပထတို့၏ ပြောင်းလဲမှု, သွားခြင်းဣရိယာပထတွင်လည်း ပထမ ခြေလှမ်းနှင့် ဒုတိယခြေလှမ်းတို့၏ ပြောင်းလဲမှု-စသည်တို့၌လည်း ထိုနည်းအတူ ဆိုလေ။

ဣရိယာပထ လေးပါးတို့တွင် တစ်ခုတစ်ခုသော ဣရိယာပထ မှာလည်း အစ, အဆုံး အသီးအသီး ထင်ရှားရှိကြ၏၊ ခြေလှမ်းတို့မှာ လည်း အစ, အဆုံး အသီးအသီး ထင်ရှားရှိကြ၏၊ အသီးအသီးသော ရုပ်ဓာတ်အသင်း, နာမ်ဓာတ်အသင်းတို့၏ ဖြစ်မှု, ပျက်မှု ပြောင်းလဲမှုတို့ ပေတည်း၊ ဤသို့လျှင် ရုပ်ဓာတ်, နာမ်ဓာတ်တရားတို့သည်မူကားတစ်နေ့တစ်ရက်အဖို့မှာပင် အကြိမ်တစ်ရာမက ဖြစ်ပျက် ပြောင်းလဲကြ ရကုန်၏၊

နိစ္စ, အနိစ္စ ခွဲနည်းပြီး၏၊

-----*------

ဒိဋ္ဌိသုံးပါးတို့ကို ပယ်ဖျက်ချက် အတ္တ, အနတ္တ, စစ်တမ်း

အတ္တဆိုသည်ကား- သာရတ္ထေန အတ္တာ-ဟူသော ပါဌ်နှင့် အညီ ပုဂ္ဂိုလ်၏အထည်ခံအမာခံဖြစ်သော အနှစ်သာရ၊ သတ္တဝါ၏ အထည် ခံအမာခံဖြစ်သော အနှစ်သာရတို့ကို ဆိုသတည်း။

ထင်ရှားအောင်ပြဆိုဦးအံ့

ရုပ်ဓာတ်, နာမ်ဓာတ်တို့ကိုလည်းကောင်း၊ ရုပ်ဓာတ်, နာမ်ဓာတ် တို့နှင့် ပညတ်တို့၏ အထူးအပြားကိုလည်းကောင်း မသိကြကုန်သော သတ္တဝါအပေါင်းတို့သည် ရုပ်ဓာတ်, နာမ်ဓာတ်တို့ကို ပုဂ္ဂိုလ်ဘဲ, သတ္တဝါဘဲ, ငါဘဲ, သူဘဲ-ဟု အခိုင်အမြဲ စွဲလမ်းကြကုန်၏၊ ဤသို့ စွဲလမ်းရာ၌ အဟုတ်ရှိအမှန်ရှိဖြစ်သော ရုပ်ဓာတ်, နာမ်ဓာတ်တို့သည် အဟုတ်ရှိ အမှန်ရှိမဟုတ်သော ပညတ်တို့၏ အထည်ခံအမာခံ အနှစ်အသား ဖြစ်ကြရကုန်၏၊ ဤသို့အထည်ခံအမာခံ အနှစ်အသား ဖြစ်ကြသည်ကို အတ္တဟူ၍ ဆိုသတည်း။

[ဤကား-သတ္တဝါအများတို့နှင့် သက်ဆိုင်သော အတ္တဒိဋ္ဌိသာမညပေတည်း။]

အချို့ယူဆချက်

၁။ အချို့သော သူတို့သည်ကား-စိတ်ဝိညာဏ်တရားကို သာလျှင် ပုဂ္ဂိုလ်၏ အထည်ခံ အမာခံ အနှစ်သာရ အတ္တ ဟူ၍ စွဲလမ်းကြကုန်၏၊

၂။ အချို့သော သူတို့သည်ကား- ရုပ်ဓာတ်, နာမ်ဓာတ်တို့သည် အတ္တမဟုတ်ကုန်၊ အတ္တ၏တည်နေရာ ခန္ဓာအိမ်မျှသာ ဖြစ်ကြကုန်၏၊ ထိုခန္ဓာအိမ်၌တည်နေ၍ ထိုခန္ဓာအိမ်ကို အုပ်စိုးလျက် မြင်မှု, ကြားမှု-စသည်ကို စီရင်ချက်ရှိနေသော တစ်ခုသော အနှစ်သာရသည် အတ္တ, ဖြစ်၏၊

၃။ အချို့သောသူတို့သည်ကား-ခပ်သိမ်းသောသတ္တဝါတို့၏ အတ္တမည်သည် အထက်ကောင်းကင်ဘုံ၌ရှိသော မဟာ ဗြဟ္မာကြီး၏ ပရမအတ္တမှ ဖြစ်ပွါးကြရကုန်၏၊ ဖြစ်ပွါးပုံ ကားထိုမဟာဗြဟ္မာကြီးသည် ကမ္ဘာဦးအခါ၌ လူ, နတ်, ဗြဟ္မာ သတ္တဝါတို့ကို မိမိတန်ခိုးဖြင့် ဖန်ဆင်းသောအခါ မိမိ၏ပရမအတ္တမှ အတ္တအစိတ်အငယ်တို့ကို လောက၌ ဖြန့်ကြဲလေ၏၊ ထိုအတ္တအစိတ်ငယ်တို့သည် သတ္တဝါတို့၌ အသီးအသီးသော အတ္တဖြစ်ကြကုန်၏၊ ထိုအတ္တရှိနေကြ သည့်အတွက် မြင်မှု, ကြားမှု အစရှိသော သတ္တဝါတို့၏ ကိစ္စကို ပြုလုပ်နိုင်ကြကုန်၏-ဟု မှတ်ယူကြကုန်၏၊

၄။ အချို့သော သူတို့သည်ကား-ထိုအတ္တသည် ဖြစ်ပေါ်ရာ ဘုံဘဝ၌ ပစ္စုပ္ပန်တစ်ဘဝသာရှိ၏၊ တစ်ဘဝသို့ ပြောင်းရွှေ့ သည်ဟူ၍မရှိ၊ သေရာမှပြတ်ဆုံး၏-ဟု ယူကြကုန်၏၊

[ဤကား-ဥစ္ဆေဒ အယူပေတည်း။]

၅။ အချို့သောသူတို့သည်ကား-ထိုအတ္တသည် သံသရာ၌ အစဉ်မြဲ၏၊ ဖြစ်သည်, ပျက်သည်ဟူ၍ မရှိ၊ ဘဝအဆက် ဆက် အစဉ်လိုက်ပါ၍နေ၏-ဟုယူကြကုန်၏၊

[ဤကား-သဿတဒိဋ္ဌိ အယူပေတည်း။]

အတ္တစစ်တမ်းပြီး၏၊

------*------

အနတ္တစစ်တမ်း

အနတ္တဆိုသည်ကား- အသာရကတ္ထေန အနတ္တာ-ဟူသော ပါဌ်နှင့်အညီ ရုပ်ဓာတ်, နာမ်ဓာတ်တို့သည် ပုဂ္ဂိုလ်၏ အထည်ခံ အမာခံ အနှစ်သာရ မဟုတ်ကြ၊ သတ္တဝါ၏ အထည်ခံအမာခံ အနှစ်သာရ မဟုတ်ကြသည်ကို ဆိုသည်၊ ထင်ရှားအောင်ပြဆိုဦးအံ့၊ ရုပ်ဓာတ်, နာမ်ဓာတ်တို့သည်ကား-တစ်ခြား၊ ပညတ်တရားတို့သည်ကား-တစ်ခြား၊ ရုပ်ဓာတ်, နာမ်ဓာတ်တို့သည်ကား -တစ်နေ့တစ်ရက် အဖို့မှာပင် အကြိမ်များစွာ ဖြစ်ပျက်ပြောင်းလဲ၍နေကြကုန်သော အနိစ္စတရားတို့ သာတည်း၊ ပညတ်တရားတို့သည်ကား- ဖြစ်မှု, ပျက်မှု မရှိ၊ တစ်ဘဝတွင် အစဉ်မြဲ၍ ရှိနေကြကုန်သော အနိစ္စတရားတို့သာတည်း။

အတ္တ, အနတ္တ စစ်တမ်းပြီး၏၊

----*--

စက္ခု၌အတ္တ အနတ္တစစ်တမ်း

ဤအရာ၌ မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် စာအုပ်နံပါတ် ၃၀၆- တွင် လာရှိသော ဆဆက္ကသုတ်ကို ထုတ်ပြရာ၏၊

စက္ခု အတ္တာတိ ယော ဝဒေယျ၊ တံ န ဥပပဇ္ဇတိ စက္ခုဿ ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ၊ ယဿ ခေါ ပန ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ၊ အတ္တာ မေ ဥပ္ပဇ္ဇတိ စ ဝေတိစာတိ ဣစ္စဿ ဧဝမာဂတံ ဟောတိ၊ တသ္မာ တံ န ဥပ္ပဇ္ဇတိ၊ စက္ခု အတ္တာတိ ယော ဝဒေယျ၊ ဣတိ စက္ခု အနတ္တာ။

အနက်ကား။ စက္ခု=မျက်စိသည်၊ အတ္တာ=သတ္တဝါတို့၏ အထည်ခံအမာခံအနှစ်သာရ အတ္တပေတည်း၊ ဣတိ=ဤသို့၊ ယော= အကြင်သူသည်၊ ဝဒေယျ=ဆိုငြားအံ့၊ တဿ=ထိုသူ၏၊ ဧတံ=ဤစကား သည်၊ န ဥပပဇ္ဇတိ= မသင့်မြတ်၊ ကသ္မာ= အဘယ့်ကြောင့်နည်း-ဟူမူကား၊ စက္ခုဿ=မျက်စိအား၊ ဥပ္ပါဒေါပိ=ခဏခဏ အသစ်အသစ်ဖြစ်ပေါ် ချုပ်ကွယ်ခြင်းသည်လည်း၊ ပညာယတိ=ထင်ရှား၏၊ ဝယောပိ=ခဏခဏ ချုပ်ကွယ်ခြင်းသည်လည်း၊ ပညာယတိ=ထင်ရှား၏၊ ဣတိ=ထို့ကြောင့်၊ န ဥပပဇ္ဇတိ=မသင့်လေသတည်း။

ယဿ ခေါ ပန= အကြင်တရားအားကား၊ ဥပ္ပါဒေါပိ=အဖန်ဖန် ဖြစ်ပေါ်ခြင်းသည်လည်း၊ ပညာယတိ=ထင်ရှား၏၊ ဝယောပိ=အဖန်ဖန် ချုပ်ပျောက်ခြင်းသည်လည်း၊ ပညာယတိ=ထင်ရှား၏၊ တသ္မိံ=ထိုတရား ကို၊ အတ္တာတိ= သတ္တဝါတို့၏ အထည်ခံအမာခံအနှစ်သာရ အတ္တ-ဟူ၍၊ ဂဟိတေ=ယူခဲ့သည်ရှိသော်၊ မေ=ငါ၏၊ အတ္တာ=အမာခံဖြစ်သော အတ္တသည်၊ ဥပ္ပဇ္ဇတိစ=ခဏခဏလည်း အသစ်အသစ်ဖြစ်ပေါ်၏၊ ဝေတိစ= ခဏခဏလည်း ချုပ်ဆုံးသေပျောက်၏၊ ဣတိ=ဤသို့၊ အဿ= ထိုစက္ခုကို အတ္တ-ဟူ၍ ပြောဆိုသူအား၊ ဧဝံ=ဤသို့သောအပြစ်သည်၊ အာဂတံ= ဆိုက်ရောက်သည်၊ ဟောတိ=ဖြစ်၏၊

တသ္မာ=ထိုကြောင့်၊ စက္ခု= မျက်စိသည်၊ အတ္တာ=သတ္တဝါတို့၏

အထည်ခံအမာခံအနှစ်သာရ အတ္တ-ဟူ၍၊ ယော=အကြင်သူသည်၊ ဝဒေယျ=ဆိုငြားအံ့၊ တဿ=ထိုသူအား၊ ဧတံ=ဤစကားသည်၊ န ဥပပဇ္ဇတိ=မသင့်မြတ်၊ ဣတိတသ္မာ=ထို့ကြောင့်၊ စက္ခု=မျက်စိသည်၊ အနတ္တာ=အတ္တမဟုတ်, အနတ္တသာတည်း။

ထိုဥပရိပဏ္ဏာသ ပါဠိတော်ဝယ် အဓိပ္ပါယ်သော်ကားမျက်စိသည် ပုဂ္ဂိုလ်သတ္တဝါ၏အတ္တ-ဟုဆိုခဲ့သော် ထိုစကား သည်မသင့်မြတ်၊ အဘယ့်ကြောင့်နည်း-ဟူမူ မျက်စိသည် တစ်နေ့ တစ်ရက်အဖို့မှာပင် ခဏခဏအသစ်အသစ်ဖြစ်ပေါ်ခြင်းရှိ၏၊ ဖြစ်ပွါး တိုင်း ဖြစ်ပွါးတိုင်း ခဏခဏပျက်ဆုံးခြင်းရှိ၏၊ အတ္တသည်မူကား- ခဏ ခဏအသစ်အသစ်ဖြစ်ပေါ်ခြင်း-ဟူ၍မရှိ၊ ခဏခဏပျက်ဆုံးသည်ဟူ၍လည်း မရှိ၊ တစ်ဘဝလုံး အစဉ်ခိုင်မြဲ၏-ဟု စွဲလမ်းခြင်းရှိကြ၏

ထို့ကြောင့် ထိုစကားသည် မသင့်မြတ်။ အကယ်၍ ခဏခဏဖြစ်ခြင်း, ခဏခဏပျက်ခြင်းရှိသော ထိုတရားကို အတ္တ-ဟူ၍ယူခဲ့သည်ရှိသော် အတ္တသည်လည်း ခဏခဏ ဖြစ်၏၊ ခဏခဏပျက်၏၊ သတ္တဝါသည် တစ်နေ့တစ်ရက်အဖို့မှာပင် အခါများစွာ အသစ်အသစ်ဖြစ်ပေါ်မြဲဖြစ်၏၊ ဖြစ်တိုင်းဖြစ်တိုင်း ခဏခဏ ပျက်ဆုံးမြဲဖြစ်၏-ဟူ၍ အလိုမရှိသော အနက်သည်ရောက်လေရာ၏၊ ထို့ကြောင့်စက္ခုသည် ပုဂ္ဂိုလ်သတ္တဝါတို့၏ အတ္တ-ဟု ယူခြင်းငှါမသင့်မြတ်၊ ထို့ကြောင့်စက္ခုသည် အနတ္တသာ အမှန်ဖြစ်၏-ဟူလိုသည်၊ ဤစကား၌ မျက်စိဖြင့် ဘယ်ဟာကို ငါမြင်သည်-ဟူ၍ စွဲလမ်းပြောဆိုခြင်းများသည် စက္ခုကို အတ္တဟူ၍ ပြောဆိုခြင်းပေတည်း။

ဤအရာ၌ တစ်နေ့တစ်ရက်အဖို့မှာပင် စက္ခု၏ ခဏခဏဖြစ် ပေါ်မှု, ခဏခဏပျက်ဆုံးမှုကို အထက်၌ နိစ္စ အနိစ္စခွဲခန်းတွင် ဣရိယာ ပထပြောင်းလဲမှုနှင့် ပြဆိုခဲ့သော ရုပ်ဓာတ်, နာမ်ဓာတ်အသင်းတို့၌ ဤစက္ခုသည်လည်း ပါဝင်လေပြီ။

လောက၌ ဒိဋ္ဌမျက်မြင်အားဖြင့် လူတို့၏ စက္ခုပသာဒရုပ်သည် ပဋိသန္ဓေနေပြီးသောနောက်၌ ရက်ပေါင်း ၇၇-ရက်မြောက်မှာမှ ဖြစ်ပေါ်သည်ဟု အဋ္ဌကထာတို့၌ ဆို၏၊ ထိုစက္ခုပသာဒရုပ်သည် အမိဝမ်း၌ပင် ပျက်စီး၍ ဝမ်းတွင်းကန်းခေါ်ရသော သူများလည်းရှိကြ၏၊ ဖွားမြင်ပြီးနောက် ၇-ရက်အတွင်းမှာ ပျက်စီးသောသူ, တစ်လအတွင်းမှာ ပျက်စီးသောသူ, တစ်နှစ်အတွင်းမှာ ပျက်စီးသောသူ-အစရှိသည်ဖြင့် လောကမှာ မျက်စိကန်းသောသူ အမျိုးမျိုးရှိကြ၏၊ ထိုပုဂ္ဂိုလ်ခေါ်ရသော အတ္တသည်မူကား-ပဋိသန္ဓေမှစ၍ဖြစ်လာ၏၊ ဘဝအဆုံးသို့ရောက်မှ သေဆုံး၏၊ ဤသို့ စက္ခု၏ဖြစ်မှု, ပျက်မှုကား-တစ်လမ်း၊ ထိုပုဂ္ဂိုလ်ခေါ်ရ သော အတ္တ၏ဖြစ်မှု, ပျက်မှုကား-တစ်လမ်း၊ ကွဲပြားခြားနားလျက်ရှိကြ၏၊ ထို့ကြောင့်စက္ခုသည် ထိုပုဂ္ဂိုလ်၏ အတ္တဖြစ်၏၊ ထိုပုဂ္ဂိုလ်ပင် ဖြစ်၏ဟုမယူထိုက်ချေ၊ အဥအတွင်းမှာဖြစ်ကြသော ကြက်, ငှက်တိရစ္ဆာန်သတ္တဝါ တို့၌ သတ္တဝါ၏ဖြစ်ရာကာလ, ပျက်ရာကာလ ခြားနားချက် ဒိဋ္ဌမျက်မြင် ထင်ရှားလှ၏၊

စက္ခု၌ အတ္တ, အနတ္တ, စစ်တမ်းပြီး၏၊

------*------

ရူပါရုံ၌ အတ္တ, အနတ္တ စစ်တမ်း

ရူပါ အတ္တာတိ ယော ဝဒေယျ တံ န ဥပပဇ္ဇတိ၊ ရူပါနံ ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ၊ ယဿ ခေါ ပန ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ၊ အတ္တာ မေ ဥပ္ပဇ္ဇတိ စ ဝေတိစာတိ ဣစ္စဿ ဧဝ မာဂတံ ဟောတိ၊ တသ္မာ တံ န ဥပပဇ္ဇတိ၊ ရူပါ အတ္တာတိ ယော ဝဒေယျ၊ ဣတိ စက္ခု အနတ္တာ၊ ရူပါ အနတ္တာ။

[ဥပရိပဏ္ဏာသပါဠိတော် စာအုပ်နံပါတ်-၃၀၆ ]

အနက်ကား။။ ရူပါ=သတ္တဝါတို့၏ သန္တာန်၌ရှိသော အဆင်း အမျိုးမျိုးတို့သည်၊ အတ္တာ=သတ္တဝါတို့၏ အထည်ခံအမာခံဖြစ်သော အတ္တတို့ပေတည်း၊ ဣတိ=ဤသို့၊ ယော=အကြင်သူသည်၊ ဝဒေယျ= ဆိုငြားအံ့၊ တဿ=ထိုသူ၏၊ ဧတံ=ဤစကားသည်၊ န ဥပပဇ္ဇတိ= မသင့်မြတ်၊ ကသ္မာ=အဘယ့်ကြောင့်နည်းဟူမူကား၊ ရူပါနံ=အဆင်းတို့၏၊ ဥပ္ပါဒေါပိ=တစ်နေ့အဖို့မှာပင် ခဏခဏ အသစ်အသစ်ဖြစ်ပေါ်ခြင်း သည်လည်း၊ ပညာယတိ=ထင်ရှား၏၊ ဝယောပိ=ဖြစ်တိုင်းဖြစ်တိုင်း ခဏ ခဏချုပ်ကွယ်ခြင်းသည်လည်း၊ ပညာယတိ= ထင်ရှား၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ န ဥပပဇ္ဇတိ= မသင့်မြတ်လေသတည်း။

ယဿ ခေါပန=အကြင်တရားအားကား၊ ဥပ္ပါဒေါပိ=အဖန်ဖန်ဖြစ် ပေါ်ခြင်းသည်လည်း၊ ပညာယတိ=ထင်ရှား၏၊ ဝယောပိ=အဖန်ဖန်ချုပ် ကွယ်ခြင်းသည်လည်း၊ ပညာယတိ=ထင်ရှား၏၊ တသ္မိံ=ထိုတရားကို၊ အတ္တာတိ=သတ္တဝါတို့၏ အထည်ခံအမာခံ အနှစ်သာရ အတ္တဟူ၍၊ ဂဟိတေ=ယူခဲ့သည်ရှိသော်၊ မေ=ငါ၏၊ အတ္တာ=အမာခံဖြစ်သော အတ္တသည်၊ ဥပ္ပဇ္ဇတိစ=ခဏခဏလည်း အသစ်အသစ်ဖြစ်ပေါ်၏၊ ဝေတိစ=ခဏခဏလည်း ချုပ်ဆုံး၏၊ ဣတိ=ဤသို့၊ အဿ=ထိုအဆင်းကို အတ္တဟူ၍ပြောဆို သောသူအား၊ ဧဝံ=ဤသို့သော အပြစ်ဒေါသသည်၊ အာဂတံ=ဆိုက်ရောက်သည်၊ ဟောတိ=ဖြစ်၏၊

တသ္မာ=ထို့ကြောင့်၊ ရူပံ=အဆင်းသည်၊ အတ္တာ=သတ္တဝါတို့၏ အထည်ခံအမာခံ အနှစ်သာရ အတ္တဟူ၍၊ ယော=အကြင်သူသည်၊ ဝဒေယျ=ဆိုငြားအံ့၊ တဿ=ထိုသူအား၊ ဧတံ=ဤစကားသည်၊ န ဥပပဇ္ဇတိ=မသင့်မြတ်၊ ဣတိတသ္မာ=ထို့ကြောင့်၊ စက္ခု=မျက်စိသည်၊ အနတ္တာ=အတ္တမဟုတ်, အနတ္တသာတည်း၊ ရူပါ=အဆင်းတို့သည်၊ အနတ္တာ=အတ္တမဟုတ် အနတ္တတို့သာတည်း။

[အဓိပ္ပါယ်မှာ စက္ခုဝါရကိုမှီ၍ဆိုလေ၊ စက္ခုဝိညာဏံ အတ္တာတိ၊ လ၊ စက္ခုသမ္ဖေဿာအတ္တာတိ၊ လ၊ ဝေဒနာအတ္တာတိ၊ တဏှာအတ္တာတိ၊ လ၊ ဤလေးဝါရတို့၌လည်း အနက်အဓိပ္ပါယ်ထင်ရှားပြီ၊ ဤကား-မျက်စိဖြင့် ထိုထိုအဆင်းတို့ကို မြင်ကြရာ၌ မြင်မှု၏ဆိုင်ရာ ရုပ်ဓာတ်, နာမ်ဓာတ်တရား ၆-ပါးတို့၌ အတ္တ, အနတ္တစစ်ချက်ပေတည်း။]

ရူပါရုံ၌ အတ္တ, အနတ္တ စစ်တမ်းပြီး၏၊

------*------

သဒ္ဒါရုံစသည်၌ အတ္တ, အနတ္တစစ်တမ်း

၁။ ထို့အတူ လောက၌ နားဖြင့် ထိုထိုအသံတို့ကို ကြားရာမှာလည်း ကြားမှု၏ဆိုင်ရာ ရုပ်ဓာတ်, နာမ်ဓာတ်တရား ၆-ပါး, ၂။ လောက၌ နှာခေါင်းဖြင့် ထိုထိုအနံ့တို့ကို နံကြရာမှာလည်း နံမှု၏ဆိုင်ရာ ရုပ်ဓာတ်, နာမ်ဓာတ် ၆-ပါး,

၃။ လောက၌ လျှာဖြင့် ထိုထိုရသာတို့ကို ခံစားကြရာမှာလည်း ခံစားမှုဆိုင်ရာ ရုပ်ဓာတ်, နာမ်ဓာတ် ၆-ပါး,

၄။ လောက၌ ကိုယ်အင်္ဂါဖြင့် ထိုထိုအတွေ့အထိတို့ကို သိကြရာမှာ လည်း အတွေ့အထိ သိမှု၏ ဆိုင်ရာ ရုပ်ဓာတ်, နာမ်ဓာတ် ၆-ပါး,

၅။ လောက၌ စိတ်မနောသက်သက်ဖြင့် ထိုထိုကုသိုလ်, အကုသိုလ် အစရှိသောတရားတို့ကို သိကြကြံကြ တွေးဆကြရာမှာလည်း သိမှု ကြံမှု တွေးဆမှု၏ဆိုင်ရာ ရုပ်ဓာတ်, နာမ်ဓာတ် ၆-ပါး,

ဤသို့လျှင် ၎င်းဥပရိပဏ္ဏာသပါဠိတော်ကြီးမှာ ရုပ်ဓာတ်, နာမ်ဓာတ်ပေါင်း ၃၆-ချက်လာရှိ၏၊ ထို ၃၆-ချက်တို့တွင် ဓမ္မာဟူသော နောက်ဆုံးအချက်၌ ခပ်သိမ်းသော အမိုက်တရားမျိုး, အမိုက်ထက် အမိုက်တရားမျိုး, ခပ်သိမ်းသော အလိမ်မာတရားမျိုး, အလိမ်မာထက် အလိမ်မာတရားမျိုးတို့သည် အကုန်ပါဝင်ကုန်လေ၏၊

အခြားတစ်ပါးသော ပါဠိတော်တို့၌မူကား--

၁။ ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗ သညာ, ဓမ္မသညာဟူ၍ သညာဓာတ် ၆-ပါး,

၂။ ရူပသေဉ္စတနာ, သဒ္ဒသေဉ္စတနာ, ဂန္ဓသေဉ္စတနာ, ရသ သေဉ္စတနာ, ဖောဋ္ဌဗ္ဗသေဉ္စတနာ, ဓမ္မသေဉ္စတနာ-ဟူ၍ စေတနာဓာတ် ၆-ပါး,

၃။ ရူပဝိတက္က, သဒ္ဒဝိတက္က, ဂန္ဓဝိတက္က, ရသဝိတက္က, ဖောဋ္ဌဗ္ဗ ဝိတက္က, ဓမ္မဝိတက္ကဟူ၍ ဝိတက်ဓာတ် ၆-ပါး,

၄။ ရူပဝိစာရ, သဒ္ဒဝိစာရ, ဂန္ဓဝိစာရ, ရသဝိစာရ, ဖောဋ္ဌဗ္ဗဝိစာရ, ဓမ္မဝိစာရ-ဟူ၍ ဝိစာရဓာတ် ၆-ပါး, ဟူ၍ နာမ်ဓာတ်အပြား ၂၄-ပါးလာရှိ၏၊ အတ္တ, အနတ္တ စစ်ချက်မှာမူကား-အထက် ၃၆-ပါးတို့နှင့် ထပ်တူပင်ဖြစ်၏၊ ၂-ရပ်ပေါင်း သော် ရုပ်ဓာတ်, နာမ်ဓာတ်ပေါင်း ၆၀-ရ၏၊ ထို ၆၀-တို့သည်လည်း အယုတ်အညံ့အမျိုးမျိုး, အလတ်အမျိုးမျိုး, အမြတ်အမျိုးမျိုး, အမြတ်ထက် အမြတ်အမျိုးမျိုးရှိကြကုန်၏၊ ထိုတွင် ရုပ်ဓာတ်, နာမ်ဓာတ် အယုတ်အညံ့ အမျိုးမျိုးကို အစွဲပြု၍ ယုတ်ညံ့သောသတ္တဝါအမျိုးမျိုးရှိနေကြကုန်၏၊ ရုပ်ဓာတ်, နာမ်ဓာတ် အလတ်အမျိုးမျိုးတို့ကို အစွဲပြု၍ အလတ်အမျိုးမျိုး ဖြစ်သော သတ္တဝါအမျိုးမျိုးရှိနေကြကုန်၏၊ ရုပ်ဓာတ်, နာမ်ဓာတ်အမြတ် အမျိုးမျိုးတို့ကို အစွဲပြု၍ အမြတ်ဖြစ်သော သတ္တဝါအမျိုးမျိုးရှိနေကြ ကုန်၏၊ ရုပ်ဓာတ်, နာမ်ဓာတ်အမြတ်ထက် အမြတ် အမျိုးမျိုးတို့ကို အစွဲပြု၍ မဟာဗြဟ္မာကြီး, သဗ္ဗညုမြတ်စွာဘုရားကြီးတို့တိုင်အောင် အမြတ်ထက်အမြတ် အမျိုးမျိုးရှိနေကြကုန်၏၊

သဒ္ဒါရုံစသည်၌ အတ္တ, အနတ္တ စစ်တမ်းပြီး၏၊

------*------

မြင်မှု, ကြားမှုသည် ရုပ်ဓာတ်, နာမ်ဓာတ်တို့၏ အစွမ်းသတ္တိကိုပြခြင်း

လောက၌ သတ္တဝါအပေါင်းတို့၏ မြင်မှု, ကြားမှု အစရှိကုန်သော ခပ်သိမ်းသော အရေးအခွင့် ကိစ္စကြီးငယ်တို့သည် ထိုရုပ်ဓာတ်, နာမ်ဓာတ် တို့၏ အစွမ်းသတ္တိတို့သာတည်း၊ ပုဂ္ဂိုလ်၏အစွမ်း, သတ္တဝါ၏အစွမ်း, အတ္တ၏အစွမ်း, ဇီဝ၏အစွမ်း-ဟူ၍ တစ်စုံတစ်ခုမျှ မရှိလေ။

လောက၌ အချို့သောသူတို့သည်ကား-ထိုရုပ်ဓာတ်တရား, နာမ်ဓာတ်တရားတို့မည်သည် အနတ္တမျိုးဖြစ်ကြ၍ ကြားမှု, မြင်မှု, ကြံဖန်မှုစသည်တို့တွင် တစ်စုံတစ်ခုကိုမျှ မပြုတတ်ကြကုန်၊ သစ်ရွက် ခြောက် မြက်ခြောက်တို့ကဲ့သို့ အချည်းနှီးသောတရားတို့သာဖြစ်ကြ ကုန်၏၊ သတ္တဝါတို့၏ကိုယ်တွင်း၌ အသီးအသီးရှိနေကြကုန်သော အသီးအသီးသော အတ္တတို့သည်သာလျှင် ထိုမြင်ခြင်း, ကြားခြင်း အစရှိသော ခပ်သိမ်းသော အရေးအခွင့် ကိစ္စကြီးငယ်တို့ကို ဆောင်ရွက် ကြပေကုန်၏-ဟု ပြောဆိုကြကုန်၏၊ ထိုစကားသည် သက်သက်မှားယွင်း သော စကားပေတည်း။

စင်စစ်အမှန်မှာမူကား-ထိုအလုံးစုံသော အရေးအခွင့် ကိစ္စကြီး ငယ်တို့ကို ပြုလုပ်ပြီးစီးစေနိုင်သော အစွမ်းသတ္တိတို့သည် ရုပ်ဓာတ်, နာမ်ဓာတ်တို့၌သာရှိကုန်၏၊ ပညတ်မျှသာဖြစ်သောပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝတို့၌ ထိုအစွမ်းသတ္တိမျိုးမရှိ၊ ရုပ်ဓာတ်, နာမ်ဓာတ်တို့ကို ခွဲခြမ်း၍ မသိသောသူတို့သည်မူကား-ထိုအစွမ်းသတ္တိတို့ကို ပုဂ္ဂိုလ်, သတ္တဝါ၏ အစွမ်းသတ္တိဟု အထင်အယူ မှားယွင်း၍ နေကြကုန်၏၊

ဤစကား၌ ဇီဝဆိုသည်ကား-တစ်ခုခုသောဘဝတွင် တစ်သက် လုံးခိုင်မြဲသော အသက်မည်သည် ရှိ၏-ဟု လူအများတို့ မှတ်ယူကြသော အသက်ဇီဝကို ဆိုသတည်း၊ အမှန်အားဖြင့်မူကား-တစ်ဘဝလုံး ခိုင်မြဲ သော အသက်ဇီဝမည်သည် မရှိ၊ ရုပ်၏အသက်, နာမ်၏အသက်မျှ သာရှိ၏၊ ထိုရုပ်၏အသက်, နာမ်၏အသက်သည်လည်း ရုပ်တရား, နာမ်တရားတို့နှင့် ဖြစ်အတူ ပျက်အတူတွဲ၍ နေသောတရားပေတည်း၊ ထိုရုပ်သက်, နာမ်သက်တို့သည် ဖြစ်တုံ ပျက်တုံ အယဉ်မပြတ် ဆက်လက် ရှိနေဆဲအခါ၌ သတ္တဝါသည် အသက်ရှည်၏-ဟု မှတ်ယူကြ၏၊ အယဉ် အဆက်ပြတ်စဲ၍ သွားသောအခါ၌ သတ္တဝါသည် သေ၏-ဟု မှတ်ယူကြ ကုန်၏၊

ဤအရာ၌ ပညတ်မျှသာဖြစ်သော ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝတို့၌ ထိုအစွမ်းသတ္တိမျိုး မရှိ၊ ရုပ်ဓာတ်, နာမ်ဓာတ်တို့၌သာ ထိုအစွမ်း သတ္တိရှိကြောင်းကို ထင်ရှားစေဦးအံ့--

၁။ သတ္တဝါတို့၌ မျက်စိတို့ဖြင့် ထိုထိုအဆင်းတို့ကို မြင်မှု, သိမှု ကြီးတစ်ပါး,

၂။ နားတို့ဖြင့် ထိုထိုအသံတို့ကို ကြားမှု သိမှုကြီးတစ်ပါး,

၃။ နှာခေါင်းတို့ဖြင့် ထိုထိုအနံ့တို့ကို နံမှု သိမှုတစ်ပါး,

၄။ လျှာတို့ဖြင့် ထိုထိုအရသာတို့ကို လျက်မှု သိမှုကြီးတစ်ပါး,

၅။ ကိုယ်အင်္ဂါတို့ဖြင့် ထိုထိုအတွေ့အထိတို့ကို သိမှုကြီးတစ်ပါး,

၆။ နှလုံးအိမ်၌ရှိသော စိတ်မနောတို့ဖြင့် သတ္တဝါအားလျော်စွာ အရာခပ်သိမ်းတို့ကို ကြံမှု, သိမှုကြီး, ဣရိယာပထလေးပါးတို့၌ ကျင်လည်မှုကြီး, အသက်မွေးမှုကြီး, ဒုစရိုက် သုစရိုက် အမိုက် တရား အလိမ်မာတရားတို့ကို ပွါးများစေမှုကြီး တစ်ပါးဟူ၍ ဒွါရ-၆-ပါးမှ ဖြစ်ပွါးကြကုန်သော အရေးအခွင့်ကြီး တို့သည် သတ္တဝါတစ်ယောက်တစ်ယောက်မှာ ၆-ပါး, ၆-ပါးစီ ရှိကြ ကုန်၏၊

ထို ၆-ပါးတို့တွင်--

၁။ ထိုထိုအဆင်းတို့ကို မြင်မှု, သိမှုအစွမ်းသတ္တိသည် စက္ခုဟူသော ရုပ်ဓာတ်, စက္ခုဝိညာဏ်-ဟူသော နာမ်ဓာတ်တို့၏ အစွမ်းသတ္တိသာဖြစ်၏၊ ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝတို့၏ အစွမ်းသတ္တိမဟုတ်၊ မဟုတ်ပုံကား-စက္ခု-ဟူသော ရုပ် ဓာတ်ရှိနေမှသာ ထိုမြင်မှုကြီးသည် ရှိနိုင်၏၊ စက္ခုရုပ်ဓာတ် ပျက်ဆုံး၍ မျက်စိအင်္ဂါ ချို့တဲ့လျက်ရှိသော သူကန်းတို့မှာ ထိုမြင်မှုကြီးသည် မရှိလေပြီ၊ အကယ်၍ သတ္တဝါ၏ကိုယ် တွင်း၌ မြင်ခြင်း, သိခြင်းစသည်ကို စွမ်းနိုင်သော အတ္တမည်

သည် ရှိခဲ့ငြားအံ့၊ မျက်စိအင်္ဂါ ချို့တဲ့သောသူကန်းတို့မှာ လည်း ထိုအတ္တ၏ အစွမ်းဖြင့် ထိုမြင်မှုကြီးသည် ရှိနေလေ ရာ၏၊ ထိုသို့မူကား-မရှိ၊ ထို့ကြောင့် ဤမြင်မှု, သိမှု အရေး အခွင့်ကြီး အတွက်မှာလည်း ထိုအတ္တသည် အသုံးမကျ လေ။

၂။ ထို့အတူ ထိုထိုအသံတို့ကို ကြားမှု သိမှုကြီးသည်လည်း သောက-ဟူသော ရုပ်ဓာတ်, သောတဝိညာဏ်-ဟူသော နာမ်ဓာတ်တို့၏ အစွမ်းသတ္တိသာဖြစ်၏၊ ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝတို့၏ အစွမ်းသတ္တိမဟုတ်၊ မဟုတ်ပုံကိုလည်း လောက၌ သောတ-ဟူသော ရုပ်ဓာတ်ပျက်ဆုံး၍ နားပင်း သောသူတို့မှာ ကြားမှု, သိမှု-ဟူ၍ မရှိသည်ကို ဒိဋ္ဌမျက်မြင် ဖြစ်ကြ၏၊ ထို့ကြောင့် ဤကြားမှုကြီးအတွက်မှာလည်း ထိုအတ္တသည် သက်သက်အသုံးမကျလေ။

၃။ ထိုထိုအနံ့တို့ကို နံမှု သိမှုကြီးမှာလည်း ဃာန-ဟူသောရုပ် ဓာတ်ပျက်ဆုံး၍ ဃာနအင်္ဂါချို့တဲ့သောသူ,

၄။ ထိုထိုအရသာတို့ကို လျှက်မှု သိမှုကြီးမှာလည်း ဇိဝှါ-ဟူသော ရုပ်ဓာတ်ပျက်ဆုံး၍ ဇိဝှါအင်္ဂါချို့တဲ့သောသူ,

၅။ ထိုထိုအတွေ့အထိတို့ကို သိမှုကြီးမှာလည်း ထိုထို ကိုယ်အင်္ဂါ ကာယ-ဟူသော ရုပ်ဓာတ်ပျက်ဆုံး၍ ကာယချို့တဲ့သော သူတို့ကို ထုတ်ဖော်၍ စက္ခုမှာကဲ့သို့ အကျယ်ထုတ်ဖော်၍ ဆိုလေ။

၆။ နှလုံးအိမ်၌ရှိသော စိတ်မနောအင်္ဂါပျက်ဆုံးသော သူတို့ သည်မူကား-ထိုခဏ၌ သေဆုံးကြရကုန်၏၊ ထိုအင်္ဂါ ဆိုင်ရာဖြစ်သော ကြံမှု သိမှုကြီး၊ ဣရိယာပထလေးပါးတို့၌ ကျင်လည်မှုကြီး၊ အသက်မွေးမှုကြီး၊ ဒုစရိုက်, သုစရိုက်, အမိုက်တရား, အလိမ်မာတရားတို့ကို ပွါးများစေမှုကြီး သည်လည်း အကုန်ကွယ်ဆုံး လေတော့သည်၊ ဤအမှုကြီး အတွက်မှာလည်း ထိုအတ္တသည် သက်သက် အသုံးမကျ ကြောင်း ထင်ရှားလေပြီ။

ဤသို့လျှင် ပညတ်မျှသာဖြစ်သော ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝတို့၌ ထိုအစွမ်းသတ္တိဟူ၍ တစ်စုံတစ်ခုမျှမရှိ၊ ရုပ်ဓာတ်, နာမ်ဓာတ် တို့၌သာ ထိုအစွမ်းသတ္တိတို့သည် ရှိကြကုန်၏၊

မြင်မှု, ကြားမှုသည် ရုပ်ဓာတ်, နာမ်ဓာတ်တို့၏ အစွမ်းသတ္တိကို ပြခြင်းပြီး၏၊

------*------

အကြီးဆုံးသောတန်ခိုးသည် နာမ်ဓာတ်တို့၏ အစွမ်းသတ္တိကိုပြခြင်း

ထိုအတူ လောက၌ အကြီးဆုံးဖြစ်သော တန်ခိုးဣဒ္ဓိဟူသော အရေးအခွင့်ကြီး အလုံးစုံအကုန်သိမြင်နိုင်သော ဉာဏ်ပညာဟူသော အရေးအခွင့်ကြီးများသည်လည်း အမြတ်ထက်အမြတ်ဖြစ်သော နာမ်ဓာတ်တရားတို့၌သာ ရှိကုန်၏၊ ပညတ်မျှသာဖြစ်သော ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝတို့၌ မရှိကြကုန်။

အကြီးဆုံးဖြစ်သော တန်ခိုးဣဒ္ဓိဆိုသည်ကား-အတုမရှိသော မြတ်စွာဘုရားတို့၏၊ တန်ခိုးတော်ပေတည်း၊ အလုံးစုံ သိစွမ်းနိုင်သော ဉာဏ်ပညာဆိုသည်ကား- မြတ်စွာဘုရားတို့၏ သဗ္ဗညုတဉာဏ်တော် ပေတည်း၊ ထိုတန်ခိုး, ထိုဉာဏ်များသည်လည်း နာမ်ဓာတ်အထူးတို့ ပေတည်း။

ထိုအတူ သံသရာကမ္ဘာအဆက်ဆက်၌ သတ္တလောက, ဩကာသလောက, သင်္ခါရလောကဟုဆိုအပ်သော လောကသုံးပါးတို့ကို တည်ထောင်ဖန်ဆင်းနိုင်သော အစွမ်းသတ္တိသည်လည်း ရုပ်ဓာတ်, နာမ်ဓာတ်တို့၌သာ ရှိကုန်၏၊ ပညတ်မျှသာဖြစ်သော မဟာဗြဟ္မာကြီး အစရှိသော ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝတို့၌ မရှိလေပြီ။

မရှိပုံကို ထင်ရှားရုံမျှပြဆိုဦးအံ့

ကမ္ဘာလောကဓာတ်မည်သည် ဖြစ်တုံ ပျက်တုံအစဉ် အဆက် အားဖြင့် အစ မရှိ, အဆုံးမရှိ ဆက်လက်၍ သာနေ၏၊ ရှေးအတိတ် ကာလ၌လည်း အစ, အဆုံးကမ္ဘာဟူ၍ မရှိ၊ နောက်အနာဂတ်ကာလ၌ လည်း အဆုံးဆုံး-ကမ္ဘာဟူ၍မရှိ၊ အရပ်မျက်နှာအားဖြင့်လည်း ကမ္ဘာ လောကဓာတ်တို့ အရှေ့အရပ်၌လည်း အဆုံးမရှိ အနန္တရှိနေကြကုန်၏၊ အနောက်အရပ်၌လည်း အဆုံးမရှိ အနန္တရှိနေကြကုန်၏၊ တောင် အရပ်၌လည်း အဆုံးမရှိ အနန္တရှိ နေကြကုန်၏၊ မြောက်အရပ်၌လည်း အဆုံးမရှိ အနန္တရှိနေကြကုန်၏၊

ကမ္ဘာလောကဓာတ်တို့၏ ဖြစ်မှုပျက်မှုမှာလည်း အလှည့် အလည်အားဖြင့် ဖြစ်ကြပျက်ကြကုန်၏၊ အကုန်လုံး တစ်ပြိုင်နက်တည်း ပြိုင်၍ ဖြစ်ကြပျက်ကြသည်မဟုတ်ကုန်၊ သတ္တဝါအပေါင်းတို့သည်လည်း အနန္တလောကဓာတ်တို့၌ အလှည့်အလည်အားဖြင့် ကျင်လည်၍ နေကြ ကုန်၏၊ သူ့လောကဓာတ်နှင့် သူ့လောကဓာတ်၏ဆိုင်ရာ သတ္တဝါ ဟူ၍ အမြဲမရှိကြကုန်၊ တစ်ခုသောလောကဓာတ် ပျက်နေခိုက်၌ မပျက်သော လောကဓာတ်တစ်ပါးသို့ မိမိတို့ကံ၏အစွမ်းဖြင့် ပြောင်း၍ နေကြကုန်၏၊ တစ်ဖန် ထိုပျက်သော လောကဓာတ်သည် တည်ထောင်၍ လာပြန်သော် လောကဓာတ်တစ်ပါးတို့မှ သတ္တဝါအပေါင်းတို့သည် ထိုအသစ်တည် ထောင်သော လောကဓာတ်သို့ ပြောင်း၍လာကြကုန်၏၊

ဤအရာ၌ မဟာပထဝီ, မဟာသမုဒ္ဒရာ-အစရှိသော လောက ဓာတ် အဆောက်အအုံတို့၏ အသစ်အသစ် ဖြစ်ပေါ်နိုင်ရန်အကြောင်း, သတ္တဝါအပေါင်းတို့၏ အသစ်အသစ် ဖြစ်ပေါ်နိုင်ရန်အကြောင်းတို့ကို ပြဆိုရာ၏၊

အကြောင်းဆိုသည်ကား- ရုပ်ဓာတ်အပေါင်းတို့တွင် ဥတု ခေါ်သော တေဇောဓာတ်အထူးဟုဆိုအပ်သော ရုပ်ဗီဇဓာတ်ကြီး တစ်ပါး, နာမ်ဓာတ်အပေါင်းတို့တွင် ကံဟူ၍ခေါ်သော ကုသိုလ်စေတနာ, အကုသိုလ်စေတနာ အထူးဟု ဆိုအပ်သော နာမ်ဗီဇဓာတ်ကြီးတစ်ပါးဟူ၍ အကြောင်းတရား နှစ်ပါးရှိ၏၊

ရုပ်ဗီဇတို့၏အစွမ်းသတ္တိကြီးကျယ်ပုံ

ထိုတွင် ရုပ်ဗီဇဓာတ်ကြီးသည် အဘယ်မျှလောက် အစွမ်းသတ္တိ ကြီးမားသနည်းဟုဆိုသော် လောက၌ ညောင်မျိုးစေ့, သရက်မျိုးစေ့, ပိန္နဲမျိုးစေ့-အစရှိသော မျိုးစေ့ဓာတ်တို့၏ အစွမ်းသတ္တိတို့သည် မျက်မြင် ဒိဋ္ဌဖြစ်ကြကုန်၏၊ အလွန်သေးငယ်သော ညောင်မျိုးစေ့တစ်ခုမှ ညောင်ပင်ကြီးတစ်ပင် ဖြစ်နိုင်၏၊ ထိုညောင်ပင်ကြီးမှ ညောင်သီး ညောင်စေ့တို့သည် တစ်နှစ်တစ်နှစ်အဖို့တွင် အသောင်းအသန်းမက ဖြစ်ပွားကြကုန်၏၊ ထိုအသီးအစေ့တို့သည် အရပ်တစ်ပါးသို့ အနှံ့အပြား ရောက်၍ ညောင်ပင်ငယ်တွေ ပေါက်ပွားကြစေရန် အခွင့်ကို ရကြပါမူ ကား-ထိုပထမညောင်စေ့ငယ်တစ်ခုမှ ဖြစ်ပွားသော ညောင်ပင်တို့သည် အနှစ်ငါးရာ, ခြောက်ရာအတွင်းမှာပင် တစ်ကမ္ဘာလုံး ပြည့်လေရာ၏၊ ကြွင်းကျန်ကုန်သော သရက်ပိန္နဲစသောမျိုးစေ့တို့မှာလည်း ဤနည်းအတိုင်း မြော်လေ မြင်လေ။

[ဤကား-ဥတုခေါ်သော တေဇောဓာတ်အထူးဟု ဆိုအပ်သော ရုပ်ဗီဇ ဓာတ်ကြီး၏အစွမ်းသတ္တိကြီးကျယ်ပုံကို အမြွက်မျှဖော်ပြချက်ပေတည်း။]

-----*------

ကမ္ဘာသစ်တည်ထောင်ပုံ

ဤရုပ်ဗီဇကြီးသည်ကား-အသက်ဝိညာဏ်နှင့်ယှဉ်သော ဓာတ်မျိုးမဟုတ်သောကြောင့် အသက်ဝိညာဏ်ရှိသော သတ္တဝါကောင် တို့ကိုဖြစ်စေနိုင်သောအစွမ်းသတ္တိမရှိ၊ အသက်ဝိညာဏ်မရှိသော မဟာပထဝီ, မဟာသမုဒ္ဒရာ, နေ, လ, နက္ခတ်, တာရာ-စသော လောကဓာတ် အဆောက်အဦတို့ကိုသာ ဖြစ်စေနိုင်၏၊ ဤရုပ်ဗီဇဓာတ်မျိုးတို့ သည်လည်း လွန်လေပြီးသော ကမ္ဘာအနန္တ, လာလတံ့သော ကမ္ဘာအနန္တ တို့မှာ ပြတ်စဲကုန်ဆုံးသည်ဟူ၍ မရှိ၊ အစဉ်အဆက်အားဖြင့် ဆက်လက် ဖြစ်ပွားလျက် အစဉ်ထာဝရအားဖြင့် ပါရှိ၍နေကြကုန်၏၊ ကမ္ဘာပျက် သောအခါ၌ ထိုရုပ်ဗီဇဓာတ်မျိုးတို့မှ အလွန်သိမ်မွေ့သဖြင့် ပကတိသော မျက်စိတို့နှင့် မမြင်ကောင်းသော ဗီဇဓာတ်စွမ်းကောင်းတို့သည် နောင် ကမ္ဘာသစ် တည်ထောင်ရန် ကျန်ရှိ၍ နေကြကုန်၏၊

ကမ္ဘာသစ်တည်ထောင်ပုံကား

ပျက်ပြီး၍ ကောင်းကင်အတိ ရှိနေကြကုန်သော လောက ဓာတ်အပြင် တို့၌ ထိုရုပ်ဓာတ်မျိုးစေ့ အထူးတို့မှ အခိုးနု, အခိုးရင့်တို့သည် ဖြစ်ပွားကြကုန်၏၊ ၎င်းတို့မှ ယူဇနာအသိန်း, အသန်းမက ကြီးကျယ် လှစွာသော မိုးတိမ်တိုက်, မိုးတိမ်လွှာတို့သည် ဖြစ်ပွါးကြကုန်၏၊ ၎င်းတို့မှ မိုးရေ, မိုးပေါက်တို့သည် ဖြစ်ပွားကြ၍ ကမ္ဘာပြုမိုးကြီးသည် သည်းထန်စွာ ရွာလေ၏၊ လောကဓာတ်အပြင်တို့သည် ရေပြင်တစ်ခု တည်းဖြစ်၍ တည်လေ၏၊ ကာလကြာညောင်းလတ်သော် ၎င်းရေမှသည် ညွန်နု, ညွန်ကြမ်း, မြေနု, မြေကြမ်း, ကျောက်နု, ကျောက်ကြမ်း ကျောက်ဖျာ ကျောက်လုံး ကျောက်တုံး, ကျောက်ဆောင်, ကျောက်တောင် ကြီးငယ် တို့သည် ဖြစ်ကြကုန်သဖြင့် မဟာပထဝီ, မြင်းမိုရ် သတ္တရဘန်၊ မဟာသမုဒ္ဒရာ, မြစ်ကြီးမြစ်ငယ်၊ အိုင်ကြီးအိုင်ငယ်အစရှိသော ကမ္ဘာ လောက အဆောက်အဦတို့သည် ဖြစ်ပေါ်ကြကုန်၏၊

ထိုရုပ်ဗီဇဟု ဆိုအပ်သော ကမ္ဘာမျိုးစေ့တို့၏အတွင်း၌ ပါရှိကြ ကုန်သော ညောင်မျိုးစေ့, သရက်မျိုးစေ့, ပိန္နဲမျိုးစေ့ အစရှိသော မျိုးဓာတ် အထူးတို့မှလည်း ညောင်ပင်,သရက်ပင်, ပိန္နဲပင် အစရှိသော သစ်ပင် နွယ်မြက်တို့သည်လည်း ထိုမြေရေတို့မှ ပေါ်ပေါက်ကြကုန်၏၊

ထိုအခါ၌ မြေရေတို့သည် အလွန်အဆီအနှစ်ဩဇာနှင့် ပြည့်စုံ ကြကုန်သည်ဖြစ်၍ ညောင်စေ့, သရက်စေ့, ပိန္နဲစေ့-အစရှိသော မျိုးစေ့ အထူးမရှိဘဲပင် မြေရေတို့မှပေါ်ပေါက်နိုင်ကြကုန်၏၊ နောက်အခါ၌ မူကား- လူသတ္တဝါတို့မှာ လောဘ, ဒေါသ, မောဟတရား ပွါးများ၍ လာသဖြင့် မြေ, ရေ, တော, တောင်တို့၌ အဆီအနှစ်ဩဇာတို့သည် အစဉ်အတိုင်း ခန်းခြောက်လေကုန်၏၊ ထိုအခါ၌ ရုပ်ဗီဇတို့သည် အမြစ်, အသီး-စသည်တို့၌ စုဝေးကြကုန်၏၊ ထိုအခါမှစ၍ အချို့သော သစ်ပင်တို့သည် အမြစ်ကို စိုက်မှပေါက်နိုင်ကြကုန်၏၊ အချို့တို့သည် ပင်စည်ကိုစိုက်မှ၊ အချို့တို့သည် အဆစ်ကိုစိုက်မှ၊ အချို့တို့သည် အကိုင်းအခက်ကိုစိုက်မှ၊ အချို့တို့သည် အစေ့ကိုစိုက်မှ ပေါက်ရောက် နိုင်ကြကုန်၏၊

[ဤကား-ရုပ်ဗီဖတို့၏ အစွမ်းသတ္တိကြီးကျယ်ပုံကို အမြွက်မျှပြဆိုချက်ပေတည်း။]

နာမ်ဗီဇဓာတ်တို့၏အစွမ်းသတ္တိကြီးကျယ်ပုံ

နာမ်ဗီဇဓာတ်ကြီးသည် အဘယ်မျှလောက် အစွမ်းသတ္တိကြီးမား သနည်း-ဟု ဆိုသော် ရုပ်ဗီဇဓာတ်ကြီးသည် အသက်ဝိညာဏ်နှင့် မယှဉ်သည် ဖြစ်၍ အသက်ဝိညာဏ်ရှိသော သတ္တဝါကောင်တို့ကို ဖြစ်စေခြင်းငှါ မတတ်နိုင်၊ နာမ်ဗီဇဓာတ်သည်မူကား-အသက်ဝိညာဏ်နှင့်ယှဉ်သည် ဖြစ်၍ အသက်ဝိညာဏ်ရှိသော သတ္တဝါကောင်တို့ကို ဖြစ်စေခြင်းငှါ စွမ်းနိုင်၏၊ ကမ္ဘာအသစ်တည်ထောင်မိသောအခါ ကမ္ဘာမပျက်သော စကြဝဠာတို့မှ အချို့သောသတ္တဝါတို့သည် ကမ္ဘာသစ်အပြင်သို့ ပြောင်း ရွှေ့ဖြစ်ပေါ်လာကြကုန်၏၊ ကမ္ဘာမပျက်သော အထက်ဗြဟ္မာဘုံ တို့မှာလည်း ကမ္ဘာသစ် အပြင်သို့ ပြောင်းရွှေ့ ဖြစ်ပေါ်လာကြကုန်၏၊

ထိုအခါ မိန်းမ, ယောက်ျား-ဟူ၍လည်း အထူးမရှိသဖြင့် အမိ, အဖ-ဟူ၍ မရှိသေး၊ ရှေးအခါ၌ မိမိတို့ပြုခဲ့သော ကုသိုလ်ကံတို့၏ အစွမ်းအားဖြင့်သာလျှင် ဥပပါတ်နတ်, သိကြား, ဗြဟ္မာတို့ကဲ့သို့ ဖြစ်ပေါ် လာကြကုန်၏၊ နောက်အခါ၌မူကား-ထိုသတ္တဝါတို့မှ လောဘ, ဒေါသ, မောဟတရား ပွားများ၍လာသဖြင့် မိန်းမ, ယောကျ်ား ထင်ရှားဖြစ်ပေါ် လာကြကုန်၏၊ မေထုန်သံဝါသတရားလည်း ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုအခါမှစ၍ အချို့သောသတ္တဝါတို့သည် အမိအဘကို အစွဲပြုရမှ ဖြစ်ပေါ်နိုင်ကြကုန်၏၊

ထိုတွင် ညောင်မျိုးစေ့, သရက်မျိုးစေ့, ပိန္နဲမျိုးစေ့-စသည်တို့မှ

ညောင်ပင်, သရက်ပင်, ပိန္နဲပင်စသည်တို့၏ ဖြစ်ပွားခြင်းသည် လောကမှာ ဒိဋ္ဌမျက်မြင်ဖြစ်ကြ၏၊ ကုသိုလ်ကံ, အကုသိုလ်ကံ-ဟုဆိုအပ်သော နာမ်ဗီဇဓာတ်ကြီးမှ သတ္တဝါကောင်တို့၏ ဖြစ်ပေါ်မှုသည်ကား-မျက်မြင် ဒိဋ္ဌမျိုး မဟုတ်၊ ထိုသို့မဟုတ်သော်လည်း မျက်မြင်ဒိဋ္ဌကဲ့သို့ပင် လောက၌ ထင်ရှားလျက် ရှိနေကြ၏၊

အဘယ်သို့ထင်ရှားသနည်းဟူမူကား-လောက၌ ဇာတိဿရ ဉာဏ်ကိုရသော ပုဂ္ဂိုလ်တို့သည် ရှိကြကုန်၏၊ မိမိဖြစ်၍လာခဲ့သော ရှေးရှေးသောဘဝတို့ကို မြင်နိုင်ကြကုန်၏၊ နတ်, သိကြား, ဗြဟ္မာတို့သည် လည်း မိမိတို့၏လည်းကောင်း, သူတစ်ပါးတို့၏လည်းကောင်း ရှေးဘဝ, နောက်ဘဝတို့ကို မြင်နိုင်ကြကုန်၏၊ ရှေးဘဝ၌ ဘယ်ကုသိုလ်ကိုပြု၍ နောက်ဘဝ၌ ဘယ်ဘုံမှာဖြစ်ရသည်၊ ရှေးဘဝ၌ ဘယ်အကုသိုလ်ကိုပြု၍ နောက်ဘဝ၌ ဘယ်အပါယ်ဘဝသို့ ကျရောက်ရသည်-ဟု ပစ္စက္ခဒိဋ္ဌ ထင်မြင်နိုင်ကြကုန်၏၊ အဘိညာဉ်ကိုရကြသော ရသေ့ရဟန်းတို့သည် လည်း ထို့အတူ ထင်မြင်နိုင်ကြကုန်၏၊ ငရဲဘုံ၌ ကျရောက်သော သတ္တဝါတို့သည်လည်း ငါသည်ရှေးဘဝ၌ ဘယ်အကုသိုလ်ကိုပြုမိ၍ ယခုဘဝ၌ ဤငရဲမှာ ဖြစ်လာရ၏-ဟုသိကြကုန်၏၊

ထို့အတူ ပြိတ္တာဘုံ၌ ကျရောက်ကြသော သတ္တဝါ, အသုရကာယ် ဘုံ၌ ကျရောက်ကြသော သတ္တဝါတို့သည်လည်း ငါသည် ရှေးဘဝ၌ ဘယ်အကုသိုလ်ကို ပြုမိ၍ ယခုဘဝ၌ ဤပြိတ္တာဘဝ, ဤအသုရကာယ် ဘဝမှာဖြစ်လာရ၏-ဟု သိကြကုန်၏၊

ဤသို့ရှေးဘဝ၌ ပြုကြသော ကုသိုလ်ကံ, အကုသိုလ်ကံ၏ အစွမ်းကြောင့် နောက်ဘဝ၌ သုဂတိဘဝ, ဒုဂ္ဂတိဘဝတို့၌ ဖြစ်ကြရကုန် ၏-ဟု ယုံကြည်ခြင်းသည် ကမ္မဿကတာ သမ္မာဒိဋ္ဌိကြီးမည်၏၊ ထို သမ္မာဒိဋ္ဌိအယူရှိကြကုန်သော လူမျိုးတိ့ု၌သာလျှင် ပါဏာတိပါတစသော ဒုစရိုက်မှုတို့ကို ရှောင်ကြဉ်ခြင်း, ပါဏာတိပါတဝိရတီစသော သုစရိုက်မှု တို့ကို ပြုကျင့်ခြင်း ထိုထိုဒါန, သီလ, ဘာဝနာစသော ကုသိုလ်တရားတို့ကို ပွါးများခြင်း-ဟူသော သူတော်ကောင်းလမ်းကြီးသည် ထင်ရှားရှိလေ၏၊

ထိုသမ္မာဒိဋ္ဌိအယူ မရှိမူ၍ မဟာဗြဟ္မာကြီးဖန်ဆင်းမှုကို ယုံကြည် ကြသော လူမျိုးတို့၌မူကား-ပါဏာတိပါတအစရှိသော ဒုစရိုက်မှုတို့ကို ကြဉ်ရှောင်ခြင်း, ပါဏာတိပါတဝိရတီအစရှိသော သုစရိုက်မှုတို့ကို ပြုကျင့်ခြင်း, ထိုထိုဒါန, သီလ, ဘာဝနာကုသိုလ်မှုတို့ကို ပြုကျင့်ခြင်းဟူသော သူတော်ကောင်းလမ်းကြီး မရှိကြကုန်ပြီ။

[ဤကား-နာမ်ဗီဇဓာတ်မျိုးတို့၏ အစွမ်းသတ္တိကြီးကျယ်ပုံကို အမြွက်မျှ ပြဆိုချက်ပေတည်း]

အကြီးဆုံးသောတန်ခိုးသည်နာမ်ဓာတ်တို့၏ အစွမ်းသတ္တိကို ပြခြင်းပြီး၏၊

------*------

မှတ်ချက်

ဤကမ္ဘာလောက၏ အကြောင်းအရာကိုမူကား- ဆရာတော် စီရင်သော''နိယာမဒီပနီ'' ခေါ်သော ဥရောပတိုက် အလင်းပြကျမ်း၌ ပညာရှိအပေါင်းတို့ ကျေနပ်လောက်အောင် ပြည့်စုံလုံလောက်သော အကြောင်းယုတ္တိနှင့်တကွ ပါရှိလေ၏၊ ၎င်းကျမ်းသည် ယခုအခါ မြန်မာ နိုင်ငံတွင် မြန်မာဘာသာနှင့် ရှိ၏၊ ပါဠိဘာသာနှင့်ရေး၍ လန်ဒန်မြို့ (Mis Rhys davids) မစ္စစ် ရီးဒေဗစ်-ဆိုသူ ဆရာမကြီးထံသို့ ပေးပို့ လိုက်ရာ ယခုအခါအင်္ဂလိပ် ဘာသာပြန်ဆို၍ (Reviue) ရီဗြူး ခေါ်သော သတင်းစာတွင် ဂရိဘရန်အာယာလံ ဗုဒ္ဓဘာသာ အသင်းကြီးက ကမ္ဘာအနှံ့ဖြန့်ဝေလျက်ရှိ၏၊

ဤသည်ကား အထက်ကပြဆိုခဲ့သော ရုပ်ဓါတ်တရား, နာမ် ဓါတ်တရားတို့မည်သည် အနတ္တမျိုးဖြစ်ကြ၍ ကြားမှု, မြင်မှု, ကြံဖန်မှု စသည်တို့တွင် တစ်စုံတစ်ခုကိုမျှ မပြုတတ်ကြကုန်၊ သစ်ရွက်ခြောက်, မြက်ခြောက်တို့ကဲ့သို့ အချည်းနှီးသော တရားတို့သာ ဖြစ်ကြကုန်၏၊ သတ္တဝါတို့၏ ကိုယ်တွင်း၌ အသီးအသီးရှိနေကြကုန်သော အသီး အသီးသော အတ္တတို့သည်သာလျှင် ထိုမြင်ခြင်း, ကြားခြင်း အစရှိသော ခပ်သိမ်းသော အရေးအခွင့်ကိစ္စကြီးငယ်တို့ကို ဆောင်ရွက်ကြပေကုန်၏ဟု ပြောဆိုသော မိစ္ဆာဝါဒကြီးကိုလည်းကောင်း၊ ကမ္ဘာ့ သတ္တဝါတို့ကို မဟာဗြဟ္မာကြီး ဖန်ဆင်းသည်ဟူသော မိစ္ဆာဝါဒကြီးကို လည်းကောင်း တွန်းလှန်ပယ်ဖျက်လိုက်သော အချက်ကြီးပေတည်း။

[ဤတွင်ရွေ့ကား-အထက်ကပြဆိုခဲ့သော သာမညအတ္တဒိဋ္ဌိတစ်ပါး, စိ်တ် ဝိညာဏ်ကိုသာ အတ္တဟုယူသော ဒိဋ္ဌိတစ်ပါး, ရုပ်ဓါတ်, နာမ်ဓါတ်တို့မှ အလွတ် ဖြစ်သော အတ္တကိုယူသော ဒိဋ္ဌိတစ်ပါး, ဤဒိဋ္ဌိသုံးပါးတို့ကို ပယ်ဖျက်ချက် ပြီး၏၊]

ထာဝရဘုရားကို စွပ်စွဲ ဆဲရေးခြင်းသို့ ရောက်ကြောင်းကိုပြခြင်း

လောက၌ သတ္တဝါအပေါင်းတို့၏ ကိုယ်ခန္ဓာမှာ အသီးအသီး ရှိနေကြသောအတ္တတို့သည် အထက်ကောင်းကင်ဘုံရှိ မဟာဗြဟ္မာ ကြီးတို့၏ ပရမအတ္တ၏အစိတ်ဖြစ်သော အတ္တတို့ပေတည်း။ ''အတ္တတို့ပေတည်း'' ဟူသော အယူစကားသည်မူကား- ထာဝရ ဘုရားခေါ်သော မဟာဗြဟ္မာကြီးကို အလွန်ကြီးမားသော စွပ်စွဲခြင်းဖြင့် စွပ်စွဲရာရောက်၏၊ အလွန်ကြီးမားသော ဆဲရေးခြင်းဖြင့် ဆဲရေးရာ ရောက်၏၊

ရောက်ပုံကား။။ထိုမဟာဗြဟ္မာကြီးသည် တန်ခိုးအနန္တနှင့် ပြည့်စုံသည်၊ အသိအလိမ္မာ ဉာဏ်ပညာ အနန္တနှင့်ပြည့်စုံသည်ဟု ထိုသူတို့ အခိုင်အမြဲ စွဲယူကြ၏၊ လောက၌ မိုက်သောသူ, လိမ္မာသော သူနှစ်မျိုးတို့ တွင် မိုက်သောသူကား-အလွန်များ၏၊ လိမ္မာသောသူကား အလွန် နည်း၏၊ အကယ်၍ ထိုမဟာဗြဟ္မာမင်းကြီး၏ ပရမအတ္တသည် အသိအလိမ္မာဉာဏ်ပညာ အနန္တနှင့်ပြည့်စုံငြားအံ့၊ ခပ်သိမ်းသော သတ္တဝါတို့၏ အတ္တတို့သည်လည်း ထိုပရမအတ္တ၏ အစိတ်အငယ်တို့ အမှန်ဖြစ်ကုန်ငြားအံ့၊ လောက၌ မိုက်သောသူဟူ၍ တစ်စုံတစ်ယောက်မျှ မရှိရာ၊ လိမ္မာသောသူချည်းသာ ဖြစ်ရာ၏၊ လောက၌မှာမူကား-မိုက်သော သူတို့သာ အလွန်များကုန်၏၊

ထိုကြောင့် ထိုဗြဟ္မာကြီး၏ ပရမအတ္တမှာလည်း လိမ္မာသော အစိတ်အလွန်နည်းပါး၏၊ မိုက်သော အစိတ်သည်သာ အလွန်များ၏ဟု ထိုမဟာဗြဟ္မာကြီးကို စွပ်စွဲ, ဆဲရေးရာရောက်၏၊ ခပ်သိမ်းသော တိရစ္ဆာန်သတ္တဝါတို့မှာလည်း မြင်ခြင်း, ကြားခြင်း-အစရှိသော အတ္တ၏ ကိစ္စ, အတ္တ၏အရေးအခွင့်တို့သည်လည်း အသီးအသီးရှိကြကုန်၏၊ ထို့ကြောင့် ထိုအတ္တတို့ကိုလည်း ပရမအတ္တကြီး၏ အစိတ်မဟုတ်ဟု မဆိုသာပေ၊ ထိုတိရစ္ဆာန်သတ္တဝါတို့မှာလည်း အမိုက်ကား-အလွန်များ၏၊ အလိမ္မာကား-အလွန်နည်းကြကုန်၏၊ ထို့ကြောင့် ထိုမဟာဗြဟ္မာကြီး၏ ပရမအတ္တမှာလည်း လိမ္မာသောအစိတ် အလွန်နည်း၏၊ မိုက်သော အစိတ်သည်သာ အလွန်များ၏-ဟု ထိုမဟာဗြဟ္မာကြီးကို စွပ်စွဲ, ဆဲရေး ရာရောက်၏၊ ထို့ကြောင့် ထိုအယူစကားကို အလျင်အမြန် စွန့်ပစ် ကြကုန်ရာ၏၊

ဤအရာ၌ ဆိုဖွယ်ရှိသေး၏၊။ အမိုက်တရားမည်သည် လောဘ, ဒေါသ, မောဟ-ဟူသော နာမ်တရား သုံးပါးတို့ပေတည်း၊ သတ္တဝါအများတို့ မိုက်ကြသည်မှာ ပရမအတ္တ၏ အစိတ်ဖြစ်သော အတ္တတွေက မိုက်သည်မဟုတ်၊ စိတ်ရှိသည့်အတွက်ကြောင့် ထိုစိတ်မှ အလိုအလျောက်ဖြစ်ပွါးကြသော အမိုက်တရားတို့၏ အစွမ်းသတ္တိ ပေတည်း-ဟုဆိုရန်ရှိသေး၏၊ ဤသို့ဆိုခဲ့သော် ရုပ်ဓါတ်, နာမ်ဓါတ်တရား တို့မည်သည် အနတ္တမျိုးဖြစ်ကြ၍ တစ်စုံတစ်ခု အစွမ်းသတ္တိမရှိကြဟူသော အထက်စကားနှင့် ဆန့်ကျင်လေရာ၏၊

တစ်နည်းကား။။ ထိုလောဘ, ဒေါသ, မောဟ-ဟူသော အမိုက်တရားတို့သည် မဟာဗြဟ္မာကြီးဖန်ဆင်း၍ ဖြစ်ကြကုန်သလော၊ သို့တည်း မဟုတ် အလိုအလျောက်ဖြစ်ကြကုန်သလောဟု မေးရာ၏၊ မဟာ ဗြဟ္မာကြီး ဖန်ဆင်း၍ြုဖစ်ကြကုန်သည်-ဟု ဖြေခဲ့သော် မဟာဗြဟ္မာ ကြီးကို စွပ်စွဲ, ဆဲရေးရာရောက်သည်ဟူသော အထက်စကားအတိုင်း ကျရောက်လေ၏၊ သို့တည်းမဟုတ် အလိုလျောက်ဖြစ်ကြကုန်သည်ဟု ဆိုခဲ့သော် ထိုလောဘ, ဒေါသ, မောဟ-ဟူသော အမိုက်တရားတို့ကဲ့သို့ အလောဘ, အဒေါသ, အမောဟ-ဟူသော အလိမ္မာတရားတို့သည် လည်း မဟာဗြဟ္မာကြီးဖန်ဆင်းသည်မဟုတ်၊ လောက၌ လိမ်မာရန် အကြောင်းတို့နှင့် ပေါင်းဆုံမိကြသဖြင့် အလိုအလျောက် ဖြစ်နိုင်ကြ ကုန်သည်သာတည်း-ဟု ဆိုဖွယ်ရှိ၏၊ ထိုသို့ဖြစ်ခဲ့သော် သတ္တဝါတို့မှာ အကြီးအမှူး ဦးစီး ဦးကိုင်ဖြစ်သော ထိုအမိုက်တရား အလိမ်မာတရား တို့သည်ပင်လျှင် မဟာဗြဟ္မာကြီးဖန်ဆင်းသည်မဟုတ်ဘဲ သူ့ အကြောင်း နှင့်သူ အလိုအလျောက် ဖြစ်နိုင်ကြကုန်သည်ရှိသော် ထိုမှ ကြွင်းကျန် သော ရုပ်ဓာတ်, နာမ်ဓာတ်တရားအလုံးစုံတို့သည်လည်း သူ့အကြောင်း နှင့်သူ အလိုအလျောက်ဖြစ်နိုင်ကြကုန်၏ဟု ဆိုခဲ့လျှင် ငြင်းဖွယ်မရှိလေပြီ၊ ထိုသို့ဖြစ်ခဲ့သော် လောကကို မဟာဗြဟ္မာကြီးဖန်ဆင်း သည်-ဟူသော အယူစကားသည် အဝါအကြွားမျှသာ ဖြစ်လေရာ၏၊

ဥစ္ဆေဒဒိဋ္ဌိအယူ၌ သတ္တဝါဟုဆိုအပ်သော အတ္တမည်သည် ပစ္စုပ္ပန် တစ်ဘဝသာရှိ၏၊ တစ်ဘဝမှတစ်ဘဝ ပြောင်းသွားခြင်းမရှိဟု အမှန်ယူခဲ့သော် လောက၌ အကုသိုလ်အမှုကို ပြုကြသော်လည်းကောင်း, ကုသိုလ်အမှုကို ပြုကြသော်လည်းကောင်း နောက်ဘဝ မရှိသည်ဖြစ်၍ ကောင်းကျိုး, မကောင်းကျိုးဟူ၍လည်းမရှိဟု ကုသိုလ်ကံ, အကုသိုလ်ကံ ကိုလည်း ပယ်ရာရောက်၏၊ ကံ၏အကျိုးကိုလည်း ပယ်ရာရောက်၏၊ ထို့ကြောင့် ထိုအယူသည် အလွန်အပြစ်ကြီး၏၊

သဿတဒိဋ္ဌိ၌ သတ္တဝါခေါ်သော အတ္တသည် ဘဝသံသရာတွင် အစဉ်မြဲ၏၊ ချုပ်သည်, ပျက်သည်, သေဆုံးသည်-ဟူ၍မရှိ၊ ခန္ဓာအိမ် ကြီးငယ်တို့သည်သာလျှင် တစ်ဘဝတစ်ခါ ပျက်ဆုံး ပြောင်းလွဲ ကြကုန်၏ဟု အမှန်ယူခဲ့သော် ထိုအယူမှာ ကုသိုလ်ကံ, အကုသိုလ်ကံ ကိုလည်း ကောင်း၊ ကံ၏အကျိုးကိုလည်းကောင်း၊ ပယ်ဖျက်ခြင်း မရှိ၊ ဒုဂ္ဂတိ, သုဂတိ အလားအလာကိုလည်း ပယ်ဖျက်ခြင်း မရှိ၊ သံသရာမှ ကျွတ်လွတ် ထွက်မြောက်ကြောင်းဖြစ်သော လမ်းကိုမူကား-ပယ်ဖျက်ရာ ရောက်၏၊ သံသရာမှထွက်မြောက်သော သဗ္ဗညုဘုရားဟူ၍ မရှိ၊ ပစ္စေကဗုဒ္ဓါ ဟူ၍လည်း မရှိ၊ အရိယာသာဝကဟူ၍လည်းမရှိ-ဟု ဆိုရာရောက်၏၊ ထို့ကြောင့် ထိုအယူကိုလည်း စွန့်ပစ်ကြကုန်ရာ၏၊

ဤတွင်ရွေ့ကား-အတ္တ,အနတ္တ ပုစ္ဆာအဖြေပြီး၏၊

-----*------

အတ္တစွဲလမ်းမှု၏ အပြစ်, အနတ္တထင်မြင်မှု၏ အကျိုးကိုပြခြင်း

ဤအရာ၌ အတ္တစွဲလမ်းမှု၏ အပြစ်, အနတ္တထင်မြင်ခြင်း၏ အကျိုးကို အနည်းငယ်ပြဆိုရာ၏၊

သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာပဟာနေန ပဟီနာပါယ ဂမနော။

[အဘိဓမ္မတ္ထသင်္ဂဟပါဌ်]

အနက်ကား။ ။ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာပဟာနေန= သက္ကာယ ဒိဋ္ဌိ ဝိစိကိစ္ဆာကို အကြွင်းမရှိ ပယ်ခြင်းကြောင့်၊ ပဟီနာပါယ ဂမနော= ပယ်အပ်ပြီးသော အပါယ်လားကြောင်း မကောင်းမှုရှိ၏၊

ဤပါဌ်ဖြင့် သက္ကာယဒိဋ္ဌိကို ပယ်သည်ရှိသော် အလုံးစုံသော အပါယ်လားကြောင်း မကောင်းမှုဒုစရိုက်တို့သည် ချုပ်ငြိမ်းကုန်၏၊ အပါယ်လေးပါးတို့မှ တစ်ခါတည်းကျွတ်လွတ်လေ၏-ဟူသော အနက်ကို ပြဆိုတော်မူ၏၊ ထိုသို့ပြဆိုသဖြင့်လည်း လောက၌ ခပ်သိမ်းသော အပါယ်လားကြောင်း မကောင်းမှုဒုစရိုက်တို့သည် သက္ကာယဒိဋ္ဌိရှိသည့် အတွက်ကြောင့် လောက၌ ရှိနေကြကုန်၏၊ ထိုဒုစရိုက်တို့ ရှိနေကြသော ကြောင့် အပါယ်လေးပါးတို့သည်လည်း ရှိနေကြကုန်၏-ဟု အမှန် သိရာ၏၊

ဤစကား၌ အပါယ်လားကြောင်း မကောင်းမှုဒုစရိုက်တို့သည် တစ်ယောက်တစ်ယောက်သော သတ္တဝါ၏သန္တာန်မှာ နှစ်မျိုး, နှစ်မျိုးစီ ရှိကြ၏၊

ထိုနှစ်မျိုးဆိုသည်ကား

၁။ အနမတဂ္ဂသံသရာ၌ ဖြစ်ပွားကြကုန်ပြီးလျှင် ထိုပုဂ္ဂိုလ် သန္တာန်မှာ သွားလေရာရာအစဉ်ပါရှိ၍ နေကြကုန်သော ဒုစရိုက်ဟောင်းတို့လည်း တစ်မျိုး,

၂။ နောက်နောက်ဘဝတို့၌ အသစ်သစ်ဖြစ်လတံ့ကုန်သော ဒုစရိုက်သစ်တို့လည်း တစ်မျိုး, ဤနှစ်မျိုးတို့ပေတည်း။ ထိုတွင် ဒုစရိုက်ဟောင်းအနန္တတို့သည် သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်း လျှင် အကုန်ချုပ်ငြိမ်းကြကုန်၏၊ တစ်ယောက်သောသူသည် ယမန်နေ့၌ နွားကောင်ရေ တစ်ထောင်တို့ကို ကိုယ်တိုင်သတ်ဖြတ်လေရာ၏၊ ထိုသူ သည် နောက်နေ့၌ ဝိပဿနာ, ဘာဝနာတရားကို အားထုတ်လေရာ အနတ္တဉာဏ်ပေါက်ရောက် ထမြောက်လေ၏၊ သက္ကာယဒိဋ္ဌိချုပ်ငြိမ်းလေ ၏၊ ထိုအခါ ထိုသူမှာ ယမန်နေ့၌ နွားတစ်ထောင်တို့ကို သတ်ဖြတ်ခဲ့သော ပါဏာတိပါတကံတို့သည် သက္ကာယဒိဋ္ဌိချုပ်ငြိမ်းရာတွင် အကုန်ချုပ်ငြိမ်း ကြလေကုန်၏၊ ရှေးရှေးအတိတ်သံသရာမှပါရှိ၍နေကြကုန်သော ဒုစရိုက်ကံဟောင်းတို့သည်လည်း သက္ကာယဒိဋ္ဌိနှင့်အတူချုပ်ငြိမ်းကြ လေကုန်၏၊ ထိုခဏမှ နောက်၌ အသစ်အသစ်ဖြစ်လတံ့ကုန်သော ဒုစရိုက်ကံတို့သည်လည်း တစ်ဖန်ဖြစ်ပေါ်ခြင်း မရှိကြကုန်မူ၍ သက္ကာယ ဒိဋ္ဌိနှင့်တကွ အကုန်ချုပ်ငြိမ်းကြလေကုန်၏၊ ထိုသူတို့သည် ထိုခဏမှစ၍ နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် အပါယ်လေးပါးမှ တစ်ခါတည်း ကျွတ် လွတ်လေ၏၊

ဤစကား၌ ''သက္ကာယဒိဋ္ဌိဆိုသည်ကား-ရုပ်တရား, နာမ်တရား တို့ကို ငါ၏အတ္တ-ဟုစွဲလမ်းသော အတ္တဒိဋ္ဌိကို ဆိုသတည်း၊ ဤအတ္တဒိဋ္ဌိ ရှိနေကြကုန်သော သတ္တဝါအပေါင်းတို့မှာမူကား-အပါယ်လေးဘုံကြီး သည် ထာဝရနေအိမ်ကြီးသဖွယ် ဖြစ်ကြ၏၊ လူ့ပြည်, နတ်ပြည်ဟူသော သုဂတိဘုံများသို့ ရံခါရံဖန်မျှ ရောက်နိုင်ကြကုန်၏၊ အပါယ်လေးဘုံ၌ ဘဝပေါင်း ထောင်သောင်းများစွာရှိမှ လူ့ဘုံ, နတ်ရွာ-ဟူသော သုဂတိ ဘဝသို့ တစ်ကြိမ်တစ်လှည့်မျှ ရောက်လာကြရကုန်၏၊ ရောက်လာပြီး နောက်၌ အပါယ်လေးဘုံသို့သာ အဖန်တစ်လဲလဲ ကျရောက်ကြပြန် ကုန်၏၊

[ဤကား-အတ္တစွဲလမ်းမှု၏ အပြစ်, အနတ္တဉာဏ် ပေါက်ရောက်မှု၏ အကျိုးပေတည်း။]

အတ္တ, အနတ္တအဖြေပြီး၏၊

------ဝ------

အသက်မွေးမှု၏ အနိစ္စ, ဒုက္ခ, အနတ္တ, ဝိပဿနာ ရှုနည်းကို ပြခြင်း

အသက်မွေးမှုကြီးကို အမှီပြု၍ အနိစ္စ, ဒုက္ခ, အနတ္တ, ဝိပဿနာ ရှုနည်းကို ပြဆိုပေအံ့၊ ရုပ်နာမ်တရားတို့၏ အနိစ္စလက္ခဏာ, ဒုက္ခ လက္ခဏာ, အနတ္တလက္ခဏာတို့ကို သင်္ခါရအလုပ်ကြီးသည် ဖုံးလွှမ်း၍ နေ၏၊ ထိုသင်္ခါရအလုပ်ကြီးကို ပယ်ခွါခဲ့သည်ရှိသော် ထိုလက္ခဏာရေး သုံးပါးတို့သည် ထင်ရှားစွာပေါ်လာကုန်၏၊ ထိုလက္ခဏာရေးသုံးပါးတို့ကို သင်္ခါရအလုပ်ကြီးသည် အဘယ်သို့ဖုံးလွှမ်း၍ နေသနည်းဟူမူကားအမိဝမ်းတွင်း၌ သူငယ်၏ကိုယ်ခန္ဓာမှာ ရှိနေကြကုန်သော ရုပ်ဓာတ်, နာမ်ဓာတ်တရားတို့သည် အမိ၏ အစာအာဟာရသုံးဆောင်မှု-ဟူသော သင်္ခါရအလုပ်ကြီးရှိနေသည့်အတွက် နေ့ရက်ရှည်ကြာ အစဉ်မပြတ် ဖြစ်ပွားလျက် ရှိနေကြကုန်၏၊ ထိုအတွင်း၌ ဖြစ်မှု, ပျက်မှုဟူသော လက္ခဏာရေးသုံးပါးတို့သည် ထင်ရှားပေါ်ခွင့် မရကြကုန်ပြီ၊ ငုပ်မြုပ်၍ နေကြကုန်၏၊

[ဤကား-အမိဝမ်းတွင်း၌ တည်ရှိခိုက် သူငယ်၏ခန္ဓာမှာ လက္ခဏာရေး သုံးပါး တို့ကို အမိ၏သင်္ခါအလုပ်ကြီး ဖုံးလွှမ်းပုံတည်း။]

အဘယ်သို့လျှင် ထိုသင်္ခါရအလုပ်ကြီးကို ပယ်ခွါခဲ့သည်ရှိသော် ထိုလက္ခဏာရေးသုံးပါးတို့သည် ထင်ရှားစွာပေါ်လာကုန်သနည်းဟူမူ ကား-ထိုသူငယ်ပဋိသန္ဓေယူသောနေ့မှစ၍ ဘယ်နေရာမှာမဆို အမိသည် အစာ, ရေစာ, စားသောက်မှုကို မပြုမူ၍ ပယ်ဖြတ်ခဲ့သည်ရှိသော် သူငယ်၌ရှိသော ရုပ်နာမ်တရားတို့သည် အမိဝမ်းတွင်း၌ပင် ဧကန်ချုပ်ဆုံး သေကြကုန်လတံ့၊ လက္ခဏာရေးသုံးပါးတို့သည် အသိဉာဏ်တွင် ဧကန် ထင်ရှားစွာပေါ်လာကုန်လတံ့။

ဤစကား၌

၁။ သူငယ်၏ ရုပ်နာမ်တရားတို့သည် ပဋိသန္ဓေအခါမှစ၍ မျက် တောင်တစ်ခတ် လျှက်တစ်ပြက်မျှ ဖြစ်မှုလည်းမစဲ, ချုပ်မှုလည်း မစဲ ဖြစ်တုံပျက်တုံနေကြကုန်၏၊ သို့သော်လည်း အမိမျိုသော အစာ, ရေစာမှ အာဟာရထောက်ပံ့မှုကို ရရှိကြသောကြောင့် အစဉ်အစဉ်, အယဉ်မပြတ် ရှိနေသည်ဖြစ်၍ ချုပ်မှုတို့သည် မထင်မရှား၊ ငုတ်မြုပ်၍ နေသည်ကို သင်္ခါရအလုပ် ဖုံးလွှမ်းမှု ဆိုသတည်း။

၂။ အမိသည် အစာ, ရေစာ, စားသောက်မှုကို မပြုမူ၍ ပယ်ခဲ့ သည်ရှိသော်-ဟု ဉာဏ်ဖြင့် ကြံဖန်၍ကြည့်မှုကို သင်္ခါရအလုပ် ကြီးကို ပယ်ခွါမှုဆိုသတည်း။

ဤအရာ၌ လက္ခဏာရေးသုံးပါးဆိုသည်ကား ၁။ ရုပ်နာမ်တရားတို့၏ ချုပ်မှုပျက်မှုသည် အနိစ္စလက္ခဏာမည်၏၊

၂။ ထိုချုပ်မှုပျက်မှုဟူသော အနိစ္စလက္ခဏာသည်ပင်လျှင် ဘေး တကာတွင် အကြီးဆုံးသော သေဘေးကြီးဖြစ်၍ ကြောက်မက် ဖွယ်အလွန်ကောင်းသောကြောင့် ဒုက္ခလက္ခဏာမည်၏၊

၃။ ထိုချုပ်မှုပျက်မှုဟူသော အနိစ္စလက္ခဏာသည်ပင်လျှင် အလိုသို့ မလိုက်, အစိုးမရ, အနှစ်သာရမရှိခြင်းကြောင့် ပုဂ္ဂိုလ်, သတ္တဝါ၏ အမာခံအတ္တပြုလုပ်ခြင်းငှါ မထိုက်လေရကား-အနတ္တလက္ခဏာ မည်၏၊

ဖွားမြင်ပြီးနောက်၌လည်း အမိသည် သူငယ်၏ခန္ဓာနှင့် သက် ဆိုင်သော ရေချိုးမှု, ပွေ့ပိုက်မှု, နို့တိုက်မှု အစရှိသော သင်္ခါရအလုပ်ကြီး ကို အမြဲပြုလုပ်လျက်ရှိသောကြောင့် ထိုသူငယ်၏ခန္ဓာကိုယ်သည် ချုပ်မှု, ပျက်မှုရှိနေသော်လည်း မထင်မရှား ချမ်းသာကြီးပွါး၍ လာလေ၏၊ အမိသည် ထိုသင်္ခါရအလုပ်ကြီးကို တစ်စုံတစ်ခုကိုမျှ မပြုဘဲ စွန့်ပစ်၍ ထားခဲ့သော် ထိုသူငယ်သည် မွေးဖွားသည်မှနောက်၌ ဘယ်နာရီမှာမဆို ဧကန်ချုပ်ပျက်သေဆုံးလတံ့။

[ဤကား-သူငယ်၏ ကိုယ်ခန္ဓာ၌ရှိသော ရုပ်နာမ်တရားတို့၏ လက္ခဏာရေးတို့ကို အမိ၏သင်္ခါရအလုပ်ကြီးဖုံးလွှမ်းပုံ, ထိုသင်္ခါရ အလုပ်ကြီးကိုပယ်ခွါမှ လက္ခဏာ ရေးသုံးပါး ထင်ရှားပေါ်ပုံကို ပြဆိုချက်ပေတည်း။]

ထိုမှနောက်၌ ထိုသူငယ်သည် အစာရေစာ, စားသောက်မှု, စားသောက်ရန် ရှာကြံလုပ်ဆောင်မှုဟူသော သင်္ခါရအလုပ်ကြီးကို အသက်ထက်ဆုံး လက်ကိုင်လက်စွဲအမြဲလုပ်ဆောင်၍ ရုပ်သစ်, နာမ်သစ် အသက်သစ်တို့ကို အယဉ်မပြတ် ထူထောင်စိုက်ပျိုးမှုဟူသော အသက် မွေးမှုကြီးကို အမြဲလုပ်ဆောင်ရလေ၏၊ တစ်နေ့တစ်နေ့လျှင် ထမင်း အစာ-၂-ကြိမ်ကျ၊ တစ်လလျှင် အကြိမ်ပေါင်း ၆၀-ကျ၊ တစ်နှစ်လျှင် အကြိမ်ပေါင်း ၇၂၀-ကျ စားသောက်၍ မိမိ၏သေပေါက်သေလမ်းတို့ကို ပိတ်ဆို့ဖုံးလွှမ်းရလေသည်၊ ထိုသို့မလုပ်ဘဲ ထိုသင်္ခါရအလုပ်ကြီးကို ပယ်လွတ်၍ ထားခဲ့သော် မွေးဖွားသောနေ့မှစ၍ ဘယ်နေ့ ဘယ်နာရီ၌ မဆို ထိုသူငယ်သည် ဧကန်ချုပ်ပျက်သေဆုံးလတံ့။

ထိုသင်္ခါရ အလုပ်ကြီးကို အမြဲလုပ်ဆောင် မွေးမြူပါသော်လည်း အိုချိန်ကျလျှင် အိုရခြင်း, နာချိန်ကျလျှင် နာရခြင်း, သေချိန်ကျလျှင် သေရခြင်း ဓမ္မတာသဘောကို မလွန်နိုင်၊ သေပြန်လျှင်လည်း ကျန်ရှိသော ဆွေမျိုးတို့က ထိုသူ၏ အလောင်းကို စရိတ်ကြေးငွေအကုန်ခံပြီးလျှင် သုသာန်သို့ထုတ်၍ မီးကြီးထင်းကြီးနှင့် ဖုတ်မြှိုက်ပြီးလျှင် အစွန်းအစ မကျန်ရအောင် ဖျောက်ဖျက်ကြရကုန်၏၊ ထိုသူသည်မူကား-ထိုဘဝတွင် ထိုခန္ဓာအတွက်နှင့်ဖြစ်ပွါးရကုန်သော ကိလေသာမှု, ဒုစရိုက်မှုတို့ကို ယူဆောင်၍ အပါယ်ငရဲသို့ ကျရောက်ရလေ၏၊ ကျရောက်ပြီးလျှင် ထိုဘဝ၌ တပ်ရှိသော ကိလေသာဒဏ်, ဒုစရိုက်ဒဏ်တို့ကို အပါယ်ငရဲ၌ ဘဝပေါင်းထောင်သောင်း ဒုက္ခခံ၍ မဆုံးနိုင်ရှိလေ၏၊

[ဤကား-အနတမဂ္ဂသံသရာ၌ အတ္တဒိဋ္ဌိရှိနေကြသောပုထုဇဉ်သတ္တဝါတို့၏ ဓမ္မတာလမ်းရိုးကြီးပေတည်း။]

ဤဓမ္မတာလမ်းရိုးကြီးကို သိမြင်ကြသဖြင့် ထိုခန္ဓာ၏အနိစ္စ အချက်, ဒုက္ခအချက်, အစိုးမရသောအနတ္တအချက်တို့သည် ထင်ရှားလေ ကုန်၏၊ ထိုသူသည် အကြင်အခါ၌ အတ္တဒိဋ္ဌိအကြွင်းမဲ့ ပယ်စွန့်နိုင်၏၊ ထိုအခါ၌ ထိုပုထုဇဉ် သတ္တဝါအပေါင်းတို့၏၊ ဓမ္မတာလမ်းရိုးကြီးမှ ကျွတ်လွတ်၍ သောတာပန်အရိယာတို့၏ ဓမ္မတာလမ်းရိုးကြီးသို့ ရောက် လေ၏၊

သောတာပန်အရိယာတို့၏ ဓမ္မတာလမ်းရိုးကြီးဆိုသည်ကားမိမိသန္တာန်၌ အနမတဂ္ဂသံသရာမှ ပါရှိ၍နေသော ဒုစရိုက်ကံဟောင်းတို့မှ ကျွတ်လွတ်ခြင်း, နောက်နောက်သောဘဝတို့၌ ဖြစ်လတံ့သော ဒုစရိုက် ကံသစ်တို့မှ ကင်းရှင်းခြင်း, အပါယ်လေးပါးတို့မှ အချင်းခပ်သိမ်း လွတ် ကင်းခြင်း, ကောင်းမြတ်သော လူ့ဘဝ, ကောင်းမြတ်သော နတ်ဘဝ, ကောင်းမြတ်သော ဗြဟ္မာဘဝတို့သည်သာလျှင် လားရာဂတိရှိခြင်း ဖြစ်လေရာဘဝတို့၌လည်း ထိုသူမှာ သာသနာကွယ်သောဘဝ, သာသနာ ကွယ်သောကမ္ဘာ-ဟူ၍ မရှိခြင်း၊ အနတ္တသမ္မာဒိဋ္ဌိ အမှူးရှိသော မဂ္ဂင် ရှစ်ပါးတည်း-ဟူသော ဗုဒ္ဓဘာသာသာသနာတော်မြတ်ကြီးသည် ထိုသူ၏ စိတ်သန္တာန်မှာ အမြဲပါရှိခြင်း ဖြစ်လေ၏၊

[ဤကား-သောတာပန် အရိယာတို့၏ဓမ္မတာလမ်းရိုးကြီးပေတည်း။] အသက်မွေးမှု၏ အနိစ္စ, ဒုက္ခ, အနတ္တ ဝိပဿနာရှုနည်းပြီး၏၊ သီရိလင်္ကာ အတ္တ, အနတ္တ, ပုစ္ဆာအဖြေ ပြီး၏၊

နိုင်ငံခြားပုစ္ဆာအဖြေပေါင်းချုပ်ကျမ်း ပြီးပြီ။

* * * * *

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ